ဝီကီရင်းမြစ် mywikisource https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC MediaWiki 1.45.0-wmf.4 first-letter မီဒီယာ အထူး ဆွေးနွေးချက် အသုံးပြုသူ အသုံးပြုသူ ဆွေးနွေးချက် ဝီကီရင်းမြစ် ဝီကီရင်းမြစ် ဆွေးနွေးချက် ဖိုင် ဖိုင် ဆွေးနွေးချက် မီဒီယာဝီကီ မီဒီယာဝီကီ ဆွေးနွေးချက် တမ်းပလိတ် တမ်းပလိတ် ဆွေးနွေးချက် အကူအညီ အကူအညီ ဆွေးနွေးချက် ကဏ္ဍ ကဏ္ဍ ဆွေးနွေးချက် မုခ်ဝ မုခ်ဝ ဆွေးနွေးချက် စာရေးသူ စာရေးသူ ဆွေးနွေးချက် ဘာသာပြန် ဘာသာပြန် ဆွေးနွေးချက် စာမျက်နှာ စာမျက်နှာ ဆွေးနွေးချက် အညွှန်း အညွှန်း ဆွေးနွေးချက် TimedText TimedText talk မော်ဂျူး မော်ဂျူး ဆွေးနွေးချက် တမ်းပလိတ်:PD-Myanmar-exempt 10 451 18731 18677 2025-06-06T13:56:38Z Ninjastrikers 39 18731 wikitext text/x-wiki {{license | image = PD-icon.svg | image_r = Flag of Myanmar.svg | category = {{{category|PD-MM}}} | text = ဤဖန်တီးမှုသည် '''မြန်မာနိုင်ငံ'''တွင် အခြေတည်ခဲ့ပြီး အောက်ပါအချက်များကြောင့် '''ကမ္ဘာတစ်ဝှမ်းတွင် အများပြည်သူပိုင်'''အဖြစ် သတ်မှတ်နိုင်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ [https://www.wipo.int/wipolex/en/legislation/details/22939 စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေ (၂၀၁၉ ခုနှစ်)] ပုဒ်မ ၁၆ အရ '''၁၆'''။ ပုဒ်မ ၁၃၊ ၁၄ နှင့် ၁၅ တို့တွင် မည်သို့ပင်ပါရှိစေကာမူ စာပေ သို့မဟုတ် အနုပညာလက်ရာ သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာလက်ရာသည် အောက်ပါအချက်အလက် တစ်ရပ်ရပ်တွင် အကျုံးဝင်လျှင် စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးအတွက် အကာအကွယ် မရရှိစေရ- :(က) စိတ်ကူးစိတ်သန်း၊ လုပ်ထုံးလုပ်နည်း၊ လုပ်ကိုင်ဆောင်ရွက်ပုံနည်းလမ်း၊ သင်္ချာ အတွေးအခေါ် အယူအဆ၊ အခြေခံမူ၊ ရှာဖွေတွေ့ရှိချက် သို့မဟုတ် အချက်အလက်များ၊ :(ခ) သက်ဆိုင်ရာနေ့၏သတင်း သို့မဟုတ် ပုံနှိပ်ဖော်ပြထားသော သတင်းအချက်အလက်ဟု သတ်မှတ် နိုင်သော လက္ခဏာရှိသည့် အမျိုးမျိုးသော အချက်အလက်များ၊ :(ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေများ၊ :(ဃ) နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ဦးစီးဌာန များမှ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ၊ :(င) တရားရုံးစီရင်ချက်များနှင့်အမိန့်များ၊ :(စ) ပုဒ်မခွဲ (ဂ) မှ (င) အထိပါ အချက်အလက်များအား အစိုးရမှ တရားဝင်ဘာသာပြန်ဆိုခြင်းနှင့် စုပေါင်းခြင်း။ }}<noinclude> {{documentation}} [[Category:လိုင်စင် တမ်းပလိတ်များ]] [[Category:မြန်မာဘာသာ တမ်းပလိတ်များ]] </noinclude> jp76xb8fmxyjtaxordve247hqxhql6a နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁/၂၀၂၄ 0 1822 18715 18674 2025-06-06T13:51:42Z Ninjastrikers 39 18715 wikitext text/x-wiki {{header | title = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁/၂၀၂၄ | override_author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | translator = | section = | previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁၂/၂၀၂၃]] | next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၂/၂၀၂၄]] | year = 2024 | portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | wikipedia = | notes = }} {{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်''' '''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ''' '''စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်အမှတ်၊ ၁/၂၀၂၄''' ၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ရက် (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်)}} ၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်အတွင်းရှိ အောက်ပါမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်သည်- :(က) မိုးမိတ်မြို့နယ် :(ခ) မဘိမ်းမြို့နယ် ၂။ တိုင်းမှူးသည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ်အပေါ်မူတည်၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးနိုင်သည်။ {{right|အမိန့်အရ<br> အောင်လင်းဒွေး<br> ဒုတိယဗိုလ်ချုပ်ကြီး<br> အတွင်းရေးမှူး<br> နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}} {{PD-Myanmar-exempt}} [[Category:မြန်မာဘာသာ]] [[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]] [[ကဏ္ဍ:စစ်အုပ်ချုပ်ရေးအမိန့်များ]] 44d6yozsrwdobiplxmxot2bhzffrw22 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁၂/၂၀၂၃ 0 1825 18716 18675 2025-06-06T13:51:54Z Ninjastrikers 39 18716 wikitext text/x-wiki {{header | title = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁၂/၂၀၂၃ | override_author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | translator = | section = | previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁၁/၂၀၂၃]] | next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁/၂၀၂၄]] | year = 2023 | portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | wikipedia = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စစ်အုပ်ချုပ်ရေး ကြေညာချက်များ | notes = }} {{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်''' '''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ''' '''စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်အမှတ်၊ ၁၂/၂၀၂၃''' ၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက် (၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်)}} ၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်စွဲပါ စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ်၊ ၁၀/ ၂၀၂၃ နှင့် အမိန့်အမှတ် ၁၁/၂၀၂၃တို့ဖြင့် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ဒေသ ကွပ်ကဲရေးမှူးတို့အား စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာထားသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်င့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)တို့၏ နယ်မြေများဖြစ်သည့် သတ်မှတ်မြို့နယ်များအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် အလို့ငှာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး(Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အပ်နှင်းခဲ့ပါသည်။ ၂။ စစ်အုပ်ချုပ်ရေးဒေသအတွင်းရှိ ဒေသအာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်တို့သည် ယင်းတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) ဒေသကွပ်ကဲရေးမှူးတို့၏ ကွပ်ကဲမှုအရ ဆောင်ရွက်ရမည်။ ၃။ တိုင်းမှူးနှင့် ဒေသကွပ်ကဲရေးမှူးတို့သည် စစ်အုပ်ချုပ်ရေးဒေသအတွင်း စစ်နယ်မြေများသတ်မှတ်၍ စစ်နယ်မြေမှူးများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ သဘောတူညီချက်ဖြင့် စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ပြီး ခန့်ထားနိုင်သည်။ ၄။ တိုင်းမှူးနှင့် ဒေသကွပ်ကဲရေးမှူးတို့သည် စစ်အုပ်ချုပ်ရေးဒေသအတွင်း မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများဖြင့်သော်လည်းကောင်း၊ မိမိတာဝန်လွှဲအပ်သော ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့ဖြင့် သော်လည်းကောင်း အောက်ပါကိစ္စများကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်- :(က) '''အုပ်ချုပ်ရေး''' ::(၁) လုံခြုံရေးကိစ္စရပ်များ၊ ::(၂) လူမှုရေးကိစ္စရပ်များ၊ ::(၃) ကုန်သွယ်ရေးကိစ္စရပ်များ၊ ::(၄) သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ။ :( ခ ) '''တရားစီရင်ရေး''' ::(၁) '''တရားရုံးများဖွဲ့စည်းခြင်း'''။ တိုင်းမှူးနှင့် ဒေသကွပ်ကဲရေးမှူးတို့သည် စစ်အုပ်ချုပ်ရေး ကာလအတွင်း ပြစ်မှုဆိုင်ရာမှုခင်းများကို တည်ဆဲဥပဒေ အရ ဖွဲ့စည်းထားသော တရားရုံးများဖြင့်ဖြစ်စေ၊ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ပြီး ဖွဲ့စည်းသည့် စစ်ခုံရုံးများဖြင့်ဖြစ်စေ စစ်ဆေးစီရင်နိုင်သည်။ ::(၂) '''စစ်ခုံရုံးဖြင့်စစ်ဆေးခြင်း'''။ စစ်ခုံရုံးများသည် ပြစ်မှုဆိုင်ရာမှုခင်းများကို အကျဉ်းနည်းဖြင့် စစ်ဆေးစီရင်နိုင်သည်။ ::(၃) '''ပြစ်ဒဏ်ချမှတ်ခြင်း'''။ နောက်ဆက်တွဲဇယား(က)ပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်သူတစ်ဦး အား စစ်ခုံရုံးက ပြစ်မှုထင်ရှားစီရင်ပါက တည်ဆဲဥပဒေများနှင့်အညီ အောက်ပါပြစ်ဒဏ် တစ်မျိုးမျိုးကို ချမှတ်ရမည်- :::(ကက) သေဒဏ်၊ :::( ခ ခ ) နှစ်အကန့်အသတ်မရှိ အလုပ်နှင့်ထောင်ဒဏ်၊ :::( ဂ ဂ ) သက်ဆိုင်ရာပြစ်မှုအလိုက် သတ်မှတ်ထားသော အမြင့်ဆုံးပြစ်ဒဏ်။ ::(၄) '''အတည်ပြုခြင်း'''။ စစ်ခုံရုံးများက ချမှတ်သောဆုံးဖြတ်ချက်များနှင့် စီရင်ချက်များသည် အပြီးအပြတ်ဖြစ်စေရမည်။ သို့ရာတွင် သေဒဏ်စီရင်ပါက ထိုသို့စီရင်ခြင်းသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အတည်ပြုချက်ရရှိမှသာ အတည်ဖြစ်သည်။ နှစ်အကန့် အသတ်မရှိ ထောင်ဒဏ်စီရင်ပါက ထိုသို့စီရင်ခြင်းသည် သက်ဆိုင်ရာ တိုင်းမှူး သို့မဟုတ် ဒေသကွပ်ကဲရေးမှူးတို့၏ အတည်ပြုချက်ရရှိမှသာ အတည်ဖြစ်သည်။ အတည်ပြုခြင်းနှင့် ပတ်သက်သည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်ရာတွင် အောက်ပါလုပ်ပိုင်ခွင့်များ ရှိသည်- :::(ကက) ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ခြင်း။ :::( ခ ခ ) ပြစ်ဒဏ်ကို လျော့ပေါ့စေခြင်း။ :::( ဂ ဂ ) ပြစ်ဒဏ်ကိုပို၍နိမ့်သော ပြစ်ဒဏ်အမျိုးအစားသို့ လျော့ပေါ့ပြောင်းလဲခြင်း။ :::(ဃဃ) ပြစ်မှုထင်ရှားစီရင်ခြင်းကိုအတည်ပြုခြင်း။ ::(၅) '''အယူခံခြင်း'''။ စစ်ခုံရုံးများက ချမှတ်သောဆုံးဖြတ်ချက်၊ ပြစ်ဒဏ်ချမှတ်ချက်များနှင့် စပ်လျဉ်း၍ အယူခံပိုင်ခွင့်မရှိစေရ။ ::(၆) '''ပြင်ဆင်မှုလျှောက်ထားခြင်း'''။ စစ်ခုံရုံးများက သေဒဏ်စီရင်ပါက ပြစ်ဒဏ်ချမှတ်ခြင်း ခံရသည့်နေ့မှ (၁၅) ရက်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ လည်းကောင်း၊ အခြားပြစ်ဒဏ်ချမှတ်ခြင်းခံရပါက ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့်နေ့မှ (၁၅)ရက်အတွင်း သက်ဆိုင်ရာ တိုင်းမှူး သို့မဟုတ် ဒေသကွပ်ကဲရေးမှူးများထံသို့ လည်းကောင်း ပြင်ဆင်မှုလျှောက်ထားနိုင်သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သို့မဟုတ် သက်ဆိုင်ရာ တိုင်းမှူး သို့မဟုတ် ဒေသကွပ်ကဲရေးမှူးများသည် မိမိသဘော အလျောက်လည်း ပြင်ဆင်မှုဖွင့်၍ ဆောင်ရွက်နိုင်သည်။ ပြင်ဆင်မှုစီရင်ပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်ရာတွင် အောက်ပါလုပ်ပိုင်ခွင့်များရှိသည်- :::(ကက) ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ခြင်း၊ :::(  ခခ  ) ပြစ်ဒဏ်ကို လျော့ပေါ့စေခြင်း၊ :::(  ဂဂ  ) ပြစ်ဒဏ်ကို ပို၍နိမ့်သောပြစ်ဒဏ်အမျိုးအစားသို့ လျော့ပေါ့ပြောင်းလဲခြင်း၊ :::(ဃဃ) ပြစ်မှုထင်ရှားစီရင်ခြင်းကို အတည်ပြုခြင်း။ ::(၇) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သို့မဟုတ် သက်ဆိုင်ရာ တိုင်းမှူး သို့မဟုတ် ဒေသကွပ်ကဲရေးမှူးများက မိမိသဘောအလျောက် ပြင်ဆင်မှုဖွင့်၍ ဆောင်ရွက်သည့် ကိစ္စတွင် အထက်အပိုဒ်ငယ်(၆)တွင်ပါရှိသော လုပ်ပိုင်ခွင့်များအပြင် ပြစ်ဒဏ်ကို တိုးမြှင့် နိုင်သည်။ ၅။ တိုင်းမှူးနှင့် ဒေသကွပ်ကဲရေးမှူးတို့သည် မိမိ၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာတွင် အထောက် အကူဖြစ်စေရန် စစ်အုပ်ချုပ်ရေးအကြံပေးအဖွဲ့ကို ဖွဲ့စည်းနိုင်သည်။ ၆။ တိုင်းမှူးနှင့် ဒေသကွပ်ကဲရေးမှူးတို့သည် စစ်အုပ်ချုပ်ရေးဒေသအတွင်း ဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ အစီရင်ခံရမည်။ {{right|အမိန့်အရ<br> အောင်လင်းဒွေး<br> ဒုတိယဗိုလ်ချုပ်ကြီး<br> အတွင်းရေးမှူး<br> နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}} {{right|'''နောက်ဆက်တွဲဇယား(က)'''}} {{center|'''စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုများ'''}} ၁။ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု(ရာဇသတ်ကြီးပုဒ်မ ၁၂၂)၊ ၂။ အစိုးရကို အကြည်ညိုပျက်အောင်ပြုလုပ်မှု(ရာဇသတ်ကြီးပုဒ်မ ၁၂၄-က)၊ ၃။ တပ်မတော် သို့မဟုတ် တရားဥပဒေစိုးမိုးရေးအဖွဲ့၏ ဆောင်ရွက်မှုကို နှောင့်နှေးစေခြင်း သို့မဟုတ် ပျက်ပြားစေခြင်း(ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဂ)၊ ၄။ တပ်မတော်သားများ သို့မဟုတ် အစိုးရအမှုထမ်းများကို ဟန့်တားခြင်း သို့မဟုတ် နှောင့်ယှက် ခြင်း(ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃ)၊ ၅။ ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ ၆။ အစိုးရဝန်ထမ်းတစ်ဦးအား ပြစ်မှုကျူးလွန်စေရန်တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိတ်လန့် စေခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ မမှန်သတင်းများဖြန့်ခြင်း (ရာဇသတ်ကြီးပုဒ်မ ၅၀၅-က)၊ ၇။ မတရားအသင်းအက်ဥပဒေအရပြစ်မှုများ၊ ၈။ လက်နက်အက်ဥပဒေအရပြစ်မှုများ၊ ၉။ လူသတ်မှု၊ ၁၀။ လူသေမှု၊ ၁၁။ မုဒိမ်းမှု၊ ၁၂။ လုယက်မှု၊ ၁၃။ ဓားပြမှု၊ ၁၄။ အဂတိလိုက်စားမှု၊ ၁၅။ ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများ၊ ၁၆။ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရ ပြစ်မှုများ၊ ၁၇။ ၁၉၆၃ ခုနှစ်၊ အများနှင့်သက်ဆိုင်သော ပစ္စည်းများကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ ပြစ်မှုများ၊ ၁၈။ သတင်းမီဒီယာဥပဒေအရ ပြစ်မှုများ၊ ၁၉။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ပြစ်မှုများ၊ ၂၀။ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေအရ ပြစ်မှုများ။ ၂၁။ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအရပြစ်မှုများ၊ ၂၂။ ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေအရပြစ်မှုများ၊ ၂၃။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများ၊ {{PD-Myanmar-exempt}} [[Category:မြန်မာဘာသာ]] [[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]] giuis5thnhd72kp263dnd4jwbkuzx2k နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁/၂၀၂၁ 0 1845 18717 18669 2025-06-06T13:52:34Z Ninjastrikers 39 18717 wikitext text/x-wiki {{header | title = ပြည်ထောင်စုရှေ့နေချုပ် ခန့်အပ်တာဝန်ပေးခြင်း | override_author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | translator = | section = | previous = [[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၉/၂၀၂၁]] | next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂/၂၀၂၁]] | year = ၂၀၂၁ | portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | wikipedia = ပြည်ထောင်စုရှေ့နေချုပ် | notes = }} {{c|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်''' '''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ''' '''အမိန့်အမှတ် (၁/၂၀၂၁)''' '''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက်''' '''( ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်)''' '''ပြည်ထောင်စုရှေ့နေချုပ် ခန့်အပ်တာဝန်ပေးခြင်း'''}} နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဒေါက်တာ သီတာဦးအား ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။ {{right|အမိန့်အရ (ပုံ) အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}}{{DEFAULTSORT:၁/၂၀၂၁}} [[Category:မြန်မာဘာသာ]] [[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]] [[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]] lcwkjq4ktw7matmd57gh6sfbdo5y474 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၀/၂၀၂၁ 0 1847 18719 18546 2025-06-06T13:52:42Z Ninjastrikers 39 18719 wikitext text/x-wiki {{header | title = တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးအပ်ခြင်း | override_author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | translator = | section = | previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၉/၂၀၂၁]] | next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၁/၂၀၂၁]] | year = 2021 | portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | wikipedia = | notes = }} {{c|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်''' '''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ''' '''အမိန့်အမှတ် (၁၀/၂၀၂၁)''' '''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက်''' '''၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်''' '''တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ'''<br>'''ခန့်အပ်တာဝန်ပေးအပ်ခြင်း'''}} နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အောက်ဖော်ပြပါပုဂ္ဂိုလ်များအား ယှဉ်တွဲပါတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်- {| |+ |- | (၁) || ဦးခက်ထိန်နန် || ကချင်ပြည်နယ် |- | (၂) || ဦးခင်မောင်ဦး(ခ)ဘူးရယ် || ကယားပြည်နယ် |- | (၃) || ဦးစောမြင့်ဦး || ကရင်ပြည်နယ် |- | (၄) || ဦးတဲရင့်စ်စမွိုင်းနီခွဲ || ချင်းပြည်နယ် |- | (၅) || ဒေါက်တာတင်ဌေး || မွန်ပြည်နယ် |- | (၆) || ဒေါက်တာအောင်ကျော်မင်း || ရခိုင်ပြည်နယ် |- | (၇) || ဒေါက်တာကျော်ထွန်း || ရှမ်းပြည်နယ် |- | (၈) || ဦးမောင်မောင်လင်း || စစ်ကိုင်းတိုင်းဒေသကြီး |- | (၉) || ဦးတင့်လွင် || မကွေးတိုင်းဒေသကြီး |- | (၁၀) || ဦးမောင်ကို || မန္တလေးတိုင်းဒေသကြီး |- | (၁၁) || ဦးမျိုးဆွေဝင်း || ပဲခူးတိုင်းဒေသကြီး |- | (၁၂) || ဦးတင်အောင် || တနင်္သာရီတိုင်းဒေသကြီး |} {{right|အမိန့်အရ (ပုံ) အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}}{{DEFAULTSORT:အမိန့်အမှတ် ၁၀/၂၀၂၁}} [[Category:မြန်မာဘာသာ]] [[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]] [[Category:၂၀၂၁ ခုနှစ် အမိန့်များ]] fm9zd7gwdhs2igisl6z4utk1563vwtl နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၁၂/၂၀၂၁ 0 1849 18718 5980 2025-06-06T13:52:39Z Ninjastrikers 39 18718 wikitext text/x-wiki {{header | title = လွတ်ငြိမ်းချမ်းသာခွင့်အမိန့် | override_author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | section = | previous = | next = | year = 2021 | portal = မြန်မာနိုင်ငံ/နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | notes = }} {{center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်''' '''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ''' '''လွတ်ငြိမ်းချမ်းသာခွင့်အမိန့်''' '''အမိန့်အမှတ် (၁၁၂/၂၀၂၁)''' '''၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက်''' '''(၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်)'''}} မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် အကျဉ်းထောင်/ အချုပ်ထောင်/ အကျဉ်းစခန်းအသီးသီး တွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား/ သူများကို [[ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ|ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ]]ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် (ခရစ်နှစ် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်) မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီးပါက ယင်းတို့ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို အောက်ပါအတိုင်း ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်- (က) သေဒဏ်ပြစ်ဒဏ်ကျခံနေရသူများကို ထောင်ဒဏ်တစ်သက် (လွတ်ရက်မရှိ) ပြစ်ဒဏ်သို့ ပြောင်းလဲ ကျခံစေရန်၊ (ခ) ထောင်တစ်သက်နှင့် နှစ်အကန့်အသတ်မရှိ ပြစ်ဒဏ်ကျခံနေရသူများကို ထောင်ဒဏ် နှစ် ၄၀ သို့ လျှော့ပေါ့ကျခံစေရန် (ယခင်ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်များအရ သေဒဏ်မှ ထောင်တစ်သက်သို့ ပြောင်းလဲထားသူများမပါ)၊ (ဂ) ယခင်ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်များအရ သေဒဏ်မှ ထောင်တစ်သက်ပြစ်ဒဏ်သို့ ပြောင်းလဲထား သူများအား ထောင်ဒဏ်နှစ် ၅၀ သို့ပြောင်းလဲကျခံစေရန်၊ (ဃ) ထောင်ဒဏ်နှစ် ၄၀ အထက်ကျခံနေရသူများကို ထောင်ဒဏ်နှစ် ၄၀ သို့ ပြောင်းလဲကျခံစေရန်၊ (င) ထောင်ဒဏ်နှစ် ၄၀ နှင့် အောက် ကျခံနေရသူများကို ယင်းတို့ကျခံနေရသောပြစ်ဒဏ်၏ လေးပုံတစ်ပုံ အား လျှော့ပေါ့ကျခံစေရန်။ {{right|အမိန့်အရ အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}} [[Category:မြန်မာဘာသာ]] [[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]] rrybfr0mx7boh0jm255s94c6qaxrfq3 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၆/၂၀၂၁ 0 1856 18721 18680 2025-06-06T13:52:55Z Ninjastrikers 39 18721 wikitext text/x-wiki {{header | title = တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းခြင်း | override_author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | translator = | section = | previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅/၂၀၂၁]] | next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇/၂၀၂၁]] | year = ၂၀၂၁ | portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | wikipedia = | notes = }} {{c|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်''' '''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ''' '''တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းခြင်း''' '''အမိန့်အမှတ် (၁၆/၂၀၂၁)''' '''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက်''' '''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်)'''}} နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများအား ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထား သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို အပ်နှင်းလိုက်သည်။တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများကို အောက်ပါ အတိုင်း ဖွဲ့စည်းလိုက်သည်- {| |+ |- | (၁) || စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ || ဥက္ကဋ္ဌ |- | (၂) || တပ်မတော်အရာရှိကြီး (၁) ဦး || အဖွဲ့ဝင် |- | (၃) || ဒေသကိုယ်စားပြုသူ (၁) ဦး သို့မဟုတ် (၂) ဦး || အဖွဲ့ဝင် |- | (၄) || တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး || အဖွဲ့ဝင် |- | (၅) || တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရဲတပ်ဖွဲ့မှူး || အဖွဲ့ဝင် |- | (၆) || တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အုပ်ချုပ်ရေးမှူး || အတွင်းရေးမှူး |} {{right|အမိန့်အရ (ပုံ) အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}} [[Category:မြန်မာဘာသာ]] [[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]] [[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]] 27rytdq5so91anlu4es0ab7s8p48qs5 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၈၀/၂၀၂၁ 0 1862 18720 18509 2025-06-06T13:52:50Z Ninjastrikers 39 18720 wikitext text/x-wiki {{header | title = အိမ်စောင့်အစိုးရအဖွဲ့ရုံး အမည်ပြင်ဆင်သတ်မှတ်ခြင်း | override_author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | section = | previous = | next = | year = 2021 | portal = မြန်မာနိုင်ငံ/နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | notes = }} {{c|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်''' '''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ''' '''အိမ်စောင့်အစိုးရအဖွဲ့ရုံး အမည်ပြင်ဆင်သတ်မှတ်ခြင်း''' '''အမိန့်အမှတ် (၁၈၀/၂၀၂၁)''' '''၁၃၈၃ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက်''' '''(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်)'''}} [[ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ]]ပုဒ်မ ၄၁၉ အရ နိုင်ငံတော်တာဝန်များကို ပိုမိုလွယ်ကူ၊ လျင်မြန်၊ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အိမ်စောင့်အစိုးရအဖွဲ့ရုံးအား ပြည်ထောင်စု အစိုးရအဖွဲ့ရုံး အမည်ဖြင့် ပြင်ဆင်သတ်မှတ်လိုက်သည်။ {{right|အမိန့်အရ အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး}} [[Category:မြန်မာဘာသာ]] [[ကဏ္ဍ:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]] 98y871rsslfrmoqx5bfjz4z6xn4jym0 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂/၂၀၂၁ 0 1864 18722 18536 2025-06-06T13:53:04Z Ninjastrikers 39 18722 wikitext text/x-wiki {{header | title = ပြည်ထောင်စုစာရင်းစစ်ချုပ် ခန့်အပ်တာဝန်ပေးခြင်း | override_author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | translator = | section = | previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁/၂၀၂၁]] | next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃/၂၀၂၁]] | year = 2021 | portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | wikipedia = | notes = }} {{c|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်''' '''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ''' '''အမိန့်အမှတ် (၂/၂၀၂၁)''' '''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက်''' '''၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်''' '''ပြည်ထောင်စုစာရင်းစစ်ချုပ် ခန့်အပ်တာဝန်ပေးခြင်း'''}} နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် [[ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ]]ပုဒ်မ ၄၁၉ အရ ဒေါက်တာ ကံဇော်အား ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။ {{right|အမိန့်အရ (ပုံ) အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}}{{DEFAULTSORT:၂/၂၀၂၁}} [[Category:မြန်မာဘာသာ]] [[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]] [[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]] jxulaqrqyblizq2xbkg4tjukgu7jb9s နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃/၂၀၂၁ 0 1875 18723 18537 2025-06-06T13:53:19Z Ninjastrikers 39 18723 wikitext text/x-wiki {{header | title = ဒုတိယရှေ့နေချုပ်တာဝန်မှ ရပ်စဲခြင်း | override_author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | translator = | section = | previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂/၂၀၂၁]] | next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄/၂၀၂၁]] | year = 2021 | portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | wikipedia = | notes = }} {{c|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်''' '''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ''' '''အမိန့်အမှတ် (၃/၂၀၂၁)''' '''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက်''' '''၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်''' '''ဒုတိယရှေ့နေချုပ်တာဝန်မှ ရပ်စဲခြင်း'''}} ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်အား ယနေ့မှစ၍ တာဝန်မှ ရပ်စဲလိုက်သည်။ {{right|အမိန့်အရ (ပုံ) အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}}{{DEFAULTSORT:၃/၂၀၂၁}} [[Category:မြန်မာဘာသာ]] [[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]] [[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]] f7wo1f3rfdey92fs3trof1vsei4voht နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၃/၂၀၂၄ 0 1881 18748 6057 2025-06-07T11:42:30Z Salai Rungtoi 371 18748 wikitext text/x-wiki {{header | title = တာဝန်မှ အနားယူခွင့်ပြုခြင်း | override_author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | translator = | section = | previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၂/၂၀၂၄]] | next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၄/၂၀၂၄]] | year = ၂၀၂၄ | portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | wikipedia = | notes = }} {{c|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်''' '''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ''' '''အမိန့်အမှတ် ၃၃/၂၀၂၄''' ၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် (၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်) '''တာဝန်မှအနားယူခွင့်ပြုခြင်း'''}} နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့် ပြုလိုက်သည်။ {{c|အမိန့်အရ}} {{right|(ပုံ) အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး}} [[Category:မြန်မာဘာသာ]] [[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]] facihzvp4309cc87m7lir800uzwxfh2 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄/၂၀၂၁ 0 1890 18724 18538 2025-06-06T13:53:22Z Ninjastrikers 39 18724 wikitext text/x-wiki {{header | title = မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်အား တာဝန်မှအငြိမ်းစားပေးခြင်း | override_author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | translator = | section = | previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃/၂၀၂၁]] | next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅/၂၀၂၁]] | year = 2021 | portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | wikipedia = | notes = }} {{c|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်''' '''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ''' '''အမိန့်အမှတ် (၄/၂၀၂၁)''' '''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက်''' '''၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်''' '''မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်အား တာဝန်မှအငြိမ်းစားပေးခြင်း'''}} မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး အား ယနေ့မှစ၍ တာဝန်မှ အငြိမ်းစားပေးလိုက်သည်။ {{right|အမိန့်အရ (ပုံ) အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}}{{DEFAULTSORT:၄/၂၀၂၁}} [[Category:မြန်မာဘာသာ]] [[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]] [[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]] rj4vac3hn7zpjdib0agulylgl20n7z8 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၇/၂၀၂၁ 0 1892 18714 18709 2025-06-06T13:51:20Z Ninjastrikers 39 18714 wikitext text/x-wiki {{header | title = ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဖွဲ့စည်းခြင်း | override_author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | translator = | section = | previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၆/၂၀၂၁]] | next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၈/၂၀၂၁]] | year = ၂၀၂၁ | portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | wikipedia = ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ | notes = }} {{c|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်''' '''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ''' '''ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဖွဲ့စည်းခြင်း''' '''အမိန့်အမှတ် (၄၇/၂၀၂၁)''' '''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက်''' '''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်)'''}} နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို အောက်ပါ အတိုင်း ဖွဲ့စည်းလိုက်သည်- :(၁) ဥက္ကဋ္ဌ၊ မြို့တော်ဝန် :(၂) ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် :(၃) အဖွဲ့ဝင် (၄) ဦး :(၄) အတွင်းရေးမှူး {{right|အမိန့်အရ (ပုံ) အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}} [[Category:၂၀၂၁ ခုနှစ် အမိန့်များ]] [[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]] 5zz4m46ycvei1u9i9quv377x85fc9ki နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅/၂၀၂၁ 0 1893 18725 18539 2025-06-06T13:53:25Z Ninjastrikers 39 18725 wikitext text/x-wiki {{header | title = ဒုတိယဝန်ကြီး ပြောင်းရွှေ့တာဝန်ပေးခြင်း | override_author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | translator = | section = | previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄/၂၀၂၁]] | next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၆/၂၀၂၁]] | year = 2021 | portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | wikipedia = | notes = }} {{c|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်''' '''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ''' '''အမိန့်အမှတ် (၅/၂၀၂၁)''' '''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက်''' '''၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်''' '''ဒုတိယဝန်ကြီး ပြောင်းရွှေ့တာဝန်ပေးခြင်း'''}} နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် [[ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ]]ပုဒ်မ ၄၁၉ အရ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်အား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးလိုက်သည်။ {{right|အမိန့်အရ (ပုံ) အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}}{{DEFAULTSORT:၅/၂၀၂၁}} [[Category:မြန်မာဘာသာ]] [[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]] [[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]] 9ocpd2b9zlxljod0irk2u10liktnp7r နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇/၂၀၂၁ 0 1895 18726 18541 2025-06-06T13:53:35Z Ninjastrikers 39 18726 wikitext text/x-wiki {{header | title = ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း | override_author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | translator = | section = | previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၆/၂၀၂၁]] | next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈/၂၀၂၁]] | year = 2021 | portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | wikipedia = | notes = }} {{c|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်''' '''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ''' '''အမိန့်အမှတ် (၇/၂၀၂၁)''' '''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက်''' '''၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်''' '''ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း'''}} နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် [[ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ]]ပုဒ်မ ၄၁၉ အရ အောက်ဖော်ပြပါပုဂ္ဂိုလ်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။ {| |+ |- | (၁) || ဦးသိန်းစိုး || ဥက္ကဋ္ဌ |- | (၂) || ဦးသောင်းတင် || အဖွဲ့ဝင် |- | (၃) || ဦးသန်းထွန်း || အဖွဲ့ဝင် |- | (၄) || ဦးကျောက် || အဖွဲ့ဝင် |- | (၅) || ဦးအောင်စောဝင်း || အဖွဲ့ဝင် |- | (၆) || ဦးသန်းဝင်း || အဖွဲ့ဝင် |} {{right|အမိန့်အရ (ပုံ) အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}}{{DEFAULTSORT:အမိန့်အမှတ် ၇/၂၀၂၁}} [[Category:မြန်မာဘာသာ]] [[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]] [[Category:၂၀၂၁ ခုနှစ် အမိန့်များ]] 15ieh9bnqb2syts4ias1j9nohm3zx1h နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၄/၂၀၂၅ 0 5664 18744 18505 2025-06-07T05:15:27Z Salai Rungtoi 371 18744 wikitext text/x-wiki {{header | title = ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း | override_author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | section = | previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၃/၂၀၂၅]] | next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၅/၂၀၂၅]] | year = ၂၀၂၅ | portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | wikipedia = ချင်းပြည်နယ် တရားလွှတ်တော် | notes = }} {{Center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်''' '''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ''' '''အမိန့်အမှတ် ၃၄/၂၀၂၅''' '''၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်''' '''၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်''' '''ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း'''}} နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဦးမင်းအောင် အား ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။​{{right|အမိန့်အရ အောင်လင်းဒွေး ဗိုလ်ချုပ်ကြီး အတွင်းရေးမှူး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}} [[ကဏ္ဍ:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]] [[ကဏ္ဍ:၂၀၂၅ ခုနှစ် အမိန့်များ]] 5g10a6xga3nsi5hdb2iza95rylhgpqc နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၆/၂၀၂၁ 0 5667 18730 18540 2025-06-06T13:54:15Z Ninjastrikers 39 18730 wikitext text/x-wiki {{header|title=ဒုတိယဝန်ကြီး ပြောင်းရွှေ့တာဝန်ပေးခြင်း|override_author=နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ|translator=|section=|previous=[[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅/၂၀၂၁]]|next=[[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇/၂၀၂၁]]|year=2021|portal=နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ|wikipedia=|notes=}}{{c|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်''' '''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ''' '''အမိန့်အမှတ် (၆/၂၀၂၁)''' '''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက်''' '''၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်''' '''ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း'''}} နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် [[ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ]]ပုဒ်မ ၄၁၉ အရ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်အား ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ပြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊​ ရဲချုပ်တာဝန်ကို ပူးတွဲတာဝန်ပေးအပ်လိုက်သည်။ {{right|အမိန့်အရ (ပုံ) အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}}{{DEFAULTSORT:အမိန့်အမှတ် ၆/၂၀၂၁}} [[Category:မြန်မာဘာသာ]] [[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]] [[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]] cfgeq8qeao9efgoqb59nqp8nf71t4ju နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၉/၂၀၂၁ 0 5669 18729 18543 2025-06-06T13:54:09Z Ninjastrikers 39 18729 wikitext text/x-wiki {{header | title = ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း | override_author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | translator = | section = | previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈/၂၀၂၁]] | next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၀/၂၀၂၁]] | year = 2021 | portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | wikipedia = | notes = }} {{c|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်''' '''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ''' '''အမိန့်အမှတ် (၉/၂၀၂၁)''' '''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက်''' '''၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်''' '''ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း'''}} နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အောက်ဖော်ပြပါပုဂ္ဂိုလ်များအား ယှဉ်တွဲပါဝန်ကြီးဌာနအသီးသီးတွင် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည် - {| |+ |- | (၁) || ဦးခင်မောင်ရီး || သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန |- | (၂) || ဦးရွှေလေး || ဆောက်လုပ်ရေးဝန်ကြီးဌာန |} {{right|အမိန့်အရ (ပုံ) အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}}{{DEFAULTSORT:အမိန့်အမှတ် ၉/၂၀၂၁}} [[Category:မြန်မာဘာသာ]] [[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]] [[Category:၂၀၂၁ ခုနှစ် အမိန့်များ]] gp2q6c2t94im079y80pc18b0pih42ht နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၂/၂၀၂၁ 0 5700 18728 18683 2025-06-06T13:54:04Z Ninjastrikers 39 18728 wikitext text/x-wiki {{header | title = ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်း | override_author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | translator = | section = | previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၁/၂၀၂၁]] | next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၃/၂၀၂၁]] | year = ၂၀၂၁ | portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | wikipedia = | notes = }} {{c|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်''' '''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ''' '''အမိန့်အမှတ် ၁၅၂/၂၀၂၁''' '''၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်''' '''၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်''' '''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း '''}} ၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အောက်ပါပုဂ္ဂိုလ်များပါဝင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၉-၂-၂၀၂၁ ရက်စွဲပါ [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၉/၂၀၂၁|အမိန့်ကြော်ငြာစာအမှတ် ၉/၂၀၂၁]] ဖြင့် ဖွဲ့စည်းခဲ့ပါသည် - <br> {| |+ |- | (က) || ဥက္ကဋ္ဌ || နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |- | (ခ) || ဒုတိယဥက္ကဋ္ဌ || နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |- | (ဂ) || ပြည်ထောင်စုဝန်ကြီးများ၊ |- | (ဃ)|| ပြည်ထောင်စုရှေ့နေချုပ်၊ |- | (င) || အမြဲတမ်းအတွင်းဝန် || နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအုပ်ချုပ်မှုရုံး။ |} ၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ နိုင်ငံတော်တာဝန်များကို ပိုမို လွယ်ကူ၊ လျင်မြန်၊ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီကို “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့” အဖြစ် အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည် - {| |+ |- | (က) || နိုင်ငံတော်ဝန်ကြီးချုပ်||ဥက္ကဋ္ဌ || နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |- | (ခ) || ဒုတိယဝန်ကြီးချုပ်|| ဒုတိယဥက္ကဋ္ဌ || နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |- | (ဂ) || ပြည်ထောင်စုဝန်ကြီးများ၊ |- | (ဃ)|| ပြည်ထောင်စုရှေ့နေချုပ်၊ |- | (င) || အမြဲတမ်းအတွင်းဝန် || အိမ်စောင့်အစိုးရအဖွဲ့ရုံး။ |} {{right|အမိန့်အရ (ပုံ) အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး }} [[Category:မြန်မာဘာသာ]] [[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]] [[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]] 5zrlsobaemdri213k2z8cf25chm6acn နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၃/၂၀၂၁ 0 5701 18727 18685 2025-06-06T13:54:01Z Ninjastrikers 39 18727 wikitext text/x-wiki {{header | title = တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ ပြင်ဆင်ဖွဲ့စည်းခြင်း | override_author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | translator = | section = | previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၂/၂၀၂၁]] | next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၄/၂၀၂၁]] | year = ၂၀၂၁ | portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | wikipedia = | notes = }} {{c|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်''' '''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ''' '''အမိန့်အမှတ် ၁၅၃/၂၀၂၁''' '''၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်''' '''၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်''' '''တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ ပြင်ဆင်ဖွဲ့စည်းခြင်း '''}} ၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ အုပ်ချုပ်ရေးဆိုင်ရာများကို အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါသည်။ <br> ၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ နိုင်ငံတော်တာဝန်များကို ပိုမို လွယ်ကူ၊ လျင်မြန်၊ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများကို “'''တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့'''” အဖြစ် အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည် - (က) ဝန်ကြီးချုပ် (ခ) ဝန်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ (ဂ) ဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးဌာန၊ (ဃ) ဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးဌာန၊ (င) ဝန်ကြီး၊ လူမှုရေးရာဝန်ကြီးဌာ၊ (စ) ဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ (ဆ) ဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ (ဇ) ဥပဒေချုပ် ၃။ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီးဌာနကို ထည့်သွင်းဖွဲ့စည်းရမည်။ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့၏ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) များသည် စည်ပင်သာယာရေးဝန်ကြီးများဖြစ်သည်။ ၄။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးသည် တိုင်းဒသေကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်။ {{right|အမိန့်အရ (ပုံ) အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး }} [[Category:မြန်မာဘာသာ]] [[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]] [[ကဏ္ဍ:၂၀၂၁ ခုနှစ် အမိန့်များ]] 35r5mxlbcwrxldwxyh9p27tob1bgqhs စိတ္တသံယုတ်-ဒု 0 5707 18742 18692 2025-06-07T03:54:05Z Tejinda 173 18742 wikitext text/x-wiki {{header | title = [[စိတ္တသံယုတ်]] | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = <b>စိတ္တသံယုတ်-ဒု</b> | previous = [[စိတ္တသံယုတ်]] | previous2 = | next = [[စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေး]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }} <h3>အခန်း (၅)</h3> <h3>စိတ္တသူကြွယ် ဘုရားဖူးထွက်ခြင်း</h3> <p>မကြာမီ အချိန်ကာလအတွင်းမှာ စိတ္တသူကြွယ် ကျောင်းဒါယကာကြီး အနာဂါမိမဂ်ဖိုလ် ဆိုက်သွားပြီ။ ဆိုက်သွားတဲ့အချိန်အခါကျတော့ သူက စဉ်းစားပြီ။ အနာဂါမိမဂ်ဖိုလ်ဆိုက်ပြီးတဲ့အချိန်အခါမှာ သူစဉ်းစားမိပုံက ..</p> <p>မြတ်စွာဘုရားကိုလည်း ငါတစ်ခါမှ မဖူးရသေးဘူး၊ ငါလည်း အနာဂါမိ မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ရောက်ပြီ။ မြတ်စွာဘုရားကို ငါမဖူးရလျှင်တော့ ငါ့အတွက် မသင့်တော်ဘူးလို့ - ဒီလို သူက စဉ်းစားတယ်။ စဉ်းစားတဲ့ အတွက် --</p> <p><b>အဟံ ဒသဗလံ အဒိသွာဝ စိရံ ဝီတိနာမေသိံ၊ သတ္ထု သန္တိကံ ဂစ္ဆန္တေန ပန အယုတ္တံ တုစ္ဆဟတ္ထေန ဂန္တုံ။</b> (အံ၊ဋ္ဌ၊၁၊၂၉၈။)</p> <p>မြတ်စွာဘုရားကို မဖူးတွေ့ရဘဲနှင့် ငါနေခဲ့တာ အလွန်ကြာသွားပြီ ဖြစ်တယ်၊ မြတ်စွာဘုရားထံ ငါသွားမယ်ဆိုလို့ရှိရင်လည်း လက်ထဲမှာ ဘာမျှ မပါဘဲနှင့်တော့ သွားလို့မတော်ဘူး - ဒီလို သူက စဉ်းစားတယ်။ စဉ်းစားပြီးတဲ့ အချိန်အခါကျတော့ ဘာလုပ်သလဲ? --</p> <p>မြို့ထဲမှာ သူ့လှည်းတွေအားလုံးဆင်၊ လှည်းအစီးငါးရာ အားလုံး ပစ္စည်း တွေတင်၊ စိတ္တသူကြွယ်နှင့် ဘုရားဖူးလိုက်ချင်တဲ့ပုဂ္ဂိုလ်အားလုံး လိုက်နိုင်တယ် ဆိုပြီး ကြွေးကြော်လိုက်တယ်။ ရဟန်း ငါးရာ, ဘိက္ခုနီမ ငါးရာ, ဥပါသကာ ငါးရာ, ဥပါသိကာမ ငါးရာ, သူ့ရဲ့အလုပ်အကျွေးဒါယကာက တစ်ထောင်၊ ပေါင်းလိုက်တော့ ပရိသတ် သုံးထောင် လှည်းအစီး ငါးရာဖြင့် ဘုရားဖူး ထွက်ကြပြီ။</p> <p>ဒီလို ဘုရားဖူးထွက်လိုက်ပြီဆိုတာနှင့် တစ်ပြိုင်နက်တည်း နတ်တွေက ဆီးပြီး ကြိုကြတယ်။</p> <p>မစ္ဆိကာသဏ္ဍကနေပြီးတော့ သာဝတ္ထိကို ယူဇနာသုံးဆယ် ရှိတယ်။ အဲဒီ ယူဇနာ သုံးဆယ်ရှိတဲ့ ခရီးကို ထွက်တဲ့ အချိန်အခါမှာ တစ်ယူဇနာလျှင် တဲကျောင်းတစ်ခု ယာယီတဲမဏ္ဍပ်တွေ ထိုးပြီးတော့ နတ်တွေက ဆီးပြီး ကြိုကြတယ်။ စားဖွယ်သောက်ဖွယ်တွေ လိုလေသေး မရှိအောင် အားလုံး နတ်တွေက စောင့်ပြီးတော့ ပြုစုလုပ်ကျွေးကြတယ်။</p> <p>အဲဒီနည်းစနစ်ဖြင့် သာဝတ္ထိရောက်သွားပြီ။ လှည်းပေါ်မှာပါလာတဲ့ လှည်း အစီး ငါးရာ တင်ထားတဲ့ ပစ္စည်းတွေ တစ်ခုမှ မသုံးရဘူး။ ဇေတဝန် ကျောင်းတိုက် ရောက်မည့်နေ့ကျတော့ ထိုညနေမှာ မြတ်စွာဘုရားက အရှင် အာနန္ဒာကိုယ်တော်မြတ်ကို ကြိုတင်ပြီးတော့ အမိန့်ရှိတော်မူတယ်။</p> <p>အာနန္ဒာ ... ဒီနေ့ ညနေခင်းအချိန်အခါမှာ စိတ္တသူကြွယ် ဒါယကာ ကတော့ ငါဘုရားထံ ရောက်ရှိလာလိမ့်မယ်လို့ အမိန့်ရှိတော်မူတယ်။</p> <h3>ထူးကဲသော တန်ခိုးပြာဋိဟာ</h3> <p>အဲဒီအခါမှာ ထူးကဲသော တန်ခိုးပြာဋိဟာများ ဖြစ်ကောင်းဖြစ်ပါမလား မြတ်စွာဘုရားလို့ လျှောက်ထားတော့ ...</p> <p>ဖြစ်လိမ့်မယ် အာနန္ဒာ ... ဘယ်လို တန်ခိုးပြာဋိဟာများ ဖြစ်မလဲ ဆိုတော့ -- စိတ္တသူကြွယ်က ငါဘုရားရဲ့ ခြေတော်ရင်းကို ဝပ်စင်း ရှိခိုး ဦးချ လိုက်သည်နှင့် တစ်ပြိုင်နက်တည်း ငါးမျိုးသောအဆင်းရှိတဲ့ နတ်ပန်းမိုးကြီး ရွာသွန်းပြီး ချလိမ့်မယ် - ဒီလို မြတ်စွာဘုရားက အမိန့်ရှိတယ်။</p> <p>ဒီစကားက ဇေတဝန်ကျောင်းတိုက်ကနေ သာဝတ္ထိမြို့ထဲအထိ ပြန့်နှံ့ သွားတော့ သာဝတ္ထိမြို့သူမြို့သားတွေကလည်း ဒီလောက်ဘုန်းကံကြီးမားတဲ့ ဒါယကာတစ်ဦးကို တို့သွားပြီးတော့ တွေ့ဆုံကြမယ် ဆိုပြီးတော့ လက်ဆောင် ပဏ္ဏာတွေ ပန်းဆီမီးတွေ ယူဆောင်ပြီးတော့ ဇေတဝန်ကျောင်းတိုက် ရောက် ရှိလာကြတယ်။</p> <p>အဲဒီလို ရောက်ရှိလာတဲ့အချိန်အခါမှာ စိတ္တသူကြွယ် ဒါယကာကလည်း ဇေတဝန်ကျောင်းတိုက် ဆိုက်ရောက်လိုက်တော့ -- မြတ်စွာဘုရားကို ဖူးမြော် ဖို့ရန်အတွက် ရဟန်းသံဃာတွေကို ရှေးဦးစွာ ကြွတော်မူရန် လျှောက်ထား ပါတယ်။ ထို့နောက် ဘိက္ခုနီတွေကို လျှောက်ထားပါတယ်။</p> <p>အဲဒီနောက်မှ ဥပါသကာတွေကို ခေါ်ပြီးတော့ စိတ္တသူကြွယ်က ဦးဆောင် ပြီး မြတ်စွာဘုရားထံသို့ ဖူးမြော်ရန် ဝင်ကြတယ်။ အမျိုးသမီးတွေကိုတော့ ချန်လှပ်ထားခဲ့ပါတယ်။</p> <p>မြတ်စွာဘုရားထံ ဝင်လာပြီ။ ပရိသတ်တွေကလည်း မြတ်စွာဘုရားရှေ့မှာ ခုလိုပေါ့ လမ်းကလေး ချန်ပြီးတော့ ထိုင်နေကြတယ်၊ စိတ္တသူကြွယ် လာလိမ့် မယ်ဆိုပြီးတော့ မြော်နေကြတယ်။ ဝင်လည်းလာရော အားလုံးဝိုင်းပြီးတော့ ကြည့်ကြတယ် စိတ္တသူကြွယ်ဆိုတာ ဒီလိုပုဂ္ဂိုလ်ပဲ၊ စိတ္တသူကြွယ်ဆိုတာ ဒီလို ပုဂ္ဂိုလ်ပဲ ဆိုပြီး ဝိုင်းပြီး ကြည့်ကြပြီ။</p> <p>ကြည့်လိုက်တဲ့အချိန်အခါမှာ မြတ်စွာဘုရားရှင်ရဲ့ခြေတော်ရင်း ဝပ်စင်း ချလိုက်သည်နှင့် တစ်ပြိုင်နက်တည်း ဘာဖြစ်သလဲ? --</p> <p><b>သော သတ္ထု သန္တိကံ ဂန္တွာ ပဉ္စပတိဋ္ဌိတေန သတ္ထာရံ ဝန္ဒိ၊ တသ္မိံ ခဏေ အာကာသာ ပဉ္စဝဏ္ဏာနံ ပုပ္ဖာနံ ဝဿံ ဝဿိ။</b> (အံ၊ဋ္ဌ၊၁၊၂၉၈။)</p> <p><b>သော</b> = ထိုစိတ္တသူကြွယ်သည်။ <b>သတ္ထု သန္တိကံ</b> = ဘုရားရှင်၏ ထံတော် မှောက်သို့။ <b>ဂန္တွာ</b> = သွား၍။ <b>ပဉ္စပတိဋ္ဌိတေန</b> = ငါးပါးသော ထိခြင်းဖြင့်။ <b>သတ္ထာရံ</b> = မြတ်စွာဘုရားကို။ <b>ဝန္ဒိ</b> = ရှိခိုးလေပြီ။</p> <p><b>တသ္မိံ ခဏေ</b> = ထိုခဏ၌။ <b>အာကာသာ</b> = ကောင်းကင်မှ။ <b>ပဉ္စဝဏ္ဏာနံ ပုပ္ဖာနံ</b> = ငါးမျိုးသော အဆင်းရှိသော ပန်းတို့၏။ <b>ဝဿံ</b> = ပန်းမိုးသည်။ <b>ဝဿိ</b> = ရွာသွန်းခဲ့လေပြီ။</p> <p>မြတ်စွာဘုရား ခြေတော်ရင်းကို ဝပ်စင်းပြီး ရှိခိုး ဦးတိုက်လိုက်တယ်။ ငါးပါးသော ထိခြင်းဖြင့် ရှိခိုး ဦးတိုက်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း ငါးမျိုးသော အဆင်းရှိတဲ့ နတ်ပန်းမိုးကြီးသည် ရှစ်မင်းပယ်ခန့်ရှိတဲ့ အရပ် ဒေသတိုင်အောင် ရွာသွန်းတယ်။ နတ်တွေ လူတွေ ဝမ်းမြောက်ဝမ်းသာဖြင့် အုတ်အုတ်ကျက်ကျက် အားလုံး ဖြစ်သွားကြတယ်။</p> <p>အဲဒီလို ရှိခိုးပြီးတဲ့အချိန်အခါမှာ မြတ်စွာဘုရားကလည်း ဒီစိတ္တသူကြွယ် ကို ဘယ်လို ဆိုဆုံးမပေးတော်မူသလဲ?</p> <h3>အာယတနဒေသနာ</h3> <p><b>သတ္ထာ တဿ အဇ္ဈာသယဝသေန သဠာယတနဝိဘတ္တိမေဝ ကထေသိ။</b> (အံ၊ဋ္ဌ၊၁၊၂၉၈။)</p> <p>အာယတန တစ်ဆယ့်နှစ်ပါးနည်းနှင့် ဝိပဿနာရှုကွက်ကို မြတ်စွာဘုရား က ဒီစိတ္တသူကြွယ်ကို ထပ်ဆင့်ပြီးတော့ ဟောကြားပြသ ဆိုဆုံးမပေးတော် မူပြန်တယ်တဲ့။ စိတ်-စေတသိက်-ရုပ်တရားတွေကို တစ်ဆယ့်နှစ်ပုံ ပုံပြီးတော့ ဝိပဿနာရှုဖို့ မြတ်စွာဘုရားက သင်ပေးပြီ။</p> <p>ဇေတဝန်ကျောင်းတိုက်မှာရှိတဲ့ ရဟန်းသံဃာတွေ, နောက်က ပါလာတဲ့ ရဟန်းသံဃာတွေနှင့် လူပရိသတ်တွေ အားလုံးကိုလည်း စိတ္တသူကြွယ်ကပဲ ဒိုင်ခံပြီးတော့ ကျွေးမွေးပြုစု စောင့်ရှောက်ပေးပါတယ်။</p> <p>စိတ္တသူကြွယ် တစ်လတိတိ ဇေတဝန်ကျောင်းတိုက်မှာနေပါတယ်။ ရဟန်း သံဃာတွေနှင့်တကွ နောက်ကပါလာတဲ့ ပရိသတ်အားလုံးကို ကျွေးမွေးပြီ။ ဒိုင်ခံကျွေးမွေးသော်လည်း သူ့လှည်းပေါ်မှာ ပါလာတဲ့ ပစ္စည်းတွေ တစ်ခုမှ မကုန်ဘူး။ လူတွေနတ်တွေက ပို့ဆောင်ပေးတဲ့ လက်ဆောင်ပဏ္ဏာဖြင့်ပင်လျှင် မြတ်စွာဘုရား အမှူးရှိတဲ့ သံဃာတော်တွေကိုလည်း ပြုစုလုပ်ကျွေးတယ်၊ နောက်ကပါလာတဲ့ ပရိသတ်တွေကိုလည်း ပြုစုလုပ်ကျွေးပါတယ်။ တစ်လ တိတိ ကြာသွားတယ်။</p> <p>တစ်လတိတိကြာသော်လည်း ကုန်နိုင်တဲ့စွမ်းအား မရှိဘူး။ မရှိတဲ့အချိန် အခါကျတော့ မြတ်စွာဘုရားထံ ချဉ်းကပ်၊ ချဉ်းကပ်ပြီးတော့ --</p> <p>မြတ်စွာဘုရား ...တပည့်တော်မှာပါလာတဲ့ ပစ္စည်းတွေဟာ တစ်လ တိတိ ကြာသော်လည်း လှူဒါန်းခွင့် မရပါဘူး။ နောက်ထပ် တစ်နှစ်တိုင်တိုင် တပည့်တော် ဆက်ပြီး နေသော်လည်း ဒီပုံစံအတိုင်းပဲ ဖြစ်နေပါလိမ့်မယ် မြတ်စွာဘုရား။ ဒါကြောင့် တပည့်တော်မှာ ပါလာတဲ့ ပစ္စည်းတွေကို ဘုရား အမှူးရှိတဲ့ သံဃာအတွက် တပည့်တော် လှူဒါန်းလိုပါတယ်။ ပစ္စည်းတွေ လှူဒါန်းဖို့ရန်အတွက် နေရာကို ညွှန်ကြားပြသပေးတော်မူပါ - ဆိုပြီးတော့ မြတ်စွာဘုရားကို လျှောက်ထားတော့ ..</p> <p>ဘုရားရှင်က အရှင်အာနန္ဒာကိုအမိန့်ရှိလိုက်တဲ့အတွက် သင့်တင့်လျောက် ပတ်တဲ့ တစ်နေရာမှာ ဒီပစ္စည်းတွေကို ချကြတယ်။ လှည်းပေါ်မှာရှိတဲ့ ပစ္စည်း တွေ ချန်မထားဘူး၊ အကုန်လုံး လှူလိုက်တယ်။</p> <p>အကုန်လှူပြီးတော့ ပြန်မယ်လုပ်တော့ မြို့သူမြို့သားတွေကရော နတ် တွေကရော --</p> <p>စိတ္တသူကြွယ် ...သင်ဟာ အချည်းနှီးသော လှည်းတွေဖြင့် လမ်းခရီး ပြန်ဖို့ရန်အတွက် ကံတွေကို ပြုစုပျိုးထောင်ထားတဲ့ ပုဂ္ဂိုလ် မဟုတ်ပါဘူး ဆိုပြီးတော့ နတ်တွေက သူ့ရဲ့လှည်းပေါ်မှာ ရတနာတွေကို လှည်းအပြည့် တင်ပေးလိုက်တယ်။</p> <p>တင်ပေးပြီးတဲ့အချိန်အခါကျတော့ ရတနာအပြည့် တင်ဆောင်ပြီးတော့ ပြန်ကြတယ်။ လမ်းခရီးတစ်လျှောက်မှာလည်း မိမိနောက်ကပါလာတဲ့ ပရိသတ် တွေကို ကျွေးမွေးပြီးတော့ သွားပါတယ်။ မစ္ဆိကာသဏ္ဍမြို့ကို ဆိုက်ရောက် သွားတဲ့အထိ ကျွေးမွေးသွားတယ်။</p> <p>အဲဒီအချိန်အခါမှာ အရှင်အာနန္ဒာကိုယ်တော်မြတ်နှင့် ပရိသတ်တွေက- ဩော်...အလွန်အံ့ဩဖွယ်ကောင်းတဲ့ ဒါယကာတစ်ဦးဖြစ်တယ်၊ ဘယ်နေ ရာမျိုးမဆို ရောက်ရောက်ချင်း ပူဇော်မှု မြတ်နိုးမှုတွေက ဖြစ်နေပါလား။ ဒီ ပူဇော်မှု မြတ်နိုးမှုတွေသည် ဘုရားကို လာဖူးတဲ့အချိန်အခါမှသာလျှင် ဒီလို ပူဇော်မှု မြတ်နိုးမှုတွေ ဖြစ်တယ်၊ တခြားတခြား နေရာကို သွားခဲ့မယ်ဆိုလို့ ရှိလျှင် ဒီစိတ္တသူကြွယ်ဒါယကာမှာ ဒီလိုပူဇော်သက္ကာရမှုတွေ ဒီလိုအံ့ဩဖွယ်ရာ တန်ခိုးပြာဋိဟာတွေ ဖြစ်နိုင်မလား မဖြစ်နိုင်ဘူးလား ဆိုတာကို - အရှင် အာနန္ဒာက မြတ်စွာဘုရားကို တင်ပြလျှောက်ထားတော့ မြတ်စွာဘုရားက ဂါထာကလေးတစ်ခုကို ဟောကြားပေးတော်မူပါတယ်။</p> <h3>သဒ္ဓါ-သီလပြည့်စုံသူဆိုတာ</h3> <p><b>သဒ္ဓေါ သီလေန သမ္ပန္နော၊ ယသော ဘောဂသမပ္ပိတော။</b></p> <p><b>ယံ ယံ ပဒေသံ ဘဇတိ၊ တတ္ထ တတ္ထေဝ ပူဇိတော။</b> (အံ၊ဋ္ဌ၊၁၊၂၉၈။ ဓမ္မပဒ-စာပိုဒ်-၃၀၃။)</p> <p>အာနန္ဒ = ညီဘွား အာနန္ဒာ ...။ <b>သဒ္ဓေါ</b> = လောကီ လောကုတ္တရာ သဒ္ဓါနှစ်ပုံဖြင့် ကုံလုံပြည့်ဝလျက်ရှိသော။ <b>သီလေန သမ္ပန္နော</b> = လူတို့ကျင့်ရာ သီလသိက္ခာနှင့် လောက်ငှကုံလုံ ပြည့်စုံကြွယ်ဝလျက် ရှိသော။ <b>ယသော ဘောဂသမပ္ပိတော</b> = အရိယာ သာဝက ဥပါသကာ ငါးရာ များစွာသော အခြံအရံနှင့်တကွ လောကီဥစ္စာ သူတော်ကောင်းဥစ္စာ ဤနှစ်ဖြာတို့နှင့် လွန်စွာ ပြည့်ဝ စုံညီလျက်ရှိသော အရိယာသာဝကသည်။ <b>ယံ ယံ ပဒေသံ</b> = အရှေ့ အနောက် တောင် မြောက် မည်တွင် အမှတ်မထင် အကြင်အကြင်သို့သော အရပ်သို့။ <b>ဘဇတိ</b> = သွားရောက်ပေ၏။ <b>သော</b> = ထို ဘုရားရှင်၏ တပည့် အရိယာသာဝကကို။ <b>တတ္ထ တတ္ထေဝ</b> = ရောက်လေရာရာ ထိုထိုအရပ်၌သာ လျှင်။ <b>ပူဇိတော</b> = မေတ္တာ သဒ္ဓါ စေတနာလွှမ်းပတ် လူနှင့်နတ်တို့ လေးမြတ် ကော်ရော် ပူဇော်အပ်ပေသတည်း။ (သာဓု သာဓု သာဓု)</p> <p>လောကီဓနဥစ္စာ အရိယာသူတော်ကောင်းဥစ္စာဆိုတဲ့ ဥစ္စာနှစ်ဖြာတို့ဖြင့် ပြည့်ဝစုံညီလျက်ရှိတဲ့ ဒီ ငါဘုရားရှင်၏တပည့် အရိယာသာဝကဖြစ်တဲ့ စိတ္တ သူကြွယ် ဒါယကာသည် ဘယ်နေရာကိုပဲသွားသွား လူနှင့်နတ်တို့က မေတ္တာ စေတနာ သဒ္ဓါဓာတ်တွေနှင့် ပြည့်ဝစုံညီစွာဖြင့် ပူဇော်နေသည်သာ ဖြစ်ပါ တယ် - ဆိုပြီးတော့ မြတ်စွာဘုရားက အမိန့်ရှိတော်မူပါတယ်။</p> <p>ဒီအချိန်အခါကနေ စပြီးတော့ စိတ္တသူကြွယ် ဒါယကာကြီးသည် ဘယ်လို အဆင့် ရောက်သွားသလဲ?</p> <p><b>သော တတော ပဋ္ဌာယ အရိယသာဝကာနံယေဝ ဥပါသကာနံ ပဉ္စဟိ သတေဟိ ပရိဝုတော ဝိစရတိ။</b> (အံ၊ဋ္ဌ၊၁၊၂၉၈။)</p> <p><b>သော</b> = ထို စိတ္တသူကြွယ် ဒါယကာသည်။ <b>တတော ပဋ္ဌာယ</b> = ထိုအချိန် အခါမှ စ၍။ <b>အရိယသာဝကာနံယေဝ ဥပါသကာနံ</b> = အရိယာသူတော် ကောင်းသာလျှင် ဖြစ်ကြတဲ့ ဥပါသကာတို့၏။ <b>ပဉ္စဟိ သတေဟိ</b> = ငါးရာ အတိုင်းအရှည်တို့ဖြင့်။ <b>ပရိဝုတော</b> = အမြဲမပြတ် ခြံရံလျက်။ <b>ဝိစရတိ</b> = လှည့်လည်ကျက်စား၍ နေရပေ၏။</p> <p>ထိုအချိန်အခါကစပြီး စိတ္တသူကြွယ်ဒါယကာကြီးရဲ့ သွားလေရာ လာလေ ရာ ဘယ်နေရာမှာမဆို သောတာပန် အရိယာသူတော်ကောင်း ဥပါသကာ ငါးရာ ခြံရံပြီးတော့ အမြဲတမ်း လှည့်လည်ကျက်စား သွားလာပြီး နေရတယ်၊ အခြံအရံ များတယ်။</p> <p>ဘာဖြစ်လို့ ဒီလို အခြံအရံအကျော်အစောတွေ များရသလဲ? ချမ်းသာ စည်းစိမ်တွေ ကြွယ်ဝရသလဲ? ပြန်ပြောင်းပြီး ဆန်းစစ်ကြည့်လိုက်တော့ ...</p> <p>အမြတ်ဆုံးတရားနှင့် ပြည့်စုံသူဆိုတာ</p> <p><b>အဂ္ဂဿ ဒါတာ မေဓာဝီ၊ အဂ္ဂဓမ္မသမာဟိတော။</b></p> <p><b>ဒေဝဘူတော မနုေဿာ ဝါ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။</b> (အံ၊၁၊၃၄၄။)</p> <p><b>အဂ္ဂဓမ္မသမာဟိတော</b> = အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ လောကီ လောကုတ္တရာ တရားထူး တရားမြတ်တွေနှင့် ပြည့်စုံသည်ဖြစ်၍။ <b>အဂ္ဂဿ</b> = အသာ ဆုံး အမြတ်ဆုံးဖြစ်တဲ့ ရတနာ သုံးပါးအား။ <b>ဒါတာ</b> = ပေးလှူလေ့ရှိတဲ့။ <b>မေဓာဝီ</b> = ပညာရှိတဲ့ပုဂ္ဂိုလ်သည်။ <b>ဒေဝဘူတော ဝါ</b> = နတ်ဖြစ်သော်လည်း ကောင်း။ <b>မနုေဿာ ဝါ</b> = မနုဿဘူတော ဝါ = လူဖြစ်သော်လည်းကောင်း။ <b>အဂ္ဂပတ္တော</b> = အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ အကျိုးတရား ရရှိတဲ့ ဘဝသို့ ရောက်ရှိရသည် ဖြစ်၍။ <b>ပမောဒတိ</b> = နှစ်သက်ရွှင်ပျ ဝမ်းမြောက်ရပေ သတည်း။ (သာဓု သာဓု သာဓု)</p> <p>စိတ္တသူကြွယ် ဒါယကာကြီးကိုယ်တိုင်က အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ လောကီ လောကုတ္တရာ တရားထူး တရားမြတ်တွေနှင့် ပြည့်စုံတယ်၊ အနာဂါမိ မဂ်ဉာဏ် ဖိုလ်ဉာဏ်အထိ ဆိုက်ခဲ့တယ်။ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ရတနာ သုံးပါးကိုလည်း လှူဒါန်းပူဇော်လေ့ရှိတယ်။ ဒါနာဘိရတ ဓမ္မာဘိရတ - ဒါနနှင့် မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့ သူတော်ကောင်းကြီးလည်းဖြစ်တယ်၊ တရားနှင့် မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်နေတဲ့ သူတော်ကောင်းကြီးလည်း ဖြစ်ပါတယ်။</p> <p>ဒီအင်္ဂါနှစ်ချက် စုံညီတဲ့အတွက် အာယု = အသက်ရှည်တယ်။ ဝဏ္ဏ = အဆင်းလှတယ်။ ယသ = အရိယာသူတော်ကောင်းလို့ ခေါ်ဆိုအပ်တဲ့ ဥပါသကာ ငါးရာ အမြဲတမ်း အခြံအရံ ရှိတယ်။ ကိတ္တိ = နာမည်သတင်း ကျော် ကြားတယ်။ သုခ = ကိုယ်၏ ချမ်းသာခြင်း, စိတ်၏ ချမ်းသာခြင်းနှင့်လည်း ပြည့်စုံတယ်။ ဗလ = ကာယဗလ ဉာဏဗလ စွမ်းအားတွေနှင့်လည်း ပြည့်စုံ တယ်။</p> <p>ကိုယ်၏ချမ်းသာခြင်းရှိတဲ့ ကျောင်းဒါယကာကြီး ဖြစ်ခဲ့တယ်။ အမ္ဗာဋကာရာမ အမည်ရတဲ့ ကျောင်းတိုက်ကြီးတစ်ခု တည်ထောင်ပြီးတော့ ဘုရားအမှူး ရှိတဲ့ သံဃာတော်တွေကို ပင့်ဖိတ်ပြီး လှူဒါန်း ပူဇော်ထားတယ်။ နေ့စဉ် နိစ္စဘတ် အနေအားဖြင့်လည်း သံဃာတော်တွေကို ဆွမ်းဖြင့် ပြုစုလုပ်ကျွေး ပါတယ်။</p> <p>လောကီစည်းစိမ်ဥစ္စာဘက်က ချမ်းသာကြွယ်ဝတယ်။ ရောက်လေရာ ဘယ်ဌာနမှာမဆို နတ်တွေ လူတွေက လက်ဆောင်ပဏ္ဏာပေါင်း များစွာ ဆက်သပူဇော်ကြတယ်။</p> <p>လောကီဥစ္စာတွင်သာ ချမ်းသာသလားလို့မေးတော့ လောကုတ္တရာဥစ္စာ ဘက်က ကြည့်လျှင်လည်း အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်တိုင်အောင် စျာန် ချမ်းသာ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ ဝိပဿနာချမ်းသာဆိုတဲ့ အဆင့်အတန်း အလွန်မြင့်နေတဲ့ ချမ်းသာသုခကြီးတွေနှင့်လည်း ပြည့်စုံနေတယ်။ ကာယဗလ ဉာဏဗလဆိုတဲ့ စွမ်းအားတွေနှင့်လည်း ပြည့်စုံနေတယ်။</p> <p>အသာဆုံးအမြတ်ဆုံးဖြစ်တဲ့ ရတနာသုံးပါးကို အသာဆုံးအမြတ်ဆုံးဖြစ်တဲ့ ပူဇော်ခြင်းဖြင့် ပူဇော်ခဲ့တဲ့ ဒါယကာကြီး ဖြစ်ခြင်းကြောင့် အသာဆုံး အမြတ် ဆုံးဆိုတဲ့ အကျိုးတရားတွေကို ရရှိနေခြင်း ဖြစ်တယ်။</p> <p>ဒါကြောင့် ဒီနေ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့ကလည်း စိတ္တသူကြွယ် ဒါယကာကြီးကို အတုယူပြီး အသာဆုံးအမြတ်ဆုံးဖြစ်တဲ့ တရား ထူး တရားမြတ်တွေနှင့် ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် နိုင်ကြပါစေ၊ စိတ္တသူကြွယ် ဒါယကာကြီးလို အသာဆုံး အမြတ်ဆုံး ဖြစ်တဲ့ ရတနာသုံးပါးအား အသာဆုံး အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့်လည်း ပူဇော် နိုင်ကြပါစေလို့ ဒီလို အတုယူပြီး ကျင့်ကြံ ကြိုးကုတ် ပွားများ အားထုတ်နိုင်ပါ စေခြင်းအလို့ငှာ ရည်ရွယ်ပြီးတော့ ဒီစိတ္တသူကြွယ် ဒါယကာကြီးအကြောင်းကို ဟောကြားနေခြင်းလည်း ဖြစ်ပါတယ်။</p> <p>တစ်ချိန် - ဘုရားရှင်က တပည့် ဥပါသကာ ဒါယကာတွေကို အစဉ် အတိုင်း ဧတဒဂ်ထားတဲ့အခါမှာ - ဒီ စိတ္တသူကြွယ် ဒါယကာကြီးကိုလည်း ဘုရားရှင်က ဧတဒဂ်ဘွဲ့ထူးတစ်ခုကို ချီးမြှင့်တော်မူပါတယ်။</p> <h3>ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း</h3> <p><b>ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဥပါသကာနံ ဓမ္မကထိကာနံ ယဒိဒံ စိတ္တော ဂဟပတိ မစ္ဆိကာသဏ္ဍိကော။</b> (အံ၊၁၊၂၇။)</p> <p><b>ဘိက္ခဝေ</b> = ချစ်သားရဟန်းတို့ ...။ <b>ဓမ္မကထိကာနံ</b> = တရားစကားကို ဟောကြားပြသ ဆိုဆုံးမတတ်သည့် ဓမ္မကထိက ဖြစ်ကြကုန်သော။ <b>မမ</b> = ငါဘုရားရှင်၏။ <b>သာဝကာနံ ဥပါသကာနံ</b> = တပည့်ဥပါသကာ ဒါယကာ တို့တွင်။ <b>မစ္ဆိကာသဏ္ဍိကော</b> = မစ္ဆိကာသဏ္ဍမြို့သားဖြစ်သော။ <b>ယဒိဒံ စိတ္တော ဂဟပတိ</b> = အကြင် စိတ္တသူကြွယ်သည်။ <b>အတ္ထိ</b> = ရှိပေ၏။ <b>ဧတံ</b> = ဤစိတ္တသူကြွယ်သည်။ <b>အဂ္ဂံ</b> = အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏။</p> <p>ငါဘုရားရှင်၏ ဥပါသကာ တပည့်ဒါယကာတွေထဲမှာ ဓမ္မကထိက တရား ဟောကောင်းတဲ့အရာမှာ အသာဆုံး အမြတ်ဆုံး ဧတဒဂ်ရတဲ့ပုဂ္ဂိုလ်ကတော့ စိတ္တသူကြွယ်ဖြစ်တယ်ဆိုပြီးတော့ မြတ်စွာဘုရားက စိတ္တသူကြွယ် ဒါယကာ ကြီးကို ဧတဒဂ် ထားတော်မူပါတယ်။</p> <p>ဘာကို အကြောင်းအထောက်အပံ့ ပြုပြီးတော့ ဒီ စိတ္တသူကြွယ် ဒါယကာ ကြီးကို ဧတဒဂ်ရာထူးဖြင့် ဘုရားရှင်က ချီးမြှင့်တော်မူရသလဲ?</p> <p>စိတ္တသံယုတ်ကို အကြောင်းခံပြီးတော့ ဘုရားရှင်က ချီးမြှင့်တော်မူတယ်လို့ ဒီလို အဋ္ဌကထာများက ဖွင့်ဆိုထားကြပါတယ်။ (အံ၊ဋ္ဌ၊၁၊၂၉၉။)</p> <p>စိတ္တသူကြွယ်ဒါယကာကြီးရဲ့ တရားအဆင့်အတန်း မြင့်မားပုံတွေကိုလည်း ထိုစိတ္တသံယုတ်သုတ္တန်တွေမှာ လာရှိပါတယ်။</p> <p>နောက်တစ်ခု - စိတ္တသူကြွယ် ဒါယကာကြီးရဲ့ ဓမ္မာဘိရတ - တရားနှင့် မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်ပုံတွေလည်း ထိုသုတ္တန်များမှာ ဖော်ပြထား ပါတယ်။</p> <p>ဒါကြောင့် ဒီနေ့ည အဲဒီ စိတ္တသူကြွယ် ဒါယကာကြီးရဲ့အကြောင်းအရာနှင့် ဆက်စပ်နေတဲ့ ဒီသုတ္တန်တွေကို အတိုချုပ်ပြီးတော့ ဘုန်းကြီးဟောဖို့ ရည်ရွယ် ထားပါတယ်။ စိတ္တသံယုတ်မှာ သုတ္တန်ပေါင်း (၁၀)သုတ် ရှိပါတယ်။</p> <p>နံပါတ် (၁) သုတ္တန်ကတော့ သံယောဇနသုတ္တန် (သံ၊၂၊၄၇၄-၄၇၅။) ဖြစ်ပါ တယ်။</p> <hr> <h3>အခန်း (၆)</h3> <h3>သံယောဇနသုတ္တန်</h3> <p>ဒီသုတ္တန်က ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဖြစ်ပေါ်လာရ သလဲလို့ မေးတော့ ရဟန်းတော်တွေရဲ့ တရားဆွေးနွေးပွဲကို အကြောင်းပြုပြီး တော့ ဖြစ်ပေါ်လာရပါတယ်လို့ပဲ အဖြေပေးရမယ်။</p> <p>စိတ္တသူကြွယ် ကျောင်းဒါယကာကြီး ကိုးကွယ်ဆည်းကပ်နေတဲ့ အမ္ဗာဋကာရာမ ကျောင်းတိုက်အတွင်းမှာ ရဟန်းသံဃာတော်တွေ တော်တော် ခပ်များများ ရှိတော်မူကြပါတယ်၊ သီတင်းသုံးနေထိုင်တော်မူကြတယ်၊ ရာနှင့် ထောင်နှင့် ချီပြီး သီတင်းသုံးတော်မူတဲ့ ကျောင်းတိုက်ကြီး ဖြစ်ပါတယ်။</p> <p>ထိုကျောင်းတိုက်ကြီးအတွင်းမှာ ဆွမ်းစားပြီးတဲ့တစ်နေ့ ရဟန်းသံဃာတွေ စုဝေးမိတဲ့ အချိန်အခါမှာ အချင်းချင်း ဆွေးနွေးကြတယ်။</p> <p>ဆွေးနွေးတဲ့အထဲမှာ သံယောဇဉ်နှင့် သံယောဇနိယဓမ္မ (= သံယောဇန ဓမ္မနှင့် သံယောဇနိယဓမ္မ) ဒီတရားနှစ်ခုသည် အဓိပ္ပါယ် တူညီမှု ရှိ-မရှိ၊ သဒ္ဒါသာကွဲ၍ အနက်တူတယ် သို့မဟုတ် သဒ္ဒါလည်းကွဲပြီး အနက်လည်း ထူးခြားမှု ရှိတယ်။ ဒီအချက်နှင့် ဆက်စပ်ပြီး ဆွေးနွေးပွဲတွေ ကျင်းပကြတယ်။</p> <p>အဲဒီလို အချေအတင် ဆွေးနွေးပွဲတွေ ကျင်းပတဲ့အကြောင်းကို တစ်နေ့ စိတ္တသူကြွယ် ကျောင်းဒါယကာကြီးက ကြားတော့ ဒါယကာကြီးကလည်း မထေရ်ကြီးတွေထံ ချဉ်းကပ်ပြီးတော့ သူရဲ့အယူအဆကို တင်ပြပြီး လျှောက် ထားပါတယ်။</p> <p>ဒီလို တင်ပြလျှောက်ထားချက်ပေးတာကို ကြည့်လျှင် သူဟာ တရား၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်မှု ဘယ်လောက်ရှိတယ်ဆိုတာကို သိနိုင်တယ်။ တရား၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်ပုံကို ဖော်ပြတဲ့ သုတ္တန်တစ်ခု ဖြစ်ပါ တယ်နော်။ သူက ဥပမာလေးနှင့် ဒီနေရာမှာ လျှောက်ထားတယ်။</p> <p>အရှင်ဘုရားတို့ ...သံယောဇဉ်ဆိုတာကတော့ ရာဂ ဒေါသ မောဟ စတဲ့ ကိလေသာတွေကို သံယောဇဉ်လို့ ခေါ်ပါတယ်။ သံယောဇနိယဓမ္မ ဆိုတာက သံယောဇဉ်ဖြစ်စရာဖြစ်တဲ့ သက်ရှိ သက်မဲ့ ကာမဝတ္ထုအစုစုတွေကို သံယောဇနိယဓမ္မလို့ ခေါ်ပါတယ်။</p> <p>ပရမတ္ထသစ္စာနယ်ကပြောတော့ ရှေ့ကပြောခဲ့တဲ့ စိတ်, စေတသိက်, ရုပ် တရားတွေကို ဒီဒါယကာကြီးက အာယတနဆယ့်နှစ်ပါးနည်းဖြင့် သူက ကျွတ် တမ်းဝင်အောင် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခဲ့တဲ့ သူတော်ကောင်း ကြီး ဖြစ်ခြင်းကြောင့် အာယတနဒေသနာတော်နည်းအားဖြင့် ဒီသံယောဇဉ် ဖြစ်ပုံတွေကို သူက ရှင်းလင်းတင်ပြပြီးတော့ လျှောက်ထားတယ်။</p> <p>မလျှောက်ထားမီမှာ သူက ဥပမာစကားရပ်နှင့် ရှေးဦးစွာ ရှင်းလင်း တင်ပြပါတယ်။</p> <p>သူ့ရဲ့ ဥပမာ စကားနည်းလမ်းကတော့ နွားဖြူတစ်ကောင်နှင့် နွားနက် တစ်ကောင် - နှစ်ကောင်ရှိတယ် ဆိုကြစို့တဲ့နော်။</p> <p>အဲဒီနွားနှစ်ကောင်ရှိတဲ့ အနက်က နွားဖြူဟာလည်း နွားနက်ရဲ့ သံယောဇဉ် မဟုတ်ပါဘူး၊ နွားနက်ကလည်း နွားဖြူရဲ့ သံယောဇဉ် မဟုတ်ပါဘူး။</p> <p>နွားဖြူနှင့် နွားနက် - နှစ်ကောင် ခွဲလို့မရအောင် ထမ်းပိုးတစ်ချောင်းနှင့် ဖြစ်စေ သို့မဟုတ် ကြိုးတစ်ချောင်းနှင့်ဖြစ်စေ ယှဉ်တွဲပြီးတော့ ဖွဲ့ချည်လိုက်တဲ့ အခါ ထိုယှဉ်တွဲဖွဲ့ချည်ထားတဲ့ ထမ်းပိုး သို့မဟုတ် ကြိုးကိုသာလျှင် သံယောဇဉ် လို့ ခေါ်တယ်။</p> <p>အဲဒီပုံစံအတိုင်းပဲ စက္ခုအကြည်ဓာတ် ရှိတယ်၊ ရူပါရုံ ရှိတယ်။</p> <p>စက္ခုအကြည်ဓာတ်ဟာလည်း ရူပါရုံရဲ့ သံယောဇဉ် မဟုတ်ပါဘူး၊ ရူပါရုံ ဟာလည်း စက္ခုအကြည်ဓာတ်ရဲ့ သံယောဇဉ် မဟုတ်ပါဘူး။</p> <p>စက္ခုအကြည်ဓာတ်နှင့် ရူပါရုံ နှစ်ခုတို့ ပေါင်းဆုံမှုကို အစွဲပြုပြီးတော့ ရူပါရုံကို တွယ်တာတပ်မက်နေတဲ့ ဆန္ဒရာဂတစ်ခု ဖြစ်ပေါ်လာတယ်။ အဲဒီ ဆန္ဒရာဂသည်သာလျှင် သံယောဇဉ် ဖြစ်တယ်။</p> <p>စက္ခုအကြည်ဓာတ်ကလည်း ရူပါရုံရဲ့သံယောဇဉ် မဟုတ်၊ ရူပါရုံသည် လည်း စက္ခုအကြည်ဓာတ်ရဲ့သံယောဇဉ် မဟုတ်ပါဘူး။ စက္ခုအကြည်ဓာတ်နှင့် ရူပါရုံ နှစ်ခုပေါင်းဆုံလိုက်တဲ့အချိန်အခါမှာ ရူပါရုံအပေါ်မှာ လိုလားတပ်မက် နေတဲ့ ဆန္ဒရာဂဓာတ်ကိုသာလျှင် သံယောဇဉ်လို့ ခေါ်တယ်။ ဒီလို သူက ရှင်းတယ်။</p> <p>အလားတူပဲ - နားအကြည်ဓာတ်နှင့် အသံ၊ နှာခေါင်းအကြည်ဓာတ်နှင့် အနံ့၊ လျှာအကြည်ဓာတ်နှင့် အရသာ၊ ကိုယ်အကြည်ဓာတ်နှင့် အတွေ့အထိ၊ မနောအကြည်ဓာတ်နှင့် ဓမ္မသဘောတွေကိုလည်း ပုံစံတူပဲ ရှင်းထားတယ်။</p> <p>ပေါင်းလိုက်တော့ - အတွင်းအာယတနခြောက်ပါး, အပြင်အာယတန ခြောက်ပါး။</p> <p>အတွင်း အာယတနခြောက်ပါးကလည်း အပြင် အာယတနခြောက်ပါးရဲ့ သံယောဇဉ် မဟုတ်၊ အပြင် အာယတနခြောက်ပါးကလည်း အတွင်း အာယတနခြောက်ပါးရဲ့ သံယောဇဉ် မဟုတ်။</p> <p>အတွင်းအာယတန အပြင်အာယတန ခြောက်ပါး ခြောက်စုံကို အစွဲပြုပြီး တော့ လိုလားတပ်မက်နေတဲ့ ဆန္ဒရာဂတစ်ခု ပေါ်လာတယ်။ ထို လိုလား တပ်မက်နေတဲ့ ဆန္ဒရာဂဓာတ်သည်သာလျှင် သံယောဇဉ်ဖြစ်တယ် ဆိုပြီး တော့ သူက ရှင်းလင်းတင်ပြလျှောက်ထားတယ်။</p> <p>ဒါကြောင့် သံယောဇဉ်ဆိုတာနှင့် သံယောဇနိယဓမ္မဟာ တခြားစီဖြစ်တဲ့ အကြောင်း လျှောက်ထားတယ်။ အတွင်းအာယတန အပြင်အာယတန ခြောက်စုံကို အစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ လိုလား တပ်မက်နေတဲ့ ဆန္ဒရာဂ တရားက သံယောဇဉ်၊ အတွင်းအာယတနခြောက်ပါး အပြင်အာယတန ခြောက်ပါးက သံယောဇနိယဓမ္မ ဖြစ်တယ်လို့ ဒီလို သူက လျှောက်ထားတယ်။ ဒါက ပရမတ္ထသစ္စာနယ်ပေါ့။</p> <p>သမုတိသစ္စာနယ်က ပြောတော့ အာယတန ခြောက်စုံ ဆိုတာကတော့ စိတ်-စေတသိက်-ရုပ်တရားတွေရဲ့ တည်ရာဖြစ်တဲ့ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, သက်ရှိ သက်မဲ့ ကာမဝတ္ထုအစုစုတွေပဲ ဖြစ်ပါတယ်။</p> <p>ဒါက နံပါတ် (၁) သံယောဇနသုတ္တန်ပဲ။</p> <p>နံပါတ် (၂) သုတ္တန်ကတော့ ပထမဣသိဒတ္တသုတ္တန် (သံ၊၂၊၄၇၅-၄၇၇။) ဖြစ်ပါတယ်။</p> <hr> <h3>အခန်း (၇)</h3> <h3>ပထမဣသိဒတ္တသုတ္တန်</h3> <p>အလားတူပဲ - တစ်ချိန်မှာ မထေရ်ကြီးတွေကို စိတ္တသူကြွယ် ကျောင်း ဒါယကာကြီးက ဆွမ်းဖြင့် ပင့်ဖိတ်ပြီး ပြုစုလုပ်ကျွေးပါတယ်။ ပြုစုလုပ်ကျွေး တဲ့ အချိန်အခါမှာလည်း တခြားစကားတွေ မပြောဘဲနှင့် တရားစကားပဲ လျှောက်ထားတယ်။</p> <p>သူ့ရဲ့ဝါသနာတစ်ခုက မထေရ်ကြီးတွေကို သူသိလိုတဲ့ အချက်တွေကို လျှောက်ထားလို့ မထေရ်ကြီးတွေက သူ့ကို ကျကျနန ဟောကြားပြသ ဆို ဆုံးမပေးလျှင် သူက ရိုသေစွာ လိုက်နာတယ်။ မထေရ်ကြီးတွေက တရား မဟောခဲ့လျှင်လည်း သူက စွမ်းနိုင်သမျှ တရားတွေ ဟောကြားပြသပေးတယ်။ ဒီအပြုအမူကတော့ သူက တရားနှင့် မွေ့လျော်တဲ့ပုဂ္ဂိုလ် ဖြစ်လို့ပါ။</p> <p>ပထမဣသိဒတ္တသုတ္တန် (သံ၊၂၊၄၇၅။) ဆိုကြစို့ ...။</p> <p>တစ်ချိန်မှာ မထေရ်ကြီးတွေကို အိမ်မှာ ဆွမ်းဖြင့် ပြုစုလုပ်ကျွေးပါတယ်။ ပြုစုလုပ်ကျွေးပြီးတဲ့အချိန်အခါမှာ မထေရ်ကြီးတွေကို သူက တင်ပြလျှောက် ထားတယ်။</p> <p>အရှင်ဘုရား ...ဓာတုနာနတ္တ ဓာတုနာနတ္တ = ဓာတ်တို့ရဲ့ထူးထွေ ကွဲပြားမှု ဓာတ်တို့ရဲ့ထူးထွေကွဲပြားမှု ဆိုပြီးတော့ ဘုရားရှင်က ဟောကြား တော်မူပါတယ်။ ဓာတ်တို့ရဲ့ထူးထွေကွဲပြားမှု = ဓာတုနာနတ္တဆိုတာ ဘာလဲ ဘုရားလို့ မေးမြန်းလျှောက်ထားတယ်။</p> <p>အဲဒီအချိန်မှာ ဣသိဒတ္တအမည်ရတဲ့ ရဟန်းတော်တစ်ပါးကနေ မထေရ် ကြီးထံ ခွင့်ပန်ကြားပြီးတော့ ဖြေကြားပေးပါတယ်။</p> <p>ဓာတ် (၁၈)ပါး ရှိပါတယ်။ စိတ်, စေတသိက်, ရုပ်တရားတွေကို (၁၈)ပုံ ပုံပြီးတော့ ဝိပဿနာရှုတဲ့နည်းကို ဓာတ် (၁၈)ပါးနည်းလို့ ခေါ်ပါတယ်။</p> <p>စက္ခုအကြည်ဓာတ်က အခံဓာတ်။ ရူပါရုံက အတိုက်ဓာတ်။ စက္ခုအကြည် ဓာတ်နှင့် ရူပါရုံ တိုက်ခိုက်မိတဲ့အခါ ရူပါရုံကို လှမ်းပြီးသိနေတဲ့ စက္ခုဝိညာဏ ဓာတ် ပေါ်လာတယ်၊ ဒါက အပွင့်ဓာတ်။</p> <p>အခံဓာတ်၊ အတိုက်ဓာတ်၊ အပွင့်ဓာတ်ဆိုတဲ့</p> <p>စက္ခုဓာတ်၊ ရူပဓာတ်၊ စက္ခုဝိညာဏဓာတ် - သုံးခု။</p> <p>အလားတူပဲ နားအကြည်ဓာတ် = သောတဓာတ်၊ အသံ = သဒ္ဒဓာတ်၊ နားအကြည်ဓာတ်နှင့် သဒ္ဒဓာတ် (= အသံဓာတ်)တို့ ရိုက်ခတ်လိုက်တဲ့ အချိန် အခါမှာ အသံကိုသိတဲ့ သောတဝိညာဏဓာတ်တစ်ခုပေါ်လာတယ်။ ဓာတ် သုံးခုပဲနော်။</p> <p>အဲဒီပုံစံအတိုင်းပဲ အတွင်းအာယတန ခြောက်ခုနှင့် အပြင်အာယတန ခြောက်ခုတို့ တိုက်ခတ်လိုက်တဲ့အချိန်အခါမှာ အပွင့်ဓာတ်လို့ခေါ်ဆိုအပ်တဲ့ ဝိညာဏဓာတ် (= သိတဲ့ဓာတ်) ခြောက်မျိုး ပေါ်လာတယ်။</p> <p>စက္ခာယတန သောတာယတန ဃာနာယတန ဇိဝှါယတန ကာယာ ယတန မနာယတနဆိုတဲ့ အတွင်းအာယတန (= အတွင်းအဇ္ဈတ္တိက)ဓာတ်က ခြောက်ခု၊ ရူပါယတန သဒ္ဒါယတန ဂန္ဓာယတန ရသာယတန ဖောဋ္ဌဗ္ဗာယတန ဓမ္မာယတနဆိုတဲ့ အပြင်အာယတန (= အပြင်ဗဟိဒ္ဓ) ဓာတ်က ခြောက်ခု၊ စက္ခုဝိညာဏဓာတ် သောတဝိညာဏဓာတ် ဃာနဝိညာဏဓာတ် ဇိဝှါဝိညာဏဓာတ် ကာယဝိညာဏဓာတ် မနောဝိညာဏဓာတ်ဆိုတဲ့ အပွင့်ဓာတ် အသိဓာတ် ဝိညာဏဓာတ်က ခြောက်ခု --</p> <p>ပေါင်းလိုက်တော့ ဓာတ် တစ်ဆယ့်ရှစ်ပါး။</p> <p>အဲဒီ ဓာတ် တစ်ဆယ့်ရှစ်ပါး ရှိတဲ့အကြောင်းကို ဣသိဒတ္တမထေရ်က ရှင်းပြသွားတော့ သူ သိပ်ဝမ်းသာသွားတယ်၊ ဘာဖြစ်လို့ ဝမ်းသာသလဲ? ဓမ္မာဘိရတ - တရားနှင့် မွေ့လျော်ပျော်ပိုက်နှစ်ခြိုက်နေတဲ့ သူတော်ကောင်း ဖြစ်ခြင်းကြောင့် သူကိုယ်တိုင်က ဒီရှုကွက်တွေကို စနစ်တကျ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနိုင်တဲ့အတွက် သူကိုးကွယ်ဆည်းကပ်နေတဲ့ မထေရ် ကြီးတွေကလည်း (သူ ကိုးကွယ်ဆည်းကပ်နေတဲ့ ရဟန်းတွေဟာလည်း) ဒီ အတွင်းဓာတ်, အပြင်ဓာတ်, အပွင့်ဓာတ် (အခံဓာတ်, အတိုက်ဓာတ်, အပွင့် ဓာတ်) လို့ ခေါ်ဆိုအပ်တဲ့ ဓာတ်ကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ သူတော်ကောင်းကြီးတွေ ဖြစ်တယ် ဆိုတာ သိရတော့ သိပ်ပြီးတော့ သူ အားရတယ် ကျေနပ်တယ် သိပ်ဝမ်းသာ သွားတယ်။</p> <p>ဒါက ပထမဣသိဒတ္တသုတ္တန် ဆိုကြစို့နော်။</p> <p>နံပါတ် (၃) သုတ္တန်ကတော့ ဒုတိယဣသိဒတ္တသုတ္တန် (သံ၊၂၊၄၇၇-၄၇၉။) ဖြစ်ပါတယ်။</p> <hr> <h3>အခန်း (၈)</h3> <h3>ဒုတိယဣသိဒတ္တသုတ္တန်</h3> <p>ဒုတိယဣသိဒတ္တသုတ္တန် (သံ၊၂၊၄၇၇။) ကျတော့ အလားတူပဲ မထေရ်ကြီး တွေကို စိတ္တသူကြွယ် ကျောင်းဒါယကာကြီးက အိမ်မှာ ဆွမ်းဖြင့် ပင့်ဖိတ်ပြီး ပြုစုလုပ်ကျွေးပါတယ်။ ဆွမ်းစားခြင်းကိစ္စ ပြီးတဲ့အချိန်အခါ အလကားမနေဘဲ သူက တရားစကားတွေကို လျှောက်ထားပါတယ်။</p> <p><b>သဿတော လောကော</b> = လောကသည် မြဲတယ်၊ အတ္တက မြဲတယ်။</p> <p><b>အသဿတော လောကော</b> = လောကသည် မမြဲဘူး၊ အတ္တသည် မမြဲဘူး။</p> <p>အတ္တသည် သေပြီးနောက်ဖြစ်တယ်၊ အတ္တသည် သေပြီးနောက် မဖြစ်ဘူး။</p> <p>အတ္တသည် အဆုံးအပိုင်းအခြား ရှိတယ်၊ အတ္တသည် အဆုံးအပိုင်းအခြား မရှိဘူး ...</p> <p>စသည်ဖြင့် ဒီလိုမှားယွင်းနေတဲ့ မိစ္ဆာဒိဋ္ဌိဝါဒအမျိုးမျိုး ဖြစ်ပေါ်လာတယ်။ ထိုမိစ္ဆာဒိဋ္ဌိအယူဝါဒအမျိုးမျိုးသည် ဘာကိုအကြောင်းခံပြီး ဖြစ်ပေါ်လာရ ပါသလဲ? သူက ဆွေးနွေးမေးမြန်းလျှောက်ထားတယ်။</p> <p>အဲဒီအချိန်အခါမှာလည်း ဣသိဒတ္တမထေရ်မြတ်ကပဲ မထေရ်ကြီးထံ ခွင့်ပန်ပြီးတော့ သက္ကာယဒိဋ္ဌိသည် ခပ်သိမ်းသောမိစ္ဆာဒိဋ္ဌိတို့ ဖြစ်ပေါ်လာဖို့ရန် အခြေခံအကြောင်းအရင်း ဖြစ်ပါတယ် ဆိုပြီးတော့ ရှင်းလင်းတင်ပြပေးပါ တယ်နော်။</p> <h3>သက္ကာယဒိဋ္ဌိဆိုတာ ဘာလဲ?</h3> <p><b>သန္တော ကာယော သက္ကာယော</b> = ထင်ရှား ရှိနေတဲ့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေကို သက္ကာယလို့ ခေါ်တယ်။</p> <p><b>သက္ကာယေ ဒိဋ္ဌိ သက္ကာယဒိဋ္ဌိ</b> = ထင်ရှားရှိနေတဲ့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေအပေါ်၌ မှားယွင်းနေတဲ့ ခံယူချက်ကို သက္ကာယဒိဋ္ဌိ - လို့ ခေါ်တယ်။</p> <p>ဘယ်လို မှားယွင်းနေတဲ့ ခံယူချက်လဲလို့ မေးတော့ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ ဆိုပြီးတော့ ဒီလို ခံယူချက်မှားတာ။ ဒါကတော့ လောကသမညာအတ္တစွဲလို့ ခေါ်တယ်။</p> <p>အဲဒီထက် အဆင့်မြင့်နေတဲ့ သာသနာပအယူအဆရှိတဲ့ မိစ္ဆာဒိဋ္ဌိတို့ ယူဆ ထားတဲ့ အတ္တစွဲကတော့ ဒီခန္ဓာအိမ်ထဲမှာ မသေမပျက်ဘဲ အကျိတ်အခဲ အမြဲတမ်း တည်နေတဲ့ အတ္တ-ကလေး ရှိတယ်၊ ဘဝတစ်ခုပြီး တစ်ခု ပြောင်း နေတယ်၊ သို့မဟုတ် သေလျှင် ပြတ်သွားတယ်။ ဒီလို စွဲလမ်းယုံကြည်နေတဲ့ အတ္တ-ကလေး ရှိတယ်။ အဲဒီ အတ္တဝါဒဟာ ခန္ဓာငါးပါးကို ခန္ဓာငါးပါးလို့ မသိဘဲ ခန္ဓာတစ်ပါးပါးကိုဖြစ်စေ, အများစုကိုဖြစ်စေ, ခန္ဓာငါးပါးလုံးကိုဖြစ်စေ အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်လို့ စွဲလမ်း ယုံကြည်နေတဲ့ ခံယူချက်ဖြစ်တယ်။ အဲဒီလို စွဲလမ်းယုံကြည်နေတဲ့ ဒီခံယူချက် ကို သက္ကာယဒိဋ္ဌိလို့ ခေါ်တယ်။</p> <p>အဲဒီ သက္ကာယဒိဋ္ဌိခေါ်တဲ့ ခံယူချက်မှားနေတဲ့ အတွက်ကြောင့် မိစ္ဆာဒိဋ္ဌိ ဝါဒမှန်သမျှသည် ပေါက်ဖွားပြီး လာရပါတယ်ဆိုပြီးတော့ သူက ရှင်းလင်း တင်ပြထားပါတယ်။</p> <p>ဒီရှင်းလင်းချက်တွေကိုလည်း ဒီ စိတ္တသူကြွယ် ဒါယကာကြီး ကြားနာရတဲ့ အချိန်အခါမှာ သိပ်ဝမ်းသာသွားတယ်။ ဘာ့ကြောင့်လဲ? သူကိုယ်တိုင်က ဒီ အချက်တွေကို ကျွမ်းကျင်ပြီးသား လိမ္မာပြီးသား ဖြစ်တယ်။</p> <p>လိမ္မာပြီးသားဖြစ်ပါလျက်နှင့် ဘာ့ကြောင့် ဒါတွေကို ထပ်ပြီး မေးမြန်း လျှောက်ထားနေရသလဲလို့ မေးလျှင်လည်း - သူတော်ချင်းချင်း သတင်း လွေ့လွေ့ ပေါင်းဖက်တွေ့ - ဆိုတဲ့အတိုင်း ဓာတ်တူရာတူရာ ပုဂ္ဂိုလ်တွေ အချင်းချင်း ပေါင်းဖော်မိတဲ့အချိန်အခါမှာ တရားနှင့်ပတ်သက်တဲ့ စကားကို သာ သူက ပြောကြားလိုတဲ့ အာသာဆန္ဒ သူ့မှာ ရှိတယ်။</p> <p>ဒါကြောင့် - တရားနှင့် မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်နေတဲ့အတွက် တရားနှင့်ပတ်သက်တဲ့ မေးခွန်းတွေကိုသာ မေးနေခြင်း ဖြစ်ပါတယ်။</p> <p>သာသနာပ အယူအဆ ရှိနေတဲ့ ပုဂ္ဂိုလ်တွေကတော့ သုံးဆယ့်တစ်ဘုံ အတွင်းမှာ တည်ရှိနေတဲ့ သက်ရှိသက်မဲ့ အရာဝတ္ထုမှန်သမျှကို အတ္တဆိုတဲ့ မျက်လုံး တပ်ပြီး ကြည့်ကြတယ်၊ မြင်ကြတယ်။ ဒီသုံးဆယ့်တစ်ဘုံအတွင်းမှာ တည်ရှိတဲ့ သက်ရှိသက်မဲ့ အရာဝတ္ထုမှန်သမျှကို ပရမတ္ထသစ္စာနယ်က ပရမတ္ထ သစ္စာမျက်လုံးနှင့် လှမ်းကြည့်လိုက်လျှင် --</p> <p>၁။ ရုပ်တရားအစုအပုံသက်သက်</p> <p>၂။ နာမ်တရားအစုအပုံသက်သက်</p> <p>၃။ ရုပ်နာမ်အစုအပုံသက်သက်သာ ရှိတယ်။</p> <p>သုံးဆယ့်တစ်ဘုံကို ပရမတ္ထသစ္စာနယ်ဘက်က ခွဲတမ်းချကြည့်လိုက်လျှင်</p> <p>၁။ အသညသတ်တို့လို ရုပ်တရားအစုအပုံသက်သက်ရှိတဲ့ ဘုံတွေလည်း ရှိ ကြတယ်။</p> <p>၂။ အရူပဗြဟ္မာ့ပြည်တို့လို နာမ်တရားအစုအပုံသက်သက်သာရှိတဲ့ ဘုံတွေ လည်း ရှိကြတယ်။</p> <p>၃။ ခန္ဓာငါးပါး ရှိကြတဲ့ ပဉ္စဝေါကာရဘုံတို့လို ရုပ်နာမ်အစုအပုံသာ ရှိတဲ့ ဘုံတွေလည်း ရှိကြတယ်။</p> <p>ပဉ္စဝေါကာရဘုံတွေ ဆိုတာကတော့ ခန္ဓာငါးပါးရှိတဲ့ ဘုံတွေကို ဆိုလို ပါတယ်။ ကာမ (၁၁)ဘုံနှင့် ခန္ဓာငါးပါးရှိတဲ့ ရူပါဝစရဗြဟ္မာဘုံ (၁၅)ဘုံ၊ ပေါင်း (၂၆)ဘုံကို ဆိုလိုပါတယ်။</p> <p>ဒါကြောင့် သုံးဆယ့်တစ်ဘုံကို ပရမတ္ထသစ္စာမျက်လုံးနှင့် ကြည့်လိုက်တော့ ရုပ်တရားအစုအပုံသက်သက်, နာမ်တရားအစုအပုံသက်သက်, ရုပ်နာမ် အစုအပုံသက်သက်သာ ရှိတယ်။ အဲဒီလို ရုပ်တရားအစုအပုံသက်သက်, နာမ်တရားအစုအပုံသက်သက်, ရုပ်နာမ်အစုအပုံသက်သက်သာ ရှိတယ်လို့ မသိဘဲ အတ္တဝါဒသမားတွေက အသက်ကောင် လိပ်ပြာကောင် ဝိညာဏ် ကောင်အဖြစ်နှင့် သုံးဆယ့်တစ်ဘုံမှာရှိတဲ့ သတ္တဝါတွေကို သိကြတယ် မြင်ကြ တယ်။ ဖန်ဆင်းရှင်အတ္တနှင့် အဖန်ဆင်းခံရတဲ့အတ္တဆိုတာ ရှိတယ်လို့ တချို့ က လက်ခံယုံကြည်ကြတယ်။</p> <p>ဒီလို အတ္တလို့စွဲတဲ့အပိုင်းမှာ တချို့က ရုပ်ကို အတ္တလို့စွဲတယ်။ တချို့က ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ခေါ်တဲ့ နာမ်ခန္ဓာတစ်ခုခုကိုသော်လည်း ကောင်း, နာမ်ခန္ဓာအားလုံးကိုသော်လည်းကောင်း အတ္တလို့ စွဲလမ်းယုံကြည် နေကြတယ်။</p> <p>တချို့က - ခန္ဓာ တစ်ခုခုကိုသော်လည်းကောင်း, ခန္ဓာ အားလုံးကိုသော် လည်းကောင်း အတ္တလို့ စွဲလမ်းယုံကြည်နေကြတယ်။</p> <p>အဲဒီအတ္တလို့ စွဲလမ်းယုံကြည်နေတဲ့ ဒီသက္ကာယဒိဋ္ဌိသည် မိစ္ဆာဝါဒ မိစ္ဆာဒိဋ္ဌိ မှန်သမျှတို့ရဲ့အခြေခံအကြောင်းအရင်း ဖြစ်ပါတယ်ဆိုပြီး ရှင်းလင်းတင်ပြ တော့ သူ သိပ်ပြီးဝမ်းသာသွားတယ်နော်။</p> <p>ဒါက - သူ့ရဲ့ တရားနှင့် မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ပုံလေး တစ်မျိုးပဲ။ သို့သော် ဒီသက္ကာယဒိဋ္ဌိကို ဖြိုခွင်းနိုင်ရေးအတွက်က ဘာလိုသလဲ? --</p> <p>ဒီနေ့ တရားနာပရိသတ်တွေဘက် လိုအပ်တဲ့ အချက်ကတော့ မိမိတို့ သန္တာန်မှာ တည်ရှိနေတဲ့ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် ခေါ်တဲ့ ဒီခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေကို စနစ်တကျ ထွင်းဖောက်သိဖို့ လိုပါတယ်။</p> <p>ရုပ်တို့မည်သည် ရှေ့ကပြောခဲ့တဲ့အတိုင်း ကလာပ်လို့ခေါ်တဲ့ အမှုန်လေး တွေအနေနှင့် ဖြစ်တော့ ဒီကလာပ်အမှုန်လေးတွေကို မြင်လို့ ဓာတ်ခွဲနိုင်မှ ရုပ်ပရမတ်ကို သိမယ်။</p> <p>ထိုရုပ်ပရမတ်တရားတို့ရဲ့သဘောက မဖြစ်ခင်က မရှိခြင်း, ဖြစ်ပြီးနောက် မရှိခြင်းဆိုတဲ့ မရှိခြင်း နှစ်ခုရဲ့အလယ်ခေါင်မှာသာလျှင် ယာယီအခိုက်အတန့် အားဖြင့် ဖြစ်ပေါ်လာတဲ့ သဘောတရားမျိုး ဖြစ်တယ်။</p> <p>ယာယီဆိုတာက ဘယ်လောက်ယာယီလဲလို့ မေးလျှင် တစ်စက္ကန့်ကို အကြိမ် ကုဋေငါးထောင်ကျော်ခန့်လောက် ပုံလျှင် တစ်ပုံလောက်သာရှိတဲ့ ယာယီ။ ဘာကြောင့် ဒီလိုပြောရသလဲ ..?</p> <p><b>ဧကစ္ဆရက္ခဏေ ကောဋိသတသဟဿသင်္ခါ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ။</b> (သံ၊ဋ္ဌ၊၂၊၂၉၅။)</p> <p>စသည်ဖြင့် ဖေဏပိဏ္ဍူပမသုတ္တန်အဋ္ဌကထာများမှာ ဖွင့်ဆိုထားပါတယ်။</p> <p>ဝေဒနာနှင့်တကွသော နာမ်တရားတို့ကို ဆိုကြစို့။ စိတ် စေတသိက်တရား တွေဟာ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်လို့ ခေါ်ဆိုအပ်တဲ့ အချိန်ကာလအတွင်းမှာ ကုဋေတစ်သိန်းခန့် ဖြစ်ပြီးတော့ ပျက်သွားတယ်။ ဒါလောက်အထိ နာမ်လောကက လျင်မြန်တယ်။</p> <p>ရုပ်တရားတို့ကို သက်တမ်းကာလ အချိန် တိုင်းတာလိုက်တဲ့ အခါမှာ စိတ္တက္ခဏ (၁၇)ချက် ပျက်သွားလျှင် ရုပ် (၁)လုံး ဖြစ်ပြီး ပျက်တာနှင့် ညီမျှ တယ်၊ အချိန်ကာလတူတယ်လို့ သတ်မှတ်ထားတယ်။ အဲဒီ သတ်မှတ်ချက် အရ အကြိမ်ကုဋေတစ်သိန်းကို (၁၇)နှင့် စားလိုက်လို့ရှိလျှင် အကြိမ်ကုဋေ ငါးထောင်ကျော် ထွက်လာတယ်။ တစ်စက္ကန့်လို့ခေါ်ဆိုအပ်တဲ့ အချိန်ကာလ ကို ကုဋေငါးထောင်ကျော်ခန့်လောက်ပုံလျှင် တစ်ပုံခန့်လောက်သာ သက်တမ်း ရှိတဲ့ ယာယီ ဖြစ်ပါတယ်။</p> <p>အဲဒီယာယီကို မြင်မှ ရုပ်တရားတွေသည် ဖြစ်ပြီးပျက်နေတဲ့ အနိစ္စတရား သာ မှန်တယ်၊ ဖြစ်ခြင်း ပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ ဒုက္ခတရားသာ မှန်တယ်၊ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည် နေတဲ့ အတ္တမဟုတ်တဲ့ အနတ္တတရားတွေသာ မှန်တယ်လို့ ဒီလို အနတ္တဉာဏ် အမြင် ပေါ်လာမယ်။ နာမ်တရားတွေမှာလည်း ထိုနည်းလည်းကောင်းပဲ။</p> <p>အဲဒီလို အနတ္တဉာဏ်အမြင်ဆိုက်ပါမှ ဒီ သက္ကာယဒိဋ္ဌိခေါ်တဲ့ အတ္တဒိဋ္ဌိ ကြီးကို ဖြိုခွဲလို့ ရမယ်။ အနတ္တဉာဏ်အမြင် ဆိုက်ရေးအတွက် ဒီရုပ်တွေ နာမ်တွေကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပွားရမှာ ဖြစ်ပါတယ်။</p> <p>ဒါကြောင့် သမ္မောဟဝိနောဒနီအဋ္ဌကထာကြီးက --</p> <p><b>နာနာဓာတုယော ဝိနိဗ္ဘုဇိတွာ ဃနဝိနိဗ္ဘောဂေ ကတေ အနတ္တလက္ခဏံ ယာထာဝသရသတော ဥပဋ္ဌာတိ။</b> (အဘိ၊ဋ္ဌ၊၂၊၄၇။) --</p> <p>ဒီလို ဖွင့်ဆိုထားပါတယ်။</p> <p><b>နာနာဓာတုယော</b> = အသီးအသီးသော ရုပ်ဓာတ်နာမ်ဓာတ်တို့ကို။ <b>ဝိနိဗ္ဘုဇိတွာ</b> = တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍။ <b>ဃနဝိနိဗ္ဘောဂေ</b> = ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲကို ဖြိုခွဲဖျက်ဆီးခြင်းကို။ <b>ကတေ</b> = ပြုလုပ်နိုင် ခဲ့သည်ရှိသော်။ <b>အနတ္တလက္ခဏံ</b> = အနတ္တလက္ခဏာသည်။ <b>ယာထာဝသရသတော</b> = ဟုတ်မှန်တိုင်းသော မိမိရဲ့ သဘောလက္ခဏာအားဖြင့်။ <b>ဥပဋ္ဌာတိ</b> = ယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်၌ ထင်လာ၏။</p> <p>ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲလို့ ခေါ်ဆိုအပ်တဲ့ အတုံးအခဲတွေကို ဉာဏ်နှင့် ဖြိုခွဲဖျက်ဆီးနိုင်ပါမှ ရုပ်နာမ်ပရမတ်နယ်မြေကို ဆိုက်မယ်။ ပရမတ်ကို ဉာဏ် အမြင်ဆိုက်ပါမှ အနတ္တဉာဏ်အမြင် ပေါ်မယ်၊ အနတ္တရောင်ခြည်တော် ထွက်ပေါ်လာမှာဖြစ်တယ်။ အနတ္တရောင်ခြည်တော်ထွက်ပေါ်လာမှသာလျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရရှိနိုင်မယ်။</p> <p>ဒါကြောင့် - အနတ္တရောင်ခြည်တော် တင့်တယ်စမ္ပယ်စွာ ကွန့်မြူးပြီး ထွက်ပေါ်လာနိုင်ရေးအတွက် သက္ကာယဒိဋ္ဌိငရဲမီးကြီးကို ဖြိုခွင်းနိုင်ဖို့သည် အခြေခံအကြောင်းရင်း ဖြစ်တယ်။</p> <p>ဒီနေ့ တရားနာပရိသတ်တွေ သက္ကာယဒိဋ္ဌိငရဲမီးကြီးကို ဖြိုခွင်းနိုင်ရေး အတွက် ဘာလုပ်ရမလဲလို့မေးလျှင် ရုပ်တွေ နာမ်တွေကို ပရမတ်သို့ ဉာဏ် အမြင်ဆိုက်အောင် ရှုပွားသုံးသပ်ရမယ်။ ဒါသည် အဖြေပဲ။</p> <p>ကဲ ဒုတိယဣသိဒတ္တသုတ္တန်ပြီးတော့ နောက်တစ်ခု နံပါတ် (၄) သုတ္တန်ဖြစ်တဲ့ မဟကပါဋိဟာရိယသုတ္တန်တစ်ခု (သံ၊၂၊၄၈၀-၄၈၁။) လာရှိပါတယ်။</p> <hr> <h3>အခန်း (၉)</h3> <h3>မဟကပါဋိဟာရိယသုတ္တန်</h3> <p>စိတ္တသူကြွယ် ကျောင်းဒါယကာကြီး လယ်လုပ်တဲ့နေရာမှာ နွားတင်းကုပ် တစ်ခု ရှိတယ်။ အဲဒီ နွားတင်းကုပ်ကလည်း တော်တော် ကြီးကျယ်ခမ်းနားတဲ့ နွားတင်းကုပ် ဖြစ်ပါလိမ့်မယ်။</p> <p>တစ်ချိန်မှာ ဒါယကာကြီးက ရဟန်းသံဃာတွေကို ထိုနွားတင်းကုပ်မှာ ပင့်ဖိတ်ပြီးတော့ ဆွမ်းဖြင့် ပြုစုလုပ်ကျွေးပါတယ်။ ရေမရောတဲ့ ထောပတ် နွားနို့တို့ဖြင့် စီမံပြီးတော့ ချက်ပြုတ်ထားတဲ့ သပ္ပိပါယာသလို့ ခေါ်ဆိုအပ်တဲ့ ထောပတ် နို့ဃနာဆွမ်းဖြင့် သံဃာတော်တွေကို ပြုစုလုပ်ကျွေးပါတယ်။</p> <p>သူ ကိုးကွယ်ဆည်းကပ်နေတဲ့ သူ့ရဲ့ကျောင်းတိုက်ဖြစ်တဲ့ အမ္ဗာဋကာရာမ ကျောင်းတိုက်နှင့် ဒီလယ်တောက တော်တော်လေး ဝေးပုံရတယ်။ သံဃာ တော်တွေကို ပြုစုလုပ်ကျွေးပြီးတဲ့ အချိန်အခါမှာ မထေရ်ကြီးတွေလည်း ဆွမ်း ဘုဉ်းပေးခြင်းကိစ္စ ပြီးလို့ ပြန်ကြွရတော့မယ်။</p> <p>ပြန်ကြွတဲ့အခါ သူလည်း နောက်ကလိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိနေ တော့ မထေရ်ကြီးတွေကို ဆွမ်းဖြင့် ပြုစုလုပ်ကျွေးနေတဲ့ အချိန်အခါမှာ သူကိုယ်တိုင်လည်း စားလိုက်ပါတယ်။ မထေရ်ကြီးတွေ ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးတော့ သူလည်း စားခြင်းကိစ္စ ပြီးသွားပြီ။</p> <p>ပြီးသွားတဲ့ အချိန်အခါမှာ ကျန်နေတဲ့ စားဖွယ်သောက်ဖွယ်တွေကို အ လုပ်သမားတွေကို သင့်တော်သလို စီမံခန့်ခွဲဖို့ရန်အတွက် အမိန့်ပေးပြီးတော့ မထေရ်ကြီးတွေနောက်က သူလည်း လိုက်ပါလာတယ်။</p> <p>ထိုနေ့ထိုအချိန်အခါက ပြန်လာတာ တော်တော်လေး နေမြင့်နေပြီနှင့် တူတယ်။ လယ်တောကလည်းဝေးတော့ နေကလည်း ကျိုက်ကျိုက်ဆူလောက် အောင် ပူနေပြီ။</p> <p>အဲဒီလိုပူနေတဲ့ နေပူကြီးထဲကို ရဟန်းသံဃာတွေ ပြန်ပြီး ကြွနေရတဲ့ ဆင်းရဲဒုက္ခကို မြင်တော့ အဲဒီသံဃာတွေထဲမှာ အငယ်ဆုံးဖြစ်တဲ့ မဟကလို့ အမည်ရနေတဲ့ ရဟန်းငယ်လေးတစ်ပါးက သံဃာ့ထေရ်ကြီးထံ ချဉ်းကပ်ပြီး တော့ သူက လျှောက်ထားတယ်။</p> <p>ဒီ မဟကလို့ခေါ်တဲ့ မထေရ်လေးက သံဃာထေရ်ကြီးထံ ချဉ်းကပ်ပြီး တော့ သူက ဘာလျှောက်ထားလဲ? သူလျှောက်ထားပုံလေးက ...</p> <p><b>သာဓု ခွဿ ဘန္တေ ထေရ သီတကော စ ဝါတော ဝါယေယျ၊ အဗ္ဘသမ္ပိလာပေါ စ အဿ၊ ဒေဝေါ စ ဧကမေကံ ဖုသာယေယျာတိ။</b> (သံ၊၂၊၄၈၀။)</p> <p>အရှင်မထေရ်မြတ်ကြီးဘုရား ... ခုနေအချိန်အခါမျိုးမှာ လေပြည် လေညင်းလေးကလည်း ဖြည်းဖြည်းလေး တိုက်ခတ်နေမယ်ဆိုလျှင်၊ မိုးတိမ် တိုက်တွေကလည်း ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံပြီး ထားခဲ့မယ်ဆိုလျှင်၊ မိုးပေါက်ကလည်း တစ်ပေါက်ချင်း တစ်ပေါက်ချင်းဖြင့် ဖြည်းဖြည်းသာသာ လေး ရွာသွန်းနေမယ်ဆိုလျှင် မကောင်းပါလားအရှင်ဘုရား --</p> <p>ဆိုပြီးတော့ ချဉ်းကပ်ပြီး သူက လျှောက်ထားတယ်။</p> <p>ဒီလို လျှောက်ထားလိုက်တဲ့ အချိန်အခါမှာ မထေရ်ကြီးကလည်း ကောင်း တဲ့အကြောင်း ပြန်ပြီးတော့ မိန့်ကြားပါတယ်။ အဲဒီလို အမိန့်ရှိလိုက်တဲ့အချိန် အခါ - ဒီ မဟက အမည်ရတဲ့ မထေရ်လေးက ဘာလုပ်သလဲ? --</p> <p><b>တထာရူပံ ဣဒ္ဓါဘိသင်္ခါရံ အဘိသင်္ခရိ ယထာ သီတကော စ ဝါတော ဝါယိ၊ အဗ္ဘသမ္ပိလာပေါ စ အဿ၊ ဒေဝေါ စ ဧကမေကံ ဖုသိ။</b> (သံ၊၂၊၄၈၀။)</p> <p>ထိုကဲ့သို့ သဘောရှိတဲ့ တန်ခိုးကို အဓိဋ္ဌာန်ဖန်ဆင်းတော်မူတယ်။ ထိုကဲ့သို့ သဘောရှိတဲ့တန်ခိုးဆိုတာက ဘာပြောတာလဲ? --</p> <p>လေပြည်လေညင်းကလေး ဖြည်းဖြည်းလေး တိုက်ခတ်ဖို့ရန်, မိုးသား တိမ်တိုက်တို့ဖြင့် လွှမ်းခြုံထားဖို့ရန်, မိုးပေါက်ကလေးတွေကလည်း တစ်ပေါက် ချင်း တစ်ပေါက်ချင်း ရွာသွန်းချဖို့ရန်အတွက် အဘိညာဏ်ရဲ့အခြေခံဖြစ်တဲ့ စတုတ္ထစျာန်ကို ဝင်စားပြီးတော့ အဓိဋ္ဌာန်တော်မူလိုက်ပါတယ်။</p> <p>အဲဒီလို အဓိဋ္ဌာန်တဲ့ တန်ခိုးမျိုးကိုတော့ အဋ္ဌကထာက <b>အဓိဋ္ဌာနိဒ္ဓိ</b>-လို့ ဒီလို ဖွင့်ဆိုထားပါတယ်။</p> <p>မြတ်စွာဘုရားလည်း ရဟန်းတော်တွေကို တန်ခိုးမပြရလို့ တားမြစ်ထား သော်လည်း ဒီ<b>အဓိဋ္ဌာနိဒ္ဓိ</b>ကိုတော့ မြတ်စွာဘုရားက ခွင့်ပြုထားတော်မူပါ တယ်။</p> <p>အဲဒီခွင့်ပြုချက်အရ ဝါအငယ်ဆုံးဖြစ်နေတဲ့ ဒီ မဟက အမည်ရနေတဲ့ မထေရ်မြတ်လေးတစ်ပါးက ဒီလိုတန်ခိုးမျိုးကို ဖန်ဆင်းခြင်းဖြစ်ပါတယ်။</p> <p>မထေရ်ကြီးတွေ ချမ်းချမ်းသာသာဖြင့် ကျောင်းပြန်ကြွရတယ်။ နေလည်း မပူဘူး၊ လေပြည်လေညင်းလေးကလည်း တသုန်သုန် တိုက်ခတ်နေတယ်၊ မိုးပေါက်ကလေးတွေကလည်း ဖြည်းညင်းစွာဖြင့် တစ်ပေါက်ချင်း တစ်ပေါက် ချင်း ရွာသွန်းနေတော့ အလွန်ကျိုက်ကျိုက်ဆူပြီးနေတဲ့ အပူဒဏ်တွေအားလုံး ငြိမ်းသွားတယ်။</p> <p>ငြိမ်းသွားတဲ့အချိန်အခါမှာ စိတ္တသူကြွယ် ဒါယကာကြီး သိပ်ဝမ်းသာသွား တယ်။ ဒီလောက် တန်ခိုးကြီးနေတဲ့ စိတ်ရဲ့စွမ်းအားတွေနှင့် ပြည့်ဝစုံလင်နေတဲ့ သံဃာတော်တွေကို ဆွမ်းဖြင့် ပြုစုလုပ်ကျွေးခွင့် ကိုးကွယ် ဆည်းကပ်ခွင့် ရနေတဲ့ မိမိရဲ့ အခွင့်အလမ်းကြီးကိုလည်း သိပ်ပြီးတော့ ဝမ်းသာသွားတယ်။</p> <p>ဒီလိုတန်ခိုးမျိုးနှင့် ပတ်သက်လို့ နည်းနည်းစပ်မိတော့ ဗဟုသုတကလေး တစ်ခုတော့ ထပ်ပြောမယ်။</p> <p>ဘုန်းကြီးတို့ ဗိမ္ဗိသာရမင်းရဲ့ ဆရာဖြစ်တဲ့ အရှင်ပိလိန္ဒဝစ္ဆ မထေရ်ကြီး လည်း ဒီလိုတန်ခိုးမျိုးကို ဖန်ဆင်းခဲ့ဖူးပါတယ်။ ဘုရားရှင်လည်း ခွင့်ပြုထား တော်မူပါတယ်။</p> <p>ဆွမ်းခံရွာတစ်ရွာ ဆိုကြပါစို့။ မထေရ်ကြီးက သူ့ရဲ့ အဲဒီဆွမ်းခံရွာလေး တစ်ရွာသို့ ကြွသွားရင်းနှင့် -- ဆွမ်းဖြင့်ပြုစုလုပ်ကျွေးနေတဲ့ ဆွမ်းဒါယိကာမ ကြီးရဲ့ သမီးငယ်ကလေးတစ်ဦးက တောင်ထိပ်ပွဲ သွားချင်လို့ တောင်ထိပ် ပွဲနှင့် ထိုက်တန်နေတဲ့ ဝတ်စားတန်ဆာတွေ ဝတ်ချင်တဲ့အတွက် မိခင်ကို ပူဆာနေတာကို -- ကြားလိုက်မိတယ်။</p> <p>အဲဒီအချိန်အခါမှာ မထေရ်မြတ်ကြီးက ကရွတ်ခွေလေးတစ်ခု ကောက် ကိုင်ပြီးတော့ အဓိဋ္ဌာန်လိုက်တယ်။ အင်မတန် လှပတဲ့ ရတနာပန်းကုံးကြီး တစ်ခု ဖြစ်သွားတယ်။</p> <p>ဒီရတနာပန်းကုံး ဆင်မြန်းပြီးတော့ ဒီကလေးမလေးကလည်း ဒီတောင်ထိပ်ပွဲသွားတော့ မင်းမှုထမ်းတွေကနေပြီးတော့ ဒီလောက်တောင် ဆင်းရဲ နွမ်းပါးနေတဲ့ ဒီကလေးသူငယ်မက ဒီလောက်တောင်လှတဲ့ ရတနာပန်းကုံး ကြီးကို ဆင်မြန်းတာဟာ ဧကန္တ ဒီရတနာပန်းကုံးသည် နန်းတော်တွင်းတောင် မရှိတဲ့အတွက် သူတို့ ခိုးလို့ရတာ ဖြစ်မယ်၊ သူတို့ပိုင်ပစ္စည်းတော့ မဖြစ်နိုင်ဘူး ဆိုပြီးတော့ ဖမ်းပါလေရော။</p> <p>အိမ်ရှင်ယောက်ျားလည်း အဖမ်းခံရတော့ နောက်တစ်နေ့ မထေရ်ကြီး ဆွမ်းခံကြွတဲ့အခါ အိမ်ရှင်မကနေ အကျိုးအကြောင်း တင်ပြလျှောက်ထား တော့ အရှင်ပိလိန္ဒဝစ္ဆမထေရ်ကြီးလည်း နန်းတော်သို့ ကြွသွားတော်မူပါတယ်။</p> <p>နန်းတော်သို့ လိုက်သွားပြီးတဲ့ အချိန်အခါကျတော့ ဗိမ္ဗိသာရမင်းကို အကျိုးအကြောင်း မေးမြန်းတယ်။ မေးမြန်းတဲ့ အချိန်အခါကျတော့ --</p> <p>အရှင်ဘုရား ...ဒီလို ရတနာပန်းကုံး ဆိုတာက တပည့်တော်တို့ရဲ့ နန်းတွင်းတောင် မရှိပါဘူး။ ဒီလောက်ဆင်းရဲနွမ်းပါးနေတဲ့အိမ်မှာ ဒီလို ရတနာ ပန်းကုံးကြီးရှိတယ်ဆိုတာ ဧကန္တ မတရားသော နည်းလမ်းဖြင့် ခိုးယူလို့သာ ရရှိတဲ့ပစ္စည်း ဖြစ်နိုင်ပါတယ် - ဆိုပြီး ဗိမ္ဗိသာရမင်းက တင်ပြလျှောက်ထား တော့ အဲဒီအချိန်မှာ မထေရ်ကြီးက ဘာလုပ်သလဲ? --</p> <p>ဗိမ္ဗိသာရမင်းကြီးရဲ့ နန်းတော်တစ်ခုလုံး ရွှေအတိ ပြီးစေ - ဆိုပြီးတော့ အဘိညာဏ်ရဲ့ အခြေခံဖြစ်တဲ့ စတုတ္ထစျာန်သမာပတ်ကို ဝင်စားပြီး အဓိဋ္ဌာန် တော်မူလိုက်ပါတယ်။</p> <p>ကဲ ဒါယကာတော် ...ဒါယကာတော်ရဲ့ နန်းတော်ကြီးတစ်ခုလုံးကို ကြည့်လိုက်စမ်း၊ ဘာတွေဖြစ်နေသလဲ လို့ မေးလိုက်တော့ အဲဒီမှာ အားလုံး ရွှေနန်းတော်ကြီး ဖြစ်သွားတယ်။</p> <p>အဲဒီအခါကျတော့မှ ဗိမ္ဗိသာရမင်းကြီးက ဦးချကန်တော့ပြီးတော့ ခုနက ဖမ်းဆီးချုပ်နှောင်ထားတဲ့ ပုဂ္ဂိုလ်တွေကို ပြန်ပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်။</p> <p>ဒီလိုတန်ခိုးမျိုးကို <b>အဓိဋ္ဌာနိဒ္ဓိ</b>တန်ခိုးလို့ ခေါ်ပါတယ်။ အဲဒီလို <b>အဓိဋ္ဌာနိဒ္ဓိ</b> တန်ခိုးလို့ခေါ်တဲ့ တန်ခိုးမျိုးကိုတော့ ဘုရားရှင်လည်း ရဟန်းသံဃာတော်များ အတွက် ခွင့်ပြုထားပြီး ဖြစ်ပါတယ်။</p> <p>တစ်ယောက်တည်းဖြစ်လျက် အများဖြစ်ခြင်း၊ အများဖြစ်လျက် တစ် ယောက်တည်း ဖြစ်ခြင်း စတဲ့ ဒီလို အံ့ဖွယ်သရဲ ဖြစ်စေတဲ့ တန်ခိုး<b>ဣဒ္ဓိပါဒ်</b> များကိုတော့ မပြဖို့ရန်အတွက် ရဟန်းတွေကို ဘုရားရှင်က သိက္ခာပုဒ်နှင့် ပညတ်ပြီး ထားပါတယ်။</p> <p>ဒီနေရာမှာလည်း မဟက အမည်ရှိတဲ့ မထေရ်လေးက အင်မတန် ပူပြင်း နေတဲ့ ကျိုက်ကျိုက်ဆူနေတဲ့ နေပူထဲမှာ သွားနေရတဲ့ ရဟန်းသံဃာတွေကို ချမ်းသာသုခရရှိပါစေခြင်းအကျိုးငှာ ရည်ရွယ်ပြီးတော့ ဒီ<b>အဓိဋ္ဌာနိဒ္ဓိ</b>တန်ခိုးလို့ ခေါ်ဆိုအပ်တဲ့ တန်ခိုးကို ဖန်ဆင်းတော်မူခြင်းပဲ ဖြစ်ပါတယ်။</p> <p>ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ ... မကောင်းဘူးလား? သိပ် ကောင်းတယ်။ ဒါ ဘာကြောင့်ရသလဲ? စိတ်ရဲ့ စွမ်းအင်ပဲ။</p> <p>ဒီလိုကျင့်စဉ်တွေ ကျင့်လို့ရနိုင်တယ်ဆိုလျှင် ဘုရားရှင်ရဲ့သာသနာတော် သည် အလွန်အားရဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။</p> <p>ဒါ စိတ်ကိုအသုံးချတာ။ စိတ်မှာရှိနေတဲ့တန်ခိုးအာနိသင်တွေကို ထုတ်ပြီး အသုံးချတော့ စိတ္တသူကြွယ် ဒါယကာကြီး ဝမ်းသာလွန်းလို့ - မဟကအမည် ရှိတဲ့ မထေရ်လေး ကျောင်းရောက်တဲ့ အချိန်အခါမှာ - မအောင့်နိုင်တဲ့ အတွက် ထိုမထေရ်လေးရဲ့အထံကို သွားပြီးတော့ ...</p> <p>အရှင်ဘုရား ...တပည့်တော်ကို တန်ခိုးတစ်ခုလောက် ထပ်ပြတော် မူပါ --</p> <p>လို့ ထပ်ပြီး လျှောက်ထားတောင်းပန်တယ်။</p> <p>ကဲ ဒါယကာကြီး ...ဒီလိုဆိုလို့ရှိလျှင်တော့ ဒါယကာကြီးရဲ့ အပေါ်ရုံ စုလျားတဘက်ကလေးကို ခွေးကတက်လို့ ခေါ်ဆိုအပ်တဲ့ ကျောင်းဖိနပ်ချွတ် တဲ့ နေရာလေးမှာ ဒါယကာကြီး ခင်းလိုက်ပေတော့။ ခင်းပြီးတော့ အဲဒီ အပေါ်မှာ မြက်တွေကို ကြဲဖြန့်လိုက်ပါဆိုပြီးတော့ ပြောလိုက်တယ်။</p> <p>မဟကမထေရ်က တံခါးပိတ်ပြီးတော့ ကျောင်းတွင်းကို ဝင်သွားလိုက် တယ်။ <b>တေဇောကသိုဏ်း</b>ကို ဝင်စားပြီးတော့ အဓိဋ္ဌာန်တော်မူလိုက်ပါတယ်။</p> <p>ကျောင်းတံခါးကြားထဲကရော သံကောက်ပေါက်ကလေးကရော မီးတွေ တစ်စတစ်စ ထွက်လာတယ်၊ မီးခိုးတွေ ထွက်လာတယ်၊ မီးညွန့်တွေ ထွက် လာတယ်။</p> <p>အဲဒီမီးတွေက တံခါးကို မလောင်ဘူး၊ တံခါးကြားကနေ ထွက်လာတယ်၊ တံခါးကို သော့ခပ်တဲ့ သံကောက်ပေါက်ကလေးကနေ ထွက်လာတယ်။ ထွက် လာပြီးတော့ ဒီမီးတွေက စိတ္တသူကြွယ်ဒါယကာကြီး ဖြန့်ခင်းထားတဲ့ အပေါ်ရုံ စုလျားတဘက်ပေါ်မှာ တည်ရှိနေတဲ့ မြက်တွေကို လောင်သွားတယ်၊ တဘက် ကို နည်းနည်းလေးမှ မလောင်ဘူး။</p> <p>အဲဒီလိုတန်ခိုးကလည်း <b>အဓိဋ္ဌာနိဒ္ဓိ</b>တန်ခိုးပါပဲ၊ စိတ်ရဲ့ စွမ်းအားပဲ။ တဘက် ပေါ်မှာရှိနေတဲ့ မြက်တွေကို တစ်စမကျန် လောင်ကျွမ်းနိုင်တယ်ဆိုလျှင် ဒီ တဘက်ကလေး လောင်ကျွမ်းသွားဖို့ မကောင်းဘူးလား? ကောင်းတယ်။ ဒါပေမဲ့ နည်းနည်းလေးမှ မလောင်ဘူးနော်။</p> <p><b>ဣဒ္ဓိဝိပါကော အစိန္တိယော</b> = တန်ခိုးအရာသည် မကြံစည်သင့် မကြံစည် ထိုက်ဘူးတဲ့။</p> <p>စိတ်တို့ရဲ့စွမ်းအင်လေးပဲနော်။ အဲဒီတန်ခိုးကို မြင်လိုက်တဲ့အချိန်အခါမှာ စိတ္တသူကြွယ် ဒါယကာကြီးက အလွန့်အလွန် ဝမ်းသာသွားတယ်။</p> <p>ဝမ်းသာသွားတဲ့အတွက် ခုနက တရားဟောတဲ့ အရှင်ဣသိဒတ္တမထေရ်, ခု အရှင်မဟကမထေရ် အဲဒီမထေရ် နှစ်ပါးလုံးကို သူဘာလျှောက်ထားသလဲ?</p> <p>အရှင်ဘုရား ... တပည့်တော်ရဲ့ ဒီ <b>အမ္ဗာဋကာရာမ</b> အမည်ရတဲ့ ဒီကျောင်းတိုက်ကြီးသည် အလွန်မွေ့လျော်ဖွယ်ကောင်းတဲ့ ကျောင်းတိုက်ကြီး တစ်ခုဖြစ်ပါတယ်။ ဒီကျောင်းတိုက်ကြီးမှာ အရှင်ဘုရားတို့ အသက်ထက်ဆုံး သီတင်းသုံးတော်မူပါ။ အရှင်ဘုရားတို့အတွက် လိုအပ်တဲ့ ပစ္စည်းလေးပါးကို တပည့်တော် ကြောင့်ကြစိုက်ပါ့မယ် ဆိုပြီးတော့ ရိုသေစွာ လျှောက်ထား တောင်းပန်တယ်။</p> <p>အဲဒီလို တောင်းပန်တဲ့ အချိန်အခါမှာ မထေရ်မြတ်ကြီးတွေက သူ့ရဲ့ ကုသိုလ်စေတနာကို ဝမ်းသာတဲ့အနေနှင့် <b>သာဓုအနုမောဒနာ</b>တော့ ခေါ်ပါ တယ်။ သို့သော် နှစ်ပါးလုံးပေါ့ အမ္ဗာဋကာရာမကျောင်းတိုက်မှ နောက် တစ်ဖန် မပြန်သော ထွက်ခွာခြင်းဖြင့် ထွက်ခွာကြွသွားတော်မူကြတယ်။ ဘာ့ကြောင့်လဲ ..?</p> <p>ဒီလို တရားဟောလို့ရတဲ့ပစ္စည်း တန်ခိုးပြလို့ရတဲ့ပစ္စည်းမျိုးကို ရှေးရှေး မထေရ်ကြီးတွေက အလွန်စက်ဆုပ်ရွံရှာတော်မူကြပါတယ်၊ ရတနာ သုံးတန် ကံ-ကံ၏အကျိုးတရားကို ယုံကြည်တဲ့ မှန်ကန်တဲ့ သဒ္ဓါတရားဖြင့် လှူဒါန်း နေတဲ့ ပစ္စည်းလေးပါးကိုသာ အလိုရှိတော်မူကြတယ်။</p> <p>ဒါကြောင့် တရားဟောလို့ရတဲ့ပစ္စည်း တန်ခိုးပြလို့ရတဲ့ပစ္စည်းတွေတော့ နောက်နောင်တစ်ချိန်မှာ ဖြစ်တော့မယ်ဆိုတာ သဘောပေါက်ပြီးတော့ ထို အမ္ဗာဋကာရာမ ကျောင်းတိုက်ကြီးမှ ထွက်သွားတော်မူကြခြင်းဖြစ်တယ်။</p> <p>ဒါက မဟကပါဋိဟာရိယသုတ္တန် ဖြစ်ပါတယ်။ စိတ္တသူကြွယ် ဒါယကာကြီး တရားနှင့် မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ပုံနှင့် ပတ်သက်ပြီး ဖော်ပြထားတဲ့ သုတ္တန်တစ်ခုပဲ။</p> <p>နောက်သုတ္တန်တစ်ခုကတော့ စိတ္တသံယုတ်ရဲ့ နံပါတ် (၅) သုတ္တန် ဖြစ်တဲ့ ပထမကာမဘူသုတ္တန် (သံ၊၂၊၄၈၁-၄၈၃။) ဖြစ်ပါတယ်။</p> <hr> <h3>အခန်း (၁၀)</h3> <h3>ပထမကာမဘူသုတ္တန်</h3> <p>ဒီသုတ္တန်ကတော့ စိတ္တသူကြွယ် ကျောင်းဒါယကာကြီး ပိဋကတ်သုံးပုံမှာ ဘယ်လောက်ကျွမ်းကျင်တယ်ဆိုတာကို ဖော်ပြတဲ့ သုတ္တန်ဖြစ်တယ်။</p> <p>တစ်ချိန်မှာ စိတ္တသူကြွယ် ဒါယကာကြီးက ကျောင်းကို သွားတယ်။ သူ ကိုးကွယ်ဆည်းကပ်နေတဲ့ <b>အမ္ဗာဋကာရာမ</b> ကျောင်းသွားပြီးတဲ့ အချိန်အခါမှာ အရှင်ကာမဘူ မထေရ်ထံ ချဉ်းကပ်ပြီးတော့ ရိုသေစွာ ရှိခိုးပြီး သင့်တင့် လျောက်ပတ်တဲ့ တစ်နေရာမှာ ထိုင်လိုက်တယ်။</p> <p>အဲဒီလို ထိုင်လိုက်တဲ့အချိန်အခါမှာ အရှင်ကာမဘူ မထေရ်မြတ်ကနေ ပြီးတော့ သူ့ကို မေးခွန်းလေးတစ်ခု မေးတယ်။</p> <p>အဲဒီမေးခွန်းက မြတ်စွာဘုရား ဟောကြားပြသ ဆိုဆုံးမထားတဲ့ ဂါထာ လေး တစ်ခု ဖြစ်ပါတယ်။ ဒီဂါထာသည် ခေတ်အပြောနှင့် ပြောလျှင်တော့ စကားထာဝှက်တဲ့ ဂါထာလေး တစ်ခု အသွင်တော့ ဆောင်နေတယ်။ ဒီ ဂါထာလေးက ဘာပြောသလဲ? --</p> <p><b>နေလင်္ဂေါ သေတပစ္ဆာဒေါ၊ ဧကာရော ဝတ္တတီ ရထော။</b></p> <p><b>အနီဃံ ပဿ အာယန္တံ၊ ဆိန္နသောတံ အဗန္ဓနံ။</b> (သံ၊၂၊၄၈၂။)</p> <p><b>နေလင်္ဂေါ</b> = အပြစ်ကင်းစင်သော အင်္ဂါအစိတ်အပိုင်းရှိသော။ <b>သေတပစ္ဆာဒေါ</b> = အဖြူရောင်ဖြင့် လွှမ်းခြုံလျက်ရှိသော။ <b>ဧကာရော</b> = တစ်ခုတည်း သော ထောင့်အကန့်ရှိသော။ <b>ရထော</b> = ရထားကြီး တစ်စင်းသည်။ <b>ဝတ္တတိ</b> = လာ၍နေပါ၏။ <b>အနီဃံ</b> = ဆင်းရဲခြင်းကင်းသည်ဖြစ်၍။ <b>ဆိန္နသောတံ</b> = ရေအယဉ်ကို ဖြတ်တောက်၍ပြီးသော။ <b>အဗန္ဓနံ</b> = အနှောင်အဖွဲ့ကင်းလျက် ရှိသော။ <b>အာယန္တံ</b> = ကြွလာတော်မူတဲ့ပုဂ္ဂိုလ်ကို။ <b>ပဿ</b> = ဖူးမြော်လိုက်စမ်းပါ။</p> <p>ဒါက စကားထာဝှက်တဲ့ ဂါထာလေးပဲ။ အဲဒီဂါထာလေးရဲ့ အဓိပ္ပါယ်က ဘာကိုဟောသလဲ ဘာကိုဆိုလိုပါသလဲဒါယကာကြီးဆိုပြီးတော့ စိတ္တသူကြွယ် ဒါယကာကြီးကို မေးကြည့်တယ်။</p> <p>စိတ္တသူကြွယ် ဒါယကာကြီးကို အဲဒီလို မေးလိုက်တဲ့ အချိန်အခါကျတော့ စိတ္တသူကြွယ် ဒါယကာကြီးက - အရှင်ဘုရား ... ခေတ္တခဏလောက် ဆိုင်းပါဦးဘုရားဆိုပြီး သူက လျှောက်ထားတယ်။</p> <p>ခေတ္တခဏလောက် အဆိုင်းခိုင်းပြီးတဲ့အခါ သူက ခေတ္တခဏလောက် ဆိတ်ဆိတ်နေပြီးတော့ သူ ဘာလုပ်သလဲ ..?</p> <p><b>မုဟုတ္တံ တုဏှီ ဟုတွာတိ တဿ အတ္ထပေက္ခနတ္ထံ တီဏိ ပိဋကာနိ ကဏ္ဏေ ကုဏ္ဍလံ ဝိယ သဉ္စာလေန္တော အယံ ဣမဿ အတ္ထော၊ အယံ ဣမဿ အတ္ထောတိ ဥပပရိက္ခဏတ္ထံ မုဟုတ္တံ တုဏှီ ဟုတွာ။</b> (သံ၊ဋ္ဌ၊၃၊၁၃၁။)</p> <p>ခဏလောက် ဆိတ်ဆိတ်နေတယ်ဆိုတာက ဘာသဘောလဲလို့မေးတော့ ဒီဂါထာလေးရဲ့ ဆိုလိုရင်း အနက်အဓိပ္ပါယ်တွေကို ဉာဏ်နှင့် စူးစမ်းဆင်ခြင် ဖို့ရန်အတွက် ...</p> <p><b>တီဏိ ပိဋကာနိ</b> = ပိဋကတ်သုံးပုံတို့ကို။ <b>ကဏ္ဏေ</b> = နား၌။ <b>ကုဏ္ဍလံ ဝိယ</b> = ပန်ဆင်ထားအပ်တဲ့နားတောင်းကဲ့သို့။ <b>သဉ္စာလေန္တော</b> = ကောင်းစွာ လှုပ်ချောက်ချားလျက် ...</p> <p>ပိဋကတ်သုံးပုံကို နားမှာ ပန်ဆင်ထားတဲ့ နားတန်ဆာလေးကို လှမ်းပြီး လှုပ်လိုက်သလိုပဲ။ ပိဋကတ်သုံးပုံကို အကုန်လုံး လှုပ်ချောက်ချားပြီး ဘာလုပ် သလဲ? --</p> <p><b>အယံ ဣမဿ အတ္ထော၊ အယံ ဣမဿ အတ္ထောတိ ဥပပရိက္ခဏတ္ထံ</b>-</p> <p>ဒီစကားလုံးက ဒီလိုအနက်အဓိပ္ပါယ်ရှိတယ်၊ ဒီစကားလုံးကျတော့ ဒီလို အနက်အဓိပ္ပါယ်ရှိတယ်လို့ စူးစမ်းဆင်ခြင်ဖို့ရန်အတွက် ခေတ္တခဏ ဆိုင်းငံ့ ပြီးတဲ့အချိန်အခါကျတော့ သူက ပြန်ပြီးတော့ အဖြေပေးပါတယ်။</p> <p>အဖြေပေးတဲ့ အချိန်အခါကျတော့ ဘာပြောသလဲ? --</p> <p><b>နေလင်္ဂ</b> - အပြစ်ကင်းစင်တဲ့အင်္ဂါရှိတယ် ဆိုတာကတော့ ကိုယ်ကျင့်သီလ ပြည့်စုံတာကို မြတ်စွာဘုရား ဆိုလိုရင်းဖြစ်ပါတယ်ဆိုပြီး သူက ဒီလို ရှင်းပြ တယ်။ အဲဒီရှင်းလင်းချက်ကို ဘယ်လိုရှင်းပြသလဲလို့ မေးလျှင်တော့ --</p> <p><b>တီဏိ ပိဋကာနိ ကဏ္ဏေ ကုဏ္ဍလံ ဝိယ</b> --</p> <p>ပိဋကတ်သုံးပုံကို ဉာဏ်စေလွှတ်လိုက်တယ်။ စေလွှတ်ပြီးတဲ့အခါကျတော့ နားမှာပန်ထားတဲ့ နားတောင်းလေးတစ်ခုကို ဆွဲလှုပ်လိုက်သလိုပဲ ပိဋကတ် တွေထဲကို ဉာဏ်စေလွှတ်ပြီးတော့ လှုပ်ကြည့်လိုက်တယ်။ ပိဋကတ်သုံးပုံမှာ လာနေတဲ့ ဘုရားဟောဒေသနာတွေကို ဉာဏ်နှင့်စူးစမ်းပြီးတော့မှ ဒီအဖြေကို သူက ပေးတာ။</p> <p>အရှင်ဘုရား ...အပြစ်မရှိတဲ့ အင်္ဂါဆိုတာက <b>သီလ</b>ကို ခေါ်ဆိုပါတယ်။</p> <p><b>သေတပစ္ဆာဒ</b> - အဖြူရောင်ဖြင့် လွှမ်းခြုံထားတယ် ဆိုတာကတော့ ကိလေသာကင်းစင်နေတဲ့ <b>အရဟတ္တဖိုလ် ဝိမုတ္တိသမာပတ်</b>ကို ဆိုလိုတယ်၊ <b>အရဟတ္တဖိုလ်</b>စိတ်ကို ဆိုလိုပါတယ်လို့ သူက ရှင်းပြထားတယ်။</p> <p><b>ဧကာရ</b> - တစ်ခုတည်းသော ထောင့်အကန့် ရှိတယ် ဆိုတာကတော့ <b>သတိ</b>ကို ဆိုလိုပါတယ် အရှင်ဘုရားတဲ့။</p> <p><b>ဝတ္တတိ</b> - သွားနေတယ် သွားနေတယ်ဆိုတာကတော့ ရှေ့သို့ သွားတာကို ပြောတာပါတဲ့။</p> <p><b>ရထော</b> - ရထားကြီး ဆိုတာကတော့ <b>စတုမဟာဘူတိက</b> - မဟာဘုတ် ဓာတ်ကြီးလေးပါး ရှိနေတဲ့ ဒီ ရူပကာယကြီးကို ပြောနေတာ ဖြစ်ပါတယ် အရှင်ဘုရား။</p> <p>နောက်တစ်ခု - <b>အနီဃာ</b> - ဆင်းရဲခြင်း ကင်းတယ် ဆိုတာကတော့ ကိလေသာအာသဝေါ ကင်းကွာနေတဲ့ <b>ရဟန္တာအရှင်မြတ်</b>တွေဟာ လောကမှာ ဆင်းရဲခြင်း အကင်းဆုံး ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။ ဒါကြောင့် ကိလေသာ အာသဝေါ ကင်းကွာနေတဲ့ <b>ရဟန္တာအရှင်မြတ်</b>ကို <b>အနီဃာ</b>လို့ ခေါ်ပါတယ်။</p> <p><b>ဆိန္နသောတ</b> - တဏှာရေယဉ်ကြောကို ဖြတ်ပြီးတယ် ဆိုတာကတော့ <b>ရဟန္တာ အရှင်မြတ်</b>သည် (၃၁)ဘုံ အတွင်းရှိ သက်ရှိ သက်မဲ့ ကာမဝတ္ထု အစုစု ဘဝထိုထိုကို တွယ်တာတပ်မက်နေတဲ့ တဏှာရေယဉ်ကြောကို ဖြတ်တောက်ပြီး <b>နိဗ္ဗာန်</b>ဆိုတဲ့ ဟိုမှာဘက်ကမ်းသို့ ရောက်အောင် ကူးခတ်ပြီးတဲ့ သူတော်ကောင်းကြီး ဖြစ်ပါတယ်။</p> <p>ဒါကြောင့် <b>ဆိန္နသောတ</b> - ရေယဉ်ကို ဖြတ်တောက်ပြီးတယ် ဆိုတာက <b>တဏှာရေယဉ်ကြော</b>ကို ဖြတ်တောက်ပြီးမှုကို ဆိုလိုရင်း ဖြစ်ပါတယ်။</p> <p><b>အဗန္ဓန</b> - အနှောင်အဖွဲ့ကင်းတယ် ဆိုတာကတော့ <b>ရဟန္တာအရှင်မြတ်</b> တွေမှာ <b>ရာဂ</b>ဆိုတဲ့အနှောင်အဖွဲ့ မရှိဘူး၊ <b>ဒေါသ</b>ဆိုတဲ့အနှောင်အဖွဲ့လည်း မရှိဘူး၊ <b>မောဟ</b>ဆိုတဲ့အနှောင်အဖွဲ့လည်း မရှိဘူး။ ဒီနှောင်ဖွဲ့မှုတွေကို ဆိုလို ပါတယ်ဆိုပြီး သူက အဓိပ္ပါယ်ကို ပြန်ပြီးတော့ ရှင်းလင်းတယ်။</p> <p>အဲဒီအဓိပ္ပါယ်တွေ ရှင်းလင်းထားချက်အရ ဒီဂါထာလေးရဲ့ အနက် အဓိပ္ပါယ်ကို ဘာသာပြန်မယ်ဆိုလို့ရှိလျှင် ဘယ်လို ဘာသာပြန်မလဲ? --</p> <p><b>နေလင်္ဂေါ သေတပစ္ဆာဒေါ၊ ဧကာရော ဝတ္တတီ ရထော။</b></p> <p><b>အနီဃံ ပဿ အာယန္တံ၊ ဆိန္နသောတံ အဗန္ဓနံ။</b></p> <p><b>နေလင်္ဂေါ</b> = အပြစ်ကင်းသော ကိုယ်ကျင့်သီလနှင့်ပြည့်စုံသော။ <b>သေတပစ္ဆာဒေါ</b> = ကိလေသာတို့မှ လွတ်မြောက်လျက်ရှိသော ဖြူစင်သောစိတ်ထား ဖြင့် ဖုံးလွှမ်း၍ ထားအပ်သော။ <b>ဧကာရော</b> = သတိတည်းဟူသော တစ်ခု တည်းသော ထောင့်အကန့်ရှိတော်မူသော။ <b>ရထော</b> = လေးဖြာဓာတ်ဆောင် ဤကိုယ်ကောင်ဟူသော ရထားကြီးသည်။ <b>ဝတ္တတိ</b> = ရှေ့သို့သွား၍ နေပေ ၏။</p> <p><b>အနီဃံ</b> = ဆင်းရဲခြင်းကင်းသော။ ဝါ၊ <b>အနီဃံ</b> = ရာဂ ဒေါသ မောဟ တည်းဟူသော အပြစ် ကင်းစင်လျက်ရှိသော။ <b>ဆိန္နသောတံ</b> = ဖြတ်တောက် ပြီးသော တဏှာရေအယဉ် ရှိတော်မူသော။ <b>အဗန္ဓနံ</b> = ရာဂ ဒေါသ မောဟ တည်းဟူသော အနှောင်အဖွဲ့ ရှိတော်မမူသော။ <b>အာယန္တံ</b> = ကြွလာတော် မူသော ရဟန္တာအရှင်မြတ်ကို။ <b>ပဿ</b> = မေတ္တာလွှမ်းပတ် ကြည်လင်သော သဒ္ဓါဓာတ်ဖြင့် ဖူးမြော်ကန်တော့လိုက်စမ်းပါ။ --</p> <p>ဒီလို သူက ဆိုလိုပါတယ်။</p> <p>ဒီလိုဆိုလိုတဲ့အကြောင်း သူက ရှင်းပြလိုက်တော့ အရှင်ကာမဘူ မထေရ် မြတ်ကြီးက သိပ်ပြီးတော့ ဝမ်းသာသွားတယ်။ ဝမ်းသာသွားလိုက်တော့ ဘာပြောသလဲ? --</p> <p><b>လာဘာ တေ ဂဟပတိ၊ သုလဒ္ဓံ တေ ဂဟပတိ၊ ယဿ တေ ဂမ္ဘီရေ ဗုဒ္ဓဝစနေ ပညာစက္ခု ကမတိ။</b></p> <p>ဒါယကာကြီး ...သိပ်အရတော်တယ်၊ ဒါယကာကြီးရဲ့ လူ့ဘဝကို ရရှိခြင်းသည် ကောင်းသောရခြင်းပဲ ဖြစ်တယ်။ အလွန် နက်နဲခက်ခဲနေတဲ့ ဘုရားရှင်ရဲ့ တရားတွေ၌ ဒါယကာကြီးရဲ့ ပညာစက္ခုခေါ်တဲ့ ဉာဏ်ပညာ မျက်စိသည် သက်ဝင်ပြီး တည်နေပါတယ်ဆိုပြီးတော့ <b>သာဓု</b>ခေါ်ပါတယ်။</p> <p><b>ဣမံ ပန ပဥှံ ကထေန္တော ဥပါသကော ဒုက္ကရံ အကာသိ။</b> (သံ၊ဋ္ဌ၊၃၊၁၃၁။)</p> <p><b>ဣမံ ပန ပဥှံ</b> = ဤပြဿနာကို။ <b>ကထေန္တော</b> = ဖြေဆိုနေတဲ့။ <b>ဥပါသကော</b> = စိတ္တသူကြွယ်ဥပါသကာ ဒါယကာသည်။ <b>ဒုက္ကရံ</b> = အလွန်ခဲယဉ်း တဲ့အမှုကို။ <b>အကာသိ</b> = ပြုခဲ့လေပြီ။</p> <p>ဤဂါထာလေးရဲ့အနက်အဓိပ္ပါယ်ကို ဖြေဆိုနေတာက အလွန်ခက်ခဲတဲ့ လုပ်ငန်းတစ်ခုကို စိတ္တသူကြွယ် ဒါယကာကြီး ပြုလုပ်လိုက်တာပဲ။</p> <p>ဒီအချက်ကို ဘုန်းကြီးပြောတာ ရည်ရွယ်ချက်ရှိတယ်။ လူဝတ်ကြောင် ဥပါသကာ ဒါယကာတစ်ဦး ဖြစ်ပေမဲ့လို့ ပိဋကတ်သုံးပုံကို နားမှာ ပန်ဆင် ထားတဲ့ နားတောင်းကဲ့သို့ ဆွဲလှုပ်လို့ ရနိုင်တဲ့စွမ်းအားတွေ တည်ရှိလာအောင် လေ့ကျင့်ထားတယ်။ မကောင်းဘူးလား ဒါယကာကြီးတွေ ဒါယိကာမကြီး တွေ? သိပ်ကောင်းတယ်။</p> <p>ပိဋကတ်တော်မှာ လာရှိတဲ့ တရားတော်တွဟာ နိဗ္ဗာန်ကို ဘယ်လမ်းက သွားရမယ်လို့ နိဗ္ဗာန်ကို သွားတဲ့လမ်းကို ညွှန်ကြားပြသပေးနေတဲ့ ရေးဆွဲ ထားတဲ့ အညွှန်းသိုက်စာမြေပုံတွေ ဖြစ်ကြပါတယ်။</p> <p>နိဗ္ဗာန်ကို လိုချင်လျှင် မိမိတို့သွားရမည့်လမ်းလေးကို မှန်မှန်ကန်ကန် သိ ထားဖို့တော့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ ပိုပြီး သဘောပေါက် အောင် ရှေ့ကဟောခဲ့တဲ့ ရတနသုတ္တန်ဂါထာကလေးကို ပြန်နာကြည့်ပါလား။</p> <p><b>ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊</b></p> <p><b>ဂိမှာနမာသေ ပဌမသ္မိံ ဂိမှေ။</b></p> <p><b>တထူပမံ ဓမ္မဝရံ အဒေသယိ၊</b></p> <p><b>နိဗ္ဗာနဂါမိံ ပရမံ ဟိတာယ။</b></p> <p><b>ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊</b></p> <p><b>ဧတေန သစ္စေန သုဝတ္ထိ ဟောတု။</b></p> <p><b>ဂိမှာနံ</b> = နွေလတို့၏။</p> <p><b>ပဌမသ္မိံ ဂိမှေ</b> = ရှေးဦးအစ နွေလဖြစ်သော။</p> <p><b>မာသေ</b> = စိတြမာသ တန်ခူးလ၌။</p> <p><b>ဖုဿိတဂ္ဂေ</b> = ပင်လုံးကျွတ်ပွင့်သော ခက်ဖျားစုံရှိသော။</p> <p><b>ဝနပ္ပဂုမ္ဗေ</b> = တောအုပ်သည်။</p> <p><b>သသိရီကော ယထာ</b> = အသရေ ရှိလှဘိသကဲ့သို့။</p> <p><b>တထူပမံ</b> = အနက်သဒ္ဒါ ပန်းစုံစွာဖြင့် ဝေဆာပြန့်ပြော ထိုတော အုပ်လျှင် ပုံပမာရှိသော။</p> <p><b>နိဗ္ဗာနဂါမိံ</b> = အငြိမ်းဓာတ်မှန် မြတ်နိဗ္ဗာန်သို့ ဧကန်ထုတ်ချောက် ရောက်ခြင်း၏ အကြောင်းဖြစ်သော။</p> <p><b>ဓမ္မဝရံ</b> = သုံးပုံပိဋကတ် တရားမြတ်ဒေသနာတော်ကို။</p> <p><b>ပရမံ ဟိတာယ</b> = လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ နိဗ္ဗာနဓာတ်တည်း ဟူသော အမြတ်ဆုံး အကျိုးစီးပွားချမ်းသာအလို့ငှာ။</p> <p><b>အဒေသယိ</b> = ကရုဏာ ရှေ့သွား မေတ္တာထား၍ ဟောကြားတော် မူအပ်ခဲ့လေပြီ။</p> <p><b>ဗုဒ္ဓေ</b> = သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရား၌။</p> <p><b>ဣဒမ္ပိ ရတနံ</b> = ဤ မြတ်နိုးဖွယ်ရာ ရတနာအဖြစ် သိသာဖွယ်အ- ကြောင်း နှစ်သက်ဖွယ် ဂုဏ်တော်အပေါင်းသည် လည်း။</p> <p><b>ပဏီတံ</b> = ထူးမြတ်တော်မူလှပါပေ၏။</p> <p><b>ဧတေန သစ္စေန</b> = ဝစီမင်္ဂလာ ဤသစ္စာစကားကြောင့်။</p> <p><b>တုမှာကံ</b> = သင် တရားနာပရိသတ်အပေါင်း သူတော်ကောင်း တို့အား။ ဝါ၊</p> <p><b>ပါဏီနံ</b> = အပေါင်းများစွာ သတ္တဝါတို့အား။</p> <p><b>သုဝတ္ထိ</b> = ဘေးရန်ကုန်ကင်း ချမ်းသာအေးမြခြင်းသည်။</p> <p><b>ဟောတု</b> = မုချမသွေဖြစ်ပါစေသတည်း။ ။ (သာဓု သာဓု သာဓု)</p> <p>ဟော .. သစ္စာအဓိဋ္ဌာန် ပြုတာ။ ဘုရားရှင်သည် ပိဋကတ် သုံးပုံကို ဟောတာ ဘာဦးတည်ချက်နှင့် ဟောတော်မူသလဲ? --</p> <p>လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ <b>နိဗ္ဗာနဓာတ်</b>တည်းဟူသော အမြတ်ဆုံး အကျိုးစီးပွားချမ်းသာတွေ ရရှိပါစေခြင်းအကျိုးငှာ ဦးတည်ချက်နှင့် ဘုရား ဟောထားတော်မူတယ်။</p> <p>ဒီ မှန်ကန်တဲ့သစ္စာစကားကြောင့် ဝေသာလီပြည်သူပြည်သား အမှူး ရှိနေတဲ့ သတ္တဝါအပေါင်း ဘေးရန်ကုန်ကင်း ချမ်းသာအေးမြခြင်း ဖြစ်ပါစေ သတည်း ဆိုပြီး သစ္စာအဓိဋ္ဌာန်ပြုတဲ့ ဂါထာပဲ။</p> <p>ထိုသစ္စာအဓိဋ္ဌာန်ချက်သည် မှားသလား မှန်သလားလို့မေးလျှင် ဒါယကာ ကြီးတွေ ဒါယိကာမကြီးတွေ ဘယ်လိုဖြေကြမလဲ? မှန်နေတယ်။ မှန်နေတဲ့ အတွက် ဝေသာလီပြည်သူပြည်သား သတ္တဝါအများတို့ ချမ်းသာသုခ ဖြစ် မသွားကြဘူးလား? ဖြစ်သွားကြတယ်။</p> <p>ဘုရားရှင် ဟောတော်မူတဲ့တရားတွေက နိဗ္ဗာန်ကို အားလုံးတာစူထားတဲ့ တရားတွေသာ ဖြစ်ကြပါတယ်။ ဒါကြောင့် ပိဋကတ်သုံးပုံကို အကုန်လုံး အာဂုံ မဆောင်နိုင်တောင် နိဗ္ဗာန်ကို ဘယ်လမ်းက သွားရမယ်ဆိုတဲ့ ပိဋကတ် ကျမ်းဂန်မှာလာတဲ့ ကျင့်စဉ်တွေကိုတော့ စနစ်တကျ လေ့လာထားကြဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဒါယကာကြီးတွေ ဒါယိကာမကြီး တွေ အတုယူဖို့ပဲနော်။</p> <p>နောက်သုတ္တန်တစ်ခုကတော့ - နံပါတ် (၆) သုတ္တန်ဖြစ်တဲ့ ဒုတိယ ကာမဘူသုတ္တန် (သံ၊၂၊၄၈၃-၄၈၅။) ဖြစ်ပါတယ်။</p> <hr> <h3>အခန်း (၁၁)</h3> <h3>ဒုတိယကာမဘူသုတ္တန်</h3> <p>ဒုတိယကာမဘူသုတ္တန်ကတော့ စိတ္တသူကြွယ် ဒါယကာကြီးက အရှင် ကာမဘူ မထေရ်ကို ပြန်ပြီးတော့မေးတဲ့ သုတ္တန်တစ်ခုပဲ။</p> <p>ဒုတိယအကြိမ် အရှင်ကာမဘူ မထေရ်နှင့် စိတ္တသူကြွယ် ဒါယကာကြီးတို့ ဒီ<b>အမ္ဗာဋကာရာမ</b>ကျောင်းတိုက်မှာ တစ်ခါ ပြန်ပြီးတော့ ဆုံကြပြန်တယ်။ ဆုံတဲ့ အချိန်အခါကျတော့ စိတ္တသူကြွယ် ဒါယကာကြီးက အရှင်ဘုရား ...<b>သင်္ခါရ</b> ဘယ်နှစ်မျိုး ရှိပါသလဲဘုရားလို့ မေးတယ်။ ဘာရည်ရွယ်ချက်နှင့် သူက မေးသလဲ? --</p> <p><b>အယံ ကိရ ဂဟပတိ နိရောဓံ ဝလေဉ္ဇတိ၊ တသ္မာ နိရောဓပါဒကေ သင်္ခါရေ ပုစ္ဆိဿာမီတိ စိန္တေတွာ ဧဝမာဟ။</b> (သံ၊ဋ္ဌ၊၃၊၁၃၂။)</p> <p><b>အယံ ဂဟပတိ</b> = ဤ စိတ္တသူကြွယ် ဒါယကာကြီးသည်ကား။ <b>နိရောဓံ</b> = နိရောဓသမာပတ်ကို။ <b>ဝလေဉ္ဇတိ</b> = သုံးဆောင်ခံစားနိုင်တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပေ၏။</p> <p>သူကိုယ်တိုင်က <b>နိရောဓသမာပတ်</b> ဝင်စားနိုင်တယ်။ <b>နိရောဓသမာပတ်</b> ဝင်စားတယ်ဆိုတာက ရှေ့ကပြောခဲ့သလို <b>လောကီစျာန်သမာပတ်</b> ရှစ်ပါးကို လည်း ရရမယ်၊ <b>အနာဂါမ်</b>ပုဂ္ဂိုလ်သော်လည်း ဖြစ်ရမယ် သို့မဟုတ် <b>ရဟန္တာ</b> ပုဂ္ဂိုလ်သော်လည်း ဖြစ်ရမယ်။ အဲဒီ <b>အနာဂါမ် ရဟန္တာ</b> ပုဂ္ဂိုလ်နှစ်ဦးက <b>လောကီစျာန်သမာပတ်</b> ရှစ်ပါးကို ရရှိခဲ့မယ်ဆိုလျှင် <b>နိရောဓသမာပတ်</b>ကို ဝင်စားလို့ရတယ်။</p> <p>စိတ္တသူကြွယ် ဒါယကာကြီးက <b>နိရောဓသမာပတ်</b>ကို ဝင်စားလို့ရတဲ့အဆင့် မှာ ရှိနေတယ်ဆိုတော့ သူကိုယ်တိုင်က <b>အနာဂါမ်</b>သူတော်ကောင်းကြီးလည်း ဖြစ်တယ်၊ <b>လောကီစျာန်သမာပတ်</b> ရှစ်ပါးကိုလည်း ရရှိထားပြီး ဖြစ်တယ်လို့ သိနိုင်ပါတယ်။ ဒါကြောင့် သူကိုးကွယ်ဆည်းကပ်နေတဲ့ <b>အမ္ဗာဋကာရာမ</b> ကျောင်းတိုက်မှာ သီတင်းသုံးတော်မူတဲ့ အရှင်<b>ကာမဘူ</b>မထေရ်မြတ်ကြီးဟာ လည်း ဒီ<b>နိရောဓသမာပတ်</b>ကို ဝင်စားသုံးဆောင်မှု ရှိ-မရှိ သိချင်တဲ့စိတ်ထား ဖြင့် သူက ဒီလိုမေးတာ ဖြစ်တယ်။</p> <p><b>အယံ ဂဟပတိ</b> = ဤ စိတ္တသူကြွယ် ဒါယကာကြီးသည်ကား။ <b>နိရောဓံ</b> = နိရောဓသမာပတ်ကို။ <b>ဝလေဉ္ဇတိ</b> = သုံးဆောင်ခံစားနိုင်တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပေ၏။ <b>တသ္မာ</b> = ထိုကြောင့်။<b>နိရောဓပါဒကေ</b> = နိရောဓသမာပတ်၏ အခြေခံအကြောင်းရင်းဖြစ်ကြကုန်သော။ <b>သင်္ခါရေ</b> = သင်္ခါရတရားတို့ကို။ <b>ပုစ္ဆိဿာမိ</b> = ငါမေးမြန်းလျှောက်ထားပေအံ့။ <b>ဣတိ</b> = ဤသို့။ <b>စိန္တေတွာ</b> = ကြံစည်စိတ်ကူး၍။ <b>ဧဝံ</b> = ဤသို့။ <b>အာဟ</b> = မေးမြန်းလျှောက်ထားခြင်း ဖြစ်ပေ၏။</p> <p><b>နိရောဓသမာပတ်</b>၏ အခြေခံအကြောင်းရင်းဖြစ်နေတဲ့ <b>သင်္ခါရ</b>တရား တွေကို ငါ မေးမြန်းလျှောက်ထားမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် သူက ...</p> <p><b>ကတိ နု ခေါ ဘန္တေ သင်္ခါရာ</b></p> <p><b>သင်္ခါရ</b>တရားတွေဟာ ဘယ်လောက်ရှိပါသလဲဘုရား ဆိုပြီးတော့ သူက ဒီလို မေးတာ။ ဒီလိုမေးတဲ့အချိန်အခါမှာလည်း အရှင်<b>ကာမဘူ</b> မထေရ်က ဒီစိတ္တသူကြွယ်ဒါယကာကြီးရဲ့ စိတ်အစဉ်ကို ဉာဏ်နှင့်လှမ်းကြည့်လိုက်တော့ မြင်နေပြီ။ ဘာရည်ရွယ်ချက်နှင့် သူက မေးနေတယ်ဆိုတာ သိတယ်။</p> <p>ဒီနေရာမှာ စိတ္တသူကြွယ်ဒါယကာကြီးက <b>နိရောဓသမာပတ်</b>နှင့် ဆက်စပ် ပြီး ဘာကို မေးချင်နေတာလဲ? ဒီအချက်ကို အဋ္ဌကထာက (သံ၊ဋ္ဌ၊၃၊၁၃၂။) ဒီလို ရှင်းပြထားပါတယ်။ --</p> <p><b>ကာယသင်္ခါရ ဝစီသင်္ခါရ စိတ္တသင်္ခါရ</b>ဆိုတဲ့ ဒီ<b>သင်္ခါရ</b>တွေဟာ အချင်းချင်း ရောထွေးနေကြတယ်၊ လှုပ်ချောက်ချားလို့ ရနိုင်တဲ့တရားတွေ ဖြစ်ကြတယ်၊ မကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ဉာဏ်မှာ မထင်ရှားတဲ့ တရားမျိုးတွေ ဖြစ်ကြ တယ်။ နားလည်အောင် ထင်ထင်ရှားရှား ပြောပြဖို့ရန် ခက်ခဲတဲ့တရားတွေ ဖြစ်ကြတယ်။ ဘာကြောင့်လဲဆိုလျှင် အရာဝတ္ထုတစ်ခုကို လှမ်းဆွဲယူလိုက်တဲ့ အခါ, အရာဝတ္ထုတစ်ခုကို လွှင့်ပစ်လိုက်တဲ့အခါ, အရာဝတ္ထုတစ်ခုကို လှုပ် ရှားအောင် ရွေ့လျားအောင် ပြုလုပ်လိုက်တဲ့အခါ <b>ကာယဒွါရ</b>မှာ <b>ကာမာဝစရ ကုသိုလ်စေတနာ</b> (၈)မျိုး, <b>အကုသိုလ်စေတနာ</b> (၁၂)မျိုး - ပေါင်း (၂၀)သော <b>ကုသိုလ်စေတနာ အကုသိုလ်စေတနာ</b>တွေ ထိုက်သလို ဖြစ်ကြတယ်။ အဲဒီ ကုသိုလ်-အကုသိုလ် <b>စေတနာ</b>တွေကိုလည်း <b>ကာယသင်္ခါရ</b>လို့ ခေါ်တယ်။ ဝင်လေ-ထွက်လေဆိုတဲ့ <b>အဿာသ-ပဿာသ</b>ကိုလည်း <b>ကာယသင်္ခါရ</b>လို့ပဲ ခေါ်ဆိုကြတယ်။</p> <p>မေးကို လှုပ်ရှားအောင် ပြုလုပ်တဲ့အခါ, အသံကိုထွက်ပေါ်လာအောင် ပြုလုပ်တဲ့အခါ <b>ဝစီဒွါရ</b>မှာ ဖြစ်ပေါ်လာတဲ့ ပြောခဲ့ပြီးတဲ့ <b>ကုသိုလ်စေတနာ အကုသိုလ်စေတနာ</b> (၂၀)ကိုလည်း <b>ဝစီသင်္ခါရ</b>လို့ ခေါ်ဆိုကြတယ်။ စကားသံ ဖြစ်အောင် ကြံစည်မှု (= <b>ဝိတက်</b>), ဆင်ခြင်မှု (= <b>ဝိစာရ</b>)ကိုလည်း <b>ဝစီသင်္ခါရ</b>လို့ ခေါ်ဆိုကြတယ်။</p> <p>တစ်ဖန် <b>ကာယဒွါရ ဝစီဒွါရ</b>တွေမှာ လှုပ်ရှားမှု မရှိဘဲ ဆိတ်ကွယ်ရာ တစ်နေရာမှာ ထိုင်ပြီး စဉ်းစားခန်းဝင်နေတဲ့အခါ <b>မနောဒွါရ</b>မှာ ဖြစ်ပေါ်လာတဲ့ <b>အကုသိုလ်စေတနာ</b> (၁၂), <b>ကာမာဝစရကုသိုလ်စေတနာ</b> (၈), <b>ရူပါဝစရ</b>+ <b>အရူပါဝစရကုသိုလ်စေတနာ</b> (၉) - ပေါင်း (၂၉)မျိုးသော <b>ကုသိုလ်စေတနာ</b> တွေကိုလည်း <b>စိတ္တသင်္ခါရ</b>လို့ ခေါ်ဆိုကြတယ်။ <b>သညာ</b>နှင့် <b>ဝေဒနာ</b> တရားနှစ်မျိုး ကိုလည်း <b>စိတ္တသင်္ခါရ</b>လို့ ခေါ်ဆိုကြတယ်။ ဒါကြောင့် ဒီ<b>ကာယသင်္ခါရ ဝစီ သင်္ခါရ စိတ္တသင်္ခါရ</b>တွေဟာ အချင်းချင်း ရောထွေးနေကြတယ်၊ လှုပ်ချောက် ချားလို့ ရနိုင်တဲ့တရားတွေ ဖြစ်ကြတယ်၊ မကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေရဲ့ ဉာဏ်မှာ မထင်ရှားတဲ့ တရားမျိုးတွေ ဖြစ်ကြတယ်၊ နားလည်အောင် ထင်ထင်ရှားရှား ပြဖို့ရန် ခက်ခဲတဲ့တရားတွေ ဖြစ်ကြတယ်။ ဒီတရားတွေကို ထင်ထင်ရှားရှား သိရှိလာအောင် အဖြေတွေကို သူက နာယူချင်တယ်၊ ဒါကြောင့် သူက ဒီမေးခွန်းကို မေးတာ ဖြစ်တယ်။ အရှင်<b>ကာမဘူ</b> မထေရ်မြတ်ကလည်း သူ့ရဲ့ရည်ရွယ်ချက် ဦးတည်ချက်ကို သိနေပါတယ်။</p> <p>ဒီ<b>သင်္ခါရ</b>အသုံးအနှုန်းက ဘုန်းကြီးတို့စာပေနယ်မှာ <b>ဗုဒ္ဓအဘိဓမ္မာ</b>နယ်ပယ် မှာ အသုံးအနှုန်းတွေ တော်တော်များတယ်။</p> <p><b>ပုညာဘိသင်္ခါရော အပုညာဘိသင်္ခါရော အာနဉ္စာဘိသင်္ခါရော</b> - ဆိုပြီး တော့ ဟို ..<b>အဝိဇ္ဇာပစ္စယာ သင်္ခါရာ</b> - မှာလည်း <b>သင်္ခါရ</b>တစ်မျိုး လာတယ်။</p> <p><b>သဗ္ဗေ သင်္ခါရာ အနိစ္စာတိ၊ ယဒါ ပညာယ ပဿတိ</b> ...စသည်ဖြင့် အဲဒီမှာလည်း <b>ဒုက္ခသစ္စာ</b> အမည်ရနေတဲ့ တစ်ဆယ့်တစ်မျိုးသော အခြင်း အရာအားဖြင့် တည်နေတဲ့ <b>ဥပါဒါနက္ခန္ဓာ</b>ငါးပါး, <b>သမုဒယသစ္စာ</b> အမည်ရတဲ့ ကြောင်းကျိုးဆက် <b>ပဋိစ္စသမုပ္ပါဒ်</b> သဘောတရားတွေကိုလည်း <b>သင်္ခါရ</b>ဆိုပြီး ဟောထားတော်မူတာတွေ ရှိတယ်။</p> <p><b>ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ</b>ဆိုပြီး အဲဒီ <b>ခန္ဓာ</b>ငါးပါးမှာလည်း <b>ဝေဒနာ သညာ</b>မှ လွဲလျှင် ကျန်စေတသိက် အလုံး (၅၀)တို့ကို <b>သင်္ခါရက္ခန္ဓာ</b>ဆိုပြီး ဟောထားတော်မူတာလည်း ရှိတယ်။</p> <p>အဲဒီလို <b>သင်္ခါရ</b>အမျိုးမျိုးတွေရှိနေတဲ့အထဲက စိတ္တသူကြွယ်ဒါယကာကြီးက <b>နိရောဓသမာပတ်</b>ကို ရည်ရွယ်ပြီးတော့ မေးနေတယ်ဆိုတာ သိတဲ့အတွက် ဒါယကာကြီး ...<b>ကာယသင်္ခါရ ဝစီသင်္ခါရ စိတ္တသင်္ခါရ</b>ဆိုပြီး <b>သင်္ခါရ</b>သုံးမျိုး ရှိတယ်လို့ ပြန်ပြီးတော့ အဖြေပေးလိုက်တယ်။</p> <h3><b>ကာယသင်္ခါရ</b></h3> <p>အဲဒီအချိန်မှာ - အရှင်ဘုရား ...<b>ကာယသင်္ခါရ</b>ဆိုတာ ဘာလဲ? ဟော သူက ထပ်ဆင့်လာပြီ။ <b>ဝစီသင်္ခါရ</b>ဆိုတာ ဘာလဲ? <b>စိတ္တသင်္ခါရ</b>ဆိုတာ ဘာကို ခေါ်ပါသလဲ? ထပ်ပြီးတော့ မေးမြန်းပြန်တယ်။</p> <p>တရားမှာ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်နေတဲ့ ပုဂ္ဂိုလ်များ တစ်နည်း အားဖြင့်ပြောလျှင်တော့ <b>နိရောဓသမာပတ်</b>ကို ဝင်စားနိုင်တဲ့စွမ်းအား ရှိနေတဲ့ <b>အရိယာ</b>သူတော်ကောင်းကြီးတွေ အချင်းချင်း ခေါင်းချင်းရိုက်ပြီးတော့ ဆွေး နွေးနေတဲ့ တရားပွဲလေးတစ်ခုပဲနော်။</p> <p>အဲဒီလို မေးလိုက်တဲ့အချိန်အခါကျတော့ အရှင်<b>ကာမဘူ</b> မထေရ်မြတ် ကြီးက ဘာပြန်ပြီးတော့ အဖြေပေးသလဲ? --</p> <p><b>အဿာသပဿာသာ ခေါ ဂဟပတိ ကာယသင်္ခါရော၊ ဝိတက္ကဝိစာရာ ဝစီသင်္ခါရော၊ သညာ စ ဝေဒနာ စ စိတ္တသင်္ခါရော။</b></p> <p><b>အဿာသ-ပဿာသ</b> ဝင်သက်လေ-ထွက်သက်လေကို <b>ကာယသင်္ခါရ</b> လို့ ခေါ်တယ်။</p> <p><b>ဝိတက်</b>နှင့် <b>ဝိစာရ</b> တရားနှစ်ပါးကို <b>ဝစီသင်္ခါရ</b>လို့ ခေါ်တယ်။</p> <p><b>သညာ</b>နှင့် <b>ဝေဒနာ</b> - ဒီတရား နှစ်ပါးကျတော့ <b>စိတ္တသင်္ခါရ</b>လို့ ခေါ်တယ် ဒါယကာကြီး --</p> <p>ဆိုပြီးတော့ ပြန်ဖြေတယ်။</p> <p>အဲဒီလို ဖြေလိုက်တဲ့ အချိန်အခါမှာ စိတ္တသူကြွယ် ဒါယကာကြီးဘက်က လည်း အရှင်ဘုရား ... ဘယ်လို အကြောင်းကြောင့် ဝင်သက်လေ- ထွက်သက်လေ <b>အဿာသ-ပဿာသ</b>ကို <b>ကာယသင်္ခါရ</b>လို့ ခေါ်ပါသလဲ? <b>ဝိတက်</b>နှင့် <b>ဝိစာရ</b> တရားနှစ်ပါးကို <b>ဝစီသင်္ခါရ</b>လို့ ခေါ်ပါသလဲ? <b>သညာ</b>နှင့် <b>ဝေဒနာ</b> တရားနှစ်ပါးကို <b>စိတ္တသင်္ခါရ</b>လို့ ခေါ်ပါသလဲလို့ - ပြန်ပြီးတော့ မေးတယ်။ အဲဒီလို ပြန်မေးလိုက်တဲ့ အချိန်အခါကျတော့မှ ...</p> <p><b>အဿာသပဿာသာ ခေါ ဂဟပတိ ကာယိကာ ဧတေ ဓမ္မာ ကာယပ္ပဋိဗဒ္ဓါ၊ တသ္မာ အဿာသပဿာသာ ကာယသင်္ခါရော။</b></p> <p><b>ဂဟပတိ</b> = ဒါယကာကြီး ...။ <b>အဿာသပဿာသာ</b> = ဝင်လေ-ထွက် လေဟု ခေါ်ဆိုအပ်တဲ့ <b>အဿာသ-ပဿာသ</b>တရားတို့သည်ကား။ <b>ကာယိကာ</b> = <b>ကာရဇကာယ</b>ကို မှီ၍ ဖြစ်နေကြကုန်၏။ <b>ဧတေ ဓမ္မာ</b> = ထို <b>အဿာသ- ပဿာသ</b>တရားတို့သည်ကား။ <b>ကာယပ္ပဋိဗဒ္ဓါ</b> = <b>ကာရဇကာယ</b>နှင့် ဆက်စပ် ၍ ဖြစ်နေကြကုန်၏။ <b>တသ္မာ</b> = ထိုကြောင့်။ <b>အဿာသပဿာသာ</b> = <b>အဿာသ-ပဿာသ</b>တို့သည်။ <b>ကာယသင်္ခါရော</b> = <b>ကာယသင်္ခါရ</b> မည်၏။</p> <p>ဒါယကာကြီး ... ဝင်လေ-ထွက်လေဆိုတာ <b>ကာရဇကာယ</b>နှင့် ဆက်စပ် နေတယ်။ <b>ကာရဇကာယ</b>ဆိုတာကတော့ ဒီခန္ဓာအိမ်မှာ တည်ရှိနေတဲ့ ကံ စိတ် ဥတု အာဟာရ အကြောင်းတရားလေးပါးကြောင့် ထင်ရှားဖြစ်နေတဲ့ ရုပ်တရားအပေါင်းကို <b>ကာရဇကာယ</b>လို့ ခေါ်တယ်။</p> <p>အဲဒီ<b>ကာရဇကာယ</b>နှင့် ဒီ<b>အဿာသ-ပဿာသ</b> ခေါ်တဲ့ ဝင်လေ-ထွက်လေ တွေဟာ ဆက်စပ်ပြီးတော့ ဖြစ်နေတယ်၊ ဒီ<b>ကာရဇကာယ</b>ကို မှီပြီး ဖြစ်နေ တယ်။ ဒါကြောင့် ဝင်သက်လေ-ထွက်သက်လေ (= <b>အဿာသ-ပဿာသ</b>)ကို <b>ကာယသင်္ခါရ</b>လို့ ခေါ်ပါတယ်။</p> <p>နည်းနည်း နားလည်လွယ်အောင် ထပ်ပြောမယ်နော်။ ဒီခန္ဓာအိမ်ကြီး မရှိတော့ဘူးဆိုလျှင် အသက်ရှူတာ ရှိဦးမလား? မရှိတော့ဘူး။ ခန္ဓာအိမ်ကို ဓာတ်ခွဲလိုက်တော့ <b>ကမ္မဇရုပ် စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်</b> ဆိုပြီး ရုပ်လေးမျိုး ထွက်လာတယ်။ ဒါကြောင့် အဲဒီရုပ်လေးမျိုးကို <b>ကာရဇကာယ</b>လို့ ခေါ်တယ်။ ဒီလို ရှင်းပြလိုက်တယ်။</p> <h3>ဝစီသင်္ခါရ</h3> <p><b>ပုဗ္ဗေ ခေါ ဂဟပတိ ဝိတက္ကေတွာ ဝိစာရေတွာ ပစ္ဆာ ဝါစံ ဘိန္ဒတိ၊ တသ္မာ ဝိတက္ကဝိစာရာ ဝစီသင်္ခါရော။</b></p> <p><b>ပုဗ္ဗေ ခေါ ဂဟပတိ ဝိတက္ကေတွာ ဝိစာရေတွာ</b> = ဒါယကာကြီး ... ရှေးဦးစွာ ကြံစည်စိတ်ကူး စဉ်းစားဆင်ခြင်ပြီးမှ။</p> <p><b>ပစ္ဆာ ဝါစံ ဘိန္ဒတိ</b> = နောက်ကာလကျမှ စကားပြောတယ်။</p> <p>ဒါကြောင့် <b>ဝိတက်</b>နှင့် <b>ဝိစာရ</b> နှစ်ပါးကို <b>ဝစီသင်္ခါရ</b>လို့ခေါ်ဆိုအပ်တဲ့ <b>ဝစီ</b> စကားသံကလေး ဖြစ်ပေါ်လာအောင် ပြုပြင်ပေးနေတဲ့ တရားတွေလို့ ဒီလို ခေါ်တယ်။</p> <p>စဉ်းစားကြည့်စမ်း! က လို့ ပြောချင်နေတဲ့ ကြံစည်စိတ်ကူးမှု သုံးသပ် ဆင်ခြင်မှု <b>ဝိတက် ဝိစာရ</b> ရှိတယ်၊ အဲဒီလိုရှိလာတဲ့အခါ က ဆိုတဲ့ အသံလေး တစ်ခု ပေါ်မလာဘူးလား? ပေါ်လာတယ်။</p> <p>ခ လို့ ပြောချင်နေတဲ့ ကြံစည်စိတ်ကူးမှု သုံးသပ်ဆင်ခြင်မှု <b>ဝိတက် ဝိစာရ</b> ရှိတယ်။ ရှိလာလို့ရှိလျှင် ခ လို့ပြောနေတဲ့ အသံတစ်ခု ပေါ်မလာဘူးလား? ပေါ်လာတယ်။</p> <p>က ခ စသည်ဖြင့် ဒီလိုအသံလေးတွေကို ပြုပြင်ပေးတာ၊ မပြောခင်မှာ ကြိုတင်ပြီးတော့ ဘာလုပ်သလဲ? ငါ က လို့ ပြောမယ်၊ ငါ ခ လို့ ပြောမယ် ဆိုတဲ့ ကြိုတင်စိတ်ကူးမှု ကြံစည်တွေးတောမှု ကြံစည်စဉ်းစားဆင်ခြင်မှု မရှိဘူးလား? ရှိတယ်။ ရှိနေတဲ့အတွက်ကြောင့် ဒီ<b>ဝိတက် ဝိစာရ</b> တရားနှစ်ပါး ကို <b>ဝစီသင်္ခါရ</b> = <b>ဝစီ</b>စကားသံ ဖြစ်ပေါ်လာအောင် ပြုပြင်ပေးနေတဲ့တရားလို့ ဒီလိုခေါ်တယ် ဆိုပြီး အရှင်<b>ကာမဘူ</b>မထေရ်မြတ်က ရှင်းပြလိုက်တယ်။</p> <h3>စိတ္တသင်္ခါရ</h3> <p><b>သညာ စ ဝေဒနာ စ စေတသိကာ ဧတေ ဓမ္မာ စိတ္တပ္ပဋိဗဒ္ဓါ၊ တသ္မာ သညာ စ ဝေဒနာ စ စိတ္တသင်္ခါရော။</b></p> <p>မှတ်သားတတ်တဲ့ သဘောကလေးက <b>သညာ</b>၊ အဖြူ အနီ အဝါစသည် ဖြင့် အာရုံကို မှတ်သားတတ်တဲ့သဘောပဲ။ ဟုတ်တာလည်း မှတ်တယ်၊ မဟုတ်တာလည်း မှတ်တယ်။ သား သမီး ဇနီး မြေး မြစ် ဒီလိုလည်း မမှတ် ဘူးလား? မှတ်တယ်။ ရွှေ ငွေ လယ် ယာ ဒီလိုလည်း မှတ်မထားဘူးလား? မှတ်ထားတယ်။ ရုပ်တရား နာမ်တရားလို့လည်း မမှတ်ဘူးလား? မှတ်တယ်။ <b>ဖဿ ဝေဒနာ သညာ</b> စသည်ဖြင့် မမှတ်ဘူးလား? မှတ်တယ်။ မှန်တာတွေ လည်း မှတ်တယ်၊ မှားတာတွေလည်း မှတ်တယ်။</p> <p><b>ဝေဒနာ</b>က ခံစားမှု၊ ချမ်းသာတဲ့ ခံစားမှု, ဆင်းရဲတဲ့ ခံစားမှု, အလယ် အလတ် ခံစားမှု - အားလုံးပဲ။</p> <p>အဲဒီ <b>သညာ ဝေဒနာ</b> တရားနှစ်ပါးက <b>စိတ္တပ္ပဋိဗဒ္ဓ</b> = စိတ်နှင့်ဆက်စပ်ပြီး ဖြစ်နေတယ်။ <b>စေတသိက</b> = စိတ်မှာ မှီပြီး ဖြစ်နေတယ်။</p> <p>ဒါကြောင့် သူတို့ကို <b>စိတ္တသင်္ခါရ</b> = စိတ်ကိုဖြစ်ပေါ်လာအောင် ပြုပြင် ပေးနေတဲ့ တရားတွေလို့ ဒီလို ဆိုလိုပါတယ်။</p> <p>သားနှင့်ပတ်သက်လို့ စိတ်ကူးကြံစည်မှုတွေ ပေါ်လာတယ်၊ သားဆိုတဲ့ မှတ်သားမှုကို အခြေခံတယ်၊ သားနှင့်ပတ်သက်တဲ့ ခံစားချက်ကလေးတွေကို အခြေခံတယ်။</p> <p>သမီးနှင့်ပတ်သက်တဲ့ ကြံစည်စိတ်ကူးမှုတွေ စိတ်တွေ ပေါ်လာတယ်၊ သမီးဆိုတဲ့ မှတ်သားမှုနှင့် သမီးနှင့်ပတ်သက်တဲ့ ခံစားချက်ကလေးတွေကို အခြေခံတယ်။</p> <p>ဒါကြောင့် ဒီ <b>သညာ ဝေဒနာ</b> တရားနှစ်ပါးက စိတ်နှင့်ဆက်စပ်ပြီးတော့ စိတ်ကို မှီဖြစ်နေတဲ့အတွက် <b>စိတ္တသင်္ခါရ</b> = စိတ်ကို ဖြစ်ပေါ်လာအောင် ပြုပြင်ပေးနေတယ်လို့ ဒီလို ဆိုလိုပါတယ်။</p> <p>အဲဒီလို ရှင်းပြလိုက်တဲ့အချိန်အခါကျတော့ နောက်ထပ်တစ်ဆင့် သူက တစ်ခါထပ်ပြီး မေးတယ်နော်။ --</p> <h3><b>သညာဝေဒယိတနိရောဓသမာပတ်</b></h3> <p><b>ကထံ ပန ဘန္တေ သညာဝေဒယိတနိရောဓသမာပတ္တိ ဟောတိ။</b></p> <p>အရှင်ဘုရား ...<b>သညာဝေဒယိတနိရောဓသမာပတ်</b>လို့ ခေါ်ဆိုအပ်တဲ့ <b>သညာ ဝေဒနာ</b>တို့ရဲ့ ချုပ်ရာဖြစ်တဲ့ <b>နိရောဓသမာပတ်</b>ကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဝင်စားရပါသလဲ? ဝင်စားလျှင် ဘယ်လိုဝင်စားသလဲ ဘယ်လိုဖြစ်ပေါ်လာသလဲလို့ ဒီလိုမေးတယ်။</p> <p>ဘာရည်ရွယ်ချက်နှင့် သူက မေးသလဲလို့ဆိုတော့ အရှင်<b>ကာမဘူ</b>မထေရ် သည် <b>နိရောဓသမာပတ်</b>ကို ဝင်စားသလား မဝင်စားဘူးလား သူက သိချင် နေတယ်။</p> <p>သိချင်နေတဲ့ ဒီရည်ရွယ်ချက်နှင့် သူက ဒီ<b>နိရောဓသမာပတ်</b>ကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဝင်စားရပါသလဲလို့ ဒီမေးခွန်းကို သူက မေးတာ။ အဲဒီလိုမေးလိုက်တဲ့အချိန်အခါမှာ အရှင်<b>ကာမဘူ</b>မထေရ်မြတ်က ဘယ်လို ပြန်ဖြေသလဲ? --</p> <p><b>န ခေါ ဂဟပတိ သညာဝေဒယိတနိရောဓံ သမာပဇ္ဇန္တဿ ဘိက္ခုနော ဧဝံ ဟောတိ အဟံ သညာဝေဒယိတနိရောဓံ သမာပဇ္ဇိဿန္တိ ဝါ၊ အဟံ သညာဝေဒယိတနိရောဓံ သမာပဇ္ဇာမီတိ ဝါ၊ အဟံ သညာဝေဒယိတနိရောဓံ သမာပန္နောတိ ဝါ။ အထ ခွဿ ပုဗ္ဗေဝ တထာ စိတ္တံ ဘာဝိတံ ဟောတိ၊ ယံ တံ တထတ္တာယ ဥပနေတိ။</b></p> <p><b>ဂဟပတိ</b> = ကျောင်းဒါယကာကြီး ...။ <b>သညာဝေဒယိတနိရောဓံ</b> = <b>သညာဝေဒယိတနိရောဓ</b> အမည်ရတဲ့ <b>နိရောဓသမာပတ်</b>ကို။ <b>သမာပဇ္ဇန္တဿ</b> = ဝင်စားနေတဲ့။ <b>ဘိက္ခုနော</b> = ရဟန်းတော်အဖို့။ <b>ဧဝံ</b> = ဤသို့သော စိတ် အကြံအစည်သည်။ <b>န ခေါ ဟောတိ</b> = မဖြစ်သည်သာတည်း။</p> <p><b>သညာ ဝေဒနာ</b>တို့ရဲ့ ချုပ်ရာ..ဆိုတာကတော့ <b>သညာ</b>နှင့် <b>ဝေဒနာ</b>ကို ဦးတည်ဖြေတာပါပဲ။ စိတ်-စေတသိက်အားလုံး ချုပ်တဲ့ <b>သမာပတ်</b>ပါ။</p> <p><b>သညာ ဝေဒနာ</b>ဆိုတာက <b>သဗ္ဗစိတ္တသာဓာရဏစေတသိက်</b>တွေ ဖြစ်တော့ စိတ်အားလုံးနှင့် ဆက်ဆံနေတယ်။ <b>သညာ ဝေဒနာ</b> မပါတဲ့ စိတ်ဆိုတာ မရှိကောင်းဘူး။ မရှိကောင်းတဲ့အတွက် <b>သညာ ဝေဒနာ</b> ချုပ်လျှင် <b>သညာ ဝေဒနာ</b>နှင့် ယှဉ်တွဲနေတဲ့ စိတ်-စေတသိက်တွေလည်း အကုန်လုံး ချုပ်တယ်လို့ ဆိုလိုပါတယ်။ စိတ်-စေတသိက်တွေ ချုပ်သွားတဲ့အတွက် စိတ်-စေတသိက် တွေကြောင့်ဖြစ်တဲ့ <b>စိတ္တဇရုပ်</b>တွေလည်း ချုပ်သွားကြပါတယ်။</p> <p>အဲဒီ စိတ်-စေတသိက်တွေ အားလုံးချုပ်နေတဲ့ <b>သမာပတ်</b>ကို <b>နိရောဓ သမာပတ်</b>လို့ခေါ်တယ်။ ထို<b>နိရောဓသမာပတ်</b>ကိုဝင်စားနေတဲ့ ရဟန်းတော်ရဲ့ သန္တာန်မှာ ဒီလို စိတ်အကြံအစည် မဖြစ်ဘူး။ ဘယ်လို မဖြစ်သလဲ?</p> <p><b>အဟံ</b> = ငါသည်။ <b>သညာဝေဒယိတနိရောဓံ</b> = <b>သညာဝေဒနာ</b>တို့ရဲ့ ချုပ်ရာဖြစ်တဲ့ <b>နိရောဓသမာပတ်</b>ကို။ <b>သမာပဇ္ဇိဿန္တိ ဝါ</b> = ဝင်စားအံ့ဟူ၍ လည်းကောင်း။ <b>အဟံ</b> = ငါသည်။ <b>သညာဝေဒယိတနိရောဓံ</b> = <b>သညာဝေဒနာ</b> တို့ရဲ့ ချုပ်ရာဖြစ်တဲ့ <b>နိရောဓသမာပတ်</b>ကို။ <b>သမာပဇ္ဇာမီတိ ဝါ</b> = ဝင်စား၍ နေ၏ဟူ၍လည်းကောင်း။ <b>အဟံ</b> = ငါသည်။ <b>သညာဝေဒယိတနိရောဓံ</b> = <b>သညာ ဝေဒနာ</b>တို့ရဲ့ ချုပ်ရာဖြစ်တဲ့ <b>နိရောဓသမာပတ်</b>ကို။ <b>သမာပန္နောတိ ဝါ</b> = ဝင်စားပြီးပြီဟူ၍လည်းကောင်း။ <b>ဧဝံ</b> = ဤသို့သော စိတ်အကြံအစည် သည်။ <b>န ခေါ ဟောတိ</b> = မဖြစ်သည်သာတည်း။</p> <p><b>သညာ ဝေဒနာ</b>တို့ရဲ့ ချုပ်ရာဖြစ်တဲ့ <b>နိရောဓသမာပတ်</b>ကို ဝင်စားမည့် ပုဂ္ဂိုလ်သည် ငါသည် <b>သညာ ဝေဒနာ</b>တို့ရဲ့ ချုပ်ရာဖြစ်တဲ့ <b>နိရောဓသမာပတ်</b> ကို ဝင်စားတော့မယ် ဒီလိုစိတ်ထားလည်း မဖြစ်ဘူး။</p> <p>ငါသည် <b>သညာ ဝေဒနာ</b>တို့ရဲ့ ချုပ်ရာဖြစ်တဲ့ <b>နိရောဓသမာပတ်</b>ကို ဝင်စားနေမယ် ဒီလို စိတ်ထားလည်း မဖြစ်ပါဘူး။</p> <p>ဘယ်အခိုက် ပြောနေသလဲဆိုတော့ ငါသည် <b>သညာ ဝေဒနာ</b>တို့ရဲ့ ချုပ်ရာ ဖြစ်တဲ့ <b>နိရောဓသမာပတ်</b>ကို ဝင်စားတော့မယ်ဆိုတဲ့အပိုင်း, ငါသည် <b>သညာ ဝေဒနာ</b>တို့ရဲ့ ချုပ်ရာဖြစ်တဲ့ <b>နိရောဓသမာပတ်</b>ကို ဝင်စားနေတယ်ဆိုတဲ့အပိုင်း၊ ဒီအပိုင်းတွေကို ပြောနေတယ်။</p> <p>အဲဒီစိတ်ထားလေးတွေ မရှိဘူး ဆိုတာကတော့ <b>နေဝသညာနာသညာ ယတနစျာန်သမာပတ်</b>ကို ဝင်စားနေတဲ့ အချိန်အခါကို ရည်ညွှန်းထားတယ် ဆိုပြီး အဋ္ဌကထာက ဖွင့်ဆိုထားပါတယ်။ (သံ၊ဋ္ဌ၊၃၊၁၃၃။)</p> <p>ငါသည် <b>သညာ ဝေဒနာ</b>တို့ရဲ့ ချုပ်ရာဖြစ်တဲ့ <b>နိရောဓသမာပတ်</b>ကို ဝင်စား ပြီးပြီဆိုတဲ့အပိုင်းကတော့ <b>နိရောဓသမာပတ်</b>ကို ဆိုက်နေတဲ့အပိုင်းလေးကို ရည်ညွှန်းထားတယ်။ (သံ၊ဋ္ဌ၊၃၊၁၃၃။)</p> <p>ဝင်စားတော့မယ်၊ ဝင်စားနေပြီ - ဒီလိုစိတ်ထားမျိုး မဖြစ်ဘူးဆိုတာ ကတော့ စိတ်ရှိနေသေးတဲ့ <b>သစိတ္တက-ကာလ</b>လို့ ခေါ်ဆိုအပ်တဲ့ <b>နေဝသညာ နာသညာယတနစျာန်</b>ကို ဝင်စားနေတဲ့ အချိန်ကာလလေးကို ရည်ရွယ်တယ်။ဝင်စားပြီးပြီဆိုတဲ့ စိတ်ထား မရှိဘူးဆိုတာကတော့ <b>နိရောဓသမာပတ်</b> ဆိုက်သွားတဲ့ <b>အစိတ္တက-ကာလ</b> စိတ်မရှိတဲ့အချိန်အခါကာလကို ရည်ညွှန်း ထားတယ်ဆိုပြီး အဋ္ဌကထာက ဖွင့်ဆိုထားတယ်။ (သံ၊ဋ္ဌ၊၃၊၁၃၃။)</p> <p>ဒီစကားကို ဗြုန်းကနဲ နားလည်ချင်မှ နားလည်မယ်နော်။ နားလည်နိုင် အောင် ဘုန်းကြီး ထပ်ပြီးတော့ ကြိုးစားပြီး ပြောပါမယ်။ ရှေ့ကပြောခဲ့တဲ့ <b>သမာပတ်</b>ရှစ်ပါးက ဒီမေးခွန်းတွေကို နည်းနည်းလေး အခြေခံထားတယ်။</p> <p>ဘုန်းကြီးရဲ့ ရည်ရွယ်ချက်ကတော့ ဒီ ပရိသတ်ထဲမှာပေါ့ .. ဒီလို <b>သမာပတ်</b>တွေကို ဝင်စားနိုင်တဲ့ စွမ်းအားရှိတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မွန်တွေ သာသနာတော်မှာ ပေါ်လာမယ်ဆိုလျှင်ပေါ့ .. ဘုန်းကြီး သိပ်ဝမ်းသာမယ်၊ ဒါယကာကြီးတွေ ဒါယိကာမကြီးတွေလည်း ဝမ်းမသာဘူးလား? ဝမ်းသာ ကြမယ်။ ကိုယ့်သာသနာတော်ကြီးဟာ ဒီလို အားကိုးရာ ထောက်တည်ရာ ရနိုင်တဲ့ တရားထူး တရားမြတ်တွေ အဆင့်မြင့်မြင့် ရှိနေတယ်ဆိုတာလေးကို သိစေချင်လို့ပါနော်။</p> <p>အဲဒီတော့ ဒီနေရာမှာ <b>ဖလသမာပတ်</b>နှင့် <b>နိရောဓသမာပတ်</b>ရဲ့ ခြားနားချက် ကလေးကိုတော့ နည်းနည်းပြောချင်တယ်။ <b>ဖလသမာပတ်</b>ဆိုတာက ဘာလဲ?</p> <h3><b>ဖလသမာပတ်</b></h3> <p><b>တတ္ထ ကာ ဖလသမာပတ္တီတိ ယာ အရိယဖလဿ နိရောဓေ အပ္ပနာ။</b></p> <p>ဒါ <b>ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ</b> ဒုတိယတွဲ စာမျက်နှာ (၃၄၁) မှာ ဖွင့်ဆိုထားတဲ့ အဖွင့်ပဲ။ <b>ဖလသမာပတ်</b>ဆိုတာက ဘာလဲလို့မေးတော့ --</p> <p><b>အရိယဖလဿ နိရောဓေ အပ္ပနာ</b> = <b>အရိယဖိုလ်</b>စိတ်တွေက <b>နိရောဓ</b> အမည်ရနေတဲ့ <b>နိဗ္ဗာန်</b>တရားတော်မြတ်၌ <b>အပ္ပနာစျာန်</b>ရဲ့စွမ်းအားဖြင့် ဖြစ်ပေါ် နေမှု။ ပွင့်ပွင့်လင်းလင်း ထပ်ပြီးတော့ နည်းနည်းနားလည်အောင် ထပ်ပြော ရလျှင် အသစ်တစ်ခါ <b>နိဗ္ဗာန်</b>ကို အာရုံယူပြီး <b>အရိယဖိုလ်</b>စိတ်တွေ ဆက်တိုက် ဖြစ်နေမှုကို <b>ဖလသမာပတ်</b>လို့ ခေါ်တယ်။</p> <p><b>ဖိုလ်စိတ်</b>ဆိုတာ ရှိသလား မရှိဘူးလား? ရှိတယ်။ <b>နိဗ္ဗာန်</b>ဆိုတာလည်း ရှိသလား မရှိဘူးလား? ရှိတယ်။ ထို<b>နိဗ္ဗာန်</b>က <b>အသင်္ခတဓာတ်နိဗ္ဗာန်</b>၊ ရုပ်တွေ နာမ်တွေ ထို<b>နိဗ္ဗာန်</b>မှာ လုံးလုံး မရှိဘူး။</p> <p>အရှုခံအာရုံဖြစ်တဲ့ <b>အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်</b>မှာ ရုပ်တရား နာမ်တရား လုံးလုံး မရှိဘူး။ ရုပ်နာမ်တို့ရဲ့ ချုပ်ဆုံးရာဖြစ်တဲ့ <b>အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်</b>ကို လှမ်းပြီး အာရုံယူနေတဲ့ <b>ဖိုလ်စိတ်</b>တွေကတော့ ရှိနေ ပါတယ်။</p> <p>အဲဒီ <b>ဖိုလ်စိတ်</b>တွေမှာ စိတ်-စေတသိက် ဘယ်နှစ်လုံး ရှိတယ်ဆိုတာက ယောဂီပုဂ္ဂိုလ်တွေ တကယ် <b>ဖလသမာပတ်</b> ဝင်စားနိုင်တဲ့အခါ <b>ဖလသမာပတ်</b> မှ အထ <b>ပစ္စဝေက္ခဏာဇောဝီထိစိတ်အစဉ်</b>ဖြင့် တစ်နည်းပြောလျှင် <b>ဝိပဿနာဉာဏ်</b>နှင့် ရှုကြည့်လျှင် ရေတွက်ကြည့်လျှင် ဟုတ်တိုင်းမှန်စွာ သိနိုင်တယ်။</p> <p>အကယ်၍ <b>ပထမစျာန်သမာဓိ</b>ကို အခြေခံပြီးတော့ ဒီ<b>ပထမစျာန် နာမ် တရား</b>တွေကို <b>အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး</b> သုံးတန်တင်ပြီး <b>ဝိပဿနာ</b> ရှုလို့ <b>အရိယမဂ်</b>ဆိုက်ခဲ့လျှင်တော့ အဲဒီပုဂ္ဂိုလ်ရဲ့ <b>ဖလသမာပတ်</b>မှာ စိတ်-စေတသိက် (၃၇)လုံး ရှိပါတယ်။</p> <p>ယောဂီပုဂ္ဂိုလ်က မိမိလည်း ဝင်စားနိုင်တဲ့စွမ်းရည် ရှိလျှင်တော့ <b>ဖလသမာ ပတ်</b>မှ အထ <b>ဝိပဿနာဉာဏ်</b>နှင့် ပြန်ပြီး ရေတွက်ကြည့်၊ သိနိုင်တယ်။ အဲဒီ စိတ်-စေတသိက် (၃၇)လုံးကို သိချင်လျှင်တော့ ဘာလုပ်ရမလဲ? လက်တွေ့ပဲ ကျင့်ပေတော့။</p> <p>ဒီတော့ ပြောလိုရင်းကတော့ ဘာလဲ? <b>ဖိုလ်ဝင်စားနေတယ်</b>ဆိုတဲ့လုပ်ငန်း ဟာ စိတ်-စေတသိက်ချုပ်တဲ့ <b>သမာပတ်</b> ဟုတ်သလား? မဟုတ်ဘူး။</p> <p>အရှုခံအာရုံဖြစ်တဲ့ <b>အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်</b>ဘက်မှာ စိတ်-စေတသိက် ရုပ်တရားတွေ မရှိဘူး၊ ရုပ်နာမ် မရှိတာ မှန်တယ်။ ရုပ်နာမ်တို့ရဲ့ ချုပ်ဆုံးရာဖြစ်တဲ့ ထို<b>အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်</b>ကို လှမ်းပြီး အာရုံ ယူနေတဲ့ <b>ဖိုလ်စိတ်</b>တွေကတော့ ထိုယောဂါဝစရပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဖြစ်သ လား မဖြစ်ဘူးလား? ဖြစ်နေတယ်။</p> <p>အရှုခံအာရုံဘက်မှာ ရုပ်နာမ် မရှိဘူး။ ရုပ်နာမ်မရှိရာဖြစ်တဲ့ <b>အသင်္ခတ ဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်</b>ကို လှမ်းပြီးသိနေတဲ့ <b>မဂ်စိတ် ဖိုလ်စိတ်</b> ဆိုတာတော့ မရှိဘူးလား? ရှိနေတယ်။ စိတ်-စေတသိက်ချုပ်တဲ့ <b>သမာပတ်</b> ဟုတ်သလား? မဟုတ်ဘူးနော်။ အဲဒီတော့ ဒီနေရာမှာ ...</p> <p><b>အရိယဖလဿ နိရောဓေ အပ္ပနာတိ အရိယဿ ဖလစျာနဿ နိဗ္ဗာနေ အာရမ္မဏဘူတေ အပ္ပနာကာရေန ပဝတ္တိ။</b></p> <p>ဆိုပြီးတော့ .. <b>မဟာဋီကာဆရာတော်</b>ကလည်း <b>ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ</b> ဒုတိယတွဲ စာမျက်နှာ (၅၁၅) မှာ ဖွင့်ဆိုထားပါတယ်။</p> <p><b>အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်</b> အာရုံမှာ <b>အပ္ပနာစျာန်</b>စွမ်းအား အခြင်းအရာအားဖြင့် <b>အရိယဖိုလ်</b>စိတ်တွေ အဆက်မပြတ်ဖြစ်နေမှုကိုပဲ <b>ဖလ သမာပတ်</b>လို့ ခေါ်ဆိုတယ်။</p> <p>ဒါကြောင့် <b>ဖလသမာပတ်</b>ဟူသည် စိတ်-စေတသိက်ချုပ်နေတဲ့ <b>သမာပတ်</b> ဟုတ်သလား? မဟုတ်ဘူး။ ဒါကိုတော့ ကွဲကွဲပြားပြား မှတ်ထားနော်။</p> <p>နောက်တစ်ခု - ဒီ<b>ဖလသမာပတ်</b>ကို ဘာ့ကြောင့် ဝင်စားကြသလဲလို့ မေးလျှင် <b>ဒိဋ္ဌဓမ္မသုခဝိဟာရ</b> - မျက်မှောက်ဘဝမှာ <b>နိဗ္ဗာနသုခ</b>ချမ်းသာကြီးကို (<b>သန္တိသုခ</b>အငြိမ်းဓာတ်ချမ်းသာအရသာကို) သုံးဆောင်ခံစားချင်တဲ့အတွက် ကြောင့် <b>အရိယာ</b>သူတော်ကောင်းများသည် ဒီ<b>ဖလသမာပတ်</b>ကို ဝင်စားကြ တယ်။</p> <p><b>သောတာပန်</b>ပုဂ္ဂိုလ်က <b>သောတာပတ္တိဖလသမာပတ်</b>ကို ဝင်စားနိုင်တယ်။ <b>သကဒါဂါမ်</b>ပုဂ္ဂိုလ်က <b>သကဒါဂါမိဖလသမာပတ်</b>၊ <b>အနာဂါမ်</b>ပုဂ္ဂိုလ်က <b>အနာ ဂါမိဖလသမာပတ်</b>၊ <b>ရဟန္တာ</b>ပုဂ္ဂိုလ်က <b>အရဟတ္တဖလသမာပတ်</b>ကို အသီး အသီး ဝင်စားလို့ရပါတယ်။ <b>နိရောဓသမာပတ်</b>ကျတော့ ဘယ်လိုလဲ?</p> <h3><b>နိရောဓသမာပတ်</b></h3> <p><b>ကာ နိရောဓသမာပတ္တီတိ ယာ အနုပုဗ္ဗနိရောဓဝသေန စိတ္တစေတသိကာနံ ဓမ္မာနံ အပ္ပဝတ္တိ။</b> (ဝိသုဒ္ဓိ၊၂၊၃၄၄။)</p> <p><b>နိရောဓသမာပတ်</b>ဆိုတာ အစဉ်အတိုင်း ချုပ်သည်၏ အစွမ်းအားဖြင့် စိတ်-စေတသိက်တို့ရဲ့ မဖြစ်ခြင်းသဘောကို <b>နိရောဓသမာပတ်</b>လို့ ခေါ်တယ်။</p> <p>ဒီတော့ <b>နိရောဓသမာပတ်</b>ဆိုတာကတော့ စိတ်-စေတသိက်တွေ ချုပ်တဲ့ <b>သမာပတ်</b>။ အဲဒီ<b>သမာပတ်</b>ကို ဘယ်လိုပုဂ္ဂိုလ်က ဝင်စားနိုင်သလဲလို့မေးလျှင် <b>လောကီစျာန်သမာပတ်</b> (၈)ပါးကိုရတဲ့ <b>အနာဂါမ်</b> သို့မဟုတ် <b>ရဟန္တာ</b> တစ်ဦးဦး သော်လည်း ဖြစ်ရမယ်။</p> <p><b>လောကီစျာန်သမာပတ်</b> (၈)ပါးကို ရရှိခြင်း, <b>အနာဂါမ်</b>ပုဂ္ဂိုလ် ဖြစ်ခြင်း သို့မဟုတ် <b>ရဟန္တာ</b>ပုဂ္ဂိုလ်ဖြစ်ခြင်း - ဆိုတဲ့ ဒီအင်္ဂါနှစ်ချက်စုံညီမှသာလျှင် ဒီ <b>နိရောဓသမာပတ်</b>ကို ဝင်စားလို့ရတယ်။ အဲဒီ <b>နိရောဓသမာပတ်</b>ကတော့ စိတ်-စေတသိက် လုံးလုံး ချုပ်နေတယ်။</p> <p>ဘာကြောင့် ဒီ <b>အနာဂါမ် ရဟန္တာ အရိယာ</b>သူတော်ကောင်းကြီးတွေက ဒီ<b>နိရောဓသမာပတ်</b>ကို ဝင်စားကြသလဲလို့မေးလျှင် --</p> <p><b>ကသ္မာ သမာပဇ္ဇန္တီတိ သင်္ခါရာနံ ပဝတ္တိဘေဒေ ဥက္ကဏိ္ဌတွာ ဒိဋ္ဌေဝ ဓမ္မေ အစိတ္တကာ ဟုတွာ နိရောဓံ နိဗ္ဗာနံ ပတွာ သုခံ ဝိဟရိဿာမာတိ သမာပဇ္ဇန္တိ။</b> (ဝိသုဒ္ဓိ၊၂၊၃၄၇။)</p> <p><b>ကသ္မာ သမာပဇ္ဇန္တီတိ</b> = အဘယ်ကြောင့် ဝင်စားကြသနည်းဟူမူကား။ <b>သင်္ခါရာနံ</b> = ရုပ်နာမ်ဓမ္မ <b>သင်္ခါရ</b>တရားတို့၏။ <b>ပဝတ္တိဘေဒေ</b> = ဖြစ်ခြင်း ပျက်ခြင်း အထူး၌။ <b>ဥက္ကဏိ္ဌတွာ</b> = ငြီးငွေ့တော်မူကြကုန်သည်ဖြစ်၍။ <b>ဒိဋ္ဌေဝ ဓမ္မေ</b> = မျက်မှောက်သော ကိုယ်၏အဖြစ်၌ပင်လျှင်။ <b>အစိတ္တကာ ဟုတွာ</b> = စိတ်မရှိကြကုန်သည် ဖြစ်၍။<b>နိရောဓံ နိဗ္ဗာနံ</b> = စိတ်-စေတသိက်တို့ရဲ့ ချုပ်ငြိမ်းမှုလို့ခေါ်ဆိုအပ်တဲ့ <b>အနုပါဒိသေသနိဗ္ဗာနဓာတ်</b>သို့။ <b>ပတွာ</b> = ရောက် ရှိ၍ နေကြကုန်သကဲ့သို့။ <b>သုခံ</b> = ချမ်းချမ်းသာသာ။ <b>ဝိဟရိဿာမ</b> = နေထိုင် ကြပါကုန်အံ့။ <b>ဣတိ</b> = ဤသို့ နှလုံးပိုက်၍။ <b>သမာပဇ္ဇန္တိ</b> = ဝင်စားတော်မူ ကြလေကုန်၏။</p> <p><b>သင်္ခါရ</b>တွေရဲ့ ဖြစ်မှု ပျက်မှု အထူးကို လှမ်းပြီးကြည့်နေရတော့ သိပ်ပြီး ငြီးငွေ့သွားတယ်နော်။ အထူးသဖြင့် <b>ရဟန္တာ</b>အရှင်မြတ်များရဲ့ <b>သတတဝိဟာရ</b>- အမြဲမပြတ် နေထိုင်ရာ နယ်မြေ ဆိုတာကတော့ - <b>ခန္ဓာ</b>ငါးပါး, <b>အာယတန</b> (၁၂)ပါး, <b>ဓာတ်</b> (၁၈)ပါး, ကြောင်း-ကျိုးဆက် <b>ပဋိစ္စသမုပ္ပါဒ်</b>သဘောတရား ဆိုတဲ့ ဒီနယ်မှာ <b>ရဟန္တာ</b>အရှင်မြတ်တွေက အမြဲတမ်း နေထိုင်ပါတယ်။</p> <p><b>ခန္ဓာ</b>ငါးပါးတို့ရဲ့ ဖြစ်မှု ပျက်မှု၊ <b>အာယတန</b> (၁၂)ပါး, <b>ဓာတ်</b> (၁၈)ပါး, ကြောင်း-ကျိုးဆက် <b>ပဋိစ္စသမုပ္ပါဒ်</b>သဘောတရားတွေရဲ့ ဖြစ်မှု ပျက်မှု - အဲဒီ နယ်မှာ <b>ရဟန္တာ</b>အရှင်မြတ်တွေ အမြဲတမ်း နေထိုင်ကြတယ်။ <b>သတတဝိဟာရ</b> လို့ ခေါ်တယ်။ (သံ၊၂၊၅၃-၅၄ , သံ၊ဋ္ဌ၊၂၊၂၅၅ - <b>သတ္တဋ္ဌာနကုသလသုတ္တန်</b>။)</p> <p>အဲဒီလို အမြဲတမ်း နေထိုင်လိုက်တဲ့အချိန်အခါကျတော့ အိပ်တဲ့အချိန် စားတဲ့အချိန် ကျင်ကြီးစွန့်ချိန် ကျင်ငယ်စွန့်ချိန် စတဲ့ အချို့အချိန်တွေကို နုတ်လိုက်လျှင် ကျန်တဲ့ အချိန်တွေမှာ ဒီ စိတ်-စေတသိက်-ရုပ်တရားတို့ရဲ့ ဖြစ်ခြင်းပျက်ခြင်းသဘောတွေကိုသာ အမြဲတမ်း မြင်နေရတယ်။</p> <p>မြင်နေရတဲ့ အချိန်အခါကျတော့ ဖြစ်နေ ပျက်နေတဲ့ တရားတွေကိုသာ အမြဲမပြတ် တရစပ် မြင်တွေ့ရတဲ့အတွက် ငြီးငွေ့လာတယ် ရွံမုန်းလာတယ် စက်ဆုပ်လာတယ်၊ မမြင်ချင်တော့ဘူး။</p> <p>အပျက်တွေကိုသိနေတဲ့ စိတ်-စေတသိက်တွေ ရှိကြတယ်၊ ဒီ စိတ်-စေတ သိက်တွေ ချုပ်ငြိမ်းတဲ့နေရာကို <b>အနုပါဒိသေသ နိဗ္ဗာနဓာတ်</b>လို့ ခေါ်ပါတယ်။</p> <p>ထို <b>အနုပါဒိသေသနိဗ္ဗာနဓာတ်</b>ကလည်း <b>ပရိနိဗ္ဗာန်</b>စံမှ ဝင်စံလို့ရတယ်။ <b>ပရိနိဗ္ဗာန်</b>ကလည်း မစံနိုင်သေး ဖြစ်နေတယ်။ သက်တော်ကို <b>ပရိနိဗ္ဗာန်</b>မစံမီ တည်တံ့အောင် ထိန်းသိမ်းပြုပြင်ပေးနေတဲ့ <b>အာယုသင်္ခါရ</b>က မကုန် ဖြစ်နေ တယ်။</p> <p>ဒါကြောင့် <b>ပရိနိဗ္ဗာန်</b>မစံမီ စပ်ကြားမှာ ဒီ<b>အနုပါဒိသေသနိဗ္ဗာနဓာတ်</b>သို့ ရောက်ရှိနေတဲ့ပုံစံအတိုင်း စိတ်-စေတသိက်တွေ ချုပ်ငြိမ်းပြီးတော့ ဒီအပျက် တွေကို မသိတဲ့ နယ်ပယ်ထဲကို ရောက်နေရလျှင် သိပ်ကောင်းမယ်လို့ ဒီလို နှလုံးပိုက်တော်မူကြတယ်။</p> <p>ဒီ ရုပ်တရား နာမ်တရားတို့ရဲ့ ဖြစ်ပြီး ပျက်နေတဲ့ သဘောတရားတွေကို ကြည့်နေရတာကိုက ငြီးငွေ့လာတယ် ရွံမုန်းလာတယ် စက်ဆုပ်လာတယ်၊ မကြည့်ချင်ဖြစ်နေတယ်။ မကြည့်ချင်တဲ့အတွက် ဒီအပျက်တွေ ဖြစ်ပျက်နေတဲ့ သဘာဝတွေကို သိနေတဲ့ စိတ်-စေတသိက်တွေ ချုပ်သွားကြလျှင် သိပ်ကောင်း မယ်လို့ ဒီလို နှလုံးပိုက်ပြီးတော့ .. <b>အနုပါဒိသေသနိဗ္ဗာနဓာတ်</b>သို့ ဝင်စံနေ သကဲ့သို့ ချမ်းချမ်းသာသာ နေထိုင်ချင်တဲ့ ရည်ရွယ်ချက် ဦးတည်ချက်ဖြင့် ဒီ<b>နိရောဓသမာပတ်</b>ကို ဝင်စားကြတယ်။</p> <p>ဒီတော့ ဒီ<b>နိရောဓသမာပတ်</b>ကို ဝင်စားနေတဲ့အချိန်အခါကို နည်းနည်း လေး သဘောပေါက်အောင် ထပ်ပြီး ပြောမယ်။</p> <p>ဘုန်းကြီးတို့ငယ်စဉ်အခါက အောက်စဖို့ (Oxford) ဖတ်စာအုပ်ကလေး ထဲမှာ ပုံပြင်ကလေးတစ်ပုဒ် ဖတ်ဖူးတယ်။ ကျောက်မီးသွေးတွင်း တစ်တွင်း ထဲမှာ အလုပ်သမားတစ်ဦး ရှိပါတယ်။ ခုကာလ အမှိုက်ကျုံးနေတဲ့ သုံးဘီး လှည်းကလေးပေါ့၊ အဲဒီလှည်းကလေးနှင့် သူတို့ရဲ့ ကျောက်မီးသွေးတွင်း တွေမှာ ကျောက်မီးသွေးတွေကို သယ်ယူပို့ဆောင်ရေး လုပ်ရတဲ့ အလုပ်သမား တစ်ဦးပဲ။</p> <p>အလုပ်သမားတွေက ဓမ္မတာအလျောက် ဒီလှည်းကလေးထဲကို ကျောက် မီးသွေးတွေ ထည့်ပြီးတော့ ဒီလှည်းကို မျက်နှာပေးပြီး မျက်နှာချင်းဆိုင်ပြီး တော့ တွန်းကြတယ်။</p> <p>အလုပ်သမားတစ်ဦးကျတော့ သူက လှည်းထဲကို ကျောက်မီးသွေး ထည့် ပြီးတော့ မျက်နှာချင်းဆိုင် မတွန်းဘဲ နောက်ပြန်ဆွဲတယ်။ ဘေးက ရပ်ကြည့် နေတဲ့ ပုဂ္ဂိုလ်တစ်ဦးက ဒီအလုပ်သမားကို သွားပြီးတော့ မေးတယ် --</p> <p>မိတ်ဆွေ ... ကျောက်မီးသွေးလှည်းကို မျက်နှာမူပြီး တွန်းရတဲ့ လုပ်ငန်းက ပိုပြီးတော့ ပင်ပန်းလို့လား? နောက်ပြန်ဆွဲတဲ့ လုပ်ငန်းက ပိုပြီး သက်သာလို့ ဒီလို နောက်ပြန်ဆွဲတာလားလို့ မေးကြည့်လိုက်တော့ ...</p> <p>မဟုတ်ပါဘူးတဲ့။ သူဟာ ဒီကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်နေတာ (၁၅)နှစ် ရှိသွားပြီ။ (၁၅)နှစ်လုံးလုံး နေ့စဉ်လိုလို ဒီကျောက်မီးသွေးတွေကို အမြဲတမ်း ကြည့်နေရတဲ့အတွက် ကြာတော့ သူ မကြည့်ချင်တော့ဘူး။ မကြည့် ချင်တဲ့အတွက် ကျောက်မီးသွေးတွေကို မမြင်ချင်လို့ နောက်ပြန်ဆွဲနေတာ ဖြစ်တယ်လို့ ပြန်အဖြေပေးတယ်။</p> <p>အဲဒီပုံစံအတိုင်းပဲ ဒီ<b>အနာဂါမ် ရဟန္တာ</b>အရှင်မြတ်တွေကလည်းပဲ ဒီ<b>သင်္ခါရ</b> တရားတွေရဲ့ ဖြစ်ပြီးပျက်နေတဲ့သဘောတွေကို သူက <b>နိစ္စဘတ်</b> အမြဲလိုလို မြင်နေရတယ်။</p> <p>မြင်နေရတဲ့အတွက် ဒီ ဖြစ်ပျက်နေတဲ့ ဒီ <b>သင်္ခါရ</b>တရားတွေကိုပဲ အမြဲတမ်း ထိုင်ပြီး ကြည့်နေလိုက်ရတော့ စိတ်ထဲမှာ ငြီးငွေ့လာတယ်။ <b>အဇ္ဈတ္တ</b> ကြည့် လိုက်တော့လည်း <b>သင်္ခါရ</b>တရားတွေက ဖြစ်ပြီး ပျက်နေတယ်။ <b>ဗဟိဒ္ဓ</b> ကြည့် လို့ ရှိလျှင်လည်း ဖြစ်ပြီး ပျက်နေတယ်။ <b>အတိတ်</b> ကြည့်လိုက်လည်း ဖြစ်ပြီး ပျက်နေတယ်။ <b>အနာဂတ်</b> ကြည့်လိုက်လည်း ဖြစ်ပြီး ပျက်နေတယ်။ <b>ရုပ်</b> ကြည့်လည်း ဖြစ်ပြီး ပျက်နေတယ်။ <b>နာမ်</b> ကြည့်လည်း ဖြစ်ပြီး ပျက်နေတယ်။ ဘယ်<b>သင်္ခါရ</b>တရားကိုမဆို ကြည့်လိုက်တိုင်း ဖြစ်ပြီး ပျက်နေတာ အမြဲတမ်း မြင်နေရတော့ ကြာတော့ ငြီးငွေ့လာတယ်။</p> <p>ငြီးငွေ့ရွံမုန်းတဲ့အတွက်ကြောင့် ဒီ ဖြစ်ပျက်မှုတွေကို သိနေတဲ့ စိတ်- စေတသိက်တွေ မရှိဘဲ <b>အနုပါဒိသေသနိဗ္ဗာနဓာတ်</b>သို့ ရောက်နေသလို ချမ်းချမ်းသာသာ ဒီလောကမှာ နေထိုင်ရလျှင် ကောင်းမယ် ဆိုတဲ့ ဒီဦးတည် ချက်ဖြင့် <b>နိရောဓသမာပတ်</b>ကို ဝင်စားတော်မူကြခြင်း ဖြစ်ပါတယ်။</p> <p>အဲဒီလို <b>နိရောဓသမာပတ်</b> ဝင်စားတဲ့အပိုင်းမှာ ဘယ်ပုံ ဘယ်ပန်း ဘယ် နည်းလမ်းအားဖြင့် ဝင်စားရမလဲလို့ မေးလျှင်တော့ <b>ဝိပဿနာ</b>မှာ သုံးမျိုး ရှိတယ်။</p> <h3>ဝိပဿနာ သုံးမျိုး</h3> <p><b>သင်္ခါရပရိဂဏှနကဝိပဿနာ</b> - သင်္ခါရတရားတွေကို သိမ်းဆည်းပြီး ဒီသင်္ခါရတရားတွေကို လက္ခဏာရေး သုံးတန် တစ်လှည့်စီတင်ကာ ရှုပွား သုံးသပ်တဲ့ ဝိပဿနာက တစ်မျိုး။</p> <p>သင်္ခါရတရားဆိုတာက ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတွေပဲ။</p> <p>အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက = အတိတ် ခန္ဓာငါးပါး, ပစ္စုပ္ပန် ခန္ဓာငါးပါး, အနာဂတ် ခန္ဓာငါးပါး, အဇ္ဈတ္တ ခန္ဓာငါးပါး, ဗဟိဒ္ဓ ခန္ဓာငါးပါး, ဩဠာရိက ခေါ်တဲ့ ရုန့်ရင်း ကြမ်းတမ်းတဲ့ ခန္ဓာငါးပါး, သုခုမခေါ်တဲ့ သိမ်မွေ့နူးညံ့တဲ့ ခန္ဓာငါးပါး, ဟီန ခေါ်တဲ့ ယုတ်ညံ့တဲ့ ခန္ဓာငါးပါး, ပဏီတခေါ်တဲ့ မွန်မြတ်တဲ့ ခန္ဓာငါးပါး, ဒူရ ခေါ်တဲ့ ဝေးနေတဲ့ ခန္ဓာငါးပါး, သန္တိကခေါ်တဲ့ နီးနေတဲ့ ခန္ဓာငါးပါး - အဲဒီ (၁၁) မျိုးသောအခြင်းအရာအားဖြင့် တည်နေတဲ့ ခန္ဓာငါးပါးတွေက ဒုက္ခသစ္စာ တရား။ ကြောင်း-ကျိုး-ဆက် ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေက သမုဒယ သစ္စာတရား။</p> <p>ထို ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား နှစ်ပါးကို သင်္ခါရတရားလို့ ခေါ်တယ်။ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေက ပေါင်းစုပြုပြင်ပေးမှ ဖြစ်ပေါ်လာရတဲ့တရားတွေ ဖြစ်ခြင်းကြောင့် သင်္ခါရတရားလို့ ခေါ်ပါတယ်။</p> <p>ထိုသင်္ခါရတရားတွေကို ဉာဏ်နှင့် ပိုင်းခြားယူပြီးတော့ <b>အနိစ္စ ဒုက္ခ အနတ္တ</b> လက္ခဏာရေးသုံးတန် တင်ပြီး တွင်တွင်ကြီး ဝိပဿနာရှုတဲ့အပိုင်းကို <b>သင်္ခါရပရိဂဏှနကဝိပဿနာ</b>လို့ ခေါ်ပါတယ်။</p> <p>အဲဒီသင်္ခါရတရားတွေရဲ့ ဖြစ်ပြီး ပျက်နေတာကို ဉာဏ်နှင့် မြင်အောင် ကြည့်ပြီး <b>အနိစ္စ</b>လို့ရှုတယ်၊ ဖြစ်ခြင်း ပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့သဘော တွေကို ဉာဏ်နှင့် မြင်အောင်ကြည့်ပြီး <b>ဒုက္ခ</b>လို့ ရှုတယ်၊ မပျက်စီးဘဲ အကျိတ် အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ သဘော တွေကို ဉာဏ်နှင့် မြင်အောင်ကြည့်ပြီး <b>အနတ္တ</b>လို့ ရှုတယ်။ အဲဒီလိုရှုနေတဲ့ ဝိပဿနာကို <b>သင်္ခါရပရိဂဏှနကဝိပဿနာ</b>လို့ ခေါ်ပါတယ်။</p> <p><b>တတ္ထ သင်္ခါရပရိဂဏှနကဝိပဿနာ မန္ဒာ ဝါ ဟောတု တိက္ခာ ဝါ၊ မဂ္ဂဿ ပဒဋ္ဌာနံ ဟောတိယေဝ။</b> (ဝိသုဒ္ဓိ၊၂၊၃၄၇။)</p> <p>အဲဒီဝိပဿနာက ထက်မြက်တဲ့ဝိပဿနာလည်း ရှိတယ်၊ နုံ့တဲ့ဝိပဿနာ လည်း ရှိတယ်။ ထက်မြက်ချင်လည်း ထက်မြက်ပါစေ, နုံ့ချင်လည်း နုံ့ပါစေ မဂ် ဖိုလ် နိဗ္ဗာန်ကတော့ ရနိုင်တယ်။ အဲဒီ ဝိပဿနာက တစ်မျိုး။</p> <p>နောက်တစ်ခု <b>ဖလသမာပတ္တိဝိပဿနာ</b> - ဖလသမာပတ်ကိုဝင်စားချင်တဲ့ အရိယာသူတော်ကောင်းတွေကလည်း ဒီသင်္ခါရတရားတွေကိုပဲ သိမ်းဆည်းပြီး တော့ <b>အနိစ္စ ဒုက္ခ အနတ္တ</b> လက္ခဏာရေးသုံးတန် တင်ပြီး ဝိပဿနာ ရှုရပါ တယ်။</p> <p>အဲဒီရှုတဲ့ ဝိပဿနာစိတ်က ထက်မြက်မှ ဖလသမာပတ်ကို ဝင်စားလို့ ရတယ်၊ နုံ့နေလို့ရှိလျှင် ဖလသမာပတ်ကို ဝင်စားလို့ မရနိုင်ဘူး။ အဲဒီ ဝိပဿနာက တစ်မျိုး။ (ဝိသုဒ္ဓိ၊၂၊၃၄၈။)</p> <p>နောက်ဝိပဿနာကတော့ - <b>နိရောဓသမာပတ္တိဝိပဿနာ</b> - နိရောဓ သမာပတ်ကို ဝင်စားလိုတဲ့ ရည်ရွယ်ချက် ရှိလျှင်လည်း ဝိပဿနာရှုရတယ်။</p> <p>အဲဒီရှုနည်းကျတော့<b>နာတိမန္ဒ နာတိတိက္ခာ</b> - သိပ်လည်း မထက်ရဘူး သိပ်လည်း မနုံ့ရဘူး၊ မထက်လွန်း မနုံ့လွန်းတဲ့ ဝိပဿနာဉာဏ်ဖြစ်ပါမှ ဒီ နိရောဓသမာပတ်က ဝင်စားလို့ရတယ်။</p> <p>ဒီတော့ နိရောဓသမာပတ်ကို ဝင်စားချင်တဲ့ပုဂ္ဂိုလ်က <b>အနုပုဗ္ဗနိရောဓ</b>လို့ ခေါ်တဲ့ အစဉ်အတိုင်းသော သမာပတ်တွေကို ဝင်စားပြီးတော့ ဝိပဿနာ ရှုရတယ်။ အစဉ်အတိုင်းသော သမာပတ်တွေကို ချုပ်အောင် ကျင့်ရတယ်။</p> <p>ဒီတော့ ရှေ့ကဟောခဲ့တဲ့ အဖြူကသိုဏ်းပဲ ဆိုကြပါစို့။ အဖြူကသိုဏ်း မှာ ပထမစျာန်ကနေ စပြီးတော့ <b>နေဝသညာနာသညာယတနစျာန်</b> အထိ သမာပတ် (၈)ပါး ရှိပါတယ်။</p> <p>အဲဒီသမာပတ် (၈)ပါးမှာ နိရောဓသမာပတ် ဝင်စားမယ်ဆိုတဲ့ပုဂ္ဂိုလ်က ဒီသမာပတ် (၈)ပါးကို အစဉ်အတိုင်း ဝင်စားလိုက်မယ် ဝိပဿနာမရှုဘူး သမထသက်သက်နှင့် သွားခဲ့မယ်ဆိုလျှင် <b>နေဝသညာနာသညာယတနစျာန်</b> ဆိုက်ပြီးတော့ အဲဒီစျာန်မှာပဲ သွားပြီး ဆုံးနေလိမ့်မယ်၊ နိရောဓသမာပတ်ကို မကူးနိုင်ဘူး။</p> <p>တစ်ခါ ဝိပဿနာသက်သက်နှင့် သွားမယ်ဆိုလို့ရှိလျှင်လည်း ဖလသမာပတ်ကို သွားပြီးဆိုက်သွားလိမ့်မယ်၊ အနာဂါမ်ပုဂ္ဂိုလ်က အနာဂါမိ ဖလသမာပတ်, ရဟန္တာပုဂ္ဂိုလ်က အရဟတ္တဖလသမာပတ်ကို သွားဆိုက်မယ်၊ နိရောဓသမာပတ်ကို မကူးနိုင်ဘူး။ <b>ယုဂနဒ္ဓ</b> - သမထနှင့် ဝိပဿနာကို ဒီနေရာမှာ စုံတွဲပြီးတော့ ရှုရပါတယ်။ (ဝိသုဒ္ဓိ၊၂၊၃၄၇။)</p> <p>ဒီတော့ အဖြူကသိုဏ်းပဲ ဆိုကြပါစို့။ အဖြူကသိုဏ်းကို အာရုံယူပြီးတော့ ပထမစျာန်ကို ဝင်စားလိုက်၊ ပထမစျာန်မှ ထကာ ပထမစျာန်နာမ်တရားတွေ ကို <b>အနိစ္စ ဒုက္ခ အနတ္တ</b> လက္ခဏာရေး သုံးတန် တစ်လှည့်စီ တင်ပြီးတော့ ဝိပဿနာရှုရတယ်။</p> <p>တစ်ခါ ဒုတိယစျာန်ကို ဝင်စားပြီးတော့ ဒုတိယစျာန်မှ ထကာ ဒုတိယစျာန် နာမ်တရားတွေကို <b>အနိစ္စ ဒုက္ခ အနတ္တ</b> လက္ခဏာရေး သုံးတန် တင်ပြီးတော့ ဝိပဿနာရှုရတယ်။</p> <p>တတိယစျာန်ကို ဝင်စားလိုက်၊ တတိယစျာန်မှထကာ တတိယစျာန်နာမ် တရားတွေကို <b>အနိစ္စ ဒုက္ခ အနတ္တ</b> လက္ခဏာရေး သုံးတန် တင်ပြီးတော့ ဝိပဿနာရှုရတယ်။</p> <p>စတုတ္ထစျာန်ကို ဝင်စားလိုက်၊ စတုတ္ထစျာန်မှထကာ စတုတ္ထစျာန်နာမ် တရားတွေကို <b>အနိစ္စ ဒုက္ခ အနတ္တ</b> လက္ခဏာရေး သုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုရပြန်တယ်။</p> <p><b>အာကာသာနဉ္စာယတနစျာန်</b>ကို ဝင်စားလိုက်၊ <b>အာကာသာနဉ္စာယတန</b> စျာန်ကို ဝင်စားပြီးတဲ့အချိန်အခါမှာ စျာန်မှထလျက် <b>အာကာသာနဉ္စာယတန</b> စျာန်နာမ်တရားတွေကို <b>အနိစ္စ ဒုက္ခ အနတ္တ</b> လက္ခဏာရေး သုံးတန် တင်ပြီး တော့ ဝိပဿနာရှုရတယ်။</p> <p>ပြီးတဲ့အချိန်အခါမှာ <b>ဝိညာဏဉ္စာယတနစျာန်</b>ကို ဝင်စား၊ <b>ဝိညာဏဉ္စာ</b> ယတနစျာန်ကို ဝင်စားပြီးတော့ စျာန်မှထကာ <b>ဝိညာဏဉ္စာယတနစျာန်</b>နာမ် တရားတွေကိုလည်း <b>အနိစ္စ ဒုက္ခ အနတ္တ</b> လက္ခဏာရေးသုံးတန် တင်ပြီးတော့ပဲ ဝိပဿနာရှုရပါတယ်။</p> <p>အဲဒီလို ရှုပြီးတဲ့ အချိန်အခါကျတော့မှ <b>အာကိဉ္စညာယတနစျာန်</b>ကို တစ်ဆင့်တက်ပြီးတော့ ဝင်စားရတယ်။ အဲဒီလို <b>အာကိဉ္စညာယတနစျာန်</b>ကို ဝင်စားပြီးတဲ့ အချိန်အခါမှာတော့ စျာန်မှထပြီး ဝိပဿနာ မကူးနဲ့တော့။</p> <p>အဲဒီအပိုင်းမှာတော့ <b>အာကိဉ္စညာယတနစျာန်</b>ကို ဝင်စားပြီးတဲ့ အချိန်အခါ မှာ အဓိဋ္ဌာန်လေးချက် ပြုလုပ်ရပါတယ်။ <b>အာကိဉ္စညာယတနစျာန်</b>နာမ်တရား တွေကို ဝိပဿနာ မရှုတော့ဘူး။</p> <h3>ပုဗ္ဗကိစ္စ (၄) ပါး</h3> <p>နံပါတ် (၁) အဓိဋ္ဌာန်ကတော့ <b>နာနာဗဒ္ဓအဝိကောပန</b> - မိမိသုံးနေတဲ့ ပရိက္ခရာတွေ ကျောင်းတွေနှင့် ပတ်သက်လို့ မပျက်စီးအောင် အဓိဋ္ဌာန်ရတယ်။</p> <p>ရေကြောင့် မပျက်စီးပါစေသတည်း၊ မီးကြောင့် မပျက်စီးပါစေသတည်း၊ ခိုးသားဓားပြတွေ ဘေးရန်ကြောင့် မပျက်စီးပါစေသတည်း ...စသည်ဖြင့် အဓိဋ္ဌာန်ရပါတယ်။</p> <p>အဲဒီလိုအဓိဋ္ဌာန်ဖို့ မဖြစ်ခဲ့ဖူးဆိုလို့ရှိလျှင်တော့ ဘာဖြစ်သလဲ? မိမိကိုယ် အင်္ဂါနှင့် ဆက်စပ်နေတဲ့ ပရိက္ခရာများကတော့ ပျက်စီးမှု မရှိပါဘူး၊ ဘယ်လိုမှ ဖျက်ဆီးလို့ မရဘူး။ ကိုယ်အင်္ဂါနှင့် ဆက်စပ်မှုမရှိတဲ့ ပရိက္ခရာတွေ ဖြစ်ခဲ့မယ် ဆိုလျှင်တော့ ပျက်စီးတတ်တဲ့သဘော ရှိတယ်။</p> <p>နမူနာလေး - ဒီနေရာမှာ ထုံးတစ်ခု ထောက်ပြထားတယ်။ မဟာနာဂ မထေရ်ကြီးရဲ့ ထုံးပဲ။</p> <p>မဟာနာဂ မထေရ်ကြီးက မိခင်ဥပါသိကာမကြီးရှိတဲ့ ရွာထဲကို ဆွမ်းခံကြွ ပါတယ်။ မိခင်ဖြစ်တဲ့ ဒါယိကာမကြီးကလည်း ယာဂုဆက်ကပ်ပြီးတဲ့အခါ -</p> <p>အရှင်ဘုရား ...ဆွမ်းအတွက် ဒီဆွမ်းစားဇရပ်မှာပဲ ခေတ္တဆိုင်းငံ့ပြီး သီတင်းသုံးတော်မူပါဆိုပြီး လျှောက်ထားတဲ့အတွက် ဆွမ်းစားဇရပ်ထဲမှာ ဝင်ပြီးတော့ နိရောဓသမာပတ်ကို ဝင်စားတော်မူပါတယ်။</p> <p>ရှေးခေတ် အချိန်အခါတုန်းကတော့ - ရွာတွင်း ဆွမ်းစားဇရပ်တွေမှာ [ခုခေတ်လည်း သီဟိုဠ်ကျွန်းမှာတော့ ဒီလိုဇရပ်မျိုးတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။] တရားထိုင်ပြီး နှလုံးသွင်းဖို့ရန်အတွက် အခန်းကလေးတွေ ရှိကြပါတယ်။</p> <p>အဲဒီအခန်းကလေးတွေအတွင်းမှာ တစ်ပါး တစ်ခန်းစီပေါ့။ အခန်းကလေး တွေထဲ ဝင်ပြီးတော့ အချိန်ရတဲ့ ရဟန်းတော်များက မိမိတို့ ဆိုင်ရာဆိုင်ရာ သမထ ဝိပဿနာ ဘာဝနာတွေကို ရှုပွားကြတယ်၊ သမာပတ်တွေကို ဝင်စား ကြတယ်။</p> <p>အဲဒီထုံးတမ်းအစဉ်အလာအတိုင်း မဟာနာဂ မထေရ်ကြီးက ဒီဆွမ်းစား ဇရပ်ထဲ ဝင်ပြီးတော့ နိရောဓသမာပတ်ကို ဝင်စားတော်မူပါတယ်။ ဒါပေမဲ့ နိရောဓသမာပတ်ကိုဝင်စားတဲ့အချိန်မှာ ခုနက <b>နာနာဗဒ္ဓအဝိကောပန</b> ခေါ်တဲ့ မိမိနှင့်ဆက်စပ်နေတဲ့ ကျောင်းတွေ ပရိက္ခရာတွေကို မီးမလောင်စေဖို့ စတဲ့ အဓိဋ္ဌာန်ချက်တွေကို မပြုဘဲနှင့် နိရောဓသမာပတ်ကို ဝင်စားလိုက်တယ်။</p> <p>ဝင်စားလိုက်တော့ နိရောဓသမာပတ်လည်းဆိုက်ရော ဘာဖြစ်လာသလဲ? အဲဒီဆွမ်းစားဇရပ်ကလေး မီးလောင်ပါလေရော။ မီးလောင်တဲ့ အချိန်အခါ ကျတော့ ဘေးက ကိုယ်တော်တွေက အားလုံး ထပြီးတော့ ပြေးကြတယ်၊ မိမိတို့ရဲ့ ပရိက္ခရာလေးတွေ ယူပြီးတော့ ပြေးကြတယ်။</p> <p>အဲဒီ မဟာနာဂ မထေရ်ကြီးကတော့ နိရောဓသမာပတ်ဝင်စားနေတဲ့ အတွက် ထပြီး မပြေးဘူး။ မပြေးတဲ့အချိန်အခါကျတော့ ရွာသူရွာသားတွေက ဝိုင်းလာပြီ။ ဝိုင်းလာပြီးတဲ့အချိန်အခါ ကြည့်လိုက်တော့ ဆွမ်းစားဇရပ်က မီးလောင်တာ တော်တော်လေး ကုန်သွားပြီ။ မထေရ်ကြီးတစ်ပါးတည်း ဒီထဲမှာ ငုတ်တုတ်ကြီး ထိုင်နေတာတွေ့တော့ ဒီကိုယ်တော်ကြီးနှယ် ပျင်းလိုက်တာ၊ မီးလောင်တာတောင် ထပြီး ပြေးဖော်မရဘူးလို့ ဘေးမှာရှိတဲ့ လူတွေက ကဲ့ရဲ့ကြတယ်။</p> <p>အဲဒီလို ကဲ့ရဲ့နေတုန်း ဝိုင်းပြီး ရေအိုးတွေနှင့် မီးတွေ ငြှိမ်းလိုက်ကြတယ်။ မထေရ်ကြီးကို နည်းနည်းလေးမှ မီးမလောင်ဘူး၊ ဝတ်ရုံ ဆင်မြန်းထားတဲ့ သင်္ကန်းကိုလည်း အမွေးအမျှင်ကလေး တစ်ပင်တောင်မှ မီးလောင်တာ မရှိဘူး။ ရေတွေနှင့် ဝိုင်းငြှိမ်းကြတယ်။</p> <p>ပိုင်းခြားထားတဲ့အချိန် စေ့တဲ့အချိန်အခါကျတော့ မထေရ်ကြီးက နိရောဓ သမာပတ်မှ ထတယ်။ ဒါယကာ ဒါယိကာမတွေကလည်း မထေရ်ကြီးကို မီးနည်းနည်းလေးမှ မလောင်တာကို ကြည့်ပြီးတော့ အလွန်အံ့ဩသွားပြီး သိပ်ကြည်ညိုကြတယ်။ ကြည်ညိုတဲ့အတွက် ပန်းတွေနှင့် ဝိုင်းပြီးတော့ ပူဇော် ကြတယ်။</p> <p>အဲဒီလို ပူဇော်နေတဲ့ အခြင်းအရာတွေကို နိရောဓသမာပတ်မှအထ မဟာ နာဂ မထေရ်ကြီးက မြင်လိုက်တော့ ဘာလုပ်သလဲ? တစ်ဖန်ပြန်ပြီးတော့ အဘိညာဏ်တွေ ဝင်စားပြီးတဲ့အခါ ပိယင်္ဂုဒီပ ဆိုတဲ့ လိုဏ်ဂူတစ်ခုထဲကို ပြန်ပြီး ကြွသွားတော်မူတယ်တဲ့။ (ဝိသုဒ္ဓိ၊၂၊၃၄၈။)</p> <p>အဲဒီမှာက <b>နာနာဗဒ္ဓအဝိကောပန</b> - မိမိနှင့် ဆက်စပ်နေတဲ့ ပရိက္ခရာတွေ ကို မပျက်စီးဖို့ရန်အတွက် သူက အဓိဋ္ဌာန်တော်မမူတဲ့အတွက် အကြောင်း အားလျော်စွာ မီးလောင်လာတဲ့အခါ မိမိကိုယ်ကို မီးမလောင်သော်လည်း မိမိ နိရောဓသမာပတ်ကို ထိုင်ပြီး ဝင်စားရာ နေရာဖြစ်တဲ့ ဆွမ်းစားဇရပ် ကလေးကိုတော့ မီးက ကူးစက်ပြီး လောင်သွားခြင်း ဖြစ်တယ်။</p> <p>အကယ်၍များ အဓိဋ္ဌာန်တော်မူခဲ့မယ်ဆိုလျှင် အဲဒီဆွမ်းစားဇရပ်ကို ဒီ နိရောဓသမာပတ်ဝင်စားနေတဲ့အချိန်အခါမှာ ဘယ်တော့မှ မီးမလောင်ဘူး။ စိတ်ရဲ့ စွမ်းအင်တွေပဲနော်။ ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ ... ဘယ်လောက် အားကျဖို့ ကောင်းသလဲ၊ ကြည့်စမ်း၊ အားကျဖို့ သိပ်ကောင်း တယ်။</p> <p>နောက်တစ်ခု အရှင်သဉ္ဇီဝ မထေရ်ရဲ့ ထုံးကို ထောက်ပြထားပါတယ်။</p> <p>ဒီ သဉ္ဇီဝ မထေရ်ရဲ့ထုံးကတော့ ဘယ်မှာလာသလဲလို့ မေးလျှင်တော့ - အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးက မာရ်နတ်ကြီးကို ဟောပြတဲ့ <b>မာရတဇ္ဇနီယသုတ္တန်</b>မှာ လာရှိပါတယ်။</p> <p>အရှင်သဉ္ဇီဝ မထေရ်ဆိုတာကတော့ - ဒီကမ္ဘာမှာ ခေါင်ဆုံး ပွင့်ထွန်းတော် မူတဲ့ <b>ကကုသန္ဓမြတ်စွာဘုရား</b>ဆိုတာ ရှိခဲ့ပါတယ်၊ အဲဒီ <b>ကကုသန္ဓမြတ်စွာ ဘုရား</b>ရဲ့ လက်ဝဲရံ အဂ္ဂသာဝက တပည့်ကြီးတစ်ဦး ဖြစ်ခဲ့ပါတယ်။</p> <p>ဒီ လက်ဝဲရံ အဂ္ဂသာဝက တပည့်ကြီးတစ်ဦးဖြစ်တဲ့ အရှင်သဉ္ဇီဝ မထေရ် က နိရောဓသမာပတ်ကို ဝင်စားတဲ့နေရာမှာ သူက အလွန်ကျွမ်းကျင်လိမ္မာ တော်မူတယ်။ အချိန်ရတိုင်းရတိုင်းလည်း နိရောဓသမာပတ်ကို ဝင်စားတော် မူလေ့ ရှိပါတယ်။ တစ်နေ့မှာ - သစ်ပင် တစ်ပင်အောက် သစ်ပင်ရင်းမှာ နိရောဓသမာပတ်ကို ဝင်စားတော်မူပါတယ်။</p> <p>အဲဒီလို နိရောဓသမာပတ်ဝင်စားနေတဲ့အချိန်အခါမှာ မသိ နားမလည်ကြ တဲ့ နွားကျောင်းသားတွေ ဆိတ်ကျောင်းသားတွေ လယ်ထွန်သမားတွေ စတဲ့ ပုဂ္ဂိုလ်တွေက မြင်တော့ - ဩော် ..ဒီကိုယ်တော်ကြီးတစ်ပါး ထိုင်လျက်နှင့် ပျံလွန်တော်မူနေတယ်၊ အင်မတန်အံ့ဩဖို့ ကောင်းပါလား အဲဒီလို သဘော ပေါက်ပြီးတော့ တောထဲမှာ ထင်းတွေ မြက်တွေ စုရုံးပြီးတဲ့ အချိန်အခါမှာ မထေရ်ကြီးအပေါ်မှာ အုံထားကြတယ်။ အုံပြီးတဲ့အခါမှာ မီးရှို့ကြတယ်။ မီးရှို့ပြီး သူတို့ ပြန်သွားကြတယ်။</p> <p>ပြန်သွားတဲ့ အချိန်အခါမှာ နိရောဓသမာပတ် အချိန်စေ့တော့ အရှင် သဉ္ဇီဝ မထေရ်က နိရောဓသမာပတ်မှ ထတယ်။ ထလိုက်တဲ့အချိန်အခါမှာ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ပေါက်ပန်းပွင့်အဆင်းလို အင်မတန် ရဲရဲညီးနေတဲ့ မီးကျီးမီးခဲတွေကို တွေ့တယ်။</p> <p>အဲဒီ မီးကျီးမီးခဲတွေအပေါ်မှာ အရှင်သဉ္ဇီဝ မထေရ် လမ်းလျှောက်ပြီး ကြွသွားလိုက်တာ နည်းနည်းလေးမှ ပူလောင်တဲ့ အခြင်းအရာ မရှိဘူး၊ အရှင် သဉ္ဇီဝ မထေရ်ရဲ့ ခန္ဓာကိုယ်မှာ ဝတ်ရုံ ဆင်မြန်းထားတဲ့ သင်္ကန်းကိုလည်း အမွေးအမျှင်ကလေး တစ်ပင်လောက်တောင်မှ မီးလောင်ကျွမ်းမှု မရှိဘူး။ အံ့ဩဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ (မ၊၁၊၄၀၉။ ဝိသုဒ္ဓိ၊၂၊၈။)</p> <p>အဲဒီအံ့ဩဖွယ်ရာတွေက ဘာကိုအခြေခံပြီး ဖြစ်သလဲလို့မေးလျှင် စိတ်ရဲ့ စွမ်းအင်သတ္တိတွေပဲ .. နော်။ အဲဒီ စိတ်ရဲ့ စွမ်းအင်သတ္တိကို တန်ခိုး ထက်မြက်အောင် ဒီနေ့ တရားနာနေတဲ့ ပရိသတ်တွေ လေ့ကျင့်မယ်ဆိုလို့ ရှိလျှင် လေ့ကျင့်လို့ မရဘူးလား? ရနိုင်တဲ့စွမ်းအားတွေ ရှိပါတယ်။ ဘုရားရှင်ရဲ့ သာသနာတော်က သိပ်အားရဖို့ကောင်းတယ်။</p> <p>အဲဒီသဉ္ဇီဝ မထေရ်ကြီးကလည်း မဟာနာဂ မထေရ်ကြီးလိုပဲ မဓိဋ္ဌာန်ဘူး၊ <b>နာနာဗဒ္ဓအဝိကောပန</b> - မိမိတို့နှင့်ဆက်စပ်နေတဲ့ ပရိက္ခရာတွေကို မီး လောင်ကျွမ်းမှု မရှိအောင် အဓိဋ္ဌာန်တော်မမူတဲ့အတွက် ဒီလိုဖြစ်ရတယ်။</p> <p>သို့သော် မဓိဋ္ဌာန်ပေမဲ့လို့ မိမိနှင့် ဆက်စပ်နေတဲ့ ဝတ်ရုံ သုံးဆောင်ထားတဲ့ ဒီပရိက္ခရာတွေကိုတော့ မီးလောင်နိုင်တဲ့စွမ်းအားမျိုး ရှိသလား? မရှိဘူး။ ဒါကို သမာပတ်ရဲ့စွမ်းအား <b>သမာဓိဝိပ္ဖာရ</b>လို့ ဒီလိုခေါ်ထားပါတယ်။ သမာဓိရဲ့ စွမ်းအင် တစ်ခုပဲ။</p> <p>ဒါ <b>နာနာဗဒ္ဓအဝိကောပန</b>၊ ဒါကို အဓိဋ္ဌာန်ထားရတယ်။ နောက်တစ်ခု နံပါတ် (၂) ကတော့ <b>သံဃပဋိမာနန</b> - သံဃာတော်က ခေါ်ခဲ့လျှင် နိရောဓ သမာပတ်မှ ထပါစေလို့ အဓိဋ္ဌာန်ထားရတယ်။</p> <p>နံပါတ် (၃) ကတော့ <b>သတ္ထုပက္ကောသန</b> - ဘုရားရှင်ခေါ်တော်မူလို့ရှိလျှင် နိရောဓသမာပတ်မှ ထပါစေ ဒီလို အဓိဋ္ဌာန်ရပါတယ်။</p> <p>အဲဒီလို မဓိဋ္ဌာန်ခဲ့ဘူးဆိုလို့ရှိလျှင် ဘာဖြစ်သလဲ? သံဃာတွေက ကိစ္စ တစ်ခုရှိလို့, သိမ်ထဲမှာ ကံကြီးကံငယ်တစ်ခု ရွက်ဆောင်စရာရှိလို့ သံဃာ စုလိုက်တဲ့အချိန်အခါမှာ ဒီကိုယ်တော်တစ်ပါး ပျောက်နေပြီ၊ ပျောက်နေမယ် ဆိုလို့ရှိလျှင် - ကဲ သံဃာတော်က ခေါ်တော်မူမယ် [ဒီကိုယ်တော် နိရောဓ သမာပတ်ဝင်စားနေပြီဆိုတဲ့ သတင်းကို ကြားတော့ သံဃာက ခေါ်တယ်] သွားခေါ်ချေလို့ ခိုင်းလိုက်လျှင် - ထိုသွားတဲ့မထေရ်က (၁၂)တောင် ဥပစာ အတွင်းလောက် ရောက်တဲ့အချိန်အခါကျလျှင် ဒီသမာပတ် (= နိရောဓ သမာပတ်)မှ အလိုလိုထတယ်။ ဘာဖြစ်လို့လဲ? သံဃာရဲ့အမိန့်အာဏာတော် ဆိုတာ အင်မတန် ပြင်းထန်တယ်။ (ဝိသုဒ္ဓိ၊၂၊၃၄၉။)</p> <p>အလားတူပဲ ဘုရားရှင်က ခေါ်တော်မူပြီဆိုလို့ရှိလျှင်လည်း ဘုရားရှင်က ခေါ်တော်မူလိုက်လို့ ခိုင်းစေလိုက်တဲ့ ရဟန်းတစ်ပါးက (၁၂)တောင် ဥပစာ အတွင်း ရောက်တာနှင့် နိရောဓသမာပတ်မှ ထတယ်။</p> <p>အကယ်၍ ဒီလို အဓိဋ္ဌာန်ထားခဲ့မယ်ဆိုလို့ရှိလျှင်တော့ သံဃာ သို့မဟုတ် ဘုရားရှင်က အလိုရှိတယ် ဆိုတာနဲ့ လာပြီး ခေါ်နေဖို့ မလိုဘူး၊ နိရောဓ သမာပတ်မှ ထလို့ရတယ်။ ဒါကြောင့် အဓိဋ္ဌာန်ပေးရတယ်။</p> <p>နောက်တစ်ခု နံပါတ် (၄)၊ <b>အဒ္ဓါနပရိစ္ဆေဒ</b> - အချိန်ကာလကို ပိုင်းခြား ပြီးတော့ အဓိဋ္ဌာန်ပြီး ဒီသမာပတ်ကို ဝင်စားရတယ်။</p> <p>အထူးသဖြင့်ကတော့ မိမိရဲ့<b>အာယုသင်္ခါရ</b> ဘယ်အချိန်အခါမှာ သက်တမ်း ကုန်ဆုံးမလဲ? ဒါကို လှမ်းတော့ ကြည့်ရတယ်။ သက်တမ်းကုန်ဆုံးမည့်အချိန် အခါကာလကို မှန်းမျှော်ပြီးတော့ ရက်ကို ပိုင်းခြားပြီးတော့ အဓိဋ္ဌာန်ရပါတယ်။ (၇)ရက်ထက်တော့ များသောအားဖြင့် မပိုကြပါဘူး။ အစာအာဟာရတွေရဲ့ စွမ်းအင်သတ္တိက (၇)ရက်လောက်ပဲ တည်တံ့အောင် စောင့်ထိန်းထားနိုင်တဲ့ စွမ်းအားရှိလို့ (၇)ရက်ထက် များသောအားဖြင့် မပိုဘူးလို့ ဒီလို သတ်မှတ် ချက်တော့ ရှိတယ်။ တစ်မိနစ်, နှစ်မိနှစ်, တစ်နာရီ, နှစ်နာရီ, တစ်ရက်, နှစ်ရက် စသည်ဖြင့် မိမိကြိုက်နှစ်သက်သလို ကာလကို ပိုင်းခြားပြီးတော့ အဓိဋ္ဌာန် ရပါတယ်။</p> <p>အဲဒီ အဓိဋ္ဌာန်ချက် လေးခုကို <b>အာကိဉ္စညာယတနစျာန်</b>ကို ဝင်စားပြီးလို့ ထိုစျာန်မှ ထတဲ့အချိန်အခါမှ အဓိဋ္ဌာန်ရတယ်။</p> <p>အဲဒီလို အဓိဋ္ဌာန်ပြီးတဲ့ အချိန်အခါကျတော့ <b>အာကိဉ္စညာယတနစျာန်</b>ကို ပြန်ပြီးတော့ ဝိပဿနာရှုဖို့ မလိုတော့ဘူး။ အဓိဋ္ဌာန်ပြီးသည်နှင့် တစ်ပြိုင်နက် တည်း <b>နေဝသညာနာသညာယတနစျာန်</b>ကို ဆက်ပြီးဝင်စားလိုက်လျှင် စျာန် ဇောလေး တစ်ကြိမ်နှစ်ကြိမ်လောက် (= တစ်ကြိမ်လောက် သို့မဟုတ် နှစ်ကြိမ် လောက်) ကျလိုက်တာနဲ့ နိရောဓသမာပတ်ကို ဆိုက်သွားတယ်၊ စိတ်-စေတသိက်တွေ ချုပ်သွားတယ်။ ဒီနေရာမှာ မဟာဋီကာဆရာတော်ကတော့ (မဟာဋီ၊၂၊၅၂၈။) ဆရာမြတ်တို့က နှစ်ကြိမ်ပဲ <b>နေဝသညာနာသညာယတနစျာန်</b> ဇော ဖြစ်ကြောင်း ဖွင့်ဆိုကြတယ်လို့ အာစရိယဝါဒကို တင်ပြထားပါတယ်။</p> <p>စိတ်-စေတသိက် ချုပ်လိုက်တဲ့အတွက် စိတ်-စေတသိက်ရှိမှ ထင်ရှား ဖြစ်နိုင်တဲ့ စိတ္တဇရုပ်တွေလည်း ဖြစ်ခွင့်မရှိတော့ဘူး၊ ချုပ်သွားတယ်။ ဘာကျန် သလဲ? ကံကြောင့်ဖြစ်တဲ့ ရုပ်တွေ ကျန်တယ်၊ ဥတုကြောင့်ဖြစ်တဲ့ ရုပ်တွေ ကျန်တယ်၊ အာဟာရကြောင့်ဖြစ်တဲ့ ရုပ်တွေ ကျန်တယ်။</p> <p>ဒါကြောင့် - ဒီသာသနာတော်မှာ အဆင့်အမြင့်ဆုံး ဖြစ်နေတဲ့ ဒီနိရောဓ သမာပတ်သည်ပင် စိတ် စေတသိက် ရုပ်တရားတွေ အားလုံး ချုပ်သလား? မချုပ်ပါဘူး၊ ရုပ်တွေ နာမ်တွေ အကုန်လုံး ချုပ်သလား? မချုပ်ပါဘူး။ ဒါ အဆင့်အမြင့်ဆုံး သမာပတ်တစ်ခုပဲနော်။</p> <p>ဒါကြောင့် - ဖလသမာပတ်သည် ရုပ်တွေ နာမ်တွေ အကုန်လုံး ချုပ်တဲ့ သမာပတ်လို့ လာပြောနေပြီဆိုလျှင် မှန်ပါ့မလား? မမှန်ဘူး။</p> <p>ဖလသမာပတ်ရဲ့ အာရုံဖြစ်တဲ့ <b>အသင်္ခတဓာတ်</b> အငြိမ်းဓာတ် နိဗ္ဗာန်မှာ တော့ ရုပ်နာမ်မရှိတာ မှန်တယ်။ ရုပ်နာမ်မရှိတဲ့ ဒီ<b>အသင်္ခတဓာတ်</b> အငြိမ်း ဓာတ်နိဗ္ဗာန်ကို လှမ်းသိနေတဲ့ မဂ်စိတ် ဖိုလ်စိတ်ဆိုတာကတော့ မရှိဘူးလား? ရှိနေတယ်။ ဒီသမာပတ်တွေကို နည်းနည်းလေး ပြောပြဖို့ လိုနေတယ်။ ဒုတိယ <b>ကာမဘူသုတ္တန်</b>ကို ပြန်ဆက်ကြရအောင် ...။</p> <p>အဲဒီနိရောဓသမာပတ်ကို ဝင်စားတော့မည့် အချိန်အခါမှာ ပုဂ္ဂိုလ်က ဘာဖြစ်သလဲ? ခုနက ပြောခဲ့ပြီးပြီ။ ဒီ နိရောဓသမာပတ်ဝင်စားတော့မယ် ဆိုတဲ့ စိတ်ထားလည်း မဖြစ်ဘူး၊ ဝင်စားနေပြီဆိုတဲ့စိတ်ထားလည်း မဖြစ်ဘူး၊ ဝင်စားပြီးပြီဆိုတဲ့စိတ်ထားလည်း မဖြစ်ဘူး။ ဒါပေမဲ့ နိရောဓသမာပတ်ကို ဘယ်လိုဆိုက်သွားသလဲလို့ မေးတော့ ...</p> <p><b>အထ ခွဿ ပုဗ္ဗေဝ တထာ စိတ္တံ ဘာဝိတံ ဟောတိ ယံ တံ တထတ္တာယ ဥပနေတိ။</b></p> <p>အဲဒီ ခုနက အဓိဋ္ဌာန်တဲ့ လေးချက်ပဲ။ မိမိက အချိန်ကာလကို် ပိုင်းခြား အဓိဋ္ဌာန်ထားလျှင် အဲဒီအဓိဋ္ဌာန်တဲ့ စိတ်ကလေးက နိရောဓသမာပတ်ကို ဆိုက်သွားအောင် စွမ်းဆောင်ပေးတယ်။</p> <p>(၇)ရက်အဓိဋ္ဌာန်ထားလျှင် (၇)ရက်လုံးလုံး နိရောဓသမာပတ်ကို ဆိုက် နေမယ်။</p> <p>(၁)နာရီအဓိဋ္ဌာန်ထားလျှင် (၁)နာရီလုံးလုံး ဆိုက်နေမယ်။</p> <p>(၂)နာရီအဓိဋ္ဌာန်ထားလျှင် (၂)နာရီလုံးလုံး ဆိုက်နေမယ်။</p> <p>(၁)ရက်အဓိဋ္ဌာန်လျှင်လည်း (၁)ရက်၊ (၁)မိနစ်အဓိဋ္ဌာန်လျှင်လည်း (၁)မိနစ်ပေါ့နော်။</p> <p>အဲဒီအဓိဋ္ဌာန်လိုက်တဲ့စိတ်ကလေးကပဲ နိရောဓသမာပတ်ကို ဆိုက်သွား အောင် စွမ်းဆောင်ပေးတယ်တဲ့။ ကဲ နောက်တစ်ခု စိတ္တသူကြွယ် ဒါယကာ ကြီးက ဆက်ပြီးတော့ မေးပြန်တယ်။ --</p> <h3>ယင်းသင်္ခါရတို့ရဲ့ချုပ်စဉ်</h3> <p><b>သညာဝေဒယိတနိရောဓံ သမာပဇ္ဇန္တဿ ပန ဘန္တေ ဘိက္ခုနော ကတမေ ဓမ္မာ ပဌမံ နိရုဇ္ဈန္တိ၊ ယဒိ ဝါ ကာယသင်္ခါရော ယဒိ ဝါ ဝစီသင်္ခါရော ယဒိ ဝါ စိတ္တသင်္ခါရော။</b></p> <p>သညာ ဝေဒနာတို့ရဲ့ ချုပ်ရာဖြစ်တဲ့ ဒီ နိရောဓသမာပတ်ကို ဝင်စားတော် မူတဲ့ ရဟန်းတော်အဖို့ ဘယ်တရားတွေက ခေါင်ဆုံး စချုပ်သလဲ? <b>ကာယ သင်္ခါရ</b>က အရင်ချုပ်သလား၊ <b>ဝစီသင်္ခါရ</b>က အရင်ချုပ်သလား၊ <b>စိတ္တသင်္ခါရ</b>က အရင်ချုပ်သလားတဲ့ - ဒီလို မေးမြန်းလျှောက်ထားတယ်။</p> <p><b>ကာယသင်္ခါရ</b>ဆိုတာက ဘာလဲ ..? ဝင်သက်လေ ထွက်သက်လေပဲ။ အသက်ရှူတာကပဲ အရင်ချုပ်သလား၊ <b>ဝစီသင်္ခါရ</b>ခေါ်တဲ့ <b>ဝိတက် ဝိစာရ</b>ကပဲ အရင်ချုပ်သလား၊ သို့မဟုတ် <b>စိတ္တသင်္ခါရ</b>ခေါ်တဲ့ <b>သညာဝေဒနာ</b>တွေကပဲ အရင်ချုပ်သလားလို့ ဒီလိုမေးတယ်။ အဲဒီလို မေးလိုက်တဲ့အချိန်အခါမှာ ကာမဘူ မထေရ်မြတ်က ဘယ်လိုပြန်ပြီးတော့ အဖြေပေးသလဲ? --</p> <p><b>သညာဝေဒယိတနိရောဓံ သမာပဇ္ဇန္တဿ ခေါ ဂဟပတိ ဘိက္ခုနော ဝစီသင်္ခါရော ပဌမံ နိရုဇ္ဈတိ၊ တတော ကာယသင်္ခါရော၊ တတော စိတ္တသင်္ခါရော။</b></p> <p>သညာ ဝေဒနာတို့ရဲ့ ချုပ်ရာဖြစ်တဲ့ နိရောဓသမာပတ်ကို ဝင်စားတဲ့ ပုဂ္ဂိုလ် ရဲ့သန္တာန်မှာ ခေါင်ဆုံး <b>ဝစီသင်္ခါရ</b>က အရင်ချုပ်တယ်။ ဒုတိယ - <b>ကာယသင်္ခါရ</b> ချုပ်တယ်။ တတိယ - <b>စိတ္တသင်္ခါရ</b> ချုပ်တယ်လို့ ဒီလို အဖြေပေးတယ်။</p> <p>အဲဒီအဖြေကတော့ ခုနက သမာပတ်ရှစ်ပါးကို အတော်အသင့် ဝင်စား တတ်တဲ့ ပုဂ္ဂိုလ်များ၊ သို့မဟုတ် နားလည်တဲ့ ပုဂ္ဂိုလ်များ သဘော ပိုပေါက် ပါလိမ့်မယ်။</p> <p>ခုနက ပြောခဲ့ပြီးပြီ။ နိရောဓသမာပတ်ကို ဝင်စားချင်တယ် ဆိုလို့ရှိလျှင် ခေါင်ဆုံး ကသိုဏ်းတစ်ခုခုပေါ့နော်၊ အဖြူဆိုလည်း အဖြူပေါ့။ ဒီကသိုဏ်း ပထမစျာန်ကို ဝင်စားရတယ်။ ပထမစျာန်ဝင်စားပြီးတဲ့ အချိန်အခါမှာ ဒီပထမစျာန်မှ ထပြီး ဒီပထမစျာန်နာမ်တရားတွေကို <b>အနိစ္စ ဒုက္ခ အနတ္တ</b> လက္ခဏာရေး သုံးတန် တင်ပြီးတော့ ဝိပဿနာရှုရပါတယ်။</p> <p>တစ်ခါ ဒုတိယစျာန်ကို ဝင်စားရတယ်။ ဒုတိယစျာန်မှ ထပြီးတဲ့အခါ ဒီ ဒုတိယစျာန်နာမ်တရားတွေကိုလည်း <b>အနိစ္စ ဒုက္ခ အနတ္တ</b> လက္ခဏာရေး သုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုရပါတယ်။ အဲဒီလို အစဉ်အတိုင်း ခုနက ပြောခဲ့ပြီးပြီ ဘယ်အထိ ရှုရသလဲ? <b>ဝိညာဏဉ္စာယတနစျာန်</b>တိုင်အောင် ဝိပဿနာ ရှုရပါတယ်။</p> <p>အဲဒီလို ရှုလာတဲ့အချိန်အခါမှာ ဒုတိယစျာန်ကို ကူးပြီဆိုတာနှင့် <b>ဝိတက် ဝိစာရ</b> ပြုတ်ပြီးတော့ ကျမသွားဘူးလား? ကျသွားပြီ၊ <b>ဝိတက်ဝိစာရ</b> ချုပ်တယ်၊ ဒါ <b>စတုက္ကနည်း</b>ပေါ့၊ <b>စတုက္ကနည်း</b>မှာ <b>ဝိတက် ဝိစာရ</b> ချုပ်သွားတဲ့အချိန်အခါ ပြုတ်သွားတဲ့အချိန်အခါမှာ ဒုတိယစျာန်ကို ကူးတယ်။ ဒုတိယစျာန်မှာ <b>ပီတိ သုခ ဧကဂ္ဂတာ</b> ခေါ်တဲ့ စျာန်အင်္ဂါ သုံးပါးပဲ ရှိတယ်။ ဒီတော့ <b>ဝိတက်</b>နှင့် <b>ဝိစာရ</b>ကို <b>ဝစီသင်္ခါရ</b>လို့ ခေါ်တော့ <b>ဝိတက် ဝိစာရ</b> ချုပ်သွားပြီဆိုလို့ရှိလျှင် ဒီ<b>ဝစီသင်္ခါရ</b>ကော ရှိဦးမလား? မရှိတော့ဘူး။</p> <p>ကြံစည်စိတ်ကူးမှုက အရင်ဖြစ်ရတယ်၊ စကားလုံးအသံလေးက နောက်မှ ပေါ်တယ်။ ကြံစည်စိတ်ကူးမှုတွေ မရှိတော့ဘူးဆိုလျှင် စကားလုံးအသံကော ဖြစ်ဦးမလား? မဖြစ်တော့ဘူး။</p> <p>ဒါကြောင့် ဒုတိယစျာန်ကို ဝင်စားလိုက်တဲ့ အချိန်အခါကတည်းက ဒီ <b>ဝိတက် ဝိစာရ</b> ချုပ်သွားတဲ့အတွက် <b>ဝစီသင်္ခါရ</b>ဟာလည်း ဒုတိယစျာန် အခိုက်မှာ ချုပ်သွားပြီ၊ နိရောဓသမာပတ်ကို ရောက်ပြီလား? မရောက်သေး ဘူး။ ဒါ <b>ဝစီသင်္ခါရ</b>က ခေါင်ဆုံး ချုပ်တယ်။ ဒုတိယ - ဘာချုပ်သလဲလို့ မေးလျှင်တော့ <b>ကာယသင်္ခါရ</b> ချုပ်တယ်။</p> <p>ဘယ်အချိန်အခါမှာ <b>ကာယသင်္ခါရ</b>-လို့ ခေါ်တဲ့<b>အဿာသ-ပဿာသ</b> (= ဝင်သက်လေ-ထွက်သက်လေ) က ချုပ်သလဲ? စတုတ္ထစျာန်ဆိုက်ပြီဆိုတာ နှင့် အသက် မရှူတော့ဘူး။ ဒါကြောင့် စတုတ္ထစျာန်အခိုက်မှာ <b>ကာယသင်္ခါရ</b> တွေ မချုပ်ဘူးလား? ချုပ်သွားပြီ။</p> <p><b>စိတ္တသင်္ခါရ</b>က ဘယ်အချိန်အခါမှာ ချုပ်သလဲလို့ မေးလျှင်တော့ <b>နေဝသညာနာသညာယတနစျာန်</b>ဇော တစ်ကြိမ် နှစ်ကြိမ် ကျပြီးတာနှင့် <b>စိတ္တ သင်္ခါရ</b>လို့ ခေါ်တဲ့ စိတ်-စေတသိက်တွေလည်း အကုန်ချုပ်တယ်။ ဒါကြောင့် တတိယ - <b>စိတ္တသင်္ခါရ</b> ချုပ်တယ်လို့ ဒီလို ပြန်ပြီးအဖြေပေးတယ်။</p> <h3>သေသူ နှင့် နိရောဓသမာပတ်ဝင်စားသူတို့ ထူးခြားချက်</h3> <p><b>ယွာယံ ဘန္တေ မတော ကာလင်္ကတော၊ ယော စာယံ ဘိက္ခု သညာဝေဒယိတနိရောဓံ သမာပန္နော၊ ဣမေသံ ကိံ နာနာကရဏံ။</b></p> <p>အရှင်ဘုရား ...သေတဲ့ပုဂ္ဂိုလ်နှင့် နိရောဓသမာပတ်ဝင်စားတဲ့ ရဟန်း တော်ဟာ ဘယ်လိုကွာခြားချက်ရှိသလဲလို့ ဒီမေးခွန်းတစ်ခု မေးပြန်တယ်။</p> <p><b>ယွာယံ ဂဟပတိ မတော ကာလင်္ကတော၊ တဿ ကာယသင်္ခါရော နိရုဒ္ဓေါ ပဋိပ္ပဿဒ္ဓေါ၊ ဝစီသင်္ခါရော နိရုဒ္ဓေါ ပဋိပ္ပဿဒ္ဓေါ၊ စိတ္တသင်္ခါရော နိရုဒ္ဓေါ ပဋိပ္ပဿဒ္ဓေါ၊ အာယု ပရိက္ခီဏော၊ ဥသ္မာ ဝူပသန္တာ၊ ဣန္ဒြိယာနိ ဝိပရိဘိန္နာနိ။</b></p> <p>ဒါယကာကြီး ... သေတဲ့ပုဂ္ဂိုလ်က --</p> <p>နံပါတ် (၁) -- <b>ကာယသင်္ခါရ</b> ခေါ်တဲ့ ဝင်သက်လေ ထွက်သက်လေ ချုပ်တယ်။</p> <p>နံပါတ် (၂) -- <b>ဝစီသင်္ခါရ</b> - <b>ဝိတက်</b>နှင့် <b>ဝိစာရ</b>လည်း ချုပ်တယ်။</p> <p>နံပါတ် (၃) -- <b>စိတ္တသင်္ခါရ</b> - စိတ်-စေတသိက်တွေလည်း ချုပ်တယ်။</p> <p>နံပါတ် (၄) -- <b>အာယု ပရိက္ခီဏ</b> - ရုပ်<b>ဇီဝိတ</b>လို့ခေါ်ဆိုအပ်တဲ့ <b>ဇီဝိတိန္ဒြေ</b> ချုပ်တယ်။</p> <p>နံပါတ် (၅) -- <b>ဥသ္မာ</b>လို့ ခေါ်တဲ့ ကိုယ်ငွေ့ဓာတ်ချုပ်တယ်။</p> <p>နံပါတ် (၆) -- <b>ဣန္ဒြိယာနိ ဝိပရိဘိန္နာနိ</b> - မျက်စိအကြည် နားအကြည် နှာခေါင်းအကြည် လျှာအကြည် ကိုယ်အကြည်စတဲ့ အကြည်ဓာတ် တွေလည်း ပျက်စီးသွားတယ်၊ ချုပ်သွားတယ်။</p> <p>ဒါက သေတဲ့ပုဂ္ဂိုလ်ပဲ။</p> <p>နိရောဓသမာပတ်ဝင်စားတဲ့ ပုဂ္ဂိုလ်ကျတော့ ဘယ်လိုရှိသလဲ? --</p> <p><b>ယော စ ခွါယံ ဂဟပတိ ဘိက္ခု သညာဝေဒယိတနိရောဓံ သမာပန္နော၊ တဿပိ ကာယသင်္ခါရော နိရုဒ္ဓေါ ပဋိပ္ပဿဒ္ဓေါ၊ ဝစီသင်္ခါရော နိရုဒ္ဓေါ ပဋိပ္ပဿဒ္ဓေါ၊ စိတ္တသင်္ခါရော နိရုဒ္ဓေါ ပဋိပ္ပဿဒ္ဓေါ၊ အာယု အပရိက္ခီဏော၊ ဥသ္မာ အဝူပသန္တာ၊ ဣန္ဒြိယာနိ ဝိပ္ပသန္နာနိ။ ယွာယံ ဂဟပတိ မတော ကာလင်္ကတော၊ ယော စာယံ ဘိက္ခု သညာဝေဒယိတနိရောဓံ သမာပန္နော၊ ဣဒံ နေသံ နာနာကရဏံ။</b></p> <p>နိရောဓသမာပတ်ဝင်စားတဲ့ ရဟန်းတော်ရဲ့ သန္တာန်မှာလည်း --</p> <p>နံပါတ် (၁) -- အသက် မရှူတဲ့အတွက် <b>ကာယသင်္ခါရ</b> ချုပ်တယ်။</p> <p>နံပါတ် (၂) -- <b>ဝိတက် ဝိစာရ</b> မရှိတဲ့အတွက် <b>ဝစီသင်္ခါရ</b>လည်း ချုပ်တယ်။</p> <p>နံပါတ် (၃) -- <b>စိတ္တသင်္ခါရ</b> - စိတ်-စေတသိက်တွေ မရှိတော့တဲ့အတွက် <b>စိတ္တသင်္ခါရ</b>လည်း ချုပ်တယ်။</p> <p>နံပါတ် (၄) -- <b>အာယု အပရိက္ခီဏ</b> - ရုပ်<b>ဇီဝိတ</b>လို့ခေါ်ဆိုအပ်တဲ့ <b>ဇီဝိတိန္ဒြေ</b> မချုပ်ဘူး။ ဘာဖြစ်လို့လဲ? <b>ကမ္မဇရုပ်</b>တွေ ဆက်လက်ပြီးတော့ တည်ရှိနေ တယ်။ နောက်တစ်ခု --</p> <p>နံပါတ် (၅) -- <b>ဥသ္မာ</b>လို့ ခေါ်တဲ့ ကိုယ်ငွေ့ မချုပ်ဘူး ရှိနေတယ်။</p> <p>နံပါတ် (၆) -- <b>ဣန္ဒြိယာနိ ဝိပ္ပသန္နာနိ</b> - ဣန္ဒြေတွေ အလွန်ကြည်လင် သန့်ရှင်းနေတယ်။ ဘာဖြစ်လို့လဲ?</p> <p>ဣန္ဒြေဆိုတာက မျက်စိအကြည် နားအကြည် နှာခေါင်းအကြည် လျှာ အကြည် ကိုယ်အကြည်ပဲနော်။ အဲဒီအကြည်ဓာတ်တွေမှာ ဆိုင်ရာဆိုင်ရာ အာရုံတွေကလာပြီး ရိုက်ခတ်လိုက်တဲ့အချိန်အခါမှာ ဒီအကြည်ဓာတ်တွေ မှာကိုက ဘာဖြစ်လာသလဲ? ရာဂ ဒေါသ မောဟ စတဲ့ အညစ်အကြေး တွေက လာပြီး လူးလဲပေကျံသွားတယ်။</p> <p>နိရောဓသမာပတ်ဝင်စားနေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဒီဆိုင်ရာအာရုံတွေက အကြည်ဓာတ်တွေကို လာပြီးတော့ ရိုက်ခတ်မှုရှိသေးသလား? မရှိတော့ဘူး။</p> <p>ရိုက်ခတ်မှု မရှိတော့တဲ့အတွက် ဒီအာရုံတွေကို အကြောင်းခံပြီးတော့ သို့မဟုတ် ဒီအကြည်ဓာတ်တွေနှင့် အာရုံတွေရဲ့ ရိုက်ခတ်မှုကို အခြေခံပြီး တော့ စိတ်-စေတသိက်တွေ ဖြစ်မှုလည်း ရှိသေးသလား? မရှိတော့ဘူး။ မရှိတဲ့အတွက်ကြောင့် နိရောဓသမာပတ်အတွင်းမှာ စိတ်-စေတသိက်တွေ ချုပ်ငြိမ်းနေတဲ့အတွက် အာရုံတွေရဲ့ရိုက်ခတ်မှုတွေက မရှိတဲ့အတွက် ဒီ<b>ဣန္ဒြေ</b> ခေါ်တဲ့ ဒီအကြည်ဓာတ်တွေသည် အလွန်ကြည်လင်သန့်ရှင်းနေတယ်။</p> <p>ဘာနှင့်ဥပမာတူသလဲလို့ မေးတော့ နေပူတဲ့အချိန်အခါ ဖုန်ထနေတဲ့ အချိန်အခါ လမ်းဆုံလမ်းခွမှာ မှန်တစ်ချပ်ထောင်ထားလျှင် ဒီမှန်မှာ အညစ် အကြေးတွေ အမျိုးမျိုး လိမ်းကပ်နေတယ်။</p> <p>အဲဒီပုံစံနှင့် နိရောဓသမာပတ် မဝင်စားတဲ့ အချိန်အခါမှာ အာရုံအမျိုးမျိုး တိုက်ခတ်တဲ့အတွက် ကိလေသာမြူအညစ်အကြေးတွေ လိမ်းကပ်နေတာနှင့် တူတယ်။</p> <p>ဒီမှန်ကို ကျကျနနသုတ်ပြီးတော့ ကတ္တီပါ စတဲ့ အိတ်တစ်ခုခုမှာ သေသေ ချာချာ လုံလုံခြုံခြုံထည့်ပြီးတော့ သေတ္တာထဲ သိုမှီးသိမ်းဆည်းထားမယ်ဆိုလျှင် ဒီမှန်သည် အလွန်ကြည်လင်ပြီးတော့ မနေဘူးလား? ကြည်လင်နေတယ်။</p> <p>အဲဒီပုံစံအတိုင်းပဲ နိရောဓသမာပတ်အခိုက်မှာ ဆိုင်ရာအာရုံတွေဖြစ်တဲ့ အညစ်အကြေးတွေရဲ့ ရိုက်ခတ်မှု မရှိတဲ့အတွက်ကြောင့် ဣန္ဒြေတွေသည် အလွန်ကြည်လင်သန့်ရှင်းနေတယ်လို့ ဆိုတယ်။</p> <p><b>ဥသ္မာ</b>ခေါ်တဲ့ ကိုယ်ငွေ့ ရှိတယ်၊ သွားစမ်းကြည့်၊ အပူငွေ့ ရှိတယ်။</p> <p>ရုပ်<b>ဇီဝိတ</b> ရှိတယ်။ ရုပ်<b>ဇီဝိတ</b> ဘာဖြစ်လို့ ရှိသလဲလို့မေးလျှင် <b>ကမ္မဇရုပ်</b>တွေ မချုပ်ကြဘူး။ ဒါကြောင့် အဆင့်အလွန်မြင့်နေတဲ့ ဒီနိရောဓသမာပတ်သည်ပင် ရုပ်တွေ အကုန်လုံးချုပ်တဲ့ သမာပတ် ဟုတ်သလား? မဟုတ်ဘူး။</p> <p>ဒီဗဟုသုတကလေးတွေ ရှိထားဖို့တော့ လိုတယ်။ အဲဒီဗဟုသုတ မရှိ ခဲ့လျှင် မဟုတ်တာတွေ သာသနာတော်မှာ လျှောက်ပြီးပြောတာ ယုံချင်လည်း ယုံသွားလိမ့်မယ်။</p> <p>ရုပ်တွေ နာမ်တွေ အကုန်လုံး ချုပ်သွားပြီလို့ ပြောပြီ။ ဟာ ..မဟုတ် ပါဘူး၊ ဒီဖလသမာပတ်ဆိုတာ ရုပ်တွေ နာမ်တွေ မချုပ်ပါဘူးလို့ပြောလျှင် လက်မခံဘူး၊ အရှင်ဘုရား ...တကယ်ချုပ်တယ်၊ တကယ်ချုပ်တယ်ဆို တာကို တချို့က ဘယ်လိုပြောသလဲလို့မေးတော့ သူမှ လက်တွေ့ မကျင့်သေး တာကိုလို့ သူတို့က ပြောတယ်၊ လက်တွေ့နှင့် သူတို့က ကိုင်ပေါက်တယ်။</p> <p>အဲဒီ လက်တွေ့နှင့် ကိုင်ပေါက်တဲ့ ပုဂ္ဂိုလ်တွေကို ကဲ ဒါယကာကြီး ...ဒီ ရုပ်တွေ နာမ်တွေ အကုန်လုံးချုပ်တယ်ဆိုလို့ရှိလျှင် [မိမိတို့ရဲ့နည်းလမ်းအရ ပေါ့လေ..] သမာပတ် ထိုင်ပြီး ဝင်စားနေတဲ့ ပုဂ္ဂိုလ်ကို ဘေးက ပုဂ္ဂိုလ်က ကြည့်လျှင် မြင်သလား မမြင်ဘူးလားလို့မေးတော့ မြင်နေတယ်လို့ပြောတယ်။</p> <p>ရုပ်တွေ နာမ်တွေ အကုန်ချုပ်လို့ ဟုတ်သလား? မဟုတ်ဘူး၊ အကုန် မချုပ်ဘူးနော်။ အရှုခံအာရုံဖြစ်တဲ့ <b>အသင်္ခတဓာတ်</b> အငြိမ်းဓာတ်နိဗ္ဗာန်မှာ ဘာရုပ်နာမ်မှမရှိတာ မှန်တယ်၊ ရုပ်နာမ်မရှိတဲ့ ဒီအငြိမ်းဓာတ်နိဗ္ဗာန်ကြီးကို အာရုံယူနေတဲ့ ဒီ စိတ်-စေတသိက်ကတော့ မဖြစ်ဘူးလား? ဖြစ်တယ်။ ဘာ စိတ်-စေတသိက်တွေလဲ? မဂ်စိတ် ဖိုလ်စိတ်နှင့် ယှဉ်ဖက်စေတသိက်တွေပဲ။</p> <p>မဂ်စိတ် ဖိုလ်စိတ် ဖြစ်တယ်ဆိုလျှင်တော့ ဒီ<b>ပဉ္စဝေါကာရ</b>ခေါ်တဲ့ ခန္ဓာ ငါးပါးရှိတဲ့နယ်ပယ်မှာ စိတ်-စေတသိက်တို့မည်သည် ဆိုင်ရာဝတ္ထုရုပ်တွေကို မှီတွယ်ခွင့်ရမှ ဖြစ်နိုင်တဲ့စွမ်းအားရှိတယ်။ အနည်းဆုံး <b>ဟဒယဝတ္ထု</b> ရှိရမယ်။</p> <p>ဒီ မဂ်စိတ် ဖိုလ်စိတ်တွေ ဒီ<b>ဟဒယဝတ္ထု</b>ကို မှီတွယ်ပြီး ဖြစ်ပေါ်နေတဲ့ အတွက် <b>ဟဒယဝတ္ထုရုပ်</b>တရားရှိမှ ဖြစ်နိုင်တဲ့စွမ်းအား ရှိပါတယ်။</p> <p><b>ဟဒယဝတ္ထု</b>ကလည်း <b>ဟဒယဝတ္ထု</b>တစ်ခုတည်း ဖြစ်နိုင်တဲ့စွမ်းအား မရှိဘူး၊ ကျန်နေတဲ့ ရုပ်တရားတွေနှင့် ပေါင်းစပ်မှသာ ဖြစ်နိုင်တယ်၊ ဘာဖြစ်လို့လဲ? ရုပ်တို့မည်သည် တစ်ဦးချင်းဖြစ်နိုင်တဲ့ စွမ်းအား မရှိဘူး၊ <b>ကလာပ်</b>ခေါ်တဲ့ အမှုန်အနေနှင့်သာ ဖြစ်တယ်၊ တစ်ခုချင်းဖြစ်နိုင်တဲ့စွမ်းအား မရှိကြဘူး။</p> <p>ဒါကြောင့် ဖလသမာပတ်ဟူသည် ရုပ်တွေ နာမ်တွေ အကုန်လုံး ချုပ်တာ တော့ မဟုတ်ဘူး။</p> <p>ဒီတော့ နောက်တစ်ခု တစ်ခါဆက်ပြီးတော့ မေးပြန်တယ်။ သေတဲ့ပုဂ္ဂိုလ် နှင့် ဒီနိရောဓသမာပတ်ကို ဝင်စားတဲ့ပုဂ္ဂိုလ်ရဲ့ ထူးခြားချက်ကို မေးပြီးတဲ့ အချိန်အခါမှာ နောက်တစ်ခု - စိတ္တသူကြွယ် ဒါယကာကြီးက ဘာဆက်ပြီး လျှောက်ထားသလဲ? --</p> <h3>နိရောဓသမာပတ်မှ ထပုံ</h3> <p><b>ကထံ ပန ဘန္တေ သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌာနံ ဟောတိ။</b></p> <p><b>သညာ-ဝေဒနာ</b>တို့ရဲ့ချုပ်ရာဖြစ်တဲ့ ဒီနိရောဓသမာပတ်မှ ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ထပါသလဲလို့ ထပုံစနစ်ကို မေးကြည့်တယ်။</p> <p><b>န ခေါ ဂဟပတိ သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌဟန္တဿ ဘိက္ခုနော ဧဝံ ဟောတိ အဟံ သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌဟိဿန္တိ ဝါ၊ အဟံ သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌဟာမီတိ ဝါ၊ အဟံ သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌိတော တိ ဝါ။</b></p> <p>ဒါယကာကြီး ... နိရောဓသမာပတ်မှ ထမည့်ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ငါသည် နိရောဓသမာပတ်မှ ထတော့မယ်ဆိုတဲ့ စိတ်ထားလည်း မဖြစ်ဘူး။ ငါသည် နိရောဓသမာပတ်မှ ထနေပြီဆိုတဲ့ ဒီစိတ်ထားလည်း မဖြစ်ဘူး။ ငါသည် နိရောဓသမာပတ်မှ ထပြီးပြီဆိုတဲ့ ဒီစိတ်ထားလည်း မဖြစ်ဘူး။ တကယ်စင်စစ်အားဖြင့် ဘာဖြစ်သလဲ?</p> <p><b>အထ ခွဿ ပုဗ္ဗေဝ တထာ စိတ္တံ ဘာဝိတံ ဟောတိ၊ ယံ တံ တထတ္တာယ ဥပနေတိ။</b></p> <p><b>အထ ခေါ</b> = တကယ်စင်စစ်အားဖြင့်သော်ကား။ <b>အဿ</b> = ထိုရဟန်း တော်ရဲ့သန္တာန်၌။ <b>ပုဗ္ဗေဝ</b> = ရှေးမဆွကပင်လျှင်။ <b>တထာ</b> = ထိုကဲ့သို့သော အခြင်းအရာအားဖြင့်။ <b>စိတ္တံ</b> = စိတ်ကို။ <b>ဘာဝိတံ</b> = ပွားများထားအပ်သည်။ <b>ဟောတိ</b> = ဖြစ်၏။ <b>ယံ တံ တထတ္တာယ</b> = ထိုပွားများချက်သည် ထိုနိရောဓ သမာပတ်မှ ထဖို့ရန်အလို့ငှာ။ <b>ဥပနေတိ</b> = ရှေးရှုကပ်၍ ဆောင်ပေး၏။</p> <p>ထိုနိရောဓသမာပတ်ကို မဝင်စားမီ ရှေးမဆွကတည်းက အဓိဋ္ဌာန်ထား တယ်။ ဘယ်လိုလဲ? --</p> <p><b>ပုဗ္ဗေဝ တထာ စိတ္တံ ဘာဝိတံ ဟောတိ ...</b></p> <p>ခုနက ပြောခဲ့ပြီးပြီ၊ <b>အာကိဉ္စညာယတနစျာန်</b>မှအထ ဒီနေ့ကနေ နောက် (၇)ရက် သို့မဟုတ် (၁)ရက် (၂)ရက် စသည်ဖြင့် မိမိကြိုက်သလို အချိန်ကို ပိုင်းခြားပြီးတော့ အဓိဋ္ဌာန်ထားတယ်။</p> <p>အဲဒီ အဓိဋ္ဌာန်ထားတဲ့စိတ်ကလေးကပဲ အဓိဋ္ဌာန်ထားတဲ့အချိန် စေ့တဲ့ အခါမှာ နိရောဓသမာပတ်မှ ထအောင် စွမ်းဆောင်ပေးပါတယ်။</p> <p>ဒီတော့ - ထတော့မယ်ဆိုတဲ့ စိတ်လည်း မဖြစ်ဘူး၊ ထနေပြီဆိုတဲ့ ဒီ စိတ်ထားလည်း မဖြစ်ဘူး၊ ထပြီးပြီဆိုတဲ့ စိတ်လည်း မဖြစ်ပါဘူးလို့ ဒီလိုပြန်ပြီး အဖြေပေးပါတယ်။ အဲဒီအချိန်အခါမှာ စိတ္တသူကြွယ် ဒါယကာကြီးက ရှေ့ဆက်ပြီး မေးပြန်တယ်။</p> <h3>နိရောဓသမာပတ်မှအထ ရှေးဦးစွာဖြစ်သောသင်္ခါရ</h3> <p><b>သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌဟန္တဿ ပန ဘန္တေ ဘိက္ခုနော ကတမေ ဓမ္မာ ပဌမံ ဥပ္ပဇ္ဇန္တိ၊ ယဒိ ဝါ ကာယသင်္ခါရော ယဒိ ဝါ ဝစီသင်္ခါရော ယဒိ ဝါ စိတ္တသင်္ခါရော။</b></p> <p>ခုနတုန်းက ပြောခဲ့တဲ့ <b>ကာယသင်္ခါရ ဝစီသင်္ခါရ စိတ္တသင်္ခါရ</b>တွေဟာ နိရောဓသမာပတ်အခိုက်မှာ ချုပ်သွားတော့ နိရောဓသမာပတ်မှ ထတဲ့အချိန် အခါမှာ <b>ကာယသင်္ခါရ</b>က အရင်စပြီး ဖြစ်သလား? <b>ဝစီသင်္ခါရ</b>က စပြီး ဖြစ် သလား? <b>စိတ္တသင်္ခါရ</b>က အရင်စပြီး ဖြစ်သလား? ဒီလို မေးပြန်တယ်။</p> <p><b>သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌဟန္တဿ ဂဟပတိ ဘိက္ခုနော စိတ္တသင်္ခါရော ပဌမံ ဥပ္ပဇ္ဇတိ၊ တတော ကာယသင်္ခါရော၊ တတော ဝစီသင်္ခါရော။</b></p> <p>ဒါယကာကြီး ...သညာ ဝေဒနာတို့ရဲ့ ချုပ်ရာဖြစ်တဲ့ နိရောဓသမာပတ် မှ ထတဲ့ ရဟန်းတော်ရဲ့သန္တာန်မှာ ခေါင်ဆုံး <b>စိတ္တသင်္ခါရ</b>တရား စဖြစ်တယ်။ ဒုတိယ - <b>ကာယသင်္ခါရ</b>တရား ဖြစ်တယ်။ တတိယ - <b>ဝစီသင်္ခါရ</b>တရား ဖြစ်ပါ တယ်ဆိုပြီးတော့ ပြန်ဖြေတယ်။</p> <p>ဘာကို ဆိုလိုသလဲလို့မေးတော့ ဒီ <b>သညာ ဝေဒနာ</b>တို့ရဲ့ ချုပ်ရာဖြစ်တဲ့ နိရောဓသမာပတ်မှ ထတဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ နိရောဓသမာပတ်ဝင်စားတဲ့ ပုဂ္ဂိုလ်က အနာဂါမ်ဖြစ်ခဲ့လျှင် အနာဂါမိဖိုလ်စိတ်တစ်ကြိမ် ခေါင်ဆုံး စဖြစ် ရတယ်၊ ရဟန္တာဖြစ်ခဲ့လျှင်လည်း အရဟတ္တဖိုလ်စိတ် ခေါင်ဆုံး စပြီးဖြစ်တယ်။</p> <p>အဲဒီ ခေါင်ဆုံး စဖြစ်တဲ့ ဒီ <b>အနာဂါမိဖိုလ်စိတ်</b> သို့မဟုတ် <b>အရဟတ္တဖိုလ် စိတ်</b>တို့ရဲ့သဘောက စိတ်တစ်လုံးတည်း ဖြစ်နိုင်တဲ့စွမ်းအား မရှိဘူး၊ ယှဉ်ဖက် စေတသိက်တွေနှင့် တွဲမှသာ ဖြစ်ခွင့်ရှိတဲ့အတွက် ယှဉ်ဖက်စေတသိက်တွေ နှင့် ယှဉ်တွဲပြီးတော့ ဒီ <b>အနာဂါမိဖိုလ်စိတ်</b> သို့မဟုတ် <b>အရဟတ္တဖိုလ်စိတ်</b> တစ်ကြိမ် ခေါင်ဆုံး စဖြစ်ပါတယ်။ ဒီစေတသိက်တွေထဲမှာ <b>ဝေဒနာ သညာ</b> တို့လည်း ပါဝင်ကြပါတယ်။</p> <p>အဲဒီ စိတ်-စေတသိက်တွေကို ဘာသင်္ခါရလို့ ခေါ်သလဲ? <b>စိတ္တသင်္ခါရ</b>လို့ ခေါ်တယ်။ နိရောဓသမာပတ်မှ ထလျှင်ထချင်း ခေါင်ဆုံး <b>စိတ္တသင်္ခါရ</b>တရား စပြီးဖြစ်တယ်။</p> <p>အဲဒီတော့ <b>စိတ္တသင်္ခါရ</b>တရား ခေါင်ဆုံး စပြီးဖြစ်ပြီးတော့ ဒုတိယ - ဘာဖြစ် သလဲလို့ မေးတော့ အဲဒီ <b>အနာဂါမိဖိုလ်စိတ်</b> သို့မဟုတ် <b>အရဟတ္တဖိုလ်စိတ်</b> တစ်ကြိမ် ဖြစ်ပြီးတာနှင့် ဘဝင်ကျတယ်။ အဲဒီ ဘဝင်ကျတဲ့ အချိန်အခါ ကာလမှာ <b>ကာယသင်္ခါရ</b> ခေါ်တဲ့ အသက်ရှူမှု စပြီးပေါ်တယ်။</p> <p>ဒီလိုဆိုလျှင် မေးစရာတော့ ရှိတယ်။ ဖလသမာပတ်ဝင်စားနေတဲ့ပုဂ္ဂိုလ်က အသက်မရှူလို့လားလို့ ဒီလိုတော့ မေးစရာရှိတယ်။ [ခုနက အနာဂါမိဖိုလ်စိတ် သို့မဟုတ် အရဟတ္တဖိုလ်စိတ် တစ်ကြိမ် ဖြစ်ခြင်းကိုလည်း ဖလသမာပတ် ဝင်စားတယ်လို့ ခေါ်ပါတယ်။]</p> <p>အဲဒီ ဖလသမာပတ်ဖြစ်နေတဲ့ အချိန်အခါမှာ အသက်မရှူလို့လားလို့ မေးစရာရှိတယ်။ <b>စိတ္တက္ခဏ</b>က တစ်ကြိမ်ပဲ ဖြစ်ပါတယ်၊ တစ်ကြိမ်ဆိုတော့ အချိန်ကာလက အလွန်တိုတောင်းတော့ ထိုအချိန်အခါမှာ အသက်ရှူမှုသည် <b>အဗ္ဗောဟာရိက</b> = မပြောပလောက်ပါဘူး၊ <b>စိတ္တက္ခဏ</b>ကလေး တစ်ချက်ပါပဲ။ ဒါက အကြောင်းပြချက် တစ်ခု။</p> <p>နောက်အကြောင်းပြချက်တစ်ခုကတော့ ဒီနိရောဓသမာပတ် ဝင်စားတာ က စတုတ္ထစျာန်သမာပတ်ကို အခြေခံတယ်။ စတုတ္ထစျာန်သမာပတ်ဆိုတာက ခုနက <b>ရူပါဝစရ စတုတ္ထစျာန်</b>ကနေပြီးတော့ အထက်ပိုင်း <b>အရူပစျာန်</b>တွေ အားလုံးကိုလည်း <b>ဥပေက္ခာ ဧကဂ္ဂတာ</b> ခေါ်တဲ့ စျာန်အင်္ဂါနှစ်ပါး ရှိနေတဲ့ အတွက်ကြောင့် စျာန်အင်္ဂါချင်း တူလို့ စတုတ္ထစျာန်လို့ ဒီလို ခေါ်ဝေါ်သုံးစွဲတဲ့ အသုံးအနှုန်းလည်း ရှိပါတယ်။</p> <p>အဲဒီစတုတ္ထစျာန်ကို အခြေခံပြီးတော့မှ ဒီနိရောဓသမာပတ်ကို ဝင်စားတဲ့ အတွက် နိရောဓသမာပတ်မှ ထတဲ့အချိန်အခါမှာ ဖြစ်ပေါ်နေတဲ့ အနာဂါမိ ဖိုလ်စိတ် သို့မဟုတ် အရဟတ္တဖိုလ်စိတ်ဟာလည်း စတုတ္ထစျာန်နှင့် ယှဉ်တွဲ နေလို့ ဝင်သက်လေ ထွက်သက်လေကို မဖြစ်စေနိုင်တဲ့အတွက် အသက် မရှူဘူးလို့ ဒီလို အကြောင်းပြတယ်။</p> <p>အဲဒီအကြောင်းပြချက်ကိုတော့ အဋ္ဌကထာဆရာတော်က သိပ်နှစ်ခြိုက်ပုံ မပေါ်ဘူး။ ဒါကြောင့် အဋ္ဌကထာဆရာတော်က ဘယ်လို ဆက်ဖွင့်ဆိုတော်မူ သလဲ? -- ဖလသမာပတ်ဟာ ပထမစျာန်နှင့် ယှဉ်တဲ့ ဖလသမာပတ်ပင် ဖြစ်ချင်ဖြစ်ပါစေ, ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်နှင့် ယှဉ်တဲ့ ဖလ သမာပတ်ပင် ဖြစ်ချင်ဖြစ်ပါစေ ငြိမ်သက်အေးချမ်းနေတဲ့ သမာပတ် ဖြစ် ခြင်းကြောင့် <b>သန္တသမာပတ်</b> အမည်ရှိတဲ့ ဖလသမာပတ်မှထတဲ့ ရဟန်းတော် ရဲ့သန္တာန်မှာ ဝင်သက်လေ-ထွက်သက်လေ ဆိုတဲ့ <b>အဿာသ-ပဿာသ</b>တွေ ဟာ <b>အဗ္ဗောဟာရိက</b> = မပြောပလောက်တဲ့သဘောသာ ရှိပါတယ် - လို့ ဆက်လက်ဖွင့်ဆိုထားပါတယ်။</p> <p>ဒါကြောင့် <b>အဗ္ဗောဟာရိက</b>ဆိုတဲ့သဘောကို သူက ပိုပြီး သဘောကျပုံရ တယ်။ ဘာကို ထုံးထောက်ပြထားသလဲလို့မေးတော့ ခုနက သဉ္ဇီဝ မထေရ်ရဲ့ ထုံးကို ထောက်ပြထားပါတယ်။ ဒီလို အသက် မရှူခြင်းသည် <b>သမာဓိဝိပ္ဖာရ</b> (ဝိသုဒ္ဓိ၊၂၊၈။) , <b>သမာပတ္တိဗလ</b> (သံ၊ဋ္ဌ၊၃၊၁၃၅။) -- သမာဓိရဲ့ စွမ်းအားပဲလို့ သူက ဖော်ပြချင်တယ်။ အရှင်သဉ္ဇီဝ မထေရ်မှာ ခုနက ပေါက်ပွင့်အဆင်းလို ရဲရဲညီးနေတဲ့ မီးကျီးခဲပေါ်လျှောက်သွားတာ နည်းနည်းမှပူလောင်တဲ့ အခြင်း အရာ မဖြစ်ဘူး၊ ဝတ်ရုံထားတဲ့သင်္ကန်းတွေမှာလည်း သင်္ကန်းအမွေးစကလေး တစ်ပင်ကိုသော်လည်းပဲ မီးလောင်ကျွမ်းခြင်းဆိုတာ မဖြစ်ဘူး။ ဒါ သမာဓိရဲ့ စွမ်းအားကြောင့် ဖြစ်ပေါ်လာတဲ့ တန်ခိုးအာနိသင် တစ်ခုပဲလို့ ဆိုတယ်။</p> <p>အဲဒီအတိုင်းပဲ ခုလည်း ဒီနေရာမှာ သမာဓိရဲ့စွမ်းအင်ကြောင့် ဖြစ်ပေါ် လာတဲ့ တန်ခိုးအာနိသင် ဖြစ်နေခြင်းကြောင့် ဖိုလ်စိတ်ကလေးတစ်ကြိမ် ဖြစ်တဲ့ အချိန်အခါလေးမှာ အသက်ရှူတာ မရှူတာဟာ ပြောပလောက်တဲ့ အခြေ အနေမျိုး မဟုတ်ပါဘူးဆိုပြီး ဖော်ပြထားတယ်။ ဘာဖြစ်လို့လဲ? သမာပတ်က အလွန်ငြိမ်သက်အေးချမ်းတဲ့သမာပတ် ဖြစ်နေတယ်။</p> <p>ဒါကြောင့် ဖိုလ်စိတ် တစ်ကြိမ် ကျပြီးတဲ့နောက်ကျတော့မှ ဘဝင်စိတ် ပေါ်လာတဲ့အချိန်အခါမှာ ခေါင်ဆုံး စပြီးတော့ အသက်ရှူတယ်၊ <b>ကာယ သင်္ခါရ</b> ဖြစ်တယ်လို့ မိန့်ဆိုခြင်း ဖြစ်တယ်။ (သံ၊ဋ္ဌ၊၃၊၁၃၄-၁၃၅။)</p> <p>ကဲ နောက်တစ်ခု --</p> <p>ဖဿဘယ်နှစ်မျိုးက တွေ့ထိပါသလဲ?</p> <p><b>သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌိတံ ပန ဘန္တေ ဘိက္ခုံ ကတိ ဖဿာ ဖုသန္တိ။</b></p> <p>သညာ ဝေဒနာတို့ရဲ့ချုပ်ရာဖြစ်တဲ့ ဒီနိရောဓသမာပတ်မှထတဲ့ ရဟန်း တော်ရဲ့ သန္တာန်ကို ဖဿဘယ်နှစ်မျိုးက စပြီးတော့ တွေ့ထိပါသလဲ?</p> <p><b>သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌိတံ ခေါ ဂဟပတိ ဘိက္ခုံ တယော ဖဿာ ဖုသန္တိ သုညတော ဖေဿာ အနိမိတ္တော ဖေဿာ အပ္ပဏိဟိတော ဖေဿာ။</b></p> <p>သညာ ဝေဒနာတို့ရဲ့ ချုပ်ရာဖြစ်တဲ့ နိရောဓသမာပတ်မှ ထတဲ့ ရဟန်း တော်ရဲ့သန္တာန်ကို ဖဿ သုံးမျိုး စပြီး တွေ့ထိတယ်။ ဖဿဆိုတာက စေတ သိက်တရားပါ။ ခုနကပြောခဲ့တဲ့ အနာဂါမိဖိုလ်စိတ် သို့မဟုတ် အရဟတ္တဖိုလ် စိတ်နှင့် ယှဉ်တဲ့ စေတသိက်ပဲ။</p> <p>အနာဂါမ်ပုဂ္ဂိုလ်မှာ အနာဂါမိဖိုလ်စိတ် ခေါင်ဆုံး စပြီး ဖြစ်တယ်။ ရဟန္တာ ပုဂ္ဂိုလ်မှာ အရဟတ္တဖိုလ်စိတ် ခေါင်ဆုံး စဖြစ်တယ်၊ အဲဒီဖိုလ်စိတ်နှင့် ယှဉ်တွဲ ပြီးတော့ ဖဿ သုံးမျိုး စပြီးဖြစ်တယ်။ အဲဒီ ဖဿ သုံးမျိုးက <b>သုညတဖဿ အနိမိတ္တဖဿ အပ္ပဏိဟိတဖဿ</b>တို့ ဖြစ်ကြတယ်။</p> <p><b>သုညတဖဿ</b> ဆိုတာကတော့ ရာဂ ဒေါသ မောဟတွေမှ ဒီဖိုလ်စိတ် တွေမှာလည်း ကင်းဆိတ်နေတယ်၊ ဖိုလ်စိတ်တို့ရဲ့ အာရုံဖြစ်တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်မှာလည်း ကင်းဆိတ်နေတယ်။ ကင်းဆိတ်နေတဲ့အတွက် ရာဂ ဒေါသ မောဟတို့ရဲ့ ကင်းဆိတ်ရာဖြစ်တဲ့ နိဗ္ဗာန်ကို အာရုံယူနေတဲ့ ဒီ ဖိုလ်စိတ်နှင့် ယှဉ်တွဲနေတဲ့ ဖဿကို <b>သုညတဖဿ</b>လို့လည်း ခေါ်တယ်။</p> <p>ဒီ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်မှာလည်း ရာဂ ဒေါသ မောဟ ဆိုတဲ့ တောင့်တချက်တွေ မရှိဘူး။ ဒီဖိုလ်စိတ်တွေမှာလည်း ရာဂ ဒေါသ မောဟဆိုတဲ့ တောင့်တချက်တွေ မရှိဘူး။ မရှိတဲ့အတွက်ကြောင့် သူ့ကို <b>အပ္ပဏိဟိတဖဿ</b>လို့လည်း ခေါ်တယ်။</p> <p>နောက်တစ်ခု - ဒီဖိုလ်စိတ်တို့ရဲ့ အာရုံဖြစ်တဲ့ အသင်္ခတဓာတ် အငြိမ်း ဓာတ် နိဗ္ဗာန်မှာလည်း ရာဂ ဒေါသ မောဟ ဆိုတဲ့ အမှတ်နိမိတ်လည်း မရှိဘူး၊ ရုပ်နာမ်ဓမ္မသင်္ခါရဆိုတဲ့ အမှတ်နိမိတ်တွေလည်း မရှိဘူး၊ ရုပ်တွေ နာမ်တွေ လုံးလုံး မရှိလို့ပဲ။ အဲဒီတော့ ရုပ်နာမ်တို့ရဲ့ ချုပ်ရာချုပ်ကြောင်းဖြစ်တဲ့ ဒီ အသင်္ခတဓာတ် နိဗ္ဗာန်ကို လှမ်းအာရုံယူနေတဲ့ အနာဂါမိဖိုလ်စိတ် သို့မဟုတ် အရဟတ္တဖိုလ်စိတ်မှာလည်း ရာဂ ဒေါသ မောဟဆိုတဲ့ အမှတ်နိမိတ်တွေ မရှိဘူး။</p> <p>အဲဒီလို အမှတ်နိမိတ် မရှိခြင်းကြောင့်လည်း ဒီနိဗ္ဗာန်ကို <b>အနိမိတ္တ</b>လို့ ခေါ်တယ်။ ဒီနိဗ္ဗာန်ကို အာရုံယူနေတဲ့ တွေ့ထိနေတဲ့ အနာဂါမိဖိုလ်စိတ် အရဟတ္တဖိုလ်စိတ်တွေနှင့် ယှဉ်တွဲနေတဲ့ ဖဿကိုလည်း <b>အနိမိတ္တဖဿ</b>ဆိုပြီး ဒီလို ခေါ်ဝေါ်သုံးစွဲထားတယ်။</p> <p>ဒါကြောင့် <b>သုညတဖဿ အနိမိတ္တဖဿ အပ္ပဏိဟိတဖဿ</b>ဆိုတဲ့ ဒီ ဖဿ သုံးမျိုးက စပြီး ခေါင်ဆုံးတွေ့ထိပါတယ်ဆိုပြီး ပြန်ပြီးအဖြေပေးတယ်။ ဖဿ သုံးမျိုး ဆိုသော်လည်း ဖဿအမျိုးအစား သုံးမျိုးလို့တော့ မဆိုလိုပါဘူး၊ ဒီ ဖိုလ်စိတ်နှင့် ယှဉ်တွဲဖြစ်တဲ့ ဖဿက တစ်မျိုးသာ ဖြစ်ပါတယ်။ ဒီတစ်မျိုး တည်းသော ဖဿက အမည်သုံးမျိုး ရရှိခြင်းသာ ဖြစ်ပါတယ်။</p> <p>ဒါက ခုနက နိရောဓသမာပတ်မှ ထစ အနာဂါမ်ပုဂ္ဂိုလ်မှာ အနာဂါမိ ဖိုလ်စိတ်ဖြစ်ခိုက် ရဟန္တာပုဂ္ဂိုလ်မှာ အရဟတ္တဖိုလ်စိတ်ဖြစ်ခိုက်ကို ရည်ရွယ် ထားတယ်။ ကဲ နောက်တစ်ခု --</p> <p>စိတ်ဓာတ်က ဘယ်ဘက်ကို ညွတ်ကိုင်းရှိုင်းနေပါသလဲ?</p> <p><b>သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌိတဿ ပန ဘန္တေ ဘိက္ခုနော ကိံ နိန္နံ စိတ္တံ ဟောတိ ကိံ ပေါဏံ ကိံ ပဗ္ဘာရံ။</b></p> <p>သညာ ဝေဒနာတို့ရဲ့ချုပ်ရာ ဖြစ်တဲ့ ဒီနိရောဓသမာပတ်မှ ထတဲ့ပုဂ္ဂိုလ် သန္တာန်မှာ စိတ်တွေက ဘယ်ဘက်ကို ညွတ်ကိုင်းရှိုင်းနေပါသလဲ?</p> <p>ဒီမေးခွန်းတစ်ခုကို ထပ်ပြီး မေးပြန်တယ်။ တရားနှင့် ဘယ်လောက် မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်သလဲဆိုတာ ကြည့်ပေတော့။ မေးခွန်းတွေ ကလည်း ဘယ်လောက် အကွက်စေ့တယ်ဆိုတာ ကြည့်ပေတော့။ စိတ်က ဘယ်ဘက်ကို ညွတ်ကိုင်းရှိုင်းနေသလဲလို့ မေးတဲ့အခါ --</p> <p><b>သညာဝေဒယိတနိရောဓသမာပတ္တိယာ ဝုဋ္ဌိတဿ ခေါ ဂဟပတိ ဘိက္ခုနော ဝိဝေကနိန္နံ စိတ္တံ ဟောတိ ဝိဝေကပေါဏံ ဝိဝေကပဗ္ဘာရံ။</b></p> <p>သညာ ဝေဒနာတို့ရဲ့ချုပ်ရာ ဖြစ်တဲ့ နိရောဓသမာပတ်မှ ထတဲ့ ရဟန်း တော်ရဲ့သန္တာန်မှာ <b>ဝိဝေက</b>လို့ ခေါ်ဆိုအပ်တဲ့ နိဗ္ဗာန်ဘက်သို့ စိတ်တွေ ညွတ်နေ ကိုင်းနေ ရှိုင်းနေပါတယ်။</p> <p>အနာဂါမ်ဖြစ်လျှင် ခေါင်ဆုံး အနာဂါမိဖိုလ်စိတ် စဖြစ်ပါတယ်။ ရဟန္တာ ဖြစ်လျှင် အရဟတ္တဖိုလ်စိတ် ခေါင်ဆုံး စဖြစ်ပါတယ်။ အဲဒီ ဖိုလ်စိတ်တို့ရဲ့ သဘောက နိဗ္ဗာန်ကိုသာ ဧကန်အာရုံပြုတဲ့အတွက် နိဗ္ဗာန်ကို ခေါင်ဆုံး စပြီး တော့ ညွတ်ကိုင်းရှိုင်းနေတဲ့ စိတ်ဓာတ်တွေ ပေါ်တယ်လို့ ဒီလိုပြန်ပြီးတော့ အဖြေပေးထားတယ်။</p> <p>ဗဟူပကာရတရား</p> <p><b>သညာဝေဒယိတနိရောဓသမာပတ္တိယာ ပန ဘန္တေ ကတိ ဓမ္မာ ဗဟူပကာရာ။</b></p> <p>မေးခွန်းတစ်ခုကို ထပ်ပြီး မေးပြန်တယ်။ သညာ ဝေဒနာတို့ရဲ့ချုပ်ရာ ဖြစ်တဲ့ နိရောဓသမာပတ်အတွက် ကျေးဇူးပြုပေးနေတဲ့ တရားတွေက ဘယ် လောက် ရှိပါသလဲလို့ ပြန်ပြီးမေးတယ်။ အဲဒီအခါကျတော့ အရှင်ကာမဘူ မထေရ်မြတ်က ဘာပြန်ပြီး ဖြေသလဲ?</p> <p><b>အဒ္ဓါ ခေါ တွံ ဂဟပတိ ယံ ပဌမံ ပုစ္ဆိတဗ္ဗံ တံ ပုစ္ဆသိ၊ အပိ စ တျာဟံ ဗျာကရိဿာမိ။</b></p> <p>ဒါယကာကြီး ...တကယ်စင်စစ်ပြောမယ်ဆိုလျှင်တော့ ဒီမေးခွန်းက ဒါယကာကြီး ခေါင်ဆုံး စပြီးတော့ မေးသင့်တဲ့ မေးခွန်းပဲ။ ခေါင်ဆုံး စမေး သင့်တဲ့ မေးခွန်းကို ခေါင်ဆုံး စမမေးဘဲ ဒါယကာကြီးက နောက်ဆုံးကျမှ လာပြီး မေးနေတယ်။ တကယ်တော့ ဒါယကာကြီးကို ဘုန်းကြီး အဖြေပေး ပါမယ် ဆိုပြီးတော့ အဖြေပြန်ပေးတယ်။</p> <p><b>သညာဝေဒယိတနိရောဓသမာပတ္တိယာ ခေါ ဂဟပတိ ဒွေ ဓမ္မာ ဗဟူပကာရာ သမထော စ ဝိပဿနာ စာတိ။</b></p> <p>ဒါယကာကြီး ...သညာ ဝေဒနာတို့ရဲ့ချုပ်ရာဖြစ်တဲ့ နိရောဓသမာပတ် ကို ကျေးဇူးပြုနေတဲ့တရား နှစ်ခုရှိပါတယ်။ ဘာတွေလဲ?</p> <p><b>သမထော စ ဝိပဿနာ စ</b> = သမထနှင့် ဝိပဿနာပဲ။</p> <p>ဒီလိုဆိုလျှင် သမထတွေကို ခြေထောက်နှင့် ကန်ပစ်ဖို့ ကောင်းမလား? မကောင်းဘူး။ သာသနာတော်မှာ အလွန် အဆင့်အမြင့်ဆုံးဖြစ်တဲ့ သမာပတ် တစ်ခုကို ကျေးဇူးပြုပေးနေတဲ့တရားသည် သမထနှင့် ဝိပဿနာပဲ။</p> <p>သမထဆိုတာ ခုနက ပြောခဲ့တဲ့ ပထမစျာန်ကို ဝင်စားတယ်၊ ဒါက သမထ။ ပထမစျာန်နာမ်တရားတွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန် တင်ပြီးတော့ ဝိပဿနာရှုတယ်၊ ဒါက ဝိပဿနာ။ အဲဒီလို သမထနှင့် ဝိပဿနာ စုံတွဲပြီးသွားပါမှ နိရောဓသမာပတ်က ဝင်စားလို့ ရပါတယ်။</p> <p>ဒါကြောင့် သမထနှင့် ဝိပဿနာတရားသည် နိရောဓသမာပတ် ဖြစ်ပေါ် လာအောင် ကျေးဇူးပြုပေးနေတဲ့တရားတွေ ဖြစ်ပါတယ်ဆိုပြီးတော့ ပြန်ပြီး အဖြေပေးတယ်။</p> <p>ကဲ ဒါကတော့ အရှင်ကာမဘူ မထေရ်နှင့် စိတ္တသူကြွယ် ဒါယကာကြီးတို့ အရိယာသူတော်ကောင်းအချင်းချင်း ခေါင်းချင်းရိုက်ပြီး ဆွေးနွေးတဲ့ပွဲတစ်ခု ပဲ။</p> <p>နံပါတ် (၇) သုတ္တန် ဖြစ်တဲ့ ဂေါဒတ္တသုတ္တန် (သံ၊၂၊၄၈၅-၄၈၇။) မှာလည်း နောက်ထပ် ဆွေးနွေးပွဲကလေးတစ်ခု လာပြန်တယ်။</p> <hr> <h3>အခန်း (၁၂)</h3> <h3>ဂေါဒတ္တသုတ္တန်</h3> <p>ဂေါဒတ္တသုတ္တန်က အရှင်ဂေါဒတ္တ မထေရ်နှင့် စိတ္တသူကြွယ် ဒါယကာကြီး တို့ တရားဆွေးနွေးတဲ့ သုတ္တန်တစ်ခု ဖြစ်ပါတယ်။</p> <p>တစ်နေ့ ဒါယကာကြီးက ကျောင်းသွားပြီးတော့ အရှင်ဂေါဒတ္တ မထေရ်ထံ ချဉ်းကပ်ပါတယ်။ ချဉ်းကပ်တဲ့ အချိန်အခါကျတော့ အရှင်ဂေါဒတ္တ မထေရ် က စိတ္တသူကြွယ် ဒါယကာကြီးကို မေးပြန်တယ်။</p> <p>ဒါယကာကြီး ...<b>အပ္ပမာဏာ စေတောဝိမုတ္တိ, အာကိဉ္စညာ စေတောဝိမုတ္တိ, သုညတာ စေတောဝိမုတ္တိ, အနိမိတ္တာ စေတောဝိမုတ္တိ</b>ဆိုပြီးတော့ စေတောဝိမုတ္တိတရား လေးပါးတို့ကို ဘုရားရှင် ဟောကြားထားတော်မူတယ်။ အဲဒီစေတောဝိမုတ္တိတရား လေးပါးတို့ဟာ တစ်ခုနှင့်တစ်ခု သဒ္ဒါလည်း ကွဲပြီး အနက်လည်း ကွဲပါသလား? သို့မဟုတ် သဒ္ဒါသာ ကွဲပြီးတော့ အနက်က တူညီပါသလား? ဆိုပြီးတော့ ဒီမေးခွန်းကို မေးတယ်။</p> <p>ဘယ့်နှယ်တုန်း ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ ... ဘယ်လို ဖြေကြမလဲ? အဲဒါပဲ၊ ဒါယကာကြီးတွေ ဒါယိကာမကြီးတွေဟာ သာသနာ တော်နှင့် ပတ်သက်ပြီးတော့ လေ့လာလိုက်စားမှု စွမ်းအင်လေးတွေ လျော့ နည်းနေတယ်။ လျော့နည်းလိုက်တဲ့ အချိန်အခါကျတော့ သူများပြောတာ ဟုတ်၏-မဟုတ်၏ ကိုယ့်မှာ ဆန်းစစ်နိုင်တဲ့ စွမ်းအား ရှိသလား? မရှိကြ တော့ဘူး။ မရှိတော့ သူများပြောတာ ဝိုင်းပြီးယုံခဲ့တော့ ပြောတဲ့စကားက မှန်နေလျှင်တော့ မိမိအတွက် အကျိုးရှိမယ်၊ အမှားကြီးကို သွားပြီးစွဲလာခဲ့ လျှင် မိမိမှာ သာသနာနှင့် တွေ့ရတာ ကိုယ်ကျိုးနည်းပြီး မသွားနိုင်ဘူးလား? သွားနိုင်တယ်။ ဒါကြောင့် သာသနာတော်ကြီးရဲ့ အနှစ်သာရလေးတွေကို ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ လေ့လာဖို့ သိပ်ကောင်းတယ်။</p> <p>အဲဒီအခါမှာ စိတ္တသူကြွယ် ဒါယကာကြီးက ဘာပြန်ပြီးတော့ ဖြေသလဲ?</p> <p>အရှင်ဘုရား ...အနက်လည်း ကွဲတယ် သဒ္ဒါလည်း ကွဲတယ်၊ ဒီလို အကြောင်းလည်းရှိပါတယ်။ အနက်ကတော့ တူတယ် သဒ္ဒါတော့ ကွဲတယ်၊ ဒီလိုအကြောင်းပြချက်လည်း ရှိပါတယ်ဆိုပြီး သူက ပြန်ပြီးတော့ ဖြေပါတယ်။</p> <p>အနက်လည်းကွဲတယ် (ဆိုလိုရင်းရဲ့အနက်သဘောတွေလည်း ကွဲတယ်) သဒ္ဒါလည်း ကွဲတယ်ဆိုတာက ဘယ်လို ကွဲသလဲ? --</p> <p>ဒီတော့ <b>အပ္ပမာဏာ စေတောဝိမုတ္တိ</b>မှာ <b>အပ္ပမာဏ</b>ဆိုတာကတော့ ...</p> <ul> <li>အတိုင်းအတာ ပမာဏ မရှိတဲ့ သတ္တဝါတွေကို အာရုံယူပြီးတော့ မေတ္တာ စျာန်တွေကို ဝင်စားတယ်။</li> <li>အတိုင်းအတာ ပမာဏ မရှိတဲ့ သတ္တဝါတွေကို အာရုံယူပြီးတော့ ကရုဏာ စျာန်တွေကို ဝင်စားတယ်။</li> <li>အတိုင်းအတာ ပမာဏ မရှိတဲ့ သတ္တဝါတွေကို အာရုံယူပြီးတော့ မုဒိတာ စျာန်တွေကို ဝင်စားတယ်။</li> <li>အတိုင်းအတာ ပမာဏ မရှိတဲ့ သတ္တဝါတွေကို အာရုံယူပြီးတော့ ဥပေက္ခာ စျာန်တွေကို ဝင်စားတယ်။</li> </ul> <p>မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ခေါ်တဲ့ ဗြဟ္မစိုရ်တရားလေးပါးကို ပွားများအားထုတ်နေတယ်။ အတိုင်းအတာပမာဏ မရှိဘူးဆိုတာက ဘာ ပြောတာလဲ? ဒီပုဂ္ဂိုလ်က ငါချစ်ခင်လေးစားတဲ့ပုဂ္ဂိုလ်, ဒီပုဂ္ဂိုလ်ကျတော့ ငါ မုန်းတဲ့ပုဂ္ဂိုလ် စသည်ဖြင့် ဒီလိုခွဲခြားမှုရှိလျှင် အတိုင်းအတာ ပမာဏ ရှိနေ သေးတယ်။ မုန်းတဲ့ပုဂ္ဂိုလ် ချစ်တဲ့ပုဂ္ဂိုလ်မဟူ သတ္တဝါအားလုံးကို တန်းတူထား ပြီးတော့ မေတ္တာစျာန်တွေကို ဝင်စားလို့ရတယ်၊ ကရုဏာစျာန်တွေ မုဒိတာ စျာန်တွေ ဥပေက္ခာစျာန်တွေကို ဝင်စားလို့ရတယ်၊ အဲဒီလို ဝင်စားလို့ရလျှင် ဒီလိုဝင်စားနေတဲ့ စေတောဝိမုတ္တိတရားတစ်ခုကိုတော့ <b>အပ္ပမာဏာ စေတော ဝိမုတ္တိ</b>လို့ ခေါ်ပါတယ်။</p> <p>အဲဒီ မေတ္တာစျာန်တွေကို ပွားများအားထုတ်ပုံ, ကရုဏာစျာန် မုဒိတာစျာန် ဥပေက္ခာစျာန်တွေကို ပွားများအားထုတ်ပုံတွေကို ဟောဖို့တော့ သိပ်ကောင်း တယ်၊ သို့သော် အချိန်မရတော့ဘူး။ အဲဒီနည်းအရ ပြောရလျှင်တော့ ဗြဟ္မဝိဟာရစျာန်တွေကို <b>အပ္ပမာဏာ စေတောဝိမုတ္တိ</b>လို့ ခေါ်တယ်။</p> <p>ဒါက တစ်နည်း။ နောက်တစ်ခု - <b>အာကိဉ္စညာ စေတောဝိမုတ္တိ</b>။</p> <p>ရှေ့က ပြောခဲ့ပြီးပြီ၊ ပထမာရုပ္ပဝိညာဏ်လို့ ခေါ်ဆိုအပ်တဲ့ <b>အာကာသာ နဉ္စာယတနဝိညာဏ်</b>ရဲ့ မရှိမှုသဘောကို အာရုံယူပြီးတော့ စျာန်ကို ဝင်စား တယ်။ <b>အာကာသာနဉ္စာယတနဝိညာဏ်</b>ရဲ့ မရှိမှုသဘောအပေါ်၌ ဘာဝနာ စိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတယ်။ အဲဒီ တည်နေတဲ့ စေတောဝိမုတ္တိ ကိုတော့ <b>အာကိဉ္စညာ စေတောဝိမုတ္တိ</b>လို့ ခေါ်တယ်။</p> <p>ခုနက <b>အပ္ပမာဏာ စေတောဝိမုတ္တိ</b>ဆိုတဲ့ ဗြဟ္မစိုရ်တရား လေးပါးကလည်း ဆန့်ကျင်ဖက် ကိလေသာတွေမှ လွတ်မြောက်တဲ့စိတ်တွေ ဖြစ်ခြင်းကြောင့် အဲဒီ ဗြဟ္မစိုရ်တရားတွေကို <b>စေတောဝိမုတ္တိ</b>လို့ ခေါ်တယ်။</p> <p>မေတ္တာက ဒေါသမှ လွတ်နေတယ်။ ကရုဏာကျတော့ <b>ဝိဟိံသ</b>မှ လွတ် သွားတယ်၊ သတ္တဝါတွေကို ညှဉ်းပန်းလိုတဲ့စိတ်မှ လွတ်သွားတယ်။ မုဒိတာ ကျတော့ သူတစ်ပါးတို့ရဲ့စည်းစိမ်၌ မမွေ့လျော် မပျော်ပိုက်ခြင်းဆိုတဲ့ <b>အရတိ</b> တရားမှ လွတ်မြောက်သွားတယ်။ ဥပေက္ခာဗြဟ္မဝိဟာရကတော့ စိတ်ဓာတ် ကြမ်းကြုတ်ခက်ထန်ခြင်း <b>ပဋိဃ</b>တရားမှ လွတ်တယ်။ (မ၊၂၊၈၇-၈၈။)</p> <p>အဲဒီလို ဆိုင်ရာဆိုင်ရာ ကိလေသာတွေမှ လွတ်မြောက်သွားတဲ့အတွက် အတိုင်းအတာ ပမာဏ မရှိတဲ့ သတ္တဝါတွေကို အာရုံယူနေတဲ့အတွက် ဒီ ဗြဟ္မစိုရ်တရား (၄)ပါးကိုတော့ <b>အပ္ပမာဏာ စေတောဝိမုတ္တိ</b>လို့ ခေါ်တယ်။</p> <p>ခု - ဒီ <b>အာကိဉ္စညာ စေတောဝိမုတ္တိ</b>ကျတော့ အာကာသာနဉ္စာယတန ဝိညာဏ်ရဲ့ မရှိမှုသဘောအပေါ်မှာ အာရုံယူနေတဲ့အတွက် အာကာသာနဉ္စာ ယတနဝိညာဏ်ကနေ လွတ်မြောက်ပြီး မသွားဘူးလား? လွတ်မြောက်သွား တယ်၊ သူ့ကို <b>အာကိဉ္စညာ စေတောဝိမုတ္တိ</b>လို့ ခေါ်တယ်။</p> <p>နောက်တစ်ခု - <b>သုညတာ စေတောဝိမုတ္တိ</b>ပဲ၊ အဲဒီ <b>သုညတာ စေတော ဝိမုတ္တိ</b>ဆိုတာကတော့ <b>သုညာမိဒံ အတ္တေန ဝါ အတ္တနိယေန ဝါ</b> ... စတဲ့ ဝိပဿနာရှုကွက်ပဲ။</p> <p>ခုနက ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရတဲ့ ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုလိုက်တဲ့ အချိန်အခါမှာ နောက်ဆုံး ဒီ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတွေရဲ့ မပျက်စီးဘဲ အကျိတ် အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ <b>အတ္တ</b>သဘောကို ရှာလို့ မတွေ့ဘူး။ မတွေ့တဲ့အချိန်အခါမှာ <b>အတ္တ</b>ဆိုတဲ့ အစွဲအလမ်းကနေ လွတ် မြောက်ပြီးတော့ <b>အနတ္တ</b>ဆိုတဲ့ ဉာဏ်ရောင်ခြည် ပေါ်မလာဘူးလား? ပေါ် လာပြီ။</p> <p>အဲဒီ <b>အနတ္တ</b>ဉာဏ်ရောင်ခြည် ပေါ်လာတဲ့အတွက် သင်္ခါရတရားတို့၌ ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တမှ ဆိတ်သုဉ်းနေတဲ့ ထိုဝိပဿနာဉာဏ်အမြင်ကို <b>သုညတာ စေတောဝိမုတ္တိ</b>လို့ ခေါ်တယ်။ အဲဒါ အနက်လည်း ကွဲတယ် သဒ္ဒါ လည်း ကွဲတယ်။</p> <p>နောက်တစ်ခုက - <b>အနိမိတ္တာ စေတောဝိမုတ္တိ</b>ပဲ၊ <b>အနိမိတ္တာ စေတော ဝိမုတ္တိ</b>ဆိုတာက --</p> <p><b>အနိမိတ္တာ ဘူမန္တရတော လောကုတ္တရာ၊ အာရမ္မဏတော နိဗ္ဗာနာရမ္မဏာ။</b> (သံ၊ဋ္ဌ၊၃၊၁၃၆။)</p> <p>ဘုံအနေနှင့် ပြောလျှင်တော့ လောကုတ္တရာ မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေကို <b>အနိမိတ္တာ စေတောဝိမုတ္တိ</b>လို့ ပြောရတယ်။</p> <p>အာရုံအနေနှင့် ပြောလျှင်တော့ - အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို <b>အနိမိတ္တာ စေတောဝိမုတ္တိ</b>လို့ ပြောရတယ်။</p> <p>ဒီတော့ နိရောဓသစ္စာအမည်ရတဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်မှာ ရုပ်တွေ နာမ်တွေ မရှိဘူး။ ရုပ်နာမ်ဓမ္မသင်္ခါရတွေမရှိတဲ့အတွက် ရုပ်နာမ်ဆိုတဲ့ အမှတ်နိမိတ်တွေ မရှိတဲ့အတွက် <b>အနိမိတ္တ</b>လို့ခေါ်တယ်။ ဒီ<b>အနိမိတ္တ</b>အမည် ရနေတဲ့ ရုပ်နာမ်တို့ရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ ဒီအငြိမ်းဓာတ် နိဗ္ဗာန်ကို လှမ်း အာရုံယူနေတဲ့ မဂ်စိတ် ဖိုလ်စိတ်တွေကိုလည်း <b>အနိမိတ္တာ စေတောဝိမုတ္တိ</b>လို့ပဲ ခေါ်ရပါတယ်။ ဒါက အနက်လည်း ကွဲတယ် သဒ္ဒါလည်း ကွဲတယ်။</p> <p>နောက်တစ်နည်းအားဖြင့် - သဒ္ဒါသာ ကွဲတယ် အနက်က တူပါတယ်။ ဘယ်လို တူသလဲ ...?</p> <p>ရာဂ ဒေါသ မောဟဆိုတာက သတ္တဝါတွေကို တိုင်းတာလို့ရတဲ့တရား တွေ။ ပုဂ္ဂိုလ်တစ်ယောက်ကို သာမန်အားဖြင့် ကြည့်မယ်ဆိုလို့ရှိလျှင် ဒီပုဂ္ဂိုလ် က ပုထုဇန်လား? ဒီပုဂ္ဂိုလ်က အရိယာလား? ခွဲခြားပြီး မသိနိုင်ဘူး။</p> <p>အကယ်၍ ဒီပုဂ္ဂိုလ်သည် ရာဂ ဒေါသ မောဟတွေ သိပ်ပြီး ပြင်းထန်လာ ပြီး ဒေါသတွေ ထွက်နေတာ မြင်ရတယ်၊ လောဘတွေ သိပ်အားကောင်း နေတာ မြင်ရပြီဆိုလျှင်တော့ ဩော် ..ဒီပုဂ္ဂိုလ်ဟာ ပုထုဇန်ပဲ ရှိနေသေးတယ်၊ အရိယာသူတော်ကောင်း မဟုတ်သေးဘူးလို့ ခွဲခြားလို့ မရနိုင်ဘူးလား? ရနိုင်တယ်။</p> <p>ရာဂ ဒေါသ မောဟတွေဟာ ဒီပုဂ္ဂိုလ်သည် အရိယာပဲ ဒီပုဂ္ဂိုလ်သည် ပုထုဇန်ပဲလို့ မှတ်သားကြောင်း ပိုင်းခြားကြောင်း တိုင်းတာကြောင်းတွေ ဖြစ်တဲ့ အတွက် သူ့ကို <b>ပမာဏ</b>လို့ ခေါ်ရတယ်။</p> <p>ရဟန္တာပုဂ္ဂိုလ်ရဲ့သန္တာန်မှာ အဲဒီလို တိုင်းတာကြောင်းဖြစ်တဲ့ ရာဂ ဒေါသ မောဟတွေ ရှိသလား? မရှိတော့ဘူး၊ အကြွင်းမဲ့ပယ်ထားပြီး ဖြစ်တဲ့အတွက် ရဟန္တာပုဂ္ဂိုလ်တို့ရဲ့ <b>အကုပ္ပါ</b>လို့ ခေါ်ဆိုအပ်တဲ့ အရဟတ္တဖိုလ်သမာပတ်ကို <b>အပ္ပမာဏာ စေတောဝိမုတ္တိ</b>လို့ ခေါ်တယ်။ ရာဂ ဒေါသ မောဟတို့ဖြင့် တိုင်းတာလို့ မရနိုင်တဲ့ စေတောဝိမုတ္တိပဲ။</p> <p>ဒီတော့ ခုနကပြောခဲ့တဲ့ ဗြဟ္မဝိဟာရတရားလေးပါးကိုလည်း <b>အပ္ပမာဏာ စေတောဝိမုတ္တိ</b>လို့ ခေါ်တယ်၊ ဖိုလ်စိတ်လေးပါး မဂ်စိတ်လေးပါးကိုလည်း <b>အပ္ပမာဏာ စေတောဝိမုတ္တိ</b>လို့ပဲ ခေါ်ပါတယ်၊ ခေါ်ပေမဲ့လို့ အဲဒီ အားလုံး ထဲမှာ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ စေတောဝိမုတ္တိသည် ဘာလဲလို့ မေးလိုက် တော့ အရဟတ္တဖိုလ်စေတောဝိမုတ္တိပဲ ဖြစ်တယ်။ ဘာကြောင့်လဲ? --</p> <p>အရဟတ္တဖိုလ်စေတောဝိမုတ္တိသည် ရာဂ ဒေါသ မောဟ ဆိုတဲ့ တိုင်းတာ ကြောင်းဖြစ်တဲ့ တရားတွေဖြင့် တိုင်းတာလို့ မရတဲ့တရား ဖြစ်ခြင်းကြောင့် <b>အပ္ပမာဏာ</b> = အတိုင်းအတာ မရှိတဲ့, <b>စေတောဝိမုတ္တိ</b> = ဆန့်ကျင်ဖက် ကိလေသာတို့မှ လွတ်မြောက်နေတဲ့စိတ်လို့ ခေါ်ပါတယ်။</p> <p>နောက်တစ်ခု <b>အာကိဉ္စညာ စေတောဝိမုတ္တိ</b> ...။</p> <p>သတ္တဝါတွေကို ကြိတ်ခြေပြီး တုန်လှုပ်ချောက်ချားအောင် ပြုလုပ်နေတာ က ဘာလဲ? ရာဂ ဒေါသ မောဟတွေပဲ။</p> <p>စပါးကို နွားတွေနှင့် နယ်ကြပြီ ဆိုကြစို့။ တလင်းထဲမှာ စပါးနယ်ပြီဆိုလို့ ရှိလျှင် နွားတွေရဲ့ ခြေထောက်တွေက စပါးတွေကို ကြိတ်ခြေပြီး မနေဘူး လား? ကြိတ်ခြေတယ်။ အဲဒီပုံစံအတိုင်းပဲ သတ္တဝါတွေကို သံသရာခရီးခဲမှ မလွတ်မြောက်အောင် ကြိတ်ခြေနေတဲ့ တရားတွေဆိုတာက ဘာတွေလဲ? ရာဂ ဒေါသ မောဟတွေပဲ။</p> <p>ဒီ ရာဂ ဒေါသ မောဟတွေက သတ္တဝါတွေကို သံသရာခရီးခဲမှ မလွတ် မြောက်အောင် ကြိတ်ခြေနေတဲ့ တရားတွေ ဖြစ်ခြင်းကြောင့် သူတို့ကို <b>ကိဉ္စန</b>လို့ ခေါ်တယ်။ အဲဒီ <b>ကိဉ္စန</b> အမည်ရှိတဲ့တရားတွေသည် ရဟန္တာအရှင်မြတ်တို့ရဲ့ သန္တာန်မှာ ရှိသေးသလား? မရှိတော့ဘူး။ မရှိခြင်းကြောင့် ရဟန္တာအရှင်မြတ် တို့ရဲ့ အရဟတ္တဖိုလ်သမာပတ်ကို <b>အကိဉ္စန</b> လို့ခေါ်တယ်။ အဲဒီ သမာပတ်ကို <b>အာကိဉ္စညာ စေတောဝိမုတ္တိ</b>လို့ပဲ ခေါ်ပါတယ်။</p> <p>နောက်တစ်ခု - <b>အပ္ပမာဏာ စေတောဝိမုတ္တိ အာကိဉ္စညာ စေတော ဝိမုတ္တိ</b> အမည်ရတဲ့ ဒီအရဟတ္တဖိုလ်မှာ ရာဂ ဒေါသ မောဟတွေမှ ဆိတ်သုဉ်း ပြီးတော့ မနေဘူးလား? ဆိတ်သုဉ်းနေတယ်၊ ဆိတ်သုဉ်းနေခြင်းကြောင့် သူ့ကို <b>သုညတာ စေတောဝိမုတ္တိ</b>လို့ ခေါ်မယ်ဆိုလျှင် ခေါ်လို့ရတယ်။</p> <p>ဒီအဆိုအရ ဆိုတော့ <b>အပ္ပမာဏာ စေတောဝိမုတ္တိ</b>ရယ် <b>အာကိဉ္စညာ စေတောဝိမုတ္တိ</b>ရယ် <b>သုညတာ စေတောဝိမုတ္တိ</b>ရယ် - ဒီစေတောဝိမုတ္တိ (၃)ခု သည် ဘာကိုသာ ပြောနေသလဲ? အရဟတ္တဖိုလ်တစ်ခုတည်းကိုပဲ ပြောနေ တယ်။</p> <p>နောက်တစ်ခု - <b>အနိမိတ္တာ စေတောဝိမုတ္တိ</b> ...။</p> <p><b>အနိမိတ္တာ စေတောဝိမုတ္တိ</b>ဆိုတာကတော့ ပုဂ္ဂိုလ်တစ်ယောက်ကို ခုနက မှတ်သားကြောင်းဖြစ်တဲ့ တရားလေးတွေပဲ။ ဒါက ပုထုဇန်ပဲ, ဒါက အရိယာ သူတော်ကောင်းပဲလို့ မှတ်သားတာက ဘယ်အချက်တွေကို ကြည့်ပြီး မှတ် သားရသလဲလို့မေးလျှင် ရာဂ ဒေါသ မောဟတွေကို ကြည့်ပြီး မှတ်သားရ တယ်။</p> <p>ပုဂ္ဂိုလ်တစ်ယောက်မှာ ရာဂတွေက သိပ်အားကောင်းလာပြီ၊ ဒေါသတွေ က သိပ်အားကောင်းလာပြီ၊ မောဟတွေက သိပ်အားကောင်းလာပြီဆိုလို့ ရှိလျှင် ဒီပုဂ္ဂိုလ်ကို ပုထုဇန်ပဲလို့ သတ်မှတ်လို့ရတယ်။ ဒီပုဂ္ဂိုလ်မှာ ရာဂ ဒေါသ မောဟဆိုတဲ့ နိမိတ်တွေ လုံးလုံး မရှိတော့ဘူးဆိုလျှင် ဒီပုဂ္ဂိုလ်ကို ရဟန္တာလို့ သတ်မှတ်ရပါတယ်။</p> <p>ဒါကြောင့် နွားတစ်ကောင်ရှိတယ် ဆိုကြစို့။ နွားတွေမှာ တံဆိပ်ခတ်ပြီးပြီ ဆိုလို့ရှိလျှင် ဒီနွားက ဘယ်သူ့နွားလို့ သတ်မှတ်လို့ မရဘူးလား? ရတယ်။ တံဆိပ်မခတ်သေးဘူးဆိုလျှင် ပုံစံတူနေလို့ရှိလျှင်တော့ ဒီနွားက ဘယ်သူ့နွား ဆိုတာကို ခွဲလို့ရသေးလား? မရနိုင်ဘူး။</p> <p>အဲဒီ ပုံစံအတိုင်းပဲ သတ္တဝါတွေမှာ ရာဂ ဒေါသ မောဟတွေကနေပြီး တော့ ဒီပုဂ္ဂိုလ်က ပုထုဇန်ပဲ၊ ဒီပုဂ္ဂိုလ်က အရိယာသူတော်ကောင်းပဲလို့ ခွဲခြားကြောင်းဖြစ်တဲ့ အမှတ်နိမိတ်တွေရှိလို့ သူတို့ကို <b>နိမိတ္တ</b>လို့ ခေါ်ရတယ်။</p> <p>အဲဒီ ရာဂ ဒေါသ မောဟ အမှတ်နိမိတ်တွေသည် ရဟန္တာအရှင်မြတ်တို့ရဲ့ သန္တာန်မှာ ရှိသေးသလား? မရှိတော့ဘူး၊ မရှိတဲ့အတွက်ကြောင့် ရဟန္တာ အရှင်မြတ်တွေရဲ့ အရဟတ္တဖိုလ်သမာပတ်ကို <b>အနိမိတ္တာ စေတောဝိမုတ္တိ</b>လို့ ဒီလို ခေါ်နိုင်တယ်။</p> <p>အဲဒီအခေါ်အရ ကြည့်မယ်ဆိုလျှင် ... <b>အပ္ပမာဏာ စေတောဝိမုတ္တိ, အာကိဉ္စညာ စေတောဝိမုတ္တိ, သုညတာ စေတောဝိမုတ္တိ, အနိမိတ္တာ စေတော ဝိမုတ္တိ</b>ဆိုတဲ့ ဒီ စေတောဝိမုတ္တိတရား လေးပါးသည် အရဟတ္တဖိုလ် တစ်ခု တည်းကိုသာ ခေါ်ဝေါ်သုံးစွဲနေတဲ့ အခေါ်အဝေါ် ဖြစ်တယ်။</p> <p>အဲဒီအသုံးအနှုန်းအရဆိုလျှင် သဒ္ဒါသာ ကွဲတယ် အနက်အဓိပ္ပါယ်ဆိုလို ရင်းက အတူတူပဲ မဖြစ်ဘူးလား? ဖြစ်ပါတယ် ဆိုပြီးတော့ ပြန်ပြီးတော့ အဖြေပေးပါတယ်။ အဲဒီအခါကျတော့မှ အရှင်ဂေါဒတ္တ မထေရ်က စိတ္တ သူကြွယ် ဒါယကာကြီးကို ဘာပြောသလဲ? --</p> <p><b>လာဘာ တေ ဂဟပတိ၊ သုလဒ္ဓံ တေ ဂဟပတိ၊ ယဿ တေ ဂမ္ဘီရေ ဗုဒ္ဓဝစနေ ပညာစက္ခု ကမတိ။</b></p> <p>ဒါယကာကြီး ...သိပ်အရတော်တယ်၊ ဒါယကာကြီးရဲ့ လူ့ဘဝကို ရရှိခြင်းသည် ကောင်းသောရခြင်းပဲ ဖြစ်တယ်။ အလွန် နက်နဲခက်ခဲနေတဲ့ ဘုရားရှင်ရဲ့ တရားတွေ၌ ဒါကာယကြီးရဲ့ <b>ပညာစက္ခု</b>ခေါ်တဲ့ ဉာဏ်ပညာ မျက်စိသည် သက်ဝင်ပြီး တည်နေပါတယ် ဆိုပြီးတော့ သာဓုခေါ်ပါတယ်။</p> <p>ဒီနေ့ တရားနာနေတဲ့ ဒါယကာကြီးတွေ ဒါယိကာမကြီးတွေလည်း အလွန် နက်နဲ ခက်ခဲနေတဲ့ ဘုရားရှင်ရဲ့ တရားတော်မှာ သက်ဝင်ပြီး တည်နေတဲ့ ဒီလို <b>ပညာစက္ခု</b> ဉာဏ်အမြင်တွေ ရှိကြမယ်ဆိုလျှင် မကောင်းဘူးလား? သိပ်ကောင်းမယ်၊ ရအောင်ကြိုးစားကြပါလို့ ဘုန်းကြီးက တိုက်တွန်းပါတယ်။</p> <p>စိတ္တသံယုတ်ရဲ့ နံပါတ် (၈) သုတ္တန် ဖြစ်တဲ့ .. နိဂဏ္ဌနာဋပုတ္တသုတ္တန် (သံ၊၂၊၄၈၇-၄၈၉။) ကိုလည်း ဆက်လက်နာကြားကြရအောင် ...။</p> <hr> <h3>အခန်း (၁၃)</h3> <h3>နိဂဏ္ဌနာဋပုတ္တသုတ္တန်</h3> <p>နိဂဏ္ဌနာဋပုတ္တသုတ္တန်က နိဂဏ္ဌနာဋပုတ္တကြီးနှင့် စိတ္တသူကြွယ်တို့ တွေ့ ဆုံတဲ့ ပွဲကလေးပဲ။ <b>နိဂဏ္ဌနာဋပုတ္တ</b> ဆိုတာကတော့ နာမည်ကျော် ဖြစ်တဲ့ ဂျိန်း(Jain) ဂိုဏ်းကို စတင်ထူထောင်တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။</p> <p>တစ်နေ့မှာ .. အဲဒီပုဂ္ဂိုလ်ကြီးက စိတ္တသူကြွယ်တို့ နေထိုင်ရာဖြစ်တဲ့ မစ္ဆိကာသဏ္ဍမြို့ကို ဆိုက်ရောက်လာပြီ။ ဆိုက်ရောက်လာတဲ့ အချိန်အခါမှာ စိတ္တသူကြွယ် ဒါယကာကြီးကလည်း သွားပြီးတော့ တွေ့ဆုံပါတယ်။</p> <p>ဘာကြောင့် ဒီလို အဝတ်မဝတ်တဲ့ နိဂဏ္ဌတွေနှင့် စိတ္တသူကြွယ် အနာဂါမ် သူတော်ကောင်းကြီးက သွားပြီးတွေ့ဆုံရသလဲ? သူတို့ရဲ့ စွပ်စွဲတဲ့ဘေးတွေက လွတ်မြောက်ချင်တာက အကြောင်းတစ်ခု, ဝါဒတင်ချင်တာက အကြောင်း တစ်ခု ဒီအကြောင်းနှစ်ခုဖြင့် စိတ္တသူကြွယ် ဒါယကာကြီးက နိဂဏ္ဌနာဋပုတ္တ ကြီးနှင့် သွားပြီးတွေ့ဆုံခြင်း ဖြစ်တယ်။</p> <p>ဘယ်လို စွပ်စွဲချက်တွေမှ လွတ်ချင်သလဲလို့ မေးတော့ နိဂဏ္ဌတွေက ရဟန်းဂေါတမရဲ့တပည့်သာဝကတွေဟာ အလွန်ခက်ထန်တင်းမာပြီး မာန် မာနကြီးတဲ့ပုဂ္ဂိုလ်တွေ ဖြစ်တယ်လို့ ဒီလိုစွပ်စွဲကြတယ်။ တို့ကိုတောင် လာပြီး ချဉ်းကပ်ဖော် နှုတ်ဆက်ဖော် မရဘူးလို့ ဆိုပြီး ဒီလို စွပ်စွဲတတ်တဲ့အတွက် အဲဒီလို စွပ်စွဲတဲ့ဘေးရန်က လွတ်မြောက်ချင်တာကလည်း အကြောင်းတစ်ခု၊ နိဂဏ္ဌနာဋပုတ္တကြီးနှင့် ဝါဒပြိုင်ပွဲတစ်ခု ပြုလုပ်ချင်တော့ ဝါဒတင်ချင်တာက လည်း အကြောင်းတစ်ခု - ဒီအကြောင်းနှစ်ခုကြောင့် နိဂဏ္ဌနာဋပုတ္တထံ ချဉ်းကပ်ပြီး အလ္လာပသလ္လာပစကားတွေ ပြောဆိုပြီးတော့ နှုတ်ဆက်တယ်။</p> <p>နှုတ်ဆက်လိုက်တဲ့ အချိန်အခါမှာ ... နိဂဏ္ဌနာဋပုတ္တကြီးဘက်က ဘာမေးခွန်းတစ်ခု မေးသလဲ? --</p> <p><b>သဒ္ဒဟသိ တွံ ဂဟပတိ သမဏဿ ဂေါတမဿ အတ္ထိ အဝိတက္ကော အဝိစာရော သမာဓိ၊ အတ္ထိ ဝိတက္ကဝိစာရာနံ နိရောဓောတိ။</b></p> <p>ကဲ စိတ္တသူကြွယ် ဒါယကာကြီး ...သင့်ကို မေးခွန်းတစ်ခု မေးမယ်။ ရဟန်းဂေါတမအပေါ်မှာ သင်ဟာ <b>အဝိတက္က အဝိစာရ</b> (= ဝိတက် ဝိစာရ မရှိတဲ့) သမာဓိတစ်မျိုးရှိတယ်၊ ဝိတက် ဝိစာရတို့ ချုပ်ငြိမ်းတဲ့ သမာဓိတစ်မျိုး ရှိတယ်လို့ ယုံကြည်ချက်မျိုး ရှိပါသလား ဒီလို မေးခွန်းတစ်ခု မေးတယ်။</p> <p>အဲဒီလို မေးလိုက်တဲ့အချိန်မှာ စိတ္တသူကြွယ် ဒါယကာကြီးက ဘာပြန် ဖြေသလဲ? --</p> <p><b>န ခွါဟံ ဧတ္ထ ဘန္တေ ဘဂဝတော သဒ္ဓါယ ဂစ္ဆာမိ အတ္ထိ အဝိတက္ကော အဝိစာရော သမာဓိ၊ အတ္ထိ ဝိတက္ကဝိစာရာနံ နိရောဓောတိ။</b></p> <p>အရှင်ဘုရား ... တပည့်တော်ဟာ မြတ်စွာဘုရားအပေါ်၌ (ရဟန်း ဂေါတမအပေါ်၌) ယုံကြည်ချက် သဒ္ဓါတရားဖြင့် ကိုးကွယ်ဆည်းကပ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ပါဘူးတဲ့။ ဘယ်လိုယုံကြည်ချက်လဲလို့မေးတော့ ဝိတက် ဝိစာရ မရှိတဲ့ သမာဓိ, ဝိတက် ဝိစာရ ချုပ်ငြိမ်းနေတဲ့ သမာဓိတစ်ခု ရှိပါတယ်ဆိုတဲ့ ဒီယုံကြည်ချက် ဦးတည်ချက်ဖြင့် ဘုရားရှင်ကို တပည့်တော် ကိုးကွယ်ဆည်းကပ်နေတဲ့ ပုဂ္ဂိုလ်စား မဟုတ်ပါဘူး ဆိုပြီးတော့ ပြန်ပြီးတော့ အဖြေပေးတယ်။</p> <p>အဲဒီလိုအဖြေပေးလိုက်တဲ့အချိန်မှာ နိဂဏ္ဌနာဋပုတ္တကြီးက မစဉ်းစားဘဲ ဘာပြန်ပြီးတော့ ပြောသလဲ။ ဩော် စိတ္တသူကြွယ် ဒါယကာ ...ဒါယကာ ဟာ အလွန်ဖြောင့်မတ်ရိုးသားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်၊ လှည့်ပတ်တဲ့ မာယာ ကောက်ကျစ်စဉ်းလဲတဲ့ <b>သာဌေယျ</b>တွေ ကင်းစင်နေတဲ့ သူတော် ကောင်းကြီးတစ်ဦး ဖြစ်တယ်ဆိုပြီး ချီးမွမ်းတယ်။</p> <p>အဲဒီလို ချီးမွမ်းလိုက်တဲ့ အချိန်အခါမှာ စိတ္တသူကြွယ် ဒါယကာကြီးက ဘာပြန်ပြီးတော့ မေးသလဲ? --</p> <p><b>တံ ကိံ မညသိ ဘန္တေ၊ ကတမံ နု ခေါ ပဏီတတရံ ဉာဏံ ဝါ သဒ္ဓါ ဝါ။</b></p> <p>အရှင်ဘုရား ...ဉာဏ်နှင့် သဒ္ဓါ ဘယ်ဒင်းက ပိုပြီးတော့ သာလွန်မြင့် မြတ်ပါသလဲလို့ မေးတယ်။</p> <p><b>သဒ္ဓါယ ခေါ ဂဟပတိ ဉာဏံယေဝ ပဏီတတရံ။</b></p> <p>ဒါယကာကြီး ... သဒ္ဓါထက် ဉာဏ်က ပိုပြီးတော့ ကြီးကျယ်မြင့်မြတ်ပါ တယ် သာလွန်မြင့်မြတ်ပါတယ်လို့ ဒီလို အဖြေပေးတယ်။ အဲဒီအခါမှာ --</p> <p><b>အဟံ ခေါ ဘန္တေ ယာဝဒေဝ အာကင်္ခါမိ၊ ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရာမိ။</b></p> <p><b>ဘန္တေ</b> = အရှင်ဘုရား ...။ <b>အဟံ ခေါ</b> = တပည့်တော်သည်ကား။ <b>ယာဝဒေဝ</b> = အကြင်မျှလောက်သော ကာလပတ်လုံးပင်လျှင်။ <b>အာကင်္ခါမိ</b> = အလိုရှိ၏။ <b>တာဝဒေဝ</b> = ထိုအလိုရှိသမျှ ကာလပတ်လုံးပင်လျှင်။ <b>ကာမေဟိ</b> = ဝတ္ထုကာမ ကိလေသာကာမတို့မှ။ <b>ဝိဝိစ္စေဝ</b> = ကင်းဆိတ်သည်ဖြစ်၍ သာလျှင်။ <b>အကုသလေဟိ ဓမ္မေဟိ</b> = အကုသိုလ်တရားတို့မှ။ <b>ဝိဝိစ္စ</b> = ကင်း ဆိတ်သည်ဖြစ်၍သာလျှင်။ <b>သဝိတက္ကံ</b> = ဝိတက်နှင့်လည်း တကွဖြစ်သော။ <b>သဝိစာရံ</b> = ဝိစာရနှင့်လည်း တကွဖြစ်သော။ <b>ဝိဝေကဇံ</b> = နီဝရဏတရား ကင်းဆိတ်ခြင်းကြောင့် ထင်ရှားဖြစ်ပေါ်၍လာရသော။ <b>ပီတိသုခံ</b> = နှစ်သက် ခြင်း ပီတိ, ချမ်းသာခြင်း သုခရှိသော။ <b>ပဌမံ စျာနံ</b> = ပထမစျာန်ကို။ <b>ဥပသမ္ပဇ္ဇ</b> = ပြည့်စုံစေ၍။ <b>ဝိဟရာမိ</b> = နေထိုင်နိုင်ပါ၏။</p> <p>အရှင်ဘုရား ... တပည့်တော်ဟာလေ ဘယ်လောက်များ အလိုရှိ သလဲ၊ အလိုရှိသမျှ ကာလပတ်လုံး ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ခေါ်တဲ့ စျာန်အင်္ဂါ ငါးပါးရှိနေတဲ့, ဝတ္ထုကာမ ကိလေသာကာမတို့မှ ကင်း ဆိတ်နေတဲ့ ဒီပထမစျာန်ကို တပည့်တော် ဝင်စားပြီး နေထိုင်နိုင်ပါတယ်။</p> <p>မပြီးသေးဘူး၊ နောက်ထပ် သူက ဆက်ပြီး လျှောက်ထားသေးတယ်။</p> <p><b>အဟံ ခေါ ဘန္တေ ယာဝဒေဝ အာကင်္ခါမိ၊ ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရာမိ။</b></p> <p><b>ဘန္တေ</b> = အရှင်ဘုရား ...။ <b>အဟံ ခေါ</b> = တပည့်တော်သည်ကား။ <b>ယာဝဒေဝ</b> = အကြင်မျှလောက်သော ကာလပတ်လုံးပင်လျှင်။ <b>အာကင်္ခါမိ</b> = အလိုရှိ၏။ <b>တာဝဒေဝ</b> = ထိုမျှလောက်သော ကာလပတ်လုံးပင်လျှင်။ <b>ဝိတက္က ဝိစာရာနံ</b> = ဝိတက်ဝိစာရတို့၏။ <b>ဝူပသမာ</b> = ငြိမ်းခြင်းကြောင့်။ <b>အဇ္ဈတ္တံ</b> = မိမိရဲ့ ကိုယ်တွင်းအဇ္ဈတ္တသန္တာန်၌။ <b>စေတသော</b> = စိတ်ကိ်ု။ <b>သမ္ပသာဒနံ</b> = ကြည်လင်စေတတ်သော။ <b>ဧကောဒိဘာဝံ</b> = မြတ်သော တည်ကြည်မှု သမာဓိ ကို ဖြစ်စေတတ်သော။ <b>အဝိတက္ကံ</b> = ဝိတက်လည်း မရှိသော။ <b>အဝိစာရံ</b> = ဝိစာရလည်း မရှိသော။ <b>သမာဓိဇံ</b> = ပထမစျာန်သမာဓိကြောင့် ဖြစ်သော (ဝါ) သမ္ပယုတ်သမာဓိကြောင့် ဖြစ်သော။ <b>ပီတိသုခံ</b> = နှစ်သက်ခြင်း ပီတိ, ချမ်းသာခြင်း သုခ ရှိသော။ <b>ဒုတိယဇ္ဈာနံ</b> = ဒုတိယစျာန်ကို။ <b>ဥပသမ္ပဇ္ဇ</b> = ပြည့်စုံစေ၍။ <b>ဝိဟရာမိ</b> = နေထိုင်နိုင်ပါ၏။</p> <p>အရှင်ဘုရား ... တပည့်တော်ဟာ ဘယ်လောက်ပဲ အလိုရှိရှိ၊ အလို ရှိသမျှ ကာလပတ်လုံး စိတ်အစဉ်ကို လှုပ်ချောက်ချားတတ်တဲ့ ဝိတက် ဝိစာရ တို့ရဲ့ ချုပ်ငြိမ်းသွားခြင်းကြောင့် မိမိရဲ့ကိုယ်တွင်း အဇ္ဈတ္တသန္တာန်မှာ စိတ်ကို ကြည်လင်စေတတ်တဲ့, မြတ်သော တည်ကြည်မှု သမာဓိကို ဖြစ်စေတတ်တဲ့, ရုန့်ရင်းကြမ်းတမ်းလို့ ကျိုးပဲ့ပျက်စီးလွယ်တဲ့သဘော ရှိတဲ့ ဝိတက်လည်း မရှိ ဝိစာရလည်း မရှိတဲ့, ပထမစျာန်သမာဓိကို အခြေခံလျက် ဖြစ်ပေါ်လာတဲ့ သို့မဟုတ် ဒုတိယစျာန်သမာဓိလို့ ခေါ်ဆိုတဲ့ <b>သမ္ပယုတ်</b> (= ယှဉ်ဖက်) သမာဓိ ကြောင့် ဖြစ်ပေါ်လာတဲ့ နှစ်သက်ခြင်း ပီတိ ချမ်းသာခြင်း သုခရှိတဲ့ ဒုတိယ စျာန်ကို ပြည့်စုံစေလျက် နေထိုင်နိုင်ပါတယ်။ --</p> <p>ဒီလို ဝိတက် ဝိစာရ မရှိတဲ့ အဝိတက္ကအဝိစာရသမာဓိမှာ ကောင်းကောင်း ကြီး သူကိုယ်တိုင် အလိုရှိသလောက် နေနိုင်ကြောင်း (= ဒုတိယစျာန်ကို ဝင်စားပြီး နေနိုင်ကြောင်း) ကို ရဲရဲဝံ့ဝံ့ တင်ပြလျှောက်ထားလိုက်တယ်။ သူများ အပြောနှင့် လွမ်းနေတာ မဟုတ်ပါဘူး။ ကိုယ်တိုင်သိနေပါတယ်လို့ ဆိုလို ပါတယ်။</p> <p>တရားနာပရိတ်သတ်ဖြစ်တဲ့ ဒါယကာကြီးတွေ ဒါယိကာမကြီးတွေလည်း စိတ္တသူကြွယ် ကျောင်းဒါယကာကြီးတို့လို ဘုရားရှင်ရဲ့ တရားတော်တွေနှင့် ပတ်သက်လာလျှင် ဒီလို မကြောက်မရွံ့ ရဲရဲဝံ့ဝံ့ ကိုယ်တိုင်သိရှိထားတဲ့ အသိ ဉာဏ်တွေကို တင်ပြနိုင်တဲ့ အမျိုးကောင်းသားတွေ အမျိုးကောင်းသမီးတွေ ဖြစ်အောင် လက်တွေ့ကျင့်ထားကြစေချင်ပါတယ်။</p> <p>ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေသူတစ်ဦး ဖြစ်ပါလျက် ဘုရားရှင် ရဲ့ တရားတော်တွေနှင့် ပတ်သက်လို့ ဘုရားရှင်ရဲ့ ဘက်တော်ကနေပြီး ဒီလို ရဲရဲဝံ့ဝံ့ မတင်ပြနိုင်ဘူးဆိုလျှင် ဘုရားရှင်ရဲ့တရားတော်တွေနှင့် ပတ်သက်လို့ ဖြန့်ဖြူးတဲ့နေရာမှာ များစွာ ဟာကွက်တွေ ရှိနေပါလိမ့်မယ်။ သာသနာတော် နှင့် ကြုံကြိုက်ပါလျက် သာသနာတော်ကို အမှီပြုပြီး ကြိုးစားက ရရှိနိုင်မည့် စျာန်-မဂ်-ဖိုလ်-နိဗ္ဗာန်ဆိုတဲ့ အမြတ်ဆုံး အကျိုးစီးပွားတွေမှလည်း ဆုတ်ယုတ် သွားတတ်ပါတယ်။</p> <p>နောက်ထပ် သူက ဆက်ပြီး လျှောက်ထားပြန်သေးတယ်။ --</p> <p><b>အဟံ ခေါ ဘန္တေ ယာဝဒေဝ အာကင်္ခါမိ၊ ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟရာမိ သတော စ သမ္ပဇာနော၊ သုခဉ္စ ကာယေန ပဋိသံဝေဒေမိ၊ ယံ တံ အရိယာ အာစိက္ခန္တိ - ဥပေက္ခကော သတိမာ သုခဝိဟာရီတိ တတိယံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရာမိ။</b></p> <p><b>ဘန္တေ</b> = အရှင်ဘုရား ...။ <b>အဟံ ခေါ</b> = တပည့်တော်သည်ကား။ <b>ယာဝဒေဝ</b> = အကြင်မျှလောက်သော ကာလပတ်လုံးပင်လျှင်။ <b>အာကင်္ခါမိ</b> = အလိုရှိ၏။ <b>တာဝဒေဝ</b> = ထိုမျှလောက်သော ကာလပတ်လုံးပင်လျှင်။ <b>ပီတိယာ</b> = ပီတိကို။ <b>ဝိရာဂါ စ</b> = စက်ဆုပ်ခြင်းကြောင့်လည်းကောင်း။ <b>ဥပေက္ခကော စ</b> = တတိယစျာန် ချမ်းသာကိုပင် လျစ်လျူရှုသည် ဖြစ်၍လည်းကောင်း။ <b>သတော စ</b> = တတိယစျာန်၏ အာရုံကို အမှတ်ရခြင်း သတိ ရှိသည်ဖြစ်၍ လည်းကောင်း။ <b>သမ္ပဇာနော စ</b> = တတိယစျာန်၏ အာရုံကို ကောင်းစွာ ကွဲကွဲပြားပြားသိတတ်သော သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍လည်းကောင်း။ <b>ဝိဟရာမိ</b> = နေထိုင်နိုင်ပါ၏။ <b>သုခဉ္စ</b> = ကာယိကသုခ+စေတသိကသုခဟု ခေါ်ဆို အပ်တဲ့ နှစ်မျိုးသော သုခဝေဒနာကိုလည်း။ <b>ကာယေန</b> = နာမကာယဖြင့်။ <b>ပဋိသံဝေဒေမိ</b> = ခံစား၏။ <b>ယံ</b> = အကြင်တတိယစျာန်ဟူသော အကြောင်း ကြောင့်။ <b>တံ</b> = ထိုတတိယစျာန်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို။ <b>အရိယာ</b> = ဘုရားအစရှိကုန်သော အရိယာ သူတော်ကောင်းတို့သည်။<b>ဥပေက္ခကော</b> = တတိယစျာန်ချမ်းသာကိုပင် လျစ်လျူရှုနိုင်ပေသူဟူ၍။ <b>သတိမာ</b> = သတိ နှင့် ပြည့်စုံသူဟူ၍။ <b>သုခဝိဟာရီ</b> = ချမ်းသာစွာနေလေ့ရှိသူဟူ၍။ <b>အာစိက္ခန္တိ</b> = ချီးမွမ်းစကား ပြောကြားတော်မူကြကုန်၏။ <b>တံ တတိယံ စျာနံ</b> = ထို တတိယစျာန်ကို။ <b>ဥပသမ္ပဇ္ဇ</b> = ပြည့်စုံစေ၍။ <b>ဝိဟရာမိ</b> = နေထိုင်နိုင်ပါ၏။</p> <p>အရှင်ဘုရား ...တပည့်တော်ဟာ အလိုရှိသလောက် ကာလပတ်လုံး ဝိတက် ဝိစာရ ပီတိဆိုတဲ့ စျာန်အင်္ဂါတွေ မရှိတဲ့ တတိယစျာန်ချမ်းသာကိုပင် ကြောင့်ကြမှု တောင့်တမှု မရှိဘဲ စိတ်ကို အညီအမျှ အလယ်အလတ် လျစ်လျူ ရှုထားနိုင်ပါတယ်။ တတိယစျာန်ရဲ့အာရုံမှာ ခိုင်မြဲနေတဲ့ အမှတ်ရခြင်း သတိ, ကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်း သိတတ်တဲ့ သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံပြီး နေထိုင်နိုင်ပါတယ်။ ဒီတတိယစျာန်ချမ်းသာကိုလည်း တပည့်တော်ရဲ့ နာမ ကာယ (= နာမ်တရားအပေါင်း)က ကောင်းကောင်းကြီး ခံစားနိုင်ပါတယ်။ ဒါကြောင့် ဒီလိုတတိယစျာန်ကို ရရှိနေတဲ့ သူတော်ကောင်းကို ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတို့က - တတိယစျာန်ချမ်းသာကိုပင် လျစ်လျူ ရှုနိုင်သူ, သတိနှင့် ပြည့်စုံသူ, ချမ်းသာစွာ နေလေ့ရှိသူ - ဆိုပြီး ချီးမွမ်း စကား မြှောက်စားတော်မူကြပါတယ်။ ဒီတတိယစျာန်ကို တပည့်တော်ဟာ ပြည့်ပြည့်စုံစုံ ကပ်ရောက်ပြီး နေထိုင်နိုင်ပါတယ် - လို့ သူက ဆက်လက်ပြီး လျှောက်ထားတယ်။</p> <p>ဒီနေရာမှာ ဗဟုသုတအနည်းငယ်ကို ပြောကြရအောင် ...။</p> <p>ပထမစျာန်အခိုက်မှာ ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာဆိုတဲ့ စျာန် အင်္ဂါ ငါးပါး ရှိပါတယ်။ ဥပမာ - ယောဂီပုဂ္ဂိုလ်က အဖြူရောင်ကသိုဏ်းကို လေ့ကျင့်ထားတယ်ဆိုလျှင် ဒီစျာန်အင်္ဂါတွေက အဖြူရောင်ကသိုဏ်းပဋိဘာဂ နိမိတ်ကိုပဲ အာရုံပြုကြပါတယ်။</p> <p>ဒါပေမဲ့ ယောဂီပုဂ္ဂိုလ်က ဝိတက်-ဝိစာရဆိုတဲ့ ရုန့်ရင်းတဲ့စျာန်အင်္ဂါတွေကို ပယ်ရှားနိုင်လို့ ဒုတိယစျာန်သို့ ဆိုက်သွားပြီဆိုလျှင် ဒုတိယစျာန်အခိုက်မှာ ပီတိ-သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါသုံးပါးပဲ ရှိပါတော့တယ်။</p> <p>တစ်ခါ - ယောဂီပုဂ္ဂိုလ်က ပီတိကိုလည်း ရွံရှာစက်ဆုပ်တဲ့ စိတ်ထားနှင့် အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်တို့လို သမထနိမိတ်ကိုပဲ ဆက်လက် အာရုံယူပြီးတော့ သမာဓိကို ဆက်လက်ထူထောင်လိုက်လျှင် ပီတိ ပြုတ်သွား ပြီးတော့ သုခ-ဧကဂ္ဂတာ ဆိုတဲ့ စျာန်အင်္ဂါနှစ်ပါးပဲ ရှိတဲ့ တတိယစျာန်ကို ဆိုက်သွားမယ်။</p> <p>ဒီတတိယစျာန်မှာ စိတ်ကိုလှုပ်ချောက်ချားစေတဲ့ ဝိတက်-ဝိစာရ-ပီတိတို့ မရှိတဲ့အတွက် ထိုထိုအာရုံတွေမှာ စိတ်ကို အညီအမျှ ကောင်းစွာထားနိုင်တဲ့ <b>တတြမဇ္ဈတ္တတာစေတသိက်</b>လို့ ခေါ်တဲ့ ဥပေက္ခာက အလွန်အားကောင်းနေ တယ်။ ဒီလို အားကောင်းတဲ့အတွက် လောကီချမ်းသာဟူသမျှတို့တွင် အသာ ဆုံး အမြတ်ဆုံး ချမ်းသာဖြစ်တဲ့ ဒီတတိယစျာန်ချမ်းသာကိုပင် ကြောင့်ကြမှု တောင့်တမှု မရှိတော့ဘဲ စိတ်ကို သမထအာရုံမှာ အညီအမျှ ကောင်းစွာ အလယ်အလတ်၌ တည်နေအောင် ထားနိုင်တယ်။</p> <p>ဒီလိုထားနိုင်တဲ့အတွက် ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတို့က ဒီလို တတိယစျာန်နှင့် ပြည့်စုံနေတဲ့ သူတော်ကောင်းကို - တတိယစျာန် ချမ်းသာကိုပင် လျစ်လျူရှုနိုင်သူ သတိနှင့် ပြည့်စုံသူ ချမ်းသာစွာနေလေ့ရှိသူ လို့ ဒီလို ချီးမွမ်းစကား မြှောက်စားတော်မူကြတယ်။ ဒီတတိယစျာန်ချမ်းသာ ကိုလည်း စိတ္တသူကြွယ်က ကောင်းကောင်းကြီး ခံစားလို့ ရနေတယ်။ သိပ် အားရဖို့ကောင်းတဲ့ ကျောင်းဒါယကာကြီးပဲ။</p> <p>ဒီတတိယစျာန်ချမ်းသာကို တတိယစျာန်ကို ရနေတဲ့ သူတော်ကောင်း တွေက <b>နာမကာယ</b>ဖြင့် ခံစားတယ်ဆိုတဲ့အပိုင်းမှာ အဋ္ဌကထာများကသုခ (= ချမ်းသာ)ကို <b>ကာယိကသုခ+စေတသိကသုခ</b>ဆိုပြီး နှစ်မျိုး ဖွင့်ဆိုထားကြ ပါတယ်။ (ဝိသုဒ္ဓိ၊၁၊၁၅၈။)</p> <p>တတိယစျာန်ကို ဝင်စားဆဲခဏမှာ <b>စေတသိကသုခ</b> ခေါ်တဲ့ စျာန်ချမ်းသာ ကိုသာ ယောဂီပုဂ္ဂိုလ်က ခံစားနေပါတယ်။ ဒါပေမဲ့ အဲဒီတတိယစျာန်စိတ်က မွန်မြတ်တဲ့ ပဏီတစိတ်တစ်မျိုး ဖြစ်ပါတယ်။ ဒီ မွန်မြတ်တဲ့ တတိယစျာန်စိတ် ကြောင့် မွန်မြတ်တဲ့ စိတ္တဇရုပ်ကလာပ်တွေက တစ်ကိုယ်လုံး အနှံ့အပြား ဖြစ်နေကြပါတယ်။</p> <p>အဲဒီ စိတ္တဇရုပ်ကလာပ်တွေမှာပါတဲ့ ပထဝီ-တေဇော-ဝါယော ဆိုတဲ့ ဖောဋ္ဌဗ္ဗဓာတ်တွေက ယောဂီရဲ့ တစ်ကိုယ်လုံး အနှံ့အပြားမှာ ရှိနေတဲ့<b>ကာယ ပသာဒ</b> (= ကာယအကြည်ဓာတ်)တွေကို ထိခိုက်နေတဲ့အတွက် ယောဂီပုဂ္ဂိုလ် ရဲ့သန္တာန်မှာ စျာန်မှ ထလျှင်ထချင်း <b>ကာယိကသုခဝေဒနာ</b>ကိုလည်း ယောဂီ ပုဂ္ဂိုလ်က ခံစားနေရပါတယ်။ ဒီလို စျာန်မှ ထလျှင်ထချင်း ခံစားနေရတဲ့ ကာယိကသုခဝေဒနာနှင့် စျာန်ဝင်စားဆဲ ခံစားနေရတဲ့ စေတသိကသုခ ဝေဒနာတွေကို စုပေါင်းပြီးတော့<b>သုခဉ္စ ကာယေန ပဋိသံဝေဒေတိ</b> = ကာယိကသုခ စေတသိကသုခကို နာမကာယဖြင့် ခံစားနေကြောင်း - ကို ဘုရားရှင်က ဟောကြားတော်မူခြင်း ဖြစ်ပါတယ်လို့ အဋ္ဌကထာများက ရှင်းပြ ထားကြပါတယ်။</p> <p>နောက်ထပ် စိတ္တသူကြွယ် ဒါယကာကြီးက ဘာကို ဆက်ပြီး လျှောက်ထား သေးသလဲ? နာကြည့်ကြရအောင် ...။</p> <p><b>အဟံ ခေါ ဘန္တေ ယာဝဒေဝ အာကင်္ခါမိ၊ သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္ထင်္ဂမာ အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရာမိ။</b></p> <p><b>ဘန္တေ</b> = အရှင်ဘုရား ...။ <b>အဟံ ခေါ</b> = တပည့်တော်သည်ကား။ <b>ယာဝဒေဝ</b> = အကြင်မျှလောက်သော ကာလပတ်လုံးပင်လျှင်။ <b>အာကင်္ခါမိ</b> = အလိုရှိ၏။ <b>တာဝဒေဝ</b> = ထိုမျှလောက်သော ကာလပတ်လုံးပင်လျှင်။ <b>သုခဿ စ</b> = ကာယိကသုခကိုလည်း။ <b>ပဟာနာ</b> = ပယ်ခြင်းကြောင့်။ <b>ဒုက္ခဿ စ</b> = ကာယိကဒုက္ခကိုလည်း။ <b>ပဟာနာ</b> = ပယ်ခြင်းကြောင့်။ <b>ပုဗ္ဗေဝ</b> = စတုတ္ထ စျာန်သို့ မဆိုက်ရောက်မီ ဥပစာရသမာဓိအခိုက်၌ပင်လျှင်။ <b>သောမနဿ ဒေါမနဿာနံ</b> = သောမနဿဝေဒနာဟူသော စေတသိကသုခ, ဒေါမနဿ ဝေဒနာဟူသော စေတသိကဒုက္ခတို့၏။ <b>အတ္ထင်္ဂမာ</b> = ချုပ်ခြင်းကြောင့်။ <b>အဒုက္ခမသုခံ</b> = အဒုက္ခမသုခ အမည်ရတဲ့ ဥပေက္ခာဝေဒနာနှင့်ယှဉ်သော။ <b>ဥပေက္ခာသတိပါရိသုဒ္ဓိံ</b> = တတြမဇ္ဈတ္တုပေက္ခာဟူသော ဥပေက္ခာသည် ဖြစ်စေအပ်သော သတိ၏ ထက်ဝန်းကျင်စင်ကြယ်ခြင်းရှိသော။ <b>စတုတ္ထံ စျာနံ</b> = စတုတ္ထစျာန်ကို။ <b>ဥပသမ္ပဇ္ဇ</b> = ပြည့်စုံစေ၍။ <b>ဝိဟရာမိ</b> = နေထိုင်နိုင်ပါ၏။</p> <p>အရှင်ဘုရား ...တပည့်တော်ဟာ ဘယ်လောက် အလိုရှိသလဲ၊ အလို ရှိသလောက် တစ်ချိန်လုံး စတုတ္ထစျာန်ကို ဝင်စားပြီး နေနိုင်ပါတယ်- လို့ သူက ဆက်လက်ပြီး လျှောက်ထားတယ်။</p> <p>၁။ ကာယိက-ဒုက္ခဝေဒနာက ပထမစျာန်ရဲ့ ဥပစာရသမာဓိ အခိုက်မှာ ချုပ်တယ်။</p> <p>၂။ ဒေါမနဿ-ဝေဒနာက ဒုတိယစျာန်ရဲ့ ဥပစာရသမာဓိ အခိုက်မှာ ချုပ်တယ်။</p> <p>၃။ ကာယိက-သုခဝေဒနာက တတိယစျာန်ရဲ့ ဥပစာရသမာဓိ အခိုက်မှာ ချုပ်တယ်။</p> <p>၄။ သောမနဿ-ဝေဒနာက စတုတ္ထစျာန်ရဲ့ ဥပစာရသမာဓိ အခိုက်မှာ ချုပ်တယ်။ (ဝိသုဒ္ဓိ၊၁၊၁၆၀။)</p> <p>သို့သော် သံယုတ်ပါဠိတော် ဥပ္ပဋိပါဋိကသုတ္တန် (သံ၊၃၊၁၈၈-၁၉၀။) မှာတော့ ဒီဝေဒနာလေးမျိုးတို့ဟာ စျာန်လေးပါးတို့၌ အစဉ်အတိုင်းချုပ်ပုံကို ဟော ကြားထားတော်မူပါတယ်။ ဒီဟောကြားတော်မူချက်ကတော့ လွန်လွန်ကဲကဲ ချုပ်ငြိမ်းမှုကို ရည်ရွယ်တော်မူပြီး ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။</p> <p>ခုနက ပြောခဲ့တဲ့ စျာန်လေးပါးတို့ရဲ့ ဥပစာရသမာဓိအခိုက်မှာ ဝေဒနာ လေးမျိုးတို့ရဲ့ အစဉ်အတိုင်း ချုပ်ငြိမ်းပုံကတော့ လွန်လွန်ကဲကဲ ချုပ်ငြိမ်းမှု မျိုးတော့ မဟုတ်ဘူး။</p> <p>ဒီနေရာမှာ တရားနာပရိသတ်တွေ နည်းနည်းလေး စဉ်းစားကြည့်ကြစမ်း! ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှုတွေ မရှိကြတော့ အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်တို့လို သမထအာရုံနိမိတ်တစ်ခုတည်း ပေါ်မှာ ယောဂီပုဂ္ဂိုလ်ရဲ့ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေမယ် ကြောင့်ကြမှု တောင့်တမှုတွေ ဘာမျှမရှိတော့ဘဲ စိတ်တွေ အေးချမ်းနေမယ် ဆိုလျှင် ဘယ်လောက်ကောင်းမလဲ? စဉ်းစားကြည့်စမ်း၊ သာသနာတော်ကို အမှီပြုပြီး ရရှိတဲ့ ချမ်းသာထူးကြီးတွေ ဖြစ်ကြပါတယ်။</p> <p>သို့သော် ဒါက လောကီစျာန်ချမ်းသာမျှသာ ရှိပါသေးတယ်။ စျာန်ချမ်းသာ ထက် ဝိပဿနာချမ်းသာက ပိုပြီး အဆင့်မြင့်ပါတယ်။ ဝိပဿနာချမ်းသာထက် မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာတွေကတော့ ပို၍ ပို၍ အဆင့်မြင့်တဲ့ ချမ်းသာထူးကြီးတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် ဘုရားရှင်က --</p> <p><b>နိဗ္ဗာနံ ပရမံ သုခံ။</b> (ဓမ္မပဒ)</p> <p>နိဗ္ဗာန်သည် အသာဆုံးအမြတ်ဆုံးဖြစ်တဲ့ ချမ်းသာလို့ ဒီလို ဟောကြား တော်မူခြင်း ဖြစ်ပါတယ်။</p> <p>စိတ္တသူကြွယ် ကျောင်းဒါယကာကြီးက ဒီလို စျာန်ချမ်းသာ ဝိပဿနာ ချမ်းသာ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာဆိုတဲ့ ချမ်းသာထူး ချမ်းသာမြတ်ကြီးတွေကို ပြည့်ပြည့်ဝဝ ခံစားနိုင်တဲ့ သူတော်ကောင်းကြီး တစ်ဦး ဖြစ်ပါတယ်။</p> <p>ခုပြောနေတဲ့ နိဂဏ္ဌနာဋပုတ္တသုတ္တန်မှာ သုခ ဒုက္ခ သောမနဿ ဒေါမနဿတို့မှ ကင်းဝေးနေတဲ့ အဒုက္ခမသုခ အမည်ရတဲ့ ဥပေက္ခာဝေဒနာ နှင့် ယှဉ်နေတဲ့, တတြမဇ္ဈတ္တုပေက္ခာဆိုတဲ့ သမထအာရုံနိမိတ်ပေါ်မှာ ဘာဝနာ စိတ်ကို ကြောင့်ကြမှု တောင့်တမှု မရှိဘဲ အညီအမျှ ကောင်းစွာ ထားနိုင်တဲ့ ဥပေက္ခာကြောင့် ဖြစ်ပေါ်လာတဲ့ အဘက်ဘက်မှစင်ကြယ်နေတဲ့ သတိ ရှိနေ တဲ့ စတုတ္ထစျာန်ကို သူဟာ အလိုရှိသလောက် ကောင်းကောင်း ဝင်စားပြီး နေနိုင်ကြောင်းကို တင်ပြလိုက်တယ်။</p> <p>ဒီလို စျာန်တွေကို အလိုရှိသလောက် အချိန်ကာလပတ်လုံး ဝင်စားနိုင်တဲ့ အတွက်ကြောင့် သူက ရဲရဲဝံ့ဝံ့နှင့် နိဂဏ္ဌနာဋပုတ္တကြီးကို ဆက်ပြီး လျှောက် ထားတယ်။</p> <p><b>န သော ခွါဟံ ဘန္တေ ဧဝံ ဇာနန္တော ဧဝံ ပဿန္တော ကဿ အညဿ သမဏဿ ဝါ ဗြာဟ္မဏဿ ဝါ သဒ္ဓါယ ဂမိဿာမိ အတ္ထိ အဝိတက္ကော အဝိစာရော သမာဓိ၊ အတ္ထိ ဝိတက္ကဝိစာရာနံ နိရောဓောတိ။</b></p> <p>အဲဒီလို ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်တွေကို အလို ရှိသလို ဝင်စားနိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေတဲ့အတွက်ကြောင့် တပည့် တော်ဟာ ဝိတက် ဝိစာရ မရှိတဲ့ သမာဓိတစ်မျိုး ရှိပါတယ်၊ ဝိတက် ဝိစာရ ချုပ်နေတဲ့ သမာဓိတစ်မျိုးရှိပါတယ်ဆိုတဲ့ ဒီလို ယုံကြည်ချက် သဒ္ဓါတရားဖြင့် ဘယ်လို သမဏ ဗြာဟ္မဏတွေကို တပည့်တော် သွားပြီး ချဉ်းကပ်နေဖို့ လိုသေးသလဲ? --</p> <p>မိမိကိုယ်တိုင်က ဝိတက် ဝိစာရ ချုပ်ရာဖြစ်တဲ့ ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်ဆိုတဲ့ ဒီစျာန်တွေကို အချိန်မရွေး ဝင်စားလို့ ရနိုင်တယ်။ အဲဒီလို ဝင်စားလို့ရနိုင်တဲ့ အသိထူး ဉာဏ်ထူးရှိနေတဲ့ တပည့်တော်က ဝိတက် ဝိစာရ မရှိတဲ့ ဝိတက် ဝိစာရ ချုပ်တဲ့ စျာန်သမာဓိတစ်မျိုးရှိပါတယ်ဆိုတဲ့ ယုံကြည် ချက်လေးတစ်ခုကို ဦးတည်ပြီးတော့ ဘယ်လို သမဏ ဗြာဟ္မဏတွေကို သွား ပြီးတော့ ကိုးကွယ်ဆည်းကပ်နေဖို့ လိုသေးသလဲ ...</p> <p>အဲဒီလို ပြန်ပြီးဖြေတာ။ ဒီတော့ ကိုယ်ကိုယ်တိုင်သိနေတဲ့အတွက် ဒီလို ယုံကြည်ချက်နှင့် ဆည်းကပ်နေတာ မဟုတ်ပါဘူးလို့ သူက ပြန်ပြီးတော့ ဖြေ လိုက်တယ်။ အဲဒီလို ဖြေလိုက်တဲ့အချိန်အခါကျတော့မှ နိဂဏ္ဌကြီးက ဘာ ပြန်ပြောသလဲ? --</p> <p><b>ဣဒံ ဘဝန္တော ပဿန္တု၊ ယာဝ အနုဇုကော စာယံ စိတ္တော ဂဟပတိ၊ ယာဝ သဌော စာယံ စိတ္တော ဂဟပတိ၊ ယာဝ မာယာဝီ စာယံ စိတ္တော ဂဟပတိ။</b></p> <p>အချင်းတို့ ...ဒီစိတ္တသူကြွယ်ကို ကြည့်ကြစမ်း! ဒီစိတ္တသူကြွယ်ကြီးဟာ တယ်မဖြောင့်မတ်တဲ့ အကောင်ကြီးပဲ! တယ်ကောက်ကျစ်စဉ်းလဲတဲ့ အကောင်ကြီးပဲ! တယ်လှည့်ပတ်တတ်တဲ့ အကောင်ကြီးပဲ! --</p> <p>ဒီလို ပြောပြန်ပြီ။ ဒီလို ပြောတော့ စိတ္တသူကြွယ် ဒါယကာကြီးကလည်း မညံ့ပါဘူး။</p> <p>အရှင်ဘုရား ... ခုနကပဲ တပည့်တော်ကို အရှင်ဘုရားက အလွန် ဖြောင့်မတ်တယ် ရိုးသားတယ်လို့ ပြောတယ်။ ခုတစ်ခါ ကောက်ကျစ်တယ် စဉ်းလဲတယ်လို့ ပြန်ပြောပြန်တယ်။ အရှင်ဘုရားရဲ့ ရှေ့စကားသည် မှန်လျှင် နောက်စကားက မှားရမယ်၊ နောက်စကားက မှန်လျှင်လည်း ရှေ့စကားက မှားရမယ်၊ ဒါပေမဲ့ အရှင်ဘုရားကို ပြဿနာတွေ မေးခဲ့မယ်။</p> <p><b>ဧကော ပေဥှာ၊ ဧကော ဥဒ္ဒေသော၊ ဧကံ ဝေယျာကရဏံ ...</b></p> <p>စသည်ဖြင့် ဆယ်ခုအထိ မေးပါတယ်။</p> <p>ပြဿနာက တစ်ခု၊ အကျဉ်းချုပ် ညွှန်ကြားချက်က တစ်ခု၊ အဖြေက တစ်ခု။ အဲဒါက ဘာလဲ? မေးကြည့်တယ်။</p> <p>နှစ်ခု သုံးခု လေးခု ငါးခု ခြောက်ခု ခုနစ်ခု ရှစ်ခု ကိုးခု ဆယ်ခု စသည်ဖြင့် အကုန်လုံး အစဉ်အတိုင်း မေးလိုက်တယ်။ နိဂဏ္ဌကြီး တစ်ခုမှ ဖြေဆိုနိုင်တဲ့ စွမ်းအား မရှိဘူး။</p> <p>တရားနှင့် ပတ်သက်လာလို့ရှိလျှင် သူက တခြားတခြား ဝါဒသမားတွေ နှင့် ယှဉ်ပြိုင်မယ်ဆိုလို့ရှိလျှင် ယှဉ်ပြိုင်နိုင်တဲ့ စွမ်းအားတွေ သူ့မှာ ရှိနေတယ်။ ဘာကြောင့်လဲ?</p> <p>သူကိုယ်တိုင်က ပိဋကတ်သုံးပုံကို တုန်လှုပ်ချောက်ချားနိုင်တဲ့ စွမ်းအား တွေ ရှိတယ်၊ ဒါက သင်သိဘက်က။ ကျင့်သိဘက်က ကြည့်လို့ရှိလျှင်လည်း အနာဂါမိမဂ်ဉာဏ်-ဖိုလ်ဉာဏ် ဆိုက်သည့်တိုင်အောင် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းတွေကို စီးဖြန်းထားနိုင်တယ်၊ နိရောဓသမာပတ်ဆိုက်သည့်တိုင် အောင် ဝင်စားနိုင်တဲ့စွမ်းအား ဉာဏ်အမြင်တွေ ရှိနေတယ်။</p> <p>နောက်တစ်ခု - (၉)ခုမြောက် သုတ္တန်လေးတစ်ခု (သံ၊၂၊၄၈၉-၄၉၀။) ..</p> <p>အစေလကဿပသုတ္တန်လို့ ခေါ်ပါတယ်။</p> <hr> <h3>အခန်း (၁၄)</h3> <h3>အစေလကဿပသုတ္တန်</h3> <p><b>အစေလ ကဿပ</b>ဆိုတာကတော့ အဝတ်မဝတ်တဲ့ တက္ကတွန်းကြီးတစ်ဦး ဖြစ်တယ်။ အဲဒီ အစေလ ကဿပကြီးကတော့ ဟို .. လူ့ဘဝ လူဖြစ်စဉ် အချိန်အခါတုန်းက စိတ္တသူကြွယ်ရဲ့ ငယ်ပေါင်းတွေ ဖြစ်ကြတယ်၊ မိတ်ဆွေ ဟောင်းတွေပဲ။</p> <p>အဲဒီ မိတ်ဆွေဟောင်း ဖြစ်တဲ့ အစေလ ကဿပကြီးက မစ္ဆိကာသဏ္ဍမြို့ ကို တစ်ချိန်မှာ ပြန်ပြီး ဆိုက်ရောက်လာတယ်။</p> <p>ဆိုက်ရောက်လာတဲ့ အချိန်အခါမှာ သူ့မိတ်ဆွေဟောင်းကြီး လာပြီဆို တာနှင့် ဒီတက္ကတွန်းကြီးနှင့် သွားတွေ့ဆုံပြီး ပြောဆိုနှုတ်ဆက်ပြီးတဲ့အခါမှာ စိတ္တသူကြွယ် ဒါယကာကြီးက ဘာမေးသလဲ? --</p> <p>အရှင်ဘုရား ...ဒီတက္ကတွန်းအဝတ်ဖြင့် သာသနာတော်မှာ ဝင်ရောက် ပြီး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတာ နှစ်ပေါင်း ဘယ်လောက် ကြာပြီလဲလို့ မေးလိုက်တော့ - နှစ်ပေါင်း သုံးဆယ်ရှိပြီကွဲ့လို့ ပြန်ပြီးတော့ အဖြေပေးတယ်။ အဲဒီအခါမှာ စိတ္တသူကြွယ်က ထပ်ပြီး မေးပြန်တယ်။ --</p> <p><b>ဣမေဟိ ပန တေ ဘန္တေ တိံသမတ္တေဟိ ဝေဿဟိ အတ္ထိ ကောစိ ဥတ္တရိ မနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသော အဓိဂတော ဖာသုဝိဟာရော။</b> (သံ၊၂၊၄၈၉။)</p> <p>အရှင်ဘုရား ... နှစ်ပေါင်းသုံးဆယ်အတွင်းမှာ <b>ဥတ္တရိမနုဿဓမ္မ</b>လို့ ခေါ်ဆိုအပ်တဲ့ လူတို့ရဲ့ သာမန် ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်ကဲမြင့်မြတ်နေတဲ့ အရိယာအဖြစ်ကို ပြုလုပ်ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ ဉာဏ်အမြင်ထူးတွေ ရရှိပြီး ချမ်းချမ်းသာသာ နေထိုင်ရပါသလား ဆိုပြီး တော့ ဒီမေးခွန်းကို မေးကြည့်တယ်။</p> <p>မေးလိုက်တဲ့ အချိန်အခါကျတော့ ခုနက အစေလ ကဿပကြီးက ဘာပြန်ဖြေသလဲ? --</p> <p><b>ဣမေဟိ ခေါ မေ ဂဟပတိ တိံသမတ္တေဟိ ဝေဿဟိ ပဗ္ဗဇိတဿ နတ္ထိ ကောစိ ဥတ္တရိ မနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသော အဓိဂတော ဖာသုဝိဟာရော၊</b></p> <p><b>ဂဟပတိ</b> = ဒါယကာကြီး ...။ <b>ဣမေဟိ ခေါ တိံသမတ္တေဟိ ဝေဿဟိ</b> = ဤ အနှစ်သုံးဆယ်တို့ ကာလပတ်လုံး။ <b>ပဗ္ဗဇိတဿ</b> = ရှင်ရဟန်း ပြုလျက် ရှိသော။ <b>မေ</b> = ငါ့အား။ <b>ကောစိ</b> = တစ်စုံတစ်ခုသော။ <b>ဥတ္တရိ မနုဿဓမ္မာ</b> = လူတို့ရဲ့ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် သာလွန်မြင့်မြတ်သော။ <b>အလမရိယဉာဏဒဿနဝိသေသော</b> = အရိယာပုဂ္ဂိုလ်တို့ရဲ့ ဉာဏ်အမြင်ထူး ကို။ <b>အဓိဂတော</b> = ရရှိသည်ဖြစ်၍။ <b>ဖာသုဝိဟာရော</b> = ချမ်းချမ်းသာသာ နေထိုင်ရခြင်း သဘောတရားမည်သည်။ <b>နတ္ထိ</b> = မရှိခဲ့ပါ။ --</p> <p><b>အညတြ နဂ္ဂေယျာ စ မုဏ္ဍေယျာ စ ပါဝဠနိပ္ဖေါဋနာယ စ။</b></p> <p>အဝတ် မဝတ်ခြင်း, ခေါင်းတုံး တုံးခြင်း, ထိုင်လိုက်တဲ့အခါမှာ မတ်တပ် ထလို့ရှိလျှင် ဖင်မှာ ကပ်နေတဲ့ ဖုန်လေးကို ခါဖို့ရန်အတွက် ဒေါင်းမြီးလေးကို ကိုင်ဆောင်ရခြင်းဆိုတဲ့ အဲဒီလို ရရှိတဲ့ အကျိုးသုံးခုက လွဲပြီး နှစ်ပေါင်း သုံးဆယ်အတွင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်တာ လူတို့ရဲ့ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် သာလွန်မြင့်မြတ်နေတဲ့ အရိယာ အဖြစ်ကို ပြုလုပ်ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ ဉာဏ်အမြင်ထူးတွေ တစ်ခုမှ မရရှိခဲ့ပါဘူး၊ ချမ်းသာကြောင်း ချမ်းသာစွာ နေထိုင်ရခြင်းရဲ့ အကြောင်းဖြစ်တဲ့ တရားထူး တရားမြတ်ကိုလည်း တစ်ခုမှ မရရှိခဲ့ပါဘူး ဆိုပြီးတော့ ပြန်အဖြေ ပေးတယ်။</p> <p>ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ ... စဉ်းစားကြည့်စမ်းနော်။ အဝတ်မဝတ်ဘဲနှင့် အပြင်းအထန် နှစ်ပေါင်း သုံးဆယ်လောက် ကျင့်တာ။ အဲဒီကျင့်လိုက်တာမှာ သူရတဲ့ အကျိုးတရားကလေးက အဝတ်မဝတ်တာ တစ်ခု၊ ခေါင်းတုံး တုံးနေတာ တစ်ခု၊ ထလိုက်တဲ့အခါမှာ ဖင်မှာကပ်နေတဲ့ ဖုန်လေးကို သုတ်ဖို့ရန် ခါဖို့ရန်အတွက် ဒေါင်းမြီးကလေးတစ်ခုကို ကိုင်တွယ် ရခြင်းက တစ်ခု - ဒီသုံးခုဆိုတဲ့ အကျိုးလောက်ပဲ ရတယ်။</p> <p>ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ ဒီအထဲ ရှိချင်လည်းရှိမယ်၊ အနှစ် သုံးဆယ်လောက် တရားအားထုတ်လို့ အဲဒီအကျိုးသုံးခုပဲ ရမယ်ဆိုလို့ရှိလျှင် တော့ တွက်ပုံကိုက်ပါ့မလား? မကိုက်ဘူး။</p> <p>ဒီတော့ ဖင်မှာ ပေနေတဲ့ ဖုန်လေးကို ခါထုတ်လို့ရရုံလောက် အကျိုးပဲ ရှိတယ် ဆိုလို့ရှိလျှင်တော့ ဒီအကျိုးမျိုး ဒီလုပ်ငန်းမျိုးကို ဆက်ပြီး လုပ်ဖို့ ကောင်းပါ့မလား? မကောင်းတော့ဘူးနော်။</p> <p>ကဲ ဒါယကာကြီးကိုလည်း ပြန်မေးဦးမယ်၊ ဒါယကာကြီးလည်း ဘုရား ရှင်ဂေါတမရဲ့သာသနာတော်မှာ ဝင်ရောက်ပြီး တရားဓမ္မတွေ ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်တာ နှစ်ပေါင်း ဘယ်လောက်ကြာပြီလဲလို့ မေးတော့ သူကလည်း အနှစ်သုံးဆယ်ရှိပြီ ဖြစ်ကြောင်းကို အဖြေပေးတယ်။ ကဲ အဲဒီအနှစ်သုံးဆယ် အတွင်းမှာနော် ..၊ သူက ဆက်ပြီးတော့ မေးတယ်။</p> <p><b>ဣမေဟိ ပန တေ ဂဟပတိ တိံသမတ္တေဟိ ဝေဿဟိ အတ္ထိ ကောစိ ဥတ္တရိ မနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသော အဓိဂတော ဖာသုဝိဟာရော။</b></p> <p>ဒီအနှစ်သုံးဆယ် သာသနာတော်မှာ ဝင်ရောက်ပြီး တရားဓမ္မတွေ ကျင့် လိုက်လို့ ကျင့်လိုက်တဲ့အတွက်ကြောင့် လူတို့ရဲ့ သာမန် ကုသိုလ်ကမ္မပထ တရား ဆယ်ပါးထက် သာလွန် မြင့်မြတ်နေတဲ့ အရိယာတို့ရဲ့ ဉာဏ်အမြင် တို့ကို ရရှိပြီးတဲ့အခါ ချမ်းချမ်းသာသာ နေထိုင်နိုင်ခြင်းရဲ့ အကြောင်းတရား ကလေးတွေကို ရရှိပါသလား၊ ချမ်းချမ်းသာသာ နေထိုင်နိုင်ရဲ့လားလို့ မေး ကြည့်တယ်။ မေးကြည့်လိုက်တဲ့ အခါကျတော့မှ ဘာပြန်ဖြေသလဲ။ --</p> <p><b>ဂိဟိနောပိ သိယာ ဘန္တေ၊ အဟဥှိ ဘန္တေ ယာဝဒေဝ အာကင်္ခါမိ၊ ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရာမိ။ အဟဥှိ ဘန္တေ ယာဝဒေဝ အာကင်္ခါမိ၊ ဝိတက္ကဝိစာရာနံ ဝူပသမာ။ ပ ။ ဒုတိယံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရာမိ။ အဟဥှိ ဘန္တေ ယာဝဒေဝ အာကင်္ခါမိ၊ ပီတိယာ စ ဝိရာဂါ။ ပ ။ တတိယံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရာမိ။ အဟဥှိ ဘန္တေ ယာဝဒေဝ အာကင်္ခါမိ၊ သုခဿ စ ပဟာနာ။ ပ ။ စတုတ္ထံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရာမိ။</b></p> <p>တပည့်တော်ဟာ လူသာမန် ဒါယကာတစ်ဦး ဖြစ်ပါတယ်။ တပည့်တော် ဘယ်လောက် အလိုရှိသလဲ၊ အလိုရှိသလောက် ပထမစျာန်ကို ဝင်စားပြီး နေထိုင်နိုင်တယ်၊ အလိုရှိသလောက် ဒုတိယစျာန်ကို ဝင်စားပြီး နေထိုင်နိုင် တယ်၊ အလိုရှိသလောက် တတိယစျာန်ကို ဝင်စားပြီး နေထိုင်နိုင်တယ်၊ အလို ရှိသလောက် စတုတ္ထစျာန်ကို ဝင်စားပြီး နေထိုင်နိုင်ပါတယ်တဲ့။ နောက် တစ်ခု သူက ဘာဆက်လျှောက်ထားသလဲ?</p> <p><b>သစေ ခေါ ပနာဟံ ဘန္တေ ဘဂဝတော ပဌမတရံ ကာလံ ကရေယျံ၊ အနစ္ဆရိယံ ခေါ ပနေတံ ယံ မံ ဘဂဝါ ဧဝံ ဗျာကရေယျ နတ္ထိ တံ သံယောဇနံ ယေန သံယောဇနေန သံယုတ္တော စိတ္တော ဂဟပတိ ပုန ဣမံ လောကံ အာဂစ္ဆေယျ။</b></p> <p><b>ဘန္တေ</b> = အရှင်ဘုရား ...။ <b>အဟံ</b> = တပည့်တော်သည်။ <b>ဘဂဝတော</b> = ဘုရားရှင်ထက်။ <b>ပဌမတရံ</b> = ရှေးဦးစွာ။ <b>သစေ</b> = အကယ်၍။ <b>ကာလံ ကရေယျံ</b> = ကွယ်လွန်ခဲ့သည်ဖြစ်အံ့။ --</p> <p>[ဘုရားရှင်နှင့် တပည့်တော် နှစ်ဦး၊ တပည့်တော်က ဘုရားရှင်ထက် စောပြီးတော့ ဘဝတစ်ခု အဆုံးသတ်ပြီး အရင် ကွယ်လွန်သွားခဲ့မယ်ဆိုလို့ ရှိလျှင်နော်။]</p> <p><b>ယေန သံယောဇနေန</b> = အကြင် သံယောဇဉ်ကြောင့်။ <b>သံယုတ္တော</b> = ယှဉ်တွဲ၍ နေသည်ဖြစ်၍။ <b>စိတ္တော ဂဟပတိ</b> = စိတ္တသူကြွယ်သည်။ <b>ပုန</b> = နောက်ထပ်တစ်ဖန်။ <b>ဣမံ လောကံ</b> = ဤ ကာမ (၁၁)ဘုံဟု ခေါ်ဆိုအပ်သော လောကသို့။ <b>အာဂစ္ဆေယျ</b> = ပြန်လာလေရာ၏။ <b>တံ သံယောဇနံ</b> = ထိုကဲ့သို့ ကာမဘုံသို့ ပြန်လာကြောင်းဖြစ်တဲ့ သံယောဇဉ်တရားမျိုးသည်။ <b>နတ္ထိ</b> = မရှိ သည်သာလျှင်တည်း။ <b>ဧဝံ</b> = ဤသို့လျှင်။ <b>ယံ မံ</b> = အကြင် စကားကို။<b>ဘဂဝါ</b> = မြတ်စွာဘုရားသည်။ <b>ဗျာကရေယျ</b> = ပြောဆိုလေရာ၏။ <b>ဧတံ</b> = ဤကဲ့သို့ ပြောဆိုတဲ့ စကားမျိုးသည်။ <b>အနစ္ဆရိယံ</b> = မအံ့ဩလောက်သည် သာလျှင် ဖြစ်ပေ၏။</p> <p>အရှင်ဘုရား ...တပည့်တော်နှင့် ဘုရားရှင် နှစ်ဦးရှိတယ်။ တပည့်တော် က အရင် ကွယ်လွန်သွားခဲ့မယ်ဆိုလို့ရှိလျှင် ဘုရားရှင်ကနေ တပည့်တော် အကြောင်းကို ပြောတော်မူလိမ့်မယ် - စိတ္တသူကြွယ်ဒါယကာကြီးရဲ့ သန္တာန်မှာ ဒီကာမဘုံသို့ နောက်တစ်ဖန် ပြန်လာစေတတ်တဲ့ သံယောဇဉ် ကြိုးတွေ မရှိတော့ဘူး - ဆိုပြီးတော့ ဒီလို ပြောတော်မူလိမ့်မယ်။ အဲဒီ ပြောကြားတော်မူချက်သည် အံ့ဩလောက်တဲ့ အကြောင်းအရာမျိုး မဟုတ် ပါဘူး။ ဘာကို ဆိုလိုတာလဲ? --</p> <p>ဘုရားရှင်ရဲ့ ဒီလို ပြောကြားတော်မူချက်က မအံ့ဩလောက်ပါဘူး။ တပည့်တော်က အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ် ရသည့်တိုင်အောင် ကာမဘုံ သို့ လာကြောင်းဖြစ်တဲ့ သံယောဇဉ်တွေကို ကုန်ခန်းအောင်ကျင့်တဲ့ ကျင့်စဉ် ကသာလျှင် သာလွန်ပြီးတော့ အံ့ဩလောက်ပါတယ်လို့ ဒီလို ပြန်ပြီးတော့ ဖြေတယ်။ အဲဒီအခါကျတော့မှ ...</p> <p><b>အစ္ဆရိယံ ဝတ ဘော၊ အဗ္ဘုတံ ဝတ ဘော၊ ဓမ္မဿ သွာက္ခာတတာ၊ ယတြ ဟိ နာမ ဂိဟီ ဩဒါတဝသနော ဧဝရူပံ ဥတ္တရိ မနုဿဓမ္မာ အလမရိယဉာဏဒဿနဝိသေသံ အဓိဂမိဿတိ ဖာသုဝိဟာရံ။</b></p> <p>ဩော် .. သိပ်အံ့ဩဖို့ ကောင်းပါလား၊ အင်မတန် အံ့ဩဖွယ် ကောင်း တယ်၊ မဖြစ်စဖူး အဦးအသစ် ဖြစ်ပါပေတယ်။ လူသာမန် ဒါယကာတစ်ဦး ဖြစ်ပေမဲ့လို့ ဒီလောက်တောင် ကိုးကွယ်အားထားရာဖြစ်တဲ့ လူတို့ရဲ့ ကုသိုလ် ကမ္မပထတရား ဆယ်ပါးထက် သာလွန် မြင့်မြတ်နေတဲ့ အရိယာဖြစ်ဖို့ရန် ဉာဏ်အမြင်ထူးတွေကို ရရှိစေနိုင်တဲ့ ချမ်းချမ်းသာသာ နေထိုင်ခြင်းရဲ့ အကြောင်းဖြစ်တဲ့ တရားထူး တရားမြတ်တွေကို ရရှိနိုင်ပါပေတယ်။ ဒီလို ရရှိနိုင်ခြင်းဟာ အလွန့်အလွန် အံ့ဩဖွယ်ကောင်းပါပေတယ် ဆိုပြီးတော့ အစေလ ကဿပကြီးက ချီးမွမ်းစကား ပြောကြားတယ်။ ပြောကြားပြီးတော့ ဘာလုပ်သလဲ? --</p> <p><b>လဘေယျာဟံ ဂဟပတိ ဣမသ္မိံ ဓမ္မဝိနယေ ပဗ္ဗဇ္ဇံ၊ လဘေယျံ ဥပသမ္ပဒံ။</b></p> <p>ဒါယကာကြီး ... ဤဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာ ကျွန်ုပ် ရှင်ရဟန်း ပြုချင်တယ်၊ ရှင်အဖြစ် ရဟန်းအဖြစ်ကို ရလိုပါတယ် ဆိုပြီးတော့ တောင်းပန်တယ်။</p> <p>အဲဒီအခါကျတော့မှ သူ့ရဲ့မိတ်ဆွေ ဖြစ်တဲ့ ဒီ အစေလ ကဿပကြီးကို အမ္ဗာဋကာရာမ ကျောင်းတိုက်ကို ခေါ်ဆောင်၊ ခေါ်ဆောင်ပြီးတဲ့ အချိန် အခါကျတော့မှ မထေရ်ကြီးတွေထံ အပ်နှံပြီးတော့ ရှင်ရဟန်း ပြုပေးပါရန် လျှောက်ထားတောင်းပန်တယ်။ မထေရ်ကြီးတွေကလည်း ရှင်ရဟန်း ပြုပေး တော်မူကြပါတယ်။</p> <p>ရှင်ရဟန်းပြု၍မကြာမီ တစ်ပါးတည်း ဆိပ်ငြိမ်ရာအရပ် ချဉ်းကပ်ပြီးတော့ နိဗ္ဗာန်ကို စေလွှတ်တဲ့ စိတ်ထားဖြင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် လိုက်တာ အရှင် (အစေလ) ကဿပ မထေရ်ကြီးသည် ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်သွားတယ်။ အားရစရာ မကောင်းဘူးလား? သိပ် ကောင်းပါတယ်။</p> <p>ဒါက စိတ္တသူကြွယ်ဒါယကာကြီး ဓမ္မကထိကအရာမှာ ဧတဒဂ် ရဖို့ရန် အကြောင်း, <b>ဓမ္မာဘိရတ</b> - တရားတော်၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက် နေတဲ့ သူတော်ကောင်းဖြစ်ဖို့ရန် အကြောင်းဖြစ်တဲ့ သုတ္တန်ကလေးတွေ ဖြစ် ကြပါတယ်။</p> <p>ကဲ စိတ္တသံယုတ်ရဲ့ (၁၀)ခုမြောက် သုတ္တန် (သံ၊၂၊၄၉၁-၄၉၂။) ဖြစ်တဲ့ ခေါင်ဆုံး ပြည်တည်ခဲ့တဲ့ သုတ္တန်ကို ပြန်ပြီး ဆက်စပ်ကြည့်ရအောင် ..။ ဂိလာနဒဿနသုတ္တန်နော် ...။</p> <hr> <h3>အခန်း (၁၅)</h3> <p>ဂိလာနဒဿနသုတ္တန်နောက်ပိုင်း</p> <p>ရှေ့မှာ ဟောကြားခဲ့ပြီးတာတွေကတော့ စိတ္တသူကြွယ် ဒါယကာကြီးမှာ ကိုယ်ကျင့်သီလလည်း ပြည့်စုံပုံ, ကလျာဏဓမ္မ ခေါ်တဲ့ ကောင်းသော တရား ဓမ္မတွေနှင့်လည်း ပြည့်စုံပုံတွေပဲ။ အဲဒီလို ပြည့်စုံနေတဲ့အတွက် ...,</p> <p>တစ်နေ့ ... ဒီ စိတ္တသူကြွယ် ဒါယကာကြီး သေရာညောင်စောင်း လျောင်းစက်ရပြီ။ စိတ္တသူကြွယ် ဒါယကာကြီး သေရာညောင်စောင်း လျောင်း စက်တဲ့ အချိန်အခါမှာ အဲဒီလို ပြည့်စုံနေတာကို တွေ့တဲ့အတွက် နတ်တွေက စုပေါင်းပြီးတော့ နောင်အနာဂတ်ကာလမှာ စကြဝတေးမင်း ဖြစ်ရပါလို၏ ဆိုတဲ့ ဒီစိတ်ထားလေးတစ်ခု တောင့်တစမ်းပါ ဆိုပြီးတော့ ဝိုင်းတိုက်တွန်း ကြတယ်။ ဘာဖြစ်လို့ ဘယ်အကျိုးထူးကို မြင်လို့ တောင့်တခိုင်းသလဲ? --</p> <p><b>အယံ ခေါ စိတ္တော ဂဟပတိ သီလဝါ ကလျာဏဓမ္မော၊ သစေ ပဏိဒဟိဿတိ အနာဂတမဒ္ဓါနံ ရာဇာ အဿံ စက္ကဝတ္တီ တိ၊ တဿ ခေါ အယံ ဣဇ္ဈိဿတိ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။ ဓမ္မိကော ဓမ္မိကံ ဖလံ အနုပဿတိ။</b></p> <p><b>အယံ ခေါ စိတ္တော ဂဟပတိ</b> = ဤစိတ္တသူကြွယ် ကျောင်းဒါယကာ ကြီးသည်ကား။ <b>သီလဝါ</b> = ကိုယ်ကျင့်သီလနှင့် ပြည့်စုံ၏။ <b>ကလျာဏဓမ္မော</b> = ကောင်းသော တရားဓမ္မနှင့် ပြည့်စုံ၏။</p> <p>ဘယ်လောက်တောင် ကောင်းတဲ့ တရားဓမ္မတွေနှင့် သူ့မှာ ပြည့်စုံနေ သလဲ? ဒါကို နာကြားကြပြီးပြီ။</p> <p><b>အဟံ</b> = ငါသည်။ <b>အနာဂတမဒ္ဓါနံ</b> = နောင်အနာဂတ်ကာလ၌။ <b>ရာဇာ စက္ကဝတ္တိ</b> = စကြဝတေးမင်းကြီးသည်။ <b>အဿံ</b> = ဖြစ်ရလို၏။ <b>ဣတိ</b> = ဤသို့လျှင်။ <b>သစေ ပဏိဒဟိဿတိ</b> = အကယ်၍ တောင့်တခဲ့သည် ဖြစ်အံ့။ <b>သီလဝတော</b> = သီလရှိ၍နေသော။ <b>တဿ</b> = ထိုစိတ္တသူကြွယ် ဒါယကာကြီး၏။ <b>အယံ စေတောပဏိဓိ</b> = ဤ စိတ်ရဲ့ တောင့်တချက်သည်။ <b>ဝိသုဒ္ဓတ္တာ</b> = သီလစင်ကြယ်နေသည့် အတွက်ကြောင့်။ <b>ဣဇ္ဈိဿတိ</b> = မချွတ်ဧကန် ပြည့်စုံပေလိမ့်မည်။</p> <p>စိတ္တသူကြွယ် ဒါယကာကြီးက ကိုယ်ကျင့်သီလပြည့်စုံတဲ့ သူတော်ကောင်း ကြီးလည်းဖြစ်တယ်။ ကလျာဏဓမ္မ ခေါ်တဲ့ အနာဂါမိ မဂ်ဉာဏ် ဖိုလ်ဉာဏ် တိုင်အောင် ကောင်းသော တရားဓမ္မတွေနှင့် ပြည့်စုံနေတဲ့ သူတော်ကောင်း ကြီးလည်း ဖြစ်တယ်။</p> <p>ဒါကြောင့် နောင်အနာဂတ်ကာလ၌ အကယ်၍ စကြဝတေးမင်းကြီး ဖြစ် ချင်တယ်ဆိုတဲ့ ဒီစိတ်ကလေးကိုသာ တစ်ချက်လောက် တောင့်တလိုက်ပါ။</p> <p>တောင့်တလို့ရှိလျှင် သီလစင်ကြယ်နေတဲ့ စိတ္တသူကြွယ် ဒါယကာကြီးအဖို့ သီလစင်ကြယ်နေတဲ့ အတွက်ကြောင့် စိတ်ရဲ့ တောင့်တချက် ဟူသမျှသည် မချွတ်ဧကန် ပြည့်စုံပါလိမ့်မယ်။ ဒီလို နတ်တွေက မြင်တဲ့အတွက် ဒီအကျိုး ထူးကို မြင်ပြီးတော့ နတ်တွေက လာတိုက်တွန်းနေတယ်။</p> <p><b>ဓမ္မိကော</b> = တရားရှိတဲ့ ပုဂ္ဂိုလ်သည်။ <b>ဓမ္မိကံ ဖလံ</b> = တရားနှင့် လျော်ညီ နေတဲ့ အကျိုးတရားကို။ <b>အနုပဿတိ</b> = အဖန်ဖန် အထပ်ထပ် တွေ့မြင်ရ တတ်ပေ၏။</p> <p>တရားရှိနေတဲ့ ပုဂ္ဂိုလ် တရားစောင့်တဲ့ ပုဂ္ဂိုလ်ဆိုတာ တရားနှင့် လျော်ညီ နေတဲ့ အကျိုးတရားတွေကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ တွေ့ရမယ်။</p> <p>ဒီသဘောတရားတွေကို မြင်တဲ့အတွက် နတ်တွေက ဝိုင်းပြီးတော့ တိုက် တွန်းကြတာ။ စကြဝတေးမင်း ဖြစ်ဖို့ရန်အတွက် သူ့အတွက် ရင်းနှီးရမည့် ဥစ္စာက ဘာလဲ? စကြဝတေးမင်း ဖြစ်ချင်တယ်ဆိုတဲ့ စိတ်ကလေးတစ်ခုသာ ဖြစ်တယ်။ တောင့်တလိုက်ရုံနှင့် ကိစ္စပြီးနိုင်တယ်လို့ နတ်တွေက ယူဆကြ တယ်။</p> <p>ခုခေတ်မှာတော့ ဆရာမလေးဖြစ်ဖို့တောင် သိပ်မလွယ်ဘူး၊ တော်တော် ကြိုးစားရတယ် တော်တော်ကြိုးစားရတယ်၊ မူလတန်းကနေ ဘွဲ့ရသည်အထိ နှစ်ပေါင်းများစွာ မကြိုးစားရဘူးလား? ကြိုးစားရတယ်။</p> <p>ခု ဒီမှာ စကြဝတေးမင်းကြီး ဖြစ်ဖို့ရန်အတွက် သူရင်းနှီးမြှုပ်နှံရမည့် လုပ် ငန်းရပ်တွေက ဘာလဲ? စိတ်ကလေးတစ်ခုပဲ။ စိတ်ကသာ စကြဝတေးမင်းကြီး ဖြစ်ချင်တယ်ဆိုလျှင် ကျိန်းသေဧကန် ဖြစ်ကိုဖြစ်တော့မယ်။ ဘာ့ကြောင့်လဲ?</p> <p><b>သီလဝါ</b> = ကိုယ်ကျင့်သီလ ရှိတယ်။ <b>ကလျာဏဓမ္မ</b> = ကောင်းသော တရားဓမ္မတွေနှင့် ပြည့်စုံနေတယ်။</p> <p>ဒါကြောင့် - ဒီနေ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့ တစ်တွေလည်းပဲ ကိုယ်ကျင့်သီလတွေနှင့် ပြည့်စုံမယ်ဆိုလျှင် ကလျာဏဓမ္မ ခေါ်တဲ့ ကောင်းသော တရားဓမ္မတွေနှင့်သာ ပြည့်စုံကြမယ်ဆိုလျှင် စိတ်ရဲ့ တောင့်တချက် ဟူသမျှသည် မချွတ်ဧကန် မပြည့်စုံနိုင်ဘူးလား? ပြည့်စုံ နိုင်ပါတယ်။</p> <p>ဒီနေရာမှာ ခုလို လာတိုက်တွန်းတဲ့ နတ်တွေက စိတ္တသူကြွယ် ဒါယကာ ကြီးဟာ သီလရှိတယ်၊ ကောင်းတဲ့ တရားဓမ္မတွေနှင့် ပြည့်စုံတယ်ဆိုတာ လောက်ကိုတော့ သိကြပါတယ်။ စိတ္တသူကြွယ် ဒါယကာကြီးဟာ အနာဂါမ် သူတော်ကောင်းကြီး ဖြစ်တယ်ဆိုတဲ့ အချက်ကိုတော့ ဒီနတ်တွေက သဘော ပေါက်ပုံတော့ မရဘူး။ စိတ္တသူကြွယ် ဒါယကာကြီးကသာ သူ့ကိုယ်သူ သိ နေခြင်း ဖြစ်တယ်။</p> <p>ဒီလို အနာဂါမ် ဖြစ်နေမှန်း မသိကြလို့သာ စကြဝတေးမင်းကြီး ဖြစ်ဖို့ရန် စိတ်ကို ဆောက်တည်ခိုင်းနေကြခြင်း ဖြစ်တယ်။</p> <p>နောက်တစ်ခုက အနာဂါမ်ပုဂ္ဂိုလ်တွေဟာ ကွယ်လွန်ပြီးနောက် ကာမ ဘုံကို နောက်ထပ် ပဋိသန္ဓေအားဖြင့် ပြန်လာမှု လူပြန်ဖြစ်မှု လူ့ပြည်မှာ စကြဝတေးမင်းဆိုတဲ့ လူသားဖြစ်မှုတွေဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ကိုလည်း ဒီနတ်တွေက သဘောပေါက်ကြပုံ မပေါ်ဘူး။</p> <p>ဒါကြောင့် ဒီလို စကြဝတေးမင်းကြီးဖြစ်ဖို့ရန် စိတ်ကို ဆောက်တည် ခိုင်းကြခြင်း ဖြစ်တယ်။</p> <p>ဒီလို နတ်တွေက တိုက်တွန်းနေတဲ့ စကားသံကို ဘေးမှာ ပြုစုနေကြတဲ့ ဆွေမျိုးသားချင်းတွေက မကြားကြရဘူး။ စိတ္တသူကြွယ်ကြီး တစ်ဦးကသာ ကြားနေရပါတယ်။ ဒါကြောင့် စိတ္တသူကြွယ်ကို ဘေးမှာ ပြုစုနေကြတဲ့ ဆွေမျိုး သားချင်းတွေက ရှေးကပြောခဲ့တဲ့ မေးခွန်းတွေကို မေးနေကြခြင်း ဖြစ်တယ်၊ စိတ္တသူကြွယ်ကလည်း အဖြေတွေ ပေးနေခြင်း ဖြစ်ပါတယ်။ သူရဲ့ နောက်ဆုံး အဖြေကတော့ ...</p> <p>ဒီ စိတ္တသူကြွယ် ကျောင်းဒါယကာကြီးဟာ ကိုယ်ကျင့်သီလနှင့် ပြည့်စုံတဲ့ သူတော်ကောင်းကြီး ဖြစ်တယ်။ တရားဓမ္မကို လက်တွေ့ ကျင့်သုံးနေပြီး ကောင်းသော တရားဓမ္မနှင့် ပြည့်စုံနေတဲ့ သူတော်ကောင်းကြီး ဖြစ်တယ်။ အကယ်၍သာ ဒီစိတ္တသူကြွယ်ဟာ နောင်အနာဂတ်ကာလ၌ စကြဝတေး မင်းကြီး ဖြစ်ရပါလို၏ လို့ ဒီလိုသာ စိတ်က တောင့်တလိုက်မယ်ဆိုလျှင် သူ့ရဲ့ တောင့်တချက်ဟူသမျှဟာ မချွတ်ဧကန် ပြီးစီး ပြည့်စုံပေလိမ့်မယ်။ ဘာကြောင့်လဲ? -- သီလတွေ စင်ကြယ်နေတဲ့ အတွက်ကြောင့် သီလရှိတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ရဲ့တောင့်တချက်ဟူသမျှဟာ မချွတ်ဧကန် ပြီးစီး ပြည့်စုံလိမ့် မယ်။ တရားရှိတဲ့ပုဂ္ဂိုလ် တရားကျင့်တဲ့ပုဂ္ဂိုလ်ဆိုတာ တရားနှင့် လျော်ညီ နေတဲ့ အကျိုးတရားတွေကို အဖန်ဖန် တွေ့မြင်နေရတတ်ပါတယ် - လို့</p> <p>ဒီလို သိနေတဲ့အတွက် နတ်တွေက စကြဝတေးမင်းကြီး ဖြစ်ဖို့ရန် စိတ်ဓာတ်ကို ဆောက်တည်လိုက်ဖို့ တိုက်တွန်းနေကြခြင်း ဖြစ်တဲ့အကြောင်း ကို သေရာညောင်စောင်း လျောင်းစက်နေတဲ့ စိတ္တသူကြွယ် ကျောင်းဒါယကာ ကြီးက ဆွေမျိုးသားချင်းတွေကို ရှင်းပြလိုက်ပါတယ်။</p> <p>အဲဒီအခါကျတော့မှ သေခါနီး ဘေးဝိုင်းထိုင်နေတဲ့ ဆွေမျိုးသားချင်း တွေက ဘာလုပ်သလဲ? ကဲ ဒီလိုဆိုလို့ရှိလျှင် ကျွန်တော်တို့ကိုလည်း အဆုံး အမ ဩဝါဒ ပေးသွားပါဦးဆိုပြီးတော့ ဝိုင်းပြီးတောင်းပန်ကြတယ်။ အဲဒီ အခါကျတော့မှ ...</p> <p><b>တသ္မာ ဟိ ဝေါ ဧဝံ သိက္ခိတဗ္ဗံ --</b></p> <p><b>တသ္မာ</b> = ထိုကြောင့်။ <b>ဝေါ</b> = သင်ဆွေမျိုးသားချင်းအပေါင်းတို့သည်။ <b>ဧဝံ</b> = ဤသို့။ <b>သိက္ခိတဗ္ဗံ</b> = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ။</p> <p>ဒီလို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြစမ်းပါ - ဆိုပြီးတော့ နောက်ဆုံး သူက တရားဟောသွားတယ်။ --</p> <p><b>ဗုဒ္ဓေ အဝေစ္စပ္ပသာဒေန သမန္နာဂတာ ဘဝိဿာမ ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါတိ။</b></p> <p><b>ဗုဒ္ဓေ</b> = ဘုရားရှင်အပေါ်၌။ <b>အဝေစ္စပ္ပသာဒေန</b> = မတုန်မလှုပ် သက်ဝင် ယုံကြည်နေတဲ့ သဒ္ဓါတရားနှင့်။ <b>သမန္နာဂတာ</b> = ပြည့်စုံကြကုန်သည်။ <b>ဘဝိဿာမ</b> = ဖြစ်ကြပါကုန်အံ့။ <b>ဣတိ</b> = ဤသို့လျှင်။ <b>ဝေါ</b> = သင်ဆွေမျိုးသားချင်း အပေါင်းတို့သည်။ <b>သိက္ခိတဗ္ဗံ</b> = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ။</p> <p>ဘုရားရှင်အပေါ်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်နေတဲ့ သဒ္ဓါတရား တို့သန္တာန်၌ ဖြစ်စေရမည်ဆိုပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် ကြပါ။ ဘယ်လို ယုံကြည်ရမလဲ? --</p> <p><b>သော ဘဂဝါ</b> = ထိုဘုန်းတော် (၆)ပါးသခင် ဘုရားရှင်သည်။ <b>ဣတိပိ ဣမိနာ စ ကာရဏေန</b> = ဤသို့ လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ မြတ်သော အလှူ ပူဇော်အထူးကို ခံယူတော်မူထိုက်ခြင်းတည်းဟူသော အကြောင်း ကြောင့်လည်း။ <b>အရဟံ</b> = အရဟံ မည်တော်မူပါပေ၏။</p> <p><b>သော ဘဂဝါ</b> = ထိုဘုန်းတော် (၆)ပါးသခင် ဘုရားရှင်သည်။ <b>ဣတိပိ ဣမိနာ စ ကာရဏေန</b> = ဤသို့ သင်္ခါရ ဝိကာရ လက္ခဏ နိဗ္ဗာန် ပညတ် တည်းဟူသော သိသင့်သိထိုက်သည့် ဉေယျဓမ်တရားငါးပါးတို့ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တော်မူတတ်ခြင်း တည်းဟူသော ဤအကြောင်းကြောင့်လည်းပဲ။ <b>သမ္မာသမ္ဗုဒ္ဓေါ</b> = သမ္မာသမ္ဗုဒ္ဓ မည်တော်မူပါပေ၏။</p> <p><b>သော ဘဂဝါ</b> = ထိုဘုန်းတော် (၆)ပါးသခင် ဘုရားရှင်သည်။ <b>ဣတိပိ ဣမိနာ စ ကာရဏေန</b> = ဤသို့ ဝိဇ္ဇာ (၃)ပါး ဝိဇ္ဇာ (၈)ပါး, စရဏတရား (၁၅)ပါးနှင့် ပြည့်စုံတော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့်လည်းပဲ။ <b>ဝိဇ္ဇာစရဏသမ္ပန္နော</b> = ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူပါပေ၏။</p> <p><b>သော ဘဂဝါ</b> = ထိုဘုန်းတော် (၆)ပါးသခင် ဘုရားရှင်သည်။ <b>ဣတိပိ ဣမိနာ စ ကာရဏေန</b> = ဤသို့ ကောင်းသော စကားကို ဆိုတော်မူတတ် ခြင်းတည်းဟူသော ဤအကြောင်းကြောင့်လည်းပဲ (ဝါ) ကောင်းသော နိဗ္ဗာန် သို့ ကြွသွားတော်မူတတ်ခြင်းတည်းဟူသော ဤအကြောင်းကြောင့်လည်းပဲ။ <b>သုဂတော</b> = သုဂတ မည်တော်မူပါပေ၏။</p> <p><b>သော ဘဂဝါ</b> = ထိုဘုန်းတော် (၆)ပါးသခင် ဘုရားရှင်သည်။ <b>ဣတိပိ ဣမိနာ စ ကာရဏေန</b> = ဤသို့ သတ္တလောက သင်္ခါရလောက ဩကာသ လောကတည်းဟူသော လောကသုံးပါးကို ကိုယ်တိုင်မျက်မှောက် ထွင်း ဖောက်သိမြင်တော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့်လည်းပဲ။ <b>လောကဝိဒူ</b> = လောကဝိဒူ မည်တော်မူပါပေ၏။</p> <p><b>သော ဘဂဝါ</b> = ထိုဘုန်းတော် (၆)ပါးသခင် ဘုရားရှင်သည်။ <b>ဣတိပိ ဣမိနာ စ ကာရဏေန</b> = ဤသို့ မယဉ်ကျေးသည့် လူယောက်ျား နတ် ယောက်ျား တိရစ္ဆာန်ယောက်ျားတို့ကို ယဉ်ကျေးအောင် ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့်လည်းပဲ။ <b>အနုတ္တရော ပုရိသဒမ္မသာရထိ</b> = အနုတ္တရော ပုရိသဒမ္မသာရထိ မည်တော် မူပါပေ၏။</p> <p><b>သော ဘဂဝါ</b> = ထိုဘုန်းတော် (၆)ပါးသခင် ဘုရားရှင်သည်။ <b>ဣတိပိ ဣမိနာ စ ကာရဏေန</b> = ဤသို့ လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့်လည်းပဲ။ <b>သတ္ထာ ဒေဝမနုဿာနံ</b> = သတ္ထာ ဒေဝမနုဿာန မည်တော်မူပါပေ၏။</p> <p><b>သော ဘဂဝါ</b> = ထိုဘုန်းတော် (၆)ပါးသခင် ဘုရားရှင်သည်။ <b>ဣတိပိ ဣမိနာ စ ကာရဏေန</b> = ဤသို့ မိမိကိုယ်တိုင် သစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက်သိမြင်ပြီးဖြစ်၍ သတ္တဝါတို့ကိုလည်းပဲ သစ္စာလေးရပ် တရားမြတ် ကို ထွင်းဖောက်သိမြင်စေတတ်သော ဤအကြောင်းကြောင့်လည်းပဲ။ <b>ဗုဒ္ဓေါ</b> = ဗုဒ္ဓ မည်တော်မူပါပေ၏။</p> <p><b>သော ဘဂဝါ</b> = ထိုဘုန်းတော် (၆)ပါးသခင် ဘုရားရှင်သည်။ <b>ဣတိပိ ဣမိနာ စ ကာရဏေန</b> = ဤသို့ ဣဿရိယ ဓမ္မ ယသ သိရီ ကာမ ပယတ္တမည် ဘုန်းခြောက်လီနှင့် ပြည့်စုံတော်မူခြင်းတည်းဟူသော ဤ အကြောင်းကြောင့်လည်းပဲ။ <b>ဘဂဝါ</b> = ဘဂဝါ မည်တော်မူပါပေ၏။</p> <p><b>ဣတိ</b> = ဤသို့လျှင်။ <b>ဗုဒ္ဓေ</b> = ဘုရားရှင်အပေါ်၌။ <b>အဝေစ္စပ္ပသာဒေန</b> = မတုန်မလှုပ် သက်ဝင်ယုံကြည်နေတဲ့ သဒ္ဓါတရားနှင့်။ <b>သမန္နာဂတာ</b> = ပြည့်စုံကြကုန်သည်။ <b>ဘဝိဿာမ</b> = ဖြစ်ကြပါကုန်အံ့။ <b>ဣတိ</b> = ဤသို့လျှင်။ <b>ဝေါ</b> = သင်တို့သည်။ <b>သိက္ခိတဗ္ဗံ</b> = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် ကြပါ။</p> <p>ဘုရားရှင်ရဲ့ဂုဏ်တော်ကိုးပါးကို ယုံကြည်ရမလား မယုံကြည်ရဘူးလား? ယုံကြည်ရမယ်။ ဘယ်လို ယုံကြည်ရမလဲလို့မေးတော့ <b>အဝေစ္စပ္ပသာဒေန</b> - သူတစ်ပါးတို့ ဆွဲလှုပ်လို့ရှိလျှင် ဆွဲလှုပ်လို့မရတဲ့ ယုံကြည်ချက်နှင့် ယုံကြည်ပါ။</p> <p>အဲဒီအထဲမှာ ဘုန်းကြီး ဗုဒ္ဓဂုဏ်တော်လေးတစ်ခုကို နည်းနည်း ထပ်ပြော မယ်။</p> <p>မိမိကိုယ်တိုင် သစ္စာလေးပါးကိုလည်း သိတယ်၊ ကျွတ်ထိုက်တဲ့ သတ္တဝါ တွေကိုလည်းပဲ သစ္စာလေးရပ်တရားမြတ်ကို ထွင်းဖောက်သိစေတတ်တယ်။ဤအကြောင်းကြောင့် ဗုဒ္ဓမည်တယ်လို့ ယုံကြည်ရမယ်။</p> <p>သစ္စာလေးပါးက ဘာလဲ? ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂ သစ္စာ။ ဘာက ဒုက္ခသစ္စာလဲ? ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ အနီးစပ် ဆုံးဖြစ်တဲ့ ဓမ္မစကြာသုတ် ကြည့်ပေါ့။</p> <p><b>သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ</b> - အကျဉ်းအချုပ်အားဖြင့် ဥပါဒါနက္ခန္ဓာ ငါးပါးသည် ဘာသစ္စာလဲ? ဒုက္ခသစ္စာတရား။</p> <p>ဒီဥပါဒါနက္ခန္ဓာငါးပါးက ဘာတွေလဲ? ရူပုပါဒါနက္ခန္ဓာ ဝေဒနုပါဒါနက္ခန္ဓာ သညုပါဒါနက္ခန္ဓာ သင်္ခါရုပါဒါနက္ခန္ဓာ ဝိညာဏုပါဒါနက္ခန္ဓာ - ပေါင်းလိုက် တော့ ဘယ်နှစ်ပါးလဲ? (၅)ပါး။</p> <p>စိတ်-စေတသိက်-ရုပ်တရားတွေကို ဘယ်နှစ်ပုံ ပုံထားသလဲ? ငါးပုံ ပုံထား တယ်၊ ခန္ဓာငါးပါးပဲ။ ဘာကို ရူပုပါဒါနက္ခန္ဓာလို့ ခေါ်တယ်ဆိုတာ ဘုရားရှင် ကိုယ်တော်တိုင်က ခန္ဓ္ဓဝဂ္ဂသံယုတ်ပါဠိတော်မှာ ခန္ဓသုတ္တန် ဆိုတဲ့ အမည်နှင့် ဟောကြားထားတော်မူပါတယ်။</p> <p><b>ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော။ (သံ၊၂၊၃၉။)</b></p> <p>အတိတ်ရုပ်တရား, ပစ္စုပ္ပန်ရုပ်တရား, အနာဂတ်ရုပ်တရား, အဇ္ဈတ္တရုပ် တရား, ဗဟိဒ္ဓရုပ်တရား, ဩဠာရိကခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ရုပ်တရား, သုခုမ ခေါ်တဲ့ သိမ်မွေ့နူးညံ့တဲ့ ရုပ်တရား, ဟီနခေါ်တဲ့ ယုတ်ညံ့တဲ့ရုပ်တရား, ပဏီတခေါ်တဲ့ မွန်မြတ်တဲ့ရုပ်တရား, ဒူရခေါ်တဲ့ ဝေးတဲ့ ရုပ်တရား, သန္တိက ခေါ်တဲ့ နီးတဲ့ ရုပ်တရား --</p> <p>အဲဒီ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ရုပ်တရားသည် <b>သာသဝ</b> = အာသဝေါတရားတို့ရဲ့ အာရုံယူရာ (၃၁)ဘုံနယ်မြေအတွင်းမှာ တည်ရှိနေမယ်ဆိုလျှင်, <b>ဥပါဒါနိယ</b> = တဏှာ-ဒိဋ္ဌိတို့ဖြင့် ငါ ငါ့ဟာလို့ လှမ်းပြီး စွဲယူရာဖြစ်တဲ့ (၃၁)ဘုံအတွင်းမှာ တည်ရှိခဲ့မယ်ဆိုလျှင် - အဲဒီ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ရုပ်တရားအစုအပုံကို ဘာခန္ဓာလို့ ခေါ် သလဲ? ရူပုပါဒါနက္ခန္ဓာလို့ ခေါ်တယ်။</p> <p>အဲဒီ ရူပုပါဒါနက္ခန္ဓာသည် သစ္စာဒေသနာတော်နည်းအရ ဘာသစ္စာလဲ? ဒုက္ခသစ္စာတရား။ ကျန် နာမ်ခန္ဓာလေးပါးတို့ကို နည်းတူသဘောပေါက်ပါ။ အဲဒီဒုက္ခသစ္စာကို မိမိကိုယ်တိုင်လည်း ထွင်းဖောက် သိတယ်၊ သတ္တဝါတွေ ကိုလည်း ထွင်းဖောက် သိစေတယ်။ အဲဒီလို သိစေတတ်တဲ့ ဂုဏ်တော်ကို ဘာဂုဏ်တော်လို့ ခေါ်သလဲ? ဗုဒ္ဓဂုဏ်တော်။</p> <p>အဲဒီ ဗုဒ္ဓဂုဏ်တော်ကို ယုံကြည်ရမလား မယုံကြည်ရဘူးလား? ယုံကြည် ပါ။ နည်းနည်းလေး ပြန်စဉ်းစားကြည့်စမ်း! အဲဒီ ဒုက္ခသစ္စာတရားထဲမှာ အတိတ်ခန္ဓာငါးပါးဟာ ပါသလား မပါဘူးလား? ပါတယ်၊ အနာဂတ်ခန္ဓာ ငါးပါးကော ပါသလား မပါဘူးလား? ပါတယ်။</p> <p>အဲဒီ အတိတ်ခန္ဓာငါးပါး အနာဂတ်ခန္ဓာငါးပါးကို မိမိကိုယ်တိုင်လည်း သိတယ်၊ ကျွတ်ထိုက်တဲ့ ဝေနေယျသတ္တဝါတွေကိုလည်း သိစေတယ်ဆိုတဲ့ ဒီအချက်ကို ယုံကြည်ရမယ်။ တရားနာပရိသတ်တွေ ယုံလား မယုံဘူးလား? ယုံတယ်၊ ဟုတ်ရဲ့လား? ဘုန်းကြီးကတော့ သိပ်မထင်ပါဘူး၊ ဒါကြောင့် - ဘုန်းကြီးတို့ ဒီဇာစ်မြစ်ကလေးကိုတော့ နည်းနည်းနားလည်ဖို့ လိုတယ်။</p> <p>ဘုရားရှင်အပေါ်မှာ တုန်လှုပ်မှု မရှိတဲ့ ယုံကြည်ချက်ပဲ။ ဘယ်အခါမှာ ဒီလို တုန်လှုပ်မှု မရှိတဲ့ ယုံကြည်ချက် ပေါ်လာမလဲ? မိမိကိုယ်တိုင်က အတိတ် ခန္ဓာငါးပါးကို လက်တွေ့ ရှုလို့ရတယ်၊ အနာဂတ် ခန္ဓာငါးပါးကို လက်တွေ့ ရှုလို့ ရတယ်၊ ပစ္စုပ္ပန် ခန္ဓာငါးပါးကို လက်တွေ့ ရှုလို့ ရပြီး ဒုက္ခသစ္စာတရား တွေကို ဟုတ်တိုင်းမှန်စွာ သိပြီ၊ ကိုယ်ကိုယ်တိုင် သိပြီ ဆိုလို့ရှိလျှင် ခုနက စိတ္တသူကြွယ်ကြီးလိုပေါ့ - ယုံကြည်ချက် သဒ္ဓါတရားသက်သက်ဖြင့် ဘုရားကို ကိုးကွယ်ဆည်းကပ်နေတဲ့အဆင့် ဟုတ်သေးလား? မဟုတ်တော့ဘူး။ အသိ ဉာဏ်နှင့် ကိုးကွယ်ဆည်းကပ်တဲ့အဆင့်ကို ကူးမသွားဘူးလား? ကူးသွားပြီ။</p> <p>ယုံကြည်ချက် သဒ္ဓါတရားနှင့် အသိဉာဏ် ဘယ်ဒင်းက ပိုပြီး မြင့်မြတ် သလဲ? အသိဉာဏ်က ပိုမြင့်မြတ်တယ်နော်။</p> <p>အသိဉာဏ်က သာလွန်မြင့်မြတ်တယ်ဆိုလျှင် (ခုနက ဆွေးနွေးထား တယ်။ ဒါကြောင့် -) သစ္စာလေးပါးကို မိမိကိုယ်တိုင်က ထွင်းဖောက်သိပြီး တော့မှ ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်မယ် ယုံကြည်မယ်ဆိုလျှင် ထို ယုံကြည်ချက် သဒ္ဓါတရားသည် အဝေစ္စပ္ပသာဒ - သူတစ်ပါးတို့ လှုပ်ချောက် ချားလည်း လှုပ်ချောက်လို့ ရသေးလား? လှုပ်ချောက်လို့ မရတော့ဘူး။</p> <p>အဲဒီအဆင့်ထိ ရောက်အောင် သင်ဆွေမျိုးသားချင်း မိတ်ဆွေအပေါင်းတို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါဆိုပြီး တိုက်တွန်းတယ်။ သမုဒယ သစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာတို့ကိုလည်း နည်းတူပဲ သဘောပေါက်ပါ။</p> <p><b>ဓမ္မေ အဝေစ္စပ္ပသာဒေန သမန္နာဂတာ ဘဝိဿာမ သွာက္ခာတော ဘဂဝတာ ဓမ္မော သန္ဒိဋ္ဌိကော အကာလိကော ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီတိ။</b></p> <p><b>သွာက္ခာတ</b> အစ <b>ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ</b> အဆုံးရှိတဲ့ တရားဂုဏ် တော် ခြောက်ပါး၌လည်း မတုန်မလှုပ်တဲ့ သဒ္ဓါဖြင့် ယုံကြည်နေတဲ့ သဒ္ဓါ တရားနှင့် ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ။</p> <p><b>သံဃေ အဝေစ္စပ္ပသာဒေန သမန္နာဂတာ ဘဝိဿာမ သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော အာဟုနေယျော ပါဟုနေယျော ဒက္ခိဏေယျော အဉ္ဇလိကရဏီယော အနုတ္တရံ ပုညက္ခေတ္တံ လောကဿာတိ။</b></p> <p><b>သုပ္ပဋိပန္န</b> အစ <b>အနုတ္တရံ ပုညက္ခေတ္တံ လောကဿ</b> အဆုံးရှိတဲ့ သံဃာ့ ဂုဏ်တော် ကိုးပါးအပေါ်၌လည်း မတုန်မလှုပ် သက်ဝင်ယုံကြည်နေတဲ့ သဒ္ဓါ တရားနှင့် ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါလို့ - ဒီလို တိုက်တွန်းတယ်။ ဘယ်နှစ်ချက်ရှိပြီလဲ သုံးချက်။ နောက်ဆုံး လေးချက် မြောက် သူက တိုက်တွန်းတယ်။ --</p> <p><b>ယံ ခေါ ပန ကိဉ္စိ ကုလေ ဒေယျဓမ္မံ၊ သဗ္ဗံ တံ အပ္ပဋိဝိဘတ္တံ ဘဝိဿတိ သီလဝန္တေဟိ ကလျာဏဓမ္မေဟီတိ။ ဧဝံ ဟိ ဝေါ သိက္ခိတဗ္ဗံ။</b></p> <p><b>ကိဉ္စိ</b> = တစ်စုံတစ်ခုသော။ <b>ကုလေ</b> = အိမ်၌။ <b>ယံ ခေါ ပန ဒေယျဓမ္မံ</b>= အကြင်လှူဖွယ်ဝတ္ထုသည်။ <b>အတ္ထိ</b> = ရှိ၏။ <b>သဗ္ဗံ တံ</b> = ထိုလှူဖွယ်ဝတ္ထုအားလုံး ကို။ <b>သီလဝန္တေဟိ</b> = သီလရှိတော်မူကြကုန်သော။ <b>ကလျာဏဓမ္မေဟိ</b> = ကောင်းသော တရားဓမ္မနှင့် ပြည့်စုံတော်မူကြကုန်သော အရှင်ကောင်း အရှင်မြတ်တို့နှင့်။ <b>အပ္ပဋိဝိဘတ္တံ</b> = ခွဲခြားဝေဖန်မှု မရှိသည်။ <b>ဘဝိဿတိ</b> = ဖြစ်လတ္တံ့။ <b>ဧဝံ</b> = ဤသို့လျှင်။ <b>ဝေါ</b> = သင်တို့တစ်တွေသည်။ <b>သိက္ခိတဗ္ဗံ</b> = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်အပ်၏။</p> <p>အိမ်မှာရှိနေတဲ့ လှူဖွယ်ဝတ္ထု ပစ္စည်းစုတွေ ရှိတယ်။ အဲဒီ လှူဖွယ်ဝတ္ထု ပစ္စည်းစုတွေကိုလည်းပဲ သီလရှိတဲ့ အရှင်ကောင်း အရှင်မြတ်တွေနှင့် ခွဲခြား ဝေဖန်မှု မပြုဘဲနှင့် သုံးစွဲမယ်လို့ ဒီလို ကျင့်ဝတ်ကို ဆောက်တည်ပါ။</p> <p>ခွဲခြားဝေဖန်တယ်ဆိုတာ ဒီပစ္စည်းကတော့ လှူမယ်၊ ဒီပစ္စည်းကတော့ မလှူဘူး ချန်ထားမယ်၊ ဒါ ခွဲခြားဝေဖန်မှု ရှိတာ။ ဒီပစ္စည်းက သားအတွက်၊ ဒီပစ္စည်းက သမီးအတွက်၊ ဒီပစ္စည်းကတော့ လှူမယ်၊ ဒီလိုဆိုလျှင် ခွဲခြား ဝေဖန်မှု ရှိတယ်။</p> <p>အဲဒီလို ခွဲခြားဝေဖန်မှု မလုပ်ဘဲနှင့် အိမ်မှာ ရှိနေတဲ့ ပစ္စည်းတွေကို သံဃိကပစ္စည်းလို့ သဘောထားပြီး သီလရှိနေတဲ့ အရှင်ကောင်း အရှင်မြတ် တွေနှင့် ညီတူညီမျှ သုံးစွဲမယ်ဆိုတဲ့ စိတ်ထားကို မွေးမြူပါ ဆိုပြီးတော့ တိုက်တွန်းထားတယ်။</p> <p><b>အထ ခေါ စိတ္တော ဂဟပတိ မိတ္တာမစ္စေ ဉာတိသာလောဟိတေ ဗုဒ္ဓေ စ ဓမ္မေ စ သံဃေ စ စာဂေ စ သမာဒပေတွာ ကာလမကာသိ။</b></p> <p><b>အထ ခေါ</b> = ထိုအခါ၌။ <b>စိတ္တော ဂဟပတိ</b> = စိတ္တသူကြွယ် ကျောင်း ဒါယကာကြီးသည်။ <b>မိတ္တာမစ္စေ</b> = မိတ်ဆွေတို့ကိုလည်းကောင်း။ <b>ဉာတိသာလောဟိတေ</b> = ဆွေမျိုးသားချင်းတို့ကိုလည်းကောင်း။ <b>ဗုဒ္ဓေ စ</b> = ဘုရားရှင်အပေါ်၌လည်းကောင်း။ <b>ဓမ္မေ စ</b> = တရားတော်မြတ်၌လည်း ကောင်း။ <b>သံဃေ စ</b> = သံဃာတော်မြတ်၌လည်းကောင်း။ <b>စာဂေ စ</b> = ပေးကမ်း စွန့်ကြဲခြင်း စာဂတရား၌လည်းကောင်း။ <b>သမာဒပေတွာ</b> = ဆောက်တည်စေပြီး၍။ <b>ကာလမကာသိ</b> = ကွယ်လွန်ခဲ့လေပြီ။</p> <p>ဘုရားမှာ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်း, တရားတော်၌ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်း, သံဃာမှာ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်း, ပေးကမ်းစွန့်ကြဲခြင်း စာဂတရား - အဲဒီလေးချက်မှာ ဆောက်တည်စေပြီးတဲ့ အချိန်အခါ .. တရားလည်းဟောပြီးရော စိတ္တသူကြွယ် ဒါယကာကြီးလည်း ကွယ်လွန်သွားပြီ။</p> <p>ကွယ်လွန်တော့ ဘယ်ဘုံဘဝ ရောက်သလဲ? ဗြဟ္မာ့ပြည် ရောက်တယ်။ ဘယ်ဗြဟ္မာ့ပြည် ရောက်တယ်ဆိုတာ အတိအကျ မရှိသော်လည်း ယေဘုယျ သတ်မှတ်ချက်အရ ဘုရားရှင်သာသနာတော်မှာ ကွယ်လွန်သွားတဲ့ အနာဂါမ် ပုဂ္ဂိုလ်အများစုကတော့ သုဒ္ဓါဝါသဗြဟ္မာ့ပြည်ပဲ ရောက်ရှိကြပါတယ်။</p> <p>ဘာ့ကြောင့် စိတ္တသူကြွယ် ဒါယကာကြီးသည် ဒီလို အသာဆုံး အမြတ်ဆုံး ဖြစ်တဲ့ အကျိုးတရားတွေကို ရရှိရသလဲ? --</p> <p><b>အဂ္ဂဿ ဒါတာ မေဓာဝီ၊ အဂ္ဂဓမ္မသမာဟိတော။</b></p> <p><b>ဒေဝဘူတော မနုေဿာ ဝါ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။ (အံ၊၁၊၃၄၄။)</b></p> <p><b>အဂ္ဂဓမ္မသမာဟိတော</b> = အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ တရားထူး တရား မြတ်နှင့် ပြည့်စုံသည်ဖြစ်၍။ <b>အဂ္ဂဿ</b> = အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ရတနာ သုံးပါးအား။ <b>ဒါတာ</b> = ပေးလှူလေ့ရှိသော။ <b>မေဓာဝီ</b> = ပညာရှိတဲ့ သူတော် ကောင်းသည်။ <b>ဒေဝါဘူတော ဝါ</b> = နတ်ဖြစ်သော်လည်းကောင်း။ <b>မနုေဿာ ဝါ</b> = မနုဿဘူတော ဝါ = လူဖြစ်သော်လည်းကောင်း။ <b>အဂ္ဂပတ္တော</b> = အသာဆုံး အမြတ်ဆုံး ဖြစ်တဲ့ အကျိုးတရားသို့ ရောက်ရှိရသည် ဖြစ်၍။ <b>ပမောဒတိ</b> = နှစ်သက်ရွှင်ပျ ဝမ်းမြောက်ရပေသတည်း။ (သာဓု-သာဓု-သာဓု)</p> <p>အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ တရားထူး တရားမြတ်တွေနှင့်လည်း ပြည့်စုံ တယ်။ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ရတနာသုံးပါးမှာလည်း လှူဒါန်းလေ့ရှိတဲ့ ပညာရှိသူတော်ကောင်း ဖြစ်တယ်။ ဒီအကြောင်း နှစ်ချက်ကြောင့် လူဖြစ်ချင် လည်း ဖြစ်ပါစေ, နတ်ဖြစ်ချင်လည်း ဖြစ်ပါစေ အသာဆုံး အမြတ်ဆုံး အကျိုး တရားတွေကို ရနိုင်တယ်၊ ရပြီးတော့ ဝမ်းမြောက်ဝမ်းသာ နေထိုင်ရတယ်။</p> <p>ဒီနေ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း ...</p> <p>စိတ္တသူကြွယ် ဒါယကာကြီးကို အတုယူပြီးတော့ အသာဆုံး အမြတ်ဆုံး ဖြစ်တဲ့ တရားထူး တရားမြတ်တွေကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်သည့်တိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်နိုင်ကြပါစေ...၊ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ရတနာသုံးပါး အားလည်း ပေးကမ်းလှူဒါန်း စွန့်ကြဲနိုင်ကြပါစေ...လို့ တိုက်တွန်းရင်းဖြင့် ကဲ တရားနိဂုံး ချုပ်ကြစို့။</p> <hr> <h3>တရားဒေသနာတော်နိဂုံး</h3> <p><b>ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။</b></p> <p><b>တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။</b></p> <p><b>သန္တော</b> = ဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို.. တို့ရှေ့ကသူတော်ကောင်းတို့သည်။</p> <p><b>ဂမ္ဘီရစိန္တကာ</b> = နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာ ကြံဆင် အကြံ ကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။</p> <p><b>ကာမေ</b> = ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက် ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို။</p> <p><b>ဟိတွာ</b> = ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့် ဆက်ဆံ ဘေးတွေက ဝန်းရံ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော် ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည် ဖြစ်၍။</p> <p><b>ပဗ္ဗဇိံသု</b> = ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ် နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ် သက်ရွှင်လန်း ရှင်ရဟန်း ပြု၍ တောထွက်တော်မူကြ လေကုန်ပြီ။</p> <p><b>တုမှေပိ</b> = မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင် သူတော်ကောင်းတို့သည်လည်းပဲ။</p> <p><b>ပဗ္ဗဇိတာ</b> = ဝတ္ထုကာမ ဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန် ထွက် ကြကုန်သည်ဖြစ်၍။</p> <p><b>သုပေသလာ</b> = စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်င ရှိကြကုန်သည် ဖြစ်၍။</p> <p><b>တေ</b> = ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့ကို။</p> <p><b>အနုသိက္ခာဝှေါ</b> = အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ .. အားထုတ်နိုင်ကြပါစေကုန်သတည်း ...။</p> <p>သာဓု သာဓု သာဓု ...</p> <p>___________</p> 03ndl90qc7xvsozyewmo2hf3nl9obzv ထာဝရငြိမ်းချမ်းရေးသို့ 0 5711 18739 18702 2025-06-07T01:25:30Z Tejinda 173 18739 wikitext text/x-wiki {{header | title = ထာဝရငြိမ်းချမ်းရေးသို့ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = | previous = [[မဟာနမက္ကာရ ဘုရားရှိခိုး-ဒု]] | previous2 = | next = [[ရတနသုတ်နိဿယ]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }} <h3>ထာဝရငြိမ်းချမ်းရေးသို့</h3> <h3>စာမိတ်ဆက်</h3> <p>ဖားအောက်တောရဆရာတော်ကြီးအား ၂၀၀၀ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဘာသာရေးနှင့် အယူဝါဒရေးရာခေါင်းဆောင်များ၏ ၂၀၀၀ပြည့်နှစ် ကမ္ဘာ့ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေး (Millenium World Peace Summit of Religious and Spiritual Leaders)သို့ ကြွရောက်ချီးမြှင့်တော်မူရန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ဖိတ်ကြားခဲ့ပါသည်။ အခြား ခေါင်းဆောင်များအလားတူ ဆရာတော်ကြီးအားလည်း ကမ္ဘာတွင် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် ဘာသာရေးနှင့် အယူဝါဒရေးရာခေါင်းဆောင်များက ကူညီ ပံ့ပိုးနိုင်မည့် နည်းလမ်းများဆိုင်ရာ ထိရောက်သော အကြံပြုချက်များ ချီးမြှင့်ခြင်း (offering specific proposals relating to ways in which religious and spiritual leaders can contribute to peacemaking in the world)ဟူသော (စာလုံးရေကန့်သတ်ထားသော) စာတမ်းတစ်စောင် တင်သွင်း မိန့်ကြားပေးရန်လည်း လျှောက်ထားခဲ့ကြပါသည်။</p> <p>ဖားအောက်တောရဆရာတော်ကြီးသည် ထာဝရငြိမ်းချမ်းရေးသို့ (Towards Eternal Peace) ဟူသော တရားဒေသနာစာတမ်းကို တင်သွင်းခဲ့ပါ သည်။ သို့သော် ထိုကမ္ဘာ့ငြိမ်းချမ်းရေး ထိပ်သီးအစည်း အဝေးကျင်းပချိန်၌ ဆရာတော်ကြီးသည် ကျန်းမာရေး အခြေအနေအရ မကြွရောက်နိုင်ခဲ့သောကြောင့် ထို ဒေသနာစာတမ်းအားလည်း မဖတ်ကြားဖြစ်ခဲ့ပါ။</p> <p>ထိုတရားဒေသနာစာတမ်းအား နိုင်ငံခြားတွင် နိုင်ငံခြားသားယောဂီများက အင်္ဂလိပ်-တရုတ် နှစ်ဘာသာဖြင့် ဓမ္မဒါနပြုလျက် ရှိပါသည်။</p> <p>ယခုအခါ မြန်မာဘာသာဖြင့်လည်း ဓမ္မဒါန ပြုလို ကြသူများ၏ ဆန္ဒမွန်ကြောင့် စာအုပ်ငယ်အသွင်ဖြင့် စာဖတ်ပရိသတ်လက်ဝယ်သို့ ပို့ဆောင်လိုက်ခြင်း ဖြစ်ပါသည်။</p> <p>သတ္တဝါအပေါင်း ထာဝရငြိမ်းချမ်းကြပါစေ ကြောင်း ဆုမွန်ကောင်းတောင်းလျက် --</p> <p>စီစဉ်သူများ</p> <h3>ထာဝရငြိမ်းချမ်းရေးသို့</h3> <p>ထာဝရငြိမ်းချမ်းရေးသို့</p> <p>ငြိမ်းချမ်းမှုကို ဖျက်ဆီးနေသော တရားဆိုးများ</p> <p>တစ်ချိန် --- ဒကာတော်သိကြားမင်းက ဘုရားရှင် အား အောက်ပါ မေးခွန်းတစ်ခုကို မေးမြန်းခဲ့ဖူး၏။</p> <p>အရှင်ဘုရား ... ရန်ငြိုးကင်းကုန်လျက်, လက်နက်နှင့် စီးပွားရေးဖြင့် ခြိမ်းခြောက်ခံရမှုဒဏ် ကင်းကုန်လျက်, ရန်သူကင်းကုန်လျက်, စိတ်ဆင်းရဲခြင်း ကင်းကုန်လျက် ငါတို့ နေကြရပါစေဟု နတ်, လူ, အသုရာ, နဂါး, ဂန္ဓဗ္ဗတို့နှင့် အခြားများစွာသော ထိုသတ္တဝါတို့အား တောင့်တခြင်း သည် ဖြစ်၏။ ယင်းသို့ တောင့်တခြင်းဖြစ်သော်လည်း ထို သတ္တဝါတို့သည် ရန်ငြိုးရှိကုန်လျက်, လက်နက်နှင့် စီးပွားရေးဖြင့် ခြိမ်းခြောက်ခံရမှုဒဏ်ရှိကုန်လျက်, ရန်သူရှိကုန်လျက်, စိတ်ဆင်းရဲခြင်းရှိကုန်လျက်, အမျက်ထွက်ခြင်းရှိကုန်လျက် နေကြရပါကုန်၏။ (ဤသို့ နေရခြင်းသည်) အဘယ် အနှောင်အဖွဲ့ကြောင့် ပါနည်းဟု နတ်တို့၏အရှင် သိကြားမင်းက မေးမြန်း လျှောက်ထားခဲ့၏။</p> <p>ထိုမေးခွန်းကို ဘုရားရှင်က အောက်ပါအတိုင်း အဖြေပေးခဲ့၏။</p> <p>နတ်တို့အရှင် သိကြားမင်း ...ရန်ငြိုးကင်း ကုန်လျက်, လက်နက်နှင့် စီးပွားရေးဖြင့် ခြိမ်းခြောက် ခံရမှုဒဏ်ကင်းကုန်လျက်, ရန်သူကင်းကုန်လျက်, စိတ်ဆင်းရဲခြင်းကင်းကုန်လျက်, အမျက်ထွက်ခြင်း ကင်းကုန်လျက် ငါတို့ နေကြရပါစေဟု နတ်, လူ, အသုရာ, နဂါး, ဂန္ဓဗ္ဗတို့နှင့် အခြားများစွာသော ထို သတ္တဝါတို့အား တောင့်တခြင်းသည် ဖြစ်၏။ ယင်းသို့ တောင့်တခြင်းဖြစ်သော်လည်း ထိုသတ္တဝါတို့သည် ရန်ငြိုးရှိကုန်လျက်, လက်နက်နှင့် စီးပွားရေးဖြင့် ခြိမ်းခြောက်ခံရမှုဒဏ်ရှိကုန်လျက်, ရန်သူရှိကုန်လျက်, စိတ်ဆင်းရဲခြင်းရှိကုန်လျက်, အမျက်ထွက်ခြင်းရှိကုန် လျက် နေကြရပါကုန်၏။ (ဤသို့ နေရခြင်းသည်) <b>ဣဿာ မစ္ဆရိယသံယောဇဉ်</b>ကြောင့် ဖြစ်၏ဟု (ဖြေကြားတော်မူ၏)။</p> <h3>ဣဿာ</h3> <p>၁။ ပုဂ္ဂိုလ်တစ်ဦးက အခြားပုဂ္ဂိုလ်တစ်ဦးထက် စည်းစိမ်ဥစ္စာ, ရာထူးဂုဏ်သိရ် စသည်ဖြင့် အဖက်ဖက်မှ သာလွန်နေလျှင်,</p> <p>၂။ မိသားစုတစ်ခုက အခြားမိသားစုတစ်ခုထက် အဖက်ဖက်မှ သာလွန်နေလျှင်,</p> <p>၃။ ကုမ္ပဏီတစ်ခုက အခြားကုမ္ပဏီတစ်ခုထက် အဖက်ဖက်မှ သာလွန်နေလျှင်,</p> <p>၄။ လူမျိုးတစ်မျိုးက အခြားလူမျိုးတစ်မျိုးထက် အဖက်ဖက်မှ သာလွန်နေလျှင်,</p> <p>၅။ တိုင်းပြည်တစ်ပြည်က အခြားတိုင်းပြည်တစ်ပြည် ထက် အဖက်ဖက်မှ သာလွန်နေလျှင်,</p> <p>၆။ ကမ္ဘာ့အုပ်စုကြီးတစ်ခုက အခြားကမ္ဘာ့အုပ်စုကြီး တစ်ခုထက် အဖက်ဖက်မှ သာလွန်နေလျှင်,</p> <p>မကြည့်လို မရှုလို မမြင်လိုသော စိတ်ထားကား <b>ဣဿာ</b>တရားဆိုးတည်း။</p> <h3>မစ္ဆရိယ</h3> <p>၁။ မိမိ စည်းစိမ် ဂုဏ်သိရ် ပညာ အာဝါသနှင့် ဆွေမျိုးတို့ကို သူတစ်ပါးတို့နှင့် မမျှဝေပေးနိုင် သော သဘောထားသည်လည်းကောင်း,</p> <p>၂။ မိမိနည်းတူ တစ်ပါးသူတို့က စည်းစိမ် ဂုဏ်သိရ် ပညာ စသည်တို့ ရရှိလာခြင်းကို မမြင်လို မရှုစိမ့် သော သဘောထားသည်လည်းကောင်း,</p> <p>၃။ မိမိ, မိမိ၏ မိသားစု, မိမိ၏ ကုမ္ပဏီ, မိမိ၏ လူမျိုး, မိမိ၏ တိုင်းပြည်, မိမိပါဝင်သော ကမ္ဘာ့အုပ်စုကြီး တစ်ခု၏ စည်းစိမ် ဂုဏ်သိရ် ပညာ စသည်ကို အခြားသူတို့က, အခြားမိသားစုတို့က, အခြား ကုမ္ပဏီတို့က, အခြားလူမျိုးတို့က, အခြားတိုင်းပြည်တို့က, အခြားကမ္ဘာ့အုပ်စုကြီးတို့က ထိပါး စော်ကားလာခြင်းကို မမြင်လို မရှုစိမ့်သော သဘောထားသည်လည်းကောင်း <b>မစ္ဆရိယ</b>တရားဆိုးဖြစ်၏။</p> <p>ယင်းတရားဆိုးတို့၏ ဖြစ်ပေါ်လာရာ အခြေခံ အကြောင်းရင်းမှာ ချစ်ခြင်း မုန်းခြင်းတရားပင် ဖြစ်၏။</p> <p>မိမိကိုယ်ကို, မိမိ မိသားစုကို, မိမိကုမ္ပဏီကို, မိမိလူမျိုးကို, မိမိတိုင်းပြည်ကို, မိမိတို့၏ ကမ္ဘာ့အုပ်စုကြီးကိုသာ ချစ်ခင်မြတ်နိုးတတ်၍ အခြားလူများကို, အခြားမိသားစုများကို, အခြားအသင်းအဖွဲ့များကို, အခြားလူမျိုးများကို, အခြားတိုင်းပြည်များကို, အခြား အခြား ကမ္ဘာ့အုပ်စုများကို မုန်းတီးတတ်သော စိတ်ထားကား အခြေခံအကြောင်းရင်းဖြစ်၏။ <b>ဣဿာ မစ္ဆရိယ</b> ဖြစ်ပေါ်ရန် အခြေခံအကြောင်းရင်းဖြစ်၏။ ယင်းအကြောင်းတရားများကို ဗုဒ္ဓ၏ <b>သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်</b>ဟု ဆိုအပ်သော <b>သိက္ခာသုံးရပ်</b> အကျင့်မြတ်တို့က အမြစ်ပြုတ်အောင် ချေဖျက် နိုင်သော စွမ်းအားရှိ၏။</p> <p>သီလဖြူစင်မှုကို အခြေခံလျက် <b>မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ</b>ဟူသော <b>ဗြဟ္မစိုရ်တရားလေးပါး</b>နှင့် <b>ကသိုဏ်းဆယ်ပါး, သမာပတ်ရှစ်ပါး</b>တို့ကို တကယ် စစ်မှန်သော <b>စျာန်</b>သို့ဆိုက်သည့်တိုင်အောင် အောင်မြင် စွာ လက်တွေ့ ပွားများအားထုတ်နိုင်ပါက သတ္တဝါ အားလုံးအပေါ်၌ ညီမျှသော မေတ္တာတရား, ကရုဏာ တရား, မုဒိတာတရား, ဥပေက္ခာတရားတို့ကို အောင်အောင်မြင်မြင် ရရှိနိုင်မည်ဖြစ်သည်။</p> <p>ထိုဗြဟ္မစိုရ်တရားတို့၏ စွမ်းအားကြောင့် ချစ်ခြင်း, မုန်းခြင်းတရားများသည် ဝေးကွာသွားမည်သာ ဖြစ်သည်။ စစ်မှန်သော ငြိမ်းချမ်းရေးကို အောင်အောင် မြင်မြင် ပွားများအားထုတ်သူတိုင်း ရရှိခံစားရမည် ဖြစ်သည်။ သို့သော် ထိုငြိမ်းချမ်းရေးကား <b>စျာန်သမာဓိ</b> အရှိန် အားကောင်းခိုက် ရရှိနိုင်သော ယာယီငြိမ်းချမ်းရေးမျှသာဖြစ်သည်။ ထိုယာယီငြိမ်းချမ်းရေးမှ ထာဝရ ငြိမ်းရေးသို့ တစ်ဆင့် တက်လှမ်းရမည်ဖြစ်သည်။ ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ပြုကျင့်ရမည့် ကျင့်စဉ်ကား မြတ်ဗုဒ္ဓ၏ တစ်ခုတည်းသော <b>ဝိပဿနာကျင့်စဉ်</b>ပင် ဖြစ်သည်။</p> <p>အထက်ပါ စျာန်သမာဓိများကို အခြေခံ၍ ဘုရားရှင် ဟောတော်မူသော <b>ရုပ်တရား နာမ်တရား</b> တို့ကို နည်းမှန် စနစ်မှန် ကြိုးစားအားထုတ်ပါက သိရှိ နိုင်မည်သာဖြစ်သည်။ <b>စျာန်သမာဓိ</b>ကြောင့် လင်းရောင်ခြည်များ ထွက်ပေါ်လာမည်ဖြစ်သည်။ ယင်း လင်းရောင်ခြည် အကူအညီဖြင့် မြတ်ဗုဒ္ဓ ဟောကြား တော်မူသည့် <b>ရုပ်တရား</b>တို့ကို သိရှိနိုင်ပါသည်။ မြတ်ဗုဒ္ဓ က <b>ရုပ်တရား</b>တို့သည် <b>ကလာပ်</b>ခေါ်သည့် အမှုန်ကလေးတွေအနေဖြင့် ဖြစ်ပေါ်နေကြောင်း ဟောကြား ထားတော်မူခဲ့၏။ ယင်း<b>ရုပ်ကလာပ်</b>တစ်ခုတစ်ခုသည် အက်တမ်ထက် အဆပေါင်းများစွာ သေးငယ်မည်ဟု ယူဆရသည်။ ယင်း<b>ရုပ်ကလာပ်</b>တစ်ခုအတွင်းရှိ <b>ပထဝီ, အာပေါ, တေဇော, ဝါယော</b>စသည့် <b>ရုပ်ပရမတ်</b>တို့ကို ယောဂီပုဂ္ဂိုလ်များသည် <b>ဓာတ်ကမ္မဋ္ဌာန်း</b>ကို စနစ်တကျ ရှုပွားသုံးသပ်ပါက သိရှိနိုင်မည်သာဖြစ်သည်။ ဗုဒ္ဓ၏ ဒေသနာတော်အရ သက်ရှိသက်မဲ့ တစ်လောကလုံး သည်ကား <b>ရုပ်ကလာပ်အမှုန်</b>များဖြင့်သာ တည်ဆောက်ထား၏။ ယင်း <b>ရုပ်ကလာပ်အမှုန်</b>တို့ကား အလွန် လျင်လျင်မြန်မြန် ဖြစ်ပြီးက ပျက်နေသည့် သဘာဝတရားတို့သာဖြစ်သည်။ သို့သော် ထို<b>ရုပ်ကလာပ်</b>တို့သည် <b>ဝိပဿနာဉာဏ်</b>၏ အရှုခံအာရုံတို့ကား မဟုတ်ကြပေ။ ယင်း <b>ရုပ်ကလာပ်</b>တစ်ခုတစ်ခုအတွင်းရှိ <b>ပထဝီ, အာပေါ, တေဇော, ဝါယော</b>စသော <b>ပရမတ္ထဓာတ်သား</b>တို့သည်သာလျှင် <b>ဝိပဿနာဉာဏ်</b>၏ အရှုခံ အာရုံတို့ ဖြစ်ကြသည်။ ယောဂီပုဂ္ဂိုလ်သည် ယင်း <b>ပရမတ်တရား</b>တို့ကို <b>သမ္မာဒိဋ္ဌိဉာဏ်ပညာ</b>ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှေးဦးစွာ ကြိုးပမ်းရာ၏။ အလားတူပင် ယောဂီသည် စိတ်ကို ထိုးထွင်းမြင်သိ၍ စိတ်၌ အာရုံသိသဘော (= <b>စိတ္တ</b>)နှင့် <b>စေတသိက်</b>များစွာတို့ စုဖွဲ့နေကြောင်းနှင့် ထို<b>ပရမတ် နာမ်တရား</b>များသည်လည်း အလွန် လျင်မြန်စွာ ဖြစ်ပျက်နေကြကြောင်းတို့ကို ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်ရန် စနစ်တကျ စူးစမ်းလေ့လာရမည်။</p> <p>ဤ<b>ပရမတ် ရုပ်နာမ်တရား</b>များသည် တစ်ရံမစဲ လျင်မြန်စွာ ဖြစ်ပျက်နေခြင်းကြောင့် ၎င်းင်းတို့သည် မတည်မြဲသော <b>အနိစ္စတရား</b>, ကျေနပ်ဖွယ် မရှိသော <b>ဒုက္ခတရား</b>, ပုဂ္ဂိုလ် သတ္တဝါ ငါမဟုတ်သော <b>အနတ္တတရား</b>တို့ ဖြစ်ကြ၏။ ထို့ကြောင့် ဤ <b>ရုပ်တရား နာမ်တရား</b>တို့သည် <b>ဒုက္ခသစ္စာတရားစု</b>တို့တည်း။</p> <h3>ကြောင်း-ကျိုးဆက်နွယ်မှုသဘော</h3> <p>ဤ<b>ရုပ်နာမ်</b>တို့ကို <b>ပရမတ်</b>သို့ ဉာဏ်အမြင်ဆိုက်အောင် သိရှိထားပြီးသော ယောဂီသူတော်ကောင်း သည် ဤ<b>ရုပ်နာမ်</b>တို့၏ အကြောင်း-အကျိုးတို့ကို တစ်ဆင့်တက်၍ သိမ်းဆည်းရှုပွားရာ၏။ <b>အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ</b> အစရှိသော <b>အကြောင်းတရား</b>တို့ကြောင့် ဤ<b>ရုပ်နာမ်</b>တို့၏ ထင်ရှားဖြစ်ပေါ် လာရပုံကို <b>သမ္မာဒိဋ္ဌိဉာဏ်ပညာ</b>ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးပမ်းရမည်။ သီအိုရီသဘောတရားအရမျှသာ မဟုတ်၊ မိမိ၏ <b>သမ္မာဒိဋ္ဌိဉာဏ်ပညာ</b>ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးပမ်းရမည့်အပိုင်း ဖြစ်သည်။ အောင်မြင်စွာ ကျင့်နိုင်သော ယောဂီများ များစွာပင် ရှိကြပေသည်။</p> <p>အကယ်၍ ယောဂီတစ်ဦးသည် ထိုသို့ကြိုးပမ်းရာ ၌ <b>သမ္မာဒိဋ္ဌိဉာဏ်ပညာ</b>ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သည် ဖြစ်ငြားအံ့။ ထိုအသိဉာဏ်မှာ <b>သမုဒယသစ္စာ</b>ကြောင့် <b>ဒုက္ခသစ္စာ</b>ဖြစ်ပုံကို ထိုးထွင်း သိမြင်သော <b>သမ္မာဒိဋ္ဌိ</b> အမြင်တစ်မျိုးဖြစ်သည်။ ဗုဒ္ဓ၏ ဒေသနာတော်၌ ယောကျ်ား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာဟူသည် မရှိ၊ <b>အကြောင်းတရား အစုအပုံ</b>နှင့် <b>အကျိုးတရား အစုအပုံ</b>သာ ရှိ၏။ ယင်းတို့ကို <b>သင်္ခါရတရား</b>ဟု ခေါ်၏။ ယင်း <b>သင်္ခါရတရား</b>တို့ကား ဖြစ်ပြီးလျှင် ရုတ်ချည်း ပျက်နေသည့် <b>အနိစ္စတရား အစုအပုံ</b>၊ ဖြစ်ခြင်းပျက်ခြင်းဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ခံနေရသည့် <b>ဒုက္ခတရား အစုအပုံ</b>၊ အတ္တမဟုတ်သည့် <b>အနတ္တတရား အစုအပုံ</b>တို့သာ ဖြစ်ကြသည်။ ယင်း<b>သင်္ခါရတရား</b>တို့၏ <b>အနိစ္စသဘာဝ</b> အမှန်, <b>ဒုက္ခသဘာဝ</b>အမှန်, <b>အနတ္တသဘာဝ</b>အမှန်ကို ထိုးထွင်းသိမြင်တတ်သော အသိဉာဏ်သည်ကား <b>ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်</b>ပင် ဖြစ်သည်။</p> <p>ယောဂီပုဂ္ဂိုလ်တစ်ဦးသည် ယင်း<b>ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်</b>ကို ရင့်ကျက်အောင် တစ်ဆင့်ပြီး တစ်ဆင့် ကြိုးပမ်းရာ၏။ ယင်းသို့ ရင့်ကျက်လာသော <b>ဝိပဿနာဉာဏ်</b>၏အဆုံး၌ <b>အရိယမဂ်ဉာဏ်</b>သည် <b>နိဗ္ဗာန်</b>ကို အာရုံယူလျက် ဖြစ်ပေါ်လာ၏။ ယင်း<b>နိဗ္ဗာန်တရားတော်မြတ်</b>သည်ကား <b>နိရောဓသစ္စာတရား</b>ပင် ဖြစ်သည်။ ယင်း<b>နိဗ္ဗာန်တရားတော်မြတ်</b>ကို ထိုးထွင်း သိမြင်သော <b>အရိယမဂ်ဉာဏ်</b>နှင့် ယှဉ်တွဲလျက်ရှိသော <b>မဂ္ဂင်ရှစ်ပါး</b>တို့ကား <b>မဂ္ဂသစ္စာတရား</b>ပင် ဖြစ်သည်။ ယင်း <b>အရိယမဂ်ဉာဏ်</b>သည် <b>ကိလေသာ</b>တို့ကို အမြစ်ပြတ် ဖြေရှင်းနိုင်သော စွမ်းအားရှိ၏။ အဆင့်ဆင့် ဖြစ်ပေါ် လာသော <b>အရိယမဂ်ဉာဏ်</b>တို့က ချစ်ခြင်း, မုန်းခြင်း တရားတို့ကို အကြွင်းမဲ့ ပယ်သတ်နိုင်၏။ ချစ်ခြင်း, မုန်းခြင်းတရား မရှိက <b>ဣဿာ, မစ္ဆရိယ</b> တရားဆိုးများလည်း မရှိနိုင်တော့ပြီ။ ထိုအခါ ထိုယောဂီပုဂ္ဂိုလ်သည် ထာဝရငြိမ်းချမ်းရေးသို့ ဆိုက်ရောက်ပြီ ဖြစ်၏။ ပုဂ္ဂိုလ် တစ်ဦး၏ ထာဝရငြိမ်းချမ်းရေးမှ ကမ္ဘာသား အများစု၏ ထာဝရငြိမ်းချမ်းရေးသို့ တစ်ဆင့်တက်၍ ကြိုးပမ်းနိုင်ပါက ကမ္ဘာ့ငြိမ်းချမ်းရေးကို အောင်မြင်စွာ ရရှိနိုင်မည် ဖြစ်သည်။</p> <p>ဗုဒ္ဓကျင့်စဉ်၏ ပထမအဆင့်ဖြစ်သော <b>ငါးပါးသီလ</b> ကို ကမ္ဘာသူ ကမ္ဘာသားအားလုံးက စောင့်ထိန်းကြလျှင် ကျေနပ်ဖွယ်ကောင်းသည့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ယခု လက်ငင်း ရရှိနိုင်သည်။<b>ငါးပါးသီလ</b>ကို ဘာသာအားလုံး လောက်က လက်တွေ့ ကျင့်သုံးကြပါသည်။ <b>စျာန်သမာဓိ</b>ရသည့်တိုင်အောင် လူတို့ ကြိုးစား အားထုတ်နိုင်ကြလျှင် ထိုကမ္ဘာ့ငြိမ်းချမ်းရေးသည် ပိုမို တည်တံ့ ခိုင်မြဲလာမည်ဖြစ်သည်။ <b>မဂ်ဉာဏ်</b>ရောက်သည်အထိ လူတို့ ကြိုးစားအားထုတ်နိုင်လျှင်ကား မပျက်စီးနိုင်သော ထာဝရ ခိုင်မြဲသည့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ရရှိမည်ဖြစ်သည်။</p> <p>ဤသီအိုရီသဘောတရားများကား သီအိုရီသဘောတရားအရမျှသာ မဟုတ်၊ ခေတ်အဆက်ဆက် ထပ်ခါထပ်ခါ တကယ်လက်တွေ့ကျင့်၍ တကယ် အောင်မြင်ခဲ့သော ကျင့်စဉ်များ ဖြစ်ကြသည်။ ယခု အပတ်တကုတ် ကြိုးစားအားထုတ်လျှင်လည်း အောင်ပွဲခံဦးမည့် ကျင့်စဉ်များ ဖြစ်ကြသည်။ ထို့ကြောင့် တစ်သီးပုဂ္ဂလ ထာဝရငြိမ်းချမ်းရေးမှ ကမ္ဘာသူ, ကမ္ဘာသားအများစု ထာဝရငြိမ်းချမ်းရေးသို့တိုင်အောင် ဗုဒ္ဓ၏ ကျင့်စဉ်များအရ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် ကြပါရန် တိုက်တွန်းအပ်ပါသတည်း။ ။</p> <p>သတ္တဝါအားလုံးတို့ ထာဝရငြိမ်းချမ်းရေးကို ရရှိကြပါစေ ...</p> <p>ဖားအောက်တောရဆရာတော်</p> 2f317438aoni69l6pq4copmbx3bd07a နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၆/၂၀၂၁ 0 5713 18713 18707 2025-06-06T13:51:14Z Ninjastrikers 39 18713 wikitext text/x-wiki {{header | title = ဗဟိုဘဏ် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးခြင်း | override_author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | translator = | section = | previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၅/၂၀၂၁]] | next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၇/၂၀၂၁]] | year = ၂၀၂၁ | portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | wikipedia = မြန်မာနိုင်ငံတော်ဗဟိုဘဏ် | notes = }} {{c|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်''' '''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ''' '''ဗဟိုဘဏ် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးခြင်းး''' '''အမိန့်အမှတ် (၄၆/၂၀၂၁)''' '''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက်''' '''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်)'''}} နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အောက်ပါပုဂ္ဂိုလ်များကို ဗဟိုဘဏ် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည် - :(၁) ဒေါက်တာခင်နိုင်ဦး :(၂) ဦးအောင်ကျော်သန်း {{right|အမိန့်အရ (ပုံ) အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}} [[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]] [[Category:၂၀၂၁ ခုနှစ် အမိန့်များ]] 7il06ke7rrqw66i0n9wugeqrrp1l3zt နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၈/၂၀၂၁ 0 5714 18711 18708 2025-06-06T13:50:56Z Ninjastrikers 39 18711 wikitext text/x-wiki {{header | title = မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဖွဲ့စည်းခြင်း | override_author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | translator = | section = | previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၇/၂၀၂၁]] | next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၉/၂၀၂၁]] | year = ၂၀၂၁ | portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | wikipedia = မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ | notes = }} {{c|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်''' '''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ''' '''မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဖွဲ့စည်းခြင်း''' '''အမိန့်အမှတ် (၄၇/၂၀၂၁)''' '''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက်''' '''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်)'''}} နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကို အောက်ပါ အတိုင်း ဖွဲ့စည်းလိုက်သည်- :(၁) ဥက္ကဋ္ဌ၊ မြို့တော်ဝန် :(၂) ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် :(၃) အဖွဲ့ဝင် (၂) ဦး :(၄) အတွင်းရေးမှူး {{right|အမိန့်အရ (ပုံ) အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}} [[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]] [[Category:၂၀၂၁ ခုနှစ် အမိန့်များ]] 7zkiwwyncuqkvotrs4uq64tzxk0qolq နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၀/၂၀၂၁ 0 5715 18710 2025-06-06T13:40:12Z Salai Rungtoi 371 "{{header | title = တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း | author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 18710 wikitext text/x-wiki {{header | title = တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း | author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | translator = | section = | previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၉/၂၀၂၁]] | next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၁/၂၀၂၁]] | year = ၂၀၂၁ | portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | wikipedia = ပြည်နယ်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီများ | notes = }} {{c|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်''' '''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ''' '''အမိန့်အမှတ် (၄၀/၂၀၂၁)''' '''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက်''' '''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်)''' '''တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း'''}} နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အောက်ပါပုဂ္ဂိုလ်များအား ယှဉ်တွဲပါ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည် - {| |+ |- | (၁) || ဦးလှစိုး || ရန်ကုန်တိုင်းဒေသကြီး |- | (၂) || ဦးရဲမြင့်|| ဧရာဝတီတိုင်းဒေသကြီး |- |} {{right|အမိန့်အရ (ပုံ) အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}} [[Category:၂၀၂၁ ခုနှစ် အမိန့်များ]] [[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]] 4eb3uixfdnwtj2h6ly72lsxjto51ido 18712 18710 2025-06-06T13:51:10Z Ninjastrikers 39 18712 wikitext text/x-wiki {{header | title = တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း | override_author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | translator = | section = | previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၉/၂၀၂၁]] | next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၁/၂၀၂၁]] | year = ၂၀၂၁ | portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | wikipedia = ပြည်နယ်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီများ | notes = }} {{c|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်''' '''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ''' '''အမိန့်အမှတ် (၄၀/၂၀၂၁)''' '''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက်''' '''(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်)''' '''တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း'''}} နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အောက်ပါပုဂ္ဂိုလ်များအား ယှဉ်တွဲပါ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည် - {| |+ |- | (၁) || ဦးလှစိုး || ရန်ကုန်တိုင်းဒေသကြီး |- | (၂) || ဦးရဲမြင့်|| ဧရာဝတီတိုင်းဒေသကြီး |- |} {{right|အမိန့်အရ (ပုံ) အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}} [[Category:၂၀၂၁ ခုနှစ် အမိန့်များ]] [[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]] refjuhru0zhrkdeww0kyqu5c8c6pi6t နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၃/၂၀၂၁ 0 5716 18732 2025-06-06T14:11:14Z Salai Rungtoi 371 "{{header | title = ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးခြင်း | override_author = နိုင်ငံတော်စီမံအုပ်ချုပ်ရေ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 18732 wikitext text/x-wiki {{header | title = ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးခြင်း | override_author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | translator = | section = | previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၂/၂၀၂၁]] | next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၄/၂၀၂၁]] | year = ၂၀၂၁ | portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | wikipedia = ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် | notes = }} {{c|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်''' '''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ''' '''အမိန့်အမှတ် (၄၀/၂၀၂၁)''' '''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက်''' '''၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်''' '''ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအဖြစ် <br> ခန့်အပ်တာဝန်ပေးခြင်း'''}} ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အောက်ပါပုဂ္ဂိုလ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည် - {| |+ |- | (၁) || ဦးစောဘလှိုင် || အဖွဲ့ဝင် |- | (၂) || ဦးစိုးဦး|| အဖွဲ့ဝင် |- |} {{right|အမိန့်အရ (ပုံ) အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}} [[Category:၂၀၂၁ ခုနှစ် အမိန့်များ]] [[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]] bdew1y6ln1f7xv2atrw2hgkdn1f5m0i နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၂/၂၀၂၁ 0 5717 18733 2025-06-06T15:49:27Z Salai Rungtoi 371 "{{header | title = ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း | override_author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | translator = | section = | previous = နိုင်ငံတော်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 18733 wikitext text/x-wiki {{header | title = ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း | override_author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | translator = | section = | previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၁/၂၀၂၁]] | next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၃/၂၀၂၁]] | year = ၂၀၂၁ | portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | wikipedia = နိုင်ငံခြားရေး ဝန်ကြီးဌာန | notes = }} {{c|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်''' '''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ''' '''အမိန့်အမှတ် (၄၀/၂၀၂၁)''' '''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၅ ရက်''' '''၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်''' '''ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း'''}} နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဦးကျော်မျိုးထွဋ်အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။ {{right|အမိန့်အရ (ပုံ) အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}} [[Category:၂၀၂၁ ခုနှစ် အမိန့်များ]] [[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]] nce447wku2zurdt1ecafcryvqe67bni 18734 18733 2025-06-06T15:54:09Z Salai Rungtoi 371 18734 wikitext text/x-wiki {{header | title = ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း | override_author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | translator = | section = | previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၁/၂၀၂၁]] | next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၃/၂၀၂၁]] | year = ၂၀၂၁ | portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | wikipedia = နိုင်ငံခြားရေး ဝန်ကြီးဌာန | notes = }} {{c|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်''' '''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ''' '''အမိန့်အမှတ် (၅၂/၂၀၂၁)''' '''၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၅ ရက်''' '''၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်''' '''ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း'''}} နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဦးကျော်မျိုးထွဋ်အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။ {{right|အမိန့်အရ (ပုံ) အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}} [[Category:၂၀၂၁ ခုနှစ် အမိန့်များ]] [[Category:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]] 4ce7yjmyz1d4hvi0nwhw0oeerggou03 ကိုးကွယ်ရာဟူသည် 0 5718 18735 2025-06-06T22:11:12Z Tejinda 173 "{{header | title = ကိုးကွယ်ရာဟူသည် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = | previous = [[ထာဝရငြိမ်းချမ်းရေးသို့]] | previous2 = | next =..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 18735 wikitext text/x-wiki {{header | title = ကိုးကွယ်ရာဟူသည် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = | previous = [[ထာဝရငြိမ်းချမ်းရေးသို့]] | previous2 = | next = [[ကိုးကွယ်ရာဟူသည်-ဒု]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }} <h3>ကိုးကွယ်ရာဟူသည်</h3> <p><b>နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ</b>။</p> <h3>အခန်း (၁)</h3> <h3>အနာထမရဏပိုင်း</h3> <p>ဘုရားရှင်သည် အင်္ဂုတ္တရနိကာယ် ဒသကနိပါတ်တော်၌ ---</p> <p>၁။ ပထမနာထသုတ္တန် (အံ၊၃၊၂၇၅-၂၇၆။)</p> <p>၂။ ဒုတိယနာထသုတ္တန် (အံ၊၃၊၂၇၆-၂၇၉။) --</p> <p>ဟု နာထသုတ္တန် နှစ်ခုတို့ကို ဟောကြားထားတော်မူခဲ့၏။ သုတ္တန်ကို ဘုရားရှင်က ဤသို့ နိဒါန်းပျိုးထားတော်မူ၏။</p> <p><b>သနာထာ ဘိက္ခဝေ ဝိဟရထ၊ မာ အနာထာ၊ ဒုက္ခံ ဘိက္ခဝေ အနာထော ဝိဟရတိ</b>။ (အံ၊၃၊၂၇၅။)</p> <p>ရဟန်းတို့ ...မှီခိုအားထားရာ နာထတရား ထင်ရှား ရှိကုန်လျက် နေထိုင်ကြပါ၊ မှီခိုအားထားရာ နာထတရား ထင်ရှား မရှိကုန်ဘဲ မနေထိုင်ကြ ပါကုန်လင့်။ ရဟန်းတို့ ...မှီခိုအားထားရာ နာထတရား ထင်ရှား မရှိသော ပုဂ္ဂိုလ်သည် ဆင်းဆင်းရဲရဲ နေထိုင်ရ၏။ --</p> <p>ဤသို့ စသည်ဖြင့် တရားတော်ကို နိဒါန်းပျိုးထားတော်မူ၏။</p> <p>မှီခိုအားထားရာ နာထတရား ထင်ရှား မရှိဘဲ နေထိုင်သူ (<b>အနာထ ပုဂ္ဂိုလ်</b>) သည် ဆင်းဆင်းရဲရဲ နေထိုင်ရရုံတွင်သာမက ဆင်းဆင်းရဲရဲလည်း သေကျေပျက်စီးရတတ်၏။ ဤနေရာတွင် <b>အနာထမရဏ</b> (= မှီခိုအားထား ရာမဲ့ သေကျေပျက်စီးရပုံ)အကြောင်းကို ရှေးဦးစွာ တင်ပြလိုပေသည်။</p> <p>ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်များကို လေ့လာကြည့်ရှုလိုက်သည့်အခါ <b>အနာထမရဏ</b> (= မှီခိုအားထားရာမဲ့ သေကျေပျက်စီးရပုံ)အကြောင်း နှင့် ဆက်စပ်၍ ဟောကြားထားတော်မူသည့် ဇာတ်တော်အချို့ကို တွေ့ရ၏။ ထိုဇာတ်တော်များထဲမှ ရှေးဦးစွာ ဓမ္မဓဇဇာတ်တော်အကြောင်းကို ဆွေးနွေး တင်ပြလိုပေသည်။</p> <h3>ဓမ္မဓဇဇာတ်တော်၌ လာရှိသော အနာထမရဏ</h3> <p><b>ဧဝံ သန္တေ ပရေသံ ဟတ္ထေ မရဏတော အရညေ အနာထမရဏမေဝ ဝရတရံ</b>။ (ဇာ၊ဋ္ဌ၊၂၊၁၇၄။)</p> <p>= ဤသို့ ဖြစ်လတ်သော် သူတစ်ပါးတို့၏ လက်တွင်း၌ သေကျေပျက်စီး ရခြင်းထက် တောထဲ၌ မှီခိုအားထားရာမဲ့ သေကျေပျက်စီးရခြင်း (<b>အနာထမရဏ</b>)ကသာလျှင် သာလွန်၍ မြင့်မြတ်သေး၏။ (ဇာ၊ဋ္ဌ၊၂၊၁၇၄။)</p> <p>ဤစကားရပ်ကား ဘုရားအလောင်းတော် ဓမ္မဓဇပုရောဟိတ်ပုဏ္ဏားကြီး၏ စဉ်းစားတွေးတောခန်း တစ်ခု ဖြစ်၏။ အကြောင်းကား ဤသို့ ဖြစ်၏။</p> <p>လွန်လေပြီးသော အတိတ်ဘဝတစ်ခုဝယ် ဗာရာဏသီပြည်၌ ယသပါဏိအမည်ရှိသော ရှင်ဘုရင်တစ်ဦးက တိုင်းပြည်အုပ်ချုပ် မင်းပြုလုပ်ခဲ့၏။ ထိုရှင်ဘုရင်၏ စစ်သူကြီးကား ကာဠက အမည် ရှိ၏။ အရှင်ဒေဝဒတ် အလောင်းလျာပင်တည်း။ ဘုရားအလောင်းတော်ကား ဓမ္မဓဇအမည်ရသည့် မင်းဆရာ ပုရောဟိတ်ပုဏ္ဏားကြီး ဖြစ်ခဲ့၏။ ရှင်ဘုရင်ကြီး၏ ဆံမုတ်ဆိတ်ကို သန့်ရှင်းပေးရသူ ဆတ္တပါဏိ အမည်ရှိသော လုလင်သည်ကား ဘုရားအလောင်းတော်၏ ပါရမီဖြည့်ဖက် မိတ်ဟောင်းကြီး အရှင်သာရိပုတ္တရာ အလောင်းလျာပင်တည်း။</p> <p>ရှင်ဘုရင်ကြီးကား တရားသော နည်းလမ်းဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေ သူ တရားမင်းကြီး တစ်ဦးပင် ဖြစ်၏။ သို့သော် ကာဠကစစ်သူကြီးက တံစိုး လက်ဆောင် စားကာ တရားစီရင်တတ်သူဖြစ်သဖြင့် တိုင်းသူပြည်သားတို့က မကျေနပ်ကြပေ။ တရားရှုံးသူ တစ်ဦးက ငိုယိုကာ တိုင်တန်းသဖြင့် ဘုရား အလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီးက အမှုတွဲကို ပြန်လည်စစ်ဆေးကာ တရားမှန်အတိုင်း အဆုံးအဖြတ် ပြန်၍ ပေးလိုက်၏။ တိုင်းသူပြည်သားတို့က ကောင်းချီးပေးကြ၏။ ဤကောင်းချီးပေးသံကား အလွန်ကျယ်လောင်သည့် အသံ ဖြစ်သဖြင့် ရှင်ဘုရင်ကြီး သိသွား၏။ အကျိုးအကြောင်း အစုံအလင်ကို လည်း ကုန်စင်အောင် သိသွားတော်မူခဲ့သည့်အတွက် --- ဤနေ့မှ စ၍ သင်သည်သာလျှင် တရားစီရင်ပါ၊ ငါရှင်ဘုရင်၏ နားလည်း ချမ်းသာပေလိမ့် မည်၊ လူအပေါင်း၏ ကြီးပွားတိုးတက်မှုလည်း ဖြစ်ပေါ်လာပါလိမ့်မည်ဟု ပြောဆိုကာ ရှင်ဘုရင်က တာဝန်ပေးအပ်လိုက်၏။</p> <p>ဤအချက်ကား ဘုရားအလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီးအပေါ်၌ ကာဠကစစ်သူကြီးက ရန်ငြိုးဖွဲ့ရန် အလွန်ကောင်းသည့် အကြောင်းခြင်းရာတစ်ခု ဖြစ်သွား၏။</p> <p>ဤရန်ငြိုးဖွဲ့မှုကို အခြေခံကာ ယသပါဏိမင်းအား ကာဠကစစ်သူကြီးက ဓမ္မဓဇပညာရှိသည် မင်းစည်းစိမ်ကို လိုလားတောင့်တလျက်ရှိကြောင်းကို နည်းအမျိုးမျိုးဖြင့် ကုန်းတိုက်စကား ပြောကြားလာ၏။ တရားစီရင်ရာအရပ်၌ တည်ရှိစုရုံးနေသော ပရိသတ်ကို ဓမ္မဓဇ၏ ပရိသတ်အဖြစ် တင်ပြလာ၏။ ရှင်ဘုရင်ကလည်း ကုန်းတိုက်ပါ များလာသောအခါ ကာဠကစစ်သူကြီး၏ စကားကို ယုံကြည်လာ၏။</p> <p>မစွမ်းဆောင်နိုင်သော လုပ်ငန်းရပ် တစ်ခုကို ပြုလုပ်ခိုင်းကာ မပြုလုပ်နိုင်ပါက သေဒဏ်ချမှတ်ရန် ရှင်ဘုရင်ကြီးအား ကာဠကက တင်ပြလာ၏။ ရှင်ဘုရင်ကလည်း သဘောတူညီလိုက်၏။</p> <p>နံပါတ်တစ်အဖြစ်၊ ကာဠက၏ အကြံပေးချက်အတိုင်း ရှင်ဘုရင်ကြီးက နက်ဖြန်ခါတွင် ဥယျာဉ်ကစားလိုသဖြင့် ဥယျာဉ်တစ်ခုကို ဖန်ဆင်းပေးရန် ဓမ္မဓဇပညာရှိအား ခိုင်းစေလိုက်၏။ အကယ်၍ ဖန်ဆင်း မပေးနိုင်ပါက သေဒဏ်အမိန့်ပေးမည့် အကြောင်းကိုလည်း ပြောကြားလိုက်၏။</p> <p>စွမ်းနိုင်ပါက ဥယျာဉ်ကြီးတစ်ခု ဖြစ်ပေါ်လာတာကို သိရှိရပါလိမ့်မည် ဟု ပြောဆိုကာ ဓမ္မဓဇပညာရှိလည်း အိမ်သို့ ပြန်သွားခဲ့၏။ ကောင်းမွန်သော ဘောဇဉ်များကို စားသုံးပြီးနောက် ဥယျာဉ်အကြောင်းကို ကြံစည်စဉ်းစားလျက် အိပ်ရာထက်၌ အိပ်စက်ခဲ့၏။ ထည်ဝါခန့်ငြားသည့် မင်းဥယျာဉ်တော် တစ်ခု ဟူသည် မြေဆီ မြေနှစ် ပြည့်နှက်လျက်ရှိသော မြေပြင်၌ စိုက်ပျိုးပြီးကာ ပြုစုလုပ်ကျွေးနိုင်ပါမှ သုံးလေးနှစ်ကြာမှ အသီးအပွင့်ကို ပေးနိုင်သည့်သဘော ရှိ၏။ နက်ဖြန်တွင် အပြီး ဖန်ဆင်းတည်ထောင်ရန်မှာကား မဖြစ်နိုင်သည့် သဘောသာ ရှိခဲ့၏။ မစွမ်းဆောင်နိုင်သည့် လုပ်ငန်းရပ်ကိုသာ တမင် ရွေးချယ်၍လည်း ခိုင်းစေခြင်း ဖြစ်၏။ သို့သော် ကံတရားကား လက်ပိုက်၍ ကြည့်မနေတတ်ပေ။ ဘုရားအလောင်းတော်၏ ဖြည့်ကျင့်ဆည်းပူးခဲ့သော ပါရမီတော်တို့၏ စွမ်းအား, ဆောက်တည်ကျင့်သုံးနေဆဲဖြစ်သော သီလတော်၏ စွမ်းအားကား ကြီးမားလှပေ၏။ အကြောင်းကား ဤသို့ ဖြစ်လာပြန်၏။</p> <p>ဘုရားအလောင်းတော်၏ သီလတန်ခိုးအာနုဘော်ကြောင့် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာမြကျောက်ဖျာသည် ပူလောင်တင်းမာသော အခြင်းအရာကို ထင်ရှား ဖော်ပြလာ၏။ ပါရမီဖြည့်ဖက်ဟောင်း မိတ်ဟောင်းကြီး အစစ် ဖြစ်သည့် အရှင်အနုရုဒ္ဓါအလောင်းလျာဖြစ်သူ သိကြားမင်းကြီးက လူ့ပြည်သို့ ဆင်းသက်လာကာ ဓမ္မဓဇပညာရှိ ဘုရားအလောင်းတော်အား စိုးရိမ်သောက မဖြစ်ရန် ပြောကြားပြီး အလိုရှိရာအရပ်၌ ဥယျာဉ်တော်ကြီးတစ်ခုကို ဖန်ဆင်းပေးလိုက်၏။</p> <p>နောက်တစ်နေ့တွင် ဘုရားအလောင်းတော်သည် ဥယျာဉ်ကြီးကို ပစ္စက္ခအားဖြင့် ကိုယ်တိုင်တွေ့မြင်ရသည့်အတွက် ရှင်ဘုရင်ထံသို့ သွားရောက်ကာ ရှင်ဘုရင်ကြီးအား ဥယျာဉ်တော်ကြီး ပြီးစီးပြီဖြစ်၍ ဥယျာဉ်ကစားတော်မူရန် သံတော်ဦးတင်လိုက်၏။ ရှင်ဘုရင်ကြီးက ဥယျာဉ်တော်သို့ သွားရောက်ကာ ရှုစားတော်မူလတ်သော် (၁၈)တောင် အမြင့်ရှိသော ဆေးဒါန်းမြင်းသီလာရောင် အရောင်အဆင်းရှိသည့် တံတိုင်းဖြင့် ခြံရံလျက်ရှိသော, တံခါး ပစ်စင် ပြအိုးတို့နှင့် ပြည့်စုံသော, အပွင့်အသီးတို့ဖြင့် ပြည့်နှက်နေသည့် သစ်ပင် အမျိုးမျိုးတို့ဖြင့် တန်ဆာဆင်ထားသည့် ဥယျာဉ်တော်ကြီးကို တွေ့မြင်ရသော အခါ ကာဠကစစ်သူကြီးနှင့် နောက်ထပ် ပြုလုပ်သင့်သည့် လုပ်ငန်းရပ်ကို တိုင်ပင်ပြန်၏။</p> <p>ကာဠကစစ်သူကြီးက --- အရှင်မင်းမြတ် ... တစ်ညတည်းဖြင့် ဥယျာဉ်တော်ကို အပြီးဖန်ဆင်းနိုင်တဲ့ပုဂ္ဂိုလ်ဟာ မင်းအဖြစ်ကို သိမ်းပိုက်ဖို့ရန် အဘယ်ကြောင့် မစွမ်းဆောင်နိုင်ရမှာလဲဟု သံတော်ဦးတင်လိုက်သောအခါ ကာဠက၏ စကားကို ရှင်ဘုရင်ကြီးက လက်ခံအတည်ပြုသွားခဲ့၏။ သို့အတွက် နောက်ထပ် မစွမ်းနိုင်သည့် လုပ်ငန်းတစ်ခုကို ခိုင်းစေရန် သဘော တူလိုက်၏။</p> <p>ဥယျာဉ်တော်အတွင်း၌ ရတနာ (၇)ပါးဖြင့် ပြီးစီးနေသည့် ရေကန်ကြီးတစ်ခုကို ဖန်ဆင်းခိုင်းပြန်၏။ ဤအကြိမ်တွင်လည်း သိကြားမင်းကြီးက ရတနာ (၇)ပါးဖြင့် ပြီးသည့် ရေကန်ကြီးတစ်ခုကို ဖန်ဆင်းပေးလိုက်ပြန်၏။ ထိုရေကန်ကြီးတွင် ဆိပ်ကမ်းပေါင်း တစ်ရာ ရှိ၏။ အကွေ့အကောက်ပေါင်း တစ်ထောင် ရှိ၏။ အရောင်အဆင်း ငါးမျိုးရှိသည့် ပဒုမ္မာကြာပန်းတို့ဖြင့် ဖုံးအုပ်ထား၏။ တာဝတိံသာနတ်ပြည်ရှိ နန္ဒဝန်ရေကန်နှင့် တူညီနေ၏။ အလွန် တင့်တယ်သည့် ရေကန်တစ်ခု ဖြစ်၏။</p> <p>ရေကန်ကြီးကို မျက်မြင်တွေ့ရှိသည့်အခါ တတိယအကြိမ် ရှင်ဘုရင်ကြီးက ဥယျာဉ်တော်အတွင်း၌ ဘုရင်မင်းမြတ်တို့နှင့် သင့်လျော်သည့် ဆင်စွယ်ဖြင့် ပြီးသည့် နန်းတော်အိမ်ကြီး တစ်ခုကို ဖန်ဆင်းပေးရန် ခိုင်းစေပြန်၏။ ဤအကြိမ်တွင်လည်း သိကြားမင်းကြီးကပင် ကူညီ၍ ဖန်ဆင်းပေးလိုက်ပြန် ၏။</p> <p>နန်းတော်အိမ်ကြီးကို တွေ့မြင်ရသောအခါ စတုတ္ထအကြိမ်အနေဖြင့် ရှင်ဘုရင်ကြီးက နန်းတော်အိမ်နှင့် လျော်သည့် ထွန်းလင်းတောက်ပသည့် ပတ္တမြားရတနာကြီး တစ်ခု ဖန်ဆင်းပေးရန် အမိန့် ချလိုက်ပြန်၏။ ထို နန်းတော်အိမ်အတွင်း၌ ပတ္တမြားရောင်ဖြင့် လှည့်လည်သွားလာရန် ဖြစ်၏။ ဤအကြိမ်တွင်လည်း သိကြားမင်းကြီးက ကူညီကာ ပတ္တမြားရတနာကြီးကို ဖန်ဆင်းပေးလိုက်ပြန်၏။ နောက်တစ်နေ့တွင် ရှင်ဘုရင်ကြီးလည်း ပတ္တမြား ရတနာကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ရပြန်၏။</p> <p>အကြံအိုက်သွားကြပြီ ဖြစ်၏။</p> <p>ကာဠကစစ်သူကြီးက --- အရှင်မင်းမြတ်...ဓမ္မဓဇ ပုရောဟိတ် ပုဏ္ဏားကြီး အလိုရှိရာကို ဖန်ဆင်းပေးနေတဲ့ နတ်တစ်ဦးဦးတော့ ရှိနေပုံ ရတယ်။ ဒီတော့ နတ်တို့သော်လည်း ဖန်ဆင်းပေးခြင်းငှာ မစွမ်းနိုင်တဲ့ အရာတစ်ခုကို ဖန်ဆင်းခိုင်းတော်မူပါ။ ထိုဥယျာဉ်တော်ကို စောင့်ရှောက်ရန် အင်္ဂါလေးပါးနှင့် ပြည့်စုံနေတဲ့ ဥယျာဉ်စောင့်ကို ဖန်ဆင်းခိုင်းတော်မူပါဟု အကြံပေးပြန်၏။</p> <p>ကာဠက၏ အကြံပေးချက်အတိုင်း ရှင်ဘုရင်ကြီးက ပုရောဟိတ်ပုဏ္ဏားကြီးအား ဆရာ... သင်သည် ငါတို့အတွက် ဥယျာဉ်တော်, ရေကန်, ဆင်စွယ်ဖြင့် ပြီးသော နန်းပြသာဒ်, ထိုနန်းပြသာဒ်အား အလင်းရောင်ကို ပြုလုပ်ပေးခြင်းငှာ စွမ်းနိုင်သည့် ပတ္တမြားရတနာ --- ဤလေးမျိုးတို့ကို ဖန်ဆင်း ၍ကား ပေးပြီးလေပြီ။ ယခုအခါမှာတော့ ငါ့အား ဥယျာဉ်တော်ကို ထိန်းသိမ်း စောင့်ရှောက်မည့် အင်္ဂါလေးပါးနှင့် ပြည့်စုံသည့် ဥယျာဉ်စောင့်ကို ဖန်ဆင်း ပေးပါ။ အကယ်၍ မဖန်ဆင်းပေးနိုင်ပါက သင်၏ အသက်သည် ရှိတော့မည် မဟုတ်ဟု အမိန့်တော်မြတ် သတ်မှတ်လိုက်ပြန်၏။</p> <p>ထိုအခါတွင် ဘုရားအလောင်းတော်သည် မိမိနေအိမ်သို့ ပြန်သွားကာ အစားကောင်းကောင်းကို စားပြီးလျှင် အိပ်စက်လိုက်၏။ မိုးသောက်ထအခါ အိပ်ရာမှ နိုးလာလတ်သော် အိပ်ရာထက်၌ ထိုင်လျက် စဉ်းစားခဲ့၏။</p> <p><b>သက္ကော ဒေဝရာဇာ ယံ အတ္တနာ သက္ကာ မာပေတုံ၊ တံ မာပေသိ၊ စတုရင်္ဂသမန္နာဂတံ ပန ဥယျာနပါလံ န သက္ကာ မာပေတုံ၊ ဧဝံ သန္တေ ပရေသံ ဟတ္ထေ မရဏတော အရညေ အနာထမရဏမေဝ ဝရတရံ</b>။ (ဇာ၊ဋ္ဌ၊၂၊၁၇၃-၁၇၄။)</p> <p>= သိကြားနတ်မင်းသည်ကား မိမိစွမ်းနိုင်သည့် အရာဝတ္ထုကို ဖန်ဆင်း ပေးခဲ့၏။ အင်္ဂါလေးပါးနှင့် ပြည့်စုံသည့် ဥယျာဉ်စောင့်ကို ဖန်ဆင်းပေးဖို့ရန်ကား စွမ်းနိုင်မည် မဟုတ်၊ ဤသို့ဖြစ်လတ်သော် သူတစ်ပါးတို့၏ လက်တွင်း၌ သေကျေပျက်စီးရခြင်းထက် တောထဲ၌ မှီခိုအားထားရာမဲ့ သေကျေပျက်စီး ရခြင်း (= <b>အနာထမရဏ</b>)ကသာလျှင် သာလွန်၍ မြင့်မြတ်လှ၏ ---</p> <p>ဤသို့ စဉ်းစားခဲ့၏။</p> <p>ဤနေရာ၌ <b>အနာထမရဏ</b> (= မှီခိုအားထားရာမဲ့ သေကျေပျက်စီးရခြင်း) ဟူသည် မှီခိုအားထားရမည့် နာထတရား ထင်ရှား မရှိဘဲ သေကျေပျက်စီး ရခြင်းတည်း။ အထူးသဖြင့် မှီခိုအားထားရာ နာထတရား (၁၀)ပါးတို့တွင် တတိယမြောက် နာထတရားဖြစ်သည့် မှီခိုအားထားရမည့် ဆရာကောင်း သမားကောင်း, မိတ်ကောင်းဆွေကောင်း အပေါင်းအဖော်ကောင်းဟူသော ကလျာဏမိတ္တ မရှိဘဲ သေကျေပျက်စီးရခြင်းမျိုးကို ရည်ညွှန်းထားဟန် တူပေသည်။</p> <p>ဤသို့ စဉ်းစား ဆင်ခြင်ပြီးနောက် ထိုဘုရားအလောင်းတော်သည် မည်သူ့ကိုမျှ မပြောကြားတော့ဘဲ ပြသာဒ်ထက်မှ သက်ဆင်းကာ မြတ်သော မင်္ဂလာတံခါးဖြင့်ပင် မြို့မှ ထွက်ခဲ့၍ တောတွင်းသို့ ဝင်ရောက်ကာ သစ်ပင်ရင်း တစ်ခု၌ ထိုင်လျက် လာဘ်ရခြင်း လာဘ်မရခြင်း, အခြံအရံများခြင်း အခြံအရံ နည်းပါးခြင်း, အကဲ့ရဲ့ခံရခြင်း အချီးမွမ်းခံရခြင်း, ချမ်းသာခြင်း ဆင်းရဲခြင်း ဟူသည့် သူတော်ကောင်းတို့ အမြဲမပြတ် နှလုံးသွင်း ဆင်ခြင်အပ်သည့် လောကဓံတရားတည်းဟူသော သူတော်ကောင်းတရားကို ဆင်ခြင်လျက် ထိုင်နေ၏။ ဤကား ဓမ္မဓဇဇာတ်တော်၌ လာရှိသော <b>အနာထမရဏ</b> (=မှီခိုအားထားရာမဲ့ သေကျေပျက်စီးရခြင်း) အကြောင်းအရာပင် ဖြစ်၏။</p> <p>သို့သော် ဤဇာတ်တော်၌ပင် ဆက်လက်၍ လာရှိသော ဆတ္တပါဏိ လုလင်အကြောင်းကား စာဖတ်ပရိသတ်အတွက် ပြုကျင့် လိုက်နာဖွယ်အချက်တို့နှင့် ပြည့်စုံနေသဖြင့် ဆတ္တပါဏိလုလင်အကြောင်းကို ဆက်လက်၍ တင်ပြအပ်ပါသည်။</p> <h3>ဆတ္တပါဏိလုလင်</h3> <p>ထိုအခါ သိကြားမင်းကြီးက တောမုဆိုးအသွင်ဖြင့် လာရောက်ကာ မေးမြန်းပြောဆို၏။ အကျိုးအကြောင်း အစုံအလင်ကို အကုန်အစင် သိရှိသဖြင့် သင်တို့၏ ရှင်ဘုရင်ကြီး၏ ဦးခေါင်းတော်ကို သ,၍ပေးနေသော ဆတ္တပါဏိ အမည်ရှိသော ဆတ္တာသည်လုလင်သည်ကား အင်္ဂါလေးပါးနှင့် ပြည့်စုံ၏။ အင်္ဂါလေးပါးနှင့် ပြည့်စုံသော ဥယျာဉ်စောင့်ကို အလိုရှိခဲ့သော် ထိုဆတ္တာသည်ကို ဥယျာဉ်စောင့်ပြုလုပ်ရန် လျှောက်ထားပါလေဟု ပြောဆိုကာ ဘုရားအလောင်းတော်ကို သက်သာရာကို ရစေခဲ့၏။</p> <p>ဘုရားအလောင်းတော်သည် အိမ်သို့ ပြန်ကာ နံနက်စာ စားသုံးပြီး နောက် မင်းနန်းတော်တံခါးသို့ သွားရောက်လတ်သော် ဆတ္တပါဏိလုလင်ကို ထိုတံခါးအရပ်၌ပင် တွေ့မြင်သဖြင့် လက်ကို ဆွဲကာ ---</p> <p>အဆွေတော် ဆတ္တပါဏိ ... သင်သည် အင်္ဂါလေးပါးနှင့် ပြည့်စုံသည်ဆိုသည်မှာ မှန်ပါသလား? --- ဟု မေးကြည့်၏။</p> <p>ကျွန်တော်မျိုးမှာ အင်္ဂါလေးပါးရှိတယ်လို့ သင့်ကို ဘယ်သူက ပြောပါသလဲ?ဟု ဆတ္တပါဏိလုလင်က မေးမြန်းလိုက်သောအခါ အလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီးက --- နတ်တို့သနင်း သိကြားမင်းကြီးက ပြောပြသွားကြောင်းကို --- ပြန်ပြောပြလိုက်၏။</p> <p>ဘယ်အကြောင်းကြောင့် ယခုကဲ့သို့ မေးမြန်းလာရပါသနည်းဟု ဆတ္တပါဏိလုလင်က မေးမြန်းလိုက်သော် ဘုရားအလောင်းတော် ပုဏ္ဏားကြီးကလည်း အကျိုးအကြောင်း အစုံအလင်ကို ကုန်စင်အောင် ပြောပြလိုက်၏။ ထိုအခါ ဆတ္တပါဏိလုလင်ကလည်း သူ့မှာ အင်္ဂါလေးပါးရှိကြောင်းမှာ မှန်ကန်ပါကြောင်း ဝန်ခံစကား ပြောကြားလိုက်၏။</p> <p>ထိုအခါ ဘုရားအလောင်းတော်က ထိုဆတ္တပါဏိလုလင်ကို ရှင်ဘုရင်ထံသို့ ခေါ်ဆောင်သွားခဲ့၏။ ဆတ္တပါဏိလုလင်ဟူသည်မှာလည်း အရှင်သာရိပုတ္တရာ အလောင်းလျာ ပါရမီဖြည့်ဖက်ဟောင်း မိတ်ဟောင်းကြီးပင် ဖြစ်၏။ ထိုကြောင့် ပွဲခ မယူဘဲ ကြည်ဖြူစွာဖြင့် အမှုတွဲကို ရင်ဆိုင်ရန် လိုက်ပါ သွားခဲ့၏။</p> <p>ရှင်ဘုရင်ထံသို့ ရောက်ရှိသောအခါ အလောင်းတော် ပုရောဟိတ် ပုဏ္ဏားကြီးက အရှင်မင်းမြတ် ... ဤ ဆတ္တပါဏိလုလင်ကား အင်္ဂါလေးပါး နှင့် ပြည့်စုံပါ၏။ အင်္ဂါလေးပါးနှင့် ပြည့်စုံသည့် ဥယျာဉ်စောင့်ဖြင့် အလိုရှိခဲ့ပါမူ ဤဆတ္တပါဏိလုလင်ကိုပင် ဥယျာဉ်စောင့် ပြုတော်မူကြပါဟု လျှောက်ထားလိုက်၏။</p> <p>ရှင်ဘုရင်ကြီးကလည်း ဆတ္တပါဏိလုလင်ကို အင်္ဂါလေးပါးနှင့် ပြည့်စုံသည်ဆိုသည်မှာ မှန်ကန်ပါသလားဟု စစ်ဆေးမေးမြန်းလိုက်၏။ မှန်ကန်ပါကြောင်းကို ဆတ္တပါဏိလုလင်က ဝန်ခံစကား လျှောက်ထားလိုက်သောအခါ အဘယ်အင်္ဂါလေးပါးတို့နှင့် ပြည့်စုံပါသနည်းဟု ဆက်လက် မေးမြန်းတော် မူလိုက်ပြန်၏။ ထိုအခါ ဆတ္တပါဏိလုလင်က အင်္ဂါလေးပါးကို ဤသို့ တင်ပြခဲ့၏။</p> <h3>အင်္ဂါ လေးပါး</h3> <p>အရှင်မင်းမြတ် ---</p> <p>၁။ <b>အနုသူယက</b> = မငြူစူတတ်ခြင်း,</p> <p>၂။ <b>အမဇ္ဇပါယက</b> = အရက် မသောက်တတ်ခြင်း,</p> <p>၃။ <b>နိသ္နေဟက</b> = မည်သူ့ကိုမျှ မချစ်တတ်ခြင်း,</p> <p>၄။ <b>အက္ကောဓန</b> = မည်သူ့ကိုမျှ မမုန်းတတ်ခြင်း (= အမျက်မထွက်တတ်ခြင်း) ---</p> <p>ဆိုသည့် အင်္ဂါလေးရပ်တို့ ဖြစ်ကြပါသည်။</p> <p>အရှင်မင်းမြတ် ... ကျွန်တော်မျိုးသည် မည်သူ့အပေါ်၌မျှ ငြူစူ-စောင်းမြောင်းသည့် စိတ်ထား မရှိပါ။ သေရည်သေရက်ကိုလည်း ဘယ်တုန်းကမှ မသောက်စဖူးပါ။ သူတစ်ပါးတို့အပေါ်၌ ချစ်ခြင်းသည်လည်းကောင်း, မုန်းခြင်းသည်လည်းကောင်း (အမျက်ထွက်ခြင်းသည်လည်းကောင်း) တစ်ခါမျှ မဖြစ်ခဲ့စဖူးပါ။ ကျွန်တော်မျိုးသည် ဤအင်္ဂါလေးပါးတို့နှင့် ပြည့်စုံပါသည်ဟု တင်ပြလျှောက်ထားလိုက်၏။</p> <p>ယနေ့ မျက်မှောက်ခေတ်တွင် ကိုယ့်ထက်သာ မနာလိုသည့်စိတ်ထား, ကိုယ့်စည်းစိမ် ရာထူးဂုဏ်သိန်ကို အထိမခံနိုင်သည့် စိတ်ထား --- ဤစိတ် ထားများသည် လူသားတို့ကို အများဆုံး ဒုက္ခပေးနေသည် မဟုတ်ပါလား? ဤ စိတ်ထားမျိုးများ မရှိအောင် အရှင်သာရိပုတ္တရာအလောင်းလျာဖြစ်သည့် ဆတ္တပါဏိလုလင်သည် ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကြိုးစားခဲ့ပါသနည်း? ဆတ္တပါဏိလုလင်က ယသပါဏိရှင်ဘုရင်ကြီးအား ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဇာတ်လမ်းကို ဤသို့ တင်ပြ လျှောက်ထားခဲ့၏။</p> <h3>(၁) မငြူစူတတ်ခြင်း</h3> <p>အရှင်မင်းမြတ် ...ကျွန်တော်မျိုးသည် ဟို ရှေးယခင် တစ်ခုသော ဘဝဝယ် ဤဗာရာဏသီပြည်မှာပင် ရှင်ဘုရင် တစ်ဦး ဖြစ်ခဲ့ဖူးပါတယ်။ အမျိုးသမီးဟူသော အကြောင်းကြောင့် ပုရောဟိတ်ပုဏ္ဏားကြီးကို နှောင်ဖွဲ့ ခဲ့ဖူးပါတယ် ဤသို့ စသည်ဖြင့် မိမိ၏ မှားကွက်ကို တင်ပြလျှောက်ထားခဲ့၏။ ထိုမှားကွက်ကား ဤသို့တည်း။</p> <p>လွန်လေပြီးသော အတိတ်ဘဝ တစ်ခုတွင် .. အရှင်သာရိပုတ္တရာ အလောင်းလျာ ဖြစ်သည့် သူတော်ကောင်းသည် ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း အဖြစ်ဖြင့် ထီးဖြူအုပ်ချုပ်မင်းလုပ်ခဲ့၏။ ဘုရားအလောင်းတော် ကား ထိုရှင်ဘုရင်၏ ပုရောဟိတ်ပုဏ္ဏားကြီး ဖြစ်ခဲ့၏။ ရှင်ဘုရင်ကြီးကလည်း မိမိ၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးအား လိုရာဆုကို ယူစေဟု ဆုပေးထားခဲ့၏။ မိဖုရားကြီးကလည်း ---</p> <p>ကျွန်တော်မအဖို့ရာ အခြားတစ်ပါးသော ဆုဟူသည် ရခဲတဲ့သဘော မရှိပါ၊ ဤနေ့မှ စ၍ အရှင်မင်းမြတ်သည် အခြားတစ်ပါးသော အမျိုးသမီးကို ကိလေသာ၏ အစွမ်းဖြင့် ဖောက်ပြန်သော စိတ်ထားဖြင့် ဘယ်တော့မှ မကြည့်ရဘူး၊ ဒီဆုကိုပဲ ပေးပါဟု ဆုယူလေသည်။</p> <p>ဤဆုမျိုးကိုလည်း ရှင်ဘုရင်ကြီးအနေဖြင့် ပေးဖို့ရန် အလွန် ခက်ခဲသောကြောင့် အကြိမ်ကြိမ် ငြင်းဆန်ခဲ့၏။ သို့သော် မိဖုရားကြီးက အကြိမ်ကြိမ် အတင်းအကြပ် တောင်းဆိုနေသဖြင့် ရှင်ဘုရင်ကြီးက ထိုဆုကို ပေးရန် သဘောတူညီလိုက်၏။ ထိုအချိန်မှ စ၍ တစ်သောင်းခြောက်ထောင်ကုန်သော ကချေသည် မောင်းမမိဿံတို့အပေါ်၌ တစ်ဦးသော အမျိုးသမီးကိုမျှလည်း ကိလေသာ၏ အစွမ်းဖြင့် ဖောက်ပြန်သော စိတ်ထားဖြင့် မကြည့်ခဲ့စဖူးပေ။ မင်းမှာ သစ္စာ၊ လူမှာ ကတိဆိုရိုး ရှိသည့်အတိုင်း မိမိထားရှိသည့် ကတိသစ္စာ ကို ရိုသေစွာ စောင့်ထိန်းခဲ့၏။ သို့သော် အကြောင်းကား ဖြစ်ပေါ်လာခဲ့ပြန်၏။</p> <p>ထိုအခါဝယ် ပစ္စန္တရာဇ်အရပ်၌ ခိုးသားဓားပြ သူပုန်ဘေးရန်ကြောင့် ပျက်စီးနေ၏။ ပစ္စန္တရာဇ်အရပ်၌ ချထားသော စစ်သည်တော်တို့ကလည်း ခိုးသားဓားပြ သူပုန်တို့နှင့် နှစ်ကြိမ် သုံးကြိမ် စစ်ဆင်ကြရာ ငြိမ်းအေးရန် မစွမ်းဆောင်နိုင်ကြသဖြင့် ရှင်ဘုရင်၏ ထံတော်သို့ သံတော်ဦးတင်လာကြ၏။</p> <p>ရှင်ဘုရင်ကြီးက စစ်သည်ဗိုလ်ပါထုကို စုရုံးကာ ကိုယ်တိုင်စစ်ချီရန် ပြင်ဆင်ပြီးသောအခါ မိဖုရားကြီးကို ဤသို့ နှုတ်ဆက်စကားပြောကြား၏။ ရှင်မ ...ငါသည် ပစ္စန္တရာဇ်အရပ်သို့ သွားတော့မယ်၊ ထိုပစ္စန္တရာဇ်မှာ စစ်ထိုးရမဲ့ တိုက်ပွဲတွေကတော့ များပြားလှတယ်၊ အအောင်အရှုံးဆိုတာလည်း အမြဲသတ်မှတ်လို့ မရနိုင်ဘူး၊ ဒီလို စစ်မြေပြင်အရပ်မှာ အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်သွားဖို့ဆိုတာ ခက်ခဲလှပါတယ်။ ဒါကြောင့် သင်ဟာ ဒီနန်းတော်မှာပဲ နေရစ်ခဲ့ပါဟု အမှာစကားပြောကြား၏။</p> <p>မိဖုရားကြီးက ရှင်ဘုရင်ကြီး မရှိဘဲ သူ့ချည်း တစ်ယောက်တည်း နန်းတော်၌ မနေရစ်နိုင်ပါကြောင်းကို တင်ပြလျှောက်ထား၏။</p> <p>လူရိုးကြီး အရှင်သာရိပုတ္တရာအလောင်းဖြစ်သော ရှင်ဘုရင်ကြီးကလည်း မိဖုရားရဲ့စကားကို ခြွင်းချက်မရှိ ယုံကြည်နေ၏။ ဤအကြောင်းခြင်းရာ အချက်တွေသည် နောက်ဆုံးဘဝဝယ် အရှင်သာရိပုတ္တရာအလောင်းလျာ ဖြစ်သည့် ဥပတိဿသူတော်ကောင်းကြီး လူပျိုကြီးဖြစ်ဖို့ရန် အကြောင်းအချို့တို့ပင် ဖြစ်ပေသည်။ မိဖုရားကြီးမှာလည်း အခြားသူ မဟုတ်ပါ၊ နာမည်ကျော်ဖြစ်သော မယ်မင်းကြီးမ စိဉ္စမာဏအလောင်းလျာပင် ဖြစ်ခဲ့ပေသည်။</p> <p>ကလိန်ဉာဏ်အကွက်ဆင်သည့်နေရာမှာ ကျွမ်းကျင်သည့် ဓာတ်ခံ အပြည့်အဝရှိသူ မယ်မင်းကြီးမ စိဉ္စမာဏ အလောင်းလျာဖြစ်သည့် မိဖုရားကြီးက အကွက်ဆင်ကာ လူရိုး ရှင်ဘုရင်ကြီး ယုံကြည်သွားအောင် ဤသို့ လျှောက်ထားပြန်၏။ ဒီလိုဆိုလျှင် တစ်ယူဇနာ တစ်ယူဇနာအရပ်သို့ ရောက်တိုင်း ရောက်တိုင်း ကျွန်တော်မရဲ့ သုခ-ဒုက္ခ အဝဝကို သိရှိနိုင်ရန်အတွက် မင်းချင်းယောက်ျား တစ်ယောက်တစ်ယောက်ကို စေလွှတ်ပေးတော်မူပါဟု လျှောက်ထား၏။ လူရိုး ရှင်ဘုရင်ကြီးကလည်း ချစ်မြတ်နိုးမှု ကြင်နာသနားမှု အပြည့်အဝရှိနေသူ ဖြစ်သဖြင့် ယုံယုံကြည်ကြည်နှင့်ပင် ထို တောင်းဆိုချက်ကို သဘောတူလိုက်၏။</p> <p>ဘုရားအလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီးကို မြို့စောင့်အဖြစ် ထားခဲ့ကာ များပြားလှသော စစ်သည်ဗိုလ်ပါထုဖြင့် စစ်ချီထွက်တော်မူရာ တစ်ယူဇနာရှိရာ အရပ်သို့ ရောက်တိုင်း ရောက်တိုင်း တစ်ယောက် တစ်ယောက်သော မင်းချင်းယောက်ျားကို ငါတို့ရဲ့ အနာရောဂါကင်းကြောင်း သတင်းကောင်းကို လျှောက်ထားသံတော်ဦးတင်ပြီးလျှင် မိဖုရားကြီးရဲ့ သုခ-ဒုက္ခ အဝဝကို သိအောင် မေးမြန်းပြီးတော့ ပြန်လာပါဟု စေခိုင်းလိုက်၏။</p> <p>မယ်မင်းကြီးမကလည်း ဆိုက်ရောက်လာတိုင်း ဆိုက်ရောက်လာတိုင်းသော မင်းချင်းယောက်ျားကို ရှင်ဘုရင်ကြီးက ဘာအတွက် သင့်ကို စေလွှတ်လိုက်ပါသလဲ?ဟု မေးမြန်း၏။ မင်းချင်းယောက်ျားကလည်း --- အရှင် မိဖုရားတို့ရဲ့ သုခ-ဒုက္ခ အဝဝကို သိရှိရန် စေလွှတ်လိုက်ပါတယ်ဟု တင်ပြ လျှောက်ထားသောအခါ ဒီလိုဆိုလျှင် ငါ့ရဲ့ သုခ-ဒုက္ခ အဝဝကို သိအောင် လာပေတော့ဟု ခေါ်ကာ ထိုမင်းချင်းယောက်ျားနှင့် မသူတော်အကျင့်ကို ပြုကျင့်လေသည်။</p> <p>ရှင်ဘုရင်ကြီးက (၃၂)ယူဇနာ ရှိသော ခရီးကို စစ်ချီရသည်ဖြစ်ရာ အားလုံး (၃၂)ယောက်သော မင်းချင်းယောက်ျားတို့ကို စေလွှတ်ခဲ့၏။ (၃၂)ယောက်လုံးသော ယောက်ျားတို့နှင့် ပုံစံတူ ဖောက်ပြားခဲ့၏။ အသွား (၃၂)ယူဇနာ ရှိသလို အပြန်လည်း (၃၂)ယူဇနာရှိရာ (၃၂)ယောက်သော မင်းချင်းယောက်ျားတို့ကို အလားတူ စေလွှတ်ပြန်၏။ အလားတူပင် မင်းချင်းယောက်ျားတိုင်းနှင့် ဖောက်ပြားပြန်၏။ တမန် ခြောက်ကျိပ်လေးယောက်တို့နှင့် ဖောက်ပြန်၍ အားမရနိုင်သေးသော မယ်မင်းကြီးမက ဘုရားအလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီးကို သွေးဆောင်လာပြန်၏။</p> <p>စစ်အောင်ပြီး၍ မြို့သို့ ပြန်လာရာ မြို့တွင်းသို့ ချက်ချင်း မဝင်သေးဘဲ မြို့ကို တန်ဆာဆင်ရန် ဘုရားအလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီးကို ရှင်ဘုရင်က အမိန့်ပေးလိုက်၏။ ပုရောဟိတ်ပုဏ္ဏားကြီးကလည်း မြို့ကို တန်ဆာဆင်ပြီးနောက် နန်းတော်ကိုပါ ဆက်လက် တန်ဆာဆင်ကာ အကျိုး အကြောင်းကို သံတော်ဦးတင်ရန် မိဖုရားထံသို့ သွားရောက်ခဲ့၏။ မယ်မင်းကြီးမက ဘုရားအလောင်းတော်၏ ရူပကာယ၏ တင့်တယ်စံပယ်ခြင်းသို့ ရောက်ရှိနေသည့် ခန္ဓာကိုယ်ကို တွေ့မြင်ရသောအခါ သွားရည်ယို ခံတွင်း ချဉ်လာသဖြင့် မည်သို့မျှ မရပ်တည်နိုင်သည့်အတွက် မသူတော်အကျင့်ကို ပြုကျင့်ဖို့ရန် ဖိတ်ခေါ်ပြန်၏။ ပုရောဟိတ်ပုဏ္ဏားကြီးကလည်း ဤစကားမျိုးကို မပြောဆိုပါနှင့်၊ ရှင်ဘုရင်ကြီးဟာလည်း ကြောက်ရွံ့ရိုသေရမည့် ပုဂ္ဂိုလ် ဖြစ်တယ်။ ကျွန်တော်မျိုးဟာလည်း အကုသိုလ်ကို ကြောက်ရွံ့လှပါတယ်။ ဤလို မသူတော်အမှုကို ပြုလုပ်ဖို့ရန် မဝံ့ရဲပါဘူးဟု တင်ပြလျှောက်ထား၏။ ထိုအခါ မယ်မင်းကြီးမက ---</p> <p>ခြောက်ကျိပ်လေးယောက်ကုန်သော ခြေရင်းအလုပ်အကျွေးဖြစ်ကြတဲ့ မင်းချင်းယောက်ျားတွေဟာ ရှင်ဘုရင်ကြီးကိုလည်း မကြောက်ရွံ့ကြဘူး၊ အကုသိုလ်ကိုလည်း မကြောက်ရွံ့ကြဘူး။ သင်တစ်ယောက်တည်းကပဲ ရှင်ဘုရင်ကြီးကို ကြောက်ရွံ့ရသလား၊ သင်တစ်ယောက်တည်းကပဲ အကုသိုလ် ကိုရော ကြောက်ရွံ့နေရသေးသလားဟု ပြောဆိုလိုက်ပြန်၏။</p> <p>မှန်ပါတယ် အရှင်မိဖုရား ... ထိုမင်းချင်းတမန်တွေဟာလည်း ကျွန်တော်မျိုးလိုသာ ဖြစ်ကြမယ်ဆိုလျှင် ဒီလို အမှုမျိုးကို ပြုကျင့်ကြမှာ မဟုတ်ကြပါဘူး။ ကျွန်တော်မျိုးကတော့ ဒီလိုအပြစ်တွေကို သိနေတဲ့အတွက် ဒီလို လွန်ကျူးမှုမျိုးကို မပြုလုပ်နိုင်ပါဟု တင်ပြလျှောက်ထား၏။</p> <p>နင် ဘာတွေပြောနေတာလဲ? စကားတွေ အများကြီး လျှောက်ပြောမနေနဲ့။ အကယ်၍ ငါ့စကားကို မလိုက်နာလျှင် သင့်ဦးခေါင်းကို ဖြတ်စေရမယ်ဟု မယ်မင်းကြီးမက ပြောပြန်၏။ ထိုအခါဝယ် အသက်ကိုသာ စွန့်အံ့၊ သီလကို မစွန့်အံ့ဟူသော ဘုရားအလောင်းတော်၏ စိတ်ဓာတ်ကား အလွန် ကြည်ညိုဖွယ်ကောင်းလှ၏။ ဘုရားအလောင်းတော်က ---</p> <p>တစ်ခုသော အတ္တဘော၌ ဦးခေါင်းကို ဖြတ်တောက်ခံရခြင်းကို ထားလိုက်ပါဦး၊ အတ္တဘောပေါင်း အထောင်၌သော်လည်း ဦးခေါင်းကို အဖြတ်ခံရသည်ဖြစ်ပါစေ၊ ကျွန်တော်မျိုးသည် ဤကဲ့သို့သော ယုတ်မာမှုမျိုးကို မပြုလုပ်နိုင်ပါဟု လျှောက်ထားလိုက်၏။</p> <p>အသက်ကိုသာ စွန့်၍ သီလကို မစွန့်သော ဘုရားအလောင်းတော်၏ စိတ်ထားကို အဘယ်မည်သော သူတော်ကောင်းသည် မကြည်ညိုဘဲ ရှိနိုင်ပါအံ့နည်း။</p> <p>မယ်မင်းကြီးမက ကိုင်း - ရှိစေ၊ သိစေရမယ်ဟု ဘုရားအလောင်းတော်ကို ကြုံးဝါးလိုက်၏၊ ခြိမ်းခြောက်လိုက်၏။ မိမိရဲ့ တိုက်ခန်းအတွင်းသို့ ဝင်ကာ မိမိကိုယ်ကို မိမိ လက်သည်း ခြေသည်းတို့ဖြင့် ကုတ်ဖဲ့လိုက်၏၊ ဆီဖြင့် ကိုယ်ကို လိမ်းကျံလိုက်၏၊ အဝတ်ဟောင်းတွေကို ဝတ်လိုက်၏၊ လူမမာ အသွင်ကို ဖန်တီးလိုက်၏။ အခိုင်းအစေ ကျွန်မတွေကိုလည်း ရှင်ဘုရင်ကြီး မေးက ဖျားနာနေကြောင်းကို သံတော်ဦးတင်ရန် မှာကြားထားလိုက်၏။</p> <p>ဤကလိန်ဉာဏ်တို့ကား သံသရာအဆက်ဆက်က ကပ်ပါလာနေသော ဓာတ်ငွေ့များပင်တည်း။ နောက်ဆုံး ဘုရားရှင်နှင့် တွေ့ဆုံသည့် ဘဝတွင်လည်း ဤဓာတ်ငွေ့အရှိန်အဝါတွေကြောင့်ပင် ဘုရားရှင်အပေါ်၌ မဟုတ် မတရား စွပ်စွဲခဲ့၏။ သေသည်၏ အခြားမဲ့၌လည်း အဝီစိငရဲသို့ ရောက်ခဲ့၏။ မှီခိုအားထားရာ နာထတရား ထင်ရှားမရှိဘဲ သေကျေပျက်စီးရခြင်း တစ်မျိုးပင်တည်း။</p> <p>ရှင်ဘုရင်ကြီးကလည်း မြို့သို့ ဝင်ပြီးနောက် နန်းတော်သို့ အရောက် မိဖုရားကြီးကို မတွေ့သဖြင့် မေးမြန်းလိုက်သောအခါ ဖျားနာကြောင်း သတင်းကို ကြားသိသဖြင့် မိဖုရားအဆောင်သို့ အရောက်သွားခဲ့၏။ မိမိ အကွက်ဆင်ထားသည့်အတိုင်း မိမိကို ပုရောဟိတ်ပုဏ္ဏားကြီးက အဓမ္မ ပြုကျင့်ရန် ကြံစည်ကြောင်းတို့ကို ကုတ်ခြစ်ထားသော ဒဏ်ရာဒဏ်ချက်တို့ကို ညွှန်ပြကာ တိုင်တန်းလေတော့၏။ ရှင်ဘုရင်ကြီးကလည်း ယုံကြည်သွားခဲ့၏။ မီးကျီးတွင်းထဲသို့ ပစ်သွင်းလိုက်သော ဆားကျောက်ပမာ အမျက်ဒေါသ ထောင်းထောင်းထကာ ပုရောဟိတ်ပုဏ္ဏားကြီးကို လက်ပြန်ကြိုးဖြင့် တုပ်နှောင် ကာ သုသာန်သို့ ထုတ်ကာ ဦးခေါင်းဖြတ်၍ သတ်စေဟု အမိန့်ချမှတ်လိုက်၏။</p> <p>ဘုရားအလောင်းတော်ပုရောဟိတ်ပုဏ္ဏားကြီးကလည်း မိဖုရားကြီး၏ ကလိန်ဉာဏ်ကြောင့် ယခုလို အဖမ်းခံရကြောင်းကို သဘောပေါက်သဖြင့် မိမိကို ရှင်ဘုရင်ကြီးအား ပြသပြီးမှသာလျှင် သတ်လိုက သတ်ရန် မေတ္တာရပ်ခံ လိုက်၏။ လက်မရွံ့အာဏာသားတို့ကလည်း ထိုပုရောဟိတ်ပုဏ္ဏားကြီးကို ရှင်ဘုရင်ထံသို့ ခေါ်ဆောင်ကာ ရှင်ဘုရင်အား ပြသကြ၏။ ရှင်ဘုရင်ကြီးကလည်း ပုရောဟိတ်ပုဏ္ဏားကြီးကို မြင်လျှင်မြင်ချင်းပင် အို ပုဏ္ဏားကြီး ... ငါ့အပေါ်၌ ရှက်သင့် ရှက်ထိုက်တဲ့ အမှုကို ဘာကြောင့် သင် မပြုရသလဲ? ဘာကြောင့် သင်ဟာ ဒီလို ယုတ်ညံ့တဲ့ အမှုကို ပြုကျင့်ရသလဲ?ဟု မေးမြန်းစကားပြောကြားလိုက်၏။ ထိုအခါ ပုရောဟိတ်ပုဏ္ဏားကြီးက ဤသို့ တင်ပြ လျှောက်ထားလိုက်၏ ---</p> <p>အရှင်မင်းမြတ် ...ကျွန်တော်မျိုးဟာ အလွန်စင်ကြယ်တဲ့ သောတ္ထိယ ပုဏ္ဏားအမျိုးအနွယ်မှာ လူဖြစ်လာရတဲ့သူ တစ်ဦးဖြစ်ပါတယ်။ကျွန်တော်မျိုးဟာ ---</p> <p>၁။ ပိုးရွ ချပုံးမျှကိုသော်လည်း တစ်ခါမျှ မသတ်စဖူးပါ။</p> <p>၂။ သူတစ်ပါး၏ ပစ္စည်းကို ဆိုလျှင် မြက်, ဝါးခြမ်းစိတ်မျှကိုသော်လည်း မတရား မယူစဖူးပါ။</p> <p>၃။ တပ်မက်သည့် လောဘစိတ်ဖြင့် သူတစ်ပါးတို့၏ အမျိုးသမီးကို မျက်စိ ဖွင့်၍သော်လည်း မကြည့်ခဲ့စဖူးပါ။</p> <p>၄။ မြူးထူးပျော်ပါးလိုသော စိတ်ထားဖြင့်သော်လည်း မုသားစကားကို မပြောဆိုခဲ့စဖူးပါ။</p> <p>၅။ သမန်းမြက်ဖျားဖြင့်ပင်သော်လည်း တို့၍ သေရည် သေရက်ကို မသောက်သုံးခဲ့စဖူးပါ။</p> <p>ကျွန်တော်မျိုးသည် အရှင်မင်းမြတ်တို့ အပေါ်၌ အပြစ် မရှိပါ။ ထို မိဖုရားကြီးကသာ တပ်မက်သည့် လောဘ၏ အစွမ်းဖြင့် ကျွန်တော်မျိုး၏ လက်ကို ကိုင်ဆွဲလျက် မသမာမှုကို ပြုကျင့်ခိုင်းခဲ့၏။ ကျွန်တော်မျိုးက ပယ်ရှား လိုက်သည့်အတွက် ကျွန်တော်မျိုးကို ခြိမ်းခြောက်ကာ မိမိ၏ ခြောက်ကျိပ် လေးယောက်ကုန်သော တမန်တို့နှင့် ဖောက်ပြားမှုအပြစ်ကို ဒေါသတကြီးနှင့် ပေါ်လွင်အောင် ကျွန်တော်မျိုးအား ပြောပြကာ တိုက်ခန်းအတွင်းသို့ ဝင်ရောက်သွားကာ လူနာဖြစ်အောင် ကလိန်ဉာဏ်ဆင်ခဲ့ပါသည်။ ကျွန်တော် မျိုးသည်ကား အပြစ် မရှိပါ။ လက်ဆောင်ပဏ္ဏာကို ယူဆောင်လာကြတဲ့ ထိုခြောက်ကျိပ်လေးယောက်ကုန်သော တမန်တို့သည်သာ အပြစ်နှင့်တကွ ဖြစ်ကြပါသည်။ ထိုတမန်သည်တို့ကို ခေါ်၍ အမှု မှန်မမှန်ကို စစ်ဆေးတော် မူပါဟု တင်ပြလျှောက်ထားလိုက်၏။</p> <p>ရှင်ဘုရင်ကြီးကလည်း ထိုတမန်တို့ကို နှောင်ဖွဲ့စေပြီးလျှင် မိဖုရားကြီးကို ခေါ်၍ သင်သည် ထိုတမန်တို့နှင့် မကောင်းမှုကို ပြုသလား မပြုသလားဟု မေးစိစစ်ခဲ့၏။ ယုတ်မာသည့် အမှုကို ပြုကျင့်မိပါကြောင်းကို မိဖုရားကြီးကလည်း မငြင်းသာသဖြင့် ဝန်ခံစကား တင်ပြလျှောက်ထားလိုက်၏။ ထိုအခါ ရှင်ဘုရင်ကြီးက ထိုသူအားလုံးကိုပင် သေဒဏ်အမိန့် ချမှတ်တော်မူလိုက်၏။ သက်ဦးဆံပိုင်စနစ်အတိုင်း ကျင့်သုံးခြင်းပင် ဖြစ်၏။</p> <p>ထိုအခါ ဘုရားအလောင်းတော်က ရှင်ဘုရင်ကြီးကို ဤသို့လျှောက်ထား၏။</p> <p>အရှင်မင်းမြတ် ... ဤတမန်သည်တို့အားလည်း အပြစ် မရှိပါ။ မိဖုရားကြီးက မိမိအလိုအတိုင်း ပြုကျင့်ခိုင်းခြင်းသာ ဖြစ်ပါသည်။ ထိုသူတို့မှာ အပြစ် မရှိကြပါ။ ဒါကြောင့် ထိုသူတွေကို သည်းခံခွင့်လွှတ်တော်မူပါ။</p> <p>ထိုမိဖုရားကြီးမှာလည်း အပြစ် မရှိပါ။ အမျိုးသမီးတို့မည်သည် မေထုန်မှုဖြင့် ရောင့်ရဲသည်ဟူ၍ မရှိပါ။ မှန်ပါသည် --- ဤသို့ မရောင့်ရဲခြင်းသည် အမျိုးသမီးတို့ရဲ့မွေးရာပါ ဇာတိသဘာဝတစ်ခု ဖြစ်ပါသည်။ ထိုအမျိုးသမီးတို့အား သည်းခံခွင့်လွှတ်ခြင်း သဘောတရားနှင့် ယှဉ်တွဲထားရမည်သာ ဖြစ်ပါသည်။ ဒါကြောင့် မိဖုရားကြီးအားလည်း သည်းခံခွင့်လွှတ်တော်မူပါ ဤသို့ စသည်ဖြင့် နည်းအမျိုးမျိုးတို့ဖြင့် ရှင်ဘုရင်ကြီးအား ဆိုဆုံးမတော်မူ၏။</p> <p>ထိုတမန်ခြောက်ကျိပ်လေးယောက်တို့ကိုလည်းကောင်း, မိဖုရားကြီးကို လည်းကောင်း မိမိတို့၏ မူလရာထူး ဌာနန္တရ၌ပင် ထားမြဲထားစေတော်မူခဲ့၏။ ထိုသို့ ပြုကျင့်ပြီးနောက် ဘုရားအလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီးက ရှင်ဘုရင်ကြီးအား ဤသို့လျှောက်ထား၏။</p> <p>အရှင်မင်းမြတ်...ပညာမျက်စိကာဏ်းနေတဲ့ လူမိုက်တို့မည်သည် မဟုတ်မမှန် လုပ်ကြံထားတဲ့ အကြောင်းဝတ္ထုကို အခြေခံနေတဲ့စကားဖြင့် မနှောင်ဖွဲ့သင့် မနှောင်ဖွဲ့ထိုက်တဲ့ ပညာရှိတို့ကို လက်ပြန်ကြိုးတုတ်ကာ အနှောင်အဖွဲ့ ထားကြပါတယ်။ ပညာရှိသူတော်ကောင်းတို့ကတော့ ဟုတ်မှန် တဲ့ အကြောင်းယုတ္တိရှိတဲ့စကားကြောင့် လက်ပြန်ကြိုးတုတ်ကာ နှောင်ဖွဲ့သင့် နှောင်ဖွဲ့ထိုက်သူတို့ကိုသော်လည်း လွတ်မြောက်စေကြပါတယ်။ အလားတူပဲ လူမိုက်တွေဟာ မနှောင်ဖွဲ့သင့်တဲ့သူတွေကိုသော်လည်း နှောင်ဖွဲ့ကြတယ်။ ပညာရှိသူတော်ကောင်းတို့ကတော့ နှောင်ဖွဲ့သင့် နှောင်ဖွဲ့ထိုက်တဲ့သူတွေကို သော်လည်း လွတ်မြောက်စေကြပါတယ်ဟု ပြောဆိုကာ အောက်ပါဂါထာဖြင့် ဆက်လက်ကာ ဆိုဆုံးမတော်မူ၏။</p> <p><b>အဗဒ္ဓါ တတ္ထ ဗဇ္ဈန္တိ၊ ယတ္ထ ဗာလာ ပဘာသရေ။</b></p> <p><b>ဗဒ္ဓါပိ တတ္ထ မုစ္စန္တိ၊ ယတ္ထ ဓီရာ ပဘာသရေ</b>။</p> <p>= အကြင်တိုင်းနိုင်ငံ၌ လူမိုက်တို့သည် ဘုန်းတန်ခိုး တောက်ပလျက် ရှိကြ၏။ ထိုတိုင်းနိုင်ငံမျိုး၌ မနှောင်ဖွဲ့သင့် မနှောင်ဖွဲ့ထိုက်သည့်သူတွေကို နှောင်ဖွဲ့ထားတတ်ကြကုန်၏။</p> <p>အကြင်တိုင်းနိုင်ငံ၌ကား လူလိမ်မာ ပညာရှိတို့သည် ဘုန်းတန်ခိုး တောက်ပလျက် ရှိကြကုန်၏။ ထိုကဲ့သို့သော တိုင်းနိုင်ငံမျိုး၌ နှောင်ဖွဲ့သင့် နှောင်ဖွဲ့ထိုက်သည့် သူတွေသော်မှလည်း အပြစ်မှ လွတ်မြောက်ကြကုန်၏။ (ဇာ၊ဋ္ဌ၊၁၊၄၆၅။ ဇာ၊ဋ္ဌ၊၂၊၁၇၆၊၊)</p> <p>ဘုရားအလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီး၏ အဆုံးအမကို ကြားနာ ရသောအခါ အရှင်သာရိပုတ္တရာ အလောင်းလျာဖြစ်သော ဗာရာဏသီဘုရင်ကြီးသည် ဤသို့ စဉ်းစားတော်မူ၏ --- ငါသည် တစ်သောင်း ခြောက်ထောင်ကုန်သော အမျိုးသမီးတို့ကို ပယ်စွန့်ကာ ဤမယ်မင်းကြီးမ တစ်ဦးတည်းကိုပဲ ကိလေသာ၏ အစွမ်းဖြင့် ချီးမြှောက်သော်လည်း မယ်မင်းကြီးမအဖို့ ရောင့်ရဲခြင်းငှာ မစွမ်းနိုင်ပါလား၊ ဒီလို အလိုဆန္ဒ ပြည့်ဝနိုင်ခဲတဲ့ အမျိုးသမီးတွေကို အမျက်ထွက်နေခြင်းဆိုတာ --- ဝတ်ပြီးတဲ့အဝတ်ဟာ ဝတ်ပါများလို့ ဟောင်းနွမ်းသွားခဲ့သော် ဘာကြောင့် ဟောင်းနွမ်းသွားရသလဲလို့ အမျက်ထွက်နေတာနှင့်လည်း တူတယ်၊ စားပြီးတဲ့ အစားအစာဟာ မစင်အဖြစ်သို့ ရောက်သွားတဲ့အခါ ဘာကြောင့် ဒီအစာဟာ မစင်ဖြစ်သွားရသလဲလို့ အမျက်ထွက်နေတာနှင့်လည်း တူတယ် --- ဒီလိုဆင်ခြင်ပြီးနောက် အောက်ပါ အတိုင်း အဓိဋ္ဌာန်ပြုကာ ဆုတောင်းပန်ထွာလိုက်လေသည်။</p> <p><b>ဣတော ဒါနိ ပဋ္ဌာယ ယာဝ အရဟတ္တံ န ပါပုဏာမိ၊ တာဝ ကိလေသံ နိဿာယ မယိ ဥသူယာ မာ ဥပ္ပဇ္ဇတူတိ အဓိဋ္ဌဟိံ</b>။ (ဇာ၊ဋ္ဌ၊၂၊၁၇၆။)</p> <p>= ဤနေ့ ဤအချိန်ခါမှ စ၍ အရဟတ္တဖိုလ်သို့ မရောက်သေးသမျှ ကာလပတ်လုံး ကိလေသာကို အမှီပြု၍ အကျွန်ုပ်၏ သန္တာန်၌ ငြူစူစောင်းမြောင်းခြင်း (= <b>ဥသူယတရား</b>)သည် မဖြစ်ပါစေသတည်းဟု အဓိဋ္ဌာန် ပြုကာ ဆုတောင်းပန်ထွာခဲ့၏။</p> <p>ဤဇာတ်လမ်းကား အရှင်သာရိပုတ္တရာအလောင်းလျာဖြစ်သော ဆတ္တပါဏိလုလင်၏ သန္တာန်၌ ငြူစူစောင်းမြောင်းတတ်သည့် ဥသူယတရား ထင်ရှား မရှိခြင်း၏ အကြောင်းရင်းပင် ဖြစ်ပေသည်။ ထိုဘဝမှ စ၍ အရှင်သာရိပုတ္တရာအလောင်းလျာ၏ သန္တာန်၌ ငြူစူစောင်းမြောင်းတတ်သည့် ဥသူယတရားသည် ထင်ရှား မဖြစ်တော့ပေ။ ဤဇာတ်လမ်းကို ပြန်ပြောင်းကာ ပြောပြလျက် မိမိ (= ဆတ္တပါဏိလုလင်)၏ သန္တာန်၌ ငြူစူစောင်းမြောင်း တတ်သည့် ဥသူယတရား ထင်ရှား မရှိကြောင်းကို ယသပါဏိမင်းအား တင်ပြ လျှောက်ထားလိုက်၏။</p> <p>လောက၌ သတ္တဝါတို့ကို အများဆုံး ဒုက္ခပေးနေသည့် ကိလေသာ တရားဆိုးတို့တွင် မိမိစည်းစိမ်ကို အထိမခံနိုင်ခြင်းဆိုသည့် ငြူစူစောင်းမြောင်းတတ်သည့် စိတ်ထားလည်း ပါဝင်လျက် ရှိ၏။ ထိုကဲ့သို့သော စိတ်ထားမျိုးတွေ မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်၌ မတည်ရှိအောင် ထင်ရှား မဖြစ်ပေါ်လာအောင် ယခုကဲ့သို့ ဆုတောင်းပန်ထွာခြင်း အဓိဋ္ဌာန်ပြုခြင်းဖြင့်လည်း ထိုကိလေသာများကို ပယ်ရှားနိုင်သည်ဟု ဆိုလျှင် အဘယ်မည်သော သူတော်ကောင်းသည် ကောင်းမှုကုသိုလ်ပြုတိုင်း ထိုကဲ့သို့ ဆုတောင်းပန်ထွာမှု အဓိဋ္ဌာန်မှုကို မပြုလုပ်ဘဲ ရှိသင့်ပါအံ့နည်း? ဆုတောင်းပန်ထွာမှုဖြင့်လည်း ကိလေသာတရားဆိုး တို့ကို နှိပ်ကွပ်နိုင်သည်ဟုဆိုလျှင် ရာဂ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယစသည့် ကိလေသာတရားဆိုးတို့ မိမိ၏ရုပ်နာမ်သန္တာန်အစဉ်၌ ထင်ရှား မဖြစ်ပေါ်လာအောင် ကောင်းမှုကုသိုလ်ပြုတိုင်း ဆုတောင်းပန်ထွာ သင့်လှ ပေသည်။ ဤဇာတ်လမ်းကား နောက်ဆုံးဘဝ အဝင်အပါ ဘဝ တော်တော် များများ၌ အရှင်သာရိပုတ္တရာအလောင်းလျာဖြစ်သည့် သူတော်ကောင်း၏ လူပျိုကြီး ဖြစ်ရခြင်း၏ အကြောင်းရင်းတစ်ခုပင် ဖြစ်ပေသည်။ စာဖတ်သူ (စာဖတ်သူ) အသင်သူတော်ကောင်းသည်လည်း လူပျိုကြီး ဖြစ်လိုက (သို့မဟုတ်) မောင်မင်းကြီးသားတို့၏ ရက်စက်ကြမ်းကြုတ်သည့် စရိုက်ဆိုး တွေကြောင့် ယင်းတို့အပေါ်၌ စိတ်ကုန်သဖြင့် အပျိုကြီး ဖြစ်လိုပါက ထိုထုံး ကို အတုယူကာ လိုက်နာပြုကျင့်ပါလေ။</p> <h3>(၂) <b>သေရည်သေရက် မသောက်တတ်ခြင်း</b></h3> <p>အရက်မသောက်တတ်ခြင်း၏ အကြောင်းရင်းကို မေးမြန်းသော အခါ၌လည်း ယသပါဏိမင်းအား ဆတ္တပါဏိလုလင်က ဤသို့ ဆက်လက်ကာ တင်ပြလျှောက်ထားပြန်၏ ---</p> <p>အရှင်မင်းမြတ် ... ကျွန်တော်မျိုးသည် ရှေးယခင် တစ်ခုသောဘဝဝယ် ဗာရာဏသီမင်းပင် ဖြစ်ခဲ့၍ ယစ်ထုတ်ကြီး ဖြစ်ခဲ့ဖူးပါ၏။ အရက်နှင့် ကင်း၍ ရပ်တည်ခြင်းငှာ မစွမ်းနိုင်ခဲ့ပါ။ အသား မပါလျှင် မစားတတ်သူလည်း ဖြစ်ခဲ့ဖူးပါ၏ စသည်ဖြင့် ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဇာတ်လမ်းကို တင်ပြလျှောက်ထား၏။</p> <p>ထိုအခါတွင် ဥပုသ်နေ့၌ သားမသတ်ရန် တိုင်းပြည်ကို ကြေညာထားပြီး ဖြစ်၏။ ဥပုသ်နေ့အတွက် အသားကို အဖိတ်နေ့က ကြိုတင်ကာ စီမံ ထားသော်လည်း စားဖိုသည်၏ မေ့လျော့မှုကြောင့် ကင်ထားသောအသားကို ခွေးက ဆွဲစားသွားခဲ့၏။ စားဖိုသည်က အသား မပါသည့် ပွဲတော်အုပ်ကို မဆက်သရဲသဖြင့် မိဖုရား၏ အကူအညီကို ရယူကာ ပွဲတော်အုပ်ကို ဆက်သလာ၏။ ရှင်ဘုရင်ကြီးကား သားငယ်ကို အလွန် ချစ်မြတ်နိုးသဖြင့် မိဖုရားကြီးက သားငယ်ကို တန်ဆာဆင်ကာ ရှင်ဘုရင်ကြီး၏ ရင်ခွင်တွင် တည်ထားခိုက်တွင် ပွဲတော်အုပ်ကို ဆက်သလာ၏။ အမူးကြီးမူး အရူးကြီး ရူးနေသည့် အချိန်ဖြစ်သဖြင့် ပွဲတော်၌ အသား မပါသည်ကို မြင်သောအခါ ရင်ခွင်တွင် ပွေ့တင်ထားသော သားငယ်၏ လည်ပင်းကို လိမ်ချိုးကာ စဖိုသည်အား ချက်ရန် ပစ်ပေးလိုက်၏။ စဖိုသည်ကလည်း ရှင်ဘုရင် ခိုင်းစေ သည့်အတိုင်း ချက်ပြုတ်ကာ ပွဲတော်အုပ်ကို တစ်ဖန် ဆက်သရပြန်၏။ ချစ်လှစွာသော သားငယ်အသားဖြင့် ရှင်ဘုရင်ကြီး ပွဲတော်အုပ် တည်လေ၏။ ရှင်ဘုရင်အား ကြောက်ရွံ့သဖြင့် ငိုကြွေးခြင်းငှာ တားမြစ်စကား ပြန်လည် ပြောကြားခြင်းငှာ စွမ်းနိုင်သောသူမည်သည် တစ်ဦးတစ်ယောက်သော်မျှလည်း မရှိခဲ့ပေ။</p> <p>သို့သော် ရှင်ဘုရင်ကြီးကား စားပြီး အိပ်စက်လိုက်၏။ မိုးသောက်ထအခါ အိပ်ရာမှ နိုးလာသော် အမူးပြေသွားသဖြင့် သားငယ်ကို သတိရ၍ ခေါ်ဆောင်လာရန် အမိန့်ရှိပြန်၏။ ထိုအခါကျမှ မိဖုရားကြီးက - ယမန်နေ့က သားငယ်ကို သတ်ကာ အသားကို ပွဲတော်အုပ်တည်ခဲ့ကြောင်းကို တင်ပြ လျှောက်ထားလိုက်၏။ ထိုအခါတွင် ရှင်ဘုရင်ကြီးသည် သားသောကဖြင့် ငိုကြွေးမြည်တမ်းကာ ဤကဲ့သို့သော ဆင်းရဲဒုက္ခသည် သေရည်သေရက် သောက်သုံးမှုကို အမှီပြု၍ ငါရဲ့သန္တာန်၌ ဖြစ်ပေါ်ခဲ့၏ --- ဟု သုရာ သောက်ခြင်း၌ အပြစ်ဒေါသကို မြင်တွေ့သောအခါ ---</p> <p><b>ဣတော ပဋ္ဌာယ ယာဝ အရဟတ္တံ န ပါပုဏာမိ၊ တာဝ ဧဝရူပံ ဝိနာသကာရကံ သုရံ နာမ န ပိဝိဿာမိ၊၊</b> (ဇာ၊ဋ္ဌ၊၂၊၁၇၈။)</p> <p>= သုဂတခေါ်ဆိုသည့် ထို မြတ်စွာဘုရားကို ဤနေ့မှစ၍ အရဟတ္တဖိုလ်သို့ မဆိုက်ရောက်သေးသမျှ ကာလပတ်လုံး ဤကဲ့သို့ သဘောရှိသော ပျက်စီးခြင်းကို ပြုလုပ်တတ်သော သုရာမည်သည် ကို မသောက်သုံးရပါစေသား ...ဟု မြေမှုန့်ကို ဆုပ်ကိုင်ကာ မျက်နှာကို လိမ်းကျံလျက် အဓိဋ္ဌာန်ပြုခဲ့၏၊ ဆုတောင်းပန်ထွာခဲ့၏။</p> <p>ထိုအချိန်အခါမှစ၍ မူးယစ်ဆေးဝါးမည်သည်ကို မသောက်သုံးစဖူးပါဟု ဆတ္တပါဏိလုလင်က ယသပါဏိမင်းအား တင်ပြ လျှောက်ထားလိုက်၏။</p> <p>ဒုစရိုက်အိုး လူမိုက်မျိုးဘဝသို့ ရောက်အောင် တွန်းပို့ပေးတတ်သည့် သေရည်သောက်သုံးခြင်းစသည့် ဒုစရိုက်မှုတို့ကို စိတ်က အဓိဋ္ဌာန်ပြုကာ ဆောက်တည်သည့်အတိုင်း ဆုတောင်းပန်ထွာသည့်အတိုင်း ထိုဒုစရိုက်တွေကို ချိုးဖဲ့ ဖျက်ဆီးနိုင်သည်, မိမိရုပ်နာမ်သန္တာန်အစဉ်၌ ဖြစ်ပေါ်မလာအောင် တားမြစ် ပိတ်ပင်နိုင်သည် ဖြစ်ပါက မိမိအကျိုးကို လိုလားတောင့်တလျက်ရှိသော အဘယ်မည်သော ပညာရှိတစ်စုံတစ်ဦးသည် ကောင်းမှုကုသိုလ်ပြုကာ (သို့မဟုတ်) ကောင်းမှုကုသိုလ်ပြုတိုင်း ထိုကဲ့သို့သော ဒုစရိုက်အိုး လူမိုက်မျိုးဘဝသို့ မရောက်အောင် ဆုတောင်းပန်ထွာမှု မပြုဘဲ နေထိုက်ပါအံ့နည်း? စိတ်ဓာတ်ကို ခိုင်ခိုင်မာမာ ဆောက်တည်လျက် ဆုတောင်းပန်ထွာသင့်လှပေသည်။</p> <h3>(၃) <b>မည်သူ့ကိုမျှ မချစ်တတ်ခြင်း</b></h3> <p>မည်သူ့ကိုမျှ မချစ်တတ်ခြင်း၏ အကြောင်းရင်းကိုလည်း ဆတ္တပါဏိ လုလင်က ယသပါဏိမင်းအား ဤသို့ တင်ပြ လျှောက်ထားပြန်၏။</p> <p>အရှင်မင်းမြတ် ... ရှေးယခင် တစ်ခုသော ဘဝဝယ် ကျွန်တော်မျိုးသည် ဗာရာဏသီပြည်၌ပင်လျှင် ကိတဝါသ အမည်ရှိသော ရှင်ဘုရင် ဖြစ်ခဲ့ဖူးပါသည်။ သားတစ်ယောက် မွေးဖွားခဲ့ပါ၏။ လက္ခဏာဖတ်တတ်သည့် ပုဏ္ဏားပညာရှိတို့က ထိုသားကိုကြည့်၍ အရှင်မင်းမြတ် ... ဤသူငယ်သည် ရေငတ်၍ သေလိမ့်မည် ဟု နိမိတ် ဖတ်ကြပါ၏။ ဒုဋ္ဌကုမာရဟု နာမည် ပေးထားပါ၏။ ထိုမင်းသား အရွယ်သို့ ရောက်သည့်အခါ အိမ်ရှေ့မင်း ပြုလုပ်ထားပါ၏။ ထိုအိမ်ရှေ့စံမင်းသားကို မိမိသွားလေရာတွင် ရှေ့မှလည်းကောင်း နောက်မှလည်းကောင်း လိုက်ပါစေခဲ့ပါ၏။ ထိုမင်းသား ရေငတ် မသေရန် မြို့တွင်း ထိုထိုအရပ်တို့၌ ရေတွင်းရေကန်တို့ကို တူးဖော်ထားခဲ့ပါ၏။ လမ်းဆုံတို့၌ မဏ္ဍပ်တို့ကို ထိုးကာ အိုးစရည်းကြီးတို့ဖြင့် ရေတို့ကို အသင့်တည်ထားပါကုန်၏။ --- ဤသို့စသည်ဖြင့် ဖြစ်ရပ်အစုံအလင်ကို ကုန်စင်အောင် တင်ပြ လျှောက်ထားလေသည်။ ဆက်လက်ဖြစ်ပေါ်လာသည့် ဇာတ်လမ်းမှာ ဤသို့ ဖြစ်၏။ ---</p> <p>ကံဆိုးမိုးမှောင်ကျမည့် တစ်နေ့သို့ကား ဆိုက်ရောက်လာ၏။ ထိုမင်းသားငယ်သည် တစ်နေ့တွင် ဥယျာဉ်ကစားရန်အသွား လမ်းခုလတ် တစ်နေရာတွင် ပစ္စေကဗုဒ္ဓါဘုရားရှင်နှင့် ရင်ဆိုင်တိုးမိနေ၏။ လူများအပေါင်းက ပစ္စေကဗုဒ္ဓါ ဘုရားရှင်အား ရိုသေကြ၏၊ မြတ်နိုးကြ၏၊ ရှိခိုးဝတ်ပြုကြ၏၊ ချီးမွမ်းကြ၏၊ လက်အုပ်ချီမိုးကာ ရှိခိုးဝတ်ပြုလျက် ရပ်တည်နေကြ၏။</p> <p>အိမ်ရှေ့မင်းသားက ငါကဲ့သို့သောသူနှင့် အတူလိုက်ပါလာကြတဲ့သူတွေဟာလည်း ဒီခေါင်းတုံးဦးပြည်းကို ရှိခိုးကြတယ်၊ ချီးမွမ်းကြတယ်၊ လက်အုပ်ချီမိုးကာ အရိုအသေပြုကြတယ်၊ ငါ့ကိုတော့ ထိုကဲ့သို့ မပြုကြဘူးဟု စဉ်းစားကာ အမျက်ဒေါသထွက်လျက် ဆင်ပေါ်မှ ဆင်းကာ ပစ္စေကဗုဒ္ဓါဘုရားရှင်ထံသို့ ချဉ်းကပ်လိုက်၏။</p> <p>ရဟန်း ... သင့်မှာ ဆွမ်းကော ရပါရဲ့လား ဟု မထီလေးစား ရွံရှာသော စိတ်ထားဖြင့် မေးမြန်းလိုက်၏။ ရရှိပါကြောင်းကို ပစ္စေကဗုဒ္ဓါဘုရားရှင်က မိန့်ကြားတော် မူလိုက်သောအခါ ဘုရားရှင့်လက်တော်မှ သပိတ်တော်ကို ယူကာ မြေပြင်ပေါ်သို့ လွှင့်ပစ်ကာ ခြေထောက်ဖြင့် မုန့်မုန့် ညက်ညက် ကြေအောင် နင်းခြေပစ်လိုက်၏။</p> <p>ပစ္စေကဗုဒ္ဓါဘုရားရှင်ကလည်း ဤသတ္တဝါတော့ ပျက်စီးပါပေါ့ဟု ပြောဆိုကာ ထိုမင်းသား၏မျက်နှာကို ကြည့်ရှုတော်မူ၏။ ထိုအခါ မင်းသားက အိုရဟန်း ... ငါဟာ ကိတဝါသဘုရင်ရဲ့သားဖြစ်တယ်။ ဒုဋ္ဌကုမာရအမည် ရှိတယ်၊ သင်က ငါ့ကို အမျက်ထွက်ကာ မျက်လုံးဖွင့်ကြည့်ပြီးတော့ ဘာ လုပ်ချင်သလဲ?ဟု ပြောဆိုလိုက်၏။</p> <p>ပစ္စေကဗုဒ္ဓဘုရားရှင်သည် ထိုနေ့၌ ဆွမ်းပြတ်တော် မူသည်ဖြစ်၍ ကောင်းကင်သို့ စျာန်အဘိညာဏ်ဖြင့် ပြန်ကြွတော်မူကာ ဟိမဝန္တာမြောက်ပိုင်း နန္ဒမူလိုဏ်ဂူသို့သာလျှင် ကြွတော်မူလေသည်။</p> <p>မင်းသား၏သန္တာန်၌ ထိုခဏမှာပင် မကောင်းမှုအကုသိုလ်ကံသည် အကျိုးပေးဖို့ရန် ရင့်ကျက်လာ၏။ ထို မင်းသားသည် ပူလှချည်ရဲ့ ပူလှချည်ရဲ့ဟု အော်မြည်ကာ အလွန် ပူလောင်လာသဖြင့် ထိုနေရာ၌ပင် လဲကျ သွားလေသည်။ ထိုထိုအရပ်၌ ရှိသမျှ ရေအားလုံးတို့သည် အပူရှိန်ကြောင့် ခန်းခြောက်သွားကြကုန်၏။ ထိုအရပ်မှာပင် အသက် ကုန်ဆုံးသွားလေသည်။ သေသည်၏ အခြားမဲ့၌ အဝီစိငရဲသို့ ဆိုက်ရောက်သွားပေသည်။</p> <p>ခမည်းတော် ကိတဝါသဘုရင်ကြီးက ထိုသတင်းကို ကြားသိသောအခါ သားသောကဖြင့် အလွန်ပြင်းထန်စွာ အနှိပ်စက်ခံရသဖြင့် ဤသို့ စဉ်းစားခဲ့၏။</p> <p><b>အယံ မေ သောကော ပိယဝတ္ထုတော ဥပ္ပဇ္ဇိ၊ သစေ မေ သ္နေဟော နာဘဝိဿ၊ သောကော န ဥပ္ပဇ္ဇိဿ၊ ဣတော ဒါနိ မေ ပဋ္ဌာယ သဝိညာဏကေ ဝါ အဝိညာဏကေ ဝါ ကိသ္မိဉ္စိ ဝတ္ထုသ္မိံ သ္နေဟော နာမ မာ ဥပ္ပဇ္ဇတု၊၊</b> (ဇာ၊ဋ္ဌ၊၂၊၁၇၉။)</p> <p>ငါရဲ့ ဤသောကသည် ချစ်ခင်မြတ်နိုးအပ်သော ဝတ္ထုကြောင့် ဖြစ်ပေါ် ခဲ့၏။ ငါ၏သန္တာန်၌ ဤချစ်ခင်မြတ်နိုးမှုတရားသည် ထင်ရှား မဖြစ်ငြားအံ့၊ သောကဟူသည် မဖြစ်လေရာ၊ ဤယခုအခါမှ စ၍ ငါ၏သန္တာန်၌ သက်ရှိ အရာဝတ္ထုအပေါ်၌သော်လည်းကောင်း, သက်မဲ့အရာဝတ္ထုအပေါ်၌သော် လည်းကောင်း မည်သည့်တစ်စုံတစ်ခုသော အရာဝတ္ထုအပေါ်၌မဆို ချစ်ခင် မြတ်နိုးခြင်းမည်သည် မဖြစ်ရပါစေသားဟု စိတ်ဓာတ်ကို ခိုင်ခိုင်မာမာ ဆောက်တည်ကာ ဆုတောင်းပန်ထွာမှု ပြုလေသည်။</p> <p>ဤသည်ကား မည်သူ့ကိုမျှ မချစ်တတ်ခြင်း၏ အကြောင်းရင်းဝတ္ထု ဖြစ်ပေသည်။ ဤကဲ့သို့ စိတ်ဓာတ်ကို ခိုင်ခိုင်မာမာ ဆောက်တည်ကာ ဆုတောင်းပန်ထွာမှုကို ပြုကျင့်ခြင်းကြောင့် ထိုကံက အကျိုးပေးသည့်ဘဝဝယ် မည်သူ့ကိုမျှ မချစ်တတ်ဟုဆိုလျှင် ဤစာကို ဖတ်ရှု၍နေသော ခါးတောင်းကျိုက် ဖြုတ်လိုသော စိတ်ထားရှိသော အသင်သူတော်ကောင်းသည်လည်း အဘယ့်ကြောင့် ကောင်းမှုကုသိုလ်ပြုပြီးတိုင်း ဤကဲ့သို့သော ဆုတောင်း ပန်ထွာမှု, စိတ်ဓာတ်ကို ခိုင်ခိုင်မာမာ ဆောက်တည်မှုကို မပြုထိုက်ဘဲ ရှိသင့်ပါအံ့နည်း? သတ္တဝါတွေကို အများဆုံး ဒုက္ခပေးနေသော သဘာဝတရား တစ်ခုမှာ ဤချစ်ခြင်းတရားပင် မဟုတ်ပါလော?</p> <h3>(၄) <b>မည်သူ့ကိုမျှ မမုန်းတတ်ခြင်း</b></h3> <p>မည်သူ့ကိုမျှ မမုန်းတတ်ခြင်း၏ အကြောင်းကိုလည်း ဆတ္တပါဏိ လုလင်က ယသပါဏိမင်းအား ဤသို့ ဆက်လက်ကာ တင်ပြ လျှောက်ထားလေသည်။</p> <p>အရှင်မင်းမြတ် ... ကျွန်တော်မျိုးသည် ရှေးယခင် တစ်ခုသော ဘဝဝယ် အရက အမည်ရသော ရသေ့ဖြစ်စဉ်.. (၇)နှစ်တို့ကာလပတ်လုံး မေတ္တာစျာန်စိတ်ကို ပွားများခဲ့ဖူးပါ၏။ ထိုမေတ္တာစျာန်ကြောင့် (၇)ခုသော သံဝဋ္ဋကပ် ဝိဝဋ္ဋကပ်တို့ပတ်လုံး ဗြဟ္မာပြည်၌ ဖြစ်ခဲ့ရ၍ မေတ္တာစျာန်ကို ပွားများကာ နေထိုင်ခဲ့ဖူးပါ၏။ ထိုကြောင့် ကျွန်တော်မျိုးသည် မေတ္တာဘာဝနာဖြင့် လေ့ကျက်အပ် အမြဲမပြတ် ထုံမွမ်းထားအပ်သော စိတ်ဓာတ် ရှိသည့်အဖြစ်ကြောင့် မည်သူ့ကိုမျှလည်း မမုန်းတတ်ခြင်း အမျက်မထွက် တတ်ခြင်း ဖြစ်ပါသည်ဟု တင်ပြလျှောက်ထားလိုက်၏။</p> <p>မေတ္တာဘာဝနာဖြင့် ထုံမွမ်းထားအပ်သော စိတ်ဓာတ်ကား ဒေါသကို တိုက်ဖျက်နိုင်သော စွမ်းအား ရှိခဲ့၏။ မည်သူ့ကိုမျှ မမုန်းတီးလိုသော အသင် သူတော်ကောင်းသည်လည်း မေတ္တာစျာန်ဘာဝနာကို အကြိမ်များစွာ ပွားများလေ့လာပါ။ ဤကား - --- ဆတ္တပါဏိလုလင် သန္တာန်၌ တည်ရှိသော အင်္ဂါ လေးပါးတို့ပင်တည်း။</p> <h3><b>အမ္ဗဇာတ်၌ လာရှိသော အနာထမရဏ</b></h3> <p>ဤအမ္ဗဇာတ်၌လာရှိသော အနာထမရဏကား --- မှီခိုအားထားရာ <b>နာထတရား</b> မရှိဘဲ သေကျေပျက်စီးရခြင်းကို ရည်ညွှန်းထားပေသည်။</p> <p>အရှင်ဒေဝဒတ်ကား ငါသည် ဘုရားဖြစ်ပေတော့အံ့၊ ရဟန်းဂေါတမသည်ကား ငါ၏ ဆရာသမားလည်း မဟုတ်၊ ဥပဇ္ဈာယ်ဆရာလည်း မဟုတ် ဟု ဆရာအဖြစ်ကို စွန့်ပယ်လိုက်ခြင်းကြောင့် စျာန်လျှောကျ ပျက်စီးသွားခဲ့၏။ သံဃာကို သင်းခွဲပြီးနောက် အစဉ်သဖြင့် သာဝတ္တိပြည်သို့ ဆိုက်ရောက်လာသောအခါ ဇေတဝန်ကျောင်းတိုက်နှင့် မလှမ်းမကမ်း တစ်နေရာတွင် မြေမျို ခံရ၏။ သေသည်၏အခြားမဲ့၌ အဝီစိသို့ ရောက်ရှိသွားခဲ့၏။ ဤဝတ္ထုကို အကြောင်းပြု၍ အမ္ဗဇာတ်တော်ကို ဟောကြားတော်မူခြင်း ဖြစ်၏။</p> <p>လွန်လေပြီးသောအခါ ဗာရာဏသီပြည် ဘုရင်မင်းမြတ်၏ ပုရောဟိတ်ပုဏ္ဏားကြီး၏ တစ်ဦးတည်းသော သားသည် တက္ကသိုလ်၌ ပညာသင်ကြားပြီးနောက် ထွက်ခွာလာခဲ့သော် အရပ်ဒေသ အကျင့်စာရိတ္တ ယဉ်ကျေးမှု အမျိုးမျိုးတို့ကို သိရှိရန် ခရီးဒေသစာရီလှည့်လည်စဉ် တိုင်းစွန်ပြည်နား မြို့ တစ်မြို့သို့ ဆိုက်ရောက်ခဲ့၏။ ထိုအခါ ဘုရားအလောင်းတော်ကား ထိုမြို့အနီး စဏ္ဍာလရွာကြီး၌ နေထိုင်လျက်ရှိ၏၊ ပညာရှိ၏၊ လိမ္မာကျွမ်းကျင်၏၊ အခါ မဟုတ်သည်၌ အသီးကို သီးစေတတ်သော <b>မန္တာန်</b>ကို တတ်သိနားလည်၏။</p> <p>ထိုဘုရားအလောင်းတော်သည် နံနက်စောစော အိပ်ရာမှထကာ ဆိုင်းထမ်းပိုးကို ယူဆောင်လျက် ထိုရွာမှ ထွက်ကာ တောသို့ ဝင်ရောက်ပြီးလျှင် သရက်ပင်တစ်ပင်သို့ ချဉ်းကပ်ကာ သရက်ပင်မှ ခြေ (၇)လှမ်းခန့် အရပ်၌ ရပ်တည်လျက် ထို<b>မန္တာန်</b>ကို မန်းမှုတ်သည်ရှိသော် သရက်ပင်ကို ကောင်းကင်မှ ကျဆင်းလာသော ရေအိုးအလုံးတစ်ရာမျှမကသော တစ်ခဲနက် ရေအယဉ်က တိုက်ခတ်မိ၏။ တစ်ခဏအတွင်း သရက်ပင်မှ သစ်ရွက်ဟောင်းတို့သည် ကြွေကျကြကုန်၏။ ရွက်နုတို့သည် ထမြောက်လာကြကုန်၏။ သရက်ပန်း အပွင့်တို့သည် ပွင့်ကာ ကြွေကျကြကုန်၏၊ သရက်သီးတို့ ဖြစ်ပေါ်လာကာ တစ်ခဏအတွင်းမှာပင် မှည့်ကာ ချိုမြိန်ကောင်းမြတ်သော အရသာရှိသော ဩဇာရှိသော နတ်ဩဇာနှင့် တူကုန်သော သရက်သီးတို့ ဖြစ်ကာ အပင်မှ ကြွေကြကုန်၏။ ဘုရားအလောင်းသည် ထိုသရက်သီးတို့ကို ရွေးချယ်ကာ အလိုရှိတိုင်း ခဲစားပြီးလျှင် ဆိုင်းထမ်းပိုးကို ပြည့်စေလျက် အိမ်သို့ပြန်ကာ ထိုသရက်သီးတို့ကို ရောင်းချလျက် သားမယားကို မွေးမြူလေသည်။</p> <p>တက္ကသိုလ်ပြည်မှ ပြန်လာသော ထိုပုဏ္ဏားလုလင်သည် ဘုရားအလောင်းတော်ကို အချိန်အခါ မဟုတ်ဘဲ သရက်သီးမှည့်တို့ကို ဆောင်ယူကာ ရောင်းချနေသည်ကို မြင်လတ်သော် ဧကန္တ .. <b>မန္တာန်</b>၏ စွမ်းအားပင် ဖြစ်တန်ရာသည်ဟု သဘောပေါက်ကာ <b>မန္တာန်</b>သင်ယူရန် ဘုရားအလောင်းတော် ထံသို့ ရိုသေကျိုးနွံစွာ ချဉ်းကပ်လေ၏။ ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်ကို ရိုသေစွာ ပြုစုကာ <b>မန္တာန်</b>ကို သင်ယူရန် အချိန်ကြာကြာ ကြိုးစားခဲ့ရ၏။ အမျိုးဇာတ်နှင့် ပြည့်စုံခြင်း, ဆရာအပေါ် ဆရာ့ကတော်အပေါ်တို့၌ ပြုစုထိုက်သည့် ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်နှင့် ပြည့်စုံခြင်းကြောင့် ဘုရားအလောင်းတော်က <b>မန္တာန်</b>ကို သင်ပေးလိုက်၏။</p> <p>သို့သော် ဘုရားအလောင်းတော်က အမှာစကားတစ်ခု ပြောကြားလိုက်၏။ သင့်ဆရာ ဘယ်သူပါလဲဟု အများက မေးခဲ့သော် ငါ့ကို လျှို့ဝှက် မထားပါနှင့်။ အကယ်၍ ငါသည် <b>စဏ္ဍာလ</b>၏ အထံမှ <b>မန္တာန်</b>ကို သင်ယူခဲ့ပါသည်ဟု ပြောရမှာ ရှက်သဖြင့် ငါ၏ဆရာသည် ဗြာဟ္မဏမဟာသာလ ဖြစ်ပါသည်ဟု ပြောဆိုငြားအံ့၊ ဤ<b>မန္တာန်</b>၏ အကျိုးတရားကို သင်ရရှိလိမ့်မည်မဟုတ်ဟု မှာကြားလိုက်၏။ အမှန်အတိုင်း ပြောဆိုပါမည်ဟု ဝန်ခံကာ ဘုရားအလောင်းတော်ထံမှ ထွက်ခွာခဲ့၏။</p> <p>သို့သော် တကယ် အရေးကြုံလာသည့်အခါ စဏ္ဍာလထံမှ သင်ယူ ခဲ့သည်ကို ပြောပြရန် ရှက်နေပြန်၏။ တစ်နေ့တွင် ရှင်ဘုရင်ကြီးက ထို သရက်သီးကို စားရသဖြင့် အလွန် သဘောကျသွား၏။ ဆုလာဘ်များစွာ ချီးမြှင့်လိုက်၏။ အတတ်ပညာကိုလည်း ဥယျာဉ်တော်တွင်းသို့ သွားကာ လက်တွေ့ ပြသလိုက်၏။ ရှင်ဘုရင်ကြီးကလည်း သဘောကျလွန်းသဖြင့် ဤ<b>မန္တာန်</b>ကို မည်သူ့ထံမှ သင်ယူခဲ့ပါသနည်းဟု မေးမြန်းသောအခါ ငါ အဝါးဝစွာ လေ့ကျက်ထားပြီးဖြစ်တဲ့ ဒီ<b>မန္တာန်</b>ဟာ မပျောက်ပျက်နိုင်တော့ပါဟု သဘောပိုက်ကာ စဏ္ဍာလထံမှ သင်ယူခဲ့ပါသည်ဟု ပြောရန် ရှက်နိုးသဖြင့် တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးထံမှ သင်ယူခဲ့ပါသည်ဟု မုသားစကား ပြောကြားလိုက်၏။ ထိုခဏမှာပင် <b>မန္တာန်</b>လည်း ပျောက်ကွယ်သွားလေ သည်။ နောက်ထပ် <b>မန္တာန်</b>ကို မရွတ်ဖတ်နိုင်သဖြင့် <b>မန္တာန်</b>စွမ်းအားလည်း ကုန်ခန်းပျက်စီးသွားလေသည်။</p> <p>ဆရာထံသို့ တစ်ဖန် ပြန်သွားသော်လည်း ဆရာက ထို<b>မန္တာန်</b>ကို မုသားစကား ခပ်များများ ပြောကြားတတ်သူ ထိုပုဏ္ဏားလုလင်အား သင်မပေးတော့ဘဲ နှင်ထုတ်ပစ်လိုက်၏။</p> <p><b>သော ဧဝံ အာစရိယေန ဥယျောဇိတော ကိံ မယှံ ဇီဝိတေနာတိ အရညံ ပဝိသိတွာ အနာထမရဏံ မရိ။</b> (ဇာ၊ဋ္ဌ၊၄၊၂၀၇။)</p> <p>ထိုပုဏ္ဏားလုလင်သည် ဤသို့ ဆရာဖြစ်သူက နှင်ထုတ်လိုက်သည်ရှိသော် ငါ့အား အသက်ရှင်နေရခြင်းဖြင့် အဘယ်အကျိုးရှိနိုင်ပါအံ့နည်း ဟု နှလုံးပိုက်ကာ တောသို့ဝင်၍ မှီခိုအားထားရာမဲ့ သေကျေပျက်စီးရခြင်း <b>အနာထမရဏ</b>ဖြင့် သေကျေပျက်စီးရလေသည်။ ဆရာကို ဆရာဟု ပြောဆို ဝန်ခံရမည်ကို ရှက်နိုးသူ ဝန်လေးသူတို့ သတိပြုဖွယ်ရာ ဇာတ်လမ်းတစ်ခု ဖြစ်ပေသည်။</p> <p>ကျေးဇူးမသိတတ်သူ ဤပုဏ္ဏားလုလင်ကား အခြားသူမဟုတ် <b>အရှင်ဒေဝဒတ်</b>အလောင်းပင် ဖြစ်ခဲ့၏။ ထိုဘဝတုန်းကလည်း ဆရာကို ဆရာဟု ပြောဆိုရန် ဝန်လေးခဲ့သဖြင့် <b>အနာထမရဏ</b>ဖြင့် သေကျေပျက်စီးခဲ့ရ၏။ ဂေါတမဘုရားရှင်၏ သာသနာတော်၌လည်း ဆရာဖြစ်တော်မူသော ဘုရားရှင် ကို ဆရာမဟုတ်ဟု ကျေးဇူးမဲ့စကား ပြောကြားကာ ဘုရားရှင်အား သွေးစိမ်း တည်စေခြင်း သံဃာသင်းခွဲခြင်းစသည့် မကောင်းမှုအကုသိုလ်တို့ကို လွန်ကျူးခဲ့၏။ မိမိ မကောင်းမှုကြောင့်ပင် မှီခိုအားထားရာ <b>နာထတရား</b> မရှိဘဲ <b>အနာထမရဏ</b>ဖြင့်ပင် သေကျေပျက်စီးခဲ့ရ၏။ သေသည်၏ အခြားမဲ့၌လည်း အဝီစိငရဲ၌ ကျက်ရပြန်၏။ တစ်လုတ်စားဖူး သူ့ကျေးဇူးကိုမျှ မသိတတ်သူတို့ သွားရာလမ်းတည်း။</p> <p>မှီခိုအားထားရမည့် <b>ကလျာဏမိတ္တ</b>အမည်ရသည့် ပုဂ္ဂိုလ် တစ်စုံတစ်ရာ မရှိဘဲ သေကျေပျက်စီးရခြင်း, မှီခိုအားထားရမည့် အခြားအခြားသော <b>နာထတရား</b> ထင်ရှား မရှိဘဲ သေကျေပျက်စီးရခြင်းမျိုးကို ရည်ညွှန်းထားပေသည်။</p> <h3><b>လက္ခဏသံယုတ်</b> (သံ၊၂၊၄၄၆-၄၄၉။)</h3> <p>ပိဋကစာပေတွင် ကိုးကွယ်အားထားရမည့် <b>နာထတရား</b> ထင်ရှား မရှိဘဲ သေကျေပျက်စီးသွားရပုံနှင့် ဆက်စပ်သည့် ဝတ္တုဇာတ်လမ်းများ များစွာလာရှိပေသည်။ ယင်းဝတ္ထုဇာတ်လမ်းတို့ထဲမှ <b>လက္ခဏသံယုတ်</b>တွင်လာရှိသော ဝတ္ထုဇာတ်လမ်းအချို့ကို ဆက်လက် တင်ပြအပ်ပါသည်။</p> <p>တစ်ချိန်တွင် ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးမြူရာဖြစ်သော ဝါးတောပတ်ရံသည့် ဝေဠုဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး စံနေတော်မူဆဲ ဖြစ်၏။ ထိုအချိန်အခါ၌ <b>အရှင်လက္ခဏမထေရ်မြတ်ကြီး</b>နှင့် <b>အရှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ်ကြီး</b>တို့သည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံး စံနေတော်မူကြ၏။</p> <p><b>အရှင်လက္ခဏမထေရ်မြတ်</b> --- <b>အရှင်လက္ခဏမထေရ်မြတ်</b>ကား ဥရုဝေလကဿပ, ဂယာကဿပ, နဒီကဿပ ဟူသော ကဿပညီနောင်တို့ ဦးဆောင်သည့် ရသေ့ညီနောင် ရှင်တစ်ထောင်တို့တွင် တစ်ပါးအပါအဝင် ဖြစ်တော်မူ၏။ ဘုရားရှင် ထံတော်မှောက်၌ - <b>ဧဟိ ဘိက္ခု</b> ရဟန်းအဖြစ်ကို ခံယူရရှိတော်မူသော သူတော်ကောင်းတစ်ဦး ဖြစ်တော်မူ၏။ ယင်း <b>ဧဟိ ဘိက္ခု</b> ရဟန်းတော် တစ်ထောင်တို့အား ဘုရားရှင်သည် ဂယာသီသအရပ်၌ <b>အာဒိတ္တသုတ္တန်</b> (သံ၊၂၊၂၅၁-၂၅၂၊)ကို ဟောကြား ပြသတော်မူ၏။ ထိုသုတ္တန်၏ အဆုံးတွင် ယင်း အားလုံးသော ရှင်တစ်ထောင်တို့သည် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကြ၏။ ယင်း <b>ဧဟိ ဘိက္ခု</b> ရဟန္တာမထေရ်မြတ် တစ်ထောင်တို့တွင် <b>အရှင်လက္ခဏမထေရ်မြတ်</b>လည်း တစ်ပါးအပါအဝင် ဖြစ်တော်မူ၏၊ မဟာသာဝကတစ်ပါးလည်း ဖြစ်တော်မူ၏။ ယောက်ျားမြတ် တို့၏ အသွင်အပြင်<b>လက္ခဏာ</b>နှင့် ပြည့်စုံရကား ခပ်သိမ်းသော အခြင်းအရာ အားဖြင့် ပြည့်စုံသော <b>ဗြဟ္မာ</b>နှင့်တူသော ခန္ဓာကိုယ်အတ္တဘောနှင့် ပြည့်ဝ စုံလင်နေသည့်အတွက် <b>လက္ခဏ</b>ဟူသော အမည်ဖြင့် ခေါ်ဝေါ်ခြင်း ဖြစ်၏။ (သံ၊ဋ္ဌ၊၂၊၁၉၉။)</p> <p><b>အရိုးစုပြိတ္တာ</b> ---- တစ်နေ့တွင် ဒုတိယအဂ္ဂသာဝက ဖြစ်တော်မူသော <b>အရှင်မဟာမောဂ္ဂလ္လာန်</b> ကိုယ်တော်မြတ်ကြီးသည် <b>အရှင်လက္ခဏ</b>နှင့်အတူ ရာဇဂြိုဟ်မြို့တွင်း၌ ဆွမ်းခံရန်အတွက် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်တော် မူလာ၏။</p> <p>ထိုသို့ ဆင်းသက်တော်မူလာစဉ် <b>အရှင်မဟာမောဂ္ဂလ္လာန်</b> ကိုယ်တော်မြတ်ကြီးသည် <b>ဒိဗ္ဗစက္ခုအဘိညာဏ်</b>ကို ဝင်စားတော်မူလျက် ကောင်းကင်သို့ <b>အဘိညာဏ်ဉာဏ်</b>ဖြင့် အာရုံယူကာ လှမ်းမြော်ကြည့်ရှုတော်မူလတ်သော် ကောင်းကင်ယံတွင် <b>အရိုးစုပြိတ္တာ</b>စသည့် ပြိတ္တာတို့ကို မြင်တော်မူလေသော် ဖြည်းညင်းစွာ ပြုံးရယ်တော်မူလေသည်။</p> <p>ဤကဲ့သို့ သဘောရှိသော ခန္ဓာကိုယ်အတ္တဘောကို တွေ့မြင်ရသည့်အခါ သနားကရုဏာ ဖြစ်သင့်ပြုသင့်ပါလျက် အဘယ်ကြောင့် ပြုံးရယ်တော် မူရပါသနည်းဟု မေးရန်ရှိ၏။ မိမိ၏ ပြည့်စုံမှု သမ္ပတ္တိကိုလည်းကောင်း, ဘုရားရှင်၏ ဉာဏ်တော်မြတ်၏ ပြည့်စုံမှု သမ္ပတ္တိကိုလည်းကောင်း အဖန်ဖန် အောက်မေ့ အမှတ်ရသောကြောင့် ပြုံးရယ်တော်မူခြင်း ဖြစ်၏။ ထိုပြိတ္တာကို မြင်တော်မူသောအခါ <b>အရှင်မဟာမောဂ္ဂလ္လာန်</b> ကိုယ်တော်မြတ်က ဤသို့ စဉ်းစားတော်မူ၏။ ---</p> <p>သစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက် မသိမြင်သေးသော ပုဂ္ဂိုလ် တစ်ဦးအနေဖြင့် ရသင့်ရထိုက်သော ဤကဲ့သို့သော ခန္ဓာကိုယ် အတ္တဘောမျိုးမှ ငါသည် လွတ်မြောက်ရပေပေါ့၊ ငါသည် အရတော်လေစွ၊ ငါသည် ဘဝကို ကောင်းစွာ ရအပ်ပါပေစွဟု မိမိ၏ ပြည့်စုံခြင်း <b>သမ္ပတ္တိဂုဏ်</b>ကို အောက်မေ့မိသောကြောင့်လည်းကောင်း, ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်၏ ဉာဏ်တော်မြတ်၏ ပြည့်စုံခြင်းသည်ကား ဩော် ... အံဩဖွယ် ကောင်းပေစွ၊ ရဟန်းတို့ ... ကံ၏အကျိုးတရားကို မကြံစည်အပ် မကြ့စည်ထိုက်ဟူသော အကြင်တရားစကားတော်ကို ဟောကြားထားတော် မူ၏။ ထိုတရားစကားတော်ကို စင်စစ် <b>ပစ္စက္ခဉာဏ်</b>ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးရာအခါ၌သာ ဘုရားရှင်တို့သည် ဟောကြားတော် မူကုန်၏။ ဘုရားရှင်တို့သည် <b>ဓမ္မဓာတ်</b>ကို ထွင်းဖောက် သိမြင်တော်မူကြကုန်၏ဟု ဤသို့လျှင် ဘုရားရှင်၏ ဉာဏ်တော်မြတ်၏ ပြည့်စုံခြင်းကိုလည်း အောက်မေ့ အမှတ်ရသောကြောင့်လည်းကောင်း ဖြည်းညင်းစွာ ပြုံးရယ်တော် မူခြင်းကို ထင်ရှား ပြုတော်မူလေသည်။ (သံ၊ဋ္ဌ၊၂၊၁၉၉။)</p> <p>ရဟန္တာအရှင်မြတ်တို့သည် အကြောင်းထူး တစ်ခုခု မရှိဘဲ ပြုံးရယ်မှုကို ပြုတော်မူကြရိုး ဓမ္မတာကား မရှိ ဖြစ်ခဲ့၏။ သို့အတွက် <b>အရှင်လက္ခဏမထေရ်မြတ်</b>က ပြုံးရယ်တော်မူရခြင်း၏ အကြောင်းရင်းကို သိတော်မူလိုသည့်အတွက် <b>အရှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ်</b>အား ပြုံးရယ်တော်မူရခြင်း၏ အကြောင်းရင်းကို မေးမြန်း လျှောက်ထားတော်မူလိုက်၏။</p> <p>ဤအရာတွင် မေးစရာတစ်ခု ရှိလာပြန်၏၊ <b>အရှင်လက္ခဏမထေရ်မြတ်</b>က ထို<b>အရိုးစုပြိတ္တာ</b> စသည်တို့ကို မမြင်သလော? ထို<b>အရှင်လက္ခဏ</b>အား <b>ဒိဗ္ဗစက္ခု အဘိညာဏ်</b>သည် မရှိသလောဟု မေးရန် ရှိ၏။ အဖြေကား --- မရှိသည် မဟုတ်၊ ရှိပါ၏။ <b>အရှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ်</b>က <b>ဒိဗ္ဗစက္ခုအဘိညာဏ်</b>ကို ဝင်စားလျက် ဆင်ခြင်တော်မူသောကြောင့် ယင်း <b>အရိုးစုပြိတ္တာ</b> စသည်တို့ကို မြင်တော်မူခြင်း ဖြစ်၏။ <b>အရှင်လက္ခဏမထေရ်မြတ်</b>ကား ထိုသို့ ဆင်ခြင်တော် မမူသောကြောင့် မမြင်ခြင်း ဖြစ်ပေသည်။ (သံ၊ဋ္ဌ၊၂၊၁၉၉။)</p> <p>ထိုသို့ မေးမြန်း လျှောက်ထားတော်မူသောအခါ <b>အရှင်မဟာမောဂ္ဂလ္လာန်</b> မထေရ်မြတ်က --- အရှင်ဘုရား <b>လက္ခဏ</b> ...ဤပြဿနာကို ဖြေဆိုခြင်းငှာ အခါ မဟုတ်သေး၊ မြတ်စွာဘုရား၏ ထံတော်မှောက်သို့ ရောက်ရှိသောအခါမှ တပည့်တော်အား ဤပြဿနာကို ထပ်မံ မေးတော်မူပါ --- ဟု လျှောက်ထား ပြောဆိုလိုက်၏။</p> <p>အကြောင်းကား ---- ဤသို့ <b>အရိုးစုပြိတ္တာ</b>စသည့် ဖြစ်ရပ်ကား ကိုယ်တိုင် မမြင်သူတို့အဖို့ ယုံကြည်ဖို့ရန် အလွန်ခက်ခဲလှ၏၊ ထိုကြောင့် မြတ်စွာဘုရားကို သက်သေပြုကာ ဖြေကြားတော်မူလိုသည့်အတွက် ထိုကဲ့သို့ လျှောက်ထားတော်မူခြင်း ဖြစ်၏။ (သံ၊ဋ္ဌ၊၂၊၂၀၀။)</p> <p>ထိုနောက် <b>အရှင်လက္ခဏမထေရ်မြတ်</b>နှင့် <b>အရှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ်</b>တို့သည် ရာဇဂြိုဟ်မြို့တွင်း၌ ဆွမ်းခံလှည့်လည်ပြီး၍ ဆွမ်းစားခြင်းကိစ္စ ပြုလုပ်ပြီးနောက် ဆွမ်းစားဇရပ်မှ ဖဲခွာလာကြပြီးလျှင် မြတ်စွာဘုရား ထံသို့ ချဉ်းကပ်ကြ၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေကြပြီးသော် <b>အရှင်လက္ခဏမထေရ်မြတ်</b>က <b>အရှင် မဟာမောဂ္ဂလ္လာန်မထေရ်မြတ်</b>အား <b>အရှင်မဟာမောဂ္ဂလ္လာန်</b>သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက် လတ်သော် နေရာတစ်ခု၌ ပြုံးတော်မူ၏။ အရှင်ဘုရားမောဂ္ဂလ္လာန် ... ပြုံးရယ်တော်မူခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်းဟု မေးမြန်း လျှောက်ထားတော်မူလိုက်၏။</p> <p>အရှင်ဘုရား ...တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော <b>အရိုးစုပြိတ္တာ</b>ကို မြင်ရ၏၊ ထို<b>အရိုးစုပြိတ္တာ</b>ကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ နံရိုးကြားတို့၌ ထိုးဆိတ်ကြကုန်၏။ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ အရှင်ဘုရား ... ထိုတပည့်တော်အား အချင်းတို့ ..အံ့ဖွယ် ရှိစွတကား၊ အချင်းတို့ ..မဖြစ်ဘူးမြဲ ဖြစ်စွတကား၊ ဤကဲ့သို့သော သတ္တဝါဟု ရှိရတုံဘိ၏၊ ဤကဲ့သို့သော ပြိတ္တာဟု ရှိရတုံဘိ၏၊ ဤကဲ့သို့သော အတ္တဘောကို ရသူဟု ရှိတုံဘိ၏ဟု စိတ်အကြံ ဖြစ်ခဲ့ပါသည်ဟု ပြောဆို လျှောက်ထား၏။</p> <p>ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ဤသို့ မိန့်တော်မူ၏။ --- ရဟန်းတို့ ... တပည့်သာဝကတို့သည် စင်စစ် မျက်စိအမြင် ရှိကုန်သည်ဖြစ်၍ နေကြပေသည်တကား၊ ရဟန်းတို့ ... တပည့်သာဝကတို့သည် ဉာဏ်အမြင် ရှိကုန်သည်ဖြစ်၍ နေကြပေသည်တကား၊ အကြင်သို့သော တပည့်သာဝက စင်လျက် ဤသို့သော သတ္တဝါကို သိလည်း သိနိုင်တုံဘိ၏။ မြင်လည်း မြင်နိုင်တုံဘိ၏။ သက်သေကိုသော်လည်း ပြုနိုင်တုံဘိ၏။</p> <p>ရဟန်းတို့ ... ရှေးကပင် (= ဗောဓိမဏ္ဍိုင်၌ သဗ္ဗညုတဉာဏ်တော်မြတ်ကို ထိုးထွင်း သိမြင်တော်မူခဲ့စဉ်ကပင် အတိုင်းအတာပမာဏ မရှိသော စကြဝဠာတို့၌ အတိုင်းအတာပမာဏ မရှိသော သတ္တဝါတို့ကို <b>ဒိဗ္ဗစက္ခုဉာဏ်တော်မြတ်</b>ဖြင့် မျက်မှောက်ပြုတော်မူစဉ်) ထိုသတ္တဝါကို ငါဘုရား ရှင်သည် မြင်တော်မူခဲ့၏။ သို့သော်လည်း ငါဘုရားရှင်သည် မပြောဆိုခဲ့ပေ။ ငါဘုရားရှင်သည် ထိုအကြောင်းအရာကို ပြောဆိုခဲ့ပါမူ သူတစ်ပါးတို့သည် ငါဘုရားရှင်အား မယုံကြည်နိုင်ကြပေရာ၊၊ ငါဘုရားရှင်ကို မယုံကြည် ကြသူအား ထိုမယုံကြည်ခြင်းသည် ကြာမြင့်စွာသော ကာလပတ်လုံး အကျိုးစီးပွား မဲ့ခြင်းငှာ, ဆင်းရဲခြင်းငှာ ဖြစ်လေရာ၏။ ရဟန်းတို့ ... ထို<b>အရိုးစုပြိတ္တာ</b> သတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် နွားသတ်သမား ဖြစ်ခဲ့ဖူးလေပြီ၊ ထိုသတ္တဝါသည် ထိုကံ၏ အကျိုးအဖြစ်ဖြင့် များစွာသော နှစ်တို့ပတ်လုံး, များစွာသော နှစ်အရာတို့ပတ်လုံး, များစွာသော နှစ်အထောင်တို့ပတ်လုံး, များစွာသော နှစ်အသိန်းတို့ပတ်လုံး ငရဲ၌ ကျက်ခဲ့၍ ထိုကံ၏ အကျိုးကြွင်း အဖြစ်ဖြင့်လျှင် ဤသို့သော အတ္တဘောကို ရရှိခံစားနေရ၏ဟု မိန့်ကြားတော် မူ၏။ (သံ၊၁၊၄၄၆-၄၄၇။)</p> <p>[အလုံးစုံသော အောက်ပါ အကြောင်းအရာတို့၌ ။ပ။ (= ပေယျာလ) ဟူမျှကို ဤနည်းအတိုင်း ချဲ့လေ။]</p> <p>ဤနွားသတ်သမားကား နွားတို့ကို သတ်ပြီးလျှင် အရိုးမှ အသားကို ခွာပြီးလျှင် နွားသားကို ရောင်းချကာ အသက်မွေးသူ အထီးကျန် သူသတ်သမားတည်း။ ထိုနွားသတ်သမား၏ အထူးထူး အပြားပြားကုန်သော အကုသိုလ် စေတနာတို့ဖြင့် အားထုတ်ဆည်းပူးအပ်ခဲ့သည့် ဘဝအဆက်ဆက် ၌ အကျိုးပေးဖို့ရန် စွမ်းအားရှိနေသော <b>အပရာပရိယကံ</b>၏ စွမ်းအားကြောင့် ယခုကဲ့သို့ ပြိတ္တာဘဝသို့ ဆိုက်ရောက်လာရခြင်း ဖြစ်၏။ ထိုသတ္တဝါ၏ သန္တာန်ဝယ် ငရဲ၌ အကျိုပေးနေသော အကုသိုလ်ကံတို့၏ စွမ်းအင်များ ကုန်ခန်းသွားသောအခါ ငရဲမှ စုတေခါနီး အချိန်ကာလ <b>မရဏာသန္နဇော</b> စောသည့် အချိန်ကာလဝယ် အသားမရှိအောင် ထွင်ထား လှီးဖြတ်ထားအပ်ကုန်သော နွားတို့၏ အရိုးစု အစုအပုံကြီးသည်သာလျှင် <b>ကမ္မနိမိတ်</b>အဖြစ် ထင်လာ၏။ ထိုသတ္တဝါ၏ ဖုံးကွယ်နေသော ထိုအကုသိုလ်ကံသည်လည်း ပညာရှိတို့အား ထင်ရှားအောင် ပြုသကဲ့သို့ ထိုသတ္တဝါသည် ထိုအကုသိုလ်ကံကြောင့် ကံကို ထူထောင်စဉ်က အာရုံတွင် ထင်လှာနေသော အရိုးစုအာရုံနှင့် တူစွာ <b>အရိုးစုပြိတ္တာ</b> ဖြစ်လာပေသည်။ (သံ၊ဋ္ဌ၊၂၊၂၀၁။)</p> <p><b>အသားတစ်ပြိတ္တာ</b> ---- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော <b>အသားတစ်ပြိတ္တာ</b>ကို မြင်ရ၏၊ ထိုပြိတ္တာကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကြကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ ပ ။ ရဟန်းတို့ ... ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် နွားသတ်သမား ဖြစ်ခဲ့ဖူးလေပြီ။ ပ ။ (သံ၊၁၊၄၄၇။)</p> <p>ဤ<b>အသားသစ်ပြိတ္တာ</b>ကား လူ့ဘဝက နွားကို သတ်ပြီးလျှင် အသားတုံး ပြုလုပ်ကာ အခြောက် လှမ်းပြီးလျှင် အသားခြောက် ရောင်းချခြင်းဖြင့် နှစ်ပေါင်းများစွာ အသက်မွေးခဲ့၏။ ထိုအကုသိုလ်ကံကြောင့် ထိုသတ္တဝါ၏ သန္တာန်ဝယ် ငရဲမှ စုတေခါနီး ကာလ၌ အသားတစ်သည်သာလျှင် <b>မရဏာသန္နဇော</b>၏ အာရုံနိမိတ် ဖြစ်လာ ထင်လာပေသည်။ ထိုသတ္တဝါသည် <b>အသားတစ်ပြိတ္တာ</b> ဖြစ်လာရပေသည်။ (သံ၊ဋ္ဌ၊၂၊၂၀၁။)</p> <p><b>အသားတုံးပြိတ္တာ</b> ---- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော <b>အသားတုံးပြိတ္တာ</b>ကို မြင်ရ၏၊ ထိုပြိတ္တာကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ ပ။ ရဟန်းတို့ ...ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် ငှက်မုဆိုး ဖြစ်ခဲ့ဖူးပြီ။ ။ပ။ (သံ၊၁၊၄၄၇။)</p> <p>ဤငှက်မုဆိုးကား ငှက်တို့ကို ဖမ်းယူပြီး ရောင်းချသောအခါ အမွေးအတောင်နှင့် အရေခွံကို ဆုတ်ကာ အသားတုံးမျှ ပြုလုပ်ကာ ရောင်းချ အသက်မွေးခဲ့၏။ ထို့ကြောင့် ထိုသတ္တဝါ၏ သန္တာန်ဝယ် ယင်း <b>အပရာပရိယ</b> အကုသိုလ်ကံ၏ စွမ်းအားကြောင့် ငရဲမှ စုတေခါနီး အခါဝယ် အသားတုံးသည်သာလျှင် <b>မရဏာသန္နဇော</b>၏ နိမိတ်အဖြစ် ထင်လာပေသည်။ ထိုကြောင့် ထိုသတ္တဝါသည် မိမိ ပြုစုပျိုးထောင်ခဲ့သော ကံနှင့် လျော်ညီစွာ <b>အသားတုံးပြိတ္တာ</b> ဖြစ်လာရပေသည်။ (သံ၊ဋ္ဌ၊၂၊၂၀၁။)</p> <p><b>အရေ မရှိသော ယောက်ျားပြိတ္တာ</b> ---- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော <b>အရေမရှိသော ယောက်ျားပြိတ္တာ</b>ကို မြင်ရ၏၊ ထိုပြိတ္တာကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကြကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ ပ ။ ရဟန်းတို့ ... ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် ဆိတ်သတ်သမား ဖြစ်ခဲ့ဖူးလေပြီ။ ။ပ။ (သံ၊၁၊၄၄၈။)</p> <p>ထိုဆိတ်သတ်သမားကား သိုး ဆိတ်တို့ကို သတ်ပြီး အရေခွံကို ဆုတ်ကာ အသားတို့ကို ရောင်းချလျက် အသက်မွေးသော ပုဂ္ဂိုလ်ဖြစ်၏။ ယင်း အကုသိုလ်ကံတို့ကို ထူထောင်ခဲ့စဉ်က ပြိတ္တာဘဝသို့ ဖြစ်စေနိုင်သည့် စွမ်းအားရှိသော အကုသိုလ် <b>အပရာပရိယကံ</b>တို့၏ စွမ်းအားကြောင့် ထိုကံကို ထူထောင်ခဲ့စဉ်က အာရုံနိမိတ်တစ်ခုအဖြစ် ကျေးဇူးပြုပေးနေသော အရေ မရှိသော သိုး ဆိတ်တို့၏ ကိုယ်ကောင်ဟူသော <b>ကမ္မနိမိတ်</b>အာရုံသည် ထိုငရဲသားသတ္တဝါ၏ <b>မရဏာသန္နဇော</b>၏ အာရုံအဖြစ် ထင်လာပေသည်။ ထိုကြောင့် ထိုသတ္တဝါသည် ငရဲမှ စုတေသောအခါ ပြိတ္တာဘုံ၌ <b>အရေ မရှိသော ယောက်ျားပြိတ္တာ</b> ဖြစ်လာရပေသည်။ (သံ၊ဋ္ဌ၊၂၊၂၀၁။)</p> <p><b>သံလျက် အမွေးပေါက်သော ယောက်ျားပြိတ္တာ</b> ---- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော <b>သန်လျက်အမွေးပေါက်သော ယောက်ျားပြိတ္တာ</b>ကို မြင်ရ၏။ ထိုပြိတ္တာ၏ ထိုသံလျက် အမွေးတို့သည် အထက်သို့ ပျံတက်၍ ပျံတက်၍ ထိုပြိတ္တာ၏ ကိုယ်ပေါ်၌ပင် ကျရောက်ကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ ပ ။ ရဟန်းတို့ ... ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် ဝက်သတ်သမား ဖြစ်ခဲ့ဖူးပြီ။ ပ ။ (သံ၊၁၊၄၄၈။)</p> <p>ဤဝက်သတ်သမားကား နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး ဝက်တို့ကို အစာကျွေး၍ မွေးမြူခဲ့၏။ ယင်းဝက်တို့ကို သံလျက် ဖြင့် သတ်ကာသတ်ကာ ရှည်မြင့်စွာသော အချိန်အခါကာလပတ်လုံး အသက် မွေးခဲ့ဖူး၏။ ထိုသတ္တဝါသည် ငရဲသို့ ရောက်ပြီးနောက် ငရဲမှ စုတေခါနီးအချိန် ကာလတွင် မိမိ ဝက်တို့ကို သတ်ဖြတ်ခဲ့စဉ်က သန်လျက်ဖြင့် မြှောက်ချီကာ ခုတ်ဖြတ်ခဲ့သည့် အာရုံနိမိတ်သည်သာလျှင် <b>မရဏာသန္နဇော</b>၏ အာရုံနိမိတ် အဖြစ် ထင်လာ၏။ ထိုကြောင့် ထိုသတ္တဝါသည် မိမိ ပြုစုပျိုးထောင်ခဲ့သော ကံနှင့် အလားတူစွာ <b>သန်လျက်အမွေးပေါက်သော ပြိတ္တာ</b> ဖြစ်လာရပေသည်။ (သံ၊ဋ္ဌ၊၂၊၂၀၂။)</p> <p><b>လှံအမွေးပေါက်သော ယောက်ျားပြိတ္တာ</b> ---- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော <b>လှံအမွေးပေါက်သော ယောက်ျားပြိတ္တာ</b>ကို မြင်ရ၏။ ထိုပြိတ္တာ၏ ထိုလှံအမွေးတို့သည် အထက်သို့ ပျံတက်၍ ပျံတက်၍ ထိုပြိတ္တာ၏ ကိုယ်ပေါ်၌ပင်လျှင် ကျရောက်ကုန်၏။ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ ပ ။ ရဟန်းတို့ ... ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် သားမုဆိုး ဖြစ်ခဲ့ဖူးပြီ။ ပ ။ (သံ၊၁၊၄၄၈။)</p> <p>ဤသားမုဆိုးကား တည်သမင် တစ်ကောင်ကိုလည်းကောင်း, လှံကိုလည်းကောင်း ယူဆောင်၍ တောသို့သွားကာ ထိုတည်သမင်အနီးသို့ ရောက်လာတိုင်း ရောက်လာတိုင်းကုန်သော သားသမင်တို့ကို လှံဖြင့် ထိုးသတ်ခဲ့ဖူး၏။ ထိုလုပ်ငန်းရပ်ဖြင့် နှစ်ပေါင်းများစွာ အသက်မွေးခဲ့ဖူး၏။ ထိုအကုသိုလ်ကံကြောင့် ငရဲ၌ ကျက်ရပြီးသည်၏ အဆုံး၌ ထိုသားမုဆိုး၏ သားကောင်တို့ကို လှံဖြင့် ထိုးဆွနေသော အာရုံနိမိတ်သည်သာလျှင် ငရဲမှ စုတေခါနီးအခါဝယ် <b>မရဏာသန္နဇော</b>၏ အာရုံနိမိတ်အဖြစ် ထင်လာပေသည်။ ထိုကြောင့် ထိုသား မုဆိုးသည် မိမိ ပြုစုပျိုးထောင်ခဲ့သော ထိုအကုသိုလ်ကံနှင့် အလားတူစွာ <b>လှံအမွေးပေါက်သော ပြိတ္တာ</b> ဖြစ်လာရပေ၏။ (သံ၊ဋ္ဌ၊၂၊၂၀၂။)</p> <p><b>မြားအမွေးပေါက်သော ယောက်ျားပြိတ္တာ</b> ---- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော <b>မြားအမွေးပေါက်သော ယောက်ျားပြိတ္တာ</b>ကို မြင်ရ၏။ ထိုပြိတ္တာ ၏ ထိုမြားအမွေးတို့သည် အထက်သို့ ပျံတက်၍ ပျံတက်၍ ထိုပြိတ္တာ၏ ကိုယ်ပေါ်၌ပင် ကျရောက်ကုန်၏။ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ ပ ။ ရဟန်းတို့ ... ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် လက်မရွံ့ အာဏာသား ဖြစ်ခဲ့ဖူးပြီ။ ပ ။ (သံ၊၁၊၄၄၈။)</p> <p>ဤလက်မရွံ့ အာဏာသားကား မင်းပြစ်မင်းဒဏ်သင့်သူတို့ကို နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်ပြီးနောက် နောက်ဆုံးတွင် ထိုမင်းဒဏ်ထားခြင်း ခံရသူတို့ကို မြားဖြင့် ပစ်ခွင်းကာ အသေသတ်ခဲ့ဖူးသော ယောက်ျားဖြစ်၏။ ထိုသို့ တရားခံတိုကို မြားဖြင့် ပစ်ခွင်းလိုက်သောအခါ --- ဤအရပ်ကို ပစ်ခဲ့သော် သေလိမ့်မည်ဟု သိရှိမှသာလျှင် မြားဖြင့် ပစ်ခွင်းခဲ့၏။ ဤလုပ်ငန်း ရပ်ဖြင့် နှစ်ပေါင်းများစွာ အသက်မွေးခဲ့သူ ဖြစ်၏။ ဤအကုသိုလ်ကံကြောင့် ငရဲ၌ နှစ်သိန်းပေါင်းများစွာ ကျက်ခဲ့ရပြီးနောက် ငရဲမှ ကျွတ်ခါနီး အချိန်ဝယ် ပြိတ္တာဘုံသို့ ရောက်သင့်သော <b>အပရာပရိယကံ</b>တို့က အကျိုးပေးဖို့ရန် အခါ အခွင့် သင့်လာသဖြင့် ငရဲမှ စုတေခါနီး အခါတွင် တရားခံတို့အား မြားဖြင့် ပစ်ခွင်းခဲ့သော အာရုံနိမိတ်သည်ပင်လျှင် <b>မရဏာသန္နဇော</b>၏ အာရုံ နိမိတ်အဖြစ် ထင်လာပေသည်။ ထိုကြောင့် သတ္တဝါသည် မိမိ ပြုစုပျိုးထောင် ခဲ့သော အကုသိုလ်ကံနှင့် လျော်ညီစွာ <b>မြားအမွေးပေါက်သော ပြိတ္တာ</b> ဖြစ်လာရပေသည်။ (သံ၊ဋ္ဌ၊၂၊၂၀၂။)</p> <p><b>အပ်မွေးပေါက်သော ယောက်ျားပြိတ္တာ</b> --- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော <b>အပ်အမွေးပေါက်သော ယောက်ျားပြိတ္တာ</b>ကို မြင်ရ၏။ ထိုပြိတ္တာ၏ ထိုအပ်မွေးတို့သည် အထက်သို့ ပျံတက်၍ ပျံတက်၍ ထိုပြိတ္တာ၏ ကိုယ်ပေါ်၌ပင် ကျရောက်ကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ ပ ။ ရဟန်းတို့ ... ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် ရထားထိန်း ဖြစ်ခဲ့ဖူးပြီ။ ပ ။ (သံ၊၁၊၄၄၈-၄၄၉။)</p> <p>ထိုပြိတ္တာကား တစ်ချိန် လူ့ဘဝတွင် မြင်းတို့ကို သို့မဟုတ် နွားတို့ကို ဆိုဆုံးမသည့် ရထားထိန်းဘဝတွင် နှင်တံ၏ ထိပ်၌ သံစူးကို တပ်ကာ မြင်းတို့ကို (နွားတို့ကို) ထိုသံချွန်တပ် နှင်တံဖြင့် ထိုးဆွကာ ဆိုဆုံးမခဲ့ဖူး၏။ မောင်းနှင်ခဲ့ဖူး၏။ ထိုလုပ်ငန်းရပ်ဖြင့် နှစ်ပေါင်းများစွာ အသက်မွေးခဲ့ဖူး၏။ ထို<b>အပရာပရိယကံ</b>တို့၏ စွမ်းအားကြောင့် ငရဲမှ စုတေခါနီးကာလဝယ် မြင်း (နွား)တို့ကို သံချွန်တပ်ထားသော နှင်တံဖြင့် ထိုးဆွခဲ့ဖူးသော အာရုံနိမိတ်သည်ပင်လျှင် <b>မရဏာသန္နဇော</b>၏ အာရုံနိမိတ် အဖြစ် ထင်လာပေသည်။ ထိုကြောင့် ထိုသတ္တဝါသည် <b>အပ်အမွေးပေါက်သော ပြိတ္တာ</b>ဖြစ်လာရပေသည်။ (သံ၊ဋ္ဌ၊၂၊၂၀၂။)</p> <p><b>ဒုတိယ အပ်အမွေးပေါက်သော ပြိတ္တာ</b> ---- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ ပျံသွားနေသော <b>အပ်အမွေးပေါက်သော ယောက်ျားပြိတ္တာ</b>ကို မြင်ရ၏။ ထိုပြိတ္တာ၏ ထိုအပ်အမွေးတို့သည် ဦးခေါင်းမှ ဝင်၍ ခံတွင်းမှ ထွက်ကုန်၏၊ ခံတွင်းမှ ဝင်၍ ရင်မှ ထွက်ကုန်၏၊ ရင်မှ ဝင်၍ ဝမ်းဗိုက်မှ ထွက်ကုန်၏၊ ဝမ်းဗိုက်မှ ဝင်၍ ပေါင်တို့မှ ထွက်ကုန်၏၊ ပေါင်တို့မှ ဝင်၍ ခြေသလုံးတို့မှ ထွက်ကုန်၏၊ ခြေသလုံးတို့သို့ ဝင်၍ ခြေဖဝါးတို့မှ ထွက်ကုန်၏။ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ ပ ။ ရဟန်းတို့ ... ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် ကုန်းတိုက်သူ ဖြစ်ခဲ့ဖူးပြီ။ ပ ။ (သံ၊၁၊၄၄၉။)</p> <p>ဤပြိတ္တာကား လူ့ဘဝက ချောပစ်ကုန်းတိုက်သူ ဖြစ်ခဲ့ဖူး၏။ ထိုသူသည် လူ့ဘဝတွင် ချစ်ခင်နေသူ အချင်းအချင်းကို စိတ်ဝမ်းကွဲပြားအောင် ပျက်စီးအောင် ပြုလုပ်ခဲ့ဖူး၏၊ မင်းနန်းတော် တရားရုံးစသည်တို့၌ ဤသူအား ဤမည်သော အမှုသည် ရှိ၏၊ ဤသူသည် ဤမည်သော အမှုကို ပြုခဲ့ဖူး၏ ဤသို့ ချောပစ်ကုန်းတိုက်ကာ ချောပစ်ကုန်းတိုက်ကာ (မတရား ရှေ့နေလိုက်ကာ) အကျိုးမဲ့ ပျက်စီးခြင်း ဆုံးရှုံးခြင်းသို့ ရောက်စေ၏။ ထိုကြောင့် ထိုသူသည် ချောပစ်ကုန်းတိုက်၍ လူတို့ကို စိတ်ဝမ်းကွဲပြားအောင် ပျက်စီးအောင် ဖျက်ဆီးခဲ့ဖူးသကဲ့သို့ အလားတူပင် မိမိ ပျက်စီးအောင် ဖျက်ဆီးမည့် အပ်တို့ဖြင့် ဖျက်ဆီးသည့် ထိုးဆွခံရသည့် ဒုက္ခကို အစဉ်တစိုက် ခံစားဖို့ရန်အတွက် မိမိ ပြုစုပျိုးထောင်ခဲ့သော ချောပစ်ကုန်းတိုက်သည့် ကံသည်ပင်လျှင် ငရဲမှ စုတေခါနီးကာလတွင် <b>မရဏာသန္နဇော</b>၏ နိမိတ်အဖြစ် ပြုလုပ်ကာ ထင်လာသဖြင့် ယခုကဲ့သို့ <b>အပ်အမွေးပေါက်သော ပြိတ္တာ</b>ဖြစ်လာရပေသည်။ (သံ၊ဋ္ဌ၊၂၊၂၀၂-၂၀၃။)</p> <p>ချောပစ်ကုန်းတိုက်စကားကို သယ်ဆောင်ကာ ဤသူထံမှ ကြားသော စကားကို ထိုသူထံသို့ရောက်အောင်, ထိုသူထံမှ ကြားသောစကားကို ဤသူထံသို့ရောက်အောင် ချေပစ်ကုန်းတိုက်တတ်သူတည်း။ ဤကဲ့သို့သော လုပ်ငန်းရပ်ဖြင့် လူတို့ကို အကျိုးမဲ့ ပျက်စီးခြင်းသို့ရောက်အောင် ပြုလုပ်ဆောင်ရွက်ခဲ့ပေသည်။ (သံ၊ဋီ၊၂၊၁၈၄။)</p> <p><b>အိုးပမာဏမျှ ဝှေးစေ့ရှိသော ပြိတ္တာ</b> --- အရှင်ဘုရား ... တပည့်တော် သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော <b>အိုးပမာဏမျှ ဝှေးစေ့ရှိသော ယောက်ျားပြိတ္တာ</b>ကို မြင်ရ၏၊ ထိုပြိတ္တာသည် သွားသော်လည်း ထိုဝှေးစေ့တို့ကိုသာလျှင် ပခုံး၌တင်၍ ထမ်း၍ သွားရလေ၏၊ ထိုင်သော်လည်း ထိုဝှေးစေ့တို့အပေါ်၌သာလျှင် ထိုင်ရ၏။ ထိုပြိတ္တာကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကုန်၏၊ ထိုပြိတ္တာ သည် နာကျင်သော အသံကို ပြု၏ ။ ပ ။ ရဟန်းတို့ ...ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် စဉ်းလဲကောက်ကျစ်သော တရားသူကြီး ဖြစ်ခဲ့ဖူးပြီး ။ ပ ။ (သံ၊၁၊၄၄၉။)</p> <p>ဤတရားသူကြီးကား တံစိုးလက်ဆောင်စားကာ တရားစီရင်ခဲ့ဖူးသော ကောက်ကျစ်စဉ်းလဲသည့် တရားသူကြီးတည်း။ ထိုသတ္တဝါအား မိမိ ပြုစုပျိုး ထောင်ခဲ့သော ဆည်းပူးခဲ့သော အကုသိုလ်ကံနှင့် သဘောတူစွာ တစ်ကုမ္ဘမျှ အတိုင်းအတာပမာဏရှိသော အိုးစရည်းကြီး ပမာဏရှိသော ဝှေးစေ့တို့သည် ဖြစ်ပေါ်နေကြကုန်၏။ ထိုတရားသူကြီးကား လျှို့ဝှက်ဖုံးကွယ်ရာအရပ်၌ တံစိုး လက်ဆောင်ကိုယူကာ ကောက်ကျစ်စဉ်းလဲသော တရားစီရင်မှုဖြင့် ထင်ရှားသော အပြစ်ကို ဖော်ပြလျက် ပိုင်ရှင်တို့ကို ပိုင်ရှင်မဟုတ်အောင် ပြုလုပ်တတ်၏။ ထိုကြောင့် ထိုသတ္တဝါ၏ လျှို့ဝှက်ဖုံးကွယ်ထားသင့်သော ကိုယ်အင်္ဂါ အစိတ်အပိုင်းသည် ဖုံးကွယ်လို့ မရအောင် ထင်ထင်ရှားရှား ဖြစ်ပေါ်လာရပေသည်။ တရားစီရင်ရာ၌ ဒဏ်ထားခဲ့သော် ဒဏ်တပ်ခဲ့သော် သူတစ်ပါးတို့အား သည်းမခံနိုင်လောက် ကြီးမားသော ဒဏ်ထားခြင်းဟူသော ဝန်ထုပ်ဝန်ပိုးကို အနိုင်အထက် ဒဏ်ပေးတတ်ခဲ့၏။ ထိုမကောင်းမှု အကုသိုလ်ကံကြောင့် ထိုသတ္တဝါ၏ သန္တာန်ဝယ် လျှို့ဝှက်ထားသင့်သော ကိုယ်အင်္ဂါ အစိတ်အပိုင်းကို သည်းမခံနိုင်လောက်အောင် ထမ်းဆောင်နေရပေ၏။ တစ်ဖန် တရားစီရင်ရာ အရပ်၌ ရပ်တည်သည့်အခါ အညီအညွတ်ဖြစ်အောင် ပြုလုပ်သင့်ပါလျက် မညီညွတ်အောင် ပြုလုပ်ခဲ့၏၊ ထိုမကောင်းမှု အကုသိုလ်ကံကြောင့် လျှို့ဝှက်အပ်သော ဝှေးစေ့အင်္ဂါရပ်ဟူသော မညီညွတ်သည့် အရပ်၌သာလျှင် ထိုင်ခွင့်ကို ရရှိခဲ့ခြင်း ဖြစ်ပေသည်။ (သံ၊ဋ္ဌ၊၂၊၂၀၃။)</p> <p><b>မစင်တွင်း၌ နစ်မြုပ်နေသော ပြိတ္တာ</b> --- အရှင်ဘုရား ... တပည့်တော် သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် မစင်တွင်း၌ ဦးခေါင်းနှင့်တကွ နစ်မြုပ်နေသော <b>ယောက်ျားပြိတ္တာ</b>ကို မြင်ရ၏။ ပ ။ ရဟန်းတို့ ... ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် သူတစ်ပါးမယားကို လွန်ကျူးခဲ့သူ ဖြစ်ခဲ့ဖူးပြီ။ ပ ။ (သံ၊၁၊၄၅၀။)</p> <p>ထိုသတ္တဝါကား သူတစ်ပါး၏ <b>ရက္ခိတဂေါပိတ</b> = စောင့်ရှောက်ထိန်း သိမ်းထားအပ်သော ပိုင်ရှင်ရှိသော <b>ဖောဋ္ဌဗ္ဗာရုံ</b> အတွေ့အထိကို ခိုးဝှက်တွေ့ထိ လျက် မစင်ဘင်ပုပ် ချမ်းသာနှင့်တူသော ကာမချမ်းသာဖြင့် မိမိစိတ်ဓာတ်ကို မွေ့လျော်စေခဲ့သည့်အတွက် မိမိပြုစုပျိုးထောင်လိုက်သည့်ကံနှင့် အလားတူစွာ မစင် အတွေ့အထိဖြင့် တွေ့ထိလျက် ဆင်းရဲဒုက္ခကို ခံစားဖို့ရန် ထိုမစင်တွင်း၌ <b>ပြိတ္တာ</b> ဖြစ်လာရပေသည်။ (သံ၊ဋ္ဌ၊၂၊၂၀၃။)</p> <p><b>မစင်စားသော ပြိတ္တာ</b> --- အရှင်ဘုရား ...တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် မစင်တွင်း၌ ဦးခေါင်းနှင့်တကွ နစ်မြုပ်လျက် လက်နှစ်ဖက်တို့ဖြင့် မစင်ကို စားနေသော <b>ယောက်ျားပြိတ္တာ</b>ကို မြင်ရ၏။ ပ ။ ရဟန်းတို့ ...ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် ပုဏ္ဏားပျက် ဖြစ်ခဲ့ဖူးပြီ၊ ထိုပုဏ္ဏားပျက်သည် <b>ကဿပမြတ်စွာဘုရား</b> သာသနာတော်၌ ရဟန်းသံဃာကို မိမိနေအိမ်သို့ ဆွမ်းစားကြွရန် ပင့်ဖိတ်၍ စားကျင်း၌ မစင်ပြည့်စေလျက် ရဟန်းသံဃာ ကြွလာသောအခါ အရှင်တို့ ...အလိုရှိ တိုင်း စားလည်းစားကုန်လော့၊ ဆောင်ယူလည်း ဆောင်ယူကုန်လော့ ဟု ပြောဆိုခဲ့ဖူးပြီ။ ပ ။ (သံ၊၁၊၄၅၀။)</p> <p><b>အရေ မရှိသော မိန်းမပြိတ္တာ</b> --- အရှင်ဘုရား ...တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော <b>အရေ မရှိသာ မိန်းမပြိတ္တာ</b>ကို မြင်ရ၏။ ထိုပြိတ္တာမကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကုန်၏၊ ထိုပြိတ္တာမသည် နာကျင်သော အသံကို ပြု၏။ ပ ။ ရဟန်းတို့ ...ထိုပြိတ္တာမသည် ဤရာဇဂြိုဟ်ပြည်၌ပင် မိမိ၏ လွန်ကျူး၍ ကျင့်သော (= အခြားယောက်ျားတို့နှင့် ဖောက်ပြားလေ့ရှိသော) မိန်းမ ဖြစ်ခဲ့ဖူးလေပြီ။ ပ ။ (သံ၊၁၊၄၅၀။)</p> <p>အမျိုးသမီးမည်သည်ကား မိမိ၏ ကာမဂုဏ်အတွေ့အထိကို မိမိက မပိုင်ဆိုင်ပေ။ ထိုကာမဂုဏ် အတွေ့အထိကား အိမ်ရှင်ယောက်ျား၏ ကိုယ်ပိုင် ဥစ္စာသာ ဖြစ်၏။ ထိုအမျိုးသမီးသည် အိမ်ရှင်ယောက်ျား၏ ကိုယ်ပိုင်ဥစ္စာ ဖြစ်သော ထိုကာမဂုဏ်အတွေ့အထိကို အိမ်ရှင်ယောက်ျား မသိအောင် ခိုး၍ ယောက်ျားတစ်ပါးတို့အား မွေ့လျော်ပျော်ပိုက်ခြင်းကို ဖြစ်စေ၏။ ထိုကြောင့် မိမိ ပြုစုပျိုးထောင်ခဲ့သော အကုသိုလ်ကံနှင့် လျော်ညီစွာ တူညီသော အကျိုးကို ပေးဖို့ရန်အတွက် ချမ်းသာသော အတွေ့အထိတို့သည် ပြောင်းပြန်လှန်ကုန်၍ ဆင်းရဲသော အတွေ့အထိကို အစဉ်တစိုက် ခံစားဖို့ရန် အရေ မရှိသော <b>ပြိတ္တာမ</b> ဖြစ်လာရပေသည်။ (သံ၊ဋ္ဌ၊၂၊၂၀၃။)</p> <p>အနံ့မကောင်းသော အရုပ်ဆိုးသော <b>ပြိတ္တာမ</b> --- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော အနံ့မကောင်းသော အရုပ်ဆိုးသော <b>ပြိတ္တာမ</b>ကို မြင်ရ၏၊ ထို <b>ပြိတ္တာမ</b>ကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍လိုက်၍ ထိုးဆိတ်ကုန်၏၊ ထို<b>ပြိတ္တာမ</b>သည် နာကျင်သော အသံကို ပြု၏။ ပ ။ ရဟန်းတို့ ...ထို<b>ပြိတ္တာမ</b> သည် ဤရာဇဂြိုဟ်ပြည်၌ပင် နတ်ဝင်သည်မ ဖြစ်ခဲ့ဖူးပြီ။ ပ ။ (သံ၊၁၊၄၅၀။)</p> <p>ထိုအမျိုးသမီးကား လူဘဝတွင် နတ်ဝင်သည်မ ဘဝဖြင့် အသက်မွေးစဉ် နတ်ပူးခြင်း အမှုကို ပြုလျက် ဤမည် ဤမည်သော ဝတ္ထုပစ္စည်းဖြင့် ဤသို့ ဗလိနတ်စာ ကျွေးခြင်း ပူဇော်ခြင်းအမှုကို ပြုခဲ့သော် သင်တို့အဖို့ ဤမည်သော ကြီးပွားတိုးတက်မှုသည် ဖြစ်ပေါ်လာလတ္တံ့--- ဟု ဤသို့လျှင် လူများအပေါင်း ၏ နံ့သာ, ပန်းစသည်တို့ကို လှည့်ပတ်ကာ ယူဆောင်ပြီးလျှင် လူများအပါင်းကို မမှန်ကန်သော အယူအမြင် မိစ္ဆာဒိဋ္ဌိကို ဆောက်တည် ကျင့်သုံးစေ၏၊ ထို့ကြောင့် ထိုမိမိပြုစုပျိုးထောင်ခဲ့သော အကုသိုလ်ကံနှင့် လျော်ညီစွာ တူညီသော အကျိုးကို ပေးဖို့ရန်အတွက် နံ့သာ, ပန်းစသည်တို့ကို လိမ်လည်ကာ ခိုးယူခဲ့သည့်အတွက် မကောင်းသော အနံ့ရှိသူ ဖြစ်လာရ၏၊ မမှန်ကန်သော အယူအမြင်ကို စွဲယူခဲ့သည့်အတွက် စွဲယူစေခဲ့သည့်အတွက် အရုပ်ဆိုးသော ရွံရှာစက်ဆုပ်ဖွယ်ကောင်းသည့် <b>ပြိတ္တာမ</b> ဖြစ်လာရပေသည်။ (သံ၊ဋ္ဌ၊၂၊၂၀၄။)</p> <p>မီးကျီးပုံ၌ မီးလောင်ခံနေရသော <b>ပြိတ္တာမ</b> --- အရှင်ဘုရား ... တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော, ထက်ဝန်းကျင် မီးခဲ တဖွားဖွားကျ၍ မီးကျီးပုံ၌ လူးလိမ့်ခံ နေရသော, မီးလောင်ဖုတို့မှ အရည်တစ်စက်စက် ယိုထွက်နေသော <b>ပြိတ္တာမ</b>ကို မြင်ရ၏၊ ထို<b>ပြိတ္တာမ</b>သည် နာကျင်သော အသံကို ပြု၏။ ပ ။ ရဟန်းတို့... ထို<b>ပြိတ္တာမ</b>သည် ကလိင်္ဂမင်း၏ မိဖုရားခေါင်ကြီး ဖြစ်ခဲ့ဖူး၏၊ ထိုမိဖုရားခေါင် ကြီးသည် ငြူစူခြင်းဖြင့် နှိပ်စက်အပ်ရကား လင်တူမိန်းမကို မီးကျီးအိုးကင်းဖြင့် လောင်းခဲ့ဖူးလေပြီ။ ပ ။</p> <p>ထို<b>ပြိတ္တာမ</b>ကား ရဲရဲတောက်လောင်နေသော မီးကျီးခဲပုံပေါ်၌ လဲလျောင်း ကာ တုန်တုန်ရီရီဖြင့် လူးလိမ့်ကာ ဆင်းရဲဒုက္ခကို ခံနေရ၏၊ မီးကျီးခဲ၌ ကျက် နေရ၏။ ထို့ကြောင့် ထို<b>ပြိတ္တာမ</b>သည် ဝန်းကျင်ပတ်ချာ အရပ်မျက်နှာအားလုံးမှ မီးကျီးခဲတို့ဖြင့် လောင်မြိုက်မှုကိုလည်း ခံနေရ၏၊ အလွန် ပြင်းထန်သော မီးပူဖြင့် ကျက်နေရသော ခန္ခာကိုယ်လည်း ရှိ၏၊ မီးကျီးခဲတို့က ကိုယ်ပေါ်သို့ တဖွားဖွား ကျနေကြသဖြင့် အလွန်ညှိုးနွမ်းပင်ပန်းသော ခန္ဓာကိုယ်လည်း ရှိနေ၏၊ မီးလောင်ဖုတို့သည် ပေါက်ကွဲကာ ခန္ဓာကိုယ်မှ ယိုစီးကျနေကြ၏၊ မီးကျီးခဲတို့ဖြင့် ထက်ဝန်းကျင် ပြည့်နှက်နေသည့်အတွက် မီးကျီးခဲတို့ဖြင့် တဖွားဖွား အကြဲခံနေရသူလည်း ဖြစ်၏။ ထို<b>ပြိတ္တာမ</b>၏ အောက်အရပ်မှ လည်းကောင်း, ဘေးနှစ်ဘက်တို့မှလည်းကောင်း, အထက်အရပ်ကောင်းကင် မှလည်းကောင်း ပေါက်ပွင့်အဆင်းနှင့် တူကုန်သော ရဲရဲညိ တောက်ပကုန် သော မီးကျီးခဲတို့သည် <b>ပြိတ္တာမ</b>၏ ကိုယ်အထက်သို့ ကျရောက်နေကြကုန်၏။</p> <p>ထို<b>ပြိတ္တာမ</b>သည် ကလိင်္ဂမင်း၏ မိဖုရားဖြစ်ခဲ့စဉ်က ကလိင်္ဂမင်းအား ဖျော်ဖြေအသုံးတော်ခံနေသော ကချေသည် မောင်းမမိဿံတစ်ဦးကို ပြစ်မှားခဲ့ဖူး၏။ ထိုကချေသည်ကား ရေချိုးပြီးစ ဖြစ်သော ရှင်ဘုရင်၏ အနီးတွင် မီးကျီးခဲများ ထည့်ထားသော ခွက်ကို ထား၍ ရှင်ဘုရင်၏ကိုယ်မှ ရေများကို သုတ်ပေးနေ၏၊ လက်ဖြင့်လည်း ရေခြောက်အောင် ပြုလုပ်ပေးနေ၏၊ ရှင်ဘုရင်ကလည်း ထိုအမျိုးသမီးနှင့်အတူ စကားပြောနေ၏၊ နှစ်သက်ကျေနပ်သည့် အခြင်းအရာကိုလည်း ထင်ရှား ဖော်ပြနေ၏။ မိဖုရားခေါင်ကြီးကား ထိုအပြုအမူကို သည်းမခံနိုင်ဖြစ်ကာ ကိုယ့်ထက်သာ မနာလိုသည့် ဣဿာတရားက ညှဉ်းပန်းနှိပ်စက်အပ်သည်ဖြစ်၍ ရှင်ဘုရင်ကြီး ထွက်ခွာသွား၍ မကြာမီ ထိုမီးကျီးအိုးကင်းကိုယူကာ ထိုကချေသည်မ၏ ခန္ဓာကိုယ်ပေါ်သို့ မီးကျီးခဲတို့ကို လောင်းချလိုက်လေသည်။ ထိုကလိင်္ဂမင်း၏ မိဖုရား ခေါင်ကြီးသည် ထိုမကောင်းမှု အကုသိုလ်ကံကို ပြုစုပျိုးထောင်လိုက်မိသည့် အတွက် ထိုသို့သဘောရှိသည်သာလျှင် ဖြစ်သော မီးကျီးခဲတို့ဖြင့် လောင်မြိုက် ခံရခြင်းတည်းဟူသော အကျိုးတရားကို အစဉ်တစိုက် ခံစားဖို့ရန်အတွက် ပြိတ္တာလောက၌ ဖြစ်လာရပေသည်။ (သံ၊ဋ္ဌ၊၂၊၂၀၄။)</p> <p>ဦးခေါင်း မရှိသော <b>ပြိတ္တာ</b> --- အရှင်ဘုရား ...တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော ဦးခေါင်းမပါ ကိုယ်သာရှိသော <b>ပြိတ္တာ</b>ကို မြင်ရ၏၊ ထို<b>ပြိတ္တာ</b>၏ ရင်၌ မျက်လုံးနှင့် ပါးစပ်တို့သည် ဖြစ်ပေါ်ကုန်၏၊ ထို<b>ပြိတ္တာ</b>ကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကုန်၏၊ ထို<b>ပြိတ္တာ</b>သည် နာကျင်သော အသံကို ပြု၏။ ပ ။ ရဟန်းတို့ ...ထိုသတ္တဝါတိုိ့သည် ဤရာဇဂြိုဟ်ပြည်၌ပင် ဟာရိကခေါ် ခိုးသူသတ်ယောက်ျား ဖြစ်ခဲ့ဖူးလေပြီ။ (သံ၊၁၊၄၅၁။)</p> <p>ထို<b>ပြိတ္တာ</b>ကား လူ့ဘဝတွင် မင်း၏အာဏာဖြင့် သူခိုးဓားပြတို့ကို ရှည်မြင့် စွာသော အချိန်အခါကာလပတ်လုံး ဦးခေါင်းတို့ကို ဖြတ်ကာ သတ်ဖြတ် ခဲ့ဖူး၏။ သေခါနီးကာလတွင် ယင်းဦးခေါင်းပြတ်နေသော အလာင်းကောင် တို့သည် မရဏာသန္နဇော၏ အာရုံအဖြစ် ထင်လာကာ <b>ပြိတ္တာ</b>ဘုံသို့ ရောက်ရှိ လာသောအခါ ဦးခေါင်းမပါ ကိုယ်သာရှိသော<b>ပြိတ္တာ</b> ဖြစ်လာရပေသည်။ (သံ၊ဋ္ဌ၊၂၊၂၀၄။)</p> <p>ရဟန်း<b>ပြိတ္တာ</b> သာမဏေ<b>ပြိတ္တာ</b> --- အရှင်ဘုရား ...တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော <b>ရဟန်းပြိတ္တာ</b>ကို ။ ပ ။</p> <p><b>ရဟန်မိန်းမ ပြိတ္တာ</b>ကို ။ ပ ။</p> <p><b>သိက္ခမာန် (= ရဟန်းမလောင်း) ပြိတ္တာ</b>ကို ။ ပ ။</p> <p><b>သာမဏေပြိတ္တာ</b>ကို ။ ပ ။</p> <p><b>သာမဏေမပြိတ္တာ</b>ကို မြင်ရ၏။</p> <p>ထို<b>ပြိတ္တာ</b>၏ ဒုကုဋ် သင်္ကန်း သပိတ် ခါးပန်းကြိုးနှင့် ခန္ဓာကိုယ်တို့သည် မီးအလျှံပြောင်ပြောင် တောက်လောင်နေကုန်၏။ ထက်ဝန်းကျင် မီးတောက်မီးလျှံနှင့်တကွ အရောင်အလင်းနှင့်တကွ မီးတောက်မီးလျှံ တပြောင်ပြောင် တောက်လောင်နေ၏။ ထို<b>ပြိတ္တာ</b>သည် နာကျင်သော အသံကို ပြု၏။</p> <p>အရှင်ဘုရား ...တပည့်တော်အား အချင်းတို့ ..အံ့ဖွယ်ရှိစွတကား၊ အချင်းတို့ .. မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ ဤကဲ့သို့သော သတ္တဝါဟု ရှိရတုံဘိ၏၊ ဤကဲ့သို့သော <b>ပြိတ္တာ</b>ဟု ရှိရတုံဘိ၏၊ ဤကဲ့သို့သော အတ္တဘောကို ရသူဟု ရှိရတုံဘိ၏ဟု စိတ်အကြံ ဖြစ်ခဲ့ပါသည်ဟု လျှောက်ထား ပြောဆို၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏ --- ရဟန်းတို့ ... တပည့်သာဝကတို့သည် မျက်စိအမြင် ရှိကုန်သည်ဖြစ်၍ နေကြပေသည် တကား၊ တပည့်သာဝကတို့သည် ဉာဏ်အမြင် ရှိကုန်သည်ဖြစ်၍ နေကြ ပေသည်တကား၊ အကြင်သို့သော တပည့်သာဝက စင်လျက် ဤသို့သော သတ္တဝါကို သိလည်း သိနိုင်တုံဘိ၏၊ မြင်လည်း မြင်နိုင်တုံဘိ၏၊ သက်သေကို သော်လည်း ပြုနိုင်တုံဘိ၏၊ ရဟန်းတို့ ... ရှေးကပင် (= ဗောဓိမဏ္ဍိုင်၌ သဗ္ဗညုတဉာဏ်တော်မြတ်ကို ထိုးထွင်းသိမြင်တော်မူစဉ်ကပင် အတိုင်းအတာ ပမာဏ မရှိသော စကြဝဠာတို့၌ အတိုင်းအတာပမဏ မရှိသော သတ္တဝါတို့ကို ဒိဗ္ဗစက္ခုဉာဏ်တော်မြတ်ဖြင့် မျက်မှောက်ပြုတော်မူစဉ် ထို<b>ရဟန်းပြိတ္တာ</b>ကို ။ ပ ။ <b>ရဟန်းမိန်းမ ပြိတ္တာ</b>ကို ။ ပ ။ <b>သိက္ခမာန်ပြိတ္တာ</b>ကို ။ ပ ။ <b>သာမဏေပြိတ္တာ</b>ကို ။ ပ ။ <b>သာမဏေမပြိတ္တာ</b>ကို ငါဘုရား မြင်တော်မူခဲ့ပြီ၊ သို့သော်လည်း ငါဘုရားသည် မပြောဆိုခဲ့ပေ၊ ငါဘုရားသည် ထိုအကြောင်းကို ပြောဆိုခဲ့ပါမူ သူတစ်ပါးတို့သည် ငါဘုရားအား မယုံကြည်နိုင်ကြပေရာ၊ ထို မယုံကြည်သူတို့အား ထိုမယုံကြည်ခြင်းသည် ကြာမြင့်စွာသော ကာလပတ်လုံး အကျိုးစီးပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်လေရာ၏။ ရဟန်းတို့ ... ထို <b>ရဟန်းပြိတ္တာ</b>သည် ။ ပ ။ ထို<b>ရဟန်းမပြိတ္တာ</b>သည် ။ ပ ။ ထို<b>သိက္ခမာန် ပြိတ္တာ</b>သည် ။ ပ ။ ထို<b>သာမဏေပြိတ္တာ</b>သည် ။ ပ ။ ထို<b>သာမဏေမပြိတ္တာ</b>သည် ။ ပ ။ ကဿပမြတ်စွာဘုရားရှင်၏ သာသနာတော်၌ ယုတ်မာသောရဟန်း ။ ပ ။ ယုတ်မာသော ရဟန်းမ ။ ပ ။ ယုတ်မာသော သိက္ခမာန် ။ ပ ။ ယုတ်မာသော သာမဏေ ။ ပ ။ ယုတ်မာသောသမဏေမ ဖြစ်ခဲ့ဖူးပြီ။ မိမိတို့ ပြုစုပျိုးထောင်ခဲ့သော ထိုအကုသိုလ်ကံ၏ အကျိုးအဖြစ်ဖြင့် များစွာသော နှစ်တို့ပတ်လုံး, များစွာသော နှစ်အရာတို့ပတ်လုံး, များစွာသော နှစ် အထောင်တို့ပတ်လုံး, များစွာသော နှစ်အသိန်းတို့ပတ်လုံး ငရဲ၌ ကျက်ခဲ့ရ၍ ထိုကံ၏ အကျိုးကြွင်းဖြင့်ပင်လျှင် ဤကဲ့သို့သော အတ္တဘောကို ရရှိခံစား နေရ၏ဟု ဟောတော်မူ၏။ (သံ၊၁၊၄၅၁-၄၅၂။)</p> <p><b>သော ကိရ လောကဿ သဒ္ဓါဒေယျေ စတ္တာရော ပစ္စယေ ပရိဘုဉ္ဇိတွာ ကာယဝစီဒွါရေဟိ အသံယတော ဘိန္နာဇီဝေါ စိတ္တကေဠိံ ကိဠန္တော ဝိစရိ။ တတော ဧကံ ဗုဒ္ဓန္တရံ နိရယေ ပစ္စိတွာ ပေတလောကေ နိဗ္ဗတ္တန္တော ဘိက္ခုသဒိသေနေဝ အတ္တဘာဝေန နိဗ္ဗတ္တိ။ ဘိက္ခုနီသိက္ခမာနာသာမဏေရ သာမဏေရီဝတ္ထူသုပိ အယမေဝ ဝိနိစ္ဆယော။</b> (သံ၊ဋ္ဌ၊၂၊၂၀၅။)</p> <p>ထို<b>ရဟန်းပြိတ္တာ</b>ကား တစ်ချိန်က ကဿပဘုရားရှင်၏ သာသနာတော်၌ ရဟန်းတော်တစ်ပါးပင် ဖြစ်ခဲ့၏။ ထိုရဟန်းသည် ကဿပဘုရားရှင်၏ သာသနာတော်တွင် မှီတင်းနေထိုင်စဉ် လူများအပေါင်း၏ သဒ္ဓါတရား ပြဓာန်းလျက် လှူဒါန်းပူဇော်အပ်သော ပစ္စည်းလေးပါးတို့ကို သုံးဆောင်ပြီးလျှင် ကာယဒွါရ ဝစီဒွါရတို့ဖြင့် ရဟန်းတို့၏ သီလကို စောင့်စည်းမှု မရှိဘဲ အသက်မွေးမှု အာဇီဝပါရိသုဒ္ဓိသီလ ပျက်စီးလျက် စိတ်၏ အလိုအတိုင်း ထိုထိုအာရုံကို ပျော်မြူးခြင်းကို ပျော်မြူးလျက် လှည့်လည် နေထိုင်ခဲ့၏။</p> <p>(သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော သာသနဗြဟ္မစရိယကို ဖြူဖြူစင်စင် အားကိုးထိုက်အောင် မှီခိုအားထားရာဖြစ်အောင် မဖြည့်ကျင့်ခဲ့ပေ။) ထိုရဟန်းဘဝမှ စုတေလတ်သော် ငရဲသို့ ရောက်ရှိသွားခဲ့၏။ ကဿပဘုရားရှင်၏ သာသနာတော်မှသည် ဂေါတမဘုရားရှင်၏ သာသနာတော်သို့ တိုင်အောင် ဗုဒ္ဓန္တရ အသင်္ချေယျကပ် တစ်ကပ်ပတ်လုံး ငရဲ၌ ကျက်ခဲ့ရပြီးနောက် ပြိတ္တာလောက၌ <b>ပြိတ္တာ</b> ဖြစ်ပြန်လတ်သော် ရဟန်းနှင့် တူညီသော ခန္ဓာကိုယ်အတ္တဘောဖြင့်သာလျှင် <b>ပြိတ္တာ</b> ဖြစ်လာရပေသည်။ <b>ရဟန်းမိန်းမ, သိက္ခမာန်, သာမဏေ, သာမဏေမ</b> ဝတ္ထုတို့၌လည်း ဤအဆုံးအဖြတ်တိုင်းသာ မှတ်သားပါလေ။ (သံ၊ဋ္ဌ၊၂၊၂၀၅။)</p> <p>တစ်ချိန် ရဟန်းဘဝတွင် နေထိုင်ခဲ့စဉ်က မစင်ကြယ်သော သီလ, ယုတ်မာသော ကိုယ်ကျင့်တရား ရှိလျက် လူများအပေါင်း၏ သဒ္ဓါတရားဖြင့် လှူဒါန်းအပ်သော သင်္ကန်းကို ချွတ်မပစ်ဘဲ ဆက်လက် သုံးဆောင်ခဲ့၏။သပိတ် စသည်ကိုလည်း အလားတူပင် သုံးဆောင်ခဲ့၏။ ထိုမကောင်းမှု အကုသိုလ်ကံကြောင့် <b>ပြိတ္တာ</b>ဘဝသို့ ရောက်သည့်အခါ၌လည်း အလျှံပြောင်ပြောင် မီးဟုန်းဟုန်း တောက်လောင်နေသော သင်္ကန်း သပိတ် ပရိက္ခရာတို့ုကို ချွတ်ပစ်လို့ မရနိုင် ဖြစ်နေ၏၊ စွန့်ပစ်လို့ မရနိုင် ဖြစ်နေ၏။ အကုသိုလ်များက အကျိုးပေးလာပါက အလွန်ကြောက်မက်ဖွယ် ကောင်းလှပေသည်။ အကုသိုလ်ကံ၏ အရှိန်အဝါ မကုန်သရွေ့ ခံနေရဦးမည်သာ ဖြစ်ပေသည်။</p> <p>ဤအထက်ပါ ဝတ္ထုဇာတ်လမ်း အကြောင်းအရာတို့ကား လက္ခဏသံယုတ်နှင့် ယင်းအဋ္ဌကထာ ဋီကာတို့၌ လာရှိသော အကြောင်းအရာတို့ ဖြစ်ကြသည်။ အလားတူ ဝတ္ထုများသည် ပါရာဇိကပါဠိတော် စတုတ္ထပါရာဇိက၌လည်း လာရှိပေသည်။</p> <p>သံသရာခရီး ဆက်ရန် ရှိနေသေးသူတို့ သတိတရား ကြီးစွာထားလျက် ရှောင်ရှားသင့်သော အကုသိုလ် ဒုစရိုက်များလည်း ဖြစ်ကြ၏။ မစင်ကြယ်သော သီလဖြင့် ရှင်ဘဝ ရဟန်းဘဝတွင် မနေထိုင်မိဖို့ရန် ဆင်ခြင်နှလုံးသွင်း ရမည့် ဝတ္ထုဇာတ်လမ်းတို့လည်း ဖြစ်ကြပေသည်။ ကိုးကွယ်အားထားရမည့် နာထတရား ထင်ရှားမရှိဘဲ သေကျေပျက်စီးသွားကြရသော ထုံးဟောင်းများ ဖြစ်ကြပေသည်။</p> <h3><b>အပရာပရိယဝေဒနီယကံ</b></h3> <p><b>အပရာပရိယဝေဒနီယကံ</b>ဟူသည် အဆက်ဆက် ရောက်ထိုက်သော ဘဝ၌ အကျိုးကို ခံစံရမည့် ကံတည်း။ ကာမဇောတို့သည် ယေဘုယျအားဖြင့် ဝီထိစဉ် တစ်ခုအတွင်း၌ (၇)ကြိမ် စောရိုး ဓမ္မတာ ရှိကြ၏။ ထို ဇော (၇)ကြိမ် တို့တွင် ပထမဇောကား မျက်မှောက်ဘဝ၌ အကျိုးကို ဖြစ်စေတတ်သော မျက်မှောက်ဘဝ၌ အကျိုးကို ခံစံရမည့်ကံ ဖြစ်၏။ <b>ဒိဋ္ဌဓမ္မဝေဒနီယကံ</b>ဟု ခေါ်ဆို၏။ ယင်းကံသည် အကယ်၍ မျက်မှောက်ဘဝ၌ အကျိုးမပေးလျှင် အဟောသိကံ ဖြစ်၏။ ကံဖြစ်ရုံသာ ဖြစ်၍ အကျိုးမပေးသော ကံမျိုးတည်း။</p> <p>ထိုဇော (၇)ကြိမ်တို့တွင် သတ္တမဇော စေတနာကား ဒုတိယဘဝ၌ (=ပထမ လာမည့် အနာဂတ်ဘဝ၌) အကျိုးပေးတတ်၏။ <b>ဥပပဇ္ဇဝေဒနီယကံ</b> ဟု ခေါ်၏။ ကပ်ရောက်ထိုက်သော ဘဝ၌ အကျိုးကို ခံစံရမည့် ကံမျိုးတည်း။ အထက်ပါ ဝတ္ထုဇာတ်လမ်းတို့၌ အရိုးစု <b>ပြိတ္တာ</b>ဘဝ စသည်သို့ မရောက်မီ ငရဲ၌ အကျိုးပေးသော ကံမျိုးတည်း။ ထိုသတ္တမဇော စေတနာသည် ဒုတိယ ဘဝ၌ အကျိုး မပေးခဲ့သော် အဟောသိကံပင် ဖြစ်သွားပေသည်။ ထို ဇော (၇)တန်တို့အနက် အလယ်ဇော (၅)တန်တို့ကား တတိယဘဝမှ စ၍ (=ဒုတိယမြောက် အနာဂတ်ဘဝမှ စ၍ အဆက်ဆက် ရောက်ထိုက်သော ဘဝတို့၌ နိဗ္ဗာန်မရမချင်း အကျိုးပေးတတ်သော ကံတည်း။ ယင်းကံကို <b>အပရာပရိယဝေဒနီယကံ</b> (= အဆက်ဆက် ရောက်ထိုက်သော ဘဝ၌ အကျိုး ကို ခံစံရမည့် ကံ)ဟု ခေါ်ဆို၏။ ဤကံမျိုးကား သံသရာ၏ ဖြစ်ခြင်းသည် ထင်ရှား ရှိနေပါမူ အဟောသိကံ မဖြစ်နိုင်ပြီ။ တစ်ချိန်ချိန်တွင် အကျိုးပေးခွင့် သာပါက အကျိုးပေးမည်သာ ဖြစ်သည်။ သို့သော် နိဗ္ဗာန်သို့ ဆိုက်ရောက် သွားလျှင်ကား ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်တွင် အကျိုးပေးနိုင်သည့် စွမ်းအင်များသည် အဝိဇ္ဇာ တဏှာတည်းဟူသော အပေါင်းအဖော်ကို မရရှိသည်ဖြစ်၍ အကျိုးမပေးနိုင်တော့ဘဲ အကျိုးပေးနိုင်သည့် စွမ်းအင်များ ကုန်ခန်းသွားရပေသည်။</p> <p>ကံတစ်ခုကို ပြုစုပျိုးထောင်ရာ၌ ဇော (၇)ကြိမ် စောသည့် ဇောဝီထိပေါင်းကား များစွာ စောနိုင်ပေသည်။ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ် တစ်တွက် အချိန်ကာလအတွင်း၌ ယင်းကဲသို့သော ဇောဝီထိပေါင်း သိန်းနှင့် ချီ၍ ဖြစ်နိုင်ပေသည်။ ဇောဝီထိတိုင်း၌ ဇော (၇)တန် စောလျက် ရှိသဖြင့် <b>ဒိဋ္ဌဓမ္မဝေဒနီယကံ</b>ပေါင်း, <b>ဥပပဇ္ဇဝေဒနီယကံ</b>ပေါင်း, <b>အပရာပရိယဝေဒနီယကံ</b>ပေါင်း မည်မျှ များပြားမည်ကို ခန်းမှန်း၍သာ ကြည့်လေရာသည်။ တစ်သက်တာလုံး လွန်ကျူးနေရာ၌ကား ထိုကဲ့သို့သော ကံမျိုးတွေ မည်မျှ များပြားနေမည်ကို အထူး ပြောဖွယ်ရာပင် မလိုတော့ပြီ ဖြစ်ပေသည်။</p> <p><b>အရိယမဂ်တရား</b>တည်းဟူသော မွေးညှပ်ဖြင့် မပယ်နှုတ်နိုင်သမျှ ကာလပတ်လုံး ထိုကံတို့မှ မလွတ်မြောက်နိုင်သည်သာ ဖြစ်ပေသည်။</p> <p>ထိုကဲ့သို့သော <b>အနာထမရဏဘေး</b>မှ လွတ်မြောက်ရန် <b>နာထတရား (၁၀) ပါး</b>ကို ဘုရားရှင်သည် အင်္ဂုတ္တရနိကာယ် ဒသကနိပါတ်တွင် အောက်ပါအတိုင်း ဟောကြားထားတော်မူပေသည်။</p> --- <h3>အခန်း (၂)</h3> <h3><b>သနာထဝိဟာရီ</b>ပိုင်း</h3> <h3><b>နာထတရား (၁၀) ပါး</b></h3> <p>ရဟန်းတို့ ... မှီခိုအားထားရာ <b>နာထတရား</b> ထင်ရှားရှိကြကုန်သည်ဖြစ်၍ နေထိုင်ကြပါကုန်လော့၊ မှီခို အားထားရာ <b>နာထတရား</b> ထင်ရှား မရှိကြကုန်ဘဲ မနေထိုင်ကြပါကုန်လင့်။ ရဟန်းတို့ ... မှီခိုအားထားရာ <b>နာထတရား</b> ထင်ရှား မရှိသူသည် ဆင်းဆင်းရဲရဲ နေထိုင်ရ၏။ (အံ၊၃၊၂၇၅-၂၇၇။)</p> <p>ဤသို့ တရားနိဒါန်းပျိုးကာ <b>နာထတရား (၁၀) ပါး</b>ကို တစ်ပါးပြီး တစ်ပါး ဟောကြားတော်မူလေသည်။ ရှေးဦးစွာ ပထမ <b>နာထတရား</b>ကို ဘုရားရှင်က ဤသို့ ဟောကြားထားတော်မူ၏။</p> --- <h3>ပထမ နာထတရား = သီလရှိခြင်း</h3> <p>ရဟန်းတို့ ...ဤသာသနာတော်၌ ရဟန်းသည် <b>သီလ</b>ရှိ၏။ <b>ပါတိမောက္ခသံဝရသီလ</b>ဟု ခေါ်ဆိုအပ်သည့် ဝိနည်း<b>သီလ</b>တော်ကို စောင့်စည်းလျက် နေထိုင်၏။ ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်ခြင်းဟူသော အကျင့် <b>အာစာရ</b>, ကျက်စားသင့် ကျက်စားထိုက်သည့် အာရုံ+အရပ်တို့၌ ကျက်စားခြင်းဟူသည့် ကျက်စားရာ <b>ဂေါစရ</b>နှင့် ပြည့်စုံ၏။ အဏုမြူပမာ သေးငယ်လှ သော အပြစ်တို့၌သော်လည်း အလွန် ကြောက်မက်ဖွယ်ဘေးဟု ရှုမြင်လေ့ရှိ၏။ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။</p> <p>ရဟန်းတို့ ... ရဟန်းသည် ယင်းကဲ့သို့ <b>သီလ</b>ရှိ၏။ <b>ပါတိမောက္ခ သံဝရသီလ</b>ဟု ခေါ်ဆိုအပ်သည့် ဝိနည်း<b>သီလ</b>တော်ကို စောင့်စည်းလျက် နေထိုင်၏။ ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်ခြင်းဟူသော အကျင့် <b>အာစာရ</b>, ကျက်စားသင့် ကျက်စားထိုက်သည့် အာရုံ+အရပ်တို့၌ ကျက်စားခြင်းဟူသည့် ကျက်စားရာ <b>ဂေါစရ</b>နှင့် ပြည့်စုံ၏၊ အဏုမြူပမာ သေးငယ်လှသော အပြစ်တို့၌သော်လည်း အလွန် ကြောက်မက်ဖွယ်ဘေးဟု ရှုမြင်လေ့ ရှိ၏၊ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏ --- ဟူသော ဤတရားသည် လည်း မှီခိုအားထားရာကို ပြုတတ်သော <b>နာထတရား</b>တည်း။ (အံ၊၃၊၂၇၅။)</p> <p>ထိုရဟန်းမျိုးကို မထေရ်ကြီးရဟန်းတို့ကလည်း ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကြကုန်၏။ သီတင်းလတ် ရဟန်းတို့ကလည်း ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကြကုန်၏။ သီတင်းငယ် ရဟန်းတို့ကလည်း ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကြကုန်၏။ မထေရ်ကြီး ရဟန်းတို့၏ အစဉ်သနားစောင့်ရှောက်မှုကို ခံယူရသော, သီတင်းလတ် ရဟန်းတို့၏ အစဉ်သနားစောင့်ရှောက်မှုကို ခံယူရသော, သီတင်းငယ် ရဟန်းတို့၏ အစဉ် သနား စောင့်ရှောက်မှုကို ခံယူရသော ထိုရဟန်းအား သီလ သမာဓိ ပညာ အစဖြာသည့် ကုသိုလ်တရားတို့၌ တိုးပွားမှုသာ မချွတ်ဧကန် ဖြစ်လိမ့်မည်ဟု မျှော်လင့်အပ်၏။ ဆုတ်ယုတ်မှု ဖြစ်လိမ့်မည်ဟု မမျှော်လင့်အပ်။ ဤသည် လည်း မှီခိုအားထားရာကို ပြုတတ်သော <b>နာထတရား</b>တည်း။ (အံ၊၃၊၂၇၅။)</p> <p>ဝိနည်းဒေသနာတော်၌ လာရှိသော <b>သီလ</b>ကျင့်စဉ်ပိုင်းဟူသည်မှာလည်း ကျယ်ပြန့်နက်ရှိုင်းသော သဘောရှိ၏။ သာသနာတော်၌ အထွတ်အထိပ် ထားအပ်သော ကျင့်စဉ်ဖြစ်သည့် <b>မဂ္ဂဗြဟ္မစရိယ</b>အမည်ရသည့် <b>အရိယမဂ်</b>ကျင့်စဉ်သို့ ဆိုက်ရောက်ရေးအတွက် <b>သာသနဗြဟ္မစရိယ</b>အမည်ရသည့် <b>သီလ</b>ကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တို့ကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည်ဖြစ်ရာ ထိုသာသနာ့ဗြဟ္မစရိယကျင့်စဉ်ပိုင်းတွင် ရှေးဦးစွာ ဖြည့်ကျင့်ရမည့် ကျင့်စဉ်ကား <b>သီလ</b>ကျင့်စဉ်ပင် ဖြစ်၏။ မဂ်ဖိုလ်နိဗ္ဗာန်ကို တစ်နည်းဆိုရသော် <b>မဂ္ဂဗြဟ္မစရိယ</b>အမည်ရသည့် <b>အရိယမဂ်</b>ဉာဏ် ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသည့် သူတော်ကောင်းတိုင်း သူတော်ကောင်း တိုင်းသည် မချွတ်ဧကန် ဖြည့်ကျင့်ရမည့် ကျင့်စဉ်ကား <b>သီလ</b>ကျင့်စဉ်ပင် ဖြစ်၏။</p> <p>သိက္ခာသုံးရပ် အကျင့်မြတ်တို့တွင် အခြေခံအုတ်မြစ် ဖြစ်သည့် <b>သီလ</b> ကျင့်စဉ်ပိုင်းကို လိုက်နာပြုကျင့်ရာ၌ ရဟန်းတော်တစ်ပါးအနေဖြင့် ထားရှိသင့်သော စိတ်နေစိတ်ထားကို <b>နိသီဒနသန္ထတ သိက္ခာပုဒ်</b>တွင် ဤသို့ ဖော်ပြထား၏။</p> <p>အရှင်ဥပသေန၏ လျှောက်ထားချက် (ဝိ၊၁၊၃၃၆-၃၃၈။ ဝိ၊ဋ္ဌ၊၂၊၂၆၄-၂၆၅။)</p> <p>တစ်ချိန်တွင် ဘုရားရှင်သည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး စံနေတော်မူဆဲ ဖြစ်၏။ ထိုနှစ် ဝါတွင်းကာလအတွင်းဝယ် ဘုရားရှင် ချွတ်တော်မူပါမှ ကျွတ်တမ်းဝင်မည့် <b>ဗုဒ္ဓဝေနေယျသတ္တဝါ</b> တစ်စုံတစ်ဦးကိုမျှ မြင်တော်မမူသဖြင့် ဘုရားရှင်က ရဟန်းတော်တို့ကို ဤသို့ မိန့်ကြားတော်မူ၏။</p> <p>ရဟန်းတို့ ...ငါဘုရားရှင်သည် ဝါတွင်းသုံးလတို့ ကာလပတ်လုံး တစ်ပါးထီးတည်း ကိန်းအောင်းမွေ့လျော် စံပျော်တော်မူခြင်းငှာ အလိုရှိတော် မူ၏။ ငါဘုရားရှင်ထံသို့ ဆွမ်းပို့ဆောင်လာသော ရဟန်းတော်မှတစ်ပါး မည်သူတစ်ဦးတစ်ယောက်မျှ ငါဘုရားရှင်ထံတော်သို့ မချဉ်းကပ်ရ ဟု အမိန့်တော်မြတ် သတ်မှတ်ထားတော်မူ၏။ တစ်ပါးထီးတည်း <b>သမာပတ်</b>ဖြင့် ကိန်းအောင်းနေတော်မူ၏။</p> <p>ရဟန်းတော်တို့ကလည်း ဘုရားရှင်၏ အမိန့်တော်မြတ်အတိုင်း လိုက်နာ ပြုကျင့်ကာ ဆွမ်းပို့ဆောင်သည့် ရဟန်းတော်တစ်ပါးမှ လွဲလျှင် မည်သည့် ရဟန်းတော်မျှ ဘုရားရှင်ထံသို့ မချဉ်းကပ်ခဲ့ကြပေ။ ဘုရားရှင်၏ အမိန့်တော်မြတ်ကို ဦးထိပ်ရွက်ပန်ဆင်ကာ လိုက်နာဆောင်ရွက်တော်မူကြ၏။</p> <h3>မေးသင့်သော အချက်တစ်ရပ်</h3> <p>ထိုဝါတွင်းကာလဝယ် ဘုရားရှင် ချေချွတ်တော်မူပါမှ ကျွတ်တမ်းဝင်မည့် <b>ဗုဒ္ဓဝေနေယျ</b> မရှိပင် မရှိငြားသော်လည်း ရှေးရှေးဘုရားရှင်တို့၏ အစဉ် အလာအတိုင်း တရားတော်ကို ဟောကြားပြသ ဆိုဆုံးမတော်မူသင့်သည် မဟုတ်ပါလား --- ဟု မေးရန်ရှိ၏။ ဘုရားရှင်၏ စိတ်အကြံအစည်တော်မှာ ဤသို့ဖြစ်၏ ---</p> <p>ငါဘုရားရှင်သည် ယခုကဲ့သို့ တစ်ပါးထီးတည်း ကိန်းအောင်းတော် မူသည်ရှိသော် ရဟန်းတော်တို့သည် တရားနှင့် မလျော်ညီသည့် <b>အဓမ္မိက ကတိကဝတ်</b>ကို ပြုလုပ်ကြကုန်လတ္တံ့၊ ထို<b>အဓမ္မိက ကတိကဝတ်</b>ကို ဥပသေနမထေရ်သည် ဖျက်ဆီးပစ်လတ္တံ့။ ထိုအခါ ငါဘုရားရှင်သည် ဥပသေနရဟန်းတော်အား ကြည်ညိုကာ ရဟန်းတော်တို့ကို ငါဘုရားရှင်အား ဖူးမြော်ခွင့်ကို ခွင့်ပြုတော်မူပေအံ့၊ ထိုအခါတွင် ငါဘုရားရှင်ကို ဖူးမြော်လိုကြကုန်သည်ဖြစ်၍ များစွာကုန်သော ရဟန်းတို့သည် <b>ဓုတင်</b>ကျင့်ဝတ် ပဋိပတ်တို့ကို ဆောက်တည်ကြကုန်လတ္တံ့၊ ငါဘုရားရှင်သည်လည်း ထိုထို<b>ဓုတင်</b>ကို ဆောင်လိုကြကုန်သော ရဟန်းတော်တို့က စွန့်ပစ်ထားအပ်ကုန်သော မရက်ဘဲ ကြိတ်ထားအပ်သည့် အခင်း (သန္ထတ) တို့ကို အကြောင်းပြုကာ <b>သိက္ခာပုဒ်</b>တော်ကို ပညတ်တော်မူရပေအံ့ ---</p> <p>ဤသို့သော စိတ်အကြံအစည်ရှိတော်မူသည့်အတွက်ကြောင့် ဘုရားရှင်က တရားဟောတော် မမူဘဲ တစ်ပါးထီးတည်း ကိန်းအောင်းတော်မူခြင်း ဖြစ်၏။ (ဝိ၊ဋ္ဌ၊၂၊၂၆၄-၂၆၅။)</p> <p>ထိုအချိန်တွင် ရဟန်းတော်တို့သည် မိမိက ဝါ တစ်ဝါမျှသာ ရရှိသေးသော်လည်း, ဝါ နှစ်ဝါမျှသာ ရရှိသေးသော်လည်း ရဟန်းလောင်းတစ်ဦးကို <b>ဥပဇ္ဈာယ်</b>ပြုကာ ရဟန်းပြုပေးကြကုန်၏။ ဝင်္ဂန္တပုဏ္ဏားကြီး၏ သားရတနာတစ်ဦးဖြစ်သော အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ ညီတော်ဖြစ်သူ အရှင်ဥပသေနသည်လည်း မိမိက ရဟန်းဝါ တစ်ဝါမျှသာ ရရှိသေးသော်လည်း အခြားရဟန်းလောင်းတစ်ဦးကို <b>ဥပဇ္ဈာယ်</b>ပြုကာ ရဟန်းပြုပေးတော် မူလေသည်။ ရဟန်းဝါ နှစ်ဝါမျှသာ ရရှိသေးသော ထိုအရှင်ဥပသေနသည် တစ်ဝါမျှသာ ရရှိသေးသော မိမိ၏ တပည့်ရဟန်းတော်ကို ခေါ်ဆောင်ကာ ဝါကျွတ်သောအခါ ဘုရားရှင်အား သွားရောက်ဖူးမြော်ကန်တော့လေသည်။ ဤဝတ္ထုကို အကြောင်းပြုကာ ဘုရားရှင်က အောက်ပါအတိုင်း <b>သိက္ခာပုဒ်</b>တော်ကို ပညတ်တော်မူလေသည် ---</p> <p><b>န ဘိက္ခဝေ ဦနဒသဝေဿန ဥပသမ္ပာဒေတဗ္ဗော၊ ယော ဥပသမ္ပာဒေယျ၊ အာပတ္တိ ဒုက္ကဋဿ။ အနုဇာနာမိ ဘိက္ခဝေ ဒသဝေဿန ဝါ အတိရေကဒသဝေဿန ဝါ ဥပသမ္ပာဒေတုံ။</b> (ဝိ၊၃၊၇၅။)</p> <p>= ရဟန်းတို့ ...ဆယ်ဝါ မပြည့်သေးသော ရဟန်းသည် <b>ဥပဇ္ဈာယ်</b>ပြုကာ ရှင်ရဟန်း မပြုပေးအပ်၊ <b>ဥပဇ္ဈာယ်</b>ပြုကာ ရှင်ရဟန်းပြုပေးသော ရဟန်းအား <b>ဒုက္ကဋ်အာပတ်</b> သင့်စေ။ ရဟန်းတို့ ...ဆယ်ဝါပြည့်သော ရဟန်းသည်လည်းကောင်း, ဆယ်ဝါထက် ပိုလွန်သော ဝါရှိသော ရဟန်းသည် လည်းကောင်း <b>ဥပဇ္ဈာယ်</b>ပြုကာ ရှင်ရဟန်းပြုပေးရန် ငါဘုရား ခွင့်ပြုတော် မူ၏။ (ဝိ၊၃၊၇၅။)</p> <p>အရှင်ဥပသေန မထေရ်သည်လည်း ---မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား ...သင်သည် သူတစ်ပါးတို့က ဆိုဆုံးမထိုက်သူ, ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဆိုဆုံးမထိုက်သူ ဖြစ်ပါလျက် သူတစ်ပါးကို ဆိုဆုံးမဖို့ရန်, ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဆိုဆုံးမဖို့ရန် အဘယ်အကြောင်းကြောင့် အောက်မေ့မှတ်ထင်ဘိသနည်း--- ဤသို့ စသည်ဖြင့် ဘုရားရှင်၏ ကဲ့ရဲ့မှုကို ခံယူခဲ့ရ၏။ (ဝိ၊၃၊၇၄။)</p> <p>ဘုရားရှင်သည် ငါ့အား ပရိသတ်ကို အကြောင်းပြုကာ ကဲ့ရဲ့ရှုတ်ချတော်မူ၏၊ ယခုအခါ၌ ငါသည် လပြည့်ဝန်းပမာ ကျက်သရေမင်္ဂလာအဖြာဖြာ တို့ ပြည့်စုံတော်မူသော ထိုနှုတ်ခမ်းတော်ဖြင့်ပင် <b>ဗြဟ္မာမင်း</b>၏ အသံကို မြွက်ဟတော်မူလျက် ပရိသတ်ကိုပင် အကြောင်းပြုကာ ကောင်းချီးနုမော် သာဓုခေါ်ဆိုမှုကို ပြုပေအံ့ဟု မွန်မြတ်သော စိတ်နှလုံးဓာတ်ခံ ရှိသော အမျိုးကောင်းသားဖြစ်သည့် အရှင်ဥပသေနသည် သာဝတ္ထိမှ ယူဇနာတစ်ရာကျော် ဝေးကွာရာအရပ်သို့ ကြွသွားတော်မူကာ ပရိသတ်ကို ရွေးချယ်တော် မူပြီးလျှင် သီတင်းသုံးနေထိုင်တော်မူ၏။</p> <p>မြတ်စွာဘုရားရှင်တစ်ပါးထီးတည်း ကိန်းအောင်းတော်မူရာ ထိုဝါတွင်းကာလ၌ ဘုရားရှင်၏ထံတော်သို့ ဆွမ်းပို့ဆောင်သည့် ရဟန်းတော်မှ တစ်ပါး မည်သည့် ရဟန်းတစ်ပါးမျှ ထိုဝါတွင်းတွင် ဘုရားရှင်၏ထံတော်သို့ ချဉ်းကပ်တော်မမူပေ။ ထိုဝါတွင်း၌ သာဝတ္ထိသံဃာကလည်း ဤသို့ တရားနှင့် မလျော်ညီသည့် <b>အဓမ္မိက ကတိကဝတ်</b> တစ်ခုကို ပြုထားကြ၏။</p> <p>ငါ့ရှင်တို့ ... မြတ်စွာဘုရားသည် ဝါတွင်းသုံးလကာလပတ်လုံး တစ်ပါးထီးတည်း ကိန်းအောင်းမွေ့လျော် စံပျော်တော်မူခြင်းငှာ အလိုရှိတော် မူ၏၊ ဘုရားရှင်၏ ထံတော်သို့ ဆွမ်းကို ပို့ဆောင်သည့် ရဟန်းမှ တစ်ပါး မည်သည့် ရဟန်းတော်မျှ မချဉ်းကပ်အပ်၊ ချဉ်းကပ်သော ရဟန်းသည် <b>ပါစိတ်အာပတ်</b>ကို ဒေသနာပြောကြားရမည်။---</p> <p>ဤသို့ တရားနှင့် မလျော်ညီသော <b>အဓမ္မိက ကတိကဝတ်</b>ကို ပြုလုပ်ထားတော်မူ၏။ (<b>အာပတ်</b>ဟူသည် ဘုရားရှင်တို့သာ ပညတ်တော်မူကြသည့် အရာဌာန ဖြစ်၏၊ သာဝကတို့ ပညတ်နိုင်သည့် အရာဌာန မဟုတ်ပေ။ သာဝကများက ယခုကဲ့သို့ <b>ပါစိတ်အာပတ်</b> သင့်စေဟု ပညတ်ခြင်းသည် <b>အဓမ္မိက</b> = တရားနှင့် မလျော် ဖြစ်နေ၏။)</p> <p>ထိုအချိန်တွင် အရှင်ဥပသေနသည် ဆယ်ဝါကျော်ကာ ရဟန္တာဖြစ်တော်မူပြီးသည့်အချိန် ဖြစ်ပေသည်။ ထိုအခါ အရှင်ဥပသေနသည် ငါးရာမျှသော မိမိ၏ ပရိသတ်နှင့်အတူ မြတ်စွာဘုရားထံတော်သို့ ချဉ်းကပ်ကာ အလွန်ရိုသေစွာ ရှိခိုးဝတ်ပြုပြီးနောက် သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်ကာ သီတင်းသုံးတော် မူလိုက်၏။ အရှင်ဥပသေန၏ ပရိသတ်ကို ကြည့်ကာ ဘုရားရှင်သည်လည်း အလွန် နှစ်ခြိုက်တော်မူ၏။ ထိုပရိသတ်အတွင်းမှ ရဟန်းတော်တစ်ပါးကို ဘုရားရှင်က ဤသို့ မေးမြန်းတော်မူ၏။</p> <p>ချစ်သား ရဟန်း ...<b>ပံ့သူကူသင်္ကန်း</b>တို့သည် သင့်အား နှစ်သက် မြတ်နိုးစေကုန်၏လော၊ မိမိရဲ့ အလိုအကြိုက်အတိုင်း ဆောင်ထားအပ်ပါ ကုန်သလောဟု မေးမြန်းတော်မူ၏။</p> <p>မြတ်စွာဘုရား ...တပည့်တော်ကိုယ်တိုင်က မိမိရဲ့ အလိုအကြိုက် အတိုင်း ဤ<b>ပံ့သူကူသင်္ကန်း</b>တို့ကို ဆောင်ထားသည်ကား မဟုတ်ပါဘုရား၊ တပည့်တော်၏ ဥပဇ္ဈာယ်ဆရာတော်က <b>ပံ့သူကူသင်္ကန်း</b>ကို ဆောင်တော်မူပါ၏။ အလားတူပင် တပည့်တော်သည်လည်းပဲ <b>ပံ့သူကူသင်္ကန်း</b>ကိုဆောင်ခြင်း ဖြစ်ပါသည် မြတ်စွာဘုရားဟု တင်ပြ လျှောက်ထားလိုက်လေသည်။</p> <p>ထိုအခါတွင် ဘုရားရှင်က ဝင်္ဂန္တပုဏ္ဏား၏ သားဖြစ်သော အရှင်ဥပသေနကို ဤသို့ မိန့်ကြားတော်မူ၏။</p> <p>ဥပသေန ...သင်၏ ဤပရိသတ်တို့သည် ကြည်ညိုဖွယ် ရှိကြပါပေ၏။ သင်သည် ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းဖြင့် ဤပရိသတ်ကို ဆိုဆုံးမထားပါသနည်းဟု မေးမြန်းတော်မူ၏။</p> <p>မြတ်စွာဘုရား ...တပည့်တော်ထံကို ရဟန်းပြုရန် တောင်းပန်လာသူကို --- ငါ့ရှင် ...ငါသည် <b>အာရညကင် (= တောရ) ဓုတင်</b> ဆောက်တည်၏၊ <b>ပိဏ္ဍပါတ်ဓုတင်</b> ဆောက်တည်၏၊ <b>ပံ့သူကူဓုတင်</b> ဆောက်တည်၏။ သင်သည်လည်းပဲ အကယ်၍ <b>အာရညကင်ဓုတင်</b> ဆောက်တည်အံ့၊ <b>ပိဏ္ဍပါတ် ဓုတင်</b> ဆောက်တည်အံ့၊ <b>ပံ့သူကူဓုတင်</b> ဆောက်တည်အံ့၊ ဤသို့ ဆောက်တည် ကျင့်သုံးခဲ့သော် ငါသည် သင့်ကို ဥပဇ္ဈာယ်ပြုကာ ရဟန်းပြုပေးပါအံ့ဟု ဤသို့ တပည့်တော်က ဆိုဆုံးမပါသည် မြတ်စွာဘုရား။</p> <p>အကယ်၍ တပည့်တော်၏ အဆုံးအမကို နာယူပါအံ့၊ တပည့်တော်က ဥပဇ္ဈာယ်လုပ်ကာ ရဟန်းပြုပေးပါသည် မြတ်စွာဘုရား။ အကယ်၍ အဆုံး အမကို မနာယူအံ့၊ တပည့်တော်က ဥပဇ္ဈာယ်ပြုကာ ရဟန်းပြုမပေးပါဘုရား။</p> <p>တပည့်တော်ကို ဆရာအဖြစ် မှီတင်းနေထိုင်ဖို့ရန် <b>နိဿရည်း</b>တောင်းခံ လာသူကိုလည်း တပည့်တော်က --- ငါ့ရှင်...ငါသည် <b>အာရညကင်ဓုတင်</b> ဆောင်၏၊ <b>ပိဏ္ဍပါတ်ဓုတင်</b> ဆောင်၏၊ <b>ပံ့သူကူဓုတင်</b> ဆောင်၏၊ အကယ်၍ သင်သည်လည်း <b>အာရညကင်ဓုတင်</b> ဆောင်အံ့၊ <b>ပိဏ္ဍပါတ်ဓုတင်</b> ဆောင်အံ့၊ <b>ပံ့သူကူဓုတင်</b> ဆောင်အံ့၊ ငါသည် သင့်ကို <b>နိဿရည်း</b>ပေးပါမည်ဟု ဤသို့ တပည့်တော်က ဆိုဆုံးမပါသည် မြတ်စွာဘုရား --- ဤသို့ လျှောက်ထား၏။</p> <p>ထိုအခါ ဘုရားရှင်က --- ဥပသေန ...<b>သာဓု သာဓု</b> = ကောင်းလေစွ ကောင်းလေစွ၊ ဥပသေန ...သင်သည် ပရိသတ်ကို ကောင်းစွာသာလျှင် ဆိုဆုံးမပေ၏။ ဥပသေန ... သင်သည် သာဝတ္ထိမြို့၌ နေသော သံဃာ၏ <b>ကတိကဝတ်</b>ကို သိရှိပါသလောဟု မေးမြန်းတော်မူ၏။</p> <p>မြတ်စွာဘုရား ... တပည့်တော်သည် သာဝတ္ထိမြို့၌နေသော သံဃာ၏ <b>ကတိကဝတ်</b>ကို မသိပါဟု လျှောက်ထား၏။</p> <p>ဥပသေန ... သာဝတ္ထိမြို့၌ နေသော သံဃာသည် ငါ့ရှင်တို့ .. မြတ်စွာဘုရားသည် ဝါတွင်းသုံးလကာလပတ်လုံး တစ်ပါးထီးတည်း ကိန်းအောင်းမွေ့လျော် စံပျော်တော်မူခြင်းငှာ အလိုရှိတော်မူ၏၊ မြတ်စွာဘုရား ထံသို့ ဆွမ်းပို့ဆောင်သော ရဟန်းမှတစ်ပါး မည်သူတစ်ဦးတစ်ယောက်မျှ မြတ်စွာဘုရားထံသို့ မချဉ်းကပ်ရ၊ ချဉ်းကပ်သော ရဟန်းသည် <b>ပါစိတ်အာပတ်</b> ကို ဒေသနာကြားရမည်ဟု <b>ကတိကဝတ်</b>ကို ပြုထား၏ဟု မိန့်ကြားတော်မူ၏။ထိုအခါ အရှင်ဥပသေနက ဤသို့ တင်ပြလျှောက်ထားတော်မူ၏။</p> <p><b>ပညာယိဿတိ ဘန္တေ သာဝတ္ထိယာ သံဃော သကာယ ကတိကာယ၊ န မယံ အပညတ္တံ ပညပေဿာမ၊ ပညတ္တံ ဝါ န သမုစ္ဆိန္ဒိဿာမ၊ ယထာပညတ္တေသု သိက္ခာပဒေသု သမာဒါယ ဝတ္တိဿာမာတိ။</b> (ဝိ၊၁၊၃၃၇။)</p> <p>ဘုန်းတော်ကြီးမြတ်တော်မူပါပေသော မြတ်စွာဘုရား ... သာဝတ္ထိမှ သံဃာသည် မိမိ၏ <b>ကတိကဝတ်</b>ဖြင့် ထင်ရှားပါလိမ့်မည်၊ တပည့်တော်တို့သည်ကား မြတ်စွာဘုရား မပညတ်အပ်သေးသည်ကိုလည်း မပညတ်ပါကုန်အံ့၊ ပညတ်တော်မူပြီးသော <b>သိက္ခာပုဒ်</b>ကိုလည်း မဖျက်ဆီးကြပါကုန်အံ့၊ ပညတ်တော်မူတိုင်းသော <b>သိက္ခာပုဒ်</b>တော်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်ကြပါကုန်အံ့ဟု တင်ပြ လျှောက်ထားတော်မူ၏။</p> <p>ထိုအခါ ဘုရားရှင်က သာဓုခေါ်တော်မူကာ ဤသို့ မိန့်ကြားတော်မူ၏ ---</p> <p><b>သာဓု သာဓု ဥပသေန၊ အပညတ္တံ န ပညပေတဗ္ဗံ၊ ပညတ္တံ ဝါ န သမုစ္ဆိန္ဒိတဗ္ဗံ၊ ယထာပညတ္တေသု သိက္ခာပဒေသု သမာဒါယ ဝတ္တိတဗ္ဗံ။</b> (ဝိ၊၁၊၃၃၇။)</p> <p><b>သာဓု သာဓု</b> ဥပသေန ...ငါဘုရား မပညတ်အပ်သည်ကို မပညတ်အပ်၊ ပညတ်အပ်ပြီးသည်ကိုလည်း မဖျက်ဆီးအပ်၊ ပညတ်တော်မူတိုင်းသော <b>သိက္ခာပုဒ်</b>တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်ရမည်ဟု မိန့်ကြားတော် မူလိုက်၏။</p> <p>ဤသို့ ဘုရားရှင် ဟောကြားထားတော်မူသည်နှင့် အညီ ရဟန်း တော်တို့မည်သည် ဘုရားရှင် မပညတ်အပ်သည်ကိုလည်း မပညတ်အပ်၊ ပညတ်တော်မူအပ်ပြီးသည်ကိုလည်း မဖျက်ဆီးအပ်၊ ပညတ်တော်မူတိုင်းသော <b>သိက္ခာပုဒ်</b>တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်အပ်ပေသည်။ သို့မှသာ မိမိတို့ ဖြည့်ကျင့်အပ်သည့် <b>သီလ</b>သည် ဖြူစင်နေမည် ဖြစ်ပေသည်။ ခရုသင်းပွတ်သစ်နှင့်အတူ ဖြူစင်သော ထို<b>သီလ</b>ကသာလျှင် မှီခိုအားထားရာ <b>နာထတရား</b>အစစ် ဖြစ်ပေသည်။ ကျိုး ပေါက် ပြောက် ကြား လျက်ရှိသော, မဖြူစင်သော <b>သီလ</b>ကား မှီခိုအားထားရာ <b>နာထတရား</b>အစစ် မဖြစ်နိုင်ပေ။</p> <h3><b>အာစာရ</b> နှင့် <b>အနာစာရ</b></h3> <p><b>အာစာရဂေါစရသမ္ပန္နော</b> = ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်ခြင်းဟူသော အကျင့် <b>အာစာရ</b>, ကျက်စားသင့် ကျက်စားထိုက်သည့် အာရုံအရပ်တို့၌ ကျက်စားခြင်းဟူသည့် ကျက်စားရာ <b>ဂေါစရ</b>နှင့် ပြည့်ပြည့်စုံစုံ နေထိုင်ရန် ကိုလည်း ဘုရားရှင်က ဤ<b>သီလ</b>ကျင့်စဉ်ပိုင်းတွင် ထည့်သွင်းကာ ညွှန်ကြားထားတော်မူ၏။ ဤညွှန်ကြားချက်နှင့် ဆက်စပ်လျက် <b>အာစာရ</b> နှင့် <b>အနာစာရ, ဂေါစရ</b> နှင့် <b>အဂေါစရ</b>ဟု လေးမျိုးခွဲခြားကာ ဝိဘင်းပါဠိတော်၌ ဘုရားရှင်က ညွှန်ကြားပြသ ဆိုဆုံးမထားတော်မူ၏။ ထိုတွင် ရဟန်းတော်တို့ မပြုကျင့်သင့် မပြုကျင့်ထိုက်သည့် <b>အနာစာရ</b>တရားကို ဤသို့ ဟောကြားထားတော်မူ၏။</p> <p>ထိုတွင် မကျင့်သင့် မကျင့်ထိုက်သော <b>အနာစာရ</b> ဟူသည် အဘယ်နည်း? ကိုယ်၌ဖြစ်သော လွန်ကျူးခြင်း, နှုတ်၌ဖြစ်သော လွန်ကျူးခြင်း, ကိုယ်+နှုတ်တို့၌ ဖြစ်သော လွန်ကျူးခြင်းကို <b>အနာစာရ</b>ဟု ဆိုအပ်၏။ အလုံးစုံသော <b>သီလ</b>ပျက်စီးမှု (= <b>ဒုဿီလ</b>)သဘောကိုလည်း <b>အနာစာရ</b>ဟု ဆိုအပ်၏။ ဤသာသနာတော်၌ အချို့သော ရဟန်းသည် ဝါး ပေးခြင်းဖြင့်လည်းကောင်း, အရွက် ပေးခြင်းဖြင့်လည်းကောင်း, ပန်း ပေးခြင်းဖြင့်လည်းကောင်း, သစ်သီးပေးခြင်းဖြင့်လည်းကောင်း, ရေချိုးကသယ်မှုန့် ပေးခြင်းဖြင့်လည်းကောင်း, ဒန်ပူပေးခြင်းဖြင့်လည်းကောင်း မိမိကိုယ်ကို ချစ်ခင်ကြည်ညိုလာစေလိုသည့် အတွက် မိမိကိုယ်ကို နှိမ့်ချကာ ဒါယကာ ဒါယိကာမတို့အား မြှောက်ပင့်၍ ပြောဆိုခြင်းဖြင့်လည်းကောင်း, ပဲနောက်ဟင်းနှင့် တူသော မမှန်တစ်ချို့ မှန် တစ်ချို့သော စကားကို ပြောဆိုခြင်းဖြင့်လည်းကောင်း, ကလေးသူငယ်တို့အား တန်ဆာဆင်ပေးခြင်း စသည်ဖြင့် အခစား အစေခံ ပြုလုပ်ပေးခြင်းဖြင့် လည်းကောင်း, သလုံးမြင်းခေါင်း ခြေနှစ်ချောင်းဖြင့် လူတို့၏ သတင်းစကားကို သယ်ယူပို့ဆောင်ရေး ပြုလုပ်ခြင်းဖြင့်လည်းကောင်း, သစ်သီးပေးခြင်း, ပန်းပေးခြင်း, ဆေးကုခြင်း, ဆွမ်းကို အပြန်အလှန် အပေးအယူလုပ်ခြင်း, သံဃာ့ပစ္စည်း စေတီတော်ပစ္စည်းတို့ကို အလွဲသုံးစားပြုခြင်း စသော ဘုရားရှင် ရွံရှာစက်ဆုပ်တော်မူသော တစ်မျိုးမျိုးသော မှားယွင်းသော အသက်မွေးမှု (= <b>မိစ္ဆာအာဇီဝ</b>မှု) ဖြင့် အသက်မွေးမြူ၏။ ဤကဲ့သို့သော အသက်မွေးမှုမျိုးကို <b>အနာစာရ</b> (= မကျင့်သင့် မကျင့်ထိုက်သောအကျင့်)ဟု ဆိုအပ်၏။ (အဘိ၊၂၊၂၅၅။)</p> <p>ထိုတွင် ကျင့်သင့်ကျင့်ထိုက်သော <b>အာစာရ</b> (= ကျင့်ဝတ်ပဋိပတ်) ဟူသည် အဘယ်နည်း? ကိုယ်၌ဖြစ်သော မလွန်ကျူးမှု (= <b>ကာယဒုစရိုက်</b> သုံးပါးမှ ရှောင်ကြဉ်မှု), နှုတ်၌ ဖြစ်သော မလွန်ကျူးမှု (= <b>ဝစီဒုစရိုက်</b> လေးပါးမှ ရှောင်ကြဉ်မှု), ကိုယ်+နှုတ်၌ဖြစ်သော မလွန်ကျူးမှုကို <b>အာစာရ</b> (= ကျင့်ဝတ် ပဋိပတ်)ဟု ဆိုအပ်၏။ (ဤစကားရပ်တို့ဖြင့် <b>အာဇီဝဋ္ဌမကသီလ</b>ကို ရည်ညွှန်းထားပေသည်။) အလုံးစုံသော သီလကို စောင့်စည်းခြင်း (= <b>သီလသံဝရ</b>) သည်လည်း <b>အာစာရ</b> (= ကျင့်ဝတ်ပဋိပတ်) မည်၏။ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ဝါး ပေးခြင်း, အရွက် ပေးခြင်း, ပန်း ပေးခြင်း, သစ်သီး ပေးခြင်း, ရေချိုးကသယ်မှုန့် ပေးခြင်း, ဒန်ပူ ပေးခြင်းစသည့် ဘုရားရှင် ရွံရှာစက်ဆုပ်တော်မူသော မှားယွင်းသော အသက်မွေးမှု (= <b>မိစ္ဆာအာဇီဝ</b>မှု)ဖြင့် လည်း အသက်မွေးမှုကို မပြုလုပ်။ မိမိကိုယ်ကို ချစ်ခင် ကြည်ညိုလာစေလို သည့်အတွက် မိမိကိုယ်ကို နှိမ့်ချကာ ဒါယကာ ဒါယိကာမတို့အား မြှောက်ပင့် ပြောဆိုခြင်းဖြင့်လည်းကောင်း, ပဲနောက်ဟင်းနှင့် တူသော မမှန်တစ်ချို့ မှန်တစ်ချို့သော စကားကို ပြောဆိုခြင်းဖြင့်လည်းကောင်း, ကလေးသူငယ်တို့အား တန်ဆာဆင်ပေးခြင်း စသည်ဖြင့် အခစားအစေခံ ပြုလုပ်ခြင်းဖြင့်လည်းကောင်း, သလုံးမြင်းခေါင်း ခြေနှစ်ချောင်းဖြင့် လူတို့၏ သတင်းစကားကို သယ်ယူပို့ဆောင်ရေး ပြုလုပ်ခြင်းဖြင့်လည်းကောင်း ဤသို့စသော ဘုရားရှင် ရွံရှာစက်ဆုပ်တော်မူသော တစ်မျိုးမျိုးသော မှားယွင်းသော အသက်မွေးမှု (= <b>မိစ္ဆာအာဇီဝ</b>)ဖြင့် အသက်မွေးမှုကို မပြုလုပ်။ ဤသို့ မပြုလုပ်ခြင်းကို <b>အာစာရ</b> (= ကျင့်ဝတ်ပဋိပတ်) ဟု ဆိုအပ်၏။ (အဘိ၊၂၊၂၅၅။)</p> --- <h3>ဂေါစရ နှင့် အဂေါစရ</h3> <p>ရဟန်းတို့ မကျက်စားသင့်သော <b>အဂေါစရ</b>နှင့် ကျက်စားသင့်သော <b>ဂေါစရ</b>ကိုလည်း ဤသို့ ဆက်လက်ကာ ဟောကြားထားတော်မူ၏။ --</p> <p>ထိုတွင် ရဟန်းတို့ မကျက်စားသင့်သော <b>အဂေါစရ</b> ဟူသည် အဘယ် နည်း? ဤသာသနာတော်၌ အချို့သော ရဟန်းသည် ပြည့်တန်ဆာမအိမ်၌ (မိတ်ဆွေအဖြစ်ဖြင့်) ကျက်စားမှု များပြား၏၊ လင်ကွာ+မုဆိုးမအိမ်၌ ကျက်စားမှု များပြား၏၊ အပျိုကြီးအိမ်၌ ကျက်စားမှု များပြား၏၊ နပုံးပဏ္ဍုက်အိမ်၌ ကျက်စားမှု များပြား၏၊ ဘိက္ခုနီကျောင်း၌ ကျက်းစားမှု များပြား၏၊ သေတင်းကုတ် (= အရက်ဆိုင်)၌ ကျက်စားမှု များပြား၏။ မင်းတို့နှင့်လည်းကောင်း, မင်းအမတ်တို့နှင့်လည်းကောင်း, တိတ္ထိတို့နှင့်လည်းကောင်း, တိတ္ထိတို့၏ တပည့်သာဝက ဒါယကာ ဒါယိကာမတို့နှင့် လည်းကောင်း သီလ, သမာဓိ, ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ်တို့နှင့် ထိပ်တိုက်ဆန့်ကျင်ဘက်ဖြစ်သော မလျော်သော ရောနှောမှုဖြင့် ရောရောနှောနှော နေထိုင်၏။ ရတနာသုံးပါးတို့၌ ယုံကြည်မှု သဒ္ဓါတရား မရှိကြကုန်သော, ရတနာသုံးပါးတို့ကို မကြည်ညိုကြကုန်သော, ရဟန်းတို့၏ ရေတွင်းရေကန်သဖွယ် မဖြစ်ကြကုန်သော, ရဟန်းတို့ကို ဆဲရေးခြိမ်းခြောက်တတ်ကြကုန်သော, ရဟန်းယောက်ျား ရဟန်းမိန်းမ လူဥပါသကာ လူဥပါသိကာမတို့၏ အကျိုးမဲ့ကို လိုလားကြကုန်သော, အစီးအပွားမဲ့ကို လိုလားကြကုန်သော မကြီးပွားမှုကို လိုလားကြကုန်သော, <b>ယောဂလေးပါး</b>တို့၏ ကုန်ရာ<b>နိဗ္ဗာန်</b>ကို အလိုမရှိကြကုန်သော အမျိုးဒါယကာ ဒါယိကာမတို့ကို မှီဝဲဆည်းကပ် ခစားတတ်၏။ ဤကဲ့သို့ ပြုမူခြင်းကို <b>အဂေါစရ</b> (= မကျက်စားသင့်သော အရပ်၌ ကျက်စားမှု) ဟု ဆိုအပ်၏။ (အဘိ၊၂၊၂၅၅-၂၅၆။)</p> <p>ထိုတွင် ရဟန်းတို့ ကျက်စားသင့်သော <b>ဂေါစရ</b> ဟူသည် အဘယ်နည်း? ဤသာသနာတော်၌ အချို့သော ရဟန်းသည် ပြည့်တန်ဆာမအိမ်၌ မကျက်စား၊ လင်ကွာ+မုဆိုးမအိမ်၌ မကျက်စား၊ အပျိုကြီးအိမ်၌ မကျက်စား၊ နပုံး ပဏ္ဍုက်အိမ်၌ မကျက်စား၊ ဘိက္ခနီကျောင်း၌ မကျက်စား၊ သေတင်းကုတ် (= အရက်ဆိုင်)၌ မကျက်စား၊ မင်းတို့နှင့်လည်းကောင်း, မင်းအမတ်တို့နှင့်လည်းကောင်း, တိတ္ထိတို့နှင့်လည်းကောင်း, တိတ္ထိတို့၏ တပည့်သာဝက ဒါယကာ ဒါယိကာမတို့နှင့် လည်းကောင်း သီလ, သမာဓိ, ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ်တို့နှင့် ထိပ်တိုက်ဆန့်ကျင်ဘက်ဖြစ်သော မလျော်သော ရောနှောမှုဖြင့် ရောရောနှောနှော မနေထိုင်။ ရတနာသုံးပါးတို့၌ ယုံကြည်မှု သဒ္ဓါတရား ရှိကြကုန်သော, ရတနာသုံးပါးတို့ကို ကြည်ညိုကြကုန်သော, ရဟန်းတို့၏ ရေတွင်း ရေကန်သဖွယ် ဖြစ်ကြကုန်သော, ရဟန်းယောက်ျား ရဟန်းမိန်းမတို့၏ ဝတ်ရုံထားအပ်သော သင်္ကန်းရောင်တို့ဖြင့် တစ်ခဲနက်တောက်ပသော အရောင်ရှိကြကုန်သော, ရဟန်းယောက်ျား ရဟန်းမိန်းမဟု ခေါ်ဆိုအပ်ကုန်သော ရသေ့ ရဟန်းတို့၏ သင်္ကန်းရနံ့ ကိုယ်ရနံ့တို့ဖြင့် ကြိုင်လှိုင်လျက် ရှိကြကုန်သော, ရဟန်းယောက်ျား ရဟန်းမိန်းမ လူဥပါသကာ လူဥပါသိကာမတို့၏ အကျိုးကို လိုလားတောင့်တကြကုန်သော, အစီးအပွား ကို လိုလားတောင့်တကြကုန်သော, ကြီးပွားမှုကို လိုလားတောင့်တကြကုန် သော, <b>ယောဂလေးပါး</b>တို့၏ကုန်ရာ <b>နိဗ္ဗာန်</b>ကို အလိုရှိကြကုန်သော အမျိုး ဒါယကာ ဒါယိကာမအိမ်တို့သို့ မှီဝဲဆည်းကပ်ခစား၏။ ဤကဲ့သို့သော ပြုကျင့် မှုကို ကျက်စားသင့်သော အရပ်၌ ကျက်စားမှု (= <b>ဂေါစရ</b>) ဟု ဆိုအပ်၏။</p> <p>ဤသို့လျှင် ဤကဲ့သို့သော ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်ခြင်း အကျင့် <b>အာစာရ</b>နှင့် လည်းကောင်း , ကျက်စားသင့် ကျက်စားထိုက်သည့် အာရုံ+ အရပ်တို့၌ ကျက်စားခြင်းဟူသည့် ကျက်စားရာ <b>ဂေါစရ</b>နှင့် ပြည့်စုံသော ရဟန်းတော်ကို <b>အာစာရဂေါစရသမ္ပန္န</b> (= အကျင့် <b>အာစာရ</b> + ကျက်စားရာ <b>ဂေါစရ</b>နှင့် ပြည့်စုံသော ရဟန်း) ဟု ခေါ်ဆိုအပ်ပေသည်။ (အဘိ၊၂၊၂၅၅-၂၅၆၊၊)</p> <p>ဤ၌ <b>အာစာရ</b>အရ --- <b>သဗ္ဗောပိ သီလသံဝရော အာစာရော</b> = အလုံးစုံသော <b>သီလ</b>ကို စောင့်စည်းခြင်း ဟူသမျှသည် <b>အာစာရ</b> မည်၏။ (အဘိ၊၂၊၂၅၅။) --- ဟု ဟောကြားထားတော်မူသောကြောင့် <b>အာစာရ</b> (= ကျင့်ဝတ်တို့)နှင့် ပြည့်စုံရန် ခန္ဓက၌ လာရှိသော ဝတ်ကြီးဝတ်ငယ် အသွယ်သွယ် တို့ကိုလည်း မပျင်းမရိ လုံ့လရှိရှိဖြင့် ဖြူစင်အောင် ဖြည့်ကျင့်ရမည် ဖြစ်ပေ သည်။ <b>ဝတ္တံ အပရိပူရေန္တော သီလံ န ပရိပူရတိ</b> = ဝတ်ကို မဖြည့်ကျင့်သော သူသည် <b>သီလ</b>ကို ဖြည့်ကျင့်သည် မမည်ဟူသည်နှင့် အညီ ခရုသင်း ပွတ်သစ်နှင့် အတူ ပြည့်ဝစုံလင် ဖြူစင်မြင့်မြတ်သည့် <b>သီလ</b>ရှိရေးအတွက် ခန္ဓက၌ လာရှိသော ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်တို့ကိုလည်း အားသွန် ခွန်စိုက် ဖြည့်ကျင့်ရန် ရည်သန်တောင့်တတော်မူသည့်အတွက် ဘုရားရှင်က အကျင့်<b>အာစာရ</b>နှင့် ပြည့်ပြည့်စုံစုံ နေထိုင်ရန်ကိုလည်း ထည့်သွင်းကာ ဆိုဆုံးမထားတော်မူပေသည်။</p> <p>တစ်ဖန် ဤ၌ <b>ဂေါစရ</b>ဟူသည် ဆွမ်း, သင်္ကန်း, ကျောင်း, ဆေးဟူသော ပစ္စည်းလေးပါးအတွက် ခင်ခင်မင်မင် ရင်းရင်းနှီးနှီးဖြင့် ပြည့်တန်ဆာမအိမ်, လင်ကွာ+မုဆိုးမအိမ်, အပျိုကြီးအိမ်, နပုံးပဏ္ဍုက်အိမ်, ဘိက္ခုနီမကျောင်း, သေတင်းကုတ် (= အရက်ဆိုင်)တို့၌ အဝင်အထွက် အသွားအလာများမှုကို ဆိုလိုသည်။ အိမ်စဉ်အတိုင်း လှည့်လည်၍ ရွာတွင်း၌ ဆွမ်းခံခြင်းမျိုးကို မဆိုလိုပေ။</p> <p><b>ဝေသိယာ ဂေါစရော အဿာတိ ဝေသိယာဂေါစရော၊ မိတ္တသန္ထဝဝသေန ဥပသင်္ကမိတဋ္ဌာနန္တိ အတ္ထော။ တတ္ထ ဝေသိယာ နာမ ရူပူပဇီဝိနိယော ယေန ကေနစိဒေဝ သုလဘဇ္ဈာစာရတာ မိတ္တသန္ထဝသိနေဟဝသေန ဥပသင်္ကမန္တော ဝေသိယာ ဂေါစရော နာမ ဟောတိ။ တသ္မာ ဧဝံ ဥပသင်္ကမိတုံ န ဝဋ္ဋတိ။ ကိံ ကာရဏာ? အာရက္ခဝိပတ္တိတော။ ဧဝံ ဥပသင်္ကမန္တဿ ဟိ စိရံ ရက္ခိတဂေါပိတော ပိ သမဏဓမ္မော ကတိပါဟေနေဝ နဿတိ။ သစေပိ န နဿတိ၊ ဂရဟံ လဘတိ။ ဒက္ခိဏာဝသေန ပန ဥပသင်္ကမန္တေန သတိံ ဥပဋ္ဌာပေတွာ ဥပသင်္ကမိတဗ္ဗံ။</b> (အဘိ၊ဋ္ဌ၊၂၊၃၂၅)</p> <p><b>ဝေသိယာ ဂေါစရ</b> = ပြည့်တန်ဆာမအိမ်၌ ကျက်စားမှု များပြားသော ရဟန်းသည် ဝေသိယာ ဂေါစရ မည်၏။ တစ်ယောက်ကိုတစ်ယောက် ချီးမွမ်းစကား ပြောကြားလျက် ခင်မင်ရင်းနှီးသည်၏ အစွမ်းဖြင့် ချဉ်းကပ်ရာဌာနဟု ဆိုလို၏။ ထိုစကားရပ်၌ <b>ဝေသိယာ</b>ဟူသည် ပြည့်တန်ဆာမတည်း။ ထိုပြည့်တန်ဆာမကား တစ်စုံ တစ်ခုသော အာမိသဖြင့်ပင်လျှင် လွန်ကျူးမှု (= <b>အဇ္ဈာစာရ</b>)ကို ပြုကျင့်မည် ဆိုပါက ရလွယ်သော သဘောရှိ၏။ ခင်မင်ရင်နှီးသည်၏ အစွမ်းဖြင့် ယင်းအိမ်သို့ ချဉ်းကပ်မှုသည် <b>ဝေသိယာဂေါစရ</b> = ပြည့်တန်ဆာမအိမ်၌ ကျက်စားမှု မည်ပေသည်။ ထိုကြောင့် ဤသို့ ခင်ခင်မင်မင် ရင်းရင်းနီးနီးဖြင့် မချဉ်းကပ်သင့်ပေ။ အဘယ်ကြောင့်နည်း? ရဟန်းသီလကို စောင့်စည်းမှု၏ ပျက်စီးသွားနိုင်သောကြောင့်တည်း။ ဤသို့ ခင်ခင်မင်မင် ရင်းရင်းနှီးနီး ချဉ်းကပ်သော ရဟန်းအား ကြာမြင့်စွာ ထိမ်းသိန်း စောင့်ရှောက်ထားအပ် သော <b>သမဏဓမ္မ</b> = ရဟန်းတရားသည်လည်း နှစ်ရက်သုံးရက်အတွင်းမှာပင် ပျက်စီးသွားနိုင်၏။ အကယ်၍ ရဟန်းတရားသည် မပျက်စီးစေကာမူ လူအများ၏ ကဲ့ရဲ့မှုကိုကား ရရှိနိုင်၏။ ထိုကြောင့် အလှူဒါနအတွက် ယင်း အိမ်သို့ ချဉ်းကပ်ခဲ့သော် သတိကို ရှေးရှူတည်စေ၍သာ ချဉ်းကပ်ပါလေ။ (အဘိ၊ဋ္ဌ၊၂၊၃၂၅။)</p> <p>ဤအထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုရှင်းလင်းချက်နှင့်အညီ ဆွမ်းအလှူ စသော အလှူဒါန တစ်ခုခုအတွက် ပြည့်တန်ဆာမအိမ်သို့ သွားခွင့်ကား ရှိနေ၏၊ ဆွမ်းခံသွားကောင်း၏ဟု သိပါ။ သို့သော် သတိထားပါဟု အဋ္ဌကထာ က သတိပေးထား၏။ တစ်ဖန် လင်ကွာ+မုဆိုးမအိမ် စသည်တို့၌လည်း နည်းတူပင် သဘောပေါက်ပါ။ (အဘိ၊ဋ္ဌ၊၂၊၃၂၅၊၊)</p> <p><b>ပဏ္ဍက</b> = ပဏ္ဍုက်တို့ဟူသည် များပြားလွန်းလှသော ကာမဂုဏ်တည်းဟူသော လောကာမိသကို မှီသော စကားရှိကုန်သော, ကိလေသာရာဂ ထူပြောကုန်သော မငြိမ်းအေးနိုင်သော, မငြိမ်းအေးလွယ်သော ကိလေသာရာဂ အပူမီးရှိကုန်သော နပုံးပဏ္ဍုက်တို့ကို ဆိုလိုပေသည်။ ရဟန်းများအတွက် အန္တရာယ်ကြီးမားလှသော ပုဂ္ဂိုလ်တို့ပင်တည်း။ (အဘိ၊ဋ္ဌ၊၂၊၃၂၅။)</p> <p>မကျက်စားသင့်သည့် အရပ်ဒေသတို့၌ မကျက်စားရန်မျှသာ မဟုတ်သေး၊ မကျက်စားသင့်သည့် အာရုံတို့၌လည်း မိမိတို့၏ စိတ်ဓာတ်ကို မကျက်စားမိစေရန် ဘုရားရှင်သည် ဆိုဆုံးမခဲ့သည်သာ ဖြစ်၏။ ထိုအဆုံးအမတို့တွင် အောက်ပါ <b>သကုဏဂ္ဃိသုတ္တန်</b>သည်လည်း တစ်ခုအပါအဝင် ဖြစ်ပေသည်။</p> <h3>သကုဏဂ္ဃိသုတ္တန် (သံ၊၃၊၁၂၇-၁၂၈။)</h3> <p>ရဟန်းတို့ ... ရှေး၌ ဖြစ်ဖူးသည်ကား --- သိန်းငှက်တစ်ကောင်သည် လျင်မြန်စွာ ဆိုက်ရောက်လာ၍ ဗီလုံးငှက်ငယ်ကို ဖမ်းသုတ်လေ၏။ ရဟန်းတို့ ထိုအခါ ဗီလုံးငှက်ငယ်သည် သိန်းငှက်က ထိုးသုတ်ဆောင်ယူအပ်သည် ဖြစ်၍ ဤသို့ ငိုကြွေးမြည်တမ်းလေ၏။ --- ငါတို့သာ ကျက်သရေမဲ့ကုန်၏၊ ငါတို့သာ ဘုန်းကံနည်းပါးကုန်၏၊ ငါတို့သည် မကျက်စားသင့်သော သူတစ်ပါးတို့၏ နေရာအရပ်၌ ကျက်စားမိကုန်၏။ ယနေ့ ငါသည် မိမိအဖ၏ ကျက်စားရာ နေရာ မိရိုးဖလာအရပ်ဖြစ်သော ကျက်စားရာ စားကျက်၌ ကျက်စားမိခဲ့ပါမူ ဤသိန်းငှက်သည် ငါ့အား မဖမ်းယူနိုင်လေရာ၊ စစ်ထိုးခြင်းသာ ဖြစ်လေရာ၏ ဟု မြည်တမ်းလေ၏။</p> <p>အို ဗီလုံးငှက် ... မိမိအဖ၏ ကျက်စားရာနေရာဖြစ်သော သင်၏ မိရိုးဖလာကျက်စားရာ စားကျက်ကား အဘယ်နည်း?--- ဟု သိန်းငှက်က မေးလေ၏။</p> <p>ထွန်ဖြင့် ထွန်ယက်ခြင်းကိုပြုရာ ထွန်ချေးခဲရှိရာ အရပ်ပါ--- ဟု အဖြေပေးလေ၏။</p> <p>ရဟန်းတို့ ... ထိုအခါ သိန်းငှက်သည် မိမိ၏အားအစွမ်းကို အားကိုး ယုံကြည်လျက် မိမိ၏ အားအစွမ်းကို အထူးအထွေ မပြောဆိုတော့ဘဲ ဟဲ့ဗီလုံးငှက် ... သင်သွားလေလော့၊ ထိုအရပ်သို့ ရောက်ပါသော်လည်း သင်သည် ငါ့လက်မှ မလွတ်မြောက်နိုင်လတ္တံ့ဟု ပြောဆိုကာ ဗီလုံးငှက်ငယ်ကို လွှတ်လိုက်လေ၏။</p> <p>ရဟန်းတို့ ... ထိုအခါ ဗီလုံးငှက်ငယ်သည် ထွန်ဖြင့် ထွန်ယက်ခြင်းကိုပြုရာ ထွန်ချေးခဲရှိရာ အရပ်သို့ သွားပြီးလျှင် ထွန်ချေးခဲကြီးထက်သို့ တက်၍ အို ...သိန်းငှက် ယခု ငါ့နေရာသို့ လာခဲ့လော့၊ အို ...သိန်းငှက် ယခု ငါ့နေရာသို့ လာခဲ့လော့ဟု သိန်းငှက်ကို စိန်ခေါ်ကာ ထွန်စာခဲအထက်၌ ရပ်တည်နေလေ၏။</p> <p>ရဟန်းတို့ ... ထိုအခါ သိန်းငှက်သည် မိမိ၏ အားအစွမ်းကို အားကိုး ယုံကြည်လျက် မိမိ၏ အားအစွမ်းကို အထူးအထွေ မပြောဆိုတော့ဘဲ အတောင် နှစ်ဖက်တို့ကို ယှက်၍ ဗီလုံးငှက်ငယ်ကို ထိုးသုတ်ရန် ဗီလုံး ငှက်ငယ်ထံသို့ လျင်မြန်သော အဟုန်ဖြင့် ထိုးဆင်းလိုက်လေ၏။</p> <p>ရဟန်းတို့ ... ဤသိန်းငှက်သည် ငါ့ကို ထိုးသုတ်ရန် များစွာနီးကပ်လာပြီဟု ဗီလုံးငှက်ငယ်က သိသောအခါ ထိုထွန်ချေးခဲ၏ အကြားသို့သာ ဝင်ရောက်သွားလေ၏။ ရဟန်းတို့ ... ထိုအခါ သိန်းငှက်သည် ထိုထွန်ချေးခဲ၌ပင် မိမိ၏ရင်ဘတ်ဖြင့် ပြင်းထန်စွာ တိုက်ခတ်မိလေ၏။</p> <p>ရဟန်းတို့ ... မကျက်စားသင့် မကျက်စားထိုက်သော သူတစ်ပါးတို့၏ နေရာအရပ်၌ ကျက်စားသွားလာသော သူသည် ဤအတူပင် ပျက်စီးတတ်၏။</p> <p>ထိုကြောင့်ပင် မကျက်စားသင့်သော သူတစ်ပါးတို့၏ ကျက်စားရာ နေရာအရပ်၌ မကျက်စား မသွားလာကြကုန်လင့်။ ရဟန်းတို့ ... မကျက်စားသင့်သော သူတစ်ပါးတို့၏ ကျက်စားရာအရပ်၌ ကျက်စားသွားလာကုန်သူတို့အား ကိလေသာမာရ်သည် ဖျက်ဆီးရန်အခွင့်ကို ရတတ်၏။ ကိလေသာမာရ်သည် ဖျက်ဆီးရန်အကြောင်းကို ရတတ်၏။</p> <p>ရဟန်းတို့ ... ရဟန်း၏ မကျက်စားသင့်သော သူတစ်ပါးတို့၏ ကျက်စားရာ နေရာအရပ်ကား အဘယ်နည်း? ဤကာမဂုဏ်ငါးပါးတို့ပင်တည်း။ အဘယ်ငါးပါးတို့နည်း?</p> <p>အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန်သော, စိတ်နှလုံးဝယ် အကုသိုလ်တရားကို တိုးပွားစေတတ်ကုန်သော, ချစ်ခင်ဖွယ်သဘောရှိ၍ ကာမနှင့် စပ်ယှဉ်ကုန်သော တပ်မက်ဖွယ်ကောင်းကုန်သော ----</p> <p>၁။ <b>စက္ခုဝိညာဏ်</b>ဖြင့် မြင်သိအပ်သော <b>ရူပါရုံ</b>,</p> <p>၂။ <b>သောတဝိညာဏ်</b>ဖြင့် ကြားသိအပ်သော <b>သဒ္ဒါရုံ</b>,</p> <p>၃။ <b>ဃာနဝိညာဏ်</b>ဖြင့် နမ်းရှူသိအပ်သော <b>ဂန္ဓာရုံ</b>,</p> <p>၄။ <b>ဇိဝှါဝိညာဏ်</b>ဖြင့် လျက်သိအပ်သော <b>ရသာရုံ</b>,</p> <p>၅။ <b>ကာယဝိညာဏ်</b>ဖြင့် ထိသိအပ်သော <b>ဖောဋ္ဌဗ္ဗာရုံ</b>တို့တည်း။</p> <p>ရဟန်းတို့ ... ရဟန်း၏ မကျက်စားသင့်သော သူတစ်ပါးတို့၏ ကျက်စားရာ နေရာအရပ်ကား ဤကာမဂုဏ် ငါးပါးတို့ပင်တည်း။</p> <p>ရဟန်းတို့ ... မိမိအဖ၏နေရာ မိရိုးဖလာကျက်စားရာ စားကျက်၌သာ ကျက်စားကြကုန်လော့၊ မိမိအဖ၏နေရာ မိရိုးဖလာကျက်စားရာ စားကျက်၌သာ ကျက်စားကုန်သောသူတို့အား ကိလေသာမာရ်သည် ဖျက်ဆီးရန် အခွင့်ကိုမရနိုင်၊ ကိလေသာမာရ်သည် ဖျက်ဆီးရန်အကြောင်းကို မရနိုင်။</p> <p>ရဟန်းတို့ ... မိမိအဖ၏နေရာ မိရိုးဖလာ ကျက်စားရာဖြစ်သော စားကျက်ဟူသည်ကား အဘယ်နည်း? ဤ<b>သတိပဋ္ဌာန်တရား</b> လေးပါးတို့ပင်တည်း။ အဘယ်လေးပါးတို့နည်း?</p> <p>ရဟန်းတို့ ...ဤသာသနာတော်၌ ရဟန်းသည် ကိလေသာတို့ကို ပူပန်စေတတ် လောင်ကျွမ်းစေတတ်သော အပြင်းအထန် ကြိုးစားအားထုတ်သော <b>လုံ့လဝီရိယ</b> ရှိသည်ဖြစ်၍ ကမ္မဋ္ဌာန်းအာရုံကို ကွဲကွဲပြားပြား သိတတ်သော <b>သမ္ပဇဉ်ဉာဏ်</b> ရှိသည်ဖြစ်၍ ကမ္မဋ္ဌာန်းအာရုံကို အမှတ်ရမှု သတိရှိသည် ဖြစ်၍ ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော လောက၌ လိုလားတပ်မက်ခြင်း <b>အဘိဇ္ဈာတရား</b>, စိတ်မချမ်းသာခြင်း = <b>ဒေါမနဿတရား</b>ကို ပယ်ရှားလျက်</p> <p>၁။ <b>ကာယ</b>၌ ကာယဟု အဖန်ဖန် ရှုလေ့ရှိသည်ဖြစ်၍,</p> <p>၂။ <b>ဝေဒနာ</b>တို့၌ ဝေဒနာဟု အဖန်ဖန် ရှုလေ့ရှိသည်ဖြစ်၍,</p> <p>၃။ <b>စိတ်</b>၌ စိတ်ဟု အဖန်ဖန် ရှုလေ့ရှိသည်ဖြစ်၍,</p> <p>၄။ <b>ဓမ္မသဘောတရား</b>တို့၌ ဓမ္မသဘောတရားဟု အဖန်ဖန် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။</p> <p>ရဟန်းတို့ ...ရဟန်း၏ မိမိအဖ၏ ကျက်စားရာနေရာဖြစ်သော ကျက်စားရာ စားကျက်သည်ကား ဤသတိပဋ္ဌာန်တရား လေးပါးတို့ပင်တည်း။ (သံ၊၃၊၁၂၇-၁၂၈။)</p> <p>ဤသုတ္တန်၌ ရဟန်းတို့ မကျက်စားသင့်သော စားကျက် (<b>အဂေါစရ</b>)ကို အာရုံငါးပါး ကာမဂုဏ်တရားဟုလည်းကောင်း, ရဟန်းတို့ ကျက်စားသင့် ကျက်စားထိုက်သော ကျက်စားရာ စားကျက် (<b>ဂေါစရ</b>)ကို သတိပဋ္ဌာန်တရား လေးပါးဟုလည်းကောင်း ဟောကြားထားတော်မူ၏။ သတိပဋ္ဌာန်တရား လေးပါးဟူသည်မှာ သတိ၏တည်ရာ အာရုံ ဖြစ်ကုန်သော <b>ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ</b> အမည်ရသည့် လေးမျိုးကုန်သော တရားတို့ပင်တည်း။</p> <p>ထိုသတိပဋ္ဌာန်တရားလေးပါးတို့တွင် <b>ကာယာနုပဿနာသတိပဋ္ဌာန်</b>ပိုင်း၌ အာနာပါနကဲ့သို့သော စတုတ္ထစျာန် ဆိုက်သည်အထိ ရှုပွားရသော <b>သမထကမ္မဋ္ဌာန်း</b>များကိုလည်း ထည့်သွင်းကာ ဟောကြားထားတော်မူ၏။ <b>ဓာတုမနသိကာရ</b>ကဲ့သို့သော ရုပ်ပရမတ်တရားတို့ကို ပရမတ်သို့ဆိုက်အောင် ရှုပွားသုံးသပ်သည့် <b>ဝိပဿနာကမ္မဋ္ဌာန်း</b>တို့လည်း ယင်းကာယာနုပဿနာသတိပဋ္ဌာန်ပိုင်း၌ ပါဝင်ကြ၏။ ယင်းသတိပဋ္ဌာန်တရားလေးပါးတို့တွင် ---</p> <p>(က) ရုပ်ကို အဦးမူ၍,</p> <p>( ခ ) ဝေဒနာကို အဦးမူ၍,</p> <p>( ဂ ) စိတ်ကို အဦးမူ၍,</p> <p>(ဃ) ဓမ္မသဘောတရားတို့ကို အဦးမူ၍ <b>ရုပ်နာမ်ဓမ္မသင်္ခါရတရား</b>တို့ကို သိမ်းဆည်းလျက် ယင်းတို့၏ အကြောင်းတရားနှင့် တကွသော ထိုရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ကို <b>လက္ခဏာရေးသုံးတန်</b>သို့တင်ကာ ဝိပဿနာရှုပွားပုံအပိုင်းတို့လည်း ပါဝင်ကြပေသည်။</p> <h3>စတုပါရိသုဒ္ဓိသီလ</h3> <p>ဤနာထသုတ္တန်တွင် ဘုရားရှင်သည် <b>ပါတိမောက္ခသံဝရသီလ</b>ကို ဦးတည်ကာ ပဓာနနည်းအားဖြင့် ဟောကြားသွားတော်မူပေသည်။ အပဓာနအားဖြင့် ---</p> <p>၁။ <b>ဣန္ဒြိယသံဝရသီလ</b> = မျက်စိ, နား, နှာ, လျှာ, ကိုယ်, နှလုံးတည်းဟူသော ဣန္ဒြေခြောက်ပါး တံခါးကြီးခြောက်ပေါက်မှ <b>ရာဂ, ဒေါသ, မောဟ</b> စသည့် ကိလေသာတို့ မဝင်ရောက်အောင် စောင့်စည်းခြင်း,</p> <p>၂။ <b>အာဇီဝပါရိသုဒ္ဓိသီလ</b> = အသက်မွေးမှု စင်ကြယ်အောင် စောင့်စည်းခြင်း,</p> <p>၃။ <b>ပစ္စယသန္နိဿိတသီလ</b> = ပစ္စည်းလေးပါးကို <b>ပစ္စဝေက္ခဏာဉာဏ်</b>ဖြင့် ဆင်ခြင်ကာ သုံးစွဲခြင်း,</p> <p>ဤသီလကြီးတို့ကိုလည်း လိုက်နာပြုကျင့်ရမည်သာ ဖြစ်၏။ ဂေါစရ, အဂေါစရပိုင်းတွင် အာဇီဝပါရိသုဒ္ဓိသီလကို တစ်စိတ်တစ်ဒေသအားဖြင့် ထည့်သွင်းကာ ဟောကြားထားတော်မူပြီးပင် ဖြစ်ပေသည်။ ဤတွင် ဣန္ဒြိယသံဝရသီလအကြောင်းကို အနည်းငယ် ဆွေးနွေးတင်ပြလိုပေသည်။ ဣန္ဒြိယသံဝရသီလနှင့် ပြည့်စုံရန် ရဟန်းတော်တစ်ပါးအနေဖြင့် မည်သို့ လိုက်နာပြုကျင့်ရမည်နည်း? အောက်ပါ <b>ကုမ္ဘောပမသုတ္တန်</b>ကို ဖတ်ရှုကြည့်ပါ။</p> <h3>ကုမ္ဘောပမသုတ္တန်</h3> <p>ရဟန်းတို့ ... ဟိုရှေး၌ ဖြစ်ခဲ့ဖူးသည်ကား --- (ကျောက်ကုန်းထက်၌ ထက်သော အရိုးရှိသော) လိပ်သည် ညနေချမ်းအခါ မြစ်ကမ်းပါးအနီး၌ အစာအလို့ငှာ လှည့်လည် ကျက်စားလျက် ရှိ၏၊ ရဟန်းတို့ ... မြေခွေးသည်လည်း ညနေချမ်းအခါ ယင်းမြစ်ကမ်းပါးအနီး၌ပင် အစာအလို့ငှာ လှည့်လည် ကျက်စားလျက်ရှိ၏။ ရဟန်းတို့ ...လိပ်သည် အစာအလို့ငှာ လှည့်လည်ကျက်စားသော မြေခွေးကို ခပ်ဝေးဝေးမှ မြင်လေလျှင် (လက်နှစ်ဖက်, ခြေနှစ်ဖက်, ဦးခေါင်းဟူသော) ဦးခေါင်းလျှင် ငါးခုမြောက်ရှိသော မိမိ၏ အင်္ဂါတို့ကို မိမိ၏ အခွံအတွင်းသို့ ထည့်သွင်းပြီးလျှင် ကြောင့်ကြမဲ့ ဆိတ်ဆိတ်နေလိုက်၏။ ရဟန်းတို့ ... မြေခွေးသည်လည်း အစာအလို့ငှာ လှည့်လည်ကျက်စားသော လိပ်ကို ခပ်ဝေးဝေးမှပင် မြင်လေလျှင် လိပ်ထံသို့ ချဉ်းကပ်၍ ဤလိပ်သည် ဦးခေါင်းလျှင် ငါးခုမြောက်ရှိသော အင်္ဂါတို့တွင် တစ်ခုခုသော အင်္ဂါကို လိပ်ခွံတွင်းမှ အပြင်ဘက်သို့ ထုတ်လိုက်သောအခါ ထိုလိပ်ကို ဖမ်းယူပြီးလျှင် ခဲ၍စားအံ့ဟု လိပ်၏အနီးသို့ ချဉ်းကပ်ကာ ရပ်တည်နေလေ၏။ ရဟန်းတို့ ... လိပ်သည် ဦခေါင်းလျှင် ငါးခုမြောက်ရှိသော အင်္ဂါတို့တွင် တစ်ခုခုသော အင်္ဂါကိုမျှ လိပ်ခွံ၏ အပြင်ဘက်သို့ မထုတ်သောအခါ မြေခွေးသည် ခဲစားဖို့ရန် အခွင့် မရရှိသဖြင့် လိပ်ကို မညှဉ်းဆဲနိုင်ဘဲ လိပ်ထံမှ ဖဲခွာသွားရလေ၏။</p> <p>ရဟန်းတို့ ... ဤဥပမာအတူပင် ငါသည် ဤရဟန်းတို့၏ မျက်စိမှသော်လည်း အခွင့်ရရာ၏၊ နားမှသော်လည်း ။ပ။ နှာခေါင်းမှသော်လည်း, လျှာမှသော်လည်း, ကိုယ်မှသော်လည်း, စိတ်မှသော်လည်း အခွင့်ရရာ၏ဟု <b>ကိလေသမာရ်</b>ယုတ်သည် အမြဲမပြတ် သင်တို့၏ အနီး၌ ရပ်တည်လျက်ရှိ၏။ ရဟန်းတို့ ... ထိုသို့ ဖြစ်သောကြောင့် ဣန္ဒြေတို့၌ လုံခြုံသော (သတိတည်းဟူသော) တံခါးရှိသည်ဖြစ်၍ နေထိုင်ကြကုန်လော့။ မျက်စိဖြင့် အဆင်း = <b>ရူပါရုံ</b>ကိုမြင်သော် ယောက်ျား မိန်းမစသော သဏ္ဌာန်နိမိတ်ကို မစွဲယူကြကုန်လင့်၊ လက်ခြေ မျက်နှာ စသော ကိုယ်အင်္ဂါ, ပြုံးဟန် ရယ်ဟန် စသော အမူအရာ အမှတ်လက္ခဏာကို မစွဲယူကြကုန်လင့်၊ <b>စက္ခုန္ဒြေ</b>ကို မစောင့်စည်းဘဲနေလျှင် ယင်းစက္ခုန္ဒြေကို မစောင့်စည်းခြင်းဟူသော အကြောင်းကြောင့် ယင်းရူပါရုံကို မက်မောခြင်း (= <b>အဘိဇ္ဈာတရား</b>), စိတ်နှလုံးမသာယာခြင်း (= <b>ဒေါမနဿတရား</b>) ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသောသူကို အစဉ်လိုက်၍ နှိပ်စက်ကုန်ရာသောကြောင့် သင်တို့သည် ထိုစက္ခုန္ဒြေကို စောင့်စည်းခြင်းငှာ ကျင့်ကြကုန်လော့၊ စက္ခုန္ဒြေကို စောင့်စည်းကြကုန်လော့၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်ကြကုန်လော့။</p> <p>နားဖြင့် အသံ (= <b>သဒ္ဒါရုံ</b>)ကို ကြားသော် ။ ပ ။ နှာခေါင်းဖြင့် အနံ့ (=<b>ဂန္ဓာရုံ</b>)ကို နမ်းရှုသော် ။ ပ ။ လျှာဖြင့် အရသာ (= <b>ရသာရုံ</b>)ကို လျှက်သော် ။ ပ ။ ကိုယ်ဖြင့် အတွေ့အထိ (= <b>ဖောဋ္ဌဗ္ဗာရုံ</b>)ကို တွေ့ထိသော်။ ပ ။ စိတ်ဖြင့် ဓမ္မသဘောတရား (= <b>ဓမ္မာရုံ</b>)ကို သိသော် ယောက်ျား မိန်းမစသော သဏ္ဌာန် နိမိတ်ကို မစွဲယူကြကုန်လင့်၊ လက်ခြေမျက်နှာစသော ကိုယ်အင်္ဂါ, ပြုံးဟန် ရယ်ဟန်စသော အမူအရာ အမှတ်လက္ခဏာကို မစွဲယူကြပါကုန်လင့်။ <b>မနိန္ဒြေ</b>ကို မစောင့်စည်းဘဲနေလျှင် ယင်းမနိန္ဒြေကို မစောင့်စည်းခြင်းဟူသော အကြောင်းကြောင့် ယင်း ဓမ္မာရုံကို မက်မောခြင်း (= <b>အဘိဇ္ဈာတရား</b>), စိတ်နှလုံး မသာယာခြင်း (= <b>ဒေါမနဿတရား</b>)တည်းဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထိုမနိန္ဒြေကို မစောင့်စည်းသူကို အစဉ်လိုက်၍ နှိပ်စက်ကုန်ရာသောကြောင့် သင်တို့သည် ထိုမနိန္ဒြေကို စောင့်စည်းခြင်းငှာ ကျင့်ကြကုန်လော့၊ မနိန္ဒြေကို စောင့်စည်းကြကုန်လော့၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်ကြကုန်လော့။</p> <p>ရဟန်းတို့ ... သင်တို့သည် အကြင်အခါ၌ ဣန္ဒြေခြောက်ပါးတို့၌ လုံခြုံသော သတိတည်းဟူသော တံခါးရှိသည်ဖြစ်၍ နေထိုင်ကြကုန်လတ္တံ့၊ ထိုအခါ လိပ်ထံမှ မြေခွေးသည် ဖဲခွာသွားရသကဲ့သို့ သင်တို့အထံမှလည်း <b>ကိလေသာမာရ်</b>ယုတ်သည် အခွင့်မရသည်ဖြစ်၍ မညှဉ်းဆဲနိုင်ဘဲ ဖဲခွာသွားရပေလတ္တံ့--- ဟု မိန့်ကြားတော်မူ၏။ (သံ၊၂၊၃၈၅၊၃၈၆။)</p> <p>ထိုနောင် ဘုရားရှင်သည် အောက်ပါ <b>ဂါထာဒေသနာတော်</b>ကို ဆက်လက်ကာ ဟောကြားတော်မူလေသည်။</p> <p><b>ကုမ္မောဝ အင်္ဂါနိ သကေ ကပါလေ၊</b></p> <p><b>သမောဒဟံ ဘိက္ခု မနောဝိတက္ကေ။</b></p> <p><b>အနိဿိတော အညမဟေဌယာနော၊</b></p> <p><b>ပရိနိဗ္ဗုတောနူပဝဒေယျ ကဉ္စိ။</b></p> <p><b>ကုမ္မော</b> = လိပ်သည်။ <b>အင်္ဂါနိ</b> = ခြေ - လက် - ဦးခေါင်း ဟူသော မိမိ၏ ကိုယ်အင်္ဂါတို့ကို။ <b>သကေ ကပါလေ</b> = မိမိ၏ ကိုယ်ပိုင်ဥစ္စာဖြစ်သော လိပ်ခွံအတွင်း၌။ <b>သမောဒဟံ</b> = ကောင်းစွာ ထားသည်ဖြစ်၍။ (<b>သိင်္ဂါလဿ</b> = မြေခွေးအား။ <b>ဩတာရံ</b> = ခဲစားခွင့်ကို။ <b>န ဒေတိ ဣဝ</b> = မပေးသကဲ့သို့လည်းကောင်း။ <b>သိင်္ဂါလော</b> = မြေခွေးသည်။ <b>နံ</b> = ထိုလိပ်ကို။ <b>န ပသဟတိဣဝ</b> = မညှဉ်းဆဲနိုင်သကဲ့သို့လည်းကောင်း။) <b>ဧဝံ</b> = ဤဥပမာအတူပင်။ <b>ဘိက္ခု</b> = <b>ယောဂါဝစရရဟန်း</b>သည်။ <b>မနောဝိတက္ကေ</b> = မိမိ၏ စိတ်အကြံ အစည်တို့ကို။ (<b>သကေ</b> = မိမိ၏ ကိုယ်ပိုင်ဥစ္စာဖြစ်သော။ <b>အာရမ္မဏကပါလေ</b> = ကမ္မဋ္ဌာန်းအာရုံတည်းဟူသော လိပ်ခွံအတွင်း၌။ <b>သမောဒဟံ</b> = ကောင်းစွာ ထားသည်ဖြစ်၍။ <b>ကိလေသမာရဿ</b> = ကိလေသမာရ်အား။ <b>ဩတာရံ</b> = ဝင်ရောက်ခွင့်ကို။ <b>န ဒေတိ</b> = မပေး။ <b>မာရော စ</b> = ကိလေသမာရ်သည်လည်း။ <b>နံ</b> = ထို ရဟန်းကို။ <b>န ပသဟတိ</b> = မညှဉ်းဆဲနိုင်။) <b>အနိဿိတော</b> = <b>ဥပါဒါနက္ခန္ဓာငါးပါး</b> တည်းဟူသော တစ်စုံတစ်ခုသော လောက၌ ငါ-ငါ့ဟာဟု <b>တဏှာ-ဒိဋ္ဌိ</b>တို့ဖြင့် မှီတွယ်မှု မရှိသည်ဖြစ်၍။ (<b>ဝိဟရန္တော</b> = နေထိုင်လျက် ရှိသော။) <b>အညံ</b> = တစ်ပါးသော ပုဂ္ဂိုလ်ကို။ <b>အဟေဌယာနော</b> = မညှဉ်းဆဲ သော။ <b>ပရိနိဗ္ဗုတော</b> = ကိလေသာအပူမီး ငြိမ်းအေးလေပြီးသော ပုဂ္ဂိုလ်သည်။ <b>ကဉ္စိ</b> = တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ကို။ <b>နူပဝဒေယျ</b> = <b>န ဥပဝဒေယျ</b> = သီလအာစာရ စသည်ဖြင့် မစွပ်စွဲလေရာ။</p> <p><b>ဣဒံ ဝုတ္တံ ဟောတိ ---- ယထာ ကုမ္မော အင်္ဂါနိ သကေ ကပါလေ သမောဒဟန္တော သိင်္ဂါလဿ ဩတာရံ န ဒေတိ၊ န စ နံ သိင်္ဂါလော ပသဟတိ၊ ဧဝံ ဘိက္ခု အတ္တနော မနောဝိတက္ကေ သကေ အာရမ္မဏကပါလေ သမောဒဟန္တော ကိလေသမာရဿ ဩတာရံ န ဒေတိ၊ န စ နံ မာရော ပသဟတိ။</b> (သံ၊ဋ္ဌ၊၃၊၇၃။)</p> <p>ဤအထက်ပါ အဋ္ဌကထာအဖွင့်နှင့် အညီ အထက်ပါ ဂါထာကို အနက် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ ထိုကြောင့် ဣန္ဒြိယသံဝရသီလကို လုံခြုံစွာ စောင့်စည်းလိုသော <b>ယောဂါဝစရရဟန်းတော်</b>သည် လိပ်ခွံနှင့် တူသည့် မိမိ၏ ကိုယ်ပိုင်ဥစ္စာဖြစ်သော ကမ္မဋ္ဌာန်းအာရုံတည်းဟူသော လိပ်ခွံ အတွင်း၌ မိမိ၏ စိတ်ကို အမြဲတမ်း ကောင်းစွာ သွတ်သွင်းထားလေရာသည်။ မိမိက <b>သမထကမ္မဋ္ဌာန်း</b>ကို ပွားများခိုက်ဖြစ်လျှင် မိမိပွားများနေသည့် သမထ ကမ္မဋ္ဌာန်းအာရုံ၌, မိမိက <b>ဝိပဿနာ</b>ကို ပွားများအားထုတ်နေလျှင်လည်း ထိုထို အာရုံနှင့် ထိုထိုဆိုင်ရာဆိုင်ရာဒွါရတို့ တိုက်ဆိုင်လာသည့်အခါ ဖြစ်ပေါ်နေကြ သည့် <b>သင်္ခါရတရား</b>တို့၏ <b>အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာ</b>အာရုံ၌ မိမိ၏ <b>ဘာဝနာစိတ်</b>ကို အမြဲတမ်း သွတ်သွင်းထားဖို့ လိုအပ်ပေသည်။ တစ်နည်း ဆိုရသော် <b>ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ</b>တည်းဟူသော သတိ၏တည်ရာ အာရုံ တို့၌ မိမိ၏ ဘာဝနာစိတ်ကို အမြဲတမ်း သွတ်သွင်းထားရမည် ဖြစ်ပေသည်။ ထိုသို့ သမထ ဝိပဿနာဘာဝနာတို့ကို ပွားများအားထုတ်နေသော ပုဂ္ဂိုလ် သည် သတိတည်းဟူသော တံခါးရွက်ဖြင့် ဣန္ဒြေတို့ကို <b>ကိလေသာမာရ်</b> စစ်သည်တို့ မဝင်ရောက်နိုင်အောင် ပိတ်ဆို့နေသည် မည်ပေသည်။ ဝိပဿနာ ဉာဏ်များ ရင့်ကျက်လာသောအခါ ထို ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ဖြစ်ပေါ်လာသော အဆင့်ဆင့်သော <b>အရိယမဂ်ဉာဏ်</b>တို့က ကိလေသာ အပူမီးတို့ကို အဆင့်ဆင့် ပယ်သတ်လိုက်သဖြင့် ကိလေသာမီးပုံကြီး အပြီးတိုင် ငြိမ်းအေးသွားခဲ့သော် --- <b>ပရိနိဗ္ဗုတောတိ ကိလေသပရိနိဗ္ဗာနေန ပရိနိဗ္ဗုတော။</b> (သံ၊ဋ္ဌ၊၃၊၇၃။) --- <b>ကိလေသပရိနိဗ္ဗာန်</b> ဝင်စံရမည် ဖြစ်ပေသည်။</p> <p>ထိုသို့ ကိလေသာအပူ ငြိမ်းအောင် ကျင့်နေဆဲ ပုဂ္ဂိုလ်သည်လည်း အခြား မည်သည့်ပုဂ္ဂိုလ် တစ်စုံတစ်ယောက်ကိုမျှ ----</p> <p>၁။ <b>သီလဝိပတ္တိ</b> = သီလပျက်စီးခြင်းဖြင့်လည်းကောင်း,</p> <p>၂။ <b>အာစာရဝိပတ္တိ</b> = အကျင့်အာစာရ ပျက်စီးခြင်းဖြင့်လည်းကောင်း,</p> <p>၃။ <b>အတ္တုက္ကံသန</b> = မိမိကိုယ်တိုင် ချီးမြှောက်လိုခြင်းကြောင့်လည်းကောင်း,</p> <p>၄။ <b>ပရဝမ္ဘန</b> = သူတစ်ပါးကို ကဲ့ရဲ့ရှုတ်ချလိုခြင်းကြောင့်လည်းကောင်း</p> <p>မဟုတ်မတရား မစွပ်စွဲလေရာ။ အကယ်စင်စစ်အားဖြင့်သော်ကား အောက်ပါ ငါးမျိုးကုန်သော တရားတို့ကို မိမိ၏ ကိုယ်တွင်း <b>အဇ္ဈတ္တသန္တာန်</b>၌ ကောင်းစွာ ရှေးရှူတည်စေပြီးပါမှသာလျှင် ---</p> <p>၁။ ပြောသင့်သော အချိန်ကာလ၌သာ ပြောဆိုအံ့၊ မပြောသင့်သော အချိန် ကာလ၌ မပြောဆိုအံ့၊</p> <p>၂။ ဟုတ်မှန်သော စကားဖြင့်သာ ပြောဆိုအံ့၊ မဟုတ်မမှန်သော စကားဖြင့် မပြောဆိုအံ့၊</p> <p>၃။ သိမ်မွေ့သော စကားဖြင့်သာ ပြောဆိုအံ့၊ ကြမ်းတမ်းသော စကားဖြင့် မပြောဆိုအံ့၊</p> <p>၄။ အကျိုးစီးပွားနှင့် စပ်ယှဉ်သော စကားဖြင့်သာ ပြောဆိုအံ့၊ အကျိုးစီးပွားနှင့် မစပ်ယှဉ်သော စကားဖြင့် မပြောဆိုအံ့၊</p> <p>၅။ မေတ္တာစိတ် ရှိလျက် ပြောဆိုအံ့၊ ဒေါသနှင့်ယှဉ်သော စိတ်ဓာတ်ဖြင့် မပြောဆိုအံ့ ---</p> <p>ဤသို့လျှင် နိဗ္ဗာန်ဟူသည့် ထိုမှာဘက်ကမ်းသို့ ရောက်အောင် ပို့ဆောင်ပေးတတ်သော ဖောင်နှင့်တူသော သဘောတရား၌ ကောင်းစွာ တည်နေသော စိတ်ဓာတ်ဖြင့်သာလျှင် သာသနာတော်၌ နေထိုင်ပါ။ (သံ၊ဋ္ဌ၊၃၊၇၄၊၊)</p> <p>ဣန္ဒြိယသံဝရသီလ လုံခြုံရေးအတွက် ကမ္မဋ္ဌာန်းအာရုံအတွင်း၌ မိမိ၏ စိတ်ကို သွတ်သွင်းထားရမည်ဟူသော ဘုရားရှင်၏ ညွှန်ကြားချက်ကို ပိုမိုသဘောပေါက်နားလည်ရန် အောက်ပါ <b>မက္ကဋသုတ္တန်</b>ကို ဖတ်ရှုကြည့်ပါ။</p> <h3>မက္ကဋသုတ္တန် (သံ၊၃၊၁၂၈-၁၃၀။)</h3> <p>ရဟန်းတို့ ...မျောက်တို့ လှည့်လည်သွားလာခြင်းလည်း မရှိသော, လူတို့ လှည့်လည်သွားလာခြင်းလည်း မရှိသော, ဟိမဝန္တာတောင်မင်း၏ သွားလာရန် ခက်ခဲ၍ မညီညွတ်ကုန်သော အရပ်တို့သည် ရှိကုန်၏။</p> <p>မျောက်တို့ လှည့်လည်သွားလာခြင်းသာရှိ၍ လူတို့လှည့်လည်သွားလာခြင်းမရှိသော, ဟိမဝန္တာတောင်မင်း၏ သွားရန်ခက်ခဲ၍ မညီညွတ်ကုန်သော အရပ်တို့သည် ရှိကုန်၏။</p> <p>မျောက်တို့ လှည့်လည်သွားလာခြင်းလည်း ရှိသော, လူတို့ လှည့်လည်သွားလာခြင်းလည်း ရှိသော, ဟိမဝန္တာတောင်မင်း၏ ညီညွတ်သော မြေအဖို့ရှိသော မွေ့လျော်ဖွယ်ရာ အရပ်တို့သည် ရှိကုန်၏။</p> <p>ရဟန်းတို့ ... ထိုညီညွတ်သော မြေအဖို့ရှိ၍ မွေ့လျော်ဖွယ်ရာ အရပ်၌ မုဆိုးတို့သည် မျောက်တို့ကို သတ်ဖြတ်ဖျက်ဆီးရန် မျောက်တို့ သွားလာရာလမ်းတို့၌ မျောက်နှဲစေးကို ထောင်ထားကြကုန်၏။</p> <p>ရဟန်းတို့ ...ထိုဟိမဝန္တာတောင်၌ မိုက်မဲသောသဘော မရှိကုန်သော လျှပ်ပေါ်သောသဘောလည်း မရှိကုန်သော မျောက်တို့သည် ထိုအရပ်၌ ထောင်ထားသော မျောက်နှဲစေးကို မြင်ကုန်သည်ရှိသော် ဝေးစွာ ရှောင်ဖဲသွားကြကုန်၏။ မိုက်မဲသော သဘောရှိ၍ လျှပ်ပေါ်သော သဘောလည်း ရှိသော မျောက်သည်ကား ထိုမျောက်နှဲစေး ရှိရာအရပ်သို့ ချဉ်းကပ်၍ လက်တစ်ဖက်ဖြင့် ကိုင်ယူ၏။ ထိုလက်သည် ထိုမျောက်နှဲစေး၌ ကပ်ငြိ၏။ ကပ်ငြိနေသော လက်ကို လွတ်စေအံ့ဟု ဒုတိယလက်ဖြင့် ယင်းမျောက်နှဲစေး ကို ကိုင်ယူပြန်၏၊ ထိုဒုတိယလက်သည်လည်း ထိုမျောက်နှဲစေး၌ ကပ်ငြိ ပြန်၏။ လက်နှစ်ဖက်လုံးတို့ကို လွတ်စေအံ့ဟု ခြေတစ်ဖက်ဖြင့် ယင်းမျောက် နှဲစေးကို ကိုင်ယူပြန်၏၊ ထိုခြေသည်လည်း ထိုမျောက်နှဲစေး၌ ကပ်ငြိပြန်၏။ လက်နှစ်ဖက်တို့ကိုလည်းကောင်း, ကပ်ငြိနေသော ခြေကိုလည်းကောင်း လွတ်စေအံ့ဟု ဒုတိယခြေဖြင့် ယင်းမျောက်နှဲစေးကို ကိုင်ယူပြန်၏၊ ထိုဒုတိယ ခြေသည်လည်း ထိုမျောက်နှဲစေး၌ ကပ်ငြိပြန်၏။ လက်နှစ်ဖက်တို့ကိုလည်းကောင်း ခြေနှစ်ဖက်တို့ကိုလည်းကောင်း လွတ်စေအံ့ဟု နှုတ်သီးဖြင့် ယင်းမျောက်နှဲစေးကို ကိုက်ယူပြန်၏၊ ထိုနှုတ်သီးသည် ထိုမျောက်နှဲစေး၌ ကပ်ငြိပြန်၏။</p> <p>ရဟန်းတို့ ... ဤသုိ့လျှင် ထိုမျောက်သည် ငါးဌာနတို့၌ နှောင်ဖွဲ့ မိသည်ဖြစ်၍သာလျှင် ညည်းတွားလျက် အိပ်ရလေ၏၊ အကျိုးမဲ့ခြင်းသို့ ရောက်ရလေ၏၊ ပျက်စီးခြင်းသို့ ရောက်ရလေ၏၊ မုဆိုး၏ အလိုရှိတိုင်း ပြုလုပ်မှုကို ခံရလေ၏။ ရဟန်းတို့ ... ထိုမုဆိုးသည် ထိုမျောက်ကို တံစို့ထိုးလျက် ထိုအရပ်၌ပင်လျှင် ထင်းမီးကျီး၌ ကင်မြှိုက်၍ အလိုရှိရာအရပ်သို့ ဖဲခွာသွားလေ၏။ ရဟန်းတို့ ... မကျက်စားသင့်သော သူတစ်ပါးတို့၏ နေရာအရပ်၌ ကျက်စားသွားလာသောသူသည် ဤအတူပင် ဖြစ်၏။</p> <p>ရဟန်းတို့ ... ထိုကြောင့် မကျက်စားသင့်သော သူတစ်ပါးတို့၏ နေရာ အရပ်၌ မကျက်စား မသွားလာကြကုန်လင့်၊ မကျက်စား မသွားလာသင့်သော သူတစ်ပါးတို့၏ နေရာအရပ်၌ ကျက်စားသူတို့အား <b>ကိလေသမာရ်</b>သည် ဖျက်ဆီးရန် အခွင့်ကိုရ၏၊ <b>ကိလေသမာရ်</b>သည် ဖျက်ဆီးရန် အကြောင်းကို ရ၏။ ရဟန်းတို့ ... ရဟန်း၏ မကျက်စားသင့်သော သူတစ်ပါးတို့၏ နေရာအရပ်ကား အဘယ်နည်း? ဤအာရုံငါးပါး <b>ကာမဂုဏ်တရား</b>တို့ပင် တည်း။ အဘယ်ငါးပါးတို့နည်း?</p> <p>အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွားစေတတ်ကုန်သော ချစ်ခင်ဖွယ် သဘောရှိကုန်၍ ကာမနှင့်စပ်ယှဉ်လျက် တပ်မက်ဖွယ်ကောင်းကုန်သော ----</p> <p>၁။ <b>စက္ခုဝိညာဏ်</b>ဖြင့် မြင်သိအပ်သော <b>ရူပါရုံ</b> ။ ပ ။</p> <p>၂။ <b>သောတဝိညာဏ်</b>ဖြင့် ကြားသိအပ်သော <b>သဒ္ဒါရုံ</b> ။ ပ ။</p> <p>၃။ <b>ဃာနဝိညာဏ်</b>ဖြင့် နမ်းရှူသိအပ်သော <b>ဂန္ဓာရုံ</b> ။ ပ ။</p> <p>၄။ <b>ဇိဝှါဝိညာဏ်</b>ဖြင့် လျှက်သိအပ်သော <b>ရသာရုံ</b> ။ ပ ။</p> <p>၅။ <b>ကာယဝိညာဏ်</b>ဖြင့် တွေ့သိအပ်သော <b>ဖောဋ္ဌဗ္ဗာရုံ</b>တို့တည်း။</p> <p>ရဟန်းတို့ ... ရဟန်း၏ မကျက်စားသင့်သော သူတစ်ပါးတို့၏ နေရာအရပ်ကား ဤအာရုံငါးပါး ကာမဂုဏ်တရားတို့ပင်တည်း။</p> <p>ရဟန်းတို့ ... မိမိအဖ၏နေရာ မိရိုးဖလာအရပ် ဖြစ်သော စားကျက်၌ ကျက်စားသွားလာကြကုန်လော့၊ မိမိ၏အဖ၏နေရာ မိရိုးဖလာဖြစ်သော စားကျက်၌ ကျက်စားသွားလာကြသူတို့အား <b>ကိလေသမာရ်</b>သည် ဖျက်ဆီးရန် အခွင့်ကိုမရ၊ <b>ကိလေသမာရ်</b>သည် ဖျက်ဆီးရန် အကြောင်းကို မရ။</p> <p>ရဟန်းတို့ ... ရဟန်း၏ မိမိအဖ၏နေရာ မိရိုးဖလာဖြစ်သော ကျက်စားရာ စားကျက်ကား အဘယ်နည်း? ဤ<b>သတိပဋ္ဌာန်တရား</b> လေးပါးတို့ပင်တည်း။ ရဟန်းတို့ ... ဤသာသနာတော်၌ ရဟန်းသည် ကိလေသာတို့ကို ပူပန်စေတတ် လောင်ကျွမ်းစေတတ်သော အပြင်းအထန် ကြိုးစားအားထုတ်အပ်သော <b>လုံ့လဝီရိယ</b> ရှိသည်ဖြစ်၍ (ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ တည်းဟူသော အာရုံကို) ကွဲကွဲပြားပြား သိတတ်သော <b>သမ္ပဇဉ်ဉာဏ်</b> ရှိသည်ဖြစ်၍, (ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ တည်းဟူသော အာရုံကို) အောက်မေ့ အမှတ်ရမှု သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာ ငါးပါးတည်းဟူသော လောက၌ တပ်မက်ခြင်း (= <b>အဘိဇ္ဈာတရား</b>), စိတ်နှလုံးမသာယာခြင်း (= <b>ဒေါမနဿတရား</b>)ကို ပယ်ဖျောက်လျက် ---</p> <p>၁။ <b>ကာယ</b>၌ ကာယဟု</p> <p>၂။ <b>ဝေဒနာ</b>တို့၌ ဝေဒနာဟု</p> <p>၃။ <b>စိတ္တ</b>၌ စိတ်ဟု</p> <p>၄။ <b>ဓမ္မသဘောတရား</b>တို့၌ ဓမ္မသဘောတရားဟု ---</p> <p>အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။</p> <p>ရဟန်းတို့ ... ရဟန်း၏ မိမိအဖ၏နေရာ မိရိုးဖလာအရပ် ဖြစ်သော ကျက်စားရာ စားကျက်သည်ကား ဤသတိပဋ္ဌာန်တရား လေးပါးတို့ပင်တည်း။ (သံ၊၃၊၁၂၈-၁၃၀။)</p> <p>တစ်ဖန် ထိုကဲ့သို့ သီလကို ဖြည့်ကျင့်သည့်အခါ ကျက်စားရာ စားကျက်၌ ကျက်စားသည့်အခါ ---</p> <p><b>အဏုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝီ</b>၊ (အံ၊၃၊၂၇၅။)</p> <p>အဏုမြူပမာ သေးငယ်လှသော အပြစ်တို့၌သော်လည်း သိက္ခာပုဒ် အသေးအဖွဲဟု မရိုမသေ မလေးမစား မပြုလုပ်ဘဲ အလွန် ကြောက်မက်ဖွယ်ကောင်းသော ဘေးဟု ဉာဏ်ဖြင့် ရှုမြင်လျက် သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်ပါဟုလည်း တိုက်တွန်းထားတော်မူပြန်၏။ အကြောင်းကား ဤသို့ ဖြစ်၏။</p> <p><b>သာပတ္တိကဿ ဘိက္ခဝေ နိရယံ ဝါ ဝဒါမိ၊ တိရစ္ဆာနယောနိံ ဝါ။</b> (သာရတ္ထ၊၃၊၃၇၉။)</p> <p>= ရဟန်းတို့ ... <b>အာပတ်</b> တန်းလန်းနှင့် သေသော ရဟန်းအား ငရဲသို့ သော်လည်းကောင်း, <b>တိရစ္ဆာန်ယောနိ</b>သို့ သော်လည်းကောင်း ရောက်ရှိလိမ့်မည်ဟု ငါဘုရား ဟောတော်မူ၏။ (သာရတ္ထ၊၃၊၃၇၉။)</p> <p>ဤစကားရပ်မှာ မျက်မှောက်ခေတ် <b>ပိဋကတ်စာပေ ပါဠိတော်</b>များ၌ ရှာဖွေ၍ မတွေ့ရှိနိုင်သော ပါဠိစကားရပ် ဖြစ်သော်လည်း <b>သာရတ္ထဒီပနီဋီကာ</b>ဆရာတော်တို့ လက်ထက်က ဤအထက်ပါ စကားရပ်သည် ပါဠိတော်များ၌ တည်ရှိနေဟန်တူသည်။ ထို့ကြောင့် သာရတ္ထဒီပနီဋီကာဆရာတော်က သူ၏ ကျမ်းစာထဲတွင် ထိုပါဠိတော်ကို ထည့်သွင်း ကိုးကားကာ ဖော်ပြသွားတော် မူခြင်း ဖြစ်ပေရာသည်။ သံယုတ်ပါဠိတော် နိဿယသစ်ကို စီရင်တော်မူကြသော ဆရာတော်တို့က အင်္ဂုတ္တရဋီကာ (၁၊၁၅)အရ သံယုတ္တနိကာယ်၌ သုတ္တန်ပေါင်း (၃၀၄၉)သုတ် ရှိကြောင်းကိုလည်းကောင်း, အဋ္ဌကထာ ရေတွက်ပုံအရ သုတ္တန်ပေါင်း (၇၇၆၂)သုတ် ရှိကြောင်းကိုလည်းကောင်း ဖော်ပြထား၏။ [သံယုတ်ပါဠိတော်နိဿယ၊ ပထမတွဲ၊ (ကဲ)]</p> <p>တစ်ဖန် ယခုလက်ရှိ မြန်မာမူ (ဆဋ္ဌမူ)၌ <b>ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်</b>ဝယ် သုတ္တန်ပေါင်း (၇၁၆)သုတ် ရှိကြောင်းကိုလည်းကောင်း, သီဟိုဠ်မူ၌ (၇၆၄)သုတ်ရှိကြောင်းကိုလည်း ဖော်ပြထားပြန်၏။</p> <p>[သံယုတ်ပါဠိတော်နိဿယ၊ ပထမတွဲ၊ (ကေ)]</p> <p>ဤစကားရပ်များအရ သံယုတ္တနိကာယ်တစ်ခုတည်း၌ပင် ပျောက်ဆုံး နေသော သုတ္တန်ပေါင်းများစွာ ရှိနေပေသည်ဟု သိရှိနိုင်၏။ ထိုကဲ့သို့ ပျောက်ဆုံးနေသော သုတ္တန်များတွင် အထက်ပါ သာရတ္ထဒီပနီဋီကာဆရာတော် ကိုးကား ဖော်ပြသော --- <b>သာပတ္တိကဿ ဘိက္ခဝေ နိရယံ ဝါ ဝဒါမိ၊ တိရစ္ဆာနယောနိံ ဝါ</b> ဟူသော ပါဠိတော်သည် ပါရှိများ နေလေရော့သလားဟု စဉ်းစားဖွယ်ရာ ဖြစ်နေပေသည်။</p> <p>ထိုသို့ စဉ်းစားရခြင်း၏ အကြောင်းရင်းမှာ အထက်ပါ သာရတ္ထဒီပနီဋီကာစကားရပ်သည် အောက်ပါ <b>ပရိဝါရအဋ္ဌကထာ</b> စကားရပ်နှင့် နှီးနှော မိနေသောကြောင့်ပင် ဖြစ်၏။</p> <p><b>အန္တရာယိကာတိ သတ္တပိ အာပတ္တိယော သဉ္စိစ္စ ဝီတိက္ကန္တာ သဂ္ဂန္တရာယဉ္စေဝ မောက္ခန္တရာယဉ္စ ကရောန္တီတိ အန္တရာယိကာ၊ အဇာနန္တေန ဝီတိက္ကန္တာ ပန ပဏ္ဏတ္တိဝဇ္ဇာပတ္တိ နေဝ သဂ္ဂန္တရာယံ န မောက္ခန္တရာယံ ကရောတီတိ အနန္တရာယိကာ။ အန္တရာယိကံ အာပန္နဿာပိ ဒေသနာဂါမိနိံ ဒေသေတွာ ဝုဋ္ဌာနဂါမိနိတော ဝုဋ္ဌာယ သုဒ္ဓိပတ္တဿ သာမဏေရဘူမိယံ ဌိတဿ စ အဝါရိတော သဂ္ဂမောက္ခမဂ္ဂေါတိ။</b> (ဝိ၊ဋ္ဌ၊၄၊၁၅၇။)</p> <p>ဝိနယ <b>ပရိဝါရပါဠိတော်</b> ဧကုတ္တရိကနယတွင် ---</p> <p><b>အန္တရာယိကာ အာပတ္တိ ဇာနိတဗ္ဗာ၊ အနန္တရာယိကာ အာပတ္တိ ဇာနိတဗ္ဗာ။</b> (ဝိ၊၅၊၂၁၁။)</p> <p>သဂ္ဂန္တရာယ် မောက္ခန္တရာယ်ကို ပြုတတ်သော အာပတ်ကို သိရှိသင့်၏။ သဂ္ဂန္တရာယ် မောက္ခန္တရာယ်ကို မပြုတတ်သော အာပတ်ကို သိရှိသင့်၏။ (ဝိ၊၅၊၂၁၁။) --- ဤသို့ စသည်ဖြင့် ဟောကြားထားတော်မူ၏။</p> <p>သဂ္ဂန္တရာယ်ဟူသည် သေသည်၏ အခြားမဲ့၌ ကောင်းရာသုဂတိသို့ ရောက်ရှိဖို့ရန် တားမြစ်တတ် အန္တရာယ်ပြုတတ်၏ဟု ဆိုလိုသည်။ ကောင်းရာ သုဂတိသို့ ရောက်ရှိရေးအတွက် တားမြစ်တတ် အန္တရာယ်ပြုတတ်ခဲ့သော် ကောင်းရာသုဂတိသို့ မရောက်နိုင်ဟု ဆိုလိုရာရောက်၏။</p> <p>မောက္ခန္တရာယ်ဟူသည် တရားအားထုတ်သော်လည်း စျာန်မဂ်ဖိုလ် တရားထူးတရားမြတ်ကို ရရှိဖို့ရန် အန္တရာယ်ကို ပြုတတ်၏၊ မရအောင် တားမြစ်တတ်၏ဟု ဆိုလိုသည်။ စျာန်မဂ်ဖိုလ်တရားတို့ကား ကိလေသာတို့မှ လွတ်မြောက်ကြောင်းဖြစ်၍ မောက္ခတရားများ ဖြစ်ကြ၏။ ထိုမောက္ခတရားများကို မရရှိအောင် အာပတ်တွေက ဟန့်တားထားတတ်၏။ အာပတ် တန်းလန်းနှင့် သမထ-ဝိပဿနာဘာဝနာတရားတို့ကို ကြိုးစားအားထုတ်သော်လည်း စျာန်မဂ်ဖိုလ် ရရှိဖို့ရန်ကား အလွန် ခက်ခဲဖွယ်ရာ ရှိပေသည်။ သို့သော် အာပတ်အားလုံး ထိုသို့ ဖြစ်နိုင်သည်ဟုကား မဆိုလိုပါ။ အထက်တွင် ရေးသားတင်ပြထားသော ပရိဝါရအဋ္ဌကထာက ဤသို့ ရှင်းပြထား၏။ ---</p> <p>သဂ္ဂန္တရာယ် မောက္ခန္တရာယ်ကို ပြုတတ်၏ ဟူသည် - <b>သဉ္စိစ္စ ဝီတိက္ကန္တ</b> (= သိလျက်နှင့် လွန်ကျူးအပ်ကုန်သော) အာပတ် (၇)ပုံလုံးတို့သည်ပင် သဂ္ဂန္တရာယ်ကိုလည်းကောင်း, မောက္ခန္တရာယ်ကိုလည်းကောင်း ပြုတတ် ကုန်သောကြောင့် အန္တရာယိကာ မည်ကုန်၏။</p> <p>မသိသဖြင့် လွန်ကျူးမိကုန်သော ပဏ္ဏတ္တိဝဇ္ဇ အာပတ်တို့သည်ကား သဂ္ဂန္တရာယ်ကိုလည်း မပြုတတ်ကုန်၊ မောက္ခန္တရာယ်ကိုလည်း မပြုတတ်ကုန်သောကြောင့် အနန္တရာယိကာ မည်ကုန်၏ဟု ဤသို့ ဖွင့်ဆိုထားတော် မူ၏။ (ဝိ၊ဋ္ဌ၊၄၊၁၅၇။)</p> <p>ဤအဋ္ဌကထာစကားရပ်နှင့် ဆက်စပ်၍ လောကဝဇ္ဇသိက္ခာပုဒ်နှင့် ပဏ္ဏတ္တိဝဇ္ဇသိက္ခာပုဒ်တို့ကို အနည်းငယ် ရှင်းလင်းတင်ပြလိုပေသည်။</p> <p>လောကဝဇ္ဇ သိက္ခာပုဒ် ဟူသည် ဘုရားရှင် ပညတ်တော်မူသည်ဖြစ်စေ, မပညတ်တော်မူသည်ပင်ဖြစ်စေ လောက၌ ပင်ကိုသဘာဝအတိုင်း အပြစ် ရှိနေသော သိက္ခာပုဒ်တို့တည်း။ ဥပမာ - သူ့အသက်ကို သတ်ခြင်း, သူ့ပစ္စည်း ကို မတရားယူခြင်း စသည့် သိက္ခာပုဒ်တို့ပင်တည်း။ ဘုရားရှင်က ပညတ်တော်မူသည်ဖြစ်စေ မပညတ်တော်မူသည်ပင်ဖြစ်စေ သူ့အသက်ကို သတ်က, သူ့ပစ္စည်းကို မတရားယူပါက အပြစ်ရှိသည်သာ ဖြစ်၏။ ထိုအကုသိုလ်ကံသည် ရင့်ကျက်ခဲ့သော် သေသည်၏အခြားမဲ့၌ အပါယ်ပဋိသန္ဓေကို ဖြစ်စေနိုင်၏။</p> <p>ပဏ္ဏတ္တိဝဇ္ဇ သိက္ခာပုဒ်ဟူသည် လောက၌ ပင်ကိုသဘာဝအတိုင်းကား အပြစ်မရှိပေ။ ဘုရားရှင်သည် ပညတ်တော်မူသောကြောင့်သာလျှင် ထိုကဲ့သို့ ပညတ်ထားသော သိက္ခာပုဒ်တို့ကို လွန်ကျူးမိသော ရဟန်းတော်တို့အား အာပတ်သင့်ရခြင်း ဖြစ်၏။ ဥပမာ --- မြက်ပင်ပေါ်၌ တံတွေး ထွေးခြင်း, ရွှေငွေကို အလှူခံယူခြင်း (ရူပိယသိက္ခာပုဒ်) စသော သိက္ခာပုဒ်များတည်း။</p> <p>လောကဝဇ္ဇသိက္ခာပုဒ်ပင်ဖြစ်စေ, ပဏ္ဏတ္တိဝဇ္ဇသိက္ခာပုဒ်ပင်ဖြစ်စေ သိလျက်နှင့် လွန်ကျူးလိုသော စိတ်စေတနာနှင့်တကွ လွန်ကျူးမိပါက အာပတ် (၇)ပုံလုံးသည်ပင် သဂ္ဂန္တရာယ် မောက္ခန္တရာယ်ဖြစ်သည်ဟု အထက်ပါ အဋ္ဌကထာက ဖွင့်ဆိုထား၏။</p> <p>သို့သော် လောကဝဇ္ဇသိက္ခာပုဒ်တို့ကို သိလျက်နှင့် လွန်ကျူးမိသည်ဖြစ်စေ, မသိ၍ လွန်ကျူးမိသည်ဖြစ်စေ ထို လောကဝဇ္ဇအာပတ်တို့က သဂ္ဂန္တရာယ် မောက္ခန္တရာယ် ဖြစ်နိုင်သည်သာဟု ဆိုလိုနေပေသည်။</p> <p>ပဏ္ဏတ္တိဝဇ္ဇ သိက္ခာပုဒ်တို့ကို မသိ၍ လွန်ကျူးမိပါက ထိုပဏ္ဏတ္တိဝဇ္ဇ အာပတ်တို့က သဂ္ဂန္တရာယ် မောက္ခန္တရာယ်ကို မပြုနိုင်ဟုလည်း ဖွင့်ဆိုထား၏။</p> <p>တစ်ဖန် သဂ္ဂန္တရာယ် မောက္ခန္တရာယ်ကို ပြုတတ်သော အာပတ်သို့ သင့်ရောက်မိသော်လည်း ဒေသနာပြောကြားခြင်းဖြင့် ကုစားသင့်သော အာပတ်ကို ဒေသနာပြောကြားပြီးလတ်သော်, ပရိဝါသ် မာနတ် ဆောက်တည် ကျင့်သုံးသင့်သော (သံဃာဒိသိသ်)အာပတ်ကို ပရိဝါသ် မာနတ် ဆောက်တည်ကျင့်သုံးပြီး၍ ထိုပရိဝါသ် မာနတ်မှ ထမြောက်ခဲ့သော်, ပါရာဇိကအာပတ် သင့်၍ သာမဏေဘုံ၌ ရပ်တည်ပြီးလတ်သော် ထိုကဲ့သို့ အာပတ်ကို ကုစားပြီးသော ရဟန်းအား ထိုကုစားပြီးသော အာပတ်တို့သည် ကောင်းရာ သုဂတိသို့ မရောက်အောင်, စျာန်ဝိမောက္ခတရား အရိယမဂ်တရားကို မရရှိအောင် မတားမြစ်တော့ပေ။ (ဝိ၊ဋ္ဌ၊၄၊၁၅၇။) ထိုကုစားပြီးသော အာပတ်က သဂ္ဂန္တရာယ် မောက္ခန္တရာယ်ကို မပြုတော့ဟု ဆိုလိုပေသည်။</p> --- <h3>ရူပိယသိက္ခာပုဒ်</h3> <p>ရွှေငွေကို အလှူခံယူခြင်းဟူသည့် ရူပိယသိက္ခာပုဒ်ကား ပဏ္ဏတ္တိဝဇ္ဇ သိက္ခာပုဒ်တစ်ခုပင်ဖြစ်၏။ (ဝိ၊ဋ္ဌ၊၂၊၂၇၅။) ဘုရားရှင် ပညတ်တော်မူသောကြောင့် ထိုသိက္ခာပုဒ်ကို လွန်ကျူးမိသော ရဟန်းအား အာပတ်သင့်ရခြင်း ဖြစ်၏။</p> <p>သို့သော် ထိုသိက္ခာပုဒ်ကို မသိ၍ လွန်ကျူးမိပါက ထိုအာပတ်သည် သဂ္ဂန္တရာယ် မောက္ခန္တရာယ် မဖြစ်သော်လည်း ထိုသိက္ခာပုဒ်ကို သိလျက်နှင့် လွန်ကျုးမိပါက ထိုလွန်ကျူးမိသော အာပတ်က သဂ္ဂန္တရာယ် မောက္ခန္တရာယ် ဖြစ်နိုင်၏။ ထိုအာပတ်ကို မကုစားရသေးဘဲ အာပတ်တန်းလန်းနှင့် သေကျေ ပျက်စီးပါက ကောင်းရာသုဂတိသို့ မရောက်နိုင်။ ထိုကဲ့သို့သော အာပတ်ကို မကုစားရသေးဘဲ အာပတ်တန်းလန်းနှင့် သမထဝိပဿနာဘာဝနာတို့ကို အားထုတ်ပါကလည်း စျာန် မဂ်ဖိုလ်ဟူသည့် မောက္ခတရားတို့ကို မရရှိနိုင်ပေ။</p> <p>သို့သော် ထိုရွှေငွေကို မအပ်သောနည်းဖြင့် အလှူခံယူခြင်း၊ ထိုကဲ့သို့ မအပ်သောနည်းဖြင့် အလှူခံယူထားအပ်သော ရွှေငွေဖြင့် ဝယ်ယူထားသော ပစ္စည်းတို့ကို အသုံးပြုခြင်းတို့ကား ကုစားရန်ခက်ခဲသော အာပတ်တို့တွင် ပါဝင်လျက်ရှိကြ၏။ ထိုအာပတ်တို့ကား နိဿဂ္ဂိယပါစိတ်အာပတ် အမျိုးအစားတို့တွင် ပါဝင်လျက် ရှိကြ၏။ နိဿဂ္ဂိတို့၏ သဘောကား စွန့်ခြင်းဝိနည်းကံ ရှေးရှိသော အာပတ်တို့ဖြစ်ကြ၏။ စွန့်ခြင်းဝိနည်းကံ ရှေးရှိ၏ဟူသည် ထိုအလှူခံထားသော ရွှေငွေ, ထိုရွှေငွေဖြင့် ဝယ်ယူထားသော ပစ္စည်းတို့ကို ရှေ့ဦးစွာ စွန့်ရမည် ဖြစ်၏။ စွန့်ပြီးပါမှ ထိုအာပတ်ကို ဒေသနာပြောကြားရမည် ဖြစ်သည်။ ထိုအခါမှသာလျှင် ထိုအာပတ်မှ ထနိုင်၏။ ထိုအာပတ်မှ စင်ကြယ်နိုင်၏။ မစွန့်ဘဲ မစွန့်နိုင်ဘဲ ထိုအာပတ်ကို ဒေသနာ ပြောကြားနေပါက အကြိမ် ရာနှင့် ထောင်နှင့် ချီ၍ ဒေသနာပြောကြားစေကာမူ ထိုအာပတ်မှ မထမြောက်နိုင်သည်သာ ဖြစ်၏။ မစင်ကြယ်နိုင်သည်သာ ဖြစ်၏။ ထိုမစင်ကြယ်သေးသော အာပတ်တန်းလန်းနှင့် သေကျေပျက်စီးခဲ့သော် အထက်ပါ ပါဠိတော် အဋ္ဌကထာတို့က ထိုအာပတ်သည် သဂ္ဂန္တရာယ် မောက္ခန္တရာယ်ကို ပြုတတ်၏ဟု ဖွင့်ဆိုထားတော်မူ၏။ အာပတ်တန်းလန်းနှင့် သေကျေပျက်စီးပါက ကောင်းရာသုဂတိသို့ မရောက်နိုင်၊ တရားအားထုတ်ပါကလည်း စျာန်မဂ်ဖိုလ် တရားထူး တရားမြတ်ကို မရနိုင်ဟု ဖွင့်ဆိုထားတော်မူ၏။</p> <p>သေသည်၏ အခြားမဲ့၌ ကောင်းရာ သုဂတိသို့ မရောက်သော် အဘယ်သို့ ရောက်ရှိမည်နည်း? အလွန်ကြောက်မက်ဖွယ် ကောင်းလှပေ၏။</p> --- <h3>အင်္ဂုတ္တရအဋ္ဌကထာအဖွင့်</h3> <p>အင်္ဂုတ္တရနိကာယ် စတုက္ကနိပါတ် ဝေသာရဇ္ဇသုတ္တန် (အံ၊၁၊၃၁၅-၃၁၆။) ၌ ဘုရားရှင်၏ ဝေသာရဇ္ဇဉာဏ်တော်မြတ် လေးပါးလာရှိ၏။ ထိုတွင် တတိယ မြောက် ဝေသာရဇ္ဇဉာဏ်တော်မြတ်၌ လာရှိသော <b>အန္တရာယိကာ ဓမ္မာ</b> (=စျာန်မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်ကုန်သော တရားတို့ဟူသည်နှင့် ပတ်သက်၍ အင်္ဂုတ္တရအဋ္ဌကထာက အောက်ပါအတိုင်း ဖွင့်ဆိုထားတော်မူ၏။</p> <p><b>အန္တရာယိကာ ဓမ္မာတိ ဧတ္ထ ပန အန္တရာယံ ကရောန္တီတိ အန္တရာယိကာ။ တေ အတ္ထတော သဉ္စိစ္စ ဝီတိက္ကန္တာ သတ္တ အာပတ္တိက္ခန္ဓာ။ သဉ္စိစ္စ ဝီတိက္ကန္တံ ဟိ အန္တမသော ဒုက္ကဋဒုဗ္ဘာသိတမ္ပိ မဂ္ဂဖလာနံ အန္တရာယံ ကရောတိ။</b> (အံ၊ဋ္ဌ၊၂၊၂၅၅)</p> <p>ဤ အဋ္ဌကထာ၏ ဆိုလိုရင်းမှာ ဤသို့ဖြစ်၏။ ---</p> <p>စျာန်မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်ကုန်သော တရားတို့ကို <b>အန္တရာယိကဓမ္မ</b>ဟု ဆိုလို၏။ ထိုတရားတို့ဟူသည် ဆိုလိုရင်းအနက်သဘောအားဖြင့် သိလျက်နှင့် လွန်ကျူးထားအပ်ကုန်သော အာပတ် (၇)ပုံတို့တည်း။ လွန်ကျူးလိုသော စိတ်စေတနာ ထင်ရှားရှိလျက် လွန်ကျူးထားအပ်သော အာပတ်သည် အောက်ထစ်ဆုံးအားဖြင့် ဒုက္ကဋ် ဒုဗ္ဘာသိအာပတ်ပင် ဖြစ်ပါစေ၊ စျာန် မဂ်ဖိုလ်တို့၏ အန္တရာယ်ကို ပြုတတ်သည်သာ ဖြစ်၏။ (အံ၊၂၊၂၅၅။)</p> <p>ယနေ့ မျက်မှောက်ခေတ်တွင် ရဟန်းတော်များအား ရွှေငွေသည် မအပ်ဟု မသိသော ရဟန်း သာမဏေကား အလွန် ရှားပါးဖွယ်ရာ ရှိပေ သည်။ သိလျက်နှင့် ထိုသိက္ခာပုဒ်ကို လွန်ကျူးနေသူတို့သာ များပေသည်။ အပါယ်ဘေးဆိုးကြီးကို ကြောက်ရွံ့ပါက အထူး သတိပြုသင့်သော အချက် တစ်ရပ်ပင် ဖြစ်ပေသည်။</p> <p>ထိုကြောင့် အထက်တွင် ဖော်ပြထားသော ပထမနာထ တရားတော်၌ ဘုရားရှင်က အဏုမြူပမာ အလွန် သေးငယ်လှသော အပြစ်တို့၌သော်လည်း အလွန်ကြောက်မက်ဖွယ်ကောင်းသည့် ဘေးဆိုးကြီးဟု ရှုမြင်လေ့ရှိသည်ဖြစ်၍ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်ပြီး ကျင့်သုံးပါဟု ဆိုဆုံးမထားတော်မူပေသည်။ သီလပျက်စီးခြင်းကြောင့် ရရှိမည့် ဘေးဆိုးကြီးကို မကြာခဏ နှလုံးသွင်းသင့်ပေသည်။</p> --- <h3>အပ်စပ်သော နည်းဖြင့် အလှူခံယူခွင့်</h3> <p>သို့သော် အပ်စပ်သော နည်းလမ်းဖြင့် ပြောဆိုလျှောက်ထားကာ ထို ရွှေငွေမှ ဖြစ်ပေါ်လာသော ရဟန်းတို့နှင့် အပ်စပ်သော ပစ္စည်းများကို အလှူ ခံယူခွင့်ကိုလည်း ဘုရားရှင်က ဤသို့ ခွင့်ပြုထားတော်မူပါသည်။</p> <p><b>သန္တိ ဘိက္ခဝေ မနုဿာ သဒ္ဓါ ပသန္နာ၊ တေ ကပ္ပိယကာရကာနံ ဟတ္ထေ ဟိရညံ ဥပနိက္ခိပန္တိ ဣမိနာ အယျဿ ယံ ကပ္ပိယံ တံ ဒေထာတိ။ အနုဇာနာမိ ဘိက္ခဝေ ယံ တတော ကပ္ပိယံ တံ သာဒိတုံ၊ န တွေဝါဟံ ဘိက္ခဝေ ကေနစိ ပရိယာယေန ဇာတရူပရဇတံ သာဒိတဗ္ဗံ ပရိယေသိတဗ္ဗန္တိ ဝဒါမိ။</b> (ဝိ၊၃၊၃၄၂။)</p> <p>= ရဟန်းတို့ ... သဒ္ဓါတရားနှင့် ပြည့်စုံကြကုန်သော သာသနာတော်ကို ကြည်ညိုလေးစားကြကုန်သော ဒါယကာ ဒါယိကာမတို့သည် ရှိကြကုန်၏။ ထိုသူတို့သည် ရဟန်းတော်တို့အား အပ်စပ်အောင် ပြုလုပ်ပေးတတ်ကြကုန်သော ကပ္ပိယကာရကတို့၏ လက်ဝယ် ရွှေငွေကို အပ်နှံလျက် - ဤရွှေငွေဖြင့် ဤအရှင်မြတ်အား ရဟန်းတော်တို့နှင့် အပ်စပ်သော ပစ္စည်းဝတ္ထုကို လှူပေး ကြပါဟု ပြောဆိုကာ အပ်နှင်း လှူဒါန်းကြကုန်၏။ ရဟန်းတို့ ...ထိုကဲ့သို့ အပ်နှင်းလှူဒါန်းထားသော ရွှေငွေမှ ဖြစ်ပေါ်လာသော ရဟန်းတော်တို့နှင့် အပ်စပ်သော ပစ္စည်းဝတ္ထုကို သာယာဖို့ရန် ငါဘုရား ခွင့်ပြုတော်မူ၏။ ရဟန်းတို့ ... မည်သည့် တစ်စုံတစ်ခုသော နည်းပရိယာယ်နှင့်မျှ ရွှေငွေကို သာယာထိုက်၏ ရှာမှီးထိုက်၏ဟု ငါဘုရား ဟောတော်မမူသည်သာတည်း။ (ဝိ၊၃၊၃၄၂။)</p> <p>ဤမေဏ္ဍကသိက္ခာပုဒ်၌ ဟောကြားထားတော်မူသည့်အတိုင်း အလှူရှင်ကဖြစ်စေ ကပ္ပိယကာရကကပင်ဖြစ်စေ ရွှေငွေမှ ဖြစ်ပေါ်လာသော ရဟန်းတော်တို့နှင့် အပ်စပ်သော ပစ္စည်းများကို အလှူခံယူပါရန် ရဟန်းတော်အား လျှောက်ထားလာပါက ထိုသို့ ကပ္ပိယကာရကတို့၏ လက်ဝယ် အပ်နှင်းလျက် အပ်အပ်စပ်စပ် လျှောက်ထားကာ အပ်နှင်း လှူဒါန်းထားသော ရွှေငွေမှ ဖြစ်ပေါ်လာသော ရဟန်းတော်တို့နှင့် အပ်စပ်သော ပစ္စည်းဝတ္ထုကိုကား သာယာခွင့် ရှိပေသည်။ မအပ်သော နည်းလမ်းဖြင့် လှူဒါန်းထားသော ရွှေငွေများကိုကား အလှူခံယူခွင့် မရှိပေသည်။</p> <p>တစ်ချိန်က မဏိစူဠက အမည်ရှိသော ရွာသူကြီးတစ်ဦးသည် ဤရွှေငွေနှင့် ပတ်သက်သည့် အကြောင်းတရား တစ်ခုကို ဘုရားရှင်အား မေးမြန်း လျှောက်ထားခဲ့ဖူး၏။ ယင်း မဏိစူဠကသုတ္တန်မှာ အောက်ပါတိုင်း ဖြစ်၏။</p> --- <h3>မဏိစူဠက သုတ္တန် (သံ၊၂၊၅၀၉-၅၁၀။)</h3> <p>အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးမြူရာဖြစ်သော ဝေဠုဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး စံနေတော်မူ၏။ ထိုအခါ မင်း၏ နန်းတော်တွင်းဝယ် အညီအညွတ် စုဝေးထိုင်နေသော မင်းပရိသတ်အလယ်၌ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့အား ရွှေငွေသည် အပ်၏၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို သာယာကုန်၏၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို ခံယူကုန်၏ဟူသော (မင်းမှုကိစ္စကို ဆောင်ရွက်ခြင်း၏ စပ်ကြားကာလ၌ ဖြစ်ပေါ်လာသော) ဤ အကြားစကားသည် ထင်ရှား ဖြစ်ပေါ်ခဲ့၏။</p> <p>ထိုအခါ မဏိစူဠက ရွာသူကြီးသည် ထိုပရိသတ်အတွင်း၌ ထိုင်လျက် ရှိ၏။ ထို မဏိစူဠက ရွာသူကြီးက ထိုပရိသတ်ကို အမောင်တို့ ...ဤသို့ မပြောဆိုကြကုန်လင့်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့အား ရွှေငွေသည် မအပ်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို မသာယာကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သား ရဟန်းတို့သည် ရွှေငွေကို မခံယူကုန်၊ သာကီဝင် မင်းသား မြတ်စွာဘုရား၏ တပည့်သား ရဟန်းတို့သည် ကျောက်မျက်နှင့် ရွှေငွေကို ပယ်ထားကုန်၏၊ ရွှေငွေမှ ကင်းကုန်၏ဟု ပြောဆိုလေ၏။ မဏိစူဠက ရွာသူကြီးသည် ထိုပရိသတ်ကို သိနားလည်စေခြင်းငှာ စွမ်းနိုင်ခဲ့လေ၏။</p> <p>ထို့နောက် မဏိစူဠက ရွာသူကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် --- မြတ်စွာဘုရား ... ယခု မင်းနန်းတော်တွင်းဝယ် စုဝေးထိုင်နေသော မင်းပရိသတ်အလယ်၌ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့အား ရွှေငွေသည် အပ်၏၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို သာယာကုန်၏၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို ခံယူကုန်၏ဟူသော ဤအကြားစကားသည် ဖြစ်ပေါ်ခဲ့ပါသည် မြတ်စွာဘုရား ...</p> <p>မြတ်စွာဘုရား ...ဤသို့ပြောဆိုသောအခါ တပည့်တော်က ထိုပရိသတ်ကို --- အမောင်တို့ ...ဤသို့ မပြောဆိုကြကုန်လင့်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့အား ရွှေငွေသည် မအပ်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို မသာယာကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို မခံယူကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သား ရဟန်းတို့သည် ကျောက်မျက်နှင့် ရွှေငွေကို ပယ်ထားကုန်၏၊ ရွှေငွေမှ ကင်းကုန်၏ဟု ပြောဆိုခဲ့ပါသည်။ မြတ်စွာဘုရား ... တပည့်တော်သည် ထိုပရိသတ်ကို သိနားလည်စေခြင်းငှာ စွမ်းနိုင်ခဲ့ပါ၏။</p> <p>မြတ်စွာဘုရား ... တပည့်တော်သည် ဤသို့ ပြောဆိုသော် မြတ်စွာ ဘုရား၏ စကားတော်အတိုင်း ပြောဆိုသည်လည်း ဖြစ်ပါသလော၊ မြတ်စွာ ဘုရားကို မဟုတ်မမှန် မစွပ်စွဲသည်လည်း မည်ပါသလော၊ တရားတော်အား လျော်သော တရားစကားကို အတုလိုက်ကာ ပြောဆိုသည်လည်း မည်ပါသလော၊ မြတ်စွာဘုရား၏ ဝါဒကို အတုယူ၍ ပြောဆိုခြင်းသည် အကြောင်းနှင့် တကွ ဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ အနည်းငယ်မျှ မရောက်ဘဲ ရှိပါသလောဟု မေးမြန်းလျှောက်ထား၏။</p> <p>ထိုအခါ ဘုရားရှင်က အောက်ပါအတိုင်း မိန့်ကြားတော်မူ၏။</p> <p>ဒါယကာ ရွာသူကြီး ...စင်စစ် သင်သည် ဤသို့ ပြောဆိုသော် ငါဘုရားရှင်၏ စကားတော်အတိုင်း ပြောဆိုသည်လည်း ဖြစ်ပါ၏၊ ငါဘုရားရှင်ကို မဟုတ်မမှန် မစွပ်စွဲသည်လည်း ဖြစ်ပါ၏၊ ငါဘုရားရှင် ဟောကြား ထားတော်မူအပ်သည့် တရားတော်အားလျော်သော တရားစကားကို အတု လိုက်ကာ ပြောဆိုသည်လည်း မည်ပါ၏၊ ငါဘုရားရှင်၏ ဝါဒကို အတုယူ၍ ပြောဆိုခြင်းသည် အကြောင်းနှင့် တကွ ဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ အနည်းငယ်မျှလည်း မရောက်ရှိပေ။</p> <p>ဤသို့ မိန့်ကြားတော်မူပြီးနောက် ဘုရားရှင်က ရွှေငွေနှင့် ပတ်သက်သည့် အကြောင်းအရာကို အောက်ပါအတိုင်း ဆက်လက်မိန့်ကြားတော် မူပြန်၏။</p> <p><b>န ဟိ ဂါမဏိ ကပ္ပတိ သမဏာနံ သကျပုတ္တိယာနံ ဇာတရူပရဇတံ၊ န သာဒိယန္တိ သမဏာ သကျပုတ္တိယာ ဇာတရူပရဇတံ၊ နပ္ပဋိဂ္ဂဏှန္တိ သမဏာ သကျပုတ္တိယာ ဇာတရူပရဇတံ၊ နိက္ခိတ္တမဏိသုဝဏ္ဏော သမဏာ သကျပုတ္တိယာ၊ အပေတဇာတရူပရဇတာ။</b></p> <p><b>ယဿ ခေါ ဂါမဏိ ဇာတရူပရဇတံ ကပ္ပတိ၊ ပဉ္စပိ တဿ ကာမဂုဏာ ကပ္ပန္တိ၊ ယဿ ပဉ္စ ကာမဂုဏာ ကပ္ပန္တိ၊ တဿပိ ဇာတရူပရဇတံ ကပ္ပတိ၊ ဧကံသေနေတံ ဂါမဏိ ဓာရေယျာသိ အသမဏဓမ္မော အသကျပုတ္တိယဓမ္မောတိ။</b></p> <p><b>အပိ စာဟံ ဂါမဏိ ဧဝံ ဝဒါမိ တိဏံ တိဏတ္ထိကေန ပရိယေသိတဗ္ဗံ၊ ဒါရု ဒါရုတ္ထိကေန ပရိယေသိတဗ္ဗံ၊ သကဋံ သကဋတ္ထိကေန ပရိယေသိတဗ္ဗံ၊ ပုရိသော ပုရိသတ္ထိကေန ပရိယေသိတဗ္ဗော။ န တွေဝါဟံ ဂါမဏိ ကေနစိ ပရိယာယေန ဇာတရူပရဇတံ သာဒိတဗ္ဗံ ပရိယေသိတဗ္ဗန္တိ ဝဒါမိ။</b> (သံ၊၂၊၅၁၀၊၊)</p> <p>ဒါယကာ ရွာသူကြီး ...ထိုစကားသည် မှန်ပေ၏။ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့အား ရွှေငွေသည် မအပ်၊ သာကီဝင် မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို မသာယာ ကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို မခံယူကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ကျောက်မျက်နှင့် ရွှေငွေကို ပယ်ထားကုန်၏၊ ရွှေငွေမှ ကင်းကုန်၏။</p> <p>ဒါယကာ ရွာသူကြီး ...အကြင်ပုဂ္ဂိုလ်အား ရွှေငွေသည် စင်စစ် အပ်၏၊ ထိုပုဂ္ဂိုလ်အား ကာမဂုဏ်ငါးပါးတို့သည်လည်း အပ်ကုန်၏။ အကြင် ပုဂ္ဂိုလ်အား ကာမဂုဏ်ငါးပါးတို့သည် အပ်ကုန်၏၊ ထိုပုဂ္ဂိုလ်အား ရွှေငွေသည်လည်း အပ်တော့၏။ ဒါယကာ ရွာသူကြီး ... အကယ်စင်စစ်အားဖြင့် ဤငါးပါးအာရုံ ကာမဂုဏ်တို့ကို အပ်ခြင်းကို ရဟန်း မဟုတ်သူတို့၏ အကျင့် မည်၏၊ သာကီဝင်မင်းသား ဘုရားသားတော် မဟုတ်သူတို့၏ အကျင့်မည်၏ ဟူ၍ မှတ်သားပါလေလော့။</p> <p>ဒါယကာ ရွာသူကြီး ...အကယ်စင်စစ်အားဖြင့်သော်ကား ငါဘုရားရှင်သည် ကျောင်းကို မိုးရန် မြက်ဖြင့်အလိုရှိသော ရဟန်းသည် ကျောင်းကို မိုးသော မြက်ကို ရှာမှီးထိုက်၏၊ ကျောင်း ပြင်ရန် သစ်ဖြင့် အလိုရှိသော ရဟန်းသည် ကျောင်း ပြင်ရန် သစ်ကို ရှာမှီးထုိက်၏၊ လှည်းဖြင့် ပြုလုပ်ရမည့် လုပ်ငန်းရပ်ကို အလိုရှိသော ရဟန်းသည် လှည်းကို (= လှည်းဖြင့် သယ်ဆောင် ရမည့် လုပ်ငန်းရပ်ကို အခိုက်အတန့်) ရှာမှီးထိုက်၏။ အလုပ်သမား ယောက်ျားဖြင့် အလိုရှိသော ရဟန်းသည် အလုပ်သမား ယောက်ျားကို ရှာမှီးထိုက်၏ - -- ဟူ၍ ဤသို့လျှင် ငါဘုရားရှင်သည် ဟောကြားတော်မူပါ၏။</p> <p>ဒါယကာ ရွာသူကြီး ...အဘယ် နည်းပရိယာယ်နှင့်မျှ ရွှေငွေကို သာယာထိုက်၏၊ ရှာမှီးထိုက်၏ဟု ငါဘုရားရှင်သည် ဟောကြားတော်မမူပါ ဟု မိန့်ကြားတော်မူလိုက်၏။ (သံ၊၂၊၅၀၉-၅၁၀။)</p> <p>ဤအထက်ပါ ဒေသနာတော်များနှင့်အညီ ရဟန်းတော်တစ်ပါးသည် ကျောင်းပြင်ရန် အမိုး, သစ် စသည်ကို အလိုရှိသောအခါ ဆွေမျိုးတို့အထံ၌ သော်လည်းကောင်း၊ ပစ္စည်းလေးပါးကို တောင်းခံရန် လျှောက်ကြားဖိတ်မံ ထားသူတို့ အထံ၌သော်လည်းကောင်း တောင်းယူနိုင်ပေသည်။ အကယ်၍ မိမိ သီတင်းသုံးရာအရပ်၌ ဆွေမျိုးတို့အထံ၌ ဖြစ်စေ, ပစ္စည်း လေးပါး တောင်းခံရန် ဖိတ်ကြားထားသူတို့ထံ၌ဖြစ်စေ တောင်းဖို့ရန် အခက်အခဲရှိပါက သို့မဟုတ် အလိုမရှိပါက ယင်းအလိုရှိရာ ပစ္စည်းတို့ကို ဆွမ်းခံဝတ်ဖြင့် သော်လည်း ရှာမှီးရန် ဘုရားရှင်က ခွင့်ပြုထားတော်မူပေသည်။</p> <p>ဆွမ်းခံဝတ်ဖြင့် ရှာဖွေလိုသော ရဟန်းတော်သည် နံနက်ပိုင်း၌ဖြစ်စေ, မွန်းလွဲပိုင်း၌ဖြစ်စေ သင်္ကန်းကိုရုံကာ သပိတ်ကို ယူဆောင်လျက် ရွာတွင်းသို့ ဆွမ်းခံဝင်အပ်ပေသည်။ အလိုရှိရာ အိမ်ရှေ့၌ ဆွမ်းရပ်သကဲ့သို့ ရပ်နေနိုင်ပေသည်။ ဒါယကာက ပစ္စည်းတစ်ခုခုကို လာရောက် လောင်းလှူသောအခါ မိမိ အလိုမရှိသော ပစ္စည်းဖြစ်ပါက သပိတ်ကို ပိတ်ကာ ရပ်တည်နေနိုင်သည်။ ထိုအခါ ဒါယကာက အဘယ်ကို အလိုရှိပါသနည်းဟု မေးမြန်းခဲ့သော် ကျောင်းမိုးရန် မြက်ကို အလိုရှိကြောင်း စသည်ဖြင့် အလိုရှိရာပစ္စည်းကို ပြောကြားနိုင်သည်။ အကယ်၍ ဒါယကာက မမေးမြန်းခဲ့သော်ကား ပြောကြား ခွင့် မရှိပေ။ အလားတူ ရှေ့သို့ဆက်ကာ ဆွမး်ခံကြွနိုင်သည်။ ရဟန်းတော် တို့နှင့် အပ်စပ်သော ပစ္စည်းများကို ဤနည်းဖြင့် ရှာဖွေရန်ကိုလည်း ဘုရားရှင် သည် ခွင့်ပြုထားတော်မူပေသည်။ <b>အရိယပရိယေသန</b> (= ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့၏ ပစ္စည်းလေးပါးကို ရှာဖွေပုံ နည်းစနစ်) တစ်မျိုး ပင် ဖြစ်ပေသည်။ သို့သော် မည်သည့် တစ်စုံတစ်ခုသော နည်းပရိယာယ်နှင့်မျှ, မည်သည့်တစ်စုံတစ်ခုသော အကြောင်းကြောင့်မျှ ရွှေငွေကို ရှာမှီးထိုက်၏ ဟူ၍ကား မြတ်စွာဘုရား ဟောကြားထားတော်မမူပေ။</p> <p>ခရုသင်းပွတ်သစ်နှင့်အတူ ဖြူစင်စွာ ဖြည့်ကျင့်ထားအပ်သော သီလက သာလျှင် နတ်ရွာသုဂတိနှင့် စျာန် မဂ်ဖိုလ်နိဗ္ဗာန်ကို ရခြင်းရောက်ခြင်း၏ အကြောင်းအထောက်အပံ့ ဖြစ်သဖြင့် မှီခိုအားထားရာ နာထတရားအစစ် ဖြစ်ပေသည်။ ကျိုးပေါက် ပြောက်ကျားလျက်ရှိသော မဖြူစင်သော သီလကား ထိုကဲ့သို့ အကြောင်းအထောက်အပံ့ကောင်း မဖြစ်နိုင်သည်ကိုကား မိမိ၏ အကျိုး, သာသနာတော်၏အကျိုးကို လိုလားတောင့်တလျက်ရှိကြကုန်သော သူတော်ကောင်းတို့သည် သတိပြုကုန်ရာသည်။</p> --- <h3>ဒုတိယနာထတရား = ဗဟုဿုတရှိခြင်း</h3> <p><b>ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဗဟုဿုတော ဟောတိ၊ သုတဓရော သုတသန္နိစယော၊ ယေ တေ ဓမ္မာ အာဒိကလျာဏာ မဇ္ဈေကလျာဏာ ပရိယောသာနကလျာဏာ သာတ္ထံ သဗျဉ္ဇနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ အဘိဝဒန္တိ၊ တထာရူပါဿ ဓမ္မာ ဗဟုဿုတာ ဟောန္တိ ဓာတာ ဝစသာ ပရိစိတာ မနသာနုပေက္ခိတာ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ။ ယမ္ပိ ဘိက္ခဝေ ဘိက္ခု ဗဟုဿုတော ဟောတိ။ ပ ။ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ။ အယမ္ပိ ဓမ္မော နာထကရဏော။</b> (အံ၊၃၊၂၇၅၊၊)</p> <p>= ရဟန်းတို့ ... နောက်တစ်မျိုးကား ရဟန်းသည် အကြား+အမြင် (=<b>ဗဟုဿုတ</b>) များပြား၏။ အကြား+အမြင် (= <b>ဗဟုဿုတ</b>)ကို ဆောင်ထား နိုင်၏။ အကြား+အမြင် (= <b>ဗဟုဿုတ</b>)ကို ဆည်းပူး၏။ (သီလကျင့်စဉ် ဟူသော) အစ၏ ကောင်းခြင်း, (သမာဓိကျင့်စဉ်ဟူသော) အလယ်၏ ကောင်းခြင်း, (ပညာကျင့်စဉ်ဟူသော) အဆုံး၏ ကောင်းခြင်း ဟူသည့် ကောင်းခြင်း သုံးဖြာ လက္ခဏာနှင့် ပြည့်စုံကြကုန်သော, အနက်အဓိပ္ပါယ်နှင့် လည်း ပြည့်စုံ, သဒ္ဒါနှင့်လည်း ပြည့်စုံကုန်သော, အလိုအပို မရှိသဖြင့် အလုံးစုံ ပြည့်စုံကုန်သော, စင်ကြယ်လျက် ဖြူစင်မြင့်မြတ်သော ကျင့်စဉ်ကို ဖော်ပြ တတ်သော သဘောရှိကုန်သော တရားတော်တို့ကို ထိုရဟန်းသည် များစွာ သင်ကြားထားအပ်ကုန်၏၊ နှုတ်ငုံဆောင်ထားအပ်ကုန်၏၊ နှုတ်ဖြင့် အဝါးဝစွာ လေ့ကျက်ထားအပ်ကုန်၏၊ စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှု ဆင်ခြင်ရှုပွားသုံးသပ်ထားအပ်ကုန်၏၊ (တရားကိုယ် အနက်သဘောအားဖြင့် လည်းကောင်း, အကြောင်းတရားအားဖြင့်လည်းကောင်း) <b>သမ္မာဒိဋ္ဌိဉာဏ်ပညာ</b>ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ထားအပ်ကုန်၏။ ရဟန်းတို့ ... ရဟန်းသည် ယင်းသို့ များစွာ သင်ကြားအပ်၏။ ပ ။ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိအပ်ကုန်၏ဟူသော ဤတရားသည်လည်း မှီခို အားထားရာကို ပြုတတ်သော နာထတရားတည်း။ (အံ၊၃၊၂၇၅။)</p> --- <h3>ဗဟုဿုတ (၂) မျိုး</h3> <p><b>ဗဟုဿုတောတိ ပရိယတ္တိပဋိဝေဓဝသေန ဒုဝိဓော ဗဟုဿုတော စ ပုဂ္ဂလော။</b> (အပဒါနအဋ္ဌကထာ၊၁၊၂၆၄၊၊)</p> <p><b>ပရိယတ္တိဗဟုဿုတ, ပဋိဝေဓဗဟုဿုတ</b>ဟု ဗဟုဿုတ နှစ်မျိုး ရှိ၏။ <b>ပရိယတ္တိဗဟုဿုတ</b>ကို <b>အာဂမသုတ</b>ဟုလည်း ခေါ်ဆို၏။</p> <p><b>ဝါစုဂ္ဂတဓာရဏေန သမ္မဒေဝ ဂရူနံ သန္တိကေ အာဂမိတဘာဝေန အာဂတော ပရိယတ္တိဓမ္မသင်္ခါတော အာဂမော ဧတေသန္တိ အာဂတာဂမာ။</b> (အံ၊ဋီ၊၃၊၁၁၆။)</p> <p>ဤသို့ ဖွင့်ဆိုထားသော အင်္ဂုတ္တရဋီကာနှင့် အညီ ဆရာသမားတို့၏ အထံ၌ နှုတ်တက်ရအောင် နှုတ်ငုံဆောင်ထားနိုင်အောင် သင်ယူပြီးလျှင် သင်ယူထားသည့်အတိုင်း ပရိယတ္တိတရားတော်ကို နှုတ်ငုံဆောင်ကာ သင်သိအနေဖြင့် ရရှိသော အသိမျိုးကို (= ဗဟုဿုတမျိုးကို) <b>အာဂမသုတ</b>ဟု ခေါ်ဆို၏၊ <b>ပရိယတ္တိဗဟုဿုတ</b>ဟုလည်း ခေါ်ဆို၏။ ဆရာသမားထံ၌ နားဖြင့် ဆတ်ဆတ် ကြားနာကာ ရရှိထားအပ်သည့် အသိဖြစ်ခြင်းကြောင့် <b>အကြားသုတ</b>ဟု ခေါ်ဆိုသည်။</p> <p>အထက်တွင် ဖော်ပြထားသော နာထသုတ္တန်တွင် --- <b>တထာရူပဿ ဓမ္မာ ဗဟုဿုတာ ဟောန္တိ ဓာတာ ဝစသာ ပရိစိတာ</b> = ထိုသို့သဘောရှိကုန်သော တရားတော်တို့ကို ထိုရဟန်းသည် များစွာ သင်ကြားထားအပ်ကုန်၏၊ နှုတ်ငုံဆောင်ထားအပ်ကုန်၏၊ နှုတ်ဖြင့် အဝါးဝစွာ လေ့ကျက်ထားအပ်ကုန်၏ --- ဟူသော စကားရပ်တို့ဖြင့် <b>ပရိယတ္တိဗဟုဿုတ</b>ခေါ် <b>အာဂမသုတ</b> (= သင်သိဗဟုဿုတ = အကြားသုတ)ကို ရည်ညွှန်းထားပေသည်။</p> <p><b>ပဋိဝေဓ ဗဟုဿုတ</b>ကို <b>အဓိဂမသုတ</b>ဟုလည်း ခေါ်ဆို၏။</p> <p><b>အဓိဂမောတိ စတ္တာရော မဂ္ဂါ စတ္တာရိ ဖလာနိ စတေဿာ ပဋိသမိ႓ဒါ တိဿော ဝိဇ္ဇာ ဆ အဘိညာ။</b> (အံ၊ဋ္ဌ၊၁၊၆၇၊၊)</p> <p>ဤ အင်္ဂုတ္တရအဋ္ဌကထာ အဖွင့်အရ မဂ် လေးပါး, ဖိုလ် လေးပါး, ပဋိသမ္ဘိဒါဉာဏ် လေးပါး, ဝိဇ္ဇာ သုံးပါး, အဘိညာဏ် ခြောက်ပါးတို့သည် <b>အဓိဂမ</b> မည်ပေသည်။ ဤအဓိဂမကား အထွတ်အထိပ်သို့ ရောက်ရှိနေသော အဓိဂမတည်း။</p> <p>အထက်တွင် ဖော်ပြထားသော နာထသုတ္တန်တွင်ကား ထိုအထက်ပါ အဓိဂမတို့ကို ရရှိရန်အတွက် အခြေခံ လိုအပ်သော ဗဟုဿုတဖြစ်သည့် <b>အဓိဂမသုတ</b>ကို ----</p> <p><b>မနသာနုပေက္ခိတာ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ။</b> (အံ၊၃၊၂၇၅။)</p> <p>= စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် ရှုပွားသုံးသပ် ထားအပ်ကုန်၏၊ <b>သမ္မာဒိဋ္ဌိဉာဏ်ပညာ</b>ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ထားအပ်ကုန်၏ဟူသော ဤစကားရပ်တို့က ဖော်ပြလျက်ရှိ၏။</p> <p><b>ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါတိ အတ္ထတော စ ကာရဏတော စ ပညာယ သုဋ္ဌု ပဋိဝိဒ္ဓါ ပစ္စက္ခံ ကတာ။</b> (အံ၊ဋ္ဌ၊၂၊၃၆၄၊၊)</p> <p>ဤအဋ္ဌကထာအဖွင့်အရ ဤ၌ <b>အဓိဂမသုတ</b>ဟူသည် <b>အာဂမသုတ</b>ဖြင့် မိမိသင်ယူထားသော ပရိယတ္တိတရားတော်၌ လာရှိသော တရားဓမ္မတို့ကို <b>အတ္ထ</b>အားဖြင့်လည်းကောင်း, <b>ကာရဏ</b>အားဖြင့်လည်းကောင်း <b>သမ္မာဒိဋ္ဌိ ဉာဏ်ပညာ</b>ဖြင့် ကောင်းစွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းကို ဆိုလိုပေသည်။</p> --- <h3>အတ္ထဟူသည် . . , ကာရဏဟူသည် . .</h3> <p><b>အတ္ထောတိ သင်္ခေပတော ဟေတုဖလံ။</b> (အဘိ၊ဋ္ဌ၊၂၊၃၇၁။)</p> <p>ဤအဋ္ဌကထာအဖွင့်အရ အကြောင်းသမုဒယသစ္စာတရားကြောင့် ထင်ရှားဖြစ်ပေါ်လာရသော အကျိုးဒုက္ခသစ္စာတရား, နိဗ္ဗာန်, ပရိယတ် တရားတော်၏ ဆိုလိုရင်းအနက်သဘော, အကျိုးဝိပါက်တရား, ကိရိယာ တရား ဤငါးမျိုးသည် <b>အတ္ထ</b> မည်၏။ အကြောင်းတရား၏ စွမ်းအားကြောင့် ရအပ်ရောက်အပ်သော တရားဖြစ်၍ <b>အတ္ထ</b>ဟု ခေါ်ဆိုခြင်းဖြစ်၏။</p> --- <h3>ဒုက္ခသစ္စာ</h3> <p>ထိုငါးမျိုးတို့တွင် ဒုက္ခသစ္စာတရားဟူသည် အဘယ်နည်း?</p> <p><b>သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။</b> (သံ၊၃၊၃၆၉။ မ၊၁၊၈၂...)</p> <p>အကျဉ်းချုပ်အားဖြင့် <b>ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာ</b>ဟူသော ဥပါဒါနက္ခန္ဓာ ငါးပါးသည် <b>ဒုက္ခသစ္စာတရား</b> မည်၏။ (မ၊၁၊၈၄...)</p> <p><b>ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော။</b> (သံ၊၂၊၃၉။)</p> <p>ဤသို့ ဟောကြားထားတော်မူသော ခန္ဓသုတ္တန် (သံ၊၂၊၃၉။) ဒေသနာ တော်များနှင့်အညီ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက (= အကြမ်း), သုခုမ (= အနု), ဟီန (= အယုတ်), ပဏီတ (= အမြတ်), ဒူရ (= အဝေး), သန္တိက (= အနီး) ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော အာသဝေါတရားတို့၏ အာရုံဖြစ်သော တဏှာ ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဟာဟု စွဲယူအပ်သော ---</p> <p>၁။ ရုပ်တရားအစုအပုံသည် <b>ရူပုပါဒါနက္ခန္ဓာ</b>,</p> <p>၂။ ဝေဒနာအစုအပုံသည် <b>ဝေဒနုပါဒါနက္ခန္ဓာ</b>,</p> <p>၃။ သညာအစုအပုံသည် <b>သညုပါဒါနက္ခန္ဓာ</b>,</p> <p>၄။ သင်္ခါရအစုအပုံသည် <b>သင်္ခါရုပါဒါနက္ခန္ဓာ</b>,</p> <p>၅။ ဝိညာဏ်အစုအပုံသည် <b>ဝိညာဏုပါဒါနက္ခန္ဓာ</b> ---</p> <p>အသီးအသီး မည်ပေသည်။</p> <p>ထို့ကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိကဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော အာသဝေါတရားတို့၏ အာရုံဖြစ်သောတဏှာဒိဋ္ဌိတို့သည် ငါ-ငါ့ဟာဟု စွဲယူအပ်သော ဥပါဒါနက္ခန္ဓာငါးပါးတို့သည် <b>ဒုက္ခသစ္စာ</b> မည်ကုန်၏။ ယင်း ဒုက္ခသစ္စာတရားတို့သည် သမုဒယသစ္စာဟူသော အကြောင်းတရားကြောင့် ထင်ရှားဖြစ်ပေါ်လာရသော အကျိုး (= <b>အတ္ထ</b>) တရားတို့ မည်ကြ၏။</p> <h3>သမုဒယသစ္စာ</h3> <p>ဘုရားရှင်သည် သစ္စဝိဘင်း<b>ပါဠိ</b>တော် (အဘိ၊၂၊၁၁၂-၁၁၅။) ၌ ---</p> <p>၁။ တဏှာကို,</p> <p>၂။ ကိလေသာအားလုံးကို,</p> <p>၃။ အကုသိုလ်တရားအားလုံးကို,</p> <p>၄။ အကုသိုလ်တရားအားလုံးနှင့် အာသဝေါတရားတို့၏ အာရုံဖြစ်သော ကုသလမူလတရားသုံးပါးကို,</p> <p>၅။ အကုသိုလ်တရားအားလုံးနှင့် အာသဝေါတရားတို့၏ အာရုံဖြစ်သော ကုသိုလ်တရားအားလုံးကို ---</p> <p>သမုဒယသစ္စာမည်ကြောင်းကို အသီးအသီး ငါးမျိုးခွဲကာ ဟောကြား ထားတော်မူ၏။</p> <p>ထိုတွင် အမှတ်(၅)တွင် ဟောကြားထားတော်မူသော သမုဒယသစ္စာ တရားကို ရည်ညွှန်းလျက် အဋ္ဌကထာကြီးများက အောက်ပါအတိုင်း ဖွင့်ဆိုထားတော်မူကြ၏။</p> <p><b>တတ္ထ ယသ္မာ ကုသလာကုသလကမ္မံ အဝိသေသေန သမုဒယသစ္စန္တိ သစ္စဝိဘင်္ဂေ ဝုတ္တံ။</b> (အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၆။)</p> <p>= စေတနာ စေတနာနှင့်ယှဉ်ဖက်တရားဟု အထူးမပြောတော့ဘဲ သာမည အားဖြင့် ပြောဆိုရမူ ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှကိုပင် သမုဒယသစ္စာ ဟု သစ္စဝိဘင်း<b>ပါဠိ</b>တော်၌ ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၆။)</p> <p>ယင်းသမုဒယသစ္စာတရားသည်ကား ဒုက္ခသစ္စာတရားစု၏ အကြောင်းရင်း ကာရဏတရားပင်တည်း။</p> <p>တိတ္ထာယတနသုတ္တန်၌ လာရှိသော သမုဒယသစ္စာ</p> <p><b>ကတမဉ္စ ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ။</b> (အံ၊၁၊၁၇၈။)</p> <p>ရဟန်းတို့ ...ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာဟူသည် အဘယ် နည်း?</p> <p>၁။ အဝိဇ္ဇာအကြောင်းခံကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏၊</p> <p>၂။ သင်္ခါရအကြောင်းခံကြောင့် ဝိညာဏ် ဖြစ်၏၊</p> <p>၃။ ဝိညာဏ်အကြောင်းခံကြောင့် နာမ်ရုပ် ဖြစ်၏၊</p> <p>၄။ နာမ်ရုပ်အကြောင်းခံကြောင့် သဠာယတန ဖြစ်၏၊</p> <p>၅။ သဠာယတနအကြောင်းခံကြောင့် ဖဿ ဖြစ်၏၊</p> <p>၆။ ဖဿအကြောင်းခံကြောင့် ဝေဒနာ ဖြစ်၏၊</p> <p>၇။ ဝေဒနာအကြောင်းခံကြောင့် တဏှာ ဖြစ်၏၊</p> <p>၈။ တဏှာအကြောင်းခံကြောင့် ဥပါဒါန် ဖြစ်၏၊</p> <p>၉။ ဥပါဒါန်အကြောင်းခံကြောင့် ကမ္မဘဝ+ဥပပတ္တိဘဝ ဖြစ်၏၊</p> <p>၁၀။ ကမ္မဘဝအကြောင်းခံကြောင့် ဇာတိ ဖြစ်၏၊</p> <p>၁၁။ ဇာတိအကြောင်းခံကြောင့် ဇရာ+မရဏ ဖြစ်၏၊ သောက+ပရိဒေဝ+ ဒုက္ခ+ဒေါမနဿ+ဥပါယာသတို့သည် ဖြစ်ကုန်၏။</p> <p>ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဒုက္ခတုံး ဒုက္ခအစုအပုံ၏ ဖြစ်ကြောင်းသဘော + ဖြစ်ခြင်းသဘောသည် ဖြစ်၏။ ရဟန်းတို့ ... ဤကြောင်းကျိုးဆက်နွယ်မှု သဘောတရားကို ဒုက္ခဖြစ်ကြောင်း သမုဒယ အရိယသစ္စာဟူ၍ ဆိုအပ်၏။ (အံ၊၁၊၁၇၈။)</p> <p><b>တတ္ထ ပုရိမာနိ ဒွေ သစ္စာနိ ဝဋ္ဋံ၊ ပစ္ဆိမာနိ ဝိဝဋ္ဋံ။ တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။</b> (အဘိ၊ဋ္ဌ၊၂၊၁၀၉။)</p> <p>= သစ္စာလေးပါးတို့တွင် ဒုက္ခသစ္စာ သမုဒယသစ္စာဟူသော ရှေးသစ္စာ နှစ်ပါးတို့သည် သံသရာဝဋ်ဆင်းရဲဒုက္ခ၌ လည်ပတ်ရာ + လည်ပတ်ကြောင်း သစ္စာတရားတို့ဖြစ်ခြင်းကြောင့် ဝဋ္ဋသစ္စာ မည်၏။ နိရောဓသစ္စာ မဂ္ဂသစ္စာဟူသော နောက်သစ္စာနှစ်ပါးတို့သည် သံသရာဝဋ်မှ ကင်းရာ + ကင်းကြောင်း ထွက်မြောက်ရာ + ထွက်မြောက်ကြောင်းဖြစ်သောကြောင့် ဝိဝဋ္ဋသစ္စာမည်၏။ လောကုတ္တရာနိရောဓသစ္စာ (= နိဗ္ဗာန်တရားတော်မြတ်)နှင့် လောကုတ္တရာ အရိယမဂ္ဂသစ္စာတရားတို့ ဖြစ်ကြ၏။ ယင်း ဝဋ္ဋသစ္စာ ဝိဝဋ္ဋသစ္စာတရားနှစ်ပါးတို့တွင် ယောဂါဝစရပုဂ္ဂိုလ်သည် ဝဋ္ဋသစ္စာတရားနှစ်ပါး၌သာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်း နှလုံးသွင်းခြင်းအမှုကို ပြုလုပ်အပ်၏၊ ဝိဝဋ္ဋ သစ္စာတရား နှစ်ပါး၌ ဝိပဿနာဘာဝနာ နှလုံးသွင်းဖွယ်ရာ မရှိပေ။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)</p> <p>ယင်းဝဋ္ဋသစ္စာတရားနှစ်ပါးတို့တွင် ဒုက္ခသစ္စာအမည်ရသည့် ဥပါဒါနက္ခန္ဓာငါးပါး (= ရုပ်တရား+နာမ်တရား)တို့ကို ထိုးထွင်းသိတတ်သော သမ္မာဒိဋ္ဌိကို နာမရူပပရိစ္ဆေဒဉာဏ်ဟုလည်းကောင်း၊ ယင်းဒုက္ခသစ္စာ၏ အကြောင်းရင်း သမုဒယသစ္စာကို ထိုးထွင်းသိတတ်သော သမ္မာဒိဋ္ဌိကို ပစ္စယပရိဂ္ဂဟဉာဏ် ဟုလည်းကောင်း ခေါ်ဆိုပေသည်။</p> <p>ထိုနာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်နှစ်ပါးတို့ကို ရည်ညွှန်းကာ <b>ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ</b> -- ဟူသော အထက်ပါ နာထသုတ္တန် စကားရပ်ကို အဋ္ဌကထာက အနက်အဓိပ္ပါယ် ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။</p> <p>သမ္မာဒိဋ္ဌိဉာဏ်ပညာသည် ထိုဉာဏ်နှစ်ပါးသာ ဖြစ်သည်ဟု အယူအဆ မမှားစေလိုပါ။ ဤနာထသုတ္တန်တွင် ဒုတိယမှီခိုအားထားရမည့် နာထတရားကို နာမရူပပရိစ္ဆေဒဉာဏ်ဟူသည့် ဒုက္ခသစ္စာကို ထိုးထွင်းသိတတ်သည့် သမ္မာဒိဋ္ဌိ, ပစ္စယပရိဂ္ဂဟဉာဏ်ဟူသည့် သမုဒယသစ္စာကို ထိုးထွင်းသိတတ် သည့် သမ္မာဒိဋ္ဌိ -- ဤ သမ္မာဒိဋ္ဌိ နှစ်မျိုးတို့ကို အဓိဂမသုတပိုင်းတွင် ရည်ညွှန်းထားတော်မူသည်ဟုသာ ဆိုလိုရင်း ဖြစ်ပေသည်။ ဝိပဿနာဉာဏ် အရိယ မဂ်ဉာဏ်တို့ကို ဆယ်ခုမြောက် နာထတရားအဖြစ် ဟောကြားထားတော် မူလတ္တံ့ဖြစ်သောကြောင့် ဤ ဒုတိယနာထတရားအရ သမ္မာဒိဋ္ဌိစာရင်းတွင် မဖော်ပြခြင်း ဖြစ်ပေသည်။</p> <h3>မှီခိုအားထားရာ နာထတရား ဖြစ်နိုင်ပါသလား?</h3> <p>ဤနာထတရားတွင် ဖော်ပြထားသော အာဂမသုတခေါ်သည့် ပရိယတ် တရားတော်တို့ကို သင်သိ အနေနှင့် သိခြင်း, အဓိဂမသုတခေါ်သည့် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို ကျင့်သိအနေနှင့် နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်တို့ဖြင့် သိခြင်း -- ဤအသိဉာဏ် သမ္မာဒိဋ္ဌိသည် မှီခိုအားထားရာ နာထတရားအစစ် ဖြစ်နိုင်ပါသလားဟု မေးရန် ရှိ၏။ အဖြေကို သိလိုပါက အောက်ပါ အဋ္ဌကထာအဖွင့်ကို ဖတ်ရှုကြည့်ပါ။</p> <p><b>ဣမိနာ ပန ဉာဏေန သမန္နာဂတော ဝိပဿကော ဗုဒ္ဓသာသနေ လဒ္ဓဿာသော လဒ္ဓပတိဋ္ဌော နိယတဂတိကော စူဠသောတာပန္နော နာမ ဟောတိ။</b> (ဝိသုဒ္ဓိ၊၂၊၂၄၀။)</p> <p>ဤပစ္စယပရိဂ္ဂဟဉာဏ်သို့တိုင်အောင်သော ဝိပဿနာဉာဏ်နှင့် ပြည့်စုံသော ဝိပဿက (= ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလျက်ရှိသော) ယောဂါဝစရပုဂ္ဂိုလ်သည် ဗုဒ္ဓဘုရားရှင်၏ သာသနာတော်၌ သက်သာရာကို ရရှိသည်မည်၏၊ ထောက်ရာတည်ရာကို ရရှိသည်မည်၏၊ ကောင်းရာသုဂတိ ဟူသော လားရာဂတိ မြဲသော စူဠသောတာပန် (= သောတာပန်ညီထွေး) မည်၏။ (ဝိသုဒ္ဓိ၊၂၊၂၄၀။)</p> <p>ပရိယတ္တိဗဟုဿုတ (= အာဂမသုတ)ဖြင့် သင်ယူထားအပ်သော အသိကို နားဖြင့် ကြားနာကာ သင်ယူရသည့်အတွက် အကြားသုတဟုလည်းကောင်း, အတ္ထ+ကာရဏ အမည်ရသည့် ထိုပရိယတ္တိတရားတော်၌ လာရှိသည့် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်ဟူသည့် သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ကာ ရရှိလာသည့် အသိကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်ကာ ရရှိလာသည့် ဗဟုဿုတဖြစ်ခြင်းကြောင့် အမြင်ဗဟုဿုတဟုလည်းကောင်း, ထိုအကြားနှင့်အမြင် နှစ်ခုကို ပေါင်းစပ်ကာ ဗဟုဿုတဟူသော စကားရပ်ကို အကြား+အမြင် ဗဟုဿုတရှိခြင်းဟု ရှေးရှေးဆရာတော်ဘုရားကြီးတို့က ဘာသာပြန်ဆိုထားတော်မူခဲ့ကြပေသည်။</p> <p>ဘုရားရှင် ဟောကြားထားတော်မူအပ်သော တရားတော်တို့ကား သစ္စာ လေးပါးကို ဦးတိုက်လျက် ရှိကြ၏။ ယောဂီပုဂ္ဂိုလ်ကား ထိုသစ္စာလေးပါးတို့တွင် ဒုက္ခသစ္စာ သမုဒယသစ္စာအမည်ရသည့် ဝဋ္ဋသစ္စာတရားနှစ်ပါးတို့ကို (ဝိဝဋ္ဋ သစ္စာ ဖြစ်သည့် နိရောဓသစ္စာ, မဂ္ဂသစ္စာသို့ ဆိုက်ရောက်ရေးအတွက်) ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းရမည် ဖြစ်၏။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)</p> <p>ယောဂီပုဂ္ဂိုလ်သည် မိမိ ဝိပဿနာရှုပွားသုံးသပ်ရမည့် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို ရှေးဦးစွာ သိအောင် ကြိုးပမ်းရမည် ဖြစ်၏။ ထိုသို့ ကြိုးပမ်းရာ၌ ရှေးဦးစွာ ထိုဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို ဆရာသမားထံ၌ စနစ်တကျ သင်ယူရမည်ဖြစ်၏။ သင်သိဖြင့် သိအောင် ပထမ ကြိုးစားရ၏။</p> <p>ထိုနောင် ထိုဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို သိအောင် ကြိုးစားအားထုတ်ပုံ ကမ္မဋ္ဌာန်းနည်းလမ်းကို စနစ်တကျ သင်ယူကာ လက်တွေ့ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင် အောင် ကြိုးပမ်းရ၏။ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိအောင် သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တို့ကို အဆင့်ဆင့် ကျင့်သုံးရမည် ဖြစ်ပေသည်။ အောင်မြင်မှုကို ရရှိပါက မိမိသည် ဘုရားရှင် ဟောကြားထားတော်မူသည့် ဒုတိယနာထတရားကို လက်ဆုပ်လက်ကိုင် ပိုင်ပိုင်နိုင်နိုင် ရရှိပြီ ဟု ပြောဆိုနိုင်ပြီ ဖြစ်ပေသည်။</p> <h3>အင်္ဂါ (၉) တန်နှင့် ပြည့်စုံတော်မူသော ဘုရားရှင်၏ တရားတော်</h3> <p>ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမထားတော်မူအပ်ကုန်သော တရားတော်တို့၌ အင်္ဂါ (၉)တန်ရှိ၏။ ယင်း အင်္ဂါ (၉)တန်တို့မှာ ---</p> <p>၁။ <b>သုတ္တ</b> = သုတ္တအမည်ရသော တရားတော်,</p> <p>၂။ <b>ဂေယျ</b> = ဂါထာနှင့် စကားပြေ နှစ်ထွေ ရောနေသော တရားတော်,</p> <p>၃။ <b>ဝေယျာကရဏ</b> = ဂါထာမဖက် သက်သက်သော စကားပြေတရားတော်,</p> <p>၄။ <b>ဂါထာ</b> = ဂါထာတရားတော်,</p> <p>၅။ <b>ဥဒါန</b> = ဥဒါန်း = ဝမ်းမြောက်စွာ မြွက်ဆို ကျူးရင့်ထားအပ်သော တရားတော်,</p> <p>၆။ <b>ဣတိဝုတ္တက</b> = ဣတိဝုတ် = <b>ဝုတ္တံ ဟေတံ ဘဂဝတာ</b> = ဤသို့ ဘုရားရှင်သည် ဟောကြားတော်မူအပ်၏ -- ဤသို့ အစချီလျက် နိဒါန်း ပျိုးထားသော တရားတော်,</p> <p>၇။ <b>ဇာတက</b> = ဇာတ်တော်,</p> <p>၈။ <b>အဗ္ဘုတဓမ္မ</b> = မဖြစ်စဖူး အဦးအသစ် အံ့ဩဖွယ်ရာတို့နှင့် ဆက်စပ်နေ သော တရားတော်,</p> <p>၉။ <b>ဝေဒလ္လ</b> = အသိထူး ဉာဏ်ထူးကိုလည်း ရရှိ၍ နှစ်သက်ဝမ်းမြောက်မှု ကိုလည်း ရရှိသော အမေး-အဖြေ တရားတော် ---</p> <p>ဘုရားရှင်၏ တရားတော်တို့သည် ဤကဲ့သို့သော အင်္ဂါ (၉)တန်နှင့် ပြည့်စုံတော်မူသော တရားတော်တို့ ဖြစ်ကြ၏။ တစ်ချိန် ဗြာဟ္မဏအမျိုးဇာတ်မှ သာသနာဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုလာကြကုန်သော ရဟန်း ငါးရာတို့သည် --- လိင် သုံးပါး, ဧကဝုစ် ဗဟုဝုစ် နှစ်ပါး, ဝိဘတ် (၇)သွယ်, ပုဒ် ဗျည်း စသည်တို့ဖြင့် တရားတော်ကို ဟောကြားတော်မူသည်ရှိသော် ငါတို့ သိရှိပြီးသည်ကိုသာလျှင် ဟောကြားတော်မူလတ္တံ့၊ ငါတို့ မသိသည်ကို အဘယ်မှာလျှင် ဟောကြားနိုင်လတ္တံ့နည်းဟု နှလုံးပိုက်ကာ ဘုရားရှင်၏ တရားတော်ကို နာယူဖို့ရန် မသွားရောက်ကြကုန်။ ဘုရားရှင်သည် ထိုအကြောင်းအရာကို ကြားသိတော်မူသောအခါ ထိုရဟန်းတို့ကို ခေါ်စေတော် မူပြီးလျှင် အဘယ်ကြောင့် သင်တို့သည် ဤကဲ့သို့ ပြုကျင့်ကြကုန်သနည်း? တရားတော်ကို ရိုသေစွာ နာယူကြကုန်လော့၊ ရိုသေစွာ တရားတော်ကို နာယူသူတို့အားလည်းကောင်း, ရွတ်ဖတ်သရဇ္ဈာယ်သူတို့အားလည်းကောင်း, သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သူတို့အားလည်းကောင်း ဤမျှကုန်သော ဤအကျိုးတရားတို့ကို မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်၏။ ဤသို့ ညွှန်ကြားပြသ ဆိုဆုံးမတော် မူလိုသည် ဖြစ်၍ အောက်ပါ သောတာနုဂတသုတ္တန် တရားဒေသနာတော်ကို အားထုတ်တော်မူပေသည်။ (အံ၊ဋ္ဌ၊၂၊၃၆၄။)</p> <hr> <h3>သောတာနုဂတသုတ္တန်ကောက်နုတ်ချက်</h3> <p>ရဟန်းတို့ ... ပသာဒသောတမှ ဉာဏသောတသို့ အစဉ်လျှာက်၍ တည်နေကုန်သော, နှုတ်ဖြင့် အဝါးဝစွာ လေ့ကျက်ထားအပ်ပြီးကုန်သော, စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် ရှုပွားသုံးသပ်အပ်ပြီးကုန်သော, တရားကိုယ် အနက်သဘောအားဖြင့်လည်းကောင်း အကြောင်းတရားအားဖြင့် လည်းကောင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်အပ်ပြီးကုန်သော တရားတော်တို့၏ မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်သော အကျိုးဆက်တို့သည်ကား ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ ---</p> <p>ရဟန်းတို့ ... ဤသာသနာတော်၌ ရဟန်းသည် သုတ္တ, ဂေယျ, ဝေယျာကရဏ, ဂါထာ, ဥဒါန, ဣတိဝုတ္တက, ဇာတက, အဗ္ဘုတဓမ္မ, ဝေဒလ္လ ဟူသော အင်္ဂါကိုးတန်နှင့် ပြည့်စုံသော ပရိယတ်တရားတော်ကို သင်ကြား၏။ ထိုရဟန်းအား ထိုတရားတို့သည် ပသာဒသောတမှ ဉာဏသောတသို့ အစဉ်လျှောက်၍ တည်နေကုန်၏။ နှုတ်ဖြင့် အဝါးဝစွာ လေ့ကျက်ထားအပ်ပြီး ဖြစ်ကုန်၏။ စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် ရှုပွားသုံးသပ်အပ်ပြီး ဖြစ်ကုန်၏။ တရားကိုယ် အနက်သဘောအားဖြင့် လည်းကောင်း, အကြောင်းတရားအားဖြင့်လည်းကောင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အပ်ပြီး ဖြစ်ကုန်၏။ ထိုရဟန်းသည် သတိလွတ်ကင်းသည်ဖြစ်၍ သေလွန်ခဲ့သော် [= ပုထုဇဉ်အဖြစ်နှင့် သေလွန်ခဲ့သော်ဟု ဆိုလို၏။ (အံ၊ဋ္ဌ၊၂၊၃၆၄။)] နတ်ဘုံ တစ်မျိုးမျိုး၌ ဖြစ်နိုင်၏။ ထိုနတ်ဘုံ၌ ချမ်းသာခြင်းရှိသော ထိုပုဂ္ဂိုလ်အား ဓမ္မပဒ အမည်ရသည့် ဒုက္ခသစ္စာ သမုဒယသစ္စာတရားပုဒ်အစုတို့သည် ပေါ်လွင်ထင်ရှား၍ တည်နေကုန်၏။ ရဟန်းတို့ ... ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော ထိုတရားတို့ကို အမှတ်ရတတ် ရှုပွားသုံးသပ်တတ်သော သတိ၏ ဖြစ်ပေါ်ခြင်းသည် နုံ့နှေးလှသေး၏။ တကယ်စင်စစ်မှာမူ ထိုနတ်သားဖြစ်သော သတ္တဝါသည် လျင်မြန်စွာသာလျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ဟူသည့် တရားထူး တရားမြတ်ကို ရရှိနိုင်၏။ ရဟန်းတို့ ... ဤသည်ကား ပသာဒသောတမှ ဉာဏသောတသို့ အစဉ်လျှောက်၍ တည်နေကုန်သော, နှုတ်ဖြင့် အဝါးဝစွာ လေ့ကျက်ထားအပ်ပြီးကုန်သော, စိတ်ဖြင့် အဖန်ဖန်အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် ရှုပွားသုံးသပ်အပ်ပြီးကုန်သော, တရားကိုယ် အနက်သဘောအားဖြင့်လည်းကောင်း အကြောင်းတရားအားဖြင့်လည်းကောင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အပ်ပြီးကုန်သော တရားတော်တို့၏ မချွတ်ဧကန်ရလိမ့်မည်ဟု မျှော်လင့်အပ်သော ပထမအကျိုးဆက်တည်း။ (၁)</p> <p>အလားတူပင် တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံသော ရဟန်းတော်တစ်ပါးက နတ်ပြည်သို့ တက်ရောက်ကာ တရားဟောတော်မူသောအခါ ထိုတရားတော်ကို နာကြားရလျှင် (၂)၊ သို့မဟုတ် ---</p> <p>ဓမ္မကထိက နတ်သားတစ်ဦးဦး၏ တရားတော်ကို နာကြားရလျှင် (၃)၊ သို့မဟုတ် ---</p> <p>လူ့ဘဝက တရားကျင့်ဖော်ကျင့်ဖက် ရဟန်းတော်တစ်ပါးက နတ်ပြည် သို့ မိမိထက် အလျင်ရောက်နှင့်၍ နောက်မှ နတ်ပြည်သို့ ရောက်ရှိလာသော မိမိအား ထိုအလျင်ရောက်ရှိနေသော နတ်သားက လူ့ဘဝက ကျင့်ခဲ့သော တရားတို့ကို အမှတ်ရရန် သတိပေးလိုက်သောအခါတို့၌လည်း လူ့ပြည် လူ့လောကဝယ် ရဟန်းဘဝဖြင့် မိမိကျင့်ခဲ့သော တရားတို့ကို အမှတ်ပြန်ရလျှင် ထိုအခါ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို ဆက်လက်ကာ စီးဖြန်းလိုက်သောအခါ မဂ် ဖိုလ် နိဗ္ဗာန်ဟူသည့် တရားထူး တရားမြတ်ကို လျင်လျင်မြန်မြန် ရနိုင်ကြောင်းတို့ကို ဆက်လက် ဟောကြားထားတော်မူပေသည်။ (၄) (အံ၊၁၊၅၀၄-၅၀၅။)</p> <p>ပရိယတ္တိအဆင့်မှ ပဋိပတ္တိအဆင့်သို့ ကူးကာ အောင်အောင်မြင်မြင် လက်တွေ့ကျင့်သုံးနိုင်သဖြင့် ပဋိဝေဓသို့ ဆိုက်ရောက်သွားကြသော ထုံးဟောင်း ဥပဒေသများပင် ဖြစ်ကြပေသည်။</p> <hr> <h3>တတိယ နာထတရား = ကလျာဏမိတ္တ ရှိခြင်း</h3> <p>ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား ရဟန်းသည် (မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်း တည်းဟူသော) အဆွေခင်ပွန်းကောင်း ရှိ၏၊ အပေါင်းအဖော်ကောင်း ရှိ၏၊ အဆွေခင်ပွန်းကောင်းတို့၌ ညွတ်ကိုင်းရှိုင်းသော စိတ်ထား ရှိ၏။ ရဟန်းတို့ ... ယင်းသို့ အဆွေခင်ပွန်းကောင်း ရှိ၏၊ အပေါင်းအဖော်ကောင်း ရှိ၏၊ အဆွေခင်ပွန်းကောင်းတို့၌ ညွတ်ကိုင်းရှိုင်းသော စိတ်ထား ရှိ၏ - ဟူသော ဤတရားသည်လည်း မှီခို အားထားရာကို ပြုတတ်သော နာထတရားတည်း။ (အံ၊၃၊၂၇၅။)</p> <h3>ကလျာဏမိတ္တသုတ္တန် (သံ၊၁၊၈၇-၈၈။)</h3> <p>တစ်ချိန် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်တော်၌ ဘုရားရှင်သည် သီတင်းသုံးစံနေတော်မူ၏။ ထိုအခါ ပသေနဒီကောသလမင်းကြီးသည် ဘုရားရှင်ရှိရာအရပ်သို့ ချဉ်းကပ်လျက် ဘုရားရှင်အား အလွန်ရိုသေစွာ ရှိခိုး ဝတ်ပြုပြီးလျှင် သင့်တင့်လျောက်ပတ်သော တစ်နေရာ၌ ထိုင်လိုက်၏။ တစ်နေရာ၌ ထိုင်ပြီးသော် ပသေနဒီကောသလမင်းကြီးက မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏။</p> <p>မြတ်စွာဘုရား ... ဆိတ်ငြိမ်ရာအရပ်သို့ ကပ်ရောက်လျက် တစ်ယောက်ထီးတည်းနေသော တပည့်တော်အား ဤသို့သော စိတ်အကြံသည် ထင်ရှားဖြစ်ပေါ်ခဲ့ပါ၏ - မြတ်စွာဘုရားသည် တရားတော်ကို ကောင်းစွာ ဟောကြားထားတော်မူအပ်၏၊ ကောင်းစွာ ဟောကြားထားတော်မူအပ်သော ထိုတရားတော်သည်လည်း (မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်းတည်းဟူသော) အဆွေခင်ပွန်းကောင်းတို့၌ ညွတ်ကိုင်းရှိုင်းသော စိတ်ထားရှိသော သူအားသာ ဖြစ်၏။ ယုတ်မာသော အဆွေခင်ပွန်း ရှိသော သူအား မဖြစ်၊ ယုတ်မာသော အပေါင်းအဖော်ရှိသော သူအား မဖြစ်၊ ယုတ်မာသော အဆွေခင်ပွန်းတို့၌ ညွတ်ကိုင်းရှိုင်းသော စိတ်ထားရှိသော သူအား မဖြစ် - ဟူသော ဤစိတ်အကြံသည် ထင်ရှားဖြစ်ပေါ်ခဲ့ပါ၏ မြတ်စွာဘုရားဟု တင်ပြလျှောက်ထား၏။</p> <p>ထိုအခါ ဘုရားရှင်က ဤသို့ မိန့်ကြားတော်မူ၏။</p> <p>ဒါယကာတော်မင်းကြီး ... သင်၏ ဤစိတ်အကြံအစည်သည် သင် ကြံစည်သည့်အတိုင်း မှန်၏။ ဒါယကာတော် မင်းကြီး ... သင်၏ ဤစိတ် အကြံအစည်သည် ကြံစည်သည့်အတိုင်း မှန်၏။ ငါဘုရားသည် တရားတော်ကို ကောင်းစွာ ဟောကြားထားတော်မူအပ်ပါ၏။ ကောင်းစွာ ဟောကြားထားတော်မူအပ်သော ထိုတရားသည်လည်း (မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်းတည်းဟူသော) အဆွေခင်ပွန်းကောင်းရှိသော သူအားသာ ဖြစ်၏။ အပေါင်းအဖော်ကောင်းရှိသော သူအားသာ ဖြစ်၏၊ အဆွေခင်ပွန်းကောင်းတို့၌ ညွတ်ကိုင်းရှိုင်းသော စိတ်ထားရှိသော သူအားသာ ဖြစ်၏။ ယုတ်မာသော အဆွေခင်ပွန်းရှိသောသူအား မဖြစ်၊ ယုတ်မာသော အပေါင်းအဖော်ရှိသောသူအား မဖြစ်၊ ယုတ်မာသော အဆွေခင်ပွန်းတို့၌ ညွတ်ကိုင်းရှိုင်းသော စိတ်ထားရှိသော သူအား မဖြစ်။</p> <p>ဒါယကာတော်မင်းကြီး ...အခါတစ်ပါး၌ ငါဘုရားသည် သက္ကတိုင်း သာကီဝင်တို့၏ နဂရကအမည်ရသော နိဂုံးရွာ၌ သီတင်းသုံးနေတော်မူ၏။</p> <p>ဒါယကာတော်မင်းကြီး ... ထိုအခါ အာနန္ဒာရဟန်းသည် ငါဘုရားရှင် ထံသို့ ချဉ်းကပ်ကာ ငါဘုရားရှင်ကို ရှိခိုးဝတ်ပြုပြီးနောက် တစ်ခုသောနေရာ၌ ထိုင်ပြီးသော် ငါဘုရားရှင်အား ဤစကားကို လျှောက်ထား၏။</p> <p>မြတ်စွာဘုရား ... (မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်းတည်းဟူသော) အဆွေခင်ပွန်းကောင်း ရှိသော သူ၏အဖြစ်, အပေါင်းအဖော်ကောင်း ရှိသော သူ၏အဖြစ်, အဆွေခင်ပွန်းကောင်းတို့၌ ညွတ်ကိုင်းရှိုင်းသော စိတ်ထား ရှိသော သူ၏အဖြစ်သည် ဖြူစင်မြင့်မြတ်သော အရိယမဂ်အကျင့်၏ ထက်ဝက်ကို ပြီးစေနိုင်ပါ၏ မြတ်စွာဘုရားဟု တင်ပြ လျှောက်ထားလာ၏။</p> <p>ဒါယကာတော်မင်းကြီး ... ဤသို့ လျှောက်ထားလာသည်ရှိသော် ငါဘုရားရှင်သည် အာနန္ဒာရဟန်းအား ဤစကားကို မိန့်ကြားတော်မူခဲ့၏။</p> <p><b>အာနန္ဒာ ... ဤသို့ မပြောဆိုလင့်၊ အာနန္ဒာ ... ဤသို့ မပြောဆို လင့်၊ အာနန္ဒာ ... (မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်း တည်းဟူသော) အဆွေခင်ပွန်းကောင်း ရှိသော သူ၏အဖြစ်, အပေါင်းအဖော်ကောင်း ရှိသော သူ၏အဖြစ်, အဆွေခင်ပွန်းကောင်းတို့၌ ညွတ်ကိုင်းရှိုင်းသော စိတ်ထားရှိသော သူ၏အဖြစ်သည် ဖြူစင်မြင့်မြတ်သော အရိယမဂ် အကျင့်အားလုံးကို ပြီးစေနိုင်ပါ၏။ အာနန္ဒာ ...(မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်းတည်းဟူသော) အဆွေခင်ပွန်းကောင်းရှိသော, အပေါင်းအဖော်ကောင်းရှိသော, အဆွေခင်ပွန်းကောင်းတို့၌ ညွတ်ကိုင်းရှိုင်းသော စိတ်ထားရှိသော သူအား ဖြူစင်မြင့်မြတ်သည့် မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားကို ပွားများအားထုတ်လတ္တံ့၊ ဖြူစင်မြင့်မြတ်သည့် မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားကို ကြိမ်ဖန်များစွာ အလေ့အလာပြုလတ္တံ့ဟူသော ဤအကျိုးကို မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်၏။</b></p> <p><b>အာနန္ဒာ ... အဘယ်သို့လျှင် (မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်းတည်းဟူသော) အဆွေခင်ပွန်းကောင်း ရှိသော, အပေါင်းအဖော်ကောင်း ရှိသော, အဆွေခင်ပွန်းကောင်းတို့၌ ညွတ်ကိုင်းရှိုင်းသော စိတ်ထား ရှိသော ရဟန်းသည် ဖြူစင်မြင့်မြတ်သည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကို ပွားများအားထုတ်သနည်း? ဖြူစင်မြင့်မြတ်သည့် မဂ္ဂင် ရှစ်ပါး ကျင့်စဉ်တရားကို ကြိမ်ဖန်များစွာ အလေ့အလာပြုသနည်း?</b></p> <p><b>အာနန္ဒာ ...ဤသာနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်မှု (= ဝိဝေက)ကို မှီသော, ရာဂကင်းခြင်းကို မှီသော, ရာဂ၏ ချုပ်ခြင်းကို မှီသော, ကိလေသာကို စွန့်ရာ နိဗ္ဗာန်သို့ ညွတ်သော ---</b></p> <p><b>၁။ မှန်ကန်သော ဉာဏ်အမြင် = သမ္မာဒိဋ္ဌိကို ပွား၏၊</b></p> <p><b>၂။ မှန်ကန်သော အကြံအစည် = သမ္မာသင်္ကပ္ပကို ပွား၏၊</b></p> <p><b>၃။ မှန်ကန်သော စကား = သမ္မာဝါစာကို ပွား၏၊</b></p> <p><b>၄။ မှန်ကန်သော အမှု လုပ်ငန်းရပ် = သမ္မာကမ္မန္တကို ပွား၏၊</b></p> <p><b>၅။ မှန်ကန်သော အသက်မွေးမှု = သမ္မာအာဇီဝကို ပွား၏၊</b></p> <p><b>၆။ မှန်ကန်သော အားထုတ်မှု = သမ္မာဝါယာမကို ပွား၏၊</b></p> <p><b>၇။ မှန်ကန်သော အောက်မေ့မှု = သမ္မာသတိကို ပွား၏၊</b></p> <p><b>၈။ မှန်ကန်သော စိတ်တည်ကြည်မှု = သမ္မာသမာဓိကို ပွား၏။</b></p> <p><b>အာနန္ဒာ ...ဤသို့လျှင် (မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်းတည်းဟူသော) အဆွေခင်ပွန်းကောင်း ရှိသော, အပေါင်း အဖော်ကောင်း ရှိသော, အဆွေခင်ပွန်းကောင်းတို့၌ ညွတ်ကိုင်းရှိုင်းသော စိတ်ထားရှိသော ရဟန်းသည်သာလျှင် ဖြူစင်မြင့်မြတ်သည့် မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားကို ပွားများအားထုတ်၏။ ဖြူစင်မြင့်မြတ်သည့် မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားကို ကြိမ်ဖန်များစွာ အလေ့အလာပြု၏။ အာနန္ဒာ ... (မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်းတည်းဟူသော) အဆွေခင်ပွန်းကောင်းရှိသော သူ၏အဖြစ်, အပေါင်းအဖော်ကောင်းရှိသော သူ၏အဖြစ်, အဆွေခင်ပွန်းကောင်းတို့၌ ညွတ်ကိုင်းရှိုင်းသော စိတ်ထားရှိသော သူ၏အဖြစ်သည် ဖြူစင်မြင့်မြတ်သည့် အရိယမဂ်အကျင့်အားလုံးကိုပင် ပြီးစီးစေနိုင်၏ဟူသော ထိုစကားကို ဤအကြောင်းဖြင့်ပင် သိအပ်၏။</b></p> <p><b>အာနန္ဒာ ... မှန်ပေသည်၊ ကလျာဏမိတ္တ (= အဆွေခင်ပွန်းကောင်း)ဖြစ်သော ငါဘုရားရှင်ကို အကြောင်းပြု၍ ပဋိသန္ဓေတည်နေရခြင်းသဘောတရား ထင်ရှားရှိကြကုန်သော သတ္တဝါတို့သည် ပဋိသန္ဓေတည်နေရခြင်း သဘောတရားမှ လွတ်မြောက်သွားကြကုန်၏။ အိုခြင်းသဘောတရား ထင်ရှားရှိကြကုန်သော သတ္တဝါတို့သည် အိုခြင်းသဘောတရားမှ လွတ်မြောက်သွားကြကုန်၏။ နာခြင်းသဘောတရား ထင်ရှားရှိကြကုန်သော သတ္တဝါတို့သည် နာခြင်းသဘောတရားမှ လွတ်မြောက်သွားကြကုန်၏။ သေခြင်းသဘောတရား ထင်ရှားရှိကြကုန်သော သတ္တဝါတို့သည် သေခြင်း သဘောတရားမှ လွတ်မြောက်သွားကြကုန်၏။ ပူဆွေးခြင်း, ငိုကြွေးခြင်း, ကိုယ်ဆင်းရဲခြင်း, စိတ်ဆင်းရဲခြင်း, ပြင်းစွာပူပန်ခြင်းသဘောတရား ထင်ရှား ရှိကြကုန်သော သတ္တဝါတို့သည် ပူဆွေးရခြင်း, ငိုကြွေးရခြင်း, ကိုယ်ဆင်းရဲရခြင်း, စိတ်ဆင်းရဲရခြင်း, ပြင်းစွာ ပူပန်ရခြင်း သဘောတရားတို့မှ လွတ်မြောက်သွားကြကုန်၏။</b></p> <p><b>အာနန္ဒာ ... (ဆရာကောင်း သမားကောင်း မိတ်ကောင်း ဆွေကောင်း တည်းဟူသော) အဆွေခင်ပွန်းကောင်းရှိသော သူ၏အဖြစ်, အပေါင်းအဖော် ကောင်း ရှိသော သူ၏အဖြစ်, အဆွေခင်ပွန်းကောင်းတို့၌ ညွတ်ကိုင်းရှိုင်းသော စိတ်ထားရှိသော သူ၏အဖြစ်သည် ဖြူစင်မြင့်မြတ်သော အရိယမဂ်အကျင့်အားလုံးကို ပြီးစေနိုင်၏ဟူသော ထိုစကားကို ဤအကြောင်းဖြင့်ပင် သိအပ် ၏ဟု မိန့်ကြားတော်မူခဲ့၏။</b> (အံ၊၁၊၈၇-၈၉)</p> <p>ဤစာကို ဖတ်ရှုနေသော အသင်သူတော်ကောင်းသည် ဆရာသမားထံမှ လုံးလုံး မသင်ယူဘဲ မိမိ၏ ထိုးထွင်းဉာဏ် သက်သက်ဖြင့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကို ကျင့်တတ်ပါသလား? ဤမေးခွန်းကို မိမိကိုယ်ကို မိမိ မေးကြည့်ပါ။</p> <p>လောက၌ ဘုရားသာ မပွင့်ခဲ့လျှင်, ဘုရားရှင်ကသာ မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားကို မဟောပြလျှင်, မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်လျက် ကျင့်နိုင်သော သာဝကသည် မရှိနိုင်လေရာ။ အရှင်သာရိပုတ္တရာကဲ့သို့သော သူတော်ကောင်းကြီးသည်ပင် အရှင်အဿဇိမထေရ်ထံမှ <b>ယေ ဓမ္မာ ဟေတုပ္ပဘဝါ</b> အစချီသည့် သစ္စာလေးပါးနှင့်စပ်သည့် တရားစကားကို နာကြားခွင့် ရရှိပါမှ မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားကို စနစ်တကျ ကျင့်နိုင်ခဲ့ပေသည်။</p> <p>လောက၌ ဘုရားသာ မပွင့်ခဲ့သဖြင့်, ဘုရားရှင်ကသာ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကို မဟောပြလျှင်, မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကို မှန်မှန်ကန်ကန် ကျင့်တတ်ဖို့ကား အလွန့်အလွန် မဖြစ်နိုင်လောက်အောင် ခဲယဉ်းလှပေသည်။ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကို မကျင့်နိုင်ကလည်း မဂ်ဖိုလ် နိဗ္ဗာန်ကို မည်သည့်နည်းနှင့်မျှ မရရှိနိုင်ပေရာ၊ မဂ်ဖိုလ် နိဗ္ဗာန်ကို မရရှိကလည်း အို-နာ-သေရေးစသည့် ဒုက္ခဘေးဆိုးကြီးတို့မှ မလွတ်မြောက်နိုင်လေရာ။ ထိုကြောင့် မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားတို့ကို စနစ်တကျ ညွှန်ကြားပြသ ဆိုဆုံးမမည့် ဆရာကောင်း သမားကောင်း မိတ်ကောင်း ဆွေကောင်းနှင့် ပေါင်းဖော် ယှဉ်တွဲ မှီဝဲဆည်းကပ်ခွင့်, တရားတော်ကို နာကြားခွင့် ရရှိရေးကား နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသူတို့အတွက် သံသရာဝဋ်ဒုက္ခမီးပုံကြီး၏ ငြိမ်းရာ နိဗ္ဗာန်ဟူသည့် ဟိုမှာဘက်ကမ်းသို့ ရောက်ရှိရေးအတွက် မရှိမဖြစ်သော လိုအပ်ချက်ကြီး တစ်ခုပင် ဖြစ်ပေသည်။</p> <h3>ကလျာဏမိတ္တဟူသည်</h3> <p><b>ကလျာဏမိတ္တောတိ စေတ္ထ အရိယော၊</b> (သံ၊ဋီ၊၄၀၉။)</p> <p>ဤဋီကာအဖွင့်က အရိယာသူတော်ကောင်းတို့ကိုသာ ကလျာဏမိတ္တဟု ဆိုလို၏။ အကောင်းဆုံးသော ကလျာဏမိတ္တကို ထုတ်ဆောင်ပြဆိုသော ဥက္ကဋ္ဌနိဒ္ဒေသနည်းတည်း။ ထိုကလျာဏမိတ္တဟူသမျှတို့တွင် ဘုရားရှင်သည်ကား အလုံးစုံသော အခြင်းအရာအားဖြင့် ပြည့်စုံသော ကလျာဏမိတ္တပင်တည်း။ ထိုဘုရားရှင်ထံ၌ ကမ္မဋ္ဌာန်းကို သင်ယူပါ။</p> <p>မရနိုင်ခဲ့သော် မဟာသာဝကကြီး (၈၀)တို့တွင် တစ်ပါးပါးထံ၌, မရနိုင်ခဲ့သော် ရဟန္တာအရှင်မြတ်တစ်ပါးပါးထံ၌, မရနိုင်ခဲ့သော် အနာဂါမ်, သကဒါဂါမ်, သောတာပန် တစ်ပါးပါးထံ၌ ကမ္မဋ္ဌာန်းကို သင်ယူပါ။ ဤအရိယာ သူတော်ကောင်းတို့ကား မှီဝဲဆည်းကပ်ရမည့် ကလျာဏမိတ္တအစစ်တို့ပင် တည်း။</p> <p>သို့သော် အရိယာသူတော်ကောင်းတည်းဟူသော ကလျာဏမိတ္တကို မရနိုင်ခဲ့သော် စျာန်ရပုထုဇဉ်ထံ၌, မရနိုင်ခဲ့သော် တိပိဋကဓရပုဂ္ဂိုလ်ထံ၌, မရနိုင်ခဲ့သော် ဒွိပိဋကဓရပုဂ္ဂိုလ်ထံ၌, မရနိုင်ခဲ့သော် ဧကပိဋကဓရပုဂ္ဂိုလ်ထံ၌, မရနိုင်ခဲ့သော် ပရိယတ္တိတရားတော်၌ ကျွမ်းကျင်လိမ္မာတော်မူသော သိက္ခာပုဒ်တို့ကို လွန်ကျူးရမှာ ရှက်ကြောက်တတ်သည့် လဇ္ဇီသူတော်ကောင်းထံ၌ ကမ္မဋ္ဌာန်းကို သင်ယူပါ။ ဤအဆင့်ဆင့် ဖော်ပြထားသော ပုထုဇဉ် သူတော်ကောင်းတို့သည်လည်း မှီဝဲ ဆည်းကပ်ရမည့် ကလျာဏမိတ္တတို့ပင် ဖြစ်ကြသည်။ (ဝိသုဒ္ဓိ၊၁၊၉၅။)</p> <p>ကလျာဏမိတ္တ ပညာရှိတို့၏ သဘော</p> <p>ဤကဲ့သို့သော ကလျာဏမိတ္တအစစ် ဖြစ်တော်မူကြသည့် သူတော်ကောင်းတို့သည်ကား ---</p> <p><b>နယံ နယတိ မေဓာဝီ၊ အဓုရာယံ န ယုဉ္ဇတိ။</b></p> <p><b>သုနယော သေယျသော ဟောတိ၊ သမ္မာ ဝုတ္တော န ကုပ္ပတိ။</b></p> <p><b>ဝိနယံ သော ပဇာနာတိ၊ သာဓု တေန သမာဂမော။</b> (ခု၊၅၊၂၆၆၊ ...)</p> <p>၁။ နည်းမှန်လမ်းမှန်ကို နည်းမှန်လမ်းမှန်ဟု ညွှန်ကြားပြသတတ်၏။</p> <p>၂။ မတိုက်တွန်းသင့် မတိုက်တွန်းထိုက်သည့်လုပ်ငန်းရပ်တို့ကို မည်သည့်အခါမျှ လုပ်သာလုပ်ပါဟု မတိုက်တွန်းတတ်။</p> <p>၃။ နည်းမှန်လမ်းမှန် အကျင့်မှန်ကို အထွတ်အမြတ် ထားတတ်၏။</p> <p>၄။ အကျိုးနှင့် အကြောင်းကို ထင်ရှား ဖော်ပြလျက် ကောင်းမွန်စွာ ဆိုဆုံးမအပ်သည်ရှိသော် မည်သည့်အခါမျှ အမျက် မထွက်တတ်၊</p> <p>၅။ လူ့ဝိနည်း လူ့ကျင့်ဝတ်, ရဟန်းဝိနည်း ရဟန်းကျင့်ဝတ်ကို ထိုကလျာဏ မိတ္တ သူတော်ကောင်းသည် ကောင်းကောင်း သိ၏၊ ကောင်းကောင်း ကျင့်၏။</p> <p>ထိုကြောင့် ပညာရှိသူတော်ကောင်းတည်းဟူသော ကလျာဏမိတ္တနှင့် ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ရခြင်းသည် ကောင်းလှပါပေ၏။ (အကိတ္တိဇာတ်၊ ခု၊၅၊၂၆၆...)</p> <hr> <h3>စတုတ္ထ နာထတရား = ဆုံးမလွယ်ကူခြင်း</h3> <p>ရဟန်းတို့ ... နောက်တစ်မျိုးသော်ကား - ရဟန်းသည် ဆိုဆုံးမ လွယ်ကူ၏၊ ဆိုဆုံးမလွယ်ကူကြောင်း တရားတို့နှင့် ပြည့်စုံ၏၊ သည်းခံနိုင်၏၊ အဆုံးအမကို အရိုအသေ ခံယူတတ်၏။ ရဟန်းတို့ ... ရဟန်းသည် ယင်းသို့ ဆိုဆုံးမလွယ်ကူ၏၊ ဆိုဆုံးမလွယ်ကူကြောင်းတရားတို့နှင့် ပြည့်စုံ၏၊ သည်းခံနိုင်၏၊ အဆုံးအမကို အရိုအသေ ခံယူတတ်၏ ဟူသော ဤတရားသည်လည်း မှီခိုအားထားရာကို ပြုတတ်သော နာထတရားပင်တည်း။ (အံ၊၃၊၂၇၅။)</p> <p>အဆုံးအမကို အရိုအသေ ဦးထိပ်ရွက်ပန်ဆင်လျက် ခံယူတတ်ခြင်းသည်ကား မဂ်ဖိုလ် နိဗ္ဗာန်ကို ရရှိရေးအတွက် အလွန် အရေးကြီးလှ၏။ အချို့ပုဂ္ဂိုလ်သည်ကား ဆုံးမသည့် စကားကို လက်ဝဲနားမှ နာယူကာ လက်ျာ နားမှ ထိုအဆုံးအမကို လွှင့်ပစ်တတ်၏။ မကြားယောင်ဆောင်ကာမူလည်း သွားတတ်၏။ သူတော်ကောင်းဖြစ်ချင်သူကား ဤသို့မပြုကျင့်ဘဲ အရှင်ဘုရား ... တပည့်တော်ကို ဆိုဆုံးမတော်မူပါ၊ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဆိုဆုံးမတော်မူပါ။ အရှင်ဘုရားတို့သည် မဆုံးမအပ်ကုန်သည်ရှိ သော် အဘယ်မည်သော တစ်စုံတစ်ယောက်သော အခြားပုဂ္ဂိုလ်တစ်ဦးသည် ဆိုဆုံးမပါအံ့နည်းဟုပြောဆိုကာ အဆုံးအမကို အရိုအသေ ဦးထိပ်ရွက် ပန်ဆင်လျက် ခံယူတတ်ပေသည်။ (အံ၊ဋ္ဌ၊၃၊၂၉၀-၂၉၁၊၊)</p> <h3>အရှင်ရာဟုလာ</h3> <p>အရှင်ရာဟုလာကား သိက္ခာသုံးရပ် အကျင့်မြတ်ကို လိုလားတောင့်တသည့်အရာ၌ ဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်း ရရှိသူ သူတော်ကောင်းတစ်ဦး ဖြစ်၏။ ဆိုဆုံးမလွယ်ကူသည့် သုဝစဂုဏ်နှင့် ပြည့်စုံသူလည်း ဖြစ်၏။ သည်းခံခြင်း ခန္တီတရားနှင့်လည်း ပြည့်စုံ၏။ အဆုံးအမကို ဦးထိပ်ရွက် ပန်ဆင်လျက် အရိုအသေ ခံယူတတ်၏။ မဟာရာဟုလောဝါဒသုတ္တန် (မ၊၂၊ ၈၆-၈၇။) တွင် အရှင်ရာဟုလာကို စံထား၍ ဘုရားရှင်က ရဟန်းတော်တို့ကို ဤသို့ ဆိုဆုံးမထားတော်မူ၏။</p> <p><b>ရာဟုလာ ...မဟာပထဝီမြေကြီးနှင့် တူညီသွားအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်ပါ။ ရာဟုလာ ... မဟာပထဝီ မြေကြီးနှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်နေသော သင့်အား ဖြစ်ပေါ်လာတိုင်းကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံအတွေ့တို့သည် သင်၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်ကုန်လတ္တံ့။ ရာဟုလာ ... ဥပမာသော်ကား - မဟာပထဝီမြေကြီးပေါ်၌ စင်ကြယ်သော အရာဝတ္ထုကိုလည်း ပစ်ချကြကုန်၏၊ မစင်ကြယ်သော အရာဝတ္ထုကိုလည်း ပစ်ချကြကုန်၏၊ ကျင်ကြီးကိုလည်း ပစ်ချကြကုန်၏၊ ကျင်ငယ်ကိုလည်း ပစ်ချကြကုန်၏၊ တံတွေးကိုလည်း ပစ်ချကြကုန်၏၊ ပြည်ကိုလည်း ပစ်ချကြကုန်၏၊ သွေးကိုလည်း ပစ်ချကြကုန်၏။ မဟာပထဝီ မြေကြီးသည် ထိုစင်ကြယ်သောအရာဝတ္ထု မစင်ကြယ်သောအရာဝတ္ထုဖြင့် ငြီးငွေ့ရွံရှာစက်ဆုပ်မှု မဖြစ်။ ရာဟုလာ ... သင်ချစ်သားသည် ဤဥပမာ အတူသာလျှင် မဟာပထဝီမြေကြီးနှင့် တူညီသွားအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်ပါ။ ရာဟုလာ ... မဟာပထဝီမြေကြီးနှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများ အားထုတ်နေသော သင့်အား ဖြစ်ပေါ်လာတိုင်းကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံအတွေ့တို့သည် သင်၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်ကုန်လတ္တံ့။</b></p> <p><b>ရာဟုလာ ... ရေနှင့် တူညီသွားအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်ပါ။ ရေနှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်နေသော သင့်အား ဖြစ်ပေါ်လာတိုင်းကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံအတွေ့တို့သည် သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံး ယူငင်၍ မတည်နိုင်ကုန်လတ္တံ့။ ရာဟုလာ ... ဥပမာသော်ကား - ရေ၌ စင်ကြယ်သော အရာဝတ္ထုကိုလည်း ဆေးကြောကြကုန်၏၊ မစင်ကြယ်သော အရာဝတ္ထုကိုလည်း ဆေးကြောကြကုန်၏၊ ကျင်ကြီးကိုလည်း ဆေးကြောကြကုန်၏၊ ကျင်ငယ်ကိုလည်း ဆေးကြောကြကုန်၏၊ တံတွေးကိုလည်း ဆေးကြောကြကုန်၏၊ ပြည်ကိုလည်း ဆေးကြောကြကုန်၏။ ရေသည် ထိုစင်ကြယ်သော အရာဝတ္ထု, မစင်ကြယ်သော အရာဝတ္ထုဖြင့် ငြီးငွေ့ ရွံရှာ စက်ဆုပ်မှု မဖြစ်။ ရာဟုလာ ... ဤဥပမာအတူသာလျှင် သင်ချစ်သားသည် ရေနှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်ပါ။ ရာဟုလာ ... ရေနှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်နေသော သင့်အား ဖြစ်ပေါ်လာတိုင်းကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံအတွေ့တို့သည် သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်ကုန် လတ္တံ့။</b></p> <p><b>ရာဟုလာ ... မီးနှင့် တူညီသွားအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်ပါ။ မီးနှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်နေသော သင့်အား ဖြစ်ပေါ်လာတိုင်းကုန်သော အာရုံအတွေ့တို့သည် သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်ကုန်လတ္တံ့။ ရာဟုလာ ... ဥပမာသော်ကား မီးသည် စင်ကြယ်သော အရာဝတ္ထုကိုလည်း လောင်ကျွမ်းပစ်၏၊ မစင်ကြယ်သော အရာဝတ္ထုကိုလည်း လောင်ကျွမ်းပစ်၏၊ ကျင်ကြီးကိုလည်း လောင်ကျွမ်းပစ်၏၊ ကျင်ငယ်ကိုလည်း လောင်ကျွမ်းပစ်၏၊ တံတွေးကိုလည်း လောင်ကျွမ်းပစ်၏၊ ပြည်ကိုလည်း လောင်ကျွမ်းပစ်၏၊ သွေးကိုလည်း လောင်ကျွမ်းပစ်၏။ မီးသည် ထိုစင်ကြယ်သော အရာဝတ္ထု, မစင်ကြယ်သော အရာဝတ္ထုဖြင့် ငြီးငွေ့ ရွံရှာစက်ဆုပ်မှု မဖြစ်။ ရာဟုလာ ... ဤဥပမာအတူသာလျှင် သင်ချစ်သားသည် မီးနှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများပါ။ ရာဟုလာ ...မီးနှင့် တူညီ သွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်လျက်ရှိသော သင့်အား ဖြစ်ပေါ် လာတိုင်းကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံအတွေ့တို့သည် သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံး ယူငင်၍ မတည်နိုင်ကုန်လတ္တံ့။</b></p> <p><b>ရာဟုလာ...လေနှင့် တူညီသွားအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်ပါ။ ရာဟုလာ... လေနှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်နေသော သင့်အား ဖြစ်ပေါ်လာတိုင်းကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံအတွေ့တို့သည် သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်ကုန်လတ္တံ့။ ရာဟုလာ ... ဥပမာသော်ကား လေသည် စင်ကြယ်သော အရာဝတ္ထုကိုလည်း တိုက်ခတ်ဆောင်ယူသွား၏၊ မစင်ကြယ်သော အရာဝတ္ထုကိုလည်း တိုက်ခတ်ဆောင်ယူသွား၏၊ ကျင်ကြီးနံ့ကိုလည်း တိုက်ခတ်ဆောင်ယူသွား၏၊ ကျင်ငယ်နံ့ကိုလည်း တိုက်ခတ် ဆောင်ယူသွား၏၊ တံတွေးနံ့ကိုလည်း တိုက်ခတ်ဆောင်ယူသွား၏၊ ပြည်နံ့ကိုလည်း တိုက်ခတ်ဆောင်ယူသွား၏၊ သွေးနံ့ကိုလည်း တိုက်ခတ်ဆောင်ယူသွား၏။ လေသည် ထိုစင်ကြယ်သော အရာဝတ္ထု မစင်ကြယ်သော အရာဝတ္ထုဖြင့် ငြီးငွေ့ ရွံရှာ စက်ဆုပ်မှု မဖြစ်။ ရာဟုလာ ... ဤဥပမာအတူသာလျှင် သင်ချစ်သားသည် လေနှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်ပါ။ ရာဟုလာ ... လေနှင့်တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်နေသော သင့်အား ဖြစ်ပေါ်လာတိုင်းကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံအတွေ့တို့သည် သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်ကုန်လတ္တံ့။</b></p> <p><b>ရာဟုလာ ... ကောင်းကင်နှင့် တူညီသွားအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်ပါ။ ရာဟုလာ ... ကောင်းကင်နှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်နေသော သင့်အား ဖြစ်ပေါ်လာတိုင်းကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံအတွေ့တို့သည် သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်ကုန်လတ္တံ့။ ရာဟုလာ ...ဥပမာသော်ကား ကောင်းကင်သည် တစ်စုံတစ်ခုသော အရပ်၌ မတည်။ ရာဟုလာ ...ဤဥပမာအတူသာလျှင် သင်ချစ်သားသည် ကောင်းကင်နှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်ပါ။ ရာဟုလာ ... ကောင်းကင်နှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများအားထုတ်နေသော သင့်အား ဖြစ်ပေါ်လာတိုင်းကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံတို့သည် သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်ကုန်လတ္တံ့။</b> (မ၊၂၊၈၆-၈၇။ မဟာရာဟုလောဝါဒသုတ္တန်။)</p> <p>ဤအထက်ပါ မဟာရာဟုလောဝါဒသုတ္တန်တွင် ဘုရားရှင်က မိမိတို့၏ စိတ်ဓာတ်ကို မဟာပထဝီမြေကြီးနှင့် တူအောင်, ရေနှင့် တူအောင်, မီးနှင့်တူအောင်, လေနှင့် တူအောင်, ကောင်းကင်နှင့် တူအောင် ကျင့်ကြံကြိုးကုတ်ပွားများ အားထုတ်ရန် ညွှန်ကြားထားတော်မူ၏။ ထိုညွှန်ကြားချက်ကား လောကဓံ လေပြင်းမုန်တိုင်းတို့ကြောင့် စိတ်ဓာတ်ကို တုန်လှုပ်မှု မရှိအောင် (= တာဒိဂုဏ်နှင့် ပြည့်စုံအောင်) ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရန် ညွှန်ကြားချက် ဖြစ်၏။ အရှင်ရာဟုလာကို စံထား၍ ရဟန်းအားလုံးအား ဆိုဆုံးမတော်မူခြင်း ဖြစ်၏။ မြေ, ရေ, မီး, လေ, ကောင်းကင်တို့နှင့် တူညီသွားအောင် စိတ်ဓာတ်ကို မည်သို့ ပွားများအားထုတ်ရမည်နည်း?</p> <p>သမထပိုင်း ဝိပဿနာပိုင်းဟု ကျင့်စဉ်အပိုင်းကဏ္ဍ နှစ်ရပ် ရှိပေသည်။ စူဠသုညတသုတ္တန် (မ၊၃၊၁၄၇-၁၅၁။)၌ ညွှန်ကြားထားတော်မူသည့်အတိုင်း သမထပိုင်းတွင် ပထဝီကသိုဏ်း, အာပေါကသိုဏ်း, တေဇောကသိုဏ်း, ဝါယောကသိုဏ်း, အာကာသကသိုဏ်းတို့ကို ပွားများနိုင်၏။</p> <p>ပထဝီကသိုဏ်းကို အောင်အောင်မြင်မြင် ပွားများနိုင်သော ယောဂါဝစရပုဂ္ဂိုလ်သည် ကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာ အနန္တစကြဝဠာသို့ တိုင်အောင် ဖြန့်ကြက်လိုက်နိုင်သောအခါ သစ်ပင် ရေ မြေ တောတောင် ယောက်ျား, မိန်းမ ပုဂ္ဂိုလ်သတ္တဝါစသည်ကို မတွေ့တော့ဘဲ မဟာပထဝီမြေတစ်ခုတည်းအဖြစ်သာ တွေ့မြင်နေ၏။ ထိုကဲ့သို့ ဖြန့်ကြက်ထားသော ပထဝီကသိုဏ်းကို အာရုံယူကာ သမာဓိကို အဆင့်ဆင့် ထူထောင်နိုင်ခဲ့သော် စတုတ္ထစျာန်သမာဓိအထိ ပေါက်ရောက်နိုင်၏။ ထိုပထဝီကသိုဏ်းကို ခွာကာ အာကာသကို တစ်ဖက်သတ် နှလုံးသွင်းနိုင်ခဲ့သော် အာကာသာနဉ္စာယတနစျာန် အစရှိသည့် အရူပစျာန်လေးပါးတို့ကို အစဉ်အတိုင်း ကူးတက်သွားနိုင်၏။ ထိုစျာန်သမာပတ် (၈)ပါးတို့က နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံအတွေ့အထိကြောင့် ဖြစ်ပေါ်လာမည့် လောဘနှင့် ယှဉ်တွဲနေသော စိတ်ဓာတ်, ဒေါသနှင့် ယှဉ်တွဲနေသော စိတ်ဓာတ် စသည့် ကိလေသာနှင့် ယှဉ်တွဲနေသော စိတ်ဓာတ်တို့ကို ဝိက္ခမ္ဘနပဟာန်ဖြင့် ခပ်ကြာကြာ ခွာထား နိုင်ရကား စိတ်ဓာတ်သည် အခိုက်အတန့်အားဖြင့် ဖြူစင်သန့်ရှင်းလျက် ရှိ၏။ မဟာပထဝီမြေကြီးနှင့် တူညီသွားအောင် စိတ်ဓာတ်ကို ပွားများထားခြင်းပင်ဖြစ်၏။</p> <p>အာပေါကသိုဏ်း, တေဇောကသိုဏ်း, ဝါယောကသိုဏ်းတို့၌လည်း နည်းတူ သဘောပေါက်ပါ။ အာကာသကသိုဏ်းကား စတုတ္ထစျာန်သမာဓိအထိသာ ဆိုက်ရောက်နိုင်၏။ ထိုကဲ့သို့ အဆင့်ဆင့်သော စျာန်သမာဓိသို့ ဆိုက်အောင် ပွားများအားထုတ်နိုင်ပါက မဟာပထဝီမြေကြီးနှင့် တူညီသော စိတ်ဓာတ်, ရေနှင့် တူညီသော စိတ်ဓာတ်, မီးနှင့် တူညီသောစိတ်ဓာတ်, လေနှင့် တူညီသောစိတ်ဓာတ်, ကောင်းကင်နှင့် တူညီသောစိတ်ဓာတ်များ ယာယီအခိုက်အတန့်အားဖြင့် ဖြစ်ပေါ်လာနိုင်၏။</p> <p>မြေ-ရေ-မီး-လေ-ကောင်းကင်တို့နှင့်တူညီသော စိတ်ဓာတ် ထာဝရဖြစ်ပေါ်ရေးအတွက်ကား ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းဖြင့် မိမိတို့၏ စိတ်ဓာတ်ကို ထုံမွမ်းပေးရမည် ဖြစ်၏။ ထိုထိုကသိုဏ်းစျာန်တို့ကို ဝင်စားလျက် ထိုထိုစျာန်မှ ထသောအခါ ထိုထိုစျာန်နာမ်တရားတို့ကို သိမ်းဆည်းရ၏၊ ထိုစျာန်နာမ်တရားတို့၏ မှီရာဝတ္ထုရုပ်တို့ကို သိမ်းဆည်းရ၏။ ထိုရုပ်နာမ်တို့၏ အကြောင်းတရားတို့ကို သိမ်းဆည်းရ၏။ အကြောင်းတရားနှင့် တကွသော ထိုထိုရုပ်နာမ်တို့ကို လက္ခဏာရေး သုံးတန်သို့တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုပွားအပ်၏။ အလားတူပင် ကာမာဝစရတရားတို့ကိုလည်း ဝိပဿနာရှုပွားသုံးသပ်အပ်၏။ ထိုထိုဝိပဿနာဉာဏ်တို့ကလည်း ကိလေသာတို့ကို တဒင်္ဂအားဖြင့် ပယ်ရှားနိုင်သည်သာ ဖြစ်၏။ ထိုအခိုက်တွင်လည်း မြေ-ရေ-မီး-လေ-ကောင်းကင်တို့နှင့် တူညီသော စိတ်ဓာတ်များ တဒင်္ဂအားဖြင့် ဖြစ်ပေါ်နေပေလိမ့်မည်။</p> <p>တစ်ဖန် ထိုဝိပဿနာဉာဏ်တို့ကို ရင့်ကျက်အောင် ဝိပဿနာဉာဏ်စဉ်အတိုင်း အဆင့်ဆင့် ကြိုးပမ်းလိုက်သောအခါ ထိုရင့်ကျက်လာသော ဝိပဿနာဉာဏ်တို့၏ အဆုံး၌ အဆင့်ဆင့်သော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့သည် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံယူကာ တစ်ဆင့်ပြီးတစ်ဆင့် ပါရမီအားလျော်စွာ ဆက်လက် ဖြစ်ပေါ်လာကြမည် ဖြစ်၏။ စူဠရာဟုလောဝါဒသုတ္တန် (မ၊၃၊၃၂၄-၃၂၇။)ကို နာကြားခွင့် ရရှိသော အရှင်ရာဟုလာကဲ့သို့လည်း ဖြစ်နိုင်၏။ အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏။ ထိုအခါ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တရားတော်မြတ်ကြီး၏ အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိထူးကြီးကို ဆက်ခံရသော အဆင့်ဆင့်သော အရိယမဂ်ဉာဏ်တို့က ဆိုင်ရာဆိုင်ရာ ကိလေသာတို့ကို အဆင့်ဆင့် ပယ်သတ်လိုက်သောအခါ ကိလေသာအပူမီးတို့သည် လောင်စာကုန်သဖြင့် မီးပုံကြီး အပြီးတိုင်ငြိမ်းသကဲ့သို့ အငြိမ်းကြီး ငြိမ်းသွားကြကုန်၏။</p> <p>ကိလေသာအပူမီးတို့ အငြိမ်းကြီး ငြိမ်းသွားသောအခါ မဟာပထဝီမြေကြီးနှင့် တူညီသော စိတ်ဓာတ်, ရေနှင့် တူညီသော စိတ်ဓာတ်, မီးနှင့်တူညီ သော စိတ်ဓာတ်, လေနှင့်တူညီသော စိတ်ဓာတ်, ကောင်းကင်နှင့် တူညီသော စိတ်ဓာတ်ကို အပြီးတိုင် ပွားများထားပြီး ဖြစ်ပေသည်။ ထိုအခါ ထိုကဲ့သို့သော သူတော်ကောင်းသည် ဆိုဆုံးမလွယ်ကူသည့် သုဝစဂုဏ်နှင့် ပြည့်စုံကြကုန်သော သူတော်ကောင်းတို့တွင် အထွတ်အထိပ်သို့ ဆိုက်ရောက်နေသော သုဝစဂုဏ်နှင့် ပြည့်စုံသည့် သူတော်ကောင်း တစ်ဦးပင် ဖြစ်ပေသည်။ သို့သော် ထိုကဲ့သို့ အထွတ်အထိပ် မရောက်သေးစေကာမူ စွမ်းနိုင်သမျှ သုဝစဂုဏ်နှင့် ပြည့်စုံအောင်ကား ရှင်ရဟန်းတိုင်း ကြိုးပမ်းရမည်သာ ဖြစ်ပေသည်။</p> <h3>ပဉ္စမ နာထတရား = ကူညီရိုင်းပင်းမှု</h3> <p>ရဟန်းတို့ ... နောက်တစ်မျိုးသော်ကား သီတင်းသုံးဖော်တို့၏ အသို့ပြုရမည်နည်းဟု ဆို၍ ပြုလုပ်အပ်သော အယုတ်အမြတ်ဖြစ်သော အမှုကိစ္စတို့၌ လိမ်မာ၏၊ ပျင်းရိခြင်း မရှိ၊ ထိုအမှုကိစ္စတို့၌ အကြောင်းကို စူးစမ်းသော ပညာနှင့် ပြည့်စုံ၏၊ ပြုလုပ်ရန် စွမ်းနိုင်၏၊ စီမံခန့်ခွဲရန် စွမ်းနိုင်၏။ ရဟန်းတို့ ... ရဟန်းသည် ယင်းသို့ သီတင်းသုံးဖော်တို့၏။ ပ ။ စီမံခန့်ခွဲရန် စွမ်းနိုင်၏ ဟူသော ဤတရားသည်လည်း မှီခိုအားထားရာကို ပြုတတ်သော နာထတရားပင်တည်း။ (အံ၊၃၊၂၇၅။)</p> <p>သာသနာတော်ကို မှီခိုနေထိုင်ကြသူအချင်းချင်း တစ်ဦးကို တစ်ဦး ကူညီရိုင်းပင်းမှုကား လိုအပ်လျက် ရှိ၏။ သပိတ်ဖုတ်ခြင်း, သင်္ကန်းချုပ်ခြင်း, သင်္ကန်းဆိုးခြင်း စသော လုပ်ငန်းရပ်တို့၌ တစ်ဦးကို တစ်ဦးက သွန်သင်ပြသပေးမှု ရိုင်းပင်းကူညီမှု, မကျန်းမာသည့်အခါ ကူညီရိုင်းပင်းမှုတို့ကား လိုအပ်လျက်ပင် ရှိ၏။ ဝိနည်းကျင့်ဝတ်များကို သင်ပေးခြင်း, ကမ္မဋ္ဌာန်းသင်ပေးခြင်း စသည်တို့သည်လည်း ကလျာဏမိတ္တအစစ် ဖြစ်ကြသည့် ဆရာကောင်း သမားကောင်း မိတ်ကောင်း ဆွေကောင်းတို့၏ တာဝန်ဝတ္တရားများပင် ဖြစ်ကြ၏။ ထိုကဲ့သို့သော ဝေယျာဝစ္စကုသိုလ် ဓမ္မဒါနကုသိုလ်တို့ကလည်း ကောင်းကျိုးတရားတို့ကို ပေးနိုင်သည့် စွမ်းအားရှိခြင်းကြောင့် မှီခိုအားထားရာ နာထတရား တစ်ခုပင် ဖြစ်ရပေသည်။</p> --- <h3>ဆဋ္ဌ နာထတရား = တရားကို မြတ်နိုးခြင်း</h3> <p>ရဟန်းတို့ ... နောက်တစ်မျိုးသော်ကား ရဟန်းသည် တရားတော်ကို အလိုရှိ၏၊ ချစ်ဖွယ်စကားကို ပြောဆိုတတ်၏၊ လွန်မြတ်သော သုတ်အဘိဓမ္မာ ဝိနည်းတရားတော်၌ များစွာ မြတ်နိုးခြင်းရှိ၏။ ရဟန်းတို့ ... ရဟန်းသည် ယင်းသို့ တရားတော်ကို အလိုရှိ၏၊ ချစ်ဖွယ်စကားကို ပြောဆိုတတ်၏၊ လွန်မြတ်သော သုတ် အဘိဓမ္မာ ဝိနည်းတရားတော်၌ များစွာ မြတ်နိုးခြင်း ရှိ၏ဟူသော ဤတရားသည်လည်း မှီခိုအားထားရာကို ပြုတတ်သော နာထတရားပင်တည်း။ (အံ၊၃၊၂၇၅-၂၇၆။)</p> <p>ရဟန်းတော်တစ်ပါးအနေဖြင့် သုတ္တန်တရားတော်, အဘိဓမ္မာတရားတော်, ဝိနည်းတရားတော်ဟူသော လွန်ကဲ မြင့်မြတ်သော တရားသုံးမျိုးလုံး၌ ချစ်မြတ်နိုးမှု လိုလားတောင့်တမှု ရှိရမည် ဖြစ်သည်။ အချို့ပုဂ္ဂိုလ်တို့ကား သုတ္တန်တရားတော်နှင့် ဝိနည်းတရားတော်၌ လွန်စွာ ချစ်မြတ်နိုးမှု ရှိသော်လည်း အဘိဓမ္မာတရားတော်၌ကား လွန်စွာ ချစ်မြတ်နိုးမှု မရှိကြပေ။ ထိုအဘိဓမ္မာ ဒေသနာတော်သည်ကား သာဝကတစ်ဦး မဂ်ဖိုလ်နိဗ္ဗာန် ရရှိရေးအတွက် မလိုအပ်သော အချက်တစ်ရပ်ဟု ယူဆပြောဆိုတတ်ကြ၏။</p> <p>အထက်တွင် ဒုတိယနာထတရားပိုင်း၌ ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓစသည့် (၁၁)မျိုးသော အခြင်း အရာအားဖြင့် တည်ရှိနေသော ဥပါဒါနက္ခန္ဓာငါးပါး (= ရုပ်တရား နာမ်တရား) ဟူသည့် ဒုက္ခသစ္စာတရားစုနှင့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဟူသည့် သမုဒယသစ္စာတရားစုတို့ကား ဝိပဿနာဉာဏ်ဖြင့် ရှုပွားသုံးသပ်ရမည့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံတရားတို့ ဖြစ်ကြ၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာမရှုမီ ထိုတရားတို့ကို ပထမရှေ့ဦးစွာ သိအောင် ကြိုးပမ်းရမည် ဖြစ်၏။</p> <p>ထိုသို့ ကြိုးပမ်းရာ၌ ယင်းတရားတို့ကို ရှေ့ဦးစွာ ဆရာသမားထံ၌ သင်ယူရမည်ဖြစ်၏။ ထိုနောင် တကယ်လက်တွေ့ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးပမ်းရမည် ဖြစ်၏။</p> <p>ထိုသို့ ကြိုးပမ်းရာ၌ ထိုဒုက္ခသစ္စာ သမုဒယသစ္စာအမည်ရသည့် ပရမတ္ထ တရားတို့ကို နိရောဓသစ္စာ မဂ္ဂသစ္စာသို့ ဆိုက်သည်တိုင်အောင် သဘောတရား ရေးရာပိုင်း လက်တွေ့ပိုင်းအားဖြင့် အဘက်ဘက်မှ နားလည်အောင် အသေးစိတ် ရှင်းလင်းတင်ပြကာ ဟောကြားထားတော်မူသော ဒေသနာတော်ကား အဘိဓမ္မာဒေသနာတော်ပင် ဖြစ်၏။ ထိုအဘိဓမ္မာဒေသနာတော်ကို မဂ် ဖိုလ် နိဗ္ဗာန်ရရှိရေးအတွက် မလိုအပ်ပါဟု ပယ်ရှားနေသူတို့ကား မှန်ကန်တိကျ သည့် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်တို့ကိုပင် ပယ်ရှားနေသူတို့ ဖြစ်ကြ၏။ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်ကိုမျှ မှန်မှန်ကန်ကန် တိတိကျကျ မရရှိသေးသော ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် မည်သို့မည်ပုံ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို ဘုရားရှင်၏ အလိုတော်ကျအတိုင်း စီးဖြန်း နိုင်ပါအံ့နည်း? ဘုရားရှင် သတ်မှတ်ထားတော်မူသည့် မှန်ကန်တိကျသည့် ဝိပဿနာဉာဏ်ကိုမျှ မရရှိသေးသူသည် အဘယ်မှာလျှင် တကယ်စစ်မှန်သည့် မဂ် ဖိုလ် နိဗ္ဗာန်ကို ရရှိနိုင်ပါအံ့နည်း? ထို့ကြောင့် အဋ္ဌသာလိနီအဋ္ဌကထာ က ထိုကဲ့သို့ အဘိဓမ္မာကို ပယ်ရှားလိုသူတို့ကို ဤသို့ သတိပေးထား၏။</p> <h3>အဘိဓမ္မာကိုပယ်သူ</h3> <p><b>အဘိဓမ္မံ ပဋိဗာဟေန္တော ဣမသ္မိံ ဇိနစက္ကေ ပဟာရံ ဒေတိ၊ သဗ္ဗညုတညာဏံ ပဋိဗာဟတိ၊ သတ္ထု ဝေသာရဇ္ဇညာဏံ ပဋိနိဝတ္တေတိ၊ သောတုကာမံ ပရိသံ ဝိသံဝါဒေတိ၊ အရိယမဂ္ဂေ အာဝရဏံ ဗန္ဓတိ၊ အဋ္ဌာရသသု ဘေဒကရဝတ္ထူသု ဧကသ္မိံ သန္ဒိဿတိ ဥက္ခေပနီယကမ္မတဇ္ဇနီယကမ္မာရဟော ဟောတိ။ တံ တံ ကမ္မံ ကတွာ ဥယျောဇေတဗ္ဗော ဂစ္ဆ ဝိဃာသာဒေါ ဟုတွာ ဇီဝိဿသီတိ။</b> (အဘိ၊ဋ္ဌ၊၁၊၃၀၊၊)</p> <p>= အဘိဓမ္မာကို ပယ်ရှားသူသည် (= တားမြစ်ပိတ်ပင်သော သူသည်) ဤ ငါးမာရ်အောင်မြင် ဘုရားရှင်၏ တရားဓမ္မစက်၌ ပုတ်ခတ်စော်ကားခြင်းကို ပေး၏။ သဗ္ဗညုတဉာဏ်တော်ကို တားမြစ်၏၊ ဘုရားရှင်၏ ဝေသာရဇ္ဇဉာဏ်တော်မြတ်ကို ဆုတ်နစ်စေ၏၊ နာယူလိုသော = လိုက်နာပြုကျင့်လိုသော ပရိသတ်ကို ချွတ်ယွင်းစေ၏။ အရိယမဂ်၌ အတားအမြစ် အပိတ်အပင်ကို ဖွဲ့ချည်ထား၏၊ (၁၈)မျိုးသော သံဃာကွဲပြားခြင်းကို ပြုလုပ်တတ်သော ဘေဒကရဝတ္ထုတို့တွင် တစ်ခုခု၌ ထင်ရှားပြနေ၏။ သံဃာဘောင်မှ နှင်ထုတ်ခြင်း = ဥက္ခေပနီယကံ, သံဃာတော်က ခြိမ်းခြောက်ခြင်း = တဇ္ဇနီယကံကို ပြုလုပ်ခြင်းငှာ ထိုက်၏။ ထိုထို သံဃာ့ကံကို ပြုလုပ်ကာ သွားပေတော့ ... စားကြွင်းစားဖြစ်ကာ အသက်မွေးပေတော့ ဟု ပြောဆိုကာ သံဃာဘောင်မှ နှင်ထုတ်ထိုက်၏။ (အဘိ၊ဋ္ဌ၊၁၊၃၀။)</p> <p>ဘုရားရှင်၏ ဝေသာရဇ္ဇဉာဏ်တော်မြတ်ကို ဆုတ်နစ်စေပုံကို သဘောပေါက်ရန် ရဲရင့်ကြောင်း (= ဝေသာရဇ္ဇ) ဉာဏ်တော်မြတ် လေးပါးတို့ကို ဆက်လက် တင်ပြအပ်ပါသည်။</p> <h3>ဝေသာရဇ္ဇဉာဏ်တော်မြတ် (၄) ပါး</h3> <p>ရဟန်းတို့ ... မြတ်စွာဘုရား၏ ရဲရင့်ကြောင်း (= ဝေသာရဇ္ဇ)ဉာဏ်တို့သည် ဤလေးမျိုးတို့တည်း။ ယင်းဝေသာရဇ္ဇဉာဏ်တော်တို့နှင့် ပြည့်စုံသော မြတ်စွာဘုရားသည့် မြင့်မြတ်ကြောင်းကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆိုတော်မူ၏၊ မြတ်သော တရားဓမ္မစက်ကို လည်ပတ်စေတော်မူ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ ---</p> <ol> <li>အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသည့် သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်ဟု ဝန်ခံတော်မူသော အရှင်ဘုရားသည် ဤမည်သော တရားတို့ကို ထိုးထွင်း၍ မသိအပ်ကုန်သေးဟု ငါဘုရားရှင်ကို သမဏဖြစ်စေ, ဗြာဟ္မဏဖြစ်စေ, မာရ်နတ်ဖြစ်စေ, ဗြဟ္မာဖြစ်စေ, လောက၌ တစ်စုံတစ်ယောက်သော သူဖြစ်စေ ထိုအရာ၌ အကြောင်းယုတ္တိနှင့်တကွ စောဒနာနိုင်မည့် အရိပ် နိမိတ်ကို ငါဘုရား မြင်တော်မမူသောကြောင့် ငြိမ်းအေးခြင်း ဘေးမရှိခြင်း ရဲရင့်ခြင်းသို့ ရောက်လျက် နေတော်မူရ၏။</li> <li>အာသဝေါတရားတို့ ကုန်ပြီဟု ဝန်ခံတော်မူသော အရှင်ဘုရားအား ဤမည်သော အာသဝေါတရားတို့သည် မကုန်သေးကုန်ဟု ငါဘုရားရှင်ကို သမဏဖြစ်စေ, ဗြာဟ္မဏဖြစ်စေ, နတ်ဖြစ်စေ, မာရ်နတ်ဖြစ်စေ, ဗြဟ္မာဖြစ်စေ, လောက၌ တစ်စုံတစ်ယောက်သောသူဖြစ်စေ ထိုအရာ၌ အကြောင်းယုတ္တိနှင့် တကွ စောဒနာနိုင်မည့် အရိပ်နိမိတ်ကို ငါဘုရား မြင်တော်မမူသောကြောင့် ငြိမ်းအေးခြင်း ဘေးမရှိခြင်း ရဲရင့်ခြင်းသို့ ရောက်လျက် နေတော်မူရ၏။</li> <li>စျာန်မဂ်ဖိုလ်၏ အန္တရာယ်ကို (တစ်နည်း - သဂ္ဂန္တရာယ် မောက္ခန္တရာယ် ကို) ပြုတတ်ကုန်၏ဟု အရှင်ဘုရား ဟောကြားထားတော်မူသော ထိုတရား တို့သည် [သိလျက်နှင့် လွန်ကျူးအပ်သော အာပတ် (၇)ပုံတို့တည်း၊၊ (အံ၊ဋ္ဌ၊၂၊ ၂၅၅၊၊)] စျာန်မဂ်ဖိုလ်၏ အန္တရာယ်ကို (သဂ္ဂန္တရာယ် မောက္ခန္တရာယ်ကို) မပြု စွမ်းနိုင်ကုန်ဟု ငါဘုရားရှင်ကို သမဏဖြစ်စေ, ဗြာဟ္မဏဖြစ်စေ, နတ်ဖြစ်စေ, မာရ်နတ်ဖြစ်စေ, ဗြဟ္မာဖြစ်စေ, လောက၌ တစ်စုံတစ်ယောက်သောသူဖြစ်စေ ထိုအရာ၌ အကြောင်းယုတ္တိနှင့် တကွ စောဒနာနိုင်မည့် အရိပ်နိမိတ်ကို ငါဘုရား မြင်တော်မမူသောကြောင့် ငြိမ်းအေးခြင်း ဘေးမရှိခြင်း ရဲရင့်ခြင်းသို့ ရောက်လျက် နေတော်မူရ၏။</li> <li>သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ အရှင်ဘုရား ဟောကြားထားတော် မူအပ်သော နိယျာနိကတရားတော်သည် ဟောကြားထားတော်မူသည့်အတိုင်း ကျင့်သောသူအား သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ရန် ကောင်းစွာ မထုတ် ဆောင်နိုင်ဟု ငါဘုရားရှင်ကို သမဏဖြစ်စေ, ဗြာဟ္မဏဖြစ်စေ, နတ်ဖြစ်စေ, မာရ်နတ်ဖြစ်စေ, ဗြဟ္မာဖြစ်စေ, လောက၌ တစ်စုံတစ်ယောက်သောသူဖြစ်စေ ထိုအရာ၌ အကြောင်းယုတ္တိနှင့် တကွ စောဒနာနိုင်မည့် အရိပ်နိမိတ်ကို ငါဘုရား မြင်တော်မမူသောကြောင့် ငြိမ်းအေးခြင်း ဘေးမရှိခြင်း ရဲရင့်ခြင်းသို့ ရောက်လျက်နေတော်မူရ၏။</li> </ol> <p>ရဟန်းတို့ ... မြတ်စွာဘုရား၏ ရဲရင့်ကြောင်း (= ဝေသာရဇ္ဇ) ဉာဏ်တော်တို့သည် ဤလေးမျိုးတို့တည်း။ ယင်းဝေသာရဇ္ဇဉာဏ်တော်တို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံတော်မူ၏။ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆိုတော်မူ၏၊ မြတ်သော တရားဓမ္မစက်ကို လည်ပတ်စေတော်မူ၏။ (အံ၊၁၊၃၁၅။)</p> <h3>နိယျာနိကတရားကောင်း</h3> <p>ဤလေးမျိုးသော ဝေသာရဇ္ဇဉာဏ်တော်တို့တွင် စတုတ္ထမြောက် ဝေသာရဇ္ဇဉာဏ်တော်မြတ်အကြောင်းကို အနည်းငယ် ရှင်းလင်းတင်ပြလိုပေသည်။</p> <p>ဘုရားရှင်သည် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းအဖြစ် ဖြူစင်မြင့်မြတ်သည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ် တရားများကို - ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ = ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် အရိယသစ္စာတရား (မ၊၁၊၈၈။) - ဟု ဟောကြား ထားတော်မူခဲ့၏။ ထို မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့တွင် သမ္မာဒိဋ္ဌိလည်း အင်္ဂါတစ်ပါး အဖြစ် ပါဝင်လျက်ရှိ၏။ ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်တွင် သမ္မာဒိဋ္ဌိကို အောက်ပါအတိုင်း လေးမျိုးခွဲကာ ဟောကြား ထားတော်မူ၏။</p> <p><b>ယံ ခေါ ဘိက္ခဝေ ဒုက္ခေ ဉာဏံ၊ ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ၊ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဒိဋ္ဌိ။</b> (မ၊၁၊၈၈။)</p> <p>ရဟန်းတို့ ... ဒုက္ခသစ္စာ၌ သိသောဉာဏ်, သမုဒယသစ္စာ၌ သိသောဉာဏ်, ဒုက္ခချုပ်ရာ နိရောဓသစ္စာ၌ သိသောဉာဏ်, ဒုက္ခချုပ်ရာ နိရောဓသို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်သည့် မဂ္ဂသစ္စာ၌ သိသောဉာဏ်သည် ရှိ၏။ ရဟန်းတို့ ... ဤလေးမျိုးသော ဉာဏ်ကို သမ္မာဒိဋ္ဌိဟု ခေါ်ဆိုအပ်၏။</p> <p>ဤဒေသနာတော်အရ ဒုက္ခသစ္စာ၌ သိသောဉာဏ်သည် သမ္မာဒိဋ္ဌိ မည်၏၊ သမုဒယသစ္စာ၌ သိသောဉာဏ်သည်လည်း သမ္မာဒိဋ္ဌိ မည်၏။ ယင်း နှစ်မျိုးသော သမ္မာဒိဋ္ဌိသည်လည်း သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းတို့တွင် အင်္ဂါရပ်တစ်ခုအဖြစ် ပါဝင်လျက်ရှိ၏။</p> <p><b>သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။</b> (မ၊၁၊၈၂။)ဟူသော ဒေသနာတော်နှင့် အညီ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟူသော ဥပါဒါနက္ခန္ဓာ ငါးပါး သည် ဒုက္ခသစ္စာမည်ရကား ယင်းဒုက္ခသစ္စာတရားကို သိသောဉာဏ်သည် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းပင် ဖြစ်၏။</p> <p><b>ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ။ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော။</b> (သံ၊၂၊၃၉။...)</p> <p>ဤသို့စသည်ဖြင့် ဟောကြားထားတော်မူသော ခန္ဓသုတ္တန်နှင့်အညီ အာသဝေါတရားတို့၏ အာရုံဖြစ်သော တဏှာ ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဥစ္စာဟု စွဲလမ်းဆုပ်ကိုင်ရာဖြစ်သော အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် ဟူသော ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာမည်ရကား, ထိုဒုက္ခသစ္စာကို သိတတ်သော ဉာဏ်သည်လည်း သမ္မာဒိဋ္ဌိမည်ရကား ထိုသမ္မာဒိဋ္ဌိကိုလည်း သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းအဖြစ် အသိအမှတ် ပြုရမည်သာ ဖြစ်သည်။</p> <p>အကယ်၍ ယောဂီသူတော်ကောင်းတစ်ဦးအနေဖြင့် ထိုအတိတ် အနာဂတ် ပစ္စုပ္ပန် စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာငါးပါး ပရမတ် ရုပ်တရား နာမ်တရားတို့ကို သာဝကတို့သည် ရှု၍ မရနိုင်၊ ဝိပဿနာမရှုကောင်းဟု ယူဆယုံကြည်ခဲ့လျှင် ပြောဆိုခဲ့လျှင် ထိုယုံကြည်ချက် ပြောဆိုချက်သည် ယင်းသမ္မာဒိဋ္ဌိဉာဏ်သည် သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းဖြစ်သည်ဟု ရဲရဲဝံ့ဝံ့ ဟောကြားတော်မူသော ဘုရားရှင်၏ ဝေသာရဇ္ဇဉာဏ်တော်မြတ်ကို တားမြစ်ပိတ်ပင်ရာ ရောက်ပေသည်။</p> <p>တစ်ဖန် အင်္ဂုတ္တိုရ်ပါဠိတော် တိကနိပါတ် တိတ္ထာယတနသုတ္တန် (အံ၊၁၊ ၁၇၈။) နှင့် သစ္စဝိဘင်းပါဠိတော် (အဘိ၊၂၊၁၁၂-၁၁၇။) တို့၌ ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ဟူသော အကြောင်းတရားတို့သည် သမုဒယသစ္စာ မည်ပေသည်။</p> <p>ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီး (ပဋိသံ၊၅၀။)ကို ကိုးကား၍ အဋ္ဌကထာကြီးများကလည်း ---</p> <p><b>အတီတေ ဟေတဝေါ ပဉ္စ၊ ဣဒါနိ ဖလပဉ္စကံ။</b></p> <p><b>ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိံ ဖလပဉ္စကံ။</b> (အဘိ၊ဋ္ဌ၊၂၊၁၈၂။ ဝိသုဒ္ဓိ၊၂၊၂၁၄။)</p> <p>အတိတ်အကြောင်းတရား ငါးပါးကြောင့် ပစ္စုပ္ပန်အကျိုးတရား ငါးပါး ဖြစ်၏။ ပစ္စုပ္ပန်အကြောင်းတရား ငါးပါးကြောင့် အနာဂတ်အကျိုးတရား ငါးပါးဖြစ်၏ဟု ဖွင့်ဆိုထားကြ၏။</p> <p>ဤဒေသနာတော်များ ဖွင့်ဆိုချက်များနှင့်အညီ အတိတ်ဘဝက ပြုစု ပျိုးထောင်ခဲ့သော အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဟူသော အတိတ်အကြောင်းတရား ငါးပါး သမုဒယသစ္စာတရားကြောင့် ဤဘဝတွင် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဟူသော ဥပါဒါနက္ခန္ဓာ ငါးပါး ပစ္စုပ္ပန်အကျိုးတရား ငါးပါးဟူသော ဒုက္ခသစ္စာတရား ဖြစ်၏။</p> <p>တစ်ဖန် ဤဘဝတွင် ပြုစုပျိုးထောင်လိုက်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်းတရားငါးပါး သမုဒယသစ္စာတရားကြောင့် နောင်အနာဂတ်ဘဝတွင် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဟူသော ဥပါဒါနက္ခန္ဓာ ငါးပါး အနာဂတ်အကျိုးတရား ငါးပါးသည် ထင်ရှားဖြစ်၏။</p> <p>ယောဂါဝစရပုဂ္ဂိုလ်သည် ဤကဲ့သို့သော သမုဒယသစ္စာကြောင့် ဤကဲ့သို့သော ဒုက္ခသစ္စာတရား ထင်ရှားဖြစ်ပုံကို သိအောင် ရှုရမည် ဖြစ်၏။ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို သိသော ဉာဏ်သည်လည်း သမ္မာဒိဋ္ဌိမည်ရကား ယင်းသမ္မာဒိဋ္ဌိမှာလည်း သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်း တစ်ခုအဖြစ် ပါဝင်လျက်ပင် ရှိ၏။</p> <p>အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးက ဤကဲ့သို့သော သမုဒယသစ္စာကြောင့် ဤကဲ့သို့သော ဒုက္ခသစ္စာဖြစ်ပုံကို သာဝကတစ်ဦး အနေဖြင့် ရှု၍ မရနိုင်ဟု လက်ခံယုံကြည်သည် ဖြစ်အံ့၊ ပြောဆိုလာသည် ဖြစ်အံ့၊ ယင်းသမ္မာဒိဋ္ဌိသည်လည်း သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်း ဖြစ်ပါသည်ဟု ရဲရဲဝံ့ဝံ့ ဟောကြားတော်မူသော ဘုရားရှင်၏ ဝေသာရဇ္ဇဉာဏ်တော်မြတ်ကို တားမြစ်ပိတ်ပင်နေသည်ပင် မည်ပေသည်။</p> <h3>ဘုရားရှင်တို့၏ စကားတော်ဟူသည်</h3> <p><b>ယဉ္စ ဘိက္ခဝေ ရတ္တိံ တထာဂတော အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဘုဇ္ဈတိ၊ ယဉ္စ ရတ္တိံ အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ ပရိနိဗ္ဗာယတိ၊ ယံ ဧတသ္မိံ အန္တရေ ဘာသတိ လပတိ နိဒ္ဒိသတိ၊ သဗ္ဗံ တံ တထေဝ ဟောတိ နော အညထာ။ တသ္မာ တထာဂတောတိ ဝုစ္စတိ။</b> (အံ၊၁၊၃၃၂၊လောကသုတ္တန်၊၊)</p> <p>= ရဟန်းတို့ ... အကြင်ညဉ့်၌လည်း တထာဂတအမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားသည် အတုမရှိသော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတ ဉာဏ်ဟု ခေါ်ဆိုအပ်သော သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ကို ထိုးထွင်း သိမြင်တော်မူ၏။ အကြင်ညဉ့်၌လည်း ခန္ဓာငါးပါးတို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ငြိမ်းခြင်းဟု ခေါ်ဆိုအပ်သော အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော်မူ၏။ ထိုညဉ့်တို့၏ အတွင်း၌ အကြင်တရားစကား တော်ကို ပြောဆိုတော်မူ၏၊ မိန့်မြွက်တော်မူ၏၊ ညွှန်ကြားတော်မူ၏။ ထိုအလုံးစုံသော တရားစကားတော်သည် ပြောဆိုတော်မူသည့်အတိုင်း မိန့်မြွက်တော်မူသည့်အတိုင်း ညွှန်ကြားတော်မူသည့်အတိုင်း မှန်သည်သာလျှင် ဖြစ်ပေ၏။ မမှန်ဟူသော အခြားတစ်မျိုးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းမည်သည် မရှိသည်သာတည်း။ ထိုကြောင့် သင်တို့ဆရာ ငါဘုရားကို တထာဂတဟူ၍ ခေါ်ဆိုအပ်ပေသည်။ (အံ၊၁၊၃၃၂။)</p> <p>ဤအထက်ပါ လောကသုတ္တန် ဒေသနာတော်နှင့် အညီ သဗ္ဗညုတဉာဏ်တော်မြတ်ကို ရရှိတော်မူသည့် မဟာသက္ကရာဇ် (၁၀၃)ခု ကဆုန် လပြည့်နေ့ ညဉ့်မှစ၍ ပရိနိဗ္ဗာန်ဝင်စံတော်မူသည့် မဟာသက္ကရာဇ် (၁၄၈)ခု ကဆုန်လပြည့်နေ့ ညဉ့်အထိ (၄၅)ဝါ အတွင်း၌ ဘုရားရှင်၏ ဟောကြားပြသ ဆိုဆုံးမထားတော်မူအပ်သော တရားစကားတော်သည်ကား ဟောကြားပြသ ဆိုဆုံးမထားတော်မူသည့်အတိုင်း အမှန်ချည်းသာ ဖြစ်သောကြောင့် မမှန် ဟူသော အခြားတစ်မျိုးသော အခြင်းအရာအားဖြင့်လည်း ဖြစ်ရိုးဓမ္မတာ မရှိသောကြောင့် ဘုရားရှင်၏ သုတ္တအမည်ရတော်မူသည့် တရားတော်များကို ယောဂီသူတော်ကောင်း တစ်ဦးအနေဖြင့် လက်မခံလိုဘဲ ပယ်လှန်လိုသည် ဖြစ်အံ့၊ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ပါရမီ (၁၀)ပါး, အပြား (၃၀)တို့ကို ဖြည့်ကျင့် ဆည်းပူးတော်မူပြီးမှ ရရှိလာသည့် သဗ္ဗညုတ ဉာဏ်တော်မြတ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဟောကြားထားတော်မူသည့် တရားတော်များကို ပယ်ရှားလိုသော သူတော်ကောင်းတစ်ဦး၏ သန္တာန်၌ သဗ္ဗညုတဉာဏ်တော်မြတ်ကို ယှဉ်ပြိုင်ကာ စင်ပြိုင် သာသနာတစ်ရပ်ကို ထူထောင်နိုင်သည့် ဉာဏ်စွမ်း ဉာဏ်စ ရှိ-မရှိကိုကား စဉ်းစားနှိုင်းချိန်သင့်လှပေသည်။</p> <p>သို့သော် ဘုရားရှင်ကိုယ်တော်တိုင်က နာမည်ကျော် ဥပကကြီးအား ဤသို့ မိန့်ကြားထားတော်မူခဲ့ဖူး၏ --- ဥပက ... ငါ့အား သဗ္ဗညုတဉာဏ် ရရှိရေးအတွက် သွန်သင်ပြသ ဆိုဆုံးမသည့် ဆရာဟူ၍ မရှိ၊ ငါနှင့်တူသော သူမရှိ၊ နတ်နှင့်တကွသော တစ်လောကလုံး၌ ငါ့အား ဖက်ပြိုင်နိုင်သော ပုဂ္ဂိုလ်လည်း မရှိ။</p> <p>ငါသည် လောက၌ ရဟန္တာတည်း၊ ငါသည် အတုမရှိသော သူတည်း၊ နတ်လူတို့၏ ဆရာတည်း။ ငါတစ်ယောက်တည်းသာလျှင် အလုံးစုံသော တရားတို့ကို ကိုယ်တိုင် မှန်စွာ သိသော တစ်ဆူတည်းသော ဘုရားတည်း။ ကိလေသာမီး ငြိမ်းသည်ဖြစ်၍ ချမ်းမြေ့စွာ နေရပေ၏ (မ၊၁၊၂၂၇။ )</p> <p>ဤမျှဖြင့် ဘဝင်မကျ ဖြစ်နေပါသေးလျှင် အောက်ပါ အာသဝက္ခယသုတ္တန်ကို ဖတ်ရှုကြည့်ပါ။</p> <h3>အာသဝက္ခယသုတ္တန်</h3> <p><b>ဇာနတောဟံ ဘိက္ခဝေ ပဿတော အာသဝါနံ ခယံ ဝဒါမိ၊ နော အဇာနတော အပဿတော၊ ကိဉ္စ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ? ဣဒံ ဒုက္ခန္တိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ၊ အယံ ဒုက္ခသမုဒယောတိ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ၊ အယံ ဒုက္ခနိရောဓောတိ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ။ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ။ ဧဝံ ခေါ ဘိက္ခဝေ ဇာနတော ဧဝံ ပဿတော အာသဝါနံ ခယော ဟောတိ။</b> (သံ၊၃၊၃၈၀။)</p> <p>= ရဟန်းတို့ ... သိသူ မြင်သူအား အာသဝေါတရားတို့၏ ကုန်ခြင်းကို ငါဘုရား ဟောကြားတော်မူ၏။ မသိသူ မမြင်သူအား အာသဝေါတရားတို့၏ ကုန်ခြင်းကို ငါဘုရား ဟောကြားတော်မမူ။ ရဟန်းတို့ ... အဘယ်သို့ သိသူ မြင်သူအား အာသဝေါတရားတို့၏ ကုန်ခြင်းသည် ဖြစ်ပါသနည်း?</p> <p>ဤကား ဒုက္ခသစ္စာတည်းဟု သိသူ မြင်သူအား အာသဝေါတရားတို့၏ ကုန်ခြင်းသည် ဖြစ်ပေါ်လာ၏၊ ဤကား ဒုက္ခဖြစ်ကြောင်း ဒုက္ခသမုဒယသစ္စာတည်းဟု သိသူ မြင်သူအား အာသဝေါတရားတို့၏ ကုန်ခြင်းသည် ဖြစ်ပေါ်လာ၏။ ဤကား ဒုက္ခချုပ်ရာ ဒုက္ခနိရောဓသစ္စာတည်းဟု သိသူ မြင်သူအား အာသဝေါတရားတို့၏ ကုန်ခြင်းသည် ဖြစ်ပေါ်လာ၏။ ဤကား ဒုက္ခချုပ်ရာ နိရောဓသို့ ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် မဂ္ဂသစ္စာတည်းဟု သိသူ မြင်သူအား အာသဝေါတရားတို့၏ ကုန်ခြင်းသည် ဖြစ်ပေါ်လာ၏။ ရဟန်းတို့ ... ဤသို့ သိသူ မြင်သူအား အာသဝေါတရားတို့၏ ကုန်ခြင်းသည် ဖြစ်ပေါ်လာ၏။ (သံ၊၃၊၃၈၀။)</p> <p>အရဟတ္တဖိုလ်တိုင်အောင်သော အဆင့်ဆင့်သော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကို ရရှိပါမှသာလျှင် အာသဝေါတရားတို့၏ ကုန်ခြင်းသည် ဖြစ်ပေါ်လာနိုင်၏။ အရဟတ္တဖိုလ်တိုင်အောင်သော အဆင့်ဆင့်သော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကို ရရှိရေးအတွက် ဒုက္ခသစ္စာ သမုဒယသစ္စာအမည်ရသည့် ဝဋ္ဋသစ္စာတရားနှစ်ပါးတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုပွားရမည် ဖြစ်၏။</p> <p><b>ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ။</b> (သံ၊၁၊၃၄၄၊၊)</p> <p>ဤသို့ စသည်ဖြင့် ဟောကြားထားတော်မူသော သုသိမသုတ္တန်နှင့်အညီ ဒုက္ခသစ္စာ သမုဒယသစ္စာအမည်ရသည့် သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာ၌ ကောင်းစွာတည်သော ဓမ္မဋ္ဌိတိ အမည်ရသော ဝိပဿနာဉာဏ်သည် ရှေးက ဖြစ်၏၊ နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ်သည် ဝိပဿနာဉာဏ်၏ နောက်က ဖြစ်၏။ ရင့်ကျက်လာသော ဝိပဿနာဉာဏ်တို့၏ အဆုံး၌သာ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့သည် ဖြစ်ပေါ်လာနိုင်ကုန်၏။ ရင့်ကျက်သော ဝိပဿနာဉာဏ်များကို ရရှိရေး အတွက်ကား ပရမတ္ထဓာတ်သားအစစ် ဖြစ်ကြသည့် ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုရမည် ဖြစ်ပေသည်။</p> <p>ထို့ကြောင့် ဘုရားရှင်၏ တရားတော်များကို နှစ်သက်မြတ်နိုးခြင်းသည် မှီခိုအားထားရာကို ပြုလုပ်ပေးတတ်သော နာထတရားတစ်ပါး ဖြစ်ရပေသည်။ ဘုရားရှင်ဟောကြားထားတော်မူသည့် ဒုက္ခသစ္စာ သမုဒယသစ္စာဟူသည့် သင်္ခါရတရား ပရမတ္ထဓာတ်သားတို့ကို ဝိပဿနာရှုဖို့ရန် မမြတ်နိုးတတ်သူတို့ကား ဝေသာရဇ္ဇဉာဏ်တော်မြတ်ကို တားမြစ်ပိတ်ပင်ရုံတွင်သာမက သဗ္ဗညုတဉာဏ်တော်မြတ်ကိုပါ ထိပါးပုတ်ခတ် စော်ကားနေသူတို့ ဖြစ်ကြပေသည်။</p> --- <h3>သတ္တမ နာထတရား = လုံ့လဝီရိယ ရှိခြင်း</h3> <p>ရဟန်းတို့ ... နောက်တစ်မျိုးသော်ကား ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ရှားရန်, ကုသိုလ်တရားတို့နှင့် ပြည့်စုံစေရန် ထက်သန်သော ကြိုးစားအားထုတ်မှု လုံ့လဝီရိယ ရှိသည်ဖြစ်၍ နေ၏။ စွမ်းအင်ကြီးမားသော ကြိုးစားအားထုတ်မှု လုံ့လဝီရိယ ရှိ၏။ မြဲမြံခိုင်ခံ့သော ကြိုးစားအားထုတ်မှု လုံ့လဝီရိယ ရှိ၏။ (သီလ သမာဓိ ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ် ဖြင့် သိမ်းကျုံး ရေတွက်အပ်သော) ကုသိုလ်တရားတို့၌ မိမိဖြည့်ကျင့်ရမည့် တာဝန်ကို ပစ်ချထားခြင်း မရှိ။ ရဟန်းတို့ ... ရဟန်းသည် ယင်းသို့ အကုသိုလ်တရားတို့ကို ပယ်ရှားရန်, ကုသိုလ်တရားတို့နှင့် ပြည့်စုံစေရန် ထက်သန်သော ကြိုးစားအားထုတ်မှု လုံ့လဝီရိယရှိသည် ဖြစ်၍ နေ၏။ စွမ်းအင်ကြီးမားသော ကြိုးစားအားထုတ်မှု လုံ့လဝီရိယ ရှိ၏၊ မြဲမြံ ခိုင်ခံ့သော ကြိုးစားအားထုတ်မှု လုံ့လဝီရိယ ရှိ၏။ (သီလ သမာဓိ ပညာဟူသော သိက္ခာ သုံးရပ်အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော) ကုသိုလ်တရားတို့၌ မိမိဖြည့်ကျင့်ရမည့် တာဝန်ကို ပစ်ချထားခြင်း မရှိဟူသော ဤတရားသည်လည်း မှီခိုအားထားရာကို ပြုတတ်သော နာထတရားပင်တည်း။ (အံ၊၃၊၂၇၆၊၊)</p> <p><b>ဝီရိယဝတော ကိံ နာမ ကမ္မံ န သိဇ္ဈတိ။</b></p> <p>= ဝီရိယရှိသော သူအား အဘယ်မည်သော အမှုလုပ်ငန်းရပ်သည် မပြီးစီး မပြည့်စုံဘဲ ရှိနိုင်ပါအံ့နည်း? ပြီးစီး ပြည့်စုံနိုင်သည်သာ ဖြစ်၏။</p> <p>ကြိုးစားက ဘုရား ဖြစ်နိုင်၏၊ စိတ်ဓာတ်၏ ကြီးမားသော စွမ်းအားတစ်မျိုး ဖြစ်၏။</p> <p>မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေရန်, ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ရှားရန်, မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေရန်, ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့ကို အတိုင်းထက်အလွန် တိုးပွားစေရန် သတိပဋ္ဌာန်တရား လေးပါးတို့ကို ပွားများ အားထုတ်ရာ၌, တစ်နည်းဆိုရသော် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့ကို ကြိုးစား အားထုတ်ရာ၌, တစ်နည်းဆိုရသော် သီလ သမာဓိ ပညာဟူသော သိက္ခာ သုံးရပ် အကျင့်မြတ်တို့ကို ဖြည့်ကျင့်ရန် ကြိုးစားအားထုတ်ရာ၌, တစ်နည်း ဆိုရသော် ဒုက္ခသစ္စာ သမုဒယသစ္စာဟူသည့် သင်္ခါရတရားတို့ကို လက္ခဏာ ရေး သုံးတန်တင်ကာ မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်ကို မြင်သိသည်တိုင်အောင် တွင်တွင်ကြီး ဝိပဿနာ ရှုပွားရာ၌ ဤဝီရိယကား မရှိမဖြစ်သော အင်္ဂါရပ် တစ်ခု ဖြစ်၏။ ဤလုပ်ငန်းရပ်ကြီးတို့ကား ပျင်းရိသူတို့၏ လုပ်ငန်းရပ်တို့ မဟုတ်ကြပေ။</p> <p>ထို့ကြောင့် ဘုရားရှင်က သမ္မပ္ပဓာန်လေးပါးတို့တွင် သမ္မပ္ပဓာန်လုံ့လ ဝီရိယအဖြစ်, တန်ခိုးဣဒ္ဓိပါဒ်အမျိုးမျိုးကို ပြီးစီး ပြည့်စုံစေနိုင်သော ဣဒ္ဓိပါဒ် လေးပါးတို့တွင်လည်း ဝီရိယိဒ္ဓိပါဒ်အဖြစ်, နိဗ္ဗာန်သို့ သွားရာလမ်းကြောင်းပေါ်မှ ဘေးသို့ တိမ်းစောင်းမသွားအောင် စိတ်အစဉ်ကို ထိမ်းချုပ်ထားနိုင်သည့် ဣန္ဒြေငါးပါးတို့တွင်လည်း ဝီရိယိန္ဒြေအဖြစ်, ယောဂါဝစရပုဂ္ဂိုလ်၏ စိတ်အစဉ်ကို နိဗ္ဗာန်သို့ ရောက်သည်တိုင်အောင် သယ်ဆောင်သွားနိုင်သော စိတ်၏ စွမ်းအားကြီးငါးရပ်ဟူသည့် ဗိုလ်ငါးပါးတို့တွင်လည်း ဝီရိယဗိုလ်အဖြစ်, အရိယမဂ်တည်းဟူသော ဗောဓိဉာဏ်၏ အင်္ဂါအစိတ်အပိုင်း ခုနှစ်ခုဟူသော ဗောဇ္ဈင် (၇)ပါးတို့တွင်လည်း ဝီရိယသမ္ဗောဇ္ဈင်အဖြစ်, နိဗ္ဗာန်သို့ သွားရာ လမ်းကြောင်းဟု ခေါ်ဆိုအပ်သော မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့တွင်လည်း သမ္မာဝါယာမမဂ္ဂင်အဖြစ် ဘုရားရှင် ဟောကြားထားတော်မူခဲ့ပေသည်။</p> <p>နိရောဓသစ္စာဖြစ်သည့် နိဗ္ဗာန်သို့ ဆိုက်ရောက်ရေးအတွက် ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ (= ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်) အမည် ရသည့် သီလ သမာဓိ ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့ကို ကျင့်ရာ၌ --</p> <ol> <li>အရိုးကြွင်းစေ,</li> <li>အရေကြွင်းစေ,</li> <li>အကြောကြွင်းစေ,</li> <li>အသားအသွေးတွေ အကုန် ခန်းခြောက်ချင် ခန်းခြောက်ပါစေ --</li> </ol> <p>ဟူသော အင်္ဂါလေးပါးနှင့်ပြည့်စုံသော လုံ့လဝီရိယ ရှိပါမှ ထိုကဲ့သို့သော လုံ့လဝီရိယရှိသော သူသည်သာလျှင် သမထ-ဝိပဿနာဟူသော ဘာဝနာပန်းတို့ကို အောင်အောင်မြင်မြင် ဆွတ်ခူးနိုင်မည် ဖြစ်ပေသည်။ ထို့ကြောင့် ဘုရားရှင်က အနုရုဒ္ဓမဟာဝိတက္ကသုတ္တန်တွင် ဤသို့ ဟောကြားထားတော် မူ၏။</p> <p><b>အာရဒ္ဓဝီရိယဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော ကုသီတဿ။</b> (အံ၊၃၊၆၆။)</p> <p>= ရဟန်းတို့ ...ဤလောကုတ္တရာတရား ကိုးပါးသည် အကုသိုလ်တရား တို့ကို ပယ်ရှားရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် သမထဝိပဿနာ ဘာဝနာတို့ကို အပြင်းအထန် ကြိုးစားအားထုတ်သော ကြီးမားသော ဝီရိယ စွမ်းအားနှင့် ပြည့်စုံသော ထက်သန်မြဲမြံသော ဇွဲလုံ့လဝီရိယရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏၊ ပျင်းရိသော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ (အံ၊၃၊၆၆။)</p> <p>ကြိုးစားက ဘုရား ဖြစ်နိုင်၏။</p> <h3>အဋ္ဌမ နာထတရား = ရောင့်ရဲလွယ်ခြင်း</h3> <p>ရဟန်းတို့ ... နောက်တစ်မျိုးသော်ကား ရဟန်းသည် ရတတ်သမျှသော သင်္ကန်း, ဆွမ်း, ကျောင်း, သူနာ၏ အထောက်အပံ့ ဆေးဟူသော အဆောက်အဦဖြင့် ရောင့်ရဲ၏။ ရဟန်းတို့ ... ရဟန်းသည် ယင်းသို့ ရတတ် သမျှသော သင်္ကန်း, ဆွမ်း, ကျောင်း, သူနာ၏ အထောက်အပံ့ ဆေးဟူသော အဆောက်အဦဖြင့် ရောင့်ရဲ၏ --- ဟူသော ဤ တရားသည်လည်း မှီခို အားထားရာကို ပြုတတ်သော နာထတရားပင်တည်း။ (အံ၊၃၊၂၇၆၊၊)</p> <p> <ol> <li>ရရသမျှသော ပံ့သကူသင်္ကန်းဖြင့် ရောင့်ရဲလွယ်ခြင်း စီဝရသန္တောသ,</li> <li>ဆွမ်းခံဝတ်ဖြင့် ရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲလွယ်ခြင်း ပိဏ္ဍပါတသန္တောသ,</li> <li>ရရသမျှသော သစ်ပင်ရင်းတည်းဟူသော ကျောင်းဖြင့် ရောင့်ရဲလွယ်ခြင်း သေနာသနသန္တောသ,</li> <li>ရရသမျှသော မြက်သစ်ရွက်အခင်းဖြင့် ရောင့်ရဲလွယ်ခြင်း သယနာသနသန္တောသ,</li> <li>ရရသမျှသော နွားကျင်ငယ်ပုပ်ဖြင့် စိမ်ထုံထားအပ်သော ဇီးဖြူသီး ဖန်ခါးသီး စသော ဆေးဖြင့် ရောင့်ရဲလွယ်ခြင်း ဘေသဇ္ဇသန္တောသ --</li> </ol> ဤသန္တောသတရား ငါးပါးနှင့် ပြည့်စုံရန် ဘုရားရှင်က ဆိုဆုံးမထားတော်မူ၏။ </p> <p><b>အပ္ပိစ္ဆဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော မဟိစ္ဆဿ။</b> (အံ၊၃၊၆၅၊၊)</p> <p>ရဟန်းတို့ ... ဤ လောကုတ္တရာတရား ကိုးပါးသည် အလိုနည်းပါးသော [လိုချင်မှု ဣစ္ဆာ (= တဏှာ) မရှိသော] အပ္ပိစ္ဆပုဂ္ဂိုလ်၏ သန္တာန်၌ သာလျှင် ပြည့်စုံနိုင်၏။ ဤလောကုတ္တရာတရား ကိုးပါးသည် အလိုရမ္မက် ကြီးမားလှသော မဟိစ္ဆပုဂ္ဂိုလ်၏သန္တာန်၌ မပြည့်စုံနိုင်။ (အံ၊၃၊၆၅။)</p> <p>ပစ္စည်းလေးပါးကို များများလှူလျှင် နည်းနည်းသာ အလှူခံ၍, နည်းနည်း လှူလျှင်လည်း လှူသည့်အောက် ယုတ်လျော့၍ နည်းနည်းကိုသာ အလှူ ခံပြီးလျှင် အကုန်လုံးကို အလှူမခံသော, ပစ္စည်းလေးပါး၌ အလိုနည်းသော ပစ္စယအပ္ပိစ္ဆပုဂ္ဂိုလ်, မိမိ မဂ်ဖိုလ်တရားထူး တရားမြတ်ရသည်ကို သူတစ်ပါး တို့အား အသိမပေးလိုဘဲ လျှို့ဝှက်ထားသော အဓိဂမအပ္ပိစ္ဆပုဂ္ဂိုလ်, မိမိ ပရိယတ်ဗဟုဿုတ ပေါများတတ်ကျွမ်းသည်ကို သူတစ်ပါးတို့အား အသိ မပေးလိုဘဲ လျှို့ဝှက်ထားသော ပရိယတ္တိအပ္ပိစ္ဆပုဂ္ဂိုလ်, မိမိဓုတင် ဆောက်တည်ကျင့်သုံးထားသည်ကို သူတစ်ပါးတို့အား အသိမပေးလိုဘဲ လျှို့ဝှက်ထားသော ဓုတင်္ဂအပ္ပိစ္ဆပုဂ္ဂိုလ်ဟု အလိုနည်းပါးသော အပ္ပိစ္ဆပုဂ္ဂိုလ် လေးမျိုး ရှိ၏။</p> <p>ထို အလိုနည်းပါးသော အပ္ပိစ္ဆပုဂ္ဂိုလ်သည် အပ္ပိစ္ဆပုဂ္ဂိုလ်ဖြစ်သော်လည်း ဤသူကား အလိုနည်းပါးသော အပ္ပိစ္ဆပုဂ္ဂိုလ်ဟု သူတစ်ပါးတို့ သိမှာကို အလို မရှိ၊ ရရသမျှသော ပစ္စည်းလေးပါးဖြင့် ရောင့်ရဲလွယ်သူဖြစ်လျက် ရောင့်ရဲလွယ်သူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။</p> <p>တစ်ကိုယ်တည်း ကင်းကင်းရှင်းရှင်း နေထိုင်လိုခြင်း = ကာယဝိဝေက, စျာန်သမာပတ်တို့ကို ဝင်စားလျက် နီဝရဏတို့မှ ကင်းကင်းရှင်းရှင်း နေလိုခြင်း = စိတ္တဝိဝေက, ဖလသမာပတ်ကို ဝင်စားလျက် ဥပဓိတရားတို့မှ ကင်းဆိတ်ရာ နိဗ္ဗာန်ကို အာရုံပြုလျက် ဥပဓိတရားတို့မှ ကင်းကင်းရှင်းရှင်း နေလိုခြင်း = ဥပဓိဝိဝေက ဟူသော ဝိဝေကတရားသုံးပါး၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်သူ ဖြစ်လျက် ဝိဝေကတရား သုံးပါး၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။</p> <p>ထက်သန်သော လုံ့လဝီရိယရှိသူ ဖြစ်လျက် ထက်သန်သော လုံ့လဝီရိယရှိသူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ ထင်လင်းသော သတိရှိသူ ဖြစ်လျက် ထင်လင်းသော သတိရှိသူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ ဥပစာရ အပ္ပနာနှစ်ဖြာသော သမာဓိရှိသူဖြစ်ပါလျက် သမာဓိရှိသူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံသူ ဖြစ်ပါလျက် ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံသူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ သံသရာကို ရှည်လျား ထွေပြားအောင် ချဲ့ထွင်တတ်သည့် တဏှာ မာန ဒိဋ္ဌိတည်းဟူသော ပပဉ္စတရား ကင်းရာ နိဗ္ဗာန်တရားတော်မြတ်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သူ ဖြစ်ပါလျက် ပပဉ္စတရားကင်းရာ နိဗ္ဗာန်တရားတော်မြတ်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ ထိုမျှ အလိုနည်းပါးသူ ဖြစ်ရမည်။ ထိုကဲ့သို့ အလိုရမ္မက် နည်းပါးသော လိုချင်မှု ဣစ္ဆာ (= တဏှာ) မရှိသော အပ္ပိစ္ဆပုဂ္ဂိုလ်၏ သန္တာန်၌ သာလျှင် ဤလောကုတ္တရာတရား ကိုးပါးသည် ပြည့်စုံနိုင်၏။ အလိုရမ္မက် ကြီးမားလှသော မဟိစ္ဆပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ (အံ၊၃၊၆၆။)</p> <p><b>သန္တုဋ္ဌဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော အသန္တုဋ္ဌဿ။</b> (အံ၊၃၊၆၅။)</p> <p>ရဟန်းတို့ ... ဤလောကုတ္တရာတရား ကိုးပါးသည် ရရသမျှသော မျှတရုံသာဖြစ်သော ကြည်ညိုဖွယ်ရုံမျှသာဖြစ်သော ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး ပစ္စည်းလေးပါးဖြင့် ရောင့်ရဲလွယ်သော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏။ ဤလောကုတ္တရာတရား ကိုးပါးသည် မရောင့်ရဲနိုင်သော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ (အံ၊၃၊၆၅။)</p> <p><b>ပဝိဝိတ္တဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော သင်္ဂဏိကာရာမဿ။</b> (အံ၊၃၊၆၅။)</p> <p>ရဟန်းတို့ ... ဤ လောကုတ္တရာတရား ကိုးပါးသည် ဝိဝေကသုံးဖြာ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏။ ပုဂ္ဂိုလ်သတ္တဝါအပေါင်းအဖော် ကိလေသာအပေါင်းအဖော်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ (အံ၊၃၊၆၅။)</p> <p>ကာယဝိဝေက, စိတ္တဝိဝေက, ဥပဓိဝိဝေကဟု ဝိဝေက သုံးပါး ရှိ၏။ ဂိုဏ်း အပေါင်းအဖော်ကို စွန့်လွှတ်၍ တစ်ယောက်ထီးတည်း သွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း, အိပ်ခြင်း, စားခြင်း စသည်ဖြင့် တစ်ယောက်ထီးတည်း နေလေ့ရှိခြင်းသည် ကာယဝိဝေက မည်၏။ ကာယဝိဝေကမျှဖြင့်ကား လောကုတ္တရာတရား ကိုးပါးသည် မပြီးစီး မပြည့်စုံနိုင်ရကား ကသိုဏ်းပရိကံများကို ပြု၍ စျာန်သမာပတ် ရှစ်ပါးတို့ကို ဖြစ်စေ၏။ ဤစျာန်သမာပတ် ရှစ်ပါးသည် စိတ္တဝိဝေက မည်၏။ နီဝရဏတို့မှ ကင်းဆိတ်နေသော စိတ်ဓာတ်များ ဖြစ်ကြ၏။ စျာန်သမာပတ် ရှစ်ပါးမျှဖြင့်လည်း လောကုတ္တရာတရား ကိုးပါးသည် မပြီးစီး မပြည့်စုံနိုင်ရကား ယင်းစျာန်သမာပတ်ကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ဒုက္ခသစ္စာ သမုဒယသစ္စာဟူသည့် သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်း ပွားများအားထုတ်လေသော် ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့နှင့် အတူတကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူ၏။ ဤအရဟတ္တဖိုလ် နိဗ္ဗာန်တရားတော်မြတ်သည်ကား ခပ်သိမ်းသော အခြင်းအရာအားဖြင့် ဥပဓိဝိဝေက မည်၏။ ထိုနိဗ္ဗာန်တရားတော်မြတ်သည် ကာမုပဓိတည်းဟူသော ကာမဂုဏ်တို့မှလည်း ကင်းဆိတ်၏။ ကိလေသုပဓိတည်းဟူသော ကိလေသာတို့မှလည်း ကင်းဆိတ်၏။ အဘိသင်္ခါရုပဓိတည်းဟူသော ဘဝသစ်ကို ဖြစ်ပေါ်လာအောင် ပြုပြင်တတ်သော အဘိသင်္ခါရတရားတို့မှလည်း ကင်းဆိတ်၏။ ခန္ဓုပဓိတည်းဟူသော ခန္ဓာငါးပါးတို့မှလည်း ကင်းဆိတ်၏။ ထို့ကြောင့် ယင်း နိဗ္ဗာန်သည် ဥပဓိလေးဖြာတို့မှ ကင်းဆိတ်သောကြောင့် ဥပဓိဝိဝေက မည်၏။ ဤသို့ ဝိဝေကသုံးပါး၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော ပုဂ္ဂိုလ်သည် ဆိုက်ရောက်လာသော ပရိသတ်အား မိမိကဲ့သို့ပင် ဝိဝေကသုံးဖြာ၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်သော စိတ်ထားရှိရန် ညွှန်ကြားလျက် ပြန်လွှတ်ကာ သမထ ဝိပဿနာ ဘာဝနာတို့ကိုသာ အပတ်တကုတ် ကြိုးစားအားထုတ်လေသည်။ (အံ၊ဋ္ဌ၊၃၊၂၆၊၊)</p> <p>ဤသို့လျှင် သူတော်ကောင်းတစ်ဦးသည် ဝိဝေကသုံးဖြာ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော စိတ်ထားရှိလင့်ကစား ငါသည် ဝိဝေကသုံးဖြာ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော စိတ်ထားရှိသူပါတည်းဟု လူများအပေါင်း သိရှိမှာကို အလိုမရှိ၊ သိရှိမှာကိုပင် ရှက်နိုးလှ၏။ ကြော်ငြာမောင်း မထု၊ ထိုဂုဏ်ကို အကြောင်းပြု၍ ပစ္စည်းလေးပါး ပေါများရန် အလိုမရှိ။ ရရသမျှသော ပစ္စည်းလေးပါးဖြင့်သာ ရောင့်ရဲ၏၊ ကျေနပ်၏၊ ထိုသို့ ရောင့်ရဲမှု ကျေနပ်မှု ရရှိနေသော သူတော်ကောင်းတစ်ဦးကား အရောင့်ရဲကြီး ရောင့်ရဲရာ ဖြစ်သည့်, အကျေနပ်ကြီး ကျေနပ်ရာဖြစ်သည့် ဘဝပန်းတိုင်ဟု ခေါ်ဆိုအပ်သည့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ရေးအတွက် သမထဝိပဿနာ ဘာဝနာတို့ကို ကြိုးပမ်းတော့မည်သာ ဖြစ်ပေသည်။ ထို့ကြောင့် ရရသမျှသော ပစ္စည်းလေးပါးဖြင့် ရောင့်ရဲမှု သန္တုဋ္ဌိတရားသည်လည်း မှီခိုအားထားရာ နာထတရားတစ်ခု ဖြစ်ရပေသည်။</p> <p><b>သန္တုဋ္ဌီ ပရမံ ဓနံ</b> = ရောင့်ရဲလွယ်ခြင်း သန္တုဋ္ဌိတရားသည် အမြတ်ဆုံးသော စည်းစိမ်ဥစ္စာ ဖြစ်၏။ (ဓမ္မပဒ၊၂၀၄။ စာမျက်နှာ၊၄၃။)</p> --- <h3>နဝမ နာထတရား = သတိ ရှိခြင်း</h3> <p>ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား ရဟန်းသည် သတိနှင့် ပြည့်စုံ၏၊ လွန်ကဲရင့်ကျက်သော သတိနှင့် ပြည့်စုံ၏။ ကြာမြင့်စွာက ပြုခဲ့ပြီးသော အမှုကိစ္စကိုလည်းကောင်း, ကြာမြင့်စွာက ပြောခဲ့ပြီးသော စကားရပ်ကိုလည်း ကောင်း အောက်မေ့နိုင်၏၊ အဖန်တလဲလဲ အောက်မေ့နိုင်၏။ ရဟန်းတို့... ရဟန်းသည် ယင်းသို့ သတိနှင့် ပြည့်စုံ၏၊ လွန်ကဲရင့်ကျက်သော သတိနှင့် ပြည့်စုံ၏၊ ကြာမြင့်စွာက ပြုခဲ့ပြီးသော အမှုကိစ္စကိုလည်းကောင်း, ကြာမြင့်စွာက ပြောခဲ့ပြီးသော စကားရပ်ကိုလည်းကောင်း အောက်မေ့နိုင်၏။ အဖန်တလဲလဲ အောက်မေ့နိုင်၏ - ဟူသော ဤတရားသည်လည်း မှီခို အားထားရာကို ပြုတတ်သော နာထတရားပင်တည်း။ (အံ၊၃၊၂၇၆။)</p> <p>ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရသော သတိ၏ တည်ရာ အာရုံ လေးမျိုး ဟူသော သတိပဋ္ဌာန်တရားတို့ကို ပွားများအားထုတ်ရာ၌ သတိကား အရေးအကြီးဆုံးသော ကဏ္ဍမှ ပါဝင်လျက် ရှိ၏။ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မဟူသော အာရုံတို့ကို အမြဲ အမှတ်ရနေမှု ဖြစ်၏။</p> <p>ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ ဟူသည့် အာရုံလေးမျိုးတို့ကို အမှတ်ရမှု သတိဟူသည်မှာ တစ်နည်းဆိုရသော် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့နှင့် ယှဉ်တွဲနေသော သတိပင် ဖြစ်၏။</p> <p><b>ဥပဋ္ဌိတဿတိဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော မုဋ္ဌဿတိဿ။</b> (အံ၊၃၊၆၅။)</p> <p>= ရဟန်းတို့ ... ဤလောကုတ္တရာတရား ကိုးပါးသည် ကာယ ဝေဒနာ စိတ္တ ဓမ္မ အမည်ရသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၌ သိမ်းဆည်းတတ်သော ထင်လင်းသော သတိ, ယင်း ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရသည့် ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ အကြောင်းတရားတို့၌ သိမ်းဆည်းတတ်သော ထင်လင်းသော သတိ, အကြောင်းတရားနှင့် တကွသော ယင်းရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့၌ သိမ်းဆည်းတတ်သော ထင်လင်းသော သတိ, ဤကဲ့သို့သော ထင်လင်းသော သတိရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏။ သတိလွတ်ကင်းသော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ (အံ၊၃၊၆၅။)</p> <p><b>အယံ ပန ယသ္မာ သတိယာ အာရမ္မဏံ ပရိဂ္ဂဟေတွာ ပညာယ အနုပဿတိ၊ န ဟိ သတိဝိရဟိတဿ အနုပဿနာ နာမ အတ္ထိ။</b> (မ၊ဋ္ဌ၊၁၊၂၄၈၊၊)</p> <p>ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်တွင် သတိ၏ တည်ရာအာရုံတို့ကို ကာယ-ဝေဒနာ-စိတ္တ-ဓမ္မဟု လေးမျိုးခွဲခြား၍ ဟောကြားထားတော် မူခဲ့၏။ ထိုတွင် ကာယာနုပဿနာသတိပဋ္ဌာန်ပိုင်း၌ အာနာပါနဿတိသမာဓိ စသည့် သမထရှုကွက်များလည်း ပါဝင်၏။ အာနာပါနဿတိသမာဓိကဲ့သို့သော သမာဓိတစ်ခုခုကို အောင်အောင်မြင်မြင် ထူထောင်ပြီးနောက် ရှေ့ဦးစွာ အဇ္ဈတ္တ ဗဟိဒ္ဓသန္တာန် နှစ်မျိုးလုံး၌ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရသည့် ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို သိမ်းဆည်းရန် (<b>ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ</b> - စသည်ဖြင့်) ညွှန်ကြားထားတော်မူ၏။</p> <p>ထို့နောင် (<b>သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ</b> - စသည်ဖြင့်) အကြောင်းတရားများ ထင်ရှား ဖြစ်ခြင်းကြောင့် အကျိုး ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ ထင်ရှားဖြစ်ပုံ, အကြောင်းတရားများ ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ ချုပ်ငြိမ်းပုံကို ရှုမြင်သည့်အပိုင်းဟူသော ပစ္စယတော ဥဒယဗ္ဗယဒဿန = အကြောင်းတရားအားဖြင့် ဖြစ်မှု ပျက်မှု (= ဥဒယ ဝယ)ကို သိမ်းဆည်းရှုပွားရန်ကိုလည်းကောင်း, ခဏတော ဥဒယဗ္ဗယဒဿန = အကြောင်းအကျိုး နှစ်ရပ်လုံးတို့၏ ခဏအားဖြင့် ဖြစ်မှု ပျက်မှု (= ဥဒယ ဝယ)ကို သိမ်းဆည်းရှုပွားရန်ကိုလည်းကောင်း ညွှန်ကြားထားတော် မူ၏။</p> <p>ထို့နောင် (<b>အတ္ထိ ကာယောတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ</b> - စသည်ဖြင့်) အကြောင်းတရားနှင့် တကွသော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၏ အပျက်သက်သက်ကို သိမ်းဆည်းရှုပွားရန် ညွှန်ကြားထားတော်မူ၏။ အကြောင်းတရားနှင့် တကွသော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မအမည်ရသည့် ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ ဖြစ်မှု ပျက်မှုကို ရှုသည့်အပိုင်းနှင့် အပျက်သက်သက်ကို ရှုသည့်အပိုင်းတို့၌ လက္ခဏာရေးသုံးတန် တင်ကာ ရှုပွားသည့် အပိုင်းလည်း ပါဝင်ပေသည်။</p> <p>ထိုသို့ သိမ်းဆည်းရှုပွားရာ၌ သတိက ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ကို သိမ်းဆည်း၏၊ ပညာက ယင်း ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ကို ပရမတ်သို့ ဆိုက်အောင် ထိုးထွင်းသိ၏။ သတိက အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ကာယ-ဝေဒနာ စိတ္တ-ဓမ္မ တို့ ထင်ရှားဖြစ်ပုံကို သိမ်းဆည်း၏၊ ပညာက အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ ထင်ရှားဖြစ်ပုံကို ထိုးထွင်းသိ၏။ သတိက အကြောင်းတရား ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၏ ချုပ်ငြိမ်းပုံကို သိမ်းဆည်း၏၊ ပညာက အကြောင်းတရား ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၏ ချုပ်ငြိမ်းပုံကို ထိုးထွင်းသိ၏။ သတိက အကြောင်းတရားနှင့် တကွသော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၏ ဖြစ်မှု ပျက်မှုကိုလည်းကောင်း, အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်ကိုလည်းကောင်း သိမ်းဆည်း၏၊ ပညာက အကြောင်းတရားနှင့်တကွသော ယင်းကာယ ဝေဒနာ စိတ္တ ဓမ္မတို့၏ ဖြစ်မှု ပျက်မှုကိုလည်းကောင်း, အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်ကိုလည်းကောင်း ထိုးထွင်းသိ၏။ သတိက အကြောင်းတရားနှင့် တကွသော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၏ အပျက်သက်သက်ကိုလည်းကောင်း, ယင်းတို့၏ အနိစ္စအချက်, ဒုက္ခ အချက်, အနတ္တအချက်ကိုလည်းကောင်း သိမ်းဆည်း၏၊ ပညာက ယင်းအကြောင်းတရားနှင့်တကွသော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ တို့၏ အပျက်သက်သက်ကိုလည်းကောင်း, ယင်းတို့၏ အနိစ္စအချက်, ဒုက္ခ အချက်, အနတ္တအချက်ကိုလည်းကောင်း ထိုးထွင်းသိ၏။</p> <p>ဤသို့လျှင် သတိက သမထအာရုံ ဝိပဿနာအာရုံကို သိမ်းဆည်းတတ်၍ ပညာက ဟုတ်တိုင်းမှန်စွာ အဖန်ဖန် အထပ်ထပ် ရှုတတ်၏၊ သတိ ကင်းသော အနုပဿနာမည်သည် မရှိစကောင်းပေ။ ထို့ကြောင့် အကြောင်းတရားနှင့် တကွသော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၏ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တို့၌ ထင်လင်းသော သတိရှိသည့်ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ဤလောကုတ္တရာတရား ကိုးပါးသည် ပြည့်စုံနိုင်၏။ အကြောင်းတရားနှင့် တကွသော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၏ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တို့၌ ထင်လင်းသော သတိမရှိသည့် သတိလွတ်ကင်းသောပုဂ္ဂိုလ်၏ သန္တာန်၌ ဤလောကုတ္တရာတရား ကိုးပါးသည် မပြည့်စုံနိုင် (အံ၊၃၊၆၅။)ဟု ဘုရားရှင် ဟောကြားထားတော်မူခြင်း ဖြစ်၏။</p> <p>ထိုကြောင့် ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၌ ထင်လင်းသော သတိရှိခြင်းသည် လောကုတ္တရာတရား ကိုးပါးတို့ကို ရခြင်း၏ အကြောင်းရင်းစစ် ဧကန် ဖြစ်သဖြင့် ယောဂါဝစရပုဂ္ဂိုလ်တို့အတွက် မှီခိုအားထားရာ နာထတရား တစ်ပါးပင် ဖြစ်ရပေသည်။</p> --- <h3>ဒသမမြောက် နာထတရား = ဝိပဿနာပညာ မဂ်ပညာ</h3> <p><b>ပုန စပရံ ဘိက္ခဝေ ဘိက္ခု ပညဝါ ဟောတိ၊ ဥဒယတ္ထဂါမိနိယာ ပညာယ သမန္နာဂတော အရိယာယ နိဗ္ဗေဓိကာယ သမ္မာ ဒုက္ခက္ခယဂါမိနိယာ။ ယမ္ပိ ဘိက္ခဝေ ဘိက္ခု ပညဝါ ဟောတိ၊ ဥဒယတ္ထဂါမိနိယာ ပညာယ သမန္နာဂတော အရိယာယ နိဗ္ဗေဓိကာယ သမ္မာ ဒုက္ခက္ခယဂါမိနိယာ။ အယမ္ပိ ဓမ္မော နာထကရဏော။</b> (အံ၊၃၊၂၇၆။)</p> <p><b>ဥဒယတ္ထဂါမိနိယာတိ ပဉ္စန္နံ ခန္ဓာနံ ဥဒယဉ္စ ဝယဉ္စ ပဋိဝိဇ္ဈိတုံ သမတ္ထာယ။ အရိယာယာတိ ဝိက္ခမ္ဘနဝသေန စ သမုစ္ဆေဒဝသေန စ ကိလေသေဟိ အာရကာ ဌိတာယ ပရိသုဒ္ဓါယ။ ပညာယ သမန္နာဂတောတိ ဝိပဿနာပညာယ စေဝ မဂ္ဂပညာယ စ သမင်္ဂီဘူတော။</b> (မ၊ဋ္ဌ၊၃၊၂၂။ အံ၊ဋ္ဌ၊၃၊၂၊၊)</p> <p>= ရဟန်းတို့ ... နောက်တစ်မျိုးသော်ကား ရဟန်းသည် ပညာရှိ၏၊ ခန္ဓာ ငါးပါးတို့၏ အဖြစ်အပျက်ကို သိသော, ကိလေသာထု အစိုင်အခဲကို ဖောက်ခွဲနိုင်သော ကိလေသာဝဋ်ဆင်းရဲဒုက္ခ, သံသရာဝဋ်ဆင်းရဲဒုက္ခ္ခ၏ ကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေတတ်သော ဖြူစင်မြင့်မြတ်သော ဝိပဿနာပညာ အရိယမဂ်ပညာနှင့် ပြည့်စုံ၏။ ရဟန်းတို့ ... ရဟန်းသည် ယင်းသို့ ပညာရှိ၏၊ ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို သိသော ကိလေသာထု အစိုင်အခဲကို ဖောက်ခွဲနိုင်သော ကိလေသာဝဋ်ဆင်းရဲဒုက္ခ, သံသရာဝဋ်ဆင်းရဲဒုက္ခ၏ ကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေတတ်သော ဖြူစင်မြင့်မြတ်သော ဝိပဿနာပညာ အရိယမဂ်ပညာနှင့် ပြည့်စုံ၏ --- ဟူသော ဤတရားသည်လည်း မှီခိုအားထားရာကို ပြုတတ်သော နာထတရားပင်တည်း။ (အံ၊၃၊၂၇၆။)</p> <p>အထက်တွင် တင်ပြထားသော အဋ္ဌကထာအဖွင့်များက <b>ဥဒယတ္ထဂါမိနိယာ ပညာယ</b>ဟူသော စကားရပ်ဖြင့် ဥဒယဗ္ဗယဝိပဿနာဉာဏ်မျှကိုသာ ဆိုလိုသည် မဟုတ်ပါ။ ယင်းစကားရပ်ဖြင့် ဝိပဿနာဉာဏ်အားလုံးနှင့် အရိယ မဂ်ဉာဏ်တို့ကိုပါ ရည်ညွှန်းထားကြောင်း ဖွင့်ဆိုထားကြ၏။ ယင်း အဋ္ဌကထာအဖွင့်များအတိုင်း ဆိုရမူ -- <b>ဥဒယတ္ထဂါမိနိယာ ပညာယ</b> ဟူသောစကားရပ်ကို မြွေတစ်ကောင်ကို ခါးလယ်က ကိုင်ကာ မြှောက်ပြလိုက်လျှင် ခါးကိုသာမက မြွေတစ်ကောင်လုံးကိုပါ မြင်နိုင်သကဲ့သို့ ဝိပဿနာဉာဏ်အားလုံးနှင့် အရိယ မဂ်ဉာဏ်တို့ကို ရည်ညွှန်းလျက် မဇ္ဈေဒီပကနည်းအားဖြင့် ဝိပဿနာဉာဏ်တို့တွင် အလယ်၌ တည်ရှိသော ဥဒယဗ္ဗယဉာဏ်ကို ဆွဲကိုင်မြှောက်ပြကာ ဘုရားရှင်သည် <b>ဥဒယတ္ထဂါမိနိယာ</b>ဟူသော စကားရပ်ကို ဟောကြားသွားတော်မူသည်ဟု သိရှိပါလေ။</p> <p><b>သမ္မာ ဒုက္ခက္ခယဂါမိနိယာ</b> = ကိလေသာထု အစိုင်အခဲကို ဖောက်ခွဲ နိုင်သော ဖြူစင်မြင့်မြတ်သော ကိလေသဝဋ်ဒုက္ခ သံသာရဝဋ်ဒုက္ခ၏ကုန်ရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော ပညာဟူသည် ဝိပဿနာပညာနှင့် အရိယမဂ်ပညာတည်း။</p> <p>ဝိပဿနာပညာသည် တဒင်္ဂ၏ အစွမ်းအားဖြင့် ကိလေသာဝဋ်ဒုက္ခကို လည်းကောင်း, ယင်းကိလေသာလျှင် အကြောင်းရင်းခံ ရှိသော ကံကြောင့် ဖြစ်လာမည့် သံသာရဝဋ်ဒုက္ခကိုလည်းကောင်း ကုန်စေလျက် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသောအားဖြင့် နိဗ္ဗာန်ဘက်သို့ ပြေးသွားသက်ဝင်တတ်သောကြောင့် <b>ဒုက္ခက္ခယဂါမိနီ ပညာ</b> = ဒုက္ခကုန်ရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော ပညာမည်၏။ တစ်နည်း --- ကိလေသဝဋ်ဒုက္ခ သံသာရဝဋ်ဒုက္ခကို ကုန်စေတတ်သော အရိယမဂ်ပညာကို ရရှိခြင်းကို ဖြစ်စေတတ်သောကြောင့် ဤဝိပဿနာပညာသည် <b>ဒုက္ခက္ခယဂါမိနီ ပညာ</b> (= ဒုက္ခကုန်ရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော ပညာ) မည်၏။</p> <p>အရိယမဂ်ပညာသည်ကား ကောင်းမွန်မှန်ကန်သော အကြောင်းတရားဖြင့် နည်းလမ်းဖြင့် ကိလေသာဝဋ်ဒုက္ခ, ယင်းကိလေသာလျှင် အကြောင်းရင်းခံ ရှိသော ကံကြောင့်ဖြစ်လာမည့် သံသာရဝဋ်ဒုက္ခကို ကုန်စေလျက် နိဗ္ဗာန်သို့ ပြေးသွား သက်ဝင်တတ်သောကြောင့် <b>သမ္မာ ဒုက္ခက္ခယဂါမိနီ ပညာ</b> = ကောင်းမွန် မှန်ကန်စွာ ကိလေသာဝဋ်ဒုက္ခ သံသာရဝဋ်ဒုက္ခ၏ ကုန်ရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော ပညာ မည်၏။ ဤသို့ သိရှိပါလေ။ (မ၊ဋ္ဌ၊၃၊၂၂။ အံ၊ဋ္ဌ၊၃၊၂၊၊)</p> <p>ဤကဲ့သို့သော ဝိပဿနာပညာ မဂ်ပညာသည်ကား ဒုက္ခကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာ ဆိုက်ရောက်စေတတ်သောကြောင့် ယင်းဝိပဿနာပညာ မဂ်ပညာတို့သည် ရဟန်းတော်တို့အတွက် (သို့မဟုတ်) ကျွတ်ထိုက်သသူ ဝေနေယျတို့အတွက် တကယ့် မှီခိုအားထားရာ နာထတရား ဖြစ်ရပေသည်။</p> <p>အားလုံးပေါင်းသော် မှီခိုအားထားရာ နာထတရား (၁၀)ပါး ဖြစ်သည်။ ယင်းနာထတရား (၁၀)ပါးတို့နှင့် ပြည့်ပြည့်စုံစုံ နေထိုင်နေသော သူတော်ကောင်းတစ်ဦးကို သနာထဝိဟာရီပုဂ္ဂိုလ် (= မှီခိုအားထားရာ နာထတရားနှင့် အတူတကွ နေထိုင်နေသော ပုဂ္ဂိုလ်) ဟု ခေါ်ဆိုရပေသည်။</p> <p>ဤကဲ့သို့ နာထတရား (၁၀)ပါးတို့နှင့် ပြည့်စုံလျက် နေထိုင်သော သနာထဝိဟာရီ အမည်ရသည့် သူတော်ကောင်းကို မထေရ်ကြီးရဟန်းတို့ကလည်း ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကြကုန်၏။ သီတင်းလတ်ရဟန်းတို့ကလည်း ထိုသူတော်ကောင်းကို ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကြကုန်၏။ သီတင်းငယ်ရဟန်းတို့ကလည်း ထိုသူတော်ကောင်းကို ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကြကုန်၏။ မထေရ်ကြီးတို့က အစဉ်သနားစောင့်ရှောက်အပ်သော, သီတင်းလတ်တို့က အစဉ်သနား စောင့်ရှောက်အပ်သော, သီတင်းငယ်တို့က အစဉ်သနားစောင့်ရှောက်အပ်သော ထိုရဟန်းအား ကုသိုလ်တရားတို့၌ တိုးပွားမှုသာ မချွတ်ဧကန် ဖြစ်လိမ့်မည်ဟု မျှော်လင့်အပ်၏။ ဆုတ်ယုတ်မှု ဖြစ်လိမ့်မည်ဟု မမျှော်လင့် အပ်၊ မမျှော်လင့်နိုင်။ ထို့ကြောင့် ဤတရား (၁၀)ပါးသည် မှီခိုအားထားရာ နာထတရား ဖြစ်ရပေသည်။ (အံ၊၃၊၂၇၇-၂၇၉။)</p> <h3>ဒေသနာတော်နိဂုံး</h3> <p><b>သနာထာ ဘိက္ခဝေ ဝိဟရထ၊ မာ အနာထာ။ ဒုက္ခံ ဘိက္ခဝေ အနာထော ဝိဟရတိ၊ ဣမေ ခေါ ဘိက္ခဝေ ဒသ နာထကရဏာ ဓမ္မာတိ။</b> (အံ၊၃၊၂၇၆။)</p> <p>ရဟန်းတို့ ... မှီခိုအားထားရာ နာထတရား ထင်ရှား ရှိကြကုန်သည်ဖြစ်၍ နေထိုင်ကြပါကုန်လော့၊ မှီခိုအားထားရာ နာထတရား ထင်ရှား မရှိကြကုန်ဘဲ မနေထိုင်ကြပါကုန်လင့်။ ရဟန်းတို့ ... မှီခိုအားထားရာ နာထတရား ထင်ရှား မရှိသောပုဂ္ဂိုလ်သည် ဆင်းဆင်းရဲရဲ နေရတတ်၏။ ရဟန်းတို့ ... မှီခိုအားထားရာကို ပြုလုပ်တတ်သော နာထတရားတို့သည်ကား ဤတရား (၁၀)ပါးတို့တည်းဟု ဟောကြားတော်မူ၏။ (အံ၊၃၊၂၇၆၊၊)</p> <p><b>တုမှေဟိ ကိစ္စမာတပ္ပံ၊ အက္ခာတာရော တထာဂတာ။</b></p> <p><b>ပဋိပန္နာ ပမောက္ခန္တိ၊ စျာယိနော မာရဗန္ဓနာ။</b> (ဓမ္မပဒ၊ဂါထာနံပါတ်၊၂၇၆၊၊)</p> <p>သင်ချစ်သားတို့ ... ကိုယ်တိုင် ပြုသင့်ပြုထိုက်သည့် သမထဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တို့ကို သင်ချစ်သားတို့ ကိုယ်တိုင်ပင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ။ တထာဂတအမည်ရတော်မူသည့် ငါဘုရားရှင်တို့သည်ကား မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတည်းဟူသော လမ်းမှန်ကို ညွှန်ကြား ပြသ ဆိုဆုံးမတတ်သူတို့သာ ဖြစ်ကြ၏။ သမထ ဝိပဿနာ ဘာဝနာတို့ကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြသဖြင့် အာရမ္မဏူပနိဇ္ဈာနစျာန်, လက္ခဏူပနိဇ္ဈာနစျာန်တည်းဟူသော နှစ်မျိုးသော စျာန်တို့ကို ဝင်စားနိုင်ကြကုန်သော သူတို့သည်သာ မာရ်မင်း၏ အနှောင်အဖွဲ့မှ လွတ်မြောက်ကြကုန်၏။ (ဓမ္မပဒ၊၂၇၆။)</p> <h3>အာရမ္မဏူပနိဇ္ဈာနစျာန် နှင့် လက္ခဏူပနိဇ္ဈာနစျာန်</h3> (အဘိ၊ဋ္ဌ၊၁၊၂၁၁။) <p>စျာန်သည် အာရမ္မဏူပနိဇ္ဈာနစျာန်, လက္ခဏူပနိဇ္ဈာနစျာန်ဟု နှစ်မျိုး ရှိ၏။ ထိုနှစ်မျိုးတို့တွင် ရူပါဝစရစျာန် လေးပါး အရူပါဝစရစျာန် လေးပါးတည်း ဟူသော လောကီစျာန်သမာပတ် (၈)ပါးတို့သည် ပထဝီကသိုဏ်းစသော သမထကမ္မဋ္ဌာန်းအာရုံကို စိုက်စိုက်စူးစူး အထူးမြဲမြံစွာ ကပ်၍ ရှုတတ်သောကြောင့် အာရမ္မဏူပနိဇ္ဈာနစျာန်ဟု ခေါ်ဝေါ်ခြင်းသို့ ရောက်၏။</p> <p>ဝိပဿနာ မဂ်ဖိုလ်တို့သည်ကား လက္ခဏူပနိဇ္ဈာနစျာန် မည်၏။ ထိုဝိပဿနာ မဂ်ဖိုလ်တို့တွင် ဝိပဿနာဉာဏ်သည် ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ ၏ အနိစ္စစသော လက္ခဏာကို ကပ်၍ ရှုတတ်သောကြောင့် လက္ခဏူပနိဇ္ဈာန စျာန် မည်၏။ ဝိပဿနာဉာဏ်က ပြုလုပ်အပ်သော လုပ်ငန်းကိစ္စရပ်သည် မဂ်ဉာဏ်ကြောင့် ပြီးစီးပြည့်စုံရကား အရိယမဂ်ဉာဏ်သည်လည်း လက္ခဏူပနိဇ္ဈာနစျာန် မည်၏။ အရိယဖိုလ်ဉာဏ်သည်ကား နိရောဓသစ္စာဖြစ်သည့် နိဗ္ဗာန်တရားတော်မြတ်၏ အငြိမ်းဓာတ် အအေးဓာတ် သန္တိလက္ခဏာဟူသော ဟုတ်မှန်သည့် လက္ခဏာကို ဟုတ်မှန်သည့်အတိုင်း ကပ်၍ ရှုတတ်သော ကြောင့် လက္ခဏူပနိဇ္ဈာနစျာန် မည်၏။ (အဘိ၊ဋ္ဌ၊၁၊၂၁၁။)</p> <p>ဤအာရမ္မဏူပနိဇ္ဈာနစျာန်, လက္ခဏူပနိဇ္ဈာနစျာန်ဟူသော နှစ်မျိုးသော စျာန်တို့ကို ဝင်စားနိုင်ကြကုန်သော သူတော်ကောင်းတို့သည်သာ ကိလေသ မာရ်စသည့် မာရ်စစ်သည်တို့၏ ဘေးရန်မှ လွတ်မြောက်ကြကုန်၏။</p> <p>ဘုရားရှင်တို့ကား လမ်းမှန်ကိုသာ ညွှန်ကြားပြသ ဆိုဆုံးမတတ်သူတို့ ဖြစ်ကြသဖြင့် သမထဝိပဿနာဘာဝနာတို့ကို အောင်အောင်မြင်မြင် မဂ်ဆိုက် ဖိုလ်ဆိုက် နိဗ္ဗာန်ဆိုက်သည်အထိ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့သည်ကား ငါတို့၏ တာဝန်သာ ဖြစ်သည်ဟု သဘောပိုက်ကာ သမထ ဝိပဿနာဘာဝနာတို့၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သူတို့ ဖြစ်အောင် ကြိုးစားအားထုတ်ပါလေလော့။</p> <p>ဤနာထသုတ္တန်၌ ဒုတိယ နာထတရားအဖြစ် ဟောကြားထားတော် မူအပ်သော ဗဟုဿုတအင်္ဂါရပ်နှင့် ပြည့်စုံရန်အတွက်လည်းကောင်း, ဆယ်ခုမြောက် နာထတရားအဖြစ် ဟောကြားထားတော်မူအပ်သော ဝိပဿနာ ပညာ မဂ်ပညာနှင့် ပြည့်စုံရန်အတွက်လည်းကောင်း ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် မည်သို့မည်ပုံ ပြုကျင့်ရမည်နည်းဟု မေးရန် ရှိ၏။ ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် ဝိသုဒ္ဓိခုနစ်ပါး ကျင့်စဉ်ကို ရိုသေစွာ လိုက်နာပြုကျင့်ရမည် ဖြစ်ပေသည်။ ရှေးဦးစွာ ဤနာထသုတ္တန်တွင် ဘုရားရှင်ဟောကြားပြသ ဆိုဆုံးမထားတော်မူသည့် ပထမ နာထတရားနှင့်အညီ သီလကို ဖြူစင်အောင် ဆေးကြောသုတ်သင်ပါ။ ထိုနောင် ဒုတိယ နာထတရားနှင့် ပြည့်စုံရေးအတွက် အောက်ပါ သမာဓိသုတ္တန်တွင် ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမထားတော်မူသည့်အတိုင်း လိုက်နာပြုကျင့်ပါ။</p> --- 36v36v5lanqyg0rl1dc9wgwcpgv3rwe ကိုးကွယ်ရာဟူသည်-ဒု 0 5719 18736 2025-06-06T22:11:52Z Tejinda 173 " {{header | title = ကိုးကွယ်ရာဟူသည် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = | previous = [[ကိုးကွယ်ရာဟူသည်-ဒု]] | previous2 = | next = သူတ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 18736 wikitext text/x-wiki {{header | title = ကိုးကွယ်ရာဟူသည် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = | previous = [[ကိုးကွယ်ရာဟူသည်-ဒု]] | previous2 = | next = [[သူတော်ကောင်းတို့အလှူ]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }} <h3>အခန်း (၃)</h3> <h3>သမထကမ္မဋ္ဌာန်းပိုင်း</h3> <h3>သစ္စသံယုတ် - သမာဓိသုတ္တန်</h3> <p><b>သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ ကိဉ္စ ယထာဘူတံ ပဇာနာတိ၊ ဣဒံ ဒုက္ခန္တိ ယထာဘူတံ ပဇာနာတိ။ အယံ ဒုက္ခသမုဒယောတိ ယထာဘူတံ ပဇာနာတိ။ အယံ ဒုက္ခနိရောဓောတိ ယထာဘူတံ ပဇာနာတိ။ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ယထာဘူတံ ပဇာနာတိ။ သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။</b> (သံ၊၃၊၃၆၃။)</p> <p>= ရဟန်းတို့ ...<b>သမာဓိ</b>ကို ပွားများကြပါကုန်လော့၊ <b>သမာဓိ</b>ရှိသော ရဟန်းသည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ အဘယ်တရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိလေသနည်း? ဤကား ဒုက္ခအရိယသစ္စာတည်းဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတည်းဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ ဤကား ဒုက္ခချုပ်ကြောင်း နိရောဓအရိယသစ္စာတည်း ဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ ဤကား ဒုက္ခချုပ်ရာ နိရောဓ (= နိဗ္ဗာန်)သို့ ရောက် ကြောင်း ကျင့်စဉ် မဂ္ဂအရိယသစ္စာတည်းဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။</p> <p>ရဟန်းတို့ ...<b>သမာဓိ</b>ကို ပွားများကြကုန်လော့၊ <b>သမာဓိ</b>ရှိသော ရဟန်းသည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ (သံ၊၃၊၃၆၃၊၊)</p> <p>ဤဒေသနာတော်နှင့်အညီ --- အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓစသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါး (= ဒုက္ခအရိယသစ္စာတရား)တို့ကို မဖောက်မပြန် ဟုတ်တိုင်း မှန်စွာ ကွဲကွဲပြားပြား သိရှိရေးအတွက် <b>သမာဓိ</b>ကို ထူထောင်ဖို့ လိုအပ်ပေသည်။</p> <p>အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံစသော ဒုက္ခဖြစ်ကြောင်း သမုဒယ အရိယသစ္စာတရားတို့ကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိရှိရေးအတွက်လည်း <b>သမာဓိ</b>ကို ထူထောင်ဖို့ လိုအပ်ပေသည်။</p> <p>ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသည့် သင်္ခါရတရားတို့ ဖြစ်ကြ၏။ ယင်းသင်္ခါရတရားတို့ကို ဟုတ်တိုင်းမှန်စွာ ထွင်းဖောက်သိမြင်ရေးအတွက် <b>သမာဓိ</b>ကို ထူထောင်ရန် ဘုရားရှင်က တိုက်တွန်းထားတော်မူ၏။ အကြောင်းကား <b>သမာဓိ</b>နှင့် ယှဉ်သော ဉာဏ်ပညာသည် ပရမတ္ထဓမ္မတို့၏ ဟုတ်မှန်တိုင်းသော သဘာဝလက္ခဏာ သာမညလက္ခဏာကို ထိုးထွင်းသိမြင်ခြင်း (= <b>ယထာသဘာဝပဋိဝေဓလက္ခဏာ</b> (အဘိ၊ဋ္ဌ၊၁၊၁၆၆။) ရှိ၏။ သည်မျှသာမကသေး။</p> <p><b>သာ ပနေသာ ဩဘာသလက္ခဏာ စ ပညာ, ပဇာနနလက္ခဏာ စ။</b> (အဘိ၊ဋ္ဌ၊၁၊၁၆၅။)</p> <p><b>ဩဘာသနလက္ခဏာ</b> = နံရံလေးဘက် ကာရံထားသော အိမ်၌ ညဉ့်အခါဝယ် ဆီမီးကို ထွန်းညှိအပ်သည်ရှိသော် ပကတိမျက်စိကို ကာဏ်းအောင် ပြုလုပ်တတ်သော အမိုက်မှောင်သည် ချုပ်ပျောက်ရသကဲ့သို့ အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်လာရသကဲ့သို့ ဤဥပမာအတူပင်လျှင် ပညာသည် ပရမတ္ထဓမ္မအာရုံကို တစ်နည်းဆိုရသော် အရိယသစ္စာလေးပါးတည်းဟူသော အာရုံကို ထင်ထင်ရှားရှား ကွဲကွဲပြားပြား ဂဃနဏ သိအောင် ထွန်းလင်းပြခြင်း (= <b>ဩဘာသန</b>) လက္ခဏာ ရှိပေသည်။</p> <p><b>ပညောဘာသသမော ဩဘာသော နာမ နတ္ထိ။</b> (အဘိ၊ဋ္ဌ၊၁၊၁၆၆။)</p> <p>ပညာအရောင်အလင်းနှင့် တူသော အရောင်အလင်းမည်သည် မရှိပေ။ မှန်ပေသည် --- ဝိပဿနာဉာဏ်ပညာရှိသော ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံ နေသော ပုဂ္ဂိုလ်သည် တစ်ခုတည်းသော ထက်ဝယ်ဖွဲ့ခွေခြင်းဖြင့် ထိုင်နေလတ်သော် (= တစ်ထိုင်လောက် ထိုင်၍ ဝိပဿနာတရားကို ရှုပွားနှလုံးသွင်းခဲ့သော်) တစ်သောင်းသော လောကဓာတ်သည် တစ်ခုတည်းသော အရောင်အလင်း ရှိနိုင်၏ (= လောကဓာတ်တိုက်ပေါင်း တစ်သောင်းလုံးသည် တစ်ဆက်တည်း လင်းနေနိုင်ပေသည်)။ ဝိပဿနာပိုင်း ဥဒယဗ္ဗယဉာဏ်ပိုင်း၌ လာရှိသော ဝိပဿနာ၏ ညစ်ညူးကြောင်း (= <b>ဥပက္ကိလေသ</b>) အရောင် အလင်းမျိုးကို အထူးရည်ညွှန်း၍ ဤစကားရပ်ကို ဖွင့်ဆိုတော်မူခြင်း ဖြစ်ပေ သည်ဟု မှတ်ပါ၊၊) (အဘိ၊ဋ္ဌ၊၁၊၁၆၅-၁၆၆၊၊)</p> <p>ထိုကြောင့် အရှင်နာဂသေနမထေရ်သည် ဤသို့ မိန့်ဆိုထားတော်မူ၏။ ဒါယကာတော် မဟာရာဇ ...ယောက်ျားတစ်ဦးသည် အမိုက်မှောင်အတိ ဖြစ်နေသော အိမ်ထဲ၌ ဆီမီးကို သွင်းယူသွားလေရာ၏၊ သွင်းအပ်ပြီးသော ဆီမီးသည် အမိုက်မှောင်ကို ဖျက်ဆီးသကဲ့သို့, အရောင်အလင်းကို ဖြစ်စေသကဲ့သို့, အလင်းရောင်ကို ထင်ရှားပြသကဲ့သို့, ရူပါရုံအမျိုးမျိုးတို့ုကို ထင်ရှား အောင် ပြုသကဲ့သို့ --- ဒါယကာတော် မဟာရာဇ ...ဤဥပမာအတူပင်လျှင် ပညာသည် ဖြစ်ပေါ်လာလတ်သော် ----</p> <p>၁။ အဝိဇ္ဇာတည်းဟူသော အမိုက်မှောင်ကို ဖျက်ဆီးပစ်၏၊</p> <p>၂။ ဝိဇ္ဇာတည်းဟူသော အရောင်ကို ဖြစ်စေ၏၊</p> <p>၃။ ဉာဏ်တည်းဟူသော အလင်းရောင်ကို ထင်ရှားပြ၏၊</p> <p>၄။ အရိယသစ္စာတို့ကို ထင်ရှားအောင် ပြုလုပ်၏။</p> <p>ဤသို့လျှင် - ဒါယကာတော် မဟာရာဇ ...ပညာသည် ပရမတ္ထဓမ္မအာရုံ (= အရိယသစ္စာလေးပါးတည်းဟူသော အာရုံ) ကို ထင်ထင်ရှားရှား ကွဲကွဲပြားပြား ဂဃနဏ သိအောင် ထွန်းလင်းပြခြင်း <b>ဩဘာသနလက္ခဏာ</b> ရှိပေသည်။ (မိလိန္ဒ၊၃၈။ အဘိ၊ဋ္ဌ၊၁၊၁၁၆။)</p> <p>ပညာရောင် = ဉာဏ်ရောင်</p> <p>ရဟန်းတို့ ...အလင်းရောင်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ --- လအလင်းရောင်, နေအလင်းရောင်, မီးအလင်းရောင်, ပညာအလင်းရောင်တို့တည်း။ ရဟန်းတို့ ...အလင်းရောင်တို့သည် ဤလေးမျိုးတို့တည်း။ ရဟန်းတို့ ...ဤအလင်းရောင် လေးမျိုးတို့တွင် ပညာအလင်းရောင်သည် အမြတ်ဆုံးဖြစ်ပေ၏။ (အံ၊၁၊၄၅၇။)</p> <hr> <h3>အဓိစိတ္တသုတ္တန်ခေါ် နိမိတ္တသုတ္တန်</h3> <p>ရဟန်းတို့ ...<b>အဓိစိတ္တ</b> (= လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်) ကို အဖန်ဖန် အားထုတ်သော ယောဂါဝစရရဟန်းသည် သမထဖြစ်ကြောင်း သမထနိမိတ်, ဝိပဿနာဉာဏ်ဖြစ်ကြောင်း ဝိပဿနာနိမိတ်ဟူသော အကြောင်းတရားသုံးမျိုးတို့ကို ရံဖန်ရံခါ နှလုံး သွင်းအပ်ကုန်၏။</p> <p>၁။ ရံဖန်ရံခါ <b>သမာဓိ</b>ဟူသော အကြောင်းနိမိတ်ကို (= <b>သမာဓိ</b>ဖြစ်ကြောင်း တရားကို) နှလုံးသွင်းအပ်၏။</p> <p>၂။ ရံဖန်ရံခါ ဝီရိယဟူသော အကြောင်းနိမိတ်ကို (= ဝီရိယဖြစ်ကြောင်း တရားကို) နှလုံးသွင်းအပ်၏။</p> <p>၃။ ရံဖန်ရံခါ ဥပေက္ခာဟူသော အကြောင်းနိမိတ်ကို (= ဥပေက္ခာဖြစ်ကြောင်း တရားကို) နှလုံးသွင်းအပ်၏။</p> <p>ရဟန်းတို့ ...<b>အဓိစိတ္တ</b> (= လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်)ကို အဖန်ဖန် ပွားများအားထုတ်သော ယောဂါဝစရ ရဟန်းသည် ကမ္မဋ္ဌာန်းအာရုံ၌ စိတ်တည်ကြည်မှု <b>သမာဓိ</b>ဟူသော အကြောင်း နိမိတ်ကိုသာလျှင် (= <b>သမာဓိ</b>ဖြစ်ကြောင်း တရားကိုသာလျှင်) တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် ပျင်းရိ ရာသော အကြောင်းရှိ၏။ (၁)</p> <p>ရဟန်းတို့ ...လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အဖန်ဖန် ပွားများအားထုတ်သော ယောဂါဝစရရဟန်းသည် ကြိုးစားအားထုတ်ခြင်း ဝီရိယဟူသော အကြောင်းနိမိတ်ကိုသာလျှင် (= ဝီရိယ ဖြစ်ကြောင်း တရားကိုသာလျှင်) တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် ပျံ့လွင့်ခြင်း = ဥဒ္ဓစ္စ ဖြစ်ရာသောအကြောင်း ရှိ၏။ (၂)</p> <p>ရဟန်းတို့ ...လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာ စိတ်ကို အဖန်ဖန် ပွားများအားထုတ်သော ယောဂါဝစရရဟန်းသည် ကမ္မဋ္ဌာန်းအာရုံကို လျစ်လျူရှုမှု ဥပေက္ခာဟူသော အကြောင်းနိမိတ်ကိုသာလျှင် (= ဥပေက္ခာဖြစ်ကြောင်း တရားကိုသာလျှင်) တစ်ဖက်သတ် နှလုံး သွင်းခဲ့မူ ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် အာသဝေါတရားတို့ ကုန်ရန် ကောင်းစွာ မတည်ကြည်ရာသော အကြောင်းရှိ၏။ (၃)</p> <p>ရဟန်းတို့ ...လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အဖန်ဖန် ပွားများအားထုတ်သော ယောဂါဝစရရဟန်းသည်</p> <p>၁။ ရံဖန်ရံခါ <b>သမာဓိ</b>ဟူသော အကြောင်းနိမိတ်ကို (= <b>သမာဓိ</b>ဖြစ်ကြောင်း တရားကို) နှလုံးသွင်း၍,</p> <p>၂။ ရံဖန်ရံခါ ဝီရိယဟူသော အကြောင်းနိမိတ်ကို (= ဝီရိယဖြစ်ကြောင်း တရားကို) နှလုံးသွင်းပြီးလျှင်,</p> <p>၃။ ရံဖန်ရံခါ ဥပေက္ခာဟူသော အကြောင်းနိမိတ်ကို (= ဥပေက္ခာဖြစ်ကြောင်း တရားကို) နှလုံးသွင်းသောအခါ ဘာဝနာစိတ်သည် ----</p> <p>၁။ နူးညံ့ခြင်းသည်လည်းကောင်း (= <b>မုဒု</b>),</p> <p>၂။ သမထဘာဝနာလုပ်ငန်း ဝိပဿနာဘာဝနာလုပ်ငန်း၌ ထိုထိုဘာဝနာ မှုကို ပြုလုပ်ရန် အခန့်သင့်ဖြစ်နေခြင်း သင့်လျော်ခြင်းသည်လည်းကောင်း (= <b>ကမ္မနိယ</b>),</p> <p>၃။ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် ထွက်ခြင်းသည်လည်းကောင်း (= <b>ပဘဿရ</b>) ဖြစ်၏။</p> <p>၄။ ပျက်စီးခြင်းသဘောလည်း မရှိ။</p> <p>၅။ အာသဝေါတရားတို့ ကုန်ရန် ကောင်းစွာ တည်ကြည်၏။</p> <p>ဤကား သမထဘာဝနာ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းတို့ကို စီးဖြန်းပွားများရာ၌ ဗောဇ္ဈင် (၇)ပါးတို့ကို ညီမျှအောင် ကျင့်ပါက သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့မှ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် ထွက်ပေါ်လာကြောင်းကို ဘုရားရှင်၏ မုခပါဌ်တော်မှ တိုက်ရိုက်ထွက်ပေါ်လာသည့် ဟောကြားထားတော်မူချက် ဒေသနာတော်ပင် ဖြစ်ပေသည်။</p> <p><b>အဓိစိတ္တန္တိ သမထဝိပဿနာစိတ္တံ။</b> (အံ၊ဋ္ဌ၊၂၊၂၂၇။)</p> <p><b>ဧကာဒသမေပိ အဓိစိတ္တံ သမထဝိပဿနာစိတ္တမေဝ။</b> (အံ၊ဋ္ဌ၊၂၊၂၂၈။)</p> <p><b>ကိံ ပန စိတ္တဿ ဝဏ္ဏော နာမ အတ္ထီတိ? နတ္ထိ။</b> (အံ၊ဋ္ဌ၊၁၊၄၅။)</p> <p>= စိတ်၏ <b>ဝဏ္ဏ</b>မည်သော အရောင်အဆင်းသည် ရှိပါသလား? မရှိပါ။ (အံ၊ဋ္ဌ၊၁၊၄၅။)</p> <p>ဤအထက်ပါ အဋ္ဌကထာအဖွင့်နှင့်အညီ စိတ်၌ အရောင်အလင်းကား မရှိပါ။ သို့သော် အလွန် အဆင့်မြင့်နေသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည်ကား အလင်းရောင်ကို ဖြစ်စေနိုင်သည့် စွမ်းအားကား ရှိပေ သည်။ အလွန် အဆင့်မြင့်နေသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌ အလွန် အဆင့်မြင့်သော ပညိန္ဒြေစေတသိက်လည်း ယှဉ်တွဲလျက်ပင် ရှိ၏။ ယင်း ပညိန္ဒြေစေတသိက်တည်းဟူသော ဉာဏ်၏ အာနုဘော်က ကြီးလျှင်ကြီးသလို ပညာရောင် ဉာဏ်ရောင်မှာ ထွန်းလင်းတောက်ပမြဲ ဓမ္မတာ ဖြစ်၏။ ယင်းသို့ဖြစ်လျှင် ယင်းပညာရောင် ဉာဏ်ရောင်ဟူသည်မှာ အဘယ်နည်းဟု မေးရန် ရှိ၏။ <b>ပရမတ္ထမဉ္ဇူသာ</b> အမည်ရှိသော ဝိသုဒ္ဓိမဂ္ဂ မဟာဋီကာဆရာတော်က ဥဒယဗ္ဗယဉာဏ်ပိုင်း၌ လာရှိသော ဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော <b>ဩဘာသ</b> (= အရောင်အလင်း)ကို စံထားကာ ပညာရောင် (= ဉာဏ်ရောင်)အကြောင်းကို ဖွင့်ဆိုထားပေသည်။</p> <p><b>ဝိပဿနောဘာသောတိ ဝိပဿနာစိတ္တသမုဋ္ဌိတံ သသန္တတိပတိတံ ဥတုသမုဋ္ဌာနဉ္စ ဘာသုရံ ရူပံ။ တတ္ထ ဝိပဿနာစိတ္တသမုဋ္ဌိတံ ယောဂိနော သရီရဋ္ဌမေဝ ပဘဿရံ ဟုတွာ တိဋ္ဌတိ၊ ဣတရံ သရီရံ မုဉ္စိတွာ ဉာဏာနုဘာဝါနုရူပံ သမန္တတော ပတ္ထရတိ၊ တံ တေဿဝ ပညာယတိ၊ တေန ဖုဋ္ဌောကာသေ ရူပဂတမ္ပိ ပဿတိ။ ပဿန္တော စ စက္ခုဝိညာဏေန ပဿတိ၊ ဥဒါဟု မနောဝိညာဏေနာတိ ဝီမံသိတဗ္ဗန္တိ ဝဒန္တိ၊ ဒိဗ္ဗစက္ခုလာဘိနော ဝိယ တံ မနောဝိညေယျမေဝါတိ ယုတ္တံ ဝိယ ဒိဿတိ။</b> (မဟာဋီ၊၂၊၄၂၈-၄၂၉။)</p> <p>ဤအထက်ပါ မဟာဋီကာ စကားရပ်၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဤသို့ ဖြစ်၏။</p> <p><b>ဝိပဿနောဘာသ</b> (= ဝိပဿနာဉာဏ်အရောင်အလင်း) ဟူသည် ဝိပဿနာစိတ်ကြောင့် ဖြစ်သော စိတ္တဇ<b>ဩဇဋ္ဌမက</b>ရုပ်တို့တွင် ပါဝင်သော အလွန်တောက်ပသော ရူပါရုံ အရောင်အလင်းနှင့် မိမိသန္တာန်၌ ကျရောက်လျက်ရှိသော တေဇောဓာတ် (= <b>ဥတု</b>)ကြောင့်ဖြစ်သော ဥတုဇ<b>ဩဇဋ္ဌမက</b>ရုပ်တို့တွင် ပါဝင်သော ရူပါရုံ၏ အရောင်အလင်းတည်း။</p> <p>ထင်ရှားအောင် ဆိုရသော် ဤသို့ ဖြစ်၏။ နှလုံးအိမ်အတွင်း၌ တည်ရှိသော ဟဒယဝတ္ထုရုပ်ကို မှီတွယ်၍ ဖြစ်နေသော စိတ်တိုင်းစိတ်တိုင်းသည် <b>ဩဇာ</b>လျှင် ရှစ်ခုမြောက်ရှိသော စိတ္တဇ<b>ဩဇဋ္ဌမက</b>ရုပ်တို့ကို ဖြစ်စေနိုင်၏။ စိတ်တစ်လုံးတစ်လုံးသည် စိတ္တဇ<b>ဩဇဋ္ဌမက</b> ရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်၏။ များသောအားဖြင့် ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်နေသော စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်းသည် ဥပါဒ်ကာလသို့ ရောက်တိုင်း ရောက်တိုင်း စိတ္တဇရုပ်များကို ဖြစ်စေနိုင်သည်ချည်းသာ ဖြစ်၏။ ရုပ်တို့မည်သည် တစ်ခုချင်း တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအားမရှိဘဲ ရုပ်ကလာပ်ခေါ်သည့် အုပ်စုအလိုက် အဖွဲ့အစည်းအလိုက်သာ ဖြစ်ရိုး ဓမ္မတာ ရှိကြ၏။ ကလာပ်ဟူသည် မြတ်ဗုဒ္ဓ၏ တရားဒေသနာတော်၌ အသေးဆုံးသော ရုပ်အဖွဲ့အစည်းတစ်ခု၏ အမည် ဖြစ်သည်။ ပရမာဏုမြူခန့်် သို့မဟုတ် ပရမာဏုမြူအောက် အဆပေါင်းများစွာ သေးငယ်သော အမှုန်ကလေး ဖြစ်၏။ ယင်းရုပ်ကလာပ်အမှုန် တစ်ခုတစ်ခုကို ပရမတ္ထသစ္စာဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ကြည့်လျှင် (= ဓာတ်ခွဲ ကြည့်လျှင်) ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာဟု အနည်းဆုံး ရုပ်သဘောတရား (၈)မျိုးစီ အသီးအသီး ရှိ၏။ ယင်းရုပ်တရား တို့ကို <b>ဩဇာ</b>လျှင် (၈)ခုမြောက် ရှိသောကြောင့် <b>ဩဇဋ္ဌမက</b>ရုပ်များဟု ခေါ်ဆို၏။ စိတ်ကြောင့် ဖြစ်သောကြောင့် စိတ္တဇရုပ်များဟု ခေါ်ဆို၏။ [ရံခါ အသံပါသော် ရုပ်ကလာပ် တစ်ခုတစ်ခု၌ ရုပ်သဘောတရား (၉)မျိုးစီလည်း ရှိတတ်၏။ သို့သော် ဤအပိုင်းကား သမထဘာဝနာစိတ် ဝိပဿနာဘာဝနာ စိတ်ကြောင့် ဖြစ်သော ရုပ်တို့ကို ပဓာနထား၍ ပြောဆိုနေသဖြင့် အသံ အကြောင်းကို ထည့်၍ မပြောဆိုခြင်း ဖြစ်သည်။]</p> <p>ယင်းရုပ်သဘောတရား (၈)မျိုးတို့တွင် ပါဝင်သော <b>ဝဏ္ဏ</b>ခေါ် ရူပါရုံမှာ (သမထဘာဝနာစိတ်) ဝိပဿနာ ဘာဝနာစိတ်ကြောင့်ဖြစ်သော ရုပ်ကလာပ်အတွင်း၌ တည်ရှိသော ရူပါရုံ ဖြစ်ခဲ့လျှင် <b>ဘာသုရရူပ</b> (= အလွန်တောက်ပသော ရူပါရုံ) ဖြစ်၏။ ယင်း<b>ဘာသုရရူပ</b> (= တောက်ပသော ရူပါရုံ)မှာ စိတ္တဇ ရုပ်ကလာပ်တိုင်းတွင် ပါဝင်သဖြင့် စိတ္တဇရုပ်ကလာပ် အရေအတွက် များလျှင် များသလို တောက်ပသော ရူပါရုံ အရေအတွက်လည်း ပို၍ များသည်သာ ဖြစ်၏။ ယင်းရူပါရုံ၏ တောက်ပမှုမှာလည်း ဉာဏ်အာနုဘော်အားလျော်စွာ တောက်ပ၏။ (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့နှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ်အာနုဘော်က ကြီးမားလျှင် ကြီးမားသလို ပို၍ပို၍ တောက်ပပြီးလျှင် ဉာဏ်အာနုဘော်က သေးလျှင် သေးသလို လျော့၍ လျော့၍ တောက်ပ၏။ ထိုထို (သမထအာရုံ) ဝိပဿနာအာရုံတို့ကို အာရုံ ပြု၍ ဖြစ်ပေါ်လာကြကုန်သော (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာ စိတ်တို့နှင့် စိတ္တက္ခဏ တစ်ခုအတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်ပေါ်လာကြ ကုန်သော နာမ်တရားစုတို့မှာ ယေဘုယျအားဖြင့် (၃၄)လုံးခန့် ရှိ၏။ ယင်း နာမ်တရားစုတို့တွင် ပညိန္ဒြေစေတသိက်ခေါ် ဉာဏ် (= ပညာ)လည်း ပါဝင် လျက် ရှိ၏။ ယင်းဉာဏ်အာနုဘော်မှာ ကြီးမားလျှင် ကြီးမားသလို သေးလျှင် သေးသလို ရူပါရုံအရောင်မှာ တောက်ပသည်ဟု ဆိုလိုပေသည်။</p> <p>တစ်ဖန် ယင်းစိတ္တဇရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်းတွင် တေဇောဓာတ်လည်း ပါဝင်လျက် ရှိ၏။ ယင်းတေဇောဓာတ် = <b>ဥတု</b>ကလည်း ဥတုဇ<b>ဩဇဋ္ဌမက</b>ရုပ်ကလာပ် (= <b>ဥတု</b>ကြောင့်ဖြစ်သော <b>ဩဇာ</b>လျှင် ရှစ်ခုမြောက် ရှိသော ရုပ်ကလာပ်) အသစ်အသစ်ကို ဆင့်ကာဆင့်ကာ ထပ်ကာထပ်ကာ ထပ်မံ ဖြစ်စေပြန်၏။ (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့က အာနုဘော်ကြီးလျှင် ကြီးသလို စိတ္တဇကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော တေဇောဓာတ် (= <b>ဥတု</b>)သည် ဥတုဇ<b>ဩဇဋ္ဌမက</b> ရုပ်ကလာပ်ပေါင်း များစွာကို ဖြစ်စေနိုင်၏။ ယင်းဥတုဇ<b>ဩဇဋ္ဌမက</b> ရုပ်ကလာပ်တိုင်း ရုပ်ကလာပ် တိုင်းတွင် ပါဝင်တည်ရှိသော <b>ဝဏ္ဏ</b>ခေါ် ရူပါရုံကလည်း <b>ဘာသုရရူပ</b> (= အလွန် တောက်ပသော ရူပါရုံပင် ဖြစ်၏။ ယင်းရူပါရုံ၏ တောက်ပမှုမှာလည်း ဉာဏ်အာနုဘော်က ကြီးလျှင် ကြီးသလို သေးလျှင် သေးသလိုပင် တောက်ပ၏။ ယင်းဥတုဇရုပ်တို့ကို <b>သသန္တတိပတိတ ဥတုသမုဋ္ဌာန</b> = မိမိ၏ ရုပ်သန္တတိ အစဉ်၌ ကျရောက်လျက်ရှိသော ဥတုသမုဋ္ဌာန်ရုပ်များ = ဥတုဇရုပ်များ = <b>ဥတု</b>ကြောင့် ဖြစ်သောရုပ်များဟု ခေါ်ဝေါ်သုံးစွဲထားပေသည်။</p> <p>ထိုစိတ္တသမုဋ္ဌာန်ရုပ် ဥတုသမုဋ္ဌာန်ရုပ် နှစ်မျိုးတို့တွင် (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်သော စိတ္တဇ<b>ဩဇဋ္ဌမက</b>ရုပ်များတွင် ပါဝင်တည်ရှိသော ရူပါရုံ (= <b>ဝဏ္ဏ</b>ဓာတ် အရောင်အလင်း)သည် ယောဂါဝစရပုဂ္ဂိုလ်၏ ရူပကာယ (= ကိုယ်အတွင်း) ၌သာလျှင် ပျံ့နှံ့၍ တည်၏။ ဥတုသမုဋ္ဌာန်အမည်ရသည့် ဥတုဇ<b>ဩဇဋ္ဌမက</b> ရုပ်ကလာပ်များတွင် ပါဝင်တည်ရှိသော ရူပါရုံ (= <b>ဝဏ္ဏ</b>ဓာတ် အရောင်အလင်း)သည်ကား ယောဂါဝစရပုဂ္ဂိုလ်၏ ခန္ဓာအိမ်အတွင်း၌သာမက ခန္ဓာကိုယ်၏ အပြင်ဘက် ဗဟိဒ္ဓ လောကဝယ် ဝန်းကျင်ပတ်ချာ အရပ်ဆယ်မျက်နှာသို့တိုင်အောင် ဉာဏ်အာနုဘော်က ကြီးလျှင် ကြီးသည့်အားလျော်စွာ အဝေးသို့တိုင်အောင် ပျံ့နှံ့၍ တည်၏။ ထိုအရောင်အလင်းကား ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌သာလျှင် ထင်ရှား၏။</p> <p>ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့၍ တည်နေသော ထိုအရောင်အလင်းနှင့် တွေ့ထိမိရာ အရပ်၌ တည်ရှိသော ရူပါရုံအမျိုးမျိုးကိုလည်း ယောဂါဝစရပုဂ္ဂိုလ်သည် တွေ့မြင်နေပေ၏။ ထိုသို့ တွေ့မြင်ရာဝယ် စက္ခုဝိညာဏ်ဖြင့်ပင် တွေ့မြင်သလော, မနောဝိညာဏ်ဖြင့်ပင် တွေ့မြင်သလော ဟူသော အချက်ကို စူးစမ်းဆင်ခြင်သင့်သည်ဟု ဆရာမြတ်တို့ မိန့်ဆိုတော်မူကြကုန်၏။ မိမိ မဟာဋီကာဆရာ၏ အယူအဆမှာမူ ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိတော်မူကြကုန်သော သူတော်ကောင်းတို့သည် ထိုရူပါရုံကို ဒိဗ္ဗစက္ခုအဘိညာဏ်ဟူသော မနောဝိညာဏ်စိတ်ဖြင့် တွေ့မြင်သကဲ့သို့ အလားတူပင် ဤအရာ၌လည်း ထိုရူပါရုံအပေါင်းကို (သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ဟူသော) မနောဝိညာဏ်ဖြင့်သာလျှင် သိမြင်၏ဟူသော စကားသည်သာလျှင် သင့်မြတ်သကဲ့သို့ ထင်ပေသည်။ --- ဤကား အထက်ပါ မဟာဋီကာ စကားရပ်၏ ဆိုလိုရင်းတည်း။</p> <hr> <h3>အနီးစပ်ဆုံးသော အကြောင်းတစ်ရပ်</h3> <p>ဤဉာဏ်အာနုဘော် ကြီးမားမှု မကြီးမားမှုတို့၏ အနီးစပ်ဆုံးသော အကြောင်းတစ်ရပ်မှာ --- <b>သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတိ</b> (အံ၊၃၊၂၅၉။) = တည်ကြည်သော <b>သမာဓိ</b>ရှိသောသူသည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိမြင်၏ --- ဟု ဘုရားရှင် ဟောကြားထားတော် မူသောကြောင့် <b>သမာဓိ</b>သည် အနီးစပ်ဆုံး အကြောင်းတစ်ရပ် ဖြစ်ပေသည်။</p> <hr> <h3>ဥပစာရစကားဟု မှတ်ပါ</h3> <p>အထက်ပါ မဟာဋီကာဆရာတော်၏ ရှင်းလင်းချက်အရ ဉာဏ်အရောင် အလင်းဟူသော စကားမှာ တင်စား၍ ခေါ်ဝေါ်သုံးစွဲထားသော ဥပစာရစကားဟု မှတ်ပါ။ ဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာသော အကျိုးဖြစ်သော စိတ္တဇ ရုပ်, ထိုစိတ္တဇရုပ် တေဇောဓာတ်မှ ထပ်ဆင့်ဖြစ်ပွားလာသော ဥတုဇရုပ်တို့၌ ပါဝင်တည်ရှိသော <b>ဝဏ္ဏ</b>ဓာတ် (= ရူပါရုံ) ၏ တောက်ပမှု (= <b>အာလောက</b> = <b>ဩဘာသ</b> = အရောင်အလင်း) ဟူသော အမည်ကို အကြောင်းဖြစ်သော ဉာဏ်အပေါ်၌ တင်စား၍ (သမထဉာဏ်ရောင်) ဝိပဿနာဉာဏ်ရောင်ဟု ခေါ်ဝေါ်သုံးစွဲထားသော <b>ဖလူပစာရ</b>စကားဟု မှတ်ပါ။ ဤစကားအရ ဉာဏ်၌ အရောင် မရှိ။ ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော (အထက်တွင် ရှင်းပြထားသော) ရုပ်တရားတို့၌သာ အရောင်ရှိသည်ဟု အတိုချုပ် မှတ်သားပါလေ။</p> <hr> <h3>ရူပါရုံ အမျိုးမျိုးကို တွေ့မြင်နိုင်သည်</h3> <p>အထက်ပါ မဟာဋီကာဆရာတော်၏ စကားရပ်တွင် <b>တေန ဖုဋ္ဌောကာသော ရူပဂတမ္ပိ ပဿတိ</b> = ထိုလင်းရောင်ခြည်ဖြင့် တွေ့ထိမိရာ အရပ်၌ တည်ရှိသော ရူပါရုံအမျိုးမျိုးကိုလည်း ယောဂါဝစရပုဂ္ဂိုလ်က တွေ့မြင်နိုင်ကြောင်းကို ဖွင့်ဆိုလျက် ရှိ၏။ ထိုလင်းရောင်ခြည်၏ စွမ်းအင်ဖြင့် ရူပါရုံအမျိုးမျိုးကို တွေ့မြင်ပုံကိုလည်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက အောက်ပါအတိုင်း ဖွင့်ဆိုထား၏။</p> <p>ထိုအရောင်အလင်းသည် အချို့သော ရဟန်းတော်အား ထက်ဝယ်ဖွဲ့ခွေ ထိုင်နေရာ အရပ်မျှလောက်ကိုသာ ဖြစ်ပေါ်လာ၏။ အချို့သော ရဟန်းတော်အား တိုက်ခန်းတစ်ခန်း အတွင်းကို, အချို့သော ရဟန်းတော်အား တိုက်ခန်းပြင်ပကိုလည်း ထွန်လင်းလျက် ဖြစ်ပေါ်လာ၏။ အချို့သော ရဟန်းတော်အား ကျောင်းတိုက်အားလုံးကို, တစ်ဂါဝုတ်ကို, ယူဇနာဝက်ကို, တစ် ယူဇနာကို, နှစ်ယူဇနာကို, သုံးယူဇနာကို။ ပ ။ အချို့သော ရဟန်းတော်အား မဟာပထဝီမြေကြီးအပြင်မှသည် အကနိဋ္ဌဗြဟ္မာပြည်သို့ တိုင်အောင် တစ်ခဲနက် ထူထပ်သော တစ်ဆက်တည်းသော အရောင်အလင်းကို ပြုလျက် ဖြစ်ပေါ်လာ၏။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ <b>ဩဘာသ</b>အရောင်အလင်းသည် ကား တစ်သောင်းသော လောကဓာတ် စကြဝဠာတိုက်အပေါင်းကို ထွန်းလင်း စေလျက် ထင်ရှားဖြစ်ပေါ်လာတော်မူ၏။ (ဝိသုဒ္ဓိ၊၂၊၂၇၀။)</p> <p>ထိုသို့ <b>ဩဘာသ</b>ခေါ် ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းမှာ ယောဂါဝစရပုဂ္ဂိုလ် တစ်ပါးနှင့်တစ်ပါး မတူဘဲ အနည်းအများ အကြီးအငယ် အဝေးအနီး မတူထူးခြားမှု ရှိမှုနှင့် ဆက်စပ်၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက အောက်ပါ ဝတ္ထုနှစ်ရပ်ကို ဖွင့်ဆိုရေးသားထားပေသည်။</p> <p>နာမည်ကျော်ဖြစ်သော သီဟိုဠ်ကျွန်း စိတ္တလတောင်၌ နှစ်ခုသော အထွဋ်ရှိသော ကျောင်းတစ်ဆောင်၏ အတွင်း၌ ယောဂါဝစရမထေရ်မြတ်ကြီး နှစ်ပါးတို့သည် သီတင်းသုံး စံနေတော်မူကြ၏။ မထေရ်မြတ်ကြီးနှစ်ပါးတို့ <b>ဩဘာသ</b> (= ဉာဏ်လင်းရောင်ခြည်) စွမ်းအင်နှင့် ပတ်သက်၍ ဆွေးနွေးမိသော ထိုညဉ့်ကား လကွယ်ပက္ခဥပုသ်နေ့လည်း ဖြစ်နေ၏။ မိုးသား တိမ်းတိုက်တို့ကား ရှစ်နယ်ပတ်ကုံး အပြည့်ဖုံးလျက်ပင် ရှိကြ၏။</p> <p>၁။ လကွယ်နေ့ ညသန်းခေါင်ယာမ် ဖြစ်ခြင်း,</p> <p>၂။ စိတ္တလတောင် တောရကျောင်းတိုက် တောအုပ်ကြီးအတွင်း၌ ဖြစ်ခြင်း,</p> <p>၃။ မိုးသားတိမ်တိုက်တို့က ရှစ်ခွင်တိုင်း၌ အပြည့်ဖုံးလျက် ရှိခြင်း,</p> <p>၄။ လျှပ်စစ်ရောင်စသည့် အရောင်အလင်း လုံးဝမရှိခြင်း --- တည်းဟူသော အင်္ဂါလေးပါးနှင့် ပြည့်စုံသော အမိုက်တိုက် အမှောင်ထုကြီးကား ဖုံးအုပ်လျက် ဖြစ်ပေါ်လျက် ရှိ၏။ ထိုအခါ၌ တစ်ဦးသော သီတင်းငယ် မထေရ်က ---</p> <p>အရှင်ဘုရား ...တပည့်တော်အား ယခုအခါ၌ စေတီရင်ပြင်တော်၌ <b>သီဟာသန</b>ခေါ် မြတ်သောနေရာ၌ ငါးပါးသော အဆင်းရှိကုန်သော ပန်းတို့သည် ထင်ရှားနေပါကုန်၏ဟု လျှောက်ထား၏။ (ဝိသုဒ္ဓိ၊၂၊၂၇၀။)</p> <p>မထေရ်ကြီးများ သီတင်းသုံးတော်မူရာကျောင်းမှာ အတွင်းအိပ်ခန်းများ ပတ်လည်တွင် စင်္ကြံလျှောက်ရန် စင်္ကြံလမ်းများ ရှိနေ၏။ ပတ်လည်စင်္ကြံကိုလည်းကောင်း, အတွင်းအိပ်ခန်းကိုလည်းကောင်း ကာရံထားသဖြင့် နှစ်ထပ်အကာအရံရှိသော ကျောင်းဖြစ်ပေသည်။ သီတင်းငယ်ဖြစ်တော်မူသော မထေရ်မြတ်ကြီး၏ ဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းမှာ ထိုနှစ်ထပ်သော အကာအရံတို့ကို ထိုးဖောက်ကာ စေတီရင်ပြင်တော်အထိ ပျံ့နှံ့၍ တည်နေ၏။ ညနေချမ်းအခါက စေတီရင်ပြင်တော်၌ တည်ရှိသော <b>သီဟာသန</b>ခေါ် မွန်မြတ်သော ပန်းတင်ခုံနေရာ၌ ငါးပါးသော အရောင်အဆင်းရှိကုန်သော ပန်းတို့ကို ဖြန့်ခင်းလျက် စေတီတော်အား ပူဇော်ထားကြကုန်၏။ သန့်ရှင်းစင်ကြယ်သော ဝိပဿနာဉာဏ်ရှိသော ယောဂါဝစရပုဂ္ဂိုလ်အား ဉာဏ်အရောင်အလင်းဖြင့် ပျံ့နှံ့တွေ့ထိမိရာအရပ်၌ တည်ရှိသော ရူပါရုံအပေါင်း ရူပါရုံအမျိုးမျိုးသည်လည်း ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိတော်မူသော သူတော်ကောင်း၏ဉာဏ်ဝယ် ထင်ရှားသကဲ့သို့ ထင်ရှား လာကြကုန်၏။ ထို့ကြောင့် --- အရှင်ဘုရား ... တပည့်တော်အား ယခုအခါ၌ စေတီရင်ပြင်တော်၌ <b>သီဟာသန</b>ခေါ် မြတ်သောနေရာ၌ ငါးပါးသော အဆင်းရှိကုန်သော ပန်းတို့သည် ထင်ရှားနေပါကုန်၏ဟု လျှောက်ထားခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၂၊၄၂၉...)</p> <p>ထိုမထေရ်ငယ်ကို သီတင်းဝါကြီးတော်မူသော မထေရ်ကြီးက ဤသို့ ပြန်လည်ကာ အမိန့်ရှိတော်မူ၏။</p> <p>ငါ့ရှင် ...မအံ့ဩလောက်သည်ကို ပြောဆိုဘိ၏၊ ငါ့အားမူကား ယခုအခါ၌ မဟာသမုဒ္ဒရာအတွင်း ယူဇနာအရပ်၌ ငါးလိပ်တို့သည် ထင်ရှား၍နေကုန်၏ဟု မိန့်ဆိုတော်မူ၏။ (ဝိသုဒ္ဓိ၊၂၊၂၇၀။)</p> <hr> <h3>ဉာဏ်ရောင်လေးမျိုး</h3> <p><b>ထိနမိဒ္ဓဝိနောဒနအာလောကောပိ ဝါ ဟောတု ကသိဏာလောကောပိ ဝါ ပရိကမ္မာလောကောပိ ဝါ၊ ဥပက္ကိလေသာလောကော ဝိယ သဗ္ဗောယံ အာလောကော ဉာဏသမုဋ္ဌာနောဝါတိ။</b> (အံ၊ဋီ၊၃၊၁၇၇-၁၇၈။)</p> <p>ဤအထက် ပါဋီကာဆရာတော်က ---</p> <p>၁။ <b>ထိနမိဒ္ဓဝိနောဒနအာလောက</b>,</p> <p>၂။ <b>ကသိဏာလောက</b>,</p> <p>၃။ <b>ပရိကမ္မာလောက</b>,</p> <p>၄။ <b>ဥပက္ကိလေသာလောက</b> ---</p> <p>ဤသို့လျှင် ဉာဏ်အရောင်အလင်း လေးမျိုး ရှိကြောင်းကို ဖွင့်ဆိုထား၏။</p> <p>၁။ <b>ထိနမိဒ္ဓဝိနောဒန အာလောက</b> = ထိနမိဒ္ဓကို ပယ်ဖျောက်ကြောင်း အလင်းရောင် = ဒိဗ္ဗစက္ခုအဘိညာဏ် (= နတ်မျက်စိကဲ့သို့ အဝေးအနီးရှိသမျှ အလုံးစုံကို မြင်သိနိုင်စွမ်းရှိသော အဘိညာဏ်) အလို့ငှာ ပွားများထားအပ် သော အာလောကကသိုဏ်း<b>သမာဓိ</b>ကြောင့် (ဥပစာရ+အပ္ပနာ နှစ်ဖြာသော <b>သမာဓိ</b>နှင့်ယှဉ်သော ဉာဏ်ကြောင့်) ဖြစ်ပေါ်လာသော အရောင်အလင်း တည်း။</p> <p>၂။ <b>ကသိဏာလောက</b> = အာလောကကသိုဏ်းမှ ကြွင်းသော ကသိုဏ်းတို့ကို ပွားများရာ၌ ဖြစ်ပေါ်လာသော ဥပစာရ+အပ္ပနာ နှစ်ဖြာသော ကသိုဏ်း<b>သမာဓိ</b>နှင့် ယှဉ်သော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းတည်း။</p> <p>၃။ <b>ပရိကမ္မာလောက</b> = အဘိညာဏ်၏ အခြေခံဖြစ်သော ပရိကမ္မ, စျာန်၏ အခြေခံဖြစ်သော ပရိကမ္မ - ဤှနှစ်မျိုးသော ပရိကမ္မ<b>သမာဓိ</b>နှင့် ယှဉ်သော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းတည်း။</p> <p>၄။ <b>ဥပက္ကိလေသာလောက</b> = ဝိပဿနာဉာဏ်ကြောင့် အထူးသဖြင့် ဥဒယဗ္ဗယနုပဿနာ (= သင်္ခါရတရားတို့၏ အဖြစ်-အပျက်ကို ရှုနေသော ဝိပဿနာ)ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းတည်း။</p> <p>ဤအထက်ပါ မထေရ်မြတ်ကြီးနှစ်ပါးတို့၏ ဆွေးနွေးခန်း၌ လာရှိသော ဝိပဿနာဉာဏ်လင်းရောင်ခြည်ဖြင့် တွေ့ထိမိရာအရပ်၌ တည်ရှိသော ငါးမျိုးသော အရောင်အဆင်းရှိသော ပန်းတို့ကိုလည်းကောင်း, ငါးလိပ်တို့ကိုလည်းကောင်း ယောဂါဝစရပုဂ္ဂိုလ်က တွေ့မြင်နိုင်၏ဟူသော အချက်ကို ယောဂီ သူတော်ကောင်းတစ်ဦးသည် သတိပြုကာ မှတ်သားထားသင့်၏၊ မမေ့သင့်ပေ။ တစ်ဖန် ဒိဗ္ဗစက္ခုအဘိညာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း, ဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းတို့နှင့် တွေ့ထိမိရာအရပ်၌ တည်ရှိသော ရူပါရုံအမျိုးမျိုးကို ဒိဗ္ဗစက္ခုအဘိညာဏ် ဝိပဿနာဉာဏ်တို့ဖြင့် တွေ့မြင်ရသကဲ့သို့ အထက်တွင် တင်ပြထားသော <b>ကသိဏာလောက, ပရိကမ္မာလောက</b>ဟူသော ကျန်သမထဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာရသော လင်းရောင်ခြည်ဖြင့် တွေ့ထိမိရာအရပ်၌ တည်ရှိသော အရောင်အဆင်း အမျိုးမျိုးကိုလည်း ယောဂါဝစရပုဂ္ဂိုလ်က တွေ့မြင်သည်ဟု ပြောဆိုလာပါလျှင်လည်း ယောဂီသူတော်ကောင်း တစ်ဦးသည် လက်ခံနိုင်လိမ့်မည်ဟု ယူဆပါသည်။ အကြောင်းမူ ဉာဏ်အရောင်အလင်းတို့၏ စွမ်းအင်များသည် တစ်ခုနှင့် တစ်ခု ကွာဟချက်, ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးနှင့် တစ်ဦး ကွာဟချက် ရှိနိုင်ငြားသော်လည်း အားလုံးကား ဉာဏ်ကြောင့် ဖြစ်ပေါ်လာရသော လင်းရောင်ခြည်များသာ ဖြစ်ကြသောကြောင့် ယောဂီသူတော်ကောင်းတစ်ဦးသည် လက်ခံနိုင်လိမ့်မည်ဟု မျှော်လင့်ခြင်း ဖြစ်ပေသည်။ အထက်တွင် တင်ပြထားသော <b>အဓိစိတ္တ</b>သုတ္တန် သို့မဟုတ် <b>နိမိတ္တ</b>သုတ္တန်ကို ထောက်ရှုပါ။ (အံ၊၁၊၂၅၈။...ကြည့်)</p> <p>ဤဉာဏ်ရောင်သည်ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြကုန်သော ဒုက္ခသစ္စာအမည်ရသည့် ဥပါဒါနက္ခန္ဓာငါးပါး, သမုဒယသစ္စာအမည်ရသည့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ ဟူသော အကြောင်းတရားတို့ကို သိမ်းဆည်းရာ ဉာဏ်ဖြင့် ပိုင်းခြားယူရာ၌ --- <b>ဝိသယောဘာသနရသော ပဒီပေါ ဝိယ။</b> (ဝိသုဒ္ဓိ၊၂၊၉၅။ အဘိ၊ဋ္ဌ၊၁၊၁၆၆။) = ယင်းဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော ပရမတ္ထဓမ္မတို့၏ သဘာဝအမှန်ကို ထိုထွင်းသိနိုင်ရန် ဆီမီး ကဲ့သို့ ထွန်းပြခြင်းကိစ္စ ရှိပေသည်။ အရိယသစ္စာတို့ကို ထင်ရှားအောင် ပြုလုပ်ပေးတတ်ပေသည်။ ထို့ကြောင့် ရုပ်နာမ်တို့၌ အသိအမြင် သန့်ရှင်းမှု ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ တက်လှမ်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ စိတ္တဝိသုဒ္ဓိ အမည်ရသည့် ဥပစာရ အပ္ပနာ နှစ်ဖြာသော <b>သမာဓိ</b>တို့တွင် တစ်မျိုးမျိုးသော <b>သမာဓိ</b>ဖြင့် <b>သမာဓိ</b>ကို ရှေးဦးစွာ တည်ထောင်ရခြင်း ဖြစ်ပေသည်။ <b>သမာဓိ</b>ကို ချစ်မြတ်နိုးလွန်း၍ကား မဟုတ်၊ ပရမတ္ထဓမ္မသဘာဝကို ထွင်းဖောက်သိမြင်နိုင်သည့် ဉာဏ်အရောင်အလင်းကို အလိုရှိသောကြောင့်လည်းကောင်း, <b>သမာဓိ</b>သည် ဉာဏ်ဖြစ်ပေါ်လာရေးအတွက် ဉာဏ်၏ အနီးကပ်ဆုံးသော အကြောင်းတရား ဖြစ်သောကြောင့်လည်းကောင်း <b>သမာဓိ</b>ကို ရှေးဦးစွာ ထူထောင်ရခြင်း ဖြစ်ပေသည်။</p> <hr> <h3>သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်</h3> <p>ယင်းသို့ဖြစ်လျှင် သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်သည် <b>သမာဓိ</b>ကို ထူထောင်မှု ရှိ-မရှိ မေးရန် ရှိ၏။ အောက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာအဖွင့်ကို ဖတ်ရှုကြည့်ပါ။</p> <p><b>သုဒ္ဓဝိပဿနာယာနိကော ပန အယမေဝ ဝါ သမထယာနိကော စတုဓာတုဝဝတ္ထာနေ ဝုတ္တာနံ တေသံ တေသံ ဓာတုပရိဂ္ဂဟမုခါနံ အညတရမုခဝသေန သင်္ခေပတော ဝါ ဝိတ္ထာရတော ဝါ စတေဿာ ဓာတုယော ပရိဂ္ဂဏှာတိ။</b> (ဝိသုဒ္ဓိ၊၂၊၂၂၂။)</p> <p>သုဒ္ဓဝိပဿနာယာနိက ယောဂါဝစရပုဂ္ဂိုလ်သည်လည်းကောင်း, ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးသောအခါ စျာန်နာမ်တရားက စ၍ မသိမ်းဆည်းလိုဘဲ ရုပ်ကမ္မဋ္ဌာန်းက စ၍ သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်းကောင်း စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်းပိုင်း၌ ဖွင့်ဆိုရေးသားအပ်ခဲ့ပြီးကုန် သော ထိုထိုဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းကြောင်း နည်းလမ်းတို့တွင် တစ်နည်းနည်း၏အစွမ်းဖြင့် အကျဉ်းနည်းအားဖြင့် သော်လည်းကောင်း, အကျယ်နည်းအားဖြင့် သော်လည်းကောင်း ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းရှုပွားပါ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)</p> <p>ဤညွှန်ကြားချက်အရ ဝိပဿနာကို တိုက်ရိုက်သွားလိုသော သုဒ္ဓဝိပဿနာယာနိက ယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကမ္မဋ္ဌာန်းကို စတင် သိမ်းဆည်းရှုပွားရမည် ဖြစ်ပေသည်။ အကြောင်းပြချက်မှာ ဤသို့ ဖြစ်၏။</p> <hr> <h3>အကြောင်းပြချက်</h3> <p><b>သမာဓိ</b>ကို ထူထောင်ပုံ နည်းစနစ်များကို ညွှန်ကြားပြသရာ သမထပိုင်း၌ကား သမထကမ္မဋ္ဌာန်း (၄၀) ရှိ၏။ သို့သော် ဝိပဿနာပိုင်း၌ကား ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်းဟု ကမ္မဋ္ဌာန်းနှစ်မျိုးသာ ရှိကြောင်းကို အဋ္ဌကထာ များ၌ ဖွင့်ဆိုလျက် ရှိ၏။</p> <p><b>ဒုဝိဓဥှိ ကမ္မဋ္ဌာနံ ရူပကမ္မဋ္ဌာနဉ္စ အရူပကမ္မဋ္ဌာနဉ္စ။ ရူပပရိဂ္ဂဟော အရူပပရိဂ္ဂဟောတိပိ ဧတဒေဝ ဝုစ္စတိ။ တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ။</b> (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)</p> <p>= ဝိပဿနာပိုင်း ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးသောအခါ ကမ္မဋ္ဌာန်းသည် ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်းဟု နှစ်မျိုး ရှိ၏။ ရုပ်ကို သိမ်းဆည်းခြင်း = ရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း = <b>ရူပပရိဂ္ဂဟ</b>, နာမ်ကို သိမ်းဆည်းခြင်း = နာမ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း = <b>အရူပပရိဂ္ဂဟ</b>ဟူ၍လည်း ခေါ်ဆို၏။ ထိုနှစ်မျိုးတို့တွင် ဘုရားရှင်သည် ရုပ်ကမ္မဋ္ဌာန်းကို သို့မဟုတ် ရုပ်တရားကို သိမ်းဆည်း ပုံကို ဟောကြားပြသတော်မူသည်ရှိသော် အကျဉ်းနှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း, အကျယ်နှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း <b>စတုဓာတုဝဝတ္ထာန်</b> အမည်ရသည့် ဓာတ်ကမ္မဋ္ဌာန်းကို ဟောကြား ပြသတော်မူရိုး ဓမ္မတာ ဖြစ်၏။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)</p> <p>ဤအဋ္ဌကထာများ၏ သတ်မှတ်ချက်အတိုင်း ပြောဆိုရမူ ရုပ်တရားကို သိမ်းဆည်းပုံ (= ရုပ်ကမ္မဋ္ဌာန်းကို ရှုပွားပုံ)နှင့် ပတ်သက်၍ ရှုပုံနည်းစနစ်ကို ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်းနှင့် ဓာတ်ကမ္မဋ္ဌာန်းအကျယ်နည်းဟု နည်း နှစ်နည်းသာလျှင် ဘုရားရှင် ဟောကြားထားတော်မူသည့်အတွက် ရုပ်တရား ကစ၍ သင်္ခါရတရားတို့ကို သိမ်းဆည်းလိုသော သမထယာနိကပုဂ္ဂိုလ်သည်လည်းကောင်း, သမထစျာန်ကို အခြေမခံသော ဝိပဿနာသက်သက်ကိုသာ အားထုတ်လိုသော သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်သည်လည်းကောင်း ဓာတ်ကြီး လေးပါးကိုသာလျှင် စတင်၍ သိမ်းဆည်းရခြင်း ရှုပွားရခြင်း ဖြစ်ပေသည်။</p> <p><b>အရူပမုခေန ပန ဝိပဿနာဘိနိဝေသော ယေဘုယျေန သမထယာနိကဿ ဣစ္ဆိတဗ္ဗော။</b> (မ၊ဋီ၊၁၊၃၆၉။)</p> <p>= နာမ်တရားကို အဦးမူသဖြင့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သည့် သင်္ခါရတရားတို့ကို စ၍ နှလုံးသွင်းခြင်းသည်ကား ယေဘုယျအားဖြင့် သမထယာနိကပုဂ္ဂိုလ်အားသာလျှင် အလိုရှိအပ်၏။ (မ၊ဋီ၊၁၊၃၆၉။)</p> <p><b>ယထာ ရူပေ ဝိပဿနာဘိနိဝေသော ယေဘုယျေန ဝိပဿနာယာနိကဿ၊ ဧဝံ အရူပေ ဝိပဿနာဘိနိဝေသော ယေဘုယျေန သမထယာနိကဿ ဟောတိ။ အဘိနိဝေသောတိ စ ဝိပဿနာယ ပုဗ္ဗဘာဂေ ကတ္တဗ္ဗနာမရူပပရိစ္ဆေဒေါ ဝေဒိတဗ္ဗော။ တသ္မာ ပဌမံ ရူပပရိဂ္ဂဏှနံ ရူပေ အဘိနိဝေသော။ ဧသ နယော သေသေသုပိ။</b> (မဟာဋီ၊၂၊၄၇၀။)</p> <p>ရုပ်တရားကစ၍ ဝိပဿနာနှလုံးသွင်းခြင်းသည် ယေဘုယျအားဖြင့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်အား ဖြစ်သကဲ့သို့ အလားတူပင် နာမ်တရားက စ၍ ဝိပဿနာနှလုံးသွင်းခြင်းသည်လည်း ယေဘုယျအားဖြင့် စျာန်ရ သမထယာနိကပုဂ္ဂိုလ်အား ဖြစ်ပေသည်။ <b>အဘိနိဝေသ</b> (= နှလုံးသွင်းခြင်း) ဟူသည်မှာလည်း ဝိပဿနာ၏ ရှေးအဖို့၌ ပြုသင့်ပြုထိုက်သော နာမ်ရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူသော <b>နာမရူပပရိစ္ဆေဒဉာဏ်</b>ဟု သိရှိပါလေ။ ထို့ကြောင့် ရှေးဦးစွာ ရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းသည် ရုပ်တရား၌ နှလုံး သွင်းခြင်း (= <b>အဘိနိဝေသ</b>) မည်၏။ ရှေးဦးစွာ နာမ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းသည် နာမ်တရား၌ နှလုံးသွင်းခြင်း (= <b>အဘိနိဝေသ</b>) မည်၏။ (မဟာဋီ၊၂၊၄၇၀။)</p> <p>[ဤဓာတ်ကမ္မဋ္ဌာန်းကို အားထုတ်ရာ၌ သဒိသူပစာရအားဖြင့် ဥပစာရ <b>သမာဓိ</b>နယ်မြေသို့ ဆိုက်သောအခါ၌လည်း ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းနေသော ဉာဏ်ကြောင့် လင်းရောင်ခြည်များ ဖြစ်ပေါ်လာသည်သာ ဖြစ်၏။ စာမျက်နှာ ...၌ ကြည့်ပါ။]</p> <h3>အာနာပါနကမ္မဋ္ဌာန်း</h3> <p>ဤနာထသုတ္တန်ပိုင်းတွင် သမထယာနိကလမ်းမှ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးပုံနှင့် ဆက်စပ်၍ ရှေးဦးစွာ ဗဟုဿုတအင်္ဂါရပ် ဒုတိယနာထတရားနှင့် ပြည့်အောင် ကြိုးစားပုံအပိုင်းကို အာနာပါနကျင့်စဉ်ပိုင်းကို အစပြုကာ သမထပိုင်းကျင့်စဉ် အချို့ကို ရေးသားတင်ပြပေအံ့။</p> <p>ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်စသည့် ထိုထိုဒေသနာတော်တို့၌ သမထပိုင်း အာနပါနကျင့်စဉ်ကို အားထုတ်ရာဝယ် ဝင်သက်လေ+ ထွက်သက်လေ၏ -----</p> <p>၁။ အရှည်ကို သိအောင်,</p> <p>၂။ အတိုကို သိအောင်,</p> <p>၃။ အစ-အလယ်-အဆုံး-အကုန်လုံးကို ထင်ထင်ရှားရှား သိအောင်,</p> <p>၄။ ဝင်သက်လေ+ထွက်သက်လေကို ငြိမ်အောင် ငြိမ်းအောင် ကျင့်ရန် ညွှန်ကြားထားတော်မူ၏။ (မ၊၂၊၈၈ ...)</p> <p>ဤ၌ အသက်ရှူနှေးမှုကို အရှည်ဟုလည်းကောင်း, အသက်ရှူမြန်မှုကို အတိုဟုလည်းကောင်း ဆိုလိုပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၆၃-၂၆၄။ မဟာဋီ၊၁၊၃၁၈။) အသက်ရှူသည့်အခါ အချိန်ခပ်ကြာကြာ ရှူမှုနှင့် အချိန်ခပ်တိုတို ရှူမှုကို ဆိုလိုပေသည်။</p> <p>ယောဂါဝစရပုဂ္ဂိုလ်သည် အသက်ရှူနှေးလျှင်လည်း ဝင်သက်လေ+ ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင်, အသက်ရှူ မြန်လျှင်လည်း ဝင်လေ+ထွက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ဝင်သက်လေ+ထွက်သက် လေ ထိမှုထင်ရှားသည့် နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းအရပ်က စောင့်၍ ဝင်လေ+ထွက်လေအာရုံ၌ သတိကပ်ကာ ရှုနေပါ။</p> <p><b>ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ ဘာဝနာ သမ္ပဇ္ဇတိ။</b> (ဝိသုဒ္ဓိ၊၁၊၂၇၁။)</p> <p>= ဝင်သက်လေ+ထွက်သက်လေ ထိမှု ထင်ရှားသည့် နှာသီးဖျား, သို့မဟုတ် အထက်နှုတ်ခမ်းအရပ်မှ စောင့်၍ ဝင်သက်လေ+ထွက်သက်လေ အာရုံ၌ သတိကပ်ကာ ပွားများအားထုတ်သူ၏ သန္တာန်၌သာလျှင် အာနာပါနဿတိ သမာဓိဘာဝနာသည် ပြည့်စုံနိုင်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)</p> <p>ဤစည်းကမ်းသတ်မှတ်ချက်ကား အလွန် အရေးကြီးလှပေသည်။ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းအရပ်မှ စောင့်၍ အသက်ရှူနှေးသည် ဖြစ်စေ, မြန်သည်ဖြစ်စေ ဝင်သက်လေ+ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် သတိဖြင့် ကပ်၍ ရှုနေပါ၊ ထိုသို့ ရှုရာ၌ အသက်ရှူ နှေးအောင် သို့မဟုတ် အသက်ရှူ မြန်အောင် မကြိုးစားပါနှင့်၊ ပင်ကိုယ်သဘာဝအတိုင်းသာ အသက်ရှူကာ ရှုနေပါ။ ထိုသို့ ရှုရာ၌ ဝင်သက်လေ+ထွက်သက်လေ၌ တည်ရှိသော မာမှု, ကြမ်းမှု, လေးမှု, ပျော့မှု, ချောမှု, ပေါ့မှု, ယိုစီးမှု, ဖွဲ့စည်းမှု, ပူမှု, အေးမှု, ထောက်ကန်မှု, တွန်းကန်မှုဟူသော ဓာတ်သဘောတရားများကို နှလုံးမသွင်းပါနှင့်၊ ယင်း ဓာတ်သဘောတရားများကို နှလုံးသွင်းပါက ဓာတ်ကမ္မဋ္ဌာန်း ဖြစ်သွား ပေသည်။ အာနာပါနကမ္မဋ္ဌာန်းနှင့် ဓာတ်ကမ္မဋ္ဌာန်းကို မရောယှက်အောင် သတိပြုပါ။</p> <p>ဝင်သက်လေ+ထွက်သက်လေဟူသော ပညတ်အာရုံ၌သာ ဘာဝနာစိတ်ကို ကပ်ကာ သမာဓိကို ထူထောင်ပါ။ အကယ်၍ သမာဓိကို ထူထောင်၍ မရနိုင်ဘဲ စိတ် အပြင်အာရုံတို့သို့ အရောက်များနေပါက ရေတွက်ခြင်း (=ဂဏနာ)နည်းကို အသုံးပြုရန် အဋ္ဌကထာများက အကြံပြုထားပေသည်။ ဝင်သက်လေ+ထွက်သက်လေ နှစ်ခုပေါင်းကို တစ် ..စသည်ဖြင့် ရေတွက်ပါ။ ငါးနှင့် တစ်ဆယ်အကြား နှစ်ခြိုက်ရာ နေရာတွင် ရပ်နားနိုင်သည်။ (ဝိသုဒ္ဓိ၊၁၊၂၇၀။)</p> <p>ရေတွက်ခြင်း (= ဂဏနာ)နည်း၏ အစွမ်းဖြင့်လည်း ဝင်သက်လေ+ ထွက်သက်လေ အာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေတတ်ပါသည်။</p> <p>မရေတွက်ဘဲနှင့် ဖြစ်စေ, ရေတွက်သည့်နည်းဖြင့် ဖြစ်စေ သမာဓိကို ထူထောင်ရာ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဝင်သက်လေ+ထွက်သက်လေ အာရုံ၌ ဘာဝနာစိတ်သည် ငြိမ်သက်စွာ ကပ်၍ တည်နေသော် ယေဘုယျအားဖြင့် ဝင်သက်လေ+ထွက်သက်လေမှာ နူးညံ့သိမ်မွေ့လာတတ်ပါသည်။ အကယ်၍ မသိမ်မွေ့ပါက သိမ်မွေ့စေရမည်ဟူသော အာဘောဂ နှလုံး သွင်းဖြင့် ဝင်သက်လေ+ထွက်သက်လေအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအားထုတ်လိုက်သော် သမာဓိ အားကောင်း လာသောအခါ ဝင်သက်လေ+ထွက်သက်လေမှာ သိမ်မွေ့လာတတ်ပါသည်။</p> <p>ထိုအခါ ယောဂါဝစရပုဂ္ဂိုလ်က သိမ်မွေ့သော လေကို ထင်ရှားအောင် သက်သက် မကြိုးစားပါနှင့်။ ထိုသိမ်မွေ့သော လေ၌ အစမှ အဆုံးထိ တောက်လျှောက်သိနေအောင် ဘာဝနာစိတ်ကို ကပ်ထားပါ။ အသက်ရှူ နှေးလျှင်လည်း သိမ်မွေ့နေသော လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင်, အသက်ရှူမြန်လျှင်လည်း ယင်းသို့မြန်နေသော သိမ်မွေ့နေသော လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင် ရှားရှား သိအောင်သာ ဆက်လက်ကြိုးစားပါ။ ယင်းသိမ်မွေ့သော ဝင်သက်လေ+ထွက်သက်လေအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်တည်နေအောင် ကြိုးစားပါ။ ဤအချိန်အခါမျိုး၌ ဝင်သက်လေ+ထွက်သက်လေမှာ သိမ်မွေ့လွန်းသဖြင့် မထင်မရှား ဖြစ်လာတတ်ပါသည်။ ထိုအခါ ထင်ရှားအောင် အသက်ပြင်းပြင်း မရှူပါနှင့်။ ထိုအခါမျိုး၌ အလွန်အားကောင်းသော ဝင်သက်လေ+ထွက်သက်လေကို အမှတ်ရမှု သတိနှင့် ဝင်သက်လေ+ ထွက်သက်လေကို ကွဲကွဲပြားပြား သိတတ်သော သမ္ပဇဉ်ဉာဏ်ရှိဖို့ လိုအပ်ပေ သည်။</p> <p><b>နာဟံ ဘိက္ခဝေ မုဋ္ဌသတိဿ အသမ္ပဇာနဿ အာနာပါနဿတိဘာဝနံ (အာနာပါနဿတိသမာဓိဘာဝနံ) ဝဒါမိ။</b> (မ၊၃၊၁၂၇။ သံ၊၃၊၂၉၄။)</p> <p>ရဟန်းတို့ ...ဝင်လေ+ထွက်လေကို အမှတ်ရမှု သတိ ကင်းပျောက်နေ သော, ဝင်လေ+ထွက်လေတို့ကို ကွဲကွဲပြားပြား သိတတ်သည့် သမ္ပဇဉ်ဉာဏ် မရှိသော သူအား အာနာပါနဿတိ (= အာနာပါနဿတိသမာဓိ)ဘာဝနာကို ငါဘုရား ဟောတော်မမူပေ။ (မ၊၃၊၁၂၇။သံ၊၃၊၂၉၄။)</p> <p>ထိုအခါမျိုး၌ သတိနှင့် သမ္ပဇဉ်ဉာဏ် အားကောင်းမောင်းသန်ဖို့ လိုအပ်ပေသည်။ သတိသမ္ပဇဉ်ဉာဏ်အား ကောင်းကောင်းဖြင့် ဝင်လေ+ထွက်လေ ထိမှု ထင်ရှားသည့် နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းအရပ်က စောင့်၍ ဝင်လေ+ထွက်လေကို စူးစူးစိုက်စိုက်ရှုကာ သတိကို ကပ်ထားနိုင်ခဲ့သော် သမာဓိလည်း အားကောင်းလာခဲ့သော် မကြာမီ အချိန်ကာလအတွင်းဝယ် အာနာပါနနိမိတ် စ၍ ပေါ်လာတတ်ပါသည်။</p> --- <h3>အခက်အခဲများ</h3> <p>အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၌ နိမိတ်ပေါ်စဝယ် ဝင်သက်လေ+ ထွက်သက်လေနှင့် နိမိတ်မှာ တစ်သားတည်း မဖြစ်ဘဲ ဝင်လေ+ထွက်လေက တခြား, နိမိတ်က တခြား ဖြစ်နေတတ်၏။ နိမိတ်မှာ နှာသီးဖျားမှ တစ်ထွာခန့် တွင်လည်း ပေါ်နေတတ်၏၊ လက်တစ်လုံးခန့် လက်နှစ်လုံးခန့်တွင်လည်း ပေါ်နေတတ်၏၊ နဖူးပေါ်တွင်လည်း ပေါ်နေတတ်၏၊ မျက်မှောင် နှစ်ခုတို့၏ အကြား၌လည်း ပေါ်နေတတ်၏။ အကွာအဝေး အမျိုးမျိုး၌ ပုံသဏ္ဌာန် အမျိုးမျိုး အရောင်အမျိုးမျိုးသော နိမိတ်များ ဖြစ်ပေါ်နေတတ်ကြ၏။ အထက်တွင် ရှင်းပြခဲ့သော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ညွှန်ကြားချက်ကို မမေ့ ပါနှင့်။ ညွှန်ကြားချက်မှာ ဤသို့ဖြစ်၏။</p> <p><b>ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ ဘာဝနာ သမ္ပဇ္ဇတိ။</b> (ဝိသုဒ္ဓိ၊၁၊၂၇၁။)</p> <p>(နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတည်းဟူသော) ဝင်သက်လေ+ ထွက်သက်လေ၏ ထိမှုထင်ရှားရာ ထိမှုထင်ရှားရာ နေရာ၌ အာနပါနကို (= ဝင်သက်လေ+ထွက်သက်လေကို) သိမ်းဆည်းတတ်သော သတိကို ထား၍ (= ရှေးရှူ တည်စေ၍) အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်သော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် အာနာပါနဿတိသမာဓိဘာဝနာသည် ပြီးစီး ပြည့်စုံနိုင်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)</p> <p>ဤအပိုင်းတွင်လည်း ဤစည်းမျဉ်းဥပဒေသကို မမေ့ပါနှင့်။ အလွန် တိကျစွာ လိုက်နာရမည့် စည်းမျဉ်းဥပဒေသ ဖြစ်သည်။</p> <p>တစ်ဖန် ယင်းနိမိတ်၏ အရောင်ကိုလည်း နှလုံး မသွင်းပါနှင့် (ဝိသုဒ္ဓိ၊ ၁၊၂၇၈။) ဤစည်းမျဉ်းဥပဒေသမှာလည်း အလွန်တိကျစွာ လိုက်နာရမည့် စည်းမျဉ်းဥပဒေသ တစ်ခုပင် ဖြစ်သည်။</p> <p>ယင်းသို့ နိမိတ် ဝေးကွာနေရာ၌ နိမိတ်ကို နှလုံးမသွင်းဘဲ ပကတိသော ဝင်သက်လေ+ထွက်သက်လေ၏ ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဟူသော နှစ်နေရာတို့တွင် တစ်နေရာမှ စောင့်၍ ပကတိသော ဝင်သက်လေ+ထွက်သက်လေကိုသာ ရှုနေပါ၊ သမာဓိကို ဆက်လက် ထူထောင်ပါ။ တဖြည်းဖြည်း သမာဓိစွမ်းအင် ပြည့်ဝလာသောအခါ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတွင် မြစ်ဖျားခံ၍ အခြေစိုက်၍ နိမိတ်သည် ကပ်၍ တည်နေပေလိမ့်မည်။ နိမိတ်နှင့် ဝင်သက်လေ+ထွက်သက်လေတို့သည် တစ်သားတည်း ဖြစ်သွားပါက တစ်ခုတည်း ဖြစ်သွားပါက = ဝင်သက်လေ+ ထွက်သက်လေသည်ပင် နိမိတ်, နိမိတ်သည်ပင် ဝင်သက်လေ+ ထွက်သက်လေ ဖြစ်သွားပါက နှာခေါင်းအတွင်းမှ ထွက်လာသော လေသည်ပင် နိမိတ် ဖြစ်သွားပါက ပုံစံမှန်သွားပြီ ဖြစ်သည်။ ထိုအခါ နိမိတ်ကိုပင် အာရုံယူကာ နိမိတ်မှာပင် ဘာဝနာစိတ်ကို ကပ်ကာ သမာဓိကို ဆက်လက် ထူထောင်ပါ။</p> --- <h3>နိမိတ်ကို မကစားပါနှင့်</h3> <p><b>တေသု ဟိ အာနာပါနနိမိတ္တံ တာဝ ဝဍ္ဎယတော ဝါတရာသိယေဝ ဝဍ္ဎတိ၊ ဩကာသေနေ စ ပရိစ္ဆိန္နံ၊ ဣတိ သာဒီနဝတ္တာ ဩကာသေန စ ပရိစ္ဆိန္နတ္တာ န ဝဍ္ဎေတဗ္ဗံ။</b> (ဝိသုဒ္ဓိ၊၁၊၁၀၉။)</p> <p>= နိမိတ်ကို တိုးပွားအောင် မပြုလုပ်သင့်သော ထိုကမ္မဋ္ဌာန်းတို့တွင် အာနာပါနနိမိတ်လည်း ပါဝင်လျက် ရှိ၏။ အာနာပါနနိမိတ်ကို တိုးပွားအောင် ပြုလုပ်ခဲ့သော် လေအစုအပုံသည်သာလျှင် တိုးပွားလာ၏။ အာနာပါန ကမ္မဋ္ဌာန်းကို ပွားများအားထုတ်ရာ၌ ဝင်သက်လေ+ထွက်သက်လေ ထိမှု ထင်ရှားရာ နေရာ၌သာ သတိကို ကပ်ထား၍ (= ရှေးရှု တည်စေ၍) ပွားများရမည်ဟု ယင်းအာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းရမည့်နေရာ (= သတိ ကပ်ထားရမည့်နေရာ)ဖြင့်လည်း ပိုင်းခြား ကန့်သတ်ထား၏။ ဤသို့လျှင် လေ အစုအပုံ တိုးပွားခြင်းဟူသော အပြစ်ရှိသည့်အတွက်ကြောင့်လည်းကောင်း, ဝင်သက်လေ+ထွက်သက်လေ၏ ထိမှု ထင်ရှားရာ နေရာဖြစ်သည့် နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဟူသော သတိကပ်ရမည့် နေရာအရပ်ဖြင့် ပိုင်းခြား သတ်မှတ်ထားသည့်အတွက်ကြောင့်လည်းကောင်း အာနာပါနနိမိတ်ကို တိုးပွားအောင် မပြုလုပ်ပါနှင့်။ (ဝိသုဒ္ဓိ၊၁၊၁၀၉။)</p> <p>ဤစည်းမျဉ်းဥပဒေသမှာလည်း ရိုသေစွာ ဦးထိပ်ရွက်ပန်ဆင်၍ လိုက်နာ ရမည့် စည်းမျဉ်းဥပဒေသ တစ်ခုပင် ဖြစ်သည်။ ထိုကြောင့် ယောဂါဝစရ ပုဂ္ဂိုလ်သည် ယင်း အာနာပါနနိမိတ်ကို ကြီးသွားအောင်, သေးသွားအောင်, ရှည်အောင်, တိုအောင်, ဝေးအောင်, နီးအောင်, ဖြူအောင်, ဝါအောင်, နီအောင်, ပြာအောင် ဤသို့ စသည်ဖြင့် မကြိုးစားပါနှင့်။ ယင်းသို့ ကြိုးစား နေခဲ့သော် ယောဂါဝစရပုဂ္ဂိုလ်က အလိုရှိနေသော အာနာပါနစျာန်သို့ကား မရောက်ရှိနိုင်တော့ပေ။ ဝီရိယလွန်သော် ဥဒ္ဓစ္စဟူသည့် အဆိုအတိုင်း နိမိတ်ကို ပုံသဏ္ဌာန်အမျိုးမျိုး အရောင်အမျိုးမျိူးဖြစ်အောင် ကြောင့်ကြစိုက်နေရသဖြင့် အာရုံအမျိုးမျိုးသို့ စိတ်ပျံ့လွင်နေမှု ဥဒ္ဓစ္စနီဝရဏတရားက နေရာခပ်များများ ယူထားသောကြောင့်ပင် ဖြစ်ပေသည်။</p> --- <h3>ရှောင်ရှားရန်</h3> <p><b>အထာနေန တံ နိမိတ္တံ နေဝ ဝဏ္ဏတော မနသိကာတဗ္ဗံ၊ န လက္ခဏတော ပစ္စဝေက္ခိတဗ္ဗံ။</b> (ဝိသုဒ္ဓိ၊၁၊၂၇၈။)</p> <p>အာနာပါနကမ္မဋ္ဌာန်း၌ ပရိကမ္မနိမိတ်, ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ်ဟု နိမိတ်သုံးမျိုး ရှိ၏။ နိမိတ်ဟူသည် သမာဓိဖြစ်ဖို့ရန် သို့မဟုတ် သမာဓိ၏ အာရုံ အကြောင်းတရားဟု ဆိုလို၏။</p> <p>၁။ ပရိကမ္မနိမိတ် --- ပကတိသော ဝင်သက်လေ+ထွက်သက်လေသည်လည်း ပရိကမ္မနိမိတ် မည်၏။ အာနာပါနကမ္မဋ္ဌာန်းကို အထက်တွင် တင်ပြခဲ့သည့် ဘုရားရှင် ညွှန်ကြားတော်မူသည့်အတိုင်း အစဉ်အတိုင်း ကျင့်သဖြင့် သမာဓိ အားကောင်းလာသောအခါ ဘာဝနာ၏ စွမ်းဟုန်ကြောင့် ဖြစ်ပေါ်လာသော မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ်ရှိသော အာနာပါနနိမိတ် သည်လည်း ပရိကမ္မနိမိတ် မည်၏။</p> <p>၂။ ဥဂ္ဂဟနိမိတ် --- ဘာဝနာစွမ်းဟုန်ကြောင့်ပင် ဖြစ်ပေါ်လာသော ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူဖွေးနေသော အာနာပါနနိမိတ်သည် ဥဂ္ဂဟနိမိတ် မည်၏။ (အခြားအရောင်များလည်း ဖြစ်နိုင်သည်။)</p> <p>၃။ ပဋိဘာဂနိမိတ် --- ဘာဝနာစွမ်းဟုန်ကြောင့်ပင် ဖြစ်ပေါ်လာသော သောက်ရှူးကြယ်ကဲ့သို့ အလွန် ကြည်လင်တောက်ပနေသော အာနာပါနနိမိတ်သည် ပဋိဘာဂနိမိတ် မည်၏။ (အခြားအရောင်များလည်း ဖြစ်နိုင် သည်၊၊)</p> <p>ယောဂါဝစရပုဂ္ဂိုလ်သည် အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ်ရှိသော ပရိကမ္မနိမိတ်, ဖြူဆွတ်နေသော ဥဂ္ဂဟနိမိတ်, ကြည်လင်တောက်ပနေသော ပဋိဘာဂနိမိတ်တို့ ဖြစ်ပေါ်လာသော အခါ ယင်းနိမိတ်ကို အရောင်အားဖြင့် နှလုံးမသွင်းပါနှင့် (= ယင်းနိမိတ်တို့၏ အရောင်ကို နှလုံးမသွင်းပါနှင့်။) နှလုံးသွင်းခဲ့သော် အရောင်ကသိုဏ်းဘက်သို့ ကူးသွားမည်။ သို့သော် တကယ့်အရောင်ကသိုဏ်းလည်း မဖြစ်နိုင်။ အရောင် ကသိုဏ်း ပြုလုပ်နိုင်သော အာရုံနိမိတ်တို့တွင် ယင်း အာနာပါနနိမိတ် မပါဝင်သောကြောင့် ဖြစ်၏။ (၁)</p> <p>မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့ ဟူသော ပထဝီဓာတ်၏ သဘာဝလက္ခဏာ, ယိုစီး-ဖွဲ့စည်း ဟူသော အာပေါဓာတ်၏ သဘာဝလက္ခဏာ, ပူ-အေး ဟူသော တေဇောဓာတ်၏ သဘာဝလက္ခဏာ, ထောက်ကန်မှုဟူသော ဝါယောဓာတ်၏ သဘာဝလက္ခဏာဟု ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာများ ရှိကြ၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ပကတိသော ဝင်သက်လေ+ထွက်သက်လေ အဝင်အပါဖြစ်သော ပရိကမ္မနိမိတ်, ဥဂ္ဂဟ နိမိတ်, ပဋိဘာဂနိမိတ်ဟူသော ယင်းနိမိတ်အားလုံးကို သဘာဝလက္ခဏာ အားဖြင့်လည်း နှလုံးမသွင်းပါနှင့် (= ယင်း အာနာပါနနိမိတ်အားလုံး၌ တည်ရှိ သော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ၌လည်း နှလုံးမသွင်းပါနှင့်)။နှလုံးသွင်းခဲ့သော် ဓာတ်ကမ္မဋ္ဌာန်း ဖြစ်သွားမည်။ အာနာပါနကမ္မဋ္ဌာန်း မဖြစ်တော့ပေ။ သို့သော် ဓာတ်ကမ္မဋ္ဌာန်းမှာလည်း အာနာပါန တစ်ခုတည်း၌ တည်ရှိသော ဓာတ်လေးပါးမျှလောက်ကိုသာ ရှုရုံမျှဖြင့် မလုံလောက်သည်သာ ဖြစ်၏။ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း၌ကာ တစ်ကိုယ်လုံးကို ခြုံငုံ၍ ဓာတ်ကြီး လေးပါးတို့၏ သဘာဝလက္ခဏာကို ရှုရ၏။ ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်း၌ကား (၄၂)ကောဋ္ဌာသတို့တွင် ကောဋ္ဌာသ တစ်ခုစီ တစ်ခုစီ၌ ခြုံငုံ၍ ဓာတ်ကြီးလေးပါတို့၏ သဘာဝလက္ခဏာကို ရှုရ၏။ (၂)</p> <p>အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာဟူသော လက္ခဏာ သုံးပါးတို့သည် ဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရသော သင်္ခါရတရား အားလုံးတို့နှင့် သက်ဆိုင်သောကြောင့် အများဆိုင် သာမညလက္ခဏာ မည်၏။ယောဂါဝစရပုဂ္ဂိုလ်သည် ပကတိသော ဝင်သက်လေ+ထွက်သက်လေ အဝင်အပါ ဖြစ်သော ယင်းအာနာပါနနိမိတ်အားလုံးကို သာမညလက္ခဏာအားဖြင့်လည်း နှလုံးမသွင်းပါနှင့်။ အနိစ္စဟု ဒုက္ခဟု အနတ္တဟု လက္ခဏာရေး သုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ မရှုပွား မသုံးသပ်ပါနှင့်။ အကြောင်းမူ ဝိပဿနာဟူသည် ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော ပရမတ် သင်္ခါရတရားတို့ကိုသာလျှင် လက္ခဏာရေး သုံးတန် တစ်လှည့်စီ တင်ကာ ရှုပွားသုံးသပ်ရသော လုပ်ငန်းခွင် ဖြစ်၏။ ပကတိသော ဝင်သက်လေ+ ထွက်သက်လေ အဝင်အပါ ယင်းအာနာပါနနိမိတ် အားလုံးတို့သည်ကား သမူဟပညတ် သဏ္ဌာနပညတ် စသော ပညတ် မစင်သေးသည့် ပညတ် အတုံးအခဲတို့သာ ဖြစ်ကြသေး၏။ ပညတ်တရားတို့မည်သည်မှာ ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ မဟုတ်ကြလေကုန်။ ထိုကြောင့် ယင်းနိမိတ်တို့၌ သာမညလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။ (၃)</p> <p>ထိုကြောင့် ပကတိသော ဝင်သက်လေ+ထွက်သက်လေကို အာရုံပြု၍ ဝင်လေ ဖြစ်-ပျက် အနိစ္စ၊ ထွက်လေ ဖြစ်-ပျက် အနိစ္စ ဟု မရှုပါနှင့်။ <b>ဃန</b>ဟူသည့် ရုပ်အတုံးအခဲ မပြိုသေးသော ပကတိသော ဝင်သက်လေ+ ထွက်သက်လေကား ပညတ်သာတည်း။</p> <p><b>အဿာသပဿာသာ စိတ္တသမုဋ္ဌာနာဝ။</b> (ဝိသုဒ္ဓိ၊၁၊၃၄၆။)</p> <p><b>စိတ္တဇေ အဿာသပဿာသကောဋ္ဌာသေပိ ဩဇဋ္ဌမကဉ္စေဝ သဒ္ဒေါ စာတိ နဝ။</b> (ဝိသုဒ္ဓိ၊၂၊၂၂၃။)</p> <p>ယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကမ္မဋ္ဌာန်းအကျယ်နည်းကို အောင်မြင်စွာ ရှုပွားနိုင်သော် စိတ်ကြောင့်ဖြစ်သည့် ပကတိသော ဝင်သက်လေ+ထွက်သက်လေဟူသော အဿာသပဿာသကောဋ္ဌာသ၌ ဓာတ်ကြီး လေးပါးကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ သမာဓိစွမ်းအင် ပြည့်ဝလာသောအခါ ဝင်သက်လေ+ထွက်သက်လေကို မတွေ့တော့ဘဲ ရုပ်ကလာပ်အမှုန်များကို သာ တွေ့ရှိမည် ဖြစ်ပေသည်။ ယင်း ရုပ်ကလာပ်တို့၌ တည်ရှိသော ပရမတ် ရုပ်တရားတို့ကို ဆက်လက်သိမ်းဆည်းနိုင်ပါက ရုပ်ကလာပ် တစ်ခုစီ တစ်ခုစီ၌ ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ = အရောင်, ဂန္ဓ = အနံ့, ရသ = အရသာ, ဩဇာ = အဆီအစေး, သဒ္ဒ = အသက်ရှူသံဟု (၉)မျိုးသော ရုပ်ကလာပ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်မည် ဖြစ်ပေသည်။ ယင်း (၉) မျိုးသော ရုပ်တရားတို့ကား လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ကောင်းသော ရုပ်တရားတို့ ဖြစ်ကြ၏၊ ပရမတ္ထရုပ်တရားတို့ ဖြစ်ကြ၏။ ယင်းပရမတ္ထတရားတို့ကို မသိမ်းဆည်းနိုင်ဘဲ ဉာဏ်ဖြင့် ပိုင်းခြား မယူနိုင်ဘဲ မသိဘဲ မမြင်ဘဲ ပကတိသော ဝင်သက်လေ+ထွက်သက်လေ အဝင်အပါ ယင်းအာနာပါနနိမိတ်အားလုံးကို လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာရှုပွားသုံးသပ်ပါက တကယ် ဝိပဿနာအစစ် မဟုတ်ဟု မှတ်သားပါလေ။</p> --- <h3>အာနာပါနနိမိတ် အမျိုးမျိုး</h3> <p>ဤအာနာပါနနိမိတ်သည်ကား ခပ်သိမ်းကုန်သော သူတို့အား တစ်ချက်တည်း ထပ်တူသည်မဖြစ်ပေ၊ အမျိုးမျိုးပေါ်တတ်၏။အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ချမ်းသာသော အတွေ့အထိကို ဖြစ်စေလျက် -----</p> <p>၁။ လဲဝါဂွမ်းကဲ့သို့ (ဥဂ္ဂဟနိမိတ်)</p> <p>၂။ ဗိုင်းဝါဂွမ်းကဲ့သို့ (ဥဂ္ဂဟနိမိတ်)</p> <p>၃။ လေအလျဉ်ကဲ့သို့ (ဥဂ္ဂဟနိမိတ်)</p> <p>၄။ သောက်ရှူးကြယ်ရောင်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)</p> <p>၅။ ပတ္တမြားလုံးကဲ့သို့ (ပဋိဘာဂနိမိတ်)</p> <p>၆။ ပုလဲလုံးကဲ့သို့ (ပဋိဘာဂနိမိတ်) ထင်လာတတ်၏။</p> <p>အချို့သော ယောဂါဝစရ ပုဂ္ဂိုလ်အား ကြမ်းတမ်းသော အတွေ့အထိ ရှိသည်ဖြစ်၍ ----</p> <p>၇။ ဝါရိုးကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)</p> <p>၈။ သစ်သားနှစ် တံကျင်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်) ထင်လာတတ်၏။</p> <p>အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ----</p> <p>၉။ ရှည်စွာသော ဆောက်လုံး ကြိုးမျှင်ကဲ့သို့,</p> <p>၁၀။ ပန်းဆိုင်းကဲ့သို့,</p> <p>၁၁။ မီးခိုးညွန့်ကဲ့သို့,</p> <p>၁၂။ ကျယ်ပြန့်သော ပင့်ကူချည်မျှင်ကဲ့သို့,</p> <p>၁၃။ တိမ်တိုက်လွှာကဲ့သို့,</p> <p>၁၄။ ပဒုမ္မာကြာပွင့်ကဲ့သို့,</p> <p>၁၅။ ရထားစက်ဘီးကဲ့သို့,</p> <p>၁၆။ လဝန်းကဲ့သို့,</p> <p>၁၇။ နေဝန်းကဲ့သို့ ထင်လာတတ်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၇။မဟာဋီ၊၁၊၃၃၅။)</p> <p>အမှတ် (၉ )မှ (၁၇)အထိ အားလုံးသော နိမိတ်တို့သည် ဥဂ္ဂဟနိမိတ်+ ပဋိဘာဂနိမိတ်တို့ ဖြစ်ကြ၏။</p> <p>တစ်ခုသာတည်းလျှင်ဖြစ်သော တစ်မျိုးတည်းသာလျှင်ဖြစ်သော ဤ အာနာပါနကမ္မဋ္ဌာန်းသည် နိမိတ် မထင်မီ, နိမိတ်ထင်သည်မှ ရှေးမဆွက ဖြစ်ကုန်သော သညာတို့၏ ထူးထူးထွေထွေ ကွဲပြားမှု ရှိသည်၏အဖြစ်ကြောင့် တစ်ဦးနှင့်တစ်ဦး တစ်ချိန်နှင့်တစ်ချိန် မတူညီဘဲ နိမိတ်အမျိုးမျိုး ထင်လာရခြင်း ဖြစ်၏။ မှန်ပေသည် ဤအာနာပါနနိမိတ်သည် အာနာပါနဿတိသမာဓိဘာဝနာသညာကြောင့် ဖြစ်ပေါ်လာရ၏ (= ဘာဝနာသညာဖြင့် မှတ်အပ် ကြံအပ်ကာမျှ ဖြစ်၏)၊ ဘာဝနာသညာဟူသော အကြောင်းရင်း ရှိ၏၊ ဘာဝနာသညာဟူသော အမွန်အစ ရှိ၏။ ထိုကြောင့် ဘာဝနာသညာ ထူးထွေ ကွဲပြားမှု ရှိသောကြောင့် နိမိတ်အမျိုးမျိုး ထင်လာရခြင်း ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊ ၂၊၂၇၇။မဟာဋီ၊၁၊၃၃၅။)</p> <p>အာနာပါနဿတိသမာဓိဘာဝနာသည် ရင့်ကျက်လာသောအခါ ခိုင်မြဲလာသောအခါ နက်ရှိုင်းလာသောအခါ နိမိတ်မပေါ်မီ ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် နိမိတ်နှင့်ပတ်သက်၍ တစ်ဆင့်ကြားဖူး၍ ဖြစ်စေ, စာပေကို ဖတ်ဖူး၍ ဖြစ်စေ ဤသို့သော နိမိတ်, ဤသို့သော နိမိတ် စသည်ဖြင့် နိမိတ်နှင့် ပတ်သက်သော အယူအဆ အတွေးအခေါ်များ အမှတ်သညာများ သည် ရံခါ ကြိုးကြားကြိုးကြား ဖြစ်ပေါ်လာတတ်၏။ ယင်း အမှတ်သညာ တို့၏ ထူးထွေ ကွဲပြားမှုကြောင့် နိမိတ်အမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုး အရောင် အမျိုးမျိုး ဖြစ်ပေါ်လာရခြင်း ဖြစ်၏။ နိမိတ်ပေါ်လာပြီး နောက်ပိုင်း၌လည်း ဘာဝနာသညာက ထပ်မံ၍ ကွဲပြားနေပြန်လျှင်လည်း သမာဓိလည်း အားကောင်းမောင်းသန်ပါက စိတ်ကူးသည့်အတိုင်း နိမိတ်မှာ ပုံသဏ္ဌာန်အမျိုးမျိုး အရောင်အမျိုးမျိုး ပြောင်းလဲနေတတ်ပေသည်။ ထိုကဲ့သို့ အပြောင်းအလဲ များနေပါက စျာန်သမာဓိသို့ ရောက်ရှိဖို့ရန် အခက်ခဲများစွာ ရှိနိုင်ပေသည်။</p> <p>ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် နိမိတ်နှင့် ပတ်သက်သည့် သညာ များကို နည်းနိုင်သမျှ နည်းအောင် ကြိုးစားပါ။ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတွင် ကပ်၍ ပေါ်နေသော ပကတိသော ဝင်သက်လေ ထွက်သက်လေမှဖြစ်ပေါ်လာသော နိမိတ်၌သာ ဘာဝနာစိတ်ကို ကပ်၍တည်နေအောင် ကြိုးစားပါ။ ရေပြည့်နေသော ဖလ်ခွက်တစ်ခု အတွင်းသို့ ပတ္တမြားတစ်လုံးကို သို့မဟုတ် ပုလဲတစ်လုံးကို နှစ်ထားသကဲ့သို့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတွင် ကပ်၍ တည်နေသော နိမိတ်အတွင်း၌သာ ဘာဝနာစိတ်ကို နှစ်ထားပါ။ ယင်း နိမိတ်ကိုသာ စူးစူးစိုက်စိုက် မြဲမြဲမြံမြံ ရှုနေပါ။ တစ်နာရီ နှစ်နာရီစသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားပါ။</p> --- <h3>ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်</h3> <p>ယေဘုယျအားဖြင့် ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော နိမိတ်မှာ ဥဂ္ဂဟနိမိတ်ဖြစ်၏။ ဥဂ္ဂဟနိမိတ်ကား မကြည်ပေ။ ဆွတ်ဆွတ်ဖြူရာမှ သောက်ရှူးကြယ်ကဲ့သို့ တောက်ပနေသော ဖန်တုံး မှန်တုံးကဲ့သို့ အလွန် ကြည်လင်တောက်ပနေသော နိမိတ်ကား ပဋိဘာဂနိမိတ်တည်း။ ပတ္တမြားလုံး ကဲ့သို့ ထင်လာရာ၌ မကြည်သော ပတ္တမြားလုံးကဲ့သို့သော နိမိတ်ကား ဥဂ္ဂဟနိမိတ်တည်း၊ ကြည်လင်တောက်ပနေသော ပတ္တမြားလုံးကဲ့သို့သော နိမိတ်ကား ပဋိဘာဂနိမိတ်တည်း။ ကြွင်းကျန်သော အရောင်တို့၌လည်း နည်းတူ သဘောပေါက်ပါ။</p> <p>အထက်တွင် ဖော်ပြထားသော နိမိတ်အမျိုးမျိုးတို့တွင် အမှတ် (၁၁) အဖြစ် ဖော်ပြထားသော နိမိတ်မှာ မီးခိုးညွန့်ကဲ့သို့သော နိမိတ် ဖြစ်၏။ ယင်း နိမိတ်၌ ညစ်ထပ်ထပ် မီးခိုးရောင်နိမိတ်ကား ပရိကမ္မနိမိတ်တည်း။ ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူသော မီးခိုးညွန့်ရောင်နိမိတ်ကား ဥဂ္ဂဟနိမိတ်တည်း။ ကြည်လင်တောက်ပသော မီးခိုးညွန့်ရောင်နိမိတ်ကား ပဋိဘာဂနိမိတ်တည်း။</p> <p>ထိုနိမိတ်တို့ ဖြစ်ပေါ်လာရာ၌ ဆင်စွယ်ကဲ့သို့သော ပုံသဏ္ဌာန်ဖြင့် နှာသီးဝမှ စ၍ အပြင်ဘက်သို့ အတန်းလိုက် ပေါ်လာရာ၌ကား ယင်း နိမိတ်နောက်သို့ စိတ်ကို မလိုက်ဘဲ နှာသီးဝနှင့် အနီးကပ်ဆုံး နေရာ၌ တည်ရှိနေသည့် နိမိတ်အတွင်း၌သာ ဘာဝနာစိတ်ကို သွတ်သွင်းထားပါ။ စိုက်ကြည့်နေပါ။ သို့သော် မျက်စေ့ဖြင့် စိုက်မကြည့်ဘဲ စိတ်ဖြင့်သာ စိုက်ကြည့် ပါ။ မျက်စေ့ဖြင့် စိုက်ကြည့်ဖန်များလာပါက မျက်လုံးများ အောင့်လာတတ်၏။ နိမိတ်က တောက်ပလာသောအခါ အရောင်က မျက်လုံးကို တိုက်ရိုက် ခတ်နေသဖြင့် မျက်ရည်များ ကျကာ သမာဓိလည်း လျှောကျသွားတတ်၏။</p> <p>နှာခေါင်း၏ အတွင်းဘက်သို့ တည်ရှိနေသော နိမိတ်၌လည်း နှာခေါင်းအတွင်းဘက်သို့တိုင်အောင် လိုက်မကြည့်ဘဲ နှာသီးဝနှင့် အနီးကပ်ဆုံး နေရာ ၌ တည်ရှိသည့် နိမိတ်၌သာ ဘာဝနာစိတ်ကို ကပ်ထားပါ။ အတွင်းဘက် အပြင်သို့ ပျံ့နှံ့နေသော နိမိတ်ကို သိတန်သလောက် သိမှုကား ရှိကောင်း ရှိနိုင်၏။ သို့သော် နှာသီးဝတွင် ကပ်နေသော နိမိတ်အတွင်း၌သာ ဘာဝနာစိတ် နစ်မြုပ်နေဖို့သာ လိုရင်း ဖြစ်ပေသည်။</p> <p>ထိုနိမိတ်အတွင်း၌ ဘာဝနာစိတ်သည် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ထိုင်တိုင်းလိုလို ငြိမ်ဝပ်စွာ ကပ်၍ တည်လာပါက ထိုနိမိတ်မှာလည်း တစ်စတစ်စ တဖြည်းဖြည်း ကြည်လင်သည်ထက် ကြည်လင်ကာ တောက်ပသည်ထက် တောက်ပလာပေလိမ့်မည်။ အထူးကြည်လင် တောက်ပလာသော ထိုနိမိတ်ကား ပဋိဘာဂနိမိတ်တည်း။ ထိုအခါ ဥပစာရသမာဓိသို့ ဆိုက်ပုံကို ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာက ဤသို့ ရှင်းပြထား၏။</p> <p>ဤသို့ ပဋိဘာဂနိမိတ် ထင်သည့်အခါမှ စ၍ ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ နီဝရဏကိလေသာ အညစ်အကြေးတို့သည် ခွာအပ်ပြီးသာလျှင် ဖြစ်ကုန်၏။ နီဝရဏမှ ကြွင်းသော ကိလေသာတို့သည်လည်း အနည်ထိုင်သွားကြကုန်သည်သာ ဖြစ်ကုန်၏။ အာနာပါနဿတိသည်လည်း ယင်း အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ ရှေးရှု တည်နေသည်သာလျှင်, ကပ်၍ တည်နေသည်သာလျှင် ဖြစ်၏။ ဘာဝနာစိတ်သည် ဥပစာရသမာဓိဖြင့် အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ကောင်းစွာ တည်နေသည်သာလျှင် ဖြစ်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၈။)</p> <p>ထိုအခါ၌ ဤယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာနာပါနနိမိတ်ကို ဝါဂွမ်းစိုင် သောက်ရှူးကြယ် စသည်တို့၌ကဲ့သို့ ထင်လာသော အဖြူရောင် စသော အရောင်အဆင်းအားဖြင့်လည်း နှလုံးမသွင်းပါနှင့်။ သဘာဝလက္ခဏာ = ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ, အနိစ္စ ဒုက္ခ အနတ္တ ဟူသော သင်္ခါရတရားအားလုံးတို့နှင့် ဆိုင်သော သာမညလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။ (ဝိသုဒ္ဓိ၊၁၊၂၇၈။)</p> --- <h3>သတိပြုရန် အချက်တစ်ရပ်</h3> <p>ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော နှစ်ဆင့်လုံး၌ နိမိတ်နှစ်မျိုးလုံးတို့သည် ခိုင်ခံ့လာသဖြင့် လေနှင့် နိမိတ်တို့သည် တစ်သားတည်း ဖြစ်လာ၍ ထိုနိမိတ်တို့၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစား အားထုတ်သည့် အပိုင်းဝယ် နိမိတ်ကို ကြည့်လိုက်, ဝင်သက်လေ+ထွက်သက် လေကို ကြည့်လိုက် ဤသို့ မပြုလုပ်ပါနှင့်။ ဝင်သက်လေ+ထွက်သက်လေကို လုံးဝ မကြည့်တော့ဘဲ အာနာပါနနိမိတ်၌သာ ဘာဝနာစိတ်ကို ကပ်ထား၍ နိမိတ်ကိုသာ တစ်ဖက်သတ် စိုက်ရှုနေပါ။ အကယ်၍ နိမိတ်က ပျောက်သွားခဲ့သော် ထိုအခါတွင် ဝင်သက်လေ+ထွက်သက်လေကို တစ်ဖန် ပြန်၍ ရှုပါ။ တစ်ဖန် နိမိတ် ပြန်ပေါ်လာ၍ နိမိတ်က ခိုင်ခံ့လာသောအခါ နိမိတ်ကိုသာ တစ်ဖန် ပြန်၍ ရှုနေပါ။ ဤနည်းအတိုင်း လေ့ကျင့်ခဲ့သော် နိမိတ်လည်း ခိုင်လာ၍ တဖြည်းဖြည်း ဥပစာရသမာဓိသို့လည်း ဆိုက်လာမည် ဖြစ်ပေသည်။ လေနှင့်နိမိတ် နှစ်မျိုးလုံးကို ဂရုစိုက်နေပါက ကြည့်နေပါက အာရုံမှာ လေနှင့် နိမိတ်ဟု နှစ်မျိုးဖြစ်နေသဖြင့် သမာဓိမှာ မစူးရှဘဲသော်လည်း ရှိတတ်၏၊ လျှော၍သော်လည်း ကျသွားတတ်၏။ သတိရှိစေ။</p> <p><b>အဿာသပဿာသေ နိဿာယ ဥပ္ပန္နနိမိတ္တမ္ပေတ္ထ အဿာသပဿာသသာမညမေဝ ဝုတ္တံ။</b> (မဟာဋီ၊၁၊၃၁၉၊၊)</p> <p>ပကတိသော အဿာသပဿာသတို့ အမှီပြု၍ သမာဓိ၏ စွမ်းအားကြောင့် ဖြစ်ပေါ်လာသော နိမိတ်ကိုလည်း ဤအရာ၌ အဿာသပဿာသ အမည်ရှိ၏ဟူ၍သာလျှင် ဆိုအပ်၏။ (မဟာဋီ၊၁၊၃၁၉။)</p> <p>ထိုကြောင့် ပကတိသော ဝင်သက်လေ+ထွက်သက်လေကို အာရုံယူကာ သမာဓိကို ထူထောင်လာရာ သမာဓိ ရင့်ကျက်လာသောအခါ ပကတိသော ဝင်သက်လေ+ထွက်သက်လေ (= အဿာသပဿာသ)ကို အမှီပြု၍ ဖြစ်ပေါ် လာသော နိမိတ်ကိုလည်း ဝင်သက်လေ+ထွက်သက်လေ (= အဿာသပဿာသ)ဟုပင် ခေါ်ဆိုနိုင်ပေရကား နိမိတ်ကို အာရုံယူကာ ဆက်လက်၍ သမာဓိကို ထူထောင်ရာ၌ အာနာပါနကမ္မဋ္ဌာန်းကို ပွားများနေသည်ဟူ၍ပင် ဆိုရပေသည်။</p> <p>အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်သဖြင့် ဥပစာရသမာဓိသို့ ဆိုက်ရောက်လာသော ယောဂါဝစရ ပုဂ္ဂိုလ်သည် စင်စစ်သော်ကား ခတ္တိယမဟေသီ မိဖုရားခေါင်ကြီးသည် စကြဝတေးမင်းလောင်း ကိုယ်ဝန်ကို (ဖန်ပေါင်းချောင် အတွင်း၌ တည်နေသကဲ့သို့ မြင်တွေ့နေရသဖြင့် မပျက်စီးအောင်)စောင့်ရှောက်အပ်သကဲ့သို့လည်းကောင်း, လယ်သမားသည် သလေး မုယောစပါးဖုံးကို စောင့်ရှောက်အပ် သကဲ့သို့လည်းကောင်း ထိုအာနာပါနပဋိဘာဂနိမိတ်ကို စောင့်ရှောက်ပါ၊ ယင်းပဋိဘာဂနိမိတ်ကိုပင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ နှလုံးသွင်းပါ၊ ယင်းသို့ နှလုံးသွင်းခြင်းဖြင့် ယင်း ဥပစာရသမာဓိကို မပျက်စီးအောင် ထိန်းသိမ်း စောင့်ရှောက်ပါ။ ဝီရိယနှင့် သမာဓိ, သဒ္ဓါနှင့် ပညာတို့ကို ညီမျှအောင် သတိဖြင့် ထိန်းကွပ်လျက် ဣန္ဒြေငါးပါး ညီမျှအောင် ကြိုးစားပါ။ ယင်းသို့ ကြိုးစားအားထုတ်ခဲ့သော် ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စတုက္ကစျာန် ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်လာကြကုန်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၈။)</p> --- <h3>ဣန္ဒြေငါးပါးတို့ကို ညီမျှအောင်ကျင့်ပုံ</h3> <p>ဤအပိုင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၁၊၁၂၅-၁၂၆။)နှင့် မဟာဋီကာ (မဟာဋီ၊၁၊၁၅၀-၁၅၄။)တို့ကို မှီငြမ်းပြု၍ ရေးသားတင်ပြပေအံ့။</p> <p>သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာဟု ဣန္ဒြေ ငါးပါး ရှိ၏။ ယောဂါဝစရ ပုဂ္ဂိုလ်၏ ဘာဝနာစိတ်အစဉ်ကို နိဗ္ဗာန်သို့ သွားရာ သမထဘာဝနာလမ်းကြောင်း ဝိပဿနာဘာဝနာလမ်းကြောင်းမှ တိမ်းစောင်း၍ ဘေးသို့ ကျမသွားအောင် ထိန်းချုပ်ထားနိုင်သော စွမ်းအားကြီး ငါးရပ်ပင် ဖြစ်၏။ ထိုတွင် သဒ္ဓါဟူသည် ရတနာ သုံးတန်, ကံ-ကံ၏အကျိုးတရား စသည့် ယုံကြည်သင့် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုတို့၌ ယုံကြည်မှုတည်း။ ရတနာ သုံးပါးတို့တွင် ဘုရားရတနာကို ယုံကြည်ရာ၌ ဘုရားရှင်၏ ဗောဓိဉာဏ်တော်မြတ် အပေါ်၌ ယုံကြည်ဖို့လည်း အထူး လိုအပ်ပေသည်။ ဘုရားရှင်၏ အပေါ်၌ ထိုထိုဤဤ ကြံစည်လျက် မယုံကြည်မှုတွေ များပြားနေပါက ယောဂါဝစရပုဂ္ဂိုလ်၏ ဘာဝနာလုပ်ငန်းခွင်သည် တိုးတက်မှု မရှိနိုင်ဘဲ နောက်သို့ ဆုတ်သွားမည်သာ ဖြစ်၏။ ယင်းသို့ သို့လောသို့လော တွေးတောကြံစည်မှု ဝိစိကိစ္ဆာတရားသည် စျာန်သမာဓိကို တားမြစ်နှောင့်ယှက်တတ်သော နီဝရဏအညစ်အကြေး တစ်ခု ဖြစ်သောကြောင့်တည်း။ တရားရတနာကို ယုံကြည်ရာ၌လည်း မဂ်လေးပါး, ဖိုလ်လေးပါး, နိဗ္ဗာန် ဟူသော လောကုတ္တရာတရား ကိုးပါးနှင့်တကွ ဘုရားရှင်ဟောကြားထားတော် မူအပ်သော ပရိယတ်တရားတော်မြတ် အပေါ်၌လည်း ယုံကြည်မှု အပြည့်အဝ ရှိဖို့ကား အထူး လိုအပ်လျက် ရှိ၏။ ဘုရားရှင်၏ ပရိယတ်တရားတော် တို့ကား ဒုက္ခနိရောဓဂါမိနီပဋိပဒါ (= ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်)ဖြစ်သည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့ကို အသေးစိတ် ပြည့်ပြည့်စုံစုံ ညွှန်ကြားပြသထားသော တရားတို့သာ ဖြစ်ကြ၏။ သီလကျင့်စဉ်နှင့်တကွ သမထဘာဝနာ လုပ်ငန်းခွင်ကို လမ်းညွှန်ပေးနေသော တရားတော်တို့သာ ဖြစ်ကြ၏။ ယင်းတရားတော်တို့ အပေါ်၌ ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝ ရှိဖို့ကား ဤအပိုင်းတွင် အထူး လိုအပ်ပေသည်။</p> <p>ဝင်သက်လေ+ထွက်သက်လေကို ရှုနေရုံမျှဖြင့် စျာန်ရသည်ဆိုသည်မှာ ဟုတ်မှဟုတ်ပါ့မလား၊ ဝါဂွမ်းစိုင်ကဲ့သို့ ဖြူဖွေးနေသော ဥဂ္ဂဟနိမိတ်, ရေခဲတုံး ဖန်တုံးမှန်တုံးကဲ့သို့ အလွန် ကြည်လင်တောက်ပနေသော ပဋိဘာဂနိမိတ်တို့ ဖြစ်ပေါ်လာသည်ဆိုသည်မှာ ဟုတ်မှဟုတ်ပါ့မလား --- ဤသို့ စသည်ဖြင့် ဘုရားရှင်၏ တရားတော်အပေါ်၌ မယုံကြည်မှု အဿဒ္ဓိယတရားတွေ အားကောင်းနေလျှင်သော်လည်းကောင်း, ယခုခေတ်ကား စျာန်ရနိုင်သည့်ခေတ် မဟုတ်ဟု ခေတ်ကို လွဲချနေလျှင်သော်လည်းကောင်း ယင်းကဲ့သို့သော ယုံမှားသံသယ ရှိနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သဒ္ဓါတရားမှာ ယုတ်လျော့နေသည် မည်၏။ ယင်းသို့ အားပျော့နေသော သဒ္ဓါတရားက ယောဂီ သူတော်ကောင်း၏ သမထဘာဝနာစိတ်ကို သမထဘာဝနာ လမ်းကြောင်းပေါ်မှ ဘေးသို့ တိမ်းစောင်း၍ ကျမသွားအောင် ထိန်းချုပ်ထားနိုင်သည့် စွမ်းအား မရှိတော့ပေ။</p> <p><b>သမာဓိကမ္မိကဿ ဗလဝတီပိ သဒ္ဓါ ဝဋ္ဋတိ။</b> (ဝိသုဒ္ဓိ၊၁၊၁၂၆။)</p> <p>အာနာပါနကမ္မဋ္ဌာန်းကဲ့သို့ သမထဘာဝနာ တစ်ခုကို ပွားများနေသော သမာဓိကမ္မိက ယောဂါဝစရပုဂ္ဂိုလ်အဖို့ သဒ္ဓါတရား အားကောင်းလျှင်လည်း သင့်မြတ်သည်သာ ဖြစ်၏။ အာနာပါန သမထဘာဝနာလုပ်ငန်းခွင်၌ ဝင်လေ+ထွက်လေ ဟု နှလုံးသွင်းမှုကို ပြုနေရုံမျှဖြင့် အဘယ်မှာလျှင် စျာန်တရားသည် ဖြစ်ပေါ်လာနိုင်ပါအံ့နည်းဟု မကြံစည်တော့ဘဲ ----<b>အဒ္ဓါ သမ္မာသမ္ဗုဒ္ဓေန ဝုတ္တဝိဓိ ဣဇ္ဈိဿတိ</b> == သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည် ဟောကြားထားတော်မူအပ်သော အစီအရင်သည် မချွတ်ဧကန် ပြီးစီး ပြည့်စုံပေလတ္တံ့ -- ဟု ယုံကြည်မှု သဒ္ဓါတရားကို အပြည့်အဝ ဖြစ်စေလျက် အာနာပါနဿတိသမာဓိ ဘာဝနာလုပ်ငန်းရပ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။</p> <p>တစ်ဖန် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု၌ လွတ်လွတ် သက်ဝင်၍ ဆုံးဖြတ်ခြင်း သဒ္ဓါဓိမောက္ခကိစ္စက, အထူးသဖြင့် အာနာပါနဘာဝနာ လုပ်ငန်းခွင်၌ လွတ်လွတ် သက်ဝင်၍ ဆုံးဖြတ်ခြင်း သဒ္ဓါဓိမောက္ခကိစ္စက အလွန် ထင်ရှားနေသောကြောင့်လည်းကောင်း, ပညိန္ဒြေက (= အသိဉာဏ်က) မသန့်ရှင်းသောကြောင့်လည်းကောင်း, ဝီရိယ, သတိ, သမာဓိ ဣန္ဒြေတို့က လျော့လျော့ရဲရဲ ရှိနေခြင်းစသော အကြောင်းတရားကြောင့်လည်းကောင်း သဒ္ဓိန္ဒြေသည် အလွန် အားကောင်းနေ၏။ ထိုအခါ၌ ဝီရိယိန္ဒြေသည် မိမိနှင့် ယှဉ်ဖက် စိတ်+စေတသိက်တည်းဟူသော သမ္ပယုတ်တရားတို့ကို အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံမှ လျှောကျမသွားအောင် ချီးမြှောက်ထားခြင်း ချီးပင့်ထားခြင်း ပဂ္ဂဟလုပ်ငန်းကိစ္စကို မရွက်ဆောင်နိုင်။</p> <p>သတိန္ဒြေသည်လည်း အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံကို အသိဉာဏ်၌ ထင်ထင်ရှားရှား ဖြစ်ပေါ်လာစေခြင်း ဥပဋ္ဌာနကိစ္စကို မရွက်ဆောင်နိုင်။ သမာဓိန္ဒြေသည်လည်း အာနာပါနပဋိဘာဂနိမိတ် ကဲ့သို့သော သမထအာရုံနိမိတ်မှ ပြင်ပအာရုံသို့ ဘာဝနာစိတ်ကို ပျံ့လွင့် မသွားအောင် ရွက်ဆောင်ပေးခြင်း အဝိက္ခေပကိစ္စကို မရွက်ဆောင်နိုင်။ ပညိန္ဒြေသည်လည်း အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံ နိမိတ်ကို ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း သိမြင်နေခြင်း ဒဿနကိစ္စကို ပြုလုပ်အံ့သောငှာ မစွမ်းနိုင်။ ထိုကြောင့် ပရမတ္ထဓမ္မသဘာဝကို ဆင်ခြင် ခြင်းဖြင့်လည်းကောင်း, သဒ္ဓိန္ဒြေ အားကောင်းလောက်အောင် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံကို နှလုံးမသွင်းခြင်းဖြင့်လည်းကောင်း သဒ္ဓိန္ဒြေကို ယုတ်လျော့စေရ၏။</p> <p>ဤအပိုင်း၌ ပရမတ္ထဓမ္မသဘာဝကို မည်သို့ ဆင်ခြင်မည်နည်းဟု မေးရန် ရှိ၏။ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း အဿာသပဿာသ (= ဝင်သက်လေ+ထွက်သက်လေ)ဟူသည် စိတ်ကြောင့်ဖြစ်သည့် စိတ္တဇသဒ္ဒနဝကရုပ် တို့၏ အပေါင်းအစုမျှသာ ဖြစ်၏။ (ဝိသုဒ္ဓိ၊၁၊၃၄၆။ ဝိသုဒ္ဓိ၊၂၊၂၂၃။)</p> <p>ယင်းဝင်သက်လေ+ထွက်သက်လေ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းကာ သမာဓိကို ဆက်လက် ထူထောင်လိုက်ပါက သမာဓိဒီဂရီ စံချိန်မီလာသောအခါ ရုပ်ကလာပ်အမှုန်များကို တွေ့ရှိနိုင်၏။ ယင်း ရုပ်ကလာပ်များကို တစ်ခုစီ တစ်ခုစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာလျက် ကြည့်ရှုနိုင်ခဲ့သော် ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာ, အသံဟု ရုပ်သဘောတရား (၉)မျိုးတို့ကို တွေ့နိုင်၏။ ယင်းရုပ်ပရမတ်တရားတို့၏ ဖြစ်ပြီးလျှင် ပျက်နေသည့် အနိစ္စ သဘာဝ, ဖြစ်ခြင်း ပျက်ခြင်းဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံနေရ သည့် ဒုက္ခသဘာဝ, မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရ အားဖြင့် တည်ရှိနေနိုင်သည့် အတ္တ မဟုတ်သည့် အနတ္တသဘာဝတို့ကို ဆင်ခြင် ရှုပွားပါ။</p> <p>တစ်ဖန် အာနာပါနနိမိတ် (= ပရိကမ္မနိမိတ်, ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ်)ဟူသည်မှာ ယင်းစိတ္တဇရုပ်ကလာပ်တို့၏လည်းကောင်း, ယင်း စိတ္တဇ ရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိသော တေဇောဓာတ် (= ဥတု)ကြောင့် ဆင့်ကဲ ဆင့်ကဲ ဖြစ်ပွားလာကြကုန်သော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တို့၏လည်းကောင်း အပေါင်းအစုမျှသာ ဖြစ်သည်။ တစ်နည်းဆိုရသော် --- ယင်း စိတ္တဇရုပ်ကလာပ် ဥတုဇရုပ်ကလာပ် နှစ်ဖွဲ့တို့၏ ဝဏ္ဏဓာတ် (= ရူပါရုံ)၏ အရောင်အဆင်းနှင့် တကွသော ရုပ်တို့၏ အပေါင်းအစု ဖြစ်၏။ အဇ္ဈတ္တ၌ စိတ္တဇရုပ် ဥတုဇရုပ်တို့၏ အရောင်အဆင်းတည်း။ ဗဟိဒ္ဓ၌ကား ဥတုဇရုပ်တို့၏ အပေါင်းအစုတည်း။ ယင်း ရုပ်တရားတို့၏ အနိစ္စ, ဒုက္ခ, အနတ္တ သဘာဝတို့ကို ဉာဏ်ဖြင့် မတွေ့မြင်နိုင်သေး မရှုနိုင်သေးပါက ဉာဏ်ဖြင့် ဆင်ခြင်ရုံ ဆင်ခြင်ပါ။ ဤသို့သော ပရမတ္ထဓမ္မသဘာဝတို့၏ အနိစ္စ, ဒုက္ခ, အနတ္တသဘာဝကို ဆင်ခြင်ခြင်းဖြင့်လည်း သဒ္ဓိန္ဒြေကို ယုတ်လျော့သွားအောင် ပြုကျင့်ပါ။</p> <p>အကယ်၍ ဝီရိယိန္ဒြေ (= ကြိုးစားအားထုတ်မှု လုံ့လဝီရိယ)က အားကောင်းနေပြန်လျှင်လည်း သဒ္ဓါ, သတိ, သမာဓိ, ပညာတို့သည်လည်း အဓိမောက္ခကိစ္စ, ဥပဋ္ဌာနကိစ္စ, အဝိက္ခေပကိစ္စ, ဒဿနကိစ္စဟူသော မိမိ၏ဆိုင်ရာ လုပ်ငန်းကိစ္စရပ် အသီးအသီးကို မရွက်ဆောင်နိုင်တော့ပေ။ ထိုကြောင့် ပဿဒ္ဓိ သမာဓိ ဥပေက္ခာသမ္ဗောဇ္ဈင်များ (= ကိုယ်စိတ်အေးချမ်းမှု စိတ်တည်ကြည်မှု လျစ်လျူရှုမှု ဗောဇ္ဈင်တရားများ) ဖြစ်ပေါ်လာလောက်အောင် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးပမ်းခြင်းဖြင့် လွန်ကဲနေသော ဝီရိယိန္ဒြေကို ယုတ်လျော့စေရ၏။ သမာဓိနှင့် ပညာတို့ လွန်ကဲရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။</p> <p>ဤအရာ၌ သဒ္ဓါနှင့် ပညာ, သမာဓိနှင့် ဝီရိယတို့၏ ညီမျှမှုကို ပညာရှိ သူတော်ကောင်းတို့က ချီးမွမ်းတော်မူကြ၏။ သဒ္ဓါက အားကောင်း၍ ပညာက နုံ့နေသော် <b>မုဒ္ဓပ္ပသန္န</b> = အနှစ်မမှီး အချည်းနှီးသော အရာဝတ္ထု၌ ကြည်ညိုနေတတ်၏။ တိတ္ထိတို့၏ တပည့်သာဝကတို့ကဲ့သို့ မကြည်ညိုသင့် မကြည်ညိုထိုက်သော အရာဝတ္ထု၌ ကြည်ညိုနေတတ်၏။ အာနာပါနကျင့်စဉ်ဆိုတာ ဤသို့ ဤသို့ ပြုကျင့်ရ၏၊ ပွားများရ၏ဟု ပြောဆိုလာလျှင် မှန်သည် မှားသည်ကို ဝေဖန်ဆန်းစစ်မှု မပြုတော့ဘဲ တလွဲတချော် ကျင့်နေတတ်၏။</p> <p>တစ်ဖန် --- ပညာက အားကောင်း၍ သဒ္ဓါက နုံ့နေပြန်လျှင်လည်း <b>ကေရာဋိကပက္ခ</b> (= ကောက်ကျစ်စဉ်းလဲသည့်ဘက်)သို့ ယိုင်လဲသွားတတ်၏။ ဆေးကြောင့်ဖြစ်သော ရောဂါသည် ကုစားရခက်သကဲ့သို့ ထိုပုဂ္ဂိုလ်မျိုးသည် လည်း ကုစားဖို့ရန် အလွန်ခက်ခဲတတ်၏။ ဒါပေမဲ့ဟူသော စကားလုံးများကို ခပ်များများသုံး၍ ဝေ့လည်ကြောင်ပတ် လုပ်နေတတ်၏။ မလွှဲမရှောင်သာလျှင် မြွေမသေ-တုတ်မကျိုး မူဝါဒကို လက်ခံကျင့်သုံးတတ်၏။ ကောင်းတော့ ကောင်းပါရဲ့၊ မှန်တော့ မှန်ပါရဲ့၊ ဒါပေမဲ့ဟူသော စကားလုံးများဖြင့် နိဂုံးချုပ်တတ်၏။ ဘုရားတရားတော်ကို ကျောခိုင်းနေသူများတည်း။</p> <p>သဒ္ဓါနှင့် ပညာ တရား နှစ်ပါး ညီမျှခဲ့ပါမူကား ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည့် ယုံကြည်သင့် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု၌သာလျှင် ယုံကြည်တတ်၏။ အာနာပါနကျင့်စဉ်ကို ဘုရားဟောအတိုင်း တကယ်လက်တွေ့ စွမ်းစွမ်းတမံ ကျင့်ပါက ပါရမီလည်း အထိုက်အလျောက် အားကောင်းခဲ့ပါမူ အာနာပါနပဋိဘာဂနိမိတ်သို့ ဆိုက်နိုင်၏ဟု ယုံကြည်၏။ စျာန်သို့ ဆိုက်နိုင်၏ဟု ယုံကြည်၏။ ယုံကြည်သင့် ယုံကြည်ထိုက်သော အရာဝတ္ထု၌ ယုံကြည်ခြင်းပင်တည်း။ ယင်းကဲ့သို့သော ယုံကြည်မှု သဒ္ဓါတရားလည်း ရှိ၍ တကယ်လက်တွေ့ အာနာပါနကျင့်စဉ်ကိုလည်း အရိုး ကြွင်းစေ, အရေကြွင်းစေ, အကြောကြွင်းစေ, အသားအသွေးတွေ အကုန် ခန်းခြောက်ချင် ခန်းခြောက်ပါစေ, ယောက်ျားတို့၏ ဇွဲလုံ့လဝီရိယဖြင့် ရနိုင်သည့် အရာဌာနသို့ မရောက်မချင်း ဝီရိယ၏ ရပ်တန့်သွားခြင်းမည်သည် မဖြစ်စေရဟု ဤကဲ့သို့သော အင်္ဂါလေးပါး ရှိသော ဝီရိယ ခြံရံကာ ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်သောအခါ ဉာဏ်ပညာဖြင့် အာနာပါနပဋိဘာဂနိမိတ်ကိုလည်း ထိုးထိုးထွင်းထွင်း သိမြင်ပါမူ ထိုအခါ သဒ္ဓါနှင့် ပညာ တရား နှစ်ပါးတို့ကား ညီမျှမှု ရှိသွားပြီ ဖြစ်၏။</p> <p>တစ်ဖန် သမာဓိက အားကောင်း၍ ဝီရိယက နုံ့နေပြန်လျှင်လည်း သမာဓိသည် ပျင်းရိခြင်း (= ကောသဇ္ဇတရား)၏ ဘက်တော်သားဖြစ်ခြင်းကြောင့် ယောဂီသူတော်ကောင်း၏ စိတ်အစဉ်ကို အာနာပါနဘာဝနာ လုပ်ငန်းခွင်၌ ပျင်းရိခြင်း (= ကောသဇ္ဇတရား)က လွှမ်းမိုး ဖိစီးသွားတတ်၏။ ဝီရိယက အားကောင်း၍ သမာဓိက နုံ့နေပြန်လည်း ဝီရိယသည် စိတ်ပျံ့လွင့်မှု (= ဥဒ္ဓစ္စ)၏ ဘက်တော်သား ဖြစ်ခြင်းကြောင့် ယောဂီသူတော်ကောင်း၏ စိတ်အစဉ်ကို ဥဒ္ဓစ္စတရားက လွှမ်းမိုး ဖိစီးတတ်ပြန်၏။ အာနာပါနအာရုံ, အာနာပါနပဋိဘာဂနိမိတ်အာရုံမှ ဘေးအာရုံ အမျိုးမျိုးသို့ စိတ်ပျံ့လွင့်နေ တတ်၏။ သမာဓိလွန်သော် <b>ကောသဇ္ဇ</b>၊ ဝီရိယလွန်သော် <b>ဥဒ္ဓစ္စ</b> ဟု ရှေးပညာရှိတို့က ဆိုရိုး ပြုတော်မူကြ၏။ အာနာပါနပဋိဘာဂနိမိတ်အာရုံ တစ်ခုတည်းပေါ်၌ စိတ်ကျရောက် တည်ငြိမ်နေမှု (= သမာဓိ)ကို ဝီရိယနှင့် ယှဉ်တွဲပေးလိုက်သော် ယင်းသမာဓိသည် ပျင်းရိခြင်း (= ကောသဇ္ဇ) ၌ ကျရောက်ဖို့ရန် အခွင့်မရနိုင်။ ဝီရိယကို သမာဓိနှင့် ယှဉ်စပ်ပေးလိုက်သော် ယင်းဝီရိယသည် အာနာပါနပဋိဘာဂနိမိတ်အာရုံမှ အခြားအာရုံသို့ စိတ် ပျံ့လွင့်သွားခြင်း (= ဥဒ္ဓစ္စ)၌ ကျရောက်ဖို့ရန် အခွင့်မရနိုင်။ ထိုကြောင့် သမာဓိနှင့် ဝီရိယ နှစ်မျိုးကို ညီမျှအောင် ပြုကျင့်ပါ။ မှန်ပေသည် --- သမာဓိနှင့် ဝီရိယ နှစ်ပါးစုံ ညီမျှခြင်းဖြင့် အပ္ပနာစျာန်သည် ဖြစ်ပေါ်လာနိုင်၏။</p> <p>တစ်နည်း -- သမထကမ္မဋ္ဌာန်းကို ပွားများဆဲ သမာဓိကမ္မိကပုဂ္ဂိုလ်အား စွမ်းအားကြီးမားသော သဒ္ဓါတရားသည်လည်း သင့်သည်သာတည်း။ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ သမာဓိကို ထူထောင်နိုင်ခဲ့သော် အပ္ပနာစျာန်သို့ မုချရောက်ရှိနိုင်၏ဟု အာရုံသို့ အစဉ်တစိုက် ဝင်သွားသကဲ့သို့ လွတ်လွတ် သက်ဝင် ဆုံးဖြတ်သည်၏ အစွမ်းဖြင့် ယုံယုံကြည်ကြည်ဖြင့် အာနာပါနပဋိဘာဂနိမိတ်အာရုံသို့ ပြေးဝင်သွားခဲ့သော် အပ္ပနာစျာန်သို့ ရောက်ရှိပေလတ္တံ့။ စျာန်ကား သမာဓိ ပြဓာန်းသောကြောင့် ဖြစ်၏။ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေသော ပုဂ္ဂိုလ်အဖို့ ပညာသည် စွမ်းအင်ကြီးမားခဲ့ပါမူ သင့်သည်သာတည်း။ ဤသို့ စွမ်းအင်ကြီးမားခဲ့သော် ထိုယောဂါဝစရပုဂ္ဂိုလ်သည် လက္ခဏာရေး သုံးတန်ကို ထိုးထွင်းသိမြင်ခြင်း လက္ခဏပဋိဝေဓဉာဏ်သို့ ရောက်ရှိနိုင်၏။</p> <p>တစ်ဖန် သမာဓိ ပညာ နှစ်ပါးတို့၏ ညီမျှခြင်းကြောင့်လည်း လောကီ အပ္ပနာစျာန်သည် ဖြစ်ပေါ်လာနိုင်သည်သာတည်း။ သို့သော် --- <b>သမထဝိပဿနံ ယုဂနဒ္ဓံ ဘာဝေတိ</b> = သမထနှင့် ဝိပဿနာကို ယှဉ်းစုံကလျက် ယုဂနဒ္ဓနည်းအားဖြင့် ပွားများ၏။ (ပဋိသံ၊၂၈၃။) ဤသို့ ဟောကြားထားတော် မူသောကြောင့် လောကုတ္တရာ အပ္ပနာသည်ကား ထိုသမာဓိ ပညာ နှစ်မျိုးတို့၏ ညီမျှသည်၏ အဖြစ်ကြောင့်သာလျှင် ဖြစ်ပေါ်နိုင်၏ဟု အလိုရှိအပ်ပေသည်။</p> <h3>သတိ-သတိ-သတိ</h3> <p>သတိကား သဒ္ဓါနှင့် ပညာ ညီမျှရေး, သမာဓိနှင့်ဝီရိယ ညီမျှရေး, သမာဓိ နှင့်ပညာ ညီမျှရေးတို့အတွက် အခါခပ်သိမ်း အမြဲတမ်း အလိုရှိအပ်သော တရားဖြစ်၏။ အခါခပ်သိမ်း နေရာတိုင်း၌ အားကောင်းမှသာလျှင် သင့်မြတ် ၏။ မှန်ပေသည် --- သတိသည် ဥဒ္ဓစ္စ၏ ဘက်တော်သား ဖြစ်ကြကုန်သော စွမ်းအင်လွန်ကဲနေသော သဒ္ဓါ, စွမ်းအင်လွန်ကဲနေသော ဝီရိယ, စွမ်းအင် လွန်ကဲနေသော ပညာတို့၏ အားအစွမ်းကြောင့် ဘာဝနာစိတ်ကို အာနာပါန ပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံမှ အခြားအာရုံသို့ ပျံ့လွင့်သွားခြင်း (= ဥဒ္ဓစ္စဘက်သို့ ကျရောက်ခြင်း)မှလည်း စောင့်ရှောက်ပေး၏ (= မကျရောက် အောင် စောင့်ရှောက်ပေး၏။) ဘာဝနာအာရုံ၌ ပျင်းရိခြင်း (= ကောသဇ္ဇ)၏ ဘက်တော်သားဖြစ်သော သမာဓိကြောင့် ကောသဇ္ဇ (= ပျင်းရိခြင်း)ဘက်သို့ ကျရောက်ခြင်းမှလည်း စိတ်ကို စောင့်ရှောက်ပေး၏။ (= မကျရောက်အောင် စောင့်ရှောက်ပေး၏။) ထိုကြောင့် အလုံးစုံသော ဟင်းလျာတို့၌ ဆားခတ်ခြင်း ကို အလိုရှိအပ်သကဲ့သို့လည်းကောင်း, အလုံးစုံသော မင်းမှုကိစ္စတို့၌ လုပ်ငန်း ကိစ္စ အဝဝတို့၌ ကျွမ်းကျင်လိမ္မာသော အမတ်ကြီးကို အလိုရှိအပ်သကဲ့သို့ လည်းကောင်း အလားတူပင် အလုံးစုံသော ကမ္မဋ္ဌာန်းတို့၌ လီန (= ဘာဝနာ လုပ်ငန်းခွင်မှ စိတ်ဓာတ်တွန့်ဆုတ်ရာ စိတ်ဓာတ်ကျဆင်းရာ) အခါ, ဥဒ္ဓစ္စ (= ဘာဝနာအာရုံမှ စိတ်ပျံ့လွင့်ရာ)အခါဟူသော အလုံးစုံသော အချိန်အခါ တို့၌ သတိကို အလိုရှိအပ်ပေသည်။ ထိုကြောင့် ရှေးရှေးအဋ္ဌကထာတို့၌ ဤသို့ ဖွင့်ဆိုထားတော်မူကြ၏။</p> <p>သတိကိုကား အခါခပ်သိမ်း ဘာဝနာလုပ်ငန်းခွင်တိုင်း၌ စိတ်ဓာတ် ကျဆင်းရာအခါ စိတ်ပျံ့လွင့်ရာအခါတို့၌ အလိုရှိအပ်၏ဟု ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ အဘယ်ကြောင့်နည်း? ဘာဝနာကုသိုလ်စိတ်သည် သတိလျှင် ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာ ရှိ၏။ မရောက်သေးသော တရားထူးတရားမြတ်သို့ ရောက်ရှိခြင်းငှာ မသိရသေးသော တရားထူး တရားမြတ်ကို သိခြင်းငှာ ဘာဝနာကုသိုလ်စိတ်သည် သတိကို မှီခိုရ၏။ တစ်ဖန် သတိသည် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ဘာဝနာအာရုံကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးတတ်၏။ ဘာဝနာစိတ်ကိုလည်း ဘာဝနာအာရုံကို အမှတ်ရနေအောင် ဘာဝနာအာရုံမှ ပျောက်ပျက်မသွားအောင် ဘေးအာရုံသို့ မရောက်အောင် ထိန်းသိမ်း စောင့်ရှောက်ပေးတတ်၏။ ထိုကြောင့် ယင်းသတိကို ဝိပဿနာဉာဏ်ဖြင့် ရှုဆင်ခြင်သော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ဘာဝနာအာရုံနှင့် ဘာဝနာစိတ်ကို စောင့်ရှောက်ပေးတတ်သော သဘောတရားဟု ရှေးရှုထင်လာ၏။ သတိနှင့် ကင်း၍ ဘာဝနာစိတ်ကို ချီးပင့်ခြင်း နှိပ်ကွပ်ခြင်း (= စိတ်ဓာတ်ကိုမြှင့်တင်ပေးခြင်း စိတ်ဓာတ်ကို နှိပ်ကွပ်ပေးခြင်း) သည် မဖြစ်နိုင်။</p> <p>ထိုကြောင့် ဘုရားရှင်က သတိကို သဗ္ဗတ္ထိက (= အခါခပ်သိမ်း အလို ရှိအပ်၏) ဟု ဟောကြားတော်မူပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၂၅-၁၂၆။ မဟာဋီ၊၁၊၁၅၀-၁၅၄၊၊)</p> <h3>ဗောဇ္ဈင် (၇) ပါး ညီမျှအောင် ကျင့်ပုံ</h3> <p>အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူနေခိုက် ဖြစ်ပေါ်နေသော ဗောဇ္ဈင် (၇)ပါးတို့မှာ ဤသို့ ဖြစ်ကြ၏။</p> <p>၁။ အာနာပါနပဋိဘာဂနိမိတ်အာရုံကို အောက်မေ့ အမှတ်ရနေသော အဖန်ဖန် အထပ်ထပ် သိမ်းဆည်းနေသော သတိကား <b>သတိသမ္ဗောဇ္ဈင်</b>,</p> <p>၂။ အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထိုးထွင်းသိနေသော ပညာကား <b>ဓမ္မဝိစယသမ္ဗောဇ္ဈင်</b>,</p> <p>၃။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဗောဇ္ဈင် (၇)ပါးတို့ စုံစုံညီညီ ညီညီ မျှမျှဖြစ်အောင် ကြိုးစားအားထုတ်ခြင်း, အထူးသဖြင့် ဓမ္မဝိစသမ္ဗောဇ္ဈင် ဝီရိယသမ္ဗောဇ္ဈင်တို့ဖြစ်အောင် ကြိုးစားအားထုတ်ခြင်း ဝီရိယကား <b>ဝီရိယသမ္ဗောဇ္ဈင်</b>,</p> <p>၄။ အာနာပါနပဋိဘာဂနိမိတ် အာရုံကို အာရုံပြုကာ ကြည်ရွှင်ဝမ်းမြောက်ခြင်း ပီတိကား <b>ပီတိသမ္ဗောဇ္ဈင်</b>,</p> <p>၅။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ် စေတသိက်တို့၏ ငြိမ်းအေးနေခြင်း ပဿဒ္ဓိကား <b>ပဿဒ္ဓိသမ္ဗောဇ္ဈင်</b>,</p> <p>၆။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍ တည်နေခြင်း သမာဓိကား <b>သမာဓိသမ္ဗောဇ္ဈင်</b>,</p> <p>၇။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို တက်ကြွခြင်း တွန့်ဆုတ်ခြင်းဘက်သို့ မရောက်အောင် အညီအမျှ ထားခြင်း တတြမဇ္ဈတ္တတာကား <b>ဥပေက္ခာသမ္ဗောဇ္ဈင်</b>,</p> <p>ဤဗောဇ္ဈင်မြတ်တရား (၇)ပါးကိုလည်း ယောဂါဝစရပုဂ္ဂိုလ်သည် ညီမျှအောင် ပွားရမည် ဖြစ်သည်။ အလွန့်အလွန် လုံ့လဝီရိယ လျော့နည်းနေခြင်း ကမ္မဋ္ဌာန်းအာရုံ၌ သာယာမှုကို မရရှိခြင်းစသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် အာနာပါနပဋိဘာဂနိမိတ်တည်းဟူသော ကမ္မဋ္ဌာန်းအာရုံမှ တွန့်ဆုတ်နေ၏၊ စိတ်ဓာတ် ကျဆင်းနေ၏။ ထိုအခါ၌ ပဿဒ္ဓိသမ္ဗောဇ္ဈင် သမာဓိသမ္ဗောဇ္ဈင် ဥပေက္ခာသမ္ဗောဇ္ဈင်ဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကို ပွားများပေးပါ။ ဤသို့ ပွားသော် စိတ်ဓာတ်ကို ချီးမြှောက်ပေးသည် မည်၏၊ ကျဆင်းနေသော စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်းတည်း။</p> <p>အပြင်းအထန် ကြိုးစားအားထုတ်ခြင်း (= ဝီရိယ လွန်ကဲခြင်း) စသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် တက်ကြွ တုန်လှုပ်လျက် ရှိ၏၊ ပျံ့လွင့်လျက် ရှိ၏။ ထိုအခါမျိုး၌ ဓမ္မဝိစယ, ဝီရိယ, ပီတိဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကို မပွားပါနှင့်။ ပဿဒ္ဓိ, သမာဓိ, ဥပေက္ခာ ဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကိုသာ ပွားပေးပါ။ တက်ကြွတုန်လှုပ် နေသော စိတ်ဓာတ်, ပျံ့လွင့်နေသော စိတ်ဓာတ်ကို နှိပ်ကွပ်ပေးခြင်းတည်း။ (သံ၊၃၊၉၉ ...အဂ္ဂိသုတ္တန်နှင့် အညီတည်း။)</p> <p>ဗောဓိခေါ်သော အရိယမဂ်ဉာဏ်ကို ရရှိဖို့ရန် အကြောင်းအင်္ဂါရပ်များ ဖြစ်သောကြောင့် ဤတရား (၇)ပါးတို့ကို ဗောဇ္ဈင်ဟု ခေါ်ဆိုသည်။ဤကား ဣန္ဒြေ ငါးပါး, ဗောဇ္ဈင် ခုနစ်ပါးတို့ကို ညီမျှအောင် ကျင့်ပုံ အကျဉ်းတည်း။</p> <h3>သမာဓိနှစ်မျိုးတို့၏ ထူးခြားချက်</h3> <p>ဤသို့လျှင် ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ ဣန္ဒြေ, ဗောဇ္ဈင်တို့ကို ညီမျှအောင် ကျင့်နိုင်ခဲ့သော် သမာဓိမှာ ရင့်ကျက်သထက် ရင့်ကျက်ကာ နက်ရှိုင်းသထက် နက်ရှိုင်းကာ ငြိမ်ဝပ်သထက် ငြိမ်ဝပ်ကာ တည်ကြည်လာပေလိမ့်မည်။ ထိုအခါ <b>ဥပစာရသမာဓိ</b> နယ်မြေသို့ ဆိုက်ရောက်လာပြီ ဖြစ်၏။ ဆက်လက်၍ ယင်းအာနာပါနပဋိဘာဂနိမိတ်ကိုပင် အာရုံယူကာ သမာဓိကို ထူထောင်ခဲ့သော် ဥပစာရသမာဓိမှ <b>အပ္ပနာသမာဓိ</b> အဆင့်သို့ ကူးတက်သွားနိုင်ပေသည်။ ဤနေရာတွင် ဓမ္မဝိစယသမ္ဗောဇ္ဈင်, ဝီရိယသမ္ဗောဇ္ဈင်, ပီတိသမ္ဗောဇ္ဈင်တည်းဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကို ပွားပေးပါ။ ယင်း သမာဓိနှစ်မျိုးတို့၏ ထူးခြားချက်ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဤသို့ ဖွင့်ဆိုထား၏။</p> <p>အလွန် ကြည်လင်တောက်ပသော အာနာပါနပဋိဘာဂနိမိတ် ဖြစ်ရာ ကာလမှ စ၍သာလျှင် နီဝရဏတရားတို့သည် ခွာထားအပ်ပြီးသာလျှင် ဖြစ်ကြကုန်၏။ ထိုနီဝရဏတရားတို့နှင့် တူသော တည်ရာ ရှိကုန်သော ကိလေသာတို့သည်လည်း ငြိမ်ဝပ်စွာ အနည်ထိုင်သွားကြကုန်သည်သာလျှင် ဖြစ်ကြကုန်၏။ ဥပစာရသမာဓိသည် ဘာဝနာစိတ်ကို အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ကောင်းစွာ ထားအပ်သည်သာလျှင် ဖြစ်ပေသည်။ မှန်ပေသည် သမာဓိသည် ဥပစာရသမာဓိ, အပ္ပနာသမာဓိ (= စျာန်သမာဓိ)ဟု နှစ်မျိုး ရှိ၏။</p> <p>၁။ စျာန်တရားတို့၏ ဆန့်ကျင်ဘက် နီဝရဏတရားတို့မှ ဝေးကွာသည်၏ အဖြစ်ကြောင့်လည်းကောင်း,</p> <p>၂။ စျာန်တရားတို့၏ မြဲမြံခိုင်ခံ့သည်၏အဖြစ်သို့ ရောက်ရှိခြင်းကြောင့်လည်းကောင်း ----</p> <p>ဤ နှစ်မျိုးသော အကြောင်းတရားတို့ကြောင့် ဥပစာရဘုံဟု ခေါ်ဆိုအပ်သော ဥပစာရသမာဓိအခိုက်၌လည်းကောင်း, ပဋိလာဘဘုံဟု ခေါ်ဆိုအပ်သော အပ္ပစျာန်ကို ရရှိသည့်အခိုက်၌လည်းကောင်း ဘာဝနာစိတ်ကို အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထနိမိတ်အာရုံ၌ အညီအညွတ် ကောင်းစွာ ထားအပ်၏။ ထိုနှစ်ပါးတို့တွင် ဥပစာရသမာဓိအခိုက် (= ဥပစာရဘုံ၌) ဆန့်ကျင်ဘက် နီဝရဏတရားတို့ကို ပယ်ခွာခြင်းဖြင့် ဘာဝနာစိတ်ကို အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထနိမိတ်အာရုံ၌ အညီအညွတ် ကောင်းစွာ ထားအပ်၏။ စိတ်သည် တည်ကြည်နေ၏။ ပဋိလာဘဘုံဟု ခေါ်ဆိုအပ်သော အပ္ပနာစျာန်ကို ရရှိခိုက်၌ စျာန်အင်္ဂါတို့၏ ထင်ရှားစွာ ဖြစ်ပေါ်လာခြင်းဖြင့် ဘာဝနာစိတ်ကို အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထနိမိတ်အာရုံ၌ အညီအညွတ် ကောင်းစွာ ထားအပ်၏။ ဘာဝနာစိတ်သည် ကောင်းစွာ တည်ကြည်နေ၏။</p> <p>ဤဆိုလတ္တံ့သည်ကား သမာဓိနှစ်မျိုးတို့၏ အသီးအသီး ကွဲပြားသည်ကို ပြုကြောင်းဖြစ်သော ထူးခြားချက်တည်း။ ဥပစာရသမာဓိအခိုက်၌ စျာန်အင်္ဂါတို့သည်ကား စွမ်းအင် အပြည့်အဝ ရှိကြသည်ကား မဟုတ်ကုန်သေး၊ စျာန်အင်္ဂါတို့၏ စွမ်းအင် အပြည့်အဝ မရှိကြသေးသည့် အဖြစ်ကြောင့် လောကဥပမာမည်သည်ကား --- မတ်တတ်ရပ် သင်ခါစ ငယ်ရွယ်နုနယ်သော ကလေးသူငယ်သည် ထူမ၍ ချီမ၍ ထားအပ်လတ်သော် အဖန်ဖန် မြေ၌ လဲကျ၏သို့ ဤဥပမာအတူပင်လျှင် ဥပစာရသမာဓိသည် ဖြစ်ပေါ်လာလတ်သော် စိတ်သည် ရံခါ အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထနိမိတ်ကို အာရုံပြု၏၊ ရံခါ ဘဝင်သို့ သက်ရောက်သွား၏၊ ဘဝင်ကျနေတတ်၏။</p> <p>သို့သော် အပ္ပနာစျာန် သမာဓိအခိုက်၌ကား စျာန်အင်္ဂါတို့သည် စွမ်းအင် အပြည့်အဝဖြင့် ဖြစ်ပေါ်လာကြကုန်၏။ ထိုစျာန်အင်္ဂါတို့၏ စွမ်းအင် အပြည့်အဝဖြင့် ဖြစ်ပေါ်လာသည့် အတွက်ကြောင့် လောကဥပမာမည်သည်ကား အားကောင်းမောင်းသန်သော ခွန်အားရှိသော ယောက်ျားသည် နေရာမှ ထ၍ တစ်နေ့ပတ်လုံးသော်လည်း ရပ်တည်နိုင်၏သို့ ဤဥပမာအတူပင်လျှင် အပ္ပနာစျာန်သမာဓိသည် ဖြစ်ပေါ်လာလတ်သော် စျာန်စိတ်သည် တစ်ကြိမ် ဘဝင်အလှည့်ကို ဖြတ်တောက်၍ တစ်ညပတ်လုံးသော်လည်း တည်နိုင်၏၊ တစ်နေ့ပတ်လုံးသော်လည်း တည်နိုင်၏၊ စျာန်ကုသိုလ်ဇော စဉ်ကာစဉ်ကာ ဆက်ကာဆက်ကာ၏ အစွမ်းဖြင့်သာလျှင် ဖြစ်ပေါ်နေ၏။ ဤသည်ကား သမာဓိနှစ်မျိုးတို့၏ အသီးအသီး ကွဲပြားသည်ကို ပြုကြောင်းဖြစ်သော ထူးခြားချက်တည်း။ (ဝိသုဒ္ဓိ၊၁၊၁၂၃။)</p> <p>အလုံးစုံသော ညဉ့်ပတ်လုံး, အလုံးစုံသော နေ့ပတ်လုံး (= တစ်နေ့လုံး, တစ်ညလုံး) တည်နေနိုင်၏ဟူသော ဤစကားရပ်ကို စျာန်သမာပတ် ဝင်စားနေသည့် အချိန်ကာလကို ရည်ရွယ်၍ အဋ္ဌကထာဆရာတော်က မိန့်ဆိုတော်မူခြင်း ဖြစ်သည်။ (မဟာဋီ၊၁၊၁၄၈။)</p> <p>မည်သည့် ကမ္မဋ္ဌာန်းကိုမဆို အားထုတ်လိုက်သည့်အခါ သမာဓိလည်း အတော်အတန် ဖြစ်လာသောအခါ ဘဝင် ကျကျနေတတ်ပေသည်။ ဘဝင်စိတ်များ အဆက်မပြတ် အဖြစ်များနေမှုကို အချို့ယောဂီများက ဘာမျှ မသိဘဲ ငြိမ်နေတယ်ဟု ပြောတတ်ကြ၏။ ဘဝင်စိတ်သည် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံနိမိတ်နှင့် ပစ္စုပ္ပန်အာရုံ မှန်သမျှကို အာရုံ မပြုဘဲ အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နဇောက ယူအပ်ခဲ့သည့် ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံကိုသာ အာရုံပြုသဖြင့် ယောဂီပုဂ္ဂိုလ်အနေဖြင့် ဘာမျှမသိဟု ပြောဆိုနေခြင်း ဖြစ်၏။ ယင်းဘဝင်စိတ်က အတိတ်မရဏာသန္နဇော၏ အာရုံကို အာရုံပြုနေပါသည် သိနေပါသည်ဟူသော အချက်ကိုလည်း ယောဂီပုဂ္ဂိုလ်က ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို လက်တွေ့ ရှုနိုင်သောအခါမှ သိရှိနိုင်ပေသည်။</p> <h3>အလွန်ရနိုင်ခဲသောအရာ</h3> <p>ထိုဥပစာရသမာဓိ အပ္ပနာစျာန်သမာဓိဟူသော နှစ်မျိုးသော သမာဓိတို့တွင် ဥပစာရသမာဓိနှင့် အတူတကွ အကြင်အာနာပါနပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာ၏။ ထိုပဋိဘာဂနိမိတ်ကို ဖြစ်စေခြင်းမည်သည်ကား အလွန် ငြိုငြင်သဖြင့် ပြုအပ်၏၊ အလွန် ပြုနိုင်ခဲ၏။ ထိုကြောင့် ထိုထက်ဝယ်ပလ္လင် တစ်ထိုင်တည်းဖြင့်ပင်လျှင် ထိုအာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ အပ္ပနာစျာန်ကို ရရှိခြင်းငှာ အကယ်၍ စွမ်းနုိင်ခဲ့သည် ဖြစ်အံ့၊ ဤသို့ စွမ်းနိုင်သည်ဖြစ်ပေမူကား ကောင်းမြတ်လှသည်သာ ဖြစ်ပေသည်။ အကယ်၍ ထိုတစ်ထိုင်အတွင်းမှာပင် အပ္ပနာစျာန်ကို ရရှိခြင်းငှာ မစွမ်းနိုင် ဖြစ်ခဲ့သော် ဤယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာနာပါနပဋိဘာဂနိမိတ်ကို မမေ့မလျော့သည်ဖြစ်၍ --- စကြာမင်းလောင်းဖြစ်သော ကိုယ်ဝန်ကို ဖန်ပေါင်းချောင် အတွင်း ၌ သွတ်သွင်းထားသကဲ့သို့ ပကတိသော မံသမျက်စိဖြင့် မြင်တွေ့ရသော မိခင်က မပျက်စီးအောင် သတိကြီးစွာဖြင့် ထိန်းသိမ်းစောင့်ရှောက်သကဲ့သို့ --- စောင့်ရှောက်အပ်ပေ၏။ အကျိုးကား ဤသို့တည်း။ အာနာပါန ပဋိဘာဂနိမိတ်ကို ထိန်းသိမ်းစောင့်ရှောက်သော ယောဂါဝစရပုဂ္ဂိုလ်အား ရရှိပြီးသော ဥပစာရသမာဓိ (= ဥပစာရစျာန်)၏ ယုတ်လျော့သွားခြင်းမည်သည် မရှိစကောင်းပေ။ ရရှိထားပြီးသော အာနာပါနပဋိဘာဂနိမိတ်ကို ထိန်းသိမ်းစောင့်ရှောက်မှုသည် ထင်ရှား မရှိလတ်ပါမူကား ရတိုင်းရတိုင်းသော ဥပစာရသမာဓိ (= ဥပစာရစျာန်)သည် ပျောက်ပျက်၍ သွားတတ်၏။ (ဝိသုဒ္ဓိ၊၁၊၁၂၃။)</p> <p>ရရှိထားပြီးသော အာနာပါနပဋိဘာဂနိမိတ်သည် ပျောက်ပျက် မသွားခဲ့သော် ထိုအာနာပါနပဋိဘာနိမိတ်လျှင် အာရုံရှိသော စျာန်သည်လည်း မလျှောကျခြင်း, မဆုတ်ယုတ်ခြင်းသဘော ရှိသည်သာလျှင် ဖြစ်ပေသည်။ အာနာပါနပဋိဘာဂနိမိတ်ကို ထိန်းသိမ်းစောင့်ရှောက်မှု မရှိသဖြင့် အာနာပါနပဋိဘာဂနိမိတ်သည် ပျောက်ကွယ်၍ သွားလတ်သော်မူကား ရအပ်တိုင်း ရအပ်တိုင်းသော စျာန်သည်လည်း ပျောက်ပျက်၍ သွားတတ်သည်သာ ဖြစ်ပေသည်။ အကြောင်းမူ အာနာပါနစျာန်ဟူသည်မှာလည်း ထိုအာနာပါန ပဋိဘာဂနိမိတ်ကိုသာ အာရုံပြု၍ ဖြစ်ပေါ်လာရသော စျာန်ဖြစ်ရကား ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံနှင့် ဆက်စပ်လျက် ဖြစ်ခြင်းသဘော ရှိသည်၏ အဖြစ်ကြောင့်တည်း။ (မဟာဋီ၊၁၊၁၄၈။)</p> <h3>ပထမစျာန်သမာဓိသို့</h3> <p>ယောဂါဝစရပုဂ္ဂိုလ်သည် အလွန် ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် သမာဓိကို ထူထောင်နိုင်သောအခါ ယင်း အာနာပါနပဋိဘာဂနိမိတ်သည်လည်း အထူးသဖြင့် ပို၍ပို၍ ကြည်လင်တောက်ပလာသောအခါ ယင်း အာနာပါနပဋိဘာဂနိမိတ် အာရုံထဲ၌ ဘာဝနာစိတ်သည် နစ်မြုပ်၍ သွားပေလိမ့်မည်။ ဘာဝနာစိတ်က ယင်း ပဋိဘာဂနိမိတ် အတွင်း၌ နစ်မြုပ်နေသောအခါ ဘာဝနာစိတ်ကလည်း လှုပ်မရအောင် ငြိမ်ဝပ်စွာ တည်နေတတ်ပေသည်။ ထိုအခါ၌ ယောဂီပုဂ္ဂိုလ် အနေဖြင့် အာဇာနည်မြင်း ကထားသော ရထားကို မောင်းနှင်နေသော ရထားထိန်းသည် လမ်းရိုးလမ်းမှန်ကို မှန်မှန်သွားနေသော အာဇာနည်မြင်းတို့ အပေါ်၌ ကြောင့်ကြမှု မရှိတော့ဘဲ အညီအမျှ အသာကြည့်နေသကဲ့သို့ အာနာပါနပဋိဘာဂနိမိတ်အတွင်း၌ နစ်မြုပ်ကာ ငြိမ်ဝပ်စွာ ကပ်တည်နေသော သမာဓိကို ကြောင့်ကြမှု တောင့်တမှု မရှိဘဲ လျစ်လျူသဘော အလယ်အလတ် သဘော၌သာ တည်အောင် ထားပါ။ ယင်းကဲ့သို့ နစ်မြုပ်နေသော သမာဓိကို တစ်နာရီ နှစ်နာရီစသည် တည်တံ့အောင် ဆက်လက် ကြိုးစားပါ။ ယင်း အာနာပါနပဋိဘာဂနိမိတ် အာရုံအတွင်း၌ ဘာဝနာစိတ်၏ နစ်မြုပ်နေမှု သဘောကား စိုက်စိုက်စူးစူး၊ အထူး မြဲမြံ၊ ရှုအားသန်၊ စျာန်ဟု ခေါ်သတတ် ဟူသော လယ်တီဆရာတော်ဘုရား၏ အဆိုအမိန့်အတိုင်း စျာန်သမာဓိပင် ဖြစ်ပေသည်။ ယင်း စျာန်သမာဓိကို ခိုင်ခံ့အောင် ဆက်လက် ထူထောင်ပါ။</p> <h3>ဝင်စားမှု များပါစေ-ဆင်ခြင်မှု နည်းပါစေ</h3> <p>ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံ၌ ရောက်အပ်ရအပ်သော ပထမစျာန်ရှိသော, ပထမစျာန်ကို ရသစ်စဖြစ်သော <b>အာဒိကမ္မိကပုဂ္ဂိုလ်</b>သည် စျာန်ဝင်စားမှု များပါစေ၊ စျာန်အင်္ဂါကို ဆင်ခြင်မှု နည်းပါစေ။ အပြစ်ကား စျာန်အင်္ဂါကို ဆင်ခြင်ခြင်း များသော သူအား စျာန်အင်္ဂါတို့သည် ရုန့်ရင်း ကုန်သည်ဖြစ်၍ ထင်လာကုန်၏၊ အားမရှိသည်ဖြစ်၍ ထင်လာကုန်၏။ (ဝိသုဒ္ဓိ၊၁၊၁၄၈။)</p> <p>စျာန်အင်္ဂါများကို ဆင်ခြင်ခြင်း များသည့်အတွက် စျာန်အင်္ဂါတို့သည် ထင်ရှားကုန်သည်၏ အဖြစ်ကြောင့် ရုန့်ရင်းကြမ်းတမ်းကုန်သည်ဖြစ်၍ ထင်လာကုန်၏။ စျာန်ဝင်စားမှုကို နိုင်နိုင်နင်းနင်း ကျွမ်းကျွမ်းကျင်ကျင်ဖြင့် စွမ်းအား ကြီးမားသည်၏ အဖြစ်သို့ မရောက်စေအပ်သည်၏ အဖြစ်ကြောင့် စျာန်အင်္ဂါတို့သည် အသိဉာဏ်၌ ထင်ရှားသော်လည်း အားနည်းသည်ဖြစ်၍ ထင်လာကုန်၏။ (မဟာဋီ၊၁၊၁၇၈။)</p> <p>ထိုသို့ အသိဉာဏ်၌ ထင်လာလတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား ထိုစျာန်အင်္ဂါတို့သည် ဤသို့ ရုန့်ရင်းကြမ်းတမ်းသောသဘော စွမ်းအင် နည်းပါးသောအားဖြင့် ထင်လာသည်၏ အဖြစ်ကြောင့် အာနာပါနဿတိ သမာဓိဘာဝနာဖြင့် အထက်အထက်စျာန်သို့ တက်ခြင်းငှာ အကြောင်းတရားဖြစ်မှုသို့ မရောက်နိုင်ကြကုန်။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ရရှိပြီးသော စျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် မပွားများအပ် မလေ့လာအပ်သည်ရှိသော် ဒုတိယစျာန်စသော အထက်အထက်စျာန်ကို ရစိမ့်သောငှာ အားထုတ်ပါသော်လည်း ရရှိပြီးသော ပထမစျာန်မှလည်း ဆုတ်ယုတ် သွားတတ်၏။ ဒုတိယစျာန်သို့ ရောက်ရှိခြင်းငှာလည်း မစွမ်းနိုင် ဖြစ်တတ်၏။ (ဝိသုဒ္ဓိ၊၁၊၁၄၈။ မဟာဋီ၊၁၊၁၇၈)</p> <h3>ပထမစျာန်၏ စျာန်အင်္ဂါငါးပါး</h3> <p>၁။ <b>ဝိတက်</b> = အာနာပါနပဋိဘာဂနိမိတ် အာရုံပေါ်သို့ စိတ်ကို ရှေးရှူ တင်ပေးခြင်းသဘော၊</p> <p>၂။ <b>ဝိစာရ</b> = အာနာပါနပဋိဘာဂနိမိတ် အာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်းသဘော၊</p> <p>၃။ <b>ပီတိ</b> = အာနာပါနပဋိဘာဂနိမိတ် အာရုံကို နှစ်သက်ခြင်းသဘော၊</p> <p>၄။ <b>သုခ</b> = အာနာပါနပဋိဘာဂနိမိတ် အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော၊</p> <p>၅။ <b>ဧကဂ္ဂတာ</b> = အာနာပါနပဋိဘာဂနိမိတ်အာရုံ တစ်ခုတည်းပေါ်သို့ စိတ် ကျရောက် တည်ငြိမ်နေခြင်းသဘော။</p> <h3>ဝသီဘော် ငါးတန်</h3> <p>၁။ <b>အာဝဇ္ဇနဝသီ</b> = စျာန်ဝင်စား၍ စျာန်မှ ထကာ စျာန်အင်္ဂါများကို အလိုရှိတိုင်း ဆင်ခြင်နိုင်စွမ်း ရှိခြင်း၊</p> <p>၂။ <b>သမာပဇ္ဇနဝသီ</b> = စျာန်ကို အလိုရှိသလို အလိုရှိတိုင်း ဝင်စားနိုင်စွမ်း ရှိခြင်း၊</p> <p>၃။ <b>အဓိဋ္ဌာနဝသီ</b> = စျာန်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် အလို ရှိသလောက် အချိန်ကာလကို ပိုင်းခြား၍ အဓိဋ္ဌာန်၍ ဝင်စား နိုင်စွမ်း ရှိခြင်း၊</p> <p>၄။ <b>ဝုဋ္ဌာနဝသီ</b> = ပိုင်းခြားထားသော အချိန်ကာလ စေ့သော် စျာန်မှ ထနိုင်စွမ်း ရှိခြင်း၊</p> <p>၅။ <b>ပစ္စဝေက္ခဏာဝသီ</b> = စျာန်အင်္ဂါတို့ုကို အလိုရှိသလို ဆင်ခြင်နိုင်စွမ်း ရှိခြင်း။</p> <p>စျာန်အင်္ဂါတို့ကို အမြန်ဆုံး ဆင်ခြင်နိုင်သော မနောဒွါရာဝဇ္ဇန်း၏ သတ္တိကို <b>အာဝဇ္ဇနဝသီ</b>ဟု ခေါ်ဆို၍ စျာန်အင်္ဂါကိုပင် အမြန်ဆုံး ဆင်ခြင်နိုင်သော ပစ္စဝေက္ခဏာဇော၏ သတ္တိကို <b>ပစ္စဝေက္ခဏာဝသီ</b>ဟု ခေါ်ဆိုသည်။ ယင်းမနောဒွါရာဝဇ္ဇန်း ယင်းပစ္စဝေက္ခဏာဇောတို့ကား မနောဒွါရဝီထိ တစ်ဝီထိ၏ အတွင်း၌ စိတ္တက္ခဏတစ်ခုပြီးတစ်ခု ဖြစ်နိုင်သော တရားတို့သာ ဖြစ်ကြသည်။ (ဝိသုဒ္ဓိ၊၁၊၁၄၉-၁၅၀။ မဟာဋီ၊၁၊၁၇၈-၁၈၀၊ ကြည့်။)</p> <h3>မနောဒွါရ = ဘဝင်မနောအကြည်</h3> <p><b>ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ။</b> (အံ၊၁၊၉။)</p> <p><b>ပဘဿရန္တိ ပဏ္ဍရံ ပရိသုဒ္ဓံ။ စိတ္တန္တိ ဘဝင်္ဂစိတ္တံ။</b> (အံ၊ဋ္ဌ၊၁၊၄၅။)</p> <p>ဤအထက်ပါ ပါဠိတော် အဋ္ဌကထာတို့နှင့် အညီ ဘဝင်စိတ်ကား ကြည်လင်လျက် ရှိ၏။ ယင်းဘဝင်စိတ်ကိုပင် <b>မနောဒွါရံ ပန ဘဝင်္ဂန္တိ ပဝုစ္စတိ</b> ဟူသော အဘိဓမ္မတ္ထသင်္ဂဟနှင့်အညီ မနောဒွါရဟု ခေါ်ဆို၏။</p> <p>စိတ်၌ အရောင်အလင်း ရှိပါသလားဟု မေးရန် ရှိ၏။ <b>ကိံ ပန စိတ္တဿ ဝဏ္ဏော နာမ အတ္ထီတိ? နတ္ထိ။</b> (အံ၊ဋ္ဌ၊၁၊၄၅)။ စိတ်ဝယ် ဝဏ္ဏမည်သော အရောင် အဆင်းသည် ရှိပါသလော? မရှိပါ -- ဟူသော အင်္ဂုတ္တရအဋ္ဌကထာနှင့် အညီ ဘဝင်စိတ်၌လည်း အရောင်အဆင်း မရှိပေ။ သို့သော် ဘဝင်စိတ်သည် လည်း စိတ္တဇရုပ်ကလာပ်ကို ဖြစ်စေနိုင်သည့် စွမ်းအား ရှိ၏။ ယင်းဘဝင်စိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် (= ရူပါရုံ)သည် ဘဝင်စိတ်နှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ်၏ အာနုဘော်က ကြီးလျှင်ကြီးသလို သေးလျှင်သေးသလို ကြည်လင်တောက်ပ သော သဘောရှိ၏။ တစ်ဖန် ယင်း စိတ္တဇရုပ်ကလာပ်တိုင်းတွင် တေဇော ဓာတ် (= ဥတု) ပါဝင်လျက် ရှိ၏။ ယင်းတေဇောဓာတ် (= ဥတု)ကလည်း ဥတုဇရုပ်ကလာပ် အသစ်သစ်ကို ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်စေပြန်၏။ ယင်း ဥတုဇရုပ်တို့တွင် ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် (= ရူပါရုံ)ကလည်း ဘဝင် စိတ်နှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ်၏ အာနုဘော်က ကြီးလျှင်ကြီးသလို သေးလျှင်သေးသလို ကြည်လင်တောက်ပခြင်းသဘော ရှိ၏။ ယင်းနှစ်မျိုး သော ရုပ်တရားတို့၏ ကြည်လင်တောက်ပမှုကိုပင် ဖလူပစာရအားဖြင့် တင်စား၍ အကြောင်းဖြစ်သော ဘဝင်ကိုပင် အစွဲပြု၍ ဘဝင်မနောအကြည် ဟု ခေါ်ဝေါ်သုံးစွဲထားပါသည်။</p> <h3>ပရိသုဒ္ဓ - ပရိယောဒါတ - ပဘဿရ</h3> <p><b>ပရိသုဒ္ဓတ္တာယေဝ ပရိယောဒါတေ၊ ပဘဿရေတိ ဝုတ္တံ ဟောတိ။</b> (ဝိသုဒ္ဓိ၊၂၊၅။)</p> <p><b>ပရိသုဒ္ဓတ္တာယေဝ</b> = ထက်ဝန်းကျင် စင်ကြယ်သည်၏အဖြစ်ကြောင့်ပင်လျှင်။ <b>ပရိယောဒါတေ</b> = ထက်ဝန်းကျင် ဖြူစင်ပြီးလတ်သော်။ <b>ပဘဿရေ</b> = ပြိုးပြိုးပြက် အရောင် ရှိလတ်သော်။ <b>ဣတိ</b> = ဤသို့ ။ <b>ဝုတ္တံ</b> = ဆိုလိုသည်။ <b>ဟောတိ</b> = ဖြစ်၏။ (ဝိသုဒ္ဓိမဂ္ဂနိဿယ၊၃၊၁၂၊ပြည်။)</p> <p>ဤအထက်ပါ ဘာသာပြန်ဆိုချက်မှာ ပြည်ဆရာတော်ဘုရားကြီး၏ ဘာသာပြန်ဆိုတော်မူချက် ဖြစ်ပါသည်။</p> <p>ဤအဖွင့်များအရ ပရိသုဒ္ဓ, ပရိယောဒါတ, ပဘဿရတို့မှာ အဓိပ္ပါယ်တူ စကားလုံးများသာ ဖြစ်ကြသည်ဟု မှတ်ပါ။ သို့သော် ဤဘဝင်စိတ်မှာ အတိတ်က ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့က အားပေးထောက်ပံ့ထားအပ်သော သင်္ခါရကံတို့ကြောင့် ဘဝတစ်လျှောက်ဝယ် စိတ်အစဉ် မပြတ်စဲရေးအတွက် ဖြစ်ပေါ်လာရသော ဝိပါက်စိတ် တစ်မျိုးသာ ဖြစ်သဖြင့် ထိုထိုကိုယ်အမူအရာ နှုတ်အမူအရာ စိတ်အမူအရာတို့ကို ဖြစ်စေတတ်ကုန်သော ကုသိုလ် အကုသိုလ် ကြိယာစိတ်တို့ကဲ့သို့ စွမ်းအင် မကြီးမားလှပေ။ အားနည်းသော သဘော ရှိသဖြင့် ယင်းဘဝင်စိတ်ကို အစွဲပြု၍ ဖြစ်ပေါ်လာသော ဘဝင်မနောအကြည်ဓာတ်မှာလည်း သမထဉာဏ်ရောင် ဝိပဿနာဉာဏ်ရောင်တို့ကဲ့သို့ အားမကောင်းဘဲ နှလုံးအိမ် ဝန်းကျင်လောက် တွင်သာ ပျံ့နှံ့ တည်ရှိနေပေသည်။ သို့သော် အာရုံ (၆)မျိုးတို့ကား ယင်း ဘဝင်မနောအကြည်ဓာတ်၌ ထိုက်သလို ထင်လာကြပေသည်။ ထိုအခါ မနောဓာတ် မနောဝိညာဏဓာတ်ခေါ်သော နာမ်တရားစုတို့သည် ဘဝင်မနောအကြည်ဓာတ်ကိုပင် အစွဲပြု၍ ဟဒယဝတ္ထုရုပ်ကိုပင် မှီတွယ်ကာ ထင်လာသော အာရုံကို အာရုံပြုလျက် ဖြစ်ပေါ်လာကြပေသည်။</p> <p>အာနာပါနပဋိဘာဂနိမိတ်ကို အာရုံမူနေကြသော ပထမစျာန်၏ စျာန်အင်္ဂါ ငါးပါးတို့သည်လည်းကောင်း, ယင်းစျာန်အင်္ဂါတို့နှင့် ယှဉ်တွဲလျက် ရှိကြသော စျာန်နာမ်တရားစုတို့သည်လည်းကောင်း ယင်းဘဝင်မနောအကြည်ဓာတ်ကိုပင် အစွဲပြု၍ ဟဒယဝတ္ထုရုပ်ကို မှီတွယ်ကာ ယင်းဘဝင်မနောအကြည်ဓာတ်တွင် ထင်လာသော အာနာပါနပဋိဘာဂနိမိတ်ကိုပင် အာရုံပြုလျက် ဖြစ်ပေါ်လာကြပေသည်။</p> <h3>စျာန်အင်္ဂါတို့ကို သိမ်းဆည်းပုံ</h3> <p>ပထမစျာန်၏ စျာန်အင်္ဂါတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ် သည် ယင်းဘဝင်မနောအကြည်ဓာတ် (= မနောဒွါရ)ကို သိမ်းဆည်းတတ်ဖို့ သိမ်းဆည်းထားပြီးဖြစ်ဖို့ ဉာဏ်ဖြင့် ပိုင်းခြားယူပြီးဖြစ်ဖို့ လိုအပ်ပေသည်။ မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသပါဠိတော်၊ <b>အနုပဒသုတ္တန်</b> (မ၊၃၊၇၅-၇၉၊၊)ဝယ် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် စျာန်အင်္ဂါတို့နှင့် တကွသော <b>စျာနဓမ္မ</b>အမည်ရသော စျာန်နာမ်တရားစုတို့ုကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ကြောင်းကိုလည်းကောင်း, ထင်ထင်ရှားရှား သိတော်မူကြောင်း ကိုလည်းကောင်း, ယင်းတရားတို့၏ ဖြစ်မှု-တည်မှု-ပျက်မှုကို ထင်ထင်ရှားရှား သိလျက် ဝိပဿနာရှုပွားသုံးသပ်နိုင်ကြောင်းကိုလည်းကောင်း ဘုရားရှင် ကိုယ်တော်တိုင်က ဝန်ခံလျက် ဟောကြားထားတော်မူ၏။ (ပထမစျာန်မှသည် အာကိဉ္စညာယတနစျာန်သို့တိုင်အောင် <b>အနုပဒဓမ္မဝိပဿနာ</b> = ပရမတ္ထ ဓာတ်သား တစ်လုံးစီ တစ်လုံးစီကို ခွဲခြားစိတ်ဖြာ၍ ဝိပဿနာရှုရသော နည်းစနစ်ဖြင့် ဝိပဿနာရှုတော်မူ၏။ နေဝသညာနာသညာယတနစျာန် ကိုကား <b>ကလာပသမ္မသနနည်း</b>အားဖြင့် ပေါင်းစုခြုံငုံကာ ဝိပဿနာ ရှုပွား သုံးသပ်တော်မူ၏။ (မ၊၃၊၇၈။ မ၊ဋ္ဌ၊၄၊၆၁။)</p> <p>ထိုသို့ ရှုနိုင်ရခြင်း၏ အကြောင်းကိုလည်း အဋ္ဌကထာဆရာတော်က -<b>ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ။</b> (မ၊ဋ္ဌ၊၄၊၆၀) ဝတ္ထု = ဒွါရ = မနောဒွါရနှင့် အာနာပါနပဋိဘာဂနိမိတ် ကသိုဏ်းပဋိဘာဂနိမိတ်စသော သမထအာရုံ နိမိတ်ကို ပူးတွဲသိမ်းဆည်းလျက် ယင်းစျာန်နာမ်တရားတို့ကို သိမ်းဆည်းနိုင် သည့်အတွက်ကြောင့် ထိုကဲ့သို့ ဝိပဿနာရှုပွားသုံးသပ်တော်မူနုိင်ကြောင်းကို ရှင်းလင်း တင်ပြထား၏။</p> <p>ဤဥပဒေသကား --- ပညာအရာတွင် ထိပ်တန်း ဧတဒဂ်ဘွဲ့ထူးကြီးကို ဆင်မြန်းသွားတော်မူသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကိုယ်တိုင် ရိုသေစွာ ဦးထိပ်ရွက်ပန်ဆင်လျက် လိုက်နာ ပြုကျင့်သွားတော်မူသော နာမ်ကမ္မဋ္ဌာန်းကို အားသစ်ပုံ, နာမ်တရားတို့ကို သိမ်းဆည်းပုံ ရှေးထုံးဟောင်း ဥပဒေသကြီးပင် ဖြစ်၏။ ဤရှေးထုံးဟောင်း ဥပဒေသကို စျာန်အင်္ဂါတို့ကို လည်းကောင်း, စျာန်အင်္ဂါနှင့် တကွသော စျာန်နာမ်တရားစုတို့ကိုလည်းကောင်း သိမ်းဆည်းလိုသော (= ဉာဏ်ဖြင့် ပိုင်းခြားယူလိုသော) ဝိပဿနာလည်း ရှုပွားသုံးသပ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ရိုသေစွာ ဦးထိပ်ရွက်ပန်ဆင်၍ လိုက်နာပြုကျင့်ရမည်သာ ဖြစ်ပေသည်။</p> <p>သို့အတွက် ယောဂါဝစရပုဂ္ဂိုလ်သည် အလွန် ကြည်လင်တောက်ပနေသော အာနာပါန ပဋိဘာဂနိမိတ်ကို အာရုံယူကာ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ယင်းအာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် နစ်မြုပ်နေအောင် သမာဓိကို ထူထောင်နိုင်သောအခါ အာနာပါနပဋိဘာဂ နိမိတ်ကလည်း ဆက်တိုက် အထူးကြည်လင် တောက်ပနေသောအခါ ဘဝင် မနောအကြည်၏ တည်ရာ နှလုံးအိမ်အတွင်း ဟဒယဝတ္ထု ရှိရာဘက်သို့ လှမ်းအာရုံ ယူကြည့်ပါ။ ကြိမ်ဖန်များစွာ လေ့ကျင့်ပါက ဟဒယဝတ္ထုရုပ်ကို မှီဖြစ်နေသော ဘဝင်မနောအကြည် (= မနောဒွါရ)ကိုလည်းကောင်း, ယင်း မနောဒွါရတွင် ထင်နေသော အာနာပါနပဋိဘာဂနိမိတ်ကိုလည်းကောင်း လွယ်ကူစွာ သိမ်းဆည်းနိုင်မည် ဖြစ်ပေသည်။ ထိုအခါ ယင်းဘဝင်မနော အကြည် (= မနောဒွါရ)တွင် ယင်းအာနာပါနပဋိဘာဂနိမိတ်အာရုံက ရှေးရှုထင်ခြင်းသို့ ရောက်သောအခါ (= ရှေးရှု ကျရောက်လာသောအခါ) ယင်းအာနာပါနပဋိဘာဂနိမိတ်အာရုံကို အာရုံပြုနေသော အာရုံမူနေသော စျာန်အင်္ဂါတို့ကို တစ်လုံးစီ ထင်ထင်ရှားရှား သိအောင် သိမ်းဆည်းပါ။ ဥပမာ ဝိတက်ကို သိမ်းဆည်းပါ။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ လေ့ကျင့်ပါ။ ထိုနောင် တစ်ဖန် ပထမစျာန်ကို ပြန်ဝင်စားပါ။ စျာန်မှထကာ ဒွါရနှင့် အာရုံကို အလားတူ ပူးတွဲသိမ်းဆည်းလျက် ဝိစာရကို သိမ်းဆည်းပါ။ ဤသို့လျှင် စျာန်ကို ဝင်စားလိုက်, စျာန်မှ ထကာ စျာန်အင်္ဂါတို့ကို သိမ်းဆည်းလိုက် --ဤသို့ စသည်ဖြင့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ လေ့ကျင့်သော် စျာန်အင်္ဂါ တို့ကို တစ်လုံးစီ ထင်ထင်ရှားရှား သိမ်းဆည်နိုင်မည် ဖြစ်ပေသည်။ ထိုနောင် တစ်ဖန် စျာန်ကို ပြန်ဝင်စားကာ စျာန်မှထပြီးလျှင် အလားတူပင် ဘဝင် မနောအကြည် (= မနောဒွါရ) နှင့် အာနာပါနပဋိဘာဂနိမိတ်ကို ပူးတွဲ သိမ်းဆည်းလျက် စျာန်အင်္ဂါ (၅)ပါးလုံးကို ပြိုင်တူ မြင်အောင် ရှုပါ၊ သိမ်းဆည်းပါ။ အောင်မြင်မှုကို ရရှိပါက ဝသီဘော်ငါးတန် နိုင်နင်းအောင် ဆက်လက် လေ့ကျင့်ပါ။</p> <p>နာမ်ကမ္မဋ္ဌာန်းကို မသိမ်းဆည်းရသေးသော ယောဂါဝစရပုဂ္ဂိုလ် အနေဖြင့် အာဝဇ္ဇနဝသီနှင့် ပစ္စဝေက္ခဏာဝသီကို ခွဲခြားနိုင်ဖို့ရန်ကား မဖြစ် နိုင်သေးပေ။ ဤစျာန်အင်္ဂါတို့ကိုကား မနောဒွါရာဝဇ္ဇန်းဖြင့် သိနေသော စျာန်အင်္ဂါတို့တည်း၊ ဤစျာန်အင်္ဂါတို့ကား ပစ္စဝေက္ခဏာဇောတို့ဖြင့် ထိုးထွင်း သိနေသော စျာန်အင်္ဂါတို့တည်း ဤသို့ ခွဲခြားဖို့ရန် မလွယ်ကူသေး ဟူလိုသည်။ စျာန်အင်္ဂါတို့ကို ဆင်ခြင်ရာ၌ စျာန်မှ ထပြီး စျာန်အင်္ဂါတို့ကို ဆင်ခြင်လိုက်ရာ စက္ကန့်ပိုင်းလောက် အတွင်းမှာပင် စျာန်အင်္ဂါတို့ကို ဆင်ခြင်လို့ ရရှိနိုင်ပါက အာဝဇ္ဇနဝသီနှင့် ပစ္စဝေက္ခဏာဝသီဘော်တို့ကို နိုင်နင်းပြီဟု ဆိုနိုင်ပေပြီ။</p> <h3>ဒုတိယစျာန်သို့</h3> <p>ဤဝသီဘော်ငါးတန်တို့၌ ဝသီမြောက်အောင် နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် အဝါးဝစွာ လေ့လာထားအပ်ပြီးသော ပထမစျာန်မှ ထ၍ ---</p> <p>၁။ ဤပထမစျာန်သမာပတ်သည် (နီဝရဏကို ပယ်ခွာရာဝယ် ပထမဦးဆုံး ဖြစ်ခြင်းကြောင့်) နီးကပ်သော နီဝရဏရန်သူ ရှိ၏။</p> <p>၂။ ဝိတက် ဝိစာရတို့၏ ရုန့်ရင်းသည်၏ အဖြစ်ကြောင့် (ကျိုးပျက်လွယ်သော သဘော ရှိရကား) အားနည်းသော စျာန်အင်္ဂါ ရှိ၏။</p> <p>ဤသို့လျှင် ပထမစျာန်၌ အပြစ်ကို မြင်အောင် ရှု၍,</p> <p>၃။ ပီတိ သုခ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ သုံးပါးရှိသော ဒုတိယစျာန်ကို ငြိမ်သက်သော တရားဟု နှလုံးသွင်း၍,</p> <p>၄။ ပထမစျာန်၌ လိုချင်ငဲ့ကွက် တသက်သက်ရှိခြင်း (= နိကန္တိ)ကို ကုန်စေ၍ ဒုတိယစျာန်ကို ရရှိခြင်းငှာ</p> <p>အာနာပါနဿတိသမာဓိဘာဝနာ၌ အားထုတ်ခြင်းကို ပြုအပ်၏၊ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် (အထက်ပါ ဦးတည်ချက် လေးမျိုး ဖြင့်) စူးစူးစိုက်စိုက် ရှုအပ်၏။</p> <p>[ဤအဆင့်၌ အာနာပါနပဋိဘာဂနိမိတ် အာရုံကို မမှတ်ပါနှင့်၊ စိုက်သာ ကြည့်နေပါ၊ ရှုနေပါ။ <b>ဝင်လေ+ထွက်လေ</b>ဟု မှတ်နေခဲ့သော် <b>ဝိတက္ကဝိစာရာ ဝစီသင်္ခါရော။</b> (မ၊၁၊၃၇၅။) ဟူသည်နှင့် အညီ <b>ဝင်လေ+ထွက်လေ</b>ဟု မှတ်နေမှု, စိတ်ဖြင့် ရွတ်ဆိုနေမှု ဝစီသင်္ခါရကို ဝိတက် ဝိစာရတို့က ပြုပြင် ပေးနေသဖြင့် ဝိတက် ဝိစာရတို့ မပြုတ်နိုင် ရှိတတ်၏။ ပြုတ်သွားသော်လည်း ပြန်ပြန်ဝင်နေတတ်၏။ ထို့ကြောင့် ဤဒုတိယစျာန်သို့ ကူးသည့်အပိုင်းမှ စ၍ အထက်ပိုင်းစျာန်တို့၌ မမှတ်ပါနှင့်။ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုသာ စိုက်ကြည့်နေပါ၊ ရှုနေပါ။]</p> <p>ထိုသို့ ကြိုးစားအားထုတ်လတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား အကြင် အခါ၌ ပထမစျာန်မှ ထ၍ (= ပထမစျာန်သို့ တစ်ဖန် ပြန်ဆိုက်ပြီး ယင်းစျာန်မှ တစ်ဖန် ပြန်ထ၍) အာနာပါနပဋိဘာဂနိမိတ်ကိုပင် သိမ်းဆည်းတတ် အမှတ် ရတတ်သော သတိနှင့် ပြည့်စုံသည်ဖြစ်၍ အာနာပါနပဋိဘာဂနိမိတ်အာရုံ ကိုပင် ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်တတ်သော သမ္ပဇဉ် ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ စျာန်အင်္ဂါတို့ကို ရှေးရှူ ဉာဏ်ဖြင့် သက်ဝင်၍ ဆင်ခြင်စဉ် ဝိတက် ဝိစာရတို့သည် ရုန့်ရင်းသောအားဖြင့် ထင်လာကုန်၏၊ ပီတိ သုခသည်လည်းကောင်း, စိတ္တေကဂ္ဂတာ (= ဧကဂ္ဂတာ) သည်လည်းကောင်း ငြိမ်သက်သောအားဖြင့် ထင်လာ၏။ ထိုအခါ၌ ရုန့်ရင်းသော စျာန်အင်္ဂါကို ပယ်ခြင်းငှာလည်းကောင်း, ငြိမ်သက်သော စျာန်အင်္ဂါကို ရရှိခြင်းငှာလည်းကောင်း ထိုအာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် အဖန်ဖန် အထပ်ထပ် နှလုံးသွင်းအပ်၏၊ စူးစူးစိုက်စိုက် ရှုအပ်၏။ ထိုသို့ နှလုံးသွင်း ရှုပွားလျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ပီတိ သုခ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါသုံးပါး ရှိသော ဒုတိယစျာန်သည် ဖြစ်ပေါ်လာပေလတ္တံ့။ (ဝိသုဒ္ဓိ၊၁၊၁၅၀-၁၅၁။)</p> <h3>တတိယစျာန်သို့</h3> <p>ယင်းသို့ ရရှိအပ်ပြီးသော ဒုတိယစျာန်ကိုလည်း ဝသီဘော် ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ဤသို့သော ဘာဝနာအစဉ်ဖြင့် ဒုတိယစျာန်ကိုလည်း ရအပ်ပြီးသည်ရှိသော် ယင်းဒုတိယစျာန်ကို ဝသီဘော် ငါးတန်တို့ဖြင့် နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝသီဘော် ငါးတန် တို့ဖြင့် အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးရာ ဒုတိယစျာန်မှထ၍ ---</p> <p>၁။ ဤဒုတိယစျာန်သမာပတ်သည် နီးကပ်သော ဝိတက်, ဝိစာရ ဟူသော ရန်သူ ရှိ၏။</p> <p>၂။ [ထိုဒုတိယစျာန်သမာပတ်၌ စိတ်၏ လောက်လက်ပေါ်သည်၏အဖြစ် ဟူသော ပေါ်လွင်သော အခြင်းအရာအားဖြင့်ဖြစ်သော အကြင်ပီတိ သည် ရှိ၏။ ယင်း ပီတိကြောင့်ပင်လျှင် ဤဒုတိယစျာန်ကို ရုန့်ရင်းကြမ်းတမ်း၏ဟူ၍ ဆိုအပ်၏။ (ဒီ၊၁၊၃၄။)] ---- ဤသို့ ဘုရားရှင် ဟောကြားထားတော်မူအပ်သော ပီတိ၏ ရုန့်ရင်းသည့်အတွက်ကြောင့် အားနည်းသော စျာန်အင်္ဂါ ရှိ၏။</p> <p>ဤသို့လျှင် ဒုတိယစျာန်သမာပတ်၌ အပြစ်ဒေါသကို မြင်အောင်ရှု၍,</p> <p>၃။ သုခ, ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ နှစ်ပါး ရှိသော တတိယစျာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍,</p> <p>၄။ ဒုတိယစျာန်၌ လိုချင်ငဲ့ကွက် တသက်သက် ရှိခြင်း (= နိကန္တိ )ကို ကုန်စေ၍ တတိယစျာန်ကို ရရှိခြင်းငှာ</p> <p>အာနာပါနဿတိသမာဓိဘာဝနာ၌ အားထုတ်ခြင်းကို ပြုအပ်၏။ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် (အထက်ပါ ဦးတည်ချက် လေးမျိုးဖြင့်) စူးစူးစိုက်စိုက် ရှုအပ်၏။ (ဝိသုဒ္ဓိ၊၁၊၁၅၃-၁၅၄။)</p> <p>ထိုသို့ ကြိုးစားအားထုတ်လတ်သော် ဒုတိယစျာန်သို့ပင် တစ်ဖန် ပြန်၍ ဆိုက်ရောက်သွားပေလတ္တံ့၊ ထိုယောဂါဝစရပုဂ္ဂိုလ်အား အကြင်အခါ၌ ထိုဒုတိယစျာန်မှ ထ၍ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် သိမ်းဆည်းတတ် အမှတ်ရတတ်သော သတိနှင့် ပြည့်စုံသည်ဖြစ်၍ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်တတ်သော သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ စျာန်အင်္ဂါတို့ကို ရှေးရှူး ဉာဏ်သက်ဝင်၍ ဆင်ခြင်စဉ် ပီတိသည် ရုန့်ရင်းသောအားဖြင့် ထင်လာ၏။ သုခသည်လည်းကောင်း, ဧကဂ္ဂတာသည်လည်းကောင်း ငြိမ်သက်သောအားဖြင့် ထင်လာ၏။ ထိုအခါ၌ ရုန့်ရင်းသော စျာန်အင်္ဂါကို ပယ်ခြင်းငှာလည်းကောင်း, ငြိမ်သက်သော စျာန်အင်္ဂါကို ရရှိခြင်းငှာလည်းကောင်း, ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင်လျှင် အဖန်ဖန် အထပ်ထပ် နှလုံးသွင်းအပ်၏၊ စူးစူးစိုက်စိုက် ရှုအပ်၏။ ထိုသို့ နှလုံးသွင်းရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ သုခ, ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော တတိယစျာန်သည် ဖြစ်ပေါ်လာပေလတ္တံ့။ (ဝိသုဒ္ဓိ၊၁၊၁၅၄။)</p> <p>ဤတတိယစျာန်၌ <b>တတြမဇ္ဈတ္တတာစေတသိက်</b>ဟူသော <b>တတြမဇ္ဈတ္တုပေက္ခာ</b>သည် ဝိတက် ဝိစာရ ပီတိတို့ မရှိခြင်းကြောင့် အလွန် ပေါ်လွင်ထင်ရှားနေ၏။ တတိယစျာန်ချမ်းသာကိုပင် အညီအမျှ လျစ်လျူရှုနိုင်သူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူဟု ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့က ယင်းတတိယစျာန်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို ချီးမွမ်းမြှောက်စားတော်မူကြကုန်၏။ ဤစျာန်၌ အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ ဘာဝနာစိတ်ကို အညီအမျှ အလယ်အလတ် လျစ်လျူသဘော၌ ထားနိုင်သည့် တတြမဇ္ဈတ္တတာ စေတသိက်၏ စွမ်းအား, ယင်းအာရုံကို အမှတ်ရနေမှု သတိ၏ စွမ်းအား, ယင်းအာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားနေမှု သုခ၏ စွမ်းအား--- ဤစွမ်းအားတို့ကား အလွန် ပေါ်လွင်ထင်ရှားလျက် အလွန် မြင့်မားလျက် ရှိကြ၏။ လောကီသုခတို့တွင် ဤတတိယစျာန်သုခကား အမြင့်မားဆုံး ဖြစ်၏။ အထက်အထက်စျာန်တို့၌ သုခဝေဒနာ မယှဉ်ဘဲ ဥပေက္ခာဝေဒနာသာ ယှဉ်သောကြောင့် ဖြစ်၏။ ယင်း တတိယစျာန်ကိုလည်း ဝသီဘော် ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။</p> <h3>စတုတ္ထစျာန်သို့</h3> <p>ဤသို့သော ဘာဝနာအစဉ်ဖြင့် ထိုတတိယစျာန်ကိုလည်း ရအပ်ပြီးသည်ရှိသော် ဆိုအပ်ခဲ့ပြီးသည့် နည်းအတိုင်းပင်လျှင် ယင်းတတိယစျာန်ကိုလည်း ဝသီဘော် ငါးတန်တို့ဖြင့် နိုင်နိုင်နင်းနင်း လေ့ကျင့်အပ်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝသီဘော် ငါးတန်တို့ဖြင့် အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးရာ တတိယစျာန်မှ ထ၍ ---</p> <p>၁။ ဤတတိယစျာန် သမာပတ်သည် ပီတိဟူသော နီးကပ်သော ရန်သူ ရှိ၏။</p> <p>၂။ [အကြင် စျာန်အင်္ဂါကို သုခဟူ၍ စိတ်၏ နှလုံးသွင်းခြင်းသည် ရှိ၏၊ ဤသုခကြောင့်ပင်လျှင် ထိုတတိယစျာန်ကို ရုန့်ရင်း၏ဟူ၍ ဆိုအပ်၏၊၊ (ဒီ၊၁၊၃၄၊၊)] ---- ဤသို့ ဟောကြားထားတော်မူအပ်သော သုခ၏ ရုန့်ရင်းသည်၏ အဖြစ်ကြောင့် အားနည်းသော စျာန်အင်္ဂါ ရှိ၏။</p> <p>ဤသို့လျှင် ထိုတတိယစျာန်သမာပတ်၏ အပြစ်ဒေါသကို မြင်အောင်ရှု၍,</p> <p>၃။ ဥပေက္ခာ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါး ရှိသော စတုတ္ထစျာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍,</p> <p>၄။ တိယစျာန်၌ လိုချင်ငဲ့ကွက် တသက်သက်ရှိခြင်း (= နိကန္တိ)ကို ကုန်စေ၍ စတုတ္ထစျာန်ကို ရရှိခြင်းငှာ</p> <p>အာနာပါနဿတိသမာဓိဘာဝနာ၌ အားထုတ်ခြင်းကို ပြုအပ်၏၊ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် အထက်ပါ ဦးတည်ချက် လေးမျိုးဖြင့် စူးစူးစိုက်စိုက် ရှုအပ်၏။ (ဝိသုဒ္ဓိ၊၁၊၁၅၉။)</p> <p>ထိုသို့ အပတ်တကုတ် ကြိုးစားအားထုတ်လတ်သော် တတိယစျာန်သို့ပင် ပြန်လည် ဆိုက်ရောက်ပေလတ္တံ့။ အကြင်အခါ၌ ထိုတတိယစျာန်မှ ထ၍ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် သိမ်းဆည်းတတ် အမှတ်ရတတ်သော သတိနှင့် ပြည့်စုံသည်ဖြစ်၍ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်တတ်သော သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ စျာန်အင်္ဂါတို့ကို ရှေးရှူး ဉာဏ်သက်ဝင်၍ ဆင်ခြင်စဉ် ဆင်ခြင်သော ထိုရဟန်း၏ ဉာဏ်၌ စေတသိကသောမနဿဟု ခေါ်ဆိုအပ်သော သုခသည် ရုန့်ရင်းသောအားဖြင့် ထင်လာ၏။ ဥပေက္ခာဝေဒနာသည်သာလျှင်လည်းကောင်း, စိတ္တေကဂ္ဂတာသည်လည်းကောင်း ငြိမ်သက်သောအားဖြင့် ထင်လာ၏။ ထိုအခါ၌ ရုန့်ရင်းသော စျာန်အင်္ဂါကို ပယ်ခြင်းငှာလည်းကောင်း, ငြိမ်သက်သော စျာန်အင်္ဂါကို ရရှိခြင်းငှာလည်းကောင်း ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင်လျှင် အဖန်ဖန် အထပ်ထပ် နှလုံးသွင်းနေပါ၊ စူးစူးစိုက်စိုက် ရှုနေပါ။ ထိုသို့ နှလုံးသွင်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဥပေက္ခာဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါး ရှိသော စတုတ္ထစျာန်သည် ဖြစ်ပေါ်လာပေလတ္တံ့။ (ဝိသုဒ္ဓိ၊၁၊၁၅၉။)</p> <p>ယင်းစတုတ္ထစျာန်ကိုလည်း ဝသီဘော် ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။</p> <h3>ဝေဒနာကို ပယ်စဉ်</h3> <p>၁။ ကာယိကဒုက္ခဝေဒနာကို ပထမစျာန်၏ ဥပစာရခဏ၌,</p> <p>၂။ စေတသိကဒေါနဿဝေဒနာကို ဒုတိယစျာန်၏ ဥပစာရခဏ၌,</p> <p>၃။ ကာယိကသုခဝေဒနာကို တတိယစျာန်၏ ဥပစာရခဏ၌,</p> <p>၄။ စေတသိကသောမနဿဝေဒနာကို စတုတ္ထစျာန်၏ ဥပစာရခဏ၌ ---အသီးအသီး ပယ်အပ်၏။ (သံ၊၃၊၁၈၈၊၁၈၉။ ဝိသုဒ္ဓိ၊၁၊၁၆၀။)</p> <h3>စတုတ္ထစျာန်၏ ထူးခြားသော မှတ်ကျောက်</h3> <p><b>စတုတ္ထစျာနေ အတိသုခုမော အပ္ပဝတ္တိမေဝ ပါပုဏာတိ။</b> (ဝိသုဒ္ဓိ၊၁၊၂၆၇၊၊)</p> <p><b>အတိသုခုမောတိ အညတ္ထ လဗ္ဘမာနော ကာယသင်္ခါရော စတုတ္ထဇ္ဈာနေ အတိက္ကန္တသုခုမော။ သုခုမဘာဝေါပိဿ တတ္ထ နတ္ထိ၊ ကုတော ဩဠာရိကတာ အပ္ပဝတ္တနတော။ တေနာဟ အပ္ပဝတ္တိမေဝ ပါပုဏာတီတိ။</b> (မဟာဋီ၊၁၊၃၂၄၊၊)</p> <p>စတုတ္ထစျာန်၌ ဝင်သက်လေ+ထွက်သက်လေ (= အဿာသပဿာသကာယသင်္ခါရ)သည် သိမ်မွေ့နူးညံ့ခြင်းကို လွန်သွား၏၊ မဖြစ်ခြင်းသို့သာလျှင် ရောက်ရှိသွား၏။ (ဝိသုဒ္ဓိ၊၁၊၂၆၇။)</p> <p><b>အတိသုခုမ</b> (= အလွန် သိမ်မွေ့နူးညံ့၏ = လွန်သော သိမ်မွေ့နူးညံ့ခြင်း ရှိ၏။) ဟူသည် ပထမစျာန် ဒုတိယစျာန် တတိယစျာန်ဟူသော အခြား အခြားသော စျာန်တို့၌ ရအပ်သော အဿာသပဿာသကာယသင်္ခါရသည် စတုတ္ထစျာန်၌ သိမ်မွေ့နူးညံ့မှုကို ကျော်လွန်သွား၏။ ထိုအဿသပဿာသ ကာယသင်္ခါရ၏ ထိုစတုတ္ထစျာန်၌ သိမ်မွေ့နူးညံ့သည်၏ အဖြစ်သော်လည်း မရှိ ဖြစ်တုံသေး၏။ ရုန့်ရင်းသည်၏ အဖြစ်ကား အဘယ်မှာလျှင် ဖြစ်နိုင်တော့ အံ့နည်း။ ထိုကြောင့် --- <b>အပ္ပဝတ္တိမေဝ ပါပုဏာတိ</b> (= မဖြစ်ခြင်းသို့သာလျှင် ရောက်ရှိသွား၏။)ဟု အဋ္ဌကထာဆရာတော်တို့က မိန့်ဆိုတော်မူကြခြင်း ဖြစ်၏။ (မဟာဋီ၊၁၊၃၂၃။)</p> <p><b>ဒီဃဘာဏက, မဇ္ဈိမဘာဏက, သံယုတ္တဘာဏက</b>ဟူသော ထိုထို ဘာဏက မထေရ်မြတ်တို့၏ အလိုအတိုင်း အဋ္ဌကထာက ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။ (ဝိသုဒ္ဓိ၊၁၊၂၆၇။)</p> <p><b>စတုတ္ထဇ္ဈာနသမာပန္နာနံ။</b> (ဝိသုဒ္ဓိ၊၁၊၂၇၅။) --- စတုတ္ထစျာန်ကို ဝင်စား နေသော ပုဂ္ဂိုလ်တို့၏ သန္တာန်၌ အဿာသပဿာသတို့ မရှိကြောင်းကိုလည်း အဋ္ဌကထာက ဖွင့်ဆိုထားတော်မူ၏။ သို့သော် ဤအရာ၌ ယောဂါဝစရပုဂ္ဂိုလ် အနေဖြင့် သတိပြုသင့်သော အချက်တစ်ရပ် ရှိနေပေ၏။ ယောဂီပုဂ္ဂိုလ်က စတုတ္ထစျာန်သို့ ငါ ဆိုက်ရောက်လေပြီဟု မိမိကိုယ်ကို မိမိ ယုံကြည်ယူဆသောအခါ ငါသည် အသက်ရှူလေသလော, မရှူလေသလောဟု ခဏခဏ မဆန်းစစ်ပါနှင့်။ ထိုသို့ ဆန်းစစ်နေပါက စူးစမ်းဆင်ခြင်မှု (= ဓမ္မဝိစယ သမ္ဗောဇ္ဈင်)က လွန်ကဲနေသဖြင့် သမာဓိလည်း ပျက်ပြားတတ်၍ ရရှိထားပြီး သည့် စျာန်မှလည်း လျှောကျတတ်သည်။ စတုတ္ထစျာန်သမာပတ်ကိုသာလျှင် (မှန်သည်ဟု ယူဆလျှင်) ခိုင်ခံ့အောင် တည်တံ့အောင် များများ ဝင်စား နေပါဦး။ အကြောင်းမှာ ဤသို့ ဖြစ်၏။</p> <p>စတုတ္ထစျာန်သမာဓိ အခိုက်၌ အသက် မရှူသော်လည်း, တစ်နည်း ဆိုရသော် စတုတ္ထစျာန်သမာပတ်သည် အဿာသပဿာသကို မဖြစ်စေ သော်လည်း --- စျာန်အင်္ဂါကို ပြန်လည် ဆင်ခြင်နေသော မနောဒွါရိက ပစ္စဝေက္ခဏာဇောဝီထိ, အသက်ရှူ - မရှူကို ပြန်လည်ဆင်ခြင်နေသော ကာမဇော မနောဒွါရိက ဇောဝီထိစိတ်တို့မှာ (နာမ်တရားစုတို့မှာ) အဿာသ ပဿာသကိုဖြစ်စေသော မနောဒွါရိကဇောဝီထိစိတ်အစဉ်တို့ ဖြစ်ကြ၏။ ထိုကြောင့် အသက်ရှူ-မရှူကို ပြန်လည် ဆန်းစစ်နေသောအခါ ယင်းသို့ ဆန်းစစ်နေသော ကာမဇော မနောဒွါရိကဇောဝီထိစိတ်တို့ကြောင့် ဖြစ်ပေါ် လာသော အလွန် သိမ်မွေ့နူးညံ့သော အဿာသပဿာသကို (= အသက် ငွေ့ငွေ့ကလေး ရှူနေသည်ကို) အချို့ယောဂီများသည် သတိပြုနေမိတတ်၏။ စတုတ္ထစျာန်သမာပတ်အခိုက်၌ အသက်မရှူသော်လည်း အသက်ရှူ-မရှူကို ပြန်လည် ဆန်းစစ်သောအခိုက်၌ အသက်ရှူနေခြင်းသာ ဖြစ်၏။</p> <p>ထိုကြောင့် စတုတ္ထစျာန်ကို ရခါစ အစပိုင်းတွင် အသက်ရှူ-မရှူကို ဆန်းစစ်မှု မပြုသေးဘဲ စတုတ္ထစျာန်ကို ဝင်စားမှုကိုသာ များများပြုလုပ်ပါ။ ကျေနပ်မှု ရရှိသောအခါမှ အသက်ရှူ-မရှူကို ပြန်လည် ဆန်းစစ်ပါ။ ဥပေက္ခာ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးတို့မှာလည်း စတုတ္ထစျာန်၏ ဥပစာရသမာဓိအခိုက်၌လည်း ထင်ရှားနေတတ်ရကား စတုတ္ထစျာန်၏ ဥပစာရသမာဓိအခိုက်၌ ဖြစ်ပေါ်နေသော ဥပေက္ခာ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါတို့နှင့် စတုတ္ထစျာန်အခိုက်၌ ဖြစ်ပေါ်နေတတ်သော ဥပေက္ခာ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါတို့သည် အနည်းငယ် ရောထွေးတတ်သည်။ ဥပစာရသမာဓိ အခိုက်၌ အသက်ရှူမှု ရှိ၏၊ ရံခါ ဘဝင်ကျနေတတ်၏။ သို့သော် စတုတ္ထစျာန်သမာဓိအခိုက်၌ အထူးသဖြင့် စတုတ္ထစျာန်သမာပတ်ကို ဝင်စား ခိုက်၌ အသက်မရှူပေ။ ယင်းသမာဓိကိုလည်း ကြာရှည်စွာ တည်တံ့နေအောင် ဘဝင်ကျမှု မရှိအောင် ယောဂါဝစရပုဂ္ဂိုလ်က ရွက်ဆောင်ထားနိုင်ပေသည်။</p> <p>ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းစတုတ္ထစျာန်သမာဓိကိုလည်း ဝသီဘော် ငါးတန် နိုင်နင်းအောင် လေ့ကျင့်ရ၏။ ယင်းစတုတ္ထစျာန်သမာဓိကြောင့် ဖြစ်ပေါ်လာသော ဉာဏ်လင်းရောင်ခြည်စွမ်းအင်များ <b>ပရိယောဒါတ</b> =ပြိုးပြိုး ပြက်ပြက် တလက်လက် တောက်ပလာသည့် တိုင်အောင် လေ့ကျင့်ပါ။ ထိုအခါဝယ် ဝိပဿနာသို့ ကူးလိုက ကူးနိုင်ပြီ။</p> <p>အကယ်၍ မြေ-ရေ-မီး-လေတို့နှင့် တူညီသော စိတ်ဓာတ်များ ကိန်းဝပ်လာအောင် ပထဝီကသိုဏ်းစသည် ကသိုဏ်းကမ္မဋ္ဌာန်းတို့ကို ကူးပြောင်း အားထုတ်လိုကလည်း</p> <h3>(၃၂) ကောဋ္ဌာသသို့</h3> <p>ယင်း စတုတ္ထစျာန်သမာဓိကြောင့် တစ်နည်း သမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့် အလင်းရောင်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ စျာန်မှထကာ ယင်း လင်းရောင်ခြည် အကူအညီဖြင့် (၃၂)ကောဋ္ဌာသတို့ကို အဇ္ဈတ္တ (= မိမိကိုယ်)က စ၍ သိမ်းဆည်းပါ။</p> <p>၁။ ဆံပင်, မွေးညင်း, ခြေသည်း လက်သည်း, သွား, အရေ,</p> <p>၂။ အသား, အကြော, အရိုး, ရိုးတွင်းခြင်ဆီ, အညှို့ = ကျောက်ကပ်,</p> <p>၃။ နှလုံး, အသည်း, အမြှေး, အဖျဉ်း = သရက်ရွက်, အဆုပ်,</p> <p>၄။ အူမ, အူသိမ် (= အူသိမ်း = အူထုံး = အူချည်ကြိုး), အစာသစ်, အစာဟောင်း, ဦးနှောက်,</p> <p>၅။ သည်းခြေ (= အအိမ်သည်းခြေ + အရည်သည်းခြေ), သလိပ်, ပြည်, သွေး (= အိုင်နေသောသွေး + အကြောအတွင်းသွေး), ချွေး, အဆီခဲ,</p> <p>၆။ မျက်ရည်, ဆီကြည်, တံတွေး, နှပ်, အစေး, ကျင်ငယ်။</p> <p>ယောဂါဝစရသူတော်ကောင်းသည် ဤ (၃၂)ကောဋ္ဌာသတို့ကို အာနာပါနစတုတ္ထစျာန်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်စွမ်းအင်၏ အကူအညီကို ယူ၍ ဆံပင်မှသည် ကျင်ငယ်, ကျင်ငယ်မှသည် ဆံပင်သို့ တိုင်အောင် အဝါးဝစွာ လေ့လာပါ။ ဆံပင်မှသည် အောက်သို့ စိုက်ရှုလိုက်ရာ ကျင်ငယ်သို့တိုင်အောင်, ကျင်ငယ်မှသည် အထက်သို့ လှန်၍ ရှုလိုက်ရာ ဆံပင်သို့တိုင်အောင် တိုးလျှိုပေါက် ဉာဏ်ဖြင့် ထင်ထင်ရှားရှား တွေ့မြင်သည် ဖြစ်အံ့၊ ထိုအခါ အဇ္ဈတ္တ၌ အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့လာပြီး ဖြစ်ပေပြီ (= ပဂုဏ ဖြစ်ပေပြီ)။</p> <p>ထိုအခါ၌ (၃၂)ကောဋ္ဌာသတို့ကို ဤသို့ သိမ်းဆည်းနေသော ဉာဏ်ကြောင့်လည်း လင်းရောင်ခြည်များသည် ဆက်လက် ထွက်ပေါ်နေမည်သာ ဖြစ်ပေသည်။ ထိုလင်းရောင်ခြည် အကူအညီဖြင့် ဗဟိဒ္ဓ ရှေ့တည့်တည့်၌ တည်ရှိသော ယောဂီပုဂ္ဂိုလ်တစ်ဦးဦး၏ (၃၂)ကောဋ္ဌာသကို ဆက်လက် သိမ်းဆည်းပါ။ ညဉ့်အခါ လက်နှိပ်ဓာတ်မီးဖြင့် အရာဝတ္ထုတစ်ခုကို ထိုးကြည့်သကဲ့သို့ ထိုဉာဏ်ရောင် ပျံ့နှံ့ရာ အရပ်၌ ထိုဉာဏ်ရောင်၏ အကူအညီဖြင့် ပကတိမျက်စိဖြင့် တွေ့မြင်နေရသကဲ့သို့ ဉာဏ်မျက်စိဖြင့် (= ဉာဏ်အလင်းရောင်ဖြင့်) ယင်း (၃၂)ကောဋ္ဌာသကို မြင်အောင် ကြည့်ပါ။ အကယ်၍ ဉာဏ်အလင်းရောင်မှာ မလုံလောက်ဟု ယူဆပါက အာနာပါနစတုတ္ထစျာန်ကို တစ်ဖန် ဝင်စားပါ။ ယင်း စတုတ္ထစျာန်သမာဓိကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည် အကူအညီကို ယူကာ တစ်ဖန် ဗဟိဒ္ဓ၌ (၃၂)ကောဋ္ဌာသတို့ကို သိမ်းဆည်းပါ။ လင်းရောင်ခြည် မှိန်သွားတိုင်း ဤစနစ်ကို အသုံးပြုပါ။ ရှေ့တည့်တည့်၌ တည်ရှိသော ယောဂီ တစ်ဦး၏ (၃၂)ကောဋ္ဌာသတို့ကို နိုင်နိုင်နင်းနင်း သိမ်းဆည်းပြီးသောအခါ အဇ္ဈတ္တ (၃၂)ကောဋ္ဌာသတို့ကို တစ်လှည့် ပြန်သိမ်းဆည်းပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် သိမ်းဆည်းပါ။ သို့မှသာလျှင် ဘာဝနာသည် အရှိန်ကောင်းလာမည် ဖြစ်ပေသည်။</p> <p>ဤနည်းစနစ်ကို မှီ၍ အနီးမှသည် အဝေးသို့ တစ်စတစ်စ တိုး၍တိုး၍ ရှုကြည့်ပါ။ အရပ် (၁၀)မျက်နှာအားလုံးသို့ ဖြန့်ကြက်၍ ရှုကြည့်ပါ။ ယင်း အာနာပါနစတုတ္ထစျာန်ကြောင့် သို့မဟုတ် (၃၂)ကောဋ္ဌာသတို့ကို သိမ်းဆည်း ရှုပွားနေသော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်နှင့် တွေ့ထိမိရာ လူ, တိရစ္ဆာန်စသည့် သတ္တဝါတိုင်း၏ (၃၂)ကောဋ္ဌာသတိုင်းကို တစ်ဦးပြီး တစ်ဦး တစ်ယောက်ပြီးတစ်ယောက် အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုကြည်ပါ။ ယောက်ျား မိန်းမ ကျွဲ နွား တိရစ္ဆာန်ဟု မတွေ့မြင်ရတော့ဘဲ (၃၂)ကောဋ္ဌာသ အစုအပုံဟု ကြည့်လိုက်တိုင်း တွေ့နေပါက အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ (၃၂)ကောဋ္ဌာသတို့ကို အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့လာပြီး ဖြစ်ပေပြီ (= ပဂုဏ ဖြစ်ပေပြီ)။</p> <h3>လမ်းသုံးသွယ်</h3> <p><b>ကောဋ္ဌာသာနံ ပဂုဏကာလတော ပဋ္ဌာယ တီသု မုခေသု ဧကေန မုခေန ဝိမုစ္စိဿတိ၊ ကမ္မဋ္ဌာနံ ဝဏ္ဏတော ဝါ ပဋိကူလတော ဝါ သုညတော ဝါ ဥပဋ္ဌာတိ။ ပ ။ အာကင်္ခမာနဿ ဝဏ္ဏတော အာကင်္ခမာနဿ ပဋိကူလတော အာကင်္ခမာနဿ သုညတော ကမ္မဋ္ဌာနံ ဥပဋ္ဌဟိဿတိယေဝ။</b> (အဘိ၊ဋ္ဌ၊၂၊၂၄၂-၂၄၃။)</p> <p>= ယင်း (၃၂)ကောဋ္ဌာသတို့ကို အဇ္ဈတ္တ, ဗဟိဒ္ဓ သန္တာန် နှစ်မျိုးတို့၌ အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့လာပြီးရာ အချိန်အခါမှ စ၍ နိဗ္ဗာန်သို့ ဝင်ရာ မုခ်ဦးကြီး သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော မုခ်ဦးဖြင့် ဝင်ရောက်သွာခဲ့သော် ကိလေသာတို့မှ မချွတ်ဧကန် လွတ်မြောက်လိမ့်မည်သာ ဖြစ်ပေသည်။ ကမ္မဋ္ဌာန်းသည် ---</p> <p>၁။ ဝဏ္ဏ = အရောင်ကသိုဏ်း = ဝဏ္ဏကသိုဏ်းအားဖြင့်သော်လည်းကောင်း,</p> <p>၂။ ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ် = ပဋိကူလသဘောအားဖြင့်သော်လည်းကောင်း,</p> <p>၃။ သုညတ = အတ္တမှ ဆိတ်သုဉ်းသော သုညတဓာတ်သဘောအားဖြင့်သော်လည်းကောင်း ထင်လာနိုင်၏။ ပ ။</p> <p>၁။ အလိုရှိသသူအား ဝဏ္ဏကသိုဏ်းအားဖြင့်,</p> <p>၂။ အလိုရှိသသူအား ရွံရှာစက်ဆုပ်ဖွယ် = ပဋိကူလအားဖြင့်,</p> <p>၃။ အလိုရှိသသူအား သုညတဓာတ်သဘောအားဖြင့် --- ကမ္မဋ္ဌာန်းသည် ထင်ရှားလာမည်သာ ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၂၄၃။)</p> <p>ဤအထက်ပါ သမ္မောဟဝိနောဒနီအဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သည် (၃၂)ကောဋ္ဌာသတို့ကို အဇ္ဈတ္တ, ဗဟိဒ္ဓ သန္တာန် နှစ်မျိုးလုံး၌ နိုင်နိုင်နင်းနင်း အဝါးဝစွာ လေ့လာပြီးသောအခါ အထက်ပါ လမ်းသုံးသွယ်တို့တွင် မိမိ ကြိုက်နှစ်သက်ရာ လမ်းကို ရွေးချယ်၍ ရှုနိုင်သည် သာ ဖြစ်ပေသည်။ ဤကျမ်းတွင်ကား ဝဏ္ဏကသိုဏ်းလမ်းကို ဦးစားပေးကာ ဖော်ပြပေအံ့။</p> <h3>ဝဏ္ဏကသိုဏ်း = အရောင်ကသိုဏ်း</h3> <p>ဘုရားရှင်သည် ဝိမောက္ခတရား (၈)ပါးတို့ကို ဟောကြားထားတော် မူခဲ့၏။ ယင်းဝိမောက္ခတရား (၈)ပါးတို့တွင် ပထမဝိမောက္ခတရားနှင့် ဒုတိယ ဝိမောက္ခတရားတို့မှာ ဤသို့ ဖြစ်၏။</p> <p>၁။ <b>ရူပီ ရူပါနိ ပဿတိ၊ အယံ ပဌမော ဝိမောက္ခော။</b></p> <p>၂။ <b>အဇ္ဈတ္တံ အရူပသညီ ဗဟိဒ္ဓါ ရူပါနိ ပဿတိ၊ အယံ ဒုတိယော ဝိမောက္ခော။</b> (အံ၊၃၊၁၂၆။)</p> <p><b>ရူပီတိ ယေနာယံ သသန္တတိပရိယာပန္နေန ရူပေန သမန္နာဂတော၊ တံ ယဿ စျာနဿ ဟေတုဘာဝေန ဝိသိဋ္ဌရူပံ ဟောတိ၊ ယေန ဝိသိဋ္ဌေန ရူပေန ရူပီတိ ဝုစ္စေယျ ရူပီသဒ္ဒဿ အတိသယတ္ထဒီပနတော၊ တဒေဝ သသန္တတိပရိယာပန္နရူပဿ ဝသေန ပဋိလဒ္ဓဇ္ဈာနံ ဣဓ ပရမတ္ထတော ရူပိဘာဝသာဓကန္တိ ဒဋ္ဌဗ္ဗံ။ တေနာဟ အဇ္ဈတ္တန္တိ အာဒိ။ ရူပဇ္ဈာနံ ရူပံ ဥတ္တရပဒလောပေန။ ရူပါနီတိ ပနေတ္ထ ပုရိမပဒလောပေါ ဒဋ္ဌဗ္ဗော။ တေန ဝုတ္တံ နီလကသိဏာဒီနိ ရူပါနီတိ။ ရူပေ ကသိဏရူပေ သညာ ရူပသညာ။ ဧတဿ အတ္ထီတိ ရူပသညီ၊ သညာသီသေန စျာနံ ဝဒတိ။ တပ္ပဋိပက္ခေန အရူပသညီ။ တေနာဟ အဇ္ဈတ္တံ န ရူပသညီတိအာဒိ။</b> (အံ၊ဋီ၊၃၊၂၄၉။)</p> <p>အထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။</p> <p>၁။ မိမိ အဇ္ဈတ္တသန္တာန်၌ ကသိုဏ်းရုပ်စျာန် ရှိသည်ဖြစ်၍ အပြင် ဗဟိဒ္ဓ သန္တာန်၌လည်း ကသိုဏ်းရုပ်စျာန်တို့ကို ရှု၏။ ဤကား ပထမ လွတ်မြောက်မှု(= ဝိမောက္ခ)ပေတည်း။</p> <p>၂။ မိမိ အဇ္ဈတ္တသန္တာန်၌ ကသိုဏ်းရုပ်စျာန်ကို မရှုမူ၍ အပြင် ဗဟိဒ္ဓ သန္တာန်၌ ကသိုဏ်းရုပ်စျာန်တို့ုကို ရှု၏။ ဤကား ဒုတိယ လွတ်မြောက်မှု (=ဝိမောက္ခ္ခ)ပေတည်း။ (အံ၊၃၊၁၂၆။)</p> <p>ဤတွင် အဋ္ဌကထာက အဇ္ဈတ္တ (၃၂)ကောဋ္ဌာသတို့တွင် ဆံပင်စသော ကောဋ္ဌာသတို့၌ နီလကသိုဏ်း (= အညိုရောင်ကသိုဏ်း)စသည်တို့၏ အစွမ်းဖြင့် ဖြစ်စေအပ်သော ရူပါဝစရစျာန်ရှိသော ပုဂ္ဂိုလ်ကို ရူပီ (= ကသိုဏ်းရုပ်စျာန်ရှိသော ပုဂ္ဂိုလ်)ဟု ဖွင့်ဆိုထား၏။ အဇ္ဈတ္တကောဋ္ဌာသတို့၌ ရူပါဝစရကသိုဏ်းရုပ်စျာန်တို့ကို ရရှိပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဗဟိဒ္ဓ ကသိုဏ်းရုပ်တို့ကိုလည်း စျာန်စက္ခုဖြင့် ရှုပြန်၏ (= ဗဟိဒ္ဓကောဋ္ဌာသတို့၌ လည်း ကသိုဏ်းရုပ်စျာန်တို့ကို ရရှိအောင် ကြိုးစားအားထုတ်၏။) အဇ္ဈတ္တ, ဗဟိဒ္ဓ ကောဋ္ဌာသနှစ်မျိုးလုံး၌ ရူပါဝစရစျာန်တို့ကို ရရှိအောင် အားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်တည်း။ ပထမဝိမောက္ခတရားနှင့် ပြည့်စုံသူတည်း။</p> <p>ဒုတိယပုဂ္ဂိုလ်ကား အဇ္ဈတ္တကောဋ္ဌာသတို့၌ ကသိုဏ်းရုပ်စျာန်တို့ကို ရရှိအောင် မကြိုးစားတော့ဘဲ ဗဟိဒ္ဓကောဋ္ဌာသတို့၌သာလျှင် ကသိုဏ်းရုပ်စျာန်တို့ကို ရရှိအောင် ကြိုးစားအားထုတ်၏။ ဒုတိယဝိမောက္ခတရားနှင့် ပြည့်စုံသူတည်း။ (အံ၊ဋ္ဌ၊၃၊၂၄၅။ အံ၊ဋီ၊၃၊၂၄၉။ အဘိ၊ဋ္ဌ၊၁၊၂၃၅။)</p> <p>(၃၂)ကောဋ္ဌာသတို့ကို အာရုံယူကာ ကသိုဏ်းစျာန်တို့ကို ပွားများ အားထုတ်ခဲ့သော် နီလကသိုဏ်း ပီတကသိုဏ်း လောဟိတကသိုဏ်း ဩဒါတ ကသိုဏ်းဟု ဝဏ္ဏကသိုဏ်း (= အရောင်ကသိုဏ်း) လေးမျိုးတို့ကို ရရှိနိုင်၏။</p> <p>၁။ နီလကသိုဏ်း = အညိုရောင်ကသိုဏ်း --- ဆံပင်, မွေးညင်း, သည်းခြေ တို့၌လည်းကောင်း, မျက်လုံးတို့၌ မည်းနက်ရာ အရပ်၌လည်းကောင်း ညိုသော အရောင်ကို အာရုံပြု၍ <b>နီလံ နီလံ</b> (= အညို အညို)ဟု နှလုံးသွင်းသော ပုဂ္ဂိုလ်အား စတုက္ကစျာန်, ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်နိုင်ကုန်၏။ ယင်းစျာန်တို့ကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ဝိပဿနာဉာဏ်ကို ဖြစ်စေ နိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၃၉။)</p> <p>၂။ ပီတကသိုဏ်း = အဝါရောင်ကသိုဏ်း ----- အဆီခဲ၌လည်းကောင်း, မျက်လုံးတို့၏ ဝါရွှေရာအရပ်၌လည်းကောင်း (= ဝါသော အရေပြား၌လည်းကောင်း, ဝါသော လက်ဖဝါး, ခြေဖဝါးတို့၌လည်းကောင်း) အဝါရောင်ကို အာရုံယူ၍ <b>ပီတကံ ပီတကံ</b> (= အဝါ အဝါ)ဟု နှလုံးသွင်းသော ပုဂ္ဂိုလ်အား စတုက္ကစျာန် ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်နိုင်ကုန်၏။ ယင်းစျာန်ကို ဝိပဿနာ ၏ အခြေပါဒက ပြု၍ ဝိပဿနာဉာဏ်ကို ဖြစ်စေနိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၃၉။)</p> <p>၃။ လောဟိတကသိုဏ်း = အနီရောင်ကသိုဏ်း --- အသား၌လည်းကောင်း, သွေး၌လည်းကောင်း, (လျှာ၌လည်းကောင်း), မျက်လုံးတို့၏ နီမြန်းရာအရပ်၌ လည်းကောင်း အနီရောင်ကို အာရုံယူ၍ <b>လောဟိတကံ လောဟိတကံ</b> (=အနီ အနီ)ဟု နှလုံးသွင်းသော ပုဂ္ဂိုလ်အား စတုက္ကစျာန် ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်နိုင်ကုန်၏။ ယင်းစျာန်ကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာ ဉာဏ်ကို ဖြစ်စေနိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၃၉။)</p> <p>၄။ ဩဒါတကသိုဏ်း = အဖြူရောင်ကသိုဏ်း --- ခြေသည်းလက်သည်း၌ လည်းကောင်း, သွား၌လည်းကောင်း, အရေထူ အရေပါး၌လည်းကောင်း, အရိုး၌လည်းကောင်း, မျက်လုံးတို့၏ ဖြူရာအရပ်၌လည်းကောင်း, အဖြူရောင်ကို အာရုံပြု၍ <b>ဩဒါတံ ဩဒါတံ</b> (= အဖြူ အဖြူ)ဟု နှလုံးသွင်းသော ပုဂ္ဂိုလ်အား စတုက္ကစျာန်, ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်လာနိုင်ကုန်၏။ ယင်းစျာန်ကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ဝိပဿနာဉာဏ်ကို ဖြစ်စေ နိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၃၉။ ဒီ၊ဋ္ဌ၊၂၊၁၅၁။ အဘိ၊ဋ္ဌ၊၁၊၂၃၅။)</p> <h3>ဩဒါတကသိုဏ်း = အဖြူရောင်ကသိုဏ်း</h3> <p>ရဟန်းတို့ ... ဤအဘိဘာယတနစျာန် (၈)မျိုးတို့တွင် အချို့သော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိအဇ္ဈတ္တသန္တာန်၌ တည်ရှိသော ကောဋ္ဌာသတို့၏ အဆင်းရုပ်တို့ကို မရှုမူ၍ ဗဟိဒ္ဓ၌ ဖြူသော အဆင်း, ဖြူသော အသွေး, ဖြူသော အရောင်ရှိသော, ဖြူသော ကသိုဏ်းရုပ်တို့ကို ရှု၏။ ထိုကသိုဏ်းရုပ်တို့ကို လွှမ်းမိုး၍ ငါ သိ၏၊ ငါ မြင်၏ဟု ဤသို့ အမှတ်သညာ ရှိ၏။ ဤ အဘိဘာယတနစျာန်သည်ကား အသာဆုံး အမြတ်ဆုံးတည်း။ (အံ၊၃၊၃၀၆။)</p> <p>ဤအထက်ပါ ဒေသနာတော်နှင့် အညီ ဝဏ္ဏကသိုဏ်း လေးမျိုးတို့တွင် ဩဒါတ (= အဖြူရောင်)ကသိုဏ်းကား ယောဂါဝစရပုဂ္ဂိုလ်တို့၏ စိတ်ဓာတ်ကို အထူး ကြည်လင်စေတတ်သဖြင့် အသာဆုံး အမြတ်ဆုံး ကသိုဏ်းတစ်ခု ဖြစ်၏။ ထို့ကြောင့် ဩဒါတကသိုဏ်း ရှုကွက်ကို ရှေ့ဦးစွာ တင်ပြပေအံ့။</p> <p>၁။ အာနာပါနစတုတ္ထစျာန်သမာဓိကို ပြန်လည်ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသော အခါ -----</p> <p>၂။ အဇ္ဈတ္တ (၃၂)ကောဋ္ဌာသတို့ကို သိမ်းဆည်းပါ။</p> <p>၃။ မိမိ၏ ရှေ့တည့်တည့် သို့မဟုတ် အနီးကပ်ဆုံး တစ်နေရာ၌ တည်ရှိသော ဗဟိဒ္ဓ (၃၂)ကောဋ္ဌာသတို့ကို သိမ်းဆည်းပါ။</p> <p>၄။ ထို အဇ္ဈတ္တ ဗဟိဒ္ဓ ကောဋ္ဌာသတို့တွင် မိမိ ရှု၍ ပိုကောင်းသည့် ကောဋ္ဌာသက စတင်နိုင်သည်။ အကယ်၍ ဗဟိဒ္ဓကောဋ္ဌာသက ပိုပြီး ရှုကောင်းပါက ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသကို သိမ်းဆည်းပါ။</p> <p>၅။ ထိုဗဟိဒ္ဓ အရိုးစုကောဋ္ဌာသ၏ အဖြူဆုံး တစ်နေရာကို ရွေးချယ်၍ သို့မဟုတ် အရိုးစုအားလုံး ဖြူနေသော် အရိုးစုအားလုံးကို ခြုံငုံ၍ သို့မဟုတ် မိမိဘက်သို့ ကျောပေးထားသော ဦးခေါင်းခွံအရိုးကို အာရုံ ပြု၍ <b>ဩဒါတ ဩဒါတ</b> (= အဖြူ အဖြူ)ဟု နှလုံးသွင်းပါ။</p> <p>ထိုသို့ ရှုသောအခါ ထိုအဖြူရောင်အာရုံ၌ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားပါ။</p> <p>အာနာပါနစတုတ္ထစျာန် စသော ရှေးရှေး ဘာဝနာသမာဓိတို့၏ ဥပနိဿယသတ္တိ စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံထားရသော ယောဂါဝစရပုဂ္ဂိုလ်၏ ဩဒါတကသိုဏ်း ဘာဝနာစိတ်သည် အဖြူရောင် အာရုံ၌ မကြာမီ အချိန်ကာလအတွင်းဝယ် ငြိမ်ဝပ်စွာ ကပ်၍ တည်မည်သာ ဖြစ်ပေသည်။ ယင်းအဖြူရောင်အာရုံ၌ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေပါက အရိုးစုကောဋ္ဌာသ ပျောက်၍ အဖြူရောင် ကသိုဏ်းဝန်း သက်သက်သာ ကျန်ရှိနေမည် ဖြစ်ပေသည်။ ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ် ဖြူနေသော အဖြူရောင်ကသိုဏ်းဝန်းကား ဥဂ္ဂဟနိမိတ်တည်း။ သောက်ရှူး ကြယ်ကဲ့သို့ အလွန်ကြည်လင်တောက်ပလာသော အဖြူရောင်ကသိုဏ်းဝန်း ကား ပဋိဘာဂနိမိတ်တည်း။ ဥဂ္ဂဟနိမိတ်သို့ မဆိုက်မီ ဆွတ်ဆွတ်မဖြူမီ အရိုးစုနိမိတ်အားလုံးကား ပရိကမ္မနိမိတ်ချည်းသာတည်း။</p> <p>အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ဤသာသနာတော်တွင်း၌ ရှေးရှေး ဘဝများက ဖြစ်စေ, သို့မဟုတ် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း ဘဝထိုထိုက ဖြစ်စေ, သို့မဟုတ် သာသနာပကာလ ရှေးရှေးဘဝတစ်ခုက ဖြစ်စေ ဖြည့်ကျင့်ဆည်းပူးခဲ့သော ဩဒါတကသိုဏ်း ပါရမီကုသိုလ် အဆောက် အဦ ရှိသူ ဖြစ်ပါက အဖြူရောင် ဩဒါတကသိုဏ်းဝန်းမှာ အထူးကြိုးစား၍ မဖြန့်ရတော့ဘဲ ဥဂ္ဂဟနိမိတ် သို့မဟုတ် ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက် လာသောအခါ အဖြူရောင် ဩဒါတကသိုဏ်းဝန်းကို အဖြူ အဖြူဟု စူးစူး စိုက်စိုက် ရှုနေစဉ်မှာပင် ဩဒါတကသိုဏ်းဝန်းသည် အရပ် (၁၀)မျက်နှာသို့ တိုင်အောင် လွယ်ကူစွာ ပြန့်သွားတတ်ပေသည်။</p> <p>အကယ်၍ အဖြူရောင်ကသိုဏ်းဝန်းမှာ ပြန့်ကျယ်၍ မသွားပါက ထိုအဖြူရောင် ကသိုဏ်းဝန်းကိုပင် ဆွတ်ဆွတ်ဖြူ၍ အထူးကြည်လင်တောက်ပလာသည့်တိုင်အောင် အာရုံယူကာ အဖြူ အဖြူဟု ရှုနေပါ။ သမာဓိကို ဆက်လက် ထူထောင်ပါ။ ဆွတ်ဆွတ်ဖြူ၍ အထူးသန့်ရှင်း ကြည်လင်တောက်ပနေသည့် ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်သောအခါ ယင်းပဋိဘာဂနိမိတ်ကိုပင် အာရုံယူ၍ အဖြူ အဖြူဟု ဆက်လက် ရှုပွားခဲ့သော် ပထမစျာန်သမာဓိသို့ကား ဆိုက်ရောက်နိုင်၏။ သို့သော် ယင်းသမာဓိမှာ မခိုင်ခံ့ဘဲ အရှည်မတည်တံ့ ဖြစ်တတ်၏။ ထိုကြောင့် သမာဓိ၏ အရှည်ခိုင်ခံ့ တည်တံ့ရေးအတွက် ယင်းပဋိဘာဂနိမိတ်ကို တိုးပွားအောင် ပြုလုပ်သင့်ပေသည်။</p> <p>ယင်း အဖြူရောင် ဩဒါတကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်သည် တစ်နာရီ နှစ်နာရီစသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေသောအခါ အဖြူရောင်ကသိုဏ်းဝန်းသည် ဘေးပတ်လည်ဝန်းကျင်သို့ လက်တစ်သစ်ခန့် ပြန့်ပါစေ၊ သို့မဟုတ် လက်နှစ်သစ်ခန့်် ပြန့်ပါစေ၊ သို့မဟုတ် လက်သုံးသစ်ခန့် ပြန့်ပါစေ၊ သို့မဟုတ် လက်လေးသစ်ခန့် ပြန့်ပါစေ --- ဤသို့ စသည်ဖြင့် မိမိ၏ ဉာဏ်အာနုဘော်စွမ်းအားနှင့် နှိုင်းချိန်လျက် လက်တစ်သစ် လက် နှစ်သစ် စသည်ဖြင့် ပိုင်းခြား၍ အဓိဋ္ဌာန်ပြုကာ ဖြန့်ကြည့်ပါ။ လက်တစ်သစ် လက်နှစ်သစ် စသည်ဖြင့် မပိုင်းခြားဘဲကား ကသိုဏ်းဝန်းကို မဖြန့်ပါနှင့်၊ ပိုင်းခြား၍သာ ဖြန့်ပါ။ ထိုသို့ ပိုင်းခြား၍ အဓိဋ္ဌာန်ပြုကာ ဖြန့်လိုက်သဖြင့် ကသိုဏ်းဝန်းသည် ပြန့်သွားခဲ့သော် ယင်းကသိုဏ်းဝန်းသည် အနည်းငယ် လှုပ်ရှားသွားတတ်၏။ ထိုအခါ ထိုကသိုဏ်းဝန်းကို ငြိမ်သက်သွားအောင် အဖြူ အဖြူဟု ရှုနေပါ၊ သမာဓိစွမ်းအား ကောင်းလာသောအခါ ကသိုဏ်းဝန်းသည် ငြိမ်သက်သွားမည် ဖြစ်သည်။ ငြိမ်သက်သွားပါက ရှေးနည်းအတူ ပိုင်းခြား၍ ပိုင်းခြား၍ အဓိဋ္ဌာန်ပြုကာ ထပ်မံ၍ ဖြန့်ကြည့်ပါ။</p> <p>တစ်စတစ်စ ကသိုဏ်းဝန်းသည် ကျယ်ပြန့်လာသောအခါ တစ်တောင် ပြန့်ပါစေ၊ တစ်လံ ပြန့်ပါစေ --- ဤသို့ စသည်ဖြင့် တိုးချဲ့၍ ဖြန့်ကြည့်ပါ။ ဤနည်းဖြင့် ကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာသို့ အတိုင်းအတာ ပမာဏ မရှိအောင် ဖြန့်ကြက်ပါ။ အရပ် (၁၀)မျက်နှာ၌ မည်သည့်အရပ်ကို မဆို ကြည့်လိုက်တိုင်း ဖြူနေပါစေ။ အဇ္ဈတ္တ, ဗဟိဒ္ဓ နှစ်ဌာနလုံး၌ သဏ္ဌာန်ဒြပ် လုံးဝမရှိတော့ဘဲ အဖြူရောင်ချည်းသက်သက် တည်ရှိနေသောအခါ ထိုအဖြူ ရောင်ကသိုဏ်းအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင်, ကသိုဏ်းက လှုပ်ရှားနေပါက လှုပ်ရှားနေသော အဖြူရောင်ကသိုဏ်းအာရုံကိုလည်း ငြိမ်ဝပ်သွားအောင် ဖြန့်ကြက်ပြီးသော ယင်းအဖြူရောင်ကသိုဏ်း၏ တစ်နေရာ၌ --- တိုက်နံရံ တစ်ခုပေါ်၌ ဦးထုပ်တစ်လုံးကို ချိတ်ဆွဲထားသကဲ့သို့ ဘာဝနာစိတ်ကို ကပ်ထား၍ အဖြူ အဖြူဟုသာ ရှုနေပါ။ ယင်းအဖြူရောင် ကသိုဏ်းအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်လာသောအခါ အဖြူရောင်ကသိုဏ်းမှာလည်း လှုပ်ရှားမှု မရှိတော့ဘဲ ငြိမ်ဝပ်လာမည် ဖြစ်၏။ ဘာဝနာစိတ်သည်လည်း ငြိမ်သက်သထက် ငြိမ်သက်လာ၍ အဖြူရောင် ကသိုဏ်းလည်း ငြိမ်ဝပ်လာသောအခါ ယင်း အဖြူရောင်ကသိုဏ်းမှာ ဆွတ်ဆွတ်ဖြူ၍ အထူးကြည်လင် သန့်ရှင်းလာမည် ဖြစ်သည်။ အဖြူရောင် ကသိုဏ်းနိမိတ်ကို တိုးပွားအောင် ဖြန့်ကြက်ပြီးနောက် ထပ်မံ၍ ရရှိလာသော ကသိုဏ်းပဋိဘာဂနိမိတ်တည်း။ ထိုအဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ် အာရုံ၌ တစ်နာရီ နှစ်နာရီခန့် စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် အဖြူ အဖြူဟုပင် ရှုနေပါ။ ထိုအခါ ယင်းပဋိဘာဂနိမိတ်ကိုပင် ထပ်ကာ ထပ်ကာ နှလုံးသွင်းနေပါက ရှုနေပါက သမာဓိဒီဂရီ စံချိန်မီလာသောအခါ ရင့်ကျက်လာသောအခါ ထိုပဋိဘာဂနိမိတ်အာရုံထဲ၌ ဘာဝနာစိတ်သည် နစ်မြုပ်၍ ငြိမ်ဝပ်စွာ ကပ်၍ တည်နေပေလိမ့်မည်။ ထိုသို့ ယင်းပဋိဘာဂနိမိတ် အတွင်း၌ နစ်မြုပ်ကာ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော ယင်းဘာဝနာဝယ် စျာန်အင်္ဂါ ငါးပါးတို့လည်း ထင်ရှားနေပေလိမ့်မည်။ စျာန်အင်္ဂါတို့သည် ထင်ရှားနေပေလိမ့်မည်။ စျာန်အင်္ဂါတို့သည် စွမ်းအင် ပြည့်ပြည့်ဝဝဖြင့် အားရှိ နေမည် ဖြစ်ပေသည်။ ထိုအခါ ပထမစျာန်သမာဓိကိုလည်း ဆိုက်ရောက်ပြီး ဖြစ်ပေသည်။</p> <h3>စျာန်အင်္ဂါ ငါးပါး</h3> <p>၁။ ဝိတက် = အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘော၊</p> <p>၂။ ဝိစာရ = အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံကို အဖြူ အဖြူဟု ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်းသဘော၊</p> <p>၃။ ပီတိ = အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံကို နှစ်သက် ခြင်းသဘော၊</p> <p>၄။ သုခ = အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော၊</p> <p>၅။ ဧကဂ္ဂတာ = အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံတစ်ခုတည်း ပေါ်သို့ စိတ်ကျရောက် တည်ငြိမ်နေခြင်းသဘော၊</p> <p>ဝိတက်စသည့် တစ်လုံးစီ တစ်လုံးစီကို စျာန်အင်္ဂါဟု ခေါ်ဆို၍ ယင်း စျာန်အင်္ဂါတို့၏ အပေါင်းအစုကို စျာန်ဟု ခေါ်ဆိုသည်။ ယင်း ပထမစျာန် သမာဓိကိုလည်း ဝသီဘော် ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ဝသီဘော် ငါးတန် နိုင်နင်းသောအခါ အာနာပါနကမ္မဋ္ဌာန်း၌ ရေးသားတင်ပြခဲ့သည့် အတိုင်း ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်တို့သို့လည်း အစဉ်အတိုင်း ကူးပါလေ။</p> <h3>စတုက္ကနည်း - စျာန် (၄) ပါး</h3> <p>၁။ ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ ငါးပါးရှိသော ပထမစျာန်၊</p> <p>၂။ ပီတိ-သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ သုံးပါးရှိသော ဒုတိယစျာန်၊</p> <p>၃။ သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော တတိယစျာန်၊</p> <p>၄။ ဥပေက္ခာ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော စတုတ္ထစျာန်။</p> <h3>ပဉ္စကနည်း - စျာန် (၅) ပါး</h3> <p>၁။ ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ ငါးပါးရှိသော ပထမစျာန်၊</p> <p>၂။ ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ လေးပါးရှိသော ဒုတိယစျာန်၊</p> <p>၃။ ပီတိ-သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ သုံးပါးရှိသော တတိယစျာန်၊</p> <p>၄။ သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော စတုတ္ထစျာန်၊</p> <p>၅။ ဥပေက္ခာ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော ပဉ္စမစျာန်။</p> <p>ဤသို့လျှင် စတုက္ကနည်း၌ စျာန် (၄)ပါး, ပဉ္စကနည်း၌ စျာန် (၅)ပါး ရှိကြပေသည်။ စျာန်အင်္ဂါတို့ကို ပယ်ရှားရာဝယ် ပဉ္စကနည်း၌ကား ဝိတက်နှင့် ဝိစာရကို တစ်လုံးစီ ဖြုတ်သဖြင့် စျာန် (၅)ပါး ဖြစ်သည်။ စတုက္ကနည်း၌ကား ဝိတက်နှင့် ဝိစာရတို့ကို ပြိုင်တူ ဖြုတ်သဖြင့် စျာန် (၄)ပါး ဖြစ်သည်။ ကျွတ်ထိုက်သသူ နတ်,လူ, ဗြဟ္မာ ဝေနေယျကြာ သတ္တဝါတို့၏ အလိုအကြိုက် စရိုက်နှင့် လျော်ညီစွာ ဉာဏ်နုံ့သူတို့အား ပဉ္စကနည်းကို, ဉာဏ်ထက်မြက်သူတို့အား စတုက္ကနည်းကို ဟောကြားတော်မူသည်။ ရူပါဝစရစျာန်များတည်း။ ရူပါဝစရဘုံသို့ ရောက်စေနိုင်သော စွမ်းအားရှိသော စျာန်များဟု ဆိုလို၏။ ဤ၌ကား ----- ရူပါဝစရဘုံသို့ ရောက်ရှိရေးအတွက် ရည်ရွယ်၍ သမာဓိကို ထူထောင်သည့် လုပ်ငန်းရပ်ကို ပြုလုပ်စေသည်ကား မဟုတ်ပါ။ ဝိပဿနာ၏ အခြေပါဒကအဖြစ် ရည်ရွယ်၍ သမာဓိထူထောင်မှုကို တိုက်တွန်းနေခြင်း ဖြစ်ပါသည်။</p> <h3>နီလကသိုဏ်း စသည်သို့</h3> <p>ယောဂါဝစရပုဂ္ဂိုလ်သည် ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသကို အာရုံယူ၍ ဩဒါတကသိုဏ်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် အောင်မြင်စွာ သမာဓိကို ထူထောင်နိုင်ခဲ့သည်ရှိသော် အဇ္ဈတ္တ အရိုးစုကောဋ္ဌာသကို အာရုံယူ၍လည်း အဖြူရောင်ကသိုဏ်းကို အလားတူပင် စတုတ္ထစျာန်သို့ ဆိုက်သည်တိုင်အောင် ပွားများနိုင်ပေသည်။</p> <p>တစ်ဖန် ယင်း အဖြူရောင်ကသိုဏ်းလျှင် အာရုံရှိသော စတုတ္ထစျာန်သမာဓိမှ ထသောအခါ ---</p> <p>၁။ ဆံပင်ကဲ့သို့, သည်းခြေကဲ့သို့ ညိုသော ကောဋ္ဌာသကို အာရုံယူ၍ အညိုရောင် နီလကသိုဏ်းကိုလည်းကောင်း,</p> <p>၂။ အဆီခဲ, ကျင်ငယ်ကဲ့သို့ ဝါသော ကောဋ္ဌာသကို အာရုံယူ၍ အဝါရောင် ပီတကသိုဏ်းကိုလည်းကောင်း,</p> <p>၃။ သွေးကဲ့သို့ နီသော ကောဋ္ဌာသကို အာရုံယူ၍ အနီရောင် လောဟိတ ကသိုဏ်းကိုလည်းကောင်း ---</p> <p>အလိုရှိက အလားတူ ပွားများအားထုတ်ခဲ့သော် စတုတ္ထစျာန်သမာဓိသို့ပင် ဆိုက်ရောက်နိုင်ပေသည်။ အဇ္ဈတ္တကောဋ္ဌာသ, ဗဟိဒ္ဓကောဋ္ဌာသ နှစ်မျိုးလုံး၌ ရှုနိုင်သည်။ အောင်မြင်မှုကို ရရှိသောအခါ ဗဟိဒ္ဓ သက်မဲ့လောက ၌ တည်ရှိသော ပိတ်စ, ကျောက်, ပန်းပွင့်တို့ကို အာရုံယူ၍လည်း ယင်း ဝဏ္ဏကသိုဏ်းတို့ကို ပွားများနိုင်ပေသည်။ ထိုကဲ့သို့ ဝဏ္ဏကသိုဏ်း၌ ကျွမ်းကျင်နေသူအား -----</p> <p>၁။ အောက်မဲညိုပွင့် မြခွာညိုပွင့်တို့ကလည်း အညိုရောင် နီလကသိုဏ်းကို ပွားများရန်အတွက် လာစမ်းပါ ရှုကြည့်စမ်းပါဟု ဖိတ်ခေါ်နေသကဲ့သို့ပင် ရှိကြ၏။</p> <p>၂။ အတာကူးသည့် လတန်ခူးတွင် ပင်လုံးကျွတ် ဖူးပွင့်ဝေဆာလျက် ရှိကြသော ပန်းပိတောက်နှင့် ငုရွှေဝါတို့ကလည်း အဝါရောင် ပီတ ကသိုဏ်းကို ရှုရန် ဆီးကြို နှုတ်ဆက်နေကြသည့်အလား ရပ်တည် နေကြမည်သာ ဖြစ်၏။</p> <p>၃။ လယ်ခေါင်ရန်းနှင့် နီမြန်းသော နှင်းဆီပန်းတို့ကလည်း အနီရောင် လောဟိတကသိုဏ်းကို ရှုရန် စောင့်မျှော်နေကြသကဲ့သို့ ရှိကြ၏။</p> <p>၄။ ပင်လုံးကျွတ် ပွင့်နေကြသော တရုတ်စကားအဖြူနှင့် အကျော်ပန်းတို့ကလည်း အဖြူရောင် ဩဒါတကသိုဏ်းကို ရှုရန် တည်ငြိမ်စွာ ရပ်တည်ပေးနေကြသကဲ့သို့ ရှိကြ၏။</p> <p>ယောဂါဝစရပုဂ္ဂိုလ်ဘက်ကသာ စွမ်းအင် ပြည့်ဝနေပါစေ၊ မြင်မြင်သမျှ သက်ရှိသက်မဲ့ အရာဝတ္ထုတို့က သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်များ ဖြစ်ပေါ်လာအောင် အာရမ္မဏပစ္စယသတ္တိဖြင့် အာရုံအကြောင်းတရားအဖြစ် ရပ်တည်ကာ ကျေးဇူးပြုပေးနေကြမည်သာ ဖြစ်ပေသည်။</p> <p>ယောနိသောမနသိကာရ (= နည်းမှန်လမ်းမှန် နှလုံးသွင်းမှု) ရှိနေသည့် ယောဂါဝစရပုဂ္ဂိုလ်အဖို့ အလွန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော သွားတစ်ချောင်းကလည်း အဖြူရောင် ဩဒါတကသိုဏ်းဝန်းတစ်ခု ဖြစ်ပေါ်လာအောင် အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်သော စွမ်းအား ရှိနေ၏၊ အလွန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော အလွန်သေးငယ်သော သည်းခြေကလည်း အညိုရောင် နီလကသိုဏ်းဝန်းတစ်ခု ဖြစ်ပေါ်လာအောင် အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်သော စွမ်းအားရှိနေ၏၊ အလွန် ရွံရှာစက်ဆုပ်ဖွယ် ကောင်းသော ကျင်ငယ်ကောဋ္ဌာသတစ်ခုကလည်း အဝါရောင်ပီတကသိုဏ်း ဝန်းတစ်ခု ဖြစ်ပေါ်လာအောင် အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင် သော စွမ်းအားရှိနေ၏။ အလွန် မြတ်နိုးဖွယ်ရာသော ပတ္တမြားရတနာ တစ်လုံး ကလည်း အနီရောင် လောဟိတကသိုဏ်းဝန်းတစ်ခု ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးနိုင်သော စွမ်းအား ရှိနေ၏။ ယင်း ကသိုဏ်းဝန်း အားလုံးတို့က စတုတ္ထစျာန်သမာဓိသို့တိုင်အောင်သော စျာန်နာမ်တရားစုတို့အား အာရုံ အကြောင်းတရားအဖြစ် ရပ်တည်ကာ အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူး ပြုပေးလျက် ရှိ၏။ နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်သည့် ယောနိသော မနသိကာရရှိသူ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ငါးဖြာအာရုံ ကာမဂုဏ် ညွန်ဗွက်မှ စတုတ္ထစျာန်သမာဓိသို့ တိုင်အောင်သော ဘာဝနာဟူသော အနှစ်သာရကို အချိန်မရွေး ထုတ်ယူ၍ ရနိုင်၏။ ယင်း စတုတ္ထစျာန်သမာဓိကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာသို့ ကူးခဲ့သော် ပါရမီအားလျော်စွာ အရဟတ္တဖိုလ်သို့တိုင်အောင်သော အကျိုးကျေးဇူးများကိုလည်း ရရှိနိုင်သည် သာ ဖြစ်၏။ အကယ်၍ ပါရမီနုံ့၍ အရဟတ္တဖိုလ်သို့ မပေါက်ရောက်သေးခဲ့ လျှင်လည်း မလျှောကျသော စျာန်ရှိသော ထိုသူတော်ကောင်းကို သံသရာ ခရီးတွင် အလွန် အဆင့်အတန်းမြင့်မားလှသော ဗြဟ္မာ့ချမ်းသာကြီးကလာစမ်းပါ လာစမ်းပါဟု ဆီးကြို ဖိတ်ခေါ်လျက် ရှိနေမည်သာ ဖြစ်ပေသည်။ ဤမျှ ကြီးမားလှသော ဂုဏ်ကျေးဇူးရှိသည့် ဤကဲ့သို့သော တရားထူး တရားမြတ်များကို သာသနာတော်၌ သက်ဝင်ယုံကြည်မှု သဒ္ဓါတရားကို လက်ကိုင်ထားလျက်ရှိသော သင်ကဲ့သို့သော သူတော်ကောင်းတစ်ဦးသည် အဘယ့်ကြောင့် မပွားများ အားမထုတ်ဘဲ နေထိုက်ပါအံ့နည်း။ အချိန်ရှိခိုက် လုံ့လစိုက်ပါလော့ ...။</p> <h3>ပထဝီကသိုဏ်း = မြေကသိုဏ်း</h3> <p>၁။ ကသိုဏ်းဝန်းအဖြစ် ပြုပြင်အပ်ပြီးသော မြေ,</p> <p>၂။ ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သေးသော ပြကတေ့သော ကောက်စပါး နယ်ရာ တလင်းစသော မြေ,</p> <p>၃။ အပိုင်းအခြား ရှိသည်သာဖြစ်သော မြေ,</p> <p>၄။ မန်းငယ် (= ဗန်းငယ်) ဆန်ကောငယ် ပမာဏရှိသော မြေ,</p> <p>၅။ အိုးစရည်းဖုံး စလောင်းဖုံး ပမာဏရှိသော မြေ -----</p> <p>ဤမြေတို့၌ ပထဝီကသိုဏ်းနိမိတ်ကို ရယူနိုင်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၂၀၊၊)</p> <p><b>တတ္ထ ယေန အတီတဘဝေပိ သာသနေ ဝါ ဣသိပဗ္ဗဇ္ဇာယ ဝါ ပဗ္ဗဇ္ဇိတွာ ပထဝီကသိဏေ စတုက္ကပဉ္စကဇ္ဈာနာနိ နိဗ္ဗတ္တိတပုဗ္ဗာနိ၊ ဧဝရူပဿ ပုညဝတော ဥပနိဿယသမ္ပန္နဿ အကတာယ ပထဝိယာ ကသိတဋ္ဌာနေ ဝါ ခလမဏ္ဍလေ ဝါ နိမိတ္တံ ဥပ္ပဇ္ဇတိ။</b> (ဝိသုဒ္ဓိ၊၁၊၁၂၀။)</p> <p>ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ရှေးရှေးအတိတ်ဘဝ၌လည်း သာသနာ တော်တွင်း၌သော်လည်းကောင်း, (သာသနာပ) ရသေ့ရဟန်း အဖြစ်၌ သော်လည်းကောင်း ရသေ့ရဟန်းပြုဖူး၍ ပထဝီကသိုဏ်း၌ စတုက္ကစျာန်, ပဉ္စကစျာန်တို့ကို ဖြစ်စေအပ်ကုန်၏။ ဤသို့သဘောရှိသော ဘာဝနာကြောင့် ဖြစ်သော ကောင်းမှုကုသိုလ် ပါရမီပုညသမ္ဘာရ အဆောက်အဦရှိသော အားကြီးသော ဘာဝနာကုသိုလ်တည်းဟူသော မှီရာ ဥပနိဿယနှင့် ပြည့်စုံသော ထိုယောဂါဝစရပုဂ္ဂိုလ်မြတ်အဖို့မူကား (အလောင်းတော် ဟတ္ထိပါလ သတို့သားသည် ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သေးသော ဂင်္ဂါမြစ်ရေအယဉ်ကို အာပေါကသိုဏ်းနိမိတ်အဖြစ် လွယ်ကူစွာ ရယူနိုင်သကဲ့သို့) အလားတူပင် ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သေးသော ပကတိသော မြေဝယ် လယ်ထွန်ရာအရပ်၌သော်လည်းကောင်း, ၌သော်လည်းကောင်း ပရိကမ္မနိမိတ်ကို ယူခဲ့သော် <b>ပထဝီ ပထဝီ</b>ဟု စီးဖြန်းခဲ့သော် ထိုပရိကမ္မနိမိတ်မှ ဥဂ္ဂဟနိမိတ်သို့ တစ်ခဏချင်း ပြောင်းလဲသွား၍ ဥဂ္ဂဟနိမိတ်ကို ရရှိနိုင်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၂၀။)</p> <p>ဤအထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ညွှန်ကြားချက်များနှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ပထဝီကသိုဏ်းနိမိတ်ကို ရယူလိုခဲ့သော် ညီညာ၍ မြက် သစ်ရွက် ခဲစသော အပြစ်ကင်းသော, ပကတိသော မြေကြီး တစ်နေရာတွင် တုတ်ဖြင့်ဖြစ်စေ, အရာဝတ္ထုတစ်ခုဖြင့် ဖြစ်စေ ဝန်းဝိုင်းသော အရေးအသားတစ်ခုကို ပြုလုပ်ပါ။ မန်းငယ် (= ဗန်းငယ်), ဆန်ကောငယ် ပမာဏမှ စ၍ မိမိ ဆန္ဒရှိသလောက် ပမာဏကို ပြုပါ။ ---- <b>အရုဏဝဏ္ဏာယ မတ္တိကာယ ကသိဏံ ကာတဗ္ဗံ။</b> (ဝိသုဒ္ဓိ၊၁၊၁၂၀။) ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ၏ ညွှန်ကြားချက်နှင့် အညီ ကသိုဏ်းဝန်းပြုလုပ်မည့် မြေကြီး၏ အရောင်မှာ မမည်းလွန်း မဖြူလွန်းသော အရုဏ်ရောင် (= အနီရောင်) အသင့်အတင့် သမ်းနေသော မြေကြီးရောင် ကသိုဏ်းဝန်းဖြစ်ပါစေ။ ထို မြေကသိုဏ်းဝန်းကို စိုက်ကြည့်၍ --- <b>ပထဝီ-ပထဝီ-ပထဝီ</b>ဟု (သို့မဟုတ်) မြေ-မြေ-မြေဟု နှလုံးသွင်းပါ။</p> <p>မျက်စိကို ဖွင့်လိုက်ပိတ်လိုက် ပြုလုပ်၍ နိမိတ်ကို ယူကြည့်ပါ။ မျက်စိကို မှိတ်လိုက်သောအခါ ပုံစံတူ နိမိတ်ကို ရှင်းရှင်းလင်းလင်း မြင်နေရပါက နိမိတ် ယူ၍ ရရှိပြီ ဖြစ်၏။ အကယ်၍ မျက်စိကို ဖွင့်တုံမှိတ်တုံ ပြုကာ နိမိတ်ကို အချိန် အတော်အတန် ကြာအောင် ယူနေသော်လည်း မျက်စိမှိတ်လိုက်သောအခါ ပကတိသော မျက်စိဖြင့် မြင်ရသကဲ့သို့ နိမိတ်ကို ယူ၍မရ ဖြစ်နေပါက မိမိ ရရှိထားပြီးဖြစ်သည့် စတုတ္ထစျာန်သမာဓိတို့တွင် မိမိ နှစ်ခြိုက်ရာ သမာဓိတစ်ခုခုကို ထိုနေရာတွင်ပင် ရပ်လျက် ပြန်လည်၍ သမာဓိကို ထူထောင်ပါ။ ထိုစတုတ္ထစျာန်သမာဓိမှ ထသောအခါ တစ်ဖန် မျက်စိကို ဖွင့်တုံမှိတ်တုံ ပြုကာ နိမိတ်ယူကြည့်ပါ။ အောင်မြင်မှုကို ရရှိတတ်ပါသည်။ အကယ်၍ မအောင်မြင်ပါက ယင်း ရရှိပြီး စတုတ္ထစျာန်သမာဓိကို ပုံစံတူပင် တစ်ဖန် ပြန်လည်၍ ထူထောင်ပါ။ ယင်းစတုတ္ထစျာန်သမာဓိကြောင့် လင်းရောင်ခြည်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ယင်းဉာဏ်အရောင်အလင်း၏ အကူအညီဖြင့် ထို မိမိပြုပြင်ထားသော ပထဝီကသိုဏ်းဝန်းနိမိတ်ကို လှမ်းအာရုံယူပါ။ ဉာဏ်မျက်စိဖြင့် တွေ့မြင်သော အခါ <b>ပထဝီ-ပထဝီ-ပထဝီ</b> (မြေ-မြေ-မြေ)ဟု နှလုံးသွင်းပါ။</p> <p>ဤအထက်ပါနည်းလမ်း တစ်မျိုးမျိုးဖြင့် ပထဝီကသိုဏ်းနိမိတ်ကို ယူသည့်အခါ ပကတိသော မျက်စိဖြင့် မြင်ရသကဲ့သို့ နိမိတ်ကို ယူ၍ရခဲ့သော် မိမိ နှစ်သက်ရာ တရားထိုင်မည့် နေရာသို့ သွား၍ ထိုင်နိုင်ပြီ။ ထိုသို့ ထိုင်၍ ထိုရရှိပြီးသည့် ပထဝီကသိုဏ်းဝန်းသည် ပြန်၍ ပေါ်လာသော် ကသိုဏ်းဝန်း နိမိတ်ကို ယူ၍ရခဲ့သော် ကောင်း၏။ အကယ်၍ ကသိုဏ်းဝန်းနိမိတ်ကို ယူ၍ မရသော်လည်းကောင်း, ကသိုဏ်းဝန်းနိမိတ်မှာ ပေါ်ချီပျောက်ချီ ဖြစ်နေသော် လည်းကောင်း ထိုအခါ မိမိ ရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိကိုပင် တစ်ဖန် ပြန်၍ ထူထောင်ပါ။ ဉာဏ်လင်းရောင်ခြည် စွမ်းအင်များသည် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ထိုဉာဏ်လင်းရောင် ခြည်၏ အကူအညီဖြင့် ထိုပထဝီကသိုဏ်းဝန်း နိမိတ်ကို ကသိုဏ်းဝန်း တည်ရှိရာဘက်သို့ ဉာဏ်ကို စေလွှတ်ကာ တစ်ဖန် ပြန်လည်၍ လှမ်းကာ အာရုံယူပါ။ ယင်း မိမိပြုပြင်ထားသော ကသိုဏ်းဝန်းနိမိတ်ကို တစ်ဖန် အာရုံယူ၍ ရခဲ့သော် ထိုပထဝီကသိုဏ်းဝန်းနိမိတ်ကို အဖန်ဖန် အထပ်ထပ် မှီဝဲပါ။</p> <p><b>န ဝဏ္ဏော ပစ္စဝေက္ခိတဗ္ဗော၊ န လက္ခဏံ မနသိကာတဗ္ဗံ။ အပိ စ ဝဏ္ဏံ အမုဉ္စိတွာ နိဿယသဝဏ္ဏံ ကတွာ ဥဿဒဝသေန ပဏ္ဏတ္တိဓမ္မေ စိတ္တံ ဌပေတွာ မနသိကာတဗ္ဗံ။</b> (ဝိသုဒ္ဓိ၊၁၊၁၂၂။)</p> <p>ထိုသို့ ပထဝီကသိုဏ်းနိမိတ်ကို နှလုံးသွင်းရာ၌ ထိုပထဝီကသိုဏ်းဝန်း၌ တည်သော အရုဏ်ရောင် အဆင်းနှင့် တူသော အရောင်အဆင်းကိုလည်း မနောဝိညာဏ်ဖြင့် မဆင်ခြင်အပ် နှလုံးမသွင်းအပ်။ ထိုပထဝီကသိုဏ်းဝန်း၏ တည်ရာ မြေကြီး၏ ထဒ္ဓလက္ခဏာ (= ခက်မာခြင်း ပထဝီဓာတ်လက္ခဏာ)ကို လည်း နှလုံးမသွင်းအပ်။ စင်စစ်မူကား အရောင်အဆင်းကို မလွှတ်မူ၍ ထိုအရောင်အဆင်းကို မိမိအရောင်အဆင်း၏ မှီရာ ပထဝီကသိုဏ်းဝန်းနှင့် တူသော အခြင်းအရာ (= တူသော အလား) ရှိသည်ကို ပြု၍ ပထဝီဓာတ် ထူပြောသည်၏အဖြစ်, သတ္တိအားဖြင့် လွန်သည်၏အဖြစ်ဖြင့် ပထဝီ (= မြေ) ဟူသော လောကဝေါဟာရပညတ်၌ စိတ်ကို ရှေးရှု တည်စေ၍ <b>ပထဝီ-ပထဝီ</b> (= မြေ-မြေ)ဟု နှလုံးသွင်းပါ။ (ဝိသုဒ္ဓိ၊၁၊၁၂၂၊၊)</p> <p>အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းဝန်း၌ တည်ရှိသော အရုဏ်ရောင်ဟူသော အရောင်အဆင်းကိုသာ တစ်ဖက်သတ် နှလုံးသွင်းပါက ပထဝီကသိုဏ်း မဖြစ်တော့ဘဲ အရောင်ကသိုဏ်း ဖြစ်သွားလိမ့်မည်။ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းဝန်း၌ ထူပြောလျက်ရှိသော ပထဝီဓာတ်၏ ခက်မာမှုသဘောကိုသာ တစ်ဖက်သတ် နှလုံးသွင်းမိပါက ပထဝီကသိုဏ်းကို နှလုံးသွင်းသည် မမည်တော့ဘဲ ဓာတ်ကမ္မဋ္ဌာန်းကို နှလုံးသွင်းသည် မည်ပေလိမ့်မည်။ ပထဝီကသိုဏ်းလမ်းမှ ဓာတ်ကမ္မဋ္ဌာန်းလမ်းသို့ ပြောင်းသွားပြီ ဖြစ်၏။ ပို၍ ရှုပ်ထွေးသော ပြဿနာတစ်ရပ်ကား ယင်း ပထဝီကသိုဏ်းဝန်း၌ တည်ရှိသော မာမှုသဘောကိုသာ တစ်ဖက်သတ် နှလုံးသွင်းမိပါက နှလုံးသွင်းနေပါက ယင်းမာမှုသဘောက ယောဂါဝစရပုဂ္ဂိုလ်၏ ရူပကာယ တစ်ခုလုံးကို လွှမ်းခြုံထားသကဲ့သို့ ဖြစ်ကာ သမာဓိ၏ စွမ်းအင် ထက်မြက်လာသည်နှင့်အမျှ မာမှုသဘောမှာလည်း လွန်ကဲလာကာ ထိုယောဂီသူတော်ကောင်း အနေဖြင့် ထိုမာမှုသဘောကို သည်းမခံနိုင် ဖြစ်တတ်သည်။ သတိရှိစေ။ ဤစည်းကမ်းချက်ကို ပကတိသော မြေဝန်း၌ နိမိတ်ယူစဉ်၌သော်လည်းကောင်း, တစ်နေရာတွင် တရားထိုင်စဉ် ယင်း နိမိတ်ကို တစ်ဖန် ပြန်၍ အာရုံယူစဉ်၌လည်းကောင်း, ပထဝီကသိုဏ်းဝန်းကို ဖြန့်ကြက်ရာအခါ၌လည်းကောင်း လိုက်နာပါ။</p> <p>မြေကြီး၌ တည်ရှိသော မူလပထဝီကသိုဏ်းဝန်းကို မျက်စိ မှိတ်တုံ ဖွင့်တုံပြု၍ နိမိတ်ကို ယူရာ၌ ပကတိသော ဖွင့်ထားသော မျက်စိဖြင့် ကသိုဏ်း ဝန်းနိမိတ်ကို မြင်ရသကဲ့သို့ မျက်စိမှိတ်ထားသော အခါ၌လည်း ထိုကသိုဏ်း ဝန်းနိမိတ်သည် ထင်နေပါက ထိုအခါ ဥဂ္ဂဟနိမိတ် ဖြစ်ပေါ်လာပြီ ဖြစ်၏။</p> <p>တစ်နေရာတွင် သွားရောက်ကာ တရားထိုင်သော အခါ၌လည်း ထို ဥဂ္ဂဟနိမိတ်ကို ပြန်လည်၍ အာရုံယူရာ လွယ်လွယ်ကူကူနှင့် တစ်ဖန် မပေါ်လာသဖြင့် မိမိ ရရှိထားပြီးသော စတုတ္ထစျာန် သမာဓိတို့တွင် တစ်မျိုးမျိုးသော စတုတ္ထစျာန်သမာဓိကို တစ်ဖန် ထူထောင်ပြီးနောက် ထိုစတုတ္ထစျာန်သမာဓိကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်၏ အကူအညီဖြင့် ထိုမူလနိမိတ် ယူခဲ့ဖူးသော ပထဝီကသိုဏ်းဝန်း နိမိတ်ကိုပင် တစ်ဖန် ပြန်၍ အာရုံယူလိုက်သောအခါ ဖွင့်ထားသော မျက်စိဖြင့် မြင်ရသကဲ့သို့ ပထဝီကသိုဏ်းဝန်း နိမိတ်သည် ထင်လာပါမူ ထိုအခါတွင်လည်း ဥဂ္ဂဟနိမိတ်သည် ဖြစ်ပေါ်လာသည် မည်၏။</p> <p>ထိုဥဂ္ဂဟနိမိတ်ကိုပင် ဆက်လက်၍ နှလုံးသွင်းခဲ့သော် မှီဝဲခဲ့သော် ပွားများခဲ့သော် ဩဒါတကသိုဏ်း၌ ဆိုအပ်ခဲ့ပြီးသည့်အတိုင်း အစဉ်အတိုင်း ကြိုးစားအားထုတ်ခဲ့သော် နီဝရဏတို့သည် ခွာအပ်ပြီး ဖြစ်ကုန်၏။ ကွာသွား ကြကုန်၏။ ကိလေသာတို့သည် အနည်ထိုင်သွားကြကုန်၏။ ဥပစာရသမာဓိဖြင့် စိတ်သည် တည်ကြည်လာ၏၊ ပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာ၏။ ထိုပဋိဘာဂနိမိတ်ကို တိုးပွားအောင် ပြုလုပ်ခဲ့သော် အရပ်ဆယ်မျက်နှာသို့ တိုင်အောင် ဖြန့်ကြက်လျက် သမာဓိကို ဆက်လက်ထူထောင်ခဲ့သော် ပထမစျာန်မှသည် စတုတ္ထစျာန်သို့ တိုင်အောင် အစဉ်အတိုင်း ဆိုက်ရောက် နိုင်ပေသည်။</p> <p>ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်တို့၏ ထူးခြားချက်ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ဤသို့ ဖော်ပြထား၏ -- ဥဂ္ဂဟနိမိတ်၌ လက်ချောင်းရာ, တုတ်ရာ စသည့် ကသိုဏ်းအပြစ်ဒေါသများ ထင်ရှားနေတတ်၏။ ပဋိဘာဂနိမိတ်၌ကား အိတ်တွင်းမှ ထုတ်ယူအပ်သော ကြေးမုံဝန်းကဲ့သို့လည်းကောင်း, ကောင်းစွာ ပွတ်အပ်ပြီးသော ခရုသင်းခွက်ကဲ့သို့လည်းကောင်း, တိမ်တိုက်ကြားမှ ထွက်ပေါ်လာသော လပြည့်ဝန်းကဲ့သို့လည်းကောင်း, မိုးတိမ်ညိုဝ၌ ပျံသန်း နေသော ဥဗျိုင်းတို့ကဲ့သို့လည်းကောင်း ဥဂ္ဂဟနိမိတ်ကို ထွင်းဖောက်၍ ထွက်ပေါ်လာသကဲ့သို့ ထိုဥဂ္ဂဟနိမိတ်ထက် အဆပေါင်း အရာအထောင်မက အလွန် စင်ကြယ်သန့်ရှင်းသည်ဖြစ်၍ ထင်လာတတ်ပေ၏။ (ဝိသုဒ္ဓိ၊၁၊၁၂၂။)</p> <h3>အာပေါကသိုဏ်း = ရေကသိုဏ်း</h3> <p>၁။ သပိတ်, ခွက်, ပုံးစသည်၌ အနားရေးနှင့်အမျှ ပြည့်အောင် ထည့်ထားအပ်သော, ကသိုဏ်းဝန်းအဖြစ် ပြုလုပ်ထားအပ်သော, အညို အဝါ အဖြူ အနီ အရောင်တို့ဖြင့် ရောယှက်မှု မရှိ ပကတိ ကြည်လင်သန့်ရှင်းသော ကောင်းကင်မှ ကျလာသော မိုးရေ သို့မဟုတ် ထိုရေနှင့် အလားတူ သန့်ရှင်းသော ရေ၌သော်လည်းကောင်း,</p> <p>၂။ ရေတွင်း, ရေကန်, တစ်ဖက်ဆည်ကန်, သမုဒ္ဒရာမှ တက်လာသော ဆားငံရေဖြင့် ပြည့်သော ဆားကျင်း, ဒီချောင်း, သမုဒ္ဒရာစသော ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သော ရေ၌သော်လည်းကောင်း အာပေါကသိုဏ်းနိမိတ်ကို ယူနိုင်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၆၅။)</p> <p>ဤညွှန်ကြားချက်များနှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်အတွက် အကောင်းဆုံးသော ရေမှာ ကြည်လင်သန့်ရှင်းသော ရေတွင်းရေပင် ဖြစ်သည်။ ရေတွင်းရေ မရခဲ့သော် သပိတ်၌ ဖြစ်စေ, အိုးခွက်တစ်ခု၌ ဖြစ်စေ ရေပြည့်အောင် နှုတ်ခမ်းနှင့် ညီအောင် ထည့်၍ အာပေါကသိုဏ်းနိမိတ်ကို ယူပါ။ ရေတွင်း၌ တည်ရှိသော ရေ၌ဖြစ်စေ, သပိတ် အိုးခွက်စသည်၌ တည်ရှိသော ရေ၌ဖြစ်စေ အာပေါကသိုဏ်းနိမိတ်ကို ယူရာ၌ ရေဟူသော ပညတ် သက်သက်ကိုသာ အာရုံယူပါ။ ရေတွင်းနံရံနှင့် ရေတွင်းအောက်ခြေကို လည်းကောင်း, သပိတ် အိုးခွက်တို့၏ နံရံ အောက်ခြေကိုလည်းကောင်း မကြည့်မိရန် သတိပြုပါ။ ရေသက်သက်ကိုသာ ကြည့်၍ နိမိတ်ကို ယူပါ။ တစ်ဖန် ထိုသို့ နိမိတ်ကို ယူရာ၌ မိမိ ရရှိပြီးသော စတုတ္ထစျာန်သမာဓိ တစ်ခုခုကို ဝင်စားပြီးမှ ထိုစျာန်ကြောင့် ဖြစ်ပေါ်လာသည့် ဉာဏ်လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ ထိုစျာန်မှ ထကာ မျက်စိကို ဖွင့်၍ မိမိ သတ်မှတ်ထားသော အာပေါကသိုဏ်းနိမိတ်ကို ယူခဲ့သော် ပို၍ အရမြန်တတ်သည်။ ရှေးရှေးဘာဝနာသမာဓိများက အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးနေသောကြောင့် ဖြစ်သည်။</p> <p><b>န ဝဏ္ဏော ပစ္စဝေက္ခိတဗ္ဗော၊ န လက္ခဏံ မနသိကာတဗ္ဗံ။</b> (ဝိသုဒ္ဓိ၊၁၊၁၆၅၊၊)</p> <p>ထိုသို့ အာပေါကသိုဏ်း နိမိတ်ကို ယူရာ၌ ရေ၏အရောင်ကို နှလုံးမသွင်း ပါနှင့်၊ အရောင်ကို နှလုံးသွင်းခဲ့သော် ဝဏ္ဏကသိုဏ်း (= အရောင်ကသိုဏ်း) ဘက်သို့ ကူးသွားမည်။ အာပေါကသိုဏ်း မဟုတ်တော့ပေ။ တစ်ဖန် အာပေါဓာတ်၏ ယိုစီးခြင်း ပဂ္ဃရဏလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်၊ ရေ၏ အေးမှု သီတလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။ ယင်းဓာတ်တို့၏ သဘာဝ လက္ခဏာကို နှလုံးသွင်းခဲ့သော် ဓာတ်ကမ္မဋ္ဌာန်းဘက်သို့ ကူးသွားမည် ဖြစ်၏။ အထူးသဖြင့် ရေ၏ အေးမှုသဘောကို နှလုံးသွင်းနေပါက သမာဓိ အားကောင်းလာသောအခါ ထိုထို နှလုံးသွင်းနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ခန္ဓာကိုယ်၌ ချမ်းတက်လာတတ်၏။ ထိုကြောင့် အဆင်း၏ မှီရာ အာပေါကသိုဏ်းကို အဆင်းနှင့် တကွ တူသော အခြင်းအရာ ရှိသည်ကို ပြု၍ အာပေါဓာတ် ထူပြောသည်၏ အစွမ်းဖြင့် အာပေါ (= ရေ)ဟူသော လောက ဝေါဟာရ ပညတ်အာရုံ၌ စိတ်ကို ထား၍ ---- <b>အာပေါ-အာပေါ-အာပေါ</b> = ရေ-ရေ-ရေဟု နှလုံးသွင်း ပွားများပါ။</p> <p>ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော နိမိတ် သုံးမျိုး, ပရိကမ္မဘာဝနာ ဥပစာရဘာဝနာ အပ္ပနာဘာဝနာဟူသော ဘာဝနာ သုံးမျိုး, ပရိကမ္မသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော သမာဓိ သုံးမျိုး အစဉ်အတိုင်း ဖြစ်ပေါ်လာ၍ စတုတ္ထစျာန်သမာဓိသို့ တိုင်အောင် အစဉ် အတိုင်း ဆိုက်ရောက်နိုင်ပေသည်။</p> <p>တစ်ဖန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတွင် နိမိတ်ထင်ပုံကို ဤသို့ ရှင်းပြထား၏။ ဤ အာပေါကသိုဏ်း၌ ဥဂ္ဂဟနိမိတ်သည် လှုပ်သကဲ့သို့ ထင်လာတတ်၏။ အာပေါကသိုဏ်းနိမိတ်ကို ယူခဲ့စဉ်က ရေသည် ရေမြုပ် ရေပြွက်နှင့် ရောသော ရေဖြစ်ခဲ့မူ ထိုပုံစံအတိုင်းသာ ထင်လာတတ်၏၊ လှိုင်းတံပိုး ထခြင်း, ရေမြုပ် ရေပြွက်နှင့် ရောနှောနေခြင်း စသော ကသိုဏ်းအပြစ်ဒေါသသည် ထင်လာတတ်၏။ ထိုကြောင့် ငြိမ်သက်၍ နက်ရှိုင်းသော ရေ၌ နိမိတ်ယူခြင်းက အပြစ်ဒေါသ နည်းပါးသဖြင့် ပိုကောင်းလှပေသည်။ ပဋိဘာဂနိမိတ်ကား တုန်လှုပ်ခြင်း ကင်းသည်ဖြစ်၍ ကောင်းကင်၌ ထားအပ်သော မြယပ်ဝန်းကဲ့သို့ လည်းကောင်း, မြကြေးမုံဝန်းကဲ့သို့လည်းကောင်း ဖြစ်၍ ရှေးရှူထင်လာ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုပဋိဘာဂနိမိတ်ထင်သည်နှင့် အတူတကွသာ လျှင် ဆိုခဲ့ပြီးသည့်အတိုင်း ဥပစာရစျာန် အပ္ပနာစျာန်သို့ ရောက်ရှိနိုင်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၆၅-၁၆၆။)</p> --- <h3>တေဇောကသိုဏ်း = မီးကသိုဏ်း</h3> <p>ရှေးရှေး ဘဝထိုထိုက ပြုအပ် ဆည်းပူးအပ်ခဲ့ဖူးသော တေဇောကသိုဏ်း ဘာဝနာလုပ်ငန်း၌ ဘာဝနာကုသိုလ် ပုညသမ္ဘာရ ရှိခဲ့ဖူးသော ပုဂ္ဂိုလ်အား ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သေးသော မီး၌ တေဇောကသိုဏ်းနိမိတ်ကို ယူခဲ့သော် ရရှိနိုင်သည်သာ ဖြစ်၏။</p> <p>၁။ ဆီမီးတောက် ဆီမီးလျှံ၌လည်းကောင်း,</p> <p>၂။ ချက်ပြုတ်ရာ မီးဖိုိ၌လည်းကောင်း,</p> <p>၃။ သပိတ်ဖုတ်ရာဌာန၌ တည်ရှိသော မီးပုံ၌လည်းကောင်း,</p> <p>၄။ တောမီးလောင်ရာ မီးတောက်မီးလျှံ၌လည်းကောင်း --</p> <p>အမှတ်မရှိ မီးတောက်လောင်ရာ အရပ်၌ မီးလျှံကို ကြည့်ရှုစဉ် ဥဂ္ဂဟနိမိတ် ဖြစ်ပေါ်လာနိုင်၏။</p> <p>အတိတ်ဘဝ ထိုထိုက တေဇောကသိုဏ်းကို စီးဖြန်းမှု ပါရမီ ပုညသမ္ဘာရ မရှိသော ယောဂါဝစရပုဂ္ဂိုလ်သည်ကား တေဇောကသိုဏ်းဝန်းကို ပြုလုပ်ထိုက်၏။ ပြုလုပ်ပုံ အစီအရင်ကား ---- အနှစ်အဆီ ရှိ၍ ခြောက်သွေ့သော ထင်းခွဲခြမ်းတို့ကို သင့်တော်ရာ တစ်နေရာ၌ သပိတ်ဖုတ်သည့် ပုံစံအနေ အထားဖြင့် အစုအပုံလိုက် မီးတောက်မီလျှံ ထွက်ပေါ်လာသည် တိုင်အောင် မီးရှို့ပါ။</p> <p>သင်ဖြူးဖျာ, သားရေပိုင်း, ပုဆိုးကြမ်း, သစ်သားပျဉ်ချပ်စသည့် တစ်ခုခုတွင် တစ်ထွာလောက် အတိုင်းအရှည် ရှိသော ဝန်းဝိုင်းသော အပေါက်ကို ဖောက်၍ ထိုအပေါက်ဖောက်ထားသော အရာဝတ္ထုကို ရှေ့ထား၍ သို့မဟုတ် တစ်ထွာခန့် ဝိုင်းဝန်းသော အပေါက်ရှိသော ဇလုံပေါက်တစ်ခုကို ရှေ့၌ ထား၍ ထိုင်ပြီးလျှင် ---</p> <p>၁။ မီးပုံအောက်၌ လောင်နေသော မြက်ထင်းကိုလည်းကောင်း,</p> <p>၂။ အထက်သို့ တက်သော မီးခိုး မီးညွန့်ကိုလည်းကောင်း,</p> <p>နှလုံးမသွင်းမူ၍ အလယ်၌ မကျဲမူ၍ တစ်ခဲနက် တစ်လုံးတည်းအားဖြင့် တောက်လောင်နေသော မီးတောက်မီးလျှံ၌ ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ကို ယူပါလေ။ (ဝိသုဒ္ဓိ၊၁၊၁၆၆။)</p> <p><b>ဝဏ္ဏော န ပစ္စဝေက္ခိတဗ္ဗော၊ ဥဏှတ္တဝသေန လက္ခဏံ န မနသိကာတဗ္ဗံ။</b> (ဝိသုဒ္ဓိ၊၁၊၁၆၆။)</p> <p>ထိုသို့ တေဇောကသိုဏ်း နိမိတ်ကို ယူရာ၌ ထိုမီးတောက်မီးလျှံ၏ အညို, အဝါ, အနီ စသည်အားဖြင့် ပြားသော အရောင်ကို နှလုံးမသွင်းပါနှင့်။ အရောင်ကို နှလုံးသွင်းခဲ့သော် ဝဏ္ဏကသိုဏ်း (= အရောင်ကသိုဏ်း) ဘက်သို့ ကူးသွားမည် ဖြစ်၏။ ထိုမီးတောက်မီးလျှံ၏ ပူသော လက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။ ပူသော လက္ခဏာကို နှလုံးသွင်းပါက ဓာတ်ကမ္မဋ္ဌာန်း ဘက်သို့ ပြောင်းသွားမည် ဖြစ်၏။ ပူသော လက္ခဏာကို နှလုံးသွင်းမိပါက နှလုံးသွင်းနေပါက သမာဓိ အားကောင်းလာသောအခါ ယောဂါဝစရပုဂ္ဂိုလ်၏ ခန္ဓာအိမ်သည်လည်း ပူလောင်လာတတ်ပေသည်။</p> <p>ထိုကြောင့် မီးတောက်မီးလျှံ၌ တည်ရှိသော အရောင်အဆင်း၏ တည်ရာ မီးကို အဆင်းနှင့် တကွသာလျှင် ပြု၍ တေဇောဓာတ် များပြား ထူပြောသည်၏ အစွမ်းဖြင့် တေဇော (= မီး)ဟူသော လောကဝေါဟာရ ပညတ်၌ စိတ်ကို ထား၍ <b>တေဇော-တေဇော-တေဇော</b> = မီး-မီး-မီးဟု နှလုံးသွင်း ပွားများပါ။ ဤသို့ ပွားများအားထုတ်သော ထိုယောဂါဝစရပုဂ္ဂိုလ်အား ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်များ ဖြစ်ပေါ်လာမည် ဖြစ်၏။ (ဝိသုဒ္ဓိ၊၁၊၁၆၆...ကြည့်ပါ။)</p> <p>ဤညွှန်ကြားချက်များနှင့် အညီ တေဇောကသိုဏ်းကို ပွားများအားထုတ် လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် မီးတောက်မီးလျှံရှိရာ အရပ်သို့ ရှေးဦးစွာ ချဉ်းကပ်ပါ။ ထိုနေရာ၌ မိမိ ရရှိထားပြီးသည့် တစ်မျိုးမျိုးသော စတုတ္ထစျာန်သမာဓိကို ပြန်လည်၍ ထူထောင်ပါ။ ထိုစျာန်မှ ထသောအခါ မျက်စိကို ဖွင့်လျက် ယင်းမီးတောက်မီးလျှံ၌ အောက် မီးလောင်နေသည့် ထင်းစနှင့် အပေါ်ပိုင်း မီးညွန့်တို့ကို မကြည့်ဘဲ အလယ် မီးတောက်ကိုသာ ကြည့်၍ တေဇောကသိုဏ်း နိမိတ်ကို ယူကြည့်ပါ။ မအောင်မြင်ခဲ့သော် ဆယ်လက်မခန့် အပေါက်ရှိသော ဇလုံပေါက်တစ်ခုကို ရှေ့က ခံထား၍ ထိုဇလုံပေါက်၏ ရှေ့၌ တည်ရှိသော မီးတောက်မီးလျှံ၌ တေဇောကသိုဏ်းနိမိတ်ကို ယူကြည့်ပါ။ အောင်မြင်တတ်ပါသည်။</p> <p>အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့ကား ထိုကဲ့သို့ မပြုလုပ်တော့ဘဲ မိမိ တရားထိုင်နေကျ နေရာမှာပင် မိမိ ရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိ တစ်ခုခုကို ထူထောင်ပြီးသောအခါ ထိုစတုတ္ထစျာန်သမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသော လင်းရောင်ခြည် အကူအညီဖြင့် ရှေးယခင်က မိမိ မြင်ခဲ့ဖူး တွေ့ကြုံခဲ့ဖူးသော တောမီးလောင်သည့်အခါ သို့မဟုတ် အိမ်ကို မီးလောင်သည့်အခါ သို့မဟုတ် အမှိုက်ပုံကို မီးလောင်သည့်အခါ စသည်တို့၌ ဖြစ်ပေါ်နေသော မီးတောက် မီးလျှံကို တစ်ဖန် ပြန်၍ အာရုံယူကြည့်လိုက်သောအခါ ဉာဏ်အလင်းရောင်အောက်တွင် ထိုမီးတောက်မီးလျှံကို ဉာဏ်မျက်စိဖြင့် အာရုံယူ၍ ရတတ်ပေသည်။ ထိုအခါ ထိုမီးတောက်မီးလျှံ၌ပင် ရှေးနည်းအတူ တေဇောကသိုဏ်းနိမိတ်ကို ယူခဲ့သော် ရှေးရှေးသော ဘာဝနာသမာဓိတို့၏ အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိကို ဆက်ခံရသောကြောင့် လွယ်လွယ်ကူကူပင် တေဇောကသိုဏ်းနိမိတ် ယူရတတ်ပေသည်။ မိမိ ရရှိထားပြီးသည့် တေဇောကသိုဏ်း နိမိတ်ကို ပြန်လည်၍ အာရုံယူသည်နှင့် တူညီပေသည်။</p> <p>တေဇောကသိုဏ်းနိမိတ်ကို ယူ၍ အောင်မြင်မှု ရရှိခဲ့သော် ထိုနိမိတ်ကိုပင် အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်ပါ။ ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော နိမိတ် သုံးမျိုး, ပရိကမ္မဘာဝနာ ဥပစာရဘာဝနာ အပ္ပနာဘာဝနာဟူသော ဘာဝနာ သုံးမျိုး, ပရိကမ္မသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော သမာဓိ သုံးမျိုးတို့ကို အစဉ်အတိုင်း ရရှိအောင် ကြိုးစားအားထုတ်ပါ။</p> <p>ထိုသို့ အားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်လာသော ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ် နှစ်မျိုးတို့တွင် ဥဂ္ဂဟနိမိတ်ကား မီးတောက်မီးလျှံသည် ပြတ်၍ ပြတ်၍ ကျသည်နှင့် တူသည်ဖြစ်၍ ထင်လာ၏။ ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သော မီးပုံ၌ တေဇောကသိုဏ်းနိမိတ်ကို ယူသော ပုဂ္ဂိုလ်အားကား ကသိုဏ်း၏ အပြစ်ဒေါသသည် ထင်ရှား၏၊ မီး အပိုင်းအစ (= မီးထင်းစ)သည်လည်းကောင်း, မီးကျီးစု မီးကျီးခဲပုံသည် လည်းကောင်း, ပြာသည်လည်းကောင်း, မီးခိုးသည်လည်းကောင်း ထင်နေတတ်၏။ ပဋိဘာဂနိမိတ်သည်ကား မတုန်လှုပ်သည်ဖြစ်၍ ကောင်းကင်၌ ဖြန့်ခင်းထားအပ်သော ကမ္ဗလာပိုင်းကဲ့သို့လည်းကောင်း, ရွှေယပ်ဝန်းကဲ့သို့ လည်းကောင်း, ရွှေသည်တိုင်ကဲ့သို့လည်းကောင်း ထင်လာ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုပဋိဘာဂနိမိတ်၏ ထင်သည်နှင့် အတူတကွသာလျှင် ဥပစာရစျာန်ကိုလည်းကောင်း, အပ္ပနာစျာန်ကိုလည်းကောင်း ရောက်ရှိနိုင်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၆၆။)</p> --- <h3>ဝါယောကသိုဏ်း = လေကသိုဏ်း</h3> <p><b>ဝါယောကသိဏံ ဘာဝေတုကာမေနာပိ ဝါယုသ္မိံ နိမိတ္တံ ဂဏှိတဗ္ဗံ။ တဉ္စ ခေါ ဒိဋ္ဌဝသေန ဝါ ဖုဋ္ဌဝသေန ဝါ။</b> (ဝိသုဒ္ဓိ၊၁၊၁၆၇။)</p> <p>ဝါယောကသိုဏ်းကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း လေ၌ နိမိတ်ကို ယူအပ်၏။ ထိုဝါယောကသိုဏ်းနိမိတ်ကိုလည်း</p> <p>၁။ အမြင်၏ အစွမ်းဖြင့်လည်းကောင်း,</p> <p>၂။ အတွေ့၏ အစွမ်းဖြင့်လည်းကောင်း ယူအပ်ပေသည်။ ထိုကြောင့် ---</p> <p>၁။ သစ်ပင်ဖျား သစ်ရွက်ဖျားစသည်တို့၌ တိုက်ခတ်၍နေသော လေကို ကြည့်၍ မြင်၍လည်း ဝါယောကသိုဏ်းနိမိတ်ကို ယူနိုင်၏။</p> <p>၂။ မိမိ၏ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်နေရာ၌ လာရောက် တွေ့ထိနေသော လေကိုလည်း ဝါယောကသိုဏ်းနိမိတ်အဖြစ် ယူနိုင်၏။</p> <p>မိမိ၏ ကိုယ်အင်္ဂါ၌ တွေ့ထိသော လေကို ဝါယောကသိုဏ်းနိမိတ်အဖြစ် ယူလိုသော် ရှေးဦးစွာ မိမိ ရရှိထားပြီးသော တစ်မျိုးမျိုးသော စတုတ္ထစျာန်သမာဓိကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ ထိုစတုတ္ထစျာန်ကြောင့် ဖြစ်ပေါ်လာသော ဉာဏ်လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ လေသာပြူတင်းပေါက်စသည်မှ ဝင်လာ၍ ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်နေရာ၌ လာရောက်ထိခိုက်သော လေအစု၌ သတိကို ဖြစ်စေ၍ --- <b>ဝါယော-ဝါယော -ဝါယော</b> = လေ-လေ-လေဟု နှလုံးသွင်း ပွားများပါ။</p> <p>အကယ်၍ သစ်ပင်ဖျား သစ်ရွက်ဖျား စသည်တို့၌ တိုက်ခတ်၍နေသော လေကို ကြည့်၍ နိမိတ်ကို ယူလိုခဲ့သော် ရှေးဦးစွာ မိမိ ရရှိထားပြီးသော တစ်မျိုးမျိုးသော စတုတ္ထစျာန်သမာဓိကို ထူထောင်ပြီးနောက် လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ ထိုလင်းရောင်ခြည်၏ အကူညီဖြင့် ထိုလေကို မြင်အောင် ကြည့်၍ ထိုလေ၌ သတိကို ဖြစ်စေ၍ ---- <b>ဝါယော-ဝါယော-ဝါယော</b> = လေ-လေ-လေဟု နှလုံးသွင်း ပွားများပါ။ နိမိတ် သုံးမျိုး, ဘာဝနာ သုံးမျိုး, သမာဓိ သုံးမျိုးလုံးကို ရရှိအောင် အစဉ်အတိုင်း ပွားများ အားထုတ်ပါ။</p> <p>ဥဂ္ဂဟနိမိတ်ကား ခုံလောက် (= ဖိုခနောက်)မှ ချအပ်ကာမျှ ဖြစ်သော နို့ဃနာဆွမ်း၏ အခိုးအငွေ့အလုံးနှင့် တူစွာ တုန်လှုပ်သည်ဖြစ်၍ ထင်လာ၏။ ပဋိဘာဂနိမိတ်သည်ကား ငြိမ်သက်သော အနေအထိုင်ရှိသည် မတုန်လှုပ်သည်ဖြစ်၍ ထင်လာ၏။ ကြွင်း နည်းတူ မှတ်လေ။ (ဝိသုဒ္ဓိ၊၁၊၁၆၇။)</p> --- <h3>အာလောကကသိုဏ်း = အလင်းရောင်ကသိုဏ်း</h3> <p>အာလောကကသိုဏ်းကို နိမိတ်ယူလိုသော ယောဂါဝစရပုဂ္ဂိုလ်သည်-</p> <p>၁။ နံရံပေါက်ဖြင့် ဝင်၍ ထင်လာသော လရောင် နေရောင်အဝန်း,</p> <p>၂။ သံကောက်ပေါက်ဖြင့် ဝင်၍ထင်လာသော လရောင် နေရောင်အဝန်း,</p> <p>၃။ လေသောက်တံခါးပေါက်ဖြင့် ဝင်၍ ထင်လာသော လရောင် နေရောင်အဝန်း ----</p> <p>ဤအဝန်း တစ်ခုခု၌ နိမိတ်ကို ယူနိုင်၏။ (ဝိသုဒ္ဓိ၊၁၊၁၆၉။)</p> <p>အာလောကကသိုဏ်း ဘာဝနာလုပ်ငန်း၌ ပြုအပ်ခဲ့ဖူးသော အဓိကာရ ကောင်းမှုကုသိုလ်ပါရမီ ရှိသော ယောဂါဝစရသူတော်ကောင်းအား နံရံပေါက်စသည်တို့တွင် တစ်ခုခုသော အပေါက်ဖြင့် နေရောင်သည်လည်းကောင်း, လရောင်သည်လည်းကောင်း ဝင်၍ နံရံ၌လည်းကောင်း မြေ (= ကြမ်းပြင်)၌လည်းကောင်း ထင်လာသော အလင်းရောင်အဝန်းကို မြင်၍သာလျှင် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာနိုင်၏။ တစ်ခဲနက် ထူသော အရွက်ရှိသော သစ်ပင်၏ အခက်ကြားဖြင့်လည်းကောင်း, တစ်ခဲနက် ထူသော သစ်ခက်မဏ္ဍပ်ကြားဖြင့်သော်လည်းကောင်း ထွက်၍ မြေ၌သာလျှင် ထင်လာသော အရောင်အဝန်းကို မြင်၍သာလျှင်လည်း ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာနိုင်၏။ (ဝိသုဒ္ဓိ၊၁၊၁၉၆။)</p> <p>အာလောကကသိုဏ်း ဘာဝနာလုပ်ငန်း၌ ဖြည့်ဆည်းပူးခဲ့သော ပါရမီအရှိန်အဝါ အားပျော့သော ယောဂါဝစရပုဂ္ဂိုလ်သည်ကား အထက်တွင် တင်ပြထားသော အလင်းရောင် သုံးမျိုးတို့တွင် တစ်မျိုးမျိုး၌ ---- <b>အာလော ကော-အာလောကော-အာလောကော</b> = အလင်းရောင်-အလင်းရောင်-အလင်းရောင်ဟု နှလုံးသွင်း ပွားများပါ။ မအောင်မြင်ခဲ့သော် အိုးတစ်လုံး၏ အတွင်း၌ ဆီမီးကို ညှိထွန်း၍ အိုးဝကို ပိတ်၍ အိုး၌ အပေါက်တစ်ခု ပြုလုပ်၍ နံရံဘက်သို့ ရှေးရှုတည်ထားပါ။ ထိုဖောက်ထားသော အိုးပေါက်မှ ဆီမီးရောင်သည် ထွက်၍ နံရံ၌ အဝန်းအဝိုင်း ထင်နေပေမည်။ ထိုနံရံ၌ ထင်နေသော ဆီမီးရောင် အဝန်းအဝိုင်းကို ---- <b>အာလောကော- အာလောကော-အာလောကော</b> = အလင်းရောင်-အလင်းရောင်-အလင်းရောင်ဟု နှလုံးသွင်း ပွားများပါလေ။ ဤသို့ ပြုပြင်စီမံထားသော အလင်းရောင်ကသိုဏ်းဝန်းကား လရောင် နေရောင်တို့ကြောင့် ထင်နေသော ကသိုဏ်းဝန်းထက် ပို၍ တာရှည် ခံပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၆၉။)</p> <p>အာနာပါနဿတိသမာဓိကို စတုတ္ထစျာန်သမာဓိသို့တိုင်အောင်လည်းကောင်း, အခြားအခြားသော ကသိုဏ်းတို့၌ စတုတ္ထစျာန်သမာဓိသို့တိုင်အောင်လည်းကောင်း သမာဓိကို ထူထောင်ထားပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ညနေချမ်းအခါဝယ် ထူထဲသော သစ်ခက်, သစ်ရွက်ရှိသော သစ်ပင်၏ သစ်ခက် သစ်ရွက်တို့၏ အကြားမှ မြင်တွေ့ရသော နေရောင်ခြည်၏ အလင်းရောင်ကို အာရုံယူ၍ အာလောကကသိုဏ်းနိမိတ်ကို ရယူခဲ့သော် လွယ်လွယ်ကူကူပင် နိမိတ်ကိုယူ၍ ရတတ်ပေ၏။ ထိုသို့ နိမိတ်ကို ယူနိုင်ခဲ့သော် ထင်လာသော ဥဂ္ဂဟနိမိတ်တို့၏ အလင်းရောင်၏ စွမ်းအင်မှာလည်း ပို၍ အားကောင်းတတ်ပေသည်။ မှောင်မိုက်နေသော ညဉ့်အခါဝယ် ယင်းကဲ့သို့သော အောင်မြင်မှုကို ရရှိထားပြီးဖြစ်သော အာလောကကသိုဏ်းဝန်းနိမိတ်ကို ဖြန့်ကြက်ခဲ့သော် ကသိုဏ်းဝန်းကို ဖြန့်ကြက်ထားပြီးရာအရပ်အတွင်း၌ တည်ရှိနေသော အလင်းရောင်မှာ နေ့အခါ၌ကဲ့သို့ပင် လင်းနေသော ဟူ၏။ အင်္ဂုတ္တရနိကာယ် သတ္တကနိပါတ်၌ လာရှိသော ပစလယမာနသုတ္တန် (အံ၊၂၊၄၆၃။)၌ လာရှိသော ဘုရားရှင်၏ ညွှန်းကြားတော်မူချက်နှင့် ညီညွတ်လျက်ပင် ရှိပေသည်။</p> <p>ဤအာလောကကသိုဏ်း၌ ဥဂ္ဂဟနိမိတ်သည် နံရံ၌လည်းကောင်း, မြေ (= ကြမ်းပြင်)၌လည်းကောင်း, သစ်ခက် သစ်ရွက်ကြားစသည်၌လည်းကောင်း ထင်နေသော ပကတိအလင်းရောင် အဝန်းအဝိုင်းနှင့် တူ၏။ ပဋိဘာဂနိမိတ်သည်ကား ဘုရားရှင်၏ တစ်လံမျှလောက်သော ရောင်ခြည်တော်ဝန်းကဲ့သို့ တစ်ခဲနက် အတုံးလိုက် အခဲလိုက် ဖြစ်၍ အထူးကြည်လင်လှသော အလင်းရောင်အစုနှင့် တူ၏။ ကြွင်း နည်းတူမှတ်ပါ။ (ဝိသုဒ္ဓိ၊၁၊၁၆၉။)</p> <p>ဤအာလောကသညာခေါ် အာလောကကသိုဏ်းမှာ ထိနမိဒ္ဓ ပယ်ဖျောက်ရေးတွင် အကောင်းဆုံးသော လက်နက်တစ်မျိုး ဖြစ်၏။ အင်္ဂုတ္တိုရ်ပါဠိတော် သတ္တကနိပါတ် ပစလယမာနသုတ္တန် (အံ၊၂၊၄၆၃ ..)၌ ထိနမိဒ္ဓကို ပယ်ဖျောက်ကြောင်း ပျောက်ကင်းကြောင်း တရား (၇)မျိုးကို ခွဲခြားကာ ဟောကြားထားတော်မူ၏။ ယင်း (၇)မျိုးတို့တွင် ဤအာလောကသညာသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော ပုဂ္ဂိုလ်တိုင်း လက်ကိုင်ထားသင့်သော ကမ္မဋ္ဌာန်းတစ်မျိုးပင် ဖြစ်သည်။ဒိဗ္ဗစက္ခုအဘိညာဏ်၏ အခြေခံ ကသိုဏ်းတို့တွင် ----</p> <p><b>(ဣမေသု စ ပန တီသု) အာလောကကသိဏံယေဝ သေဋ္ဌတရံ။</b> (ဝိသုဒ္ဓိ၊၂၊၅၈။)</p> <p>---- ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် အညီ ဤအာလောကကသိုဏ်းမှာ အကောင်းဆုံး အမြတ်ဆုံးသော ကသိုဏ်းတစ်ခုပင် ဖြစ်သည်။</p> --- <h3>အာကာသကသိုဏ်း = ကောင်းကင်ကသိုဏ်း</h3> <p>၁။ နံရံပေါက်၌သော်လည်းကောင်း,</p> <p>၂။ သံကောက်ပေါက်၌သော်လည်းကောင်း,</p> <p>၃။ လေသာပြူတင်းပေါက်ကြား၌သော်လည်းကောင်း -----</p> <p>အာကာသကသိုဏ်း (= အကြားအပေါက်ကသိုဏ်း = ကောင်းကင်ကသိုဏ်း)နိမိတ်ကို ရယူနိုင်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၆၉။)</p> <p>ရှေးရှေးဘဝက အာကာသကသိုဏ်း ဘာဝနာလုပ်ငန်း၌ ပြုအပ်ခဲ့ဖူးသော အဓိကာရကောင်းမှုကုသိုလ် ရှိသသူအား နံရံပေါက်စသော အကြားအပေါက် တစ်ခုခုကို တွေ့မြင်ခဲ့သော် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည် လွယ်ကူစွာပင် ဖြစ်ပေါ်လာနိုင်၏။ အဓိကာရကောင်းမှုကုသိုလ် အားနည်းသူကား နေပြောက်မထိုးရအောင် ကောင်းစွာမိုး၍ထားအပ်သော မဏ္ဍပ်၌သော်လည်းကောင်း, သားရေ, ဖျာစသည်တို့တွင် တစ်ခုခု၌သော်လည်း ကောင်း တစ်ထွာ လက်လေးသစ်စသည် ပမာဏရှိသောဝန်းဝိုင်းသော အပေါက်ကို ပြုလုပ်၍ ထိုကသိုဏ်းဝန်းအဖြစ် ပြုလုပ်ထားအပ်သော အပေါက်ကိုသော်လည်းကောင်း, နံရံပေါက်စသော တစ်ခုခုသော အပေါက်ကိုသော်လည်းကောင်း အာကာသကသိုဏ်းနိမိတ်အဖြစ် အာရုံယူ၍ <b>အာကာသော-အာကာသော-အာကာသော</b> = ကောင်းကင်-ကောင်းကင်-ကောင်းကင်ဟူ၍ နှလုံးသွင်း ပွားများအပ်၏။ (ဝိသုဒ္ဓိ၊၁၊၁၆၉။)</p> <p>အကယ်၍ အောင်မြင်မှုကို မရရှိခဲ့လျှင် တစ်ထွာခန့် တစ်ပေခန့် အပေါက်အဝိုင်းတစ်ခုကို သစ်သားပျဉ်ချပ်တွင် စက်ဝိုင်းကျကျ ဖောက်ပါ။ ထိုအာကာသကသိုဏ်းဝန်းပါသော ပျဉ်ချပ်ကို သစ်ပင် မိုးသား တိမ်ရိပ်စသော အပြစ်ကင်းစင်သည့် ကောင်းကင်ဘက်သို့ မြှောက်၍ ကိုင်ထားပါ၊ ထိုအဝန်းအဝိုင်း အာကာသနိမိတ်ကို ပျဉ်ပြားချပ်၏ ဖောက်ထားသော စက်ဝိုင်းအတွင်း၌ စိတ်စိုက်၍ အာရုံယူကြည့်ပါ။ ကသိုဏ်းဝန်းအပေါက်ကို ကျော်လွန်၍ ကောင်းကင်းဘက်သို့ လိုက်မကြည့်ပါနှင့်။ ပျဉ်ပြားချပ်တွင် ဖောက်ထွင်းထားသော ကသိုဏ်းဝန်း၌သာ အာကာသကသိုဏ်းနိမိတ်ကို ယူပါ။ အကယ်၍ မျက်စိကို ဖွင့်တုံ မှိတ်တုံပြုကာ ကသိုဏ်းဝန်းနိမိတ်ကို ယူနေသော်လည်း လွယ်ကူစွာဖြင့် နိမိတ်ကိုယူ၍ မရ ဖြစ်နေသေးလျှင် မိမိရရှိထားပြီးသော တစ်မျိုးမျိုးသော စတုတ္ထစျာန်သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ ထိုနောင် ယင်းစတုတ္ထစျာန်မှ ထ၍ ပုံစံတူပင် အာကာသကသိုဏ်းဝန်းနိမိတ်ကို မျက်စိဖွင့်၍ ပြန်ယူကြည့်ပါ။ မျက်စိကို မှိတ်လိုက်သောအခါ ဥဂ္ဂဟနိမိတ်သည် ထင်လာပါက အောင်မြင်မှုကို ရရှိပေပြီ။ အောင်မြင်မှုကို ရရှိသောအခါ နိမိတ်ကိုခိုင်အောင် ဆက်လက်လေ့ကျင့်၍ မိမိအလိုရှိရာ အရပ်သို့ သွား၍ ထိုင်လျက် ပွားများနိုင်ပေသည်။ မိမိ ကြိုက်နှစ်သက်ရာ နေရာ၌ ထိုင်သောအခါ မိမိရရှိထားပြီးသည့် သမာဓိများကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ အထူးသဖြင့် မိမိနှစ်သက်ရာ တစ်မျိုးမျိုးသော စတုတ္ထစျာန် သမာဓိသို့တိုင်အောင် သမာဓိကို ထူထောင်ပါ။ ထိုနောင် မိမိ နိမိတ်ယူ၍ ရရှိထားပြီးဖြစ်သည့် အာကာသကသိုဏ်းဝန်းနိမိတ်ကိုပင် တစ်ဖန် ပြန်၍ အာရုံယူပါ။ ရှေးရှေးသော ဘာဝနာသမာဓိတို့၏ အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကို ဆက်ခံရသော နောက်နောက်သော ဘာဝနာသမာဓိမှာလည်း လွယ်ကူချောမောလျက်ပင် ရှိနေတတ်ပါသည်။</p> <p>ဤအာကာသကသိုဏ်း၌ ဥဂ္ဂဟနိမိတ်သည် နံရံပေါက်စသည်တို့နှင့် အတူတကွ ထိုမူလနံရံပေါက်စသည်တို့နှင့် တူသည်သာလျှင် ဖြစ်ပေသည်။ ဥဂ္ဂဟနိမိတ်အခိုက်၌ ဘာဝနာစွမ်းအား နည်းပါးသည့် အတွက်ကြောင့် ကသိုဏ်းဝန်းကို တိုးပွားအောင်ပြုလုပ်သော်လည်း မတိုးပွားနိုင်သေးပေ။ ပဋိဘာဂနိမိတ်ကား နံရံစွန်းစသည် မထင်တော့ဘဲ ကောင်းကင်အဝန်းသက်သက်သာ ဖြစ်၍ ထင်လာတော့သည်။ ထိုအခါ အာကာသကသိုဏ်း ဘာဝနာလုပ်ငန်း အာကာသကသိုဏ်း ဘာဝနာသမာဓိသည် မြဲမြံသွားပြီဖြစ်သောကြောင့် ကသိုဏ်းဝန်းကို တိုးပွားစေသော်လည်း ကသိုဏ်းဝန်းသည် တိုးပွားလာနိုင်ပေသည်။ ကြွင်း နည်းတူပေပြီ။ (ဝိသုဒ္ဓိ၊၁၊၁၆၉။)</p> <p>ကသိုဏ်း (၁၀)ပါးတို့ကို ပွားများပုံ အစီအရင်သည် ဤတွင် ပြီးဆုံးသွားပေပြီ။ ယောဂါဝစရပုဂ္ဂိုလ်သည် ဘုရားဟော ဒေသနာတော်စဉ်အတိုင်း---- <b>ပထဝီ, အာပေါ, တေဇော, ဝါယော, နီလ (= အညိုရောင်), ပီတ = (အဝါရောင်), လောဟိတ (= အနီရောင်), ဩဒါတ (= အဖြူရောင်), အာလောက (= အလင်းရောင်း), အာကာသ (= ကောင်းကင်)</b>ဟူသော ကသိုဏ်းဆယ်ပါးတို့ကို အစဉ်အတိုင်း ကသိုဏ်းတိုင်း ကသိုဏ်းတိုင်းဝယ် စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ အားထုတ်ပါ။</p> <p>ထိုသို့ ကြိုးစားအားထုတ်နိုင်ပါက မည်သည့်အရာဝတ္ထုနှင့်ပင် တွေကြုံရသည်ဖြစ်စေ ကသိုဏ်းဝန်းနိမိတ်အဖြစ် အာရုံယူ၍ ရနိုင်သည့် အရာဝတ္ထုမှန်ပါက ကသိုဏ်းနိမိတ်အဖြစ် လှမ်း၍ အာရုံယူလိုက်သည်နှင့် တစ်ပြိုင်နက် ကသိုဏ်းနိမိတ်ကို လွယ်လွယ်ကူကူပင် ရယူနိုင်ပေသည်။ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုမှ ဘာဝနာဟူသော အနှစ်သာရကို ထုတ်ယူတတ်ပါက ယခုကဲ့သို့သော နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်မှု (= ယောနိသောမနသိကာရ) ထင်ရှားရှိနေသော ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအဖို့ ပထမစျာန်သမာဓိ ဒုတိယစျာန်သမာဓိ တတိယစျာန်သမာဓိ စတုတ္ထစျာန်သမာဓိကဲ့သို့သော ဘာဝနာအနှစ်သာရများကား လွယ်လွယ်ကူကူပင် ထွက်ပေါ်လာမည်ဖြစ်ပေသည်။ ယင်း စျာန်သမာဓိများက နီဝရဏကိလေသာ အညစ်အကြေးတို့ကို ခပ်ကြာကြာ ခွာထားနိုင်သဖြင့် ထိုကဲ့သို့ ပွားများအားထုတ်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် မဟာပထဝီမြေကြီးနှင့် တူညီသော စိတ်ထား, ရေနှင့် တူညီသော စိတ်ထား, မီးနှင့် တူညီသော စိတ်ထား, လေနှင့် တူညီသော စိတ်ထား, ကောင်းကင်နှင့် တူညီသော စိတ်ထားများသည် ယာယီ အခိုက်အတန့်အားဖြင့် အထူးသဖြင့် စျာန်ကို ဝင်စားနေနိုင်သမျှ ကာလပတ်လုံး ဖြစ်ပေါ်နေကြမည်သာ ဖြစ်ပေသည်။ လာဘ်ရခြင်း, လာဘ်မရခြင်း, အခြံအရံ အကျော်အစောများခြင်း, အခြံအရံအကျော်အစော နည်းပါးခြင်း, အကဲ့ရဲ့ခံရခြင်း, အချီးမွမ်းခံရခြင်း, ချမ်းသာခြင်း, ဆင်းရဲခြင်းဟူသည့် လောကဓံလေပြင်းမုန်တိုင်းတို့ တိုက်ခတ်လာသောအခါ၌လည်း အထိုက်အလျှောက် ကြံ့ကြံ့ခိုင်ကြည် ရပ်တည်နိုင်မည် ဖြစ်ပေသည်။ လောကဓံ လေပြင်း မုန်တိုင်းတို့ကြောင့် တုန်လှုပ်ခြင်း မရှိသည့် တာဒိဂုဏ်နှင့် အထိုက်အလျောက် ပြည့်စုံနေမည်သာ ဖြစ်ပေသည်။ တစ်ဖန် ယင်းစတုတ္ထစျာန်သမာဓိတို့ကို ဝိပဿနာ၏ အခြေခံအကြောင်းရင်း ပါဒကစျာန်အဖြစ် ထူထောင်ကာ ဝိပဿနာသို့ ကူးတတ်သွားပါက ယင်းသမာဓိတရားတို့က အရဟတ္တဖိုလ်တိုင်အောင်သော အကျိုးတရားတို့ကို ရရှိလေအောင် အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးနေကြမည်သာ ဖြစ်ပေသည်။ အကယ်၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားပါက မြေ-ရေ-မီး-လေ - ကောင်းကင်တို့နှင့် တူညီသော စိတ်ထားများသည် ထာဝရ ကိန်းဝပ်နိုင်ကြပြီ ဖြစ်ကြသဖြင့် တာဒိဂုဏ်နှင့် ခြွင်းချက် မရှိ အပြီးတိုင် ပြည့်စုံပြီ ဖြစ်ပေသည်။</p> --- <h3>အရူပါဝစရစျာန်ပိုင်း</h3> <p>အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်က ဝိပဿနာသို့ မကူးသေးလိုဘဲ အရူပစျာန်သမာပတ်တွေကို ဆက်လက်ကာ လေ့ကျင့်လိုပါကလည်း ဆက်လက် ပွားများ အားထုတ်နိုင်ပေသည်။ ဤစာမူ၌ကား ဖြစ်နိုင်သမျှ အကျဉ်းချုပ်ကာ ရေးသားတင်ပြပေအံ့။ ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်နိုင်ရေးအတွက်ကား ဆရာသမားများနှင့်သာ ချဉ်းကပ်လေ့လာပါ။</p> <p>အရူပါဝစရစျာန်သည် -----</p> <p>၁။ အာကာသာနဉ္စာယတနစျာန် = အာကာသ = ကောင်းကင်ပညတ်လျှင် တည်ရာအာရုံရှိသော စျာန်,</p> <p>၂။ ဝိညာဏဉ္စာယတနစျာန် = အာကာသာနဉ္စာယတနဝိညာဏ်လျှင် တည်ရာအာရုံရှိသော စျာန်,</p> <p>၃။ အာကိဉ္စညာယတနစျာန် = အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိမှု = နတ္ထိဘောပညတ်လျှင် တည်ရာအာရုံရှိသော စျာန်,</p> <p>၄။ နေဝသညာနာသညာယတနစျာန် = (ရုန့်ရင်းကြမ်းတမ်းသော သညာကား မရှိ၊ အလွန့်အလွန် သိမ်မွေ့နူးညံ့သော သညာသာ ရှိသဖြင့်) သညာရှိသည်လည်း မဟုတ် - သညာမရှိသည်လည်း မဟုတ်သော စျာန် - ဤသို့လျှင် (၄)မျိုး ရှိပေသည်။</p> <h3>အာကာသာနဉ္စာယတနစျာန်</h3> <p>ကသိုဏ်းဆယ်ပါးတို့၌ ကသိုဏ်းတစ်ပါးတစ်ပါးလျှင် စတုတ္ထစျာန် သမာဓိသို့တိုင်အောင် အဝါးဝစွာ လေ့ကျင့်အပ်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းမှသည် အာလောကကသိုဏ်းသို့တိုင်အောင် (၉)မျိုးသော ကသိုဏ်းတို့တွင် မည်သည့်ကသိုဏ်းမှမဆို အရူပစျာန်တို့သို့ ကူးလိုက ကူးနိုင်သည်သာ ဖြစ်ပေသည်။ ဤတွင် ပထဝီကသိုဏ်းမှ ကူးပုံကို အကျဉ်းချုပ်ကာ တင်ပြပေအံ့။ -----</p> <p>အာကာသာနဉ္စာယတနစျာန်ကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ရုပ်တရားတို့၏ အပြစ်ကို မြင်အောင် ရှုဆင်ခြင်အပ်၏။</p> <p>မိဘတို့၏ သုတ်သွေးကို အမှီပြု၍ ထင်ရှားဖြစ်ပေါ်လာရသော ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော အကြောင်းတရားတို့ကြောင့် ထင်ရှား ဖြစ်ပေါ်လာရသော ဤရူပကာယခန္ဓာကိုယ်ကို ကရဇကာယဟု ခေါ်ဆို၏။ ယင်းကရဇကာယ ထင်းရှား ရှိနေခြင်းကြောင့် တုတ် ဓား စသော လက်နက်ကို စွဲကိုင်လျက် သတ်ပုတ်ကြ၏၊ ရိုက်နှက်ကြ၏၊ ညှဉ်းပန်းနှိပ်စက်ကြ၏၊ ခိုက်ရန်ဖြစ်ကြ၏၊ ငြင်းခုံကြ၏၊ မျက်စိရောဂါ နားရောဂါစသည်ဖြင့် အနာရောဂါအမျိုးမျိုးကို ခံစားရ၏။ ဤကရဇကာယ အမည်ရသော ရုပ်တရားသာ ထင်ရှား မရှိပါက ထိုကဲ့သို့သော ဒုက္ခမျိုးစုံမှ လွတ်ပေလိမ့်မည်ဟု ပညာဖြင့် ဆင်ခြင်၍ ရုပ်တရားကိုသာလျှင် ငြီးငွေ့ခြင်းငှာ စက်ဆုပ်ခြင်းငှာ ချုပ်စေခြင်းငှာ အာကာသာနဉ္စာယတနစျာန်ကို ရရှိအောင် ကြိုးစားအားထုတ်ရ၏။ ထိုသို့ အားထုတ်ရာဝယ် ရှေးဦးစွာ ကရဇကာယအမည်ရသော ရုပ်တရား၌ ယင်းကဲ့သို့ အပြစ်ကို မြင်အောင် ရှု၍ ထိုရုပ်တရားကို ကျော်လွှားလွန်မြောက်ဖို့ရန် ပထဝီကသိုဏ်း၌ စတုတ္ထစျာန်ကို ဖြစ်စေအပ်၏။ ထိုစတုတ္ထစျာန်၏ အာရုံဖြစ်သော ပထဝီကသိုဏ်းရုပ်ကိုလည်း ရုပ်ဟုပင် ယူဆကာ (= မူလပထဝီကသိုဏ်းဝန်း နိမိတ်ယူရာ မြေကြီးမှာ ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုဖြစ်၍ ရုပ်အစစ်ဖြစ်သော်လည်း ထိုရုပ်တရားတို့ကို မှီ၍ဖြစ်ပေါ်လာသော ဖြန့်ကြက်ထားအပ်သော ပထဝီကသိုဏ်းဝန်းနိမိတ်မှာ ကသိုဏ်းပညတ်မျှသာ ဖြစ်သော်လည်း မူလပထဝီကသိုဏ်းဝန်း ရုပ်အစစ်ကို မှီ၍ ဖြစ်ပေါ်လာသော ကသိုဏ်းပညတ်ဖြစ်ခြင်းကြောင့် ယင်းဖြန့်ကြက်ထားပြီးသော ပထဝီကသိုဏ်းဝန်းကိုလည်း ရုပ်ဟုပင်ယူဆကာ) ထိုပထဝီကသိုဏ်းရုပ်မှ ငြီးငွေ့၍ ကျော်လွှားလွန်မြောက်လိုသည်ဖြစ်၍ ဝသီဘော်ငါးတန်ကို နိုင်နင်းအောင် လေ့ကျင့်အပ်ပြီးသည်ဖြစ်၍ အဝါးဝစွာ လေ့လာအပ်ပြီးသော ပထဝီကသိုဏ်းလျှင် အာရုံရှိသော စတုတ္ထစျာန်မှ ထ၍ ထိုစတုတ္ထစျာန်၌ အပြစ်ကို ဤသို့ မြင်အောင်ရှု၍ -----</p> <p>၁။ ဤရူပါဝစရစတုတ္ထစျာန်သည် ငါ ငြီးငွေ့အပ်သော ကသိုဏ်းရုပ်ကို အာရုံပြုဘိ၏၊</p> <p>၂။ သောမနဿဝေဒနာဟူသော (တတိယစျာန်ဟူသော) နီးကပ်သော ရန်သူ ရှိ၏။</p> <p>၃။ ငြိမ်သက်သော ဝိမောက္ခဖြစ်သော အရူပစျာန်အောက် ရုန့်ရင်း၏။---- ဤသို့ အပြစ်ကို မြင်အောင်ရှု၍,</p> <p>၄။ ထိုစတုတ္ထစျာန်၌ တွယ်တာငဲ့ကွက် တသက်သက် ရှိခြင်းကို ကုန်စေ၍,</p> <p>၅။ အာကာသာနဉ္စာယတနစျာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍,</p> <p>၆။ စကြာဝဠာ ဆုံးသည့်တိုင်အောင်လည်းကောင်း, အလိုရှိသမျှ အရပ်သို့တိုင်အောင်လည်းကောင်း မိမိ ပွားထားပြီးသော ကသိုဏ်းရုပ်ကို ဖြန့်ကြက်၍,</p> <p>၇။ ထိုကသိုဏ်းရုပ်ဖြင့် တွေ့ထိရာ အရပ်ကို <b>အာကာသ- အာကာသ</b> ဟုလည်းကောင်း၊ <b>အနန္တအာကာသ-အနန္တအာကာသ</b> ----- ဟုလည်းကောင်း နှလုံးသွင်း၍ ရူပါဝစရစတုတ္ထစျာန်၏ အာရုံဖြစ်သော ကသိုဏ်း ရုပ်ကို ခွာပါ။</p> <p>တစ်နည်း ----- ထိုပထဝီကသိုဏ်းရုပ်၌ တစ်နေရာကို စိုက်၍ <b>အာကာသ-အာကာသ</b>ဟု တစ်ဘက်သတ် နှလုံးသွင်းပါ။ အာကာသကို ဉာဏ်ဖြင့်မြင်သောအခါ အာကာသကိုသာ တစ်ဘက်သတ် နှလုံးသွင်းပါ။ ယင်း အာကာသကို ဖြန့်ကြက်ပါ။ အာကာသဖြင့် တွေ့ထိမိရာ ပထဝီကသိုဏ်းရုပ် တည်ရာ အရပ်အားလုံးသည် တဖြည်းဖြည်း အာကာသပြန့်လာသည်နှင့်အမျှ ပျောက်ပျက်ကာ အာကာသချည်း ဖြစ်သွားလိမ့်မည်။ ပထဝီကသိုဏ်းရုပ်ရှိရာ အရပ်အားလုံး၌ အာကာသဖြစ်အောင် နှလုံးသွင်းပါ။ ပထဝီကသိုဏ်းရုပ်ကို ခွာပါ။</p> <p>ပထဝီကသိုဏ်းကို မဆင်ခြင်ဘဲ နှလုံးမသွင်းဘဲ မသုံးသပ်ဘဲ စင်စစ်မှာမူ ထိုပထဝီကသိုဏ်းရုပ်ဖြင့် တွေ့ထိရာ အာကာသကိုပင် <b>အာကာသ- အာကာသ</b> ဟူ၍ တစ်ဘက်သတ် နှလုံးသွင်းသော ယောဂါဝစရပုဂ္ဂိုလ်သည် ကသိုဏ်းကို ခွာသည်မည်၏။ ယင်းသို့ ခွာအပ်သော ပထဝီကသိုဏ်းရုပ်သည်လည်း မထမကြွ၊ မနစ်မဆုတ်။ ဤယောဂါဝစရပုဂ္ဂိုလ်၏ ပထဝီကသိုဏ်းကို သက်သက် နှလုံးမသွင်းခြင်းကိုလည်းကောင်း, <b>အာကာသ- အာကာသ</b>ဟု တစ်ဘက်သတ် နှလုံးသွင်းခြင်းကိုလည်းကောင်း အစွဲပြု၍ ပထဝီကသိုဏ်းကို ခွာသည်မည်ပေ၏။ ကသိုဏ်းကို ခွာရာခွာကြောင်း အာကာသကောင်းကင်ပညတ်မျှသည်သာလျှင် ထင်လာ၏။</p> <p>၁။ <b>ကသိဏုဂ္ဃါဋိမာကာသ</b> = ကသိုဏ်းကို ခွာ၍ ရရှိအပ်သော အာကာသ,</p> <p>၂။ <b>ကသိဏဖုဋ္ဌောကာသ</b> = ကသိုဏ်းဖြင့် တွေ့ထိမိရာ အာကာသ,</p> <p>၃။ <b>ကသိဏဝိဝိတ္တာကာသ</b> = ကသိုဏ်းမှ ကင်းဆိတ်သွားသော အာကာသ</p> <p>----- ဤ သုံးပုဒ်လုံးသည် ပရိယာယ်နှင်နှင် ဖြစ်သောကြောင့် အနက်အားဖြင့် တူသည်သာတည်း။ (ဝိသုဒ္ဓိ၊၁၊၃၂၀ -၃၂၁)</p> <p>ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုပထဝီကသိုဏ်းကို ခွာ၍ ရရှိလာသော အာကာသနိမိတ်ကို <b>အာကာသ-အာကာသ</b>ဟူ၍ အဖန်ဖန်အထပ်ထပ် ဆင်ခြင်၏၊ ဝိတက်ဖြင့် <b>အာကာသ-အာကာသ</b>ဟု ရှေးရှု ခေါက်သည်ကို ထက်ဝန်းကျင် လှည့်လည် ခေါက်သည်ကို ပြု၏။ ဤသို့ အဖန်ဖန် အထပ်ထပ် ဆင်ခြင်သော ဝိတက်ဖြင့် <b>အာကာသ-အာကာသ</b>ဟု ရှေးရှု ခေါက်သည်ကို ထက်ဝန်းကျင် ခေါက်သည်ကို ပြုသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ နီဝရဏတို့သည် ကွာကုန်၏၊ အာကာသနိမိတ်လျှင် အာရုံရှိသော သတိသည် အလွန်ထင်သည်ဖြစ်၍ ကောင်းစွာတည်၏။ ဥပစာရစျာန် သမာဓိဖြင့် စိတ်သည် အာကာသနိမိတ်၌ ကောင်းစွာ တည်ကြည်နေ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာကာသနိမိတ်ကို အဖန်ဖန် အထပ်ထပ် မှီဝဲ၏၊ ပွားများ၏၊ ကြိမ်ဖန်များစွာ အလေ့လာပြု၏။ ဤသို့ အဖန်ဖန်အထပ်ထပ် ဆင်ခြင်သော နှလုံးသွင်းသော ထိုယောဂါဝစရပုဂ္ဂိုလ်အား အာကာသနိမိတ်အာရုံ၌ အာကာသာနဉ္စာယတနစိတ်သည် အပ္ပနာစျာန်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ ပထဝီကသိုဏ်းစသော ကသိုဏ်းပညတ်အာရုံ၌ ရူပါဝစရစျာန်စိတ်သည် အပ္ပစျာန်၏ အစွမ်းဖြင့် ဖြစ်သကဲ့သို့တည်း။ (ဝိသုဒ္ဓိ၊၁၊၃၂၁။)</p> <h3>ဝိညာဏဉ္စာယတနစျာန်</h3> <p>ဝိညာဏဉ္စာယတနစျာန်ဟူသည် အာကာသာနဉ္စာယတနဝိညာဏ်လျှင် တည်ရာအာရုံရှိသော စျာန်တည်း။ အာကာသာနဉ္စာယတနဝိညာဏ်ကို အရှုခံ အာရုံထား၍ ရှုပွားသုံးသပ်သဖြင့် ရရှိလာသော စျာန်တည်း။ ထိုဝိညာဏဉ္စာယတနစျာန်ကို ရရှိအောင် ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အာကာသာနဉ္စာယတနစျာန်သမာပတ်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်အပ်၏။ အာကာသာနဉ္စာယတနစျာန်သမာပတ်၌ ဝသီဘော်ငါးတန်ကို နိုင်နင်းအောင် လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် -----</p> <p>၁။ ဤ ငါ ရရှိထားသော အာကာသာနဉ္စာယတနစျာန်သမာပတ်သည် ရူပါဝစရစျာန်ဟူသော နီးကပ်သော ရန်သူ ရှိ၏။ (အချိန်မရွေး အာကာသာနဉ္စာယတနစျာန်သို့ ပြန်၍ လျှောကျသွားနိုင်၏ ဟူလိုသည်။)</p> <p>၂။ ဝိညာဏဉ္စာယတနစျာန်သမာပတ်ကဲ့သို့ ငြိမ်သက်သည်လည်း မဟုတ် ခဲ့။ ဤသို့လျှင် အာကာသာနဉ္စာယတနစျာန်သမာပတ်၌ အပြစ်ကို မြင်အောင် ရှု၍ -----</p> <p>၃။ ထို အာကာသာနဉ္စာယတနစျာန်၌ ခုံမင်တပ်မက်ခြင်း တဏှာကို ကုန်စေ၍,</p> <p>၄။ ဝိညာဏဉ္စာယတနစျာန်ကို ငြိမ်သက်၏ဟူ၍ နှလုံးသွင်ပြီးလျှုင် -----</p> <p>ထိုပထဝီ ကသိုဏ်းကို ခွာ၍ ရအပ်သော အာကာသနိမိတ်ကို ပျံ့နှံ့၍ ဖြစ်ပေါ်လာသော ထိုအာကာသာနဉ္စာယတနဝိညာဏ်ကို <b>ဝိညာဏံ- ဝိညာဏံ</b>ဟူ၍ အဖန်ဖန်အထပ်ထပ် ဆင်ခြင်အပ်၏ နှလုံးသွင်းအပ်၏ ဉာဏ်ဖြင့် သက်ဝင်၍ ဆင်ခြင်အပ်၏။ ဝိတက်ဖြင့် <b>ဝိညာဏံ ဝိညာဏံ</b>ဟု ရှေးရှူ ခေါက်သည်ကို ထက်ဝန်းကျင် လှည့်လည်၍ ခေါက်သည်ကို ပြုအပ်၏။ <b>အနန္တံ - အနန္တံ</b>ဟူ၍ သက်သက် နှလုံးမသွင်းကောင်း၊ <b>ဝိညာဏံ- ဝိညာဏံ</b>ဟုလည်းကောင်း, <b>အနန္တံ ဝိညာဏံ - အနန္တံ ဝိညာဏံ</b>ဟုလည်းကောင်း နှလုံးသွင်းကောင်း၏။</p> <p>ဤသို့သော နည်းအားဖြင့် ထိုအာကာသာနဉ္စာယတနဝိညာဏ်ဟူသော ဝိညာဏ်နိမိတ်၌ အဖန်တလဲလဲ ဘာဝနာစိတ်ကို ဖြစ်စေသော ထိုယောဂါဝစရပုဂ္ဂိုလ်အား နီဝရဏတရားတို့သည် ကွာကျသွားကြကုန်၏။ အာကာသာနဉ္စာယတနဝိညာဏ်လျှင် တည်ရာအာရုံရှိသော သတိသည် ကောင်းစွာ တည်လာ၏၊ ဥပစာရစျာန်သမာဓိဖြင့် ဘာဝနာစိတ်သည် ကောင်းစွာတည်ကြည်လာ၏။</p> <p>ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာကာသာနဉ္စာယတနဝိညာဏ်ဟု ဆိုအပ်သော ထိုဝိညာဏ်နိမိတ်ကို အဖန်ဖန်အထပ်ထပ် မှီဝဲ၏၊ ပွားများ၏၊ ကြိမ်ဖန်များစွာ အလေ့အလာပြု၏။ ဤသို့သော နည်းဖြင့် အကြိမ်များစွာ ပြုသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ပထဝီကသိုဏ်းကို ခွာ၍ ရအပ်သော အာကာသနိမိတ်ကို ပျံ့နှံ့၍ ဖြစ်ပေါ်လာသော ထိုမဟဂ္ဂုတ် အာကာသာနဉ္စာယတနဝိညာဏ်၏သာလျှင် ဆိတ်သည်၏အဖြစ်, ကင်းသည်၏အဖြစ်, မရှိသည်၏အဖြစ်ဟူသော နတ္ထိဘောပညတ်၌ အာကိဉ္စညာယတနစျာန်စိတ်သည် အပ္ပနာစျာန်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ အာကာသနိမိတ်၌ ပျံ့နှံ့၍ ဖြစ်သော အာကာသာနဉ္စာယတနဝိညာဏ်နိမိတ်ကို အာရုံပြု၍ ဝိညာဏဉ္စာယတနဝိညာဏ်သည် ဖြစ်ပေါ်လာသကဲ့သို့ပင်တည်း။ (ဝိသုဒ္ဓိ၊၁၊၃၂၅။)</p> <p>ဤအရှုခံ အာရုံမှာ အာကာသာနဉ္စာယတနစျာန်ဝိညာဏ် ဖြစ်၏။ ထို အာကာသာနဉ္စာယတနစျာန်ဝိညာဏ်ကို <b>ဝိညာဏံ - ဝိညာဏံ</b>ဟု ရှုခဲ့သော် ထိုအာကာသာနဉ္စာယတနစျာန် ဝိညာဏ်အာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေကြသော ဘာဝနာစိတ်တို့တွင် ဥပစာရစျာန် ဇောတို့၏ နောက်၌ အပ္ပနာစျာန်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော စျာန်စိတ်သည် ဝိညာဏဉ္စာယတနစျာန်စိတ်တည်း။ အာကာသာနဉ္စာယတနဝိညာဏ်လျှင် တည်ရာ အာရုံရှိသော စျာန်စိတ် ဟူလိုသည်။ ဤအရာဝယ် အပ္ပနာစျာန်သို့ မဆိုက်မီ အရှုခံအာရုံမှာ အာကာသာနဉ္စာယတနစိတ် ဖြစ်၍ ရှုတတ်သော ဘာဝနာစိတ်တို့ကား ကာမာဝစရ (မဟာကုသိုလ် သို့မဟုတ် မဟာကြိယာ)ဇောတို့တည်း။ အပ္ပနာစျာန်အခိုက်၌ကား အရှုခံအာရုံမှာ အာကာသာနဉ္စာယတနစျာန်စိတ် ဖြစ်၍ ရှုတတ်သော ဘာဝနာစိတ်မှာ ဝိညာဏဉ္စာယတနစျာန်စိတ်တည်း။ အရှုခံအာရုံနှင့် ရှုတတ်သောတရား နှစ်မျိုးလုံးမှာ စျာန်စိတ်ချည်းသာတည်း။</p> <h3>အာကိဉ္စညာယတနစျာန်</h3> <p>အာကိဉ္စညာယတနစျာန်ဟူသည် အာကာသာနဉ္စာယတနစျာန်၏ မရှိခြင်း = နတ္ထိဘောပညတ်လျှင် တည်ရာအာရုံရှိသော စျာန်ဟု ဆိုလိုသည်။ အာကိဉ္စညာယတနစျာန်ကို ရရှိအောင် ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝိညာဏဉ္စာယတနစျာန်သမာပတ်၌ ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်အပ်၏။ ဝသီဘော်ငါးတန်ကို နိုင်နင်းအောင် လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့ ဆင်ခြင်အပ်၏။ -----</p> <p>၁။ ဤ ငါ ရရှိထားသော ဝိညာဏဉ္စာယတနစျာန်သမာပတ်သည် အာကာသာနဉ္စာယတနစျာန်ဟူသော နီးကပ်သော ရန်သူရှိ၏ (=အချိန်မရွေး အာကာသာနဉ္စာယတနစျာန်သို့ ပြန်၍ လျှောကျနိုင်၏ ဟူလို သည်။)</p> <p>၂။ အာကိဉ္စညာယတနစျာန်ကဲ့သို့ ငြိမ်သက်သည်လည်း မဟုတ်ခဲ့။ ဤသို့လျှင် ဝိညာဏဉ္စာယတနစျာန်၌ အပြစ်ကို မြင်အောင်ရှု၍,</p> <p>၃။ ထိုဝိညာဏဉ္စာယတနစျာန်၌ တွယ်တာငဲ့ကွက် တသက်သက် ရှိခြင်းကို ကုန်စေ၍,</p> <p>၄။ အာကိဉ္စာယတနစျာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍,</p> <p>၅။ အကြင် အာကာသာနဉ္စာယတနစျာန် ဝိညာဏ်ကို အာရုံပြု၍ ဝိညာဏဉ္စာယတနစျာန်သည် ဖြစ်ပေါ်လာရ၏၊ ထိုဝိညာဏဉ္စာယတနစျာန်၏ပင်လျှင် အာရုံဖြစ်၍ဖြစ်သော အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းဟူသော နတ္ထိဘောပညတ်ကို ဆိတ်သည်၏ အဖြစ်ကို ကင်းသော အခြင်းအရာကို နှလုံးသွင်းအပ်၏။ (ဝိသုဒ္ဓိ၊၁၊၃၂၆-၃၂၇။)</p> <p>[ဆိုလိုရင်း -----စိတ်တို့မည်သည် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ နှစ်ခု ပြိုင်တူ ဖြစ်ရိုး ဓမ္မတာ မရှိကြပေ။ စိတ္တက္ခဏတစ်ခု ဖြစ်ပြီး, ချုပ်ပြီးမှသာလျှင် နောက်စိတ္တက္ခဏတစ်ခု ဖြစ်ရိုး ဓမ္မတာ ရှိ၏။ အာကာသာနဉ္စာယတနဝိညာဏ်သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်းရှားဖြစ်နေသော အချိန်၌ ဝိညာဏဉ္စာယတနဝိညာဏ်သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား မဖြစ်သေးပေ။ ဝိညာဏဉ္စာယတနဝိညာဏ်သည် တစ်နည်းဆိုရသော် ဝိညာဏဉ္စာယတနဝိညာဏ်နှင့် တကွ အာကာသာနဉ္စာယတနဝိညာဏ်ကို ရှုနေသော ကာမာဝစရဘာဝနာစိတ်အပေါင်းသည် ဥပါဒ်-ဌီ-ဘင် အားဖြင့် ထင်းရှား ဖြစ်နေကြချိန်၌လည်း အာကာသာနဉ္စာယတနဝိညာဏ်သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား မရှိတော့ပေ။ ယင်းအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိမှု သဘောကို နတ္ထိဘောပညတ်ဟု ဆိုလို၏။ ယင်း နတ္ထိဘောပညတ်ကို အရှုခံအာရုံထားကာ နှလုံးသွင်း ရှုပွားရ၏။]</p> <p>အဘယ်သို့ နှလုံးသွင်းအပ်သနည်း? ထိုအာကာသာနဉ္စာယတနဝိညာဏ်ကို အချင်းခပ်သိမ်း နှလုံးမသွင်းမူ၍ ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းသဘော နတ္ထိဘောပညတ်ကိုသာ အာရုံပြု၍ -----</p> <p>၁။ <b>နတ္ထိ နတ္ထိ</b> = မရှိ မရှိ ဟူ၍လည်းကောင်း, <b>နတ္ထိ ကိဉ္စိ နတ္ထိ ကိဉ္စိ</b> = ဘာမျှမရှိ ဘာမျှမရှိဟူ၍လည်းကောင်း,</p> <p>၂။ <b>သုညံ သုညံ</b> = ဆိတ်၏ ဆိတ်၏ဟူ၍လည်းကောင်း,</p> <p>၃။ <b>ဝိဝိတ္တံ ဝိဝိတ္တံ</b> = ကင်း၏ ကင်း၏ဟူ၍လည်းကောင်း -----</p> <p>အဖန်ဖန်အထပ်ထပ် ဆင်ခြင်အပ်၏၊ နှလုံးသွင်းအပ်၏၊ ဉာဏ်ဖြင့်သက်ဝင်၍ ရှုအပ်၏၊ ဝိတက်ဖြင့် ရှေးရှူ ခေါက်သည်ကို ထက်ဝန်းကျင် လှည်လည်၍ ခေါက်သည်ကို ပြုအပ်၏။ (ဝိသုဒ္ဓိ၊၁၊၃၂၆-၃၂၇။)</p> <p>ဤဆိုအပ်ခဲ့ပြီးသည့် နည်းအတိုင်း ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း = နတ္ထိဘောပညတ်ဟု ဆိုအပ်သော စျာန် ဖြစ်ကြောင်း နိမိတ်၌ ဘာဝနာစိတ်ကို ဖြစ်စေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် နီဝရဏတရားတို့သည် ကွာကျသွားကြကုန်၏၊ အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း နတ္ထိဘောပညတ်လျှင် တည်ရာအာရုံရှိသော သတိသည် ကောင်းစွာ တည်လာ၏။ ဥပစာရစျာန်သမာဓိဖြင့် ဘာဝနာစိတ်သည် ကောင်းစွာ တည်ကြည်လာ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း နတ္ထိဘောပညတ်ဟု ဆိုအပ်သော စျာန်ဖြစ်ကြောင်း နိမိတ်ကို အဖန်တလဲလဲ မှီဝဲ၏ ပွားများ၏ ကြိမ်ဖန်များစွာ အလေ့အလာပြု၏။ ဤသို့သောနည်းဖြင့် ပြုကျင့်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ပထဝီကသိုဏ်းကို ခွာ၍ ရအပ်သော အာကာသနိမိတ်ကို ပျံ့နှံ့၍ ဖြစ်ပေါ်လာသော ထိုမဟဂ္ဂုတ် အာကာသာနဉ္စာယတနဝိညာဏ်၏သာလျှင် ဆိတ်သည်၏အဖြစ်, ကင်းသည်၏အဖြစ်, မရှိသည်၏အဖြစ်ဟူသော နတ္ထိဘောပညတ်၌ အာကိဉ္စညာယတနစျာန်စိတ်သည် အပ္ပနာစျာန်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ အာကာသနိမိတ်၌ ပျံ့နှံ့၍ ဖြစ်သော အာကာသာနဉ္စာယတနဝိညာဏ်နိမိတ်ကို အာရုံပြု၍ ဝိညာဏဉ္စာယတနဝိညာဏ်သည် ဖြစ်ပေါ်လာသကဲ့သို့ပင်တည်း။ (ဝိသုဒ္ဓိ၊၁၊၃၂၇။)</p> <h3>နေဝသညာနာသညာယတနစျာန်</h3> <p>ရုန့်ရင်းကြမ်းတမ်းသော သညာကား မရှိ၊ အလွန့်အလွန် သိမ်မွေ့နူးညံ့သော သညာသာ ရှိသောကြောင့် သညာရှိသည်လည်း မဟုတ်, သညာ မရှိသည်လည်းမဟုတ်သော စျာန်သည် <b>နေဝသညာနာသညာယတနစျာန်</b> မည်၏။ သညာကို အဦးမူသဖြင့် ဒေသနာတော်ကို ဟောကြားထားတော်မူခြင်း ဖြစ်၏။ ရုန့်ရင်းကြမ်းတမ်းသော နာမ်တရားကား မရှိ၊ အလွန့်အလွန် သိမ်မွေ့နူးညံ့သော နာမ်တရားစုသာ ယင်းသမာပတ်၌ တည်ရှိသည်။ ထိုကြောင့် ယင်းသမာပတ်ကို <b>သင်္ခါရာဝသေသသမာပတ်</b> = အပိုင်းအခြားကို လွန်၍ သိမ့်မွေ့သည်၏ အဖြစ်သို့ရောက်လျက် မပြောစလောက် သင်္ခါရမျှသာ ဖြစ်သော = အသိမ်မွေ့ဆုံး အဖြစ်သို့ ရောက်သော သင်္ခါရမျှသာဖြစ်သော = အသိမ်မွေ့ဆုံး အဖြစ်သို့ ရောက်သော သင်္ခါရမျှသာ ကြွင်းကျန်သော စတုတ္ထအရူပါဝစရသမာပတ်ဟု ခေါ်ဆို၏။</p> <p><b>နေဝသညာနာသညာယတနစျာန်</b>ကို ရရှိအောင် ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် <b>အာကိဉ္စညာယတနစျာန်သမာပတ်</b>၌ ဝသီဘော်ငါးတန်ကို နိုင်နင်းအောင် လေ့ကျင့်ရ၏။ လေ့ကျင့်ပြီးသော် -----</p> <p>၁။ ဤ ငါ ရရှိထားသော <b>အာကိဉ္စာယတနစျာန်သမာပတ်</b>သည် <b>ဝိညာဏဉ္စာယတနစျာန်သမာပတ်</b>ဟူသော နီးကပ်သော ရန်သူ ရှိ၏။</p> <p>၂။ <b>နေဝသညာနာသညာယတနစျာန်သမာပတ်</b>ကဲ့သို့ ငြိမ်သက်သည်လည်း မဟုတ်ခဲ့-----ဟုလည်းကောင်း, သညာသည် ရောဂါတည်း၊ သညာသည် အိုင်းအမာနှင့် တူ၏၊ သညာသည် မြားငြောင့်နှင့် တူ၏၊ အကြင် <b>နေဝသညာနာသညာ</b>သည် ရှိ၏၊ ဤ<b>နေဝသညာနာသညာယတနစျာန်</b>သည် ငြိမ်သက်၏၊ ဤ<b>နေဝသညာနာသညာယတနစျာန်</b>သည် မွန်မြတ်၏------ဟုလည်းကောင်း, ဤသို့လျှင် <b>အာကိဉ္စညာယတနစျာန်</b>၌ အပြစ်ဒေါသကိုလည်းကောင်း, အထက်ဖြစ်သော <b>နေဝသညာနာသညာယတနစျာန်</b>၌ အကျိုးအာနိသင်ကိုလည်းကောင်း မြင်အောင် ရှု၍ -----</p> <p>၃။ <b>အာကိဉ္စညာယတနစျာန်</b>၌ တွယ်တာငဲ့ကွက် တသက်သက်ရှိခြင်း <b>နိကန္တိ</b> တရားကို ကုန်ခန်းစေ၍,</p> <p>၄။ <b>နေဝသညာနာသညာယတနစျာန်</b>ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍,</p> <p>၅။ <b>အာကာသာနဉ္စာယတနဝိညာဏ်</b>၏ မရှိခြင်း <b>နတ္ထိဘောပညတ်</b>ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ထို<b>အာကိဉ္စညာယတနစျာန်သမာပတ်</b> ကိုပင် အာရုံပြု၍ <b>သန္တာ သန္တာ</b> = ငြိမ်သက်ပေစွ ငြိမ်သက်ပေစွ-----ဟု အဖန်ဖန် အထပ်ထပ် ဆင်ခြင်အပ်၏၊ နှလုံးသွင်းအပ်၏၊ ဉာဏ်ဖြင့် သက်ဝင်၍ ရှုအပ်၏၊ ဝိတက်ဖြင့် <b>သန္တာ သန္တာ</b> = ငြိမ်သက်ပေစွ ငြိမ်သက်ပေစွ----- ဟု ရှေးရှူ ခေါက်သည်ကို ထက်ဝန်းကျင် လှည့်လည်၍ ခေါက်သည်ကို ပြုအပ်၏။ (ဝိသုဒ္ဓိ၊၁၊၃၂၈-၃၂၉။)</p> <p>ဤ ဆိုအပ်ခဲ့ပြီးသည့် နည်းအတိုင်း ထို<b>အာကိဉ္စညာယတနစျာန်သမာပတ် အာရုံနိမိတ်</b>၌ အဖန်ဖန် အထပ်ထပ် <b>ဘာဝနာမနသိကာရ</b>ကို ဖြစ်စေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ <b>နီဝရဏ</b>တရားတို့သည် ကွာကျသွားကြကုန်၏။ <b>အာကိဉ္စညာယတနဝိညာဏ်</b>လျှင် တည်ရာအာရုံရှိသော သတိသည် ကောင်းစွာ တည်လာ၏၊ <b>ဥပစာရစျာန်သမာဓိ</b>ဖြင့် <b>ဘာဝနာစိတ်</b>သည် ကောင်းစွာ တည်ကြည်လာ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် <b>နေဝသညာနာသညာယတနစျာန်</b>ကြောင့် ဖြစ်သည့် ထို<b>အာကိဉ္စညာယတနစျာန် သမာပတ်နိမိတ်</b>ကို အဖန်တလဲလဲ မှီဝဲ၏၊ ပွားများ၏ ကြိမ်ဖန်များစွာ အလေ့အလာပြု၏။ ဤသို့သော နည်းဖြင့် ပြုကျင့်သော ထိုယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်၌ ----- <b>အာကာသာနဉ္စာယတနဝိညာဏ်</b>၏ ကင်းခြင်းဟူသော <b>နတ္ထိဘောပညတ်</b>၌ <b>အာကိဉ္စညာယတနစျာန်</b>သည် အပ္ပနာ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသကဲ့သို့ ----- <b>အာကိဉ္စညာယတနစျာန်သမာပတ်</b>ဟု ခေါ်ဆိုအပ်ကုန်သော နာမ်ခန္ဓာလေးပါးတို့၌ အာရုံပြု၍ <b>နေဝသညာနာသညာယတနစျာန်စိတ်</b>သည် အပ္ပနာ၏အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ (ဝိသုဒ္ဓိ၊၁၊၃၂၉၊၊)</p> <p>ဤ<b>နေဝသညာနာသညာယတနစျာန်</b>ကို ရရှိအောင် ကြိုးစားအားထုတ်ရာ၌ -----</p> <p>၁။ <b>ဧတံ သန္တံ ဧတံ ပဏီတံ</b> = ဤ ဝိညာဏ်သည် ငြိမ်သက်၏၊ ဤ ဝိညာဏ်သည် မွန်မြတ်၏-----ဟုလည်းကောင်း,</p> <p>၂။ <b>သန္တံ သန္တံ</b> = သန္တာ သန္တာ = ငြိမ်သက်၏ ငြိမ်သက်၏-----ဟုလည်းကောင်း,</p> <p>၃။ <b>ပဏီတံ ပဏီတံ</b> = မွန်မြတ်၏ မွန်မြတ်၏-----ဟုလည်းကောင်း၊ ဤသို့ နှလုံးသွင်းနိုင်၏။ (မဟာဋီ၊၁၊၄၀၃။)</p> <p>ဤ<b>နေဝသညာနာသညာယတနစျာန်</b>ကိုလည်း ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ပထဝီကသိုဏ်းမှ သမာပတ်ရှစ်ပါး ပေါက်အောင် ရှုသကဲ့သို့ အာပေါကသိုဏ်းမှ အာလောကကသိုဏ်းတိုင်အောင်သော ကြွင်းကသိုဏ်း (၈)ပါးတို့၌လည်း ကသိုဏ်းတစ်ပါးတစ်ပါး၌ သမာပတ် (၈)ပါးစီပေါက်အောင် ဆက်လက် ရှုနိုင်ပေသည်။ ထိုစျာန်တို့တွင် မိမိ နှစ်ခြိုက်စျာန်ကို ဝိပဿနာ၏ အခြေပါဒကအဖြစ် သမာဓိကိုထူထောင်ကာ ဝိပဿနာသို့ ကူးလိုက ကူးနိုင်ပေပြီ။</p> <p>ဖြင်ညီးများစွာ၊ သတ္တဝါနှင့်၊ ကမ္ဘာဖြစ်ဟန်၊ ဗြဟ္မာဘန်ဟု၊ ဘောက်ပြန်ချွတ်ယွင်း၊ မမှတ်လျင်းနှင့်၊ ခပင်းလောက၊ လူထိုမျှကား၊ ပြုကအသစ်၊ ဖြစ်က အဟောင်း၊ ကျိုးနှင့်ကြောင်းတည်း၊ ဆိုးကောင်းဟူထ၊ ဤနှစ်ဝကို၊ <b>ကမ္မသကာ</b>၊ မှတ်တို့ရာ၏၊ သည်သာမှန်ဘိ၊ ယွင်းမရှိဘူး၊ မိမိ<b>ကမ္မ</b>၊ <b>ကိလေသ</b>ဖြင့်၊ သုခလိုငြား၊ ဒုက္ခပွား၏၊ ရှေ့ကား<b>သုခ</b>၊ နောက်<b>ဒုက္ခ</b>နှင့်၊ စိတ်ကလိုရေး၊ အအေးတောင့်တ၊ အပူရလျက်၊ ပူကအေးမြဲ၊ မှန်မလွဲရှင့်၊ ဆင်းရဲရှေးယှိ၊ နောက်ပြိချမ်းသာ၊ ဖြစ်မြဲစွာတည့်၊ <b>ဓမ္မတာ</b>အပြီး၊ လူ့ထုံးတီးကို၊ ဘုန်းမီးတောက်ပ၊ ချစ်မဝသည်၊ သားလှရွှေချည်၊ မောင်မှတ်တည်လော့။ (မဃဒေဝစာပိုဒ်၊၂၂၆၊၊)</p> <p><b>ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊ ဂိမှာနမာသေ ပထမသ္မိံ ဂိမှေ။</b></p> <p><b>တထူပမံ ဓမ္မဝရံ အဒေသယိ၊ နိဗ္ဗာနဂါမိံ ပရမံ ဟိတာယ။</b></p> <p><b>ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။</b> (ခုဒ္ဒကပါဌ၊၇)</p> <p>(အနက်ထည့်ရန်)</p> <p>နွေလတို့၏ ရှေးဦးအစ နွေလဖြစ်သော စိတြမာသတန်ခူးလအခါ၌ ပင်လုံးကျွတ်ပွင့်သော ခက်ဖျားစုံရှိသော တောအုပ်ကြီးသည် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသကဲ့သို့ အနက်သဒ္ဒါ ပန်းစုံစွာဖြင့် ဝေဆာပြန့်ပြော ထို တောအုပ်ကြီးလျှင် ပုံပမာရှိသော အငြိမ်းဓာတ်မှန် မြတ်နိဗ္ဗာန်သို့ ဧကန်ထုတ်ချောက် ရောက်ခြင်း၏ အကြောင်းရင်းစစ် ဧကန်ဖြစ်သော သုံးပုံပိဋကတ် တရားမြတ်ဒေသနာတော်ကို လူ နတ် ဗြဟ္မာသတ္တဝါတို့၏ နိဗ္ဗာနဓာတ်တည်းဟူသော အမြတ်ဆုံးအကျိုးစီးပွား ချမ်းသာအလို့ငှာ ကရုဏာရှေ့သွား မေတ္တာထား၍ ဟောကြားပြသ ဆိုဆုံးမတော်မူခဲ့လေပြီ။ သုံးလောကထွတ်ထား ရှင်တော်မြတ်ဘုရား၌ ဤမြတ်နိုးဖွယ်ရာ ရတနာအဖြစ် သိသာဖွယ်အကြောင်း နှစ်သက်ဖွယ် ဂုဏ်တော်အပေါင်းသည်လည်း ထူးမြတ်တော်မူလှပါပေ၏။ ဤဝစီမင်္ဂလာ သစ္စာစကားကြောင့် အပေါင်းများစွာ သတ္တဝါတို့အား ဘေးရန် ကုန်ကင်း ချမ်းသာအေးမြခြင်းသည် မုချမသွေ ဖြစ်ပါစေသတည်း။</p> <p><b>စိရံ တိဋ္ဌတု သဒ္ဓမ္မော၊ ဓမ္မေ ဟောန္တု သဂါရဝါ။</b></p> <p><b>သဒ္ဓမ္မ</b>သုံးဖြာ သာသနာတော်သည် အဓွန့်ရှည်စွာ တည်တံ့ပါစေသတည်း။ သီလ သမာဓိ ပညာသိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော ဘုရားရှင်၏ ကျင့်စဉ်တရားတော်၌ ရိုသေလေးစားခြင်း ရှိကြပါစေကုန်သတည်း။</p> <hr> <h3>ရုပ်ကမ္မဋ္ဌာန်းပိုင်း</h3> <h3>ဒိဋ္ဌိဝိသုဒ္ဓိ စခန်းသို့</h3> <p><b>တတ္ထ နာမရူပါနံ ယာထာဝဒဿနံ ဒိဋ္ဌိဝိသုဒ္ဓိ နာမ။</b> (ဝိသုဒ္ဓိ၊၂၊၂၂၂။)</p> <p>= ထို<b>ဝိသုဒ္ဓိ</b> ကျင့်စဉ်တို့တွင် နာမ်+ရုပ်တို့ကို ဟုတ်တိုင်းမှန်စွာ သိမြင်ခြင်းသည် <b>ဒိဋ္ဌိဝိသုဒ္ဓိ</b> = ဉာဏ်အမြင်၏ သန့်ရှင်းစင်ကြယ်ခြင်းမည်၏။(ဝိသုဒ္ဓိ၊၂၊၂၂၂။)</p> <p><b>တံ သမ္ပာဒေတုကာမေန သမထယာနိကေန တာဝ ဌပေတွာ နေဝသညာနာသညာယတနံ အဝသေသ ရူပါရူပါဝစရဇ္ဈာနာနံ အညတရတော ဝုဋ္ဌာယ ဝိတက္ကာဒီနိ စျာနင်္ဂါနိ, တံ သမ္ပယုတ္တာ စ ဓမ္မာ လက္ခဏရသာဒိဝသေန ပရိဂ္ဂဟေတဗ္ဗာ။ ပရိဂ္ဂဟေတွာ သဗ္ဗမ္ပေတံ အာရမ္မဏာဘိမုခံ နမနတော နမနဋ္ဌေန နာမန္တိ ဝဝတ္ထပေတဗ္ဗံ။</b> (ဝိသုဒ္ဓိ၊၂၊၂၂၂၊၊)</p> <p>= ထို <b>ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်အမြင်</b>ကို ပြည့်စုံစေလိုသော <b>သမထယာနိက</b> = စျာန်သမထယာဉ် ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ <b>နေဝသညာနာသညာယတနစျာန်</b>ကို ထား၍ <b>နေဝသညာနာသညာယတနစျာန်</b>မှ တစ်ပါးသော ကြွင်းကုန်သော <b>ရူပါဝစရစျာန် အရူပဝါစရစျာန်</b>တို့တွင် စျာန်တစ်ပါးပါးမှထ၍ <b>ဝိတက်</b>စသော စျာန်အင်္ဂါတို့ကိုလည်းကောင်း, ထိုစျာန်အင်္ဂါတို့နှင့် ယှဉ်သော <b>သမ္ပယုတ်</b>တရားတို့ကိုလည်းကောင်း <b>လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်</b>တို့၏ အစွမ်းဖြင့် သိမ်းဆည်းအပ်၏ = ဉာဏ်ဖြင့် ပိုင်းခြားယူအပ်၏။ ဤအလုံးစုံသော စျာန်နာမ်တရားကို သိမ်းဆည်းပြီးလတ်သော် = ဉာဏ်ဖြင့် ပိုင်းခြားယူလတ်ပြီးသော် ယင်းအလုံးစုံသော စျာန်နာမ်တရားကို (အာနာပါနပဋိဘာဂနိမိတ်, ကသိုဏ်းပဋိဘာဂနိမိတ် ကဲ့သို့သော) အာရုံသို့ ရှေးရှူ ညွတ်တတ်သည်၏အဖြစ်ကြောင့် အာရုံသို့ ရှေးရှူညွှတ်တတ်သော အနက်သဘောကြောင့် နာမ်ဟူ၍ မရောယှက်သောအားဖြင့် ပိုင်းခြား မှတ်သားအပ်၏ = စိတ်နှလုံး၌ ထားအပ်၏။ (ဝိသုဒ္ဓိ၊ ၂၊၂၂၂။)</p> <p><b>စျာနေ စျာနူပစာရေ ဝါ ပတိဋ္ဌာယ ဝိပဿနံ အနုယုဉ္ဇန္တေဿတံ နာမံ။</b> (မဟာဋီ၊၂၊၃၅၀။)</p> <p>ဤ<b>သမထယာနိက</b> = သမထယာဉ်ရှိသော ယောဂါဝစရပုဂ္ဂိုလ်ဟူသည် စျာန်၌လည်းကောင်း, စျာန်၏ <b>ဥပစာရသမာဓိ</b>၌လည်းကောင်း ရပ်တည်ပြီး၍ <b>ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း</b>ကို ပွားများအားထုတ်သော ပုဂ္ဂိုလ်၏ အမည်တည်း။ (မဟာဋီ၊၂၊၃၅၀။)</p> <p><b>နေဝသညာနာသညာယတနစျာန်</b>မှ တစ်ပါး ကြွင်းကျန်သော စျာန်တို့ ကို <b>ဝိပဿနာ</b>ကို အားထုတ်စ <b>အာဒိကမ္မိကပုဂ္ဂိုလ်</b>သည် သိမ်းဆည်းရမည်ဟု ညွှန်ကြားထား၏။</p> <p>အကြောင်းကား ----- <b>ဘဝဂ္ဂဓမ္မ</b>အမည်ရသည့် <b>နေဝသညာနာသညာယတန စျာန်နာမ်တရား</b>တို့သည် သိမ်းဆည်းစသာဖြစ်သော <b>အာဒိကမ္မိကပုဂ္ဂိုလ်</b>အတွက် သိမ်းဆည်းဖို့ရန် (= ဉာဏ်ဖြင့်ပိုင်းခြားယူဖို့ရန်) ခက်ခဲလှ၏။ ထိုကြောင့် ထိုကဲ့သို့ ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။ (မဟာဋီ၊၂၊၃၅၀။)</p> <p>[သို့သော် <b>နာမ်ကမ္မဋ္ဌာန်း</b>ကို သိမ်းဆည်းမှု၌ ကျွမ်းကျွမ်းကျင်ကျင် သိမ်းဆည်းနိုင်သော အခါ၌ကား ယင်း<b>နေဝသညာနာသညာယတနစျာန်နာမ်တရား</b>တို့ကို ပေါင်းစုခြုံငုံ၍ ရှုခြင်း <b>ကလာပသမ္မသနနည်း</b>အားဖြင့် သိမ်းဆည်း ရှုပွားနိုင်ပေသည်။ <b>အနုပဒသုတ္တန်</b> (မ၊၃၊၇၈)ကို ထောက်ရှုပါ။]</p> <p>ဤ၌ စျာန်အင်္ဂါတို့ကိုလည်းကောင်း, ယင်းစျာန်အင်္ဂါတို့နှင့် <b>စိတ္တက္ခဏ</b> တစ်ခု၏ အတွင်၌ အတူယှဉ်တွဲ ဖြစ်သွားကြကုန်သော <b>စျာနသမ္ပယုတ်</b>တရားတို့ကိုလည်းကောင်း <b>လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်</b>အားဖြင့် သိမ်းဆည်းရန် (= ဉာဏ်ဖြင့် ပိုင်းခြားယူရန်) အဋ္ဌကထာက ညွှန်ကြားတော်မူ၏။ သိမ်းဆည်းရမည့် အစီအရင်ကိုလည်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ <b>ခန္ဓနိဒ္ဒေသပိုင်း</b> (ဝိသုဒ္ဓိ၊၂၊၆၆-၁၁၁။)တွင် အပြည့်အစုံ ဖွင့်ဆိုထားပြီး ဖြစ်ပေသည်။ ယင်းသို့ ဖွင့်ဆိုထားသည့်အတိုင်း စျာန်အင်္ဂါတို့ကိုလည်းကောင်း စျာန်နှင့် ယှဉ်သည့် <b>စျာနသမ္ပယုတ်</b>တရားစုတို့ကိုလည်းကောင်း <b>လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းလမ်း</b>ဖြင့် သိမ်းဆည်းရမည် = ဉာဏ်ဖြင့် ပိုင်းခြားယူရမည်ဟု မှတ်သားပါ။ (မဟာဋီ၊၂၊၃၅၀။)</p> <h3>သတိပြု၍ မှတ်သားပါ</h3> <p>ထိုသို့ သိမ်းဆည်းရာ၌ စျာန်နာမ်တရားတို့၏ <b>ပရမတ္ထဓာတ်သား</b>တိုင်း၌ ကိုယ်ပိုင်<b>သဘာဝလက္ခဏာ</b> အသီးအသီး ရှိပေသည်။ တစ်ခုနှင့် တစ်ခု <b>လက္ခဏာ</b>ချင်း, ကိစ္စ (= <b>ရသ</b>)ချင်း, ဉာဏ်အား ရှေးရှူထင်လာသည့် <b>ပစ္စုပဋ္ဌာန်</b>ချင်း, အနီးကပ်ဆုံး အကြောင်းတရားဖြစ်သည့် <b>ပဒဋ္ဌာန်</b>ချင်း မတူညီကြပေ။ ဥပမာ ----- <b>အာနာပါန ပထမစျာန် ကသိုဏ်းပထမစျာန်</b>တို့၌ စျာန်နာမ်တရား (၃၄)လုံးအထိ ရှိ၏။ ယင်းတို့မှာ -----</p> <p>၁။ အသိစိတ် (၁)လုံး,</p> <p>၂။ <b>အညသမာန်းစေတသိက်</b> (၁၃)လုံး,</p> <p>၃။ <b>သောဘဏသာဓာရဏစေတသိက်</b> (၁၉)လုံး,</p> <p>၄။ <b>ပညိန္ဒြေစေတသိက်</b> (၁)လုံး,</p> <p>အားလုံးပေါင်းသော် (၃၄)လုံးအထိ ရှိ၏။ ယင်း စျာန်နာမ်တရားတို့တွင်-----</p> <p>၁။ <b>ဖဿ</b>ကား အာရုံကို တွေ့ထိခြင်း = <b>ဖုသနလက္ခဏာ</b> ရှိ၏။</p> <p>၂။ <b>ဝေဒနာ</b>ကား အာရုံ၏ အရသာကို ခံစားခြင်း = <b>ဝေဒယိတလက္ခဏာ</b> = <b>အနုဘဝနလက္ခဏာ</b> ရှိ၏။</p> <p>၃။ <b>သညာ</b>ကား အာရုံကို မှတ်သားခြင်း = <b>သဉ္ဇာနနလက္ခဏာ</b> ရှိ၏။</p> <p>၄။ <b>စေတနာ</b>ကား အာရုံပေါ်သို့ ယှဉ်ဖက်<b>သမ္ပယုတ်</b>တရားတို့ ရောက်အောင် စေ့ဆော်ပေးခြင်း = <b>စေတနာဘာဝလက္ခဏာ</b> = <b>စေတယိတလက္ခဏာ</b> ရှိ၏။</p> <p>ဤသို့စသည်ဖြင့် <b>ပရမတ္ထဓာတ်သား</b>တိုင်း၌ ကိုယ်ပိုင် <b>သဘာဝလက္ခဏာ</b> အသီးအသီး ရှိ၏။ ဤကဲ့သို့ <b>လက္ခဏာ</b>ချင်း မတူထူးခြား ကွဲပြားသောကြောင့်ပင် ယင်းကဲ့သို့သော ကွဲပြားမှုကို ကြည့်၍ (၃၄)လုံးသော နာမ်တရားတိုင်း၌ <b>လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်</b>အားဖြင့် ရှုရမည် ဖြစ်ပေသည်။ ယင်းကဲ့သို့ <b>လက္ခဏာ</b>စသည်ချင်း <b>ပရမတ္ထဓာတ်သား</b> တရားတစ်လုံးနှင့် တရားတစ်လုံး မတူထူးခြား ကွဲပြားသောကြောင့်သာလျှင် ယောဂါဝစရပုဂ္ဂိုလ် အနေနှင့် ----- ဤကား အသိစိတ်, ဤကား <b>ဖဿ</b>, ဤကား <b>ဝေဒနာ</b>, ဤကား<b>သညာ</b>, ဤကား <b>စေတနာ</b> စသည်ဖြင့် ကွဲကွဲပြားပြား သိရှိခွင့်ကို ရရှိနေခြင်း ဖြစ်ပေသည်။</p> <h3>ရုပ်တရားကစ၍ သိမ်းဆည်းလိုသော်</h3> <p><b>သမထစျာန်ယဉ်</b>ရှိသော <b>သမထယာနိကပုဂ္ဂိုလ်</b>သည် <b>ဒိဋ္ဌိဝိသုဒ္ဓိ</b>စခန်းသို့ ကူးရာ၌ စျာန်နာမ်တရားတို့ကစ၍ မသိမ်းဆည်းလိုဘဲ ရုပ်တရားကစ၍ သိမ်းဆည်းလိုခဲ့သော် <b>သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်</b>ကဲ့သို့ပင် ဓာတ်ကြီးလေးပါးက စတင်၍ သိမ်းဆည်းရန် <b>ဓာတ်ကမ္မဋ္ဌာန်း</b>ကစ၍ အားထုတ်ရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၂၂။)တွင် ညွှန်ကြားထားပေသည်။ ထိုညွှန်ကြားချက်နှင့် အညီ <b>ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်းလမ်းစဉ်</b>မှ ရုပ်တရားကို သိမ်းဆည်းပုံစနစ်ကို အကျဉ်းချုပ်ကာ တင်ပြပေအံ့။ -----</p> <h3>ဓာတုမနသိကာရပဗ္ဗ</h3> <p><b>ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူတိ။</b> (ဒီ၊၂၊၂၃၄။ မ၊၁၊၇၃။)</p> <p>ရဟန်တို့ ... နောက်တစ်မျိုးသော်ကား ယောဂါဝစရရဟန်းသည် တည်မြဲတိုင်းသော ထားမြဲတိုင်းသော ဤရူပကာယကိုပင် ဤရူပကာယ၌ <b>ပထဝီဓာတ်</b>ရှိ၏၊ <b>အာပေါဓာတ်</b>ရှိ၏၊ <b>တေဇောဓာတ်</b>ရှိ၏၊ <b>ဝါယောဓာတ်</b> ရှိ၏ဟု (ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တမဟုတ်သောအားဖြင့်) ဓာတ်သဘောမျက်စိဖြင့် စေ့စေ့ငုငု မြင်အောင်ကြည့်ရှုလျက် ဆင်ခြင်သုံးသပ် ရှုပွား၍ နေ၏။ (ဒီ၊၂၊၂၃၄။ မ၊၁၊၇၃။)</p> <p><b>သေယျထာပိ ဘိက္ခဝေ ဒက္ခော ဂေါဃာတကော ဝါ ဂေါဃာတကန္တေဝါသီ ဝါ ဂါဝိံ ဝဓိတွာ စတုမဟာပထေ ဗိလသော ဝိဘဇတွာ နိသိန္နော အဿ။ ဧဝမေဝ ခေါ ဘိက္ခဝေ ဘိက္ခု ဣမမေဝကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူတိ။</b> (ဒီ၊၂၊၂၃၄။ မ၊၁၊၇၃၊၊)</p> <p>ရဟန်းတို့ ... ဥပမာသော်ကား ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း, နွားသတ်သမား၏ တပည့်သည်လည်းကောင်း နွားကိုသတ်၍ လမ်းမလေးဖြာ ပေါင်းဆုံမိရာအရပ်၌ နွားသားကို အသားတခြား အရိုးတခြားစသည်ဖြင့် ခွဲခြားဝေဖန်၍ တစ်ပုံစီ တစ်ပုံစီ ပုံလျက် ထိုင်နေရာသကဲ့သို့ ----- ရဟန်းတို့ ... ဤဥပမာအတူပင် ယောဂါဝစရရဟန်းသည် တည်မြဲတိုင်း ထားမြဲတိုင်းသော ဤရူပကာယကိုပင် ဤရူပကာယ၌ <b>ပထဝီဓာတ်</b>ရှိ၏၊ <b>အာပေါဓာတ်</b>ရှိ၏၊ <b>တေဇောဓာတ်</b>ရှိ၏၊ <b>ဝါယောဓာတ်</b>ရှိ၏ ----- ဟု (ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တမဟုတ်သောအားဖြင့်) ဓာတ်သဘောမျှအားဖြင့် အသီးအသီး တစ်လုံးစီး တစ်လုံးစီး ဉာဏ်ပညာမျက်စိဖြင့် စေ့စေ့ငုငု မြင်အောင်ကြည့်ရှုလျက် ဆင်ခြင်သုံးသပ် ရှုပွား၍ နေ၏။(ဒီ၊၂၊၂၃၄။ မ၊၁၊၇၃။)</p> <h3>ဆိုလိုသော သဘောတရား</h3> <p>အထက်ပါ ပါဠိတော်စကားရပ်၏ ဆိုလိုသော သဘောတရားကို အဋ္ဌကထာများက (ဝိသုဒ္ဓိ၊၁၊၃၄၃။ ဒီ၊ဋ္ဌ၊၂၊၃၆၀-၃၆၁။ မ၊ဋ္ဌ၊၁၊၂၇၆။) ဤသို့ ရှင်းပြထား၏။ -----</p> <p>နွားသတ်ယောက်ျား၏ သန္တာန်ဝယ် နွားကို ကျွေးမွေးစဉ်၌လည်းကောင်း, နွားကို သတ်ရာသင်းချိုင်းသို့ ဆောင်ယူသွားစဉ်၌လည်းကောင်း, ဆောင်ယူသွားပြီးနောက် ထိုသတ်ရာသင်းချိုင်း၌ ချည်နှောင်၍ ထားစဉ်၌လည်းကောင်း, နွားကို ရိုက်ပုတ်သတ်ဖြတ်စဉ်၌လည်းကောင်း, သတ်ပြီးနောက် သေပြီးခါစ နွားသေကို မြင်စဉ်၌လည်းကောင်း ထိုနွားကို ဖြတ်လှီး၍ အသားတခြား အရိုးတခြား အူတခြား အသည်းတခြား စသည်ဖြင့် ခွဲခြားဝေဖန်၍ တစ်ပုံစီ တစ်ပုံစီပုံ၍ မပြီးသေးသမျှ ကာလပတ်လုံး နွားဟူသော အမှတ်သညာ မကွယ်ပျောက်သေးပေ။ အရိုးတခြား အသားတခြား စသည်ဖြင့် ခွဲခြားဝေဖန်၍ တစ်ပုံစီ တစ်ပုံစီ ပုံလျက် လမ်းမလေးဖြား ပေါင်းဆုံမိရာအရပ်၌ ထိုင်လျက် ရောင်းနေသော နွားသတ်သမား၏ သန္တာန်၌ကား နွားဟူသော အမှတ်သညာသည် ကွယ်ပျောက်သွား၏။ အသားဟူသော အမှတ်သညာသည် ဖြစ်ပေါ်လာ၏။ ထိုနွားသတ်သမား၏ သန္တာန်ဝယ် ငါသည် နွားကို ရောင်းနေ၏၊ ဤဝယ်သူတို့သည် နွားကို ဝယ်ယူဆောင်ယူကုန်၏----- ဤသို့သော စိတ်အကြံအစည်သည် မဖြစ်ပေါ်လာပေ။ အကယ်၍ စင်စစ်သော်ကား ထိုနွားသတ် ယောက်ျား၏ သန္တာန်ဝယ် ငါသည် အသားကို ရောင်း၏ ဟူ၍သာလျှင်, ဤဝယ် ယူသူတို့သည်လည်း အသားကို ဝယ်ယူ ဆောင်ယူကုန်၏ ဟူ၍သာလျှင် စိတ်သည် ဖြစ်ပေါ်နေ၏။</p> <p>ဤဥပမာတူပင်လျှင် ဤယောဂါဝစရရဟန်းအားလည်း အရိယာ ဖြစ်သည်မှ ရှေးကာလ, အရိယာ မဖြစ်မီ ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးသည့်အတွက် ပညာမျက်စိကာဏ်းနေသည့် ပုထုဇန် ငမိုက်သား ဖြစ်နေစဉ် အခါ၌ လူဖြစ်စဉ်လည်းကောင်း, သိမ်းဆည်းအပ်သော ကမ္မဋ္ဌာန်းမရှိသော ရဟန်းညံ့ ဖြစ်စဉ်လည်းကောင်း အကြင်မျှလောက်သော ကာလပတ်လုံး တည်မြဲတိုင်းသော ထားမြဲတိုင်းသော ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရား လေးပါးတို့ကြောင့် ထင်းရှားဖြစ်ပေါ်လာရသော ရုပ်အပေါင်းအစုဖြစ်သော ဤ<b>ရူပကာယ</b>ကြီးကိုပင်လျှင် -----</p> <p>၁။ <b>သန္တတိဃန</b> = ရုပ်အစဉ်အတန်း အတုံးအခဲ,</p> <p>၂။ <b>သမူဟဃန</b> = ရုပ်အပေါင်းအစု အတုံးအခဲ,</p> <p>၃။ <b>ကိစ္စဃန</b> = ရုပ်လုပ်ငန်းကိစ္စ အတုံးအခဲ -----</p> <p>ဟူသော သုံးမျိုးသော ရုပ်တုံးရုပ်ခဲ ရုပ်အစိုင်အခဲကြီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာခြင်းကို ပြု၍ <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b>ဟူသော ဓာတ်သဘောအစုအပုံအားဖြင့် အသီးအသီး ပြု၍ မရှုပွားရသေး၊ ထိုမျှလောက်သော ကာလပတ်လုံး <b>သတ္တဝါ</b>ဟူသော အမှတ်သညာသည်လည်းကောင်း, <b>ပေါသ</b> (=သတ္တဝါ)ဟူသော အမှတ်သညာသည်လည်းကောင်း, <b>ပုဂ္ဂိုလ်</b>ဟူသော အမှတ်သညာသည်လည်းကောင်း မကွယ်ပျောက်သေး။ (<b>သတ္တ-ပေါသ-ပုဂ္ဂလ</b>ဟူသော စကားတို့ကား အတ္တကို ရည်ညွှန်းခေါ်ဆိုထားသော စကားတို့တည်း။)</p> <p><b>သန္တတိဃန သမူဟဃန ကိစ္စဃန</b>ဟူသော သုံးမျိုးသော ရုပ်တုံးရုပ်ခဲ ရုပ်အစိုင်အခဲကြီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာခြင်းကိုပြု၍ <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ်</b>ဟူသော ဓာတ်သဘောအစုအပုံအားဖြင့် အသီး အသီးပြု၍ ရှုပွားနိုင်သော်မူကား <b>သတ္တသညာ</b> = သတ္တဝါဟူသော အမှတ်သညာသည် (=အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်ဟု အတ္တထင်ရှားရှိကြောင်းကို စွဲလမ်းယုံကြည်နေသော <b>အတ္တဒိဋ္ဌိ</b>နောက်သို့ အစဉ်လိုက်နေသော <b>သတ္တသညာ</b>နှင့် လူတို့ ခေါ်ဝေါ်သုံးစွဲသည့်အတိုင်း ပုဂ္ဂိုလ်သတ္တဝါ တကယ် ထင်ရှား ရှိ၏ဟု စွဲလမ်းယုံကြည်နေသော ဝေါဟာရ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော <b>သတ္တသညာ</b>ဟူသော ဤနှစ်မျိုးသော <b>သတ္တသညာ</b>သည် ကွယ်ပျောက်၍ သွား၏။ (မဟာဋီ၊၁၊၄၂၈။ ဒီ၊ဋီ၊၂၊၃၀၈-၃၀၉။ မ၊ဋီ၊၁၊၃၆၅-၃၆၆။)</p> <p>ဓာတ်၏ အစွမ်းအားဖြင့်သာလျှင် <b>ဘာဝနာစိတ်</b>သည် ကောင်းစွာ တည်နေ၏။ ထိုကြောင့် ဘုရားရှင်သည် ----- ရဟန်းတို့ ... ဥပမာသော်ကား ။ ပ ။ ဆင်ခြင်သုံးသပ် ရှုပွား၍ နေ၏----- ဟူသော စကားတော်ကို ဟောကြားတော်မူခြင်း ဖြစ်ပေသည်။(ဝိသုဒ္ဓိ၊၁၊၃၄၃။ဒီ၊ဋ္ဌ၊၂၊၃၆၀-၃၆၁။ မ၊ဋ္ဌ၊၁၊၂၇၆)</p> <h3>ဃနဝိနိဗ္ဘောဂ = ရုပ်တုံးရုပ်ခဲကို ဖြိုခွဲဖျက်ဆီးခြင်း</h3> <p><b>ယာဝ ဣမမေဝကာယံ ယထာဌိတံ ယထာပဏိဟိတံ ဃနဝိနိဗ္ဘောဂံ ကတွာ ဓာတုသော န ပစ္စဝေက္ခတိ။ ဓာတုသော ပစ္စဝေက္ခတော ပန သတ္တသညာ အန္တရဓာယတိ၊ ဓာတုဝသေနေဝ စတ္တံ သန္တိဋ္ဌတိ။</b> (ဝိသုဒ္ဓိ၊၁၊၃၄၃။ ဒီ၊ဋ္ဌ၊၂၊၃၆၁။ မ၊ဋ္ဌ၊၁၊၂၇၆။)</p> <p><b>ဃနဝိနိဗ္ဘောဂန္တိ သန္တတိ သမူဟ ကိစ္စဃနာနံ ဝိနိဗ္ဘုဇနံ ဝိဝေဓနံ။</b> (မဟာဋီ၊၁၊၄၂၈။ ဒီ၊ဋီ၊၂၊၃၀၈။ မ၊ဋီ၊၁၊၃၆၅။)</p> <p>ဤအထက်ပါ အဋ္ဌကထာဋီိကာတို့၏ ဖွင့်ဆိုချက်အရ ယောဂါဝစရပုဂ္ဂိုလ်သည် <b>ဓာတ်ကမ္မဋ္ဌာန်း</b>ကို ရှုပွားသုံးသပ်ရာ၌ <b>သန္တတိဃန သမူဟဃန ကိစ္စဃန</b>ဟူသော ရုပ်အတုံးအခဲကြီး သုံးမျိုးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ပါဝင်တည်ရှိသော <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b>ဟူသော ဓာတ်ကြီးလေးပါးအာရုံ၌ <b>ဘာဝနာစိတ်</b>သည် ငြိမ်ဝပ်စွာကပ်၍ တည်နေသည့်တိုင်အောင် ရှေးဦးစွာ ကြိုးပမ်းရမည် ဖြစ်ပေသည်။</p> <p>အထက်ပါ ဋီကာဆရာတော်တို့၏ ဖွင့်ဆိုချက်အရ ရုပ်တရားများ၌ ----- (၁) <b>သန္တတိဃန</b>, (၂) <b>သမူဟဃန</b>, (၃) <b>ကိစ္စဃန</b>ဟု ရုပ်အတုံးအခဲ သုံးမျိုးသာ ရှိသည်၊ ရုပ်တရားများ၌ <b>အာရမ္မဏဃန</b> မရှိပေ။ အကြောင်းကား ဤသို့ဖြစ်၏။-----</p> <p>ဘုရားရှင်သည် <b>ဓမ္မသင်္ဂဏီပါဠိတော်</b>ဝယ် <b>ပရမတ္ထတရား</b>တို့ကို <b>သာရမ္မဏဓမ္မ, အနာရမ္မဏဓမ္မ</b>ဟု နှစ်ဖို့နှစ်ခု ပြု၍ အောက်ပါအတိုင်း ခွဲခြားကာ ဟောကြားထားတော်မူခဲ့၏။</p> <p><b>ကတမေ ဓမ္မာ သာရမ္မဏာ။ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ဓန္ဓော ဝိညာဏက္ခန္ဓော။ ဣမေ ဓမ္မာ သာရမ္မဏာ။</b></p> <p><b>ကတမေ ဓမ္မာ အနာရမ္မဏာ။ သဗ္ဗဉ္စ ရူပံ အသင်္ခတာ စ ဓာတု။ ဣမေ ဓမ္မာ အနာရမ္မဏာ။</b> (အဘိ၊၁၊၂၃၈။)</p> <p>ဤအထက်ပါ <b>ဓမ္မသင်္ဂဏီပါဠိတော်</b>တွင် ဘုရားရှင်သည် <b>ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာက္ခန္ဓာ</b>ဟူသော နာမ်ခန္ဓာလေးပါး = နာမ်တရားအားလုံးတို့ကို အာရုံယူတတ်သော <b>သာရမ္မဏတရား</b>တို့ဟူ၍ ဟောကြားထားတော်မူခဲ့၏။ တစ်ဖန် ရုပ်တရားအားလုံးနှင့် <b>အသင်္ခဓာတ် နိဗ္ဗာန်</b>တရားတော်မြတ်ကို အာရုံမယူတတ်သည့် <b>အနာရမ္မဏတရား</b>တို့ဟူ၍လည်း ဟေားကြားထားတော်မူခဲ့၏။</p> <p><b>သာရမ္မဏာတိ ဟိ ဝစနံ စိတ္တစေတသိကာနံ အာရမ္မဏေန ဝိနာ အပ္ပဝတ္တိညေဝ ဒီပေတိ။</b> (မူလဋီ၊၁၊၁၈၁။)</p> <p>= <b>သာရမ္မဏ</b>ဟူသော စကားသည် စိတ်+<b>စေတသိက်</b>တရားတို့၏ အာရုံနှင့် ကင်း၍ မဖြစ်ခြင်းသဘောကိုသာလျှင် ညွှန်ပြပေ၏။ (မူလဋီ၊၁၊၁၈၁။)</p> <p>ထိုတွင် အာရုံယူတတ်သည့် <b>သာရမ္မဏတရား</b>တို့၌သာလျှင် <b>အာရမ္မဏဃန</b>ရှိကြောင်းကို ဝိသုဒ္ဓိမဂ္ဂမဟာဋီကာတွင် ဤသို့ ဖွင့်ဆိုထားပေသည်။</p> <p><b>တထာ သာရမ္မဏာဓမ္မာနံ သတိပိ အာရမ္မဏကရဏဘေဒေ ဧကတော ဂယှမာနာ အာရမ္မဏဃနတာစ။</b> (မဟာဋီ၊၂၊၄၃၇။)</p> <p>= အာရုံယူတတ်သော <b>သာရမ္မဏတရား</b>တို့၏ အာရုံပြုမှု ကွဲပြားပါလျက်လည်း တစ်ခုတည်းအဖြစ် စွဲယူခဲ့သော် <b>အာရမ္မဏဃန</b>ဖြစ်သည်ဟု ဖွင့်ဆိုထားပေသည်။ သို့အတွက် အာရုံယူတတ်သော နာမ်တရားတို့၌သာလျှင် <b>အာရမ္မဏဃန</b> = အာရုံယူမှု အတုံးအခဲရှိပေသည်။ ရုပ်တရားတို့ကား အာရုံမယူတတ်သော <b>အနာရမ္မဏတရား</b>များ ဖြစ်ကြ၏။ သို့အတွက် ရုပ်တရားတို့၌ <b>အာရမ္မဏဃန</b>ဟူသော အတုံးအခဲမရှိသဖြင့် အထက်ပါဋီကာတို့၌ ရုပ်ပိုင်းတွင် <b>ဃန</b>သုံးမျိုးသာ ဖွင့်ဆိုခြင်း ဖြစ်ပေသည်။</p> <h3>၁။ သန္တတိဃန = ရုပ်အစဉ်အတန်းအတုံးအခဲ</h3> <p>သဘောတူသဘာဂဖြစ်သော တစ်ဥတု တစ်အာဟာရကြောင့် ဖြစ်ပေါ်သွားကြသော ရုပ်ကလာပ်တို့ကို ရုပ်ကလာပ်တစ်ခုချင်း ခွဲခြားပြီး မမြင်ဘဲ အစဉ်အတန်းလိုက် တစ်တန်းတည်း တစ်ခုတည်းအဖြစ် မြင်လျှင် <b>သန္တတိဃန</b> = ရုပ်အစဉ်အတန်း အတုံးအခဲ ဖုံးအုပ်နေသည် မည်၏။</p> <p>တစ်ဥတု ----- ကံ-စိတ်-ဥတု-အာဟာရဟူတည်းသော အကြောင်းတရား လေးပါးတို့ကြောင့် အသီးအသီး ဖြစ်ပေါ်လာသော ရုပ်ကလာပ်တိုင်းတွင် <b>တေဇောဓာတ်</b> ပါဝင်လျက်ရှိ၏၊ ယင်း<b>တေဇောဓာတ်</b>ကို ဥတုလည်း ခေါ်ဆိုသည်။ ယင်း<b>တေဇောဓာတ်</b> (= ဥတု)သည် ယေဘုယျအားဖြင့် ဩဇာလျှင် ရှစ်ခုမြောက်ရှိသော <b>ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်</b>အသစ်အသစ်များကို အဆင့်ဆင့် ဖြစ်ပေါ်စေနိုင်၏။ ပုံစံတစ်ခု ဆိုရသော် ----- <b>စက္ခုဒသကကလာပ်</b> = မျက်လုံးအကြည်ဓာတ်လျှင် (၁၀)မြောက်ရှိသော ရုပ်ကလာပ် အမှုန်တစ်ခု ဆိုကြစို့။ ယင်း <b>စက္ခုဒသကကလာပ်</b>ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုလိုက်သော် <b>ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ ဇီဝိတ စက္ခုပသာဒ</b>ဟု ရုပ်သဘောတရား (၁၀)မျိုးကို တွေရှိမည် ဖြစ်သည်။ ယင်း (၁၀)မျိုးသော ရုပ်တရားတို့တွင် <b>တေဇောဓာတ်</b> (= ဥတု) ပါဝင်လျက် ရှိ၏။ ယင်း<b>တေဇောဓာတ်</b>သည် ဩဇာလျှင် (၈)ခုမြောက်ရှိသော <b>ဥတုဇဩဇဋ္ဌမကရုပ်</b>ကို ဖြစ်စေ၏။ (<b>စက္ခုဒသကကလာပ်</b>တွင် ပါဝင်တည်ရှိသော <b>တေဇော ဓာတ်</b> = ဥတု၏ သားတည်း။)</p> <p>တစ်ဖန် ယင်း<b>ဥတုဇဩဇဋ္ဌမကရုပ်</b>တို့တွင်လည်း သို့မဟုတ် ရုပ်ကလာပ်တွင်လည်း <b>တေဇောဓာတ်</b> (= ဥတု) ပါဝင်လျက် ရှိပြန်၏၊ ယင်း<b>တေဇောဓာတ်</b> (= ဥတု)သည်လည်း <b>ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်</b>အသစ်ကို ဖြစ်စေပြန် ၏။ (မူလ<b>စက္ခုဒသက ကလာပ်</b>အတွင်း၌ ပါဝင်တည်ရှိသော <b>တေဇောဓာတ်</b> = ဥတု၏ မြေးတည်း။)</p> <p>ဤနည်းအတိုင်း ရုပ်၏ ဌီကာလသို့ ရောက်တိုင်းရောက်တိုင်း ထိုထို <b>စက္ခုဒသကကလာပ်</b>တို့တွင် ပါဝင်သော <b>တေဇောဓာတ်ဥတု</b>သည် (၄-၅) ဆင့် သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏။ [ထို (၄-၅)ဆင့်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းတို့တွင် နောက်ဆုံးအဆင့် နောက်ဆုံးအကြိမ်၌ ဖြစ်သော ရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော <b>တေဇောဓာတ်</b> (= ဥတု)ကား ရုပ်ကလာပ်အသစ် အသစ်ကို မဖြစ်စေနိုင်တော့ပေ။) ဤနည်းကို နည်းမှီ၍ ကျန်ရုပ်ကလာပ်တို့၌လည်း သဘောပေါက်ပါလေ။]</p> <p>အချို့သော ရုပ်ကလာပ်၌ တည်ရှိသော <b>တေဇောဓာတ်</b>က (၃-၄)ဆင့်, အချို့သော ရုပ်ကလာပ်၌ တည်ရှိသော <b>တေဇောဓာတ်</b>က (၄-၅)ဆင့်သော ရုပ်ကလာပ်အသစ်သစ်ကို ဆင့်ကဲ ကျေးဇူးပြုလျက် ဖြစ်ပေါ်စေ၏။ <b>သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်</b>တို့ကဲ့သို့သော မွန်မြတ်သော <b>ပဏီတစိတ်</b>ကြောင့်ဖြစ်သော <b>စိတ္တဇရုပ်ကလာပ်</b>များတွင် ပါဝင်တည်ရှိသော <b>တေဇောဓာတ်</b>ဖြစ်မူ အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့တိုင်အောင် အဆင့်ပေါင်းများစွာကို ဆင့်ကဲဆင့်ကဲ ကျေးဇူးပြုလျက် ရုပ်ကလာပ် အသစ်အသစ်များကို ဖြစ်စေ၏။ ယင်း <b>ဥတုဇဩဇဋ္ဌမကရုပ်</b>များကို သဘောတူ = <b>သဘာဂ</b>ဖြစ်သော တစ်ဥတုကြောင့်ဖြစ်သော ရုပ်တရာဟု ခေါ်၏။</p> <p>တစ်အာဟာရ ----- တစ်ဖန် စားမျိုးအပ်သော အစာအာဟာရဟူသည် မစားမီအခိုက်၌ဖြစ်စေ, စားမျိုပြီး၍ အစာအိမ်အတွင်းဝယ် ခန္ဓာအိမ် အတွင်းသို့ မပြန့်နှံ့မီ အစာသစ် <b>ကောဋ္ဌာသ</b>အဖြစ်ဖြင့် တည်ရှိနေခိုက်၌ဖြစ်စေ ဥတုခေါ်သည့် <b>တေဇောဓာတ်</b>ကြောင့် ဖြစ်သည့် <b>ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်</b>တို့၏ အပေါင်းအစုမျှသာ ဖြစ်သည်။ (၃၂)<b>ကောဋ္ဌာသ</b>တို့တွင် အစာသစ်<b>ကောဋ္ဌာသ</b>ပင် ဖြစ်သည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းအစားသစ်<b>ကောဋ္ဌာသ</b>၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် ပိုင်းခြားယူကာ ယင်းဓာတ်ကြီးလေးပါးကို အာရုံယူ၍ သမာဓိကို ဆက်လက်ထူထောင်နိုင်ပါက သမာဓိဒီဂရီ စံချိန်မှီလာသောအခါ ရုပ်ကလာပ် အမှုန်များကိုသာ တွေ့ရှိမည်ဖြစ်သည်။ ယင်းရုပ်ကလာပ်တို့ကား ဥတုခေါ်သည့် <b>တေဇောဓာတ်</b>ကြောင့် ဖြစ်နေကြသော <b>ဥတုဇဩဇဋ္ဌမကရုပ်</b>တို့တည်း။ ရုပ်ကလာပ်တစ်ခု၌ တည်ရှိသော <b>တေဇောဓာတ်</b>က နောက်ထပ် ရုပ်ကလာပ်အသစ်တစ်ခု ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးလျက် ရှိ၏၊ ရုပ်ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော <b>တေဇောဓာတ်</b>ကြောင့် နောက်ထပ် ရုပ်ကလာပ်အသစ်တစ်ခု ထပ်ဖြစ်သကဲ့သို့ ယင်းနောက်ထပ်ဖြစ်သည့် ကလာပ်သစ်၌ ပါဝင်တည်ရှိသော <b>တေဇောဓာတ်</b>ကလည်း အလားတူပင် နောက်ထပ်ရုပ်ကလာပ် အသစ်တစ်ခုကို ထပ်မံဖြစ်စေပုံကို ယောဂါဝစရပုဂ္ဂိုလ်က မြင်အောင် ရှုရမည်ဖြစ်ပေသည်။ ယင်း<b>ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်</b>အသီးအသီး၌ ဩဇာ ပါဝင်လျက် ရှိ၏။ ယင်း<b>ဥတုဇဩဇာ</b>သည် အစာသစ်အဖြစ်၌ တည်ရှိခိုက် ခန္ဓာကိုယ်တွင်းသို့ မပြန့်နှံ့ခင် <b>ဥတုဇရုပ် ဥတုဇဩဇာ</b> အဆင့်တွင်သာ တည်ရှိနေသေးသည်။ ယင်း<b>ဥတုဇဩဇာ</b>သည် အစာသစ်အိမ်၏ ဝန်းကျင်တွင် တည်ရှိနေသော <b>ဇီဝိတ</b>လျှင် (၉)ခုမြောက်ရှိသော <b>ဇီဝိတနဝကကလာပ်ရုပ်</b>တို့တွင် ပါဝင်တည်ရှိသော <b>တေဇောဓာတ်</b>ဟူသော <b>ပါစကတေဇောဓာတ်</b>ခေါ် အစာကို ကြေကျက်စေသော <b>ကမ္မဇဝမ်းမီး</b>၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေပြန်၏။ ဩဇာကြောင့် ဖြစ်ပေါ်လာကြသော ရုပ်ကလာပ်များ ဖြစ်ခြင်ကြောင့် ယင်းရုပ်ကလာပ်တို့ကို <b>အာဟာရဇဩဇဋ္ဌမကရုပ်</b>တို့ဟူ၍ ခေါ်ဆိုပေသည်။ ရုပ်တို့မည်သည် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ရိုး ဓမ္မတာကား မရှိပေ။ သို့သော် ယင်း<b>အာဟာရဩဇဋ္ဌမကရုပ်ကလာပ်</b>တစ်ခုတွင် တည်ရှိသော ဩဇာက <b>ကမ္မဇဝမ်းမီး</b>၏ အထောက်အပံ့ကို ရရှိသောအခါ အသစ်အသစ်သော ရုပ်ကလာပ်ကို ဖြစ်စေရာ၌ နေရာအသစ်အသစ်၌ <b>ဥပါဒ်</b>စေလျက် ဖြစ်ပေါ်စေ၏။ ယင်းသို့ နေရာအသစ်အသစ်၌ ဖြစ်စေခြင်းကိုပင် ခန္ဓာအိမ် အတွင်းသို့ ပြန့်သွားသည်ဟု ဆိုခြင်းဖြစ်၏။ သမ္မုတိနယ်၌ ရသဓာတ်ရည်များ ခန္ဓာကိုယ်တွင်းသို့ ပြန့်နှံ့သွားသည်ဟုဆိုသည်။ <b>ပရမတ္ထသစ္စာ</b>နယ်၌ကား ရသဓာတ်ရည်ဟူသည် ယင်း<b>အာဟာရဇဩဇဋ္ဌမကရုပ်</b>တို့၏ အပေါင်းအစုမျှသာ ဖြစ်သည်။ <b>အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်</b>အနေဖြင့်သာ ခန္ဓာအိမ်အတွင်းသို့ ပြန့်နှံ့၍ သွားပေသည် (မူလ အစာသစ် <b>ကောဋ္ဌာသ ဥတုဇဩဇာ</b>၏ သားစဉ်မြေးဆက်တည်း။) ယင်းရုပ်ကလာပ်တို့တွင် ပါဝင် တည်ရှိသော ဩဇာကား <b>အာဟာရဇဩဇာ</b>တည်း။</p> <p>ယင်း<b>အာဟာရဇဩဇာ</b>သည် -----</p> <p>၁။ <b>ကမ္မဇရုပ်ကလာပ်</b>တို့၌ တည်ရှိသော <b>ကမ္မဇဩဇာ</b>,</p> <p>၂။ <b>စိတ္တဇရုပ်ကလာပ်</b>တို့၌ တည်ရှိသော <b>စိတ္တဇဩဇာ</b>,</p> <p>၃။ <b>ဥတုဇရုပ်ကလာပ်</b>တို့၌ တည်ရှိသော <b>ဥတုဇဩဇာ</b>,</p> <p>၄။ ကလာပ်ပြား <b>အာဟာရဇရုပ်</b>တို့၌ တည်ရှိသော <b>အာဟာရဇဩဇာ</b>,</p> <p>ဤဩဇာအသီးအသီးအား ထပ်ဆင့် ထောက်ပံ့ပြန်၏။ ယင်း<b>အာဟာရဇဩဇာ</b>၏ အားပေးထောက်ပံ့မှုနှင့် <b>ကမ္မဇဝမ်းမီး</b>၏ အားပေးထောက်ပံ့မှုကို ရရှိသော အထက်ပါ <b>ကမ္မဇဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာ ကလာပ်ပြား အာဟာရဇဩဇာ</b> အသီးအသီးသည် ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေပြန်၏။ <b>အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်</b>တို့တည်း။ ထိုသို့ ဖြစ်စေရာ၌-----</p> <p>၁။ <b>ကမ္မဇဩဇာ</b>က (၄-၅)ဆင့်သော ရုပ်ကလာပ်များကို,</p> <p>၂။ <b>စိတ္တဇဩဇာ</b>က (၃-၄)ဆင့်သော ရုပ်ကလာပ်များကို,</p> <p>၃။ <b>ဥတုဇဩဇာ</b>က ရံခါ (၃-၄)ဆင့်, ရံခါ (၁၀)ဆင့် (၁၂)ဆင့်သို့တိုင်အောင်သော ရုပ်ကလာပ်များကို,</p> <p>၄။ ကလာပ်ပြား <b>အာဟာရဇဩဇာ</b>က (၁၀)ဆင့် (၁၂)ဆင့်သို့တိုင်အောင် ရုပ်ကလာပ်များကို ဖြစ်စေနိုင်၏။</p> <p>ဤနည်းဖြင့် တစ်ကြိမ် စားမျိုးလိုက်သော အစာအာဟာရသည် (၇)ရက် သို့တိုင်အောင်ပင် ခန္ဓာအိမ်၏အတွင်း၌ ပြန့်နှံ့၍ ဖြစ်နေသောဟူ၏။ (ဝိသုဒ္ဓိ၊၂၊၂၄၉-၂၅၂-ကြည်ပါ။)</p> <p>ယင်းသို့ အာဟာရဇတို့၏ ဖြစ်နေမှုကို = <b>ကမ္မဩဇာ</b>စသည့် (၄)မျိုးသော ဩဇာတို့တွင် ရုပ်ကလာပ်တစ်ခုတစ်ခု၌ တည်ရှိသော ဩဇာကြောင့် <b>အာဟာရဇဩဇဋ္ဌမကရုပ်</b>တို့၏ အဆင့်ဆင့်ဖြစ်နေမှုကို သဘောတူ = <b>သဘာဂ</b>ဖြစ်သော တစ်ဟာရ တစ်ဩဇာကြောင့်ဖြစ်သော <b>အာဟာရဇရုပ်</b>များဟု ခေါ်ဆိုသည်။</p> <p>ယင်း တစ်ဥတုကြောင့် ဖြစ်သော ရုပ်များ တစ်အာဟာရကြောင့် ဖြစ်သော ရုပ်များကို အစဉ်အတန်းတစ်ခုတည်း တစ်ဆက်တည်းအဖြစ် မမြင်ဘဲ ရုပ်ကလာပ် တစ်ခုစီ တစ်ခုစီ ခွဲခြားစိတ်ဖြား၍ ရှုမြင်နိုင်လျှင် <b>သန္တတိဃန</b> = ရုပ်အစဉ်အတန်း အတုံးအခဲ ပြိုသွားပြီး ဖြစ်၏။ အကယ်၍ ယင်းရုပ်များကို မီးပန်းအတန်း တစ်ခုကဲ့သို့ အပ်ချည်ကြိုးတန်း တစ်ခုကဲ့သို့ အစဉ်အတန်း တစ်ခုအဖြစ် တစ်ဆက်တည်း တစ်ခုတည်းအဖြစ် မြင်ခဲ့သော် (=ရုပ်ကလာပ်တစ်ခုချင်းအနေဖြင့် ပြတ်၍ မမြင်ခဲ့သော်)<b>သန္တတိဃန</b> = ရုပ်အစဉ်အတန်း အတုံးအခဲ ဖုံးအုပ်နေသည် မည်ပေသည်။</p> <h3>သမူဟဃန = ရုပ်အပေါင်းအစုအတုံးအခဲ</h3> <p>ယောဂါဝစရပုဂ္ဂိုလ်က <b>သန္တတိဃန</b> = ရုပ်အစဉ်အတန်း အတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သဖြင့် ရုပ်ကလာပ် တစ်ခုချင်း တစ်ခုချင်း ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သော်လည်း ယင်းရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော (၈)မျိုးသော ရုပ်, (၉)မျိုးသောရုပ်, (၁၀)မျိုးသော ရုပ်စသည့် <b>ရုပ်ပရမတ်တရား</b>များကို ယင်းတို့၏ ကိုယ်ပိုင်<b>သဘာဝလက္ခဏာ</b> အသီးအသီးကို မသိမ်းဆည်းနိုင်သေးပါက <b>သမူဟဃန</b> (= ရုပ်အပေါင်းအစု အတုံးအခဲ)ကို ဉာဏ်ဖြင့် မဖြိုခွဲနိုင်သဖြင့် <b>ပရမတ်</b>သို့ ဉာဏ်အမြင် မဆိုက်ရောက်သေးပေ။ ယင်းရုပ်ကလာပ် တစ်ခုတစ်ခုအတွင်၌ တည်ရှိသော (၈)မျိုးသော ရုပ်, (၉)မျိုးသော ရုပ်, (၁၀)မျိုးသော ရုပ်စသော <b>ရုပ်ပရမတ် သဘောတရား</b>များကို မိမိ မိမိတို့၏ ဆိုင်ရာဆိုင်ရာ ကိုယ်ပိုင် <b>ပမရတ္ထဓမ္မသဘာဝသတ္တိ</b>ဟူသော ကိုယ်ပိုင်<b>သဘာဝလက္ခဏာ</b>သို့ ဆိုက်အောင် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ပါက မြင်နိုင်ပါက သိမ်းဆည်းနိုင်ပါက ဉာဏ်ဖြင့် ပိုင်ခြားယူနိုင်ပါက <b>သမူဟဃန</b> = ရုပ်အပေါင်အစု အတုံးအခဲ ပြိုပြီ ဖြစ်၏။ ရုပ်အပေါင်းအစုအတုံးအခဲ (= <b>သမူဟဃန</b>)ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သည် မည်၏။</p> <h3>ကစ္စဃန = ရုပ်လုပ်ငန်းကိစ္စအတုံးအခဲ</h3> <p>ယင်းရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော (၈)မျိုး, (၉)မျိုး, (၁၀)မျိုးစသော <b>ပရမတ္ထဓာတ်သား</b>ဖြစ်သည့် ရုပ်တရား တစ်လုံးစီ တစ်လုံးစီ၌ ဆိုင်ရာဆိုင်ရာ ကိုယ်ပိုင် လုပ်ငန်းကိစ္စရပ် အသီးအသီး ရှိ၏။ <b>ပထဝီဓာတ်</b>သည် <b>ပတိဋ္ဌာနရသ</b> = ကလာပ်တူရုပ်တရားတို့၏ တည်ရာဖြစ်ခြင်း ကိစ္စ ရှိ၏။ <b>အာပေါဓာတ်</b>သည် <b>ဗြူဟနရသ</b> = ရုပ်တရားတို့ကို တိုးပွားစေခြင်း ကိစ္စ ရှိ၏။ <b>တေဇောဓာတ်</b>သည် <b>ပရိပါစနရသ</b> = ရုပ်တရားတို့ကို ရင့်ကျက်စေခြင်း ဆွေးမြေ့စေခြင်း ကိစ္စ ရှိ၏။ <b>ဝါယောဓာတ်</b>သည် <b>သမုဒီရဏရသ</b> = တွန်းကန်ခြင်း ကိစ္စ ရှိ၏။ ဤသို့ စသည်ဖြင့် <b>ပရမတ္ထဓာတ်သား</b>တိုင်း၌ ကိုယ်ပိုင်လုပ်ငန်းကိစ္စ အသီးအသီး ကိုယ်စီ ရှိ၏။ ယင်း<b>ရုပ်ပရမတ်တရား</b> တစ်လုံးစီ တစ်လုံးစီ၏ ဆိုင်ရာဆိုင်ရာ ဆိုင်ရာဆိုင်ရာ ကိုယ်ပိုင် လုပ်ငန်းကိစ္စ အထူးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်မြင်နိုင်ပါက <b>ကိစ္စဃန</b> = ရုပ်လုပ်ငန်းကိစ္စ အတုံးအခဲပြိုပြီ ဖြစ်၏။ ရုပ်လုပ်ငန်းကိစ္စ အတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သည် မည်၏။ <b>ပရမတ္ထဓာတ်သား ရုပ်တရား</b> တစ်လုံးစီ တစ်လုံးစီ၏ ဆိုင်ရာဆိုင်ရာ လုပ်ငန်းကိစ္စရပ် အသီးအသီးကို ဉာဏ်ဖြင့် ခွဲစိတ်ဖြာ၍ ရှုနိုင်မြင်နိုင်သဖြင့် ကိစ္စတစ်ခုတည်းအဖြစ် ထင်နေမှု ရုပ်လုပ်ငန်းကိစ္စ အတုံးအခဲ ပြိုကွဲသွားခြင်း ဖြစ်၏။ ထိုသို့ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်၌ တည်ရှိသော <b>ပရမတ္ထဓာတ်သား ရုပ်တရား</b> အသီးအသီး၏ ဆိုင်ရာဆိုင်ရာ လုပ်ငန်းကိစ္စရပ် အသီးအသီးကို ဉာဏ်ဖြင့် ခွဲစိတ်ဖြာ၍ မမြင်ဘဲ ကိစ္စတစ်ခုတည်းအဖြစ် မြင်နေပါက <b>ကိစ္စဃန</b> အတုံးအခဲ မပြိုနိုင်၊ <b>ကိစ္စဃန</b>အတုံးအခဲက ဖုံးအုပ်ထားသည် မည်ပေသည်။</p> <p><b>အနတ္တလက္ခဏံ နာနာဓာတုဝိနိဗ္ဘောဂဿ အမနသိကာရာ အပ္ပဋိဝေဓာ ဃနေန ပဋိစ္ဆန္နတ္တာ န ဥပဋ္ဌာတိ။ ပ ။ နာနာဓာတုယော ဝိနိဗ္ဘုဇိတွာ ဃနဝိနိဗ္ဘောဂေ ကတေ အနတ္တလက္ခဏံ ယာထာဝ သရသတော ဥပဋ္ဌာတိ။</b> (အဘိ၊ဋ္ဌ၊၂၊၄၇။ ဝိသုဒ္ဓိ၊၂၊၂၇၆။)</p> <p>အသီးအသီးသော ရုပ်ဓာတ်နာမ်ဓာတ်တို့ကို အသီးအသီး တစ်လုံးစီတစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာခြင်းကို ပြု၍ နှလုံးမသွင်းခြင်းကြောင့် ဉာဏ်ဖြင့် ထွင်းဖောက် မသိမမြင်ခြင်းကြောင့် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲသည် (= <b>ရုပ်ဃန နာမ်ဃန</b>သည်) ဖုံးကွယ်ထားသည့်အတွက်ကြောင့် <b>အနတ္တလက္ခဏာ</b> = <b>အနတ္တဉာဏ်အမြင်</b> = <b>အနတ္တရောင်ခြည်တော်</b>သည် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ မတည်လာခြင်း ဖြစ်၏ ။ ပ ။ အသီးအသီးသော ရုပ်ဓာတ် နာမ်ဓာတ်တို့ကို တစ်လုံစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာခြင်းကို ပြု၍ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ (= <b>ရုပ်ဃန နာမ်ဃန</b>)ကုိ ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးခြင်းကို ပြုလုပ်နိုင်ခဲ့သည်ရှိသော် <b>အနတ္တလက္ခဏာ</b> = <b>အနတ္တဉာဏ်အမြင်</b> = <b>အနတ္တရောင်ခြည်တော်</b>သည် ဟုတ်မှန်တိုင်းသော မိမိ၏ သဘောလက္ခဏာအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ တည်လာပေ၏။ (အဘိ၊ဋ္ဌ၊၂၊၄၇။ ဝိသုဒ္ဓိ၊၂၊၂၇၆။)</p> <p>တစ်ဖန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၃၀၁။)တွင် -----<b>သင်္ခါရတရား</b>တို့ကို အနိစ္စဟု <b>ဝိပဿနာ</b>ရှုရုံမျှဖြင့်လည်း <b>အရိယမဂ်</b>သို့ မဆိုက်နိုင်။ ဒုက္ခဟု <b>ဝိပဿနာ</b>ရှုရုံမျှဖြင့်လည်း <b>အရိယမဂ်</b>သို့ မဆိုက်နိုင်။ အနတ္တဟု <b>ဝိပဿနာ</b>ရှုရုံမျှဖြင့်လည်း <b>အရိယမဂ်</b>သို့ မဆိုက်နိုင်။ <b>လက္ခဏား</b>သုံးတန် တစ်လှည့်စီ တင်၍ <b>ဝိပဿနာ</b>ရှုပွားသုံးသပ်ပါမှ <b>အရိယမဂ်</b>သို့ ဆိုက်ရောက်နိုင်မည် ဖြစ်ကြောင်းကို ဆုံးဖြတ်ထားတော်မူ၏။</p> <p>ထိုကြောင့် <b>အနတ္တဉာဏ်အမြင်</b> ဆိုက်ရေးအတွက် <b>ရုပ်ဃန နာမ်ဃန</b>တို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်ဖို့ လိုအပ်ပေသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း <b>ရုပ်ဃန</b>ဟူသော ရုပ်တုံးရုပ်ခဲ သုံးမျိုး ပြိုရေးအတွက် ရုပ်ကလာပ်တစ်ခု တစ်ခုအတွင်း၌ တည်ရှိသော (၈)မျိုး, (၉)မျိုး, (၁၀)မျိုးစသော <b>ရုပ်ပရမတ်တရား</b> အသီးအသီးကို (= <b>ရုပ်ပရမတ်တရား</b>တိုင်းကို) <b>လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်</b>အားဖြင့် စနစ်တကျ သိမ်းဆည်းရမည် ဖြစ်ပေသည်။ သိမ်းဆည်းပုံ နည်းစနစ်များကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၇၄-၈၀။)၌လည်းကောင်း အဋ္ဌသာလိနီအဋ္ဌကထာ(အဘိ၊ဋ္ဌ၊၁၊၃၁၊၃၄၉ ..)၌လည်းကောင်း ရှင်းလင်း တင်ပြထားပေသည်။ ဆရာသမားများနှင့်သာ ချဉ်းကပ်လေ့လာပါ။ ဤတွင်ကား ထိုကဲ့သို့ <b>ဃန</b>ပြိုရေး, <b>ပရမတ်</b>သို့ ဉာဏ်အမြင်ဆိုက်ရေးအတွက် <b>ဓာတ်ကမ္မဋ္ဌာန်းလမ်း</b>မှ ရှုပွားပုံနည်းစနစ်များကို ဆက်လက်တင်ပြပေအံ့။</p> <h3>၁။ ပထဝီဓာတ်သဘောတရား (၆) မျိုး</h3> <p><b>ကတမံ တံ ရူပံ ဖောဋ္ဌဗ္ဗာယတနံ။ ပထဝီဓာတု တေဇောဓာတု ဝါယောဓာတု ကက္ခဠံ မုဒုကံ သဏှံ ဖရုသံ ဂရုကံ လဟုကံ ...(အဘိ၊၁၊၁၇၀။)</b></p> <p><b>ဧတ္ထ စ ကက္ခဠံ မုဒုကံ သဏှံ ဖရုသံ ဂရုကံ လဟုက န္တိ ပဒေဟိ ပထဝီဓာတု ဧဝ ဘာဇိတာ။</b> (အဘိ၊ဋ္ဌ၊၁၊၃၆၈။)</p> <p>၁။ <b>ကက္ခဠန္တိ ထဒ္ဓံ</b> = မာ-မှုသဘော,</p> <p>၂။ <b>မုဒုကန္တိ အထဒ္ဓံ</b> = ပျော့-မှုသဘော,</p> <p>၃။ <b>ဖရုသန္တိ စရံ</b> = ကြမ်း-မှုသဘော,</p> <p>၄။ <b>သဏှန္တိ မဋ္ဌံ</b> = ချော-မှုသဘော,</p> <p>၅။ <b>ဂရုကန္တိ ဘာရိယံ</b> = လေး-မှုသဘော,</p> <p>၆။ <b>လဟုကန္တိ အဘာရိယံ၊ သလ္လဟုကန္တိ အတ္ထော။</b> = ပေါ့-မှုသဘော။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။)</p> <h3>၂။ အာပေါဓာတ်သဘောတရား (၂) မျိုး</h3> <p>၁။ <b>ဒြဝဘာဝ</b> = <b>ပဂ္ဃရဏလက္ခဏာ</b> = ယိုစီး-မှုသဘော,</p> <p>၂။ <b>အာဗန္ဓနဘာဝ</b> = <b>အာဗန္ဓနလက္ခဏာ</b> = ဖွဲ့စည်း-မှုသဘော။</p> <h3>၃။ တေဇောဓာတ်သဘောတရား (၂) မျိုး</h3> <p>၁။ <b>ဥဏှဘာဝ</b> = <b>ဥဏှတေဇော</b> = ပူ-မှုသဘော,</p> <p>၂။ <b>သီတဘာဝ</b> = <b>သီတတေဇော</b> = အေးမှုသဘော,</p> <h3>၄။ ဝါယောဓာတ်သဘောတရား (၂) မျိုး</h3> <p>၁။ <b>ဝိတ္ထမ္ဘနဘာဝ</b> = ထောက်ကန်မှုသဘော,</p> <p>၂။ <b>သမုဒီရဏဘာဝ</b> = တွန်းကန်မှုသဘော, (ဝိသုဒ္ဓိ၊၁၊၃၄၇။)</p> <h3>အဋ္ဌကထာ၏ လုပ်ငန်းခွင် ညွှန်ကြားချက် (၂) မျိုး</h3> <p>ဤ<b>ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း</b>ကို ပွားများအားထုတ်ပုံ နည်းစနစ်နှင့် ပတ်သက်၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၁၊၃၄၆-၃၄၇။)က လုပ်ငန်းခွင် နှစ်မျိုးကို ညွှန်ကြားထားတော်မူ၏။ <b>ပထမဘာဝနာနယ</b> = ပထမပွားများ အားထုတ်ပုံနည်းစနစ်၌ ----- <b>သကလမ္ပိ အတ္တနော ရူပကာယံ အာဝဇ္ဇေတွာ</b> = မိမိ၏ <b>ရူပကာယ</b>တစ်ခုလုံးကို ဆင်ခြင်၍ (ဝိသုဒ္ဓိ၊၁၊၃၆၄။) ----- ဟု ညွှန်ကြားထားသဖြင့် မိမိ၏ <b>ရူပကာယ</b>တစ်ခုလုံးကို ခြုံငုံ၍ ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် <b>သဘာဝလက္ခဏာ</b>ကိုလည်းကောင်း, သို့မဟုတ် လုပ်ငန်းကိစ္စ<b>ရသ</b>ကိုလည်းကောင်း အာရုံယူ၍ ရှုရမည် ဖြစ်သည်။</p> <p><b>ဒုတိယဘာဝနာနယ</b> = ဒုတိယပွားများအားထုတ်ပုံ ဘာဝနာနည်းလမ်း၌ကား ----- <b>တံ တံ အန္တရာနုသာရိနာ ဉာဏဟတ္ထေန ဝိနိဗ္ဘုဇိတွာ ဝိနိဗ္ဘုဇိတွာ</b> ...(ဝိသုဒ္ဓိ၊၁၊၃၄၇။) = ထိုထို အရိုး-အကြော-အသား-အရေ <b>ကောဋ္ဌာသ</b>တို့၏ အကြားသို့ အစဉ်လျှောက်သော ဉာဏ်တည်းဟူသော လက်ဖြင့် အကြိမ်များစွာ ဖြေ၍ အသီးအသီး ခွဲခြားစိတ်ဖြာမှုကို ပြု၍ ရှုရန် ညွှန်ကြားထားသဖြင့် ထိုထို အရိုး-အကြော-အသား-အရေတို့၏ အကြားသို့ ဉာဏ်ဖြင့် အစဉ်လျှောက်၍ ယင်း (၄)မျိုးသော <b>ကောဋ္ဌာသ</b>တို့၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် <b>သဘာဝလက္ခဏာ</b>ကိုသော်လည်းကောင်း, သို့မဟုတ် လုပ်ငန်းကိစ္စ<b>ရသ</b>ကိုလည်းကောင်း အာရုံယူ၍ ရှုရမည် ဖြစ်သည်။</p> <h3>သမထယာနိကပုဂ္ဂိုလ်</h3> <p><b>သမထယာနိက</b> = သမထစျာန်ယာဉ်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိရရှိထားပြီးသော စျာန်တို့တွင် မိမိနှစ်ခြိုက်ရာ တစ်မျိုးမျိုးသော စတုတ္ထစျာန် သမာဓိကို ထူထောင်ပါ။ ဤစနစ်မှာ တရားထိုင်တိုင်း လိုက်နာပြုကျင့်ရမည့် စနစ်ဖြစ်ပေသည်။ ယင်း စတုတ္ထစျာန်သမာဓိကြောင့် ဉာဏ်လင်းရောင်ခြည်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ အောက်ပါအတိုင်း ဓာတ်ကြီးလေးပါးကို စတင်သိမ်းဆည်းပါ။</p> <p>၁။ <b>မာ-မှုသဘော</b> ----- သွား-သွားချင်း ထိနေသည့် နေရာ, အရိုး-အရိုးချင်း ထိနေသည့် နေရာ စသည့် ထိုထို <b>မာ-မှုသဘော</b> ထင်ရှားသည့် တစ်နေရာမှစ၍ <b>မာ-မှုသဘော</b>ကို ထိုထို အရိုးကြား, အကြောကြား, အသားကြား, အရေကြားသို့ ဉာဏ်တည်းဟူသော လက်ကို သွင်း၍ ဦးခေါင်းမှသည် ခြေထောက်, ခြေထောက်မှသည် ဦးခေါင်းသို့တိုင်အောင် တိုးလျှိုပေါက် တစ်ကိုယ်လုံး၌ မြင်အောင်ရှုပါ သိမ်းဆည်းပါ။</p> <p>၂။ <b>ကြမ်း-မှုသဘော</b> ----- အလားတူပင် <b>ကြမ်း-မှု</b> ထင်ရှားသည့် တစ်နေရာမှ စ၍ <b>ကြမ်း-မှုသဘော</b>ကို တစ်ကိုယ်လုံး၌ မြင်အောင် ဆက်ရှုပါ။</p> <p>၃။ <b>လေး-မှုသဘော</b> ----- <b>လေး-မှု</b> ထင်ရှားသည့် တစ်နေရာမှစ၍ <b>လေးမှုသဘော</b>ကိုလည်းကောင်း,</p> <p>၄။ <b>ပျော့-မှုသဘော</b> ----- အောက် အတွင်းနှုတ်ခန်းသားနှင့် လျှာတို့ ထိထားသည့် နေရာကဲ့သို့သော <b>ပျော့-မှု</b>ထင်ရှားသည့် တစ်နေရာမှ စ၍ <b>ပျော့-မှုသဘော</b>ကိုလည်းကောင်း,</p> <p>၅။ <b>ချော-မှုသဘော</b> ----- လျှာကို တံထွေးဆွတ်ကာ အောက်အတွင်း နှုတ်ခမ်းသားကို ပွတ်ကြည့်ပါက <b>ချော-မှုသဘော</b>ကို တွေ့နိုင်၏၊ ယင်းသို့ <b>ချော-မှု</b> ထင်ရှားသည့် တစ်နေရာမှစ၍ <b>ချော-မှုသဘော</b>ကိုလည်းကောင်း,</p> <p>၆။ <b>ပေါ့-မှုသဘော</b> ----- ခန္ဓာကိုယ်က လေးလံနေသည့်အခါ လက်ညှိုးတစ်ချောင်းကို အသာ မ-ကြည့်ပါက <b>ပေါ့-မှုသဘော</b> ထင်ရှားနေတတ်၏၊ ယင်းသို့ <b>ပေါ့-မှု</b> ထင်ရှားသည့် နေရာမှစ၍ <b>ပေါ့-မှုသဘော</b>ကိုလည်းကောင်း တစ်ကိုယ်လုံး၌ မြင်အောင် ဆက်ရှုပါ။</p> <p>ဤ-<b>မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့-သဘောတရား</b> (၆)မျိုးကား <b>ပထဝီဓာတ်</b>တည်း။ ကြေညက်အောင် ထပ်ကာထပ်ကာ ရှုပါ။ ကျေနပ်မှုကို ရရှိပါက <b>တေဇောဓာတ်</b> သဘောတရား (၂)မျိုးကို ဆက်ရှုပါ။</p> <p>၁။ <b>ပူ-မှုသဘော</b> ----- ခန္ဓာကိုယ်ဝယ် <b>ပူ-မှု</b> ထင်ရှားသည့် တစ်နေရာမှ စ၍ <b>ပူ-မှုသဘောတရား</b>ကိုလည်းကောင်း,</p> <p>၂။ <b>အေး-မှုသဘော</b> ----- ခန္ဓာကိုယ်ဝယ် <b>အေး-မှု</b> ထင်ရှားသည့် တစ်နေရာမှ စ၍ <b>အေး-မှုသဘောတရား</b>ကိုလည်းကောင်း တစ်ကိုယ်လုံး၌ ဉာဏ်ဖြင့် မြင်အောင် ဆက်ရှုပါ။ အောင်မြင်မှုကို ရရှိပါက <b>ဝါယောဓာတ်</b> သဘောတရား (၂)မျိုးကို ဆက်ရှုပါ။</p> <p>၁။ <b>ထောက်ကန်-မှုသဘော</b> ----- ပြိုတော့မည် အိမ်တစ်အိမ်ကို <b>ကျား</b>-ခေါ်သည့် သစ်သားချောင်း တစ်ချောင်းဖြင့် ထောက်ထားသကဲ့သို့ ခန္ဓာကိုယ်ကြီးကို တည်မြဲတိုင်း ထားမြဲတိုင်းသော ဣရိယာပုထ်အတိုင်း တည်ရှိနေအောင် ထိန်းထားသည့် စွမ်းအင်တစ်မျိုးကို (= ငြိမ်နေအောင် ထိန်းထားသည့် စွမ်းအင်တစ်မျိုးကို) <b>ထောက်ကန်-မှုသဘော</b>ဟု ဆို၏။ ထိုင်လျှင် ထိုင်သည့်အတိုင်း တည်နေအောင် ထိန်းထားသည့် ထောက်ထားသည့် စွမ်းအင်တစ်မျိုးစသည်ဖြင့် သဘောပေါက်ပါ။ <b>မာ-မှု</b> သဘောနှင့် တွဲရှုပါက ပို၍ သဘောပေါက်မြန်တတ်သည်။ ယင်းသို့ <b>ထောက်ကန်မှု</b>ထင်ရှားသည့် တစ်နေရာမှစ၍ တစ်ကိုယ်လုံး၌ <b>ထောက်ကန်မှုသဘော</b>ကို မြင်အောင် ဆက်ရှုပါ။</p> <p>၂။ <b>တွန်းကန်-မှုသဘော</b> ----- အသက်ရှုသွင်းလိုက်သည့်အခါ ဝမ်းဗိုက်ကို ဖောင်းတက်လာအောင် တွန်းကန်နေသည့်သဘော, ရင်အုံတစ်ခုလုံးကို ကားတတ်လာအောင် တွန်းကန်နေသည့်သဘော, အသက်ရှုသွင်းလိုက်, ထုတ်လိုက်သောအခါ ဦးခေါင်းအတွင်း၌ တွန်းကန်နေသည့်သဘော ----- ယင်းသို့ <b>တွန်းကန်မှု</b> ထင်ရှားရာ တစ်နေရာမှ စ၍ တစ်ကိုယ်လုံး၌ <b>တွန်းကန်မှုသဘော</b>ကို မြင်အောင် ဆက်ရှုပါ။ <b>ထောက်ကန်မှုသဘော</b>ကား <b>ဝါယောဓာတ်</b>၏ သဘာဝလက္ခဏာဖြစ်၍ <b>တွန်းကန်မှုသဘော</b>ကား <b>ဝါယောဓာတ်</b>၏ လုပ်ငန်းကိစ္စရသ ဖြစ်ပေသည်။</p> <p>အားလုံးပေါင်းလိုက်သော်-<b>မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့, ပူ-အေး-ထောက်-တွန်း</b>-ဟု သဘောတရား (၁၀)မျိုး ဖြစ်ပေသည်။ ယင်းသဘောတရား (၁၀)မျိုးကို ခေါင်းဆုံး-ခြေဆုံး-ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုနေပါ။ ယင်းသို့ ရှုနေပါက အောက်ပါ <b>အာပေါဓာတ်</b>သဘောတရား (၂)မျိုး ကိုလည်း တဖြည်းဖြည်း ရှု၍ ရတတ်ပါသည်။</p> <p>၁။ <b>ဖွဲ့စည်း-မှုသဘော</b>-ယင်းအထက်ပါ ဓာတ်သဘောတရား (၁၀)မျိုးကို ထပ်ကာထပ်ကာ ရှုနေပါက <b>ဖွဲ့စည်းမှုသဘောတရား</b>လည်း ထင်ရှားလာတတ်ပါသည်။ ခန္ဓာကိုယ်ကို ကြိုးနှင့်စည်းထားသကဲ့သို့ ဖွဲ့စည်းနေသည့် သဘောကို ဉာဏ်ဖြင့် တွေ့မြင်တတ်သည်။ အောင်မြင်မှုကို မရရှိပါက <b>တွန်းကန်မှုသဘော</b>နှင့် <b>မာ-မှုသဘော</b> နှစ်မျိုးတို့ကိုပင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ခြေဆုံး-ခေါင်းဆုံး ရှုနေပါက <b>ဖွဲ့စည်းမှုသဘောတရား</b>ကို ဉာဏ်ဖြင့် တွေ့မြင်တတ်ပေသည်။</p> <p>၂။ <b>ယိုစီး-မှုသဘော</b> ----- သွားရင်း, လျှာစသည့်နေရာတို့၌ တံတွေးများ ယိုစီးနေတတ်၏။ ထိုသို့ <b>ယိုစီးမှု</b>ထင်ရှားသည့် နေရာမှ စ၍ <b>ယိုစီးမှုသဘော</b>ကို စတင် ရှုနုိင်သည်။ (၃၂)ကောဋ္ဌာသတို့ကို ရှုတတ်ပြီးသူ ယောဂါဝစရပုဂ္ဂိုလ် ဖြစ်မူ သွေး-ကောဋ္ဌာသကဲ့သို့ <b>ယိုစီးမှု</b> ထင်ရှားသည့် ကောဋ္ဌာသတစ်ခုမှ စတင်၍ ရှုလျှင်လည်း <b>ယိုစီးမှုသဘော</b>ကို တွေ့ -တတ်ပါသည်။ အထူးသဖြင့် သွေး-ကောဋ္ဌာသကား ခန္ဓာကိုယ်ဝယ် အထက်အောက် စုန်-ဆန် ယိုစီးလျက် ရှိပေသည်။ <b>ယိုစီးမှု</b> <b>အာပေါဓာတ်</b> လွန်ကဲသော ကောဋ္ဌာသတစ်ခု ဖြစ်၏။</p> <p>အကယ်၍ <b>မာမှုသဘော</b>က စ၍ ရှုလာရာ၌ အခက်အခဲ ရှိနေပါက <b>တွန်းကန်မှုသဘော</b>က စ၍လည်း ရှုနိုင်ပါသည်။ <b>တွန်းကန်မှုသဘော</b>ကို တစ်ကိုယ်လုံး၌ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ <b>မာ-မှုသဘော</b>ကစ၍ ဓာတ်သဘောတရား (၁၂)မျိုးလုံးကို ဆက်လက်ပြီး အထက်ပါ အစီအစဉ်အတိုင်း ရှုပါ၊ သိမ်းဆည်းပါ။</p> <p>အောင်မြင်မှုကို ရရှိပါက ဓာတ်သဘောတရား (၁၂)မျိုးကို အောင်အောင်မြင်မြင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်ပြီ ဖြစ်ပေသည်။ ထိုအခါ ယင်းသဘောတရား (၁၂)မျိုးကို ခြေဆုံး ခေါင်းဆုံး ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုနေပါ။ ယင်း သဘောတရား (၁၂)မျိုးးကို ခြေဆုံး ခေါင်းဆုံး ရှုနိုင်ပါက တစ်ခေါက်ဟု မှတ်ပါ။ တစ်မိနစ် အတွင်းဝယ် နှစ်ခေါက် သုံးခေါက်လောက် ရရှိအောင် ကြိုးစားပါ။ ထိုသို့ သွက်သွက်လက်လက် ရှုနိုင်ပါက ဒေသနာတော်စဉ်အတိုင်း -----</p> <p>၁။ <b>မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့</b>,</p> <p>၂။ <b>ယိုစီး-ဖွဲစည်း</b>,</p> <p>၃။ <b>ပူ-အေး</b>,</p> <p>၄။ <b>ထောက်-တွန်း</b> -----</p> <p>ဟူသော သဘောတရားတို့ကို အစဉ်အတိုင်း တစ်ခုပြီးတစ်ခု ရှုနေပါ = သိမ်းဆည်းပါ = ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ သဘောတရားအားလုံးကို ပြိုင်တူလိုလို ဉာဏ်၌ ထင်လာသောအခါ မိမိ၏ ရူပကာယတစ်ခုလုံးကို ခြုံငုံ၍ အပေါ်က စီးကြည့်သည့် ပုံစံဖြင့် ရှုကြည့်ပါ။ ကိုယ်ကို အာရုံမယူဘဲ ကိုယ်၌ တည်ရှိနေသည့် ဓာတ်သဘောတရားများကိုသာ အာရုံယူကာ ရှုနေပါ။ ဓာတ်သဘောတရားတို့ကို ပြိုင်တူလိုလို ဉာဏ်၌ ထင်လာသောအခါ အောက်ပါအတိုင်း လေးချက် ပြောင်းရှုပါ။</p> <p>၁။ <b>မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့</b>-ကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ <b>ပထဝီဓာတ်</b>,</p> <p>၂။ <b>ယိုစီး-ဖွဲ့စည်း</b>-ကို ကြည့်၍ <b>အာပေါဓာတ်</b>,</p> <p>၃။ <b>ပူ-အေး</b>-ကို ကြည့်၍ <b>တေဇောဓာတ်</b>,</p> <p>၄။ <b>ထောက်+တွန်း</b>-ကို ကြည့်၍ <b>ဝါယောဓာတ်</b>-ဟု -----</p> <p>ကာလအရာ ကာလအထောင် ကာလအသိန်းတိုင်အောင် ရှုနေပါ။ ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားပါ၊ သမာဓိကို ထူထောင်ပါ။</p> <p>ဤအရာတွင် <b>ပရမတ္ထမဉ္ဇူသာ</b> အမည်ရှိသော <b>ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ</b> (မဟာဋီ၊၁၊၄၃၄...)က <b>မနသိကာရကောသလ္လတရား</b> (၁၀)ပါးကို ဖွင့်ဆိုထားပေသည်။ ယင်း (၁၀)ပါးတို့ကို အကျဉ်းချုပ်ကာ တင်ပြပေအံ့။ -----</p> <h3>၁။ အနုပုဗ္ဗတော = အစဉ်အတိုင်း ရှုပါ</h3> <p>အထက်ပါအတိုင်း ဓာတ်ကြီးလေးပါးကို နှလုံးသွင်း ရှုပွားရာ၌ ဘုရားရှင် ဟောကြားပြသဆိုဆုံးမထားတော်မူအပ်သော <b>ဒေသနာတော်စဉ်</b>အတိုင်း ဆရာသမားထံမှ သင်ယူအပ်ခဲ့သည့် အစဉ်အတိုင်း <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b>ဟု ဓာတ်သဘောတရားများကို အာရုံယူ၍ အစဉ်အတိုင်းသာ နှလုံးသွင်း ရှုပွားပါ။ <b>အာပေါဓာတ် ဝါယောဓာတ် ပထဝီဓာတ် တေဇောဓာတ်</b> ----- ဤသို့ စသည်ဖြင့် ဟိုကျော် ဒီကျော်လျက် အစီအစဉ်မကျ နှလုံးမသွင်းပါနှင့်ဟု ဆိုလိုသည်။ (မဟာဋီ၊၁၊၄၃၄။)</p> <h3>၂။ နာတိသီဃတော = မမြန်လွန်းစေရ</h3> <p>ဓာတ်ကြီးလေးပါးတို့၏ သဘောတရားများကို ဤကဲ့သို့ အစီအစဉ်အတိုင်း နှလုံးသွင်းရာ၌လည်း အလွန် လျင်လျင်မြန်မြန်ကြီး ဓာတ်တစ်ပါးပြီးနောက် ဓာတ်တစ်ပါးကို နှလုံးမသွင်းပါနှင့်။ အပြစ်ကား ----- အလွန် လျင်လျင်မြန်မြန် ဓာတ်ကို နှလုံးသွင်းသော ယောဂါဝစရပုဂ္ဂိုလ်အား အဆင့်ဆင့်, ဆင့်ကာဆင့်ကာ ဓာတ်တစ်ပါးပြီး ဓာတ်တစ်ပါးဟူသော ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်းသည် အကယ်၍ကား အဆက်မပြတ် ဖြစ်နေသည် မှန်၏။ သို့သော် ဓာတ်ကြီးလေးပါးတို့၏ <b>လက္ခဏ</b> သို့မဟုတ် <b>ရသ</b>ဟူသော ကမ္မဋ္ဌာန်းကား မြန်လွန်းသည့်အတွက် မထင်ရှား ဖြစ်လာတတ်၏။ ရုပ်တရားကို ပိုင်းပိုင်းခြားခြား သိတတ်သော <b>ရူပပရိစ္ဆေဒဉာဏ်</b>စသော အထက်အထက်သော <b>ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်</b>ဟူသော တရားထူး တရားမြတ်ကို ရွက်ဆောင်မပေးနိုင်တော့ပေ။ ထိုကြောင့် ဓာတ်တစ်ပါးပြီးနောက် ဓာတ်တစ်ပါး၏ သဘာဝသတ္တိကို ဉာဏ်ဖြင့် အာရုံယူ၍ နှလုံးသွင်းရာ၌ အလွန်လျင်လျင်မြန်မြန် နှလုံးမသွင်းပါနှင့်။ (မဟာဋီ၊၁၊၄၃၄။)</p> <h3>၃။ နာတိသဏိကတော = မနှေးလွန်းစေရ</h3> <p>ဓာတ်ကြီးလေးပါးကို အလွန် လျင်လျင်မြန်မြန်ကြီး နှလုံးမသွင်းသင့်သကဲ့သို့ အလွန် နှေးနှေးကွေးကွေးအားဖြင့်လည်း နှလုံးမသွင်းသင့်ပေ။ အပြစ်ကား အလွန်နှေးနှေးကွေးကွေးအားဖြင့် ဓာတ်ကြီးလေးပါးကို တစ်ပါးပြီးတစ်ပါး အစဉ်အတိုင်း နှလုံးသွင်းခဲ့သော် ဓာတ်ကမ္မဋ္ဌာန်းသည် <b>ပရိယောသာန</b>ခေါ်သည့် အဆုံးအပိုင်းအခြားသို့ = (သဒိသူပစာရအားဖြင့် <b>ဥပစာရသမာဓိ</b>ဟု တင်စား၍ ခေါ်ဆိုထားအပ်သော) <b>ဥပစာရသမာဓိ</b>အဆင့်သို့ ရောက်ရှိနိုင်တော့မည် မဟုတ်ပေ။ ရုပ်တရားကို ပိုင်းခြားသိတတ်သော <b>ရူပပရိစ္ဆေဒဉာဏ်</b>စသော အထက်အထက်သော <b>ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်</b>ဟူသော တရားထူးတရားမြတ်ကို ရခြင်း၏ အကြောင်းအထောက်ပံ့သည်ကား မဖြစ်နိုင်တော့ပေ။ အလွန်လျင်မြန်စွာလည်းကောင်း, အလွန်နှေးကွေးစွာလည်းကောင်း လမ်းခရီးကို သွားကြကုန်သော ယောကျ်ားတို့ကို ဤအရာ၌ ဥပမာအဖြစ် ထုတ်ဆောင်ပြထိုက်ပေသည်။ (မဟာဋီ၊၁၊၄၃၄။)</p> <h3>၄။ ဝိက္ခေပပဋိဗာဟနတော = ဓာတ်လေးပါး၏ ပြင်ဘက်အာရုံကို မရှုရ</h3> <p><b>ဝိက္ခေပပဋိဗာဟနတောတိ ကမ္မဋ္ဌာနံ ဝိဿဇ္ဇေတွာ ဗဟိဒ္ဓါ ပုထုတ္တာရမ္မဏေ စေတသော ဝိက္ခေပေါ ပဋိဗာဟိတဗ္ဗော။ ဗဟိဒ္ဓါ ဝိက္ခေပေ ဟိ သတိ ကမ္မဋ္ဌာနာ ပရိဟာယတိ ပရိဓံသတိ။ ဧကပဒိကမဂ္ဂဂါမီ ပုရိသော စေတ္ထ နိဒေဿတဗ္ဗော။</b> (မဟာဋီ၊၁၊၄၃၄။)</p> <p>ယောဂါဝစရပုဂ္ဂိုလ်ကိုယ်တိုင် ယခု ပွားများ အားထုတ်နေသော ကမ္မဋ္ဌာန်းမှာ ဓာတ်ကြီးလေးပါးတို့ကို အာရုံယူကာ သမာဓိကို ထူထောင်နေသည့် <b>ဓာတ်ကမ္မဋ္ဌာန်း</b>ဖြစ်သည်။ ယင်းကဲ့သို့ ဓာတ်ကြီးလေးပါးတို့၏ <b>ပရမတ္ထဓမ္မသဘာဝသတ္တိ</b>ကို ဉာဏ်စက္ခုဖြင့် အာရုံယူ၍ <b>ဥပစာရသမာဓိ</b> နယ်မြေသို့ ဆိုက်ရောက်ရေးအတွက် <b>ဓာတ်ကမ္မဋ္ဌာန်း</b>ကို နှလုံးသွင်း ရှုပွားနေရာဝယ် <b>ဥပစာရသမာဓိ</b>နယ်မြေသို့ မဆိုက်မီ အချိန်အတွင်းဝယ် ထိုဓာတ်ကြီးလေးပါးတို့၏ <b>ပရမတ္ထဓမ္မသဘာဝသတ္တိ</b>တည်းဟူသော အာရုံကို နှလုံးသွင်းမှု ကမ္မဋ္ဌာန်းလုပ်ငန်းကို စွန့်လွှတ်၍ ဓာတ်ကြီးလေးပါးတို့၏ <b>ပရမတ္ထဓမ္မ သဘာဝသတ္တိ</b>မှ အပဖြစ်သော <b>ပညတ်အာရုံ ပရမတ်အာရုံ</b> အမျိုးမျိုး၌ ဘာဝနာစိတ်ကို ပစ်လွှင့်မှုကို တားမြစ်ရမည်။ တစ်နည်းဆိုရသော် ----- ဓာတ်ကြီးလေးပါးတို့၏ <b>ပရမတ္ထဓမ္မသဘာဝသတ္တိ</b>ဟူသော အာရုံမှ တစ်ပါးသော အခြားခြားသော <b>ပညတ်အာရုံ ပရမတ်အာရုံ</b> အမျိုးမျိုးတို့ကို လှမ်း၍ ရှုပွားမှုကို တားမြစ်ရမည်။</p> <p>အဘယ်ကြောင့်နည်းဟူမူ ----- ဓာတ်ကြီးလေးပါးတို့၏ <b>ပရမတ္ထဓမ္မသဘာဝသတ္တိ အာရုံ</b>မှ အခြားတစ်ပါးသော <b>ပညတ်အာရုံ ပရမတ်အာရုံ</b>တို့ အပေါ်သို့ ဘာဝနာစိတ်ကို ပစ်လွှင့်ချထားခဲ့သော် သို့မဟုတ် ရှုပွားနေခဲ့သော် <b>ဓာတ်ကမ္မဋ္ဌာန်း</b>မှ ဆုတ်ယုတ်သွားတတ်၏၊ လျှောကျသွားတတ်၏။ ဤအရာ၌ ခြေတစ်ဖဝါးစာမျှသာရှိသော လမ်းကို သွားနေသော ယောကျ်ားကို ပုံတူဥပမာဆောင်၍ ပြထိုက်၏။ (မဟာဋီ၊၁၊၄၃၄။)</p> <p>ဤအထက်ပါ စည်းကမ်းသတ်မှတ်ချက်ကို အထူး ဂရုပြု၍ မှတ်သားပါ။ အဘယ်ကြောင့် ဓာတ်ကြီးလေးပါးမှ ပြင်ဘက်ဖြစ်သော <b>ပညတ်အာရုံ ပရမတ်အာရုံ</b> အမျိုးမျိုးကို မရှုရသနည်းဟူသော မေးခွန်းကိုလည်း ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ်တတ်၏ လျှောကျတတ်၏ဟု အကြောင်းပြထား၏၊ ဖြေဆိုထား၏။</p> <p>အဘယ်ကြောင့် ဆုတ်ယုတ်ရသနည်း လျှောကျရသနည်း? ----- ယခုကဲ့သို့ ရုပ်ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးမီ ရုပ်ပရမတ်တရားများကို ဉာဏ်ဖြင့် ထွင်းဖောက် သိမြင်းရေးဟူသော ဦးတည်ချက်ဖြင့် ဓာတ်ကြီးလေးပါးတို့ကို အာရုံယူ၍ သမာဓိကို ထူထောင်နေခိုက်ဝယ် ဓာတ်ကြီးလေးပါးတို့၏ <b>ပရမတ္ထဓမ္မ သဘာဝသတ္တိ</b>ကို ဉာဏ်ဖြင့် ရှုပါမှ နှလုံးသွင်းပါမှ <b>ဓာတုမနသိကာရ</b>ဟု ခေါ်ဆိုနိုင်သည်။ ဓာတ်ကြီးလေးပါးတို့မှ ပြင်ပဖြစ်သော <b>ပညတ်အာရုံ ပရမတ်အာရုံ</b> အမျိုးမျိုးတို့ကို လိုက်၍ ရှုနေပါက ဤသမာဓိပိုင်းတွင် <b>ဓာတုမနသိကာရ</b> (= ဓာတ်ကို နှလုံးသွင်းမှု)ဟု မခေါ်ဆိုနိုင်တော့ပေ။ ထိုသို့ ဓာတ်ကြီးလေးပါးမှ ပြင်ပဖြစ်သော <b>ပညတ်အာရုံ ပရမတ်အာရုံ</b>များကို လိုက်ရှုနေပါက, ဓာတ်ကြီးလေးပါးတို့၏ <b>ပရမတ္ထဓမ္မ သဘာဝသတ္တိ</b>ကို အာရုံယူကာ နှလုံးသွင်း ရှုပွားပါမှ ဖြစ်ပေါ်လာနိုင်ခွင့်ရှိသော <b>ဓာတ်ကမ္မဋ္ဌာန်း</b>လမ်းစဉ်မှ <b>ဥပစာရသမာဓိ</b>သည်လည်း ဖြစ်နိုင်ခွင့် မရှိတော့ပေ။</p> <p>ထိုသို့ <b>ဥပစာရသမာဓိ</b>မျှ မဖြစ်ခဲ့သော် ရုပ်ကလာပ်များကို နှလုံးသွင်းနိုင်ခြင်း ဉာဏ်ဖြင့် ထွင်းဖောက်သိမြင်နိုင်ခြင်း, ရုပ်ကလာပ်များကို ဓာတ်ခွဲ၍ <b>ဃန</b>ခေါ်သည့် ရုပ်တုံးရုပ်ခဲ အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ပါဝင်တည်ရှိကြသော <b>ပရမတ္ထဓာတ်သား ရုပ်တရားအစစ်</b>တို့ကို ထိုးထွင်း ဩိမင်နိုင်ရေးမှာ အလွန် အလှမ်းကွာဝေး လျက်ပင် ရှိနေဦးမည် ဖြစ်ပေသည်။ <b>ပရမတ်</b>သို့ ဉာဏ်အမြင် မဆိုက်ရောက်သေးပါက <b>လက္ခဏာရေးသုံးတန် ဉာဏ်အမြင်</b> သန့်ရှင်းရေမှာလည်း, အထူးသဖြင့် <b>အနတ္တရောင်ခြည်တော်ကြီး</b> တင့်တယ်စမ္ပယ်စွာ ထွန်းလင်းတောက်ပလာရေးမှာလည်း မမျှော်မှန်းသင့်သော အရာသာ ဖြစ်ပေသည်။ <b>အနတ္တသဘော သုညတသဘော</b>သို့ ဉာဏ်အမြင် မဆိုက်ပါက <b>မဂ်ဉာဏ် ဖိုလ်ဉာဏ်</b>ဟူသည့် တရားထူးတရားမြတ်ကို ရရှိရေးမှာ မိုးနှင့် မြေကြီးပမာ အလွန် အလှမ်းကွာလျက်သာ ရှိနေဦးမည် ဖြစ်ပေသည်။ ဤကား <b>ဓာတ်ကမ္မဋ္ဌာန်း</b>ကို အားထုတ်နေပါလျက် <b>ဥပစာရသမာဓိ</b>နယ်မြေသို့ မဆိုက်ရောက်မီ အတွင်းဝယ် ဓာတ်ကြီးလေးပါးတို့၏ <b>ပရမတ္ထဓမ္မသဘာဝသတ္တိ</b>ကို နှလုံးသွင်းရာမှ ပြင်ပဖြစ်သော <b>ပညတ်အာရုံ ပရမတ်အာရုံ</b> အမျိုးမျိုးတို့ကို ပြောင်း၍ နှလုံးသွင်း ရှုပွားမိသဖြင့် ကမ္မဋ္ဌာန်းဆုတ်ယုတ်ပုံ လျှောကျပုံတည်း။</p> <h3>အယူအဆ မမှားစေလိုပါ</h3> <p><b>ဓာတ်ကမ္မဋ္ဌာန်း</b>ကို ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်သည် အခြားအခြားသော <b>ရုပ်တရား နာမ်တရား</b>များကို လုံးဝ မရှုပွားရ နှလုံးမသွင်းရဟု ဤသို့ကား အယူအဆ မမှားစေလိုပါ။ ရုပ်ကလာပ်များကို ဉာဏ်ဖြင့် တွေ့မြင်၍ ရုပ်ကလာပ်တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ထွင်းဖောက် သိမြင်လျှင်ကား <b>ဓာတ်ကမ္မဋ္ဌာန်း</b>လမ်းမှ <b>ဥပစာရသမာဓိ</b>နယ်မြေသို့ ဆိုက်ရောက်ပြီ ဖြစ်၏။ ထိုကဲ့သို့သော <b>ဥပစာရသမာဓိ</b>သို့ မဆိုက်မီအတွင်းမှာ ဓာတ်ကြီးလေးပါးတို့ကို အာရုံယူ၍ သမာဓိကို ထူထောင်နေခိုက်၌ ဓာတ်ကြီးလေးပါးမှ ပြင်ပဖြစ်သော အခြားခြားသော <b>ရုပ်တရား နာမ်တရား ပညတ်တရား</b>တို့ကို ပြောင်း၍ မရှုရန်သာ ညွှန်ကြားနေခြင်း ဖြစ်သည်။ <b>ဥပစာရသမာဓိ</b>သို့ ဆိုက်ရောက်ပြီးသော အခါ၌ကား ကြွင်းကျန်သော ရုပ်တရားများကိုလည်းကောင်း, နာမ်တရား များကိုလည်းကောင်း, အကြောင်းတရားများကိုလည်းကောင်း သိမ်းဆည်းလျက် ဝိပဿနာသို့ ကူးနိုင်းသည်သာ ဖြစ်ပါသည်။</p> <h3>သတိကြီးစွာဖြင့် သွားရမည်</h3> <p>အသူတစ်ရာ နက်သော ချောက်ကမ်းပါးကို ဖြတ်ကျော်၍ ခြေတစ်ဖဝါးစာမျှသာရှိသော တံတားလမ်းတစ်ခုကို ခင်းထားရာ ထိုလမ်းကိုလျှောက်သွားသော ယောကျ်ားသည် နင်းသွားသော ခြေရာကို ကောင်းစွာ မမှတ်သားဘဲ ဟိုဟို ဒီဒီ ထို ဤ တောင် မြောက် ကြည့်ရှု၍ လမ်းလျှောက်နေခဲ့သော် ခြေလှမ်းအကြိမ်သည် ချွတ်ချော်တိမ်းပါးသွားနိုင်၏၊ ခြေချော်သွားနိုင်၏။ ထိုအခါ အသူတစ်ရာ နက်သော ချောက်ကမ်းပါးပြတ်ထဲသို့ ကျရောက်သွားနိုင်ပေသည်။ ဤအတူသာလျှင် <b>ဗဟိဒ္ဓအာရုံ</b> အမျိုးမျိုး၌ စိတ်ပျံ့လွင့်နေခဲ့သော် = ဓာတ်ကြီးလေးပါးတို့၏ <b>သဘာဝလက္ခဏာအာရုံ</b>မှ အပြင်အပဖြစ်သော <b>ပညတ်အာရုံ ပရမတ်အာရုံ</b> အမျိုးမျိုးပေါ်သို့ စိတ်ကို လွှင့်ပစ်ချထားခဲ့သော် ကမ္မဋ္ဌာန်းသည် ဆုတ်ယုတ်ပျက်စီးသွားနိုင်ပေသည်။</p> <h3>၅။ ပဏ္ဏတ္တိသမတိက္ကမနတော = ပညတ်ကို ကျော်အောင် ကျင့်ပါ</h3> <p><b>ဓာတ်ကမ္မဋ္ဌာန်း</b>ကို နှလုံးသွင်းရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်သည် <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b>ဟူသော အမည်နာမ <b>ပညတ်</b>တို့ကို ကျော်လွန်၍ <b>ပရမတ္ထဓမ္မသဘာဝသတ္တိ</b>တည်းဟူသော <b>သဘာဝလက္ခဏာအာရုံ</b>၌သာလျှင် ဘာဝနာစိတ်ကို ကပ်ထားကာ ရှုပွားသုံးသပ်ရမည် ဖြစ်ပေသည်။</p> <p>၁။ <b>ပထဝီဓာတ်</b>၏ ----- <b>မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့-သဘောတရား</b>တို့ကို ဉာဏ်နှင့် မြင်ပါမှ <b>ပထဝီဓာတ်</b>ဟု ရှုပါ။</p> <p>၂။ <b>အာပေါဓာတ်</b>၏ <b>ယိုစီး-ဖွဲ့စည်း</b> သဘောကို ဉာဏ်နှင့် မြင်ပါမှ <b>အာပေါဓာတ်</b>ဟု ရှုပါ။</p> <p>၃။ <b>တေဇောဓာတ်</b>၏ <b>ပူမှု-အေးမှု</b> သဘောကို ဉာဏ်နှင့် မြင်ပါမှ <b>တေဇောဓာတ်</b>ဟု ရှုပါ။</p> <p>၄။ <b>ဝါယောဓာတ်</b>၏ <b>ထောက်ကန်မှု-တွန်းကန်မှု</b> သဘောကို ဉာဏ်နှင့် မြင်ပါမှ <b>ဝါယောဓာတ်</b>ဟု ရှုပါ။</p> <p>ယင်းသဘောတရားများကို ဉာဏ်နှင့် မတွေ့မမြင်ဘဲ <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b> ဟု ရှုနေပါက အမည်နာမ<b>ပညတ်</b>ပေါ်၌သာ သောင်တင်နေမည် ဖြစ်ပေသည်။ ဆို ကမ္မဋ္ဌာန်း အဆင့်မှာသာ ရှိနေသေးသည်။ ဆို ကမ္မဋ္ဌာန်း မဖြစ်အောင် ကြိုးစားပါ။</p> <p>ဤသို့လျှင် ဓာတ်ကြီးလေးပါးတို့၏ <b>သဘာဝလက္ခဏာ</b>ဟူသော <b>ပရမတ္ထဓမ္မသဘာဝ အာရုံ</b>၌သာလျှင် ဘာဝနာစိတ်ကို ထား၍ <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b> ဟု ကြိမ်ဖန်များစွာ ရှုနိုင်ခဲ့သော် <b>ပထဝီဓာတ်</b>စသော အမည်နာမ <b>ပညတ်</b>ကို ကျော်လွန်၍ <b>ပရမတ္ထဓမ္မသဘာဝအာရုံ</b>၌သာလျှင် ဘာဝနာစိတ်ကို ကောင်းစွာ ထားနိုင်သည် မည်ပေသည်။</p> <p>ဤသို့လျှင် <b>ပထဝီ</b>စသော အမည်နာမ <b>ပညတ်</b>ကို ပယ်စွန့်၍ <b>မာ-မှု</b> စသော <b>ပရမတ္ထဓမ္မသဘာဝအာရုံ</b>၌သာလျှင် နှလုံးသွင်းမှု <b>မနသိကာရ</b>လုပ်ငန်းရပ်ကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ ဉာဏ်၌ ဓာတ်ကြီးလေးပါးတို့၏ <b>ပရမတ္ထဓမ္မသဘာဝလက္ခဏာ</b>တို့သည် ကောင်းစွာ ထင်ရှား ပေါ်လွင်ကုန်သည်ဖြစ်၍ ထင်လာကုန်၏။ ဤသို့ အဖန်ဖန် အထပ်ထပ် နှလုံးသွင်းခြင်း၏ အစွမ်းဖြင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ စိတ်သည် <b>အာသေဝနပစ္စည်းအထုံ</b>ကို ရရှိလာနိုင်၏ ==== ရှေးရှေး ဘာဝနာစိတ်၏ အရှိန်အဝါသည် နောက်နောက် ဘာဝနာစိတ်အား စွမ်းအင်ရှိန်စော် အာနုဘော်ကြီးမားအောင် ကျေးဇူးပြုပေးနိုင်၏။ အလုံးစုံသော <b>ရူပကာယ</b>တစ်ခုလုံးသည် ဓာတ်သဘောမျှအားဖြင့် ထင်လာ၏။</p> <p>၁။ <b>သုည</b> = ပုဂ္ဂိုလ်သတ္တဝါမှ ဆိတ်၏ဟု</p> <p>၂။ <b>နိဿတ္တ</b> = သတ္တဝါ မဟုတ်ဟု</p> <p>၃။ <b>နိဇ္ဇီဝ</b> = ဇီဝအတ္တ မဟုတ်ဟု ထင်လာ၏။</p> <p>ယန္တရားစက်ကြိုးဖြင့် အဆင့်ဆင့် ပြန်လှန်လှုပ်ရှား သွားလာနေသော ယန္တရာစက်ကဲ့သို့ အဆင့်ဆင့် တပြောင်းပြောင်း တပြန်ပြန် ပြန်လှန်လှုပ်ရှား သွားလာနေသော ရုပ်တရားအပေါင်း၏ ဓာတ်သဘောမျှဟု ထင်လာ၏။ (မဟာဋီ၊၁၊၄၃၄။)</p> <p>အကယ်၍ကား အပြင် <b>ဗဟိဒ္ဓလောက</b>၌လည်း ဓာတ်ကြီးလေးပါးတို့၏ <b>သဘာဝလက္ခဏာ</b>ကို နှလုံးသွင်းမှုကို ဉာဏ်ဖြင့် ကပ်၍ ဆောင်သည် ဖြစ်အံ့၊ ထိုသို့ ဉာဏ်ဖြင့် ကပ်၍ ဆောင်သည်ရှိသော် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ လှည့်လည်ကျက်စား သွားလားနေထိုင်ကြကုန်သော လူ တိရစ္ဆာန်စသော သတ္တဝါတို့သည် သတ္တဝါဟူသော အခြင်းအရာကို ပယ်စွန့်၍ ဓာတ်ကြီးလေးပါးတို့၏ အပေါင်းအစု၏ အစွမ်းဖြင့်သာလျှင် ထင်လာကုန်၏။ ထို လူ တိရစ္ဆာန်စသော သတ္တဝါတို့သည် ပြုလုပ်နေကြသော အပြုအမူအရာဟူသမျှတို့သည် ဓာတ်ကြီးလေးပါးဖြင့်ပြီးသော ယန္တရားစက်ဖြင့် ဖြစ်စေအပ်သော အပြုအမူအရာတို့သည်သာ ဖြစ်ကုန်၍ ထင်လာ၏။ ထိုလူ တိရစ္ဆာန်စသည် တို့သည် စားမျိုအပ်သော သောက်ဖွယ်အဖျော် စားဘွယ်ဘောဇဉ်စသည်သည် ဓာတ်ကြီးလေးပါး အပေါင်းအစု၌ ထည့်သွင်းထားအပ်သော ဓာတ်ကြီး လေးပါး အပေါင်းအစုကဲ့သို့ ထင်လာပေသည်။ (မဟာဋီ၊၁၊၄၃၄-၄၃၅။)</p> <h3>၆။ အနုပဋ္ဌာနမုဉ္ဇနတော = မထင်ရှားသော ဓာတ်အချို့ကို လွှတ်ထားနိုင်သည်</h3> <p>၁။ <b>ပထဝီဓာတ်</b>၏ ----- <b>မာ-ကြမ်း-လေး-ပျော-ချော-ပေါ့-သဘော</b>,</p> <p>၂။ <b>အာပေါဓာတ်</b>၏ ----- <b>ယိုစီး-ဖွဲစည်းသဘော</b>,</p> <p>၃။ <b>တေဇောဓာတ်</b>၏ ----- <b>ပူ-အေး-သဘော</b>,</p> <p>၄။ <b>ဝါယောဓာတ်</b>၏ ----- <b>ထောက်ကန်-တွန်းကန်သဘော</b> -----</p> <p>ဤသို့လျှင် ဓာတ်သဘောတရား (၁၂)မျိုး ရှိရာ ယခုကဲ့သို့ သမာဓိကို ထူထောင်နေခိုက်ဝယ် သမာဓိလည်း အတော်အသင့် ဖြစ်လာသောအခါ ရံခါ အချို့သော သဘောတရားများသည် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ မထင်မရှား ဖြစ်လာတတ်ကြသဖြင့် ငြိမ်သက်မှု သမာဓိကို ရရှိအောင် ဦးစားပေး၍ သမာဓိကို ထူထောင်နေခိုက် ဖြစ်ရကား မထင်ရှားသော ဓာတ်သဘောတရားများကို လိုက်၍ တစ်ဖန် ရှာဖွေနေရပါက သမာဓိပျက်ပြားသွားတတ်သဖြင့် မထင်မရှားသော ဓာတ်သဘောတရားများကို လွှတ်၍ ထင်ရှားသော ဓာတ်သဘောတရားများ၌သာ အာရုံစိုက်ကာ <b>ဓာတ်ကမ္မဋ္ဌာန်း</b>ကို နှလုံးသွင်းရမည် ဖြစ်သည်။ <b>ပထဝီဓာတ်</b>၌ ထင်ရှားရာ ဓာတ်သဘောတရား တစ်မျိုးမျိုး, <b>အာပေါဓာတ်</b>၌ ထင်ရှားရာ ဓာတ်သဘောတရား တစ်မျိုးမျိုး, <b>တေဇောဓာတ်</b>၌ ထင်ရှားရာ ဓာတ်သဘောတရား တစ်မျိုးမျိုး, <b>ဝါယောဓာတ်</b>၌ ထင်ရှားရာ ဓာတ်သဘောတရား တစ်မျိုးမျိုးကို အာရုံယူ၍ <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b>ဟု ကြိမ်ဖန်များစွာ နှလုံးသွင်းနေပါ။ ဓာတ်ကြီးလေးပါးတို့တွင် ဓာတ်တစ်မျိုးတစ်မျိုး၌ အနည်းဆုံး သဘောတရားတစ်မျိုးကား ထင်ရှားရမည်သာ ဖြစ်သည်။ ထို ဓာတ်သဘောတရားမှာ လည်း အောက်တွင် အမှတ်(၇)အဖြစ် ဖော်ပြလတ္တံ့သော <b>လက္ခဏတော</b> ဟူသော အင်္ဂါရပ်နှင့် အညီ <b>သဘာဝလက္ခဏာ</b>သာ ဖြစ်သင့်ပေသည်။ သို့မှသာလျှင် <b>ဓာတုမနသိကာရပဗ္ဗ</b>၌ ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b>ဟု ကြိမ်ဖန်များစွာ ရှုနိုင်မည်ဖြစ်သည်။ ဤသည်မှာလည်း ဓာတ်ကြီးလေးပါးအာရုံ၌ သမာဓိ ငြိမ်သက်နေခိုက်ကိုသာ အထူသဖြင့် ရည်ရွယ်၍ သတ်မှတ်လိုက်သော စည်းကမ်းတစ်ခုဟု မှတ်ပါ။ သို့သော် အားလုံးသော ဓာတ်သဘောတရားများသည် ထင်ရှားနေကြလျှင်ကား ပို၍ ကောင်းသည်သာ ဖြစ်ပါသည်။</p> <h3>၇။ လက္ခဏတော = သဘာဝလက္ခကိုသာ ဦးစားပေးရှုပါ</h3> <p>၁။ <b>ပထဝီဓာတ်</b>၏ <b>ကက္ခဠတ္တလက္ခဏာ</b> = <b>မာ-မှု</b> သဘောလက္ခဏာ,</p> <p>၂။ <b>အာပေါဓာတ်</b>၏ <b>ပဂ္ဃရဏလက္ခဏာ</b> = <b>ယိုစီး-မှု</b> သဘောလက္ခဏာ,</p> <p>၃။ <b>တေဇောဓာတ်</b>၏ <b>ဥဏှတ္တလက္ခဏာ</b> = <b>ပူ-မှု</b> သဘောလက္ခဏာ,</p> <p>၄။ <b>ဝါယောဓာတ်</b>၏ <b>ဝိတ္ထမ္ဘနလက္ခဏာ</b> = <b>ထောက်ကန်-မှု</b> သဘောလက္ခ ဏာ -----</p> <p>ဤသဘောလက္ခဏာအာရုံပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားလျက် ယင်း<b>သဘာဝလက္ခဏာ</b>ကိုပင် စိုက်စိုက်စူးစူး အထူးမြဲမြံစွာ ရှုပွားပါ။</p> <p>ဤ ညွှန်ကြားချက်ကား အထက်တွင် တင်ပြထားသော သဘောတရား (၁၂)မျိုးတို့ကို အာရုံပြု၍ <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b>ဟု ကြိမ်ဖန်များစွာ ရှုပွား၍နေပါသော်လည်း, စိတ်ငြိမ်ဝပ်မှု သမာဓိလည်း ရှိတန်သလောက် ရှိငြားသော်လည်း <b>ဥပစာရသမာဓိ</b>နယ်မြေသို့ မရောက်နိုင် ဖြစ်နေသော် <b>မာမှု, ယိုစီးမှု, ပူမှု, ထောက်ကန်မှု</b> ဟူသော <b>သဘာဝလက္ခဏာ</b> သက်သက်မျှကိုသာ အာရုံပြု၍ ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b>ဟု ကာလအရာ ကာလအထောင် ကာလအသိန်းတိုင်အောင် ရှုပွားနေရန် ညွှန်ကြားချက်ဖြစ်ပေသည်။ ထိုသို့ <b>မာ-ယို-ပူ-ထောက်</b>-ဟူသော <b>သဘာဝလက္ခဏာ</b>ကိုသာ ဦးစားပေး၍ ရှုနေပါက ယင်း<b>သဘာဝလက္ခဏာအာရုံ</b>၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေတတ်ပေသည်။ နာရီဝက် မိနစ်လေးဆယ် စသည်ဖြင့် ဓာတ်လေးပါးအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်လာသော် ----- မည်သို့ မည်ပုံ ရှုပါက စိတ်တည်ကြည်မှု သမာဓိသည် ဖြစ်ပေါ်လာတတ်သည် -----ဟူသော သမာဓိဖြစ်ကြောင်း ရှုပုံ အခြင်းအရာ = သမာဓိဖြစ်ကြောင်း နိမိတ်ကို မှတ်သား၍ ထိုနည်းအတိုင်း ဆက်လက်၍ ရှုပွားပါ။</p> <p>ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်သည် တစ်နာရီ ငြိမ်ဝပ်စွာ ကပ်၍ တည်နေပါစေ ။ ပ ။ နှစ်နာရီ ငြိမ်ဝပ်စွာ ကပ်၍ တည်နေပါစေ -----</p> <p>ဤသို့ စသည်ဖြင့် အချိန်ကို ပိုင်းခြားကန့်သတ်၍ အဓိဋ္ဌာန်ပြုကာ ထိုင်ကြည့်ပါ။ အောင်မြင်မှုကို ရရှိလာတတ်ပါသည်။ ယေဘုယျအားဖြင့် ယောဂီအများစုတို့၌ တစ်နာရီလောက် (၁၀)ကြိမ်လောက် ဆက်တိုက် ဓာတ်လေးပါးအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်လာသော် <b>ဥပစာရသမာဓိ</b>နယ်မြေသို့ ဆိုက်ရောက်သွားတတ်ပါသည်။</p> <p>ထိုသို့ ကြိုးစားအားထုတ်ပါလျက် ထိုယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏--- အဖန်ဖန်အထပ်ထပ် မှီဝဲခြင်းတည်ဟူသော = <b>အာသေဝနပစ္စည်း</b> အကြောင်းအထောက်အပံ့ကို ရရှိ၍နေသော ဘာဝနာစိတ်သည် -----</p> <p>၁။ အလွန်ကြိုးစားအားထုတ်အပ်သော လုံ့လ<b>ဝီရိယ</b> ရှိသည်၏အဖြစ်ကြောင့် ဝီရိယလွန်၍ <b>ဥဒ္ဓစ္စ</b>ဖြစ်ကာ စိတ် ပျံ့လွင့်နေသဖြင့်လည်းကောင်း,</p> <p>၂။ အလွန် တွန့်ဆုတ်သော ဝီရိယရှိသည်၏အဖြစ်ကြောင့် ဝီရိယလျော့၍ ပျင်းရိခြင်း (= <b>ကောသဇ္ဇ</b>) ဖြစ်ကာ စိတ်ဓာတ်သည် ဘာဝနာအာရုံမှ တွန့်ဆုတ်နေသဖြင့်လည်းကောင်း -----</p> <p><b>ဥပစာရသမာဓိ</b>ဟူသော ဘာဝနာလမ်းကြောင်းပေါ်သို့ အကယ်၍ မသက်ရောက်သည်ဖြစ်အံ့ -----</p> <p>၈။ အဓိစိတ္တသုတ္တန်</p> <p>၉။ အနုတ္တရသီတိဘာဝသုတ္တန်</p> <p>၁၀။ ဗောဇ္ဈင်င်္ဂသုတ္တန်</p> <p>ဤသုတ္တန်သုံးမျိုး၌ လာရှိသော နည်းလမ်းဖြင့် <b>ဝီရိယ</b>နှင့် <b>သမာဓိ</b>ကို ညီမျှမှု ရှိအောင် ယှဉ်စေမှုကို ပြုထိုက်ပေ၏။ (မဟာဋီ၊၁၊၄၃၅။)</p> <h3>၈။ အဓိစိတ္တသုတ္တန်</h3> <p>ဤသုတ္တန်ကား <b>အင်္ဂုတ္တရနိကာယ ပထမတွဲ တိကနိပါတ် လောဏကပလ္လဝဂ်</b>၌ <b>နိမိတ္တသုတ္တန်</b>ဟူသော အမည်ဖြင့် လာရှိပေသည်။ ထိုသုတ္တန်မြန်မာပြန်ကို ဤတွင် ဖော်ပြအပ်ပါသည်။</p> <p>ရဟန်းတို့ ... လွန်မြတ်သော <b>သမထဘာဝနာစိတ် ဝိပဿနာစိတ်</b>ကို အဖန်ဖန် အားထုတ်သော ယောဂါဝစရရဟန်းသည် <b>သမာဓိ</b>ဖြစ်ကြောင်း <b>သမထနိမိတ်, ဝိပဿနာဉာဏ်</b>ဖြစ်ကြောင်း <b>ဝိပဿနာနိမိတ်</b>ဟူသော အကြောင်းတရား သုံးမျိုးတို့ကို ရံဖန်ရံခါ နှလုံးသွင်းအပ်ကုန်၏</p> <p>၁။ ရံဖန်ရံခါ <b>သမာဓိ</b>ဟူသော အကြောင်းနိမိတ်ကို = <b>သမာဓိ</b>ဖြစ်ကြောင်းတရားကို နှလုံးသွင်းအပ်၏။</p> <p>၂။ ရံဖန်ရံခါ <b>ဝီရိယ</b>ဟူသော အကြောင်းနိမိတ်ကို = <b>ဝီရိယ</b>ဖြစ်ကြောင်းတရားကို နှလုံးသွင်းအပ်၏။</p> <p>၃။ ရံဖန်ရံခါ <b>ဥပေက္ခာ</b>ဟူသော အကြောင်းနိမိတ်ကို = <b>ဥပေက္ခာ</b>ဖြစ်ကြောင်းတရားကို နှလုံးသွင်းအပ်၏။</p> <p>ရဟန်းတို့ ...လွန်မြတ်သော <b>သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်</b>ကို အဖန်ဖန် အားထုတ်သော ယောဂါဝစရရဟန်းသည် <b>သမာဓိ</b>ဟူသော အကြောင်းနိမိတ်ကိုသာလျှင် (= <b>သမာဓိ</b>ဖြစ်ကြောင်း တရားကိုသာလျှင်) တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထို<b>သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်</b>သည် ပျင်းရိရာသော အကြောင်း ရှိ၏။ (၁)</p> <p>ရဟန်းတို့ ... လွန်မြတ်သော <b>သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်</b>ကို အဖန်ဖန် အားထုတ်သော ယောဂါဝစရရဟန်းသည် အားထုတ် ခြင်း (= <b>ဝီရိယ</b>)ဟူသော အကြောင်းနိမိတ်ကိုသာလျှင် (= <b>ဝီရိယ</b>ဖြစ်ကြောင်းတရားကိုသာလျှင်) တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထို<b>သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်</b>သည် ပျံ့လွင့်ခြင်း (= <b>ဥဒ္ဓစ္စ</b>) ဖြစ်ရာသော အကြောင်း ရှိ၏။ (၂)</p> <p>ရဟန်းတို့ ... လွန်မြတ်သော <b>သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်</b>ကို အဖန်ဖန်အားထုတ်သော ယောဂါဝစရရဟန်းသည် <b>ဥပေက္ခာ</b>ဟူသော အကြောင်းနိမိတ်ကိုသာလျှင် (= <b>ဥပေက္ခာ</b>ဖြစ်ကြောင်း တရားကိုသာလျှင်) တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထို<b>သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်</b>သည် <b>အာသဝေါတရား</b>တို့ ကုန်ရန် ကောင်းစွာ မတည်ကြည်ရာသော အကြောင်း ရှိ၏။ (၃)</p> <p>ရဟန်းတို့ ... လွန်မြတ်သော <b>သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်</b>ကို အဖန်ဖန် အားထုတ်သော ယောဂါဝစရရဟန်းသည် -----</p> <p>၁။ ရံဖန်ရံခါ <b>သမာဓိ</b>ဟူသော အကြောင်းနိမိတ်ကို = <b>သမာဓိ</b>ဖြစ်ကြောင်း တရားကို နှလုံးသွင်း၍,</p> <p>၂။ ရံဖန်ရံခါ <b>ဝီရိယ</b>ဟူသော အကြောင်းနိမိတ်ကို = <b>ဝီရိယ</b>ဖြစ်ကြောင်းတရားကို နှလုံးသွင်းပြီးလျှင်,</p> <p>၃။ ရံဖန်ရံခါ <b>ဥပေက္ခာ</b>ဟူသော အကြောင်းနိမိတ်ကို = <b>ဥပေက္ခာ</b>ဖြစ်ကြောင်းတရားကို နှလုံးသွင်းသောအခါ ဘာဝနာစိတ်သည် -----</p> <p>၁။ နူးညံ့ခြင်းသည်လည်းကောင်း,</p> <p>၂။ <b>သမထဘာဝနာ</b>လုပ်ငန်း <b>ဝိပဿနာဘာဝနာ</b>လုပ်ငန်း၌ ပြုလုပ်ရန် အသင့်ဖြစ်နေခြင်း သင့်လျော်ခြင်းသည်လည်းကောင်း,</p> <p>၃။ ပြိုးပြိုးပြက်ပြက် အရောင် တလက်လက် ထွက်ခြင်းသည်လည်းကောင်း ဖြစ်ပေါ်လာ၏။</p> <p>၄။ ပျက်စီးခြင်း သဘောလည်း မရှိ။</p> <p>၅။ <b>အာသဝေါတရား</b>တို့ကုန်ရန် = <b>အရဟတ္တမဂ်ဉာဏ်</b>အလို့ငှာ စိတ်သည် ကောင်းစွာ တည်ကြည်နေ၏။</p> <p>ရဟန်းတို့ ... ဥပမာသော်ကား ရွှေပန်းထိမ်သည်သည်လည်းကောင်း, ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း မီးကျီးဖိုကို ပြုစီရင်ပြီးလျှင် မီးကျီးဖိုဝကို မီးတိုက်လျက် ညှပ်ဖြင့် ရွှေကိုယူ၍ မီးကျီးဖိုဝ၌ (မိုက်လုံတွင်) ထည့်ထားပြီးလျှင် ရံဖန်ရံခါ မီးဖြင့် မှုတ်ပေး၏၊ ရံဖန်ရံခါ ရေဖြင့် ဆွတ်ဖျန်း ပေး၏၊ ရံဖန်ရံခါ လျစ်လျူရှု၏။ ရဟန်းတို့ ... ရွှေပန်းထိမ်သည်သည်လည်းကောင်း, ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ထိုရွှေကို အစဉ်တစိုက် မီးဖြင့် မှုတ်နေငြားအံ့၊ ထိုရွှေသည် ပူလောင်ရာသော အကြောင်း ရှိ၏။ (၁)</p> <p>ရဟန်းတို့ ... ရွှေပန်းထိမ်သည်သည်လည်းကောင်း, ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ထိုရွှေကို အစဉ်တစိုက် ရေဖြင့် ဆွတ်ဖျန်းပေးနေငြားအံ့၊ ထိုရွှေသည် ငြိမ်းအေးရာသော အကြောင်း ရှိ၏။ (၂)</p> <p>ရဟန်းတို့ ... ရွှေပန်းထိမ်သည်သည်လည်းကောင်း, ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ထိုရွှေကို အစဉ်တစိုက် လျစ်လျူရှုနေငြားအံ့၊ ထိုရွှေသည် ကောင်းစွာ ရင့်ကျက်ခြင်းသို့ မရောက်ရာသော အကြောင်း ရှိ၏။ (၃)</p> <p>ရဟန်းတို့ ... ရွှေပန်းထိမ်သည်သည်လည်းကောင်း, ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ထိုရွှေကို ရံဖန်ရံခါ မီးဖြင့် မှုတ်ပေး၍ ရံဖန်ရံခါ ရေဖြင့် ဆွတ်ဖျန်းပေးပြီးလျှင် ရံဖန်ရံခါ လျစ်လျူရှုသောအခါ ထိုရွှေသည် နူးညံ့ခြင်းသည်လည်းကောင်း, ထိုထို လက်ဝတ်တန်ဆာစသည်ကို ပြုလုပ်ရန် သင့်လျော်ခြင်းသည်လည်းကောင်း, ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် ထွက်ခြင်းသည်လည်ကောင်း ဖြစ်ပေါ်လာ၏၊ ပျက်စီးခြင်း သဘောလည်း မရှိ၊ အလုပ်ခွင်သို့လည်း ကောင်းစွာ ရောက်၏။ ရွှေပြားဖြင့်ဖြစ်စေ, နားတောင်းဖြင့်ဖြစ်စေ, လည်ရွဲတန်ဆာဖြင့်ဖြစ်စေ, ရွှေပန်းခိုင်ဖြင့်ဖြစ်စေ တစ်စုံတစ်ခုသော တန်ဆာအထူးဖြင့် အလိုရှိခဲ့မူ ထိုသူ၏ ထိုအလိုရှိရာ အကျိုးကိုလည်း ပြီးစေ၏။</p> <p>ရဟန်းတို့ ... ဤဥပမာအတူသာလျှင် လွန်မြတ်သော <b>သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်</b>ကို အဖန်ဖန်အားထုတ်သော ယောဂါဝစရရဟန်းသည် <b>သမာဓိ</b>ဖြစ်ကြောင်း <b>သမထနိမိတ်, ဝိပဿနာဉာဏ်</b>ဖြစ်ကြောင်း <b>ဝိပဿနာနိမိတ်</b>ဟူသော အကြောင်းတရားသုံးမျိုးတို့ကို ရံဖန်ရံခါ နှလုံးသွင်အပ်ကုန်၏ ။ ပ ။</p> <p>၅။ <b>အာသဝေါတရား</b>တို့ ကုန်ရန် <b>အရဟတ္တမဂ်ဉာဏ်</b>အလို့ငှာ စိတ်သည် ကောင်းစွာ တည်ကြည်နေ၏။</p> <p>ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တစ်စုံတစ်ခုသော တရားကို ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုရန် စိတ်ကို ရှေးရှူညွတ်စေ၏။ ရှေးရှေးဘဝက ဖြည့်ကျင့်ခဲ့သော <b>ပါရမီ</b>ကြောင်းတရားနှင့် ယခုဘဝ၌ ဖြည့်ဆည်းပူးအပ်သော <b>အဘိညာဏ်</b>၏ အခြေခံပါဒကဖြစ်သော <b>စျာန်</b>စသော အကြောင်းတရားသည် ထင်ရှားရှိလတ်သော် ထိုထိုအရာ၌ပင်လျှင် သက်သေ ထိုက်သည်၏အဖြစ်သို့ (<b>ဣဒ္ဓိဝိဓ အဘိဉာဏ်</b>စသည်, <b>ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်</b>စသည်သို့)လည်း ရောက်ရှိနိုင်၏။</p> <p>ငါသည် များပြားသော <b>တန်းခိုးဖန်ဆင်းခြင်း</b>ကို ခံစားလို၏။ ပ ။ (<b>အဘိညာဏ်</b>ခြောက်ပါးတို့ကို အကျယ်ချဲ့အပ်ကုန်၏။)</p> <p><b>အာသဝေါတရား</b>တို့ ကုန်ခန်းခြင်းကြောင့် <b>အာသဝေါတရား</b>တို့ မရှိသော <b>ကိလေသာ</b>တို့မှ လွတ်မြောက်သော <b>စေတောဝိမုတ္တိ ပညာဝိမုတ္တိ</b>ဖြစ်သော <b>အရဟတ္တဖိုလ်</b>ကို မျက်မှောက်သောကိုယ်၏ အဖြစ်၌ပင်လျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ပြည့်စုံကပ်ရောက်၍ နေလို၏----- ဟု ထိုသူသည် အကယ်၍ အလိုရှိခဲ့လျှင် (အခြေခံ) အကြောင်းတရား ရှိလတ်သော် ထိုထို အလိုရှိရာ၌ပင်လျှင် သက်သေထိုက်သည်၏အဖြစ်သို့ (<b>ဣဒ္ဓိဝိဓဉာဏ်</b>စသည့် <b>ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်</b>စသည်သို့) ရောက်ရှိနိုင်၏ဟု မိန့်တော်မူ၏။ (အံ့၊၁၊၅၂၈-၂၆၀။)</p> <p>ဤကား <b>အဓိစိတ္တသုတ္တန်</b>တည်း။</p> <h3>၉။ အနုတ္တရသီတိဘာဝသုတ္တန်</h3> <p>ဤသုတ္တန်ကား အင်္ဂုတ္တရနိကာယ ဆက္ကနိပါတ် ဒုတိယပဏ္ဏာသ သီတိဝဂ်၌ သီတိဘာဝသုတ္တန် အမည်ဖြင့် လာရှိပေသည်။ ထိုသုတ္တန်၏ မြန်မာပြန်မှာ အောက်ပါအတိုင်း ဖြစ်၏။</p> <p>ရဟန်တို့ ... တရား(၆)မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အတုမဲ့ အေးချမ်းသည့် အဖြစ်ဟူသော နိဗ္ဗာန်ကို မျက်မှောက်ပြုရန် မထိုက်တန်ပေ။ အဘယ် (၆)မျိုးတို့နည်း ဟူမူ -----</p> <p>ရဟန်းတို့ ... ဤသာသနာတော်၌ ရဟန်းသည် -----</p> <p>၁။ စိတ်ဓာတ်ကို နှိမ့်ချသင့် (=နှိပ်ကွပ်သင့်)သောအခါ စိတ်ဓာတ်ကို မနှိမ့်ချ (မနှိပ်ကွပ်)။</p> <p>၂။ စိတ်ဓာတ်ကို ချီးမြှောက်သင့်သော အခါ၌ (=စိတ်ဓာတ်ကို မြှင့်တင်ပေးသင့်သော အခါ၌) စိတ်ဓာတ်ကို မချီးမြှောက် (=စိတ်ဓာတ်ကို မြှင်တင်မပေး)။</p> <p>၃။ စိတ်ဓာတ်ကို ရွှင်လန်းတတ်ကြွစေသင့်သော အခါ၌ စိတ်ဓာတ်ကို မရွှင်လန်း မတတ်ကြွစေ။</p> <p>၄။ စိတ်ဓာတ်ကို လျစ်လျူရှုသင့်သော အခါ၌ စိတ်ဓာတ်ကို လျစ်လျူမရှု။</p> <p>၅။ <b>ဟီနာဓိမုတ္တိက</b> = နှလုံးသွင်းလည်း ယုတ်ညံ့၏။</p> <p>၆။ <b>သက္ကာယာဘိရတ</b> = ခန္ဓာငါးပါး သက္ကာယတရား၌လည်း မွေ့လျော်၏။</p> <p>ရဟန်တို့ ...ဤတရား (၆)မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အတုမဲ့ အေးချမ်းသည့်အဖြစ်ဟူသော နိဗ္ဗာန်ကို မျက်မှောက်ပြုရန် မထိုက်တန်ပေ။</p> <p>ရဟန်တို့ ... တရား (၆)မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အတုမဲ့ အေးချမ်းသည့်အဖြစ်ဟူသော နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ထိုက်တန်ပေ၏။အဘယ် (၆)မျိုးတို့နည်း ဟူမူ -----</p> <p>ရဟန်တို့ ... ဤသာသနာတော်၌ ရဟန်းသည် -----</p> <p>၁။ စိတ်ဓာတ်ကို နှိမ့်ချသင့် (နှိပ်ကွပ်သင့်)သောအခါ၌ စိတ်ဓာတ်ကို နှိမ့်ချ၏ (=နှိပ်ကွပ်၏။)</p> <p>၂။ စိတ်ဓာတ်ကို ချီးမြှောက်သင့်သော အခါ၌ စိတ်ဓာတ်ကို ချီးမြှောက်၏ = စိတ်ဓာတ်ကို မြှင့်တင်ပေးသင့်သော အခါ၌ စိတ်ဓာတ်ကို မြှင့်တင်ပေး၏။</p> <p>၃။ စိတ်ဓာတ်ကို ရွှင်လန်းတတ်ကြွစေသင့်သော အခါ၌ စိတ်ဓာတ်ကို ရွှင်လန်းတက်ကြွစေ၏။</p> <p>၄။ စိတ်ဓာတ်ကို လျစ်လျူရှုသင့်သော အခါ၌ စိတ်ဓာတ်ကို လျစ်လျူရှု၏။</p> <p>၅။ <b>ပဏီတာဓိမုတ္တိက</b> = နှလုံးသွင်းလည်း မွန်မြတ်၏။</p> <p>၆။ <b>နိဗ္ဗာနာဘိရတ</b> = နိဗ္ဗာန်၌လည်း မွေ့လျော်၏။</p> <p>ရဟန်တို့ ... ဤတရား (၆)မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အတုမဲ့ အေးချမ်းသည့်အဖြစ်ဟူသော နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ထိုက်တန်ပေ၏ ----- ဟု မိန့်တော်မူ၏။ (အံ၊၂၊၃၇၉။)</p> <h3>ဆိုလိုရင်း သဘောတရား</h3> <p>၁။ လွန်စွာ ကြိုးစားအားထုတ်ခြင်းစသည့် အကြောင်းတရားတို့ကြောင့် ဝီရိယလွန်၍ စိတ်ပျံ့လွင့်မှု (= ဥဒ္ဓစ္စ) ဖြစ်ခဲ့သော် (ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို အာရုံယူကာ) သမာဓိကို ထူထောင်ခြင်းဖြင့် စိတ်ဓာတ်ကို နှိမ့်ချပေးရမည် နှိပ်ကွပ်ပေးရမည်။</p> <p>၂။ ကြိုးစားအားထုတ်မှု = ဝီရိယလျော့လွန်းခြင်းစသည့် အကြောင်းတရားတို့ကြောင့် (ဓာတ်ကြီးလေးပါးကဲ့သို့သော) ကမ္မဋ္ဌာန်းအာရုံ၌ တွန့်ဆုတ်နေသော စိတ်ဓာတ်ကို ပျင်းရိခြင်း = ကောသဇ္ဇဘေးမှ စောင့်ရှောက်ခြင်း၏ အစွမ်းဖြင့် ကြိုးစားအားထုတ်ခြင်း = ဝီရိယကို မြှင့်တင်ပေးခြင်းဖြင့် စိတ်ဓာတ်ကို ချီးမြှောက်ပေးရမည်၊ စိတ်ဓာတ်ကို မြှင့်တင်ပေးရမည်။</p> <p>၃။ (ဓာတ်ကမ္မဋ္ဌာန်း) ဘာဝနာလမ်းကြောင်းပေါ်၌ စိတ်ဓာတ်သည် အညီအမျှ ဖြစ်နေသောအခါ ထိုညီမျှနေသော စိတ်ဓာတ်ကို ပညာဖြင့် နှစ်သက်ရွှင်လန်းစေရမည် ထက်မြက်စေရမည်။ နောက်တစ်မျိုးကား (ဓာတ်ကြီးလေးပါးကို ရှုပွားသုံးသပ်နေသော) ဘာဝနာစိတ်နှင့် ယှဉ်တွဲနေသော (ဓာတ်ကြီးလေးပါးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိကို ထိုးထွင်းသိနေသော) ပညာ၏ အားနည်းမှုကြောင့်လည်းကောင်း ဥပသမသုခဟူသော ကိလေသာ ငြိမ်းအေးမှု ချမ်းသာသုခကို မရရှိခြင်းကြောင့်လည်းကောင်း (ဓာတ်ကြီးလေးပါးတည်းဟူသော) ကမ္မဋ္ဌာန်းအာရုံပေါ်၌ သာယာမှု ကင်းနေသော စိတ်ဓာတ်သည် ဘာဝနာလုပ်ငန်းခွင်၌ ပြေးဝင်မှု မရှိ ဖြစ်နေအံ့ ----- ထိုအခါမျိုး၌ ဇာတိဒုက္ခ ဇရာဒုက္ခ ဗျာဓိဒုက္ခ မရဏဒုက္ခ (=ပဋိသန္ဓေ တည်နေရမည့် ဒုက္ခ အိုရမည့် ဒုက္ခ နာရမည့်ဒုက္ခ သေရမည့်ဒုက္ခ) အပါယ်ဒုက္ခစသည့် သံဝေဂဉာဏ်၏ တည်ရာဝတ္ထုတို့ကို ဉာဏ်ဖြင့်ဆင်ခြင်၍ သမာဓိကို ပြန်လည် ထူထောင်ခြင်းဖြင့် စိတ်ဓာတ်ကို ရွှင်လန်းတတ်ကြွစေရမည်။</p> <p>၄။ အကြင်အခါ၌ကား စိတ်ဓာတ်သည် တွန့်ဆုတ်မှုလည်း မရှိ၊ ပျံ့လွင့်မှုလည်း မရှိ၊ ဓာတ်ကမ္မဋ္ဌာန်းအာရုံ၌ သာယာဖွယ်ကင်းသည်လည်း မဟုတ်၊ (ဓာတ်)ကမ္မဋ္ဌာန်းအာရုံ၌ စိတ်ဓာတ်သည် အညီအမျှ ဖြစ်နေ၏၊ ထိုအခါမျိုး၌ စိတ်ဓာတ်ကို ချီးမြှောက်ခြင်း = စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်း, စိတ်ဓာတ်ကို နှိမ့်ချခြင်း (= စိတ်ဓာတ်ကို နှိပ်ကွပ်ပေးခြင်း), စိတ်ဓာတ်ကို ရွှင်လန်းတတ်ကြွစေခြင်းတို့တွင် တစ်စုံတစ်ခုသော ဗျာပါရကိုမျှ မပြုလုပ်တော့ဘဲ အညီအမျှ ပြေးသွားနေသော အာဇာနည်မြင်းတို့အပေါ်၌ လျစ်လျူရှုနေသော ရထားထိန်းကဲ့သို့ ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွားများခြင်းဖြင့် လျစ်လျူရှုရမည်။ (အံ၊ဋ္ဌ၊၃၊၁၄၀။အံ၊ဋီ၊၃၊၁၄၆။)</p> <h3>ပဏီတာဓိမုတ္တိက</h3> <p><b>ပဏီတာဓိမုတ္တိကောတိ ပဏီတေ ဥတ္တမေ မဂ္ဂဖလေ အဓိမုတ္တော နိန္နာပေါဏပဗ္ဘာရော။</b> (အံ၊ဋီ၊၃၊၁၄၆။)</p> <p>နိဗ္ဗာနာဘိရတပုဒ်ဖြင့် နိဗ္ဗာန်တရားတော်မြတ်ကြီး၌ ညွတ်ကိုင်းရှိုင်းမှုကို ဟောကြားထားတော်မူသဖြင့် ဤပဏီတာဓိမုတ္တိကပုဒ်ဖြင့် မွန်မြတ်သော မဂ်-ဖိုလ်တရားတော်မြတ်၌ နှလုံးသွင်း ညွတ်ကိုင်းရှိုင်းမှု ဖြစ်ကြောင်းကို ဋီကာဆရာတော်က ဖွင်ဆိုထားပေသည်။ ထိုကြောင့် နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တရားတော်မြတ်တို့၌ နှလုံးသွင်း ညွတ်ကိုင်းရှိုင်းနေသော စိတ်ထားကား အမြဲတမ်း ရှိနေရမည်သာ ဖြစ်ပေသည်။</p> <p>၁၀။ ဗောဇ္ဈင်္ဂသုတ္တန် (= အဂ္ဂိသုတ္တန်) (သံ၊၃၊၉၈-၁၀၀။)</p> <p>ဤသုတ္တန်ကား မဟာဝဂ္ဂသံယုတ်ပါဠိတော် ဗောဇ္ဈင်္ဂသံယုတ် စာမျက်နှာ (၉၈-၉၉-၁၀၀။)သုတ္တန်နံပါတ် (၂၃၄)၌ အဂ္ဂိသုတ္တန်အမည်ဖြင့် လာရှိပေသည်။ ဤသုတ္တန်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ ------</p> <p>ကြိုးစားအာထုတ်မှု လုံးလဝီရိယ အလွန်လျော့နေခြင်း, ဘာဝနာလုပ်ငန်းခွင်း၌ ဝမ်းမြောက်မှု မဖြစ်ခြင်း, သံဝေဂဉာဏ် နည်းပါးခြင်းဟူသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် (ဓာတ်ကြီးလေးပါးကဲ့သို့သော) ဘာဝနာအာရုံမှ တွန့်တိုဆုတ်နစ်သော အခါ = စိတ်ဓာတ်ကျဆင်နေသော အခါ၌ ----- <b>ပဿဒ္ဓိသမ္ဗောဇ္ဈင်, သမာဓိသမ္ဗောဇ္ဈင်, ဥပေက္ခာသမ္ဗောဇ္ဈင်</b>တို့ကို ပွားများရန် အခါ မဟုတ်၊ <b>ဓမ္မဝိစယသမ္ဗောဇ္ဈင်, ဝီရိယသမ္ဗောဇ္ဈင်, ပီတိသမ္ဗောဇ္ဈင်</b>တို့ကို ပွားများရန် အခါ ဖြစ်သည်။ ယင်းဗောဇ္ဈင်မြတ်တရားသုံးပါးတို့ကို ပွားများခြင်းဖြင့် ကျဆင်းနေသော စိတ်ဓာတ်ကို မြှင့်တင်ပေးရမည်။</p> <p>ဝီရိယ လွန်ကဲနေခြင်း, (ဓာတ်ကမ္မဋ္ဌာန်းကို ပွားများနေသည့်) ဘာဝနာမှု၌ ဝမ်းမြောက်မှု များနေခြင်း, သံဝေဂဉာဏ် အဖြစ်များနေခြင်းစသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် (ဓာတ်ကြီးလေးပါးအာရုံမှ ပြင်ပအာရုံ အမျိုးမျိုးသို့) ပျံ့လွင့်နေသောအခါ၌ (= စိတ်ဓာတ် တတ်ကြွတုန်လှုပ်နေသော အခါ၌) <b>ဓမ္မဝိစယသမ္ဗောဇ္ဈင် ဝီရိယသမ္ဗောဇ္ဈင် ပီတိသမ္ဗောဇ္ဈင်</b>တရားတို့ကို ပွားများရန် အခါ မဟုတ်၊ <b>ပဿဒ္ဓိသမ္ဗောဇ္ဈင်, သမာဓိသမ္ဗောဇ္ဈင်, ဥပေက္ခာသမ္ဗောဇ္ဈင်</b>တို့ကို ပွားများရန် အခါ ဖြစ်သည်။ ယင်းဗောဇ္ဈင်မြတ်တရားသုံးပါးတို့ကို ပွားများခြင်းဖြင့် တက်ကြွတုန်လှုပ် မြင့်မောက်နေသော စိတ်ဓာတ်ကို နှိပ်ကွပ်ပေးရမည်။</p> <p>ဤဓာတ်ကြီးလေးပါးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိကို အာရုံယူ၍ ဗောဇ္ဈင်မြတ်တရား ခုနစ်ပါးတို့ကို ညီမျှအောင် ကျင့်ရမည် ဖြစ်ပေသည်။ အထူးသဖြင့် အထက်ပါ နိမိတ္တသုတ္တန်, အနုတ္တရသီတိဘာဝသုတ္တန်, အဂ္ဂိသုတ္တန်ဟူသော ဤသုတ္တန်သုံးမျိုးတို့၌ လာရှိသော ဘုရားရှင်၏ ညွှန်ကြားထားတော်မူချက်များအတိုင်း ဝီရိယနှင့် သမာဓိကို ညီမျှအောင် ကျင့်ရမည် ဖြစ်ပေသည်။</p> <h3>ဣရိယာပထနှင့် သမ္ပဇည ရှုကွက်</h3> <p><b>ယံ ကိဉ္စိ ကမ္မဋ္ဌာနံ သတဿ သမ္ပဇာနေဿဝ သမ္ပဇ္ဇတိ။</b> (ဝိသုဒ္ဓိ၊၁၊၂၇၆)</p> <p>ကမ္မဋ္ဌာန်းမှန်သမျှသည် သတိသမ္ပဇဉ်ဉာဏ်ယှဉ်မှသာလျှင် ပြည့်စုံနိုင်သည့် သဘောရှိ၏။ သို့အတွက် ဤသမထအပိုင်းတွင် ဣရိယာပထရှုကွက်များလည်း အထူးလိုအပ်လာပြီ ဖြစ်ပေသည်။ အာနာပါနဖြင့် သမာဓိကို ထူထောင်ခိုက်၌ကား ဂေါစရသမ္ပဇဉ်နှင့် ပြည့်စုံရေးအတွက် သွား-ရပ်-ထိုင်-လျောင်း-ဟူသော ဣရိယာပထပိုင်းနှင့် ရှေ့သို့တက်ရာ နောက်သို့ဆုတ်ရာစသည့် သမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တို့၌ အာနာပါနကမ္မဋ္ဌာန်းကိုပင် မလွတ်တမ်း ရှုပွားနေပါ။ အဖြူရောင် ဩဒါတကသိုဏ်းစသည့် ထိုထို ကသိုဏ်းတို့ကို ပွားများအားထုတ်ခိုက်၌လည်း အလာတူပင် မိမိရှုပွားနေသည့် ကသိုဏ်းပညတ်အာရုံကိုပင် ထိုထို ဣရိယာပုထ်အခိုက် သမ္ပဇဉ်အခိုက်တို့၌ ရှုပွားနေပါ။ ရုပ်နာမ်ကို ပရမတ်သို့ဆိုက်အောင် ဟုတ်တိုင်မှန်စွာ ထိုထွင်းသိတတ် သည့် အသမ္မောဟသမ္ပဇဉ်ဉာဏ်နှင့် မပြည့်စုံသေးသည့်အတွက် = အသမ္မောဟသမ္ပဇဉ်ဉာဏ် မရရှိသေးသည့်အတွက် ဂေါစရသမ္ပဇဉ်နှင့် ပြည့်စုံအောင် ကြိုးပမ်းရခြင်း ဖြစ်ပေသည်။ မိမိပွားများနေသည့် သမထကမ္မဋ္ဌာန်းအာရုံ၌ မိမိ၏ ဘာဝနာစိတ်ကို ကျင်လည်ကျက်စားခွင့် ပေးထားခြင်းကို ဂေါစရသမ္ပဇဉ်ဟု ဆိုသည်။</p> <p>အာနာပါနကမ္မဋ္ဌာန်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည့်တိုင်အောင် အောင်မြင်စွာ သမာဓိကို ထူထောင်နိုင်ပြီးသည့်အတွက် သို့မဟုတ် ကသိုဏ်းဆယ်ပါး သမာပတ်ရှစ်ပါးတို့ကို အောင်အောင်မြင်မြင် ပွားများထားပြီးသည့်အတွက် ဂေါစရသမ္ပဇဉ်နှင့် ပြည့်စုံပြီးဖြစ်ရာ ယခုအခါ၌ ယခုရှုပွားနေသည့် အပိုင်းကား ဓာတ်ကြီးလေးပါးကို နှလုံးသွင်း ရှုပွားနေသည့် ဓာတုမနသိကာရပဗ္ဗပိုင်းပင် ဖြစ်သည် = ဓာတ်ကြီးလေးပါးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိ သဘာဝလက္ခဏာကို အာရုံယူ၍ ဥပစာရသမာဓိဆိုက်ရေးကို ရည်မြှော်ကာ သမာဓိကို ထူထောင်နေခိုက်သာ ဖြစ်ပေသည်။</p> <p>သို့အတွက် ထိုင်ခိုက်၌ ဓာတ်သဘောတရား တစ်မျိုးမျှကိုသာ ရှုနိုင်သေးပါက သွား-ရပ်-ထိုင်-လျောင်း-ဟူသော ဣရိယာပထပိုင်းနှင့်, ရှေ့သို့တက်ရာ, နောက်သို့ဆုတ်ရာ, တည့်တည့်ကြည့်ရာ, ခေါင်းငဲ့ကြည်ရာ, ကွေးရာ, ဆန့်ရာ, ဒုကုဋ် သပိတ် သင်္ကန်းကို ကိုင်ဆောင်ရာ, စားရာ, သောက်ရာ, ခဲရာ, လျက်ရာ, ကျင်ကြီးစွန့်ရာ, ကျင်ငယ်စွန့်ရာစသည့် သမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တို့၌လည်း ဓာတ်သဘောတရား တစ်မျိုးကိုပင် ရှုနေပါ။ ဓာတ်သဘောတရား နှစ်မျိုး သုံးမျိုးစသည်ကို ရှုနိုင်ရာ၌လည်း နည်းတူပင် ရှုပါ။</p> <p>အကယ်၍ တဖြည်းဖြည်း တိုးတက်လာသဖြင့် ထိုင်ခိုက်၌ ဓာတ်လေးပါးလုံးကိုပင် ရှုနိုင်ပါက ဣရိယာပထပိုင်းဆိုင်ရာ သမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တို့၌လည်း ဓာတ်ကြီးလေးပါးကိုပင် ရှုနေပါ။ သို့မှသာလျှင် သတိသမ္ပဇဉ်တရားတို့ ပိုမို၍ အားကောင်းလာမည် ဖြစ်ပေသည်။ သတိသမ္ပဇဉ်တရားတို့ အားကောင်းမောင်းသန်လာသောအခါ ရှေးသတိနှင့် နောက်သတိတို့ ဆက်စပ်မှု မျာပြားလာသောအခါ သမ္ပဇဉ်ဉာဏ် (ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်း သိမြင်နေသောဉာဏ်)ကလည်း စွမ်းအင်ပြည့်ဝလာသောအခါ သမာဓိစွမ်းအင်သည် ပိုမို၍ စူးရှထက်မြက်လာမည် ဖြစ်သည်။ ရှေးရှေးသော ဘာဝနာစိတ်၏ အာသေဝနပစ္စည်းဖြင့် ကျေးဇူးပြုပေမှု အရှိန်အဝါသတ္တိကို ဆက်ခံရသော နောက်နောက်သော ဘာဝနာစိတ်သည် ထက်မြက်ရဲရင့်သန့်ရှင်းလာကာ စွမ်းအင်များ ပြည့်ဝလာမည် ဖြစ်သည်။</p> <h3>သဘာဝလက္ခဏာကို ဦးစားပေး၍ သမာဓိကို ဆက်လက်ထူထောင်ပါ</h3> <p>ရှေးပိုင်းတွင် တင်ပြခဲ့သည်အတိုင်း မိမိရရှိထားပြီးသည့် စတုတ္ထစျာန် သမာဓိတို့တွင် မိမိနှစ်ခြိုက်ရာ တစ်မျိုးမျိုးသော သမာဓိကို တရားထိုင်တိုင်း ပြန်လည်၍ ထူထောင်ပါ။ ထိုစတုတ္ထစျာန်သမာဓိကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်များသည် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ထိုစတုတ္ထစျာန်မှ ထ၍ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို သိမ်းဆည်းပါ။ မာ-ယို-ပူ-ထောက်-ဟူသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို ဦးစားပေးကာ အာရုံယူ၍ သမာဓိကို ဆက်လက် ထူထောင်ပါ။ ယင်း သဘာဝလက္ခဏာ အသီးအသီးကိုပင် အာရုံယူ၍ -----<b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b> -----ဟု ကြိမ်ဖန်များစွာ ရှုနေပါ။ ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။ ဣန္ဒြေငါးပါး ညီမျှအောင်, ဗောဇ္ဈင်ခုနစ်ပါး ညီမျှအောင်, အထူးသဖြင့် ဝီရိယနှင့် သမာဓိကို ညီမျှအောင် လေ့ကျင့်ပါ။ ဤသို့ လေ့ကျင့်ခဲ့သော် ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်လာတတ်ပါသည်။ ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်သည် တစ်နာရီခန့် ကပ်ငြိမ်နေပါစေ၊ နှစ်နာရီခန့် ကပ်ငြိမ်နေပါစေ-စသည်ဖြင့် အဓိဋ္ဌာန်ပြု၍ ထိုင်ပါ။ သမာဓိစွမ်းအင် အားကောင်းလာသောအခါ ခန္ဓာကိုယ်ကြီး ပျောက်ကွယ်၍ ဓာတ်ကြီးလေးပါး အစုအပုံ အတုံးအခဲကြီးကိုသာ ဉာဏ်ဖြင့် တွေ့ရှိနေမည် ဖြစ်ပေသည်။ ထိုအခါ၌ ယင်းဓာတ်ကြီးလေးပါးကိုပင် အာရုံယူကာ သမာဓိကို ခိုင်ခံ့အောင် ဆက်လက်ထူထောင်ပါ။</p> <h3>ဥပစာရစျာန်သမာဓိ</h3> <p><b>တေဿဝံ ဝါယမမာနဿ နစိရေနေဝ ဓာတုပ္ပဘေဒါဝဘာသနပညာပရိဂ္ဂဟိတော သဘာဝဓမ္မာရမ္မဏတ္တာ အပ္ပနံ အပ္ပတ္တော ဥပစာရမတ္တော သမာဓိ ဥပ္ပဇ္ဇတိ။</b> (ဝိသုဒ္ဓိ၊၁၊၃၄၇။)</p> <p><b>ဧဝံ ပန ဝီရိယသမတံ ယောဇေတွာ တသ္မိံယေဝ လက္ခဏေ မနသိကာရံ ပဝတ္တေန္တဿ ယဒါ သဒ္ဓါဒီနံ ဣန္ဒြိယာနိ လဒ္ဓသမတာနိ သုဝိသဒါနိ ပဝတ္တန္တိ၊ တဒါ အသဒ္ဓိယာဒီနံ ဒူရီဘာဝေန သာတိသယံ ထာမပ္ပတ္တေဟိ သတ္တဟိ ဗလေဟိ လဒ္ဓူပတ္ထမ္ဘာနိ ဝိတက္ကာဒီနိ စျာနင်္ဂါနိ ပဋုတရာနိ ဟုတွာ ပါတုဘဝန္တိ၊ တေသံ ဥဇုဝိပစ္စနီကတာယ နီဝရဏာနိ ဝိက္ခမ္ဘိတာနိယေဝ ဟောန္တိ သဒ္ဓိံ တဒေကဋ္ဌေဟိ ပါပဓမ္မေဟိ။ ဧတ္တာဝတာ ဓာနေန ဥပစာရဇ္ဈာနံ သမဓိဂတံ ဟောတိ ဓာတုလက္ခဏာရမ္မဏံ။ တေန ဝုတ္တံ ပုနပ္ပုနံ ပထဝီဓာတု အာပေါဓာတု ။ပ။ ဥပစာရမတ္တော သမာဓိ ဥပ္ပဇ္ဇတီတိ။</b> (မဟာဋီ၊၁၊၄၃၅။)</p> <p>ဤအထက်ပါ အဋ္ဌကထာဋီကာတို့၏ ဆိုလိုရင်သဘောတရားမှာ ဤသို့ ဖြစ်၏။ -----</p> <p>ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို ဟုတ်တိုင်းမှန်စွာသိအောင် ကြိုးစားအားထုတ်ခြင်း ဝီရိယ, ယင်းဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အာရုံပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်၍ တည်နေအောင် ကြိုးစားအားထုတ်ခြင်း ဝီရိယနှင့် ယင်းဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာကပ်၍ တည်နေမှုဟူသော သမာဓိသည် ရှိ၏။ ဤဝီရိယနှင့် သမာဓိနှစ်ပါးကို ညီမျှအောင် ယှဉ်စေဖြစ်စေ၍ ထိုဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ပင်လျှင် နှလုံးသွင်မှု မနသိကာရကို ကြိမ်ဖန်များစွာ ဖြစ်စေတတ်သော ယောဂါဝစရ ရဟန်းတော်၏ သန္တာန်ဝယ် အကြင်အခါ၌ -----</p> <p>၁။ ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာကို အာရုံယူ၍ သမာဓိကို ထူထောင်နေသော ယင်းအာရုံ၌ ငြိမ်ဝပ်စွာကပ်၍ တည်နေသော သမာဓိသိက္ခာ = သမာဓိကျင့်စဉ်နှင့် ယင်းဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာကို ထိုးထွင်း သိနေသော ပညာသိက္ခာ = ပညာကျင့်စဉ်ဖြစ်သော ဓာတ်ကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းရပ်၌ ယုံကြည်မှု သဒ္ဓါတရားတည်းဟူသော <b>သဒ္ဓိန္ဒြေ</b>၊</p> <p>၂။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံကို သိအောင် ကြိုးစားအားထုတ်မှု, အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအားထုတ်မှု ဝီရိယတည်းဟူသော <b>ဝီရိယိန္ဒြေ</b>,</p> <p>၃။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အာရုံကိုသာ ထပ်ကာ ထပ်ကာ သိမ်းဆည်းခြင်း အမှတ်ရခြင်း သတိတရား တည်းဟူသော <b>သတိန္ဒြေ</b>,</p> <p>၄။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံပေါ်၌ စိတ်တည်ငြိမ်နေမှု သမာဓိတရားတည်းဟူသော <b>သမာဓိန္ဒြေ</b>,</p> <p>၅။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ခွဲခြားစိတ် ဖြာ၍ ထွင်းဖောက်သိမြင်ခြင်း ပညာတရားတည်းဟူသော <b>ပညိန္ဒြေ</b>,</p> <p>ဤဣန္ဒြေငါးပါးတို့သည် တစ်ပါးက တစ်ပါးကို မလွန်ဘဲ ရအပ်သော ညီမျှမှု ရှိကုန်၏၊ ကောင်းစွာ သန့်ရှင်းကုန်၏။ ထိုအခါ၌ မယုံကြည်ခြင်း, ပျင်းရိခြင်း, သတိမေ့လျော့ခြင်း, စိတ်ပျံ့လွင့်ခြင်း, ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းမသိခြင်း, တွေဝေခြင်းစသော ဆန့်ကျင်ဘက်တရားတို့၏ ဝေးကွာသည်၏ အဖြစ်ကြောင့် အလွန်အကဲ အားကောင်းခြင်းသို့ ရောက်ရှိလာကုန်သော အားအစွမ်းနှင့် ပြည့်စုံကုန်သော-----</p> <p>၁။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို အောက်မေ့ အမှတ်ရနေသော အဖန်ဖန်အထပ်ထပ် သိမ်းဆည်းနေခြင်း <b>သတိသမ္ဗောဇ္ဈင်း</b>,</p> <p>၂။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို စူးစမ်းဆင်ခြင် ရှုပွားသုံးသပ်နေသော ထိုးထိုးထွင်းထွင်း သိနေခြင်း <b>ဓမ္မဝိစယသမ္ဗောဇ္ဈင်</b>,</p> <p>၃။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်နှင့် တကွသော သမ္ပယုတ်တရားစုတို့ ဖြစ်ပေါ်လာအောင် အထူးသဖြင့် စိတ်ငြိမ်ဝပ်စွာ ကပ်၍ တည်နေမှု သမာဓိ ဖြစ်အောင် ကြိုးစားအားထုတ်နေခြင်း <b>ဝီရိယသမ္ဗောဇ္ဈင်</b>,</p> <p>၄။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်၏ ကြည်ရွှင်ဝမ်းမြောက်ခြင်း <b>ပီတိသမ္ဗောဇ္ဈင်</b>,</p> <p>၅။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ် စေတသိက်တို့၏ ငြိမ်းအေးနေခြင်း <b>ပဿဒ္ဓိသမ္ဗောဇ္ဈင်</b>,</p> <p>၆။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍ တည်နေခြင်း <b>သမာဓိသမ္ဗောဇ္ဈင်</b>,</p> <p>၇။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်ကို တက်ကြွခြင်း တွန့်ဆုတ်ခြင်းဘက်သို့ မရောက်အောင် အညီအမျှ ထားခြင်း <b>ဥပေက္ခာသမ္ဗောဇ္ဈင်</b> -----</p> <p>ဤဗောဇ္ဈင်ခုနစ်ပါး စွမ်းအားကြီးခုနစ်ရပ်တို့သည် အားပေးထောက်ပံ့အပ်ကုန်သည်ဖြစ်၍ ထိုစွမ်းအားကြီးခုနစ်ရပ် ခွန်အားကြီး ခုနစ်မျိုးတို့၏ အားပေးထောက်ပံ့မှုကို ရရှိကုန်သည်ဖြစ်၍ -----</p> <p>၁။ <b>ဝိတက်</b> = ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အာရုံပေါ်သို့ စိတ်ကို ရှေးရှူ တင်ပေးခြင်းသဘော,</p> <p>၂။ <b>ဝိစာရ</b> = ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံကို ထပ် ကာထပ်ကာ သုံးသပ် ဆင်ခြင်ခြင်းသဘော,</p> <p>၃။ <b>ပီတိ</b> = ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံကို နှစ် သက်ခြင်းသဘော,</p> <p>၄။ <b>သုခ</b> = ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၏ အရ သာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော,</p> <p>၅။ <b>ဧကဂ္ဂတာ</b> = ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ တစ်ခု တည်းပေါ်သို့ စိတ် ကျရောက် တည်ငြိမ်နေခြင်းသဘော ဟူသော -----</p> <p>ဤစျာန်အင်္ဂါငါးပါးတို့သည် အထူး ထက်မြက်ကုန်သည်ဖြစ်၍ ထင်ရှားလာကုန်၏။</p> <p>၁။ ကာမဂုဏ်တို့၌ လိုလားတောင့်တမှု ကာမရာဂတည်းဟူသော <b>ကာမစ္ဆန္ဒနီဝရဏ</b>,</p> <p>၂။ သတ္တဝါသင်္ခါရတို့ အပေါ်၌ ဖျက်ဆီးလိုသော ပျက်စီးစေလိုသော စိတ် ခက်ထန်ကြမ်းတမ်းမှု ဒေါသတည်းဟူသော <b>ဗျာပါဒနီဝရဏ</b>,</p> <p>၃။ စိတ်စေတသိက်တို့၏ ထိုင်းမှိုင်းမှုတည်းဟူသော <b>ထိနမိဒ္ဓနီဝရဏ</b>,</p> <p>၄။ စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စ, (ခ) ပြုပြီးအကုသိုလ်တရား ဒုစရိုက်တရား, မပြုလိုက်မိသော မကျင့်လိုက်မိသော ကုသိုလ်တရား သုစရိုက်တရားတို့၌ နောင်တတစ်ဖန် ပူပန်မှု ကုက္ကုစ္စတရား, အထူးသဖြင့် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်၌ အောင်မြင်မှု အပြည့်အဝ မရရှိသဖြင့် ပူပန်မှု ကုက္ကုစ္စတရား တည်းဟူသော ----- <b>ဥဒ္ဓစ္စ+ကုက္ကုစ္စနီဝရဏ</b>,</p> <p>၅။ ဓာတ်ကမ္မဋ္ဌာန်းလမ်းမှ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို အာရုံယူ၍ ထူထောင်ထားအပ်သော သဒိသူပစာရအားဖြင့် ဥပစာရသမာဓိအမည်ရသော သမာဓိသိက္ခာ = သမာဓိကျင့်စဉ်နှင့် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို ထွင်းဖောက် သိမြင်သော ပညာသိက္ခာ = ပညာကျင့်စဉ်တို့၌ သို့လော သို့လော တွေးတောယုံမှာခြင်း <b>ဝိစိကိစ္ဆာနီဝရဏ</b>တည်းဟူသော -----</p> <p>ဘာဝနာစိတ်အစဉ်ကို ဘာဝနာလမ်းကြောင်းပေါ်သို့ မရောက်အောင် တားမြစ်ပိတ်ပင်တတ်ကုန်သော ဤနီဝရဏတရားငါးပါးတို့ကိုကား ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါငါးပါးတို့နှင့် တိုက်ရိုက် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်သောကြောင့် စျာန်အင်္ဂါများသည် အလွန်ထက်မြက်စူးရှ ထင်ရှားလာသောအခါ နီဝရဏတရားတို့သည် ခွါအပ်သည်သာလျှင် ဖြစ်ကုန်၏၊ ကွာကျသွားကြကုန်၏။ နီဝရဏတရားတို့သာမက ထိုနီဝရဏတရားတို့နှင့် တူသော တည်ရာ ရှိကြကုန်သော ပြိုင်တူ ယှဉ်တွဲဖြစ်ဖက် အကုသိုလ်တရားတို့ကိုလည်း ခွါထားအပ်သည်သာ ဖြစ်ကုန်၏။ ဤမျှသော အတိုင်းအရှည်ဖြင့် ဤယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာလျှင် အာရုံရှိသော ဥပစာရစျာန်ကို ကောင်းစွာရအပ်သည် ဖြစ်ပေသည်။ ထိုကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၁၊၃၄၇။)၌ ဤသို့ ဖွင့်ဆိုထားပေသည် -----ကာလအရာ ကာအထောင် ကာလအသိန်းတိုင်အောင် အကြိမ်ကြိမ် အဖန်ဖန် <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b>ဟူ၍ ဓာတ်သဘောမျှအားဖြင့် သတ္တဝါမဟုတ်သောအားဖြင့် ဇီဝအတ္တမဟုတ်သောအားဖြင့် -----</p> <p>၁။ ဆင်ခြင်အပ်၏ = ကောင်းစွာ အဖန်ဖန်တလဲလဲ နှလုံးသို့ ဆောင်အပ်၏။</p> <p>၂။ နှလုံးသွင်းအပ်၏ = အဖန်တလဲလဲ ပွားစေသောအားဖြင့် ဓာတ်၏ သဘာဝလက္ခဏာကို နှလုံး၌ ထားအပ်၏။</p> <p>၃။ အသီးအသီး တစ်လုံးစီ တစ်လုံးစီကို စူးစူးစိုက်စိုက် ရှုအပ်၏ = ဓာတ်၏ သဘာဝလက္ခဏာကိုပင် ဘာဝနာဖြင့်ပြီးသော ဉာဏ်စက္ခုဖြင့် အဆင့်ဆင့် ထပ်ကာထပ်ကာ ဆင်ခြင်သောအားဖြင့် ရှုအပ်၏။</p> <p>ဤဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့် အားထုတ်သော ဘာဝနာမှု၌ ကောင်းစွာ ယှဉ်စပ်တတ်သော ထိုယောဂါဝစရ ရဟန်းတော်၏ သန္တာန်၌ မကြာမြင့်မီ အချိန်ကာလ အတွင်းမှာပင်လျှင် <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b>တို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အထူးအပြားကို ကွဲကွဲပြားပြား ထင်စေတတ် လင်းစေတတ်သော ပညာ, ဆီမီးကဲ့သို့ ထွန်းလင်းပြခြင်းကိစ္စရှိသောပညာဖြင့် ထက်ဝန်းကျင်မှ သိမ်းဆည်းထားအပ်သော နက်နဲသော ပရမတ္ထဓမ္မ သဘာဝသတ္တိ သဘာဝဓမ္မလျှင် အာရုံရှိသည်၏ အဖြစ်ကြောင့် အပ္ပနာခေါ် မဟဂ္ဂုတ်စျာန်သို့ မရောက်သော (= အပ္ပနာသမာဓိ) အဆင့်သို့ မရောက်သော ဥပစာရမျှသာဖြစ်သော သိခါပတ္တ = အထွတ်အထိပ်သို့ ရောက်သော ကာမာဝစရသမာဓိသည် ဖြစ်ပေါ်လာ၏။ ----- ဟု ဤသို့ ဖွင့်ဆိုထားခြင်း ဖြစ်ပေသည်။ ဤကား အထက်ပါ အဋ္ဌကထာဋီကာစကားရပ်တို့၏ ဆိုလိုရင်းဖြစ်ပါသည်။ (ဝိသုဒ္ဓိ၊၁၊၃၄၇။ မဟာဋီ၊၁၊၄၃၅။)</p> <h3>ထပ်မံ ရှင်းလင်းတင်ပြချက်</h3> <p>အထက်ပါ စကားရပ်ဖြင့်ပင် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်မှ ဥပစာရသမာဓိသို့ ဆိုက်ရောက်သွားပုံကို သဘောပေါက်နိုင်သော ယောဂါဝစရပုဂ္ဂိုလ်မြတ်များလည်း ရှိကြမည် ဖြစ်ပါသည်။ သဘောမပေါက်နိုင်သေးသော ယောဂါဝစရပုဂ္ဂိုလ်မြတ်များလည်း ရှိကောင်းရှိကြမည် ဖြစ်ပါသည်။ သဘောမပေါက်နိုင်သေးသူတို့အတွက် အနည်းငယ် ထပ်မံ၍ ရှင်းလင်းတင်ပြအပ်ပါသည်။</p> <p>အထက်ပါအတိုင်း ရူပကာယတစ်ခုလုံးကို ခြုံငုံ၍ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို အာရုံယူ၍ <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b>ဟု ကြိမ်ဖန်များစွာ ရှုနေသောအခါ သဒ္ဓါနှင့် ပညာ, ဝီရိယနှင့် သမာဓိကို ညီမျှအောင် သတိဖြင့် ထိန်းလျက် ရှုပွားရမည် ဖြစ်ပေသည်။</p> <p>အထူးသဖြင့် ဓာတ်ကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းရပ်၌ ယုံကြည်ချက် သဒ္ဓါတရားက အားမကောင်းဘဲ သာဝကတို့သည် ရုပ်ကလာပ်တို့ကို ရှုလို့ရနိုင်ပါ့မလား? ရုပ်ပရမတ်တရားတို့ကို ရှုလို့ ရနိုင်ပါ့မလား? ဤသို့ စသည်ဖြင့် သို့လော သို့လော တွေးတောလျက် စမ်းတဝါးဝါး ဖြစ်နေလျှင်လည်းကောင်း, သမာဓိကို တကယ်တမ်း ထူထောင်ရမည့် အချိန်ဝယ် ဝေဖန်ရေးသမား လုပ်နေလျှင်လည်းကောင်း သဒ္ဓါနှင့် ပညာတို့မှာ အားပျော့နေမည်သာ ဖြစ်၏။ ဓာတ်ကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းရပ်၌ ယုံကြည်ချက် သဒ္ဓါတရား ခိုင်ခံ့ဖို့ အားကောင်းဖို့ စွမ်းအင်ပြည့်ဝစုံညီဖို့လည်း အလွန်လိုအပ်သည်သာ ဖြစ်၏။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို လင်းလင်းထင်ထင် ထိုးထိုးထွင်းထွင်း သိမြင်တတ်သည့် ပညာခွန်အားလည်း အလွန်အားကောင်းဖို့ ပညာစွမ်းအင် စုံညီပြည့်ဝဖို့လည်း အလွန်လိုအပ်သည်သာ ဖြစ်ပါသည်။ သဒ္ဓါလွန်၍ ပညာအားပျော့နေလျှင်သော်လည်းကောင်း, ပညာလွန်၍ သဒ္ဓါအားပျော့နေလျှင်သော်လည်းကောင်း ဥပစာရသမာဓိနယ်မြေသို့ ဆိုက်ရောက်ဖို့အရေးမှာ အလွန် အလှမ်းဝေးလျက်ပင် ရှိနေဦးမည် ဖြစ်သည်။</p> <p>တစ်ဖန် ဝီရိယနှင့် သမာဓိလည်း ညီမျှဖို့ လိုအပ်သည်သာ ဖြစ်ပေသည်။ ဓာတ်ကြီးလေးပါတို့၏ သဘာဝလက္ခဏာ အသီးအသီးကို သိအောင်, ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအသီးအသီးအာရုံပေါ်၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍ တည်နေမှု သမာဓိဖြစ်အောင် ကြိုးစားအားထုတ်မှု <b>ကာယိကဝီရိယ စေတသိကဝီရိယ</b> နှစ်မျိုးလည်း လိုအပ်သည်သာ ဖြစ်၏။ ဝီရိယလျော့လွန်းက ပျင်းရိမှု ကောသဇ္ဇဘက်သို့ ယိုင်လဲသွားတတ်၍ ဘာဝနာလုပ်ငန်းရပ်မှ စိတ်ဓာတ်သည် တွန့်ဆုတ်သွားမည် ဖြစ်၏။ ဝီရိယလွန်ပြန်ကလည်း စိတ်ပျံ့လွင့်တတ်၍ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာတည်းဟူသော ဘာဝနာအာရုံမှ ပြင်ပအာရုံသို့ စိတ်ရောက်နေသဖြင့် စိတ်တည်ငြိမ်မှု သမာဓိကို မရနိုင် ဖြစ်တတ်၏။</p> <p>တစ်ခါတစ်ရံ လွန်ကဲနေသော ဝီရိယကို လျော့ချကာ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အာရုံပေါ်၌ ဘာဝနာစိတ်ကို ခပ်လျော့လျော့ထား၍ စိုက်ထားပါက စိတ်သည် တည်ငြိမ်နေတတ်၏။ ထိုသို့ တည်ငြိမ်နေသော အခါ၌ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို သိလျက် ငြိမ်နေပါက ကောင်းမြတ်သည်သာ ဖြစ်၏။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထင်ထင်ရှားရှား ကွဲွကွဲပြားပြား မသိဘဲ သိသလိုလို မသိသလိုလိုဖြင့် ငြိမ်နေပါက <b>ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာ သမ္ဗောဇ္ဈင်</b>များ လွန်ကဲနေပြီ ဖြစ်၏။ ထိုသို့ <b>ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာသမ္ဗောဇ္ဈင်</b>တရားများက လွန်ကဲလာသော် <b>ဓမ္မဝိစယ-ဝီရိယ-ပီတိသမ္ဗောဇ္ဈင်</b> တရားများကို ပွားများရမည် ဖြစ်၏။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို အမှတ်ရနေမှု = <b>သတိသမ္ဗောဇ္ဈင်</b>၏ အကူအညီဖြင့် ယင်းအာရုံကို သိအောင် ကြိုးစားအားထုတ်မှု = <b>ဝီရိယသမ္ဗောဇ္ဈင်</b>၏ အားပေးထောက်ပံ့မှုဖြင့် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို လင်းလင်းထင်ထင် သိမှု= <b>ဓမ္မဝိစယသမ္ဗောဇ္ဈင်</b> ဖြစ်အောင် ကြိုးစားရမည် ဖြစ်၏။ ဘာဝနာလုပ်ငန်းရပ်၌ နှစ်သက်ဝမ်းမြောက်မှု = <b>ပီတိသမ္ဗောဇ္ဈင်</b>ဖြစ်အောင် ကြိုးစားရမည် ဖြစ်၏၊ အထက်တွင် ဖော်ပြခဲ့သော <b>အဓိစိတ္တသုတ္တန်, အနုတ္တရသိတိဘာဝသုတ္တန်, ဗောဇ္ဈင်္ဂသုတ္တန်</b>တို့ကား ဤအချိန်အခါမျိုးတွင် အသုံးချရတော့မည် ဖြစ်သည်။ ထိုအပိုင်းကို ပြန်လည် ဖတ်ရှုပါ။ ဣန္ဒြေငါးပါး ညီမျှအောင်, ဗောဇ္ဈင်ခုနှစ်ပါး ညီမျှအောင် ကြိုးစားပါ။</p> <p>တစ်ခါတစ်ရံ ဝီရိယလွန်ကဲခြင်းစသော အကြောင်းတရားတို့ကြောင့် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အာရုံပေါ်၌ ဘာဝနာစိတ်သည် ကောင်းစွာမတည်ဘဲ ပျံ့လွင့်နေသည်ဖြစ်အံ့၊ ထိုအခါမျိုး၌ <b>ဓမ္မဝိစယ- ဝီရိယ- ပီတိ- သမ္ဗောဇ္ဈင်</b>တရားများကို မပွားများသေးဘဲ <b>ပဿဒ္ဓိ- သမာဓိ- ဥပက္ခာသမ္ဗောဇ္ဈင်</b>တရားများကို ဖြစ်ပေါ်လာအောင် အားကောင်းလားအောင် ပွားများပေးရ၏။</p> <p>တစ်ခါတစ်ရံ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထိုးထွင်းလျက် လင်းလင်းထင်ထင် သိမြင်တတ်သော ပညာလုံ့လပယောဂ၏ အားနည်းမှုကြောင့်ဖြစ်စေ, စိတ်ငြိမ်းအေးမှု = <b>ဥပသမသုခ</b>ကို မရရှိခြင်းကြောင့်ဖြစ်စေ ဓာတ်ကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းရပ်၌ စိတ်သည် သာယာမှု ကင်းနေ၏၊ ထိုအခါမျိုး၌ သံဝေဂဝတ္ထုတို့ကို ဆင်ခြင်ခြင်းဖြင့် စိတ်ကို ထိတ်လန့်စေအပ်၏၊ ရတနာသုံးပါးတို့၏ဂုဏ်ကို ပွားများခြင်းဖြင့် စိတ်ကို ကြည်လင်စေအပ်၏။ ဤအခါမျိုးတွင် အထူးသဖြင့် <b>မရဏာနုဿတိကမ္မဋ္ဌာန်း ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း</b>များကို စီးဖြန်းရမည် ဖြစ်ပါသည်။ သို့အတွက် <b>မေတ္တာ, ဗုဒ္ဓါနုဿတိ, မရဏာနုဿတိ, အသုဘ</b>ဟူသော အစောင့်လေးပါးဟု ခေါ်ဆိုအပ်သော <b>စတုရာရက္ခကမ္မဋ္ဌာန်း</b>များကို ယောဂါဝစစရပုဂ္ဂိုလ်သည် ကြိုတင်၍ အောင်မြင်စွာ ပွားများထားပြီး ဖြစ်သင့်ပေသည်။ အရေးကြုံက သက်လုံကောင်းရမည် ဖြစ်ပေသည်။</p> <p>အကြင်အခါ၌ကား ဤသို့ ဆိုအပ်ခဲ့ပြီးသည်အတိုင်း <b>ဣန္ဒြေငါးပါး ဗောဇ္ဈင်ခုနှစ်ပါး</b>တို့ကို ညီမျှအောင် ကျင့်နိုင်သဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဘာဝနာစိတ်သည် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံမှ တွန့်ဆုတ်မှုလည်း မရှိ၊ ပျံ့လွင့်မှုလည်း မရှိ၊ ပွားများအားထုတ်၍ ကောင်းသဖြင့် စိတ်ငြိမ်းအေးမှု ဥပသမသုခကို ရရှိခြင်းကြောင့် ဘာဝနာလုပ်ငန်းခွင်၌ သာယာမှုရှိနေ၏၊ ဘာဝနာစိတ်သည် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အာရုံ၌ အညီအမျှ ဖြစ်နေ၏၊ စိတ်တည်ငြိမ်မှု ငြိမ်းအေးမှု သမထလမ်းကြောင်းပေါ်သို့ ကျရောက်နေ၏၊ ထိုအခါမျိုး၌ကား ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထား၍ ငြိမ်ဝပ်အောင် စိုက်ရှု၍ ဓာတ်ကြီးလေးပါး အာရုံနှင့် ပတ်သက်၍ ကြောင့်ကြမှု တောင့်တမှု မပြုတော့ဘဲ အညီအမျှ လျစ်လျူသဘောအားဖြင့် ရှုနေပါ။ ရှေး<b>အာနာပါနဿတိသမာဓိ</b>ပိုင်းတွင် အကျယ်ဖော်ပြထားခဲ့သော ဣန္ဒြေနှင့် ဗောဇ္ဈင်တရားများကို ညီမျှအောင် ကျင့်ပုံနည်းစနစ်များကို နည်းမှီ၍ <b>ဣန္ဒြေငါးပါး</b>နှင့် <b>ဗောဇ္ဈင်ခုနှစ်ပါး</b>တို့ကို ညီမျှအောင် ကျင့်ပါလေ။</p> <h3>ဘဝင်ကျနေတတ်ပါသည်</h3> <p>ဥပစာရသမာဓိနယ်မြေသို့ ဆိုက်ရောက်စ ယခုကဲ့သို့သော အချိန်မျိုးတွင်လည်း သတိဝီရိယစသည့် ဗောဇ္ဈင်တရားများ၏ လျော့လျော့ရဲရဲ ရှိမှုကြောင့် တစ်ခါတစ်ရံ အချို့သော ယောဂါဝစရပုဂ္ဂိုလ်များ၏ သန္တာန်များဝယ် ဘဝင်ကျနေတတ်ပါသည်။ ထိုအခါမျိုးတွင် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံကို မရှုမိတော့ဘဲ ကျော်လွန်သွားတတ်၏။ ယောဂါဝစရပုဂ္ဂိုလ် အများစုကတော့ ဘာမျှ မသိဘဲ ငြိမ်နေသည်ဟုလည်းကောင်း, ဘာမျှမသိဘဲ လစ်လစ်နေသည်ဟုလည်းကောင်း ပြောဆိုတတ်ကြ၏။ ထိုဘဝင်စိတ်သည် မိမိရှုပွားနေသည့် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို အာရုံမပြုဘဲ အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နဇော ယူခဲ့သော အာရုံကိုပင် ဆက်လက်အာရုံယူတတ်သော အာရုံယူနေသော စိတ်ဖြစ်သဖြင့် ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် ဘာမျှမသိဘဲ ငြိမ်နေသည်ဟုလည်းကောင်း, ဘာမျှမသိဘဲ လစ်လစ်နေသည်ဟုလည်းကောင်း ထင်မြင်ခြင်း ဖြစ်၏။ ဤအချိန်မျိုး၌ကား ဘဝင်စိတ်က အတိတ် မရဏာသန္နဇော၏ အာရုံကို အာရုံပြုနေသည် သိနေသည်ဟူသော အချက်ကို ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် သိဖို့ရန်မှာ အခက်ခဲများစွာ ရှိနေသေးသော အချိန်ပင် ဖြစ်ပါသည်။ <b>ပစ္စယပရိဂ္ဂဟဉာဏ်</b>ပိုင်းသို့ ရောက်ရှိပါမှ အတိအကျ သဘောပေါက်နိုင်မည် ဖြစ်သည်။</p> <p>ဤကဲ့သို့ ဘဝင်အကျများနေပါက <b>သတိသမ္ဗောဇ္ဈင်</b>၏ အကူအညီဖြင့် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ <b>ဓမ္မဝိစယ-ဝီရိယ-ပီတိသမ္ဗောဇ္ဈင်</b>တရာများ ထင်ထင်ရှားရှား ဖြစ်ပေါ်လာအောင် ရှေ့ဦးစွာ ကြိုးပမ်းပါ။ ထိုနောင် ဣန္ဒြေနှင့် ဗောဇ္ဈင်များကို ညီမျှအောင် ဆက်လက် ကြိုးစားပါ။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံပေါ်၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်အောင် ကပ်ထားပါ။ ဘာဝနာစိတ်သည် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံပေါ်၌သာ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော် ထို သမာဓိကို သာ ခိုင်ခံ့အောင် ဆက်လက်၍ ထူထောင်ပါ။</p> <h3>ရှေ့ပြေးအမှတ်အသားများ</h3> <p>ဘာဝနာစိတ်သည် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အာရုံပေါ်၌သာ ငြိမ်ဝပ်စွာ ကပ်၍ တည်နေခဲ့သော်, သမာဓိကလည်း ခိုင်ခံ့လာသော်, ထိုဓာတ်လေးပါးအာရုံ၌ တစ်နာရီ နှစ်နာရီစသည်ဖြင့် ဘာဝနာစိတ်ကလည်း ငြိမ်ဝပ်စွာ ကပ်၍ တည်နေခဲ့သော် ---- ထိုအခါ၌ <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b> ---- ဟုပင် စိတ်ဖြင့် မရွတ်ဆိုတော့ဘဲ ထိုသဘာဝလက္ခဏာ အသီးအသီးအာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်၍ တည်နေအောင် ကြိုးစားပါ။ ဘာဝနာစိတ်က ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကိုသာလျှင် အာရုံပြုကာ စိုက်ကြည့်နေပါ, ရှုနေပါ, ဉာဏ်မျက်စိဖြင့် စေ့စေ့ငုငု ကြည့်ရှုနေပါ။ ဓာတ်ကြီးလေးပါးလုံးသည် ဉာဏ်တွင် ပြိုင်တူတူလိုလို ထင်နေပါက ပို၍ပို၍ ကောင်းသည်သာ ဖြစ်၏။ ဓာတ်သဘောတရား အားလုံကိုပင် ခြုံ၍ ယင်း သဘောတရားတို့ အပေါ်၌သာ ဘာဝနာစိတ်ကို ကပ်ထားပါ။ ကျွမ်းကျင်၍ ကျင့်သားရသွားခဲ့သော် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံနှင့် (= သဘောတရားနှင့်) ဘာဝနာစိတ်သည် တစ်သားတည်းကဲ့သို့ ဖြစ်ကား ငြိကပ်နေပေလိမ့်မည်။ ငြိကပ်မှုစွမ်းအင်း အားကောင်းသည်နှင့်အမျှ သမာဓိသည်လည်း အားကောင်းလာမည် ဖြစ်၏။ သမာဓိ အားကောင်းလာသည်နှင့်အမျှ အရောင်အလင်းများသည်လည်း ပြိုးပြိုးပြက်ပြက် တလက်လက် ထွက်ပေါ်လာမည် ဖြစ်၏။ အချို့ သူတော်ကောင်းများ၌ ယခုကဲ့သို့ သမာဓိ အားကောင်းလာသောအခါ ခန္ဓာကိုယ်ကြီးက တဖြည်းဖြည်း ကြီးထွားလာသည်ဟု ထင်လာ တတ်၏။ ဓာတ်တို့၏ သဘာဝလက္ခဏာများ ထင်ရှားလာကြသည့် အမှတ်အသားပင် ဖြစ်သည်။ ထိုအချိန်အခါမျိုးတွင် ဗဟိဒ္ဓသို့ စိတ်ကို တစ်စတစ်စ စေလွှတ်၍ (= ဗဟိဒ္ဓလောက၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို တစ်စတစ်စ တိုးချဲ့၍ အာရုံယူကာ) ယင်းဓာတ်ကြီးလေးပါးကို ဆက်လက် ရှုပါက ရရှိနိုင်သောသဘော ရှိသည်သာ ဖြစ်၏။ ထိုကြောင့် မဟာဋီကာ၌ အောက်ပါအတိုင်း ဖွင့်ဆိုထား၏။ ----</p> <p>အကယ်၍ ဗဟိဒ္ဓလောက၌လည်း ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို နှလုံးသွင်းခြင်း <b>ဘာဝနာမနသိကာရ</b>ကို ဉာဏ်ဖြင့် ရှေးရှု ကပ်ဆောင်သည် ဖြစ်အံ့၊ ထိုသို့ ဉာဏ်ဖြင့် ရှေးရှူ ကပ်ဆောင်သည်ရှိသော် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် လှည့်လည်ကျက်စား သွားလာနေထိုင်ကြကုန်သော လူ တိရစ္ဆာန် စသည်တို့သည် သတ္တဝါဟူသော အခြင်းအရာကို စွန့်၍ ဓာတ်ကြီးလေးပါးတို့၏ အပေါင်းအစု အစွမ်းဖြင့်သာလျှင် ထင်လာကုန်၏။ ထို လူတိရစ္ဆာန်စသည်တို့သည် ပြုလုပ်အပ်သော အပြုအမူမှန်သမျှသည် ဓာတ်ကြီးလေးပါးဖြင့်ပြီးသော ယန္တရားဖြင့် ဖြစ်စေအပ်သည်ဖြစ်၍ ထင်လာ၏။ စားမျိုအပ်သော အဖျော်ယမကာနှင့် ဘောဇဉ်စသည်သည် ဓာတ်ကြီးလေးပါးတို့၏ အပေါင်းအစု၌ ထည့်သွင်းအပ်သော ဓာတ်ကြီးလေးပါးတို့၏ အပေါင်အစုကဲ့သို့ ထင်လာ၏။ (<b>မဟာဋီ၊၁၊၄၃၅။</b>)</p> <p>သို့သော် ဤအပိုင်းတွင် အဇ္ဈတ္တ၌ ဓာတ်ကြီးလေးပါးကို ရှုပွားမှု လိုရင်းကိစ္စ မပြီးသေးသဖြင့် ဗဟိဒ္ဓသို့ မရှုသေးဘဲ အဇ္ဈတ္တ၌သာ ဓာတ်ကြီးလေးပါးကိုပင် ဆက်လက်၍ ရှုပွားလိုကလည်း ရှုပွားနိုင်သည်သာ ဖြစ်သည်။ အဇ္ဈတ္တ၌ ရုပ်နာမ်တို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည်တိုင်အောင် သိမ်းဆည်းပြီးသောအခါမှ ဗဟိဒ္ဓသို့ ပြောင်းရှုလိုကလည်း ရှုနိုင်သည်သာ ဖြစ်သည်။</p> <p>အချို့သော ယောဂါဝစရပုဂ္ဂိုလ်များကား ထိုသို့ ဓာတ်များ ထင်ရှားလာသောအခါ ကြောက်လန့်လာတတ်၏။ ကြောက်လန့်ဖွယ် မလိုပါ။ တစ်ခုခု ဖြစ်လေမလားဟူသော ပူပန်မှု စိုးရိမ်မှုလည်း မဖြစ်သင့်ပေ။ ထိုအခါမျိုး၌ လွန်ကဲနေသော ဓာတ်ကို ညီမျှအောင် ပြုပြင်ပေးရမည် ဖြစ်သည်။ ဓာတ်သဘောတရား (၁၂)မျိုးလုံးကိုပင် ထိုအခါဝယ် ပြန်ရှုခြင်းက ပိုကောင်းပေသည်။</p> <p>မာ-မှုသဘော လွန်ကဲနေပါက ပျော့-မှုသဘောကို, ပျော့-မှုသဘော လွန်ကဲနေပါက မာ-မှုသဘောကို ဦးစားပေးကာ ရှုခြင်းဖြင့် ဓာတ်သဘော တရားများကို ညီမျှအောင် ပြုပြင်ပေးပါ။ အလားတူပင် ကြမ်း-ချော, လေး-ပေါ့, ယိုစီး-ဖွဲ့စည်း, ပူ-အေး, ထောက်-တွန်းတို့၌လည်း နည်းတူ သဘောပေါက်ပါ။ ဓာတ်သဘောတရား တစ်ခုခု လွန်ကဲလာပါက ထိတ်လန့်မှုစသည် ဖြစ်လာတတ်သဖြင့် သမာဓိလည်း ပျက်ပြားလာတတ်ပေသည်။ သမာဓိက အားကောင်းလာသောအခါ ဓာတ်သဘောတရားများလည်း ညီမျှနေပါက သမာဓိက စူးရှထက်မြက် တည်တံ့လာတတ်ပေသည်။</p> <p>သို့သော် အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်၌ကား ခန္ဓာကိုယ်ကို မတွေ့တော့ဘဲ ဓာတ်ကြီးလေးပါးတို့၏ အစုအပုံအဖြစ်ဖြင့်သာ ထင်လာရာက တဖြည်းဖြည်း ဓာတ်များမှာ လုံးကျစ်လျက် လာတတ်၏။ ဓာတ်ကြီးလေးပါးတို့၏ အတုံးအခဲမှာ သေးငယ်လာတတ်၏။ တစ်ကိုယ်လုံးကို ခြုံ၍ ဓာတ်ကို စိုက်မရှုဘဲ တစ်နေရာရာကို အထူးသဖြင့် ခန္ဓာကိုယ်၏ အတွင်းပိုင်းလောက်ကိုသာ ဦးစားပေး၍ ဓာတ်ကို စိုက်ရှုနေမိသော ယောဂါဝစရပုဂ္ဂိုလ်တို့၌ ဖြစ်လာတတ်သော သဘာဝတစ်မျိုးဖြစ်၏။ ထိုအချိန်အခါမျိုးတွင် ဓာတ်အတုံးအခဲ ကြီးမှု-သေးမှုကို အာရုံမယူဘဲ ဓာတ်အစုအပုံကိုသာ ဆက်လက်၍ အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်ရမည် ဖြစ်ပေသည်။</p> <p>ဤအပိုင်းတွင် ဓာတ်ကြီးလေးပါးကို အာရုံယူ၍ ထူထောင်လာသော သမာဓိမှာ အတော်အသင့် အားကောင်းလာပြီ ဖြစ်သဖြင့် စိတ်ကို စေလွှတ်မိသည့်ဘက်တွင် ဓာတ်များလည်း ထင်ရှားနေတတ်၏။ ယောဂါဝစရပုဂ္ဂိုလ်က စိတ်ကို ထိုထို ဤဤ ဘက်သို့ မစေလွှတ်မိအောင် ကြိုးစားဖို့ လိုပေသည်။ ထိုသို့ စိတ်ကို ခန္ဓာကိုယ်၏ ပြင်ပသို့တိုင်အောင် စေလွှတ်နေမိပါက စူးစမ်းဆင်ခြင်မှုတွေ များနေပါက <b>ဓမ္မဝိစယသမ္ဗောဇ္ဈင်</b>က လွန်ကဲလာသဖြင့် <b>သမာဓိသမ္ဗောဇ္ဈင်</b>စသည့် ဗောဇ္ဈင်တရားများလည်း အားနည်းလာတတ်ပေသည်။ ဤအချိန်ကား ရုပ်ကလာပ်များကို ဉာဏ်ဖြင့် မတွေ့မမြင်ခင် အပိုင်းဖြစ်၍ ရုပ်ဃန အသီးအသီးကို ဉာဏ်ဖြင့် မဖြိုခွဲနိုင်သေးသည့်အတွက် ပရမတ်နယ်သို့ ခြေစုံပစ်၍ ဝင်ရောက်မသွားသေးသော အချိန် ဖြစ်၏။ ပညတ်နယ်ကို လုံးဝ မကျော်လွှားနိုင်သေးသဖြင့် စိတ်ကို နေရာအနှံ့အပြား စေလွှတ်နေပါက ပညတ်နှင့် ရောနှောနေသော အာရုံနိမိတ်များကိုလည်း ယောဂီပုဂ္ဂိုလ်က တွေ့မြင်နေတတ်ပေသည်။ ထိုအခါ ထိုအာရုံနိမိတ်များ နောက်သို့ စိတ်က လိုက်ကြည့်နေတတ်သဖြင့် ဓာတ်သဘောတရားများကိုလည်း မရှုမိတော့သည့်အတွက် သမာဓိမှာ ပျက်ပြားသွားတတ်ပေသည်။ သို့အတွက် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကိုသာ မလွှတ်တမ်း အာရုံယူလျက် သမာဓိကိုသာ ခိုင်ခံ့အောင် ဆက်လက်၍ ထူထောင်ရမည့် အချိန်အခါသာ ဖြစ်သည်ဟု ယောဂီဘက်က သဘောပေါက် နားလည်ဖို့ အထူးလိုအပ်ပေသည်။</p> <p>ဓာတ်အတုံးအခဲ ကြီးမား ကျယ်ပြန့်လာသည်ဟု အသိဉာဏ်၌ ထင်လာသူနှင့် ဓာတ်အတုံးအခဲ သေးကွေးသွားသည်ဟု အသိဉာဏ်၌ ထင်လာသူ ယောဂီနှစ်ဦးတို့တွင် သေးသေး ကွေးကွေး အတုံးအခဲအဖြစ် ထင်လာသူ ယောဂီပုဂ္ဂိုလ်က သမာဓိ ပို၍ စူးရှသည်ကို ရံခါ တွေ့ရတတ်၏။ ကြီးမားကျယ်ပြန့်သည့် ဓာတ်အတုံးအခဲအဖြစ် ထင်သူအချို့လည်း သမာဓိ စူးရှတတ်ပါသည်။ ဓာတ်အတုံးအခဲကြီးမှု သေးမှုကို အာရုံမပြုဘဲ ဓာတ်အစုအပုံကိုသာ အာရုံပြု၍ သမာဓိကိုသာ ဆက်လက်ထူထောင်နေပါ။</p> <h3>အဖြူနှင့် အကြည်ပြင်</h3> <p><b>စက္ခာဒိပဉ္စဝိဓံ ရူပါဒီနံ ဂဟဏ ပစ္စယဘာဝေန အာဒါသတလံ ဝိယ ဝိပ္ပသန္နာတ္တာ ပသာဒရူပံ။ (ဝိသုဒ္ဓိ၊၂၊၈၁။)</b></p> <p>ဤခန္ဓာကိုယ်ဝယ်---</p> <p>၁။ <b>စက္ခုပသာဒ</b> = မျက်စိအကြည်</p> <p>၂။ <b>သောတပသာဒ</b> = နားအကြည်</p> <p>၃။ <b>ဃာနပသာဒ</b> = နှာခေါင်းအကြည်</p> <p>၄။ <b>ဇိဝှါပသာဒ</b> = လျှာအကြည်</p> <p>၅။ <b>ကာယပသာဒ</b> = ကိုယ်အကြည် ----</p> <p>ဤသို့လျှင် အကြည်ရုပ် = <b>ပသာဒရုပ်</b> (၅)မျိုး ရှိပေသည်။ ထိုငါးမျိုးသော ရုပ်သည် ရူပါရုံစသည့် ဆိုင်ရာဆိုင်ရာ အာရုံကို ရယူတတ်သော <b>စက္ခုဝိညာဏ်</b>စသည့် ဆိုင်ရာနာမ်တရားစုတို့၏ မှီရာ အကြောင်းတရားအဖြစ် ဖြစ်ပေါ်နေသော ရုပ်တရားများ ဖြစ်ကြ၏။ ယင်းငါးမျိုးသော ရုပ်သည် ကြေးမုံ မှန်အပြင်ကဲ့သို့ ကြည်လင်နေသောကြောင့် <b>ပသာဒရုပ်</b>ဟူသော အမည်ကို ရရှိပေသည်။</p> <p><b>ရူပါဘိဃာတာရဟ ဘူတပသာဒလက္ခဏံ ။ ပ ။ စက္ခု။ (ဝိသုဒ္ဓိ၊၂၊၇၄။)</b></p> <p>ရူပါရုံ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော <b>ဘူတရုပ်</b> = ဓာတ်ကြီးလေးပါးတို့ကို ကြည်လင်စေတတ်သော သဘောလက္ခဏာရှိသော ရုပ်သည် <b>စက္ခုပသာဒ</b>မည်၏။ (<b>ဝိသုဒ္ဓိ၊၂၊၇၄။</b>)</p> <p>သို့အတွက် <b>ပသာဒရုပ်</b>ဟူသည်-အဆင်း-အသံ-အနံ-အရသာ-အတွေ့အထိ-ဟူသော ဆိုင်ရာအာရုံတို့က ရှေးရှူရိုက်ခတ်သည့်အခါ <b>စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်</b>ဟူသော နာမ်တရား အသီးအသီးအား မှီရာဝတ္ထုရုပ်အဖြစ် ကျေးဇူးပြုပေးနေသော ကြေးမုံမှန်အပြင်ကဲ့သို့ ကြည်လင်နေသော <b>ဘူတရုပ်</b> (= ဓာတ်ကြီးလေးပါး)တို့၏ ကြည်လင်နေသော သဘောတရား ဖြစ်၏။</p> <p>ယင်း<b>ပသာဒရုပ်</b>တို့တွင် <b>စက္ခုပသာဒ</b>ကား မျက်စိ၌, <b>သောတပသာဒ</b>ကား နား၌, <b>ဃာနပသာဒ</b>ကား နှားခေါင်း၌, <b>ဇိဝှါပသာဒ</b>ကား လျှာ၌သာ အသီးအသီး တည်ရှိ၏။ သို့သော် <b>ကာယပသာဒ</b>ကား မျက်စိ-နား-နှာ-လျှာ-ကိုယ်-နှလုံး-ဟူသော ဒွါရခြောက်ပါးလုံး၌ ထိမှုကို သိသည့် နေရာတိုင်း၌ တည်ရှိပေသည်။ ဆိုင်ရာအာရုံတို့ ရှေးရှူရိုက်ခတ်ခြင်း ထိခိုက်ခြင်းငှာ ထိုက်သော ဓာတ်ကြီးလေးပါးတို့၏ ကြည်လင်မှုသဘောတရားသာ ဖြစ်သည်။</p> <p>ယောဂါဝစရပုဂ္ဂိုလ်က ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာကို အာရုံယူကာ ယခုကဲ့သို့ သမာဓိကို ထူထောင်နေသော အခိုက်ဝယ် သမာဓိကလည်း အရှိန်အဝါ ကောင်းမွန်လာသောအခါ <b>ဃန</b>ခေါ်သည့် ရုပ်တုံးရုပ်ခဲတို့ကို ဉာဏ်ဖြင့် မဖြိုခွဲနိုင်မီ ယင်းဓာတ်ကြီးလေးပါးတို့၏ ကြည်လင်မှု သဘောတရားဟူသော <b>ပသာဒရုပ်</b>များကို အတုံးလိုက် အခဲလိုက် တွေ့မြင်တတ်ပေသည်။</p> <p>သို့သော် ဤအဆင့်သို့ တစ်ခါမျှ မရောက်ဖူးသေးသော ယောဂါဝစရပုဂ္ဂိုလ်ဖြစ်ပါက အဖြူရောင် မီးခိုးရောင်ကဲ့သို့သော အဖြူပြင်ကြီးကို များသောအားဖြင့် စတင်၍ တွေ့ရှိတတ်ပေသည်။ ပကတိသော မှန်သည် ပင်ကိုသဘာဝအတိုင်း ကြည်လင်နေသည်ကား မှန်၏၊ သို့သော် မိုးအခါဝယ် ရံခါ ရေငွေ့များက ယင်းမှန်သို့ ကပ်နေသောအခါ မှန်၏ ကြည်လင်မှုကို မတွေ့မြင်ရသေးဘဲ ရေခိုးရေငွေ့များ ကပ်နေသည့် ဖြူရော်ရော် အရောင်အဆင်းကို တွေ့မြင်ရတတ်၏။ အလားတူပင် ယောဂါဝစရပုဂ္ဂိုလ်က ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီးကို အာရုံယူ၍ သမာဓိကို ထူထောင်လာရာ ဘာဝနာသမာဓိက ယင်းအကြည်ဓာတ် အတုံးအခဲကို ထွင်းဖောက် မြင်နိုင်လောက်အောင် အားမကောင်းသေးသည့်အခါ အဖြူရောင် မီးခိုးရောင်ကဲ့သို့သော အဖြူပြင် ကြီးကို စတင်၍ တွေ့ရှိခြင်း ဖြစ်ပေသည်။</p> <p>သို့သော် ဤအပိုင်းတွင် ယောဂီပုဂ္ဂိုလ်များသည် တစ်ဦးနှင့် တစ်ဦး စတင်တွေ့ရှိပုံ အခြင်းအရာ မတူ ထူးခြားမှု အသင့်အတင့် ရှိတတ်ပါသည်။ အချို့ ယောဂီများက အလင်းရောင်ကို စတင်၍ အသိအမှတ် ပြုမိတတ်ကြ၏။ အချို့ယောဂီများက အဖြူကို စတင်၍ အသိအမှတ် ပြုမိတတ်ကြ၏။ လင်းရောင်ခြည်စွမ်းအင် အားပျော့သော ယောဂီပုဂ္ဂိုလ်တို့က လင်းရောင်ခြည်ကို သတိမပြုမိကြဘဲ အဖြူကိုသာ စတင်၍ သတိပြုမိကြခြင်း ဖြစ်၏။ လင်းရောင်ခြည် စွမ်းအင်ကောင်းသော ယောဂီပုဂ္ဂိုလ်တို့ကား လင်းရောင်ခြည်ကို ဦးစွာ သတိပြုမိတတ်ကြ၍ အဖြူကို နောက်မှ သတိပြုမိတတ်ကြ၏။</p> <p>ထိုအဖြူမှာ ပေါ်စတွင် အချို့ယောဂီများ၌ မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ် အနည်းငယ် ရှိတတ်၏။ ယောဂီပုဂ္ဂိုလ်က ထိုအဖြူကို မကြည့်သေးဘဲ မူလ ရှုမြဲဖြစ်သည့် ဓာတ်ကြီးလေးပါးအာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ဆက်လက် ကြိုးပမ်းခဲ့သော် ထိုအဖြူမှာ ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူလာတတ်ပါသည်။ ဤအဖြူကား အကြည်ဓာတ်၏ ရှေ့ပြေးအမှတ်အသား ဖြစ်ပါသည်။ ဤအဖြူကိုလည်း နှလုံးမသွင်းသေးဘဲ မူလ ရှုမြဲဖြစ်သည့် ဓာတ်ကြီးလေးပါး အာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားခဲ့သော် ဤအဖြူပြင် အဖြူတုံးဟူသည်မှာလည်း ဓာတ်ကြီးလေးပါးတို့၏ အစုအပုံသာ ဖြစ်သည်ဟု သဘောပေါက်လာတတ်ပါသည်။</p> <p>အကယ်၍ အဖြူပြင်၌ တည်ရှိနေသော ဓာတ်ကြီးလေးပါးကို သဘောမပေါက်နိုင်သေး ဖြစ်နေခဲ့သော် ထိုအဖြူအပြင် အတုံးအခဲမှာလည်း လွယ်လွယ်နှင့် ပျောက်ပျက်မသွားဘဲ ခိုင်ခံ့လျက်သာ တည်ရှိနေခဲ့သော် တစ်ကိုယ်လုံးကို ခြုံ၍ ရှုနေကြအတိုင်း မာ-မှုသဘောကို ရှုလိုက်, အဖြူပြင်၌ မာ-မှုသဘောကို ရှုလိုက် ---- ဤသို့ ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ လေ့ကျင့်ပါများလာသော် အဖြူပြင်၌ တည်ရှိနေသော မာ-မှုသဘောကို ဉာဏ်ဖြင့် ထင်ထင်ရှားရှား တွေ့မြင်လာတတ်ပါသည်။ မာ-မှုသဘောတရားတစ်ခုကို ကျေကျေနပ်နပ် ရှု၍ ရရှိပါက ကျန်နေသေးသည့် သဘောတရား (၁၁)မျိုးကိုလည်း ဆက်လက်၍ နည်းတူ ရှုကြည့်ပါ။ အဖြူပြင်၌ <b>မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့၊ ယိုစီး-ဖွဲ့စည်း၊ ပူ-အေး၊ ထောက်-တွန်း</b> ---- ဟူသော သဘောတရား (၁၂)မျိုးလုံးကို ဉာဏ်ဖြင့် ထင်ထင်ရှားရှား တွေ့မြင်ပါက <b>ပထဝီဓာတ်-အာပေါဓာတ်-တေဇောဓာတ်-ဝါယောဓာတ်</b> ---- ဟု လေးချက် ပြောင်း၍ ရှုပါ။ ယင်းဓာတ်လေးပါးကို အာရုံယူကာ သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။</p> <p>သို့သော် ယောဂီပုဂ္ဂိုလ်အများစု၌ ထိုအဖြူမှာ ပေါ်စတွင် မခိုင်ခံ့ဘဲ ခဏပေါ်လိုက် ခဏပျောက်လိုက် ဖြစ်နေတတ်ပါသည်။ ထိုအခါ ထိုအဖြူ၏ ခိုင်ခံ့ရေးအတွက် မူလ ရှုမြဲဖြစ်သည့် ဓာတ်ကြီးလေးပါး အာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်သည်ထက် ပို၍ ငြိမ်ဝပ်စွာ ကပ်တည်နေအောင်သာ ကြိုးစားပါ။ ထိုအဖြူမှာ တည်ရှိသော ဓာတ်ကြီးလေးပါးကို ရှုလိုက်တိုင်း ဉာဏ်ဖြင့် တွေ့မြင်ခဲ့သော် ထိုအဖြူပြင် အဖြူအတုံးအခဲမှာလည်း နာရီဝက်ခန့် တစ်နာရီခန့် စသည်ဖြင့် မပျောက်ပျက်ဘဲ ခိုင်ခံ့တည်တံ့ခဲ့သော် ထိုအဖြူပြင် အဖြူအတုံးအခဲ၌ တည်ရှိနေသော ဓာတ်ကြီးလေးပါးကိုလည်း သဘောမပေါက်သေး ဖြစ်နေပါက အထက်ပါအတိုင်း ---- တစ်ကိုယ်လုံး၌ မာ-မှုသဘောကို ရှုလိုက်, အဖြူ၌ မာ-မှုသဘောကို ရှုလိုက်, တစ်ကိုယ်လုံး၌ ကြမ်း-မှုသဘောကို ရှုလိုက်, အဖြူ၌ ကြမ်း-မှုသဘောကို ရှုလိုက် ---- ဤသို့ စသည်ဖြင့် ပြောင်းရွှေ့ ရှုကြည့်ပါ။ ဓာတ်ကြီးလေးပါး (= သဘောတရား ၁၂-မျိုးလုံး)ကို ဉာဏ်နှင့် မြင်အောင် လေ့ကျင့်ပါ။ အောင်မြင်မှုကို ရရှိခဲ့သော် <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b>ကို လေးချက် ပြောင်းရှုကာ သမာဓိကို တစ်ဖန်ပြန်၍ ဆက်လက်ထူထောင်ပါ။</p> <p>ထိုအဖြူပြင် အဖြူအတုံအခဲ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို မြင်အောင် ရှုနိုင်၍ သမာဓိကိုလည်း ထူထောင်နိုင်ခဲ့သော် သမာဓိမြင့်မားလာသောအခါ ထိုအဖြူမှာ တဖြေးဖြေး ကြည်လာမည် ဖြစ်သည်။ ရေခဲတုံး ဖန်တုံး မှန်တုံးကဲ့သို့ကြည်လာမည်ဖြစ်သည်။ ထိုအကြည်ပြင် အကြည်အတုံးအခဲမှာ တည်ရှိသော ဓာတ်ကြီးလေးပါးကိုပင် မြင်အောင် ဆက်လက်သိမ်းဆည်းပါ။ ဉာဏ်ဖြင့်ပိုင်းခြားယူပါ။ ထိုအကြည်ပြင် အကြည်အတုံးအခဲ၌ တည်ရှိသော ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် သမာဓိကို ဆက်လက်ထူထောင်ပါ။ သမာဓိ၏စွမ်းအင် အားကောင်းလာ သည်နှင့်အမျှ ဉာဏ်၏စွမ်းအင် အာနုဘော်သည်လည်း ကြီးထွာလာမည် ထက်မြက် စူးရှလာမည် ဖြစ်ပေသည်။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထွင်းဖောက်သိမြင်နေသော ဉာဏ်၏ စွမ်းအင်အာနုဘော်က ကြီးမားလာသောအခါ ထက်မြက်စူးရှလာသောအခါ ရဲရင့်လာသောအခါ လင်ရောင်ခြည် စွမ်းအင်များလည်း အလွန် အားကောင်းလာမည် ဖြစ်သည်။ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် ထွက်ပေါ်လာတတ်ပါသည်။</p> <p>ထိုအရောင်အလင်းများမှာ အချို့ယောဂီများ၌ အလွန်တောက်ပ စူးရှသဖြင့် မျက်စိအကြည်ဓာတ်ကို ထိုလင်းရောင်ခြည်က လာရောက် ဟပ်နေသဖြင့် ရိုက်ခတ်နေသဖြင့် မျက်စိများ ကျိန်းနေတတ်၏။ အလွန်တောက်ပနေသော နေကို ကြည့်နေသည့်အခါကဲ့သို့ မျက်ရည်များ ထွက်လာတတ်၏။ ထိုအခါမျိုး၌ အလင်းရောင်းကို နှလုံးမသွင်းသေးဘဲ မူလ ရှုမြဲဖြစ်သည့် ဓာတ်ကြီးလေးပါးကိုပင် ဆက်လက်၍ ရှုပွားနေပါ။ လေ့ကျင့်မှု များလာသောအခါ ထိုလင်းရောင်ခြည်က စက္ခုအကြည်ဓာတ်၌ ရိုက်ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် မျက်ရည်ထွက်ခြင်း မျက်စိစူးခြင်းစသည့် ဒဏ်ချက်တို့ကို ခံနိုင်ရည်စွမ်းအင် ရှိလာမည် ဖြစ်သည်။ ဤကဲ့သို့သော လင်းရောင်ခြည်စွမ်းအင်ကိုပင် ရည်ရွယ်၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာဆရာတော်က ----</p> <p><b>ဓာတုပ္ပဘေဒါဝဘာသနပညာပရိဂ္ဂဟိတော =</b></p> <p>= ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အထူးအပြားကို မိမိ၏ ပညာအရောင်ဖြင့် ထွန်းပြခြင်း အဝဘာသနကိစ္စရှိသော ပညာဖြင့် သိမ်းဆည်းထားအပ်သော ----(<b>ဝိသုဒ္ဓိ၊၁၊၃၄၇။</b>)ဟု ----</p> <p>ဖွင့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ ဤဖွင့်ဆိုချက်ကား ရုပ်ကလာပ်များကို မြင်၍ ရုပ်ကလာပ် တစ်ခုတစ်ခု၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို သိမ်းဆည်းနိုင်သည့် အဆင့်အထိ ရည်ညွှန်းထားပေသည်။</p> <p>ဤနေရာတွင် သတိပြုရန် အချက်တစ်ခု ရှိလာပြန်၏။ အချို့ယောဂီများ၌ ဤအဖြူပြင်ကို ခန္ဓာကိုယ်၌ မတွေ့ဘဲ မျက်နှာရှေ့ဝန်းကျင် ဗဟိဒ္ဓ၌ စတင်၍ တွေ့တတ်သည်လည်း ရှိ၏။ အကယ်၍ ဗဟိဒ္ဓ၌ အဖြူကို စ၍တွေ့ခဲ့သော် ထိုအဖြူကို မကြည့်ဘဲ ထိုအဖြူ၌ ဓာတ်လေးပါးကို မရှုဘဲ မိမိမူလ ရှုမြဲဖြစ်သည့် မိမိ ခန္ဓာအိမ်၌သာလျှင် ဓာတ်ကြီးလေးပါးကို ဆက်၍ ရှုနေပါ။ မိမိခန္ဓာအိမ်တစ်ခုလုံး ဖြူလာပါမှ ထိုအဖြူ၌ ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်ရှုပါ။ တဖြည်းဖြည်း အကြည်ပြင်ကို တွေ့ရှိလာပါလိမ့်မည်။</p> <p>အချို့ ယောဂီများ၌ အဖြူကို စတင် တွေ့ရှိစဝယ် ကွက်ကျား ကွက်ကျား တွေ့မြင်နေတတ်၏၊ အကြည်ပြင် အကြည်အတုံးအခဲကို စတင်တွေ့ရှိရာ၌လည်း ကွက်ကျား ကွက်ကျား တွေ့မြင်နေတတ်၏။ အချို့ကို ရင်ဘတ်၌, အချို့ကို မျက်နှာ၌, အချို့ကို ဦးခေါင်း၌စသည်ဖြင့် ကွက်ကျား ကွက်ကျား တွေ့မြင်နေတတ်၏။ ထိုအခါမျိုး၌ ထိုအဖြူကို သို့မဟုတ် ထိုအကြည်ဓာတ်ကို အာရုံမပြုသေးဘဲ မူလ ရှုမြဲဖြစ်သည့် ဓာတ်ကြီးလေးပါးအာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်ထား၍ အဖြူနှင့် အကြည်ဓာတ်များ မပျံ့နှံ့သေးသည့် ခန္ဓာကိုယ်ဘက်သို့ ဓာတ်ကြီးလေးပါးကိုပင် တဖြည်းဖြည်း ဖြန့်၍ ရှုလိုက်ပါက အဖြူ-အကြည်တို့လည်း တဖြည်းဖြည်း ပြန့်သွားကြမည် ဖြစ်ပေသည်။ ခန္ဓာကိုယ်တစ်ခုလုံး၌ ဝါဂွမ်းပုံကဲ့သို့ အဖြူအတုံးအခဲကိုလည်းကောင်း, သမာဓိ အားကောင်းလာပါက ရေခဲတုံး, ဖန်တုံး, မှန်တုံကဲ့သို့ အကြည်အတုံးအခဲကိုလည်းကောင်း တွေ့ရှိနေမည် ဖြစ်သည်။</p> <p><b>ကာယပသာဒ</b> (= ကာယအကြည်ဓာတ်)သည် တစ်ကိုယ်လုံး၌ အနှံ့အပြား တည်ရှိနေသော ရုပ်တစ်မျိုး ဖြစ်၏။ ထိမှုကို သိသော <b>ကာယဝိညာဏ်</b>စိတ်သည် ကိုယ်အကြည်ဓာတ်ကိုသာ မှီတွယ်ရသဖြင့် ထိမှုကို သိသည့် နေရာတိုင်း၌ ကာယအကြည်ဓာတ် (= ကိုယ်အကြည်ဓာတ်)ကား တည်ရှိ နေမြဲပင် ဖြစ်သည်။ ယင်း<b>ကာယအကြည်ဓာတ်</b>ဟူသည် ---- <b>ဖောဋ္ဌာဗ္ဗာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏော ။ ပ ။ ကာယော။ (ဝိသုဒ္ဓိ၊၂၊ ၇၄)</b> ဖောဋ္ဌာဗ္ဗာရုံ ရှေးရှုရိုက်ခတ်ခြင်း ထိခိုက်ခြင်းငှာထိုက်သော ဓာတ်ကြီးလေးပါးတို့ကို ကြည်လင်စေခြင်း သဘောလက္ခဏာရှိသော ရုပ်တရားတစ်မျိုးသာ ဖြစ်သည်။ ဓာတ်ကြီးလေးပါးကို မှီကာ ဖြစ်ပေါ်လာသည့် အကြည်ဓာတ် တစ်မျိုးသာ ဖြစ်သည်။ <b>ဃန</b>ခေါ်သည့် ရုပ်တုံးရုပ်ခဲများကို ဉာဏ်ဖြင့် မဖြိုခွဲနိုင်မီ <b>ဃန</b>အတုံးအခဲများ မပြိုမီ အချိန်၌ အကြည်ဓာတ်များကို တစ်ဆက်တည်း အတုံးလိုက် အခဲလိုက် အပြင်လိုက်ကြီး တွေ့နေရခြင်း ဖြစ်သည်။ ထိုအကြည်ဓာတ် အကြည်ပြင်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုပင် မြင်အောင် ဆက်ရှုပါ။ ယင်းဓာတ်လေးပါးကို အာရုံယူ၍ သမာဓိကို ဆက်လက် ထူထောင်ပါ။ ဓာတ်ကြီးလေးပါးတို့ကို မှီ၍ ဖြစ်နေသော အကြည်တုံး အကြည်ခဲ အကြည်ပြင်ကြီးသည် ရှုလိုက်တိုင်း ဉာဏ်တွင် ထင်ရှားနေမည် ဖြစ်သည်။</p> <p>အကယ်၍ အကြည်ပြင်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုလည်း သဘောမပေါက်နိုင်းသေး မသိမ်းဆည်းနိုင်သေး ဉာဏ်ဖြင့် ပိုင်းခြားမယူနိုင်သေး ဖြစ်နေပါက အဖြူပြင်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းသကဲ့သို့ ရှုသကဲ့သို့ပင် ---- ခန္ဓာကိုယ်တစ်ခုလုံးကို ခြုံ၍ ရှုနေကျအတိုင်း မာ-မှုသဘောကို ရှုလိုက်, အကြည်ပြင်၌ တည်ရှိသော မာ-မှုသဘောကို ရှုလိုက် ---- ဤသို့ စသည်ဖြင့် ဓာတ်သဘောတရားများကို တစ်လုံးစီ တစ်လုံးစီ တိုး၍ တိုး၍ ရှုကြည့်ပါ။ အောင်မြင်မှုကို ရရှိခဲ့သော် ထို အကြည်ပြင် အကြည်အတုံးအခဲ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုပင် ခြုံငုံ၍ အာရုံယူကာ <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b>ဟု ရှုနေပါ၊ သမာဓိကို ဆက်လက်ထူထောင်ပါ။</p> <h3>ပါရမီရှင် သူတော်ကောင်းများ</h3> <p>အတိတ်ဘဝထိုထိုက ရုပ်နာမ်ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သည်တိုင် အောင်ဆည်းပူးခဲ့ ဖြည့်ကျင့်ခဲ့သော <b>ပါရမီပုညသမ္ဘာရ</b>တည်းဟူသော ပါရမီကောင်းမှုကုသိုလ်အထူးဟူသော အဆောက်အဦ အခိုင်အမာ တည်ရှိခဲ့ဖူးသော ပါရမီရှင် သူတော်ကောင်းများ အဖို့မှာမှု ထိုအကြည်ပြင် အကြည်တုံး၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုပင် စိုက်၍ ရှုနေရုံမျှဖြင့် အလွယ်တကူပင် အကြည်တုံး အကြည်ပြင်ကြီးများ ပြိုကွဲသွားကာ ရုပ်ကလာပ်အမှုန်များကို စတင် တွေ့ရှိတတ်ပါသည်။</p> <h3>အာကာသဓာတ်ကို ရှုရန်</h3> <p>သို့သော် ပါရမီကောင်းမှုကုသိုလ် အဆောက်အဦက အနည်ငယ် အားပျော့နေသော ယောဂီသူတော်ကောင်း ဖြစ်ခဲ့ပါမူ ထိုအကြည်ဓာတ် အကြည်ပြင် အကြည်တုံး အကြည်ခဲကြီးမှာ တည်ရှိသော ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်၍ ရှုလိုက်ရုံမျှဖြင့် ယင်းအကြည် အတုံးအခဲကြီးမှာ ပြိုကွဲမသွားဘဲ အတုံးလိုက် အခဲလိုက် အပြင်လိုက်ပင် ရှိနေတတ်ပါသည်။ ထိုအခါမျိုးတွင် ထိုအကြည်ပြင်ကြီး၌ <b>အာကာသဓာတ်</b>ကို မြင်အောင် စိုက်၍ ရှုရမည် ဖြစ်သည်။</p> <p>ဘုရားရှင်သည် <b>မဟာရာဟုလောဝါဒသုတ္တန် (မ၊၂၊၈၆။) ဓာတုဝိဘင်္ဂသုတ္တန် (မ၊၃၊၂၈၅။) အဘိဓမ္မာ ဓာတုဝိဘင်းပါဠိတော် (အဘိ၊၂၊၈၆။)</b>တို့၌ <b>အာကာသဓာတ်</b>ကို ရှုရန် ညွှန်ကြားထားတော်မူ၏။ မဇ္ဈိမပဏ္ဏာသအဋ္ဌကထာနှင့် မဇ္ဈိမပဏ္ဏာသဋီကာတို့ကလည်း အာကာသဓာတ်ကို ရှုရန် ညွှန်ကြားတော်မူရခြင်း၏ အကြောင်းရင်းကို ဤသို့ ရှင်းပြထားတော်မူကြ၏။ ----</p> <p><b>အထ အာကာသဓာတုံ ကသ္မာ ဝိတ္ထာရေသီတိ။ ဥပါဒါရူပဒဿနတ္ထံ။ ဟေဋ္ဌာ ဟိ စတ္တာရိ မဟာဘူတာနေဝ ကထိတာနိ၊ န ဥပါဒါရူပံ။ တသ္မာ ဣမိနာ မုခေန တံ ဒေဿတုံ အာကာသဓာတုံ ဝိတ္ထာရေသိ။ အပိစ အဇ္ဈတ္တိကေန အာကာသေန ပရိစ္ဆိန္နရူပမ္ပိ ပါကဋံ ဟောတိ။</b></p> <p><b>အာကာသေန ပရိစ္ဆိန္နံ၊ ရူပံ ယာတိ ဝိဘူတတံ။ တေဿဝံ အာဝိဘာဝတ္ထံ၊ တံ ပကာသေတိ နာယကော။ (မ၊ဋ္ဌ၊၃၊၉၇။)</b></p> <p><b>မဟာဘူတာနိ တာဝ ဝိတ္ထာရေတု သမ္မသနူပဂတ္တာ၊ အသမ္မသနူပဂံ အာကာသဓာတုံ အထကသ္မာ ဝိတ္ထာရေသီတိ အာဟ ဥပါဒါရူပဒဿနတ္ထန္တိ ။ ပ ။ ဟေဋ္ဌာ စတ္တာရိ မဟာဘူတာနေဝ ကထိတာနိ, န ဥပါဒါရူပန္တိ တဿ ပနေတ္ထ လက္ခဏာဟာရနယေန အာကာသဒဿနေန ဒဿိတာ ဝေဒိတဗ္ဗော။ တေနာဟ ဣမိနာ မုခေန တံ ဒေဿတု န္တိ။ န ကေဝလံ ဥပါဒါရူပဂ္ဂဟဏ ဒဿနတ္ထမေဝ အာကာသဓာတု ဝိတ္ထာရိတာ၊ အထ ခေါ ပရိဂ္ဂဟသုခတာယပီတိ ဒေဿန္တော အပိစာတိ အာဒိမာဟ။ တတ္ထ ပရိစ္ဆိန္ဒိတဗ္ဗဿ ရူပဿ နိရဝသေသပရိယာဒါနတ္ထံ အဇ္ဈတ္တိကေနာတိ ဝိသေသနမာဟ။ အာကာသေနာတိ အာကာသဓာတုယာ ဂဟိတာယ။ ပရိစ္ဆိန္နရူပန္တိ တာယ ပရိစ္ဆိန္ဒိတ ကလာပဂတမ္ပိ ပါကဋံ ဟောတိ၊ ဝိဘူတံ ဟုတွာ ဥပဋ္ဌာတိ။ (မ၊ဋီ၊၃၊၆၃။)</b></p> <p>ဤအထက်ပါ အဋ္ဌကထာဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ ----</p> <p>မဟာဘုတ် ဓာတ်ကြီးလေးပါးတို့ကား အနိစ္စ-ဒုက္ခ-အနတ္တ-လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ထိုက်သော တရားများဖြစ်ခြင်းကြောင့် ထိုဓာတ်ကြီးလေးပါးတို့ကို အကျယ်ချဲ့၍ ဟောကြားတော်မူခြင်းမှာ သင့်တန်စေ၊အနိစ္စ-ဒုက္ခ-အနတ္တလက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွား သုံးသပ်ခြင်းငှာ မထိုက်တန်သော <b>အနိပ္ဖန္န</b>အမည်ရသော ရုပ်အတုမျှသာ ဖြစ်သော <b>အာကာသဓာတ်</b>ကို အဘယ်ကြောင့် ဘုရားရှင်သည် အကျယ်ချဲ့၍ ဟောကြားတော်မူအပ်ပါသနည်းဟု မေးရန် ရှိ၏။ ဥပါဒါရုပ်တို့ကို ရှုပွားသုံးသပ်ရန် ညွှန်ကြားတော်မူလိုသည့်အတွက် ဘုရားရှင်သည် <b>အာကာသဓာတ်</b>ကို အကျယ်ချဲ့၍ ဟောကြားတော်မူသည်ဟု ဖြေဆိုရာ၏။</p> <p><b>ဝုတ္တမှိ ဧကဓမ္မေ၊ယေ ဓမ္မာ ဧကလက္ခဏာ တေန။ ဝုတ္တာ ဘဝန္တိ သဗ္ဗေ၊ ဣတိ ဝုတ္တော လက္ခဏောဟာရော။ (နေတ္တိပါဠိတော်၊၂၆-၂၇။မ၊ဋ္ဌ၊၁၊၃၂။)</b></p> <p>= ပရမတ္ထဓာတ်သား တရားလုံးတစ်ခုကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ဖို့ရန်အတွက် ဘုရားရှင်သည် ဟောကြားတော်မူသည်ရှိသော် ထိုပရမတ္ထဓာတ်သား တရားလုံးနှင့် လက္ခဏာခြင်းတူညီသော ပရမတ္ထဓာတ်သား တရားအားလုံးကို ဝိပဿနာ ရှုပွားသုံးသပ်ရန် ဟောကြားတော်မူပြီးသာ ဖြစ်သည်။ ဤသို့ လက္ခဏာခြင်း တူညီရာ တရားအားလုံးကို သိမ်းကျုံးယူရသောနည်းမှာ <b>လက္ခဏာဟာရ နေတ္တိနည်း</b> ဖြစ်၏။</p> <p>ဤ<b>မဟာရာဟုလောဝါဒသုတ္တန်</b>ဝယ် <b>အာကာသဓာတ်</b>ကို ရှုပွားဖို့ရန် ဘုရားရှင်၏ ဟောကြားတော်မူခြင်မှာလည်း <b>လက္ခဏာဟာရ နေတ္တိနည်း</b>အရ လက္ခဏာခြင်း တူညီရာ ဥပါဒါရုပ်အားလုံးကို အာကာသဓာတ်၌ ပေါင်းစု၍ ဟောကြားသွားတော်မူခြင်း ဖြစ်၏။ သို့အတွက် <b>အာကာသဓာတ်</b>ကို ရှုဖို့ရန် ဘုရားရှင်၏ ညွှန်ကြားတော်မူချက်မှာ ဥပါဒါရုပ် အားလုံးကိုပင် ရှုဖို့ရန် ညွှန်ကြားတော်မူခြင်းပင် ဖြစ်သည်။ ဘုရားရှင်သည် <b>မဟာရာဟုလောဝါဒသုတ္တန်</b>ဝယ် <b>အာကာသဓာတ်</b>ကို မဟောမီ ရှေးအပိုင်း၌ ဓာတ်ကြီးလေးပါးတို့ကိုပင်လျှင် ဟောကြားတော်မူခဲ့၏၊ ဥပါဒါရုပ်ကို ဟောကြားတော် မမူခဲ့ပေ။ ထိုကြောင့် ဤ<b>အာကာသဓာတ်</b>ကို အဦးမူသဖြင့် ထိုဥပါဒါရုပ်အားလုံးကို ရှုပွား သုံးသပ်ရန် ညွှန်ကြားတော်မူလိုသည့်အတွက် <b>အာကာသဓာတ်</b>ကို အကျယ်ချဲ့၍ ဟောကြားတော်မူခြင်း ဖြစ်သည်။ <b>အာကာသဓာတ်</b>သည်လည်း ဓာတ် ကြီး လေးပါးကိုပင် မှီ၍ဖြစ်သော ဥပါဒါရုပ်တစ်မျိုး ဖြစ်၏။ အာကာသဓာတ်မှကြွင်းသော (၃၂)မျိုးသော ဥပါဒါရုပ်သည်လည်း ဓာတ်ကြီးလေးပါးကိုပင် မှီ၍ ဖြစ်ပေါ်လာရသော ဥပါဒါရုပ်ပင် ဖြစ်၏။ ဤသို့လျှင် <b>အာကာသဓာတ်</b>နှင့် ကျန်ဥပါဒါရုပ် အားလုံးတို့သည် ဓာတ်ကြီးလေးပါးကိုသာ မှီတွယ်၍ ဖြစ်ပေါ်လာရပုံ လက္ခဏာချင်း တူညီသောကြောင့် <b>အာကာသဓာတ်</b>၌ ဥပါဒါရုပ်အားလုံးကို ပေါင်းစု၍ ဟောကြားသွားတော်မူခြင်း ဖြစ်သည်။ <b>လက္ခဏာဟာရ နေတ္တိနည်း</b>တည်း။</p> <p>သည်မျှသာမကသေး၊ <b>အာကာသဓာတ်</b>၌ ဥပါဒါရုပ်အားလုံးကို ပေါင်းရုံးယူ၍ ရှုပွားသုံးသပ်ဖို့ရန်အတွက် သက်သက်မျှသာ ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် <b>အာကာသဓာတ်</b>ကို အကျယ်ချဲ့၍ ဟောကြားတော်မူအပ်သည် မဟုတ်သေး၊ စင်စစ်မှာမူ ရုပ်တရားတို့ကို လွယ်လွယ်ကူကူ သိမ်းဆည်းနိုင်ဖို့ရန်အတွက်လည်း ညွှန်ကြားပြသတော်မူလိုသည့်အတွက် <b>အာကာသဓာတ်</b>ကို ရှုပွားသုံးသပ်ဖို့ရန် ဘုရားရှင်သည် ညွှန်ကြားတော်မူခြင်း ဖြစ်သည်။ အကယ်စင်စစ်မှာမူ <b>ပရိစ္ဆေဒလက္ခဏာ (ဝိသုဒ္ဓိ၊၂၊၇၈။)</b> = ရုပ်ကလာပ်တို့ကို တစ်ခုနှင့်တစ်ခု မရောယှက်ရအောင် ရုပ်ကလာပ်တို့ကို ပိုင်းခြားကြောင်းဖြစ်သည့် <b>ပရိစ္ဆေဒရုပ်</b> (= <b>ပရိစ္ဆေဒလက္ခဏာ</b>ရှိသော <b>အာကာသဓာတ်</b>)ကို ဉာဏ်ဖြင့် တွေ့မြင်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ယင်းအဇ္ဈတ္တိက <b>အာကာသဓာတ်</b>ဖြင့် အပိုင်းအခြား ခံရသော ရုပ်ကလာပ်အပေါင်းသည်လည်း ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားနေသည်သာ ဖြစ်၏။</p> <p><b>အာကာသဓာတ်</b>ဖြင့် အပိုင်းအခြားခံရသော ရုပ်ကလာပ်အပေါင်းကို တွေ့မြင်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ယင်းရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော <b>ဘူတရုပ် ဥပါဒါရုပ်</b>တို့ကို ထင်ထင်ရှားရှား သိမြင်ခြင်းသို့ ရောက်ရှိလာနိုင်၏။ ထိုသို့ ထင်ထင်ရှားရှား ဖြစ်ပေါ်လာမှုကို ထင်ထင်ရှားရှား ညွှန်ကြားပြသတော်မူခြင်း အကျိုးငှာ လူသုံးပါးတို့၏ ဦးစီးဦးကိုင် ဖြစ်တော်မူသော သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် ထို<b>အာကာသဓာတ်</b>ကို ရှုပွားဖို့ရန် ထင်ရှားပြသတော်မူပေသည်။ (<b>မ၊ဋ္ဌ၊၃၊၉၇။ မ၊ဋီ၊၃၊၆၃။</b>)</p> <h3>အာကာသဓာတ်ကို မြင်အောင်ရှုပုံ</h3> <p>အကယ်၍ အကြည်ပြင် အကြည်တုံး အကြည်ခဲ၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီးကို စိုက်၍ ရှုနေသော်လည်း ထိုအကြည်ပြင် အကြည်တုံး အကြည်ခဲကြီးမှာ ပြိုကွဲ၍ မသွာဘဲ အတုံးအခဲတိုင်းပင် ဖြစ်နေပါမူ ယင်းဓာတ်ကြီးလေးပါးကို ရှုပွားသုံးသပ်လျက်ရှိသော ဘာဝနာသမာဓိနှင့်ယှဉ်သော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဉာဏ်လင်းရောင်ခြည်စွမ်းအင် အကူအညီဖြင့် ယင်းအကြည်ပြင်၌ <b>အာကာသဓာတ်</b>ကို မြင်အောင် စိုက်ရှုပါ။ ပကတိသော လက်မောင်းသားစသည်ကို ပကတိ<b>ပသာဒ</b>မျက်စိဖြင့် စိုက်ကြည့်လိုက်ပါက တစ်ဆက်တည်းဟု ထင်ရသော်လည်း သေသေချာချာ စိုက်၍ ကြည့်လိုက်ပါက မွေးညင်းပေါက်များကို တွေ့ရသကဲ့သိုိ့ အလားတူပင် ထိုအကြည်ပြင်၌ <b>အာကာသ</b>ခေါ် အကြားပေါက်ကို မြင်အောင် ဉာဏ်လင်းရောင်ခြည်၏ အကူအညီဖြင့် ထိုးစိုက်လျက် ရှုကြည့်ပါ။ <b>အာကာသဓာတ်</b>ကို စတင်တွေ့ရှိလာတတ်ပါသည်။ <b>အာကာသ</b>ဟူသည် ရုပ်ကလာပ်တို့ကို ပိုင်းခြားကြောင်းဖြစ်သည့် ရုပ်ကလာပ်တို့၏ အကြားအပေါက်ဖြစ်သဖြင့် <b>အာကာသဓာတ်</b>ကို တွေ့ရှိသည်နှင့် တစ်ပြိုင်နက်တည်း ရုပ်ကလာပ်များကိုလည်း စတင် တွေ့ရှိတော့မည်သာ ဖြစ်ပေသည်။</p> <h3><b>နဒီသောတောဝိယ - ဒီပဇာလာဝိယ</b></h3> <h3>မြစ်ရေအယဉ်ကဲ့သို့ - ဆီမီးအလျှံကဲ့သို့</h3> <p>အချို့သော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့ကား ယခုကဲ့သို့ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို အာရုံယူ၍ သမာဓိကို ထူထောင်ခိုက်ဝယ် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကိုပင် စူးစူးစိုက်စိုက် ရှုနေပါက အကြည်ဓာတ်များကို မတွေ့ရသေးမီ အချိန်တွင်လည်းကောင်း, အကြည်ဓာတ်များကို အတုံးလိုက် အခဲလိုက် အပြင်လိုက် တွေ့စမှာလည်းကောင်း ဓာတ်ကြီးလေးပါးတို့၏ အဆက်မပြတ် ဖြစ်နေမှုကို မြစ်ရေအယဉ် တသွင်သွင် စီးဆင်းနေသကဲ့သို့ ဆီမီးအလျှံ အဆက်မပြတ် တောက်ပနေသကဲ့သို့ တွေ့မြင်တတ်၏။ <b>သန္တတိဃန</b>စသော ရုပ်<b>ဃန</b>များကို မပြိုသေးမီ ရုပ်<b>ဃန</b> အသီးအသီးကို ပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် မရှုနိုင်သေးမီ ကာလဝယ် <b>ဃန</b>မပြိုသေးသော ရုပ်တို့၏ သဘာဝကို စတင်တွေ့ရှိခြင်းပင် ဖြစ်၏။ ထိုအခါမျိုးတွင် ဓာတ်ကြီးလေးပါးကို လက်မလွှတ်သေးဘဲ ဓာတ်ကြီးလေးပါးအာရုံ၌သာ ဘာဝနာစိတ်ကို ခိုင်မြဲအောင် ဆက်လက်၍ စိုက်ရှုနေပါ။ တဖြည်းဖြည်း ဓာတ်ကြီးလေးပါးတို့၏ ကြည်သထက် ကြည်နေသော သဘာဝများကို စတင်တွေ့ရှိလာမည် ဖြစ်သည်။ ထိုအကြည်ပြင် အကြည်ဓာတ်၌လည်း ဓာတ်လေးပါးကိုပင် ဆက်လက်၍ စိုက်ရှုနေပါက ရုပ်ကလာပ်များကို စတင် တွေ့ရှိတတ်ပါသည်။ ရုပ်ကလာပ်များကို မတွေ့သော် အထက်တွင် တင်ပြခဲ့သည့်အတိုင်း <b>အာကာသဓာတ်</b>ကို မြင်အောင် စိုက်ရှုလိုက်ပါက ရုပ်ကလာပ်များကို တွေ့ရှိမည် ဖြစ်သည်။ ရုပ်ကလာပ်များကို တွေ့စအချိန်၌လည်း မြစ်ရေအယဉ် တသွင်သွင် စီးနေသကဲ့သို့ ဆီမီးအလျှံ အဆက်မပြတ် တောက်လောင်နေသကဲ့သို့သော အခြင်းအရာကို တွေ့မြင်တတ်ပါသည်။ သို့သော် ပရမတ်နယ်မြေအစစ်သို့ကား မဆိုက်ရောက်သေးပါ။</p> <h3>အတုံးအခဲ အကြီး - အသေး</h3> <p>သို့သော် အချို့သော ယောဂါဝစရပုဂ္ဂိုလ်များအဖို့ အာကာဓာတ်ကို မြင်အောင် စိုက်ရှုလိုက်သောအခါ <b>အာကာသဓာတ်</b>ကို တွေ့တန်သလောက် တွေ့သော်လည်း ရုပ်ကလာပ်အမှုန်များကို ပင်ကိုယ်သဘာဝအတိုင်း မတွေ့ရသေဘဲ ပဲစေ့ခန့် ဆန်စေ့ခန့် ဆန်ကွဲစေ့ခန်စသည်ဖြင့် အတုံးအခဲ ခပ်ကြီးကြီး အနေအထားဖြင့် စတင်တွေ့ရှိတတ်သည်လည်း ရှိ၏။ အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၏ အသိဉာဏ်၌ကား ကတ္တီပါအနက်ရောင်ပေါ်တွင် စိန်တုံး ခပ်သေးသေးကလေးများကို ကြဲဖြန့်ထားသကဲ့သို့ တွေ့မြင်နေတတ်၏။ ထိုအခါမျိုးတွင် အကြီးအသေးမဟူ အတုံးအခဲမှန်သမျှ၌ ဓာတ်လေးပါးကိုပင် မြင်အောင် ဆက်ရှုပါ။ အတုံးအခဲများမှာ တစ်စတစ်စ ပြိုကွဲသွားတတ်ပါ သည်။ အသေးဆုံး ရုပ်ကလာပ်အဆင့်သို့တိုင်အောင် တွေ့မြင်လာတတ်ပါသည်။ အတုံးအခဲအကြီး၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စိုက်ရှုနေရုံမျှဖြင့် ယင်းအတုံးအခဲမှာ ပြိုကွဲ၍ မသွားဘဲ အတုံးအခဲအတိုင်းပင် တွေ့မြင်နေရပါမူ ထိုအတုံးအခဲ၌ <b>အာကာသဓာတ်</b>ကို မြင်အောင် ဉာဏ်လင်းရောင်ခြည်စွမ်းအင် အကူအညီဖြင့် ထိုးစိုက်၍ ရှုလိုက်ပါက <b>အာကာသဓာတ်</b>ကို တွေ့မြင်သည်နှင့် တစ်ပြိုင်နက်တည်း ရုပ်ကလာပ် အမှုန်များကိုလည်း တွေ့မြင်တတ်ပါသည်။</p> <p>အတိတ်က ဆည်းပူးထားသော ပါရမီအရှိန်အဝါ အားကောင်းသူ ယောဂီသူတော်ကောင်းများကား အကြည်ပြင်တွင် <b>အာကာသဓာတ်</b>ကို မြင်အောင် စိုက်ရှုလိုက်သောအခါ အချိန်အနည်းငယ် အတွင်းမှာပင် အလွန့်အလွန် သေးငယ်သော <b>ပရမာဏုမြူ</b>ခန့်ထက်ပင် သာလွန်၍ သေးငယ်ဖွယ်ရာရှိသော ရုပ်ကလာပ် အမှုန်ပေါင်းများစွာကို တွေ့မြင်နေတတ်ပါသည်။</p> <h3>ရုပ်ကလာပ်များကို တွေ့စချိန်</h3> <p>ရုပ်ကလာပ်များကို စတင် တွေ့စအချိန်တွင် ရုပ်ကလာပ်များ၏ ပင်ကိုသဘာဝအတိုင်း အလွန်လျင်လျင်မြန်မြန် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်ကို တွေ့ရှိမည်ဖြစ်သည်။</p> <p><b>ဧကစ္ဆရက္ခကော ကောဋိသတသဟဿသင်္ခါ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ။ (သံ၊ဋ္ဌ၊၂၊၂၉၅။)</b></p> <p>= နာမ်တရားတို့သည် လက်ဖျစ်တစ်တွက် အချိန်ကာအတွင်း၌ ကုဋေတစ်သိန်းခန့် ဖြစ်၍ ချုပ်၏။ (<b>သံ၊ဋ္ဌ၊၂၊၂၉၅။</b>)</p> <p>ဤသို့ ဖွင့်ဆိုထားသဖြင့် စိတ္တက္ခဏတစ်ခုအတွင်း၌ တည်ရှိကြသော နာမ်တရားတို့၏ သက်တမ်းမှာ လက်ဖျစ်တစ်တွက် (= တစ်စက္ကန့် )အချိန်ကာလကို ကုဋေတစ်သိန်းခန့်ပုံသော် တစ်ပုံခန့်သာ သက်တမ်းရှိကြ၏။ ရုပ်တရားတို့ကား စိတ္တက္ခဏ (၁၇)ချက် သက်တမ်းရှိ၏ဟု ကျမ်းဂန်များ၌ မိန့်ဆိုထားသဖြင့် ကုဋေတစ်သိန်းကို (၁၇)ဖြင့် စားသော် ကုဋေ(၅၀၀၀)ကျော် အဖြေထွက်လာ၏။ သို့အတွက် ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော ရုပ်တို့၏ သက်တမ်းမှာ လက်ဖျစ်တစ်တွက် = တစ်စက္ကန့် အချိန်ကာလကို ကုဋေ (၅၀၀၀)ကျော်ခန့် ပုံခဲ့သော် တစ်ပုံခန့်သာ သက်တမ်းရှိကြ၏။ ရုပ်နာမ်တို့သည် ထိုမျှလောက် လျင်လျင်မြန်မြန် ဖြစ်ပြီး ပျက်နေကြ၏။ [ဤ၌ ကုဋေတစ်သိန်းဟူသော စကား, ကုဋေ (၅၀၀၀)ကျော်ဟူသော စကားတို့မှာ အတိအကျ ရေတွက်ပြသည့် စကားတို့ မဟုတ်ကြကုန်၊ အလွန် လျင်မြန်စွာ ဖြစ်ပျက်မှုကိုသာ ခန့်မှန်းနိုင်အောင် ပြောကြားသော စကားတို့သာ ဖြစ်ကြ၏။]</p> <p>ထိုကဲ့သို့သော ရုပ်ကလာပ်တို့၏ အလွန် လျင်လျင်မြန်မြန် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေမှုကို ကြည့်၍ ဖြစ်ပျက်ရှုနေပါက သို့မဟုတ် ဝိပဿနာ ရှုနေပါက ဝိပဿနာကား ပညတ်နယ်၌သာ ရှိနေပေသေးသည်။ ပညတ်ဖြစ်ပျက်, ပညတ်အနိစ္စတို့ကား နိဗ္ဗာန်သို့ မရောက်နိုင်သော လုပ်ငန်းရပ်များသာ ဖြစ်ကြ၏။ ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်း၌ ပါဝင်တည်ရှိသော ပထဝီ အာပေါ တေဇော ဝါယောစသည့် ဘူတရုပ် ဥပါဒါရုပ်တို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပွားသုံးသပ်နိုင်ပါမှ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မည် ဖြစ်သည်။ ပရမတ်အစစ် ဓာတ်အနှစ် ဖြစ်ကြသော ရုပ်တရားနာမ်တရားတို့ကား ဒုက္ခသစ္စာတရားစုတို့ ဖြစ်ကြ၏။ ယင်းရုပ်နာမ်တို့၏ အကြောင်းတရားတို့ကား သမုဒယသစ္စာတရားစုတို့ ဖြစ်ကြ၏။ ယင်ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကား သင်္ခါရတရားတို့ ဖြစ်ကြ၏။ ရှေးပိုင်း၌ ရှင်းပြထားသည့်အတိုင်း ဝဋ္ဋသစ္စာဖြစ်ကြသည့် ယင်းသင်္ခါရတရားတို့ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ပရမတ္ထဓာတ်သားတို့ ဖြစ်ကြ၏။ နိဗ္ဗာန်ဟူသည် ပရမတ္ထသစ္စာနယ်မှ သွားမှသာလျှင် (= ယင်းပရမတ္ထဓာတ်သား သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်တို့သို့ တင်ကာ ဝိပဿနာရှုပွားသုံးသပ်ပါမှ ရင့်ကျက်လာသော ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ဖြစ်ပေါ်လာသော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့်သာ) ရောက်ရှိနိုင်သော အရာဌာန ဖြစ်ပေသည်။ ပရမတ်အစစ်ဖြစ်ကြသော သင်္ခါရတရားတို့သည်သာလျှင် အနိစ္စ-ဒုက္ခ-အနတ္တလက္ခရေးသုံးတန် တင်ကာ ရှုပွားသုံးသပ်ထိုက်သော တရားများ ဖြစ်ကြ၏၊ ဝိပဿနာဉာဏ်၏ အရှုခံအာရုံများ ဖြစ်ကြ၏။ ပရမတ်အစစ် ဓာတ်အနှစ် ဖြစ်ကြသော သင်္ခါရတရားတို့ကိုသာလျှင် လက္ခဏာရေးသုံးတန် တင်ကာ ရှုပွားသုံးသပ်ပါမှ ဝိပဿနာဉာဏ်အစစ် ဖြစ်နိုင်သည်။</p> <p><b>ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ ၊ ပစ္ဆာနိဗ္ဗာနေ ဉာဏံ။</b> (သံ၊၁၊၃၄၄၊၊)</p> <p>= ချစ်သားသုသိမ ...(ဒုက္ခသစ္စာ သမုဒယသစ္စာဟူသည့်) သင်္ခါရတရားတို့၏ အနိစ္စ - ဒုက္ခ -အနတ္တ အခြင်းအရာ၌ တည်သော ဓမ္မဋ္ဌိတိအမည်ရသော ဝိပဿနာဉာဏ်သည် ရှေးက ဖြစ်၏။ နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ်သည် ဝိပဿနာဉာဏ်၏ နောက်ကာလ၌ ဖြစ်၏။ (သံ၊၁၊၃၄၄။)</p> <p>ဤသုသိမသုတ္တန် ဒေသနာတော်အတိုင်း နိဗ္ဗာန်ကို အာရုံယူသည့် အရိ ယမဂ်ဉာဏ်ဟူသည် ဝိပဿနာဉာဏ်တို့၏ အဆုံး၌သာ ဖြစ်ခွင့်ရှိသော တရား ဖြစ်၏။ စစ်မှန်သော ဝိပဿနာဉာဏ် မဟုတ်ပါက စစ်မှန်သော အရိယမဂ်ဉာဏ်သည်လည်း ဖြစ်ပေါ်မလာနိုင်ပေ။ ပရမတ်အစစ် ဓာတ်အနှစ်ဖြစ် သော သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန် တင်ကာ ရှုပွား သုံးသပ်ပါမှသာလျှင် စစ်မှန်သော ဝိပဿနာဉာဏ်သည်လည်း ဖြစ်ပေါ်လာခွင့် ရှိပေသည်။ ထို့ကြောင့် နိဗ္ဗာန်ဟူသည် ပရမတ္ထသစ္စာနယ်မှ သွားမှသာလျှင် ရောက်ရှိနိုင်သော အရာဋ္ဌာနဖြစ်သည်ဟု ပြောဆိုခြင်း ဖြစ်သည်။</p> <h3>ရုပ်ကလာပ်တစ်ခု၏ ပမာဏ</h3> <p><b>တသ္မာ အဏုနော ဆတ္တိံသတိမဘာဂမတ္တော ပရမာဏုနာမ အာကာသကောဋ္ဌာသိကော မံသစက္ခုဿ အဂေါစရော ဒိဗ္ဗစက္ခုေဿဝ ဂေါစရဘူတော။</b> (မဟာဋီ၊၁၊၄၄ရ။ အဘိ၊ဋ္ဌ၊၂၊၃၂၈။)</p> <p>ကား-လှည်းစသည်တို့ သွားရာ၌ ထလာသော ပကတိသော ပသာဒမျက်စိဖြင့် တွေ့မြင်ရသော မြူမှုန်များကား ရထရေဏုမြူတည်း။ယင်းရထရေနုမြူကို (၃၆)စိတ် စိတ်ပါက တစ်စိတ်မှာ တဇ္ဇာရီမြူမှုန်ဖြစ်၏။ နေရောင်ခြည်သည် အိမ်နံရံပေါက်စသည်မှ အိမ်အတွင်း အဆောက်အအုံ အတွင်းသို့ ထိုးဝင်လာသောအခါ ထိုနေရောင်ခြည်အတန်းအတွင်း၌ တွေ့မြင်နေရသော မြူမှုန်များသည် တဇ္ဇာရီမြူမှုန်များ ဖြစ်ကြ၏။ ယင်းတဇ္ဇာရီမြူမှုန်ကို (၃၆)စိတ် စိတ်ပါက တစ်စိတ်မှာ အဏုမြူ ဖြစ်၏။ ယင်းအဏုမြူကို (၃၆)စိတ် စိတ်ပါက တစ်စိတ်မှာ ပရမာဏုမြူအမှုန် ဖြစ်၏။</p> <p>ရုပ်ကလာပ်တစ်ခုကား ယင်းပရမာဏုမြူခန့်လောက် ရှိ၏။ ပရမာဏုမြူခန့်ဟူ၍သာ ဆိုပါသည်။ ပရမာဏူမြူဟူ၍ အတိအကျ မဆိုပါ။ ယင်း ပရမာဏုမြူခန့် ရှိသော ရုပ်ကလာပ်များကား <b>အာကာသကောဋ္ဌာသိက</b> (= ဟင်းလင်ပြင် အာကာသကောဋ္ဌာသ) အဖို့အစု၌ ဝင်၏။ ပရမာဏုမြူခန့် သေးငယ်သော ရုပ်ကလာပ်တို့ဖြင့် ပြည့်နေသော အရပ်ကို အာကာသ ဟင်းလင်းပြင်ဟူ၍သာ ထင်ရသည်ဟု ဆိုလိုပေသည်။ ယင်းရုပ်ကလာပ်တို့ကို ပကတိသော ပကတိသော မျက်စိဖြင့် မမြင်နိုင်။ ပကတိသော <b>မံသစက္ခု</b> (=စက္ခုဝိညာဏ်၏)၏ ကျက်စားရာ အာရုံ မဟုတ်။ ဒိဗ္ဗစက္ခု၏သာလျှင် ကျက်စားရာ အာရုံဖြစ်၏။ (ဒိဗ္ဗစက္ခုဉာဏ်ကြောင့် ဖြစ်ပေါ်လာသော လင်း ရောင်ခြည် စွမ်းအင်နှင့်မှ မြင်နိုင်သည်။ ရှေးတွင် ရှင်းပြခဲ့သည့်အတိုင်း ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ပွားများထားအပ်သော အာလောကကသိုဏ်း လင်းရောင်ခြည် စွမ်းအင်နှင့်မှ မြင်နိုင်သည်ဟု ဆိုလိုပေသည်။ သို့သော် ရှေးပိုင်းတွင် ရှင်းပြခဲ့သည်အတိုင်း ဒိဗ္ဗစက္ခုဉာဏ်ကြောင့် လင်းရောင်ခြည်များ ထွက်ပေါ်လာသကဲ့သို့ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာ စိတ်တို့ကြောင့်လည်း လင်းရောင်ခြည်များ ဖြစ်ပေါ်လာနိုင်ကြသဖြင့် ထိုသမထဘာဝနာစိတ် ဝိပဿနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်၏ စွမ်းအင်ဖြင့်လည်း ယင်းရုပ်ကလာပ်များကို တွေ့မြင်နိုင်သည်သာ ဖြစ်ပါသည်။ လက္ခဏာဟာရနေတ္တိနည်းဖြင့် အဋ္ဌကထာဆရာတော် ဋီကာဆရာတော်တို့ ဖွင်ဆိုသွားတော်မူကြသည်ဟု မှတ်ပါ။သို့မှသာလျှင် ဒိဗ္ဗစက္ခုအဘိညာဏ်ကို မရရှိသည့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် သမထယာနိကပုဂ္ဂိုလ်တို့လည်း ဝိပဿနာသို့ ကူးနိုင်ကြမည် ဖြစ်ပေသည်။</p> <h3>လမ်းလွဲသွားတတ်ပုံကို သတိပြုပါ</h3> <p>ရုပ်ကလာပ်ဟူသည် ရုပ်လောကဝယ် အသေးဆုံး ရုပ်အဖွဲ့အစည်း တစ်ခု၏ အမည်ဖြစ်၏။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာဟု အနည်းဆုံး ရုပ်သဘောတရား (၈)မျိုးစီ ရှိ၏။ အချို့ရုပ်ကလာပ်များ၌ ဇီဝိတပါလျှင် (၉)မျိုး, အချို့ရုပ်ကလာပ် များ၌ အကြည်ဓာတ် (= ပသာဒရုပ်) သို့မဟုတ် ဘာဝရုပ်ပါလျှင် (၁၀)မျိုး ဤသို့စသည်ဖြင့် ရှိတတ်၏။ ယင်းရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ပါဝင်တည်ရှိသော ယင်း (၈)မျိုး, (၉)မျိုး, (၁၀)မျိုးစသော ရုပ်သဘောတရားများကို မြင်အောင် ရှုနိုင်ပါမှ ရုပ်ပရမတ်နယ်မြေသို့ ရောက်ရှိမည် ဖြစ်သည်။ ရုပ်တရားကို သဘာဝလက္ခဏာသို့ ဆိုက်အောင် ပိုင်းပိုင်းခြားခြား သိတတ်သည့် ရူပပရိစ္ဆေဒဉာဏ်ကို ရရှိမည်ဖြစ်သည်။ ရုပ်တရားအစစ်ကို ရုပ်ပရမတ်တရားကို သိရှိရုံအဆင့်မျှသာ ရှိသေးသည်။ ရှေးဆက်ရမည့် လုပ်ငန်ခွင်းတို့ကား များစွာပင် ကျန်ရှိနေပေသေးသည်။</p> <p>သို့သော် ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ထိုသို့ ရုပ်ကလာပ်များကို တွေ့မြင်သောအခါ ထိုရုပ်ကလာပ်တစ်ခုတစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိသော (၈)မျိုး, (၉)မျိုး, (၁၀)မျိုးစသော ရုပ်ပရမတ် သဘောတရားများကို ဉာဏ်ဖြင့် ပိုင်းခြားမယူဘဲ ရုပ်ပရမတ်နယ်သို့ အသိဉာဏ်မဆိုက်သေးဘဲ ယင်းရုပ်ကလာပ်တို့၏ ပေါ်မှု-ပျောက်မှုကိုပင် အာရုံယူကာ ဖြစ်-ပျက်ရှုနေပါက သို့မဟုတ် အနိစ္စဟု ရှုနေပါက သမူဟဃနဟူသော ရုပ်အပေါင်းအစု အတုံးအခဲ သမူဟပညတ် မကွာသေးသဖြင့် ပညတ်ကိုပင် ဝိပဿနာရှုနေသည် မည်ပေသည်။</p> <p>ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်၌ ပါဝင်တည်ရှိသော (၈)မျိုး, (၉)မျိုး, (၁၀)မျိုးစသော ရုပ်သဘောတရားများကို သဘာဝလက္ခဏာ အသီးအသီးသို့ ဉာဏ်အမြင်ဆိုက်အောင် ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပွားနိုင်ပါမှ သမူဟဃနဟူသော ရုပ်အပေါင်းအစု အတုံးအခဲပြို၍ သမူဟပညတ်လည်း ကွာသွားမည် ဖြစ်သည်။ သို့သော် သမူဟပညတ် မကွာသေးသည့် အသေးဆုံး ရုပ်အဖွဲ့အစည်းဖြစ်သည့် ရုပ်ကလာပ်အတုံးအခဲ ပညတ်ကို ယင်းတို့၏ ဖြစ်မှုပျက်မှုကို အာရုံယူကာ အနိစ္စဟု ဝိပဿနာရှုနေပါက ပညတ်တို့မည်သည် ဉာဏ်ဖြင့် ကြာကြာ ကြိတ်ချေမှုဒဏ်ကို မခံနိုင်သည့်အတွက် မကြာမီ အချိန်ကာလအတွင်းမှာပင် ရုပ်ကလာပ်များမှာ တစ်စတစ်စ ပါး၍, ပါးရာက ပျောက်၍ အကြည်တုံး အကြည်ပြင်ကြီးကိုပင် ပြန်တွေ့တတ်ပါသည်။ ထို အကြည်ပြင်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါကလည်း သမာဓိအရှိန်အဝါ အတော်အသင့် အားကောင်းနေသည့်အတွက် ဘာဝနာစိတ်သည် ယင်း အကြည်ပြင်၌ ငြိမ်၍ ကပ်နေတတ်ပါသည်။ ထိုအခါမျိုးတွင် အချို့အချိုသော ယောဂါဝစရပုဂ္ဂိုလ်များက ရုပ်ချုပ်သွားပြီးဟု ယူဆလာတတ်ကြ၏ ပြောကြားလာတတ်ကြ၏။ တစ်ဖန် ထိုအကြည်ပြင်၌ပင် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားရာက တဖြည်းဖြည်း စိတ်ကို လျှော့ချလိုက်ပါမူ ရှေးပိုင်းတွင် ရှင်းလင်းတင်ပြထားခဲ့သည့်အတိုင်း ဥပစာရသမာဓိနယ်မြေ အခိုက်ဝယ် သို့မဟုတ် သမာဓိ နုနယ်သေးသော အခိုက်ဝယ် ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါတို့က စိတ်အစဉ်ကို ချီမထားနိုင်သည့် စွမ်းအား မရှိခြင်းကြောင့် ဘဝင်သို့ သက်ရောက်သွားတတ်၏ ဘဝင်ကျနေတတ်၏။ ထိုအခါမျိုးတွင်လည်း ယောဂါဝစရပုဂ္ဂိုလ်က ရုပ်နာမ် နှစ်မျိုးလုံး ချုပ်သွားပြီဟု ယူဆလာတတ်၏၊ ပြောကြားလာတတ်၏။ အကယ်စင်စစ်မှာမူ နာမရူပပရိစ္ဆေဒဉာဏ်ကိုမျှ မရရှိသေးသော အဆင့်တွင်သာ တည်ရှိနေပေသေးသည်။</p> <p>ဤသို့ ပြောဆိုလာသော ယောဂါဝစရပုဂ္ဂိုလ်မှာ ယေဘုယျအားဖြင့် သမထပိုင်းတွင်လည်း ကမ္မဋ္ဌာန်းလေးဆယ်တို့တွင် မိမိနှစ်ခြိုက်ရာ စိတ်ကြိုက် ကမ္မဋ္ဌာန်းတစ်ခုခုဖြင့် ခိုင်ခိုင်ခံ့ခံ့ သမာဓိကို မထူထောင်ရသေးဘဲ, ရုပ်တရားကို သိမ်းဆည်းရှုပွားရာ၌လည်း ဓာတ်ကြီးလေးပါးက စတင်၍ စနစ်တကျ စည်းကမ်းနည်းလမ်းကျကျ မရှုပွားဘဲ မိမိ နှစ်ခြိုက်သလို ရှုပွားလာရာက ပါရမီအားလျော်စွာ သမာဓိအတော်အသင့် အားကောင်းလာသောအခါ၌ ရုပ်ကလာပ်များကို တွေ့မြင်လာသူသာ ဖြစ်၏။ မူလကတည်းက ရုပ်ကမ္မဋ္ဌာန်းကို ရှုရာ၌ ဓာတ်ကမ္မဋ္ဌာန်းကို စနစ်တကျ မရှုပွားထားသဖြင့် ရုပ်ကလာပ်များကို တွေ့မြင်သောအခါ၌လည်း ထိုရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို ဆက်လက်၍ သိမ်းဆည်းရေး ဉာဏ်ဖြင့် ပိုင်းခြားယူရေးမှာ အလွန်ပင် အလှမ်းဝေးလျက် ရှိနေ၏။ မူလကတည်းက ဓာတ်ကြီးလေးပါးကို လျင်လျင်မြန်မြန် မရှုထားတတ်သူတို့အဖို့ အလွန့်အလွန် လျင်လျင် မြန်မြန် ဖြစ်ပေါ်လာပြီးနောက် ပျောက်သွားသော ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌လည်း ဖြစ်ပေါ်ပြီးနောက် မပျက်မီ အချိန်ကာလအတွင်းဝယ် ဓာတ်ကြီးလးပါးကို မြင်အောင် ရှုတတ်ရေးမှာ ခက်ခဲသော လုပ်ငန်းတစ်ရပ်ပင် ဖြစ်နေပေ၏။ များသောအားဖြင့် ထိုရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌လည်း ပါဝင်တည်ရှိသော ဓာတ်ကြီးလေးပါးကို မြင်အောင် ရှုပွားရမည်ဟူသော အမှတ်သညာမျှပင် မရှိသူက များပေသည်။</p> <h3>ပရမတ္ထသစ္စာနယ်သို့</h3> <p>ရုပ်ကလာပ်ဟူသည် သမူဟပညတ် သဏ္ဌာနပညတ်စသည့် ပညတ်များမကွာသေးသည့် အသေးဆုံး အတုံးအခဲ ပညတ်သာ ရှိသေးသည်။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ မဟာဘုတ် ဓာတ်ကြီးလေးပါးကို မြင်အောင် ဆက်လက်၍ ရှုပွားသိမ်းဆည်းနိုင်ပါက ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှ ရုပ်ပရမတ်နယ်မြေတို့ စတင် ရောက်ရှိမည် ဖြစ်သည်။</p> <p>အကယ်၍ ရုပ်ကလာပ်များ၏ အလွန်လျင်လျင်မြန်မြန် ပေါ်မှု ပျောက်မှုကြောင့် ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စိုက်၍ ရှုမရနိုင် ဖြစ်နေပါက, မမြင်ချင် မတွေ့ချင်သူတစ်ဦးနှင့် တွေ့ဆုံသောအခါ မမြင်ယောင် မတွေ့ယောင် ဆောင်နေသကဲ့သို့, အလားတူပင် ရုပ်ကလာပ်တို့၏ ပေါ်မှုပျောက်မှုကို အာရုံမပြုဘဲ မကြည့်ဘဲ နှလုံးမသွင်းဘဲ ရုပ်ကလာပ်တစ်ခုတစ်ခု၌ တည်ရှိသော ဓာတ်ကြီးလေးပါး ကိုသာ စူးစူးစိုက်စိုက် နှလုံးသွင်းပါ အာရုံပြုနေပါ၊ ရှုနေပါ။ ပါရမီအရှိန်အဝါ အားကောင်းသူ ယောဂီသူတော်စင်များအဖို့ အောင်မြင်မှုကို ရရှိလာတတ်ပါသည်။</p> <p>ရုပ်ကလာပ်တို့၏ ပေါ်မှုပျောက်မှုက အလွန်လျင်မြန်လွန်းသဖြင့် အောင်မြင်မှုကို မရရှိဖြစ်နေခဲ့သော် ရုပ်ကလာပ် တစ်ခုတစ်ခုကို အာရုံမယူသေးဘဲ, ရုပ်ကလာပ်တို့၏ ဖြစ်မှုပျက်မှုကိုလည်း နှလုံးမသွင်းဘဲ ရုပ်ကလာပ်အများအစုကို ခြုံ၍ဖြစ်စေ, သို့မဟုတ် ရုပ်ကလာပ်အားလုံးကို ခြုံ၍ဖြစ်စေ, သို့မဟုတ် ဓာတ်ကြီးလေးပါးကို ရှုနေကြအတိုင်း တစ်ကိုယ်လုံးကို ခြုံ၍ဖြစ်စေ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကိုသာ အာရုံစိုက်၍ ဆက်လက် ရှုပွားနေပါ။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်နေအောင် ကပ်ထားလျက် သမာဓိကို ထူထောင်နေပါ။ သမာဓိအားကောင်းလာသောအခါ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌လည်း ပါဝင်တည်ရှိနေသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအသီးအသီးကို ဉာဏ်ဖြင့် ထွင်းဖောက် သိမြင်လာနိုင်ပါသည်။</p> <p>အကယ်၍ အောင်မြင်မှုကို မရှိခဲ့သော် တစ်ခုစီ ခွဲရှုပါ။ တစ်ကိုယ်လုံး၌ တည်ရှိသော ရုပ်ကလာပ်အားလုံးကို ခြုံ၍ မာ-မှုသဘောကို ရှုပါ၊ တစ်ဖန် ရုပ်ကလာပ်တစ်ခု၌ မာ-မှုသဘောကို ရှုပါ။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ လေ့ကျင့်ပါ။ ရုပ်ကလာပ်တစ်ခု၌ မာ-မှုသဘောကို ရှုလိုက်သည်နှင့် ယင်းရုပ်ကလာပ်က ပျောက်သွားပါက နောက်ရုပ်ကလာပ်တစ်ခု၌ မာမှုသဘောကို နည်းတူ ဆက်ရှုကြည့်ပါ။ ဤသို့ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုခဲ့သော် ရှုလိုက်သည့် ရုပ်ကလာပ်တိုင်း၌ မာ-မှုသဘောကို ဉာဏ်ဖြင့် တွေ့မြင်နေပါက ကြမ်း-မှုသဘောတရားကို တိုး၍ ပုံစံတူ ဆက်ရှုကြည့်ပါ။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ကြမ်းမှုသဘောကို ဉာဏ်ဖြင့် တွေ့မြင်သောအခါ မာမှု-ကြမ်းမှုသဘောနှစ်မျိုးလုံးကို ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ မြင်အောင် ဆက်၍ လေ့ကျင့်ပါ။</p> <p>ဤနည်းစနစ်အတိုင်း ဓာတ်သဘောတရား တစ်ခုစီတစ်ခုစီ တစ်စတစ်စ တိုး၍တိုး၍ လေ့ကျင့်ပါ။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ အနည်းဆုံး သဘောတရား (၈)မျိုးခန့်ကို ပြိုင်တူလိုလို မြင်အောင် လေ့ကျင့်ပါ။ ရုပ်ကလာပ်တစ်ခု၌ ပထဝီဓာတ် သဘောတရား (၆)မျိုးတို့တွင် သုံးမျိုးသာ ထင်ရှား၏။ မာ-ကြမ်း-လေး-ထင်ရှားပါက ပျော့-ချော-ပေါ့-မထင်ရှားပေ။ ပျော့-ချော-ပေါ့-ထင်ရှားပါကလည်း မာ-ကြမ်း-လေး မထင်ရှားပေ။ အာပေါဓာတ်၌ကား ယိုစီးမှု ဖွဲ့စည်းမှု နှစ်မျိုးလုံး ထင်ရှားနိုင်၏။ သို့သော် တစ်မျိုးမျိုးမှာ သဘာဝသတ္တိ လွန်ကဲနေတတ်ပေသည်။ တစ်ဖန် တေဇောဓာတ် သဘောတရားနှစ်မျိုးတို့တွင် ပူ-မှု ထင်ရှားပါက အေး-မှု မထင်ရှားပေ၊ အေ-မှု ထင်ရှားပါကလည်း ပူ-မှု မထင်ရှားပေ။ တစ်ခုသာ ထင်ရှားပေသည်။ တစ်ဖန် ဝါယောဓာတ်၌ကား ထောက်ကန်မှု-တွန်းကန်မှု နှစ်မျိုးလုံး ထင်ရှားနိုင်၏။ ထောက်ကန်မှုကား လက္ခဏာ, တွန်းကန်မှုကား ရသကိစ္စ ဖြစ်သည်။ သတိပြု၍ သိမ်းဆည်းပါ။ ထိုကြောင့် ရုပ်ကလာပ် တစ်ခုတစ်ခု၌ ----</p> <p>၁။ မာ-ကြမ်း-လေး, သို့မဟုတ် ပျော့-ချော-ပေါ့,</p> <p>၂။ ယိုစီး-ဖွဲ့စည်း,</p> <p>၃။ ပူ-သို့မဟုတ် အေး,</p> <p>၄။ ထောက်ကန်-တွန်းကန်,-ဟု</p> <p>သဘောတရား (၈)မျိုးစီသာ တည်ရှိပေသည်။ သမာဓိစွမ်းအင်ကြီးမာလာ၍ ဉာဏ်အာနုဘော်က ထက်မြက်စူးရှလာသောအခါ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ပါဝင်တည်ရှိနေသော ယင်းသဘောတရား (၈)မျိုးဟူသော ဓာတ်ကြီးလေးပါးတို့သည် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝဝယ် ပြိုင်တူလိုလို ထင်ရှားနေမည် ဖြစ်ပေသည်။ ဓာတ်ကြီးလေးပါးတို့ကို ပြိုင်တူဉာဏ်ဖြင့် ပိုင်းခြားယူနိုင်အောင်လည်း လေ့ကျင့်ပါ။ ဒွါရ (၆)ပါးလုံး၌ တည်ရှိကြသော ရုပ်ကလာပ်များကို အကြမ်းစားအားဖြင့် ခွဲတမ်းချလိုက်ခဲ့သော် ပသာဒရုပ်တစ်မျိုးမျိုး ပါဝင်သည့် ကြည်သည့်ရုပ်ကလာပ်နှင့် ပသာဒရုပ်တစ်မျိုးမျိုး မပါဝင်သည့် မကြည်သည့်ရုပ်ကလာပ်ဟု နှစ်မျိုး ရှိပေသည်။ ဒွါရ (၆)ပါးလုံး၌ ကြည်သည့် ရုပ်ကလာပ်၌ ဓာတ်လေးပါး, မကြည်သည့် ရုပ်ကလာပ်၌လည်း ဓာတ်လေးပါးတို့ကို ဆက်လက် သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းနိုင်သောအခါ ထိုရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ပါဝင်တည်ရှိနေသည့် ဓာတ်ကြီးလေးပါးအာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော သမာဓိကို အထွတ်အထိပ်သို့ ရောက်ရှိနေသော သဒိသူပစာရအားဖြင့် ဥပစရသမာဓိအမည်ရသော ကာမာဝစရသမာဓိဟူ၍ ခေါ်ဆိုအပ်ပေသည်။</p> <h3>ဥပစာရသမာဓိ</h3> <p><b>ဥပစာရသမာဓီတိ စ ရုဠှဝသေန ဝေဒိတဗ္ဗံ။ အပ္ပနံ ဟိ ဥပေစ္စ စာရီ သမာဓိ ဥပစာရသမာဓိ၊ အပ္ပနာ စေတ္ထ နတ္ထိ။ တာဒိသဿ ပန သမာဓိဿ သမာနလက္ခဏတာယ ဧဝံ ဝုတ္တံ။</b> (မဟာဋီ၊၁၊၄၃၆။)</p> <p>= ဥပစာရသမာဓိဟူသည့် စကားရပ်ကို တင်စား၍ ခေါ်ဝေါ်သုံးစွဲသည့် အထင်ရုဠှီ၏ အစွမ်းဖြင့် သိရှိပါလေ။ မှန်ပေသည် အပ္ပနာစျာန်သို့ ကပ်၍ ဖြစ်လေ့ရှိသော သမာဓိသည်သာလျှင် ဥပစာရသမာဓိ ဖြစ်၏။ ဤဓာတ်ကမ္မဋ္ဌာန်း လမ်းစဉ်၌ကား အပ္ပနာစျာန်ကား မရှိ ဖြစ်ခဲ့၏၊ မည်မျှပင် ကြိုးစားအားထုတ်စေကာမူ အပ္ပနာစျာန်သို့ကား မဆိုက်ရောက်နိုင်။ သို့သော် ဤဓာတ်ကမ္မဋ္ဌာန်း ကျင့်စဉ်လမ်းမှ အထွတ်အထိပ်သို့ ရောက်ရှိလာသော ကာမာဝစရသမာဓိသည် ထိုအပ္ပနာစျာန်၏ အနီးသို့ ကပ်၍ ဖြစ်လေ့ရှိသော ဥပစာရသမာဓိအစစ်နှင့် သမာဓိဒီဂရီစံချိန်ချင်း တူညီသော လက္ခဏာရှိသောကြောင့် သဒိသူပစာရအားဖြင့် တင်စား၍ ယင်းသို့ ဓာတ်ကမ္မဋ္ဌာန်း ကျင့်စဉ်လမ်းမှ အထွတ်အထိပ်သို့ ရောက်ရှိလာသော ကာမာဝစရသမာဓိကို ဥပစာရသမာဓိဟူ၍ အဋ္ဌကထာက (ဝိသုဒ္ဓိ၊၁၊၃၄၇။) ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၁၊၄၃၆။)</p> <p>အဘယ်ကြောင့် အပ္ပနာစျာန်သည် မဖြစ်နိုင်ပါသနည်းဟု မေးရန် ရှိ၏။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာဟူသော ပရမတ္ထဓမ္မသဘာဝလျှင် အာရုံရှိသောကြောင့် ယင်းပရမတ္ထသဘာဝကား အလွန်နက်နဲရကား အပ္ပနာစျာန်သို့ မရောက်နိုင်ဟူပေ။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတည်းဟူသော သဘာဝဓမ္မအာရုံ၌ ထိုပရမတ္ထဓမ္မ သဘာဝ၏ နက်နဲသည့်အတွက်ကြောင့် ဝိသုဒ္ဓိခုနစ်ပါးကျင့်စဉ် စသည်ကဲ့သို့သော ထူးခြားသည့် ဘာဝနာဝိသေသသည် မရှိခဲ့သော် အပ္ပနာစျာန်ကား မဖြစ်နိုင်။ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်နှင့်ယှဉ်သော လောကုတ္တရာစျာန်သည်ကား ဝိသုဒ္ဓိခုနစ်ပါးကျင့်စဉ်ကို အစဉ်အတိုင်း ကျင့်ခြင်းတည်းဟူသော ဝိသုဒ္ဓိဘာဝနာအစဉ်ကို အစဉ်လျှောက်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာရ၏။ ဝိညာဏဉ္စာယတနစျာန်ဟူသော အရူပါဝစရစျာန်သည် ကသိုဏ်းပညတ်အာရုံ ကောင်းကင်ပညတ်အာရုံတို့ကို ကျော်လွှားလွန်မြောက်သည်၏ အစွမ်းဖြင့် အာကာသာနဉ္စာယတနစျာန်စိတ်ကို အရှုခံအာရုံထား၍ ဘာဝနာကို ပွားများသည်၏ အစွမ်းဖြင့် ပရမတ်အာရုံ၌ အပ္ပနာစျာန် (=ဝိညာဏဉ္စာယတနစျာန်သည်) ဖြစ်ပေါ်လာရ၏။ နေဝသညာနာသညာယတနသစျာန်သည် ရူပါဝစရစျာန်၏ အာရုံနှင့် အောက်အောက် အရူပစျာန်တို့၏ အာရုံကို ကျော်လွှားနိုင်သဖြင့် အာကိဉ္စညာယတနစျာန်စိတ်ဟူသော ပရမတ်အာရုံကို အာရုံပြုကာ ပွားများရသည့် ဘာဝနာစွမ်းအားကြောင့် ဖြစ်ပေါ်လာရ၏ = နေဝသညာနာသညာယတနစျာန်ဟူသော အပ္ပနာစျာန်သို့ ဆိုက်ရောက်ရပေ၏။(မဟာဋီ၊၁၊၄၃၆။)</p> <h3>ဥပါဒါရုပ်များ ထင်ရှားလာပုံ</h3> <p><b>ဣမေ စတ္တာရော မဟာဘူတေ ပရိဂ္ဂဏှန္တဿ ဥပါဒါရူပံ ပါကဋံ ဟောတိ။ မဟာဘူတံ နာမ ဥပါဒါရူပေန ပရိစ္ဆိန္နံ၊ ဥပါဒါရူပံ မဟာဘူတေန၊ ယထာ အာတဝေါ နာမ ဆာယာယ ပရိစ္ဆိန္နော၊ ဆာယာ အာတပေန။ ဧဝမေဝ မဟာဘူတံ ဥပါဒါရူပေန ပရိစ္ဆိန္နံ၊ ဥပါဒါရူပံ မဟာဘူတေန။</b> (အဘိ၊ဋ္ဌ၊၂၊၂၄၁။)</p> <p><b>မဟာဘူတံ ဥပါဒါရူပေန ပရိစ္ဆိန္နံ နီလံ ပီတံ သုဂန္ဓံ ဒုဂ္ဂန္ဓံ န္တိ အာဒိနာ။ ဥပါဒါရူပံ မဟာဘူတေန တန္နိဿိတဿ တဿ တတော ဗဟိ အဘာဝါ။ ဆာယာတပါနံ အာတာပပစ္စယဆာယုပ္ပါဒက ဘာဝေါ အညမညပရိစ္ဆေဒ ကတာ။</b> (မူလဋီ၊၂၊၁၅၄။)</p> <p><b>နီတံ ပီတန္တိ အာဒိနာ သင်္ဃာဋေ နီလာဒိဝဝတ္ထာနံ တံနိဿယတ္တာ မဟာဘူတေ ဥပါဒါယာတိ အာဟ မဟာဘူတံ ။ ပ ။ ဒုဂ္ဂန္ဓန္တိ အာဒိနာတိ။ ဥပါဒါယရူပံ မဟာဘူတေန ပရိစ္ဆိန္နန္တိ ယောဇနာ။ တဿာတိ ဥပါဒါရူပဿ။ တတောတိ မဟာဘူတတော။ ဆာယာယ အာတပစ္စယဘာဝေါ အာတပေါ ပစ္စယော ဧတိဿာတိ အာတပဿ ဆာယာယ ဥပ္ပါဒကဘာဝေါ ဆာယာတပါနံ အာတာပပစ္စယဆာယုပ္ပါဒကဘာဝေါ။ တေန ဥပ္ပါဒေတဗ္ဗ ဥပ္ပါဒကဘာဝေါ အညမညပရိစ္ဆေဒကတာတိ ဒေဿတိ။</b> (အနုဋီ၊၂၊၁၅၆။)</p> <p>ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်းဝယ် ဤဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းတတ်သော ဉာဏ်ဖြင့် ပိုင်းခြားယူတတ်သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထိုကလာပ်တူ ဓာတ်ကြီးလေးပါးကိုပင် မှီ၍ဖြစ်ပေါ်လာရသော ဥပါဒါရုပ်သည် ထင်ရှားလာသည်သာ ဖြစ်၏။</p> <p>မဟာဘုတ် ဓာတ်ကြီးလေးပါးမည်သည်ကို ဥပါဒါရုပ်ဖြင့် ပိုင်းခြားအပ်၏။ ရုပ်ကလာပ်တစ်ခုသည် အညိုရောင်နှင့် ပေါင်းဆုံမိသော် ထိုရုပ်ကလာပ်ကို အညိုရောင်ရုပ်ကလာပ်ဟု ပိုင်းခြားမှတ်သားရ၏။ ရုပ်ကလာပ်တစ်ခုသည် အဝါရောင်နှင့် ပေါင်းဆုံးမိသော် ထိုရုပ်ကလာပ်ကို အဝါရောင် ရုပ်ကလာပ်ဟု ပိုင်းခြားမှတ်သားရ၏။ အလားတူပင် ကောင်းသောအနံ့နှင့် ပေါင်းဆုံးမိသော် အနံ့ကောင်း၏ဟု, မကောင်းသောအနံ့နှင့် ပေါင်းဆုံးမိသော် အနံ့မကောင်းဟု ဤသို့ စသည်ဖြင့် ယင်းရုပ်ကလာပ်ကို ပိုင်းခြား မှတ်သားမှုသည် ဖြစ်၏။ ထိုရုပ်ကလာပ်တစ်ခုတွင် ဓာတ်ကြီးလေးပါးကား အမာခံ အထည်ဝတ္ထု ဖြစ်၏။ သို့အတွက် ဓာတ်ကြီးလေးပါးတို့၏ ညိုမှု ဝါမှု အနံ့ကောင်းမှုမကောင်းမှုသာ ဖြစ်၏။</p> <p>အဝတ်နှင့် ဓာတ်ကြီးလေးပါးသည် တူညီ၏။ အဝတ်ကို မှီတွယ်၍ ဖြစ်ပေါ်လာရသော အညိုရောင် အဝါရောင် ကောင်းသောအနံ့ မကောင်းသောအနံ့စသည်နှင့် ရုပ်ကလာပ်တစ်ခုအတွင်း၌ မဟာဘုတ် ဓာတ်ကြီးလေးပါးကို မှီတွယ်၍ ဖြစ်ပေါ်လာရသော အဆင်းအနံ့စသည့် ဥပါဒါရုပ်သည် တူညီ၏။ သို့အတွက် ရုပ်ကလာပ် တစ်ခုအတွင်း၌ တည်ရှိသော မဟာဘုတ်ဓာတ် ကြီးလေးပါးကို ညို၏ ဝါ၏ အနံ့ကောင်း၏ အနံ့မကောင်း ဤသို့ စသည်ဖြင့် ယင်းရုပ်ကလာပ်တူ ဥပါဒါရုပ်ဖြင့် (=အဆင်း အနံ့စသည့် ဥပါဒါရုပ်က) ပိုင်းခြားမှတ်သားပေး၏။ အလားတူပင် ဥပါဒါရုပ်ကို မဟာဘုတ် ဓာတ်ကြီးလေးပါးဖြင့် ပိုင်းခြားမှတ်သားအပ်၏။ ထိုမဟာဘုတ် ဓာတ်ကြီးလေးပါးကို မှီတွယ်၍ ဖြစ်ပေါ်နေသော ထိုကလာပ်တူ ဥပါဒါရုပ်၏ ထိုကလာပ်တူ မဟာဘုတ် ဓာတ်ကြီးလေးပါးမှ ပြင်ပ၌ မရှိသောကြောင့် ဖြစ်၏။</p> <p>နေရောင်ခြည်တည်းဟူသော အကြောင်းကြောင့် မြေပြင်ပေါ်တွင် အိမ်၏အရိပ်စသည်သည် ဖြစ်ပေါ်လာ၏။ နေရောင်ခြည်ကြောင့် အရိပ်၏ ဖြစ်ပေါ်လာရမှုသည်ပင် အရိပ်နှင့် နေရောင်ခြည်တို့၏ တစ်ခုနှင့်တစ်ခု အချင်းချင်း ပိုင်းခြားမှုကို ပြုခြင်းပင် ဖြစ်၏။ နေသာနေသော (= နေပူနေသော) အချိန်တွင် မြေပြင်တစ်နေရာကို ကြည့်လိုက်ပါက ဤကား နေရောင်ခြည် ဤကား အရိပ်ဟု သိအောင် နေရောင်ခြည်မည်သည်ကို အရိပ်က ပိုင်းခြားအပ်သကဲ့သို့ အရိပ်ကို ဤကား အရိပ်ဟု သိနိုင်အောင် နေရောင်ခြည်ဖြင့်ပင် ပိုင်းခြားအပ်၏။ အလားတူပင် မဟာဘုတ် ဓာတ်ကြီးလေးပါးကို ဥပါဒါရုပ်ဖြင့် ပိုင်းခြားအပ်၏။ ဥပါဒါရုပ်ကို မဟာဘုတ် ဓာတ်ကြီးလေးပါးဖြင့် ပိုင်းခြားအပ်၏။ နေရောင်ခြည်နှင့် မဟာဘုတ် ဓာတ်ကြီးလေးပါးသည် တူညီနေ၏။ နေရောင်ခြည်ကြောင့် ဖြစ်ပေါ်လာရသော သစ်ပင်ရိပ် အိမ်ရိပ်စသည်နှင့် ဥပါဒါရုပ်သည် တူညီ၏။</p> <p>မဟာဘုတ် ဓာတ်ကြီးလေးပါးကြောင့် ဥပါဒါရုပ်သည် ဖြစ်ပေါ်လာရ၏။ ရုပ်ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော မဟာဘုတ် ဓာတ်ကြီးလေးပါးကို မှီတွယ်၍ ယင်းရုပ်ကလာပ်ထဲတွင် အဆင်း အနံ့ အရသာစသော ဥပါဒါရုပ်များသည် ဖြစ်ပေါ်လာကြရ၏။ ရုပ်ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို ဟုတ်တိုင်မှန်စွာ သိရှိရေးမှာ ယင်းရုပ်ကလာပ်ကို ရှေးဦးစွာ ဉာဏ်ဖြင့် တွေ့မြင်ဖို့ လိုအပ်၏။ ယင်းသို့ ရုပ်ကလာပ်ကို တွေ့မြင်ပါမှ ယင်းရုပ်ကလာပ်တစ်ခု၏ အတွင်း၌တည်ရှိသော ဓာတ်ကြီးလေးပါးကို ဆက်လက်၍ ရှုပွါးသိမ်းဆည်နိုင်မည် ဖြစ်သည်။ ယင်းရုပ်ကလာပ်ကို ဉာဏ်ဖြင့် တွေ့မြင်ရေးမှာ ယင်းရုပ်ကလာပ်၏ အရောင်အဆင်းစသည်ကို ဉာဏ်ဖြင့် မြင်ပါမှ ရုပ်ကလာပ်ကိုလည်း ဉာဏ်ဖြင့် မြင်နိုင်မည် ဖြစ်သည်။ ဓာတ်ကြီးလေးပါးကို သိမ်းဆည်းရှုပွားနေသော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည် အကူအညီဖြင့် ယင်းရုပ်ကလာပ်ကို တွေ့ရှိမည် ဖြစ်သည်။ တစ်ဖန် ရုပ်ကလာပ်ဟူသည့် အမှုန်တို့မည်သည် အဆင်း အနံ့ (=<b>ဝဏ္ဏ-ဂန္ဓ</b>)စသည် မပါဘဲ ဖြစ်နိုင်သည့် စွမ်းအားကား မရှိပေ။ ရုပ်ကလာပ်ဟူသည် (၈)မျိုး, (၉)မျိုး, (၁၀)မျိုးစသော ရုပ်သဘောတရားတို့၏ အပေါင်းအစုမျှသာ ဖြစ်၏။ ယင်း (၈)မျိုး, (၉)မျိုး, (၁၀)မျိုးစသော ရုပ်သဘောတရားတို့၏ အပေါင်းအစုကိုသာ ရုပ်ကလာပ်ဟု ခေါ်ဆိုခြင်း ဖြစ်၏။ သို့အတွက် ရုပ်ကလာပ်တစ်ခု အတွင်းဝယ် ဘူတရုပ်သည်လည်း ဥပါဒါရုပ်နှင့်, ဥပါဒါရုပ်သည်လည်း ဘူတရုပ်နှင့် ကင်း၍ ဖြစ်နိုင်သည့် စွမ်းအားကား မရှိပေ။ ကျွန်း-ကိုင်းမှီ, ကိုင်း-ကျွန်းမှီဟူ၏သို့ အချင်းချင်း အပြန်အလှန် ကျေးဇူးပြုနေသောတရာများ ဖြစ်ကြ၏။ အချင်းချင်းအပြန်အလှန် ပိုင်းခြားပေးနေသော ပရမတ်သဘောတရားများ ဖြစ်ကြ၏။ ဖြစ်စေအပ်သောတရား ဖြစ်စေတတ်သောတရား ဖြစ်မှုသည် အချင်းချင်း ပိုင်းခြားတတ်သော သဘောတရား ဖြစ်၏။ (အဘိ၊ဋ္ဌ၊၂၊၂၄၁။ မူလဋီ၊၂၊၁၅၄။ အနုဋီ၊၂၊၁၅၆။) ---------- ဖြစ်စေအပ်သောတရား မရှိက ဖြစ်စေတတ်သောတရားလည်း မရှိနိုင်၊ ဖြစ်စေတတ်သော တရား မရှိကလည်း ဖြစ်စေအပ်သောတရားလည်း မရှိနိုင် ဟူလိုသည်။</p> <h3>ဒွါရ (၆) ပါး၌ တည်ရှိသော ရုပ်ကလာပ်များ</h3> <p><b>စက္ခုဒွါရသ္မိံ ဟိ စက္ခု-ကာယ-ဘာဝဒသကဝသေန တိံသ ကမ္မဇရူပါနိ၊ ဥပတ္ထမ္ဘကာနိ ပန တေသံ ဥတုစိတ္တာဟာရသမုဋ္ဌာနာနိ စတုဝီသတီတိ စတုပဏ္ဏဿ ဟောန္တိ။ တထာ သောတ-ဃာန-ဇိဝှါဒွါရေသု။ ကာယဒွါရေ ကာယ-ဘာဝဒသကဝသေန စေဝ ဥတုသမုဋ္ဌာနာဒိဝသေန စ စတုစတ္တာသီသ။ မနောဒွါရေ ဟဒယဝတ္ထု-ကာယ-ဘာဝဒသကဝသေန စေဝ ဥတုသမုဋ္ဌာနာဒိဝသေန စ စတုပဏ္ဏာသမေဝ။</b> (ဝိသုဒ္ဓိ၊၂၊၂၅၉။)</p> <p>ဤအထက်ပါ နာမည်ကျော် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ဖွင့်ဆိုထားတော်မူသည့်အတိုင်း ------</p> <p>၁။ စက္ခုဒွါရ ခေါ် မျက်စိ၌ ------ စက္ခုဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဥတုဇဩဇဋ္ဌမကကလာပ်, စိတ္တဇဩဇဋ္ဌကကလာပ်, အာဟာရဇဩဇဋ္ဌမကကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြကုန်၏။</p> <p>၂။ သောတဒွါရ ခေါ် နာ၌ ------ သောတဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဥတုဇဩဇဋ္ဌမကကလာပ်, စိတ္တဇဩဇဋ္ဌမကကလာပ်, အာဟာရဇဩဇဋ္ဌမကကလာပ်ဟု ရုပ်ကလာပ် အမျိုးအစား(၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြကုန်၏။</p> <p>၃။ ဃာနဒွါရ ခေါ် နှာခေါင်း၌ ------ ဃာနဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဥတုဇဩဇဋ္ဌမကကလာပ်, စိတ္တဇဩဇဋ္ဌမကကလာပ်, အာဟာရဇဩဇဋ္ဌမကကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား(၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြကုန်၏။</p> <p>၄။ ဇိဝှါဒွါရ ခေါ် လျှာ၌ ------ ဇိဝှါဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဥတုဇဩဇဋ္ဌမကကလာပ်, စိတ္တဇဩဇဋ္ဌမကကလာပ်, အာဟာရဇဩဇဋ္ဌမကကလာပ်ဟု ရုပ်ကလာပ် အမျိုးအစား (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြကုန်၏။</p> <p>၅။ ကာယဒွါရ ခေါ် ကိုယ်၌ ------ ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဥတုဇဩဇဋ္ဌမကကလာပ်, စိတ္တဇဩဇဋ္ဌမကကလာပ်, အာဟာရဇဩဇဋ္ဌမကကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၅)မျိုး, ရုပ်အမျိုးအစား (၄၄)မျိုးတို့ ရှိကြကုန်၏။</p> <p>၆။ မနောဒွါရ ခေါ် ဟဒယနှလုံး၌ ------ ဟဒယဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဥတုဇဩဇဋ္ဌမကကလာပ်, စိတ္တဇဩဇဋ္ဌမကကလာပ်, အာဟာရဇဩဇဋ္ဌမကကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြကုန်၏။</p> <p>ဤ၌ ရုပ်ကလာပ်အမျိုးအစားသာ (၆)မျိုး (၅)မျိုးစသည်ဖြင့်, ရုပ်အမျိုးအစားစာ (၅၄)မျိုး (၄၄)မျိုးစသည်ဖြင့် ရှိခြင်း ဖြစ်သည်။ တစ်မျိုးတစ်မျိုး၌ အရေအတွက်ကား များစွာရှိနေမည်သာ ဖြစ်သည်။ မျက်စိ၌ စက္ခုဒသကကလာပ်တစ်မျိုး, ကာယဒသကကလာပ်တစ်မျိုး - ဤသို့ စသည်ဖြင့် အမျိုးအစားသာ တစ်မျိုးဟု ဆိုခြင်း ဖြစ်သည်။ မျက်စိ၌ စက္ခုပဒသကကလာပ်ပေါင်းများစွာ, ကာယဒသကကလာပ်ပေါင်းများစွာ ရှိကြသည်သာ ဖြစ်သည်။ ဤသို့ စသည်ဖြင့် ဒွါရ(၆)ပါးလုံး၌ သဘောပေါက်ပါလေ။</p> <p>၁။ <b>စက္ခုဒသကကလာပ်</b> = ရူပါရုံ၏ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော စက္ခုအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော (ကြည်သော) ရုပ်ကလာပ်,</p> <p>၂။ <b>သောတဒကကလာပ်</b> = သဒ္ဒါရုံ (အသံ)၏ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော သောတအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော (ကြည်သော) ရုပ်ကလာပ်,</p> <p>၃။ <b>ဃာနဒသကကလာပ်</b> = ဂန္ဓာရုံ (အနံ့)၏ ရှေးရှုရိုက်ခတ်ဖြင့်ငှာ ထိုက်သော ဃာနအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော (ကြည်သော) ရုပ်ကလာပ်,</p> <p>၄။ <b>ဇိဝှါဒသကကလာပ်</b> = ရသာရုံ (အရသာ)၏ ရှေးရှုရိုက်ခတ်ဖြင့်ငှာ ထိုက်သော ဇိဝှါအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော (ကြည်သော) ရုပ်ကလာပ်,</p> <p>၅။ <b>ကာယဒသကကလာပ်</b> = ဖောဋ္ဌဗ္ဗာရုံ (ပထဝီ-တေဇော-ဝါယော)၏ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော ကာယအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော (ကြည်သော)ရုပ်ကလာပ်,</p> <p>၆။ <b>ဘာဝဒသကကလာပ်</b> = ဘာဝရုပ်လျှင် (၁၀)ခုမြောက်ရှိသော (မကြည်သော) ရုပ်ကလာပ်,</p> <p>၇။ <b>ဟဒယဒသကကလာပ်</b> = မနောဓာတ် မနောဝိညာဏဓာတ်ဟူသော အသိစိတ်တို့၏ မှီ၍ဖြစ်ရာ ဟဒယဝတ္ထုရုပ်လျှင် (၁၀)ခုမြောက်ရှိေသော (မကြည်သော) ရုပ်ကလာပ်,</p> <p>၈။ <b>စိတ္တဇ ဩဇဋ္ဌမကကလာပ်</b> = ဟဒယဝတ္ထုကို မှီ၍ ဖြစ်သော စိတ်ကြောင့် ဖြစ်သော ဩဇာလျှင် ရှစ်ခုမြောက်ရှိသော (မကြည်သော) ရုပ်ကလာပ်,</p> <p>၉။ <b>ဥတုဇဩဇဋ္ဌမကကလာပ်</b> = ရုပ်ကလာပ် တစ်ခုအတွင်း၌ ရှိသော တေဇောဓာတ် (= ဥတု)ကြောင့်ဖြစ်သော ဩဇာလျှင် ရှစ်ခုမြောက်ရှိသော (မကြည်သော) ရုပ်ကလာပ်,</p> <p>၁၀။ <b>အာဟာရဇ ဩဇဋ္ဌမကကလာပ်</b> = အာဟာရ (ဩဇာ)ကြောင့် ဖြစ်သော ဩဇာလျှင် ရှစ်ခုမြောက်ရှိသော (မကြည်သော) ရုပ်ကလာပ်,</p> <p>၁၁။ <b>ဇီဝိတနကကလာပ်</b> = ဇိဝိတလျှင် (၉)ခုမြောက်ရှိသော (မကြည်သော) ရုပ်ကလာပ်,</p> <p>(မှတ်ချက် ------ ဤဇီဝိတနဝကကလာပ်မှာ အထက်ပါ စာရင်းဇယားတွင် မပါသော်လည်း တေဇောကောဋ္ဌာသ, ဝါယောကောဋ္ဌာသတို့၌ ထည့်သွင်း၍ ဖော်ပြထားပါသည်။ တစ်ကိုယ်လုံး အနှံ့အပြား ရှိသော ရုပ်ကလာပ်တစ်မျိုး ဖြစ်သည်။)</p> <h3>(၃၂) ကောဋ္ဌာသတို့၌ ရုပ်တရားများ</h3> <p>ချွေး, မျက်ရည်, တံတွေး, နှပ် ------ ဟူသော ဤကောဋ္ဌာသ လေးမျိုးတို့၌ ------ ဥတုဩဇဋ္ဌမကကလာပ်, စိတ္တဇဩဇဋ္ဌမကကလာပ် ------ ဟု ရုပ်ကလာပ် အမျိုးအစား (၂)မျိုး, ရုပ်အမျိုးအစား (၁၆)မျိုးစီ ရှိ၏။</p> <p>အစာသစ်, အစာဟောင်း, ပြည်, ကျင်ငယ် ------ ဟူသော ဤကောဋ္ဌာသ လေးမျိုးတို့၌ ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တစ်မျိုးစီ, ရုပ်အမျိုးအစား (၈)မျိုးစီသာ အသီးအသီး ရှိ၏။</p> <p>ကြွင်းကျန်ကုန်သော ဆံပင် အစရှိကုန်သော ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရား (၄)မျိုးတို့ကြောင့် ဖြစ်ကုန်သော ကောဋ္ဌာသ (၂၄)တို့၌ ကောဋ္ဌာသတစ်ခုတစ်ခု၌ ကာယဒွါရတွင် ဖော်ပြခဲ့သော ရုပ်ကလာပ်အမျိုးအစား (၅)မျိုး, ရုပ်အမျိုးအစား (၄၄)မျိုးစီ အသီးအသီး ရှိပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)</p> <h3>တေဇောကောဋ္ဌာသ (၄)မျိုး</h3> <p>၁။ <b>သန္တပ္ပနတေဇော</b> = တစ်ရက်ခြား ဖျားခြင်း စသည်ဖြင့် ပြင်းထန် စွာ ပူလောင်သော တေဇော,</p> <p>၂။ <b>ဇီရဏတေဇော</b> = အိုစေ ရင့်ကျက်စေ ဆွေးမြည့်စေသော ပူလောင် သော တေဇော,</p> <p>၃။ <b>ဍာဟတေဇော</b> = ထက်ဝန်းကျင် ပူလောင်သော တေဇော ------</p> <p>ဤတေဇောကောဋ္ဌာသ သုံးမျိုးတို့၌ ဇိဝိတနဝကကလာပ်, စိတ္တဇဩဇဋ္ဌမကကလာပ်, ဥတုဇဩဇဋ္ဌမကကလာပ်, အာဟာရဇဩဇဋ္ဌမကကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၄)မျိုး, ရုပ်အမျိုးအစား (၃၃)မျိုးစီ အသီးအသီး ရှိပေသည်။</p> <p>၄။ <b>ပါစကတေဇော</b> = အစာကို ကြေကျက်စေတတ်သော ပူလောင် သော တေဇော ------ ဤတေဇောကောဋ္ဌာသ၌ ကား ဇိဝိတနဝကကလာပ် တစ်မျိူးသာ ရှိပေ သည်။</p> <h3>ဝါယောဓာတ် လွန်ကဲသော ဝါယောကောဋ္ဌာသ (၆) မျိုး</h3> <p>၁။ <b>ဥဒ္ဓင်္ဂမာ ဝါတာ</b> = အထက်သို့ ဆန်တက်သော လေ,</p> <p>၂။ <b>အဓောဂမာ ဝါတာ</b> = အောက်သို့ စုန်ဆင်းသော လေ,</p> <p>၃။ <b>ကုစ္ဆိသယာ ဝါတာ</b> = ဝမ်းဗိုက်အတွင်း အူအပြင်ဘက်၌ တည်ရှိသော လေ,</p> <p>၄။ <b>ကောဋ္ဌာသယာ ဝါတာ</b> = အူအတွင်း၌ တည်ရှိသော လေ,</p> <p>၅။ <b>အင်္ဂမင်္ဂါနုသာရိနော ဝါတာ</b> = ကိုယ်အင်္ဂါကြီးငယ်သို့ အစဉ်လျှောက် သော အကြောအတွင်း၌ တည်ရှိသော လေ,</p> <p>ဤဝါယောကောဋ္ဌာသ ငါးမျိုးတို့တွင် ကောဋ္ဌာသတစ်မျိုးတစ်မျိုး၌ ဇီဝိတနဝကကလာပ် စိတ္တဇဩဇဋ္ဌမကကလာပ် ဥတုဇဩဇဋ္ဌမကကလာပ် အာဟာရဇဩဇဋ္ဌမကကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၄)မျိုး, ရုပ်အမျိုးအစား (၃၃)မျိုးစီ အသီးအသီး ရှိပေသည်။</p> <p>၆။ <b>အဿာသပဿာသော</b> = ဝင်သက်လေ ထွက်သက်လေ ------ ဤကောဋ္ဌာသ၌ စိတ္တဇသဒ္ဒနဝကကလာပ် (= စိတ်ကြောင့်ဖြစ်သော အသံလျှင် ကိုးခုမြောက်ရှိသော ရုပ်ကလာပ်)တစ်မျိုးသာ ရှိသည်။</p> <h3>ဝိပဿနာဉာဏ်၏ အရှုခံရုပ်တရား</h3> <p>ဤအထက်တွင် တင်ပြထားသော ဒွါရ (၆)ပါး၌ တည်ရှိသော ရုပ်တရား, (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကား အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်တို့သို့ တင်ကာ ဝိပဿနာရှုပွားသုံးသပ်ထိုက်သော <b>သဗ္ဗစနူပဂဓမ္မ</b> ------ ရုပ်တရားတို့ဖြစ်ကြ၏။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)</p> <p><b>အာကာသဓာတ် လဟုတာ မုဒုတာ ကမ္မညတာ</b>စသည့် ရုပ်အတုတို့ကား လက္ခဏာရေးသုံးတန်တို့သို့ တင်ကာ ဝိပဿနာ မရှုပွားကောင်းကုန်သော ရုပ်တရားတို့ ဖြစ်ကြ၏။ သို့သော် ယင်းရုပ်အတုတို့နှင့် ရောနှောနေကြသော စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့ကိုလည်း ရုပ်နာမ်ကို သိမ်းဆည်းသည့် နာမရူပပရိစ္ဆေဒဉာဏ်ပိုင်းတွင် ရောနှော၍ သိမ်းဆည်းရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၂၅။)တွင် ညွှန်ကြားထားပေသည်။</p> <p>ဤအထက်ပါ ဒွါရ(၆)ပါး, (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ဥပါဒါ ရုပ်တို့ကို သိမ်းဆည်းပုံကိုလည်းကောင်း, ရုပ်အတုတို့နှင့် ရောနှောနေသော ရုပ်တရားတို့ကို သိမ်းဆည်းပုံကိုလည်းကောင်း ဆရာသမားနှင့် ချဉ်းကပ်လေ့လာပါ။ ယင်းရုပ်တရားတို့ကို လက္ခဏ - ရသ - ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းပုံ စနစ်များကိုလည်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ခန္ဓနိဒ္ဒေသပိုင်း (ဝိသုဒ္ဓိ၊၂၊၇၄၊၈၀။)စသည်တို့၌ ညွှန်ကြားထားတော်မူ၏။ ဆရာသမားနှင့်သာ ချဉ်းကပ်လေ့လာပါ။</p> <h3>နာမ်ကမ္မဋ္ဌာန်းပိုင်း</h3> <h3>ဝိပဿနာဉာဏ်၏ အရှုခံနာမ်တရား</h3> <h3>အပရိဇာနနသုတ္တန်နှင့် သဗ္ဗပရိညာသုတ္တန် ကောက်နှုတ်ချက်</h3> <p><b>သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ ။ ပ ။ သဗ္ဗံ စ ခေါ ဘိက္ခဝေ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ။</b> (သံ၊၂၊၂၄၉-၂၅၀။)</p> <p><b>သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ တတ္ထ စိတ္တံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။ သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနံ ပရိဇာနံ တတ္ထ စိတ္တံ ဝိရာဇယံ ပဇာဟံ ဘဗ္ဗော ဒုက္ခက္ခယာယတိ။</b> (ဣတိဝုတ္တက၊ ၁၉၇။)</p> <p><b>ဣတိ ဣမသ္မိံ သုတ္တေ တိဿောပိ ပရိညာ ကထိတာ ဟောန္တိ။ အဘိဇာနန္တိ ဟိ ဝစနေန တီရဏပရိညာ၊ ဝိရာဇယံ ပဇဟန္တိ ဒွီဟိ ပဟာနပရိညာတိ။</b> (သံ၊ဋ္ဌ၊၃၊၆။)</p> <p><b>ပစ္စက္ခကရဏတ္ထေန ဉာတပရိညာ တီရဏပရိညာ စ ဂဟိတာ ဟောတိ။</b> (သံ၊ဋီ၊၂၊ ၆၅။)</p> <p>= ရဟန်းတို့ ... အလုံးစုံသော (ဥပါဒါနက္ခန္ဓာငါးပါး = အာယတနတစ်ဆယ့်နှစ်ပါး =) ရုပ်နာမ်တရားကို အပေါ်၌ တွယ်တာမက်မောနေသော တဏှာတရားကို <b>ဉာတပရိညာ</b>ဖြင့် ထိုးထွင်း မသိခဲ့သော် <b>တီရဏပရိညာ</b>ဖြင့် ပိုင်းခြား မသိခဲ့သော် <b>ပဟာနပရိညာ</b>ဖြင့် ထိုအလုံးစုံသော ရုပ်နာမ်တရား အပေါ်၌ တွယ်တာမက်မောနေသည့် တဏှာတရားကို (=တဏှာနှင့် ယှဉ်သော စိတ်ကို) ကင်းပြတ်ရုပ်သိမ်းချုပ်ငြိမ်းအောင်း မကျင့်နိုင်ခဲ့သော် မပယ်စွန့်နိုင်ခဲ့သော် ဒုက္ခကုန်ခြင်းငှာ မထိုက် ။ ပ ။</p> <p>= ရဟန်းတို့ ... အမှန်စင်စစ်အားဖြင့်သော်ကား အလုံးစုံသော (ဥပါဒါနက္ခန္ဓာငါးပါး = အာယတနတစ်ဆယ့်နှစ်ပါး =) ရုပ်နာမ်တရားကို <b>ဉာတပရိညာ</b>ဖြင့် ထိုးထွင်း သိခဲ့သော်, <b>တီရဏပရိညာ</b>ဖြင့် ပိုင်းခြား သိခဲ့သော် <b>ပဟာနပရိညာ</b>ဖြင့် ထိုအလုံးစုံသော ရုပ်နာမ်တရားအပေါ်၌ တွယ်တာမက်မောနေသော တဏှာတရားကို (= တဏှာနှင့် ယှဉ်သော စိတ်ကို) ကင်းပြတ်ရုတ်သိမ်းချုပ်ငြိမ်းအောင် ကျင့်နိုင်ခဲ့သော် ပယ်စွန့်နိုင်ခဲ့သော် ဒုက္ခကုန်ခြင်းငှာ ထိုက်၏။ (သံ၊၂၊၂၄၉-၂၅၀။ ဣတိဝုတ္တက၊ ၁၉၇။)</p> <p>ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာ ကျမ်းဂန်အဆိုအမိန့်တို့နှင့်အညီ သံသရာဝဋ်ဆင်းရဲ၏ ကုန်ဆုံးရာ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အလုံးစုံသော ခန္ဓာငါးပါး (= ရုပ်နာမ်တရား)တို့ကို ပရိညာပညာသုံးမျိုးတို့ဖြင့် သိရှိအောင် ကြိုးပမ်းရတော့မည် ဖြစ်ပေသည်။ ယင်း ပရိညာပညာတို့ကား အထက်ပါ သံယုတ်ဋီကာ အဖွင့်အရ ယောဂါဝစရပုဂ္ဂိုလ်ကိုယ်တိုင် ထွင်းဖောက် သိမြင်ရမည့် အတ္တပစ္စက္ခဉာဏ်တို့သာ ဖြစ်ကြ၏။ ယင်းပရိညာတို့ကို ဆက်လက်၍ ရှင်းလင်း တင်ပြပေအံ့။ -----</p> <p>ပရိညာသည် လောကီပရိညာ လောကုတ္တရာပရိညာဟု နှစ်မျိုး ရှိ၏။ လောကီပရိညာသည်လည်း ဉာတပရိညာ တီရဏပရိညာ ပဟာနပရိညာဟု သုံးမျိုး ရှိ၏။ လောကုတ္တရာပရိညာသည်လည်း ဉာတပရိညာ တီရဏပရိညာ ပဟာနပရိညာသုံးမျိုးဟု သုံးမျိုးပင် ရှိ၏။ ထိုတွင် လောကီ ပရိညာသုံးမျိုးတို့ကို ရှေးဦးစွာ တင်ပြအပ်ပါသည်။</p> <h3>လောကီ ဉာတပရိညာ</h3> <p><b>တတ္ထ ရုပ္ပန လက္ခဏံ ရူပံ, ဝေဒယိတလက္ခဏာ ဝေဒနာတိ ဧဝံ တေသံ တေသံ ဓမ္မာနံ ပစ္စတ္တလက္ခဏသလ္လက္ခဏဝသေန ပဝတ္တာပညာ ဉာတပရိညာ နာမ ။ ပ ။ တတ္ထ သင်္ခါရပရိစ္ဆေဒတော ပဋ္ဌာယ ယာဝ ပစ္စယပရိဂ္ဂဟာ ဉာတပရိညာယ ဘူမိ။</b> (ဝိသုဒ္ဓိ၊၂၊၂၄၁။)</p> <p>= ထိုပရိညာသုံးမျိုးတို့တွင် ဖောက်ပြန်တတ်သော သဘောလက္ခဏာရှိသော တရားကား ရုပ်တည်း၊ ခံစားတတ်သော သဘောလက္ခဏာရှိသော တရားကား ဝေဒနာတည်း ---</p> <p>ဤသို့ စသည်ဖြင့် ထိုထိုခန္ဓာငါးပါး ပရမတ္ထဓာတ်သားတို့၏ အသီးအသီးသော ကိုယ်ပိုင်သဘာဝလက္ခဏာကို ကောင်းစွာ ပိုင်းခြားမှတ်သားသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ရုပ်နာမ်ကို ပိုင်းခြားယူတတ် သိမ်းဆည်းတတ်သော <b>နာမရူပပရိစ္ဆေဒဉာဏ်ပညာ</b>နှင့် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌ အကြောင်းတရား အကျိုးတရားတို့ကို ပိုင်းခြားယူတတ် သိမ်းဆည်းတတ်သော <b>ပစ္စယပရိဂ္ဂဟဉာဏ်ပညာ</b>သည် <b>ဉာတပရိညာ</b> မည်ပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၄၁။)</p> <p><b>သော ဣဒံ နာမရူပံ န အဟေတု အပ္ပစ္စယာ နိဗ္ဗတ္တံ၊ သဟေတု သပ္ပစ္စယာ နိဗ္ဗတ္တံ။ ကော ပနဿ ဟေတု၊ ကော ပန ပစ္စယောတိ ဥပပရိက္ခန္တော အဝိဇ္ဇာပစ္စယာ တဏှာပစ္စယာ ကမ္မပစ္စယာ အာဟာရပစ္စယာ စာတိ တဿ ပစ္စယံ ဝဝတ္ထပေတွာ အတီတေပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ အနာဂတေပိ ဧတရဟိ ပစ္စယာ စေဝ ပစ္စယမုပ္ပန္နဓမ္မာ စ၊ တတော ဥဒ္ဓံ သတ္တော ဝါ ပုဂ္ဂလော ဝါ နတ္ထိ၊ သုဒ္ဓသင်္ခါရပုဉ္ဇော ဧဝါတိ တီသု အဒ္ဓါသု ကင်္ခံ ဝိတရတိ။ အယံ ပန ဝိပဿနာ သင်္ခါရသလ္လက္ခဏာ ဉာတပရိညာ နာမ။</b> (အဘိ၊ဋ္ဌ၊၂၊၂၄၁-၂၄၂။)</p> <p>= ဥပါဒါနက္ခခန္ဓာငါးပါး = အာယာတန တစ်ဆယ့်နှစ်ပါး = ရုပ်နာမ်တရားတို့ကို ပရမတ္ထဓမ္မသဘာဝလက္ခဏာသို့ ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးသော ထိုယောဂါဝစရပုဂ္ဂိုလ်သည် <b>တီရဏပရိညာ</b>ဖြင့် ပိုင်းခြား သိခဲ့သော ဤ ရုပ်နာမ်သည်ကား တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား (= ဇနကအကြောင်းတရား) ထင်ရှား မရှိဘဲ, အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရား (= ဥပတ္ထမ္ဘက အကြောင်းတရား) ထင်ရှား မရှိဘဲ ဖြစ်ပေါ်လာရသည်သာ မဟုတ်၊ အဟုတ်သော်ကား တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား = ဇနကအကြောင်းတရား ထင်ရှားရှိသည် ဖြစ်၍သာလျှင်, အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရား (= ဥပတ္ထမ္ဘ ကအကြောင်းတရား) ထင်ရှား ရှိသည်ဖြစ်၍သာလျှင် ဖြစ်ပေါ်လာ၏။ ထိုရုပ်နာမ်၏ တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား (= ဇနက အကြောင်းတရားကား) အဘယ်ပါနည်း၊ အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရား (= ဥပတ္ထမ္ဘက အကြောင်းတရား)ကား အဘယ်ပါနည်းဟု ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်လတ်သော် -----</p> <p>၁။ အဝိဇ္ဇာဟူသော အကြောင်းကြောင့်,</p> <p>၂။ တဏှာဟူသော အကြောင်းကြောင့်,</p> <p>၃။ ကံဟူသော အကြောင်းကြောင့်,</p> <p>၄။ အာဟာရဟူသော အကြောင်းကြောင့် -----</p> <p>ဖြစ်ပေါ်လာရသည်ဟု ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်း ဖောက် သိမြင်သောအခါ -----</p> <p>အဝိဇ္ဇာ ဖြစ်ဖြင်းကြောင့် ကမ္မဇရုပ် ဖြစ်၏၊</p> <p>အဝိဇ္ဇာက အကြောင်းတရား ကမ္မဇရုပ်က အကျိုးတရား -----</p> <p>ဤသို့ စသည်ဖြင့် အကြောင်တရား အကျိုးတရားတို့ကို ပိုင်းခြား မှတ်သား၍ -----</p> <p>၁။ အတိတ်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာ ရှိ၏၊</p> <p>၂။ အနာဂတ်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာ ရှိ၏၊</p> <p>၃။ ပစ္စုပ္ပန်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာ ရှိ၏။</p> <p>ထိုအကြောင်းတရား အကျိုးတရားထက် ပိုလွန်၍ ပြုလုပ်တတ် ဖန်ဆင်းတတ်သော ပုဂ္ဂိုလ်သတ္တဝါသည်လည်းကောင်း, အပြုလုပ်ခံရ အဖန်ဆင်းခံရသော ပုဂ္ဂိုလ်သတ္တဝါသည်လည်းကောင်း မရှိ၊ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားအစုအပုံ သက်သက်သည်သာလျှင် ရှိ၏ ----- ဟု ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်သည့် ပစ္စက္ခဉာဏ်ဖြင့် ဆုံးဖြတ်ချက်ချနိုင်သဖြင့် အတိတ် အနာဂတ် ပစ္စုပ္ပန်ကာလသုံးပါတို့၌ သို့လောသို့လော တွေးတောယုံမှားခြင်း (= ဝိစိကိစ္ဆာတရား)ကို ကျော်လွှားလွန်မြောက်၍ သွားပေ၏။ ဤသည်ကား ဝိပဿနာဉာဏ်၏ အရှုခံ အာရုံဖြစ်သည့် -----</p> <p>၁။ ရုပ်တရား</p> <p>၂။ နာမ်တရား</p> <p>၃။ အကြောင်းတရား</p> <p>၄။ အကျိုးတရားတည်းဟူသော -----</p> <p>သင်္ခါရတရားတို့ကို ကောင်းစွာ ပိုင်းခြားမှတ်သား တတ်သော <b>ဉာတ ပရိညာ</b> မည်၏။ (အဘိ၊ဋ္ဌ၊၂၊၂၄၁-၂၄၂။)</p> <p>ဤအထက်ပါ အဋ္ဌကထာများ၏ ဖွင့်ဆိုချက်နှင့် အညီ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌ အကြောင်းတရား အကျိုးတရားတို့ကို ကိုယ်တိုင် မျက်မှောက်ထွင်းဖောက် သိမြင်တတ်သည့် ပစ္စက္ခဉာဏ်ဖြင့် သိမ်းဆည်းနိုင်ပါမှ ပိုင်းခြားယူနိုင်ပါမှ <b>ဉာတပရိညာ</b>စခန်းသို့ ဆိုက်ရောက်နိုင်မည်ဟူသော အချက်ကို ရိုသေကျိုးနွံစွာ ဦးထိပ်ရွက်ပန်ဆင်လျက် နာယူ မှတ်သားထားလေရာသည်။</p> <h3>လောကီ တီရဏပရိညာ</h3> <p><b>ရူပံ အနိစ္စံ, ဝေဒနာ အနိစ္စာတိ အာဒိနာ နယေန တေသံယေဝ ဓမ္မာနံ သာမညလက္ခဏံ အာရောပေတွာ ပဝတ္တာ လက္ခဏာရမ္မဏိကဝိပဿနာ ပညာ တီရဏပရိညာ နာမ ။ ပ ။ ကလာပသမ္မသနတော ပဋ္ဌာယ ယာဝ ဥဒယဗ္ဗယာနုပဿနာ တီရဏပရိညာယ ဘူမိ။</b> (ဝိသုဒ္ဓိ၊၂၊၂၄၁။)</p> <p>= ရုပ်တရား၏ ဖြစ်ခြင်း ပျက်ခြင်း အခြင်းအရာသဘောကို ဉာဏ်နှင့် မြင်အောင် ကြည့်၍ အနိစ္စဟုလည်းကောင်း, ဝေဒနာ၏ ဖြစ်ခြင်း ပျက်ခြင်း အခြင်းအရာသဘောကို ဉာဏ်နှင့် မြင်အောင် ကြည့်၍ အနိစ္စဟုလည်းကောင်း ----- ဤသို့စသော နည်းအားဖြင့် ထိုဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာတည်းဟူသော လက္ခဏာရေးသုံးတန်တို့သို့ တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းဖြင့် ဖြစ်ပေါ်၍လာသော အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာလျှင် တည်ရာ အာရုံရှိသော လက္ခဏာရမ္မဏိက ဝိပဿနာပညာသည် <b>တီရဏပရိညာ</b> မည်၏။ ပ ။ ရုပ်တရား နာမ်တရားတို့ကို -----</p> <p>၁။ <b>ယံ ကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓဓမ္မံ</b></p> <p>= ဖြစ်သည့်တရားမှန်က ပျက်၏ဟု သင်္ခါရတရားအားလုံးတို့ကို တစ်ပုံတစ်စု ပြု၍ ဖြစ်စေ,</p> <p>၂။ ရုပ်တရားကို တစ်ပုံ နာမ်တရားကို တစ်ပုံ ဤသို့ နှစ်ပုံ ပုံ၍ ဖြစ်စေ,</p> <p>၃။ ခန္ဓာငါးပါးနည်းဖြင့် ငါးပုံ ပုံ၍ ဖြစ်စေ,</p> <p>၄။ အာယတန (၁၂)ပါးနည်းဖြင့် (၁၂)ပုံ ပုံ၍ ဖြစ်စေ,</p> <p>၅။ ဓာတ် (၁၈)ပါးနည်းဖြင့် (၁၈)ပုံ ပုံ၍ ဖြစ်စေ -----</p> <p>ဤသို့ စသည်ဖြင့် အစုလိုက် အပုံလိုက် အပေါင်းအစုအလိုက် ပေါင်းစု ခြုံငုံ၍ လက္ခဏာရေးသုံးတန်တို့သို့ တင်ကာ ဝိပဿနာရှုပွား သုံးသပ်သော နည်းစနစ်ကို <b>ကလာပသမ္မနနည်း</b>ဟု ခေါ်ဆို၏။ ထို<b>ကလာပသမ္မနဉာဏ်</b>မှ စ၍ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို ယင်းတို့၏ ဖြစ်မှု ပျက်မှုကို ခဏပစ္စုပ္ပန်သို့ဆိုက်သည့်တိုင်အောင် ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ လက္ခဏာရေးသုံးတန်တို့သို့ တင်ကာ ရှုပွားသုံးသပ်တတ်သော <b>ဥဒယဗ္ဗယာနုပဿနာဉာဏ်</b>သို့ တိုင်အောင်သော ဝိပဿနာဉာဏ်၏ ကျက်စားရာနယ်ကား <b>တီရဏပရိညာ</b>၏ တည်ရာ ဘုံဌာန ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၄၁။)</p> <h3>လောကီ ပဟာနပရိညာ</h3> <p><b>တေသု ယေဝ ပန ဓမ္မေသု နိစ္စသညာဒိပဇဟနဝသေန ပဝတ္တာ လက္ခဏာရမ္မဏိကဝိပဿနာ ပညာ ပဟာနပရိညာ နာမ ။ ပ ။ ဘင်္ဂါနုပဿနံ အာဒိံ ကတွာ ဥပရိ ပဟာန ပရိညာယ ဘူမိ။</b> (ဝိသုဒ္ဓိ၊၂၊၂၄၁-၂၄၂။)</p> <p>= ထိုရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၌ပင်လျှင် မြဲ၏ဟု (= နိစ္စဟု) အမှတ်မှားမှု နိစ္စသညာစသည်ကို ပယ်နိုင်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်၍လာသော ယင်းရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာလျှင် တည်ရာ အာရုံရှိသော လက္ခဏာရမ္မဏိက ဝိပဿနာပညာသည် <b>ပဟာနပရိညာ</b> မည်၏ ။ ပ ။ ယင်းသင်္ခါရတရားတို့၏ အပျက်သက်သက်ကိုသာ ရှုမြင်တတ်သော <b>ဘင်္ဂါနုပဿနာဉာဏ်</b>မှ စ၍ အထက်ပိုင်း ဝိပဿနာဉာဏ်အားလုံးသည် <b>ပဟာနပရိညာ</b>၏ တည်ရာ ဘုံဌာန ဖြစ်ပေသည်။ ဤကား လောကီပရိညာသုံးပါးတည်း။ (ဝိသုဒ္ဓိ၊၂၊၂၄၁-၂၄၂။)</p> <h3>လောကုတ္တရာပရိညာသုံးပါး</h3> <p><b>ယသ္မာ ဝါ ဉာတတီရဏပရိညာယောပိ တဒတ္ထာယေဝ၊ ယသ္မာ စ ယေ ဓမ္မေ ပဇဟတိ၊ တေ နိယမတော ဉာတာ စေဝ တီရိတာ စ ဟောန္တိ၊ တသ္မာ ပရိညာတ္တယမ္ပိ ဣမိနာ ပရိယာယေန မဂ္ဂဉာဏဿ ကိစ္စန္တိ ဝေဒိတဗ္ဗံ။</b> (ဝိသုဒ္ဓိ၊၂၊၃၅။)</p> <p>[မှတ်ချက်။ ။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိတွဲ စာမျက်နှာ (၃၃၄- ၃၃၅) တို့တွင် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်မျိုးကို <b>ဉာတပရိညာ</b> မည်၏ဟုလည်းကောင်း , ကလာပသမ္မသနဉာဏ်မှ စ၍ အနုလောမဉာဏ်သို့ တိုင်အောင်သော ဝိပဿနာဉာဏ်များကို <b>တီရဏပရိညာ</b>မည်၏ဟုလည်းကောင်း ဘင်္ဂါနုပဿနာဉာဏ်မှ စ၍ အရိယမဂ်ဉာဏ်သို့တိုင်အောင် ဉာဏ်အားလုံးကို <b>ပဟာနပရိညာ</b>မည်၏ဟုလည်းကောင်း ဖွင့်ဆိုထားတော်မူ၏။ထိုနောင် အထက်ပါအတိုင်း တစ်နည်း ထပ်ဖွင့်ဆိုတော်မူသည်။ ယင်း ဖွင့်ဆိုချက်၏ အဓိပ္ပါယ်မှာ အောက်ပါအတိုင်း ဖြစ်၏]</p> <p><b>တဿာ ဘင်္ဂါနုပဿနတော ပဋ္ဌာယ ယာဝ မဂ္ဂဉာဏာ ဘူမိ။</b> (ဝိသုဒ္ဓိ၊၂၊၃၃၅)</p> <p>= <b>ဘင်္ဂါနုပဿနာဉာဏ်</b>မှ စ၍ အရိယမဂ်ဉာဏ်သို့တိုင်အောင်သော နယ်မြေကား ထို<b>ပဟာနပရိညာ</b>၏ တည်ရာ ဘုံဌာန ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊ ၂၊ ၃၃၅။)</p> <p><b>နိပ္ပရိယာယေန ပဟာနပရိညာ နာမ မဂ္ဂဉာဏန္တိ ယာဝ မဂ္ဂဉာဏာ ဘူမီတိ ဝုတ္တံ။</b> (မဟာဋီ၊၂၊၅၀၈။)</p> <p>= မုချအားဖြင့် <b>ပဟာနပရိညာ</b>ဟူသည် အရိယမဂ်ဉာဏ်သာတည်း။ထိုကြောင့် အရိယမဂ်ဉာဏ်သို့ တိုင်အောင်သော ဝိပဿနာနယ်မြေကို <b>ပဟာနပရိညာ</b>၏ တည်ရာဘုံ ဖြစ်ကြောင်းကို အဋ္ဌကထာဆရာတော်က မိန့်ဆိုခြင်း ဖြစ်သည်။ (မဟာဋီ၊၂ ၊၅၀၈။)</p> <p>ထိုကြောင့် တစ်နည်းဆိုရသော် ----- <b>ဉာတပရိညာ</b>နှင့် <b>တီရဏပရိညာ</b> တို့သည် <b>ပဟာနပရိညာ</b> အကျိုးငှာသာ ဖြစ်ကြသည်။ <b>ဉာတပရိညာ</b>နှင့် <b>တီရဏပရိညာ</b>တို့သည် အရိယမဂ်ဉာဏ် အကျိုးငှာသာ (= အရိယမဂ်ဉာဏ် ဖြစ်ပေါ်လာနိုင်ရေး အတွက်သာ) ဖြစ်ပေါ်နေကြသော ပရိညာတို့ ဖြစ်ကြသည်။ အကြင် ခန္ဓာငါးပါးရုပ်နာမ်တရားတို့ အပေါ်၌ ဖြစ်ပေါ်နေသော ကိလေသာကို အရိယမဂ်တရားသည် သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ ပယ်စွန့်၏။ ထိုအရိယ မဂ်တရားသည် ထိုတရားတို့ကို ကိန်းသေမြဲသော နိယာမသဘောအားဖြင့် ပိုင်းခြား သိပြီးသာ ဖြစ်ကုန်၏။ အနိစ္စ-ဒုက္ခ-အနတ္တ-ဟု စူးစမ်းဆင်ခြင် ဆုံးဖြတ်ချက်ချပြီးသာ ဖြစ်ကုန်၏။ ထိုကြောင့် ပရိညာသုံးပါးလုံးသည် ဤအကြောင်း ပရိယာယ်အားဖြင့် အရိယမဂ်ဉာဏ်၏ ကိစ္စသာ ဖြစ်သည်ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၃၃၅။)</p> <p>ဤ အထက်ပါ အဋ္ဌကထာအဖွင့်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏ -----</p> <p>အရိယမဂ်တရားသည် ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်နိုင်သည့် စွမ်းအား ရှိခြင်းကြောင့် မုချအားဖြင့် <b>ပဟာနပရိညာ</b>ဟူသော အမည်ကို ရရှိပေသည်။ ဝိပဿနာဉာဏ်တို့ကား တဒင်္ဂအားဖြင့်သာ(=အခိုက်အတန့်အားဖြင့်သာ) ကိလေသာတို့ကို ပယ်စွန့်နိုင်သည့် စွမ်းအား ရှိခြင်းကြောင့် ကိလေသာတို့ကို တဒင်္ဂ(=အခိုက်အတန့်)အားဖြင့် ပယ်စွန့်နိုင်သည့် ဤအကြောင်း ပရိယာယ်အားဖြင့်သာ <b>ပဟာနပရိညာ</b>ဟူသောအမည်ကို ရရှိပေသည်။ တစ်ဖန် အရိယမဂ်တရားသည် မုချအားဖြင့် <b>ပဟာနပရိညာ</b>ဟူသော အမည်ကို ရရှိ၍ ပရိယာယ်အားဖြင့် <b>ဉာတပရိညာ တီရဏပရိညာ</b>ဟူသော အမည်ကိုလည်း ရရှိပေသည်။ အကြောင်းကား ဤသို့ ဖြစ်၏။ -----</p> <p>အရိယမဂ်တရားသည် ပယ်သင့်ပယ်ထိုက်သော ကိလေသာတို့ကို အကြွင်းမဲ့ ပယ်စွန့်တတ် ပယ်သတ်တတ်သောကြောင့် ပဟာနဟူသော အမည်ကို ရရှိပေသည်။ သိသင့်သိထိုက်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို အာရုံမျက်မှောက် ထွင်းဖောက် သိမြင်သောကြောင့် ပိုင်းပိုင်းခြားခြား သိသောကြောင့် ပရိညာဟူသော အမည်ကိုလည်း ရရှိပေသည်။ သို့အတွက် အရိယမဂ်တရားသည် မုချအားဖြင့် <b>ပဟာနပရိညာ</b>ဟူသော အမည်ကို ရရှိခြင်း ဖြစ်သည်။</p> <p>အရိယမဂ်တရားသည် အာရမ္မဏပဋိဝေဓ အသမ္မောဟပဋိဝေဓ ဟူသော ပဋိဝေဓ နှစ်မျိုးတို့ဖြင့် သစ္စာလေးပါးကို ထွင်းဖောက် သိမြင်၏။ ထို ပဋိဝေဓနှစ်မျိုးတို့တွင် <b>အာရမ္မဏပဋိဝေဓ</b>ဟူသည် အာရုံမျက်မှောက်ထွင်းဖောက် သိမြင်ခြင်းတည်း။ အရိယမဂ်တရားသည် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ဟူသော နိရောဓသစ္စာတရားကို အာရုံမျက်မှောက် ဆိုက်ရောက်လျက် ထွင်းဖောက် သိမြင်၏။ ထိုသို့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် တရားတော်မြတ်ကို အာရုံမျက်မှောက် ဆိုက်ရောက်လျက် ထွင်းဖောက်သိမြင်ရာ၌ သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟ (= အဝိဇ္ဇာ) အမှောင်ထုကိုလည်း အကြွင်းမဲ့ ဖျက်ဆီးလိုက်၏။ အကြွင်းမဲ့ ပယ်သတ်လိုက်၏။ သို့အတွက် ကိစ္စသိဒ္ဓိအားဖြင့် သစ္စာလေးပါးလုံးကို သိမြင်ခြင်း ကိစ္စလည်း တစ်ပါတည်း ပြီးစီးသွား၏။ ထိုသို့ သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟ (= အဝိဇ္ဇာ) အမှောင်ထုကို အကြွင်းမဲ့ ပယ်သတ်ခြင်းဖြင့် သစ္စာလေးပါးကို သိမှုကို <b>အသမ္မောဟပဋိဝေဓ</b>ဟု ခေါ်ဆို၏၊ နိရောဓသစ္စာကို <b>အာရမ္မဏပဋိဝေဓ</b>သဘောအားဖြင့် ထွင်းဖောက် သိမြင်ခြင်းကြောင့် ကျန်သစ္စာသုံးပါးကို ကိစ္စသိဒ္ဓိအားဖြင့် သိ၏ဟု ဆိုရ၏။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။) ထိုကြောင့် အရိယမဂ်တရားသည် <b>အသမ္မောဟပဋိဝေဓ</b>သဘောအားဖြင့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြကုန်သော -----</p> <p>၁။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါး = ဒုက္ခသစ္စာတရားနှင့်</p> <p>၂။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ဟူသော ဒုက္ခသစ္စာ၏ အကြောင်းရင်း သမုဒယသစ္စာတရား -----</p> <p>ဤသစ္စာနှစ်ပါးတို့ကိုလည်း ကိစ္စသိဒ္ဓိအားဖြင့် ပိုင်းခြားသိခြင်းကိစ္စ တစ်ပါတည်း ပြီးစီးသွားရကား ----- ဤအကြောင်း ပရိယာယ်အားဖြင့် <b>ဉာတပရိညာ</b>ဟူသော အမည်ကိုလည်း ရရှိပေသည်။</p> <p>တစ်ဖန် အရိယမဂ်တရားသည် ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာ တရားတို့၏ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာကို မသိအောင် ဖုံးလွှမ်းထား သည့် မောဟ (= အဝိဇ္ဇာ)ကိုလည်း အကြွင်းမဲ့ ပယ်သတ်လိုက်၏။ ထို့ကြောင့် ကိစ္စသိဒ္ဓိအားဖြင့် ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို စူးစမ်းဆင်ခြင် ဆုံးဖြတ်လျက် ပိုင်းပိုင်းခြားခြား သိခြင်း လုပ်ငန်းကိစ္စသည်လည်း တစ်ပါတည်း ပြီးစီးသွား၏။ ထို့ကြောင့် အရိယမဂ်တရားသည် ဤအကြောင်းပရိယာယ်အားဖြင့် <b>တီရဏပရိညာ</b> ဟူသော အမည်ကိုလည်း ရရှိပေသည်။</p> <p>တစ်ဖန် အရိယမဂ်တရားကို မရမီအတွင်း၌ အရိယမဂ်၏ ရှေးအဖို့ဝယ် ကျင့်ရသော <b>ပုဗ္ဗဘာဂပဋိပဒါ</b>ကျင့်စဉ်ပိုင်းဝယ် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို ပိုင်းပိုင်းခြားခြား သိခြင်း <b>ဉာတပရိညာ</b>နှင့် ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာကို စူးစမ်းဆင်ခြင် ဆုံးဖြတ်လျက် ပိုင်းခြားသိခြင်းဟူသော <b>တီရဏပရိညာ</b> --- ဤပရိညာနှစ်ပါးတို့ကို ရရှိအောင် ယောဂါဝစရပုဂ္ဂိုလ်သည် ကြိုးစားအားထုတ်ရ၏။ ယင်းပရိညာနှစ်ပါးတို့ကား <b>ပဟာနပရိညာ</b>အမည်ရသည့် အရိယမဂ်တရားကို ရရှိရေးအတွက်သာ ဖြစ်ခြင်းကြောင့် ဤအကြောင်းပရိယာယ်အားဖြင့်လည်း အရိယမဂ်တရားသည် <b>ဉာတပရိညာ တီရဏပရိညာ</b> ဟူသော အမည်ကိုလည်း ရရှိပေသည်။</p> <p>တစ်ဖန် ယင်း ဒုက္ခသစ္စတရား သမုဒယသစ္စာတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာကို ထိုးထွင်း သိနေသော အရိယမဂ်၏ ရှေးအဖို့၌ ပြုကျင့်ရသော ဝိပဿနာဉာဏ်ကား (= ဝိပဿနာဉာဏ် ပြဓာန်းသော မဂ္ဂင်တရားကိုယ်တို့ကား) လောကီမဂ္ဂသစ္စာတရားတည်း။ ယင်း လောကီမဂ္ဂသစ္စာအမည်ရသော ဝိပဿနာဉာဏ်ကလည်း ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟကို တဒင်္ဂအားဖြင့် ပယ်ရှားနိုင်သောကြောင့် မဂ္ဂသစ္စာဟူသော အမည်ကို ရရှိလေသည်။ (ဝိသုဒ္ဓိ၊၂၊၂၆၈။) ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းလောကီမဂ္ဂသစ္စာ အမည်ရသည့် ဝိပဿနာဉာဏ် ပြဓာန်းသော နာမ်တရားစုကိုလည်း တစ်ဖန် ပြန်၍ သိမ်းဆည်းကာ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန် တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရ၏။ (ဝိသုဒ္ဓိ၊၂၊ ၂၆၂-၂၆၃။ ၂၈၈။) <b>ဉာတပရိညာ</b>နှင့် <b>တီရဏပရိညာ</b>ပင်တည်း။ ယင်း <b>ဉာတပရိညာ</b>နှင့် <b>တီရဏပရိညာ</b>သည်လည်း <b>ပဟာနပရိညာ</b>အမည်ရသည့် အရိယမဂ်တရားကို ရရှိရေးအတွက်သာ ဖြစ်ခြင်းကြောင့် ဤအကြောင်းပရိယာယ်အားဖြင့်လည်း အရိယမဂ်တရားသည် <b>ဉာတပရိညာ</b>နှင့် <b>တီရဏပရိညာ</b>ဟူသော အမည်ကိုလည်း ရရှိပေသည်။</p> <p>ဤ အထက်ပါ လောကီပရိညာသုံးမျိုး လောကုတ္တရာ ပရိညာသုံးမျိုး တို့ဖြင့် အလုံးစုံးသော ဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ပိုင်းပိုင်း ခြားခြား မသိပါက သံသရာဝဋ်ဆင်းရဲဒုက္ခ မကုန်ဆုံးနိုင်၊ ပိုင်းပိုင်းခြားခြား သိမှသာလျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးနိုင်မည်ဟု အထက်ပါ အပရိဇာနနသုတ္တန် (သံ၊၂၊၂၄၉-၂၅၀။)သဗ္ဗပရိညာသုတ္တန် (ဣတိဝုတ္တက၊ ၁၉၇။)တို့တွင် ဘုရားရှင်က ဟောညွှန်လျက် ရှိပေသည်။</p> <p>ဤ <b>သဗ္ဗပရိညာသုတ္တန်</b>ကိုပင် ကိုးကားတော်မူ၍ ဝိသုဒ္ဓိမဂ္ဂ မဟာဋီကာ ဆရာတော်က ----- လက္ခဏာရေးသုံးတန်တို့သို့ တင်ကာ ဝိပဿနာရှုပွား သုံးသပ်ထိုက်သည့် ဘုံသုံးပါးအတွင်း၌ တည်ရှိသော <b>သမ္မသမနုပဂတရား</b>မှန်သမျှကို အကြွင်းအကျန် မရှိ ကုန်စင်အောင် ပရိညာသုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည် ဖြစ်ကြောင်းကို ဆုံးဖြတ်ထားတော်မူပေသည်။ (မဟာဋီ၊၂၊၃၅၈။)</p> <h3>အဋ္ဌသာလိနီအဋ္ဌကထာ၏ ဆုံးဖြတ်ချက်</h3> <p><b>ဣဓေကစ္စော အာဒိတောဝ အဇ္ဈတ္တံ ပဉ္စသု ခန္ဓေသု အဘိနိဝိသတိ၊ အဘိနိဝိသိတွာ တေ အနိစ္စာဒိတော ပဿတိ။ ယသ္မာ ပန န သုဒ္ဓအဇ္ဈတ္တဒဿနမတ္တေနေဝ မဂ္ဂဝုဋ္ဌာနံ ဟောတိ၊ ဗဟိဒ္ဓါပိ ဒဋ္ဌဗ္ဗမေဝ။ တသ္မာ ပရဿ ခန္ဓေပိ အနုပါဒိန္နသင်္ခါရေပိ အနိစ္စံ ဒုက္ခမနတ္တာတိ ပဿတိ။</b> (အဘိ၊ဋ္ဌ၊၁၊၂၇၀။)</p> <p>[<b>မမံကာရဝတ္ထုနောပိ ပရိညေယျတ္တာ။</b> (မဟာဋီ၊၂၊၄၇၀။) = ငါ၏ ဥစ္စာဟု နှလုံးသွင်းအပ်သော တဏှာ၏ တည်ရာ စွဲမှီ၍ ဖြစ်ရာ သက်ရှိသက်မဲ့ ဗဟိဒ္ဓ ရုပ်ဝတ္ထု နာမ်ဝတ္ထု၏ ပိုင်းခြား၍ သိအပ်သော ပရိညေယျတရားပင် ဖြစ်သောကြောင့်တည်း။]</p> <p><b>အပရော အာဒိတောဝ ရူပေ အဘိနိဝိသတိ၊ အဘိနိဝိသိတွာ ဘူတရူပဉ္စ ဥပါဒါရူပဉ္စ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ။ ယသ္မာ ပန န သုဒ္ဓရုပဒဿနမတ္တေနေဝ ဝုဋ္ဌာနံ ဟောတိ၊ အရူပမ္ပိ ဒဋ္ဌဗ္ဗမေဝ၊ တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ, သညံ, သင်္ခါရေ, ဝိညာဏဉ္စ ဣဒံ အရူပန္တိ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ။</b> (အဘိ၊ဋ္ဌ၊၁၊၂၇၁။)</p> <p>= ဤသာသနာတော်၌ အချို့သော ယောဂါဝစရပုဂ္ဂိုလ်သည် အားထုတ်ခါစ ရှေးဦးအစ၌ပင်လျှင် မိမိသန္တာန်၌ တည်ရှိသော <b>အဇ္ဈတ္တခန္ဓာငါးပါး သင်္ခါရတရား</b>တို့၌ စွဲစွဲမြဲမြဲ နှလုံးသွင်း၏ (ယင်း အဇ္ဈတ္တခန္ဓာငါးပါး သင်္ခါရတရား တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူ၏။ သိမ်းဆည်း၏။) စွဲစွဲမြဲမြဲ နှလုံးသွင်းပြီး၍ ထို <b>အဇ္ဈတ္တခန္ဓာငါးပါး သင်္ခါရတရား</b>တို့ကို လက္ခဏာယာဉ်သုံးချက်တို့သို့ တစ်လှည့်စီ တင်ကာ အနိစ္စဟု (ဒုက္ခဟု အနတ္တဟု) ဝိပဿနာရှု၏၊ သို့သော် အဇ္ဈတ္တခန္ဓာငါးပါး သင်္ခါရတရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်ကား အရိယမဂ်သို့ ထမြောက်ကြောင်း <b>ဝုဋ္ဌာနဂါမိနိဝိပဿနာ</b>သည် ဖြစ်ပေါ်မလာနိုင်။ <b>ဗဟိဒ္ဓ ခန္ဓာငါးပါး သင်္ခါရတရား</b>တို့ကိုလည်း ဝိပဿနာရှုပွားသုံးသပ်ရမည်သာလျှင် ဖြစ်ပေသည်။</p> <p>ထို့ကြောင့် သူတစ်ပါး၏ သန္တာန်၌ တည်ရှိသော <b>ဗဟိဒ္ဓခန္ဓာငါးပါး သင်္ခါရတရား</b>တို့ကိုလည်းကောင်း <b>အနုပါဒိန္နသင်္ခါရ</b>အမည်ရသော သက်မဲ့လောက၌ တည်ရှိသော <b>ဥတုဇရုပ်တရား</b>တို့ကိုလည်းကောင်း အနိစ္စဟု (ဒုက္ခဟု အနတ္တ ဟု) လက္ခဏာယာဉ်သုံးချက်တို့ကို တစ်လှည့်စီ တင်ကာ ဝိပဿနာရှုပွားသုံးသပ်၏။</p> <p>[<b>ဝုဋ္ဌာနဂါမိနီဝိပဿနာ</b> ----- အရိယမဂ်ဉာဏ်နှင့် ဆက်စပ်လျက်ရှိသော ပရိကံ ဥပစာ အနုလုံ ဂေါတြဘု (ဝေါဒါန်)တို့ကိုလည်းကောင်း၊ မဂ္ဂဝီထိ၏ ရှေ့တွင် ဘဝင်ခြားလျက် မဂ္ဂဝီထိနှင့် ဆက်စပ်နေသော အလွန်နီးကပ်နေသော အထွတ်အထိပ်သို့ ရောက်ရှိလာသည့် <b>သင်္ခါရုပေက္ခာဉာဏ်</b>ပါသည့် <b>ဝိပဿနာဇောဝိထိ</b>ကိုလည်းကောင်း <b>ဝုဋ္ဌာနဂါမိနီဝိပဿနာ</b>ဟု ခေါ်ဆိုပေသည်။ <b>သင်္ခါရုပေက္ခာဉာဏ်</b>ကို သုံးပိုင်း ပိုင်းလျှင် အရိယမဂ်ဉာဏ်နှင့် ဆက်စပ်နေသည့် အလွန် နီးကပ်နေသည့် နောက်ဆုံးအပိုင်း ဖြစ်သည်။ သင်္ခါရတရားတို့မှ လုံးလုံးကြီး မလွတ်သေးသော်လည်း သင်္ခါရတရားတို့မှ လွတ်မြောက်ရာ နိဗ္ဗာန်ဘက်သို့ တစ်ဟုန်တည်း ပြေးသွားကြသော ဝိပဿနာဇောဝီထိများတည်း။]</p> <p>= အခြားတစ်ဦးသော ယောဂါဝစရပုဂ္ဂိုလ်သည်ကား ရှေးဦးအစ အားထုတ်စ၌ပင်လျှင် (ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးတို့တွင် ရုပ်ကမ္မဋ္ဌာန်းက စ၍) ရုပ်တရား၌ စွဲစွဲမြဲမြဲ နှလုံးသွင်း၏ (= ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူ၏ = သိမ်းဆည်း၏။) ရုပ်တရား၌ စွဲစွဲမြဲမြဲ နှလုံးသွင်းပြီး၍ <b>ဘူတရုပ်</b> (= ဓာတ်ကြီးလေးပါး)ကိုလည်းကောင်း၊ <b>ဥပါဒါရုပ်</b>ကိုလည်းကောင်း တစ်ပေါင်းတစ်စုတည်း ပြု၍ (ကလာပသမ္မသနနည်းအားဖြင့် စတင်၍) ဝိပဿနာရှုပွား သုံးသပ်၏။ သို့သော် ရုပ်တရားသက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်ကား <b>ဝုဋ္ဌာနဂါမိနီဝိပဿနာ</b>သည် ဖြစ်ပေါ်မလာနိုင်၊ နာမ်တရားကိုလည်း ဝိပဿနာ ရှုပွားသုံးသပ်ရမည်သာ ဖြစ်ပေသည်။ ထိုကြောင့် ထိုရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝေဒနာကိုလည်းကောင်း သညာကိုလည်းကောင်း သင်္ခါရကိုလည်းကောင်း ဝိညာဏ်ကိုလည်းကောင်း ဤ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် နမ်တရားတည်း ----- ဟု ဉာဏ်ဖြင့် ပိုင်းခြားယူကာ ယင်းနာမ်တရားတို့ကို အနိစ္စ (ဒုက္ခ အနတ္တ)ဟု လက္ခဏာယာဉ်သုံးချက်တို့သို့ တစ်လှည့်စီ တင်ကာ ဝိဿနာရှုပွားသုံးသပ်၏။ (ရှုပွားသုံးသပ်ပါ။) (အဘိ၊ဋ္ဌ၊၁၊၂၇၀-၂၇၁။) ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊ ၃၀၀။) တွင်လည်း အဓိပ္ပါယ်တူ ဖွင့်ဆိုချက် လာရှိပေသည်။</p> <h3>ဝိပဿနာဉာဏ်၏ အရှုခံနာမ်တရားများ</h3> <p>အထက်တွင် တင်ပြထားသော ပါဠိတော်နှင့် အဋ္ဌကထာ အဖွင့်တို့နှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သည် သံသရာဝဋ်ဆင်းရဲဒုက္ခ၏ ကုန်ရာ နိဗ္ဗာန်သို့ ရောက်ရှိရေးအတွက် အလုံးစုံးသော ခန္ဓာငါးပါး ရုပ်တရားနာမ်တရားတို့ကို ပရိညာသုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိအောင် ကြိုးပမ်းရတော့မည် ဖြစ်ပေသည်။ ထိုသို့ ကြိုးပမ်းရာ၌ သိမ်းဆည်းရှုပွားရမည့် ဉာဏ်ဖြင့် ပိုင်းခြားယူရမည့် နာမ်တရားတို့ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ----- <b>ဧကာသီတိ လောကိယစိတ္တာနိ</b> (ဝိသုဒ္ဓိ၊၂၊၂၂၃။) လောကီစိတ် (၈၁)မျိုးနှင့် ဖဿစသော ယှဉ်ဖက် သမ္ပယုတ်တရားတို့ကို သိမ်းဆည်းရှုပွားရန် ညွှန်ကြားထားတော်မူ၏။</p> <p>ဤညွှန်ကြားချက်နှင့် ပတ်သက်၍ မဟာဋီကာဆရာတော်က ဤသို့ ရှင်းပြထားတော်မူ၏။</p> <p><b>သဗ္ဗသင်္ဂါဟိတဝသေန ဧကာသီတိ လောကိယစိတ္တာနိတိ ဝုတ္တံ၊ လာဘိနော ဧဝ ပန မဟဂ္ဂတစိတ္တာနိ သုပါကဋာနိ ဟောန္တိ။</b> (မဟာဋီ၊၂၊ ၃၅၃။)</p> <p>= ပုထုဇန်, သေက္ခ, အသေက္ခ မဟူ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းသူ အားလုံးအတွက် သိမ်းကျုံးကာ လောကီစိတ် (၈၁)မျိုးဟု ဖွင့်ဆိုခြင်း ဖြစ်သည်။ စျာန်ကို ရရှိသော ပုဂ္ဂိုလ်တို့၏ သန္တာန်၌သာလျှင် စျာန်နာမ်တရားတို့သည် ထင်ရှားနိုင်ကုန်၏၊ စျာန်ရသူတို့သာ စျာန်နာမ်တရားတို့ကို သိမ်းဆည်းကာ ဝိပဿနာရှုပွား သုံးသပ်နိုင်ကုန်၏။ (မဟာဋီ၊၂၊၃၅၃။)</p> <p>တစ်ဖန် ပဉ္စဒွါရာဝဇ္ဇန်း, မနောဒွါရာဝဇ္ဇန်းဟူသော ကြိယာစိတ်နှစ်မျိုးတို့ကလွဲလျှင် ကြွင်းကျန်သော ကြိယာစိတ်တို့ကား အသေက္ခ (= ရဟန္တာ အရှင်မြတ်)တို့၏ သန္တာန်၌သာ ဖြစ်ခွင့် ရှိကြသော နာမ်တရားတို့ ဖြစ်ကြ၏။ ပုထုဇန်အဆင့်တွင်သာ တည်ရှိနေသေးသော ယောဂါဝစရပုဂ္ဂိုလ်သည် ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌သာ ဖြစ်ခွင့်ရှိကြသော ကြိယာစိတ်များမှ တစ်ပါးသော ကာမာဝစရစိတ် နာမ်တရားတို့နှင့် မိမိရရှိထားသည့် စျာန်နာမ်တရားတို့ကို ဝိပဿနာရှုပွားသုံးသပ်ရမည် ဖြစ်ပေသည်။ ထိုသို့ သိမ်းဆည်းရှုပွားရာ၌ -----</p> <p><b>သဗ္ဗေပိ တေ တိ ဧကာသီတိ လောကိယစိတ္တာနိ တံ သမ္ပယုတ္တာ ဖဿာဒယောတိ သဗ္ဗေပိ တေ အရူပဓမ္မေ။</b> (မဟာဋီ၊၂၊၃၅၃။)</p> <p>ဤသို့ ဖွင့်ဆိုထားသော မဟာဋီကာနှင့်အညီ ယင်းစိတ်တို့နှင့် ယှဉ်တွဲဖြစ်ကြသည့် ဖဿ စသော ယှဉ်ဖက် သမ္ပယုတ်တရား အားလုံးတို့ကိုပါ သိမ်းဆည်းကာ ဝိပဿနာရှုပွား သုံးသပ်ရမည် ဖြစ်ပေသည်။</p> <h3>သာမထယာနိကပုဂ္ဂိုလ်</h3> <p><b>တံ သမ္ပာဒေတုကာမေန သမထယာနိကေန တာဝ ဌပေတွာ နေဝသညာနာသညာယတနံ အဝသေသရူပါရူပါဝစရဇ္ဈာနာနံ အညတရတော ဝုဋ္ဌာယ ဝိတက္ကာဒီနိ စျာနင်္ဂါနိ တံ သမ္ပယုတ္တာ စ ဓမ္မာ လက္ခဏာရသာဒိဝသေန ပရိဂ္ဂဟေတဗ္ဗာ။ ပရိဂ္ဂဟတွာ သဗ္ဗမ္ပေတံ အာရမ္မဏာဘုမုခံ နမနတော နမနဋ္ဌေန နာမန္တိ ဝဝတ္ထပေတဗ္ဗံ။</b> (ဝိသုဒ္ဓိ၊၂၊၂၂၂။)</p> <p>= နာမ်ရုပ်ကို ဟုတ်တိုင်းမှန်စွာ သိမြင်တတ်သည့် ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်အမြင်ကို ပြည့်စုံစေလိုသော စျာန်သမထယာဉ် ရှိသော သမထယာနိက ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ နေဝသညာနာသညာယတနစျာန်ကို ချန်ထား၍ ယင်းစျာန်မှ တစ်ပါးကုန်သော ကြွင်းကုန်သော ရူပါဝစရစျာန် အရူပါဝစရစျာန်တို့တွင် တစ်မျိုးမျိုးသော စျာန်ကို ဝင်စားကာ ယင်းစျာန်မှ ထ၍ ဝိတက် အစရှိကုန်သော စျာန်အင်္ဂါတို့ကိုလည်းကောင်း ယင်းစျာန်နှင့် ယှဉ်ဖက် သမ္ပယုတ်တရားဖြစ်ကြကုန်သော နာမ်တရားစုတို့ကိုလည်းကောင်း လက္ခဏ-ရသစသည်တို့၏ အစွမ်းဖြင့် သိမ်းဆည်းအပ်၏။ (= ဉာဏ်ဖြင့် ပိုင်းခြားယူအပ်၏။) သိမ်းဆည်းပြီး၍ (= ဉာဏ်ဖြင့် ပိုင်းခြားယူပြီး၍) ဤ အလုံးစုံသော စျာန်နာမ်တရားစုကို (အာနာပါနပဋိဘာဂနိမိတ် ကသိုဏ်းပဋိဘာဂနိမိတ်စသော) သမထအာရုံနိမိတ်သို့ ရှေးရှု ညွတ်တတ်သောကြောင့် အာရုံသို့ ရှေးရှုညွတ်သော အနက်သဘောအားဖြင့် နာမ်ဟူ၍ ပိုင်းခြား မှတ်သားအပ်၏။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)</p> <p><b>လက္ခဏ, ရသ, ပစ္စုပ္ပဋ္ဌာန်, ပဒဋ္ဌာန်</b>နည်းအားဖြင့် နာမ်တရားတို့ကို သိမ်းဆည်းပုံ နည်းစနစ်များကို <b>ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ</b> (ဝိသုဒ္ဓိ၊၂၊၉၃ ...) စသည်တို့၌လည်းကောင်း, <b>အဋ္ဌသာလိနီ အဋ္ဌကထာ</b> စာမျက်နှာ (၁၅၆-၁၅၇ ..)စသည်တို့၌လည်းကောင်း ဖွင့်ဆိုထားပေသည်။ ဆရာသမားများနှင့်သာ ချည်းကပ် လေ့လာဆည်းပူးပါ။ သို့သော် နာမ်ကမ္မဋ္ဌာန်းကို အားသစ်စ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းနာမ်တရားတို့၏ သဘာဝလက္ခဏာက စ၍ နာမ်တရားတို့ကို သိမ်းဆည်းပါ၊ သို့သော် သဘာဝလက္ခဏာ မထင်းရှာပါက ယင်း နာမ်တရားတို့၏ လုပ်ငန်း ကိစ္စရသက စ၍သော်လည်း သိမ်းဆည်းနိုင်ပေသည်။</p> --- <h3>အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ ဝိပဿနာရှုပွားပုံ နည်းစနစ်တစ်ခု</h3> <p>သာဝကတို့တွင် ပညာအရာတွင် ဧတဒဂ် ရရှိတော်မူသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကိုယ်တိုင် စျာန်နာမ်တရားတို့ကို ဝိပဿနာ ရှုပွားသွားတော်မူသော ထုံးဟောင်းတစ်ရပ်သည် <b>ဥပရိပဏ္ဏာသပါဠိတော် အနုပဒသုတ္တန်</b>တွင် လာရှိပေသည်။</p> <p>အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီး၏ <b>တန်ခိုးဣဒ္ဓိ</b> ကြီးမြတ်တော်မူသောဂုဏ်, အရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီး၏ <b>ဓုတင်အရာ</b>၌ ကြီးမြတ်တော်မူသော ဂုဏ်, အရှင်အနုရုဒ္ဓမထေမြတ်ကြီး၏ <b>ဒိဗ္ဗစက္ခုအဘိညာဏ်</b>အရာ၌ ကြီးမြတ်တော်မူသော ဂုဏ်, အရှင်ဥပါလိ မထေရ်မြတ်၏ <b>ဝိနည်းကို ဆောင်တော်မူရာ</b>၌ ကြီးမြတ်တော်မူသော ဂုဏ်, အရှင်ရေဝတ မထေရ်၏ <b>စျာန်ဝင်စားလေ့ရှိတော်မူရာ</b>၌ စျာန်ဝင်စားခြင်း၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တော်မူရာ၌ ကြီးမြတ်တော်မူသော ဂုဏ်, အရှင်အာနန္ဒာ မထေရ်မြတ်၏ <b>အကြားအမြင် ဗဟုသုတ</b> များပြားရာ၌ ကြီးမြတ်တော်မူသော ဂုဏ် ----- ဤသို့လျှင် ထိုထိုမထေရ်မြတ်ကြီးတို့၏ ထိုထို ဂုဏ်ကျေးဇူးတို့ကား ထင်ရှားလျက် ရှိကြကုန်၏။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ ဂုဏ်ကျေးဇူးတို့ကား မထင်မရှား ဖြစ်နေကြကုန်၏။ အဘယ်ကြောင့်နည်းဟူမူ ----- ပညာရှိသော သူ၏ ဂုဏ်ကျေးဇူတို့ကား မဟောပြခဲ့သော် သိဖို့ရန် မစွမ်းနိုင်ပေ။ ထို့ကြောင့် ဘုရားရှင်သည် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ ဂုဏ်ကျေးဇူးတို့ကို ဟောကြားတော်မူပေအံ့ဟု ရည်ရွယ်တော်မူလျက် သဘောတူသဘာဂဖြစ်သော ပရိသတ်အစည်းအဝေးကို မျှော်လင့်စောင့်ဆိုင်းတော်မူလျက် ရှိ၏။ သဘောမတူသည့် <b>ဝိသဘာဂပုဂ္ဂိုလ်</b>တို့၏ ထံမှောက်၌ ဂုဏ်ကျေးဇူးတို့ကို ဟောကြားပြသရန်ကား မသင့်တင့် မလျောက်ပတ်ပေ။ ထို ဝိသဘာဂပုဂ္ဂိုလ်တို့ကား ဂုဏ်ကျေးဇူးတို့ကို ဟောပြခဲ့သည်ရှိသော် ကျေးဇူးမဲ့ ကဲ့ရဲ့စကားကိုသာလျှင် ပြောဆိုတတ်ကြ၏။ အနုပဒသုတ္တန်ကို ဟောကြားတော်မူရာ ဤနေ့၌ကား အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ ဂုဏ်ကျေးဇူးတို့ကို ဟောကြားပြသတော်မူလိုသည် ဖြစ်ရကား ဤအနုပဒသုတ္တန် တရားဒေသနာတော်ကို အားသစ်တော်မူပေသည်။ (မ၊ ဋ္ဌ၊၄၊၅၆။)</p> <p>ထိုသုတ္တန်တွင် အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး၏ ဉာဏ်ပညာ ကြီးမြတ်တော်မူပုံနှင့် ဆက်စပ်လျက် ----- အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး သောတာပန်ဖြစ်တော်မူပြီးနောက် မဟာသက္ကရာဇ် (၁၀၃)ခု တပို့တွဲလဆန်း (၁)ရက်မှ တပို့တွဲလပြည့်သို့ တိုင်အောင် (၁၅)ရက်တို့ပတ်လုံး အရတ္တဖိုလ်ကို မျှော်မှန်းလျက် စျာန်နာမ်တရားတို့ကို <b>အနုပဒဓမ္မဝိပဿနာ</b>နည်းအားဖြင့် ဝိပဿနာရှုပွားသုံးသပ်ပုံ အပိုင်းကိုလည်း ကဏ္ဍတစ်ရပ်အဖြစ် ထည့်သွင်း၍ ဟောကြားတော်မူခဲ့ပေသည်။</p> <p><b>သမူဟဂဟဏဝသေန ပဝတ္တံ ကလာပသမ္မသနံ။ ဖဿာဒိဧကေကဓမ္မဂဟဏဝသေန ပဝတ္တာ အနုပဒဓမ္မဝိပဿနာ။</b> (မူလဋီ၊၁၊၁၀၉။)</p> <p>ဝိပဿနာ၌ <b>အနုပဒဓမ္မဝိပဿနာ</b>နှင့် <b>ကလာပသမ္မသနဝိပဿနာ</b> သို့မဟုတ် <b>ကလာပဝိပဿနာ</b>ဟု နှစ်မျိူး ရှိ၏။</p> <p>၁။ ရုပ်ပိုင်းတွင် ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော <b>ပထဝီဓာတ်</b>စသော ရုပ်ဓာတ်တစ်လုံးစီ တစ်လုံးစီကိုလည်းကောင်း နာမ်ပိုင်းတွင် စိတ္တခဏတစ်ခုတစ်ခု အတွင်း၌ သို့မဟုတ် သမာပတ်တစ်ခုတစ်ခု အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြသည့် <b>သမ္ပယုတ်တရားစု</b>တို့တွင် <b>ဖဿ</b>စသော နာမ်တရား တစ်လုံးစီ တစ်လုံးစီကို လည်းကောင်း <b>အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန်</b> တစ်လှည့်စီ တင်၍ ဝိပဿနာရှုပွားသုံးသပ်ခြင်းကို <b>အနုပဒဓမ္မဝိပဿနာရှုနည်း</b>ဟု ခေါ်ဆိုပေသည်။</p> <p>၂။ ရုပ်ပိုင်းတွင်လည်း <b>ဒွါရ (၆)ပါး</b>လုံးနှင့် <b>(၄၂)ကောဋ္ဌာသ</b>တို့၌ တည်ရှိသော ရုပ်တရားတို့ကို ခြုံငုံ၍လည်းကောင်း, နာမ်ပိုင်းတွင်လည်း စိတ္တခဏ တစ်ခုတစ်ခုအတွင်း၌ သို့မဟုတ် သမာပတ်တစ်ခုတစ်ခုအတွင်း၌ တည်ရှိကြကုန်သော နာမ်တရားတို့ကို ပေါင်းစုခြုံငုံ၍လည်ကောင်း <b>လက္ခဏာရေးသုံးတန်</b> တစ်လှည့်စီ တင်၍ ဝိပဿနာရှုပွားသုံးသပ်ခြင်းကို <b>ကလာပသမ္မသနဝိပဿနာ</b> သို့မဟုတ် <b>ကလာပဝိပဿနာ</b>ဟု ခေါ်ဆိုပေသည်။</p> <p>အလားတူပင် <b>ကာမ ရူပ အရူပ</b>တည်းဟူသော ဘုံသုံးပါးအတွင်း၌ တည်ရှိကြကုန်သော <b>ဒုက္ခသစ္စာ သမုဒယသစ္စာ</b>အမည်ရသည့် သင်္ခါရတရားတို့ကို တစ်စုတည်း တစ်ပုံတည်း ပေါင်းစုခြုံငုံ၍လည်းကောင်း, ရုပ်နာမ်နှစ်ပါး နည်းဖြင့် ရုပ်တစ်ပုံ နာမ်တစ်ပုံ ပုံ၍လည်းကောင်း, <b>ခန္ဓာငါးပါး</b>နည်းဖြင့် ငါးပုံ ပုံ၍လည်းကောင်း, <b>အာယတန တစ်ဆယ့်နှစ်ပါး</b>နည်းဖြင့် တစ်ဆယ့်နှစ်ပုံ ပုံ၍လည်းကောင်း, <b>ဓာတ်တစ်ဆယ့်ရှစ်ပါး</b>နည်းအားဖြင့် တစ်ဆယ့်ရှစ်ပုံ ပုံ၍လည်းကောင်း ----- ဤသို့ စသည်ဖြင့် ပေါင်းစုခြုံငုံ၍ ဝိပဿနာရှုပွား သုံးသပ်ခြင်းကိုလည်း <b>ကလာပသမ္မသနဝိပဿနာ</b> သို့မဟုတ် <b>ကလာပဝိပဿနာ</b>ဟုပင် ခေါ်ဆိုပေသည်။</p> <p>ဤတွင် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ အနုပဒဝိပဿနာရှုနည်း ကောက်နုတ်ချက် တစ်ခုကို ရှေးဦးစွာ တင်ပြအပ်ပါသည်။</p> <p><b>ဣဓ ဘိက္ခဝေ သာရိပုတ္တော ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္က သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ စျာနံ ဥပ္ပသမ္ပဇ္ဇ ဝိဟရတိ။ ယေ စ ပဌမေ စျာနေ ဓမ္မာ ဝိတက္ကော စ ဝိစာရော စ ပီတိ စ သုခဉ္စ စိတ္တေကဂ္ဂတာ စ ဖေဿာ ဝေဒနာ သညာ စေတနာ စိတ္တံ ဆန္ဒော အဓိမောက္ခာ ဝီရိယံ သတိ ဥပေက္ခာ မနသိကာရော။ တျာဿ ဓမ္မာ အနုပဒဝဝတ္ထိကာ ဟောန္တိ။ တျာဿ ဓမ္မာ ဝိဒိကာ ဥပ္ပဇ္ဇန္တိ၊ ဝိဒိကာ ဥပဋ္ဌဟန္တိ၊ဝိဒိကာ အဗ္ဘတ္ထံ ဂစ္ဆန္တိ။ သော ဧဝံ ပဇာနာတိ ဧဝံ ကိရမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီတိ။ သော တေသု ဓမ္မေသု အနုပါယော အနပါယော အနိဿိတော အပ္ပဋိဗဒ္ဓေါ ဝိပ္ပမုတ္တော ဝိသံယုတ္တော ဝိမရိယာဒီကတေန စေတသာ ဝိဟရတိ၊ သော အတ္ထိ ဥတ္တရိ နိဿရဏန္တိ ပဇာနာတိ။ တဗ္ဗဟုလီကာရော အတ္ထိတွေဝဿ ဟောတီ။</b> (မ၊၃၊၇၅။)</p> <p>= ရဟန်းတို့ ...သာရိပုတ္တရာသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း (= <b>ဝိတက်</b>)နှင့်တကွ ဖြစ်သော, သုံးသပ်ဆင်ခြင်ခြင်း (= <b>ဝိစာရ</b>)နှင့်တကွ ဖြစ်သော, နီဝရဏ ကင်းဆိတ်ခြင်းကြောင့် ထင်ရှားဖြစ်ပေါ်၍လာရသော နှစ်သိမ့်ခြင်း (= <b>ပီတိ</b>), ချမ်းသာခြင်း (= <b>သုခ</b>)ရှိသော ပထမစျာန်သို့ ရောက်၍ နေ၏။ ပထမစျန်သမာပတ်အတွင်း၌ -----</p> <p>၁။ ကြံစည်ခြင်း = <b>ဝိတက်</b></p> <p>၂။ သုံးသပ်ဆင်ခြင်ခြင်း = <b>ဝိစာရ</b></p> <p>၃။ နှစ်သိမ့်ခြင်း = <b>ပီတိ</b></p> <p>၄။ ချမ်းသာခြင်း = <b>သုခ (ဝေဒနာ)</b></p> <p>၅။ စိတ်တည်ကြည်ခြင်း = <b>ဧကဂ္ဂတာ (သမာဓိ)</b></p> <p>၆။ အာရုံကို တွေ့ထိခြင်း = <b>ဖဿ</b></p> <p>၇။ အာရုံ၏ အရသာကို ခံစားခြင်း = <b>ဝေဒနာ</b></p> <p>၈။ အာရုံကို မှတ်သားခြင်း = <b>သညာ</b></p> <p>၉။ အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို စေ့ဆော်တိုက်တွန်းခြင်း = <b>စေတနာ</b></p> <p>၁၀။ အာရုံကို ရယူခြင်း = အာရုံကိုသိခြင်း = <b>စိတ်</b></p> <p>၁၁။ အာရုံကို ပြုလိုခြင်း = <b>ဆန္ဒ</b></p> <p>၁၂။ အာရုံကို ဆုံးဖြတ်ခြင်း = <b>အဓိမောက္ခ</b></p> <p>၁၃။ လုံ့လပြုခြင်း = ကြိုးစားအားထုတ်ခြင်း = <b>ဝီရိယ</b></p> <p>၁၄။ အာရုံကို မမေ့ပျောက်ခြင်း = အောက်မေ့ခြင်း = <b>သတိ</b></p> <p>၁၅။ အာရုံကို လျစ်လျူရှုခြင်း = <b>ဥပေက္ခာ</b></p> <p>၁၆။ အာရုံကို နှလုံးသွင်ခြင်း = <b>မနသိကာရ</b></p> <p>ယင်း သဘောတရားတို့သည် ထင်ရှား ရှိကြကုန်၏၊ ထိုသဘောတရားတို့ကို သာရိပုတ္တရာသည် အစဉ်အတိုင်း တစ်လုံးစီတစ်လုံးစီ ပိုင်းခြား၍ သိ၏။ ထို သဘောတရားတို့သည် ထိုသာရိပုတ္တရာ၏ အသိဉာဏ်၌ -----</p> <p>၁။ ထင်ထင်ရှားရှား ဖြစ်ကုန်၏၊</p> <p>၂။ ထင်ထင်ရှားရှား တည်ကုန်၏၊</p> <p>၃။ ထင်ထင်ရှားရှား ချုပ်ကုန်၏။</p> <p>ဤ သဘောတရားတို့သည် ရှေးက ထင်ရှား မရှိကြကုန်ဘဲ ယခုမှ ရုတ်ချည်း အသစ် ဖြစ်ပေါ်လာကြကုန်၏၊ ဖြစ်ကြကုန်ပြီးလျှင် ရုတ်ချည်း ချုပ်ပျက်ကုန်၏ဟု သာရိပုတ္တရာသည် ဤသို့ သိ၏။ ထိုသာရိပုတ္တရာသည် ထိုသဘောတရားတို့၌ <b>ရာဂ</b>ဖြင့် တပ်မက်ခြင်း မရှိ၊ <b>ဒေါသ</b>ဖြင့် ဖဲခြင်း မရှိ၊ <b>တဏှာ ဒိဋ္ဌိ</b>တို့ဖြင့် ငါ-ငါ့ဟာဟု မမှီ၊ လိုလားတပ်မက်ခြင်း <b>ဆန္ဒရာဂ</b>ဖြင့် ဖွဲ့ချည်မထား၊ <b>ကာမရာဂ</b>မှ လွတ်မြောက်၏၊ ဆန့်ကျင်ဘက်တရားတို့နှင့် မယှဉ်၊ အပိုင်းအခြားမရှိသော စိတ်ဖြင့် နေ၏။ ထိုသာရိပုတ္တရာသည် ထိုထက်အလွန် လွတ်မြောက်ရာသည် ရှိ၏ဟု သိ၏။ ထိုသိခြင်းကို အထပ်ထပ် ပြုခြင်းကြောင့် ထိုသာရိပုတ္တရာအား ထိုထက်အလွန် လွတ်မြောက်ရာသည် ရှိသည်သာတည်း ဟု မြဲစွာ ဖြစ်၏။ (မ၊၃၊၇၅။)</p> <p><b>ဥပရိပဏ္ဏာသ အဋ္ဌကထာ</b>ကလည်း အောက်ပါအတိုင်း ဆက်လက်၍ ရှင်းလင်း တင်ပြထားပြန်၏။ -----</p> <p><b>ဝိဒိတာ ဥပ္ပဇ္ဇန္တီတိ ဥပ္ပဇ္ဇမာနာ ဝိဒိတာပါကဋာဝ ဟုတွာ ဥပ္ပဇ္ဇန္တိ။ ဝိဒိတာ ဥပဋ္ဌဟန္တီတိ တိဋ္ဌမာနာပိ ဝိဒိတာ ပါကဋာဝ ဟုတွာ တိဋ္ဌန္တိ။ ဝိဒိတာအဗ္ဘတ္ထံ ဂစ္ဆန္တီတိ နိရုဇ္ဈမာနာပိ ဝိဒိတာ ပါကဋာဝ ဟုတွာ နိရုဇ္ဈန္တိ။</b></p> <p><b>ဧတ္ထ ပန တံဉာဏတာ စေဝ ဉာဏဗဟုတာ စ မောစေတဗ္ဗာ။ ယထာ ဟိ တေနေဝ အင်္ဂုလဂ္ဂေန တံ အင်္ဂုလဂ္ဂံ န သက္ကာ ဖုသိတုံ၊ ဧဝမေဝ တေနေဝ စိတ္တေန တဿ စိတ္တဿ ဥပ္ပါဒေါ ဝါ ဌိတိ ဝါ ဘင်္ဂေါ ဝါ န သက္ကာ ဇာနိတုန္တိ။ ဧဝံ တံဉာဏတာ မောစေတဗ္ဗာ။</b></p> <p><b>ယဒိ ပန ဒွေ စိတ္တာနိ ဧကတော ဥပ္ပဇ္ဇေယျုံ၊ ဧကေန စိတ္တေန ဧကဿ ဥပ္ပါဒေါ ဝါ ဌိတိ ဝါ ဘင်္ဂေါ ဝါ သက္ကာ ဘဝေယျ ဇာနိတုံ။ ဒွေ ပန ဖဿာ ဝါ ဝေဒနာ ဝါ သညာ ဝါ စေတနာ ဝါ စိတ္တာနိ ဝါ ဧကတော ဥပ္ပဇ္ဇနကာနိ နာမ နတ္ထိ၊ ဧကေကမေဝ ဥပ္ပဇ္ဇတိ။ ဧဝံ ဉာဏဗဟုတာ မောစေတဗ္ဗာ။</b></p> <p><b>ဧဝံ သန္တေ ကထံ? မဟာထေရဿ အန္တော သမာပတ္တိယံ သောဠသဓမ္မာ ဝိဒိတာ ပါကဋာ ဟောန္တီတိ?</b></p> <p><b>ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ။ ထေရေန ဟိ ဝတ္ထု စေဝ အာရမ္မဏဉ္စ ပရိဂ္ဂဟိတံ၊ တေနဿ တေသံ ဓမ္မာနံ ဥပ္ပါဒံ အာဝဇ္ဇန္တဿ ဥပ္ပါဒေါ ပါကဋော ဟောတိ၊ ဌာနံ အာဝဇ္ဇန္တဿ ဌာနံ ပါကဋံ ဟောတိ၊ ဘေဒံ အာဝဇ္ဇန္တဿ ဘေဒေါ ပါကဋော ဟောတိ။ တေန ဝုတ္တံ ဝိဒိတာ ဥပ္ပဇ္ဇန္တိ ဝိဒိတာ ဥပဋ္ဌဟန္တိ ဝိဒိတာ အဗ္ဘတ္ထံ ဂစ္ဆန္တီတိ။</b></p> <p><b>အဟုတွာ သမ္ဘောန္တီတိ ဣမိနာ ဥဒယံ ပဿတိ။ ဟုတွာ ပဋိဝေန္တီတိ ဣမိနာ ဝယံ ပဿတိ။</b> (မ၊ဋ္ဌ၊၄၊၆၀။)</p> <p>= ထင်ထင်ရှားရှား ဖြစ်ပေါ်ကုန်၏ဟူသည် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ ဉာဏ်ဝယ် ယင်း (၁၆)မျိုးကုန်သော တရားတို့သည် ဖြစ်ပေါ်လာကုန်သည်ရှိသော် ထင်ရှားကုန်သည်သာ ဖြစ်ကြကုန်၍ ဖြစ်ပေါ်လာကြကုန်၏။</p> <p>ထင်ထင်ရှားရှား တည်ကုန်၏ဟူသည် အရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီး၏ ဉာဏ်၌ ယင်း (၁၆)မျိုးကုန်သော တရားတို့သည် တည်ဆဲ ဋ္ဌီကာလသို့ ရောက်ကုန်သော်လည်း ထင်ရှားကုန်သာ ဖြစ်ကြကုန်၍ တည်နေ ကြကုန်၏။</p> <p>ထင်ထင်ရှားရှား ချုပ်ပျက်ကုန်၏ဟူသည် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ ဉာဏ်၌ ယင်း (၁၆)မျိုးကုန်သော တရားတို့သည် ချုပ်ပျက်ကုန်သော်လည်း ထင်ရှားကုန်သည်သာ ဖြစ်ကြကုန်၍ ချုပ်ပျက်ကြကုန်၏။</p> <p>ဤအရာဝယ် <b>ယောဂါဝစရပုဂ္ဂိုလ်</b>သည် -----</p> <p>(၁) ရှုတတ်သည့် ဉာဏ်နှင့် အရှုခံဉာဏ်တို့၏ တစ်ခုတည်း ဖြစ်မှုကို လည်းကောင်း၊</p> <p>(၂) စိတ္တက္ခဏတစ်ခု အတွင်း၌ ဉာဏ်တို့၏ များစွာပြိုင်တူ ဖြစ်မှုကိုလည်းကောင်း -----</p> <p>လွတ်အောင် ယူဆတတ်ရပေမည်။</p> <p>၁။ ထိုလက်ညိုး၏ ထိပ်ဖြင့်ပင်လျှင် ထိုလက်ညိုး၏ ထိပ်ကို တွေ့ထိဖို့ရန် မတတ်ကောင်းသကဲ့သို့ ဤဥပမာအတူပင်လျှင် ထိုစိတ်ဖြင့်ပင်လျှင် ထိုစိတ်၏ ဖြစ်မှု = <b>ဥပါဒ်</b>ကိုလည်းကောင်း, တည်မှု = <b>ဌီ</b>ကိုလည်းကောင်း, ပျက်မှု = <b>ဘင်</b>ကိုလည်းကောင်း သိရှိဖို့ရန် မတတ်ကောင်းသည်သာ ဖြစ်ပေသည်။ ဤသို့လျှင် ရှေးဦးစွာ ရှုတတ်သည့် ဉာဏ်နှင့် အရှုခံ ဉာဏ်တို့၏ တစ်ခုတည်း ဖြစ်မှုကို လွတ်အောင် ယူဆပါ။ (ရှုတတ်သည့် စိတ်နှင့် အရှုခံစိတ်သည် တစ်ခုတည်း မဟုတ်ဟု ဆိုလိုသည်။)</p> <p>၂။ အကယ်၍ စိတ်နှစ်ခုတို့သည် စိတ္တက္ခဏတစ်ခုဟူသော အချိန်ကာလတစ်ခု အတွင်း၌ နှစ်ခုပြိုင်တူ တစ်ပေါင်းတည်း ဖြစ်ကုန်ငြားအံ့၊ တစ်ခုသော စိတ်ဖြင့် တစ်ခုသော စိတ်၏ ဖြစ်မှု (= <b>ဥပါဒ်</b>)ကိုလည်းကောင်း, တည်မှု (= <b>ဌီ</b>)ကိုလည်းကောင်း, ပျက်မှု = <b>ဘင်</b>ကိုလည်းကောင်း သိရှိဖို့ရန် တတ်ကောင်းသည် ဖြစ်လေရာ၏။ သို့သော် စိတ္တက္ခဏတစ်ခု ဟူသော အချိန်ကာလ အတွင်း၌ ဖဿနှစ်မျိုးတို့သည်လည်းကောင်း, ဝေဒနာနှစ်မျိုးတို့သည်လည်းကောင်း, သညာနှစ်မျိုးတို့သည် လည်းကောင်း, စေတနာနှစ်မျိုးတို့သည်လည်းကောင်း, စိတ်နှစ်မျိုးတို့သည်လည်းကောင်း နှစ်ခုပြိုင်တူ တစ်ပေါင်းတည်း ဖြစ်ကုန်သည်မည်သည် မရှိသည်သာတည်း။ တစ်လုံးစီ တစ်လုံးစီ သာလျှင် (<b>ဖဿ</b>တစ်မျိုး <b>ဝေဒနာ</b>တစ်မျိုး <b>သညာ</b>တစ်မျိုး <b>စေတနာ</b>တစ်မျိုး <b>စိတ်</b>တစ်မျိုး ဟူသည့် တစ်မျိုးစီ တစ်မျိုးစီ တစ်လုံးစီ တစ်လုံးစီသာလျှင်) ဖြစ်ရိုး ဓမ္မတာ ရှိ၏။ ဤသို့ စိတ္တက္ခဏတစ်ခုအတွင်း၌ ဉာဏ်တို့၏ များစွာ ပြိုင်တူ ဖြစ်မှုကိုလည်း လွတ်မြောက်စေအပ်၏ (= လွတ်အောင် ယူဆပါ။) ဤသို့ ဖြစ်ခဲ့သော် အဘယ်သို့လျှင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ အသိဉာဏ်၌ စျာန်သမာပတ်အတွင်း၌ ဖြစ်ပေါ်သွားကြကုန်သော (၁၆)မျိုးကုန်သော တရားတို့သည် ထင်ထင်ရှားရှား ဖြစ်ကုန်သနည်းဟု မေးရန်ရှိ၏။ အဖြေမှာ ဤသို့ ဖြစ်၏ -----</p> <p><b>ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ။</b> (မ၊ဋ္ဌ၊၄၊၆၀။)</p> <p><b>ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယာတိ ယသ္မိံ စ အာရမဏေ ယေ စျာနဓမ္မာ ပဝတ္တန္တိ၊ တေသံ ဝတ္ထာရမ္မဏာနံ ပဂေဝ ဉာဏေန ပရိစ္ဆိဇ္ဇ ဂဟိတတ္တာ။</b> (မ၊ဋီ၊၃၊၂၇၈။)</p> <p>= အကြင် ကသိုဏ်းပညတ်စသော အာရုံ၌ ယင်း <b>စျာနဓမ္မ</b>အမည်ရသည့် စျာန်နာမ်တရားတို့သည် ဖြစ်ကြကုန်၏၊ ထို <b>စျာနဓမ္မ</b>နာမ်တရားစုတို့၏ မှီရာ <b>ဝတ္ထုရုပ်</b>နှင့် <b>ကသိုဏ်ပညတ်</b>စသော အာရုံတို့ကို ရှေးမဆွကပင် ကြိုတင်၍ ဉာဏ်ဖြင့် ပိုင်းခြားကာ ယူထားပြီး သိမ်းဆည်းထားပြီး ဖြစ်သောကြောင့်ဟု ဖြေဆိုလေရာသည်။</p> <p>မှန်ပေသည် ----- အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးသည် -----</p> <p>၁။ ယင်း <b>စျာနဓမ္မ</b> နာမ်တရားစုတို့၏ စွဲမှီရာ <b>ဘဝင်မနော အကြည်ဓာတ်</b> သို့မဟုတ် <b>ဟဒယဝတ္ထုရုပ်</b>ကိုလည်းကောင်း,</p> <p>၂။ <b>ကသိုဏ်းပညတ်</b>စသော <b>သမထနိမိတ်</b>ကို အာရုံပြုကြကုန်သော <b>စျာနဓမ္မ</b> တရားစုတို့၏ ယင်း<b>သမထနိမိတ်အာရုံ</b>ကိုလည်းကောင်း -----</p> <p>ဤ နှစ်မျိုးကုန်သော တရားတို့ကို ကြိုတင်၍ ဉာဏ်ဖြင့် ပိုင်းခြားထားတော်မူ၏၊ သိမ်းဆည်းထားတော်မူ၏။ ထိုကြောင့် ထို<b>စျာနဓမ္မ</b> နာမ်တရား တို့၏ -----</p> <p>၁။ ဖြစ်မှု (<b>ဥပါဒ်</b>)ကို ဆင်ခြင်သော အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ ဉာဏ်ဝယ် ဖြစ်မှု (<b>ဥပါဒ်</b>)သည် ထင်ရှားနေ၏။</p> <p>၂။ တည်မှု (<b>ဌီ</b>)ကို ဆင်ခြင်သော အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ ဉာဏ်ဝယ် တည်မှု (<b>ဌီ</b>)သည် ထင်ရှားနေ၏။</p> <p>၃။ ပျက်မှု (<b>ဘင်</b>)ကို ဆင်ခြင်သော အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ ဉာဏ်ဝယ် ပျက်မှု (<b>ဘင်</b>)သည် ထင်ရှားနေ၏။</p> <p>ထို့ကြောင့် ထို<b>စျာနဓမ္မ</b> နာမ်တရားတို့သည် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ အသိဉာဏ်၌ -----</p> <p>၁။ ထင်ထင်ရှားရှား ဖြစ်ကုန်၏,</p> <p>၂။ ထင်ထင်ရှားရှား တည်ကုန်၏,</p> <p>၃။ ထင်ထင်ရှားရှား ချုပ်ပျက်ကုန်၏ ----- ဟု</p> <p>ဘုရားရှင်သည် ဟောကြားတော်မူခြင်း ဖြစ်ပေသည်။ (မ၊ဋ္ဌ၊၄၊၆၀။)</p> --- <h3>(၁၆) မျိုးသော တရား</h3> <p><b>သောဠသန္နံ ဧဝ စေတ္ထ ဓမ္မာနံ ဂဟဏံ တေသံယေဝ ထေရေန ဝဝတ္ထာပိတဘာဝတော ၊ တေ ဧဝဿ တဒါ ဥပဋ္ဌဟိံသု န ဣတရေတိ ဝဒန္တိ။ ဝီရိယ သတိရဂ္ဂဟဏေနေဝ စေတ္ထ ဣန္ဒြိယဘာဝသမညတော သဒ္ဓါ ပညာ, သတိရဂ္ဂဟဏေနေဝ ဧကန္တာနဝဇ္ဇဘာဝသာမညတော ပဿဒ္ဓိအာဒယော ဆ ယုဂဠာ, အလောဘာ ဒေါသာ စ သင်္ဂဟိတာ စျာနစိတ္တုပ္ပါဒပရိယာပန္နတ္တာ တေသံ ဓမ္မာနံ၊ ထေရေန စ ဓမ္မဝဝတ္ထာနသာမညတော အာရဒ္ဓါ၊ (တသ္မာ) တေ န ဥပဋ္ဌဟိံသူတိ နသက္ကာ ဝတု္တန္တိ အပရေ။</b> (မ၊ဋီ၊၃၊ ၂၇၇။)</p> <p>ကသိုဏ်း ပဋိဘာဂနိမိတ် အာနာပါပဋိဘာနိမိတ် စသည့် သမထနိမိတ်တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ပထမစျာန် နမ်တရားတို့သည် -----</p> <p>၁။ အသိစိတ် ၁</p> <p>၂။ အညသမာန်းစေတသိက် ၁၃</p> <p>၃။ သောဘဏသာဓာရဏစေတသိက် ၁၉</p> <p>၄။ ပညိန္ဒြေစေတသိက် ၁</p> <p>အာလုံးပေါင်းသော် ၃၄</p> <p>ဤ အထက်ပါ (၃၄)မျိုးသော နာမ်တရားများ ရှိကြ၏။ ယင်း (၃၄)မျိုးကုန်သော <b>စျာနဓမ္မ</b> နာမ်တရားစုတို့တွင် ဘုရားရှင်သည် (၁၆)မျိုးကုန်သော <b>စျာနဓမ္မ</b> နာမ်တရားစုတို့ကိုသာ တိုက်ရိုက်ယူ၍ သရုပ်ထုတ်ကာ ဟောကြားထားတော်မူ၏။ ဤသို့ ဟောကြားထားတော်မူခြင်းနှင့် ဆက်စပ်၍ ဋီကာ ဆရာတော် အရှင်<b>ဓမ္မပါလ</b>မထေရ်မြတ်က အောက်ပါအတိုင်း နှစ်နည်း ရှင်းပြထားတော်မူ၏။ -----</p> <p>၁။ ဤအရာဝယ် (၁၆)မျိုးကုန်သော <b>စျာနဓမ္မ</b>တို့ကိုသာ တိုက်ရိုက်ယူ၍ သရုပ်ထုတ်ကာ ဟောကြားတော်မူခြင်းသည် -----</p> <p>ထို (၁၆)မျိုးကုန်သော တရားတို့ကိုသာလျှင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် တစ်လုံးစီတစ်လုံးစီ ဉာဏ်ဖြင့် ပိုင်းခြားယူအပ်သည်၏အဖြစ်ကြောင့်တည်း။ ထို (၁၆)မျိုးကုန်သော <b>စျာနဓမ္မ</b>တို့သည်သာလျှင် ထို အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး၏ အသိဉာဏ်၌ ထိုအချိန်အခါက ထင်မြင်ခဲ့ကြကုန်၏၊ အခြားအခြားကုန်သော <b>စျာနဓမ္မ</b>တို့သည် မထင်ခဲ့ကြကုန် ----- ဟု ဆရာမြတ်တို့ မိန့်ဆိုတော်မူကြကုန်၏။ (ဤကား <b>ဝဒန္တိဝါဒ</b>တည်း)</p> <p>၂။ ထို (၁၆)မျိုးကုန်သော တရားတို့တွင် <b>ဣန္ဒြေ္ဒ</b>ထိုက်သော <b>ဝီရိယ</b>နှင့် <b>သတိ</b>ကို တိုက်ရိုက်ယူ၍ ဟောကြားတော်မူခြင်းဖြင့် <b>ဣန္ဒြေ္ဒ</b>ဖြစ်မှုခြင်း တူညီသောကြောင့် <b>သဒ္ဓါ</b>နှင့် <b>ပညာ</b> တရားနှစ်ပါးကိုလည်း သိမ်းကျုံးယူအပ်၏။ <b>သတိ</b>ကို တိုက်ရိုက်ယူ၍ သရုပ်ထုတ်ကာ ဟောကြားတော်မူခြင်းဖြင့် သတိကဲ့သို့ ဧကန်အပြစ်မရှိခြင်း တူညီသောကြောင့် <b>ပဿဒ္ဓိ</b>စသော အစုံအစုံအားဖြင့် ဟောကြားထားတော်မူအပ်ကုန်သော <b>ယုဂဠစေတသိက် (၆)စုံ</b>တို့ကိုလည်းကောင်း, <b>အလောဘ အဒေါသစေတသိက်</b>တို့ကိုလည်းကောင်း သိမ်းကျုံး ရေတွက်အပ်ကုန်၏။ အကြောင်းမူကား ထိုတရားတို့၏ စျာန်စိတ္တုပ္ပါဒ်၌ (= <b>စျာနဓမ္မ</b>တရားတို့၌) အကျုံးဝင်ကုန်သောကြောင့် ဖြစ်၏။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည်လည်း <b>စျာနဓမ္မ</b>အမည်ရသည့် စျာန်နာမ်တရားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ပိုင်းခြားယူရာဝယ် ဉာဏ်ဖြင့် ပိုင်းခြားယူရမည့် တရားတို့၌ ပိုင်းခြား မှတ်သားပုံခြင်း တူညီသောကြောင့် <b>ကသိုဏ်းပဋိဘာဂနိမိတ် အာနာပါနပဋိဘာဂနိမိတ်</b>စသော ထိုထိုပဋိဘာဂနိမိတ် <b>သမထအာရုံ</b>သို့ ညွှတ်ကိုင်းရှိုင်းတတ်သော <b>နာမလက္ခဏာ</b>ချင်း တူညီရာ တရားတို့ကို ပေါင်းစု၍ <b>လက္ခဏာဟာရနေတ္တိ</b>နည်းဖြင့် ယင်း <b>အနုပဒသုတ္တန်</b> တရားဒေသနာတော်ကို ဘုရားရှင်သည် အားသစ်တော်မူခဲ့ပေသည်။ ထိုကြောင့် ထို<b>စျာနဓမ္မ</b>နာမ်တရားစုတို့သည် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ အသိဉာဏ်၌ မထင်လာကုန်ဟု ပြောဆိုခြင်းငှာ မတတ်ကောင်းသည်သာတည်း။ ဤသို့လျှင် <b>အပရေဆရာမြတ်</b>တို့ကလည်း မိန့်ဆိုတော် မူကြပြန်သည်။ (မ၊ဋီ၊၃၊၂၂၇။) (ဤကား <b>အပရေဝါဒ</b>တည်း။)</p> <p><b>ဧဝံ သဗ္ဗတ္ထ ယော ယော အဋ္ဌကထာဝါဒေါ ဝါ ထေရဝါဒေါ ဝါ ပစ္ဆာ ဝုစ္စတိ၊ သော ပမာဏတော ဒဋ္ဌဗ္ဗော။</b> (ဝိ၊ဋ္ဌ၊၁၊၂၆၀။)</p> <p>= နေရာတိုင်း၌ အကြင်အကြင် <b>အဋ္ဌကထာဝါဒ</b>ကိုလည်းကောင်း, <b>ထေရဝါဒ</b>ကိုလည်းကောင်း နောက်ဆုံးထား၍ ဖွင့်ဆိုထား၏၊ ထိုဝါဒကိုသာလျှင် ပမာဏအားဖြင့် မှတ်သားပါ။ (ဝိ၊ဋ္ဌ၊၁၊၂၆၀။)</p> <p>ဤအထက်ပါ ဋီကာဆရာတော်၏ ရှင်းလင်းချက်၌ <b>ဝဒန္တိဝါဒ</b>နှင့် <b>အပရေဝါဒ</b>ဟု ဝါဒနှစ်မျိုး လာရှိရာ ဋီကာဆရာတော် ဖြစ်တော်မူသော အာစရိယ<b>ဓမ္မပါလ</b>မထေရ်မြတ်သည် <b>အပရေဝါဒ</b>ကို နောက်ဆုံးထား၍ တင်ပြထားတော်မူ၏။ ဝါဒအမျိုးမျိုးတို့တွင် နောက်ဆုံးထား၍ ဖွင့်ဆိုသော ဝါဒကိုသာလျှင် အနှစ်သာရအားဖြင့် မှတ်ယူရသော စာပေကျမ်းဂန် ယူဆပုံ စည်းမျဉ်း ဥပဒေသအရ ဤ၌လည်း နောက်ထား၍ ဖွင့်ဆိုသော <b>အပရေဝါဒ</b>ကိုသာ အနှစ်သာရအားဖြင့် မှတ်ယူလေရာသည်။ ထိုကြောင့် <b>ကသိုဏ်းပဋိဘာဂနိမိတ် အာနာပါနပဋိဘာနိမိတ်</b>စသော <b>ပဋိဘာဂနိမိတ်</b>တို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော ပထမစျာနဓမ္မနာမ်တရားစုတို့မှာ (၃၄)လုံး ရှိကြသဖြင့် ထို (၃၄)မျိုးလုံးကုန်သော <b>စျာနဓမ္မ</b>တို့ကို တစ်လုံးစီ တစ်လုံးစီ၏ <b>ဥပါဒ်-ဌီ-ဘင်</b> (= ဖြစ်-တည်-ပျက်)ကို မြင်အောင် အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးသည် ရှုပွားသုံသပ်တော်မူသည်ဟုသာ သံသယကင်းရှင်းစွာ မုချပုံသေ မှတ်သား နာယူလေရာသည်။ ပထမစျာန်မှသည် <b>အာကိဉ္စညာယတနစျာန်</b>သို့တိုင်အောင်သော <b>စျာနဓမ္မ</b> နာမ်တရားစုတို့ကို တစ်လုံးစီ တစ်လုံးစီ၏ <b>ဥပါဒ်-ဌီ-ဘင်</b>ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ <b>လက္ခဏာရေးသုံးတန်</b>တို့သို့ တစ်လှည့်စီ တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် ကြိုပမ်းတော်မူခဲ့ပေသည်။ (မ၊၃၊၇၅-၇၆။)</p> --- <h3>နေဝသညာနာသညာယတနစျာန်</h3> <p><b>ပုန စပရံ ဘိက္ခဝေ၊ သာရိပုတ္တော သဗ္ဗသော အာကိဉ္စညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သော တာယ သမာပတ္တိယာ သတော ဝုဋ္ဌဟတိ။ သော တာယ သမာပတ္တိယာ သတော ဝုဋ္ဌဟိတွာ ယေ ဓမ္မာ အတီတာ နိရုဒ္ဓါ ဝိပရိဏတာ တေ ဓမ္မေ သမနုပဿတိ ဧဝံ ကိရမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီတိ။ သော တေသု ဓမ္မေသု အနုပါယော အနပါယော အနိဿိတော အပ္ပဋိဗဒ္ဓေါ ဝိပ္ပမုတ္တော ဝိသံယုတ္တော ဝိမရိယာဒီကတေန စေတသာ ဝိဟရတိ၊ သော အတ္ထိ ဥတ္တရိ နိဿရဏန္တိ ပဇာနာတိ။ တဗ္ဗဟုလီကာရော အတ္ထိတွေဝဿ ဟောတိ။</b> (မ၊၃၊ ၇၈။)</p> <p>= ရဟန်းတို့ ...တဖန် ထို့ပြင်လည်း သာရိပုတ္တရာသည် <b>အာကိဉ္စညာယတနစျာန်</b>ကို လုံးဝ ကျော်လွှားလွန်မြောက်၍ <b>နေဝသညာနာသညာယတနစျာန်</b>သို့ ရောက်၍ နေ၏၊ ထိုသာရိပုတ္တရာသည် ထို<b>နေဝသညာနာသညာယတနသမာပတ်</b>မှ <b>သတိ ပညာ</b>နှင့် ပြည်စုံ၍ ထ၏။ ထိုသာရိပုတ္တရာသည် ထို<b>နေဝသညာနာသညာယတနသမာပတ်</b>မှ <b>သတိ ပညာ</b>နှင့် ပြည်စုံ၍ ထပြီးလျှင် လွန်ကုန်ပြီး ချုပ်ကုန်ပြီး ဖောက်ပြန်ပျက်စီးကုန်ပြီးသော <b>နေဝသညာနာသညာယတန စျာနဓမ္မ</b>တရားစုတို့ကို ဤသို့လျှင် ဤ<b>စျာနဓမ္မ</b> တရားစုတို့သည် ရှေးက ထင်ရှား မရှိကုန်ဘဲ ယခုမှ ရုတ်ချည်း အသစ် ဖြစ်ပေါ်လာကြကုန်၏၊ ဖြစ်ပြီးလျှင် ရုတ်ချည်း ချုပ်ပျက်ကုန်၏----- ဟု ယင်း <b>စျာနဓမ္မ</b>တရားစုတို့ကို ပေါင်းစု ခြုံငုံလျက် အပေါင်းအစုအားဖြင့် (=<b>ကလာပသမ္မသန</b>နည်းအားဖြင့်) ဝိပဿနာရှု၏။ ထိုသာရိပုတ္တရာသည် ထိုတရားတို့၌ <b>ရာဂ</b>ဖြင့် တပ်မက်ခြင်း မရှိ၊ <b>ဒေါသ</b>ဖြင့် ဖဲခြင်း မရှိ၊ <b>တဏှာ-ဒိဋ္ဌိ</b>တို့ဖြင့် ငါ-ငါ့ဟာဟု မမှီ၊ လိုလားတပ်မက်ခြင်း (=<b>ဆန္ဒရာဂ</b>)ဖြင့် ဖွဲ့ချည်မထား၊ တွယ်တာတပ်မက်မှု (= <b>ကာမရာဂ</b>)မှ လွတ်၏၊ ဆန့်ကျင်ဘက် တရားတို့နှင့် မယှဉ်၊ အပိုင်းအခြား မရှိသော စိတ်ဖြင့် နေ၏။ ထိုသာရိပုတ္တရာသည် ထိုထက် အလွန် လွန်မြောက်ရာ ရှိ၏ဟု သိ၏။ ထို သိခြင်းကို အထပ်ထပ် ပြုခြင်းကြောင့် ထိုသာရိပုတ္တရာအား ထိုထက်အလွန် လွန်မြောက်ရာသည် ရှိသည်သာတည်းဟု မြဲစွာ ဖြစ်၏။ (မ၊၃၊၇၈။)</p> --- <h3>အနုပဒဓမ္မဝိပဿနာ နှင့် ကလာပသမ္မသနဝိပဿနာ</h3> <p><b>တေ ဓမ္မေ သမနုပဿတီတိ ယသ္မာ နေဝသညာနာသညာယတနေ ဗုဒ္ဓါနံယေဝ အနုပဒဓမ္မဝိပဿနာ ဟောတိ၊ န သာဝကာနံ၊ တသ္မာ ဧတ္ထ ကလာပဝိပဿနံ ဒေဿန္တော ဧဝမာဟ။</b> (မ၊ဋ္ဌ၊၄၊၆၁။)</p> <p><b>န သာဝကာနံ အနုပဒဓမ္မဝိပဿနာ ဟောတိ၊ သင်္ခါရာဝသေသသုခုမပ္ပဝတ္တိယာ ဒုဝိညေယျတ္တာ ဝိနိဗ္ဘုဇိတွာ ဂဟေတုံ အသက္ကုဏေယျဘာဝတော။</b> (မ၊ဋီ၊၃၊၂၈၀။)</p> <p><b>အညေသု ဟိ ခန္ဓေသု အကတာဘိနိဝေသော ဘိက္ခု နေဝသညာနာသညာယတနက္ခန္ဓေ သမ္မသိတွာ နိဗ္ဗိဒံ ပတ္တုံ သမတ္ထော နာမ နတ္ထိ အပိစ အာယသ္မာ သာရိပုတ္တော။ ပကတိဝိပဿကော ပန မဟာပညော သာရိပုတ္တသဒိသောဝ သက္ကုကောယျ၊ သောပိ ဧဝံ ကိရိမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီတိ ဧဝံ ကလာပသမ္မသနဝသေနေဝ နော အနုပဒဓမ္မဝိပဿနာ ဝသေန။ ဧဝံ သုခုမတ္တံ ဂတာ ဧသာ သမာပတ္တိ။</b> (အဘိ၊ဋ္ဌ၊၁၊၂၅၃။)</p> <p>= အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးသည် သမာပတ်ရှစ်ပါးတို့တွင် ပထမစျာန်မှသည် <b>အာကိဉ္စညာယတနစျာန်</b>သို့တိုင်အောင်သော သမာပတ် (၇)ပါးတို့၌ <b>အနုပဒဓမ္မဝိပဿနာ</b>နည်းဖြင့် ဝိပဿနာရှုပွားသုံးသပ်တော်မူပေသည်။ <b>နေဝသညာနာသညာယတနသမာပတ်</b>၌ကား ယင်းသမာပတ်အတွင်း၌ တည်ရှိကြသော နာမ်တရားစုတို့၏ အလွန့်အလွန် သိမ်မွေ့နူးညံ့သောကြောင့် <b>အနုပဒဓမ္မဝိပဿနာ</b>နည်းဖြင့် ဝိပဿနာရှုပွားသုံးသပ်ခြင်းငှာ မစွမ်းနိုင်ဘဲ ယင်းသမာပတ် အတွင်း၌ တည်ရှိကြသော <b>စျာနဓမ္မ</b>နာမ်တရားစုတို့ကို ပေါင်းစုခြုံငုံလျက် <b>ကလာပသမ္မနဝိပဿနာ</b>နည်းဖြင့်သာလျှင် ဝိပဿနာရှုပွားသုံးသပ်တော်မူပေသည်။</p> <p>ဤ<b>နေဝသညာနာသညာယတနစျာန်</b>၌ <b>သဗ္ဗညုတသမ္မာသမ္ဗုဒ္ဓဘုရားရှင်</b>တို့အားသာလျှင် <b>အနုပဒဓမ္မဝိပဿနာ</b>သည် ဖြစ်နိုင်၏၊ သာဝကတို့အား <b>အနုပဒဓမ္မဝိပဿနာ</b>သည် မဖြစ်နိုင်။ (မ၊ဋ္ဌ၊၄၊၆၁။)</p> <p>အခြားအခြားသော ခန္ဓာတို့၌ (= <b>နေဝသညာနာသညာယတနသမာပတ်</b>မှ တစ်ပါးကုန်သော ကြွင်းကုန်သော ရုပ်ခန္ဓာ နာမ်ခန္ဓာတို့၌) ဝိပဿနာ နှလုံးသွင်းမှု (= <b>အဘိနိဝေသ</b>)ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းကို မပြုလုပ်ဖူးသေးသော <b>ယောဂါဝစရရဟန်းတော်</b> ဖြစ်ခဲ့ပါမူ <b>နေဝသညာနာသညာယတနခန္ဓာ</b>တို့ကို <b>လက္ခဏာရေးသုံးတန်</b>တို့သို့ တင်ကာ ဝိပဿနာရှုပွားသုံးသပ်ခြင်းကြောင့် <b>သင်္ခါရ</b>တရားတို့၌ ငြီးငွေ့မှု (= <b>နိဗ္ဗိဒါဉာဏ်</b>)သို့ ရောက်ရှိအံ့သောငှာ စွမ်းနိုင်သော ပုဂ္ဂိုလ်မည်သည် မရှိသည်သာ ဖြစ်၏။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသော်မှလည်း မစွမ်းနိုင်လေရာ။ ပင်ကို ပကတိသဘောအားဖြင့် ဝိပဿနာရှုသော <b>ပကတိဝိပဿကပုဂ္ဂိုလ်</b>သည် ကြီးကျယ်မြင့်မြတ်သော ပညာ ရှိတော်မူသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးနှင့် တူသော ပုဂ္ဂိုလ်သည်သာလျှင် စွမ်းနိုင်လေရာ၏။ ထို အရှင်သာရိပုတ္တရာကဲ့သို့ ပညာကြီးသော ပုဂ္ဂိုလ်သည်လည်း -----</p> <p>ဤသို့လျှင် ဤ<b>နေဝသညာနာသညာယတနသမာပတ်</b> နာမ်တရားစုတို့သည် ရှေးက ထင်ရှားမရှိကုန်ဘဲ ယခုမှ ရုတ်ခြည်း အသစ် ဖြစ်ပေါ်လာကြ ကုန်၏၊ ဖြစ်ပြီးလျှင် ရုတ်ခြည်း ချုပ်ပျက်သွားကြကုန်၏ ------ ဟု</p> <p>အပေါင်းအစုအားဖြင့် ခြုံငုံ၍ ဝိပဿနာရှုပွားသုံးသပ်ခြင်း = <b>ကလာပသမ္မသနဝိပဿနာ</b>နည်း၏ အစွမ်းဖြင့်သာလျှင် ဝိပဿနာရှုပွားသုံးသပ်ခြင်းငှာ စွမ်းနိုင်လေရာ၏၊ တစ်လုံးစီ တစ်လုံးစီသော သမာပတ်တရားတို့ကို ဝိပဿနာ ရှုခြင်း (= <b>အနုပဒဓမ္မဝိပဿနာ</b>နည်း)၏ အစွမ်းဖြင့်ကား မစွမ်းနိုင်လေရာ။ ဤ<b>နေဝသညာနာသညာယတနသမာပတ်</b>သည် ဤသို့ကလောက် သိမ်မွေ့သည်၏ အဖြစ်သို့ ရောက်ရှိပြီး ဖြစ်သည်။ ထို့ကြောင့် ဤသမာပတ်ကို <b>သင်္ခါရာဝသေသသမာပတ်</b>ဟုလည်း ခေါ်ဆိုပေသည်။ <b>သညာ</b>ကို ဦးတည်၍ <b>နေဝသညာနာသညာယတနသမာပတ်</b>ဟု ခေါ်ဆိုသော်လည်း ထိုသမာပတ် အတွင်း၌ တည်ရှိကြသော သင်္ခါရတရားအားလုံးတို့ကား အလွန့်အလွန် သိမ်မွေ့ကြ၏။ ရုန့်ရင်းသော သင်္ခါရတို့မှ ကြွင်းကျန်သော အကယ်စင်စစ် သိမ်မွေ့သည်၏ အဖြစ်သို့ ရောက်ရှိသော သင်္ခါရဟူသော စတုတ္ထအရူပသမာပတ်ကို <b>သင်္ခါရာဝသေသသမာပတ်</b>ဟု ခေါ်ဆိုပေသည်။ (အဘိ၊ဋ္ဌ၊၁၊၂၅၂-၂၅၃။)</p> --- <h3>ဦးထိပ်ရွက်ပန်ဆင်ရမည့် ရှေးထုံးဟောင်း</h3> <p>ဤကား သာဝကတို့တွင် ပညာအရာ၌ အသာဆုံး အမြတ်ဆုံး ဖြစ်တော် မူသည့် ပညာအရာ၌ ဧတဒဂ်ဘွဲ့ထူးကို ရရှိတော်မူသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကိုယ်တိုင် <b>စျာနသမာပတ္တိဝီထိ</b> အတွင်း၌ တည်ရှိကြသော နာမ်တရားတို့ကို -----</p> <p>၁။ <b>အနုပဒဓမ္မဝိပဿနာ</b>နည်း,</p> <p>၂။ <b>ကလာပသမ္မသနဝိပဿနာ</b>နည်း -----</p> <p>ဟူသော နှစ်မျိုးသော နည်းတို့ဖြင့် ဝိပဿနာရှုပွားသုံးသပ်နိုင်ကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင်က ဝန်ခံ၍ ဟောကြားထားတော်မူသော ရှေးထုံးဟောင်းကြီးတစ်ခုပင် ဖြစ်သည်။ ဤသမာပတ်တရားတို့ကို ဝိပဿနာရှုပွား သုံးသပ်တော်မူရာ၌လည်း ယင်းနာမ်တရားတို့၏ -----</p> <p>၁။ မှီရာ <b>ဟဒယဝတ္ထုရုပ်</b> သို့မဟုတ် <b>မနောဒွါရ</b>ကိုလည်းကောင်း,</p> <p>၂။ <b>ကသိုဏ်း ပဋိဘာဂနိမိတ်</b>စသော အာရုံကိုလည်းကောင်း -----</p> <p>ပူးတွဲသိမ်းဆည်းလျက် ရှုပွားသုံးသပ်တော်မူသည်ဟူသော ဥပဒေသ တစ်ရပ်မှာလည်း နာမ်ကမ္မဋ္ဌာန်းကို ရှုပွားလိုသော သာဝကများအတွက် တန်ဖိုးမဖြတ်နုိင်သော ရှေးထုံးဟောင်းကြီး တစ်ရပ်ပင် ဖြစ်သည်။ ဤ၌ ဝတ္ထုအရ <b>ဒွါရ</b>ကိုပင် ဆိုလိုပေသည်။ နာမ်တရားတို့သည် ဆိုင်ရာဆိုင်ရာ <b>ဒွါရ</b>တို့၌ ဆိုင်ရာဆိုင်ရာ အာရုံတို့က ရှေးရှု ကျရောက်ခြင်းကြောင့် (= ထင်ခြင်းသို့ ရောက်ရှိခြင်းကြောင့်) ဖြစ်ပေါ်လာကြ၏။</p> --- <h3>အနီးကပ်ဆုံးသော အတိတ်</h3> <p>ဤအရာဝယ် အတိတ်ရှုမှုနှင့် ပတ်သက်၍ အနည်းငယ် ရှင်းလင်း တင်ပြအပ်ပါသည်။</p> <p>၁။ ဤ၌ အရှုခံ နာမ်တရားတို့မှာ <b>သမာပတ်(၈)ပါး</b> အတွင်း၌ တည်ရှိကြသော <b>စျာနဓမ္မ</b>အမည်ရသည့် နာမ်တရားစုတို့ ဖြစ်ကြ၏။</p> <p>၂။ ရှုတတ်သော ဝိပဿနာဉာဏ်မှာ -----</p> <p><b>သဗ္ဗောပိ ပနေသ ပဘေဒေါ မနောဒွါရိကဇဝနေယေဝ လဗ္ဘတိ။</b>(အဘိ၊ဋ္ဌ၊၂၊၃၈၈။)</p> <p>ဤ အထက်ပါ<b>သမ္မောဟဝိနောဒနီ အဋ္ဌကထာ ဉာဏဝိဘင်း</b> ဖွင့်ဆိုချက်အရ ----</p> <p>(က) <b>ပုထုဇန်</b>နှင့် <b>သေက္ခ အရိယာသူတော်ကောင်း</b>တို့၏ သန္တာန်၌ <b>မဟာကုသိုလ် မနောဒွါရိကဇောဝီထိစိတ်အစဉ်</b> ဖြစ်၍ ,</p> <p>( ခ ) <b>အသေက္ခ = ရဟန္တာအရှင်မြတ်</b>တို့၏ သန္တာန်၌ <b>မဟာကြိယာ မနောဒွါရိကစိတ်အစဉ်</b>များ ဖြစ်ကြ၏။</p> <p>ယခုကဲ့သို့ စျာန်နာမ်တရားတို့ကို ဝိပဿနာရှုရန် အရှုခံနာမ်တရားတို့မှာ <b>စျာနသမာပတ်</b>တရားတို့ ဖြစ်ခြင်းကြောင့် <b>မဟဂ္ဂုတ်</b>တရားတို့ ဖြစ်ကြ၏။ ရှုတတ်သော ဝိပဿနာဉာဏ်မှာ <b>မဟာကုသိုလ် (မဟာကြိယာ)</b> ဖြစ်၍ <b>ကာမာဝစရ</b>တရားများ ဖြစ်ကြ၏။ <b>မဟဂ္ဂုတ်</b>တရားနှင့် <b>ကာမာဝစရ</b>တရားတို့သည် တစ်နည်းဆိုရသော် <b>မဟဂ္ဂုတ်ဇော</b>နှင့် <b>ကာမဇော</b>တို့သည် စိတ္တက္ခဏတစ်ခု အတွင်း၌လည်း အတူယှဉ်တွဲ၍ ဖြစ်နိုင်သည့် စွမ်းအား မရှိကြပေ။ (<b>မဂ္ဂဝီထိ</b>က လွဲလျှင်) <b>အာဝဇ္ဇန်း</b>တစ်ခုသာရှိသည့် <b>ဇောဝီထိစိတ်အစဉ်</b> တစ်ခုအတွင်း၌လည်း မတူကွဲပြားသည့် အာရုံတို့ကို အသီးအသီး အာရုံပြု၍ အတူယှဉ်တွဲ ဖြစ်နိုင်သည့် စွမ်းအားလည်း မရှိကြပေ။ အာရုံချင်း မတူညီသောကြောင့် ဖြစ်၏။</p> <p>ဤ၌ <b>စျာနဓမ္မ</b>အမည်ရသည့် <b>မဟဂ္ဂုတ်</b>တရားတို့ကား <b>ကသိုဏ်းပဋိဘာဂနိမိတ်, အာနာပါနပဋိဘာဂနိမိတ်</b>စသော နိမိတ်တို့ကို အာရုံပြုကြ၏။ ဝိပဿနာဇောတို့ကား ယင်း<b>စျာနသမာပတ်</b>တို့၏ အတွင်း၌ တည်ရှိကြသော <b>စျာနဓမ္မ</b>နာမ်တရားစုတို့ကို အာရုံပြုကြ၏။ <b>ဝီထိစိတ်အစဉ်</b>တစ်ခု အတွင်း၌လည်း <b>အာဝဇ္ဇန်း</b> (= အာရုံကို ဆင်ခြင်သော စိတ်)သည် တစ်မျိုးသာ ရှိ၏။တစ်ခုတည်းသော <b>အာဝဇ္ဇန်း</b>က -----</p> <p>၁။ <b>ကသိုဏ် ပဋိဘာဂနိမိတ်</b> သို့မဟုတ် <b>အာနာပါနပဋိဘာဂနိမိတ်</b>စသော <b>သမထနိမိတ်</b>ကိုလည်းကောင်း,</p> <p>၂။ ယင်း နိမိတ်တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော <b>စျာနဓမ္မ</b> နာမ်တရားစုတို့ကိုလည်းကောင်း ----- ဤအာရုံနှစ်မျိုးလုံးကိုကား တစ်ပြိုင်နက်တည်း အာရုံမပြုနိုင်၊ ဇောတို့မည်သည် <b>အာဝဇ္ဇန်း</b>နှင့် ကင်း၍ ဖြစ်သည့် ထုံးမှာ <b>နိရောဓသမာပတ်</b>မှ အထ၌သာ ရှိ၏။ ကျန် အရာဌာနတို့၌ <b>အာဝဇ္ဇန်း</b>နှင့် ကင်း၍ ဖြစ်ရိုး ဓမ္မတာကား မရှိပေ။ သို့အတွက် အထက်တွင် <b>ဥပရိပဏ္ဏာသ အဋ္ဌကထာ</b>က ရှင်းပြသည့်အတိုင်း -----</p> <p>၁။ အရှုခံ နာမ်တရားနှင့်</p> <p>၂။ ရှုတတ်သည့် နာမ်တရားတို့မှာ -----</p> <p>စိတ္တက္ခဏတစ်ခု အတွင်း၌ သို့မဟုတ် <b>ဇောဝီထိစဉ်</b>တစ်ခု အတွင်း၌ ပြိုင်တူ ဖြစ်ကြသော တရားတို့ကား မဟုတ်ကြပေ။ <b>စျာနသမာပတ္တိဝီထိစဉ်</b>တစ်ခု အတွင်း၌ <b>ပရိကံ ဥပစာ အနုလုံ ဂေါတြဘူ</b>အမည်ရသော <b>ကာမဇော</b>များနောင်၌ ပထမစျာန်စသော <b>မဟဂ္ဂုတ်</b>တရားများ ဖြစ်ကြသည်ကား မှန်၏။ သို့သော် ယင်း <b>စျာနသမာပတ္တိဝီထိစဉ်</b>တစ်ခု အတွင်း၌ တည်ရှိကြသော <b>ကာမဇော</b>နှင့် <b>မဟဂ္ဂုတ်ဇော</b>တို့ကား <b>ကသိုဏ်းပညတ်</b>စသော တူညီသော <b>သမထနိမိတ်</b>ကိုသာ အာရုံပြုကြပေသည်။ အာရုံ ကွဲပြားမှုကား မရှိပေ။</p> <p>သို့အတွက် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြကုန်သော <b>စျာနသမာပတ်</b>တရားများသည် <b>ဥပါဒ်-ဌီ-ဘင်</b> အနေအားဖြင့် ထင်ရှားဖြစ်နေကြချိန်ဝယ် ရှုတတ်သော ဝိပဿနာဉာဏ် ပြဓာန်းသော <b>မဟာကုသိုလ် (မဟာကြိယာ) မနောဒွါရိကဇောဝီထိစိတ်အစဉ်</b>များသည် <b>ဥပါဒ်-ဌီ-ဘင်</b> အနေအားဖြင့် ထင်ရှား မဖြစ်ကြသေးကုန်။ ရှုတတ်သော ဝိပဿနာဉာဏ် ပြဓာန်းသော <b>မဟာကုသိုလ် (မဟာကြိယာ) မနောဒွါရိကဇောဝီထိစိတ်အစဉ်</b>များသည် <b>ဥပါဒ်-ဌီ-ဘင်</b> အနေအားဖြင့် ထင်ရှား ဖြစ်ပေါ်လာကြသော အချိန်အခါ၌လည်း အရှုခံနာမ်တရား များဖြစ်ကြသည့် <b>စျာနဓမ္မ</b> (= <b>စျာနသမာပတ်</b>) နာမ်တရားစုတို့သည် <b>ဥပါဒ်- ဌီ-ဘင်</b>အားဖြင့် ထင်ရှား မရှိကြတော့ပြီ ဖြစ်ကုန်၏။ သို့အတွက် ဘုရားရှင်က -----</p> <p><b>သော တာယ သမာပတ္တိယာ သတော ဝုဋ္ဌဟတိ၊ သော တာယ သမာပတ္တိယာ သတော ဝုဋ္ဌဟိတွာ ယေ ဓမ္မာ အတီတာ နိရုဒ္ဓါ ဝိပရိဏတာ၊ တေ ဓမ္မေ သမနုပဿတိ ဧဝံ ကိရမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ ဟုတွာ ပဋိဝေန္တီတိ။</b> (မ၊၃၊၇၈။)</p> <p>= ထို သာရိပုတ္တရာသည် ထို<b>နေဝသညာနာသညာယတနသမာပတ်</b>မှ <b>သတိ ပညာ</b>နှင့် ပြည့်စုံ၍ ထ၏။ ထို သာရိပုတ္တရာသည် ထို<b>နေဝသညာနာသညာယတနသမာပတ်</b>မှ <b>သတိ ပညာ</b>နှင့် ပြည့်စုံ၍ ထပြီးလျှင် လွန်ကုန်ပြီး ချုပ်ကုန်ပြီး ဖောက်ပြန်ပျက်စီးကုန်ပြီးသော <b>နေဝသညာနာသညာယတနစျာနဓမ္မ</b> နာမ်တရားစုတို့ကို ----- ဤသို့လျှင် ဤ<b>စျာနဓမ္မ</b> နာမ်တရားစုတို့သည် ရှေးက ထင်ရှား မရှိကြကုန်ဘဲ ယခုမှ ရုတ်ခြည်း အသစ် ဖြစ်ပေါ်လာကြကုန်၏၊ ဖြစ်ပြီးလျှင် ရုတ်ခြည်း ချုပ်ပျက်ကုန်၏ ------ ဟု ယင်း<b>စျာနဓမ္မ</b> နာမ်တရားစုတို့ကို ပေါင်းစုခြုံငုံလျက် အပေါင်းအစုအားဖြင့် (<b>ကလာပသမ္မသန</b>နည်းအားဖြင့်) ဝိပဿနာရှု၏။ -----</p> <p>ဤသို့ စသည်ဖြင့် ဟောကြားထားတော်မူခြင်း ဖြစ်ပေသည်။ ဤရှုကွက်မှာ အနီးကပ်ဆုံးသော ချုပ်ပျက်ကုန်ပြီးသော အတိတ်တရားစုတို့ကို ဝိပဿနာဉာဏ်ဖြင့် ရှု၍ရနိုင်သည့် ကျောက်စာတိုင်ကဲ့သို့ လှုပ်ရှား၍ မရနိုင်လောက်အောင် မြဲခိုင်လှသည့် ရှေးဟောင်းထုံးကြီးတစ်ရပ် ဥပဒေသတစ်ရပ်ပင် ဖြစ်ပေသည်။ <b>ကျောက်ထီးတန္တု</b> အလေးဂရုပြုထိုက်သည့် <b>ဘုရားဟော ဗုဒ္ဓပါဝစန</b>ကြီးပင် ဖြစ်ပေသည်။</p> <h3>ကာမာဝစရနာမ်တရားတို့ကိုလည်း ဝိပဿနာရှုရန်</h3> <p>စျာန်နာမ်တရားတို့ကိုသာ သိမ်းဆည်းကာ ဝိပဿနာရှုရသည် မဟုတ်သေး၊ ကာမာဝစရ နာမ်တရားတို့ကိုလည်း ဝိပဿနာရှုရန် ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာက (ဝိသုဒ္ဓိ၊၂၊၂၅၂-၂၅၃။) ဤသို့လည်း ဖွင့်ဆိုထားပေသည်။</p> <p>တစ်ဖန် ရုပ်တရားကို လက္ခဏာယာဉ် တင်၍ ဝိပဿနာ ရှုပွားသုံးသပ်သော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ရုပ်တရား၏ ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာကို ရှုအပ်သကဲ့သို့ အလားတူပင် နာမ်တရားကိုလည်း လက္ခဏာယာဉ် တင်ကာ ဝိပဿနာရှုပွားသုံးသပ်သော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် နာမ်တရား၏ ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာကိုလည်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုရမည်သာ ဖြစ်သည်။ ထိုနာမ်တရား၏ ဖြစ်ခြင်း = နိဗ္ဗတ္တိလက္ခဏာကိုလည်း (လောကုတ္တရာတရားများ၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ မဟုတ်ကြသဖြင့် ဝိပဿနာရှုပွားရမည့် အရာမဟုတ်သောကြောင့်) (၈၁)မျိုးသော လောကီစိတ္တုပ္ပါဒ် (= လောကီ စိတ် စေတသိက်)၏ အစွမ်းဖြင့်သာလျှင် ဝိပဿနာရှုပွားသုံးသပ်အပ်ပေသည်။ ဤလောကီ စိတ္တုပ္ပါဒ်၏ အစွမ်းဖြင့် ရှုပွားသုံးသပ်ရသော ဝိပဿနာဟူသည် အဘယ်နည်း ဟူမူကား အကျယ်မှာ ဤသို့ဖြစ်၏။ -----</p> <p>ဤ နာမ်တရားတို့မည်သည်ကား ရှေးဘဝ၌ အားထုတ်အပ်သော ကံ၏ အစွမ်းဖြင့် ပဋိသန္ဓေအခါ၌ (၁၉)မျိုးသော ပဋိသန္ဓေစိတ်တို့တွင် တစ်မျိုးမျိုးသော စိတ်သည် ဘဝတစ်ခုဝယ် ပဋိသန္ဓေစိတ် အဖြစ်ဖြင့် စတင်၍ ဖြစ်ပေါ်လာ၏။ ဖြစ်ပေါ်လာပုံ အခြင်းအရာကို ပဋိစ္စသမုပ္ပါဒ်ပိုင်း (ဝိသုဒ္ဓိ၊၂၊ ၁၇၇-၁၉၂။)တွင် ရှင်းလင်းတင်ပြသည့်အတိုင်းသာ သိရှိပါလေ။ ထိုပဋိသန္ဓေစိတ်သည်ပင်လျှင် ယင်းပဋိသန္ဓေစိတ္တက္ခဏ၏ အခြားမဲ့ဖြစ်သော စိတ်မှ စ၍ ဘဝင်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ အသက်၏ အဆုံး၌ စုတိ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ အကယ်၍ ထိုပဋိသန္ဓေစိတ်သည် ကာမာဝစရစိတ် ဖြစ်အံ့၊ ထိုကာမာဝစရ ပဋိသန္ဓေစိတ် (၁၀)မျိုးသည် ဒွါရ (၆)ပါးတို့၌ အားရှိသော (= ဗလဝ) အာရုံ၌ တဒါရုံ၏ အစွမ်းဖြင့် (= ဇောယူသည့် အာရုံကိုပင် ဆက်လက် ယူတတ်သည့် တဒါရုံစိတ်၏ အစွမ်းဖြင့်) ဖြစ်ပေါ်လာ၏။</p> <p>တစ်ဖန် ပဝတ္တိအခါဝယ် ဖြစ်ပုံအခြင်းအရာကို ဤသို့ ဆက်လက် ဖွင့်ဆိုထားပြန်၏။ -----</p> <p><b>ပဝတ္တေ ပန အသမ္ဘိန္နတ္တာ စက္ခုဿ အာပါထဂတတ္တာ ရူပါနံ အာလောကသန္နိဿိတံ မနသိကာရဟေတုကံ စက္ခုဝိညာဏံ နိဗ္ဗတ္တတိ သဒ္ဓိံ သမ္ပယုတ္တဓမ္မေဟိ။ စက္ခုပသာဒဿ ဟိ ဌိတိက္ခဏေ ဌိတိပ္ပတ္တမေဝ ရူပံ စက္ခုံ ဃဋ္ဋေတိ။ တသ္မိံ ဃဋ္ဋိတေ ဒွိက္ခတ္တုံ ဘဝင်္ဂ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ။ တတော တသ္မိံ ယေဝ အာရမ္မဏေ ကိရိယမနောဓာတု အာဝဇ္ဇနကိစ္စံ သာဓယမာနာ ဥပ္ပဇ္ဇတိ။ တဒနန္တရံ တဒေဝ ရူပံ ပဿမာနံ ကုသလဝိပါကံ အကုသလဝိပါကံ ဝါ စက္ခုဝိညာဏံ။ တတော တဒေဝ ရူပံ သမ္ပဋိစ္ဆမာနာ ဝိပါကမနောဓာတု။ တတော တဒေဝ ရူပံ သန္တီရယမာနာ ဝိပါကာဟေတုကမနောဝိညာဏဓာတု။ တတော တဒေဝ ရူပံ ဝဝတ္ထာပယမာနာ ကိရိယာဟေတုကမနောဝိညာဏဓာတု ဥပေက္ခာသဟဂတာ။ တတော ပရံ ကာမာဝစရကုသလာကုသလကိရိယစိတ္တေသု ဧကံ ဝါ ဥပေက္ခာသဟဂတာဟေတုကံ စိတ္တံ ပဉ္စ သတ္တ ဝါ ဇဝနာနိ။ တတော ကာမာဝစရသတ္တာနံ ဧကာဒသသု တဒါရမ္မဏစိတ္တေသု ဇဝနာနုရူပံ ယံကိဉ္စိ တဒါရမ္မဏန္တိ။ ဧသ နယော သေသဒွါရေသုပိ။ မနောဒွါရေ ပန မဟဂ္ဂတစိတ္တာနိပိ ဥပ္ပဇ္ဇန္တီတိ။ ဧဝံ ဆသု ဒွါရေသု အရူပဿ နိဗ္ဗတ္တိ ပဿိတဗ္ဗာ။</b> (ဝိသုဒ္ဓိ၊၂၊၂၅၂-၂၅၃။)</p> <p>= တစ်ဖန် ပဝတ္တိအခါဝယ် စက္ခုပသာဒ မပျက်စီးသေးသည့် သတ္တဝါတို့ သန္တာန်ဝယ် စက္ခုပသာဒ၏ မပျက်စီးသေးသည်၏ အဖြစ်ကြောင့် စက္ခုပသာဒ, ရူပါရုံ, အာလောက, မနသိကာရစသော အကြောင်းတရားများကို အစွဲပြု၍ ဌီကာလသို့ ရောက်ရှိနေသော ရူပါရုံက ဌီကာလသို့ ရောက်ရှိနေသော စက္ခုပသာဒနှင့် အိမ်ရှင် ဘဝင်အကြည်ဓာတ် = မနောဒွါရတို့ကို ပြိုင်တူ ရိုက်ခတ်သောအခါ အာလောက (= အလင်းရောင်)ကို မှီသော, မနသိကာရ (= ပဉ္စဒွါရာဝဇ္ဇန်းစိတ္တုပ္ပါဒ်)လျှင် အကြောင်းရင်းရှိသော စက္ခုဝိညာဏ်စိတ်သည် ယှဉ်ဖက် စေတသိက် (= သမ္ပယုတ်တရား)တို့နှင့် အတူတကွ ဖြစ်ပေါ်၍လာ၏။</p> <p>ချဲ့၍ဆိုဦးအံ့ ----- စက္ခုပသာဒ၏ ဌီခဏ၌ ဌီခဏသို့ ရောက်သည်သာလျှင်ဖြစ်သော ရူပါရုံသည် စက္ခုပသာဒကို (= စက္ခုအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို) ထိခိုက်မိ၏။ ထိုရူပါရုံသည် စက္ခုဒွါရ မနောဒွါရ၌ ထိခိုက်သည်ရှိသော် ဘဝင်နှစ်ကြိမ် ဖြစ်၍ ချုပ်၏။ ထိုဘဝင် ချုပ်သည်မှ နောက်ကာလ၌ ထိုရူပါရုံ၌ပင်လျှင် (= ထိုရူပါရုံကို အာရုံပြု၍ပင်လျှင်) ကိရိယာမနောဓာတ်အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ရူပါရုံကို ဆင်ခြင်ခြင်း ကိစ္စကို ပြီးစေလျက် ယှဉ်ဖက် သမ္ပယုတ်တရားတို့နှင့် အတူတကွ ဖြစ်ပေါ်လာ၏။ ထို ပဉ္စဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ ထိုရူပါရုံကိုပင် မြင်သိတတ်သော (ယင်း ရူပါရုံသည် ဣဋ္ဌာရုံ ဖြစ်သော်) ကုသလဝိပါက်မူလည်း ဖြစ်သော (ယင်းရူပါရုံသည် အနိဋ္ဌာရုံ ဖြစ်သော်) အကုသလဝိပါက်မူလည်း ဖြစ်သော စက္ခုဝိညာဏ်စိတ်သည် သမ္ပယုတ်တရားတို့နှင့် အတူတကွ ဖြစ်ပေါ်လာ၏။ ထိုသို့ စက္ခုဝိညာဏ်စိတ် ဖြစ်သည်မှ နောက်ကာလ၌ ထိုရူပါရုံကိုပင်လျှင် ခံလင့်သကဲ့သို့သော ဝိပါက်မနောဓာတ်အမည်ရသော (ကုသလဝိပါက် သို့မဟုတ် အကုသလဝိပါက်) သမ္ပဋိစ္ဆိုန်းစိတ်သည် သမ္ပယုတ်တရားတို့နှင့် အတူတကွ ဖြစ်ပေါ်လာ၏။ ထို သမ္ပဋိစ္ဆိုန်းစိတ် ဖြစ်သည်မှ နောက်ကာလ၌ ထိုရူပါရုံကိုပင်လျှင် စုံစမ်းလင့်သကဲ့သို့သော (ကုသလဝိပါက် သို့မဟုတ် အကုသလဝိပါက် ဖြစ်သော) ဝိပါက် အဟိတ် မနောဝိညာဏဓာတ်အမည်ရသော သန္တီရဏစိတ်သည် ဖြစ်ပေါ်လာ၏။ ထို သန္တီရဏစိတ် ဖြစ်သည်မှ နောက်ကာလ၌ ထိုရူပါရုံကိုပင်လျှင် ဣဋ္ဌ သို့မဟုတ် အနိဋ္ဌ စသည်ဖြင့် ပိုင်းခြားမှတ်သား ဆုံးဖြတ်လင့်သကဲ့သို့သော ကြိယာ အဟိတ် မနောဝိညာဏဓာတ်အမည်ရသော ဥပေက္ခာသဟဂုတ် ဝုဋ္ဌောစိတ်သည် ဖြစ်ပေါ်လာ၏။ ထို ဝုဋ္ဌောစိတ် ဖြစ်သည်မှ နောက်ကာလ၌ ကာမာဝစရ ကုသိုလ် အကုသိုလ် ကြိယာစိတ်တို့တွင် တစ်မျိုးမျိုးသော စိတ်သည် (ယောနိသောမနသိကာရ အယောနိသောမနသိကာရ အားလျော်စွာ) ငါးကြိမ်သော်လည်းကောင်း ခုနှစ်ကြိမ်သော်လည်းကောင်း ဇောကိစ္စကို ဆောင်ရွက်ကုန်သည် ဖြစ်၍ ဖြစ်ပေါ်လာ၏။ တစ်ကြိမ်သော မနောဒွါရာဝဇ္ဇန်း (= ဝုဋ္ဌော) စိတ်သည်သော်မူလည်း ဇောအရာ၌ ဖြစ်ပေါ်လာတတ်၏။ [ဇော မစောတော့ဘဲ ဝုဋ္ဌောစိတ် (= မနောဒွါရာဝဇ္ဇန်းစိတ်) နှစ်ကြိမ် ဖြစ်မှုကို ရည်ရွယ်၍ မိန့်ဆိုခြင်း ဖြစ်သည်။) ထိုဇောစိတ် ချုပ်သည်မှ နောက်ကာလ၌ ကာမာဝစရသတ္တဝါတို့၏ သန္တာန်ဝယ် (၁၁)မျိုးကုန်သော တဒါရုံစိတ်တို့တွင် ဇောအားလည်းကောင်း, အာရုံအားလည်းကောင်း လျော်စွာ အမှတ်မရှိ တစ်မျိုးမျိုးသော တဒါရုံစိတ်သည် ဖြစ်ပေါ်လာ၏။ ဤသို့ ဖြစ်ပေါ်လာသော ဝီထိစိတ်အစဉ်များကို သမ္ပယုတ်တရားတို့နှင့် အတူတကွ ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုပါ။</p> <p>စက္ခုဒွါရမှ ကြွင်းကုန်သော သောတဒွါရစသည့် ပဉ္စဒွါရတို့၌လည်း ဤနည်းကို သိရှိပါလေ။ မနောဒွါရ၌ကား ဇောအရာဝယ် ကာမဇောတို့တွင်သာမက မဟဂ္ဂုတ်ဇောတို့သည်လည်း ဖြစ်နိုင်ကြကုန်၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့လျှင် ဒွါရခြောက်ပါးတို့၌ နာမ်တရား၏ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုပါ။ (ဝိသုဒ္ဓိ၊၂၊ ၂၅၂-၂၅၃။) အလားတူပင် (ဒီ၊ဋ္ဌ၊၁၊၁၇၄။ မ၊ဋ္ဌ၊၁၊၂၆၆-၂၆၇။ သံ၊ဋ္ဌ၊၃၊၂၂၆-၂၂၇။ အဘိ၊ဋ္ဌ၊၂၊၃၄၁။)တို့၌လည်း စက္ခုဒွါရဝီထိ စသည့် နာမ်တရားစုတို့ကို ထိုကဲ့သို့ပင် သိမ်းဆည်းရန် ညွှန်ကြားထားပေသည်။</p> --- <h3>ဒွါရနှစ်ပါး၌ ထင်ပုံ</h3> <p><b>တတ္ထ ဧကေကံ အာရမ္မဏံ ဒွီသု ဒွီသု ဒွါရေသု အာပါထမာဂစ္ဆတိ။ ရူပါရမ္မဏ ဉှိ စက္ခုပသာဒံ ဃဋ္ဋေတွာ တင်္ခဏညေဝ မနောဒွါရေ အာပါထမာဂစ္ဆတိ၊ ဘဝင်္ဂစလနသာ ပစ္စယော ဟောတီတိ အတ္ထော။ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရမ္မဏေသုပိ ဧသေဝ နယော။</b> (အဘိ၊ဋ္ဌ၊၁၊၁၁၄။)</p> <p>= ရူပါရုံ စသည့် အာရုံငါးမျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံသည် နှစ်မျိုးနှစ်မျိုးကုန်သော ဒွါရတို့၌ ထင်ခြင်းသို့ ရောက်၏။ မှန်ပေသည် ----- ရူပါရုံသည် စက္ခုပသာဒ (= စက္ခုဒွါရ)ကို ထိခိုက်ပြီးသော် ထိုခဏ၌ပင်လျှင် မနောဒွါရ၌ ထင်ခြင်းသို့ ရောက်၏။ ဘဝင်္ဂစလန (= ဘဝင်လှုပ်ခြင်း)၏ အကြောင်းတရား ဖြစ်၏ဟု ဆိုလို၏။ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံဖောဋ္ဌဗ္ဗာရုံတို့၌လည်း ဤနည်းပင်တည်း။ (အဘိ၊ဋ္ဌ၊၁၊၁၁၄။)</p> --- <h3>မနောဒွါရနှင့် ဟဒယဝတ္ထု</h3> <p><b>မနောတိ ဘဝင်္ဂစိတ္တံ။</b> (သံ၊ဋ္ဌ၊၃၊၅။)</p> <p><b>မနောတိ သဟာဝဇ္ဇနေန ဘဝင်္ဂံ ဒဋ္ဌဗ္ဗံ။</b> (သံ၊ဋ္ဌ၊၃၊၅။)</p> <p><b>မနောဒွါရံနာမ သာဝဇ္ဇနံ ဘဝင်္ဂံ။ တဿ နိဿယဘာဝတော ဟဒယဝတ္ထုံ သန္ဓာယ နိဿိတ ဝေါဟာရေန မနောဒွါရေတိ ဝုတ္တံ၊ ယတ္ထ မနောဒွါရုပ္ပတိ။</b> (မဟာဋီ၊၂၊၄၁၀။)</p> <p>ဤ အထက်ပါ ဖွင့်ဆိုချက်များနှင့် အညီ -----</p> <p>၁။ ဘဝင်မနော အကြည်ဓာတ်သည်လည်း မနောဒွါရ မည်၏။</p> <p>၂။ မနောဒွါရာဝဇ္ဇန်းနှင့် တကွသော ဘဝင်မနောအကြည်ဓာတ်သည်လည်း မနောဒွါရ မည်၏။</p> <p>၃။ ဟဒယဝတ္ထုရုပ်သည်လည်း ဌာနူပစာရအားဖြင့် မနောဒွါရ မည်၏။</p> <p>ဌာနူပစာရ ----- ဝိသုဒ္ဓိမဂ္ဂ အဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၅၉)၌ မနောဒွါရ၌ ရုပ် (၅၄)မျိုးတို့ ရှိကြောင်းကို ဖွင့်ဆိုထား၏။ ယင်းသို့ ဖွင့်ဆိုတော်မူချက်နှင့် ပတ်သက်၍ မဟာဋီကာဆရာတော်က ----- မနောဒွါရအမည်ရသော မနောဒွါရာဝဇ္ဇန်းနှင့် တကွသော ဘဝင်စိတ်၏ မှီရာဖြစ်သောကြောင့် ဟဒယဝတ္ထုကို ရည်ရွယ်၍ မှီတတ်သော ဘဝင်မနောအကြည်ဓာတ်၏ ဝေါဟာရဖြင့် တစ်နည်း မှီတတ်သော ဘဝင်မနောအကြည်ဓာတ်နှင့် အာဝဇ္ဇန်းတို့၏ ဝေါဟာရဖြင့် မနောဒွါရဟု ဖွင့်ဆိုခြင်း ဖြစ်သည်။ ယင်း ဟဒယဝတ္ထု၌ မနောဒွါရကား မှီ၍ ဖြစ်ပေသည်။ (မဟာဋီ၊၂၊၄၁၀။)</p> <p>ဌာနီဖြစ်သော ဘဝင်မနောအကြည်ဓာတ်၏ မနောဒွါရဟူသော အမည်ကို တစ်နည်း ဌာနီဖြစ်သော မနောဒွါရာဝဇ္ဇန်းနှင့် တကွသော ဘဝင်မနောအကြည်ဓာတ်၏ မနောဒွါရဟူသော အမည်ကို ဟဒယဝတ္ထု၌ တင်စား၍ ဌာနဖြစ်သော ဟဒယဝတ္ထုကိုလည်း ဌာနူပစာရအားဖြင့် မနောဒွါရဟု ခေါ်ဝေါ်သုံးစွဲထားသည်ဟု ဆိုလိုပေသည်။</p> --- <h3>ဒွါရနှင့် အာရုံကို ပူးတွဲသိမ်းဆည်းပါ</h3> <p>ဤအထက်တွင် တင်ပြထားသော အရပ်ရပ်သော စည်းမျဉ်းဥပဒေသများ ညွှန်ကြားချက်များနှင့် အညီ နာမ်ကမ္မဋ္ဌာန်းကို အားသစ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ဤသို့ လိုက်နာပြုကျင့်ပါ။</p> <p>စက္ခုဒွါရဝီထိ နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားလိုသော ယောဂါဝစရ ပုဂ္ဂိုလ်သည် -----</p> <p>၁။ စက္ခုဒွါရနှင့် မနောဒွါရကို ပူးတွဲ သိမ်းဆည်းပါ။</p> <p>၂။ မိမိ ရှုပွားလိုသည့် ရုပ်တရားတို့၏ ရူပါရုံ အရောင်ကို လှမ်း၍ အာရုံယူပါ။</p> <p>၃။ ယင်း ရူပါရုံအရောင်က စက္ခုဒွါရ မနောဒွါတို့၌ ရှေ့ရှု ရိုက်ခတ်လာသောအခါ, ထင်လာသောအခါ -----</p> <p>ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ် သမ္ပဋိစ္ဆိုန်း သန္တီရဏ ဝုဋ္ဌော ဇော (၇)ကြိမ် တဒါရုံ (၂)ကြိမ်ဟူသော ဝီထိစိတ်တို့ကို ယှဉ်ဖက် သမ္ပယုတ်တရားတို့နှင့် အတူတကွ သိမ်းဆည်းပါ၊ သောတဒွါရ စသည်တို့၌လည်း နည်းမှီ၍ သဘောပေါက်ပါ။</p> <p>အထက်တွင် တင်ပြခဲ့သော အဋ္ဌသာလိနီ အဋ္ဌအထာ၏ ညွှန်ကြားချက်အရ ကာမာဝစရနာမ်တရားတို့ကို သိမ်းဆည်းရာ၌ <b>တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္ဇံ</b> ...(အဘိ၊ဋ္ဌ၊၁၊၂၇၁။)စသည်ဖြင့် ညွှန်ကြားထားတော်မူသည့်အတွက် ရူပါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံနှင့် ဓမ္မာရုံအမည်ရသည့် ပသာဒရုပ် သုခုမရုပ်တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို ဦးစားပေးကာ သိမ်းဆည်းရမည် ဖြစ်ပေသည်။</p> <p>ဓမ္မာရုံအမည်ရသည့် နာမ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော မနောဒွါရဝီထိ နာမ်တရားစုတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် -----</p> <p>၁။ ဘဝင်မနောအကြည်ဓာတ်, မနောဒွါရကိုလည်းကောင်း,</p> <p>၂။ မိမိ ရှုပွားလိုသည့် အာရုံရုပ်ကိုလည်းကောင်း (= ပသာဒရုပ် သုခုမရုပ်တို့တွင် တစ်မျိုးမျိုးသော ရုပ်ကိုလည်းကောင်း ပူးတွဲသိမ်းဆည်းလျက် ယင်း ရုပ်တရားကို အာရုံပြု၍ ဘဝင်မနော အကြည်ဓာတ်ကို အစွဲပြု၍ ယောနိသောမနသိကာရ သို့မဟုတ် အယောနိသောမနသိကာရ အားလျော်စွာ ဖြစ်ပေါ်လာကြကုန်သော မနောဒွါရိကဇောဝီထိ စိတ်အစဉ်တို့ကို ယှဉ်ဖက် သမ္ပယုတ်တရားတို့နှင့် အတူတကွ သိမ်းဆည်းပါ။</p> <p>အကယ်၍ စျာန်သမာပတ်တရား (= စျာနဓမ္မ)တို့ကို သိမ်းဆည်းရှုပွားလိုသည်ဖြစ်အံ့ ----- ရှေဦး မိမိ ရှုလိုသည့် စျာန်ကို ဝင်စားပြီးလျှင် စျာန်မှ ထကာ -----</p> <p>၁။ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကိုလည်းကောင်း,</p> <p>၂။ မိမိ ရှုပွားလိုသည့် ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်စသည့် သမထနိမိတ် တစ်ခုခုကိုလည်းကောင်း,</p> <p>ပူးတွဲ သိမ်းဆည်းကာ စျာနဓမ္မနာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားရမည် ဖြစ်သည်။ ယင်း သမထနိမိတ်က ဘဝင်မနောအကြည်ဓာတ်၌ ထင်လာသောအခါ ယင်း စျာန်နာမ်တရားတို့ကို သိမ်းဆည်းပါဟု ဆိုလိုသည်။</p> --- <h3>အာယတနဒွါရအလိုက် သိမ်းဆည်းပါ</h3> <p>ကာယဒွါရ, ဝစီဒွါရ, မနောဒွါရဟူသော ဒွါရသုံးပါးကို ကမ္မဒွါရဟု ခေါ်ဆို၍ စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရ မနောဒွါရဟူသော ဒွါရ (၆)ပါးကို အာယတနဒွါရဟု ခေါ်ဆိုပေသည်။ (မဟာဋီ၊၂၊၄၁၀။) နာမ်တရားတို့ကို သိမ်းဆည်းလိုသော ဉာဏ်ဖြင့် ပိုင်းခြားယူလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်တရားတို့ကို မှီရာဝတ္ထုအလိုက် သိမ်းဆည်းခြင်းမှာ ရောယှက်ရှုပ်ထွေးခြင်း ရှိသဖြင့် အာယတနဒွါရအလိုက် နာမ်တရားတို့ကို သိမ်းဆည်းရန် အဋ္ဌကထာများက (ဝိသုဒ္ဓိ၊၂၊၂၂၃။ အဘိ၊ဋ္ဌ၊၂၊၂၄၁။ မဟာဋီ၊၂၊၃၅၂။) ညွှန်ကြားထားတော်မူကြ၏။</p> <p>ဝတ္ထုရုပ် (၆)မျိုးတို့တွင် ဟဒယဝတ္ထုကား အာရုံ (၆)ပါးလုံးကို ထိုက်သလို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ပဉ္စဝိညာဏ်မှ တစ်ပါးကုန်သော မနောဓာတ် မနောဝိညာဏဓာတ်အမည်ရကြသည်။ ဝီထိစိတ်တို့၏ မှီ၍ဖြစ်ရာ ဝတ္ထုရုပ်လည်း ဖြစ်၏။ ပဋိသန္ဓေ, ဘဝင်, စုတိဟူသော ဝီထိမုတ်စိတ်တို့၏ မှီ၍ဖြစ်ရာ ဝတ္ထုရုပ်လည်း ဖြစ်၏။ သို့ဖြစ်၍ မှီရာဝတ္ထုအလိုက် နာမ်တရားတို့ကို သိမ်းဆည်းရှုပွားခဲ့သော် အာရုံ (၆)ပါးလုံးကို ထိုက်သလို အာရုံပြုနေကြသည့် သိနေကြသည့် ဝီထိစိတ်တို့သည် ဟဒယဝတ္ထု၌ မှီ၍ဖြစ်နေကြသဖြင့် ရောယှက်ရှုပ်ထွေးမှုကား ရှိနေ၏။ ထို့ကြောင့် ထိုသို့ ရောယှက်ရှုပ်ထွေးမှု ကင်းစေရန် စက္ခုဒွါရ, သောတဒွါရစသော အာယတနဒွါရအလိုက် ဝီထိစိတ်အစဉ်ဟူသော စိတ္တနိယာမလမ်းကြောင်းအတိုင်း သိမ်းဆည်းရှုပွားရန် အဋ္ဌကထာများက ညွှန်ကြားထားတော်မူခြင်း ဖြစ်သည်။</p> --- <h3>ရိုသေစွာ လိုက်နာရမည့် စည်းကမ်းတစ်ရပ်</h3> <p>ထိုသို့ အာယတနဒွါရအလိုက် နာမ်တရားတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ယင်းအာယတနဒွါရအမည်ရသည့် ရုပ်တရားတို့ကိုလည်းကောင်း, အာရုံရုပ်တရားတို့ကိုလည်းကောင်း ကောင်းမွန်စင်ကြယ်စွာ သိမ်းဆည်းထားပြီး ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီး ဖြစ်ရမည်ဖြစ်ကြောင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက အောက်ပါအတိုင်း အလေးအနက် ဖွင့်ဆိုထားပေသည်။ -----</p> <p><b>ယသ္မာ စ ဧဝံ သုဝိသုဒ္ဓရူပပရိဂ္ဂဟေဿဝ တဿ အရူပဓမ္မာ ကီဟာကာရေဟိ ပါကဋာ ဟောန္တိ။ တသ္မာ သုဝိသုဒ္ဓရူပပရိဂ္ဂဟေနေဝ အရူပပရိဂ္ဂဟာယ ယောဂေါကာတဗ္ဗော၊ န ဣတေရန။ သ စေ ဟိ ဧကသ္မိံ ဝါ ရူပဓမ္မေ ဥပဋ္ဌိတေ ဒွီသု ဝါ ရူပံ ပဟာယ အရူပပရိဂ္ဂဟံ အာရဘတိ၊ ကမ္မဋ္ဌာနတော ပရိဟာယတိ၊ ပထဝီကသိဏဘာဝနာယ ဝုတ္တပ္ပကာရာ ပဗ္ဗတေယျာဂါဝီ ဝိယ။ သုဝိသုဒ္ဓရူပပရိဂ္ဂဟဿ ပန အရူပပရိဂ္ဂဟာယ ယောဂံ ကရောတော ကမ္မဋ္ဌာနံ ဝုဒ္ဓံ ဝိရူဠိံ ဝေပုလ္လံ ပါပုဏာတိ။</b> (ဝိသုဒ္ဓိ၊၂၊၂၂၇။)</p> <p>= ဤသို့လျှင် ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းထားပြီးသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်အားသာလျှင် -----</p> <p>၁။ ဖဿက စ၍ နာမ်တရားတို့ ထင်ရှားလာသော နည်း,</p> <p>၂။ ဝေဒနာက စ၍ နာမ်တရားတို့ ထင်ရှားလာသော နည်း,</p> <p>၃။ အသိစိတ် ဝိညာဏ်က စ၍ နာမ်တရားတို့ ထင်ရှားလာသော နည်း-----</p> <p>ဟူသော နာမ်တရားတို့ကို သိခြင်း၏ နာမ်တရားတို့၏ ဉာဏ်အား ရှေးရှုထင်ခြင်း၏ အကြောင်းတရားသုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အကြောင်း အခြင်းအရာအားဖြင့် နာမ်တရားတို့သည် ထင်ရှားလာကုန်သောကြောင့် ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို သိမ်းဆည်းပြီးသော ဉာဏ်ဖြင့် ပိုင်းခြားယူပြီးသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည်သာလျှင် နာမ်တရားကို သိမ်းဆည်းခြင်းငှာ ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းငှာ ကြိုးစားအားထုတ်ခြင်း လုံ့လပယောဂကို ပြုသင့်ပြုထိုက်ပေ၏။ ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို မသိမ်းဆည်းရသေးသော ဉာဏ်ဖြင့် ပိုင်းခြားမယူရသေးသော ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်တရားကို သိမ်းဆည်းခြင်းငှာ ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းငှာ ကြိုးစားအားထုတ်ခြင်း လုံ့လပယောဂကို မပြုသင့် မပြုထိုက်ပေ။ ပြုခဲ့သော် အပြစ်ကား ဤသို့တည်း။ ----- ရုပ်ဓာတ်တစ်လုံးလောက်, သို့မဟုတ် ရုပ်ဓာတ် နှစ်လုံးလောက် အသိဉာဏ်၌ ထင်လာရုံမျှဖြင့် ရုပ်ကမ္မဋ္ဌာန်းကို (=ရုပ်တရားကို) သိမ်းဆည်းခြင်း လုပ်ငန်းရပ်ကို စွန့်ပယ်ထားခဲ့၍ နာမ်တရားကို သိမ်းဆည်းခြင်းကို (= ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း ရှုပွားသုံးသပ်ခြင်းကို) အကယ်၍ ကြိုးစား အားထုတ်ခဲ့သည် ဖြစ်ငြားအံ့၊ ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ်ပျက်စီးတတ်၏။ ပထဝီကသိုဏ်းဘာဝနာပိုင်း၌ ဖွင့်ဆိုရေးသားအပ်ခဲ့ပြီးသော တောင်၌ ကျက်စားသော မလိမ္မာသော ကျက်စားရာစားကျက်အကြောင်းကို မသိနားမလည်သော နွားမိုက်မကဲ့သို့ ဆုတ်ယုတ်ပျက်စီးတတ်၏။ အလျော်အားဖြင့်ဆိုရမူ ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို သိမ်းဆည်းခြင်း ရှိပြီးသည်ဖြစ်၍ နာမ်တရားကို သိမ်းဆည်းခြင်းငှာ ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း ရှုပွားခြင်းငှာ ကြိုးစားအားထုတ်ခြင်း လုံ့လပယောဂကို ပြုလုပ်သော ယောဂါဝစရပုဂ္ဂိုလ်အား ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းသည် မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင်သည့်တိုင်အောင် ကြီးပွားခြင်းသို့ စည်ပင်ခြင်းသို့ ပြန့်ပြောသော အဖြစ်သို့ ရောက်ရှိနိုင်၏။ (ဝိသုဒ္ဓိ၊၂၊၂၂၇။)</p> <p>ဘုရားရှင်သည် အင်္ဂုတ္တိုရ်ပါဠိတော် ဂါဝီဥပမာသုတ္တန် (အံ၊၃၊၂၁၆။)၌ ပထမစျာန်စသည့် အောက်အောက်သော စျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် မလေ့လာအပ်သေးဘဲလျက် ဒုတိယစျာန်စသော အထက်အထက်သော စျာန်ကို ကူးခဲ့သော် ဒုတိယစျာန်စသော အထက်အထက်သော စျာန်မှလည်း လျောကျတတ်၍ ရရှိပြီးသော ပထမစျာန်စသော အောက်အောက်သော စျာန်သည်လည်း ပျက်စီးတတ်ကြောင်းကို တောင်၌ ကျက်စားသော မလိမ္မာသော နွားမိုက်မကို စံထား၍ ဟောကြားထားတော်မူခဲ့၏။ ဤဥပမာကိုပင် ယူဆောင်၍ ဤနာမရူပပရိစ္ဆေဒဉာဏ်ပိုင်း ဒိဋ္ဌိဝိသုဒ္ဓိစခန်း၌လည်း အဋ္ဌကထာဆရာတော်က ထပ်မံ ဖွင့်ဆိုတော်မူပြန်သည်။ ဆိုလိုရင်းသဘောတရားကို မဟာဋီကာဆရာတော်က အောက်ပါအတိုင်း ရှင်းလင်းတင်ပြထားပေသည်။ -----</p> <p>အောက်အောက်ဖြစ်သော စျာန်သည် ကောင်းစွာ ပွားများစေအပ်ပြီးသည်ဖြစ်၍ ဝသီဘော်ငါးတန် နိုင်နင်းသည်၏အဖြစ်သို့ ရောက်စေအပ်ပြီးသော်သာလျှင် အထက်အထက်ဖြစ်သော စျာန်၏ အခြေပါဒကဖြစ်၍ အထက်အထက်ဖြစ်သော စျာန်ကို ရရှိဖို့ရန် အနီးကပ်ဆုံးသော အကြောင်းတရား ဖြစ်နိုင်၏။ ရအပ်ကာမျှသာဖြစ်သော ဝသီဘော်ငါးတန် နိုင်နင်းခြင်းသို့ ရောက်အောင် ကောင်းစွာ မပွားရသေးသော မလေ့ကျင့်ရသေးသော အောက်အောက်သော စျာန်သည် အထက်အထက်ဖြစ်သော စျာန်၏ အခြေပါဒကလည်း မဖြစ်နိုင်။ အထက်အထက်ဖြစ်သော စျာန်ကို ရရှိဖို့ရန် အနီးကပ်ဆုံးသော အကြောင်းတရားလည်း မဖြစ်နိုင်။</p> <p>ဤဥပမာအတူပင်လျှင် ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူတတ် သိမ်းဆည်းတတ်သော ရူပပရိဂ္ဂဟဉာဏ် (= ရူပပရိဂ္ဂဟလုပ်ငန်းရပ်)သည် ကောင်းမွန်စင်ကြယ်သည်ဖြစ်လျက် အရှုပ်အထွေး ကင်းသည်ဖြစ်လျက် ရောယှက်ရှုပ်ထွေးခြင်း မရှိသော်သာလျှင် နာမ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်း (= အရူပပရိဂ္ဂဟဉာဏ် = အရူပပရိဂ္ဂဟ လုပ်ငန်းရပ်)၏ အခြေပါဒကဖြစ်၍ အနီးကပ်ဆုံးသော အကြောင်းတရားသည် ဖြစ်နိုင်၏။ ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို မသိမ်းဆည်းရသေးသဖြင့် မစင်ကြယ်သော ရုပ်တရားကို သိမ်းဆည်းခြင်း( = ရူပပရိဂ္ဂဟလုပ်ငန်းရပ်သည်) နာမ်တရားကို သိမ်းဆည်းဖို့ရန် (= အရူပပရိဂ္ဂဟဉာဏ်ကို ရရှိဖို့ရန်) အနီးကပ်ဆုံးသော အကြောင်းတရားသည် မဖြစ်နိုင်ပေ။</p> <p>သို့အတွက် ရုပ်တရား နာမ်တရား၏ တစ်စိတ်တစ်ဒေသ တစ်ချို့တစ်ဝက်မျှလောက်သော်လည်း အသိဉာဏ်၌ မထင်လာ မမြင်လာသေးသည် ရှိသော် ရုပ်တရားကို သိမ်းဆည်းခြင်း ရူပပရိဂ္ဂဟဉာဏ် (= ရူပပရိဂ္ဂဟလုပ်ငန်းရပ်)နှင့် နာမ်တရားကို သိမ်းဆည်းခြင်း အရူပပရိဂ္ဂဟဉာဏ် (= အရူပပရိဂ္ဂဟလုပ်ငန်းရပ်)တို့သည် မစင်ကြယ်ကုန်သေးသည်သာလျှင် မည်ကြပေသည်။ များစွာကုန်သော ရုပ်နာမ်ပရမတ်တရားတို့သည် အသိဉာဏ်၌ မထင်လာ မမြင်လာကုန်သည်ရှိသော်ကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်တော့ပါအံ့နည်း၊ မစင်ကြယ်သည်သာလျှင် ဧကန်ဖြစ်ပေတော့၏ဟု ဤသို့ ထင်ရှားပြလိုသည် ဖြစ်၍ -----</p> <p>ရုပ်ဓာတ်တစ်လုံးလောက် အသိဉာဏ်၌ ထင်လာရုံမျှဖြင့်, ရုပ်ဓာတ် နှစ်လုံးလောက် အသိဉာဏ်၌ ထင်လာရုံမျှဖြင့် ရုပ်ကမ္မဋ္ဌာန်းကို (= ရုပ်တရားကို) သိမ်းဆည်းခြင်းလုပ်ငန်းရပ်ကို စွန့်ပယ်ထားခဲ့၍ နာမ်တရားကို သိမ်းဆည်းခြင်းကို အကယ်၍ ကြိုးစားအားထုတ်ခဲ့သည် ဖြစ်ငြားအံ့၊ ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ် ပျက်စီးတတ်၏။</p> <p>ဤသို့စသော စကားကို အဋ္ဌကထာဆရာတော်သည် မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၂၊၃၅၇။)</p> <p>မညီညွတ်သော တောင်၌ ကျက်စားလျက်ရှိသော, မလိမ္မာသော, မိမိ၏ ကျက်စားရာ စားကျက်အကြောင်းကို ကောင်းကောင်း တတ်သိနားလည်မှု မရှိသော နွားမိုက်မသည် မရောက်ဖူးသေးသော အရပ်သို့ ရောက်ရှိရန်, မသောက်ဖူးသေးသော ရေကန်အတွင်းမှ ရေကို သောက်သုံးရန်, မစားဖူးသေးသော ရေကန်ဝန်းကျင်ရှိ စိမ်းလန်းစိုပြည်သည့် မြက် သစ်ရွက်နုတို့ကို စားသုံးရန်ဟူသော ဦးတည်ချက်ဖြင့် မညီညာသော တောင်ပေါ်မှ ဆင်းသက်သောအခါ ရှေ့ခြေနှစ်ချောင်းကို နင်းကွင်းကောင်းကောင်း၌ မနင်းမိသေးဘဲ နောက်ခြေနှစ်ချောင်းကို မြှောက်မိသဖြင့် တောင်ပေါ်မှ တောင်အောက်သို့ ကျဆင်းသွားရသောကြောင့် ရည်ရွယ်ချက် ဦးတည်ချက်အားလုံး ပျက်စီးသွားခဲ့ရ၏။ မူလစဉ်းစားခဲ့ရာ တောင်ထိပ်သို့လည်း ပြန်မရောက်နိုင် ဖြစ်ခဲ့ရ၏။ ဤဥပမာအတူပင် ရုပ်တရားကို ကောင်းမွန်စင်ကြယ်စွာ မသိမ်းဆည်းရသေးဘဲ နာမ်တရားကို ပြောင်း၍ သိမ်းဆည်းရှုပွားလိုက်ပါက ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ်ပျက်စီးသွားတတ်၏။ ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးလုံးမှပင် ဆုတ်ယုတ် ပျက်စီးသွားတတ်၏။ သတိရှိစေ။</p> --- <h3>နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း (၃) နည်း</h3> <p><b>ဧဝံ သုဝိသုဒ္ဓရူပပရိဂ္ဂဟဿ ပနဿ အရူပဓမ္မာ တီဟိအာကာရေဟိ ဥပဋ္ဌဟန္တိ ဖဿဝသေန ဝါ ဝေဒနာဝသေန ဝါ ဝိညာဏဝသေန ဝါ။</b> (ဝိသုဒ္ဓိ၊၂၊၂၂၆။)</p> <p><b>တိဝိဓော ဟိ အရူပကမ္မဋ္ဌာနေ အဘိနိဝေသော ဖဿဝသေန ဝေဒနာဝသေန စိတ္တဝသေနာတိ။ ကထံ? ဧကစ္စဿ ဟိ သံခိတ္တေန ဝါ ဝိတ္ထာရေန ဝါ ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ တသ္မံ အာရမ္မဏေ စိတ္တစေတသိကာနံ ပဋ္ဌမာဘိနိပါတော တံ အာရမ္မဏံ ဖုသန္တော ဥပ္ပဇ္ဇမာနော ဖေဿာ ပါကဋော ဟောတိ။ ဧကစ္စဿ တံ အာရမ္မဏံ အနုဘဝန္တီ ဥပ္ပဇ္ဇမာနာ ဝေဒနာ ပါကဋာ ဟောတိ။ ဧကစ္စဿ တံ အာရမ္မဏံ ပရိဂ္ဂဟေတွာ ဝိဇာနန္တံ ဥပ္ပဇ္ဇမာနံ ဝိညာဏံ ပါကဋံ ဟောတိ။</b></p> <p><b>တတ္ထ ယဿ ဖေဿာ ပါကဋော ဟောတိ၊ သောပိ န ကေဝလံ ဖေဿာဝ ဥပ္ပဇ္ဇတိ၊ တေန သဒ္ဓိံ တဒေဝ အာရမ္မဏံ အနုဘဝမာနာ ဝေဒနာပိ ဥပ္ပဇ္ဇတိ၊ သဉ္ဇာနနမာနာ သညာပိ, စေတယမာနာ စေတနာပိ, ဝိဇာနနမာနံ ဝိညာဏမ္ပိ ဥပ္ပဇ္ဇတီ တိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။</b></p> <p><b>ယဿ ဝေဒနာ ပါကဋော ဟောတိ၊ သော န ကေဝလံ ဝေဒနာဝ ဥပ္ပဇ္ဇတိ၊ ကာယ သဒ္ဓိံ တဒေဝါရမ္မဏံ ဖုသမာနော ဖေဿပိ ဥပ္ပဇ္ဇတိ၊ သဉ္ဇာနနမာနာ သညာပိ, စေတယမာနာ စေတနာပိ, ဝိဇာနနမာနံ ဝိညာဏမ္ပိ ဥပ္ပဇ္ဇတီတိ ဖဿပဉ္စမကာယေဝ ပရိဂ္ဂဏှာတိ။</b></p> <p><b>ဖဿ ဝိညာဏံ ပါကဋံ ဟောတိ၊ သော န ကေဝလံ ဝိညာဏမေဝ ဥပ္ပဇ္ဇတိ၊ တေန သဒ္ဓိံ တဒေဝါရမ္မဏံ ဖုသမာနော ဖေဿာပိ ဥပ္ပဇ္ဇတိ၊ အနုဘဝမာနာ ဝေဒနာပိ, သဉ္ဇာနနမာနာ သညာပိ, စေတယမာနာ စေတနာပိ ဥပ္ပဇ္ဇတီတိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။</b> (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀-၂၈၁။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)</p> <p><b>အဘိနိဝေသောတိ စ ဝိပဿနာယ ပုဗ္ဗဘာဂေ ကတ္တဗ္ဗနာမရူပပရိစ္ဆေဒေါ ဝေဒိတဗ္ဗော။ တသ္မာ ပဌမံ ရူပပရိဂ္ဂဏှနံ ရူပေ အဘိနိဝေသော။ ဧသ နယော သေသေသုပိ။</b> (မဟာဋီ၊၂၊၄၇၀။)</p> <p><b>ဧဝံ တဿ တေဿဝ ပါကဋဘာဝေပိ သဗ္ဗံ ဘိက္ခဝေ အဘိညေယျန္တိ, သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနန္တိ စ ဧဝမာဒိဝစနတော သဗ္ဗေ သမ္မသနုပဂါဓမ္မာ ပရိဂ္ဂဟေတဗ္ဗာတိ ဒေဿန္တော တတ္ထ ယဿာတိ အာဒိမာဟ။ တတ္ထ ဖဿပဉ္စမကေယေဝါတိ အဝဓာရဏံ တဒန္တောဂဓတ္တာ တဂ္ဂဟကောနေဝ ဂဟိတတ္တာ စတုန္နံ အရူပက္ခန္ဓာနံ။ ဖဿပဉ္စကဂ္ဂဟဏံ ဟိ တဿ သဗ္ဗစိတ္တုပ္ပါဒသာဓာရဏ ဘာဝတော၊ တတ္ထ စ ဖဿ-စေတနာ-ဂ္ဂဟဏေန သဗ္ဗသင်္ခါရက္ခန္ဓဓမ္မ သင်္ဂဟော စေတနာပဓာနတ္တာ တေသံ။ တထာ ဟိ သုတ္တန္တဘာဇနီယေ သင်္ခါရက္ခန္ဓဝိဘင်္ဂေ စက္ခုသမ္ဖဿဇာ စေတနာတိ အာဒိနာ စေတနာဝ ဝိဘတ္တာ။ ဣတရေ ပန ခန္ဓာ သရူပေနေဝဂဟိတာ။</b> (ဒီ၊ဋီ၊၂၊၂၆၀-၂၆၁။ မ၊ဋီ၊၃၇၀။)</p> <p>ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဤသို့ ဖြစ်၏။ -----</p> <p>ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့ပြီးသည့်အတိုင်း ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းထားပြီးသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ သန္တာန်ဝယ် -----</p> <p>၁။ ဖဿ၏ အစွမ်းဖြင့်သော်လည်းကောင်း,</p> <p>၂။ ဝေဒနာ၏ အစွမ်းဖြင့်သော်လည်းကောင်း,</p> <p>၃။ အသိစိတ် ဝိညာဏ်၏ အစွမ်းဖြင့်သော်လည်းကောင်း -----</p> <p>ဤသုံးမျိုးကုန်သော အခြင်းအရာတို့တွင် တစ်မျိုးမျိုးသော အခြင်းအရာအားဖြင့် နာမ်တရားတို့ကို အာယတနဒွါရအလိုက် သိမ်းဆည်းလိုက်သောအခါ နာမ်တရားတို့သည် ထင်ရှားလာကုန်၏။</p> <p>အဘိနိဝေသ ----- ဝိပဿနာဉာဏ်၏ ရှေးအဖို့၌ ပြုသင့်ပြုထိုက်သော ရုပ်တရား နာမ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်း နာမရူပပရိစ္ဆေဒ လုပ်ငန်းရပ်ကို ဝိပဿနာဘိနိဝေသ (= ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ကို နှလုံးသွင်းခြင်း)ဟု ခေါ်ဆို၏။ ရုပ်တရားကို နှလုံးသွင်းခြင်းကို ရူပေ အဘိနိဝေသ, နာမ်တရားကို နှလုံးသွင်းခြင်းကို အရူပေ အဘိနိဝေသ ... ဤသို့ စသည်ဖြင့် ခေါ်ဆိုပေသည်။ အကြောင်းတရား အကျိုးတရားတို့ကို နှလုံးသွင်းခြင်းသည်လည်း ဤအဘိနိဝေသပိုင်းတွင် ပါဝင်လျက် ရှိ၏။ အကြောင်းတရား အကျိုးတရားဟူသည်မှာလည်း အကြောင်းရုပ်နာမ်အစုအပုံနှင့် အကျိုးရုပ်နာမ်အစုအပုံတို့သာ ဖြစ်ကြသောကြောင့်တည်း။ ထိုတွင် နာမ်ကမ္မဋ္ဌာန်းပိုင်း၌ နာမ်တရားတို့ကို စတင်နှလုံးသွင်းရာဝယ် -----</p> <p>၁။ ဖဿ၏အစွမ်းဖြင့် နှလုံးသွင်းခြင်း,</p> <p>၂။ ဝေဒနာ၏အစွမ်းဖြင့် နှလုံးသွင်းခြင်း,</p> <p>၃။ အသိစိတ် ဝိညာဏ်၏အစွမ်းဖြင့် နှလုံးသွင်းခြင်း ----- ဟု</p> <p>နှလုံးသွင်းနည်း သုံးနည်း ရှိပေသည်။ အချို့သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် -----</p> <p>၁။ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်း နှလုံးသွင်းနည်းဖြင့်သော်လည်းကောင်း,</p> <p>၂။ ဓာတ်ကမ္မဋ္ဌာန်း အကျယ် နှလုံးသွင်းနည်းဖြင့်သော်လည်းကောင်း -----</p> <p>ရုပ်ကမ္မဋ္ဌာန်းကို (= ရုပ်တရားကို) ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးလတ်သော် ထိုရုပ်တရားတည်းဟူသော အာရုံ၌ စိတ်စေတသိက်တို့၏ ရှေးဦးစွာ ကျရောက်ခြင်းသဘောဖြစ်သော ထိုရုပ်တရားတည်းဟူသော အာရုံကို တွေ့ထိလျက် ဖြစ်ပေါ်လာသော (= တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော) ဖဿသည် ထင်ရှား၏။ အချို့သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထိုရုပ်တရားတည်းဟူသော အာရုံကို ခံစားလျက် ဖြစ်ပေါ်လာသော ဝေဒနာသည် ထင်ရှား၏။ အချို့သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ထိုရုပ်တရားတည်းဟူသော အာရုံကို ပိုင်းခြားကာယူ၍ ထိုအာရုံကို ပိုင်းပိုင်းခြားခြား သိလျက် ဖြစ်ပေါ်လာသော အသိစိတ် (= ဝိညာဏ်)သည် ထင်ရှား၏။</p> <p>ထိုပုဂ္ဂိုလ်သုံးမျိုးတို့တွင် အကြင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ ဉာဏ်၌ ဖဿသည် ထင်ရှား၏။ ထိုဖဿထင်ရှားသော ပုဂ္ဂိုလ်သည်လည်း ----- ဖဿချည်းသက်သက် ဖဿတစ်ခုတည်းသာလျှင် ဖြစ်ပေါ်နေသည်ကား မဟုတ်၊ ထိုဖဿနှင့် အတူတကွ ထိုအာရုံကိုပင်လျှင် (= ထိုအာရုံ၏ အရသာကိုပင်လျှင် ခံစားတတ်သော ဝေဒနာသည်လည်း ထိုအာရုံကိုပင်လျှင် မှတ်သားတတ်သော (= အမှတ်ပြု၍ သိတတ်သော) သညာသည်လည်း, ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ် လှုံ့ဆော်ပေးတတ်သော စေတနာသည်လည်း, ထိုအာရုံကိုပင် ပိုင်းခြားယူတတ်သော (= ပညာ သညာတို့ သိပုံမှ တစ်မျိုးတစ်ဖုံအားဖြင့် သိတတ်သော) ဝိညာဏ်သည်လည်း ဖြစ်ပေါ်နေ၏ဟု နှလုံးပိုက်၍ ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿပဉ္စမကတရားတို့ကိုပင်လျှင် ဉာဏ်ဖြင့် ပိုင်းခြားယူ၏ သိမ်းဆည်း၏။</p> <p>အကြင်ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ အာရုံ၏ အရသာကို ခံစားတတ်သော ဝေဒနာသည် ထင်ရှား၏။ ထိုဝေဒနာ ထင်ရှားသောပုဂ္ဂိုလ်သည်လည်း ----- ဝေဒနာချည်းသက်သက် ဝေဒနာတစ်ခုတည်းသာ ဖြစ်ပေါ်နေသည်ကား မဟုတ်၊ ထိုဝေဒနာနှင့် အတူတကွ ထိုအာရုံကိုပင်လျှင် တွေ့ထိလျက် ဖြစ်ပေါ်လာသော (= တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော) ဖဿသည်လည်း ဖြစ်ပေါ်နေ၏။ ထိုအာရုံကိုပင်လျှင် မှတ်သားတတ်သော (= အမှတ်ပြု၍ သိတတ်သော) သညာလည်း, ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ် လှုံ့ဆော်ပေးတတ်သော စေတနာသည်လည်း, ထိုအာရုံကိုပင်လျှင် ပိုင်းခြားယူတ်သော ( = ပညာ, သညာတို့ သိပုံမှ တစ်မျိုးတစ်ဖုံအားဖြင့် သိတတ်သော) ဝိညာဏ်သည်လည်း ဖြစ်ပေါ်နေ၏ဟု နှလုံးပိုက်၍ ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿပဉ္စမကတရားတို့ကိုပင်လျှင် ဉာဏ်ဖြင့် ပိုင်းခြားယူ၏၊ သိမ်းဆည်း၏။</p> <p>အကြင်ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ အာရုံကို ပိုင်းခြားယူတတ် သိတတ်သော ဝိညာဏ်သည် ထင်ရှား၏၊ ထိုဝိညာဏ်ထင်ရှားသော ပုဂ္ဂိုလ်သည်လည်း ဝိညာဏ်ချည်းသက်သက် ဝိညာဏ်တစ်ခုတည်းသာ ဖြစ်ပေါ်နေသည်ကား မဟုတ်၊ ထိုဝိညာဏ်နှင့် အတူတကွ ထိုအာရုံကိုပင်လျှင် တွေ့ထိလျက် ဖြစ်ပေါ်လာသော (= တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော) ဖဿသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံကိုပင်လျှင် (= ထိုအာရုံ၏ အရသာကိုပင်လျှင်) ခံစားတတ်သော ဝေဒနာသည်လည်း, ထိုအာရုံကိုပင်လျှင် မှတ်သားတတ်သော (= အမှတ်ပြု၍ သိတတ်သော) သညာသည်လည်း, ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ် လှုံ့ဆော်ပေးတတ်သော စေတနာသည်လည်း ဖြစ်ပေါ်နေ၏ဟု နှလုံးပိုက်၍ ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿပဉ္စမကတရားတို့ကိုပင်လျှင် ဉာဏ်ဖြင့် ပိုင်းခြားယူ၏၊ သိမ်းဆည်း၏။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀-၂၈၁။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)</p> --- <h3>အားလုံးကို သိမ်းဆည်းပါ</h3> <p>ဤဆိုအပ်ခဲ့ပြီးသည့်အတိုင်း ထိုထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဖဿ ဝေဒနာ ဝိညာဏ်ဟူသော သုံးမျိုးကုန်သော တရားတို့တွင် တစ်မျိုးမျိုးသော တရားဟူသော ထိုထိုတရား၏သာလျှင် ထင်ရှားမှု ရှိသော်လည်း -----</p> <p>၁။ <b>သဗ္ဗံ ဘိက္ခဝေ အဘိညေယျံ။</b> (သံ၊၂၊၂၅၈။ ခု၊၉၊၆။)</p> <p>၂။ <b>သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနံ။</b> (သံ၊၂၊၂၅၀။ ဣတိဝုတ္တက၊၁၉၇။)</p> <p>၁။ အလုံးစုံသော ရုပ်တရား နာမ်တရားကို ထိုးထွင်းသိအပ်၏ဟုလည်းကောင်း,</p> <p>၂။ ရဟန်းတို့....အလုံးစုံသော ရုပ်တရား နာမ်တရားကို ထိုးထွင်း သိခဲ့သော်...(သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးနိုင်၏။) ----- ဤသို့ စသည်ဖြင့်လည်းကောင်း,</p> <p>ဘုရားရှင်သည် ဟောကြားထားတော်မူသောကြောင့် အလုံးစုံသော လက္ခဏာရေးသုံးတန်သို့ တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းငှာ ထိုက်သော သမ္မသနုပဂဓမ္မအမည်ရသည့် ရုပ်တရား နာမ်တရားတို့ကို ရှေးဦးစွာ ဉာဏ်ဖြင့် ပိုင်းခြားယူအပ်၏ သိမ်းဆည်းအပ်၏ဟု ညွှန်ပြတော်မူလိုသော အဋ္ဌကထာဆရာတော်သည် အထက်ပါစကားရပ်များကို မိန့်ဆိုတော်မူခြင်း ဖြစ်သည်။</p> <p>ယင်း အဋ္ဌကထာစကားဝယ် ဖဿပဉ္စမကတရားတို့ကိုပင်လျှင် ဉာဏ်ဖြင့် ပိုင်းခြားယူရန် သိမ်းဆည်းရန် အဋ္ဌကထာဆရာတော်က ဖွင့်ဆိုတော်မူခြင်းမှာ ပဓာနနည်းအားဖြင့် ဖွင့်ဆိုခြင်း ဖြစ်သည်။ စိတ္တက္ခဏတစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိကြကုန်သော ဖဿ စေတနာတို့ကို သိမ်းဆည်းပါဟု ဆိုသဖြင့် ပဓာနဖြစ်သော ပြဓာန်းသော ဖဿ စေတနာတို့ကို သိမ်းဆည်းရလျှင် အပ္ပဓာနဖြစ်သော မပြဓာန်းသော ကြွင်းကျန်သည့် ယှဉ်ဖက်သမ္ပယုတ် တရားတို့ကိုလည်း သိမ်းဆည်းရမည်သာ ဖြစ်သည်။ ဖဿ စေတနာကို ယူသဖြင့် သင်္ခါရက္ခန္ဓာစာရင်းဝင် ပရမတ္ထဓာတ်သားအားလုံးကို သိမ်းကျုံးယူရသောကြောင့် ဖြစ်သည်။ အကြောင်းမူ ထိုသင်္ခါရက္ခန္ဓာတရားစုတို့တွင် စေတနာပြဓာန်းသောကြောင့် ဖြစ်၏။ ဘုရားရှင်ကိုယ်တိုင်ကပင်လျှင် ဝိဘင်းပါဠိတော်ဝယ် သုတ္တန္တဘာဇနီယနည်း၌ သင်္ခါရက္ခန္ဓာမှ တစ်ပါး ကျန်ခန္ဓာလေးပါးတို့ကို သရုပ်ထုတ်၍ ဟောကြားတော်မူအပ်ပါသော်လည်း သင်္ခါရက္ခန္ဓာကို ဝေဖန်ဟောကြားတော်မူရာဝယ် စေတနာကိုသာ ပဓာနထား၍ ဝေဖန်ဟောကြားတော်မူသော ထုံးဟောင်းတစ်ရပ်လည်း ထင်ရှားရှိနေသည်။ (ဒီ၊ဋီ၊၂၊၂၆၀-၂၆၁။ မ၊ဋီ၊၁၊၃၇၀။)</p> <p>နေတ္တိဒေသနာတော်နည်းအရ ပြောဆိုရမူ ----- ဖဿ-စေတနာတို့မှ ကြွင်းကုန်သော သင်္ခါရက္ခန္ဓာစာရင်းဝင် စေတသိက်တို့သည် ဖဿ စေတနာတို့နှင့် သင်္ခါရက္ခန္ဓာဖြစ်ပုံ သဘောလက္ခဏာချင်း တူညီသောကြောင့် လက္ခဏာချင်း တူညီရာ ကျန်စေတသိက်တို့ကို ဖဿ စေတနာတို့၌ စုပေါင်း၍ လက္ခဏာဟာရနေတ္တိနည်းအားဖြင့် အဋ္ဌကထာက ဖွင့်ဆိုသွားခြင်း ဖြစ်ပေသည်။</p> <p>ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ညွှန်ကြားချက်များနှင့် အညီ ဖဿက စ၍ ဖြစ်စေ, ဝေဒနာက စ၍ ဖြစ်စေ, အသိစိတ် ဝိညာဏ်က စ၍ ဖြစ်စေ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ စိတ္တက္ခဏ တစ်ခုတစ်ခုအတွင်း၌ ဖဿတစ်လုံးတည်း, သို့မဟုတ် ဝေဒနာတစ်လုံးတည်း, သို့မဟုတ် အသိစိတ် (= ဝိညာဏ်)တစ်လုံးတည်းကိုသာ သိမ်းဆည်းရသည်ကား မဟုတ်၊ ယှဉ်ဖက် စိတ်+စေတသိက် (= သမ္ပယုတ်တရားစု)အားလုံးကို သိမ်းဆည်းရသည်ဟု မှတ်ပါ။</p> --- <h3>မဟာဗုဒ္ဓဝင်၏ဖွင့်ဆိုချက် ဃနလေးပါး</h3> <p>ဤအရာ၌ (၁) သန္တတိဃန၊ (၂) သမူဟဃန၊ (၃) ကိစ္စဃန၊ (၄) အာရမ္မဏဃနဟူ၍ ဃနလေးပါး ရှိသည်။</p> <p>၁။ ထိုလေးပါးတို့တွင် ရှေ့နောက်ဖြစ်သော ရုပ်တရား နာမ်တရားတို့၏ အခြားမရှိ အကြားမထင်သောအားဖြင့် တရားလုံး တစ်ခုတည်းကဲ့သို့ ထင်မှတ်ယူရအောင် ဖြစ်ပွားခြင်း, စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွားခြင်းသည် သန္တတိဃနမည်၏။ ဤ၌ အခြားမရှိသောအားဖြင့် ဖြစ်ခြင်းဟူသည်မှာ ရှေ့တရား၏ ဘင်ခဏနှင့် ပြိုင်လျက် နောက်တရားက ဖြစ်ခြင်း ----- တစ်နည်း ----- ရှေ့တရားချုပ်သည်၏ အခြားမဲ့မှာပင် နောက်တရားက ထင်ရှားဖြစ်ခြင်းကို ဆိုလိုသည်။ ၎င်းင်းကို (<b>ပုရိမပစ္ဆိမာနံ နိရန္တရတာ</b> = ရှေ့တရား နောက်တရားတို့၏ အကြား မရှိသည်၏အဖြစ်) ဟူ၍ ဋီကာဆရာတော်ကြီးများ ခေါ်ဆိုအသုံးပြုတော်မူကြသည်။ ယင်းကဲ့သို့ အခြားမရှိ အကြားမထင်အောင် ဖြစ်ပွားခြင်းဖြင့် အဖြစ်တရားဘက်က အားရှိကာ ဖုံးလွှမ်းထားအပ်သကဲ့သို့ ဖြစ်၍ အပျက်တရားဘက်က မထင်ရှားသောကြောင့် ယခု တွေ့မြင်ရသော တရားသည် ယခင် တွေ့မြင်ရသော တရားပင်တည်းဟု မှတ်ယူသော အနေဖြင့် လူများအပေါင်းတို့ ဖောက်ပြန်ထွေပြား အထင်မှား အမှတ်မှားကြရလေသည်။ ဤသဘောကို ထင်းမီးစတစ်ခုကို ကိုင်၍ ဝှေ့ရမ်းလျှင် မီးဝိုင်းကြီးဟု ထင်ရမှုက သက်သေခံလျက် ရှိသည်။ (ဤကား သန္တတိ ဃနတည်း။)</p> <p>၂။ ဖဿအစရှိသော နာမ်တရား, ပထဝီအစရှိသော ရုပ်တရားတို့၏ ထိုထိုနာမ်ကလာပ် ရုပ်ကလာပ်တို့၌ တစ်ပေါင်းတည်း တစ်ခုတည်းအနေဖြင့် ပရမတ္ထဓာတ်သား တစ်ခုတည်းကဲ့သို့ ထင်မှတ်ရအောင် စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွားခြင်းသည် သမူဟဃနမည်၏။</p> <p>နာမ်တရား ရုပ်တရားတို့သည် ဖြစ်ပွားကြသောအခါ တရားလုံး (သဘာဝသတ္တိ) တစ်ခုတည်းသာ ဖြစ်ကြသည် မဟုတ်၊ နာမ်တရားဘက်ကလည်း အနည်းဆုံး (၈)မျိုး, (စက္ခုဝိညာဏ်နှင့် သဗ္ဗစိတ္တသာဓာရဏ စေတသိက် ခုနှစ်ပါးကို ဆိုလိုသည်။) ရုပ်တရားဘက်ကလည်း အနည်းဆုံး (၈)မျိုးပင် (အဋ္ဌကလာပ်ရုပ်ကို ရည်ညွှန်းသည်။) ဖြစ်ပွားကြသည်။ ယင်းကဲ့သို့ အနည်းဆုံး သဘာဝသတ္တိ (၈)မျိုးတို့ သဘာဝသတ္တိတစ်မျိုးတည်းဟု ထင်မှတ်ယူရအောင် စုလျက် ပေါင်းလျက် တွဲလျက် ခဲလျက် ဖြစ်ပွားခြင်းကို သမူဟဃနခေါ်သည်ဟု ဆိုလိုသည်။ (ဤကား သမူဟဃနတည်း။)</p> <p>၃။ နာမ်ကလာပ်တစ်ခုတစ်ခု ရုပ်ကလာပ်တစ်ခုတစ်ခု၌ ပါရှိကြသည့် နာမ်တရား ရုပ်တရားအသီးအသီးတို့သည် ဆိုင်ရာ ဆိုင်ရာ မိမိ မိမိတို့၏ ကိစ္စအလုပ်ကို ပြီးပြေစေကြလျက် ဖြစ်ပွားကြလေသည်။ ထိုသို့ ဖြစ်ပွားကြရာ၌ (အဘိဓမ္မာဉာဏ်ပညာမျက်စိ မရှိသော သူတို့ အဖို့မှာ) ဤကား ဖဿ၏ အလုပ်ကိစ္စ, ဤကား ဝေဒနာ၏ အလုပ်ကိစ္စ, ဤကား သညာ၏ အလုပ်ကိစ္စ စသည်ဖြင့်လည်းကောင်း, ဤကား ပထဝီ၏ ကိစ္စ, ဤကား အာပေါ၏ ကိစ္စ, ဤကား တေဇော၏ ကိစ္စ, ဤကား ဝါယော၏ ကိစ္စ စသည်ဖြင့်လည်းကောင်း အလုပ်ကိစ္စအထူးကို သိဖို့ရန် ခဲယဉ်းလှကုန်၏။ ယင်းသို့ နာမ်တရား ရုပ်တရားတို့၏ မိမိ မိမိတို့၏ ဆိုင်ရာကိစ္စအထူးကို သိနိုင်ခဲသော အနေဖြင့် တရားလုံးတစ်ခုတည်းဟု ထင်မှတ်ရအောင် စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွားမှုကို ကိစ္စဃန ခေါ်သည်။ (ဤကား ကိစ္စဃနတည်း။)</p> <p>၄။ နာမ်ကလာပ်တစ်ခု တစ်ခု၌ ပါရှိသော ထိုထိုနာမ်တရားတို့၏ အာရုံတစ်ခုကို စု၍ ပေါင်း၍ အာရုံပြုသော အနေဖြင့်လည်းကောင်း, ရုပ်ကလာပ် တစ်ခုတစ်ခု၌ ပါရှိသော ထိုထိုရုပ်တရားတို့၏ အာရုံတစ်ခုတည်းအနေဖြင့်လည်းကောင်း ပရမတ္ထတရားသား (သဘာဝသတ္တိ) တစ်ခုတည်းဟု ထင်မှတ်ရအောင် စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွားခြင်းကို အာရမ္မဏဃနဟု ခေါ်သည်။ (ဤကား အာရမ္မဏဃနတည်း)</p> <p>အချုပ်အားဖြင့် အကြောင်းပစ္စည်းတရား အကျိုးပစ္စယုပ္ပန်တရားအနေဖြင့် ဖြစ်ပွားကြသည့် များစွာသော ရုပ်နာမ်တရားတို့၏ ကာလအားဖြင့် သဘာဝအားဖြင့် ကိစ္စအားဖြင့် အာရုံသဘောအားဖြင့် အထူးအပြားကို သိနိုင်ခဲသော အနေအားဖြင့် တရားလုံး တရားသား တစ်ခုတည်းကဲ့သို့ ထင်မှတ်ယူရအောင် ဖြစ်ပွားခြင်းကို အစဉ်အတိုင်း သန္တတိဃန, သမူဟဃန, ကိစ္စဃန, အာရမဏဃနဟူ၍ ခေါ်ဆိုအပ်လေသည်။ (ဤဃနလေးပါးအကြောင်းကို ဓမ္မသင်္ဂဏီ မူလဋီကာ စာမျက်နှာ (၆၀)နှင့် ဓမ္မသင်္ဂဏီ အနုဋီကာ စာမျက်နှာ (၆၆)တို့မှ ထုတ်နုတ်ဖော်ပြအပ်ပါသည်။)</p> <p>ငရုပ်စေ့၌၊ စိတ်တွေ့သတ်သတ်၊ အစပ်ကို တည့်၊ ရှုမျှော်ကြည့်သို့၊ သတ္တိကိုမျှ၊ ရှုကြည့်ရ၊ ပရမတ္ထမှာ။-----</p> <p>ဟူသောအတိုင်း ထိုထို နာမ်ရုပ်တရားတို့၏ သဘာဝသတ္တိကို ဉာဏ်မျက်စိဖြင့် ရှုကြည့်နိုင်မှ ပရမတ္ထသို့ အမြင်ဆိုက်ရောက်သည်။ ပရမတ္ထသို့ အသိဉာဏ်အမြင် ဆိုက်ရောက်မှ ဃနပြိုသည်၊ ဃနပြိုမှ အနတ္တအသိဉာဏ်ကို ရနိုင်သည်။ သဘာဝသတ္တိကို ဉာဏ်မျက်စိဖြင့် မရှုကြည့်က ပရမတ္ထသို့ အမြင် မဆိုက်၊ ပရမတ္ထသို့ အသိဉာဏ်အမြင် မဆိုက်လျှင် ဃန မပြို၊ ဃန မပြိုလျှင် အနတ္တအသိဉာဏ်ကို မရနိုင်၊ ထို့ကြောင့် အနတ္တလက္ခဏာကို ဃနဖုံးသည်ဟု ပညာရှိတို့ မိန့်ဆိုတော်မူကြသည်။ (မဟာဗုဒ္ဓဝင်၊စတုတ္ထတွဲ၊ စာမျက်နှာ၊၃၂၃-၃၂၅။)</p> --- <h3>တိပိဋက ပါဠိ-မြန်မာအဘိဓာန်၏ ဖွင့်ဆိုချက်</h3> <p>ဃနဝိနိဗ္ဘောဂ ----- (ပု) ----- [ဃန + ဝိနိဗ္ဘောဂ။ <b>ဝိနိဘုဉ္ဇနံ ဝိနိဗ္ဘောဂဿ ကရဏံ ဝိနိဗ္ဘောဂေါ၊ ဉာဏံ။ ဓမ္မာနံ ဃနဿ ဧကတ္တဿ ဝိနိဗ္ဘောဂေါ ဃနဝိနိဗ္ဘောဂေါ။ အဋ္ဌဿ၊ ယော။ ၇၆။ ဝိနိဘုဇ္ဇနံ ပုထက္ကရဏံ ဝိနိဗ္ဘောဂေါ၊ ဃနဿ သမူဟဿ ဝိနိဗ္ဘောဂေါ ဃနဝိနိဗ္ဘောဂေါ။ သမ္မော၊ ယော။ ၁၄၇။</b>]</p> <p>အပေါင်းအစုကို ခွဲခြား-ဝေဖန်-စိတ်ဖြာ၍ သိခြင်း၊ တစ်စု တစ်ပေါင်းတည်းဟု ထင်မှုကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ တစ်စုတစ်ပေါင်းတည်းဟူသော အယူကို ဖြိုခွဲဖျက်ဆီးခြင်း။</p> <p>ပရမတ္ထတရားတို့သည် ဝီထိစိတ်အစဉ်အရ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ စသည်ဖြင့် အစဉ်အတိုင်း ဖြစ်နေကြ၏၊ ယင်းသို့ ဖြစ်နေရာ၌ ရှေ့စိတ် နောက်စိတ်တို့သည် တစ်ခုတည်းမဟုတ်သော်လည်း ထိုစိတ်တို့၏ အကြားကာလ အခြား မရှိသောကြောင့် တစ်စိတ်တည်းကဲ့သို့ ဖြစ်သွားခြင်းသည် သန္တတိဃန မည်၏။</p> <p>တစ်စိတ်တည်းကဲ့သို့ (ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌) မထင်ဘဲ ဤကား ပဉ္စဒွါရာဝဇ္ဇန်း, ဤကား စက္ခုဝိညာဏ် စသည်ဖြင့် ခွဲခြမ်းဝေဖန်၍ သိခြင်းသည် ဃနဝိနိဗ္ဘောဂ = သန္တတိဃနကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ သန္တတိဃနကို ဖြိုခွဲဖျက်ဆီးခြင်း မည်၏။</p> <p>စိတ် တစ်လုံးတစ်လုံး၌ ဖဿ ဝေဒနာ သညာ စသည်ဖြင့် စေတသိက်များစွာ ယှဉ်၏၊ စိတ် တစ်လုံးတစ်လုံးသည် ဖဿ ဝေဒနာ သညာ စသော စေတသိက်များစွာနှင့် အတူတကွ ဖြစ်၏။ ထိုသို့ တစ်ပေါင်းတည်း အတူတကွ ဖြစ်နေကြသောကြောင့် ဖဿ ဝေဒနာ သညာ စသည်ဖြင့် ခွဲခြား မသိတော့ဘဲ ဓမ္မတစ်ခုတည်းကဲ့သို့ ဖြစ်၍ နေခြင်းသည် သမူဟဃန မည်၏။</p> <p>ဓမ္မတစ်ခုတည်းကဲ့သို့ မထင်ဘဲ ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ စသည်ဖြင့် ခွဲခြမ်းဝေဖန်၍ သိခြင်းသည် ဃနဝိနိဗ္ဘောဂ = သမူဟဃနကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ သမူဟဃနကို ဖြိုခွဲဖျက်ဆီးခြင်း မည်၏။</p> <p>ဖဿ ဝေဒနာ စသော တရားများ၌ ဖဿသည် သံဃဋ္ဋနကိစ္စ, ဝေဒနာသည် အနုဘဝနကိစ္စ စသည်ဖြင့် ကိစ္စအသီးအသီး ကွဲပြားကြ၏။ ယင်းသို့ ကိစ္စ ကွဲပြားသော်လည်း စိတ်တစ်လုံးတည်းဝယ် အတူတကွ ယှဉ်၍ ဖြစ်ကြရာ၌ ထိုထိုတရားတို့၏ ကိစ္စအထူးကို မသိနိုင်လောက်အောင် ကိစ္စအားဖြင့် တစ်ခုတည်း ဖြစ်နေခြင်းသည် ကိစ္စဃနမည်၏။</p> <p>ကိစ္စတစ်ခုတည်းကဲ့သို့ မထင်ဘဲ ဖဿသည် သံဃဋ္ဋနကိစ္စ ရှိ၏။ ဝေဒနာသည် အနုဘဝနကိစ္စရှိ၏ စသည်ဖြင့် ခွဲခြမ်းဝေဖန်၍ သိခြင်းသည် ဃနိဝိနိဗ္ဘောဂ = ကိစ္စဃနကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ ကိစ္စဃနကို ဖြိုခွဲ ဖျက်ဆီးခြင်း မည်၏။</p> <p>စက္ခုဒွါရ၌ ဖြစ်ကြသော စိတ် စေတသိက် တစ်စဉ်တစ်တန်းလုံးသည် ရူပါရုံတစ်ခုတည်းကို အာရုံပြုသည့်အတွက် တစ်ခုတည်း မဟုတ်သော်လည်း တစ်ခုတည်းကဲ့သို့ တစ်ခဲနက် ဖြစ်နေခြင်းသည် အာရမ္မဏဃနမည်၏။</p> <p>အာရုံတူ၍ တစ်ခုတည်းဖြစ်နေသော်လည်း တစ်ခုတည်းကဲ့သို့ မထင်ဘဲ ဤကား ပဉ္စဒွါရာဝဇ္ဇန်း, ဤကား စက္ခုဝိညာဏ်စသည်ဖြင့်လည်းကောင်း, ဤကား ဖဿ, ဤကား ဝေဒနာ စသည်ဖြင့်လည်းကောင်း ခွဲခြမ်းဝေဖန်၍ သိခြင်းသည် <b>ဃနဝိနိဗ္ဘောဂ</b> = အာရမ္မဏဃနကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ အာရမ္မဏဃနကို ဖြိုခွဲဖျက်ဆီးခြင်းမည်၏။ (နေတ္တိ၊ဋ္ဌ၊၁၅၄။ သံ၊ဋီ၊၁၊၂၇၁။ မူလဋီ၊၁၊၆၀။)</p> <p>အနတ္တလက္ခဏာကို ဘုရားပွင့်ရာ သာသနာတွင်းမှာသာ ထင်မြင်နိုင် သည်၊ သာသနာပ၌ မထင်မြင်နိုင်။ (အဘိ၊ဋ္ဌ၊၂၊၄၆။)</p> <p>အနတ္တလက္ခဏာကို သန္တတိစသော ဃန ဖုံးလွှမ်းမှုကြောင့် မသိနိုင် မမြင်နိုင်ခြင်း ဖြစ်၏။ ဃနကို ဖြိုခွဲဖျက်ဆီးနိုင်လျှင်ကား အနတ္တလက္ခဏာလည်း ဟုတ်မှန်သော သဘောအတိုင်း ထင်မြင်လာတော့သည်။ (အဘိ၊ဋ္ဌ၊ ၂၊၄၇။)</p> <p><b>ယထာ ပဏိဟိတံ ဃနဝိနိဗ္ဘောဂံ ကတွာ</b>။ (မ၊ဋ္ဌ၊၁၊၂၇၆။ ဝိသုဒ္ဓိ၊၂၊၂၇၆။)</p> <p><b>ဃနဝိနိဗ္ဘောဂန္တိ သန္တတိသမူဟကိစ္စဃနာနံ ဝိနိဗ္ဘုဇနံ ဝိဝေစနံ</b>။ (မ၊ဋီ၊၁၊၃၆၅။ ဝိသုဒ္ဓိ၊ဋီ၊၁၊၄၂၈။)</p> <p><b>ဃနဝိနိဗ္ဘောဂေ ကတေတိ သမူဟဃနေ, ကိစ္စာရမ္မဏဃနေ စ ပဘေဒိတေ</b>။ (ဝိသုဒ္ဓိ၊ဋီ၊၂၊၄၃၇။)</p> <p><b>ဃနဝိနိဗ္ဘောဂံ ကတွာတိ ကမ္မဋ္ဌာနံ ဂဟေတွာ သမူဟာဒိဃနဂ္ဂဟဏံ ဘိန္ဒိတွာ</b>။ (ဝိသုဒ္ဓိ၊ဋီ၊၂၊၄၅၄။) (တိပိဋက ပါဠိ-မြန်မာ အဘိဓာန်-က-ဝဂ်၊ အတွဲ-၆။ စာမျက်နှာ၊၉၈၆-၉၈၇။)</p> <p>ဤကား မဟာဗုဒ္ဓဝင်ကျမ်းနှင့် တိပိဋကပါဠိ-မြန်မာ အဘိဓာန်ကျမ်းကြီးတို့၌ လာရှိသော ဃနလေးပါးအကြောင်းအရာများ ဖြစ်ကြပါသည်။ တစ်ဖန် နာမ်ဃနလေးပါးအကြောင်းကို ဉာဏ်နုသူတို့ နားရှင်းစေရန် ထပ်မံ၍ ရှင်းလင်းတင်ပြအပ်ပါသည်။</p> <h3>နာမ်ဃန (၄) မျိုး</h3> <p>တစ်ဖန် နာမ်တရားတို့တွင်လည်း -----</p> <p>၁။ <b>သန္တတိဃန</b> = နာမ်အစဉ်အတန်းအတုံးအခဲ,</p> <p>၂။ <b>သမူဟဃန</b> = နာမ်အပေါင်းအစုအတုံးအခဲ,</p> <p>၃။ <b>ကိစ္စဃန</b> = နာမ်လုပ်ငန်းကိစ္စအတုံးအခဲ,</p> <p>၄။ <b>အာရမ္မဏဃန</b> = နာမ်အာရုံယူမှု အတုံးအခဲ ----- ဟူ၍</p> <p>နာမ်ဃန (= နာမ်အတုံးအခဲ) လေးမျိုး ရှိ၏။ မူလဋီကာ ကာမာဝစရ မဟာကုသိုလ် အဖွင့်တွင် ဤသို့ ဖွင့်ဆိုထားတော်မူ၏။</p> <p><b>သန္တတိဃနာဒီနံ အယံ ဝိသေသော ----- ပုရိမပစ္ဆိမာနံ နိရန္တရတာယ ဧကီဘူတာနမိဝ ပဝတ္တိ သန္တတိဃနတာ၊ တထာ ဖဿာဒီနံ ဧကသမူဟဝသေန ဒုဗ္ဗိညေယျကိစ္စ ----- ဘေဒဝသေန ဧကာရမ္မဏတာဝသေန စ ဧကိဘူတာနမိဝပတ္တိ သမူဟာဒိဃနတာ</b>။ (မူလဋီ၊၁၊၆၀။)</p> <p>ဤအထက်ပါ မူလဋီကာတွင် ဖွင့်ဆိုထားတော်မူသော ယင်းနာမ်ပိုင်း ဃနဟူသော နာမ်တုံး နာမ်ခဲ လေးမျိုးတို့၏ အဓိပ္ပါယ်မှာ အောက်ပါအတိုင်း ဖြစ်ပေသည်။</p> <h3>၁။ သန္တတိဃန = နာမ်အစဉ်အတန်းအတုံးအခဲ</h3> <p>နာမ်တရားတို့၌ ဝီထိစိတ်နှင့် ဝီထိမုတ်စိတ်ဟု နှစ်မျိုး ရှိ၏။ ထိုတွင် ဝီထိမုတ်စိတ်တို့မှာ ----- ဘဝတစ်ခုတွင် အစဆုံးဖြစ်သည့် ပဋိသန္ဓေစိတ်, နောက်ဆုံးဖြစ်သည့် စုတိစိတ်, အလယ်ဘဝ တစ်လျောက်လုံး၌ ဝီထိစိတ်များ မဖြစ်က ဘဝတွင် စိတ်အစဉ်မပြတ်စဲရေးအတွက် ဘဝင်၏ ဆက်လက် ရပ်တည်နိုင်ဖို့ရန် အကြောင်းတရားအဖြစ် ဖြစ်ပေါ်နေသော ဘဝင်စိတ်ဟု သုံးမျိုး ရှိ၏။ ပဋိသန္ဓေစိတ်နှင့် စုတိစိတ်တို့မှာ ဘဝတစ်ခုအတွင်း၌ တစ်ကြိမ်စီသာ ဖြစ်သော်လည်း ဘဝင်စိတ်မှာ ဝီထိစိတ်များ မဖြစ်သည့် အချိန်၌ ဝီထိစိတ်အစဉ်တို့၏ အကြားအကြား၌ အကြိမ်များစွာ ဘဝတစ်လျောက်လုံး ထိုက်သလို ဖြစ်နေ၏။ ထိုပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်တို့ကို အထူးသဖြင့် အဆက်မပြတ် အကြိမ်များစွာ ဝီထိစိတ်တို့၏ အကြားအကြား၌ ဖြစ်လေ့ရှိသော ဘဝင်စိတ်တို့ကို, ရှေးဘဝင် နောက်ဘဝင်တရားတို့၏ တစ်ခုနှင့် တစ်ခုအကြား ခြားကွယ်သည့်တရား အကြား မရှိသည့်အတွက်ကြောင့် စိတ္တက္ခဏ တစ်ခုခြင်း ခွဲခြားစိတ်ဖြာ၍ မမြင်ဘဲ တစ်ဆက်တည်း တစ်ခုတည်း တစ်စိတ်တည်းအဖြစ် မြင်ခဲ့သော် <b>သန္တိဃန</b> (= နာမ်အစဉ်အတန်း အတုံးအခဲ) ဖုံးအုပ်နေသည် မည်၏။ စိတ္တက္ခဏ တစ်ခုခြင်း တစ်ခုခြင်း ခွဲခြားစိတ်ဖြာ၍ မြင်ခဲ့သော် <b>သန္တိဃနဝိနိဗ္ဘောဂ</b> = နာမ်အစဉ်အတန်း အတုံးအခဲကို ဖြိုခွဲ ဖျက်ဆီးနိုင်ပြီ ဖြစ်၏။ နာမ်အစဉ်အတန်း အတုံးအခဲ ပြိုသွားပြီ ဖြစ်၏။</p> <p>တစ်ဖန် ဝီထိစိတ်တို့သည်လည်း စိတ္တနိယာမဟူသော စိတ်တို့၏ ကိန်းသေ မြဲသော နိယာမဓမ္မတာလမ်းကြောင်းအတိုင်းသာလျှင် ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ ယင်းဓမ္မတာလမ်းကြောင်းက ပြောင်းလဲ၍ဖြစ်ရိုး ဓမ္မတာ မရှိကြပေ။ ဥပမာ ----- ရူပါရုံကို သိမြင်သည့် စက္ခုဒွါရဝီထိ စိတ် စေတသိက်များ ဆိုကြပါစို့။ ယင်းစက္ခုဒွါရဝီထိ စိတ် စေတသိက်တို့သည် ရူပါရုံက အလွန် ထင်ရှား၍ (= အတိမဟန္တာရုံ ဖြစ်၍) ဝီထိစိတ္တက္ခဏတို့လည်း အပြည့်အဝဖြစ်ခဲ့သော် ----- ပဉ္စဒွါရဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော (၇)ကြိမ်, တဒါရုံ (၂)ကြိမ်ဟူသော နိယာမလမ်းကြောင်းအတိုင်းသာ ဖြစ်ကြ၏။ မြန်မာလိုဆိုသော် ----- ဆင်ခြင်, မြင်သိ, လက်ခံ, စုံစမ်း, ဆုံးဖြတ်, ဇော (၇)ကြိမ်, တဒါရုံ (၂)ကြိမ်ဟူသော နိယာမလမ်းကြောင်းအတိုင်းသာ ဖြစ်ကြ၏။ စိတ္တနိယာမဟု ခေါ်ဆို၏။ ယင်းသို့ စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်သွားသော စိတ်အစဉ်တစ်ခုကို ဝီထိဟု ခေါ်ဆို၏။ ယင်းတစ်ဝီထိအတွင်း၌ တည်ရှိသော နာမ်တရားတို့ကို ယောဂါဝစရပုဂ္ဂိုလ်က သိမ်းဆည်း ရှုပွားလိုက်သောအခါ စိတ္တက္ခဏတစ်ခုချင်း ခွဲခြားစိတ်ဖြာ၍ စိတ်တစ်လုံးစီ တစ်လုံးစီကို မမြင်ဘဲ စိတ်တစ်ခုတည်းအဖြစ် မြင်ခဲ့သော် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ကို <b>သန္တိဃန</b> (= နာမ်အစဉ်အတန်း အတုံးအခဲ) ဖုံးအုပ်နေသည် မည်ပေသည်။ ဤကား ပဉ္စဒွါရဝဇ္ဇန်း, ဤကား စက္ခုဝိဉာဏ်, ဤကား သမ္ပဋိစ္ဆိုင်း, ဤကား သန္တီရဏ, ဤကား ဝုဋ္ဌော, ဤကား ပထမဇော, ဤကား ဒုတိယဇော...စသည်ဖြင့် စိတ္တက္ခဏတိုင်း၌ စိတ္တက္ခဏတစ်ခုချင်း တစ်ခုချင်း တစ်ခုချင်း ခွဲခြားစိတ်ဖြာ၍ မြင်ခဲ့သော် <b>သန္တတိဃနဝိနိဗ္ဘောဂ</b> = နာမ်အစဉ်အတန်း အတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်ပြီ ဖြစ်၏။ နာမ်အစဉ်အတန်း အတုံးအခဲ ပြိုသွားပြီ ဖြစ်၏။</p> <h3>၂။ သမူဟဃန = နာမ်အပေါင်းအစု အတုံးအခဲ</h3> <p>တစ်ဖန် နာမ်တရားတို့သည် တစ်လုံးချင်း ဖြစ်နိုင်သည့်စွမ်းအားကား မရှိကြပေ။ စိတ်နှင့် စေတသိက်တို့သည် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ အတူယှဉ်တွဲ၍သာ ဖြစ်ကြ၏။ ဝီထိမုတ်စိတ်အမည်ရသော ပဋိသန္ဓေစိတ်, ဘဝင်စိတ်, စုတိစိတ်တို့၌လည်းကောင်း, ဝီထိစိတ်တို့၌လည်းကောင်း စိတ် စေတသိက်တို့သည် ပေါင်းစု၍ အုပ်စုအလိုက်သာ ဖြစ်ကြ၏။ ပုံစံဆိုရသော် တိဟိတ်ပဋိသန္ဓေတည်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ ပဋိသန္ဓေအခါ နာမ်တရားတို့မှာ သောမနဿဝေဒနာနှင့် ယှဉ်ခဲ့သည်ဖြစ်အံ့။ -----</p> <p>၁။ အသိစိတ် = ဝိဉာဏ် (၁)လုံး,</p> <p>၂။ အညသမာန်းအမည်ရသည့် နှစ်ဖက်ရ စေတသိက် (၁၃)လုံး,</p> <p>၃။ အကောင်းစိတ် (= သောဘဏစိတ်)အားလုံးနှင့် ဆက်ဆံသည့် သောဘဏသာဓာရဏစေတသိက် (၁၉)လုံး,</p> <p>၄။ ပညိန္ဒြေစေတသိက် (၁)လုံး -----</p> <p>အားလုံးပေါင်းသော် (၃၄)လုံး ရှိ၏။ ပဋိသန္ဓေ၌ နာမ်တရား (၃၄)လုံး ရှိခဲ့သော် ထိုပုဂ္ဂိုလ်၏ ဘဝင်နှင့် စုတိစိတ်တို့မှာလည်း အလားတူပင် (၃၄)လုံးစီပင် ရှိ၏။</p> <p>တစ်ဖန် အထက်တွင် တင်ပြထားသော စက္ခုဒွါရဝီထိစိတ်အစဉ်ဝယ်-----</p> <p>၁။ ပဉ္စဒွါရာဝဇ္ဇန်းစိတ္တက္ခဏ၌ စိတ် စေတသိက် (၁၁)လုံး,</p> <p>၂။ စက္ခုဝိညာဏ်စိတ္တက္ခဏ၌ စိတ် စေတသိက် (၈)လုံး,</p> <p>၃။ သမ္ပဋိစ္ဆိုင်းစိတ္တက္ခဏ၌ စိတ် စေတသိက် (၁၁)လုံး,</p> <p>၄။ သန္တီရဏစိတ္တက္ခဏ၌ စိတ် စေတသိက် (သောမနဿဖြစ်သော်) (၁၂) လုံး,</p> <p>၅။ ဝုဋ္ဌောစိတ္တက္ခဏ၌ စိတ် စေတသိက် (၁၂)လုံး,</p> <p>၆။ ဇောစိတ္တက္ခဏ၌ (ဉာဏ် + ပီတိ ယှဉ်သော မဟာကုသိုလ်ဇော ဖြစ်သော်) စိတ် စေတသိက် (၃၄)လုံးစီ,</p> <p>၇။ တဒါရုံစိတ္တက္ခဏ၌လည်း အလားတူ (၃၄)လုံးစီ အသီးအသီး ရှိနိုင်၏။</p> <p>ဤသို့လျှင် စိတ္တက္ခဏတစ်ခုတစ်ခုအတွင်း၌ စိတ်နှင့် စေတသိက်တို့သည် ထိုက်သလို ယှဉ်တွဲ၍သာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ ယင်းစိတ္တက္ခဏတစ်ခုတစ်ခု အတွင်း၌ အတူယှဉ်တွဲဖြစ်ကြသော စိတ်+စေတသိက် (= နာမ်တရား)တို့ကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းရှုပွားလိုက်သောအခါ ယောဂီပုဂ္ဂိုလ်က ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာ၍ မသိမမြင်ဘဲ တရားလုံးတစ်ခုတည်းအဖြစ် မြင်ခဲ့သော် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ကို <b>သမူဟဃန</b> (= နာမ်အပေါင်းအစု အတုံးအခဲ) ဖုံးအုပ်ထားသည် ဖုံးအုပ်နေသည် မည်၏။</p> <p>ယင်းနာမ်အပေါင်းအစုအတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက်-----ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် စသည်ဖြင့် (၈)လုံး ရှိက (၈)လုံး, (၃၄)လုံး ရှိက (၃၄)လုံး စသော နာမ်တရားစုတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင် မြင်နိုင် သိမ်းဆည်းနိုင်, ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်လျှင် <b>သမူဟဃနဝိနိဗ္ဘောဂ</b> = နာမ်အပေါင်းအစု အတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သည် မည်၏။ နာမ်အပေါင်းအစုအတုံးအခဲ ပြိုကွဲသွားပြီ ဖြစ်၏။</p> <h3>၃။ ကိစ္စဃန = နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ</h3> <p>ယင်းစိတ္တက္ခဏတစ်ခု အတွင်း၌ တည်ရှိကြသော အတူယှဉ်တွဲဖြစ်ကြသည့် နာမ်တရားစုတို့ကို မဟာဋီကာဆရာတော်က နာမ်ကလာပ်ဟု ခေါ်ဝေါ်သုံးစွဲထား၏။ (<b>ရူပါ ရူပကလာပုပ္ပါဒနံ....မဟာဋီ၊၂၊၂၃၅။</b>) ယင်းနာမ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိကြသော နာမ်ပရမတ္ထဓာတ်သား အသီးအသီးတို့၌ ဆိုင်ရာဆိုင်ရာ လုပ်ငန်းကိစ္စ အသီးအသီး ရှိကြ၏။ အသိစိတ်ဝိညာဏ်သည် အာရုံကို ရယူရာ၌ ပြဓာန်းသော ပဓာနရှေ့သွား ခေါင်းဆောင် ဖြစ်ခြင်း လုပ်ငန်းကိစ္စ (<b>ပုဗ္ဗင်္ဂမရသ</b>) ရှိ၏။ ဖဿသည် အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်း အာရုံကို ပွတ်ချုပ်ထိခိုက်ခြင်း (<b>သင်္ဃဋ္ဋနရသ</b>)လုပ်ငန်းကိစ္စ ရှိ၏။ ဝေဒနာသည် အာရုံ၏ အရသာကို အစဉ်ခံစားခြင်း (<b>အနုဘဝနရသ</b>) လုပ်ငန်းကိစ္စ ရှိ၏။ သညာသည် အာရုံကို နောက်ထပ် တစ်ဖန် သိဖို့ရန် အမှတ်နိမိတ်ကို ပြုခြင်း (<b>ပုနသဉ္ဇာနနနိမိတ္တကရဏရသ</b>) လုပ်ငန်းကိစ္စ ရှိ၏။ စေတနာသည် ကြောင့်ကြဗျာပါရပြုခြင်း (<b>အာယူဟနရသ</b>) လုပ်ငန်းကိစ္စ ရှိ၏။ ဤသို့ စသည်ဖြင့် စိတ္တက္ခဏ တစ်ခုတစ်ခုအတွင်း၌ အတူယှဉ်တွဲဖြစ်ကြသော နာမ်တရားတိုင်း နာမ်တရားတိုင်း၌ ကိုယ်ပိုင် လုပ်ငန်းကိစ္စ အသီးအသီး ကိုယ်စီကိုယ်စီ ရှိ၏။ ယင်း လုပ်ငန်းကိစ္စ အသီးအသီးကို ယောဂါဝစရပုဂ္ဂိုလ်က ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မမြင်ခဲ့သော် <b>ကိစ္စဃန</b> (= နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ) ဖုံးအုပ်နေသည် မည်၏။ ယောဂါဝစရပုဂ္ဂိုလ်က ယင်းတရားတို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုလိုက်သောအခါ ဤကား ဖဿ၏ လုပ်ငန်းကိစ္စ, ဤကား ဝေဒနာ၏ လုပ်ငန်းကိစ္စ ဤသို့ စသည်ဖြင့် ကိစ္စလုပ်ငန်းရပ်အသီသီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင် သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သော် <b>ကိစ္စဃနဝိနိဗ္ဘောဂ</b> = နာမ်လုပ်ငန်းကိစ္စအတုံး အခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သည် မည်၏။ နာမ်လုပ်ငန်းကိစ္စအတုံးအခဲ ပြိုကွဲသွားပြီ ဖြစ်၏။</p> <h3>၄။ အာရမ္မဏဃန = နာမ်အာရုံယူမှု အတုံးအခဲ</h3> <p>နာမ်တရားအားလုံးတို့သည် အာရုံယူတတ်သော အာရမ္မဏတရားတို့ချည်းသာ ဖြစ်ကြ၏။ သို့သော် ဝိပဿနာနယ်၌ အရှုခံနာမ်တရားနှင့် ရှုတတ်သော အာရုံယူတတ်သော နာမ်တရားဟု နှစ်မျိုး ရှိ၏။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ အရူပသတ္တကဝိပဿနာရှုနည်းတွင် အကျုံးဝင်သော ယမကရှုနည်း, ခဏိကရှုနည်း, ပဋိပါဋိရှုနည်း (ဝိသုဒ္ဓိ၊၂၊၂၆၂။)တို့၌ ရှုနေသော ရှေ့ဝိပဿနာစိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် တစ်ဖန်ပြန်၍ ဝိပဿနာရှုရန်, တစ်နည်းဆိုရသော် ရှေးရှေးဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်ကို နောက်နောက်သော ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်ဖြင့် တစ်ဖန် ပြန်၍ ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏။ တစ်ဖန် ဘင်္ဂဉာဏ်ပိုင်း စသည့် အထက်ပိုင်း ဝိပဿနာဉာဏ်ပိုင်းတို့၌လည်း -----</p> <p><b>ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ</b>။ (ဝိသုဒ္ဓိ၊၂၊၂၇၈။)</p> <p>= <b>ဉာတ</b>အမည်ရသည့် ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအပ်သည့် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားဟူသော သင်္ခါရတရားတို့ကိုလည်းကောင်း, <b>ဉာဏ</b>အမည်ရသော ဝိပဿနာရှုနေသည့် ဉာဏ်ပြဓာန်းသော ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်ကိုလည်းကောင်း ----- ဤဉာတ-ဉာဏ နှစ်မျိုးလုံးကို်ပင် ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏။</p> <p>ထိုတွင် အထက်တွင် ရှင်းပြထားသည့်အတိုင်း စက္ခုဒွါရဝီထိနာမ်တရားစု စသည့် ဝိပဿနာဉာဏ်၏ အရှုခံနာမ်တရားဘက်၌ သန္တတိဃန သမူဟဃန ကိစ္စဃနဟု နာမ်တုံး နာမ်ခဲ နာမ်ဃနသုံးမျိုး ရှိသလို ရှုနေသည့် ဝိပဿနာဉာဏ် မနောဒွါရိက ဇောဝီထိစိတ်အစဉ်ဘက်၌လည်း သန္တတိဃန သမူဃန ကိစ္စဃနဟု နာမ်တုံး နာမ်ခဲ နာမ်ဃနသုံးမျိုး ရှိသည်သာ ဖြစ်သည်။ ရှုနေသည့် ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်ဘက်၌ ရှိသော နာမ်တုံး နာမ်ခဲ နာမ်ဃနသုံးမျိုးကိုလည်း ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီး၍ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုရမည်သာ ဖြစ်သည်။ တစ်ဖန် ပြန်၍ ဝိပဿနာရှုရမည်သာ ဖြစ်သည်။ ထိုရှုနေသော ဝိပဿနာဉာဏ်ကား တစ်နည်း ရှုနေသော ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်ကား ဝိပဿနာနယ်၌ အထူးသဖြင့် အာရုံယူတတ်သော သာရမ္မဏတရားပင် ဖြစ်သည်။ ထိုဝိပဿနာဉာဏ် ပြဓာန်းလျက်ရှိသော ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်ကိုလည်း နာမ်ဃနသုံးမျိုးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဝိပဿနာ ရှုပွားသုံးသပ်ရမည်သာ ဖြစ်သည်။</p> <p>၁။ ယင်း ဝိပဿနာမနောဒွါရက ဇောဝီထိစိတ်အစဉ်ကို ဤကား မနောဒွါရာဝဇ္ဇန်း, ဤကား ပထမဇော, ဤကား ဒုတိယဇော ----- ဤသို့ စသည်ဖြင့် စိတ္တက္ခဏတစ်ခုစီ တစ်ခုစီကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မမြင်ဘဲ ဝိပဿနာဉာဏ်, ဝိပဿနာစိတ်တစ်ခုအဖြစ်ဖြင့်သာ မြင်ခဲ့သော် <b>သန္တတိဃန</b>ဟူသော နာမ်အစဉ်အတန်းအတုံးအခဲ ဖုံးနေသည် မည်၏။ ဤကား မနောဒွါရာဝဇ္ဇန်း, ဤကား ပထမဇော, ဤကား ဒုတိယဇော ----- ဤသို့ စသည်ဖြင့် စိတ္တက္ခဏတစ်ခုစီ တစ်ခုစီကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မြင်ခဲ့သော် ဝိပဿနာရှုနိုင်ခဲ့သော် <b>သန္တတိဃန</b>ဟူသော နာမ်အစဉ်အတန်း အတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သည် မည်ပေသည်။ သန္တတိဃန ပြိုပြီ ဖြစ်သည်။</p> <p>၂။ တစ်ဖန် ယင်း ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်၌ ယေဘုယျအားဖြင့် မနောဒွါရာဝဇ္ဇန်းတစ်ကြိမ် ဇောခုနှစ်ကြိမ် စောတတ်၏။ မနောဒွါရာဝဇ္ဇန်း စိတ္တက္ခဏ၌ နာမ်တရား (၁၂)လုံး, ဇောအသီးအသီး၌ ဉာဏ် ပီတိ နှစ်မျိုးလုံးယှဉ်သော် နာမ်တရား (၃၄)လုံးစီ အသီးအသီး ရှိ၏။ ယင်းစိတ္တက္ခဏ တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော နာမ်တရားစုတို့ကို ဝိပဿနာဉာဏ် ဝိပဿနာစိတ်တစ်ခုအဖြစ်ဖြင့်သာ မြင်ခဲ့သော် <b>သမူဟဃန</b>ဟူသော နာမ်အပေါင်းအစုအတုံးအခဲ ဖုံးအုပ်နေသည် မည်၏။ ယင်းစိတ္တက္ခဏ တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော နာမ်တရားစုတို့ကို ----- ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကားစေတနာ, ဤကား ဝိညာဏ် ----- စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် မြင်ခဲ့သော် တစ်ဖန် ပြန်၍ ဝိပဿနာရှုနိုင်ခဲ့သော် သိခဲ့သော် ဉာဏ်ဖြင့် မြင်ခဲ့သော် တစ်ဖန် ပြန်၍ ဝိပဿနာရှုနိုင်ခဲ့သော် <b>သမူဟဃန</b>ဟူသော နာမ်အပေါင်းအစုအတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သည် မည်ပေသည်။ သမူဟဃန ပြိုပြီ ဖြစ်၏။</p> <p>၃။ တစ်ဖန် ယင်းစိတ္တက္ခဏ တစ်ခုတစ်ခုအတွင်း၌ တည်ရှိကြသော နာမ်တရားစုတို့၏ လုပ်ငန်းကိစ္စရပ်အသီးအသီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မသိခဲ့သော် မရှုနိုင်ခဲ့သော် <b>ကိစ္စဃန</b>ဟူသော နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ ဖုံးအုပ်နေသည် မည်၏။ ဤကား ဖဿ၏ လုပ်ငန်းကိစ္စ, ဤကား ဝေဒနာ၏ လုပ်ငန်းကိစ္စ, ဤကား သညာ၏ လုပ်ငန်းကိစ္စ, ဤကား စေတနာ၏ လုပ်ငန်းကိစ္စ, ဤကား ဝိညာဏ်၏ လုပ်ငန်းကိစ္စ စသည်ဖြင့် လုပ်ငန်းကိစ္စရပ် အသီးအသီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ခဲ့သော် သိခဲ့သော် ဉာဏ်ဖြင့် မြင်ခဲ့သော် <b>ကိစ္စဃန</b>ဟူသော နာမ်တုံး နာမ်ခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သည် မည်ပေသည်။ ကိစ္စဃနဟူသော နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ ပြိုပြီ ဖြစ်၏။</p> <p>ထိုရှုနေသည့် ဝိပဿနာဉာဏ်ပြဓာန်းသော ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်ဘက်၌ တည်ရှိသော သန္တတိဃန သမူဟဃန ကိစ္စဃနဟူသော နာမ်ဃနသုံးမျိုးကိုကား <b>အာရမ္မဏဃန</b>ဟု အမည်တစ်မျိုးတည်းဖြင့် ခေါ်ဝေါ်သုံးစွဲထားသည်ဟု မှတ်ပါ။ ဝိပဿနာအရာ၌ အထူးသဖြင့် အာရုံယူတတ်သော သာရမ္မဏတရားကား ဝိပဿနာဉာဏ် သို့မဟုတ် ဝိပဿနာဉာဏ် ပြဓာန်းသော ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်ပင် ဖြစ်သောကြောင့်တည်း။ ဝိပဿနာဉာဏ်၏ အရှုခံနာမ်တရားဘက်၌ သန္တတိဃန သမူဟဃန ကိစ္စဃနဟု ဃနသုံးမျိုး ရှိ၍ ရှုတတ်သော ဝိပဿနာဉာဏ် ပြဓာန်းသော မနောဒွါရိက ဝိပဿနာဇောဝီထိစိတ်အစဉ်ဘက်၌ အာရမ္မဏဃနတစ်မျိုး ----- ပေါင်းသော် နာမ်လောက၌ ဃနလေးမျိုး ဖြစ်သည်။ ဤသို့ ခွဲခြားယူမှသာလျှင် နာမ်တရား၌ ဃနလေးမျိုး အဓိပ္ပါယ် ရှင်းသွားမည်။</p> <p>ဤသို့လျှင် ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်ကြသော ဒုက္ခသစ္စာ သမုဒယသစ္စာအမည်ရသော ရုပ်နာမ်ကြောင်းကျိုး = သင်္ခါရတရားဟူသော <b>ဉာတ</b>တရားနှင့် ရှုနေသည့် ဝိပဿနာဉာဏ် ပြဓာန်းသော ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်ဟူသော <b>ဉာဏ</b>တရား --- ဤဉာတ-ဉာဏ နှစ်မျိုးလုံး၌ ရုပ်တုံး ရုပ်ခဲ နာမ်တုံး နာမ်ခဲဟူသော ရုပ်ဃန နာမ်ဃန အတုံးအခဲများကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပွားသုံးသပ်နိုင်ပါမှ ထိုသင်္ခါရတရားတို့၌ ဖန်ဆင်းရှင် ပရမအတ္တနှင့် အဖန်ဆင်းခံရသော ဇီဝိအတ္တ မရှိမှုကိုလည်းကောင်း, ထိုသင်္ခါရတရားတို့၌ တစ်စုံတစ်ယောက်သော အတ္တ၏ အလိုအတိုင်း မဖြစ်မှု အနတ္တသဘောကိုလည်းကောင်း, မပျက်စီးဘဲ အကျိတ်အခဲအခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တမဟုတ်သည့် အနတ္တသဘောကိုလည်းကောင်း, ထိုသင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲ ပြိုပျက်နေသည့် အစိုးမရမှုသဘောကိုလည်းကောင်း ဉာဏ်ဖြင့် တွေ့မြင်နေရမည် ဖြစ်၏။ ထိုသို့ ဉာဏ်ဖြင့် တွေ့မြင်နေရသောအခါ -----</p> <p>၁။ ဤ ဖြစ်ပေါ်နေသော သင်္ခါရတရားသည် တည်မှု <b>ဌီကာလ</b>သို့ မရောက် ပါစေသတည်း။</p> <p>၂။ တည်မှု <b>ဌီကာလ</b>သို့ ရောက်ရှိနေသော ဤသင်္ခါရတရားသည် မဆွေးမြေ့ မရင့်ရော်ပါစေသတည်း = မအိုပါစေသတည်း။</p> <p>၃။ ဆွေးမြေ့ရင့်ရော် အိုမင်းခြင်းသို့ ရောက်ရှိနေသော ဤသင်္ခါရတရားသည် ပျက်ခြင်း <b>ဘင်ကာလ</b>ဖြင့် မပျက်စီးပါစေသတည်း ----- ဟု</p> <p>ဤသုံးမျိုးကုန်သော အရာဋ္ဌာနတို့၌ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ် သတ္တဝါ အတ္တ၏ အလ်ိုအတိုင်း ဖြစ်မှုသဘောကား မရှိသည်သာတည်း။ ထိုသင်္ခါရတရားတို့၌ ထိုတစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါ အတ္တ၏ အလိုအတိုင်းဖြစ်သော အခြင်းအရာမှ ဆိတ်သုန်းနေ၏။ ထို့ကြောင့် ထိုသင်္ခါရတရားတို့သည် -----</p> <p>၁။ အတ္တမှ ဆိတ်သုန်းခြင်း <b>သုညတ</b>သဘောကြောင့်လည်း အနတ္တမည်ပေသည်။</p> <p>၂။ ထိုသင်္ခါရတရားတို့ အစိုးတရ ပိုင်ဆိုင်သည့် သာမိ ပိုင်ရှင် အတ္တမရှိခြင်း အနက်သဘောကြောင့်လည်း ထိုသင်္ခါရတရားတို့သည် အနတ္တမည်ပေသည်။</p> <p>၃။ ထိုသင်္ခါရတရားတို့၌ တစ်စုံတစ်ယောက်သော အတ္တ၏ အလိုအတိုင်း ပြုလုပ်၍ ရနိုင်သော သဘောမရှိခြင်းကြောင့်လည်း ထိုသင်္ခါရတရားတို့သည် အနတ္တမည်ပေသည်။</p> <p>၄။ သာသနာပ အယူအဆရှိကြကုန်သော ပုဂ္ဂိုလ်တို့ ကြံဆထားအပ်သည့် ဖန်ဆင်းရှင်ပရမတ္တ = ပရမအတ္တ, အဖန်ဆင်းခံရသော ဇီဝအတ္တရှိ၏ဟု စွဲယူသော <b>အတ္တဝါဒ</b>နှင့် ထိပ်တိုက် ဆန့်ကျင်ဘက်ဖြစ်သောကြောင့်လည်း ထိုသင်္ခါရတရားတို့သည် အနတ္တမည်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၄၅။)</p> <h3>အနတ္တရောင်ခြည်တော်နေဝန်း</h3> <p>ဤကဲ့သို့သော အနတ္တဉာဏ်အမြင် အနတ္တရောင်ခြည်တော်နေဝန်းကြီး၏ တင့်တယ်စမ္ပာယ်စွာ ထွန်းလင်းထွက်ပေါ်လာရေးအတွက် ယောဂါဝစရ ပုဂ္ဂိုလ်သည် <b>ဉာတ-ဉာဏ</b>အမည်ရသည့် ရုပ်ဓာတ် နာမ်ဓာတ်တို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရုပ်ဃန နာမ်ဃန အတုံးအခဲများကို ပြိုကွဲသွားအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရှုပွားသုံးသပ်ရမည်သာ ဖြစ်ပေသည်။ ထိုသို့ ရှုပွားနိုင်သော အခါတွင်မှ ထိုသင်္ခါရတရားတို့၏ မဖြစ်ခင်က မရှိခြင်း, ဖြစ်ပြီးနောက် မရှိခြင်း ဟူသော မရှိခြင်းနှစ်မျိုးတို့၏ အလယ်၌သာလျှင် အလွန့်အလွန် တိုတောင်းလှသော ယာယီအခိုက်အတန့်အားဖြင့်သာ အနိစ္စ အနေအထား ဒုက္ခ အနေအထား အနတ္တ အနေအထားအားဖြင့် ဖြစ်ပေါ်လာကြသော နာမ်တရားများသာ ဖြစ်ကြသည်, သင်္ခါရတရားတို့သာ ဖြစ်ကြသည်ဟု ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်ချက်ချနိုင်မည် ဖြစ်ပေသည်။ အနတ္တရောင်ခြည်တော်နေဝန်းကြီးသည်လည်း ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ ဉာဏ်ဝတွင် တင့်တယ်စပ္ပာယ်စွာ ကြွားကြွားဝင့်ဝင့် ငွားငွားစွင့်လျက် ထွန်းလင်းထွက်ပေါ်လာမည် ဖြစ်ပေသတည်း။ ထို့ကြောင့်ပင် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာဆရာတော်က သမထယာနိကပုဂ္ဂိုလ်အား အောက်ပါအတိုင်း စျာန်နာမ်တရားတို့ကို သိမ်းဆည်းရန် ညွှန်ကြားထားပေသည်။ -----</p> <p>နာမ်ရုပ်ကို ဟုတ်တိုင်းမှန်စွာ သိမြင်တတ်သည့် ထို<b>ဒိဋ္ဌိဝိသုဒ္ဓိ</b>ဉာဏ်အမြင်ကို ပြည့်စုံစေလိုသော စျာန်သမထယာဉ် ရှိသော သမထယာနိက ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ <b>နေဝသညာနာသညာယတနစျာန်</b>ကို ချန်ထား၍ ယင်းစျာန်မှ တစ်ပါးကုန်သော ကြွင်းကုန်သော ရူပါဝစရစျာန် အရူပါဝစရစျာန်တို့တွင် တစ်မျိုးမျိုးသော စျာန်ကို ဝင်စားကာ ယင်းစျာန်မှ ထ၍ ဝိတက် အစရှိကုန်သော စျာန်အင်္ဂါတို့ကိုလည်းကောင်း, ယင်းစျာန်နှင့် ယှဉ်ဖက် သမ္ပယုတ်တရား ဖြစ်ကြကုန်သော နာမ်တရားစုတို့ကိုလည်းကောင်း လက္ခဏ-ရသ-စသည်တို့၏ အစွမ်းဖြင့် (= လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်- ပဒဋ္ဌာန်အားဖြင့်) သိမ်းဆည်းအပ်၏။ (= ဉာဏ်ဖြင့် ပိုင်းခြားယူအပ်၏။) သိမ်းဆည်းပြီး၍ (= ဉာဏ်ဖြင့် ပိုင်းခြားယူပြီး၍) ဤအလုံးစုံသော စျာန်နာမ်တရားစုကို (အာနာပါနပဋိဘာဂနိမိတ် ကသိုဏ်းပဋိဘာဂနိမိတ်စသော) သမထအာရုံနိမိတ်သို့ ရှေးရှု ညွတ်တတ်သောကြောင့် အာရုံသို့ ရှေးရှုညွတ် တတ်သော အနက်သဘောအားဖြင့် နာမ်ဟူ၍ ပိုင်းခြားမှတ်သားအပ်၏။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)</p> <p>လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်- ပဒဋ္ဌာန်အားဖြင့် နာမ်တရားတို့ကို သိမ်းဆည်းပုံ နည်းစနစ်များကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ ခန္ဓနိဒ္ဒေသပိုင်း (ဝိသုဒ္ဓိ၊၂၊၈၂-၁၀၁။)တို့၌လည်းကောင်း, အဋ္ဌသာလိနီ အဋ္ဌကထာ ထိုထို နေရာတို့၌လည်းကောင်း ကြည့်ပါ။ ဆရာသမားများနှင့် ချည်းကပ်လေ့လာပါ။</p> <h3>ခန္ဓာငါးပါးနည်းဖြင့် သိမ်းဆည်းရှုပွားပုံ အမြွက်</h3> <p><b>ဧတ္ထ ဟိ စက္ခု စေဝ ရူပဉ္စ ရူပက္ခန္ဓော၊ ဒဿနံ ဝိညာဏက္ခန္ဓော၊ တံသမ္ပယုတ္တာ ဝေဒနာ ဝေဒနာက္ခန္ဓော၊ သညာ သညာက္ခန္ဓော၊ ဖဿာဒိကာ သင်္ခါရက္ခန္ဓော။ ဧဝမေတေသံ ပဉ္စန္နံ ခန္ဓာနံ သမဝါယေ အာလောကနဝိလောကနံ ပညာယတိ။ တတ္ထကော ဧကော အာလောကေတိ၊ ကော ဝိလောကေတိ</b>။ (ဒီ၊ဋ္ဌ၊၁၊၁၇၅။ မ၊ဋ္ဌ၊၁၊၂၆၇-၂၆၈။ သံ၊ဋ္ဌ၊၃၊၂၂၇။ အဘိ၊ဋ္ဌ၊၂၊၃၄၂။)</p> <p>ဤခန္ဓာငါးပါးနည်းဖြင့် သိအောင် သိမ်းဆည်းရှုပွားရမည့် ရှုကွက်၌- -</p> <p>၁။ စက္ခုအကြည်ဓာတ်နှင့် ရူပါရုံကား <b>ရူပက္ခန္ဓာ</b>တည်း။</p> <p>၂။ ရူပါရုံကို မြင်တတ်သော စက္ခုဝိညာဏ်ကား <b>ဝိညာဏက္ခန္ဓာ</b>တည်း။</p> <p>၃။ ထိုစက္ခုဝိညာဏ်နှင့် ယှဉ်သော ဝေဒနာကား <b>ဝေဒနာက္ခန္ဓာ</b>တည်း။</p> <p>၄။ ထိုစက္ခုဝိညာဏ်နှင့် ယှဉ်သော သညာကား <b>သညာက္ခန္ဓာ</b>တည်း။</p> <p>၅။ ထိုစက္ခုဝိညာဏ်နှင့် ယှဉ်သော ဖဿ စေတနာ ဧကဂ္ဂတာ ဇီဝိတ မနသိကာရတို့ကား <b>သင်္ခါရက္ခန္ဓာ</b>တည်း။</p> <p>ဤသို့လျှင် ဤခန္ဓာငါးပါးတို့၏ ပေါင်းဆုံခြင်းသည် ထင်ရှားရှိလတ်သော် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏။ ထိုသို့ တည့်တည့်ကြည့်ရာ စောငး်ငဲ့ကြည့်ရာ၌ အဘယ်မည်သောပုဂ္ဂိုလ် သတ္တဝါတစ်စုံတစ်ဦးသည် တည့်တည့်ကြည့်လေသနည်း? အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါတစ်စုံတစ်ဦးသည် စောင်းငဲ့ကြည့်လေသနည်း? တည့်တည့်ကြည့်သော စောင်းငဲ့ကြည့်သော ပုဂ္ဂိုလ်သတ္တဝါတစ်စုံတစ်ဦးသည် မရှိသည်သာတည်း။ ခန္ဓာငါးပါးတို့၏ ပေါင်းဆုံခြင်းမျှသာတည်း။ (ဒီ၊ဋ္ဌ၊၁၊၁၇၅။ မ၊ဋ္ဌ၊၂၆၇-၂၆၈။ သံ၊ဋ္ဌ၊၃၊၂၂၇။ အဘိ၊ဋ္ဌ၊၂၊၃၄၂။)</p> <p>ဤသို့ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ စက္ခုဝိညာဏ် စိတ္တက္ခဏ အခိုက်ဝယ် ခန္ဓာငါးပါးတို့ ထင်ရှားဖြစ်သွားပုံကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သော် <b>အသမ္မောဟသမ္ပဇဉ်</b> ဖြစ်ပေပြီ။ သို့သော် စက္ခုဝိညာဏ်သည် မိမိ၏ ရှေးက ပဉ္စဒွါရာဝဇ္ဇန်း မပါဘဲလည်း မဖြစ်နိုင်။ တစ်ဖန် ပဉ္စဒွါရာဝဇ္ဇန်းစိတ်က ဘဝင်ကို လည်စေခဲ့သည်ရှိသော် ရပ်တန့်စေခဲ့သည်ရှိသော် ဝုဋ္ဌောသို့ မရောက်ဘဲလည်း ဝီထိစိတ်အစဉ်၏ ရပ်တန့်သွားခြင်း (= ဘဝင်သို့ တစ်ဖန်ပြန်၍ ကျဆင်းသွားခြင်း)မည်သည် မရှိကောင်းသည်သာ ဖြစ်၏။ (အဘိ၊ဋ္ဌ၊၁၊၃၀၉-၃၁၀။)</p> <p>အကယ်၍ ရူပါရုံသည် <b>ပရိတ္တာရုံ</b>ဖြစ်ခဲ့ပါမူ ဝုဋ္ဌောအထိ, <b>မဟန္တာရုံ</b> ဖြစ်ခဲ့ပါမူ ဇော (၇)ကြိမ်အထိ, <b>အတိမဟန္တာရုံ</b> ဖြစ်ခဲ့ပါမူ တဒါရုံ (၂)ကြိမ်အထိ ဝီထိစိတ်များသည် ဆက်လက်၍ ဖြစ်ကြမည်သာ ဖြစ်ပေသည်။ သို့အတွက် စက္ခုဝိညာဏ် စိတ္တက္ခဏအခို်က်ဝယ် ခန္ဓာငါးပါး ထင်ရှားဖြစ်သွားသကဲ့သို့ အလားတူပင် -----</p> <p>၁။ ပဉ္စဒွါရာဝဇ္ဇန်း စိတ္တက္ခဏအခိုက်၌ ခန္ဓာငါးပါး,</p> <p>၂။ စက္ခုဝိညာဏ် စိတ္တက္ခဏအခိုက်၌ ခန္ဓာငါးပါး,</p> <p>၃။ သမ္ပဋိစ္ဆိုင်း စိတ္တက္ခဏအခိုက်၌ ခန္ဓာငါးပါး,</p> <p>၄။ သန္တီရဏ စိတ္တက္ခဏအခိုက်၌ ခန္ဓာငါးပါး,</p> <p>၅။ ဝုဋ္ဌော စိတ္တက္ခဏအခိုက်၌ ခန္ဓာငါးပါး,</p> <p>၆။ ဇော စိတ္တက္ခဏအသီးအသီးအခိုက်၌ ခန္ဓာငါးပါးစီ,</p> <p>၇။ တဒါရုံ စိတ္တက္ခဏအသီးသီးအခိုက်၌ ခန္ဓာငါးပါးစီ -----</p> <p>ဤသို့လျှင် စိတ္တက္ခဏတိုင်း၌ ခန္ဓာငါးပါးစီ အသီးအသီး ဖြစ်သွားကြ၏။ ယင်းခန္ဓာငါးပါးတို့ကို စိတ္တက္ခဏတိုင်းဝယ် ပရမတ်သို့ ဆိုက်အောင် ဟုတ်တိုင်းမှန်စွာ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင် ဝိပဿနာရှုပွားသုံးသပ်နိုင်ပါက တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ အသမ္မောဟသမ္ပဇဉ် ဖြစ်ပေပြီ။ ထိုကြောင့် စက္ခုဝိညာဏ်စိတ္တက္ခဏအခိုက်၌ ခန္ဓာငါးပါးဖြစ်ပုံကို ဖွင့်ဆိုထားသော အဋ္ဌကထာစကားရပ်ကို အရိပ်ပြလျှင် အကောင်ထင်စေသော ဥပလက္ခဏနည်း နိဒဿနနည်းအားဖြင့် ဖွင့်ဆိုထားသော စကားဟု မှတ်ပါ။</p> <h3>ပဉ္စဒွါရာဝဇ္ဇန်းစိတ္တက္ခဏအခိုက်၌ ခန္ဓာငါးပါး</h3> <p>၁။ ပဉ္စဒွါရာဝဇ္ဇန်း၏ မှီရာ <b>ဟဒယဝတ္ထု</b>နှင့် ရူပါရုံကား <b>ရူပက္ခန္ဓာ</b>,</p> <p>၂။ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကား <b>ဝိညာဏက္ခန္ဓာ</b>,</p> <p>၃။ ယင်းပဉ္စဒွါရာဝဇ္ဇန်းစိတ်နှင့် ယှဉ်သော သညာကား <b>သညာက္ခန္ဓာ</b>,</p> <p>၄။ ယင်းပဉ္စဒွါရာဝဇ္ဇန်းစိတ်နှင့် ယှဉ်သော ဝေဒနာကား <b>ဝေဒနာက္ခန္ဓာ</b>,</p> <p>၅။ ယင်းပဉ္စဒွါရာဝဇ္ဇန်းစိတ်နှင့် ယှဉ်သော ဖဿ စေတနာ ဧကဂ္ဂတာ ဇီဝိတ မနသိကာရ ဝိတက် ဝိစာရ အဓိမောက္ခ ဤ (၈)လုံးတို့ကား <b>သင်္ခါရက္ခန္ဓာ</b>-</p> <p>ဤသို့လျှင် ခန္ဓာငါးပါး ဖြစ်ပေသည်။ ကျန် ဝီထိစိတ်တို့၌လည်း နည်းမှီး၍ သိပါလေ။ သောတဒွါရဝီထိစသည့် ဝီထိစိတ်အစဉ်တို့၌လည်း နည်းတူပင် သဘောပေါက်ပါလေ။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၂၅)၌လည်း ခန္ဓာငါးပါးနည်းဖြင့် ရုပ်နာမ်တို့ကို သိမ်းဆည်းရန် ညွှန်ကြားချက်များလည်း လာရှိပေသည်။</p> <h3>စျာနသမာပတ္တိဝီထိနာမ်တရားများ</h3> <p>ဤကျမ်းစာ၌ကား စျာနသမာပတ္တိဝီထိနာမ်တရားများက စ၍ သိမ်းဆည်းပုံ အမြွက်မျှကို တင်ပြအပ်ပါသည်။ ယင်းစျာန်နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ရှေးဦးစွာ သဘာဝလက္ခဏာကို ဦးစားပေးကာ သိမ်းဆည်းပါ။ ကျွမ်းကျင်လာသောအခါ တစ်ဖန် ပြန်၍ လက္ခဏ ရသ ပစ္စုပ္ပဋ္ဌာန် ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ စျာနသမာပတ္တိဝီထိ နာမ်တရားတို့ကို ဝီထိစိတ်အစဉ်အတိုင်း သိမ်းဆည်းရမည်ဖြစ်သဖြင့် ယင်း ဝီထိစိတ်အစဉ်များကို အကျည်းချုပ်ကာ တင်ပြအပ်ပါသည်။</p> <h3>စျာနသမာပတ္တိဝီထိပုံစံများ</h3> <p><b>မန္ဒပုဂ္ဂိုလ်</b> = န-ဒ-မ-ပ-ဥ-နု-ဂေါ-စျာန်......</p> <p><b>တိက္ခပုဂ္ဂိုလ်</b> = န-ဒ-မ-ဥ-နု-ဂေါ-စျာန်......</p> <p>မိမိ ရရှိထားပြီးသော စျာန်ကို ခိုင်မြဲစေခြင်းငှာလည်းကောင်း, ဝသီဘော်ရောက် ကမ်းတစ်ဖက်သို့ပေါက် ပါရဂူမြောက်စေခြင်းငှာလည်းကောင်း, မျက်မှောက်ဘဝ၌ <b>စျာနသုခ</b> (= စျာန်ချမ်းသာ)ကို ခံစား စံစားပါရခြင်းအလို့ငှာလည်းကောင်း, <b>အဘိညာဏ်</b>၏ အခြေပါဒကအကျိုးငှာလည်းကောင်း, ဝိပဿနာ၏ အခြေပါဒကအကျိုးငှာလည်းကောင်း မိမိရရှိထားပြီးသော စျာန်ကို အဖန်ဖန် အထပ်ထပ် ဝင်စားသော ဝီထိစိတ်အစဉ်ကို <b>စျာနသမာပတ္တိဝီထိ</b>ဟု ခေါ်ဆိုသည်။ ဤတွင် ပထဝီကသိုဏ်းပဋိဘာဂနိမိတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော ပထဝီကသိုဏ်းလျှင် အာရုံရှိသော <b>စတုက္ကနည်း</b> ရူပါဝစရစျာန်လေးပါးနှင့် ယင်းပထဝီကသိုဏ်းပညတ်ကို ခွာနိုင်သဖြင့် အဆင့်ဆင့် ဖြစ်ပေါ်လာကြသော အရူပါဝစရစျာန်လေးပါး - ပေါင်း သမာပတ် (၈)ပါးတို့ကို ပုံစံအဖြစ် ဖော်ပြအပ်ပါသည်။</p> <p>၁။ ပထမစျာနသမာပတ္တိဝီထိ,</p> <p>၂။ ဒုတိယစျာနသမာပတ္တိဝီထိ,</p> <p>၃။ တတိယစျာနသမာပတ္တိဝီထိ,</p> <p>၄။ စတုတ္တစျာနသမာပတ္တိဝီထိ,</p> <p>၅။ <b>အကာသာနဉ္စယတနစျာနသမာပတ္တိဝီထိ</b>,</p> <p>၆။ <b>ဝိညာဏဉ္စာယတနစျာနသမာပတ္တိဝီထိ</b>,</p> <p>၇။ <b>အာကိဉ္စညာယတနစျာနသမာပတ္တိဝီထိ</b>,</p> <p>၈။ <b>နေဝသညာနာသညာယတနစျာနသမာပတ္တိဝီထိ</b> -----</p> <p>ဤသို့လျှင် (စတုက္ကနည်းအရ) စျာနသမာပတ္တိဝီထိ (၈)မျိုး ရှိပေသည်။ ယင်းစျာနသမပတ္တိဝီထိနာမ်တရားစုတို့သည် အထက်တွင် တင်ပြထားသည့် ဝီထိစဉ်အတိုင်း ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ ယင်းဓမ္မတာလမ်းကြောင်းမှ တိမ်းစောင်း၍ ဖြစ်ရိုးဓမ္မတာကား မရှိကြပေ။ ယင်းသင်္ကေတတို့၏ အဓိပ္ပါယ်မှာ ဤသို့ ဖြစ်၏။ -----</p> <p><b>န</b> = ဘဝင်္ဂစလန = လှုပ်သောဘဝင် (အတိတ်မရဏာသန္နဇော၏ အာရုံ)</p> <p><b>ဒ</b> = ဘဝင်္ဂုပစ္ဆေဒ = ရပ်သောဘဝင် (အတိတ်မရဏာသန္နဇော၏ အာရုံ)</p> <p><b>မ</b> = မနောဒွါရာဝဇ္ဇန်း = ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်ကို ဆင်ခြင်သော စိတ်,</p> <p><b>ပ</b> = ပရိကံ = အပ္ပနာစျာန်ဇော ဖြစ်ပေါ်လာရန် ပြုပြင်စီရင်သော စိတ်,</p> <p><b>ဥ</b> = ဥပစာ = အပ္ပနာစျာန်၏ အနီး၌ ကပ်၍ ဖြစ်တတ်သောစိတ်,</p> <p><b>နု</b> = အနုလောမ = အနုလုံ = ရှေးပရိကံနှင့် နောက်အပ္ပနာစျာန်ဇောတို့ အား လျော်သော စိတ်,</p> <p><b>ဂေါ</b> = ဂေါတြဘု = ကာမအနွယ်ကို လွှမ်းမိုးဖိစီးတတ် ဖြတ်တတ်သောစိတ်,</p> <p><b>စျာန်</b> = (ပထဝီ) ကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို စိုက်စိုက်စူးစူး အထူး မြဲမြံ ရှုအားသန်သောစိတ် = <b>အာရမ္မဏူပနိဇ္ဈာနစျာန်</b> = ကသိုဏ်းပဋိဘာဂ နိမိတ်အာရုံသို့ ကပ်၍ စိုက်စို်က်စူးစူး အထူးမြဲမြံ ရှုအားသန်သော စိတ်ဟု ဆိုလိုသည်။</p> <p><b>ပရိကံ</b> ----- အလွန်အားကောင်းသော ဝိတတ် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါတို့နှင့် ယှဉ်သော ကာမာဝစရ ဥပစာရသမာဓိဇောစိတ်တစ်မျိုးသည် မဟဂ္ဂုတ်အမည်ရသော အပ္ပနာစျာန်ဇောများ ဖြစ်ပေါ်လာရန် ပြုပြင်စီရင်တတ်သောကြောင့် ပရိကံမည်၏။ (ဝိသုဒ္ဓိ၊၁၊၁၃၄။)</p> <p><b>ဥပစာရ</b> -----ရွာ၏ အနီးဖြစ်သော အရပ်ကို ရွာဥပစာ, မြို့၏အနီးဖြစ်သော အရပ်ကို မြို့ဥပစာဟု ဤသို့ စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲသကဲ့သို့ အလားတူပင် အပ္ပနာစျာန်မှ နီးသည်၏အဖြစ်ကြောင့်လည်းကောင်း, တစ်နည်းဆိုရသော် အနီး၌ ကျင်လည်တတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း ပရိကံအမည်ရသော ကာမာဝစရ ဥပစာရသမာဓိဇော၏ နောက်၌ ကပ်လျက် ဖြစ်ပေါ်လာသော ဥပစာရသမာဓိဇောစိတ်ကို ဥပစာရဟူ၍ ခေါ်ဆိုအပ်၏။ အပ္ပနာစျာန်ဇောမှ နီးကပ်သည်၏ အဖြစ်ကြောင့် ယင်းသို့ ဥပစာရ အမည်ရခဲ့သော် အပ္ပနာစျာန်ဇောနှင့် တစ်စပ်တည်း ဆက်စပ်နေသော ဂေါတြဘု၏သာလျှင် ဥပစာရဟူသော အမည်သမညာသည် ဖြစ်သင့်၏ဟူသော လျဉ်းပါးဖွယ်ရာ ရှိလာပြန်၏၊ သို့အတွက် ----- <b>သမီပစာရတ္တာ</b> ----- ဟု အဋ္ဌကထာ (ဝိသုဒ္ဓိ၊၁၊၁၃၄။)က နောက်တစ်မျိုး ထပ်ဖွင့်ပြန်သည်။ ဤစကားအရ အပ္ပနာဇောနှင့် ကပ်လျက်ရှိသော ဂေါတြဘုဇောကို ဥပစာရဟု မခေါ်ဆိုဘဲ အပ္ပနာဇော၏ အနီးအပါး၌ ကျင်လည်တတ် ဖြစ်တတ်သော ဂေါတြဘု၏ ရှေးနားက ကာမဇောများကို ဥပစာရဟု ခေါ်ဝေါ်ရသည် မှတ်ပါ။ မှန်ပေသည် အလွန်မနီးကပ်ပါသော်လည်း မဝေးလွန်းသော အရပ်၌ ဖြစ်သော တရားသည် <b>သမီပစာရီ</b> = အနီးအပါး၌ ဖြစ်သော တရားမည်သည်သာ ဖြစ်ပေသည်။ (မဟာဋီ၊၁၊၁၆၁။)</p> <p><b>အနုလောမ</b> ----- အနုလောမအမည်ရသော ကာမာဝစရ ဥပစာရသမာဓိဇောသည် ရှေးရှေး ပရိကံတို့၏ ကိစ္စကိုလည်း ဆက်လက်၍ ရွက်ဆောင် တတ်၏။ နောက်နောက်သော အပ္ပနာစျာန်ကိုလည်း ပေါ်လာစေတတ်၏။ သို့အတွက် ရှေးရှေးပရိကံနှင့် နောက်နောက်အပ္ပနာတို့အား လျော်စွာဖြစ်တတ်သောကြောင့် ယင်းကာမဇောသည် အနုလောမမည်၏။ ရှေးရှေး ပရိကံဟူရာ၌ အပ္ပနာဇောဝီထိ၏အတွင်း၌ တည်ရှိသော ပရိကံကို ဆိုလိုသည်မဟုတ်၊ အပ္ပနာဝီထိသို့ မသက်ရောက်မီ အပ္ပနာဝီထိမကျမီ အထူးထူးသော အာဝဇ္ဇန်းရှိကြကုန်သော ရှေးရှေးဝီထိတို့၏ အတွင်း၌ တည်ရှိကြကုန်သော ဖြစ်ခဲ့သမျှသော ဇောတို့ကိုလည်း အပ္ပနာစျာန်ဇောဖြစ်ပေါ်လာအောင် စီမံပေးကြသည်ဖြစ်၍ ပရိကံဟုပင် ခေါ်ဆိုရသည် (ဝိသုဒ္ဓိ၊၁၊၁၃၄။ မဟာဋီ၊ ၁၊၁၆၁။)</p> <p><b>ဂေါတြဘု</b> ----- ဤကာမာဝစရ ဥပစာရသမာဓိဇောတို့တွင် နောက်ဆုံးဖြစ်သော ကာမဇောသည် ကာမာဝစရအနွယ်ကို လွှမ်းမိုးကျော်လွန်သည်၏ အဖြစ်ကြောင့်လည်းကောင်း, မဟဂ္ဂုတ်အနွယ်ကို ပွားစေတတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း <b>ဂေါတြဘု</b> ( = <b>ဂေါတြဘူ</b>)ဟူ၍လည်း ခေါ်ဆိုအပ်၏။</p> <p>ဤဆိုအပ်ခဲ့ပြီးသော သဘော ရှိကြကုန်သော မန္ဒပညပုဂ္ဂိုလ်၏ သန္တာန်၌ လေးကြိမ်, တိက္ခပညပုဂ္ဂိုလ်၏ သန္တာန်၌ သုံးကြိမ်ဖြစ်ပေါ်သွားကြကုန်သော ပရိကံ ဥပစာရ အနုလုံ ဂေါတြဘု, သို့မဟုတ် ဥပစာရ အနုလုံ ဂေါတြဘုဟူသော ထိုဇောတို့သည် ပြကတေ့သော ကာမာဝစရစိတ်တို့ထက် အထူးအားရှိသော အလွန်အားကောင်းမောင်းသန်သော စွမ်းအင်အပြည့်အဝ ရှိသော ဝိတက်+ဝိစာရ+ပီတီ+သုခ+ဧကဂ္ဂတာဟူသော စျာန်အင်္ဂါငါးပါး ထင်ရှားရှိကုန်သော ကာမာဝစာရတရားတို့ ဖြစ်ကြကုန်၏။ ဥပစာရ ကာမာဝစရသမာဓိဇောတို့ ဖြစ်ကြကုန်၏။ ဤစျာနသမာပတ္တိဝီထိအတွင်း၌ မဟဂ္ဂုတ် အပ္ပနာစျာန်ဇောတို့ကို အကြိမ်များစွာ စောနိုင်ကြ၏။ ယင်းသို့ အကြိမ်များစွာ စောကြခြင်းကြောင့်လည်း နာမ်ကမ္မဋ္ဌာန်းကို အားထုတ်ခါစ အာဒိကမ္မိကပုဂ္ဂိုလ်အတွက် သိမ်းဆည်းရ လွယ်ကူခြင်း ဖြစ်ပေသည်။</p> <h3>ကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</h3> <p><b>ဓမ္မာရုံလိုင်း</b>-<b>မနောဒွါရ</b>-<b>စျာနသမာပတ္တိဝီထိဇယား</b></p> <p>ပထမစျာန်နာမ်တရား (၃၄) လုံး</p> <p>၁။ အသိစိတ် = <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>ကို ရယူခြင်းသ ဘော။ [<b>ဝိဇာနနံ အာရမ္မဏဿ ဥပလဒ္ဓိ</b> (မူလဋီ၊၁၊၈၇) ဟူသော <b>မူလဋီကာ</b>နှင့်အညီ အာရုံကို သိသည်ဟူရာ၌ ထိုအာရုံကို လှမ်း၍ အာရုံယူရာ အာရုံယူ၍ ရမှုသဘော သာ ဖြစ်သည်။ အကယ်၍ ယူ၍မရရှိပါက ထိုအာရုံကို သိသည် ဟု မဆိုနို်င်ပေ။]</p> <p>၂။ <b>ဖဿ</b> = <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>ကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော (လက္ခဏ) = <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>နှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်းသဘော။ (ရသ)</p> <p>၃။ <b>ဝေဒနာ</b> = <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>၏ အရာသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော (ပထမစျာန်၌ <b>သောမနဿဝေဒနာ</b>။) [မှတ်ချက် ----- နောက် စေတ သိက်တို့၌ အာရုံဟု ဆိုရာ၌ <b>ပထဝီကသိုဏ်း ပဋိဘာဂ နိမိတ် အာရုံ</b>ကိုပင် အထူးရည်ညွှန်းနေသည်ဟု မှတ်ပါ]</p> <p>၄။ <b>သညာ</b> = <b>ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ</b>ကို မှတ်သားခြင်း သဘော၊</p> <p>၅။ <b>စေတနာ</b> = <b>ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ</b>ပေါ်သို့ ယှဉ်ဖက် <b>သမ္ပယုတ်တရား</b> = <b>စိတ်စေတသိက်တရား</b>တို့ကို ရောက် အောင် စေ့ဆော်ပေးခြင်း = နှိုးဆော်ပေးခြင်း သဘော၊</p> <p>၆။ <b>ဧကဂ္ဂတာ</b> = <b>ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ</b>တစ်ခုတည်းပေါ် သို့ စိတ်ကျရောက်နေခြင်းသဘော၊ =တည်ငြိမ်နေခြင်း သဘော၊ = <b>သမ္ပယုတ်တရား</b>တို့ကို ဖရိုဖရဲ မကျဲစေခြင်း သဘော၊</p> <p>၇။ <b>ဇီဝိတ</b> = <b>ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ</b>တစ်ခုတည်းပေါ် သို့ <b>သမ္ပယုတ်တရား</b>တို့ကို စောင့်ရှောက်ပေးခြင်း သဘော ( = နာမ်သက်စောင့်ဓာတ်၊)</p> <p>၈။ <b>မနသိကာရ</b> = <b>ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ</b>ဘက်သို့ စိတ်ကို ( = <b>သမ္ပယုတ်တရား</b>တို့ကို) ဦးလှည့် တွန်းပို့ပေးခြင်း သဘော၊ = မောင်းနှင်ပေးခြင်းသဘော၊ = အာရုံကို နှလုံးသွင်းခြင်းသဘော၊</p> <p>၉။ <b>ဝိတတ်</b> = <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ် အာရုံ</b>ပေါ်သို့ စိတ်ကို ( = <b>သမ္ပယုတ်တရား</b>တို့ကို) ဦးလှည့် တွန်းပို့ပေးခြင်း သဘော = ကြံစည်ခြင်းသဘော၊</p> <p>၁၀။ <b>ဝိစာရ</b> = <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>ကို ထပ်ကာ ထပ်ကာ သုံးသပ်ဆင်ခြင်ခြင်း ဆုပ်နယ်ခြင်း သဘော၊</p> <p>= အာရုံကို ထပ်၍ထပ်၍ ယူခြင်းသဘော၊</p> <p>၁၁။ <b>အဓိမောက္ခ</b> = <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>ကို ဆုံးဖြတ်ချက် ချခြင်းသဘော၊</p> <p>၁၂။ <b>ဝီရိယ</b> = <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>ကို သိအောင် ( = <b>သမ္ပယုတ်တရား</b>တို့ ဖြစ်အောင်) ကြိုးစားအားထုတ်ခြင်း သဘော၊</p> <p>[မှတ်ချက် -----<b>သမာဓိသိက္ခာ</b>ပိုင်း ဖြစ်သဖြင့် <b>သမာဓိ</b>ကို ထူထောင်ခိုက်, <b>စျာန်သမာပတ်</b> ဝင်စားခိုက်တို့၌ အထူးသဖြင့် <b>ပထဝီကသိုဏ်း</b>ကဲ့သို့သော <b>ကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>၌ <b>ဘာဝနာစိတ်</b>ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအားထုတ်မှု သဘောပင် ဖြစ်သည်။ <b>ဝီရိယ</b>သည် <b>သမ္ပယုတ်တရား</b>တို့ကို အာရုံ၌ ခိုင်ခံ့အောင် တည်တံ့အောင် အားပေး ထောက်ပံ့ထားခြင်း <b>ပဂ္ဂဟ</b>လုပ်ငန်းကိစ္စကို ပြုလုပ်သည်။]</p> <p>၁၃။ <b>ပီတိ</b> = <b>ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ</b>ကို နှစ်သက်ခြင်း သဘော၊</p> <p>၁၄။ <b>ဆန္ဒ</b> = <b>ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ</b>ကို သိလိုခြင်း သဘော၊ = အာရုံ၌ စိတ် တည်ကြည်လိုခြင်း = <b>သမာဓိ</b> ကို ဖြစ်လိုခြင်း၊ =<b>သမ္ပယုတ်တရား</b>တို့ကို ဖြစ်စေလိုခြင်း သဘော၊</p> <p>၁၅။ <b>သဒ္ဓါ</b> = <b>ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ</b>ကို <b>စျာန်သမာဓိ သိက္ခာ</b> ( = <b>စျာန်သမာဓိကျင့်စဉ်</b>)ကို ယုံကြည်ခြင်း သ ဘော၊ [<b>သဒ္ဓါ</b> ဖြစ်ရာ (၈)ဌာနတို့၌ <b>သိက္ခာသုံပါး</b>လည်း ပါဝင်လျက် ရှိ၏။ <b>စျာန်သမာဓိသိက္ခာ</b> = <b>စျာန်သမာဓိ ကျင့်စဉ်</b>ကို ယုံကြည်ခြင်းသည်လည်း <b>သဒ္ဓါ</b>ပင် ဖြစ်သည်]</p> <p>၁၆။ <b>သတိ</b> = <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>၌ <b>သမ္ပယုတ်တရား</b> တို့ကို ဗူးတောင်းကဲ့သို့ မပေါ်စေဘဲ ကျောက်ဖျာကဲ့သို့ နစ်မြုပ်စေခြင်းသဘော၊ = အာရုံကို မမေ့ပျောက်ခြင်း သဘော၊ = အာရုံ၌ စိတ် ခိုင်မြဲခြင်းသဘော၊</p> <p>၁၇။ <b>ဟိရိ</b> = မကောင်းမှု <b>အကုသိုလ်တရား ဒုစရိုက်တရား</b>မှ ရှက်ခြင်း သဘော။</p> <p>၁၈။ <b>ဩတ္တပ္ပ</b> = မကောင်းမှု <b>အကုသိုလ်တရား ဒုစရိုက်တရား</b>မှ ကြောက် ခြင်းသဘော၊</p> <p>[ဤ<b>ဟိရိ ဩတ္တပ္ပတရား</b> နှစ်ပါးကား <b>စျာန်သမာဓိ</b>အခိုက်၌ ရှေးရှုတည်နေရုံ တည်နေခြင်းသဘောသာ ဖြစ်သည်။ အထူးသဖြင့် ဤအပိုင်းတွင် <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်</b>ကိုသာ အာရုံမူနေသည့်အခိုက် ဖြစ်ရကား <b>အကုသိုလ်ဒုစရိုက်</b>တို့နှင့် ထိပ်တိုက် တွေ့ဆုံနေသည့် အချိန်အခိုက်လည်း မဟုတ်သောကြောင့် ဖြစ်သည်။ အရှက်အကြောက်တရား ရှိ၍သာ <b>သိက္ခာသုံးရပ် အကျင့်မြတ်</b>ကို ဖြည့်ကျင့်နေခြင်း ဖြစ်၏။ ရှက်မှု ကြောက်မှုတို့ကား စျာန်မဝင်စားမီ, ဝင်စားပြီး, ဝင်စားဆဲအချိန်တို့၌ <b>ယောဂါဝစရပုဂ္ဂိုလ်သူမြတ်</b>၏ <b>နာမ်သန္တတိအစဉ်</b>ဝယ် ရှေးရှုတည်နေကြသည်သာ ဖြစ်၏။]</p> <p>၁၉။ <b>အလောဘ</b> = <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>၌ စိတ် မကပ် ငြိခြင်း, မတပ်မက်ခြင်းသဘော၊ = အာရုံကို ငါ့ ဟာဟု မစွဲယူခြင်းသဘော၊</p> <p>၂၀။ <b>အဒေါသ</b> = <b>ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ</b>၌ စိတ် မခက်ထန် မကြမ်းတမ်းခြင်းသဘော၊ = <b>ပထဝီ ကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>ကို မဖျက်ဆီးလို ခြင်းသဘော၊</p> <p>၂၁။ <b>တတြမဇ္ဈတ္တတာ</b> = <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>၌ စိတ်ကို အလယ်အလတ်ထားခြင်းသဘော၊အာရုံကို လျစ် လျူရှုခြင်းသဘော၊</p> <p>၂၂။ <b>ကာယပဿဒ္ဓိ</b> = <b>ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ</b>၌ <b>စေတ သိက်</b>တို့၏ ငြိမ်းအေးခြင်းသဘော၊</p> <p>၂၃။ <b>စိတ္တပဿဒ္ဓိ</b> = <b>ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ</b>၌ စိတ်၏ ငြိမ်းအေးခြင်းသဘော၊</p> <p>၂၄။ <b>ကာယလဟုတာ</b> = <b>ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ</b>၌ <b>စေတ သိက်</b>တို့၏ လျင်မြန်ပေါ့ပါးခြင်းသဘော၊</p> <p>၂၅။ <b>စိတ္တလဟုတာ</b> = အာရုံ၌ စိတ်၏ လျင်မြန် ပေါ့ပါးခြင်းသဘော၊</p> <p>၂၆။ <b>ကာယမုဒုတာ</b> = အာရုံ၌ <b>စေတသိက်</b>တို့၏ နူးညံ့ခြင်းသဘော၊</p> <p>၂၇။ <b>စိတ္တမုဒုတာ</b> = အာရုံ၌ စိတ်၏ နူးညံ့ခြင်းသဘော၊</p> <p>၂၈။ <b>ကာယကမ္မညတာ</b> = အာရုံ၌ <b>စေတသိက်</b>တို့၏ ခံ့ငြားခြင်းသဘော၊ <b>စေတသိက်</b>တို့၏ အာရုံကို ရှုလို့ အချိုးကျ အဆင် ပြေခြင်းသဘော၊</p> <p>၂၉။ <b>စိတ္တကမ္မညတာ</b> = အာရုံ၌ စိတ်၏ ခံ့ငြားခြင်းသဘော၊ စိတ်၏ အာရုံ ကို ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော၊</p> <p>၃၀။ <b>ကာယပါဂုညတာ</b> = အာရုံ၌ <b>စေတသိက်</b>တို့၏ ပြွမ်းတီးလေ့လာ နိုင်နင်း ခြင်းသဘော။ = ကျွမ်းကျင်လိမ်မာခြင်းသဘော။</p> <p>= <b>ကိလေသာအနာ</b> ကင်းခြင်းသဘော။</p> <p>၃၁။ <b>စိတ္တပါဂုညတာ</b> = အာရုံ၌ စိတ်၏ ပြွမ်းတီးလေ့လာနိုင်နင်းခြင်းသ ဘော၊= ကျွမ်းကျင်လိမ်မာခြင်းသဘော၊ = <b>ကိလေ သာ အနာ</b>ကင်းခြင်းသဘော၊</p> <p>၃၂။ <b>ကာယုဇုကတာ</b> = အာရုံ၌ <b>စေတသိက်</b>တို့၏ ဖြောင့်မတ်ခြင်းသဘော၊</p> <p>= <b>မာယာသာဌေယျ အကွေ့အကောက်</b> ကင်း ခြင်းသဘော၊</p> <p>၃၃။ <b>စိတ္တုဇုကတာ</b> = အာရုံ၌ စိတ်၏ ဖြောင့်မတ်ခြင်းသဘော၊</p> <p>= <b>မာယာသာဌေယျ အကွေ့အကောက်</b> ကင်းခြင်း သဘော၊</p> <p>၃၄။ <b>ပညာ</b> = <b>ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ</b>ကို ထွင်း ဖောက် သိမြင်ခြင်းသဘော (<b>စျာနသမ္မာဒိဌိ</b> တည်း)။</p> <p>ဤသည်တို့ကား <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော ပထမစျာန်နာမ်တရား (၃၄)လုံးတို့ပင် ဖြစ်ကြသည်။ ထို (၃၄)လုံးတို့တွင် <b>စျာန်အင်္ဂါ</b>များကို <b>ဇောစိတ္တက္ခဏ</b>တိုင်း၌ ငါးလုံးစီ ငါးလုံးစီ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သောအခါ ကျန် <b>စိတ်+စေတသိက် တရား</b>တို့ကို တစ်စတစ်စ တိုး၍ သိမ်းဆည်းရမည် ဖြစ်သည်။</p> <p>ရှေးဦးစွာ <b>စျာန်</b>ကို တစ်ဖန် ပြန်ဝင်စားပါ။ <b>စျာန်</b>မှ ထသောအခါ, <b>ဘဝင်မနောအကြည်ဓာတ်</b> (= <b>မနောဒွါရ</b>)နှင့် <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်</b>ကို ပူးတွဲသိမ်းဆည်းလျက် <b>မနောဒွါရ</b>၌ ယင်း<b>ကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>က ထင်နေသောအခါ = ရှေးရှုကျရောက်နေသောအခါ, <b>နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း</b> သုံးနည်းတို့တွင် အသိစိတ်က စ၍ သိမ်းဆည်းကြည့်ပါ။ အသိစိတ်တစ်လုံးကို <b>ဇောစိတ္တက္ခဏ</b>တိုင်း၌ အကြိမ်များစွာ အဟုန်ပြင်းစွာ ဆက်တိုက်ဖြစ်နေမှုကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သောအခါ နောက်ထပ် <b>ဖဿ</b>တစ်လုံး ထပ်တိုး၍ အသိစိတ်နှင့် <b>ဖဿ</b>နှစ်လုံးတို့သည် <b>ဇောစိတ္တက္ခဏ</b>တိုင်း၌ ပြိုင်တူ ဖြစ်နေသည်ကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ သိမ်းဆည်းပါ။ <b>စျာန်</b>ကို ပြန်၍ ဝင်စားလိုက်, <b>စျာန်</b>မှ ထကာ ယင်း<b>နာမ်တရား</b>တို့ကို သိမ်းဆည်းလို်က် ----- ဤသို့ ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ အောင်မြင်မှုကို ရရှိခဲ့သော် <b>ဝေဒနာ</b>စသည့် ကျန် <b>စေတသိက်</b>တို့ကိုလည်း တဖြည်းဖြည်း တစ်လုံးစီ တစ်လုံးစီ တိုး၍ တိုး၍ (၃၄)လုံး ပြည့်သည်တိုင်အောင် ပုံစံတူပင် ဆက်လက်၍ ရှုကြည့်ပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။ <b>ဇောစိတ္တက္ခဏ</b>တိုင်းဝယ် ယင်း<b>စျာန်နာမ်တရား</b>တို့၏ သုံးလုံး သုံးလုံး, လေးလုံး လေးလုံး, ငါးလုံး ငါးလုံး ----- ဤသို့ စသည်ဖြင့် ပြိုင်တူ ဖြစ်နေမှုကို အသိဉာဏ်ဝယ် ရှင်းရှင်းကြီး မြင်နေအောင် လေ့ကျင့်ပါ။</p> <p>ဤ<b>စျာနဓမ္မ</b>အမည်ရသည့် ပထမစျာန်နာမ်တရား (၃၄)လုံးတို့ကို <b>ဇောစိတ္တက္ခဏ</b>တို့၌ အကြိမ်များစွာ ဖြစ်နေမှုကို ရှင်းရှင်းလင်းလင်းကြီး ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သောအခါ ဇယားတွင် ဖော်ပြထားသည့် <b>ပထမစျာနသမာပတ္တိဝီထိစဉ်</b>အတိုင်း ပုံစံတူ ဆက်လက်၍ သိမ်းဆည်းပါ။</p> <p>၁။ <b>မနောဒွါရာဝဇ္ဇန်းစိတ္တက္ခဏ</b>၌ နာမ်တရား - (၁၂)လုံး</p> <p>၂။ <b>ပရိကံစိတ္တက္ခဏ</b>၌ နာမ်တရား - (၃၄)လုံး</p> <p>၃။ <b>ဥပစာစိတ္တက္ခဏ</b>၌ နာမ်တရား - (၃၄)လုံး</p> <p>၄။ <b>အနုလုံစိတ္တက္ခဏ</b>၌ နာမ်တရား - (၃၄)လုံး</p> <p>၅။ <b>ဂေါတြဘုစိတ္တက္ခဏ</b>၌ နာမ်တရား - (၃၄)လုံး</p> <p>၆။ <b>စျာန်ဇောစိတ္တက္ခဏ</b>အသီးအသီး၌ နာမ်တရား - (၃၄)လုံးစီ ---</p> <p>ဤ<b>နာမ်တရား</b>တို့ကို <b>စိတ္တက္ခဏ</b>တိုင်း၌ <b>နာမဃန</b>ခေါ်သည့် <b>နာမ်တုံး နာမ်ခဲ</b>တို့ကို ပြိုကွဲသွားအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် <b>ပရမတ်</b>သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ။</p> <p><b>မနောဒွါရာဝဇ္ဇန်း စိတ္တက္ခဏ</b>၌ နာမ်တရား (၁၂)လုံးဟူသည်မှာ အထက်တွင် ရေတွက်ပြထားသော <b>နာမ်တရား</b>တို့အနက် အသိစိတ်မှ <b>ဝီရိယ</b>သို့တိုင်အောင်သော <b>နာမ်တရား</b> (၁၂)လုံးတို့ပင် ဖြစ်ကြသည်။ ယင်း<b>စျာနသမာပတ္တိဝီထိစဉ်</b>အတွင်း <b>စိတ္တက္ခဏ</b>တိုင်း၌ တည်ရှိကြသော <b>နာမ်တရား</b>အားလုံးတို့သည် ဤအပိုင်းတွင် အလွန်ကြည်လင်တောက်ပနေသော <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>ကိုပင် အာရုံပြုကြပေသည်။</p> <p><b>နာမ်တရား ... နာမ်တရား</b>ဟု သိမ်းဆည်းပါ</p> <p>ယင်း<b>ပထမစျာနသမာပတ္တိဝီထိ</b>၏ အတွင်း၌ တည်ရှိကြသော <b>နာမ်တရား</b>တို့ကို ယင်းကဲ့သို့ <b>နာမ်တုံး နာမ်ခဲ နာမ်ဃန</b>တို့ကို ပြိုကွဲသွားအောင် ဖြိုခွဲဖျက်ဆီးလျက် <b>စိတ္တက္ခဏ</b>တိုင်းဝယ် တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာ၍ သိမ်းဆည်းနိုင်ခဲ့သော် ယင်း<b>စျာနသမာပတ္တိဝီထိစဉ်</b>တစ်ခု အတွင်း၌ တည်ရှိကြသော <b>နာမ်တရား</b>အားလုံးတို့ကို ခြုံငုံ၍ သိမ်းဆည်းရန် <b>ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ</b>က ဤသို့ ညွှန်ကြားထားတော်မူသည်။ -----</p> <p><b>ပရိဂ္ဂဟေတွာ သဗ္ဗမ္ပေတံ အာရမ္မဏာဘိမုခံ နမနတော နမနဋ္ဌေန နာမန္တိ ဝဝတ္တပေတဗ္ဗံ။</b> (<b>ဝိသုဒ္ဓိ၊၂၊၂၂၂။</b>)</p> <p><b>သော သဗ္ဗေပိ တေ အရူပဓမ္မေ နမနလက္ခဏေန ဧကတော ကတွာ ဧတံ နာမန္တိ ပဿတိ။</b> (<b>ဝိသုဒ္ဓိ၊၂၊၂၂၃။</b>)</p> <p>= ထို<b>ယောဂါဝစရပုဂ္ဂိုလ်သူမြတ်</b>သည် ထိုအလုံးစုံကုန်သော (<b>ပထမစျာနသမာပတ္တိဝီထိစဉ်</b>အတွင်းဝယ် <b>စိတ္တက္ခဏ</b>အသီးအသီး၌ တည်ရှိကြကုန်သော) <b>နာမ်တရား</b>တို့ကို အလွန်ကြည်လင်တောက်ပနေသော <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>ဘက်သို့ ရှေးရှုညွတ်ကိုင်းရှိုင်းတတ်သောကြောင့် ယင်းသို့ အာရုံသို့ ညွတ်ကိုင်းရှိုင်းတတ်သော <b>သဘောလက္ခဏာ</b>အားဖြင့် တစ်ပေါင်းတစ်စုတည်းပြု၍ ဤကား <b>နာမ်တရား</b>ဟု ရှု၏။ (= ရှုပါ၊ သိမ်းဆည်းပါ။)</p> <p>ဤညွှန်ကြားချက်များအရ <b>ပထမစျာနသမာပတ္တိဝီထိ</b>၏ အတွင်း၌ <b>စိတ္တက္ခဏ</b>အသီးအသီးဝယ် တည်ရှိကြကုန်သော <b>နာမ်တရား</b>တို့ကို ရှေးဦးစွာ အသိစိတ် <b>ဖဿ ဝေဒနာ သညာ စေတနာ</b> စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီ <b>သဘာဝလက္ခဏာ</b>ကို ဦးစားပေးကာ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပါ။ ထိုနောင် <b>မနောဒွါရာဝဇ္ဇန်း စိတ္တက္ခဏ</b>၌ <b>နာမ်တရား</b> (၁၂)လုံး, <b>ဇောစိတ္တက္ခဏ</b> အသီးအသီး၌် ပြိုင်တူ ပြိုင်တူ ဖြစ်မှုကို ဉာဏ်ဖြင့် မြင်အောင် ဆက်လက်ရှုပါ။ ယင်း<b>နာမ်တရား</b>တို့၏ <b>စိတ္တက္ခဏ</b>အသီးအသီးဝယ် ပြိုင်တူ ပြိုင်တူ ဖြစ်နေမှုကို ထင်ထင်ရှားရှား ဉာဏ်ဖြင့် တွေ့မြင်သောအခါ ယင်း<b>ဝီထိစဉ်</b>တစ်ခုလုံးအတွင်း၌ တည်ရှိကြသော <b>နာမ်တရား</b>အားလုံးကို ခြုံငုံ၍ ယင်း<b>နာမ်တရား</b>တို့၏ <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>သို့ ညွတ်ကိုင်းရှိုင်းနေသည့် သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ <b>နာမ်တရား နာမ်တရား</b>ဟု ဆက်လက်သိမ်းဆည်းပါ။ ခွဲရှုခြင်း ခြုံရှုခြင်းဟူသော နှစ်နည်းလုံးကို အသုံးပြုရမည် ဖြစ်သည်။</p> <p>ဤကား အသိစိတ်ကစ၍ <b>စျာနဓမ္မ</b>အမည်ရသည့် <b>နာမ်တရား</b>တို့ကို သိမ်းဆည်းပုံ အမြွက်တည်း။ <b>ဖဿ</b>ကစ၍ သိမ်းဆည်းရာ, <b>ဝေဒနာ</b>ကစ၍ သိမ်းဆည်းရာတို့၌လည်း နည်းတူပင် သဘောပေါက်ပါ။ ကြွင်းကျန်ကုန်သော <b>စျာန်သမာပတ္တိဝီထိ</b>တို့၌လည်းကောင်း, <b>ရုပ်တရား</b>တို့ကို အာရုံပြုကာ ဖြစ်ပေါ်လာကြကုန်သော <b>ကာမာဝစရနာမ်တရား</b>တို့၌လည်းကောင်း နည်းတူပင် သဘောပေါက်ပါ။ ဆရာသမားများနှင့် ချည်းကပ်လေ့လာပါ။</p> <p><b>ဝဝတ္ထပေတဗ္ဗံ</b> = ပိုင်းခြားမှတ်သားပါ</p> <p>ဤ<b>စျာနသမာပတ္တိဝီထိ</b>အတွင်း၌ တည်ရှိကြသော <b>စျာနဓမ္မ</b>အမည်ရသည့် <b>နာမ်တရား</b>တို့ကို သိမ်းဆည်းရာဝယ် အသိစိတ် = <b>ဝိညာဏ်</b>ကစ၍ သိမ်းဆည်းသည့်နည်း, <b>ဝေဒနာ</b>ကစ၍ သိမ်းဆည်းသည့်နည်း, <b>ဖဿ</b>ကစ၍ သိမ်းဆည်းသည့်နည်းဟူသော ဤ<b>နာမ်ကမ္မဋ္ဌာန်း</b>ရှုပွားနည်း သိမ်းဆည်းနည်း သုံးနည်းတို့တွင် တစ်နည်းနည်းဖြင့် <b>နာမ်တရား</b>တို့ကို သိမ်းဆည်းသောအခါ <b>စိတ္တက္ခဏ</b>အသီးအသီးဝယ် တည်ရှိကြသော (၁၂)လုံး (၃၄)လုံးသော <b>နာမ်တရား</b> တို့ကို ခြုံငုံ၍ <b>နာမ်တရား နာမ်တရား</b>ဟု သိမ်းဆည်းသော်လည်း (၁၂)လုံး, (၃၄)လုံးကုန်သော <b>ပရမတ္ထဓာတ်သား</b>တို့ကို <b>ပရမတ္ထဓာတ်သား</b>တစ်ခုတည်းအနေဖြင့် မမြင်ဘဲ <b>ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ်</b>စသည်ဖြင့် <b>ပရမတ္ထဓာတ်သား</b> တစ်လုံးစီ တစ်လုံးစီကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ပိုင်းခြား မှတ်သားနိုင်ရမည်ဟု သိစေလို၍ <b>အဋ္ဌကထာဆရာတော်</b>က <b>ဝဝတ္ထပေတဗ္ဗံ</b> (<b>ဝိသုဒ္ဓိ၊၂၊၂၂၂။</b>)ဟု ညွှန်ကြားထားတော်မူပေသည်။</p> <h3>နာမ်ရုပ်ကို ပိုင်းခြားမှတ်သားပါ</h3> <p><b>တတော ယထာ နာမ ပုရိသော အန္တောဂေဗော သပ္ပံ ဒိသွာ တံ အနုဗန္ဓမာနော တဿ အာသယံ ပဿတိ၊ ဧဝမေဝ အယမ္ပိ ယောဂါဝစရော တံ နာမံ ဥပပရိက္ခန္တောဣဒံ နာမံ ကိံ နိဿာယ ပဝတ္တတီတိ ပရိယေသမာနော တဿ နိဿယ ဟဒယရူပ ပဿတိ။ တတော ဟဒယရူပဿ နိဿယဘူတာနိ, ဘူတနိဿိတာနိ စ သေသုပါဒါယရူပါနီတိ ရူပံ ပရိဂ္ဂဏှာတိ။ သော သဗ္ဗမ္ပေတံ ရုပ္ပနတော ရူပန္တိ ဝဝတ္ထပေတိ။ တတော နမနလက္ခဏံ နာမံ၊ ရုပ္ပနလက္ခဏံ ရူပန္တိ သင်္ခေပတော နာမရူပံ ဝဝတ္ထပေတိ။</b> (<b>ဝိသုဒ္ဓိ၊၂၊၂၂၂။</b>)</p> <p>= <b>စျာနသမာပတ္တိဝီထိ</b>အတွင်း၌ တည်ရှိကြသော <b>စျာနဓမ္မ</b>အမည်ရသည့် <b>နာမ်တရား</b>တို့ကိုသိမ်းဆည်းပြီးသောအခါ ----- <b>လောကဥပမာ</b>အားဖြင့် <b>ယောကျ်ားတစ်ဦး</b>သည် အိမ်တွင်း၌ <b>မြွေ</b>ကို တွေ့မြင်ခဲ့သော် ထို<b>မြွေ</b>၏ နောက်သို့ အစဉ်လိုက်လျက် ကြည့်ရှုသည်ရှိသော် ထို<b>မြွေ</b>၏ ကိန်းဝပ်တည်နေရာ နေရာကို တွေ့မြင်ရသကဲ့သို့ ဤဥပမာအတူပင်လျှင် ဤ<b>ယောဂါဝစရပုဂ္ဂိုလ်</b>သည်လည်း ထို<b>နာမ်တရား</b>ကို ----- ဤ<b>နာမ်တရား</b>သည် အဘယ်ကို မှီ၍ ဖြစ်နေသနည်း ----- ဟု ဉာဏ်ပညာဖြင့် စူးစမ်းဆင်ခြင်လတ်သော် ရှာဖွေ ကြည့်လတ်သော် ထို<b>နာမ်တရား</b>၏ မှီရာ <b>ဟဒယရုပ်</b>ကို တွေ့မြင်လေ၏။ ထိုနောင် <b>ဟဒယရုပ်</b>၏ မှီရာ <b>ဘူတရုပ်</b> (= <b>ဓာတ်ကြီးလေးပါး</b>)တို့ကိုလည်းကောင်း, <b>ဘူတရုပ်</b> (= <b>ဓာတ်ကြီးလေးပါး</b>)ကို မှီ၍ ဖြစ်နေကြကုန်သော <b>ဟဒယရုပ်</b>မှ ကြွင်းကျန်ကုန်သော <b>ဥပါဒါရုပ်</b>တို့ကိုလည်းကောင်း, ဤသို့လျှင် <b>ရုပ်တရား</b>ကို ဉာဏ်ဖြင့် ပိုင်းခြားယူ၏ = သိမ်ဆည်း၏။ ထို<b>ယောဂါဝစရပုဂ္ဂိုလ်</b>သည် ဤအလုံးစုံသော <b>ရုပ်တရား</b>ကို ဖောက်ပြန်တတ်သော အနက်သဘောအားဖြင့် <b>ရုပ်</b>ဟု ပိုင်းခြားမှတ်သား၏။ ထိုနောင် ----</p> <p>၁။ အာရုံသို့ ညွှတ်တတ်သော <b>သဘောလက္ခဏာ</b> ရှိသော တရားကား <b>နာမ်</b>,</p> <p>၂။ ဖောက်ပြန်တတ်သော <b>သဘောလက္ခဏာ</b>ရှိသော တရားကား <b>ရုပ်</b> ----ဟု အကျဉ်းအားဖြင့် <b>နာမ်</b>နှင့် <b>ရုပ်</b>ကို ပိုင်းခြားမှတ်သား၏။ (<b>ဝိသုဒ္ဓိ၊၂၊၂၂၂၊၊</b>)</p> <p>ဤအထက်ပါ <b>အဋ္ဌကထာ</b>၏ သတ်မှတ်ချက် ညွှန်ကြားတော်မူချက်အတိုင်း <b>စျာန်သမာပတ္တိဝီထိ</b>အတွင်း၌ တည်ရှိကြသော <b>နာမ်တရား</b>တို့ကို သိမ်းဆည်းပြီးသော <b>ယောဂါဝစရပုဂ္ဂိုလ်</b>သည် ယင်း<b>နာမ်တရား</b>တို့၏ မှီရာ <b>ဟဒယ</b> (= နှလုံးအိမ်)၌ တည်ရှိကြကုန်သော ရှေး<b>ရုပ်ကမ္မဋ္ဌာန်း</b>ပိုင်းတွင် တင်ပြထားသည့်အတိုင်း <b>ဟဒယဝတ္ထု</b>နှင့် တကွ (၅၄)မျိုးကုန်သော <b>ဘူတရုပ် ဥပါဒါရုပ်</b>တို့ကိုပါ ဆက်လက်သိမ်းဆည်း၍ <b>နာမ်ရုပ်</b>ကို ပိုင်းခြားမှတ်သားရမည် ဖြစ်သည်။ <b>ဒွါရ</b> (၆)ပါးလုံးတို့၌ နည်းတူ သဘောပေါက်ပါလေ။ ဆရာသမားများထံသို့ ချဉ်းကပ်၍သာ လေ့လာဆည်းပူးပါ။</p> <p><b>ပထဝီကသိုဏ်း</b>လျှင် တည်ရာ အာရုံရှိကြသော <b>ရူပါဝစရစျာန်</b>တို့ကိုလည်းကောင်း, ထို<b>ပထဝီကသိုဏ်း</b>ကို ခွါ၍ ပွားများထားအပ်ကုန်သော <b>အရူပါဝစရစျာန်</b>တို့ကိုလည်းကောင်း နည်းမှီး၍ သိမ်းဆည်းပါလေ။ <b>ကသိုဏ်းဆယ်ပါး</b>လုံးတို့၌ ပုံစံတူ သိမ်းဆည်းပါ။ ကြွင်း <b>စျာန်နာမ်တရား</b>တို့၌လည်း နည်းမှီ၍ သိမ်းဆည်းပါလေ။</p> <h3>ဝိတက်-ဝိစာရ-ပီတိ</h3> <p><b>တတ္ထ ဝိတက္ကဝိစာရာနံ ဝူပသမာတိ ဝိတက္ကဿ စ ဝိစာရဿ စာတိ ဣမေသံ ဒွိန္နံ ဝူပသမာ သမတိက္ကမာ၊ ဒုတိယဇ္ဈာနက္ခဏော အပါတုဘာဝါတိ ဝုတ္တံ ဟောတိ။</b> (<b>ဝိသုဒ္ဓိ၊၁၊၁၅၁။</b>)</p> <p><b>ပုဗ္ဗဘာဂေ ပရိကမ္မဥပစာရစိတ္တာနိ သဝိတက္ကသဝိစာရာနိ သပ္ပီတိကာနိ...(အဘိ၊ဋ္ဌ၊၂၊၂၃၇။)</b></p> <p>ဤအထက်ပါ <b>အဋ္ဌကထာကြီး</b>တို့၏ ဖွင့်ဆိုတော်မူချက်များနှင့်အညီ <b>ပရိကံ ဥပစာ အနုလုံ ဂေါတြဘု</b>ဟူသော <b>ကာမာဝစရ ဥပစာရသမာဓိဇော</b>တို့၌ <b>ဝိတက် ဝိစာရ ပီတိ</b>တို့ကား ယှဉ်လျက်ပင် ရှိကြသည်။ <b>ဒုတိယစျာန်</b>စသည့် <b>အပ္ပနာစျာန်သမာဓိ</b>တို့၏ အခိုက်၌သာလျှင် <b>ဝိတက် ဝိစာရ</b>တို့ မယှဉ်ကြခြင်း ဖြစ်သည်။ (<b>စတုက္ကနည်း</b>ကို ရည်ညွှန်းထားပါသည်။) သို့သော် <b>စတုတ္ထစျာန်</b>၏ <b>ဥပစာရသမာဓိဇော</b>တို့၏ အခိုက်၌လည်း <b>ပီတိ</b>မယှဉ်နိုင်ကြောင်းကို <b>ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ</b>တွင် ဤသို့ ဖွင့်ဆိုထားတော်မူ၏။ -----</p> <p><b>အယံ ပန ဝိသေသော၊ ယသ္မာ သုခဝေဒနာ အဒုက္ခမသုခါယ ဝေဒနာယ အာသေဝနပစ္စယေန ပစ္စယော န ဟောတိ၊ စတုတ္ထဇ္ဈာနေ စ အဒုက္ခမသုခါယ ဝေဒနာယ ဥပ္ပဇ္ဇိတဗ္ဗံ၊ တသ္မာ တာနိ ဥပေက္ခာဝေဒနာသမ္ပယုတ္တာနိ ဟောန္တိ။ ဥပေက္ခာ သမ္ပယုတ္တတ္တာယေဝ စေတ္ထ ပီတိပိ ပရိဟာယတီတိ</b> (<b>ဝိသုဒ္ဓိ၊၁၊၁၆၀။</b>)</p> <p><b>တာနီတိ အပ္ပနာဝီထိယံ ဇဝနာနိ သန္ဓာယာဟ။</b> (<b>မဟာဋီ၊၁၊၁၈၉။</b>)</p> <p>= ဤဆိုလတ္တံ့သည်ကား ထူးခြားချက်တည်း ---- <b>သုခဝေဒနာ</b>သည် <b>အဒုက္ခမသုခ</b>အမည်ရသော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သည့် အလယ် အလတ် ခံစားမှု <b>ဥပေက္ခာဝေဒနာ</b>အား <b>အာသေဝနပစ္စယသတ္တိ</b>ဖြင့် ကျေးဇူးမပြုနိုင် ဖြစ်ခဲ့၏။ <b>စတုတ္ထစျာန်</b>၌လည်း <b>အဒုက္ခမသုခ</b>အမည်ရသော <b>ဥပေက္ခာဝေဒနာ</b>သာ ဖြစ်သင့်၏။ ထို့ကြောင့် <b>စတုတ္ထစျာနဝီထိ</b> ( = <b>ရူပါဝစရ စတုတ္ထစျာနဝီထိ+အရူပါဝစရစျာနဝီထိ</b>)၏ အတွင်း၌ တည်ရှိကြကုန်သော လေးကြိမ် သို့မဟုတ် သုံးကြိမ်ကုန်သော <b>ကာမာဝစရ ဥပစာရသမာဓိဇော</b>တို့နှင့် <b>အပ္ပနာဇော</b>တို့သည်လည်း <b>ဥပေက္ခာဝေဒနာ</b>နှင့်သာ ယှဉ်ကြရကုန်၏။ ဤ<b>စတုတ္ထစျာနဝီထိ</b>၌ <b>ဇောစိတ်</b>တို့သည် <b>ဥပေက္ခာဝေဒနာ</b>နှင့်သာ ယှဉ်ကြရကုန်၏။ ဤ <b>စတုတ္ထစျာနဝီထိ</b>၌ <b>ဇောစိတ်</b>တို့သည် <b>ဥပေက္ခာဝေဒနာ</b>နှင့် ယှဉ်နေသည့် အတွက်ကြောင့်ပင်လျှင် <b>ပီတိ</b>သည်လည်း ယုတ်လျော့သွားရပေသည်။ (<b>ဝိသုဒ္ဓိ၊၁၊၁၆၀။ မဟာဋီ၊၁၊၁၈၉။</b>)</p> <p>သို့သော် <b>ဥပစာရသမာဓိဇော</b>တို့၌ <b>ဝိတက် ဝိစာရ</b>တို့ကား ယှဉ်လျက်ပင် ရှိကြသည်။</p> <h3>ကာမာဝစရနာမ်တရားများ</h3> <p><b>တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ, သညံ, သင်္ခါရေ, ဝိညာဏဉ္စ ဣဒံ အရူပန္တိ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ။</b> (<b>အဘိ၊ဋ္ဌ၊၁၊၂၇၁။ ဝိသုဒ္ဓိ၊၂၊၃၀၀။</b>)</p> <p>အချို့သော <b>ကာမာဝစရနာမ်တရား</b>တို့သည် ယေဘုယျအားဖြင့် <b>ပညတ်</b>နှင့် <b>ပရမတ်</b>နှစ်မျိုးလုံးကိုပင် အာရုံပြုကြ၏။ ထိုတွင် အထက်ပါ<b>အဋ္ဌကထာကြီး</b>များ၏ ညွှန်ကြားထားတော်မူချက်များနှင့် အညီ <b>ယောဂါဝစရပုဂ္ဂိုလ်</b>သည် <b>ရုပ်တရား</b>ကို အာရုံပြု၍ ဖြစ်ပေါ်လာသော <b>ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်</b>ဟူသော <b>နာမ်တရားစု</b>ကို ရှေးဦးစွာ စတင်၍ သိမ်းဆည်းရှုပွားရမည် ဖြစ်ပေသည်။</p> <p>အချို့အရာ၌ <b>ရုပ်ပရမတ်တရား</b>တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော <b>နာမ်တရား</b>တို့ကို သိမ်းဆည်းရာဝယ် အထူးသဖြင့် <b>ရုပ်ပရမတ်တရား</b>တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော <b>အကုသိုလ်နာမ်တရားစု</b>တို့ကို သိမ်းဆည်းရာဝယ် အခက်အခဲ ရှိနေပါက <b>ပညတ်</b>ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော <b>အကုသိုလ်နာမ်တရား</b>တို့က စ၍ သိမ်းဆည်းပြီးနောက် <b>ပရမတ်ရုပ်တရား</b>တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော <b>အကုသိုလ်နာမ်တရား</b>တို့ကို ဆက်လက်သိမ်းဆည်းခဲ့သော် လွယ်ကူသော သဘော ရှိပေသည်။ ဤသို့ ပြုကျင့်ရာ၌ <b>ပညတ်</b>ကို <b>ဝိပဿနာ</b>ရှုနေသည်ကား မဟုတ်၊ <b>ပညတ်</b>ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော <b>နာမ်တရား</b>တို့ကိုသာ သိမ်းဆည်းနေခြင်း ဖြစ်သည်။ <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်</b>ကဲ့သို့သော <b>ပညတ်</b>ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော <b>စျာန်နာမ်တရား</b>တို့ကို သိမ်းဆည်းရှုပွားသကဲ့သို့ မှတ်ပါ။</p> <p>တစ်ဖန် <b>နာမ်တရား</b>ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော <b>နာမ်တရား</b>တို့ကို <b>နာမ်ကမ္မဋ္ဌာန်း</b>ကို စတင်၍ အားသစ်စဖြစ်သော <b>အာဒိကမ္မိက ယောဂါဝစရပုဂ္ဂိုလ်</b>အဖို့ <b>ဒုပ္ပရိဂ္ဂါဟ</b> = သိမ်းဆည်းဖို့ရန် ခက်ခဲသောကြောင့် <b>အဋ္ဌကထာ</b>များက မညွှန်ကြားခြင်း ဖြစ်ပါသည်။ <b>ဝိပဿနာ</b>ပိုင်းသို့ ရောက်ရှိသောအခါ၌ကား <b>အရူပသတ္တကဝိပဿနာ</b>ရှုနည်း(<b>ဝိသုဒ္ဓိ၊၂၊၂၆၂။</b>)တို့၌လည်းကောင်း, <b>ဘင်္ဂဉာဏ်</b> (<b>ဝိသုဒ္ဓိ၊၂၊၂၈၈။</b>)စသော အထက်ပိုင်း <b>ဝိပဿနာဉာဏ်</b>ပိုင်းတို့၌လည်းကောင်း <b>နာမ်တရား</b>ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော <b>နာမ်တရား</b>တို့ကိုလည်း <b>ဝိပဿနာ</b>ရှုပွားပုံစနစ်များကို ဖော်ပြထားပါသည်။ သို့သော် ဤ<b>နာမရူပပရိစ္ဆေဒဉာဏ်</b>ပိုင်း၌ကား <b>ရုပ်တရား</b>ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော <b>ကာမာဝစရနာမ်တရား</b>တို့ကို သိမ်းဆည်းပုံကို <b>အဋ္ဌကထာ</b>များက ဦးစားပေး၍ ညွှန်ကြားထားပေသည်။</p> <h3>အာရုံ (၆) ပါး ခွဲပုံ</h3> <p><b>ရုပ်တရား</b>တို့ကို အာရုံအလိုက် ခွဲတမ်းချလိုက်ပါက အာရုံ (၆)မျိုး ရရှိပေသည်။</p> <p>၁။ <b>ရူပါရုံ</b> = အရောင်အဆင်း,</p> <p>၂။ <b>သဒ္ဒါရုံ</b> = အသံ,</p> <p>၃။ <b>ဂန္ဓာရုံ</b> = အနံ့,</p> <p>၄။ <b>ရသာရုံ</b> = အရသာ,</p> <p>၅။ <b>ဖောဋ္ဌဗ္ဗာရုံ</b> = အတွေ့အထိ ( = <b>ပထဝီ-တေဇော-ဝါယော</b>။)</p> <p>၆။ <b>ဓမ္မာရုံ</b> (က) <b>ပသာဒရုပ်</b> = <b>အကြည်ရုပ်</b> ငါးပါး, (ခ) <b>သုခုမရုပ်</b> = သိမ်မွေ့ သောရုပ် ခြောက်ပါး,</p> <p>ဤသို့လျှင် <b>ရုပ်တရား</b>တို့ကို အာရုံအလိုက် ခွဲတမ်းချလိုက်သော် အာရုံ (၆)မျိုး ရရှိပေသည်။ ထိုတွင် <b>ဓမ္မာရုံ</b>အမည်ရသော <b>ဓမ္မာရုံလိုင်း</b>၌ အကျုံးဝင်သော <b>ရုပ်တရား</b>တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော <b>နာမ်တရား</b>များမှာ <b>ကာမာဝစရ မနောဒွါရိက ဇောဝီထိစိတ်</b>အစဉ်များသာ ဖြစ်ကြသဖြင့် <b>ဝီထိစိတ်</b>အရေအတွက် နည်းပါးရကား <b>နာမ်ကမ္မဋ္ဌာန်း</b>ကို အားသစ်စ <b>ယောဂီ သူတော်စင်</b>တို့အဖို့ ပိုမို၍ လွယ်ကူချောမောပေသည်။</p> <p>၁။ <b>ရူပါရုံ</b>ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော <b>စက္ခုဒွါရဝီထိ</b>နှင့် ထို<b>ရူပါရုံ</b>ကိုပင် ဆက်လက်အာရုံယူကြသော <b>တဒနုဝတ္တိကမနောဒွါရဝီထိ</b>စသော <b>မနောဒွါရဝီထိ နာမ်တရားစု</b>တို့ကိုလည်းကောင်း, အလားတူပင် ----</p> <p>၂။ <b>သဒ္ဒါရုံ</b>ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော <b>သောတဒွါရဝီထိ, မနောဒွါရဝီထိ</b>,</p> <p>၃။ <b>ဂန္ဓာရုံ</b>ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော <b>ဃာနဒွါရဝီထိ, မနောဒွါရဝီထိ</b>,</p> <p>၄။ <b>ရသာရုံ</b>ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော <b>ဇိဝှါဒွါရဝီထိ, မနောဒွါရဝီထိ</b>,</p> <p>၅။ <b>ဖောဋ္ဌဗ္ဗာရုံ</b>ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော <b>ကာယဒွါရဝီထိ, မနောဒွါရဝီထိ</b>,</p> <p>၆။ <b>ဓမ္မာရုံ</b>အမည်ရသည့် <b>ရုပ်တရား</b>အသီးအသီးကို အာရုံပြု၍ ဖြစ်ပေါ်လာ ကြကုန်သော <b>မနောဒွါရဝီထိ</b> ----</p> <p>ဤ<b>ဝီထိ</b>အသီးအသီး အတွင်း၌ တည်ရှိကြသော <b>နာမ်တရား</b>တို့ကိုလည်း <b>နာမ်တုံးနာမ်ခဲ နာမ်ဃန</b>အသီးအသီးကို ဖြိုခွဲဖျက်ဆီးလျက် <b>ပရမတ်</b>သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရှုပွားရမည် ဖြစ်ပေသည်။ ဆရာသမားများနှင့်သာ ချဉ်းကပ်လေ့လာပါ။</p> enehqhwh9r8p3jqf990fqxnensi2sr7 18737 18736 2025-06-06T22:12:55Z Tejinda 173 18737 wikitext text/x-wiki {{header | title = ကိုးကွယ်ရာဟူသည် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = | previous = [[ကိုးကွယ်ရာဟူသည်]] | previous2 = | next = [[သူတော်ကောင်းတို့အလှူ]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }} <h3>အခန်း (၃)</h3> <h3>သမထကမ္မဋ္ဌာန်းပိုင်း</h3> <h3>သစ္စသံယုတ် - သမာဓိသုတ္တန်</h3> <p><b>သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ ကိဉ္စ ယထာဘူတံ ပဇာနာတိ၊ ဣဒံ ဒုက္ခန္တိ ယထာဘူတံ ပဇာနာတိ။ အယံ ဒုက္ခသမုဒယောတိ ယထာဘူတံ ပဇာနာတိ။ အယံ ဒုက္ခနိရောဓောတိ ယထာဘူတံ ပဇာနာတိ။ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ယထာဘူတံ ပဇာနာတိ။ သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။</b> (သံ၊၃၊၃၆၃။)</p> <p>= ရဟန်းတို့ ...<b>သမာဓိ</b>ကို ပွားများကြပါကုန်လော့၊ <b>သမာဓိ</b>ရှိသော ရဟန်းသည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ အဘယ်တရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိလေသနည်း? ဤကား ဒုက္ခအရိယသစ္စာတည်းဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတည်းဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ ဤကား ဒုက္ခချုပ်ကြောင်း နိရောဓအရိယသစ္စာတည်း ဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ ဤကား ဒုက္ခချုပ်ရာ နိရောဓ (= နိဗ္ဗာန်)သို့ ရောက် ကြောင်း ကျင့်စဉ် မဂ္ဂအရိယသစ္စာတည်းဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။</p> <p>ရဟန်းတို့ ...<b>သမာဓိ</b>ကို ပွားများကြကုန်လော့၊ <b>သမာဓိ</b>ရှိသော ရဟန်းသည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ (သံ၊၃၊၃၆၃၊၊)</p> <p>ဤဒေသနာတော်နှင့်အညီ --- အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓစသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါး (= ဒုက္ခအရိယသစ္စာတရား)တို့ကို မဖောက်မပြန် ဟုတ်တိုင်း မှန်စွာ ကွဲကွဲပြားပြား သိရှိရေးအတွက် <b>သမာဓိ</b>ကို ထူထောင်ဖို့ လိုအပ်ပေသည်။</p> <p>အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံစသော ဒုက္ခဖြစ်ကြောင်း သမုဒယ အရိယသစ္စာတရားတို့ကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိရှိရေးအတွက်လည်း <b>သမာဓိ</b>ကို ထူထောင်ဖို့ လိုအပ်ပေသည်။</p> <p>ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသည့် သင်္ခါရတရားတို့ ဖြစ်ကြ၏။ ယင်းသင်္ခါရတရားတို့ကို ဟုတ်တိုင်းမှန်စွာ ထွင်းဖောက်သိမြင်ရေးအတွက် <b>သမာဓိ</b>ကို ထူထောင်ရန် ဘုရားရှင်က တိုက်တွန်းထားတော်မူ၏။ အကြောင်းကား <b>သမာဓိ</b>နှင့် ယှဉ်သော ဉာဏ်ပညာသည် ပရမတ္ထဓမ္မတို့၏ ဟုတ်မှန်တိုင်းသော သဘာဝလက္ခဏာ သာမညလက္ခဏာကို ထိုးထွင်းသိမြင်ခြင်း (= <b>ယထာသဘာဝပဋိဝေဓလက္ခဏာ</b> (အဘိ၊ဋ္ဌ၊၁၊၁၆၆။) ရှိ၏။ သည်မျှသာမကသေး။</p> <p><b>သာ ပနေသာ ဩဘာသလက္ခဏာ စ ပညာ, ပဇာနနလက္ခဏာ စ။</b> (အဘိ၊ဋ္ဌ၊၁၊၁၆၅။)</p> <p><b>ဩဘာသနလက္ခဏာ</b> = နံရံလေးဘက် ကာရံထားသော အိမ်၌ ညဉ့်အခါဝယ် ဆီမီးကို ထွန်းညှိအပ်သည်ရှိသော် ပကတိမျက်စိကို ကာဏ်းအောင် ပြုလုပ်တတ်သော အမိုက်မှောင်သည် ချုပ်ပျောက်ရသကဲ့သို့ အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်လာရသကဲ့သို့ ဤဥပမာအတူပင်လျှင် ပညာသည် ပရမတ္ထဓမ္မအာရုံကို တစ်နည်းဆိုရသော် အရိယသစ္စာလေးပါးတည်းဟူသော အာရုံကို ထင်ထင်ရှားရှား ကွဲကွဲပြားပြား ဂဃနဏ သိအောင် ထွန်းလင်းပြခြင်း (= <b>ဩဘာသန</b>) လက္ခဏာ ရှိပေသည်။</p> <p><b>ပညောဘာသသမော ဩဘာသော နာမ နတ္ထိ။</b> (အဘိ၊ဋ္ဌ၊၁၊၁၆၆။)</p> <p>ပညာအရောင်အလင်းနှင့် တူသော အရောင်အလင်းမည်သည် မရှိပေ။ မှန်ပေသည် --- ဝိပဿနာဉာဏ်ပညာရှိသော ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံ နေသော ပုဂ္ဂိုလ်သည် တစ်ခုတည်းသော ထက်ဝယ်ဖွဲ့ခွေခြင်းဖြင့် ထိုင်နေလတ်သော် (= တစ်ထိုင်လောက် ထိုင်၍ ဝိပဿနာတရားကို ရှုပွားနှလုံးသွင်းခဲ့သော်) တစ်သောင်းသော လောကဓာတ်သည် တစ်ခုတည်းသော အရောင်အလင်း ရှိနိုင်၏ (= လောကဓာတ်တိုက်ပေါင်း တစ်သောင်းလုံးသည် တစ်ဆက်တည်း လင်းနေနိုင်ပေသည်)။ ဝိပဿနာပိုင်း ဥဒယဗ္ဗယဉာဏ်ပိုင်း၌ လာရှိသော ဝိပဿနာ၏ ညစ်ညူးကြောင်း (= <b>ဥပက္ကိလေသ</b>) အရောင် အလင်းမျိုးကို အထူးရည်ညွှန်း၍ ဤစကားရပ်ကို ဖွင့်ဆိုတော်မူခြင်း ဖြစ်ပေ သည်ဟု မှတ်ပါ၊၊) (အဘိ၊ဋ္ဌ၊၁၊၁၆၅-၁၆၆၊၊)</p> <p>ထိုကြောင့် အရှင်နာဂသေနမထေရ်သည် ဤသို့ မိန့်ဆိုထားတော်မူ၏။ ဒါယကာတော် မဟာရာဇ ...ယောက်ျားတစ်ဦးသည် အမိုက်မှောင်အတိ ဖြစ်နေသော အိမ်ထဲ၌ ဆီမီးကို သွင်းယူသွားလေရာ၏၊ သွင်းအပ်ပြီးသော ဆီမီးသည် အမိုက်မှောင်ကို ဖျက်ဆီးသကဲ့သို့, အရောင်အလင်းကို ဖြစ်စေသကဲ့သို့, အလင်းရောင်ကို ထင်ရှားပြသကဲ့သို့, ရူပါရုံအမျိုးမျိုးတို့ုကို ထင်ရှား အောင် ပြုသကဲ့သို့ --- ဒါယကာတော် မဟာရာဇ ...ဤဥပမာအတူပင်လျှင် ပညာသည် ဖြစ်ပေါ်လာလတ်သော် ----</p> <p>၁။ အဝိဇ္ဇာတည်းဟူသော အမိုက်မှောင်ကို ဖျက်ဆီးပစ်၏၊</p> <p>၂။ ဝိဇ္ဇာတည်းဟူသော အရောင်ကို ဖြစ်စေ၏၊</p> <p>၃။ ဉာဏ်တည်းဟူသော အလင်းရောင်ကို ထင်ရှားပြ၏၊</p> <p>၄။ အရိယသစ္စာတို့ကို ထင်ရှားအောင် ပြုလုပ်၏။</p> <p>ဤသို့လျှင် - ဒါယကာတော် မဟာရာဇ ...ပညာသည် ပရမတ္ထဓမ္မအာရုံ (= အရိယသစ္စာလေးပါးတည်းဟူသော အာရုံ) ကို ထင်ထင်ရှားရှား ကွဲကွဲပြားပြား ဂဃနဏ သိအောင် ထွန်းလင်းပြခြင်း <b>ဩဘာသနလက္ခဏာ</b> ရှိပေသည်။ (မိလိန္ဒ၊၃၈။ အဘိ၊ဋ္ဌ၊၁၊၁၁၆။)</p> <p>ပညာရောင် = ဉာဏ်ရောင်</p> <p>ရဟန်းတို့ ...အလင်းရောင်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ --- လအလင်းရောင်, နေအလင်းရောင်, မီးအလင်းရောင်, ပညာအလင်းရောင်တို့တည်း။ ရဟန်းတို့ ...အလင်းရောင်တို့သည် ဤလေးမျိုးတို့တည်း။ ရဟန်းတို့ ...ဤအလင်းရောင် လေးမျိုးတို့တွင် ပညာအလင်းရောင်သည် အမြတ်ဆုံးဖြစ်ပေ၏။ (အံ၊၁၊၄၅၇။)</p> <hr> <h3>အဓိစိတ္တသုတ္တန်ခေါ် နိမိတ္တသုတ္တန်</h3> <p>ရဟန်းတို့ ...<b>အဓိစိတ္တ</b> (= လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်) ကို အဖန်ဖန် အားထုတ်သော ယောဂါဝစရရဟန်းသည် သမထဖြစ်ကြောင်း သမထနိမိတ်, ဝိပဿနာဉာဏ်ဖြစ်ကြောင်း ဝိပဿနာနိမိတ်ဟူသော အကြောင်းတရားသုံးမျိုးတို့ကို ရံဖန်ရံခါ နှလုံး သွင်းအပ်ကုန်၏။</p> <p>၁။ ရံဖန်ရံခါ <b>သမာဓိ</b>ဟူသော အကြောင်းနိမိတ်ကို (= <b>သမာဓိ</b>ဖြစ်ကြောင်း တရားကို) နှလုံးသွင်းအပ်၏။</p> <p>၂။ ရံဖန်ရံခါ ဝီရိယဟူသော အကြောင်းနိမိတ်ကို (= ဝီရိယဖြစ်ကြောင်း တရားကို) နှလုံးသွင်းအပ်၏။</p> <p>၃။ ရံဖန်ရံခါ ဥပေက္ခာဟူသော အကြောင်းနိမိတ်ကို (= ဥပေက္ခာဖြစ်ကြောင်း တရားကို) နှလုံးသွင်းအပ်၏။</p> <p>ရဟန်းတို့ ...<b>အဓိစိတ္တ</b> (= လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်)ကို အဖန်ဖန် ပွားများအားထုတ်သော ယောဂါဝစရ ရဟန်းသည် ကမ္မဋ္ဌာန်းအာရုံ၌ စိတ်တည်ကြည်မှု <b>သမာဓိ</b>ဟူသော အကြောင်း နိမိတ်ကိုသာလျှင် (= <b>သမာဓိ</b>ဖြစ်ကြောင်း တရားကိုသာလျှင်) တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် ပျင်းရိ ရာသော အကြောင်းရှိ၏။ (၁)</p> <p>ရဟန်းတို့ ...လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အဖန်ဖန် ပွားများအားထုတ်သော ယောဂါဝစရရဟန်းသည် ကြိုးစားအားထုတ်ခြင်း ဝီရိယဟူသော အကြောင်းနိမိတ်ကိုသာလျှင် (= ဝီရိယ ဖြစ်ကြောင်း တရားကိုသာလျှင်) တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် ပျံ့လွင့်ခြင်း = ဥဒ္ဓစ္စ ဖြစ်ရာသောအကြောင်း ရှိ၏။ (၂)</p> <p>ရဟန်းတို့ ...လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာ စိတ်ကို အဖန်ဖန် ပွားများအားထုတ်သော ယောဂါဝစရရဟန်းသည် ကမ္မဋ္ဌာန်းအာရုံကို လျစ်လျူရှုမှု ဥပေက္ခာဟူသော အကြောင်းနိမိတ်ကိုသာလျှင် (= ဥပေက္ခာဖြစ်ကြောင်း တရားကိုသာလျှင်) တစ်ဖက်သတ် နှလုံး သွင်းခဲ့မူ ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် အာသဝေါတရားတို့ ကုန်ရန် ကောင်းစွာ မတည်ကြည်ရာသော အကြောင်းရှိ၏။ (၃)</p> <p>ရဟန်းတို့ ...လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အဖန်ဖန် ပွားများအားထုတ်သော ယောဂါဝစရရဟန်းသည်</p> <p>၁။ ရံဖန်ရံခါ <b>သမာဓိ</b>ဟူသော အကြောင်းနိမိတ်ကို (= <b>သမာဓိ</b>ဖြစ်ကြောင်း တရားကို) နှလုံးသွင်း၍,</p> <p>၂။ ရံဖန်ရံခါ ဝီရိယဟူသော အကြောင်းနိမိတ်ကို (= ဝီရိယဖြစ်ကြောင်း တရားကို) နှလုံးသွင်းပြီးလျှင်,</p> <p>၃။ ရံဖန်ရံခါ ဥပေက္ခာဟူသော အကြောင်းနိမိတ်ကို (= ဥပေက္ခာဖြစ်ကြောင်း တရားကို) နှလုံးသွင်းသောအခါ ဘာဝနာစိတ်သည် ----</p> <p>၁။ နူးညံ့ခြင်းသည်လည်းကောင်း (= <b>မုဒု</b>),</p> <p>၂။ သမထဘာဝနာလုပ်ငန်း ဝိပဿနာဘာဝနာလုပ်ငန်း၌ ထိုထိုဘာဝနာ မှုကို ပြုလုပ်ရန် အခန့်သင့်ဖြစ်နေခြင်း သင့်လျော်ခြင်းသည်လည်းကောင်း (= <b>ကမ္မနိယ</b>),</p> <p>၃။ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် ထွက်ခြင်းသည်လည်းကောင်း (= <b>ပဘဿရ</b>) ဖြစ်၏။</p> <p>၄။ ပျက်စီးခြင်းသဘောလည်း မရှိ။</p> <p>၅။ အာသဝေါတရားတို့ ကုန်ရန် ကောင်းစွာ တည်ကြည်၏။</p> <p>ဤကား သမထဘာဝနာ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းတို့ကို စီးဖြန်းပွားများရာ၌ ဗောဇ္ဈင် (၇)ပါးတို့ကို ညီမျှအောင် ကျင့်ပါက သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့မှ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် ထွက်ပေါ်လာကြောင်းကို ဘုရားရှင်၏ မုခပါဌ်တော်မှ တိုက်ရိုက်ထွက်ပေါ်လာသည့် ဟောကြားထားတော်မူချက် ဒေသနာတော်ပင် ဖြစ်ပေသည်။</p> <p><b>အဓိစိတ္တန္တိ သမထဝိပဿနာစိတ္တံ။</b> (အံ၊ဋ္ဌ၊၂၊၂၂၇။)</p> <p><b>ဧကာဒသမေပိ အဓိစိတ္တံ သမထဝိပဿနာစိတ္တမေဝ။</b> (အံ၊ဋ္ဌ၊၂၊၂၂၈။)</p> <p><b>ကိံ ပန စိတ္တဿ ဝဏ္ဏော နာမ အတ္ထီတိ? နတ္ထိ။</b> (အံ၊ဋ္ဌ၊၁၊၄၅။)</p> <p>= စိတ်၏ <b>ဝဏ္ဏ</b>မည်သော အရောင်အဆင်းသည် ရှိပါသလား? မရှိပါ။ (အံ၊ဋ္ဌ၊၁၊၄၅။)</p> <p>ဤအထက်ပါ အဋ္ဌကထာအဖွင့်နှင့်အညီ စိတ်၌ အရောင်အလင်းကား မရှိပါ။ သို့သော် အလွန် အဆင့်မြင့်နေသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည်ကား အလင်းရောင်ကို ဖြစ်စေနိုင်သည့် စွမ်းအားကား ရှိပေ သည်။ အလွန် အဆင့်မြင့်နေသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌ အလွန် အဆင့်မြင့်သော ပညိန္ဒြေစေတသိက်လည်း ယှဉ်တွဲလျက်ပင် ရှိ၏။ ယင်း ပညိန္ဒြေစေတသိက်တည်းဟူသော ဉာဏ်၏ အာနုဘော်က ကြီးလျှင်ကြီးသလို ပညာရောင် ဉာဏ်ရောင်မှာ ထွန်းလင်းတောက်ပမြဲ ဓမ္မတာ ဖြစ်၏။ ယင်းသို့ဖြစ်လျှင် ယင်းပညာရောင် ဉာဏ်ရောင်ဟူသည်မှာ အဘယ်နည်းဟု မေးရန် ရှိ၏။ <b>ပရမတ္ထမဉ္ဇူသာ</b> အမည်ရှိသော ဝိသုဒ္ဓိမဂ္ဂ မဟာဋီကာဆရာတော်က ဥဒယဗ္ဗယဉာဏ်ပိုင်း၌ လာရှိသော ဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော <b>ဩဘာသ</b> (= အရောင်အလင်း)ကို စံထားကာ ပညာရောင် (= ဉာဏ်ရောင်)အကြောင်းကို ဖွင့်ဆိုထားပေသည်။</p> <p><b>ဝိပဿနောဘာသောတိ ဝိပဿနာစိတ္တသမုဋ္ဌိတံ သသန္တတိပတိတံ ဥတုသမုဋ္ဌာနဉ္စ ဘာသုရံ ရူပံ။ တတ္ထ ဝိပဿနာစိတ္တသမုဋ္ဌိတံ ယောဂိနော သရီရဋ္ဌမေဝ ပဘဿရံ ဟုတွာ တိဋ္ဌတိ၊ ဣတရံ သရီရံ မုဉ္စိတွာ ဉာဏာနုဘာဝါနုရူပံ သမန္တတော ပတ္ထရတိ၊ တံ တေဿဝ ပညာယတိ၊ တေန ဖုဋ္ဌောကာသေ ရူပဂတမ္ပိ ပဿတိ။ ပဿန္တော စ စက္ခုဝိညာဏေန ပဿတိ၊ ဥဒါဟု မနောဝိညာဏေနာတိ ဝီမံသိတဗ္ဗန္တိ ဝဒန္တိ၊ ဒိဗ္ဗစက္ခုလာဘိနော ဝိယ တံ မနောဝိညေယျမေဝါတိ ယုတ္တံ ဝိယ ဒိဿတိ။</b> (မဟာဋီ၊၂၊၄၂၈-၄၂၉။)</p> <p>ဤအထက်ပါ မဟာဋီကာ စကားရပ်၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဤသို့ ဖြစ်၏။</p> <p><b>ဝိပဿနောဘာသ</b> (= ဝိပဿနာဉာဏ်အရောင်အလင်း) ဟူသည် ဝိပဿနာစိတ်ကြောင့် ဖြစ်သော စိတ္တဇ<b>ဩဇဋ္ဌမက</b>ရုပ်တို့တွင် ပါဝင်သော အလွန်တောက်ပသော ရူပါရုံ အရောင်အလင်းနှင့် မိမိသန္တာန်၌ ကျရောက်လျက်ရှိသော တေဇောဓာတ် (= <b>ဥတု</b>)ကြောင့်ဖြစ်သော ဥတုဇ<b>ဩဇဋ္ဌမက</b>ရုပ်တို့တွင် ပါဝင်သော ရူပါရုံ၏ အရောင်အလင်းတည်း။</p> <p>ထင်ရှားအောင် ဆိုရသော် ဤသို့ ဖြစ်၏။ နှလုံးအိမ်အတွင်း၌ တည်ရှိသော ဟဒယဝတ္ထုရုပ်ကို မှီတွယ်၍ ဖြစ်နေသော စိတ်တိုင်းစိတ်တိုင်းသည် <b>ဩဇာ</b>လျှင် ရှစ်ခုမြောက်ရှိသော စိတ္တဇ<b>ဩဇဋ္ဌမက</b>ရုပ်တို့ကို ဖြစ်စေနိုင်၏။ စိတ်တစ်လုံးတစ်လုံးသည် စိတ္တဇ<b>ဩဇဋ္ဌမက</b> ရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်၏။ များသောအားဖြင့် ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်နေသော စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်းသည် ဥပါဒ်ကာလသို့ ရောက်တိုင်း ရောက်တိုင်း စိတ္တဇရုပ်များကို ဖြစ်စေနိုင်သည်ချည်းသာ ဖြစ်၏။ ရုပ်တို့မည်သည် တစ်ခုချင်း တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအားမရှိဘဲ ရုပ်ကလာပ်ခေါ်သည့် အုပ်စုအလိုက် အဖွဲ့အစည်းအလိုက်သာ ဖြစ်ရိုး ဓမ္မတာ ရှိကြ၏။ ကလာပ်ဟူသည် မြတ်ဗုဒ္ဓ၏ တရားဒေသနာတော်၌ အသေးဆုံးသော ရုပ်အဖွဲ့အစည်းတစ်ခု၏ အမည် ဖြစ်သည်။ ပရမာဏုမြူခန့်် သို့မဟုတ် ပရမာဏုမြူအောက် အဆပေါင်းများစွာ သေးငယ်သော အမှုန်ကလေး ဖြစ်၏။ ယင်းရုပ်ကလာပ်အမှုန် တစ်ခုတစ်ခုကို ပရမတ္ထသစ္စာဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ကြည့်လျှင် (= ဓာတ်ခွဲ ကြည့်လျှင်) ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာဟု အနည်းဆုံး ရုပ်သဘောတရား (၈)မျိုးစီ အသီးအသီး ရှိ၏။ ယင်းရုပ်တရား တို့ကို <b>ဩဇာ</b>လျှင် (၈)ခုမြောက် ရှိသောကြောင့် <b>ဩဇဋ္ဌမက</b>ရုပ်များဟု ခေါ်ဆို၏။ စိတ်ကြောင့် ဖြစ်သောကြောင့် စိတ္တဇရုပ်များဟု ခေါ်ဆို၏။ [ရံခါ အသံပါသော် ရုပ်ကလာပ် တစ်ခုတစ်ခု၌ ရုပ်သဘောတရား (၉)မျိုးစီလည်း ရှိတတ်၏။ သို့သော် ဤအပိုင်းကား သမထဘာဝနာစိတ် ဝိပဿနာဘာဝနာ စိတ်ကြောင့် ဖြစ်သော ရုပ်တို့ကို ပဓာနထား၍ ပြောဆိုနေသဖြင့် အသံ အကြောင်းကို ထည့်၍ မပြောဆိုခြင်း ဖြစ်သည်။]</p> <p>ယင်းရုပ်သဘောတရား (၈)မျိုးတို့တွင် ပါဝင်သော <b>ဝဏ္ဏ</b>ခေါ် ရူပါရုံမှာ (သမထဘာဝနာစိတ်) ဝိပဿနာ ဘာဝနာစိတ်ကြောင့်ဖြစ်သော ရုပ်ကလာပ်အတွင်း၌ တည်ရှိသော ရူပါရုံ ဖြစ်ခဲ့လျှင် <b>ဘာသုရရူပ</b> (= အလွန်တောက်ပသော ရူပါရုံ) ဖြစ်၏။ ယင်း<b>ဘာသုရရူပ</b> (= တောက်ပသော ရူပါရုံ)မှာ စိတ္တဇ ရုပ်ကလာပ်တိုင်းတွင် ပါဝင်သဖြင့် စိတ္တဇရုပ်ကလာပ် အရေအတွက် များလျှင် များသလို တောက်ပသော ရူပါရုံ အရေအတွက်လည်း ပို၍ များသည်သာ ဖြစ်၏။ ယင်းရူပါရုံ၏ တောက်ပမှုမှာလည်း ဉာဏ်အာနုဘော်အားလျော်စွာ တောက်ပ၏။ (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့နှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ်အာနုဘော်က ကြီးမားလျှင် ကြီးမားသလို ပို၍ပို၍ တောက်ပပြီးလျှင် ဉာဏ်အာနုဘော်က သေးလျှင် သေးသလို လျော့၍ လျော့၍ တောက်ပ၏။ ထိုထို (သမထအာရုံ) ဝိပဿနာအာရုံတို့ကို အာရုံ ပြု၍ ဖြစ်ပေါ်လာကြကုန်သော (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာ စိတ်တို့နှင့် စိတ္တက္ခဏ တစ်ခုအတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်ပေါ်လာကြ ကုန်သော နာမ်တရားစုတို့မှာ ယေဘုယျအားဖြင့် (၃၄)လုံးခန့် ရှိ၏။ ယင်း နာမ်တရားစုတို့တွင် ပညိန္ဒြေစေတသိက်ခေါ် ဉာဏ် (= ပညာ)လည်း ပါဝင် လျက် ရှိ၏။ ယင်းဉာဏ်အာနုဘော်မှာ ကြီးမားလျှင် ကြီးမားသလို သေးလျှင် သေးသလို ရူပါရုံအရောင်မှာ တောက်ပသည်ဟု ဆိုလိုပေသည်။</p> <p>တစ်ဖန် ယင်းစိတ္တဇရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်းတွင် တေဇောဓာတ်လည်း ပါဝင်လျက် ရှိ၏။ ယင်းတေဇောဓာတ် = <b>ဥတု</b>ကလည်း ဥတုဇ<b>ဩဇဋ္ဌမက</b>ရုပ်ကလာပ် (= <b>ဥတု</b>ကြောင့်ဖြစ်သော <b>ဩဇာ</b>လျှင် ရှစ်ခုမြောက် ရှိသော ရုပ်ကလာပ်) အသစ်အသစ်ကို ဆင့်ကာဆင့်ကာ ထပ်ကာထပ်ကာ ထပ်မံ ဖြစ်စေပြန်၏။ (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့က အာနုဘော်ကြီးလျှင် ကြီးသလို စိတ္တဇကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော တေဇောဓာတ် (= <b>ဥတု</b>)သည် ဥတုဇ<b>ဩဇဋ္ဌမက</b> ရုပ်ကလာပ်ပေါင်း များစွာကို ဖြစ်စေနိုင်၏။ ယင်းဥတုဇ<b>ဩဇဋ္ဌမက</b> ရုပ်ကလာပ်တိုင်း ရုပ်ကလာပ် တိုင်းတွင် ပါဝင်တည်ရှိသော <b>ဝဏ္ဏ</b>ခေါ် ရူပါရုံကလည်း <b>ဘာသုရရူပ</b> (= အလွန် တောက်ပသော ရူပါရုံပင် ဖြစ်၏။ ယင်းရူပါရုံ၏ တောက်ပမှုမှာလည်း ဉာဏ်အာနုဘော်က ကြီးလျှင် ကြီးသလို သေးလျှင် သေးသလိုပင် တောက်ပ၏။ ယင်းဥတုဇရုပ်တို့ကို <b>သသန္တတိပတိတ ဥတုသမုဋ္ဌာန</b> = မိမိ၏ ရုပ်သန္တတိ အစဉ်၌ ကျရောက်လျက်ရှိသော ဥတုသမုဋ္ဌာန်ရုပ်များ = ဥတုဇရုပ်များ = <b>ဥတု</b>ကြောင့် ဖြစ်သောရုပ်များဟု ခေါ်ဝေါ်သုံးစွဲထားပေသည်။</p> <p>ထိုစိတ္တသမုဋ္ဌာန်ရုပ် ဥတုသမုဋ္ဌာန်ရုပ် နှစ်မျိုးတို့တွင် (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်သော စိတ္တဇ<b>ဩဇဋ္ဌမက</b>ရုပ်များတွင် ပါဝင်တည်ရှိသော ရူပါရုံ (= <b>ဝဏ္ဏ</b>ဓာတ် အရောင်အလင်း)သည် ယောဂါဝစရပုဂ္ဂိုလ်၏ ရူပကာယ (= ကိုယ်အတွင်း) ၌သာလျှင် ပျံ့နှံ့၍ တည်၏။ ဥတုသမုဋ္ဌာန်အမည်ရသည့် ဥတုဇ<b>ဩဇဋ္ဌမက</b> ရုပ်ကလာပ်များတွင် ပါဝင်တည်ရှိသော ရူပါရုံ (= <b>ဝဏ္ဏ</b>ဓာတ် အရောင်အလင်း)သည်ကား ယောဂါဝစရပုဂ္ဂိုလ်၏ ခန္ဓာအိမ်အတွင်း၌သာမက ခန္ဓာကိုယ်၏ အပြင်ဘက် ဗဟိဒ္ဓ လောကဝယ် ဝန်းကျင်ပတ်ချာ အရပ်ဆယ်မျက်နှာသို့တိုင်အောင် ဉာဏ်အာနုဘော်က ကြီးလျှင် ကြီးသည့်အားလျော်စွာ အဝေးသို့တိုင်အောင် ပျံ့နှံ့၍ တည်၏။ ထိုအရောင်အလင်းကား ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌သာလျှင် ထင်ရှား၏။</p> <p>ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့၍ တည်နေသော ထိုအရောင်အလင်းနှင့် တွေ့ထိမိရာ အရပ်၌ တည်ရှိသော ရူပါရုံအမျိုးမျိုးကိုလည်း ယောဂါဝစရပုဂ္ဂိုလ်သည် တွေ့မြင်နေပေ၏။ ထိုသို့ တွေ့မြင်ရာဝယ် စက္ခုဝိညာဏ်ဖြင့်ပင် တွေ့မြင်သလော, မနောဝိညာဏ်ဖြင့်ပင် တွေ့မြင်သလော ဟူသော အချက်ကို စူးစမ်းဆင်ခြင်သင့်သည်ဟု ဆရာမြတ်တို့ မိန့်ဆိုတော်မူကြကုန်၏။ မိမိ မဟာဋီကာဆရာ၏ အယူအဆမှာမူ ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိတော်မူကြကုန်သော သူတော်ကောင်းတို့သည် ထိုရူပါရုံကို ဒိဗ္ဗစက္ခုအဘိညာဏ်ဟူသော မနောဝိညာဏ်စိတ်ဖြင့် တွေ့မြင်သကဲ့သို့ အလားတူပင် ဤအရာ၌လည်း ထိုရူပါရုံအပေါင်းကို (သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ဟူသော) မနောဝိညာဏ်ဖြင့်သာလျှင် သိမြင်၏ဟူသော စကားသည်သာလျှင် သင့်မြတ်သကဲ့သို့ ထင်ပေသည်။ --- ဤကား အထက်ပါ မဟာဋီကာ စကားရပ်၏ ဆိုလိုရင်းတည်း။</p> <hr> <h3>အနီးစပ်ဆုံးသော အကြောင်းတစ်ရပ်</h3> <p>ဤဉာဏ်အာနုဘော် ကြီးမားမှု မကြီးမားမှုတို့၏ အနီးစပ်ဆုံးသော အကြောင်းတစ်ရပ်မှာ --- <b>သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတိ</b> (အံ၊၃၊၂၅၉။) = တည်ကြည်သော <b>သမာဓိ</b>ရှိသောသူသည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိမြင်၏ --- ဟု ဘုရားရှင် ဟောကြားထားတော် မူသောကြောင့် <b>သမာဓိ</b>သည် အနီးစပ်ဆုံး အကြောင်းတစ်ရပ် ဖြစ်ပေသည်။</p> <hr> <h3>ဥပစာရစကားဟု မှတ်ပါ</h3> <p>အထက်ပါ မဟာဋီကာဆရာတော်၏ ရှင်းလင်းချက်အရ ဉာဏ်အရောင် အလင်းဟူသော စကားမှာ တင်စား၍ ခေါ်ဝေါ်သုံးစွဲထားသော ဥပစာရစကားဟု မှတ်ပါ။ ဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာသော အကျိုးဖြစ်သော စိတ္တဇ ရုပ်, ထိုစိတ္တဇရုပ် တေဇောဓာတ်မှ ထပ်ဆင့်ဖြစ်ပွားလာသော ဥတုဇရုပ်တို့၌ ပါဝင်တည်ရှိသော <b>ဝဏ္ဏ</b>ဓာတ် (= ရူပါရုံ) ၏ တောက်ပမှု (= <b>အာလောက</b> = <b>ဩဘာသ</b> = အရောင်အလင်း) ဟူသော အမည်ကို အကြောင်းဖြစ်သော ဉာဏ်အပေါ်၌ တင်စား၍ (သမထဉာဏ်ရောင်) ဝိပဿနာဉာဏ်ရောင်ဟု ခေါ်ဝေါ်သုံးစွဲထားသော <b>ဖလူပစာရ</b>စကားဟု မှတ်ပါ။ ဤစကားအရ ဉာဏ်၌ အရောင် မရှိ။ ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော (အထက်တွင် ရှင်းပြထားသော) ရုပ်တရားတို့၌သာ အရောင်ရှိသည်ဟု အတိုချုပ် မှတ်သားပါလေ။</p> <hr> <h3>ရူပါရုံ အမျိုးမျိုးကို တွေ့မြင်နိုင်သည်</h3> <p>အထက်ပါ မဟာဋီကာဆရာတော်၏ စကားရပ်တွင် <b>တေန ဖုဋ္ဌောကာသော ရူပဂတမ္ပိ ပဿတိ</b> = ထိုလင်းရောင်ခြည်ဖြင့် တွေ့ထိမိရာ အရပ်၌ တည်ရှိသော ရူပါရုံအမျိုးမျိုးကိုလည်း ယောဂါဝစရပုဂ္ဂိုလ်က တွေ့မြင်နိုင်ကြောင်းကို ဖွင့်ဆိုလျက် ရှိ၏။ ထိုလင်းရောင်ခြည်၏ စွမ်းအင်ဖြင့် ရူပါရုံအမျိုးမျိုးကို တွေ့မြင်ပုံကိုလည်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက အောက်ပါအတိုင်း ဖွင့်ဆိုထား၏။</p> <p>ထိုအရောင်အလင်းသည် အချို့သော ရဟန်းတော်အား ထက်ဝယ်ဖွဲ့ခွေ ထိုင်နေရာ အရပ်မျှလောက်ကိုသာ ဖြစ်ပေါ်လာ၏။ အချို့သော ရဟန်းတော်အား တိုက်ခန်းတစ်ခန်း အတွင်းကို, အချို့သော ရဟန်းတော်အား တိုက်ခန်းပြင်ပကိုလည်း ထွန်လင်းလျက် ဖြစ်ပေါ်လာ၏။ အချို့သော ရဟန်းတော်အား ကျောင်းတိုက်အားလုံးကို, တစ်ဂါဝုတ်ကို, ယူဇနာဝက်ကို, တစ် ယူဇနာကို, နှစ်ယူဇနာကို, သုံးယူဇနာကို။ ပ ။ အချို့သော ရဟန်းတော်အား မဟာပထဝီမြေကြီးအပြင်မှသည် အကနိဋ္ဌဗြဟ္မာပြည်သို့ တိုင်အောင် တစ်ခဲနက် ထူထပ်သော တစ်ဆက်တည်းသော အရောင်အလင်းကို ပြုလျက် ဖြစ်ပေါ်လာ၏။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ <b>ဩဘာသ</b>အရောင်အလင်းသည် ကား တစ်သောင်းသော လောကဓာတ် စကြဝဠာတိုက်အပေါင်းကို ထွန်းလင်း စေလျက် ထင်ရှားဖြစ်ပေါ်လာတော်မူ၏။ (ဝိသုဒ္ဓိ၊၂၊၂၇၀။)</p> <p>ထိုသို့ <b>ဩဘာသ</b>ခေါ် ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းမှာ ယောဂါဝစရပုဂ္ဂိုလ် တစ်ပါးနှင့်တစ်ပါး မတူဘဲ အနည်းအများ အကြီးအငယ် အဝေးအနီး မတူထူးခြားမှု ရှိမှုနှင့် ဆက်စပ်၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက အောက်ပါ ဝတ္ထုနှစ်ရပ်ကို ဖွင့်ဆိုရေးသားထားပေသည်။</p> <p>နာမည်ကျော်ဖြစ်သော သီဟိုဠ်ကျွန်း စိတ္တလတောင်၌ နှစ်ခုသော အထွဋ်ရှိသော ကျောင်းတစ်ဆောင်၏ အတွင်း၌ ယောဂါဝစရမထေရ်မြတ်ကြီး နှစ်ပါးတို့သည် သီတင်းသုံး စံနေတော်မူကြ၏။ မထေရ်မြတ်ကြီးနှစ်ပါးတို့ <b>ဩဘာသ</b> (= ဉာဏ်လင်းရောင်ခြည်) စွမ်းအင်နှင့် ပတ်သက်၍ ဆွေးနွေးမိသော ထိုညဉ့်ကား လကွယ်ပက္ခဥပုသ်နေ့လည်း ဖြစ်နေ၏။ မိုးသား တိမ်းတိုက်တို့ကား ရှစ်နယ်ပတ်ကုံး အပြည့်ဖုံးလျက်ပင် ရှိကြ၏။</p> <p>၁။ လကွယ်နေ့ ညသန်းခေါင်ယာမ် ဖြစ်ခြင်း,</p> <p>၂။ စိတ္တလတောင် တောရကျောင်းတိုက် တောအုပ်ကြီးအတွင်း၌ ဖြစ်ခြင်း,</p> <p>၃။ မိုးသားတိမ်တိုက်တို့က ရှစ်ခွင်တိုင်း၌ အပြည့်ဖုံးလျက် ရှိခြင်း,</p> <p>၄။ လျှပ်စစ်ရောင်စသည့် အရောင်အလင်း လုံးဝမရှိခြင်း --- တည်းဟူသော အင်္ဂါလေးပါးနှင့် ပြည့်စုံသော အမိုက်တိုက် အမှောင်ထုကြီးကား ဖုံးအုပ်လျက် ဖြစ်ပေါ်လျက် ရှိ၏။ ထိုအခါ၌ တစ်ဦးသော သီတင်းငယ် မထေရ်က ---</p> <p>အရှင်ဘုရား ...တပည့်တော်အား ယခုအခါ၌ စေတီရင်ပြင်တော်၌ <b>သီဟာသန</b>ခေါ် မြတ်သောနေရာ၌ ငါးပါးသော အဆင်းရှိကုန်သော ပန်းတို့သည် ထင်ရှားနေပါကုန်၏ဟု လျှောက်ထား၏။ (ဝိသုဒ္ဓိ၊၂၊၂၇၀။)</p> <p>မထေရ်ကြီးများ သီတင်းသုံးတော်မူရာကျောင်းမှာ အတွင်းအိပ်ခန်းများ ပတ်လည်တွင် စင်္ကြံလျှောက်ရန် စင်္ကြံလမ်းများ ရှိနေ၏။ ပတ်လည်စင်္ကြံကိုလည်းကောင်း, အတွင်းအိပ်ခန်းကိုလည်းကောင်း ကာရံထားသဖြင့် နှစ်ထပ်အကာအရံရှိသော ကျောင်းဖြစ်ပေသည်။ သီတင်းငယ်ဖြစ်တော်မူသော မထေရ်မြတ်ကြီး၏ ဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းမှာ ထိုနှစ်ထပ်သော အကာအရံတို့ကို ထိုးဖောက်ကာ စေတီရင်ပြင်တော်အထိ ပျံ့နှံ့၍ တည်နေ၏။ ညနေချမ်းအခါက စေတီရင်ပြင်တော်၌ တည်ရှိသော <b>သီဟာသန</b>ခေါ် မွန်မြတ်သော ပန်းတင်ခုံနေရာ၌ ငါးပါးသော အရောင်အဆင်းရှိကုန်သော ပန်းတို့ကို ဖြန့်ခင်းလျက် စေတီတော်အား ပူဇော်ထားကြကုန်၏။ သန့်ရှင်းစင်ကြယ်သော ဝိပဿနာဉာဏ်ရှိသော ယောဂါဝစရပုဂ္ဂိုလ်အား ဉာဏ်အရောင်အလင်းဖြင့် ပျံ့နှံ့တွေ့ထိမိရာအရပ်၌ တည်ရှိသော ရူပါရုံအပေါင်း ရူပါရုံအမျိုးမျိုးသည်လည်း ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိတော်မူသော သူတော်ကောင်း၏ဉာဏ်ဝယ် ထင်ရှားသကဲ့သို့ ထင်ရှား လာကြကုန်၏။ ထို့ကြောင့် --- အရှင်ဘုရား ... တပည့်တော်အား ယခုအခါ၌ စေတီရင်ပြင်တော်၌ <b>သီဟာသန</b>ခေါ် မြတ်သောနေရာ၌ ငါးပါးသော အဆင်းရှိကုန်သော ပန်းတို့သည် ထင်ရှားနေပါကုန်၏ဟု လျှောက်ထားခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၂၊၄၂၉...)</p> <p>ထိုမထေရ်ငယ်ကို သီတင်းဝါကြီးတော်မူသော မထေရ်ကြီးက ဤသို့ ပြန်လည်ကာ အမိန့်ရှိတော်မူ၏။</p> <p>ငါ့ရှင် ...မအံ့ဩလောက်သည်ကို ပြောဆိုဘိ၏၊ ငါ့အားမူကား ယခုအခါ၌ မဟာသမုဒ္ဒရာအတွင်း ယူဇနာအရပ်၌ ငါးလိပ်တို့သည် ထင်ရှား၍နေကုန်၏ဟု မိန့်ဆိုတော်မူ၏။ (ဝိသုဒ္ဓိ၊၂၊၂၇၀။)</p> <hr> <h3>ဉာဏ်ရောင်လေးမျိုး</h3> <p><b>ထိနမိဒ္ဓဝိနောဒနအာလောကောပိ ဝါ ဟောတု ကသိဏာလောကောပိ ဝါ ပရိကမ္မာလောကောပိ ဝါ၊ ဥပက္ကိလေသာလောကော ဝိယ သဗ္ဗောယံ အာလောကော ဉာဏသမုဋ္ဌာနောဝါတိ။</b> (အံ၊ဋီ၊၃၊၁၇၇-၁၇၈။)</p> <p>ဤအထက် ပါဋီကာဆရာတော်က ---</p> <p>၁။ <b>ထိနမိဒ္ဓဝိနောဒနအာလောက</b>,</p> <p>၂။ <b>ကသိဏာလောက</b>,</p> <p>၃။ <b>ပရိကမ္မာလောက</b>,</p> <p>၄။ <b>ဥပက္ကိလေသာလောက</b> ---</p> <p>ဤသို့လျှင် ဉာဏ်အရောင်အလင်း လေးမျိုး ရှိကြောင်းကို ဖွင့်ဆိုထား၏။</p> <p>၁။ <b>ထိနမိဒ္ဓဝိနောဒန အာလောက</b> = ထိနမိဒ္ဓကို ပယ်ဖျောက်ကြောင်း အလင်းရောင် = ဒိဗ္ဗစက္ခုအဘိညာဏ် (= နတ်မျက်စိကဲ့သို့ အဝေးအနီးရှိသမျှ အလုံးစုံကို မြင်သိနိုင်စွမ်းရှိသော အဘိညာဏ်) အလို့ငှာ ပွားများထားအပ် သော အာလောကကသိုဏ်း<b>သမာဓိ</b>ကြောင့် (ဥပစာရ+အပ္ပနာ နှစ်ဖြာသော <b>သမာဓိ</b>နှင့်ယှဉ်သော ဉာဏ်ကြောင့်) ဖြစ်ပေါ်လာသော အရောင်အလင်း တည်း။</p> <p>၂။ <b>ကသိဏာလောက</b> = အာလောကကသိုဏ်းမှ ကြွင်းသော ကသိုဏ်းတို့ကို ပွားများရာ၌ ဖြစ်ပေါ်လာသော ဥပစာရ+အပ္ပနာ နှစ်ဖြာသော ကသိုဏ်း<b>သမာဓိ</b>နှင့် ယှဉ်သော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းတည်း။</p> <p>၃။ <b>ပရိကမ္မာလောက</b> = အဘိညာဏ်၏ အခြေခံဖြစ်သော ပရိကမ္မ, စျာန်၏ အခြေခံဖြစ်သော ပရိကမ္မ - ဤှနှစ်မျိုးသော ပရိကမ္မ<b>သမာဓိ</b>နှင့် ယှဉ်သော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းတည်း။</p> <p>၄။ <b>ဥပက္ကိလေသာလောက</b> = ဝိပဿနာဉာဏ်ကြောင့် အထူးသဖြင့် ဥဒယဗ္ဗယနုပဿနာ (= သင်္ခါရတရားတို့၏ အဖြစ်-အပျက်ကို ရှုနေသော ဝိပဿနာ)ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းတည်း။</p> <p>ဤအထက်ပါ မထေရ်မြတ်ကြီးနှစ်ပါးတို့၏ ဆွေးနွေးခန်း၌ လာရှိသော ဝိပဿနာဉာဏ်လင်းရောင်ခြည်ဖြင့် တွေ့ထိမိရာအရပ်၌ တည်ရှိသော ငါးမျိုးသော အရောင်အဆင်းရှိသော ပန်းတို့ကိုလည်းကောင်း, ငါးလိပ်တို့ကိုလည်းကောင်း ယောဂါဝစရပုဂ္ဂိုလ်က တွေ့မြင်နိုင်၏ဟူသော အချက်ကို ယောဂီ သူတော်ကောင်းတစ်ဦးသည် သတိပြုကာ မှတ်သားထားသင့်၏၊ မမေ့သင့်ပေ။ တစ်ဖန် ဒိဗ္ဗစက္ခုအဘိညာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း, ဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းတို့နှင့် တွေ့ထိမိရာအရပ်၌ တည်ရှိသော ရူပါရုံအမျိုးမျိုးကို ဒိဗ္ဗစက္ခုအဘိညာဏ် ဝိပဿနာဉာဏ်တို့ဖြင့် တွေ့မြင်ရသကဲ့သို့ အထက်တွင် တင်ပြထားသော <b>ကသိဏာလောက, ပရိကမ္မာလောက</b>ဟူသော ကျန်သမထဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာရသော လင်းရောင်ခြည်ဖြင့် တွေ့ထိမိရာအရပ်၌ တည်ရှိသော အရောင်အဆင်း အမျိုးမျိုးကိုလည်း ယောဂါဝစရပုဂ္ဂိုလ်က တွေ့မြင်သည်ဟု ပြောဆိုလာပါလျှင်လည်း ယောဂီသူတော်ကောင်း တစ်ဦးသည် လက်ခံနိုင်လိမ့်မည်ဟု ယူဆပါသည်။ အကြောင်းမူ ဉာဏ်အရောင်အလင်းတို့၏ စွမ်းအင်များသည် တစ်ခုနှင့် တစ်ခု ကွာဟချက်, ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးနှင့် တစ်ဦး ကွာဟချက် ရှိနိုင်ငြားသော်လည်း အားလုံးကား ဉာဏ်ကြောင့် ဖြစ်ပေါ်လာရသော လင်းရောင်ခြည်များသာ ဖြစ်ကြသောကြောင့် ယောဂီသူတော်ကောင်းတစ်ဦးသည် လက်ခံနိုင်လိမ့်မည်ဟု မျှော်လင့်ခြင်း ဖြစ်ပေသည်။ အထက်တွင် တင်ပြထားသော <b>အဓိစိတ္တ</b>သုတ္တန် သို့မဟုတ် <b>နိမိတ္တ</b>သုတ္တန်ကို ထောက်ရှုပါ။ (အံ၊၁၊၂၅၈။...ကြည့်)</p> <p>ဤဉာဏ်ရောင်သည်ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြကုန်သော ဒုက္ခသစ္စာအမည်ရသည့် ဥပါဒါနက္ခန္ဓာငါးပါး, သမုဒယသစ္စာအမည်ရသည့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ ဟူသော အကြောင်းတရားတို့ကို သိမ်းဆည်းရာ ဉာဏ်ဖြင့် ပိုင်းခြားယူရာ၌ --- <b>ဝိသယောဘာသနရသော ပဒီပေါ ဝိယ။</b> (ဝိသုဒ္ဓိ၊၂၊၉၅။ အဘိ၊ဋ္ဌ၊၁၊၁၆၆။) = ယင်းဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော ပရမတ္ထဓမ္မတို့၏ သဘာဝအမှန်ကို ထိုထွင်းသိနိုင်ရန် ဆီမီး ကဲ့သို့ ထွန်းပြခြင်းကိစ္စ ရှိပေသည်။ အရိယသစ္စာတို့ကို ထင်ရှားအောင် ပြုလုပ်ပေးတတ်ပေသည်။ ထို့ကြောင့် ရုပ်နာမ်တို့၌ အသိအမြင် သန့်ရှင်းမှု ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ တက်လှမ်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ စိတ္တဝိသုဒ္ဓိ အမည်ရသည့် ဥပစာရ အပ္ပနာ နှစ်ဖြာသော <b>သမာဓိ</b>တို့တွင် တစ်မျိုးမျိုးသော <b>သမာဓိ</b>ဖြင့် <b>သမာဓိ</b>ကို ရှေးဦးစွာ တည်ထောင်ရခြင်း ဖြစ်ပေသည်။ <b>သမာဓိ</b>ကို ချစ်မြတ်နိုးလွန်း၍ကား မဟုတ်၊ ပရမတ္ထဓမ္မသဘာဝကို ထွင်းဖောက်သိမြင်နိုင်သည့် ဉာဏ်အရောင်အလင်းကို အလိုရှိသောကြောင့်လည်းကောင်း, <b>သမာဓိ</b>သည် ဉာဏ်ဖြစ်ပေါ်လာရေးအတွက် ဉာဏ်၏ အနီးကပ်ဆုံးသော အကြောင်းတရား ဖြစ်သောကြောင့်လည်းကောင်း <b>သမာဓိ</b>ကို ရှေးဦးစွာ ထူထောင်ရခြင်း ဖြစ်ပေသည်။</p> <hr> <h3>သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်</h3> <p>ယင်းသို့ဖြစ်လျှင် သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်သည် <b>သမာဓိ</b>ကို ထူထောင်မှု ရှိ-မရှိ မေးရန် ရှိ၏။ အောက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာအဖွင့်ကို ဖတ်ရှုကြည့်ပါ။</p> <p><b>သုဒ္ဓဝိပဿနာယာနိကော ပန အယမေဝ ဝါ သမထယာနိကော စတုဓာတုဝဝတ္ထာနေ ဝုတ္တာနံ တေသံ တေသံ ဓာတုပရိဂ္ဂဟမုခါနံ အညတရမုခဝသေန သင်္ခေပတော ဝါ ဝိတ္ထာရတော ဝါ စတေဿာ ဓာတုယော ပရိဂ္ဂဏှာတိ။</b> (ဝိသုဒ္ဓိ၊၂၊၂၂၂။)</p> <p>သုဒ္ဓဝိပဿနာယာနိက ယောဂါဝစရပုဂ္ဂိုလ်သည်လည်းကောင်း, ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးသောအခါ စျာန်နာမ်တရားက စ၍ မသိမ်းဆည်းလိုဘဲ ရုပ်ကမ္မဋ္ဌာန်းက စ၍ သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်းကောင်း စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်းပိုင်း၌ ဖွင့်ဆိုရေးသားအပ်ခဲ့ပြီးကုန် သော ထိုထိုဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းကြောင်း နည်းလမ်းတို့တွင် တစ်နည်းနည်း၏အစွမ်းဖြင့် အကျဉ်းနည်းအားဖြင့် သော်လည်းကောင်း, အကျယ်နည်းအားဖြင့် သော်လည်းကောင်း ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းရှုပွားပါ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)</p> <p>ဤညွှန်ကြားချက်အရ ဝိပဿနာကို တိုက်ရိုက်သွားလိုသော သုဒ္ဓဝိပဿနာယာနိက ယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကမ္မဋ္ဌာန်းကို စတင် သိမ်းဆည်းရှုပွားရမည် ဖြစ်ပေသည်။ အကြောင်းပြချက်မှာ ဤသို့ ဖြစ်၏။</p> <hr> <h3>အကြောင်းပြချက်</h3> <p><b>သမာဓိ</b>ကို ထူထောင်ပုံ နည်းစနစ်များကို ညွှန်ကြားပြသရာ သမထပိုင်း၌ကား သမထကမ္မဋ္ဌာန်း (၄၀) ရှိ၏။ သို့သော် ဝိပဿနာပိုင်း၌ကား ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်းဟု ကမ္မဋ္ဌာန်းနှစ်မျိုးသာ ရှိကြောင်းကို အဋ္ဌကထာ များ၌ ဖွင့်ဆိုလျက် ရှိ၏။</p> <p><b>ဒုဝိဓဥှိ ကမ္မဋ္ဌာနံ ရူပကမ္မဋ္ဌာနဉ္စ အရူပကမ္မဋ္ဌာနဉ္စ။ ရူပပရိဂ္ဂဟော အရူပပရိဂ္ဂဟောတိပိ ဧတဒေဝ ဝုစ္စတိ။ တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ။</b> (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)</p> <p>= ဝိပဿနာပိုင်း ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးသောအခါ ကမ္မဋ္ဌာန်းသည် ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်းဟု နှစ်မျိုး ရှိ၏။ ရုပ်ကို သိမ်းဆည်းခြင်း = ရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း = <b>ရူပပရိဂ္ဂဟ</b>, နာမ်ကို သိမ်းဆည်းခြင်း = နာမ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း = <b>အရူပပရိဂ္ဂဟ</b>ဟူ၍လည်း ခေါ်ဆို၏။ ထိုနှစ်မျိုးတို့တွင် ဘုရားရှင်သည် ရုပ်ကမ္မဋ္ဌာန်းကို သို့မဟုတ် ရုပ်တရားကို သိမ်းဆည်း ပုံကို ဟောကြားပြသတော်မူသည်ရှိသော် အကျဉ်းနှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း, အကျယ်နှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း <b>စတုဓာတုဝဝတ္ထာန်</b> အမည်ရသည့် ဓာတ်ကမ္မဋ္ဌာန်းကို ဟောကြား ပြသတော်မူရိုး ဓမ္မတာ ဖြစ်၏။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)</p> <p>ဤအဋ္ဌကထာများ၏ သတ်မှတ်ချက်အတိုင်း ပြောဆိုရမူ ရုပ်တရားကို သိမ်းဆည်းပုံ (= ရုပ်ကမ္မဋ္ဌာန်းကို ရှုပွားပုံ)နှင့် ပတ်သက်၍ ရှုပုံနည်းစနစ်ကို ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်းနှင့် ဓာတ်ကမ္မဋ္ဌာန်းအကျယ်နည်းဟု နည်း နှစ်နည်းသာလျှင် ဘုရားရှင် ဟောကြားထားတော်မူသည့်အတွက် ရုပ်တရား ကစ၍ သင်္ခါရတရားတို့ကို သိမ်းဆည်းလိုသော သမထယာနိကပုဂ္ဂိုလ်သည်လည်းကောင်း, သမထစျာန်ကို အခြေမခံသော ဝိပဿနာသက်သက်ကိုသာ အားထုတ်လိုသော သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်သည်လည်းကောင်း ဓာတ်ကြီး လေးပါးကိုသာလျှင် စတင်၍ သိမ်းဆည်းရခြင်း ရှုပွားရခြင်း ဖြစ်ပေသည်။</p> <p><b>အရူပမုခေန ပန ဝိပဿနာဘိနိဝေသော ယေဘုယျေန သမထယာနိကဿ ဣစ္ဆိတဗ္ဗော။</b> (မ၊ဋီ၊၁၊၃၆၉။)</p> <p>= နာမ်တရားကို အဦးမူသဖြင့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သည့် သင်္ခါရတရားတို့ကို စ၍ နှလုံးသွင်းခြင်းသည်ကား ယေဘုယျအားဖြင့် သမထယာနိကပုဂ္ဂိုလ်အားသာလျှင် အလိုရှိအပ်၏။ (မ၊ဋီ၊၁၊၃၆၉။)</p> <p><b>ယထာ ရူပေ ဝိပဿနာဘိနိဝေသော ယေဘုယျေန ဝိပဿနာယာနိကဿ၊ ဧဝံ အရူပေ ဝိပဿနာဘိနိဝေသော ယေဘုယျေန သမထယာနိကဿ ဟောတိ။ အဘိနိဝေသောတိ စ ဝိပဿနာယ ပုဗ္ဗဘာဂေ ကတ္တဗ္ဗနာမရူပပရိစ္ဆေဒေါ ဝေဒိတဗ္ဗော။ တသ္မာ ပဌမံ ရူပပရိဂ္ဂဏှနံ ရူပေ အဘိနိဝေသော။ ဧသ နယော သေသေသုပိ။</b> (မဟာဋီ၊၂၊၄၇၀။)</p> <p>ရုပ်တရားကစ၍ ဝိပဿနာနှလုံးသွင်းခြင်းသည် ယေဘုယျအားဖြင့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်အား ဖြစ်သကဲ့သို့ အလားတူပင် နာမ်တရားက စ၍ ဝိပဿနာနှလုံးသွင်းခြင်းသည်လည်း ယေဘုယျအားဖြင့် စျာန်ရ သမထယာနိကပုဂ္ဂိုလ်အား ဖြစ်ပေသည်။ <b>အဘိနိဝေသ</b> (= နှလုံးသွင်းခြင်း) ဟူသည်မှာလည်း ဝိပဿနာ၏ ရှေးအဖို့၌ ပြုသင့်ပြုထိုက်သော နာမ်ရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူသော <b>နာမရူပပရိစ္ဆေဒဉာဏ်</b>ဟု သိရှိပါလေ။ ထို့ကြောင့် ရှေးဦးစွာ ရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းသည် ရုပ်တရား၌ နှလုံး သွင်းခြင်း (= <b>အဘိနိဝေသ</b>) မည်၏။ ရှေးဦးစွာ နာမ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းသည် နာမ်တရား၌ နှလုံးသွင်းခြင်း (= <b>အဘိနိဝေသ</b>) မည်၏။ (မဟာဋီ၊၂၊၄၇၀။)</p> <p>[ဤဓာတ်ကမ္မဋ္ဌာန်းကို အားထုတ်ရာ၌ သဒိသူပစာရအားဖြင့် ဥပစာရ <b>သမာဓိ</b>နယ်မြေသို့ ဆိုက်သောအခါ၌လည်း ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းနေသော ဉာဏ်ကြောင့် လင်းရောင်ခြည်များ ဖြစ်ပေါ်လာသည်သာ ဖြစ်၏။ စာမျက်နှာ ...၌ ကြည့်ပါ။]</p> <h3>အာနာပါနကမ္မဋ္ဌာန်း</h3> <p>ဤနာထသုတ္တန်ပိုင်းတွင် သမထယာနိကလမ်းမှ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးပုံနှင့် ဆက်စပ်၍ ရှေးဦးစွာ ဗဟုဿုတအင်္ဂါရပ် ဒုတိယနာထတရားနှင့် ပြည့်အောင် ကြိုးစားပုံအပိုင်းကို အာနာပါနကျင့်စဉ်ပိုင်းကို အစပြုကာ သမထပိုင်းကျင့်စဉ် အချို့ကို ရေးသားတင်ပြပေအံ့။</p> <p>ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်စသည့် ထိုထိုဒေသနာတော်တို့၌ သမထပိုင်း အာနပါနကျင့်စဉ်ကို အားထုတ်ရာဝယ် ဝင်သက်လေ+ ထွက်သက်လေ၏ -----</p> <p>၁။ အရှည်ကို သိအောင်,</p> <p>၂။ အတိုကို သိအောင်,</p> <p>၃။ အစ-အလယ်-အဆုံး-အကုန်လုံးကို ထင်ထင်ရှားရှား သိအောင်,</p> <p>၄။ ဝင်သက်လေ+ထွက်သက်လေကို ငြိမ်အောင် ငြိမ်းအောင် ကျင့်ရန် ညွှန်ကြားထားတော်မူ၏။ (မ၊၂၊၈၈ ...)</p> <p>ဤ၌ အသက်ရှူနှေးမှုကို အရှည်ဟုလည်းကောင်း, အသက်ရှူမြန်မှုကို အတိုဟုလည်းကောင်း ဆိုလိုပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၆၃-၂၆၄။ မဟာဋီ၊၁၊၃၁၈။) အသက်ရှူသည့်အခါ အချိန်ခပ်ကြာကြာ ရှူမှုနှင့် အချိန်ခပ်တိုတို ရှူမှုကို ဆိုလိုပေသည်။</p> <p>ယောဂါဝစရပုဂ္ဂိုလ်သည် အသက်ရှူနှေးလျှင်လည်း ဝင်သက်လေ+ ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင်, အသက်ရှူ မြန်လျှင်လည်း ဝင်လေ+ထွက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ဝင်သက်လေ+ထွက်သက် လေ ထိမှုထင်ရှားသည့် နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းအရပ်က စောင့်၍ ဝင်လေ+ထွက်လေအာရုံ၌ သတိကပ်ကာ ရှုနေပါ။</p> <p><b>ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ ဘာဝနာ သမ္ပဇ္ဇတိ။</b> (ဝိသုဒ္ဓိ၊၁၊၂၇၁။)</p> <p>= ဝင်သက်လေ+ထွက်သက်လေ ထိမှု ထင်ရှားသည့် နှာသီးဖျား, သို့မဟုတ် အထက်နှုတ်ခမ်းအရပ်မှ စောင့်၍ ဝင်သက်လေ+ထွက်သက်လေ အာရုံ၌ သတိကပ်ကာ ပွားများအားထုတ်သူ၏ သန္တာန်၌သာလျှင် အာနာပါနဿတိ သမာဓိဘာဝနာသည် ပြည့်စုံနိုင်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)</p> <p>ဤစည်းကမ်းသတ်မှတ်ချက်ကား အလွန် အရေးကြီးလှပေသည်။ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းအရပ်မှ စောင့်၍ အသက်ရှူနှေးသည် ဖြစ်စေ, မြန်သည်ဖြစ်စေ ဝင်သက်လေ+ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် သတိဖြင့် ကပ်၍ ရှုနေပါ၊ ထိုသို့ ရှုရာ၌ အသက်ရှူ နှေးအောင် သို့မဟုတ် အသက်ရှူ မြန်အောင် မကြိုးစားပါနှင့်၊ ပင်ကိုယ်သဘာဝအတိုင်းသာ အသက်ရှူကာ ရှုနေပါ။ ထိုသို့ ရှုရာ၌ ဝင်သက်လေ+ထွက်သက်လေ၌ တည်ရှိသော မာမှု, ကြမ်းမှု, လေးမှု, ပျော့မှု, ချောမှု, ပေါ့မှု, ယိုစီးမှု, ဖွဲ့စည်းမှု, ပူမှု, အေးမှု, ထောက်ကန်မှု, တွန်းကန်မှုဟူသော ဓာတ်သဘောတရားများကို နှလုံးမသွင်းပါနှင့်၊ ယင်း ဓာတ်သဘောတရားများကို နှလုံးသွင်းပါက ဓာတ်ကမ္မဋ္ဌာန်း ဖြစ်သွား ပေသည်။ အာနာပါနကမ္မဋ္ဌာန်းနှင့် ဓာတ်ကမ္မဋ္ဌာန်းကို မရောယှက်အောင် သတိပြုပါ။</p> <p>ဝင်သက်လေ+ထွက်သက်လေဟူသော ပညတ်အာရုံ၌သာ ဘာဝနာစိတ်ကို ကပ်ကာ သမာဓိကို ထူထောင်ပါ။ အကယ်၍ သမာဓိကို ထူထောင်၍ မရနိုင်ဘဲ စိတ် အပြင်အာရုံတို့သို့ အရောက်များနေပါက ရေတွက်ခြင်း (=ဂဏနာ)နည်းကို အသုံးပြုရန် အဋ္ဌကထာများက အကြံပြုထားပေသည်။ ဝင်သက်လေ+ထွက်သက်လေ နှစ်ခုပေါင်းကို တစ် ..စသည်ဖြင့် ရေတွက်ပါ။ ငါးနှင့် တစ်ဆယ်အကြား နှစ်ခြိုက်ရာ နေရာတွင် ရပ်နားနိုင်သည်။ (ဝိသုဒ္ဓိ၊၁၊၂၇၀။)</p> <p>ရေတွက်ခြင်း (= ဂဏနာ)နည်း၏ အစွမ်းဖြင့်လည်း ဝင်သက်လေ+ ထွက်သက်လေ အာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေတတ်ပါသည်။</p> <p>မရေတွက်ဘဲနှင့် ဖြစ်စေ, ရေတွက်သည့်နည်းဖြင့် ဖြစ်စေ သမာဓိကို ထူထောင်ရာ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဝင်သက်လေ+ထွက်သက်လေ အာရုံ၌ ဘာဝနာစိတ်သည် ငြိမ်သက်စွာ ကပ်၍ တည်နေသော် ယေဘုယျအားဖြင့် ဝင်သက်လေ+ထွက်သက်လေမှာ နူးညံ့သိမ်မွေ့လာတတ်ပါသည်။ အကယ်၍ မသိမ်မွေ့ပါက သိမ်မွေ့စေရမည်ဟူသော အာဘောဂ နှလုံး သွင်းဖြင့် ဝင်သက်လေ+ထွက်သက်လေအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအားထုတ်လိုက်သော် သမာဓိ အားကောင်း လာသောအခါ ဝင်သက်လေ+ထွက်သက်လေမှာ သိမ်မွေ့လာတတ်ပါသည်။</p> <p>ထိုအခါ ယောဂါဝစရပုဂ္ဂိုလ်က သိမ်မွေ့သော လေကို ထင်ရှားအောင် သက်သက် မကြိုးစားပါနှင့်။ ထိုသိမ်မွေ့သော လေ၌ အစမှ အဆုံးထိ တောက်လျှောက်သိနေအောင် ဘာဝနာစိတ်ကို ကပ်ထားပါ။ အသက်ရှူ နှေးလျှင်လည်း သိမ်မွေ့နေသော လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင်, အသက်ရှူမြန်လျှင်လည်း ယင်းသို့မြန်နေသော သိမ်မွေ့နေသော လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင် ရှားရှား သိအောင်သာ ဆက်လက်ကြိုးစားပါ။ ယင်းသိမ်မွေ့သော ဝင်သက်လေ+ထွက်သက်လေအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်တည်နေအောင် ကြိုးစားပါ။ ဤအချိန်အခါမျိုး၌ ဝင်သက်လေ+ထွက်သက်လေမှာ သိမ်မွေ့လွန်းသဖြင့် မထင်မရှား ဖြစ်လာတတ်ပါသည်။ ထိုအခါ ထင်ရှားအောင် အသက်ပြင်းပြင်း မရှူပါနှင့်။ ထိုအခါမျိုး၌ အလွန်အားကောင်းသော ဝင်သက်လေ+ထွက်သက်လေကို အမှတ်ရမှု သတိနှင့် ဝင်သက်လေ+ ထွက်သက်လေကို ကွဲကွဲပြားပြား သိတတ်သော သမ္ပဇဉ်ဉာဏ်ရှိဖို့ လိုအပ်ပေ သည်။</p> <p><b>နာဟံ ဘိက္ခဝေ မုဋ္ဌသတိဿ အသမ္ပဇာနဿ အာနာပါနဿတိဘာဝနံ (အာနာပါနဿတိသမာဓိဘာဝနံ) ဝဒါမိ။</b> (မ၊၃၊၁၂၇။ သံ၊၃၊၂၉၄။)</p> <p>ရဟန်းတို့ ...ဝင်လေ+ထွက်လေကို အမှတ်ရမှု သတိ ကင်းပျောက်နေ သော, ဝင်လေ+ထွက်လေတို့ကို ကွဲကွဲပြားပြား သိတတ်သည့် သမ္ပဇဉ်ဉာဏ် မရှိသော သူအား အာနာပါနဿတိ (= အာနာပါနဿတိသမာဓိ)ဘာဝနာကို ငါဘုရား ဟောတော်မမူပေ။ (မ၊၃၊၁၂၇။သံ၊၃၊၂၉၄။)</p> <p>ထိုအခါမျိုး၌ သတိနှင့် သမ္ပဇဉ်ဉာဏ် အားကောင်းမောင်းသန်ဖို့ လိုအပ်ပေသည်။ သတိသမ္ပဇဉ်ဉာဏ်အား ကောင်းကောင်းဖြင့် ဝင်လေ+ထွက်လေ ထိမှု ထင်ရှားသည့် နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းအရပ်က စောင့်၍ ဝင်လေ+ထွက်လေကို စူးစူးစိုက်စိုက်ရှုကာ သတိကို ကပ်ထားနိုင်ခဲ့သော် သမာဓိလည်း အားကောင်းလာခဲ့သော် မကြာမီ အချိန်ကာလအတွင်းဝယ် အာနာပါနနိမိတ် စ၍ ပေါ်လာတတ်ပါသည်။</p> --- <h3>အခက်အခဲများ</h3> <p>အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၌ နိမိတ်ပေါ်စဝယ် ဝင်သက်လေ+ ထွက်သက်လေနှင့် နိမိတ်မှာ တစ်သားတည်း မဖြစ်ဘဲ ဝင်လေ+ထွက်လေက တခြား, နိမိတ်က တခြား ဖြစ်နေတတ်၏။ နိမိတ်မှာ နှာသီးဖျားမှ တစ်ထွာခန့် တွင်လည်း ပေါ်နေတတ်၏၊ လက်တစ်လုံးခန့် လက်နှစ်လုံးခန့်တွင်လည်း ပေါ်နေတတ်၏၊ နဖူးပေါ်တွင်လည်း ပေါ်နေတတ်၏၊ မျက်မှောင် နှစ်ခုတို့၏ အကြား၌လည်း ပေါ်နေတတ်၏။ အကွာအဝေး အမျိုးမျိုး၌ ပုံသဏ္ဌာန် အမျိုးမျိုး အရောင်အမျိုးမျိုးသော နိမိတ်များ ဖြစ်ပေါ်နေတတ်ကြ၏။ အထက်တွင် ရှင်းပြခဲ့သော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ညွှန်ကြားချက်ကို မမေ့ ပါနှင့်။ ညွှန်ကြားချက်မှာ ဤသို့ဖြစ်၏။</p> <p><b>ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ ဘာဝနာ သမ္ပဇ္ဇတိ။</b> (ဝိသုဒ္ဓိ၊၁၊၂၇၁။)</p> <p>(နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတည်းဟူသော) ဝင်သက်လေ+ ထွက်သက်လေ၏ ထိမှုထင်ရှားရာ ထိမှုထင်ရှားရာ နေရာ၌ အာနပါနကို (= ဝင်သက်လေ+ထွက်သက်လေကို) သိမ်းဆည်းတတ်သော သတိကို ထား၍ (= ရှေးရှူ တည်စေ၍) အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်သော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် အာနာပါနဿတိသမာဓိဘာဝနာသည် ပြီးစီး ပြည့်စုံနိုင်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)</p> <p>ဤအပိုင်းတွင်လည်း ဤစည်းမျဉ်းဥပဒေသကို မမေ့ပါနှင့်။ အလွန် တိကျစွာ လိုက်နာရမည့် စည်းမျဉ်းဥပဒေသ ဖြစ်သည်။</p> <p>တစ်ဖန် ယင်းနိမိတ်၏ အရောင်ကိုလည်း နှလုံး မသွင်းပါနှင့် (ဝိသုဒ္ဓိ၊ ၁၊၂၇၈။) ဤစည်းမျဉ်းဥပဒေသမှာလည်း အလွန်တိကျစွာ လိုက်နာရမည့် စည်းမျဉ်းဥပဒေသ တစ်ခုပင် ဖြစ်သည်။</p> <p>ယင်းသို့ နိမိတ် ဝေးကွာနေရာ၌ နိမိတ်ကို နှလုံးမသွင်းဘဲ ပကတိသော ဝင်သက်လေ+ထွက်သက်လေ၏ ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဟူသော နှစ်နေရာတို့တွင် တစ်နေရာမှ စောင့်၍ ပကတိသော ဝင်သက်လေ+ထွက်သက်လေကိုသာ ရှုနေပါ၊ သမာဓိကို ဆက်လက် ထူထောင်ပါ။ တဖြည်းဖြည်း သမာဓိစွမ်းအင် ပြည့်ဝလာသောအခါ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတွင် မြစ်ဖျားခံ၍ အခြေစိုက်၍ နိမိတ်သည် ကပ်၍ တည်နေပေလိမ့်မည်။ နိမိတ်နှင့် ဝင်သက်လေ+ထွက်သက်လေတို့သည် တစ်သားတည်း ဖြစ်သွားပါက တစ်ခုတည်း ဖြစ်သွားပါက = ဝင်သက်လေ+ ထွက်သက်လေသည်ပင် နိမိတ်, နိမိတ်သည်ပင် ဝင်သက်လေ+ ထွက်သက်လေ ဖြစ်သွားပါက နှာခေါင်းအတွင်းမှ ထွက်လာသော လေသည်ပင် နိမိတ် ဖြစ်သွားပါက ပုံစံမှန်သွားပြီ ဖြစ်သည်။ ထိုအခါ နိမိတ်ကိုပင် အာရုံယူကာ နိမိတ်မှာပင် ဘာဝနာစိတ်ကို ကပ်ကာ သမာဓိကို ဆက်လက် ထူထောင်ပါ။</p> --- <h3>နိမိတ်ကို မကစားပါနှင့်</h3> <p><b>တေသု ဟိ အာနာပါနနိမိတ္တံ တာဝ ဝဍ္ဎယတော ဝါတရာသိယေဝ ဝဍ္ဎတိ၊ ဩကာသေနေ စ ပရိစ္ဆိန္နံ၊ ဣတိ သာဒီနဝတ္တာ ဩကာသေန စ ပရိစ္ဆိန္နတ္တာ န ဝဍ္ဎေတဗ္ဗံ။</b> (ဝိသုဒ္ဓိ၊၁၊၁၀၉။)</p> <p>= နိမိတ်ကို တိုးပွားအောင် မပြုလုပ်သင့်သော ထိုကမ္မဋ္ဌာန်းတို့တွင် အာနာပါနနိမိတ်လည်း ပါဝင်လျက် ရှိ၏။ အာနာပါနနိမိတ်ကို တိုးပွားအောင် ပြုလုပ်ခဲ့သော် လေအစုအပုံသည်သာလျှင် တိုးပွားလာ၏။ အာနာပါန ကမ္မဋ္ဌာန်းကို ပွားများအားထုတ်ရာ၌ ဝင်သက်လေ+ထွက်သက်လေ ထိမှု ထင်ရှားရာ နေရာ၌သာ သတိကို ကပ်ထား၍ (= ရှေးရှု တည်စေ၍) ပွားများရမည်ဟု ယင်းအာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းရမည့်နေရာ (= သတိ ကပ်ထားရမည့်နေရာ)ဖြင့်လည်း ပိုင်းခြား ကန့်သတ်ထား၏။ ဤသို့လျှင် လေ အစုအပုံ တိုးပွားခြင်းဟူသော အပြစ်ရှိသည့်အတွက်ကြောင့်လည်းကောင်း, ဝင်သက်လေ+ထွက်သက်လေ၏ ထိမှု ထင်ရှားရာ နေရာဖြစ်သည့် နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဟူသော သတိကပ်ရမည့် နေရာအရပ်ဖြင့် ပိုင်းခြား သတ်မှတ်ထားသည့်အတွက်ကြောင့်လည်းကောင်း အာနာပါနနိမိတ်ကို တိုးပွားအောင် မပြုလုပ်ပါနှင့်။ (ဝိသုဒ္ဓိ၊၁၊၁၀၉။)</p> <p>ဤစည်းမျဉ်းဥပဒေသမှာလည်း ရိုသေစွာ ဦးထိပ်ရွက်ပန်ဆင်၍ လိုက်နာ ရမည့် စည်းမျဉ်းဥပဒေသ တစ်ခုပင် ဖြစ်သည်။ ထိုကြောင့် ယောဂါဝစရ ပုဂ္ဂိုလ်သည် ယင်း အာနာပါနနိမိတ်ကို ကြီးသွားအောင်, သေးသွားအောင်, ရှည်အောင်, တိုအောင်, ဝေးအောင်, နီးအောင်, ဖြူအောင်, ဝါအောင်, နီအောင်, ပြာအောင် ဤသို့ စသည်ဖြင့် မကြိုးစားပါနှင့်။ ယင်းသို့ ကြိုးစား နေခဲ့သော် ယောဂါဝစရပုဂ္ဂိုလ်က အလိုရှိနေသော အာနာပါနစျာန်သို့ကား မရောက်ရှိနိုင်တော့ပေ။ ဝီရိယလွန်သော် ဥဒ္ဓစ္စဟူသည့် အဆိုအတိုင်း နိမိတ်ကို ပုံသဏ္ဌာန်အမျိုးမျိုး အရောင်အမျိုးမျိူးဖြစ်အောင် ကြောင့်ကြစိုက်နေရသဖြင့် အာရုံအမျိုးမျိုးသို့ စိတ်ပျံ့လွင်နေမှု ဥဒ္ဓစ္စနီဝရဏတရားက နေရာခပ်များများ ယူထားသောကြောင့်ပင် ဖြစ်ပေသည်။</p> --- <h3>ရှောင်ရှားရန်</h3> <p><b>အထာနေန တံ နိမိတ္တံ နေဝ ဝဏ္ဏတော မနသိကာတဗ္ဗံ၊ န လက္ခဏတော ပစ္စဝေက္ခိတဗ္ဗံ။</b> (ဝိသုဒ္ဓိ၊၁၊၂၇၈။)</p> <p>အာနာပါနကမ္မဋ္ဌာန်း၌ ပရိကမ္မနိမိတ်, ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ်ဟု နိမိတ်သုံးမျိုး ရှိ၏။ နိမိတ်ဟူသည် သမာဓိဖြစ်ဖို့ရန် သို့မဟုတ် သမာဓိ၏ အာရုံ အကြောင်းတရားဟု ဆိုလို၏။</p> <p>၁။ ပရိကမ္မနိမိတ် --- ပကတိသော ဝင်သက်လေ+ထွက်သက်လေသည်လည်း ပရိကမ္မနိမိတ် မည်၏။ အာနာပါနကမ္မဋ္ဌာန်းကို အထက်တွင် တင်ပြခဲ့သည့် ဘုရားရှင် ညွှန်ကြားတော်မူသည့်အတိုင်း အစဉ်အတိုင်း ကျင့်သဖြင့် သမာဓိ အားကောင်းလာသောအခါ ဘာဝနာ၏ စွမ်းဟုန်ကြောင့် ဖြစ်ပေါ်လာသော မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ်ရှိသော အာနာပါနနိမိတ် သည်လည်း ပရိကမ္မနိမိတ် မည်၏။</p> <p>၂။ ဥဂ္ဂဟနိမိတ် --- ဘာဝနာစွမ်းဟုန်ကြောင့်ပင် ဖြစ်ပေါ်လာသော ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူဖွေးနေသော အာနာပါနနိမိတ်သည် ဥဂ္ဂဟနိမိတ် မည်၏။ (အခြားအရောင်များလည်း ဖြစ်နိုင်သည်။)</p> <p>၃။ ပဋိဘာဂနိမိတ် --- ဘာဝနာစွမ်းဟုန်ကြောင့်ပင် ဖြစ်ပေါ်လာသော သောက်ရှူးကြယ်ကဲ့သို့ အလွန် ကြည်လင်တောက်ပနေသော အာနာပါနနိမိတ်သည် ပဋိဘာဂနိမိတ် မည်၏။ (အခြားအရောင်များလည်း ဖြစ်နိုင် သည်၊၊)</p> <p>ယောဂါဝစရပုဂ္ဂိုလ်သည် အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ်ရှိသော ပရိကမ္မနိမိတ်, ဖြူဆွတ်နေသော ဥဂ္ဂဟနိမိတ်, ကြည်လင်တောက်ပနေသော ပဋိဘာဂနိမိတ်တို့ ဖြစ်ပေါ်လာသော အခါ ယင်းနိမိတ်ကို အရောင်အားဖြင့် နှလုံးမသွင်းပါနှင့် (= ယင်းနိမိတ်တို့၏ အရောင်ကို နှလုံးမသွင်းပါနှင့်။) နှလုံးသွင်းခဲ့သော် အရောင်ကသိုဏ်းဘက်သို့ ကူးသွားမည်။ သို့သော် တကယ့်အရောင်ကသိုဏ်းလည်း မဖြစ်နိုင်။ အရောင် ကသိုဏ်း ပြုလုပ်နိုင်သော အာရုံနိမိတ်တို့တွင် ယင်း အာနာပါနနိမိတ် မပါဝင်သောကြောင့် ဖြစ်၏။ (၁)</p> <p>မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့ ဟူသော ပထဝီဓာတ်၏ သဘာဝလက္ခဏာ, ယိုစီး-ဖွဲ့စည်း ဟူသော အာပေါဓာတ်၏ သဘာဝလက္ခဏာ, ပူ-အေး ဟူသော တေဇောဓာတ်၏ သဘာဝလက္ခဏာ, ထောက်ကန်မှုဟူသော ဝါယောဓာတ်၏ သဘာဝလက္ခဏာဟု ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာများ ရှိကြ၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ပကတိသော ဝင်သက်လေ+ထွက်သက်လေ အဝင်အပါဖြစ်သော ပရိကမ္မနိမိတ်, ဥဂ္ဂဟ နိမိတ်, ပဋိဘာဂနိမိတ်ဟူသော ယင်းနိမိတ်အားလုံးကို သဘာဝလက္ခဏာ အားဖြင့်လည်း နှလုံးမသွင်းပါနှင့် (= ယင်း အာနာပါနနိမိတ်အားလုံး၌ တည်ရှိ သော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ၌လည်း နှလုံးမသွင်းပါနှင့်)။နှလုံးသွင်းခဲ့သော် ဓာတ်ကမ္မဋ္ဌာန်း ဖြစ်သွားမည်။ အာနာပါနကမ္မဋ္ဌာန်း မဖြစ်တော့ပေ။ သို့သော် ဓာတ်ကမ္မဋ္ဌာန်းမှာလည်း အာနာပါန တစ်ခုတည်း၌ တည်ရှိသော ဓာတ်လေးပါးမျှလောက်ကိုသာ ရှုရုံမျှဖြင့် မလုံလောက်သည်သာ ဖြစ်၏။ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း၌ကာ တစ်ကိုယ်လုံးကို ခြုံငုံ၍ ဓာတ်ကြီး လေးပါးတို့၏ သဘာဝလက္ခဏာကို ရှုရ၏။ ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်း၌ကား (၄၂)ကောဋ္ဌာသတို့တွင် ကောဋ္ဌာသ တစ်ခုစီ တစ်ခုစီ၌ ခြုံငုံ၍ ဓာတ်ကြီးလေးပါတို့၏ သဘာဝလက္ခဏာကို ရှုရ၏။ (၂)</p> <p>အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာဟူသော လက္ခဏာ သုံးပါးတို့သည် ဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရသော သင်္ခါရတရား အားလုံးတို့နှင့် သက်ဆိုင်သောကြောင့် အများဆိုင် သာမညလက္ခဏာ မည်၏။ယောဂါဝစရပုဂ္ဂိုလ်သည် ပကတိသော ဝင်သက်လေ+ထွက်သက်လေ အဝင်အပါ ဖြစ်သော ယင်းအာနာပါနနိမိတ်အားလုံးကို သာမညလက္ခဏာအားဖြင့်လည်း နှလုံးမသွင်းပါနှင့်။ အနိစ္စဟု ဒုက္ခဟု အနတ္တဟု လက္ခဏာရေး သုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ မရှုပွား မသုံးသပ်ပါနှင့်။ အကြောင်းမူ ဝိပဿနာဟူသည် ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော ပရမတ် သင်္ခါရတရားတို့ကိုသာလျှင် လက္ခဏာရေး သုံးတန် တစ်လှည့်စီ တင်ကာ ရှုပွားသုံးသပ်ရသော လုပ်ငန်းခွင် ဖြစ်၏။ ပကတိသော ဝင်သက်လေ+ ထွက်သက်လေ အဝင်အပါ ယင်းအာနာပါနနိမိတ် အားလုံးတို့သည်ကား သမူဟပညတ် သဏ္ဌာနပညတ် စသော ပညတ် မစင်သေးသည့် ပညတ် အတုံးအခဲတို့သာ ဖြစ်ကြသေး၏။ ပညတ်တရားတို့မည်သည်မှာ ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ မဟုတ်ကြလေကုန်။ ထိုကြောင့် ယင်းနိမိတ်တို့၌ သာမညလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။ (၃)</p> <p>ထိုကြောင့် ပကတိသော ဝင်သက်လေ+ထွက်သက်လေကို အာရုံပြု၍ ဝင်လေ ဖြစ်-ပျက် အနိစ္စ၊ ထွက်လေ ဖြစ်-ပျက် အနိစ္စ ဟု မရှုပါနှင့်။ <b>ဃန</b>ဟူသည့် ရုပ်အတုံးအခဲ မပြိုသေးသော ပကတိသော ဝင်သက်လေ+ ထွက်သက်လေကား ပညတ်သာတည်း။</p> <p><b>အဿာသပဿာသာ စိတ္တသမုဋ္ဌာနာဝ။</b> (ဝိသုဒ္ဓိ၊၁၊၃၄၆။)</p> <p><b>စိတ္တဇေ အဿာသပဿာသကောဋ္ဌာသေပိ ဩဇဋ္ဌမကဉ္စေဝ သဒ္ဒေါ စာတိ နဝ။</b> (ဝိသုဒ္ဓိ၊၂၊၂၂၃။)</p> <p>ယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကမ္မဋ္ဌာန်းအကျယ်နည်းကို အောင်မြင်စွာ ရှုပွားနိုင်သော် စိတ်ကြောင့်ဖြစ်သည့် ပကတိသော ဝင်သက်လေ+ထွက်သက်လေဟူသော အဿာသပဿာသကောဋ္ဌာသ၌ ဓာတ်ကြီး လေးပါးကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ သမာဓိစွမ်းအင် ပြည့်ဝလာသောအခါ ဝင်သက်လေ+ထွက်သက်လေကို မတွေ့တော့ဘဲ ရုပ်ကလာပ်အမှုန်များကို သာ တွေ့ရှိမည် ဖြစ်ပေသည်။ ယင်း ရုပ်ကလာပ်တို့၌ တည်ရှိသော ပရမတ် ရုပ်တရားတို့ကို ဆက်လက်သိမ်းဆည်းနိုင်ပါက ရုပ်ကလာပ် တစ်ခုစီ တစ်ခုစီ၌ ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ = အရောင်, ဂန္ဓ = အနံ့, ရသ = အရသာ, ဩဇာ = အဆီအစေး, သဒ္ဒ = အသက်ရှူသံဟု (၉)မျိုးသော ရုပ်ကလာပ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်မည် ဖြစ်ပေသည်။ ယင်း (၉) မျိုးသော ရုပ်တရားတို့ကား လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ကောင်းသော ရုပ်တရားတို့ ဖြစ်ကြ၏၊ ပရမတ္ထရုပ်တရားတို့ ဖြစ်ကြ၏။ ယင်းပရမတ္ထတရားတို့ကို မသိမ်းဆည်းနိုင်ဘဲ ဉာဏ်ဖြင့် ပိုင်းခြား မယူနိုင်ဘဲ မသိဘဲ မမြင်ဘဲ ပကတိသော ဝင်သက်လေ+ထွက်သက်လေ အဝင်အပါ ယင်းအာနာပါနနိမိတ်အားလုံးကို လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာရှုပွားသုံးသပ်ပါက တကယ် ဝိပဿနာအစစ် မဟုတ်ဟု မှတ်သားပါလေ။</p> --- <h3>အာနာပါနနိမိတ် အမျိုးမျိုး</h3> <p>ဤအာနာပါနနိမိတ်သည်ကား ခပ်သိမ်းကုန်သော သူတို့အား တစ်ချက်တည်း ထပ်တူသည်မဖြစ်ပေ၊ အမျိုးမျိုးပေါ်တတ်၏။အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ချမ်းသာသော အတွေ့အထိကို ဖြစ်စေလျက် -----</p> <p>၁။ လဲဝါဂွမ်းကဲ့သို့ (ဥဂ္ဂဟနိမိတ်)</p> <p>၂။ ဗိုင်းဝါဂွမ်းကဲ့သို့ (ဥဂ္ဂဟနိမိတ်)</p> <p>၃။ လေအလျဉ်ကဲ့သို့ (ဥဂ္ဂဟနိမိတ်)</p> <p>၄။ သောက်ရှူးကြယ်ရောင်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)</p> <p>၅။ ပတ္တမြားလုံးကဲ့သို့ (ပဋိဘာဂနိမိတ်)</p> <p>၆။ ပုလဲလုံးကဲ့သို့ (ပဋိဘာဂနိမိတ်) ထင်လာတတ်၏။</p> <p>အချို့သော ယောဂါဝစရ ပုဂ္ဂိုလ်အား ကြမ်းတမ်းသော အတွေ့အထိ ရှိသည်ဖြစ်၍ ----</p> <p>၇။ ဝါရိုးကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)</p> <p>၈။ သစ်သားနှစ် တံကျင်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်) ထင်လာတတ်၏။</p> <p>အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ----</p> <p>၉။ ရှည်စွာသော ဆောက်လုံး ကြိုးမျှင်ကဲ့သို့,</p> <p>၁၀။ ပန်းဆိုင်းကဲ့သို့,</p> <p>၁၁။ မီးခိုးညွန့်ကဲ့သို့,</p> <p>၁၂။ ကျယ်ပြန့်သော ပင့်ကူချည်မျှင်ကဲ့သို့,</p> <p>၁၃။ တိမ်တိုက်လွှာကဲ့သို့,</p> <p>၁၄။ ပဒုမ္မာကြာပွင့်ကဲ့သို့,</p> <p>၁၅။ ရထားစက်ဘီးကဲ့သို့,</p> <p>၁၆။ လဝန်းကဲ့သို့,</p> <p>၁၇။ နေဝန်းကဲ့သို့ ထင်လာတတ်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၇။မဟာဋီ၊၁၊၃၃၅။)</p> <p>အမှတ် (၉ )မှ (၁၇)အထိ အားလုံးသော နိမိတ်တို့သည် ဥဂ္ဂဟနိမိတ်+ ပဋိဘာဂနိမိတ်တို့ ဖြစ်ကြ၏။</p> <p>တစ်ခုသာတည်းလျှင်ဖြစ်သော တစ်မျိုးတည်းသာလျှင်ဖြစ်သော ဤ အာနာပါနကမ္မဋ္ဌာန်းသည် နိမိတ် မထင်မီ, နိမိတ်ထင်သည်မှ ရှေးမဆွက ဖြစ်ကုန်သော သညာတို့၏ ထူးထူးထွေထွေ ကွဲပြားမှု ရှိသည်၏အဖြစ်ကြောင့် တစ်ဦးနှင့်တစ်ဦး တစ်ချိန်နှင့်တစ်ချိန် မတူညီဘဲ နိမိတ်အမျိုးမျိုး ထင်လာရခြင်း ဖြစ်၏။ မှန်ပေသည် ဤအာနာပါနနိမိတ်သည် အာနာပါနဿတိသမာဓိဘာဝနာသညာကြောင့် ဖြစ်ပေါ်လာရ၏ (= ဘာဝနာသညာဖြင့် မှတ်အပ် ကြံအပ်ကာမျှ ဖြစ်၏)၊ ဘာဝနာသညာဟူသော အကြောင်းရင်း ရှိ၏၊ ဘာဝနာသညာဟူသော အမွန်အစ ရှိ၏။ ထိုကြောင့် ဘာဝနာသညာ ထူးထွေ ကွဲပြားမှု ရှိသောကြောင့် နိမိတ်အမျိုးမျိုး ထင်လာရခြင်း ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊ ၂၊၂၇၇။မဟာဋီ၊၁၊၃၃၅။)</p> <p>အာနာပါနဿတိသမာဓိဘာဝနာသည် ရင့်ကျက်လာသောအခါ ခိုင်မြဲလာသောအခါ နက်ရှိုင်းလာသောအခါ နိမိတ်မပေါ်မီ ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် နိမိတ်နှင့်ပတ်သက်၍ တစ်ဆင့်ကြားဖူး၍ ဖြစ်စေ, စာပေကို ဖတ်ဖူး၍ ဖြစ်စေ ဤသို့သော နိမိတ်, ဤသို့သော နိမိတ် စသည်ဖြင့် နိမိတ်နှင့် ပတ်သက်သော အယူအဆ အတွေးအခေါ်များ အမှတ်သညာများ သည် ရံခါ ကြိုးကြားကြိုးကြား ဖြစ်ပေါ်လာတတ်၏။ ယင်း အမှတ်သညာ တို့၏ ထူးထွေ ကွဲပြားမှုကြောင့် နိမိတ်အမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုး အရောင် အမျိုးမျိုး ဖြစ်ပေါ်လာရခြင်း ဖြစ်၏။ နိမိတ်ပေါ်လာပြီး နောက်ပိုင်း၌လည်း ဘာဝနာသညာက ထပ်မံ၍ ကွဲပြားနေပြန်လျှင်လည်း သမာဓိလည်း အားကောင်းမောင်းသန်ပါက စိတ်ကူးသည့်အတိုင်း နိမိတ်မှာ ပုံသဏ္ဌာန်အမျိုးမျိုး အရောင်အမျိုးမျိုး ပြောင်းလဲနေတတ်ပေသည်။ ထိုကဲ့သို့ အပြောင်းအလဲ များနေပါက စျာန်သမာဓိသို့ ရောက်ရှိဖို့ရန် အခက်ခဲများစွာ ရှိနိုင်ပေသည်။</p> <p>ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် နိမိတ်နှင့် ပတ်သက်သည့် သညာ များကို နည်းနိုင်သမျှ နည်းအောင် ကြိုးစားပါ။ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတွင် ကပ်၍ ပေါ်နေသော ပကတိသော ဝင်သက်လေ ထွက်သက်လေမှဖြစ်ပေါ်လာသော နိမိတ်၌သာ ဘာဝနာစိတ်ကို ကပ်၍တည်နေအောင် ကြိုးစားပါ။ ရေပြည့်နေသော ဖလ်ခွက်တစ်ခု အတွင်းသို့ ပတ္တမြားတစ်လုံးကို သို့မဟုတ် ပုလဲတစ်လုံးကို နှစ်ထားသကဲ့သို့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတွင် ကပ်၍ တည်နေသော နိမိတ်အတွင်း၌သာ ဘာဝနာစိတ်ကို နှစ်ထားပါ။ ယင်း နိမိတ်ကိုသာ စူးစူးစိုက်စိုက် မြဲမြဲမြံမြံ ရှုနေပါ။ တစ်နာရီ နှစ်နာရီစသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားပါ။</p> --- <h3>ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်</h3> <p>ယေဘုယျအားဖြင့် ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော နိမိတ်မှာ ဥဂ္ဂဟနိမိတ်ဖြစ်၏။ ဥဂ္ဂဟနိမိတ်ကား မကြည်ပေ။ ဆွတ်ဆွတ်ဖြူရာမှ သောက်ရှူးကြယ်ကဲ့သို့ တောက်ပနေသော ဖန်တုံး မှန်တုံးကဲ့သို့ အလွန် ကြည်လင်တောက်ပနေသော နိမိတ်ကား ပဋိဘာဂနိမိတ်တည်း။ ပတ္တမြားလုံး ကဲ့သို့ ထင်လာရာ၌ မကြည်သော ပတ္တမြားလုံးကဲ့သို့သော နိမိတ်ကား ဥဂ္ဂဟနိမိတ်တည်း၊ ကြည်လင်တောက်ပနေသော ပတ္တမြားလုံးကဲ့သို့သော နိမိတ်ကား ပဋိဘာဂနိမိတ်တည်း။ ကြွင်းကျန်သော အရောင်တို့၌လည်း နည်းတူ သဘောပေါက်ပါ။</p> <p>အထက်တွင် ဖော်ပြထားသော နိမိတ်အမျိုးမျိုးတို့တွင် အမှတ် (၁၁) အဖြစ် ဖော်ပြထားသော နိမိတ်မှာ မီးခိုးညွန့်ကဲ့သို့သော နိမိတ် ဖြစ်၏။ ယင်း နိမိတ်၌ ညစ်ထပ်ထပ် မီးခိုးရောင်နိမိတ်ကား ပရိကမ္မနိမိတ်တည်း။ ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူသော မီးခိုးညွန့်ရောင်နိမိတ်ကား ဥဂ္ဂဟနိမိတ်တည်း။ ကြည်လင်တောက်ပသော မီးခိုးညွန့်ရောင်နိမိတ်ကား ပဋိဘာဂနိမိတ်တည်း။</p> <p>ထိုနိမိတ်တို့ ဖြစ်ပေါ်လာရာ၌ ဆင်စွယ်ကဲ့သို့သော ပုံသဏ္ဌာန်ဖြင့် နှာသီးဝမှ စ၍ အပြင်ဘက်သို့ အတန်းလိုက် ပေါ်လာရာ၌ကား ယင်း နိမိတ်နောက်သို့ စိတ်ကို မလိုက်ဘဲ နှာသီးဝနှင့် အနီးကပ်ဆုံး နေရာ၌ တည်ရှိနေသည့် နိမိတ်အတွင်း၌သာ ဘာဝနာစိတ်ကို သွတ်သွင်းထားပါ။ စိုက်ကြည့်နေပါ။ သို့သော် မျက်စေ့ဖြင့် စိုက်မကြည့်ဘဲ စိတ်ဖြင့်သာ စိုက်ကြည့် ပါ။ မျက်စေ့ဖြင့် စိုက်ကြည့်ဖန်များလာပါက မျက်လုံးများ အောင့်လာတတ်၏။ နိမိတ်က တောက်ပလာသောအခါ အရောင်က မျက်လုံးကို တိုက်ရိုက် ခတ်နေသဖြင့် မျက်ရည်များ ကျကာ သမာဓိလည်း လျှောကျသွားတတ်၏။</p> <p>နှာခေါင်း၏ အတွင်းဘက်သို့ တည်ရှိနေသော နိမိတ်၌လည်း နှာခေါင်းအတွင်းဘက်သို့တိုင်အောင် လိုက်မကြည့်ဘဲ နှာသီးဝနှင့် အနီးကပ်ဆုံး နေရာ ၌ တည်ရှိသည့် နိမိတ်၌သာ ဘာဝနာစိတ်ကို ကပ်ထားပါ။ အတွင်းဘက် အပြင်သို့ ပျံ့နှံ့နေသော နိမိတ်ကို သိတန်သလောက် သိမှုကား ရှိကောင်း ရှိနိုင်၏။ သို့သော် နှာသီးဝတွင် ကပ်နေသော နိမိတ်အတွင်း၌သာ ဘာဝနာစိတ် နစ်မြုပ်နေဖို့သာ လိုရင်း ဖြစ်ပေသည်။</p> <p>ထိုနိမိတ်အတွင်း၌ ဘာဝနာစိတ်သည် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ထိုင်တိုင်းလိုလို ငြိမ်ဝပ်စွာ ကပ်၍ တည်လာပါက ထိုနိမိတ်မှာလည်း တစ်စတစ်စ တဖြည်းဖြည်း ကြည်လင်သည်ထက် ကြည်လင်ကာ တောက်ပသည်ထက် တောက်ပလာပေလိမ့်မည်။ အထူးကြည်လင် တောက်ပလာသော ထိုနိမိတ်ကား ပဋိဘာဂနိမိတ်တည်း။ ထိုအခါ ဥပစာရသမာဓိသို့ ဆိုက်ပုံကို ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာက ဤသို့ ရှင်းပြထား၏။</p> <p>ဤသို့ ပဋိဘာဂနိမိတ် ထင်သည့်အခါမှ စ၍ ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ နီဝရဏကိလေသာ အညစ်အကြေးတို့သည် ခွာအပ်ပြီးသာလျှင် ဖြစ်ကုန်၏။ နီဝရဏမှ ကြွင်းသော ကိလေသာတို့သည်လည်း အနည်ထိုင်သွားကြကုန်သည်သာ ဖြစ်ကုန်၏။ အာနာပါနဿတိသည်လည်း ယင်း အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ ရှေးရှု တည်နေသည်သာလျှင်, ကပ်၍ တည်နေသည်သာလျှင် ဖြစ်၏။ ဘာဝနာစိတ်သည် ဥပစာရသမာဓိဖြင့် အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ကောင်းစွာ တည်နေသည်သာလျှင် ဖြစ်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၈။)</p> <p>ထိုအခါ၌ ဤယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာနာပါနနိမိတ်ကို ဝါဂွမ်းစိုင် သောက်ရှူးကြယ် စသည်တို့၌ကဲ့သို့ ထင်လာသော အဖြူရောင် စသော အရောင်အဆင်းအားဖြင့်လည်း နှလုံးမသွင်းပါနှင့်။ သဘာဝလက္ခဏာ = ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ, အနိစ္စ ဒုက္ခ အနတ္တ ဟူသော သင်္ခါရတရားအားလုံးတို့နှင့် ဆိုင်သော သာမညလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။ (ဝိသုဒ္ဓိ၊၁၊၂၇၈။)</p> --- <h3>သတိပြုရန် အချက်တစ်ရပ်</h3> <p>ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော နှစ်ဆင့်လုံး၌ နိမိတ်နှစ်မျိုးလုံးတို့သည် ခိုင်ခံ့လာသဖြင့် လေနှင့် နိမိတ်တို့သည် တစ်သားတည်း ဖြစ်လာ၍ ထိုနိမိတ်တို့၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစား အားထုတ်သည့် အပိုင်းဝယ် နိမိတ်ကို ကြည့်လိုက်, ဝင်သက်လေ+ထွက်သက် လေကို ကြည့်လိုက် ဤသို့ မပြုလုပ်ပါနှင့်။ ဝင်သက်လေ+ထွက်သက်လေကို လုံးဝ မကြည့်တော့ဘဲ အာနာပါနနိမိတ်၌သာ ဘာဝနာစိတ်ကို ကပ်ထား၍ နိမိတ်ကိုသာ တစ်ဖက်သတ် စိုက်ရှုနေပါ။ အကယ်၍ နိမိတ်က ပျောက်သွားခဲ့သော် ထိုအခါတွင် ဝင်သက်လေ+ထွက်သက်လေကို တစ်ဖန် ပြန်၍ ရှုပါ။ တစ်ဖန် နိမိတ် ပြန်ပေါ်လာ၍ နိမိတ်က ခိုင်ခံ့လာသောအခါ နိမိတ်ကိုသာ တစ်ဖန် ပြန်၍ ရှုနေပါ။ ဤနည်းအတိုင်း လေ့ကျင့်ခဲ့သော် နိမိတ်လည်း ခိုင်လာ၍ တဖြည်းဖြည်း ဥပစာရသမာဓိသို့လည်း ဆိုက်လာမည် ဖြစ်ပေသည်။ လေနှင့်နိမိတ် နှစ်မျိုးလုံးကို ဂရုစိုက်နေပါက ကြည့်နေပါက အာရုံမှာ လေနှင့် နိမိတ်ဟု နှစ်မျိုးဖြစ်နေသဖြင့် သမာဓိမှာ မစူးရှဘဲသော်လည်း ရှိတတ်၏၊ လျှော၍သော်လည်း ကျသွားတတ်၏။ သတိရှိစေ။</p> <p><b>အဿာသပဿာသေ နိဿာယ ဥပ္ပန္နနိမိတ္တမ္ပေတ္ထ အဿာသပဿာသသာမညမေဝ ဝုတ္တံ။</b> (မဟာဋီ၊၁၊၃၁၉၊၊)</p> <p>ပကတိသော အဿာသပဿာသတို့ အမှီပြု၍ သမာဓိ၏ စွမ်းအားကြောင့် ဖြစ်ပေါ်လာသော နိမိတ်ကိုလည်း ဤအရာ၌ အဿာသပဿာသ အမည်ရှိ၏ဟူ၍သာလျှင် ဆိုအပ်၏။ (မဟာဋီ၊၁၊၃၁၉။)</p> <p>ထိုကြောင့် ပကတိသော ဝင်သက်လေ+ထွက်သက်လေကို အာရုံယူကာ သမာဓိကို ထူထောင်လာရာ သမာဓိ ရင့်ကျက်လာသောအခါ ပကတိသော ဝင်သက်လေ+ထွက်သက်လေ (= အဿာသပဿာသ)ကို အမှီပြု၍ ဖြစ်ပေါ် လာသော နိမိတ်ကိုလည်း ဝင်သက်လေ+ထွက်သက်လေ (= အဿာသပဿာသ)ဟုပင် ခေါ်ဆိုနိုင်ပေရကား နိမိတ်ကို အာရုံယူကာ ဆက်လက်၍ သမာဓိကို ထူထောင်ရာ၌ အာနာပါနကမ္မဋ္ဌာန်းကို ပွားများနေသည်ဟူ၍ပင် ဆိုရပေသည်။</p> <p>အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်သဖြင့် ဥပစာရသမာဓိသို့ ဆိုက်ရောက်လာသော ယောဂါဝစရ ပုဂ္ဂိုလ်သည် စင်စစ်သော်ကား ခတ္တိယမဟေသီ မိဖုရားခေါင်ကြီးသည် စကြဝတေးမင်းလောင်း ကိုယ်ဝန်ကို (ဖန်ပေါင်းချောင် အတွင်း၌ တည်နေသကဲ့သို့ မြင်တွေ့နေရသဖြင့် မပျက်စီးအောင်)စောင့်ရှောက်အပ်သကဲ့သို့လည်းကောင်း, လယ်သမားသည် သလေး မုယောစပါးဖုံးကို စောင့်ရှောက်အပ် သကဲ့သို့လည်းကောင်း ထိုအာနာပါနပဋိဘာဂနိမိတ်ကို စောင့်ရှောက်ပါ၊ ယင်းပဋိဘာဂနိမိတ်ကိုပင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ နှလုံးသွင်းပါ၊ ယင်းသို့ နှလုံးသွင်းခြင်းဖြင့် ယင်း ဥပစာရသမာဓိကို မပျက်စီးအောင် ထိန်းသိမ်း စောင့်ရှောက်ပါ။ ဝီရိယနှင့် သမာဓိ, သဒ္ဓါနှင့် ပညာတို့ကို ညီမျှအောင် သတိဖြင့် ထိန်းကွပ်လျက် ဣန္ဒြေငါးပါး ညီမျှအောင် ကြိုးစားပါ။ ယင်းသို့ ကြိုးစားအားထုတ်ခဲ့သော် ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စတုက္ကစျာန် ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်လာကြကုန်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၈။)</p> --- <h3>ဣန္ဒြေငါးပါးတို့ကို ညီမျှအောင်ကျင့်ပုံ</h3> <p>ဤအပိုင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၁၊၁၂၅-၁၂၆။)နှင့် မဟာဋီကာ (မဟာဋီ၊၁၊၁၅၀-၁၅၄။)တို့ကို မှီငြမ်းပြု၍ ရေးသားတင်ပြပေအံ့။</p> <p>သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာဟု ဣန္ဒြေ ငါးပါး ရှိ၏။ ယောဂါဝစရ ပုဂ္ဂိုလ်၏ ဘာဝနာစိတ်အစဉ်ကို နိဗ္ဗာန်သို့ သွားရာ သမထဘာဝနာလမ်းကြောင်း ဝိပဿနာဘာဝနာလမ်းကြောင်းမှ တိမ်းစောင်း၍ ဘေးသို့ ကျမသွားအောင် ထိန်းချုပ်ထားနိုင်သော စွမ်းအားကြီး ငါးရပ်ပင် ဖြစ်၏။ ထိုတွင် သဒ္ဓါဟူသည် ရတနာ သုံးတန်, ကံ-ကံ၏အကျိုးတရား စသည့် ယုံကြည်သင့် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုတို့၌ ယုံကြည်မှုတည်း။ ရတနာ သုံးပါးတို့တွင် ဘုရားရတနာကို ယုံကြည်ရာ၌ ဘုရားရှင်၏ ဗောဓိဉာဏ်တော်မြတ် အပေါ်၌ ယုံကြည်ဖို့လည်း အထူး လိုအပ်ပေသည်။ ဘုရားရှင်၏ အပေါ်၌ ထိုထိုဤဤ ကြံစည်လျက် မယုံကြည်မှုတွေ များပြားနေပါက ယောဂါဝစရပုဂ္ဂိုလ်၏ ဘာဝနာလုပ်ငန်းခွင်သည် တိုးတက်မှု မရှိနိုင်ဘဲ နောက်သို့ ဆုတ်သွားမည်သာ ဖြစ်၏။ ယင်းသို့ သို့လောသို့လော တွေးတောကြံစည်မှု ဝိစိကိစ္ဆာတရားသည် စျာန်သမာဓိကို တားမြစ်နှောင့်ယှက်တတ်သော နီဝရဏအညစ်အကြေး တစ်ခု ဖြစ်သောကြောင့်တည်း။ တရားရတနာကို ယုံကြည်ရာ၌လည်း မဂ်လေးပါး, ဖိုလ်လေးပါး, နိဗ္ဗာန် ဟူသော လောကုတ္တရာတရား ကိုးပါးနှင့်တကွ ဘုရားရှင်ဟောကြားထားတော် မူအပ်သော ပရိယတ်တရားတော်မြတ် အပေါ်၌လည်း ယုံကြည်မှု အပြည့်အဝ ရှိဖို့ကား အထူး လိုအပ်လျက် ရှိ၏။ ဘုရားရှင်၏ ပရိယတ်တရားတော် တို့ကား ဒုက္ခနိရောဓဂါမိနီပဋိပဒါ (= ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်)ဖြစ်သည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့ကို အသေးစိတ် ပြည့်ပြည့်စုံစုံ ညွှန်ကြားပြသထားသော တရားတို့သာ ဖြစ်ကြ၏။ သီလကျင့်စဉ်နှင့်တကွ သမထဘာဝနာ လုပ်ငန်းခွင်ကို လမ်းညွှန်ပေးနေသော တရားတော်တို့သာ ဖြစ်ကြ၏။ ယင်းတရားတော်တို့ အပေါ်၌ ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝ ရှိဖို့ကား ဤအပိုင်းတွင် အထူး လိုအပ်ပေသည်။</p> <p>ဝင်သက်လေ+ထွက်သက်လေကို ရှုနေရုံမျှဖြင့် စျာန်ရသည်ဆိုသည်မှာ ဟုတ်မှဟုတ်ပါ့မလား၊ ဝါဂွမ်းစိုင်ကဲ့သို့ ဖြူဖွေးနေသော ဥဂ္ဂဟနိမိတ်, ရေခဲတုံး ဖန်တုံးမှန်တုံးကဲ့သို့ အလွန် ကြည်လင်တောက်ပနေသော ပဋိဘာဂနိမိတ်တို့ ဖြစ်ပေါ်လာသည်ဆိုသည်မှာ ဟုတ်မှဟုတ်ပါ့မလား --- ဤသို့ စသည်ဖြင့် ဘုရားရှင်၏ တရားတော်အပေါ်၌ မယုံကြည်မှု အဿဒ္ဓိယတရားတွေ အားကောင်းနေလျှင်သော်လည်းကောင်း, ယခုခေတ်ကား စျာန်ရနိုင်သည့်ခေတ် မဟုတ်ဟု ခေတ်ကို လွဲချနေလျှင်သော်လည်းကောင်း ယင်းကဲ့သို့သော ယုံမှားသံသယ ရှိနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သဒ္ဓါတရားမှာ ယုတ်လျော့နေသည် မည်၏။ ယင်းသို့ အားပျော့နေသော သဒ္ဓါတရားက ယောဂီ သူတော်ကောင်း၏ သမထဘာဝနာစိတ်ကို သမထဘာဝနာ လမ်းကြောင်းပေါ်မှ ဘေးသို့ တိမ်းစောင်း၍ ကျမသွားအောင် ထိန်းချုပ်ထားနိုင်သည့် စွမ်းအား မရှိတော့ပေ။</p> <p><b>သမာဓိကမ္မိကဿ ဗလဝတီပိ သဒ္ဓါ ဝဋ္ဋတိ။</b> (ဝိသုဒ္ဓိ၊၁၊၁၂၆။)</p> <p>အာနာပါနကမ္မဋ္ဌာန်းကဲ့သို့ သမထဘာဝနာ တစ်ခုကို ပွားများနေသော သမာဓိကမ္မိက ယောဂါဝစရပုဂ္ဂိုလ်အဖို့ သဒ္ဓါတရား အားကောင်းလျှင်လည်း သင့်မြတ်သည်သာ ဖြစ်၏။ အာနာပါန သမထဘာဝနာလုပ်ငန်းခွင်၌ ဝင်လေ+ထွက်လေ ဟု နှလုံးသွင်းမှုကို ပြုနေရုံမျှဖြင့် အဘယ်မှာလျှင် စျာန်တရားသည် ဖြစ်ပေါ်လာနိုင်ပါအံ့နည်းဟု မကြံစည်တော့ဘဲ ----<b>အဒ္ဓါ သမ္မာသမ္ဗုဒ္ဓေန ဝုတ္တဝိဓိ ဣဇ္ဈိဿတိ</b> == သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည် ဟောကြားထားတော်မူအပ်သော အစီအရင်သည် မချွတ်ဧကန် ပြီးစီး ပြည့်စုံပေလတ္တံ့ -- ဟု ယုံကြည်မှု သဒ္ဓါတရားကို အပြည့်အဝ ဖြစ်စေလျက် အာနာပါနဿတိသမာဓိ ဘာဝနာလုပ်ငန်းရပ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။</p> <p>တစ်ဖန် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု၌ လွတ်လွတ် သက်ဝင်၍ ဆုံးဖြတ်ခြင်း သဒ္ဓါဓိမောက္ခကိစ္စက, အထူးသဖြင့် အာနာပါနဘာဝနာ လုပ်ငန်းခွင်၌ လွတ်လွတ် သက်ဝင်၍ ဆုံးဖြတ်ခြင်း သဒ္ဓါဓိမောက္ခကိစ္စက အလွန် ထင်ရှားနေသောကြောင့်လည်းကောင်း, ပညိန္ဒြေက (= အသိဉာဏ်က) မသန့်ရှင်းသောကြောင့်လည်းကောင်း, ဝီရိယ, သတိ, သမာဓိ ဣန္ဒြေတို့က လျော့လျော့ရဲရဲ ရှိနေခြင်းစသော အကြောင်းတရားကြောင့်လည်းကောင်း သဒ္ဓိန္ဒြေသည် အလွန် အားကောင်းနေ၏။ ထိုအခါ၌ ဝီရိယိန္ဒြေသည် မိမိနှင့် ယှဉ်ဖက် စိတ်+စေတသိက်တည်းဟူသော သမ္ပယုတ်တရားတို့ကို အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံမှ လျှောကျမသွားအောင် ချီးမြှောက်ထားခြင်း ချီးပင့်ထားခြင်း ပဂ္ဂဟလုပ်ငန်းကိစ္စကို မရွက်ဆောင်နိုင်။</p> <p>သတိန္ဒြေသည်လည်း အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံကို အသိဉာဏ်၌ ထင်ထင်ရှားရှား ဖြစ်ပေါ်လာစေခြင်း ဥပဋ္ဌာနကိစ္စကို မရွက်ဆောင်နိုင်။ သမာဓိန္ဒြေသည်လည်း အာနာပါနပဋိဘာဂနိမိတ် ကဲ့သို့သော သမထအာရုံနိမိတ်မှ ပြင်ပအာရုံသို့ ဘာဝနာစိတ်ကို ပျံ့လွင့် မသွားအောင် ရွက်ဆောင်ပေးခြင်း အဝိက္ခေပကိစ္စကို မရွက်ဆောင်နိုင်။ ပညိန္ဒြေသည်လည်း အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံ နိမိတ်ကို ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း သိမြင်နေခြင်း ဒဿနကိစ္စကို ပြုလုပ်အံ့သောငှာ မစွမ်းနိုင်။ ထိုကြောင့် ပရမတ္ထဓမ္မသဘာဝကို ဆင်ခြင် ခြင်းဖြင့်လည်းကောင်း, သဒ္ဓိန္ဒြေ အားကောင်းလောက်အောင် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံကို နှလုံးမသွင်းခြင်းဖြင့်လည်းကောင်း သဒ္ဓိန္ဒြေကို ယုတ်လျော့စေရ၏။</p> <p>ဤအပိုင်း၌ ပရမတ္ထဓမ္မသဘာဝကို မည်သို့ ဆင်ခြင်မည်နည်းဟု မေးရန် ရှိ၏။ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း အဿာသပဿာသ (= ဝင်သက်လေ+ထွက်သက်လေ)ဟူသည် စိတ်ကြောင့်ဖြစ်သည့် စိတ္တဇသဒ္ဒနဝကရုပ် တို့၏ အပေါင်းအစုမျှသာ ဖြစ်၏။ (ဝိသုဒ္ဓိ၊၁၊၃၄၆။ ဝိသုဒ္ဓိ၊၂၊၂၂၃။)</p> <p>ယင်းဝင်သက်လေ+ထွက်သက်လေ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းကာ သမာဓိကို ဆက်လက် ထူထောင်လိုက်ပါက သမာဓိဒီဂရီ စံချိန်မီလာသောအခါ ရုပ်ကလာပ်အမှုန်များကို တွေ့ရှိနိုင်၏။ ယင်း ရုပ်ကလာပ်များကို တစ်ခုစီ တစ်ခုစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာလျက် ကြည့်ရှုနိုင်ခဲ့သော် ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာ, အသံဟု ရုပ်သဘောတရား (၉)မျိုးတို့ကို တွေ့နိုင်၏။ ယင်းရုပ်ပရမတ်တရားတို့၏ ဖြစ်ပြီးလျှင် ပျက်နေသည့် အနိစ္စ သဘာဝ, ဖြစ်ခြင်း ပျက်ခြင်းဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံနေရ သည့် ဒုက္ခသဘာဝ, မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရ အားဖြင့် တည်ရှိနေနိုင်သည့် အတ္တ မဟုတ်သည့် အနတ္တသဘာဝတို့ကို ဆင်ခြင် ရှုပွားပါ။</p> <p>တစ်ဖန် အာနာပါနနိမိတ် (= ပရိကမ္မနိမိတ်, ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ်)ဟူသည်မှာ ယင်းစိတ္တဇရုပ်ကလာပ်တို့၏လည်းကောင်း, ယင်း စိတ္တဇ ရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိသော တေဇောဓာတ် (= ဥတု)ကြောင့် ဆင့်ကဲ ဆင့်ကဲ ဖြစ်ပွားလာကြကုန်သော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တို့၏လည်းကောင်း အပေါင်းအစုမျှသာ ဖြစ်သည်။ တစ်နည်းဆိုရသော် --- ယင်း စိတ္တဇရုပ်ကလာပ် ဥတုဇရုပ်ကလာပ် နှစ်ဖွဲ့တို့၏ ဝဏ္ဏဓာတ် (= ရူပါရုံ)၏ အရောင်အဆင်းနှင့် တကွသော ရုပ်တို့၏ အပေါင်းအစု ဖြစ်၏။ အဇ္ဈတ္တ၌ စိတ္တဇရုပ် ဥတုဇရုပ်တို့၏ အရောင်အဆင်းတည်း။ ဗဟိဒ္ဓ၌ကား ဥတုဇရုပ်တို့၏ အပေါင်းအစုတည်း။ ယင်း ရုပ်တရားတို့၏ အနိစ္စ, ဒုက္ခ, အနတ္တ သဘာဝတို့ကို ဉာဏ်ဖြင့် မတွေ့မြင်နိုင်သေး မရှုနိုင်သေးပါက ဉာဏ်ဖြင့် ဆင်ခြင်ရုံ ဆင်ခြင်ပါ။ ဤသို့သော ပရမတ္ထဓမ္မသဘာဝတို့၏ အနိစ္စ, ဒုက္ခ, အနတ္တသဘာဝကို ဆင်ခြင်ခြင်းဖြင့်လည်း သဒ္ဓိန္ဒြေကို ယုတ်လျော့သွားအောင် ပြုကျင့်ပါ။</p> <p>အကယ်၍ ဝီရိယိန္ဒြေ (= ကြိုးစားအားထုတ်မှု လုံ့လဝီရိယ)က အားကောင်းနေပြန်လျှင်လည်း သဒ္ဓါ, သတိ, သမာဓိ, ပညာတို့သည်လည်း အဓိမောက္ခကိစ္စ, ဥပဋ္ဌာနကိစ္စ, အဝိက္ခေပကိစ္စ, ဒဿနကိစ္စဟူသော မိမိ၏ဆိုင်ရာ လုပ်ငန်းကိစ္စရပ် အသီးအသီးကို မရွက်ဆောင်နိုင်တော့ပေ။ ထိုကြောင့် ပဿဒ္ဓိ သမာဓိ ဥပေက္ခာသမ္ဗောဇ္ဈင်များ (= ကိုယ်စိတ်အေးချမ်းမှု စိတ်တည်ကြည်မှု လျစ်လျူရှုမှု ဗောဇ္ဈင်တရားများ) ဖြစ်ပေါ်လာလောက်အောင် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးပမ်းခြင်းဖြင့် လွန်ကဲနေသော ဝီရိယိန္ဒြေကို ယုတ်လျော့စေရ၏။ သမာဓိနှင့် ပညာတို့ လွန်ကဲရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။</p> <p>ဤအရာ၌ သဒ္ဓါနှင့် ပညာ, သမာဓိနှင့် ဝီရိယတို့၏ ညီမျှမှုကို ပညာရှိ သူတော်ကောင်းတို့က ချီးမွမ်းတော်မူကြ၏။ သဒ္ဓါက အားကောင်း၍ ပညာက နုံ့နေသော် <b>မုဒ္ဓပ္ပသန္န</b> = အနှစ်မမှီး အချည်းနှီးသော အရာဝတ္ထု၌ ကြည်ညိုနေတတ်၏။ တိတ္ထိတို့၏ တပည့်သာဝကတို့ကဲ့သို့ မကြည်ညိုသင့် မကြည်ညိုထိုက်သော အရာဝတ္ထု၌ ကြည်ညိုနေတတ်၏။ အာနာပါနကျင့်စဉ်ဆိုတာ ဤသို့ ဤသို့ ပြုကျင့်ရ၏၊ ပွားများရ၏ဟု ပြောဆိုလာလျှင် မှန်သည် မှားသည်ကို ဝေဖန်ဆန်းစစ်မှု မပြုတော့ဘဲ တလွဲတချော် ကျင့်နေတတ်၏။</p> <p>တစ်ဖန် --- ပညာက အားကောင်း၍ သဒ္ဓါက နုံ့နေပြန်လျှင်လည်း <b>ကေရာဋိကပက္ခ</b> (= ကောက်ကျစ်စဉ်းလဲသည့်ဘက်)သို့ ယိုင်လဲသွားတတ်၏။ ဆေးကြောင့်ဖြစ်သော ရောဂါသည် ကုစားရခက်သကဲ့သို့ ထိုပုဂ္ဂိုလ်မျိုးသည် လည်း ကုစားဖို့ရန် အလွန်ခက်ခဲတတ်၏။ ဒါပေမဲ့ဟူသော စကားလုံးများကို ခပ်များများသုံး၍ ဝေ့လည်ကြောင်ပတ် လုပ်နေတတ်၏။ မလွှဲမရှောင်သာလျှင် မြွေမသေ-တုတ်မကျိုး မူဝါဒကို လက်ခံကျင့်သုံးတတ်၏။ ကောင်းတော့ ကောင်းပါရဲ့၊ မှန်တော့ မှန်ပါရဲ့၊ ဒါပေမဲ့ဟူသော စကားလုံးများဖြင့် နိဂုံးချုပ်တတ်၏။ ဘုရားတရားတော်ကို ကျောခိုင်းနေသူများတည်း။</p> <p>သဒ္ဓါနှင့် ပညာ တရား နှစ်ပါး ညီမျှခဲ့ပါမူကား ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည့် ယုံကြည်သင့် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု၌သာလျှင် ယုံကြည်တတ်၏။ အာနာပါနကျင့်စဉ်ကို ဘုရားဟောအတိုင်း တကယ်လက်တွေ့ စွမ်းစွမ်းတမံ ကျင့်ပါက ပါရမီလည်း အထိုက်အလျောက် အားကောင်းခဲ့ပါမူ အာနာပါနပဋိဘာဂနိမိတ်သို့ ဆိုက်နိုင်၏ဟု ယုံကြည်၏။ စျာန်သို့ ဆိုက်နိုင်၏ဟု ယုံကြည်၏။ ယုံကြည်သင့် ယုံကြည်ထိုက်သော အရာဝတ္ထု၌ ယုံကြည်ခြင်းပင်တည်း။ ယင်းကဲ့သို့သော ယုံကြည်မှု သဒ္ဓါတရားလည်း ရှိ၍ တကယ်လက်တွေ့ အာနာပါနကျင့်စဉ်ကိုလည်း အရိုး ကြွင်းစေ, အရေကြွင်းစေ, အကြောကြွင်းစေ, အသားအသွေးတွေ အကုန် ခန်းခြောက်ချင် ခန်းခြောက်ပါစေ, ယောက်ျားတို့၏ ဇွဲလုံ့လဝီရိယဖြင့် ရနိုင်သည့် အရာဌာနသို့ မရောက်မချင်း ဝီရိယ၏ ရပ်တန့်သွားခြင်းမည်သည် မဖြစ်စေရဟု ဤကဲ့သို့သော အင်္ဂါလေးပါး ရှိသော ဝီရိယ ခြံရံကာ ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်သောအခါ ဉာဏ်ပညာဖြင့် အာနာပါနပဋိဘာဂနိမိတ်ကိုလည်း ထိုးထိုးထွင်းထွင်း သိမြင်ပါမူ ထိုအခါ သဒ္ဓါနှင့် ပညာ တရား နှစ်ပါးတို့ကား ညီမျှမှု ရှိသွားပြီ ဖြစ်၏။</p> <p>တစ်ဖန် သမာဓိက အားကောင်း၍ ဝီရိယက နုံ့နေပြန်လျှင်လည်း သမာဓိသည် ပျင်းရိခြင်း (= ကောသဇ္ဇတရား)၏ ဘက်တော်သားဖြစ်ခြင်းကြောင့် ယောဂီသူတော်ကောင်း၏ စိတ်အစဉ်ကို အာနာပါနဘာဝနာ လုပ်ငန်းခွင်၌ ပျင်းရိခြင်း (= ကောသဇ္ဇတရား)က လွှမ်းမိုး ဖိစီးသွားတတ်၏။ ဝီရိယက အားကောင်း၍ သမာဓိက နုံ့နေပြန်လည်း ဝီရိယသည် စိတ်ပျံ့လွင့်မှု (= ဥဒ္ဓစ္စ)၏ ဘက်တော်သား ဖြစ်ခြင်းကြောင့် ယောဂီသူတော်ကောင်း၏ စိတ်အစဉ်ကို ဥဒ္ဓစ္စတရားက လွှမ်းမိုး ဖိစီးတတ်ပြန်၏။ အာနာပါနအာရုံ, အာနာပါနပဋိဘာဂနိမိတ်အာရုံမှ ဘေးအာရုံ အမျိုးမျိုးသို့ စိတ်ပျံ့လွင့်နေ တတ်၏။ သမာဓိလွန်သော် <b>ကောသဇ္ဇ</b>၊ ဝီရိယလွန်သော် <b>ဥဒ္ဓစ္စ</b> ဟု ရှေးပညာရှိတို့က ဆိုရိုး ပြုတော်မူကြ၏။ အာနာပါနပဋိဘာဂနိမိတ်အာရုံ တစ်ခုတည်းပေါ်၌ စိတ်ကျရောက် တည်ငြိမ်နေမှု (= သမာဓိ)ကို ဝီရိယနှင့် ယှဉ်တွဲပေးလိုက်သော် ယင်းသမာဓိသည် ပျင်းရိခြင်း (= ကောသဇ္ဇ) ၌ ကျရောက်ဖို့ရန် အခွင့်မရနိုင်။ ဝီရိယကို သမာဓိနှင့် ယှဉ်စပ်ပေးလိုက်သော် ယင်းဝီရိယသည် အာနာပါနပဋိဘာဂနိမိတ်အာရုံမှ အခြားအာရုံသို့ စိတ် ပျံ့လွင့်သွားခြင်း (= ဥဒ္ဓစ္စ)၌ ကျရောက်ဖို့ရန် အခွင့်မရနိုင်။ ထိုကြောင့် သမာဓိနှင့် ဝီရိယ နှစ်မျိုးကို ညီမျှအောင် ပြုကျင့်ပါ။ မှန်ပေသည် --- သမာဓိနှင့် ဝီရိယ နှစ်ပါးစုံ ညီမျှခြင်းဖြင့် အပ္ပနာစျာန်သည် ဖြစ်ပေါ်လာနိုင်၏။</p> <p>တစ်နည်း -- သမထကမ္မဋ္ဌာန်းကို ပွားများဆဲ သမာဓိကမ္မိကပုဂ္ဂိုလ်အား စွမ်းအားကြီးမားသော သဒ္ဓါတရားသည်လည်း သင့်သည်သာတည်း။ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ သမာဓိကို ထူထောင်နိုင်ခဲ့သော် အပ္ပနာစျာန်သို့ မုချရောက်ရှိနိုင်၏ဟု အာရုံသို့ အစဉ်တစိုက် ဝင်သွားသကဲ့သို့ လွတ်လွတ် သက်ဝင် ဆုံးဖြတ်သည်၏ အစွမ်းဖြင့် ယုံယုံကြည်ကြည်ဖြင့် အာနာပါနပဋိဘာဂနိမိတ်အာရုံသို့ ပြေးဝင်သွားခဲ့သော် အပ္ပနာစျာန်သို့ ရောက်ရှိပေလတ္တံ့။ စျာန်ကား သမာဓိ ပြဓာန်းသောကြောင့် ဖြစ်၏။ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေသော ပုဂ္ဂိုလ်အဖို့ ပညာသည် စွမ်းအင်ကြီးမားခဲ့ပါမူ သင့်သည်သာတည်း။ ဤသို့ စွမ်းအင်ကြီးမားခဲ့သော် ထိုယောဂါဝစရပုဂ္ဂိုလ်သည် လက္ခဏာရေး သုံးတန်ကို ထိုးထွင်းသိမြင်ခြင်း လက္ခဏပဋိဝေဓဉာဏ်သို့ ရောက်ရှိနိုင်၏။</p> <p>တစ်ဖန် သမာဓိ ပညာ နှစ်ပါးတို့၏ ညီမျှခြင်းကြောင့်လည်း လောကီ အပ္ပနာစျာန်သည် ဖြစ်ပေါ်လာနိုင်သည်သာတည်း။ သို့သော် --- <b>သမထဝိပဿနံ ယုဂနဒ္ဓံ ဘာဝေတိ</b> = သမထနှင့် ဝိပဿနာကို ယှဉ်းစုံကလျက် ယုဂနဒ္ဓနည်းအားဖြင့် ပွားများ၏။ (ပဋိသံ၊၂၈၃။) ဤသို့ ဟောကြားထားတော် မူသောကြောင့် လောကုတ္တရာ အပ္ပနာသည်ကား ထိုသမာဓိ ပညာ နှစ်မျိုးတို့၏ ညီမျှသည်၏ အဖြစ်ကြောင့်သာလျှင် ဖြစ်ပေါ်နိုင်၏ဟု အလိုရှိအပ်ပေသည်။</p> <h3>သတိ-သတိ-သတိ</h3> <p>သတိကား သဒ္ဓါနှင့် ပညာ ညီမျှရေး, သမာဓိနှင့်ဝီရိယ ညီမျှရေး, သမာဓိ နှင့်ပညာ ညီမျှရေးတို့အတွက် အခါခပ်သိမ်း အမြဲတမ်း အလိုရှိအပ်သော တရားဖြစ်၏။ အခါခပ်သိမ်း နေရာတိုင်း၌ အားကောင်းမှသာလျှင် သင့်မြတ် ၏။ မှန်ပေသည် --- သတိသည် ဥဒ္ဓစ္စ၏ ဘက်တော်သား ဖြစ်ကြကုန်သော စွမ်းအင်လွန်ကဲနေသော သဒ္ဓါ, စွမ်းအင်လွန်ကဲနေသော ဝီရိယ, စွမ်းအင် လွန်ကဲနေသော ပညာတို့၏ အားအစွမ်းကြောင့် ဘာဝနာစိတ်ကို အာနာပါန ပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံမှ အခြားအာရုံသို့ ပျံ့လွင့်သွားခြင်း (= ဥဒ္ဓစ္စဘက်သို့ ကျရောက်ခြင်း)မှလည်း စောင့်ရှောက်ပေး၏ (= မကျရောက် အောင် စောင့်ရှောက်ပေး၏။) ဘာဝနာအာရုံ၌ ပျင်းရိခြင်း (= ကောသဇ္ဇ)၏ ဘက်တော်သားဖြစ်သော သမာဓိကြောင့် ကောသဇ္ဇ (= ပျင်းရိခြင်း)ဘက်သို့ ကျရောက်ခြင်းမှလည်း စိတ်ကို စောင့်ရှောက်ပေး၏။ (= မကျရောက်အောင် စောင့်ရှောက်ပေး၏။) ထိုကြောင့် အလုံးစုံသော ဟင်းလျာတို့၌ ဆားခတ်ခြင်း ကို အလိုရှိအပ်သကဲ့သို့လည်းကောင်း, အလုံးစုံသော မင်းမှုကိစ္စတို့၌ လုပ်ငန်း ကိစ္စ အဝဝတို့၌ ကျွမ်းကျင်လိမ္မာသော အမတ်ကြီးကို အလိုရှိအပ်သကဲ့သို့ လည်းကောင်း အလားတူပင် အလုံးစုံသော ကမ္မဋ္ဌာန်းတို့၌ လီန (= ဘာဝနာ လုပ်ငန်းခွင်မှ စိတ်ဓာတ်တွန့်ဆုတ်ရာ စိတ်ဓာတ်ကျဆင်းရာ) အခါ, ဥဒ္ဓစ္စ (= ဘာဝနာအာရုံမှ စိတ်ပျံ့လွင့်ရာ)အခါဟူသော အလုံးစုံသော အချိန်အခါ တို့၌ သတိကို အလိုရှိအပ်ပေသည်။ ထိုကြောင့် ရှေးရှေးအဋ္ဌကထာတို့၌ ဤသို့ ဖွင့်ဆိုထားတော်မူကြ၏။</p> <p>သတိကိုကား အခါခပ်သိမ်း ဘာဝနာလုပ်ငန်းခွင်တိုင်း၌ စိတ်ဓာတ် ကျဆင်းရာအခါ စိတ်ပျံ့လွင့်ရာအခါတို့၌ အလိုရှိအပ်၏ဟု ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ အဘယ်ကြောင့်နည်း? ဘာဝနာကုသိုလ်စိတ်သည် သတိလျှင် ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာ ရှိ၏။ မရောက်သေးသော တရားထူးတရားမြတ်သို့ ရောက်ရှိခြင်းငှာ မသိရသေးသော တရားထူး တရားမြတ်ကို သိခြင်းငှာ ဘာဝနာကုသိုလ်စိတ်သည် သတိကို မှီခိုရ၏။ တစ်ဖန် သတိသည် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ဘာဝနာအာရုံကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးတတ်၏။ ဘာဝနာစိတ်ကိုလည်း ဘာဝနာအာရုံကို အမှတ်ရနေအောင် ဘာဝနာအာရုံမှ ပျောက်ပျက်မသွားအောင် ဘေးအာရုံသို့ မရောက်အောင် ထိန်းသိမ်း စောင့်ရှောက်ပေးတတ်၏။ ထိုကြောင့် ယင်းသတိကို ဝိပဿနာဉာဏ်ဖြင့် ရှုဆင်ခြင်သော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ဘာဝနာအာရုံနှင့် ဘာဝနာစိတ်ကို စောင့်ရှောက်ပေးတတ်သော သဘောတရားဟု ရှေးရှုထင်လာ၏။ သတိနှင့် ကင်း၍ ဘာဝနာစိတ်ကို ချီးပင့်ခြင်း နှိပ်ကွပ်ခြင်း (= စိတ်ဓာတ်ကိုမြှင့်တင်ပေးခြင်း စိတ်ဓာတ်ကို နှိပ်ကွပ်ပေးခြင်း) သည် မဖြစ်နိုင်။</p> <p>ထိုကြောင့် ဘုရားရှင်က သတိကို သဗ္ဗတ္ထိက (= အခါခပ်သိမ်း အလို ရှိအပ်၏) ဟု ဟောကြားတော်မူပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၂၅-၁၂၆။ မဟာဋီ၊၁၊၁၅၀-၁၅၄၊၊)</p> <h3>ဗောဇ္ဈင် (၇) ပါး ညီမျှအောင် ကျင့်ပုံ</h3> <p>အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူနေခိုက် ဖြစ်ပေါ်နေသော ဗောဇ္ဈင် (၇)ပါးတို့မှာ ဤသို့ ဖြစ်ကြ၏။</p> <p>၁။ အာနာပါနပဋိဘာဂနိမိတ်အာရုံကို အောက်မေ့ အမှတ်ရနေသော အဖန်ဖန် အထပ်ထပ် သိမ်းဆည်းနေသော သတိကား <b>သတိသမ္ဗောဇ္ဈင်</b>,</p> <p>၂။ အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထိုးထွင်းသိနေသော ပညာကား <b>ဓမ္မဝိစယသမ္ဗောဇ္ဈင်</b>,</p> <p>၃။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဗောဇ္ဈင် (၇)ပါးတို့ စုံစုံညီညီ ညီညီ မျှမျှဖြစ်အောင် ကြိုးစားအားထုတ်ခြင်း, အထူးသဖြင့် ဓမ္မဝိစသမ္ဗောဇ္ဈင် ဝီရိယသမ္ဗောဇ္ဈင်တို့ဖြစ်အောင် ကြိုးစားအားထုတ်ခြင်း ဝီရိယကား <b>ဝီရိယသမ္ဗောဇ္ဈင်</b>,</p> <p>၄။ အာနာပါနပဋိဘာဂနိမိတ် အာရုံကို အာရုံပြုကာ ကြည်ရွှင်ဝမ်းမြောက်ခြင်း ပီတိကား <b>ပီတိသမ္ဗောဇ္ဈင်</b>,</p> <p>၅။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ် စေတသိက်တို့၏ ငြိမ်းအေးနေခြင်း ပဿဒ္ဓိကား <b>ပဿဒ္ဓိသမ္ဗောဇ္ဈင်</b>,</p> <p>၆။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍ တည်နေခြင်း သမာဓိကား <b>သမာဓိသမ္ဗောဇ္ဈင်</b>,</p> <p>၇။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို တက်ကြွခြင်း တွန့်ဆုတ်ခြင်းဘက်သို့ မရောက်အောင် အညီအမျှ ထားခြင်း တတြမဇ္ဈတ္တတာကား <b>ဥပေက္ခာသမ္ဗောဇ္ဈင်</b>,</p> <p>ဤဗောဇ္ဈင်မြတ်တရား (၇)ပါးကိုလည်း ယောဂါဝစရပုဂ္ဂိုလ်သည် ညီမျှအောင် ပွားရမည် ဖြစ်သည်။ အလွန့်အလွန် လုံ့လဝီရိယ လျော့နည်းနေခြင်း ကမ္မဋ္ဌာန်းအာရုံ၌ သာယာမှုကို မရရှိခြင်းစသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် အာနာပါနပဋိဘာဂနိမိတ်တည်းဟူသော ကမ္မဋ္ဌာန်းအာရုံမှ တွန့်ဆုတ်နေ၏၊ စိတ်ဓာတ် ကျဆင်းနေ၏။ ထိုအခါ၌ ပဿဒ္ဓိသမ္ဗောဇ္ဈင် သမာဓိသမ္ဗောဇ္ဈင် ဥပေက္ခာသမ္ဗောဇ္ဈင်ဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကို ပွားများပေးပါ။ ဤသို့ ပွားသော် စိတ်ဓာတ်ကို ချီးမြှောက်ပေးသည် မည်၏၊ ကျဆင်းနေသော စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်းတည်း။</p> <p>အပြင်းအထန် ကြိုးစားအားထုတ်ခြင်း (= ဝီရိယ လွန်ကဲခြင်း) စသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် တက်ကြွ တုန်လှုပ်လျက် ရှိ၏၊ ပျံ့လွင့်လျက် ရှိ၏။ ထိုအခါမျိုး၌ ဓမ္မဝိစယ, ဝီရိယ, ပီတိဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကို မပွားပါနှင့်။ ပဿဒ္ဓိ, သမာဓိ, ဥပေက္ခာ ဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကိုသာ ပွားပေးပါ။ တက်ကြွတုန်လှုပ် နေသော စိတ်ဓာတ်, ပျံ့လွင့်နေသော စိတ်ဓာတ်ကို နှိပ်ကွပ်ပေးခြင်းတည်း။ (သံ၊၃၊၉၉ ...အဂ္ဂိသုတ္တန်နှင့် အညီတည်း။)</p> <p>ဗောဓိခေါ်သော အရိယမဂ်ဉာဏ်ကို ရရှိဖို့ရန် အကြောင်းအင်္ဂါရပ်များ ဖြစ်သောကြောင့် ဤတရား (၇)ပါးတို့ကို ဗောဇ္ဈင်ဟု ခေါ်ဆိုသည်။ဤကား ဣန္ဒြေ ငါးပါး, ဗောဇ္ဈင် ခုနစ်ပါးတို့ကို ညီမျှအောင် ကျင့်ပုံ အကျဉ်းတည်း။</p> <h3>သမာဓိနှစ်မျိုးတို့၏ ထူးခြားချက်</h3> <p>ဤသို့လျှင် ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ ဣန္ဒြေ, ဗောဇ္ဈင်တို့ကို ညီမျှအောင် ကျင့်နိုင်ခဲ့သော် သမာဓိမှာ ရင့်ကျက်သထက် ရင့်ကျက်ကာ နက်ရှိုင်းသထက် နက်ရှိုင်းကာ ငြိမ်ဝပ်သထက် ငြိမ်ဝပ်ကာ တည်ကြည်လာပေလိမ့်မည်။ ထိုအခါ <b>ဥပစာရသမာဓိ</b> နယ်မြေသို့ ဆိုက်ရောက်လာပြီ ဖြစ်၏။ ဆက်လက်၍ ယင်းအာနာပါနပဋိဘာဂနိမိတ်ကိုပင် အာရုံယူကာ သမာဓိကို ထူထောင်ခဲ့သော် ဥပစာရသမာဓိမှ <b>အပ္ပနာသမာဓိ</b> အဆင့်သို့ ကူးတက်သွားနိုင်ပေသည်။ ဤနေရာတွင် ဓမ္မဝိစယသမ္ဗောဇ္ဈင်, ဝီရိယသမ္ဗောဇ္ဈင်, ပီတိသမ္ဗောဇ္ဈင်တည်းဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကို ပွားပေးပါ။ ယင်း သမာဓိနှစ်မျိုးတို့၏ ထူးခြားချက်ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဤသို့ ဖွင့်ဆိုထား၏။</p> <p>အလွန် ကြည်လင်တောက်ပသော အာနာပါနပဋိဘာဂနိမိတ် ဖြစ်ရာ ကာလမှ စ၍သာလျှင် နီဝရဏတရားတို့သည် ခွာထားအပ်ပြီးသာလျှင် ဖြစ်ကြကုန်၏။ ထိုနီဝရဏတရားတို့နှင့် တူသော တည်ရာ ရှိကုန်သော ကိလေသာတို့သည်လည်း ငြိမ်ဝပ်စွာ အနည်ထိုင်သွားကြကုန်သည်သာလျှင် ဖြစ်ကြကုန်၏။ ဥပစာရသမာဓိသည် ဘာဝနာစိတ်ကို အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ကောင်းစွာ ထားအပ်သည်သာလျှင် ဖြစ်ပေသည်။ မှန်ပေသည် သမာဓိသည် ဥပစာရသမာဓိ, အပ္ပနာသမာဓိ (= စျာန်သမာဓိ)ဟု နှစ်မျိုး ရှိ၏။</p> <p>၁။ စျာန်တရားတို့၏ ဆန့်ကျင်ဘက် နီဝရဏတရားတို့မှ ဝေးကွာသည်၏ အဖြစ်ကြောင့်လည်းကောင်း,</p> <p>၂။ စျာန်တရားတို့၏ မြဲမြံခိုင်ခံ့သည်၏အဖြစ်သို့ ရောက်ရှိခြင်းကြောင့်လည်းကောင်း ----</p> <p>ဤ နှစ်မျိုးသော အကြောင်းတရားတို့ကြောင့် ဥပစာရဘုံဟု ခေါ်ဆိုအပ်သော ဥပစာရသမာဓိအခိုက်၌လည်းကောင်း, ပဋိလာဘဘုံဟု ခေါ်ဆိုအပ်သော အပ္ပစျာန်ကို ရရှိသည့်အခိုက်၌လည်းကောင်း ဘာဝနာစိတ်ကို အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထနိမိတ်အာရုံ၌ အညီအညွတ် ကောင်းစွာ ထားအပ်၏။ ထိုနှစ်ပါးတို့တွင် ဥပစာရသမာဓိအခိုက် (= ဥပစာရဘုံ၌) ဆန့်ကျင်ဘက် နီဝရဏတရားတို့ကို ပယ်ခွာခြင်းဖြင့် ဘာဝနာစိတ်ကို အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထနိမိတ်အာရုံ၌ အညီအညွတ် ကောင်းစွာ ထားအပ်၏။ စိတ်သည် တည်ကြည်နေ၏။ ပဋိလာဘဘုံဟု ခေါ်ဆိုအပ်သော အပ္ပနာစျာန်ကို ရရှိခိုက်၌ စျာန်အင်္ဂါတို့၏ ထင်ရှားစွာ ဖြစ်ပေါ်လာခြင်းဖြင့် ဘာဝနာစိတ်ကို အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထနိမိတ်အာရုံ၌ အညီအညွတ် ကောင်းစွာ ထားအပ်၏။ ဘာဝနာစိတ်သည် ကောင်းစွာ တည်ကြည်နေ၏။</p> <p>ဤဆိုလတ္တံ့သည်ကား သမာဓိနှစ်မျိုးတို့၏ အသီးအသီး ကွဲပြားသည်ကို ပြုကြောင်းဖြစ်သော ထူးခြားချက်တည်း။ ဥပစာရသမာဓိအခိုက်၌ စျာန်အင်္ဂါတို့သည်ကား စွမ်းအင် အပြည့်အဝ ရှိကြသည်ကား မဟုတ်ကုန်သေး၊ စျာန်အင်္ဂါတို့၏ စွမ်းအင် အပြည့်အဝ မရှိကြသေးသည့် အဖြစ်ကြောင့် လောကဥပမာမည်သည်ကား --- မတ်တတ်ရပ် သင်ခါစ ငယ်ရွယ်နုနယ်သော ကလေးသူငယ်သည် ထူမ၍ ချီမ၍ ထားအပ်လတ်သော် အဖန်ဖန် မြေ၌ လဲကျ၏သို့ ဤဥပမာအတူပင်လျှင် ဥပစာရသမာဓိသည် ဖြစ်ပေါ်လာလတ်သော် စိတ်သည် ရံခါ အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထနိမိတ်ကို အာရုံပြု၏၊ ရံခါ ဘဝင်သို့ သက်ရောက်သွား၏၊ ဘဝင်ကျနေတတ်၏။</p> <p>သို့သော် အပ္ပနာစျာန် သမာဓိအခိုက်၌ကား စျာန်အင်္ဂါတို့သည် စွမ်းအင် အပြည့်အဝဖြင့် ဖြစ်ပေါ်လာကြကုန်၏။ ထိုစျာန်အင်္ဂါတို့၏ စွမ်းအင် အပြည့်အဝဖြင့် ဖြစ်ပေါ်လာသည့် အတွက်ကြောင့် လောကဥပမာမည်သည်ကား အားကောင်းမောင်းသန်သော ခွန်အားရှိသော ယောက်ျားသည် နေရာမှ ထ၍ တစ်နေ့ပတ်လုံးသော်လည်း ရပ်တည်နိုင်၏သို့ ဤဥပမာအတူပင်လျှင် အပ္ပနာစျာန်သမာဓိသည် ဖြစ်ပေါ်လာလတ်သော် စျာန်စိတ်သည် တစ်ကြိမ် ဘဝင်အလှည့်ကို ဖြတ်တောက်၍ တစ်ညပတ်လုံးသော်လည်း တည်နိုင်၏၊ တစ်နေ့ပတ်လုံးသော်လည်း တည်နိုင်၏၊ စျာန်ကုသိုလ်ဇော စဉ်ကာစဉ်ကာ ဆက်ကာဆက်ကာ၏ အစွမ်းဖြင့်သာလျှင် ဖြစ်ပေါ်နေ၏။ ဤသည်ကား သမာဓိနှစ်မျိုးတို့၏ အသီးအသီး ကွဲပြားသည်ကို ပြုကြောင်းဖြစ်သော ထူးခြားချက်တည်း။ (ဝိသုဒ္ဓိ၊၁၊၁၂၃။)</p> <p>အလုံးစုံသော ညဉ့်ပတ်လုံး, အလုံးစုံသော နေ့ပတ်လုံး (= တစ်နေ့လုံး, တစ်ညလုံး) တည်နေနိုင်၏ဟူသော ဤစကားရပ်ကို စျာန်သမာပတ် ဝင်စားနေသည့် အချိန်ကာလကို ရည်ရွယ်၍ အဋ္ဌကထာဆရာတော်က မိန့်ဆိုတော်မူခြင်း ဖြစ်သည်။ (မဟာဋီ၊၁၊၁၄၈။)</p> <p>မည်သည့် ကမ္မဋ္ဌာန်းကိုမဆို အားထုတ်လိုက်သည့်အခါ သမာဓိလည်း အတော်အတန် ဖြစ်လာသောအခါ ဘဝင် ကျကျနေတတ်ပေသည်။ ဘဝင်စိတ်များ အဆက်မပြတ် အဖြစ်များနေမှုကို အချို့ယောဂီများက ဘာမျှ မသိဘဲ ငြိမ်နေတယ်ဟု ပြောတတ်ကြ၏။ ဘဝင်စိတ်သည် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံနိမိတ်နှင့် ပစ္စုပ္ပန်အာရုံ မှန်သမျှကို အာရုံ မပြုဘဲ အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နဇောက ယူအပ်ခဲ့သည့် ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံကိုသာ အာရုံပြုသဖြင့် ယောဂီပုဂ္ဂိုလ်အနေဖြင့် ဘာမျှမသိဟု ပြောဆိုနေခြင်း ဖြစ်၏။ ယင်းဘဝင်စိတ်က အတိတ်မရဏာသန္နဇော၏ အာရုံကို အာရုံပြုနေပါသည် သိနေပါသည်ဟူသော အချက်ကိုလည်း ယောဂီပုဂ္ဂိုလ်က ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို လက်တွေ့ ရှုနိုင်သောအခါမှ သိရှိနိုင်ပေသည်။</p> <h3>အလွန်ရနိုင်ခဲသောအရာ</h3> <p>ထိုဥပစာရသမာဓိ အပ္ပနာစျာန်သမာဓိဟူသော နှစ်မျိုးသော သမာဓိတို့တွင် ဥပစာရသမာဓိနှင့် အတူတကွ အကြင်အာနာပါနပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာ၏။ ထိုပဋိဘာဂနိမိတ်ကို ဖြစ်စေခြင်းမည်သည်ကား အလွန် ငြိုငြင်သဖြင့် ပြုအပ်၏၊ အလွန် ပြုနိုင်ခဲ၏။ ထိုကြောင့် ထိုထက်ဝယ်ပလ္လင် တစ်ထိုင်တည်းဖြင့်ပင်လျှင် ထိုအာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ အပ္ပနာစျာန်ကို ရရှိခြင်းငှာ အကယ်၍ စွမ်းနုိင်ခဲ့သည် ဖြစ်အံ့၊ ဤသို့ စွမ်းနိုင်သည်ဖြစ်ပေမူကား ကောင်းမြတ်လှသည်သာ ဖြစ်ပေသည်။ အကယ်၍ ထိုတစ်ထိုင်အတွင်းမှာပင် အပ္ပနာစျာန်ကို ရရှိခြင်းငှာ မစွမ်းနိုင် ဖြစ်ခဲ့သော် ဤယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာနာပါနပဋိဘာဂနိမိတ်ကို မမေ့မလျော့သည်ဖြစ်၍ --- စကြာမင်းလောင်းဖြစ်သော ကိုယ်ဝန်ကို ဖန်ပေါင်းချောင် အတွင်း ၌ သွတ်သွင်းထားသကဲ့သို့ ပကတိသော မံသမျက်စိဖြင့် မြင်တွေ့ရသော မိခင်က မပျက်စီးအောင် သတိကြီးစွာဖြင့် ထိန်းသိမ်းစောင့်ရှောက်သကဲ့သို့ --- စောင့်ရှောက်အပ်ပေ၏။ အကျိုးကား ဤသို့တည်း။ အာနာပါန ပဋိဘာဂနိမိတ်ကို ထိန်းသိမ်းစောင့်ရှောက်သော ယောဂါဝစရပုဂ္ဂိုလ်အား ရရှိပြီးသော ဥပစာရသမာဓိ (= ဥပစာရစျာန်)၏ ယုတ်လျော့သွားခြင်းမည်သည် မရှိစကောင်းပေ။ ရရှိထားပြီးသော အာနာပါနပဋိဘာဂနိမိတ်ကို ထိန်းသိမ်းစောင့်ရှောက်မှုသည် ထင်ရှား မရှိလတ်ပါမူကား ရတိုင်းရတိုင်းသော ဥပစာရသမာဓိ (= ဥပစာရစျာန်)သည် ပျောက်ပျက်၍ သွားတတ်၏။ (ဝိသုဒ္ဓိ၊၁၊၁၂၃။)</p> <p>ရရှိထားပြီးသော အာနာပါနပဋိဘာဂနိမိတ်သည် ပျောက်ပျက် မသွားခဲ့သော် ထိုအာနာပါနပဋိဘာနိမိတ်လျှင် အာရုံရှိသော စျာန်သည်လည်း မလျှောကျခြင်း, မဆုတ်ယုတ်ခြင်းသဘော ရှိသည်သာလျှင် ဖြစ်ပေသည်။ အာနာပါနပဋိဘာဂနိမိတ်ကို ထိန်းသိမ်းစောင့်ရှောက်မှု မရှိသဖြင့် အာနာပါနပဋိဘာဂနိမိတ်သည် ပျောက်ကွယ်၍ သွားလတ်သော်မူကား ရအပ်တိုင်း ရအပ်တိုင်းသော စျာန်သည်လည်း ပျောက်ပျက်၍ သွားတတ်သည်သာ ဖြစ်ပေသည်။ အကြောင်းမူ အာနာပါနစျာန်ဟူသည်မှာလည်း ထိုအာနာပါန ပဋိဘာဂနိမိတ်ကိုသာ အာရုံပြု၍ ဖြစ်ပေါ်လာရသော စျာန်ဖြစ်ရကား ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံနှင့် ဆက်စပ်လျက် ဖြစ်ခြင်းသဘော ရှိသည်၏ အဖြစ်ကြောင့်တည်း။ (မဟာဋီ၊၁၊၁၄၈။)</p> <h3>ပထမစျာန်သမာဓိသို့</h3> <p>ယောဂါဝစရပုဂ္ဂိုလ်သည် အလွန် ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် သမာဓိကို ထူထောင်နိုင်သောအခါ ယင်း အာနာပါနပဋိဘာဂနိမိတ်သည်လည်း အထူးသဖြင့် ပို၍ပို၍ ကြည်လင်တောက်ပလာသောအခါ ယင်း အာနာပါနပဋိဘာဂနိမိတ် အာရုံထဲ၌ ဘာဝနာစိတ်သည် နစ်မြုပ်၍ သွားပေလိမ့်မည်။ ဘာဝနာစိတ်က ယင်း ပဋိဘာဂနိမိတ် အတွင်း၌ နစ်မြုပ်နေသောအခါ ဘာဝနာစိတ်ကလည်း လှုပ်မရအောင် ငြိမ်ဝပ်စွာ တည်နေတတ်ပေသည်။ ထိုအခါ၌ ယောဂီပုဂ္ဂိုလ် အနေဖြင့် အာဇာနည်မြင်း ကထားသော ရထားကို မောင်းနှင်နေသော ရထားထိန်းသည် လမ်းရိုးလမ်းမှန်ကို မှန်မှန်သွားနေသော အာဇာနည်မြင်းတို့ အပေါ်၌ ကြောင့်ကြမှု မရှိတော့ဘဲ အညီအမျှ အသာကြည့်နေသကဲ့သို့ အာနာပါနပဋိဘာဂနိမိတ်အတွင်း၌ နစ်မြုပ်ကာ ငြိမ်ဝပ်စွာ ကပ်တည်နေသော သမာဓိကို ကြောင့်ကြမှု တောင့်တမှု မရှိဘဲ လျစ်လျူသဘော အလယ်အလတ် သဘော၌သာ တည်အောင် ထားပါ။ ယင်းကဲ့သို့ နစ်မြုပ်နေသော သမာဓိကို တစ်နာရီ နှစ်နာရီစသည် တည်တံ့အောင် ဆက်လက် ကြိုးစားပါ။ ယင်း အာနာပါနပဋိဘာဂနိမိတ် အာရုံအတွင်း၌ ဘာဝနာစိတ်၏ နစ်မြုပ်နေမှု သဘောကား စိုက်စိုက်စူးစူး၊ အထူး မြဲမြံ၊ ရှုအားသန်၊ စျာန်ဟု ခေါ်သတတ် ဟူသော လယ်တီဆရာတော်ဘုရား၏ အဆိုအမိန့်အတိုင်း စျာန်သမာဓိပင် ဖြစ်ပေသည်။ ယင်း စျာန်သမာဓိကို ခိုင်ခံ့အောင် ဆက်လက် ထူထောင်ပါ။</p> <h3>ဝင်စားမှု များပါစေ-ဆင်ခြင်မှု နည်းပါစေ</h3> <p>ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံ၌ ရောက်အပ်ရအပ်သော ပထမစျာန်ရှိသော, ပထမစျာန်ကို ရသစ်စဖြစ်သော <b>အာဒိကမ္မိကပုဂ္ဂိုလ်</b>သည် စျာန်ဝင်စားမှု များပါစေ၊ စျာန်အင်္ဂါကို ဆင်ခြင်မှု နည်းပါစေ။ အပြစ်ကား စျာန်အင်္ဂါကို ဆင်ခြင်ခြင်း များသော သူအား စျာန်အင်္ဂါတို့သည် ရုန့်ရင်း ကုန်သည်ဖြစ်၍ ထင်လာကုန်၏၊ အားမရှိသည်ဖြစ်၍ ထင်လာကုန်၏။ (ဝိသုဒ္ဓိ၊၁၊၁၄၈။)</p> <p>စျာန်အင်္ဂါများကို ဆင်ခြင်ခြင်း များသည့်အတွက် စျာန်အင်္ဂါတို့သည် ထင်ရှားကုန်သည်၏ အဖြစ်ကြောင့် ရုန့်ရင်းကြမ်းတမ်းကုန်သည်ဖြစ်၍ ထင်လာကုန်၏။ စျာန်ဝင်စားမှုကို နိုင်နိုင်နင်းနင်း ကျွမ်းကျွမ်းကျင်ကျင်ဖြင့် စွမ်းအား ကြီးမားသည်၏ အဖြစ်သို့ မရောက်စေအပ်သည်၏ အဖြစ်ကြောင့် စျာန်အင်္ဂါတို့သည် အသိဉာဏ်၌ ထင်ရှားသော်လည်း အားနည်းသည်ဖြစ်၍ ထင်လာကုန်၏။ (မဟာဋီ၊၁၊၁၇၈။)</p> <p>ထိုသို့ အသိဉာဏ်၌ ထင်လာလတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား ထိုစျာန်အင်္ဂါတို့သည် ဤသို့ ရုန့်ရင်းကြမ်းတမ်းသောသဘော စွမ်းအင် နည်းပါးသောအားဖြင့် ထင်လာသည်၏ အဖြစ်ကြောင့် အာနာပါနဿတိ သမာဓိဘာဝနာဖြင့် အထက်အထက်စျာန်သို့ တက်ခြင်းငှာ အကြောင်းတရားဖြစ်မှုသို့ မရောက်နိုင်ကြကုန်။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ရရှိပြီးသော စျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် မပွားများအပ် မလေ့လာအပ်သည်ရှိသော် ဒုတိယစျာန်စသော အထက်အထက်စျာန်ကို ရစိမ့်သောငှာ အားထုတ်ပါသော်လည်း ရရှိပြီးသော ပထမစျာန်မှလည်း ဆုတ်ယုတ် သွားတတ်၏။ ဒုတိယစျာန်သို့ ရောက်ရှိခြင်းငှာလည်း မစွမ်းနိုင် ဖြစ်တတ်၏။ (ဝိသုဒ္ဓိ၊၁၊၁၄၈။ မဟာဋီ၊၁၊၁၇၈)</p> <h3>ပထမစျာန်၏ စျာန်အင်္ဂါငါးပါး</h3> <p>၁။ <b>ဝိတက်</b> = အာနာပါနပဋိဘာဂနိမိတ် အာရုံပေါ်သို့ စိတ်ကို ရှေးရှူ တင်ပေးခြင်းသဘော၊</p> <p>၂။ <b>ဝိစာရ</b> = အာနာပါနပဋိဘာဂနိမိတ် အာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်းသဘော၊</p> <p>၃။ <b>ပီတိ</b> = အာနာပါနပဋိဘာဂနိမိတ် အာရုံကို နှစ်သက်ခြင်းသဘော၊</p> <p>၄။ <b>သုခ</b> = အာနာပါနပဋိဘာဂနိမိတ် အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော၊</p> <p>၅။ <b>ဧကဂ္ဂတာ</b> = အာနာပါနပဋိဘာဂနိမိတ်အာရုံ တစ်ခုတည်းပေါ်သို့ စိတ် ကျရောက် တည်ငြိမ်နေခြင်းသဘော။</p> <h3>ဝသီဘော် ငါးတန်</h3> <p>၁။ <b>အာဝဇ္ဇနဝသီ</b> = စျာန်ဝင်စား၍ စျာန်မှ ထကာ စျာန်အင်္ဂါများကို အလိုရှိတိုင်း ဆင်ခြင်နိုင်စွမ်း ရှိခြင်း၊</p> <p>၂။ <b>သမာပဇ္ဇနဝသီ</b> = စျာန်ကို အလိုရှိသလို အလိုရှိတိုင်း ဝင်စားနိုင်စွမ်း ရှိခြင်း၊</p> <p>၃။ <b>အဓိဋ္ဌာနဝသီ</b> = စျာန်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် အလို ရှိသလောက် အချိန်ကာလကို ပိုင်းခြား၍ အဓိဋ္ဌာန်၍ ဝင်စား နိုင်စွမ်း ရှိခြင်း၊</p> <p>၄။ <b>ဝုဋ္ဌာနဝသီ</b> = ပိုင်းခြားထားသော အချိန်ကာလ စေ့သော် စျာန်မှ ထနိုင်စွမ်း ရှိခြင်း၊</p> <p>၅။ <b>ပစ္စဝေက္ခဏာဝသီ</b> = စျာန်အင်္ဂါတို့ုကို အလိုရှိသလို ဆင်ခြင်နိုင်စွမ်း ရှိခြင်း။</p> <p>စျာန်အင်္ဂါတို့ကို အမြန်ဆုံး ဆင်ခြင်နိုင်သော မနောဒွါရာဝဇ္ဇန်း၏ သတ္တိကို <b>အာဝဇ္ဇနဝသီ</b>ဟု ခေါ်ဆို၍ စျာန်အင်္ဂါကိုပင် အမြန်ဆုံး ဆင်ခြင်နိုင်သော ပစ္စဝေက္ခဏာဇော၏ သတ္တိကို <b>ပစ္စဝေက္ခဏာဝသီ</b>ဟု ခေါ်ဆိုသည်။ ယင်းမနောဒွါရာဝဇ္ဇန်း ယင်းပစ္စဝေက္ခဏာဇောတို့ကား မနောဒွါရဝီထိ တစ်ဝီထိ၏ အတွင်း၌ စိတ္တက္ခဏတစ်ခုပြီးတစ်ခု ဖြစ်နိုင်သော တရားတို့သာ ဖြစ်ကြသည်။ (ဝိသုဒ္ဓိ၊၁၊၁၄၉-၁၅၀။ မဟာဋီ၊၁၊၁၇၈-၁၈၀၊ ကြည့်။)</p> <h3>မနောဒွါရ = ဘဝင်မနောအကြည်</h3> <p><b>ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ။</b> (အံ၊၁၊၉။)</p> <p><b>ပဘဿရန္တိ ပဏ္ဍရံ ပရိသုဒ္ဓံ။ စိတ္တန္တိ ဘဝင်္ဂစိတ္တံ။</b> (အံ၊ဋ္ဌ၊၁၊၄၅။)</p> <p>ဤအထက်ပါ ပါဠိတော် အဋ္ဌကထာတို့နှင့် အညီ ဘဝင်စိတ်ကား ကြည်လင်လျက် ရှိ၏။ ယင်းဘဝင်စိတ်ကိုပင် <b>မနောဒွါရံ ပန ဘဝင်္ဂန္တိ ပဝုစ္စတိ</b> ဟူသော အဘိဓမ္မတ္ထသင်္ဂဟနှင့်အညီ မနောဒွါရဟု ခေါ်ဆို၏။</p> <p>စိတ်၌ အရောင်အလင်း ရှိပါသလားဟု မေးရန် ရှိ၏။ <b>ကိံ ပန စိတ္တဿ ဝဏ္ဏော နာမ အတ္ထီတိ? နတ္ထိ။</b> (အံ၊ဋ္ဌ၊၁၊၄၅)။ စိတ်ဝယ် ဝဏ္ဏမည်သော အရောင် အဆင်းသည် ရှိပါသလော? မရှိပါ -- ဟူသော အင်္ဂုတ္တရအဋ္ဌကထာနှင့် အညီ ဘဝင်စိတ်၌လည်း အရောင်အဆင်း မရှိပေ။ သို့သော် ဘဝင်စိတ်သည် လည်း စိတ္တဇရုပ်ကလာပ်ကို ဖြစ်စေနိုင်သည့် စွမ်းအား ရှိ၏။ ယင်းဘဝင်စိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် (= ရူပါရုံ)သည် ဘဝင်စိတ်နှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ်၏ အာနုဘော်က ကြီးလျှင်ကြီးသလို သေးလျှင်သေးသလို ကြည်လင်တောက်ပ သော သဘောရှိ၏။ တစ်ဖန် ယင်း စိတ္တဇရုပ်ကလာပ်တိုင်းတွင် တေဇော ဓာတ် (= ဥတု) ပါဝင်လျက် ရှိ၏။ ယင်းတေဇောဓာတ် (= ဥတု)ကလည်း ဥတုဇရုပ်ကလာပ် အသစ်သစ်ကို ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်စေပြန်၏။ ယင်း ဥတုဇရုပ်တို့တွင် ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် (= ရူပါရုံ)ကလည်း ဘဝင် စိတ်နှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ်၏ အာနုဘော်က ကြီးလျှင်ကြီးသလို သေးလျှင်သေးသလို ကြည်လင်တောက်ပခြင်းသဘော ရှိ၏။ ယင်းနှစ်မျိုး သော ရုပ်တရားတို့၏ ကြည်လင်တောက်ပမှုကိုပင် ဖလူပစာရအားဖြင့် တင်စား၍ အကြောင်းဖြစ်သော ဘဝင်ကိုပင် အစွဲပြု၍ ဘဝင်မနောအကြည် ဟု ခေါ်ဝေါ်သုံးစွဲထားပါသည်။</p> <h3>ပရိသုဒ္ဓ - ပရိယောဒါတ - ပဘဿရ</h3> <p><b>ပရိသုဒ္ဓတ္တာယေဝ ပရိယောဒါတေ၊ ပဘဿရေတိ ဝုတ္တံ ဟောတိ။</b> (ဝိသုဒ္ဓိ၊၂၊၅။)</p> <p><b>ပရိသုဒ္ဓတ္တာယေဝ</b> = ထက်ဝန်းကျင် စင်ကြယ်သည်၏အဖြစ်ကြောင့်ပင်လျှင်။ <b>ပရိယောဒါတေ</b> = ထက်ဝန်းကျင် ဖြူစင်ပြီးလတ်သော်။ <b>ပဘဿရေ</b> = ပြိုးပြိုးပြက် အရောင် ရှိလတ်သော်။ <b>ဣတိ</b> = ဤသို့ ။ <b>ဝုတ္တံ</b> = ဆိုလိုသည်။ <b>ဟောတိ</b> = ဖြစ်၏။ (ဝိသုဒ္ဓိမဂ္ဂနိဿယ၊၃၊၁၂၊ပြည်။)</p> <p>ဤအထက်ပါ ဘာသာပြန်ဆိုချက်မှာ ပြည်ဆရာတော်ဘုရားကြီး၏ ဘာသာပြန်ဆိုတော်မူချက် ဖြစ်ပါသည်။</p> <p>ဤအဖွင့်များအရ ပရိသုဒ္ဓ, ပရိယောဒါတ, ပဘဿရတို့မှာ အဓိပ္ပါယ်တူ စကားလုံးများသာ ဖြစ်ကြသည်ဟု မှတ်ပါ။ သို့သော် ဤဘဝင်စိတ်မှာ အတိတ်က ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့က အားပေးထောက်ပံ့ထားအပ်သော သင်္ခါရကံတို့ကြောင့် ဘဝတစ်လျှောက်ဝယ် စိတ်အစဉ် မပြတ်စဲရေးအတွက် ဖြစ်ပေါ်လာရသော ဝိပါက်စိတ် တစ်မျိုးသာ ဖြစ်သဖြင့် ထိုထိုကိုယ်အမူအရာ နှုတ်အမူအရာ စိတ်အမူအရာတို့ကို ဖြစ်စေတတ်ကုန်သော ကုသိုလ် အကုသိုလ် ကြိယာစိတ်တို့ကဲ့သို့ စွမ်းအင် မကြီးမားလှပေ။ အားနည်းသော သဘော ရှိသဖြင့် ယင်းဘဝင်စိတ်ကို အစွဲပြု၍ ဖြစ်ပေါ်လာသော ဘဝင်မနောအကြည်ဓာတ်မှာလည်း သမထဉာဏ်ရောင် ဝိပဿနာဉာဏ်ရောင်တို့ကဲ့သို့ အားမကောင်းဘဲ နှလုံးအိမ် ဝန်းကျင်လောက် တွင်သာ ပျံ့နှံ့ တည်ရှိနေပေသည်။ သို့သော် အာရုံ (၆)မျိုးတို့ကား ယင်း ဘဝင်မနောအကြည်ဓာတ်၌ ထိုက်သလို ထင်လာကြပေသည်။ ထိုအခါ မနောဓာတ် မနောဝိညာဏဓာတ်ခေါ်သော နာမ်တရားစုတို့သည် ဘဝင်မနောအကြည်ဓာတ်ကိုပင် အစွဲပြု၍ ဟဒယဝတ္ထုရုပ်ကိုပင် မှီတွယ်ကာ ထင်လာသော အာရုံကို အာရုံပြုလျက် ဖြစ်ပေါ်လာကြပေသည်။</p> <p>အာနာပါနပဋိဘာဂနိမိတ်ကို အာရုံမူနေကြသော ပထမစျာန်၏ စျာန်အင်္ဂါ ငါးပါးတို့သည်လည်းကောင်း, ယင်းစျာန်အင်္ဂါတို့နှင့် ယှဉ်တွဲလျက် ရှိကြသော စျာန်နာမ်တရားစုတို့သည်လည်းကောင်း ယင်းဘဝင်မနောအကြည်ဓာတ်ကိုပင် အစွဲပြု၍ ဟဒယဝတ္ထုရုပ်ကို မှီတွယ်ကာ ယင်းဘဝင်မနောအကြည်ဓာတ်တွင် ထင်လာသော အာနာပါနပဋိဘာဂနိမိတ်ကိုပင် အာရုံပြုလျက် ဖြစ်ပေါ်လာကြပေသည်။</p> <h3>စျာန်အင်္ဂါတို့ကို သိမ်းဆည်းပုံ</h3> <p>ပထမစျာန်၏ စျာန်အင်္ဂါတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ် သည် ယင်းဘဝင်မနောအကြည်ဓာတ် (= မနောဒွါရ)ကို သိမ်းဆည်းတတ်ဖို့ သိမ်းဆည်းထားပြီးဖြစ်ဖို့ ဉာဏ်ဖြင့် ပိုင်းခြားယူပြီးဖြစ်ဖို့ လိုအပ်ပေသည်။ မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသပါဠိတော်၊ <b>အနုပဒသုတ္တန်</b> (မ၊၃၊၇၅-၇၉၊၊)ဝယ် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် စျာန်အင်္ဂါတို့နှင့် တကွသော <b>စျာနဓမ္မ</b>အမည်ရသော စျာန်နာမ်တရားစုတို့ုကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ကြောင်းကိုလည်းကောင်း, ထင်ထင်ရှားရှား သိတော်မူကြောင်း ကိုလည်းကောင်း, ယင်းတရားတို့၏ ဖြစ်မှု-တည်မှု-ပျက်မှုကို ထင်ထင်ရှားရှား သိလျက် ဝိပဿနာရှုပွားသုံးသပ်နိုင်ကြောင်းကိုလည်းကောင်း ဘုရားရှင် ကိုယ်တော်တိုင်က ဝန်ခံလျက် ဟောကြားထားတော်မူ၏။ (ပထမစျာန်မှသည် အာကိဉ္စညာယတနစျာန်သို့တိုင်အောင် <b>အနုပဒဓမ္မဝိပဿနာ</b> = ပရမတ္ထ ဓာတ်သား တစ်လုံးစီ တစ်လုံးစီကို ခွဲခြားစိတ်ဖြာ၍ ဝိပဿနာရှုရသော နည်းစနစ်ဖြင့် ဝိပဿနာရှုတော်မူ၏။ နေဝသညာနာသညာယတနစျာန် ကိုကား <b>ကလာပသမ္မသနနည်း</b>အားဖြင့် ပေါင်းစုခြုံငုံကာ ဝိပဿနာ ရှုပွား သုံးသပ်တော်မူ၏။ (မ၊၃၊၇၈။ မ၊ဋ္ဌ၊၄၊၆၁။)</p> <p>ထိုသို့ ရှုနိုင်ရခြင်း၏ အကြောင်းကိုလည်း အဋ္ဌကထာဆရာတော်က -<b>ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ။</b> (မ၊ဋ္ဌ၊၄၊၆၀) ဝတ္ထု = ဒွါရ = မနောဒွါရနှင့် အာနာပါနပဋိဘာဂနိမိတ် ကသိုဏ်းပဋိဘာဂနိမိတ်စသော သမထအာရုံ နိမိတ်ကို ပူးတွဲသိမ်းဆည်းလျက် ယင်းစျာန်နာမ်တရားတို့ကို သိမ်းဆည်းနိုင် သည့်အတွက်ကြောင့် ထိုကဲ့သို့ ဝိပဿနာရှုပွားသုံးသပ်တော်မူနုိင်ကြောင်းကို ရှင်းလင်း တင်ပြထား၏။</p> <p>ဤဥပဒေသကား --- ပညာအရာတွင် ထိပ်တန်း ဧတဒဂ်ဘွဲ့ထူးကြီးကို ဆင်မြန်းသွားတော်မူသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကိုယ်တိုင် ရိုသေစွာ ဦးထိပ်ရွက်ပန်ဆင်လျက် လိုက်နာ ပြုကျင့်သွားတော်မူသော နာမ်ကမ္မဋ္ဌာန်းကို အားသစ်ပုံ, နာမ်တရားတို့ကို သိမ်းဆည်းပုံ ရှေးထုံးဟောင်း ဥပဒေသကြီးပင် ဖြစ်၏။ ဤရှေးထုံးဟောင်း ဥပဒေသကို စျာန်အင်္ဂါတို့ကို လည်းကောင်း, စျာန်အင်္ဂါနှင့် တကွသော စျာန်နာမ်တရားစုတို့ကိုလည်းကောင်း သိမ်းဆည်းလိုသော (= ဉာဏ်ဖြင့် ပိုင်းခြားယူလိုသော) ဝိပဿနာလည်း ရှုပွားသုံးသပ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ရိုသေစွာ ဦးထိပ်ရွက်ပန်ဆင်၍ လိုက်နာပြုကျင့်ရမည်သာ ဖြစ်ပေသည်။</p> <p>သို့အတွက် ယောဂါဝစရပုဂ္ဂိုလ်သည် အလွန် ကြည်လင်တောက်ပနေသော အာနာပါန ပဋိဘာဂနိမိတ်ကို အာရုံယူကာ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ယင်းအာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် နစ်မြုပ်နေအောင် သမာဓိကို ထူထောင်နိုင်သောအခါ အာနာပါနပဋိဘာဂ နိမိတ်ကလည်း ဆက်တိုက် အထူးကြည်လင် တောက်ပနေသောအခါ ဘဝင် မနောအကြည်၏ တည်ရာ နှလုံးအိမ်အတွင်း ဟဒယဝတ္ထု ရှိရာဘက်သို့ လှမ်းအာရုံ ယူကြည့်ပါ။ ကြိမ်ဖန်များစွာ လေ့ကျင့်ပါက ဟဒယဝတ္ထုရုပ်ကို မှီဖြစ်နေသော ဘဝင်မနောအကြည် (= မနောဒွါရ)ကိုလည်းကောင်း, ယင်း မနောဒွါရတွင် ထင်နေသော အာနာပါနပဋိဘာဂနိမိတ်ကိုလည်းကောင်း လွယ်ကူစွာ သိမ်းဆည်းနိုင်မည် ဖြစ်ပေသည်။ ထိုအခါ ယင်းဘဝင်မနော အကြည် (= မနောဒွါရ)တွင် ယင်းအာနာပါနပဋိဘာဂနိမိတ်အာရုံက ရှေးရှုထင်ခြင်းသို့ ရောက်သောအခါ (= ရှေးရှု ကျရောက်လာသောအခါ) ယင်းအာနာပါနပဋိဘာဂနိမိတ်အာရုံကို အာရုံပြုနေသော အာရုံမူနေသော စျာန်အင်္ဂါတို့ကို တစ်လုံးစီ ထင်ထင်ရှားရှား သိအောင် သိမ်းဆည်းပါ။ ဥပမာ ဝိတက်ကို သိမ်းဆည်းပါ။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ လေ့ကျင့်ပါ။ ထိုနောင် တစ်ဖန် ပထမစျာန်ကို ပြန်ဝင်စားပါ။ စျာန်မှထကာ ဒွါရနှင့် အာရုံကို အလားတူ ပူးတွဲသိမ်းဆည်းလျက် ဝိစာရကို သိမ်းဆည်းပါ။ ဤသို့လျှင် စျာန်ကို ဝင်စားလိုက်, စျာန်မှ ထကာ စျာန်အင်္ဂါတို့ကို သိမ်းဆည်းလိုက် --ဤသို့ စသည်ဖြင့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ လေ့ကျင့်သော် စျာန်အင်္ဂါ တို့ကို တစ်လုံးစီ ထင်ထင်ရှားရှား သိမ်းဆည်နိုင်မည် ဖြစ်ပေသည်။ ထိုနောင် တစ်ဖန် စျာန်ကို ပြန်ဝင်စားကာ စျာန်မှထပြီးလျှင် အလားတူပင် ဘဝင် မနောအကြည် (= မနောဒွါရ) နှင့် အာနာပါနပဋိဘာဂနိမိတ်ကို ပူးတွဲ သိမ်းဆည်းလျက် စျာန်အင်္ဂါ (၅)ပါးလုံးကို ပြိုင်တူ မြင်အောင် ရှုပါ၊ သိမ်းဆည်းပါ။ အောင်မြင်မှုကို ရရှိပါက ဝသီဘော်ငါးတန် နိုင်နင်းအောင် ဆက်လက် လေ့ကျင့်ပါ။</p> <p>နာမ်ကမ္မဋ္ဌာန်းကို မသိမ်းဆည်းရသေးသော ယောဂါဝစရပုဂ္ဂိုလ် အနေဖြင့် အာဝဇ္ဇနဝသီနှင့် ပစ္စဝေက္ခဏာဝသီကို ခွဲခြားနိုင်ဖို့ရန်ကား မဖြစ် နိုင်သေးပေ။ ဤစျာန်အင်္ဂါတို့ကိုကား မနောဒွါရာဝဇ္ဇန်းဖြင့် သိနေသော စျာန်အင်္ဂါတို့တည်း၊ ဤစျာန်အင်္ဂါတို့ကား ပစ္စဝေက္ခဏာဇောတို့ဖြင့် ထိုးထွင်း သိနေသော စျာန်အင်္ဂါတို့တည်း ဤသို့ ခွဲခြားဖို့ရန် မလွယ်ကူသေး ဟူလိုသည်။ စျာန်အင်္ဂါတို့ကို ဆင်ခြင်ရာ၌ စျာန်မှ ထပြီး စျာန်အင်္ဂါတို့ကို ဆင်ခြင်လိုက်ရာ စက္ကန့်ပိုင်းလောက် အတွင်းမှာပင် စျာန်အင်္ဂါတို့ကို ဆင်ခြင်လို့ ရရှိနိုင်ပါက အာဝဇ္ဇနဝသီနှင့် ပစ္စဝေက္ခဏာဝသီဘော်တို့ကို နိုင်နင်းပြီဟု ဆိုနိုင်ပေပြီ။</p> <h3>ဒုတိယစျာန်သို့</h3> <p>ဤဝသီဘော်ငါးတန်တို့၌ ဝသီမြောက်အောင် နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် အဝါးဝစွာ လေ့လာထားအပ်ပြီးသော ပထမစျာန်မှ ထ၍ ---</p> <p>၁။ ဤပထမစျာန်သမာပတ်သည် (နီဝရဏကို ပယ်ခွာရာဝယ် ပထမဦးဆုံး ဖြစ်ခြင်းကြောင့်) နီးကပ်သော နီဝရဏရန်သူ ရှိ၏။</p> <p>၂။ ဝိတက် ဝိစာရတို့၏ ရုန့်ရင်းသည်၏ အဖြစ်ကြောင့် (ကျိုးပျက်လွယ်သော သဘော ရှိရကား) အားနည်းသော စျာန်အင်္ဂါ ရှိ၏။</p> <p>ဤသို့လျှင် ပထမစျာန်၌ အပြစ်ကို မြင်အောင် ရှု၍,</p> <p>၃။ ပီတိ သုခ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ သုံးပါးရှိသော ဒုတိယစျာန်ကို ငြိမ်သက်သော တရားဟု နှလုံးသွင်း၍,</p> <p>၄။ ပထမစျာန်၌ လိုချင်ငဲ့ကွက် တသက်သက်ရှိခြင်း (= နိကန္တိ)ကို ကုန်စေ၍ ဒုတိယစျာန်ကို ရရှိခြင်းငှာ</p> <p>အာနာပါနဿတိသမာဓိဘာဝနာ၌ အားထုတ်ခြင်းကို ပြုအပ်၏၊ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် (အထက်ပါ ဦးတည်ချက် လေးမျိုး ဖြင့်) စူးစူးစိုက်စိုက် ရှုအပ်၏။</p> <p>[ဤအဆင့်၌ အာနာပါနပဋိဘာဂနိမိတ် အာရုံကို မမှတ်ပါနှင့်၊ စိုက်သာ ကြည့်နေပါ၊ ရှုနေပါ။ <b>ဝင်လေ+ထွက်လေ</b>ဟု မှတ်နေခဲ့သော် <b>ဝိတက္ကဝိစာရာ ဝစီသင်္ခါရော။</b> (မ၊၁၊၃၇၅။) ဟူသည်နှင့် အညီ <b>ဝင်လေ+ထွက်လေ</b>ဟု မှတ်နေမှု, စိတ်ဖြင့် ရွတ်ဆိုနေမှု ဝစီသင်္ခါရကို ဝိတက် ဝိစာရတို့က ပြုပြင် ပေးနေသဖြင့် ဝိတက် ဝိစာရတို့ မပြုတ်နိုင် ရှိတတ်၏။ ပြုတ်သွားသော်လည်း ပြန်ပြန်ဝင်နေတတ်၏။ ထို့ကြောင့် ဤဒုတိယစျာန်သို့ ကူးသည့်အပိုင်းမှ စ၍ အထက်ပိုင်းစျာန်တို့၌ မမှတ်ပါနှင့်။ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုသာ စိုက်ကြည့်နေပါ၊ ရှုနေပါ။]</p> <p>ထိုသို့ ကြိုးစားအားထုတ်လတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား အကြင် အခါ၌ ပထမစျာန်မှ ထ၍ (= ပထမစျာန်သို့ တစ်ဖန် ပြန်ဆိုက်ပြီး ယင်းစျာန်မှ တစ်ဖန် ပြန်ထ၍) အာနာပါနပဋိဘာဂနိမိတ်ကိုပင် သိမ်းဆည်းတတ် အမှတ် ရတတ်သော သတိနှင့် ပြည့်စုံသည်ဖြစ်၍ အာနာပါနပဋိဘာဂနိမိတ်အာရုံ ကိုပင် ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်တတ်သော သမ္ပဇဉ် ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ စျာန်အင်္ဂါတို့ကို ရှေးရှူ ဉာဏ်ဖြင့် သက်ဝင်၍ ဆင်ခြင်စဉ် ဝိတက် ဝိစာရတို့သည် ရုန့်ရင်းသောအားဖြင့် ထင်လာကုန်၏၊ ပီတိ သုခသည်လည်းကောင်း, စိတ္တေကဂ္ဂတာ (= ဧကဂ္ဂတာ) သည်လည်းကောင်း ငြိမ်သက်သောအားဖြင့် ထင်လာ၏။ ထိုအခါ၌ ရုန့်ရင်းသော စျာန်အင်္ဂါကို ပယ်ခြင်းငှာလည်းကောင်း, ငြိမ်သက်သော စျာန်အင်္ဂါကို ရရှိခြင်းငှာလည်းကောင်း ထိုအာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် အဖန်ဖန် အထပ်ထပ် နှလုံးသွင်းအပ်၏၊ စူးစူးစိုက်စိုက် ရှုအပ်၏။ ထိုသို့ နှလုံးသွင်း ရှုပွားလျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ပီတိ သုခ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါသုံးပါး ရှိသော ဒုတိယစျာန်သည် ဖြစ်ပေါ်လာပေလတ္တံ့။ (ဝိသုဒ္ဓိ၊၁၊၁၅၀-၁၅၁။)</p> <h3>တတိယစျာန်သို့</h3> <p>ယင်းသို့ ရရှိအပ်ပြီးသော ဒုတိယစျာန်ကိုလည်း ဝသီဘော် ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ဤသို့သော ဘာဝနာအစဉ်ဖြင့် ဒုတိယစျာန်ကိုလည်း ရအပ်ပြီးသည်ရှိသော် ယင်းဒုတိယစျာန်ကို ဝသီဘော် ငါးတန်တို့ဖြင့် နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝသီဘော် ငါးတန် တို့ဖြင့် အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးရာ ဒုတိယစျာန်မှထ၍ ---</p> <p>၁။ ဤဒုတိယစျာန်သမာပတ်သည် နီးကပ်သော ဝိတက်, ဝိစာရ ဟူသော ရန်သူ ရှိ၏။</p> <p>၂။ [ထိုဒုတိယစျာန်သမာပတ်၌ စိတ်၏ လောက်လက်ပေါ်သည်၏အဖြစ် ဟူသော ပေါ်လွင်သော အခြင်းအရာအားဖြင့်ဖြစ်သော အကြင်ပီတိ သည် ရှိ၏။ ယင်း ပီတိကြောင့်ပင်လျှင် ဤဒုတိယစျာန်ကို ရုန့်ရင်းကြမ်းတမ်း၏ဟူ၍ ဆိုအပ်၏။ (ဒီ၊၁၊၃၄။)] ---- ဤသို့ ဘုရားရှင် ဟောကြားထားတော်မူအပ်သော ပီတိ၏ ရုန့်ရင်းသည့်အတွက်ကြောင့် အားနည်းသော စျာန်အင်္ဂါ ရှိ၏။</p> <p>ဤသို့လျှင် ဒုတိယစျာန်သမာပတ်၌ အပြစ်ဒေါသကို မြင်အောင်ရှု၍,</p> <p>၃။ သုခ, ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ နှစ်ပါး ရှိသော တတိယစျာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍,</p> <p>၄။ ဒုတိယစျာန်၌ လိုချင်ငဲ့ကွက် တသက်သက် ရှိခြင်း (= နိကန္တိ )ကို ကုန်စေ၍ တတိယစျာန်ကို ရရှိခြင်းငှာ</p> <p>အာနာပါနဿတိသမာဓိဘာဝနာ၌ အားထုတ်ခြင်းကို ပြုအပ်၏။ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် (အထက်ပါ ဦးတည်ချက် လေးမျိုးဖြင့်) စူးစူးစိုက်စိုက် ရှုအပ်၏။ (ဝိသုဒ္ဓိ၊၁၊၁၅၃-၁၅၄။)</p> <p>ထိုသို့ ကြိုးစားအားထုတ်လတ်သော် ဒုတိယစျာန်သို့ပင် တစ်ဖန် ပြန်၍ ဆိုက်ရောက်သွားပေလတ္တံ့၊ ထိုယောဂါဝစရပုဂ္ဂိုလ်အား အကြင်အခါ၌ ထိုဒုတိယစျာန်မှ ထ၍ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် သိမ်းဆည်းတတ် အမှတ်ရတတ်သော သတိနှင့် ပြည့်စုံသည်ဖြစ်၍ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်တတ်သော သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ စျာန်အင်္ဂါတို့ကို ရှေးရှူး ဉာဏ်သက်ဝင်၍ ဆင်ခြင်စဉ် ပီတိသည် ရုန့်ရင်းသောအားဖြင့် ထင်လာ၏။ သုခသည်လည်းကောင်း, ဧကဂ္ဂတာသည်လည်းကောင်း ငြိမ်သက်သောအားဖြင့် ထင်လာ၏။ ထိုအခါ၌ ရုန့်ရင်းသော စျာန်အင်္ဂါကို ပယ်ခြင်းငှာလည်းကောင်း, ငြိမ်သက်သော စျာန်အင်္ဂါကို ရရှိခြင်းငှာလည်းကောင်း, ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင်လျှင် အဖန်ဖန် အထပ်ထပ် နှလုံးသွင်းအပ်၏၊ စူးစူးစိုက်စိုက် ရှုအပ်၏။ ထိုသို့ နှလုံးသွင်းရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ သုခ, ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော တတိယစျာန်သည် ဖြစ်ပေါ်လာပေလတ္တံ့။ (ဝိသုဒ္ဓိ၊၁၊၁၅၄။)</p> <p>ဤတတိယစျာန်၌ <b>တတြမဇ္ဈတ္တတာစေတသိက်</b>ဟူသော <b>တတြမဇ္ဈတ္တုပေက္ခာ</b>သည် ဝိတက် ဝိစာရ ပီတိတို့ မရှိခြင်းကြောင့် အလွန် ပေါ်လွင်ထင်ရှားနေ၏။ တတိယစျာန်ချမ်းသာကိုပင် အညီအမျှ လျစ်လျူရှုနိုင်သူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူဟု ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့က ယင်းတတိယစျာန်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို ချီးမွမ်းမြှောက်စားတော်မူကြကုန်၏။ ဤစျာန်၌ အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ ဘာဝနာစိတ်ကို အညီအမျှ အလယ်အလတ် လျစ်လျူသဘော၌ ထားနိုင်သည့် တတြမဇ္ဈတ္တတာ စေတသိက်၏ စွမ်းအား, ယင်းအာရုံကို အမှတ်ရနေမှု သတိ၏ စွမ်းအား, ယင်းအာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားနေမှု သုခ၏ စွမ်းအား--- ဤစွမ်းအားတို့ကား အလွန် ပေါ်လွင်ထင်ရှားလျက် အလွန် မြင့်မားလျက် ရှိကြ၏။ လောကီသုခတို့တွင် ဤတတိယစျာန်သုခကား အမြင့်မားဆုံး ဖြစ်၏။ အထက်အထက်စျာန်တို့၌ သုခဝေဒနာ မယှဉ်ဘဲ ဥပေက္ခာဝေဒနာသာ ယှဉ်သောကြောင့် ဖြစ်၏။ ယင်း တတိယစျာန်ကိုလည်း ဝသီဘော် ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။</p> <h3>စတုတ္ထစျာန်သို့</h3> <p>ဤသို့သော ဘာဝနာအစဉ်ဖြင့် ထိုတတိယစျာန်ကိုလည်း ရအပ်ပြီးသည်ရှိသော် ဆိုအပ်ခဲ့ပြီးသည့် နည်းအတိုင်းပင်လျှင် ယင်းတတိယစျာန်ကိုလည်း ဝသီဘော် ငါးတန်တို့ဖြင့် နိုင်နိုင်နင်းနင်း လေ့ကျင့်အပ်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝသီဘော် ငါးတန်တို့ဖြင့် အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးရာ တတိယစျာန်မှ ထ၍ ---</p> <p>၁။ ဤတတိယစျာန် သမာပတ်သည် ပီတိဟူသော နီးကပ်သော ရန်သူ ရှိ၏။</p> <p>၂။ [အကြင် စျာန်အင်္ဂါကို သုခဟူ၍ စိတ်၏ နှလုံးသွင်းခြင်းသည် ရှိ၏၊ ဤသုခကြောင့်ပင်လျှင် ထိုတတိယစျာန်ကို ရုန့်ရင်း၏ဟူ၍ ဆိုအပ်၏၊၊ (ဒီ၊၁၊၃၄၊၊)] ---- ဤသို့ ဟောကြားထားတော်မူအပ်သော သုခ၏ ရုန့်ရင်းသည်၏ အဖြစ်ကြောင့် အားနည်းသော စျာန်အင်္ဂါ ရှိ၏။</p> <p>ဤသို့လျှင် ထိုတတိယစျာန်သမာပတ်၏ အပြစ်ဒေါသကို မြင်အောင်ရှု၍,</p> <p>၃။ ဥပေက္ခာ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါး ရှိသော စတုတ္ထစျာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍,</p> <p>၄။ တိယစျာန်၌ လိုချင်ငဲ့ကွက် တသက်သက်ရှိခြင်း (= နိကန္တိ)ကို ကုန်စေ၍ စတုတ္ထစျာန်ကို ရရှိခြင်းငှာ</p> <p>အာနာပါနဿတိသမာဓိဘာဝနာ၌ အားထုတ်ခြင်းကို ပြုအပ်၏၊ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် အထက်ပါ ဦးတည်ချက် လေးမျိုးဖြင့် စူးစူးစိုက်စိုက် ရှုအပ်၏။ (ဝိသုဒ္ဓိ၊၁၊၁၅၉။)</p> <p>ထိုသို့ အပတ်တကုတ် ကြိုးစားအားထုတ်လတ်သော် တတိယစျာန်သို့ပင် ပြန်လည် ဆိုက်ရောက်ပေလတ္တံ့။ အကြင်အခါ၌ ထိုတတိယစျာန်မှ ထ၍ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် သိမ်းဆည်းတတ် အမှတ်ရတတ်သော သတိနှင့် ပြည့်စုံသည်ဖြစ်၍ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်တတ်သော သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ စျာန်အင်္ဂါတို့ကို ရှေးရှူး ဉာဏ်သက်ဝင်၍ ဆင်ခြင်စဉ် ဆင်ခြင်သော ထိုရဟန်း၏ ဉာဏ်၌ စေတသိကသောမနဿဟု ခေါ်ဆိုအပ်သော သုခသည် ရုန့်ရင်းသောအားဖြင့် ထင်လာ၏။ ဥပေက္ခာဝေဒနာသည်သာလျှင်လည်းကောင်း, စိတ္တေကဂ္ဂတာသည်လည်းကောင်း ငြိမ်သက်သောအားဖြင့် ထင်လာ၏။ ထိုအခါ၌ ရုန့်ရင်းသော စျာန်အင်္ဂါကို ပယ်ခြင်းငှာလည်းကောင်း, ငြိမ်သက်သော စျာန်အင်္ဂါကို ရရှိခြင်းငှာလည်းကောင်း ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင်လျှင် အဖန်ဖန် အထပ်ထပ် နှလုံးသွင်းနေပါ၊ စူးစူးစိုက်စိုက် ရှုနေပါ။ ထိုသို့ နှလုံးသွင်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဥပေက္ခာဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါး ရှိသော စတုတ္ထစျာန်သည် ဖြစ်ပေါ်လာပေလတ္တံ့။ (ဝိသုဒ္ဓိ၊၁၊၁၅၉။)</p> <p>ယင်းစတုတ္ထစျာန်ကိုလည်း ဝသီဘော် ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။</p> <h3>ဝေဒနာကို ပယ်စဉ်</h3> <p>၁။ ကာယိကဒုက္ခဝေဒနာကို ပထမစျာန်၏ ဥပစာရခဏ၌,</p> <p>၂။ စေတသိကဒေါနဿဝေဒနာကို ဒုတိယစျာန်၏ ဥပစာရခဏ၌,</p> <p>၃။ ကာယိကသုခဝေဒနာကို တတိယစျာန်၏ ဥပစာရခဏ၌,</p> <p>၄။ စေတသိကသောမနဿဝေဒနာကို စတုတ္ထစျာန်၏ ဥပစာရခဏ၌ ---အသီးအသီး ပယ်အပ်၏။ (သံ၊၃၊၁၈၈၊၁၈၉။ ဝိသုဒ္ဓိ၊၁၊၁၆၀။)</p> <h3>စတုတ္ထစျာန်၏ ထူးခြားသော မှတ်ကျောက်</h3> <p><b>စတုတ္ထစျာနေ အတိသုခုမော အပ္ပဝတ္တိမေဝ ပါပုဏာတိ။</b> (ဝိသုဒ္ဓိ၊၁၊၂၆၇၊၊)</p> <p><b>အတိသုခုမောတိ အညတ္ထ လဗ္ဘမာနော ကာယသင်္ခါရော စတုတ္ထဇ္ဈာနေ အတိက္ကန္တသုခုမော။ သုခုမဘာဝေါပိဿ တတ္ထ နတ္ထိ၊ ကုတော ဩဠာရိကတာ အပ္ပဝတ္တနတော။ တေနာဟ အပ္ပဝတ္တိမေဝ ပါပုဏာတီတိ။</b> (မဟာဋီ၊၁၊၃၂၄၊၊)</p> <p>စတုတ္ထစျာန်၌ ဝင်သက်လေ+ထွက်သက်လေ (= အဿာသပဿာသကာယသင်္ခါရ)သည် သိမ်မွေ့နူးညံ့ခြင်းကို လွန်သွား၏၊ မဖြစ်ခြင်းသို့သာလျှင် ရောက်ရှိသွား၏။ (ဝိသုဒ္ဓိ၊၁၊၂၆၇။)</p> <p><b>အတိသုခုမ</b> (= အလွန် သိမ်မွေ့နူးညံ့၏ = လွန်သော သိမ်မွေ့နူးညံ့ခြင်း ရှိ၏။) ဟူသည် ပထမစျာန် ဒုတိယစျာန် တတိယစျာန်ဟူသော အခြား အခြားသော စျာန်တို့၌ ရအပ်သော အဿာသပဿာသကာယသင်္ခါရသည် စတုတ္ထစျာန်၌ သိမ်မွေ့နူးညံ့မှုကို ကျော်လွန်သွား၏။ ထိုအဿသပဿာသ ကာယသင်္ခါရ၏ ထိုစတုတ္ထစျာန်၌ သိမ်မွေ့နူးညံ့သည်၏ အဖြစ်သော်လည်း မရှိ ဖြစ်တုံသေး၏။ ရုန့်ရင်းသည်၏ အဖြစ်ကား အဘယ်မှာလျှင် ဖြစ်နိုင်တော့ အံ့နည်း။ ထိုကြောင့် --- <b>အပ္ပဝတ္တိမေဝ ပါပုဏာတိ</b> (= မဖြစ်ခြင်းသို့သာလျှင် ရောက်ရှိသွား၏။)ဟု အဋ္ဌကထာဆရာတော်တို့က မိန့်ဆိုတော်မူကြခြင်း ဖြစ်၏။ (မဟာဋီ၊၁၊၃၂၃။)</p> <p><b>ဒီဃဘာဏက, မဇ္ဈိမဘာဏက, သံယုတ္တဘာဏက</b>ဟူသော ထိုထို ဘာဏက မထေရ်မြတ်တို့၏ အလိုအတိုင်း အဋ္ဌကထာက ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။ (ဝိသုဒ္ဓိ၊၁၊၂၆၇။)</p> <p><b>စတုတ္ထဇ္ဈာနသမာပန္နာနံ။</b> (ဝိသုဒ္ဓိ၊၁၊၂၇၅။) --- စတုတ္ထစျာန်ကို ဝင်စား နေသော ပုဂ္ဂိုလ်တို့၏ သန္တာန်၌ အဿာသပဿာသတို့ မရှိကြောင်းကိုလည်း အဋ္ဌကထာက ဖွင့်ဆိုထားတော်မူ၏။ သို့သော် ဤအရာ၌ ယောဂါဝစရပုဂ္ဂိုလ် အနေဖြင့် သတိပြုသင့်သော အချက်တစ်ရပ် ရှိနေပေ၏။ ယောဂီပုဂ္ဂိုလ်က စတုတ္ထစျာန်သို့ ငါ ဆိုက်ရောက်လေပြီဟု မိမိကိုယ်ကို မိမိ ယုံကြည်ယူဆသောအခါ ငါသည် အသက်ရှူလေသလော, မရှူလေသလောဟု ခဏခဏ မဆန်းစစ်ပါနှင့်။ ထိုသို့ ဆန်းစစ်နေပါက စူးစမ်းဆင်ခြင်မှု (= ဓမ္မဝိစယ သမ္ဗောဇ္ဈင်)က လွန်ကဲနေသဖြင့် သမာဓိလည်း ပျက်ပြားတတ်၍ ရရှိထားပြီး သည့် စျာန်မှလည်း လျှောကျတတ်သည်။ စတုတ္ထစျာန်သမာပတ်ကိုသာလျှင် (မှန်သည်ဟု ယူဆလျှင်) ခိုင်ခံ့အောင် တည်တံ့အောင် များများ ဝင်စား နေပါဦး။ အကြောင်းမှာ ဤသို့ ဖြစ်၏။</p> <p>စတုတ္ထစျာန်သမာဓိ အခိုက်၌ အသက် မရှူသော်လည်း, တစ်နည်း ဆိုရသော် စတုတ္ထစျာန်သမာပတ်သည် အဿာသပဿာသကို မဖြစ်စေ သော်လည်း --- စျာန်အင်္ဂါကို ပြန်လည် ဆင်ခြင်နေသော မနောဒွါရိက ပစ္စဝေက္ခဏာဇောဝီထိ, အသက်ရှူ - မရှူကို ပြန်လည်ဆင်ခြင်နေသော ကာမဇော မနောဒွါရိက ဇောဝီထိစိတ်တို့မှာ (နာမ်တရားစုတို့မှာ) အဿာသ ပဿာသကိုဖြစ်စေသော မနောဒွါရိကဇောဝီထိစိတ်အစဉ်တို့ ဖြစ်ကြ၏။ ထိုကြောင့် အသက်ရှူ-မရှူကို ပြန်လည် ဆန်းစစ်နေသောအခါ ယင်းသို့ ဆန်းစစ်နေသော ကာမဇော မနောဒွါရိကဇောဝီထိစိတ်တို့ကြောင့် ဖြစ်ပေါ် လာသော အလွန် သိမ်မွေ့နူးညံ့သော အဿာသပဿာသကို (= အသက် ငွေ့ငွေ့ကလေး ရှူနေသည်ကို) အချို့ယောဂီများသည် သတိပြုနေမိတတ်၏။ စတုတ္ထစျာန်သမာပတ်အခိုက်၌ အသက်မရှူသော်လည်း အသက်ရှူ-မရှူကို ပြန်လည် ဆန်းစစ်သောအခိုက်၌ အသက်ရှူနေခြင်းသာ ဖြစ်၏။</p> <p>ထိုကြောင့် စတုတ္ထစျာန်ကို ရခါစ အစပိုင်းတွင် အသက်ရှူ-မရှူကို ဆန်းစစ်မှု မပြုသေးဘဲ စတုတ္ထစျာန်ကို ဝင်စားမှုကိုသာ များများပြုလုပ်ပါ။ ကျေနပ်မှု ရရှိသောအခါမှ အသက်ရှူ-မရှူကို ပြန်လည် ဆန်းစစ်ပါ။ ဥပေက္ခာ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးတို့မှာလည်း စတုတ္ထစျာန်၏ ဥပစာရသမာဓိအခိုက်၌လည်း ထင်ရှားနေတတ်ရကား စတုတ္ထစျာန်၏ ဥပစာရသမာဓိအခိုက်၌ ဖြစ်ပေါ်နေသော ဥပေက္ခာ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါတို့နှင့် စတုတ္ထစျာန်အခိုက်၌ ဖြစ်ပေါ်နေတတ်သော ဥပေက္ခာ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါတို့သည် အနည်းငယ် ရောထွေးတတ်သည်။ ဥပစာရသမာဓိ အခိုက်၌ အသက်ရှူမှု ရှိ၏၊ ရံခါ ဘဝင်ကျနေတတ်၏။ သို့သော် စတုတ္ထစျာန်သမာဓိအခိုက်၌ အထူးသဖြင့် စတုတ္ထစျာန်သမာပတ်ကို ဝင်စား ခိုက်၌ အသက်မရှူပေ။ ယင်းသမာဓိကိုလည်း ကြာရှည်စွာ တည်တံ့နေအောင် ဘဝင်ကျမှု မရှိအောင် ယောဂါဝစရပုဂ္ဂိုလ်က ရွက်ဆောင်ထားနိုင်ပေသည်။</p> <p>ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းစတုတ္ထစျာန်သမာဓိကိုလည်း ဝသီဘော် ငါးတန် နိုင်နင်းအောင် လေ့ကျင့်ရ၏။ ယင်းစတုတ္ထစျာန်သမာဓိကြောင့် ဖြစ်ပေါ်လာသော ဉာဏ်လင်းရောင်ခြည်စွမ်းအင်များ <b>ပရိယောဒါတ</b> =ပြိုးပြိုး ပြက်ပြက် တလက်လက် တောက်ပလာသည့် တိုင်အောင် လေ့ကျင့်ပါ။ ထိုအခါဝယ် ဝိပဿနာသို့ ကူးလိုက ကူးနိုင်ပြီ။</p> <p>အကယ်၍ မြေ-ရေ-မီး-လေတို့နှင့် တူညီသော စိတ်ဓာတ်များ ကိန်းဝပ်လာအောင် ပထဝီကသိုဏ်းစသည် ကသိုဏ်းကမ္မဋ္ဌာန်းတို့ကို ကူးပြောင်း အားထုတ်လိုကလည်း</p> <h3>(၃၂) ကောဋ္ဌာသသို့</h3> <p>ယင်း စတုတ္ထစျာန်သမာဓိကြောင့် တစ်နည်း သမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့် အလင်းရောင်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ စျာန်မှထကာ ယင်း လင်းရောင်ခြည် အကူအညီဖြင့် (၃၂)ကောဋ္ဌာသတို့ကို အဇ္ဈတ္တ (= မိမိကိုယ်)က စ၍ သိမ်းဆည်းပါ။</p> <p>၁။ ဆံပင်, မွေးညင်း, ခြေသည်း လက်သည်း, သွား, အရေ,</p> <p>၂။ အသား, အကြော, အရိုး, ရိုးတွင်းခြင်ဆီ, အညှို့ = ကျောက်ကပ်,</p> <p>၃။ နှလုံး, အသည်း, အမြှေး, အဖျဉ်း = သရက်ရွက်, အဆုပ်,</p> <p>၄။ အူမ, အူသိမ် (= အူသိမ်း = အူထုံး = အူချည်ကြိုး), အစာသစ်, အစာဟောင်း, ဦးနှောက်,</p> <p>၅။ သည်းခြေ (= အအိမ်သည်းခြေ + အရည်သည်းခြေ), သလိပ်, ပြည်, သွေး (= အိုင်နေသောသွေး + အကြောအတွင်းသွေး), ချွေး, အဆီခဲ,</p> <p>၆။ မျက်ရည်, ဆီကြည်, တံတွေး, နှပ်, အစေး, ကျင်ငယ်။</p> <p>ယောဂါဝစရသူတော်ကောင်းသည် ဤ (၃၂)ကောဋ္ဌာသတို့ကို အာနာပါနစတုတ္ထစျာန်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်စွမ်းအင်၏ အကူအညီကို ယူ၍ ဆံပင်မှသည် ကျင်ငယ်, ကျင်ငယ်မှသည် ဆံပင်သို့ တိုင်အောင် အဝါးဝစွာ လေ့လာပါ။ ဆံပင်မှသည် အောက်သို့ စိုက်ရှုလိုက်ရာ ကျင်ငယ်သို့တိုင်အောင်, ကျင်ငယ်မှသည် အထက်သို့ လှန်၍ ရှုလိုက်ရာ ဆံပင်သို့တိုင်အောင် တိုးလျှိုပေါက် ဉာဏ်ဖြင့် ထင်ထင်ရှားရှား တွေ့မြင်သည် ဖြစ်အံ့၊ ထိုအခါ အဇ္ဈတ္တ၌ အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့လာပြီး ဖြစ်ပေပြီ (= ပဂုဏ ဖြစ်ပေပြီ)။</p> <p>ထိုအခါ၌ (၃၂)ကောဋ္ဌာသတို့ကို ဤသို့ သိမ်းဆည်းနေသော ဉာဏ်ကြောင့်လည်း လင်းရောင်ခြည်များသည် ဆက်လက် ထွက်ပေါ်နေမည်သာ ဖြစ်ပေသည်။ ထိုလင်းရောင်ခြည် အကူအညီဖြင့် ဗဟိဒ္ဓ ရှေ့တည့်တည့်၌ တည်ရှိသော ယောဂီပုဂ္ဂိုလ်တစ်ဦးဦး၏ (၃၂)ကောဋ္ဌာသကို ဆက်လက် သိမ်းဆည်းပါ။ ညဉ့်အခါ လက်နှိပ်ဓာတ်မီးဖြင့် အရာဝတ္ထုတစ်ခုကို ထိုးကြည့်သကဲ့သို့ ထိုဉာဏ်ရောင် ပျံ့နှံ့ရာ အရပ်၌ ထိုဉာဏ်ရောင်၏ အကူအညီဖြင့် ပကတိမျက်စိဖြင့် တွေ့မြင်နေရသကဲ့သို့ ဉာဏ်မျက်စိဖြင့် (= ဉာဏ်အလင်းရောင်ဖြင့်) ယင်း (၃၂)ကောဋ္ဌာသကို မြင်အောင် ကြည့်ပါ။ အကယ်၍ ဉာဏ်အလင်းရောင်မှာ မလုံလောက်ဟု ယူဆပါက အာနာပါနစတုတ္ထစျာန်ကို တစ်ဖန် ဝင်စားပါ။ ယင်း စတုတ္ထစျာန်သမာဓိကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည် အကူအညီကို ယူကာ တစ်ဖန် ဗဟိဒ္ဓ၌ (၃၂)ကောဋ္ဌာသတို့ကို သိမ်းဆည်းပါ။ လင်းရောင်ခြည် မှိန်သွားတိုင်း ဤစနစ်ကို အသုံးပြုပါ။ ရှေ့တည့်တည့်၌ တည်ရှိသော ယောဂီ တစ်ဦး၏ (၃၂)ကောဋ္ဌာသတို့ကို နိုင်နိုင်နင်းနင်း သိမ်းဆည်းပြီးသောအခါ အဇ္ဈတ္တ (၃၂)ကောဋ္ဌာသတို့ကို တစ်လှည့် ပြန်သိမ်းဆည်းပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် သိမ်းဆည်းပါ။ သို့မှသာလျှင် ဘာဝနာသည် အရှိန်ကောင်းလာမည် ဖြစ်ပေသည်။</p> <p>ဤနည်းစနစ်ကို မှီ၍ အနီးမှသည် အဝေးသို့ တစ်စတစ်စ တိုး၍တိုး၍ ရှုကြည့်ပါ။ အရပ် (၁၀)မျက်နှာအားလုံးသို့ ဖြန့်ကြက်၍ ရှုကြည့်ပါ။ ယင်း အာနာပါနစတုတ္ထစျာန်ကြောင့် သို့မဟုတ် (၃၂)ကောဋ္ဌာသတို့ကို သိမ်းဆည်း ရှုပွားနေသော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်နှင့် တွေ့ထိမိရာ လူ, တိရစ္ဆာန်စသည့် သတ္တဝါတိုင်း၏ (၃၂)ကောဋ္ဌာသတိုင်းကို တစ်ဦးပြီး တစ်ဦး တစ်ယောက်ပြီးတစ်ယောက် အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုကြည်ပါ။ ယောက်ျား မိန်းမ ကျွဲ နွား တိရစ္ဆာန်ဟု မတွေ့မြင်ရတော့ဘဲ (၃၂)ကောဋ္ဌာသ အစုအပုံဟု ကြည့်လိုက်တိုင်း တွေ့နေပါက အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ (၃၂)ကောဋ္ဌာသတို့ကို အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့လာပြီး ဖြစ်ပေပြီ (= ပဂုဏ ဖြစ်ပေပြီ)။</p> <h3>လမ်းသုံးသွယ်</h3> <p><b>ကောဋ္ဌာသာနံ ပဂုဏကာလတော ပဋ္ဌာယ တီသု မုခေသု ဧကေန မုခေန ဝိမုစ္စိဿတိ၊ ကမ္မဋ္ဌာနံ ဝဏ္ဏတော ဝါ ပဋိကူလတော ဝါ သုညတော ဝါ ဥပဋ္ဌာတိ။ ပ ။ အာကင်္ခမာနဿ ဝဏ္ဏတော အာကင်္ခမာနဿ ပဋိကူလတော အာကင်္ခမာနဿ သုညတော ကမ္မဋ္ဌာနံ ဥပဋ္ဌဟိဿတိယေဝ။</b> (အဘိ၊ဋ္ဌ၊၂၊၂၄၂-၂၄၃။)</p> <p>= ယင်း (၃၂)ကောဋ္ဌာသတို့ကို အဇ္ဈတ္တ, ဗဟိဒ္ဓ သန္တာန် နှစ်မျိုးတို့၌ အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့လာပြီးရာ အချိန်အခါမှ စ၍ နိဗ္ဗာန်သို့ ဝင်ရာ မုခ်ဦးကြီး သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော မုခ်ဦးဖြင့် ဝင်ရောက်သွာခဲ့သော် ကိလေသာတို့မှ မချွတ်ဧကန် လွတ်မြောက်လိမ့်မည်သာ ဖြစ်ပေသည်။ ကမ္မဋ္ဌာန်းသည် ---</p> <p>၁။ ဝဏ္ဏ = အရောင်ကသိုဏ်း = ဝဏ္ဏကသိုဏ်းအားဖြင့်သော်လည်းကောင်း,</p> <p>၂။ ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ် = ပဋိကူလသဘောအားဖြင့်သော်လည်းကောင်း,</p> <p>၃။ သုညတ = အတ္တမှ ဆိတ်သုဉ်းသော သုညတဓာတ်သဘောအားဖြင့်သော်လည်းကောင်း ထင်လာနိုင်၏။ ပ ။</p> <p>၁။ အလိုရှိသသူအား ဝဏ္ဏကသိုဏ်းအားဖြင့်,</p> <p>၂။ အလိုရှိသသူအား ရွံရှာစက်ဆုပ်ဖွယ် = ပဋိကူလအားဖြင့်,</p> <p>၃။ အလိုရှိသသူအား သုညတဓာတ်သဘောအားဖြင့် --- ကမ္မဋ္ဌာန်းသည် ထင်ရှားလာမည်သာ ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၂၄၃။)</p> <p>ဤအထက်ပါ သမ္မောဟဝိနောဒနီအဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သည် (၃၂)ကောဋ္ဌာသတို့ကို အဇ္ဈတ္တ, ဗဟိဒ္ဓ သန္တာန် နှစ်မျိုးလုံး၌ နိုင်နိုင်နင်းနင်း အဝါးဝစွာ လေ့လာပြီးသောအခါ အထက်ပါ လမ်းသုံးသွယ်တို့တွင် မိမိ ကြိုက်နှစ်သက်ရာ လမ်းကို ရွေးချယ်၍ ရှုနိုင်သည် သာ ဖြစ်ပေသည်။ ဤကျမ်းတွင်ကား ဝဏ္ဏကသိုဏ်းလမ်းကို ဦးစားပေးကာ ဖော်ပြပေအံ့။</p> <h3>ဝဏ္ဏကသိုဏ်း = အရောင်ကသိုဏ်း</h3> <p>ဘုရားရှင်သည် ဝိမောက္ခတရား (၈)ပါးတို့ကို ဟောကြားထားတော် မူခဲ့၏။ ယင်းဝိမောက္ခတရား (၈)ပါးတို့တွင် ပထမဝိမောက္ခတရားနှင့် ဒုတိယ ဝိမောက္ခတရားတို့မှာ ဤသို့ ဖြစ်၏။</p> <p>၁။ <b>ရူပီ ရူပါနိ ပဿတိ၊ အယံ ပဌမော ဝိမောက္ခော။</b></p> <p>၂။ <b>အဇ္ဈတ္တံ အရူပသညီ ဗဟိဒ္ဓါ ရူပါနိ ပဿတိ၊ အယံ ဒုတိယော ဝိမောက္ခော။</b> (အံ၊၃၊၁၂၆။)</p> <p><b>ရူပီတိ ယေနာယံ သသန္တတိပရိယာပန္နေန ရူပေန သမန္နာဂတော၊ တံ ယဿ စျာနဿ ဟေတုဘာဝေန ဝိသိဋ္ဌရူပံ ဟောတိ၊ ယေန ဝိသိဋ္ဌေန ရူပေန ရူပီတိ ဝုစ္စေယျ ရူပီသဒ္ဒဿ အတိသယတ္ထဒီပနတော၊ တဒေဝ သသန္တတိပရိယာပန္နရူပဿ ဝသေန ပဋိလဒ္ဓဇ္ဈာနံ ဣဓ ပရမတ္ထတော ရူပိဘာဝသာဓကန္တိ ဒဋ္ဌဗ္ဗံ။ တေနာဟ အဇ္ဈတ္တန္တိ အာဒိ။ ရူပဇ္ဈာနံ ရူပံ ဥတ္တရပဒလောပေန။ ရူပါနီတိ ပနေတ္ထ ပုရိမပဒလောပေါ ဒဋ္ဌဗ္ဗော။ တေန ဝုတ္တံ နီလကသိဏာဒီနိ ရူပါနီတိ။ ရူပေ ကသိဏရူပေ သညာ ရူပသညာ။ ဧတဿ အတ္ထီတိ ရူပသညီ၊ သညာသီသေန စျာနံ ဝဒတိ။ တပ္ပဋိပက္ခေန အရူပသညီ။ တေနာဟ အဇ္ဈတ္တံ န ရူပသညီတိအာဒိ။</b> (အံ၊ဋီ၊၃၊၂၄၉။)</p> <p>အထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။</p> <p>၁။ မိမိ အဇ္ဈတ္တသန္တာန်၌ ကသိုဏ်းရုပ်စျာန် ရှိသည်ဖြစ်၍ အပြင် ဗဟိဒ္ဓ သန္တာန်၌လည်း ကသိုဏ်းရုပ်စျာန်တို့ကို ရှု၏။ ဤကား ပထမ လွတ်မြောက်မှု(= ဝိမောက္ခ)ပေတည်း။</p> <p>၂။ မိမိ အဇ္ဈတ္တသန္တာန်၌ ကသိုဏ်းရုပ်စျာန်ကို မရှုမူ၍ အပြင် ဗဟိဒ္ဓ သန္တာန်၌ ကသိုဏ်းရုပ်စျာန်တို့ုကို ရှု၏။ ဤကား ဒုတိယ လွတ်မြောက်မှု (=ဝိမောက္ခ္ခ)ပေတည်း။ (အံ၊၃၊၁၂၆။)</p> <p>ဤတွင် အဋ္ဌကထာက အဇ္ဈတ္တ (၃၂)ကောဋ္ဌာသတို့တွင် ဆံပင်စသော ကောဋ္ဌာသတို့၌ နီလကသိုဏ်း (= အညိုရောင်ကသိုဏ်း)စသည်တို့၏ အစွမ်းဖြင့် ဖြစ်စေအပ်သော ရူပါဝစရစျာန်ရှိသော ပုဂ္ဂိုလ်ကို ရူပီ (= ကသိုဏ်းရုပ်စျာန်ရှိသော ပုဂ္ဂိုလ်)ဟု ဖွင့်ဆိုထား၏။ အဇ္ဈတ္တကောဋ္ဌာသတို့၌ ရူပါဝစရကသိုဏ်းရုပ်စျာန်တို့ကို ရရှိပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဗဟိဒ္ဓ ကသိုဏ်းရုပ်တို့ကိုလည်း စျာန်စက္ခုဖြင့် ရှုပြန်၏ (= ဗဟိဒ္ဓကောဋ္ဌာသတို့၌ လည်း ကသိုဏ်းရုပ်စျာန်တို့ကို ရရှိအောင် ကြိုးစားအားထုတ်၏။) အဇ္ဈတ္တ, ဗဟိဒ္ဓ ကောဋ္ဌာသနှစ်မျိုးလုံး၌ ရူပါဝစရစျာန်တို့ကို ရရှိအောင် အားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်တည်း။ ပထမဝိမောက္ခတရားနှင့် ပြည့်စုံသူတည်း။</p> <p>ဒုတိယပုဂ္ဂိုလ်ကား အဇ္ဈတ္တကောဋ္ဌာသတို့၌ ကသိုဏ်းရုပ်စျာန်တို့ကို ရရှိအောင် မကြိုးစားတော့ဘဲ ဗဟိဒ္ဓကောဋ္ဌာသတို့၌သာလျှင် ကသိုဏ်းရုပ်စျာန်တို့ကို ရရှိအောင် ကြိုးစားအားထုတ်၏။ ဒုတိယဝိမောက္ခတရားနှင့် ပြည့်စုံသူတည်း။ (အံ၊ဋ္ဌ၊၃၊၂၄၅။ အံ၊ဋီ၊၃၊၂၄၉။ အဘိ၊ဋ္ဌ၊၁၊၂၃၅။)</p> <p>(၃၂)ကောဋ္ဌာသတို့ကို အာရုံယူကာ ကသိုဏ်းစျာန်တို့ကို ပွားများ အားထုတ်ခဲ့သော် နီလကသိုဏ်း ပီတကသိုဏ်း လောဟိတကသိုဏ်း ဩဒါတ ကသိုဏ်းဟု ဝဏ္ဏကသိုဏ်း (= အရောင်ကသိုဏ်း) လေးမျိုးတို့ကို ရရှိနိုင်၏။</p> <p>၁။ နီလကသိုဏ်း = အညိုရောင်ကသိုဏ်း --- ဆံပင်, မွေးညင်း, သည်းခြေ တို့၌လည်းကောင်း, မျက်လုံးတို့၌ မည်းနက်ရာ အရပ်၌လည်းကောင်း ညိုသော အရောင်ကို အာရုံပြု၍ <b>နီလံ နီလံ</b> (= အညို အညို)ဟု နှလုံးသွင်းသော ပုဂ္ဂိုလ်အား စတုက္ကစျာန်, ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်နိုင်ကုန်၏။ ယင်းစျာန်တို့ကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ဝိပဿနာဉာဏ်ကို ဖြစ်စေ နိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၃၉။)</p> <p>၂။ ပီတကသိုဏ်း = အဝါရောင်ကသိုဏ်း ----- အဆီခဲ၌လည်းကောင်း, မျက်လုံးတို့၏ ဝါရွှေရာအရပ်၌လည်းကောင်း (= ဝါသော အရေပြား၌လည်းကောင်း, ဝါသော လက်ဖဝါး, ခြေဖဝါးတို့၌လည်းကောင်း) အဝါရောင်ကို အာရုံယူ၍ <b>ပီတကံ ပီတကံ</b> (= အဝါ အဝါ)ဟု နှလုံးသွင်းသော ပုဂ္ဂိုလ်အား စတုက္ကစျာန် ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်နိုင်ကုန်၏။ ယင်းစျာန်ကို ဝိပဿနာ ၏ အခြေပါဒက ပြု၍ ဝိပဿနာဉာဏ်ကို ဖြစ်စေနိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၃၉။)</p> <p>၃။ လောဟိတကသိုဏ်း = အနီရောင်ကသိုဏ်း --- အသား၌လည်းကောင်း, သွေး၌လည်းကောင်း, (လျှာ၌လည်းကောင်း), မျက်လုံးတို့၏ နီမြန်းရာအရပ်၌ လည်းကောင်း အနီရောင်ကို အာရုံယူ၍ <b>လောဟိတကံ လောဟိတကံ</b> (=အနီ အနီ)ဟု နှလုံးသွင်းသော ပုဂ္ဂိုလ်အား စတုက္ကစျာန် ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်နိုင်ကုန်၏။ ယင်းစျာန်ကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာ ဉာဏ်ကို ဖြစ်စေနိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၃၉။)</p> <p>၄။ ဩဒါတကသိုဏ်း = အဖြူရောင်ကသိုဏ်း --- ခြေသည်းလက်သည်း၌ လည်းကောင်း, သွား၌လည်းကောင်း, အရေထူ အရေပါး၌လည်းကောင်း, အရိုး၌လည်းကောင်း, မျက်လုံးတို့၏ ဖြူရာအရပ်၌လည်းကောင်း, အဖြူရောင်ကို အာရုံပြု၍ <b>ဩဒါတံ ဩဒါတံ</b> (= အဖြူ အဖြူ)ဟု နှလုံးသွင်းသော ပုဂ္ဂိုလ်အား စတုက္ကစျာန်, ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်လာနိုင်ကုန်၏။ ယင်းစျာန်ကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ဝိပဿနာဉာဏ်ကို ဖြစ်စေ နိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၃၉။ ဒီ၊ဋ္ဌ၊၂၊၁၅၁။ အဘိ၊ဋ္ဌ၊၁၊၂၃၅။)</p> <h3>ဩဒါတကသိုဏ်း = အဖြူရောင်ကသိုဏ်း</h3> <p>ရဟန်းတို့ ... ဤအဘိဘာယတနစျာန် (၈)မျိုးတို့တွင် အချို့သော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိအဇ္ဈတ္တသန္တာန်၌ တည်ရှိသော ကောဋ္ဌာသတို့၏ အဆင်းရုပ်တို့ကို မရှုမူ၍ ဗဟိဒ္ဓ၌ ဖြူသော အဆင်း, ဖြူသော အသွေး, ဖြူသော အရောင်ရှိသော, ဖြူသော ကသိုဏ်းရုပ်တို့ကို ရှု၏။ ထိုကသိုဏ်းရုပ်တို့ကို လွှမ်းမိုး၍ ငါ သိ၏၊ ငါ မြင်၏ဟု ဤသို့ အမှတ်သညာ ရှိ၏။ ဤ အဘိဘာယတနစျာန်သည်ကား အသာဆုံး အမြတ်ဆုံးတည်း။ (အံ၊၃၊၃၀၆။)</p> <p>ဤအထက်ပါ ဒေသနာတော်နှင့် အညီ ဝဏ္ဏကသိုဏ်း လေးမျိုးတို့တွင် ဩဒါတ (= အဖြူရောင်)ကသိုဏ်းကား ယောဂါဝစရပုဂ္ဂိုလ်တို့၏ စိတ်ဓာတ်ကို အထူး ကြည်လင်စေတတ်သဖြင့် အသာဆုံး အမြတ်ဆုံး ကသိုဏ်းတစ်ခု ဖြစ်၏။ ထို့ကြောင့် ဩဒါတကသိုဏ်း ရှုကွက်ကို ရှေ့ဦးစွာ တင်ပြပေအံ့။</p> <p>၁။ အာနာပါနစတုတ္ထစျာန်သမာဓိကို ပြန်လည်ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသော အခါ -----</p> <p>၂။ အဇ္ဈတ္တ (၃၂)ကောဋ္ဌာသတို့ကို သိမ်းဆည်းပါ။</p> <p>၃။ မိမိ၏ ရှေ့တည့်တည့် သို့မဟုတ် အနီးကပ်ဆုံး တစ်နေရာ၌ တည်ရှိသော ဗဟိဒ္ဓ (၃၂)ကောဋ္ဌာသတို့ကို သိမ်းဆည်းပါ။</p> <p>၄။ ထို အဇ္ဈတ္တ ဗဟိဒ္ဓ ကောဋ္ဌာသတို့တွင် မိမိ ရှု၍ ပိုကောင်းသည့် ကောဋ္ဌာသက စတင်နိုင်သည်။ အကယ်၍ ဗဟိဒ္ဓကောဋ္ဌာသက ပိုပြီး ရှုကောင်းပါက ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသကို သိမ်းဆည်းပါ။</p> <p>၅။ ထိုဗဟိဒ္ဓ အရိုးစုကောဋ္ဌာသ၏ အဖြူဆုံး တစ်နေရာကို ရွေးချယ်၍ သို့မဟုတ် အရိုးစုအားလုံး ဖြူနေသော် အရိုးစုအားလုံးကို ခြုံငုံ၍ သို့မဟုတ် မိမိဘက်သို့ ကျောပေးထားသော ဦးခေါင်းခွံအရိုးကို အာရုံ ပြု၍ <b>ဩဒါတ ဩဒါတ</b> (= အဖြူ အဖြူ)ဟု နှလုံးသွင်းပါ။</p> <p>ထိုသို့ ရှုသောအခါ ထိုအဖြူရောင်အာရုံ၌ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားပါ။</p> <p>အာနာပါနစတုတ္ထစျာန် စသော ရှေးရှေး ဘာဝနာသမာဓိတို့၏ ဥပနိဿယသတ္တိ စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံထားရသော ယောဂါဝစရပုဂ္ဂိုလ်၏ ဩဒါတကသိုဏ်း ဘာဝနာစိတ်သည် အဖြူရောင် အာရုံ၌ မကြာမီ အချိန်ကာလအတွင်းဝယ် ငြိမ်ဝပ်စွာ ကပ်၍ တည်မည်သာ ဖြစ်ပေသည်။ ယင်းအဖြူရောင်အာရုံ၌ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေပါက အရိုးစုကောဋ္ဌာသ ပျောက်၍ အဖြူရောင် ကသိုဏ်းဝန်း သက်သက်သာ ကျန်ရှိနေမည် ဖြစ်ပေသည်။ ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ် ဖြူနေသော အဖြူရောင်ကသိုဏ်းဝန်းကား ဥဂ္ဂဟနိမိတ်တည်း။ သောက်ရှူး ကြယ်ကဲ့သို့ အလွန်ကြည်လင်တောက်ပလာသော အဖြူရောင်ကသိုဏ်းဝန်း ကား ပဋိဘာဂနိမိတ်တည်း။ ဥဂ္ဂဟနိမိတ်သို့ မဆိုက်မီ ဆွတ်ဆွတ်မဖြူမီ အရိုးစုနိမိတ်အားလုံးကား ပရိကမ္မနိမိတ်ချည်းသာတည်း။</p> <p>အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ဤသာသနာတော်တွင်း၌ ရှေးရှေး ဘဝများက ဖြစ်စေ, သို့မဟုတ် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း ဘဝထိုထိုက ဖြစ်စေ, သို့မဟုတ် သာသနာပကာလ ရှေးရှေးဘဝတစ်ခုက ဖြစ်စေ ဖြည့်ကျင့်ဆည်းပူးခဲ့သော ဩဒါတကသိုဏ်း ပါရမီကုသိုလ် အဆောက် အဦ ရှိသူ ဖြစ်ပါက အဖြူရောင် ဩဒါတကသိုဏ်းဝန်းမှာ အထူးကြိုးစား၍ မဖြန့်ရတော့ဘဲ ဥဂ္ဂဟနိမိတ် သို့မဟုတ် ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက် လာသောအခါ အဖြူရောင် ဩဒါတကသိုဏ်းဝန်းကို အဖြူ အဖြူဟု စူးစူး စိုက်စိုက် ရှုနေစဉ်မှာပင် ဩဒါတကသိုဏ်းဝန်းသည် အရပ် (၁၀)မျက်နှာသို့ တိုင်အောင် လွယ်ကူစွာ ပြန့်သွားတတ်ပေသည်။</p> <p>အကယ်၍ အဖြူရောင်ကသိုဏ်းဝန်းမှာ ပြန့်ကျယ်၍ မသွားပါက ထိုအဖြူရောင် ကသိုဏ်းဝန်းကိုပင် ဆွတ်ဆွတ်ဖြူ၍ အထူးကြည်လင်တောက်ပလာသည့်တိုင်အောင် အာရုံယူကာ အဖြူ အဖြူဟု ရှုနေပါ။ သမာဓိကို ဆက်လက် ထူထောင်ပါ။ ဆွတ်ဆွတ်ဖြူ၍ အထူးသန့်ရှင်း ကြည်လင်တောက်ပနေသည့် ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်သောအခါ ယင်းပဋိဘာဂနိမိတ်ကိုပင် အာရုံယူ၍ အဖြူ အဖြူဟု ဆက်လက် ရှုပွားခဲ့သော် ပထမစျာန်သမာဓိသို့ကား ဆိုက်ရောက်နိုင်၏။ သို့သော် ယင်းသမာဓိမှာ မခိုင်ခံ့ဘဲ အရှည်မတည်တံ့ ဖြစ်တတ်၏။ ထိုကြောင့် သမာဓိ၏ အရှည်ခိုင်ခံ့ တည်တံ့ရေးအတွက် ယင်းပဋိဘာဂနိမိတ်ကို တိုးပွားအောင် ပြုလုပ်သင့်ပေသည်။</p> <p>ယင်း အဖြူရောင် ဩဒါတကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်သည် တစ်နာရီ နှစ်နာရီစသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေသောအခါ အဖြူရောင်ကသိုဏ်းဝန်းသည် ဘေးပတ်လည်ဝန်းကျင်သို့ လက်တစ်သစ်ခန့် ပြန့်ပါစေ၊ သို့မဟုတ် လက်နှစ်သစ်ခန့်် ပြန့်ပါစေ၊ သို့မဟုတ် လက်သုံးသစ်ခန့် ပြန့်ပါစေ၊ သို့မဟုတ် လက်လေးသစ်ခန့် ပြန့်ပါစေ --- ဤသို့ စသည်ဖြင့် မိမိ၏ ဉာဏ်အာနုဘော်စွမ်းအားနှင့် နှိုင်းချိန်လျက် လက်တစ်သစ် လက် နှစ်သစ် စသည်ဖြင့် ပိုင်းခြား၍ အဓိဋ္ဌာန်ပြုကာ ဖြန့်ကြည့်ပါ။ လက်တစ်သစ် လက်နှစ်သစ် စသည်ဖြင့် မပိုင်းခြားဘဲကား ကသိုဏ်းဝန်းကို မဖြန့်ပါနှင့်၊ ပိုင်းခြား၍သာ ဖြန့်ပါ။ ထိုသို့ ပိုင်းခြား၍ အဓိဋ္ဌာန်ပြုကာ ဖြန့်လိုက်သဖြင့် ကသိုဏ်းဝန်းသည် ပြန့်သွားခဲ့သော် ယင်းကသိုဏ်းဝန်းသည် အနည်းငယ် လှုပ်ရှားသွားတတ်၏။ ထိုအခါ ထိုကသိုဏ်းဝန်းကို ငြိမ်သက်သွားအောင် အဖြူ အဖြူဟု ရှုနေပါ၊ သမာဓိစွမ်းအား ကောင်းလာသောအခါ ကသိုဏ်းဝန်းသည် ငြိမ်သက်သွားမည် ဖြစ်သည်။ ငြိမ်သက်သွားပါက ရှေးနည်းအတူ ပိုင်းခြား၍ ပိုင်းခြား၍ အဓိဋ္ဌာန်ပြုကာ ထပ်မံ၍ ဖြန့်ကြည့်ပါ။</p> <p>တစ်စတစ်စ ကသိုဏ်းဝန်းသည် ကျယ်ပြန့်လာသောအခါ တစ်တောင် ပြန့်ပါစေ၊ တစ်လံ ပြန့်ပါစေ --- ဤသို့ စသည်ဖြင့် တိုးချဲ့၍ ဖြန့်ကြည့်ပါ။ ဤနည်းဖြင့် ကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာသို့ အတိုင်းအတာ ပမာဏ မရှိအောင် ဖြန့်ကြက်ပါ။ အရပ် (၁၀)မျက်နှာ၌ မည်သည့်အရပ်ကို မဆို ကြည့်လိုက်တိုင်း ဖြူနေပါစေ။ အဇ္ဈတ္တ, ဗဟိဒ္ဓ နှစ်ဌာနလုံး၌ သဏ္ဌာန်ဒြပ် လုံးဝမရှိတော့ဘဲ အဖြူရောင်ချည်းသက်သက် တည်ရှိနေသောအခါ ထိုအဖြူ ရောင်ကသိုဏ်းအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင်, ကသိုဏ်းက လှုပ်ရှားနေပါက လှုပ်ရှားနေသော အဖြူရောင်ကသိုဏ်းအာရုံကိုလည်း ငြိမ်ဝပ်သွားအောင် ဖြန့်ကြက်ပြီးသော ယင်းအဖြူရောင်ကသိုဏ်း၏ တစ်နေရာ၌ --- တိုက်နံရံ တစ်ခုပေါ်၌ ဦးထုပ်တစ်လုံးကို ချိတ်ဆွဲထားသကဲ့သို့ ဘာဝနာစိတ်ကို ကပ်ထား၍ အဖြူ အဖြူဟုသာ ရှုနေပါ။ ယင်းအဖြူရောင် ကသိုဏ်းအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်လာသောအခါ အဖြူရောင်ကသိုဏ်းမှာလည်း လှုပ်ရှားမှု မရှိတော့ဘဲ ငြိမ်ဝပ်လာမည် ဖြစ်၏။ ဘာဝနာစိတ်သည်လည်း ငြိမ်သက်သထက် ငြိမ်သက်လာ၍ အဖြူရောင် ကသိုဏ်းလည်း ငြိမ်ဝပ်လာသောအခါ ယင်း အဖြူရောင်ကသိုဏ်းမှာ ဆွတ်ဆွတ်ဖြူ၍ အထူးကြည်လင် သန့်ရှင်းလာမည် ဖြစ်သည်။ အဖြူရောင် ကသိုဏ်းနိမိတ်ကို တိုးပွားအောင် ဖြန့်ကြက်ပြီးနောက် ထပ်မံ၍ ရရှိလာသော ကသိုဏ်းပဋိဘာဂနိမိတ်တည်း။ ထိုအဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ် အာရုံ၌ တစ်နာရီ နှစ်နာရီခန့် စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် အဖြူ အဖြူဟုပင် ရှုနေပါ။ ထိုအခါ ယင်းပဋိဘာဂနိမိတ်ကိုပင် ထပ်ကာ ထပ်ကာ နှလုံးသွင်းနေပါက ရှုနေပါက သမာဓိဒီဂရီ စံချိန်မီလာသောအခါ ရင့်ကျက်လာသောအခါ ထိုပဋိဘာဂနိမိတ်အာရုံထဲ၌ ဘာဝနာစိတ်သည် နစ်မြုပ်၍ ငြိမ်ဝပ်စွာ ကပ်၍ တည်နေပေလိမ့်မည်။ ထိုသို့ ယင်းပဋိဘာဂနိမိတ် အတွင်း၌ နစ်မြုပ်ကာ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော ယင်းဘာဝနာဝယ် စျာန်အင်္ဂါ ငါးပါးတို့လည်း ထင်ရှားနေပေလိမ့်မည်။ စျာန်အင်္ဂါတို့သည် ထင်ရှားနေပေလိမ့်မည်။ စျာန်အင်္ဂါတို့သည် စွမ်းအင် ပြည့်ပြည့်ဝဝဖြင့် အားရှိ နေမည် ဖြစ်ပေသည်။ ထိုအခါ ပထမစျာန်သမာဓိကိုလည်း ဆိုက်ရောက်ပြီး ဖြစ်ပေသည်။</p> <h3>စျာန်အင်္ဂါ ငါးပါး</h3> <p>၁။ ဝိတက် = အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘော၊</p> <p>၂။ ဝိစာရ = အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံကို အဖြူ အဖြူဟု ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်းသဘော၊</p> <p>၃။ ပီတိ = အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံကို နှစ်သက် ခြင်းသဘော၊</p> <p>၄။ သုခ = အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော၊</p> <p>၅။ ဧကဂ္ဂတာ = အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံတစ်ခုတည်း ပေါ်သို့ စိတ်ကျရောက် တည်ငြိမ်နေခြင်းသဘော၊</p> <p>ဝိတက်စသည့် တစ်လုံးစီ တစ်လုံးစီကို စျာန်အင်္ဂါဟု ခေါ်ဆို၍ ယင်း စျာန်အင်္ဂါတို့၏ အပေါင်းအစုကို စျာန်ဟု ခေါ်ဆိုသည်။ ယင်း ပထမစျာန် သမာဓိကိုလည်း ဝသီဘော် ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ဝသီဘော် ငါးတန် နိုင်နင်းသောအခါ အာနာပါနကမ္မဋ္ဌာန်း၌ ရေးသားတင်ပြခဲ့သည့် အတိုင်း ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်တို့သို့လည်း အစဉ်အတိုင်း ကူးပါလေ။</p> <h3>စတုက္ကနည်း - စျာန် (၄) ပါး</h3> <p>၁။ ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ ငါးပါးရှိသော ပထမစျာန်၊</p> <p>၂။ ပီတိ-သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ သုံးပါးရှိသော ဒုတိယစျာန်၊</p> <p>၃။ သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော တတိယစျာန်၊</p> <p>၄။ ဥပေက္ခာ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော စတုတ္ထစျာန်။</p> <h3>ပဉ္စကနည်း - စျာန် (၅) ပါး</h3> <p>၁။ ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ ငါးပါးရှိသော ပထမစျာန်၊</p> <p>၂။ ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ လေးပါးရှိသော ဒုတိယစျာန်၊</p> <p>၃။ ပီတိ-သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ သုံးပါးရှိသော တတိယစျာန်၊</p> <p>၄။ သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော စတုတ္ထစျာန်၊</p> <p>၅။ ဥပေက္ခာ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော ပဉ္စမစျာန်။</p> <p>ဤသို့လျှင် စတုက္ကနည်း၌ စျာန် (၄)ပါး, ပဉ္စကနည်း၌ စျာန် (၅)ပါး ရှိကြပေသည်။ စျာန်အင်္ဂါတို့ကို ပယ်ရှားရာဝယ် ပဉ္စကနည်း၌ကား ဝိတက်နှင့် ဝိစာရကို တစ်လုံးစီ ဖြုတ်သဖြင့် စျာန် (၅)ပါး ဖြစ်သည်။ စတုက္ကနည်း၌ကား ဝိတက်နှင့် ဝိစာရတို့ကို ပြိုင်တူ ဖြုတ်သဖြင့် စျာန် (၄)ပါး ဖြစ်သည်။ ကျွတ်ထိုက်သသူ နတ်,လူ, ဗြဟ္မာ ဝေနေယျကြာ သတ္တဝါတို့၏ အလိုအကြိုက် စရိုက်နှင့် လျော်ညီစွာ ဉာဏ်နုံ့သူတို့အား ပဉ္စကနည်းကို, ဉာဏ်ထက်မြက်သူတို့အား စတုက္ကနည်းကို ဟောကြားတော်မူသည်။ ရူပါဝစရစျာန်များတည်း။ ရူပါဝစရဘုံသို့ ရောက်စေနိုင်သော စွမ်းအားရှိသော စျာန်များဟု ဆိုလို၏။ ဤ၌ကား ----- ရူပါဝစရဘုံသို့ ရောက်ရှိရေးအတွက် ရည်ရွယ်၍ သမာဓိကို ထူထောင်သည့် လုပ်ငန်းရပ်ကို ပြုလုပ်စေသည်ကား မဟုတ်ပါ။ ဝိပဿနာ၏ အခြေပါဒကအဖြစ် ရည်ရွယ်၍ သမာဓိထူထောင်မှုကို တိုက်တွန်းနေခြင်း ဖြစ်ပါသည်။</p> <h3>နီလကသိုဏ်း စသည်သို့</h3> <p>ယောဂါဝစရပုဂ္ဂိုလ်သည် ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသကို အာရုံယူ၍ ဩဒါတကသိုဏ်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် အောင်မြင်စွာ သမာဓိကို ထူထောင်နိုင်ခဲ့သည်ရှိသော် အဇ္ဈတ္တ အရိုးစုကောဋ္ဌာသကို အာရုံယူ၍လည်း အဖြူရောင်ကသိုဏ်းကို အလားတူပင် စတုတ္ထစျာန်သို့ ဆိုက်သည်တိုင်အောင် ပွားများနိုင်ပေသည်။</p> <p>တစ်ဖန် ယင်း အဖြူရောင်ကသိုဏ်းလျှင် အာရုံရှိသော စတုတ္ထစျာန်သမာဓိမှ ထသောအခါ ---</p> <p>၁။ ဆံပင်ကဲ့သို့, သည်းခြေကဲ့သို့ ညိုသော ကောဋ္ဌာသကို အာရုံယူ၍ အညိုရောင် နီလကသိုဏ်းကိုလည်းကောင်း,</p> <p>၂။ အဆီခဲ, ကျင်ငယ်ကဲ့သို့ ဝါသော ကောဋ္ဌာသကို အာရုံယူ၍ အဝါရောင် ပီတကသိုဏ်းကိုလည်းကောင်း,</p> <p>၃။ သွေးကဲ့သို့ နီသော ကောဋ္ဌာသကို အာရုံယူ၍ အနီရောင် လောဟိတ ကသိုဏ်းကိုလည်းကောင်း ---</p> <p>အလိုရှိက အလားတူ ပွားများအားထုတ်ခဲ့သော် စတုတ္ထစျာန်သမာဓိသို့ပင် ဆိုက်ရောက်နိုင်ပေသည်။ အဇ္ဈတ္တကောဋ္ဌာသ, ဗဟိဒ္ဓကောဋ္ဌာသ နှစ်မျိုးလုံး၌ ရှုနိုင်သည်။ အောင်မြင်မှုကို ရရှိသောအခါ ဗဟိဒ္ဓ သက်မဲ့လောက ၌ တည်ရှိသော ပိတ်စ, ကျောက်, ပန်းပွင့်တို့ကို အာရုံယူ၍လည်း ယင်း ဝဏ္ဏကသိုဏ်းတို့ကို ပွားများနိုင်ပေသည်။ ထိုကဲ့သို့ ဝဏ္ဏကသိုဏ်း၌ ကျွမ်းကျင်နေသူအား -----</p> <p>၁။ အောက်မဲညိုပွင့် မြခွာညိုပွင့်တို့ကလည်း အညိုရောင် နီလကသိုဏ်းကို ပွားများရန်အတွက် လာစမ်းပါ ရှုကြည့်စမ်းပါဟု ဖိတ်ခေါ်နေသကဲ့သို့ပင် ရှိကြ၏။</p> <p>၂။ အတာကူးသည့် လတန်ခူးတွင် ပင်လုံးကျွတ် ဖူးပွင့်ဝေဆာလျက် ရှိကြသော ပန်းပိတောက်နှင့် ငုရွှေဝါတို့ကလည်း အဝါရောင် ပီတ ကသိုဏ်းကို ရှုရန် ဆီးကြို နှုတ်ဆက်နေကြသည့်အလား ရပ်တည် နေကြမည်သာ ဖြစ်၏။</p> <p>၃။ လယ်ခေါင်ရန်းနှင့် နီမြန်းသော နှင်းဆီပန်းတို့ကလည်း အနီရောင် လောဟိတကသိုဏ်းကို ရှုရန် စောင့်မျှော်နေကြသကဲ့သို့ ရှိကြ၏။</p> <p>၄။ ပင်လုံးကျွတ် ပွင့်နေကြသော တရုတ်စကားအဖြူနှင့် အကျော်ပန်းတို့ကလည်း အဖြူရောင် ဩဒါတကသိုဏ်းကို ရှုရန် တည်ငြိမ်စွာ ရပ်တည်ပေးနေကြသကဲ့သို့ ရှိကြ၏။</p> <p>ယောဂါဝစရပုဂ္ဂိုလ်ဘက်ကသာ စွမ်းအင် ပြည့်ဝနေပါစေ၊ မြင်မြင်သမျှ သက်ရှိသက်မဲ့ အရာဝတ္ထုတို့က သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်များ ဖြစ်ပေါ်လာအောင် အာရမ္မဏပစ္စယသတ္တိဖြင့် အာရုံအကြောင်းတရားအဖြစ် ရပ်တည်ကာ ကျေးဇူးပြုပေးနေကြမည်သာ ဖြစ်ပေသည်။</p> <p>ယောနိသောမနသိကာရ (= နည်းမှန်လမ်းမှန် နှလုံးသွင်းမှု) ရှိနေသည့် ယောဂါဝစရပုဂ္ဂိုလ်အဖို့ အလွန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော သွားတစ်ချောင်းကလည်း အဖြူရောင် ဩဒါတကသိုဏ်းဝန်းတစ်ခု ဖြစ်ပေါ်လာအောင် အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်သော စွမ်းအား ရှိနေ၏၊ အလွန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော အလွန်သေးငယ်သော သည်းခြေကလည်း အညိုရောင် နီလကသိုဏ်းဝန်းတစ်ခု ဖြစ်ပေါ်လာအောင် အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်သော စွမ်းအားရှိနေ၏၊ အလွန် ရွံရှာစက်ဆုပ်ဖွယ် ကောင်းသော ကျင်ငယ်ကောဋ္ဌာသတစ်ခုကလည်း အဝါရောင်ပီတကသိုဏ်း ဝန်းတစ်ခု ဖြစ်ပေါ်လာအောင် အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင် သော စွမ်းအားရှိနေ၏။ အလွန် မြတ်နိုးဖွယ်ရာသော ပတ္တမြားရတနာ တစ်လုံး ကလည်း အနီရောင် လောဟိတကသိုဏ်းဝန်းတစ်ခု ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးနိုင်သော စွမ်းအား ရှိနေ၏။ ယင်း ကသိုဏ်းဝန်း အားလုံးတို့က စတုတ္ထစျာန်သမာဓိသို့တိုင်အောင်သော စျာန်နာမ်တရားစုတို့အား အာရုံ အကြောင်းတရားအဖြစ် ရပ်တည်ကာ အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူး ပြုပေးလျက် ရှိ၏။ နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်သည့် ယောနိသော မနသိကာရရှိသူ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ငါးဖြာအာရုံ ကာမဂုဏ် ညွန်ဗွက်မှ စတုတ္ထစျာန်သမာဓိသို့ တိုင်အောင်သော ဘာဝနာဟူသော အနှစ်သာရကို အချိန်မရွေး ထုတ်ယူ၍ ရနိုင်၏။ ယင်း စတုတ္ထစျာန်သမာဓိကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာသို့ ကူးခဲ့သော် ပါရမီအားလျော်စွာ အရဟတ္တဖိုလ်သို့တိုင်အောင်သော အကျိုးကျေးဇူးများကိုလည်း ရရှိနိုင်သည် သာ ဖြစ်၏။ အကယ်၍ ပါရမီနုံ့၍ အရဟတ္တဖိုလ်သို့ မပေါက်ရောက်သေးခဲ့ လျှင်လည်း မလျှောကျသော စျာန်ရှိသော ထိုသူတော်ကောင်းကို သံသရာ ခရီးတွင် အလွန် အဆင့်အတန်းမြင့်မားလှသော ဗြဟ္မာ့ချမ်းသာကြီးကလာစမ်းပါ လာစမ်းပါဟု ဆီးကြို ဖိတ်ခေါ်လျက် ရှိနေမည်သာ ဖြစ်ပေသည်။ ဤမျှ ကြီးမားလှသော ဂုဏ်ကျေးဇူးရှိသည့် ဤကဲ့သို့သော တရားထူး တရားမြတ်များကို သာသနာတော်၌ သက်ဝင်ယုံကြည်မှု သဒ္ဓါတရားကို လက်ကိုင်ထားလျက်ရှိသော သင်ကဲ့သို့သော သူတော်ကောင်းတစ်ဦးသည် အဘယ့်ကြောင့် မပွားများ အားမထုတ်ဘဲ နေထိုက်ပါအံ့နည်း။ အချိန်ရှိခိုက် လုံ့လစိုက်ပါလော့ ...။</p> <h3>ပထဝီကသိုဏ်း = မြေကသိုဏ်း</h3> <p>၁။ ကသိုဏ်းဝန်းအဖြစ် ပြုပြင်အပ်ပြီးသော မြေ,</p> <p>၂။ ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သေးသော ပြကတေ့သော ကောက်စပါး နယ်ရာ တလင်းစသော မြေ,</p> <p>၃။ အပိုင်းအခြား ရှိသည်သာဖြစ်သော မြေ,</p> <p>၄။ မန်းငယ် (= ဗန်းငယ်) ဆန်ကောငယ် ပမာဏရှိသော မြေ,</p> <p>၅။ အိုးစရည်းဖုံး စလောင်းဖုံး ပမာဏရှိသော မြေ -----</p> <p>ဤမြေတို့၌ ပထဝီကသိုဏ်းနိမိတ်ကို ရယူနိုင်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၂၀၊၊)</p> <p><b>တတ္ထ ယေန အတီတဘဝေပိ သာသနေ ဝါ ဣသိပဗ္ဗဇ္ဇာယ ဝါ ပဗ္ဗဇ္ဇိတွာ ပထဝီကသိဏေ စတုက္ကပဉ္စကဇ္ဈာနာနိ နိဗ္ဗတ္တိတပုဗ္ဗာနိ၊ ဧဝရူပဿ ပုညဝတော ဥပနိဿယသမ္ပန္နဿ အကတာယ ပထဝိယာ ကသိတဋ္ဌာနေ ဝါ ခလမဏ္ဍလေ ဝါ နိမိတ္တံ ဥပ္ပဇ္ဇတိ။</b> (ဝိသုဒ္ဓိ၊၁၊၁၂၀။)</p> <p>ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ရှေးရှေးအတိတ်ဘဝ၌လည်း သာသနာ တော်တွင်း၌သော်လည်းကောင်း, (သာသနာပ) ရသေ့ရဟန်း အဖြစ်၌ သော်လည်းကောင်း ရသေ့ရဟန်းပြုဖူး၍ ပထဝီကသိုဏ်း၌ စတုက္ကစျာန်, ပဉ္စကစျာန်တို့ကို ဖြစ်စေအပ်ကုန်၏။ ဤသို့သဘောရှိသော ဘာဝနာကြောင့် ဖြစ်သော ကောင်းမှုကုသိုလ် ပါရမီပုညသမ္ဘာရ အဆောက်အဦရှိသော အားကြီးသော ဘာဝနာကုသိုလ်တည်းဟူသော မှီရာ ဥပနိဿယနှင့် ပြည့်စုံသော ထိုယောဂါဝစရပုဂ္ဂိုလ်မြတ်အဖို့မူကား (အလောင်းတော် ဟတ္ထိပါလ သတို့သားသည် ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သေးသော ဂင်္ဂါမြစ်ရေအယဉ်ကို အာပေါကသိုဏ်းနိမိတ်အဖြစ် လွယ်ကူစွာ ရယူနိုင်သကဲ့သို့) အလားတူပင် ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သေးသော ပကတိသော မြေဝယ် လယ်ထွန်ရာအရပ်၌သော်လည်းကောင်း, ၌သော်လည်းကောင်း ပရိကမ္မနိမိတ်ကို ယူခဲ့သော် <b>ပထဝီ ပထဝီ</b>ဟု စီးဖြန်းခဲ့သော် ထိုပရိကမ္မနိမိတ်မှ ဥဂ္ဂဟနိမိတ်သို့ တစ်ခဏချင်း ပြောင်းလဲသွား၍ ဥဂ္ဂဟနိမိတ်ကို ရရှိနိုင်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၂၀။)</p> <p>ဤအထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ညွှန်ကြားချက်များနှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ပထဝီကသိုဏ်းနိမိတ်ကို ရယူလိုခဲ့သော် ညီညာ၍ မြက် သစ်ရွက် ခဲစသော အပြစ်ကင်းသော, ပကတိသော မြေကြီး တစ်နေရာတွင် တုတ်ဖြင့်ဖြစ်စေ, အရာဝတ္ထုတစ်ခုဖြင့် ဖြစ်စေ ဝန်းဝိုင်းသော အရေးအသားတစ်ခုကို ပြုလုပ်ပါ။ မန်းငယ် (= ဗန်းငယ်), ဆန်ကောငယ် ပမာဏမှ စ၍ မိမိ ဆန္ဒရှိသလောက် ပမာဏကို ပြုပါ။ ---- <b>အရုဏဝဏ္ဏာယ မတ္တိကာယ ကသိဏံ ကာတဗ္ဗံ။</b> (ဝိသုဒ္ဓိ၊၁၊၁၂၀။) ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ၏ ညွှန်ကြားချက်နှင့် အညီ ကသိုဏ်းဝန်းပြုလုပ်မည့် မြေကြီး၏ အရောင်မှာ မမည်းလွန်း မဖြူလွန်းသော အရုဏ်ရောင် (= အနီရောင်) အသင့်အတင့် သမ်းနေသော မြေကြီးရောင် ကသိုဏ်းဝန်းဖြစ်ပါစေ။ ထို မြေကသိုဏ်းဝန်းကို စိုက်ကြည့်၍ --- <b>ပထဝီ-ပထဝီ-ပထဝီ</b>ဟု (သို့မဟုတ်) မြေ-မြေ-မြေဟု နှလုံးသွင်းပါ။</p> <p>မျက်စိကို ဖွင့်လိုက်ပိတ်လိုက် ပြုလုပ်၍ နိမိတ်ကို ယူကြည့်ပါ။ မျက်စိကို မှိတ်လိုက်သောအခါ ပုံစံတူ နိမိတ်ကို ရှင်းရှင်းလင်းလင်း မြင်နေရပါက နိမိတ် ယူ၍ ရရှိပြီ ဖြစ်၏။ အကယ်၍ မျက်စိကို ဖွင့်တုံမှိတ်တုံ ပြုကာ နိမိတ်ကို အချိန် အတော်အတန် ကြာအောင် ယူနေသော်လည်း မျက်စိမှိတ်လိုက်သောအခါ ပကတိသော မျက်စိဖြင့် မြင်ရသကဲ့သို့ နိမိတ်ကို ယူ၍မရ ဖြစ်နေပါက မိမိ ရရှိထားပြီးဖြစ်သည့် စတုတ္ထစျာန်သမာဓိတို့တွင် မိမိ နှစ်ခြိုက်ရာ သမာဓိတစ်ခုခုကို ထိုနေရာတွင်ပင် ရပ်လျက် ပြန်လည်၍ သမာဓိကို ထူထောင်ပါ။ ထိုစတုတ္ထစျာန်သမာဓိမှ ထသောအခါ တစ်ဖန် မျက်စိကို ဖွင့်တုံမှိတ်တုံ ပြုကာ နိမိတ်ယူကြည့်ပါ။ အောင်မြင်မှုကို ရရှိတတ်ပါသည်။ အကယ်၍ မအောင်မြင်ပါက ယင်း ရရှိပြီး စတုတ္ထစျာန်သမာဓိကို ပုံစံတူပင် တစ်ဖန် ပြန်လည်၍ ထူထောင်ပါ။ ယင်းစတုတ္ထစျာန်သမာဓိကြောင့် လင်းရောင်ခြည်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ယင်းဉာဏ်အရောင်အလင်း၏ အကူအညီဖြင့် ထို မိမိပြုပြင်ထားသော ပထဝီကသိုဏ်းဝန်းနိမိတ်ကို လှမ်းအာရုံယူပါ။ ဉာဏ်မျက်စိဖြင့် တွေ့မြင်သော အခါ <b>ပထဝီ-ပထဝီ-ပထဝီ</b> (မြေ-မြေ-မြေ)ဟု နှလုံးသွင်းပါ။</p> <p>ဤအထက်ပါနည်းလမ်း တစ်မျိုးမျိုးဖြင့် ပထဝီကသိုဏ်းနိမိတ်ကို ယူသည့်အခါ ပကတိသော မျက်စိဖြင့် မြင်ရသကဲ့သို့ နိမိတ်ကို ယူ၍ရခဲ့သော် မိမိ နှစ်သက်ရာ တရားထိုင်မည့် နေရာသို့ သွား၍ ထိုင်နိုင်ပြီ။ ထိုသို့ ထိုင်၍ ထိုရရှိပြီးသည့် ပထဝီကသိုဏ်းဝန်းသည် ပြန်၍ ပေါ်လာသော် ကသိုဏ်းဝန်း နိမိတ်ကို ယူ၍ရခဲ့သော် ကောင်း၏။ အကယ်၍ ကသိုဏ်းဝန်းနိမိတ်ကို ယူ၍ မရသော်လည်းကောင်း, ကသိုဏ်းဝန်းနိမိတ်မှာ ပေါ်ချီပျောက်ချီ ဖြစ်နေသော် လည်းကောင်း ထိုအခါ မိမိ ရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိကိုပင် တစ်ဖန် ပြန်၍ ထူထောင်ပါ။ ဉာဏ်လင်းရောင်ခြည် စွမ်းအင်များသည် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ထိုဉာဏ်လင်းရောင် ခြည်၏ အကူအညီဖြင့် ထိုပထဝီကသိုဏ်းဝန်း နိမိတ်ကို ကသိုဏ်းဝန်း တည်ရှိရာဘက်သို့ ဉာဏ်ကို စေလွှတ်ကာ တစ်ဖန် ပြန်လည်၍ လှမ်းကာ အာရုံယူပါ။ ယင်း မိမိပြုပြင်ထားသော ကသိုဏ်းဝန်းနိမိတ်ကို တစ်ဖန် အာရုံယူ၍ ရခဲ့သော် ထိုပထဝီကသိုဏ်းဝန်းနိမိတ်ကို အဖန်ဖန် အထပ်ထပ် မှီဝဲပါ။</p> <p><b>န ဝဏ္ဏော ပစ္စဝေက္ခိတဗ္ဗော၊ န လက္ခဏံ မနသိကာတဗ္ဗံ။ အပိ စ ဝဏ္ဏံ အမုဉ္စိတွာ နိဿယသဝဏ္ဏံ ကတွာ ဥဿဒဝသေန ပဏ္ဏတ္တိဓမ္မေ စိတ္တံ ဌပေတွာ မနသိကာတဗ္ဗံ။</b> (ဝိသုဒ္ဓိ၊၁၊၁၂၂။)</p> <p>ထိုသို့ ပထဝီကသိုဏ်းနိမိတ်ကို နှလုံးသွင်းရာ၌ ထိုပထဝီကသိုဏ်းဝန်း၌ တည်သော အရုဏ်ရောင် အဆင်းနှင့် တူသော အရောင်အဆင်းကိုလည်း မနောဝိညာဏ်ဖြင့် မဆင်ခြင်အပ် နှလုံးမသွင်းအပ်။ ထိုပထဝီကသိုဏ်းဝန်း၏ တည်ရာ မြေကြီး၏ ထဒ္ဓလက္ခဏာ (= ခက်မာခြင်း ပထဝီဓာတ်လက္ခဏာ)ကို လည်း နှလုံးမသွင်းအပ်။ စင်စစ်မူကား အရောင်အဆင်းကို မလွှတ်မူ၍ ထိုအရောင်အဆင်းကို မိမိအရောင်အဆင်း၏ မှီရာ ပထဝီကသိုဏ်းဝန်းနှင့် တူသော အခြင်းအရာ (= တူသော အလား) ရှိသည်ကို ပြု၍ ပထဝီဓာတ် ထူပြောသည်၏အဖြစ်, သတ္တိအားဖြင့် လွန်သည်၏အဖြစ်ဖြင့် ပထဝီ (= မြေ) ဟူသော လောကဝေါဟာရပညတ်၌ စိတ်ကို ရှေးရှု တည်စေ၍ <b>ပထဝီ-ပထဝီ</b> (= မြေ-မြေ)ဟု နှလုံးသွင်းပါ။ (ဝိသုဒ္ဓိ၊၁၊၁၂၂၊၊)</p> <p>အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းဝန်း၌ တည်ရှိသော အရုဏ်ရောင်ဟူသော အရောင်အဆင်းကိုသာ တစ်ဖက်သတ် နှလုံးသွင်းပါက ပထဝီကသိုဏ်း မဖြစ်တော့ဘဲ အရောင်ကသိုဏ်း ဖြစ်သွားလိမ့်မည်။ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းဝန်း၌ ထူပြောလျက်ရှိသော ပထဝီဓာတ်၏ ခက်မာမှုသဘောကိုသာ တစ်ဖက်သတ် နှလုံးသွင်းမိပါက ပထဝီကသိုဏ်းကို နှလုံးသွင်းသည် မမည်တော့ဘဲ ဓာတ်ကမ္မဋ္ဌာန်းကို နှလုံးသွင်းသည် မည်ပေလိမ့်မည်။ ပထဝီကသိုဏ်းလမ်းမှ ဓာတ်ကမ္မဋ္ဌာန်းလမ်းသို့ ပြောင်းသွားပြီ ဖြစ်၏။ ပို၍ ရှုပ်ထွေးသော ပြဿနာတစ်ရပ်ကား ယင်း ပထဝီကသိုဏ်းဝန်း၌ တည်ရှိသော မာမှုသဘောကိုသာ တစ်ဖက်သတ် နှလုံးသွင်းမိပါက နှလုံးသွင်းနေပါက ယင်းမာမှုသဘောက ယောဂါဝစရပုဂ္ဂိုလ်၏ ရူပကာယ တစ်ခုလုံးကို လွှမ်းခြုံထားသကဲ့သို့ ဖြစ်ကာ သမာဓိ၏ စွမ်းအင် ထက်မြက်လာသည်နှင့်အမျှ မာမှုသဘောမှာလည်း လွန်ကဲလာကာ ထိုယောဂီသူတော်ကောင်း အနေဖြင့် ထိုမာမှုသဘောကို သည်းမခံနိုင် ဖြစ်တတ်သည်။ သတိရှိစေ။ ဤစည်းကမ်းချက်ကို ပကတိသော မြေဝန်း၌ နိမိတ်ယူစဉ်၌သော်လည်းကောင်း, တစ်နေရာတွင် တရားထိုင်စဉ် ယင်း နိမိတ်ကို တစ်ဖန် ပြန်၍ အာရုံယူစဉ်၌လည်းကောင်း, ပထဝီကသိုဏ်းဝန်းကို ဖြန့်ကြက်ရာအခါ၌လည်းကောင်း လိုက်နာပါ။</p> <p>မြေကြီး၌ တည်ရှိသော မူလပထဝီကသိုဏ်းဝန်းကို မျက်စိ မှိတ်တုံ ဖွင့်တုံပြု၍ နိမိတ်ကို ယူရာ၌ ပကတိသော ဖွင့်ထားသော မျက်စိဖြင့် ကသိုဏ်း ဝန်းနိမိတ်ကို မြင်ရသကဲ့သို့ မျက်စိမှိတ်ထားသော အခါ၌လည်း ထိုကသိုဏ်း ဝန်းနိမိတ်သည် ထင်နေပါက ထိုအခါ ဥဂ္ဂဟနိမိတ် ဖြစ်ပေါ်လာပြီ ဖြစ်၏။</p> <p>တစ်နေရာတွင် သွားရောက်ကာ တရားထိုင်သော အခါ၌လည်း ထို ဥဂ္ဂဟနိမိတ်ကို ပြန်လည်၍ အာရုံယူရာ လွယ်လွယ်ကူကူနှင့် တစ်ဖန် မပေါ်လာသဖြင့် မိမိ ရရှိထားပြီးသော စတုတ္ထစျာန် သမာဓိတို့တွင် တစ်မျိုးမျိုးသော စတုတ္ထစျာန်သမာဓိကို တစ်ဖန် ထူထောင်ပြီးနောက် ထိုစတုတ္ထစျာန်သမာဓိကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်၏ အကူအညီဖြင့် ထိုမူလနိမိတ် ယူခဲ့ဖူးသော ပထဝီကသိုဏ်းဝန်း နိမိတ်ကိုပင် တစ်ဖန် ပြန်၍ အာရုံယူလိုက်သောအခါ ဖွင့်ထားသော မျက်စိဖြင့် မြင်ရသကဲ့သို့ ပထဝီကသိုဏ်းဝန်း နိမိတ်သည် ထင်လာပါမူ ထိုအခါတွင်လည်း ဥဂ္ဂဟနိမိတ်သည် ဖြစ်ပေါ်လာသည် မည်၏။</p> <p>ထိုဥဂ္ဂဟနိမိတ်ကိုပင် ဆက်လက်၍ နှလုံးသွင်းခဲ့သော် မှီဝဲခဲ့သော် ပွားများခဲ့သော် ဩဒါတကသိုဏ်း၌ ဆိုအပ်ခဲ့ပြီးသည့်အတိုင်း အစဉ်အတိုင်း ကြိုးစားအားထုတ်ခဲ့သော် နီဝရဏတို့သည် ခွာအပ်ပြီး ဖြစ်ကုန်၏။ ကွာသွား ကြကုန်၏။ ကိလေသာတို့သည် အနည်ထိုင်သွားကြကုန်၏။ ဥပစာရသမာဓိဖြင့် စိတ်သည် တည်ကြည်လာ၏၊ ပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာ၏။ ထိုပဋိဘာဂနိမိတ်ကို တိုးပွားအောင် ပြုလုပ်ခဲ့သော် အရပ်ဆယ်မျက်နှာသို့ တိုင်အောင် ဖြန့်ကြက်လျက် သမာဓိကို ဆက်လက်ထူထောင်ခဲ့သော် ပထမစျာန်မှသည် စတုတ္ထစျာန်သို့ တိုင်အောင် အစဉ်အတိုင်း ဆိုက်ရောက် နိုင်ပေသည်။</p> <p>ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်တို့၏ ထူးခြားချက်ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ဤသို့ ဖော်ပြထား၏ -- ဥဂ္ဂဟနိမိတ်၌ လက်ချောင်းရာ, တုတ်ရာ စသည့် ကသိုဏ်းအပြစ်ဒေါသများ ထင်ရှားနေတတ်၏။ ပဋိဘာဂနိမိတ်၌ကား အိတ်တွင်းမှ ထုတ်ယူအပ်သော ကြေးမုံဝန်းကဲ့သို့လည်းကောင်း, ကောင်းစွာ ပွတ်အပ်ပြီးသော ခရုသင်းခွက်ကဲ့သို့လည်းကောင်း, တိမ်တိုက်ကြားမှ ထွက်ပေါ်လာသော လပြည့်ဝန်းကဲ့သို့လည်းကောင်း, မိုးတိမ်ညိုဝ၌ ပျံသန်း နေသော ဥဗျိုင်းတို့ကဲ့သို့လည်းကောင်း ဥဂ္ဂဟနိမိတ်ကို ထွင်းဖောက်၍ ထွက်ပေါ်လာသကဲ့သို့ ထိုဥဂ္ဂဟနိမိတ်ထက် အဆပေါင်း အရာအထောင်မက အလွန် စင်ကြယ်သန့်ရှင်းသည်ဖြစ်၍ ထင်လာတတ်ပေ၏။ (ဝိသုဒ္ဓိ၊၁၊၁၂၂။)</p> <h3>အာပေါကသိုဏ်း = ရေကသိုဏ်း</h3> <p>၁။ သပိတ်, ခွက်, ပုံးစသည်၌ အနားရေးနှင့်အမျှ ပြည့်အောင် ထည့်ထားအပ်သော, ကသိုဏ်းဝန်းအဖြစ် ပြုလုပ်ထားအပ်သော, အညို အဝါ အဖြူ အနီ အရောင်တို့ဖြင့် ရောယှက်မှု မရှိ ပကတိ ကြည်လင်သန့်ရှင်းသော ကောင်းကင်မှ ကျလာသော မိုးရေ သို့မဟုတ် ထိုရေနှင့် အလားတူ သန့်ရှင်းသော ရေ၌သော်လည်းကောင်း,</p> <p>၂။ ရေတွင်း, ရေကန်, တစ်ဖက်ဆည်ကန်, သမုဒ္ဒရာမှ တက်လာသော ဆားငံရေဖြင့် ပြည့်သော ဆားကျင်း, ဒီချောင်း, သမုဒ္ဒရာစသော ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သော ရေ၌သော်လည်းကောင်း အာပေါကသိုဏ်းနိမိတ်ကို ယူနိုင်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၆၅။)</p> <p>ဤညွှန်ကြားချက်များနှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်အတွက် အကောင်းဆုံးသော ရေမှာ ကြည်လင်သန့်ရှင်းသော ရေတွင်းရေပင် ဖြစ်သည်။ ရေတွင်းရေ မရခဲ့သော် သပိတ်၌ ဖြစ်စေ, အိုးခွက်တစ်ခု၌ ဖြစ်စေ ရေပြည့်အောင် နှုတ်ခမ်းနှင့် ညီအောင် ထည့်၍ အာပေါကသိုဏ်းနိမိတ်ကို ယူပါ။ ရေတွင်း၌ တည်ရှိသော ရေ၌ဖြစ်စေ, သပိတ် အိုးခွက်စသည်၌ တည်ရှိသော ရေ၌ဖြစ်စေ အာပေါကသိုဏ်းနိမိတ်ကို ယူရာ၌ ရေဟူသော ပညတ် သက်သက်ကိုသာ အာရုံယူပါ။ ရေတွင်းနံရံနှင့် ရေတွင်းအောက်ခြေကို လည်းကောင်း, သပိတ် အိုးခွက်တို့၏ နံရံ အောက်ခြေကိုလည်းကောင်း မကြည့်မိရန် သတိပြုပါ။ ရေသက်သက်ကိုသာ ကြည့်၍ နိမိတ်ကို ယူပါ။ တစ်ဖန် ထိုသို့ နိမိတ်ကို ယူရာ၌ မိမိ ရရှိပြီးသော စတုတ္ထစျာန်သမာဓိ တစ်ခုခုကို ဝင်စားပြီးမှ ထိုစျာန်ကြောင့် ဖြစ်ပေါ်လာသည့် ဉာဏ်လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ ထိုစျာန်မှ ထကာ မျက်စိကို ဖွင့်၍ မိမိ သတ်မှတ်ထားသော အာပေါကသိုဏ်းနိမိတ်ကို ယူခဲ့သော် ပို၍ အရမြန်တတ်သည်။ ရှေးရှေးဘာဝနာသမာဓိများက အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးနေသောကြောင့် ဖြစ်သည်။</p> <p><b>န ဝဏ္ဏော ပစ္စဝေက္ခိတဗ္ဗော၊ န လက္ခဏံ မနသိကာတဗ္ဗံ။</b> (ဝိသုဒ္ဓိ၊၁၊၁၆၅၊၊)</p> <p>ထိုသို့ အာပေါကသိုဏ်း နိမိတ်ကို ယူရာ၌ ရေ၏အရောင်ကို နှလုံးမသွင်း ပါနှင့်၊ အရောင်ကို နှလုံးသွင်းခဲ့သော် ဝဏ္ဏကသိုဏ်း (= အရောင်ကသိုဏ်း) ဘက်သို့ ကူးသွားမည်။ အာပေါကသိုဏ်း မဟုတ်တော့ပေ။ တစ်ဖန် အာပေါဓာတ်၏ ယိုစီးခြင်း ပဂ္ဃရဏလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်၊ ရေ၏ အေးမှု သီတလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။ ယင်းဓာတ်တို့၏ သဘာဝ လက္ခဏာကို နှလုံးသွင်းခဲ့သော် ဓာတ်ကမ္မဋ္ဌာန်းဘက်သို့ ကူးသွားမည် ဖြစ်၏။ အထူးသဖြင့် ရေ၏ အေးမှုသဘောကို နှလုံးသွင်းနေပါက သမာဓိ အားကောင်းလာသောအခါ ထိုထို နှလုံးသွင်းနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ခန္ဓာကိုယ်၌ ချမ်းတက်လာတတ်၏။ ထိုကြောင့် အဆင်း၏ မှီရာ အာပေါကသိုဏ်းကို အဆင်းနှင့် တကွ တူသော အခြင်းအရာ ရှိသည်ကို ပြု၍ အာပေါဓာတ် ထူပြောသည်၏ အစွမ်းဖြင့် အာပေါ (= ရေ)ဟူသော လောက ဝေါဟာရ ပညတ်အာရုံ၌ စိတ်ကို ထား၍ ---- <b>အာပေါ-အာပေါ-အာပေါ</b> = ရေ-ရေ-ရေဟု နှလုံးသွင်း ပွားများပါ။</p> <p>ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော နိမိတ် သုံးမျိုး, ပရိကမ္မဘာဝနာ ဥပစာရဘာဝနာ အပ္ပနာဘာဝနာဟူသော ဘာဝနာ သုံးမျိုး, ပရိကမ္မသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော သမာဓိ သုံးမျိုး အစဉ်အတိုင်း ဖြစ်ပေါ်လာ၍ စတုတ္ထစျာန်သမာဓိသို့ တိုင်အောင် အစဉ် အတိုင်း ဆိုက်ရောက်နိုင်ပေသည်။</p> <p>တစ်ဖန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတွင် နိမိတ်ထင်ပုံကို ဤသို့ ရှင်းပြထား၏။ ဤ အာပေါကသိုဏ်း၌ ဥဂ္ဂဟနိမိတ်သည် လှုပ်သကဲ့သို့ ထင်လာတတ်၏။ အာပေါကသိုဏ်းနိမိတ်ကို ယူခဲ့စဉ်က ရေသည် ရေမြုပ် ရေပြွက်နှင့် ရောသော ရေဖြစ်ခဲ့မူ ထိုပုံစံအတိုင်းသာ ထင်လာတတ်၏၊ လှိုင်းတံပိုး ထခြင်း, ရေမြုပ် ရေပြွက်နှင့် ရောနှောနေခြင်း စသော ကသိုဏ်းအပြစ်ဒေါသသည် ထင်လာတတ်၏။ ထိုကြောင့် ငြိမ်သက်၍ နက်ရှိုင်းသော ရေ၌ နိမိတ်ယူခြင်းက အပြစ်ဒေါသ နည်းပါးသဖြင့် ပိုကောင်းလှပေသည်။ ပဋိဘာဂနိမိတ်ကား တုန်လှုပ်ခြင်း ကင်းသည်ဖြစ်၍ ကောင်းကင်၌ ထားအပ်သော မြယပ်ဝန်းကဲ့သို့ လည်းကောင်း, မြကြေးမုံဝန်းကဲ့သို့လည်းကောင်း ဖြစ်၍ ရှေးရှူထင်လာ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုပဋိဘာဂနိမိတ်ထင်သည်နှင့် အတူတကွသာ လျှင် ဆိုခဲ့ပြီးသည့်အတိုင်း ဥပစာရစျာန် အပ္ပနာစျာန်သို့ ရောက်ရှိနိုင်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၆၅-၁၆၆။)</p> --- <h3>တေဇောကသိုဏ်း = မီးကသိုဏ်း</h3> <p>ရှေးရှေး ဘဝထိုထိုက ပြုအပ် ဆည်းပူးအပ်ခဲ့ဖူးသော တေဇောကသိုဏ်း ဘာဝနာလုပ်ငန်း၌ ဘာဝနာကုသိုလ် ပုညသမ္ဘာရ ရှိခဲ့ဖူးသော ပုဂ္ဂိုလ်အား ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သေးသော မီး၌ တေဇောကသိုဏ်းနိမိတ်ကို ယူခဲ့သော် ရရှိနိုင်သည်သာ ဖြစ်၏။</p> <p>၁။ ဆီမီးတောက် ဆီမီးလျှံ၌လည်းကောင်း,</p> <p>၂။ ချက်ပြုတ်ရာ မီးဖိုိ၌လည်းကောင်း,</p> <p>၃။ သပိတ်ဖုတ်ရာဌာန၌ တည်ရှိသော မီးပုံ၌လည်းကောင်း,</p> <p>၄။ တောမီးလောင်ရာ မီးတောက်မီးလျှံ၌လည်းကောင်း --</p> <p>အမှတ်မရှိ မီးတောက်လောင်ရာ အရပ်၌ မီးလျှံကို ကြည့်ရှုစဉ် ဥဂ္ဂဟနိမိတ် ဖြစ်ပေါ်လာနိုင်၏။</p> <p>အတိတ်ဘဝ ထိုထိုက တေဇောကသိုဏ်းကို စီးဖြန်းမှု ပါရမီ ပုညသမ္ဘာရ မရှိသော ယောဂါဝစရပုဂ္ဂိုလ်သည်ကား တေဇောကသိုဏ်းဝန်းကို ပြုလုပ်ထိုက်၏။ ပြုလုပ်ပုံ အစီအရင်ကား ---- အနှစ်အဆီ ရှိ၍ ခြောက်သွေ့သော ထင်းခွဲခြမ်းတို့ကို သင့်တော်ရာ တစ်နေရာ၌ သပိတ်ဖုတ်သည့် ပုံစံအနေ အထားဖြင့် အစုအပုံလိုက် မီးတောက်မီလျှံ ထွက်ပေါ်လာသည် တိုင်အောင် မီးရှို့ပါ။</p> <p>သင်ဖြူးဖျာ, သားရေပိုင်း, ပုဆိုးကြမ်း, သစ်သားပျဉ်ချပ်စသည့် တစ်ခုခုတွင် တစ်ထွာလောက် အတိုင်းအရှည် ရှိသော ဝန်းဝိုင်းသော အပေါက်ကို ဖောက်၍ ထိုအပေါက်ဖောက်ထားသော အရာဝတ္ထုကို ရှေ့ထား၍ သို့မဟုတ် တစ်ထွာခန့် ဝိုင်းဝန်းသော အပေါက်ရှိသော ဇလုံပေါက်တစ်ခုကို ရှေ့၌ ထား၍ ထိုင်ပြီးလျှင် ---</p> <p>၁။ မီးပုံအောက်၌ လောင်နေသော မြက်ထင်းကိုလည်းကောင်း,</p> <p>၂။ အထက်သို့ တက်သော မီးခိုး မီးညွန့်ကိုလည်းကောင်း,</p> <p>နှလုံးမသွင်းမူ၍ အလယ်၌ မကျဲမူ၍ တစ်ခဲနက် တစ်လုံးတည်းအားဖြင့် တောက်လောင်နေသော မီးတောက်မီးလျှံ၌ ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ကို ယူပါလေ။ (ဝိသုဒ္ဓိ၊၁၊၁၆၆။)</p> <p><b>ဝဏ္ဏော န ပစ္စဝေက္ခိတဗ္ဗော၊ ဥဏှတ္တဝသေန လက္ခဏံ န မနသိကာတဗ္ဗံ။</b> (ဝိသုဒ္ဓိ၊၁၊၁၆၆။)</p> <p>ထိုသို့ တေဇောကသိုဏ်း နိမိတ်ကို ယူရာ၌ ထိုမီးတောက်မီးလျှံ၏ အညို, အဝါ, အနီ စသည်အားဖြင့် ပြားသော အရောင်ကို နှလုံးမသွင်းပါနှင့်။ အရောင်ကို နှလုံးသွင်းခဲ့သော် ဝဏ္ဏကသိုဏ်း (= အရောင်ကသိုဏ်း) ဘက်သို့ ကူးသွားမည် ဖြစ်၏။ ထိုမီးတောက်မီးလျှံ၏ ပူသော လက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။ ပူသော လက္ခဏာကို နှလုံးသွင်းပါက ဓာတ်ကမ္မဋ္ဌာန်း ဘက်သို့ ပြောင်းသွားမည် ဖြစ်၏။ ပူသော လက္ခဏာကို နှလုံးသွင်းမိပါက နှလုံးသွင်းနေပါက သမာဓိ အားကောင်းလာသောအခါ ယောဂါဝစရပုဂ္ဂိုလ်၏ ခန္ဓာအိမ်သည်လည်း ပူလောင်လာတတ်ပေသည်။</p> <p>ထိုကြောင့် မီးတောက်မီးလျှံ၌ တည်ရှိသော အရောင်အဆင်း၏ တည်ရာ မီးကို အဆင်းနှင့် တကွသာလျှင် ပြု၍ တေဇောဓာတ် များပြား ထူပြောသည်၏ အစွမ်းဖြင့် တေဇော (= မီး)ဟူသော လောကဝေါဟာရ ပညတ်၌ စိတ်ကို ထား၍ <b>တေဇော-တေဇော-တေဇော</b> = မီး-မီး-မီးဟု နှလုံးသွင်း ပွားများပါ။ ဤသို့ ပွားများအားထုတ်သော ထိုယောဂါဝစရပုဂ္ဂိုလ်အား ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်များ ဖြစ်ပေါ်လာမည် ဖြစ်၏။ (ဝိသုဒ္ဓိ၊၁၊၁၆၆...ကြည့်ပါ။)</p> <p>ဤညွှန်ကြားချက်များနှင့် အညီ တေဇောကသိုဏ်းကို ပွားများအားထုတ် လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် မီးတောက်မီးလျှံရှိရာ အရပ်သို့ ရှေးဦးစွာ ချဉ်းကပ်ပါ။ ထိုနေရာ၌ မိမိ ရရှိထားပြီးသည့် တစ်မျိုးမျိုးသော စတုတ္ထစျာန်သမာဓိကို ပြန်လည်၍ ထူထောင်ပါ။ ထိုစျာန်မှ ထသောအခါ မျက်စိကို ဖွင့်လျက် ယင်းမီးတောက်မီးလျှံ၌ အောက် မီးလောင်နေသည့် ထင်းစနှင့် အပေါ်ပိုင်း မီးညွန့်တို့ကို မကြည့်ဘဲ အလယ် မီးတောက်ကိုသာ ကြည့်၍ တေဇောကသိုဏ်း နိမိတ်ကို ယူကြည့်ပါ။ မအောင်မြင်ခဲ့သော် ဆယ်လက်မခန့် အပေါက်ရှိသော ဇလုံပေါက်တစ်ခုကို ရှေ့က ခံထား၍ ထိုဇလုံပေါက်၏ ရှေ့၌ တည်ရှိသော မီးတောက်မီးလျှံ၌ တေဇောကသိုဏ်းနိမိတ်ကို ယူကြည့်ပါ။ အောင်မြင်တတ်ပါသည်။</p> <p>အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့ကား ထိုကဲ့သို့ မပြုလုပ်တော့ဘဲ မိမိ တရားထိုင်နေကျ နေရာမှာပင် မိမိ ရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိ တစ်ခုခုကို ထူထောင်ပြီးသောအခါ ထိုစတုတ္ထစျာန်သမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသော လင်းရောင်ခြည် အကူအညီဖြင့် ရှေးယခင်က မိမိ မြင်ခဲ့ဖူး တွေ့ကြုံခဲ့ဖူးသော တောမီးလောင်သည့်အခါ သို့မဟုတ် အိမ်ကို မီးလောင်သည့်အခါ သို့မဟုတ် အမှိုက်ပုံကို မီးလောင်သည့်အခါ စသည်တို့၌ ဖြစ်ပေါ်နေသော မီးတောက် မီးလျှံကို တစ်ဖန် ပြန်၍ အာရုံယူကြည့်လိုက်သောအခါ ဉာဏ်အလင်းရောင်အောက်တွင် ထိုမီးတောက်မီးလျှံကို ဉာဏ်မျက်စိဖြင့် အာရုံယူ၍ ရတတ်ပေသည်။ ထိုအခါ ထိုမီးတောက်မီးလျှံ၌ပင် ရှေးနည်းအတူ တေဇောကသိုဏ်းနိမိတ်ကို ယူခဲ့သော် ရှေးရှေးသော ဘာဝနာသမာဓိတို့၏ အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိကို ဆက်ခံရသောကြောင့် လွယ်လွယ်ကူကူပင် တေဇောကသိုဏ်းနိမိတ် ယူရတတ်ပေသည်။ မိမိ ရရှိထားပြီးသည့် တေဇောကသိုဏ်း နိမိတ်ကို ပြန်လည်၍ အာရုံယူသည်နှင့် တူညီပေသည်။</p> <p>တေဇောကသိုဏ်းနိမိတ်ကို ယူ၍ အောင်မြင်မှု ရရှိခဲ့သော် ထိုနိမိတ်ကိုပင် အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်ပါ။ ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော နိမိတ် သုံးမျိုး, ပရိကမ္မဘာဝနာ ဥပစာရဘာဝနာ အပ္ပနာဘာဝနာဟူသော ဘာဝနာ သုံးမျိုး, ပရိကမ္မသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော သမာဓိ သုံးမျိုးတို့ကို အစဉ်အတိုင်း ရရှိအောင် ကြိုးစားအားထုတ်ပါ။</p> <p>ထိုသို့ အားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်လာသော ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ် နှစ်မျိုးတို့တွင် ဥဂ္ဂဟနိမိတ်ကား မီးတောက်မီးလျှံသည် ပြတ်၍ ပြတ်၍ ကျသည်နှင့် တူသည်ဖြစ်၍ ထင်လာ၏။ ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သော မီးပုံ၌ တေဇောကသိုဏ်းနိမိတ်ကို ယူသော ပုဂ္ဂိုလ်အားကား ကသိုဏ်း၏ အပြစ်ဒေါသသည် ထင်ရှား၏၊ မီး အပိုင်းအစ (= မီးထင်းစ)သည်လည်းကောင်း, မီးကျီးစု မီးကျီးခဲပုံသည် လည်းကောင်း, ပြာသည်လည်းကောင်း, မီးခိုးသည်လည်းကောင်း ထင်နေတတ်၏။ ပဋိဘာဂနိမိတ်သည်ကား မတုန်လှုပ်သည်ဖြစ်၍ ကောင်းကင်၌ ဖြန့်ခင်းထားအပ်သော ကမ္ဗလာပိုင်းကဲ့သို့လည်းကောင်း, ရွှေယပ်ဝန်းကဲ့သို့ လည်းကောင်း, ရွှေသည်တိုင်ကဲ့သို့လည်းကောင်း ထင်လာ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုပဋိဘာဂနိမိတ်၏ ထင်သည်နှင့် အတူတကွသာလျှင် ဥပစာရစျာန်ကိုလည်းကောင်း, အပ္ပနာစျာန်ကိုလည်းကောင်း ရောက်ရှိနိုင်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၆၆။)</p> --- <h3>ဝါယောကသိုဏ်း = လေကသိုဏ်း</h3> <p><b>ဝါယောကသိဏံ ဘာဝေတုကာမေနာပိ ဝါယုသ္မိံ နိမိတ္တံ ဂဏှိတဗ္ဗံ။ တဉ္စ ခေါ ဒိဋ္ဌဝသေန ဝါ ဖုဋ္ဌဝသေန ဝါ။</b> (ဝိသုဒ္ဓိ၊၁၊၁၆၇။)</p> <p>ဝါယောကသိုဏ်းကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း လေ၌ နိမိတ်ကို ယူအပ်၏။ ထိုဝါယောကသိုဏ်းနိမိတ်ကိုလည်း</p> <p>၁။ အမြင်၏ အစွမ်းဖြင့်လည်းကောင်း,</p> <p>၂။ အတွေ့၏ အစွမ်းဖြင့်လည်းကောင်း ယူအပ်ပေသည်။ ထိုကြောင့် ---</p> <p>၁။ သစ်ပင်ဖျား သစ်ရွက်ဖျားစသည်တို့၌ တိုက်ခတ်၍နေသော လေကို ကြည့်၍ မြင်၍လည်း ဝါယောကသိုဏ်းနိမိတ်ကို ယူနိုင်၏။</p> <p>၂။ မိမိ၏ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်နေရာ၌ လာရောက် တွေ့ထိနေသော လေကိုလည်း ဝါယောကသိုဏ်းနိမိတ်အဖြစ် ယူနိုင်၏။</p> <p>မိမိ၏ ကိုယ်အင်္ဂါ၌ တွေ့ထိသော လေကို ဝါယောကသိုဏ်းနိမိတ်အဖြစ် ယူလိုသော် ရှေးဦးစွာ မိမိ ရရှိထားပြီးသော တစ်မျိုးမျိုးသော စတုတ္ထစျာန်သမာဓိကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ ထိုစတုတ္ထစျာန်ကြောင့် ဖြစ်ပေါ်လာသော ဉာဏ်လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ လေသာပြူတင်းပေါက်စသည်မှ ဝင်လာ၍ ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်နေရာ၌ လာရောက်ထိခိုက်သော လေအစု၌ သတိကို ဖြစ်စေ၍ --- <b>ဝါယော-ဝါယော -ဝါယော</b> = လေ-လေ-လေဟု နှလုံးသွင်း ပွားများပါ။</p> <p>အကယ်၍ သစ်ပင်ဖျား သစ်ရွက်ဖျား စသည်တို့၌ တိုက်ခတ်၍နေသော လေကို ကြည့်၍ နိမိတ်ကို ယူလိုခဲ့သော် ရှေးဦးစွာ မိမိ ရရှိထားပြီးသော တစ်မျိုးမျိုးသော စတုတ္ထစျာန်သမာဓိကို ထူထောင်ပြီးနောက် လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ ထိုလင်းရောင်ခြည်၏ အကူညီဖြင့် ထိုလေကို မြင်အောင် ကြည့်၍ ထိုလေ၌ သတိကို ဖြစ်စေ၍ ---- <b>ဝါယော-ဝါယော-ဝါယော</b> = လေ-လေ-လေဟု နှလုံးသွင်း ပွားများပါ။ နိမိတ် သုံးမျိုး, ဘာဝနာ သုံးမျိုး, သမာဓိ သုံးမျိုးလုံးကို ရရှိအောင် အစဉ်အတိုင်း ပွားများ အားထုတ်ပါ။</p> <p>ဥဂ္ဂဟနိမိတ်ကား ခုံလောက် (= ဖိုခနောက်)မှ ချအပ်ကာမျှ ဖြစ်သော နို့ဃနာဆွမ်း၏ အခိုးအငွေ့အလုံးနှင့် တူစွာ တုန်လှုပ်သည်ဖြစ်၍ ထင်လာ၏။ ပဋိဘာဂနိမိတ်သည်ကား ငြိမ်သက်သော အနေအထိုင်ရှိသည် မတုန်လှုပ်သည်ဖြစ်၍ ထင်လာ၏။ ကြွင်း နည်းတူ မှတ်လေ။ (ဝိသုဒ္ဓိ၊၁၊၁၆၇။)</p> --- <h3>အာလောကကသိုဏ်း = အလင်းရောင်ကသိုဏ်း</h3> <p>အာလောကကသိုဏ်းကို နိမိတ်ယူလိုသော ယောဂါဝစရပုဂ္ဂိုလ်သည်-</p> <p>၁။ နံရံပေါက်ဖြင့် ဝင်၍ ထင်လာသော လရောင် နေရောင်အဝန်း,</p> <p>၂။ သံကောက်ပေါက်ဖြင့် ဝင်၍ထင်လာသော လရောင် နေရောင်အဝန်း,</p> <p>၃။ လေသောက်တံခါးပေါက်ဖြင့် ဝင်၍ ထင်လာသော လရောင် နေရောင်အဝန်း ----</p> <p>ဤအဝန်း တစ်ခုခု၌ နိမိတ်ကို ယူနိုင်၏။ (ဝိသုဒ္ဓိ၊၁၊၁၆၉။)</p> <p>အာလောကကသိုဏ်း ဘာဝနာလုပ်ငန်း၌ ပြုအပ်ခဲ့ဖူးသော အဓိကာရ ကောင်းမှုကုသိုလ်ပါရမီ ရှိသော ယောဂါဝစရသူတော်ကောင်းအား နံရံပေါက်စသည်တို့တွင် တစ်ခုခုသော အပေါက်ဖြင့် နေရောင်သည်လည်းကောင်း, လရောင်သည်လည်းကောင်း ဝင်၍ နံရံ၌လည်းကောင်း မြေ (= ကြမ်းပြင်)၌လည်းကောင်း ထင်လာသော အလင်းရောင်အဝန်းကို မြင်၍သာလျှင် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာနိုင်၏။ တစ်ခဲနက် ထူသော အရွက်ရှိသော သစ်ပင်၏ အခက်ကြားဖြင့်လည်းကောင်း, တစ်ခဲနက် ထူသော သစ်ခက်မဏ္ဍပ်ကြားဖြင့်သော်လည်းကောင်း ထွက်၍ မြေ၌သာလျှင် ထင်လာသော အရောင်အဝန်းကို မြင်၍သာလျှင်လည်း ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာနိုင်၏။ (ဝိသုဒ္ဓိ၊၁၊၁၉၆။)</p> <p>အာလောကကသိုဏ်း ဘာဝနာလုပ်ငန်း၌ ဖြည့်ဆည်းပူးခဲ့သော ပါရမီအရှိန်အဝါ အားပျော့သော ယောဂါဝစရပုဂ္ဂိုလ်သည်ကား အထက်တွင် တင်ပြထားသော အလင်းရောင် သုံးမျိုးတို့တွင် တစ်မျိုးမျိုး၌ ---- <b>အာလော ကော-အာလောကော-အာလောကော</b> = အလင်းရောင်-အလင်းရောင်-အလင်းရောင်ဟု နှလုံးသွင်း ပွားများပါ။ မအောင်မြင်ခဲ့သော် အိုးတစ်လုံး၏ အတွင်း၌ ဆီမီးကို ညှိထွန်း၍ အိုးဝကို ပိတ်၍ အိုး၌ အပေါက်တစ်ခု ပြုလုပ်၍ နံရံဘက်သို့ ရှေးရှုတည်ထားပါ။ ထိုဖောက်ထားသော အိုးပေါက်မှ ဆီမီးရောင်သည် ထွက်၍ နံရံ၌ အဝန်းအဝိုင်း ထင်နေပေမည်။ ထိုနံရံ၌ ထင်နေသော ဆီမီးရောင် အဝန်းအဝိုင်းကို ---- <b>အာလောကော- အာလောကော-အာလောကော</b> = အလင်းရောင်-အလင်းရောင်-အလင်းရောင်ဟု နှလုံးသွင်း ပွားများပါလေ။ ဤသို့ ပြုပြင်စီမံထားသော အလင်းရောင်ကသိုဏ်းဝန်းကား လရောင် နေရောင်တို့ကြောင့် ထင်နေသော ကသိုဏ်းဝန်းထက် ပို၍ တာရှည် ခံပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၆၉။)</p> <p>အာနာပါနဿတိသမာဓိကို စတုတ္ထစျာန်သမာဓိသို့တိုင်အောင်လည်းကောင်း, အခြားအခြားသော ကသိုဏ်းတို့၌ စတုတ္ထစျာန်သမာဓိသို့တိုင်အောင်လည်းကောင်း သမာဓိကို ထူထောင်ထားပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ညနေချမ်းအခါဝယ် ထူထဲသော သစ်ခက်, သစ်ရွက်ရှိသော သစ်ပင်၏ သစ်ခက် သစ်ရွက်တို့၏ အကြားမှ မြင်တွေ့ရသော နေရောင်ခြည်၏ အလင်းရောင်ကို အာရုံယူ၍ အာလောကကသိုဏ်းနိမိတ်ကို ရယူခဲ့သော် လွယ်လွယ်ကူကူပင် နိမိတ်ကိုယူ၍ ရတတ်ပေ၏။ ထိုသို့ နိမိတ်ကို ယူနိုင်ခဲ့သော် ထင်လာသော ဥဂ္ဂဟနိမိတ်တို့၏ အလင်းရောင်၏ စွမ်းအင်မှာလည်း ပို၍ အားကောင်းတတ်ပေသည်။ မှောင်မိုက်နေသော ညဉ့်အခါဝယ် ယင်းကဲ့သို့သော အောင်မြင်မှုကို ရရှိထားပြီးဖြစ်သော အာလောကကသိုဏ်းဝန်းနိမိတ်ကို ဖြန့်ကြက်ခဲ့သော် ကသိုဏ်းဝန်းကို ဖြန့်ကြက်ထားပြီးရာအရပ်အတွင်း၌ တည်ရှိနေသော အလင်းရောင်မှာ နေ့အခါ၌ကဲ့သို့ပင် လင်းနေသော ဟူ၏။ အင်္ဂုတ္တရနိကာယ် သတ္တကနိပါတ်၌ လာရှိသော ပစလယမာနသုတ္တန် (အံ၊၂၊၄၆၃။)၌ လာရှိသော ဘုရားရှင်၏ ညွှန်းကြားတော်မူချက်နှင့် ညီညွတ်လျက်ပင် ရှိပေသည်။</p> <p>ဤအာလောကကသိုဏ်း၌ ဥဂ္ဂဟနိမိတ်သည် နံရံ၌လည်းကောင်း, မြေ (= ကြမ်းပြင်)၌လည်းကောင်း, သစ်ခက် သစ်ရွက်ကြားစသည်၌လည်းကောင်း ထင်နေသော ပကတိအလင်းရောင် အဝန်းအဝိုင်းနှင့် တူ၏။ ပဋိဘာဂနိမိတ်သည်ကား ဘုရားရှင်၏ တစ်လံမျှလောက်သော ရောင်ခြည်တော်ဝန်းကဲ့သို့ တစ်ခဲနက် အတုံးလိုက် အခဲလိုက် ဖြစ်၍ အထူးကြည်လင်လှသော အလင်းရောင်အစုနှင့် တူ၏။ ကြွင်း နည်းတူမှတ်ပါ။ (ဝိသုဒ္ဓိ၊၁၊၁၆၉။)</p> <p>ဤအာလောကသညာခေါ် အာလောကကသိုဏ်းမှာ ထိနမိဒ္ဓ ပယ်ဖျောက်ရေးတွင် အကောင်းဆုံးသော လက်နက်တစ်မျိုး ဖြစ်၏။ အင်္ဂုတ္တိုရ်ပါဠိတော် သတ္တကနိပါတ် ပစလယမာနသုတ္တန် (အံ၊၂၊၄၆၃ ..)၌ ထိနမိဒ္ဓကို ပယ်ဖျောက်ကြောင်း ပျောက်ကင်းကြောင်း တရား (၇)မျိုးကို ခွဲခြားကာ ဟောကြားထားတော်မူ၏။ ယင်း (၇)မျိုးတို့တွင် ဤအာလောကသညာသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော ပုဂ္ဂိုလ်တိုင်း လက်ကိုင်ထားသင့်သော ကမ္မဋ္ဌာန်းတစ်မျိုးပင် ဖြစ်သည်။ဒိဗ္ဗစက္ခုအဘိညာဏ်၏ အခြေခံ ကသိုဏ်းတို့တွင် ----</p> <p><b>(ဣမေသု စ ပန တီသု) အာလောကကသိဏံယေဝ သေဋ္ဌတရံ။</b> (ဝိသုဒ္ဓိ၊၂၊၅၈။)</p> <p>---- ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် အညီ ဤအာလောကကသိုဏ်းမှာ အကောင်းဆုံး အမြတ်ဆုံးသော ကသိုဏ်းတစ်ခုပင် ဖြစ်သည်။</p> --- <h3>အာကာသကသိုဏ်း = ကောင်းကင်ကသိုဏ်း</h3> <p>၁။ နံရံပေါက်၌သော်လည်းကောင်း,</p> <p>၂။ သံကောက်ပေါက်၌သော်လည်းကောင်း,</p> <p>၃။ လေသာပြူတင်းပေါက်ကြား၌သော်လည်းကောင်း -----</p> <p>အာကာသကသိုဏ်း (= အကြားအပေါက်ကသိုဏ်း = ကောင်းကင်ကသိုဏ်း)နိမိတ်ကို ရယူနိုင်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၆၉။)</p> <p>ရှေးရှေးဘဝက အာကာသကသိုဏ်း ဘာဝနာလုပ်ငန်း၌ ပြုအပ်ခဲ့ဖူးသော အဓိကာရကောင်းမှုကုသိုလ် ရှိသသူအား နံရံပေါက်စသော အကြားအပေါက် တစ်ခုခုကို တွေ့မြင်ခဲ့သော် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည် လွယ်ကူစွာပင် ဖြစ်ပေါ်လာနိုင်၏။ အဓိကာရကောင်းမှုကုသိုလ် အားနည်းသူကား နေပြောက်မထိုးရအောင် ကောင်းစွာမိုး၍ထားအပ်သော မဏ္ဍပ်၌သော်လည်းကောင်း, သားရေ, ဖျာစသည်တို့တွင် တစ်ခုခု၌သော်လည်း ကောင်း တစ်ထွာ လက်လေးသစ်စသည် ပမာဏရှိသောဝန်းဝိုင်းသော အပေါက်ကို ပြုလုပ်၍ ထိုကသိုဏ်းဝန်းအဖြစ် ပြုလုပ်ထားအပ်သော အပေါက်ကိုသော်လည်းကောင်း, နံရံပေါက်စသော တစ်ခုခုသော အပေါက်ကိုသော်လည်းကောင်း အာကာသကသိုဏ်းနိမိတ်အဖြစ် အာရုံယူ၍ <b>အာကာသော-အာကာသော-အာကာသော</b> = ကောင်းကင်-ကောင်းကင်-ကောင်းကင်ဟူ၍ နှလုံးသွင်း ပွားများအပ်၏။ (ဝိသုဒ္ဓိ၊၁၊၁၆၉။)</p> <p>အကယ်၍ အောင်မြင်မှုကို မရရှိခဲ့လျှင် တစ်ထွာခန့် တစ်ပေခန့် အပေါက်အဝိုင်းတစ်ခုကို သစ်သားပျဉ်ချပ်တွင် စက်ဝိုင်းကျကျ ဖောက်ပါ။ ထိုအာကာသကသိုဏ်းဝန်းပါသော ပျဉ်ချပ်ကို သစ်ပင် မိုးသား တိမ်ရိပ်စသော အပြစ်ကင်းစင်သည့် ကောင်းကင်ဘက်သို့ မြှောက်၍ ကိုင်ထားပါ၊ ထိုအဝန်းအဝိုင်း အာကာသနိမိတ်ကို ပျဉ်ပြားချပ်၏ ဖောက်ထားသော စက်ဝိုင်းအတွင်း၌ စိတ်စိုက်၍ အာရုံယူကြည့်ပါ။ ကသိုဏ်းဝန်းအပေါက်ကို ကျော်လွန်၍ ကောင်းကင်းဘက်သို့ လိုက်မကြည့်ပါနှင့်။ ပျဉ်ပြားချပ်တွင် ဖောက်ထွင်းထားသော ကသိုဏ်းဝန်း၌သာ အာကာသကသိုဏ်းနိမိတ်ကို ယူပါ။ အကယ်၍ မျက်စိကို ဖွင့်တုံ မှိတ်တုံပြုကာ ကသိုဏ်းဝန်းနိမိတ်ကို ယူနေသော်လည်း လွယ်ကူစွာဖြင့် နိမိတ်ကိုယူ၍ မရ ဖြစ်နေသေးလျှင် မိမိရရှိထားပြီးသော တစ်မျိုးမျိုးသော စတုတ္ထစျာန်သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ ထိုနောင် ယင်းစတုတ္ထစျာန်မှ ထ၍ ပုံစံတူပင် အာကာသကသိုဏ်းဝန်းနိမိတ်ကို မျက်စိဖွင့်၍ ပြန်ယူကြည့်ပါ။ မျက်စိကို မှိတ်လိုက်သောအခါ ဥဂ္ဂဟနိမိတ်သည် ထင်လာပါက အောင်မြင်မှုကို ရရှိပေပြီ။ အောင်မြင်မှုကို ရရှိသောအခါ နိမိတ်ကိုခိုင်အောင် ဆက်လက်လေ့ကျင့်၍ မိမိအလိုရှိရာ အရပ်သို့ သွား၍ ထိုင်လျက် ပွားများနိုင်ပေသည်။ မိမိ ကြိုက်နှစ်သက်ရာ နေရာ၌ ထိုင်သောအခါ မိမိရရှိထားပြီးသည့် သမာဓိများကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ အထူးသဖြင့် မိမိနှစ်သက်ရာ တစ်မျိုးမျိုးသော စတုတ္ထစျာန် သမာဓိသို့တိုင်အောင် သမာဓိကို ထူထောင်ပါ။ ထိုနောင် မိမိ နိမိတ်ယူ၍ ရရှိထားပြီးဖြစ်သည့် အာကာသကသိုဏ်းဝန်းနိမိတ်ကိုပင် တစ်ဖန် ပြန်၍ အာရုံယူပါ။ ရှေးရှေးသော ဘာဝနာသမာဓိတို့၏ အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကို ဆက်ခံရသော နောက်နောက်သော ဘာဝနာသမာဓိမှာလည်း လွယ်ကူချောမောလျက်ပင် ရှိနေတတ်ပါသည်။</p> <p>ဤအာကာသကသိုဏ်း၌ ဥဂ္ဂဟနိမိတ်သည် နံရံပေါက်စသည်တို့နှင့် အတူတကွ ထိုမူလနံရံပေါက်စသည်တို့နှင့် တူသည်သာလျှင် ဖြစ်ပေသည်။ ဥဂ္ဂဟနိမိတ်အခိုက်၌ ဘာဝနာစွမ်းအား နည်းပါးသည့် အတွက်ကြောင့် ကသိုဏ်းဝန်းကို တိုးပွားအောင်ပြုလုပ်သော်လည်း မတိုးပွားနိုင်သေးပေ။ ပဋိဘာဂနိမိတ်ကား နံရံစွန်းစသည် မထင်တော့ဘဲ ကောင်းကင်အဝန်းသက်သက်သာ ဖြစ်၍ ထင်လာတော့သည်။ ထိုအခါ အာကာသကသိုဏ်း ဘာဝနာလုပ်ငန်း အာကာသကသိုဏ်း ဘာဝနာသမာဓိသည် မြဲမြံသွားပြီဖြစ်သောကြောင့် ကသိုဏ်းဝန်းကို တိုးပွားစေသော်လည်း ကသိုဏ်းဝန်းသည် တိုးပွားလာနိုင်ပေသည်။ ကြွင်း နည်းတူပေပြီ။ (ဝိသုဒ္ဓိ၊၁၊၁၆၉။)</p> <p>ကသိုဏ်း (၁၀)ပါးတို့ကို ပွားများပုံ အစီအရင်သည် ဤတွင် ပြီးဆုံးသွားပေပြီ။ ယောဂါဝစရပုဂ္ဂိုလ်သည် ဘုရားဟော ဒေသနာတော်စဉ်အတိုင်း---- <b>ပထဝီ, အာပေါ, တေဇော, ဝါယော, နီလ (= အညိုရောင်), ပီတ = (အဝါရောင်), လောဟိတ (= အနီရောင်), ဩဒါတ (= အဖြူရောင်), အာလောက (= အလင်းရောင်း), အာကာသ (= ကောင်းကင်)</b>ဟူသော ကသိုဏ်းဆယ်ပါးတို့ကို အစဉ်အတိုင်း ကသိုဏ်းတိုင်း ကသိုဏ်းတိုင်းဝယ် စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ အားထုတ်ပါ။</p> <p>ထိုသို့ ကြိုးစားအားထုတ်နိုင်ပါက မည်သည့်အရာဝတ္ထုနှင့်ပင် တွေကြုံရသည်ဖြစ်စေ ကသိုဏ်းဝန်းနိမိတ်အဖြစ် အာရုံယူ၍ ရနိုင်သည့် အရာဝတ္ထုမှန်ပါက ကသိုဏ်းနိမိတ်အဖြစ် လှမ်း၍ အာရုံယူလိုက်သည်နှင့် တစ်ပြိုင်နက် ကသိုဏ်းနိမိတ်ကို လွယ်လွယ်ကူကူပင် ရယူနိုင်ပေသည်။ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုမှ ဘာဝနာဟူသော အနှစ်သာရကို ထုတ်ယူတတ်ပါက ယခုကဲ့သို့သော နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်မှု (= ယောနိသောမနသိကာရ) ထင်ရှားရှိနေသော ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအဖို့ ပထမစျာန်သမာဓိ ဒုတိယစျာန်သမာဓိ တတိယစျာန်သမာဓိ စတုတ္ထစျာန်သမာဓိကဲ့သို့သော ဘာဝနာအနှစ်သာရများကား လွယ်လွယ်ကူကူပင် ထွက်ပေါ်လာမည်ဖြစ်ပေသည်။ ယင်း စျာန်သမာဓိများက နီဝရဏကိလေသာ အညစ်အကြေးတို့ကို ခပ်ကြာကြာ ခွာထားနိုင်သဖြင့် ထိုကဲ့သို့ ပွားများအားထုတ်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် မဟာပထဝီမြေကြီးနှင့် တူညီသော စိတ်ထား, ရေနှင့် တူညီသော စိတ်ထား, မီးနှင့် တူညီသော စိတ်ထား, လေနှင့် တူညီသော စိတ်ထား, ကောင်းကင်နှင့် တူညီသော စိတ်ထားများသည် ယာယီ အခိုက်အတန့်အားဖြင့် အထူးသဖြင့် စျာန်ကို ဝင်စားနေနိုင်သမျှ ကာလပတ်လုံး ဖြစ်ပေါ်နေကြမည်သာ ဖြစ်ပေသည်။ လာဘ်ရခြင်း, လာဘ်မရခြင်း, အခြံအရံ အကျော်အစောများခြင်း, အခြံအရံအကျော်အစော နည်းပါးခြင်း, အကဲ့ရဲ့ခံရခြင်း, အချီးမွမ်းခံရခြင်း, ချမ်းသာခြင်း, ဆင်းရဲခြင်းဟူသည့် လောကဓံလေပြင်းမုန်တိုင်းတို့ တိုက်ခတ်လာသောအခါ၌လည်း အထိုက်အလျှောက် ကြံ့ကြံ့ခိုင်ကြည် ရပ်တည်နိုင်မည် ဖြစ်ပေသည်။ လောကဓံ လေပြင်း မုန်တိုင်းတို့ကြောင့် တုန်လှုပ်ခြင်း မရှိသည့် တာဒိဂုဏ်နှင့် အထိုက်အလျောက် ပြည့်စုံနေမည်သာ ဖြစ်ပေသည်။ တစ်ဖန် ယင်းစတုတ္ထစျာန်သမာဓိတို့ကို ဝိပဿနာ၏ အခြေခံအကြောင်းရင်း ပါဒကစျာန်အဖြစ် ထူထောင်ကာ ဝိပဿနာသို့ ကူးတတ်သွားပါက ယင်းသမာဓိတရားတို့က အရဟတ္တဖိုလ်တိုင်အောင်သော အကျိုးတရားတို့ကို ရရှိလေအောင် အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးနေကြမည်သာ ဖြစ်ပေသည်။ အကယ်၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားပါက မြေ-ရေ-မီး-လေ - ကောင်းကင်တို့နှင့် တူညီသော စိတ်ထားများသည် ထာဝရ ကိန်းဝပ်နိုင်ကြပြီ ဖြစ်ကြသဖြင့် တာဒိဂုဏ်နှင့် ခြွင်းချက် မရှိ အပြီးတိုင် ပြည့်စုံပြီ ဖြစ်ပေသည်။</p> --- <h3>အရူပါဝစရစျာန်ပိုင်း</h3> <p>အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်က ဝိပဿနာသို့ မကူးသေးလိုဘဲ အရူပစျာန်သမာပတ်တွေကို ဆက်လက်ကာ လေ့ကျင့်လိုပါကလည်း ဆက်လက် ပွားများ အားထုတ်နိုင်ပေသည်။ ဤစာမူ၌ကား ဖြစ်နိုင်သမျှ အကျဉ်းချုပ်ကာ ရေးသားတင်ပြပေအံ့။ ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်နိုင်ရေးအတွက်ကား ဆရာသမားများနှင့်သာ ချဉ်းကပ်လေ့လာပါ။</p> <p>အရူပါဝစရစျာန်သည် -----</p> <p>၁။ အာကာသာနဉ္စာယတနစျာန် = အာကာသ = ကောင်းကင်ပညတ်လျှင် တည်ရာအာရုံရှိသော စျာန်,</p> <p>၂။ ဝိညာဏဉ္စာယတနစျာန် = အာကာသာနဉ္စာယတနဝိညာဏ်လျှင် တည်ရာအာရုံရှိသော စျာန်,</p> <p>၃။ အာကိဉ္စညာယတနစျာန် = အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိမှု = နတ္ထိဘောပညတ်လျှင် တည်ရာအာရုံရှိသော စျာန်,</p> <p>၄။ နေဝသညာနာသညာယတနစျာန် = (ရုန့်ရင်းကြမ်းတမ်းသော သညာကား မရှိ၊ အလွန့်အလွန် သိမ်မွေ့နူးညံ့သော သညာသာ ရှိသဖြင့်) သညာရှိသည်လည်း မဟုတ် - သညာမရှိသည်လည်း မဟုတ်သော စျာန် - ဤသို့လျှင် (၄)မျိုး ရှိပေသည်။</p> <h3>အာကာသာနဉ္စာယတနစျာန်</h3> <p>ကသိုဏ်းဆယ်ပါးတို့၌ ကသိုဏ်းတစ်ပါးတစ်ပါးလျှင် စတုတ္ထစျာန် သမာဓိသို့တိုင်အောင် အဝါးဝစွာ လေ့ကျင့်အပ်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းမှသည် အာလောကကသိုဏ်းသို့တိုင်အောင် (၉)မျိုးသော ကသိုဏ်းတို့တွင် မည်သည့်ကသိုဏ်းမှမဆို အရူပစျာန်တို့သို့ ကူးလိုက ကူးနိုင်သည်သာ ဖြစ်ပေသည်။ ဤတွင် ပထဝီကသိုဏ်းမှ ကူးပုံကို အကျဉ်းချုပ်ကာ တင်ပြပေအံ့။ -----</p> <p>အာကာသာနဉ္စာယတနစျာန်ကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ရုပ်တရားတို့၏ အပြစ်ကို မြင်အောင် ရှုဆင်ခြင်အပ်၏။</p> <p>မိဘတို့၏ သုတ်သွေးကို အမှီပြု၍ ထင်ရှားဖြစ်ပေါ်လာရသော ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော အကြောင်းတရားတို့ကြောင့် ထင်ရှား ဖြစ်ပေါ်လာရသော ဤရူပကာယခန္ဓာကိုယ်ကို ကရဇကာယဟု ခေါ်ဆို၏။ ယင်းကရဇကာယ ထင်းရှား ရှိနေခြင်းကြောင့် တုတ် ဓား စသော လက်နက်ကို စွဲကိုင်လျက် သတ်ပုတ်ကြ၏၊ ရိုက်နှက်ကြ၏၊ ညှဉ်းပန်းနှိပ်စက်ကြ၏၊ ခိုက်ရန်ဖြစ်ကြ၏၊ ငြင်းခုံကြ၏၊ မျက်စိရောဂါ နားရောဂါစသည်ဖြင့် အနာရောဂါအမျိုးမျိုးကို ခံစားရ၏။ ဤကရဇကာယ အမည်ရသော ရုပ်တရားသာ ထင်ရှား မရှိပါက ထိုကဲ့သို့သော ဒုက္ခမျိုးစုံမှ လွတ်ပေလိမ့်မည်ဟု ပညာဖြင့် ဆင်ခြင်၍ ရုပ်တရားကိုသာလျှင် ငြီးငွေ့ခြင်းငှာ စက်ဆုပ်ခြင်းငှာ ချုပ်စေခြင်းငှာ အာကာသာနဉ္စာယတနစျာန်ကို ရရှိအောင် ကြိုးစားအားထုတ်ရ၏။ ထိုသို့ အားထုတ်ရာဝယ် ရှေးဦးစွာ ကရဇကာယအမည်ရသော ရုပ်တရား၌ ယင်းကဲ့သို့ အပြစ်ကို မြင်အောင် ရှု၍ ထိုရုပ်တရားကို ကျော်လွှားလွန်မြောက်ဖို့ရန် ပထဝီကသိုဏ်း၌ စတုတ္ထစျာန်ကို ဖြစ်စေအပ်၏။ ထိုစတုတ္ထစျာန်၏ အာရုံဖြစ်သော ပထဝီကသိုဏ်းရုပ်ကိုလည်း ရုပ်ဟုပင် ယူဆကာ (= မူလပထဝီကသိုဏ်းဝန်း နိမိတ်ယူရာ မြေကြီးမှာ ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုဖြစ်၍ ရုပ်အစစ်ဖြစ်သော်လည်း ထိုရုပ်တရားတို့ကို မှီ၍ဖြစ်ပေါ်လာသော ဖြန့်ကြက်ထားအပ်သော ပထဝီကသိုဏ်းဝန်းနိမိတ်မှာ ကသိုဏ်းပညတ်မျှသာ ဖြစ်သော်လည်း မူလပထဝီကသိုဏ်းဝန်း ရုပ်အစစ်ကို မှီ၍ ဖြစ်ပေါ်လာသော ကသိုဏ်းပညတ်ဖြစ်ခြင်းကြောင့် ယင်းဖြန့်ကြက်ထားပြီးသော ပထဝီကသိုဏ်းဝန်းကိုလည်း ရုပ်ဟုပင်ယူဆကာ) ထိုပထဝီကသိုဏ်းရုပ်မှ ငြီးငွေ့၍ ကျော်လွှားလွန်မြောက်လိုသည်ဖြစ်၍ ဝသီဘော်ငါးတန်ကို နိုင်နင်းအောင် လေ့ကျင့်အပ်ပြီးသည်ဖြစ်၍ အဝါးဝစွာ လေ့လာအပ်ပြီးသော ပထဝီကသိုဏ်းလျှင် အာရုံရှိသော စတုတ္ထစျာန်မှ ထ၍ ထိုစတုတ္ထစျာန်၌ အပြစ်ကို ဤသို့ မြင်အောင်ရှု၍ -----</p> <p>၁။ ဤရူပါဝစရစတုတ္ထစျာန်သည် ငါ ငြီးငွေ့အပ်သော ကသိုဏ်းရုပ်ကို အာရုံပြုဘိ၏၊</p> <p>၂။ သောမနဿဝေဒနာဟူသော (တတိယစျာန်ဟူသော) နီးကပ်သော ရန်သူ ရှိ၏။</p> <p>၃။ ငြိမ်သက်သော ဝိမောက္ခဖြစ်သော အရူပစျာန်အောက် ရုန့်ရင်း၏။---- ဤသို့ အပြစ်ကို မြင်အောင်ရှု၍,</p> <p>၄။ ထိုစတုတ္ထစျာန်၌ တွယ်တာငဲ့ကွက် တသက်သက် ရှိခြင်းကို ကုန်စေ၍,</p> <p>၅။ အာကာသာနဉ္စာယတနစျာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍,</p> <p>၆။ စကြာဝဠာ ဆုံးသည့်တိုင်အောင်လည်းကောင်း, အလိုရှိသမျှ အရပ်သို့တိုင်အောင်လည်းကောင်း မိမိ ပွားထားပြီးသော ကသိုဏ်းရုပ်ကို ဖြန့်ကြက်၍,</p> <p>၇။ ထိုကသိုဏ်းရုပ်ဖြင့် တွေ့ထိရာ အရပ်ကို <b>အာကာသ- အာကာသ</b> ဟုလည်းကောင်း၊ <b>အနန္တအာကာသ-အနန္တအာကာသ</b> ----- ဟုလည်းကောင်း နှလုံးသွင်း၍ ရူပါဝစရစတုတ္ထစျာန်၏ အာရုံဖြစ်သော ကသိုဏ်း ရုပ်ကို ခွာပါ။</p> <p>တစ်နည်း ----- ထိုပထဝီကသိုဏ်းရုပ်၌ တစ်နေရာကို စိုက်၍ <b>အာကာသ-အာကာသ</b>ဟု တစ်ဘက်သတ် နှလုံးသွင်းပါ။ အာကာသကို ဉာဏ်ဖြင့်မြင်သောအခါ အာကာသကိုသာ တစ်ဘက်သတ် နှလုံးသွင်းပါ။ ယင်း အာကာသကို ဖြန့်ကြက်ပါ။ အာကာသဖြင့် တွေ့ထိမိရာ ပထဝီကသိုဏ်းရုပ် တည်ရာ အရပ်အားလုံးသည် တဖြည်းဖြည်း အာကာသပြန့်လာသည်နှင့်အမျှ ပျောက်ပျက်ကာ အာကာသချည်း ဖြစ်သွားလိမ့်မည်။ ပထဝီကသိုဏ်းရုပ်ရှိရာ အရပ်အားလုံး၌ အာကာသဖြစ်အောင် နှလုံးသွင်းပါ။ ပထဝီကသိုဏ်းရုပ်ကို ခွာပါ။</p> <p>ပထဝီကသိုဏ်းကို မဆင်ခြင်ဘဲ နှလုံးမသွင်းဘဲ မသုံးသပ်ဘဲ စင်စစ်မှာမူ ထိုပထဝီကသိုဏ်းရုပ်ဖြင့် တွေ့ထိရာ အာကာသကိုပင် <b>အာကာသ- အာကာသ</b> ဟူ၍ တစ်ဘက်သတ် နှလုံးသွင်းသော ယောဂါဝစရပုဂ္ဂိုလ်သည် ကသိုဏ်းကို ခွာသည်မည်၏။ ယင်းသို့ ခွာအပ်သော ပထဝီကသိုဏ်းရုပ်သည်လည်း မထမကြွ၊ မနစ်မဆုတ်။ ဤယောဂါဝစရပုဂ္ဂိုလ်၏ ပထဝီကသိုဏ်းကို သက်သက် နှလုံးမသွင်းခြင်းကိုလည်းကောင်း, <b>အာကာသ- အာကာသ</b>ဟု တစ်ဘက်သတ် နှလုံးသွင်းခြင်းကိုလည်းကောင်း အစွဲပြု၍ ပထဝီကသိုဏ်းကို ခွာသည်မည်ပေ၏။ ကသိုဏ်းကို ခွာရာခွာကြောင်း အာကာသကောင်းကင်ပညတ်မျှသည်သာလျှင် ထင်လာ၏။</p> <p>၁။ <b>ကသိဏုဂ္ဃါဋိမာကာသ</b> = ကသိုဏ်းကို ခွာ၍ ရရှိအပ်သော အာကာသ,</p> <p>၂။ <b>ကသိဏဖုဋ္ဌောကာသ</b> = ကသိုဏ်းဖြင့် တွေ့ထိမိရာ အာကာသ,</p> <p>၃။ <b>ကသိဏဝိဝိတ္တာကာသ</b> = ကသိုဏ်းမှ ကင်းဆိတ်သွားသော အာကာသ</p> <p>----- ဤ သုံးပုဒ်လုံးသည် ပရိယာယ်နှင်နှင် ဖြစ်သောကြောင့် အနက်အားဖြင့် တူသည်သာတည်း။ (ဝိသုဒ္ဓိ၊၁၊၃၂၀ -၃၂၁)</p> <p>ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုပထဝီကသိုဏ်းကို ခွာ၍ ရရှိလာသော အာကာသနိမိတ်ကို <b>အာကာသ-အာကာသ</b>ဟူ၍ အဖန်ဖန်အထပ်ထပ် ဆင်ခြင်၏၊ ဝိတက်ဖြင့် <b>အာကာသ-အာကာသ</b>ဟု ရှေးရှု ခေါက်သည်ကို ထက်ဝန်းကျင် လှည့်လည် ခေါက်သည်ကို ပြု၏။ ဤသို့ အဖန်ဖန် အထပ်ထပ် ဆင်ခြင်သော ဝိတက်ဖြင့် <b>အာကာသ-အာကာသ</b>ဟု ရှေးရှု ခေါက်သည်ကို ထက်ဝန်းကျင် ခေါက်သည်ကို ပြုသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ နီဝရဏတို့သည် ကွာကုန်၏၊ အာကာသနိမိတ်လျှင် အာရုံရှိသော သတိသည် အလွန်ထင်သည်ဖြစ်၍ ကောင်းစွာတည်၏။ ဥပစာရစျာန် သမာဓိဖြင့် စိတ်သည် အာကာသနိမိတ်၌ ကောင်းစွာ တည်ကြည်နေ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာကာသနိမိတ်ကို အဖန်ဖန် အထပ်ထပ် မှီဝဲ၏၊ ပွားများ၏၊ ကြိမ်ဖန်များစွာ အလေ့လာပြု၏။ ဤသို့ အဖန်ဖန်အထပ်ထပ် ဆင်ခြင်သော နှလုံးသွင်းသော ထိုယောဂါဝစရပုဂ္ဂိုလ်အား အာကာသနိမိတ်အာရုံ၌ အာကာသာနဉ္စာယတနစိတ်သည် အပ္ပနာစျာန်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ ပထဝီကသိုဏ်းစသော ကသိုဏ်းပညတ်အာရုံ၌ ရူပါဝစရစျာန်စိတ်သည် အပ္ပစျာန်၏ အစွမ်းဖြင့် ဖြစ်သကဲ့သို့တည်း။ (ဝိသုဒ္ဓိ၊၁၊၃၂၁။)</p> <h3>ဝိညာဏဉ္စာယတနစျာန်</h3> <p>ဝိညာဏဉ္စာယတနစျာန်ဟူသည် အာကာသာနဉ္စာယတနဝိညာဏ်လျှင် တည်ရာအာရုံရှိသော စျာန်တည်း။ အာကာသာနဉ္စာယတနဝိညာဏ်ကို အရှုခံ အာရုံထား၍ ရှုပွားသုံးသပ်သဖြင့် ရရှိလာသော စျာန်တည်း။ ထိုဝိညာဏဉ္စာယတနစျာန်ကို ရရှိအောင် ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အာကာသာနဉ္စာယတနစျာန်သမာပတ်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်အပ်၏။ အာကာသာနဉ္စာယတနစျာန်သမာပတ်၌ ဝသီဘော်ငါးတန်ကို နိုင်နင်းအောင် လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် -----</p> <p>၁။ ဤ ငါ ရရှိထားသော အာကာသာနဉ္စာယတနစျာန်သမာပတ်သည် ရူပါဝစရစျာန်ဟူသော နီးကပ်သော ရန်သူ ရှိ၏။ (အချိန်မရွေး အာကာသာနဉ္စာယတနစျာန်သို့ ပြန်၍ လျှောကျသွားနိုင်၏ ဟူလိုသည်။)</p> <p>၂။ ဝိညာဏဉ္စာယတနစျာန်သမာပတ်ကဲ့သို့ ငြိမ်သက်သည်လည်း မဟုတ် ခဲ့။ ဤသို့လျှင် အာကာသာနဉ္စာယတနစျာန်သမာပတ်၌ အပြစ်ကို မြင်အောင် ရှု၍ -----</p> <p>၃။ ထို အာကာသာနဉ္စာယတနစျာန်၌ ခုံမင်တပ်မက်ခြင်း တဏှာကို ကုန်စေ၍,</p> <p>၄။ ဝိညာဏဉ္စာယတနစျာန်ကို ငြိမ်သက်၏ဟူ၍ နှလုံးသွင်ပြီးလျှုင် -----</p> <p>ထိုပထဝီ ကသိုဏ်းကို ခွာ၍ ရအပ်သော အာကာသနိမိတ်ကို ပျံ့နှံ့၍ ဖြစ်ပေါ်လာသော ထိုအာကာသာနဉ္စာယတနဝိညာဏ်ကို <b>ဝိညာဏံ- ဝိညာဏံ</b>ဟူ၍ အဖန်ဖန်အထပ်ထပ် ဆင်ခြင်အပ်၏ နှလုံးသွင်းအပ်၏ ဉာဏ်ဖြင့် သက်ဝင်၍ ဆင်ခြင်အပ်၏။ ဝိတက်ဖြင့် <b>ဝိညာဏံ ဝိညာဏံ</b>ဟု ရှေးရှူ ခေါက်သည်ကို ထက်ဝန်းကျင် လှည့်လည်၍ ခေါက်သည်ကို ပြုအပ်၏။ <b>အနန္တံ - အနန္တံ</b>ဟူ၍ သက်သက် နှလုံးမသွင်းကောင်း၊ <b>ဝိညာဏံ- ဝိညာဏံ</b>ဟုလည်းကောင်း, <b>အနန္တံ ဝိညာဏံ - အနန္တံ ဝိညာဏံ</b>ဟုလည်းကောင်း နှလုံးသွင်းကောင်း၏။</p> <p>ဤသို့သော နည်းအားဖြင့် ထိုအာကာသာနဉ္စာယတနဝိညာဏ်ဟူသော ဝိညာဏ်နိမိတ်၌ အဖန်တလဲလဲ ဘာဝနာစိတ်ကို ဖြစ်စေသော ထိုယောဂါဝစရပုဂ္ဂိုလ်အား နီဝရဏတရားတို့သည် ကွာကျသွားကြကုန်၏။ အာကာသာနဉ္စာယတနဝိညာဏ်လျှင် တည်ရာအာရုံရှိသော သတိသည် ကောင်းစွာ တည်လာ၏၊ ဥပစာရစျာန်သမာဓိဖြင့် ဘာဝနာစိတ်သည် ကောင်းစွာတည်ကြည်လာ၏။</p> <p>ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာကာသာနဉ္စာယတနဝိညာဏ်ဟု ဆိုအပ်သော ထိုဝိညာဏ်နိမိတ်ကို အဖန်ဖန်အထပ်ထပ် မှီဝဲ၏၊ ပွားများ၏၊ ကြိမ်ဖန်များစွာ အလေ့အလာပြု၏။ ဤသို့သော နည်းဖြင့် အကြိမ်များစွာ ပြုသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ပထဝီကသိုဏ်းကို ခွာ၍ ရအပ်သော အာကာသနိမိတ်ကို ပျံ့နှံ့၍ ဖြစ်ပေါ်လာသော ထိုမဟဂ္ဂုတ် အာကာသာနဉ္စာယတနဝိညာဏ်၏သာလျှင် ဆိတ်သည်၏အဖြစ်, ကင်းသည်၏အဖြစ်, မရှိသည်၏အဖြစ်ဟူသော နတ္ထိဘောပညတ်၌ အာကိဉ္စညာယတနစျာန်စိတ်သည် အပ္ပနာစျာန်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ အာကာသနိမိတ်၌ ပျံ့နှံ့၍ ဖြစ်သော အာကာသာနဉ္စာယတနဝိညာဏ်နိမိတ်ကို အာရုံပြု၍ ဝိညာဏဉ္စာယတနဝိညာဏ်သည် ဖြစ်ပေါ်လာသကဲ့သို့ပင်တည်း။ (ဝိသုဒ္ဓိ၊၁၊၃၂၅။)</p> <p>ဤအရှုခံ အာရုံမှာ အာကာသာနဉ္စာယတနစျာန်ဝိညာဏ် ဖြစ်၏။ ထို အာကာသာနဉ္စာယတနစျာန်ဝိညာဏ်ကို <b>ဝိညာဏံ - ဝိညာဏံ</b>ဟု ရှုခဲ့သော် ထိုအာကာသာနဉ္စာယတနစျာန် ဝိညာဏ်အာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေကြသော ဘာဝနာစိတ်တို့တွင် ဥပစာရစျာန် ဇောတို့၏ နောက်၌ အပ္ပနာစျာန်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော စျာန်စိတ်သည် ဝိညာဏဉ္စာယတနစျာန်စိတ်တည်း။ အာကာသာနဉ္စာယတနဝိညာဏ်လျှင် တည်ရာ အာရုံရှိသော စျာန်စိတ် ဟူလိုသည်။ ဤအရာဝယ် အပ္ပနာစျာန်သို့ မဆိုက်မီ အရှုခံအာရုံမှာ အာကာသာနဉ္စာယတနစိတ် ဖြစ်၍ ရှုတတ်သော ဘာဝနာစိတ်တို့ကား ကာမာဝစရ (မဟာကုသိုလ် သို့မဟုတ် မဟာကြိယာ)ဇောတို့တည်း။ အပ္ပနာစျာန်အခိုက်၌ကား အရှုခံအာရုံမှာ အာကာသာနဉ္စာယတနစျာန်စိတ် ဖြစ်၍ ရှုတတ်သော ဘာဝနာစိတ်မှာ ဝိညာဏဉ္စာယတနစျာန်စိတ်တည်း။ အရှုခံအာရုံနှင့် ရှုတတ်သောတရား နှစ်မျိုးလုံးမှာ စျာန်စိတ်ချည်းသာတည်း။</p> <h3>အာကိဉ္စညာယတနစျာန်</h3> <p>အာကိဉ္စညာယတနစျာန်ဟူသည် အာကာသာနဉ္စာယတနစျာန်၏ မရှိခြင်း = နတ္ထိဘောပညတ်လျှင် တည်ရာအာရုံရှိသော စျာန်ဟု ဆိုလိုသည်။ အာကိဉ္စညာယတနစျာန်ကို ရရှိအောင် ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝိညာဏဉ္စာယတနစျာန်သမာပတ်၌ ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်အပ်၏။ ဝသီဘော်ငါးတန်ကို နိုင်နင်းအောင် လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့ ဆင်ခြင်အပ်၏။ -----</p> <p>၁။ ဤ ငါ ရရှိထားသော ဝိညာဏဉ္စာယတနစျာန်သမာပတ်သည် အာကာသာနဉ္စာယတနစျာန်ဟူသော နီးကပ်သော ရန်သူရှိ၏ (=အချိန်မရွေး အာကာသာနဉ္စာယတနစျာန်သို့ ပြန်၍ လျှောကျနိုင်၏ ဟူလို သည်။)</p> <p>၂။ အာကိဉ္စညာယတနစျာန်ကဲ့သို့ ငြိမ်သက်သည်လည်း မဟုတ်ခဲ့။ ဤသို့လျှင် ဝိညာဏဉ္စာယတနစျာန်၌ အပြစ်ကို မြင်အောင်ရှု၍,</p> <p>၃။ ထိုဝိညာဏဉ္စာယတနစျာန်၌ တွယ်တာငဲ့ကွက် တသက်သက် ရှိခြင်းကို ကုန်စေ၍,</p> <p>၄။ အာကိဉ္စာယတနစျာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍,</p> <p>၅။ အကြင် အာကာသာနဉ္စာယတနစျာန် ဝိညာဏ်ကို အာရုံပြု၍ ဝိညာဏဉ္စာယတနစျာန်သည် ဖြစ်ပေါ်လာရ၏၊ ထိုဝိညာဏဉ္စာယတနစျာန်၏ပင်လျှင် အာရုံဖြစ်၍ဖြစ်သော အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းဟူသော နတ္ထိဘောပညတ်ကို ဆိတ်သည်၏ အဖြစ်ကို ကင်းသော အခြင်းအရာကို နှလုံးသွင်းအပ်၏။ (ဝိသုဒ္ဓိ၊၁၊၃၂၆-၃၂၇။)</p> <p>[ဆိုလိုရင်း -----စိတ်တို့မည်သည် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ နှစ်ခု ပြိုင်တူ ဖြစ်ရိုး ဓမ္မတာ မရှိကြပေ။ စိတ္တက္ခဏတစ်ခု ဖြစ်ပြီး, ချုပ်ပြီးမှသာလျှင် နောက်စိတ္တက္ခဏတစ်ခု ဖြစ်ရိုး ဓမ္မတာ ရှိ၏။ အာကာသာနဉ္စာယတနဝိညာဏ်သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်းရှားဖြစ်နေသော အချိန်၌ ဝိညာဏဉ္စာယတနဝိညာဏ်သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား မဖြစ်သေးပေ။ ဝိညာဏဉ္စာယတနဝိညာဏ်သည် တစ်နည်းဆိုရသော် ဝိညာဏဉ္စာယတနဝိညာဏ်နှင့် တကွ အာကာသာနဉ္စာယတနဝိညာဏ်ကို ရှုနေသော ကာမာဝစရဘာဝနာစိတ်အပေါင်းသည် ဥပါဒ်-ဌီ-ဘင် အားဖြင့် ထင်းရှား ဖြစ်နေကြချိန်၌လည်း အာကာသာနဉ္စာယတနဝိညာဏ်သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား မရှိတော့ပေ။ ယင်းအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိမှု သဘောကို နတ္ထိဘောပညတ်ဟု ဆိုလို၏။ ယင်း နတ္ထိဘောပညတ်ကို အရှုခံအာရုံထားကာ နှလုံးသွင်း ရှုပွားရ၏။]</p> <p>အဘယ်သို့ နှလုံးသွင်းအပ်သနည်း? ထိုအာကာသာနဉ္စာယတနဝိညာဏ်ကို အချင်းခပ်သိမ်း နှလုံးမသွင်းမူ၍ ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းသဘော နတ္ထိဘောပညတ်ကိုသာ အာရုံပြု၍ -----</p> <p>၁။ <b>နတ္ထိ နတ္ထိ</b> = မရှိ မရှိ ဟူ၍လည်းကောင်း, <b>နတ္ထိ ကိဉ္စိ နတ္ထိ ကိဉ္စိ</b> = ဘာမျှမရှိ ဘာမျှမရှိဟူ၍လည်းကောင်း,</p> <p>၂။ <b>သုညံ သုညံ</b> = ဆိတ်၏ ဆိတ်၏ဟူ၍လည်းကောင်း,</p> <p>၃။ <b>ဝိဝိတ္တံ ဝိဝိတ္တံ</b> = ကင်း၏ ကင်း၏ဟူ၍လည်းကောင်း -----</p> <p>အဖန်ဖန်အထပ်ထပ် ဆင်ခြင်အပ်၏၊ နှလုံးသွင်းအပ်၏၊ ဉာဏ်ဖြင့်သက်ဝင်၍ ရှုအပ်၏၊ ဝိတက်ဖြင့် ရှေးရှူ ခေါက်သည်ကို ထက်ဝန်းကျင် လှည်လည်၍ ခေါက်သည်ကို ပြုအပ်၏။ (ဝိသုဒ္ဓိ၊၁၊၃၂၆-၃၂၇။)</p> <p>ဤဆိုအပ်ခဲ့ပြီးသည့် နည်းအတိုင်း ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း = နတ္ထိဘောပညတ်ဟု ဆိုအပ်သော စျာန် ဖြစ်ကြောင်း နိမိတ်၌ ဘာဝနာစိတ်ကို ဖြစ်စေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် နီဝရဏတရားတို့သည် ကွာကျသွားကြကုန်၏၊ အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း နတ္ထိဘောပညတ်လျှင် တည်ရာအာရုံရှိသော သတိသည် ကောင်းစွာ တည်လာ၏။ ဥပစာရစျာန်သမာဓိဖြင့် ဘာဝနာစိတ်သည် ကောင်းစွာ တည်ကြည်လာ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း နတ္ထိဘောပညတ်ဟု ဆိုအပ်သော စျာန်ဖြစ်ကြောင်း နိမိတ်ကို အဖန်တလဲလဲ မှီဝဲ၏ ပွားများ၏ ကြိမ်ဖန်များစွာ အလေ့အလာပြု၏။ ဤသို့သောနည်းဖြင့် ပြုကျင့်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ပထဝီကသိုဏ်းကို ခွာ၍ ရအပ်သော အာကာသနိမိတ်ကို ပျံ့နှံ့၍ ဖြစ်ပေါ်လာသော ထိုမဟဂ္ဂုတ် အာကာသာနဉ္စာယတနဝိညာဏ်၏သာလျှင် ဆိတ်သည်၏အဖြစ်, ကင်းသည်၏အဖြစ်, မရှိသည်၏အဖြစ်ဟူသော နတ္ထိဘောပညတ်၌ အာကိဉ္စညာယတနစျာန်စိတ်သည် အပ္ပနာစျာန်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ အာကာသနိမိတ်၌ ပျံ့နှံ့၍ ဖြစ်သော အာကာသာနဉ္စာယတနဝိညာဏ်နိမိတ်ကို အာရုံပြု၍ ဝိညာဏဉ္စာယတနဝိညာဏ်သည် ဖြစ်ပေါ်လာသကဲ့သို့ပင်တည်း။ (ဝိသုဒ္ဓိ၊၁၊၃၂၇။)</p> <h3>နေဝသညာနာသညာယတနစျာန်</h3> <p>ရုန့်ရင်းကြမ်းတမ်းသော သညာကား မရှိ၊ အလွန့်အလွန် သိမ်မွေ့နူးညံ့သော သညာသာ ရှိသောကြောင့် သညာရှိသည်လည်း မဟုတ်, သညာ မရှိသည်လည်းမဟုတ်သော စျာန်သည် <b>နေဝသညာနာသညာယတနစျာန်</b> မည်၏။ သညာကို အဦးမူသဖြင့် ဒေသနာတော်ကို ဟောကြားထားတော်မူခြင်း ဖြစ်၏။ ရုန့်ရင်းကြမ်းတမ်းသော နာမ်တရားကား မရှိ၊ အလွန့်အလွန် သိမ်မွေ့နူးညံ့သော နာမ်တရားစုသာ ယင်းသမာပတ်၌ တည်ရှိသည်။ ထိုကြောင့် ယင်းသမာပတ်ကို <b>သင်္ခါရာဝသေသသမာပတ်</b> = အပိုင်းအခြားကို လွန်၍ သိမ့်မွေ့သည်၏ အဖြစ်သို့ရောက်လျက် မပြောစလောက် သင်္ခါရမျှသာ ဖြစ်သော = အသိမ်မွေ့ဆုံး အဖြစ်သို့ ရောက်သော သင်္ခါရမျှသာဖြစ်သော = အသိမ်မွေ့ဆုံး အဖြစ်သို့ ရောက်သော သင်္ခါရမျှသာ ကြွင်းကျန်သော စတုတ္ထအရူပါဝစရသမာပတ်ဟု ခေါ်ဆို၏။</p> <p><b>နေဝသညာနာသညာယတနစျာန်</b>ကို ရရှိအောင် ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် <b>အာကိဉ္စညာယတနစျာန်သမာပတ်</b>၌ ဝသီဘော်ငါးတန်ကို နိုင်နင်းအောင် လေ့ကျင့်ရ၏။ လေ့ကျင့်ပြီးသော် -----</p> <p>၁။ ဤ ငါ ရရှိထားသော <b>အာကိဉ္စာယတနစျာန်သမာပတ်</b>သည် <b>ဝိညာဏဉ္စာယတနစျာန်သမာပတ်</b>ဟူသော နီးကပ်သော ရန်သူ ရှိ၏။</p> <p>၂။ <b>နေဝသညာနာသညာယတနစျာန်သမာပတ်</b>ကဲ့သို့ ငြိမ်သက်သည်လည်း မဟုတ်ခဲ့-----ဟုလည်းကောင်း, သညာသည် ရောဂါတည်း၊ သညာသည် အိုင်းအမာနှင့် တူ၏၊ သညာသည် မြားငြောင့်နှင့် တူ၏၊ အကြင် <b>နေဝသညာနာသညာ</b>သည် ရှိ၏၊ ဤ<b>နေဝသညာနာသညာယတနစျာန်</b>သည် ငြိမ်သက်၏၊ ဤ<b>နေဝသညာနာသညာယတနစျာန်</b>သည် မွန်မြတ်၏------ဟုလည်းကောင်း, ဤသို့လျှင် <b>အာကိဉ္စညာယတနစျာန်</b>၌ အပြစ်ဒေါသကိုလည်းကောင်း, အထက်ဖြစ်သော <b>နေဝသညာနာသညာယတနစျာန်</b>၌ အကျိုးအာနိသင်ကိုလည်းကောင်း မြင်အောင် ရှု၍ -----</p> <p>၃။ <b>အာကိဉ္စညာယတနစျာန်</b>၌ တွယ်တာငဲ့ကွက် တသက်သက်ရှိခြင်း <b>နိကန္တိ</b> တရားကို ကုန်ခန်းစေ၍,</p> <p>၄။ <b>နေဝသညာနာသညာယတနစျာန်</b>ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍,</p> <p>၅။ <b>အာကာသာနဉ္စာယတနဝိညာဏ်</b>၏ မရှိခြင်း <b>နတ္ထိဘောပညတ်</b>ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ထို<b>အာကိဉ္စညာယတနစျာန်သမာပတ်</b> ကိုပင် အာရုံပြု၍ <b>သန္တာ သန္တာ</b> = ငြိမ်သက်ပေစွ ငြိမ်သက်ပေစွ-----ဟု အဖန်ဖန် အထပ်ထပ် ဆင်ခြင်အပ်၏၊ နှလုံးသွင်းအပ်၏၊ ဉာဏ်ဖြင့် သက်ဝင်၍ ရှုအပ်၏၊ ဝိတက်ဖြင့် <b>သန္တာ သန္တာ</b> = ငြိမ်သက်ပေစွ ငြိမ်သက်ပေစွ----- ဟု ရှေးရှူ ခေါက်သည်ကို ထက်ဝန်းကျင် လှည့်လည်၍ ခေါက်သည်ကို ပြုအပ်၏။ (ဝိသုဒ္ဓိ၊၁၊၃၂၈-၃၂၉။)</p> <p>ဤ ဆိုအပ်ခဲ့ပြီးသည့် နည်းအတိုင်း ထို<b>အာကိဉ္စညာယတနစျာန်သမာပတ် အာရုံနိမိတ်</b>၌ အဖန်ဖန် အထပ်ထပ် <b>ဘာဝနာမနသိကာရ</b>ကို ဖြစ်စေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ <b>နီဝရဏ</b>တရားတို့သည် ကွာကျသွားကြကုန်၏။ <b>အာကိဉ္စညာယတနဝိညာဏ်</b>လျှင် တည်ရာအာရုံရှိသော သတိသည် ကောင်းစွာ တည်လာ၏၊ <b>ဥပစာရစျာန်သမာဓိ</b>ဖြင့် <b>ဘာဝနာစိတ်</b>သည် ကောင်းစွာ တည်ကြည်လာ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် <b>နေဝသညာနာသညာယတနစျာန်</b>ကြောင့် ဖြစ်သည့် ထို<b>အာကိဉ္စညာယတနစျာန် သမာပတ်နိမိတ်</b>ကို အဖန်တလဲလဲ မှီဝဲ၏၊ ပွားများ၏ ကြိမ်ဖန်များစွာ အလေ့အလာပြု၏။ ဤသို့သော နည်းဖြင့် ပြုကျင့်သော ထိုယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်၌ ----- <b>အာကာသာနဉ္စာယတနဝိညာဏ်</b>၏ ကင်းခြင်းဟူသော <b>နတ္ထိဘောပညတ်</b>၌ <b>အာကိဉ္စညာယတနစျာန်</b>သည် အပ္ပနာ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသကဲ့သို့ ----- <b>အာကိဉ္စညာယတနစျာန်သမာပတ်</b>ဟု ခေါ်ဆိုအပ်ကုန်သော နာမ်ခန္ဓာလေးပါးတို့၌ အာရုံပြု၍ <b>နေဝသညာနာသညာယတနစျာန်စိတ်</b>သည် အပ္ပနာ၏အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ (ဝိသုဒ္ဓိ၊၁၊၃၂၉၊၊)</p> <p>ဤ<b>နေဝသညာနာသညာယတနစျာန်</b>ကို ရရှိအောင် ကြိုးစားအားထုတ်ရာ၌ -----</p> <p>၁။ <b>ဧတံ သန္တံ ဧတံ ပဏီတံ</b> = ဤ ဝိညာဏ်သည် ငြိမ်သက်၏၊ ဤ ဝိညာဏ်သည် မွန်မြတ်၏-----ဟုလည်းကောင်း,</p> <p>၂။ <b>သန္တံ သန္တံ</b> = သန္တာ သန္တာ = ငြိမ်သက်၏ ငြိမ်သက်၏-----ဟုလည်းကောင်း,</p> <p>၃။ <b>ပဏီတံ ပဏီတံ</b> = မွန်မြတ်၏ မွန်မြတ်၏-----ဟုလည်းကောင်း၊ ဤသို့ နှလုံးသွင်းနိုင်၏။ (မဟာဋီ၊၁၊၄၀၃။)</p> <p>ဤ<b>နေဝသညာနာသညာယတနစျာန်</b>ကိုလည်း ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ပထဝီကသိုဏ်းမှ သမာပတ်ရှစ်ပါး ပေါက်အောင် ရှုသကဲ့သို့ အာပေါကသိုဏ်းမှ အာလောကကသိုဏ်းတိုင်အောင်သော ကြွင်းကသိုဏ်း (၈)ပါးတို့၌လည်း ကသိုဏ်းတစ်ပါးတစ်ပါး၌ သမာပတ် (၈)ပါးစီပေါက်အောင် ဆက်လက် ရှုနိုင်ပေသည်။ ထိုစျာန်တို့တွင် မိမိ နှစ်ခြိုက်စျာန်ကို ဝိပဿနာ၏ အခြေပါဒကအဖြစ် သမာဓိကိုထူထောင်ကာ ဝိပဿနာသို့ ကူးလိုက ကူးနိုင်ပေပြီ။</p> <p>ဖြင်ညီးများစွာ၊ သတ္တဝါနှင့်၊ ကမ္ဘာဖြစ်ဟန်၊ ဗြဟ္မာဘန်ဟု၊ ဘောက်ပြန်ချွတ်ယွင်း၊ မမှတ်လျင်းနှင့်၊ ခပင်းလောက၊ လူထိုမျှကား၊ ပြုကအသစ်၊ ဖြစ်က အဟောင်း၊ ကျိုးနှင့်ကြောင်းတည်း၊ ဆိုးကောင်းဟူထ၊ ဤနှစ်ဝကို၊ <b>ကမ္မသကာ</b>၊ မှတ်တို့ရာ၏၊ သည်သာမှန်ဘိ၊ ယွင်းမရှိဘူး၊ မိမိ<b>ကမ္မ</b>၊ <b>ကိလေသ</b>ဖြင့်၊ သုခလိုငြား၊ ဒုက္ခပွား၏၊ ရှေ့ကား<b>သုခ</b>၊ နောက်<b>ဒုက္ခ</b>နှင့်၊ စိတ်ကလိုရေး၊ အအေးတောင့်တ၊ အပူရလျက်၊ ပူကအေးမြဲ၊ မှန်မလွဲရှင့်၊ ဆင်းရဲရှေးယှိ၊ နောက်ပြိချမ်းသာ၊ ဖြစ်မြဲစွာတည့်၊ <b>ဓမ္မတာ</b>အပြီး၊ လူ့ထုံးတီးကို၊ ဘုန်းမီးတောက်ပ၊ ချစ်မဝသည်၊ သားလှရွှေချည်၊ မောင်မှတ်တည်လော့။ (မဃဒေဝစာပိုဒ်၊၂၂၆၊၊)</p> <p><b>ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊ ဂိမှာနမာသေ ပထမသ္မိံ ဂိမှေ။</b></p> <p><b>တထူပမံ ဓမ္မဝရံ အဒေသယိ၊ နိဗ္ဗာနဂါမိံ ပရမံ ဟိတာယ။</b></p> <p><b>ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။</b> (ခုဒ္ဒကပါဌ၊၇)</p> <p>(အနက်ထည့်ရန်)</p> <p>နွေလတို့၏ ရှေးဦးအစ နွေလဖြစ်သော စိတြမာသတန်ခူးလအခါ၌ ပင်လုံးကျွတ်ပွင့်သော ခက်ဖျားစုံရှိသော တောအုပ်ကြီးသည် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသကဲ့သို့ အနက်သဒ္ဒါ ပန်းစုံစွာဖြင့် ဝေဆာပြန့်ပြော ထို တောအုပ်ကြီးလျှင် ပုံပမာရှိသော အငြိမ်းဓာတ်မှန် မြတ်နိဗ္ဗာန်သို့ ဧကန်ထုတ်ချောက် ရောက်ခြင်း၏ အကြောင်းရင်းစစ် ဧကန်ဖြစ်သော သုံးပုံပိဋကတ် တရားမြတ်ဒေသနာတော်ကို လူ နတ် ဗြဟ္မာသတ္တဝါတို့၏ နိဗ္ဗာနဓာတ်တည်းဟူသော အမြတ်ဆုံးအကျိုးစီးပွား ချမ်းသာအလို့ငှာ ကရုဏာရှေ့သွား မေတ္တာထား၍ ဟောကြားပြသ ဆိုဆုံးမတော်မူခဲ့လေပြီ။ သုံးလောကထွတ်ထား ရှင်တော်မြတ်ဘုရား၌ ဤမြတ်နိုးဖွယ်ရာ ရတနာအဖြစ် သိသာဖွယ်အကြောင်း နှစ်သက်ဖွယ် ဂုဏ်တော်အပေါင်းသည်လည်း ထူးမြတ်တော်မူလှပါပေ၏။ ဤဝစီမင်္ဂလာ သစ္စာစကားကြောင့် အပေါင်းများစွာ သတ္တဝါတို့အား ဘေးရန် ကုန်ကင်း ချမ်းသာအေးမြခြင်းသည် မုချမသွေ ဖြစ်ပါစေသတည်း။</p> <p><b>စိရံ တိဋ္ဌတု သဒ္ဓမ္မော၊ ဓမ္မေ ဟောန္တု သဂါရဝါ။</b></p> <p><b>သဒ္ဓမ္မ</b>သုံးဖြာ သာသနာတော်သည် အဓွန့်ရှည်စွာ တည်တံ့ပါစေသတည်း။ သီလ သမာဓိ ပညာသိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော ဘုရားရှင်၏ ကျင့်စဉ်တရားတော်၌ ရိုသေလေးစားခြင်း ရှိကြပါစေကုန်သတည်း။</p> <hr> <h3>ရုပ်ကမ္မဋ္ဌာန်းပိုင်း</h3> <h3>ဒိဋ္ဌိဝိသုဒ္ဓိ စခန်းသို့</h3> <p><b>တတ္ထ နာမရူပါနံ ယာထာဝဒဿနံ ဒိဋ္ဌိဝိသုဒ္ဓိ နာမ။</b> (ဝိသုဒ္ဓိ၊၂၊၂၂၂။)</p> <p>= ထို<b>ဝိသုဒ္ဓိ</b> ကျင့်စဉ်တို့တွင် နာမ်+ရုပ်တို့ကို ဟုတ်တိုင်းမှန်စွာ သိမြင်ခြင်းသည် <b>ဒိဋ္ဌိဝိသုဒ္ဓိ</b> = ဉာဏ်အမြင်၏ သန့်ရှင်းစင်ကြယ်ခြင်းမည်၏။(ဝိသုဒ္ဓိ၊၂၊၂၂၂။)</p> <p><b>တံ သမ္ပာဒေတုကာမေန သမထယာနိကေန တာဝ ဌပေတွာ နေဝသညာနာသညာယတနံ အဝသေသ ရူပါရူပါဝစရဇ္ဈာနာနံ အညတရတော ဝုဋ္ဌာယ ဝိတက္ကာဒီနိ စျာနင်္ဂါနိ, တံ သမ္ပယုတ္တာ စ ဓမ္မာ လက္ခဏရသာဒိဝသေန ပရိဂ္ဂဟေတဗ္ဗာ။ ပရိဂ္ဂဟေတွာ သဗ္ဗမ္ပေတံ အာရမ္မဏာဘိမုခံ နမနတော နမနဋ္ဌေန နာမန္တိ ဝဝတ္ထပေတဗ္ဗံ။</b> (ဝိသုဒ္ဓိ၊၂၊၂၂၂၊၊)</p> <p>= ထို <b>ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်အမြင်</b>ကို ပြည့်စုံစေလိုသော <b>သမထယာနိက</b> = စျာန်သမထယာဉ် ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ <b>နေဝသညာနာသညာယတနစျာန်</b>ကို ထား၍ <b>နေဝသညာနာသညာယတနစျာန်</b>မှ တစ်ပါးသော ကြွင်းကုန်သော <b>ရူပါဝစရစျာန် အရူပဝါစရစျာန်</b>တို့တွင် စျာန်တစ်ပါးပါးမှထ၍ <b>ဝိတက်</b>စသော စျာန်အင်္ဂါတို့ကိုလည်းကောင်း, ထိုစျာန်အင်္ဂါတို့နှင့် ယှဉ်သော <b>သမ္ပယုတ်</b>တရားတို့ကိုလည်းကောင်း <b>လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်</b>တို့၏ အစွမ်းဖြင့် သိမ်းဆည်းအပ်၏ = ဉာဏ်ဖြင့် ပိုင်းခြားယူအပ်၏။ ဤအလုံးစုံသော စျာန်နာမ်တရားကို သိမ်းဆည်းပြီးလတ်သော် = ဉာဏ်ဖြင့် ပိုင်းခြားယူလတ်ပြီးသော် ယင်းအလုံးစုံသော စျာန်နာမ်တရားကို (အာနာပါနပဋိဘာဂနိမိတ်, ကသိုဏ်းပဋိဘာဂနိမိတ် ကဲ့သို့သော) အာရုံသို့ ရှေးရှူ ညွတ်တတ်သည်၏အဖြစ်ကြောင့် အာရုံသို့ ရှေးရှူညွှတ်တတ်သော အနက်သဘောကြောင့် နာမ်ဟူ၍ မရောယှက်သောအားဖြင့် ပိုင်းခြား မှတ်သားအပ်၏ = စိတ်နှလုံး၌ ထားအပ်၏။ (ဝိသုဒ္ဓိ၊ ၂၊၂၂၂။)</p> <p><b>စျာနေ စျာနူပစာရေ ဝါ ပတိဋ္ဌာယ ဝိပဿနံ အနုယုဉ္ဇန္တေဿတံ နာမံ။</b> (မဟာဋီ၊၂၊၃၅၀။)</p> <p>ဤ<b>သမထယာနိက</b> = သမထယာဉ်ရှိသော ယောဂါဝစရပုဂ္ဂိုလ်ဟူသည် စျာန်၌လည်းကောင်း, စျာန်၏ <b>ဥပစာရသမာဓိ</b>၌လည်းကောင်း ရပ်တည်ပြီး၍ <b>ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း</b>ကို ပွားများအားထုတ်သော ပုဂ္ဂိုလ်၏ အမည်တည်း။ (မဟာဋီ၊၂၊၃၅၀။)</p> <p><b>နေဝသညာနာသညာယတနစျာန်</b>မှ တစ်ပါး ကြွင်းကျန်သော စျာန်တို့ ကို <b>ဝိပဿနာ</b>ကို အားထုတ်စ <b>အာဒိကမ္မိကပုဂ္ဂိုလ်</b>သည် သိမ်းဆည်းရမည်ဟု ညွှန်ကြားထား၏။</p> <p>အကြောင်းကား ----- <b>ဘဝဂ္ဂဓမ္မ</b>အမည်ရသည့် <b>နေဝသညာနာသညာယတန စျာန်နာမ်တရား</b>တို့သည် သိမ်းဆည်းစသာဖြစ်သော <b>အာဒိကမ္မိကပုဂ္ဂိုလ်</b>အတွက် သိမ်းဆည်းဖို့ရန် (= ဉာဏ်ဖြင့်ပိုင်းခြားယူဖို့ရန်) ခက်ခဲလှ၏။ ထိုကြောင့် ထိုကဲ့သို့ ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။ (မဟာဋီ၊၂၊၃၅၀။)</p> <p>[သို့သော် <b>နာမ်ကမ္မဋ္ဌာန်း</b>ကို သိမ်းဆည်းမှု၌ ကျွမ်းကျွမ်းကျင်ကျင် သိမ်းဆည်းနိုင်သော အခါ၌ကား ယင်း<b>နေဝသညာနာသညာယတနစျာန်နာမ်တရား</b>တို့ကို ပေါင်းစုခြုံငုံ၍ ရှုခြင်း <b>ကလာပသမ္မသနနည်း</b>အားဖြင့် သိမ်းဆည်း ရှုပွားနိုင်ပေသည်။ <b>အနုပဒသုတ္တန်</b> (မ၊၃၊၇၈)ကို ထောက်ရှုပါ။]</p> <p>ဤ၌ စျာန်အင်္ဂါတို့ကိုလည်းကောင်း, ယင်းစျာန်အင်္ဂါတို့နှင့် <b>စိတ္တက္ခဏ</b> တစ်ခု၏ အတွင်၌ အတူယှဉ်တွဲ ဖြစ်သွားကြကုန်သော <b>စျာနသမ္ပယုတ်</b>တရားတို့ကိုလည်းကောင်း <b>လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်</b>အားဖြင့် သိမ်းဆည်းရန် (= ဉာဏ်ဖြင့် ပိုင်းခြားယူရန်) အဋ္ဌကထာက ညွှန်ကြားတော်မူ၏။ သိမ်းဆည်းရမည့် အစီအရင်ကိုလည်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ <b>ခန္ဓနိဒ္ဒေသပိုင်း</b> (ဝိသုဒ္ဓိ၊၂၊၆၆-၁၁၁။)တွင် အပြည့်အစုံ ဖွင့်ဆိုထားပြီး ဖြစ်ပေသည်။ ယင်းသို့ ဖွင့်ဆိုထားသည့်အတိုင်း စျာန်အင်္ဂါတို့ကိုလည်းကောင်း စျာန်နှင့် ယှဉ်သည့် <b>စျာနသမ္ပယုတ်</b>တရားစုတို့ကိုလည်းကောင်း <b>လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းလမ်း</b>ဖြင့် သိမ်းဆည်းရမည် = ဉာဏ်ဖြင့် ပိုင်းခြားယူရမည်ဟု မှတ်သားပါ။ (မဟာဋီ၊၂၊၃၅၀။)</p> <h3>သတိပြု၍ မှတ်သားပါ</h3> <p>ထိုသို့ သိမ်းဆည်းရာ၌ စျာန်နာမ်တရားတို့၏ <b>ပရမတ္ထဓာတ်သား</b>တိုင်း၌ ကိုယ်ပိုင်<b>သဘာဝလက္ခဏာ</b> အသီးအသီး ရှိပေသည်။ တစ်ခုနှင့် တစ်ခု <b>လက္ခဏာ</b>ချင်း, ကိစ္စ (= <b>ရသ</b>)ချင်း, ဉာဏ်အား ရှေးရှူထင်လာသည့် <b>ပစ္စုပဋ္ဌာန်</b>ချင်း, အနီးကပ်ဆုံး အကြောင်းတရားဖြစ်သည့် <b>ပဒဋ္ဌာန်</b>ချင်း မတူညီကြပေ။ ဥပမာ ----- <b>အာနာပါန ပထမစျာန် ကသိုဏ်းပထမစျာန်</b>တို့၌ စျာန်နာမ်တရား (၃၄)လုံးအထိ ရှိ၏။ ယင်းတို့မှာ -----</p> <p>၁။ အသိစိတ် (၁)လုံး,</p> <p>၂။ <b>အညသမာန်းစေတသိက်</b> (၁၃)လုံး,</p> <p>၃။ <b>သောဘဏသာဓာရဏစေတသိက်</b> (၁၉)လုံး,</p> <p>၄။ <b>ပညိန္ဒြေစေတသိက်</b> (၁)လုံး,</p> <p>အားလုံးပေါင်းသော် (၃၄)လုံးအထိ ရှိ၏။ ယင်း စျာန်နာမ်တရားတို့တွင်-----</p> <p>၁။ <b>ဖဿ</b>ကား အာရုံကို တွေ့ထိခြင်း = <b>ဖုသနလက္ခဏာ</b> ရှိ၏။</p> <p>၂။ <b>ဝေဒနာ</b>ကား အာရုံ၏ အရသာကို ခံစားခြင်း = <b>ဝေဒယိတလက္ခဏာ</b> = <b>အနုဘဝနလက္ခဏာ</b> ရှိ၏။</p> <p>၃။ <b>သညာ</b>ကား အာရုံကို မှတ်သားခြင်း = <b>သဉ္ဇာနနလက္ခဏာ</b> ရှိ၏။</p> <p>၄။ <b>စေတနာ</b>ကား အာရုံပေါ်သို့ ယှဉ်ဖက်<b>သမ္ပယုတ်</b>တရားတို့ ရောက်အောင် စေ့ဆော်ပေးခြင်း = <b>စေတနာဘာဝလက္ခဏာ</b> = <b>စေတယိတလက္ခဏာ</b> ရှိ၏။</p> <p>ဤသို့စသည်ဖြင့် <b>ပရမတ္ထဓာတ်သား</b>တိုင်း၌ ကိုယ်ပိုင် <b>သဘာဝလက္ခဏာ</b> အသီးအသီး ရှိ၏။ ဤကဲ့သို့ <b>လက္ခဏာ</b>ချင်း မတူထူးခြား ကွဲပြားသောကြောင့်ပင် ယင်းကဲ့သို့သော ကွဲပြားမှုကို ကြည့်၍ (၃၄)လုံးသော နာမ်တရားတိုင်း၌ <b>လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်</b>အားဖြင့် ရှုရမည် ဖြစ်ပေသည်။ ယင်းကဲ့သို့ <b>လက္ခဏာ</b>စသည်ချင်း <b>ပရမတ္ထဓာတ်သား</b> တရားတစ်လုံးနှင့် တရားတစ်လုံး မတူထူးခြား ကွဲပြားသောကြောင့်သာလျှင် ယောဂါဝစရပုဂ္ဂိုလ် အနေနှင့် ----- ဤကား အသိစိတ်, ဤကား <b>ဖဿ</b>, ဤကား <b>ဝေဒနာ</b>, ဤကား<b>သညာ</b>, ဤကား <b>စေတနာ</b> စသည်ဖြင့် ကွဲကွဲပြားပြား သိရှိခွင့်ကို ရရှိနေခြင်း ဖြစ်ပေသည်။</p> <h3>ရုပ်တရားကစ၍ သိမ်းဆည်းလိုသော်</h3> <p><b>သမထစျာန်ယဉ်</b>ရှိသော <b>သမထယာနိကပုဂ္ဂိုလ်</b>သည် <b>ဒိဋ္ဌိဝိသုဒ္ဓိ</b>စခန်းသို့ ကူးရာ၌ စျာန်နာမ်တရားတို့ကစ၍ မသိမ်းဆည်းလိုဘဲ ရုပ်တရားကစ၍ သိမ်းဆည်းလိုခဲ့သော် <b>သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်</b>ကဲ့သို့ပင် ဓာတ်ကြီးလေးပါးက စတင်၍ သိမ်းဆည်းရန် <b>ဓာတ်ကမ္မဋ္ဌာန်း</b>ကစ၍ အားထုတ်ရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၂၂။)တွင် ညွှန်ကြားထားပေသည်။ ထိုညွှန်ကြားချက်နှင့် အညီ <b>ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်းလမ်းစဉ်</b>မှ ရုပ်တရားကို သိမ်းဆည်းပုံစနစ်ကို အကျဉ်းချုပ်ကာ တင်ပြပေအံ့။ -----</p> <h3>ဓာတုမနသိကာရပဗ္ဗ</h3> <p><b>ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူတိ။</b> (ဒီ၊၂၊၂၃၄။ မ၊၁၊၇၃။)</p> <p>ရဟန်တို့ ... နောက်တစ်မျိုးသော်ကား ယောဂါဝစရရဟန်းသည် တည်မြဲတိုင်းသော ထားမြဲတိုင်းသော ဤရူပကာယကိုပင် ဤရူပကာယ၌ <b>ပထဝီဓာတ်</b>ရှိ၏၊ <b>အာပေါဓာတ်</b>ရှိ၏၊ <b>တေဇောဓာတ်</b>ရှိ၏၊ <b>ဝါယောဓာတ်</b> ရှိ၏ဟု (ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တမဟုတ်သောအားဖြင့်) ဓာတ်သဘောမျက်စိဖြင့် စေ့စေ့ငုငု မြင်အောင်ကြည့်ရှုလျက် ဆင်ခြင်သုံးသပ် ရှုပွား၍ နေ၏။ (ဒီ၊၂၊၂၃၄။ မ၊၁၊၇၃။)</p> <p><b>သေယျထာပိ ဘိက္ခဝေ ဒက္ခော ဂေါဃာတကော ဝါ ဂေါဃာတကန္တေဝါသီ ဝါ ဂါဝိံ ဝဓိတွာ စတုမဟာပထေ ဗိလသော ဝိဘဇတွာ နိသိန္နော အဿ။ ဧဝမေဝ ခေါ ဘိက္ခဝေ ဘိက္ခု ဣမမေဝကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူတိ။</b> (ဒီ၊၂၊၂၃၄။ မ၊၁၊၇၃၊၊)</p> <p>ရဟန်းတို့ ... ဥပမာသော်ကား ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း, နွားသတ်သမား၏ တပည့်သည်လည်းကောင်း နွားကိုသတ်၍ လမ်းမလေးဖြာ ပေါင်းဆုံမိရာအရပ်၌ နွားသားကို အသားတခြား အရိုးတခြားစသည်ဖြင့် ခွဲခြားဝေဖန်၍ တစ်ပုံစီ တစ်ပုံစီ ပုံလျက် ထိုင်နေရာသကဲ့သို့ ----- ရဟန်းတို့ ... ဤဥပမာအတူပင် ယောဂါဝစရရဟန်းသည် တည်မြဲတိုင်း ထားမြဲတိုင်းသော ဤရူပကာယကိုပင် ဤရူပကာယ၌ <b>ပထဝီဓာတ်</b>ရှိ၏၊ <b>အာပေါဓာတ်</b>ရှိ၏၊ <b>တေဇောဓာတ်</b>ရှိ၏၊ <b>ဝါယောဓာတ်</b>ရှိ၏ ----- ဟု (ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တမဟုတ်သောအားဖြင့်) ဓာတ်သဘောမျှအားဖြင့် အသီးအသီး တစ်လုံးစီး တစ်လုံးစီး ဉာဏ်ပညာမျက်စိဖြင့် စေ့စေ့ငုငု မြင်အောင်ကြည့်ရှုလျက် ဆင်ခြင်သုံးသပ် ရှုပွား၍ နေ၏။(ဒီ၊၂၊၂၃၄။ မ၊၁၊၇၃။)</p> <h3>ဆိုလိုသော သဘောတရား</h3> <p>အထက်ပါ ပါဠိတော်စကားရပ်၏ ဆိုလိုသော သဘောတရားကို အဋ္ဌကထာများက (ဝိသုဒ္ဓိ၊၁၊၃၄၃။ ဒီ၊ဋ္ဌ၊၂၊၃၆၀-၃၆၁။ မ၊ဋ္ဌ၊၁၊၂၇၆။) ဤသို့ ရှင်းပြထား၏။ -----</p> <p>နွားသတ်ယောက်ျား၏ သန္တာန်ဝယ် နွားကို ကျွေးမွေးစဉ်၌လည်းကောင်း, နွားကို သတ်ရာသင်းချိုင်းသို့ ဆောင်ယူသွားစဉ်၌လည်းကောင်း, ဆောင်ယူသွားပြီးနောက် ထိုသတ်ရာသင်းချိုင်း၌ ချည်နှောင်၍ ထားစဉ်၌လည်းကောင်း, နွားကို ရိုက်ပုတ်သတ်ဖြတ်စဉ်၌လည်းကောင်း, သတ်ပြီးနောက် သေပြီးခါစ နွားသေကို မြင်စဉ်၌လည်းကောင်း ထိုနွားကို ဖြတ်လှီး၍ အသားတခြား အရိုးတခြား အူတခြား အသည်းတခြား စသည်ဖြင့် ခွဲခြားဝေဖန်၍ တစ်ပုံစီ တစ်ပုံစီပုံ၍ မပြီးသေးသမျှ ကာလပတ်လုံး နွားဟူသော အမှတ်သညာ မကွယ်ပျောက်သေးပေ။ အရိုးတခြား အသားတခြား စသည်ဖြင့် ခွဲခြားဝေဖန်၍ တစ်ပုံစီ တစ်ပုံစီ ပုံလျက် လမ်းမလေးဖြား ပေါင်းဆုံမိရာအရပ်၌ ထိုင်လျက် ရောင်းနေသော နွားသတ်သမား၏ သန္တာန်၌ကား နွားဟူသော အမှတ်သညာသည် ကွယ်ပျောက်သွား၏။ အသားဟူသော အမှတ်သညာသည် ဖြစ်ပေါ်လာ၏။ ထိုနွားသတ်သမား၏ သန္တာန်ဝယ် ငါသည် နွားကို ရောင်းနေ၏၊ ဤဝယ်သူတို့သည် နွားကို ဝယ်ယူဆောင်ယူကုန်၏----- ဤသို့သော စိတ်အကြံအစည်သည် မဖြစ်ပေါ်လာပေ။ အကယ်၍ စင်စစ်သော်ကား ထိုနွားသတ် ယောက်ျား၏ သန္တာန်ဝယ် ငါသည် အသားကို ရောင်း၏ ဟူ၍သာလျှင်, ဤဝယ် ယူသူတို့သည်လည်း အသားကို ဝယ်ယူ ဆောင်ယူကုန်၏ ဟူ၍သာလျှင် စိတ်သည် ဖြစ်ပေါ်နေ၏။</p> <p>ဤဥပမာတူပင်လျှင် ဤယောဂါဝစရရဟန်းအားလည်း အရိယာ ဖြစ်သည်မှ ရှေးကာလ, အရိယာ မဖြစ်မီ ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးသည့်အတွက် ပညာမျက်စိကာဏ်းနေသည့် ပုထုဇန် ငမိုက်သား ဖြစ်နေစဉ် အခါ၌ လူဖြစ်စဉ်လည်းကောင်း, သိမ်းဆည်းအပ်သော ကမ္မဋ္ဌာန်းမရှိသော ရဟန်းညံ့ ဖြစ်စဉ်လည်းကောင်း အကြင်မျှလောက်သော ကာလပတ်လုံး တည်မြဲတိုင်းသော ထားမြဲတိုင်းသော ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရား လေးပါးတို့ကြောင့် ထင်းရှားဖြစ်ပေါ်လာရသော ရုပ်အပေါင်းအစုဖြစ်သော ဤ<b>ရူပကာယ</b>ကြီးကိုပင်လျှင် -----</p> <p>၁။ <b>သန္တတိဃန</b> = ရုပ်အစဉ်အတန်း အတုံးအခဲ,</p> <p>၂။ <b>သမူဟဃန</b> = ရုပ်အပေါင်းအစု အတုံးအခဲ,</p> <p>၃။ <b>ကိစ္စဃန</b> = ရုပ်လုပ်ငန်းကိစ္စ အတုံးအခဲ -----</p> <p>ဟူသော သုံးမျိုးသော ရုပ်တုံးရုပ်ခဲ ရုပ်အစိုင်အခဲကြီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာခြင်းကို ပြု၍ <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b>ဟူသော ဓာတ်သဘောအစုအပုံအားဖြင့် အသီးအသီး ပြု၍ မရှုပွားရသေး၊ ထိုမျှလောက်သော ကာလပတ်လုံး <b>သတ္တဝါ</b>ဟူသော အမှတ်သညာသည်လည်းကောင်း, <b>ပေါသ</b> (=သတ္တဝါ)ဟူသော အမှတ်သညာသည်လည်းကောင်း, <b>ပုဂ္ဂိုလ်</b>ဟူသော အမှတ်သညာသည်လည်းကောင်း မကွယ်ပျောက်သေး။ (<b>သတ္တ-ပေါသ-ပုဂ္ဂလ</b>ဟူသော စကားတို့ကား အတ္တကို ရည်ညွှန်းခေါ်ဆိုထားသော စကားတို့တည်း။)</p> <p><b>သန္တတိဃန သမူဟဃန ကိစ္စဃန</b>ဟူသော သုံးမျိုးသော ရုပ်တုံးရုပ်ခဲ ရုပ်အစိုင်အခဲကြီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာခြင်းကိုပြု၍ <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ်</b>ဟူသော ဓာတ်သဘောအစုအပုံအားဖြင့် အသီး အသီးပြု၍ ရှုပွားနိုင်သော်မူကား <b>သတ္တသညာ</b> = သတ္တဝါဟူသော အမှတ်သညာသည် (=အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်ဟု အတ္တထင်ရှားရှိကြောင်းကို စွဲလမ်းယုံကြည်နေသော <b>အတ္တဒိဋ္ဌိ</b>နောက်သို့ အစဉ်လိုက်နေသော <b>သတ္တသညာ</b>နှင့် လူတို့ ခေါ်ဝေါ်သုံးစွဲသည့်အတိုင်း ပုဂ္ဂိုလ်သတ္တဝါ တကယ် ထင်ရှား ရှိ၏ဟု စွဲလမ်းယုံကြည်နေသော ဝေါဟာရ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော <b>သတ္တသညာ</b>ဟူသော ဤနှစ်မျိုးသော <b>သတ္တသညာ</b>သည် ကွယ်ပျောက်၍ သွား၏။ (မဟာဋီ၊၁၊၄၂၈။ ဒီ၊ဋီ၊၂၊၃၀၈-၃၀၉။ မ၊ဋီ၊၁၊၃၆၅-၃၆၆။)</p> <p>ဓာတ်၏ အစွမ်းအားဖြင့်သာလျှင် <b>ဘာဝနာစိတ်</b>သည် ကောင်းစွာ တည်နေ၏။ ထိုကြောင့် ဘုရားရှင်သည် ----- ရဟန်းတို့ ... ဥပမာသော်ကား ။ ပ ။ ဆင်ခြင်သုံးသပ် ရှုပွား၍ နေ၏----- ဟူသော စကားတော်ကို ဟောကြားတော်မူခြင်း ဖြစ်ပေသည်။(ဝိသုဒ္ဓိ၊၁၊၃၄၃။ဒီ၊ဋ္ဌ၊၂၊၃၆၀-၃၆၁။ မ၊ဋ္ဌ၊၁၊၂၇၆)</p> <h3>ဃနဝိနိဗ္ဘောဂ = ရုပ်တုံးရုပ်ခဲကို ဖြိုခွဲဖျက်ဆီးခြင်း</h3> <p><b>ယာဝ ဣမမေဝကာယံ ယထာဌိတံ ယထာပဏိဟိတံ ဃနဝိနိဗ္ဘောဂံ ကတွာ ဓာတုသော န ပစ္စဝေက္ခတိ။ ဓာတုသော ပစ္စဝေက္ခတော ပန သတ္တသညာ အန္တရဓာယတိ၊ ဓာတုဝသေနေဝ စတ္တံ သန္တိဋ္ဌတိ။</b> (ဝိသုဒ္ဓိ၊၁၊၃၄၃။ ဒီ၊ဋ္ဌ၊၂၊၃၆၁။ မ၊ဋ္ဌ၊၁၊၂၇၆။)</p> <p><b>ဃနဝိနိဗ္ဘောဂန္တိ သန္တတိ သမူဟ ကိစ္စဃနာနံ ဝိနိဗ္ဘုဇနံ ဝိဝေဓနံ။</b> (မဟာဋီ၊၁၊၄၂၈။ ဒီ၊ဋီ၊၂၊၃၀၈။ မ၊ဋီ၊၁၊၃၆၅။)</p> <p>ဤအထက်ပါ အဋ္ဌကထာဋီိကာတို့၏ ဖွင့်ဆိုချက်အရ ယောဂါဝစရပုဂ္ဂိုလ်သည် <b>ဓာတ်ကမ္မဋ္ဌာန်း</b>ကို ရှုပွားသုံးသပ်ရာ၌ <b>သန္တတိဃန သမူဟဃန ကိစ္စဃန</b>ဟူသော ရုပ်အတုံးအခဲကြီး သုံးမျိုးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ပါဝင်တည်ရှိသော <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b>ဟူသော ဓာတ်ကြီးလေးပါးအာရုံ၌ <b>ဘာဝနာစိတ်</b>သည် ငြိမ်ဝပ်စွာကပ်၍ တည်နေသည့်တိုင်အောင် ရှေးဦးစွာ ကြိုးပမ်းရမည် ဖြစ်ပေသည်။</p> <p>အထက်ပါ ဋီကာဆရာတော်တို့၏ ဖွင့်ဆိုချက်အရ ရုပ်တရားများ၌ ----- (၁) <b>သန္တတိဃန</b>, (၂) <b>သမူဟဃန</b>, (၃) <b>ကိစ္စဃန</b>ဟု ရုပ်အတုံးအခဲ သုံးမျိုးသာ ရှိသည်၊ ရုပ်တရားများ၌ <b>အာရမ္မဏဃန</b> မရှိပေ။ အကြောင်းကား ဤသို့ဖြစ်၏။-----</p> <p>ဘုရားရှင်သည် <b>ဓမ္မသင်္ဂဏီပါဠိတော်</b>ဝယ် <b>ပရမတ္ထတရား</b>တို့ကို <b>သာရမ္မဏဓမ္မ, အနာရမ္မဏဓမ္မ</b>ဟု နှစ်ဖို့နှစ်ခု ပြု၍ အောက်ပါအတိုင်း ခွဲခြားကာ ဟောကြားထားတော်မူခဲ့၏။</p> <p><b>ကတမေ ဓမ္မာ သာရမ္မဏာ။ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ဓန္ဓော ဝိညာဏက္ခန္ဓော။ ဣမေ ဓမ္မာ သာရမ္မဏာ။</b></p> <p><b>ကတမေ ဓမ္မာ အနာရမ္မဏာ။ သဗ္ဗဉ္စ ရူပံ အသင်္ခတာ စ ဓာတု။ ဣမေ ဓမ္မာ အနာရမ္မဏာ။</b> (အဘိ၊၁၊၂၃၈။)</p> <p>ဤအထက်ပါ <b>ဓမ္မသင်္ဂဏီပါဠိတော်</b>တွင် ဘုရားရှင်သည် <b>ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာက္ခန္ဓာ</b>ဟူသော နာမ်ခန္ဓာလေးပါး = နာမ်တရားအားလုံးတို့ကို အာရုံယူတတ်သော <b>သာရမ္မဏတရား</b>တို့ဟူ၍ ဟောကြားထားတော်မူခဲ့၏။ တစ်ဖန် ရုပ်တရားအားလုံးနှင့် <b>အသင်္ခဓာတ် နိဗ္ဗာန်</b>တရားတော်မြတ်ကို အာရုံမယူတတ်သည့် <b>အနာရမ္မဏတရား</b>တို့ဟူ၍လည်း ဟေားကြားထားတော်မူခဲ့၏။</p> <p><b>သာရမ္မဏာတိ ဟိ ဝစနံ စိတ္တစေတသိကာနံ အာရမ္မဏေန ဝိနာ အပ္ပဝတ္တိညေဝ ဒီပေတိ။</b> (မူလဋီ၊၁၊၁၈၁။)</p> <p>= <b>သာရမ္မဏ</b>ဟူသော စကားသည် စိတ်+<b>စေတသိက်</b>တရားတို့၏ အာရုံနှင့် ကင်း၍ မဖြစ်ခြင်းသဘောကိုသာလျှင် ညွှန်ပြပေ၏။ (မူလဋီ၊၁၊၁၈၁။)</p> <p>ထိုတွင် အာရုံယူတတ်သည့် <b>သာရမ္မဏတရား</b>တို့၌သာလျှင် <b>အာရမ္မဏဃန</b>ရှိကြောင်းကို ဝိသုဒ္ဓိမဂ္ဂမဟာဋီကာတွင် ဤသို့ ဖွင့်ဆိုထားပေသည်။</p> <p><b>တထာ သာရမ္မဏာဓမ္မာနံ သတိပိ အာရမ္မဏကရဏဘေဒေ ဧကတော ဂယှမာနာ အာရမ္မဏဃနတာစ။</b> (မဟာဋီ၊၂၊၄၃၇။)</p> <p>= အာရုံယူတတ်သော <b>သာရမ္မဏတရား</b>တို့၏ အာရုံပြုမှု ကွဲပြားပါလျက်လည်း တစ်ခုတည်းအဖြစ် စွဲယူခဲ့သော် <b>အာရမ္မဏဃန</b>ဖြစ်သည်ဟု ဖွင့်ဆိုထားပေသည်။ သို့အတွက် အာရုံယူတတ်သော နာမ်တရားတို့၌သာလျှင် <b>အာရမ္မဏဃန</b> = အာရုံယူမှု အတုံးအခဲရှိပေသည်။ ရုပ်တရားတို့ကား အာရုံမယူတတ်သော <b>အနာရမ္မဏတရား</b>များ ဖြစ်ကြ၏။ သို့အတွက် ရုပ်တရားတို့၌ <b>အာရမ္မဏဃန</b>ဟူသော အတုံးအခဲမရှိသဖြင့် အထက်ပါဋီကာတို့၌ ရုပ်ပိုင်းတွင် <b>ဃန</b>သုံးမျိုးသာ ဖွင့်ဆိုခြင်း ဖြစ်ပေသည်။</p> <h3>၁။ သန္တတိဃန = ရုပ်အစဉ်အတန်းအတုံးအခဲ</h3> <p>သဘောတူသဘာဂဖြစ်သော တစ်ဥတု တစ်အာဟာရကြောင့် ဖြစ်ပေါ်သွားကြသော ရုပ်ကလာပ်တို့ကို ရုပ်ကလာပ်တစ်ခုချင်း ခွဲခြားပြီး မမြင်ဘဲ အစဉ်အတန်းလိုက် တစ်တန်းတည်း တစ်ခုတည်းအဖြစ် မြင်လျှင် <b>သန္တတိဃန</b> = ရုပ်အစဉ်အတန်း အတုံးအခဲ ဖုံးအုပ်နေသည် မည်၏။</p> <p>တစ်ဥတု ----- ကံ-စိတ်-ဥတု-အာဟာရဟူတည်းသော အကြောင်းတရား လေးပါးတို့ကြောင့် အသီးအသီး ဖြစ်ပေါ်လာသော ရုပ်ကလာပ်တိုင်းတွင် <b>တေဇောဓာတ်</b> ပါဝင်လျက်ရှိ၏၊ ယင်း<b>တေဇောဓာတ်</b>ကို ဥတုလည်း ခေါ်ဆိုသည်။ ယင်း<b>တေဇောဓာတ်</b> (= ဥတု)သည် ယေဘုယျအားဖြင့် ဩဇာလျှင် ရှစ်ခုမြောက်ရှိသော <b>ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်</b>အသစ်အသစ်များကို အဆင့်ဆင့် ဖြစ်ပေါ်စေနိုင်၏။ ပုံစံတစ်ခု ဆိုရသော် ----- <b>စက္ခုဒသကကလာပ်</b> = မျက်လုံးအကြည်ဓာတ်လျှင် (၁၀)မြောက်ရှိသော ရုပ်ကလာပ် အမှုန်တစ်ခု ဆိုကြစို့။ ယင်း <b>စက္ခုဒသကကလာပ်</b>ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုလိုက်သော် <b>ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ ဇီဝိတ စက္ခုပသာဒ</b>ဟု ရုပ်သဘောတရား (၁၀)မျိုးကို တွေရှိမည် ဖြစ်သည်။ ယင်း (၁၀)မျိုးသော ရုပ်တရားတို့တွင် <b>တေဇောဓာတ်</b> (= ဥတု) ပါဝင်လျက် ရှိ၏။ ယင်း<b>တေဇောဓာတ်</b>သည် ဩဇာလျှင် (၈)ခုမြောက်ရှိသော <b>ဥတုဇဩဇဋ္ဌမကရုပ်</b>ကို ဖြစ်စေ၏။ (<b>စက္ခုဒသကကလာပ်</b>တွင် ပါဝင်တည်ရှိသော <b>တေဇော ဓာတ်</b> = ဥတု၏ သားတည်း။)</p> <p>တစ်ဖန် ယင်း<b>ဥတုဇဩဇဋ္ဌမကရုပ်</b>တို့တွင်လည်း သို့မဟုတ် ရုပ်ကလာပ်တွင်လည်း <b>တေဇောဓာတ်</b> (= ဥတု) ပါဝင်လျက် ရှိပြန်၏၊ ယင်း<b>တေဇောဓာတ်</b> (= ဥတု)သည်လည်း <b>ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်</b>အသစ်ကို ဖြစ်စေပြန် ၏။ (မူလ<b>စက္ခုဒသက ကလာပ်</b>အတွင်း၌ ပါဝင်တည်ရှိသော <b>တေဇောဓာတ်</b> = ဥတု၏ မြေးတည်း။)</p> <p>ဤနည်းအတိုင်း ရုပ်၏ ဌီကာလသို့ ရောက်တိုင်းရောက်တိုင်း ထိုထို <b>စက္ခုဒသကကလာပ်</b>တို့တွင် ပါဝင်သော <b>တေဇောဓာတ်ဥတု</b>သည် (၄-၅) ဆင့် သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏။ [ထို (၄-၅)ဆင့်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းတို့တွင် နောက်ဆုံးအဆင့် နောက်ဆုံးအကြိမ်၌ ဖြစ်သော ရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော <b>တေဇောဓာတ်</b> (= ဥတု)ကား ရုပ်ကလာပ်အသစ် အသစ်ကို မဖြစ်စေနိုင်တော့ပေ။) ဤနည်းကို နည်းမှီ၍ ကျန်ရုပ်ကလာပ်တို့၌လည်း သဘောပေါက်ပါလေ။]</p> <p>အချို့သော ရုပ်ကလာပ်၌ တည်ရှိသော <b>တေဇောဓာတ်</b>က (၃-၄)ဆင့်, အချို့သော ရုပ်ကလာပ်၌ တည်ရှိသော <b>တေဇောဓာတ်</b>က (၄-၅)ဆင့်သော ရုပ်ကလာပ်အသစ်သစ်ကို ဆင့်ကဲ ကျေးဇူးပြုလျက် ဖြစ်ပေါ်စေ၏။ <b>သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်</b>တို့ကဲ့သို့သော မွန်မြတ်သော <b>ပဏီတစိတ်</b>ကြောင့်ဖြစ်သော <b>စိတ္တဇရုပ်ကလာပ်</b>များတွင် ပါဝင်တည်ရှိသော <b>တေဇောဓာတ်</b>ဖြစ်မူ အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့တိုင်အောင် အဆင့်ပေါင်းများစွာကို ဆင့်ကဲဆင့်ကဲ ကျေးဇူးပြုလျက် ရုပ်ကလာပ် အသစ်အသစ်များကို ဖြစ်စေ၏။ ယင်း <b>ဥတုဇဩဇဋ္ဌမကရုပ်</b>များကို သဘောတူ = <b>သဘာဂ</b>ဖြစ်သော တစ်ဥတုကြောင့်ဖြစ်သော ရုပ်တရာဟု ခေါ်၏။</p> <p>တစ်အာဟာရ ----- တစ်ဖန် စားမျိုးအပ်သော အစာအာဟာရဟူသည် မစားမီအခိုက်၌ဖြစ်စေ, စားမျိုပြီး၍ အစာအိမ်အတွင်းဝယ် ခန္ဓာအိမ် အတွင်းသို့ မပြန့်နှံ့မီ အစာသစ် <b>ကောဋ္ဌာသ</b>အဖြစ်ဖြင့် တည်ရှိနေခိုက်၌ဖြစ်စေ ဥတုခေါ်သည့် <b>တေဇောဓာတ်</b>ကြောင့် ဖြစ်သည့် <b>ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်</b>တို့၏ အပေါင်းအစုမျှသာ ဖြစ်သည်။ (၃၂)<b>ကောဋ္ဌာသ</b>တို့တွင် အစာသစ်<b>ကောဋ္ဌာသ</b>ပင် ဖြစ်သည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းအစားသစ်<b>ကောဋ္ဌာသ</b>၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် ပိုင်းခြားယူကာ ယင်းဓာတ်ကြီးလေးပါးကို အာရုံယူ၍ သမာဓိကို ဆက်လက်ထူထောင်နိုင်ပါက သမာဓိဒီဂရီ စံချိန်မှီလာသောအခါ ရုပ်ကလာပ် အမှုန်များကိုသာ တွေ့ရှိမည်ဖြစ်သည်။ ယင်းရုပ်ကလာပ်တို့ကား ဥတုခေါ်သည့် <b>တေဇောဓာတ်</b>ကြောင့် ဖြစ်နေကြသော <b>ဥတုဇဩဇဋ္ဌမကရုပ်</b>တို့တည်း။ ရုပ်ကလာပ်တစ်ခု၌ တည်ရှိသော <b>တေဇောဓာတ်</b>က နောက်ထပ် ရုပ်ကလာပ်အသစ်တစ်ခု ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးလျက် ရှိ၏၊ ရုပ်ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော <b>တေဇောဓာတ်</b>ကြောင့် နောက်ထပ် ရုပ်ကလာပ်အသစ်တစ်ခု ထပ်ဖြစ်သကဲ့သို့ ယင်းနောက်ထပ်ဖြစ်သည့် ကလာပ်သစ်၌ ပါဝင်တည်ရှိသော <b>တေဇောဓာတ်</b>ကလည်း အလားတူပင် နောက်ထပ်ရုပ်ကလာပ် အသစ်တစ်ခုကို ထပ်မံဖြစ်စေပုံကို ယောဂါဝစရပုဂ္ဂိုလ်က မြင်အောင် ရှုရမည်ဖြစ်ပေသည်။ ယင်း<b>ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်</b>အသီးအသီး၌ ဩဇာ ပါဝင်လျက် ရှိ၏။ ယင်း<b>ဥတုဇဩဇာ</b>သည် အစာသစ်အဖြစ်၌ တည်ရှိခိုက် ခန္ဓာကိုယ်တွင်းသို့ မပြန့်နှံ့ခင် <b>ဥတုဇရုပ် ဥတုဇဩဇာ</b> အဆင့်တွင်သာ တည်ရှိနေသေးသည်။ ယင်း<b>ဥတုဇဩဇာ</b>သည် အစာသစ်အိမ်၏ ဝန်းကျင်တွင် တည်ရှိနေသော <b>ဇီဝိတ</b>လျှင် (၉)ခုမြောက်ရှိသော <b>ဇီဝိတနဝကကလာပ်ရုပ်</b>တို့တွင် ပါဝင်တည်ရှိသော <b>တေဇောဓာတ်</b>ဟူသော <b>ပါစကတေဇောဓာတ်</b>ခေါ် အစာကို ကြေကျက်စေသော <b>ကမ္မဇဝမ်းမီး</b>၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေပြန်၏။ ဩဇာကြောင့် ဖြစ်ပေါ်လာကြသော ရုပ်ကလာပ်များ ဖြစ်ခြင်ကြောင့် ယင်းရုပ်ကလာပ်တို့ကို <b>အာဟာရဇဩဇဋ္ဌမကရုပ်</b>တို့ဟူ၍ ခေါ်ဆိုပေသည်။ ရုပ်တို့မည်သည် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ရိုး ဓမ္မတာကား မရှိပေ။ သို့သော် ယင်း<b>အာဟာရဩဇဋ္ဌမကရုပ်ကလာပ်</b>တစ်ခုတွင် တည်ရှိသော ဩဇာက <b>ကမ္မဇဝမ်းမီး</b>၏ အထောက်အပံ့ကို ရရှိသောအခါ အသစ်အသစ်သော ရုပ်ကလာပ်ကို ဖြစ်စေရာ၌ နေရာအသစ်အသစ်၌ <b>ဥပါဒ်</b>စေလျက် ဖြစ်ပေါ်စေ၏။ ယင်းသို့ နေရာအသစ်အသစ်၌ ဖြစ်စေခြင်းကိုပင် ခန္ဓာအိမ် အတွင်းသို့ ပြန့်သွားသည်ဟု ဆိုခြင်းဖြစ်၏။ သမ္မုတိနယ်၌ ရသဓာတ်ရည်များ ခန္ဓာကိုယ်တွင်းသို့ ပြန့်နှံ့သွားသည်ဟုဆိုသည်။ <b>ပရမတ္ထသစ္စာ</b>နယ်၌ကား ရသဓာတ်ရည်ဟူသည် ယင်း<b>အာဟာရဇဩဇဋ္ဌမကရုပ်</b>တို့၏ အပေါင်းအစုမျှသာ ဖြစ်သည်။ <b>အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်</b>အနေဖြင့်သာ ခန္ဓာအိမ်အတွင်းသို့ ပြန့်နှံ့၍ သွားပေသည် (မူလ အစာသစ် <b>ကောဋ္ဌာသ ဥတုဇဩဇာ</b>၏ သားစဉ်မြေးဆက်တည်း။) ယင်းရုပ်ကလာပ်တို့တွင် ပါဝင် တည်ရှိသော ဩဇာကား <b>အာဟာရဇဩဇာ</b>တည်း။</p> <p>ယင်း<b>အာဟာရဇဩဇာ</b>သည် -----</p> <p>၁။ <b>ကမ္မဇရုပ်ကလာပ်</b>တို့၌ တည်ရှိသော <b>ကမ္မဇဩဇာ</b>,</p> <p>၂။ <b>စိတ္တဇရုပ်ကလာပ်</b>တို့၌ တည်ရှိသော <b>စိတ္တဇဩဇာ</b>,</p> <p>၃။ <b>ဥတုဇရုပ်ကလာပ်</b>တို့၌ တည်ရှိသော <b>ဥတုဇဩဇာ</b>,</p> <p>၄။ ကလာပ်ပြား <b>အာဟာရဇရုပ်</b>တို့၌ တည်ရှိသော <b>အာဟာရဇဩဇာ</b>,</p> <p>ဤဩဇာအသီးအသီးအား ထပ်ဆင့် ထောက်ပံ့ပြန်၏။ ယင်း<b>အာဟာရဇဩဇာ</b>၏ အားပေးထောက်ပံ့မှုနှင့် <b>ကမ္မဇဝမ်းမီး</b>၏ အားပေးထောက်ပံ့မှုကို ရရှိသော အထက်ပါ <b>ကမ္မဇဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာ ကလာပ်ပြား အာဟာရဇဩဇာ</b> အသီးအသီးသည် ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေပြန်၏။ <b>အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်</b>တို့တည်း။ ထိုသို့ ဖြစ်စေရာ၌-----</p> <p>၁။ <b>ကမ္မဇဩဇာ</b>က (၄-၅)ဆင့်သော ရုပ်ကလာပ်များကို,</p> <p>၂။ <b>စိတ္တဇဩဇာ</b>က (၃-၄)ဆင့်သော ရုပ်ကလာပ်များကို,</p> <p>၃။ <b>ဥတုဇဩဇာ</b>က ရံခါ (၃-၄)ဆင့်, ရံခါ (၁၀)ဆင့် (၁၂)ဆင့်သို့တိုင်အောင်သော ရုပ်ကလာပ်များကို,</p> <p>၄။ ကလာပ်ပြား <b>အာဟာရဇဩဇာ</b>က (၁၀)ဆင့် (၁၂)ဆင့်သို့တိုင်အောင် ရုပ်ကလာပ်များကို ဖြစ်စေနိုင်၏။</p> <p>ဤနည်းဖြင့် တစ်ကြိမ် စားမျိုးလိုက်သော အစာအာဟာရသည် (၇)ရက် သို့တိုင်အောင်ပင် ခန္ဓာအိမ်၏အတွင်း၌ ပြန့်နှံ့၍ ဖြစ်နေသောဟူ၏။ (ဝိသုဒ္ဓိ၊၂၊၂၄၉-၂၅၂-ကြည်ပါ။)</p> <p>ယင်းသို့ အာဟာရဇတို့၏ ဖြစ်နေမှုကို = <b>ကမ္မဩဇာ</b>စသည့် (၄)မျိုးသော ဩဇာတို့တွင် ရုပ်ကလာပ်တစ်ခုတစ်ခု၌ တည်ရှိသော ဩဇာကြောင့် <b>အာဟာရဇဩဇဋ္ဌမကရုပ်</b>တို့၏ အဆင့်ဆင့်ဖြစ်နေမှုကို သဘောတူ = <b>သဘာဂ</b>ဖြစ်သော တစ်ဟာရ တစ်ဩဇာကြောင့်ဖြစ်သော <b>အာဟာရဇရုပ်</b>များဟု ခေါ်ဆိုသည်။</p> <p>ယင်း တစ်ဥတုကြောင့် ဖြစ်သော ရုပ်များ တစ်အာဟာရကြောင့် ဖြစ်သော ရုပ်များကို အစဉ်အတန်းတစ်ခုတည်း တစ်ဆက်တည်းအဖြစ် မမြင်ဘဲ ရုပ်ကလာပ် တစ်ခုစီ တစ်ခုစီ ခွဲခြားစိတ်ဖြား၍ ရှုမြင်နိုင်လျှင် <b>သန္တတိဃန</b> = ရုပ်အစဉ်အတန်း အတုံးအခဲ ပြိုသွားပြီး ဖြစ်၏။ အကယ်၍ ယင်းရုပ်များကို မီးပန်းအတန်း တစ်ခုကဲ့သို့ အပ်ချည်ကြိုးတန်း တစ်ခုကဲ့သို့ အစဉ်အတန်း တစ်ခုအဖြစ် တစ်ဆက်တည်း တစ်ခုတည်းအဖြစ် မြင်ခဲ့သော် (=ရုပ်ကလာပ်တစ်ခုချင်းအနေဖြင့် ပြတ်၍ မမြင်ခဲ့သော်)<b>သန္တတိဃန</b> = ရုပ်အစဉ်အတန်း အတုံးအခဲ ဖုံးအုပ်နေသည် မည်ပေသည်။</p> <h3>သမူဟဃန = ရုပ်အပေါင်းအစုအတုံးအခဲ</h3> <p>ယောဂါဝစရပုဂ္ဂိုလ်က <b>သန္တတိဃန</b> = ရုပ်အစဉ်အတန်း အတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သဖြင့် ရုပ်ကလာပ် တစ်ခုချင်း တစ်ခုချင်း ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သော်လည်း ယင်းရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော (၈)မျိုးသော ရုပ်, (၉)မျိုးသောရုပ်, (၁၀)မျိုးသော ရုပ်စသည့် <b>ရုပ်ပရမတ်တရား</b>များကို ယင်းတို့၏ ကိုယ်ပိုင်<b>သဘာဝလက္ခဏာ</b> အသီးအသီးကို မသိမ်းဆည်းနိုင်သေးပါက <b>သမူဟဃန</b> (= ရုပ်အပေါင်းအစု အတုံးအခဲ)ကို ဉာဏ်ဖြင့် မဖြိုခွဲနိုင်သဖြင့် <b>ပရမတ်</b>သို့ ဉာဏ်အမြင် မဆိုက်ရောက်သေးပေ။ ယင်းရုပ်ကလာပ် တစ်ခုတစ်ခုအတွင်၌ တည်ရှိသော (၈)မျိုးသော ရုပ်, (၉)မျိုးသော ရုပ်, (၁၀)မျိုးသော ရုပ်စသော <b>ရုပ်ပရမတ် သဘောတရား</b>များကို မိမိ မိမိတို့၏ ဆိုင်ရာဆိုင်ရာ ကိုယ်ပိုင် <b>ပမရတ္ထဓမ္မသဘာဝသတ္တိ</b>ဟူသော ကိုယ်ပိုင်<b>သဘာဝလက္ခဏာ</b>သို့ ဆိုက်အောင် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ပါက မြင်နိုင်ပါက သိမ်းဆည်းနိုင်ပါက ဉာဏ်ဖြင့် ပိုင်ခြားယူနိုင်ပါက <b>သမူဟဃန</b> = ရုပ်အပေါင်အစု အတုံးအခဲ ပြိုပြီ ဖြစ်၏။ ရုပ်အပေါင်းအစုအတုံးအခဲ (= <b>သမူဟဃန</b>)ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သည် မည်၏။</p> <h3>ကစ္စဃန = ရုပ်လုပ်ငန်းကိစ္စအတုံးအခဲ</h3> <p>ယင်းရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော (၈)မျိုး, (၉)မျိုး, (၁၀)မျိုးစသော <b>ပရမတ္ထဓာတ်သား</b>ဖြစ်သည့် ရုပ်တရား တစ်လုံးစီ တစ်လုံးစီ၌ ဆိုင်ရာဆိုင်ရာ ကိုယ်ပိုင် လုပ်ငန်းကိစ္စရပ် အသီးအသီး ရှိ၏။ <b>ပထဝီဓာတ်</b>သည် <b>ပတိဋ္ဌာနရသ</b> = ကလာပ်တူရုပ်တရားတို့၏ တည်ရာဖြစ်ခြင်း ကိစ္စ ရှိ၏။ <b>အာပေါဓာတ်</b>သည် <b>ဗြူဟနရသ</b> = ရုပ်တရားတို့ကို တိုးပွားစေခြင်း ကိစ္စ ရှိ၏။ <b>တေဇောဓာတ်</b>သည် <b>ပရိပါစနရသ</b> = ရုပ်တရားတို့ကို ရင့်ကျက်စေခြင်း ဆွေးမြေ့စေခြင်း ကိစ္စ ရှိ၏။ <b>ဝါယောဓာတ်</b>သည် <b>သမုဒီရဏရသ</b> = တွန်းကန်ခြင်း ကိစ္စ ရှိ၏။ ဤသို့ စသည်ဖြင့် <b>ပရမတ္ထဓာတ်သား</b>တိုင်း၌ ကိုယ်ပိုင်လုပ်ငန်းကိစ္စ အသီးအသီး ကိုယ်စီ ရှိ၏။ ယင်း<b>ရုပ်ပရမတ်တရား</b> တစ်လုံးစီ တစ်လုံးစီ၏ ဆိုင်ရာဆိုင်ရာ ဆိုင်ရာဆိုင်ရာ ကိုယ်ပိုင် လုပ်ငန်းကိစ္စ အထူးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်မြင်နိုင်ပါက <b>ကိစ္စဃန</b> = ရုပ်လုပ်ငန်းကိစ္စ အတုံးအခဲပြိုပြီ ဖြစ်၏။ ရုပ်လုပ်ငန်းကိစ္စ အတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သည် မည်၏။ <b>ပရမတ္ထဓာတ်သား ရုပ်တရား</b> တစ်လုံးစီ တစ်လုံးစီ၏ ဆိုင်ရာဆိုင်ရာ လုပ်ငန်းကိစ္စရပ် အသီးအသီးကို ဉာဏ်ဖြင့် ခွဲစိတ်ဖြာ၍ ရှုနိုင်မြင်နိုင်သဖြင့် ကိစ္စတစ်ခုတည်းအဖြစ် ထင်နေမှု ရုပ်လုပ်ငန်းကိစ္စ အတုံးအခဲ ပြိုကွဲသွားခြင်း ဖြစ်၏။ ထိုသို့ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်၌ တည်ရှိသော <b>ပရမတ္ထဓာတ်သား ရုပ်တရား</b> အသီးအသီး၏ ဆိုင်ရာဆိုင်ရာ လုပ်ငန်းကိစ္စရပ် အသီးအသီးကို ဉာဏ်ဖြင့် ခွဲစိတ်ဖြာ၍ မမြင်ဘဲ ကိစ္စတစ်ခုတည်းအဖြစ် မြင်နေပါက <b>ကိစ္စဃန</b> အတုံးအခဲ မပြိုနိုင်၊ <b>ကိစ္စဃန</b>အတုံးအခဲက ဖုံးအုပ်ထားသည် မည်ပေသည်။</p> <p><b>အနတ္တလက္ခဏံ နာနာဓာတုဝိနိဗ္ဘောဂဿ အမနသိကာရာ အပ္ပဋိဝေဓာ ဃနေန ပဋိစ္ဆန္နတ္တာ န ဥပဋ္ဌာတိ။ ပ ။ နာနာဓာတုယော ဝိနိဗ္ဘုဇိတွာ ဃနဝိနိဗ္ဘောဂေ ကတေ အနတ္တလက္ခဏံ ယာထာဝ သရသတော ဥပဋ္ဌာတိ။</b> (အဘိ၊ဋ္ဌ၊၂၊၄၇။ ဝိသုဒ္ဓိ၊၂၊၂၇၆။)</p> <p>အသီးအသီးသော ရုပ်ဓာတ်နာမ်ဓာတ်တို့ကို အသီးအသီး တစ်လုံးစီတစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာခြင်းကို ပြု၍ နှလုံးမသွင်းခြင်းကြောင့် ဉာဏ်ဖြင့် ထွင်းဖောက် မသိမမြင်ခြင်းကြောင့် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲသည် (= <b>ရုပ်ဃန နာမ်ဃန</b>သည်) ဖုံးကွယ်ထားသည့်အတွက်ကြောင့် <b>အနတ္တလက္ခဏာ</b> = <b>အနတ္တဉာဏ်အမြင်</b> = <b>အနတ္တရောင်ခြည်တော်</b>သည် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ မတည်လာခြင်း ဖြစ်၏ ။ ပ ။ အသီးအသီးသော ရုပ်ဓာတ် နာမ်ဓာတ်တို့ကို တစ်လုံစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာခြင်းကို ပြု၍ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ (= <b>ရုပ်ဃန နာမ်ဃန</b>)ကုိ ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးခြင်းကို ပြုလုပ်နိုင်ခဲ့သည်ရှိသော် <b>အနတ္တလက္ခဏာ</b> = <b>အနတ္တဉာဏ်အမြင်</b> = <b>အနတ္တရောင်ခြည်တော်</b>သည် ဟုတ်မှန်တိုင်းသော မိမိ၏ သဘောလက္ခဏာအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ တည်လာပေ၏။ (အဘိ၊ဋ္ဌ၊၂၊၄၇။ ဝိသုဒ္ဓိ၊၂၊၂၇၆။)</p> <p>တစ်ဖန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၃၀၁။)တွင် -----<b>သင်္ခါရတရား</b>တို့ကို အနိစ္စဟု <b>ဝိပဿနာ</b>ရှုရုံမျှဖြင့်လည်း <b>အရိယမဂ်</b>သို့ မဆိုက်နိုင်။ ဒုက္ခဟု <b>ဝိပဿနာ</b>ရှုရုံမျှဖြင့်လည်း <b>အရိယမဂ်</b>သို့ မဆိုက်နိုင်။ အနတ္တဟု <b>ဝိပဿနာ</b>ရှုရုံမျှဖြင့်လည်း <b>အရိယမဂ်</b>သို့ မဆိုက်နိုင်။ <b>လက္ခဏား</b>သုံးတန် တစ်လှည့်စီ တင်၍ <b>ဝိပဿနာ</b>ရှုပွားသုံးသပ်ပါမှ <b>အရိယမဂ်</b>သို့ ဆိုက်ရောက်နိုင်မည် ဖြစ်ကြောင်းကို ဆုံးဖြတ်ထားတော်မူ၏။</p> <p>ထိုကြောင့် <b>အနတ္တဉာဏ်အမြင်</b> ဆိုက်ရေးအတွက် <b>ရုပ်ဃန နာမ်ဃန</b>တို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်ဖို့ လိုအပ်ပေသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း <b>ရုပ်ဃန</b>ဟူသော ရုပ်တုံးရုပ်ခဲ သုံးမျိုး ပြိုရေးအတွက် ရုပ်ကလာပ်တစ်ခု တစ်ခုအတွင်း၌ တည်ရှိသော (၈)မျိုး, (၉)မျိုး, (၁၀)မျိုးစသော <b>ရုပ်ပရမတ်တရား</b> အသီးအသီးကို (= <b>ရုပ်ပရမတ်တရား</b>တိုင်းကို) <b>လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်</b>အားဖြင့် စနစ်တကျ သိမ်းဆည်းရမည် ဖြစ်ပေသည်။ သိမ်းဆည်းပုံ နည်းစနစ်များကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၇၄-၈၀။)၌လည်းကောင်း အဋ္ဌသာလိနီအဋ္ဌကထာ(အဘိ၊ဋ္ဌ၊၁၊၃၁၊၃၄၉ ..)၌လည်းကောင်း ရှင်းလင်း တင်ပြထားပေသည်။ ဆရာသမားများနှင့်သာ ချဉ်းကပ်လေ့လာပါ။ ဤတွင်ကား ထိုကဲ့သို့ <b>ဃန</b>ပြိုရေး, <b>ပရမတ်</b>သို့ ဉာဏ်အမြင်ဆိုက်ရေးအတွက် <b>ဓာတ်ကမ္မဋ္ဌာန်းလမ်း</b>မှ ရှုပွားပုံနည်းစနစ်များကို ဆက်လက်တင်ပြပေအံ့။</p> <h3>၁။ ပထဝီဓာတ်သဘောတရား (၆) မျိုး</h3> <p><b>ကတမံ တံ ရူပံ ဖောဋ္ဌဗ္ဗာယတနံ။ ပထဝီဓာတု တေဇောဓာတု ဝါယောဓာတု ကက္ခဠံ မုဒုကံ သဏှံ ဖရုသံ ဂရုကံ လဟုကံ ...(အဘိ၊၁၊၁၇၀။)</b></p> <p><b>ဧတ္ထ စ ကက္ခဠံ မုဒုကံ သဏှံ ဖရုသံ ဂရုကံ လဟုက န္တိ ပဒေဟိ ပထဝီဓာတု ဧဝ ဘာဇိတာ။</b> (အဘိ၊ဋ္ဌ၊၁၊၃၆၈။)</p> <p>၁။ <b>ကက္ခဠန္တိ ထဒ္ဓံ</b> = မာ-မှုသဘော,</p> <p>၂။ <b>မုဒုကန္တိ အထဒ္ဓံ</b> = ပျော့-မှုသဘော,</p> <p>၃။ <b>ဖရုသန္တိ စရံ</b> = ကြမ်း-မှုသဘော,</p> <p>၄။ <b>သဏှန္တိ မဋ္ဌံ</b> = ချော-မှုသဘော,</p> <p>၅။ <b>ဂရုကန္တိ ဘာရိယံ</b> = လေး-မှုသဘော,</p> <p>၆။ <b>လဟုကန္တိ အဘာရိယံ၊ သလ္လဟုကန္တိ အတ္ထော။</b> = ပေါ့-မှုသဘော။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။)</p> <h3>၂။ အာပေါဓာတ်သဘောတရား (၂) မျိုး</h3> <p>၁။ <b>ဒြဝဘာဝ</b> = <b>ပဂ္ဃရဏလက္ခဏာ</b> = ယိုစီး-မှုသဘော,</p> <p>၂။ <b>အာဗန္ဓနဘာဝ</b> = <b>အာဗန္ဓနလက္ခဏာ</b> = ဖွဲ့စည်း-မှုသဘော။</p> <h3>၃။ တေဇောဓာတ်သဘောတရား (၂) မျိုး</h3> <p>၁။ <b>ဥဏှဘာဝ</b> = <b>ဥဏှတေဇော</b> = ပူ-မှုသဘော,</p> <p>၂။ <b>သီတဘာဝ</b> = <b>သီတတေဇော</b> = အေးမှုသဘော,</p> <h3>၄။ ဝါယောဓာတ်သဘောတရား (၂) မျိုး</h3> <p>၁။ <b>ဝိတ္ထမ္ဘနဘာဝ</b> = ထောက်ကန်မှုသဘော,</p> <p>၂။ <b>သမုဒီရဏဘာဝ</b> = တွန်းကန်မှုသဘော, (ဝိသုဒ္ဓိ၊၁၊၃၄၇။)</p> <h3>အဋ္ဌကထာ၏ လုပ်ငန်းခွင် ညွှန်ကြားချက် (၂) မျိုး</h3> <p>ဤ<b>ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း</b>ကို ပွားများအားထုတ်ပုံ နည်းစနစ်နှင့် ပတ်သက်၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၁၊၃၄၆-၃၄၇။)က လုပ်ငန်းခွင် နှစ်မျိုးကို ညွှန်ကြားထားတော်မူ၏။ <b>ပထမဘာဝနာနယ</b> = ပထမပွားများ အားထုတ်ပုံနည်းစနစ်၌ ----- <b>သကလမ္ပိ အတ္တနော ရူပကာယံ အာဝဇ္ဇေတွာ</b> = မိမိ၏ <b>ရူပကာယ</b>တစ်ခုလုံးကို ဆင်ခြင်၍ (ဝိသုဒ္ဓိ၊၁၊၃၆၄။) ----- ဟု ညွှန်ကြားထားသဖြင့် မိမိ၏ <b>ရူပကာယ</b>တစ်ခုလုံးကို ခြုံငုံ၍ ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် <b>သဘာဝလက္ခဏာ</b>ကိုလည်းကောင်း, သို့မဟုတ် လုပ်ငန်းကိစ္စ<b>ရသ</b>ကိုလည်းကောင်း အာရုံယူ၍ ရှုရမည် ဖြစ်သည်။</p> <p><b>ဒုတိယဘာဝနာနယ</b> = ဒုတိယပွားများအားထုတ်ပုံ ဘာဝနာနည်းလမ်း၌ကား ----- <b>တံ တံ အန္တရာနုသာရိနာ ဉာဏဟတ္ထေန ဝိနိဗ္ဘုဇိတွာ ဝိနိဗ္ဘုဇိတွာ</b> ...(ဝိသုဒ္ဓိ၊၁၊၃၄၇။) = ထိုထို အရိုး-အကြော-အသား-အရေ <b>ကောဋ္ဌာသ</b>တို့၏ အကြားသို့ အစဉ်လျှောက်သော ဉာဏ်တည်းဟူသော လက်ဖြင့် အကြိမ်များစွာ ဖြေ၍ အသီးအသီး ခွဲခြားစိတ်ဖြာမှုကို ပြု၍ ရှုရန် ညွှန်ကြားထားသဖြင့် ထိုထို အရိုး-အကြော-အသား-အရေတို့၏ အကြားသို့ ဉာဏ်ဖြင့် အစဉ်လျှောက်၍ ယင်း (၄)မျိုးသော <b>ကောဋ္ဌာသ</b>တို့၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် <b>သဘာဝလက္ခဏာ</b>ကိုသော်လည်းကောင်း, သို့မဟုတ် လုပ်ငန်းကိစ္စ<b>ရသ</b>ကိုလည်းကောင်း အာရုံယူ၍ ရှုရမည် ဖြစ်သည်။</p> <h3>သမထယာနိကပုဂ္ဂိုလ်</h3> <p><b>သမထယာနိက</b> = သမထစျာန်ယာဉ်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိရရှိထားပြီးသော စျာန်တို့တွင် မိမိနှစ်ခြိုက်ရာ တစ်မျိုးမျိုးသော စတုတ္ထစျာန် သမာဓိကို ထူထောင်ပါ။ ဤစနစ်မှာ တရားထိုင်တိုင်း လိုက်နာပြုကျင့်ရမည့် စနစ်ဖြစ်ပေသည်။ ယင်း စတုတ္ထစျာန်သမာဓိကြောင့် ဉာဏ်လင်းရောင်ခြည်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ အောက်ပါအတိုင်း ဓာတ်ကြီးလေးပါးကို စတင်သိမ်းဆည်းပါ။</p> <p>၁။ <b>မာ-မှုသဘော</b> ----- သွား-သွားချင်း ထိနေသည့် နေရာ, အရိုး-အရိုးချင်း ထိနေသည့် နေရာ စသည့် ထိုထို <b>မာ-မှုသဘော</b> ထင်ရှားသည့် တစ်နေရာမှစ၍ <b>မာ-မှုသဘော</b>ကို ထိုထို အရိုးကြား, အကြောကြား, အသားကြား, အရေကြားသို့ ဉာဏ်တည်းဟူသော လက်ကို သွင်း၍ ဦးခေါင်းမှသည် ခြေထောက်, ခြေထောက်မှသည် ဦးခေါင်းသို့တိုင်အောင် တိုးလျှိုပေါက် တစ်ကိုယ်လုံး၌ မြင်အောင်ရှုပါ သိမ်းဆည်းပါ။</p> <p>၂။ <b>ကြမ်း-မှုသဘော</b> ----- အလားတူပင် <b>ကြမ်း-မှု</b> ထင်ရှားသည့် တစ်နေရာမှ စ၍ <b>ကြမ်း-မှုသဘော</b>ကို တစ်ကိုယ်လုံး၌ မြင်အောင် ဆက်ရှုပါ။</p> <p>၃။ <b>လေး-မှုသဘော</b> ----- <b>လေး-မှု</b> ထင်ရှားသည့် တစ်နေရာမှစ၍ <b>လေးမှုသဘော</b>ကိုလည်းကောင်း,</p> <p>၄။ <b>ပျော့-မှုသဘော</b> ----- အောက် အတွင်းနှုတ်ခန်းသားနှင့် လျှာတို့ ထိထားသည့် နေရာကဲ့သို့သော <b>ပျော့-မှု</b>ထင်ရှားသည့် တစ်နေရာမှ စ၍ <b>ပျော့-မှုသဘော</b>ကိုလည်းကောင်း,</p> <p>၅။ <b>ချော-မှုသဘော</b> ----- လျှာကို တံထွေးဆွတ်ကာ အောက်အတွင်း နှုတ်ခမ်းသားကို ပွတ်ကြည့်ပါက <b>ချော-မှုသဘော</b>ကို တွေ့နိုင်၏၊ ယင်းသို့ <b>ချော-မှု</b> ထင်ရှားသည့် တစ်နေရာမှစ၍ <b>ချော-မှုသဘော</b>ကိုလည်းကောင်း,</p> <p>၆။ <b>ပေါ့-မှုသဘော</b> ----- ခန္ဓာကိုယ်က လေးလံနေသည့်အခါ လက်ညှိုးတစ်ချောင်းကို အသာ မ-ကြည့်ပါက <b>ပေါ့-မှုသဘော</b> ထင်ရှားနေတတ်၏၊ ယင်းသို့ <b>ပေါ့-မှု</b> ထင်ရှားသည့် နေရာမှစ၍ <b>ပေါ့-မှုသဘော</b>ကိုလည်းကောင်း တစ်ကိုယ်လုံး၌ မြင်အောင် ဆက်ရှုပါ။</p> <p>ဤ-<b>မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့-သဘောတရား</b> (၆)မျိုးကား <b>ပထဝီဓာတ်</b>တည်း။ ကြေညက်အောင် ထပ်ကာထပ်ကာ ရှုပါ။ ကျေနပ်မှုကို ရရှိပါက <b>တေဇောဓာတ်</b> သဘောတရား (၂)မျိုးကို ဆက်ရှုပါ။</p> <p>၁။ <b>ပူ-မှုသဘော</b> ----- ခန္ဓာကိုယ်ဝယ် <b>ပူ-မှု</b> ထင်ရှားသည့် တစ်နေရာမှ စ၍ <b>ပူ-မှုသဘောတရား</b>ကိုလည်းကောင်း,</p> <p>၂။ <b>အေး-မှုသဘော</b> ----- ခန္ဓာကိုယ်ဝယ် <b>အေး-မှု</b> ထင်ရှားသည့် တစ်နေရာမှ စ၍ <b>အေး-မှုသဘောတရား</b>ကိုလည်းကောင်း တစ်ကိုယ်လုံး၌ ဉာဏ်ဖြင့် မြင်အောင် ဆက်ရှုပါ။ အောင်မြင်မှုကို ရရှိပါက <b>ဝါယောဓာတ်</b> သဘောတရား (၂)မျိုးကို ဆက်ရှုပါ။</p> <p>၁။ <b>ထောက်ကန်-မှုသဘော</b> ----- ပြိုတော့မည် အိမ်တစ်အိမ်ကို <b>ကျား</b>-ခေါ်သည့် သစ်သားချောင်း တစ်ချောင်းဖြင့် ထောက်ထားသကဲ့သို့ ခန္ဓာကိုယ်ကြီးကို တည်မြဲတိုင်း ထားမြဲတိုင်းသော ဣရိယာပုထ်အတိုင်း တည်ရှိနေအောင် ထိန်းထားသည့် စွမ်းအင်တစ်မျိုးကို (= ငြိမ်နေအောင် ထိန်းထားသည့် စွမ်းအင်တစ်မျိုးကို) <b>ထောက်ကန်-မှုသဘော</b>ဟု ဆို၏။ ထိုင်လျှင် ထိုင်သည့်အတိုင်း တည်နေအောင် ထိန်းထားသည့် ထောက်ထားသည့် စွမ်းအင်တစ်မျိုးစသည်ဖြင့် သဘောပေါက်ပါ။ <b>မာ-မှု</b> သဘောနှင့် တွဲရှုပါက ပို၍ သဘောပေါက်မြန်တတ်သည်။ ယင်းသို့ <b>ထောက်ကန်မှု</b>ထင်ရှားသည့် တစ်နေရာမှစ၍ တစ်ကိုယ်လုံး၌ <b>ထောက်ကန်မှုသဘော</b>ကို မြင်အောင် ဆက်ရှုပါ။</p> <p>၂။ <b>တွန်းကန်-မှုသဘော</b> ----- အသက်ရှုသွင်းလိုက်သည့်အခါ ဝမ်းဗိုက်ကို ဖောင်းတက်လာအောင် တွန်းကန်နေသည့်သဘော, ရင်အုံတစ်ခုလုံးကို ကားတတ်လာအောင် တွန်းကန်နေသည့်သဘော, အသက်ရှုသွင်းလိုက်, ထုတ်လိုက်သောအခါ ဦးခေါင်းအတွင်း၌ တွန်းကန်နေသည့်သဘော ----- ယင်းသို့ <b>တွန်းကန်မှု</b> ထင်ရှားရာ တစ်နေရာမှ စ၍ တစ်ကိုယ်လုံး၌ <b>တွန်းကန်မှုသဘော</b>ကို မြင်အောင် ဆက်ရှုပါ။ <b>ထောက်ကန်မှုသဘော</b>ကား <b>ဝါယောဓာတ်</b>၏ သဘာဝလက္ခဏာဖြစ်၍ <b>တွန်းကန်မှုသဘော</b>ကား <b>ဝါယောဓာတ်</b>၏ လုပ်ငန်းကိစ္စရသ ဖြစ်ပေသည်။</p> <p>အားလုံးပေါင်းလိုက်သော်-<b>မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့, ပူ-အေး-ထောက်-တွန်း</b>-ဟု သဘောတရား (၁၀)မျိုး ဖြစ်ပေသည်။ ယင်းသဘောတရား (၁၀)မျိုးကို ခေါင်းဆုံး-ခြေဆုံး-ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုနေပါ။ ယင်းသို့ ရှုနေပါက အောက်ပါ <b>အာပေါဓာတ်</b>သဘောတရား (၂)မျိုး ကိုလည်း တဖြည်းဖြည်း ရှု၍ ရတတ်ပါသည်။</p> <p>၁။ <b>ဖွဲ့စည်း-မှုသဘော</b>-ယင်းအထက်ပါ ဓာတ်သဘောတရား (၁၀)မျိုးကို ထပ်ကာထပ်ကာ ရှုနေပါက <b>ဖွဲ့စည်းမှုသဘောတရား</b>လည်း ထင်ရှားလာတတ်ပါသည်။ ခန္ဓာကိုယ်ကို ကြိုးနှင့်စည်းထားသကဲ့သို့ ဖွဲ့စည်းနေသည့် သဘောကို ဉာဏ်ဖြင့် တွေ့မြင်တတ်သည်။ အောင်မြင်မှုကို မရရှိပါက <b>တွန်းကန်မှုသဘော</b>နှင့် <b>မာ-မှုသဘော</b> နှစ်မျိုးတို့ကိုပင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ခြေဆုံး-ခေါင်းဆုံး ရှုနေပါက <b>ဖွဲ့စည်းမှုသဘောတရား</b>ကို ဉာဏ်ဖြင့် တွေ့မြင်တတ်ပေသည်။</p> <p>၂။ <b>ယိုစီး-မှုသဘော</b> ----- သွားရင်း, လျှာစသည့်နေရာတို့၌ တံတွေးများ ယိုစီးနေတတ်၏။ ထိုသို့ <b>ယိုစီးမှု</b>ထင်ရှားသည့် နေရာမှ စ၍ <b>ယိုစီးမှုသဘော</b>ကို စတင် ရှုနုိင်သည်။ (၃၂)ကောဋ္ဌာသတို့ကို ရှုတတ်ပြီးသူ ယောဂါဝစရပုဂ္ဂိုလ် ဖြစ်မူ သွေး-ကောဋ္ဌာသကဲ့သို့ <b>ယိုစီးမှု</b> ထင်ရှားသည့် ကောဋ္ဌာသတစ်ခုမှ စတင်၍ ရှုလျှင်လည်း <b>ယိုစီးမှုသဘော</b>ကို တွေ့ -တတ်ပါသည်။ အထူးသဖြင့် သွေး-ကောဋ္ဌာသကား ခန္ဓာကိုယ်ဝယ် အထက်အောက် စုန်-ဆန် ယိုစီးလျက် ရှိပေသည်။ <b>ယိုစီးမှု</b> <b>အာပေါဓာတ်</b> လွန်ကဲသော ကောဋ္ဌာသတစ်ခု ဖြစ်၏။</p> <p>အကယ်၍ <b>မာမှုသဘော</b>က စ၍ ရှုလာရာ၌ အခက်အခဲ ရှိနေပါက <b>တွန်းကန်မှုသဘော</b>က စ၍လည်း ရှုနိုင်ပါသည်။ <b>တွန်းကန်မှုသဘော</b>ကို တစ်ကိုယ်လုံး၌ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ <b>မာ-မှုသဘော</b>ကစ၍ ဓာတ်သဘောတရား (၁၂)မျိုးလုံးကို ဆက်လက်ပြီး အထက်ပါ အစီအစဉ်အတိုင်း ရှုပါ၊ သိမ်းဆည်းပါ။</p> <p>အောင်မြင်မှုကို ရရှိပါက ဓာတ်သဘောတရား (၁၂)မျိုးကို အောင်အောင်မြင်မြင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်ပြီ ဖြစ်ပေသည်။ ထိုအခါ ယင်းသဘောတရား (၁၂)မျိုးကို ခြေဆုံး ခေါင်းဆုံး ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုနေပါ။ ယင်း သဘောတရား (၁၂)မျိုးးကို ခြေဆုံး ခေါင်းဆုံး ရှုနိုင်ပါက တစ်ခေါက်ဟု မှတ်ပါ။ တစ်မိနစ် အတွင်းဝယ် နှစ်ခေါက် သုံးခေါက်လောက် ရရှိအောင် ကြိုးစားပါ။ ထိုသို့ သွက်သွက်လက်လက် ရှုနိုင်ပါက ဒေသနာတော်စဉ်အတိုင်း -----</p> <p>၁။ <b>မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့</b>,</p> <p>၂။ <b>ယိုစီး-ဖွဲစည်း</b>,</p> <p>၃။ <b>ပူ-အေး</b>,</p> <p>၄။ <b>ထောက်-တွန်း</b> -----</p> <p>ဟူသော သဘောတရားတို့ကို အစဉ်အတိုင်း တစ်ခုပြီးတစ်ခု ရှုနေပါ = သိမ်းဆည်းပါ = ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ သဘောတရားအားလုံးကို ပြိုင်တူလိုလို ဉာဏ်၌ ထင်လာသောအခါ မိမိ၏ ရူပကာယတစ်ခုလုံးကို ခြုံငုံ၍ အပေါ်က စီးကြည့်သည့် ပုံစံဖြင့် ရှုကြည့်ပါ။ ကိုယ်ကို အာရုံမယူဘဲ ကိုယ်၌ တည်ရှိနေသည့် ဓာတ်သဘောတရားများကိုသာ အာရုံယူကာ ရှုနေပါ။ ဓာတ်သဘောတရားတို့ကို ပြိုင်တူလိုလို ဉာဏ်၌ ထင်လာသောအခါ အောက်ပါအတိုင်း လေးချက် ပြောင်းရှုပါ။</p> <p>၁။ <b>မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့</b>-ကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ <b>ပထဝီဓာတ်</b>,</p> <p>၂။ <b>ယိုစီး-ဖွဲ့စည်း</b>-ကို ကြည့်၍ <b>အာပေါဓာတ်</b>,</p> <p>၃။ <b>ပူ-အေး</b>-ကို ကြည့်၍ <b>တေဇောဓာတ်</b>,</p> <p>၄။ <b>ထောက်+တွန်း</b>-ကို ကြည့်၍ <b>ဝါယောဓာတ်</b>-ဟု -----</p> <p>ကာလအရာ ကာလအထောင် ကာလအသိန်းတိုင်အောင် ရှုနေပါ။ ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားပါ၊ သမာဓိကို ထူထောင်ပါ။</p> <p>ဤအရာတွင် <b>ပရမတ္ထမဉ္ဇူသာ</b> အမည်ရှိသော <b>ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ</b> (မဟာဋီ၊၁၊၄၃၄...)က <b>မနသိကာရကောသလ္လတရား</b> (၁၀)ပါးကို ဖွင့်ဆိုထားပေသည်။ ယင်း (၁၀)ပါးတို့ကို အကျဉ်းချုပ်ကာ တင်ပြပေအံ့။ -----</p> <h3>၁။ အနုပုဗ္ဗတော = အစဉ်အတိုင်း ရှုပါ</h3> <p>အထက်ပါအတိုင်း ဓာတ်ကြီးလေးပါးကို နှလုံးသွင်း ရှုပွားရာ၌ ဘုရားရှင် ဟောကြားပြသဆိုဆုံးမထားတော်မူအပ်သော <b>ဒေသနာတော်စဉ်</b>အတိုင်း ဆရာသမားထံမှ သင်ယူအပ်ခဲ့သည့် အစဉ်အတိုင်း <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b>ဟု ဓာတ်သဘောတရားများကို အာရုံယူ၍ အစဉ်အတိုင်းသာ နှလုံးသွင်း ရှုပွားပါ။ <b>အာပေါဓာတ် ဝါယောဓာတ် ပထဝီဓာတ် တေဇောဓာတ်</b> ----- ဤသို့ စသည်ဖြင့် ဟိုကျော် ဒီကျော်လျက် အစီအစဉ်မကျ နှလုံးမသွင်းပါနှင့်ဟု ဆိုလိုသည်။ (မဟာဋီ၊၁၊၄၃၄။)</p> <h3>၂။ နာတိသီဃတော = မမြန်လွန်းစေရ</h3> <p>ဓာတ်ကြီးလေးပါးတို့၏ သဘောတရားများကို ဤကဲ့သို့ အစီအစဉ်အတိုင်း နှလုံးသွင်းရာ၌လည်း အလွန် လျင်လျင်မြန်မြန်ကြီး ဓာတ်တစ်ပါးပြီးနောက် ဓာတ်တစ်ပါးကို နှလုံးမသွင်းပါနှင့်။ အပြစ်ကား ----- အလွန် လျင်လျင်မြန်မြန် ဓာတ်ကို နှလုံးသွင်းသော ယောဂါဝစရပုဂ္ဂိုလ်အား အဆင့်ဆင့်, ဆင့်ကာဆင့်ကာ ဓာတ်တစ်ပါးပြီး ဓာတ်တစ်ပါးဟူသော ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်းသည် အကယ်၍ကား အဆက်မပြတ် ဖြစ်နေသည် မှန်၏။ သို့သော် ဓာတ်ကြီးလေးပါးတို့၏ <b>လက္ခဏ</b> သို့မဟုတ် <b>ရသ</b>ဟူသော ကမ္မဋ္ဌာန်းကား မြန်လွန်းသည့်အတွက် မထင်ရှား ဖြစ်လာတတ်၏။ ရုပ်တရားကို ပိုင်းပိုင်းခြားခြား သိတတ်သော <b>ရူပပရိစ္ဆေဒဉာဏ်</b>စသော အထက်အထက်သော <b>ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်</b>ဟူသော တရားထူး တရားမြတ်ကို ရွက်ဆောင်မပေးနိုင်တော့ပေ။ ထိုကြောင့် ဓာတ်တစ်ပါးပြီးနောက် ဓာတ်တစ်ပါး၏ သဘာဝသတ္တိကို ဉာဏ်ဖြင့် အာရုံယူ၍ နှလုံးသွင်းရာ၌ အလွန်လျင်လျင်မြန်မြန် နှလုံးမသွင်းပါနှင့်။ (မဟာဋီ၊၁၊၄၃၄။)</p> <h3>၃။ နာတိသဏိကတော = မနှေးလွန်းစေရ</h3> <p>ဓာတ်ကြီးလေးပါးကို အလွန် လျင်လျင်မြန်မြန်ကြီး နှလုံးမသွင်းသင့်သကဲ့သို့ အလွန် နှေးနှေးကွေးကွေးအားဖြင့်လည်း နှလုံးမသွင်းသင့်ပေ။ အပြစ်ကား အလွန်နှေးနှေးကွေးကွေးအားဖြင့် ဓာတ်ကြီးလေးပါးကို တစ်ပါးပြီးတစ်ပါး အစဉ်အတိုင်း နှလုံးသွင်းခဲ့သော် ဓာတ်ကမ္မဋ္ဌာန်းသည် <b>ပရိယောသာန</b>ခေါ်သည့် အဆုံးအပိုင်းအခြားသို့ = (သဒိသူပစာရအားဖြင့် <b>ဥပစာရသမာဓိ</b>ဟု တင်စား၍ ခေါ်ဆိုထားအပ်သော) <b>ဥပစာရသမာဓိ</b>အဆင့်သို့ ရောက်ရှိနိုင်တော့မည် မဟုတ်ပေ။ ရုပ်တရားကို ပိုင်းခြားသိတတ်သော <b>ရူပပရိစ္ဆေဒဉာဏ်</b>စသော အထက်အထက်သော <b>ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်</b>ဟူသော တရားထူးတရားမြတ်ကို ရခြင်း၏ အကြောင်းအထောက်ပံ့သည်ကား မဖြစ်နိုင်တော့ပေ။ အလွန်လျင်မြန်စွာလည်းကောင်း, အလွန်နှေးကွေးစွာလည်းကောင်း လမ်းခရီးကို သွားကြကုန်သော ယောကျ်ားတို့ကို ဤအရာ၌ ဥပမာအဖြစ် ထုတ်ဆောင်ပြထိုက်ပေသည်။ (မဟာဋီ၊၁၊၄၃၄။)</p> <h3>၄။ ဝိက္ခေပပဋိဗာဟနတော = ဓာတ်လေးပါး၏ ပြင်ဘက်အာရုံကို မရှုရ</h3> <p><b>ဝိက္ခေပပဋိဗာဟနတောတိ ကမ္မဋ္ဌာနံ ဝိဿဇ္ဇေတွာ ဗဟိဒ္ဓါ ပုထုတ္တာရမ္မဏေ စေတသော ဝိက္ခေပေါ ပဋိဗာဟိတဗ္ဗော။ ဗဟိဒ္ဓါ ဝိက္ခေပေ ဟိ သတိ ကမ္မဋ္ဌာနာ ပရိဟာယတိ ပရိဓံသတိ။ ဧကပဒိကမဂ္ဂဂါမီ ပုရိသော စေတ္ထ နိဒေဿတဗ္ဗော။</b> (မဟာဋီ၊၁၊၄၃၄။)</p> <p>ယောဂါဝစရပုဂ္ဂိုလ်ကိုယ်တိုင် ယခု ပွားများ အားထုတ်နေသော ကမ္မဋ္ဌာန်းမှာ ဓာတ်ကြီးလေးပါးတို့ကို အာရုံယူကာ သမာဓိကို ထူထောင်နေသည့် <b>ဓာတ်ကမ္မဋ္ဌာန်း</b>ဖြစ်သည်။ ယင်းကဲ့သို့ ဓာတ်ကြီးလေးပါးတို့၏ <b>ပရမတ္ထဓမ္မသဘာဝသတ္တိ</b>ကို ဉာဏ်စက္ခုဖြင့် အာရုံယူ၍ <b>ဥပစာရသမာဓိ</b> နယ်မြေသို့ ဆိုက်ရောက်ရေးအတွက် <b>ဓာတ်ကမ္မဋ္ဌာန်း</b>ကို နှလုံးသွင်း ရှုပွားနေရာဝယ် <b>ဥပစာရသမာဓိ</b>နယ်မြေသို့ မဆိုက်မီ အချိန်အတွင်းဝယ် ထိုဓာတ်ကြီးလေးပါးတို့၏ <b>ပရမတ္ထဓမ္မသဘာဝသတ္တိ</b>တည်းဟူသော အာရုံကို နှလုံးသွင်းမှု ကမ္မဋ္ဌာန်းလုပ်ငန်းကို စွန့်လွှတ်၍ ဓာတ်ကြီးလေးပါးတို့၏ <b>ပရမတ္ထဓမ္မ သဘာဝသတ္တိ</b>မှ အပဖြစ်သော <b>ပညတ်အာရုံ ပရမတ်အာရုံ</b> အမျိုးမျိုး၌ ဘာဝနာစိတ်ကို ပစ်လွှင့်မှုကို တားမြစ်ရမည်။ တစ်နည်းဆိုရသော် ----- ဓာတ်ကြီးလေးပါးတို့၏ <b>ပရမတ္ထဓမ္မသဘာဝသတ္တိ</b>ဟူသော အာရုံမှ တစ်ပါးသော အခြားခြားသော <b>ပညတ်အာရုံ ပရမတ်အာရုံ</b> အမျိုးမျိုးတို့ကို လှမ်း၍ ရှုပွားမှုကို တားမြစ်ရမည်။</p> <p>အဘယ်ကြောင့်နည်းဟူမူ ----- ဓာတ်ကြီးလေးပါးတို့၏ <b>ပရမတ္ထဓမ္မသဘာဝသတ္တိ အာရုံ</b>မှ အခြားတစ်ပါးသော <b>ပညတ်အာရုံ ပရမတ်အာရုံ</b>တို့ အပေါ်သို့ ဘာဝနာစိတ်ကို ပစ်လွှင့်ချထားခဲ့သော် သို့မဟုတ် ရှုပွားနေခဲ့သော် <b>ဓာတ်ကမ္မဋ္ဌာန်း</b>မှ ဆုတ်ယုတ်သွားတတ်၏၊ လျှောကျသွားတတ်၏။ ဤအရာ၌ ခြေတစ်ဖဝါးစာမျှသာရှိသော လမ်းကို သွားနေသော ယောကျ်ားကို ပုံတူဥပမာဆောင်၍ ပြထိုက်၏။ (မဟာဋီ၊၁၊၄၃၄။)</p> <p>ဤအထက်ပါ စည်းကမ်းသတ်မှတ်ချက်ကို အထူး ဂရုပြု၍ မှတ်သားပါ။ အဘယ်ကြောင့် ဓာတ်ကြီးလေးပါးမှ ပြင်ဘက်ဖြစ်သော <b>ပညတ်အာရုံ ပရမတ်အာရုံ</b> အမျိုးမျိုးကို မရှုရသနည်းဟူသော မေးခွန်းကိုလည်း ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ်တတ်၏ လျှောကျတတ်၏ဟု အကြောင်းပြထား၏၊ ဖြေဆိုထား၏။</p> <p>အဘယ်ကြောင့် ဆုတ်ယုတ်ရသနည်း လျှောကျရသနည်း? ----- ယခုကဲ့သို့ ရုပ်ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးမီ ရုပ်ပရမတ်တရားများကို ဉာဏ်ဖြင့် ထွင်းဖောက် သိမြင်းရေးဟူသော ဦးတည်ချက်ဖြင့် ဓာတ်ကြီးလေးပါးတို့ကို အာရုံယူ၍ သမာဓိကို ထူထောင်နေခိုက်ဝယ် ဓာတ်ကြီးလေးပါးတို့၏ <b>ပရမတ္ထဓမ္မ သဘာဝသတ္တိ</b>ကို ဉာဏ်ဖြင့် ရှုပါမှ နှလုံးသွင်းပါမှ <b>ဓာတုမနသိကာရ</b>ဟု ခေါ်ဆိုနိုင်သည်။ ဓာတ်ကြီးလေးပါးတို့မှ ပြင်ပဖြစ်သော <b>ပညတ်အာရုံ ပရမတ်အာရုံ</b> အမျိုးမျိုးတို့ကို လိုက်၍ ရှုနေပါက ဤသမာဓိပိုင်းတွင် <b>ဓာတုမနသိကာရ</b> (= ဓာတ်ကို နှလုံးသွင်းမှု)ဟု မခေါ်ဆိုနိုင်တော့ပေ။ ထိုသို့ ဓာတ်ကြီးလေးပါးမှ ပြင်ပဖြစ်သော <b>ပညတ်အာရုံ ပရမတ်အာရုံ</b>များကို လိုက်ရှုနေပါက, ဓာတ်ကြီးလေးပါးတို့၏ <b>ပရမတ္ထဓမ္မ သဘာဝသတ္တိ</b>ကို အာရုံယူကာ နှလုံးသွင်း ရှုပွားပါမှ ဖြစ်ပေါ်လာနိုင်ခွင့်ရှိသော <b>ဓာတ်ကမ္မဋ္ဌာန်း</b>လမ်းစဉ်မှ <b>ဥပစာရသမာဓိ</b>သည်လည်း ဖြစ်နိုင်ခွင့် မရှိတော့ပေ။</p> <p>ထိုသို့ <b>ဥပစာရသမာဓိ</b>မျှ မဖြစ်ခဲ့သော် ရုပ်ကလာပ်များကို နှလုံးသွင်းနိုင်ခြင်း ဉာဏ်ဖြင့် ထွင်းဖောက်သိမြင်နိုင်ခြင်း, ရုပ်ကလာပ်များကို ဓာတ်ခွဲ၍ <b>ဃန</b>ခေါ်သည့် ရုပ်တုံးရုပ်ခဲ အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ပါဝင်တည်ရှိကြသော <b>ပရမတ္ထဓာတ်သား ရုပ်တရားအစစ်</b>တို့ကို ထိုးထွင်း ဩိမင်နိုင်ရေးမှာ အလွန် အလှမ်းကွာဝေး လျက်ပင် ရှိနေဦးမည် ဖြစ်ပေသည်။ <b>ပရမတ်</b>သို့ ဉာဏ်အမြင် မဆိုက်ရောက်သေးပါက <b>လက္ခဏာရေးသုံးတန် ဉာဏ်အမြင်</b> သန့်ရှင်းရေမှာလည်း, အထူးသဖြင့် <b>အနတ္တရောင်ခြည်တော်ကြီး</b> တင့်တယ်စမ္ပယ်စွာ ထွန်းလင်းတောက်ပလာရေးမှာလည်း မမျှော်မှန်းသင့်သော အရာသာ ဖြစ်ပေသည်။ <b>အနတ္တသဘော သုညတသဘော</b>သို့ ဉာဏ်အမြင် မဆိုက်ပါက <b>မဂ်ဉာဏ် ဖိုလ်ဉာဏ်</b>ဟူသည့် တရားထူးတရားမြတ်ကို ရရှိရေးမှာ မိုးနှင့် မြေကြီးပမာ အလွန် အလှမ်းကွာလျက်သာ ရှိနေဦးမည် ဖြစ်ပေသည်။ ဤကား <b>ဓာတ်ကမ္မဋ္ဌာန်း</b>ကို အားထုတ်နေပါလျက် <b>ဥပစာရသမာဓိ</b>နယ်မြေသို့ မဆိုက်ရောက်မီ အတွင်းဝယ် ဓာတ်ကြီးလေးပါးတို့၏ <b>ပရမတ္ထဓမ္မသဘာဝသတ္တိ</b>ကို နှလုံးသွင်းရာမှ ပြင်ပဖြစ်သော <b>ပညတ်အာရုံ ပရမတ်အာရုံ</b> အမျိုးမျိုးတို့ကို ပြောင်း၍ နှလုံးသွင်း ရှုပွားမိသဖြင့် ကမ္မဋ္ဌာန်းဆုတ်ယုတ်ပုံ လျှောကျပုံတည်း။</p> <h3>အယူအဆ မမှားစေလိုပါ</h3> <p><b>ဓာတ်ကမ္မဋ္ဌာန်း</b>ကို ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်သည် အခြားအခြားသော <b>ရုပ်တရား နာမ်တရား</b>များကို လုံးဝ မရှုပွားရ နှလုံးမသွင်းရဟု ဤသို့ကား အယူအဆ မမှားစေလိုပါ။ ရုပ်ကလာပ်များကို ဉာဏ်ဖြင့် တွေ့မြင်၍ ရုပ်ကလာပ်တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ထွင်းဖောက် သိမြင်လျှင်ကား <b>ဓာတ်ကမ္မဋ္ဌာန်း</b>လမ်းမှ <b>ဥပစာရသမာဓိ</b>နယ်မြေသို့ ဆိုက်ရောက်ပြီ ဖြစ်၏။ ထိုကဲ့သို့သော <b>ဥပစာရသမာဓိ</b>သို့ မဆိုက်မီအတွင်းမှာ ဓာတ်ကြီးလေးပါးတို့ကို အာရုံယူ၍ သမာဓိကို ထူထောင်နေခိုက်၌ ဓာတ်ကြီးလေးပါးမှ ပြင်ပဖြစ်သော အခြားခြားသော <b>ရုပ်တရား နာမ်တရား ပညတ်တရား</b>တို့ကို ပြောင်း၍ မရှုရန်သာ ညွှန်ကြားနေခြင်း ဖြစ်သည်။ <b>ဥပစာရသမာဓိ</b>သို့ ဆိုက်ရောက်ပြီးသော အခါ၌ကား ကြွင်းကျန်သော ရုပ်တရားများကိုလည်းကောင်း, နာမ်တရား များကိုလည်းကောင်း, အကြောင်းတရားများကိုလည်းကောင်း သိမ်းဆည်းလျက် ဝိပဿနာသို့ ကူးနိုင်းသည်သာ ဖြစ်ပါသည်။</p> <h3>သတိကြီးစွာဖြင့် သွားရမည်</h3> <p>အသူတစ်ရာ နက်သော ချောက်ကမ်းပါးကို ဖြတ်ကျော်၍ ခြေတစ်ဖဝါးစာမျှသာရှိသော တံတားလမ်းတစ်ခုကို ခင်းထားရာ ထိုလမ်းကိုလျှောက်သွားသော ယောကျ်ားသည် နင်းသွားသော ခြေရာကို ကောင်းစွာ မမှတ်သားဘဲ ဟိုဟို ဒီဒီ ထို ဤ တောင် မြောက် ကြည့်ရှု၍ လမ်းလျှောက်နေခဲ့သော် ခြေလှမ်းအကြိမ်သည် ချွတ်ချော်တိမ်းပါးသွားနိုင်၏၊ ခြေချော်သွားနိုင်၏။ ထိုအခါ အသူတစ်ရာ နက်သော ချောက်ကမ်းပါးပြတ်ထဲသို့ ကျရောက်သွားနိုင်ပေသည်။ ဤအတူသာလျှင် <b>ဗဟိဒ္ဓအာရုံ</b> အမျိုးမျိုး၌ စိတ်ပျံ့လွင့်နေခဲ့သော် = ဓာတ်ကြီးလေးပါးတို့၏ <b>သဘာဝလက္ခဏာအာရုံ</b>မှ အပြင်အပဖြစ်သော <b>ပညတ်အာရုံ ပရမတ်အာရုံ</b> အမျိုးမျိုးပေါ်သို့ စိတ်ကို လွှင့်ပစ်ချထားခဲ့သော် ကမ္မဋ္ဌာန်းသည် ဆုတ်ယုတ်ပျက်စီးသွားနိုင်ပေသည်။</p> <h3>၅။ ပဏ္ဏတ္တိသမတိက္ကမနတော = ပညတ်ကို ကျော်အောင် ကျင့်ပါ</h3> <p><b>ဓာတ်ကမ္မဋ္ဌာန်း</b>ကို နှလုံးသွင်းရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်သည် <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b>ဟူသော အမည်နာမ <b>ပညတ်</b>တို့ကို ကျော်လွန်၍ <b>ပရမတ္ထဓမ္မသဘာဝသတ္တိ</b>တည်းဟူသော <b>သဘာဝလက္ခဏာအာရုံ</b>၌သာလျှင် ဘာဝနာစိတ်ကို ကပ်ထားကာ ရှုပွားသုံးသပ်ရမည် ဖြစ်ပေသည်။</p> <p>၁။ <b>ပထဝီဓာတ်</b>၏ ----- <b>မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့-သဘောတရား</b>တို့ကို ဉာဏ်နှင့် မြင်ပါမှ <b>ပထဝီဓာတ်</b>ဟု ရှုပါ။</p> <p>၂။ <b>အာပေါဓာတ်</b>၏ <b>ယိုစီး-ဖွဲ့စည်း</b> သဘောကို ဉာဏ်နှင့် မြင်ပါမှ <b>အာပေါဓာတ်</b>ဟု ရှုပါ။</p> <p>၃။ <b>တေဇောဓာတ်</b>၏ <b>ပူမှု-အေးမှု</b> သဘောကို ဉာဏ်နှင့် မြင်ပါမှ <b>တေဇောဓာတ်</b>ဟု ရှုပါ။</p> <p>၄။ <b>ဝါယောဓာတ်</b>၏ <b>ထောက်ကန်မှု-တွန်းကန်မှု</b> သဘောကို ဉာဏ်နှင့် မြင်ပါမှ <b>ဝါယောဓာတ်</b>ဟု ရှုပါ။</p> <p>ယင်းသဘောတရားများကို ဉာဏ်နှင့် မတွေ့မမြင်ဘဲ <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b> ဟု ရှုနေပါက အမည်နာမ<b>ပညတ်</b>ပေါ်၌သာ သောင်တင်နေမည် ဖြစ်ပေသည်။ ဆို ကမ္မဋ္ဌာန်း အဆင့်မှာသာ ရှိနေသေးသည်။ ဆို ကမ္မဋ္ဌာန်း မဖြစ်အောင် ကြိုးစားပါ။</p> <p>ဤသို့လျှင် ဓာတ်ကြီးလေးပါးတို့၏ <b>သဘာဝလက္ခဏာ</b>ဟူသော <b>ပရမတ္ထဓမ္မသဘာဝ အာရုံ</b>၌သာလျှင် ဘာဝနာစိတ်ကို ထား၍ <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b> ဟု ကြိမ်ဖန်များစွာ ရှုနိုင်ခဲ့သော် <b>ပထဝီဓာတ်</b>စသော အမည်နာမ <b>ပညတ်</b>ကို ကျော်လွန်၍ <b>ပရမတ္ထဓမ္မသဘာဝအာရုံ</b>၌သာလျှင် ဘာဝနာစိတ်ကို ကောင်းစွာ ထားနိုင်သည် မည်ပေသည်။</p> <p>ဤသို့လျှင် <b>ပထဝီ</b>စသော အမည်နာမ <b>ပညတ်</b>ကို ပယ်စွန့်၍ <b>မာ-မှု</b> စသော <b>ပရမတ္ထဓမ္မသဘာဝအာရုံ</b>၌သာလျှင် နှလုံးသွင်းမှု <b>မနသိကာရ</b>လုပ်ငန်းရပ်ကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ ဉာဏ်၌ ဓာတ်ကြီးလေးပါးတို့၏ <b>ပရမတ္ထဓမ္မသဘာဝလက္ခဏာ</b>တို့သည် ကောင်းစွာ ထင်ရှား ပေါ်လွင်ကုန်သည်ဖြစ်၍ ထင်လာကုန်၏။ ဤသို့ အဖန်ဖန် အထပ်ထပ် နှလုံးသွင်းခြင်း၏ အစွမ်းဖြင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ စိတ်သည် <b>အာသေဝနပစ္စည်းအထုံ</b>ကို ရရှိလာနိုင်၏ ==== ရှေးရှေး ဘာဝနာစိတ်၏ အရှိန်အဝါသည် နောက်နောက် ဘာဝနာစိတ်အား စွမ်းအင်ရှိန်စော် အာနုဘော်ကြီးမားအောင် ကျေးဇူးပြုပေးနိုင်၏။ အလုံးစုံသော <b>ရူပကာယ</b>တစ်ခုလုံးသည် ဓာတ်သဘောမျှအားဖြင့် ထင်လာ၏။</p> <p>၁။ <b>သုည</b> = ပုဂ္ဂိုလ်သတ္တဝါမှ ဆိတ်၏ဟု</p> <p>၂။ <b>နိဿတ္တ</b> = သတ္တဝါ မဟုတ်ဟု</p> <p>၃။ <b>နိဇ္ဇီဝ</b> = ဇီဝအတ္တ မဟုတ်ဟု ထင်လာ၏။</p> <p>ယန္တရားစက်ကြိုးဖြင့် အဆင့်ဆင့် ပြန်လှန်လှုပ်ရှား သွားလာနေသော ယန္တရာစက်ကဲ့သို့ အဆင့်ဆင့် တပြောင်းပြောင်း တပြန်ပြန် ပြန်လှန်လှုပ်ရှား သွားလာနေသော ရုပ်တရားအပေါင်း၏ ဓာတ်သဘောမျှဟု ထင်လာ၏။ (မဟာဋီ၊၁၊၄၃၄။)</p> <p>အကယ်၍ကား အပြင် <b>ဗဟိဒ္ဓလောက</b>၌လည်း ဓာတ်ကြီးလေးပါးတို့၏ <b>သဘာဝလက္ခဏာ</b>ကို နှလုံးသွင်းမှုကို ဉာဏ်ဖြင့် ကပ်၍ ဆောင်သည် ဖြစ်အံ့၊ ထိုသို့ ဉာဏ်ဖြင့် ကပ်၍ ဆောင်သည်ရှိသော် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ လှည့်လည်ကျက်စား သွားလားနေထိုင်ကြကုန်သော လူ တိရစ္ဆာန်စသော သတ္တဝါတို့သည် သတ္တဝါဟူသော အခြင်းအရာကို ပယ်စွန့်၍ ဓာတ်ကြီးလေးပါးတို့၏ အပေါင်းအစု၏ အစွမ်းဖြင့်သာလျှင် ထင်လာကုန်၏။ ထို လူ တိရစ္ဆာန်စသော သတ္တဝါတို့သည် ပြုလုပ်နေကြသော အပြုအမူအရာဟူသမျှတို့သည် ဓာတ်ကြီးလေးပါးဖြင့်ပြီးသော ယန္တရားစက်ဖြင့် ဖြစ်စေအပ်သော အပြုအမူအရာတို့သည်သာ ဖြစ်ကုန်၍ ထင်လာ၏။ ထိုလူ တိရစ္ဆာန်စသည် တို့သည် စားမျိုအပ်သော သောက်ဖွယ်အဖျော် စားဘွယ်ဘောဇဉ်စသည်သည် ဓာတ်ကြီးလေးပါး အပေါင်းအစု၌ ထည့်သွင်းထားအပ်သော ဓာတ်ကြီး လေးပါး အပေါင်းအစုကဲ့သို့ ထင်လာပေသည်။ (မဟာဋီ၊၁၊၄၃၄-၄၃၅။)</p> <h3>၆။ အနုပဋ္ဌာနမုဉ္ဇနတော = မထင်ရှားသော ဓာတ်အချို့ကို လွှတ်ထားနိုင်သည်</h3> <p>၁။ <b>ပထဝီဓာတ်</b>၏ ----- <b>မာ-ကြမ်း-လေး-ပျော-ချော-ပေါ့-သဘော</b>,</p> <p>၂။ <b>အာပေါဓာတ်</b>၏ ----- <b>ယိုစီး-ဖွဲစည်းသဘော</b>,</p> <p>၃။ <b>တေဇောဓာတ်</b>၏ ----- <b>ပူ-အေး-သဘော</b>,</p> <p>၄။ <b>ဝါယောဓာတ်</b>၏ ----- <b>ထောက်ကန်-တွန်းကန်သဘော</b> -----</p> <p>ဤသို့လျှင် ဓာတ်သဘောတရား (၁၂)မျိုး ရှိရာ ယခုကဲ့သို့ သမာဓိကို ထူထောင်နေခိုက်ဝယ် သမာဓိလည်း အတော်အသင့် ဖြစ်လာသောအခါ ရံခါ အချို့သော သဘောတရားများသည် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ မထင်မရှား ဖြစ်လာတတ်ကြသဖြင့် ငြိမ်သက်မှု သမာဓိကို ရရှိအောင် ဦးစားပေး၍ သမာဓိကို ထူထောင်နေခိုက် ဖြစ်ရကား မထင်ရှားသော ဓာတ်သဘောတရားများကို လိုက်၍ တစ်ဖန် ရှာဖွေနေရပါက သမာဓိပျက်ပြားသွားတတ်သဖြင့် မထင်မရှားသော ဓာတ်သဘောတရားများကို လွှတ်၍ ထင်ရှားသော ဓာတ်သဘောတရားများ၌သာ အာရုံစိုက်ကာ <b>ဓာတ်ကမ္မဋ္ဌာန်း</b>ကို နှလုံးသွင်းရမည် ဖြစ်သည်။ <b>ပထဝီဓာတ်</b>၌ ထင်ရှားရာ ဓာတ်သဘောတရား တစ်မျိုးမျိုး, <b>အာပေါဓာတ်</b>၌ ထင်ရှားရာ ဓာတ်သဘောတရား တစ်မျိုးမျိုး, <b>တေဇောဓာတ်</b>၌ ထင်ရှားရာ ဓာတ်သဘောတရား တစ်မျိုးမျိုး, <b>ဝါယောဓာတ်</b>၌ ထင်ရှားရာ ဓာတ်သဘောတရား တစ်မျိုးမျိုးကို အာရုံယူ၍ <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b>ဟု ကြိမ်ဖန်များစွာ နှလုံးသွင်းနေပါ။ ဓာတ်ကြီးလေးပါးတို့တွင် ဓာတ်တစ်မျိုးတစ်မျိုး၌ အနည်းဆုံး သဘောတရားတစ်မျိုးကား ထင်ရှားရမည်သာ ဖြစ်သည်။ ထို ဓာတ်သဘောတရားမှာ လည်း အောက်တွင် အမှတ်(၇)အဖြစ် ဖော်ပြလတ္တံ့သော <b>လက္ခဏတော</b> ဟူသော အင်္ဂါရပ်နှင့် အညီ <b>သဘာဝလက္ခဏာ</b>သာ ဖြစ်သင့်ပေသည်။ သို့မှသာလျှင် <b>ဓာတုမနသိကာရပဗ္ဗ</b>၌ ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b>ဟု ကြိမ်ဖန်များစွာ ရှုနိုင်မည်ဖြစ်သည်။ ဤသည်မှာလည်း ဓာတ်ကြီးလေးပါးအာရုံ၌ သမာဓိ ငြိမ်သက်နေခိုက်ကိုသာ အထူသဖြင့် ရည်ရွယ်၍ သတ်မှတ်လိုက်သော စည်းကမ်းတစ်ခုဟု မှတ်ပါ။ သို့သော် အားလုံးသော ဓာတ်သဘောတရားများသည် ထင်ရှားနေကြလျှင်ကား ပို၍ ကောင်းသည်သာ ဖြစ်ပါသည်။</p> <h3>၇။ လက္ခဏတော = သဘာဝလက္ခကိုသာ ဦးစားပေးရှုပါ</h3> <p>၁။ <b>ပထဝီဓာတ်</b>၏ <b>ကက္ခဠတ္တလက္ခဏာ</b> = <b>မာ-မှု</b> သဘောလက္ခဏာ,</p> <p>၂။ <b>အာပေါဓာတ်</b>၏ <b>ပဂ္ဃရဏလက္ခဏာ</b> = <b>ယိုစီး-မှု</b> သဘောလက္ခဏာ,</p> <p>၃။ <b>တေဇောဓာတ်</b>၏ <b>ဥဏှတ္တလက္ခဏာ</b> = <b>ပူ-မှု</b> သဘောလက္ခဏာ,</p> <p>၄။ <b>ဝါယောဓာတ်</b>၏ <b>ဝိတ္ထမ္ဘနလက္ခဏာ</b> = <b>ထောက်ကန်-မှု</b> သဘောလက္ခ ဏာ -----</p> <p>ဤသဘောလက္ခဏာအာရုံပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားလျက် ယင်း<b>သဘာဝလက္ခဏာ</b>ကိုပင် စိုက်စိုက်စူးစူး အထူးမြဲမြံစွာ ရှုပွားပါ။</p> <p>ဤ ညွှန်ကြားချက်ကား အထက်တွင် တင်ပြထားသော သဘောတရား (၁၂)မျိုးတို့ကို အာရုံပြု၍ <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b>ဟု ကြိမ်ဖန်များစွာ ရှုပွား၍နေပါသော်လည်း, စိတ်ငြိမ်ဝပ်မှု သမာဓိလည်း ရှိတန်သလောက် ရှိငြားသော်လည်း <b>ဥပစာရသမာဓိ</b>နယ်မြေသို့ မရောက်နိုင် ဖြစ်နေသော် <b>မာမှု, ယိုစီးမှု, ပူမှု, ထောက်ကန်မှု</b> ဟူသော <b>သဘာဝလက္ခဏာ</b> သက်သက်မျှကိုသာ အာရုံပြု၍ ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b>ဟု ကာလအရာ ကာလအထောင် ကာလအသိန်းတိုင်အောင် ရှုပွားနေရန် ညွှန်ကြားချက်ဖြစ်ပေသည်။ ထိုသို့ <b>မာ-ယို-ပူ-ထောက်</b>-ဟူသော <b>သဘာဝလက္ခဏာ</b>ကိုသာ ဦးစားပေး၍ ရှုနေပါက ယင်း<b>သဘာဝလက္ခဏာအာရုံ</b>၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေတတ်ပေသည်။ နာရီဝက် မိနစ်လေးဆယ် စသည်ဖြင့် ဓာတ်လေးပါးအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်လာသော် ----- မည်သို့ မည်ပုံ ရှုပါက စိတ်တည်ကြည်မှု သမာဓိသည် ဖြစ်ပေါ်လာတတ်သည် -----ဟူသော သမာဓိဖြစ်ကြောင်း ရှုပုံ အခြင်းအရာ = သမာဓိဖြစ်ကြောင်း နိမိတ်ကို မှတ်သား၍ ထိုနည်းအတိုင်း ဆက်လက်၍ ရှုပွားပါ။</p> <p>ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်သည် တစ်နာရီ ငြိမ်ဝပ်စွာ ကပ်၍ တည်နေပါစေ ။ ပ ။ နှစ်နာရီ ငြိမ်ဝပ်စွာ ကပ်၍ တည်နေပါစေ -----</p> <p>ဤသို့ စသည်ဖြင့် အချိန်ကို ပိုင်းခြားကန့်သတ်၍ အဓိဋ္ဌာန်ပြုကာ ထိုင်ကြည့်ပါ။ အောင်မြင်မှုကို ရရှိလာတတ်ပါသည်။ ယေဘုယျအားဖြင့် ယောဂီအများစုတို့၌ တစ်နာရီလောက် (၁၀)ကြိမ်လောက် ဆက်တိုက် ဓာတ်လေးပါးအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်လာသော် <b>ဥပစာရသမာဓိ</b>နယ်မြေသို့ ဆိုက်ရောက်သွားတတ်ပါသည်။</p> <p>ထိုသို့ ကြိုးစားအားထုတ်ပါလျက် ထိုယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏--- အဖန်ဖန်အထပ်ထပ် မှီဝဲခြင်းတည်ဟူသော = <b>အာသေဝနပစ္စည်း</b> အကြောင်းအထောက်အပံ့ကို ရရှိ၍နေသော ဘာဝနာစိတ်သည် -----</p> <p>၁။ အလွန်ကြိုးစားအားထုတ်အပ်သော လုံ့လ<b>ဝီရိယ</b> ရှိသည်၏အဖြစ်ကြောင့် ဝီရိယလွန်၍ <b>ဥဒ္ဓစ္စ</b>ဖြစ်ကာ စိတ် ပျံ့လွင့်နေသဖြင့်လည်းကောင်း,</p> <p>၂။ အလွန် တွန့်ဆုတ်သော ဝီရိယရှိသည်၏အဖြစ်ကြောင့် ဝီရိယလျော့၍ ပျင်းရိခြင်း (= <b>ကောသဇ္ဇ</b>) ဖြစ်ကာ စိတ်ဓာတ်သည် ဘာဝနာအာရုံမှ တွန့်ဆုတ်နေသဖြင့်လည်းကောင်း -----</p> <p><b>ဥပစာရသမာဓိ</b>ဟူသော ဘာဝနာလမ်းကြောင်းပေါ်သို့ အကယ်၍ မသက်ရောက်သည်ဖြစ်အံ့ -----</p> <p>၈။ အဓိစိတ္တသုတ္တန်</p> <p>၉။ အနုတ္တရသီတိဘာဝသုတ္တန်</p> <p>၁၀။ ဗောဇ္ဈင်င်္ဂသုတ္တန်</p> <p>ဤသုတ္တန်သုံးမျိုး၌ လာရှိသော နည်းလမ်းဖြင့် <b>ဝီရိယ</b>နှင့် <b>သမာဓိ</b>ကို ညီမျှမှု ရှိအောင် ယှဉ်စေမှုကို ပြုထိုက်ပေ၏။ (မဟာဋီ၊၁၊၄၃၅။)</p> <h3>၈။ အဓိစိတ္တသုတ္တန်</h3> <p>ဤသုတ္တန်ကား <b>အင်္ဂုတ္တရနိကာယ ပထမတွဲ တိကနိပါတ် လောဏကပလ္လဝဂ်</b>၌ <b>နိမိတ္တသုတ္တန်</b>ဟူသော အမည်ဖြင့် လာရှိပေသည်။ ထိုသုတ္တန်မြန်မာပြန်ကို ဤတွင် ဖော်ပြအပ်ပါသည်။</p> <p>ရဟန်းတို့ ... လွန်မြတ်သော <b>သမထဘာဝနာစိတ် ဝိပဿနာစိတ်</b>ကို အဖန်ဖန် အားထုတ်သော ယောဂါဝစရရဟန်းသည် <b>သမာဓိ</b>ဖြစ်ကြောင်း <b>သမထနိမိတ်, ဝိပဿနာဉာဏ်</b>ဖြစ်ကြောင်း <b>ဝိပဿနာနိမိတ်</b>ဟူသော အကြောင်းတရား သုံးမျိုးတို့ကို ရံဖန်ရံခါ နှလုံးသွင်းအပ်ကုန်၏</p> <p>၁။ ရံဖန်ရံခါ <b>သမာဓိ</b>ဟူသော အကြောင်းနိမိတ်ကို = <b>သမာဓိ</b>ဖြစ်ကြောင်းတရားကို နှလုံးသွင်းအပ်၏။</p> <p>၂။ ရံဖန်ရံခါ <b>ဝီရိယ</b>ဟူသော အကြောင်းနိမိတ်ကို = <b>ဝီရိယ</b>ဖြစ်ကြောင်းတရားကို နှလုံးသွင်းအပ်၏။</p> <p>၃။ ရံဖန်ရံခါ <b>ဥပေက္ခာ</b>ဟူသော အကြောင်းနိမိတ်ကို = <b>ဥပေက္ခာ</b>ဖြစ်ကြောင်းတရားကို နှလုံးသွင်းအပ်၏။</p> <p>ရဟန်းတို့ ...လွန်မြတ်သော <b>သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်</b>ကို အဖန်ဖန် အားထုတ်သော ယောဂါဝစရရဟန်းသည် <b>သမာဓိ</b>ဟူသော အကြောင်းနိမိတ်ကိုသာလျှင် (= <b>သမာဓိ</b>ဖြစ်ကြောင်း တရားကိုသာလျှင်) တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထို<b>သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်</b>သည် ပျင်းရိရာသော အကြောင်း ရှိ၏။ (၁)</p> <p>ရဟန်းတို့ ... လွန်မြတ်သော <b>သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်</b>ကို အဖန်ဖန် အားထုတ်သော ယောဂါဝစရရဟန်းသည် အားထုတ် ခြင်း (= <b>ဝီရိယ</b>)ဟူသော အကြောင်းနိမိတ်ကိုသာလျှင် (= <b>ဝီရိယ</b>ဖြစ်ကြောင်းတရားကိုသာလျှင်) တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထို<b>သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်</b>သည် ပျံ့လွင့်ခြင်း (= <b>ဥဒ္ဓစ္စ</b>) ဖြစ်ရာသော အကြောင်း ရှိ၏။ (၂)</p> <p>ရဟန်းတို့ ... လွန်မြတ်သော <b>သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်</b>ကို အဖန်ဖန်အားထုတ်သော ယောဂါဝစရရဟန်းသည် <b>ဥပေက္ခာ</b>ဟူသော အကြောင်းနိမိတ်ကိုသာလျှင် (= <b>ဥပေက္ခာ</b>ဖြစ်ကြောင်း တရားကိုသာလျှင်) တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထို<b>သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်</b>သည် <b>အာသဝေါတရား</b>တို့ ကုန်ရန် ကောင်းစွာ မတည်ကြည်ရာသော အကြောင်း ရှိ၏။ (၃)</p> <p>ရဟန်းတို့ ... လွန်မြတ်သော <b>သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်</b>ကို အဖန်ဖန် အားထုတ်သော ယောဂါဝစရရဟန်းသည် -----</p> <p>၁။ ရံဖန်ရံခါ <b>သမာဓိ</b>ဟူသော အကြောင်းနိမိတ်ကို = <b>သမာဓိ</b>ဖြစ်ကြောင်း တရားကို နှလုံးသွင်း၍,</p> <p>၂။ ရံဖန်ရံခါ <b>ဝီရိယ</b>ဟူသော အကြောင်းနိမိတ်ကို = <b>ဝီရိယ</b>ဖြစ်ကြောင်းတရားကို နှလုံးသွင်းပြီးလျှင်,</p> <p>၃။ ရံဖန်ရံခါ <b>ဥပေက္ခာ</b>ဟူသော အကြောင်းနိမိတ်ကို = <b>ဥပေက္ခာ</b>ဖြစ်ကြောင်းတရားကို နှလုံးသွင်းသောအခါ ဘာဝနာစိတ်သည် -----</p> <p>၁။ နူးညံ့ခြင်းသည်လည်းကောင်း,</p> <p>၂။ <b>သမထဘာဝနာ</b>လုပ်ငန်း <b>ဝိပဿနာဘာဝနာ</b>လုပ်ငန်း၌ ပြုလုပ်ရန် အသင့်ဖြစ်နေခြင်း သင့်လျော်ခြင်းသည်လည်းကောင်း,</p> <p>၃။ ပြိုးပြိုးပြက်ပြက် အရောင် တလက်လက် ထွက်ခြင်းသည်လည်းကောင်း ဖြစ်ပေါ်လာ၏။</p> <p>၄။ ပျက်စီးခြင်း သဘောလည်း မရှိ။</p> <p>၅။ <b>အာသဝေါတရား</b>တို့ကုန်ရန် = <b>အရဟတ္တမဂ်ဉာဏ်</b>အလို့ငှာ စိတ်သည် ကောင်းစွာ တည်ကြည်နေ၏။</p> <p>ရဟန်းတို့ ... ဥပမာသော်ကား ရွှေပန်းထိမ်သည်သည်လည်းကောင်း, ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း မီးကျီးဖိုကို ပြုစီရင်ပြီးလျှင် မီးကျီးဖိုဝကို မီးတိုက်လျက် ညှပ်ဖြင့် ရွှေကိုယူ၍ မီးကျီးဖိုဝ၌ (မိုက်လုံတွင်) ထည့်ထားပြီးလျှင် ရံဖန်ရံခါ မီးဖြင့် မှုတ်ပေး၏၊ ရံဖန်ရံခါ ရေဖြင့် ဆွတ်ဖျန်း ပေး၏၊ ရံဖန်ရံခါ လျစ်လျူရှု၏။ ရဟန်းတို့ ... ရွှေပန်းထိမ်သည်သည်လည်းကောင်း, ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ထိုရွှေကို အစဉ်တစိုက် မီးဖြင့် မှုတ်နေငြားအံ့၊ ထိုရွှေသည် ပူလောင်ရာသော အကြောင်း ရှိ၏။ (၁)</p> <p>ရဟန်းတို့ ... ရွှေပန်းထိမ်သည်သည်လည်းကောင်း, ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ထိုရွှေကို အစဉ်တစိုက် ရေဖြင့် ဆွတ်ဖျန်းပေးနေငြားအံ့၊ ထိုရွှေသည် ငြိမ်းအေးရာသော အကြောင်း ရှိ၏။ (၂)</p> <p>ရဟန်းတို့ ... ရွှေပန်းထိမ်သည်သည်လည်းကောင်း, ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ထိုရွှေကို အစဉ်တစိုက် လျစ်လျူရှုနေငြားအံ့၊ ထိုရွှေသည် ကောင်းစွာ ရင့်ကျက်ခြင်းသို့ မရောက်ရာသော အကြောင်း ရှိ၏။ (၃)</p> <p>ရဟန်းတို့ ... ရွှေပန်းထိမ်သည်သည်လည်းကောင်း, ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ထိုရွှေကို ရံဖန်ရံခါ မီးဖြင့် မှုတ်ပေး၍ ရံဖန်ရံခါ ရေဖြင့် ဆွတ်ဖျန်းပေးပြီးလျှင် ရံဖန်ရံခါ လျစ်လျူရှုသောအခါ ထိုရွှေသည် နူးညံ့ခြင်းသည်လည်းကောင်း, ထိုထို လက်ဝတ်တန်ဆာစသည်ကို ပြုလုပ်ရန် သင့်လျော်ခြင်းသည်လည်းကောင်း, ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် ထွက်ခြင်းသည်လည်ကောင်း ဖြစ်ပေါ်လာ၏၊ ပျက်စီးခြင်း သဘောလည်း မရှိ၊ အလုပ်ခွင်သို့လည်း ကောင်းစွာ ရောက်၏။ ရွှေပြားဖြင့်ဖြစ်စေ, နားတောင်းဖြင့်ဖြစ်စေ, လည်ရွဲတန်ဆာဖြင့်ဖြစ်စေ, ရွှေပန်းခိုင်ဖြင့်ဖြစ်စေ တစ်စုံတစ်ခုသော တန်ဆာအထူးဖြင့် အလိုရှိခဲ့မူ ထိုသူ၏ ထိုအလိုရှိရာ အကျိုးကိုလည်း ပြီးစေ၏။</p> <p>ရဟန်းတို့ ... ဤဥပမာအတူသာလျှင် လွန်မြတ်သော <b>သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်</b>ကို အဖန်ဖန်အားထုတ်သော ယောဂါဝစရရဟန်းသည် <b>သမာဓိ</b>ဖြစ်ကြောင်း <b>သမထနိမိတ်, ဝိပဿနာဉာဏ်</b>ဖြစ်ကြောင်း <b>ဝိပဿနာနိမိတ်</b>ဟူသော အကြောင်းတရားသုံးမျိုးတို့ကို ရံဖန်ရံခါ နှလုံးသွင်အပ်ကုန်၏ ။ ပ ။</p> <p>၅။ <b>အာသဝေါတရား</b>တို့ ကုန်ရန် <b>အရဟတ္တမဂ်ဉာဏ်</b>အလို့ငှာ စိတ်သည် ကောင်းစွာ တည်ကြည်နေ၏။</p> <p>ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တစ်စုံတစ်ခုသော တရားကို ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုရန် စိတ်ကို ရှေးရှူညွတ်စေ၏။ ရှေးရှေးဘဝက ဖြည့်ကျင့်ခဲ့သော <b>ပါရမီ</b>ကြောင်းတရားနှင့် ယခုဘဝ၌ ဖြည့်ဆည်းပူးအပ်သော <b>အဘိညာဏ်</b>၏ အခြေခံပါဒကဖြစ်သော <b>စျာန်</b>စသော အကြောင်းတရားသည် ထင်ရှားရှိလတ်သော် ထိုထိုအရာ၌ပင်လျှင် သက်သေ ထိုက်သည်၏အဖြစ်သို့ (<b>ဣဒ္ဓိဝိဓ အဘိဉာဏ်</b>စသည်, <b>ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်</b>စသည်သို့)လည်း ရောက်ရှိနိုင်၏။</p> <p>ငါသည် များပြားသော <b>တန်းခိုးဖန်ဆင်းခြင်း</b>ကို ခံစားလို၏။ ပ ။ (<b>အဘိညာဏ်</b>ခြောက်ပါးတို့ကို အကျယ်ချဲ့အပ်ကုန်၏။)</p> <p><b>အာသဝေါတရား</b>တို့ ကုန်ခန်းခြင်းကြောင့် <b>အာသဝေါတရား</b>တို့ မရှိသော <b>ကိလေသာ</b>တို့မှ လွတ်မြောက်သော <b>စေတောဝိမုတ္တိ ပညာဝိမုတ္တိ</b>ဖြစ်သော <b>အရဟတ္တဖိုလ်</b>ကို မျက်မှောက်သောကိုယ်၏ အဖြစ်၌ပင်လျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ပြည့်စုံကပ်ရောက်၍ နေလို၏----- ဟု ထိုသူသည် အကယ်၍ အလိုရှိခဲ့လျှင် (အခြေခံ) အကြောင်းတရား ရှိလတ်သော် ထိုထို အလိုရှိရာ၌ပင်လျှင် သက်သေထိုက်သည်၏အဖြစ်သို့ (<b>ဣဒ္ဓိဝိဓဉာဏ်</b>စသည့် <b>ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်</b>စသည်သို့) ရောက်ရှိနိုင်၏ဟု မိန့်တော်မူ၏။ (အံ့၊၁၊၅၂၈-၂၆၀။)</p> <p>ဤကား <b>အဓိစိတ္တသုတ္တန်</b>တည်း။</p> <h3>၉။ အနုတ္တရသီတိဘာဝသုတ္တန်</h3> <p>ဤသုတ္တန်ကား အင်္ဂုတ္တရနိကာယ ဆက္ကနိပါတ် ဒုတိယပဏ္ဏာသ သီတိဝဂ်၌ သီတိဘာဝသုတ္တန် အမည်ဖြင့် လာရှိပေသည်။ ထိုသုတ္တန်၏ မြန်မာပြန်မှာ အောက်ပါအတိုင်း ဖြစ်၏။</p> <p>ရဟန်တို့ ... တရား(၆)မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အတုမဲ့ အေးချမ်းသည့် အဖြစ်ဟူသော နိဗ္ဗာန်ကို မျက်မှောက်ပြုရန် မထိုက်တန်ပေ။ အဘယ် (၆)မျိုးတို့နည်း ဟူမူ -----</p> <p>ရဟန်းတို့ ... ဤသာသနာတော်၌ ရဟန်းသည် -----</p> <p>၁။ စိတ်ဓာတ်ကို နှိမ့်ချသင့် (=နှိပ်ကွပ်သင့်)သောအခါ စိတ်ဓာတ်ကို မနှိမ့်ချ (မနှိပ်ကွပ်)။</p> <p>၂။ စိတ်ဓာတ်ကို ချီးမြှောက်သင့်သော အခါ၌ (=စိတ်ဓာတ်ကို မြှင့်တင်ပေးသင့်သော အခါ၌) စိတ်ဓာတ်ကို မချီးမြှောက် (=စိတ်ဓာတ်ကို မြှင်တင်မပေး)။</p> <p>၃။ စိတ်ဓာတ်ကို ရွှင်လန်းတတ်ကြွစေသင့်သော အခါ၌ စိတ်ဓာတ်ကို မရွှင်လန်း မတတ်ကြွစေ။</p> <p>၄။ စိတ်ဓာတ်ကို လျစ်လျူရှုသင့်သော အခါ၌ စိတ်ဓာတ်ကို လျစ်လျူမရှု။</p> <p>၅။ <b>ဟီနာဓိမုတ္တိက</b> = နှလုံးသွင်းလည်း ယုတ်ညံ့၏။</p> <p>၆။ <b>သက္ကာယာဘိရတ</b> = ခန္ဓာငါးပါး သက္ကာယတရား၌လည်း မွေ့လျော်၏။</p> <p>ရဟန်တို့ ...ဤတရား (၆)မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အတုမဲ့ အေးချမ်းသည့်အဖြစ်ဟူသော နိဗ္ဗာန်ကို မျက်မှောက်ပြုရန် မထိုက်တန်ပေ။</p> <p>ရဟန်တို့ ... တရား (၆)မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အတုမဲ့ အေးချမ်းသည့်အဖြစ်ဟူသော နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ထိုက်တန်ပေ၏။အဘယ် (၆)မျိုးတို့နည်း ဟူမူ -----</p> <p>ရဟန်တို့ ... ဤသာသနာတော်၌ ရဟန်းသည် -----</p> <p>၁။ စိတ်ဓာတ်ကို နှိမ့်ချသင့် (နှိပ်ကွပ်သင့်)သောအခါ၌ စိတ်ဓာတ်ကို နှိမ့်ချ၏ (=နှိပ်ကွပ်၏။)</p> <p>၂။ စိတ်ဓာတ်ကို ချီးမြှောက်သင့်သော အခါ၌ စိတ်ဓာတ်ကို ချီးမြှောက်၏ = စိတ်ဓာတ်ကို မြှင့်တင်ပေးသင့်သော အခါ၌ စိတ်ဓာတ်ကို မြှင့်တင်ပေး၏။</p> <p>၃။ စိတ်ဓာတ်ကို ရွှင်လန်းတတ်ကြွစေသင့်သော အခါ၌ စိတ်ဓာတ်ကို ရွှင်လန်းတက်ကြွစေ၏။</p> <p>၄။ စိတ်ဓာတ်ကို လျစ်လျူရှုသင့်သော အခါ၌ စိတ်ဓာတ်ကို လျစ်လျူရှု၏။</p> <p>၅။ <b>ပဏီတာဓိမုတ္တိက</b> = နှလုံးသွင်းလည်း မွန်မြတ်၏။</p> <p>၆။ <b>နိဗ္ဗာနာဘိရတ</b> = နိဗ္ဗာန်၌လည်း မွေ့လျော်၏။</p> <p>ရဟန်တို့ ... ဤတရား (၆)မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အတုမဲ့ အေးချမ်းသည့်အဖြစ်ဟူသော နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ထိုက်တန်ပေ၏ ----- ဟု မိန့်တော်မူ၏။ (အံ၊၂၊၃၇၉။)</p> <h3>ဆိုလိုရင်း သဘောတရား</h3> <p>၁။ လွန်စွာ ကြိုးစားအားထုတ်ခြင်းစသည့် အကြောင်းတရားတို့ကြောင့် ဝီရိယလွန်၍ စိတ်ပျံ့လွင့်မှု (= ဥဒ္ဓစ္စ) ဖြစ်ခဲ့သော် (ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို အာရုံယူကာ) သမာဓိကို ထူထောင်ခြင်းဖြင့် စိတ်ဓာတ်ကို နှိမ့်ချပေးရမည် နှိပ်ကွပ်ပေးရမည်။</p> <p>၂။ ကြိုးစားအားထုတ်မှု = ဝီရိယလျော့လွန်းခြင်းစသည့် အကြောင်းတရားတို့ကြောင့် (ဓာတ်ကြီးလေးပါးကဲ့သို့သော) ကမ္မဋ္ဌာန်းအာရုံ၌ တွန့်ဆုတ်နေသော စိတ်ဓာတ်ကို ပျင်းရိခြင်း = ကောသဇ္ဇဘေးမှ စောင့်ရှောက်ခြင်း၏ အစွမ်းဖြင့် ကြိုးစားအားထုတ်ခြင်း = ဝီရိယကို မြှင့်တင်ပေးခြင်းဖြင့် စိတ်ဓာတ်ကို ချီးမြှောက်ပေးရမည်၊ စိတ်ဓာတ်ကို မြှင့်တင်ပေးရမည်။</p> <p>၃။ (ဓာတ်ကမ္မဋ္ဌာန်း) ဘာဝနာလမ်းကြောင်းပေါ်၌ စိတ်ဓာတ်သည် အညီအမျှ ဖြစ်နေသောအခါ ထိုညီမျှနေသော စိတ်ဓာတ်ကို ပညာဖြင့် နှစ်သက်ရွှင်လန်းစေရမည် ထက်မြက်စေရမည်။ နောက်တစ်မျိုးကား (ဓာတ်ကြီးလေးပါးကို ရှုပွားသုံးသပ်နေသော) ဘာဝနာစိတ်နှင့် ယှဉ်တွဲနေသော (ဓာတ်ကြီးလေးပါးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိကို ထိုးထွင်းသိနေသော) ပညာ၏ အားနည်းမှုကြောင့်လည်းကောင်း ဥပသမသုခဟူသော ကိလေသာ ငြိမ်းအေးမှု ချမ်းသာသုခကို မရရှိခြင်းကြောင့်လည်းကောင်း (ဓာတ်ကြီးလေးပါးတည်းဟူသော) ကမ္မဋ္ဌာန်းအာရုံပေါ်၌ သာယာမှု ကင်းနေသော စိတ်ဓာတ်သည် ဘာဝနာလုပ်ငန်းခွင်၌ ပြေးဝင်မှု မရှိ ဖြစ်နေအံ့ ----- ထိုအခါမျိုး၌ ဇာတိဒုက္ခ ဇရာဒုက္ခ ဗျာဓိဒုက္ခ မရဏဒုက္ခ (=ပဋိသန္ဓေ တည်နေရမည့် ဒုက္ခ အိုရမည့် ဒုက္ခ နာရမည့်ဒုက္ခ သေရမည့်ဒုက္ခ) အပါယ်ဒုက္ခစသည့် သံဝေဂဉာဏ်၏ တည်ရာဝတ္ထုတို့ကို ဉာဏ်ဖြင့်ဆင်ခြင်၍ သမာဓိကို ပြန်လည် ထူထောင်ခြင်းဖြင့် စိတ်ဓာတ်ကို ရွှင်လန်းတတ်ကြွစေရမည်။</p> <p>၄။ အကြင်အခါ၌ကား စိတ်ဓာတ်သည် တွန့်ဆုတ်မှုလည်း မရှိ၊ ပျံ့လွင့်မှုလည်း မရှိ၊ ဓာတ်ကမ္မဋ္ဌာန်းအာရုံ၌ သာယာဖွယ်ကင်းသည်လည်း မဟုတ်၊ (ဓာတ်)ကမ္မဋ္ဌာန်းအာရုံ၌ စိတ်ဓာတ်သည် အညီအမျှ ဖြစ်နေ၏၊ ထိုအခါမျိုး၌ စိတ်ဓာတ်ကို ချီးမြှောက်ခြင်း = စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်း, စိတ်ဓာတ်ကို နှိမ့်ချခြင်း (= စိတ်ဓာတ်ကို နှိပ်ကွပ်ပေးခြင်း), စိတ်ဓာတ်ကို ရွှင်လန်းတတ်ကြွစေခြင်းတို့တွင် တစ်စုံတစ်ခုသော ဗျာပါရကိုမျှ မပြုလုပ်တော့ဘဲ အညီအမျှ ပြေးသွားနေသော အာဇာနည်မြင်းတို့အပေါ်၌ လျစ်လျူရှုနေသော ရထားထိန်းကဲ့သို့ ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွားများခြင်းဖြင့် လျစ်လျူရှုရမည်။ (အံ၊ဋ္ဌ၊၃၊၁၄၀။အံ၊ဋီ၊၃၊၁၄၆။)</p> <h3>ပဏီတာဓိမုတ္တိက</h3> <p><b>ပဏီတာဓိမုတ္တိကောတိ ပဏီတေ ဥတ္တမေ မဂ္ဂဖလေ အဓိမုတ္တော နိန္နာပေါဏပဗ္ဘာရော။</b> (အံ၊ဋီ၊၃၊၁၄၆။)</p> <p>နိဗ္ဗာနာဘိရတပုဒ်ဖြင့် နိဗ္ဗာန်တရားတော်မြတ်ကြီး၌ ညွတ်ကိုင်းရှိုင်းမှုကို ဟောကြားထားတော်မူသဖြင့် ဤပဏီတာဓိမုတ္တိကပုဒ်ဖြင့် မွန်မြတ်သော မဂ်-ဖိုလ်တရားတော်မြတ်၌ နှလုံးသွင်း ညွတ်ကိုင်းရှိုင်းမှု ဖြစ်ကြောင်းကို ဋီကာဆရာတော်က ဖွင်ဆိုထားပေသည်။ ထိုကြောင့် နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တရားတော်မြတ်တို့၌ နှလုံးသွင်း ညွတ်ကိုင်းရှိုင်းနေသော စိတ်ထားကား အမြဲတမ်း ရှိနေရမည်သာ ဖြစ်ပေသည်။</p> <p>၁၀။ ဗောဇ္ဈင်္ဂသုတ္တန် (= အဂ္ဂိသုတ္တန်) (သံ၊၃၊၉၈-၁၀၀။)</p> <p>ဤသုတ္တန်ကား မဟာဝဂ္ဂသံယုတ်ပါဠိတော် ဗောဇ္ဈင်္ဂသံယုတ် စာမျက်နှာ (၉၈-၉၉-၁၀၀။)သုတ္တန်နံပါတ် (၂၃၄)၌ အဂ္ဂိသုတ္တန်အမည်ဖြင့် လာရှိပေသည်။ ဤသုတ္တန်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ ------</p> <p>ကြိုးစားအာထုတ်မှု လုံးလဝီရိယ အလွန်လျော့နေခြင်း, ဘာဝနာလုပ်ငန်းခွင်း၌ ဝမ်းမြောက်မှု မဖြစ်ခြင်း, သံဝေဂဉာဏ် နည်းပါးခြင်းဟူသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် (ဓာတ်ကြီးလေးပါးကဲ့သို့သော) ဘာဝနာအာရုံမှ တွန့်တိုဆုတ်နစ်သော အခါ = စိတ်ဓာတ်ကျဆင်နေသော အခါ၌ ----- <b>ပဿဒ္ဓိသမ္ဗောဇ္ဈင်, သမာဓိသမ္ဗောဇ္ဈင်, ဥပေက္ခာသမ္ဗောဇ္ဈင်</b>တို့ကို ပွားများရန် အခါ မဟုတ်၊ <b>ဓမ္မဝိစယသမ္ဗောဇ္ဈင်, ဝီရိယသမ္ဗောဇ္ဈင်, ပီတိသမ္ဗောဇ္ဈင်</b>တို့ကို ပွားများရန် အခါ ဖြစ်သည်။ ယင်းဗောဇ္ဈင်မြတ်တရားသုံးပါးတို့ကို ပွားများခြင်းဖြင့် ကျဆင်းနေသော စိတ်ဓာတ်ကို မြှင့်တင်ပေးရမည်။</p> <p>ဝီရိယ လွန်ကဲနေခြင်း, (ဓာတ်ကမ္မဋ္ဌာန်းကို ပွားများနေသည့်) ဘာဝနာမှု၌ ဝမ်းမြောက်မှု များနေခြင်း, သံဝေဂဉာဏ် အဖြစ်များနေခြင်းစသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် (ဓာတ်ကြီးလေးပါးအာရုံမှ ပြင်ပအာရုံ အမျိုးမျိုးသို့) ပျံ့လွင့်နေသောအခါ၌ (= စိတ်ဓာတ် တတ်ကြွတုန်လှုပ်နေသော အခါ၌) <b>ဓမ္မဝိစယသမ္ဗောဇ္ဈင် ဝီရိယသမ္ဗောဇ္ဈင် ပီတိသမ္ဗောဇ္ဈင်</b>တရားတို့ကို ပွားများရန် အခါ မဟုတ်၊ <b>ပဿဒ္ဓိသမ္ဗောဇ္ဈင်, သမာဓိသမ္ဗောဇ္ဈင်, ဥပေက္ခာသမ္ဗောဇ္ဈင်</b>တို့ကို ပွားများရန် အခါ ဖြစ်သည်။ ယင်းဗောဇ္ဈင်မြတ်တရားသုံးပါးတို့ကို ပွားများခြင်းဖြင့် တက်ကြွတုန်လှုပ် မြင့်မောက်နေသော စိတ်ဓာတ်ကို နှိပ်ကွပ်ပေးရမည်။</p> <p>ဤဓာတ်ကြီးလေးပါးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိကို အာရုံယူ၍ ဗောဇ္ဈင်မြတ်တရား ခုနစ်ပါးတို့ကို ညီမျှအောင် ကျင့်ရမည် ဖြစ်ပေသည်။ အထူးသဖြင့် အထက်ပါ နိမိတ္တသုတ္တန်, အနုတ္တရသီတိဘာဝသုတ္တန်, အဂ္ဂိသုတ္တန်ဟူသော ဤသုတ္တန်သုံးမျိုးတို့၌ လာရှိသော ဘုရားရှင်၏ ညွှန်ကြားထားတော်မူချက်များအတိုင်း ဝီရိယနှင့် သမာဓိကို ညီမျှအောင် ကျင့်ရမည် ဖြစ်ပေသည်။</p> <h3>ဣရိယာပထနှင့် သမ္ပဇည ရှုကွက်</h3> <p><b>ယံ ကိဉ္စိ ကမ္မဋ္ဌာနံ သတဿ သမ္ပဇာနေဿဝ သမ္ပဇ္ဇတိ။</b> (ဝိသုဒ္ဓိ၊၁၊၂၇၆)</p> <p>ကမ္မဋ္ဌာန်းမှန်သမျှသည် သတိသမ္ပဇဉ်ဉာဏ်ယှဉ်မှသာလျှင် ပြည့်စုံနိုင်သည့် သဘောရှိ၏။ သို့အတွက် ဤသမထအပိုင်းတွင် ဣရိယာပထရှုကွက်များလည်း အထူးလိုအပ်လာပြီ ဖြစ်ပေသည်။ အာနာပါနဖြင့် သမာဓိကို ထူထောင်ခိုက်၌ကား ဂေါစရသမ္ပဇဉ်နှင့် ပြည့်စုံရေးအတွက် သွား-ရပ်-ထိုင်-လျောင်း-ဟူသော ဣရိယာပထပိုင်းနှင့် ရှေ့သို့တက်ရာ နောက်သို့ဆုတ်ရာစသည့် သမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တို့၌ အာနာပါနကမ္မဋ္ဌာန်းကိုပင် မလွတ်တမ်း ရှုပွားနေပါ။ အဖြူရောင် ဩဒါတကသိုဏ်းစသည့် ထိုထို ကသိုဏ်းတို့ကို ပွားများအားထုတ်ခိုက်၌လည်း အလာတူပင် မိမိရှုပွားနေသည့် ကသိုဏ်းပညတ်အာရုံကိုပင် ထိုထို ဣရိယာပုထ်အခိုက် သမ္ပဇဉ်အခိုက်တို့၌ ရှုပွားနေပါ။ ရုပ်နာမ်ကို ပရမတ်သို့ဆိုက်အောင် ဟုတ်တိုင်မှန်စွာ ထိုထွင်းသိတတ် သည့် အသမ္မောဟသမ္ပဇဉ်ဉာဏ်နှင့် မပြည့်စုံသေးသည့်အတွက် = အသမ္မောဟသမ္ပဇဉ်ဉာဏ် မရရှိသေးသည့်အတွက် ဂေါစရသမ္ပဇဉ်နှင့် ပြည့်စုံအောင် ကြိုးပမ်းရခြင်း ဖြစ်ပေသည်။ မိမိပွားများနေသည့် သမထကမ္မဋ္ဌာန်းအာရုံ၌ မိမိ၏ ဘာဝနာစိတ်ကို ကျင်လည်ကျက်စားခွင့် ပေးထားခြင်းကို ဂေါစရသမ္ပဇဉ်ဟု ဆိုသည်။</p> <p>အာနာပါနကမ္မဋ္ဌာန်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည့်တိုင်အောင် အောင်မြင်စွာ သမာဓိကို ထူထောင်နိုင်ပြီးသည့်အတွက် သို့မဟုတ် ကသိုဏ်းဆယ်ပါး သမာပတ်ရှစ်ပါးတို့ကို အောင်အောင်မြင်မြင် ပွားများထားပြီးသည့်အတွက် ဂေါစရသမ္ပဇဉ်နှင့် ပြည့်စုံပြီးဖြစ်ရာ ယခုအခါ၌ ယခုရှုပွားနေသည့် အပိုင်းကား ဓာတ်ကြီးလေးပါးကို နှလုံးသွင်း ရှုပွားနေသည့် ဓာတုမနသိကာရပဗ္ဗပိုင်းပင် ဖြစ်သည် = ဓာတ်ကြီးလေးပါးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိ သဘာဝလက္ခဏာကို အာရုံယူ၍ ဥပစာရသမာဓိဆိုက်ရေးကို ရည်မြှော်ကာ သမာဓိကို ထူထောင်နေခိုက်သာ ဖြစ်ပေသည်။</p> <p>သို့အတွက် ထိုင်ခိုက်၌ ဓာတ်သဘောတရား တစ်မျိုးမျှကိုသာ ရှုနိုင်သေးပါက သွား-ရပ်-ထိုင်-လျောင်း-ဟူသော ဣရိယာပထပိုင်းနှင့်, ရှေ့သို့တက်ရာ, နောက်သို့ဆုတ်ရာ, တည့်တည့်ကြည့်ရာ, ခေါင်းငဲ့ကြည်ရာ, ကွေးရာ, ဆန့်ရာ, ဒုကုဋ် သပိတ် သင်္ကန်းကို ကိုင်ဆောင်ရာ, စားရာ, သောက်ရာ, ခဲရာ, လျက်ရာ, ကျင်ကြီးစွန့်ရာ, ကျင်ငယ်စွန့်ရာစသည့် သမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တို့၌လည်း ဓာတ်သဘောတရား တစ်မျိုးကိုပင် ရှုနေပါ။ ဓာတ်သဘောတရား နှစ်မျိုး သုံးမျိုးစသည်ကို ရှုနိုင်ရာ၌လည်း နည်းတူပင် ရှုပါ။</p> <p>အကယ်၍ တဖြည်းဖြည်း တိုးတက်လာသဖြင့် ထိုင်ခိုက်၌ ဓာတ်လေးပါးလုံးကိုပင် ရှုနိုင်ပါက ဣရိယာပထပိုင်းဆိုင်ရာ သမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တို့၌လည်း ဓာတ်ကြီးလေးပါးကိုပင် ရှုနေပါ။ သို့မှသာလျှင် သတိသမ္ပဇဉ်တရားတို့ ပိုမို၍ အားကောင်းလာမည် ဖြစ်ပေသည်။ သတိသမ္ပဇဉ်တရားတို့ အားကောင်းမောင်းသန်လာသောအခါ ရှေးသတိနှင့် နောက်သတိတို့ ဆက်စပ်မှု မျာပြားလာသောအခါ သမ္ပဇဉ်ဉာဏ် (ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်း သိမြင်နေသောဉာဏ်)ကလည်း စွမ်းအင်ပြည့်ဝလာသောအခါ သမာဓိစွမ်းအင်သည် ပိုမို၍ စူးရှထက်မြက်လာမည် ဖြစ်သည်။ ရှေးရှေးသော ဘာဝနာစိတ်၏ အာသေဝနပစ္စည်းဖြင့် ကျေးဇူးပြုပေမှု အရှိန်အဝါသတ္တိကို ဆက်ခံရသော နောက်နောက်သော ဘာဝနာစိတ်သည် ထက်မြက်ရဲရင့်သန့်ရှင်းလာကာ စွမ်းအင်များ ပြည့်ဝလာမည် ဖြစ်သည်။</p> <h3>သဘာဝလက္ခဏာကို ဦးစားပေး၍ သမာဓိကို ဆက်လက်ထူထောင်ပါ</h3> <p>ရှေးပိုင်းတွင် တင်ပြခဲ့သည်အတိုင်း မိမိရရှိထားပြီးသည့် စတုတ္ထစျာန် သမာဓိတို့တွင် မိမိနှစ်ခြိုက်ရာ တစ်မျိုးမျိုးသော သမာဓိကို တရားထိုင်တိုင်း ပြန်လည်၍ ထူထောင်ပါ။ ထိုစတုတ္ထစျာန်သမာဓိကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်များသည် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ထိုစတုတ္ထစျာန်မှ ထ၍ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို သိမ်းဆည်းပါ။ မာ-ယို-ပူ-ထောက်-ဟူသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို ဦးစားပေးကာ အာရုံယူ၍ သမာဓိကို ဆက်လက် ထူထောင်ပါ။ ယင်း သဘာဝလက္ခဏာ အသီးအသီးကိုပင် အာရုံယူ၍ -----<b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b> -----ဟု ကြိမ်ဖန်များစွာ ရှုနေပါ။ ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။ ဣန္ဒြေငါးပါး ညီမျှအောင်, ဗောဇ္ဈင်ခုနစ်ပါး ညီမျှအောင်, အထူးသဖြင့် ဝီရိယနှင့် သမာဓိကို ညီမျှအောင် လေ့ကျင့်ပါ။ ဤသို့ လေ့ကျင့်ခဲ့သော် ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်လာတတ်ပါသည်။ ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်သည် တစ်နာရီခန့် ကပ်ငြိမ်နေပါစေ၊ နှစ်နာရီခန့် ကပ်ငြိမ်နေပါစေ-စသည်ဖြင့် အဓိဋ္ဌာန်ပြု၍ ထိုင်ပါ။ သမာဓိစွမ်းအင် အားကောင်းလာသောအခါ ခန္ဓာကိုယ်ကြီး ပျောက်ကွယ်၍ ဓာတ်ကြီးလေးပါး အစုအပုံ အတုံးအခဲကြီးကိုသာ ဉာဏ်ဖြင့် တွေ့ရှိနေမည် ဖြစ်ပေသည်။ ထိုအခါ၌ ယင်းဓာတ်ကြီးလေးပါးကိုပင် အာရုံယူကာ သမာဓိကို ခိုင်ခံ့အောင် ဆက်လက်ထူထောင်ပါ။</p> <h3>ဥပစာရစျာန်သမာဓိ</h3> <p><b>တေဿဝံ ဝါယမမာနဿ နစိရေနေဝ ဓာတုပ္ပဘေဒါဝဘာသနပညာပရိဂ္ဂဟိတော သဘာဝဓမ္မာရမ္မဏတ္တာ အပ္ပနံ အပ္ပတ္တော ဥပစာရမတ္တော သမာဓိ ဥပ္ပဇ္ဇတိ။</b> (ဝိသုဒ္ဓိ၊၁၊၃၄၇။)</p> <p><b>ဧဝံ ပန ဝီရိယသမတံ ယောဇေတွာ တသ္မိံယေဝ လက္ခဏေ မနသိကာရံ ပဝတ္တေန္တဿ ယဒါ သဒ္ဓါဒီနံ ဣန္ဒြိယာနိ လဒ္ဓသမတာနိ သုဝိသဒါနိ ပဝတ္တန္တိ၊ တဒါ အသဒ္ဓိယာဒီနံ ဒူရီဘာဝေန သာတိသယံ ထာမပ္ပတ္တေဟိ သတ္တဟိ ဗလေဟိ လဒ္ဓူပတ္ထမ္ဘာနိ ဝိတက္ကာဒီနိ စျာနင်္ဂါနိ ပဋုတရာနိ ဟုတွာ ပါတုဘဝန္တိ၊ တေသံ ဥဇုဝိပစ္စနီကတာယ နီဝရဏာနိ ဝိက္ခမ္ဘိတာနိယေဝ ဟောန္တိ သဒ္ဓိံ တဒေကဋ္ဌေဟိ ပါပဓမ္မေဟိ။ ဧတ္တာဝတာ ဓာနေန ဥပစာရဇ္ဈာနံ သမဓိဂတံ ဟောတိ ဓာတုလက္ခဏာရမ္မဏံ။ တေန ဝုတ္တံ ပုနပ္ပုနံ ပထဝီဓာတု အာပေါဓာတု ။ပ။ ဥပစာရမတ္တော သမာဓိ ဥပ္ပဇ္ဇတီတိ။</b> (မဟာဋီ၊၁၊၄၃၅။)</p> <p>ဤအထက်ပါ အဋ္ဌကထာဋီကာတို့၏ ဆိုလိုရင်သဘောတရားမှာ ဤသို့ ဖြစ်၏။ -----</p> <p>ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို ဟုတ်တိုင်းမှန်စွာသိအောင် ကြိုးစားအားထုတ်ခြင်း ဝီရိယ, ယင်းဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အာရုံပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်၍ တည်နေအောင် ကြိုးစားအားထုတ်ခြင်း ဝီရိယနှင့် ယင်းဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာကပ်၍ တည်နေမှုဟူသော သမာဓိသည် ရှိ၏။ ဤဝီရိယနှင့် သမာဓိနှစ်ပါးကို ညီမျှအောင် ယှဉ်စေဖြစ်စေ၍ ထိုဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ပင်လျှင် နှလုံးသွင်မှု မနသိကာရကို ကြိမ်ဖန်များစွာ ဖြစ်စေတတ်သော ယောဂါဝစရ ရဟန်းတော်၏ သန္တာန်ဝယ် အကြင်အခါ၌ -----</p> <p>၁။ ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာကို အာရုံယူ၍ သမာဓိကို ထူထောင်နေသော ယင်းအာရုံ၌ ငြိမ်ဝပ်စွာကပ်၍ တည်နေသော သမာဓိသိက္ခာ = သမာဓိကျင့်စဉ်နှင့် ယင်းဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာကို ထိုးထွင်း သိနေသော ပညာသိက္ခာ = ပညာကျင့်စဉ်ဖြစ်သော ဓာတ်ကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းရပ်၌ ယုံကြည်မှု သဒ္ဓါတရားတည်းဟူသော <b>သဒ္ဓိန္ဒြေ</b>၊</p> <p>၂။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံကို သိအောင် ကြိုးစားအားထုတ်မှု, အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအားထုတ်မှု ဝီရိယတည်းဟူသော <b>ဝီရိယိန္ဒြေ</b>,</p> <p>၃။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အာရုံကိုသာ ထပ်ကာ ထပ်ကာ သိမ်းဆည်းခြင်း အမှတ်ရခြင်း သတိတရား တည်းဟူသော <b>သတိန္ဒြေ</b>,</p> <p>၄။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံပေါ်၌ စိတ်တည်ငြိမ်နေမှု သမာဓိတရားတည်းဟူသော <b>သမာဓိန္ဒြေ</b>,</p> <p>၅။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ခွဲခြားစိတ် ဖြာ၍ ထွင်းဖောက်သိမြင်ခြင်း ပညာတရားတည်းဟူသော <b>ပညိန္ဒြေ</b>,</p> <p>ဤဣန္ဒြေငါးပါးတို့သည် တစ်ပါးက တစ်ပါးကို မလွန်ဘဲ ရအပ်သော ညီမျှမှု ရှိကုန်၏၊ ကောင်းစွာ သန့်ရှင်းကုန်၏။ ထိုအခါ၌ မယုံကြည်ခြင်း, ပျင်းရိခြင်း, သတိမေ့လျော့ခြင်း, စိတ်ပျံ့လွင့်ခြင်း, ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းမသိခြင်း, တွေဝေခြင်းစသော ဆန့်ကျင်ဘက်တရားတို့၏ ဝေးကွာသည်၏ အဖြစ်ကြောင့် အလွန်အကဲ အားကောင်းခြင်းသို့ ရောက်ရှိလာကုန်သော အားအစွမ်းနှင့် ပြည့်စုံကုန်သော-----</p> <p>၁။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို အောက်မေ့ အမှတ်ရနေသော အဖန်ဖန်အထပ်ထပ် သိမ်းဆည်းနေခြင်း <b>သတိသမ္ဗောဇ္ဈင်း</b>,</p> <p>၂။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို စူးစမ်းဆင်ခြင် ရှုပွားသုံးသပ်နေသော ထိုးထိုးထွင်းထွင်း သိနေခြင်း <b>ဓမ္မဝိစယသမ္ဗောဇ္ဈင်</b>,</p> <p>၃။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်နှင့် တကွသော သမ္ပယုတ်တရားစုတို့ ဖြစ်ပေါ်လာအောင် အထူးသဖြင့် စိတ်ငြိမ်ဝပ်စွာ ကပ်၍ တည်နေမှု သမာဓိ ဖြစ်အောင် ကြိုးစားအားထုတ်နေခြင်း <b>ဝီရိယသမ္ဗောဇ္ဈင်</b>,</p> <p>၄။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်၏ ကြည်ရွှင်ဝမ်းမြောက်ခြင်း <b>ပီတိသမ္ဗောဇ္ဈင်</b>,</p> <p>၅။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ် စေတသိက်တို့၏ ငြိမ်းအေးနေခြင်း <b>ပဿဒ္ဓိသမ္ဗောဇ္ဈင်</b>,</p> <p>၆။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍ တည်နေခြင်း <b>သမာဓိသမ္ဗောဇ္ဈင်</b>,</p> <p>၇။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်ကို တက်ကြွခြင်း တွန့်ဆုတ်ခြင်းဘက်သို့ မရောက်အောင် အညီအမျှ ထားခြင်း <b>ဥပေက္ခာသမ္ဗောဇ္ဈင်</b> -----</p> <p>ဤဗောဇ္ဈင်ခုနစ်ပါး စွမ်းအားကြီးခုနစ်ရပ်တို့သည် အားပေးထောက်ပံ့အပ်ကုန်သည်ဖြစ်၍ ထိုစွမ်းအားကြီးခုနစ်ရပ် ခွန်အားကြီး ခုနစ်မျိုးတို့၏ အားပေးထောက်ပံ့မှုကို ရရှိကုန်သည်ဖြစ်၍ -----</p> <p>၁။ <b>ဝိတက်</b> = ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အာရုံပေါ်သို့ စိတ်ကို ရှေးရှူ တင်ပေးခြင်းသဘော,</p> <p>၂။ <b>ဝိစာရ</b> = ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံကို ထပ် ကာထပ်ကာ သုံးသပ် ဆင်ခြင်ခြင်းသဘော,</p> <p>၃။ <b>ပီတိ</b> = ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံကို နှစ် သက်ခြင်းသဘော,</p> <p>၄။ <b>သုခ</b> = ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၏ အရ သာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော,</p> <p>၅။ <b>ဧကဂ္ဂတာ</b> = ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ တစ်ခု တည်းပေါ်သို့ စိတ် ကျရောက် တည်ငြိမ်နေခြင်းသဘော ဟူသော -----</p> <p>ဤစျာန်အင်္ဂါငါးပါးတို့သည် အထူး ထက်မြက်ကုန်သည်ဖြစ်၍ ထင်ရှားလာကုန်၏။</p> <p>၁။ ကာမဂုဏ်တို့၌ လိုလားတောင့်တမှု ကာမရာဂတည်းဟူသော <b>ကာမစ္ဆန္ဒနီဝရဏ</b>,</p> <p>၂။ သတ္တဝါသင်္ခါရတို့ အပေါ်၌ ဖျက်ဆီးလိုသော ပျက်စီးစေလိုသော စိတ် ခက်ထန်ကြမ်းတမ်းမှု ဒေါသတည်းဟူသော <b>ဗျာပါဒနီဝရဏ</b>,</p> <p>၃။ စိတ်စေတသိက်တို့၏ ထိုင်းမှိုင်းမှုတည်းဟူသော <b>ထိနမိဒ္ဓနီဝရဏ</b>,</p> <p>၄။ စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စ, (ခ) ပြုပြီးအကုသိုလ်တရား ဒုစရိုက်တရား, မပြုလိုက်မိသော မကျင့်လိုက်မိသော ကုသိုလ်တရား သုစရိုက်တရားတို့၌ နောင်တတစ်ဖန် ပူပန်မှု ကုက္ကုစ္စတရား, အထူးသဖြင့် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်၌ အောင်မြင်မှု အပြည့်အဝ မရရှိသဖြင့် ပူပန်မှု ကုက္ကုစ္စတရား တည်းဟူသော ----- <b>ဥဒ္ဓစ္စ+ကုက္ကုစ္စနီဝရဏ</b>,</p> <p>၅။ ဓာတ်ကမ္မဋ္ဌာန်းလမ်းမှ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို အာရုံယူ၍ ထူထောင်ထားအပ်သော သဒိသူပစာရအားဖြင့် ဥပစာရသမာဓိအမည်ရသော သမာဓိသိက္ခာ = သမာဓိကျင့်စဉ်နှင့် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို ထွင်းဖောက် သိမြင်သော ပညာသိက္ခာ = ပညာကျင့်စဉ်တို့၌ သို့လော သို့လော တွေးတောယုံမှာခြင်း <b>ဝိစိကိစ္ဆာနီဝရဏ</b>တည်းဟူသော -----</p> <p>ဘာဝနာစိတ်အစဉ်ကို ဘာဝနာလမ်းကြောင်းပေါ်သို့ မရောက်အောင် တားမြစ်ပိတ်ပင်တတ်ကုန်သော ဤနီဝရဏတရားငါးပါးတို့ကိုကား ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါငါးပါးတို့နှင့် တိုက်ရိုက် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်သောကြောင့် စျာန်အင်္ဂါများသည် အလွန်ထက်မြက်စူးရှ ထင်ရှားလာသောအခါ နီဝရဏတရားတို့သည် ခွါအပ်သည်သာလျှင် ဖြစ်ကုန်၏၊ ကွာကျသွားကြကုန်၏။ နီဝရဏတရားတို့သာမက ထိုနီဝရဏတရားတို့နှင့် တူသော တည်ရာ ရှိကြကုန်သော ပြိုင်တူ ယှဉ်တွဲဖြစ်ဖက် အကုသိုလ်တရားတို့ကိုလည်း ခွါထားအပ်သည်သာ ဖြစ်ကုန်၏။ ဤမျှသော အတိုင်းအရှည်ဖြင့် ဤယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာလျှင် အာရုံရှိသော ဥပစာရစျာန်ကို ကောင်းစွာရအပ်သည် ဖြစ်ပေသည်။ ထိုကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၁၊၃၄၇။)၌ ဤသို့ ဖွင့်ဆိုထားပေသည် -----ကာလအရာ ကာအထောင် ကာလအသိန်းတိုင်အောင် အကြိမ်ကြိမ် အဖန်ဖန် <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b>ဟူ၍ ဓာတ်သဘောမျှအားဖြင့် သတ္တဝါမဟုတ်သောအားဖြင့် ဇီဝအတ္တမဟုတ်သောအားဖြင့် -----</p> <p>၁။ ဆင်ခြင်အပ်၏ = ကောင်းစွာ အဖန်ဖန်တလဲလဲ နှလုံးသို့ ဆောင်အပ်၏။</p> <p>၂။ နှလုံးသွင်းအပ်၏ = အဖန်တလဲလဲ ပွားစေသောအားဖြင့် ဓာတ်၏ သဘာဝလက္ခဏာကို နှလုံး၌ ထားအပ်၏။</p> <p>၃။ အသီးအသီး တစ်လုံးစီ တစ်လုံးစီကို စူးစူးစိုက်စိုက် ရှုအပ်၏ = ဓာတ်၏ သဘာဝလက္ခဏာကိုပင် ဘာဝနာဖြင့်ပြီးသော ဉာဏ်စက္ခုဖြင့် အဆင့်ဆင့် ထပ်ကာထပ်ကာ ဆင်ခြင်သောအားဖြင့် ရှုအပ်၏။</p> <p>ဤဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့် အားထုတ်သော ဘာဝနာမှု၌ ကောင်းစွာ ယှဉ်စပ်တတ်သော ထိုယောဂါဝစရ ရဟန်းတော်၏ သန္တာန်၌ မကြာမြင့်မီ အချိန်ကာလ အတွင်းမှာပင်လျှင် <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b>တို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အထူးအပြားကို ကွဲကွဲပြားပြား ထင်စေတတ် လင်းစေတတ်သော ပညာ, ဆီမီးကဲ့သို့ ထွန်းလင်းပြခြင်းကိစ္စရှိသောပညာဖြင့် ထက်ဝန်းကျင်မှ သိမ်းဆည်းထားအပ်သော နက်နဲသော ပရမတ္ထဓမ္မ သဘာဝသတ္တိ သဘာဝဓမ္မလျှင် အာရုံရှိသည်၏ အဖြစ်ကြောင့် အပ္ပနာခေါ် မဟဂ္ဂုတ်စျာန်သို့ မရောက်သော (= အပ္ပနာသမာဓိ) အဆင့်သို့ မရောက်သော ဥပစာရမျှသာဖြစ်သော သိခါပတ္တ = အထွတ်အထိပ်သို့ ရောက်သော ကာမာဝစရသမာဓိသည် ဖြစ်ပေါ်လာ၏။ ----- ဟု ဤသို့ ဖွင့်ဆိုထားခြင်း ဖြစ်ပေသည်။ ဤကား အထက်ပါ အဋ္ဌကထာဋီကာစကားရပ်တို့၏ ဆိုလိုရင်းဖြစ်ပါသည်။ (ဝိသုဒ္ဓိ၊၁၊၃၄၇။ မဟာဋီ၊၁၊၄၃၅။)</p> <h3>ထပ်မံ ရှင်းလင်းတင်ပြချက်</h3> <p>အထက်ပါ စကားရပ်ဖြင့်ပင် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်မှ ဥပစာရသမာဓိသို့ ဆိုက်ရောက်သွားပုံကို သဘောပေါက်နိုင်သော ယောဂါဝစရပုဂ္ဂိုလ်မြတ်များလည်း ရှိကြမည် ဖြစ်ပါသည်။ သဘောမပေါက်နိုင်သေးသော ယောဂါဝစရပုဂ္ဂိုလ်မြတ်များလည်း ရှိကောင်းရှိကြမည် ဖြစ်ပါသည်။ သဘောမပေါက်နိုင်သေးသူတို့အတွက် အနည်းငယ် ထပ်မံ၍ ရှင်းလင်းတင်ပြအပ်ပါသည်။</p> <p>အထက်ပါအတိုင်း ရူပကာယတစ်ခုလုံးကို ခြုံငုံ၍ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို အာရုံယူ၍ <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b>ဟု ကြိမ်ဖန်များစွာ ရှုနေသောအခါ သဒ္ဓါနှင့် ပညာ, ဝီရိယနှင့် သမာဓိကို ညီမျှအောင် သတိဖြင့် ထိန်းလျက် ရှုပွားရမည် ဖြစ်ပေသည်။</p> <p>အထူးသဖြင့် ဓာတ်ကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းရပ်၌ ယုံကြည်ချက် သဒ္ဓါတရားက အားမကောင်းဘဲ သာဝကတို့သည် ရုပ်ကလာပ်တို့ကို ရှုလို့ရနိုင်ပါ့မလား? ရုပ်ပရမတ်တရားတို့ကို ရှုလို့ ရနိုင်ပါ့မလား? ဤသို့ စသည်ဖြင့် သို့လော သို့လော တွေးတောလျက် စမ်းတဝါးဝါး ဖြစ်နေလျှင်လည်းကောင်း, သမာဓိကို တကယ်တမ်း ထူထောင်ရမည့် အချိန်ဝယ် ဝေဖန်ရေးသမား လုပ်နေလျှင်လည်းကောင်း သဒ္ဓါနှင့် ပညာတို့မှာ အားပျော့နေမည်သာ ဖြစ်၏။ ဓာတ်ကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းရပ်၌ ယုံကြည်ချက် သဒ္ဓါတရား ခိုင်ခံ့ဖို့ အားကောင်းဖို့ စွမ်းအင်ပြည့်ဝစုံညီဖို့လည်း အလွန်လိုအပ်သည်သာ ဖြစ်၏။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို လင်းလင်းထင်ထင် ထိုးထိုးထွင်းထွင်း သိမြင်တတ်သည့် ပညာခွန်အားလည်း အလွန်အားကောင်းဖို့ ပညာစွမ်းအင် စုံညီပြည့်ဝဖို့လည်း အလွန်လိုအပ်သည်သာ ဖြစ်ပါသည်။ သဒ္ဓါလွန်၍ ပညာအားပျော့နေလျှင်သော်လည်းကောင်း, ပညာလွန်၍ သဒ္ဓါအားပျော့နေလျှင်သော်လည်းကောင်း ဥပစာရသမာဓိနယ်မြေသို့ ဆိုက်ရောက်ဖို့အရေးမှာ အလွန် အလှမ်းဝေးလျက်ပင် ရှိနေဦးမည် ဖြစ်သည်။</p> <p>တစ်ဖန် ဝီရိယနှင့် သမာဓိလည်း ညီမျှဖို့ လိုအပ်သည်သာ ဖြစ်ပေသည်။ ဓာတ်ကြီးလေးပါတို့၏ သဘာဝလက္ခဏာ အသီးအသီးကို သိအောင်, ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအသီးအသီးအာရုံပေါ်၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍ တည်နေမှု သမာဓိဖြစ်အောင် ကြိုးစားအားထုတ်မှု <b>ကာယိကဝီရိယ စေတသိကဝီရိယ</b> နှစ်မျိုးလည်း လိုအပ်သည်သာ ဖြစ်၏။ ဝီရိယလျော့လွန်းက ပျင်းရိမှု ကောသဇ္ဇဘက်သို့ ယိုင်လဲသွားတတ်၍ ဘာဝနာလုပ်ငန်းရပ်မှ စိတ်ဓာတ်သည် တွန့်ဆုတ်သွားမည် ဖြစ်၏။ ဝီရိယလွန်ပြန်ကလည်း စိတ်ပျံ့လွင့်တတ်၍ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာတည်းဟူသော ဘာဝနာအာရုံမှ ပြင်ပအာရုံသို့ စိတ်ရောက်နေသဖြင့် စိတ်တည်ငြိမ်မှု သမာဓိကို မရနိုင် ဖြစ်တတ်၏။</p> <p>တစ်ခါတစ်ရံ လွန်ကဲနေသော ဝီရိယကို လျော့ချကာ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အာရုံပေါ်၌ ဘာဝနာစိတ်ကို ခပ်လျော့လျော့ထား၍ စိုက်ထားပါက စိတ်သည် တည်ငြိမ်နေတတ်၏။ ထိုသို့ တည်ငြိမ်နေသော အခါ၌ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို သိလျက် ငြိမ်နေပါက ကောင်းမြတ်သည်သာ ဖြစ်၏။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထင်ထင်ရှားရှား ကွဲွကွဲပြားပြား မသိဘဲ သိသလိုလို မသိသလိုလိုဖြင့် ငြိမ်နေပါက <b>ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာ သမ္ဗောဇ္ဈင်</b>များ လွန်ကဲနေပြီ ဖြစ်၏။ ထိုသို့ <b>ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာသမ္ဗောဇ္ဈင်</b>တရားများက လွန်ကဲလာသော် <b>ဓမ္မဝိစယ-ဝီရိယ-ပီတိသမ္ဗောဇ္ဈင်</b> တရားများကို ပွားများရမည် ဖြစ်၏။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို အမှတ်ရနေမှု = <b>သတိသမ္ဗောဇ္ဈင်</b>၏ အကူအညီဖြင့် ယင်းအာရုံကို သိအောင် ကြိုးစားအားထုတ်မှု = <b>ဝီရိယသမ္ဗောဇ္ဈင်</b>၏ အားပေးထောက်ပံ့မှုဖြင့် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို လင်းလင်းထင်ထင် သိမှု= <b>ဓမ္မဝိစယသမ္ဗောဇ္ဈင်</b> ဖြစ်အောင် ကြိုးစားရမည် ဖြစ်၏။ ဘာဝနာလုပ်ငန်းရပ်၌ နှစ်သက်ဝမ်းမြောက်မှု = <b>ပီတိသမ္ဗောဇ္ဈင်</b>ဖြစ်အောင် ကြိုးစားရမည် ဖြစ်၏၊ အထက်တွင် ဖော်ပြခဲ့သော <b>အဓိစိတ္တသုတ္တန်, အနုတ္တရသိတိဘာဝသုတ္တန်, ဗောဇ္ဈင်္ဂသုတ္တန်</b>တို့ကား ဤအချိန်အခါမျိုးတွင် အသုံးချရတော့မည် ဖြစ်သည်။ ထိုအပိုင်းကို ပြန်လည် ဖတ်ရှုပါ။ ဣန္ဒြေငါးပါး ညီမျှအောင်, ဗောဇ္ဈင်ခုနှစ်ပါး ညီမျှအောင် ကြိုးစားပါ။</p> <p>တစ်ခါတစ်ရံ ဝီရိယလွန်ကဲခြင်းစသော အကြောင်းတရားတို့ကြောင့် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အာရုံပေါ်၌ ဘာဝနာစိတ်သည် ကောင်းစွာမတည်ဘဲ ပျံ့လွင့်နေသည်ဖြစ်အံ့၊ ထိုအခါမျိုး၌ <b>ဓမ္မဝိစယ- ဝီရိယ- ပီတိ- သမ္ဗောဇ္ဈင်</b>တရားများကို မပွားများသေးဘဲ <b>ပဿဒ္ဓိ- သမာဓိ- ဥပက္ခာသမ္ဗောဇ္ဈင်</b>တရားများကို ဖြစ်ပေါ်လာအောင် အားကောင်းလားအောင် ပွားများပေးရ၏။</p> <p>တစ်ခါတစ်ရံ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထိုးထွင်းလျက် လင်းလင်းထင်ထင် သိမြင်တတ်သော ပညာလုံ့လပယောဂ၏ အားနည်းမှုကြောင့်ဖြစ်စေ, စိတ်ငြိမ်းအေးမှု = <b>ဥပသမသုခ</b>ကို မရရှိခြင်းကြောင့်ဖြစ်စေ ဓာတ်ကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းရပ်၌ စိတ်သည် သာယာမှု ကင်းနေ၏၊ ထိုအခါမျိုး၌ သံဝေဂဝတ္ထုတို့ကို ဆင်ခြင်ခြင်းဖြင့် စိတ်ကို ထိတ်လန့်စေအပ်၏၊ ရတနာသုံးပါးတို့၏ဂုဏ်ကို ပွားများခြင်းဖြင့် စိတ်ကို ကြည်လင်စေအပ်၏။ ဤအခါမျိုးတွင် အထူးသဖြင့် <b>မရဏာနုဿတိကမ္မဋ္ဌာန်း ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း</b>များကို စီးဖြန်းရမည် ဖြစ်ပါသည်။ သို့အတွက် <b>မေတ္တာ, ဗုဒ္ဓါနုဿတိ, မရဏာနုဿတိ, အသုဘ</b>ဟူသော အစောင့်လေးပါးဟု ခေါ်ဆိုအပ်သော <b>စတုရာရက္ခကမ္မဋ္ဌာန်း</b>များကို ယောဂါဝစစရပုဂ္ဂိုလ်သည် ကြိုတင်၍ အောင်မြင်စွာ ပွားများထားပြီး ဖြစ်သင့်ပေသည်။ အရေးကြုံက သက်လုံကောင်းရမည် ဖြစ်ပေသည်။</p> <p>အကြင်အခါ၌ကား ဤသို့ ဆိုအပ်ခဲ့ပြီးသည်အတိုင်း <b>ဣန္ဒြေငါးပါး ဗောဇ္ဈင်ခုနှစ်ပါး</b>တို့ကို ညီမျှအောင် ကျင့်နိုင်သဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဘာဝနာစိတ်သည် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံမှ တွန့်ဆုတ်မှုလည်း မရှိ၊ ပျံ့လွင့်မှုလည်း မရှိ၊ ပွားများအားထုတ်၍ ကောင်းသဖြင့် စိတ်ငြိမ်းအေးမှု ဥပသမသုခကို ရရှိခြင်းကြောင့် ဘာဝနာလုပ်ငန်းခွင်၌ သာယာမှုရှိနေ၏၊ ဘာဝနာစိတ်သည် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အာရုံ၌ အညီအမျှ ဖြစ်နေ၏၊ စိတ်တည်ငြိမ်မှု ငြိမ်းအေးမှု သမထလမ်းကြောင်းပေါ်သို့ ကျရောက်နေ၏၊ ထိုအခါမျိုး၌ကား ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထား၍ ငြိမ်ဝပ်အောင် စိုက်ရှု၍ ဓာတ်ကြီးလေးပါး အာရုံနှင့် ပတ်သက်၍ ကြောင့်ကြမှု တောင့်တမှု မပြုတော့ဘဲ အညီအမျှ လျစ်လျူသဘောအားဖြင့် ရှုနေပါ။ ရှေး<b>အာနာပါနဿတိသမာဓိ</b>ပိုင်းတွင် အကျယ်ဖော်ပြထားခဲ့သော ဣန္ဒြေနှင့် ဗောဇ္ဈင်တရားများကို ညီမျှအောင် ကျင့်ပုံနည်းစနစ်များကို နည်းမှီ၍ <b>ဣန္ဒြေငါးပါး</b>နှင့် <b>ဗောဇ္ဈင်ခုနှစ်ပါး</b>တို့ကို ညီမျှအောင် ကျင့်ပါလေ။</p> <h3>ဘဝင်ကျနေတတ်ပါသည်</h3> <p>ဥပစာရသမာဓိနယ်မြေသို့ ဆိုက်ရောက်စ ယခုကဲ့သို့သော အချိန်မျိုးတွင်လည်း သတိဝီရိယစသည့် ဗောဇ္ဈင်တရားများ၏ လျော့လျော့ရဲရဲ ရှိမှုကြောင့် တစ်ခါတစ်ရံ အချို့သော ယောဂါဝစရပုဂ္ဂိုလ်များ၏ သန္တာန်များဝယ် ဘဝင်ကျနေတတ်ပါသည်။ ထိုအခါမျိုးတွင် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံကို မရှုမိတော့ဘဲ ကျော်လွန်သွားတတ်၏။ ယောဂါဝစရပုဂ္ဂိုလ် အများစုကတော့ ဘာမျှ မသိဘဲ ငြိမ်နေသည်ဟုလည်းကောင်း, ဘာမျှမသိဘဲ လစ်လစ်နေသည်ဟုလည်းကောင်း ပြောဆိုတတ်ကြ၏။ ထိုဘဝင်စိတ်သည် မိမိရှုပွားနေသည့် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို အာရုံမပြုဘဲ အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နဇော ယူခဲ့သော အာရုံကိုပင် ဆက်လက်အာရုံယူတတ်သော အာရုံယူနေသော စိတ်ဖြစ်သဖြင့် ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် ဘာမျှမသိဘဲ ငြိမ်နေသည်ဟုလည်းကောင်း, ဘာမျှမသိဘဲ လစ်လစ်နေသည်ဟုလည်းကောင်း ထင်မြင်ခြင်း ဖြစ်၏။ ဤအချိန်မျိုး၌ကား ဘဝင်စိတ်က အတိတ် မရဏာသန္နဇော၏ အာရုံကို အာရုံပြုနေသည် သိနေသည်ဟူသော အချက်ကို ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် သိဖို့ရန်မှာ အခက်ခဲများစွာ ရှိနေသေးသော အချိန်ပင် ဖြစ်ပါသည်။ <b>ပစ္စယပရိဂ္ဂဟဉာဏ်</b>ပိုင်းသို့ ရောက်ရှိပါမှ အတိအကျ သဘောပေါက်နိုင်မည် ဖြစ်သည်။</p> <p>ဤကဲ့သို့ ဘဝင်အကျများနေပါက <b>သတိသမ္ဗောဇ္ဈင်</b>၏ အကူအညီဖြင့် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ <b>ဓမ္မဝိစယ-ဝီရိယ-ပီတိသမ္ဗောဇ္ဈင်</b>တရာများ ထင်ထင်ရှားရှား ဖြစ်ပေါ်လာအောင် ရှေ့ဦးစွာ ကြိုးပမ်းပါ။ ထိုနောင် ဣန္ဒြေနှင့် ဗောဇ္ဈင်များကို ညီမျှအောင် ဆက်လက် ကြိုးစားပါ။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံပေါ်၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်အောင် ကပ်ထားပါ။ ဘာဝနာစိတ်သည် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံပေါ်၌သာ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော် ထို သမာဓိကို သာ ခိုင်ခံ့အောင် ဆက်လက်၍ ထူထောင်ပါ။</p> <h3>ရှေ့ပြေးအမှတ်အသားများ</h3> <p>ဘာဝနာစိတ်သည် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အာရုံပေါ်၌သာ ငြိမ်ဝပ်စွာ ကပ်၍ တည်နေခဲ့သော်, သမာဓိကလည်း ခိုင်ခံ့လာသော်, ထိုဓာတ်လေးပါးအာရုံ၌ တစ်နာရီ နှစ်နာရီစသည်ဖြင့် ဘာဝနာစိတ်ကလည်း ငြိမ်ဝပ်စွာ ကပ်၍ တည်နေခဲ့သော် ---- ထိုအခါ၌ <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b> ---- ဟုပင် စိတ်ဖြင့် မရွတ်ဆိုတော့ဘဲ ထိုသဘာဝလက္ခဏာ အသီးအသီးအာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်၍ တည်နေအောင် ကြိုးစားပါ။ ဘာဝနာစိတ်က ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကိုသာလျှင် အာရုံပြုကာ စိုက်ကြည့်နေပါ, ရှုနေပါ, ဉာဏ်မျက်စိဖြင့် စေ့စေ့ငုငု ကြည့်ရှုနေပါ။ ဓာတ်ကြီးလေးပါးလုံးသည် ဉာဏ်တွင် ပြိုင်တူတူလိုလို ထင်နေပါက ပို၍ပို၍ ကောင်းသည်သာ ဖြစ်၏။ ဓာတ်သဘောတရား အားလုံကိုပင် ခြုံ၍ ယင်း သဘောတရားတို့ အပေါ်၌သာ ဘာဝနာစိတ်ကို ကပ်ထားပါ။ ကျွမ်းကျင်၍ ကျင့်သားရသွားခဲ့သော် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံနှင့် (= သဘောတရားနှင့်) ဘာဝနာစိတ်သည် တစ်သားတည်းကဲ့သို့ ဖြစ်ကား ငြိကပ်နေပေလိမ့်မည်။ ငြိကပ်မှုစွမ်းအင်း အားကောင်းသည်နှင့်အမျှ သမာဓိသည်လည်း အားကောင်းလာမည် ဖြစ်၏။ သမာဓိ အားကောင်းလာသည်နှင့်အမျှ အရောင်အလင်းများသည်လည်း ပြိုးပြိုးပြက်ပြက် တလက်လက် ထွက်ပေါ်လာမည် ဖြစ်၏။ အချို့ သူတော်ကောင်းများ၌ ယခုကဲ့သို့ သမာဓိ အားကောင်းလာသောအခါ ခန္ဓာကိုယ်ကြီးက တဖြည်းဖြည်း ကြီးထွားလာသည်ဟု ထင်လာ တတ်၏။ ဓာတ်တို့၏ သဘာဝလက္ခဏာများ ထင်ရှားလာကြသည့် အမှတ်အသားပင် ဖြစ်သည်။ ထိုအချိန်အခါမျိုးတွင် ဗဟိဒ္ဓသို့ စိတ်ကို တစ်စတစ်စ စေလွှတ်၍ (= ဗဟိဒ္ဓလောက၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို တစ်စတစ်စ တိုးချဲ့၍ အာရုံယူကာ) ယင်းဓာတ်ကြီးလေးပါးကို ဆက်လက် ရှုပါက ရရှိနိုင်သောသဘော ရှိသည်သာ ဖြစ်၏။ ထိုကြောင့် မဟာဋီကာ၌ အောက်ပါအတိုင်း ဖွင့်ဆိုထား၏။ ----</p> <p>အကယ်၍ ဗဟိဒ္ဓလောက၌လည်း ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို နှလုံးသွင်းခြင်း <b>ဘာဝနာမနသိကာရ</b>ကို ဉာဏ်ဖြင့် ရှေးရှု ကပ်ဆောင်သည် ဖြစ်အံ့၊ ထိုသို့ ဉာဏ်ဖြင့် ရှေးရှူ ကပ်ဆောင်သည်ရှိသော် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် လှည့်လည်ကျက်စား သွားလာနေထိုင်ကြကုန်သော လူ တိရစ္ဆာန် စသည်တို့သည် သတ္တဝါဟူသော အခြင်းအရာကို စွန့်၍ ဓာတ်ကြီးလေးပါးတို့၏ အပေါင်းအစု အစွမ်းဖြင့်သာလျှင် ထင်လာကုန်၏။ ထို လူတိရစ္ဆာန်စသည်တို့သည် ပြုလုပ်အပ်သော အပြုအမူမှန်သမျှသည် ဓာတ်ကြီးလေးပါးဖြင့်ပြီးသော ယန္တရားဖြင့် ဖြစ်စေအပ်သည်ဖြစ်၍ ထင်လာ၏။ စားမျိုအပ်သော အဖျော်ယမကာနှင့် ဘောဇဉ်စသည်သည် ဓာတ်ကြီးလေးပါးတို့၏ အပေါင်းအစု၌ ထည့်သွင်းအပ်သော ဓာတ်ကြီးလေးပါးတို့၏ အပေါင်အစုကဲ့သို့ ထင်လာ၏။ (<b>မဟာဋီ၊၁၊၄၃၅။</b>)</p> <p>သို့သော် ဤအပိုင်းတွင် အဇ္ဈတ္တ၌ ဓာတ်ကြီးလေးပါးကို ရှုပွားမှု လိုရင်းကိစ္စ မပြီးသေးသဖြင့် ဗဟိဒ္ဓသို့ မရှုသေးဘဲ အဇ္ဈတ္တ၌သာ ဓာတ်ကြီးလေးပါးကိုပင် ဆက်လက်၍ ရှုပွားလိုကလည်း ရှုပွားနိုင်သည်သာ ဖြစ်သည်။ အဇ္ဈတ္တ၌ ရုပ်နာမ်တို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည်တိုင်အောင် သိမ်းဆည်းပြီးသောအခါမှ ဗဟိဒ္ဓသို့ ပြောင်းရှုလိုကလည်း ရှုနိုင်သည်သာ ဖြစ်သည်။</p> <p>အချို့သော ယောဂါဝစရပုဂ္ဂိုလ်များကား ထိုသို့ ဓာတ်များ ထင်ရှားလာသောအခါ ကြောက်လန့်လာတတ်၏။ ကြောက်လန့်ဖွယ် မလိုပါ။ တစ်ခုခု ဖြစ်လေမလားဟူသော ပူပန်မှု စိုးရိမ်မှုလည်း မဖြစ်သင့်ပေ။ ထိုအခါမျိုး၌ လွန်ကဲနေသော ဓာတ်ကို ညီမျှအောင် ပြုပြင်ပေးရမည် ဖြစ်သည်။ ဓာတ်သဘောတရား (၁၂)မျိုးလုံးကိုပင် ထိုအခါဝယ် ပြန်ရှုခြင်းက ပိုကောင်းပေသည်။</p> <p>မာ-မှုသဘော လွန်ကဲနေပါက ပျော့-မှုသဘောကို, ပျော့-မှုသဘော လွန်ကဲနေပါက မာ-မှုသဘောကို ဦးစားပေးကာ ရှုခြင်းဖြင့် ဓာတ်သဘော တရားများကို ညီမျှအောင် ပြုပြင်ပေးပါ။ အလားတူပင် ကြမ်း-ချော, လေး-ပေါ့, ယိုစီး-ဖွဲ့စည်း, ပူ-အေး, ထောက်-တွန်းတို့၌လည်း နည်းတူ သဘောပေါက်ပါ။ ဓာတ်သဘောတရား တစ်ခုခု လွန်ကဲလာပါက ထိတ်လန့်မှုစသည် ဖြစ်လာတတ်သဖြင့် သမာဓိလည်း ပျက်ပြားလာတတ်ပေသည်။ သမာဓိက အားကောင်းလာသောအခါ ဓာတ်သဘောတရားများလည်း ညီမျှနေပါက သမာဓိက စူးရှထက်မြက် တည်တံ့လာတတ်ပေသည်။</p> <p>သို့သော် အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်၌ကား ခန္ဓာကိုယ်ကို မတွေ့တော့ဘဲ ဓာတ်ကြီးလေးပါးတို့၏ အစုအပုံအဖြစ်ဖြင့်သာ ထင်လာရာက တဖြည်းဖြည်း ဓာတ်များမှာ လုံးကျစ်လျက် လာတတ်၏။ ဓာတ်ကြီးလေးပါးတို့၏ အတုံးအခဲမှာ သေးငယ်လာတတ်၏။ တစ်ကိုယ်လုံးကို ခြုံ၍ ဓာတ်ကို စိုက်မရှုဘဲ တစ်နေရာရာကို အထူးသဖြင့် ခန္ဓာကိုယ်၏ အတွင်းပိုင်းလောက်ကိုသာ ဦးစားပေး၍ ဓာတ်ကို စိုက်ရှုနေမိသော ယောဂါဝစရပုဂ္ဂိုလ်တို့၌ ဖြစ်လာတတ်သော သဘာဝတစ်မျိုးဖြစ်၏။ ထိုအချိန်အခါမျိုးတွင် ဓာတ်အတုံးအခဲ ကြီးမှု-သေးမှုကို အာရုံမယူဘဲ ဓာတ်အစုအပုံကိုသာ ဆက်လက်၍ အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်ရမည် ဖြစ်ပေသည်။</p> <p>ဤအပိုင်းတွင် ဓာတ်ကြီးလေးပါးကို အာရုံယူ၍ ထူထောင်လာသော သမာဓိမှာ အတော်အသင့် အားကောင်းလာပြီ ဖြစ်သဖြင့် စိတ်ကို စေလွှတ်မိသည့်ဘက်တွင် ဓာတ်များလည်း ထင်ရှားနေတတ်၏။ ယောဂါဝစရပုဂ္ဂိုလ်က စိတ်ကို ထိုထို ဤဤ ဘက်သို့ မစေလွှတ်မိအောင် ကြိုးစားဖို့ လိုပေသည်။ ထိုသို့ စိတ်ကို ခန္ဓာကိုယ်၏ ပြင်ပသို့တိုင်အောင် စေလွှတ်နေမိပါက စူးစမ်းဆင်ခြင်မှုတွေ များနေပါက <b>ဓမ္မဝိစယသမ္ဗောဇ္ဈင်</b>က လွန်ကဲလာသဖြင့် <b>သမာဓိသမ္ဗောဇ္ဈင်</b>စသည့် ဗောဇ္ဈင်တရားများလည်း အားနည်းလာတတ်ပေသည်။ ဤအချိန်ကား ရုပ်ကလာပ်များကို ဉာဏ်ဖြင့် မတွေ့မမြင်ခင် အပိုင်းဖြစ်၍ ရုပ်ဃန အသီးအသီးကို ဉာဏ်ဖြင့် မဖြိုခွဲနိုင်သေးသည့်အတွက် ပရမတ်နယ်သို့ ခြေစုံပစ်၍ ဝင်ရောက်မသွားသေးသော အချိန် ဖြစ်၏။ ပညတ်နယ်ကို လုံးဝ မကျော်လွှားနိုင်သေးသဖြင့် စိတ်ကို နေရာအနှံ့အပြား စေလွှတ်နေပါက ပညတ်နှင့် ရောနှောနေသော အာရုံနိမိတ်များကိုလည်း ယောဂီပုဂ္ဂိုလ်က တွေ့မြင်နေတတ်ပေသည်။ ထိုအခါ ထိုအာရုံနိမိတ်များ နောက်သို့ စိတ်က လိုက်ကြည့်နေတတ်သဖြင့် ဓာတ်သဘောတရားများကိုလည်း မရှုမိတော့သည့်အတွက် သမာဓိမှာ ပျက်ပြားသွားတတ်ပေသည်။ သို့အတွက် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကိုသာ မလွှတ်တမ်း အာရုံယူလျက် သမာဓိကိုသာ ခိုင်ခံ့အောင် ဆက်လက်၍ ထူထောင်ရမည့် အချိန်အခါသာ ဖြစ်သည်ဟု ယောဂီဘက်က သဘောပေါက် နားလည်ဖို့ အထူးလိုအပ်ပေသည်။</p> <p>ဓာတ်အတုံးအခဲ ကြီးမား ကျယ်ပြန့်လာသည်ဟု အသိဉာဏ်၌ ထင်လာသူနှင့် ဓာတ်အတုံးအခဲ သေးကွေးသွားသည်ဟု အသိဉာဏ်၌ ထင်လာသူ ယောဂီနှစ်ဦးတို့တွင် သေးသေး ကွေးကွေး အတုံးအခဲအဖြစ် ထင်လာသူ ယောဂီပုဂ္ဂိုလ်က သမာဓိ ပို၍ စူးရှသည်ကို ရံခါ တွေ့ရတတ်၏။ ကြီးမားကျယ်ပြန့်သည့် ဓာတ်အတုံးအခဲအဖြစ် ထင်သူအချို့လည်း သမာဓိ စူးရှတတ်ပါသည်။ ဓာတ်အတုံးအခဲကြီးမှု သေးမှုကို အာရုံမပြုဘဲ ဓာတ်အစုအပုံကိုသာ အာရုံပြု၍ သမာဓိကိုသာ ဆက်လက်ထူထောင်နေပါ။</p> <h3>အဖြူနှင့် အကြည်ပြင်</h3> <p><b>စက္ခာဒိပဉ္စဝိဓံ ရူပါဒီနံ ဂဟဏ ပစ္စယဘာဝေန အာဒါသတလံ ဝိယ ဝိပ္ပသန္နာတ္တာ ပသာဒရူပံ။ (ဝိသုဒ္ဓိ၊၂၊၈၁။)</b></p> <p>ဤခန္ဓာကိုယ်ဝယ်---</p> <p>၁။ <b>စက္ခုပသာဒ</b> = မျက်စိအကြည်</p> <p>၂။ <b>သောတပသာဒ</b> = နားအကြည်</p> <p>၃။ <b>ဃာနပသာဒ</b> = နှာခေါင်းအကြည်</p> <p>၄။ <b>ဇိဝှါပသာဒ</b> = လျှာအကြည်</p> <p>၅။ <b>ကာယပသာဒ</b> = ကိုယ်အကြည် ----</p> <p>ဤသို့လျှင် အကြည်ရုပ် = <b>ပသာဒရုပ်</b> (၅)မျိုး ရှိပေသည်။ ထိုငါးမျိုးသော ရုပ်သည် ရူပါရုံစသည့် ဆိုင်ရာဆိုင်ရာ အာရုံကို ရယူတတ်သော <b>စက္ခုဝိညာဏ်</b>စသည့် ဆိုင်ရာနာမ်တရားစုတို့၏ မှီရာ အကြောင်းတရားအဖြစ် ဖြစ်ပေါ်နေသော ရုပ်တရားများ ဖြစ်ကြ၏။ ယင်းငါးမျိုးသော ရုပ်သည် ကြေးမုံ မှန်အပြင်ကဲ့သို့ ကြည်လင်နေသောကြောင့် <b>ပသာဒရုပ်</b>ဟူသော အမည်ကို ရရှိပေသည်။</p> <p><b>ရူပါဘိဃာတာရဟ ဘူတပသာဒလက္ခဏံ ။ ပ ။ စက္ခု။ (ဝိသုဒ္ဓိ၊၂၊၇၄။)</b></p> <p>ရူပါရုံ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော <b>ဘူတရုပ်</b> = ဓာတ်ကြီးလေးပါးတို့ကို ကြည်လင်စေတတ်သော သဘောလက္ခဏာရှိသော ရုပ်သည် <b>စက္ခုပသာဒ</b>မည်၏။ (<b>ဝိသုဒ္ဓိ၊၂၊၇၄။</b>)</p> <p>သို့အတွက် <b>ပသာဒရုပ်</b>ဟူသည်-အဆင်း-အသံ-အနံ-အရသာ-အတွေ့အထိ-ဟူသော ဆိုင်ရာအာရုံတို့က ရှေးရှူရိုက်ခတ်သည့်အခါ <b>စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်</b>ဟူသော နာမ်တရား အသီးအသီးအား မှီရာဝတ္ထုရုပ်အဖြစ် ကျေးဇူးပြုပေးနေသော ကြေးမုံမှန်အပြင်ကဲ့သို့ ကြည်လင်နေသော <b>ဘူတရုပ်</b> (= ဓာတ်ကြီးလေးပါး)တို့၏ ကြည်လင်နေသော သဘောတရား ဖြစ်၏။</p> <p>ယင်း<b>ပသာဒရုပ်</b>တို့တွင် <b>စက္ခုပသာဒ</b>ကား မျက်စိ၌, <b>သောတပသာဒ</b>ကား နား၌, <b>ဃာနပသာဒ</b>ကား နှားခေါင်း၌, <b>ဇိဝှါပသာဒ</b>ကား လျှာ၌သာ အသီးအသီး တည်ရှိ၏။ သို့သော် <b>ကာယပသာဒ</b>ကား မျက်စိ-နား-နှာ-လျှာ-ကိုယ်-နှလုံး-ဟူသော ဒွါရခြောက်ပါးလုံး၌ ထိမှုကို သိသည့် နေရာတိုင်း၌ တည်ရှိပေသည်။ ဆိုင်ရာအာရုံတို့ ရှေးရှူရိုက်ခတ်ခြင်း ထိခိုက်ခြင်းငှာ ထိုက်သော ဓာတ်ကြီးလေးပါးတို့၏ ကြည်လင်မှုသဘောတရားသာ ဖြစ်သည်။</p> <p>ယောဂါဝစရပုဂ္ဂိုလ်က ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာကို အာရုံယူကာ ယခုကဲ့သို့ သမာဓိကို ထူထောင်နေသော အခိုက်ဝယ် သမာဓိကလည်း အရှိန်အဝါ ကောင်းမွန်လာသောအခါ <b>ဃန</b>ခေါ်သည့် ရုပ်တုံးရုပ်ခဲတို့ကို ဉာဏ်ဖြင့် မဖြိုခွဲနိုင်မီ ယင်းဓာတ်ကြီးလေးပါးတို့၏ ကြည်လင်မှု သဘောတရားဟူသော <b>ပသာဒရုပ်</b>များကို အတုံးလိုက် အခဲလိုက် တွေ့မြင်တတ်ပေသည်။</p> <p>သို့သော် ဤအဆင့်သို့ တစ်ခါမျှ မရောက်ဖူးသေးသော ယောဂါဝစရပုဂ္ဂိုလ်ဖြစ်ပါက အဖြူရောင် မီးခိုးရောင်ကဲ့သို့သော အဖြူပြင်ကြီးကို များသောအားဖြင့် စတင်၍ တွေ့ရှိတတ်ပေသည်။ ပကတိသော မှန်သည် ပင်ကိုသဘာဝအတိုင်း ကြည်လင်နေသည်ကား မှန်၏၊ သို့သော် မိုးအခါဝယ် ရံခါ ရေငွေ့များက ယင်းမှန်သို့ ကပ်နေသောအခါ မှန်၏ ကြည်လင်မှုကို မတွေ့မြင်ရသေးဘဲ ရေခိုးရေငွေ့များ ကပ်နေသည့် ဖြူရော်ရော် အရောင်အဆင်းကို တွေ့မြင်ရတတ်၏။ အလားတူပင် ယောဂါဝစရပုဂ္ဂိုလ်က ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီးကို အာရုံယူ၍ သမာဓိကို ထူထောင်လာရာ ဘာဝနာသမာဓိက ယင်းအကြည်ဓာတ် အတုံးအခဲကို ထွင်းဖောက် မြင်နိုင်လောက်အောင် အားမကောင်းသေးသည့်အခါ အဖြူရောင် မီးခိုးရောင်ကဲ့သို့သော အဖြူပြင် ကြီးကို စတင်၍ တွေ့ရှိခြင်း ဖြစ်ပေသည်။</p> <p>သို့သော် ဤအပိုင်းတွင် ယောဂီပုဂ္ဂိုလ်များသည် တစ်ဦးနှင့် တစ်ဦး စတင်တွေ့ရှိပုံ အခြင်းအရာ မတူ ထူးခြားမှု အသင့်အတင့် ရှိတတ်ပါသည်။ အချို့ ယောဂီများက အလင်းရောင်ကို စတင်၍ အသိအမှတ် ပြုမိတတ်ကြ၏။ အချို့ယောဂီများက အဖြူကို စတင်၍ အသိအမှတ် ပြုမိတတ်ကြ၏။ လင်းရောင်ခြည်စွမ်းအင် အားပျော့သော ယောဂီပုဂ္ဂိုလ်တို့က လင်းရောင်ခြည်ကို သတိမပြုမိကြဘဲ အဖြူကိုသာ စတင်၍ သတိပြုမိကြခြင်း ဖြစ်၏။ လင်းရောင်ခြည် စွမ်းအင်ကောင်းသော ယောဂီပုဂ္ဂိုလ်တို့ကား လင်းရောင်ခြည်ကို ဦးစွာ သတိပြုမိတတ်ကြ၍ အဖြူကို နောက်မှ သတိပြုမိတတ်ကြ၏။</p> <p>ထိုအဖြူမှာ ပေါ်စတွင် အချို့ယောဂီများ၌ မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ် အနည်းငယ် ရှိတတ်၏။ ယောဂီပုဂ္ဂိုလ်က ထိုအဖြူကို မကြည့်သေးဘဲ မူလ ရှုမြဲဖြစ်သည့် ဓာတ်ကြီးလေးပါးအာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ဆက်လက် ကြိုးပမ်းခဲ့သော် ထိုအဖြူမှာ ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူလာတတ်ပါသည်။ ဤအဖြူကား အကြည်ဓာတ်၏ ရှေ့ပြေးအမှတ်အသား ဖြစ်ပါသည်။ ဤအဖြူကိုလည်း နှလုံးမသွင်းသေးဘဲ မူလ ရှုမြဲဖြစ်သည့် ဓာတ်ကြီးလေးပါး အာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားခဲ့သော် ဤအဖြူပြင် အဖြူတုံးဟူသည်မှာလည်း ဓာတ်ကြီးလေးပါးတို့၏ အစုအပုံသာ ဖြစ်သည်ဟု သဘောပေါက်လာတတ်ပါသည်။</p> <p>အကယ်၍ အဖြူပြင်၌ တည်ရှိနေသော ဓာတ်ကြီးလေးပါးကို သဘောမပေါက်နိုင်သေး ဖြစ်နေခဲ့သော် ထိုအဖြူအပြင် အတုံးအခဲမှာလည်း လွယ်လွယ်နှင့် ပျောက်ပျက်မသွားဘဲ ခိုင်ခံ့လျက်သာ တည်ရှိနေခဲ့သော် တစ်ကိုယ်လုံးကို ခြုံ၍ ရှုနေကြအတိုင်း မာ-မှုသဘောကို ရှုလိုက်, အဖြူပြင်၌ မာ-မှုသဘောကို ရှုလိုက် ---- ဤသို့ ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ လေ့ကျင့်ပါများလာသော် အဖြူပြင်၌ တည်ရှိနေသော မာ-မှုသဘောကို ဉာဏ်ဖြင့် ထင်ထင်ရှားရှား တွေ့မြင်လာတတ်ပါသည်။ မာ-မှုသဘောတရားတစ်ခုကို ကျေကျေနပ်နပ် ရှု၍ ရရှိပါက ကျန်နေသေးသည့် သဘောတရား (၁၁)မျိုးကိုလည်း ဆက်လက်၍ နည်းတူ ရှုကြည့်ပါ။ အဖြူပြင်၌ <b>မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့၊ ယိုစီး-ဖွဲ့စည်း၊ ပူ-အေး၊ ထောက်-တွန်း</b> ---- ဟူသော သဘောတရား (၁၂)မျိုးလုံးကို ဉာဏ်ဖြင့် ထင်ထင်ရှားရှား တွေ့မြင်ပါက <b>ပထဝီဓာတ်-အာပေါဓာတ်-တေဇောဓာတ်-ဝါယောဓာတ်</b> ---- ဟု လေးချက် ပြောင်း၍ ရှုပါ။ ယင်းဓာတ်လေးပါးကို အာရုံယူကာ သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။</p> <p>သို့သော် ယောဂီပုဂ္ဂိုလ်အများစု၌ ထိုအဖြူမှာ ပေါ်စတွင် မခိုင်ခံ့ဘဲ ခဏပေါ်လိုက် ခဏပျောက်လိုက် ဖြစ်နေတတ်ပါသည်။ ထိုအခါ ထိုအဖြူ၏ ခိုင်ခံ့ရေးအတွက် မူလ ရှုမြဲဖြစ်သည့် ဓာတ်ကြီးလေးပါး အာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်သည်ထက် ပို၍ ငြိမ်ဝပ်စွာ ကပ်တည်နေအောင်သာ ကြိုးစားပါ။ ထိုအဖြူမှာ တည်ရှိသော ဓာတ်ကြီးလေးပါးကို ရှုလိုက်တိုင်း ဉာဏ်ဖြင့် တွေ့မြင်ခဲ့သော် ထိုအဖြူပြင် အဖြူအတုံးအခဲမှာလည်း နာရီဝက်ခန့် တစ်နာရီခန့် စသည်ဖြင့် မပျောက်ပျက်ဘဲ ခိုင်ခံ့တည်တံ့ခဲ့သော် ထိုအဖြူပြင် အဖြူအတုံးအခဲ၌ တည်ရှိနေသော ဓာတ်ကြီးလေးပါးကိုလည်း သဘောမပေါက်သေး ဖြစ်နေပါက အထက်ပါအတိုင်း ---- တစ်ကိုယ်လုံး၌ မာ-မှုသဘောကို ရှုလိုက်, အဖြူ၌ မာ-မှုသဘောကို ရှုလိုက်, တစ်ကိုယ်လုံး၌ ကြမ်း-မှုသဘောကို ရှုလိုက်, အဖြူ၌ ကြမ်း-မှုသဘောကို ရှုလိုက် ---- ဤသို့ စသည်ဖြင့် ပြောင်းရွှေ့ ရှုကြည့်ပါ။ ဓာတ်ကြီးလေးပါး (= သဘောတရား ၁၂-မျိုးလုံး)ကို ဉာဏ်နှင့် မြင်အောင် လေ့ကျင့်ပါ။ အောင်မြင်မှုကို ရရှိခဲ့သော် <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b>ကို လေးချက် ပြောင်းရှုကာ သမာဓိကို တစ်ဖန်ပြန်၍ ဆက်လက်ထူထောင်ပါ။</p> <p>ထိုအဖြူပြင် အဖြူအတုံအခဲ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို မြင်အောင် ရှုနိုင်၍ သမာဓိကိုလည်း ထူထောင်နိုင်ခဲ့သော် သမာဓိမြင့်မားလာသောအခါ ထိုအဖြူမှာ တဖြေးဖြေး ကြည်လာမည် ဖြစ်သည်။ ရေခဲတုံး ဖန်တုံး မှန်တုံးကဲ့သို့ကြည်လာမည်ဖြစ်သည်။ ထိုအကြည်ပြင် အကြည်အတုံးအခဲမှာ တည်ရှိသော ဓာတ်ကြီးလေးပါးကိုပင် မြင်အောင် ဆက်လက်သိမ်းဆည်းပါ။ ဉာဏ်ဖြင့်ပိုင်းခြားယူပါ။ ထိုအကြည်ပြင် အကြည်အတုံးအခဲ၌ တည်ရှိသော ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် သမာဓိကို ဆက်လက်ထူထောင်ပါ။ သမာဓိ၏စွမ်းအင် အားကောင်းလာ သည်နှင့်အမျှ ဉာဏ်၏စွမ်းအင် အာနုဘော်သည်လည်း ကြီးထွာလာမည် ထက်မြက် စူးရှလာမည် ဖြစ်ပေသည်။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထွင်းဖောက်သိမြင်နေသော ဉာဏ်၏ စွမ်းအင်အာနုဘော်က ကြီးမားလာသောအခါ ထက်မြက်စူးရှလာသောအခါ ရဲရင့်လာသောအခါ လင်ရောင်ခြည် စွမ်းအင်များလည်း အလွန် အားကောင်းလာမည် ဖြစ်သည်။ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် ထွက်ပေါ်လာတတ်ပါသည်။</p> <p>ထိုအရောင်အလင်းများမှာ အချို့ယောဂီများ၌ အလွန်တောက်ပ စူးရှသဖြင့် မျက်စိအကြည်ဓာတ်ကို ထိုလင်းရောင်ခြည်က လာရောက် ဟပ်နေသဖြင့် ရိုက်ခတ်နေသဖြင့် မျက်စိများ ကျိန်းနေတတ်၏။ အလွန်တောက်ပနေသော နေကို ကြည့်နေသည့်အခါကဲ့သို့ မျက်ရည်များ ထွက်လာတတ်၏။ ထိုအခါမျိုး၌ အလင်းရောင်းကို နှလုံးမသွင်းသေးဘဲ မူလ ရှုမြဲဖြစ်သည့် ဓာတ်ကြီးလေးပါးကိုပင် ဆက်လက်၍ ရှုပွားနေပါ။ လေ့ကျင့်မှု များလာသောအခါ ထိုလင်းရောင်ခြည်က စက္ခုအကြည်ဓာတ်၌ ရိုက်ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် မျက်ရည်ထွက်ခြင်း မျက်စိစူးခြင်းစသည့် ဒဏ်ချက်တို့ကို ခံနိုင်ရည်စွမ်းအင် ရှိလာမည် ဖြစ်သည်။ ဤကဲ့သို့သော လင်းရောင်ခြည်စွမ်းအင်ကိုပင် ရည်ရွယ်၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာဆရာတော်က ----</p> <p><b>ဓာတုပ္ပဘေဒါဝဘာသနပညာပရိဂ္ဂဟိတော =</b></p> <p>= ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အထူးအပြားကို မိမိ၏ ပညာအရောင်ဖြင့် ထွန်းပြခြင်း အဝဘာသနကိစ္စရှိသော ပညာဖြင့် သိမ်းဆည်းထားအပ်သော ----(<b>ဝိသုဒ္ဓိ၊၁၊၃၄၇။</b>)ဟု ----</p> <p>ဖွင့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ ဤဖွင့်ဆိုချက်ကား ရုပ်ကလာပ်များကို မြင်၍ ရုပ်ကလာပ် တစ်ခုတစ်ခု၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို သိမ်းဆည်းနိုင်သည့် အဆင့်အထိ ရည်ညွှန်းထားပေသည်။</p> <p>ဤနေရာတွင် သတိပြုရန် အချက်တစ်ခု ရှိလာပြန်၏။ အချို့ယောဂီများ၌ ဤအဖြူပြင်ကို ခန္ဓာကိုယ်၌ မတွေ့ဘဲ မျက်နှာရှေ့ဝန်းကျင် ဗဟိဒ္ဓ၌ စတင်၍ တွေ့တတ်သည်လည်း ရှိ၏။ အကယ်၍ ဗဟိဒ္ဓ၌ အဖြူကို စ၍တွေ့ခဲ့သော် ထိုအဖြူကို မကြည့်ဘဲ ထိုအဖြူ၌ ဓာတ်လေးပါးကို မရှုဘဲ မိမိမူလ ရှုမြဲဖြစ်သည့် မိမိ ခန္ဓာအိမ်၌သာလျှင် ဓာတ်ကြီးလေးပါးကို ဆက်၍ ရှုနေပါ။ မိမိခန္ဓာအိမ်တစ်ခုလုံး ဖြူလာပါမှ ထိုအဖြူ၌ ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်ရှုပါ။ တဖြည်းဖြည်း အကြည်ပြင်ကို တွေ့ရှိလာပါလိမ့်မည်။</p> <p>အချို့ ယောဂီများ၌ အဖြူကို စတင် တွေ့ရှိစဝယ် ကွက်ကျား ကွက်ကျား တွေ့မြင်နေတတ်၏၊ အကြည်ပြင် အကြည်အတုံးအခဲကို စတင်တွေ့ရှိရာ၌လည်း ကွက်ကျား ကွက်ကျား တွေ့မြင်နေတတ်၏။ အချို့ကို ရင်ဘတ်၌, အချို့ကို မျက်နှာ၌, အချို့ကို ဦးခေါင်း၌စသည်ဖြင့် ကွက်ကျား ကွက်ကျား တွေ့မြင်နေတတ်၏။ ထိုအခါမျိုး၌ ထိုအဖြူကို သို့မဟုတ် ထိုအကြည်ဓာတ်ကို အာရုံမပြုသေးဘဲ မူလ ရှုမြဲဖြစ်သည့် ဓာတ်ကြီးလေးပါးအာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်ထား၍ အဖြူနှင့် အကြည်ဓာတ်များ မပျံ့နှံ့သေးသည့် ခန္ဓာကိုယ်ဘက်သို့ ဓာတ်ကြီးလေးပါးကိုပင် တဖြည်းဖြည်း ဖြန့်၍ ရှုလိုက်ပါက အဖြူ-အကြည်တို့လည်း တဖြည်းဖြည်း ပြန့်သွားကြမည် ဖြစ်ပေသည်။ ခန္ဓာကိုယ်တစ်ခုလုံး၌ ဝါဂွမ်းပုံကဲ့သို့ အဖြူအတုံးအခဲကိုလည်းကောင်း, သမာဓိ အားကောင်းလာပါက ရေခဲတုံး, ဖန်တုံး, မှန်တုံကဲ့သို့ အကြည်အတုံးအခဲကိုလည်းကောင်း တွေ့ရှိနေမည် ဖြစ်သည်။</p> <p><b>ကာယပသာဒ</b> (= ကာယအကြည်ဓာတ်)သည် တစ်ကိုယ်လုံး၌ အနှံ့အပြား တည်ရှိနေသော ရုပ်တစ်မျိုး ဖြစ်၏။ ထိမှုကို သိသော <b>ကာယဝိညာဏ်</b>စိတ်သည် ကိုယ်အကြည်ဓာတ်ကိုသာ မှီတွယ်ရသဖြင့် ထိမှုကို သိသည့် နေရာတိုင်း၌ ကာယအကြည်ဓာတ် (= ကိုယ်အကြည်ဓာတ်)ကား တည်ရှိ နေမြဲပင် ဖြစ်သည်။ ယင်း<b>ကာယအကြည်ဓာတ်</b>ဟူသည် ---- <b>ဖောဋ္ဌာဗ္ဗာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏော ။ ပ ။ ကာယော။ (ဝိသုဒ္ဓိ၊၂၊ ၇၄)</b> ဖောဋ္ဌာဗ္ဗာရုံ ရှေးရှုရိုက်ခတ်ခြင်း ထိခိုက်ခြင်းငှာထိုက်သော ဓာတ်ကြီးလေးပါးတို့ကို ကြည်လင်စေခြင်း သဘောလက္ခဏာရှိသော ရုပ်တရားတစ်မျိုးသာ ဖြစ်သည်။ ဓာတ်ကြီးလေးပါးကို မှီကာ ဖြစ်ပေါ်လာသည့် အကြည်ဓာတ် တစ်မျိုးသာ ဖြစ်သည်။ <b>ဃန</b>ခေါ်သည့် ရုပ်တုံးရုပ်ခဲများကို ဉာဏ်ဖြင့် မဖြိုခွဲနိုင်မီ <b>ဃန</b>အတုံးအခဲများ မပြိုမီ အချိန်၌ အကြည်ဓာတ်များကို တစ်ဆက်တည်း အတုံးလိုက် အခဲလိုက် အပြင်လိုက်ကြီး တွေ့နေရခြင်း ဖြစ်သည်။ ထိုအကြည်ဓာတ် အကြည်ပြင်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုပင် မြင်အောင် ဆက်ရှုပါ။ ယင်းဓာတ်လေးပါးကို အာရုံယူ၍ သမာဓိကို ဆက်လက် ထူထောင်ပါ။ ဓာတ်ကြီးလေးပါးတို့ကို မှီ၍ ဖြစ်နေသော အကြည်တုံး အကြည်ခဲ အကြည်ပြင်ကြီးသည် ရှုလိုက်တိုင်း ဉာဏ်တွင် ထင်ရှားနေမည် ဖြစ်သည်။</p> <p>အကယ်၍ အကြည်ပြင်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုလည်း သဘောမပေါက်နိုင်းသေး မသိမ်းဆည်းနိုင်သေး ဉာဏ်ဖြင့် ပိုင်းခြားမယူနိုင်သေး ဖြစ်နေပါက အဖြူပြင်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းသကဲ့သို့ ရှုသကဲ့သို့ပင် ---- ခန္ဓာကိုယ်တစ်ခုလုံးကို ခြုံ၍ ရှုနေကျအတိုင်း မာ-မှုသဘောကို ရှုလိုက်, အကြည်ပြင်၌ တည်ရှိသော မာ-မှုသဘောကို ရှုလိုက် ---- ဤသို့ စသည်ဖြင့် ဓာတ်သဘောတရားများကို တစ်လုံးစီ တစ်လုံးစီ တိုး၍ တိုး၍ ရှုကြည့်ပါ။ အောင်မြင်မှုကို ရရှိခဲ့သော် ထို အကြည်ပြင် အကြည်အတုံးအခဲ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုပင် ခြုံငုံ၍ အာရုံယူကာ <b>ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်</b>ဟု ရှုနေပါ၊ သမာဓိကို ဆက်လက်ထူထောင်ပါ။</p> <h3>ပါရမီရှင် သူတော်ကောင်းများ</h3> <p>အတိတ်ဘဝထိုထိုက ရုပ်နာမ်ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သည်တိုင် အောင်ဆည်းပူးခဲ့ ဖြည့်ကျင့်ခဲ့သော <b>ပါရမီပုညသမ္ဘာရ</b>တည်းဟူသော ပါရမီကောင်းမှုကုသိုလ်အထူးဟူသော အဆောက်အဦ အခိုင်အမာ တည်ရှိခဲ့ဖူးသော ပါရမီရှင် သူတော်ကောင်းများ အဖို့မှာမှု ထိုအကြည်ပြင် အကြည်တုံး၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုပင် စိုက်၍ ရှုနေရုံမျှဖြင့် အလွယ်တကူပင် အကြည်တုံး အကြည်ပြင်ကြီးများ ပြိုကွဲသွားကာ ရုပ်ကလာပ်အမှုန်များကို စတင် တွေ့ရှိတတ်ပါသည်။</p> <h3>အာကာသဓာတ်ကို ရှုရန်</h3> <p>သို့သော် ပါရမီကောင်းမှုကုသိုလ် အဆောက်အဦက အနည်ငယ် အားပျော့နေသော ယောဂီသူတော်ကောင်း ဖြစ်ခဲ့ပါမူ ထိုအကြည်ဓာတ် အကြည်ပြင် အကြည်တုံး အကြည်ခဲကြီးမှာ တည်ရှိသော ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်၍ ရှုလိုက်ရုံမျှဖြင့် ယင်းအကြည် အတုံးအခဲကြီးမှာ ပြိုကွဲမသွားဘဲ အတုံးလိုက် အခဲလိုက် အပြင်လိုက်ပင် ရှိနေတတ်ပါသည်။ ထိုအခါမျိုးတွင် ထိုအကြည်ပြင်ကြီး၌ <b>အာကာသဓာတ်</b>ကို မြင်အောင် စိုက်၍ ရှုရမည် ဖြစ်သည်။</p> <p>ဘုရားရှင်သည် <b>မဟာရာဟုလောဝါဒသုတ္တန် (မ၊၂၊၈၆။) ဓာတုဝိဘင်္ဂသုတ္တန် (မ၊၃၊၂၈၅။) အဘိဓမ္မာ ဓာတုဝိဘင်းပါဠိတော် (အဘိ၊၂၊၈၆။)</b>တို့၌ <b>အာကာသဓာတ်</b>ကို ရှုရန် ညွှန်ကြားထားတော်မူ၏။ မဇ္ဈိမပဏ္ဏာသအဋ္ဌကထာနှင့် မဇ္ဈိမပဏ္ဏာသဋီကာတို့ကလည်း အာကာသဓာတ်ကို ရှုရန် ညွှန်ကြားတော်မူရခြင်း၏ အကြောင်းရင်းကို ဤသို့ ရှင်းပြထားတော်မူကြ၏။ ----</p> <p><b>အထ အာကာသဓာတုံ ကသ္မာ ဝိတ္ထာရေသီတိ။ ဥပါဒါရူပဒဿနတ္ထံ။ ဟေဋ္ဌာ ဟိ စတ္တာရိ မဟာဘူတာနေဝ ကထိတာနိ၊ န ဥပါဒါရူပံ။ တသ္မာ ဣမိနာ မုခေန တံ ဒေဿတုံ အာကာသဓာတုံ ဝိတ္ထာရေသိ။ အပိစ အဇ္ဈတ္တိကေန အာကာသေန ပရိစ္ဆိန္နရူပမ္ပိ ပါကဋံ ဟောတိ။</b></p> <p><b>အာကာသေန ပရိစ္ဆိန္နံ၊ ရူပံ ယာတိ ဝိဘူတတံ။ တေဿဝံ အာဝိဘာဝတ္ထံ၊ တံ ပကာသေတိ နာယကော။ (မ၊ဋ္ဌ၊၃၊၉၇။)</b></p> <p><b>မဟာဘူတာနိ တာဝ ဝိတ္ထာရေတု သမ္မသနူပဂတ္တာ၊ အသမ္မသနူပဂံ အာကာသဓာတုံ အထကသ္မာ ဝိတ္ထာရေသီတိ အာဟ ဥပါဒါရူပဒဿနတ္ထန္တိ ။ ပ ။ ဟေဋ္ဌာ စတ္တာရိ မဟာဘူတာနေဝ ကထိတာနိ, န ဥပါဒါရူပန္တိ တဿ ပနေတ္ထ လက္ခဏာဟာရနယေန အာကာသဒဿနေန ဒဿိတာ ဝေဒိတဗ္ဗော။ တေနာဟ ဣမိနာ မုခေန တံ ဒေဿတု န္တိ။ န ကေဝလံ ဥပါဒါရူပဂ္ဂဟဏ ဒဿနတ္ထမေဝ အာကာသဓာတု ဝိတ္ထာရိတာ၊ အထ ခေါ ပရိဂ္ဂဟသုခတာယပီတိ ဒေဿန္တော အပိစာတိ အာဒိမာဟ။ တတ္ထ ပရိစ္ဆိန္ဒိတဗ္ဗဿ ရူပဿ နိရဝသေသပရိယာဒါနတ္ထံ အဇ္ဈတ္တိကေနာတိ ဝိသေသနမာဟ။ အာကာသေနာတိ အာကာသဓာတုယာ ဂဟိတာယ။ ပရိစ္ဆိန္နရူပန္တိ တာယ ပရိစ္ဆိန္ဒိတ ကလာပဂတမ္ပိ ပါကဋံ ဟောတိ၊ ဝိဘူတံ ဟုတွာ ဥပဋ္ဌာတိ။ (မ၊ဋီ၊၃၊၆၃။)</b></p> <p>ဤအထက်ပါ အဋ္ဌကထာဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ ----</p> <p>မဟာဘုတ် ဓာတ်ကြီးလေးပါးတို့ကား အနိစ္စ-ဒုက္ခ-အနတ္တ-လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ထိုက်သော တရားများဖြစ်ခြင်းကြောင့် ထိုဓာတ်ကြီးလေးပါးတို့ကို အကျယ်ချဲ့၍ ဟောကြားတော်မူခြင်းမှာ သင့်တန်စေ၊အနိစ္စ-ဒုက္ခ-အနတ္တလက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွား သုံးသပ်ခြင်းငှာ မထိုက်တန်သော <b>အနိပ္ဖန္န</b>အမည်ရသော ရုပ်အတုမျှသာ ဖြစ်သော <b>အာကာသဓာတ်</b>ကို အဘယ်ကြောင့် ဘုရားရှင်သည် အကျယ်ချဲ့၍ ဟောကြားတော်မူအပ်ပါသနည်းဟု မေးရန် ရှိ၏။ ဥပါဒါရုပ်တို့ကို ရှုပွားသုံးသပ်ရန် ညွှန်ကြားတော်မူလိုသည့်အတွက် ဘုရားရှင်သည် <b>အာကာသဓာတ်</b>ကို အကျယ်ချဲ့၍ ဟောကြားတော်မူသည်ဟု ဖြေဆိုရာ၏။</p> <p><b>ဝုတ္တမှိ ဧကဓမ္မေ၊ယေ ဓမ္မာ ဧကလက္ခဏာ တေန။ ဝုတ္တာ ဘဝန္တိ သဗ္ဗေ၊ ဣတိ ဝုတ္တော လက္ခဏောဟာရော။ (နေတ္တိပါဠိတော်၊၂၆-၂၇။မ၊ဋ္ဌ၊၁၊၃၂။)</b></p> <p>= ပရမတ္ထဓာတ်သား တရားလုံးတစ်ခုကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ဖို့ရန်အတွက် ဘုရားရှင်သည် ဟောကြားတော်မူသည်ရှိသော် ထိုပရမတ္ထဓာတ်သား တရားလုံးနှင့် လက္ခဏာခြင်းတူညီသော ပရမတ္ထဓာတ်သား တရားအားလုံးကို ဝိပဿနာ ရှုပွားသုံးသပ်ရန် ဟောကြားတော်မူပြီးသာ ဖြစ်သည်။ ဤသို့ လက္ခဏာခြင်း တူညီရာ တရားအားလုံးကို သိမ်းကျုံးယူရသောနည်းမှာ <b>လက္ခဏာဟာရ နေတ္တိနည်း</b> ဖြစ်၏။</p> <p>ဤ<b>မဟာရာဟုလောဝါဒသုတ္တန်</b>ဝယ် <b>အာကာသဓာတ်</b>ကို ရှုပွားဖို့ရန် ဘုရားရှင်၏ ဟောကြားတော်မူခြင်မှာလည်း <b>လက္ခဏာဟာရ နေတ္တိနည်း</b>အရ လက္ခဏာခြင်း တူညီရာ ဥပါဒါရုပ်အားလုံးကို အာကာသဓာတ်၌ ပေါင်းစု၍ ဟောကြားသွားတော်မူခြင်း ဖြစ်၏။ သို့အတွက် <b>အာကာသဓာတ်</b>ကို ရှုဖို့ရန် ဘုရားရှင်၏ ညွှန်ကြားတော်မူချက်မှာ ဥပါဒါရုပ် အားလုံးကိုပင် ရှုဖို့ရန် ညွှန်ကြားတော်မူခြင်းပင် ဖြစ်သည်။ ဘုရားရှင်သည် <b>မဟာရာဟုလောဝါဒသုတ္တန်</b>ဝယ် <b>အာကာသဓာတ်</b>ကို မဟောမီ ရှေးအပိုင်း၌ ဓာတ်ကြီးလေးပါးတို့ကိုပင်လျှင် ဟောကြားတော်မူခဲ့၏၊ ဥပါဒါရုပ်ကို ဟောကြားတော် မမူခဲ့ပေ။ ထိုကြောင့် ဤ<b>အာကာသဓာတ်</b>ကို အဦးမူသဖြင့် ထိုဥပါဒါရုပ်အားလုံးကို ရှုပွား သုံးသပ်ရန် ညွှန်ကြားတော်မူလိုသည့်အတွက် <b>အာကာသဓာတ်</b>ကို အကျယ်ချဲ့၍ ဟောကြားတော်မူခြင်း ဖြစ်သည်။ <b>အာကာသဓာတ်</b>သည်လည်း ဓာတ် ကြီး လေးပါးကိုပင် မှီ၍ဖြစ်သော ဥပါဒါရုပ်တစ်မျိုး ဖြစ်၏။ အာကာသဓာတ်မှကြွင်းသော (၃၂)မျိုးသော ဥပါဒါရုပ်သည်လည်း ဓာတ်ကြီးလေးပါးကိုပင် မှီ၍ ဖြစ်ပေါ်လာရသော ဥပါဒါရုပ်ပင် ဖြစ်၏။ ဤသို့လျှင် <b>အာကာသဓာတ်</b>နှင့် ကျန်ဥပါဒါရုပ် အားလုံးတို့သည် ဓာတ်ကြီးလေးပါးကိုသာ မှီတွယ်၍ ဖြစ်ပေါ်လာရပုံ လက္ခဏာချင်း တူညီသောကြောင့် <b>အာကာသဓာတ်</b>၌ ဥပါဒါရုပ်အားလုံးကို ပေါင်းစု၍ ဟောကြားသွားတော်မူခြင်း ဖြစ်သည်။ <b>လက္ခဏာဟာရ နေတ္တိနည်း</b>တည်း။</p> <p>သည်မျှသာမကသေး၊ <b>အာကာသဓာတ်</b>၌ ဥပါဒါရုပ်အားလုံးကို ပေါင်းရုံးယူ၍ ရှုပွားသုံးသပ်ဖို့ရန်အတွက် သက်သက်မျှသာ ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် <b>အာကာသဓာတ်</b>ကို အကျယ်ချဲ့၍ ဟောကြားတော်မူအပ်သည် မဟုတ်သေး၊ စင်စစ်မှာမူ ရုပ်တရားတို့ကို လွယ်လွယ်ကူကူ သိမ်းဆည်းနိုင်ဖို့ရန်အတွက်လည်း ညွှန်ကြားပြသတော်မူလိုသည့်အတွက် <b>အာကာသဓာတ်</b>ကို ရှုပွားသုံးသပ်ဖို့ရန် ဘုရားရှင်သည် ညွှန်ကြားတော်မူခြင်း ဖြစ်သည်။ အကယ်စင်စစ်မှာမူ <b>ပရိစ္ဆေဒလက္ခဏာ (ဝိသုဒ္ဓိ၊၂၊၇၈။)</b> = ရုပ်ကလာပ်တို့ကို တစ်ခုနှင့်တစ်ခု မရောယှက်ရအောင် ရုပ်ကလာပ်တို့ကို ပိုင်းခြားကြောင်းဖြစ်သည့် <b>ပရိစ္ဆေဒရုပ်</b> (= <b>ပရိစ္ဆေဒလက္ခဏာ</b>ရှိသော <b>အာကာသဓာတ်</b>)ကို ဉာဏ်ဖြင့် တွေ့မြင်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ယင်းအဇ္ဈတ္တိက <b>အာကာသဓာတ်</b>ဖြင့် အပိုင်းအခြား ခံရသော ရုပ်ကလာပ်အပေါင်းသည်လည်း ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားနေသည်သာ ဖြစ်၏။</p> <p><b>အာကာသဓာတ်</b>ဖြင့် အပိုင်းအခြားခံရသော ရုပ်ကလာပ်အပေါင်းကို တွေ့မြင်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ယင်းရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော <b>ဘူတရုပ် ဥပါဒါရုပ်</b>တို့ကို ထင်ထင်ရှားရှား သိမြင်ခြင်းသို့ ရောက်ရှိလာနိုင်၏။ ထိုသို့ ထင်ထင်ရှားရှား ဖြစ်ပေါ်လာမှုကို ထင်ထင်ရှားရှား ညွှန်ကြားပြသတော်မူခြင်း အကျိုးငှာ လူသုံးပါးတို့၏ ဦးစီးဦးကိုင် ဖြစ်တော်မူသော သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် ထို<b>အာကာသဓာတ်</b>ကို ရှုပွားဖို့ရန် ထင်ရှားပြသတော်မူပေသည်။ (<b>မ၊ဋ္ဌ၊၃၊၉၇။ မ၊ဋီ၊၃၊၆၃။</b>)</p> <h3>အာကာသဓာတ်ကို မြင်အောင်ရှုပုံ</h3> <p>အကယ်၍ အကြည်ပြင် အကြည်တုံး အကြည်ခဲ၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီးကို စိုက်၍ ရှုနေသော်လည်း ထိုအကြည်ပြင် အကြည်တုံး အကြည်ခဲကြီးမှာ ပြိုကွဲ၍ မသွာဘဲ အတုံးအခဲတိုင်းပင် ဖြစ်နေပါမူ ယင်းဓာတ်ကြီးလေးပါးကို ရှုပွားသုံးသပ်လျက်ရှိသော ဘာဝနာသမာဓိနှင့်ယှဉ်သော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဉာဏ်လင်းရောင်ခြည်စွမ်းအင် အကူအညီဖြင့် ယင်းအကြည်ပြင်၌ <b>အာကာသဓာတ်</b>ကို မြင်အောင် စိုက်ရှုပါ။ ပကတိသော လက်မောင်းသားစသည်ကို ပကတိ<b>ပသာဒ</b>မျက်စိဖြင့် စိုက်ကြည့်လိုက်ပါက တစ်ဆက်တည်းဟု ထင်ရသော်လည်း သေသေချာချာ စိုက်၍ ကြည့်လိုက်ပါက မွေးညင်းပေါက်များကို တွေ့ရသကဲ့သိုိ့ အလားတူပင် ထိုအကြည်ပြင်၌ <b>အာကာသ</b>ခေါ် အကြားပေါက်ကို မြင်အောင် ဉာဏ်လင်းရောင်ခြည်၏ အကူအညီဖြင့် ထိုးစိုက်လျက် ရှုကြည့်ပါ။ <b>အာကာသဓာတ်</b>ကို စတင်တွေ့ရှိလာတတ်ပါသည်။ <b>အာကာသ</b>ဟူသည် ရုပ်ကလာပ်တို့ကို ပိုင်းခြားကြောင်းဖြစ်သည့် ရုပ်ကလာပ်တို့၏ အကြားအပေါက်ဖြစ်သဖြင့် <b>အာကာသဓာတ်</b>ကို တွေ့ရှိသည်နှင့် တစ်ပြိုင်နက်တည်း ရုပ်ကလာပ်များကိုလည်း စတင် တွေ့ရှိတော့မည်သာ ဖြစ်ပေသည်။</p> <h3><b>နဒီသောတောဝိယ - ဒီပဇာလာဝိယ</b></h3> <h3>မြစ်ရေအယဉ်ကဲ့သို့ - ဆီမီးအလျှံကဲ့သို့</h3> <p>အချို့သော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့ကား ယခုကဲ့သို့ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို အာရုံယူ၍ သမာဓိကို ထူထောင်ခိုက်ဝယ် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကိုပင် စူးစူးစိုက်စိုက် ရှုနေပါက အကြည်ဓာတ်များကို မတွေ့ရသေးမီ အချိန်တွင်လည်းကောင်း, အကြည်ဓာတ်များကို အတုံးလိုက် အခဲလိုက် အပြင်လိုက် တွေ့စမှာလည်းကောင်း ဓာတ်ကြီးလေးပါးတို့၏ အဆက်မပြတ် ဖြစ်နေမှုကို မြစ်ရေအယဉ် တသွင်သွင် စီးဆင်းနေသကဲ့သို့ ဆီမီးအလျှံ အဆက်မပြတ် တောက်ပနေသကဲ့သို့ တွေ့မြင်တတ်၏။ <b>သန္တတိဃန</b>စသော ရုပ်<b>ဃန</b>များကို မပြိုသေးမီ ရုပ်<b>ဃန</b> အသီးအသီးကို ပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် မရှုနိုင်သေးမီ ကာလဝယ် <b>ဃန</b>မပြိုသေးသော ရုပ်တို့၏ သဘာဝကို စတင်တွေ့ရှိခြင်းပင် ဖြစ်၏။ ထိုအခါမျိုးတွင် ဓာတ်ကြီးလေးပါးကို လက်မလွှတ်သေးဘဲ ဓာတ်ကြီးလေးပါးအာရုံ၌သာ ဘာဝနာစိတ်ကို ခိုင်မြဲအောင် ဆက်လက်၍ စိုက်ရှုနေပါ။ တဖြည်းဖြည်း ဓာတ်ကြီးလေးပါးတို့၏ ကြည်သထက် ကြည်နေသော သဘာဝများကို စတင်တွေ့ရှိလာမည် ဖြစ်သည်။ ထိုအကြည်ပြင် အကြည်ဓာတ်၌လည်း ဓာတ်လေးပါးကိုပင် ဆက်လက်၍ စိုက်ရှုနေပါက ရုပ်ကလာပ်များကို စတင် တွေ့ရှိတတ်ပါသည်။ ရုပ်ကလာပ်များကို မတွေ့သော် အထက်တွင် တင်ပြခဲ့သည့်အတိုင်း <b>အာကာသဓာတ်</b>ကို မြင်အောင် စိုက်ရှုလိုက်ပါက ရုပ်ကလာပ်များကို တွေ့ရှိမည် ဖြစ်သည်။ ရုပ်ကလာပ်များကို တွေ့စအချိန်၌လည်း မြစ်ရေအယဉ် တသွင်သွင် စီးနေသကဲ့သို့ ဆီမီးအလျှံ အဆက်မပြတ် တောက်လောင်နေသကဲ့သို့သော အခြင်းအရာကို တွေ့မြင်တတ်ပါသည်။ သို့သော် ပရမတ်နယ်မြေအစစ်သို့ကား မဆိုက်ရောက်သေးပါ။</p> <h3>အတုံးအခဲ အကြီး - အသေး</h3> <p>သို့သော် အချို့သော ယောဂါဝစရပုဂ္ဂိုလ်များအဖို့ အာကာဓာတ်ကို မြင်အောင် စိုက်ရှုလိုက်သောအခါ <b>အာကာသဓာတ်</b>ကို တွေ့တန်သလောက် တွေ့သော်လည်း ရုပ်ကလာပ်အမှုန်များကို ပင်ကိုယ်သဘာဝအတိုင်း မတွေ့ရသေဘဲ ပဲစေ့ခန့် ဆန်စေ့ခန့် ဆန်ကွဲစေ့ခန်စသည်ဖြင့် အတုံးအခဲ ခပ်ကြီးကြီး အနေအထားဖြင့် စတင်တွေ့ရှိတတ်သည်လည်း ရှိ၏။ အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၏ အသိဉာဏ်၌ကား ကတ္တီပါအနက်ရောင်ပေါ်တွင် စိန်တုံး ခပ်သေးသေးကလေးများကို ကြဲဖြန့်ထားသကဲ့သို့ တွေ့မြင်နေတတ်၏။ ထိုအခါမျိုးတွင် အကြီးအသေးမဟူ အတုံးအခဲမှန်သမျှ၌ ဓာတ်လေးပါးကိုပင် မြင်အောင် ဆက်ရှုပါ။ အတုံးအခဲများမှာ တစ်စတစ်စ ပြိုကွဲသွားတတ်ပါ သည်။ အသေးဆုံး ရုပ်ကလာပ်အဆင့်သို့တိုင်အောင် တွေ့မြင်လာတတ်ပါသည်။ အတုံးအခဲအကြီး၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စိုက်ရှုနေရုံမျှဖြင့် ယင်းအတုံးအခဲမှာ ပြိုကွဲ၍ မသွားဘဲ အတုံးအခဲအတိုင်းပင် တွေ့မြင်နေရပါမူ ထိုအတုံးအခဲ၌ <b>အာကာသဓာတ်</b>ကို မြင်အောင် ဉာဏ်လင်းရောင်ခြည်စွမ်းအင် အကူအညီဖြင့် ထိုးစိုက်၍ ရှုလိုက်ပါက <b>အာကာသဓာတ်</b>ကို တွေ့မြင်သည်နှင့် တစ်ပြိုင်နက်တည်း ရုပ်ကလာပ် အမှုန်များကိုလည်း တွေ့မြင်တတ်ပါသည်။</p> <p>အတိတ်က ဆည်းပူးထားသော ပါရမီအရှိန်အဝါ အားကောင်းသူ ယောဂီသူတော်ကောင်းများကား အကြည်ပြင်တွင် <b>အာကာသဓာတ်</b>ကို မြင်အောင် စိုက်ရှုလိုက်သောအခါ အချိန်အနည်းငယ် အတွင်းမှာပင် အလွန့်အလွန် သေးငယ်သော <b>ပရမာဏုမြူ</b>ခန့်ထက်ပင် သာလွန်၍ သေးငယ်ဖွယ်ရာရှိသော ရုပ်ကလာပ် အမှုန်ပေါင်းများစွာကို တွေ့မြင်နေတတ်ပါသည်။</p> <h3>ရုပ်ကလာပ်များကို တွေ့စချိန်</h3> <p>ရုပ်ကလာပ်များကို စတင် တွေ့စအချိန်တွင် ရုပ်ကလာပ်များ၏ ပင်ကိုသဘာဝအတိုင်း အလွန်လျင်လျင်မြန်မြန် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်ကို တွေ့ရှိမည်ဖြစ်သည်။</p> <p><b>ဧကစ္ဆရက္ခကော ကောဋိသတသဟဿသင်္ခါ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ။ (သံ၊ဋ္ဌ၊၂၊၂၉၅။)</b></p> <p>= နာမ်တရားတို့သည် လက်ဖျစ်တစ်တွက် အချိန်ကာအတွင်း၌ ကုဋေတစ်သိန်းခန့် ဖြစ်၍ ချုပ်၏။ (<b>သံ၊ဋ္ဌ၊၂၊၂၉၅။</b>)</p> <p>ဤသို့ ဖွင့်ဆိုထားသဖြင့် စိတ္တက္ခဏတစ်ခုအတွင်း၌ တည်ရှိကြသော နာမ်တရားတို့၏ သက်တမ်းမှာ လက်ဖျစ်တစ်တွက် (= တစ်စက္ကန့် )အချိန်ကာလကို ကုဋေတစ်သိန်းခန့်ပုံသော် တစ်ပုံခန့်သာ သက်တမ်းရှိကြ၏။ ရုပ်တရားတို့ကား စိတ္တက္ခဏ (၁၇)ချက် သက်တမ်းရှိ၏ဟု ကျမ်းဂန်များ၌ မိန့်ဆိုထားသဖြင့် ကုဋေတစ်သိန်းကို (၁၇)ဖြင့် စားသော် ကုဋေ(၅၀၀၀)ကျော် အဖြေထွက်လာ၏။ သို့အတွက် ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော ရုပ်တို့၏ သက်တမ်းမှာ လက်ဖျစ်တစ်တွက် = တစ်စက္ကန့် အချိန်ကာလကို ကုဋေ (၅၀၀၀)ကျော်ခန့် ပုံခဲ့သော် တစ်ပုံခန့်သာ သက်တမ်းရှိကြ၏။ ရုပ်နာမ်တို့သည် ထိုမျှလောက် လျင်လျင်မြန်မြန် ဖြစ်ပြီး ပျက်နေကြ၏။ [ဤ၌ ကုဋေတစ်သိန်းဟူသော စကား, ကုဋေ (၅၀၀၀)ကျော်ဟူသော စကားတို့မှာ အတိအကျ ရေတွက်ပြသည့် စကားတို့ မဟုတ်ကြကုန်၊ အလွန် လျင်မြန်စွာ ဖြစ်ပျက်မှုကိုသာ ခန့်မှန်းနိုင်အောင် ပြောကြားသော စကားတို့သာ ဖြစ်ကြ၏။]</p> <p>ထိုကဲ့သို့သော ရုပ်ကလာပ်တို့၏ အလွန် လျင်လျင်မြန်မြန် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေမှုကို ကြည့်၍ ဖြစ်ပျက်ရှုနေပါက သို့မဟုတ် ဝိပဿနာ ရှုနေပါက ဝိပဿနာကား ပညတ်နယ်၌သာ ရှိနေပေသေးသည်။ ပညတ်ဖြစ်ပျက်, ပညတ်အနိစ္စတို့ကား နိဗ္ဗာန်သို့ မရောက်နိုင်သော လုပ်ငန်းရပ်များသာ ဖြစ်ကြ၏။ ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်း၌ ပါဝင်တည်ရှိသော ပထဝီ အာပေါ တေဇော ဝါယောစသည့် ဘူတရုပ် ဥပါဒါရုပ်တို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပွားသုံးသပ်နိုင်ပါမှ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မည် ဖြစ်သည်။ ပရမတ်အစစ် ဓာတ်အနှစ် ဖြစ်ကြသော ရုပ်တရားနာမ်တရားတို့ကား ဒုက္ခသစ္စာတရားစုတို့ ဖြစ်ကြ၏။ ယင်းရုပ်နာမ်တို့၏ အကြောင်းတရားတို့ကား သမုဒယသစ္စာတရားစုတို့ ဖြစ်ကြ၏။ ယင်ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကား သင်္ခါရတရားတို့ ဖြစ်ကြ၏။ ရှေးပိုင်း၌ ရှင်းပြထားသည့်အတိုင်း ဝဋ္ဋသစ္စာဖြစ်ကြသည့် ယင်းသင်္ခါရတရားတို့ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ပရမတ္ထဓာတ်သားတို့ ဖြစ်ကြ၏။ နိဗ္ဗာန်ဟူသည် ပရမတ္ထသစ္စာနယ်မှ သွားမှသာလျှင် (= ယင်းပရမတ္ထဓာတ်သား သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်တို့သို့ တင်ကာ ဝိပဿနာရှုပွားသုံးသပ်ပါမှ ရင့်ကျက်လာသော ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ဖြစ်ပေါ်လာသော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့်သာ) ရောက်ရှိနိုင်သော အရာဌာန ဖြစ်ပေသည်။ ပရမတ်အစစ်ဖြစ်ကြသော သင်္ခါရတရားတို့သည်သာလျှင် အနိစ္စ-ဒုက္ခ-အနတ္တလက္ခရေးသုံးတန် တင်ကာ ရှုပွားသုံးသပ်ထိုက်သော တရားများ ဖြစ်ကြ၏၊ ဝိပဿနာဉာဏ်၏ အရှုခံအာရုံများ ဖြစ်ကြ၏။ ပရမတ်အစစ် ဓာတ်အနှစ် ဖြစ်ကြသော သင်္ခါရတရားတို့ကိုသာလျှင် လက္ခဏာရေးသုံးတန် တင်ကာ ရှုပွားသုံးသပ်ပါမှ ဝိပဿနာဉာဏ်အစစ် ဖြစ်နိုင်သည်။</p> <p><b>ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ ၊ ပစ္ဆာနိဗ္ဗာနေ ဉာဏံ။</b> (သံ၊၁၊၃၄၄၊၊)</p> <p>= ချစ်သားသုသိမ ...(ဒုက္ခသစ္စာ သမုဒယသစ္စာဟူသည့်) သင်္ခါရတရားတို့၏ အနိစ္စ - ဒုက္ခ -အနတ္တ အခြင်းအရာ၌ တည်သော ဓမ္မဋ္ဌိတိအမည်ရသော ဝိပဿနာဉာဏ်သည် ရှေးက ဖြစ်၏။ နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ်သည် ဝိပဿနာဉာဏ်၏ နောက်ကာလ၌ ဖြစ်၏။ (သံ၊၁၊၃၄၄။)</p> <p>ဤသုသိမသုတ္တန် ဒေသနာတော်အတိုင်း နိဗ္ဗာန်ကို အာရုံယူသည့် အရိ ယမဂ်ဉာဏ်ဟူသည် ဝိပဿနာဉာဏ်တို့၏ အဆုံး၌သာ ဖြစ်ခွင့်ရှိသော တရား ဖြစ်၏။ စစ်မှန်သော ဝိပဿနာဉာဏ် မဟုတ်ပါက စစ်မှန်သော အရိယမဂ်ဉာဏ်သည်လည်း ဖြစ်ပေါ်မလာနိုင်ပေ။ ပရမတ်အစစ် ဓာတ်အနှစ်ဖြစ် သော သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန် တင်ကာ ရှုပွား သုံးသပ်ပါမှသာလျှင် စစ်မှန်သော ဝိပဿနာဉာဏ်သည်လည်း ဖြစ်ပေါ်လာခွင့် ရှိပေသည်။ ထို့ကြောင့် နိဗ္ဗာန်ဟူသည် ပရမတ္ထသစ္စာနယ်မှ သွားမှသာလျှင် ရောက်ရှိနိုင်သော အရာဋ္ဌာနဖြစ်သည်ဟု ပြောဆိုခြင်း ဖြစ်သည်။</p> <h3>ရုပ်ကလာပ်တစ်ခု၏ ပမာဏ</h3> <p><b>တသ္မာ အဏုနော ဆတ္တိံသတိမဘာဂမတ္တော ပရမာဏုနာမ အာကာသကောဋ္ဌာသိကော မံသစက္ခုဿ အဂေါစရော ဒိဗ္ဗစက္ခုေဿဝ ဂေါစရဘူတော။</b> (မဟာဋီ၊၁၊၄၄ရ။ အဘိ၊ဋ္ဌ၊၂၊၃၂၈။)</p> <p>ကား-လှည်းစသည်တို့ သွားရာ၌ ထလာသော ပကတိသော ပသာဒမျက်စိဖြင့် တွေ့မြင်ရသော မြူမှုန်များကား ရထရေဏုမြူတည်း။ယင်းရထရေနုမြူကို (၃၆)စိတ် စိတ်ပါက တစ်စိတ်မှာ တဇ္ဇာရီမြူမှုန်ဖြစ်၏။ နေရောင်ခြည်သည် အိမ်နံရံပေါက်စသည်မှ အိမ်အတွင်း အဆောက်အအုံ အတွင်းသို့ ထိုးဝင်လာသောအခါ ထိုနေရောင်ခြည်အတန်းအတွင်း၌ တွေ့မြင်နေရသော မြူမှုန်များသည် တဇ္ဇာရီမြူမှုန်များ ဖြစ်ကြ၏။ ယင်းတဇ္ဇာရီမြူမှုန်ကို (၃၆)စိတ် စိတ်ပါက တစ်စိတ်မှာ အဏုမြူ ဖြစ်၏။ ယင်းအဏုမြူကို (၃၆)စိတ် စိတ်ပါက တစ်စိတ်မှာ ပရမာဏုမြူအမှုန် ဖြစ်၏။</p> <p>ရုပ်ကလာပ်တစ်ခုကား ယင်းပရမာဏုမြူခန့်လောက် ရှိ၏။ ပရမာဏုမြူခန့်ဟူ၍သာ ဆိုပါသည်။ ပရမာဏူမြူဟူ၍ အတိအကျ မဆိုပါ။ ယင်း ပရမာဏုမြူခန့် ရှိသော ရုပ်ကလာပ်များကား <b>အာကာသကောဋ္ဌာသိက</b> (= ဟင်းလင်ပြင် အာကာသကောဋ္ဌာသ) အဖို့အစု၌ ဝင်၏။ ပရမာဏုမြူခန့် သေးငယ်သော ရုပ်ကလာပ်တို့ဖြင့် ပြည့်နေသော အရပ်ကို အာကာသ ဟင်းလင်းပြင်ဟူ၍သာ ထင်ရသည်ဟု ဆိုလိုပေသည်။ ယင်းရုပ်ကလာပ်တို့ကို ပကတိသော ပကတိသော မျက်စိဖြင့် မမြင်နိုင်။ ပကတိသော <b>မံသစက္ခု</b> (=စက္ခုဝိညာဏ်၏)၏ ကျက်စားရာ အာရုံ မဟုတ်။ ဒိဗ္ဗစက္ခု၏သာလျှင် ကျက်စားရာ အာရုံဖြစ်၏။ (ဒိဗ္ဗစက္ခုဉာဏ်ကြောင့် ဖြစ်ပေါ်လာသော လင်း ရောင်ခြည် စွမ်းအင်နှင့်မှ မြင်နိုင်သည်။ ရှေးတွင် ရှင်းပြခဲ့သည့်အတိုင်း ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ပွားများထားအပ်သော အာလောကကသိုဏ်း လင်းရောင်ခြည် စွမ်းအင်နှင့်မှ မြင်နိုင်သည်ဟု ဆိုလိုပေသည်။ သို့သော် ရှေးပိုင်းတွင် ရှင်းပြခဲ့သည်အတိုင်း ဒိဗ္ဗစက္ခုဉာဏ်ကြောင့် လင်းရောင်ခြည်များ ထွက်ပေါ်လာသကဲ့သို့ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာ စိတ်တို့ကြောင့်လည်း လင်းရောင်ခြည်များ ဖြစ်ပေါ်လာနိုင်ကြသဖြင့် ထိုသမထဘာဝနာစိတ် ဝိပဿနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်၏ စွမ်းအင်ဖြင့်လည်း ယင်းရုပ်ကလာပ်များကို တွေ့မြင်နိုင်သည်သာ ဖြစ်ပါသည်။ လက္ခဏာဟာရနေတ္တိနည်းဖြင့် အဋ္ဌကထာဆရာတော် ဋီကာဆရာတော်တို့ ဖွင်ဆိုသွားတော်မူကြသည်ဟု မှတ်ပါ။သို့မှသာလျှင် ဒိဗ္ဗစက္ခုအဘိညာဏ်ကို မရရှိသည့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် သမထယာနိကပုဂ္ဂိုလ်တို့လည်း ဝိပဿနာသို့ ကူးနိုင်ကြမည် ဖြစ်ပေသည်။</p> <h3>လမ်းလွဲသွားတတ်ပုံကို သတိပြုပါ</h3> <p>ရုပ်ကလာပ်ဟူသည် ရုပ်လောကဝယ် အသေးဆုံး ရုပ်အဖွဲ့အစည်း တစ်ခု၏ အမည်ဖြစ်၏။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာဟု အနည်းဆုံး ရုပ်သဘောတရား (၈)မျိုးစီ ရှိ၏။ အချို့ရုပ်ကလာပ်များ၌ ဇီဝိတပါလျှင် (၉)မျိုး, အချို့ရုပ်ကလာပ် များ၌ အကြည်ဓာတ် (= ပသာဒရုပ်) သို့မဟုတ် ဘာဝရုပ်ပါလျှင် (၁၀)မျိုး ဤသို့စသည်ဖြင့် ရှိတတ်၏။ ယင်းရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ပါဝင်တည်ရှိသော ယင်း (၈)မျိုး, (၉)မျိုး, (၁၀)မျိုးစသော ရုပ်သဘောတရားများကို မြင်အောင် ရှုနိုင်ပါမှ ရုပ်ပရမတ်နယ်မြေသို့ ရောက်ရှိမည် ဖြစ်သည်။ ရုပ်တရားကို သဘာဝလက္ခဏာသို့ ဆိုက်အောင် ပိုင်းပိုင်းခြားခြား သိတတ်သည့် ရူပပရိစ္ဆေဒဉာဏ်ကို ရရှိမည်ဖြစ်သည်။ ရုပ်တရားအစစ်ကို ရုပ်ပရမတ်တရားကို သိရှိရုံအဆင့်မျှသာ ရှိသေးသည်။ ရှေးဆက်ရမည့် လုပ်ငန်ခွင်းတို့ကား များစွာပင် ကျန်ရှိနေပေသေးသည်။</p> <p>သို့သော် ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ထိုသို့ ရုပ်ကလာပ်များကို တွေ့မြင်သောအခါ ထိုရုပ်ကလာပ်တစ်ခုတစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိသော (၈)မျိုး, (၉)မျိုး, (၁၀)မျိုးစသော ရုပ်ပရမတ် သဘောတရားများကို ဉာဏ်ဖြင့် ပိုင်းခြားမယူဘဲ ရုပ်ပရမတ်နယ်သို့ အသိဉာဏ်မဆိုက်သေးဘဲ ယင်းရုပ်ကလာပ်တို့၏ ပေါ်မှု-ပျောက်မှုကိုပင် အာရုံယူကာ ဖြစ်-ပျက်ရှုနေပါက သို့မဟုတ် အနိစ္စဟု ရှုနေပါက သမူဟဃနဟူသော ရုပ်အပေါင်းအစု အတုံးအခဲ သမူဟပညတ် မကွာသေးသဖြင့် ပညတ်ကိုပင် ဝိပဿနာရှုနေသည် မည်ပေသည်။</p> <p>ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်၌ ပါဝင်တည်ရှိသော (၈)မျိုး, (၉)မျိုး, (၁၀)မျိုးစသော ရုပ်သဘောတရားများကို သဘာဝလက္ခဏာ အသီးအသီးသို့ ဉာဏ်အမြင်ဆိုက်အောင် ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပွားနိုင်ပါမှ သမူဟဃနဟူသော ရုပ်အပေါင်းအစု အတုံးအခဲပြို၍ သမူဟပညတ်လည်း ကွာသွားမည် ဖြစ်သည်။ သို့သော် သမူဟပညတ် မကွာသေးသည့် အသေးဆုံး ရုပ်အဖွဲ့အစည်းဖြစ်သည့် ရုပ်ကလာပ်အတုံးအခဲ ပညတ်ကို ယင်းတို့၏ ဖြစ်မှုပျက်မှုကို အာရုံယူကာ အနိစ္စဟု ဝိပဿနာရှုနေပါက ပညတ်တို့မည်သည် ဉာဏ်ဖြင့် ကြာကြာ ကြိတ်ချေမှုဒဏ်ကို မခံနိုင်သည့်အတွက် မကြာမီ အချိန်ကာလအတွင်းမှာပင် ရုပ်ကလာပ်များမှာ တစ်စတစ်စ ပါး၍, ပါးရာက ပျောက်၍ အကြည်တုံး အကြည်ပြင်ကြီးကိုပင် ပြန်တွေ့တတ်ပါသည်။ ထို အကြည်ပြင်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါကလည်း သမာဓိအရှိန်အဝါ အတော်အသင့် အားကောင်းနေသည့်အတွက် ဘာဝနာစိတ်သည် ယင်း အကြည်ပြင်၌ ငြိမ်၍ ကပ်နေတတ်ပါသည်။ ထိုအခါမျိုးတွင် အချို့အချိုသော ယောဂါဝစရပုဂ္ဂိုလ်များက ရုပ်ချုပ်သွားပြီးဟု ယူဆလာတတ်ကြ၏ ပြောကြားလာတတ်ကြ၏။ တစ်ဖန် ထိုအကြည်ပြင်၌ပင် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားရာက တဖြည်းဖြည်း စိတ်ကို လျှော့ချလိုက်ပါမူ ရှေးပိုင်းတွင် ရှင်းလင်းတင်ပြထားခဲ့သည့်အတိုင်း ဥပစာရသမာဓိနယ်မြေ အခိုက်ဝယ် သို့မဟုတ် သမာဓိ နုနယ်သေးသော အခိုက်ဝယ် ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါတို့က စိတ်အစဉ်ကို ချီမထားနိုင်သည့် စွမ်းအား မရှိခြင်းကြောင့် ဘဝင်သို့ သက်ရောက်သွားတတ်၏ ဘဝင်ကျနေတတ်၏။ ထိုအခါမျိုးတွင်လည်း ယောဂါဝစရပုဂ္ဂိုလ်က ရုပ်နာမ် နှစ်မျိုးလုံး ချုပ်သွားပြီဟု ယူဆလာတတ်၏၊ ပြောကြားလာတတ်၏။ အကယ်စင်စစ်မှာမူ နာမရူပပရိစ္ဆေဒဉာဏ်ကိုမျှ မရရှိသေးသော အဆင့်တွင်သာ တည်ရှိနေပေသေးသည်။</p> <p>ဤသို့ ပြောဆိုလာသော ယောဂါဝစရပုဂ္ဂိုလ်မှာ ယေဘုယျအားဖြင့် သမထပိုင်းတွင်လည်း ကမ္မဋ္ဌာန်းလေးဆယ်တို့တွင် မိမိနှစ်ခြိုက်ရာ စိတ်ကြိုက် ကမ္မဋ္ဌာန်းတစ်ခုခုဖြင့် ခိုင်ခိုင်ခံ့ခံ့ သမာဓိကို မထူထောင်ရသေးဘဲ, ရုပ်တရားကို သိမ်းဆည်းရှုပွားရာ၌လည်း ဓာတ်ကြီးလေးပါးက စတင်၍ စနစ်တကျ စည်းကမ်းနည်းလမ်းကျကျ မရှုပွားဘဲ မိမိ နှစ်ခြိုက်သလို ရှုပွားလာရာက ပါရမီအားလျော်စွာ သမာဓိအတော်အသင့် အားကောင်းလာသောအခါ၌ ရုပ်ကလာပ်များကို တွေ့မြင်လာသူသာ ဖြစ်၏။ မူလကတည်းက ရုပ်ကမ္မဋ္ဌာန်းကို ရှုရာ၌ ဓာတ်ကမ္မဋ္ဌာန်းကို စနစ်တကျ မရှုပွားထားသဖြင့် ရုပ်ကလာပ်များကို တွေ့မြင်သောအခါ၌လည်း ထိုရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို ဆက်လက်၍ သိမ်းဆည်းရေး ဉာဏ်ဖြင့် ပိုင်းခြားယူရေးမှာ အလွန်ပင် အလှမ်းဝေးလျက် ရှိနေ၏။ မူလကတည်းက ဓာတ်ကြီးလေးပါးကို လျင်လျင်မြန်မြန် မရှုထားတတ်သူတို့အဖို့ အလွန့်အလွန် လျင်လျင် မြန်မြန် ဖြစ်ပေါ်လာပြီးနောက် ပျောက်သွားသော ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌လည်း ဖြစ်ပေါ်ပြီးနောက် မပျက်မီ အချိန်ကာလအတွင်းဝယ် ဓာတ်ကြီးလးပါးကို မြင်အောင် ရှုတတ်ရေးမှာ ခက်ခဲသော လုပ်ငန်းတစ်ရပ်ပင် ဖြစ်နေပေ၏။ များသောအားဖြင့် ထိုရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌လည်း ပါဝင်တည်ရှိသော ဓာတ်ကြီးလေးပါးကို မြင်အောင် ရှုပွားရမည်ဟူသော အမှတ်သညာမျှပင် မရှိသူက များပေသည်။</p> <h3>ပရမတ္ထသစ္စာနယ်သို့</h3> <p>ရုပ်ကလာပ်ဟူသည် သမူဟပညတ် သဏ္ဌာနပညတ်စသည့် ပညတ်များမကွာသေးသည့် အသေးဆုံး အတုံးအခဲ ပညတ်သာ ရှိသေးသည်။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ မဟာဘုတ် ဓာတ်ကြီးလေးပါးကို မြင်အောင် ဆက်လက်၍ ရှုပွားသိမ်းဆည်းနိုင်ပါက ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှ ရုပ်ပရမတ်နယ်မြေတို့ စတင် ရောက်ရှိမည် ဖြစ်သည်။</p> <p>အကယ်၍ ရုပ်ကလာပ်များ၏ အလွန်လျင်လျင်မြန်မြန် ပေါ်မှု ပျောက်မှုကြောင့် ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စိုက်၍ ရှုမရနိုင် ဖြစ်နေပါက, မမြင်ချင် မတွေ့ချင်သူတစ်ဦးနှင့် တွေ့ဆုံသောအခါ မမြင်ယောင် မတွေ့ယောင် ဆောင်နေသကဲ့သို့, အလားတူပင် ရုပ်ကလာပ်တို့၏ ပေါ်မှုပျောက်မှုကို အာရုံမပြုဘဲ မကြည့်ဘဲ နှလုံးမသွင်းဘဲ ရုပ်ကလာပ်တစ်ခုတစ်ခု၌ တည်ရှိသော ဓာတ်ကြီးလေးပါး ကိုသာ စူးစူးစိုက်စိုက် နှလုံးသွင်းပါ အာရုံပြုနေပါ၊ ရှုနေပါ။ ပါရမီအရှိန်အဝါ အားကောင်းသူ ယောဂီသူတော်စင်များအဖို့ အောင်မြင်မှုကို ရရှိလာတတ်ပါသည်။</p> <p>ရုပ်ကလာပ်တို့၏ ပေါ်မှုပျောက်မှုက အလွန်လျင်မြန်လွန်းသဖြင့် အောင်မြင်မှုကို မရရှိဖြစ်နေခဲ့သော် ရုပ်ကလာပ် တစ်ခုတစ်ခုကို အာရုံမယူသေးဘဲ, ရုပ်ကလာပ်တို့၏ ဖြစ်မှုပျက်မှုကိုလည်း နှလုံးမသွင်းဘဲ ရုပ်ကလာပ်အများအစုကို ခြုံ၍ဖြစ်စေ, သို့မဟုတ် ရုပ်ကလာပ်အားလုံးကို ခြုံ၍ဖြစ်စေ, သို့မဟုတ် ဓာတ်ကြီးလေးပါးကို ရှုနေကြအတိုင်း တစ်ကိုယ်လုံးကို ခြုံ၍ဖြစ်စေ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကိုသာ အာရုံစိုက်၍ ဆက်လက် ရှုပွားနေပါ။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်နေအောင် ကပ်ထားလျက် သမာဓိကို ထူထောင်နေပါ။ သမာဓိအားကောင်းလာသောအခါ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌လည်း ပါဝင်တည်ရှိနေသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအသီးအသီးကို ဉာဏ်ဖြင့် ထွင်းဖောက် သိမြင်လာနိုင်ပါသည်။</p> <p>အကယ်၍ အောင်မြင်မှုကို မရှိခဲ့သော် တစ်ခုစီ ခွဲရှုပါ။ တစ်ကိုယ်လုံး၌ တည်ရှိသော ရုပ်ကလာပ်အားလုံးကို ခြုံ၍ မာ-မှုသဘောကို ရှုပါ၊ တစ်ဖန် ရုပ်ကလာပ်တစ်ခု၌ မာ-မှုသဘောကို ရှုပါ။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ လေ့ကျင့်ပါ။ ရုပ်ကလာပ်တစ်ခု၌ မာ-မှုသဘောကို ရှုလိုက်သည်နှင့် ယင်းရုပ်ကလာပ်က ပျောက်သွားပါက နောက်ရုပ်ကလာပ်တစ်ခု၌ မာမှုသဘောကို နည်းတူ ဆက်ရှုကြည့်ပါ။ ဤသို့ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုခဲ့သော် ရှုလိုက်သည့် ရုပ်ကလာပ်တိုင်း၌ မာ-မှုသဘောကို ဉာဏ်ဖြင့် တွေ့မြင်နေပါက ကြမ်း-မှုသဘောတရားကို တိုး၍ ပုံစံတူ ဆက်ရှုကြည့်ပါ။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ကြမ်းမှုသဘောကို ဉာဏ်ဖြင့် တွေ့မြင်သောအခါ မာမှု-ကြမ်းမှုသဘောနှစ်မျိုးလုံးကို ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ မြင်အောင် ဆက်၍ လေ့ကျင့်ပါ။</p> <p>ဤနည်းစနစ်အတိုင်း ဓာတ်သဘောတရား တစ်ခုစီတစ်ခုစီ တစ်စတစ်စ တိုး၍တိုး၍ လေ့ကျင့်ပါ။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ အနည်းဆုံး သဘောတရား (၈)မျိုးခန့်ကို ပြိုင်တူလိုလို မြင်အောင် လေ့ကျင့်ပါ။ ရုပ်ကလာပ်တစ်ခု၌ ပထဝီဓာတ် သဘောတရား (၆)မျိုးတို့တွင် သုံးမျိုးသာ ထင်ရှား၏။ မာ-ကြမ်း-လေး-ထင်ရှားပါက ပျော့-ချော-ပေါ့-မထင်ရှားပေ။ ပျော့-ချော-ပေါ့-ထင်ရှားပါကလည်း မာ-ကြမ်း-လေး မထင်ရှားပေ။ အာပေါဓာတ်၌ကား ယိုစီးမှု ဖွဲ့စည်းမှု နှစ်မျိုးလုံး ထင်ရှားနိုင်၏။ သို့သော် တစ်မျိုးမျိုးမှာ သဘာဝသတ္တိ လွန်ကဲနေတတ်ပေသည်။ တစ်ဖန် တေဇောဓာတ် သဘောတရားနှစ်မျိုးတို့တွင် ပူ-မှု ထင်ရှားပါက အေး-မှု မထင်ရှားပေ၊ အေ-မှု ထင်ရှားပါကလည်း ပူ-မှု မထင်ရှားပေ။ တစ်ခုသာ ထင်ရှားပေသည်။ တစ်ဖန် ဝါယောဓာတ်၌ကား ထောက်ကန်မှု-တွန်းကန်မှု နှစ်မျိုးလုံး ထင်ရှားနိုင်၏။ ထောက်ကန်မှုကား လက္ခဏာ, တွန်းကန်မှုကား ရသကိစ္စ ဖြစ်သည်။ သတိပြု၍ သိမ်းဆည်းပါ။ ထိုကြောင့် ရုပ်ကလာပ် တစ်ခုတစ်ခု၌ ----</p> <p>၁။ မာ-ကြမ်း-လေး, သို့မဟုတ် ပျော့-ချော-ပေါ့,</p> <p>၂။ ယိုစီး-ဖွဲ့စည်း,</p> <p>၃။ ပူ-သို့မဟုတ် အေး,</p> <p>၄။ ထောက်ကန်-တွန်းကန်,-ဟု</p> <p>သဘောတရား (၈)မျိုးစီသာ တည်ရှိပေသည်။ သမာဓိစွမ်းအင်ကြီးမာလာ၍ ဉာဏ်အာနုဘော်က ထက်မြက်စူးရှလာသောအခါ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ပါဝင်တည်ရှိနေသော ယင်းသဘောတရား (၈)မျိုးဟူသော ဓာတ်ကြီးလေးပါးတို့သည် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝဝယ် ပြိုင်တူလိုလို ထင်ရှားနေမည် ဖြစ်ပေသည်။ ဓာတ်ကြီးလေးပါးတို့ကို ပြိုင်တူဉာဏ်ဖြင့် ပိုင်းခြားယူနိုင်အောင်လည်း လေ့ကျင့်ပါ။ ဒွါရ (၆)ပါးလုံး၌ တည်ရှိကြသော ရုပ်ကလာပ်များကို အကြမ်းစားအားဖြင့် ခွဲတမ်းချလိုက်ခဲ့သော် ပသာဒရုပ်တစ်မျိုးမျိုး ပါဝင်သည့် ကြည်သည့်ရုပ်ကလာပ်နှင့် ပသာဒရုပ်တစ်မျိုးမျိုး မပါဝင်သည့် မကြည်သည့်ရုပ်ကလာပ်ဟု နှစ်မျိုး ရှိပေသည်။ ဒွါရ (၆)ပါးလုံး၌ ကြည်သည့် ရုပ်ကလာပ်၌ ဓာတ်လေးပါး, မကြည်သည့် ရုပ်ကလာပ်၌လည်း ဓာတ်လေးပါးတို့ကို ဆက်လက် သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းနိုင်သောအခါ ထိုရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ပါဝင်တည်ရှိနေသည့် ဓာတ်ကြီးလေးပါးအာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော သမာဓိကို အထွတ်အထိပ်သို့ ရောက်ရှိနေသော သဒိသူပစာရအားဖြင့် ဥပစရသမာဓိအမည်ရသော ကာမာဝစရသမာဓိဟူ၍ ခေါ်ဆိုအပ်ပေသည်။</p> <h3>ဥပစာရသမာဓိ</h3> <p><b>ဥပစာရသမာဓီတိ စ ရုဠှဝသေန ဝေဒိတဗ္ဗံ။ အပ္ပနံ ဟိ ဥပေစ္စ စာရီ သမာဓိ ဥပစာရသမာဓိ၊ အပ္ပနာ စေတ္ထ နတ္ထိ။ တာဒိသဿ ပန သမာဓိဿ သမာနလက္ခဏတာယ ဧဝံ ဝုတ္တံ။</b> (မဟာဋီ၊၁၊၄၃၆။)</p> <p>= ဥပစာရသမာဓိဟူသည့် စကားရပ်ကို တင်စား၍ ခေါ်ဝေါ်သုံးစွဲသည့် အထင်ရုဠှီ၏ အစွမ်းဖြင့် သိရှိပါလေ။ မှန်ပေသည် အပ္ပနာစျာန်သို့ ကပ်၍ ဖြစ်လေ့ရှိသော သမာဓိသည်သာလျှင် ဥပစာရသမာဓိ ဖြစ်၏။ ဤဓာတ်ကမ္မဋ္ဌာန်း လမ်းစဉ်၌ကား အပ္ပနာစျာန်ကား မရှိ ဖြစ်ခဲ့၏၊ မည်မျှပင် ကြိုးစားအားထုတ်စေကာမူ အပ္ပနာစျာန်သို့ကား မဆိုက်ရောက်နိုင်။ သို့သော် ဤဓာတ်ကမ္မဋ္ဌာန်း ကျင့်စဉ်လမ်းမှ အထွတ်အထိပ်သို့ ရောက်ရှိလာသော ကာမာဝစရသမာဓိသည် ထိုအပ္ပနာစျာန်၏ အနီးသို့ ကပ်၍ ဖြစ်လေ့ရှိသော ဥပစာရသမာဓိအစစ်နှင့် သမာဓိဒီဂရီစံချိန်ချင်း တူညီသော လက္ခဏာရှိသောကြောင့် သဒိသူပစာရအားဖြင့် တင်စား၍ ယင်းသို့ ဓာတ်ကမ္မဋ္ဌာန်း ကျင့်စဉ်လမ်းမှ အထွတ်အထိပ်သို့ ရောက်ရှိလာသော ကာမာဝစရသမာဓိကို ဥပစာရသမာဓိဟူ၍ အဋ္ဌကထာက (ဝိသုဒ္ဓိ၊၁၊၃၄၇။) ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၁၊၄၃၆။)</p> <p>အဘယ်ကြောင့် အပ္ပနာစျာန်သည် မဖြစ်နိုင်ပါသနည်းဟု မေးရန် ရှိ၏။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာဟူသော ပရမတ္ထဓမ္မသဘာဝလျှင် အာရုံရှိသောကြောင့် ယင်းပရမတ္ထသဘာဝကား အလွန်နက်နဲရကား အပ္ပနာစျာန်သို့ မရောက်နိုင်ဟူပေ။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတည်းဟူသော သဘာဝဓမ္မအာရုံ၌ ထိုပရမတ္ထဓမ္မ သဘာဝ၏ နက်နဲသည့်အတွက်ကြောင့် ဝိသုဒ္ဓိခုနစ်ပါးကျင့်စဉ် စသည်ကဲ့သို့သော ထူးခြားသည့် ဘာဝနာဝိသေသသည် မရှိခဲ့သော် အပ္ပနာစျာန်ကား မဖြစ်နိုင်။ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်နှင့်ယှဉ်သော လောကုတ္တရာစျာန်သည်ကား ဝိသုဒ္ဓိခုနစ်ပါးကျင့်စဉ်ကို အစဉ်အတိုင်း ကျင့်ခြင်းတည်းဟူသော ဝိသုဒ္ဓိဘာဝနာအစဉ်ကို အစဉ်လျှောက်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာရ၏။ ဝိညာဏဉ္စာယတနစျာန်ဟူသော အရူပါဝစရစျာန်သည် ကသိုဏ်းပညတ်အာရုံ ကောင်းကင်ပညတ်အာရုံတို့ကို ကျော်လွှားလွန်မြောက်သည်၏ အစွမ်းဖြင့် အာကာသာနဉ္စာယတနစျာန်စိတ်ကို အရှုခံအာရုံထား၍ ဘာဝနာကို ပွားများသည်၏ အစွမ်းဖြင့် ပရမတ်အာရုံ၌ အပ္ပနာစျာန် (=ဝိညာဏဉ္စာယတနစျာန်သည်) ဖြစ်ပေါ်လာရ၏။ နေဝသညာနာသညာယတနသစျာန်သည် ရူပါဝစရစျာန်၏ အာရုံနှင့် အောက်အောက် အရူပစျာန်တို့၏ အာရုံကို ကျော်လွှားနိုင်သဖြင့် အာကိဉ္စညာယတနစျာန်စိတ်ဟူသော ပရမတ်အာရုံကို အာရုံပြုကာ ပွားများရသည့် ဘာဝနာစွမ်းအားကြောင့် ဖြစ်ပေါ်လာရ၏ = နေဝသညာနာသညာယတနစျာန်ဟူသော အပ္ပနာစျာန်သို့ ဆိုက်ရောက်ရပေ၏။(မဟာဋီ၊၁၊၄၃၆။)</p> <h3>ဥပါဒါရုပ်များ ထင်ရှားလာပုံ</h3> <p><b>ဣမေ စတ္တာရော မဟာဘူတေ ပရိဂ္ဂဏှန္တဿ ဥပါဒါရူပံ ပါကဋံ ဟောတိ။ မဟာဘူတံ နာမ ဥပါဒါရူပေန ပရိစ္ဆိန္နံ၊ ဥပါဒါရူပံ မဟာဘူတေန၊ ယထာ အာတဝေါ နာမ ဆာယာယ ပရိစ္ဆိန္နော၊ ဆာယာ အာတပေန။ ဧဝမေဝ မဟာဘူတံ ဥပါဒါရူပေန ပရိစ္ဆိန္နံ၊ ဥပါဒါရူပံ မဟာဘူတေန။</b> (အဘိ၊ဋ္ဌ၊၂၊၂၄၁။)</p> <p><b>မဟာဘူတံ ဥပါဒါရူပေန ပရိစ္ဆိန္နံ နီလံ ပီတံ သုဂန္ဓံ ဒုဂ္ဂန္ဓံ န္တိ အာဒိနာ။ ဥပါဒါရူပံ မဟာဘူတေန တန္နိဿိတဿ တဿ တတော ဗဟိ အဘာဝါ။ ဆာယာတပါနံ အာတာပပစ္စယဆာယုပ္ပါဒက ဘာဝေါ အညမညပရိစ္ဆေဒ ကတာ။</b> (မူလဋီ၊၂၊၁၅၄။)</p> <p><b>နီတံ ပီတန္တိ အာဒိနာ သင်္ဃာဋေ နီလာဒိဝဝတ္ထာနံ တံနိဿယတ္တာ မဟာဘူတေ ဥပါဒါယာတိ အာဟ မဟာဘူတံ ။ ပ ။ ဒုဂ္ဂန္ဓန္တိ အာဒိနာတိ။ ဥပါဒါယရူပံ မဟာဘူတေန ပရိစ္ဆိန္နန္တိ ယောဇနာ။ တဿာတိ ဥပါဒါရူပဿ။ တတောတိ မဟာဘူတတော။ ဆာယာယ အာတပစ္စယဘာဝေါ အာတပေါ ပစ္စယော ဧတိဿာတိ အာတပဿ ဆာယာယ ဥပ္ပါဒကဘာဝေါ ဆာယာတပါနံ အာတာပပစ္စယဆာယုပ္ပါဒကဘာဝေါ။ တေန ဥပ္ပါဒေတဗ္ဗ ဥပ္ပါဒကဘာဝေါ အညမညပရိစ္ဆေဒကတာတိ ဒေဿတိ။</b> (အနုဋီ၊၂၊၁၅၆။)</p> <p>ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်းဝယ် ဤဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းတတ်သော ဉာဏ်ဖြင့် ပိုင်းခြားယူတတ်သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထိုကလာပ်တူ ဓာတ်ကြီးလေးပါးကိုပင် မှီ၍ဖြစ်ပေါ်လာရသော ဥပါဒါရုပ်သည် ထင်ရှားလာသည်သာ ဖြစ်၏။</p> <p>မဟာဘုတ် ဓာတ်ကြီးလေးပါးမည်သည်ကို ဥပါဒါရုပ်ဖြင့် ပိုင်းခြားအပ်၏။ ရုပ်ကလာပ်တစ်ခုသည် အညိုရောင်နှင့် ပေါင်းဆုံမိသော် ထိုရုပ်ကလာပ်ကို အညိုရောင်ရုပ်ကလာပ်ဟု ပိုင်းခြားမှတ်သားရ၏။ ရုပ်ကလာပ်တစ်ခုသည် အဝါရောင်နှင့် ပေါင်းဆုံးမိသော် ထိုရုပ်ကလာပ်ကို အဝါရောင် ရုပ်ကလာပ်ဟု ပိုင်းခြားမှတ်သားရ၏။ အလားတူပင် ကောင်းသောအနံ့နှင့် ပေါင်းဆုံးမိသော် အနံ့ကောင်း၏ဟု, မကောင်းသောအနံ့နှင့် ပေါင်းဆုံးမိသော် အနံ့မကောင်းဟု ဤသို့ စသည်ဖြင့် ယင်းရုပ်ကလာပ်ကို ပိုင်းခြား မှတ်သားမှုသည် ဖြစ်၏။ ထိုရုပ်ကလာပ်တစ်ခုတွင် ဓာတ်ကြီးလေးပါးကား အမာခံ အထည်ဝတ္ထု ဖြစ်၏။ သို့အတွက် ဓာတ်ကြီးလေးပါးတို့၏ ညိုမှု ဝါမှု အနံ့ကောင်းမှုမကောင်းမှုသာ ဖြစ်၏။</p> <p>အဝတ်နှင့် ဓာတ်ကြီးလေးပါးသည် တူညီ၏။ အဝတ်ကို မှီတွယ်၍ ဖြစ်ပေါ်လာရသော အညိုရောင် အဝါရောင် ကောင်းသောအနံ့ မကောင်းသောအနံ့စသည်နှင့် ရုပ်ကလာပ်တစ်ခုအတွင်း၌ မဟာဘုတ် ဓာတ်ကြီးလေးပါးကို မှီတွယ်၍ ဖြစ်ပေါ်လာရသော အဆင်းအနံ့စသည့် ဥပါဒါရုပ်သည် တူညီ၏။ သို့အတွက် ရုပ်ကလာပ် တစ်ခုအတွင်း၌ တည်ရှိသော မဟာဘုတ်ဓာတ် ကြီးလေးပါးကို ညို၏ ဝါ၏ အနံ့ကောင်း၏ အနံ့မကောင်း ဤသို့ စသည်ဖြင့် ယင်းရုပ်ကလာပ်တူ ဥပါဒါရုပ်ဖြင့် (=အဆင်း အနံ့စသည့် ဥပါဒါရုပ်က) ပိုင်းခြားမှတ်သားပေး၏။ အလားတူပင် ဥပါဒါရုပ်ကို မဟာဘုတ် ဓာတ်ကြီးလေးပါးဖြင့် ပိုင်းခြားမှတ်သားအပ်၏။ ထိုမဟာဘုတ် ဓာတ်ကြီးလေးပါးကို မှီတွယ်၍ ဖြစ်ပေါ်နေသော ထိုကလာပ်တူ ဥပါဒါရုပ်၏ ထိုကလာပ်တူ မဟာဘုတ် ဓာတ်ကြီးလေးပါးမှ ပြင်ပ၌ မရှိသောကြောင့် ဖြစ်၏။</p> <p>နေရောင်ခြည်တည်းဟူသော အကြောင်းကြောင့် မြေပြင်ပေါ်တွင် အိမ်၏အရိပ်စသည်သည် ဖြစ်ပေါ်လာ၏။ နေရောင်ခြည်ကြောင့် အရိပ်၏ ဖြစ်ပေါ်လာရမှုသည်ပင် အရိပ်နှင့် နေရောင်ခြည်တို့၏ တစ်ခုနှင့်တစ်ခု အချင်းချင်း ပိုင်းခြားမှုကို ပြုခြင်းပင် ဖြစ်၏။ နေသာနေသော (= နေပူနေသော) အချိန်တွင် မြေပြင်တစ်နေရာကို ကြည့်လိုက်ပါက ဤကား နေရောင်ခြည် ဤကား အရိပ်ဟု သိအောင် နေရောင်ခြည်မည်သည်ကို အရိပ်က ပိုင်းခြားအပ်သကဲ့သို့ အရိပ်ကို ဤကား အရိပ်ဟု သိနိုင်အောင် နေရောင်ခြည်ဖြင့်ပင် ပိုင်းခြားအပ်၏။ အလားတူပင် မဟာဘုတ် ဓာတ်ကြီးလေးပါးကို ဥပါဒါရုပ်ဖြင့် ပိုင်းခြားအပ်၏။ ဥပါဒါရုပ်ကို မဟာဘုတ် ဓာတ်ကြီးလေးပါးဖြင့် ပိုင်းခြားအပ်၏။ နေရောင်ခြည်နှင့် မဟာဘုတ် ဓာတ်ကြီးလေးပါးသည် တူညီနေ၏။ နေရောင်ခြည်ကြောင့် ဖြစ်ပေါ်လာရသော သစ်ပင်ရိပ် အိမ်ရိပ်စသည်နှင့် ဥပါဒါရုပ်သည် တူညီ၏။</p> <p>မဟာဘုတ် ဓာတ်ကြီးလေးပါးကြောင့် ဥပါဒါရုပ်သည် ဖြစ်ပေါ်လာရ၏။ ရုပ်ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော မဟာဘုတ် ဓာတ်ကြီးလေးပါးကို မှီတွယ်၍ ယင်းရုပ်ကလာပ်ထဲတွင် အဆင်း အနံ့ အရသာစသော ဥပါဒါရုပ်များသည် ဖြစ်ပေါ်လာကြရ၏။ ရုပ်ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို ဟုတ်တိုင်မှန်စွာ သိရှိရေးမှာ ယင်းရုပ်ကလာပ်ကို ရှေးဦးစွာ ဉာဏ်ဖြင့် တွေ့မြင်ဖို့ လိုအပ်၏။ ယင်းသို့ ရုပ်ကလာပ်ကို တွေ့မြင်ပါမှ ယင်းရုပ်ကလာပ်တစ်ခု၏ အတွင်း၌တည်ရှိသော ဓာတ်ကြီးလေးပါးကို ဆက်လက်၍ ရှုပွါးသိမ်းဆည်နိုင်မည် ဖြစ်သည်။ ယင်းရုပ်ကလာပ်ကို ဉာဏ်ဖြင့် တွေ့မြင်ရေးမှာ ယင်းရုပ်ကလာပ်၏ အရောင်အဆင်းစသည်ကို ဉာဏ်ဖြင့် မြင်ပါမှ ရုပ်ကလာပ်ကိုလည်း ဉာဏ်ဖြင့် မြင်နိုင်မည် ဖြစ်သည်။ ဓာတ်ကြီးလေးပါးကို သိမ်းဆည်းရှုပွားနေသော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည် အကူအညီဖြင့် ယင်းရုပ်ကလာပ်ကို တွေ့ရှိမည် ဖြစ်သည်။ တစ်ဖန် ရုပ်ကလာပ်ဟူသည့် အမှုန်တို့မည်သည် အဆင်း အနံ့ (=<b>ဝဏ္ဏ-ဂန္ဓ</b>)စသည် မပါဘဲ ဖြစ်နိုင်သည့် စွမ်းအားကား မရှိပေ။ ရုပ်ကလာပ်ဟူသည် (၈)မျိုး, (၉)မျိုး, (၁၀)မျိုးစသော ရုပ်သဘောတရားတို့၏ အပေါင်းအစုမျှသာ ဖြစ်၏။ ယင်း (၈)မျိုး, (၉)မျိုး, (၁၀)မျိုးစသော ရုပ်သဘောတရားတို့၏ အပေါင်းအစုကိုသာ ရုပ်ကလာပ်ဟု ခေါ်ဆိုခြင်း ဖြစ်၏။ သို့အတွက် ရုပ်ကလာပ်တစ်ခု အတွင်းဝယ် ဘူတရုပ်သည်လည်း ဥပါဒါရုပ်နှင့်, ဥပါဒါရုပ်သည်လည်း ဘူတရုပ်နှင့် ကင်း၍ ဖြစ်နိုင်သည့် စွမ်းအားကား မရှိပေ။ ကျွန်း-ကိုင်းမှီ, ကိုင်း-ကျွန်းမှီဟူ၏သို့ အချင်းချင်း အပြန်အလှန် ကျေးဇူးပြုနေသောတရာများ ဖြစ်ကြ၏။ အချင်းချင်းအပြန်အလှန် ပိုင်းခြားပေးနေသော ပရမတ်သဘောတရားများ ဖြစ်ကြ၏။ ဖြစ်စေအပ်သောတရား ဖြစ်စေတတ်သောတရား ဖြစ်မှုသည် အချင်းချင်း ပိုင်းခြားတတ်သော သဘောတရား ဖြစ်၏။ (အဘိ၊ဋ္ဌ၊၂၊၂၄၁။ မူလဋီ၊၂၊၁၅၄။ အနုဋီ၊၂၊၁၅၆။) ---------- ဖြစ်စေအပ်သောတရား မရှိက ဖြစ်စေတတ်သောတရားလည်း မရှိနိုင်၊ ဖြစ်စေတတ်သော တရား မရှိကလည်း ဖြစ်စေအပ်သောတရားလည်း မရှိနိုင် ဟူလိုသည်။</p> <h3>ဒွါရ (၆) ပါး၌ တည်ရှိသော ရုပ်ကလာပ်များ</h3> <p><b>စက္ခုဒွါရသ္မိံ ဟိ စက္ခု-ကာယ-ဘာဝဒသကဝသေန တိံသ ကမ္မဇရူပါနိ၊ ဥပတ္ထမ္ဘကာနိ ပန တေသံ ဥတုစိတ္တာဟာရသမုဋ္ဌာနာနိ စတုဝီသတီတိ စတုပဏ္ဏဿ ဟောန္တိ။ တထာ သောတ-ဃာန-ဇိဝှါဒွါရေသု။ ကာယဒွါရေ ကာယ-ဘာဝဒသကဝသေန စေဝ ဥတုသမုဋ္ဌာနာဒိဝသေန စ စတုစတ္တာသီသ။ မနောဒွါရေ ဟဒယဝတ္ထု-ကာယ-ဘာဝဒသကဝသေန စေဝ ဥတုသမုဋ္ဌာနာဒိဝသေန စ စတုပဏ္ဏာသမေဝ။</b> (ဝိသုဒ္ဓိ၊၂၊၂၅၉။)</p> <p>ဤအထက်ပါ နာမည်ကျော် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ဖွင့်ဆိုထားတော်မူသည့်အတိုင်း ------</p> <p>၁။ စက္ခုဒွါရ ခေါ် မျက်စိ၌ ------ စက္ခုဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဥတုဇဩဇဋ္ဌမကကလာပ်, စိတ္တဇဩဇဋ္ဌကကလာပ်, အာဟာရဇဩဇဋ္ဌမကကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြကုန်၏။</p> <p>၂။ သောတဒွါရ ခေါ် နာ၌ ------ သောတဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဥတုဇဩဇဋ္ဌမကကလာပ်, စိတ္တဇဩဇဋ္ဌမကကလာပ်, အာဟာရဇဩဇဋ္ဌမကကလာပ်ဟု ရုပ်ကလာပ် အမျိုးအစား(၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြကုန်၏။</p> <p>၃။ ဃာနဒွါရ ခေါ် နှာခေါင်း၌ ------ ဃာနဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဥတုဇဩဇဋ္ဌမကကလာပ်, စိတ္တဇဩဇဋ္ဌမကကလာပ်, အာဟာရဇဩဇဋ္ဌမကကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား(၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြကုန်၏။</p> <p>၄။ ဇိဝှါဒွါရ ခေါ် လျှာ၌ ------ ဇိဝှါဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဥတုဇဩဇဋ္ဌမကကလာပ်, စိတ္တဇဩဇဋ္ဌမကကလာပ်, အာဟာရဇဩဇဋ္ဌမကကလာပ်ဟု ရုပ်ကလာပ် အမျိုးအစား (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြကုန်၏။</p> <p>၅။ ကာယဒွါရ ခေါ် ကိုယ်၌ ------ ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဥတုဇဩဇဋ္ဌမကကလာပ်, စိတ္တဇဩဇဋ္ဌမကကလာပ်, အာဟာရဇဩဇဋ္ဌမကကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၅)မျိုး, ရုပ်အမျိုးအစား (၄၄)မျိုးတို့ ရှိကြကုန်၏။</p> <p>၆။ မနောဒွါရ ခေါ် ဟဒယနှလုံး၌ ------ ဟဒယဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဥတုဇဩဇဋ္ဌမကကလာပ်, စိတ္တဇဩဇဋ္ဌမကကလာပ်, အာဟာရဇဩဇဋ္ဌမကကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြကုန်၏။</p> <p>ဤ၌ ရုပ်ကလာပ်အမျိုးအစားသာ (၆)မျိုး (၅)မျိုးစသည်ဖြင့်, ရုပ်အမျိုးအစားစာ (၅၄)မျိုး (၄၄)မျိုးစသည်ဖြင့် ရှိခြင်း ဖြစ်သည်။ တစ်မျိုးတစ်မျိုး၌ အရေအတွက်ကား များစွာရှိနေမည်သာ ဖြစ်သည်။ မျက်စိ၌ စက္ခုဒသကကလာပ်တစ်မျိုး, ကာယဒသကကလာပ်တစ်မျိုး - ဤသို့ စသည်ဖြင့် အမျိုးအစားသာ တစ်မျိုးဟု ဆိုခြင်း ဖြစ်သည်။ မျက်စိ၌ စက္ခုပဒသကကလာပ်ပေါင်းများစွာ, ကာယဒသကကလာပ်ပေါင်းများစွာ ရှိကြသည်သာ ဖြစ်သည်။ ဤသို့ စသည်ဖြင့် ဒွါရ(၆)ပါးလုံး၌ သဘောပေါက်ပါလေ။</p> <p>၁။ <b>စက္ခုဒသကကလာပ်</b> = ရူပါရုံ၏ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော စက္ခုအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော (ကြည်သော) ရုပ်ကလာပ်,</p> <p>၂။ <b>သောတဒကကလာပ်</b> = သဒ္ဒါရုံ (အသံ)၏ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော သောတအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော (ကြည်သော) ရုပ်ကလာပ်,</p> <p>၃။ <b>ဃာနဒသကကလာပ်</b> = ဂန္ဓာရုံ (အနံ့)၏ ရှေးရှုရိုက်ခတ်ဖြင့်ငှာ ထိုက်သော ဃာနအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော (ကြည်သော) ရုပ်ကလာပ်,</p> <p>၄။ <b>ဇိဝှါဒသကကလာပ်</b> = ရသာရုံ (အရသာ)၏ ရှေးရှုရိုက်ခတ်ဖြင့်ငှာ ထိုက်သော ဇိဝှါအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော (ကြည်သော) ရုပ်ကလာပ်,</p> <p>၅။ <b>ကာယဒသကကလာပ်</b> = ဖောဋ္ဌဗ္ဗာရုံ (ပထဝီ-တေဇော-ဝါယော)၏ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော ကာယအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော (ကြည်သော)ရုပ်ကလာပ်,</p> <p>၆။ <b>ဘာဝဒသကကလာပ်</b> = ဘာဝရုပ်လျှင် (၁၀)ခုမြောက်ရှိသော (မကြည်သော) ရုပ်ကလာပ်,</p> <p>၇။ <b>ဟဒယဒသကကလာပ်</b> = မနောဓာတ် မနောဝိညာဏဓာတ်ဟူသော အသိစိတ်တို့၏ မှီ၍ဖြစ်ရာ ဟဒယဝတ္ထုရုပ်လျှင် (၁၀)ခုမြောက်ရှိေသော (မကြည်သော) ရုပ်ကလာပ်,</p> <p>၈။ <b>စိတ္တဇ ဩဇဋ္ဌမကကလာပ်</b> = ဟဒယဝတ္ထုကို မှီ၍ ဖြစ်သော စိတ်ကြောင့် ဖြစ်သော ဩဇာလျှင် ရှစ်ခုမြောက်ရှိသော (မကြည်သော) ရုပ်ကလာပ်,</p> <p>၉။ <b>ဥတုဇဩဇဋ္ဌမကကလာပ်</b> = ရုပ်ကလာပ် တစ်ခုအတွင်း၌ ရှိသော တေဇောဓာတ် (= ဥတု)ကြောင့်ဖြစ်သော ဩဇာလျှင် ရှစ်ခုမြောက်ရှိသော (မကြည်သော) ရုပ်ကလာပ်,</p> <p>၁၀။ <b>အာဟာရဇ ဩဇဋ္ဌမကကလာပ်</b> = အာဟာရ (ဩဇာ)ကြောင့် ဖြစ်သော ဩဇာလျှင် ရှစ်ခုမြောက်ရှိသော (မကြည်သော) ရုပ်ကလာပ်,</p> <p>၁၁။ <b>ဇီဝိတနကကလာပ်</b> = ဇိဝိတလျှင် (၉)ခုမြောက်ရှိသော (မကြည်သော) ရုပ်ကလာပ်,</p> <p>(မှတ်ချက် ------ ဤဇီဝိတနဝကကလာပ်မှာ အထက်ပါ စာရင်းဇယားတွင် မပါသော်လည်း တေဇောကောဋ္ဌာသ, ဝါယောကောဋ္ဌာသတို့၌ ထည့်သွင်း၍ ဖော်ပြထားပါသည်။ တစ်ကိုယ်လုံး အနှံ့အပြား ရှိသော ရုပ်ကလာပ်တစ်မျိုး ဖြစ်သည်။)</p> <h3>(၃၂) ကောဋ္ဌာသတို့၌ ရုပ်တရားများ</h3> <p>ချွေး, မျက်ရည်, တံတွေး, နှပ် ------ ဟူသော ဤကောဋ္ဌာသ လေးမျိုးတို့၌ ------ ဥတုဩဇဋ္ဌမကကလာပ်, စိတ္တဇဩဇဋ္ဌမကကလာပ် ------ ဟု ရုပ်ကလာပ် အမျိုးအစား (၂)မျိုး, ရုပ်အမျိုးအစား (၁၆)မျိုးစီ ရှိ၏။</p> <p>အစာသစ်, အစာဟောင်း, ပြည်, ကျင်ငယ် ------ ဟူသော ဤကောဋ္ဌာသ လေးမျိုးတို့၌ ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တစ်မျိုးစီ, ရုပ်အမျိုးအစား (၈)မျိုးစီသာ အသီးအသီး ရှိ၏။</p> <p>ကြွင်းကျန်ကုန်သော ဆံပင် အစရှိကုန်သော ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရား (၄)မျိုးတို့ကြောင့် ဖြစ်ကုန်သော ကောဋ္ဌာသ (၂၄)တို့၌ ကောဋ္ဌာသတစ်ခုတစ်ခု၌ ကာယဒွါရတွင် ဖော်ပြခဲ့သော ရုပ်ကလာပ်အမျိုးအစား (၅)မျိုး, ရုပ်အမျိုးအစား (၄၄)မျိုးစီ အသီးအသီး ရှိပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)</p> <h3>တေဇောကောဋ္ဌာသ (၄)မျိုး</h3> <p>၁။ <b>သန္တပ္ပနတေဇော</b> = တစ်ရက်ခြား ဖျားခြင်း စသည်ဖြင့် ပြင်းထန် စွာ ပူလောင်သော တေဇော,</p> <p>၂။ <b>ဇီရဏတေဇော</b> = အိုစေ ရင့်ကျက်စေ ဆွေးမြည့်စေသော ပူလောင် သော တေဇော,</p> <p>၃။ <b>ဍာဟတေဇော</b> = ထက်ဝန်းကျင် ပူလောင်သော တေဇော ------</p> <p>ဤတေဇောကောဋ္ဌာသ သုံးမျိုးတို့၌ ဇိဝိတနဝကကလာပ်, စိတ္တဇဩဇဋ္ဌမကကလာပ်, ဥတုဇဩဇဋ္ဌမကကလာပ်, အာဟာရဇဩဇဋ္ဌမကကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၄)မျိုး, ရုပ်အမျိုးအစား (၃၃)မျိုးစီ အသီးအသီး ရှိပေသည်။</p> <p>၄။ <b>ပါစကတေဇော</b> = အစာကို ကြေကျက်စေတတ်သော ပူလောင် သော တေဇော ------ ဤတေဇောကောဋ္ဌာသ၌ ကား ဇိဝိတနဝကကလာပ် တစ်မျိူးသာ ရှိပေ သည်။</p> <h3>ဝါယောဓာတ် လွန်ကဲသော ဝါယောကောဋ္ဌာသ (၆) မျိုး</h3> <p>၁။ <b>ဥဒ္ဓင်္ဂမာ ဝါတာ</b> = အထက်သို့ ဆန်တက်သော လေ,</p> <p>၂။ <b>အဓောဂမာ ဝါတာ</b> = အောက်သို့ စုန်ဆင်းသော လေ,</p> <p>၃။ <b>ကုစ္ဆိသယာ ဝါတာ</b> = ဝမ်းဗိုက်အတွင်း အူအပြင်ဘက်၌ တည်ရှိသော လေ,</p> <p>၄။ <b>ကောဋ္ဌာသယာ ဝါတာ</b> = အူအတွင်း၌ တည်ရှိသော လေ,</p> <p>၅။ <b>အင်္ဂမင်္ဂါနုသာရိနော ဝါတာ</b> = ကိုယ်အင်္ဂါကြီးငယ်သို့ အစဉ်လျှောက် သော အကြောအတွင်း၌ တည်ရှိသော လေ,</p> <p>ဤဝါယောကောဋ္ဌာသ ငါးမျိုးတို့တွင် ကောဋ္ဌာသတစ်မျိုးတစ်မျိုး၌ ဇီဝိတနဝကကလာပ် စိတ္တဇဩဇဋ္ဌမကကလာပ် ဥတုဇဩဇဋ္ဌမကကလာပ် အာဟာရဇဩဇဋ္ဌမကကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၄)မျိုး, ရုပ်အမျိုးအစား (၃၃)မျိုးစီ အသီးအသီး ရှိပေသည်။</p> <p>၆။ <b>အဿာသပဿာသော</b> = ဝင်သက်လေ ထွက်သက်လေ ------ ဤကောဋ္ဌာသ၌ စိတ္တဇသဒ္ဒနဝကကလာပ် (= စိတ်ကြောင့်ဖြစ်သော အသံလျှင် ကိုးခုမြောက်ရှိသော ရုပ်ကလာပ်)တစ်မျိုးသာ ရှိသည်။</p> <h3>ဝိပဿနာဉာဏ်၏ အရှုခံရုပ်တရား</h3> <p>ဤအထက်တွင် တင်ပြထားသော ဒွါရ (၆)ပါး၌ တည်ရှိသော ရုပ်တရား, (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကား အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်တို့သို့ တင်ကာ ဝိပဿနာရှုပွားသုံးသပ်ထိုက်သော <b>သဗ္ဗစနူပဂဓမ္မ</b> ------ ရုပ်တရားတို့ဖြစ်ကြ၏။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)</p> <p><b>အာကာသဓာတ် လဟုတာ မုဒုတာ ကမ္မညတာ</b>စသည့် ရုပ်အတုတို့ကား လက္ခဏာရေးသုံးတန်တို့သို့ တင်ကာ ဝိပဿနာ မရှုပွားကောင်းကုန်သော ရုပ်တရားတို့ ဖြစ်ကြ၏။ သို့သော် ယင်းရုပ်အတုတို့နှင့် ရောနှောနေကြသော စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့ကိုလည်း ရုပ်နာမ်ကို သိမ်းဆည်းသည့် နာမရူပပရိစ္ဆေဒဉာဏ်ပိုင်းတွင် ရောနှော၍ သိမ်းဆည်းရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၂၅။)တွင် ညွှန်ကြားထားပေသည်။</p> <p>ဤအထက်ပါ ဒွါရ(၆)ပါး, (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ဥပါဒါ ရုပ်တို့ကို သိမ်းဆည်းပုံကိုလည်းကောင်း, ရုပ်အတုတို့နှင့် ရောနှောနေသော ရုပ်တရားတို့ကို သိမ်းဆည်းပုံကိုလည်းကောင်း ဆရာသမားနှင့် ချဉ်းကပ်လေ့လာပါ။ ယင်းရုပ်တရားတို့ကို လက္ခဏ - ရသ - ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းပုံ စနစ်များကိုလည်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ခန္ဓနိဒ္ဒေသပိုင်း (ဝိသုဒ္ဓိ၊၂၊၇၄၊၈၀။)စသည်တို့၌ ညွှန်ကြားထားတော်မူ၏။ ဆရာသမားနှင့်သာ ချဉ်းကပ်လေ့လာပါ။</p> <h3>နာမ်ကမ္မဋ္ဌာန်းပိုင်း</h3> <h3>ဝိပဿနာဉာဏ်၏ အရှုခံနာမ်တရား</h3> <h3>အပရိဇာနနသုတ္တန်နှင့် သဗ္ဗပရိညာသုတ္တန် ကောက်နှုတ်ချက်</h3> <p><b>သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ ။ ပ ။ သဗ္ဗံ စ ခေါ ဘိက္ခဝေ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ။</b> (သံ၊၂၊၂၄၉-၂၅၀။)</p> <p><b>သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ တတ္ထ စိတ္တံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။ သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနံ ပရိဇာနံ တတ္ထ စိတ္တံ ဝိရာဇယံ ပဇာဟံ ဘဗ္ဗော ဒုက္ခက္ခယာယတိ။</b> (ဣတိဝုတ္တက၊ ၁၉၇။)</p> <p><b>ဣတိ ဣမသ္မိံ သုတ္တေ တိဿောပိ ပရိညာ ကထိတာ ဟောန္တိ။ အဘိဇာနန္တိ ဟိ ဝစနေန တီရဏပရိညာ၊ ဝိရာဇယံ ပဇဟန္တိ ဒွီဟိ ပဟာနပရိညာတိ။</b> (သံ၊ဋ္ဌ၊၃၊၆။)</p> <p><b>ပစ္စက္ခကရဏတ္ထေန ဉာတပရိညာ တီရဏပရိညာ စ ဂဟိတာ ဟောတိ။</b> (သံ၊ဋီ၊၂၊ ၆၅။)</p> <p>= ရဟန်းတို့ ... အလုံးစုံသော (ဥပါဒါနက္ခန္ဓာငါးပါး = အာယတနတစ်ဆယ့်နှစ်ပါး =) ရုပ်နာမ်တရားကို အပေါ်၌ တွယ်တာမက်မောနေသော တဏှာတရားကို <b>ဉာတပရိညာ</b>ဖြင့် ထိုးထွင်း မသိခဲ့သော် <b>တီရဏပရိညာ</b>ဖြင့် ပိုင်းခြား မသိခဲ့သော် <b>ပဟာနပရိညာ</b>ဖြင့် ထိုအလုံးစုံသော ရုပ်နာမ်တရား အပေါ်၌ တွယ်တာမက်မောနေသည့် တဏှာတရားကို (=တဏှာနှင့် ယှဉ်သော စိတ်ကို) ကင်းပြတ်ရုပ်သိမ်းချုပ်ငြိမ်းအောင်း မကျင့်နိုင်ခဲ့သော် မပယ်စွန့်နိုင်ခဲ့သော် ဒုက္ခကုန်ခြင်းငှာ မထိုက် ။ ပ ။</p> <p>= ရဟန်းတို့ ... အမှန်စင်စစ်အားဖြင့်သော်ကား အလုံးစုံသော (ဥပါဒါနက္ခန္ဓာငါးပါး = အာယတနတစ်ဆယ့်နှစ်ပါး =) ရုပ်နာမ်တရားကို <b>ဉာတပရိညာ</b>ဖြင့် ထိုးထွင်း သိခဲ့သော်, <b>တီရဏပရိညာ</b>ဖြင့် ပိုင်းခြား သိခဲ့သော် <b>ပဟာနပရိညာ</b>ဖြင့် ထိုအလုံးစုံသော ရုပ်နာမ်တရားအပေါ်၌ တွယ်တာမက်မောနေသော တဏှာတရားကို (= တဏှာနှင့် ယှဉ်သော စိတ်ကို) ကင်းပြတ်ရုတ်သိမ်းချုပ်ငြိမ်းအောင် ကျင့်နိုင်ခဲ့သော် ပယ်စွန့်နိုင်ခဲ့သော် ဒုက္ခကုန်ခြင်းငှာ ထိုက်၏။ (သံ၊၂၊၂၄၉-၂၅၀။ ဣတိဝုတ္တက၊ ၁၉၇။)</p> <p>ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာ ကျမ်းဂန်အဆိုအမိန့်တို့နှင့်အညီ သံသရာဝဋ်ဆင်းရဲ၏ ကုန်ဆုံးရာ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အလုံးစုံသော ခန္ဓာငါးပါး (= ရုပ်နာမ်တရား)တို့ကို ပရိညာပညာသုံးမျိုးတို့ဖြင့် သိရှိအောင် ကြိုးပမ်းရတော့မည် ဖြစ်ပေသည်။ ယင်း ပရိညာပညာတို့ကား အထက်ပါ သံယုတ်ဋီကာ အဖွင့်အရ ယောဂါဝစရပုဂ္ဂိုလ်ကိုယ်တိုင် ထွင်းဖောက် သိမြင်ရမည့် အတ္တပစ္စက္ခဉာဏ်တို့သာ ဖြစ်ကြ၏။ ယင်းပရိညာတို့ကို ဆက်လက်၍ ရှင်းလင်း တင်ပြပေအံ့။ -----</p> <p>ပရိညာသည် လောကီပရိညာ လောကုတ္တရာပရိညာဟု နှစ်မျိုး ရှိ၏။ လောကီပရိညာသည်လည်း ဉာတပရိညာ တီရဏပရိညာ ပဟာနပရိညာဟု သုံးမျိုး ရှိ၏။ လောကုတ္တရာပရိညာသည်လည်း ဉာတပရိညာ တီရဏပရိညာ ပဟာနပရိညာသုံးမျိုးဟု သုံးမျိုးပင် ရှိ၏။ ထိုတွင် လောကီ ပရိညာသုံးမျိုးတို့ကို ရှေးဦးစွာ တင်ပြအပ်ပါသည်။</p> <h3>လောကီ ဉာတပရိညာ</h3> <p><b>တတ္ထ ရုပ္ပန လက္ခဏံ ရူပံ, ဝေဒယိတလက္ခဏာ ဝေဒနာတိ ဧဝံ တေသံ တေသံ ဓမ္မာနံ ပစ္စတ္တလက္ခဏသလ္လက္ခဏဝသေန ပဝတ္တာပညာ ဉာတပရိညာ နာမ ။ ပ ။ တတ္ထ သင်္ခါရပရိစ္ဆေဒတော ပဋ္ဌာယ ယာဝ ပစ္စယပရိဂ္ဂဟာ ဉာတပရိညာယ ဘူမိ။</b> (ဝိသုဒ္ဓိ၊၂၊၂၄၁။)</p> <p>= ထိုပရိညာသုံးမျိုးတို့တွင် ဖောက်ပြန်တတ်သော သဘောလက္ခဏာရှိသော တရားကား ရုပ်တည်း၊ ခံစားတတ်သော သဘောလက္ခဏာရှိသော တရားကား ဝေဒနာတည်း ---</p> <p>ဤသို့ စသည်ဖြင့် ထိုထိုခန္ဓာငါးပါး ပရမတ္ထဓာတ်သားတို့၏ အသီးအသီးသော ကိုယ်ပိုင်သဘာဝလက္ခဏာကို ကောင်းစွာ ပိုင်းခြားမှတ်သားသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ရုပ်နာမ်ကို ပိုင်းခြားယူတတ် သိမ်းဆည်းတတ်သော <b>နာမရူပပရိစ္ဆေဒဉာဏ်ပညာ</b>နှင့် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌ အကြောင်းတရား အကျိုးတရားတို့ကို ပိုင်းခြားယူတတ် သိမ်းဆည်းတတ်သော <b>ပစ္စယပရိဂ္ဂဟဉာဏ်ပညာ</b>သည် <b>ဉာတပရိညာ</b> မည်ပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၄၁။)</p> <p><b>သော ဣဒံ နာမရူပံ န အဟေတု အပ္ပစ္စယာ နိဗ္ဗတ္တံ၊ သဟေတု သပ္ပစ္စယာ နိဗ္ဗတ္တံ။ ကော ပနဿ ဟေတု၊ ကော ပန ပစ္စယောတိ ဥပပရိက္ခန္တော အဝိဇ္ဇာပစ္စယာ တဏှာပစ္စယာ ကမ္မပစ္စယာ အာဟာရပစ္စယာ စာတိ တဿ ပစ္စယံ ဝဝတ္ထပေတွာ အတီတေပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ အနာဂတေပိ ဧတရဟိ ပစ္စယာ စေဝ ပစ္စယမုပ္ပန္နဓမ္မာ စ၊ တတော ဥဒ္ဓံ သတ္တော ဝါ ပုဂ္ဂလော ဝါ နတ္ထိ၊ သုဒ္ဓသင်္ခါရပုဉ္ဇော ဧဝါတိ တီသု အဒ္ဓါသု ကင်္ခံ ဝိတရတိ။ အယံ ပန ဝိပဿနာ သင်္ခါရသလ္လက္ခဏာ ဉာတပရိညာ နာမ။</b> (အဘိ၊ဋ္ဌ၊၂၊၂၄၁-၂၄၂။)</p> <p>= ဥပါဒါနက္ခခန္ဓာငါးပါး = အာယာတန တစ်ဆယ့်နှစ်ပါး = ရုပ်နာမ်တရားတို့ကို ပရမတ္ထဓမ္မသဘာဝလက္ခဏာသို့ ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးသော ထိုယောဂါဝစရပုဂ္ဂိုလ်သည် <b>တီရဏပရိညာ</b>ဖြင့် ပိုင်းခြား သိခဲ့သော ဤ ရုပ်နာမ်သည်ကား တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား (= ဇနကအကြောင်းတရား) ထင်ရှား မရှိဘဲ, အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရား (= ဥပတ္ထမ္ဘက အကြောင်းတရား) ထင်ရှား မရှိဘဲ ဖြစ်ပေါ်လာရသည်သာ မဟုတ်၊ အဟုတ်သော်ကား တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား = ဇနကအကြောင်းတရား ထင်ရှားရှိသည် ဖြစ်၍သာလျှင်, အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရား (= ဥပတ္ထမ္ဘ ကအကြောင်းတရား) ထင်ရှား ရှိသည်ဖြစ်၍သာလျှင် ဖြစ်ပေါ်လာ၏။ ထိုရုပ်နာမ်၏ တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား (= ဇနက အကြောင်းတရားကား) အဘယ်ပါနည်း၊ အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရား (= ဥပတ္ထမ္ဘက အကြောင်းတရား)ကား အဘယ်ပါနည်းဟု ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်လတ်သော် -----</p> <p>၁။ အဝိဇ္ဇာဟူသော အကြောင်းကြောင့်,</p> <p>၂။ တဏှာဟူသော အကြောင်းကြောင့်,</p> <p>၃။ ကံဟူသော အကြောင်းကြောင့်,</p> <p>၄။ အာဟာရဟူသော အကြောင်းကြောင့် -----</p> <p>ဖြစ်ပေါ်လာရသည်ဟု ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်း ဖောက် သိမြင်သောအခါ -----</p> <p>အဝိဇ္ဇာ ဖြစ်ဖြင်းကြောင့် ကမ္မဇရုပ် ဖြစ်၏၊</p> <p>အဝိဇ္ဇာက အကြောင်းတရား ကမ္မဇရုပ်က အကျိုးတရား -----</p> <p>ဤသို့ စသည်ဖြင့် အကြောင်တရား အကျိုးတရားတို့ကို ပိုင်းခြား မှတ်သား၍ -----</p> <p>၁။ အတိတ်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာ ရှိ၏၊</p> <p>၂။ အနာဂတ်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာ ရှိ၏၊</p> <p>၃။ ပစ္စုပ္ပန်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာ ရှိ၏။</p> <p>ထိုအကြောင်းတရား အကျိုးတရားထက် ပိုလွန်၍ ပြုလုပ်တတ် ဖန်ဆင်းတတ်သော ပုဂ္ဂိုလ်သတ္တဝါသည်လည်းကောင်း, အပြုလုပ်ခံရ အဖန်ဆင်းခံရသော ပုဂ္ဂိုလ်သတ္တဝါသည်လည်းကောင်း မရှိ၊ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားအစုအပုံ သက်သက်သည်သာလျှင် ရှိ၏ ----- ဟု ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်သည့် ပစ္စက္ခဉာဏ်ဖြင့် ဆုံးဖြတ်ချက်ချနိုင်သဖြင့် အတိတ် အနာဂတ် ပစ္စုပ္ပန်ကာလသုံးပါတို့၌ သို့လောသို့လော တွေးတောယုံမှားခြင်း (= ဝိစိကိစ္ဆာတရား)ကို ကျော်လွှားလွန်မြောက်၍ သွားပေ၏။ ဤသည်ကား ဝိပဿနာဉာဏ်၏ အရှုခံ အာရုံဖြစ်သည့် -----</p> <p>၁။ ရုပ်တရား</p> <p>၂။ နာမ်တရား</p> <p>၃။ အကြောင်းတရား</p> <p>၄။ အကျိုးတရားတည်းဟူသော -----</p> <p>သင်္ခါရတရားတို့ကို ကောင်းစွာ ပိုင်းခြားမှတ်သား တတ်သော <b>ဉာတ ပရိညာ</b> မည်၏။ (အဘိ၊ဋ္ဌ၊၂၊၂၄၁-၂၄၂။)</p> <p>ဤအထက်ပါ အဋ္ဌကထာများ၏ ဖွင့်ဆိုချက်နှင့် အညီ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌ အကြောင်းတရား အကျိုးတရားတို့ကို ကိုယ်တိုင် မျက်မှောက်ထွင်းဖောက် သိမြင်တတ်သည့် ပစ္စက္ခဉာဏ်ဖြင့် သိမ်းဆည်းနိုင်ပါမှ ပိုင်းခြားယူနိုင်ပါမှ <b>ဉာတပရိညာ</b>စခန်းသို့ ဆိုက်ရောက်နိုင်မည်ဟူသော အချက်ကို ရိုသေကျိုးနွံစွာ ဦးထိပ်ရွက်ပန်ဆင်လျက် နာယူ မှတ်သားထားလေရာသည်။</p> <h3>လောကီ တီရဏပရိညာ</h3> <p><b>ရူပံ အနိစ္စံ, ဝေဒနာ အနိစ္စာတိ အာဒိနာ နယေန တေသံယေဝ ဓမ္မာနံ သာမညလက္ခဏံ အာရောပေတွာ ပဝတ္တာ လက္ခဏာရမ္မဏိကဝိပဿနာ ပညာ တီရဏပရိညာ နာမ ။ ပ ။ ကလာပသမ္မသနတော ပဋ္ဌာယ ယာဝ ဥဒယဗ္ဗယာနုပဿနာ တီရဏပရိညာယ ဘူမိ။</b> (ဝိသုဒ္ဓိ၊၂၊၂၄၁။)</p> <p>= ရုပ်တရား၏ ဖြစ်ခြင်း ပျက်ခြင်း အခြင်းအရာသဘောကို ဉာဏ်နှင့် မြင်အောင် ကြည့်၍ အနိစ္စဟုလည်းကောင်း, ဝေဒနာ၏ ဖြစ်ခြင်း ပျက်ခြင်း အခြင်းအရာသဘောကို ဉာဏ်နှင့် မြင်အောင် ကြည့်၍ အနိစ္စဟုလည်းကောင်း ----- ဤသို့စသော နည်းအားဖြင့် ထိုဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာတည်းဟူသော လက္ခဏာရေးသုံးတန်တို့သို့ တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းဖြင့် ဖြစ်ပေါ်၍လာသော အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာလျှင် တည်ရာ အာရုံရှိသော လက္ခဏာရမ္မဏိက ဝိပဿနာပညာသည် <b>တီရဏပရိညာ</b> မည်၏။ ပ ။ ရုပ်တရား နာမ်တရားတို့ကို -----</p> <p>၁။ <b>ယံ ကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓဓမ္မံ</b></p> <p>= ဖြစ်သည့်တရားမှန်က ပျက်၏ဟု သင်္ခါရတရားအားလုံးတို့ကို တစ်ပုံတစ်စု ပြု၍ ဖြစ်စေ,</p> <p>၂။ ရုပ်တရားကို တစ်ပုံ နာမ်တရားကို တစ်ပုံ ဤသို့ နှစ်ပုံ ပုံ၍ ဖြစ်စေ,</p> <p>၃။ ခန္ဓာငါးပါးနည်းဖြင့် ငါးပုံ ပုံ၍ ဖြစ်စေ,</p> <p>၄။ အာယတန (၁၂)ပါးနည်းဖြင့် (၁၂)ပုံ ပုံ၍ ဖြစ်စေ,</p> <p>၅။ ဓာတ် (၁၈)ပါးနည်းဖြင့် (၁၈)ပုံ ပုံ၍ ဖြစ်စေ -----</p> <p>ဤသို့ စသည်ဖြင့် အစုလိုက် အပုံလိုက် အပေါင်းအစုအလိုက် ပေါင်းစု ခြုံငုံ၍ လက္ခဏာရေးသုံးတန်တို့သို့ တင်ကာ ဝိပဿနာရှုပွား သုံးသပ်သော နည်းစနစ်ကို <b>ကလာပသမ္မနနည်း</b>ဟု ခေါ်ဆို၏။ ထို<b>ကလာပသမ္မနဉာဏ်</b>မှ စ၍ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို ယင်းတို့၏ ဖြစ်မှု ပျက်မှုကို ခဏပစ္စုပ္ပန်သို့ဆိုက်သည့်တိုင်အောင် ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ လက္ခဏာရေးသုံးတန်တို့သို့ တင်ကာ ရှုပွားသုံးသပ်တတ်သော <b>ဥဒယဗ္ဗယာနုပဿနာဉာဏ်</b>သို့ တိုင်အောင်သော ဝိပဿနာဉာဏ်၏ ကျက်စားရာနယ်ကား <b>တီရဏပရိညာ</b>၏ တည်ရာ ဘုံဌာန ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၄၁။)</p> <h3>လောကီ ပဟာနပရိညာ</h3> <p><b>တေသု ယေဝ ပန ဓမ္မေသု နိစ္စသညာဒိပဇဟနဝသေန ပဝတ္တာ လက္ခဏာရမ္မဏိကဝိပဿနာ ပညာ ပဟာနပရိညာ နာမ ။ ပ ။ ဘင်္ဂါနုပဿနံ အာဒိံ ကတွာ ဥပရိ ပဟာန ပရိညာယ ဘူမိ။</b> (ဝိသုဒ္ဓိ၊၂၊၂၄၁-၂၄၂။)</p> <p>= ထိုရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၌ပင်လျှင် မြဲ၏ဟု (= နိစ္စဟု) အမှတ်မှားမှု နိစ္စသညာစသည်ကို ပယ်နိုင်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်၍လာသော ယင်းရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာလျှင် တည်ရာ အာရုံရှိသော လက္ခဏာရမ္မဏိက ဝိပဿနာပညာသည် <b>ပဟာနပရိညာ</b> မည်၏ ။ ပ ။ ယင်းသင်္ခါရတရားတို့၏ အပျက်သက်သက်ကိုသာ ရှုမြင်တတ်သော <b>ဘင်္ဂါနုပဿနာဉာဏ်</b>မှ စ၍ အထက်ပိုင်း ဝိပဿနာဉာဏ်အားလုံးသည် <b>ပဟာနပရိညာ</b>၏ တည်ရာ ဘုံဌာန ဖြစ်ပေသည်။ ဤကား လောကီပရိညာသုံးပါးတည်း။ (ဝိသုဒ္ဓိ၊၂၊၂၄၁-၂၄၂။)</p> <h3>လောကုတ္တရာပရိညာသုံးပါး</h3> <p><b>ယသ္မာ ဝါ ဉာတတီရဏပရိညာယောပိ တဒတ္ထာယေဝ၊ ယသ္မာ စ ယေ ဓမ္မေ ပဇဟတိ၊ တေ နိယမတော ဉာတာ စေဝ တီရိတာ စ ဟောန္တိ၊ တသ္မာ ပရိညာတ္တယမ္ပိ ဣမိနာ ပရိယာယေန မဂ္ဂဉာဏဿ ကိစ္စန္တိ ဝေဒိတဗ္ဗံ။</b> (ဝိသုဒ္ဓိ၊၂၊၃၅။)</p> <p>[မှတ်ချက်။ ။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိတွဲ စာမျက်နှာ (၃၃၄- ၃၃၅) တို့တွင် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်မျိုးကို <b>ဉာတပရိညာ</b> မည်၏ဟုလည်းကောင်း , ကလာပသမ္မသနဉာဏ်မှ စ၍ အနုလောမဉာဏ်သို့ တိုင်အောင်သော ဝိပဿနာဉာဏ်များကို <b>တီရဏပရိညာ</b>မည်၏ဟုလည်းကောင်း ဘင်္ဂါနုပဿနာဉာဏ်မှ စ၍ အရိယမဂ်ဉာဏ်သို့တိုင်အောင် ဉာဏ်အားလုံးကို <b>ပဟာနပရိညာ</b>မည်၏ဟုလည်းကောင်း ဖွင့်ဆိုထားတော်မူ၏။ထိုနောင် အထက်ပါအတိုင်း တစ်နည်း ထပ်ဖွင့်ဆိုတော်မူသည်။ ယင်း ဖွင့်ဆိုချက်၏ အဓိပ္ပါယ်မှာ အောက်ပါအတိုင်း ဖြစ်၏]</p> <p><b>တဿာ ဘင်္ဂါနုပဿနတော ပဋ္ဌာယ ယာဝ မဂ္ဂဉာဏာ ဘူမိ။</b> (ဝိသုဒ္ဓိ၊၂၊၃၃၅)</p> <p>= <b>ဘင်္ဂါနုပဿနာဉာဏ်</b>မှ စ၍ အရိယမဂ်ဉာဏ်သို့တိုင်အောင်သော နယ်မြေကား ထို<b>ပဟာနပရိညာ</b>၏ တည်ရာ ဘုံဌာန ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊ ၂၊ ၃၃၅။)</p> <p><b>နိပ္ပရိယာယေန ပဟာနပရိညာ နာမ မဂ္ဂဉာဏန္တိ ယာဝ မဂ္ဂဉာဏာ ဘူမီတိ ဝုတ္တံ။</b> (မဟာဋီ၊၂၊၅၀၈။)</p> <p>= မုချအားဖြင့် <b>ပဟာနပရိညာ</b>ဟူသည် အရိယမဂ်ဉာဏ်သာတည်း။ထိုကြောင့် အရိယမဂ်ဉာဏ်သို့ တိုင်အောင်သော ဝိပဿနာနယ်မြေကို <b>ပဟာနပရိညာ</b>၏ တည်ရာဘုံ ဖြစ်ကြောင်းကို အဋ္ဌကထာဆရာတော်က မိန့်ဆိုခြင်း ဖြစ်သည်။ (မဟာဋီ၊၂ ၊၅၀၈။)</p> <p>ထိုကြောင့် တစ်နည်းဆိုရသော် ----- <b>ဉာတပရိညာ</b>နှင့် <b>တီရဏပရိညာ</b> တို့သည် <b>ပဟာနပရိညာ</b> အကျိုးငှာသာ ဖြစ်ကြသည်။ <b>ဉာတပရိညာ</b>နှင့် <b>တီရဏပရိညာ</b>တို့သည် အရိယမဂ်ဉာဏ် အကျိုးငှာသာ (= အရိယမဂ်ဉာဏ် ဖြစ်ပေါ်လာနိုင်ရေး အတွက်သာ) ဖြစ်ပေါ်နေကြသော ပရိညာတို့ ဖြစ်ကြသည်။ အကြင် ခန္ဓာငါးပါးရုပ်နာမ်တရားတို့ အပေါ်၌ ဖြစ်ပေါ်နေသော ကိလေသာကို အရိယမဂ်တရားသည် သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ ပယ်စွန့်၏။ ထိုအရိယ မဂ်တရားသည် ထိုတရားတို့ကို ကိန်းသေမြဲသော နိယာမသဘောအားဖြင့် ပိုင်းခြား သိပြီးသာ ဖြစ်ကုန်၏။ အနိစ္စ-ဒုက္ခ-အနတ္တ-ဟု စူးစမ်းဆင်ခြင် ဆုံးဖြတ်ချက်ချပြီးသာ ဖြစ်ကုန်၏။ ထိုကြောင့် ပရိညာသုံးပါးလုံးသည် ဤအကြောင်း ပရိယာယ်အားဖြင့် အရိယမဂ်ဉာဏ်၏ ကိစ္စသာ ဖြစ်သည်ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၃၃၅။)</p> <p>ဤ အထက်ပါ အဋ္ဌကထာအဖွင့်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏ -----</p> <p>အရိယမဂ်တရားသည် ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်နိုင်သည့် စွမ်းအား ရှိခြင်းကြောင့် မုချအားဖြင့် <b>ပဟာနပရိညာ</b>ဟူသော အမည်ကို ရရှိပေသည်။ ဝိပဿနာဉာဏ်တို့ကား တဒင်္ဂအားဖြင့်သာ(=အခိုက်အတန့်အားဖြင့်သာ) ကိလေသာတို့ကို ပယ်စွန့်နိုင်သည့် စွမ်းအား ရှိခြင်းကြောင့် ကိလေသာတို့ကို တဒင်္ဂ(=အခိုက်အတန့်)အားဖြင့် ပယ်စွန့်နိုင်သည့် ဤအကြောင်း ပရိယာယ်အားဖြင့်သာ <b>ပဟာနပရိညာ</b>ဟူသောအမည်ကို ရရှိပေသည်။ တစ်ဖန် အရိယမဂ်တရားသည် မုချအားဖြင့် <b>ပဟာနပရိညာ</b>ဟူသော အမည်ကို ရရှိ၍ ပရိယာယ်အားဖြင့် <b>ဉာတပရိညာ တီရဏပရိညာ</b>ဟူသော အမည်ကိုလည်း ရရှိပေသည်။ အကြောင်းကား ဤသို့ ဖြစ်၏။ -----</p> <p>အရိယမဂ်တရားသည် ပယ်သင့်ပယ်ထိုက်သော ကိလေသာတို့ကို အကြွင်းမဲ့ ပယ်စွန့်တတ် ပယ်သတ်တတ်သောကြောင့် ပဟာနဟူသော အမည်ကို ရရှိပေသည်။ သိသင့်သိထိုက်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို အာရုံမျက်မှောက် ထွင်းဖောက် သိမြင်သောကြောင့် ပိုင်းပိုင်းခြားခြား သိသောကြောင့် ပရိညာဟူသော အမည်ကိုလည်း ရရှိပေသည်။ သို့အတွက် အရိယမဂ်တရားသည် မုချအားဖြင့် <b>ပဟာနပရိညာ</b>ဟူသော အမည်ကို ရရှိခြင်း ဖြစ်သည်။</p> <p>အရိယမဂ်တရားသည် အာရမ္မဏပဋိဝေဓ အသမ္မောဟပဋိဝေဓ ဟူသော ပဋိဝေဓ နှစ်မျိုးတို့ဖြင့် သစ္စာလေးပါးကို ထွင်းဖောက် သိမြင်၏။ ထို ပဋိဝေဓနှစ်မျိုးတို့တွင် <b>အာရမ္မဏပဋိဝေဓ</b>ဟူသည် အာရုံမျက်မှောက်ထွင်းဖောက် သိမြင်ခြင်းတည်း။ အရိယမဂ်တရားသည် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ဟူသော နိရောဓသစ္စာတရားကို အာရုံမျက်မှောက် ဆိုက်ရောက်လျက် ထွင်းဖောက် သိမြင်၏။ ထိုသို့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် တရားတော်မြတ်ကို အာရုံမျက်မှောက် ဆိုက်ရောက်လျက် ထွင်းဖောက်သိမြင်ရာ၌ သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟ (= အဝိဇ္ဇာ) အမှောင်ထုကိုလည်း အကြွင်းမဲ့ ဖျက်ဆီးလိုက်၏။ အကြွင်းမဲ့ ပယ်သတ်လိုက်၏။ သို့အတွက် ကိစ္စသိဒ္ဓိအားဖြင့် သစ္စာလေးပါးလုံးကို သိမြင်ခြင်း ကိစ္စလည်း တစ်ပါတည်း ပြီးစီးသွား၏။ ထိုသို့ သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟ (= အဝိဇ္ဇာ) အမှောင်ထုကို အကြွင်းမဲ့ ပယ်သတ်ခြင်းဖြင့် သစ္စာလေးပါးကို သိမှုကို <b>အသမ္မောဟပဋိဝေဓ</b>ဟု ခေါ်ဆို၏၊ နိရောဓသစ္စာကို <b>အာရမ္မဏပဋိဝေဓ</b>သဘောအားဖြင့် ထွင်းဖောက် သိမြင်ခြင်းကြောင့် ကျန်သစ္စာသုံးပါးကို ကိစ္စသိဒ္ဓိအားဖြင့် သိ၏ဟု ဆိုရ၏။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။) ထိုကြောင့် အရိယမဂ်တရားသည် <b>အသမ္မောဟပဋိဝေဓ</b>သဘောအားဖြင့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြကုန်သော -----</p> <p>၁။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါး = ဒုက္ခသစ္စာတရားနှင့်</p> <p>၂။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ဟူသော ဒုက္ခသစ္စာ၏ အကြောင်းရင်း သမုဒယသစ္စာတရား -----</p> <p>ဤသစ္စာနှစ်ပါးတို့ကိုလည်း ကိစ္စသိဒ္ဓိအားဖြင့် ပိုင်းခြားသိခြင်းကိစ္စ တစ်ပါတည်း ပြီးစီးသွားရကား ----- ဤအကြောင်း ပရိယာယ်အားဖြင့် <b>ဉာတပရိညာ</b>ဟူသော အမည်ကိုလည်း ရရှိပေသည်။</p> <p>တစ်ဖန် အရိယမဂ်တရားသည် ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာ တရားတို့၏ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာကို မသိအောင် ဖုံးလွှမ်းထား သည့် မောဟ (= အဝိဇ္ဇာ)ကိုလည်း အကြွင်းမဲ့ ပယ်သတ်လိုက်၏။ ထို့ကြောင့် ကိစ္စသိဒ္ဓိအားဖြင့် ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို စူးစမ်းဆင်ခြင် ဆုံးဖြတ်လျက် ပိုင်းပိုင်းခြားခြား သိခြင်း လုပ်ငန်းကိစ္စသည်လည်း တစ်ပါတည်း ပြီးစီးသွား၏။ ထို့ကြောင့် အရိယမဂ်တရားသည် ဤအကြောင်းပရိယာယ်အားဖြင့် <b>တီရဏပရိညာ</b> ဟူသော အမည်ကိုလည်း ရရှိပေသည်။</p> <p>တစ်ဖန် အရိယမဂ်တရားကို မရမီအတွင်း၌ အရိယမဂ်၏ ရှေးအဖို့ဝယ် ကျင့်ရသော <b>ပုဗ္ဗဘာဂပဋိပဒါ</b>ကျင့်စဉ်ပိုင်းဝယ် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို ပိုင်းပိုင်းခြားခြား သိခြင်း <b>ဉာတပရိညာ</b>နှင့် ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာကို စူးစမ်းဆင်ခြင် ဆုံးဖြတ်လျက် ပိုင်းခြားသိခြင်းဟူသော <b>တီရဏပရိညာ</b> --- ဤပရိညာနှစ်ပါးတို့ကို ရရှိအောင် ယောဂါဝစရပုဂ္ဂိုလ်သည် ကြိုးစားအားထုတ်ရ၏။ ယင်းပရိညာနှစ်ပါးတို့ကား <b>ပဟာနပရိညာ</b>အမည်ရသည့် အရိယမဂ်တရားကို ရရှိရေးအတွက်သာ ဖြစ်ခြင်းကြောင့် ဤအကြောင်းပရိယာယ်အားဖြင့်လည်း အရိယမဂ်တရားသည် <b>ဉာတပရိညာ တီရဏပရိညာ</b> ဟူသော အမည်ကိုလည်း ရရှိပေသည်။</p> <p>တစ်ဖန် ယင်း ဒုက္ခသစ္စတရား သမုဒယသစ္စာတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာကို ထိုးထွင်း သိနေသော အရိယမဂ်၏ ရှေးအဖို့၌ ပြုကျင့်ရသော ဝိပဿနာဉာဏ်ကား (= ဝိပဿနာဉာဏ် ပြဓာန်းသော မဂ္ဂင်တရားကိုယ်တို့ကား) လောကီမဂ္ဂသစ္စာတရားတည်း။ ယင်း လောကီမဂ္ဂသစ္စာအမည်ရသော ဝိပဿနာဉာဏ်ကလည်း ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟကို တဒင်္ဂအားဖြင့် ပယ်ရှားနိုင်သောကြောင့် မဂ္ဂသစ္စာဟူသော အမည်ကို ရရှိလေသည်။ (ဝိသုဒ္ဓိ၊၂၊၂၆၈။) ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းလောကီမဂ္ဂသစ္စာ အမည်ရသည့် ဝိပဿနာဉာဏ် ပြဓာန်းသော နာမ်တရားစုကိုလည်း တစ်ဖန် ပြန်၍ သိမ်းဆည်းကာ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန် တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရ၏။ (ဝိသုဒ္ဓိ၊၂၊ ၂၆၂-၂၆၃။ ၂၈၈။) <b>ဉာတပရိညာ</b>နှင့် <b>တီရဏပရိညာ</b>ပင်တည်း။ ယင်း <b>ဉာတပရိညာ</b>နှင့် <b>တီရဏပရိညာ</b>သည်လည်း <b>ပဟာနပရိညာ</b>အမည်ရသည့် အရိယမဂ်တရားကို ရရှိရေးအတွက်သာ ဖြစ်ခြင်းကြောင့် ဤအကြောင်းပရိယာယ်အားဖြင့်လည်း အရိယမဂ်တရားသည် <b>ဉာတပရိညာ</b>နှင့် <b>တီရဏပရိညာ</b>ဟူသော အမည်ကိုလည်း ရရှိပေသည်။</p> <p>ဤ အထက်ပါ လောကီပရိညာသုံးမျိုး လောကုတ္တရာ ပရိညာသုံးမျိုး တို့ဖြင့် အလုံးစုံးသော ဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ပိုင်းပိုင်း ခြားခြား မသိပါက သံသရာဝဋ်ဆင်းရဲဒုက္ခ မကုန်ဆုံးနိုင်၊ ပိုင်းပိုင်းခြားခြား သိမှသာလျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးနိုင်မည်ဟု အထက်ပါ အပရိဇာနနသုတ္တန် (သံ၊၂၊၂၄၉-၂၅၀။)သဗ္ဗပရိညာသုတ္တန် (ဣတိဝုတ္တက၊ ၁၉၇။)တို့တွင် ဘုရားရှင်က ဟောညွှန်လျက် ရှိပေသည်။</p> <p>ဤ <b>သဗ္ဗပရိညာသုတ္တန်</b>ကိုပင် ကိုးကားတော်မူ၍ ဝိသုဒ္ဓိမဂ္ဂ မဟာဋီကာ ဆရာတော်က ----- လက္ခဏာရေးသုံးတန်တို့သို့ တင်ကာ ဝိပဿနာရှုပွား သုံးသပ်ထိုက်သည့် ဘုံသုံးပါးအတွင်း၌ တည်ရှိသော <b>သမ္မသမနုပဂတရား</b>မှန်သမျှကို အကြွင်းအကျန် မရှိ ကုန်စင်အောင် ပရိညာသုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည် ဖြစ်ကြောင်းကို ဆုံးဖြတ်ထားတော်မူပေသည်။ (မဟာဋီ၊၂၊၃၅၈။)</p> <h3>အဋ္ဌသာလိနီအဋ္ဌကထာ၏ ဆုံးဖြတ်ချက်</h3> <p><b>ဣဓေကစ္စော အာဒိတောဝ အဇ္ဈတ္တံ ပဉ္စသု ခန္ဓေသု အဘိနိဝိသတိ၊ အဘိနိဝိသိတွာ တေ အနိစ္စာဒိတော ပဿတိ။ ယသ္မာ ပန န သုဒ္ဓအဇ္ဈတ္တဒဿနမတ္တေနေဝ မဂ္ဂဝုဋ္ဌာနံ ဟောတိ၊ ဗဟိဒ္ဓါပိ ဒဋ္ဌဗ္ဗမေဝ။ တသ္မာ ပရဿ ခန္ဓေပိ အနုပါဒိန္နသင်္ခါရေပိ အနိစ္စံ ဒုက္ခမနတ္တာတိ ပဿတိ။</b> (အဘိ၊ဋ္ဌ၊၁၊၂၇၀။)</p> <p>[<b>မမံကာရဝတ္ထုနောပိ ပရိညေယျတ္တာ။</b> (မဟာဋီ၊၂၊၄၇၀။) = ငါ၏ ဥစ္စာဟု နှလုံးသွင်းအပ်သော တဏှာ၏ တည်ရာ စွဲမှီ၍ ဖြစ်ရာ သက်ရှိသက်မဲ့ ဗဟိဒ္ဓ ရုပ်ဝတ္ထု နာမ်ဝတ္ထု၏ ပိုင်းခြား၍ သိအပ်သော ပရိညေယျတရားပင် ဖြစ်သောကြောင့်တည်း။]</p> <p><b>အပရော အာဒိတောဝ ရူပေ အဘိနိဝိသတိ၊ အဘိနိဝိသိတွာ ဘူတရူပဉ္စ ဥပါဒါရူပဉ္စ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ။ ယသ္မာ ပန န သုဒ္ဓရုပဒဿနမတ္တေနေဝ ဝုဋ္ဌာနံ ဟောတိ၊ အရူပမ္ပိ ဒဋ္ဌဗ္ဗမေဝ၊ တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ, သညံ, သင်္ခါရေ, ဝိညာဏဉ္စ ဣဒံ အရူပန္တိ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ။</b> (အဘိ၊ဋ္ဌ၊၁၊၂၇၁။)</p> <p>= ဤသာသနာတော်၌ အချို့သော ယောဂါဝစရပုဂ္ဂိုလ်သည် အားထုတ်ခါစ ရှေးဦးအစ၌ပင်လျှင် မိမိသန္တာန်၌ တည်ရှိသော <b>အဇ္ဈတ္တခန္ဓာငါးပါး သင်္ခါရတရား</b>တို့၌ စွဲစွဲမြဲမြဲ နှလုံးသွင်း၏ (ယင်း အဇ္ဈတ္တခန္ဓာငါးပါး သင်္ခါရတရား တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူ၏။ သိမ်းဆည်း၏။) စွဲစွဲမြဲမြဲ နှလုံးသွင်းပြီး၍ ထို <b>အဇ္ဈတ္တခန္ဓာငါးပါး သင်္ခါရတရား</b>တို့ကို လက္ခဏာယာဉ်သုံးချက်တို့သို့ တစ်လှည့်စီ တင်ကာ အနိစ္စဟု (ဒုက္ခဟု အနတ္တဟု) ဝိပဿနာရှု၏၊ သို့သော် အဇ္ဈတ္တခန္ဓာငါးပါး သင်္ခါရတရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်ကား အရိယမဂ်သို့ ထမြောက်ကြောင်း <b>ဝုဋ္ဌာနဂါမိနိဝိပဿနာ</b>သည် ဖြစ်ပေါ်မလာနိုင်။ <b>ဗဟိဒ္ဓ ခန္ဓာငါးပါး သင်္ခါရတရား</b>တို့ကိုလည်း ဝိပဿနာရှုပွားသုံးသပ်ရမည်သာလျှင် ဖြစ်ပေသည်။</p> <p>ထို့ကြောင့် သူတစ်ပါး၏ သန္တာန်၌ တည်ရှိသော <b>ဗဟိဒ္ဓခန္ဓာငါးပါး သင်္ခါရတရား</b>တို့ကိုလည်းကောင်း <b>အနုပါဒိန္နသင်္ခါရ</b>အမည်ရသော သက်မဲ့လောက၌ တည်ရှိသော <b>ဥတုဇရုပ်တရား</b>တို့ကိုလည်းကောင်း အနိစ္စဟု (ဒုက္ခဟု အနတ္တ ဟု) လက္ခဏာယာဉ်သုံးချက်တို့ကို တစ်လှည့်စီ တင်ကာ ဝိပဿနာရှုပွားသုံးသပ်၏။</p> <p>[<b>ဝုဋ္ဌာနဂါမိနီဝိပဿနာ</b> ----- အရိယမဂ်ဉာဏ်နှင့် ဆက်စပ်လျက်ရှိသော ပရိကံ ဥပစာ အနုလုံ ဂေါတြဘု (ဝေါဒါန်)တို့ကိုလည်းကောင်း၊ မဂ္ဂဝီထိ၏ ရှေ့တွင် ဘဝင်ခြားလျက် မဂ္ဂဝီထိနှင့် ဆက်စပ်နေသော အလွန်နီးကပ်နေသော အထွတ်အထိပ်သို့ ရောက်ရှိလာသည့် <b>သင်္ခါရုပေက္ခာဉာဏ်</b>ပါသည့် <b>ဝိပဿနာဇောဝိထိ</b>ကိုလည်းကောင်း <b>ဝုဋ္ဌာနဂါမိနီဝိပဿနာ</b>ဟု ခေါ်ဆိုပေသည်။ <b>သင်္ခါရုပေက္ခာဉာဏ်</b>ကို သုံးပိုင်း ပိုင်းလျှင် အရိယမဂ်ဉာဏ်နှင့် ဆက်စပ်နေသည့် အလွန် နီးကပ်နေသည့် နောက်ဆုံးအပိုင်း ဖြစ်သည်။ သင်္ခါရတရားတို့မှ လုံးလုံးကြီး မလွတ်သေးသော်လည်း သင်္ခါရတရားတို့မှ လွတ်မြောက်ရာ နိဗ္ဗာန်ဘက်သို့ တစ်ဟုန်တည်း ပြေးသွားကြသော ဝိပဿနာဇောဝီထိများတည်း။]</p> <p>= အခြားတစ်ဦးသော ယောဂါဝစရပုဂ္ဂိုလ်သည်ကား ရှေးဦးအစ အားထုတ်စ၌ပင်လျှင် (ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးတို့တွင် ရုပ်ကမ္မဋ္ဌာန်းက စ၍) ရုပ်တရား၌ စွဲစွဲမြဲမြဲ နှလုံးသွင်း၏ (= ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူ၏ = သိမ်းဆည်း၏။) ရုပ်တရား၌ စွဲစွဲမြဲမြဲ နှလုံးသွင်းပြီး၍ <b>ဘူတရုပ်</b> (= ဓာတ်ကြီးလေးပါး)ကိုလည်းကောင်း၊ <b>ဥပါဒါရုပ်</b>ကိုလည်းကောင်း တစ်ပေါင်းတစ်စုတည်း ပြု၍ (ကလာပသမ္မသနနည်းအားဖြင့် စတင်၍) ဝိပဿနာရှုပွား သုံးသပ်၏။ သို့သော် ရုပ်တရားသက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်ကား <b>ဝုဋ္ဌာနဂါမိနီဝိပဿနာ</b>သည် ဖြစ်ပေါ်မလာနိုင်၊ နာမ်တရားကိုလည်း ဝိပဿနာ ရှုပွားသုံးသပ်ရမည်သာ ဖြစ်ပေသည်။ ထိုကြောင့် ထိုရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝေဒနာကိုလည်းကောင်း သညာကိုလည်းကောင်း သင်္ခါရကိုလည်းကောင်း ဝိညာဏ်ကိုလည်းကောင်း ဤ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် နမ်တရားတည်း ----- ဟု ဉာဏ်ဖြင့် ပိုင်းခြားယူကာ ယင်းနာမ်တရားတို့ကို အနိစ္စ (ဒုက္ခ အနတ္တ)ဟု လက္ခဏာယာဉ်သုံးချက်တို့သို့ တစ်လှည့်စီ တင်ကာ ဝိဿနာရှုပွားသုံးသပ်၏။ (ရှုပွားသုံးသပ်ပါ။) (အဘိ၊ဋ္ဌ၊၁၊၂၇၀-၂၇၁။) ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊ ၃၀၀။) တွင်လည်း အဓိပ္ပါယ်တူ ဖွင့်ဆိုချက် လာရှိပေသည်။</p> <h3>ဝိပဿနာဉာဏ်၏ အရှုခံနာမ်တရားများ</h3> <p>အထက်တွင် တင်ပြထားသော ပါဠိတော်နှင့် အဋ္ဌကထာ အဖွင့်တို့နှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သည် သံသရာဝဋ်ဆင်းရဲဒုက္ခ၏ ကုန်ရာ နိဗ္ဗာန်သို့ ရောက်ရှိရေးအတွက် အလုံးစုံးသော ခန္ဓာငါးပါး ရုပ်တရားနာမ်တရားတို့ကို ပရိညာသုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိအောင် ကြိုးပမ်းရတော့မည် ဖြစ်ပေသည်။ ထိုသို့ ကြိုးပမ်းရာ၌ သိမ်းဆည်းရှုပွားရမည့် ဉာဏ်ဖြင့် ပိုင်းခြားယူရမည့် နာမ်တရားတို့ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ----- <b>ဧကာသီတိ လောကိယစိတ္တာနိ</b> (ဝိသုဒ္ဓိ၊၂၊၂၂၃။) လောကီစိတ် (၈၁)မျိုးနှင့် ဖဿစသော ယှဉ်ဖက် သမ္ပယုတ်တရားတို့ကို သိမ်းဆည်းရှုပွားရန် ညွှန်ကြားထားတော်မူ၏။</p> <p>ဤညွှန်ကြားချက်နှင့် ပတ်သက်၍ မဟာဋီကာဆရာတော်က ဤသို့ ရှင်းပြထားတော်မူ၏။</p> <p><b>သဗ္ဗသင်္ဂါဟိတဝသေန ဧကာသီတိ လောကိယစိတ္တာနိတိ ဝုတ္တံ၊ လာဘိနော ဧဝ ပန မဟဂ္ဂတစိတ္တာနိ သုပါကဋာနိ ဟောန္တိ။</b> (မဟာဋီ၊၂၊ ၃၅၃။)</p> <p>= ပုထုဇန်, သေက္ခ, အသေက္ခ မဟူ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းသူ အားလုံးအတွက် သိမ်းကျုံးကာ လောကီစိတ် (၈၁)မျိုးဟု ဖွင့်ဆိုခြင်း ဖြစ်သည်။ စျာန်ကို ရရှိသော ပုဂ္ဂိုလ်တို့၏ သန္တာန်၌သာလျှင် စျာန်နာမ်တရားတို့သည် ထင်ရှားနိုင်ကုန်၏၊ စျာန်ရသူတို့သာ စျာန်နာမ်တရားတို့ကို သိမ်းဆည်းကာ ဝိပဿနာရှုပွား သုံးသပ်နိုင်ကုန်၏။ (မဟာဋီ၊၂၊၃၅၃။)</p> <p>တစ်ဖန် ပဉ္စဒွါရာဝဇ္ဇန်း, မနောဒွါရာဝဇ္ဇန်းဟူသော ကြိယာစိတ်နှစ်မျိုးတို့ကလွဲလျှင် ကြွင်းကျန်သော ကြိယာစိတ်တို့ကား အသေက္ခ (= ရဟန္တာ အရှင်မြတ်)တို့၏ သန္တာန်၌သာ ဖြစ်ခွင့် ရှိကြသော နာမ်တရားတို့ ဖြစ်ကြ၏။ ပုထုဇန်အဆင့်တွင်သာ တည်ရှိနေသေးသော ယောဂါဝစရပုဂ္ဂိုလ်သည် ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌သာ ဖြစ်ခွင့်ရှိကြသော ကြိယာစိတ်များမှ တစ်ပါးသော ကာမာဝစရစိတ် နာမ်တရားတို့နှင့် မိမိရရှိထားသည့် စျာန်နာမ်တရားတို့ကို ဝိပဿနာရှုပွားသုံးသပ်ရမည် ဖြစ်ပေသည်။ ထိုသို့ သိမ်းဆည်းရှုပွားရာ၌ -----</p> <p><b>သဗ္ဗေပိ တေ တိ ဧကာသီတိ လောကိယစိတ္တာနိ တံ သမ္ပယုတ္တာ ဖဿာဒယောတိ သဗ္ဗေပိ တေ အရူပဓမ္မေ။</b> (မဟာဋီ၊၂၊၃၅၃။)</p> <p>ဤသို့ ဖွင့်ဆိုထားသော မဟာဋီကာနှင့်အညီ ယင်းစိတ်တို့နှင့် ယှဉ်တွဲဖြစ်ကြသည့် ဖဿ စသော ယှဉ်ဖက် သမ္ပယုတ်တရား အားလုံးတို့ကိုပါ သိမ်းဆည်းကာ ဝိပဿနာရှုပွား သုံးသပ်ရမည် ဖြစ်ပေသည်။</p> <h3>သာမထယာနိကပုဂ္ဂိုလ်</h3> <p><b>တံ သမ္ပာဒေတုကာမေန သမထယာနိကေန တာဝ ဌပေတွာ နေဝသညာနာသညာယတနံ အဝသေသရူပါရူပါဝစရဇ္ဈာနာနံ အညတရတော ဝုဋ္ဌာယ ဝိတက္ကာဒီနိ စျာနင်္ဂါနိ တံ သမ္ပယုတ္တာ စ ဓမ္မာ လက္ခဏာရသာဒိဝသေန ပရိဂ္ဂဟေတဗ္ဗာ။ ပရိဂ္ဂဟတွာ သဗ္ဗမ္ပေတံ အာရမ္မဏာဘုမုခံ နမနတော နမနဋ္ဌေန နာမန္တိ ဝဝတ္ထပေတဗ္ဗံ။</b> (ဝိသုဒ္ဓိ၊၂၊၂၂၂။)</p> <p>= နာမ်ရုပ်ကို ဟုတ်တိုင်းမှန်စွာ သိမြင်တတ်သည့် ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်အမြင်ကို ပြည့်စုံစေလိုသော စျာန်သမထယာဉ် ရှိသော သမထယာနိက ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ နေဝသညာနာသညာယတနစျာန်ကို ချန်ထား၍ ယင်းစျာန်မှ တစ်ပါးကုန်သော ကြွင်းကုန်သော ရူပါဝစရစျာန် အရူပါဝစရစျာန်တို့တွင် တစ်မျိုးမျိုးသော စျာန်ကို ဝင်စားကာ ယင်းစျာန်မှ ထ၍ ဝိတက် အစရှိကုန်သော စျာန်အင်္ဂါတို့ကိုလည်းကောင်း ယင်းစျာန်နှင့် ယှဉ်ဖက် သမ္ပယုတ်တရားဖြစ်ကြကုန်သော နာမ်တရားစုတို့ကိုလည်းကောင်း လက္ခဏ-ရသစသည်တို့၏ အစွမ်းဖြင့် သိမ်းဆည်းအပ်၏။ (= ဉာဏ်ဖြင့် ပိုင်းခြားယူအပ်၏။) သိမ်းဆည်းပြီး၍ (= ဉာဏ်ဖြင့် ပိုင်းခြားယူပြီး၍) ဤ အလုံးစုံသော စျာန်နာမ်တရားစုကို (အာနာပါနပဋိဘာဂနိမိတ် ကသိုဏ်းပဋိဘာဂနိမိတ်စသော) သမထအာရုံနိမိတ်သို့ ရှေးရှု ညွတ်တတ်သောကြောင့် အာရုံသို့ ရှေးရှုညွတ်သော အနက်သဘောအားဖြင့် နာမ်ဟူ၍ ပိုင်းခြား မှတ်သားအပ်၏။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)</p> <p><b>လက္ခဏ, ရသ, ပစ္စုပ္ပဋ္ဌာန်, ပဒဋ္ဌာန်</b>နည်းအားဖြင့် နာမ်တရားတို့ကို သိမ်းဆည်းပုံ နည်းစနစ်များကို <b>ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ</b> (ဝိသုဒ္ဓိ၊၂၊၉၃ ...) စသည်တို့၌လည်းကောင်း, <b>အဋ္ဌသာလိနီ အဋ္ဌကထာ</b> စာမျက်နှာ (၁၅၆-၁၅၇ ..)စသည်တို့၌လည်းကောင်း ဖွင့်ဆိုထားပေသည်။ ဆရာသမားများနှင့်သာ ချည်းကပ် လေ့လာဆည်းပူးပါ။ သို့သော် နာမ်ကမ္မဋ္ဌာန်းကို အားသစ်စ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းနာမ်တရားတို့၏ သဘာဝလက္ခဏာက စ၍ နာမ်တရားတို့ကို သိမ်းဆည်းပါ၊ သို့သော် သဘာဝလက္ခဏာ မထင်းရှာပါက ယင်း နာမ်တရားတို့၏ လုပ်ငန်း ကိစ္စရသက စ၍သော်လည်း သိမ်းဆည်းနိုင်ပေသည်။</p> --- <h3>အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ ဝိပဿနာရှုပွားပုံ နည်းစနစ်တစ်ခု</h3> <p>သာဝကတို့တွင် ပညာအရာတွင် ဧတဒဂ် ရရှိတော်မူသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကိုယ်တိုင် စျာန်နာမ်တရားတို့ကို ဝိပဿနာ ရှုပွားသွားတော်မူသော ထုံးဟောင်းတစ်ရပ်သည် <b>ဥပရိပဏ္ဏာသပါဠိတော် အနုပဒသုတ္တန်</b>တွင် လာရှိပေသည်။</p> <p>အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီး၏ <b>တန်ခိုးဣဒ္ဓိ</b> ကြီးမြတ်တော်မူသောဂုဏ်, အရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီး၏ <b>ဓုတင်အရာ</b>၌ ကြီးမြတ်တော်မူသော ဂုဏ်, အရှင်အနုရုဒ္ဓမထေမြတ်ကြီး၏ <b>ဒိဗ္ဗစက္ခုအဘိညာဏ်</b>အရာ၌ ကြီးမြတ်တော်မူသော ဂုဏ်, အရှင်ဥပါလိ မထေရ်မြတ်၏ <b>ဝိနည်းကို ဆောင်တော်မူရာ</b>၌ ကြီးမြတ်တော်မူသော ဂုဏ်, အရှင်ရေဝတ မထေရ်၏ <b>စျာန်ဝင်စားလေ့ရှိတော်မူရာ</b>၌ စျာန်ဝင်စားခြင်း၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တော်မူရာ၌ ကြီးမြတ်တော်မူသော ဂုဏ်, အရှင်အာနန္ဒာ မထေရ်မြတ်၏ <b>အကြားအမြင် ဗဟုသုတ</b> များပြားရာ၌ ကြီးမြတ်တော်မူသော ဂုဏ် ----- ဤသို့လျှင် ထိုထိုမထေရ်မြတ်ကြီးတို့၏ ထိုထို ဂုဏ်ကျေးဇူးတို့ကား ထင်ရှားလျက် ရှိကြကုန်၏။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ ဂုဏ်ကျေးဇူးတို့ကား မထင်မရှား ဖြစ်နေကြကုန်၏။ အဘယ်ကြောင့်နည်းဟူမူ ----- ပညာရှိသော သူ၏ ဂုဏ်ကျေးဇူတို့ကား မဟောပြခဲ့သော် သိဖို့ရန် မစွမ်းနိုင်ပေ။ ထို့ကြောင့် ဘုရားရှင်သည် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ ဂုဏ်ကျေးဇူးတို့ကို ဟောကြားတော်မူပေအံ့ဟု ရည်ရွယ်တော်မူလျက် သဘောတူသဘာဂဖြစ်သော ပရိသတ်အစည်းအဝေးကို မျှော်လင့်စောင့်ဆိုင်းတော်မူလျက် ရှိ၏။ သဘောမတူသည့် <b>ဝိသဘာဂပုဂ္ဂိုလ်</b>တို့၏ ထံမှောက်၌ ဂုဏ်ကျေးဇူးတို့ကို ဟောကြားပြသရန်ကား မသင့်တင့် မလျောက်ပတ်ပေ။ ထို ဝိသဘာဂပုဂ္ဂိုလ်တို့ကား ဂုဏ်ကျေးဇူးတို့ကို ဟောပြခဲ့သည်ရှိသော် ကျေးဇူးမဲ့ ကဲ့ရဲ့စကားကိုသာလျှင် ပြောဆိုတတ်ကြ၏။ အနုပဒသုတ္တန်ကို ဟောကြားတော်မူရာ ဤနေ့၌ကား အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ ဂုဏ်ကျေးဇူးတို့ကို ဟောကြားပြသတော်မူလိုသည် ဖြစ်ရကား ဤအနုပဒသုတ္တန် တရားဒေသနာတော်ကို အားသစ်တော်မူပေသည်။ (မ၊ ဋ္ဌ၊၄၊၅၆။)</p> <p>ထိုသုတ္တန်တွင် အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး၏ ဉာဏ်ပညာ ကြီးမြတ်တော်မူပုံနှင့် ဆက်စပ်လျက် ----- အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး သောတာပန်ဖြစ်တော်မူပြီးနောက် မဟာသက္ကရာဇ် (၁၀၃)ခု တပို့တွဲလဆန်း (၁)ရက်မှ တပို့တွဲလပြည့်သို့ တိုင်အောင် (၁၅)ရက်တို့ပတ်လုံး အရတ္တဖိုလ်ကို မျှော်မှန်းလျက် စျာန်နာမ်တရားတို့ကို <b>အနုပဒဓမ္မဝိပဿနာ</b>နည်းအားဖြင့် ဝိပဿနာရှုပွားသုံးသပ်ပုံ အပိုင်းကိုလည်း ကဏ္ဍတစ်ရပ်အဖြစ် ထည့်သွင်း၍ ဟောကြားတော်မူခဲ့ပေသည်။</p> <p><b>သမူဟဂဟဏဝသေန ပဝတ္တံ ကလာပသမ္မသနံ။ ဖဿာဒိဧကေကဓမ္မဂဟဏဝသေန ပဝတ္တာ အနုပဒဓမ္မဝိပဿနာ။</b> (မူလဋီ၊၁၊၁၀၉။)</p> <p>ဝိပဿနာ၌ <b>အနုပဒဓမ္မဝိပဿနာ</b>နှင့် <b>ကလာပသမ္မသနဝိပဿနာ</b> သို့မဟုတ် <b>ကလာပဝိပဿနာ</b>ဟု နှစ်မျိူး ရှိ၏။</p> <p>၁။ ရုပ်ပိုင်းတွင် ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော <b>ပထဝီဓာတ်</b>စသော ရုပ်ဓာတ်တစ်လုံးစီ တစ်လုံးစီကိုလည်းကောင်း နာမ်ပိုင်းတွင် စိတ္တခဏတစ်ခုတစ်ခု အတွင်း၌ သို့မဟုတ် သမာပတ်တစ်ခုတစ်ခု အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြသည့် <b>သမ္ပယုတ်တရားစု</b>တို့တွင် <b>ဖဿ</b>စသော နာမ်တရား တစ်လုံးစီ တစ်လုံးစီကို လည်းကောင်း <b>အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန်</b> တစ်လှည့်စီ တင်၍ ဝိပဿနာရှုပွားသုံးသပ်ခြင်းကို <b>အနုပဒဓမ္မဝိပဿနာရှုနည်း</b>ဟု ခေါ်ဆိုပေသည်။</p> <p>၂။ ရုပ်ပိုင်းတွင်လည်း <b>ဒွါရ (၆)ပါး</b>လုံးနှင့် <b>(၄၂)ကောဋ္ဌာသ</b>တို့၌ တည်ရှိသော ရုပ်တရားတို့ကို ခြုံငုံ၍လည်းကောင်း, နာမ်ပိုင်းတွင်လည်း စိတ္တခဏ တစ်ခုတစ်ခုအတွင်း၌ သို့မဟုတ် သမာပတ်တစ်ခုတစ်ခုအတွင်း၌ တည်ရှိကြကုန်သော နာမ်တရားတို့ကို ပေါင်းစုခြုံငုံ၍လည်ကောင်း <b>လက္ခဏာရေးသုံးတန်</b> တစ်လှည့်စီ တင်၍ ဝိပဿနာရှုပွားသုံးသပ်ခြင်းကို <b>ကလာပသမ္မသနဝိပဿနာ</b> သို့မဟုတ် <b>ကလာပဝိပဿနာ</b>ဟု ခေါ်ဆိုပေသည်။</p> <p>အလားတူပင် <b>ကာမ ရူပ အရူပ</b>တည်းဟူသော ဘုံသုံးပါးအတွင်း၌ တည်ရှိကြကုန်သော <b>ဒုက္ခသစ္စာ သမုဒယသစ္စာ</b>အမည်ရသည့် သင်္ခါရတရားတို့ကို တစ်စုတည်း တစ်ပုံတည်း ပေါင်းစုခြုံငုံ၍လည်းကောင်း, ရုပ်နာမ်နှစ်ပါး နည်းဖြင့် ရုပ်တစ်ပုံ နာမ်တစ်ပုံ ပုံ၍လည်းကောင်း, <b>ခန္ဓာငါးပါး</b>နည်းဖြင့် ငါးပုံ ပုံ၍လည်းကောင်း, <b>အာယတန တစ်ဆယ့်နှစ်ပါး</b>နည်းဖြင့် တစ်ဆယ့်နှစ်ပုံ ပုံ၍လည်းကောင်း, <b>ဓာတ်တစ်ဆယ့်ရှစ်ပါး</b>နည်းအားဖြင့် တစ်ဆယ့်ရှစ်ပုံ ပုံ၍လည်းကောင်း ----- ဤသို့ စသည်ဖြင့် ပေါင်းစုခြုံငုံ၍ ဝိပဿနာရှုပွား သုံးသပ်ခြင်းကိုလည်း <b>ကလာပသမ္မသနဝိပဿနာ</b> သို့မဟုတ် <b>ကလာပဝိပဿနာ</b>ဟုပင် ခေါ်ဆိုပေသည်။</p> <p>ဤတွင် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ အနုပဒဝိပဿနာရှုနည်း ကောက်နုတ်ချက် တစ်ခုကို ရှေးဦးစွာ တင်ပြအပ်ပါသည်။</p> <p><b>ဣဓ ဘိက္ခဝေ သာရိပုတ္တော ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္က သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ စျာနံ ဥပ္ပသမ္ပဇ္ဇ ဝိဟရတိ။ ယေ စ ပဌမေ စျာနေ ဓမ္မာ ဝိတက္ကော စ ဝိစာရော စ ပီတိ စ သုခဉ္စ စိတ္တေကဂ္ဂတာ စ ဖေဿာ ဝေဒနာ သညာ စေတနာ စိတ္တံ ဆန္ဒော အဓိမောက္ခာ ဝီရိယံ သတိ ဥပေက္ခာ မနသိကာရော။ တျာဿ ဓမ္မာ အနုပဒဝဝတ္ထိကာ ဟောန္တိ။ တျာဿ ဓမ္မာ ဝိဒိကာ ဥပ္ပဇ္ဇန္တိ၊ ဝိဒိကာ ဥပဋ္ဌဟန္တိ၊ဝိဒိကာ အဗ္ဘတ္ထံ ဂစ္ဆန္တိ။ သော ဧဝံ ပဇာနာတိ ဧဝံ ကိရမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီတိ။ သော တေသု ဓမ္မေသု အနုပါယော အနပါယော အနိဿိတော အပ္ပဋိဗဒ္ဓေါ ဝိပ္ပမုတ္တော ဝိသံယုတ္တော ဝိမရိယာဒီကတေန စေတသာ ဝိဟရတိ၊ သော အတ္ထိ ဥတ္တရိ နိဿရဏန္တိ ပဇာနာတိ။ တဗ္ဗဟုလီကာရော အတ္ထိတွေဝဿ ဟောတီ။</b> (မ၊၃၊၇၅။)</p> <p>= ရဟန်းတို့ ...သာရိပုတ္တရာသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း (= <b>ဝိတက်</b>)နှင့်တကွ ဖြစ်သော, သုံးသပ်ဆင်ခြင်ခြင်း (= <b>ဝိစာရ</b>)နှင့်တကွ ဖြစ်သော, နီဝရဏ ကင်းဆိတ်ခြင်းကြောင့် ထင်ရှားဖြစ်ပေါ်၍လာရသော နှစ်သိမ့်ခြင်း (= <b>ပီတိ</b>), ချမ်းသာခြင်း (= <b>သုခ</b>)ရှိသော ပထမစျာန်သို့ ရောက်၍ နေ၏။ ပထမစျန်သမာပတ်အတွင်း၌ -----</p> <p>၁။ ကြံစည်ခြင်း = <b>ဝိတက်</b></p> <p>၂။ သုံးသပ်ဆင်ခြင်ခြင်း = <b>ဝိစာရ</b></p> <p>၃။ နှစ်သိမ့်ခြင်း = <b>ပီတိ</b></p> <p>၄။ ချမ်းသာခြင်း = <b>သုခ (ဝေဒနာ)</b></p> <p>၅။ စိတ်တည်ကြည်ခြင်း = <b>ဧကဂ္ဂတာ (သမာဓိ)</b></p> <p>၆။ အာရုံကို တွေ့ထိခြင်း = <b>ဖဿ</b></p> <p>၇။ အာရုံ၏ အရသာကို ခံစားခြင်း = <b>ဝေဒနာ</b></p> <p>၈။ အာရုံကို မှတ်သားခြင်း = <b>သညာ</b></p> <p>၉။ အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို စေ့ဆော်တိုက်တွန်းခြင်း = <b>စေတနာ</b></p> <p>၁၀။ အာရုံကို ရယူခြင်း = အာရုံကိုသိခြင်း = <b>စိတ်</b></p> <p>၁၁။ အာရုံကို ပြုလိုခြင်း = <b>ဆန္ဒ</b></p> <p>၁၂။ အာရုံကို ဆုံးဖြတ်ခြင်း = <b>အဓိမောက္ခ</b></p> <p>၁၃။ လုံ့လပြုခြင်း = ကြိုးစားအားထုတ်ခြင်း = <b>ဝီရိယ</b></p> <p>၁၄။ အာရုံကို မမေ့ပျောက်ခြင်း = အောက်မေ့ခြင်း = <b>သတိ</b></p> <p>၁၅။ အာရုံကို လျစ်လျူရှုခြင်း = <b>ဥပေက္ခာ</b></p> <p>၁၆။ အာရုံကို နှလုံးသွင်ခြင်း = <b>မနသိကာရ</b></p> <p>ယင်း သဘောတရားတို့သည် ထင်ရှား ရှိကြကုန်၏၊ ထိုသဘောတရားတို့ကို သာရိပုတ္တရာသည် အစဉ်အတိုင်း တစ်လုံးစီတစ်လုံးစီ ပိုင်းခြား၍ သိ၏။ ထို သဘောတရားတို့သည် ထိုသာရိပုတ္တရာ၏ အသိဉာဏ်၌ -----</p> <p>၁။ ထင်ထင်ရှားရှား ဖြစ်ကုန်၏၊</p> <p>၂။ ထင်ထင်ရှားရှား တည်ကုန်၏၊</p> <p>၃။ ထင်ထင်ရှားရှား ချုပ်ကုန်၏။</p> <p>ဤ သဘောတရားတို့သည် ရှေးက ထင်ရှား မရှိကြကုန်ဘဲ ယခုမှ ရုတ်ချည်း အသစ် ဖြစ်ပေါ်လာကြကုန်၏၊ ဖြစ်ကြကုန်ပြီးလျှင် ရုတ်ချည်း ချုပ်ပျက်ကုန်၏ဟု သာရိပုတ္တရာသည် ဤသို့ သိ၏။ ထိုသာရိပုတ္တရာသည် ထိုသဘောတရားတို့၌ <b>ရာဂ</b>ဖြင့် တပ်မက်ခြင်း မရှိ၊ <b>ဒေါသ</b>ဖြင့် ဖဲခြင်း မရှိ၊ <b>တဏှာ ဒိဋ္ဌိ</b>တို့ဖြင့် ငါ-ငါ့ဟာဟု မမှီ၊ လိုလားတပ်မက်ခြင်း <b>ဆန္ဒရာဂ</b>ဖြင့် ဖွဲ့ချည်မထား၊ <b>ကာမရာဂ</b>မှ လွတ်မြောက်၏၊ ဆန့်ကျင်ဘက်တရားတို့နှင့် မယှဉ်၊ အပိုင်းအခြားမရှိသော စိတ်ဖြင့် နေ၏။ ထိုသာရိပုတ္တရာသည် ထိုထက်အလွန် လွတ်မြောက်ရာသည် ရှိ၏ဟု သိ၏။ ထိုသိခြင်းကို အထပ်ထပ် ပြုခြင်းကြောင့် ထိုသာရိပုတ္တရာအား ထိုထက်အလွန် လွတ်မြောက်ရာသည် ရှိသည်သာတည်း ဟု မြဲစွာ ဖြစ်၏။ (မ၊၃၊၇၅။)</p> <p><b>ဥပရိပဏ္ဏာသ အဋ္ဌကထာ</b>ကလည်း အောက်ပါအတိုင်း ဆက်လက်၍ ရှင်းလင်း တင်ပြထားပြန်၏။ -----</p> <p><b>ဝိဒိတာ ဥပ္ပဇ္ဇန္တီတိ ဥပ္ပဇ္ဇမာနာ ဝိဒိတာပါကဋာဝ ဟုတွာ ဥပ္ပဇ္ဇန္တိ။ ဝိဒိတာ ဥပဋ္ဌဟန္တီတိ တိဋ္ဌမာနာပိ ဝိဒိတာ ပါကဋာဝ ဟုတွာ တိဋ္ဌန္တိ။ ဝိဒိတာအဗ္ဘတ္ထံ ဂစ္ဆန္တီတိ နိရုဇ္ဈမာနာပိ ဝိဒိတာ ပါကဋာဝ ဟုတွာ နိရုဇ္ဈန္တိ။</b></p> <p><b>ဧတ္ထ ပန တံဉာဏတာ စေဝ ဉာဏဗဟုတာ စ မောစေတဗ္ဗာ။ ယထာ ဟိ တေနေဝ အင်္ဂုလဂ္ဂေန တံ အင်္ဂုလဂ္ဂံ န သက္ကာ ဖုသိတုံ၊ ဧဝမေဝ တေနေဝ စိတ္တေန တဿ စိတ္တဿ ဥပ္ပါဒေါ ဝါ ဌိတိ ဝါ ဘင်္ဂေါ ဝါ န သက္ကာ ဇာနိတုန္တိ။ ဧဝံ တံဉာဏတာ မောစေတဗ္ဗာ။</b></p> <p><b>ယဒိ ပန ဒွေ စိတ္တာနိ ဧကတော ဥပ္ပဇ္ဇေယျုံ၊ ဧကေန စိတ္တေန ဧကဿ ဥပ္ပါဒေါ ဝါ ဌိတိ ဝါ ဘင်္ဂေါ ဝါ သက္ကာ ဘဝေယျ ဇာနိတုံ။ ဒွေ ပန ဖဿာ ဝါ ဝေဒနာ ဝါ သညာ ဝါ စေတနာ ဝါ စိတ္တာနိ ဝါ ဧကတော ဥပ္ပဇ္ဇနကာနိ နာမ နတ္ထိ၊ ဧကေကမေဝ ဥပ္ပဇ္ဇတိ။ ဧဝံ ဉာဏဗဟုတာ မောစေတဗ္ဗာ။</b></p> <p><b>ဧဝံ သန္တေ ကထံ? မဟာထေရဿ အန္တော သမာပတ္တိယံ သောဠသဓမ္မာ ဝိဒိတာ ပါကဋာ ဟောန္တီတိ?</b></p> <p><b>ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ။ ထေရေန ဟိ ဝတ္ထု စေဝ အာရမ္မဏဉ္စ ပရိဂ္ဂဟိတံ၊ တေနဿ တေသံ ဓမ္မာနံ ဥပ္ပါဒံ အာဝဇ္ဇန္တဿ ဥပ္ပါဒေါ ပါကဋော ဟောတိ၊ ဌာနံ အာဝဇ္ဇန္တဿ ဌာနံ ပါကဋံ ဟောတိ၊ ဘေဒံ အာဝဇ္ဇန္တဿ ဘေဒေါ ပါကဋော ဟောတိ။ တေန ဝုတ္တံ ဝိဒိတာ ဥပ္ပဇ္ဇန္တိ ဝိဒိတာ ဥပဋ္ဌဟန္တိ ဝိဒိတာ အဗ္ဘတ္ထံ ဂစ္ဆန္တီတိ။</b></p> <p><b>အဟုတွာ သမ္ဘောန္တီတိ ဣမိနာ ဥဒယံ ပဿတိ။ ဟုတွာ ပဋိဝေန္တီတိ ဣမိနာ ဝယံ ပဿတိ။</b> (မ၊ဋ္ဌ၊၄၊၆၀။)</p> <p>= ထင်ထင်ရှားရှား ဖြစ်ပေါ်ကုန်၏ဟူသည် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ ဉာဏ်ဝယ် ယင်း (၁၆)မျိုးကုန်သော တရားတို့သည် ဖြစ်ပေါ်လာကုန်သည်ရှိသော် ထင်ရှားကုန်သည်သာ ဖြစ်ကြကုန်၍ ဖြစ်ပေါ်လာကြကုန်၏။</p> <p>ထင်ထင်ရှားရှား တည်ကုန်၏ဟူသည် အရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီး၏ ဉာဏ်၌ ယင်း (၁၆)မျိုးကုန်သော တရားတို့သည် တည်ဆဲ ဋ္ဌီကာလသို့ ရောက်ကုန်သော်လည်း ထင်ရှားကုန်သာ ဖြစ်ကြကုန်၍ တည်နေ ကြကုန်၏။</p> <p>ထင်ထင်ရှားရှား ချုပ်ပျက်ကုန်၏ဟူသည် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ ဉာဏ်၌ ယင်း (၁၆)မျိုးကုန်သော တရားတို့သည် ချုပ်ပျက်ကုန်သော်လည်း ထင်ရှားကုန်သည်သာ ဖြစ်ကြကုန်၍ ချုပ်ပျက်ကြကုန်၏။</p> <p>ဤအရာဝယ် <b>ယောဂါဝစရပုဂ္ဂိုလ်</b>သည် -----</p> <p>(၁) ရှုတတ်သည့် ဉာဏ်နှင့် အရှုခံဉာဏ်တို့၏ တစ်ခုတည်း ဖြစ်မှုကို လည်းကောင်း၊</p> <p>(၂) စိတ္တက္ခဏတစ်ခု အတွင်း၌ ဉာဏ်တို့၏ များစွာပြိုင်တူ ဖြစ်မှုကိုလည်းကောင်း -----</p> <p>လွတ်အောင် ယူဆတတ်ရပေမည်။</p> <p>၁။ ထိုလက်ညိုး၏ ထိပ်ဖြင့်ပင်လျှင် ထိုလက်ညိုး၏ ထိပ်ကို တွေ့ထိဖို့ရန် မတတ်ကောင်းသကဲ့သို့ ဤဥပမာအတူပင်လျှင် ထိုစိတ်ဖြင့်ပင်လျှင် ထိုစိတ်၏ ဖြစ်မှု = <b>ဥပါဒ်</b>ကိုလည်းကောင်း, တည်မှု = <b>ဌီ</b>ကိုလည်းကောင်း, ပျက်မှု = <b>ဘင်</b>ကိုလည်းကောင်း သိရှိဖို့ရန် မတတ်ကောင်းသည်သာ ဖြစ်ပေသည်။ ဤသို့လျှင် ရှေးဦးစွာ ရှုတတ်သည့် ဉာဏ်နှင့် အရှုခံ ဉာဏ်တို့၏ တစ်ခုတည်း ဖြစ်မှုကို လွတ်အောင် ယူဆပါ။ (ရှုတတ်သည့် စိတ်နှင့် အရှုခံစိတ်သည် တစ်ခုတည်း မဟုတ်ဟု ဆိုလိုသည်။)</p> <p>၂။ အကယ်၍ စိတ်နှစ်ခုတို့သည် စိတ္တက္ခဏတစ်ခုဟူသော အချိန်ကာလတစ်ခု အတွင်း၌ နှစ်ခုပြိုင်တူ တစ်ပေါင်းတည်း ဖြစ်ကုန်ငြားအံ့၊ တစ်ခုသော စိတ်ဖြင့် တစ်ခုသော စိတ်၏ ဖြစ်မှု (= <b>ဥပါဒ်</b>)ကိုလည်းကောင်း, တည်မှု (= <b>ဌီ</b>)ကိုလည်းကောင်း, ပျက်မှု = <b>ဘင်</b>ကိုလည်းကောင်း သိရှိဖို့ရန် တတ်ကောင်းသည် ဖြစ်လေရာ၏။ သို့သော် စိတ္တက္ခဏတစ်ခု ဟူသော အချိန်ကာလ အတွင်း၌ ဖဿနှစ်မျိုးတို့သည်လည်းကောင်း, ဝေဒနာနှစ်မျိုးတို့သည်လည်းကောင်း, သညာနှစ်မျိုးတို့သည် လည်းကောင်း, စေတနာနှစ်မျိုးတို့သည်လည်းကောင်း, စိတ်နှစ်မျိုးတို့သည်လည်းကောင်း နှစ်ခုပြိုင်တူ တစ်ပေါင်းတည်း ဖြစ်ကုန်သည်မည်သည် မရှိသည်သာတည်း။ တစ်လုံးစီ တစ်လုံးစီ သာလျှင် (<b>ဖဿ</b>တစ်မျိုး <b>ဝေဒနာ</b>တစ်မျိုး <b>သညာ</b>တစ်မျိုး <b>စေတနာ</b>တစ်မျိုး <b>စိတ်</b>တစ်မျိုး ဟူသည့် တစ်မျိုးစီ တစ်မျိုးစီ တစ်လုံးစီ တစ်လုံးစီသာလျှင်) ဖြစ်ရိုး ဓမ္မတာ ရှိ၏။ ဤသို့ စိတ္တက္ခဏတစ်ခုအတွင်း၌ ဉာဏ်တို့၏ များစွာ ပြိုင်တူ ဖြစ်မှုကိုလည်း လွတ်မြောက်စေအပ်၏ (= လွတ်အောင် ယူဆပါ။) ဤသို့ ဖြစ်ခဲ့သော် အဘယ်သို့လျှင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ အသိဉာဏ်၌ စျာန်သမာပတ်အတွင်း၌ ဖြစ်ပေါ်သွားကြကုန်သော (၁၆)မျိုးကုန်သော တရားတို့သည် ထင်ထင်ရှားရှား ဖြစ်ကုန်သနည်းဟု မေးရန်ရှိ၏။ အဖြေမှာ ဤသို့ ဖြစ်၏ -----</p> <p><b>ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ။</b> (မ၊ဋ္ဌ၊၄၊၆၀။)</p> <p><b>ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယာတိ ယသ္မိံ စ အာရမဏေ ယေ စျာနဓမ္မာ ပဝတ္တန္တိ၊ တေသံ ဝတ္ထာရမ္မဏာနံ ပဂေဝ ဉာဏေန ပရိစ္ဆိဇ္ဇ ဂဟိတတ္တာ။</b> (မ၊ဋီ၊၃၊၂၇၈။)</p> <p>= အကြင် ကသိုဏ်းပညတ်စသော အာရုံ၌ ယင်း <b>စျာနဓမ္မ</b>အမည်ရသည့် စျာန်နာမ်တရားတို့သည် ဖြစ်ကြကုန်၏၊ ထို <b>စျာနဓမ္မ</b>နာမ်တရားစုတို့၏ မှီရာ <b>ဝတ္ထုရုပ်</b>နှင့် <b>ကသိုဏ်ပညတ်</b>စသော အာရုံတို့ကို ရှေးမဆွကပင် ကြိုတင်၍ ဉာဏ်ဖြင့် ပိုင်းခြားကာ ယူထားပြီး သိမ်းဆည်းထားပြီး ဖြစ်သောကြောင့်ဟု ဖြေဆိုလေရာသည်။</p> <p>မှန်ပေသည် ----- အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးသည် -----</p> <p>၁။ ယင်း <b>စျာနဓမ္မ</b> နာမ်တရားစုတို့၏ စွဲမှီရာ <b>ဘဝင်မနော အကြည်ဓာတ်</b> သို့မဟုတ် <b>ဟဒယဝတ္ထုရုပ်</b>ကိုလည်းကောင်း,</p> <p>၂။ <b>ကသိုဏ်းပညတ်</b>စသော <b>သမထနိမိတ်</b>ကို အာရုံပြုကြကုန်သော <b>စျာနဓမ္မ</b> တရားစုတို့၏ ယင်း<b>သမထနိမိတ်အာရုံ</b>ကိုလည်းကောင်း -----</p> <p>ဤ နှစ်မျိုးကုန်သော တရားတို့ကို ကြိုတင်၍ ဉာဏ်ဖြင့် ပိုင်းခြားထားတော်မူ၏၊ သိမ်းဆည်းထားတော်မူ၏။ ထိုကြောင့် ထို<b>စျာနဓမ္မ</b> နာမ်တရား တို့၏ -----</p> <p>၁။ ဖြစ်မှု (<b>ဥပါဒ်</b>)ကို ဆင်ခြင်သော အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ ဉာဏ်ဝယ် ဖြစ်မှု (<b>ဥပါဒ်</b>)သည် ထင်ရှားနေ၏။</p> <p>၂။ တည်မှု (<b>ဌီ</b>)ကို ဆင်ခြင်သော အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ ဉာဏ်ဝယ် တည်မှု (<b>ဌီ</b>)သည် ထင်ရှားနေ၏။</p> <p>၃။ ပျက်မှု (<b>ဘင်</b>)ကို ဆင်ခြင်သော အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ ဉာဏ်ဝယ် ပျက်မှု (<b>ဘင်</b>)သည် ထင်ရှားနေ၏။</p> <p>ထို့ကြောင့် ထို<b>စျာနဓမ္မ</b> နာမ်တရားတို့သည် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ အသိဉာဏ်၌ -----</p> <p>၁။ ထင်ထင်ရှားရှား ဖြစ်ကုန်၏,</p> <p>၂။ ထင်ထင်ရှားရှား တည်ကုန်၏,</p> <p>၃။ ထင်ထင်ရှားရှား ချုပ်ပျက်ကုန်၏ ----- ဟု</p> <p>ဘုရားရှင်သည် ဟောကြားတော်မူခြင်း ဖြစ်ပေသည်။ (မ၊ဋ္ဌ၊၄၊၆၀။)</p> --- <h3>(၁၆) မျိုးသော တရား</h3> <p><b>သောဠသန္နံ ဧဝ စေတ္ထ ဓမ္မာနံ ဂဟဏံ တေသံယေဝ ထေရေန ဝဝတ္ထာပိတဘာဝတော ၊ တေ ဧဝဿ တဒါ ဥပဋ္ဌဟိံသု န ဣတရေတိ ဝဒန္တိ။ ဝီရိယ သတိရဂ္ဂဟဏေနေဝ စေတ္ထ ဣန္ဒြိယဘာဝသမညတော သဒ္ဓါ ပညာ, သတိရဂ္ဂဟဏေနေဝ ဧကန္တာနဝဇ္ဇဘာဝသာမညတော ပဿဒ္ဓိအာဒယော ဆ ယုဂဠာ, အလောဘာ ဒေါသာ စ သင်္ဂဟိတာ စျာနစိတ္တုပ္ပါဒပရိယာပန္နတ္တာ တေသံ ဓမ္မာနံ၊ ထေရေန စ ဓမ္မဝဝတ္ထာနသာမညတော အာရဒ္ဓါ၊ (တသ္မာ) တေ န ဥပဋ္ဌဟိံသူတိ နသက္ကာ ဝတု္တန္တိ အပရေ။</b> (မ၊ဋီ၊၃၊ ၂၇၇။)</p> <p>ကသိုဏ်း ပဋိဘာဂနိမိတ် အာနာပါပဋိဘာနိမိတ် စသည့် သမထနိမိတ်တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ပထမစျာန် နမ်တရားတို့သည် -----</p> <p>၁။ အသိစိတ် ၁</p> <p>၂။ အညသမာန်းစေတသိက် ၁၃</p> <p>၃။ သောဘဏသာဓာရဏစေတသိက် ၁၉</p> <p>၄။ ပညိန္ဒြေစေတသိက် ၁</p> <p>အာလုံးပေါင်းသော် ၃၄</p> <p>ဤ အထက်ပါ (၃၄)မျိုးသော နာမ်တရားများ ရှိကြ၏။ ယင်း (၃၄)မျိုးကုန်သော <b>စျာနဓမ္မ</b> နာမ်တရားစုတို့တွင် ဘုရားရှင်သည် (၁၆)မျိုးကုန်သော <b>စျာနဓမ္မ</b> နာမ်တရားစုတို့ကိုသာ တိုက်ရိုက်ယူ၍ သရုပ်ထုတ်ကာ ဟောကြားထားတော်မူ၏။ ဤသို့ ဟောကြားထားတော်မူခြင်းနှင့် ဆက်စပ်၍ ဋီကာ ဆရာတော် အရှင်<b>ဓမ္မပါလ</b>မထေရ်မြတ်က အောက်ပါအတိုင်း နှစ်နည်း ရှင်းပြထားတော်မူ၏။ -----</p> <p>၁။ ဤအရာဝယ် (၁၆)မျိုးကုန်သော <b>စျာနဓမ္မ</b>တို့ကိုသာ တိုက်ရိုက်ယူ၍ သရုပ်ထုတ်ကာ ဟောကြားတော်မူခြင်းသည် -----</p> <p>ထို (၁၆)မျိုးကုန်သော တရားတို့ကိုသာလျှင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် တစ်လုံးစီတစ်လုံးစီ ဉာဏ်ဖြင့် ပိုင်းခြားယူအပ်သည်၏အဖြစ်ကြောင့်တည်း။ ထို (၁၆)မျိုးကုန်သော <b>စျာနဓမ္မ</b>တို့သည်သာလျှင် ထို အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး၏ အသိဉာဏ်၌ ထိုအချိန်အခါက ထင်မြင်ခဲ့ကြကုန်၏၊ အခြားအခြားကုန်သော <b>စျာနဓမ္မ</b>တို့သည် မထင်ခဲ့ကြကုန် ----- ဟု ဆရာမြတ်တို့ မိန့်ဆိုတော်မူကြကုန်၏။ (ဤကား <b>ဝဒန္တိဝါဒ</b>တည်း)</p> <p>၂။ ထို (၁၆)မျိုးကုန်သော တရားတို့တွင် <b>ဣန္ဒြေ္ဒ</b>ထိုက်သော <b>ဝီရိယ</b>နှင့် <b>သတိ</b>ကို တိုက်ရိုက်ယူ၍ ဟောကြားတော်မူခြင်းဖြင့် <b>ဣန္ဒြေ္ဒ</b>ဖြစ်မှုခြင်း တူညီသောကြောင့် <b>သဒ္ဓါ</b>နှင့် <b>ပညာ</b> တရားနှစ်ပါးကိုလည်း သိမ်းကျုံးယူအပ်၏။ <b>သတိ</b>ကို တိုက်ရိုက်ယူ၍ သရုပ်ထုတ်ကာ ဟောကြားတော်မူခြင်းဖြင့် သတိကဲ့သို့ ဧကန်အပြစ်မရှိခြင်း တူညီသောကြောင့် <b>ပဿဒ္ဓိ</b>စသော အစုံအစုံအားဖြင့် ဟောကြားထားတော်မူအပ်ကုန်သော <b>ယုဂဠစေတသိက် (၆)စုံ</b>တို့ကိုလည်းကောင်း, <b>အလောဘ အဒေါသစေတသိက်</b>တို့ကိုလည်းကောင်း သိမ်းကျုံး ရေတွက်အပ်ကုန်၏။ အကြောင်းမူကား ထိုတရားတို့၏ စျာန်စိတ္တုပ္ပါဒ်၌ (= <b>စျာနဓမ္မ</b>တရားတို့၌) အကျုံးဝင်ကုန်သောကြောင့် ဖြစ်၏။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည်လည်း <b>စျာနဓမ္မ</b>အမည်ရသည့် စျာန်နာမ်တရားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ပိုင်းခြားယူရာဝယ် ဉာဏ်ဖြင့် ပိုင်းခြားယူရမည့် တရားတို့၌ ပိုင်းခြား မှတ်သားပုံခြင်း တူညီသောကြောင့် <b>ကသိုဏ်းပဋိဘာဂနိမိတ် အာနာပါနပဋိဘာဂနိမိတ်</b>စသော ထိုထိုပဋိဘာဂနိမိတ် <b>သမထအာရုံ</b>သို့ ညွှတ်ကိုင်းရှိုင်းတတ်သော <b>နာမလက္ခဏာ</b>ချင်း တူညီရာ တရားတို့ကို ပေါင်းစု၍ <b>လက္ခဏာဟာရနေတ္တိ</b>နည်းဖြင့် ယင်း <b>အနုပဒသုတ္တန်</b> တရားဒေသနာတော်ကို ဘုရားရှင်သည် အားသစ်တော်မူခဲ့ပေသည်။ ထိုကြောင့် ထို<b>စျာနဓမ္မ</b>နာမ်တရားစုတို့သည် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ အသိဉာဏ်၌ မထင်လာကုန်ဟု ပြောဆိုခြင်းငှာ မတတ်ကောင်းသည်သာတည်း။ ဤသို့လျှင် <b>အပရေဆရာမြတ်</b>တို့ကလည်း မိန့်ဆိုတော် မူကြပြန်သည်။ (မ၊ဋီ၊၃၊၂၂၇။) (ဤကား <b>အပရေဝါဒ</b>တည်း။)</p> <p><b>ဧဝံ သဗ္ဗတ္ထ ယော ယော အဋ္ဌကထာဝါဒေါ ဝါ ထေရဝါဒေါ ဝါ ပစ္ဆာ ဝုစ္စတိ၊ သော ပမာဏတော ဒဋ္ဌဗ္ဗော။</b> (ဝိ၊ဋ္ဌ၊၁၊၂၆၀။)</p> <p>= နေရာတိုင်း၌ အကြင်အကြင် <b>အဋ္ဌကထာဝါဒ</b>ကိုလည်းကောင်း, <b>ထေရဝါဒ</b>ကိုလည်းကောင်း နောက်ဆုံးထား၍ ဖွင့်ဆိုထား၏၊ ထိုဝါဒကိုသာလျှင် ပမာဏအားဖြင့် မှတ်သားပါ။ (ဝိ၊ဋ္ဌ၊၁၊၂၆၀။)</p> <p>ဤအထက်ပါ ဋီကာဆရာတော်၏ ရှင်းလင်းချက်၌ <b>ဝဒန္တိဝါဒ</b>နှင့် <b>အပရေဝါဒ</b>ဟု ဝါဒနှစ်မျိုး လာရှိရာ ဋီကာဆရာတော် ဖြစ်တော်မူသော အာစရိယ<b>ဓမ္မပါလ</b>မထေရ်မြတ်သည် <b>အပရေဝါဒ</b>ကို နောက်ဆုံးထား၍ တင်ပြထားတော်မူ၏။ ဝါဒအမျိုးမျိုးတို့တွင် နောက်ဆုံးထား၍ ဖွင့်ဆိုသော ဝါဒကိုသာလျှင် အနှစ်သာရအားဖြင့် မှတ်ယူရသော စာပေကျမ်းဂန် ယူဆပုံ စည်းမျဉ်း ဥပဒေသအရ ဤ၌လည်း နောက်ထား၍ ဖွင့်ဆိုသော <b>အပရေဝါဒ</b>ကိုသာ အနှစ်သာရအားဖြင့် မှတ်ယူလေရာသည်။ ထိုကြောင့် <b>ကသိုဏ်းပဋိဘာဂနိမိတ် အာနာပါနပဋိဘာနိမိတ်</b>စသော <b>ပဋိဘာဂနိမိတ်</b>တို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော ပထမစျာနဓမ္မနာမ်တရားစုတို့မှာ (၃၄)လုံး ရှိကြသဖြင့် ထို (၃၄)မျိုးလုံးကုန်သော <b>စျာနဓမ္မ</b>တို့ကို တစ်လုံးစီ တစ်လုံးစီ၏ <b>ဥပါဒ်-ဌီ-ဘင်</b> (= ဖြစ်-တည်-ပျက်)ကို မြင်အောင် အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးသည် ရှုပွားသုံသပ်တော်မူသည်ဟုသာ သံသယကင်းရှင်းစွာ မုချပုံသေ မှတ်သား နာယူလေရာသည်။ ပထမစျာန်မှသည် <b>အာကိဉ္စညာယတနစျာန်</b>သို့တိုင်အောင်သော <b>စျာနဓမ္မ</b> နာမ်တရားစုတို့ကို တစ်လုံးစီ တစ်လုံးစီ၏ <b>ဥပါဒ်-ဌီ-ဘင်</b>ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ <b>လက္ခဏာရေးသုံးတန်</b>တို့သို့ တစ်လှည့်စီ တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် ကြိုပမ်းတော်မူခဲ့ပေသည်။ (မ၊၃၊၇၅-၇၆။)</p> --- <h3>နေဝသညာနာသညာယတနစျာန်</h3> <p><b>ပုန စပရံ ဘိက္ခဝေ၊ သာရိပုတ္တော သဗ္ဗသော အာကိဉ္စညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သော တာယ သမာပတ္တိယာ သတော ဝုဋ္ဌဟတိ။ သော တာယ သမာပတ္တိယာ သတော ဝုဋ္ဌဟိတွာ ယေ ဓမ္မာ အတီတာ နိရုဒ္ဓါ ဝိပရိဏတာ တေ ဓမ္မေ သမနုပဿတိ ဧဝံ ကိရမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီတိ။ သော တေသု ဓမ္မေသု အနုပါယော အနပါယော အနိဿိတော အပ္ပဋိဗဒ္ဓေါ ဝိပ္ပမုတ္တော ဝိသံယုတ္တော ဝိမရိယာဒီကတေန စေတသာ ဝိဟရတိ၊ သော အတ္ထိ ဥတ္တရိ နိဿရဏန္တိ ပဇာနာတိ။ တဗ္ဗဟုလီကာရော အတ္ထိတွေဝဿ ဟောတိ။</b> (မ၊၃၊ ၇၈။)</p> <p>= ရဟန်းတို့ ...တဖန် ထို့ပြင်လည်း သာရိပုတ္တရာသည် <b>အာကိဉ္စညာယတနစျာန်</b>ကို လုံးဝ ကျော်လွှားလွန်မြောက်၍ <b>နေဝသညာနာသညာယတနစျာန်</b>သို့ ရောက်၍ နေ၏၊ ထိုသာရိပုတ္တရာသည် ထို<b>နေဝသညာနာသညာယတနသမာပတ်</b>မှ <b>သတိ ပညာ</b>နှင့် ပြည်စုံ၍ ထ၏။ ထိုသာရိပုတ္တရာသည် ထို<b>နေဝသညာနာသညာယတနသမာပတ်</b>မှ <b>သတိ ပညာ</b>နှင့် ပြည်စုံ၍ ထပြီးလျှင် လွန်ကုန်ပြီး ချုပ်ကုန်ပြီး ဖောက်ပြန်ပျက်စီးကုန်ပြီးသော <b>နေဝသညာနာသညာယတန စျာနဓမ္မ</b>တရားစုတို့ကို ဤသို့လျှင် ဤ<b>စျာနဓမ္မ</b> တရားစုတို့သည် ရှေးက ထင်ရှား မရှိကုန်ဘဲ ယခုမှ ရုတ်ချည်း အသစ် ဖြစ်ပေါ်လာကြကုန်၏၊ ဖြစ်ပြီးလျှင် ရုတ်ချည်း ချုပ်ပျက်ကုန်၏----- ဟု ယင်း <b>စျာနဓမ္မ</b>တရားစုတို့ကို ပေါင်းစု ခြုံငုံလျက် အပေါင်းအစုအားဖြင့် (=<b>ကလာပသမ္မသန</b>နည်းအားဖြင့်) ဝိပဿနာရှု၏။ ထိုသာရိပုတ္တရာသည် ထိုတရားတို့၌ <b>ရာဂ</b>ဖြင့် တပ်မက်ခြင်း မရှိ၊ <b>ဒေါသ</b>ဖြင့် ဖဲခြင်း မရှိ၊ <b>တဏှာ-ဒိဋ္ဌိ</b>တို့ဖြင့် ငါ-ငါ့ဟာဟု မမှီ၊ လိုလားတပ်မက်ခြင်း (=<b>ဆန္ဒရာဂ</b>)ဖြင့် ဖွဲ့ချည်မထား၊ တွယ်တာတပ်မက်မှု (= <b>ကာမရာဂ</b>)မှ လွတ်၏၊ ဆန့်ကျင်ဘက် တရားတို့နှင့် မယှဉ်၊ အပိုင်းအခြား မရှိသော စိတ်ဖြင့် နေ၏။ ထိုသာရိပုတ္တရာသည် ထိုထက် အလွန် လွန်မြောက်ရာ ရှိ၏ဟု သိ၏။ ထို သိခြင်းကို အထပ်ထပ် ပြုခြင်းကြောင့် ထိုသာရိပုတ္တရာအား ထိုထက်အလွန် လွန်မြောက်ရာသည် ရှိသည်သာတည်းဟု မြဲစွာ ဖြစ်၏။ (မ၊၃၊၇၈။)</p> --- <h3>အနုပဒဓမ္မဝိပဿနာ နှင့် ကလာပသမ္မသနဝိပဿနာ</h3> <p><b>တေ ဓမ္မေ သမနုပဿတီတိ ယသ္မာ နေဝသညာနာသညာယတနေ ဗုဒ္ဓါနံယေဝ အနုပဒဓမ္မဝိပဿနာ ဟောတိ၊ န သာဝကာနံ၊ တသ္မာ ဧတ္ထ ကလာပဝိပဿနံ ဒေဿန္တော ဧဝမာဟ။</b> (မ၊ဋ္ဌ၊၄၊၆၁။)</p> <p><b>န သာဝကာနံ အနုပဒဓမ္မဝိပဿနာ ဟောတိ၊ သင်္ခါရာဝသေသသုခုမပ္ပဝတ္တိယာ ဒုဝိညေယျတ္တာ ဝိနိဗ္ဘုဇိတွာ ဂဟေတုံ အသက္ကုဏေယျဘာဝတော။</b> (မ၊ဋီ၊၃၊၂၈၀။)</p> <p><b>အညေသု ဟိ ခန္ဓေသု အကတာဘိနိဝေသော ဘိက္ခု နေဝသညာနာသညာယတနက္ခန္ဓေ သမ္မသိတွာ နိဗ္ဗိဒံ ပတ္တုံ သမတ္ထော နာမ နတ္ထိ အပိစ အာယသ္မာ သာရိပုတ္တော။ ပကတိဝိပဿကော ပန မဟာပညော သာရိပုတ္တသဒိသောဝ သက္ကုကောယျ၊ သောပိ ဧဝံ ကိရိမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီတိ ဧဝံ ကလာပသမ္မသနဝသေနေဝ နော အနုပဒဓမ္မဝိပဿနာ ဝသေန။ ဧဝံ သုခုမတ္တံ ဂတာ ဧသာ သမာပတ္တိ။</b> (အဘိ၊ဋ္ဌ၊၁၊၂၅၃။)</p> <p>= အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးသည် သမာပတ်ရှစ်ပါးတို့တွင် ပထမစျာန်မှသည် <b>အာကိဉ္စညာယတနစျာန်</b>သို့တိုင်အောင်သော သမာပတ် (၇)ပါးတို့၌ <b>အနုပဒဓမ္မဝိပဿနာ</b>နည်းဖြင့် ဝိပဿနာရှုပွားသုံးသပ်တော်မူပေသည်။ <b>နေဝသညာနာသညာယတနသမာပတ်</b>၌ကား ယင်းသမာပတ်အတွင်း၌ တည်ရှိကြသော နာမ်တရားစုတို့၏ အလွန့်အလွန် သိမ်မွေ့နူးညံ့သောကြောင့် <b>အနုပဒဓမ္မဝိပဿနာ</b>နည်းဖြင့် ဝိပဿနာရှုပွားသုံးသပ်ခြင်းငှာ မစွမ်းနိုင်ဘဲ ယင်းသမာပတ် အတွင်း၌ တည်ရှိကြသော <b>စျာနဓမ္မ</b>နာမ်တရားစုတို့ကို ပေါင်းစုခြုံငုံလျက် <b>ကလာပသမ္မနဝိပဿနာ</b>နည်းဖြင့်သာလျှင် ဝိပဿနာရှုပွားသုံးသပ်တော်မူပေသည်။</p> <p>ဤ<b>နေဝသညာနာသညာယတနစျာန်</b>၌ <b>သဗ္ဗညုတသမ္မာသမ္ဗုဒ္ဓဘုရားရှင်</b>တို့အားသာလျှင် <b>အနုပဒဓမ္မဝိပဿနာ</b>သည် ဖြစ်နိုင်၏၊ သာဝကတို့အား <b>အနုပဒဓမ္မဝိပဿနာ</b>သည် မဖြစ်နိုင်။ (မ၊ဋ္ဌ၊၄၊၆၁။)</p> <p>အခြားအခြားသော ခန္ဓာတို့၌ (= <b>နေဝသညာနာသညာယတနသမာပတ်</b>မှ တစ်ပါးကုန်သော ကြွင်းကုန်သော ရုပ်ခန္ဓာ နာမ်ခန္ဓာတို့၌) ဝိပဿနာ နှလုံးသွင်းမှု (= <b>အဘိနိဝေသ</b>)ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းကို မပြုလုပ်ဖူးသေးသော <b>ယောဂါဝစရရဟန်းတော်</b> ဖြစ်ခဲ့ပါမူ <b>နေဝသညာနာသညာယတနခန္ဓာ</b>တို့ကို <b>လက္ခဏာရေးသုံးတန်</b>တို့သို့ တင်ကာ ဝိပဿနာရှုပွားသုံးသပ်ခြင်းကြောင့် <b>သင်္ခါရ</b>တရားတို့၌ ငြီးငွေ့မှု (= <b>နိဗ္ဗိဒါဉာဏ်</b>)သို့ ရောက်ရှိအံ့သောငှာ စွမ်းနိုင်သော ပုဂ္ဂိုလ်မည်သည် မရှိသည်သာ ဖြစ်၏။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသော်မှလည်း မစွမ်းနိုင်လေရာ။ ပင်ကို ပကတိသဘောအားဖြင့် ဝိပဿနာရှုသော <b>ပကတိဝိပဿကပုဂ္ဂိုလ်</b>သည် ကြီးကျယ်မြင့်မြတ်သော ပညာ ရှိတော်မူသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးနှင့် တူသော ပုဂ္ဂိုလ်သည်သာလျှင် စွမ်းနိုင်လေရာ၏။ ထို အရှင်သာရိပုတ္တရာကဲ့သို့ ပညာကြီးသော ပုဂ္ဂိုလ်သည်လည်း -----</p> <p>ဤသို့လျှင် ဤ<b>နေဝသညာနာသညာယတနသမာပတ်</b> နာမ်တရားစုတို့သည် ရှေးက ထင်ရှားမရှိကုန်ဘဲ ယခုမှ ရုတ်ခြည်း အသစ် ဖြစ်ပေါ်လာကြ ကုန်၏၊ ဖြစ်ပြီးလျှင် ရုတ်ခြည်း ချုပ်ပျက်သွားကြကုန်၏ ------ ဟု</p> <p>အပေါင်းအစုအားဖြင့် ခြုံငုံ၍ ဝိပဿနာရှုပွားသုံးသပ်ခြင်း = <b>ကလာပသမ္မသနဝိပဿနာ</b>နည်း၏ အစွမ်းဖြင့်သာလျှင် ဝိပဿနာရှုပွားသုံးသပ်ခြင်းငှာ စွမ်းနိုင်လေရာ၏၊ တစ်လုံးစီ တစ်လုံးစီသော သမာပတ်တရားတို့ကို ဝိပဿနာ ရှုခြင်း (= <b>အနုပဒဓမ္မဝိပဿနာ</b>နည်း)၏ အစွမ်းဖြင့်ကား မစွမ်းနိုင်လေရာ။ ဤ<b>နေဝသညာနာသညာယတနသမာပတ်</b>သည် ဤသို့ကလောက် သိမ်မွေ့သည်၏ အဖြစ်သို့ ရောက်ရှိပြီး ဖြစ်သည်။ ထို့ကြောင့် ဤသမာပတ်ကို <b>သင်္ခါရာဝသေသသမာပတ်</b>ဟုလည်း ခေါ်ဆိုပေသည်။ <b>သညာ</b>ကို ဦးတည်၍ <b>နေဝသညာနာသညာယတနသမာပတ်</b>ဟု ခေါ်ဆိုသော်လည်း ထိုသမာပတ် အတွင်း၌ တည်ရှိကြသော သင်္ခါရတရားအားလုံးတို့ကား အလွန့်အလွန် သိမ်မွေ့ကြ၏။ ရုန့်ရင်းသော သင်္ခါရတို့မှ ကြွင်းကျန်သော အကယ်စင်စစ် သိမ်မွေ့သည်၏ အဖြစ်သို့ ရောက်ရှိသော သင်္ခါရဟူသော စတုတ္ထအရူပသမာပတ်ကို <b>သင်္ခါရာဝသေသသမာပတ်</b>ဟု ခေါ်ဆိုပေသည်။ (အဘိ၊ဋ္ဌ၊၁၊၂၅၂-၂၅၃။)</p> --- <h3>ဦးထိပ်ရွက်ပန်ဆင်ရမည့် ရှေးထုံးဟောင်း</h3> <p>ဤကား သာဝကတို့တွင် ပညာအရာ၌ အသာဆုံး အမြတ်ဆုံး ဖြစ်တော် မူသည့် ပညာအရာ၌ ဧတဒဂ်ဘွဲ့ထူးကို ရရှိတော်မူသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကိုယ်တိုင် <b>စျာနသမာပတ္တိဝီထိ</b> အတွင်း၌ တည်ရှိကြသော နာမ်တရားတို့ကို -----</p> <p>၁။ <b>အနုပဒဓမ္မဝိပဿနာ</b>နည်း,</p> <p>၂။ <b>ကလာပသမ္မသနဝိပဿနာ</b>နည်း -----</p> <p>ဟူသော နှစ်မျိုးသော နည်းတို့ဖြင့် ဝိပဿနာရှုပွားသုံးသပ်နိုင်ကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင်က ဝန်ခံ၍ ဟောကြားထားတော်မူသော ရှေးထုံးဟောင်းကြီးတစ်ခုပင် ဖြစ်သည်။ ဤသမာပတ်တရားတို့ကို ဝိပဿနာရှုပွား သုံးသပ်တော်မူရာ၌လည်း ယင်းနာမ်တရားတို့၏ -----</p> <p>၁။ မှီရာ <b>ဟဒယဝတ္ထုရုပ်</b> သို့မဟုတ် <b>မနောဒွါရ</b>ကိုလည်းကောင်း,</p> <p>၂။ <b>ကသိုဏ်း ပဋိဘာဂနိမိတ်</b>စသော အာရုံကိုလည်းကောင်း -----</p> <p>ပူးတွဲသိမ်းဆည်းလျက် ရှုပွားသုံးသပ်တော်မူသည်ဟူသော ဥပဒေသ တစ်ရပ်မှာလည်း နာမ်ကမ္မဋ္ဌာန်းကို ရှုပွားလိုသော သာဝကများအတွက် တန်ဖိုးမဖြတ်နုိင်သော ရှေးထုံးဟောင်းကြီး တစ်ရပ်ပင် ဖြစ်သည်။ ဤ၌ ဝတ္ထုအရ <b>ဒွါရ</b>ကိုပင် ဆိုလိုပေသည်။ နာမ်တရားတို့သည် ဆိုင်ရာဆိုင်ရာ <b>ဒွါရ</b>တို့၌ ဆိုင်ရာဆိုင်ရာ အာရုံတို့က ရှေးရှု ကျရောက်ခြင်းကြောင့် (= ထင်ခြင်းသို့ ရောက်ရှိခြင်းကြောင့်) ဖြစ်ပေါ်လာကြ၏။</p> --- <h3>အနီးကပ်ဆုံးသော အတိတ်</h3> <p>ဤအရာဝယ် အတိတ်ရှုမှုနှင့် ပတ်သက်၍ အနည်းငယ် ရှင်းလင်း တင်ပြအပ်ပါသည်။</p> <p>၁။ ဤ၌ အရှုခံ နာမ်တရားတို့မှာ <b>သမာပတ်(၈)ပါး</b> အတွင်း၌ တည်ရှိကြသော <b>စျာနဓမ္မ</b>အမည်ရသည့် နာမ်တရားစုတို့ ဖြစ်ကြ၏။</p> <p>၂။ ရှုတတ်သော ဝိပဿနာဉာဏ်မှာ -----</p> <p><b>သဗ္ဗောပိ ပနေသ ပဘေဒေါ မနောဒွါရိကဇဝနေယေဝ လဗ္ဘတိ။</b>(အဘိ၊ဋ္ဌ၊၂၊၃၈၈။)</p> <p>ဤ အထက်ပါ<b>သမ္မောဟဝိနောဒနီ အဋ္ဌကထာ ဉာဏဝိဘင်း</b> ဖွင့်ဆိုချက်အရ ----</p> <p>(က) <b>ပုထုဇန်</b>နှင့် <b>သေက္ခ အရိယာသူတော်ကောင်း</b>တို့၏ သန္တာန်၌ <b>မဟာကုသိုလ် မနောဒွါရိကဇောဝီထိစိတ်အစဉ်</b> ဖြစ်၍ ,</p> <p>( ခ ) <b>အသေက္ခ = ရဟန္တာအရှင်မြတ်</b>တို့၏ သန္တာန်၌ <b>မဟာကြိယာ မနောဒွါရိကစိတ်အစဉ်</b>များ ဖြစ်ကြ၏။</p> <p>ယခုကဲ့သို့ စျာန်နာမ်တရားတို့ကို ဝိပဿနာရှုရန် အရှုခံနာမ်တရားတို့မှာ <b>စျာနသမာပတ်</b>တရားတို့ ဖြစ်ခြင်းကြောင့် <b>မဟဂ္ဂုတ်</b>တရားတို့ ဖြစ်ကြ၏။ ရှုတတ်သော ဝိပဿနာဉာဏ်မှာ <b>မဟာကုသိုလ် (မဟာကြိယာ)</b> ဖြစ်၍ <b>ကာမာဝစရ</b>တရားများ ဖြစ်ကြ၏။ <b>မဟဂ္ဂုတ်</b>တရားနှင့် <b>ကာမာဝစရ</b>တရားတို့သည် တစ်နည်းဆိုရသော် <b>မဟဂ္ဂုတ်ဇော</b>နှင့် <b>ကာမဇော</b>တို့သည် စိတ္တက္ခဏတစ်ခု အတွင်း၌လည်း အတူယှဉ်တွဲ၍ ဖြစ်နိုင်သည့် စွမ်းအား မရှိကြပေ။ (<b>မဂ္ဂဝီထိ</b>က လွဲလျှင်) <b>အာဝဇ္ဇန်း</b>တစ်ခုသာရှိသည့် <b>ဇောဝီထိစိတ်အစဉ်</b> တစ်ခုအတွင်း၌လည်း မတူကွဲပြားသည့် အာရုံတို့ကို အသီးအသီး အာရုံပြု၍ အတူယှဉ်တွဲ ဖြစ်နိုင်သည့် စွမ်းအားလည်း မရှိကြပေ။ အာရုံချင်း မတူညီသောကြောင့် ဖြစ်၏။</p> <p>ဤ၌ <b>စျာနဓမ္မ</b>အမည်ရသည့် <b>မဟဂ္ဂုတ်</b>တရားတို့ကား <b>ကသိုဏ်းပဋိဘာဂနိမိတ်, အာနာပါနပဋိဘာဂနိမိတ်</b>စသော နိမိတ်တို့ကို အာရုံပြုကြ၏။ ဝိပဿနာဇောတို့ကား ယင်း<b>စျာနသမာပတ်</b>တို့၏ အတွင်း၌ တည်ရှိကြသော <b>စျာနဓမ္မ</b>နာမ်တရားစုတို့ကို အာရုံပြုကြ၏။ <b>ဝီထိစိတ်အစဉ်</b>တစ်ခု အတွင်း၌လည်း <b>အာဝဇ္ဇန်း</b> (= အာရုံကို ဆင်ခြင်သော စိတ်)သည် တစ်မျိုးသာ ရှိ၏။တစ်ခုတည်းသော <b>အာဝဇ္ဇန်း</b>က -----</p> <p>၁။ <b>ကသိုဏ် ပဋိဘာဂနိမိတ်</b> သို့မဟုတ် <b>အာနာပါနပဋိဘာဂနိမိတ်</b>စသော <b>သမထနိမိတ်</b>ကိုလည်းကောင်း,</p> <p>၂။ ယင်း နိမိတ်တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော <b>စျာနဓမ္မ</b> နာမ်တရားစုတို့ကိုလည်းကောင်း ----- ဤအာရုံနှစ်မျိုးလုံးကိုကား တစ်ပြိုင်နက်တည်း အာရုံမပြုနိုင်၊ ဇောတို့မည်သည် <b>အာဝဇ္ဇန်း</b>နှင့် ကင်း၍ ဖြစ်သည့် ထုံးမှာ <b>နိရောဓသမာပတ်</b>မှ အထ၌သာ ရှိ၏။ ကျန် အရာဌာနတို့၌ <b>အာဝဇ္ဇန်း</b>နှင့် ကင်း၍ ဖြစ်ရိုး ဓမ္မတာကား မရှိပေ။ သို့အတွက် အထက်တွင် <b>ဥပရိပဏ္ဏာသ အဋ္ဌကထာ</b>က ရှင်းပြသည့်အတိုင်း -----</p> <p>၁။ အရှုခံ နာမ်တရားနှင့်</p> <p>၂။ ရှုတတ်သည့် နာမ်တရားတို့မှာ -----</p> <p>စိတ္တက္ခဏတစ်ခု အတွင်း၌ သို့မဟုတ် <b>ဇောဝီထိစဉ်</b>တစ်ခု အတွင်း၌ ပြိုင်တူ ဖြစ်ကြသော တရားတို့ကား မဟုတ်ကြပေ။ <b>စျာနသမာပတ္တိဝီထိစဉ်</b>တစ်ခု အတွင်း၌ <b>ပရိကံ ဥပစာ အနုလုံ ဂေါတြဘူ</b>အမည်ရသော <b>ကာမဇော</b>များနောင်၌ ပထမစျာန်စသော <b>မဟဂ္ဂုတ်</b>တရားများ ဖြစ်ကြသည်ကား မှန်၏။ သို့သော် ယင်း <b>စျာနသမာပတ္တိဝီထိစဉ်</b>တစ်ခု အတွင်း၌ တည်ရှိကြသော <b>ကာမဇော</b>နှင့် <b>မဟဂ္ဂုတ်ဇော</b>တို့ကား <b>ကသိုဏ်းပညတ်</b>စသော တူညီသော <b>သမထနိမိတ်</b>ကိုသာ အာရုံပြုကြပေသည်။ အာရုံ ကွဲပြားမှုကား မရှိပေ။</p> <p>သို့အတွက် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြကုန်သော <b>စျာနသမာပတ်</b>တရားများသည် <b>ဥပါဒ်-ဌီ-ဘင်</b> အနေအားဖြင့် ထင်ရှားဖြစ်နေကြချိန်ဝယ် ရှုတတ်သော ဝိပဿနာဉာဏ် ပြဓာန်းသော <b>မဟာကုသိုလ် (မဟာကြိယာ) မနောဒွါရိကဇောဝီထိစိတ်အစဉ်</b>များသည် <b>ဥပါဒ်-ဌီ-ဘင်</b> အနေအားဖြင့် ထင်ရှား မဖြစ်ကြသေးကုန်။ ရှုတတ်သော ဝိပဿနာဉာဏ် ပြဓာန်းသော <b>မဟာကုသိုလ် (မဟာကြိယာ) မနောဒွါရိကဇောဝီထိစိတ်အစဉ်</b>များသည် <b>ဥပါဒ်-ဌီ-ဘင်</b> အနေအားဖြင့် ထင်ရှား ဖြစ်ပေါ်လာကြသော အချိန်အခါ၌လည်း အရှုခံနာမ်တရား များဖြစ်ကြသည့် <b>စျာနဓမ္မ</b> (= <b>စျာနသမာပတ်</b>) နာမ်တရားစုတို့သည် <b>ဥပါဒ်- ဌီ-ဘင်</b>အားဖြင့် ထင်ရှား မရှိကြတော့ပြီ ဖြစ်ကုန်၏။ သို့အတွက် ဘုရားရှင်က -----</p> <p><b>သော တာယ သမာပတ္တိယာ သတော ဝုဋ္ဌဟတိ၊ သော တာယ သမာပတ္တိယာ သတော ဝုဋ္ဌဟိတွာ ယေ ဓမ္မာ အတီတာ နိရုဒ္ဓါ ဝိပရိဏတာ၊ တေ ဓမ္မေ သမနုပဿတိ ဧဝံ ကိရမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ ဟုတွာ ပဋိဝေန္တီတိ။</b> (မ၊၃၊၇၈။)</p> <p>= ထို သာရိပုတ္တရာသည် ထို<b>နေဝသညာနာသညာယတနသမာပတ်</b>မှ <b>သတိ ပညာ</b>နှင့် ပြည့်စုံ၍ ထ၏။ ထို သာရိပုတ္တရာသည် ထို<b>နေဝသညာနာသညာယတနသမာပတ်</b>မှ <b>သတိ ပညာ</b>နှင့် ပြည့်စုံ၍ ထပြီးလျှင် လွန်ကုန်ပြီး ချုပ်ကုန်ပြီး ဖောက်ပြန်ပျက်စီးကုန်ပြီးသော <b>နေဝသညာနာသညာယတနစျာနဓမ္မ</b> နာမ်တရားစုတို့ကို ----- ဤသို့လျှင် ဤ<b>စျာနဓမ္မ</b> နာမ်တရားစုတို့သည် ရှေးက ထင်ရှား မရှိကြကုန်ဘဲ ယခုမှ ရုတ်ခြည်း အသစ် ဖြစ်ပေါ်လာကြကုန်၏၊ ဖြစ်ပြီးလျှင် ရုတ်ခြည်း ချုပ်ပျက်ကုန်၏ ------ ဟု ယင်း<b>စျာနဓမ္မ</b> နာမ်တရားစုတို့ကို ပေါင်းစုခြုံငုံလျက် အပေါင်းအစုအားဖြင့် (<b>ကလာပသမ္မသန</b>နည်းအားဖြင့်) ဝိပဿနာရှု၏။ -----</p> <p>ဤသို့ စသည်ဖြင့် ဟောကြားထားတော်မူခြင်း ဖြစ်ပေသည်။ ဤရှုကွက်မှာ အနီးကပ်ဆုံးသော ချုပ်ပျက်ကုန်ပြီးသော အတိတ်တရားစုတို့ကို ဝိပဿနာဉာဏ်ဖြင့် ရှု၍ရနိုင်သည့် ကျောက်စာတိုင်ကဲ့သို့ လှုပ်ရှား၍ မရနိုင်လောက်အောင် မြဲခိုင်လှသည့် ရှေးဟောင်းထုံးကြီးတစ်ရပ် ဥပဒေသတစ်ရပ်ပင် ဖြစ်ပေသည်။ <b>ကျောက်ထီးတန္တု</b> အလေးဂရုပြုထိုက်သည့် <b>ဘုရားဟော ဗုဒ္ဓပါဝစန</b>ကြီးပင် ဖြစ်ပေသည်။</p> <h3>ကာမာဝစရနာမ်တရားတို့ကိုလည်း ဝိပဿနာရှုရန်</h3> <p>စျာန်နာမ်တရားတို့ကိုသာ သိမ်းဆည်းကာ ဝိပဿနာရှုရသည် မဟုတ်သေး၊ ကာမာဝစရ နာမ်တရားတို့ကိုလည်း ဝိပဿနာရှုရန် ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာက (ဝိသုဒ္ဓိ၊၂၊၂၅၂-၂၅၃။) ဤသို့လည်း ဖွင့်ဆိုထားပေသည်။</p> <p>တစ်ဖန် ရုပ်တရားကို လက္ခဏာယာဉ် တင်၍ ဝိပဿနာ ရှုပွားသုံးသပ်သော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ရုပ်တရား၏ ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာကို ရှုအပ်သကဲ့သို့ အလားတူပင် နာမ်တရားကိုလည်း လက္ခဏာယာဉ် တင်ကာ ဝိပဿနာရှုပွားသုံးသပ်သော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် နာမ်တရား၏ ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာကိုလည်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုရမည်သာ ဖြစ်သည်။ ထိုနာမ်တရား၏ ဖြစ်ခြင်း = နိဗ္ဗတ္တိလက္ခဏာကိုလည်း (လောကုတ္တရာတရားများ၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ မဟုတ်ကြသဖြင့် ဝိပဿနာရှုပွားရမည့် အရာမဟုတ်သောကြောင့်) (၈၁)မျိုးသော လောကီစိတ္တုပ္ပါဒ် (= လောကီ စိတ် စေတသိက်)၏ အစွမ်းဖြင့်သာလျှင် ဝိပဿနာရှုပွားသုံးသပ်အပ်ပေသည်။ ဤလောကီ စိတ္တုပ္ပါဒ်၏ အစွမ်းဖြင့် ရှုပွားသုံးသပ်ရသော ဝိပဿနာဟူသည် အဘယ်နည်း ဟူမူကား အကျယ်မှာ ဤသို့ဖြစ်၏။ -----</p> <p>ဤ နာမ်တရားတို့မည်သည်ကား ရှေးဘဝ၌ အားထုတ်အပ်သော ကံ၏ အစွမ်းဖြင့် ပဋိသန္ဓေအခါ၌ (၁၉)မျိုးသော ပဋိသန္ဓေစိတ်တို့တွင် တစ်မျိုးမျိုးသော စိတ်သည် ဘဝတစ်ခုဝယ် ပဋိသန္ဓေစိတ် အဖြစ်ဖြင့် စတင်၍ ဖြစ်ပေါ်လာ၏။ ဖြစ်ပေါ်လာပုံ အခြင်းအရာကို ပဋိစ္စသမုပ္ပါဒ်ပိုင်း (ဝိသုဒ္ဓိ၊၂၊ ၁၇၇-၁၉၂။)တွင် ရှင်းလင်းတင်ပြသည့်အတိုင်းသာ သိရှိပါလေ။ ထိုပဋိသန္ဓေစိတ်သည်ပင်လျှင် ယင်းပဋိသန္ဓေစိတ္တက္ခဏ၏ အခြားမဲ့ဖြစ်သော စိတ်မှ စ၍ ဘဝင်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ အသက်၏ အဆုံး၌ စုတိ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ အကယ်၍ ထိုပဋိသန္ဓေစိတ်သည် ကာမာဝစရစိတ် ဖြစ်အံ့၊ ထိုကာမာဝစရ ပဋိသန္ဓေစိတ် (၁၀)မျိုးသည် ဒွါရ (၆)ပါးတို့၌ အားရှိသော (= ဗလဝ) အာရုံ၌ တဒါရုံ၏ အစွမ်းဖြင့် (= ဇောယူသည့် အာရုံကိုပင် ဆက်လက် ယူတတ်သည့် တဒါရုံစိတ်၏ အစွမ်းဖြင့်) ဖြစ်ပေါ်လာ၏။</p> <p>တစ်ဖန် ပဝတ္တိအခါဝယ် ဖြစ်ပုံအခြင်းအရာကို ဤသို့ ဆက်လက် ဖွင့်ဆိုထားပြန်၏။ -----</p> <p><b>ပဝတ္တေ ပန အသမ္ဘိန္နတ္တာ စက္ခုဿ အာပါထဂတတ္တာ ရူပါနံ အာလောကသန္နိဿိတံ မနသိကာရဟေတုကံ စက္ခုဝိညာဏံ နိဗ္ဗတ္တတိ သဒ္ဓိံ သမ္ပယုတ္တဓမ္မေဟိ။ စက္ခုပသာဒဿ ဟိ ဌိတိက္ခဏေ ဌိတိပ္ပတ္တမေဝ ရူပံ စက္ခုံ ဃဋ္ဋေတိ။ တသ္မိံ ဃဋ္ဋိတေ ဒွိက္ခတ္တုံ ဘဝင်္ဂ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ။ တတော တသ္မိံ ယေဝ အာရမ္မဏေ ကိရိယမနောဓာတု အာဝဇ္ဇနကိစ္စံ သာဓယမာနာ ဥပ္ပဇ္ဇတိ။ တဒနန္တရံ တဒေဝ ရူပံ ပဿမာနံ ကုသလဝိပါကံ အကုသလဝိပါကံ ဝါ စက္ခုဝိညာဏံ။ တတော တဒေဝ ရူပံ သမ္ပဋိစ္ဆမာနာ ဝိပါကမနောဓာတု။ တတော တဒေဝ ရူပံ သန္တီရယမာနာ ဝိပါကာဟေတုကမနောဝိညာဏဓာတု။ တတော တဒေဝ ရူပံ ဝဝတ္ထာပယမာနာ ကိရိယာဟေတုကမနောဝိညာဏဓာတု ဥပေက္ခာသဟဂတာ။ တတော ပရံ ကာမာဝစရကုသလာကုသလကိရိယစိတ္တေသု ဧကံ ဝါ ဥပေက္ခာသဟဂတာဟေတုကံ စိတ္တံ ပဉ္စ သတ္တ ဝါ ဇဝနာနိ။ တတော ကာမာဝစရသတ္တာနံ ဧကာဒသသု တဒါရမ္မဏစိတ္တေသု ဇဝနာနုရူပံ ယံကိဉ္စိ တဒါရမ္မဏန္တိ။ ဧသ နယော သေသဒွါရေသုပိ။ မနောဒွါရေ ပန မဟဂ္ဂတစိတ္တာနိပိ ဥပ္ပဇ္ဇန္တီတိ။ ဧဝံ ဆသု ဒွါရေသု အရူပဿ နိဗ္ဗတ္တိ ပဿိတဗ္ဗာ။</b> (ဝိသုဒ္ဓိ၊၂၊၂၅၂-၂၅၃။)</p> <p>= တစ်ဖန် ပဝတ္တိအခါဝယ် စက္ခုပသာဒ မပျက်စီးသေးသည့် သတ္တဝါတို့ သန္တာန်ဝယ် စက္ခုပသာဒ၏ မပျက်စီးသေးသည်၏ အဖြစ်ကြောင့် စက္ခုပသာဒ, ရူပါရုံ, အာလောက, မနသိကာရစသော အကြောင်းတရားများကို အစွဲပြု၍ ဌီကာလသို့ ရောက်ရှိနေသော ရူပါရုံက ဌီကာလသို့ ရောက်ရှိနေသော စက္ခုပသာဒနှင့် အိမ်ရှင် ဘဝင်အကြည်ဓာတ် = မနောဒွါရတို့ကို ပြိုင်တူ ရိုက်ခတ်သောအခါ အာလောက (= အလင်းရောင်)ကို မှီသော, မနသိကာရ (= ပဉ္စဒွါရာဝဇ္ဇန်းစိတ္တုပ္ပါဒ်)လျှင် အကြောင်းရင်းရှိသော စက္ခုဝိညာဏ်စိတ်သည် ယှဉ်ဖက် စေတသိက် (= သမ္ပယုတ်တရား)တို့နှင့် အတူတကွ ဖြစ်ပေါ်၍လာ၏။</p> <p>ချဲ့၍ဆိုဦးအံ့ ----- စက္ခုပသာဒ၏ ဌီခဏ၌ ဌီခဏသို့ ရောက်သည်သာလျှင်ဖြစ်သော ရူပါရုံသည် စက္ခုပသာဒကို (= စက္ခုအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို) ထိခိုက်မိ၏။ ထိုရူပါရုံသည် စက္ခုဒွါရ မနောဒွါရ၌ ထိခိုက်သည်ရှိသော် ဘဝင်နှစ်ကြိမ် ဖြစ်၍ ချုပ်၏။ ထိုဘဝင် ချုပ်သည်မှ နောက်ကာလ၌ ထိုရူပါရုံ၌ပင်လျှင် (= ထိုရူပါရုံကို အာရုံပြု၍ပင်လျှင်) ကိရိယာမနောဓာတ်အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ရူပါရုံကို ဆင်ခြင်ခြင်း ကိစ္စကို ပြီးစေလျက် ယှဉ်ဖက် သမ္ပယုတ်တရားတို့နှင့် အတူတကွ ဖြစ်ပေါ်လာ၏။ ထို ပဉ္စဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ ထိုရူပါရုံကိုပင် မြင်သိတတ်သော (ယင်း ရူပါရုံသည် ဣဋ္ဌာရုံ ဖြစ်သော်) ကုသလဝိပါက်မူလည်း ဖြစ်သော (ယင်းရူပါရုံသည် အနိဋ္ဌာရုံ ဖြစ်သော်) အကုသလဝိပါက်မူလည်း ဖြစ်သော စက္ခုဝိညာဏ်စိတ်သည် သမ္ပယုတ်တရားတို့နှင့် အတူတကွ ဖြစ်ပေါ်လာ၏။ ထိုသို့ စက္ခုဝိညာဏ်စိတ် ဖြစ်သည်မှ နောက်ကာလ၌ ထိုရူပါရုံကိုပင်လျှင် ခံလင့်သကဲ့သို့သော ဝိပါက်မနောဓာတ်အမည်ရသော (ကုသလဝိပါက် သို့မဟုတ် အကုသလဝိပါက်) သမ္ပဋိစ္ဆိုန်းစိတ်သည် သမ္ပယုတ်တရားတို့နှင့် အတူတကွ ဖြစ်ပေါ်လာ၏။ ထို သမ္ပဋိစ္ဆိုန်းစိတ် ဖြစ်သည်မှ နောက်ကာလ၌ ထိုရူပါရုံကိုပင်လျှင် စုံစမ်းလင့်သကဲ့သို့သော (ကုသလဝိပါက် သို့မဟုတ် အကုသလဝိပါက် ဖြစ်သော) ဝိပါက် အဟိတ် မနောဝိညာဏဓာတ်အမည်ရသော သန္တီရဏစိတ်သည် ဖြစ်ပေါ်လာ၏။ ထို သန္တီရဏစိတ် ဖြစ်သည်မှ နောက်ကာလ၌ ထိုရူပါရုံကိုပင်လျှင် ဣဋ္ဌ သို့မဟုတ် အနိဋ္ဌ စသည်ဖြင့် ပိုင်းခြားမှတ်သား ဆုံးဖြတ်လင့်သကဲ့သို့သော ကြိယာ အဟိတ် မနောဝိညာဏဓာတ်အမည်ရသော ဥပေက္ခာသဟဂုတ် ဝုဋ္ဌောစိတ်သည် ဖြစ်ပေါ်လာ၏။ ထို ဝုဋ္ဌောစိတ် ဖြစ်သည်မှ နောက်ကာလ၌ ကာမာဝစရ ကုသိုလ် အကုသိုလ် ကြိယာစိတ်တို့တွင် တစ်မျိုးမျိုးသော စိတ်သည် (ယောနိသောမနသိကာရ အယောနိသောမနသိကာရ အားလျော်စွာ) ငါးကြိမ်သော်လည်းကောင်း ခုနှစ်ကြိမ်သော်လည်းကောင်း ဇောကိစ္စကို ဆောင်ရွက်ကုန်သည် ဖြစ်၍ ဖြစ်ပေါ်လာ၏။ တစ်ကြိမ်သော မနောဒွါရာဝဇ္ဇန်း (= ဝုဋ္ဌော) စိတ်သည်သော်မူလည်း ဇောအရာ၌ ဖြစ်ပေါ်လာတတ်၏။ [ဇော မစောတော့ဘဲ ဝုဋ္ဌောစိတ် (= မနောဒွါရာဝဇ္ဇန်းစိတ်) နှစ်ကြိမ် ဖြစ်မှုကို ရည်ရွယ်၍ မိန့်ဆိုခြင်း ဖြစ်သည်။) ထိုဇောစိတ် ချုပ်သည်မှ နောက်ကာလ၌ ကာမာဝစရသတ္တဝါတို့၏ သန္တာန်ဝယ် (၁၁)မျိုးကုန်သော တဒါရုံစိတ်တို့တွင် ဇောအားလည်းကောင်း, အာရုံအားလည်းကောင်း လျော်စွာ အမှတ်မရှိ တစ်မျိုးမျိုးသော တဒါရုံစိတ်သည် ဖြစ်ပေါ်လာ၏။ ဤသို့ ဖြစ်ပေါ်လာသော ဝီထိစိတ်အစဉ်များကို သမ္ပယုတ်တရားတို့နှင့် အတူတကွ ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုပါ။</p> <p>စက္ခုဒွါရမှ ကြွင်းကုန်သော သောတဒွါရစသည့် ပဉ္စဒွါရတို့၌လည်း ဤနည်းကို သိရှိပါလေ။ မနောဒွါရ၌ကား ဇောအရာဝယ် ကာမဇောတို့တွင်သာမက မဟဂ္ဂုတ်ဇောတို့သည်လည်း ဖြစ်နိုင်ကြကုန်၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့လျှင် ဒွါရခြောက်ပါးတို့၌ နာမ်တရား၏ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုပါ။ (ဝိသုဒ္ဓိ၊၂၊ ၂၅၂-၂၅၃။) အလားတူပင် (ဒီ၊ဋ္ဌ၊၁၊၁၇၄။ မ၊ဋ္ဌ၊၁၊၂၆၆-၂၆၇။ သံ၊ဋ္ဌ၊၃၊၂၂၆-၂၂၇။ အဘိ၊ဋ္ဌ၊၂၊၃၄၁။)တို့၌လည်း စက္ခုဒွါရဝီထိ စသည့် နာမ်တရားစုတို့ကို ထိုကဲ့သို့ပင် သိမ်းဆည်းရန် ညွှန်ကြားထားပေသည်။</p> --- <h3>ဒွါရနှစ်ပါး၌ ထင်ပုံ</h3> <p><b>တတ္ထ ဧကေကံ အာရမ္မဏံ ဒွီသု ဒွီသု ဒွါရေသု အာပါထမာဂစ္ဆတိ။ ရူပါရမ္မဏ ဉှိ စက္ခုပသာဒံ ဃဋ္ဋေတွာ တင်္ခဏညေဝ မနောဒွါရေ အာပါထမာဂစ္ဆတိ၊ ဘဝင်္ဂစလနသာ ပစ္စယော ဟောတီတိ အတ္ထော။ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရမ္မဏေသုပိ ဧသေဝ နယော။</b> (အဘိ၊ဋ္ဌ၊၁၊၁၁၄။)</p> <p>= ရူပါရုံ စသည့် အာရုံငါးမျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံသည် နှစ်မျိုးနှစ်မျိုးကုန်သော ဒွါရတို့၌ ထင်ခြင်းသို့ ရောက်၏။ မှန်ပေသည် ----- ရူပါရုံသည် စက္ခုပသာဒ (= စက္ခုဒွါရ)ကို ထိခိုက်ပြီးသော် ထိုခဏ၌ပင်လျှင် မနောဒွါရ၌ ထင်ခြင်းသို့ ရောက်၏။ ဘဝင်္ဂစလန (= ဘဝင်လှုပ်ခြင်း)၏ အကြောင်းတရား ဖြစ်၏ဟု ဆိုလို၏။ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံဖောဋ္ဌဗ္ဗာရုံတို့၌လည်း ဤနည်းပင်တည်း။ (အဘိ၊ဋ္ဌ၊၁၊၁၁၄။)</p> --- <h3>မနောဒွါရနှင့် ဟဒယဝတ္ထု</h3> <p><b>မနောတိ ဘဝင်္ဂစိတ္တံ။</b> (သံ၊ဋ္ဌ၊၃၊၅။)</p> <p><b>မနောတိ သဟာဝဇ္ဇနေန ဘဝင်္ဂံ ဒဋ္ဌဗ္ဗံ။</b> (သံ၊ဋ္ဌ၊၃၊၅။)</p> <p><b>မနောဒွါရံနာမ သာဝဇ္ဇနံ ဘဝင်္ဂံ။ တဿ နိဿယဘာဝတော ဟဒယဝတ္ထုံ သန္ဓာယ နိဿိတ ဝေါဟာရေန မနောဒွါရေတိ ဝုတ္တံ၊ ယတ္ထ မနောဒွါရုပ္ပတိ။</b> (မဟာဋီ၊၂၊၄၁၀။)</p> <p>ဤ အထက်ပါ ဖွင့်ဆိုချက်များနှင့် အညီ -----</p> <p>၁။ ဘဝင်မနော အကြည်ဓာတ်သည်လည်း မနောဒွါရ မည်၏။</p> <p>၂။ မနောဒွါရာဝဇ္ဇန်းနှင့် တကွသော ဘဝင်မနောအကြည်ဓာတ်သည်လည်း မနောဒွါရ မည်၏။</p> <p>၃။ ဟဒယဝတ္ထုရုပ်သည်လည်း ဌာနူပစာရအားဖြင့် မနောဒွါရ မည်၏။</p> <p>ဌာနူပစာရ ----- ဝိသုဒ္ဓိမဂ္ဂ အဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၅၉)၌ မနောဒွါရ၌ ရုပ် (၅၄)မျိုးတို့ ရှိကြောင်းကို ဖွင့်ဆိုထား၏။ ယင်းသို့ ဖွင့်ဆိုတော်မူချက်နှင့် ပတ်သက်၍ မဟာဋီကာဆရာတော်က ----- မနောဒွါရအမည်ရသော မနောဒွါရာဝဇ္ဇန်းနှင့် တကွသော ဘဝင်စိတ်၏ မှီရာဖြစ်သောကြောင့် ဟဒယဝတ္ထုကို ရည်ရွယ်၍ မှီတတ်သော ဘဝင်မနောအကြည်ဓာတ်၏ ဝေါဟာရဖြင့် တစ်နည်း မှီတတ်သော ဘဝင်မနောအကြည်ဓာတ်နှင့် အာဝဇ္ဇန်းတို့၏ ဝေါဟာရဖြင့် မနောဒွါရဟု ဖွင့်ဆိုခြင်း ဖြစ်သည်။ ယင်း ဟဒယဝတ္ထု၌ မနောဒွါရကား မှီ၍ ဖြစ်ပေသည်။ (မဟာဋီ၊၂၊၄၁၀။)</p> <p>ဌာနီဖြစ်သော ဘဝင်မနောအကြည်ဓာတ်၏ မနောဒွါရဟူသော အမည်ကို တစ်နည်း ဌာနီဖြစ်သော မနောဒွါရာဝဇ္ဇန်းနှင့် တကွသော ဘဝင်မနောအကြည်ဓာတ်၏ မနောဒွါရဟူသော အမည်ကို ဟဒယဝတ္ထု၌ တင်စား၍ ဌာနဖြစ်သော ဟဒယဝတ္ထုကိုလည်း ဌာနူပစာရအားဖြင့် မနောဒွါရဟု ခေါ်ဝေါ်သုံးစွဲထားသည်ဟု ဆိုလိုပေသည်။</p> --- <h3>ဒွါရနှင့် အာရုံကို ပူးတွဲသိမ်းဆည်းပါ</h3> <p>ဤအထက်တွင် တင်ပြထားသော အရပ်ရပ်သော စည်းမျဉ်းဥပဒေသများ ညွှန်ကြားချက်များနှင့် အညီ နာမ်ကမ္မဋ္ဌာန်းကို အားသစ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ဤသို့ လိုက်နာပြုကျင့်ပါ။</p> <p>စက္ခုဒွါရဝီထိ နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားလိုသော ယောဂါဝစရ ပုဂ္ဂိုလ်သည် -----</p> <p>၁။ စက္ခုဒွါရနှင့် မနောဒွါရကို ပူးတွဲ သိမ်းဆည်းပါ။</p> <p>၂။ မိမိ ရှုပွားလိုသည့် ရုပ်တရားတို့၏ ရူပါရုံ အရောင်ကို လှမ်း၍ အာရုံယူပါ။</p> <p>၃။ ယင်း ရူပါရုံအရောင်က စက္ခုဒွါရ မနောဒွါတို့၌ ရှေ့ရှု ရိုက်ခတ်လာသောအခါ, ထင်လာသောအခါ -----</p> <p>ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ် သမ္ပဋိစ္ဆိုန်း သန္တီရဏ ဝုဋ္ဌော ဇော (၇)ကြိမ် တဒါရုံ (၂)ကြိမ်ဟူသော ဝီထိစိတ်တို့ကို ယှဉ်ဖက် သမ္ပယုတ်တရားတို့နှင့် အတူတကွ သိမ်းဆည်းပါ၊ သောတဒွါရ စသည်တို့၌လည်း နည်းမှီ၍ သဘောပေါက်ပါ။</p> <p>အထက်တွင် တင်ပြခဲ့သော အဋ္ဌသာလိနီ အဋ္ဌအထာ၏ ညွှန်ကြားချက်အရ ကာမာဝစရနာမ်တရားတို့ကို သိမ်းဆည်းရာ၌ <b>တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္ဇံ</b> ...(အဘိ၊ဋ္ဌ၊၁၊၂၇၁။)စသည်ဖြင့် ညွှန်ကြားထားတော်မူသည့်အတွက် ရူပါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံနှင့် ဓမ္မာရုံအမည်ရသည့် ပသာဒရုပ် သုခုမရုပ်တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို ဦးစားပေးကာ သိမ်းဆည်းရမည် ဖြစ်ပေသည်။</p> <p>ဓမ္မာရုံအမည်ရသည့် နာမ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော မနောဒွါရဝီထိ နာမ်တရားစုတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် -----</p> <p>၁။ ဘဝင်မနောအကြည်ဓာတ်, မနောဒွါရကိုလည်းကောင်း,</p> <p>၂။ မိမိ ရှုပွားလိုသည့် အာရုံရုပ်ကိုလည်းကောင်း (= ပသာဒရုပ် သုခုမရုပ်တို့တွင် တစ်မျိုးမျိုးသော ရုပ်ကိုလည်းကောင်း ပူးတွဲသိမ်းဆည်းလျက် ယင်း ရုပ်တရားကို အာရုံပြု၍ ဘဝင်မနော အကြည်ဓာတ်ကို အစွဲပြု၍ ယောနိသောမနသိကာရ သို့မဟုတ် အယောနိသောမနသိကာရ အားလျော်စွာ ဖြစ်ပေါ်လာကြကုန်သော မနောဒွါရိကဇောဝီထိ စိတ်အစဉ်တို့ကို ယှဉ်ဖက် သမ္ပယုတ်တရားတို့နှင့် အတူတကွ သိမ်းဆည်းပါ။</p> <p>အကယ်၍ စျာန်သမာပတ်တရား (= စျာနဓမ္မ)တို့ကို သိမ်းဆည်းရှုပွားလိုသည်ဖြစ်အံ့ ----- ရှေဦး မိမိ ရှုလိုသည့် စျာန်ကို ဝင်စားပြီးလျှင် စျာန်မှ ထကာ -----</p> <p>၁။ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကိုလည်းကောင်း,</p> <p>၂။ မိမိ ရှုပွားလိုသည့် ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်စသည့် သမထနိမိတ် တစ်ခုခုကိုလည်းကောင်း,</p> <p>ပူးတွဲ သိမ်းဆည်းကာ စျာနဓမ္မနာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားရမည် ဖြစ်သည်။ ယင်း သမထနိမိတ်က ဘဝင်မနောအကြည်ဓာတ်၌ ထင်လာသောအခါ ယင်း စျာန်နာမ်တရားတို့ကို သိမ်းဆည်းပါဟု ဆိုလိုသည်။</p> --- <h3>အာယတနဒွါရအလိုက် သိမ်းဆည်းပါ</h3> <p>ကာယဒွါရ, ဝစီဒွါရ, မနောဒွါရဟူသော ဒွါရသုံးပါးကို ကမ္မဒွါရဟု ခေါ်ဆို၍ စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရ မနောဒွါရဟူသော ဒွါရ (၆)ပါးကို အာယတနဒွါရဟု ခေါ်ဆိုပေသည်။ (မဟာဋီ၊၂၊၄၁၀။) နာမ်တရားတို့ကို သိမ်းဆည်းလိုသော ဉာဏ်ဖြင့် ပိုင်းခြားယူလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်တရားတို့ကို မှီရာဝတ္ထုအလိုက် သိမ်းဆည်းခြင်းမှာ ရောယှက်ရှုပ်ထွေးခြင်း ရှိသဖြင့် အာယတနဒွါရအလိုက် နာမ်တရားတို့ကို သိမ်းဆည်းရန် အဋ္ဌကထာများက (ဝိသုဒ္ဓိ၊၂၊၂၂၃။ အဘိ၊ဋ္ဌ၊၂၊၂၄၁။ မဟာဋီ၊၂၊၃၅၂။) ညွှန်ကြားထားတော်မူကြ၏။</p> <p>ဝတ္ထုရုပ် (၆)မျိုးတို့တွင် ဟဒယဝတ္ထုကား အာရုံ (၆)ပါးလုံးကို ထိုက်သလို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ပဉ္စဝိညာဏ်မှ တစ်ပါးကုန်သော မနောဓာတ် မနောဝိညာဏဓာတ်အမည်ရကြသည်။ ဝီထိစိတ်တို့၏ မှီ၍ဖြစ်ရာ ဝတ္ထုရုပ်လည်း ဖြစ်၏။ ပဋိသန္ဓေ, ဘဝင်, စုတိဟူသော ဝီထိမုတ်စိတ်တို့၏ မှီ၍ဖြစ်ရာ ဝတ္ထုရုပ်လည်း ဖြစ်၏။ သို့ဖြစ်၍ မှီရာဝတ္ထုအလိုက် နာမ်တရားတို့ကို သိမ်းဆည်းရှုပွားခဲ့သော် အာရုံ (၆)ပါးလုံးကို ထိုက်သလို အာရုံပြုနေကြသည့် သိနေကြသည့် ဝီထိစိတ်တို့သည် ဟဒယဝတ္ထု၌ မှီ၍ဖြစ်နေကြသဖြင့် ရောယှက်ရှုပ်ထွေးမှုကား ရှိနေ၏။ ထို့ကြောင့် ထိုသို့ ရောယှက်ရှုပ်ထွေးမှု ကင်းစေရန် စက္ခုဒွါရ, သောတဒွါရစသော အာယတနဒွါရအလိုက် ဝီထိစိတ်အစဉ်ဟူသော စိတ္တနိယာမလမ်းကြောင်းအတိုင်း သိမ်းဆည်းရှုပွားရန် အဋ္ဌကထာများက ညွှန်ကြားထားတော်မူခြင်း ဖြစ်သည်။</p> --- <h3>ရိုသေစွာ လိုက်နာရမည့် စည်းကမ်းတစ်ရပ်</h3> <p>ထိုသို့ အာယတနဒွါရအလိုက် နာမ်တရားတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ယင်းအာယတနဒွါရအမည်ရသည့် ရုပ်တရားတို့ကိုလည်းကောင်း, အာရုံရုပ်တရားတို့ကိုလည်းကောင်း ကောင်းမွန်စင်ကြယ်စွာ သိမ်းဆည်းထားပြီး ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီး ဖြစ်ရမည်ဖြစ်ကြောင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက အောက်ပါအတိုင်း အလေးအနက် ဖွင့်ဆိုထားပေသည်။ -----</p> <p><b>ယသ္မာ စ ဧဝံ သုဝိသုဒ္ဓရူပပရိဂ္ဂဟေဿဝ တဿ အရူပဓမ္မာ ကီဟာကာရေဟိ ပါကဋာ ဟောန္တိ။ တသ္မာ သုဝိသုဒ္ဓရူပပရိဂ္ဂဟေနေဝ အရူပပရိဂ္ဂဟာယ ယောဂေါကာတဗ္ဗော၊ န ဣတေရန။ သ စေ ဟိ ဧကသ္မိံ ဝါ ရူပဓမ္မေ ဥပဋ္ဌိတေ ဒွီသု ဝါ ရူပံ ပဟာယ အရူပပရိဂ္ဂဟံ အာရဘတိ၊ ကမ္မဋ္ဌာနတော ပရိဟာယတိ၊ ပထဝီကသိဏဘာဝနာယ ဝုတ္တပ္ပကာရာ ပဗ္ဗတေယျာဂါဝီ ဝိယ။ သုဝိသုဒ္ဓရူပပရိဂ္ဂဟဿ ပန အရူပပရိဂ္ဂဟာယ ယောဂံ ကရောတော ကမ္မဋ္ဌာနံ ဝုဒ္ဓံ ဝိရူဠိံ ဝေပုလ္လံ ပါပုဏာတိ။</b> (ဝိသုဒ္ဓိ၊၂၊၂၂၇။)</p> <p>= ဤသို့လျှင် ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းထားပြီးသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်အားသာလျှင် -----</p> <p>၁။ ဖဿက စ၍ နာမ်တရားတို့ ထင်ရှားလာသော နည်း,</p> <p>၂။ ဝေဒနာက စ၍ နာမ်တရားတို့ ထင်ရှားလာသော နည်း,</p> <p>၃။ အသိစိတ် ဝိညာဏ်က စ၍ နာမ်တရားတို့ ထင်ရှားလာသော နည်း-----</p> <p>ဟူသော နာမ်တရားတို့ကို သိခြင်း၏ နာမ်တရားတို့၏ ဉာဏ်အား ရှေးရှုထင်ခြင်း၏ အကြောင်းတရားသုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အကြောင်း အခြင်းအရာအားဖြင့် နာမ်တရားတို့သည် ထင်ရှားလာကုန်သောကြောင့် ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို သိမ်းဆည်းပြီးသော ဉာဏ်ဖြင့် ပိုင်းခြားယူပြီးသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည်သာလျှင် နာမ်တရားကို သိမ်းဆည်းခြင်းငှာ ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းငှာ ကြိုးစားအားထုတ်ခြင်း လုံ့လပယောဂကို ပြုသင့်ပြုထိုက်ပေ၏။ ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို မသိမ်းဆည်းရသေးသော ဉာဏ်ဖြင့် ပိုင်းခြားမယူရသေးသော ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်တရားကို သိမ်းဆည်းခြင်းငှာ ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းငှာ ကြိုးစားအားထုတ်ခြင်း လုံ့လပယောဂကို မပြုသင့် မပြုထိုက်ပေ။ ပြုခဲ့သော် အပြစ်ကား ဤသို့တည်း။ ----- ရုပ်ဓာတ်တစ်လုံးလောက်, သို့မဟုတ် ရုပ်ဓာတ် နှစ်လုံးလောက် အသိဉာဏ်၌ ထင်လာရုံမျှဖြင့် ရုပ်ကမ္မဋ္ဌာန်းကို (=ရုပ်တရားကို) သိမ်းဆည်းခြင်း လုပ်ငန်းရပ်ကို စွန့်ပယ်ထားခဲ့၍ နာမ်တရားကို သိမ်းဆည်းခြင်းကို (= ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း ရှုပွားသုံးသပ်ခြင်းကို) အကယ်၍ ကြိုးစား အားထုတ်ခဲ့သည် ဖြစ်ငြားအံ့၊ ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ်ပျက်စီးတတ်၏။ ပထဝီကသိုဏ်းဘာဝနာပိုင်း၌ ဖွင့်ဆိုရေးသားအပ်ခဲ့ပြီးသော တောင်၌ ကျက်စားသော မလိမ္မာသော ကျက်စားရာစားကျက်အကြောင်းကို မသိနားမလည်သော နွားမိုက်မကဲ့သို့ ဆုတ်ယုတ်ပျက်စီးတတ်၏။ အလျော်အားဖြင့်ဆိုရမူ ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို သိမ်းဆည်းခြင်း ရှိပြီးသည်ဖြစ်၍ နာမ်တရားကို သိမ်းဆည်းခြင်းငှာ ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း ရှုပွားခြင်းငှာ ကြိုးစားအားထုတ်ခြင်း လုံ့လပယောဂကို ပြုလုပ်သော ယောဂါဝစရပုဂ္ဂိုလ်အား ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းသည် မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင်သည့်တိုင်အောင် ကြီးပွားခြင်းသို့ စည်ပင်ခြင်းသို့ ပြန့်ပြောသော အဖြစ်သို့ ရောက်ရှိနိုင်၏။ (ဝိသုဒ္ဓိ၊၂၊၂၂၇။)</p> <p>ဘုရားရှင်သည် အင်္ဂုတ္တိုရ်ပါဠိတော် ဂါဝီဥပမာသုတ္တန် (အံ၊၃၊၂၁၆။)၌ ပထမစျာန်စသည့် အောက်အောက်သော စျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် မလေ့လာအပ်သေးဘဲလျက် ဒုတိယစျာန်စသော အထက်အထက်သော စျာန်ကို ကူးခဲ့သော် ဒုတိယစျာန်စသော အထက်အထက်သော စျာန်မှလည်း လျောကျတတ်၍ ရရှိပြီးသော ပထမစျာန်စသော အောက်အောက်သော စျာန်သည်လည်း ပျက်စီးတတ်ကြောင်းကို တောင်၌ ကျက်စားသော မလိမ္မာသော နွားမိုက်မကို စံထား၍ ဟောကြားထားတော်မူခဲ့၏။ ဤဥပမာကိုပင် ယူဆောင်၍ ဤနာမရူပပရိစ္ဆေဒဉာဏ်ပိုင်း ဒိဋ္ဌိဝိသုဒ္ဓိစခန်း၌လည်း အဋ္ဌကထာဆရာတော်က ထပ်မံ ဖွင့်ဆိုတော်မူပြန်သည်။ ဆိုလိုရင်းသဘောတရားကို မဟာဋီကာဆရာတော်က အောက်ပါအတိုင်း ရှင်းလင်းတင်ပြထားပေသည်။ -----</p> <p>အောက်အောက်ဖြစ်သော စျာန်သည် ကောင်းစွာ ပွားများစေအပ်ပြီးသည်ဖြစ်၍ ဝသီဘော်ငါးတန် နိုင်နင်းသည်၏အဖြစ်သို့ ရောက်စေအပ်ပြီးသော်သာလျှင် အထက်အထက်ဖြစ်သော စျာန်၏ အခြေပါဒကဖြစ်၍ အထက်အထက်ဖြစ်သော စျာန်ကို ရရှိဖို့ရန် အနီးကပ်ဆုံးသော အကြောင်းတရား ဖြစ်နိုင်၏။ ရအပ်ကာမျှသာဖြစ်သော ဝသီဘော်ငါးတန် နိုင်နင်းခြင်းသို့ ရောက်အောင် ကောင်းစွာ မပွားရသေးသော မလေ့ကျင့်ရသေးသော အောက်အောက်သော စျာန်သည် အထက်အထက်ဖြစ်သော စျာန်၏ အခြေပါဒကလည်း မဖြစ်နိုင်။ အထက်အထက်ဖြစ်သော စျာန်ကို ရရှိဖို့ရန် အနီးကပ်ဆုံးသော အကြောင်းတရားလည်း မဖြစ်နိုင်။</p> <p>ဤဥပမာအတူပင်လျှင် ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူတတ် သိမ်းဆည်းတတ်သော ရူပပရိဂ္ဂဟဉာဏ် (= ရူပပရိဂ္ဂဟလုပ်ငန်းရပ်)သည် ကောင်းမွန်စင်ကြယ်သည်ဖြစ်လျက် အရှုပ်အထွေး ကင်းသည်ဖြစ်လျက် ရောယှက်ရှုပ်ထွေးခြင်း မရှိသော်သာလျှင် နာမ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်း (= အရူပပရိဂ္ဂဟဉာဏ် = အရူပပရိဂ္ဂဟ လုပ်ငန်းရပ်)၏ အခြေပါဒကဖြစ်၍ အနီးကပ်ဆုံးသော အကြောင်းတရားသည် ဖြစ်နိုင်၏။ ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို မသိမ်းဆည်းရသေးသဖြင့် မစင်ကြယ်သော ရုပ်တရားကို သိမ်းဆည်းခြင်း( = ရူပပရိဂ္ဂဟလုပ်ငန်းရပ်သည်) နာမ်တရားကို သိမ်းဆည်းဖို့ရန် (= အရူပပရိဂ္ဂဟဉာဏ်ကို ရရှိဖို့ရန်) အနီးကပ်ဆုံးသော အကြောင်းတရားသည် မဖြစ်နိုင်ပေ။</p> <p>သို့အတွက် ရုပ်တရား နာမ်တရား၏ တစ်စိတ်တစ်ဒေသ တစ်ချို့တစ်ဝက်မျှလောက်သော်လည်း အသိဉာဏ်၌ မထင်လာ မမြင်လာသေးသည် ရှိသော် ရုပ်တရားကို သိမ်းဆည်းခြင်း ရူပပရိဂ္ဂဟဉာဏ် (= ရူပပရိဂ္ဂဟလုပ်ငန်းရပ်)နှင့် နာမ်တရားကို သိမ်းဆည်းခြင်း အရူပပရိဂ္ဂဟဉာဏ် (= အရူပပရိဂ္ဂဟလုပ်ငန်းရပ်)တို့သည် မစင်ကြယ်ကုန်သေးသည်သာလျှင် မည်ကြပေသည်။ များစွာကုန်သော ရုပ်နာမ်ပရမတ်တရားတို့သည် အသိဉာဏ်၌ မထင်လာ မမြင်လာကုန်သည်ရှိသော်ကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်တော့ပါအံ့နည်း၊ မစင်ကြယ်သည်သာလျှင် ဧကန်ဖြစ်ပေတော့၏ဟု ဤသို့ ထင်ရှားပြလိုသည် ဖြစ်၍ -----</p> <p>ရုပ်ဓာတ်တစ်လုံးလောက် အသိဉာဏ်၌ ထင်လာရုံမျှဖြင့်, ရုပ်ဓာတ် နှစ်လုံးလောက် အသိဉာဏ်၌ ထင်လာရုံမျှဖြင့် ရုပ်ကမ္မဋ္ဌာန်းကို (= ရုပ်တရားကို) သိမ်းဆည်းခြင်းလုပ်ငန်းရပ်ကို စွန့်ပယ်ထားခဲ့၍ နာမ်တရားကို သိမ်းဆည်းခြင်းကို အကယ်၍ ကြိုးစားအားထုတ်ခဲ့သည် ဖြစ်ငြားအံ့၊ ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ် ပျက်စီးတတ်၏။</p> <p>ဤသို့စသော စကားကို အဋ္ဌကထာဆရာတော်သည် မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၂၊၃၅၇။)</p> <p>မညီညွတ်သော တောင်၌ ကျက်စားလျက်ရှိသော, မလိမ္မာသော, မိမိ၏ ကျက်စားရာ စားကျက်အကြောင်းကို ကောင်းကောင်း တတ်သိနားလည်မှု မရှိသော နွားမိုက်မသည် မရောက်ဖူးသေးသော အရပ်သို့ ရောက်ရှိရန်, မသောက်ဖူးသေးသော ရေကန်အတွင်းမှ ရေကို သောက်သုံးရန်, မစားဖူးသေးသော ရေကန်ဝန်းကျင်ရှိ စိမ်းလန်းစိုပြည်သည့် မြက် သစ်ရွက်နုတို့ကို စားသုံးရန်ဟူသော ဦးတည်ချက်ဖြင့် မညီညာသော တောင်ပေါ်မှ ဆင်းသက်သောအခါ ရှေ့ခြေနှစ်ချောင်းကို နင်းကွင်းကောင်းကောင်း၌ မနင်းမိသေးဘဲ နောက်ခြေနှစ်ချောင်းကို မြှောက်မိသဖြင့် တောင်ပေါ်မှ တောင်အောက်သို့ ကျဆင်းသွားရသောကြောင့် ရည်ရွယ်ချက် ဦးတည်ချက်အားလုံး ပျက်စီးသွားခဲ့ရ၏။ မူလစဉ်းစားခဲ့ရာ တောင်ထိပ်သို့လည်း ပြန်မရောက်နိုင် ဖြစ်ခဲ့ရ၏။ ဤဥပမာအတူပင် ရုပ်တရားကို ကောင်းမွန်စင်ကြယ်စွာ မသိမ်းဆည်းရသေးဘဲ နာမ်တရားကို ပြောင်း၍ သိမ်းဆည်းရှုပွားလိုက်ပါက ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ်ပျက်စီးသွားတတ်၏။ ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးလုံးမှပင် ဆုတ်ယုတ် ပျက်စီးသွားတတ်၏။ သတိရှိစေ။</p> --- <h3>နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း (၃) နည်း</h3> <p><b>ဧဝံ သုဝိသုဒ္ဓရူပပရိဂ္ဂဟဿ ပနဿ အရူပဓမ္မာ တီဟိအာကာရေဟိ ဥပဋ္ဌဟန္တိ ဖဿဝသေန ဝါ ဝေဒနာဝသေန ဝါ ဝိညာဏဝသေန ဝါ။</b> (ဝိသုဒ္ဓိ၊၂၊၂၂၆။)</p> <p><b>တိဝိဓော ဟိ အရူပကမ္မဋ္ဌာနေ အဘိနိဝေသော ဖဿဝသေန ဝေဒနာဝသေန စိတ္တဝသေနာတိ။ ကထံ? ဧကစ္စဿ ဟိ သံခိတ္တေန ဝါ ဝိတ္ထာရေန ဝါ ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ တသ္မံ အာရမ္မဏေ စိတ္တစေတသိကာနံ ပဋ္ဌမာဘိနိပါတော တံ အာရမ္မဏံ ဖုသန္တော ဥပ္ပဇ္ဇမာနော ဖေဿာ ပါကဋော ဟောတိ။ ဧကစ္စဿ တံ အာရမ္မဏံ အနုဘဝန္တီ ဥပ္ပဇ္ဇမာနာ ဝေဒနာ ပါကဋာ ဟောတိ။ ဧကစ္စဿ တံ အာရမ္မဏံ ပရိဂ္ဂဟေတွာ ဝိဇာနန္တံ ဥပ္ပဇ္ဇမာနံ ဝိညာဏံ ပါကဋံ ဟောတိ။</b></p> <p><b>တတ္ထ ယဿ ဖေဿာ ပါကဋော ဟောတိ၊ သောပိ န ကေဝလံ ဖေဿာဝ ဥပ္ပဇ္ဇတိ၊ တေန သဒ္ဓိံ တဒေဝ အာရမ္မဏံ အနုဘဝမာနာ ဝေဒနာပိ ဥပ္ပဇ္ဇတိ၊ သဉ္ဇာနနမာနာ သညာပိ, စေတယမာနာ စေတနာပိ, ဝိဇာနနမာနံ ဝိညာဏမ္ပိ ဥပ္ပဇ္ဇတီ တိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။</b></p> <p><b>ယဿ ဝေဒနာ ပါကဋော ဟောတိ၊ သော န ကေဝလံ ဝေဒနာဝ ဥပ္ပဇ္ဇတိ၊ ကာယ သဒ္ဓိံ တဒေဝါရမ္မဏံ ဖုသမာနော ဖေဿပိ ဥပ္ပဇ္ဇတိ၊ သဉ္ဇာနနမာနာ သညာပိ, စေတယမာနာ စေတနာပိ, ဝိဇာနနမာနံ ဝိညာဏမ္ပိ ဥပ္ပဇ္ဇတီတိ ဖဿပဉ္စမကာယေဝ ပရိဂ္ဂဏှာတိ။</b></p> <p><b>ဖဿ ဝိညာဏံ ပါကဋံ ဟောတိ၊ သော န ကေဝလံ ဝိညာဏမေဝ ဥပ္ပဇ္ဇတိ၊ တေန သဒ္ဓိံ တဒေဝါရမ္မဏံ ဖုသမာနော ဖေဿာပိ ဥပ္ပဇ္ဇတိ၊ အနုဘဝမာနာ ဝေဒနာပိ, သဉ္ဇာနနမာနာ သညာပိ, စေတယမာနာ စေတနာပိ ဥပ္ပဇ္ဇတီတိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။</b> (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀-၂၈၁။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)</p> <p><b>အဘိနိဝေသောတိ စ ဝိပဿနာယ ပုဗ္ဗဘာဂေ ကတ္တဗ္ဗနာမရူပပရိစ္ဆေဒေါ ဝေဒိတဗ္ဗော။ တသ္မာ ပဌမံ ရူပပရိဂ္ဂဏှနံ ရူပေ အဘိနိဝေသော။ ဧသ နယော သေသေသုပိ။</b> (မဟာဋီ၊၂၊၄၇၀။)</p> <p><b>ဧဝံ တဿ တေဿဝ ပါကဋဘာဝေပိ သဗ္ဗံ ဘိက္ခဝေ အဘိညေယျန္တိ, သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနန္တိ စ ဧဝမာဒိဝစနတော သဗ္ဗေ သမ္မသနုပဂါဓမ္မာ ပရိဂ္ဂဟေတဗ္ဗာတိ ဒေဿန္တော တတ္ထ ယဿာတိ အာဒိမာဟ။ တတ္ထ ဖဿပဉ္စမကေယေဝါတိ အဝဓာရဏံ တဒန္တောဂဓတ္တာ တဂ္ဂဟကောနေဝ ဂဟိတတ္တာ စတုန္နံ အရူပက္ခန္ဓာနံ။ ဖဿပဉ္စကဂ္ဂဟဏံ ဟိ တဿ သဗ္ဗစိတ္တုပ္ပါဒသာဓာရဏ ဘာဝတော၊ တတ္ထ စ ဖဿ-စေတနာ-ဂ္ဂဟဏေန သဗ္ဗသင်္ခါရက္ခန္ဓဓမ္မ သင်္ဂဟော စေတနာပဓာနတ္တာ တေသံ။ တထာ ဟိ သုတ္တန္တဘာဇနီယေ သင်္ခါရက္ခန္ဓဝိဘင်္ဂေ စက္ခုသမ္ဖဿဇာ စေတနာတိ အာဒိနာ စေတနာဝ ဝိဘတ္တာ။ ဣတရေ ပန ခန္ဓာ သရူပေနေဝဂဟိတာ။</b> (ဒီ၊ဋီ၊၂၊၂၆၀-၂၆၁။ မ၊ဋီ၊၃၇၀။)</p> <p>ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဤသို့ ဖြစ်၏။ -----</p> <p>ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့ပြီးသည့်အတိုင်း ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းထားပြီးသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ သန္တာန်ဝယ် -----</p> <p>၁။ ဖဿ၏ အစွမ်းဖြင့်သော်လည်းကောင်း,</p> <p>၂။ ဝေဒနာ၏ အစွမ်းဖြင့်သော်လည်းကောင်း,</p> <p>၃။ အသိစိတ် ဝိညာဏ်၏ အစွမ်းဖြင့်သော်လည်းကောင်း -----</p> <p>ဤသုံးမျိုးကုန်သော အခြင်းအရာတို့တွင် တစ်မျိုးမျိုးသော အခြင်းအရာအားဖြင့် နာမ်တရားတို့ကို အာယတနဒွါရအလိုက် သိမ်းဆည်းလိုက်သောအခါ နာမ်တရားတို့သည် ထင်ရှားလာကုန်၏။</p> <p>အဘိနိဝေသ ----- ဝိပဿနာဉာဏ်၏ ရှေးအဖို့၌ ပြုသင့်ပြုထိုက်သော ရုပ်တရား နာမ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်း နာမရူပပရိစ္ဆေဒ လုပ်ငန်းရပ်ကို ဝိပဿနာဘိနိဝေသ (= ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ကို နှလုံးသွင်းခြင်း)ဟု ခေါ်ဆို၏။ ရုပ်တရားကို နှလုံးသွင်းခြင်းကို ရူပေ အဘိနိဝေသ, နာမ်တရားကို နှလုံးသွင်းခြင်းကို အရူပေ အဘိနိဝေသ ... ဤသို့ စသည်ဖြင့် ခေါ်ဆိုပေသည်။ အကြောင်းတရား အကျိုးတရားတို့ကို နှလုံးသွင်းခြင်းသည်လည်း ဤအဘိနိဝေသပိုင်းတွင် ပါဝင်လျက် ရှိ၏။ အကြောင်းတရား အကျိုးတရားဟူသည်မှာလည်း အကြောင်းရုပ်နာမ်အစုအပုံနှင့် အကျိုးရုပ်နာမ်အစုအပုံတို့သာ ဖြစ်ကြသောကြောင့်တည်း။ ထိုတွင် နာမ်ကမ္မဋ္ဌာန်းပိုင်း၌ နာမ်တရားတို့ကို စတင်နှလုံးသွင်းရာဝယ် -----</p> <p>၁။ ဖဿ၏အစွမ်းဖြင့် နှလုံးသွင်းခြင်း,</p> <p>၂။ ဝေဒနာ၏အစွမ်းဖြင့် နှလုံးသွင်းခြင်း,</p> <p>၃။ အသိစိတ် ဝိညာဏ်၏အစွမ်းဖြင့် နှလုံးသွင်းခြင်း ----- ဟု</p> <p>နှလုံးသွင်းနည်း သုံးနည်း ရှိပေသည်။ အချို့သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် -----</p> <p>၁။ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်း နှလုံးသွင်းနည်းဖြင့်သော်လည်းကောင်း,</p> <p>၂။ ဓာတ်ကမ္မဋ္ဌာန်း အကျယ် နှလုံးသွင်းနည်းဖြင့်သော်လည်းကောင်း -----</p> <p>ရုပ်ကမ္မဋ္ဌာန်းကို (= ရုပ်တရားကို) ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးလတ်သော် ထိုရုပ်တရားတည်းဟူသော အာရုံ၌ စိတ်စေတသိက်တို့၏ ရှေးဦးစွာ ကျရောက်ခြင်းသဘောဖြစ်သော ထိုရုပ်တရားတည်းဟူသော အာရုံကို တွေ့ထိလျက် ဖြစ်ပေါ်လာသော (= တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော) ဖဿသည် ထင်ရှား၏။ အချို့သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထိုရုပ်တရားတည်းဟူသော အာရုံကို ခံစားလျက် ဖြစ်ပေါ်လာသော ဝေဒနာသည် ထင်ရှား၏။ အချို့သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ထိုရုပ်တရားတည်းဟူသော အာရုံကို ပိုင်းခြားကာယူ၍ ထိုအာရုံကို ပိုင်းပိုင်းခြားခြား သိလျက် ဖြစ်ပေါ်လာသော အသိစိတ် (= ဝိညာဏ်)သည် ထင်ရှား၏။</p> <p>ထိုပုဂ္ဂိုလ်သုံးမျိုးတို့တွင် အကြင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ ဉာဏ်၌ ဖဿသည် ထင်ရှား၏။ ထိုဖဿထင်ရှားသော ပုဂ္ဂိုလ်သည်လည်း ----- ဖဿချည်းသက်သက် ဖဿတစ်ခုတည်းသာလျှင် ဖြစ်ပေါ်နေသည်ကား မဟုတ်၊ ထိုဖဿနှင့် အတူတကွ ထိုအာရုံကိုပင်လျှင် (= ထိုအာရုံ၏ အရသာကိုပင်လျှင် ခံစားတတ်သော ဝေဒနာသည်လည်း ထိုအာရုံကိုပင်လျှင် မှတ်သားတတ်သော (= အမှတ်ပြု၍ သိတတ်သော) သညာသည်လည်း, ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ် လှုံ့ဆော်ပေးတတ်သော စေတနာသည်လည်း, ထိုအာရုံကိုပင် ပိုင်းခြားယူတတ်သော (= ပညာ သညာတို့ သိပုံမှ တစ်မျိုးတစ်ဖုံအားဖြင့် သိတတ်သော) ဝိညာဏ်သည်လည်း ဖြစ်ပေါ်နေ၏ဟု နှလုံးပိုက်၍ ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿပဉ္စမကတရားတို့ကိုပင်လျှင် ဉာဏ်ဖြင့် ပိုင်းခြားယူ၏ သိမ်းဆည်း၏။</p> <p>အကြင်ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ အာရုံ၏ အရသာကို ခံစားတတ်သော ဝေဒနာသည် ထင်ရှား၏။ ထိုဝေဒနာ ထင်ရှားသောပုဂ္ဂိုလ်သည်လည်း ----- ဝေဒနာချည်းသက်သက် ဝေဒနာတစ်ခုတည်းသာ ဖြစ်ပေါ်နေသည်ကား မဟုတ်၊ ထိုဝေဒနာနှင့် အတူတကွ ထိုအာရုံကိုပင်လျှင် တွေ့ထိလျက် ဖြစ်ပေါ်လာသော (= တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော) ဖဿသည်လည်း ဖြစ်ပေါ်နေ၏။ ထိုအာရုံကိုပင်လျှင် မှတ်သားတတ်သော (= အမှတ်ပြု၍ သိတတ်သော) သညာလည်း, ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ် လှုံ့ဆော်ပေးတတ်သော စေတနာသည်လည်း, ထိုအာရုံကိုပင်လျှင် ပိုင်းခြားယူတ်သော ( = ပညာ, သညာတို့ သိပုံမှ တစ်မျိုးတစ်ဖုံအားဖြင့် သိတတ်သော) ဝိညာဏ်သည်လည်း ဖြစ်ပေါ်နေ၏ဟု နှလုံးပိုက်၍ ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿပဉ္စမကတရားတို့ကိုပင်လျှင် ဉာဏ်ဖြင့် ပိုင်းခြားယူ၏၊ သိမ်းဆည်း၏။</p> <p>အကြင်ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ အာရုံကို ပိုင်းခြားယူတတ် သိတတ်သော ဝိညာဏ်သည် ထင်ရှား၏၊ ထိုဝိညာဏ်ထင်ရှားသော ပုဂ္ဂိုလ်သည်လည်း ဝိညာဏ်ချည်းသက်သက် ဝိညာဏ်တစ်ခုတည်းသာ ဖြစ်ပေါ်နေသည်ကား မဟုတ်၊ ထိုဝိညာဏ်နှင့် အတူတကွ ထိုအာရုံကိုပင်လျှင် တွေ့ထိလျက် ဖြစ်ပေါ်လာသော (= တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော) ဖဿသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံကိုပင်လျှင် (= ထိုအာရုံ၏ အရသာကိုပင်လျှင်) ခံစားတတ်သော ဝေဒနာသည်လည်း, ထိုအာရုံကိုပင်လျှင် မှတ်သားတတ်သော (= အမှတ်ပြု၍ သိတတ်သော) သညာသည်လည်း, ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ် လှုံ့ဆော်ပေးတတ်သော စေတနာသည်လည်း ဖြစ်ပေါ်နေ၏ဟု နှလုံးပိုက်၍ ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿပဉ္စမကတရားတို့ကိုပင်လျှင် ဉာဏ်ဖြင့် ပိုင်းခြားယူ၏၊ သိမ်းဆည်း၏။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀-၂၈၁။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)</p> --- <h3>အားလုံးကို သိမ်းဆည်းပါ</h3> <p>ဤဆိုအပ်ခဲ့ပြီးသည့်အတိုင်း ထိုထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဖဿ ဝေဒနာ ဝိညာဏ်ဟူသော သုံးမျိုးကုန်သော တရားတို့တွင် တစ်မျိုးမျိုးသော တရားဟူသော ထိုထိုတရား၏သာလျှင် ထင်ရှားမှု ရှိသော်လည်း -----</p> <p>၁။ <b>သဗ္ဗံ ဘိက္ခဝေ အဘိညေယျံ။</b> (သံ၊၂၊၂၅၈။ ခု၊၉၊၆။)</p> <p>၂။ <b>သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနံ။</b> (သံ၊၂၊၂၅၀။ ဣတိဝုတ္တက၊၁၉၇။)</p> <p>၁။ အလုံးစုံသော ရုပ်တရား နာမ်တရားကို ထိုးထွင်းသိအပ်၏ဟုလည်းကောင်း,</p> <p>၂။ ရဟန်းတို့....အလုံးစုံသော ရုပ်တရား နာမ်တရားကို ထိုးထွင်း သိခဲ့သော်...(သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးနိုင်၏။) ----- ဤသို့ စသည်ဖြင့်လည်းကောင်း,</p> <p>ဘုရားရှင်သည် ဟောကြားထားတော်မူသောကြောင့် အလုံးစုံသော လက္ခဏာရေးသုံးတန်သို့ တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းငှာ ထိုက်သော သမ္မသနုပဂဓမ္မအမည်ရသည့် ရုပ်တရား နာမ်တရားတို့ကို ရှေးဦးစွာ ဉာဏ်ဖြင့် ပိုင်းခြားယူအပ်၏ သိမ်းဆည်းအပ်၏ဟု ညွှန်ပြတော်မူလိုသော အဋ္ဌကထာဆရာတော်သည် အထက်ပါစကားရပ်များကို မိန့်ဆိုတော်မူခြင်း ဖြစ်သည်။</p> <p>ယင်း အဋ္ဌကထာစကားဝယ် ဖဿပဉ္စမကတရားတို့ကိုပင်လျှင် ဉာဏ်ဖြင့် ပိုင်းခြားယူရန် သိမ်းဆည်းရန် အဋ္ဌကထာဆရာတော်က ဖွင့်ဆိုတော်မူခြင်းမှာ ပဓာနနည်းအားဖြင့် ဖွင့်ဆိုခြင်း ဖြစ်သည်။ စိတ္တက္ခဏတစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိကြကုန်သော ဖဿ စေတနာတို့ကို သိမ်းဆည်းပါဟု ဆိုသဖြင့် ပဓာနဖြစ်သော ပြဓာန်းသော ဖဿ စေတနာတို့ကို သိမ်းဆည်းရလျှင် အပ္ပဓာနဖြစ်သော မပြဓာန်းသော ကြွင်းကျန်သည့် ယှဉ်ဖက်သမ္ပယုတ် တရားတို့ကိုလည်း သိမ်းဆည်းရမည်သာ ဖြစ်သည်။ ဖဿ စေတနာကို ယူသဖြင့် သင်္ခါရက္ခန္ဓာစာရင်းဝင် ပရမတ္ထဓာတ်သားအားလုံးကို သိမ်းကျုံးယူရသောကြောင့် ဖြစ်သည်။ အကြောင်းမူ ထိုသင်္ခါရက္ခန္ဓာတရားစုတို့တွင် စေတနာပြဓာန်းသောကြောင့် ဖြစ်၏။ ဘုရားရှင်ကိုယ်တိုင်ကပင်လျှင် ဝိဘင်းပါဠိတော်ဝယ် သုတ္တန္တဘာဇနီယနည်း၌ သင်္ခါရက္ခန္ဓာမှ တစ်ပါး ကျန်ခန္ဓာလေးပါးတို့ကို သရုပ်ထုတ်၍ ဟောကြားတော်မူအပ်ပါသော်လည်း သင်္ခါရက္ခန္ဓာကို ဝေဖန်ဟောကြားတော်မူရာဝယ် စေတနာကိုသာ ပဓာနထား၍ ဝေဖန်ဟောကြားတော်မူသော ထုံးဟောင်းတစ်ရပ်လည်း ထင်ရှားရှိနေသည်။ (ဒီ၊ဋီ၊၂၊၂၆၀-၂၆၁။ မ၊ဋီ၊၁၊၃၇၀။)</p> <p>နေတ္တိဒေသနာတော်နည်းအရ ပြောဆိုရမူ ----- ဖဿ-စေတနာတို့မှ ကြွင်းကုန်သော သင်္ခါရက္ခန္ဓာစာရင်းဝင် စေတသိက်တို့သည် ဖဿ စေတနာတို့နှင့် သင်္ခါရက္ခန္ဓာဖြစ်ပုံ သဘောလက္ခဏာချင်း တူညီသောကြောင့် လက္ခဏာချင်း တူညီရာ ကျန်စေတသိက်တို့ကို ဖဿ စေတနာတို့၌ စုပေါင်း၍ လက္ခဏာဟာရနေတ္တိနည်းအားဖြင့် အဋ္ဌကထာက ဖွင့်ဆိုသွားခြင်း ဖြစ်ပေသည်။</p> <p>ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ညွှန်ကြားချက်များနှင့် အညီ ဖဿက စ၍ ဖြစ်စေ, ဝေဒနာက စ၍ ဖြစ်စေ, အသိစိတ် ဝိညာဏ်က စ၍ ဖြစ်စေ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ စိတ္တက္ခဏ တစ်ခုတစ်ခုအတွင်း၌ ဖဿတစ်လုံးတည်း, သို့မဟုတ် ဝေဒနာတစ်လုံးတည်း, သို့မဟုတ် အသိစိတ် (= ဝိညာဏ်)တစ်လုံးတည်းကိုသာ သိမ်းဆည်းရသည်ကား မဟုတ်၊ ယှဉ်ဖက် စိတ်+စေတသိက် (= သမ္ပယုတ်တရားစု)အားလုံးကို သိမ်းဆည်းရသည်ဟု မှတ်ပါ။</p> --- <h3>မဟာဗုဒ္ဓဝင်၏ဖွင့်ဆိုချက် ဃနလေးပါး</h3> <p>ဤအရာ၌ (၁) သန္တတိဃန၊ (၂) သမူဟဃန၊ (၃) ကိစ္စဃန၊ (၄) အာရမ္မဏဃနဟူ၍ ဃနလေးပါး ရှိသည်။</p> <p>၁။ ထိုလေးပါးတို့တွင် ရှေ့နောက်ဖြစ်သော ရုပ်တရား နာမ်တရားတို့၏ အခြားမရှိ အကြားမထင်သောအားဖြင့် တရားလုံး တစ်ခုတည်းကဲ့သို့ ထင်မှတ်ယူရအောင် ဖြစ်ပွားခြင်း, စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွားခြင်းသည် သန္တတိဃနမည်၏။ ဤ၌ အခြားမရှိသောအားဖြင့် ဖြစ်ခြင်းဟူသည်မှာ ရှေ့တရား၏ ဘင်ခဏနှင့် ပြိုင်လျက် နောက်တရားက ဖြစ်ခြင်း ----- တစ်နည်း ----- ရှေ့တရားချုပ်သည်၏ အခြားမဲ့မှာပင် နောက်တရားက ထင်ရှားဖြစ်ခြင်းကို ဆိုလိုသည်။ ၎င်းင်းကို (<b>ပုရိမပစ္ဆိမာနံ နိရန္တရတာ</b> = ရှေ့တရား နောက်တရားတို့၏ အကြား မရှိသည်၏အဖြစ်) ဟူ၍ ဋီကာဆရာတော်ကြီးများ ခေါ်ဆိုအသုံးပြုတော်မူကြသည်။ ယင်းကဲ့သို့ အခြားမရှိ အကြားမထင်အောင် ဖြစ်ပွားခြင်းဖြင့် အဖြစ်တရားဘက်က အားရှိကာ ဖုံးလွှမ်းထားအပ်သကဲ့သို့ ဖြစ်၍ အပျက်တရားဘက်က မထင်ရှားသောကြောင့် ယခု တွေ့မြင်ရသော တရားသည် ယခင် တွေ့မြင်ရသော တရားပင်တည်းဟု မှတ်ယူသော အနေဖြင့် လူများအပေါင်းတို့ ဖောက်ပြန်ထွေပြား အထင်မှား အမှတ်မှားကြရလေသည်။ ဤသဘောကို ထင်းမီးစတစ်ခုကို ကိုင်၍ ဝှေ့ရမ်းလျှင် မီးဝိုင်းကြီးဟု ထင်ရမှုက သက်သေခံလျက် ရှိသည်။ (ဤကား သန္တတိ ဃနတည်း။)</p> <p>၂။ ဖဿအစရှိသော နာမ်တရား, ပထဝီအစရှိသော ရုပ်တရားတို့၏ ထိုထိုနာမ်ကလာပ် ရုပ်ကလာပ်တို့၌ တစ်ပေါင်းတည်း တစ်ခုတည်းအနေဖြင့် ပရမတ္ထဓာတ်သား တစ်ခုတည်းကဲ့သို့ ထင်မှတ်ရအောင် စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွားခြင်းသည် သမူဟဃနမည်၏။</p> <p>နာမ်တရား ရုပ်တရားတို့သည် ဖြစ်ပွားကြသောအခါ တရားလုံး (သဘာဝသတ္တိ) တစ်ခုတည်းသာ ဖြစ်ကြသည် မဟုတ်၊ နာမ်တရားဘက်ကလည်း အနည်းဆုံး (၈)မျိုး, (စက္ခုဝိညာဏ်နှင့် သဗ္ဗစိတ္တသာဓာရဏ စေတသိက် ခုနှစ်ပါးကို ဆိုလိုသည်။) ရုပ်တရားဘက်ကလည်း အနည်းဆုံး (၈)မျိုးပင် (အဋ္ဌကလာပ်ရုပ်ကို ရည်ညွှန်းသည်။) ဖြစ်ပွားကြသည်။ ယင်းကဲ့သို့ အနည်းဆုံး သဘာဝသတ္တိ (၈)မျိုးတို့ သဘာဝသတ္တိတစ်မျိုးတည်းဟု ထင်မှတ်ယူရအောင် စုလျက် ပေါင်းလျက် တွဲလျက် ခဲလျက် ဖြစ်ပွားခြင်းကို သမူဟဃနခေါ်သည်ဟု ဆိုလိုသည်။ (ဤကား သမူဟဃနတည်း။)</p> <p>၃။ နာမ်ကလာပ်တစ်ခုတစ်ခု ရုပ်ကလာပ်တစ်ခုတစ်ခု၌ ပါရှိကြသည့် နာမ်တရား ရုပ်တရားအသီးအသီးတို့သည် ဆိုင်ရာ ဆိုင်ရာ မိမိ မိမိတို့၏ ကိစ္စအလုပ်ကို ပြီးပြေစေကြလျက် ဖြစ်ပွားကြလေသည်။ ထိုသို့ ဖြစ်ပွားကြရာ၌ (အဘိဓမ္မာဉာဏ်ပညာမျက်စိ မရှိသော သူတို့ အဖို့မှာ) ဤကား ဖဿ၏ အလုပ်ကိစ္စ, ဤကား ဝေဒနာ၏ အလုပ်ကိစ္စ, ဤကား သညာ၏ အလုပ်ကိစ္စ စသည်ဖြင့်လည်းကောင်း, ဤကား ပထဝီ၏ ကိစ္စ, ဤကား အာပေါ၏ ကိစ္စ, ဤကား တေဇော၏ ကိစ္စ, ဤကား ဝါယော၏ ကိစ္စ စသည်ဖြင့်လည်းကောင်း အလုပ်ကိစ္စအထူးကို သိဖို့ရန် ခဲယဉ်းလှကုန်၏။ ယင်းသို့ နာမ်တရား ရုပ်တရားတို့၏ မိမိ မိမိတို့၏ ဆိုင်ရာကိစ္စအထူးကို သိနိုင်ခဲသော အနေဖြင့် တရားလုံးတစ်ခုတည်းဟု ထင်မှတ်ရအောင် စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွားမှုကို ကိစ္စဃန ခေါ်သည်။ (ဤကား ကိစ္စဃနတည်း။)</p> <p>၄။ နာမ်ကလာပ်တစ်ခု တစ်ခု၌ ပါရှိသော ထိုထိုနာမ်တရားတို့၏ အာရုံတစ်ခုကို စု၍ ပေါင်း၍ အာရုံပြုသော အနေဖြင့်လည်းကောင်း, ရုပ်ကလာပ် တစ်ခုတစ်ခု၌ ပါရှိသော ထိုထိုရုပ်တရားတို့၏ အာရုံတစ်ခုတည်းအနေဖြင့်လည်းကောင်း ပရမတ္ထတရားသား (သဘာဝသတ္တိ) တစ်ခုတည်းဟု ထင်မှတ်ရအောင် စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွားခြင်းကို အာရမ္မဏဃနဟု ခေါ်သည်။ (ဤကား အာရမ္မဏဃနတည်း)</p> <p>အချုပ်အားဖြင့် အကြောင်းပစ္စည်းတရား အကျိုးပစ္စယုပ္ပန်တရားအနေဖြင့် ဖြစ်ပွားကြသည့် များစွာသော ရုပ်နာမ်တရားတို့၏ ကာလအားဖြင့် သဘာဝအားဖြင့် ကိစ္စအားဖြင့် အာရုံသဘောအားဖြင့် အထူးအပြားကို သိနိုင်ခဲသော အနေအားဖြင့် တရားလုံး တရားသား တစ်ခုတည်းကဲ့သို့ ထင်မှတ်ယူရအောင် ဖြစ်ပွားခြင်းကို အစဉ်အတိုင်း သန္တတိဃန, သမူဟဃန, ကိစ္စဃန, အာရမဏဃနဟူ၍ ခေါ်ဆိုအပ်လေသည်။ (ဤဃနလေးပါးအကြောင်းကို ဓမ္မသင်္ဂဏီ မူလဋီကာ စာမျက်နှာ (၆၀)နှင့် ဓမ္မသင်္ဂဏီ အနုဋီကာ စာမျက်နှာ (၆၆)တို့မှ ထုတ်နုတ်ဖော်ပြအပ်ပါသည်။)</p> <p>ငရုပ်စေ့၌၊ စိတ်တွေ့သတ်သတ်၊ အစပ်ကို တည့်၊ ရှုမျှော်ကြည့်သို့၊ သတ္တိကိုမျှ၊ ရှုကြည့်ရ၊ ပရမတ္ထမှာ။-----</p> <p>ဟူသောအတိုင်း ထိုထို နာမ်ရုပ်တရားတို့၏ သဘာဝသတ္တိကို ဉာဏ်မျက်စိဖြင့် ရှုကြည့်နိုင်မှ ပရမတ္ထသို့ အမြင်ဆိုက်ရောက်သည်။ ပရမတ္ထသို့ အသိဉာဏ်အမြင် ဆိုက်ရောက်မှ ဃနပြိုသည်၊ ဃနပြိုမှ အနတ္တအသိဉာဏ်ကို ရနိုင်သည်။ သဘာဝသတ္တိကို ဉာဏ်မျက်စိဖြင့် မရှုကြည့်က ပရမတ္ထသို့ အမြင် မဆိုက်၊ ပရမတ္ထသို့ အသိဉာဏ်အမြင် မဆိုက်လျှင် ဃန မပြို၊ ဃန မပြိုလျှင် အနတ္တအသိဉာဏ်ကို မရနိုင်၊ ထို့ကြောင့် အနတ္တလက္ခဏာကို ဃနဖုံးသည်ဟု ပညာရှိတို့ မိန့်ဆိုတော်မူကြသည်။ (မဟာဗုဒ္ဓဝင်၊စတုတ္ထတွဲ၊ စာမျက်နှာ၊၃၂၃-၃၂၅။)</p> --- <h3>တိပိဋက ပါဠိ-မြန်မာအဘိဓာန်၏ ဖွင့်ဆိုချက်</h3> <p>ဃနဝိနိဗ္ဘောဂ ----- (ပု) ----- [ဃန + ဝိနိဗ္ဘောဂ။ <b>ဝိနိဘုဉ္ဇနံ ဝိနိဗ္ဘောဂဿ ကရဏံ ဝိနိဗ္ဘောဂေါ၊ ဉာဏံ။ ဓမ္မာနံ ဃနဿ ဧကတ္တဿ ဝိနိဗ္ဘောဂေါ ဃနဝိနိဗ္ဘောဂေါ။ အဋ္ဌဿ၊ ယော။ ၇၆။ ဝိနိဘုဇ္ဇနံ ပုထက္ကရဏံ ဝိနိဗ္ဘောဂေါ၊ ဃနဿ သမူဟဿ ဝိနိဗ္ဘောဂေါ ဃနဝိနိဗ္ဘောဂေါ။ သမ္မော၊ ယော။ ၁၄၇။</b>]</p> <p>အပေါင်းအစုကို ခွဲခြား-ဝေဖန်-စိတ်ဖြာ၍ သိခြင်း၊ တစ်စု တစ်ပေါင်းတည်းဟု ထင်မှုကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ တစ်စုတစ်ပေါင်းတည်းဟူသော အယူကို ဖြိုခွဲဖျက်ဆီးခြင်း။</p> <p>ပရမတ္ထတရားတို့သည် ဝီထိစိတ်အစဉ်အရ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ စသည်ဖြင့် အစဉ်အတိုင်း ဖြစ်နေကြ၏၊ ယင်းသို့ ဖြစ်နေရာ၌ ရှေ့စိတ် နောက်စိတ်တို့သည် တစ်ခုတည်းမဟုတ်သော်လည်း ထိုစိတ်တို့၏ အကြားကာလ အခြား မရှိသောကြောင့် တစ်စိတ်တည်းကဲ့သို့ ဖြစ်သွားခြင်းသည် သန္တတိဃန မည်၏။</p> <p>တစ်စိတ်တည်းကဲ့သို့ (ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌) မထင်ဘဲ ဤကား ပဉ္စဒွါရာဝဇ္ဇန်း, ဤကား စက္ခုဝိညာဏ် စသည်ဖြင့် ခွဲခြမ်းဝေဖန်၍ သိခြင်းသည် ဃနဝိနိဗ္ဘောဂ = သန္တတိဃနကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ သန္တတိဃနကို ဖြိုခွဲဖျက်ဆီးခြင်း မည်၏။</p> <p>စိတ် တစ်လုံးတစ်လုံး၌ ဖဿ ဝေဒနာ သညာ စသည်ဖြင့် စေတသိက်များစွာ ယှဉ်၏၊ စိတ် တစ်လုံးတစ်လုံးသည် ဖဿ ဝေဒနာ သညာ စသော စေတသိက်များစွာနှင့် အတူတကွ ဖြစ်၏။ ထိုသို့ တစ်ပေါင်းတည်း အတူတကွ ဖြစ်နေကြသောကြောင့် ဖဿ ဝေဒနာ သညာ စသည်ဖြင့် ခွဲခြား မသိတော့ဘဲ ဓမ္မတစ်ခုတည်းကဲ့သို့ ဖြစ်၍ နေခြင်းသည် သမူဟဃန မည်၏။</p> <p>ဓမ္မတစ်ခုတည်းကဲ့သို့ မထင်ဘဲ ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ စသည်ဖြင့် ခွဲခြမ်းဝေဖန်၍ သိခြင်းသည် ဃနဝိနိဗ္ဘောဂ = သမူဟဃနကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ သမူဟဃနကို ဖြိုခွဲဖျက်ဆီးခြင်း မည်၏။</p> <p>ဖဿ ဝေဒနာ စသော တရားများ၌ ဖဿသည် သံဃဋ္ဋနကိစ္စ, ဝေဒနာသည် အနုဘဝနကိစ္စ စသည်ဖြင့် ကိစ္စအသီးအသီး ကွဲပြားကြ၏။ ယင်းသို့ ကိစ္စ ကွဲပြားသော်လည်း စိတ်တစ်လုံးတည်းဝယ် အတူတကွ ယှဉ်၍ ဖြစ်ကြရာ၌ ထိုထိုတရားတို့၏ ကိစ္စအထူးကို မသိနိုင်လောက်အောင် ကိစ္စအားဖြင့် တစ်ခုတည်း ဖြစ်နေခြင်းသည် ကိစ္စဃနမည်၏။</p> <p>ကိစ္စတစ်ခုတည်းကဲ့သို့ မထင်ဘဲ ဖဿသည် သံဃဋ္ဋနကိစ္စ ရှိ၏။ ဝေဒနာသည် အနုဘဝနကိစ္စရှိ၏ စသည်ဖြင့် ခွဲခြမ်းဝေဖန်၍ သိခြင်းသည် ဃနိဝိနိဗ္ဘောဂ = ကိစ္စဃနကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ ကိစ္စဃနကို ဖြိုခွဲ ဖျက်ဆီးခြင်း မည်၏။</p> <p>စက္ခုဒွါရ၌ ဖြစ်ကြသော စိတ် စေတသိက် တစ်စဉ်တစ်တန်းလုံးသည် ရူပါရုံတစ်ခုတည်းကို အာရုံပြုသည့်အတွက် တစ်ခုတည်း မဟုတ်သော်လည်း တစ်ခုတည်းကဲ့သို့ တစ်ခဲနက် ဖြစ်နေခြင်းသည် အာရမ္မဏဃနမည်၏။</p> <p>အာရုံတူ၍ တစ်ခုတည်းဖြစ်နေသော်လည်း တစ်ခုတည်းကဲ့သို့ မထင်ဘဲ ဤကား ပဉ္စဒွါရာဝဇ္ဇန်း, ဤကား စက္ခုဝိညာဏ်စသည်ဖြင့်လည်းကောင်း, ဤကား ဖဿ, ဤကား ဝေဒနာ စသည်ဖြင့်လည်းကောင်း ခွဲခြမ်းဝေဖန်၍ သိခြင်းသည် <b>ဃနဝိနိဗ္ဘောဂ</b> = အာရမ္မဏဃနကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ အာရမ္မဏဃနကို ဖြိုခွဲဖျက်ဆီးခြင်းမည်၏။ (နေတ္တိ၊ဋ္ဌ၊၁၅၄။ သံ၊ဋီ၊၁၊၂၇၁။ မူလဋီ၊၁၊၆၀။)</p> <p>အနတ္တလက္ခဏာကို ဘုရားပွင့်ရာ သာသနာတွင်းမှာသာ ထင်မြင်နိုင် သည်၊ သာသနာပ၌ မထင်မြင်နိုင်။ (အဘိ၊ဋ္ဌ၊၂၊၄၆။)</p> <p>အနတ္တလက္ခဏာကို သန္တတိစသော ဃန ဖုံးလွှမ်းမှုကြောင့် မသိနိုင် မမြင်နိုင်ခြင်း ဖြစ်၏။ ဃနကို ဖြိုခွဲဖျက်ဆီးနိုင်လျှင်ကား အနတ္တလက္ခဏာလည်း ဟုတ်မှန်သော သဘောအတိုင်း ထင်မြင်လာတော့သည်။ (အဘိ၊ဋ္ဌ၊ ၂၊၄၇။)</p> <p><b>ယထာ ပဏိဟိတံ ဃနဝိနိဗ္ဘောဂံ ကတွာ</b>။ (မ၊ဋ္ဌ၊၁၊၂၇၆။ ဝိသုဒ္ဓိ၊၂၊၂၇၆။)</p> <p><b>ဃနဝိနိဗ္ဘောဂန္တိ သန္တတိသမူဟကိစ္စဃနာနံ ဝိနိဗ္ဘုဇနံ ဝိဝေစနံ</b>။ (မ၊ဋီ၊၁၊၃၆၅။ ဝိသုဒ္ဓိ၊ဋီ၊၁၊၄၂၈။)</p> <p><b>ဃနဝိနိဗ္ဘောဂေ ကတေတိ သမူဟဃနေ, ကိစ္စာရမ္မဏဃနေ စ ပဘေဒိတေ</b>။ (ဝိသုဒ္ဓိ၊ဋီ၊၂၊၄၃၇။)</p> <p><b>ဃနဝိနိဗ္ဘောဂံ ကတွာတိ ကမ္မဋ္ဌာနံ ဂဟေတွာ သမူဟာဒိဃနဂ္ဂဟဏံ ဘိန္ဒိတွာ</b>။ (ဝိသုဒ္ဓိ၊ဋီ၊၂၊၄၅၄။) (တိပိဋက ပါဠိ-မြန်မာ အဘိဓာန်-က-ဝဂ်၊ အတွဲ-၆။ စာမျက်နှာ၊၉၈၆-၉၈၇။)</p> <p>ဤကား မဟာဗုဒ္ဓဝင်ကျမ်းနှင့် တိပိဋကပါဠိ-မြန်မာ အဘိဓာန်ကျမ်းကြီးတို့၌ လာရှိသော ဃနလေးပါးအကြောင်းအရာများ ဖြစ်ကြပါသည်။ တစ်ဖန် နာမ်ဃနလေးပါးအကြောင်းကို ဉာဏ်နုသူတို့ နားရှင်းစေရန် ထပ်မံ၍ ရှင်းလင်းတင်ပြအပ်ပါသည်။</p> <h3>နာမ်ဃန (၄) မျိုး</h3> <p>တစ်ဖန် နာမ်တရားတို့တွင်လည်း -----</p> <p>၁။ <b>သန္တတိဃန</b> = နာမ်အစဉ်အတန်းအတုံးအခဲ,</p> <p>၂။ <b>သမူဟဃန</b> = နာမ်အပေါင်းအစုအတုံးအခဲ,</p> <p>၃။ <b>ကိစ္စဃန</b> = နာမ်လုပ်ငန်းကိစ္စအတုံးအခဲ,</p> <p>၄။ <b>အာရမ္မဏဃန</b> = နာမ်အာရုံယူမှု အတုံးအခဲ ----- ဟူ၍</p> <p>နာမ်ဃန (= နာမ်အတုံးအခဲ) လေးမျိုး ရှိ၏။ မူလဋီကာ ကာမာဝစရ မဟာကုသိုလ် အဖွင့်တွင် ဤသို့ ဖွင့်ဆိုထားတော်မူ၏။</p> <p><b>သန္တတိဃနာဒီနံ အယံ ဝိသေသော ----- ပုရိမပစ္ဆိမာနံ နိရန္တရတာယ ဧကီဘူတာနမိဝ ပဝတ္တိ သန္တတိဃနတာ၊ တထာ ဖဿာဒီနံ ဧကသမူဟဝသေန ဒုဗ္ဗိညေယျကိစ္စ ----- ဘေဒဝသေန ဧကာရမ္မဏတာဝသေန စ ဧကိဘူတာနမိဝပတ္တိ သမူဟာဒိဃနတာ</b>။ (မူလဋီ၊၁၊၆၀။)</p> <p>ဤအထက်ပါ မူလဋီကာတွင် ဖွင့်ဆိုထားတော်မူသော ယင်းနာမ်ပိုင်း ဃနဟူသော နာမ်တုံး နာမ်ခဲ လေးမျိုးတို့၏ အဓိပ္ပါယ်မှာ အောက်ပါအတိုင်း ဖြစ်ပေသည်။</p> <h3>၁။ သန္တတိဃန = နာမ်အစဉ်အတန်းအတုံးအခဲ</h3> <p>နာမ်တရားတို့၌ ဝီထိစိတ်နှင့် ဝီထိမုတ်စိတ်ဟု နှစ်မျိုး ရှိ၏။ ထိုတွင် ဝီထိမုတ်စိတ်တို့မှာ ----- ဘဝတစ်ခုတွင် အစဆုံးဖြစ်သည့် ပဋိသန္ဓေစိတ်, နောက်ဆုံးဖြစ်သည့် စုတိစိတ်, အလယ်ဘဝ တစ်လျောက်လုံး၌ ဝီထိစိတ်များ မဖြစ်က ဘဝတွင် စိတ်အစဉ်မပြတ်စဲရေးအတွက် ဘဝင်၏ ဆက်လက် ရပ်တည်နိုင်ဖို့ရန် အကြောင်းတရားအဖြစ် ဖြစ်ပေါ်နေသော ဘဝင်စိတ်ဟု သုံးမျိုး ရှိ၏။ ပဋိသန္ဓေစိတ်နှင့် စုတိစိတ်တို့မှာ ဘဝတစ်ခုအတွင်း၌ တစ်ကြိမ်စီသာ ဖြစ်သော်လည်း ဘဝင်စိတ်မှာ ဝီထိစိတ်များ မဖြစ်သည့် အချိန်၌ ဝီထိစိတ်အစဉ်တို့၏ အကြားအကြား၌ အကြိမ်များစွာ ဘဝတစ်လျောက်လုံး ထိုက်သလို ဖြစ်နေ၏။ ထိုပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်တို့ကို အထူးသဖြင့် အဆက်မပြတ် အကြိမ်များစွာ ဝီထိစိတ်တို့၏ အကြားအကြား၌ ဖြစ်လေ့ရှိသော ဘဝင်စိတ်တို့ကို, ရှေးဘဝင် နောက်ဘဝင်တရားတို့၏ တစ်ခုနှင့် တစ်ခုအကြား ခြားကွယ်သည့်တရား အကြား မရှိသည့်အတွက်ကြောင့် စိတ္တက္ခဏ တစ်ခုခြင်း ခွဲခြားစိတ်ဖြာ၍ မမြင်ဘဲ တစ်ဆက်တည်း တစ်ခုတည်း တစ်စိတ်တည်းအဖြစ် မြင်ခဲ့သော် <b>သန္တိဃန</b> (= နာမ်အစဉ်အတန်း အတုံးအခဲ) ဖုံးအုပ်နေသည် မည်၏။ စိတ္တက္ခဏ တစ်ခုခြင်း တစ်ခုခြင်း ခွဲခြားစိတ်ဖြာ၍ မြင်ခဲ့သော် <b>သန္တိဃနဝိနိဗ္ဘောဂ</b> = နာမ်အစဉ်အတန်း အတုံးအခဲကို ဖြိုခွဲ ဖျက်ဆီးနိုင်ပြီ ဖြစ်၏။ နာမ်အစဉ်အတန်း အတုံးအခဲ ပြိုသွားပြီ ဖြစ်၏။</p> <p>တစ်ဖန် ဝီထိစိတ်တို့သည်လည်း စိတ္တနိယာမဟူသော စိတ်တို့၏ ကိန်းသေ မြဲသော နိယာမဓမ္မတာလမ်းကြောင်းအတိုင်းသာလျှင် ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ ယင်းဓမ္မတာလမ်းကြောင်းက ပြောင်းလဲ၍ဖြစ်ရိုး ဓမ္မတာ မရှိကြပေ။ ဥပမာ ----- ရူပါရုံကို သိမြင်သည့် စက္ခုဒွါရဝီထိ စိတ် စေတသိက်များ ဆိုကြပါစို့။ ယင်းစက္ခုဒွါရဝီထိ စိတ် စေတသိက်တို့သည် ရူပါရုံက အလွန် ထင်ရှား၍ (= အတိမဟန္တာရုံ ဖြစ်၍) ဝီထိစိတ္တက္ခဏတို့လည်း အပြည့်အဝဖြစ်ခဲ့သော် ----- ပဉ္စဒွါရဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော (၇)ကြိမ်, တဒါရုံ (၂)ကြိမ်ဟူသော နိယာမလမ်းကြောင်းအတိုင်းသာ ဖြစ်ကြ၏။ မြန်မာလိုဆိုသော် ----- ဆင်ခြင်, မြင်သိ, လက်ခံ, စုံစမ်း, ဆုံးဖြတ်, ဇော (၇)ကြိမ်, တဒါရုံ (၂)ကြိမ်ဟူသော နိယာမလမ်းကြောင်းအတိုင်းသာ ဖြစ်ကြ၏။ စိတ္တနိယာမဟု ခေါ်ဆို၏။ ယင်းသို့ စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်သွားသော စိတ်အစဉ်တစ်ခုကို ဝီထိဟု ခေါ်ဆို၏။ ယင်းတစ်ဝီထိအတွင်း၌ တည်ရှိသော နာမ်တရားတို့ကို ယောဂါဝစရပုဂ္ဂိုလ်က သိမ်းဆည်း ရှုပွားလိုက်သောအခါ စိတ္တက္ခဏတစ်ခုချင်း ခွဲခြားစိတ်ဖြာ၍ စိတ်တစ်လုံးစီ တစ်လုံးစီကို မမြင်ဘဲ စိတ်တစ်ခုတည်းအဖြစ် မြင်ခဲ့သော် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ကို <b>သန္တိဃန</b> (= နာမ်အစဉ်အတန်း အတုံးအခဲ) ဖုံးအုပ်နေသည် မည်ပေသည်။ ဤကား ပဉ္စဒွါရဝဇ္ဇန်း, ဤကား စက္ခုဝိဉာဏ်, ဤကား သမ္ပဋိစ္ဆိုင်း, ဤကား သန္တီရဏ, ဤကား ဝုဋ္ဌော, ဤကား ပထမဇော, ဤကား ဒုတိယဇော...စသည်ဖြင့် စိတ္တက္ခဏတိုင်း၌ စိတ္တက္ခဏတစ်ခုချင်း တစ်ခုချင်း တစ်ခုချင်း ခွဲခြားစိတ်ဖြာ၍ မြင်ခဲ့သော် <b>သန္တတိဃနဝိနိဗ္ဘောဂ</b> = နာမ်အစဉ်အတန်း အတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်ပြီ ဖြစ်၏။ နာမ်အစဉ်အတန်း အတုံးအခဲ ပြိုသွားပြီ ဖြစ်၏။</p> <h3>၂။ သမူဟဃန = နာမ်အပေါင်းအစု အတုံးအခဲ</h3> <p>တစ်ဖန် နာမ်တရားတို့သည် တစ်လုံးချင်း ဖြစ်နိုင်သည့်စွမ်းအားကား မရှိကြပေ။ စိတ်နှင့် စေတသိက်တို့သည် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ အတူယှဉ်တွဲ၍သာ ဖြစ်ကြ၏။ ဝီထိမုတ်စိတ်အမည်ရသော ပဋိသန္ဓေစိတ်, ဘဝင်စိတ်, စုတိစိတ်တို့၌လည်းကောင်း, ဝီထိစိတ်တို့၌လည်းကောင်း စိတ် စေတသိက်တို့သည် ပေါင်းစု၍ အုပ်စုအလိုက်သာ ဖြစ်ကြ၏။ ပုံစံဆိုရသော် တိဟိတ်ပဋိသန္ဓေတည်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ ပဋိသန္ဓေအခါ နာမ်တရားတို့မှာ သောမနဿဝေဒနာနှင့် ယှဉ်ခဲ့သည်ဖြစ်အံ့။ -----</p> <p>၁။ အသိစိတ် = ဝိဉာဏ် (၁)လုံး,</p> <p>၂။ အညသမာန်းအမည်ရသည့် နှစ်ဖက်ရ စေတသိက် (၁၃)လုံး,</p> <p>၃။ အကောင်းစိတ် (= သောဘဏစိတ်)အားလုံးနှင့် ဆက်ဆံသည့် သောဘဏသာဓာရဏစေတသိက် (၁၉)လုံး,</p> <p>၄။ ပညိန္ဒြေစေတသိက် (၁)လုံး -----</p> <p>အားလုံးပေါင်းသော် (၃၄)လုံး ရှိ၏။ ပဋိသန္ဓေ၌ နာမ်တရား (၃၄)လုံး ရှိခဲ့သော် ထိုပုဂ္ဂိုလ်၏ ဘဝင်နှင့် စုတိစိတ်တို့မှာလည်း အလားတူပင် (၃၄)လုံးစီပင် ရှိ၏။</p> <p>တစ်ဖန် အထက်တွင် တင်ပြထားသော စက္ခုဒွါရဝီထိစိတ်အစဉ်ဝယ်-----</p> <p>၁။ ပဉ္စဒွါရာဝဇ္ဇန်းစိတ္တက္ခဏ၌ စိတ် စေတသိက် (၁၁)လုံး,</p> <p>၂။ စက္ခုဝိညာဏ်စိတ္တက္ခဏ၌ စိတ် စေတသိက် (၈)လုံး,</p> <p>၃။ သမ္ပဋိစ္ဆိုင်းစိတ္တက္ခဏ၌ စိတ် စေတသိက် (၁၁)လုံး,</p> <p>၄။ သန္တီရဏစိတ္တက္ခဏ၌ စိတ် စေတသိက် (သောမနဿဖြစ်သော်) (၁၂) လုံး,</p> <p>၅။ ဝုဋ္ဌောစိတ္တက္ခဏ၌ စိတ် စေတသိက် (၁၂)လုံး,</p> <p>၆။ ဇောစိတ္တက္ခဏ၌ (ဉာဏ် + ပီတိ ယှဉ်သော မဟာကုသိုလ်ဇော ဖြစ်သော်) စိတ် စေတသိက် (၃၄)လုံးစီ,</p> <p>၇။ တဒါရုံစိတ္တက္ခဏ၌လည်း အလားတူ (၃၄)လုံးစီ အသီးအသီး ရှိနိုင်၏။</p> <p>ဤသို့လျှင် စိတ္တက္ခဏတစ်ခုတစ်ခုအတွင်း၌ စိတ်နှင့် စေတသိက်တို့သည် ထိုက်သလို ယှဉ်တွဲ၍သာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ ယင်းစိတ္တက္ခဏတစ်ခုတစ်ခု အတွင်း၌ အတူယှဉ်တွဲဖြစ်ကြသော စိတ်+စေတသိက် (= နာမ်တရား)တို့ကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းရှုပွားလိုက်သောအခါ ယောဂီပုဂ္ဂိုလ်က ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာ၍ မသိမမြင်ဘဲ တရားလုံးတစ်ခုတည်းအဖြစ် မြင်ခဲ့သော် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ကို <b>သမူဟဃန</b> (= နာမ်အပေါင်းအစု အတုံးအခဲ) ဖုံးအုပ်ထားသည် ဖုံးအုပ်နေသည် မည်၏။</p> <p>ယင်းနာမ်အပေါင်းအစုအတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက်-----ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် စသည်ဖြင့် (၈)လုံး ရှိက (၈)လုံး, (၃၄)လုံး ရှိက (၃၄)လုံး စသော နာမ်တရားစုတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင် မြင်နိုင် သိမ်းဆည်းနိုင်, ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်လျှင် <b>သမူဟဃနဝိနိဗ္ဘောဂ</b> = နာမ်အပေါင်းအစု အတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သည် မည်၏။ နာမ်အပေါင်းအစုအတုံးအခဲ ပြိုကွဲသွားပြီ ဖြစ်၏။</p> <h3>၃။ ကိစ္စဃန = နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ</h3> <p>ယင်းစိတ္တက္ခဏတစ်ခု အတွင်း၌ တည်ရှိကြသော အတူယှဉ်တွဲဖြစ်ကြသည့် နာမ်တရားစုတို့ကို မဟာဋီကာဆရာတော်က နာမ်ကလာပ်ဟု ခေါ်ဝေါ်သုံးစွဲထား၏။ (<b>ရူပါ ရူပကလာပုပ္ပါဒနံ....မဟာဋီ၊၂၊၂၃၅။</b>) ယင်းနာမ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိကြသော နာမ်ပရမတ္ထဓာတ်သား အသီးအသီးတို့၌ ဆိုင်ရာဆိုင်ရာ လုပ်ငန်းကိစ္စ အသီးအသီး ရှိကြ၏။ အသိစိတ်ဝိညာဏ်သည် အာရုံကို ရယူရာ၌ ပြဓာန်းသော ပဓာနရှေ့သွား ခေါင်းဆောင် ဖြစ်ခြင်း လုပ်ငန်းကိစ္စ (<b>ပုဗ္ဗင်္ဂမရသ</b>) ရှိ၏။ ဖဿသည် အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်း အာရုံကို ပွတ်ချုပ်ထိခိုက်ခြင်း (<b>သင်္ဃဋ္ဋနရသ</b>)လုပ်ငန်းကိစ္စ ရှိ၏။ ဝေဒနာသည် အာရုံ၏ အရသာကို အစဉ်ခံစားခြင်း (<b>အနုဘဝနရသ</b>) လုပ်ငန်းကိစ္စ ရှိ၏။ သညာသည် အာရုံကို နောက်ထပ် တစ်ဖန် သိဖို့ရန် အမှတ်နိမိတ်ကို ပြုခြင်း (<b>ပုနသဉ္ဇာနနနိမိတ္တကရဏရသ</b>) လုပ်ငန်းကိစ္စ ရှိ၏။ စေတနာသည် ကြောင့်ကြဗျာပါရပြုခြင်း (<b>အာယူဟနရသ</b>) လုပ်ငန်းကိစ္စ ရှိ၏။ ဤသို့ စသည်ဖြင့် စိတ္တက္ခဏ တစ်ခုတစ်ခုအတွင်း၌ အတူယှဉ်တွဲဖြစ်ကြသော နာမ်တရားတိုင်း နာမ်တရားတိုင်း၌ ကိုယ်ပိုင် လုပ်ငန်းကိစ္စ အသီးအသီး ကိုယ်စီကိုယ်စီ ရှိ၏။ ယင်း လုပ်ငန်းကိစ္စ အသီးအသီးကို ယောဂါဝစရပုဂ္ဂိုလ်က ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မမြင်ခဲ့သော် <b>ကိစ္စဃန</b> (= နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ) ဖုံးအုပ်နေသည် မည်၏။ ယောဂါဝစရပုဂ္ဂိုလ်က ယင်းတရားတို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုလိုက်သောအခါ ဤကား ဖဿ၏ လုပ်ငန်းကိစ္စ, ဤကား ဝေဒနာ၏ လုပ်ငန်းကိစ္စ ဤသို့ စသည်ဖြင့် ကိစ္စလုပ်ငန်းရပ်အသီသီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင် သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သော် <b>ကိစ္စဃနဝိနိဗ္ဘောဂ</b> = နာမ်လုပ်ငန်းကိစ္စအတုံး အခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သည် မည်၏။ နာမ်လုပ်ငန်းကိစ္စအတုံးအခဲ ပြိုကွဲသွားပြီ ဖြစ်၏။</p> <h3>၄။ အာရမ္မဏဃန = နာမ်အာရုံယူမှု အတုံးအခဲ</h3> <p>နာမ်တရားအားလုံးတို့သည် အာရုံယူတတ်သော အာရမ္မဏတရားတို့ချည်းသာ ဖြစ်ကြ၏။ သို့သော် ဝိပဿနာနယ်၌ အရှုခံနာမ်တရားနှင့် ရှုတတ်သော အာရုံယူတတ်သော နာမ်တရားဟု နှစ်မျိုး ရှိ၏။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ အရူပသတ္တကဝိပဿနာရှုနည်းတွင် အကျုံးဝင်သော ယမကရှုနည်း, ခဏိကရှုနည်း, ပဋိပါဋိရှုနည်း (ဝိသုဒ္ဓိ၊၂၊၂၆၂။)တို့၌ ရှုနေသော ရှေ့ဝိပဿနာစိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် တစ်ဖန်ပြန်၍ ဝိပဿနာရှုရန်, တစ်နည်းဆိုရသော် ရှေးရှေးဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်ကို နောက်နောက်သော ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်ဖြင့် တစ်ဖန် ပြန်၍ ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏။ တစ်ဖန် ဘင်္ဂဉာဏ်ပိုင်း စသည့် အထက်ပိုင်း ဝိပဿနာဉာဏ်ပိုင်းတို့၌လည်း -----</p> <p><b>ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ</b>။ (ဝိသုဒ္ဓိ၊၂၊၂၇၈။)</p> <p>= <b>ဉာတ</b>အမည်ရသည့် ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအပ်သည့် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားဟူသော သင်္ခါရတရားတို့ကိုလည်းကောင်း, <b>ဉာဏ</b>အမည်ရသော ဝိပဿနာရှုနေသည့် ဉာဏ်ပြဓာန်းသော ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်ကိုလည်းကောင်း ----- ဤဉာတ-ဉာဏ နှစ်မျိုးလုံးကို်ပင် ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏။</p> <p>ထိုတွင် အထက်တွင် ရှင်းပြထားသည့်အတိုင်း စက္ခုဒွါရဝီထိနာမ်တရားစု စသည့် ဝိပဿနာဉာဏ်၏ အရှုခံနာမ်တရားဘက်၌ သန္တတိဃန သမူဟဃန ကိစ္စဃနဟု နာမ်တုံး နာမ်ခဲ နာမ်ဃနသုံးမျိုး ရှိသလို ရှုနေသည့် ဝိပဿနာဉာဏ် မနောဒွါရိက ဇောဝီထိစိတ်အစဉ်ဘက်၌လည်း သန္တတိဃန သမူဃန ကိစ္စဃနဟု နာမ်တုံး နာမ်ခဲ နာမ်ဃနသုံးမျိုး ရှိသည်သာ ဖြစ်သည်။ ရှုနေသည့် ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်ဘက်၌ ရှိသော နာမ်တုံး နာမ်ခဲ နာမ်ဃနသုံးမျိုးကိုလည်း ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီး၍ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုရမည်သာ ဖြစ်သည်။ တစ်ဖန် ပြန်၍ ဝိပဿနာရှုရမည်သာ ဖြစ်သည်။ ထိုရှုနေသော ဝိပဿနာဉာဏ်ကား တစ်နည်း ရှုနေသော ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်ကား ဝိပဿနာနယ်၌ အထူးသဖြင့် အာရုံယူတတ်သော သာရမ္မဏတရားပင် ဖြစ်သည်။ ထိုဝိပဿနာဉာဏ် ပြဓာန်းလျက်ရှိသော ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်ကိုလည်း နာမ်ဃနသုံးမျိုးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဝိပဿနာ ရှုပွားသုံးသပ်ရမည်သာ ဖြစ်သည်။</p> <p>၁။ ယင်း ဝိပဿနာမနောဒွါရက ဇောဝီထိစိတ်အစဉ်ကို ဤကား မနောဒွါရာဝဇ္ဇန်း, ဤကား ပထမဇော, ဤကား ဒုတိယဇော ----- ဤသို့ စသည်ဖြင့် စိတ္တက္ခဏတစ်ခုစီ တစ်ခုစီကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မမြင်ဘဲ ဝိပဿနာဉာဏ်, ဝိပဿနာစိတ်တစ်ခုအဖြစ်ဖြင့်သာ မြင်ခဲ့သော် <b>သန္တတိဃန</b>ဟူသော နာမ်အစဉ်အတန်းအတုံးအခဲ ဖုံးနေသည် မည်၏။ ဤကား မနောဒွါရာဝဇ္ဇန်း, ဤကား ပထမဇော, ဤကား ဒုတိယဇော ----- ဤသို့ စသည်ဖြင့် စိတ္တက္ခဏတစ်ခုစီ တစ်ခုစီကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မြင်ခဲ့သော် ဝိပဿနာရှုနိုင်ခဲ့သော် <b>သန္တတိဃန</b>ဟူသော နာမ်အစဉ်အတန်း အတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သည် မည်ပေသည်။ သန္တတိဃန ပြိုပြီ ဖြစ်သည်။</p> <p>၂။ တစ်ဖန် ယင်း ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်၌ ယေဘုယျအားဖြင့် မနောဒွါရာဝဇ္ဇန်းတစ်ကြိမ် ဇောခုနှစ်ကြိမ် စောတတ်၏။ မနောဒွါရာဝဇ္ဇန်း စိတ္တက္ခဏ၌ နာမ်တရား (၁၂)လုံး, ဇောအသီးအသီး၌ ဉာဏ် ပီတိ နှစ်မျိုးလုံးယှဉ်သော် နာမ်တရား (၃၄)လုံးစီ အသီးအသီး ရှိ၏။ ယင်းစိတ္တက္ခဏ တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော နာမ်တရားစုတို့ကို ဝိပဿနာဉာဏ် ဝိပဿနာစိတ်တစ်ခုအဖြစ်ဖြင့်သာ မြင်ခဲ့သော် <b>သမူဟဃန</b>ဟူသော နာမ်အပေါင်းအစုအတုံးအခဲ ဖုံးအုပ်နေသည် မည်၏။ ယင်းစိတ္တက္ခဏ တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော နာမ်တရားစုတို့ကို ----- ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကားစေတနာ, ဤကား ဝိညာဏ် ----- စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် မြင်ခဲ့သော် တစ်ဖန် ပြန်၍ ဝိပဿနာရှုနိုင်ခဲ့သော် သိခဲ့သော် ဉာဏ်ဖြင့် မြင်ခဲ့သော် တစ်ဖန် ပြန်၍ ဝိပဿနာရှုနိုင်ခဲ့သော် <b>သမူဟဃန</b>ဟူသော နာမ်အပေါင်းအစုအတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သည် မည်ပေသည်။ သမူဟဃန ပြိုပြီ ဖြစ်၏။</p> <p>၃။ တစ်ဖန် ယင်းစိတ္တက္ခဏ တစ်ခုတစ်ခုအတွင်း၌ တည်ရှိကြသော နာမ်တရားစုတို့၏ လုပ်ငန်းကိစ္စရပ်အသီးအသီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မသိခဲ့သော် မရှုနိုင်ခဲ့သော် <b>ကိစ္စဃန</b>ဟူသော နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ ဖုံးအုပ်နေသည် မည်၏။ ဤကား ဖဿ၏ လုပ်ငန်းကိစ္စ, ဤကား ဝေဒနာ၏ လုပ်ငန်းကိစ္စ, ဤကား သညာ၏ လုပ်ငန်းကိစ္စ, ဤကား စေတနာ၏ လုပ်ငန်းကိစ္စ, ဤကား ဝိညာဏ်၏ လုပ်ငန်းကိစ္စ စသည်ဖြင့် လုပ်ငန်းကိစ္စရပ် အသီးအသီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ခဲ့သော် သိခဲ့သော် ဉာဏ်ဖြင့် မြင်ခဲ့သော် <b>ကိစ္စဃန</b>ဟူသော နာမ်တုံး နာမ်ခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သည် မည်ပေသည်။ ကိစ္စဃနဟူသော နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ ပြိုပြီ ဖြစ်၏။</p> <p>ထိုရှုနေသည့် ဝိပဿနာဉာဏ်ပြဓာန်းသော ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်ဘက်၌ တည်ရှိသော သန္တတိဃန သမူဟဃန ကိစ္စဃနဟူသော နာမ်ဃနသုံးမျိုးကိုကား <b>အာရမ္မဏဃန</b>ဟု အမည်တစ်မျိုးတည်းဖြင့် ခေါ်ဝေါ်သုံးစွဲထားသည်ဟု မှတ်ပါ။ ဝိပဿနာအရာ၌ အထူးသဖြင့် အာရုံယူတတ်သော သာရမ္မဏတရားကား ဝိပဿနာဉာဏ် သို့မဟုတ် ဝိပဿနာဉာဏ် ပြဓာန်းသော ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်ပင် ဖြစ်သောကြောင့်တည်း။ ဝိပဿနာဉာဏ်၏ အရှုခံနာမ်တရားဘက်၌ သန္တတိဃန သမူဟဃန ကိစ္စဃနဟု ဃနသုံးမျိုး ရှိ၍ ရှုတတ်သော ဝိပဿနာဉာဏ် ပြဓာန်းသော မနောဒွါရိက ဝိပဿနာဇောဝီထိစိတ်အစဉ်ဘက်၌ အာရမ္မဏဃနတစ်မျိုး ----- ပေါင်းသော် နာမ်လောက၌ ဃနလေးမျိုး ဖြစ်သည်။ ဤသို့ ခွဲခြားယူမှသာလျှင် နာမ်တရား၌ ဃနလေးမျိုး အဓိပ္ပါယ် ရှင်းသွားမည်။</p> <p>ဤသို့လျှင် ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်ကြသော ဒုက္ခသစ္စာ သမုဒယသစ္စာအမည်ရသော ရုပ်နာမ်ကြောင်းကျိုး = သင်္ခါရတရားဟူသော <b>ဉာတ</b>တရားနှင့် ရှုနေသည့် ဝိပဿနာဉာဏ် ပြဓာန်းသော ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်ဟူသော <b>ဉာဏ</b>တရား --- ဤဉာတ-ဉာဏ နှစ်မျိုးလုံး၌ ရုပ်တုံး ရုပ်ခဲ နာမ်တုံး နာမ်ခဲဟူသော ရုပ်ဃန နာမ်ဃန အတုံးအခဲများကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပွားသုံးသပ်နိုင်ပါမှ ထိုသင်္ခါရတရားတို့၌ ဖန်ဆင်းရှင် ပရမအတ္တနှင့် အဖန်ဆင်းခံရသော ဇီဝိအတ္တ မရှိမှုကိုလည်းကောင်း, ထိုသင်္ခါရတရားတို့၌ တစ်စုံတစ်ယောက်သော အတ္တ၏ အလိုအတိုင်း မဖြစ်မှု အနတ္တသဘောကိုလည်းကောင်း, မပျက်စီးဘဲ အကျိတ်အခဲအခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တမဟုတ်သည့် အနတ္တသဘောကိုလည်းကောင်း, ထိုသင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲ ပြိုပျက်နေသည့် အစိုးမရမှုသဘောကိုလည်းကောင်း ဉာဏ်ဖြင့် တွေ့မြင်နေရမည် ဖြစ်၏။ ထိုသို့ ဉာဏ်ဖြင့် တွေ့မြင်နေရသောအခါ -----</p> <p>၁။ ဤ ဖြစ်ပေါ်နေသော သင်္ခါရတရားသည် တည်မှု <b>ဌီကာလ</b>သို့ မရောက် ပါစေသတည်း။</p> <p>၂။ တည်မှု <b>ဌီကာလ</b>သို့ ရောက်ရှိနေသော ဤသင်္ခါရတရားသည် မဆွေးမြေ့ မရင့်ရော်ပါစေသတည်း = မအိုပါစေသတည်း။</p> <p>၃။ ဆွေးမြေ့ရင့်ရော် အိုမင်းခြင်းသို့ ရောက်ရှိနေသော ဤသင်္ခါရတရားသည် ပျက်ခြင်း <b>ဘင်ကာလ</b>ဖြင့် မပျက်စီးပါစေသတည်း ----- ဟု</p> <p>ဤသုံးမျိုးကုန်သော အရာဋ္ဌာနတို့၌ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ် သတ္တဝါ အတ္တ၏ အလ်ိုအတိုင်း ဖြစ်မှုသဘောကား မရှိသည်သာတည်း။ ထိုသင်္ခါရတရားတို့၌ ထိုတစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါ အတ္တ၏ အလိုအတိုင်းဖြစ်သော အခြင်းအရာမှ ဆိတ်သုန်းနေ၏။ ထို့ကြောင့် ထိုသင်္ခါရတရားတို့သည် -----</p> <p>၁။ အတ္တမှ ဆိတ်သုန်းခြင်း <b>သုညတ</b>သဘောကြောင့်လည်း အနတ္တမည်ပေသည်။</p> <p>၂။ ထိုသင်္ခါရတရားတို့ အစိုးတရ ပိုင်ဆိုင်သည့် သာမိ ပိုင်ရှင် အတ္တမရှိခြင်း အနက်သဘောကြောင့်လည်း ထိုသင်္ခါရတရားတို့သည် အနတ္တမည်ပေသည်။</p> <p>၃။ ထိုသင်္ခါရတရားတို့၌ တစ်စုံတစ်ယောက်သော အတ္တ၏ အလိုအတိုင်း ပြုလုပ်၍ ရနိုင်သော သဘောမရှိခြင်းကြောင့်လည်း ထိုသင်္ခါရတရားတို့သည် အနတ္တမည်ပေသည်။</p> <p>၄။ သာသနာပ အယူအဆရှိကြကုန်သော ပုဂ္ဂိုလ်တို့ ကြံဆထားအပ်သည့် ဖန်ဆင်းရှင်ပရမတ္တ = ပရမအတ္တ, အဖန်ဆင်းခံရသော ဇီဝအတ္တရှိ၏ဟု စွဲယူသော <b>အတ္တဝါဒ</b>နှင့် ထိပ်တိုက် ဆန့်ကျင်ဘက်ဖြစ်သောကြောင့်လည်း ထိုသင်္ခါရတရားတို့သည် အနတ္တမည်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၄၅။)</p> <h3>အနတ္တရောင်ခြည်တော်နေဝန်း</h3> <p>ဤကဲ့သို့သော အနတ္တဉာဏ်အမြင် အနတ္တရောင်ခြည်တော်နေဝန်းကြီး၏ တင့်တယ်စမ္ပာယ်စွာ ထွန်းလင်းထွက်ပေါ်လာရေးအတွက် ယောဂါဝစရ ပုဂ္ဂိုလ်သည် <b>ဉာတ-ဉာဏ</b>အမည်ရသည့် ရုပ်ဓာတ် နာမ်ဓာတ်တို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရုပ်ဃန နာမ်ဃန အတုံးအခဲများကို ပြိုကွဲသွားအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရှုပွားသုံးသပ်ရမည်သာ ဖြစ်ပေသည်။ ထိုသို့ ရှုပွားနိုင်သော အခါတွင်မှ ထိုသင်္ခါရတရားတို့၏ မဖြစ်ခင်က မရှိခြင်း, ဖြစ်ပြီးနောက် မရှိခြင်း ဟူသော မရှိခြင်းနှစ်မျိုးတို့၏ အလယ်၌သာလျှင် အလွန့်အလွန် တိုတောင်းလှသော ယာယီအခိုက်အတန့်အားဖြင့်သာ အနိစ္စ အနေအထား ဒုက္ခ အနေအထား အနတ္တ အနေအထားအားဖြင့် ဖြစ်ပေါ်လာကြသော နာမ်တရားများသာ ဖြစ်ကြသည်, သင်္ခါရတရားတို့သာ ဖြစ်ကြသည်ဟု ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်ချက်ချနိုင်မည် ဖြစ်ပေသည်။ အနတ္တရောင်ခြည်တော်နေဝန်းကြီးသည်လည်း ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ ဉာဏ်ဝတွင် တင့်တယ်စပ္ပာယ်စွာ ကြွားကြွားဝင့်ဝင့် ငွားငွားစွင့်လျက် ထွန်းလင်းထွက်ပေါ်လာမည် ဖြစ်ပေသတည်း။ ထို့ကြောင့်ပင် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာဆရာတော်က သမထယာနိကပုဂ္ဂိုလ်အား အောက်ပါအတိုင်း စျာန်နာမ်တရားတို့ကို သိမ်းဆည်းရန် ညွှန်ကြားထားပေသည်။ -----</p> <p>နာမ်ရုပ်ကို ဟုတ်တိုင်းမှန်စွာ သိမြင်တတ်သည့် ထို<b>ဒိဋ္ဌိဝိသုဒ္ဓိ</b>ဉာဏ်အမြင်ကို ပြည့်စုံစေလိုသော စျာန်သမထယာဉ် ရှိသော သမထယာနိက ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ <b>နေဝသညာနာသညာယတနစျာန်</b>ကို ချန်ထား၍ ယင်းစျာန်မှ တစ်ပါးကုန်သော ကြွင်းကုန်သော ရူပါဝစရစျာန် အရူပါဝစရစျာန်တို့တွင် တစ်မျိုးမျိုးသော စျာန်ကို ဝင်စားကာ ယင်းစျာန်မှ ထ၍ ဝိတက် အစရှိကုန်သော စျာန်အင်္ဂါတို့ကိုလည်းကောင်း, ယင်းစျာန်နှင့် ယှဉ်ဖက် သမ္ပယုတ်တရား ဖြစ်ကြကုန်သော နာမ်တရားစုတို့ကိုလည်းကောင်း လက္ခဏ-ရသ-စသည်တို့၏ အစွမ်းဖြင့် (= လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်- ပဒဋ္ဌာန်အားဖြင့်) သိမ်းဆည်းအပ်၏။ (= ဉာဏ်ဖြင့် ပိုင်းခြားယူအပ်၏။) သိမ်းဆည်းပြီး၍ (= ဉာဏ်ဖြင့် ပိုင်းခြားယူပြီး၍) ဤအလုံးစုံသော စျာန်နာမ်တရားစုကို (အာနာပါနပဋိဘာဂနိမိတ် ကသိုဏ်းပဋိဘာဂနိမိတ်စသော) သမထအာရုံနိမိတ်သို့ ရှေးရှု ညွတ်တတ်သောကြောင့် အာရုံသို့ ရှေးရှုညွတ် တတ်သော အနက်သဘောအားဖြင့် နာမ်ဟူ၍ ပိုင်းခြားမှတ်သားအပ်၏။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)</p> <p>လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်- ပဒဋ္ဌာန်အားဖြင့် နာမ်တရားတို့ကို သိမ်းဆည်းပုံ နည်းစနစ်များကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ ခန္ဓနိဒ္ဒေသပိုင်း (ဝိသုဒ္ဓိ၊၂၊၈၂-၁၀၁။)တို့၌လည်းကောင်း, အဋ္ဌသာလိနီ အဋ္ဌကထာ ထိုထို နေရာတို့၌လည်းကောင်း ကြည့်ပါ။ ဆရာသမားများနှင့် ချည်းကပ်လေ့လာပါ။</p> <h3>ခန္ဓာငါးပါးနည်းဖြင့် သိမ်းဆည်းရှုပွားပုံ အမြွက်</h3> <p><b>ဧတ္ထ ဟိ စက္ခု စေဝ ရူပဉ္စ ရူပက္ခန္ဓော၊ ဒဿနံ ဝိညာဏက္ခန္ဓော၊ တံသမ္ပယုတ္တာ ဝေဒနာ ဝေဒနာက္ခန္ဓော၊ သညာ သညာက္ခန္ဓော၊ ဖဿာဒိကာ သင်္ခါရက္ခန္ဓော။ ဧဝမေတေသံ ပဉ္စန္နံ ခန္ဓာနံ သမဝါယေ အာလောကနဝိလောကနံ ပညာယတိ။ တတ္ထကော ဧကော အာလောကေတိ၊ ကော ဝိလောကေတိ</b>။ (ဒီ၊ဋ္ဌ၊၁၊၁၇၅။ မ၊ဋ္ဌ၊၁၊၂၆၇-၂၆၈။ သံ၊ဋ္ဌ၊၃၊၂၂၇။ အဘိ၊ဋ္ဌ၊၂၊၃၄၂။)</p> <p>ဤခန္ဓာငါးပါးနည်းဖြင့် သိအောင် သိမ်းဆည်းရှုပွားရမည့် ရှုကွက်၌- -</p> <p>၁။ စက္ခုအကြည်ဓာတ်နှင့် ရူပါရုံကား <b>ရူပက္ခန္ဓာ</b>တည်း။</p> <p>၂။ ရူပါရုံကို မြင်တတ်သော စက္ခုဝိညာဏ်ကား <b>ဝိညာဏက္ခန္ဓာ</b>တည်း။</p> <p>၃။ ထိုစက္ခုဝိညာဏ်နှင့် ယှဉ်သော ဝေဒနာကား <b>ဝေဒနာက္ခန္ဓာ</b>တည်း။</p> <p>၄။ ထိုစက္ခုဝိညာဏ်နှင့် ယှဉ်သော သညာကား <b>သညာက္ခန္ဓာ</b>တည်း။</p> <p>၅။ ထိုစက္ခုဝိညာဏ်နှင့် ယှဉ်သော ဖဿ စေတနာ ဧကဂ္ဂတာ ဇီဝိတ မနသိကာရတို့ကား <b>သင်္ခါရက္ခန္ဓာ</b>တည်း။</p> <p>ဤသို့လျှင် ဤခန္ဓာငါးပါးတို့၏ ပေါင်းဆုံခြင်းသည် ထင်ရှားရှိလတ်သော် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏။ ထိုသို့ တည့်တည့်ကြည့်ရာ စောငး်ငဲ့ကြည့်ရာ၌ အဘယ်မည်သောပုဂ္ဂိုလ် သတ္တဝါတစ်စုံတစ်ဦးသည် တည့်တည့်ကြည့်လေသနည်း? အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါတစ်စုံတစ်ဦးသည် စောင်းငဲ့ကြည့်လေသနည်း? တည့်တည့်ကြည့်သော စောင်းငဲ့ကြည့်သော ပုဂ္ဂိုလ်သတ္တဝါတစ်စုံတစ်ဦးသည် မရှိသည်သာတည်း။ ခန္ဓာငါးပါးတို့၏ ပေါင်းဆုံခြင်းမျှသာတည်း။ (ဒီ၊ဋ္ဌ၊၁၊၁၇၅။ မ၊ဋ္ဌ၊၂၆၇-၂၆၈။ သံ၊ဋ္ဌ၊၃၊၂၂၇။ အဘိ၊ဋ္ဌ၊၂၊၃၄၂။)</p> <p>ဤသို့ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ စက္ခုဝိညာဏ် စိတ္တက္ခဏ အခိုက်ဝယ် ခန္ဓာငါးပါးတို့ ထင်ရှားဖြစ်သွားပုံကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သော် <b>အသမ္မောဟသမ္ပဇဉ်</b> ဖြစ်ပေပြီ။ သို့သော် စက္ခုဝိညာဏ်သည် မိမိ၏ ရှေးက ပဉ္စဒွါရာဝဇ္ဇန်း မပါဘဲလည်း မဖြစ်နိုင်။ တစ်ဖန် ပဉ္စဒွါရာဝဇ္ဇန်းစိတ်က ဘဝင်ကို လည်စေခဲ့သည်ရှိသော် ရပ်တန့်စေခဲ့သည်ရှိသော် ဝုဋ္ဌောသို့ မရောက်ဘဲလည်း ဝီထိစိတ်အစဉ်၏ ရပ်တန့်သွားခြင်း (= ဘဝင်သို့ တစ်ဖန်ပြန်၍ ကျဆင်းသွားခြင်း)မည်သည် မရှိကောင်းသည်သာ ဖြစ်၏။ (အဘိ၊ဋ္ဌ၊၁၊၃၀၉-၃၁၀။)</p> <p>အကယ်၍ ရူပါရုံသည် <b>ပရိတ္တာရုံ</b>ဖြစ်ခဲ့ပါမူ ဝုဋ္ဌောအထိ, <b>မဟန္တာရုံ</b> ဖြစ်ခဲ့ပါမူ ဇော (၇)ကြိမ်အထိ, <b>အတိမဟန္တာရုံ</b> ဖြစ်ခဲ့ပါမူ တဒါရုံ (၂)ကြိမ်အထိ ဝီထိစိတ်များသည် ဆက်လက်၍ ဖြစ်ကြမည်သာ ဖြစ်ပေသည်။ သို့အတွက် စက္ခုဝိညာဏ် စိတ္တက္ခဏအခို်က်ဝယ် ခန္ဓာငါးပါး ထင်ရှားဖြစ်သွားသကဲ့သို့ အလားတူပင် -----</p> <p>၁။ ပဉ္စဒွါရာဝဇ္ဇန်း စိတ္တက္ခဏအခိုက်၌ ခန္ဓာငါးပါး,</p> <p>၂။ စက္ခုဝိညာဏ် စိတ္တက္ခဏအခိုက်၌ ခန္ဓာငါးပါး,</p> <p>၃။ သမ္ပဋိစ္ဆိုင်း စိတ္တက္ခဏအခိုက်၌ ခန္ဓာငါးပါး,</p> <p>၄။ သန္တီရဏ စိတ္တက္ခဏအခိုက်၌ ခန္ဓာငါးပါး,</p> <p>၅။ ဝုဋ္ဌော စိတ္တက္ခဏအခိုက်၌ ခန္ဓာငါးပါး,</p> <p>၆။ ဇော စိတ္တက္ခဏအသီးအသီးအခိုက်၌ ခန္ဓာငါးပါးစီ,</p> <p>၇။ တဒါရုံ စိတ္တက္ခဏအသီးသီးအခိုက်၌ ခန္ဓာငါးပါးစီ -----</p> <p>ဤသို့လျှင် စိတ္တက္ခဏတိုင်း၌ ခန္ဓာငါးပါးစီ အသီးအသီး ဖြစ်သွားကြ၏။ ယင်းခန္ဓာငါးပါးတို့ကို စိတ္တက္ခဏတိုင်းဝယ် ပရမတ်သို့ ဆိုက်အောင် ဟုတ်တိုင်းမှန်စွာ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင် ဝိပဿနာရှုပွားသုံးသပ်နိုင်ပါက တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ အသမ္မောဟသမ္ပဇဉ် ဖြစ်ပေပြီ။ ထိုကြောင့် စက္ခုဝိညာဏ်စိတ္တက္ခဏအခိုက်၌ ခန္ဓာငါးပါးဖြစ်ပုံကို ဖွင့်ဆိုထားသော အဋ္ဌကထာစကားရပ်ကို အရိပ်ပြလျှင် အကောင်ထင်စေသော ဥပလက္ခဏနည်း နိဒဿနနည်းအားဖြင့် ဖွင့်ဆိုထားသော စကားဟု မှတ်ပါ။</p> <h3>ပဉ္စဒွါရာဝဇ္ဇန်းစိတ္တက္ခဏအခိုက်၌ ခန္ဓာငါးပါး</h3> <p>၁။ ပဉ္စဒွါရာဝဇ္ဇန်း၏ မှီရာ <b>ဟဒယဝတ္ထု</b>နှင့် ရူပါရုံကား <b>ရူပက္ခန္ဓာ</b>,</p> <p>၂။ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကား <b>ဝိညာဏက္ခန္ဓာ</b>,</p> <p>၃။ ယင်းပဉ္စဒွါရာဝဇ္ဇန်းစိတ်နှင့် ယှဉ်သော သညာကား <b>သညာက္ခန္ဓာ</b>,</p> <p>၄။ ယင်းပဉ္စဒွါရာဝဇ္ဇန်းစိတ်နှင့် ယှဉ်သော ဝေဒနာကား <b>ဝေဒနာက္ခန္ဓာ</b>,</p> <p>၅။ ယင်းပဉ္စဒွါရာဝဇ္ဇန်းစိတ်နှင့် ယှဉ်သော ဖဿ စေတနာ ဧကဂ္ဂတာ ဇီဝိတ မနသိကာရ ဝိတက် ဝိစာရ အဓိမောက္ခ ဤ (၈)လုံးတို့ကား <b>သင်္ခါရက္ခန္ဓာ</b>-</p> <p>ဤသို့လျှင် ခန္ဓာငါးပါး ဖြစ်ပေသည်။ ကျန် ဝီထိစိတ်တို့၌လည်း နည်းမှီး၍ သိပါလေ။ သောတဒွါရဝီထိစသည့် ဝီထိစိတ်အစဉ်တို့၌လည်း နည်းတူပင် သဘောပေါက်ပါလေ။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၂၅)၌လည်း ခန္ဓာငါးပါးနည်းဖြင့် ရုပ်နာမ်တို့ကို သိမ်းဆည်းရန် ညွှန်ကြားချက်များလည်း လာရှိပေသည်။</p> <h3>စျာနသမာပတ္တိဝီထိနာမ်တရားများ</h3> <p>ဤကျမ်းစာ၌ကား စျာနသမာပတ္တိဝီထိနာမ်တရားများက စ၍ သိမ်းဆည်းပုံ အမြွက်မျှကို တင်ပြအပ်ပါသည်။ ယင်းစျာန်နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ရှေးဦးစွာ သဘာဝလက္ခဏာကို ဦးစားပေးကာ သိမ်းဆည်းပါ။ ကျွမ်းကျင်လာသောအခါ တစ်ဖန် ပြန်၍ လက္ခဏ ရသ ပစ္စုပ္ပဋ္ဌာန် ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ စျာနသမာပတ္တိဝီထိ နာမ်တရားတို့ကို ဝီထိစိတ်အစဉ်အတိုင်း သိမ်းဆည်းရမည်ဖြစ်သဖြင့် ယင်း ဝီထိစိတ်အစဉ်များကို အကျည်းချုပ်ကာ တင်ပြအပ်ပါသည်။</p> <h3>စျာနသမာပတ္တိဝီထိပုံစံများ</h3> <p><b>မန္ဒပုဂ္ဂိုလ်</b> = န-ဒ-မ-ပ-ဥ-နု-ဂေါ-စျာန်......</p> <p><b>တိက္ခပုဂ္ဂိုလ်</b> = န-ဒ-မ-ဥ-နု-ဂေါ-စျာန်......</p> <p>မိမိ ရရှိထားပြီးသော စျာန်ကို ခိုင်မြဲစေခြင်းငှာလည်းကောင်း, ဝသီဘော်ရောက် ကမ်းတစ်ဖက်သို့ပေါက် ပါရဂူမြောက်စေခြင်းငှာလည်းကောင်း, မျက်မှောက်ဘဝ၌ <b>စျာနသုခ</b> (= စျာန်ချမ်းသာ)ကို ခံစား စံစားပါရခြင်းအလို့ငှာလည်းကောင်း, <b>အဘိညာဏ်</b>၏ အခြေပါဒကအကျိုးငှာလည်းကောင်း, ဝိပဿနာ၏ အခြေပါဒကအကျိုးငှာလည်းကောင်း မိမိရရှိထားပြီးသော စျာန်ကို အဖန်ဖန် အထပ်ထပ် ဝင်စားသော ဝီထိစိတ်အစဉ်ကို <b>စျာနသမာပတ္တိဝီထိ</b>ဟု ခေါ်ဆိုသည်။ ဤတွင် ပထဝီကသိုဏ်းပဋိဘာဂနိမိတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော ပထဝီကသိုဏ်းလျှင် အာရုံရှိသော <b>စတုက္ကနည်း</b> ရူပါဝစရစျာန်လေးပါးနှင့် ယင်းပထဝီကသိုဏ်းပညတ်ကို ခွာနိုင်သဖြင့် အဆင့်ဆင့် ဖြစ်ပေါ်လာကြသော အရူပါဝစရစျာန်လေးပါး - ပေါင်း သမာပတ် (၈)ပါးတို့ကို ပုံစံအဖြစ် ဖော်ပြအပ်ပါသည်။</p> <p>၁။ ပထမစျာနသမာပတ္တိဝီထိ,</p> <p>၂။ ဒုတိယစျာနသမာပတ္တိဝီထိ,</p> <p>၃။ တတိယစျာနသမာပတ္တိဝီထိ,</p> <p>၄။ စတုတ္တစျာနသမာပတ္တိဝီထိ,</p> <p>၅။ <b>အကာသာနဉ္စယတနစျာနသမာပတ္တိဝီထိ</b>,</p> <p>၆။ <b>ဝိညာဏဉ္စာယတနစျာနသမာပတ္တိဝီထိ</b>,</p> <p>၇။ <b>အာကိဉ္စညာယတနစျာနသမာပတ္တိဝီထိ</b>,</p> <p>၈။ <b>နေဝသညာနာသညာယတနစျာနသမာပတ္တိဝီထိ</b> -----</p> <p>ဤသို့လျှင် (စတုက္ကနည်းအရ) စျာနသမာပတ္တိဝီထိ (၈)မျိုး ရှိပေသည်။ ယင်းစျာနသမပတ္တိဝီထိနာမ်တရားစုတို့သည် အထက်တွင် တင်ပြထားသည့် ဝီထိစဉ်အတိုင်း ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ ယင်းဓမ္မတာလမ်းကြောင်းမှ တိမ်းစောင်း၍ ဖြစ်ရိုးဓမ္မတာကား မရှိကြပေ။ ယင်းသင်္ကေတတို့၏ အဓိပ္ပါယ်မှာ ဤသို့ ဖြစ်၏။ -----</p> <p><b>န</b> = ဘဝင်္ဂစလန = လှုပ်သောဘဝင် (အတိတ်မရဏာသန္နဇော၏ အာရုံ)</p> <p><b>ဒ</b> = ဘဝင်္ဂုပစ္ဆေဒ = ရပ်သောဘဝင် (အတိတ်မရဏာသန္နဇော၏ အာရုံ)</p> <p><b>မ</b> = မနောဒွါရာဝဇ္ဇန်း = ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်ကို ဆင်ခြင်သော စိတ်,</p> <p><b>ပ</b> = ပရိကံ = အပ္ပနာစျာန်ဇော ဖြစ်ပေါ်လာရန် ပြုပြင်စီရင်သော စိတ်,</p> <p><b>ဥ</b> = ဥပစာ = အပ္ပနာစျာန်၏ အနီး၌ ကပ်၍ ဖြစ်တတ်သောစိတ်,</p> <p><b>နု</b> = အနုလောမ = အနုလုံ = ရှေးပရိကံနှင့် နောက်အပ္ပနာစျာန်ဇောတို့ အား လျော်သော စိတ်,</p> <p><b>ဂေါ</b> = ဂေါတြဘု = ကာမအနွယ်ကို လွှမ်းမိုးဖိစီးတတ် ဖြတ်တတ်သောစိတ်,</p> <p><b>စျာန်</b> = (ပထဝီ) ကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို စိုက်စိုက်စူးစူး အထူး မြဲမြံ ရှုအားသန်သောစိတ် = <b>အာရမ္မဏူပနိဇ္ဈာနစျာန်</b> = ကသိုဏ်းပဋိဘာဂ နိမိတ်အာရုံသို့ ကပ်၍ စိုက်စို်က်စူးစူး အထူးမြဲမြံ ရှုအားသန်သော စိတ်ဟု ဆိုလိုသည်။</p> <p><b>ပရိကံ</b> ----- အလွန်အားကောင်းသော ဝိတတ် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါတို့နှင့် ယှဉ်သော ကာမာဝစရ ဥပစာရသမာဓိဇောစိတ်တစ်မျိုးသည် မဟဂ္ဂုတ်အမည်ရသော အပ္ပနာစျာန်ဇောများ ဖြစ်ပေါ်လာရန် ပြုပြင်စီရင်တတ်သောကြောင့် ပရိကံမည်၏။ (ဝိသုဒ္ဓိ၊၁၊၁၃၄။)</p> <p><b>ဥပစာရ</b> -----ရွာ၏ အနီးဖြစ်သော အရပ်ကို ရွာဥပစာ, မြို့၏အနီးဖြစ်သော အရပ်ကို မြို့ဥပစာဟု ဤသို့ စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲသကဲ့သို့ အလားတူပင် အပ္ပနာစျာန်မှ နီးသည်၏အဖြစ်ကြောင့်လည်းကောင်း, တစ်နည်းဆိုရသော် အနီး၌ ကျင်လည်တတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း ပရိကံအမည်ရသော ကာမာဝစရ ဥပစာရသမာဓိဇော၏ နောက်၌ ကပ်လျက် ဖြစ်ပေါ်လာသော ဥပစာရသမာဓိဇောစိတ်ကို ဥပစာရဟူ၍ ခေါ်ဆိုအပ်၏။ အပ္ပနာစျာန်ဇောမှ နီးကပ်သည်၏ အဖြစ်ကြောင့် ယင်းသို့ ဥပစာရ အမည်ရခဲ့သော် အပ္ပနာစျာန်ဇောနှင့် တစ်စပ်တည်း ဆက်စပ်နေသော ဂေါတြဘု၏သာလျှင် ဥပစာရဟူသော အမည်သမညာသည် ဖြစ်သင့်၏ဟူသော လျဉ်းပါးဖွယ်ရာ ရှိလာပြန်၏၊ သို့အတွက် ----- <b>သမီပစာရတ္တာ</b> ----- ဟု အဋ္ဌကထာ (ဝိသုဒ္ဓိ၊၁၊၁၃၄။)က နောက်တစ်မျိုး ထပ်ဖွင့်ပြန်သည်။ ဤစကားအရ အပ္ပနာဇောနှင့် ကပ်လျက်ရှိသော ဂေါတြဘုဇောကို ဥပစာရဟု မခေါ်ဆိုဘဲ အပ္ပနာဇော၏ အနီးအပါး၌ ကျင်လည်တတ် ဖြစ်တတ်သော ဂေါတြဘု၏ ရှေးနားက ကာမဇောများကို ဥပစာရဟု ခေါ်ဝေါ်ရသည် မှတ်ပါ။ မှန်ပေသည် အလွန်မနီးကပ်ပါသော်လည်း မဝေးလွန်းသော အရပ်၌ ဖြစ်သော တရားသည် <b>သမီပစာရီ</b> = အနီးအပါး၌ ဖြစ်သော တရားမည်သည်သာ ဖြစ်ပေသည်။ (မဟာဋီ၊၁၊၁၆၁။)</p> <p><b>အနုလောမ</b> ----- အနုလောမအမည်ရသော ကာမာဝစရ ဥပစာရသမာဓိဇောသည် ရှေးရှေး ပရိကံတို့၏ ကိစ္စကိုလည်း ဆက်လက်၍ ရွက်ဆောင် တတ်၏။ နောက်နောက်သော အပ္ပနာစျာန်ကိုလည်း ပေါ်လာစေတတ်၏။ သို့အတွက် ရှေးရှေးပရိကံနှင့် နောက်နောက်အပ္ပနာတို့အား လျော်စွာဖြစ်တတ်သောကြောင့် ယင်းကာမဇောသည် အနုလောမမည်၏။ ရှေးရှေး ပရိကံဟူရာ၌ အပ္ပနာဇောဝီထိ၏အတွင်း၌ တည်ရှိသော ပရိကံကို ဆိုလိုသည်မဟုတ်၊ အပ္ပနာဝီထိသို့ မသက်ရောက်မီ အပ္ပနာဝီထိမကျမီ အထူးထူးသော အာဝဇ္ဇန်းရှိကြကုန်သော ရှေးရှေးဝီထိတို့၏ အတွင်း၌ တည်ရှိကြကုန်သော ဖြစ်ခဲ့သမျှသော ဇောတို့ကိုလည်း အပ္ပနာစျာန်ဇောဖြစ်ပေါ်လာအောင် စီမံပေးကြသည်ဖြစ်၍ ပရိကံဟုပင် ခေါ်ဆိုရသည် (ဝိသုဒ္ဓိ၊၁၊၁၃၄။ မဟာဋီ၊ ၁၊၁၆၁။)</p> <p><b>ဂေါတြဘု</b> ----- ဤကာမာဝစရ ဥပစာရသမာဓိဇောတို့တွင် နောက်ဆုံးဖြစ်သော ကာမဇောသည် ကာမာဝစရအနွယ်ကို လွှမ်းမိုးကျော်လွန်သည်၏ အဖြစ်ကြောင့်လည်းကောင်း, မဟဂ္ဂုတ်အနွယ်ကို ပွားစေတတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း <b>ဂေါတြဘု</b> ( = <b>ဂေါတြဘူ</b>)ဟူ၍လည်း ခေါ်ဆိုအပ်၏။</p> <p>ဤဆိုအပ်ခဲ့ပြီးသော သဘော ရှိကြကုန်သော မန္ဒပညပုဂ္ဂိုလ်၏ သန္တာန်၌ လေးကြိမ်, တိက္ခပညပုဂ္ဂိုလ်၏ သန္တာန်၌ သုံးကြိမ်ဖြစ်ပေါ်သွားကြကုန်သော ပရိကံ ဥပစာရ အနုလုံ ဂေါတြဘု, သို့မဟုတ် ဥပစာရ အနုလုံ ဂေါတြဘုဟူသော ထိုဇောတို့သည် ပြကတေ့သော ကာမာဝစရစိတ်တို့ထက် အထူးအားရှိသော အလွန်အားကောင်းမောင်းသန်သော စွမ်းအင်အပြည့်အဝ ရှိသော ဝိတက်+ဝိစာရ+ပီတီ+သုခ+ဧကဂ္ဂတာဟူသော စျာန်အင်္ဂါငါးပါး ထင်ရှားရှိကုန်သော ကာမာဝစာရတရားတို့ ဖြစ်ကြကုန်၏။ ဥပစာရ ကာမာဝစရသမာဓိဇောတို့ ဖြစ်ကြကုန်၏။ ဤစျာနသမာပတ္တိဝီထိအတွင်း၌ မဟဂ္ဂုတ် အပ္ပနာစျာန်ဇောတို့ကို အကြိမ်များစွာ စောနိုင်ကြ၏။ ယင်းသို့ အကြိမ်များစွာ စောကြခြင်းကြောင့်လည်း နာမ်ကမ္မဋ္ဌာန်းကို အားထုတ်ခါစ အာဒိကမ္မိကပုဂ္ဂိုလ်အတွက် သိမ်းဆည်းရ လွယ်ကူခြင်း ဖြစ်ပေသည်။</p> <h3>ကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</h3> <p><b>ဓမ္မာရုံလိုင်း</b>-<b>မနောဒွါရ</b>-<b>စျာနသမာပတ္တိဝီထိဇယား</b></p> <p>ပထမစျာန်နာမ်တရား (၃၄) လုံး</p> <p>၁။ အသိစိတ် = <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>ကို ရယူခြင်းသ ဘော။ [<b>ဝိဇာနနံ အာရမ္မဏဿ ဥပလဒ္ဓိ</b> (မူလဋီ၊၁၊၈၇) ဟူသော <b>မူလဋီကာ</b>နှင့်အညီ အာရုံကို သိသည်ဟူရာ၌ ထိုအာရုံကို လှမ်း၍ အာရုံယူရာ အာရုံယူ၍ ရမှုသဘော သာ ဖြစ်သည်။ အကယ်၍ ယူ၍မရရှိပါက ထိုအာရုံကို သိသည် ဟု မဆိုနို်င်ပေ။]</p> <p>၂။ <b>ဖဿ</b> = <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>ကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော (လက္ခဏ) = <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>နှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်းသဘော။ (ရသ)</p> <p>၃။ <b>ဝေဒနာ</b> = <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>၏ အရာသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော (ပထမစျာန်၌ <b>သောမနဿဝေဒနာ</b>။) [မှတ်ချက် ----- နောက် စေတ သိက်တို့၌ အာရုံဟု ဆိုရာ၌ <b>ပထဝီကသိုဏ်း ပဋိဘာဂ နိမိတ် အာရုံ</b>ကိုပင် အထူးရည်ညွှန်းနေသည်ဟု မှတ်ပါ]</p> <p>၄။ <b>သညာ</b> = <b>ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ</b>ကို မှတ်သားခြင်း သဘော၊</p> <p>၅။ <b>စေတနာ</b> = <b>ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ</b>ပေါ်သို့ ယှဉ်ဖက် <b>သမ္ပယုတ်တရား</b> = <b>စိတ်စေတသိက်တရား</b>တို့ကို ရောက် အောင် စေ့ဆော်ပေးခြင်း = နှိုးဆော်ပေးခြင်း သဘော၊</p> <p>၆။ <b>ဧကဂ္ဂတာ</b> = <b>ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ</b>တစ်ခုတည်းပေါ် သို့ စိတ်ကျရောက်နေခြင်းသဘော၊ =တည်ငြိမ်နေခြင်း သဘော၊ = <b>သမ္ပယုတ်တရား</b>တို့ကို ဖရိုဖရဲ မကျဲစေခြင်း သဘော၊</p> <p>၇။ <b>ဇီဝိတ</b> = <b>ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ</b>တစ်ခုတည်းပေါ် သို့ <b>သမ္ပယုတ်တရား</b>တို့ကို စောင့်ရှောက်ပေးခြင်း သဘော ( = နာမ်သက်စောင့်ဓာတ်၊)</p> <p>၈။ <b>မနသိကာရ</b> = <b>ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ</b>ဘက်သို့ စိတ်ကို ( = <b>သမ္ပယုတ်တရား</b>တို့ကို) ဦးလှည့် တွန်းပို့ပေးခြင်း သဘော၊ = မောင်းနှင်ပေးခြင်းသဘော၊ = အာရုံကို နှလုံးသွင်းခြင်းသဘော၊</p> <p>၉။ <b>ဝိတတ်</b> = <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ် အာရုံ</b>ပေါ်သို့ စိတ်ကို ( = <b>သမ္ပယုတ်တရား</b>တို့ကို) ဦးလှည့် တွန်းပို့ပေးခြင်း သဘော = ကြံစည်ခြင်းသဘော၊</p> <p>၁၀။ <b>ဝိစာရ</b> = <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>ကို ထပ်ကာ ထပ်ကာ သုံးသပ်ဆင်ခြင်ခြင်း ဆုပ်နယ်ခြင်း သဘော၊</p> <p>= အာရုံကို ထပ်၍ထပ်၍ ယူခြင်းသဘော၊</p> <p>၁၁။ <b>အဓိမောက္ခ</b> = <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>ကို ဆုံးဖြတ်ချက် ချခြင်းသဘော၊</p> <p>၁၂။ <b>ဝီရိယ</b> = <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>ကို သိအောင် ( = <b>သမ္ပယုတ်တရား</b>တို့ ဖြစ်အောင်) ကြိုးစားအားထုတ်ခြင်း သဘော၊</p> <p>[မှတ်ချက် -----<b>သမာဓိသိက္ခာ</b>ပိုင်း ဖြစ်သဖြင့် <b>သမာဓိ</b>ကို ထူထောင်ခိုက်, <b>စျာန်သမာပတ်</b> ဝင်စားခိုက်တို့၌ အထူးသဖြင့် <b>ပထဝီကသိုဏ်း</b>ကဲ့သို့သော <b>ကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>၌ <b>ဘာဝနာစိတ်</b>ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအားထုတ်မှု သဘောပင် ဖြစ်သည်။ <b>ဝီရိယ</b>သည် <b>သမ္ပယုတ်တရား</b>တို့ကို အာရုံ၌ ခိုင်ခံ့အောင် တည်တံ့အောင် အားပေး ထောက်ပံ့ထားခြင်း <b>ပဂ္ဂဟ</b>လုပ်ငန်းကိစ္စကို ပြုလုပ်သည်။]</p> <p>၁၃။ <b>ပီတိ</b> = <b>ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ</b>ကို နှစ်သက်ခြင်း သဘော၊</p> <p>၁၄။ <b>ဆန္ဒ</b> = <b>ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ</b>ကို သိလိုခြင်း သဘော၊ = အာရုံ၌ စိတ် တည်ကြည်လိုခြင်း = <b>သမာဓိ</b> ကို ဖြစ်လိုခြင်း၊ =<b>သမ္ပယုတ်တရား</b>တို့ကို ဖြစ်စေလိုခြင်း သဘော၊</p> <p>၁၅။ <b>သဒ္ဓါ</b> = <b>ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ</b>ကို <b>စျာန်သမာဓိ သိက္ခာ</b> ( = <b>စျာန်သမာဓိကျင့်စဉ်</b>)ကို ယုံကြည်ခြင်း သ ဘော၊ [<b>သဒ္ဓါ</b> ဖြစ်ရာ (၈)ဌာနတို့၌ <b>သိက္ခာသုံပါး</b>လည်း ပါဝင်လျက် ရှိ၏။ <b>စျာန်သမာဓိသိက္ခာ</b> = <b>စျာန်သမာဓိ ကျင့်စဉ်</b>ကို ယုံကြည်ခြင်းသည်လည်း <b>သဒ္ဓါ</b>ပင် ဖြစ်သည်]</p> <p>၁၆။ <b>သတိ</b> = <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>၌ <b>သမ္ပယုတ်တရား</b> တို့ကို ဗူးတောင်းကဲ့သို့ မပေါ်စေဘဲ ကျောက်ဖျာကဲ့သို့ နစ်မြုပ်စေခြင်းသဘော၊ = အာရုံကို မမေ့ပျောက်ခြင်း သဘော၊ = အာရုံ၌ စိတ် ခိုင်မြဲခြင်းသဘော၊</p> <p>၁၇။ <b>ဟိရိ</b> = မကောင်းမှု <b>အကုသိုလ်တရား ဒုစရိုက်တရား</b>မှ ရှက်ခြင်း သဘော။</p> <p>၁၈။ <b>ဩတ္တပ္ပ</b> = မကောင်းမှု <b>အကုသိုလ်တရား ဒုစရိုက်တရား</b>မှ ကြောက် ခြင်းသဘော၊</p> <p>[ဤ<b>ဟိရိ ဩတ္တပ္ပတရား</b> နှစ်ပါးကား <b>စျာန်သမာဓိ</b>အခိုက်၌ ရှေးရှုတည်နေရုံ တည်နေခြင်းသဘောသာ ဖြစ်သည်။ အထူးသဖြင့် ဤအပိုင်းတွင် <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်</b>ကိုသာ အာရုံမူနေသည့်အခိုက် ဖြစ်ရကား <b>အကုသိုလ်ဒုစရိုက်</b>တို့နှင့် ထိပ်တိုက် တွေ့ဆုံနေသည့် အချိန်အခိုက်လည်း မဟုတ်သောကြောင့် ဖြစ်သည်။ အရှက်အကြောက်တရား ရှိ၍သာ <b>သိက္ခာသုံးရပ် အကျင့်မြတ်</b>ကို ဖြည့်ကျင့်နေခြင်း ဖြစ်၏။ ရှက်မှု ကြောက်မှုတို့ကား စျာန်မဝင်စားမီ, ဝင်စားပြီး, ဝင်စားဆဲအချိန်တို့၌ <b>ယောဂါဝစရပုဂ္ဂိုလ်သူမြတ်</b>၏ <b>နာမ်သန္တတိအစဉ်</b>ဝယ် ရှေးရှုတည်နေကြသည်သာ ဖြစ်၏။]</p> <p>၁၉။ <b>အလောဘ</b> = <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>၌ စိတ် မကပ် ငြိခြင်း, မတပ်မက်ခြင်းသဘော၊ = အာရုံကို ငါ့ ဟာဟု မစွဲယူခြင်းသဘော၊</p> <p>၂၀။ <b>အဒေါသ</b> = <b>ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ</b>၌ စိတ် မခက်ထန် မကြမ်းတမ်းခြင်းသဘော၊ = <b>ပထဝီ ကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>ကို မဖျက်ဆီးလို ခြင်းသဘော၊</p> <p>၂၁။ <b>တတြမဇ္ဈတ္တတာ</b> = <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>၌ စိတ်ကို အလယ်အလတ်ထားခြင်းသဘော၊အာရုံကို လျစ် လျူရှုခြင်းသဘော၊</p> <p>၂၂။ <b>ကာယပဿဒ္ဓိ</b> = <b>ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ</b>၌ <b>စေတ သိက်</b>တို့၏ ငြိမ်းအေးခြင်းသဘော၊</p> <p>၂၃။ <b>စိတ္တပဿဒ္ဓိ</b> = <b>ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ</b>၌ စိတ်၏ ငြိမ်းအေးခြင်းသဘော၊</p> <p>၂၄။ <b>ကာယလဟုတာ</b> = <b>ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ</b>၌ <b>စေတ သိက်</b>တို့၏ လျင်မြန်ပေါ့ပါးခြင်းသဘော၊</p> <p>၂၅။ <b>စိတ္တလဟုတာ</b> = အာရုံ၌ စိတ်၏ လျင်မြန် ပေါ့ပါးခြင်းသဘော၊</p> <p>၂၆။ <b>ကာယမုဒုတာ</b> = အာရုံ၌ <b>စေတသိက်</b>တို့၏ နူးညံ့ခြင်းသဘော၊</p> <p>၂၇။ <b>စိတ္တမုဒုတာ</b> = အာရုံ၌ စိတ်၏ နူးညံ့ခြင်းသဘော၊</p> <p>၂၈။ <b>ကာယကမ္မညတာ</b> = အာရုံ၌ <b>စေတသိက်</b>တို့၏ ခံ့ငြားခြင်းသဘော၊ <b>စေတသိက်</b>တို့၏ အာရုံကို ရှုလို့ အချိုးကျ အဆင် ပြေခြင်းသဘော၊</p> <p>၂၉။ <b>စိတ္တကမ္မညတာ</b> = အာရုံ၌ စိတ်၏ ခံ့ငြားခြင်းသဘော၊ စိတ်၏ အာရုံ ကို ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော၊</p> <p>၃၀။ <b>ကာယပါဂုညတာ</b> = အာရုံ၌ <b>စေတသိက်</b>တို့၏ ပြွမ်းတီးလေ့လာ နိုင်နင်း ခြင်းသဘော။ = ကျွမ်းကျင်လိမ်မာခြင်းသဘော။</p> <p>= <b>ကိလေသာအနာ</b> ကင်းခြင်းသဘော။</p> <p>၃၁။ <b>စိတ္တပါဂုညတာ</b> = အာရုံ၌ စိတ်၏ ပြွမ်းတီးလေ့လာနိုင်နင်းခြင်းသ ဘော၊= ကျွမ်းကျင်လိမ်မာခြင်းသဘော၊ = <b>ကိလေ သာ အနာ</b>ကင်းခြင်းသဘော၊</p> <p>၃၂။ <b>ကာယုဇုကတာ</b> = အာရုံ၌ <b>စေတသိက်</b>တို့၏ ဖြောင့်မတ်ခြင်းသဘော၊</p> <p>= <b>မာယာသာဌေယျ အကွေ့အကောက်</b> ကင်း ခြင်းသဘော၊</p> <p>၃၃။ <b>စိတ္တုဇုကတာ</b> = အာရုံ၌ စိတ်၏ ဖြောင့်မတ်ခြင်းသဘော၊</p> <p>= <b>မာယာသာဌေယျ အကွေ့အကောက်</b> ကင်းခြင်း သဘော၊</p> <p>၃၄။ <b>ပညာ</b> = <b>ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ</b>ကို ထွင်း ဖောက် သိမြင်ခြင်းသဘော (<b>စျာနသမ္မာဒိဌိ</b> တည်း)။</p> <p>ဤသည်တို့ကား <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော ပထမစျာန်နာမ်တရား (၃၄)လုံးတို့ပင် ဖြစ်ကြသည်။ ထို (၃၄)လုံးတို့တွင် <b>စျာန်အင်္ဂါ</b>များကို <b>ဇောစိတ္တက္ခဏ</b>တိုင်း၌ ငါးလုံးစီ ငါးလုံးစီ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သောအခါ ကျန် <b>စိတ်+စေတသိက် တရား</b>တို့ကို တစ်စတစ်စ တိုး၍ သိမ်းဆည်းရမည် ဖြစ်သည်။</p> <p>ရှေးဦးစွာ <b>စျာန်</b>ကို တစ်ဖန် ပြန်ဝင်စားပါ။ <b>စျာန်</b>မှ ထသောအခါ, <b>ဘဝင်မနောအကြည်ဓာတ်</b> (= <b>မနောဒွါရ</b>)နှင့် <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်</b>ကို ပူးတွဲသိမ်းဆည်းလျက် <b>မနောဒွါရ</b>၌ ယင်း<b>ကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>က ထင်နေသောအခါ = ရှေးရှုကျရောက်နေသောအခါ, <b>နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း</b> သုံးနည်းတို့တွင် အသိစိတ်က စ၍ သိမ်းဆည်းကြည့်ပါ။ အသိစိတ်တစ်လုံးကို <b>ဇောစိတ္တက္ခဏ</b>တိုင်း၌ အကြိမ်များစွာ အဟုန်ပြင်းစွာ ဆက်တိုက်ဖြစ်နေမှုကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သောအခါ နောက်ထပ် <b>ဖဿ</b>တစ်လုံး ထပ်တိုး၍ အသိစိတ်နှင့် <b>ဖဿ</b>နှစ်လုံးတို့သည် <b>ဇောစိတ္တက္ခဏ</b>တိုင်း၌ ပြိုင်တူ ဖြစ်နေသည်ကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ သိမ်းဆည်းပါ။ <b>စျာန်</b>ကို ပြန်၍ ဝင်စားလိုက်, <b>စျာန်</b>မှ ထကာ ယင်း<b>နာမ်တရား</b>တို့ကို သိမ်းဆည်းလို်က် ----- ဤသို့ ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ အောင်မြင်မှုကို ရရှိခဲ့သော် <b>ဝေဒနာ</b>စသည့် ကျန် <b>စေတသိက်</b>တို့ကိုလည်း တဖြည်းဖြည်း တစ်လုံးစီ တစ်လုံးစီ တိုး၍ တိုး၍ (၃၄)လုံး ပြည့်သည်တိုင်အောင် ပုံစံတူပင် ဆက်လက်၍ ရှုကြည့်ပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။ <b>ဇောစိတ္တက္ခဏ</b>တိုင်းဝယ် ယင်း<b>စျာန်နာမ်တရား</b>တို့၏ သုံးလုံး သုံးလုံး, လေးလုံး လေးလုံး, ငါးလုံး ငါးလုံး ----- ဤသို့ စသည်ဖြင့် ပြိုင်တူ ဖြစ်နေမှုကို အသိဉာဏ်ဝယ် ရှင်းရှင်းကြီး မြင်နေအောင် လေ့ကျင့်ပါ။</p> <p>ဤ<b>စျာနဓမ္မ</b>အမည်ရသည့် ပထမစျာန်နာမ်တရား (၃၄)လုံးတို့ကို <b>ဇောစိတ္တက္ခဏ</b>တို့၌ အကြိမ်များစွာ ဖြစ်နေမှုကို ရှင်းရှင်းလင်းလင်းကြီး ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သောအခါ ဇယားတွင် ဖော်ပြထားသည့် <b>ပထမစျာနသမာပတ္တိဝီထိစဉ်</b>အတိုင်း ပုံစံတူ ဆက်လက်၍ သိမ်းဆည်းပါ။</p> <p>၁။ <b>မနောဒွါရာဝဇ္ဇန်းစိတ္တက္ခဏ</b>၌ နာမ်တရား - (၁၂)လုံး</p> <p>၂။ <b>ပရိကံစိတ္တက္ခဏ</b>၌ နာမ်တရား - (၃၄)လုံး</p> <p>၃။ <b>ဥပစာစိတ္တက္ခဏ</b>၌ နာမ်တရား - (၃၄)လုံး</p> <p>၄။ <b>အနုလုံစိတ္တက္ခဏ</b>၌ နာမ်တရား - (၃၄)လုံး</p> <p>၅။ <b>ဂေါတြဘုစိတ္တက္ခဏ</b>၌ နာမ်တရား - (၃၄)လုံး</p> <p>၆။ <b>စျာန်ဇောစိတ္တက္ခဏ</b>အသီးအသီး၌ နာမ်တရား - (၃၄)လုံးစီ ---</p> <p>ဤ<b>နာမ်တရား</b>တို့ကို <b>စိတ္တက္ခဏ</b>တိုင်း၌ <b>နာမဃန</b>ခေါ်သည့် <b>နာမ်တုံး နာမ်ခဲ</b>တို့ကို ပြိုကွဲသွားအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် <b>ပရမတ်</b>သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ။</p> <p><b>မနောဒွါရာဝဇ္ဇန်း စိတ္တက္ခဏ</b>၌ နာမ်တရား (၁၂)လုံးဟူသည်မှာ အထက်တွင် ရေတွက်ပြထားသော <b>နာမ်တရား</b>တို့အနက် အသိစိတ်မှ <b>ဝီရိယ</b>သို့တိုင်အောင်သော <b>နာမ်တရား</b> (၁၂)လုံးတို့ပင် ဖြစ်ကြသည်။ ယင်း<b>စျာနသမာပတ္တိဝီထိစဉ်</b>အတွင်း <b>စိတ္တက္ခဏ</b>တိုင်း၌ တည်ရှိကြသော <b>နာမ်တရား</b>အားလုံးတို့သည် ဤအပိုင်းတွင် အလွန်ကြည်လင်တောက်ပနေသော <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>ကိုပင် အာရုံပြုကြပေသည်။</p> <p><b>နာမ်တရား ... နာမ်တရား</b>ဟု သိမ်းဆည်းပါ</p> <p>ယင်း<b>ပထမစျာနသမာပတ္တိဝီထိ</b>၏ အတွင်း၌ တည်ရှိကြသော <b>နာမ်တရား</b>တို့ကို ယင်းကဲ့သို့ <b>နာမ်တုံး နာမ်ခဲ နာမ်ဃန</b>တို့ကို ပြိုကွဲသွားအောင် ဖြိုခွဲဖျက်ဆီးလျက် <b>စိတ္တက္ခဏ</b>တိုင်းဝယ် တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာ၍ သိမ်းဆည်းနိုင်ခဲ့သော် ယင်း<b>စျာနသမာပတ္တိဝီထိစဉ်</b>တစ်ခု အတွင်း၌ တည်ရှိကြသော <b>နာမ်တရား</b>အားလုံးတို့ကို ခြုံငုံ၍ သိမ်းဆည်းရန် <b>ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ</b>က ဤသို့ ညွှန်ကြားထားတော်မူသည်။ -----</p> <p><b>ပရိဂ္ဂဟေတွာ သဗ္ဗမ္ပေတံ အာရမ္မဏာဘိမုခံ နမနတော နမနဋ္ဌေန နာမန္တိ ဝဝတ္တပေတဗ္ဗံ။</b> (<b>ဝိသုဒ္ဓိ၊၂၊၂၂၂။</b>)</p> <p><b>သော သဗ္ဗေပိ တေ အရူပဓမ္မေ နမနလက္ခဏေန ဧကတော ကတွာ ဧတံ နာမန္တိ ပဿတိ။</b> (<b>ဝိသုဒ္ဓိ၊၂၊၂၂၃။</b>)</p> <p>= ထို<b>ယောဂါဝစရပုဂ္ဂိုလ်သူမြတ်</b>သည် ထိုအလုံးစုံကုန်သော (<b>ပထမစျာနသမာပတ္တိဝီထိစဉ်</b>အတွင်းဝယ် <b>စိတ္တက္ခဏ</b>အသီးအသီး၌ တည်ရှိကြကုန်သော) <b>နာမ်တရား</b>တို့ကို အလွန်ကြည်လင်တောက်ပနေသော <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>ဘက်သို့ ရှေးရှုညွတ်ကိုင်းရှိုင်းတတ်သောကြောင့် ယင်းသို့ အာရုံသို့ ညွတ်ကိုင်းရှိုင်းတတ်သော <b>သဘောလက္ခဏာ</b>အားဖြင့် တစ်ပေါင်းတစ်စုတည်းပြု၍ ဤကား <b>နာမ်တရား</b>ဟု ရှု၏။ (= ရှုပါ၊ သိမ်းဆည်းပါ။)</p> <p>ဤညွှန်ကြားချက်များအရ <b>ပထမစျာနသမာပတ္တိဝီထိ</b>၏ အတွင်း၌ <b>စိတ္တက္ခဏ</b>အသီးအသီးဝယ် တည်ရှိကြကုန်သော <b>နာမ်တရား</b>တို့ကို ရှေးဦးစွာ အသိစိတ် <b>ဖဿ ဝေဒနာ သညာ စေတနာ</b> စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီ <b>သဘာဝလက္ခဏာ</b>ကို ဦးစားပေးကာ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပါ။ ထိုနောင် <b>မနောဒွါရာဝဇ္ဇန်း စိတ္တက္ခဏ</b>၌ <b>နာမ်တရား</b> (၁၂)လုံး, <b>ဇောစိတ္တက္ခဏ</b> အသီးအသီး၌် ပြိုင်တူ ပြိုင်တူ ဖြစ်မှုကို ဉာဏ်ဖြင့် မြင်အောင် ဆက်လက်ရှုပါ။ ယင်း<b>နာမ်တရား</b>တို့၏ <b>စိတ္တက္ခဏ</b>အသီးအသီးဝယ် ပြိုင်တူ ပြိုင်တူ ဖြစ်နေမှုကို ထင်ထင်ရှားရှား ဉာဏ်ဖြင့် တွေ့မြင်သောအခါ ယင်း<b>ဝီထိစဉ်</b>တစ်ခုလုံးအတွင်း၌ တည်ရှိကြသော <b>နာမ်တရား</b>အားလုံးကို ခြုံငုံ၍ ယင်း<b>နာမ်တရား</b>တို့၏ <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်အာရုံ</b>သို့ ညွတ်ကိုင်းရှိုင်းနေသည့် သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ <b>နာမ်တရား နာမ်တရား</b>ဟု ဆက်လက်သိမ်းဆည်းပါ။ ခွဲရှုခြင်း ခြုံရှုခြင်းဟူသော နှစ်နည်းလုံးကို အသုံးပြုရမည် ဖြစ်သည်။</p> <p>ဤကား အသိစိတ်ကစ၍ <b>စျာနဓမ္မ</b>အမည်ရသည့် <b>နာမ်တရား</b>တို့ကို သိမ်းဆည်းပုံ အမြွက်တည်း။ <b>ဖဿ</b>ကစ၍ သိမ်းဆည်းရာ, <b>ဝေဒနာ</b>ကစ၍ သိမ်းဆည်းရာတို့၌လည်း နည်းတူပင် သဘောပေါက်ပါ။ ကြွင်းကျန်ကုန်သော <b>စျာန်သမာပတ္တိဝီထိ</b>တို့၌လည်းကောင်း, <b>ရုပ်တရား</b>တို့ကို အာရုံပြုကာ ဖြစ်ပေါ်လာကြကုန်သော <b>ကာမာဝစရနာမ်တရား</b>တို့၌လည်းကောင်း နည်းတူပင် သဘောပေါက်ပါ။ ဆရာသမားများနှင့် ချည်းကပ်လေ့လာပါ။</p> <p><b>ဝဝတ္ထပေတဗ္ဗံ</b> = ပိုင်းခြားမှတ်သားပါ</p> <p>ဤ<b>စျာနသမာပတ္တိဝီထိ</b>အတွင်း၌ တည်ရှိကြသော <b>စျာနဓမ္မ</b>အမည်ရသည့် <b>နာမ်တရား</b>တို့ကို သိမ်းဆည်းရာဝယ် အသိစိတ် = <b>ဝိညာဏ်</b>ကစ၍ သိမ်းဆည်းသည့်နည်း, <b>ဝေဒနာ</b>ကစ၍ သိမ်းဆည်းသည့်နည်း, <b>ဖဿ</b>ကစ၍ သိမ်းဆည်းသည့်နည်းဟူသော ဤ<b>နာမ်ကမ္မဋ္ဌာန်း</b>ရှုပွားနည်း သိမ်းဆည်းနည်း သုံးနည်းတို့တွင် တစ်နည်းနည်းဖြင့် <b>နာမ်တရား</b>တို့ကို သိမ်းဆည်းသောအခါ <b>စိတ္တက္ခဏ</b>အသီးအသီးဝယ် တည်ရှိကြသော (၁၂)လုံး (၃၄)လုံးသော <b>နာမ်တရား</b> တို့ကို ခြုံငုံ၍ <b>နာမ်တရား နာမ်တရား</b>ဟု သိမ်းဆည်းသော်လည်း (၁၂)လုံး, (၃၄)လုံးကုန်သော <b>ပရမတ္ထဓာတ်သား</b>တို့ကို <b>ပရမတ္ထဓာတ်သား</b>တစ်ခုတည်းအနေဖြင့် မမြင်ဘဲ <b>ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ်</b>စသည်ဖြင့် <b>ပရမတ္ထဓာတ်သား</b> တစ်လုံးစီ တစ်လုံးစီကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ပိုင်းခြား မှတ်သားနိုင်ရမည်ဟု သိစေလို၍ <b>အဋ္ဌကထာဆရာတော်</b>က <b>ဝဝတ္ထပေတဗ္ဗံ</b> (<b>ဝိသုဒ္ဓိ၊၂၊၂၂၂။</b>)ဟု ညွှန်ကြားထားတော်မူပေသည်။</p> <h3>နာမ်ရုပ်ကို ပိုင်းခြားမှတ်သားပါ</h3> <p><b>တတော ယထာ နာမ ပုရိသော အန္တောဂေဗော သပ္ပံ ဒိသွာ တံ အနုဗန္ဓမာနော တဿ အာသယံ ပဿတိ၊ ဧဝမေဝ အယမ္ပိ ယောဂါဝစရော တံ နာမံ ဥပပရိက္ခန္တောဣဒံ နာမံ ကိံ နိဿာယ ပဝတ္တတီတိ ပရိယေသမာနော တဿ နိဿယ ဟဒယရူပ ပဿတိ။ တတော ဟဒယရူပဿ နိဿယဘူတာနိ, ဘူတနိဿိတာနိ စ သေသုပါဒါယရူပါနီတိ ရူပံ ပရိဂ္ဂဏှာတိ။ သော သဗ္ဗမ္ပေတံ ရုပ္ပနတော ရူပန္တိ ဝဝတ္ထပေတိ။ တတော နမနလက္ခဏံ နာမံ၊ ရုပ္ပနလက္ခဏံ ရူပန္တိ သင်္ခေပတော နာမရူပံ ဝဝတ္ထပေတိ။</b> (<b>ဝိသုဒ္ဓိ၊၂၊၂၂၂။</b>)</p> <p>= <b>စျာနသမာပတ္တိဝီထိ</b>အတွင်း၌ တည်ရှိကြသော <b>စျာနဓမ္မ</b>အမည်ရသည့် <b>နာမ်တရား</b>တို့ကိုသိမ်းဆည်းပြီးသောအခါ ----- <b>လောကဥပမာ</b>အားဖြင့် <b>ယောကျ်ားတစ်ဦး</b>သည် အိမ်တွင်း၌ <b>မြွေ</b>ကို တွေ့မြင်ခဲ့သော် ထို<b>မြွေ</b>၏ နောက်သို့ အစဉ်လိုက်လျက် ကြည့်ရှုသည်ရှိသော် ထို<b>မြွေ</b>၏ ကိန်းဝပ်တည်နေရာ နေရာကို တွေ့မြင်ရသကဲ့သို့ ဤဥပမာအတူပင်လျှင် ဤ<b>ယောဂါဝစရပုဂ္ဂိုလ်</b>သည်လည်း ထို<b>နာမ်တရား</b>ကို ----- ဤ<b>နာမ်တရား</b>သည် အဘယ်ကို မှီ၍ ဖြစ်နေသနည်း ----- ဟု ဉာဏ်ပညာဖြင့် စူးစမ်းဆင်ခြင်လတ်သော် ရှာဖွေ ကြည့်လတ်သော် ထို<b>နာမ်တရား</b>၏ မှီရာ <b>ဟဒယရုပ်</b>ကို တွေ့မြင်လေ၏။ ထိုနောင် <b>ဟဒယရုပ်</b>၏ မှီရာ <b>ဘူတရုပ်</b> (= <b>ဓာတ်ကြီးလေးပါး</b>)တို့ကိုလည်းကောင်း, <b>ဘူတရုပ်</b> (= <b>ဓာတ်ကြီးလေးပါး</b>)ကို မှီ၍ ဖြစ်နေကြကုန်သော <b>ဟဒယရုပ်</b>မှ ကြွင်းကျန်ကုန်သော <b>ဥပါဒါရုပ်</b>တို့ကိုလည်းကောင်း, ဤသို့လျှင် <b>ရုပ်တရား</b>ကို ဉာဏ်ဖြင့် ပိုင်းခြားယူ၏ = သိမ်ဆည်း၏။ ထို<b>ယောဂါဝစရပုဂ္ဂိုလ်</b>သည် ဤအလုံးစုံသော <b>ရုပ်တရား</b>ကို ဖောက်ပြန်တတ်သော အနက်သဘောအားဖြင့် <b>ရုပ်</b>ဟု ပိုင်းခြားမှတ်သား၏။ ထိုနောင် ----</p> <p>၁။ အာရုံသို့ ညွှတ်တတ်သော <b>သဘောလက္ခဏာ</b> ရှိသော တရားကား <b>နာမ်</b>,</p> <p>၂။ ဖောက်ပြန်တတ်သော <b>သဘောလက္ခဏာ</b>ရှိသော တရားကား <b>ရုပ်</b> ----ဟု အကျဉ်းအားဖြင့် <b>နာမ်</b>နှင့် <b>ရုပ်</b>ကို ပိုင်းခြားမှတ်သား၏။ (<b>ဝိသုဒ္ဓိ၊၂၊၂၂၂၊၊</b>)</p> <p>ဤအထက်ပါ <b>အဋ္ဌကထာ</b>၏ သတ်မှတ်ချက် ညွှန်ကြားတော်မူချက်အတိုင်း <b>စျာန်သမာပတ္တိဝီထိ</b>အတွင်း၌ တည်ရှိကြသော <b>နာမ်တရား</b>တို့ကို သိမ်းဆည်းပြီးသော <b>ယောဂါဝစရပုဂ္ဂိုလ်</b>သည် ယင်း<b>နာမ်တရား</b>တို့၏ မှီရာ <b>ဟဒယ</b> (= နှလုံးအိမ်)၌ တည်ရှိကြကုန်သော ရှေး<b>ရုပ်ကမ္မဋ္ဌာန်း</b>ပိုင်းတွင် တင်ပြထားသည့်အတိုင်း <b>ဟဒယဝတ္ထု</b>နှင့် တကွ (၅၄)မျိုးကုန်သော <b>ဘူတရုပ် ဥပါဒါရုပ်</b>တို့ကိုပါ ဆက်လက်သိမ်းဆည်း၍ <b>နာမ်ရုပ်</b>ကို ပိုင်းခြားမှတ်သားရမည် ဖြစ်သည်။ <b>ဒွါရ</b> (၆)ပါးလုံးတို့၌ နည်းတူ သဘောပေါက်ပါလေ။ ဆရာသမားများထံသို့ ချဉ်းကပ်၍သာ လေ့လာဆည်းပူးပါ။</p> <p><b>ပထဝီကသိုဏ်း</b>လျှင် တည်ရာ အာရုံရှိကြသော <b>ရူပါဝစရစျာန်</b>တို့ကိုလည်းကောင်း, ထို<b>ပထဝီကသိုဏ်း</b>ကို ခွါ၍ ပွားများထားအပ်ကုန်သော <b>အရူပါဝစရစျာန်</b>တို့ကိုလည်းကောင်း နည်းမှီး၍ သိမ်းဆည်းပါလေ။ <b>ကသိုဏ်းဆယ်ပါး</b>လုံးတို့၌ ပုံစံတူ သိမ်းဆည်းပါ။ ကြွင်း <b>စျာန်နာမ်တရား</b>တို့၌လည်း နည်းမှီ၍ သိမ်းဆည်းပါလေ။</p> <h3>ဝိတက်-ဝိစာရ-ပီတိ</h3> <p><b>တတ္ထ ဝိတက္ကဝိစာရာနံ ဝူပသမာတိ ဝိတက္ကဿ စ ဝိစာရဿ စာတိ ဣမေသံ ဒွိန္နံ ဝူပသမာ သမတိက္ကမာ၊ ဒုတိယဇ္ဈာနက္ခဏော အပါတုဘာဝါတိ ဝုတ္တံ ဟောတိ။</b> (<b>ဝိသုဒ္ဓိ၊၁၊၁၅၁။</b>)</p> <p><b>ပုဗ္ဗဘာဂေ ပရိကမ္မဥပစာရစိတ္တာနိ သဝိတက္ကသဝိစာရာနိ သပ္ပီတိကာနိ...(အဘိ၊ဋ္ဌ၊၂၊၂၃၇။)</b></p> <p>ဤအထက်ပါ <b>အဋ္ဌကထာကြီး</b>တို့၏ ဖွင့်ဆိုတော်မူချက်များနှင့်အညီ <b>ပရိကံ ဥပစာ အနုလုံ ဂေါတြဘု</b>ဟူသော <b>ကာမာဝစရ ဥပစာရသမာဓိဇော</b>တို့၌ <b>ဝိတက် ဝိစာရ ပီတိ</b>တို့ကား ယှဉ်လျက်ပင် ရှိကြသည်။ <b>ဒုတိယစျာန်</b>စသည့် <b>အပ္ပနာစျာန်သမာဓိ</b>တို့၏ အခိုက်၌သာလျှင် <b>ဝိတက် ဝိစာရ</b>တို့ မယှဉ်ကြခြင်း ဖြစ်သည်။ (<b>စတုက္ကနည်း</b>ကို ရည်ညွှန်းထားပါသည်။) သို့သော် <b>စတုတ္ထစျာန်</b>၏ <b>ဥပစာရသမာဓိဇော</b>တို့၏ အခိုက်၌လည်း <b>ပီတိ</b>မယှဉ်နိုင်ကြောင်းကို <b>ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ</b>တွင် ဤသို့ ဖွင့်ဆိုထားတော်မူ၏။ -----</p> <p><b>အယံ ပန ဝိသေသော၊ ယသ္မာ သုခဝေဒနာ အဒုက္ခမသုခါယ ဝေဒနာယ အာသေဝနပစ္စယေန ပစ္စယော န ဟောတိ၊ စတုတ္ထဇ္ဈာနေ စ အဒုက္ခမသုခါယ ဝေဒနာယ ဥပ္ပဇ္ဇိတဗ္ဗံ၊ တသ္မာ တာနိ ဥပေက္ခာဝေဒနာသမ္ပယုတ္တာနိ ဟောန္တိ။ ဥပေက္ခာ သမ္ပယုတ္တတ္တာယေဝ စေတ္ထ ပီတိပိ ပရိဟာယတီတိ</b> (<b>ဝိသုဒ္ဓိ၊၁၊၁၆၀။</b>)</p> <p><b>တာနီတိ အပ္ပနာဝီထိယံ ဇဝနာနိ သန္ဓာယာဟ။</b> (<b>မဟာဋီ၊၁၊၁၈၉။</b>)</p> <p>= ဤဆိုလတ္တံ့သည်ကား ထူးခြားချက်တည်း ---- <b>သုခဝေဒနာ</b>သည် <b>အဒုက္ခမသုခ</b>အမည်ရသော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သည့် အလယ် အလတ် ခံစားမှု <b>ဥပေက္ခာဝေဒနာ</b>အား <b>အာသေဝနပစ္စယသတ္တိ</b>ဖြင့် ကျေးဇူးမပြုနိုင် ဖြစ်ခဲ့၏။ <b>စတုတ္ထစျာန်</b>၌လည်း <b>အဒုက္ခမသုခ</b>အမည်ရသော <b>ဥပေက္ခာဝေဒနာ</b>သာ ဖြစ်သင့်၏။ ထို့ကြောင့် <b>စတုတ္ထစျာနဝီထိ</b> ( = <b>ရူပါဝစရ စတုတ္ထစျာနဝီထိ+အရူပါဝစရစျာနဝီထိ</b>)၏ အတွင်း၌ တည်ရှိကြကုန်သော လေးကြိမ် သို့မဟုတ် သုံးကြိမ်ကုန်သော <b>ကာမာဝစရ ဥပစာရသမာဓိဇော</b>တို့နှင့် <b>အပ္ပနာဇော</b>တို့သည်လည်း <b>ဥပေက္ခာဝေဒနာ</b>နှင့်သာ ယှဉ်ကြရကုန်၏။ ဤ<b>စတုတ္ထစျာနဝီထိ</b>၌ <b>ဇောစိတ်</b>တို့သည် <b>ဥပေက္ခာဝေဒနာ</b>နှင့်သာ ယှဉ်ကြရကုန်၏။ ဤ <b>စတုတ္ထစျာနဝီထိ</b>၌ <b>ဇောစိတ်</b>တို့သည် <b>ဥပေက္ခာဝေဒနာ</b>နှင့် ယှဉ်နေသည့် အတွက်ကြောင့်ပင်လျှင် <b>ပီတိ</b>သည်လည်း ယုတ်လျော့သွားရပေသည်။ (<b>ဝိသုဒ္ဓိ၊၁၊၁၆၀။ မဟာဋီ၊၁၊၁၈၉။</b>)</p> <p>သို့သော် <b>ဥပစာရသမာဓိဇော</b>တို့၌ <b>ဝိတက် ဝိစာရ</b>တို့ကား ယှဉ်လျက်ပင် ရှိကြသည်။</p> <h3>ကာမာဝစရနာမ်တရားများ</h3> <p><b>တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ, သညံ, သင်္ခါရေ, ဝိညာဏဉ္စ ဣဒံ အရူပန္တိ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ။</b> (<b>အဘိ၊ဋ္ဌ၊၁၊၂၇၁။ ဝိသုဒ္ဓိ၊၂၊၃၀၀။</b>)</p> <p>အချို့သော <b>ကာမာဝစရနာမ်တရား</b>တို့သည် ယေဘုယျအားဖြင့် <b>ပညတ်</b>နှင့် <b>ပရမတ်</b>နှစ်မျိုးလုံးကိုပင် အာရုံပြုကြ၏။ ထိုတွင် အထက်ပါ<b>အဋ္ဌကထာကြီး</b>များ၏ ညွှန်ကြားထားတော်မူချက်များနှင့် အညီ <b>ယောဂါဝစရပုဂ္ဂိုလ်</b>သည် <b>ရုပ်တရား</b>ကို အာရုံပြု၍ ဖြစ်ပေါ်လာသော <b>ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်</b>ဟူသော <b>နာမ်တရားစု</b>ကို ရှေးဦးစွာ စတင်၍ သိမ်းဆည်းရှုပွားရမည် ဖြစ်ပေသည်။</p> <p>အချို့အရာ၌ <b>ရုပ်ပရမတ်တရား</b>တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော <b>နာမ်တရား</b>တို့ကို သိမ်းဆည်းရာဝယ် အထူးသဖြင့် <b>ရုပ်ပရမတ်တရား</b>တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော <b>အကုသိုလ်နာမ်တရားစု</b>တို့ကို သိမ်းဆည်းရာဝယ် အခက်အခဲ ရှိနေပါက <b>ပညတ်</b>ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော <b>အကုသိုလ်နာမ်တရား</b>တို့က စ၍ သိမ်းဆည်းပြီးနောက် <b>ပရမတ်ရုပ်တရား</b>တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော <b>အကုသိုလ်နာမ်တရား</b>တို့ကို ဆက်လက်သိမ်းဆည်းခဲ့သော် လွယ်ကူသော သဘော ရှိပေသည်။ ဤသို့ ပြုကျင့်ရာ၌ <b>ပညတ်</b>ကို <b>ဝိပဿနာ</b>ရှုနေသည်ကား မဟုတ်၊ <b>ပညတ်</b>ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော <b>နာမ်တရား</b>တို့ကိုသာ သိမ်းဆည်းနေခြင်း ဖြစ်သည်။ <b>ပထဝီကသိုဏ်းပဋိဘာဂနိမိတ်</b>ကဲ့သို့သော <b>ပညတ်</b>ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော <b>စျာန်နာမ်တရား</b>တို့ကို သိမ်းဆည်းရှုပွားသကဲ့သို့ မှတ်ပါ။</p> <p>တစ်ဖန် <b>နာမ်တရား</b>ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော <b>နာမ်တရား</b>တို့ကို <b>နာမ်ကမ္မဋ္ဌာန်း</b>ကို စတင်၍ အားသစ်စဖြစ်သော <b>အာဒိကမ္မိက ယောဂါဝစရပုဂ္ဂိုလ်</b>အဖို့ <b>ဒုပ္ပရိဂ္ဂါဟ</b> = သိမ်းဆည်းဖို့ရန် ခက်ခဲသောကြောင့် <b>အဋ္ဌကထာ</b>များက မညွှန်ကြားခြင်း ဖြစ်ပါသည်။ <b>ဝိပဿနာ</b>ပိုင်းသို့ ရောက်ရှိသောအခါ၌ကား <b>အရူပသတ္တကဝိပဿနာ</b>ရှုနည်း(<b>ဝိသုဒ္ဓိ၊၂၊၂၆၂။</b>)တို့၌လည်းကောင်း, <b>ဘင်္ဂဉာဏ်</b> (<b>ဝိသုဒ္ဓိ၊၂၊၂၈၈။</b>)စသော အထက်ပိုင်း <b>ဝိပဿနာဉာဏ်</b>ပိုင်းတို့၌လည်းကောင်း <b>နာမ်တရား</b>ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော <b>နာမ်တရား</b>တို့ကိုလည်း <b>ဝိပဿနာ</b>ရှုပွားပုံစနစ်များကို ဖော်ပြထားပါသည်။ သို့သော် ဤ<b>နာမရူပပရိစ္ဆေဒဉာဏ်</b>ပိုင်း၌ကား <b>ရုပ်တရား</b>ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော <b>ကာမာဝစရနာမ်တရား</b>တို့ကို သိမ်းဆည်းပုံကို <b>အဋ္ဌကထာ</b>များက ဦးစားပေး၍ ညွှန်ကြားထားပေသည်။</p> <h3>အာရုံ (၆) ပါး ခွဲပုံ</h3> <p><b>ရုပ်တရား</b>တို့ကို အာရုံအလိုက် ခွဲတမ်းချလိုက်ပါက အာရုံ (၆)မျိုး ရရှိပေသည်။</p> <p>၁။ <b>ရူပါရုံ</b> = အရောင်အဆင်း,</p> <p>၂။ <b>သဒ္ဒါရုံ</b> = အသံ,</p> <p>၃။ <b>ဂန္ဓာရုံ</b> = အနံ့,</p> <p>၄။ <b>ရသာရုံ</b> = အရသာ,</p> <p>၅။ <b>ဖောဋ္ဌဗ္ဗာရုံ</b> = အတွေ့အထိ ( = <b>ပထဝီ-တေဇော-ဝါယော</b>။)</p> <p>၆။ <b>ဓမ္မာရုံ</b> (က) <b>ပသာဒရုပ်</b> = <b>အကြည်ရုပ်</b> ငါးပါး, (ခ) <b>သုခုမရုပ်</b> = သိမ်မွေ့ သောရုပ် ခြောက်ပါး,</p> <p>ဤသို့လျှင် <b>ရုပ်တရား</b>တို့ကို အာရုံအလိုက် ခွဲတမ်းချလိုက်သော် အာရုံ (၆)မျိုး ရရှိပေသည်။ ထိုတွင် <b>ဓမ္မာရုံ</b>အမည်ရသော <b>ဓမ္မာရုံလိုင်း</b>၌ အကျုံးဝင်သော <b>ရုပ်တရား</b>တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော <b>နာမ်တရား</b>များမှာ <b>ကာမာဝစရ မနောဒွါရိက ဇောဝီထိစိတ်</b>အစဉ်များသာ ဖြစ်ကြသဖြင့် <b>ဝီထိစိတ်</b>အရေအတွက် နည်းပါးရကား <b>နာမ်ကမ္မဋ္ဌာန်း</b>ကို အားသစ်စ <b>ယောဂီ သူတော်စင်</b>တို့အဖို့ ပိုမို၍ လွယ်ကူချောမောပေသည်။</p> <p>၁။ <b>ရူပါရုံ</b>ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော <b>စက္ခုဒွါရဝီထိ</b>နှင့် ထို<b>ရူပါရုံ</b>ကိုပင် ဆက်လက်အာရုံယူကြသော <b>တဒနုဝတ္တိကမနောဒွါရဝီထိ</b>စသော <b>မနောဒွါရဝီထိ နာမ်တရားစု</b>တို့ကိုလည်းကောင်း, အလားတူပင် ----</p> <p>၂။ <b>သဒ္ဒါရုံ</b>ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော <b>သောတဒွါရဝီထိ, မနောဒွါရဝီထိ</b>,</p> <p>၃။ <b>ဂန္ဓာရုံ</b>ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော <b>ဃာနဒွါရဝီထိ, မနောဒွါရဝီထိ</b>,</p> <p>၄။ <b>ရသာရုံ</b>ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော <b>ဇိဝှါဒွါရဝီထိ, မနောဒွါရဝီထိ</b>,</p> <p>၅။ <b>ဖောဋ္ဌဗ္ဗာရုံ</b>ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော <b>ကာယဒွါရဝီထိ, မနောဒွါရဝီထိ</b>,</p> <p>၆။ <b>ဓမ္မာရုံ</b>အမည်ရသည့် <b>ရုပ်တရား</b>အသီးအသီးကို အာရုံပြု၍ ဖြစ်ပေါ်လာ ကြကုန်သော <b>မနောဒွါရဝီထိ</b> ----</p> <p>ဤ<b>ဝီထိ</b>အသီးအသီး အတွင်း၌ တည်ရှိကြသော <b>နာမ်တရား</b>တို့ကိုလည်း <b>နာမ်တုံးနာမ်ခဲ နာမ်ဃန</b>အသီးအသီးကို ဖြိုခွဲဖျက်ဆီးလျက် <b>ပရမတ်</b>သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရှုပွားရမည် ဖြစ်ပေသည်။ ဆရာသမားများနှင့်သာ ချဉ်းကပ်လေ့လာပါ။</p> dznqlsm0x1xj9h4pda2wzxe4ck9bu0t မေတ္တာစွမ်းအားနှင့် ဗုဒ္ဓါနုဿတိစွမ်းအင် 0 5720 18738 2025-06-07T00:58:07Z Tejinda 173 "{{header | title = မေတ္တာစွမ်းအားနှင့် ဗုဒ္ဓါနုဿတိစွမ်းအင် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = | previous = ထာဝရငြိ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 18738 wikitext text/x-wiki {{header | title = မေတ္တာစွမ်းအားနှင့် ဗုဒ္ဓါနုဿတိစွမ်းအင် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = | previous = [[ထာဝရငြိမ်းချမ်းရေးသို့]] | previous2 = | next = [[ကိုးကွယ်ရာဟူသည်]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }} <h3>မေတ္တာစွမ်းအားနှင့် ဗုဒ္ဓါနုဿတိစွမ်းအင်</h3> <p><b>နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ</b>။</p> <h3>နိဒါနကထာ</h3> <p>မေတ္တာ၏ စွမ်းအင်များ</p> <p>ဘုရားရှင်သည် အင်္ဂုတ္တိုရ်ပါဠိတော် ဧကာဒသကနိပါတ် မေတ္တသုတ်၌ မေတ္တာအကျိုး (၁၁)မျိုးကို ဤသို့ ဟောကြားထားတော်မူခဲ့၏။ ---</p> <p><b>မေတ္တာယ ဘိက္ခဝေ စေတောဝိမုတ္တိယာ အာသေဝိတာယ ဘာဝိတာယ ဗဟုလီကတာယ ယာနီကတာယ ဝတ္ထုကတာယ အနုဋ္ဌိတာယ ပရိစိတာယ သုသမာရဒ္ဓါယ ဧကာဒသာနိသံသာ ပါဋိကင်္ခါ</b>။ ---</p> <p><b>ကတမေ ဧကာဒသ</b> ---</p> <p>၁။ <b>သုခံ သုပတိ</b>၊</p> <p>၂။ <b>သုခံ ပဋိဗုဇ္ဈတိ</b>၊</p> <p>၃။ <b>န ပါပကံ သုပိနံ ပဿတိ</b>၊</p> <p>၄။ <b>မနုဿာနံ ပိယော ဟောတိ</b>၊</p> <p>၅။ <b>အမနုဿာနံ ပိယော ဟောတိ</b>၊</p> <p>၆။ <b>ဒေဝတာ ရက္ခန္တိ</b>၊</p> <p>၇။ <b>နာဿ အဂ္ဂိ ဝါ ဝိသံ ဝါ သတ္ထံ ဝါ ကမတိ</b>၊</p> <p>၈။ <b>တုဝဋံ စိတ္တံ သမာဓိယတိ</b>၊</p> <p>၉။ <b>မုခဝဏ္ဏော ဝိပ္ပသီဒတိ</b>၊</p> <p>၁၀။ <b>အသမ္မူဠှော ကာလံ ကရောတိ</b>၊</p> <p>၁၁။ <b>ဥတ္တရိ အပ္ပဋိဝိဇ္ဈန္တော ဗြဟ္မလောကူပဂေါ ဟောတိ</b>။</p> <p><b>မေတ္တာယ ဘိက္ခဝေ စေတောဝိမုတ္တိယာ အာသေဝိတာယ ဘာဝိတာယ ဗဟုလီကတာယ ယာနီကတာယ ဝတ္ထုကတာယ အနုဋ္ဌိတာယ ပရိစိတာယ သုသမာရဒ္ဓါယ ဧကာဒသာနိသံသာ ပါဋိကင်္ခါ</b>။ (အံ၊၃၊၅၄၂။)</p> <p>ချစ်သားရဟန်းတို့ ... သတ္တဝါတို့ကို ဖျက်ဆီးလိုသည့် ဗျာပါဒ = ဒေါသ စသည့် ဆန့်ကျင်ဘက် ကိလေသာတို့မှ လွတ်မြောက်ကြောင်းဖြစ်သည့် မေတ္တာစေတောဝိမုတ္တိ အမည်ရသည့် မေတ္တာစျာန်ကို မှီဝဲခဲ့သည်ရှိသော်, ပွားများခဲ့သည်ရှိသော်, ကြိမ်ဖန်များစွာ အလေ့အလာပြုခဲ့သည်ရှိသော်, စီးနင်း လိုက်ပါအပ်သော ယာဉ်ကဲ့သို့ ပြုထားခဲ့သည်ရှိသော်, မှီရာဝတ္ထုကဲ့သို့ ပြုထားခဲ့သည်ရှိသော်, စွဲစွဲမြဲမြဲ ဆောက်တည် ကျင့်သုံးထားခဲ့သည်ရှိသော်, ထက်ဝန်းကျင်မှ ပြည့်ပြည့်စုံစုံ ဆည်းပူးထားခဲ့သည်ရှိသော်, ကောင်းစွာ ပွားများ အားထုတ်ထားအပ်ခဲ့ပြီးသည်ရှိသော် (၁၁)မျိုးကုန်သော အကျိုးအာနိသံသတို့ကို မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်၏။ အဘယ် (၁၁)မျိုးတို့နည်းဟူမူ ---</p> <p>၁။ ချမ်းသာစွာ အိပ်စက်ရ၏။</p> <p>၂။ ချမ်းသာစွာ အိပ်ရာမှ နိုးရ၏။</p> <p>၃။ အိပ်မက်ဆိုးကို မမြင်မက်ရပေ။</p> <p>၄။ လူသားတွေက ချစ်မြတ်နိုးအပ်၏။</p> <p>၅။ နတ်တွေက ချစ်မြတ်နိုးအပ်၏။</p> <p>၆။ နတ်တို့က စောင့်ရှောက်ပေးကြကုန်၏။</p> <p>၇။ ထိုမေတ္တာစျာန် ဝင်စားနိုင်သူ၏ သန္တာန်၌ မီးလည်း မလောင်နိုင်၊ အဆိပ် လည်း မသင့်နိုင်၊ လက်နက်လည်း မကျရောက်နိုင်။</p> <p>၈။ စိတ်သည် လျင်လျင်မြန်မြန် ကောင်းစွာ တည်ကြည်၏။</p> <p>၉။ မျက်နှာအရောင်အဆင်းသည် ကြည်လင်သန့်ရှင်း၏။</p> <p>၁၀။ မတွေမဝေ သေရ၏။</p> <p>၁၁။ မေတ္တာစျာန်ထက် သာလွန်မြင့်မြတ်သည့် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ထိုးထွင်း မသိနိုင်ခဲ့သည်ရှိသော် သေသည်၏အခြားမဲ့၌ ဗြဟ္မာ့ပြည်သို့ လားရောက်ရ၏။</p> <p>ချစ်သားရဟန်းတို့ ... သတ္တဝါတို့ကို ဖျက်ဆီးလိုသည့် ဗျာပါဒ = ဒေါသ စသည့် ဆန့်ကျင်ဘက်ကိလေသာတို့မှ လွတ်မြောက်ကြောင်းဖြစ်သည့် မေတ္တာစေတောဝိမုတ္တိ အမည်ရသည့် မေတ္တာစျာန်ကို မှီဝဲခဲ့သည်ရှိသော်, ပွားများခဲ့သည်ရှိသော်, ကြိမ်ဖန်များစွာ အလေ့အလာပြုခဲ့သည်ရှိသော်, စီးနင်း လိုက်ပါအပ်သော ယာဉ်ကဲ့သို့ ပြုထားခဲ့သည်ရှိသော်, မှီရာဝတ္ထုကဲ့သို့ ပြုထားခဲ့သည်ရှိသော်, စွဲစွဲမြဲမြဲ ဆောက်တည် ကျင့်သုံးထားခဲ့သည်ရှိသော်, ထက်ဝန်းကျင်မှ ပြည့်ပြည့်စုံစုံ ဆည်းပူးထားခဲ့သည်ရှိသော်, ကောင်းစွာ ပွားများအားထုတ်ထားအပ်ခဲ့ပြီးသည်ရှိသော် ဤ (၁၁)မျိုးကုန်သော အကျိုးအာနိသံသ တို့ကို မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်၏။ (အံ၊၃၊၅၄၂။)</p> <p>ဤအကျိုးအာနိသင် (၁၁)မျိုးတို့ကား အင်္ဂုတ္တရနိကာယ် ဧကာဒသကနိပါတ် မေတ္တသုတ်၌ လာရှိသည့် စွဲစွဲမြဲမြဲ ဆောက်တည် ကျင့်သုံးထားအပ်ပြီးသည့် မေတ္တာစျာန်ကို ရရှိထားသည့် သူတော်ကောင်း တစ်ဦး ရရှိနိုင်သည့် အကျိုးအာနိသင်တို့ပင် ဖြစ်ကြပေသည်။</p> <p>ဤယခု တင်ပြထားသော အရှင်သုဘူတိအပဒါန်တွင် လာရှိသည့် အရှင် သုဘူတိမထေရ်မြတ်၏ အလောင်းအလျာဖြစ်သည့် နန္ဒရသေ့ကြီးသည်ကား ပဒုမုတ္တရဘုရားရှင်၏ သာသနာတော်တွင် --- အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရဟူသည့် ဧတဒဂ်ဘွဲ့ထူးကို ရည်သန်တောင့်တတော်မူကာ ပါရမီတော်တို့ကို ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့စဉ် --- မေတ္တာကမ္မဋ္ဌာန်း, ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းတို့ကို ဦးစားပေးကာ ပါရမီတို့ကို ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့၏။ နန္ဒရသေ့ကြီးကား ကသိုဏ်း (၁၀)ပါး, လောကီစျာန်သမာပတ် (၈)ပါး, လောကီအဘိညာဏ် (၅)ပါးတို့ကိုလည်း ကျွမ်းကျင်တော်မူသည့် သူတော်ကောင်းကြီးလည်း ဖြစ်တော်မူခဲ့၏။ သမထ သမာဓိစခန်းတွင် ပေါက်မြောက် အောင်မြင်ပြီးသူ ဖြစ်ခဲ့၏။ ရံခါ ပဒုမုတ္တရဘုရားရှင်၏ထံတော်သို့ သွားရောက်ကာ တရားနာယူလျက် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတို့ကိုလည်း စီးဖြန်းခဲ့သူ ဖြစ်ပေသည်။</p> <p><b>အပရိဟီနဇ္ဈာနောဝ ကာလင်္ကတွာ ဗြဟ္မလောကေ နိဗ္ဗတ္တော</b>။ (ထေရဂါထာ၊ဋ္ဌ၊၁၊၂၂။ အံ၊ဋ္ဌ၊၁၊၁၇၄။)</p> <p>မိမိရရှိထားပြီးသည့်စျာန်များကို မလျောကျအောင် ပွားများထားနိုင်ခဲ့သည့်အတွက် သေသည်၏ အခြားမဲ့၌ ဗြဟ္မာ့ပြည်သို့လည်း လားရောက်ခဲ့ရပေသည်။ သို့သော် အရှင်သုဘူတိ အလောင်းအလျာဖြစ်သည့် ထိုသူတော်ကောင်းကား ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကိုလည်း အထူး အလေးဂရုပြုကာ ပွားများအားထုတ်ခဲ့သူ ဖြစ်ပေသည်။</p> <hr> <h3>ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း၏ စွမ်းအား</h3> <p>ဤ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို ပွားများအားထုတ်သော ရဟန်းတော်သည်ကား ---</p> <p>၁။ ဘုရားရှင်အပေါ်၌ ရိုသေလေးစား ကြည်ညိုမြတ်နိုးသော စိတ်ထားရှိ၏။</p> <p>၂။ သဒ္ဓါ၏ ကြီးကျယ်ပြန့်ပြောခြင်း, သတိ၏ ကြီးကျယ်ပြန့်ပြောခြင်း, ပညာ၏ ကြီးကျယ်ပြန့်ပြောခြင်း, ကောင်းမှုကုသိုလ်၏ ကြီးကျယ်ပြန့်ပြောခြင်းကိုလည်း ရရှိနိုင်၏။</p> <p>၃။ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိပါမောဇ္ဇတရား များပြား၏။</p> <p>၄။ ထိတ်လန့်ကြောက်ရွံ့ဖွယ် ဘေးအသွယ်သွယ်ကို သည်းခံနိုင်၏၊ ဆင်းရဲဒုက္ခ အဝဝကိုလည်း သည်းခံနိုင်သော စွမ်းအား ရှိ၏။</p> <p>၅။ ဘုရားရှင်နှင့် အတူတကွ နေထိုင်ရခြင်း အမှတ်သညာကို ရရှိနိုင်၏။</p> <p>၆။ ဗုဒ္ဓါနုဿတိ စိတ်ထားဖြင့် လွှမ်းမိုးလျက် နေထိုင်နေသော ယောဂီပုဂ္ဂိုလ်၏ ခန္ဓာကိုယ်သည်လည်း စေတီအိမ်ကဲ့သို့ ပူဇော်ထိုက်၏။</p> <p>၇။ ဘုရားအဖြစ်တည်းဟူသော ဗုဒ္ဓဘုံ၌ စိတ်ဓာတ်သည် ညွတ်ကိုင်းရှိုင်းတတ်၏။</p> <p>၈။ သီလကို လွန်ကျူးဖို့ရန် အကြောင်းဝတ္ထုနှင့် ဆုံစည်းမိသောအခါ ထိုယောဂီသူတော်ကောင်း၏ မျက်မှောက်ဝယ် ဘုရားရှင်ကို ဖူးမြင်ရသကဲ့သို့ဖြစ်ကာ သီလကို ချိုးဖောက်ဖို့ရန် ရှက်ခြင်း-ကြောက်ခြင်း ဟိရိဩတ္တပ္ပတရားသည် ရှေ့ရှုတည်လာ၏။</p> <p>၉။ အထက်ဖြစ်သော အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ထိုးထွင်း၍ မသိသေးခဲ့သော် သံသရာခရီးကို ဆက်ရန် ရှိနေသေးလျှင် သုဂတိ သံသရာခရီးက ထိုသူတော်ကောင်းကို ဆီးကြို ဖိတ်ခေါ်လျက် ရှိပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၀၆။)</p> <p>အရှင်သုဘူတိ အလောင်းအလျာဖြစ်သည့် သူတော်ကောင်းကား ဗုဒ္ဓါနုဿတိဘာဝနာကမ္မဋ္ဌာန်းကိုလည်း အထက်တန်းကျကျ မျက်နှာပန်းလှလှ အားပါးတရ ပွားများအားထုတ်ခဲ့သူလည်း ဖြစ်ပေသည်။ သူ၏ ဗုဒ္ဓါနုဿတိ ဘာဝနာကမ္မဋ္ဌာန်းကို ပွားများပုံကိုလည်း ဤကျမ်းစာငယ်တွင် တစ်စိတ်တစ်ဒေသ တင်ပြထားပေသည်။ သူမျှော်လင့် တောင့်တထားသည့် အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရခေါ်သည့် ဧတဒဂ်ဘွဲ့ထူး နှစ်တန်တို့ အထွတ်တပ်ထားသည့် အရဟတ္တမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ပါရမီ မရင့်ညောင်း မစုံညီသေးသဖြင့် မရရှိသေးခင် သံသရာတစ်ခွင်၌ ကျင်လည်ရခိုက် ထိုဗုဒ္ဓါနုဿတိဘာဝနာ၏ စွမ်းအားကြောင့် ဖြစ်ပေါ်လာသည့် ကုသိုလ်တရားတို့က အထက် တန်းကျသည့် လူချမ်းသာ, နတ်ချမ်းသာတွေကို ဖြစ်ပေါ်လာအောင် ရွက်ဆောင်ပေးခဲ့ပေသည်။ လူမင်းစည်းစိမ်, နတ်မင်းစည်းစိမ်, စကြဝတေးမင်း စည်းစိမ်တို့ကိုလည်း ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ခံစား စံစားရအောင် ထိုဗုဒ္ဓါနုဿတိကောင်းမှုကုသိုလ်က တည်ထောင် ဖန်ဆင်းပေးလိုက်ပေသည်။</p> <p>သို့သော် ထိုကောင်းမှုကုသိုလ်တို့က တည်ထောင်ဖန်ဆင်းပေးလိုက်သည့် ထိုလူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာတို့အပေါ်၌ တွယ်တာမက်မောမှုကား မရှိခဲ့ပေ။ သူမျှော်လင့်ထားသည်မှာကား ---</p> <p>၁။ အရဏဝိဟာရ = ကိလေသာ ကင်းကင်းရှင်းရှင်းဖြင့် နေထိုင်နိုင်ခြင်း,</p> <p>၂။ ဒက္ခိဏေယျဝိဟာရ = မြတ်သော အလှူကို ခံယူထိုက်သည့် ဒက္ခိဏေယျ ဂုဏ်နှင့် ပြည့်ပြည့်စုံစုံ နေထိုင်နိုင်ခြင်း ---</p> <p>ဟူသည့် ဧတဒဂ်ဘွဲ့ထူးနှစ်တန်တို့ အထွတ်တပ်ထားသည့် အရဟတ္တဖိုလ်ပန်းကို ဆင်မြန်းနိုင်ရန်သာ ဖြစ်ပေသည်။ ထိုကဲ့သို့ သံသရာဝဋ်မှ လွတ်မြောက်လိုသည့် မွန်မြတ်သော ဦးတည်ချက်ဖြင့် ပါရမီကုသိုလ်တို့ကို ဆည်းပူးခဲ့သည်ဖြစ်သောကြောင့် ပါရမီ မရင့်ညောင်းသေးသည့်အတွက် သံသရာခရီး၌ တစ်ထောက်နားကာ စောင့်ဆိုင်းနေရခိုက် ကြုံကြိုက်လာရသည့် လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာတို့အပေါ်၌ ငြိကပ် တွယ်တာ မှုကား လုံးဝ မရှိခဲ့ပေသည်။</p> <p>ထိုကြောင့် မိမိ မျှော်လင့်ထားသည့် အရဟတ္တဖိုလ်ပန်းကို ဆင်မြန်းရတော့မည့် အခွင့်အလမ်းနှင့် ကြုံကြိုက်လာသည့် နောက်ဆုံးဘဝတွင်ကား မိမိ ရရှိထားသည့် ပိုင်ဆိုင်ထားသည့် သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ကို တံတွေးလောက်မျှ ငဲ့ကွက်မှုမရှိ ယတိပြတ် စွန့်လွှတ်ကာ သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုခဲ့ပေသည်။ မိမိ မျှော်လင့်တောင့်တထားသည့် အရဟတ္တဖိုလ်ပန်းကိုလည်း ဆင်မြန်းနိုင်ခဲ့ပေသည်။</p> <p>ဤကျမ်းစာငယ်တွင်ကား ကြည်ညိုဖွယ်ရာ ကောင်းလှသော အရှင်သုဘူတိမထေရ်မြတ်၏ ကျင့်သွားခဲ့သော ထုံးဟောင်းကို အတုယူကာ လိုက်နာကျင့်ကြံလိုကြသည့် သူတော်ကောင်းတို့အတွက် ---</p> <p>၁။ ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်း အားထုတ်ပုံ,</p> <p>၂။ အဖြူရောင်ကသိုဏ်း အားထုတ်ပုံ,</p> <p>၃။ မေတ္တာကမ္မဋ္ဌာန်း အားထုတ်ပုံ,</p> <p>၄။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း အားထုတ်ပုံ,</p> <p>၅။ မေတ္တာစျာန်ကို အခြေခံ၍ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းပုံ ---</p> <p>ဤသို့စသည့် သမထ-ဝိပဿနာဘာဝနာ ပွားများပုံ အစီအစဉ်များကို အကျဉ်းချုပ်ကာ ရေးသားတင်ပြထားပေသည်။</p> <p>ဤ အရှင်သုဘူတိအကြောင်းကို တစ်ချိန်က ဟောစဉ်အဖြစ် တရား တစ်ပုဒ် ဟောခဲ့ဖူး၏။ ထိုဟောစဉ်ကို အခြေခံ၍ တရားဟောတိတ်ခွေမှ စာမူအဖြစ်သို့ရောက်အောင် စီစဉ်ကာ စာဖတ်သူတို့၏ လက်ဝယ်သို့ ရောက်ရှိအောင် ပို့ဆောင်ပေးလိုက်ခြင်း ဖြစ်ပေသည်။ အရှင်သုဘူတိ၏ ထုံးဟောင်းကို အတုယူကာ သံသရာဝဋ်မှ ထွက်မြောက်ကြောင်း အကျင့်ကောင်းတို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေသောဝ် ...ဟု ပတ္ထနာမှု ခါခါပြုလျက် ---</p> <p>ဖားအောက်တောရဆရာတော်</p> <hr> <h3>မေတ္တာစွမ်းအားနှင့် ဗုဒ္ဓါနုဿတိစွမ်းအင်</h3> <p>(သုဘူတိတ္ထေရအပဒါန်)</p> <p>၁၃၆၂-ခုနှစ်၊ တပေါင်းလဆန်း (၉)ရက်နေ့၊ မြိုင်သာယာမြို့သစ်၌ တည်ထားကိုးကွယ်အပ်သော စေတီတော်မြတ် ထီးတော်တင် လှူဒါန်းပူဇော်ဖို့ရန် အတွက် ပြင်ဆင်သည့် အခမ်းအနား၌ ဟောကြားအပ်သော သုဘူတိတ္ထေရအပဒါန် တရားဒေသနာတော် ---</p> <p>ဘုရားရှင်ရဲ့ စေတီတော်ကို ပူဇော်တဲ့ပွဲဖြစ်တဲ့အတွက် ဘုရားရှင်ကို ပူဇော်သည့်နေရာမှာ စံတင်ထိုက်တဲ့ အရှင်သုဘူတိမထေရ်မြတ်ကို ထုံးပြုပြီးတော့ ရှေးဦးစွာ ဘုရားရှင်ကို ရှိခိုးပူဇော် ကန်တော့ကြရအောင် ---</p> <p><b>မုနိန္ဒက္ကော ယေကော ဒယုဒယရုဏော ဉာဏဝိတ္ထိဏ္ဏဗိမ္ဗော</b>၊</p> <p><b>ဝိနေယျပ္ပါဏောဃံ ကမလကထိတံ ဓမ္မရံသီဝရေဟိ</b>။</p> <p><b>သုဗောဓေသိ သုဒ္ဓေ တိဘဝကုဟရေ ဗျာပိတက္ကိတ္တိနဉ္စ</b>၊</p> <p><b>တိလောကေကစ္စက္ခုံ ဒုခမသဟနံ တံ မဟေသိံ နမာမိ</b>။</p> <p><b>ဒယုဒယရုဏော</b> = မဟာကရုဏာတော် သမာပတ်တည်းဟူသော တက်သစ်စ နေအရုဏ်လည်း ရှိတော်မူထသော။ <b>ဉာဏဝိတ္ထိဏ္ဏဗိမ္ဗော</b> = သဗ္ဗညုတဉာဏ်တော်မြတ်တည်းဟူသော ကျယ်ပြန့်သော စက်ဝန်းတော်လည်း ရှိတော်မူထသော။ <b>ဧကော</b> = သောင်းလောကဓာတ်တစ်ခွင်ဝယ် တုဘက်မပြူ တစ်ဆူတည်းသာ ပွင့်ထွန်း ပေါ်ပေါက်၍ လာတော်မူပေသော။ <b>ယော မုနိန္ဒက္ကော</b> = အကြင် ဘုရားတည်းဟူသော နေမင်းသည်။ <b>သုဒ္ဓေ</b> = သန့်ရှင်းဖြူစင် အေးမြကြည်လင်လှပေသော။ <b>တိဘဝကုဟရေ</b> = ကာမ ရူပ အရူပတည်းဟူသော ဘဝသုံးထပ် ဘုံသုံးရပ် ကြာအိုင်၌။ [နိဗ္ဗတ္တံ = ပါရမီကံ စီမံလှုံ့ဆော်သဖြင့် အသင့် ဖြစ်ထွန်းပေါ်ပေါက်၍ နေပေသော၊၊] <b>ကမလကထိတံ</b> = ကြာဟူ၍ ခေါ်ဆိုသမုတ်အပ်သော။ <b>ဝိနေယျပ္ပါဏောဃံ</b> = ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ ဝေနေယျကြာ သတ္တဝါအပေါင်းကို။ <b>ဓမ္မရံသီဝရေဟိ</b> = မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်ကို မြင်သိစေတတ်သည့် သူတော်ကောင်းတရား တည်းဟူသော မြတ်သော ဒေသနာရောင်ခြည်တော်တို့ဖြင့်။ <b>သုဗောဓေသိ</b> = သစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက်သိမြင်စေလျက် ကောင်းစွာ ပွင့်စေတော်မူခဲ့လေပြီ။</p> <p><b>ဗျာပိတက္ကိတ္တိနဉ္စ</b> = သောင်းလောကဓာတ် တစ်ခွင်ဝယ် သူမတူသော သီလ-သမာဓိ-ပညာဂုဏ်သကက်ကြောင့် ဗြဟ္မာ့ဘုံတိုင် ပြန့်လှိုင်ကျော်ကြား ထင်ရှားတော်မူပေထသော။ <b>တိလောကေကစ္စက္ခုံ</b> = ဗြဟ္မာနတ်လူ သုံးဘုံသူ တို့၏ တစ်လုံးတည်းသော မျက်စိသဖွယ်လည်း ဖြစ်တော်မူပေထသော။ <b>ဒုခမသဟနံ</b> = မဟာပထဝီမြေကြီးနှင့် တူစွာ သည်းခံနိုင်ခဲသောအရာကို သည်းခံ တော်မူတတ်ထသော။ <b>မဟေသိံ</b> = သီလက္ခန္ဓ, သမာဓိက္ခန္ဓ, ပညာက္ခန္ဓ, ဝိမုတ္တိက္ခန္ဓ, ဝိမုတ္တိဉာဏဒဿနက္ခန္ဓတည်းဟူသော ဂုဏ်ကျေးဇူးအထူးတို့ကို ဆည်းပူးရှာမှီး လေ့ကျက်တော်မူပြီးသော။ <b>တံ မုနိန္ဒက္ကံ</b> = ထိုဘုရားတည်း ဟူသော နေမင်းကို။ <b>အဟံ</b> = တရားဟော တရားနာဟု ခေါ်ဆိုသမုတ်အပ်သော တပည့်တော်သည်။ <b>နမာမိ</b> = ကာယဝစီ မနောချီလျက် သုံးလီစေတနာ သုံးဖြာဒွါရ ပဏာမဖြင့် သဒ္ဓါရိုကျိုး မာန်စွယ်ချိုးလျက် ရှိခိုးဦးညွှတ်ပါ၏ မြတ်စွာဘုရား မြတ်စွာဘုရား။ (သာဓု သာဓု သာဓု)</p> <hr> <h3>အရှင်သုဘူတိမထေရ်မြတ်၏ ဥဒါန်းစကား</h3> <p><b>ဆန္နာ မေ ကုဋိကာ သုခါ နိဝါတာ၊ ဝဿ ဒေဝ ယထာသုခံ</b>။</p> <p><b>စိတ္တံ မေ သုသမာဟိတံ ဝိမုတ္တံ၊ အာတာပီ ဝိဟရာမိ ဝဿ ဒေဝ</b>။ (ထေရဂါထာ၊၁၉။)</p> <p><b>မေ</b> = ငါ၏။ <b>ကုဋိကာ</b> = ကျောင်းကို။ <b>ဆန္နာ</b> = မိုးလုံအောင်မိုး၍ထားအပ် ခဲ့လေပြီ။ <b>နိဝါတာ</b> = လေမဝင်အောင် ကောင်းစွာ ပိတ်ကာ ထားအပ်သည့် အတွက်ကြောင့်။ <b>သုခါ</b> = ချမ်းသာ၍နေပေ၏။ <b>တသ္မာ</b> = ထို့ကြောင့်။ <b>ဒေဝ</b>= ပဇ္ဇုန္န = မိုးနတ်မင်း။ <b>ယထာသုခံ</b> = အလိုရှိတိုင်း။ <b>ဝဿ</b> = ရွာသွန်းပါလေတော့။</p> <p><b>မေ</b> = ငါ၏။ <b>စိတ္တံ</b> = စိတ်သည်။ <b>သုသမာဟိတံ</b> = အရိယမဂ်နှင့်ယှဉ်သော မြတ်သော တည်ကြည်ခြင်းဖြင့် တည်ကြည်၍ နေပေ၏။ <b>ဝိမုတ္တံ</b> = ကိလေသာဟူ အပူခပ်သိမ်းမှ အရှင်းကျွတ်၍ ကင်းလွတ် ထွက်မြောက်လျက် ရှိပေ ၏။ <b>အာတာပီ</b> = အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရတည်းဟူသော မြတ်သော နေထိုင်ခြင်းဖြင့် နေထိုင်နိုင်ရန်အလို့ငှာ အပြင်းအထန် ကြိုးစားအားထုတ်သော လုံ့လဝီရိယနှင့် ပြည့်စုံသည်ဖြစ်၍။ <b>ဝိဟရာမိ</b> = နေထိုင်ပေ၏။ <b>တသ္မာ</b> = ထို့ကြောင့်။ <b>ဒေဝ</b> = ပဇ္ဇုန္န = မိုးနတ်မင်း။ <b>ယထာသုခံ</b> = အလိုရှိတိုင်း။ <b>ဝဿ</b> = ရွာသွန်းပါလေလော့။</p> <p>ဒီဂါထာကလေးကတော့ အရှင်သုဘူတိမထေရ်မြတ် ရဟန္တာဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ဥဒါန်းကျူးရင့်တော်မူတဲ့ ဂါထာကလေးတစ်ခု ဖြစ်ပါတယ်။ ဒီဂါထာဒေသနာတော်ကလေးက ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဖြစ်ပေါ်လာရသလဲလို့ မေးလျှင်တော့ အကြောင်းအရာ အတ္ထုပ္ပတ်ကလေးကို နိဒါန်းချီပြီး ပြောမှ သဘောပေါက်မှာ ဖြစ်ပါတယ်။</p> <hr> <h3>ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဇာတ်လမ်း</h3> <p>ဘုန်းကြီးတို့ ဒီကမ္ဘာကနေ ပြန်ပြီး ရေတွက်ခဲ့သော် ကမ္ဘာတစ်သိန်းထက်မှာ ပဒုမုတ္တရမြတ်စွာဘုရားရှင် မပွင့်မီ အချိန်အခါကာလ ဆိုကြစို့။ ထိုအချိန်အခါကာလမှာ အင်မတန် ကြွယ်ဝချမ်းသာတဲ့ ပုဏ္ဏားမျိုးမှာ သုဘူတိ မထေရ်ရဲ့ အလောင်းအလျာဖြစ်တဲ့ အမျိုးကောင်းသားကလေးတစ်ဦး ပဋိသန္ဓေ စွဲပိုက် တည်နေခဲ့ပါတယ်။ မွေးဖွားလာတဲ့ အချိန်အခါမှာ မိဘတွေကလည်း နန္ဒမာဏဝ = နန္ဒလုလင်ဆိုပြီးတော့ အမည်နာမ ပေးထားကြပါတယ်။</p> <p>အချိန်တန် အရွယ်ရောက်တဲ့အခါ ဗေဒင်တွေကို တစ်ဖက်ကမ်းခပ် တတ်မြောက်အောင် သင်ယူလိုက်ပြီးတော့ ဗေဒင်သုံးပုံတို့၌ အနှစ်သာရကို ရှာမတွေ့သည့်အတွက် အနှစ်သာရကို ရှာဖွေလိုတဲ့ ဦးတည်ချက်ဖြင့် မိမိရဲ့ အခြံအရံပရိသတ်ဖြစ်တဲ့ လေးသောင်းလေးထောင်သော အမျိုးကောင်းသား သူတော်ကောင်းတွေနှင့်တကွ တောထွက်ပြီးတော့ ရသေ့ရဟန်း ပြုခဲ့ပါတယ်။ ထိုခေတ် ထိုအချိန်အခါကို လှမ်းမျှော်ပြီး ကြည့်မယ်ဆိုလျှင် ပဒုမုတ္တရဘုရားရှင်သည် လူတို့ရဲ့သက်တမ်း အနှစ်တစ်သိန်းတမ်းကာလမှာ ပွင့်ထွန်း ပေါ်ပေါက်တော်မူသည့် ဘုရားရှင် ဖြစ်တော်မူသည့်အတွက် နန္ဒလုလင်တို့ တောထွက်တဲ့ အချိန်အခါဟာလည်း လူတို့ရဲ့သက်တမ်းအားဖြင့် အနှစ်တစ်သိန်းတမ်းကာလလောက် ရှိမယ်လို့တော့ မှန်းဆရပါတယ်။</p> <p>ထိုအချိန်ကာလက နန္ဒရသေ့ကြီးဟာ တောထဲရောက်ရှိတဲ့ အချိန်အခါမှာ တရားဘာဝနာတွေ စီးဖြန်းလိုက်တာ သမာပတ် (၈)ပါးနှင့်တကွ လောကီ အဘိညာဏ် (၅)ပါးတို့ကို ရရှိတော်မူခဲ့ပါတယ်။ လေးသောင်းလေးထောင်ကုန်သော တပည့်ပရိသတ် ရသေ့တွေကိုလည်း အလားတူပဲ ကမ္မဋ္ဌာန်းတွေကို သင်ကြားပြသ ဆိုဆုံးမပေးတော်မူတဲ့အတွက် တပည့်ရသေ့တွေလည်း စျာနလာဘီ = စျာန်အဘိညာဏ်ရရှိတဲ့ ပုဂ္ဂိုလ်တွေ အားလုံး ဖြစ်သွားကြပါတယ်။</p> <hr> <h3>ပဒုမုတ္တရဘုရားရှင်ကို ဖူးတွေ့ခွင့် ရရှိကြခြင်း</h3> <p>ဒီလို နန္ဒရသေ့ကြီး အမှူးရှိတဲ့ ရသေ့ပရိသတ်တွေ တောထဲမှာ သီတင်းသုံးနေတဲ့အချိန်မှာ ပဒုမုတ္တရမြတ်စွာဘုရားရှင်လည်း လူ့လောကမှာ ပွင့်ထွန်း ပေါ်ပေါက်တော်မူလာပြီ ဖြစ်ပါတယ်။ ထိုအချိန်အခါမှာ ဘုရားရှင်ကလည်း နံနက်မိုးသောက်ထတဲ့အချိန် မဟာကရုဏာတော်သမာပတ်ကို ဝင်စားတော် မူပြီး လောကကို ကြည့်ရှုတော်မူလိုက်သည့်အခါမှာ နန္ဒရသေ့ကြီးရဲ့ တပည့်ပရိသတ် လေးသောင်းလေးထောင်တို့ရဲ့ အရဟတ္တဖိုလ်ရကြောင်း ဥပနိဿယ တွေကို တွေ့မြင်တော်မူပါတယ်။ နန္ဒရသေ့ကြီးကတော့ အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရလို့ ခေါ်ဆိုအပ်တဲ့ နှစ်မျိုးသော နေထိုင်ခြင်းဖြင့် နေထိုင်တဲ့ ပုဂ္ဂိုလ်ဟူသမျှတို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူးကို ဆုတောင်း ပန်ထွာတော်မူမယ့် အမျိုးကောင်းသားတစ်ဦး ဖြစ်လိမ့်မယ်ဆိုတာကိုလည်း ဘုရားရှင်က မြင်တော်မူပါတယ်။</p> <p>ဒီလို မြင်တော်မူတဲ့အတွက် ထိုနေ့မှာ ဘုရားရှင်က အဖော်ရဟန်းတွေကို မခေါ်ဆောင်တော့ဘဲ မိမိ တစ်ပါးတည်း နန္ဒရသေ့ကြီးရဲ့ တပည့်ရသေ့တွေ သစ်သီးကြီးငယ် ရှာဖွေထွက်နေတဲ့ အချိန်လောက်ကို မှန်းပြီးတော့ ဘုရားရှင်လည်း ကောင်းကင်ခရီးဖြင့် နန္ဒရသေ့ကြီးရှိရာ သင်္ခမ်းကျောင်းသို့ ကြွမြန်း တော်မူပါတယ်။ နန္ဒရသေ့ကြီးကလည်း ဗေဒင်အရာမှာ တစ်ဖက်ကမ်းခပ် တတ်မြောက်နေတဲ့ပုဂ္ဂိုလ် ဖြစ်ခြင်းကြောင့် ဘုရားရှင်တို့၏ တင့်တယ် စံပယ်တော်မူတဲ့ ၃၂-ပါးသော ယောက်ျားမြတ်တို့ရဲ့ လက္ခဏာတော်တို့ကို ဆန်းစစ် ကြည့်ပြီးတဲ့အခါ -- ဤလက္ခဏာတို့နဲ့ ပြည့်စုံနေတဲ့ပုဂ္ဂိုလ်သည် အိမ်ရာတည်ထောင် လူတို့ဘောင်၌ တည်ရှိခဲ့မယ်ဆိုလျှင် စကြဝတေးမင်း ဧကန် ဖြစ်လိမ့်မယ်၊ အိမ်ရာတည်ထောင် လူတို့ဘောင်ကို စွန့်ခွာပြီး ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့မယ်ဆိုလျှင်တော့ သုံးလောကထွဋ်ထား ဘုရားရှင် ဧကန် ဖြစ်လိမ့်မယ်လို့ ဒီလို သိလိုက်တဲ့အတွက် ဒီပုဂ္ဂိုလ်သည် ဘုရားစင်စစ် ဧကန်ပင် ဖြစ်တော်မူပေတယ်လို့ ယုံကြည်ချက်ဖြင့် မြတ်စွာဘုရားရှင်ကို နေရာများ ခင်းကျင်းပေးပြီးတော့ ငါးပါးသော ထိခြင်းတို့ဖြင့် ရိုသေစွာ ရှိခိုးပူဇော် ကန်တော့ပါတယ်။</p> <p>ဒီလို ကန်တော့ပြီး မိမိနဲ့ သင့်တင့်လျောက်ပတ်တဲ့ နေရာကလေးတစ်ခုကို ယူပြီးတော့ ထိုင်နေတဲ့ အချိန်အခါမှာ တပည့်ရသေ့တွေကလည်း သစ်သီး ကြီးငယ်တွေကို သယ်ဆောင်ပြီးတော့ ပြန်ရောက်လာကြပါတယ်။ ဆရာဖြစ်တဲ့ နန္ဒရသေ့ကြီးနဲ့ ဘုရားရှင်တို့ ထိုင်နေတဲ့ အခြင်းအရာကို ကြည့်ပြီးတော့ တပည့်တွေလည်း အံ့ဩသွားကြပါတယ်။</p> <p>ဆရာ ... ကျွန်တော်တို့ဟာ ဤလောကမှာ ဆရာထက် သာလွန် ကြီးကျယ် မြင့်မြတ်တဲ့ပုဂ္ဂိုလ် မရှိဘူးဆိုတဲ့ ခံယူချက်ဖြင့် လှည့်လည် ကျက်စား နေတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။ ယခုအခါမှာ ဆရာတို့ နှစ်ဦးသား ထိုင်နေပုံကို ကြည့်ရခြင်းအားဖြင့် တစ်ဘက်က သီတင်းသုံးနေတော်မူတဲ့ပုဂ္ဂိုလ်သည် ဆရာထက် ထူးချွန် မြင့်မြတ်တဲ့ပုဂ္ဂိုလ် ဖြစ်လိမ့်မယ်ထင်ပါတယ်လို့ တပည့်တွေက လျှောက်ထားကြတဲ့အခါမှာ နန္ဒရသေ့ကြီးကလည်း ဘာပြန်ပြောသလဲ?</p> <p>သင်တို့သည် အဘယ်စကားကို ပြောနေကြတာလဲ? မုန်ညင်းစေ့နဲ့ မြင်းမိုရ်တောင်ကို နှိုင်းယှဉ်ခြင်းငှာ အလိုမရှိကြကုန်လင့်၊ တစ်လောကလုံးမှာ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်နဲ့ ငါ့ကို နှိုင်းယှဉ်ခြင်းငှာ မလျော်မလျောက်ပတ်ဘူးဆိုပြီး ပြောကြားလိုက်တယ်။ ဒီစကားကို ကြားလိုက်တော့ ရသေ့တွေလည်း ဤပုဂ္ဂိုလ်ဟာ ယုတ်ညံ့တဲ့ပုဂ္ဂိုလ်သာ ဖြစ်ခဲ့မယ်ဆိုလျှင်တော့ ဆရာရသေ့ ဒီလိုစကားမျိုး ပြောကြားမှာ မဟုတ်ဘူး။ မချွတ်ဧကန်ပင် ဤပုဂ္ဂိုလ်ဟာ ကြီးမြတ်တော်မူတဲ့ ယောက်ျားအာဇာနည် ဖြစ်ရမယ်ဆိုပြီး ဘုရားရှင်ရဲ့ ခြေတော်ရင်းသို့ ဝပ်စင်းပြီး ရိုသေလေးမြတ်စွာဖြင့် ပူဇော်ကန်တော့ကြပါတယ်။ ပူဇော်ကန်တော့ကြပြီးတဲ့ အချိန်အခါမှာတော့ နန္ဒရသေ့ကြီးက တပည့်တွေကို ဘာပြောလိုက်သလဲ?</p> <hr> <h3>ရသေ့တို့၏ သစ်သီးဆွမ်းဒါနအလှူ</h3> <p><b>တာတာ အမှာကံ ဗုဒ္ဓါနံ အနုစ္ဆဝိကော ဒေယျဓမ္မော နတ္ထိ၊ ဘဂဝါ စ ဘိက္ခာစာရဝေလာယံ ဣဓာဂတော၊ တသ္မာ မယံ ယထာဗလံ ဒေယျဓမ္မံ ဒဿာမ၊ တုမှေ ယံ ယံ ပဏီတံ ဖလာဖလံ အာနီတံ၊ တံ တံ အာဟရထ</b>။ (ထေရဂါထာ၊ဋ္ဌ၊၁၊၂၀။)</p> <p>ချစ်သားတို့ ... ဘုရားရှင်တို့နဲ့ သင့်တင့်လျောက်ပတ်တဲ့ လှူဖွယ်ဝတ္ထုကလည်း တို့မှာ မရှိ ဖြစ်နေတယ်။ ဘုရားရှင်ကလည်း ဆွမ်းခံတဲ့ အချိန်အခါမှာ တို့နေရာသို့ ကြွလာတော်မူခြင်း ဖြစ်တယ်။ ဒါကြောင့် တို့သည် စွမ်းအားရှိသလောက် လှူဖွယ်ဝတ္ထု အစုစုတွေကို ဘုရားရှင်အား ဆက်ကပ် လှူဒါန်းကြရအောင်၊ သင်တို့ ဆောင်ယူလာကြတဲ့ ကောင်းနိုးရာရာ မွန်မြတ်တဲ့ သစ်သီးကြီးငယ် အသွယ်သွယ်တွေကို ယူခဲ့ကြပေတော့ဆိုပြီးတော့ ပြောကြားလိုက်ပါတယ်။</p> <p>ဒီလို နန္ဒရသေ့ကြီးက ပြောကြားလိုက်တဲ့ အချိန်အခါမှာတော့ တပည့်တွေကလည်း ကောင်းနိုးရာရာ မွန်မြတ်တဲ့ သစ်သီးကြီးငယ် အသွယ်သွယ် တွေကို ယူဆောင်ပြီးတော့ လာကြတယ်။ နန္ဒရသေ့ကြီးက ကောင်းနိုးရာရာ သစ်သီးတွေကို သူကိုယ်တိုင် စီမံပြီးတော့ ဘုရားရှင်အား ဆက်ကပ်လှူဒါန်း ပါတယ်။ ဆက်ကပ်ပြီးတဲ့ အချိန်အခါမှာ သောက်ရေ သုံးရေတွေကိုလည်း သူကိုယ်တိုင် စစ်ပြီးတော့ သေသေချာချာ ဆက်ကပ်ပူဇော်တယ်။ ဘုရားရှင်ကလည်း သူတို့အား ချီးမြှောက်တော်မူသည့်အနေအားဖြင့် ဘုဉ်းပေးသုံးဆောင်တော်မူပါတယ်။ ဘုဉ်းပေးသုံးဆောင်တော်မူပြီးတဲ့ အချိန်အခါမှာ နန္ဒရသေ့ကြီးလည်း တပည့်ရသေ့တွေကို ခေါ်ပြီး ဘုရားရှင်ရဲ့ အနီးအပါးမှာ ငါးပါးသော ထိခြင်းဖြင့် လက်အုပ်ချီမိုး ရှိခိုးလျက် အောက်မေ့ဖွယ် အမှတ်ရဖွယ် စကားများ ပြောကြားပြီး ထိုင်နေကြပါတယ်။</p> <hr> <h3>ရဟန်းသံဃာတော် တစ်သိန်း ကြွလာတော်မူခြင်း</h3> <p>ထိုအချိန်အခါမှာ ဘုရားရှင်က ရဟန်းသံဃာတော်အပေါင်းသည် ငါ ဘုရားထံသို့ ကြွလာကြစေသတည်းဆိုပြီးတော့ အဘိညာဏ်တန်ခိုးဖြင့် အဓိဋ္ဌာန်တော်မူလိုက်ပါတယ်။ ဘုရားရှင်ရဲ့ အဓိဋ္ဌာန်တော်မူခြင်းကို သိတော် မူတဲ့အတွက် ရဟန္တာပေါင်း တစ်သိန်းတို့ကလည်း ကောင်းကင်ခရီးဖြင့် ဘုရားရှင်ရဲ့ထံတော်သို့ ကြွလာတော်မူကြပါတယ်။ ဒီလို ကြွလာတော်မူတဲ့ အချိန်အခါမှာ နန္ဒရသေ့ကြီးက ချစ်သားတို့ ...ဘုရားရှင် ထိုင်တော်မူတဲ့ နေရာသည် ယုတ်ညံ့နေတယ်၊ ရဟန်းသံဃာတော် တစ်သိန်းအတွက်လည်း လျောက်ပတ်တဲ့ နေရာထိုင်ခင်း တို့မှာလည်း မရှိ ဖြစ်နေတယ်။ ဒါကြောင့် ယနေ့ သင်တို့သည် မြတ်စွာဘုရားနှင့် သံဃာတော်အပေါင်းအား ကြီးကျယ် မြင့်မြတ်လှစွာသော ပူဇော်သက္ကာရကို ပြုဖို့ရန်အတွက် အဆင်းအနံ့နဲ့ ပြည့်စုံတဲ့ ပန်းတွေကို တောင်ခြေကနေ ဆောင်ယူခဲ့ကြကုန်ဆိုပြီးတော့ မိန့်တော်မူ လိုက်ပါတယ်။</p> <hr> <h3>ပန်းမွေ့ရာထိုင်ခင်းတို့ဖြင့် ပူဇော်ကြခြင်း</h3> <p>ထိုအချိန်အခါမှာ ရသေ့တွေကလည်း အကုန်လုံး အဘိညာဏ်တန်ခိုး ရရှိထားတဲ့ ရသေ့တွေ ဖြစ်နေခြင်းကြောင့် အဆင်းအနံ့နဲ့ ပြည့်စုံတဲ့ ပန်းတွေကို တစ်ခဏချင်း သယ်ဆောင်ပြီးတော့ ဘုရားရှင်နှင့်တကွ ရဟန်းသံဃာတွေအတွက် စီစဉ်ပေးကြပါတယ်။ ဘုရားရှင် သီတင်းသုံးဖို့ရန်အတွက် ခင်းထားတဲ့ ပန်းမွေ့ရာနေရာသည် တစ်ယူဇနာခန့် မြင့်ပြီး တစ်ယူဇနာခန့် ကျယ်ဝန်း တယ်။ အဂ္ဂသာဝက နှစ်ပါးအတွက် ခင်းထားတဲ့ ပန်းမွေ့ရာနေရာသည် သုံးဂါဝုတ် မြင့်ပြီး သုံးဂါဝုတ် ကျယ်ဝန်းတယ်၊ ကျန်နေတဲ့ မဟာသာဝက, ပကတိသာဝကစတဲ့ ရဟန်းတွေအတွက် ခင်းထားတဲ့ ပန်းမွေ့ရာနေရာသည် ယူဇနာဝက် မြင့်ပြီး ယူဇနာဝက် ကျယ်ဝန်းတယ်၊ အငယ်ဆုံးရဟန်းအတွက် ခင်းထားတဲ့ ပန်းမွေ့ရာနေရာသည် တစ်ဥသဘ မြင့်ပြီး တစ်ဥသဘလောက် ကျယ်ဝန်းတယ်ဆိုပြီး အဋ္ဌကထာမှာ ဒီလို ဖော်ပြထားပါတယ်။ (အံ၊ဋ္ဌ၊၁၊၁၁၈။၁၇၃။) ဒီလို ကြီးကျယ်ခမ်းနားတဲ့ ပန်းမွေ့ရာနေရာကြီးတွေ ခင်းပြီးတဲ့ အချိန်အခါမှာ နန္ဒရသေ့ကြီးက ဘုရားရှင်ထံ သွားပြီး ဘယ်လို လျှောက်ထားသလဲ?</p> <p><b>ဘန္တေ မယှံ ဒီဃရတ္တံ ဟိတာယ သုခါယ ဣမံ ပုပ္ဖာသနံ အဘိရုဟထ</b>။ (အပဒါန၊ဋ္ဌ၊၂၊၃၃။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၁။)</p> <p><b>ဘန္တေ</b> = မြတ်စွာဘုရား။ <b>မယှံ</b> = ဘုရားတပည့်တော်၏။ <b>ဒီဃရတ္တံ</b> = နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော ကာလပတ်လုံး။ <b>ဟိတာယ</b> = အကျိုးစီးပွား အလို့ငှာ။ <b>သုခါယ</b> = ချမ်းသာအလို့ငှာ။ <b>ဣမံ ပုပ္ဖာသနံ</b> = ဤပန်းနေရာကို။ <b>အဘိရုဟထ</b> = တက်၍ သီတင်းသုံးတော်မူကြပါ မြတ်စွာဘုရား ...။</p> <p>ဒီပန်းနေရာထက်ကို တက်ပြီးတော့ သီတင်းသုံးတော်မူကြပါ၊ တပည့်တော်တို့ရဲ့ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါကာလပတ်လုံး အကျိုးစီးပွား ချမ်းသာအလို့ငှာ ချီးမြှောက်တော်မူကြပါဘုရားဆိုပြီးတော့ လျှောက်ထားတယ်။ ဒီလို လျှောက်ထားလိုက်တဲ့ အချိန်အခါမှာ မြတ်စွာဘုရားကလည်း ဘုရားရှင်နဲ့ ထိုက်တန်တော်မူတဲ့ နေရာမှာ တက်ပြီး သီတင်းသုံးတော်မူပါတယ်။ အဂ္ဂသာဝကမထေရ်တွေကလည်း အဂ္ဂသာဝကတွေနဲ့ ထိုက်တန်တဲ့ နေရာတွေမှာ, ကျန်နေတဲ့ မဟာသာဝက ပကတိသာဝကတွေ ကလည်း မိမိတို့နဲ့ ထိုက်တန်တဲ့ နေရာတွေမှာ အဆင့်ဆင့် သီတင်းသုံးတော် မူလိုက်တာ အင်မတန် ကြီးကျယ်တဲ့ အခမ်းအနားကြီးတစ်ခု ဖြစ်သွားပါတယ်။ ဖူးမြော်လို့ မဝနိုင်တဲ့ ကုသိုလ်တရားတွေကို လွန်စွာ တိုးပွားစေတတ်တဲ့ ရှုခင်းသာ တစ်ခုပဲ ဖြစ်ပါတယ်။</p> <p>အဲဒီ အချိန်အခါမှာ နန္ဒရသေ့ကတော့ ဘုရားရှင်ရဲ့ ဦးထိပ်ထက်မှာ အလွန်ကြီးမားတဲ့ ပန်းထီးကြီးကို ဆောင်းမိုးပြီး ရပ်တည်နေပါတယ်။ အခြား ရသေ့တွေကတော့ ဘုရားအမှူးရှိတဲ့ သံဃာတော်ကို ရိုသေစွာ ရှိခိုး ဝပ်ချပြီး လက်အုပ်ချီပြီး ထိုင်နေကြတယ်။ ဒီလို လက်အုပ်ချီပြီး ထိုင်နေကြတဲ့ အချိန်အခါမှာ ပဒုမုတ္တရဘုရားရှင်ရဲ့ သန္တာန်မှာ ဘယ်လို စိတ်အကြံအစည် ဖြစ်ပေါ်လာသလဲ?</p> <hr> <h3>နိရောဓသမာပတ် ဝင်စားတော်မူကြခြင်း</h3> <p><b>သတ္ထာ တာပသာနံ အယံ သက္ကာရော မဟပ္ဖလော ဟောတူတိ နိရောဓသမာပတ္တိံ သမာပဇ္ဇိ</b>။ (အပဒါန၊ဋ္ဌ၊၂၊၃၃။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၁။)</p> <p><b>သတ္ထာ</b> = ပဒုမုတ္တရဘုရားရှင်သည်။ <b>တာပသာနံ</b> = ရသေ့တို့အား။ <b>အယံ သက္ကာရော</b> = ဤပူဇော်သက္ကာရသည်။ <b>မဟပ္ဖလော</b> = ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုးရှိသည်။ <b>ဟောတု</b> = ဖြစ်စေသတည်း။ <b>ဣတိ</b> = ဤသို့ နှလုံးသွင်းတော်မူပြီး၍။ <b>နိရောဓသမာပတ္တိံ</b> = နိရောဓသမာပတ်ကို။ <b>သမာပဇ္ဇိ</b> = ဝင်စားတော်မူခဲ့လေပြီ။</p> <p>ဒီပူဇော်သက္ကာရဟာ ရသေ့တွေအတွက် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးတွေ ဖြစ်စေသတည်းလို့ ဒီလို နှလုံးပိုက်ပြီးတော့ နိရောဓသမာပတ်ကို ဝင်စားတော်မူလိုက်တယ်။ နိရောဓသမာပတ်ဆိုတာကတော့ စိတ်စေတသိက်တွေ ချုပ်နေတဲ့ သမာပတ်တစ်မျိုးလို့ ဆိုနိုင်ပါတယ်။ စိတ်စေတသိက် တွေ ချုပ်နေခြင်းကြောင့် စိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်တွေလည်း ချုပ်နေ ပါတယ်။ ကံကြောင့်ဖြစ်တဲ့ရုပ်, ဥတုကြောင့်ဖြစ်တဲ့ရုပ်, အာဟာရကြောင့် ဖြစ်တဲ့ရုပ်ဆိုတဲ့ ဒီရုပ် (၃)မျိုးပဲ ကျန်တော့တယ်။ စိတ်စေတသိက် စိတ္တဇရုပ်တွေ ချုပ်နေတဲ့ နိရောဓသမာပတ်ဟာ သာသနာတော်မှာ အဆင့်အမြင့်ဆုံး သမာပတ်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။</p> <p>ဒီသမာပတ်ကို ဘယ်ပုဂ္ဂိုလ်တွေ ဝင်စားနိုင်သလဲလို့ မေးလျှင်တော့ လောကီစျာန်သမာပတ် (၈)ပါးကို ရရှိပြီးတဲ့ အနာဂါမ်, ရဟန္တာပုဂ္ဂိုလ်တို့သာ ဝင်စားလို့ရနိုင်တဲ့ သမာပတ်တစ်မျိုး ဖြစ်ပါတယ်။ ဘာကြောင့် ဒီသမာပတ်ကို ဝင်စားရသလဲဆိုလျှင်လည်း ရဟန္တာအရှင်မြတ်တို့ရဲ့ အမြဲ နေထိုင်ရာ နယ်ပယ်က ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်နယ်ပယ် ဖြစ်ပါတယ်။ (သံ၊ဋ္ဌ၊၂၊၂၅၅။) ဒီနယ်ပယ်မှာသာ အမြဲတမ်း နေထိုင်ရတော့ ဒီခန္ဓာငါးပါး, အာယတန တစ်ဆယ့်နှစ်ပါး, ဓာတ် တစ်ဆယ့်ရှစ်ပါး, ကြောင်း-ကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားလို့ ခေါ်ဆိုအပ်တဲ့ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို ကြည့်လိုက်တိုင်း အမြဲတမ်း ဖြစ်ပြီး ပျက်နေတဲ့ သဘောတွေကိုပဲ တွေ့နေရတယ်။</p> <p>ဒီလို အမြဲတမ်း သင်္ခါရတရားတွေရဲ့ ဖြစ်နေတဲ့နယ်, ပျက်နေတဲ့နယ်ပယ်မှာသာ နေနေရတဲ့အတွက် ကြာတော့လည်း ငြီးငွေ့လာတယ်၊ ရွံမုန်းလာတယ်၊ စက်ဆုပ်လာတယ်။ ပရိနိဗ္ဗာန်ကလည်း မစံနိုင်သေးတဲ့အတွက် ဒီသင်္ခါရတရားတွေရဲ့ အပျက်ကို ကြည့်နေရတာ ငြီးငွေ့ ရွံမုန်းတဲ့အတွက် သင်္ခါရတရားတို့ရဲ့ အပျက်ကို မမြင်ရာ ဒေသတစ်ခုဖြစ်တဲ့ ချုပ်ငြိမ်းနေတဲ့ ဘာဝနာတစ်ခုကို ပွားများအားထုတ်နေရလျှင်တော့ ကောင်းမယ်လို့ ဆင်ခြင် ဆုံးဖြတ်ပြီး သင်္ခါရတရားတို့ရဲ့ ချုပ်ငြိမ်းရာကို အာရုံယူပြီးတော့ ချမ်းသာကို လိုလားတောင့်တတဲ့ ဦးတည်ချက်ဖြင့် ဝင်စားတော်မူတဲ့ သမာပတ်တစ်မျိုး ဖြစ်ပါတယ်။ (ဝိသုဒ္ဓိ၊၂၊၃၄၇။) အဲဒီ သမာပတ်ကို ပဒုမုတ္တရမြတ်စွာဘုရားက ဝင်စားတော်မူလိုက်တဲ့ အချိန်အခါမှာ ---</p> <p><b>သတ္ထု သမာပန္နဘာဝံ ဉတွာ ဘိက္ခူပိ သမာပဇ္ဇိံသု</b>။ (အပဒါန၊ဋ္ဌ၊၂၊၃၃။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၁။)</p> <p><b>သတ္ထု</b> = ဘုရားရှင်၏။ <b>သမာပန္နဘာဝံ</b> = နိရောဓသမာပတ် ဝင်စားတော်မူသည်၏အဖြစ်ကို။ <b>ဉတွာ</b> = သိရှိတော်မူကြ၍။ <b>ဘိက္ခူပိ</b> = ရဟန်းတော်တို့ကလည်းပဲ။ <b>သမာပဇ္ဇိံသု</b> = နိရောဓသမာပတ်ကို ဝင်စားတော်မူကြလေကုန်၏။</p> <p>မြတ်စွာဘုရားရှင် နိရောဓသမာပတ် ဝင်စားတော်မူတာကို သိကြတဲ့ အတွက် ရဟန်းတော်တွေကလည်း နိရောဓသမာပတ်ကို ဝင်စားကြပြန်တယ်။ နိရောဓသမာပတ်ကို ဝင်စားလိုက်တာ ဘယ်လောက် ကြာသွားသလဲလို့ မေးလျှင်တော့ (၇)ရက် ကြာသွားပါတယ်။ ဒါယကာကြီး ဒါယိကာမကြီးတွေ စဉ်းစားကြည့်စမ်းပါ။တစ်လောကလုံးမှာ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ဘုရားရှင်နဲ့ ရဟန္တာမထေရ်မြတ်တွေ တစ်ယူဇနာခန့် ကြီးကျယ်မြင့်မြတ်နေတဲ့ ပန်းမွေ့ရာထက်ကနေ တစ်ဥသဘခန့် ကြီးကျယ်မြင့်မြတ်တဲ့ ပန်းမွေ့ရာအဆုံး ရှိတဲ့ နေရာတွေမှာ ကိုယ်စီ ကိုယ်စီ နိရောဓသမာပတ် ဝင်စားနေတာမျိုးကို (၇)ရက်လောက် ဖူးမြော်ခွင့် ရတယ်ဆိုတာ အင်မတန် ထူးကဲတဲ့ ကံလို့ မပြော နိုင်ဘူးလား? ပြောနိုင်တယ်။ သိပ်ကောင်းတဲ့ အခွင့်အရေးမျိုးတွေ ဖြစ်ပါတယ်။</p> <p>ဒီလို အခွင့်အရေးမျိုးတွေကို ဘုန်းကြီးတို့တစ်တွေ, ဒါယကာကြီး ဒါယိကာမကြီးတို့တစ်တွေ ကြုံကြ ဆုံကြမယ်ဆိုလျှင် မကောင်းဘူးလား? သိပ် ကောင်းပါတယ်။ ကောင်းတယ်ဆိုလျှင် ဒီကောင်းတဲ့ အခွင့်အရေးမျိုးနဲ့ ကြုံကြ ဆုံကြရအောင် လိုရင်းက ဘာလုပ်ရသလဲ? မိမိရဲ့ စိတ်ကို ပြုပြင်ပြောင်းလဲ ပေးရပါမယ်။ အိမ်ရာတည်ထောင် လူတို့ဘောင်မှာပဲ သားကျွေးမှု, မယား ကျွေးမှုတွေနဲ့ ဘဝကို အဆုံးသတ်နေကြမယ်ဆိုလျှင် ပါရမီမျိုးစေ့တွေက ပြည့်စုံမှု ရှိနိုင်ပါ့မလား? မရှိနိုင်ဘူး။ ပါရမီမျိုးစေ့တွေ ပြည့်စုံမှု မရှိတဲ့ပုဂ္ဂိုလ်တွေကို ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတွေက ဒီလို လာပြီး ချီးမြှောက်နိုင်ပါ့မလား? မချီးမြှောက်နိုင်ဘူး။ ဒီရသေ့တွေကတော့ ပါရမီမျိုးစေ့ ကောင်းတွေကို ရှာဖွေနေတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါတယ်။ ဒီလို ပါရမီ မျိုးစေ့ကောင်းတွေကို ရှာဖွေနေတာက ဘာအတွက်လဲလို့ မေးလျှင်တော့ မိမိတို့ရဲ့ စိတ်ဓာတ်ကို တန်ခိုးအာနိသင်တွေ ထက်မြက်လာအောင် ထုံမွမ်းနေတဲ့သဘောလို့ ပြောနိုင်ပါတယ်။ ဒီရသေ့တွေက မိမိတို့ရဲ့ စိတ်ဓာတ်ကို တန်ခိုးအာနိသင်တွေ ထက်မြက်လာအောင် ဘယ်လို ထုံမွမ်းကြသလဲလို့ မေးလျှင်တော့ ဒီနေရာမှာ နန္ဒရသေ့ကြီးက ဘာလုပ်နေသလဲ?</p> <hr> <h3>နန္ဒရသေ့ကြီး၏ ခိုင်မာသည့် စိတ်ဓာတ်စွမ်းရည်</h3> <p><b>နန္ဒတာပသော မဟန္တံ ပုပ္ဖဆတ္တံ ဂဟေတွာ တထာဂတဿ မတ္ထကေ ဓာရေန္တော အဋ္ဌာသိ</b>။ (အပဒါန၊ဋ္ဌ၊၂၊၃၃။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၁။)</p> <p><b>နန္ဒတာပသော</b> = နန္ဒရသေ့ကြီးသည်ကား။ <b>မဟန္တံ ပုပ္ဖဆတ္တံ</b> = ကြီးကျယ်စွာသော ပန်းထီးကြီးကို။ <b>ဂဟေတွာ</b> = ကိုင်၍။ <b>တထာဂတဿ</b> = မြတ်စွာဘုရား၏။ <b>မတ္ထကေ</b> = ဦးထိပ်ထက်၌။ <b>ဓာရေန္တော</b> = ဆောင်းမိုးပေးလျက်။ <b>အဋ္ဌာသိ</b> = မတ်တတ်ရပ်ကာ တည်နေလေ၏။</p> <p>နန္ဒရသေ့ကြီးက အင်မတန် ကြီးကျယ်ခမ်းနားတဲ့ ပန်းပွင့်ထီးကြီးတစ်ခုကို အဘိညာဏ်တန်ခိုးနဲ့ ဖန်ဆင်းပြီးတော့ မြတ်စွာဘုရားရှင်ရဲ့ ဦးထိပ်ထက်မှာ ဆောင်းမိုးပြီး ရပ်တည်နေလိုက်တယ်။ တန်ခိုးရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဣဒ္ဓိဝိဓ တန်ခိုးအရာကတော့ အစိန္တိယာ = မကြံစည်သင့် မကြံစည်ထိုက်တဲ့အရာ ဖြစ်ပါတယ်။</p> <p>ဒီလို တန်ခိုးကြီးနေတဲ့ နန္ဒရသေ့ကြီးက တစ်ယူဇနာခန့် မြင့်ပြီး တစ်ယူဇနာခန့်လည်း ကျယ်ပြန့်တဲ့ ပန်းမွေ့ရာနေရာထက်မှာ ထိုင်ပြီး နိရောဓသမာပတ် ဝင်စားတော်မူတဲ့ ဘုရားရှင်အား အင်မတန် ကြီးကျယ်ခမ်းနားတဲ့ ပန်းပွင့်ထီးကြီးဖြင့် ဆောင်းမိုးပြီးတော့ မတ်တတ်ရပ်ပြီး တည်နေလိုက်တယ်။ ယခု မြိုင်သာယာဘုရားမှာ တင်လှူ ပူဇော်ပြီး ထီးကို ချိတ်ထားတဲ့ ပုံစံမျိုးနဲ့ ချိတ်ထားခဲ့မယ်ဆိုလျှင်လည်း မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလို ပုံစံမျိုးလည်း ဟုတ်သလား? မဟုတ်ပါဘူး။</p> <hr> <h3>ဣန္ဒြေ ငါးရပ် - ဗလ ငါးတန်</h3> <p>မိမိကိုယ်တိုင် ခွန်အား, သဒ္ဓါအား, ဝီရိယအားဆိုတဲ့ စွမ်းအားတွေ ထုတ်ပြီးတော့ မိမိရဲ့ စိတ်အစဉ်မှာ ဘုရားရှင်ကို ကြည်ညိုတဲ့ ဗုဒ္ဓါနုဿတိဂုဏ်တော်တွေ ထုံမွမ်းချင်တဲ့ ဆန္ဒက သိပ်ပြီး အားကောင်းနေတယ်။ အဲဒီ ဆန္ဒဓာတ်, ဝီရိယဓာတ်တွေဟာ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကောင်းတဲ့အကျိုးကို ပေးနိုင်မယ်ဆိုတာကို ဒီနန္ဒရသေ့ကြီးကလည်း မျှော်ခေါ်လို့ အသင့်အတင့် ရနေတယ်။ ဒါကြောင့် မိမိရဲ့ စိတ်အစဉ်ကို သဒ္ဓါ- ဝီရိယ-သတိ-သမာဓိ-ပညာလို့ ခေါ်ဆိုအပ်တဲ့ ဣန္ဒြေငါးပါးတို့ဖြင့် ထိန်းချုပ် ပေးချင်တယ်။ အဲဒီ သဒ္ဓါ-ဝီရိယ-သတိ-သမာဓိ-ပညာလို့ ခေါ်ဆိုအပ်တဲ့ ဗိုလ်ငါးပါး ခွန်အားကြီးငါးခုတို့ဖြင့် မိမိရဲ့ စိတ်အစဉ်ကို ဦးဆောင်ပြီးတော့ ဆွဲခေါ်သွားချင်တယ်။</p> <p>သဒ္ဓါဆိုတာက ဒီနေရာမှာ နန္ဒရသေ့ကြီးဘက်က ကြည့်လျှင်တော့ ဘုရားရှင်အပေါ်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်နေတယ်။ ဘုရားရှင်ရဲ့ တပည့်သားသာဝကတွေအပေါ်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်နေတယ်။ ဘုရားရှင်၌ သဗ္ဗညုတဉာဏ်တော် ဧကန်စင်စစ် ရှိနေတယ်။ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင် ဧကန်စင်စစ် ဖြစ်တယ်ဆိုပြီး ဘုရားရှင်အပေါ်၌လည်း မတုန်မလှုပ် သက်ဝင်ယုံကြည်နေတယ်။ ဘုရားရှင်ရဲ့ တရားတော်အပေါ်၌လည်း မတုန်မလှုပ် သက်ဝင်ယုံကြည်နေတယ်။ ရတနာသုံးတန်အပေါ်မှာ ယုံကြည်ရုံတွင် မကဘူး၊ ကံ-ကံ၏အကျိုးကို ယုံကြည်နေတဲ့ သဒ္ဓါတရားကလည်း ထင်ရှား ရှိနေပြန်တယ်။</p> <p>ကံ-ကံရဲ့အကျိုးလို့ ခေါ်ဆိုအပ်တဲ့ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်နယ်ပယ်မှာလည်း ယုံကြည်မှု သဒ္ဓါတရားတွေ ရှိနေတယ်။ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ သိက္ခာသုံးရပ် အကျင့်မြတ်တွေအပေါ်၌လည်း ယုံကြည်မှု သဒ္ဓါတရားတွေ အပြည့်အဝ ရှိနေတယ်။ ဒီလို ယုံကြည်မှု သဒ္ဓါတရားတွေ အပြည့်အဝ ရှိနေရုံတွင်လား ဆိုတော့ မကသေးဘူး။ နောက်ထပ် သူ့ရဲ့ ယုံကြည်ချက်တွေက သူ့ရဲ့ ဆုတောင်းမယ့်အပိုင်းကို လှမ်းကြည့်လိုက်လျှင်လည်း သံသရာရဲ့ ရှေ့အစွန်းလို့ ခေါ်ဆိုအပ်တဲ့ အတိတ်ခန္ဓာငါးပါး၊ သံသရာရဲ့ နောက်အစွန်းလို့ ခေါ်ဆိုအပ်တဲ့ အနာဂတ်ခန္ဓာငါးပါး၊ သံသရာရဲ့ ရှေ့အစွန်း-နောက်အစွန်းလို့ ခေါ်ဆို အပ်တဲ့ အတိတ်ခန္ဓာငါးပါး, အနာဂတ်ခန္ဓာငါးပါး။ ဒီခန္ဓာငါးပါးတို့အပေါ်၌လည်း မတုန်မလှုပ် သက်ဝင်ယုံကြည်နေတဲ့ သဒ္ဓါတရားက ရှိနေတယ်။ဒီလို သဒ္ဓါတရားရှိနေခြင်းကြောင့် ဒီသဒ္ဓါတရားက သူလိုရာ ဆုထူး ဆုမြတ်ဘက်ကို ဆွဲခေါ်သွားမှာ ဖြစ်ပါတယ်။</p> <p>နောက်ထပ် ဝီရိယကလည်း ရှိနေတယ်။ ခုနစ်ရက်တိုင်တိုင် သူက မတ်တတ်ရပ်ပြီး ဘုရားရှင်ရဲ့ ဦးထိပ်ထက်မှာ ပန်းပွင့်ထီးကြီးကို ဆောင်းမိုးပြီးတော့ကို ပူဇော်နေလိုက်တယ်။ ဒါယကာကြီးတွေ ခုနစ်ရက်တိုင်တိုင် ထမင်း စတဲ့အစာ မစားဘဲနဲ့ ပန်းပွင့်ထီးကြီး ဆောင်းမိုးပြီးတော့ ဘုရားရှင်ကို ပူဇော်နိုင်ပါ့မလား? မပူဇော်နိုင်ပါဘူး။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့ သဒ္ဓါတရား ဘယ်လောက် ပြင်းထန်တယ်၊ သူ့ရဲ့ ဝီရိယတရား ဘယ်လောက် အားကောင်းနေတယ်ဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။ စျာန်အဘိညာဏ်တွေကို ရရှိနေတဲ့ပုဂ္ဂိုလ်မှာ သတိအားမကောင်းဘူးလို့ ပြောလို့လည်း ရပါ့မလား? မရပါဘူး။</p> <p>နောက်ပိုင်းမှာ ဘုရားရှင်ထံမှ တရားတော်တွေကို နာယူပြီး တရား ဘာဝနာတွေလည်း ပွားများအားထုတ်မယ့်ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သဒ္ဓါလည်း ရှိနေတယ်၊ ဝီရိယကလည်း ရှိနေတယ်၊ သတိလည်း ရှိနေတယ်။ စျာန်အဘိညာဏ်တွေ ရရှိနေတော့ သူ့ရဲ့ သမာဓိသည် သာမန် ပုထုဇန်လူသား တစ်ဦးရဲ့ သမာဓိနဲ့ မတူတော့ဘူး။ ပညာပိုင်းမှာဆိုလျှင်တော့ သူက စျာန်အဘိညာဏ်နဲ့ ပတ်သက်တဲ့ စျာန်ပညာတွေ အဘိညာဏ်ပညာတွေလည်း ရရှိထားပြီး ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဘုရားရှင်ထံ မကြာခဏ သွားပြီး တရားတော်တွေကို နာယူပြီးတော့ ဝိဇ္ဇာမျိုးစေ့ကောင်းလို့ ခေါ်ဆိုအပ်တဲ့ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေရဲ့ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တ အခြင်းအရာတွေကို သိအောင် ကြိုးစားအားထုတ်မှုတွေလည်း ရှိနေပါတယ်။</p> <p>ဒါကြောင့် သူ့မှာ သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာလို့ ခေါ်ဆိုတဲ့ ဣန္ဒြေငါးပါးက စုံညီနေတယ်။ ခွန်အားကြီးငါးခု စုံညီနေပြီ ဖြစ်ပါတယ်။ ဒီဣန္ဒြေငါးပါးက မိမိရဲ့ စိတ်အစဉ်ကို မိမိ လိုလားတောင့်တနေတဲ့ အရဟတ္တမဂ်, အရဟတ္တဖိုလ် အထွတ်တပ်ထားတဲ့ အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရလို့ ခေါ်ဆိုအပ်တဲ့ ဧတဒဂ်ဘွဲ့ထူး နှစ်ဆင့်ကို ရရှိမယ့် သာဝကဗောဓိဉာဏ်သို့ ရောက်အောင် ထိန်းချုပ်ပြီး ဆွဲခေါ်သွားမယ့် စွမ်းအားကြီး ငါးခု ဖြစ်ပါတယ်။ အဲဒီ စွမ်းအားကြီးငါးခုဖြင့် မိမိရဲ့ စိတ်အစဉ်ကို ထိန်းချုပ် ထားနိုင်တဲ့အတွက် ဒီနန္ဒရသေ့ကြီးသည် ကမ္ဘာတစ်သိန်း အချိန်ကာလကို ဖြတ်ကျော်လာခဲ့ရာကနေ ဘုန်းကြီးတို့ ဘုရားရှင်လက်ထက်မှာ သူ လိုလား တောင့်တနေတဲ့ သာဝကဗောဓိဉာဏ်ကို ရရှိတော်မူခြင်း ဖြစ်ပါတယ်။</p> <p>ဒီနေရာမှာ ခုနစ်ရက်တိုင်တိုင် မြတ်စွာဘုရားနှင့်တကွ ရဟန်းသံဃာတော်တွေ နိရောဓသမာပတ် ဝင်စားပြီးတော့ သီတင်းသုံးနေတဲ့ အချိန်အခါမှာ နန္ဒရသေ့ကြီးက ပန်းပွင့်ထီးကြီးနဲ့ ဘုရားရှင်အား ဆောင်းမိုးပြီးတော့ ပူဇော်နေလိုက်တယ်။ နန္ဒရသေ့ကြီးရဲ့ တပည့်တွေကတော့ ဘိက္ခာစာရကာလလို့ခေါ်တဲ့ ဆွမ်းခံကြွရမယ့် အချိန်အခါလောက်မှာ သူတို့အတွက်တော့ သစ်သီးကြီးငယ် ရှာဖွေတဲ့အချိန် ဖြစ်ပါတယ်။ ထိုသစ်သီးကြီးငယ် ရှာဖွေတဲ့ အချိန်လောက် ရောက်လာပြီဆိုလျှင်တော့ သစ်သီးကြီးငယ်တွေကို ရှာဖွေ သုံးဆောင်ကြပါတယ်။ ရှာဖွေ သုံးဆောင်ပြီးတဲ့ အချိန်အခါမှာတော့ သူတို့က ဘာလုပ်နေကြသလဲ?</p> <hr> <h3>လက်အုပ်ချီမိုးကာ ရပ်တည်နေကြတယ်</h3> <p><b>ဗုဒ္ဓါနံ အဉ္ဇလိံ ပဂ္ဂယှ တိဋ္ဌန္တိ</b>။ (အပဒါန၊ဋ္ဌ၊၂၊၃၃။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၁။)</p> <p><b>ဗုဒ္ဓါနံ</b> = ဘုရားရှင်တို့အား။ <b>အဉ္စလိံ</b> = လက်အုပ်ကို။ <b>ပဂ္ဂယှ</b> = ချီမိုး၍။ <b>တိဋ္ဌန္တိ</b> = ရပ်တည်၍ နေကြလေကုန်၏။</p> <p>ဘုရားရှင်ကို လက်အုပ်ချီပြီးတော့သာ သူတို့က အမြဲတမ်း ရပ်တည်ပြီးတော့ နေကြတယ်။ သစ်သီးကြီးငယ် ရှာဖွေတဲ့အချိန်, သုံးဆောင်တဲ့အချိန်မှ တစ်ပါး ကျန်တဲ့အချိန်တွေမှာ ဘုရားရှင်ကို လက်အုပ်ချီပြီးတော့ မတ်တတ်ရပ်ပြီးသာ နေကြတယ်။ ဒါယကာကြီးတွေ ဒီပုံစံမျိုးနဲ့ နေရမယ်ဆိုလျှင် နေနိုင် ပါ့မလား? နေနိုင်အောင်တော့ လေ့ကျင့်သင့်ပါတယ်။ ဒီရသေ့တွေကတော့ စိတ်ဓာတ်ကို စွမ်းအားတွေနဲ့ ပြည့်နေအောင် လေ့ကျင့်ထားကြတယ်။ လေ့ကျင့်ထားတဲ့အတွက် ဒီပုဂ္ဂိုလ်တွေကို ကြည့်လိုက်မယ်ဆိုလျှင် ဘယ်လိုသဘော ရှိနေကြသလဲ? နန္ဒရသေ့ကြီးကို လှမ်းကြည့်လိုက်လျှင်တော့ ---</p> <hr> <h3>ပီတိ-သုခဖြင့် အချိန်ကို ကုန်လွန်စေခြင်း</h3> <p><b>နန္ဒတာပသော ပန ဘိက္ခာစာရမ္ပိ အဂန္တွာ ပုပ္ဖဆတ္တံ ဓာရေန္တော သတ္တာဟံ ပီတိသုခေနေဝ ဝီတိနာမေတိ</b>။ (အပဒါန၊ဋ္ဌ၊၂၊၃၃။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၁။)</p> <p><b>နန္ဒတာပသော ပန</b> = နန္ဒရသေ့ကြီးသည်ကား။ <b>ဘိက္ခာစာရမ္ပိ</b> = ဆွမ်း ရှာဖွေခြင်းကိုသော်မျှလည်း။ <b>အဂန္တွာ</b> = မသွားမူ၍။ <b>ပုပ္ဖဆတ္တံ</b> = ပန်းထီးကို။ <b>ဓာရေန္တော</b> = ဆောင်းမိုးပေးလျက်။ <b>သတ္တာဟံ</b> = ခုနစ်ရက်တို့ ကာလပတ်လုံး။ <b>ပီတိသုခေနေဝ</b> = နှစ်သက်ခြင်း ပီတိတရား, ချမ်းသာခြင်း သုခတရားဖြင့် သာလျှင်။ <b>ဝီတိနာမေတိ</b> = အချိန်ကို ကုန်လွန်စေခဲ့လေ၏။</p> <p>နန္ဒရသေ့ကြီးကတော့ သစ်သီးရှာဖွေဖို့လည်း မထွက်တော့ဘူး။ အစာလည်း လုံးဝ မစားတော့ဘူး။ ခုနစ်ရက်တိုင်တိုင် နိရောဓသမာပတ် ဝင်စားတော်မူတဲ့ ပဒုမုတ္တရဘုရားရှင်ကို ပန်းပွင့်ထီးကြီးနဲ့ ဆောင်းမိုးပေးပြီးတော့ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို အာရုံယူပြီး ဖြစ်ပေါ်နေတဲ့ ပီတိသုခနဲ့ပဲ အချိန်ကို ကုန်လွန်စေတယ်။ သူတို့ရဲ့ ကြိုးစားအားထုတ်နေတဲ့ စွမ်းအားတွေက ဘယ်လောက် ကြီးကျယ်တယ်ဆိုတာကို မှန်းဆကြည့်စေချင်ပါတယ်။</p> <p>နောက်တစ်ခုက နိရောဓသမာပတ် ဝင်စားနေတော့ ဘုရားရှင်နဲ့ ရဟန္တာတွေရဲ့ သန္တာန်မှာ စိတ်စေတသိက်တွေက ချုပ်နေတဲ့အတွက် ဆာလောင်မွတ်သိပ်မှုသဘောတွေ မဖြစ်နိုင်ဘူးဆိုတာတော့ ထားပါ။ နန္ဒရသေ့ကြီးကတော့ ထိုအချိန်အခါမှာ နိရောဓသမာပတ် ဝင်စားနိုင်တဲ့ စွမ်းအားလည်း မရှိသေးဘူး။ ဒီလို မရှိသေးပေမယ့်လို့ ခုနစ်ရက်တိုင်တိုင် မတ်တတ်ရပ်တဲ့ ဣရိယာပုထ်ကို မဖျက်ဘဲနဲ့ အစာလည်း လုံးလုံး မစားဘဲနဲ့ ပန်းထီးကြီး ဆောင်းမိုးပြီးသာ ဘုရားရှင်အား ပူဇော်နေလိုက်တယ်။ ဘုရားရှင်ရဲ့ ဂုဏ်တော်လျှင် အာရုံယူပြီး ဖြစ်ပေါ်လာတဲ့ <b>ပီတိသုခ</b> = နှစ်သက်ခြင်း, ချမ်းသာခြင်းတရားတွေဖြင့်သာ အချိန်ကို ကုန်လွန်စေတယ်။</p> <hr> <h3>အရဏဝိဟာရ-ဒက္ခိဏေယျဝိဟာရ ရဟန်းတော်၏ အနုမောဒနာတရား</h3> <p>ဒီလို အချိန်တွေ ကုန်လွန်သွားလို့ ခုနစ်ရက်ပြည့်တဲ့အခါမှာ ဘုရားရှင်ကလည်း နိရောဓသမာပတ်မှ ထတော်မူပါတယ်။ ရဟန်းသံဃာတွေလည်း နိရောဓသမာပတ်မှ ထတော်မူကြတယ်။ အဲဒီ နိရောဓသမာပတ်မှ ထတော်မူတဲ့ အချိန်အခါမှာ ဘုရားရှင်က <b>အရဏဝိဟာရ</b>, <b>ဒက္ခိဏေယျဝိဟာရ</b>ခေါ်တဲ့ နေထိုင်နည်း နှစ်မျိုးတို့တွင် ဧတဒဂ်ဘွဲ့ထူး ရရှိတော်မူတဲ့ ရဟန်းတော် တစ်ပါးကို ခုနစ်ရက်တိုင်တိုင် ဘုရားအမှူးရှိတဲ့ သံဃာတွေကို ကြီးကျယ်ခမ်းနားတဲ့ ဒီပန်းမွေ့ရာတွေ ခင်းပြီးတော့ ပူဇော်ကန်တော့တဲ့ ကုသိုလ်ကံရဲ့ စွမ်းအားကြောင့် ရရှိနိုင်တဲ့ အကျိုးတရားတွေကို အနုမောဒနာတရားတစ်ပုဒ်အဖြစ် ဟောကြားပေးရန် မိန့်ကြားတော်မူလိုက်ပါတယ်။</p> <p>ဒီနေရာမှာ <b>အရဏဝိဟာရ</b>ဆိုတာကတော့ ကိလေသာ ကင်းကင်းရှင်းရှင်းနဲ့ နေထိုင်နိုင်ခြင်းကို ခေါ်ပါတယ်။ ကိလေသာ ကင်းကင်းရှင်းရှင်းဖြင့် နေထိုင်တာကတော့ ရဟန္တာပုဂ္ဂိုလ်တိုင်း နေထိုင်နိုင်တဲ့စွမ်းအား ရှိကြပါတယ်။ သို့သော်လည်း တရားတော်ကို ဟောကြားတဲ့နေရာမှာ ပုဂ္ဂလာဓိဋ္ဌာန်အားဖြင့် တရားမဟောကြားဘဲ ဘုရားရှင် ဟောကြားတော်မူတဲ့ နည်းလမ်းအတိုင်း ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း မပြုဘဲ ဓမ္မာဓိဋ္ဌာန်နည်းဖြင့်သာ တရားဟောကြားခြင်းကို <b>အရဏဝိဟာရ</b>လို့ ခေါ်ပါတယ်။ ကိလေသာ ကင်းကင်းရှင်းရှင်းဖြင့် နေထိုင်တဲ့ နေထိုင်နည်းလို့ ဒီလို သတ်မှတ်ထားပါတယ်။ (အံ၊ဋ္ဌ၊၁၊၁၇၃။)</p> <p>နောက်တစ်ခု --- မြတ်သော အလှူကို ခံယူထိုက်တဲ့ ပုဂ္ဂိုလ်ကို <b>ဒက္ခိဏေယျ</b>လို့ ခေါ်ပါတယ်။ ဘယ်လို နေထိုင်တဲ့ ပုဂ္ဂိုလ်က မြတ်သော အလှူကို ခံယူထိုက်တဲ့ ပုဂ္ဂိုလ်တွေထဲမှာလည်း အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူးကို ရရှိသလဲဆိုလျှင် မေတ္တာစျာန် ဝင်စားပြီးမှ အလှူပေးတဲ့ ပုဂ္ဂိုလ်တို့ရဲ့ လှူဖွယ် ဝတ္ထု ပစ္စည်းစုကို အလှူခံတဲ့ ပုဂ္ဂိုလ်တွေ ရရှိပါတယ်။ ဒီလို မေတ္တာစျာန် ဝင်စားပြီးမှ လှူဖွယ်ဝတ္ထုကို အလှူခံပြီး နေထိုင်တဲ့ နေနည်းကိုတော့ <b>ဒက္ခိဏေယျဝိဟာရ</b> လို့ ခေါ်ပါတယ်။</p> <p>ဒီမထေရ်မြတ်ကတော့ ဆွမ်းခံတဲ့အခါမှာ အိမ်တိုင်း အိမ်တိုင်းမှာပဲ မေတ္တာစျာန်ကို ဝင်စားပြီးမှ ယင်းမေတ္တာစျာန်မှ ထပြီးတဲ့အခါမှာ လောင်းလှူတဲ့ ဆွမ်းကို အလှူခံယူတော်မူလေ့ရှိပါတယ်။ ဒါကြောင့် <b>ဒက္ခိဏေယျဂုဏ်</b>အရာမှာ ဧတဒဂ်ဘွဲ့ထူးကို ဆွတ်ခူးတော်မူခဲ့ခြင်း ဖြစ်ပါတယ်။ (အံ၊ဋ္ဌ၊၁၊၁၇၃။)</p> <p>ထို<b>အရဏဝိဟာရ</b>, <b>ဒက္ခိဏေယျဝိဟာရ</b>ခေါ်တဲ့ နေထိုင်နည်း နှစ်မျိုးတို့တွင် ဧတဒဂ်ဘွဲ့ထူး ရတော်မူတဲ့ ရဟန်းတော်တစ်ပါးကို ဘုရားရှင်က ဒီ ပန်းမွေ့ရာ အနုမောဒနာအတွက် တရားတစ်ပုဒ် ဟောကြားပေးရန် မိန့်ကြားတော်မူလိုက်တဲ့ အချိန်အခါမှာ ထိုရဟန်းတော်ကလည်း စကြဝတေးမင်းထံမှ အင်မတန် ကြီးကျယ်တဲ့ ဆုလာဘ်ကြီးရရှိတဲ့ ပုံပမာလို အင်မတန် ဝမ်းသာ သွားပါတယ်။ ဘုရားရှင်ရဲ့ ပိဋကတ်သုံးပုံသို့ ဉာဏ်စေလွှတ်ပြီးတော့ ရသေ့တွေအား အနုမောဒနာတရားတစ်ပုဒ် ချီးမြှင့်ပေးတော်မူပါတယ်။</p> <p>ထိုရဟန်းတော်က အနုမောဒနာတရားတော် ချီးမြှင့်ပြီးတဲ့ အချိန်အခါမှာ ရသေ့သူတော်ကောင်းတွေရဲ့ စိတ်ထားတွေကလည်း အလွန် နူးညံ့ပျော့ပျောင်းသွားပြီ ဖြစ်ပါတယ်။ ထိုအချိန်အခါမှာ ဘုရားရှင်က သစ္စာလေးပါးနဲ့ ဆက်စပ်နေတဲ့ တရားစကားတွေကို ဟောကြားပြသ ဆိုဆုံးမပေးတော်မူပါတယ်။ ပဒုမုတ္တရဘုရားရှင်က ဒီလို သစ္စာလေးပါးနဲ့စပ်တဲ့ တရားစကားတော်ကို ရသေ့ပေါင်း လေးသောင်းလေးထောင်အား ဟောကြားပြသ ဆိုဆုံးမပေးတော်မူလိုက်တဲ့ အချိန်အခါမှာ ဘာဖြစ်လာသလဲ?</p> <hr> <h3>အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကြပြီ</h3> <p><b>ဒေသနာပရိယောသာနေ သဗ္ဗေ စတုစတ္တာလီသသဟဿတာပသာ အရဟတ္တံ ပါပုဏိံသု။</b> (အပဒါန၊ဋ္ဌ၊၂၊၃၃။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၂။)</p> <p>ဒေသနာတော်နိဂုံး ပြီးဆုံးတဲ့ အချိန်အခါမှာတော့ လေးသောင်းလေးထောင်သော ရသေ့တွေ အကုန်လုံး အရဟတ္တဖိုလ်သို့ ရောက်ရှိသွားကြပါတယ်။ နန္ဒရသေ့ကြီး တစ်ပါးပဲ ပုထုဇန်အဖြစ်နဲ့ ကျန်နေပါတယ်။ ရသေ့တွေ အားလုံး အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတဲ့ အချိန်အခါမှာ ဘုရားရှင်က ဘယ်လို မိန့်တော်မူသလဲ? ---</p> <p><b>ဧထ ဘိက္ခဝေါတိ ဟတ္ထံ ပသာရေသိ။ တေသံ တာဝဒေဝ ကေသမဿု အန္တရဓာယိ။ အဋ္ဌ ပရိက္ခာရာ ကာယေ ပဋိမုက္ကာဝ အဟေသုံ သဋ္ဌိဝဿတ္ထေရာ ဝိယ သတ္ထာရံ ပရိဝါရယိံသု။</b> (အပဒါန၊ဋ္ဌ၊၂၊၃၃။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၂။)</p> <p>ချစ်သားတို့ ...လာကြလော့၊ ငါဘုရားရှင်၏ သာသနာတော်၌ <b>သီလ, သမာဓိ, ပညာ</b>ဟု ခေါ်ဆိုအပ်တဲ့ <b>သိက္ခာသုံးရပ်</b> အကျင့်မြတ်ကို သံသရာဝဋ် ဆင်းရဲဒုက္ခ ကုန်ခန်းရန်အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပေတော့လို့ လက်ယာလက်တော်ကို ဆန့်တန်းပြီး ခေါ်တော်မူလိုက်တဲ့အခါ အားလုံး ရသေ့ပရိက္ခရာအသွင်တွေ ပျောက်ပြီးတော့ ရဟန်းတော်တို့ရဲ့ ပရိက္ခရာ ဆင်မြန်းပြီး ဝါခြောက်ဆယ်ရပြီး မထေရ်ကြီးကဲ့သို့ အားလုံး ဧဟိ ဘိက္ခုရဟန်းတော်တွေ ဖြစ်သွားကြပါတယ်။ နန္ဒရသေ့ကြီး တစ်ဦးပဲ ပုထုဇန် အဖြစ်နဲ့ ကျန်ရစ်ခဲ့ပါတယ်။ ဘာကြောင့် နန္ဒရသေ့ကြီးက ရဟန္တာ မဖြစ်ရသလဲလို့ မေးလျှင်တော့ ---</p> <hr> <h3>နန္ဒရသေ့ကြီး၏ ဆုတောင်း ပတ္ထနာ</h3> <p><b>နန္ဒတာပသော ပန ဝိက္ခိတ္တစိတ္တတာယ ဝိသေသံ နာဓိဂဉ္ဆိ။</b> (အပဒါန၊ဋ္ဌ၊၂၊၃၃။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၂။)</p> <p><b>နန္ဒတာပသော ပန</b> = နန္ဒရသေ့ကြီးသည်ကား။ <b>ဝိက္ခိတ္တစိတ္တတာယ</b> = ပျံ့လွင့်နေတဲ့ စိတ်ဓာတ် ရှိသည့်အတွက်ကြောင့်။ <b>ဝိသေသံ</b> = မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ဆိုတဲ့ တရားထူး တရားမြတ်ကို။ <b>နာဓိဂဉ္ဆိ</b> = မရရှိနိုင်ခဲ့ချေ။</p> <p>နန္ဒရသေ့ကြီးကတော့ တရားနာနေတဲ့ အချိန်အခါမှာ စိတ်ဓာတ်တွေက သိပ်ပြီး ပျံ့လွင့်နေတယ်။ ဘယ်လို ပျံ့လွင့်နေသလဲလို့ မေးလျှင်တော့ ပဒုမုတ္တရ ဘုရားရှင်က သစ္စာလေးပါးနဲ့ စပ်တဲ့ တရားစကား မချီးမြှင့်မီမှာ <b>အရဏဝိဟာရ</b>, <b>ဒက္ခိဏေယျဝိဟာရ</b>ခေါ်တဲ့ ဝိဟာရ နှစ်မျိုးတို့တွင် ဧတဒဂ်ဘွဲ့ထူး ရရှိတော်မူတဲ့ ရဟန်းတော်တစ်ပါးက အနုမောဒနာတရား ဟောကြားနေတဲ့ အချိန်အခါမှာ ထိုရဟန်းတော်ကို ကြည့်ပြီးတော့ သူက အင်မတန် သဘောကျနေတယ်။ နောင်တစ်ချိန်ကာလ တစ်ဆူသော ဘုရားရှင်ရဲ့ သာသနာတော် အတွင်းမှာ ငါလည်းပဲ ဒီလို ရဟန်းတော်ကဲ့သို့ ရဟန်းတော်တစ်ပါး ဖြစ်ရမယ် ဆိုလျှင်တော့ သိပ်ကောင်းမှာပဲလို့ ဒီလို စိတ်အကြံအစည်တွေက သူ့မှာ လွှမ်းမိုးနေတယ်။ စိတ်ဓာတ်တွေက အဲဒီ အာရုံဘက်ကို ပျံ့လွင့်နေတယ်။ ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမတော်မူတဲ့ သစ္စာလေးပါး တရားတော် အပေါ်၌ အာရုံ သိပ်မစိုက်နိုင် ဖြစ်နေတယ်။</p> <p>ဒါကြောင့် နန္ဒရသေ့ကြီးကတော့ တရားထူး တရားမြတ် မရပါဘူး။ လေးသောင်းလေးထောင်သော ရသေ့တွေကတော့ အားလုံး အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ပြီး ရဟန္တာဖြစ်သွားကြပါတယ်။ ဒီလို ရဟန္တာဖြစ်ပြီးတဲ့ အချိန်အခါမှာ နန္ဒရသေ့ကြီးက ပဒုမုတ္တရမြတ်စွာဘုရားအား လျှောက်ထားပါတယ်။ ဘယ်လို လျှောက်ထားသလဲ?</p> <p>မြတ်စွာဘုရား ...အရှင်ဘုရားတို့ တရားမဟောမီ ရှေးဦးစွာ တရားဟောတော်မူတဲ့ ရဟန်းတော်သည် ဘယ်လို ရဟန်းတော်မျိုး ဖြစ်ပါသလဲလို့ လျှောက်ထားလိုက်တော့ ဘုရားရှင်ကလည်း ငါဘုရားရှင်ရဲ့ သာသနာတော် မှာ <b>အရဏဝိဟာရ</b>, <b>ဒက္ခိဏေယျဝိဟာရ</b>လို့ ခေါ်ဆိုအပ်တဲ့ နှစ်မျိုးသော နေထိုင်ခြင်းတို့တွင် အသာဆုံး အမြတ်ဆုံး နေထိုင်တဲ့ ရဟန်းတော်တစ်ပါးပဲ ဖြစ်ပေတယ် စသည်ဖြင့် အမိန့်ရှိလိုက်တော့ နန္ဒရသေ့ကြီးက ဘယ်လို ဆက်ပြီး လျှောက်ထားသလဲ?</p> <p><b>ဘန္တေ ယွာယံ မယာ သတ္တာဟံ ပုပ္ဖစ္ဆတ္တံ ဓာရေန္တေန သက္ကာရော ကတော၊ တေန အဓိကာရေန အညံ သမ္ပတ္တိံ န ပတ္ထေမိ၊ အနာဂတေ ပန ဧကဿ ဗုဒ္ဓဿ သာသနေ အယံ ထေရော ဝိယ ဒွီဟင်္ဂေဟိ သမန္နာဂတော သာဝကော ဘဝေယျံ။</b> (အပဒါန၊ဋ္ဌ၊၂၊၃၃-၃၄။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၂။)</p> <p><b>ဘန္တေ</b> = မြတ်စွာဘုရား။ <b>မယာ</b> = တပည့်တော်သည်။ <b>သတ္တာဟံ</b> = ခုနစ်ရက်တို့ ကာလပတ်လုံး။ <b>ပုပ္ဖစ္ဆတ္တံ</b> = ပန်းထီးကို။ <b>ဓာရေန္တေန</b> = ဆောင်းမိုးခြင်းဖြင့်။ <b>ယွာယံ သက္ကာရော</b> = အကြင် ပူဇော်သက္ကာရကို။ <b>ကတော</b> = ပြုလုပ်ခဲ့လေပြီ။ <b>တေန အဓိကာရေန</b> = ထိုအဓိကာရကောင်းမှုကုသိုလ်ကြောင့်။ <b>အညံ သမ္ပတ္တိံ</b> = အခြားတစ်ပါးသော စည်းစိမ်ကို။ <b>န ပတ္ထေမိ</b> = မတောင့်တပါ။ <b>ပန</b> = တောင့်တသည်ကား။ <b>အနာဂတေ</b> = နောင်အနာဂတ် ကာလ၌။ <b>ဧကဿ ဗုဒ္ဓဿ</b> = တစ်ဆူသော ဘုရားရှင်၏။ <b>သာသနေ</b> = သာသနာတော်မြတ်အတွင်း၌။ <b>အယံ ထေရော ဝိယ</b> = ဤမထေရ်မြတ်ကဲ့သို့။ <b>ဒွီဟင်္ဂေဟိ</b> = <b>အရဏဝိဟာရ</b>, <b>ဒက္ခိဏေယျဝိဟာရ</b>ဟု ခေါ်ဆိုအပ်တဲ့ နှစ်မျိုးသော အင်္ဂါရပ်တို့နှင့်။ <b>သမန္နာဂတော</b> = ပြည့်စုံသော။ <b>သာဝကော</b> = သာဝကသည်။ <b>ဘဝေယျံ</b> = ဖြစ်ရပါလို၏။</p> <p>ဒီဆုကို သူက တောင်းလိုက်တယ်။ ဒီဆုတောင်းချက်ကလေးကို ကြည့်ခြင်းအားဖြင့် သူ့မှာ ကံ-ကံရဲ့အကျိုးကို ယုံကြည်နေတဲ့ စွမ်းအားတွေ မရှိဘူးလား? ရှိနေတယ်။ ဒီစွမ်းအားကလေးတွေက သိပ်အရေးကြီးပါတယ်။ သံသရာခရီး ကျင်လည်နေရတဲ့ အချိန်အခါမှာ သို့မဟုတ် မိမိ လိုလား တောင့်တနေတဲ့ နိဗ္ဗာန်ကို သွားနေတဲ့ အချိန်အခါမျိုးမှာ ဒီယုံကြည်ချက် <b>သဒ္ဓါတရား</b> စွမ်းအားက သိပ်အရေးကြီးပါတယ်။ လုပ်ငန်းခွင်တစ်ခု လုပ်တဲ့ အချိန်အခါမှာ ဒီလုပ်ငန်းခွင်အပေါ်၌ မျှော့သွေးစမ်းသလို စမ်းတဝါးဝါးနဲ့ ဝေဖန်ရေးတွေက သိပ်ပြီး များနေမယ်ဆိုလျှင်တော့ သဒ္ဓါတရားတွေက လျော့မနေဘူးလား? လျော့နေပြီ။ သဒ္ဓါတရားတွေ လျော့နေမယ်ဆိုလျှင်တော့ လုပ်ငန်းခွင်မှာ အောင်မြင်မှု ရှိနိုင်ပါ့မလား? မရှိနိုင်ဘူး။ နောက်ထပ် <b>ဝီရိယ, သတိ, သမာဓိ, ပညာ</b>တွေလည်း လိုအပ်နေပါတယ်။</p> <p><b>သဒ္ဓါ-ဝီရိယ-သတိ-သမာဓိ-ပညာ</b>လို့ ခေါ်ဆိုအပ်တဲ့ ဒီတရားငါးခုက မိမိရဲ့ စိတ်အစဉ်ကို ထိန်းချုပ်ပေးမယ့် စွမ်းအားကြီးငါးခု ဖြစ်ပါတယ်။ ဒီ စွမ်းအားကြီးငါးခုနဲ့ မိမိ လိုလားတောင့်တနေတဲ့ <b>သာဝကဗောဓိဉာဏ်</b>ဘက်ကို ရောက်အောင် သွားရမှာ ဖြစ်ပါတယ်။ ဒီ<b>သာဝကဗောဓိဉာဏ်</b>ကို ရောက်အောင် သွားရမှာဖြစ်တဲ့အတွက် ဒီနေရာမှာ <b>ပဋိစ္စသမုပ္ပါဒ်</b> သဘောတရားကလေးကို ဘုန်းကြီး နည်းနည်းကလေး ပြောချင်ပါတယ်။</p> <p><b>အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ</b></p> <p>ဘုန်းကြီးတို့ ပရမတ္ထသစ္စာနယ်ဘက်က ပြောမယ်ဆိုလျှင်တော့ <b>အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရ</b>လို့ ခေါ်ဆိုအပ်တဲ့ နှစ်မျိုးသော နေထိုင်ခြင်းဖြင့် နေထိုင်တဲ့ ရဟန်းတော်ဆိုတာ ရှိသလား? မရှိဘူး။ ပရမတ္ထသစ္စာနယ်မှာ ရုပ်တရားအစုအပုံ ရှိတယ်၊ နာမ်တရားအစုအပုံ ရှိတယ်၊ အကြောင်းတရား အစုအပုံ, အကျိုးတရားအစုအပုံတွေသာ ရှိနေပါတယ်။ ဒီရုပ်တရား, နာမ်တရား, အကြောင်းတရား, အကျိုးတရားတွေကလည်း <b>အနိစ္စတရားအစုအပုံ, ဒုက္ခတရားအစုအပုံ, အနတ္တတရားအစုအပုံ</b>တွေသာ ဖြစ်ကြပါတယ်။ ဒါကြောင့် ရုပ်တရားအစုအပုံပဲလို့ သိလျှင်လည်း မှန်တယ်၊ နာမ်တရားအစုအပုံပဲလို့ သိလျှင်လည်း မှန်တယ်၊ အကြောင်းတရားအစုအပုံပဲလို့ သိလျှင်လည်း မှန်တယ်၊ အကျိုးတရားအစုအပုံပဲလို့ သိလျှင်လည်း မှန်တယ်၊ အနိစ္စတရားအစုအပုံ, ဒုက္ခတရားအစုအပုံ, အနတ္တတရားအစုအပုံပဲလို့ သိလျှင်လည်း မှန်တယ်။ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါလို့ သိလျှင်တော့ ထိုအသိမျိုးကို မှားတယ်လို့ ခေါ်ရတယ်။ အဲဒီ အသိမှားမှုကိုတော့ <b>အဝိဇ္ဇာ</b>လို့ ခေါ်ပါတယ်။</p> <p><b>ပရမတ္ထတော အဝိဇ္ဇမာနေသု ဣတ္ထိပုရိသာဒီသု ဇဝတိ၊ ဝိဇ္ဇမာနေသုပိ ခန္ဓာဒီသု န ဇဝတီတိ အဝိဇ္ဇာ။</b> (ဝိသုဒ္ဓိ၊၂၊၁၅၇။)</p> <p>ဒီလို ဖွင့်ဆိုထားတဲ့ <b>ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ</b> စကားရပ်နှင့် အညီပဲ ဖြစ်ပါတယ်။</p> <p><b>အရဏဝိဟာရ</b>, <b>ဒက္ခိဏေယျဝိဟာရ</b>လို့ ခေါ်ဆိုအပ်တဲ့ အင်္ဂါရပ် နှစ်ပါးနဲ့ ပြည့်စုံတဲ့ ရဟန်းဘဝကို တွယ်တာတပ်မက်နေတဲ့ သဘောကလေးက <b>တဏှာ</b>၊ စိတ်ကပ်ပြီး စွဲနေတဲ့သဘောက <b>ဥပါဒါန်</b>။ <b>အဝိဇ္ဇာ, တဏှာ, ဥပါဒါန်</b>ဆိုတဲ့ ဒီတရား သုံးခုက <b>ပဋိစ္စသမုပ္ပါဒ်</b>ပိုင်းမှာတော့ <b>ကိလေသဝဋ်</b>လို့ ခေါ်ပါတယ်။ အဲဒီ <b>ကိလေသဝဋ်</b>ခေါ်တဲ့ <b>အဝိဇ္ဇာ, တဏှာ, ဥပါဒါန်</b> တရားသုံးခု ခြံရံပြီးတော့ ခုနစ်ရက်တိုင်တိုင် ဘာလုပ်သလဲ? ပဒုမုတ္တရဘုရားရှင်အား ပန်းမွေ့ရာတွေ ခင်းကျင်းပြီးတော့ ပန်းပွင့်ထီးကြီး ဆောင်းမိုးပြီး လှူဒါန်းပူဇော်ခဲ့တယ်။ ကောင်းမှုကုသိုလ်ဆိုတဲ့ <b>သင်္ခါရစေတနာ</b>တွေကို အားထုတ်ခဲ့တယ်။</p> <p>ဒီကုသိုလ်ဆိုတဲ့ <b>သင်္ခါရစေတနာ</b>တွေကလည်း အနိစ္စတရားတွေ ဖြစ်ခြင်းကြောင့် ဖြစ်ပြီး ပျက်သွားကြပါတယ်။ ဒါပေမယ့် ဖြစ်ပြီး ပျက်သွားတဲ့ အချိန်အခါမှာ <b>ဝိပါက်နာမ်တရား</b>တို့ကဲ့သို့ ရုပ်နာမ်အစဉ်မှာ မည်သည့် စွမ်းအင် တစ်စုံတစ်ခုကိုမျှ မထားခဲ့ဘဲ ချုပ်ပျက်သွားတဲ့သဘောမျိုးတော့ မဟုတ်ကြဘူး။ နောင်တစ်ချိန်မှာ အခါအခွင့် သင့်ခဲ့လျှင် အကျိုးကို ပေးနိုင်တဲ့ စွမ်းအင် <b>ကမ္မသတ္တိ</b>ကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံပြီးမှသာ ချုပ်ပျက်သွားကြတယ်။ အဲဒီ စွမ်းအင် <b>ကမ္မသတ္တိ</b>ကလေးကိုတော့ <b>ကံ</b>လို့ ခေါ်ပါတယ်။ ပေါင်းလိုက်တော့ <b>အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ</b>ဆိုတဲ့ အကြောင်းတရား ငါးခု စုံညီသွားပါတယ်။</p> <p>ဒီအကြောင်းတရား ငါးခုကို ပြုစုပျိုးထောင်လိုက်တဲ့အတွက် သူ လိုလား တောင့်တနေတဲ့ <b>အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရ</b>ဆိုတဲ့ အင်္ဂါရပ် နှစ်ပါးနဲ့ ပြည့်စုံတဲ့ ရဟန်းဘဝကိုတော့ ဘုန်းကြီးတို့ ဒီဂေါတမဘုရားရှင် သာသနာတော်မှာ လာပြီး ရရှိမှာ ဖြစ်ပါတယ်။ ဒီလို ဆုတောင်းလိုက်တဲ့ အချိန်အခါမှာ ပဒုမုတ္တရမြတ်စွာဘုရားရှင်ကလည်း သူ့ရဲ့ ဆုတောင်းတွေသည် ပြည့်စုံနိုင်သလား, မပြည့်စုံနိုင်ဘူးလားလို့ <b>အနာဂတံသဉာဏ်တော်မြတ်</b>ကို စေလွှတ်ပြီး အနာဂတ်ကို လှမ်းမျှော်ပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာ ပြည့်စုံလိမ့်မယ် ဆိုတာကို သိမြင်တော်မူတဲ့အတွက် နောင်အနာဂတ် ကမ္ဘာတစ်သိန်းထက်၌ ဂေါတမမြတ်စွာဘုရား ပွင့်ပေါ်တော်မူလိမ့်မယ်။ ထိုဂေါတမမြတ်စွာဘုရားရှင်ရဲ့ သာသနာတော်၌ သင်သည် <b>အရဏဝိဟာရ</b>, <b>ဒက္ခိဏေယျဝိဟာရ</b>လို့ ခေါ်ဆိုအပ်တဲ့ နေထိုင်ခြင်း နှစ်မျိုးတို့ဖြင့် နေထိုင်ကြတဲ့ ရဟန်းတော်တို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူးကို ရရှိမည့် ရဟန်းတော်တစ်ပါး ဖြစ်ပေလိမ့်မယ်ဆိုပြီးတော့ <b>နိယတဗျာဒိတ်စကား</b> မိန့်ကြားတော်မူခဲ့ပါတယ်။ (အံ၊ဋ္ဌ၊၁၊၁၇၄။)</p> <hr> <h3>နန္ဒရသေ့ကြီး တစ်ပါးတည်း ကျန်ရစ်ခဲ့ခြင်း</h3> <p>ပဒုမုတ္တရမြတ်စွာဘုရားရှင်လည်း ဗျာဒိတ်စကား မိန့်ကြားပြီးတော့ တရားဒေသနာတော်များလည်း ဟောကြားပေးခြင်းဖြင့် သူ့ကို ချီးမြှင့်ခဲ့ပါတယ်။ တရားဒေသနာတော်နဲ့ ချီးမြှင့်ပြီးတဲ့ အချိန်အခါမှာတော့ ရဟန္တာတွေနဲ့တကွ ကောင်းကင်ခရီးဖြင့် ပြန်ကြွတော်မူပါတယ်။ နန္ဒရသေ့ကြီးကတော့ ဘုရားရှင်နှင့်တကွ သံဃာတော်များရဲ့ ဂုဏ်တော်တွေကို အာရုံပြုပြီးတော့ လက်အုပ်ချီလျက် မျက်စိတစ်ဆုံး ဖူးမြော် ကန်တော့ရင်းနဲ့ မတ်တတ်ရပ်ပြီး ကျန်နေခဲ့ပါတယ်။</p> <p>ဟိမဝန္တာတောင်ရဲ့ နံပါးမှာရှိတဲ့ <b>နိသဘ</b>အမည်ရတဲ့ တောင်ကြီးတစ်တောင်ရဲ့ တောင်ခြေမှာ တောအုပ်တစ်ခု ရှိနေပါတယ်။ အဲဒီ တောအုပ်တစ်ခု အတွင်းမှာပဲ နန္ဒရသေ့ကြီးကတော့ တစ်ပါးတည်း နေထိုင်ကျန်ရစ်ခဲ့ပါတယ်။ သူ့ရဲ့ တပည့်ရသေ့တွေကတော့ ရဟန္တာဖြစ်ပြီးတဲ့နောက် ပဒုမုတ္တရမြတ်စွာဘုရားနှင့်တကွ ရဟန်းသံဃာတော်တို့ရဲ့ နောက်သို့ လိုက်ပါသွားကြပါတယ်။ ဒါပေမယ့်လို့ တောထဲမှာ တစ်ပါးတည်း ကျန်ရစ်ခဲ့ပေမယ့်လို့ ပေါ့ပေါ့ဆဆ မနေဘဲ ရံဖန်ရံခါ ပဒုမုတ္တရမြတ်စွာဘုရားထံ ချဉ်းကပ်ပြီးတော့ တရားတော်တွေကို နာယူပါတယ်။ နာယူပြီးတော့လည်း တရားတော်မှာ လာရှိတဲ့အတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပြီးတော့သာ နေထိုင်ခဲ့ပါတယ်။ ထို အချိန်တုန်းက ပဒုမုတ္တရဘုရားရှင်က ကောလိယအနွယ်မှ ဖြစ်ပေါ်လာတဲ့ နန္ဒရသေ့ကြီးကို ဟောကြားတော်မူခဲ့တဲ့ <b>ဂါထာဒေသနာတော်</b>တွေထဲမှာ ထူးခြားချက်ကလေးနှစ်ခု ရှိနေပါတယ်။ တစ်ခုကတော့ ---</p> <hr> <h3>ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို ပွားများခြင်း</h3> <p><b>ဘာဝေဟိ ဗုဒ္ဓါနုဿတိံ၊ ဘာဝနာနမနုတ္တရံ။</b></p> <p><b>ဣမံ သတိံ ဘာဝယိတွာ၊ ပူရယိဿသိ မာနသံ။</b> (အပဒါန၊၁၊၇၆။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၅။)</p> <p><b>ဘာဝနာနံ</b> = ဘာဝနာတို့တွင်။ <b>အနုတ္တရံ</b> = အသာဆုံး အမြတ်ဆုံးဖြစ်တဲ့။ <b>ဗုဒ္ဓါနုဿတိံ</b> = <b>ဗုဒ္ဓါနုဿတိဘာဝနာ</b>ကို။ <b>ဘာဝေဟိ</b> = ပွားများအားထုတ် ပါလေလော့။ <b>ဣမံ သတိံ</b> = ဤ<b>ဗုဒ္ဓါနုဿတိဘာဝနာ</b>ကို။ <b>ဘာဝယိတွာ</b> = ပွားများအားထုတ်ခြင်းကြောင့်။ <b>မာနသံ</b> = မိမိ စိတ်နှလုံးရဲ့ အလိုဆန္ဒဟူသမျှသည်။ <b>ပူရယိဿသိ</b> = မချွတ်ဧကန် ပြည့်စုံလာပါပေလိမ့်မယ်။</p> <p>မိမိ လိုလားတောင့်တနေတဲ့ ဆုထူးဆုမြတ်က ဧကန် ပြည့်စုံဖို့ရန်အတွက် ဘာလုပ်ရမလဲ? ဘာဝနာဟူသမျှတို့တွင် အသာဆုံး အမြတ်ဆုံးလို့ သတ်မှတ်ခြင်းခံရတဲ့ <b>ဗုဒ္ဓါနုဿတိဘာဝနာ</b>ကို သင်နန္ဒရသေ့ကြီး ပွားများအားထုတ် ပေတော့။ ပွားများအားထုတ်မယ်ဆိုလျှင် သင့်ရဲ့ စိတ်နှလုံး အလိုဆန္ဒတွေသည် အားလုံး ပြည့်စုံလာပေလိမ့်မယ်လို့ ပဒုမုတ္တရဘုရားရှင်က ဒီလို ဟောကြားပေးပါတယ်။</p> <p>ဒါကြောင့် ဒါယကာကြီး ဒါယိကာမကြီးတွေ စိတ်နှလုံး အလိုဆန္ဒ ပြည့်စုံချင်တယ်ဆိုလျှင် ချဲကျောင်းကို သွားရမလား? ဒီဒါယကာကြီးတွေလည်း ချဲကျောင်းပဲ အမြဲ သွားနေကြတယ်နဲ့ တူပါတယ်။ ဘုရားရှင်က စိတ်နှလုံး အလိုဆန္ဒတွေ ပြည့်စုံချင်ကြတယ်ဆိုလျှင် <b>ဗုဒ္ဓါနုဿတိဘာဝနာ</b>ကို ပွားများပါလို့ တိုက်တွန်းထားပါတယ်။ ဒီလိုဆိုလျှင် ဘယ်လို ပွားရမလဲ? ပွားပုံ ပွားနည်းကိုတော့ နောက်မှပဲ ဘုန်းကြီး ပြောပါ့မယ်။</p> <p>နောက်တစ်ခုက -- ဘုရားရှင်ထံ မကြာခဏ သွားပြီးတော့ သူက တရားတော်တွေကို နာယူပြီးတဲ့ အချိန်အခါမှာ တခြားတခြား ကမ္မဋ္ဌာန်းတွေကိုလည်း သင်ယူပြီးတော့ ပွားများအားထုတ်ခဲ့တယ်လို့လည်း ယူဆရပါတယ်။ သစ္စာလေးပါးနဲ့ စပ်တဲ့ တရားစကားတွေကို နာယူပြီးတော့ ရုပ်တရားတွေ နာမ်တရားတွေကို သိအောင် ကြိုးစားအားထုတ်မှု, အကြောင်းတရား အကျိုးတရားတွေကို သိအောင် ကြိုးစားအားထုတ်မှု, အကြောင်းတရားနှင့် တကွ ထိုရုပ်တရား နာမ်တရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တ အချက်တွေကို သိအောင် ကြိုးစားအားထုတ်မှုဆိုတဲ့ လုပ်ငန်းရပ်တွေလည်း ပြုလုပ်ခဲ့မယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လဲ?</p> <p>ပဒုမုတ္တရမြတ်စွာဘုရားရှင် မပွင့်ပေါ်မီ အချိန်ကတည်းက ရသေ့ရဟန်း ပြုပြီး <b>စျာန်အဘိညာဏ်</b>တွေကို ရရှိအောင် ကြိုးစားအားထုတ်ထားတဲ့ သူတော်ကောင်း တစ်ဦးက နောက်ထပ် <b>စျာန်အဘိညာဏ်</b>တွေ ရဖို့ရန်အတွက် ကြိုးစားစရာ လိုသေးသလား? မလိုတော့ဘူး။ နှစ်ပေါင်း တစ်သိန်းလောက် ဘုရားရှင်နဲ့ ဆုံတွေ့နေရတဲ့ အချိန်အခါမှာ ဘုရားရှင်ထံမှ တရားတော်တွေကို နာယူပြီး ဒီတရားတော်အတိုင်းပဲ ဆက်လက်ပြီး ကြိုးစားအားထုတ်ခြင်းဖြင့် မိမိရဲ့ ဘဝကို ကုန်လွန်စေခဲ့တယ်။ ဒီလို ကြိုးစားအားထုတ်ခဲ့တဲ့အတွက် သံသရာခရီး ကျင်လည်ရတဲ့ အချိန်အခါမှာ <b>စကြဝတေးမင်းစည်းစိမ်, လူမင်း စည်းစိမ်, နတ်မင်းစည်းစိမ်</b> စသည်ဖြင့် စည်းစိမ်အမျိုးမျိုးတွေကို အစုန်အဆန် ခံစား စံစားပြီး နေထိုင်ခဲ့ရတယ်။ ဒီလို ခံစားရတဲ့ အချိန်အခါမှာလည်း သူ့မှာ ဘယ်လို ထူးခြားချက်ကလေးတွေ ရှိနေသလဲ?</p> <hr> <h3>ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း၏ ထူးခြားသော အကျိုးအာနိသင်များ</h3> <p><b>ဘဝါဘဝေ သံသရန္တော၊ မဟာဘောဂံ လဘာမဟံ။</b></p> <p><b>ဘောဂေ မေ ဦနတာ နတ္ထိ၊ ဗုဒ္ဓါနုဿတိယာ ဖလံ။</b> (အပဒါန၊၁၊၇၇။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၇။)</p> <p>ဘဝကြီးငယ် အသွယ်သွယ်မှာ ကျင်လည်ခဲ့ရစဉ်မှာ ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ စည်းစိမ်တွေကို ရရှိခဲ့တယ်။ ဒီလို ရရှိတဲ့ စည်းစိမ်တွေကလည်း ဆုတ်ယုတ်လျော့ပါးသွားတယ်ဆိုတာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ ဒါယကာကြီးတွေ စဉ်းစားကြည့်ကြစမ်းပါ။ ဒီလို စွမ်းအားရှိနေတဲ့ <b>ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း</b>မျိုးကို မပွားသင့်ဘူးလား? ပွားသင့်ပါတယ်။ နောက်တစ်ခုက ---</p> <p><b>သတသဟဿိတော ကပ္ပေ၊ ယံ ကမ္မမကရိံ တဒါ။</b></p> <p><b>ဒုဂ္ဂတိံ နာဘိဇာနာမိ၊ ဗုဒ္ဓါနုဿတိယာ ဖလံ။</b> (အပဒါန၊၁၊၇၇။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၇။)</p> <p><b>သတသဟဿိတော ကပ္ပေ</b> = ကမ္ဘာတစ်သိန်းထက်၌။ <b>ယံ ကမ္မံ</b> = အကြင် <b>ဗုဒ္ဓါနုဿတိဘာဝနာ</b>ကို။ <b>ယဒါ</b> = အကြင်အခါ၌။ <b>အကရိံ</b> = ပြုကျင့်ခဲ့ လေပြီ။ <b>တဒါ</b> = ထိုအခါမှ။ <b>ပဋ္ဌာယ</b> = စ၍။ <b>ဒုဂ္ဂတိံ</b> = ဒုဂ္ဂတိဘုံဘဝသို့။ <b>အဟံ</b> = ငါသည်။ <b>န အဘိဇာနာမိ</b> = မသိရှိခဲ့ဖူးပေ။ <b>ဣဒံ</b> = ဤကဲ့သို့ မသိရှိရခြင်းသည်။ <b>ဗုဒ္ဓါနုဿတိယာ</b> = <b>ဗုဒ္ဓါနုဿတိဘာဝနာ</b>၏။ <b>ဖလံ</b> = အကျိုးတရားပါပေတည်း။</p> <p>ပဒုမုတ္တရမြတ်စွာဘုရား သာသနာတော်ကနေ ဂေါတမမြတ်စွာဘုရား သာသနာတော်အတွင်းတိုင်အောင် ကမ္ဘာတစ်သိန်းဆိုတဲ့ သံသရာခရီးကို ဖြတ်ကျော်လာခဲ့ရာမှာ အပါယ်လေးဘုံကို တစ်ခါမှ မရောက်ခဲ့ရဘူး။ တစ်ကမ္ဘာ တစ်ကမ္ဘာဆိုတဲ့ သက်တမ်းမှာ သတ္တဝါတစ်ဦးတစ်ဦးရဲ့ သေကျေ ပျက်စီးခဲ့ရတဲ့ အရိုးတွေကို စုပုံလိုက်မယ်ဆိုလျှင်တော့ ဒီအရိုးတွေကလည်း မဆွေးမြည့် မပျက်စီးခဲ့ဘူးဆိုလျှင် ဝေပုလ္လတောင်လောက် မြင့်တဲ့ တောင်ကြီး တစ်တောင်လောက် ရှိပါတယ်။ (သံ၊၁၊၃၉၂-၃၉၃။) ကမ္ဘာတစ်သိန်းဆိုလျှင်တော့ တောင်အလုံးပေါင်း တစ်သိန်းလောက် ဖြတ်ကျော်ခဲ့ရပါတယ်။ အဲဒီလောက် ဘဝတွေ များစွာ ကျင်လည်ခဲ့ရတဲ့ အချိန်အခါမှာ အပါယ်လေးပါးကို တစ်ကြိမ်တစ်ခါမှ မရောက်ခဲ့ရဘူးဆိုလျှင် ဒီလို အပါယ်သံသရာဘေးကြီးမှ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ထုတ်ဆောင် ကယ်တင်ပေးနေတဲ့ ဒီ<b>ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း</b>မျိုးကို မစီးဖြန်းသင့်ဘူးလား? စီးဖြန်းသင့်ပါတယ်။</p> <p>သို့သော် သံသရာခရီးကို ကောင်းတယ်လို့ ပြောလိုရင်းတော့ မဟုတ်ပါဘူး။ သံသရာခရီးကို မိမိတို့က ဆုံးအောင် မလုပ်နိုင်သေးလို့ သံသရာခရီးကို ဆက်ပြီး ကျင်လည်ကြရမယ်ဆိုလျှင်တော့ အဖော်ကောင်းဆိုတာတော့ မလိုအပ်ဘူးလား? လိုအပ်နေပါတယ်။</p> <hr> <h3>ဝိဇ္ဇာမျိုးစေ့နှင့် စရဏမျိုးစေ့ပါရမီများ</h3> <p>ပဒုမုတ္တရမြတ်စွာဘုရား၏ သာသနာတော်အတွင်းမှာ မိမိ စွမ်းအား ရှိသလောက် ပါရမီမျိုးစေ့ကောင်းတွေကို ဖြည့်ကျင့် ဆည်းပူးတော်မူပြီးနောက် မလျောကျသောစျာန်ရှိလျက် ကွယ်လွန်သွားတဲ့ အချိန်အခါမှာ ဗြဟ္မာ့ပြည်သို့ ရောက်ရှိသွားခဲ့ပါတယ်။ ထိုဗြဟ္မာ့ပြည်မှ စုတေပြီးနောက် လူ့ပြည် လူ့လောကသို့ပင် တစ်ဖန် ပြန်ရောက်ရှိခဲ့ပါတယ်။ နောက်ထပ် ဘဝပေါင်း (၅၀၀)တို့ ကာလပတ်လုံး တောရဆောက်တည် ကျင့်သုံးတဲ့ ရသေ့ရဟန်းပဲ ဆက်တိုက် ဖြစ်ခဲ့ပါတယ်။ (ထေရဂါထာ၊ဋ္ဌ၊၁၊၂၂။)</p> <p>ကဿပဘုရားရှင်၏ လက်ထက်တော်ကာလ၌လည်း သာသနာဘောင် သို့ ဝင်ရောက်ကာ ရှင်ရဟန်း ပြုတော်မူပြီးနောက် <b>အာရညကင်ဓုတင်</b> ဆောက်တည် ကျင့်သုံးလျက် တောနေရဟန်းတော်တစ်ပါးပဲ ဖြစ်ခဲ့ပါတယ်။ ဆွမ်းခံရွာသို့ သွားရာ၌လည်း ကမ္မဋ္ဌာန်းကို ဆောင်လျက် (= ကမ္မဋ္ဌာန်းကို ပွားများလျက်) သွားခြင်း, ဆွမ်းခံရွာမှ ကျောင်းသို့ ပြန်လာရာ၌လည်း ကမ္မဋ္ဌာန်းကို ဆောင်လျက် (= ကမ္မဋ္ဌာန်းကို နှလုံးသွင်း ရှုပွားလျက်) ပြန်လာ ခြင်းဆိုတဲ့ <b>ဂတပစ္စာဂတဝတ်</b>ကိုလည်း ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်တော်မူခဲ့ ပါတယ်။</p> <p><b>ဧတံ ကိရ ဝတ္တံ အပရိပူရေတွာ မဟာသာဝကဘာဝံ ပါပုဏန္တာ နာမ နတ္ထိ။</b> (ထေရဂါထာ၊ဋ္ဌ၊၁၊၂၂-၂၃။)</p> <p>ဤ<b>ဂတပစ္စာဂတဝတ်</b>ကို မဖြည့်ကျင့်ဘဲ ဘုရားရှင်၏ တပည့်ကြီး <b>မဟာသာဝကအဖြစ်</b>သို့ ဆိုက်ရောက်သွားကြသည့် ပုဂ္ဂိုလ်တို့မည်သည် မရှိ စကောင်းပါလို့ ဒီလို <b>ထေရဂါထာ အဋ္ဌကထာ</b>က ဖွင့်ဆိုထားပါတယ်။ (ထေရဂါထာ၊ဋ္ဌ၊၁၊၂၂-၂၃။)</p> <p>အလားတူပဲ <b>ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ</b> (ဝိသုဒ္ဓိ၊၂၊၇၂။)မှာလည်း ဖွင့်ဆိုထား ပါတယ်။ <b>ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ</b>ကတော့ <b>ပဋိသမ္ဘိဒါဉာဏ်</b>ကို ရရှိတော်မူကြသည့် <b>အဂ္ဂသာဝက, မဟာသာဝက, ပကတိသာဝက</b>ဆိုတဲ့ သာဝကအားလုံးတို့ အတွက် ဖွင့်ဆိုချက် ဖြစ်ပါတယ်။ <b>ပဋိသမ္ဘိဒါဉာဏ်တော်မြတ် (၄)ပါး</b>ကို ရရှိ တော်မူကြသည့် မဟာသာဝကကြီး (၈၀)တို့တွင် အရှင်သုဘူတိမထေရ်မြတ် လည်း တစ်ပါး အပါအဝင် ဖြစ်ပါတယ်။</p> <p>၁။ <b>အဓိဂမ</b> = <b>အရဟတ္တမဂ်</b>သို့ ဆိုက်ရောက်ခြင်း သို့မဟုတ် <b>အရိယမဂ်ဉာဏ်</b>သို့ ဆိုက်ရောက်ခြင်း၊</p> <p>၂။ <b>ပရိယတ္တိ</b> = ဘုရားရှင်၏ တရားစကားတော်ဆိုတဲ့ ပါဠိတော်ကို သင်ယူခြင်း၊</p> <p>၃။ <b>သဝန</b> = တရားတော်ကို အရိုအသေ အလေးအမြတ်ပြု၍ နာယူခြင်း၊</p> <p>၄။ <b>ပရိပုစ္ဆာ</b> = ပါဠိတော်၏ အနက် အဓိပ္ပာယ်ကို ဖွင့်ဆိုကြောင်းဖြစ်သည့် အဋ္ဌကထာကို အရိုအသေ အလေးဂရုပြုကာ သင်ယူခြင်း နာယူခြင်း၊ ယင်း ပါဠိတော် အဋ္ဌကထာတို့၌ ခက်ခဲ နက်နဲသော ပုဒ်တို့၏ (= အထုံး အဖွဲ့တို့၏) အဆုံးအဖြတ်ကို သင်ယူခြင်း၊</p> <p>၅။ <b>ပုဗ္ဗယောဂ</b> --</p> <p>ပေါင်းလိုက်တော့ <b>ပဋိသမ္ဘိဒါဉာဏ်</b>ကို ရရှိမယ့် သူတော်ကောင်းတို့ ဖြည့်ကျင့်ရမည့် အင်္ဂါရပ် (၅)ခုကို ဖွင့်ဆိုထားပါတယ်။ (ဝိသုဒ္ဓိ၊၂၊၇၂။)</p> <p>ဒီနေရာမှာ <b>အဓိဂမ</b>ဆိုတာကတော့ နောက်ဆုံးဘဝမှာ ရရှိအောင် ကြိုးပမ်းရမည့် အင်္ဂါရပ်ပဲ ဖြစ်ပါတယ်။ <b>သေက္ခဘုံ</b>မှာလည်း <b>ပဋိသမ္ဘိဒါဉာဏ်</b>များကို ရရှိနိုင်ပါတယ်။ <b>အသေက္ခဘုံ</b>ဆိုတဲ့ ရဟန္တာဖြစ်တဲ့အခါမှာလည်း <b>ပဋိသမ္ဘိဒါဉာဏ်</b>များကို ရရှိနိုင်ပါတယ်။ အရှင်အာနန္ဒာ, စိတ္တသူကြွယ်, ဓမ္မိက ဥပါသကာ, ဥပါလိသူကြွယ်, ခုဇ္ဇုတ္တရာ ဥပါသိကာ အစရှိတဲ့ သူတော်ကောင်း တွေဟာ တချို့က သောတာပန် ဖြစ်တော်မူတဲ့အခါမှာ, တချို့က အနာဂါမ် ဖြစ်တော်မူတဲ့အခါမှာ <b>ပဋိသမ္ဘိဒါဉာဏ်တော်</b>များကိုပါ ရရှိတော်မူကြပါတယ်။ <b>သေက္ခဘုံ</b>မှာ ရရှိခြင်းလို့ ဆိုလိုပါတယ်။ ယခု ပြောနေတဲ့ အရှင်သုဘူတိ မထေရ်ကဲ့သို့သော <b>မဟာသာဝက, ပကတိသာဝက</b> တော်တော် ခပ်များများ ကတော့ <b>အရဟတ္တမဂ် အရဟတ္တဖိုလ်</b>သို့ ဆိုက်ရောက်တော်မူတဲ့ အချိန်အခါမှာ <b>ပဋိသမ္ဘိဒါဉာဏ်တော်</b>များကို ရရှိတော်မူကြပါတယ်။ <b>အသေက္ခဘုံ</b>မှာ ရရှိခြင်း ဖြစ်တယ်လို့ ဆိုလိုပါတယ်။</p> <p>ယခု ပြောခဲ့တဲ့ <b>ပဋိသမ္ဘိဒါဉာဏ်တော်</b>များကို ရရှိတော်မူမည့် သူတော်ကောင်းတို့ ဖြည့်ကျင့်ရမည့် အင်္ဂါရပ် (၅)ခုထဲမှာ နံပါတ် (၁)ဖြစ်တဲ့ <b>အဓိဂမ</b> ဆိုတဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိခြင်းဆိုတဲ့ အင်္ဂါရပ်ကတော့ နောက်ဆုံး ဘဝမှာ ဖြည့်ကျင့်ရမည့် အင်္ဂါရပ် ဖြစ်ပါတယ်။ ကျန်နေတဲ့ အင်္ဂါရပ်တွေကတော့ ရှေးရှေးသော ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာရော ယခု ဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာရော ဖြည့်ကျင့်ရမည့် အင်္ဂါရပ် ဖြစ်ပါတယ်။</p> <p>ဒီအင်္ဂါရပ်တွေထဲမှာ ယခု ဒီနေရာမှာ ပြောလိုတဲ့ အင်္ဂါရပ် တစ်ခုကတော့ <b>ပုဗ္ဗယောဂ</b>ဆိုတဲ့ အင်္ဂါရပ်ပဲ ဖြစ်ပါတယ်။ ဘာကို <b>ပုဗ္ဗယောဂ</b>လို့ ခေါ်ဆိုသလဲ? <b>ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ</b>က ဒီလို ရှင်းပြထားပါတယ်။</p> <p><b>ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမံ ဂေါတြဘုသမီပံ၊ တာဝ ဝိပဿနာနုယောဂေါ။</b> (ဝိသုဒ္ဓိ၊၂၊၇၂။)</p> <p><b>ပုဗ္ဗယောဂ</b>ဆိုတာ ရှေးရှေးသော ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်း မှာ ဆွမ်းခံရွာသို့ သွားရာ, ဆွမ်းခံရွာမှ ကျောင်းသို့ ပြန်ရာတို့၌ ကမ္မဋ္ဌာန်းကို ဆောင်လျက် သွားခြင်းဆိုတဲ့ <b>ဂတပစ္စာဂတဝတ်</b>ကို ဖြည့်ကျင့်လျက် <b>အနုလောမဉာဏ်, ဂေါတြဘုဉာဏ်</b>တို့ရဲ့ အနီးအပါးမှာ တည်ရှိတဲ့ <b>သင်္ခါရုပေက္ခာဉာဏ်</b>သို့တိုင်အောင် (မဟာဋီ၊၂၊၈၄။) <b>ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း</b>ကို စီးဖြန်းခဲ့ ဖူးခြင်းကို ဆိုလိုပါတယ်။ တစ်ဖန် <b>သမ္မောဟဝိနောဒနီ အဋ္ဌကထာ</b>ကြီးကလည်း အလားတူပဲ ဖွင့်ဆိုထားတော်မူပြန်တယ်။ ဘယ်လို ဖွင့်ဆိုထားတော် မူသလဲ?</p> <p><b>ပရိယတ္တိသဝနပရိပုစ္ဆာ ဟိ ပုဗ္ဗေ ဟောန္တု ဝါ မာ ဝါ၊ ပုဗ္ဗယောဂေန ပုဗ္ဗေ စေဝ ဧတရဟိ စ သင်္ခါရသမ္မသနံ ဝိနာ ပဋိသမ္ဘိဒါ နာမ နတ္ထိ။</b> (အဘိ၊ဋ္ဌ၊၂၊၃၇၃။)</p> <p>ဒီလို ဖွင့်ဆိုထားပါတယ်။ ဘာပြောလိုတာလဲ? ရှေ့ပိုင်းမှာ ဘုန်းကြီး ပြောခဲ့တဲ့ အင်္ဂါရပ် (၅)ခုထဲမှာ <b>ပရိယတ္တိ, သဝန, ပရိပုစ္ဆာ</b>ဆိုတဲ့ ဒီအင်္ဂါရပ် (၃)ခုကတော့ ရှေးရှေးသော ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ ရှိခဲ့ဖူးချင်လည်း ရှိခဲ့ဖူးပါစေ၊ မရှိခဲ့ချင်လည်း မရှိခဲ့ပါစေ၊ ဒါပေမယ့် <b>ပုဗ္ဗယောဂ</b>ဆိုတဲ့ အင်္ဂါရပ်ကတော့ ရှိကိုရှိရမယ်။ ရှေးရှေးသော ဘုရားရှင်တို့ရဲ့ သာသနာတော် အတွင်းမှာရော, ယခု ဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာရော ဒီ<b>ပုဗ္ဗယောဂ</b>ဆိုတဲ့ <b>ဒုက္ခသစ္စာ, သမုဒယသစ္စာ</b> အမည်ရတဲ့ ရုပ်-နာမ်-ကြောင်း-ကျိုး <b>သင်္ခါရတရား</b>တွေကို <b>အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်</b> တင်ကာ ရှုပွားသုံးသပ်ခြင်းဆိုတဲ့ <b>သင်္ခါရသမ္မသနလုပ်ငန်းရပ်</b>နှင့် ကင်းပြီးတော့ <b>ပဋိသမ္ဘိဒါဉာဏ်</b>ကို ဘယ်လိုမှ မရရှိနိုင်ဘူးဆိုပြီး ဖွင့်ဆိုထားပါတယ်။ ယခုလို <b>သင်္ခါရတရား</b>တွေကို <b>လက္ခဏာယာဉ်</b>တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခြင်း မှာလည်း -- <b>ယာဝ အနုလောမံ ကမ္မဋ္ဌာနံ ဥဿုက္ကာပေတွာ ...</b> (အဘိ၊ဋ္ဌ၊၂၊၃၇၃။)ဆိုတဲ့ စကားကို ထောက်လျှင်တော့ <b>သင်္ခါရုပေက္ခာဉာဏ်</b>အထိ ပွားများထားပြီး ဖြစ်ရမယ်လို့ ဆိုလိုပါတယ်။</p> <p>ဒီအရှင်သုဘူတိမထေရ်မြတ်ကတော့ ပဒုမုတ္တရဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာရော, ကဿပဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာရော သာသနာတော် နှစ်ရပ်လုံးမှာပဲ <b>သင်္ခါရုပေက္ခာဉာဏ်</b>သို့တိုင်အောင်သော <b>ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း</b>တွေကို ဖြည့်ကျင့်ခဲ့တယ်လို့ သိနိုင်ပါတယ်။ သို့သော်လည်း ကဿပဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာ ရဟန်းဘဝနှင့် ယခုလို ပါရမီတွေကို ဖြည့်ကျင့်ပြီးတော့ သံသရာခရီးက မဆုံးသေးတော့ ဆက်လက်ပြီး ကျင်လည်ရပြန်တယ်။ ဒီလို ကျင်လည်ရာကနေ ဘုန်းကြီးတို့ ဂေါတမမြတ်စွာဘုရားရှင် သာသနာတော်အတွင်းသို့ ရောက်ရှိလာတဲ့ အချိန်အခါမှာတော့ ဘာဖြစ်လာသလဲ?</p> <hr> <h3>နောက်ဆုံးဘဝ --- ရဟန်းပြုတော်မူခြင်း</h3> <p>သာဝတ္ထိပြည်မှာ သုမနသူဌေးကြီးရဲ့ သားဖြစ်တဲ့ အနာထပိဏ်သူဌေးကြီးရဲ့ညီ သုဘူတိဆိုတဲ့ အမည်နဲ့ လူသားတစ်ဦး လာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို လူ့ပြည် နတ်ပြည်ဆိုတဲ့ သံသရာခရီးကို ကျင်လည်ခိုက်မှာ ပဒုမုတ္တရ မြတ်စွာဘုရားရှင် သာသနာတော်က ကပ်ပါလာခဲ့တဲ့ <b>ဓာတ်ငွေ့</b>တစ်ခုကြောင့် သူက ဘယ်လိုသဘော ရှိနေသလဲ? ဘဝငါးရာတို့ ကာလပတ်လုံး တောထွက်ပြီးတော့ ရသေ့ရဟန်း ပြုခဲ့တယ်။ <b>စျာန်အဘိညာဏ်</b>တွေကိုလည်း ဘဝ ငါးရာတို့ ကာလပတ်လုံး ထိုရသေ့ရဟန်းဘဝမှာ ရရှိတော်မူခဲ့တယ်။ ဒါယကာကြီးတွေ ...ဓာတ်ငွေ့များဟာ သိပ်ပြီး အားကိုးဖို့ မကောင်းဘူးလား? သိပ်ကောင်းပါတယ်။ ဒီလို ကြိုးစားအားထုတ်ခဲ့တဲ့ ဓာတ်ငွေ့တွေက ဘုန်းကြီးတို့ ဂေါတမမြတ်စွာဘုရား သာသနာတော်ကြီး ပွင့်ပေါ်လာတော့ ဘွားကနဲ လာပြီး ကျေးဇူးပြုပေးတယ်။ ဘယ်လို ကျေးဇူးပြုပေးသလဲ?</p> <p>အနာထပိဏ်သူဌေးကြီးကလည်း ဇေတဝန်ကျောင်းတိုက်ကြီး ဆောက်လုပ်ပြီးစီးတဲ့ အချိန်အခါမှာ လှူဒါန်းပူဇော်တဲ့ ကျောင်းလွှတ်ပွဲတစ်ခု ကျင်းပ တယ်။ အဲဒီ ကျောင်းလွှတ်ပူဇော်ပွဲမှာ အစ်ကိုဖြစ်သူနှင့် အတူတကွ ဘုရားရှင်ထံ သွားပြီးတော့ ဖူးမြော် ကန်တော့ကြတယ်။ တရားတော်ကိုလည်း အတူတကွ နာယူကြတယ်။ ဒီလို နာယူရတဲ့ အချိန်အခါမှာ ဘုရားရှင်ရဲ့ တရားတော်အပေါ်၌ သက်ဝင်ယုံကြည်တဲ့ <b>သဒ္ဓါတရား</b>တွေက သိပ်ပြီး တွန်းအား ကောင်းနေတဲ့အတွက် ထိုနေ့မှာပဲ သာသနာဘောင်ကို ဝင်ရောက်ပြီး ရှင်ရဟန်း ပြုခဲ့ပါတယ်။</p> <p>ဒါယကာကြီးတွေ ...စဉ်းစားကြည့်စမ်းပါ။ သူဌေးသားတစ်ဦးက ဘုရားရှင်နဲ့ တစ်ကြိမ်ပဲ တွေ့ပြီး ဘုရားရှင်ရဲ့ တရားတော်ကိုလည်း တစ်ကြိမ်ပဲ နာကြားခွင့် ရသေးတယ်၊ ချက်ချင်း စည်းစိမ်ချမ်းသာ အားလုံးကို စွန့်လွတ် ပြီးတော့ သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်း ပြုသွားတယ်။ ဒါယကာကြီး ဒါယိကာမကြီးတွေ ဒီလို ပြုနိုင်ပါ့မလား? ဒီနေရာမှာ ဒါယကာကြီး ဒါယိကာမကြီးတွေနဲ့ ဘယ်လို ကွာခြားမှု ရှိနေသလဲလို့ မေးလျှင်တော့ မိမိတို့ရဲ့ စိတ်ကို ထုံမွမ်းထားတဲ့ စွမ်းအားတွေက သိပ်ကွာနေပါတယ်။ ရှင်ရဟန်း ပြုပြီးတော့ သူက ဘာဆက်လုပ်သလဲ? ဒီနေရာမှာ ဘုန်းကြီး အားလုံး ပေါင်းပြီး ပြောပြပါ့မယ်။</p> <hr> <h3>အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူပြီ</h3> <p><b>သော ဥပသမ္ပန္နော ဒွေ မာတိကာ ပဂုဏာ ကတွာ ကမ္မဋ္ဌာနံ ကထာပေတွာ အရညေ သမဏဓမ္မံ ကရောန္တော မေတ္တာစျာနံ နိဗ္ဗတ္တေတွာ တံ ပါဒကံ ကတွာ ဝိပဿနံ ဝဍ္ဎေတွာ အရဟတ္တံ ပါပုဏိ။</b> (အပဒါန၊ဋ္ဌ၊၁၊၃၅။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၇။)</p> <p><b>သော</b> = ထိုသုဘူတိမထေရ်သည်။ <b>ဥပသမ္ပန္နော</b> = ရသေ့ရဟန်း ပြုပြီးသည်။ <b>ဟုတွာ</b> = ဖြစ်၍။ <b>ဒွေ မာတိကာ</b> = <b>ဒွေမာတိကာ</b>ကို။ <b>ပဂုဏာ ကတွာ</b> = အာဂုံရအောင် ဆောင်၍။ <b>ကမ္မဋ္ဌာနံ</b> = ကမ္မဋ္ဌာန်းကို။ <b>ကထာပေတွာ</b> = ဟောကြားပြသ ဆိုဆုံးမတော်မူစေ၍။ <b>အရညေ</b> = တော၌။ <b>သမဏဓမ္မံ</b> = ရဟန်းတရားကို။ <b>ကရောန္တော</b> = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူခဲ့သည်ရှိသော်။ <b>မေတ္တာစျာနံ</b> = <b>မေတ္တာစျာန်</b>ကို။ <b>နိဗ္ဗတ္တေတွာ</b> = ဖြစ်စေပြီး၍။ <b>တံ</b> = ထို<b>မေတ္တာစျာန်</b>ကို။ <b>ပါဒကံ ကတွာ</b> = ဝိပဿနာရဲ့ အခြေပါဒကအဖြစ်နဲ့ ပြုပြီး၍။ <b>ဝိပဿနံ</b> = <b>ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း</b>ကို။ <b>ဝဍ္ဎေတွာ</b> = တိုးပွားစေလျက်။ <b>အရဟတ္တံ</b> = <b>အရဟတ္တဖိုလ်</b>သို့။ <b>ပါပုဏိ</b> = ဆိုက်ရောက်တော်မူခဲ့လေပြီ။</p> <p>ဘုန်းကြီးတို့ သာသနာတော်မှာ လိုက်နာရမည့် ဝိနည်းစည်းကမ်းတွေ ရှိပါတယ်။ အဲဒီ ဝိနည်းစည်းကမ်းတွေထဲက အကျဉ်းချုပ်ကတော့ <b>ဒွေမာတိကာ</b>လို့ခေါ်တဲ့ <b>ဘိက္ခုပါတိမောက်, ဘိက္ခုနီပါတိမောက်</b> နှစ်စောင် ဖြစ်ပါတယ်။ ဒီဝိနည်းနှစ်စောင်ကိုတော့ တောထဲနေမယ့် ရဟန်းတော်တွေက အလွတ် အာဂုံ ရအောင် ဆောင်ရပါတယ်။ ဒီလောက်နဲ့တော့ ကိစ္စ မပြီးသေးပါဘူး။ <b>စူဠဝါခန္ဓက, မဟာခန္ဓက</b> အစရှိတဲ့ ထိုထိုခန္ဓကတွေမှာ လာရှိတဲ့ <b>သိက္ခာပုဒ်</b> ကြီးငယ် အသွယ်သွယ်တွေကို အာဂုံ မဆောင်နိုင်ပေမယ့်လည်း အားလုံး မှတ်မိနေအောင် သင်ယူရပါတယ်။ <b>ကံကြီး, ကံငယ်</b>တွေကိုလည်း ကျွမ်းကျင်အောင် ဆရာသမားတွေထံမှာ ချဉ်းကပ်ပြီး သင်ယူရပါတယ်။</p> <p>တစ်ဘက်ကလည်း <b>ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း</b>ကို <b>အရဟတ္တဖိုလ်</b>ပေါက် သင်ယူထားပြီးဖြစ်ဖို့ လိုပါတယ်။ ဒီစည်းကမ်းသတ်မှတ်ချက်အတိုင်း <b>ဒွေမာတိကာ</b>ကို အာဂုံဆောင်ပြီးတဲ့ အချိန်အခါမှာ မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတရားတွေကို <b>အရဟတ္တဖိုလ်</b>ပေါက် သင်ယူရပါတယ်။ ဒီလို သင်ယူတဲ့အပိုင်းမှာတော့ သူက -- <b>မေတ္တာစျာနံ နိဗ္ဗတ္တေတွာ တံ ပါဒကံ ကတွာ</b> = <b>မေတ္တာစျာန်</b>ကို ဝိပဿနာရဲ့ အခြေပါဒကအဖြစ် ပြုပြီးမှ <b>ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်း</b>ကို စီးဖြန်းတယ်။ စီးဖြန်းပြီး <b>ဝိပဿနာဉာဏ်</b>တွေကို တိုးပွားအောင် ကြိုးစားအားထုတ်လိုက်တာ ဘာဖြစ်သွားသလဲ? <b>အရဟတ္တဖိုလ်</b>အထိ ဆိုက်သွားပါတယ်။</p> <p>အရှင်သုဘူတိမထေရ်မြတ် ဖြတ်ကျော်လာခဲ့တဲ့ လမ်းကြောင်းကို လှမ်းမျှော်ပြီး ကြည့်လိုက်မယ်ဆိုလျှင် <b>ဗုဒ္ဓါနုဿတိဘာဝနာ</b>က တစ်ခု, <b>မေတ္တာဘာဝနာ</b>က တစ်ခုဆိုပြီး နှစ်ခု ရှိနေပါတယ်။ တပည့်တော်တို့လည်း အရှင်သုဘူတိမထေရ်ကို အားကျပြီးတော့ <b>မေတ္တာစျာန်</b>ကို ဝင်စားချင်ပါတယ်၊ <b>ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း</b>တွေကိုလည်း စီးဖြန်းချင်ပါတယ်၊ ထို<b>မေတ္တာစျာန်</b>ကို အခြေခံပြီးတော့ <b>ဝိပဿနာဘာဝနာ</b>တွေကိုလည်း ပွားများအားထုတ်ချင်ပါတယ်၊ ဒီ<b>မေတ္တာဘာဝနာ</b>နဲ့ <b>ဗုဒ္ဓါနုဿတိဘာဝနာ</b>တွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ပွားများအားထုတ်ရမလဲ, ဘယ်လို ကြိုးစားရမလဲလို့တော့ မေးမြန်းဖွယ်ရာ ရှိလာပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်ကလေးကို ဟောကြားကြရအောင် ---</p> <h3>သိက္ခာ (၃) ရပ် အကျင့်မြတ်</h3> <p>ဘုန်းကြီးတို့ လုပ်ငန်းခွင်တစ်ခုကို လုပ်တော့မယ့် အချိန်အခါမှာ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ သိက္ခာသုံးရပ် အကျင့်မြတ်တွေကိုတော့ လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။ ဒီကျင့်စဉ် သုံးခုထဲက ဘုန်းကြီးတို့ တရားနာရုံနဲ့ ကျွတ်တမ်းဝင်နိုင်တဲ့ ဥဂ္ဃဋိတညူပုဂ္ဂိုလ်, ဝိပဉ္စိတညူ ပုဂ္ဂိုလ်ဆိုတဲ့ ဒီပုဂ္ဂိုလ်နှစ်မျိုးကတော့ တရားနာနေတဲ့ အချိန်အခါမှာ သီလ, သမာဓိ, ပညာ သိက္ခာသုံးပါး စုံညီအောင် ကျင့်နိုင်မယ်ဆိုလျှင် တရားတော်ကို နာယူဆဲမှာပဲ မဂ်-ဖိုလ်-နိဗ္ဗာန်ကို ရရှိကြပါတယ်။ နေယျပုဂ္ဂိုလ်တွေကတော့ တရားနာရုံနဲ့ ကျွတ်တမ်း မဝင်နိုင်ပါဘူး။ တရားတော်တွေကို သင်ယူ မှတ်သား ဆောင်ထားပြီးမှ တကယ် လက်တွေ့ကျင့်မှ မဂ်-ဖိုလ်-နိဗ္ဗာန်ကို ရရှိ နိုင်တဲ့အတွက် ဒီနေယျပုဂ္ဂိုလ်တွေကတော့ သီလ, သမာဓိ, ပညာဆိုတဲ့ သိက္ခာ သုံးရပ် အကျင့်မြတ်ကို အစဉ်အတိုင်း ထူထောင်ရပါတယ်။</p> <p>ဒါကြောင့် အိမ်ရာတည်ထောင် လူတို့ဘောင်မှာ တည်ရှိနေတဲ့ ပုဂ္ဂိုလ်တွေဘက်က ပြောလျှင်တော့ အောက်ထစ်ဆုံးအားဖြင့် ငါးပါးသီလ ဆောက်တည်ဖို့ လိုအပ်ပါတယ်။ ဒီငါးပါးသီလကို တရားအားမထုတ်မီအချိန်က လွန်ကျူးခဲ့တာ ဖြစ်ချင်ဖြစ်ပါစေ၊ တရားအားထုတ်မည့်အချိန်မှာတော့ သီလ ဆောက်တည်ရပါတယ်။ ဒီနေ့ ဒါယကာကြီး ဒါယိကာမကြီးတွေ ဥပုသ်သီလ ဆောက်တည်တဲ့ ပုံစံအတိုင်းပဲ ငါ ယခုအချိန်က စပြီးတော့ ငါးပါးသီလကို မလွန်ကျူးတော့ဘူးလို့ ဆုံးဖြတ်ချက် ချလိုက်တာနဲ့ တစ်ပြိုင်နက်တည်း အင်္ဂုလိမာလမထေရ်တို့လို ချက်ချင်း သီလနဲ့ ပြည့်စုံသွားပါတယ်။</p> <p>ဒီလို သီလ စင်ကြယ်ပြီဆိုလျှင်တော့ <b>သီလဝိသုဒ္ဓိ</b> ဖြစ်သွားပါပြီ။ <b>သီလဝိသုဒ္ဓိ</b>ဖြစ်နေတဲ့ ပုဂ္ဂိုလ်က နောက်တစ်ဆင့် ဘယ်လို ဆက်ပြီး အားထုတ်ရမလဲ? <b>စိတ္တဝိသုဒ္ဓိ</b>ဖြစ်အောင် ရှေ့တစ်ဆင့် တက်ရပါတယ်။ ဒီနေရာမှာ ဝိသုဒ္ဓိ (၇)ပါး ကျင့်စဉ်ကိုတော့ လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။ <b>စိတ္တဝိသုဒ္ဓိ</b>ဆိုတာက စိတ်ဓာတ်တွေ စင်ကြယ်အောင် ကြိုးစားအားထုတ်ခြင်းကို ခေါ်ပါတယ်။ စိတ်ဓာတ်တွေမှာ <b>ကာမစ္ဆန္ဒနီဝရဏ, ဗျာပါဒနီဝရဏ</b>စတဲ့ ကိလေသာ အညစ်အကြေးတွေ ကင်းသွားအောင်, စင်ကြယ်သွားအောင် ကြိုးစားအားထုတ် ရပါတယ်။ ဘယ်အချိန်မှာ <b>စိတ္တဝိသုဒ္ဓိ</b> ဖြစ်သလဲလို့ မေးလျှင်တော့ ---</p> <h3>စိတ္တဝိသုဒ္ဓိ = သမ္မာသမာဓိ</h3> <p><b>စိတ္တဝိသုဒ္ဓိ နာမ သဥပစာရာ အဋ္ဌ သမာပတ္တိယော။</b> (ဝိသုဒ္ဓိ၊၂၊၂၂၂။)</p> <p><b>စိတ္တဝိသုဒ္ဓိ</b>ဆိုတာ ဥပစာရသမာဓိနှင့်တကွ သမာပတ် (၈)ပါးကို ခေါ်ပါတယ်ဆိုပြီးတော့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဒုတိယတွဲ၊ စာမျက်နှာ (၂၂၂)မှာ အတိအကျ ညွှန်ကြားထားပါတယ်။ ဒီညွှန်ကြားချက်အရ ဥပစာရသမာဓိကို သော်လည်းကောင်း, သမာပတ် (၈)ပါးထဲက သမာပတ် တစ်ပါးပါးကိုသော် လည်းကောင်း, သမာပတ် (၈)ပါးလုံးကိုသော်လည်းကောင်း ရရှိခဲ့မယ်ဆိုလျှင်တော့ <b>စိတ္တဝိသုဒ္ဓိ</b> ဖြစ်ပြီလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် မလွဲမသွေ သမာဓိကို ထူထောင်ရတော့မယ်။ ဒီသမာဓိကို ထူထောင်ရမယ်ဆိုတဲ့ အချိန်အခါမှာတော့ ဒါယကာကြီး ဒါယိကာမကြီးတွေဘက်က နည်းနည်းကလေး စဉ်းစားရမည့် အချက်တစ်ခုတော့ ရှိနေပါတယ်။</p> <p>မြတ်စွာဘုရားရှင်သည် မဂ္ဂင် (၈)ပါးကို ဟောကြားတော်မူတဲ့အပိုင်းမှာ သမ္မာသမာဓိမဂ္ဂင်တစ်ခုကိုပါ ထည့်သွင်းပြီး ဟောကြားထားတော်မူပါတယ်။ ဘာကို <b>သမ္မာသမာဓိ</b> ခေါ်ဆိုတယ်ဆိုတာကိုလည်း မဟာသတိပဋ္ဌာနသုတ္တန် (မ၊၁၊၈၉။)မှာ ဘုရားရှင်ကိုယ်တော်တိုင်က အတိအကျ ရှင်းလင်းထားပါတယ်။ ဘယ်လို ရှင်းလင်းထားသလဲ? ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယစျာန်သမာဓိ, စတုတ္ထစျာန်သမာဓိတွေကို ငါဘုရားရှင်သည် <b>သမ္မာသမာဓိ</b>လို့ ခေါ်ဆိုတယ်ဆိုပြီး အတိအကျ ရှင်းလင်းထားပါတယ်။ ဒီရှင်းလင်းချက်ကတော့ ဝိပဿနာရဲ့ အခြေပါဒကဖြစ်တဲ့ သမာဓိတွေထဲက အကောင်းဆုံးဖြစ်တဲ့ ရူပါဝစရသမာဓိကို ညွှန်ပြထားခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် အကောင်းဆုံးသော သမာဓိကို လက်ညှိုးထိုးပြသောအားဖြင့် စတုတ္ထစျာန် သမာဓိကို ဦးတည်ပြီးတော့ မြတ်စွာဘုရားက <b>သမ္မာသမာဓိ</b>လို့ သတ်မှတ် ပေးခြင်း ဖြစ်ပါတယ်။ <b>ဥက္ကဋ္ဌနိဒ္ဒေသနည်း</b>လို့ ခေါ်ပါတယ်။</p> <p>တစ်နည်းအားဖြင့် အလယ်ခေါင်ဖြစ်တဲ့ ရူပါဝစရသမာဓိကို ယူလိုက်လျှင် အစဖြစ်တဲ့ အထွတ်အထိပ်သို့ ရောက်နေတဲ့ ဥပစာရသမာဓိလို့ ခေါ်ဆိုအပ်တဲ့ ကာမာဝစရသမာဓိနဲ့ အဆုံးဖြစ်တဲ့ အဆင့်အမြင့်ဆုံးဖြစ်တဲ့ အရူပါဝစရသမာဓိတွေကို သိမ်းကျုံးပြီး ရေတွက်ရတဲ့ <b>မဇ္ဈေဒီပကနည်း</b>အားဖြင့်လည်း ဘုရားရှင်က ဒီဒေသနာတော်ကို ဟောကြားထားတော်မူတယ်လို့ သတ်မှတ်ပါတယ်။</p> <p>ဒါကြောင့် ဘုရားရှင်ကိုယ်တော်တိုင်က မဂ္ဂင် (၈)ပါးထဲမှာ <b>သမ္မာသမာဓိ</b> ဆိုတဲ့ မဂ္ဂင်တစ်ခုကို ထည့်သွင်းပြီး ဟောကြားထားတဲ့အတွက် ယောဂီ သူတော်ကောင်းတို့သည် မဂ္ဂင် (၈)ပါး စုံညီချင်တယ်ဆိုလျှင် သမာဓိတစ်ခုခုကို ထူထောင်ရမလား, မထူထောင်ရဘူးလား? ထူထောင်ရတော့မယ်။ သမာဓိ ထူထောင်ဖို့ မလိုဘူးဆိုလျှင်တော့ မဂ္ဂင် (၈)ပါး ပြည့်စုံပါတော့မလား? မပြည့်စုံတော့ဘူး။ ဒါကြောင့် ဒါယကာကြီး ဒါယိကာမကြီးတွေ သတိရှိဖို့တော့ အင်မတန် လိုအပ်ပါတယ်။ ဘာကြောင့် သမာဓိကို ထူထောင်နေရသလဲလို့ မေးလျှင်လည်း သမာဓိ ထူထောင်ရတဲ့ အကြောင်းရင်းတစ်ခုကတော့ မဂ္ဂင် (၈)ပါး စုံညီရတဲ့အထဲမှာ <b>သမ္မာဒိဋ္ဌိ</b>ဆိုတဲ့ မဂ္ဂင်တစ်ပါးလည်း မပါဘူးလား? ပါနေတယ်။ ဘာကို <b>သမ္မာဒိဋ္ဌိ</b>ခေါ်သလဲ?</p> <h3>သမ္မာဒိဋ္ဌိ</h3> <p><b>ယံ ခေါ ဘိက္ခဝေ ဒုက္ခေ ဉာဏံ၊ ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ။ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဒိဋ္ဌိ။</b> (ဒီ၊၂၊၂၄၉။)</p> <p>ဘုရားရှင်က ဒီလို (၄)ချက် ဟောကြားထားတော်မူပါတယ်။ ဒုက္ခသစ္စာ ကို သိနေတဲ့ဉာဏ်သည် <b>သမ္မာဒိဋ္ဌိ</b>, သမုဒယသစ္စာကို သိနေတဲ့ဉာဏ်သည် <b>သမ္မာဒိဋ္ဌိ</b>, နိရောဓသစ္စာကို သိနေတဲ့ဉာဏ်သည် <b>သမ္မာဒိဋ္ဌိ</b>, မဂ္ဂသစ္စာကို သိနေ တဲ့ဉာဏ်သည် <b>သမ္မာဒိဋ္ဌိ</b>ဆိုပြီး <b>သမ္မာဒိဋ္ဌိ</b>ကို (၄)မျိုး ခွဲခြားပြီး ဟောကြားတော် မူပါတယ်။ ထို<b>သမ္မာဒိဋ္ဌိ</b>ဉာဏ်နဲ့ သိမြင်တဲ့ ဒုက္ခသစ္စာတွေက ဘယ်တရားတွေလဲလို့ မေးလျှင်တော့ --- <b>သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ</b> (သံ၊၃၊၃၆၉။) လို့ ဒီလို ဘုရားရှင် ဟောကြားတော်မူတဲ့အတိုင်း အကျဉ်းချုပ်အားဖြင့် ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာတရားစု ဖြစ်ပါတယ်။ <b>ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာ</b>ဆိုပြီး ဥပါဒါနက္ခန္ဓာငါးပါး ရှိပါတယ်။ (မ၊၁၊၈၄။) ဘယ်တရားတွေကို <b>ရူပုပါဒါနက္ခန္ဓာ</b>ခေါ်တယ်ဆိုတာလည်း ဘုရားရှင်ကိုယ်တော်တိုင်က ခန္ဓသုတ္တန်မှာ အတိအကျ ရှင်းလင်းထားပါတယ်။</p> <h3>ဥပါဒါနက္ခန္ဓာ ဒုက္ခသစ္စာတရားဟူသည်</h3> <p><b>ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော။</b> (သံ၊၂၊၃၉။)</p> <p>ဒီလို ဟောကြားထားတော်မူပါတယ်။ အတိတ်ရုပ်တရား, ပစ္စုပ္ပန်ရုပ်တရား, အနာဂတ်ရုပ်တရား, အဇ္ဈတ္တရုပ်တရား, ဗဟိဒ္ဓရုပ်တရား, ဩဠာရိကလို့ ခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ရုပ်တရား, သုခုမလို့ခေါ်တဲ့ သိမ်မွေ့နူးညံ့တဲ့ ရုပ်တရား, ဟီနခေါ်တဲ့ ယုတ်ညံ့တဲ့ ရုပ်တရား, ပဏီတခေါ်တဲ့ မွန်မြတ်တဲ့ ရုပ်တရား, ဒူရခေါ်တဲ့ ရှုနေတဲ့ ယောဂီပုဂ္ဂိုလ်ရဲ့ အသိဉာဏ်နဲ့ ဝေးတဲ့ ရုပ်တရား, သန္တိကခေါ်တဲ့ ရှုနေတဲ့ ယောဂီပုဂ္ဂိုလ်ရဲ့ အသိဉာဏ်နဲ့ နီးတဲ့ ရုပ်တရား၊ ဒီ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ အာသဝေါ တရားတို့၏ အာရုံယူရာဖြစ်တဲ့ တဏှာ-ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဟာလို့ စွဲလမ်း ဆုပ်ကိုင်ရာဖြစ်တဲ့ ဒီရုပ်တရားအစုအပုံကို <b>ရူပုပါဒါနက္ခန္ဓာ</b>လို့ ခေါ်ပါတယ်။</p> <p>အလားတူပဲ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဝေဒနာ အစုအပုံ, သညာအစုအပုံ, သင်္ခါရအစုအပုံ, ဝိညာဏ်အစုအပုံတွေကိုလည်း <b>ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာ</b>လို့ ခေါ်ပါတယ်။ အဲဒီ ဥပါဒါနက္ခန္ဓာငါးပါးသည် သစ္စာဒေသနာတော်နည်းအရ ဘာသစ္စာလဲ? ဒုက္ခသစ္စာ ဖြစ်ပါတယ်။ အဲဒီ ဒုက္ခသစ္စာတရားကို သိနေတဲ့ဉာဏ်သည် <b>သမ္မာဒိဋ္ဌိ</b> ဖြစ်ပါတယ်။</p> <h3>သမုဒယသစ္စာတရား</h3> <p>နောက်တစ်ချက်က ဘာကို သမုဒယသစ္စာ ခေါ်သလဲဆိုတာနဲ့ ပတ်သက်လို့တော့ တိတ္ထာယတနသုတ္တန် (အံ၊၁၊၁၇၈။)မှာ အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်ပုံ၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံ စသည်ဖြင့် ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို သမုဒယသစ္စာအမည်နဲ့ ဘုရားရှင် ဟောကြားထားတော်မူခဲ့ပါတယ်။ ယင်း ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကို ဟုတ်တိုင်းမှန်စွာ သိနေတဲ့ဉာဏ်သည် သမုဒယသစ္စာကို သိတဲ့ဉာဏ် ဖြစ်ပါတယ်။ အဲဒီ သမုဒယသစ္စာကို သိတဲ့ဉာဏ်ဟာ <b>သမ္မာဒိဋ္ဌိ</b> ဖြစ်တယ်ဆိုပြီး ဒီလို ရှင်းလင်းထားပါတယ်။ အဲဒီ ဒုက္ခသစ္စာတရားနဲ့ သမုဒယသစ္စာတရားနှစ်ပါးက ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံတွေ ဖြစ်ကြပါတယ်။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။) ထိုဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံ ဖြစ်နေတဲ့ ဒီသစ္စာတရား နှစ်ပါးကို ဟုတ်တိုင်းမှန်စွာ သိရှိရေးအတွက် ဘာလိုအပ်သလဲ?</p> <h3>သမာဓိ ထူထောင်ပါ</h3> <p><b>သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။</b> (သံ၊၂၊၁၂။)</p> <p><b>ဘိက္ခဝေ</b> = ချစ်သားရဟန်းတို့။ <b>သမာဓိံ</b> = သမာဓိကို။ <b>ဘာဝေထ</b> = ပွားများကြကုန်လော့။ <b>ဘိက္ခဝေ</b> = ချစ်သားရဟန်းတို့။ <b>သမာဟိတော ဘိက္ခု</b> = သမာဓိရှိတဲ့ရဟန်းတော်သည်။ <b>ယထာဘူတံ</b> = မဖောက်မပြန် ဟုတ်တိုင်း မှန်စွာ။ <b>ပဇာနာတိ</b> = ကွဲကွဲပြားပြား သိ၏။</p> <p>ချစ်သားရဟန်းတို့ ...သမာဓိကို ထူထောင်ကြပါ၊ သမာဓိရှိလျှင် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိပါလိမ့်မယ်။ ဘာတွေကို ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမလဲ?</p> <p><b>ကိဉ္စ ယထာဘူတံ ပဇာနာတိ? ရူပဿ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ၊ ဝေဒနာယ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ၊ သညာယ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ၊ သင်္ခါရာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ၊ ဝိညာဏဿ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ။</b> (သံ၊၂၊၁၂။)</p> <p>ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ခေါ်တဲ့ ခန္ဓာငါးပါးကို ဟုတ်တိုင်း မှန်စွာ သိမယ်။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ အစရှိတဲ့ အကြောင်း သမုဒယသစ္စာတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးခန္ဓာငါးပါး ဒုက္ခသစ္စာတရားတွေ ထင်ရှားဖြစ်ပုံကို ဟုတ်တိုင်းမှန်စွာ သိမယ်။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ စတဲ့ အကြောင်းသမုဒယသစ္စာတရားတွေ ချုပ်ငြိမ်း သွားခြင်းကြောင့် အကျိုးခန္ဓာငါးပါး ဒုက္ခသစ္စာတရားတွေ ချုပ်ငြိမ်းသွားတာကိုလည်း ဟုတ်တိုင်းမှန်စွာ သိမယ်။ အကြောင်းတရားနှင့်တကွသော ထိုခန္ဓာ ငါးပါးတို့ရဲ့ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာ တွေကိုလည်း ဟုတ်တိုင်းမှန်စွာ သိမယ်။ ဒီလို ဟုတ်တိုင်းမှန်စွာ သိရေး အတွက် ဘာလုပ်ရမလဲ? သမာဓိကို ထူထောင်ပါလို့ ဒီလို ဘုရားရှင်က တိုက်တွန်းထားတော်မူပါတယ်။</p> <p>ဒီလို တိုက်တွန်းထားတဲ့အတွက်ကြောင့် မိမိတို့က ဝိပဿနာနယ်ဘက်ကို ကူးတော့မယ်ဆိုလျှင်တော့ ဒီ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ခန္ဓာငါးပါးနှင့် ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို သိရေးအတွက် သမာဓိတစ်ခုခုကို ထူထောင်ရတော့မယ်။ သမာဓိ မထူထောင်ခဲ့ဘူးဆိုလျှင်တော့ ဘုရားရှင် ဆိုလိုတဲ့ ရုပ်တရား နာမ်တရားတွေကို သိဖို့ရာ အင်မတန် ခက်ခဲသွားပါလိမ့်မယ်။ ဒါကြောင့် သမာဓိကို ထူထောင်ရခြင်း ဖြစ်ပါတယ်။ ဒီလို သမာဓိ ထူထောင်တဲ့အပိုင်းမှာ မြတ်စွာဘုရားရှင်က ကမ္မဋ္ဌာန်း (၄၀) ဟောကြားထားတော်မူပါတယ်။ မိမိ ကြိုက်နှစ်သက်တဲ့ ကမ္မဋ္ဌာန်းနဲ့ စပြီး သမာဓိကို ထူထောင်နိုင်ပါတယ်။</p> <h3>ပါရိဟာရိယကမ္မဋ္ဌာန်းနှင့် သဗ္ဗတ္ထကကမ္မဋ္ဌာန်း</h3> <p>အဲဒီ ကမ္မဋ္ဌာန်း (၄၀)ထဲက ဘုန်းကြီး ဗုဒ္ဓါနုဿတိနှင့် မေတ္တာစျာန် သမာဓိတို့ကို ထူထောင်ပုံအပိုင်းကိုပဲ ဟောဖို့ ရည်ရွယ်ထားပါတယ်။ ဘုန်းကြီး ကတော့ များသောအားဖြင့် ကသိုဏ်းတစ်ခုမှာ စတုတ္ထစျာန်လောက် ပေါက်ပြီးတဲ့ ယောဂီသူတော်ကောင်းတွေကိုသာလျှင် ဗုဒ္ဓါနုဿတိကို သင်ပေးပါတယ်။ သို့သော်လည်း ဒီကမ္မဋ္ဌာန်း (၄၀)ကို ခွဲတမ်းချလိုက်မယ်ဆိုလျှင်တော့ <b>ပါရိဟာရိယကမ္မဋ္ဌာန်း, သဗ္ဗတ္ထကကမ္မဋ္ဌာန်း</b>ဆိုပြီး ကမ္မဋ္ဌာန်းက နှစ်မျိုးပဲ ရှိပါတယ်။ (ဝိသုဒ္ဓိ၊၁၊၉၄။)</p> <p><b>ပါရိဟာရိယကမ္မဋ္ဌာန်း</b>ကတော့ အမြဲတမ်း လက်သုံးအနေနဲ့ အားထုတ်တဲ့ ကမ္မဋ္ဌာန်းကို ခေါ်ပါတယ်။ အဲဒီ <b>ပါရိဟာရိယကမ္မဋ္ဌာန်း</b>သည် ကမ္မဋ္ဌာန်း (၄၀)ထဲက မိမိ စိတ်ကြိုက် ကမ္မဋ္ဌာန်းတစ်ခုကို ရွေးချယ်ပြီးတော့ အားထုတ်နိုင် ပါတယ်။ အရှင်သုဘူတိမထေရ်မြတ်ရဲ့ <b>ပါရိဟာရိယကမ္မဋ္ဌာန်း</b>ကတော့ မေတ္တာ ကမ္မဋ္ဌာန်း ဖြစ်နေပါတယ်။ <b>သဗ္ဗတ္ထကကမ္မဋ္ဌာန်း</b>ဆိုတာကတော့ အမြဲခပ်သိမ်း မယူမနေရ အားမထုတ်ဘဲ မနေရ အမြဲ အားထုတ်ရမည့် ကမ္မဋ္ဌာန်းမျိုးကို ခေါ်ဆိုပါတယ်။ မေတ္တာကမ္မဋ္ဌာန်း, ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း, မရဏာနုဿတိကမ္မဋ္ဌာန်း, အသုဘကမ္မဋ္ဌာန်းဆိုပြီး မသင်မနေရ ကမ္မဋ္ဌာန်း လေးမျိုး ရှိပါတယ်။ အဲဒီ ကမ္မဋ္ဌာန်း (၄၀)ထဲက မိမိ ကြိုက်နှစ်သက်တဲ့ ကမ္မဋ္ဌာန်း တစ်ခု တစ်ခုကို အားထုတ်နေတဲ့ ပုဂ္ဂိုလ်က ဒီ<b>သဗ္ဗတ္ထကကမ္မဋ္ဌာန်း</b> လေးမျိုးကိုလည်း သင်ယူရပါတယ်။</p> <p>ဒီလို ကမ္မဋ္ဌာန်း နှစ်မျိုး ရှိတဲ့အနက်က <b>ပါရိဟာရိယကမ္မဋ္ဌာန်း</b> = လက်သုံး ကမ္မဋ္ဌာန်းကတော့ မိမိတို့ ကြိုက်နှစ်သက်တဲ့ ကမ္မဋ္ဌာန်းတစ်ခုခုကို ရွေးချယ်နိုင်ပါတယ်။ ဒီလို ရွေးချယ်တဲ့အပိုင်းမှာလည်း အာနာပါနကမ္မဋ္ဌာန်းကို စိတ်သန်တဲ့ပုဂ္ဂိုလ်က အာနာပါနကမ္မဋ္ဌာန်းကို ရွေးချယ်နိုင်ပါတယ်။ များသောအားဖြင့် တရားအားထုတ်ဖို့ ရောက်လာကြတဲ့ ယောဂီတွေကို ဆန်းစစ်လိုက်လျှင်တော့ အာနာပါနကမ္မဋ္ဌာန်းကို စိတ်သန်တဲ့ပုဂ္ဂိုလ် အရေအတွက်က များကြပါတယ်။ အကယ်၍ ဘယ်ကမ္မဋ္ဌာန်းမှ မယ်မယ်ရရ ထိထိမိမိ အားမထုတ်ခဲ့ဖူးဘူး ဆိုလျှင်တော့ ထိုယောဂီကို ဘုန်းကြီးကတော့ ဓာတ်ကမ္မဋ္ဌာန်းကနေ စပြီး သင်ပေးပါတယ်။ ဘာဖြစ်လို့ ဓာတ်ကမ္မဋ္ဌာန်းက စပြီး သင်ပေးရသလဲလို့ မေးလျှင်လည်း ယောဂီ တော်တော်ခပ်များများကို သုတေသန ပြုကြည့်တဲ့ အပိုင်းမှာ ဓာတ်ကမ္မဋ္ဌာန်းနဲ့ သမာဓိ ထူထောင်လျှင် သမာဓိ အဖြစ်မြန်နေတာကို တွေ့ရပါတယ်။ နောက်တစ်ခုက ဝိပဿနာ ကူးတော့မယ့် ယောဂီပုဂ္ဂိုလ်အတွက် ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်း နှစ်မျိုး ရှိတဲ့အနက်က ရုပ်ကမ္မဋ္ဌာန်းကို ရှုတော့မယ်ဆိုလျှင် ဒီဓာတ်ကမ္မဋ္ဌာန်းက မလွှဲမရှောင်သာ ပြန်ပြီး ရှုရမည့် ကမ္မဋ္ဌာန်းလည်း ဖြစ်နေပါတယ်။</p> <p><b>တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ။</b> (မ၊ဋ္ဌ၊၁၊၂၈၀။)</p> <p>ဒီလို ဖွင့်ဆိုထားတဲ့ အဋ္ဌကထာများနှင့်အညီ ဖြစ်ပါတယ်။ ဒီအကြောင်း နှစ်ခုကြောင့် ဓာတ်ကမ္မဋ္ဌာန်းဖြင့် သမာဓိကို စပြီး ထူထောင်ခိုင်းပါတယ်။ ဒါပေမယ့် မေတ္တာစျာန်နဲ့ ဒီဓာတ်ကမ္မဋ္ဌာန်းက ဘယ်လို ဆက်သွယ်မှု ရှိနေသလဲလို့ မေးလျှင်တော့ ဓာတ်ကမ္မဋ္ဌာန်းကို ပြည်တည်ပြီးတော့မှ ကသိုဏ်းကို ကူးစေချင်တဲ့အတွက် ဒီလို သင်ပေးခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကသိုဏ်းနဲ့ မေတ္တာစျာန်ကမ္မဋ္ဌာန်းကတော့ ဆက်သွယ်မှု ရှိနေပါတယ်။</p> <p>မေတ္တသုတ္တန်မှာလာတဲ့ ရဟန်းတော်တွေကို ဘုရားရှင်က ပထမတော့ ကသိုဏ်းတွေကို အခြေခံပြီး ဝိပဿနာကူးဖို့ရန်အတွက် သင်ပေးလိုက်ပါတယ်။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၁၇၉-၁၈၀။) သူတို့ရဲ့ <b>ပါရိဟာရိယ</b>ခေါ်တဲ့ လက်သုံး ကမ္မဋ္ဌာန်းကတော့ ကသိုဏ်း ဖြစ်ပါတယ်။ နောက်တစ်ပတ် ပြန်ကျော့လာတဲ့ အချိန်အခါမှာတော့ မေတ္တာကမ္မဋ္ဌာန်းကို <b>သဗ္ဗတ္ထကကမ္မဋ္ဌာန်း</b> သို့မဟုတ် <b>စတုရာရက္ခ</b>လို့ခေါ်တဲ့ အစောင့်ကမ္မဋ္ဌာန်းအနေနဲ့ သင်ပေးခဲ့တာကို ရုပ်သိမ်း လိုက်ပါတယ်။ ကသိုဏ်းတွေကိုလည်း <b>ပါရိဟာရိယကမ္မဋ္ဌာန်း</b>အဖြစ်နဲ့ သင်ပေးထားခဲ့တာကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။ ဘာလုပ်ပေးလိုက်သလဲ? မေတ္တာကမ္မဋ္ဌာန်းကို <b>ပါရိဟာရိယကမ္မဋ္ဌာန်း</b> (= လက်သုံးကမ္မဋ္ဌာန်း)အဖြစ် ပွားများဖို့ရန် သင့်လျော်နေတာကို သိတော်မူတဲ့အတွက် မေတ္တာကမ္မဋ္ဌာန်းကို <b>ပါရိဟာရိယကမ္မဋ္ဌာန်း</b>အဖြစ် ပြောင်းပေးတော်မူလိုက်ပါတယ်။ ဘယ်လို သဘောကြောင့်လဲ?</p> <h3>ကသိုဏ်းစျာန်နှင့် မေတ္တာစျာန်</h3> <p>ကသိုဏ်းတွေက အရပ်ဆယ်မျက်နှာသို့တိုင်အောင်, စွမ်းနိုင်လျှင် အနန္တ စကြဝဠာသို့တိုင်အောင် ဖြန့်ကြက်ပြီးတော့ ဒီစျာန်ကို ဝင်စားရတဲ့ ကမ္မဋ္ဌာန်း တစ်မျိုး ဖြစ်ပါတယ်။ အလားတူပဲ မေတ္တာကမ္မဋ္ဌာန်းဟာလည်း အနန္တစကြဝဠာသို့တိုင်အောင် ဖြန့်ကြက်ပြီးတော့ သတ္တဝါတွေကို အာရုံယူပြီး မေတ္တာစျာန်ကို ဝင်စားရတဲ့ ကမ္မဋ္ဌာန်းတစ်မျိုး ဖြစ်နေပါတယ်။ ဒါကြောင့် မေတ္တာစျာန် ဖြန့်ကြက်ပုံနဲ့ ကသိုဏ်းစျာန်တို့ရဲ့ အာရုံ ဖြန့်ကြက်ပုံခြင်းတွေက တူညီ နေတဲ့အတွက် ဒီကမ္မဋ္ဌာန်း နှစ်ခုက တော်တော်ကလေး လိုက်လျောကြပါတယ်။</p> <p>ဒါကြောင့် ဘုန်းကြီးကတော့ ကသိုဏ်းတစ်ခုကို စနစ်တကျ စတုတ္ထစျာန် သမာဓိဆိုက်အောင် အောင်မြင်ပြီးတဲ့ ယောဂီသူတော်ကောင်းတွေကိုသာလျှင် ဒီမေတ္တာကမ္မဋ္ဌာန်း, ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းတွေကို သင်ပေးပါတယ်။ သင်ပေးတဲ့ အချိန်အခါမှာလည်း ထိုယောဂီသူတော်ကောင်းက ဉာဏ်ထက်ခဲ့လျှင်တော့ နှစ်ရက် သုံးရက်အတွင်းမှာ လွယ်လွယ်ကူကူ အောင်အောင်မြင်မြင်နဲ့ မေတ္တာစျာန်တွေကို ပွားများအားထုတ်လို့ အောင်မြင်တာကို တွေ့ရပါတယ်။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းမှာလည်း နမူနာအနေနဲ့ တစ်ထိုင် နှစ်ထိုင်လောက်ပဲ သင်ပေးလျှင် ချက်ချင်း ဥပစာရသမာဓိ ဆိုက်သွားတာကို တွေ့ရပါတယ်။ ဒါကြောင့် အဲဒီ နည်းစနစ်ကလေးနဲ့ပဲ ဆက်ပြီး ဟောကြရအောင် ---</p> <h3>ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း</h3> <p>ဘုန်းကြီးတို့ ဓာတ်ကမ္မဋ္ဌာန်းမှာ အကျဉ်းနည်း, အကျယ်နည်း နှစ်နည်း ရှိတဲ့အနက်က အကျဉ်းနည်း ဆိုကြစို့။ အကျဉ်းနည်းကတော့ ခန္ဓာကိုယ်ရဲ့ အသားကြား အရိုးကြား အရေကြား အကြောကြားတွေကို ဉာဏ်နဲ့ စိုက်ပြီးတော့ ပထဝီဓာတ် ရှိတယ်, အာပေါဓာတ် ရှိတယ်, တေဇောဓာတ် ရှိတယ်, ဝါယောဓာတ် ရှိတယ်လို့ ဓာတ်ကြီးလေးပါးကို မြင်အောင် ကြည့်ရပါတယ်။ (ဝိသုဒ္ဓိ၊၁၊၃၄၆-၃၄၇။) ဒီလို ကြည့်တဲ့အပိုင်းမှာ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဆိုတာက ဘယ်လို သဘောတွေလဲ? ဒီအချက် တွေနဲ့ ပတ်သက်လို့ မြန်မာလို သိဖို့တော့ လိုအပ်ပါတယ်။</p> <p><b>ပထဝီဓာတ်</b>မှာ မာတဲ့သဘော, ကြမ်းတဲ့သဘော, လေးတဲ့သဘောဆိုတဲ့ <b>ဂရုပထဝီ</b>က တစ်အုပ်စု၊ ပျော့တဲ့သဘော, ချောတဲ့သဘော, ပေါ့တဲ့သဘောဆိုတဲ့ <b>လဟုပထဝီ</b>က တစ်အုပ်စုဆိုပြီး နှစ်အုပ်စု ရှိပါတယ်။ (အဘိ၊၁၊ရဝ။ အဘိ၊ဋ္ဌ၊၁၊၃၆၈။) <b>အာပေါဓာတ်</b>မှာ ယိုစီးတဲ့သဘော, ဖွဲ့စည်းတဲ့သဘော၊ <b>တေဇောဓာတ်</b>မှာ ပူတဲ့သဘော, အေးတဲ့သဘော၊ <b>ဝါယောဓာတ်</b>မှာ ထောက်ကန်တဲ့သဘော, တွန်းကန်တဲ့သဘောဆိုပြီး အားလုံး ပေါင်းလိုက်တော့ သဘောတရား (၁၂)မျိုး ရှိပါတယ်။ ဒါကတော့ ဓမ္မသင်္ဂဏီပါဠိတော်မှာ လာတဲ့ နည်းစနစ်ပဲ ဖြစ်ပါတယ်။</p> <h3>ပထဝီဓာတ်သဘောတရား (၆) မျိုး</h3> <p>ဒီသဘောတရား (၁၂)မျိုးရှိတဲ့အထဲက လုပ်ငန်းခွင်မှာ ဘယ်သဘောက စပြီး ရှုရမလဲ? မာမှုထင်ရှားတဲ့ တစ်နေရာက စပြီး မာတဲ့သဘောကို တစ်ကိုယ်လုံး ပြန့်အောင် ရှုရပါတယ်။ ဥပမာ -- သွားနှစ်ခုကို ဖိထားလိုက်လျှင် မာမှု ထင်ရှားနေပါလိမ့်မယ်။ အဲဒီ မာမှု ထင်ရှားရာ တစ်နေရာက စပြီး တစ်ကိုယ်လုံးမှာ မာမှုတွေ ထင်ရှားသွားအောင် ခန္ဓာကိုယ်ကို ခပ်တောင့်တောင့်တင်းတင်းကလေး ထားပြီး ရှုကြည့်ပါ။ တင်ပါးနဲ့ ကြမ်းနဲ့ ထိတဲ့ နေရာမှာ မာမှုက ထင်ရှားလျှင်တော့ အဲဒီနေရာက စပြီး တစ်ကိုယ်လုံးမှာ မာမှု ထင်ရှားလာအောင် ရှုရပါတယ်။ မာတဲ့သဘော တစ်ကိုယ်လုံး ပြန့်သွားလျှင်တော့ တစ်ကိုယ်လုံးမှာ တည်ရှိနေတဲ့ မာမှုသဘောကို ဉာဏ်နှင့် ပိုင်းခြားယူနိုင်လျှင် သိမ်းဆည်းနိုင်လျှင်တော့ ကြမ်းတဲ့သဘောကို ဆက်ရှုကြည့်ပါ။</p> <p>လက်နဲ့ လုံချည်ကလေး ထိထားတဲ့နေရာမှာ စိုက်ကြည့်လိုက်လျှင်တော့ ကြမ်းမှု ထင်ရှားနေပါလိမ့်မယ်။ မထင်ရှားလျှင်တော့ နည်းနည်းကလေး ပွတ်ကြည့်ပါ။ ကြမ်းမှု ထင်ရှားလာပါလိမ့်မယ်။ အဲဒီလို ကြမ်းမှု ထင်ရှားရာ နေရာကနေ စပြီး ကြမ်းတဲ့သဘောကို တစ်ကိုယ်လုံး ပြန့်အောင် တစ်ကိုယ်လုံးမှာ မြင်အောင် ရှုရပါတယ်။ လက်နဲ့ ပေါင်ကို ဖိကြည့်ပါ။ သို့မဟုတ် တင်ပါးနဲ့ ကြမ်းကို ဖိထားကြည့်ပါ။ လေးမှု ထင်ရှားနေပါလိမ့်မယ်။ လေးမှု ထင်ရှားရာ တစ်နေရာကနေ စပြီး လေးတဲ့သဘောကို တစ်ကိုယ်လုံး ပြန့်အောင် တစ်ကိုယ်လုံးမှာ မြင်အောင် ရှုကြည့်ပါ။</p> <p>ဒီ<b>ဂရုပထဝီ</b>အုပ်စု သုံးခုကို ရှုလို့ အောင်မြင်ပြီဆိုလျှင်တော့ အောက်နှုတ်ခမ်းအတွင်းသားကို လျှာကလေးနဲ့ ထိထားကြည့်ပါ။ ပျော့မှုသဘောကို တွေ့တတ်ပါတယ်။ အဲဒီ ပျော့မှု ထင်ရှားရာ တစ်နေရာက စပြီး ပျော့တဲ့ သဘော တစ်ကိုယ်လုံး ပြန့်အောင် တစ်ကိုယ်လုံးမှာ မြင်အောင် ရှုကြည့်ပါ။ အောက်နှုတ်ခမ်းအတွင်းသားကို လျှာကလေးနဲ့ ပွတ်ကြည့်ပါ။ ချောမှုသဘော ကို တွေ့တတ်ပါတယ်။ ဒီချောမှု ထင်ရှားရာ တစ်နေရာက စပြီး ချောတဲ့ သဘောကို တစ်ကိုယ်လုံး ပြန့်အောင် တစ်ကိုယ်လုံးမှာ မြင်အောင် ရှုကြည့်ပါ။</p> <p>ပျော့မှုသဘော, ချောမှုသဘော နှစ်ခုကို ရှုလို့ အောင်မြင်ပြီဆိုလျှင်တော့ ပေါ့မှုသဘောတစ်ခုလည်း ပေါ်လာတတ်ပါတယ်။ မထင်ရှားခဲ့လျှင်တော့ လေးမှုသဘောကိုလည်း ပြန်စိုက်ကြည့်ပါ။ လက်ညှိုးကလေးကို အသာ မ, ကြည့်ပါ။ လက်ညှိုးတစ်ချောင်းလောက် မ,ကြည့်လိုက်လျှင် ပေါ့မှုသဘော ထင်ရှားနေတတ်ပါတယ်။ ပေါ့မှု ထင်ရှားလာပြီဆိုလျှင် ဒီထင်ရှားရာ တစ်နေရာက စပြီး ပေါ့တဲ့သဘောကို တစ်ကိုယ်လုံး ပြန့်အောင် တစ်ကိုယ်လုံးမှာ မြင်အောင် ရှုကြည့်ပါ။ ပျော့မှုသဘော, ချောမှုသဘော, ပေါ့မှုသဘော သုံးခုက <b>လဟုပထဝီ</b>အုပ်စု ဖြစ်ပါတယ်။</p> <p>လက်တွေ့ အားထုတ်တဲ့ အချိန်အခါမှာတော့ တချို့တချို့ ယောဂီတွေမှာ မာမှုသဘောနဲ့ ကြမ်းမှုသဘောတွေက လွန်ကဲလာခဲ့လျှင် ဆန့်ကျင်ဘက်သဘောဖြစ်တဲ့ ပျော့မှုသဘောနဲ့ ချောမှုသဘောကို ပြောင်းပြီး စိုက်ရှုလို့ ရအောင် ဒီလိုပဲ တွဲပြီး သင်ပေးရပါတယ်။ ပေါင်းလိုက်တော့ ပထဝီဓာတ် ခြောက်မျိုး ရှုလို့ ရသွားပြီ ဖြစ်ပါတယ်။</p> <h3>တေဇောဓာတ်သဘောတရား (၂) မျိုး</h3> <p>အာပေါဓာတ်ကတော့ ရှုရာမှာ ခက်ခဲတဲ့အတွက် နောက်မှပဲ ရှုပါ။ ပထဝီဓာတ် သဘောတရားတွေကို ရှုလို့ အောင်မြင်လျှင်တော့ ထိုယောဂီ သူတော်ကောင်းက <b>တေဇောဓာတ်</b>ရဲ့ ပူတဲ့သဘော, အေးတဲ့သဘောတွေကို ကူးရှုကြည့်ပါ။ ဘယ်လက်ဖဝါးပေါ်မှာ ညာဘက် လက်ခုံကလေးကို အသာ တင်ထားကြည့်ပါ။ ပူမှု ထင်ရှားနေပါလိမ့်မယ်။ အဲဒီ ပူမှု ထင်ရှားရာ တစ်နေရာက စပြီး ပူတဲ့သဘောကို တစ်ကိုယ်လုံး ပြန့်အောင် တစ်ကိုယ်လုံးမှာ မြင်အောင် ရှုကြည့်ပါ။ ဝင်လေကလေး ထိထိသွားတဲ့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျားမှာ စိုက်ရှုကြည့်ပါ။ အေးမှု ထင်ရှားနေပါလိမ့်မယ်။ အဲဒီအေးမှု ထင်ရှားရာ တစ်နေရာက စပြီး အေးတဲ့သဘောကို တစ်ကိုယ်လုံး ပြန့်အောင် တစ်ကိုယ်လုံးမှာ မြင်အောင် ရှုကြည့်ပါ။ <b>တေဇောဓာတ်</b>ရဲ့ ပူမှု သဘော, အေးမှုသဘော နှစ်ခုကို ရှုကြည့်လို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ <b>ဝါယောဓာတ်</b>ရဲ့ ထောက်ကန်တဲ့သဘော, တွန်းကန်တဲ့သဘောတွေကို ကူးရှုကြည့်ပါ။</p> <h3>ဝါယောဓာတ်သဘောတရား (၂) မျိုး</h3> <p>ထောက်ကန်တယ်ဆိုတာက ခန္ဓာအိမ်ကို ခပ်မတ်မတ် ထားပြီး ထိုင်ကြည့်ပါ။ ငြိမ်အောင် ထိန်းထားတဲ့ စွမ်းအားကလေး ပေါ်လာပါလိမ့်မယ်။ မထင်ရှားလျှင် နည်းနည်းကလေး လှုပ်ကြည့်ပါ။ သို့မဟုတ် လဲကျမည့်အသွင်ကလေး ပြုလုပ်ကြည့်ပါ။ ပြန်ပြီး ငြိမ်အောင်, မလဲအောင် ပြန်ပြီး ထိန်းထားတဲ့ သဘောက ထင်ရှားလာတတ်ပါတယ်။ အကယ်၍ ထိန်းမထားလျှင်တော့ လဲကျသွားမှာ ဖြစ်ပါတယ်။ ဒီလို လဲကျမသွားအောင် ထိန်းထားတဲ့သဘောကို ထောက်ကန်တယ်လို့ သုံးထားပါတယ်။ ပြိုတော့မယ့် အိမ်တစ်အိမ်ကို ကျားခေါ်တဲ့ သစ်သားတစ်ချောင်းနဲ့ ထောက်ထားတဲ့ပုံစံမျိုး ဖြစ်ပါတယ်။</p> <p>တွန်းကန်တဲ့သဘောကတော့ အသက်ရှူတဲ့အချိန်မှာ ခေါင်းရဲ့ အလယ်ဗဟိုလောက်ကို စိတ်စိုက်ထားကြည့်ပါ။ သွားနှစ်ခု ဖိပြီး အံကြိတ်လိုက်လျှင် တွန်းနေတဲ့သဘော ထင်ရှားလာတဲ့ ပုံစံမျိုးလိုပဲ ခေါင်းအလယ်လောက်မှာ အသက်ရှူသွင်းလိုက်လျှင် တွန်းကန်နေတဲ့သဘော, ပြန်ထုတ်လိုက်လျှင် တွန်းကန်နေတဲ့သဘောကို မြင်အောင် ကြည့်ပါ။ မထင်ရှားဘူးဆိုလျှင်တော့ ဘုန်းကြီးတို့ ဝမ်းဗိုက်ကို စိတ်သန်လျှင်လည်း ဝမ်းဗိုက်ကြီး အပြင် ဖောင်းသွားအောင် တွန်းနေတဲ့သဘောကို စိုက်ကြည့်ပါ။ အောင်မြင်မှု ရတတ်ပါတယ်။ ဒီလို ရှုလို့ အောင်မြင်ပြီဆိုလျှင်တော့ တွန်းမှု ထင်ရှားရာ တစ်နေရာက စပြီး တစ်ကိုယ်လုံး တွန်းတဲ့သဘော ပြန့်အောင် တစ်ကိုယ်လုံးမှာ မြင်အောင် ရှုကြည့်ပါ။ ဒါက <b>ဝါယောဓာတ်</b>ရဲ့ သဘောတရားနှစ်ခု ဖြစ်ပါတယ်။</p> <h3>အာပေါဓာတ် သဘောတရား (၂) မျိုး</h3> <p>ပထဝီဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဆိုပြီး ဓာတ်အနေနဲ့ သုံးပါး၊ သဘောတရားအနေနဲ့ (၁၀)ခုကို ခြေဆုံး ခေါင်းဆုံး ထပ်ကာထပ်ကာ သွက်သွက်လက်လက် ရှုနိုင်ပြီဆိုလျှင်တော့ ဖွဲ့စည်းတဲ့သဘောတစ်ခုလည်း ပေါ်လာတတ်ပါတယ်။ တစ်ကိုယ်လုံးကို ကြိုးနဲ့ စည်းထားသလို တင်းကျပ်နေတဲ့ သဘောတစ်ခု ပေါ်လာတတ်ပါတယ်။ မထင်ရှားလျှင်တော့ တွန်းတာနဲ့ မာတာ နှစ်ခုကို ဦးစားပေးပြီး ရှုလိုက်လျှင်တော့ ဖွဲ့စည်းတဲ့သဘောလည်း ပေါ်လာတတ်ပါတယ်။ ဖွဲ့စည်းတဲ့သဘောကို ရှုလို့ အောင်မြင်ပြီဆိုလျှင်တော့ သွားဖုံးအရင်း, လျှာအရင်းလောက်ကနေ သွားရည်တွေ အမြဲတမ်း ယိုစီး နေတာကို ရှုကြည့်ပါ။ အောင်မြင်မှု ရတတ်ပါတယ်။ ဒီလို ယိုစီးမှု ထင်ရှားရာ တစ်နေရာက စပြီး ယိုစီးတဲ့သဘောကို တစ်ကိုယ်လုံး ပြန့်အောင် တစ်ကိုယ်လုံး မြင်အောင် စိုက်ကြည့်ပါ။</p> <p>တစ်ကိုယ်လုံးမှာ ဘယ်သဘောတွေက ယိုစီးနေသလဲလို့ မေးလျှင်တော့ သွေး, ချွေး, သလိပ်, ပြည် စသည်ဖြင့် ယိုစီးတဲ့ <b>အာပေါ</b>အုပ်စု (၁၂)မျိုး ရှိပါတယ်။ အဲဒီ (၁၂)မျိုးထဲက သွေး, ချွေး စသည်တို့ကို တွေ့ဖို့က လိုရင်းတော့ မဟုတ်ပါဘူး။ ဒီအချိန်မှာ စီးဆင်းနေတဲ့သဘောကို ယောဂီက မြင်အောင် ရှုနိုင်လျှင် လုံလောက်ပါတယ်။ အဲဒီ ယိုစီးမှု ထင်ရှားရာ တစ်နေရာက စပြီး ယိုစီးတဲ့သဘောကို မြင်အောင် စိုက်ရှုပါ။ <b>အာပေါဓာတ်</b> သဘောတရားတွေကိုလည်း စိုက်ရှုလိုက်လို့ အောင်မြင်ပြီဆိုလျှင်တော့ ဓာတ်လေးပါး စုံသွားပြီ ဖြစ်ပါတယ်။ ဒီဓာတ်လေးပါး [= သဘောတရား (၁၂)ခု] စုံသွားတဲ့ အချိန်အခါမှာတော့ ဘုရားရှင် ဟောကြားတော်မူတဲ့ ဒေသနာစဉ်အတိုင်း အစဉ်အတိုင်းသာ ရှုနေပါ။</p> <p><b>ပထဝီဓာတ်</b>မှာ သဘောတရား (၆)ခု, <b>အာပေါဓာတ်</b>မှာ သဘောတရား (၂)ခု, <b>တေဇောဓာတ်</b>မှာ သဘောတရား (၂)ခု, <b>ဝါယောဓာတ်</b>မှာ သဘောတရား (၂)ခု၊ အားလုံးပေါင်း သဘောတရား (၁၂)ခုကို အစဉ်အတိုင်း ထပ်ကာထပ်ကာ ခြေဆုံး ခေါင်းဆုံး သွက်လာအောင် ရှုနိုင်ပြီဆိုလျှင်တော့ မိမိ ထိုင်နေတာကို အပေါ်က စီးကြည့်တဲ့ ပုံစံဖြင့် ခြုံငုံပြီးတော့ ဒီသဘောတရား (၁၂)ခုကို ရှုကြည့်ပါ။</p> <p>ခြုံကြည့်တဲ့အပိုင်းမှာ စိတ်က ခေါင်းကြည့်လိုက်, လက်ကြည့်လိုက်, ခြေထောက်ကြည့်လိုက် စသည်ဖြင့် ဟိုရွှေ့ ဒီရွှေ့ မကြည့်ဘဲနဲ့ တစ်ကိုယ်လုံးကို ခြုံငုံပြီးတော့သာ ကြည့်နေပါ။ ဒီလို သဘောတရား (၁၂)ခုလုံးကို သွက်သွက် လက်လက် ခြုံငုံကြည့်လိုက်လို့ ဒီဓာတ်တွေက ပြိုင်တူလိုလို ဉာဏ်ထဲမှာ ပေါ်လာပြီဆိုတဲ့အခါမှာတော့ မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့ကို ကြည့်ပြီးတော့ <b>ပထဝီဓာတ်</b>၊ ယိုစီး-ဖွဲ့စည်းကို ကြည့်ပြီးတော့ <b>အာပေါဓာတ်</b>၊ ပူ-အေးကို ကြည့်ပြီးတော့ <b>တေဇောဓာတ်</b>၊ ထောက်-တွန်းကို ကြည့်ပြီးတော့ <b>ဝါယောဓာတ်</b>လို့ ဒီလို လေးချက် ပြောင်းပြီး ရှုရပါတယ်။</p> <p>ဒီလို <b>ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်</b>လို့ ရှုနေတဲ့ အချိန်အခါမှာ အထူးသတိထားရမည့်အချက်ကတော့ ဓာတ်လေးပါးတို့ရဲ့ အပြင်ဘက်အာရုံဖြစ်တဲ့ ပညတ်တွေ ပရမတ်တွေကို လုံးလုံး မရှုပါနဲ့။ ဒီစည်းကမ်းကတော့ အဋ္ဌကထာဆရာတော်များ, ဋီကာဆရာတော်များက အတိအကျ သတိပေးထားတဲ့ စည်းကမ်း ဖြစ်ပါတယ်။ (အဘိ၊ဋ္ဌ၊၂၊၂၁၇။ မဟာဋီ၊ ၁၊၄၃၄။) ဘာဖြစ်လို့လဲ? ဓာတ်ကမ္မဋ္ဌာန်းကို ရှုနေတဲ့အချိန်မှာ ဓာတ်လေးပါးရဲ့ အပြင်ဘက်ဖြစ်တဲ့ ပညတ်အာရုံ, ပရမတ်အာရုံတွေကို သွားရှုနေလျှင်တော့ ဓာတ်ကမ္မဋ္ဌာန်း စည်းကမ်းဘောင်က လွတ်သွားပါတယ်။ ဒီစည်းကမ်းက ဘယ်အထိ လိုက်နာရမလဲလို့ မေးလျှင်တော့ ဒီဓာတ်ကမ္မဋ္ဌာန်းသည် <b>ဥပစာရကမ္မဋ္ဌာန်း</b> (ဝိသုဒ္ဓိ၊၁၊၃၄၇။) ဖြစ်တဲ့အတွက် ဥပစာရသမာဓိနယ်မြေသို့ ရောက်သည့်တိုင်အောင်တော့ လိုက်နာဖို့ လိုအပ်နေပါတယ်။</p> <p>ဓာတ်သဘောတရားတွေကို ခပ်မြန်မြန်လည်း မရှုပါနဲ့၊ ခပ်မြန်မြန် ရှုလျှင် ဓာတ်သဘောတွေက မထင်မရှား ဖြစ်တတ်ပါတယ်။ ခပ်နှေးနှေးလည်း မရှုပါနဲ့၊ ခပ်နှေးနှေး ရှုနေလျှင်လည်း ကမ္မဋ္ဌာန်းက လမ်းဆုံးပန်းတိုင် မရောက်ဘဲ ဖြစ်နေတတ်ပါတယ်။ (အဘိ၊ဋ္ဌ၊၂၊၂၁၆-၂၁၇။ မဟာဋီ၊၁၊၄၃၄။) ဒါကြောင့် ခန္ဓာကိုယ်ကို ခြုံငုံပြီးတော့ <b>ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်၊ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်</b> -- ဒီလို ဓာတ်သဘောတွေကို အာရုံယူပြီး ကြိမ်ဖန်များစွာ ရှုရပါတယ်။ ကာလ အရာ, ကာလ အထောင်, ကာလ အသိန်းတိုင်အောင် ရှုရမှာ ဖြစ်ပါတယ်။ ဒီဓာတ်သဘောတွေကို မမြင်ဘဲနဲ့ ဆိုကမ္မဋ္ဌာန်းသက်သက်နဲ့ ရှုနေလျှင်တော့ ဘာ သမာဓိမှ မဖြစ်လာနိုင်ပါဘူး။ ဓာတ်သဘောတရား (၁၂)မျိုးအပေါ်၌ ဘာဝနာ စိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီးတော့မှ <b>ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်</b>လို့ ဒီလို ရှုရပါတယ်။</p> <p>ဒီလို ရှုလိုက်တဲ့ အချိန်အခါမှာ ဓာတ်လေးပါးအာရုံ၌ ဘာဝနာစိတ်က ငြိမ်နေပြီ, ကပ်နေပြီဆိုလျှင်တော့ သမာဓိထူထောင်ရာမှာ လမ်းစပေါ်လာပြီလို့ ဆိုနိုင်ပါတယ်။ ဒီအချိန်အခါမှာ ယောဂီသူတော်ကောင်းက ဘာဆက်လုပ် ရမလဲ? ဥပမာ -- (၁၀)မိနစ်လောက် ငြိမ်ပြီဆိုလျှင် နောက်တစ်ထိုင်မှာ ဓာတ်လေးပါးအာရုံ၌ မိနစ် (၂၀) ငြိမ်ပါစေလို့ အဓိဋ္ဌာန်ပြီး ထိုင်ကြည့်ပါ။ အောင်မြင်မှု ရလာပြီဆိုလျှင် တဖြည်းဖြည်း တိုးပြီးတော့ တစ်နာရီလောက်အထိ ငြိမ်အောင် ထိုင်ကြည့်ပါ။ ဓာတ်လေးပါးအာရုံ၌ ဘာဝနာစိတ်က အပြင်ဘက်ကို လုံးလုံး မထွက်ဘဲ တစ်နာရီလောက် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီဆိုလျှင်တော့ အနည်းဆုံး (၁၀)ကြိမ်လောက်အထိ ဆက်တိုက် တည်နေအောင် ကြိုးစားရပါတယ်။ အောင်မြင်မှု ရလာပြီဆိုလျှင်တော့ ဒီပုဂ္ဂိုလ်ဟာ အခြေအနေ ပြောင်းလဲလာပါတယ်။ ဘယ်လို အခြေအနေ ပြောင်းလဲလာသလဲ?</p> <h3>အဖြူပြင်နှင့် အကြည်ပြင်</h3> <p>တချို့ ယောဂီတွေမှာ အလင်းရောင်ကို စပြီး တွေ့တတ်ပါတယ်၊ တချို့ ယောဂီတွေမှာတော့ မီးခိုးရောင်, တချို့ ယောဂီတွေမှာတော့ အဖြူကို စပြီး တွေ့တတ်ပါတယ်။ အားလုံးသည် သူ့နည်း သူ့ဟန်နဲ့ အကုန်လုံး မှန်ပါတယ်။ ဒီလို မီးခိုးရောင်ကို တွေ့ခဲ့လျှင်လည်း ဓာတ်ကို မလွှတ်ဘဲနဲ့သာ ဆက်စိုက်နေပါ။ အဖြူရောင်တွေ့လည်း ဓာတ်ကိုသာ မလွှတ်ဘဲနဲ့ ဆက်စိုက်နေပါ။ ဓာတ်ကိုသာ ဆက်စိုက်ရှုနေလျှင်တော့ ဒီအဖြူကလည်း ခိုင်လာတတ်ပါတယ်။ နာရီဝက်လောက်ထိ မပျောက်တော့ဘူးဆိုလျှင်တော့ အဲဒီ အဖြူမှာပဲ ပြောင်းပြီး ဓာတ်လေးပါး စိုက်ကြည့်ပါ။ စိုက်ကြည့်လို့ မရ ဖြစ်နေခဲ့လျှင်တော့ တစ်ကိုယ်လုံးကို ခြုံငုံပြီးတော့ မာတဲ့သဘော ရှုလိုက်၊ အဖြူမှာ မာတဲ့သဘော ရှုလိုက်၊ ဒီလို ပြောင်းပြီး ရှုနေပါ။</p> <p>သို့သော် ဒီလို ပြောင်းရှုတဲ့အပိုင်းမှာ တချို့တချို့ ယောဂီတွေမှာ တော်တော်ကလေး အခက်အခဲ ရှိတတ်ပါတယ်။ တချို့ ယောဂီတွေမှာတော့ လွယ်လွယ်နဲ့ ရသွားတတ်ပါတယ်။ ပြောင်းရှုလို့ မရသေးလျှင်တော့ မူလ ရှုမြဲတိုင်း သမာဓိကိုသာ ဆက်ပြီး ထူထောင်နေပါ။ သမာဓိက အားကောင်းလာလျှင်တော့ ဒီအဖြူဟာ ဓာတ်လေးပါးပဲဆိုတာကို သဘောပေါက်တတ်ပါတယ်။</p> <p>သို့သော် ဒီအဖြူသည် တချို့ ယောဂီတွေမှာ ဗဟိဒ္ဓမှာ စပြီး ပေါ်နေတတ်ပြန်တယ်။ ဗဟိဒ္ဓမှာ ပေါ်နေလျှင်တော့ သင်ပေးရတာ ခက်ခဲတဲ့အတွက် ဗဟိဒ္ဓမှာ ပေါ်နေတဲ့ ဒီအဖြူကို မကြည့်ဘဲ ခန္ဓာအိမ်မှာသာ ဓာတ်လေးပါးကို ဆက်စိုက်နေပါ။ ဒီလို ဆက်စိုက်နေခဲ့မယ်ဆိုလျှင်တော့ ဒီခန္ဓာအိမ် တစ်ခုလုံးက တိမ်တိုက်လွှာလို အဖြူတုံးကြီး ဖြစ်လာတတ်ပါတယ်။ အဲဒီအဖြူတုံးကလည်း နာရီဝက်လောက်အထိ ဆက်တိုက် ခိုင်နေပြီဆိုလျှင်တော့ အဲဒီ အဖြူမှာ ပြောင်းပြီး ဓာတ်လေးပါး စိုက်ရှုနေပါ။</p> <p>ဒီလို ဓာတ်လေးပါး စိုက်ရှုနေမယ်ဆိုလျှင် ရေခဲတုံး, ဖန်တုံး, မှန်တုံးလို ကြည်လာတဲ့ အကြည်ဓာတ်တစ်မျိုးကို တွေ့ရပါမယ်။ အဲဒီ အကြည်ဓာတ်သည် တချို့တချို့ ယောဂီများမှာတော့ ကောင်းကင်ပြင် အပြာရောင်လို အကြည်နုကလေး ဖြစ်နေတတ်ပါတယ်။ အဲဒီအကြည်မှာလည်း ဓာတ်လေးပါး ကိုပဲ မြင်အောင် ဆက်ပြီး စိုက်ရှုပါ။ အဲဒီအကြည်မှာ <b>ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်</b>လို့ ဆက်စိုက်ပြီးတော့ သမာဓိကို ထူထောင်လိုက်လို့ ဓာတ်လေးပါးအာရုံ၌ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေလျှင်တော့ ထိုအချိန်အခါမှာ များသောအားဖြင့် အလင်းရောင်တွေ တဖြတ်ဖြတ် ထွက်လာတတ်ပါတယ်။</p> <p><b>စက္ခာဒိပဉ္စဝိဓံ ရူပါဒီနံ ဂဟဏပစ္စယဘာဝေန အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ။</b> (ဝိသုဒ္ဓိ၊၂၊၈၁။)</p> <p><b>စက္ခုအကြည်, သောတအကြည်, ဃာနအကြည်, ဇိဝှါအကြည်, ကာယအကြည်</b>လို့ အကြည်ရုပ် = <b>ပသာဒရုပ်</b> (၅)မျိုးကို မြတ်စွာဘုရား ဟောကြား ထားတော်မူခဲ့ပါတယ်။ ယင်းအကြည်ဓာတ်တွေဟာ ရူပါရုံစတဲ့ ဆိုင်ရာအာရုံတွေကို အာရုံယူတတ်တဲ့ <b>စက္ခုဝိညာဏ်</b>စတဲ့ ဆိုင်ရာ <b>ပဉ္စဝိညာဏ်</b> = ဝိညာဏ် ငါးမျိုးတို့ရဲ့ မှီဖြစ်ရာ အကြောင်းတရား ဝတ္ထုရုပ်အဖြစ်နှင့် ကျေးဇူးပြုပေးနေတဲ့ ကြေးမုံ မှန်အပြင်လို ကြည်နေတဲ့ အကြည်ဓာတ်တို့ရဲ့ အပေါင်းအစု ဖြစ်ပါတယ်။ <b>ဃန</b>ခေါ်တဲ့ ရုပ်တုံး ရုပ်ခဲကို ဉာဏ်နှင့် မဖြိုခွဲနိုင်မီမှာ အတုံးလိုက် အခဲလိုက် အပြင်လိုက် တွေ့နေခြင်း ဖြစ်ပါတယ်။</p> <p>သို့သော် ယင်းအကြည်အတုံးအခဲမှာ ဓာတ်ကြီးလေးပါးတို့၏ ကြည်မှုသဘောသာ ဖြစ်တဲ့အတွက် ယင်းအကြည်မှာ ရှိနေတဲ့ ဓာတ်လေးပါးကို သိမ်းဆည်းပြီးတော့ ယင်းဓာတ်လေးပါးအာရုံမှာ သမာဓိကို ဆက်လက်ပြီး ထူထောင်လိုက်လျှင် ယင်းအကြည်အတုံးအခဲမှ အလင်းရောင်များဟာ တဖြတ်ဖြတ် ဖြာထွက်လာတတ်ပါတယ်။ အလင်းရောင်တွေ တဖြတ်ဖြတ် ထွက်လာတဲ့ အချိန်အခါမှာ ယောဂီသူတော်ကောင်းက စိတ်ကို ခပ်တင်းတင်း ထားပြီး ဒီအကြည်မှာပဲ ဓာတ်လေးပါး စိုက်နိုင်လျှင်တော့ ရုပ်ကလာပ်အမှုန်ကလေးတွေကို လွယ်လွယ်နဲ့ သွားတွေ့တတ်ပါတယ်။ ရုပ်ကလာပ်အမှုန်ကလေးတွေကို တွေ့ပြီဆိုလျှင်တော့ ကသိုဏ်းကူးရာမှာ နည်းနည်းကလေး ခက်ခဲတတ်ပါတယ်။</p> <p>ကသိုဏ်းကူးချင်တယ်ဆိုလျှင်တော့ စိတ်ကို တအားတင်းမထားဘဲနဲ့ စိတ်ကို နည်းနည်း ပြန်လျှော့ချပြီး ဓာတ်အပေါ်မှာသာ ဘာဝနာစိတ်ကို မလျော့မတင်း ထားပြီးတော့ ဓာတ်လေးပါးကို စိုက်နိုင်မယ်ဆိုလျှင် ဒီအကြည် က အပြင်လိုက် ပြန်ဖြစ်သွားတတ်ပါတယ်။ သမာဓိက နည်းနည်းကလေး လျော့သွားခြင်းကြောင့် အပြင်လိုက် ပြန်ဖြစ်သွားခြင်း ဖြစ်ပါတယ်။ အဲဒီ အကြည်ပြင်မှာသာ ဓာတ်ကို ဆက်ပြီး စိုက်လိုက်လျှင် ဒီအကြည်ဓာတ်ကနေ အလင်းရောင်တွေ တဖြတ်ဖြတ် ထွက်လာပါလိမ့်မယ်။ အလင်းရောင်ဆိုတာကို နည်းနည်းကလေး ဗဟုဿုတအဖြစ် ပြောရလျှင်တော့ --- အင်္ဂုတ္တိုရ်ပါဠိတော် တိကနိပါတ်မှာ ဘုရားရှင်က <b>နိမိတ္တသုတ္တန်</b>ဆိုတဲ့ သုတ္တန်တစ်ခုကို ဟောကြားထားတော်မူပါတယ်။ (အံ၊၁၊၁၇၄-၁၇၈။)</p> <p>ထိုသုတ္တန်မှာ သမထဘာဝနာစိတ်, ဝိပဿနာဘာဝနာစိတ် အားလုံးမှာ အလင်းရောင်ရှိတယ်လို့ ဘုရားရှင်က အတိအကျ ဟောကြားထားတော်မူ ပါတယ်။ ယနေ့ခေတ်မှာ ဥဒယဗ္ဗယဉာဏ်မှာ အလင်းရှိတယ်ဆိုတာကိုတော့ အများအားဖြင့် လက်ခံပြီးတော့ ကျန်နေတဲ့ ဝိပဿနာဉာဏ်တွေနဲ့ သမထပိုင်းတွေမှာ အလင်းရောင်ရှိတယ်ဆိုတဲ့ အချက်ကိုတော့ သိပ်ပြီး လက်မခံလိုကြပါဘူး။ သို့သော် ဘုရားရှင် ဟောကြားထားတဲ့ သုတ္တန်တစ်ခုတော့ အတိအကျ ရှိနေပါတယ်။ အင်္ဂုတ္တိုရ်ပါဠိတော် စတုက္ကနိပါတ်မှာ ဘုရားရှင်က မီးရောင်, နေရောင်, လရောင်, ပညာရောင်ဆိုပြီး အရောင် (၄)မျိုးရှိကြောင်း ဟောကြားထားတော်မူပါတယ်။ (အံ၊၁၊၄၅၆။)</p> <p>ဒီအရောင် (၄)မျိုးထဲက ပညာရောင်ကိုလည်း အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီး ရဟန္တာဖြစ်သွားတော်မူတဲ့ <b>ပစလာယမာနသုတ္တန်</b>ခေါ်တဲ့ သုတ္တန်တစ်ခု အင်္ဂုတ္တိုရ်ပါဠိတော် သတ္တကနိပါတ်မှာ ရှိနေပါတယ်။ (အံ၊၂၊၄၆၁-၄၆၄။) ထို<b>ပစလာယမာနသုတ္တန်</b>ကို ဖွင့်ဆိုတဲ့ ဋီကာမှာလည်း ဉာဏ်ရောင်ကို (၄)မျိုး ခွဲပြထားပါတယ်။ (အံ၊ဋီ၊၃၊၁၇၇-၁၇၈။)</p> <p>ဉာဏ်ရောင် (၄)မျိုးကတော့ <b>ဒိဗ္ဗစက္ခုအဘိညာဏ်</b>မှာလည်း အလင်းရောင် ရှိတယ်။ ဒါကတော့ <b>ဒိဗ္ဗစက္ခုဉာဏ်ရောင်</b>လို့ ခေါ်ပါတယ်။ ဒါက တစ်မျိုး။ ကသိုဏ်းအားလုံး သို့မဟုတ် <b>အာလောကကသိုဏ်း</b>မှာလည်း အလင်းရောင် ရှိတယ်။ ဒါက တစ်မျိုး။ နောက်တစ်မျိုးက <b>ပရိကမ္မာလောက</b> ဖြစ်ပါတယ်။ ကမ္မဋ္ဌာန်း (၄၀)ထဲက မည်သည့်ကမ္မဋ္ဌာန်းကိုပဲ အားထုတ်သည်ဖြစ်စေ ကမ္မဋ္ဌာန်းတွေကို အားထုတ်လိုက်တဲ့အခါမှာ <b>ပရိကမ္မသမာဓိ, ဥပစာရ သမာဓိ, အပ္ပနာသမာဓိ</b>ဆိုပြီး များသောအားဖြင့် သမာဓိ (၃)မျိုး ရှိပါတယ်။</p> <p>တချို့ ကမ္မဋ္ဌာန်းတွေမှာတော့ ဥပစာရသမာဓိအထိပဲ ရှိပါတယ်။ အဲဒီ <b>ပရိကမ္မသမာဓိ</b>လောက်ကနေ စပြီးတော့ အလင်းရောင်တွေ ထွက်လာတတ် ပါတယ်။ ထိုအလင်းရောင်ကိုတော့ <b>ပရိကမ္မာလောက</b>လို့ ခေါ်ပါတယ်။ <b>ဒိဗ္ဗစက္ခုအဘိညာဏ်</b>ရဲ့ အခြေခံစျာန်များနှင့် <b>ဥပစာရသမာဓိ</b>များကိုလည်း <b>ပရိကမ်</b>လို့ပဲ ခေါ်ဆိုပါတယ်။ ယင်း<b>ပရိကမ်</b>ကြောင့်လည်း အလင်းရောင်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ (ဝိသုဒ္ဓိ၊၂၊၅၈။)</p> <p>နောက်အလင်းရောင် တစ်မျိုးကတော့ <b>ဥပက္ကိလေသာလောက</b> ဖြစ်ပါတယ်။ ဒီအလင်းရောင်ကတော့ ဥဒယဗ္ဗယဉာဏ်ပိုင်းမှာ ပေါ်လာတတ်ပါတယ်။ ဥဒယဗ္ဗယဉာဏ် မရောက်မီမှာလည်း အလင်းရောင် ရှိတယ်၊ ဥဒယဗ္ဗယဉာဏ်ရဲ့ နောက်ပိုင်းမှာလည်း အလင်းရောင် ရှိတယ်ဆိုလျှင် ဘာကြောင့် ဥဒယဗ္ဗယဉာဏ်ပိုင်းမှာ ဒီအလင်းရောင်ကို ထပ်ပြီး ဖော်ပြနေရသလဲလို့ မေးလျှင်တော့ ဖြစ်ပေါ်နေကျ လင်းရောင်ခြည်စွမ်းအားနဲ့ မတူတော့ဘဲ သူက တစ်မူထူးခြားနေတဲ့ အလင်းရောင်ဖြစ်လို့ သူ့ကို သီးသန့် ထပ်ပြီးတော့ ဖော်ပြခြင်း ဖြစ်တယ်လို့ ဒီလို အဋ္ဌကထာများမှာ ရှင်းလင်းထားပါတယ်။ (ဝိသုဒ္ဓိ၊၂၊၂၇၀။)</p> <p>ဒီလို သမထပိုင်းမှာလည်း အလင်းရောင် (၄)မျိုး ရှိနေတယ်ဆိုတာကို ဘုန်းကြီးတို့ ဘုရားရှင်ကလည်း အတိအကျ ဟောကြားထားတော်မူပါတယ်။ အဋ္ဌကထာ ဋီကာတွေကလည်း အတိအကျ ဖွင့်ဆိုနေပါတယ်။ ဒီလို ဖွင့်ဆိုထားတဲ့အတိုင်း သမာဓိ အားကောင်းလာလျှင် လင်းရောင်ခြည် စွမ်းအားတွေကလည်း အားကောင်းလာတတ်ပါတယ်။ ဘာကြောင့်လဲ? ဉာဏ်အပေါ်မှာ မူတည်ပြီးတော့ ဉာဏ်အာနုဘော် ကြီးလျှင်ကြီးသလို အလင်းရောင်တွေ ကလည်း ထွက်ပေါ်လာတတ်ပါတယ်။</p> <p>ဉာဏ်အာနုဘော်သည် ဘယ်အခါမှာ ကြီးလာသလဲလို့ မေးလျှင်တော့ သမာဓိ အားကောင်းလာလျှင် ဉာဏ်အာနုဘော်လည်း ကြီးလာပါတယ်။ ဒါက အနီးကပ်ဆုံးအကြောင်း ဖြစ်ပါတယ်။ အတိတ်က ဆည်းပူးထားတဲ့ ပါရမီ အရှိန်အဝါတွေက ကျေးဇူးပြုမှု အားကောင်းနေလျှင်လည်း ဉာဏ်အာနုဘော်က ကြီးလာပါတယ်။ ဒါကတော့ အတိတ်အကြောင်းနဲ့ စပ်ဆိုင်ပါတယ်။ ဒီနေရာမှာတော့ အတိတ်အကြောင်းက အဓိက မကျပါဘူး။ ဉာဏ်အာနုဘော်ကြီးရေးအတွက် ပစ္စုပ္ပန်အကြောင်းကသာ သမာဓိရဲ့ အနီးဆုံးအကြောင်း ဖြစ်ပါတယ်။ ရှေ့ပိုင်းမှာ ဘုန်းကြီး ပြောခဲ့တဲ့အတိုင်း ---</p> <p><b>သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။</b> (သံ၊၂၊၁၂။ သံ၊၂၊၃၀၂။ သံ၊၃၊၃၆၂။)</p> <p>စသည်ဖြင့် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိတဲ့ <b>ယထာဘူတဉာဏ်</b>အမြင် ပေါ်လာရေးအတွက် ဘာလုပ်ရမလဲ? သမာဓိထူထောင်ပါလို့ ဘုရားရှင်က ဒီလို ဟောကြားထားတဲ့အတွက်ကြောင့် သမာဓိသည် ပညာရဲ့ အနီးကပ်ဆုံး <b>ပဒဋ္ဌာန်</b> အကြောင်းတရားဖြစ်တယ်လို့ အဋ္ဌကထာများက အတိအကျ သတ်မှတ်ပေးထားပါတယ်။ (ဝိသုဒ္ဓိ၊၂၊၆၈။)</p> <p>ဒါကြောင့် ဉာဏ်ပညာ အားကောင်းချင်တဲ့ သူတော်ကောင်းတွေသည် သမာဓိကို ထူထောင်ရပါမယ်။ ဉာဏ်ပညာ အားကောင်းလာပြီဆိုလျှင် ထို ဉာဏ်ပါဝင်နေတဲ့ စိတ်စေတသိက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ <b>စိတ္တဇရုပ်</b>တွေ ရှိကြပါတယ်။ ထို<b>စိတ္တဇရုပ်</b>တွေက ရုပ်ကလာပ်အမှုန်ကလေးတွေ ဖြစ်ကြပါတယ်။ အဲဒီ ရုပ်ကလာပ်အမှုန်တွေမှာ တစ်မှုန် တစ်မှုန်ကို ဓာတ်ခွဲကြည့်လိုက်မယ်ဆိုလျှင်တော့ <b>ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာ</b>ဆိုပြီး အနည်းဆုံးအားဖြင့် သဘောတရား (၈)ခု ရှိပါတယ်။ အဲဒီ (၈)ခုထဲမှာ အဆင်းလို့ခေါ်တဲ့ <b>ဝဏ္ဏဓာတ်</b> (= ရူပါရုံ)ကလေးလည်း ပါနေတယ်။ ထို<b>ရူပါရုံ</b>သည် <b>ဘာသုရ</b> = အလွန် တောက်ပပါတယ်။ (မဟာဋီ၊၂၊၄၂၈။)</p> <p>တစ်ခါ အဲဒီ <b>စိတ္တဇရုပ်ကလာပ်</b>တိုင်းမှာလည်း <b>တေဇောဓာတ်</b>ကလည်း ပါနေပြန်တယ်။ အဲဒီ <b>တေဇောဓာတ်</b>ကလည်း နောက်ထပ် ဆင့်ကဲ ရုပ်ကလာပ်အမှုန်ကလေးတွေကို ထပ်ကာထပ်ကာ ဖြစ်စေပြန်တယ်။ အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓအထိ ပျံ့နှံ့အောင် ဖြစ်စေကြပါတယ်။ ဉာဏ်အာနုဘော် ကြီးလျှင်ကြီးသလို အနန္တစကြဝဠာတိုင်အောင် ပြန့်ထွက်သွားပါတယ်။ (မဟာဋီ၊၂၊၄၂၈-၄၂၉။)</p> <p>ဘုရားရှင်သည် ရတနာဃရစံအိမ်မှာ အဘိဓမ္မာဒေသနာတော်ကို ဆင်ခြင်တော်မူသည့် အချိန်အခါမှာ ပဋ္ဌာန်းဒေသနာတော်သို့ ရောက်လာတော့ ဉာဏ်တော် ကွန့်မြူးမှုတွေက သိပ်ပြီး အားကောင်းနေတဲ့အတွက် ပဋိဌာန်းဒေသနာကို ဆင်ခြင်တော်မူတဲ့ဉာဏ်ကြောင့် ဖြစ်ပေါ်နေတဲ့ အလင်းရောင်တွေသည် စကြဝဠာအနန္တအထိ ပျံ့နှံ့သွားတယ်လို့ ယနေ့တိုင်အောင်လည်း ပျံ့နှံ့နေသေးတယ်လို့ ဒီလို အဆိုရှိပါတယ်။</p> <p><b>တံ ဒိဝသဉ္စ ပန ဘဂဝတော သရီရာ နိက္ခန္တာ ယာဝဇ္ဇဒိဝသာပိ တာ ရသ္မိယော အနန္တာ လောကဓာတုယော ဂစ္ဆန္တိယေဝ။</b> (မ၊ဋ္ဌ၊၂၊၉၀။)</p> <p>ဒါကြောင့် ဉာဏ်အာနုဘော် ကြီးလျှင်ကြီးသလို လင်းရောင်ခြည် စွမ်းအားတွေကလည်း အားကောင်းလာတတ်ပါတယ်။ ဘာကြောင့်လဲ? ဉာဏ်အာနုဘော် ကြီးလျှင်ကြီးသလို <b>စိတ္တဇရုပ်</b>တွေကလည်း အားများလာပါတယ်။ အဲဒီ <b>စိတ္တဇရုပ်</b>ထဲမှာ ပါနေတဲ့ <b>တေဇောဓာတ်</b>ကြောင့် ဖြစ်ပေါ်သွားတဲ့ ဆင့်ကဲ <b>ဥတုဇရုပ်</b>တွေကလည်း အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓအထိ ပျံ့နှံ့ထွက်သွားပါတယ်။</p> <p>ဒီလို ဗဟိဒ္ဓအထိ ပျံ့နှံ့ထွက်ပေါ်မှုနဲ့ ပတ်သက်လို့ ဘုန်းကြီး ဒီနေ့ပဲ ဒါယကာကြီး ဒေါက်တာစိန်ထွန်းနဲ့ ဆွေးနွေးလိုက်တဲ့အချိန်မှာ ဩစတေးလျ ဘုန်းတော်ကြီးက ဘယ်လို မေးလျှောက်သလဲ? စကြဝဠာတစ်ခုက လင်းရောင်ခြည်စွမ်းအားသည် စကြဝဠာတစ်ခုသို့ ရောက်ရှိရေးအတွက် အနှစ် (၂၀၀၀၀)လောက် ကြာတယ်။ ဒီသမထဘာဝနာ, ဝိပဿနာဘာဝနာတွေကို ပွားနေတဲ့ ယောဂီပုဂ္ဂိုလ်တစ်ဦးရဲ့ သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ ဉာဏ်ရောင်ဟာ အနန္တစကြဝဠာတိုင်အောင် ဖြန့်ကြက်ပြီး ကြည့်လိုက်လျှင် ကြည့်လို့ ရနိုင်တယ်ဆိုတော့ ဒီဉာဏ်ရောင်ဟာ ရုပ်လား, နာမ်လားလို့ သူက မေးလျှောက်ပါတယ်။</p> <p>ဘုန်းကြီးတို့ ဒီဉာဏ်ရောင်မှာ အကြောင်းတရားကတော့ နာမ်တရား ဖြစ်ပါတယ်။ ဉာဏ်က နာမ်တရားထဲမှာ ပါဝင်ပါတယ်။ ဒီဉာဏ်ကို အခြေခံတဲ့ ဉာဏ်နဲ့ ယှဉ်တွဲနေတဲ့ စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ္တဇရုပ်တွေကတော့ အကျိုးတရားတွေ ဖြစ်ကြပါတယ်။ စိတ္တဇရုပ်ထဲမှာ ပါနေတဲ့ တေဇောဓာတ်ကြောင့် ဆင့်ကဲ ဖြစ်ပေါ်သွားတဲ့ ဥတုဇရုပ်တွေကလည်း အကျိုးတရားတွေ ဖြစ်ကြပါတယ်။ အကြောင်းဖြစ်တဲ့ ဉာဏ်က အာနုဘော် ကြီးလျှင်ကြီးသလို ဒီစိတ္တဇရုပ်, ဥတုဇရုပ်တွေထဲမှာ ပါနေတဲ့ ဝဏ္ဏဓာတ် (= ရူပါရုံ)တွေကလည်း အလွန် တောက်ပနေခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓအဘိဓမ္မာနည်းအရ ပြောမယ် ဆိုလျှင်တော့ ဒီလင်းရောင်ခြည်ဟာ နာမ်တရား မဟုတ်ပါဘူး၊ ရုပ်တရားပဲ ဖြစ်ပါတယ်။ ရုပ်တရား ဖြစ်ခဲ့လျှင် ဒီလောက် လျင်လျင်မြန်မြန်နဲ့ သွားနိုင်ပါ့မလားဆိုတဲ့ ပြဿနာတစ်ခုကို သူက မေးလျှောက်ခြင်း ဖြစ်ပါတယ်။</p> <p>ဒီပြဿနာကလေးကို ဒါယကာကြီး ဒေါက်တာစိန်ထွန်းလည်း ဝင်ပြီး တင်ပြ လျှောက်ထားပေးတဲ့အတွက် နည်းနည်းတော့ ပြေလည်သွားပါတယ်။ သူက ဘယ်လို တင်ပြ လျှောက်ထားသလဲ? ဒီနေ့ခေတ် ရူပဗေဒသိပ္ပံပညာမှာ စူးစမ်းရှာဖွေလို့ ရနေတာကတော့ အလင်းရောင် သွားနှုန်းထက်ကို လျင်မြန်နေတဲ့အမှုန်တွေ လောကမှာ ရှိနေတယ်ဆိုတာကို သိပ္ပံပညာရှင်တွေ စူးစမ်း ရှာဖွေလို့ ရနေတဲ့အကြောင်းကို လျှောက်ထားတယ်။</p> <p>ဒီအလင်းရောင်သွားနှုန်းထက် ပိုပြီး လျင်မြန်တဲ့ ရုပ်ကလာပ် အမှုန်ကလေးတွေ ရှိနေတယ်ဆိုတာလည်း ဘုန်းကြီးတို့ ဗုဒ္ဓအဘိဓမ္မာမှာ ထင်ရှား ရှိနေပါတယ်။ လင်းရောင်ခြည်ဆိုတာလည်း အားလုံး ရုပ်ကလာပ်အမှုန်တွေသာ ဖြစ်ကြပါတယ်။ အဲဒီ ရုပ်ကလာပ်အမှုန်တွေသည် အဇ္ဈတ္တသန္တာန်မှာတော့ စိတ္တဇရုပ် ဥတုဇရုပ်တွေ ဖြစ်ပြီး သက်မဲ့ ဗဟိဒ္ဓသန္တာန်မှာတော့ အားလုံး ဥတုဇရုပ်တွေ ဖြစ်ကြပါတယ်။</p> <p>ဒီဥတုဇရုပ်တွေသည် --- <b>တံ တေဿဝ ပညာယတိ</b>ဆိုပြီးတော့ (ဝိသုဒ္ဓိမဂ်၊ မဟာဋီကာ၊ ဒုတိယတွဲ၊ စာမျက်နှာ-၄၂၉။) ဥပက္ကိလေသအပိုင်းမှာ ဖွင့်ဆို ထားပါတယ်။ ဒီအလင်းရောင်တွေက ရှုနေတဲ့ ယောဂီရဲ့ ဉာဏ်မှာသာ ထင်နေတဲ့ အလင်းရောင်သာ ဖြစ်ပါတယ်။ တခြား ဘေးကပုဂ္ဂိုလ်တွေ ကြည့်လို့တော့ မမြင်နိုင်ပါဘူး။ အဲဒီ ဘေးကပုဂ္ဂိုလ်တွေထဲမှာ ဒီနေ့ခေတ်မှာ သုတေသနပြုနေကြတဲ့ သိပ္ပံပညာရှင်တွေလည်း ပါနေပါတယ်။ သိပ္ပံပညာရှင် တွေက ဒီလင်းရောင်ခြည်စွမ်းအားကို မြင်နိုင်တာတော့ မဟုတ်ပါဘူး။ သို့သော် သူတို့ရဲ့ ထက်မြက်တဲ့ သိပ္ပံကိရိယာတွေနဲ့ တိုင်းတာလိုက်တဲ့အခါမှာ သာမန်လူတို့ လက်ခံထားတဲ့ လင်းရောင်ခြည် စွမ်းအားထက် ပိုပြီး လျင်လျင် မြန်မြန် ဖြတ်သန်းသွားလာနေတဲ့ အမှုန်တွေ ရှိနေတယ်ဆိုတာကိုတော့ သူတို့ လက်ခံလာခြင်း ဖြစ်ပါတယ်။</p> <p>ဒါကြောင့် ဒီဉာဏ်အာနုဘော်ဟာ သိပ်ဆန်းကျယ်ပါတယ်။ ဒီလောက် ဆန်းကျယ်နေတဲ့ စွမ်းအားတွေကို ဘယ်ကနေ ထုတ်လုပ်ပေးလိုက်သလဲ? စိတ်ကနေပဲ ထုတ်လုပ်ပေးပါတယ်။ ဒါကြောင့် ဒါယကာကြီးတွေ ဒီစိတ်မှာ သဒ္ဓါ-ဝီရိယ-သတိ-သမာဓိ-ပညာလို့ ခေါ်ဆိုအပ်တဲ့ ဣန္ဒြေတို့ဖြင့် ထိန်းချုပ် ပေးဖို့ မကောင်းဘူးလား? သိပ်ကောင်းပါတယ်။ ထိန်းချုပ်ပေးလိုက်တော့ ဒီစိတ်က တန်ခိုးကြီးမားလာပါတယ်။ တန်ခိုးကြီးလာတဲ့အခါ ဒီစိတ်သည် ဘယ်လို ဖြစ်လာသလဲ? ယဉ်ကျေးသိမ်မွေ့လာပါတယ်။ ယဉ်ကျေးသိမ်မွေ့ လာပြီဆိုလျှင်တော့ ဒီစိတ်က ဘယ်လိုအကျိုး ရှိသလဲ?</p> <p><b>စိတ္တံ ဒန္တံ သုခါဝဟံ</b> = ယဉ်ကျေးသိမ်မွေ့နေတဲ့စိတ်က ချမ်းသာသုခ အဝဝကို ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအားတွေ ရှိပါတယ်။ လူချမ်းသာကို အလိုရှိတယ်ဆိုလျှင်လည်း ရွက်ဆောင်ပေးနိုင်တယ်၊ နတ်ချမ်းသာကို အလိုရှိတယ်ဆိုလျှင်လည်း ရွက်ဆောင်ပေးနိုင်တယ်၊ ဗြဟ္မာ့ချမ်းသာ အလိုရှိတယ် ဆိုလျှင်လည်း ရွက်ဆောင်ပေးနိုင်တယ်။ လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာတွေကို အလိုမရှိဘူး၊ နိဗ္ဗာန်ချမ်းသာကိုသာ အလိုရှိပါတယ်ဆိုလျှင်လည်း နိဗ္ဗာန်ချမ်းသာကို ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအား ရှိပါတယ်။ (ဓမ္မပဒ၊ဋ္ဌ၊၁၊၁၈၈။)</p> <h3>(၃၂) ကောဋ္ဌာသသို့</h3> <p>ဒါကြောင့် ဓာတ်လေးပါးဖြင့် သမာဓိထူထောင်လိုက်လို့ လင်းရောင်ခြည်တွေက စွမ်းအားထက်လာတဲ့ အချိန်အခါမှာ ကသိုဏ်းဘက်ကို ကူးမယ် ဆိုလျှင်တော့ ဒီအကြည်ဓာတ်မှာပဲ ဓာတ်လေးပါးသဘောကို မလျော့မတင်း စိုက်ကြည့်နေပါ။ စိုက်ကြည့်နေလျှင်တော့ လင်းရောင်ခြည်တွေ အားကောင်းလာတဲ့ အချိန်အခါမှာ ထိုလင်းရောင်ခြည်ရဲ့ အကူအညီကို ယူပြီးတော့ မိမိရဲ့ ခန္ဓာအိမ်မှာ တည်ရှိနေတဲ့ ဆံပင်, မွေးညင်း, ခြေသည်း-လက်သည်း, သွား, အရေ အစရှိတဲ့ (၃၂)ကောဋ္ဌာသ အစုအဝေးတွေကို လှမ်းကြည့်လိုက်မယ် ဆိုလျှင်တော့ ထင်ထင်ရှားရှား မြင်တွေ့နိုင်ပါတယ်။ ဟုတ်မှ ဟုတ်ပါ့မလားလို့တော့ သံသယ ရှိနေလျှင်တော့ လက်တွေ့ လာပြီး အားထုတ်ပါလို့ ဘုန်းကြီးကတော့ တိုက်တွန်းပါတယ်။</p> <p>ဒီ (၃၂)ကောဋ္ဌာသ အစုအဝေးတွေကို လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်သလို စနစ်တကျ သေသေချာချာ မြင်ပြီဆိုလျှင်တော့ ဗဟိဒ္ဓကောဋ္ဌာသတွေကို ကူးရှုကြည့်ပါ။ မိမိရဲ့ ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ ယောဂီသူတော်ကောင်းတစ်ဦးကို ဉာဏ်လင်းရောင်ခြည်နဲ့ ထိုးစိုက်ပြီးတော့ သူ့မှာ ရှိနေတဲ့ (၃၂)ကောဋ္ဌာသတွေကိုလည်း လှမ်းရှုကြည့်ပါ။ ရှုကြည့်လို့ အောင်မြင်ပြီ ဆိုလျှင်တော့ အဇ္ဈတ္တတစ်လှည့် ပြန်ရှုကြည့်ပါ။ ဒီလို အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓ တစ်လှည့် ရှုကြည့်တဲ့စနစ်အားဖြင့် အနီးအနား ဝန်းကျင်မှာရှိနေကြတဲ့ ပုဂ္ဂိုလ် တွေကို တစ်လှည့်စီ ရှုလို့ အောင်မြင်မှု ရလာတဲ့အခါမှာ ဉာဏ်လင်းရောင်ခြည်ကို အဝေးထိအောင် လွှတ်ကြည့်ပါ။ လွှတ်တယ်ဆိုတာက ဘယ်လို သဘောလဲ?</p> <p>လင်းရောင်ခြည်ကတော့ --- <b>သမန္တတော ပတ္ထရတိ</b> (မဟာဋီ၊၂၊၄၂၉။) = ဝန်းကျင်ပတ်ချာ အကုန်လုံး ပြန့်နေပါတယ်။ မိမိရဲ့ စိတ်အာရုံ စူးစိုက်တဲ့ဘက်မှာ ဒီလင်းရောင်ခြည်စွမ်းအားတွေက ပိုပြီး ထက်နေတတ်ပါတယ်။ အဲဒီ ထက်မြက်နေတဲ့သဘောကို ပြောလိုရင်း ဖြစ်ပါတယ်။ အကယ်၍ လင်းရောင်ခြည်က မှိန်သွားပြီဆိုလျှင် ဘာလုပ်ရမလဲ? ဒီလင်းရောင်ခြည်တွေသည် မူလက ဓာတ်လေးပါးကို အခြေခံပြီး ပွားများထားတဲ့ သမာဓိနဲ့ ယှဉ်တွဲနေတဲ့ ဉာဏ်ရဲ့ စွမ်းအားကြောင့် ဖြစ်ပေါ်လာတဲ့အတွက် မိမိက ဒီဓာတ်လေးပါးနဲ့ပဲ သမာဓိကို ပြန်ပြီး ထူထောင်ပေးရပါတယ်။ (မဟာဋီ၊၂၊၄၂၉။)</p> <p>သမာဓိကို ပြန်ပြီး ထူထောင်လိုက်လို့ လင်းရောင်ခြည်စွမ်းအင်တွေက အားကောင်းတဲ့ အချိန်အခါမှာ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် တစ်ဖန် ပြန်ပြီး ရှုကြည့်ပါ။ ဒီလို (၃၂)ကောဋ္ဌာသတွေကို အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓ တစ်လှည့် ရှုနေတဲ့ဉာဏ်ကြောင့်လည်း ဉာဏ်က ထက်လျှင် ထက်သလို ဉာဏ်အာနုဘော်အားလျော်စွာ လင်းရောင်ခြည်တွေက ဆက်လက် ဖြစ်ပေါ် နေပါတယ်။ မိမိ အာရုံယူကာ ကြည့်လိုက်တဲ့ နေရာတိုင်းမှာ အလင်းရောင်တွေက ပြန့်နေတတ်ပါတယ်။</p> <p>အဲဒီ အလင်းရောင်ထဲမှာ တွေ့နေရတဲ့ နွားတွေ, ကျွဲတွေ, ခွေးတွေ, ဝက်တွေ, ကြက်တွေ, ငှက်တွေ အားလုံးကိုလည်း ရှုကြည့်ပါ။ ဒီလို ရှုကြည့်လိုက်တဲ့ အချိန်အခါမှာ (၃၂)ကောဋ္ဌာသအစုအပုံတွေပဲ ရှိနေတယ်၊ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, ကျွဲ, နွား တိရစ္ဆာန်ဆိုတာ မရှိတော့ဘူး၊ တကယ် ထင်ရှား ရှိနေတာက (၃၂)ကောဋ္ဌာသအစုအပုံတွေပဲ ရှိတယ်လို့ ဒီလို ဉာဏ်ထဲမှာ ထင်လာပြီဆိုလျှင်တော့ (၃၂)ကောဋ္ဌာသနဲ့ ပတ်သက်လို့ ပဂုဏဖြစ်ပြီ, ကျွမ်းကျင်လာပြီလို့ ဆိုနိုင်ပါတယ်။ (အဘိ၊ဋ္ဌ၊၂၊၂၄၂။) ဒီလို အချိန်အခါမျိုးမှာ ယောဂီသူတော်ကောင်းက ဘာဆက်လုပ်ရမလဲ?</p> <p>ဘုန်းကြီးတို့ ဒီ (၃၂)ကောဋ္ဌာသကမ္မဋ္ဌာန်းက သမထပိုင်းမှာ လမ်း (၃)သွယ် ရှိနေပါတယ်။ မိမိ ကြိုက်နှစ်သက်တဲ့လမ်းကို ရွေးနိုင်ပါတယ်။ ပဋိကူလမနသိကာရ = ရွံရှာစက်ဆုပ်ဖွယ်အနေနဲ့ ရှုခဲ့မယ်ဆိုလျှင်တော့ ပထမစျာန် သမာဓိအထိ ပေါက်ပါတယ်။ (၃၂)ကောဋ္ဌာသကို သို့မဟုတ် ကောဋ္ဌာသ အများစုကို ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် ခြုံငုံပြီး ရှုလျှင်လည်း ပထမစျာန်သမာဓိအထိ ပေါက်ပါတယ်။ ကောဋ္ဌာသ တစ်ခုစီ တစ်ခုစီကို ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ်အနေနဲ့ ရှုလျှင်လည်း ပထမစျာန်သမာဓိအထိ ပေါက်ပါတယ်။</p> <p>နောက် ဒုတိယလမ်းကတော့ ကသိုဏ်းလမ်း ဖြစ်ပါတယ်။ (၃၂)ကောဋ္ဌာသတွေထဲမှာ ဆံပင်တို့လို ညိုနေတဲ့ ကောဋ္ဌာသတစ်ခုကို အာရုံယူပြီး အညိုရောင်ကသိုဏ်းအဖြစ်နဲ့ ရှုနိုင်မယ်ဆိုလျှင်တော့ သမာပတ် (၈)ပါးလုံး ပေါက်ပါတယ်။ ကျင်ငယ်တို့လို, အဆီခဲတို့လို ဝါနေတဲ့ ကောဋ္ဌာသတစ်ခုကို အာရုံယူပြီး အဝါရောင်ကသိုဏ်းအဖြစ်နဲ့ ရှုနိုင်မယ်ဆိုလျှင်တော့ သမာပတ် (၈)ပါးလုံး ပေါက်ပါတယ်။ သွေးတို့လို နီနေတဲ့ ကောဋ္ဌာသတစ်ခုကို အာရုံယူပြီး အနီရောင်ကသိုဏ်းအဖြစ်နဲ့ ရှုနိုင်မယ်ဆိုလျှင်တော့ သမာပတ် (၈)ပါးလုံး ပေါက်ပါတယ်။ သွားတို့လို, အရိုးတို့လို ဖြူနေတဲ့ ကောဋ္ဌာသ တစ်ခုကို အာရုံယူပြီး အဖြူရောင်ကသိုဏ်းအဖြစ်နဲ့ ရှုနိုင်မယ်ဆိုလျှင်တော့ သမာပတ် (၈)ပါး အားလုံး ပေါက်ပါတယ်။ (အဘိ၊ဋ္ဌ၊၁၊၂၃၅။)</p> <p>အဲဒီ သမာပတ် (၈)ပါးကို အခြေခံပြီးတော့ ဝိပဿနာ ကူးနိုင်မယ် ဆိုလျှင်လည်း အရဟတ္တဖိုလ်ပေါက် ရောက်ရှိနိုင်ပါတယ်။ နောက်တစ်ခု --- တတိယလမ်းကတော့ သုညတဓာတ်ကမ္မဋ္ဌာန်းလမ်း ဖြစ်ပါတယ်။ (အဘိ၊ဋ္ဌ၊၂၊ ၂၄၃။) ဒီကသိုဏ်းကမ္မဋ္ဌာန်းကျင့်စဉ်တွေကို ဘုရားရှင် ဘယ်သုတ္တန်တွေမှာ ဟောကြားထားသလဲလို့ မေးလျှင်တော့ မဟာပရိနိဗ္ဗာနသုတ္တန်စတဲ့ ထိုထို သုတ္တန်တွေမှာ ဘုရားရှင်က အဘိဘာယတနစျာန်ဆိုတဲ့ နာမည်နဲ့ ဟောကြား တော်မူခဲ့ပါတယ်။</p> <h3>အဘိဘာယတနစျာန် + ဝိမောက္ခစျာန်</h3> <p><b>အဇ္ဈတ္တံ ရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ ပရိတ္တာနိ သုဝဏ္ဏဒုဗ္ဗဏ္ဏာနိ။ တာနိ အဘိဘုယျ ဇာနာမိ ပဿာမီတိ ဧဝံသညီ ဟောတိ။ ဣဒံ ပဌမံ အဘိဘာယတနံ။</b> (ဒီ၊၂၊၉၂။ ဒီ၊၃၊၂၁၅။ အံ၊၃၊၁၂၅။ ၃၀၄။)</p> <p>စသည်ဖြင့် အဘိဘာယတနစျာန်ဆိုတဲ့အမည်နဲ့ ဟောကြားတော်မူ ပါတယ်။ အဘိဘာယတနစျာန်ဆိုတာကတော့ ဆန့်ကျင်ဘက် နီဝရဏတရား တွေကိုလည်း လွှမ်းမိုးဖိစီးနိုင်တဲ့ စျာန်မျိုးကို ခေါ်ပါတယ်။ အင်မတန် သေးငယ်တဲ့ သည်းခြေတို့လို ညိုနေတဲ့ ကောဋ္ဌာသတစ်ခုကို အာရုံယူပြီးတော့ အညိုရောင်ကသိုဏ်းအဖြစ်နဲ့ ရှုလျှင် သမာပတ် (၈)ပါး အားလုံး ပေါက်နိုင်ပါတယ်။ ကသိုဏ်းဝန်းကို အနန္တစကြဝဠာတိုင်အောင် ဖြန့်ကြက်ချင်တယ် ဆိုလျှင်လည်း ဖြန့်ကြက်လို့ရတယ်။ ဒီလို ကသိုဏ်းဝန်းကို လွှမ်းမိုးဖိစီးနိုင်တဲ့ စွမ်းအားရှိလို့ ဒီစျာန်တွေကို အဘိဘာယတနစျာန်လို့ ခေါ်ထားပါတယ်။ အဲဒီ အဘိဘာယတနစျာန်အဖြစ်နဲ့ ဘုရားရှင် ဟောကြားထားတဲ့ကျင့်စဉ် အပြည့်အစုံကတော့ သမ္မောဟဝိနောဒနီ အဋ္ဌကထာကြီးမှာ အတိအကျ ဖွင့်ဆိုထား ပါတယ်။ ထိုသမ္မောဟဝိနောဒနီ အဋ္ဌကထာ စာမျက်နှာ (၂၄၃)မှာ ---</p> <p><b>အာကင်္ခမာနဿ ဝဏ္ဏတော၊ အာကင်္ခမာနဿ ပဋိကူလတော၊ အာကင်္ခမာနဿ သုညတော ကမ္မဋ္ဌာနံ ဥပဋ္ဌဟိဿတိယေဝ။</b> (အဘိ၊ဋ္ဌ၊၂၊၂၄၃။)</p> <p>ဆိုပြီးတော့ အလိုရှိခဲ့လျှင် ဝဏ္ဏကသိုဏ်းလမ်းလိုက်လည်း ရတယ်။ အလိုရှိခဲ့လျှင် ပဋိကူလ (= ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလမနသိကာရလမ်း) လိုက်လည်း ရတယ်။ အလိုရှိခဲ့လျှင် သုညတဓာတ်ကမ္မဋ္ဌာန်းလမ်းလိုက်လည်း ရပါတယ်ဆိုပြီးတော့ အတိအကျ ဖွင့်ဆိုထားပါတယ်။</p> <p>ဒီဖွင့်ဆိုချက်အတိုင်း တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ ယောဂီ သူတော်ကောင်းက ဒီ (၃၂)ကောဋ္ဌာသကို အဝါးဝစွာ လေ့လာလို့ အောင်မြင်ပြီဆိုလျှင်တော့ အရိုးက ပိုပြီး ထင်ရှားတဲ့သဘောရှိတဲ့အတွက် အရိုးကောဋ္ဌာသကို ရွေးချယ်လိုက်ပါ။ မိမိရဲ့ အရိုးစုတစ်ခုလုံးကို သို့မဟုတ် မိမိ ကြိုက်နှစ်သက်ရာ အရိုးတစ်ခုကို ရှုနိုင်ပါတယ်။ ထိုအရိုးကို အာရုံယူပြီးတော့ ရွံစရာ ရွံစရာလို့ ပဋိကူလအနေနဲ့ နှလုံးသွင်း ရှုကြည့်ပါ၊ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။</p> <p>ပထမမှာတော့ ဆယ့်ငါးမိနစ်လောက်, မိနစ်နှစ်ဆယ်လောက်ပဲ ငြိမ်တတ်ပါတယ်။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်း သမာဓိက အားကောင်းလာလျှင်တော့ တစ်နာရီလောက်ထိ တိုးပြီး အဓိဋ္ဌာန်ကြည့်ပါ။ အောင်မြင်မှု ရပြီဆိုလျှင်တော့ ထိုအချိန်မှာ မိမိရဲ့ ငြိမ်ဝပ်နေတဲ့ စိတ်ကို နှလုံးအိမ် ဟဒယဝတ္ထုရှိရာဘက်ကို လှမ်းမျှော်ပြီး ရှုကြည့်လိုက်လျှင်တော့ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၅)ပါးက ထင်ရှားနေပါလိမ့်မယ်။</p> <p>ဝိတက် = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးနေခြင်းသဘော၊</p> <p>ဝိစာရ = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံကို ထပ်ကာထပ်ကာ သုံးသပ် ဆင်ခြင်နေခြင်းသဘော၊</p> <p>ပီတိ = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံကို နှစ်သက်နေခြင်းသဘော၊</p> <p>သုခ = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားနေခြင်းသဘော၊</p> <p>ဧကဂ္ဂတာ = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံ တစ်ခုတည်းပေါ်သို့ စိတ်ကျရောက် တည်ငြိမ်နေခြင်းသဘော ---</p> <p>ဒီစျာန်အင်္ဂါ (၅)ပါးဟာ ပြိုင်တူ ထင်ရှားနေပါလိမ့်မယ်။ ဒီလို စျာန်အင်္ဂါတွေက ထင်ရှားနေပြီဆိုလျှင်တော့ ဒီပထမစျာန်သမာဓိကို ဝသီဘော် (၅)တန် နိုင်နင်းအောင် ဆက်လက်ပြီး လေ့ကျင့်ရပါတယ်။ အာဝဇ္ဇနဝသီဆိုတာက မနောဒွါရာဝဇ္ဇန်းနဲ့ စျာန်အင်္ဂါတွေကို ဆင်ခြင်မှုကို ပြောလိုရင်း ဖြစ်ပါတယ်။ ပစ္စဝေက္ခဏာဝသီဆိုတာက ပစ္စဝေက္ခဏာဇောနဲ့ ဆင်ခြင်မှုကို ပြောလိုရင်း ဖြစ်ပါတယ်။ စျာန်အင်္ဂါတွေကို အချိန်မရွေး ဆင်ခြင်လို့ရအောင် လေ့ကျင့် ရပါတယ်။ အချိန်မရွေး ဝင်စားလို့ရအောင် လေ့ကျင့်ပေးရတယ်၊ အချိန်မရွေး ထနိုင်အောင် လေ့ကျင့်ပေးရတယ်၊ တစ်နာရီ အလိုရှိခဲ့လျှင် တစ်နာရီ ဝင်စားလို့ရအောင်, နှစ်နာရီ အလိုရှိခဲ့လျှင် နှစ်နာရီ ဝင်စားလို့ရအောင် လေ့ကျင့်ပေးရပါတယ်။ ဒီလို လေ့ကျင့်ခြင်းကို ဝသီဘော် နိုင်နင်းအောင် လေ့ကျင့်တယ်လို့ ခေါ်ပါတယ်။</p> <p>ဒီလို လေ့ကျင့်လိုက်လို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ ဗဟိဒ္ဓမှာ ရှိနေကြတဲ့ လူတွေကို တစ်ယောက်ပြီး တစ်ယောက် ပြောင်းပြီး ရှုကြည့်ပါ။ သို့သော် ဗဟိဒ္ဓကောဋ္ဌာသတွေကို သက်မဲ့ အရိုးစုကဲ့သို့ သို့မဟုတ် ကောဋ္ဌာသကဲ့သို့ သဘောထားပြီး ရှုနိုင်ပါမှ ဥပစာရသမာဓိလောက်ပဲ ဆိုက်ရောက်နိုင်ပါတယ်။ (မူလဋီ၊၂၊၁၅၅။)</p> <p>အရပ် (၁၀)မျက်နှာတိုင်အောင် ဖြန့်ကြက်ပြီးတော့ အရိုးစုတွေကို ရွံစရာ ပဋိကူလအနေနဲ့ နှလုံးသွင်းလိုက်တိုင်း အကုန်လုံး ဥပစာရသမာဓိဆိုက်အောင် လေ့ကျင့်ပါ။ လေ့ကျင့်လိုက်လို့ အောင်မြင်ပြီဆိုလျှင်တော့ အရပ် (၁၀)မျက်နှာကို ကြည့်လိုက်တိုင်း အရိုးစုတွေချည်း ဖြစ်နေပြီဆိုလျှင်လည်း ထိုပုဂ္ဂိုလ်သည် ကသိုဏ်းကူးရာမှာ လွယ်ကူသွားပါတယ်။ ကသိုဏ်းကူးရာမှာ အဇ္ဈတ္တအရိုးစုမှ သို့မဟုတ် အဇ္ဈတ္တကောဋ္ဌာသမှ ကူးလည်း ရပါတယ်။ ဗဟိဒ္ဓ အရိုးစုမှ သို့မဟုတ် ဗဟိဒ္ဓကောဋ္ဌာသမှ ကူးလည်း ရပါတယ်။ ဒါကြောင့် အဇ္ဈတ္တ-ဗဟိဒ္ဓ နှစ်ခုမှာ မိမိ ကြိုက်နှစ်သက်ရာက စပြီးတော့ ကူးနိုင်ပါတယ်။ (အဘိ၊ဋ္ဌ၊၁၊၂၃၅။)</p> <h3>အဖြူရောင်ကသိုဏ်းသို့</h3> <p>ဒါကြောင့် အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်မှာရှိတဲ့ (၃၂)ကောဋ္ဌာသတွေကို တစ်ခေါက် နှစ်ခေါက်လောက် ရှုကြည့်ပါ။ ရှုပြီးတဲ့အခါမှာ မိမိရဲ့ ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ ယောဂီသူတော်ကောင်း တစ်ဦးရဲ့ အရိုးကို အာရုံယူပြီး ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ်အနေနဲ့ နှလုံးသွင်းကြည့်ပါ။ ဥပစာရသမာဓိ အထိလည်း ဆိုက်သွားပါလိမ့်မယ်။ အရိုးကလည်း ဖြူလာပြီဆိုလျှင်တော့ တစ်ကိုယ်လုံးကို ခြုံငုံပြီး အဖြူ အဖြူလို့ စိုက်ရှုပါ။ ခြုံငုံပြီး ရှုလို့ မရခဲ့လျှင်တော့ အဖြူဆုံး တစ်နေရာ သို့မဟုတ် နောက်ဘက်ကနေ ထိုင်ကြည့်လိုက်လျှင် အထူးသဖြင့် ထင်ရှားနေတဲ့ ဦးခေါင်းခွံလောက်ကို အာရုံယူပြီးတော့ အဖြူ အဖြူလို့ စိုက်ရှုကြည့်ပါ။ စိုက်ရှုတဲ့အချိန်မှာ ရွံစရာလို့ နှလုံးမသွင်းတော့ဘဲ အဖြူရောင်ကိုသာ တစ်ဖက်သတ် နှလုံးသွင်း ရှုပွားနေပါ။ ထိုအချိန်မှာ သမာဓိလည်း အားကောင်းလာပြီဆိုလျှင် အရိုးတွေ အားလုံး ပျောက်ပြီးတော့ အဖြူအဝန်းအဝိုင်းသက်သက်ပဲ ပေါ်လာတတ်ပါတယ်။</p> <p>အဖြူအဝန်းအဝိုင်း ပေါ်လာပြီဆိုလျှင်တော့ အဲဒီ အဖြူအဝန်းအဝိုင်းမှာပဲ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီးတော့ အဖြူ အဖြူလို့ပဲ ရှုနေပါ။ ရှုနေလို့ ဒီအဝန်းအဝိုင်းက မပျောက်ဘဲနဲ့ တိမ်တိုက်လို ဆွတ်ဆွတ်ဖြူလာတတ်ပါတယ်။ ဖြူရာကနေ နောက်ဆုံးတော့ ကြည်လင်တောက်ပလာပါလိမ့်မယ်။ ကြည်လင်တောက်ပလာပြီဆိုလျှင်တော့ ထိုကသိုဏ်းဝန်းကို အဓိဋ္ဌာန်ပြီးတော့ တစ်လက်မ ပြန့်ပါစေ, နှစ်လက်မ ပြန့်ပါစေ, သုံးလက်မ ပြန့်ပါစေ စသည်ဖြင့် အဝန်းအဝိုင်းအတိုင်း ဖြန့်ကြက်ရပါတယ်။ အပိုင်းအခြား မထားဘဲ မဖြန့်ပါနဲ့လို့ ဒီလို အဋ္ဌကထာ (ဝိသုဒ္ဓိ၊၁၊၁၄၈။)ကတော့ အတိအကျ သတိပေးထားပါတယ်။</p> <p>ဘာကြောင့် ဒီကသိုဏ်းဝန်းနိမိတ်ကို ဖြန့်နေရသလဲလို့ မေးလျှင်တော့ <b>စိရဋ္ဌိတိက</b> = ဘာဝနာစိတ်က ဒီကသိုဏ်းဝန်းအာရုံ၌ ကြာမြင့်စွာ တည်တံ့စေခြင်းအကျိုးငှာ ကသိုဏ်းနိမိတ်ကို ဖြန့်ကြက်ပေးရပါတယ်။ မဖြန့်ကြက်လျှင်တော့ ဘာဝနာစိတ်သည် ကသိုဏ်းဝန်းအာရုံ၌ ကြာမြင့်စွာ မတည်တံ့တတ်ပါဘူး။ ဒါကြောင့် ကသိုဏ်းဝန်းအာရုံ၌ ဘာဝနာစိတ် ကြာမြင့်စွာ တည်တံ့နိုင်ရေးအတွက် ကသိုဏ်းဝန်းကို တဖြည်းဖြည်း ဖြန့်ကြက်ရခြင်း ဖြစ်ပါတယ်။</p> <p>ကသိုဏ်းဝန်းကို ဖြန့်ကြက်လိုက်တဲ့ အချိန်အခါမှာ နောက်ဆုံး အရပ် (၁၀)မျက်နှာ ကြည့်လိုက်တိုင်း အားလုံး ဖြူနေပြီ။ အဇ္ဈတ္တ ကြည့်လိုက်လည်း ဖြူနေပြီ၊ ဗဟိဒ္ဓ ကြည့်လိုက်လည်း ဖြူနေပြီဆိုလျှင်တော့ ဖြူနေတဲ့ နံရံတစ်ခုမှာ ဦးထုပ်ကလေး တစ်လုံးကို ချိတ်ထားသလို အဖြူရောင် အလယ်လောက်မှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီးတော့ ထားလိုက်ပါ။ စိတ်ကလေးကို ထို အဖြူရောင်တွေက လွှမ်းခြုံပြီး ရစ်ပတ်ထားသလို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေ ပါလိမ့်မယ်။ နိမိတ်ကလည်း ကြည်လင်တောက်ပလာပါလိမ့်မယ်။</p> <h3>ပထမစျာန်သမာဓိသို့</h3> <p>ဒီအချိန်အခါမှာ ထိုသမာဓိကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ပိုင်းခြား အဓိဋ္ဌာန်ပြီးတော့ မိမိက လေ့ကျင့်ရပါတယ်။ လေ့ကျင့်လိုက်လို့ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီဆိုလျှင်တော့ မိမိရဲ့ ဘာဝနာစိတ်က နှလုံးအိမ်အတွင်းမှာ တည်ရှိနေတဲ့အတွက် ထိုနှလုံးအိမ် ရှိရာဘက်သို့ ပြန်ပြီး အာရုံယူလိုက်လျှင်တော့ စျာန်အင်္ဂါ (၅)ပါးက ထင်ရှားနေပါလိမ့်မယ်။ ဒီနိမိတ်က ဆွတ်ဆွတ်ဖြူရာကနေ နောက်ဆုံး ကြည်လင် တောက်ပလာပြီဆိုလျှင်တော့ ပဋိဘာဂနိမိတ်ဘက် ကူးသွားပြီလို့ ဆိုနိုင်ပါတယ်။ စျာန်အင်္ဂါတွေက ဒီပဋိဘာဂနိမိတ်ကို အာရုံယူပြီးတော့ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။</p> <p>ဝိတက် = အဖြူရောင် ပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှု တင်ပေးနေခြင်းသဘော,</p> <p>ဝိစာရ = အဖြူရောင် ပဋိဘာဂနိမိတ်အာရုံကို ထပ်ကာထပ်ကာ သုံးသပ် ဆင်ခြင်နေခြင်းသဘော,</p> <p>ပီတိ = အဖြူရောင် ပဋိဘာဂနိမိတ်အာရုံကို နှစ်သက်နေခြင်း သဘော,</p> <p>သုခ = အဖြူရောင် ပဋိဘာဂနိမိတ်အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားနေခြင်းသဘော,</p> <p>ဧကဂ္ဂတာ = အဖြူရောင် ပဋိဘာဂနိမိတ်အာရုံ တစ်ခုတည်းပေါ်သို့ စိတ်ကျရောက် တည်ငြိမ်နေခြင်းသဘော ---</p> <p>ဒီသဘောတရားငါးခုက ထင်ရှားလာပါလိမ့်မယ်။ ဒီပဋိဘာဂနိမိတ်ကို အာရုံယူပြီး ဖြစ်ပေါ်နေတဲ့ ဒီစျာန်အင်္ဂါငါးပါး ထင်ရှားလာပြီဆိုလျှင်တော့ ယောဂီသူတော်ကောင်းက ဝသီဘော်ငါးတန် နိုင်နင်းအောင် ဆက်လက်ပြီး လေ့ကျင့်ရပါတယ်။ ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးတဲ့ အချိန်အခါမှာ ယောဂီသူတော်ကောင်းက ရှေ့တစ်ဆင့် တက်လိုလည်း တက်နိုင်ပါတယ်။ ဘာဆက်လုပ်ရမလဲ?</p> <h3>ဒုတိယစျာန်သို့</h3> <p>ဝိတက်, ဝိစာရ ပြုတ်ချင်တဲ့ စိတ်ထားဖြင့် ဒီအဖြူရောင် ပဋိဘာဂနိမိတ်ကိုသာ စိုက်ကြည့်နေပါ။ ပထမစျာန်သမာဓိကို အလိုမရှိတဲ့ စိတ်ထား, ဒုတိယစျာန်သမာဓိကို လိုလားတောင့်တတဲ့စိတ်ထား ရှိနေရပါမယ်။ ပထမစျာန်သမာဓိဟာ နီဝရဏဆိုတဲ့ ရန်သူတွေနဲ့ နီးကပ်တယ်၊ ဝိတက်, ဝိစာရတွေကလည်း ရုန့်ရင်းကြမ်းတမ်းတယ်။ ဒီလို ရုန့်ရင်းကြမ်းတမ်းတဲ့အတွက် ဒီစျာန်ဟာ ကျိုးပဲ့ပျက်စီးလွယ်တဲ့သဘောလည်း ရှိတယ်။ ဒုတိယစျာန်သမာဓိလောက်လည်း မငြိမ်သက်ဘူး။ ဒါကြောင့် ဒုတိယစျာန်သမာဓိက ပိုပြီး ငြိမ်သက်တယ် လို့ အာရုံယူပြီးတော့ ဒုတိယစျာန်သမာဓိကို အလိုရှိတဲ့ စိတ်ထားဖြင့် ဒီအဖြူရောင် ပဋိဘာဂနိမိတ်မှာ စိတ်ကို ကပ်ထားလိုက်လျှင်တော့ ဝိတက်, ဝိစာရ ပြုတ်သွားပါလိမ့်မယ်။ ပီတိ, သုခ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၃)ပါး ရှိတဲ့ ဒုတိယစျာန်သမာဓိကို ဆိုက်သွားပါလိမ့်မယ်။ ဒုတိယစျာန်သမာဓိကို ဆိုက်သွားလျှင်လည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် ဆက်လက်ပြီး လေ့ကျင့်ရပါတယ်။ လေ့ကျင့်ပြီးလို့ တတိယစျာန်ကို ကူးချင်တယ်ဆိုလျှင်တော့ ဘာဆက်လုပ်ရမလဲ?</p> <h3>တတိယစျာန်သို့</h3> <p>ပီတိ ပြုတ်ချင်တဲ့ စိတ်ဖြင့် ဒီအဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်ကိုပဲ ဆက်ပြီး စိုက်ကြည့်နေရပါတယ်။ နှစ်သက်ခြင်း ပီတိရှိနေလျှင် စိတ်က လှုပ်ရှားမှုတစ်မျိုး ဖြစ်တတ်တဲ့အတွက် ဒီစျာန်ဟာလည်း ရုန့်ရင်းကြမ်းတမ်းတယ်၊ ကျိုးပဲ့ပျက်စီးလွယ်တဲ့သဘော ရှိတယ်။ သုခ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ နှစ်ပါးရှိတဲ့ တတိယစျာန်ကတော့ ပိုပြီး ငြိမ်သက်တယ်လို့ ဆင်ခြင်ပြီးနောက် ဒီပီတိ မရှိလျှင် ကောင်းမယ်လို့ အာရုံယူပြီးတော့ အဖြူရောင် ပဋိဘာဂနိမိတ်ကိုပဲ စိုက်ကြည့်နေခဲ့သော် ပီတိ ပြုတ်သွားပါလိမ့်မယ်။ သုခ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၂)ပါးရှိတဲ့ တတိယစျာန်ကို ဆိုက်သွားပါလိမ့်မယ်။ တတိယစျာန်ကို ဆိုက်သွားပြီဆိုလျှင်လည်း ဒီတတိယစျာန်ကို ဝသီဘော် (၅)တန် နိုင်နင်းအောင် ဆက်လက်ပြီး လေ့ကျင့်ရပါတယ်။</p> <h3>စတုတ္ထစျာန်သို့</h3> <p>တတိယစျာန်မှာ ဝသီဘော် နိုင်နင်းအောင် လေ့ကျင့်ပြီးလို့ စတုတ္ထစျာန်ကို ကူးချင်တယ်ဆိုလျှင်တော့ တတိယစျာန်ဟာ ပီတိဆိုတဲ့ ရန်သူနှင့် နီးကပ်တယ်၊ သုခကလည်း ရုန့်ရင်းကြမ်းတမ်းတယ်၊ ကျိုးပဲ့ပျက်စီးလွယ်တဲ့သဘော ရှိတယ်။ ဥပေက္ခာ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါနှစ်ပါးရှိတဲ့ စတုတ္ထစျာန်လောက်လည်း မငြိမ်သက်ဘူး။ ဒီလို ဆင်ခြင်ပြီးတော့ တတိယစျာန်သမာဓိကို အလိုမရှိတဲ့ စိတ်ထား, သုခ ပြုတ်ချင်တဲ့ စိတ်ထားနဲ့ ဒီအဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်ကိုပဲ စိုက်ပြီး ကြည့်နေရပါတယ်။ ဒီလို စိုက်ကြည့်နေလိုက်လျှင် တော့ သုခ ပြုတ်သွားပါလိမ့်မယ်။ ဥပေက္ခာ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၂)ပါးနဲ့ ပြည့်စုံတဲ့ ဒီစတုတ္ထစျာန်သမာဓိကို ဆိုက်ရောက်သွားပါမယ်။</p> <p>စတုတ္ထစျာန်သမာဓိကို ဆိုက်သွားပြီဆိုလျှင်တော့ အသက် လုံးဝ မရှူတဲ့ ထူးခြားချက် ရှိနေပါတယ်။ ဒါကြောင့် ဥပေက္ခာ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၂)ပါးကလည်း ထင်ရှားနေပြီ၊ အသက်လည်း လုံးဝ မရှူတော့ဘူးဆိုလျှင်တော့ ဒီမှတ်ကျောက် (၂)ခုသည် စတုတ္ထစျာန်သမာဓိ ဆိုက်ပြီဆိုတဲ့ မှတ်ကျောက်ပဲ ဖြစ်ပါတယ်။ စတုတ္ထစျာန်သမာဓိကို ဆိုက်သွားတဲ့အချိန်မှာလည်း ဒီစတုတ္ထစျာန်သမာဓိကို ဝသီဘော် (၅)တန် နိုင်နင်းအောင် ဆက်လက်ပြီး လေ့ကျင့်ခဲ့သော် အလင်းရောင်တွေကလည်း ရှေးကထက် ပိုပြီး အားကောင်း လာပါလိမ့်မယ်။ ပြိုးပြိုးပြက် တလက်လက် တောက်ပလာပြီဆိုလျှင်တော့ ထိုလင်းရောင်ခြည်ရဲ့ အကူအညီကို ယူပြီးတော့ မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်း ခဲ့မယ်ဆိုလျှင်တော့ သိပ်လွယ်သွားပါတယ်။ မေတ္တာကမ္မဋ္ဌာန်းကို ဘယ်လို စီးဖြန်းရမလဲ?</p> <h3>မေတ္တာကမ္မဋ္ဌာန်းကို စတင် အားသစ်ပုံ</h3> <p>မိမိ ချစ်ခင်လေးစားတဲ့ လိင်တူ သူတော်ကောင်းတစ်ဦးကို ရွေးချယ်ပါ။ အမျိုးသားယောဂီ ဖြစ်ခဲ့လျှင်လည်း အမျိုးသားတစ်ဦးကို, အမျိုးသမီးယောဂီ ဖြစ်ခဲ့လျှင်လည်း အမျိုးသမီးတစ်ဦးကို ရွေးချယ်ပါ။ မိမိ ချစ်ခင်လေးစား ကြည်ညိုနေတဲ့ ပုဂ္ဂိုလ်တစ်ဦးကိုသာ ရွေးချယ်ရပါမယ်။ သိပ်ပြီး ချစ်နှစ်သက်အပ်တဲ့ အမေတို့, အဖေတို့, သားတို့, သမီးတို့ စတဲ့ ဒီလို ပုဂ္ဂိုလ်တွေကိုတော့ မရွေးချယ်ပါနဲ့။ သိပ်ချစ်နှစ်သက်အပ်တဲ့ ပုဂ္ဂိုလ်တွေကို ဦးစွာ ရှုခဲ့လျှင်တော့ သူတို့နဲ့ ပတ်သက်နေတဲ့ သောကကလေးတွေက ဝင်လာတတ်ပါတယ်။ လိင်မတူတဲ့ ပုဂ္ဂိုလ်တွေကို သွားရှုခဲ့လျှင်လည်း ရာဂတွေ ဝင်လာတတ်ပါတယ်။ သေသွားတဲ့ ပုဂ္ဂိုလ်တွေကို သွားရှုလျှင်လည်း စျာန်သမာဓိ မဖြစ်တတ်ပါဘူး။ ဒါကြောင့် သေသွားတဲ့ပုဂ္ဂိုလ်တွေ, လိင်မတူတဲ့ ပုဂ္ဂိုလ်တွေ, သိပ်ပြီး ချစ်နှစ်သက်အပ်တဲ့ ပုဂ္ဂိုလ်တွေကိုတော့ ရှေးဦးစွာ မေတ္တာမပွားပါနှင့်။</p> <h3>ပိယဂရုဘာဝနီယပုဂ္ဂိုလ်</h3> <p>မေတ္တာပွားရမယ့် ပုဂ္ဂိုလ်မှာလည်း အုပ်စု (၄)အုပ်စု ရှိနေပါတယ်။</p> <p>၁။ အတ္တ = မိမိ,</p> <p>၂။ ပိယ = ချစ်ခင်အပ်တဲ့ လိင်တူပုဂ္ဂိုလ်,</p> <p>၃။ မဇ္ဈတ္တ = မချစ် မမုန်း အလယ်အလတ် လိင်တူပုဂ္ဂိုလ်,</p> <p>၄။ ဝေရီ = ရန်သူ = မုန်းသူ လိင်တူပုဂ္ဂိုလ်၊</p> <p>ဒီလို ပုဂ္ဂိုလ် (၄)အုပ်စု ရှိပါတယ်။ မိမိကိုယ်ကို မိမိ မေတ္တာပွားလို့တော့ မေတ္တာစျာန်ကို မရနိုင်ပါဘူး။ သို့သော်လည်း ကိုယ်ချင်းစာတရားများ ဖြစ်ပေါ်လာရေး, စိတ်ဓာတ် နူးညံ့ပျော့ပျောင်းရေးအတွက်သာ ပွားများခြင်း ဖြစ်ပါတယ်။</p> <p>ငါသည် ဘေးရန်ကင်းချင်သလို အခြားအခြားသော သတ္တဝါတွေလည်း အလားတူပဲ ဘေးရန်ကင်းချင်ကြတယ်၊ ငါသည် စိတ်ဆင်းရဲကင်းချင်သလို အခြားအခြားသော သတ္တဝါတွေလည်း စိတ်ဆင်းရဲကင်းချင်ကြတယ်၊ ငါသည် ကိုယ်ဆင်းရဲကင်းချင်သလို အခြားအခြားသော သတ္တဝါတွေလည်း ကိုယ်ဆင်းရဲကင်းချင်ကြတယ်၊ ငါသည် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ချင်သလို အခြားအခြားသော သတ္တဝါတွေလည်း အလားတူပဲ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ချင်ကြတယ်။</p> <p>ဒီလို ကိုယ်ချင်းစာနာတဲ့ စိတ်ထားကလေးတွေ အားကောင်းလာအောင် စိတ်ဓာတ်တွေ နူးညံ့ပျော့ပျောင်းလာအောင် ရှေးဦးစွာ မိမိကိုယ်ကို အချိန် အနည်းငယ်လောက်တော့ မေတ္တာပွားပါ။ မိမိရဲ့ စိတ်ဓာတ်တွေက နူးညံ့ ပျော့ပျောင်းလာလို့ သတ္တဝါတွေအပေါ်မှာ မေတ္တာဓာတ်တွေက အထိုက်အလျောက် ကိန်းဝပ်လာတဲ့ အချိန်အခါမှာ မေတ္တာစျာန်ကို ရရှိအောင် ပွားရမည့် အစီအစဉ်မှာ ---</p> <p>၂။ ပိယပုဂ္ဂိုလ်,</p> <p>၃။ မဇ္ဈတ္တပုဂ္ဂိုလ်,</p> <p>၄။ ဝေရီပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။</p> <p>တစ်ဖန် ပိယပုဂ္ဂိုလ်အုပ်စုမှာလည်း --</p> <p>(က) <b>ပိယဂရုဘာဝနီယ</b> = ချစ်ခင် ကြည်ညို လေးစားအပ်တဲ့ ဆရာသမားကဲ့သို့သော လိင်တူပုဂ္ဂိုလ်,</p> <p>(ခ) <b>အတိပ္ပိယသဟာယက</b> = အလွန် ချစ်ခင်အပ် မြတ်နိုးအပ်တဲ့ မိဘ မောင်နှမ မိတ်ဆွေအပေါင်းအဖော် လိင်တူပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။</p> <p>ဒီပုဂ္ဂိုလ်နှစ်မျိုးထဲက --- ပိယဂရုဘာဝနီယပုဂ္ဂိုလ်တစ်ဦးက စပြီး ပွားရမှာ ဖြစ်တယ်။ ဒီလို ပွားများတဲ့အခါမှာ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက အောက်ပါအတိုင်း သတ်မှတ်ချက် ပေးထားပါတယ်။</p> <p><b>ဧဝရူပေ စ ပုဂ္ဂလေ ကာမံ အပ္ပနာ သမ္ပဇ္ဇတိ၊ ဣမိနာ ပန ဘိက္ခုနာ တာဝတကေနေဝ တုဋ္ဌိံ အနာပဇ္ဇိတွာ သီမာသမ္ဘေဒံ ကတ္တုကာမေန တဒနန္တရံ အတိပ္ပိယသဟာယကေ၊ အတိပ္ပိယသဟာယကတော မဇ္ဈတ္တေ၊ မဇ္ဈတ္တတော ဝေရီပုဂ္ဂလေ မေတ္တာ ဘာဝေတဗ္ဗာ။ ဘာဝေန္တေန စ ဧကေကသ္မိံ ကောဋ္ဌာသေ မုဒုံ ကမ္မနိယံ စိတ္တံ ကတွာ တဒနန္တရေ တဒနန္တရေ ဥပသံဟရိတဗ္ဗံ။</b> (ဝိသုဒ္ဓိ၊၁၊၂၈၉။)</p> <p><b>စျာနစိတ္တံ ဥပနေတဗ္ဗံ ဥပ္ပါဒေတဗ္ဗန္တိ အတ္ထော။</b> (မဟာဋီ၊၁၊၃၅၄။)</p> <p>ဒီသတ်မှတ်ချက်ရဲ့ ဆိုလိုရင်းကတော့ ဒီလိုပါ။ ပိယဂရုဘာဝနီယခေါ်တဲ့ ချစ်ခင်လေးစားအပ်တဲ့ လိင်တူပုဂ္ဂိုလ်တစ်ဦးကို အာရုံယူကာ မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့လျှင်တော့ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်ဆိုတဲ့ အပ္ပနာစျာန်သမာဓိတွေကို ဆိုက်ရောက်နိုင်ပါတယ်။ ပြီးစီးပြည့်စုံနိုင်ပါတယ်။ သို့သော် ဒီလောက် ရရှိထားတဲ့ မေတ္တာစျာန်လောက်နဲ့တော့ ကျေနပ်ပြီး မနေပါနှင့်။ နောက်ထပ် ဆက်လက်ပြီးတော့ <b>သီမာသမ္ဘေဒ</b> = ပုဂ္ဂိုလ်အပိုင်းအခြား ပြိုကွဲသွားအောင် မေတ္တာချင်း ညီမျှသွားအောင် ဆက်လက်ပြီးတော့ ကြိုးစားပါ။ ဒီလို ကြိုးစားတဲ့အပိုင်းမှာ ---</p> <p>၁။ ပိယဂရုဘာဝနီယပုဂ္ဂိုလ်တွေ,</p> <p>၂။ အတိပ္ပိယသဟာယကပုဂ္ဂိုလ်တွေ,</p> <p>၃။ မဇ္ဈတ္တပုဂ္ဂိုလ်တွေ,</p> <p>၄။ ဝေရီပုဂ္ဂိုလ်တွေ ---</p> <p>ဆိုပြီး မေတ္တာစျာန်ကို ရအောင် ပွားရမယ့်ပုဂ္ဂိုလ် (၄)အုပ်စု ရှိပါတယ်။ အဲဒီ အုပ်စုတွေထဲက အုပ်စု တစ်ခုတစ်ခုမှာ မေတ္တာစျာန်တွေကို အဝါးဝစွာ လေ့ကျင့်ပြီးမှ နောက်အုပ်စု တစ်ခုကို ပြောင်းပြီးတော့ ရှုပွားပါ။ အဲဒီလို မေတ္တာစျာန်တွေကို အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်လိုက်တဲ့အခါမှာ ပိယဂရုဘာဝနီယပုဂ္ဂိုလ်နှင့် အတိပ္ပိယသဟာယကပုဂ္ဂိုလ် နှစ်မျိုးတို့အပေါ်မှာ မေတ္တာချင်း ညီမျှသွားပါလိမ့်မယ်။</p> <p>၁။ အတ္တ = မိမိ,</p> <p>၂။ ပိယပုဂ္ဂိုလ်,</p> <p>၃။ မဇ္ဈတ္တပုဂ္ဂိုလ်,</p> <p>၄။ ဝေရီပုဂ္ဂိုလ် ---</p> <p>ဒီပုဂ္ဂိုလ် (၄)ဦးပဲ ရှိပါလိမ့်မယ်။ အတ္တကို မေတ္တာပွားပြီးတဲ့အခါ ဘယ်လို ဆက်ပြီး မေတ္တာပွားရမလဲ? ပိယဂရုဘာဝနီယခေါ်တဲ့ ချစ်ခင် ကြည်ညို လေးစားတဲ့ ပုဂ္ဂိုလ်က စပြီးတော့ မေတ္တာပွားရပါမယ်။ ချစ်ခင်လေးစားအပ်တဲ့ မိမိ ကြည်ညိုနေတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ရွေးချယ်ပြီးတော့ မိမိ တစ်ချိန်တုန်းက မြင်ဖူးခဲ့စဉ် အချိန်အခါက ထိုပုဂ္ဂိုလ်ရဲ့ စိတ်အချမ်းသာဆုံး ပုံရိပ်ကလေးကို လှမ်းပြီး အာရုံယူကြည့်ပါ။</p> <p>အာရုံယူတဲ့အပိုင်းမှာလည်း ရှေးဦးစွာ အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်ကို အာရုံယူပြီးတော့ စတုတ္ထစျာန်သမာဓိကို ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအားတွေ အားကောင်းလာပါလိမ့်မယ်။ စတုတ္ထစျာန်သမာဓိ အကူအညီကို ရရှိနေတဲ့ အချိန်အခါမှာ ထိုလင်းရောင်ခြည်စွမ်းအားဖြင့် မိမိ ကြည်ညိုနေတဲ့ ပုဂ္ဂိုလ်ကို လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်သလို ထိုးစိုက်ထားပါ။ ထိုပုဂ္ဂိုလ် ရပ်နေတဲ့ပုံ ကြိုက်လျှင် ရပ်နေတဲ့ပုံကို, ထိုင်နေတဲ့ပုံ ကြိုက်လျှင်လည်း ထိုင်တဲ့ပုံကို ထိုးစိုက်ပြီးတဲ့ အချိန်အခါမှာတော့ ပါဠိလို ကြိုက်လျှင်လည်း ပါဠိလို, မြန်မာလို ကြိုက်လျှင်လည်း မြန်မာလို ပွားနိုင်ပါတယ်။</p> <p>ဤသူတော်ကောင်းသည် ဘေးရန် ကင်းပါစေ၊ စိတ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်ဆင်းရဲ ကင်းပါစေ၊ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေဆိုပြီး (၄)ချက်လုံး သုံးခေါက် လေးခေါက်လောက် မေတ္တာပို့ကြည့်ပါ။ ဒီလို ပို့ပြီးတဲ့ အချိန်အခါမှာ ဒီ (၄)ချက်ထဲက မိမိ နှစ်ခြိုက်ရာတစ်ခုကို ရွေးချယ်လိုက်ပါ။ ဥပမာ --- စိတ်ဆင်းရဲ ကင်းပါစေဆိုတဲ့ ဒီ မေတ္တာပို့သချက်ကို မိမိက နှစ်ခြိုက်တယ်ဆိုလျှင် ဤသူတော်ကောင်းသည် စိတ်ဆင်းရဲ ကင်းပါစေ၊ ဤသူတော်ကောင်းသည် စိတ်ဆင်းရဲ ကင်းပါစေ၊ ဤသူတော်ကောင်းသည် စိတ်ဆင်းရဲ ကင်းပါစေ၊ဆိုပြီးတော့ မိမိ မေတ္တာပို့နေတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ဆင်းရဲ ကင်းပြီး ပြုံးရွှင်နေတဲ့ ပုံအပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။ ဒီကမ္မဋ္ဌာန်းက သတ္တဝါပညတ်ပုံကို အာရုံယူပြီးတော့ ပွားရတဲ့ ကမ္မဋ္ဌာန်းတစ်ခု ဖြစ်ပါတယ်။</p> <p>ဘာဝနာစိတ်ကို မိမိ မေတ္တာပို့နေတဲ့ ပုဂ္ဂိုလ်ရဲ့ ပြုံးရွှင်နေတဲ့ ပုံပေါ်မှာ ငြိမ်ဝပ်စွာ ကပ်ပြီး ထားလိုက်လျှင် တဖြည်းဖြည်းနဲ့ မိမိ အားထုတ်ထားတဲ့ အဖြူရောင်ကသိုဏ်း စတုတ္ထစျာန်သမာဓိ အကူအညီကို ရထားတဲ့အတွက် မကြာမီအချိန်အတွင်းမှာ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်သွားပါလိမ့်မယ်။ တစ်နာရီလောက် ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီ ဆိုလျှင်တော့ ထိုအချိန်မှာ စျာန်အင်္ဂါငါးပါးက ထင်ရှားနေပါလိမ့်မယ်။ အဖြူရောင်ကသိုဏ်းတုန်းက စျာန်အင်္ဂါငါးပါးကို နားလည်ထားတဲ့ သူတော်ကောင်း က ဒီအချိန်အခါမှာ စျာန်အင်္ဂါတွေကို ဆင်ခြင်လိုက်လျှင် လွယ်လွယ်နဲ့ ဆင်ခြင်လို့ ရနေပါလိမ့်မယ်။</p> <p>မိမိက အလိုရှိခဲ့မယ်ဆိုလျှင်တော့ ဒုတိယစျာန်သမာဓိ, တတိယစျာန် သမာဓိ ဆိုက်သည့်တိုင်အောင် ကူးလို့ ရနိုင်ပါတယ်။ စတုတ္ထစျာန်သမာဓိ အထိတော့ ကူးလို့ မရပါဘူး။ ဘာဖြစ်လို့လဲ? ဘေးရန် ကင်းစေချင်တဲ့ ဆန္ဒ, စိတ်ဆင်းရဲ ကင်းစေချင်တဲ့ ဆန္ဒက ဥပေက္ခာသဘောမဟုတ်ပါဘူး။ ဒါကြောင့် ဒီတတိယစျာန်လောက်ပဲ ဆိုက်နိုင်ပါတယ်။ ထိုတတိယစျာန် သမာဓိအထိ ဆိုက်အောင် ထူထောင်လို့ အောင်မြင်ပြီဆိုလျှင်တော့ ဒီသူတော်ကောင်းကိုပဲ အာရုံယူပြီးတော့ နောက်တစ်မျိုး --- ဘေးရန် ကင်းပါစေနဲ့ ပြောင်းပြီး တတိယစျာန်သမာဓိ ဆိုက်သည်အထိ ရှုကြည့်ပါ။ စိတ်ဆင်းရဲ ကင်းပါစေနဲ့လည်း တတိယစျာန်သမာဓိ ဆိုက်သည်အထိ, ကိုယ်ဆင်းရဲ ကင်းပါစေနဲ့လည်း တတိယစျာန်သမာဓိ ဆိုက်သည်အထိ, ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေနဲ့လည်း တတိယစျာန်သမာဓိ ဆိုက်သည်အထိ ရှုပွားလို့ ရပါတယ်။</p> <p>ဒီ (၄)ချက်လုံးဖြင့် ပုဂ္ဂိုလ်တစ်ဦးမှာ မေတ္တာစျာန် ဝင်စားလို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ နောက်ထပ် ချစ်ခင်လေးစားအပ်တဲ့ ပုဂ္ဂိုလ်တစ်ဦးကို ပြောင်း ရှုကြည့်ပါ။ ဒီနည်းစနစ်အားဖြင့် ချစ်ခင်လေးစားတဲ့ ပုဂ္ဂိုလ် လေးယောက် ငါးယောက်လောက် သို့မဟုတ် ဆယ်ယောက်လောက်အထိ ပွားလို့ အောင်မြင်ပြီဆိုလျှင်တော့ ထိုအချိန်အခါမှာ သိပ်ချစ်မြတ်နိုးတဲ့ အမေ, အဖေ, ညီ အစ်ကို, မောင်နှမတွေ, ဆွေမျိုးသားချင်းတွေကို ပွားလို့ ရသွားပါပြီ။ လိင်တူ ပုဂ္ဂိုလ်ကိုတော့ တစ်ဦးစီပဲ ပွားပါ။ သား, သမီးဖြစ်သော်လည်း မိမိနဲ့ လိင်မတူလျှင်တော့ ရှေးဦးစွာ တစ်ဦးချင်းကို အာရုံယူပြီးတော့ မေတ္တာမပွားပါနှင့်။ သား, သမီးတွင် မကဘူး၊ အဖေဖြစ်စေ အမေဖြစ်စေ မပွားပါနဲ့။ ဒီလို သတ်မှတ်ချက်တော့ ရှိနေပါတယ်။ နောက်ပိုင်းမှာတော့ <b>သဗ္ဗေ ပုရိသာ, သဗ္ဗာ ဣတ္ထိယော</b> စသည်ဖြင့် ယောက်ျားအားလုံး, အမျိုးသမီးအားလုံးကို ခြုံငုံပြီး ပွားတဲ့စနစ်ကတော့ ပွားလို့ ရပါတယ်။ လိင်မတူခဲ့လျှင် တစ်ယောက်စီတော့ မပွားပါနဲ့လို့ ဒီလို သတ်မှတ်ချက်တော့ ရှိပါတယ်။</p> <h3>အလွန် ချစ်ခင်သည့် အတိပ္ပိယပုဂ္ဂိုလ်</h3> <p>ဒီသတ်မှတ်ချက်အရ လိင်တူ သိပ်ချစ်တဲ့ ပုဂ္ဂိုလ်တွေကို တစ်ယောက်ပြီး တစ်ယောက် ပွားပါ။ မိမိ ရှုပွားတဲ့ ပုဂ္ဂိုလ်တိုင်းမှာလည်း ဒီရှုနည်း (၄)ချက်ဖြင့် တတိယစျာန်သမာဓိ ဆိုက်အောင် ပွားရပါတယ်။ ချစ်ခင်လေးစားအပ်တဲ့ ပုဂ္ဂိုလ်နှင့် သိပ်ချစ်တဲ့ ပုဂ္ဂိုလ် --- ဒီပုဂ္ဂိုလ်နှစ်မျိုးတို့ကို မေတ္တာပွားတဲ့အခါ ညီမျှသွားပြီဆိုလျှင်တော့ ဒီပုဂ္ဂိုလ်နှစ်မျိုးလုံးဟာ ပိယပုဂ္ဂိုလ်အရာမှာ တည်သွားပြီ ဖြစ်ပါတယ်။</p> <h3>မချစ်-မမုန်း အလယ်အလတ် မဇ္ဈတ္တပုဂ္ဂိုလ်နှင့် မုန်းသူ</h3> <p>အောင်မြင်မှု ရပြီဆိုလျှင်တော့ မချစ်-မမုန်း အလယ်အလတ်ပုဂ္ဂိုလ်တွေကို ဆက်ပြီး ပွားပါ။ အလယ်အလတ်ပုဂ္ဂိုလ်တွေမှာလည်း လေး ငါး ဆယ်ယောက်လောက်ကို အာရုံယူပြီး မေတ္တာစျာန်တွေ ဝင်စားလို့ ရပြီဆိုလျှင်တော့ အမုန်းဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ရန်သူပုဂ္ဂိုလ်တွေကို နောက်ဆုံးထားပြီး ပွားရပါတယ်။ နည်းနည်းလောက် မကျေမနပ်ဖြစ်တဲ့ ပုဂ္ဂိုလ်ကို အရင်ဆုံး ပွားကြည့်ပါ။ သူ့ရဲ့ ချစ်ခင်မြတ်နိုးဖွယ်ရာ ဂုဏ်ကလေးတွေကို တစ်ဖက်သတ် အာရုံယူပြီး ပွားကြည့်လျှင်တော့ အောင်မြင်တတ်ပါတယ်။ ဒီလို ပွားလိုက်လို့ မုန်းတဲ့ပုဂ္ဂိုလ်မှာလည်း (၄)ချက်လုံး မေတ္တာစျာန် ဝင်စားလို့ ရပြီဆိုလျှင်တော့ ဒီမေတ္တာစျာန်ကို <b>သီမာသမ္ဘေဒ</b>လို့ခေါ်တဲ့ အပိုင်းအခြား ပြိုအောင် တစ်ခါ ထပ်ပြီးတော့ ပွားရပါတယ်။</p> <h3>သီမာသမ္ဘေဒ = ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုခြင်း</h3> <p>မိမိကိုယ်ကို ရှေးဦးစွာ စံထားပြီးတော့ ပွားကြည့်ရပါတယ်။ မိမိကိုယ်ကို ပွားတာကတော့ စျာန်မရပါဘူး။ စျာန်မရသော်လည်း ထိုပုဂ္ဂိုလ်သည် ဘာလုပ်ရမလဲ? <b>သီမာသမ္ဘေဒ</b>လို့ ခေါ်ဆိုအပ်တဲ့ ငါပဲ, သူပဲ, ဒီပုဂ္ဂိုလ်ကတော့ ချစ်ခင်နှစ်သက်အပ်တဲ့ ပုဂ္ဂိုလ်ပဲ, ဒီပုဂ္ဂိုလ်ကတော့ အလယ်အလတ်ပုဂ္ဂိုလ်ပဲ, ဒီပုဂ္ဂိုလ်ကတော့ မုန်းတဲ့ပုဂ္ဂိုလ်ပဲလို့ ဒီလို အပိုင်းအခြားတွေ ကင်းသွားအောင်တော့ မိမိပါ ထည့်ပြီး ပွားပေးရပါတယ်။ မိမိကိုယ်ကို ပွားလို့ စျာန်မရနိုင်တဲ့ အတွက် လေးခေါက် ငါးခေါက်လောက် ပွားပါ။ မိမိရဲ့ ချစ်ခင်ကြည်ညိုတဲ့ ပုဂ္ဂိုလ်နဲ့ သိပ်ပြီး ချစ်နှစ်သက်အပ်တဲ့ ပုဂ္ဂိုလ်နှစ်ဦးကတော့ တူသွားပါတယ်။ ပိယပုဂ္ဂိုလ်အရာမှာ တည်သွားပါတယ်။ မိမိကိုယ်ကို ပွားပြီးတဲ့ အချိန်အခါမှာ ဒီချစ်ခင်တဲ့ ပုဂ္ဂိုလ်တစ်ဦးမှာ ရှုပုံနည်းစနစ် (၄)ချက်ဖြင့် တတိယစျာန် ဆိုက်အောင် ပွားကြည့်ပါ။</p> <p>အလယ်အလတ်ပုဂ္ဂိုလ်တစ်ယောက်မှာလည်း ထိုနည်းလည်းကောင်း, မုန်းနေတဲ့ ရန်သူပုဂ္ဂိုလ်တစ်ယောက်မှာလည်း ထိုနည်းလည်းကောင်း ပွားကြည့်ပါ။ ပွားကြည့်လို့ ပုဂ္ဂိုလ်တိုင်းမှာ တတိယစျာန်အထိ ဆိုက်ပြီဆိုလျှင် နောက်ထပ် မိမိ ချစ်သူတစ်ယောက်, အလယ်အလတ်ပုဂ္ဂိုလ်တစ်ယောက်, မုန်းတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို ပြန်ပြောင်းပြီး ရှုရပါတယ်။ ဒီနည်းအားဖြင့် ခေါက်တုံ့ ခေါက်ပြန် ထပ်ကာထပ်ကာ ရှုခဲ့သော် နောက်ဆုံးမှာ --- မိမိ, ချစ်တဲ့ပုဂ္ဂိုလ်, အလယ်အလတ်ပုဂ္ဂိုလ်, မုန်းတဲ့ပုဂ္ဂိုလ်ဆိုတဲ့ ဒီပုဂ္ဂိုလ် (၄)ဦးလုံးဟာ ခွဲလို့ မရတော့ဘူး။ မေတ္တာစျာန် ဝင်စားနေတဲ့ မေတ္တာဘာဝနာစိတ် အစဉ်ကလေးတစ်ခုပဲ ရှိတော့တယ်။ ဘယ်ပုဂ္ဂိုလ်အပေါ်မှာမှ မေတ္တာက မပိုတော့ဘူးဆိုလျှင်တော့ ထိုအခါမှာ မေတ္တာစျာန်ကမ္မဋ္ဌာန်းသည် အောင်မြင် သွားပြီ ဖြစ်ပါတယ်။ အောင်မြင်ပြီဆိုလျှင်တော့ <b>သဗ္ဗေ သတ္တာ</b> စသည်ဖြင့် ကူးပြီး ရှုနိုင်ပါတယ်။</p> <h3>ဝိပ္ဖာရ = ပြန့်ကား ကြီးကျယ် မြင့်မြတ်သော မေတ္တာ</h3> <p>၁။ <b>သဗ္ဗေ သတ္တာ</b> = ခပ်သိမ်းကုန်သော ခန္ဓာငါးပါး၌ ငြိကပ်တွယ်တာခြင်း ရှိကြကုန်သော သတ္တဝါတို့သည် ---</p> <p><b>အဝေရာ ဟောန္တု</b> = ဘေးရန် ကင်းကြပါစေ၊</p> <p><b>အဗျာပဇ္ဇာ ဟောန္တု</b> = စိတ်ဆင်းရဲ ကင်းကြပါစေ၊</p> <p><b>အနီဃာ ဟောန္တု</b> = ကိုယ်ဆင်းရဲ ကင်းကြပါစေ၊</p> <p><b>သုခီ အတ္တာနံ ပရိဟရန္တု</b> = ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ၊</p> <p>ဒီလို ပွားရပါတယ်။ ဒီလို ပွားတဲ့အပိုင်းမှာလည်း မိမိက အိမ်မှာ ရှိနေလျှင်လည်း အိမ်ဝင်းအတွင်းကနေ စပြီး ပွားရပါတယ်။ ကျောင်းမှာ ရှိနေလျှင်လည်း ကျောင်းဝင်းအတွင်း တစ်ခုလောက်ကနေ စပြီး ပွားရပါတယ်။ ဒီအပိုင်း အခြားတစ်ခုအတွင်းမှာ တည်ရှိနေတဲ့ ပုဂ္ဂိုလ် သတ္တဝါတွေကို အာရုံပြုပြီးတော့ <b>သဗ္ဗေ သတ္တာ, သဗ္ဗေ ပါဏာ, သဗ္ဗေ ဘူတာ, သဗ္ဗေ ပုဂ္ဂလာ, သဗ္ဗေ အတ္တဘာဝပရိယာပန္နာ</b>ဆိုတဲ့ ဒီပုဂ္ဂိုလ် (၅)မျိုးမှာ အနောဓိသော ဖရဏာ မေတ္တာ ပွားရပါတယ်။</p> <p>၂။ <b>သဗ္ဗေ ပါဏာ</b> = ခပ်သိမ်းကုန်သော ဝင်သက်ထွက်သက် ရှိကြကုန်သော သတ္တဝါတို့သည် --- <b>အဝေရာ ဟောန္တု</b> = ဘေးရန် ကင်းကြပါစေ။ <b>အဗျာပဇ္ဇာ ဟောန္တု</b> = စိတ်ဆင်းရဲ ကင်းကြပါစေ။ <b>အနီဃာ ဟောန္တု</b> = ကိုယ်ဆင်းရဲ ကင်းကြပါစေ။ <b>သုခီ အတ္တာနံ ပရိဟရန္တု</b> = ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။</p> <p>၃။ <b>သဗ္ဗေ ဘူတာ</b> = ခပ်သိမ်းကုန်သော ကံ-ကိလေသာကြောင့် ထင်ရှား ဖြစ်ကြကုန်သော သတ္တဝါတို့သည် --- <b>အဝေရာ ဟောန္တု</b> ။ ပ ။ ရွက်ဆောင်နိုင်ကြပါစေ။</p> <p>၄။ <b>သဗ္ဗေ ပုဂ္ဂလာ</b> = ခပ်သိမ်းကုန်သော ငရဲ၌ ကျရောက်ခြင်းသဘော ရှိကြကုန်သော သတ္တဝါတို့သည် --- <b>အဝေရာ ဟောန္တု</b> ။ ပ ။ရွက်ဆောင် နိုင်ကြပါစေ။</p> <p>၅။ <b>သဗ္ဗေ အတ္တဘာဝပရိယာပန္နာ</b> = ခပ်သိမ်းကုန်သော ခန္ဓာကိုယ် အတ္တဘော၌ အကျုံးဝင်ကြကုန်သော သတ္တဝါတို့သည် --- <b>အဝေရာ ဟောန္တု</b> ။ ပ ။ ရွက်ဆောင်နိုင်ကြပါစေ။</p> <p>အားလုံး ပေါင်းလိုက်တော့ ရည်ညွှန်းချက်မရှိတဲ့ပုဂ္ဂိုလ် (၅)မျိုးမှာ အနောဓိသော ဖရဏာ မေတ္တာက (၅)ချက် ဖြစ်သွားပါတယ်။ တစ်မျိုး တစ်မျိုး မှာလည်း (၄)ချက်စီ ပွားရပါတယ်။ နောက်တစ်ခု --- ရည်ညွှန်းချက်ရှိတဲ့ ဩဓိသော ဖရဏာ မေတ္တာက (၇)ချက် ရှိပါတယ်။</p> <p>၁။ <b>သဗ္ဗာ ဣတ္ထိယော</b> = ခပ်သိမ်းကုန်သော အမျိုးသမီးတို့သည် --- <b>အဝေရာ ဟောန္တု</b> ။ ပ ။ ရွက်ဆောင်နိုင်ကြပါစေ။</p> <p>၂။ <b>သဗ္ဗေ ပုရိသာ</b> = ခပ်သိမ်းကုန်သော အမျိုးသားတို့သည် --- <b>အဝေရာ ဟောန္တု</b> ။ ပ ။ရွက်ဆောင်နိုင်ကြပါစေ။</p> <p>၃။ <b>သဗ္ဗေ အရိယာ</b> = ခပ်သိမ်းကုန်သော အရိယာသူတော်ကောင်းတို့သည် --- <b>အဝေရာ ဟောန္တု</b> ။ ပ ။ရွက်ဆောင်နိုင်ကြပါစေ။</p> <p>၄။ <b>သဗ္ဗေ အနရိယာ</b> = ခပ်သိမ်းကုန်သော အရိယာမဟုတ်သော သူတော်ကောင်းတို့သည် --- <b>အဝေရာ ဟောန္တု</b> ။ ပ ။ရွက်ဆောင်နိုင်ကြပါစေ။</p> <p>၅။ <b>သဗ္ဗေ ဒေဝါ</b> = ခပ်သိမ်းကုန်သော နတ်တို့သည် --- <b>အဝေရာ ဟောန္တု</b> ။ ပ ။ရွက်ဆောင်နိုင်ကြပါစေ။</p> <p>၆။ <b>သဗ္ဗေ မနုဿာ</b> = ခပ်သိမ်းကုန်သော လူသားတို့သည် --- <b>အဝေရာ ဟောန္တု</b> ။ ပ ။ရွက်ဆောင်နိုင်ကြပါစေ။</p> <p>၇။ <b>သဗ္ဗေ ဝိနိပါတိကာ</b> = ခပ်သိမ်းကုန်သော အပါယ်ဘုံသား သတ္တဝါတို့သည် --- <b>အဝေရာ ဟောန္တု</b> ။ ပ ။ရွက်ဆောင်နိုင်ကြပါစေ။</p> <p>ဒီလို ပိုင်းခြားခြင်း ရှိနေတဲ့ပုဂ္ဂိုလ် သတ္တဝါတွေမှာ ဩဓိသော ဖရဏာမေတ္တာက (၇)ချက် ရှိပါတယ်။ အနောဓိသော ဖရဏာ မေတ္တာ, ဩဓိသောဖရဏာ မေတ္တာ နှစ်ရပ်ပေါင်းလိုက်တော့ (၁၂)ချက် ဖြစ်သွားပါတယ်။ တစ်ချက် တစ်ချက်မှာ ရှုပွားနည်း (၄)မျိုးစီ (၄)မျိုးစီ မေတ္တာဖြန့်ရတဲ့အတွက် ၁၂_၄ = ၄၈မျိုး ဖြစ်သွားပါတယ်။ ဒီ (၄၈)မျိုးသော မေတ္တာတွေကို အိမ်ဝင်း တစ်ခု သို့မဟုတ် ကျောင်းဝင်းတစ်ခုအတွင်းမှာ ပွားလို့ အောင်မြင်ပြီဆိုလျှင် နောက်ထပ် အိမ်ဝင်းနှစ်ခု, အိမ်ဝင်းသုံးခု, ကျောင်းဝင်းနှစ်ခု, ကျောင်းဝင်းသုံးခု, ရပ်ကွက်တစ်ခု စသည်ဖြင့် တိုးချဲ့ပြီး ပွားကြည့်ပါ။</p> <p>လယ်ထွန်တဲ့ယောက်ျားဟာ အလယ်ခေါင် သေးသေးကလေးကနေ စပြီးတော့ တဖြည်းဖြည်း တစ်စတစ်စနဲ့ ချဲ့ထွင်ပြီး ထွန်သွားရသလိုပဲ ယောဂီ ပုဂ္ဂိုလ်ကလည်း မေတ္တာစျာန်က အစွမ်းမထက်မီမှာ တဖြည်းဖြည်း ချဲ့ပြီးတော့ ပွားရပါတယ်။ ဒီလို ချဲ့ပြီး ပွားလိုက်တာ နောက်ဆုံး ရပ်ကွက်တစ်ခုကနေ ရပ်ကွက်နှစ်ခု, မြို့နယ်တစ်ခု, ပြည်နယ်တစ်ခု, တစ်တိုင်းပြည်လုံး, တစ်ကမ္ဘာလုံး စသည်ဖြင့် တဖြည်းဖြည်း ဖြန့်ရှုရပါတယ်။ တစ်ကမ္ဘာလုံး ဖြန့်ရှုလို့ အောင်မြင်မှုရရှိတဲ့ အချိန်အခါမှာ (၃၁)ဘုံတိုင်အောင် ဖြန့်ရှုပါ။ ဒီ (၃၁)ဘုံကို ဘယ်လိုလုပ် မြင်နိုင်မလဲလို့ တချို့ပုဂ္ဂိုလ်တွေက ဒီလို သံသယရှိကြတယ်။</p> <p>သံသယရှိနေလျှင်တော့ အကောင်းဆုံးက ဘာလဲ? ဗုဒ္ဓအဘိဓမ္မာသည် အပြောအဘိဓမ္မာ မဟုတ်ပါဘူး။ လက်တွေ့ကျင့်ရတဲ့ အဘိဓမ္မာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာလုပ်ရမလဲ? လက်တွေ့ကျင့်ရပါမယ်။ (၃၁)ဘုံ တကယ်ထင်ရှား ရှိ,မရှိကို သမာဓိကြောင့် ဖြစ်ပေါ်လာတဲ့ လင်းရောင်ခြည်စွမ်းအားကို အသုံးချပြီး ကြည့်လို့ရပါတယ်။ ဒီလင်းရောင်ခြည်နဲ့ ဖြန့်ကြက်ပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာ နတ်တွေ, အပါယ်ဘုံသား သတ္တဝါတွေ, ဗြဟ္မာတွေကို မြင်အောင် ကြည့်ပြီးမှ မေတ္တာပွားရပါတယ်။ ဒီသတ္တဝါတွေကို မမြင်ဘဲနဲ့ မှန်းဆပြီး မေတ္တာပွားနေလျှင်တော့ မေတ္တာစျာန်လည်း ဘယ်လိုမှ မဖြစ်ပေါ်နိုင်ပါဘူး။</p> <p>ဒီနေရာမှာ ခြွင်းချက် အနည်းငယ်တော့ ရှိပါတယ်။ ယခုလို မေတ္တာဘာဝနာကို စီးဖြန်းတဲ့အခါ မေတ္တာစျာန်ရဲ့ စွမ်းအားကြောင့်လည်း အလင်းရောင်တွေက ဆက်လက် ဖြစ်ပေါ်နေပါတယ်။ ထိုအလင်းရောင် အကူအညီနှင့် စိုက်ရှုလိုက်တဲ့အခါ ပုံသဏ္ဌာန် ရုပ်ပုံလွှာ မရှိတဲ့ အရူပဗြဟ္မာတွေကိုတော့ ယောဂီပုဂ္ဂိုလ်က မမြင်နိုင်ပါဘူး။ သို့သော် ရူပဗြဟ္မာတွေ နတ်တွေကိုတော့ အထိုက်အလျောက် မြင်နိုင်ပါတယ်။</p> <p>ဒါကြောင့် ငရဲ တကယ်ထင်ရှား ရှိ,မရှိ သိချင်တယ်ဆိုလျှင်တော့ ဒီမေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းကြည့်ပါ။ အပါယ်ဘုံသား သတ္တဝါတွေထဲမှာ အကျုံးဝင်နေတဲ့ တစ္ဆေ-သရဲတွေ ရှိ,မရှိ တကယ်ထင်ရှား သိချင်တယ်ဆိုလျှင်လည်း ဘာလုပ်ရမလဲ? မေတ္တာပွားကြည့်ပါ။ မေတ္တာပွားကြည့်လိုက်လျှင် အပါယ်ဘုံသား သတ္တဝါတွေ တကယ်ထင်ရှား ရှိ,မရှိဆိုတာလည်း အတိအကျ သိနိုင် မြင်နိုင်ပါတယ်။</p> <p>သို့သော် ဒီလင်းရောင်ခြည်စွမ်းအားကတော့ လိုအပ်နေပါတယ်။ လင်းရောင်ခြည်စွမ်းအား မရှိဘဲနဲ့တော့ ကြည့်လို့ ဘယ်လိုမှ မမြင်နိုင်ပါဘူး။ အမှောင်ထဲမှာ ပကတိမျက်စိနဲ့ ကြည့်လျှင် ကြည့်လို့ မမြင်နိုင်သလိုဘဲ သမထ-ဝိပဿနာဘာဝနာနယ်မှာလည်း လင်းရောင်ခြည်စွမ်းအား မရှိခဲ့လျှင်တော့ မိမိတို့ရဲ့ အရှုခံအာရုံတွေကို လှမ်းကြည့်လျှင် ကြည့်လို့ မြင်ပါ့မလား? မမြင်နိုင်ဘူး။ ဒီသဘောကိုတော့ လက်ခံဖို့ လိုအပ်ပါတယ်။</p> <h3>အနန္တစကြဝဠာသို့</h3> <p>ဒီလို မေတ္တာစျာန်တွေဖြင့် ကွန့်မြူးပြီးတဲ့ အချိန်အခါမှာတော့ စကြဝဠာ တစ်ခုမှာ (၃၁)ဘုံအဖွဲ့အစည်းတစ်ခု ရှိသလို အခြားအခြားသော စကြဝဠာတွေမှာလည်း (၃၁)ဘုံအဖွဲ့အစည်းတွေ များစွာ ရှိနေပါတယ်။ (၃၁)ဘုံအဖွဲ့အစည်းတစ်ခုမှာ သူနှင့်ဆိုင်ရာ မြင်းမိုရ်တောင် နေ-လ-နက္ခတ်တာရာ စသည်တို့ဖြင့် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကို စကြဝဠာတစ်ခုလို့ သတ်မှတ်ထားပါတယ်။ ဒီလို (၃၁)ဘုံအဖွဲ့အစည်းပေါင်းလည်း အနန္တ = များစွာ ရှိနေတဲ့အတွက် ထိုအနန္တစကြဝဠာတိုင်အောင် လင်းရောင်ခြည်နဲ့ ဖြန့်ကြက်ပြီးတော့ အနန္တစကြဝဠာမှာ ရှိနေကြတဲ့ သတ္တဝါတွေကို အာရုံယူပြီးတော့ ဒီ (၄၈)မျိုးသော မေတ္တာတွေကို ပွားများအားထုတ်ပေးရပါတယ်။</p> <p>ပွားများအားထုတ်လို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ အရှေ့အရပ်တည့်တည့် အနန္တစကြဝဠာမှာ ရှိနေကြတဲ့ သတ္တဝါတွေကို အာရုံယူပြီးတော့ ဒီ (၄၈)မျိုးသော မေတ္တာတွေကို ပွားများအားထုတ်ပေးရပါတယ်။ အလားတူပဲ အနောက်အရပ်, တောင်အရပ်, မြောက်အရပ်, ထောင့်လေးထောင့်အရပ်, အထက်အရပ်, အောက်အရပ်တွေမှာ ရှိနေကြတဲ့ သတ္တဝါတွေကို အာရုံယူပြီးတော့ ဒီ (၄၈)မျိုးသော မေတ္တာတွေကို ပွားများအားထုတ်ပေးရပါတယ်။ အောက်အရပ်မှာ နတ်တွေ, ဗြဟ္မာတွေ အရိယာသူတော်ကောင်းတွေ ဘယ်လို ရှိနိုင်မလဲလို့ တချို့က ဒီလို မေးကြတယ်။ ဒါယကာကြီး ဒါယိကာမကြီးတွေတော့ ဘယ်လို သဘောပေါက်ကြသလဲ?</p> <p>ဘုန်းကြီးတို့ ဒီစကြဝဠာတွေဆိုတာကတော့ လဟာပြင် အာကာသထဲမှာ တည်နေကြပါတယ်။ ဒီမှာ (၃၁)ဘုံအဖွဲ့အစည်း ရှိသလို ဘုန်းကြီးတို့ (၃၁)ဘုံအဖွဲ့အစည်းရဲ့ အောက်ဘက်အရပ်မှာလည်း အလားတူပဲ (၃၁)ဘုံအဖွဲ့အစည်းတွေ များစွာ ရှိနေကြပါတယ်။ အထက်အရပ်မှာလည်း (၃၁)ဘုံအဖွဲ့အစည်းတွေ များစွာ ရှိနေကြပါတယ်။ ထောင့်အရပ်တွေမှာလည်း များစွာ ရှိနေကြပါတယ်။ အရပ် (၁၀)မျက်နှာမှာ (၃၁)ဘုံအဖွဲ့အစည်းတွေ များစွာ ရှိနေတဲ့အတွက် အရပ် (၁၀)မျက်နှာတိုင်အောင် ဖြန့်ကြက်ပြီးတော့ မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းနေရခြင်း ဖြစ်ပါတယ်။</p> <p>ဒီနေရာမှာ ဒါယကာကြီး ဒါယိကာမကြီးတွေကို ဘုန်းကြီး မေးခွန်း တစ်ခုတော့ မေးမယ်။ ဒီလို သတ္တဝါအားလုံးကို အနန္တစကြဝဠာတိုင်အောင် မိမိက မေတ္တာစျာန်တွေ ဖြန့်ကြက်ပြီး ဝင်စားနေတဲ့ အချိန်အခါမှာ သတ္တဝါတွေရဲ့ ကောင်းကျိုးချမ်းသာကို လိုလားတောင့်တနေတဲ့စိတ်ထား မိမိသန္တာန်မှာ ဝင်နေပြီ။ ဘေးရန် ကင်းစေချင်တဲ့ဆန္ဒ, စိတ်ဆင်းရဲ ကင်းစေချင်တဲ့ဆန္ဒ, ကိုယ်ဆင်းရဲ ကင်းစေချင်တဲ့ဆန္ဒ, ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်စေချင်တဲ့ဆန္ဒ၊ အဲဒီ ဆန္ဒဓာတ်ကလေးတွေ ကိန်းဝပ်နေတယ်ဆိုလျှင် ကိန်းဝပ်နေတဲ့ မိမိရဲ့ စိတ်အစဉ်ဟာ ထိုအချိန်အခါမှာ စိတ်ဆင်းရဲနေသလား ချမ်းသာနေသလား? ချမ်းသာနေပါတယ်။ မကောင်းဘူးလား? သိပ်ကောင်းတယ်။ မိမိလည်း ကောင်းတယ်၊ မိမိကြောင့် သူတစ်ပါးတွေလည်း ဒီလို စျာန်ဝင်စားနေတော့ အန္တရာယ်တွေ ဖြစ်နိုင်သေးသလား? မဖြစ်နိုင်တော့ဘူး။ မကောင်းဘူးလား? သိပ်ကောင်းတယ်။</p> <h3>သတ္တဝါအချင်းချင်း အန္တရာယ် ကင်းရှင်း</h3> <p>ဒီလို မေတ္တာစျာန်တွေကို အခြေခံပြီးတော့ သတ္တဝါတွေဟာ စကြဝဠာတစ်ခုအတွင်းမှာ မှီတင်းနေထိုင်ကြမယ်ဆိုလျှင် သတ္တဝါအချင်းချင်း အန္တရာယ် ဖြစ်နိုင်တဲ့ လမ်းစတွေ ရှိနိုင်ပါ့မလား? မရှိနိုင်တော့ဘူး။ အန္တရာယ်တွေ အင်မတန် ကင်းသွားမယ်။ ဒီရပ်ကွက်အတွင်းမှာ ရှိနေကြတဲ့ လူတွေသည် မေတ္တာစျာန်တွေ ဝင်စားပြီး နေထိုင်ကြမယ်ဆိုလျှင် ဒီရပ်ကွက်မှာ အန္တရာယ်တွေ မကင်းနိုင်ဘူးလား? ကင်းနိုင်တယ်။ ဒီမြို့အတွင်းမှာ ရှိနေကြတဲ့ ပုဂ္ဂိုလ်တွေဟာ မေတ္တာစျာန်တွေ ဝင်စားပြီး နေထိုင်ကြမယ်ဆိုလျှင် ဒီမြို့အတွင်းမှာ အန္တရာယ်တွေ ကင်းနိုင်တယ်။ ဒီတိုင်းပြည်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းသူပြည်သားအားလုံးဟာ မေတ္တာစျာန်တွေ ဝင်စားပြီးတော့သာ အမြဲတမ်း နေထိုင်ကြမယ်ဆိုလျှင် အန္တရာယ်တွေ အကုန်လုံး မကင်းနိုင်ဘူးလား? ကင်းနိုင်တယ်။ သိပ်ကောင်းတယ် သိပ်ကောင်းတယ်။</p> <p>ဒါကြောင့် လောကမှာ မှီတင်းနေထိုင်ကြတဲ့ သတ္တဝါတိုင်းမှာ အလိုအပ်ဆုံး တရားတစ်ခု မဖြစ်ဘူးလား? ဖြစ်နေတယ်။ လောကမှာ ချမ်းချမ်းသာသာ နေချင်ကြတယ်ဆိုလျှင် ချမ်းသာကြောင်း ကျင့်စဉ်တွေထဲမှာ ဒီကျင့်စဉ်တစ်ခုသည် အလိုအပ်ဆုံး မဖြစ်ဘူးလား? ဖြစ်နေတယ်။ အရှင်သုဘူတိမထေရ်မြတ်က မေတ္တာစျာန်ကို ဝင်စားပြီးတော့ ဒီမေတ္တာစျာန်သမာဓိမှ ထပြီးတဲ့ အချိန်အခါမှာ သူက ဝိပဿနာကမ္မဋ္ဌာန်းကို ကူးရှုလေ့ရှိပါတယ်။</p> <h3>ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း</h3> <p>သို့သော် ဒီနေရာမှာ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ရှုပွားပုံကိုလည်း ကြားညှပ်ပြီး နည်းနည်းကလေး ပြောပြပါ့မယ်။ မေတ္တာကမ္မဋ္ဌာန်းကို သင်ပြီးတဲ့ နောက်ပိုင်းမှာ ဘုန်းကြီးကတော့ များသောအားဖြင့် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို သင်ပေးပါတယ်။ ဘာကြောင့်လဲ? မေတ္တာစျာန်တွေ ပွားများထားတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ စိတ်ထားတွေက အင်မတန် နူးညံ့ပျော့ပျောင်းနေပါတယ်။ နူးညံ့ပျော့ပျောင်းနေတဲ့ ထိုပုဂ္ဂိုလ်ရဲ့ စိတ်ထားသည် ဂုဏ်တော်တွေကို ပွားများခဲ့မယ်ဆိုလျှင်တော့ အင်မတန် အစွမ်းထက်လာပါတယ်။ သိပ်ပြီးတော့လည်း ထိရောက်ပါတယ်။ ဒီလိုဆိုလျှင် ဂုဏ်တော်ကို ဘယ်လို ပွားရမလဲ?</p> <p>ပွားဖို့ နည်းစနစ်ကို ဘုန်းကြီး သင်ပေးနေကျအတိုင်း ပြောရမယ်ဆိုလျှင်တော့ အဖြူရောင်ကသိုဏ်းကို စတုတ္ထစျာန်သမာဓိဆိုက်အောင် ပြန်ပြီး ထူထောင်ရပါတယ်။ ထူထောင်လိုက်လို့ လင်းရောင်ခြည်စွမ်းအားတွေက သိပ်ထက်လာတဲ့ အချိန်အခါမှာ ထိုလင်းရောင်ခြည်ဖြင့် မိမိ ကြည်ညိုမြတ်နိုးနေတဲ့ ရုပ်ပွားတော်တစ်ဆူရဲ့ ပုံတော်ကို လှမ်းပြီး ပထမတော့ အာရုံယူရပါတယ်။</p> <p>သို့သော် ပုံတော်ကို ပွားမည့်လုပ်ငန်းစဉ်တော့ မဟုတ်သေးပါဘူး။ ပုံတော်သည် လုံးလုံး မပွားများကောင်းဘူးလို့တော့ ဒီလို မဆိုလိုပါဘူး။ ဘုန်းကြီးတို့ မြတ်စွာဘုရားရဲ့ ရူပကာယတော်ရဲ့ တင့်တယ်စံပယ်တော်မူပုံကို အာရုံယူပြီး ပွားနိုင်တဲ့ ဘုရားရှင်ရဲ့ ဘဂဝါဂုဏ်တော်တွေ ရှိကြပါတယ်။ ထိုဂုဏ်တော်တွေထဲမှာ သိရီဘုန်းတော်လည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဒီဘဂဝါဂုဏ်တော်ထဲမှာ တစ်ခု အဝင်အပါဖြစ်နေတဲ့ သိရီဘုန်းတော်က ရူပကာယရဲ့ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူပုံကို အာရုံယူပြီး ပွားများတဲ့ ဂုဏ်တော်ကမ္မဋ္ဌာန်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ပုံတော်ကို အာရုံယူပြီး ပွားတဲ့ထုံးကလေးလည်း ရှိပါတယ်။</p> <p>ယခု ဘုန်းကြီး ပြောမှာကတော့ ဂုဏ်တော်ကို အာရုံယူပြီး ပွားတဲ့နည်း ဖြစ်ပါတယ်။ အရဟံအစရှိတဲ့ ဂုဏ်တော်တွေကတော့ ဂုဏ်ကို အာရုံယူပြီး ရှုပွားတဲ့နည်း ဖြစ်ပါတယ်။ သို့သော် တစ်ချိန်က သက်တော်ထင်ရှား ဘုရားရှင်ကို ဖူးတွေ့ချင်လည်း ဖူးတွေ့ခဲ့ရပေမယ့်လည်း ယခုအချိန်မှာတော့ မိမိက ဒီသက်တော်ထင်ရှား ဘုရားရှင်ကိုလည်း မဖူးတွေ့ရတဲ့အတွက် ဖူးမြင်နေရတဲ့ ပုံတော်ကိုပဲ ပထမတော့ အာရုံယူ ကပ်ကြည့်ရမယ်။ ဒါကြောင့် မိမိ ကြည်ညိုနေတဲ့ ရုပ်ပွားတော်တစ်ဆူကို လှမ်းပြီးတော့ လင်းရောင်ခြည်နဲ့ ထိုးစိုက်ကြည့်ပါ။</p> <p>ဒီရုပ်ပွားတော်ကိုလည်း သက်တော်ထင်ရှား ဘုရားရှင်ပဲလို့ အာရုံယူပြီးတော့ စိတ်က ညွတ်ကြည့်ပါ။ ညွတ်ကြည့်လိုက်တဲ့ အချိန်အခါမှာ အတိတ်က အရှင်သုဘူတိမထေရ်မြတ်တို့လို သက်တော်ထင်ရှား ဘုရားရှင်များကို ဖူးတွေ့ခဲ့ဖူးတဲ့ သူတော်ကောင်း ဖြစ်ခဲ့မယ်ဆိုလျှင်တော့ ထိုအချိန်အခါမှာ မိမိ ဖူးတွေ့ခဲ့ဖူးတဲ့ သက်တော်ထင်ရှား ဘုရားရဲ့ ရုပ်ပုံတော်များ ပေါ်လာတတ်ပါတယ်။ ပေါ်လာတဲ့ အချိန်အခါမှာ ထိုရုပ်ပွားတော်ကိုပဲ အာရုံယူပြီးတော့ ပုံတော်ကနေ ဂုဏ်တော်ကို တစ်ဖန် ပြောင်းရှုနိုင်ပါတယ်။ အကယ်၍ မပေါ်ခဲ့ဘူးဆိုလျှင်တော့ မိမိ လှမ်းပြီး ရှုပွားနေတဲ့ ရုပ်ပွားတော်ကိုပဲ သက်တော်ထင်ရှား ဘုရားရှင်ပဲလို့ အမှတ်ထားပြီးတော့ ထိုပုံတော်ကနေ တစ်ဆင့်တက်ပြီး ဂုဏ်တော်ကို ပြောင်းရပါမယ်။ ဘယ်လို ပြောင်းရမလဲ? ဂုဏ်တော် (၉)ပါးထဲက မိမိ ကြိုက်နှစ်သက်ရာ ဂုဏ်တော်တစ်ခုကို သို့မဟုတ် ဂုဏ်တော် (၉)ပါးလုံးကို ပွားနိုင်ပါတယ်။</p> <h3>အရဟံဂုဏ်တော်</h3> <p>သို့သော် တစ်ထိုင်အတွင်းမှာ ဂုဏ်တော်တစ်ခုပဲ ပွားတာကတော့ ပိုကောင်းပါတယ်။ ဒါကြောင့် တစ်ထိုင်အတွင်းမှာ ဂုဏ်တော်တစ်ခုပဲ ပွားမယ်ဆိုလျှင်တော့ အရဟံဂုဏ်တော်ကို ပွားမယ်ဆိုကြပါစို့။ အရဟံဂုဏ်တော်မှာ အနက်အဓိပ္ပာယ် (၅)ချက်ရှိတဲ့အထဲမှာလည်း တစ်ချက်လောက်ပဲ ပွားမယ်ဆိုကြပါစို့။ ဘုရားရှင်မှာ သူတစ်ပါးတို့နဲ့ မတူတဲ့ (၃၁)ဘုံအတွင်းမှာ သူတစ်ပါးနဲ့ ဘယ်လိုမှ နှိုင်းစာလို့ မရနိုင်တဲ့ သီလဂုဏ်တွေ ရှိတယ်၊ သမာဓိဂုဏ်တွေ ရှိတယ်၊ ပညာဂုဏ်တွေ ရှိတယ်။ သူမတူတဲ့ ဒီသီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်တွေကြောင့် လူတွေ နတ်တွေရဲ့ ပူဇော်အထူးကို ခံယူတော်မူထိုက်တဲ့ သဘောကလေးကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ --- သော ဘဂဝါ ဣတိပိ <b>အရဟံ</b>ဆိုပြီး ဒီလို ပွားရပါတယ်။ သော ဘဂဝါကို ဖြုတ်ပြီးတော့လည်း အရဟံလို့ ခပ်တိုတို ပွားလည်း ရပါတယ်။</p> <p><b>အရဟံ အရဟံ</b>လို့ ဒီလို ပွားနေတဲ့ အချိန်အခါမှာ ပုံတော်ကို အာရုံ မယူပါနဲ့၊ သူမတူတဲ့ သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်တွေကြောင့် လူနတ်တို့ရဲ့ ပူဇော်အထူးကို ခံယူတော်မူထိုက်တဲ့ သဘောကလေးကို အာရုံယူပြီးတော့သာလျှင် <b>အရဟံ အရဟံ</b>လို့ ပွားရပါတယ်။ ဒီလို ပွားလိုက်တဲ့ အချိန်အခါမှာ ပုံတော်က ပျောက်သွားတတ်ပါတယ်။ ပုံတော် ပျောက်သွားလျှင်လည်း ပုံတော်ကို လိုက်ပြီး ရှာမနေပါနဲ့၊ ဂုဏ်တော်အပေါ်မှာသာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင်သာ ကြိုးစားပါ။</p> <h3>သဒိသူပစာရ --- ဥပစာရသမာဓိ</h3> <p>ဒီလို ကြိုးစားလိုက်မယ်ဆိုလျှင်တော့ မကြာမီအချိန်အတွင်းမှာ အဖြူရောင်ကသိုဏ်း (= ဩဒါတကသိုဏ်း)ဖြင့် စတုတ္ထစျာန်သမာဓိဆိုက်အောင် ကြိုးစားအားထုတ်ထားတဲ့ ယောဂီသူတော်ကောင်းအဖို့ ဒီဂုဏ်တော်အပေါ်မှာ တစ်ထိုင်အတွင်းလောက်မှာပဲ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်သွားပါလိမ့်မယ်။ တစ်နာရီလောက် ငြိမ်နေပြီဆိုလျှင် စျာန်အင်္ဂါတွေကို ဆင်ခြင်မယ်ဆိုလျှင် ဆင်ခြင်လို့ ရနိုင်ပါတယ်။ ငြိမ်နေတဲ့စိတ်ကို ပြန်ကြည့်လိုက်လျှင် ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါငါးပါးက ထိုအချိန်မှာ ထင်ရှားနေပါလိမ့်မယ်။ သို့သော် ဒီစျာန်သည် ဥပစာရစျာန်မျှသာ ဖြစ်ပါတယ်။ အပ္ပနာစျာန်လို့ခေါ်တဲ့ စျာန်အစစ်တော့ မဟုတ်ပါဘူး။ စျာန်ရဲ့ အနီးအနားမှာ ကပ်နေတဲ့ ဥပစာရသမာဓိမျှသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ?</p> <p>ဒီဂုဏ်တော်တွေသည် အင်မတန် နက်နဲပါတယ်။ ဘုရားရှင်ရဲ့ ဂုဏ်တော်ကို ဉာဏ်မီဖို့ဆိုတာကလည်း မလွယ်ပါဘူး။ နက်နဲတဲ့ ဒီပရမတ္ထသဘောတရားတွေအပေါ်မှာ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်နေဖို့ဆိုတာက အင်မတန် ခက်ခဲတဲ့အတွက် ဥပစာရသမာဓိမျှသာ ရရှိနိုင်တယ်လို့ ဆိုလိုပါတယ်။ ဒါပေမယ့် ဒီဥပစာရသမာဓိဆိုတာကလည်း တကယ့် စျာန်အနီးနား ကပ်နေတဲ့ ဥပစာရသမာဓိအစစ်မျိုးတော့ မဟုတ်ပါဘူး။ ဂုဏ်တော်ကို ဘယ်လိုပင် ပွားနေပေမယ့်လို့ အပ္ပနာစျာန်က မရနိုင်ပါဘူး။ အရှုခံအာရုံဖြစ်တဲ့ ဂုဏ်တော်တွေက နက်နဲတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ သို့သော် စျာန်အနီးနား ကပ်နေတဲ့ ဥပစာရသမာဓိအစစ်နှင့် ယခု ဗုဒ္ဓါနုဿတိ ဥပစာရသမာဓိတို့ဟာ ညီမျှတဲ့ သမာဓိလက္ခဏာ ရှိနေတဲ့အတွက်ကြောင့် သဒိသူပစာရအားဖြင့် တင်စားပြီး ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းလို့ ဖြစ်ပေါ်လာရတဲ့ သမာဓိကိုလည်း ဥပစာရသမာဓိလို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။</p> <p>အဲဒီ ဥပစာရစျာန်သမာဓိသို့ ဆိုက်သွားတဲ့ အချိန်အခါမှာ ယောဂီသူတော်ကောင်းရဲ့ သန္တာန်မှာ စျာန်အင်္ဂါတွေထဲက အထူးသဖြင့် ပီတိ, သုခခေါ်တဲ့ စျာန်အင်္ဂါနှစ်ခုကတော့ အလွန် ထင်ရှားနေတတ်ပါတယ်။ ဒီဂုဏ်တော်တွေကို ပွားတဲ့နည်းစနစ်ကတော့ ဥပစာရသမာဓိဆိုက်အောင် ပွားတဲ့ နည်းစနစ်ဖြစ်တဲ့အတွက် ဂုဏ်တော်ပွားတဲ့နေရာမှာ အင်မတန် ထိရောက်တဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ကျန်ဂုဏ်တော်များကို ပွားများလိုပါက နည်းမှီပြီးသာ ပွားများပါလေ။</p> <h3>နန္ဒရသေ့ကြီး</h3> <p>ရှေ့ပိုင်းမှာ ဘုန်းကြီး ပြောခဲ့တဲ့ သုဘူတိမထေရ်ရဲ့ အလောင်းအလျာဖြစ်တဲ့ ကောလိယအနွယ်မှ ပေါက်ဖွားလာတဲ့ နန္ဒရသေ့ကြီးကတော့ (၇)ရက်တိုင်တိုင် ပဒုမုတ္တရမြတ်စွာဘုရားကို ပန်းပွင့်ထီးကြီးဖြင့် ဆောင်းမိုးပြီး ဘုရားရှင်ရဲ့ ဂုဏ်တော်လျှင် အာရုံရှိနေတဲ့ ပီတိ, သုခတွေဖြင့် ရပ်တည်နေလိုက်တာ (၇)ရက်ပတ်လုံး အစာမစားဘဲ မနေနိုင်ဘူးလား? နေနိုင်တယ်။ မကောင်းဘူးလား? သိပ်ကောင်းတယ်။</p> <p>မနေ့ကပဲ ယောဂီဒါယိကာမကြီးတစ်ယောက်က ဒီဂုဏ်တော် ပွားနေရတာကို အားရကျေနပ်လွန်းလို့ ချမ်းသာလွန်းလို့ ဘုန်းကြီးထံ လာပြီး လျှောက်ထားတယ်။ လျှောက်လို့ ပြီးတဲ့အချိန်အခါမှာတော့ ထိုင်ငိုပါလေရော။ ဘာဖြစ်လို့ ငိုရသလဲလို့ ဘုန်းကြီးက မေးကြည့်လိုက်တော့ --- တပည့်တော် ဘုရား ...ဒီဂုဏ်တော်တွေကို ပွားနေတဲ့ အချိန်အခါမှာ သက်တော်ထင်ရှား ဘုရားရှင်လို ရောင်ခြည်တော်တွေ တဖြတ်ဖြတ် ထွက်လာတာကို ဖူးတွေ့ရပါတယ်။ ဒီလို ဖူးတွေ့ရတော့ ဒီလောက်ကောင်းနေတဲ့ တရားမျိုးကို ငါ စွန့်ပြီးတော့ ဘာမှမဟုတ်တဲ့ သားတွေ သမီးတွေနဲ့ သွားပြီးတော့ အလုပ်တွေ ရှုပ်ပြီး လောကမှာ နေထိုင်လာခဲ့တာ ငါ့ဘဝဟာ အင်မတန် ကံဆိုးလှတယ်၊ ဒါကြောင့် တပည့်တော် အင်မတန် ဝမ်းနည်းလွန်းလို့ ငိုပါတယ်ဆိုပြီး သူက လျှောက်ထားတယ်။ ဒါကြောင့် ဒီဂုဏ်တော်ကမ္မဋ္ဌာန်းသည် အင်မတန် နှစ်ခြိုက်ဖွယ်ရာဖြစ်တဲ့ ပီတိ, သုခတွေကို ဖြစ်စေတတ်တဲ့ ကမ္မဋ္ဌာန်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ပဒုမုတ္တရမြတ်စွာဘုရားရှင်က ဘယ်လို ဟောကြားထားတော်မူသလဲ?</p> <p><b>ဘာဝေဟိ ဗုဒ္ဓါနုဿတိံ၊ ဘာဝနာနမနုတ္တရံ။</b></p> <p><b>ဣမံ သတိံ ဘာဝယိတွာ၊ ပူရယိဿသိ မာနသံ။</b> (အပဒါန၊၁၊၇၆။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၅။)</p> <p><b>ဘာဝနာနံ</b> = ဘာဝနာဟူသမျှတို့တွင်။ <b>အနုတ္တရံ</b> = အသာဆုံး အမြတ်ဆုံး ဖြစ်တဲ့။ <b>ဗုဒ္ဓါနုဿတိံ</b> = ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို။ <b>ဘာဝေဟိ</b> = ပွားများအားထုတ်ပါလေလော့။ <b>ဣမံ သတိံ</b> = ဤဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို။ <b>ဘာဝယိတွာ</b> = ပွားများအားထုတ်ခြင်းကြောင့်။ <b>မာနသံ</b> = စိတ်ရဲ့ တောင့်တချက် မှန်သမျှသည်။ <b>ပူရယိဿသိ</b> = မချွတ်ဧကန် ပြည့်စုံပါပေလိမ့်မယ်။</p> <p>ဒီလို ဘုရားရှင်က အာမခံထားပါတယ်။ အရှင်သုဘူတိမထေရ်ကို ကြည့်လိုက်မယ်ဆိုလျှင် သူ့ရဲ့ စိတ်နှလုံး အလိုဆန္ဒ တောင့်တချက်တွေ အားလုံး ပြည့်စုံမသွားဘူးလား? ပြည့်စုံသွားတယ်။ ဒီလို မိမိတို့ရဲ့ လိုလားတောင့်တချက်ကို ဖြည့်စွမ်းပေးနိုင်တဲ့ စွမ်းအားတစ်ခု ရှိတယ်ဆိုလျှင်တော့ ဒီစွမ်းအားမျိုးကို မိမိရဲ့ သန္တာန်မှာ မွေးမြူထားဖို့ မကောင်းဘူးလား? သိပ်ကောင်းပါတယ်။ ဒါကြောင့် ကြိုးစားကြစေချင်ပါတယ်။</p> <h3>ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့</h3> <p>ဖုဿဒေဝမထေရ်ကြီးကတော့ ဒီဂုဏ်တော်တွေကို အခြေခံပြီးတော့ ဝိပဿနာ ကူးပါတယ်။ အရှင်သုဘူတိမထေရ်ကတော့ မေတ္တာစျာန်ကို အခြေခံပြီးတော့ ဝိပဿနာ ကူးပါတယ်။ ဒီလို မေတ္တာစျာန်ကို အခြေခံပြီး ဝိပဿနာ ကူးချင်တယ်ဆိုလျှင်တော့ မေတ္တာစျာန်ကို တတိယစျာန် ပေါက်မြောက်သည်အထိ ပြန်ပြီးတော့ သမာဓိ ထူထောင်ရပါတယ်။ မေတ္တာစျာန်ကို တတိယစျာန်အထိ ဆိုက်အောင် သမာဓိ ထူထောင်ပြီးတဲ့ အချိန်အခါမှာ ထိုယောဂီသူတော်ကောင်းက ဘာလုပ်ရမလဲ? ထိုမေတ္တာစျာန်မှ ထပြီးတော့ စိတ္တဝိသုဒ္ဓိ ဖြစ်နေတဲ့ အချိန်အခါမျိုးမှာ ဒိဋ္ဌိဝိသုဒ္ဓိစခန်းကို ကူးနိုင်ပါတယ်။ ဒိဋ္ဌိဝိသုဒ္ဓိစခန်းကို ဘယ်လို ကူးရမလဲ?</p> <p>ဘုန်းကြီးတို့ ဒိဋ္ဌိဝိသုဒ္ဓိစခန်းကို ကူးရာမှာ ရုပ်ကမ္မဋ္ဌာန်းကနေ စပြီး သိမ်းဆည်းတဲ့ နည်းစနစ်, နာမ်ကမ္မဋ္ဌာန်းကနေ စပြီး သိမ်းဆည်းတဲ့ နည်းစနစ်ဆိုပြီး (၂)နည်း ရှိနေပါတယ်။ (ဝိသုဒ္ဓိ၊၂၊၂၂၂။) ဒီ (၂)နည်းမှာ မိမိ ကြိုက်နှစ်သက်ရာနည်းနဲ့ စပြီး ကူးနိုင်ပါတယ်။ သမထယာနိကပုဂ္ဂိုလ်ကတော့ နာမ်တရားကနေ စပြီး သိမ်းဆည်းချင်တယ်ဆိုလျှင် စျာန်အင်္ဂါတွေက စပြီး သိမ်းဆည်းရပါတယ်။ စျာန်အင်္ဂါတွေကို သိမ်းဆည်းပြီးတဲ့အခါမှာ ထိုစျာန်အင်္ဂါတွေနဲ့ ယှဉ်တွဲပြီး ဖြစ်ပေါ်နေတဲ့ စိတ်စေတသိက်လို့ ခေါ်ဆိုအပ်တဲ့ စျာန်နာမ်တရားတွေကိုလည်း ဆက်လက်ပြီး သိမ်းဆည်းရပါတယ်။ ဒီလို သိမ်းဆည်းတဲ့အပိုင်းမှာလည်း ---</p> <p><b>တံသမ္ပယုတ္တာ စ ဓမ္မာ လက္ခဏရသာဒိဝသေန ပရိဂ္ဂဟေတဗ္ဗာ။</b> (ဝိသုဒ္ဓိ၊၂၊၂၂၂။)</p> <p>ဆိုပြီးတော့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၂၂)မှာ အတိအကျ ညွှန်ကြားထားပါတယ်။ ဒါကြောင့် ယောဂီသူတော်ကောင်းက စျာန်နာမ်တရားတွေကို သိမ်းဆည်းချင်တယ်ဆိုလျှင်တော့ လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းဖို့တော့ လိုအပ်တယ်။</p> <p>စျာန်နာမ်တရားတွေကုိ သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ ဒီစျာန်နာမ်တရားတွေသည် ဘာကို မှီပြီး ဖြစ်ပေါ်နေကြသလဲလို့ လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာ စျာန်နာမ်တရားတို့ရဲ့ မှီရာဖြစ်တဲ့ ဟဒယဝတ္ထုရုပ်ကို သွားတွေ့ပါတယ်။ ဒီဟဒယဝတ္ထုကလည်း ဘာကို မှီပြီး ဖြစ်နေသလဲလို့ လှမ်းကြည့်လိုက်မယ်ဆိုလျှင်တော့ ဟဒယဝတ္ထုရဲ့ မှီရာဖြစ်တဲ့ ဘူတရုပ်နဲ့ ဥပါဒါရုပ်လို့ ခေါ်တဲ့ ရုပ်တရားတွေကို သွားပြီး တွေ့ပါတယ်။ ဒီအချိန်အခါမှာ ဘူတရုပ် ဥပါဒါရုပ်တွေကို ဆက်ပြီး သိမ်းဆည်းရပါတယ်။ ဒါက နာမ်တရားက စပြီး သိမ်းဆည်းချင်တဲ့ ပုဂ္ဂိုလ်အတွက် ပြောခြင်း ဖြစ်ပါတယ်။</p> <p>ဒီလို နာမ်တရားတွေကနေ စပြီးတော့ မသိမ်းဆည်းချင်ဘူး၊ ရုပ်တရားကနေ စပြီးတော့ သိမ်းဆည်းချင်တယ်ဆိုလျှင်တော့ ဘာလုပ်ရလဲ? ဓာတ်ကမ္မဋ္ဌာန်းကနေ စပြီး ပြည်တည်ရပါတယ်။ ဘာကြောင့်လဲ? သမထပိုင်းမှာ သမထကမ္မဋ္ဌာန်း (၄၀) ရှိတယ်ဆိုတာတော့ မှန်တယ်။ ဒါပေမယ့် သမာဓိ အောင်မြင်လို့ ဒိဋ္ဌိဝိသုဒ္ဓိစခန်း ကူးတော့မယ်ဆိုလျှင်တော့ ဝိပဿနာပိုင်းမှာ ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်းဆိုပြီး ကမ္မဋ္ဌာန်းက (၂)မျိုးပဲ ရှိပါတယ်။ ဒီ (၂)မျိုးထဲက ရုပ်ကမ္မဋ္ဌာန်းရှုကွက်ကို ဘုရားရှင်က ဘယ်နှစ်နည်း ဟောကြားထားတော်မူခဲ့သလဲ? မူလပဏ္ဏာသအဋ္ဌကထာ ပထမတွဲ စာမျက်နှာ (၂၈၀)မှာ အတိအကျ ဖွင့်ဆိုထားတော်မူပါတယ်။ ဘယ်လို ဖွင့်ဆိုထားတော်မူသလဲ?</p> <p><b>တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ။</b> (မ၊ဋ္ဌ၊၁၊၂၈၀၊၊)</p> <p>ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်း (၂)မျိုးရှိတဲ့အနက်က ရုပ်ကမ္မဋ္ဌာန်းကို ဘုရားရှင် ဟောကြားတော်မူတဲ့အခါမှာ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနှလုံးသွင်းနည်း, ဓာတ်ကမ္မဋ္ဌာန်း အကျယ်နှလုံးသွင်းနည်းဆိုတဲ့ ဒီနှစ်မျိုးမှာ တစ်နည်းနည်းနဲ့ပဲ ဘုရားရှင် ဟောကြားတော်မူပါတယ်။ ဒါကြောင့် ဘုန်းကြီးတို့ကလည်း ရုပ်တရားတွေကို အရင် စပြီး ရှုချင်တဲ့ ယောဂီတွေကို သင်ပေးတဲ့ အခါမှာ ဓာတ်ကမ္မဋ္ဌာန်းကို စပြီး ရှုခိုင်းပါတယ်။ ဓာတ်ကမ္မဋ္ဌာန်းကို စရှုတဲ့ အချိန်အခါမှာ ဓာတ်လေးပါးနဲ့ ပြည်တည်ပြီး သမာဓိထူထောင်တတ်တဲ့ ယောဂီတွေအဖို့ကတော့ ဒီအပိုင်းမှာ သိပ်လွယ်သွားပါတယ်။</p> <h3>မေတ္တာစျာန်မှ ဓာတ်ကမ္မဋ္ဌာန်းသို့</h3> <p>မေတ္တာစျာန်ကို တတိယစျာန်တိုင်အောင် ဝင်စားပြီး မေတ္တာစျာန်မှ ထတဲ့အချိန်အခါမှာ ခန္ဓာအိမ်မှာ ဓာတ်လေးပါးကို ပြန်ပြီးတော့ စိုက်ရှုလိုက်ပါ။ ခန္ဓာအိမ်မှာ စိုက်ရှုလိုက်ပြီဆိုလျှင်တော့ ထိုအချိန်အခါမှာ ယောဂီသူတော်ကောင်းအဖို့ အဖြူကို လွယ်လွယ်ကူကူနဲ့ ပြန်တွေ့ပါမယ်။ အဲဒီ အဖြူမှာလည်း ဆက်ပြီး ဓာတ်လေးပါး စိုက်ရှုလိုက်တဲ့ အချိန်အခါမှာ အဖြူကနေ ကြည်သွားပါမယ်။ အဲဒီ အကြည်မှာလည်း ဓာတ်လေးပါး ဆက်စိုက်ရှုလိုက်မယ်ဆိုလျှင်တော့ သမာဓိစွမ်းအားကြောင့် ခဏကလေးနဲ့ အကြည်ဓာတ်တွေဟာ ပြိုကွဲပြီးတော့ ရုပ်ကလာပ်အမှုန်ကလေးတွေအားလုံး ဖြစ်သွားတတ်ပါတယ်။ အကယ်၍ ရုပ်ကလာပ်အမှုန်ကလေးတွေ မဖြစ်ဘူး၊ ဒီအကြည်ပြင်က ခိုင်နေတယ်ဆိုလျှင်တော့ ထိုပုဂ္ဂိုလ်သည် ဘာဆက်ပြီး လုပ်ရမလဲ?</p> <p>အဲဒီ အကြည်ပြင်မှာ အာကာသခေါ်တဲ့ ရုပ်ကလာပ်တို့ရဲ့ အကြားအပေါက်ကလေးတွေ ရှိနေလေရဲ့လို့ အာရုံယူပြီး ထိုအချိန်အခါမှာ ဓာတ်လေးပါးကို ရှုပွားနေတဲ့ ဉာဏ်လင်းရောင်ခြည်နဲ့ ထိုးစိုက်ရှုကြည့်ပါ။ စိုက်ရှုကြည့်လိုက်လျှင် ရုပ်ကလာပ်တို့ရဲ့ အကြားအပေါက်ဖြစ်တဲ့ အာကာသဓာတ်ကို သွားတွေ့ပါမယ်။ ရုပ်ကလာပ်တို့ရဲ့ အကြားအပေါက်ဖြစ်တဲ့ အာကာသဓာတ်ကို တွေ့သည်နှင့် တစ်ပြိုင်နက်တည်း ရုပ်ကလာပ်တွေကို သွားတွေ့ပါတယ်။ ဒီအာကာသဓာတ်ကို ရှုရမယ်ဆိုတာလည်း ဘုရားရှင်ကိုယ်တိုင်က မဟာရာဟုလောဝါဒသုတ္တန် (မ၊၂၊၈၆။)မှာ ရှင်ရာဟုလာကို ဓာတ် (၆)ပါး ကမ္မဋ္ဌာန်းကို ညွှန်ကြားပေးပါတယ်။ ရုပ်ကမ္မဋ္ဌာန်းပိုင်းမှာ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ခေါ်တဲ့ ဓာတ်လေးပါးကို သင်ပေးပြီးတဲ့ အချိန်အခါမှာ အာကာသဓာတ်တစ်ခုကိုလည်း ထည့်ပြီး ရှုဖို့ ညွှန်ကြားပေးတော်မူပါတယ်။ အဲဒီ အာကာသဓာတ်ကို ရှုဖို့ရန် ညွှန်ကြားခြင်းသည် ဥပါဒါရုပ်တွေကိုလည်း ရှုဖို့ ညွှန်ကြားခြင်း ဖြစ်တယ်လို့ အဋ္ဌကထာ (မ၊ဋ္ဌ၊၃၊၉၇။)ကလည်း အတိအကျ သတ်မှတ်ထားပါတယ်။</p> <p>ဒါကြောင့် ယောဂီပုဂ္ဂိုလ်က ရုပ်ကလာပ်တွေကို မြင်အောင်တော့ ရှေးဦးစွာ ကြည့်ရပါတယ်။ ဘာကြောင့် ဒီရုပ်ကလာပ်တွေကို မြင်အောင် ကြည့်နေရသလဲလို့ မေးလျှင်တော့ ရုပ်တို့မည်သည်မှာ ကလာပ်ခေါ်တဲ့ အမှုန်ကလေးတွေအနေနဲ့သာ ဖြစ်ကြပါတယ်။ ဒီအမှုန်ကလေးတွေသည် ဘယ်၍ ဘယ်မျှ ရှိတယ်ဆိုတာကတော့ အတိအကျ ပြောလို့ မရနိုင်ပါဘူး။ ပရမာဏုမြူခန့် အသေးငယ်ဆုံး အဖွဲ့အစည်းတစ်ခုလို့သာ ဒီလို သတ်မှတ်ချက် ရှိပါတယ်။ (ဝိသုဒ္ဓိ၊၁၊၃၆၁။ မဟာဋီကာ၊၁၊၄၄၆-၄၄၇။) ပရမာဏုမြူနဲ့ တူတယ်လို့ ဒီလိုလည်း မသုံးပါဘူး။ ဘာဖြစ်လို့ ဒီပရမာဏုမြူခန့်လို့ သုံးနေရသလဲလို့ မေးလျှင်လည်း ဘုန်းကြီးတို့ အသေးဆုံး အဖွဲ့အစည်းတစ်ခုကို ခေါ်ဝေါ်သုံးစွဲထားတဲ့ နာမည်ဟာ ဒီပရမာဏုမြူဆိုတဲ့ စကားလုံးထက် သေးငယ်တဲ့ စကားလုံး အသုံးအနှုန်းကလည်း မရှိတဲ့အတွက် အသေးငယ်ဆုံး ဝေါဟာရနဲ့ သုံးနှုန်းရခြင်းသာ ဖြစ်ပါတယ်။</p> <p>သို့သော် သိပ္ပံကျွမ်းကျင်တဲ့ ဒါယကာကြီး ဒေါက်တာမင်းတင်မွန်ကတော့ ဒီထက် သေးငယ်လိမ့်မယ်လို့ ပြောပါတယ်။ ဒီလို အင်မတန် သေးငယ်တဲ့ ရုပ်ကလာပ်အမှုန်ကလေးတွေကို တစ်မှုန် တစ်မှုန်မှာ ပထဝီ, အာပေါ, တေဇော, ဝါယောဆိုတဲ့ ဓာတ်လေးပါးကို မြင်အောင် ရှုရပါတယ်။ အဲဒီ ဓာတ်လေးပါးကို ရှုတတ်ပြီဆိုလျှင်တော့ ---</p> <h3>ဘူတရုပ် + ဥပါဒါရုပ်များကို သိမ်းဆည်းပါ</h3> <p><b>ဣမေ စတ္တာရော မဟာဘူတေ ပရိဂ္ဂဏှန္တဿ ဥပါဒါရူပံ ပါကဋံ ဟောတိ။ မဟာဘူတံ နာမ ဥပါဒါရူပေန ပရိစ္ဆိန္နံ၊ ဥပါဒါရူပံ မဟာဘူတေန။ ယထာ အာတပေါ နာမ ဆာယာယ ပရိစ္ဆိန္နော၊ ဆာယာ အာတပေန၊ ဧဝမေဝ မဟာဘူတံ ဥပါဒါရူပေန ပရိစ္ဆိန္နံ၊ ဥပါဒါရူပံ မဟာဘူတေန။</b> (အဘိ၊ဋ္ဌ၊၂၊၂၄၁၊၊)</p> <p>ဒီဓာတ်ကြီးလေးပါးကို သိမ်းဆည်းတတ်ပြီဆိုလျှင်တော့ ထိုပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဘာပေါ်လာမလဲ? ဥပါဒါရုပ်လို့ခေါ်တဲ့ (၂၄)မျိုးသော ရုပ်သဘောတရားတွေ ပေါ်လာပါလိမ့်မယ်။ ဒီ(၂၄)မျိုးသော ရုပ်သဘောတရားတွေထဲမှာ ဘုန်းကြီးတို့ ရုပ်အတု (၁၀)မျိုး ပါနေတယ်။ အဲဒီရုပ်အတု (၁၀)မျိုးကတော့ ဝိပဿနာရှုတဲ့အပိုင်းမှာတော့ ချန်လှပ်ထားရပါမယ်။ ရုပ်တရား နာမ်တရားတွေကို သိမ်းဆည်းတဲ့အပိုင်းမှာတော့ ရောနှောသိမ်းဆည်းဖို့ရန်အတွက် ဝိသုဒ္ဓိမဂ်အဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၂၅။)မှာ အတိအကျ ညွှန်ကြားထားပါတယ်။ ဘာကြောင့်လဲ?</p> <p>အဲဒီ ရုပ်အတုတွေထဲမှာ အာကာသဓာတ်လည်း ပါနေပါတယ်။ အာကာသဓာတ်ဆိုတာက ရုပ်ကလာပ်တွေရဲ့ အကြားအပေါက်ကို ခေါ်ပါတယ်။ အဲဒီရုပ်ကလာပ်တို့ရဲ့ အကြားအပေါက်ကိုမှ မမြင်နိုင်ဘူးဆိုလျှင်တော့ ရုပ်ကလာပ်ကိုလည်း မြင်နိုင်ပါ့မလား? မမြင်နိုင်ဘူး။ ဒါကြောင့် ဥပါဒါရုပ်တွေထဲက ရုပ်အတုထဲမှာ အကျုံးဝင်နေတဲ့ ဒီအာကာသဓာတ်တို့လို ရုပ်အတုမျိုးတွေကိုလည်း ရောနှောပြီး သိမ်းဆည်းဖို့ရန်အတွက် ညွှန်ကြားနေခြင်း ဖြစ်ပါတယ်။ ရုပ်အစစ်တွေကို ရှုနေရင်းနဲ့ ဒီရုပ်အတုတို့ရဲ့ ပေါ့မှု, လျင်မြန်မှုစတဲ့ လဟုတာသဘောတွေလည်း ထင်ရှားလာလျှင်တော့ ရောနှောပြီး သိမ်းဆည်းဖို့ရန်အတွက် ညွှန်ကြားနေခြင်း ဖြစ်ပါတယ်။</p> <p>နောက်တစ်ခုက ဒီရုပ်တရားတွေကို သိမ်းဆည်းနေတဲ့ အချိန်အခါမှာ ဒီရုပ်တရားတွေရဲ့ ဖြစ်မှု, ပျက်မှု, တည်မှုတွေကလည်း ထင်ရှားနေတဲ့အတွက် ဒီသဘောတရားတွေကိုပါ ရောပြီး ရုပ်တရားလို့ သိမ်းဆည်းဖို့ ညွှန်ကြားနေခြင်း ဖြစ်ပါတယ်။ သို့သော် ဝိပဿနာရှုတဲ့အပိုင်းမှာတော့ ဒီရုပ်အတုတွေကို ချန်ထားခဲ့ရပါမယ်။ နောက်တစ်ခုက ရုပ်အစစ်တွေကို တစ်ခါ ပြန်ကြည့်လိုက်လျှင် ဘာတွေ ပါနေသလဲလို့ မေးလျှင်တော့ အရေးအကြီးဆုံး ရုပ်ဖြစ်တဲ့ ဇီဝိတရုပ်, ဘာဝရုပ်, ဩဇာရုပ်တို့ ပါနေကြတယ်။</p> <p>ဇီဝိတရုပ်ဆိုတာက ကမ္မဇရုပ်တွေကို ပြန်စောင့်ရှောက်နေတဲ့ သဘာဝကလေးတစ်ခု ဖြစ်ပါတယ်။ ဒီသဘောကလည်း ကြည်တဲ့ရုပ်ကလာပ်တွေ အားလုံးမှာ ရှိနေပါတယ်။ ဇီဝိတလျှင် (၉)ခုမြောက်ရှိတဲ့ ဇီဝိတနဝကကလာပ်, ဟဒယရုပ်လျှင် (၁၀)ခုမြောက်ရှိတဲ့ ဟဒယဒသကကလာပ်, ဘာဝရုပ်လျှင် (၁၀)ခုမြောက်ရှိတဲ့ ဘာဝဒသကကလာပ်။ အဲဒီ ရုပ်ကလာပ်တွေကတော့ မကြည်ကြပါဘူး။ ဒီလို မကြည်တဲ့ ရုပ်ကလာပ်တွေမှာလည်း ဇီဝိတက ပါရှိနေပါတယ်။</p> <p>ဘာဝရုပ်ဆိုတာကတော့ အမျိုးသမီးမှာ အမျိုးသမီးဘာဝရုပ်, အမျိုးသားမှာ အမျိုးသားဘာဝရုပ် ရှိပါတယ်။ ဒီဘာဝရုပ်ကလည်း ကလာပ်တိုင်းမှာ ရှိနေပါတယ်။ ဗုဒ္ဓအဘိဓမ္မာမှာ ဖွင့်ဆိုထားတဲ့အတိုင်း ဒီဘာဝရုပ်က အမျိုးသမီးမှာ အမျိုးသမီးလို့ သိလောက်တဲ့ အမှတ်အသား၊ အမျိုးသားမှာလည်း အမျိုးသားလို့ သိလောက်တဲ့ အမှတ်အသားမျိုးတွေ ဖြစ်ပါတယ်။ ဒီအမှတ်အသားကလည်း မျက်စိ, နား, နှာ, လျှာ, ကိုယ်, နှလုံးဆိုတဲ့ (၆)ဌာနလုံးမှာ ရှိနေပါတယ်။ မျက်စိမှာလည်း ဘာဝရုပ်က ရှိနေပါတယ်။ ဒါကြောင့် ဗုဒ္ဓအဘိဓမ္မာနည်းက အများနားလည်နေတဲ့ ဘာဝရုပ်နဲ့ တူသလား? မတူပါဘူး။</p> <p>ဒီဘာဝရုပ်သည် ဘယ်အခါမှာ ရှုလို့ ရနိုင်သလဲ? ရုပ်ကလာပ်ကို ဓာတ်ခွဲနိုင်မှသာလျှင် ရှုလို့ ရနိုင်ပါတယ်။ ဇီဝိတရုပ် ဩဇာရုပ်တွေကလည်း ရုပ်ကလာပ်ကို ဓာတ်ခွဲနိုင်မှသာလျှင် ရှုလို့ ရနိုင်ပါတယ်။ အလားတူပဲ ကျန်နေတဲ့ ရုပ်တရားတွေကလည်း ရုပ်ကလာပ်ကို ဓာတ်ခွဲနိုင်မှသာလျှင် ပရမတ်နယ်မြေကို ဆိုက်မှာ ဖြစ်ပါတယ်။ ရုပ်ကလာပ်ကို ဓာတ်ခွဲနိုင်မှ ရုပ် (၂၈)ပါးက စုံညီပါမယ်။ ဒီရုပ် (၂၈)ပါးကို စုံညီအောင် မရှုခဲ့ဘူးဆိုလျှင် မဂ် ဖိုလ် နိဗ္ဗာန် ရနိုင်ပါ့မလား? မရနိုင်ပါဘူး။ မရနိုင်ဘူးဆိုတာနဲ့ ပတ်သက်လို့ ဘုရားရှင်က အပရိဇာနနသုတ္တန်များမှာ အတိအကျ ဟောကြားထားတော်မူပါတယ်။</p> <p><b>သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။</b> (သံ၊၂၊၂၄၉။)</p> <p>အလုံးစုံသော ရုပ်တရား နာမ်တရားတွေကို ပရိညာပညာ (၃)မျိုးဖြင့် ပိုင်းခြားပြီး မသိလျှင် ဒုက္ခတွေ ဘယ်လိုမှ မကုန်နိုင်ဘူး။ သိမှ ကုန်မယ်လို့ အတိအကျ ဟောကြားထားတော်မူပါတယ်။ ဒါကြောင့် ဝိပဿနာ ရှုပွားတော့မည့် ယောဂီသူတော်ကောင်းသည် ဒီရုပ်တရား နာမ်တရားတွေကိုတော့ ကုန်စင်အောင် သိမ်းဆည်းရမှာ ဖြစ်ပါတယ်။ ဒီလို ရုပ်ကလာပ်တွေကို ဓာတ်ခွဲနိုင်လို့ ရုပ် (၂၈)ပါးကိုလည်း သိမ်းဆည်းတတ်ပြီဆိုလျှင်တော့ ထိုယောဂီသူတော်ကောင်းက ရှေ့တစ်ဆင့် တက်ပြီးတော့ နာမ်ကမ္မဋ္ဌာန်းကို ပြောင်းပြီး သိမ်းဆည်းရပါတယ်။</p> <h3>နာမ်တရားများကို သိမ်းဆည်းပါ</h3> <p>နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းတဲ့အခါမှာ ဘုန်းကြီးတို့ သမထယာနိကပုဂ္ဂိုလ် ဖြစ်နေလျှင်တော့ ရှေးဦးစွာ စျာန်နာမ်တရားတွေကို စပြီး သိမ်းဆည်းချင်လည်း သိမ်းဆည်းလို့ ရပါတယ်။ ဘုန်းကြီး ဟောခဲ့တဲ့ လမ်းစဉ်အတိုင်း မိမိက ကသိုဏ်းတွေကို အောင်အောင်မြင်မြင် သမာဓိကို ထူထောင်ထားမယ်ဆိုလျှင်တော့ ကသိုဏ်းစျာန်တွေက စပြီး သိမ်းဆည်းလည်း ရပါတယ်၊ အရိုးစု စျာန်က စပြီး သိမ်းဆည်းလည်း ရတယ်၊ မေတ္တာစျာန်က စပြီး သိမ်းဆည်းလည်း ရပါတယ်။ ဒီလို သိမ်းဆည်းတဲ့အပိုင်းမှာလည်း ယောဂီသူတော်ကောင်းက ရှေးဦးစွာ စျာန်အင်္ဂါတွေက စပြီး သိမ်းဆည်းရပါတယ်။ ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါတွေကို ဘယ်လို သိမ်းဆည်းရမလဲ?</p> <h3>မေတ္တာစျာန် နာမ်တရားများ</h3> <p>ဥပမာ --- မေတ္တာစျာန်ကို ပထမစျာန်သမာဓိ ဆိုက်အောင် ပြန်ပြီး ဝင်စားကြည့်ပါ။ ဝင်စားလိုက်လို့ ပထမစျာန်သမာဓိ ဆိုက်သွားပြီဆိုလျှင်တော့ စျာန်အင်္ဂါ (၅)ပါးက ထင်ရှားလာပါလိမ့်မယ်။ ထင်ရှားလာပြီဆိုတဲ့ အချိန်အခါမှာ အကြိမ်များစွာ ဖြစ်နေတဲ့ ဒီစျာန်အင်္ဂါ (၅)ပါးကို မြင်အောင် ကြည့်ရပါမယ်။ အကြိမ်များစွာ ဖြစ်နေတာကို မြင်အောင် ကြည့်လို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ အဲဒီ ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၅)ပါးနဲ့ ယှဉ်တွဲပြီး ဖြစ်ပေါ်နေတဲ့ စျာန်နာမ်တရားတွေကို တစ်စတစ်စ ဆက်ပြီး သိမ်းဆည်းရပါတယ်။</p> <h3>နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း (၃) နည်း</h3> <p>ပထမစျာန်မှာ စိတ်စေတသိက် အားလုံး (၃၄)လုံး ရှိပါတယ်။ အဲဒီ (၃၄)လုံးသော စိတ်စေတသိက်တွေကို တစ်လုံးစီ တစ်လုံးစီပဲ သည်းခံပြီးတော့ ထပ်ကာထပ်ကာ သိမ်းဆည်းရပါတယ်။ သိမ်းဆည်းတဲ့အခါမှာ ဖဿက စပြီး သိမ်းဆည်းတဲ့ နည်းစနစ်, ဝေဒနာက စပြီး သိမ်းဆည်းတဲ့ နည်းစနစ်, အသိစိတ် ဝိညာဏ်က စပြီး သိမ်းဆည်းတဲ့ နည်းစနစ်ဆိုပြီး သုံးနည်း ရှိပါတယ်။ (မ၊ဋ္ဌ၊၁၊၂၈၀ ...။) မိမိ ကြိုက်နှစ်သက်ရာက စပြီး သိမ်းဆည်းနိုင်ပါတယ်။</p> <p>ဥပမာ --- အသိစိတ် (= ဝိညာဏ်)က စပြီး သိမ်းဆည်းတယ်ဆိုကြစို့။ အသိစိတ် (= ဝိညာဏ်)ကို စပြီး သိမ်းဆည်းလိုက်တဲ့ အချိန်အခါမှာ အသိစိတ် ကလေးက အကြိမ်များစွာ ဆက်တိုက် ဖြစ်နေတာကို မြင်ပြီဆိုလျှင်တော့ အသိစိတ်နှင့် ဖဿ (၂)လုံးကို သိမ်းဆည်းကြည့်ပါ။ (၂)လုံး မြင်ပြီဆိုလျှင် (၃)လုံး၊ (၃)လုံး မြင်ပြီဆိုလျှင် (၄)လုံး စသည်ဖြင့် တဖြည်းဖြည်း တိုးပြီး သိမ်းဆည်းရပါတယ်။ အသိစိတ်, ဖဿ, ဝေဒနာ, သညာ, စေတနာဆိုတဲ့ ဖဿပဉ္စမက (၅)လုံးလောက်ကို ကြိမ်ဖန်များစွာ ပြိုင်တူလိုလို ဖြစ်နေတာကို မြင်အောင် သိမ်းဆည်းလို့ ရပြီဆိုလျှင်တော့ လက်ခမောင်းခတ်နိုင်ပါပြီ။ ဖဿပဉ္စမက (၅)လုံးကို သိမ်းဆည်းပြီးလျှင်တော့ ကျန်နေတဲ့ နာမ်တရားတွေကို ဇယားချပြီး ရှုကြည့်ပါ။ အောင်မြင်မှု ရနိုင်ပါတယ်။</p> <h3>မေတ္တာပထမစျာန်နာမ်တရား (၃၄) လုံး</h3> <p>မေတ္တာစျာန်နာမ်တရားအားလုံးဟာ သတ္တဝါပညတ်ကိုပဲ အာရုံပြုကြပါတယ်။ အနန္တစကြဝဠာ၌ တည်ရှိကြသော သတ္တဝါအားလုံးတို့ကို ခြုံငုံပြီး အနောဓိသော ဖရဏာ မေတ္တာစေတောဝိမုတ္တိ (= ပိုင်းခြားကန့်သတ်ချက် မရှိတဲ့ မေတ္တာပွားနည်း)ဖြင့် ရရှိလာတဲ့ မေတ္တာစျာန်ကတော့ စွမ်းအင် ပိုပြီး ထက်မြက် ကြီးမားပါတယ်။ ဒါကြောင့် သတ္တဝါအားလုံးကို ဖြန့်ကြက်ပြီး ပွားများထားတဲ့ မေတ္တာစျာန် နာမ်တရားများကို ပုံစံအဖြစ် တင်ပြပေအံ့ ---</p> <p>၁။ အသိစိတ် = သတ္တဝါပညတ်အာရုံကို ရယူခြင်းသဘော။</p> <p><b>ဝိဇာနနံ အာရမ္မဏဿ ဥပလဒ္ဓိ။</b> (မူလဋီ၊၁၊၈၇။)ဆိုတဲ့ မူလဋီကာနှင့်အညီ ဖြစ်ပါတယ်။</p> <p>၂။ ဖဿ = သတ္တဝါပညတ်အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော (= လက္ခဏာ), သတ္တဝါပညတ်အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်းသဘော (= ရသ)။</p> <p>၃။ ဝေဒနာ = သတ္တဝါပညတ်အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ဝမ်းမြောက်ဝမ်းသာ ခံစားခြင်းသဘော။ (ပထမစျာန်မှာ သောမနဿဝေဒနာ ဖြစ်တယ်။)</p> <p>၄။ သညာ = သတ္တဝါပညတ်အာရုံကို မှတ်သားခြင်းသဘော။</p> <p>၅။ စေတနာ = သတ္တဝါပညတ်အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးခြင်း နှိုးဆော်ပေးခြင်းသဘော။</p> <p>၆။ ဧကဂ္ဂတာ = သတ္တဝါပညတ်အာရုံ တစ်ခုတည်းပေါ်သို့ စိတ်ကျရောက်နေခြင်းသဘော (= တည်ငြိမ်နေခြင်းသဘော)။</p> <p>၇။ ဇီဝိတ = သမ္ပယုတ်တရားတို့ကို စောင့်ရှောက်ပေးခြင်းသဘော၊</p> <p>၈။ မနသိကာရ = သတ္တဝါပညတ်အာရုံဘက်သို့ စိတ်ကို (= သမ္ပယုတ်တရားတို့ကို) ဦးလှည့် တွန်းပို့ပေးခြင်းသဘော။</p> <p>၉။ ဝိတက် = သတ္တဝါပညတ်အာရုံပေါ်သို့ စိတ်ကို (= သမ္ပယုတ်တရားတို့ကို) ရှေးရှု တင်ပေးခြင်းသဘော (= ကြံစည်ခြင်းသဘော)။</p> <p>၁၀။ ဝိစာရ = သတ္တဝါပညတ်အာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်း (= ဆုပ်နယ်ခြင်း)သဘော။</p> <p>၁၁။ အဓိမောက္ခ = သတ္တဝါပညတ်အာရုံကို သတ္တဝါဟု ဆုံးဖြတ်ချက်ချခြင်းသဘော။</p> <p>၁၂။ ဝီရိယ = သတ္တဝါပညတ်အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် ကြိုးစားအားထုတ်ခြင်းသဘော (= ချီးပင့်ပေးခြင်းသဘော)။</p> <p>၁၃။ ပီတိ = သတ္တဝါပညတ်အာရုံကို နှစ်သက်ခြင်းသဘော။</p> <p>၁၄။ ဆန္ဒ = သတ္တဝါပညတ်အာရုံပေါ်သို့ မေတ္တာဦးဆောင်သည့် သမ္ပယုတ်တရားတို့ကို ဖြစ်စေလိုသည့်သဘော။</p> <p>၁၅။ သဒ္ဓါ = မေတ္တာစျာန်သမာဓိသိက္ခာ (= မေတ္တာစျာန်သမာဓိကျင့်စဉ်)ကို ယုံကြည်ခြင်းသဘော။</p> <p>၁၆။ သတိ = သတ္တဝါပညတ်အာရုံ၌ သမ္ပယုတ်တရားတို့ကို ဘူးတောင်းကဲ့သို့ မပေါ်စေဘဲ ကျောက်ဖျာကဲ့သို့ နစ်မြုပ်နေစေခြင်းသဘော = သတ္တဝါပညတ်အာရုံကို မမေ့ပျောက်ခြင်းသဘော (= သတ္တဝါပညတ်အာရုံ၌ စိတ်ခိုင်မြဲခြင်းသဘော)။</p> <p>၁၇။ ဟိရိ = သတ္တဝါပညတ်အာရုံ၌ မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားဖြစ်မှုကို ရှက်ခြင်းသဘော။</p> <p>၁၈။ ဩတ္တပ္ပ = သတ္တဝါပညတ်အာရုံ၌ မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားဖြစ်မှုမှ ကြောက်ခြင်းသဘော။</p> <p>၁၉။ အလောဘ = သတ္တဝါပညတ်အာရုံ၌ စိတ်မကပ်ငြိခြင်း မတပ်မက်ခြင်း သဘော (= ငါ့ဟာဟု မစွဲယူခြင်းသဘော)။</p> <p>၂၀။ အဒေါသ = သတ္တဝါတို့၏ အကျိုးစီးပွားကို ကျင့်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော (= မေတ္တာ)။</p> <p>၂၁။ တတြမဇ္ဈတ္တတာ = သတ္တဝါပညတ်အာရုံ၌ စိတ်ကို အလယ်အလတ် ထားခြင်းသဘော [= စိတ်ဓာတ် တက်ကြွ မြင့်မောက်မှု = မာန, စိတ်ဓာတ် ကျဆင်းမှု (= ထိန + မိဒ္ဓ)တို့ဘက်သို့ မရောက်အောင် မေတ္တာဘာဝနာဖြင့် သတ္တဝါပညတ်အာရုံ၌ စိတ်ကို အလယ်အလတ် ထားခြင်းသဘော]။</p> <p>၂၂။ ကာယပဿဒ္ဓိ = သတ္တဝါပညတ်အာရုံ၌ စေတသိက်တို့ ငြိမ်းအေးခြင်းသဘော။</p> <p>၂၃။ စိတ္တပဿဒ္ဓိ = သတ္တဝါပညတ်အာရုံ၌ စိတ် ငြိမ်းအေးခြင်းသဘော။</p> <p>၂၄။ ကာယလဟုတာ = သတ္တဝါပညတ်အာရုံ၌ စေတသိက်တို့ လျင်မြန် ပေါ့ပါးခြင်းသဘော။</p> <p>၂၅။ စိတ္တလဟုတာ = သတ္တဝါပညတ်အာရုံ၌ စိတ် လျင်မြန် ပေါ့ပါးခြင်းသဘော။</p> <p>၂၆။ ကာယမုဒုတာ = သတ္တဝါပညတ်အာရုံ၌ စေတသိက်တို့ နူးညံ့ခြင်း သဘော။</p> <p>၂၇။ စိတ္တမုဒုတာ = သတ္တဝါပညတ်အာရုံ၌ စိတ် နူးညံ့ခြင်းသဘော။</p> <p>၂၈။ ကာယကမ္မညတာ = သတ္တဝါပညတ်အာရုံ၌ စေတသိက်တို့ ခံ့ညားခြင်းသဘော။</p> <p>၂၉။ စိတ္တကမ္မညတာ = သတ္တဝါပညတ်အာရုံ၌ စိတ် ခံ့ညားခြင်းသဘော။</p> <p>၃၀။ ကာယပါဂုညတာ = သတ္တဝါပညတ်အာရုံ၌ မေတ္တာပွားရာဝယ် စေတသိက်တို့ ပြွမ်းတီး လေ့လာနိုင်နင်းခြင်းသဘော။</p> <p>၃၁။ စိတ္တပါဂုညတာ = သတ္တဝါပညတ်အာရုံ၌ မေတ္တာပွားရာဝယ် စိတ် ပြွမ်းတီး နိုင်နင်းခြင်းသဘော။</p> <p>၃၂။ ကာယုဇုကတာ = သတ္တဝါပညတ်အာရုံ၌ စေတသိက်တို့ ဖြောင့်မတ်ခြင်း သဘော။</p> <p>၃၃။ စိတ္တုဇုကတာ = သတ္တဝါပညတ်အာရုံ၌ စိတ်တို့ ဖြောင့်မတ်ခြင်းသဘော။</p> <p>၃၄။ ပညာ = သတ္တဝါပညတ်အာရုံကို (= သတ္တဝါအမျိုးမျိုးကို) ထွင်းဖောက် သိမြင်နေခြင်းသဘော။</p> <p>အားလုံး ပေါင်းလိုက်တော့ မေတ္တာပထမစျာန်နာမ်တရား (၃၄)လုံး ဖြစ်ပါတယ်။ ဒီ (၃၄)လုံးသော နာမ်တရားတွေကို တစ်လုံးစီ တစ်လုံးစီ တစ်စတစ်စ တိုးပြီး (၃၄)လုံး ပြိုင်တူ အကြိမ်များစွာ ဖြစ်နေတာကို မြင်အောင် ကြည့်ကာ နာမ်တရား နာမ်တရားလို့ သိမ်းဆည်းရမှာ ဖြစ်ပါတယ်။ ဒီလို သိမ်းဆည်းတဲ့အပိုင်းမှာလည်း ယခုလို စျာန်နာမ်တရားတွေက စျာနဝီထိခေါ်တဲ့ စိတ္တနိယာမလမ်းကြောင်းအတိုင်းပဲ ဖြစ်ပေါ်သွားကြတဲ့အတွက် ယင်းတို့ ဖြစ်ပေါ်သွားတဲ့ စိတ္တနိယာမလမ်းကြောင်းအတိုင်းပဲ ဆက်လက် သိမ်းဆည်းပါ။ တကယ် လက်တွေ့ သိမ်းဆည်းချင်တယ်ဆိုလျှင်တော့ ဆရာသမားနှင့် ချဉ်းကပ်ပြီးတော့ လေ့လာတာက အကောင်းဆုံး ဖြစ်ပါတယ်။ အခက်အခဲ ရှိခဲ့လျှင်တော့ နိဗ္ဗာနဂါမိနိပဋိပဒါ ကျမ်းစာကြီးများကို ကြည့်ပြီးတော့ လေ့ကျင့်ပါ။ ဒီလို ရုပ်တရား နာမ်တရားတွေကို သိမ်းဆည်းတဲ့အပိုင်း (= ဉာဏ်နှင့် ပိုင်းခြားယူတဲ့အပိုင်း)မှာ အဆင့် လေးဆင့် ရှိနေပါတယ်။</p> <h3>လုပ်ငန်းခွင် လေးဆင့်</h3> <p>၁။ ရုပ်တရားကို သိမ်းဆည်းခြင်း၊</p> <p>၂။ နာမ်တရားကို သိမ်းဆည်းခြင်း၊</p> <p>၃။ ရုပ်တရား + နာမ်တရားကို သိမ်းဆည်းခြင်း၊</p> <p>၄။ ရုပ်တရား + နာမ်တရားကို ပိုင်းခြား မှတ်သားခြင်း၊</p> <p>ဒီလိုအားဖြင့် လုပ်ငန်းခွင် လေးဆင့် ရှိနေပါတယ်။</p> <p>၁။ ဒွါရ (၆)ပါးနှင့် (၄၂)ကောဋ္ဌာသတွေမှာ တည်ရှိနေကြတဲ့ (၅၄)မျိုး သို့မဟုတ် (၄၄)မျိုးစတဲ့ ရုပ်တရားတွေကို ခြုံငုံပြီးတော့ ရုပ်တရား ရုပ်တရားလို့ သိမ်းဆည်းပါ။</p> <p>၂။ စက္ခုဒွါရဝီထိ, သောတဒွါရဝီထိ, ဃာနဒွါရဝီထိ, ဇိဝှါဒွါရဝီထိ, ကာယဒွါရဝီထိ, မနောဒွါရဝီထိဆိုတဲ့ ဝီထိစိတ်အစဉ် (၆)မျိုးအတွင်းမှာ တည်ရှိကြတဲ့ စိတ္တက္ခဏ အသီးအသီးမှာ တည်ရှိကြတဲ့ စိတ် + စေတသိက် (= နာမ်တရားစု)တွေကို ကြည့်ပြီးတော့လည်း နာမ်တရား နာမ်တရားလို့ သိမ်းဆည်းပါ။</p> <p>၃။ အဲဒီ ရုပ်တရားတွေမှာ စက္ခုအကြည် = စက္ခုဒွါရစတဲ့ မှီရာ ရုပ်တရားတွေလည်း ရှိကြတယ်။ ရူပါရုံစတဲ့ အာရုံရုပ်တရားတွေလည်း ရှိကြတယ်။ စိတ္တက္ခဏတိုင်းမှာ တည်ရှိနေကြတဲ့ မှီရာရုပ်တရား + အာရုံရုပ်တရားတွေနှင့် စိတ္တက္ခဏတိုင်းမှာ ပြိုင်တူ ဖြစ်နေကြတဲ့ စိတ် + စေတသိက် (= နာမ်တရားတွေကို ကြည့်ပြီးတော့လည်း ရုပ်တရား-နာမ်တရား, ရုပ်တရား - နာမ်တရားလို့ ဒီလို ရုပ်တရားနှင့် နာမ်တရားကိုလည်း ဒွါရ (၆)ပါးလုံးမှာ ပူးတွဲ သိမ်းဆည်းရပါတယ်။</p> <p>၄။ အဲဒီ ရုပ်တရား နာမ်တရားတွေကို ပရမတ်သို့ ဆိုက်အောင် မြင်တွေ့နေတဲ့ ယောဂီတွေရဲ့ ဉာဏ်ထဲမှာ ဒီရုပ်တရား နာမ်တရားတွေထဲမှာ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ, အသက်ကောင်, လိပ်ပြာကောင်, ဝိညာဉ်ကောင်, အတ္တကောင်ဆိုတာ ရှာလို့ မတွေ့ ဖြစ်နေတယ်။ အဲဒီလို အတ္တမရှိမှုသဘောကို ဉာဏ်နှင့် မြင်အောင် ကြည့်ပြီးတော့ -- ပုဂ္ဂိုလ်, သတ္တဝါ, ဇီဝ, အတ္တ မရှိ၊ ရုပ်တရား, နာမ် တရား အစုမျှသာ ရှိ၏လို့ ဒီလို ရုပ်တရား, နာမ်တရားတွေကိုလည်း ပိုင်းခြား မှတ်သားရပါတယ်။ လုပ်ငန်းခွင်ကတော့ တော်တော်ကလေး ကျယ်ပြန့်တဲ့သဘော ရှိပါတယ်။ ဆရာသမားနှင့်သာ ချဉ်းကပ်ပြီးတော့ လေ့လာပါ။</p> <p>ဤကဲ့သို့သော အဆင့်ကို ရည်ညွှန်းပြီးတော့ ဘုရားရှင်က မဟာသတိပဋ္ဌာနသုတ္တန် ဒေသနာတော်မှာ ဘယ်လို ဟောကြားထားတော်မူသလဲ?</p> <p><b>ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊</b> (မ၊၁၊၇၁။)</p> <p>ဤသို့ စသည်ဖြင့် ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရတဲ့ ရုပ်တရား နာမ်တရားတွေကို အဇ္ဈတ္တ-ဗဟိဒ္ဓ နှစ်မျိုးလုံးမှာ ---</p> <p>၁။ ရုပ်တရားသက်သက် သိမ်းဆည်းခြင်း၊</p> <p>၂။ နာမ်တရားသက်သက် သိမ်းဆည်းခြင်း၊</p> <p>၃။ ရုပ်တရား + နာမ်တရားကို ပူးတွဲ သိမ်းဆည်းခြင်း၊</p> <p>၄။ ရုပ်တရား + နာမ်တရားကို ပိုင်းခြား မှတ်သားခြင်း ---</p> <p>ဒီလုပ်ငန်းခွင် (၄)ခုလုံးကို ပြုကျင့်ရမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းခွင် (၄)ခုကို အဇ္ဈတ္တမှာ အောင်မြင်တဲ့အခါ ဗဟိဒ္ဓသို့ စေလွှတ်ပြီး ရှုကြည့်ပါ။ ဗဟိဒ္ဓသို့ စေလွှတ်လိုက်တဲ့ အချိန်အခါမှာ အဇ္ဈတ္တမှာ ဓာတ်လေးပါး ပြည်တည်ထားတဲ့ ယောဂီသူတော်ကောင်းက ဗဟိဒ္ဓမှာလည်း အနီးကပ်ဆုံးဖြစ်တဲ့ အဝတ်ကနေ စပြီးတော့ ဓာတ်လေးပါး စိုက်ကြည့်ပါ။ ဒီအဝတ်မှာ ဓာတ်လေးပါး မထင်ရှားခဲ့လျှင်တော့ လက်ကလေးနဲ့ အဝတ်ကို ထိထားပြီး ထိထားတဲ့နေရာမှာပဲ ဓာတ်လေးပါး စိုက်ကြည့်ပါ။ အားလုံး ရုပ်ကလာပ်အမှုန် တွေကိုသာ တွေ့ပါလိမ့်မယ်။ အဲဒီ ရုပ်ကလာပ်အမှုန်တွေက မကြည်ကြပါ ဘူး၊ ဓာတ်ခွဲကြည့်မယ်ဆိုလျှင်တော့ ရုပ်သဘောတရား (၈)ခုစီ ရှိကြပါတယ်။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်းမှာ တည်ရှိနေတဲ့ တေဇောဓာတ် (= ဥတု) ကြောင့် ဖြစ်နေတဲ့ ဥတုဇရုပ်တွေ ဖြစ်ကြပါတယ်။</p> <p>အဲဒီ ဥတုဇရုပ်တွေကနေ စပြီး တစ်စတစ်စ သက်မဲ့လောကကို တဖြည်း ဖြည်း သိမ်းဆည်းကြည့်ပါ။ သိမ်းဆည်းလို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ သက်ရှိလောကကိုလည်း ဆက်လက်ပြီး သိမ်းဆည်းကြည့်ပါ။ သက်ရှိလောက မှာတော့ ဗဟိဒ္ဓကို ရှုတဲ့အပိုင်းမှာ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ မခွဲတော့ဘဲ ဗဟိဒ္ဓချင်း တူလို့ သာမန် ပေါင်းစု ခြုံငုံပြီးသာ ရှုရပါတယ်။ (ဥပရိပဏ္ဏာသပါဠိ - အနုပဒသုတ္တန်ဋီကာ။ မ၊ဋီ၊၃၊၂၇၄-၂၇၅။)</p> <p>ဒီလို အဇ္ဈတ္တမှာ ရုပ်တရားသက်သက် သိမ်းဆည်းခြင်း, ဗဟိဒ္ဓမှာလည်း ရုပ်တရားသက်သက် သိမ်းဆည်းခြင်း, အဇ္ဈတ္တမှာ နာမ်တရားသက်သက် သိမ်းဆည်းခြင်း, ဗဟိဒ္ဓမှာလည်း နာမ်တရားသက်သက် သိမ်းဆည်းခြင်း, အဇ္ဈတ္တမှာ ရုပ်တရား + နာမ်တရား ခွဲခြင်း, ဗဟိဒ္ဓမှာလည်း ရုပ်တရား + နာမ်တရား ခွဲခြင်း၊ အဇ္ဈတ္တမှာ ရုပ်တရား + နာမ်တရား ပိုင်းခြားမှတ်သားခြင်း, ဗဟိဒ္ဓမှာလည်း ရုပ်တရား + နာမ်တရား ပိုင်းခြားမှတ်သားခြင်းတို့ကို အောင်မြင်ပြီဆိုလျှင်တော့ နာမရူပပရိစ္ဆေဒဉာဏ်နဲ့ အသင့်အတင့်တော့ ပြည့်စုံသွားပါပြီ။ အသင့်အတင့်ဆိုတာကတော့ လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန် နည်းအားဖြင့် သိမ်းဆည်းတဲ့စနစ်တစ်ခု ကျန်နေသေးတဲ့အတွက် ပြောခြင်း ဖြစ်ပါတယ်။</p> <h3>အရှင်သုဘူတိမထေရ်မြတ်၏ အတိတ်ကြောင်း</h3> <p>ဒီအချိန်အခါမှာ ယောဂီသူတော်ကောင်းက ဒီရုပ်တရား နာမ်တရားတွေသည် ဘယ်လို အကြောင်းတရားတွေကြောင့် ဖြစ်ပေါ်နေရပါသလဲဆိုတဲ့ အကြောင်းတရားတွေကို ပြန်ပြီးတော့ ရှာဖွေရပါတယ်။ ဒီလို ရှာဖွေတဲ့အပိုင်းမှာ တချို့တချို့ ရုပ်တရား နာမ်တရားတွေက အတိတ်အကြောင်းတရားကြောင့် ဖြစ်ကြတယ်၊ တချို့တချို့ ရုပ်တရား နာမ်တရားတွေက ပစ္စုပ္ပန် အကြောင်းတရားကြောင့် ဖြစ်ကြတယ်။ အတိတ်အကြောင်းတရားကြောင့် ဖြစ်ပေါ်နေတဲ့ ရုပ်တရား နာမ်တရားတွေကိုလည်း အတိတ်က ဘယ်လို အကြောင်းတရားကြောင့် ဖြစ်တယ်ဆိုတာကို ဉာဏ်ဖြင့် မြင်အောင် လှမ်းပြီးတော့ ကြည့်ရပါတယ်။ ပစ္စုပ္ပန်အကြောင်းတရားကြောင့် ဖြစ်နေတဲ့ ရုပ်တရား နာမ်တရားတွေကိုလည်း ပစ္စုပ္ပန်မှာ ဘယ်လို အကြောင်းတရားကြောင့် ဖြစ်တယ်ဆိုတာကို လှမ်းပြီး ကြည့်ရပါတယ်။ အရှင်သုဘူတိမထေရ်မြတ် ကတော့ အတိတ်အကြောင်းတရားတွေကို လှမ်းကြည့်ပြီးတော့ သူကိုယ်တိုင် ဟောပြသွားတော်မူပါတယ်။ ဘယ်လို ဟောပြသွားတော်မူသလဲ?</p> <p><b>သတသဟဿိတော ကပ္ပေ၊ ယံ ကမ္မမကရိံ တဒါ။</b></p> <p><b>ဒုဂ္ဂတိံ နာဘိဇာနာမိ၊ ဗုဒ္ဓါနုဿတိယာ ဖလံ။</b> (အပဒါန၊၁၊၇၇။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၇။)</p> <p>ဒီလို ဟောပြတော်မူခဲ့ပါတယ်။ ဒီကမ္ဘာကနေ ရေတွက်ကြည့်မယ်ဆိုလျှင် လွန်ခဲ့သော ကမ္ဘာတစ်သိန်းထက်မှာ ပဒုမုတ္တရဘုရားရှင် ပွင့်တော်မူခဲ့ပါတယ်။ ထိုဘုရားရှင် ပွင့်တော်မူတဲ့ အချိန်ကနေ ဘုန်းကြီးတို့ ဒီဂေါတမမြတ်စွာဘုရားရှင် သာသနာတော်အတွင်းတိုင်အောင် လူ့စည်းစိမ်, နတ်စည်းစိမ်, ဗြဟ္မာ့စည်းစိမ်တွေကို ကြိမ်ဖန်များစွာ ခံစားပြီးတော့ ကျင်လည်လာခဲ့ရတယ်။ ဒုဂ္ဂတိဘဝတွေကို တစ်ခါမှ မရောက်ခဲ့ရဘူး။ ဒီလို ကျင်လည်ခဲ့ရတဲ့ အကြောင်းတရားကို လှမ်းကြည့်လိုက်တော့ ဘယ်အကြောင်းတရားကို သွားတွေ့သလဲ?</p> <p><b>ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း</b>ဆိုတဲ့ ဘာဝနာလုပ်ငန်းကိုပဲ သွားတွေ့ရတယ်။ သူ့ရဲ့ ဘာဝနာလုပ်ငန်းမှာ ဘယ်သဘောတွေက ခြံရံထားသလဲ? <b>အရဏဝိဟာရ</b>လို့ ခေါ်ဆိုအပ်တဲ့ ကိလေသာ ကင်းကင်းရှင်းရှင်းဖြင့် နေနိုင်တဲ့ ရဟန်းတော်အရာမှာ ဧတဒဂ်ရဖို့, <b>ဒက္ခိဏေယျ</b>လို့ခေါ်ဆိုတဲ့ မြတ်သောအလှူကို ခံယူထိုက်တဲ့နေရာမှာ ဧတဒဂ်ရဖို့ဆိုတဲ့ ဒီသဘောတရားတွေ ခြံရံထားတယ်။ အဲဒီ <b>အရဏဝိဟာရ, ဒက္ခိဏေယျ</b>ဝိဟာရခေါ်တဲ့ ဧတဒဂ် (၂)တန် ရနိုင်တဲ့ ရဟန်းဘဝကို မျှော်မှန်းပြီးတော့မှ သူက ဒီ<b>ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း</b>ကို စီးဖြန်းခဲ့တယ်။</p> <p>သူ မျှော်မှန်းနေတဲ့ ရဟန်းဘဝဆိုတာ ပရမတ္ထသစ္စာနယ်မှာ ရှိသလား? မရှိဘူး။ ရဟန်းလို့ အသိမှားနေတဲ့သဘောက အဝိဇ္ဇာ၊ အဲဒီ ရဟန်းဘဝကို တွယ်တာတပ်မက်နေတဲ့သဘောက တဏှာ၊ စိတ်ကပ်ပြီး စွဲနေတဲ့သဘောက ဥပါဒါန်။ အဲဒီ <b>အဝိဇ္ဇာ-တဏှာ-ဥပါဒါန်</b>တွေ ခြံရံပြီးတော့ <b>ဗုဒ္ဓါနုဿတိဘာဝနာ</b> လုပ်ငန်းရပ်ကို ပြုစုပျိုးထောင်ခဲ့တယ်။ ဒီလို ပြုစုပျိုးထောင်မှုတွေကတော့ <b>သင်္ခါရကုသိုလ်စေတနာ</b>အုပ်စုတွေ ဖြစ်ကြပါတယ်။ ထို<b>ကုသိုလ်စေတနာ</b> အုပ်စုတွေကလည်း ချုပ်ပျောက်သွားပေမယ့်လို့ နောင်တစ်ချိန်မှာ အကျိုးကို ပေးနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိကလေးကို ရုပ်-နာမ်အစဉ်မှာ မြှုပ်နှံပြီးမှသာ ချုပ်ပျက်သွားပါတယ်။ ထိုစွမ်းအင်သတ္တိကလေးကိုတော့ <b>ကံ</b>လို့ ခေါ်ပါတယ်။ ဘယ်အကျိုးကို ပေးမလဲ?</p> <p>နောက်ဆုံး ကျွတ်တမ်းဝင်မည့်ဘဝ ရောက်လာတော့ သူ မျှော်လင့် တောင့်တနေတဲ့ <b>အရဏဝိဟာရ, ဒက္ခိဏေယျ</b>ဝိဟာရခေါ်တဲ့ ဧတဒဂ် နှစ်တန် ဘွဲ့ထူးခံတဲ့ ရဟန်းဘဝကို မရဘူးလား? ရလာတယ်။ အဲဒီ ရဟန်းဘဝလို့ ခေါ်ဆိုအပ်တဲ့ ခန္ဓာငါးပါးကို ဖြစ်စေတတ်တဲ့ စွမ်းအင်ကမ္မသတ္တိကလေးက <b>ကံ</b>မည်ပါတယ်။ ပေါင်းလိုက်တော့ <b>အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ</b>ဆိုတဲ့ အကြောင်းတရား (၅)ခု စုံညီသွားတယ်။ အဲဒီ အကြောင်းတရား (၅)ခုကြောင့် အရှင်သုဘူတိရဲ့ ပဋိသန္ဓေကလလရေကြည်မှာ တည်ရှိနေတဲ့ ခန္ဓာငါးပါး အစရှိတဲ့ ဘဝတစ်လျှောက်လုံးမှာ ဖြစ်ပေါ်နေတဲ့ <b>ဝိပါက်ခန္ဓာငါးပါး</b>သည် များသောအားဖြင့် ဖြစ်ပေါ်လာရတယ်။ အဲဒီ <b>ဝိပါက်ခန္ဓာငါးပါး</b>တွေနဲ့ ပဒုမုတ္တရဘုရားရှင် လက်ထက်တုန်းက ပြုစုပျိုးထောင်ခဲ့တဲ့ <b>သင်္ခါရ-ကံ</b>တွေနဲ့ တစ်နည်းအားဖြင့် <b>အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ</b>တွေနဲ့ ပြန်ပြီးတော့ အကြောင်း အကျိုး ဆက်ရပါတယ်။ အကြောင်း အကျိုး ဆက်လို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ ရှေ့တစ်ဆင့် တက်ရပါတယ်။</p> <h3>အတိတ်၏ အတိတ်နှင့် အနာဂတ်သို့</h3> <p><b>အတီတေပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ အနာဂတေပိ ဧတရဟိပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ တတော ဥဒ္ဓံ သတ္တော ဝါ ပုဂ္ဂလော ဝါ နတ္ထိ၊ သုဒ္ဓသင်္ခါရပုေဉ္ဇာ ဧဝ။</b> (အဘိ၊ဋ္ဌ၊၂၊၂၄၂။)</p> <p>အတိတ်ကြည့်လိုက်တော့လည်း အကြောင်းတရားနဲ့ အကျိုးတရားပဲ၊ ပစ္စုပ္ပန်ကြည့်တော့လည်း အကြောင်းတရားနဲ့ အကျိုးတရားပဲ၊ အနာဂတ် ကြည့်လည်း အကြောင်းတရားနဲ့ အကျိုးတရားလို့ ဒီလို သိအောင် ရှုရတော့မယ်။ ဒီလို ရှုတဲ့အပိုင်းမှာ ဘယ်လို ရှုမလဲလို့ မေးလျှင်တော့ ရှုပုံ နည်းစနစ်တွေကို ဘုရားရှင်က (၄)နည်း ဟောကြားထားတော်မူပါတယ်။ ဒီ (၄)နည်းထဲက အလယ်ခေါင်ကနေ ဖောက်ပြီးတော့ အတိတ်ကို သွားတဲ့ နည်းစနစ် တစ်ခုကတော့ အကောင်းဆုံးပဲလို့ ပြောနိုင်ပါတယ်။ ဘုန်းကြီးကတော့ ဒီ နည်းစနစ်နဲ့ပဲ ယောဂီတွေကို များသောအားဖြင့် သင်ပေးပါတယ်။</p> <p>နောက်တစ်နည်းကတော့ ဘုန်းကြီးတို့ <b>ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်</b>ပိုင်းမှာ ရှေးကနေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို လှမ်းမျှော်ပြီး ရှုတဲ့ နည်းစနစ် တစ်ခု ဖြစ်ပါတယ်။ အဲဒီ နည်းစနစ်ကတော့ လက်ရှိ ပစ္စုပ္ပန်ဘဝမှာ အနီးစပ်ဆုံးဖြစ်တဲ့ <b>ဣရိယာပုထ်</b>မှာ ဖြစ်ပေါ်ခဲ့တဲ့ ရုပ်တရား နာမ်တရားတွေက စပြီးတော့ တစ်စတစ်စ သိမ်းဆည်းတဲ့ နည်းစနစ်ပဲ ဖြစ်ပါတယ်။ ဒီနည်းစနစ်နဲ့ အတိတ်ဘက်ကို တာစူပြီးတော့ ရုပ်တရား နာမ်တရားတွေကို တဖြည်းဖြည်း သိမ်းဆည်းသွားခဲ့လျှင်တော့ အတိတ်က ဒီဘဝကို ဖြစ်စေနိုင်မည့် <b>အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ</b>တွေကိုတော့ သွားပြီး ရှာဖွေလို့ ရပါတယ်။</p> <p>အရှင်သုဘူတိမထေရ်ကတော့ ပဒုမုတ္တရဘုရားရှင်လက်ထက်က ပြုစု ပျိုးထောင်ခဲ့တဲ့ <b>အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ</b>တွေက ဒီဘဝမှာ လာပြီး အကျိုးပေးနေတယ်လို့ သူကိုယ်တိုင်က ဝန်ခံထားပါတယ်။ ဒါကြောင့် ဒီကြောင်း-ကျိုးဆက် <b>ပဋိစ္စသမုပ္ပါဒ်</b>သဘောတရားကို မရှုခဲ့လျှင် နိဗ္ဗာန်ရနိုင်ပါ့မလား? မရနိုင်ဘူးလို့ ဘုရားရှင်ကိုယ်တော်တိုင်က <b>မဟာနိဒါနသုတ္တန်</b>မှာ (ဒီ၊၂၊၄၇။) အတိအကျ ဟောကြားထားတော်မူပါတယ်။ အဋ္ဌကထာများကလည်း ---</p> <h3>အိပ်မက်၏အတွင်း၌သော်လည်း မရှိခဲ့စဖူးပါ</h3> <p><b>ဘဝစက္ကမပဒါလေတွာ၊ အသနိဝိစက္ကမိဝ နိစ္စနိမ္မထနံ။</b></p> <p><b>သံသာရဘယမတီတော၊ န ကောစိ သုပိနန္တရေပျတ္ထိ။</b> (ဝိသုဒ္ဓိ၊၂၊၂၂၁။)</p> <p>ကြောင်း-ကျိုးဆက် <b>ပဋိစ္စသမုပ္ပါဒ်</b>သဘောတရားကို <b>ပရိညာပညာ (၃)ပါး</b>ဖြင့် ပိုင်းခြားမသိဘဲ <b>သံသရာဝဋ်ဆင်းရဲဒုက္ခ</b>မှ ကျော်လွှား လွန်မြောက် သွားတဲ့ ပုဂ္ဂိုလ်ဆိုတာ အိပ်မက်ထဲတောင်မှ တစ်ခါမှ မရှိခဲ့ဖူးသေးပါဘူးလို့ အတိအကျ ရှင်းလင်းထားပါတယ်။ ဒါကြောင့် နိဗ္ဗာန်ကို လိုလားတောင့်တနေတဲ့ ယောဂီသူတော်ကောင်း မှန်ခဲ့လျှင်လည်း ဒီ<b>ပဋိစ္စသမုပ္ပါဒ်</b>သဘောတရားကို ရှုရမလား, မရှုရဘူးလား? ရှုရတော့မယ်။</p> <p>ဒါပေမယ့် <b>သတိပဋ္ဌာန်</b>ကျင့်စဉ်ကို ကျင့်လျှင်လည်း နိဗ္ဗာန် မရနိုင်ဘူးလား လို့ ဒီလိုတော့ မေးစရာ ရှိနေပါတယ်။ ဒီ<b>ပဋိစ္စသမုပ္ပါဒ်</b>နဲ့ <b>သတိပဋ္ဌာန်</b>ကျင့်စဉ်က ဆိုင်သလားလို့ ဒီလိုလည်း မေးချင် မေးပါလိမ့်မယ်။ ဒေသနာတော်တွေဟာ ယူဆတတ်လျှင်တော့ အတူတူပါပဲ။ <b>သတိပဋ္ဌာန်</b>ကျင့်စဉ်မှာ ဘုရားရှင်က အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်မှာ တည်ရှိနေတဲ့ ရုပ်တရား နာမ်တရားတွေကို သိမ်းဆည်းဖို့ရန် ညွှန်ကြားပြီးတဲ့အခါ နောက်တစ်ဆင့်တက်ပြီးတော့ ဘယ်လို ညွှန်ကြားထားတော်မူသလဲ?</p> <h3>သမုဒယ + ဝယဓမ္မာနုပဿီ</h3> <p><b>သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။</b> (ဒီ၊၂၊၂၃၂။)</p> <p><b>ကာယသ္မိံ</b> = ကာယ၌ (ဝါ) ရူပကာယ, နာမကာယ၌။ <b>သမုဒယဓမ္မာနုပဿီ ဝါ</b> = ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း။ <b>ဝိဟရတိ</b> = နေလေ၏။ <b>ကာယသ္မိံ</b> = ကာယ ၌ (ဝါ) ရူပကာယ, နာမကာယ၌။ <b>ဝယဓမ္မာနုပဿီ ဝါ</b> = ပျက်ကြောင်းသဘော နှင့် ပျက်ခြင်းသဘော, ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း။ <b>ဝိဟရတိ</b> = နေလေ၏။ <b>ကာယသ္မိံ</b> = ကာယ၌ (ဝါ) ရူပကာယ, နာမကာယ၌။ <b>သမုဒယဝယဓမ္မာနုပဿီ ဝါ</b> = ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘော, ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်း သဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း။ <b>ဝိဟရတိ</b> = နေလေ၏။</p> <p>ဒီလို ဘုရားရှင် ဟောကြားထားတော်မူပါတယ်။ ဒီဟောကြားချက်က <b>အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ</b> စတဲ့ အကြောင်းတရားတွေ ထင်ရှား ဖြစ်ခဲ့လျှင် အကျိုး ရုပ်တရား နာမ်တရားတွေ ထင်ရှားဖြစ်ပုံ၊ <b>အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ</b> အစရှိတဲ့ အကြောင်းတရားတွေ ချုပ်ငြိမ်းသွားလျှင် အကျိုး ရုပ်တရား နာမ်တရားတွေ ချုပ်ငြိမ်းသွားပုံကို အဖန်ဖန် အထပ်ထပ် ရှုဖို့ ညွှန်ကြားထားခြင်း ဖြစ်ပါတယ်။ အကြောင်း-အကျိုး (၂)ရပ်လုံးရဲ့ <b>အနိစ္စ</b>သဘော, <b>ဒုက္ခ</b>သဘော, <b>အနတ္တ</b>သဘောတွေကိုလည်း အဖန်ဖန် အထပ်ထပ် ရှုဖို့ ဘုရားရှင် ညွှန်ကြားနေတယ်ဆိုတာကို အဋ္ဌကထာများ (မ၊ဋ္ဌ၊၁၊၂၅၇။၂၈၃။၂၈၅။၂၉၁။)မှာ အတိအကျ ဖွင့်ဆိုထားပါတယ်။</p> <p>ဒါကြောင့် <b>အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ</b>တွေသည် ဒီဘဝမှာ ပြုစု ပျိုးထောင်လိုက်တဲ့ ကံမျိုး ဟုတ်သလား? မဟုတ်ပါဘူး။ တစ်နည်းအားဖြင့် ဒီပစ္စုပ္ပန်ဘဝမှာ ဖြစ်ပေါ်နေကြတဲ့ <b>ကမ္မဇရုပ်</b>ဆိုတဲ့ ရုပ်တရားနှင့် <b>ဝိပါက် နာမ်တရား</b>တွေကို ဖြစ်စေတတ်တဲ့ ကံသည် ဒီဘဝမှာပဲ ထူထောင်ထားတဲ့ ကံမျိုး ဟုတ်သလား? မဟုတ်ပါဘူး။ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ ကံတွေပဲ ဖြစ်ပါတယ်။ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ ကံကြောင့် ဒီဘဝမှာ ရုပ်တရား နာမ်တရားတွေ ထင်ရှား ဖြစ်ပေါ်လာရတယ်။ ဒါကြောင့် အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရားတွေ ထင်ရှားဖြစ်ပုံကို မြင်အောင် ရှုပါဆိုလျှင်တော့ အတိတ်ကို လှမ်းရှုဖို့, အနာဂတ်ကိုလည်း လှမ်းရှုဖို့တော့ မလိုဘူးလား? လိုအပ်နေတယ်။ ဒီဘဝမှာ ပြုစုပျိုးထောင်နေတဲ့ ကံတွေကလည်း နောင်အနာဂတ်ကာလမှာ ရုပ်တရား နာမ်တရားတွေကို ဖြစ်စေပါလိမ့်မယ်။ ဒါက <b>သံသရာဝဋ်ဆင်းရဲ</b>ကို လိုလားတောင့်တတဲ့ <b>ဝဋ္ဋနိဿိတကုသိုလ် အကုသိုလ်</b>အတွက် ပြောခြင်း ဖြစ်ပါတယ်။</p> <p>နောက်တစ်ခု ဘုရားရှင်က အကြောင်းတရားတွေ ချုပ်ငြိမ်းသွားလျှင် အကျိုးတရားတွေ ချုပ်ငြိမ်းပုံကိုလည်း မြင်အောင် လှမ်းရှုဖို့ ဒီ<b>သတိပဋ္ဌာန်</b> ကျင့်စဉ်ထဲမှာ ညွှန်ကြားထားတော်မူပြန်တယ်။ <b>အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ</b> စတဲ့ အကြောင်းတရားတွေက ဘယ်အချိန်အခါမှာ အကြွင်းမဲ့ ချုပ်ငြိမ်းသွားမလဲ? <b>အရဟတ္တမဂ် အရဟတ္တဖိုလ်</b> ရရှိတဲ့အချိန်အခါမှာ ချုပ်ငြိမ်းသွားပါမယ်။ (မဟာဋီ၊၂၊၄၂၁။)</p> <p><b>အရဟတ္တမဂ်, အရဟတ္တဖိုလ်</b> ရရှိတဲ့ အချိန်အခါမှာ <b>ရဟန္တာ</b> ဖြစ်ပြီ။ <b>ရဟန္တာ</b>ဖြစ်တဲ့ အချိန်အခါမှာ <b>အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ</b>တွေက အကြွင်းမဲ့ ချုပ်ငြိမ်းမှာဖြစ်တော့ မိမိတို့က ယခုလို တရားအားထုတ်နေတဲ့ အချိန်အခါမှာ ရဟန္တာကလည်း မဖြစ်သေးဘူး။ <b>အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ</b>တွေ အကြွင်းမဲ့ ချုပ်ခြင်းကြောင့် နောင်တစ်ဖန် ရုပ်တရား နာမ်တရားတွေ မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုကိုလည်း မြင်အောင် ရှုပါလို့ ဘုရားရှင်က ဒီ<b>သတိပဋ္ဌာန်</b>ကျင့်စဉ်ထဲမှာ ထည့်သွင်းပြီး ဟောကြားထားတော်မူပါတယ်။ မိမိက ထို<b>ရဟန္တာ</b>ဖြစ်မည့်အချိန် ရောက်မှလည်း ဒီအကြောင်းတရားတွေက ချုပ်မှာဖြစ်တော့ ထိုအကြောင်းတရား ချုပ်မည့် အချိန်သည် ယခုအချိန်ကနေ လှမ်းကြည့်လိုက်လျှင် အနာဂတ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။</p> <p>တစ်နည်းအားဖြင့် <b>ရဟန္တာ</b> မဖြစ်သေးတဲ့အတွက် ဒီဘဝအနာဂတ်လည်း ဖြစ်ချင်ဖြစ်မယ်၊ နောက်နောင်ဘဝတစ်ခုခုရဲ့ အနာဂတ်လည်း မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။ ဒါကြောင့် အတိတ်ရှုကွက်, အနာဂတ်ရှုကွက်တွေကို ဘုရားရှင်က <b>သတိပဋ္ဌာန်</b>ကျင့်စဉ်ထဲမှာ ထည့်သွင်းပြီး ဟောသလား, မဟောဘူးလား? ဟောထားတော်မူပါတယ်။ ဒေသနာတော်မှာ အတိအကျ ရှိနေပါတယ်။ ဒါကြောင့် <b>သတိပဋ္ဌာန်</b>ကျင့်စဉ်သည် ပစ္စုပ္ပန်သက်သက်ကိုသာ ရှုရမယ့် ကျင့်စဉ်မျိုး မဟုတ်ပါဘူး။ အတိတ်ရှုကွက် အနာဂတ်ရှုကွက်တွေကိုလည်း ဘုရားရှင်ကိုယ်တော်တိုင် အတိအကျ ထည့်ပြီးတော့ <b>ဃဂဏန</b> ဟောကြားထားတော်မူပါတယ်။ <b>ဃဂဏန</b>ဆိုတာ ဘာပြောတာလဲ? ဒါက ဃကြီး, ဒါက ဂငယ်, ဒါက ဏကြီး, ဒါက နငယ်လို့ တိတိကျကျကြီး ဘုရားရှင်က ဟောကြားထားတော်မူတဲ့ ဒေသနာတော်တစ်ခု ဖြစ်ပါတယ်။</p> <h3>လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်</h3> <p>ဒီကြောင်း-ကျိုးဆက်နွယ်မှု <b>ပဋိစ္စသမုပ္ပါဒ်</b>သဘောတရားတွေကို သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ ထိုယောဂီသူတော်ကောင်းက <b>လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်</b>နည်းအားဖြင့် ဒီရုပ်တရား နာမ်တရားတွေ, ဒီအကြောင်းတရား အကျိုးတရားတွေကို တစ်ဖန်ပြန်ပြီး သိမ်းဆည်းရပါတယ်။ သိမ်းဆည်းလို့ အောင်မြင်မှု ရပြီဆိုတဲ့ အချိန်အခါမှာ အတိတ်ဘက်ကို တာစူပြီးတော့ မိမိ သိမ်းဆည်းလို့ ရနိုင်သလောက်တော့ သိမ်းဆည်းပါ။ အတိတ် <b>သံသရာခရီး</b>ဆိုတာက ရှည်လျားလှတဲ့အတွက် ကုန်အောင်တော့ ဘယ်သူမှ မသိမ်းဆည်းနိုင်ပါဘူး။</p> <h3>ဝိပဿနာပိုင်း</h3> <p>ဒါကြောင့် နှစ်ဘဝ, သုံးဘဝ, လေးဘဝ, ငါးဘဝ စသည်ဖြင့် မိမိ သိမ်းဆည်းနိုင်လောက်တဲ့ အတိတ်ကနေ စပြီးတော့ အနာဂတ်ဆုံးတဲ့အထိ တိုးလျှိုပေါက် ရုပ်တရား နာမ်တရားတွေ, အကြောင်းတရား အကျိုးတရားတွေကို သိမ်းဆည်းရပါတယ်။ ဒီလို သိမ်းဆည်းပြီးတဲ့ အချိန်အခါရောက်တော့မှ ဒီရုပ်တရား နာမ်တရား, အကြောင်းတရား အကျိုးတရားတွေကို <b>အနိစ္စ, ဒုက္ခ, အနတ္တ</b> လက္ခဏာရေးသုံးတန်တင်ပြီး တွင်တွင်ကြီး ရှုနိုင်ခဲ့မယ်ဆိုလျှင်တော့ <b>ဝိပဿနာ</b>နယ်ထဲ ကူးသွားပါပြီ။ ထို<b>ဝိပဿနာဉာဏ်</b>ကို ရင့်ကျက်အောင် ကြိုးစားခဲ့မယ်ဆိုလျှင်တော့ အရှင်သုဘူတိမထေရ်တို့ကဲ့သို့ ဘယ်လို ဖြစ်သွားမလဲ?</p> <p><b>ဝိပဿနံ ဝဍ္ဎေတွာ အရဟတ္တံ ပါပုဏိ။</b> (ထေရဂါထာ၊ဋ္ဌ၊၁၊၂၇။ အပဒါန၊ဋ္ဌ၊၂၊၃၅။)</p> <p><b>ဝိပဿနံ</b> = ဝိပဿနာဉာဏ်ကို။ <b>ဝဍ္ဎေတွာ</b> = တိုးပွားအောင် ပြုလုပ်၍ (ဝါ) ပြုလုပ်နိုင်ခဲ့သည့်အတွက်။ <b>အရဟတ္တံ</b> = အရဟတ္တဖိုလ်သို့။ <b>ပါပုဏိ</b> = ဆိုက်ရောက်တော်မူပေ၏။</p> <h3>အရဟတ္တဖိုလ် ဆိုက်ပြီ</h3> <p><b>ဝိပဿနာဉာဏ်</b>တွေကို ရင့်ကျက်အောင် ကြိုးစားအားထုတ်လိုက်မယ် ဆိုလျှင်တော့ <b>အရဟတ္တဖိုလ်</b>တိုင်အောင် ပေါက်ရောက်သွားပါလိမ့်မယ်တဲ့။ <b>ဝိပဿနာဉာဏ်</b>တွေကို ရင့်ကျက်အောင် ကြိုးစားအားထုတ်ခဲ့တဲ့အတွက် အရှင်သုဘူတိမထေရ်မြတ်ကတော့ <b>အရဟတ္တဖိုလ်</b> ဆိုက်ရောက်သွားပါတယ်။ အရှင်သုဘူတိမထေရ်မြတ်ဟာ မိမိ ဖြည့်ကျင့်ခဲ့တဲ့ ပါရမီတော်တို့ရဲ့ အထွတ်အထိပ်ဖြစ်တဲ့ <b>အရဟတ္တဖိုလ်</b>သို့ ဆိုက်ရောက်ပြီးတဲ့ အချိန်အခါမှာ လောကအလယ်မှာ အလွန်ထင်ရှားတဲ့ မထေရ်မြတ်တစ်ပါးအဖြစ် ရောက်ရှိပြီး လောက လူအပေါင်းတို့ရဲ့ အကျိုးစီးပွားအလို့ငှာ ဒေသစာရီ ကြွချီတော်မူခဲ့ပါတယ်။ အရှင်သုဘူတိမထေရ်မြတ်က ဒီလို ကြွချီလာရာကနေ ရာဇဂြိုဟ်ပြည်သို့ ရောက်ရှိတဲ့အချိန်အခါမှာ <b>ဆန္နာ မေ ကုဋိကာ</b>အစရှိတဲ့ အစပိုင်းမှာ ဘုန်းကြီး ဟောခဲ့တဲ့ ဂါထာဒေသနာတော်ကလေး ဖြစ်ပေါ်လာခဲ့ပါတယ်။</p> <h3>ဗိမ္ဗိသာရမင်းကြီး၏ မေ့လျော့မှု</h3> <p>တစ်ချိန် အရှင်သုဘူတိမထေရ်မြတ်ဟာ <b>ရဟန္တာ</b>ဖြစ်တော်မူပြီးနောက် ဒေသစာရီ ကြွချီလာရာကနေ ရာဇဂြိုဟ်ပြည်သို့ ဆိုက်ရောက်တော်မူတဲ့ အချိန်အခါမှာ ဗိမ္ဗိသာရမင်းကြီးကလည်း လာရောက် ဖူးတွေ့ပါတယ်။ ဖူးတွေ့ ပြီးတဲ့ အချိန်အခါမှာတော့ အရှင်သုဘူတိမထေရ်ကို သူက လျှောက်ထားတယ်။ အရှင်ဘုရား ...ဒီရာဇဂြိုဟ်ပြည်မှာပဲ ဝါဆို ဝါကပ်တော်မူပါ၊ တပည့်တော် အရှင်ဘုရားအတွက် ကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းပါမယ်ဆိုပြီး လျှောက်ထား တောင်းပန်ပြီးတော့ ပြန်သွားတဲ့ အချိန်အခါမှာ ကျောင်းဆောက်ဖို့ရန်အတွက် မင်းကြီးက လုံးလုံး မေ့နေပါတယ်။ ကျောင်းဆောက်ဖို့ မေ့နေတဲ့ အချိန်အခါမှာ အရှင်သုဘူတိမထေရ်မြတ်လည်း ကျောင်းမရှိတဲ့အတွက် လွင်တီးခေါင်မှာပဲ သီတင်းသုံးနေရတယ်။ သီတင်းသုံးဖို့ ကျောင်းမရှိတဲ့ အချိန်အခါမှာတော့ အရှင်သုဘူတိမထေရ်မြတ်ရဲ့ ဘုန်းတန်ခိုးကြောင့် မိုးကလည်း ရွာချိန်ရောက်နေသော်လည်း မိုးစိုမှာစိုးလို့ မရွာ ဖြစ်နေပြန်တယ်။</p> <p>ဒီလို မိုးမရွာတဲ့ အချိန်အခါမှာ တိုင်းသူပြည်သား လူအများ စုပေါင်းပြီးတော့ ဗိမ္ဗိသာရမင်းကြီးရဲ့ နန်းတော်တံခါးဝမှာ သွားပြီး ဟစ်အော်ကြတယ်။ ဟစ်အော်ကြတဲ့ အချိန်အခါမှာ ဗိမ္ဗိသာရမင်းကြီးကလည်း ဘယ်လို အကြောင်းကြောင့် ဒီမိုးက ရွာချိန်ရောက်နေပါလျက် မရွာရသလဲလို့ လှမ်းပြီး ဆင်ခြင်ကြည့်ပါတယ်။ ဆင်ခြင်လိုက်တဲ့ အချိန်အခါမှာတော့ ဩော် ငါဟာ အရှင်သုဘူတိမထေရ်မြတ်ကို ဝါဆို ဝါကပ်ဖို့ရန်အတွက် လျှောက်ထားပြီးတော့ ကျောင်းဆောက် လှူဒါန်းပါမယ်လို့ ဝန်ခံစကားအတိုင်း ကျောင်းဆောက်ပြီး မလှူရသေးဘူး၊ မထေရ်မြတ် လွင်တီးခေါင်မှာ သီတင်းသုံးနေရတဲ့အကြောင်းကြောင့် မိုးမရွာတာ ဖြစ်ပေလိမ့်မယ်လို့ မင်းကြီးက အမှတ် ရသွားတယ်။ အဲဒီလို အမှတ်ရလိုက်တော့ ခပ်မြန်မြန် သစ်ရွက်မိုးကျောင်းကလေး တစ်လုံးကို ဆောက်လုပ်စေခဲ့ပါတယ်။</p> <p>ဖက်မိုးဖက်ကာထားတဲ့ သစ်ရွက်မိုးကျောင်းကလေးတစ်ခု ဆောက်လုပ်ပြီးတဲ့ အချိန်အခါမှာ အရှင်ဘုရား ... ဤသစ်ရွက်မိုးကျောင်း၌ သီတင်းသုံးတော်မူပါဘုရားဆိုပြီး လျှောက်ထား လှူဒါန်းပါတယ်။ အရှင်သုဘူတိ မထေရ်မြတ်လည်း ကျောင်းကလေးထဲ ဝင်ပြီး မြက်အခင်းကလေးမှာ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလိုက်တယ်။ ထိုအချိန်မှာ မိုးကလည်း ဖွဲဖွဲကလေး ရွာသွန်းစ ပြုလာပါတယ်။ မိုးရေအလျဉ်ဖြင့် မရွာသွန်းသေးပါဘူး။ မထေရ်မြတ်လည်း လူအပေါင်းရဲ့ မိုးမရွာသွန်းခြင်းကြောင့် ဖြစ်ပေါ်နေတဲ့ ဘေးအန္တရာယ်ကို ပယ်ဖျောက်လိုတဲ့အတွက် မိမိရဲ့ အဇ္ဈတ္တသန္တာန် ဗဟိဒ္ဓသန္တာန်တွေမှာ ဘေးရန် ကင်းရှင်းနေတာကိုလည်း ဖော်ကျူးလိုတဲ့အတွက် ဝမ်းသာလွန်းလို့ ဒီဂါထာကလေးကို ရွတ်ဆိုပြီး ဥဒါန်းကျူးတော်မူပါတယ်။ ဘယ်လို ဥဒါန်းကျူးတော်မူသလဲ?</p> <h3>အရှင်သုဘူတိမထေရ်မြတ်၏ ဥဒါန်းစကားတော်</h3> <p><b>ဆန္နာ မေ ကုဋိကာ သုခါ နိဝါတာ၊ ဝဿ ဒေဝ ယထာသုခံ။</b></p> <p><b>စိတ္တံ မေ သုသမာဟိတံ ဝိမုတ္တံ၊ အာတာပီ ဝိဟရာမိ ဝဿ ဒေဝ။</b> (ထေရဂါထာ၊၁၉။)</p> <p><b>မေ</b> = ငါ၏။ <b>ကုဋိကာ</b> = သင်္ခမ်းကျောင်းကို။ <b>ဆန္နာ</b> = မိုးလုံအောင် မိုး၍ ထားအပ်ပေပြီ။ <b>နိဝါတာ</b> = တံခါးရွက် အကာအရံ စသည်တို့ဖြင့် လေမတိုက်အောင် ကာထားသည့်အတွက်။ <b>သုခါ</b> = ချမ်းချမ်းသာသာ နေထိုင်ရ ပေသည်။ <b>တသ္မာ</b> = ထို့ကြောင့်။ <b>ဒေဝ</b> = ပဇ္ဇုန္န = မိုးနတ်မင်း။ <b>ယထာသုခံ</b> = အလိုရှိတိုင်း။ <b>ဝဿ</b> = မိုးရွာသွန်းပါစေတော့။</p> <p><b>မေ</b> = ငါ၏။ <b>စိတ္တံ</b> = စိတ်သည်။ <b>သုသမာဟိတံ</b> = အရိယမဂ်သမာဓိ အရိယဖိုလ်သမာဓိနှင့် ယှဉ်သော သမာဓိစိတ်ဓာတ်ဖြင့် ကောင်းစွာ တည်ကြည်၍ နေပါပေ၏။ <b>ဝိမုတ္တံ</b> = ကိလေသာဟူ အပူခပ်သိမ်းမှ အရှင်းကျွတ်၍ ကင်းလွတ် ထွက်မြောက်ခဲ့ပါပေ၏။</p> <p><b>အာတာပီ</b> = အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရခေါ်ဆိုအပ်တဲ့ နှစ်မျိုးသော နေထိုင်ခြင်းဖြင့် နေထိုင်နိုင်အောင် ကြိုးစားအားထုတ်နေတဲ့ လုံ့လဝီရိယရှိလျက်။ <b>ဝိဟရာမိ</b> = သာသနာတော်၌ နေထိုင်၍နေပါ၏။ <b>တသ္မာ</b> = ထို့ကြောင့်။ <b>ဒေဝ</b> = ပဇ္ဇုန္န = မိုးနတ်မင်း။ <b>ဝဿ</b> = ရွာသွန်းပါလေတော့။</p> <p>အရှင်သုဘူတိမထေရ်ဟာ <b>အရဟတ္တဖိုလ်</b>သို့ ဆိုက်ရောက်သွားပေမယ့်လည်း သာသနာတော်မှာ ကြောင့်ကြမဲ့ နေသလားဆိုတော့ မနေပါဘူး။ အလိုရှိတိုင်း မိုးရွာလိုက်စမ်းပါဆိုပြီးတော့ လူသားတွေအတွက် ကြီးမားသော <b>ကရုဏာတော်ဓာတ်</b>ဖြင့် လှုံ့ဆော်တော်မူပြီးတော့ သူက ဒီဂါထာဥဒါန်းကလေးကို ကျူးရင့်တော်မူခြင်း ဖြစ်ပါတယ်။</p> <p>မိမိသန္တာန်ကို လှမ်းကြည့်ပြီးတော့ ငါ့ရဲ့ စိတ်ဓာတ်တွေမှာ ဘာမှ အန္တရာယ် မရှိတော့ဘူး။ ငါ့ရဲ့ စိတ်ဓာတ်တွေသည် <b>အရိယမဂ် အရိယဖိုလ်</b>နှင့် ယှဉ်တွဲနေတဲ့ <b>သမာဓိ</b>မျိုးဖြင့် တည်တံ့ ခိုင်ခံ့နေတဲ့ <b>သမာဓိ</b>တွေလည်း ဖြစ်နေပြီ၊ <b>ကိလေသာ</b>ဟူ အပူခပ်သိမ်းမှလည်း ငါသည် အရှင်းကျွတ်ပြီး ကင်းလွတ် ထွက်မြောက်နေတဲ့ <b>အရဟတ္တဖိုလ်</b>သို့ ဆိုက်နေပြီလို့ ဆင်ခြင်တော်မူပါတယ်။ နောက်တစ်ခုက <b>အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရ</b>လို့ ခေါ်ဆိုအပ်တဲ့ နှစ်မျိုးသော နေထိုင်ခြင်းဖြင့် နေထိုင်နိုင်အောင် ကြိုးစားအားထုတ်နေတဲ့ လုံ့လဝီရိယရှိလျက် သာသနာတော်မှာ နေထိုင်နိုင်ပြီဆိုတာကိုလည်း ဆင်ခြင်တော်မူပါတယ်။</p> <h3>အရဏဝိဟာရ + ဒက္ခိဏေယျဝိဟာရ</h3> <p>ဒီနေရာမှာ <b>အရဏဝိဟာရ</b>ဆိုတာကတော့ <b>ကိလေသာ</b> ကင်းကင်းရှင်းရှင်းနဲ့ နေထိုင်နိုင်ခြင်းကို ခေါ်ပါတယ်။ <b>ရဟန္တာ</b>ပုဂ္ဂိုလ်တိုင်း <b>ကိလေသာ</b> ကင်းကင်းရှင်းရှင်းဖြင့် နေထိုင်နိုင်တဲ့စွမ်းအား ရှိကြပါတယ်။ သို့သော်လည်း ဘုရားရှင် ဟောကြားတော်မူတဲ့ နည်းလမ်းအတိုင်း တရားတော်ကို ဟောကြားတဲ့နေရာမှာ ပုဂ္ဂလာဓိဋ္ဌာန်အားဖြင့် တရားမဟောကြားဘဲ ပုဂ္ဂိုလ် တစ်ယောက်ယောက်ကို ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း မပြုဘဲ ဓမ္မာဓိဋ္ဌာန်နည်းဖြင့်သာ တရားတော်ကို ဟောကြားတော်မူလေ့ရှိပါတယ်။ ဒီလို နေထိုင်နည်းကို <b>အရဏဝိဟာရ</b>လို့ ခေါ်ပါတယ်။</p> <p><b>ဒက္ခိဏေယျဝိဟာရ</b>ဆိုတာကတော့ မြတ်သော အလှူကို ခံယူထိုက်တဲ့ ပုဂ္ဂိုလ်ကို <b>ဒက္ခိဏေယျ</b>လို့ ခေါ်ပါတယ်။ အိမ်စဉ်အတိုင်း ဆွမ်းခံကြွတော်မူတဲ့ အချိန်အခါမှာ ဘယ်အိမ်ကိုပဲရောက်ရောက် လောင်းလှူတဲ့ဆွမ်းကို အလှူခံတော့မယ်ဆိုလျှင် အလှူမခံမီ အချိန်ကလေးမှာ ထိုအလှူရှင်အပေါ်မှာ <b>မေတ္တာစျာန်</b> ဝင်စားပြီး မေတ္တာပို့ပြီးတော့မှပဲ ထိုအလှူပေးတဲ့ပုဂ္ဂိုလ်တို့ရဲ့ ဆွမ်းကို အလှူခံတော်မူလေ့ရှိပါတယ်။ အဲဒီလို <b>မေတ္တာစျာန်</b> ဝင်စားပြီးမှ ဆွမ်းအစရှိတဲ့ လှူဖွယ်ဝတ္ထု အစုစုတို့ကို အလှူခံတဲ့နည်းစနစ်ဖြင့် နေထိုင်နည်းကိုတော့ <b>ဒက္ခိဏေယျဝိဟာရ</b>လို့ ခေါ်ပါတယ်။ ဘာကြောင့်လဲ?</p> <p>မိမိကို လှူဒါန်းနေကြတဲ့ ဒါယကာ ဒါယိကာမတွေ အကျိုးကြီးကြပါစေ ဆိုတဲ့ ဒီလို ကြိုးစားအားထုတ်နေတဲ့ လုံ့လဝီရိယတွေ ငါ့သန္တာန်မှာ ရှိနေပါတယ်ဆိုပြီးတော့ မိုးရွာအောင် <b>သစ္စာဆိုတဲ့ ဥဒါန်းဂါထာ</b>ကလေးတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလို သစ္စာဆိုတဲ့ဂါထာမှာ အဋ္ဌကထာဆရာတော်က နောက်ထပ် တစ်နည်း ဖွင့်ဆိုထားတဲ့ ဖွင့်ဆိုချက်အရ ---</p> <p><b>မေ</b> = ငါ၏။ <b>ကုဋိကာ</b> = ခန္ဓာကိုယ်တည်းဟူသော အတ္တဘောကို။ <b>ဆန္နာ</b> = ကိလေသာမိုး မစိုစွတ်အောင် ဖုံးကွယ်၍ ထားအပ်ပေ၏။</p> <p>ကျောင်းကိုသာ <b>ကုဋိကာ</b>လို့ သုံးစွဲခြင်း မဟုတ်ပါဘူး။ မိမိရဲ့ <b>ခန္ဓာကိုယ် အတ္တဘော</b>ကြီးကိုလည်း အိမ်လို့ ကျောင်းလို့ သုံးနှုန်းထားတာလည်း ရှိပါတယ်။ ဒါကြောင့် ဒီ<b>ခန္ဓာကိုယ် အတ္တဘော</b>ကြီးမှာ <b>ကိလေသာမိုး</b>တွေ မစိုစွတ်အောင် ငါသည် အမြဲ မိုးကာ၍ ထားပြီးပါပြီ။</p> <p><b>နိဝါတာ</b> = မာန်မာနအစရှိတဲ့ လေပြင်းမုန်တိုင်းတို့ မတိုက်အောင် ပိတ်ဆို့ ထားအပ်သည့်အတွက်ကြောင့်။ <b>သုခါ</b> = ချမ်းချမ်းသာသာ နေထိုင်ရပေပြီ။</p> <p><b>ကိလေသာမိုး</b>တွေ မစိုစွတ်အောင်လည်း မိုးကာ၍ ထားအပ်ပေပြီ၊ <b>မာန်မာန</b>အစရှိတဲ့ <b>ကိလေသာ လေပြင်းမုန်တိုင်း</b>တွေ ထကြွ တိုက်ခတ်မလာအောင်လည်း ကာဆီးပြီး ထားနိုင်တဲ့အတွက် ငါသည် ချမ်းချမ်းသာသာ နေထိုင်ရပေပြီ။ ဒါကြောင့် ---</p> <p><b>တသ္မာ</b> = ထို့ကြောင့်။ <b>ဒေဝ</b> = ပဇ္ဇုန္န = မိုးနတ်မင်း။ <b>ယထာသုခံ</b> = အလိုရှိတိုင်း။ <b>ဝဿ</b> = မိုးရွာသွန်းလိုက်စမ်းပါ။</p> <p>ဒါကြောင့် အသင် မိုးနတ်မင်း အလိုရှိတိုင်း ချမ်းချမ်းသာသာ ရွာသွန်းလိုက်စမ်းပါလို့ ဒီလို မိုးရွာဖို့ရန်အတွက် <b>သစ္စာပြု</b>ပေးတော်မူပါတယ်။ နောက် တစ်ခု ---</p> <p><b>မေ</b> = ငါ၏။ <b>စိတ္တံ</b> = စိတ်သည်။ <b>သုသမာဟိတံ</b> = အရိယမဂ်သမာဓိ အရိယဖိုလ်သမာဓိနှင့် ယှဉ်သော သမာဓိစိတ်ဓာတ်မျိုးဖြင့် ကောင်းစွာ တည်ကြည်၍ နေပါပေ၏။ <b>ဝိမုတ္တံ</b> = ကိလေသာဟူ အပူခပ်သိမ်းမှ အရှင်းကျွတ်၍ ကင်းလွတ်ထွက်မြောက်၍ နေပေ၏။ <b>အာတာပီ</b> = အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရလို့ ခေါ်ဆိုအပ်တဲ့ နှစ်မျိုးသော နေထိုင်ခြင်းဖြင့် နေထိုင်နိုင်ဖို့ရန် လွန်စွာ ကြိုးကုတ်အားထုတ်လျက်ရှိသည်ဖြစ်၍။ <b>ဝိဟရာမိ</b> = နေထိုင်ပါ၏။ <b>တသ္မာ</b> = ထို့ကြောင့်။ <b>ဒေဝ</b> = ပဇ္ဇုန္န = မိုးနတ်မင်း။ <b>ယထာသုခံ</b> = အလိုရှိတိုင်း ချမ်းချမ်းသာသာ။ <b>ဝဿ</b> = ရွာသွန်းလိုက်စမ်းပါ။</p> <p>ဒီလို <b>သစ္စာပြု</b>လိုက်ပါတယ်။ ဒီလို <b>သစ္စာပြု</b>လိုက်တဲ့ အချိန်အခါမှာ မိုးကလည်း တဖြည်းဖြည်း ရေအလျဉ်ကို ပြုပြီးတော့ ရွာသွန်းလာပါတယ်။ သတ္တဝါတွေရဲ့ အကျိုးအတွက်လည်းကောင်း, မိမိရဲ့ <b>အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရ</b>ခေါ်တဲ့ မြတ်သောနေထိုင်ခြင်းဖြင့် သာသနာတော်မှာ နေထိုင်နိုင်တာကို ထင်ရှားပြလိုသည့်အတွက်ကြောင့်လည်းကောင်း ဒီအကြောင်း နှစ်မျိုးကြောင့် ဒီဂါထာကလေးကို ဥဒါန်းကျူးရင့်တော်မူခြင်း ဖြစ်ပါတယ်။</p> <p>ကဲ - အရှင်သုဘူတိမထေရ်ရဲ့ ထုံးကလေးတော့ ပြီးသွားပါပြီ။ ဒီထုံးကလေးအတိုင်း မိမိတို့လည်း အရှင်သုဘူတိမထေရ်မြတ်လို <b>အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရ</b>ခေါ်တဲ့ <b>ဧတဒဂ်</b>ဘွဲ့ထူးမျိုးကို မရလျှင်လည်း နေပါစေ၊ ဒီဘဝမှာ အရှင်သုဘူတိမထေရ်မြတ်ကဲ့သို့ နေထိုင်ချင်ကြတယ်ဆိုလျှင်တော့ ဘာလုပ်ကြရမလဲ? အရှင်သုဘူတိမထေရ်ရဲ့ ထုံးကို နှလုံးမူပြီးတော့ ရှိသမျှ စည်းစိမ်တွေ အကုန်လုံး စွန့်လွှတ်ပြီးတော့ တရားဘာဝနာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါလို့ တိုက်တွန်းရင်းနဲ့ တရားသိမ်းကြစို့ ---</p> <p><b>ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။</b></p> <p><b>တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။</b></p> <p><b>သန္တော</b> = ဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့ကသူတော်ကောင်းတို့သည်။</p> <p><b>ဂမ္ဘီရစိန္တကာ</b> = နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာ ကြံဆင် အကြံ ကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။</p> <p><b>ကာမေ</b> = ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက် ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို။</p> <p><b>ဟိတွာ</b> = ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့် ဆက်ဆံ ဘေးတွေက ဝန်းရံ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော် ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည် ဖြစ်၍။</p> <p><b>ပဗ္ဗဇိံသု</b> = ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ် နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ် သက်ရွှင်လန်း ရှင်ရဟန်း ပြု၍ တောထွက်တော်မူကြ လေကုန်ပြီ။</p> <p><b>တုမှေပိ</b> = မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင် သူတော်ကောင်းတို့သည်လည်းပဲ။</p> <p><b>ပဗ္ဗဇိတာ</b> = ဝတ္ထုကာမ ဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန် ထွက် ကြကုန်သည်ဖြစ်၍။</p> <p><b>သုပေသလာ</b> = စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်င ရှိကြကုန်သည် ဖြစ်၍။</p> <p><b>တေ</b> = ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့ကို။</p> <p><b>အနုသိက္ခာဝှေါ</b> = အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ .. အားထုတ်နိုင်ကြပါစေကုန်သတည်း ...။</p> <p>(သာဓု သာဓု သာဓု ...)</p> <p>ဖားအောက်တောရဆရာတော်</p> <p>စိတ္တလတောင်ကျောင်း</p> <p>ဖားအောက်တောရ</p> <p>မော်လမြိုင်မြို့နယ်</p> <p>မွန်ပြည်နယ်။</p> m9ndv0n4fhs3n2ai4smam1ia8f6l20g အလှူမြစ်တား သုံးပါးအန္တရာယ် 0 5721 18740 2025-06-07T01:27:02Z Tejinda 173 "{{header | title = ထာဝရငြိမ်းချမ်းရေးသို့ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = | previous = [[ကိုးကွယ်ရာဟူသည်]] | previous2 = | next =..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 18740 wikitext text/x-wiki {{header | title = ထာဝရငြိမ်းချမ်းရေးသို့ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = | previous = [[ကိုးကွယ်ရာဟူသည်]] | previous2 = | next = [[မေတ္တာစွမ်းအားနှင့် ဗုဒ္ဓါနုဿတိစွမ်းအင်]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }} <h3>အလှူမြစ်တား သုံးပါးအန္တရာယ်</h3> <p><b>နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။</b></p> <h3>နိဒါနကထာ</h3> <p><b>အနုပုဗ္ဗိံ ကထန္တိ ဒါနာနန္တရံ သီလံ, သီလာနန္တရံ သဂ္ဂံ, သဂ္ဂါနန္တရံ မဂ္ဂန္တိ ဧဝံ အနုပဋိပါဋိကထံ။</b> (အံ၊ဋ္ဌ၊၃၊၂၁၃။)</p> <p>ဘုရားရှင်သည် အချို့အချို့သော ကျွတ်ထိုက်သသူ ဝေနေယျတို့ကို ချေချွတ်တော်မူရာဝယ် ရံခါ အစဉ်အတိုင်းသော တရားစကားဟု ခေါ်ဆိုအပ်သည့် အနုပုဗ္ဗိကထာ တရားစကားကို ဟောကြားပေးတော်မူတတ်၏။</p> <p>၁။ <b>ဒါနကထာ</b> = ဒါနနှင့်စပ်သော တရားစကား,</p> <p>၂။ <b>သီလကထာ</b> = သီလနှင့်စပ်သော တရားစကား,</p> <p>၃။ <b>သဂ္ဂကထာ</b> = နတ်ရွာသုဂတိနှင့်စပ်သော တရားစကား,</p> <p>၄။ <b>မဂ္ဂကထာ</b> = အရိယမဂ်သို့ရောက်ကြောင်း သစ္စာလေးပါးနှင့် စပ်သော တရားစကား ---</p> <p>ဤကဲ့သို့ အစဉ်အတိုင်း ဟောကြားတော်မူအပ်သော တရားစကားတော်ကို <b>အနုပုဗ္ဗိကထာ</b>ဟု ခေါ်ဆို၏။</p> <p><b>ဒါနကထာ</b> --- ဒါနနှင့်စပ်သော တရားစကားတော်ကို ရှေးဦးစွာ ဟောကြားတော်မူရခြင်းမှာ ဤဒါနကား လူအများစုတို့၌ ပြုလုပ်လွယ်ကြတဲ့သဘော ရှိတဲ့အတွက် ဒါနကုသိုလ်မှာ ဖြစ်လွယ်သောသဘောလည်း ရှိ၏။ အလှူပေး ပုဂ္ဂိုလ်, အလှူခံပုဂ္ဂိုလ်, ဝေယျာဝစ္စဆောင်ရွက်သည့်ပုဂ္ဂိုလ် စသည်ဖြင့် လူအများနှင့် ဆက်ဆံသည့် ကုသိုလ်ရပ်တစ်ခုလည်း ဖြစ်၏။ သီလ၌ ရပ်တည် နေဖို့ရန် သို့မဟုတ် ရပ်တည်နေသူဖြစ်ရေးအတွက် အကြောင်းဥပါယ်တစ်မျိုးလည်း ဖြစ်၏။ ထိုကြောင့် ဒါနကို ရှေးဦးအစ၌ ဟောကြားတော်မူခြင်း ဖြစ်၏။ မှန်ပေသည် --- ပေးကမ်းစွန့်ကြဲလေ့ရှိသော ပုဂ္ဂိုလ်သည် ငါ့ဟာဟု သိမ်းပိုက် ထားသော ပစ္စည်းဝတ္ထုတို့၌ ငြိကပ်တွယ်တာမှုသဘော မရှိသည့်အတွက် ချမ်းသာလွယ်ကူစွာပင် သီလတို့ကို ဆောက်တည်ကျင့်သုံးနိုင်၏။ ဆောက်တည်ကျင့်သုံးထားပြီးဖြစ်တဲ့ ထိုသီလ၌ ခိုင်ခိုင်ခံ့ခံ့ မြဲမြဲမြံမြံ ကောင်းစွာ ရပ်တည်နိုင်၏။ သီလကြောင့် အလှူပေးပုဂ္ဂိုလ်, အလှူခံပုဂ္ဂိုလ် နှစ်ဖက်လုံး၌ စင်ကြယ်ခြင်းရှိသည့်အတွက် အလှူခံပုဂ္ဂိုလ်ဟူသည့် သူတစ်ပါးအား ချီးမြှောက်မှုကို ဟောပြပြီးသည့်အခါ သူတစ်ပါးတို့အား ညှဉ်းပန်းနှိပ်စက်မှုမှ ဆုတ်နစ်ကြောင်းတရားကိုလည်း ဟောကြားပြသသင့်သောကြောင့်လည်းကောင်း, သူတော်ကောင်းတို့ ပြုသင့်ပြုထိုက်သည့် ဒါနကျင့်ဝတ်ကို ဟောပြတော်မူပြီးနောက် မပြုမကျင့် ရှောင်ကြဉ်ရမည့် ကျင့်ဝတ်ပဋိပတ်ကိုလည်း ဟောပြသင့်သောကြောင့်လည်းကောင်း, စည်းစိမ်ဥစ္စာ၏ ပြည့်စုံခြင်း = <b>ဘောဂသမ္ပတ္တိ</b>အကြောင်းကို ဟောပြတော်မူပြီးနောက် လူ့ဘဝ နတ်ဘဝ စသည့် ကောင်းမြတ်သော ဘဝနှင့် ပြည့်စုံခြင်း = <b>ဘဝသမ္ပတ္တိ</b>၏ အကြောင်းတရားကိုလည်း ဟောပြတော်မူသင့်သောကြောင့်လည်းကောင်း <b>ဒါနကထာ</b> = ဒါနနှင့်စပ်သော တရားစကား၏ အခြားမဲ့၌ <b>သီလကထာ</b> = သီလနှင့် စပ်သော တရားစကားကို ဆက်လက် ဟောကြားတော်မူလေသည်။ (အံ၊ဋီ၊၃၊၂၂၁။)</p> <p>ထိုသီလသည်ကား သံသရာဝဋ်ကို မှီနေသော သံသရာ၌ လည်ပတ်စေတတ်သော <b>ဝဋ္ဋနိဿိတသီလ</b>ဖြစ်အံ့၊ ထို<b>ဝဋ္ဋနိဿိတသီလ</b>၏ အကျိုးတရားသည်ကား <b>ဘဝသမ္ပတ္တိ</b> = လူ့ဘဝ, နတ်ဘဝဟူသည့် အထက်တန်းကျသော ဘဝနှင့် ပြည့်စုံခြင်းပင်တည်းဟု ညွှန်ပြတော်မူခြင်းငှာလည်းကောင်း, ဤ <b>ဒါနမယကုသိုလ် သီလမယကုသိုလ်</b>ဟူသော မြင့်သထက်မြင့် မြတ်သထက် မြတ် စသည်အားဖြင့် ကွဲပြားခြားနားကုန်သော ကောင်းမှုကုသိုလ် ကိရိယာတို့၏ တည်ရာဝတ္ထုတို့ကြောင့် <b>စာတုမဟာရာဇ်, တာဝတိံသာ</b> စသည် ပြားကုန် သော မြင့်သထက်မြင့်, မြတ်သထက်မြတ်, နတ်ထက်နတ် စသည်အားဖြင့် ကွဲပြားခြားနားကုန်သော အတိုင်းအတာပမာဏမရှိကုန်သော ဤနတ်စည်းစိမ်ချမ်းသာတို့ကို ရအပ်ကုန်၏ဟု ညွှန်ပြတော်မူခြင်းငှာလည်းကောင်း ထို <b>သီလကထာ</b> = သီလနှင့်စပ်သော တရားစကား၏ အခြားမဲ့၌ <b>သဂ္ဂကထာ</b> = နတ်ရွာသုဂတိနှင့်စပ်သော တရားစကားတို့ကို ဆက်လက် ဟောကြားတော်မူလေသည်။ (အံ၊ဋီ၊၃၊၂၂၁။)</p> <p>ထိုနတ်ရွာသုဂတိဟူသည်မှာလည်း = နတ်စည်းစိမ်ချမ်းသာဟူသည်မှာလည်း သာယာဖွယ် မက်မောဖွယ် ရှုမောဖွယ် အသွယ်သွယ်တို့ဖြင့် တန်ဆာဆင်ထားအပ်သည့် ရှုလို့မဝနိုင် ခံစားလို့မဝနိုင်သည့် ချမ်းသာသုခ ဖြစ်ခြင်းကြောင့် <b>ရာဂ, ဒေါသ, မောဟ</b> စသည့် ကိလေသာအညစ်အကြေး တို့ဖြင့် လူးလဲပေကျံလျက်ရှိ၏။ သို့သော် အရိယမဂ်တရားသည်ကား အချင်းခပ်သိမ်း ထိုကိလေသာအညစ်အကြေးတို့ဖြင့် လူးလဲပေကျံမှု မရှိဟု ညွှန်ပြတော်မူခြင်းငှာ ထို<b>သဂ္ဂကထာ</b> = နတ်ရွာသုဂတိနှင့်စပ်သော တရားစကား၏ အခြားမဲ့၌ <b>မဂ္ဂကထာ</b> = အရိယမဂ်နှင့်စပ်သော တရားစကားကို ဆက်လက် ဟောကြားပေးတော်မူလေသည်။ (အံ၊ဋီ၊၃၊၂၂၁။)</p> <p><b>မဂ္ဂကထာ</b> = အရိယမဂ်သို့ ဆိုက်ရောက်ကြောင်း အကျင့်ကောင်းတို့ကို ဟောကြားတော်မူရာဝယ် ထိုအရိယမဂ်သို့ ဆိုက်ရောက်ကြောင်း နည်းလမ်းကောင်းတို့ကို ညွှန်ပြတော်မူခြင်းငှာ အခြားအခြားသော ကာမဂုဏ်တွေကို မဆိုထားဘိ နတ်ရွာသုဂတိ၌ အကျုံးဝင်နေသည့် ချမ်းသာသုခပင် ဖြစ်ချင် ဖြစ်ပါစေ၊ မည်သည့်ကာမဂုဏ်မဆို ကာမဂုဏ်မှန်သမျှတို့မည်သည် မျက်မှောက် တမလွန် နှစ်တန်တို့၌ အပြစ်<b>အာဒီနဝ</b>တွေကား များလှသည်သာ ဖြစ်၏၊ ယင်းကာမဂုဏ်တို့သည် ဖြစ်ပြီးလျှင် ပျက်နေကြသည့် <b>အနိစ္စ</b>တရားတို့သာ ဖြစ်ကြ၏၊ မခိုင်ခံ့သည့်သဘောလည်း ရှိကြကုန်၏၊ ဖောက်ပြန်ပျက်စီး တတ်သည့် <b>ဝိပရိဏာမဓမ္မ</b>တို့သာ ဖြစ်ကြ၏ --- ဟု ကာမဂုဏ်တို့၏ အပြစ်<b>အာဒီနဝ</b>ကိုလည်း ဟောကြားပေးတော်မူ၏။ ယင်းသို့ ဟောကြားတော်မူရာ၌ ဤကာမဂုဏ်တို့ကား ယုတ်ညံ့၏၊ ရွာသူတို့၏ အလေ့အကျင့် ဖြစ်၏၊ ပုထုဇန် ငမိုက်သားတို့၏ အလေ့အကျင့် ဖြစ်၏။ အရိယာသူတော်စင်တို့၏ အလေ့အကျင့် မဟုတ်၊ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော အကျိုးစီးပွားနှင့် မစပ်ယှဉ် ဤသို့စသည် ကာမဂုဏ်တို့၏ ယုတ်ညံ့ပုံ = <b>ဩကာရ</b>ကိုလည်းကောင်း, ဘဝဟူသမျှအားလုံးတို့သည် ကိလေသာတို့၏ တည်ရာဝတ္ထု ဖြစ်ကြ၏ ဤသို့ စသည်ဖြင့် ထိုကာမဂုဏ်တို့၌ ညစ်နွမ်းမှု = <b>သံကိလေသ</b>ကိုလည်းကောင်း, အချင်းခပ်သိမ်း ယင်းညစ်နွမ်းမှု <b>သံကိလေသ</b>တရားတို့မှ လွတ်မြောက်ရာ နိဗ္ဗာန်နှင့် လွတ်မြောက်ကြောင်းကျင့်စဉ်ဟု ခေါ်ဆိုအပ်သည့် ကာမဂုဏ်မှ ထွက်မြောက်ကြောင်းတရားစကားဖြစ်သည့် = <b>နေက္ခမ္မေ အာနိသံသကထာ</b>ကို လည်းကောင်း မဂ္ဂကထာတရားစကားကို ဟောကြားတော်မူသည့်အပိုင်းတွင် ထည့်သွင်းကာ ဟောကြားတော်မူပေသည်။ (အံ၊ဋီ၊၃၊၂၂၁။)</p> <p>ယခု စာဖတ်သူတို့၏ လက်ဝယ် ရောက်ရှိလာသော ဤ<b>ဝစ္ဆဂေါတ္တသုတ္တန်</b> တရားတော်သည်ကား ထိုကဲ့သို့သော အစဉ်အတိုင်း ဟောကြားတော်မူအပ်သည့် <b>အနုပုဗ္ဗိကထာ</b> တရားစကားတော်မျိုးကား မဟုတ်ပေ။ တစ်မျိုးတစ်ဖုံအားဖြင့် ထူးခြားသည့် <b>အနုပုဗ္ဗိကထာ</b> တရားစကားတော်မျိုး ဖြစ်ပေသည်။ဤ<b>ဝစ္ဆဂေါတ္တသုတ္တန်</b>တွင် ဘုရားရှင်သည် အောက်တန်းအကျဆုံး ဒါနမှ အထက်တန်းအကျဆုံး ဒါနအထိ တစ်မူထူးခြားစွာ ဟောကြားထားတော်မူခဲ့၏။ အိုး-ခွက်-ပန်းကန်ဆေးသည့်ရေကိုသော်လည်း လှူတတ်ပါက အကျိုး ရရှိနိုင်ပုံကိုပင် ထည့်သွင်းကာ ဟောကြားထားတော်မူခဲ့၏။ အထက်တန်းကျသည့် ဒါနကို ပြုစုပျိုးထောင်ရာ၌ အရဟတ္တဖိုလ် နိဗ္ဗာန်ကို ဦးတည်လျက် ပြုစုပျိုးထောင်ခဲ့ပါမူ အရဟတ္တဖိုလ် နိဗ္ဗာန်သို့ ဆိုက်ရောက်သည်တိုင်အောင် ယင်းဒါနကုသိုလ်တို့က အားပေးထောက်ပံ့နိုင်သည့် အားကြီးသော မှီရာ <b>ဥပနိဿယပစ္စယသတ္တိ</b>ဖြင့် ကျေးဇူးပြုပုံအထိ ဟောကြားထားတော်မူပေသည်။</p> <p>သို့သော် ဤ<b>ဝစ္ဆဂေါတ္တသုတ္တန်</b>၏ ထူးခြားချက် တစ်ခုကား --- သူတစ်ပါးတို့၏ အလှူဒါနကို တားမြစ်ပိတ်ပင်မှု မပြုလုပ်ရန် ဆိုဆုံးမတော်မူသည့် အချက်ပင် ဖြစ်၏။ သူတစ်ပါးတို့၏ အလှူဒါနကို တားမြစ်ပိတ်ပင်သူသည်-</p> <p>၁။ အလှူရှင်၏ ဒါနကောင်းမှုကုသိုလ်၏ အန္တရာယ်ကို ပြုခြင်း,</p> <p>၂။ အလှူခံပုဂ္ဂိုလ်တို့ ရသင့်ရထိုက်သည့် လာဘ်လာဘ၏ အန္တရာယ်ကို ပြုခြင်း,</p> <p>၃။ မိမိကိုယ်ကို မိမိ တူးဖြိုပြီးဖြစ်ခြင်း ---</p> <p>ဤအန္တရာယ်သုံးမျိုးတို့ကို ပြုလုပ်ပြီးဖြစ်ကြောင်းများကိုလည်း ထည့်သွင်းကာ ဆိုဆုံးမထားတော်မူ၏။ ဆောင်ဖွယ်နှင့် ရှောင်ဖွယ် နှစ်မျိုးလုံးကို မြင်ကွင်းကျယ်ဇာတ်ခုံပေါ်၌ မီးမောင်းထိုးကာ စာတမ်းချိတ်ပြထားတော်မူသည့်<b>သုတ္တန်</b>တစ်ခုပင် ဖြစ်ပေသည်။</p> <p>ထို<b>သုတ္တန်</b>ကို ကွယ်လွန်သူ ဒါယကာကြီး ဦးမောင်ပိန်အား ရည်စူး၍ ဒေါ်ခင်ကြည်မိသားစုတို့က ဖားအောက်တောရတွင် သံဃိကကျောင်းဆောင် တစ်ခု ဆောက်လုပ်လှူဒါန်းခဲ့၏။ ထိုကျောင်းရေစက်ချပွဲတွင် --- ဤ<b>ဝစ္ဆဂေါတ္တသုတ္တန်</b>ကို ဦးတည်လျက် ဆောင်ဖွယ် ရှောင်ဖွယ်တို့ကို ဝမ်းမြောက်ဖွယ် <b>အနုမောဒနာတရားစကား</b>အဖြစ် ဟောကြားပေးတော်မူခဲ့၏။ ကျောင်းဒါယိကာမ မိသားစုတို့က ထိုတရားတော်ကို ကျမ်းစာအဖြစ် ရိုက်နှိပ်ကာ လှူဒါန်းပူဇော်လိုပါကြောင်းကို လျှောက်ထားလာကြသည့်အတွက် တရားဟောတိတ်ခွေမှ ကျမ်းစာအသွင်သို့ ပြောင်းလဲကာ စာဖတ်သူတို့၏ လက်ဝယ်သို့ ရောက်အောင် ပို့ဆောင်လိုက်ပါသည်။ သူတော်ကောင်းအပေါင်းတို့သည် ဤ<b>သုတ္တန်</b>မှာ လာရှိသည့်အတိုင်း ရှောင်ကြဉ်ဖွယ်အချက်အလက်တို့ကို မပြုမကျင့် ရှောင်ကြဉ်နိုင်ကြကုန်သည်ဖြစ်၍ လိုက်နာပြုကျင့်ဖွယ်အရပ်ရပ်တို့ကိုလည်း စွမ်းအားရှိသလောက် ဖြည့်ကျင့်နိုင်ကြပြီးလျှင် ဒုက္ခခပ်သိမ်းတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ <b>အရှင်လောသကတိဿမထေရ်</b>တို့ကဲ့သို့ ဝင်စံနိုင်ကြပါစေသောဝ်ဟု မေတ္တာမွန်ဖြင့် ဆန္ဒပြုလျက် ---</p> <p>ဖားအောက်တောရဆရာတော်</p> <h3>အလှူမြစ်တား သုံးပါးအန္တရာယ်</h3> <p>(ဘုရားရှင်နှင့် ဝစ္ဆပရိဗိုဇ်တို့၏ ဆွေးနွေးခန်း)</p> <p>(<b>ဝစ္ဆဂေါတ္တသုတ္တန်</b>)</p> <p>တရားဦးပလ္လင်</p> <p>၁၃၅၂-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၊ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်ရွာမှ ကွယ်လွန်သွားသူ ဒါယကာကြီး ဦးမောင်ပိန်အား ရည်စူး၍ ကျန်ရစ်ခဲ့သူ ဒေါ်ခင်ကြည်အမှူးရှိတဲ့ မိသားစုတို့က ဖားအောက်တောရစင်္ကြံကျောင်း၌ သမထ-ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းတော်မူတဲ့ သံဃာတော်တို့အား ရည်စူး၍ သံဃိကကျောင်းတစ်ကျောင်း ဆောက်လုပ်လှူဒါန်း ပူဇော်ကြပါတယ်။ ထိုကျောင်းဆောက်လုပ်လှူဒါန်းသည့်ပွဲ၌ ဆွမ်းအစရှိတဲ့ လှူဖွယ်ဝတ္ထုအစုစုတို့ကိုလည်း ဆက်ကပ် လှူဒါန်း ပူဇော်ကြပါတယ်။ ထိုကောင်းမှုကုသိုလ်တို့ရဲ့ အဖို့ဘာဂကို ဒါယကာကြီး ဦးမောင်ပိန်အမှူးရှိတဲ့ (၃၁)ဘုံ၌ ကျင်လည်ကြတဲ့ သတ္တဝါတို့အားလည်း ကုသိုလ်အဖို့ဘာဂကို အမျှရကြပါစေခြင်းအကျိုးငှာ ရည်စူး၍ ရေစက်သွန်းချ အမျှပေးဝေလိုတယ်လို့ လျှောက်ထားကြတယ်။</p> <p>အလားတူပဲ မော်လမြိုင်မြို့မှ ဒါယကာ မောင်ကျော်မြင့်မိသားစုတို့ကလည်း သင်္ကန်းအစရှိတဲ့ လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ် လှူဒါန်းတဲ့ အတွက် ဒီနေ့ ကြုံကြိုက်နေတဲ့အတွက် ပေါင်း၍ ရေစက်ချမယ်လို့ လျှောက်ထားကြတယ်။ ထိုကျောင်းအလှူ, ဆွမ်းအလှူ, သင်္ကန်းအလှူ အလှူဒါနပွဲ၌ ဝမ်းမြောက်ဖွယ်, အမှတ်ရဖွယ်ဖြစ်တဲ့ အနုမောဒနာတရားတစ်ပုဒ် ချီးမြှင့် ပေးတော်မူပါလို့ လျှောက်ထားကြတဲ့အတွက် ဒီနေ့ အနုမောဒနာတရား ကလေးတစ်ပုဒ် နာကြားကြည့်ကြရအောင်။ ပရိတ်တရားတော်ကလေး တစ်ပုဒ်နဲ့ပဲ နိဒါန်းပျိုးကြရအောင် ---</p> <p><b>မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။</b></p> <p><b>ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိမုတ္တမံ။</b></p> <p><b>ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။</b></p> <p><b>မဟာကာရုဏိကော</b> = ကြီးမြတ်သော ကရုဏာရှိတော်မူသော။ <b>နာထော</b> = ဗြဟ္မာ, နတ်, လူ သုံးဘုံသူတို့၏ ကိုးကွယ်အားထားရာအစစ် အဖြစ်ကြီး ဖြစ်တော်မူသော ဘုရားမြတ်စွာသည်။ <b>သဗ္ဗပါဏိနံ</b> = ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော သတ္တဝါအပေါင်းတို့၏။ <b>ဟိတာယ</b> = လောကီ လောကုတ္တရာ အကျိုးစီးပွား ချမ်းသာအလို့ငှာ။ <b>သဗ္ဗာ ပါရမီ</b> = ခပ်သိမ်းဥဿုံ အလုံးစုံသော ပါရမီတော်မြတ်အပေါင်းကို။ <b>ပူရေတွာန</b> = ဖြည့်ကျင့်ဆည်းပူးတော်မူ ပြီး၍။ <b>ဥတ္တမံ</b> = မြတ်လှစွာသော။ <b>သမ္မာသမ္ဗောဓိံ</b> = အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်တော်မြတ်သို့။ <b>ပတ္တော</b> = ရောက်ရှိတော်မူခဲ့လေပြီ။ <b>ဧတေန သစ္စဝဇ္ဇေန</b> = ဝစီမင်္ဂလာ ဤသစ္စာစကားကို ပြောဆိုရခြင်းကြောင့်။ <b>တေ တုမှာကံ</b> = သင်တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့အား။ <b>သဒါ</b> = နေ့ရော ညဉ့်ပါ ဘယ်ခါမလပ် အခါခပ်သိမ်း။ <b>သောတ္ထိ</b> = ဘေးရန်ကုန်ကင်း ချမ်းသာအေးမြခြင်းသည်။ <b>ဟောတု</b> = မုချမသွေ ဖြစ်ပါစေသတည်း။</p> <h3>(သာဓု သာဓု သာဓုပါဘုရား ...)</h3> <p>ဘုန်းကြီးတို့ရဲ့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းသော ကာလပတ်လုံး အသက်ကို စွန့်လွှတ် လှူဒါန်းခြင်း, သားမယားတို့ကို စွန့်လွှတ် လှူဒါန်းခြင်း, ပစ္စည်းကို စွန့်လွှတ် လှူဒါန်းခြင်း အစရှိတဲ့ <b>ဒါနပါရမီ</b> အခြေခံ၍ ပါရမီဆယ်ပါး အပြားသုံးဆယ်တို့ကို ဖြည့်ကျင့် တော်မူခဲ့တယ်။ ဘာဦးတည်ချက်နဲ့ ဖြည့်ကျင့်ခဲ့သလဲ? <b>သဗ္ဗညုတဉာဏ်</b>ရဖို့ရန် ရည်ရွယ်တောင့်တပြီးတော့ ကောင်းမှုကုသိုလ်တွေကို ဖြည့်ကျင့်ခဲ့တယ်။ ထိုဝစီမင်္ဂလာ မှန်ကန်တဲ့ သစ္စာစကားကြောင့် သင်သတ္တဝါအပေါင်းတို့သည် ဘေးရန်ကုန်ကင်း ချမ်းသာအေးမြခြင်း ဖြစ်ပါစေလို့ သစ္စာပြုနေတဲ့ ဂါထာကလေးတစ်ပုဒ် ဖြစ်ပါတယ်။</p> <h3>မွန်မြတ်သော ဦးတည်ချက်</h3> <p>ဒီနေ့ ကျောင်းအစရှိတဲ့, သင်္ကန်းအစရှိတဲ့, ဆွမ်းအစရှိတဲ့ လှူဖွယ်ဝတ္ထု ပစ္စည်းစုကို လှူဒါန်းနေတဲ့ ပုဂ္ဂိုလ်တွေလည်း ဦးတည်ချက်တစ်ခုခုတော့ ရှိသင့် တယ်နော်။ ဦးတည်ချက်များစွာတို့တွင် အဆင့်အတန်း အမြင့်ဆုံး ဦးတည်ချက်ကတော့ <b>သမ္မာသမ္ဗောဓိဉာဏ်</b>လို့ ခေါ်ဆိုအပ်တဲ့ <b>သဗ္ဗညုတဉာဏ်</b> အထွတ်တပ်ထားတဲ့ <b>အရဟတ္တမဂ်ဉာဏ်</b>ကို ရဖို့ရန် ရည်ရွယ်တောင့်တပြီး ကောင်းမှုကုသိုလ် ပြုခဲ့မယ်ဆိုရင်တော့ အဆင့်အတန်း အမြင့်ဆုံး ဒါနတစ်ခု, အဆင့်အတန်း အမြင့်ဆုံး ဦးတည်ချက်တစ်ခု ဖြစ်ပါတယ်။</p> <p>ဒီထက်တစ်ဆင့် နိမ့်လိုက်ရင်တော့ <b>ပစ္စေကဗောဓိဉာဏ်</b>ရရှိရေးအတွက် ရည်ရွယ်တောင့်တပြီး ကောင်းမှုကုသိုလ် ပြုခဲ့မယ်ဆိုရင်တော့ ဒုတိယ အကောင်းဆုံးသော ဦးတည်ချက်တစ်ခု ဖြစ်တယ်။ တတိယ အကောင်းဆုံး ဦးတည်ချက်ကတော့ <b>အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလ္လာန်</b> ကိုယ်တော် မြတ်ကြီးတို့ကဲ့သို့ <b>အဂ္ဂသာဝကဗောဓိဉာဏ်</b> ရရှိရေးအတွက် ရည်ရွယ်တောင့်တပြီးတော့ ကောင်းမှုကုသိုလ်တွေ ပြုခဲ့မယ်ဆိုရင်တော့ ထိုဦးတည်ချက်က တတိယအကောင်းဆုံး ဦးတည်ချက် ဖြစ်ပါတယ်။</p> <p>ဒီထက်တစ်ဆင့် နိမ့်လိုက်တဲ့ အချိန်အခါမှာ <b>အရှင်မဟာကဿပ, အရှင်အာနန္ဒာ, အရှင်မဟာကစ္စည်း</b>အစရှိတဲ့ မထေရ်ကျော် ပုဂ္ဂိုလ်မြတ်ကြီးတို့ကဲ့သို့ <b>မဟာသာဝကဗောဓိဉာဏ်</b>ကို ရည်ရွယ်တောင့်တပြီး ကောင်းမှုကုသိုလ်ထူးတွေကို ဆည်းပူးရှာဖွေခဲ့မယ်ဆိုရင်လည်း ထိုဦးတည်ချက်သည် စတုတ္ထအကောင်းဆုံး ဦးတည်ချက်တစ်ခု ဖြစ်ပါတယ်။</p> <p>ဒီထက်တစ်ဆင့် နိမ့်လိုက်တော့ ရိုးရိုးသာဝကတွေပေါ့။ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရရှိသွားတော်မူတဲ့ <b>ပကတိသာဝကဗောဓိဉာဏ်</b>ကို ရည်ရွယ် တောင့်တပြီး ကောင်းမှုကုသိုလ်တစ်ခုကို ပြုစုပျိုးထောင်ခဲ့မယ်ဆိုရင်တော့ ထိုပြုစုပျိုးထောင်နေတဲ့ ကောင်းမှုကုသိုလ် ထိုဦးတည်ချက်မျိုးကိုတော့ ပဉ္စမ အကောင်းဆုံးသော ဦးတည်ချက်လို့တော့ သတ်မှတ်နိုင်ပါတယ်။</p> <p>အဲဒီ ဦးတည်ချက်တွေကနေပြီးတော့ နောက်ထပ် ပုံစံတစ်မျိုး အနေ အားဖြင့် လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာတွေကို ရည်ရွယ်တောင့်တပြီး ကောင်းမှုကုသိုလ်တွေကို ပြုခဲ့မယ်ဆိုရင်လည်း မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်ပါတယ်။ သို့သော် ကောင်းမှုကုသိုလ်ပြုတဲ့ အချိန်အခါမှာ မိမိတို့ ရည်ရွယ်တောင့်တတဲ့ ဦးတည်ချက်အတိုင်း ဖြစ်နိုင်ရေးအတွက် အလှူခံပုဂ္ဂိုလ် ဘက်မှာ ရှိရမယ့် အင်္ဂါရပ်တွေလည်း ရှိကြတယ်။ အလှူပေးတဲ့ ပုဂ္ဂိုလ်ဘက်မှာ ထင်ရှားရှိနေရမယ့် အင်္ဂါရပ်တွေလည်း ရှိကြတယ်။ အဲဒီ အင်္ဂါရပ်တွေနဲ့ ပတ်သက်လို့ သဘောပေါက်အောင် အင်္ဂုတ္တိုရ်ပါဠိတော် <b>တိကနိပါတ်</b>မှာ လာရှိတဲ့ <b>ဝစ္ဆဂေါတ္တသုတ္တန်</b>ကလေးကို အတိုချုပ်ပြီးတော့ ပြောကြရအောင်-</p> <h3>ဝစ္ဆဂေါတ္တပရိဗိုဇ်၏ မေးခွန်း (၄) ရပ်</h3> <p>တစ်ချိန်မှာ ဝစ္ဆအနွယ်မှာ ဖွားမြင်တဲ့အတွက်ကြောင့် <b>ဝစ္ဆဂေါတ္တပရိဗိုဇ်</b> အမည်ရတဲ့ ပရိဗိုဇ်တစ်ဦးက မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးတော့ မြတ်စွာဘုရားနှင့် ဝမ်းမြောက်ဝမ်းသာ အမှတ်ရဖွယ် စကားတွေ ပြောဆိုကြတယ်။ ပြောဆိုပြီးဆုံးစေပြီးတဲ့ အချိန်အခါမှာ မြတ်စွာဘုရားကို သူက လျှောက်ထား တယ်။ ဘယ်လို လျှောက်ထားလဲ?</p> <p><b>သုတံ မေတံ ဘော ဂေါတမ သမဏော ဂေါတမော ဧဝမာဟ -- မယှမေဝ ဒါနံ ဒါတဗ္ဗံ၊ နာညေသံ ဒါနံ ဒါတဗ္ဗံ၊ မယှမေဝ သာဝကာနံ ဒါနံ ဒါတဗ္ဗံ၊ နာညေသံ သာဝကာနံ ဒါနံ ဒါတဗ္ဗံ၊ မယှမေဝ ဒိန္နံ မဟပ္ဖလံ၊ နာညေသံ ဒိန္နံ မဟပ္ဖလံ၊ မယှမေဝ သာဝကာနံ ဒိန္နံ မဟပ္ဖလံ၊ နာညေသံ သာဝကာနံ ဒိန္နံ မဟပ္ဖလန္တိ။</b> (အံ၊၁၊၁၆၁။)</p> <p><b>ဘော ဂေါတမ</b> = အိုအရှင် ဂေါတမ ...။ <b>မေ</b> = ဘုရားတပည့်တော် သည်။ <b>ဧတံ</b> = ဤစကားကို။ <b>သုတံ</b> = ကြားနာဖူးပါ၏။</p> <p>အရှင်ဂေါတမ ...တပည့်တော် ဒီစကားကို ကြားဖူးနေတယ်။ ဘယ်လို ကြားဖူးသလဲ?</p> <p><b>သာမဏော ဂေါတမော</b> = ရဟန်းဂေါတမသည်။ <b>ဧဝံ</b> = ဤသို့။ <b>အာဟ</b> = ပြောဆို၍ နေပါ၏။</p> <p>အရှင်ဂေါတမက ဒီလို ပြောတယ်ဆိုတဲ့ စကားကလေးတစ်ခုကို တပည့်တော် ကြားနေတယ်။ ဒီလို ပြောတယ်ဆိုတာက ဘယ်လိုလဲ?</p> <p><b>မယှမေဝ</b> = ငါဘုရားရှင်အားသာလျှင်။ <b>ဒါနံ</b> = အလှူဒါနကို။ <b>ဒါတဗ္ဗံ</b> = ပေးလှူသင့် ပေးလှူထိုက်ပေ၏။ <b>အညေသံ</b> = ငါဘုရားရှင်မှ တစ်ပါးသော အခြားအခြားသော ပုဂ္ဂိုလ်တို့အား။ <b>ဒါနံ</b> = အလှူဒါနကို။ <b>န ဒါတဗ္ဗံ</b> = မပေးလှူသင့် မပေးလှူထိုက်ပေ။ <b>မယှမေဝ သာဝကာနံ</b> = ငါဘုရားရှင်၏ တပည့် သာဝကတို့အားသာလျှင်။ <b>ဒါနံ</b> = အလှူဒါနကို။ <b>ဒါတဗ္ဗံ</b> = ပေးလှူသင့် ပေးလှူထိုက်ပေ၏။ <b>အညေသံ သာဝကာနံ</b> = ငါဘုရားရှင်၏ တပည့်သာဝကမှ အခြားတစ်ပါးဖြစ်ကြကုန်သော သာဝကတို့အား။ <b>ဒါနံ</b> = အလှူဒါနကို။ <b>န ဒါတဗ္ဗံ</b> = မပေးလှူသင့် မပေးလှူထိုက်ပေ။ <b>မယှမေဝ</b> = ငါဘုရားရှင်အားသာ လျှင်။ <b>ဒိန္နံ</b> = ပေးလှူအပ်တဲ့ အလှူဒါနသည်။ <b>မဟပ္ဖလံ</b> = ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ရှိပေ၏။ <b>နာညေသံ</b> = အခြားတစ်ပါးသော ပုဂ္ဂိုလ်တို့အား။ <b>ဒိန္နံ</b> = ပေးလှူအပ်တဲ့ အလှူဒါနသည်။ <b>န မဟပ္ဖလံ</b> = ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး မရှိပေ။ <b>မယှမေဝ သာဝကာနံ</b> = ငါဘုရားရှင်၏ တပည့်သာဝကတို့အားသာလျှင်။ <b>ဒိန္နံ</b> = ပေးလှူအပ်တဲ့ အလှူဒါနသည်။ <b>မဟပ္ဖလံ</b> = ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ရှိပေ၏။ <b>နာညေသံ သာဝကာနံ</b> = ငါဘုရားရှင်၏ တပည့်သာဝကမှ အခြားတစ်ပါးကုန်သော သာဝကတို့အား။ <b>ဒိန္နံ</b> = ပေးလှူအပ်တဲ့ အလှူဒါနသည်။ <b>န မဟပ္ဖလံ</b> = ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး မရှိပေ။ <b>ဣတိ ဧဝံ</b> = ဤသို့လျှင်။ <b>သမဏော ဂေါတမော</b> = ရဟန်းဂေါတမသည်။ <b>အာဟ</b> = ပြောဆို၍ နေပါပေ၏။ <b>ဣတိ ဧတံ ဝစနံ</b> = ဤကဲ့သို့သော စကားကို။ <b>မေ</b> = ဘုရားတပည့်တော်သည်။ <b>သုတံ</b> = ကြားနာ၍ နေရပါပေ၏။</p> <p><b>ဝစ္ဆဂေါတ္တပရိဗိုဇ်</b> = ဝစ္ဆအနွယ်မှာဖြစ်တဲ့ ပရိဗိုဇ်ကြီးက မြတ်စွာဘုရားကို လျှောက်ထားတဲ့ စကားပဲနော်။</p> <p>မြတ်စွာဘုရား ... တပည့်တော်တော့ ဒီလို ကြားနေတယ်။ ရဟန်း ဂေါတမဟာ ငါဘုရားကိုသာလျှင် အလှူဒါန ပေးလှူထိုက်တယ်။ ငါဘုရားမှ တစ်ပါး အခြားတစ်ပါးသော အခြားအခြားသော ပုဂ္ဂိုလ်တွေအား အလှူဒါနကို မပေးလှူထိုက်ဘူး။ ငါဘုရားရှင်ရဲ့ တပည့်သာဝကတွေကိုသာ အလှူဒါနကို ပေးလှူထိုက်တယ်။ ငါဘုရားရှင်ရဲ့ တပည့်သာဝကမှ အခြားတစ်ပါးသော ပုဂ္ဂိုလ်တွေရဲ့ တပည့်သာဝကတွေကို မပေးလှူထိုက်ဘူး။ ငါဘုရားရှင်အား ပေးလှူမှသာလျှင် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ရှိတယ်။ အခြားအခြားသော ပုဂ္ဂိုလ်တွေအား ပေးလှူခဲ့ရင် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး မရှိဘူး။ ငါဘုရားရှင်ရဲ့ တပည့်သာဝကတွေကို ပေးလှူမှသာလျှင် ကြီးကျယ် ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ရှိတယ်။ အခြားအခြားသော ဂိုဏ်းဆရာတွေရဲ့ တပည့်သာဝကတွေကို ပေးလှူခဲ့မယ်ဆိုရင် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး မရှိဘူးလို့ ရဟန်းဂေါတမက ပြောနေတယ်လို့ တပည့်တော်ကြားနေရပါတယ် ဆိုပြီးတော့ သူက လျှောက်ထားတယ်။ အဲဒီလို လျှောက်ထားပြီးတဲ့အခါမှာ သူ့စကားကတော့ မဆုံးသေးဘူး။ မြတ်စွာဘုရားကို ဆက်လက်ပြီး သူက လျှောက်ထားပြန်တယ်။ ဘယ်လို လျှောက်ထားလဲ?</p> <p><b>ယေ တေ ဘော ဂေါတမ ဧဝမာဟံသု သမဏော ဂေါတမော ဧဝမာဟ မယှမေဝ ဒါနံ ဒါတဗ္ဗံ၊ နာညေသံ ဒါနံ ဒါတဗ္ဗံ။ မယှမေဝ သာဝကာနံ ဒါနံ ဒါတဗ္ဗံ၊ နာညေသံ သာဝကာနံ ဒါနံ ဒါတဗ္ဗံ။ မယှမေဝ ဒိန္နံ မဟပ္ဖလံ၊ နာညေသံ ဒိန္နံ မဟပ္ဖလံ။ မယှမေဝ သာဝကာနံ ဒိန္နံ မဟပ္ဖလံ၊ နာညေသံ သာဝကာနံ ဒိန္နံ မဟပ္ဖလန္တိ။</b> (အံ၊၁၊၁၆၁။)</p> <p><b>ဘော ဂေါတမ</b> = အိုအရှင် ဂေါတမ ...။ <b>ယေ တေ</b> = အကြင်ပုဂ္ဂိုလ် တို့သည်ကား။ <b>ဧဝံ</b> = ဤသို့။ <b>အာဟံသု</b> = ပြောဆိုကြကုန်၏။</p> <p>ဒီလိုပြောတယ်။ ဘယ်လိုလဲ?</p> <p><b>သမဏော ဂေါတမော</b> = ရဟန်းဂေါတမသည်။ <b>ဧဝံ</b> = ဤသို့။ <b>အာဟ</b> = ပြောဆို၍ နေပါ၏။ <b>မယှမေဝ</b> = ငါဘုရားအားသာလျှင်။ <b>ဒါနံ</b> = အလှူ ဒါနကို။ <b>ဒါတဗ္ဗံ</b> = ပေးလှူသင့် ပေးလှူထိုက်ပေ၏။ <b>အညေသံ</b> = အခြား တစ်ပါးသော ပုဂ္ဂိုလ်တို့အား။ <b>ဒါနံ</b> = အလှူဒါနကို။ <b>န ဒါတဗ္ဗံ</b> = မပေးလှူသင့် မပေးလှူထိုက်ပေ။ <b>မယှမေဝ သာဝကာနံ</b> = ငါဘုရားရှင်၏ တပည့်သာဝကတို့အားသာလျှင်။ <b>ဒါနံ</b> = အလှူဒါနကို။ <b>ဒါတဗ္ဗံ</b> = ပေးလှူသင့် ပေးလှူထိုက် ပေ၏။ <b>အညေသံ သာဝကာနံ</b> = ငါဘုရားရှင်၏ တပည့်သာဝကမှ တစ်ပါးကုန်သော အခြားအခြားသော ပုဂ္ဂိုလ်တို့၏ တပည့်သာဝကတို့အား။ <b>ဒါနံ</b>= အလှူဒါနကို။ <b>န ဒါတဗ္ဗံ</b> = မပေးလှူသင့် မပေးလှူထိုက်ပေ။ <b>မယှမေဝ</b> = ငါဘုရားအားသာလျှင်။ <b>ဒိန္နံ</b> = ပေးလှူအပ်တဲ့ အလှူဒါနသည်။ <b>မဟပ္ဖလံ</b> = ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ရှိပေ၏။ <b>အညေသံ</b> = အခြားတစ်ပါးသော ပုဂ္ဂိုလ်တို့အား။ <b>ဒိန္နံ</b> = ပေးလှူအပ်တဲ့ အလှူဒါနသည်။ <b>န မဟပ္ဖလံ</b> = ကြီးကျယ် ဖွံ့ဖြိုး များမြတ်တဲ့အကျိုး မရှိပေ။ <b>မယှမေဝ သာဝကာနံ</b> = ငါဘုရားရှင်၏ တပည့်သာဝကတို့အားသာလျှင်။ <b>ဒိန္နံ</b> = ပေးလှူအပ်တဲ့ အလှူဒါနသည်။ <b>မဟပ္ဖလံ</b> = ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ရှိပေ၏။ <b>အညေသံ သာဝကာနံ</b> = ငါဘုရားရှင်၏ တပည့်သာဝကမှ အခြားတစ်ပါးကုန်သော ပုဂ္ဂိုလ်တို့၏ တပည့်သာဝကတို့အား။ <b>ဒိန္နံ</b> = ပေးလှူအပ်တဲ့ အလှူဒါနသည်။ <b>န မဟပ္ဖလံ</b> = ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး မရှိပေ။ <b>ဣတိ ဧဝံ</b> = ဤသို့လျှင်။ <b>ယေ တေ</b> = အကြင်ပုဂ္ဂိုလ်တို့သည်။ <b>အာဟံသု</b> = ပြောဆို၍ နေကြပါကုန်၏။</p> <p>အရှင်ဂေါတမက ပြောနေတယ်။ ငါ့ကိုသာလျှင် အလှူဒါနပေးလှူ ရမယ်။ တခြားတခြားသော ပုဂ္ဂိုလ်တွေအား အလှူဒါန မပေးလှူရဘူး။ ငါဘုရားရှင်ရဲ့ တပည့်သာဝကတွေကိုသာလျှင် အလှူဒါန ပေးလှူရမယ်။ တခြားတခြားသော ပုဂ္ဂိုလ်တွေရဲ့ တပည့်သာဝကတွေကို အလှူဒါန မပေးလှူရဘူး။ ငါဘုရားရှင်ကို လှူမှသာလျှင် အကျိုးကြီးတယ်။ တခြားတခြားသော ပုဂ္ဂိုလ် တွေကို လှူခဲ့ရင် အကျိုးမကြီးဘူး။ ငါဘုရားရှင်ရဲ့ တပည့်သာဝကတွေ ကို ပေးလှူမှသာလျှင် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ရှိတယ်။ တခြားတခြားသော ဂိုဏ်းဆရာတွေရဲ့ တပည့်သာဝကတွေကို ပေးလှူခဲ့မယ်ဆိုရင် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး မရှိဘူးလို့ အကြင်ပုဂ္ဂိုလ်တွေက ပြောနေ ကြတယ် အဲဒီလို ပြောတဲ့ပုဂ္ဂိုလ်တွေသည် ဘာဖြစ်လဲ?</p> <p>၁။ <b>ကစ္စိ တေ ဘောတော ဂေါတမဿ ဝုတ္တဝါဒိနော?</b> (အံ၊၁၊၁၆၁။)</p> <p><b>ဘော ဂေါတမ</b> = အရှင်ဂေါတမ ...။ <b>ကစ္စိ</b> = အသို့ပါနည်း? <b>တေ</b> = ထိုပုဂ္ဂိုလ်တို့သည်။ <b>ဘောတော ဂေါတမဿ</b> = အရှင်ဂေါတမအား။ <b>ဝုတ္တဝါဒိနော</b> = အမှန်ကို ပြောဆို၍နေတဲ့ ပုဂ္ဂိုလ်တို့သည်။ <b>ဟောန္တိ</b> = ဖြစ်ကြပါ ကုန်သလား?</p> <p>အဲဒီလို ပြောနေတဲ့ ပုဂ္ဂိုလ်တွေဟာ အရှင်ဂေါတမကို အမှန်အတိုင်း ပြောနေတဲ့ ပုဂ္ဂိုလ်တွေ ဟုတ်ကြပါရဲ့လား? တစ်ချက်နော်။</p> <p>၂။ <b>န စ ပန ဘဝန္တံ ဂေါတမံ အဘူတေန အဗ္ဘာစိက္ခန္တိ။</b> (အံ၊၁၊၁၆၁။)</p> <p><b>ပန</b> = နောက်တစ်မျိုးသော်ကား။ <b>ဘဝန္တံ ဂေါတမံ</b> = အရှင်ဂေါတမကို။ <b>အဘူတေန</b> = မဟုတ်မမှန်သော စကားဖြင့်။ <b>ကစ္စိ န စ အဗ္ဘာစိက္ခန္တိ</b> = မစွပ်စွဲဘဲ ရှိကြပါကုန်ရဲ့လား?</p> <p>အဲဒီလို ပြောနေတဲ့ ပုဂ္ဂိုလ်တွေဟာ အရှင်ဂေါတမကို မဟုတ်မမှန် မစွပ်စွဲဘဲ ရှိကြပါကုန်ရဲ့လား? နောက်တစ်ခု ---</p> <p>၃။ <b>ဓမ္မဿ စာနုဓမ္မံ ဗျာကရောန္တိ၊</b> (အံ၊၁၊၁၆၁။)</p> <p><b>ဓမ္မဿ စ</b> = အရှင်ဂေါတမ ဟောကြားပြသ ဆိုဆုံးမနေတဲ့တရားကိုလည်း။ <b>အနုဓမ္မံ</b> = အစဉ်လျော်ညီတဲ့ တရားကို။ <b>ကစ္စိ ပန ဗျာကရောန္တိ</b> = ပြောကြား၍ နေကြပါကုန်သလား?</p> <p>အရှင်ဂေါတမ ဟောနေတဲ့တရားကို အစဉ်လိုက်ပြီး ဟောနေတာ ဟုတ်ကြပါရဲ့လား?</p> <p>၄။ <b>န စ ကောစိ သဟဓမ္မိကော ဝါဒါနုပါတော ဂါရယှံ ဌာနံ အာဂစ္ဆတိ?</b> (အံ၊၁၊၁၆၁။)</p> <p><b>ကောစိ</b> = တစ်စုံတစ်ခုသော။ <b>သဟဓမ္မိကော</b> = အကြောင်းတရားနှင့် တကွသော။ <b>ဝါဒါနုပါတော</b> = အရှင်ဂေါတမ ပြောဆိုနေတဲ့ မူရင်းစကားအစဉ် နောက်သို့ အစဉ်ကျရောက်လျက်ရှိသော တစ်ဆင့်ပြောကြားသော စကားသည်။ <b>ဂါရယှံ ဌာနံ</b> = ကဲ့ရဲ့ထိုက်တဲ့ အရာဌာနသို့။ <b>န စ အာဂစ္ဆတိ</b> = မရောက်ဘဲ ရှိပါရဲ့လား?</p> <p>ဒီပြောနေတဲ့ စကားတွေဟာ အကြောင်းတရားနှင့် လျော်ညီနေသော အရှင်ဂေါတမ ဟောကြားပြသ ဆိုဆုံးမနေတဲ့ မူရင်းစကားနောက်ကို အစဉ်လိုက်ပြီးတော့ တစ်ဆင့်ပြောကြားနေတဲ့ မကဲ့ရဲ့ထိုက်တဲ့ စကားတွေ ဟုတ်ကြ ပါရဲ့လားတဲ့။</p> <p><b>အနဗ္ဘက္ခာတုကာမာ ဟိ မယံ ဘဝန္တံ ဂေါတမံ။</b> (အံ၊၁၊၁၆၁။)</p> <p><b>မယံ</b> = ဘုရားတပည့်တော်တို့သည်ကား။ <b>ဘဝန္တံ ဂေါတမံ</b> = အရှင်ဂေါတမကို။ <b>အနဗ္ဘက္ခာတုကာမာ</b> = မစွပ်စွဲကြလိုပါကုန်။</p> <p>တပည့်တော်တို့ဟာ အရှင်ဂေါတမကို မစွပ်စွဲလိုကြပါဘူးဆိုပြီးတော့ ဒီမေးခွန်း (၄)ရပ်ကို သူက မေးတယ်။ အဲဒီလို မေးမြန်းလျှောက်ထားလိုက်တဲ့ အချိန်အခါမှာ မြတ်စွာဘုရားဘက်က ဘာအဖြေပေးတော်မူသလဲ?</p> <p><b>ယေ တေ ဝစ္ဆ ဧဝမာဟံသု -- သမဏော ဂေါတမော ဧဝမာဟ -- မယှမေဝ ဒါနံ ဒါတဗ္ဗံ။ ပ ။ နာညေသံ သာဝကာနံ ဒိန္နံ မဟပ္ဖလန္တိ။</b> (အံ၊၁၊၁၆၁၊၊)</p> <p>ဒကာတော် <b>ဝစ္ဆပရိဗိုဇ်</b> ... အကြင်ပုဂ္ဂိုလ်တွေဟာ ရဟန်းဂေါတမဟာ ငါ့ကိုသာ ပေးလှူရမယ်။ တခြားတခြားသော ပုဂ္ဂိုလ်တွေကို မပေးလှူ ရဘူး။ ငါဘုရားရှင်ရဲ့ တပည့်သာဝကတွေကိုသာ ပေးလှူရမယ်။ တခြားတခြားသော ဂိုဏ်းဆရာတွေရဲ့ တပည့်သာဝကတွေကို မပေးလှူရဘူး။ ငါဘုရားရှင်ကို လှူမှသာလျှင် အကျိုးကြီးတယ်။ တခြားတခြားသော ပုဂ္ဂိုလ် တွေကို လှူရင် အကျိုးမကြီးဘူး၊ ငါဘုရားရှင်ရဲ့ တပည့်သာဝကတွေကို လှူမှသာလျှင် အကျိုးကြီးတယ်၊ အခြားအခြားသော ဂိုဏ်းဆရာတွေရဲ့ တပည့်သာဝကတွေကို လှူရင် အကျိုးမကြီးဘူးဆိုပြီးတော့ ရဟန်းဂေါတမ ပြောနေပါတယ်လို့ အကြင်ပုဂ္ဂိုလ်တွေက ပြောကြတယ်တဲ့နော်။ အဲဒီလို ပြောနေတဲ့ ပုဂ္ဂိုလ်တွေသည် အမှန်ကို ပြောတာ ဟုတ်ရဲ့လားဆိုတာကို မြတ်စွာဘုရားက ဆက်ပြီး အဖြေပေးတော်မူတယ်။</p> <p><b>န မေ တေ ဝုတ္တဝါဒိနော။</b> (အံ၊၁၊၁၆၁။)</p> <p><b>တေ</b> = ထိုပုဂ္ဂိုလ်တို့သည်။ <b>မေ</b> = ငါဘုရားအား။ <b>ဝုတ္တဝါဒိနော</b> = အမှန်ကိုသာ ပြောဆို၍ နေကြတဲ့ ပုဂ္ဂိုလ်မျိုးတို့သည်။ <b>န ဟောန္တိ</b> = မဖြစ်ကြပါကုန်။</p> <p>အဲဒီလို ပြောနေတဲ့ ပုဂ္ဂိုလ်တွေဟာ ငါဘုရားကို အမှန်အတိုင်း ပြောနေတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ကြပါဘူး။</p> <p><b>အဗ္ဘာစိက္ခန္တိ စ ပန မံ အသတာ အဘူတေန။</b> (အံ၊၁၊၁၆၁။)</p> <p><b>မံ စ</b> = ငါဘုရားကိုလည်းပဲ။ <b>အသတာ</b> = ထင်ရှားမရှိတဲ့။ <b>အဘူတေန</b> = မဟုတ်မမှန်တဲ့ စကားဖြင့်။ <b>အဗ္ဘာစိက္ခန္တိ</b> = စွပ်စွဲ၍ နေကြပါကုန်၏။</p> <p>ငါဘုရားရှင်ကို ထင်ရှားမရှိတဲ့ မဟုတ်မမှန်တဲ့ စကားဖြင့် စွပ်စွဲနေကြတာသာ ဖြစ်ပါတယ်။</p> <p>အဲဒီလို အဖြေပေးပြီးတော့မှ ဒီနေ့ တရားနာပရိသတ်တွေ လိုက်နာသင့် လိုက်နာထိုက်တဲ့ သိသင့်သိထိုက်တဲ့ အချက်ကလေးတွေကို မြတ်စွာဘုရား အနည်းငယ် ဆက်ပြီး ဟောပေးတော်မူပါတယ်။</p> <h3>သူတစ်ပါး၏ အလှူဒါနကို တားမြစ်သူအတွက် အန္တရာယ် (၃) မျိုး</h3> <p><b>ယော ခေါ ဝစ္ဆ ပရံ ဒါနံ ဒဒန္တံ ဝါရေတိ။</b> (အံ၊၁၊၁၆၁။)</p> <p><b>ဝစ္ဆ</b> = ဝစ္ဆအနွယ်၌ဖြစ်သော ဒကာတော် ပရိဗိုဇ် ...။ <b>ယော ခေါ</b> = အကြင်သူသည်ကား။ <b>ပရံ ဒါနံ ဒဒန္တံ</b> = သူတစ်ပါး ပေးလှူ၍ နေသည်ကို။ <b>ဝါရေတိ</b> = တားမြစ်တတ်၏။</p> <p>သူတစ်ပါး ပေးလှူနေတာကို ပုဂ္ဂိုလ်တစ်ယောက်က တားမြစ်တတ်တယ်။ ဒကာကြီးတွေက လှူချင်ရင် ဒကာမကြီးတွေက ကန့်ကွက်တယ်။ ဒကာမကြီးတွေက လှူချင်ပြီဆိုရင် ဒကာကြီးက ကန့်ကွက်တယ်။ သားသမီး တွေက လှူချင်ရင် မိဘတွေက ကန့်ကွက်တယ်။ မိဘတွေက လှူချင်ရင် သားသမီးတွေက ကန့်ကွက်တယ် စတဲ့ ပုံစံမျိုးပဲနော်။ သူတစ်ပါး ပေးလှူတော့မယ်ဆိုရင် ထိုပေးလှူနေတဲ့ အလှူဒါနကို လာပြီး တားမြစ်တယ်။ အဲဒီ တားမြစ်တဲ့ပုဂ္ဂိုလ် ဘာလုပ်တာလဲ?</p> <p><b>ယော ခေါ ဝစ္ဆ ပရံ ဒါနံ ဒဒန္တံ ဝါရေတိ သော တိဏ္ဏံ အန္တရာယကရော ဟောတိ၊ တိဏ္ဏံ ပါရိပန္ထိကော။</b> (အံ၊၁၊၁၆၁။)</p> <p><b>ဝစ္ဆ</b> = ဝစ္ဆအနွယ်၌ဖြစ်သော ဒကာတော်ပရိဗိုဇ်။ <b>ယော ခေါ</b> = အကြင်သူသည်ကား။ <b>ပရံ ဒါနံ ဒဒန္တံ</b> = သူတစ်ပါး ပေးလှူ၍ နေသည်ကို။ <b>ဝါရေတိ</b> = တားမြစ်တတ်၏။ <b>သော</b> = ထိုတားမြစ်တတ်တဲ့ ပုဂ္ဂိုလ်သည်။ <b>တိဏ္ဏံ</b> = သုံးမျိုးတို့၏။ <b>အန္တရာယကရော</b> = အန္တရာယ်ကို ပြုလုပ်တတ်သည်။ <b>ဟောတိ</b> = ဖြစ်ပေ၏။ <b>တိဏ္ဏံ</b> = သုံးမျိုးတို့၏။ <b>ပါရိပန္ထိကော</b> = ဘေးဥပါဒ်တို့ကို ပြုလုပ် တတ်သည်။ <b>ဟောတိ</b> = ဖြစ်ပေ၏။</p> <p>အန္တရာယ် (၃)မျိုး, ဘေးဥပါဒ် (၃)မျိုးကို ပြုလုပ်နေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ သူတစ်ပါး ပေးလှူနေတဲ့ အလှူဒါနတစ်ခုကို သွားပြီး တားမြစ်ရင် ဒီတားမြစ်တဲ့ ပုဂ္ဂိုလ်သည် အန္တရာယ် (၃)မျိုးကို ပြုလုပ်နေတာ ဖြစ်တယ်လို့ ဘုရားရှင်က ဟောကြားတော်မူပါတယ်။ အဲဒီ (၃)မျိုးဆိုတာက ဘာတွေလဲ?</p> <h3>၁။ ဒါနကုသိုလ်၏ အန္တရာယ်</h3> <p>၁။ <b>ဒါယကဿ ပုညန္တရာယကရော ဟောတိ၊</b> (အံ၊၁၊၁၆၁။)</p> <p>နံပါတ် (၁)နော်။</p> <p><b>ဒါယကဿ</b> = အလှူရှင်၏။ <b>ပုညန္တရာယကရော</b> = ကောင်းမှုကုသိုလ်၏ အန္တရာယ်ကို ပြုလုပ်တတ်သည်။ <b>ဟောတိ</b> = ဖြစ်၏။</p> <p>ဒါနဆိုတာက လှူခဲ့မယ်ဆိုရင် အလှူရှင်ဒါယကာမှာ ကုသိုလ်တရားတွေ တိုးပွားမယ့်လုပ်ငန်း ဖြစ်တယ်။ အလှူရှင် ဒါယကာက လှူဖွယ်ဝတ္ထုပစ္စည်း တစ်ခုကို လှူတော့မယ်ကြံရင် မလှူဖို့ရန် ကန့်ကွက်တယ်။ လှူမယ်ဆိုတဲ့ အလှူရှင်အတွက် ကုသိုလ်တရားတွေ ဖြစ်ဦးမလား? မဖြစ်ဘူး။ ကုသိုလ် ခေါ်တဲ့ <b>ပုည</b> = ကောင်းမှုကုသိုလ်တရားတွေကို မဖြစ်ပေါ်အောင် အန္တရာယ် ပြုလုပ်နေတဲ့ လုပ်ငန်းတစ်ခု ဖြစ်တယ်။ ဒါက နံပါတ် (၁)နော်။ နံပါတ် (၂)ကတော့ ဘာလဲ?</p> <h3>၂။ လာဘ်လာဘ၏ အန္တရာယ်</h3> <p>၂။ <b>ပဋိဂ္ဂါဟကာနံ လာဘန္တရာယကရော ဟောတိ၊</b> (အံ၊၁၊၁၆၁။)</p> <p><b>ပဋိဂ္ဂါဟကာနံ</b> = အလှူခံပုဂ္ဂိုလ်တို့၏။ <b>လာဘန္တရာယကရော</b> = လာဘ်လာဘ၏ အန္တရာယ်ကို ပြုလုပ်တတ်သည်။ <b>ဟောတိ</b> = ဖြစ်၏။</p> <p>အလှူခံပုဂ္ဂိုလ်တွေ ရသင့်ရထိုက်တဲ့ လာဘ်လာဘရဲ့ အန္တရာယ်ကိုလည်း ပြုလုပ်တတ်တယ်။ မဟုတ်ဘူးလား? ဟုတ်နေတယ်နော်။ ဒါက နံပါတ် (၂)။ နံပါတ် (၃)ကျတော့ ဘာလဲ?</p> <h3>၃။ မိမိကိုယ်ကို မိမိ တူးဖြိုနေသူ</h3> <p>၃။ <b>ပုဗ္ဗေဝ ခေါ ပနဿ အတ္တာ ခတော စ ဟောတိ ဥပဟတော စ။</b> (အံ၊၁၊၁၆၁။)</p> <p><b>ပုဗ္ဗေဝ</b> = ရှေးမဆွကပင်လျှင်။ <b>အဿ</b> = ထိုကန့်ကွက်၍နေတဲ့ ပုဂ္ဂိုလ်သည်။ <b>အတ္တာ</b> = မိမိကိုယ်ကို။ <b>ခတော စ</b> = ဂုဏ်ပျက်အောင် တူးဖြိုအပ်ပြီးသည်လည်း။ <b>ဟောတိ</b> = ဖြစ်၏။ <b>ဥပဟတော စ</b> = ဂုဏ်သိက္ခာပျက်ပြားအောင် ညှဉ်းပန်းနှိပ်စက်အပ်ပြီးသည်လည်း။ <b>ဟောတိ</b> = ဖြစ်၏။</p> <p>အဲဒီလို ကန့်ကွက်နေတဲ့ ပုဂ္ဂိုလ်ကို လှမ်းကြည့်နော်။ သူဟာ ကျေနပ်လို့ ကန့်ကွက်တာလား, မကျေနပ်လို့ ကန့်ကွက်တာလား? မကျေနပ်ဘူး။ မကျေနပ်တာမှာ သူ့မှာ <b>လောဘ</b>ကြောင့် မကျေနပ်တာလည်း ရှိချင်ရှိမယ်၊ <b>ဒေါသ</b> ကြောင့် မကျေနပ်တာလည်း ရှိချင်ရှိမယ်၊ <b>ဣဿာ, မစ္ဆရိယ</b>တွေ ကိုယ့်ထက်သာ မနာလိုတဲ့ စိတ်ထားတွေ, ဝန်တိုတဲ့စိတ်ထားတွေကြောင့် မကျေနပ်တာလည်း ရှိချင်ရှိမယ်နော်။ <b>လောဘ, ဒေါသ, မောဟ, ဣဿာ မစ္ဆရိယ</b>စတဲ့ ဒီအကုသိုလ်တရားတွေ ဝင်ပြီး နှောင့်ယှက်ခံနေရတဲ့ ပုဂ္ဂိုလ်ဟာ မိမိကိုယ်ကို မိမိ ရှေးမဆွတည်းက မိမိဂုဏ်သိက္ခာတွေ ကျဆင်းသွားအောင် ကြိုတင်ပြီးတော့ တူးဖြိုနေတာပဲ။ သိပ်လောဘကြီးတာပဲ၊ သိပ်ဒေါသကြီးတာပဲ၊ သိပ် မောဟထူပြောတာပဲ၊ သိပ်ပြီးတော့ ဣဿာ, မစ္ဆရိယတွေ များပြားတာပဲ စသည်ဖြင့် ဘေးပုဂ္ဂိုလ်တွေက ဝေဖန်ကြတော့မယ်။ မိမိမှာ ရှိရင်းစွဲဖြစ်တဲ့ သီလ, သမာဓိ, ပညာဂုဏ်သိက္ခာတွေ အားလုံး ကျဆင်းသွားတာပဲ။ ဒီကိလေသာလက်နက်တွေနဲ့ မိမိကိုယ်ကို မိမိ တူးဖြိုနေပြန်တယ်။ ဘယ်လို တူးဖြိုတာလဲ? တူးတယ် ဖြိုတယ်ဆိုတာ ဒကာကြီးတွေ ကြည့်စမ်းကြည့်! တူးလို့ရှိရင် ဘာဖြစ်သွားလဲ? တွင်းက ဘာဖြစ်သွားလဲ? တူးလေ နက်လေပဲ။ မိမိ နက်တဲ့ နေရာကို ဆင်းသွားဖို့ရန်အတွက် ကိုယ့်ကိုယ်ကို တူးဖြိုနေတာပဲ။ လက်နဲ့ ယက်ပြီးတော့ အောက်ကို ဆင်းနေတဲ့ ပုံစံပဲနော်။</p> <p>ဒီတော့ သူတစ်ပါး ကောင်းမှုကုသိုလ်ကို ကန့်ကွက်ရုံလေးနဲ့ပဲ ဘာကြောင့် ဒီလို လက်နဲ့ယက်ပြီး အောက်ကို ဆင်းရမလဲလို့ ဒီလိုတော့ မေးစရာ ရှိတယ်။ မေးစရာရှိတဲ့အခါကျတော့ အဖြေကတော့ သူတစ်ပါးတို့ရဲ့ ကောင်းမှုကုသိုလ်ကို ကန့်ကွက်တားမြစ်နေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ <b>လောဘ, ဒေါသ, မောဟ</b>စတဲ့ အကုသိုလ်တရားတွေက နည်းပါးလို့ ကန့်ကွက်တာလား, များပြားလို့ ကန့်ကွက်တာလားလို့မေးရင် များပြားတဲ့ ထုထည်တွေ ရှိတယ်နော်။</p> <p>အလှူခံပုဂ္ဂိုလ်အပေါ်မှာ မကျေနပ်လို့ ဒေါသဖြစ်လို့ ဒေါသကို အခြေခံ ပြီးတော့ သို့မဟုတ် လှူဖွယ်ဝတ္ထုအပေါ်မှာ တွယ်တာတပ်မက်တဲ့ လောဘ ဖြစ်နေလို့ လောဘကို အခြေခံပြီးတော့ ကန့်ကွက်နေတာလည်း ဖြစ်ချင်ဖြစ်မယ်။ အလှူခံပုဂ္ဂိုလ်, အလှူပေးတဲ့ပုဂ္ဂိုလ် နှစ်ဖက်လုံးအပေါ်မှာ မကျေနပ်လို့ ကန့်ကွက်နေတာလည်း ဖြစ်ချင်ဖြစ်မယ်။</p> <p>နောက်တစ်ခုကတော့ <b>ဣဿာ</b> = မလိုမုန်းထားတဲ့ စိတ်ထား။ <b>မစ္ဆရိယ</b> = ဝန်တိုတဲ့ စိတ်ထားတွေကြောင့် ကန့်ကွက်နေတာတွေလည်း မဖြစ်နိုင် ဘူးလား? ဖြစ်နိုင်တယ်။ <b>မာန</b> = ကိုယ့်ထက်သာသွားမှာစိုးလို့။ အလှူရှင်က ဒီလိုလှူလိုက်လို့ရှိရင် ကိုယ်က နည်းနည်း လှူနိုင်တယ်။ သူက များများ လှူနိုင်တော့ ကိုယ့်ထက်သာ မနာလိုလို့ မကျေနပ်လို့ ကန့်ကွက်တာတွေလည်း မရှိနိုင်ဘူးလား? ရှိနိုင်တယ်။</p> <p>အဲဒီလို <b>လောဘ, ဒေါသ, မောဟ, ဣဿာ, မစ္ဆရိယ</b>တရားတွေကို တိုးပွားအောင် ဖြည့်ကျင့်ဆည်းပူးနေတဲ့ ပုဂ္ဂိုလ်သည် မိမိကိုယ်ကို မိမိ တူးဖြို နေတဲ့ပုဂ္ဂိုလ်။ မိမိကိုယ်ကို မိမိ ညှဉ်းပန်းနှိပ်စက်နေတဲ့ပုဂ္ဂိုလ် ဖြစ်တယ်။ အဲဒီလို တူးဖြိုနေတဲ့ ပုဂ္ဂိုလ်ရဲ့ လားရာဂတိသည် ကောင်းတဲ့ဂတိ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ အားလုံး ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ ထုံးကလေးတစ်ခုကိုတော့ နာဖူးထပ်မံအနေနဲ့ ပြောကြရအောင်နော်။</p> <h3>အရှင်လောသကတိဿမထေရ်အလောင်း</h3> <p><b>အရှင်လောသကတိဿမထေရ်</b>အလောင်းလျာဖြစ်တဲ့ သူတော်ကောင်းဟာ <b>ကဿပမြတ်စွာဘုရားရှင်</b>ရဲ့ သာသနာတော်အတွင်းတုန်းက --- သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တွေကို အနှစ်နှစ်သောင်းတိုင်တိုင် ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့တဲ့ သူတော်ကောင်း ရဟန်းတော်တစ်ပါး ဖြစ်ခဲ့ဖူး ပါတယ်။ ---</p> <p><b>ဘိက္ခဝေ ဧသော ဘိက္ခု အတ္တနော အလာဘိဘာဝဉ္စ အရိယဓမ္မလာဘိဘာဝဉ္စ အတ္တနာဝ အကာသိ။ အယဥှိ ပုဗ္ဗေ ပရေသံ လာဘန္တရာယံ ကတွာ အပ္ပလာဘီ ဇာတော၊ အနိစ္စံ, ဒုက္ခံ, အနတ္တာတိ ဝိပဿနာယ ယုတ္တဘာဝဿ ဗလေန အရိယဓမ္မလာဘီ ဇာတော။</b></p> <p><b>ဘိက္ခဝေ</b> = ချစ်သားရဟန်းတို့ ...။ <b>ဧသော ဘိက္ခု</b> = ဤရဟန်းသည်ကား။ <b>အတ္တနော</b> = မိမိ၏။ <b>အလာဘိဘာဝဉ္စ</b> = လာဘ်လာဘ မရရှိနိုင်သည့် အဖြစ်ကိုလည်းကောင်း။ <b>အရိယဓမ္မလာဘိဘာဝဉ္စ</b> = ဖြူစင်မြင့်မြတ်သည့် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် တရားထူး တရားမြတ်ကို ရရှိသည်၏ အဖြစ်ကို လည်းကောင်း။ <b>အတ္တနာဝ</b> = မိမိကိုယ်တိုင်ပင်လျှင်။ <b>အကာသိ</b> = ပြုလုပ်ခဲ့ လေပြီ။ <b>အယံ</b> = ဤရဟန်းတော်သည်။ <b>ပုဗ္ဗေ</b> = ရှေးအတိတ်ဘဝ၌။ <b>ပရေသံ</b> = သူတစ်ပါးတို့၏။ <b>လာဘန္တရာယံ</b> = လာဘ်လာဘ၏ အန္တရာယ်ကို။ <b>ကတွာ</b> = ပြုကျင့်ခဲ့မိသည့်အတွက်ကြောင့်။ <b>အပ္ပလာဘီ</b> = နည်းပါးသော လာဘ်လာဘကို ရခြင်းရှိတဲ့ ရဟန်းတော်သည်။ <b>ဇာတော</b> = ဖြစ်ခဲ့ရလေပြီ။</p> <p><b>သင်္ခါရေ</b> = ဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရသည့် ရုပ်+နာမ်+ ကြောင်း+ကျိုး = သင်္ခါရတရားတို့ကို။ <b>အနိစ္စံ, ဒုက္ခံ, အနတ္တာတိ</b> = အနိစ္စဟု, ဒုက္ခဟု, အနတ္တဟု။ <b>ဝိပဿနာယ</b> = ဝိပဿနာကို။ <b>ယုတ္တဘာဝဿ</b> = ကြိုးစား အားထုတ်ခဲ့သည်၏ အဖြစ်၏။ <b>ဗလေန</b> = စွမ်းအားရှိန်စော် အာနုဘော်ကြောင့်။ <b>အရိယဓမ္မလာဘီ</b> = ဖြူစင်မြင့်မြတ်သည့် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် ဟူသော တရားထူး တရားမြတ်ကို ရခြင်းရှိတဲ့ပုဂ္ဂိုလ်သည်။ <b>ဇာတော</b> = ဖြစ်ခဲ့ရလေပြီ။</p> <p>ချစ်သားရဟန်းတို့ ... ဒီ<b>လောသကတိဿရဟန်းတော်</b>ဟာ မိမိရဲ့ လာဘ်လာဘ မရရှိခြင်းဆိုတဲ့ ဘဝကိုလည်း မိမိကိုယ်တိုင်ပဲ ပြုလုပ်ခဲ့တယ်၊ ဖြူစင်မြင့်မြတ်တဲ့ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုတဲ့ တရားထူး တရားမြတ်ကို ရရှိခြင်းဆိုတဲ့ ဒီသဘောတရားကိုလည်းပဲ မိမိကိုယ်တိုင်ပဲ ပြုလုပ်ခဲ့ပါတယ်။ ဒီ<b>လောသကတိဿ</b>ဟာ ဟို ရှေးအတိတ်ဘဝ <b>ကဿပဘုရားရှင်</b>လက်ထက်တော်အခါက ရဟန္တာမထေရ်မြတ် ဖြစ်တော်မူတဲ့ သူတစ်ပါးရဲ့ လာဘ်လာဘရဲ့ အန္တရာယ်ကို ပြုလုပ်ခဲ့ဖူးတယ်၊ ဒါကြောင့် ဒီဘဝမှာ သူဟာ လာဘ်လာဘ မရရှိခြင်း ဖြစ်တယ်။ ဒါပေမယ့် သူဟာ ဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရတဲ့ ရုပ်+နာမ်+ကြောင်း+ကျိုး = <b>သင်္ခါရတရား</b>တွေကို အနိစ္စဟု, ဒုက္ခဟု, အနတ္တဟု <b>လက္ခဏာရေးသုံးတန်</b>သို့တင်ကာ ဝိပဿနာရှုပွားသုံးသပ်ခဲ့ဖူး ပြန်တယ်။ ဒါကြောင့် အတိတ်ဘဝကရော ယခုဘဝမှာရော သူ့ရဲ့ ဝိပဿနာ ဘာဝနာကို ပွားများအားထုတ်ခဲ့ဖူးတဲ့ ဝိပဿနာကုသိုလ် <b>ဝိပဿနာဉာဏ်</b>တွေရဲ့ စွမ်းအားကြောင့် အရဟတ္တဖိုလ်တိုင်အောင်သော ဖြူစင်မြင့်မြတ်တဲ့ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုတဲ့ တရားထူး တရားမြတ်တွေကို ရရှိခြင်း ဖြစ်တယ်လို့ ဒီလို ဘုရားရှင်က မိန့်ကြားတော်မူပြီးနောက် --- သူ့ရဲ့ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဇာတ်လမ်းကို ပြန်ပြောင်းကာ ဟောကြားတော်မူ ပါတယ်။</p> <p>သို့သော် သူ့ရဲ့ <b>ဝိပဿနာဉာဏ်</b>တွေဟာ သိပ်ပြည့်ပြည့်စုံစုံတော့ ပရမတ္ထ ဓာတ်သားတွေကို သိရှိဟန် မတူဘူး။ အချို့အဝက်လောက်ပဲ သိပုံရတယ်။ သာဝကတို့ သိသင့် သိထိုက်တဲ့ အတိုင်းအတာကိုသာ ပြောလိုရင်း ဖြစ်ပါတယ်။ အကြောင်းကတော့ <b>ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ</b> ဒုတိယတွဲ <b>ပစ္စယပရိဂ္ဂဟဉာဏ်</b>ပိုင်းမှာ --- အဋ္ဌကထာက ဒီလို ဖွင့်ဆိုထားပြန်တယ် ---</p> <p><b>ဣမိနာ ပန ဉာဏေန သမန္နာဂတော ဝိပဿကော ဗုဒ္ဓသာသနေ လဒ္ဓဿာသော လဒ္ဓပတိဋ္ဌော နိယတဂတိကော စူဠသောတာပန္နော နာမ ဟောတိ။</b> (ဝိသုဒ္ဓိ၊၂၊၂၄၀။)</p> <p>ဒီလို ဖွင့်ထားတယ်။ ဘာပြောလိုတာလဲ?</p> <p>ကြောင်း-ကျိုး-ဆက်နွယ်မှု = <b>ပဋိစ္စသမုပ္ပါဒ်</b>သဘောတရားတွေကို တကယ်လက်တွေ့ ရှုနိုင်လို့ အကြောင်းတရားနှင့် အကျိုးတရားတွေကို ဉာဏ်နဲ့ ပိုင်းခြားယူတတ်တဲ့ ပိုင်းပိုင်းခြားခြား သိတတ်တဲ့ <b>ပစ္စယပရိဂ္ဂဟဉာဏ်</b>နဲ့ ပြည့်စုံတဲ့ <b>ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း</b>ကို စီးဖြန်းနေတဲ့ <b>ဝိပဿကပုဂ္ဂိုလ်</b>ဟာ ဘုရားရှင်ရဲ့ သာသနာတော်မှာ သက်သာရာကို ရရှိသွားပြီ၊ ထောက်ရာ တည်ရာကို ရရှိသွားပြီ၊ ကောင်းရာသုဂတိဆိုတဲ့ လားရာဂတိ မြဲပြီ၊ <b>စူဠသောတာပန်</b> = သောတာပန်ညီထွေး ဖြစ်ပြီလို့ ဒီလို ဖွင့်ဆိုထားတယ်။</p> <p>ဒါကြောင့် <b>အရှင်လောသကတိဿအလောင်းအလျာ</b>ဖြစ်တဲ့ သူတော်ကောင်းရဲ့ <b>ဝိပဿနာဉာဏ်</b>ဟာ သာဝကတို့ သိသင့် သိထိုက်တဲ့ အတိုင်းအတာ ပမာဏကို စံချိန်မီပုံတော့ မရဘူးလို့ ယူဆရပါတယ်။ အကြောင်း ကတော့ သူ့ရဲ့ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဇာတ်ကြောင်းကြောင့် ဖြစ်ပါတယ်။</p> <p>သူဟာ <b>ကဿပဘုရားရှင်</b>ရဲ့ သာသနာတော်အတွင်းတုန်းက သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တွေကို အနှစ်နှစ်သောင်းတိုင်တိုင် ဖြည့်ကျင့်ဆည်းပူးခဲ့တဲ့ သူတော်ကောင်း ရဟန်းတော်တစ်ပါး ဖြစ်ပါတယ်။ သူကြွယ်တစ်ဦးကို အမှီပြုပြီးတော့ ရွာငယ်ငယ်ကလေး တစ်ရွာမှာ သီတင်းသုံးခဲ့ပါတယ်။ ပင်ကိုသဘောအားဖြင့် သီလရှိတဲ့ သူတော်ကောင်း တစ်ဦးလည်း ဖြစ်တယ်၊ <b>ဝိပဿနာဘာဝနာ</b>ကို အပြင်းအထန် ကြိုးစားအားထုတ်သူ တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ သို့သော် ကံဆိုးမိုးမှောင်ကျချင်တော့ တစ်နေ့မှာ မမျှော်လင့်သော အကြောင်းအရာတစ်ခု ဖြစ်ပေါ်လာခဲ့ပြန်တယ်။ ---</p> <h3>အာဂန္တုက ရဟန္တာမထေရ်မြတ်ကို ပြစ်မှားမိခြင်း</h3> <p>တစ်နေ့မှာ ကျင့်ဝတ်ပဋိပတ်တွေကို အညီအမျှ ကျင့်သုံးလျက်ရှိတော်မူတဲ့ ရဟန္တာမထေရ်မြတ်တစ်ပါးကလည်း အစဉ်အတိုင်း ခရီးဒေသစာရီ ကြွချီတော်မူလာလိုက်တာ အဲဒီအလုပ်အကျွေး ဥပသကာတို့ နေထိုင်ရာ ရွာငယ်ကလေးသို့ ဆိုက်ရောက်တော်မူလာခဲ့ပါတယ်။ သူကြွယ်ကလည်း ရဟန္တာ မထေရ်မြတ်ကြီးရဲ့ သွားလာပုံ ဣရိယာပုထ်တွေကို ကြည့်ပြီးတော့ အလွန် ကြည်ညိုသွားတဲ့အတွက် မထေရ်မြတ်ကြီးရဲ့ သပိတ်တော်ကို ယူဆောင်ကာ အိမ်တွင်းသို့ ကြွရောက်တော်မူပါရန် ရိုရိုသေသေ ပင့်ဖိတ်ပြီးတော့ ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုးနဲ့ မွန်မြတ်သော ဆွမ်း, ခဲဖွယ်, ဘောဇဉ်တွေကို ဆက်ကပ်လှူဒါန်း ပူဇော်တယ်။ ဆွမ်းကိစ္စ ပြီးဆုံးသွားတဲ့ အခါမှာ မထေရ်မြတ်ကြီးက အလှူခံရဟန်းတော်များဘက်က ပြုကျင့်ရမယ့် တာဝန်ဝတ္တရားအတိုင်း တရားစကားလည်း အနည်းငယ် ဟောကြားပေး တော်မူပါတယ်။ ဒါယကာ သူကြွယ်ကလည်း တိုင်းထက်အလွန် ကြည်ညို သွားပြန်တယ်။ မထေရ်မြတ်ကြီးကို ရှိခိုးပြီးတော့ သူက လျှောက်ထားပြန် တယ်။ အရှင်ဘုရား တပည့်တော် ဆောက်လုပ်လှူဒါန်းထားတဲ့ ကျောင်းသို့သာ ကြွတော်မူပါ၊ တပည့်တော်တို့လည်း ညနေချမ်းအခါမှာ လာရောက်ကာ ဖူးမြော်ကန်တော့ပါမယ်လို့ လျှောက်ထားလိုက်တယ်။</p> <p>ရဟန္တာမထေရ်မြတ်ကြီးကလည်း ကျောင်းရောက်တဲ့အခါ <b>အရှင်လောသကတိဿမထေရ်အလောင်း</b>ဖြစ်မယ့် ကျောင်းထိုင်ဆရာတော်ကို ရှိခိုး ဝတ်ပြုပြီးနောက် နေထိုင်ဖို့နေရာကို ပန်ကြားလျှောက်ထားပြီးတော့ သင့်တင့်တဲ့ တစ်နေရာမှာ ထိုင်လိုက်ပါတယ်။</p> <p>ကျောင်းထိုင်ဆရာတော်ကလည်း <b>ပဋိသန္ထာရ</b>စကား ပြောကြားပြီးနောက် ဆွမ်းအာဟာရမျှတအောင် ရရှိခဲ့ပါရဲ့လားလို့ မေးကြည့်တယ်။ အာဂန္တု မထေရ်ကလည်း အရှင်ဘုရားတို့ရဲ့ အမြဲတမ်း ဆွမ်းခံနေကျ ဆွမ်းခံရွာမှာရှိတဲ့ သူကြွယ်အိမ်၌ ရရှိခဲ့ပါကြောင်း စသည်ဖြင့် တင်ပြလျှောက်ထားတယ်။</p> <p>ဒီလို <b>ပဋိသန္ထာရ</b>စကားတွေကို ပြောကြားပြီးနောက် မိမိ သီတင်းသုံး ရမယ့် ကျောင်းအိပ်ရာနေရာကို မေးမြန်းလျှောက်ထားပြီး ကျောင်းကို သန့်ရှင်းရေးပြုလုပ်ကာ သပိတ်သင်္ကန်းကို သိုမှီးသိမ်းဆည်းပြီးတော့ စျာန်ချမ်းသာ <b>ဖလသမာပတ်</b>ချမ်းသာတွေဖြင့် အချိန်ကို ကုန်လွန်စေလျက် သီတင်းသုံး တော်မူနေလိုက်ပါတယ်။</p> <p>သူကြွယ်ကျောင်းဒကာကလည်း ညနေချမ်းအခါ နံ့သာပန်းဆီမီးတွေကို လက်စွဲပြီးတော့ ကျောင်းရောက်လာတယ်။ ကျောင်းထိုင်ဆရာတော်အား ရိုသေစွာ ရှိခိုးဝတ်ပြုပြီးနောက် အာဂန္တုရဟန်းတော်အကြောင်းကို မေးမြန်း လျှောက်ထားကာ အာဂန္တုရဟန်းတော်ကို သွားရောက်ကာ ရှိခိုးဝတ်ပြုပြီး ထိုင်နေလိုက်တဲ့အခါ အာဂန္တုရဟန်းတော်ကလည်း ဝတ္တရားအတိုင်း သင့်တင့်လျောက်ပတ်တဲ့ တရားစကားတော်များကို ဟောကြားပေးတော်မူလိုက် ပါတယ်။ ညနေချမ်းအခါရောက်တော့ စေတီတော်နှင့် ဗောဓိပင်ကို ရှိခိုး ပူဇော်ပြီးနောက် မထေရ်မြတ်နှစ်ပါးလုံးကိုပဲ မနက်ဖြန်အတွက် ဆွမ်းဖြင့် ပင့်ဖိတ်ကာ ပြန်သွားလိုက်တယ်။</p> <hr> <h3>ဣဿာ မစ္ဆရိယ၏ စွမ်းအား</h3> <p>အာဂန္တုကိုယ်တော်အပေါ်၌ ကျောင်းဒကာရဲ့ ကြည်ညိုလေးစားမှု အပေါ်မှာ ကျောင်းထိုင်ဆရာတော် သို့မဟုတ် ကျောင်းနေရဟန်းဖြစ်တဲ့ အရှင်လောသကတိဿအလောင်း ရဟန်းတော်က မကျေမနပ် တော်တော် ဖြစ်ကာ ကိုယ့်ထက်သာ မနာလိုတဲ့ ဣဿာတရား, ကိုယ့်ဒါယကာနှင့် ဆက်ဆံမှုကို သည်းမခံနိုင်တဲ့ မစ္ဆရိယတရားတွေကို မွေးမြူရေး လုပ်နေမိတယ်။</p> <p>ဒီသူကြွယ်ကတော့ ငါ့ကို ပျက်စီးအောင် ဖျက်ဆီးနေပြီ၊ အကယ်၍ ဒီအာဂန္တုရဟန်းတော်ဟာ ဒီကျောင်းမှာ ဆက်လက်နေထိုင်မယ်ဆိုရင်တော့ ဒီဒကာဟာ ငါ့ကို ထည့်တောင် ရေတွက်မှာ မဟုတ်တော့ဘူးလို့ သူက ယူဆနေတယ်။ ဣဿာ, မစ္ဆရိယတရားတွေရဲ့ စွမ်းအားပဲ။ ဒါကြောင့် အာဂန္တု ရဟန်းတော်အပေါ်မှာ တော်တော်လေး မကျေမချမ်း ဖြစ်နေတဲ့အတွက် ဒီကျောင်းမှာ ဒီကိုယ်တော် မနေနိုင်အောင် ငါပြုလုပ်သင့်တယ်ဆိုတဲ့ စိတ်ထားတွေ ဖြစ်ပေါ်နေတယ်။ ဒါနဲ့ သူက ဘာလုပ်သလဲ?</p> <p>ဘုရားရှင်များက မိမိတို့ရဲ့ တပည့်သာဝကတွေကို ညနေချမ်းအခါ မထေရ်ကြီးများထံ ချဉ်းကပ်ကာ အဆုံးအမဩဝါဒကို ခံယူရမယ်လို့ ဆိုဆုံးမ ထားတော်မူတဲ့အတိုင်း ညနေချမ်းအခါမှာ အာဂန္တုကိုယ်တော်က မိမိထံသို့ ဆည်းကပ်လာတဲ့အခါ စကားတစ်ခွန်းမျှ မပြောဘဲ နေလိုက်တယ်။ အာဂန္တု ရဟန္တာမထေရ်မြတ်ကလည်း ဒီကျောင်းထိုင်ဘုန်းကြီးရဲ့ အတွင်းအဇ္ဈာသယဓာတ်ကို သူတစ်ပါးတို့ရဲ့ စိတ်ကို သိနိုင်တဲ့ <b>ပရစိတ္တဝိဇာနနအဘိညာဏ်</b> ဉာဏ်တော်ဖြင့် လှမ်းမျှော်ကြည့်ရှုလိုက်တဲ့အခါ ကောင်းကောင်းကြီး သိရှိ သွားတော်မူပါတယ်။ အင်း ဒီကိုယ်တော်ကတော့ ဒကာ ဒကာမတွေအပေါ် ဂိုဏ်းဂဏတွေအပေါ်မှာ ငါ့ရဲ့ တွယ်တာမှု မက်မောမှု ကြောင့်ကြမှု တောင့်တမှု မရှိတဲ့ သဘောတရားကို သိပုံတော့ မရဘူးလို့ ဒီလို နှလုံးပိုက်ကာ မိမိနေရာဌာနသို့ ပြန်ကြွကာ စျာန်ချမ်းသာ အရဟတ္တဖိုလ်သမာပတ်ချမ်းသာဖြင့် အချိန်ကို ကုန်လွန်စေလိုက်တယ်။</p> <p>နောက်တစ်နေ့ နံနက် မိုးသောက်အလင်းသို့ ရောက်ရှိလာပြီ၊ ဘာလုပ်သလဲ? ကျောင်းထိုင်ဘုန်းကြီးက လက်သည်းဖြင့် ခေါင်းလောင်းထိုးစည်ကို တီးလိုက်တယ်၊ လက်သည်းဖြင့် အာဂန္တုကိုယ်တော်ရဲ့ ကျောင်းတံခါးကို ခေါက် လိုက်တယ်။ ပြီးတော့ သူတစ်ပါးတည်း ကျောင်းဒကာ သူကြွယ်အိမ်ကို ကြွသွားလိုက်တယ်။ ကျောင်းဒကာကလည်း ဘုန်းကြီးရဲ့ သပိတ်ကို ဆီးယူကာ အိမ်တွင် အသင့်ခင်းထားတဲ့ နေရာသို့ အရောက်ပင့်ဆောင်သွားလိုက်ပါတယ်။ ဒကာက အာဂန္တုကိုယ်တော်အကြောင်းကို မေးမြန်းလျှောက်ထားတဲ့ အခါ ကျောင်းထိုင်ဘုန်းကြီးက ဘာပြောသလဲ? ---</p> <p>ဒကာ ... မင်းဘုန်းကြီးအကြောင်းတော့ ငါမသိဘူး၊ ငါက ထိုးစည် ထိုးတာတောင်မှ, တံခါးကို ရိုက်ခတ်နှိုးတာတောင်မှ မနိုးနိုင်ဘူး၊ မနေ့က မင်းအိမ်မှာ မွန်မြတ်တဲ့ ခဲဖွယ် ဘောဇဉ်အကောင်းတွေကို အားရှိပါးရှိ တဝကြီး စားခဲ့ဟန်တူတယ်။ ဒါကြောင့် အစာကို ကျက်အောင် မခြေချက်နိုင် ဖြစ်နေပုံ ရတယ်။ ခုအထိ အိပ်ပျော်နေတုန်းပဲ ရှိပုံရတယ်။ မင်းက ကြည်ညိုတဲ့အခါ ဒီလိုပုဂ္ဂိုလ်မျိုး ဒီလိုနေရာဌာနမျိုးတွေကိုမှ ကြည်ညိုတာကိုးလို့ ဒီလို သူက ပြောလိုက်တယ်။</p> <p>အဲဒီအချိန်လောက်မှာပဲ ကျောင်းမှာ ကျန်ရစ်ခဲ့တဲ့ ရဟန္တာမထေရ်မြတ် ကလည်း မိမိရဲ့ ဆွမ်းခံချိန်ကို ကောင်းစွာ မှတ်သားပြီးတော့ ကိုယ်လက်သုတ်သင်ခြင်းအမှု ပြုကာ သပိတ်သင်္ကန်းကို ယူဆောင်ပြီးတော့ စျာန်အဘိညာဏ် တန်ခိုးဖြင့် ကောင်းကင်သို့ ပျံတက်တော်မူကာ အခြားအရပ်တစ်ပါးသို့ ကြွသွားတော်မူလိုက်ပါတယ်။ ကျောင်းဒကာကလည်း လိမ္မာပါးနပ်သူ ဖြစ်လေတော့ ကျောင်းထိုင်ဘုန်းကြီးကို ထောပတ်-ပျား-သကာတို့ဖြင့် စီမံထားတဲ့ နို့ဃနာဆွမ်းကို ဆက်ကပ်လှူဒါန်းပူဇော်ပြီးနောက် သပိတ်ကို အနံ့ပျောက်အောင် နံ့သာမှုန့်တွေနဲ့ သုတ်သင်ကာ နောက်ထပ် အလားတူ စီမံထားတဲ့ နို့ဃနာဆွမ်းတွေကို သပိတ်အပြည့်ထည့်ကာ ---</p> <p>အရှင်ဘုရား ... အဲဒီမထေရ်ကြီးဟာ ခရီးပန်းလာပုံရပါတယ် ဘုရား ဤဆွမ်းကို အဲဒီမထေရ်မြတ်ကြီးအတွက် ဆောင်ယူသွားတော်မူပါဘုရားလို့ ဒီလိုလျှောက်ထားပြီး ဆက်ကပ်လှူဒါန်းလိုက်ပါတယ်။</p> <hr> <h3>မိမိကိုယ်ကို မိမိ တူးဖြိုလိုက်ပြီ</h3> <p>ကျောင်းထိုင်ဘုန်းကြီးကလည်း ကျောင်းဒကာစကားကို မလွန်ဆန်ချင်တဲ့အတွက် မပယ်မြစ်တော့ဘဲ ယူဆောင်လာခဲ့ပါတယ်။ လမ်းခုလတ် တစ်နေရာရောက်တော့ သူက စဉ်းစားတယ်၊ ဘယ်လိုစဉ်းစားသလဲ?</p> <p>အကယ်၍ ဒီကိုယ်တော်ဟာ ဒီလို ကောင်းမွန်တဲ့ နို့ဃနာဆွမ်းတွေကိုသာ ဘုဉ်းပေးသုံးဆောင်နေရမယ်ဆိုရင် လည်ပင်းဆွဲပြီးတော့ နှင်ထုတ် တောင်မှ ဒီကျောင်းက ထွက်ခွာသွားမှာ မဟုတ်ဘူး။ အကယ်၍ ငါက ဒီနို့ဃနာဆွမ်းကို လူတွေကို ပေးလိုက်မယ်ဆိုရင်လည်း ငါ့ရဲ့ လုပ်ရပ်က သိပ်ထင်ရှားသွားမယ်၊ အကယ်၍ ရေထဲ သွားသွန်လောင်းချလိုက်မယ်, မျှော လိုက်မယ်ဆိုရင်လည်း ရေမျက်နှာပြင်ပေါ်မှာ ထောပတ်ဆီတွေက ပေါ်တက် လာကာ ငါ့ရဲ့ လုပ်ရပ်ဟာ ထင်ရှားနေပေလိမ့်မယ်။ အကယ်၍ မြေပြင်ပေါ်မှာ စွန့်ပစ်လိုက်မယ်ဆိုရင်လည်း ကျီးကန်းတွေ စုရုံးရောက်ရှိလာတာနဲ့ ငါ့ရဲ့ လုပ်ရပ်ဟာ ထင်ရှားပေါ်လွင်လာလိမ့်မယ်။ ငါဘယ်မှာ သွားစွန့်ပစ်ရရင် ကောင်းမလဲလို့ သူက စဉ်းစားခန်းဝင်နေတယ်။ မိမိကိုယ်ကို မိမိ တူးဖြိုဖို့ရန်အတွက် လက်နဲ့ယက်ပြီး ဆင်းဖို့ရန်အတွက် အကွက်ကို ရှာဖွေနေခြင်း ဖြစ်တယ်။ ဒီလို စဉ်းစားဆင်ခြင်ပြီးတော့ သူဘာလုပ်သလဲ?</p> <p>မလှမ်းမကမ်းကို လှမ်းကြည့်လိုက်တော့ မီးလောင်နေတဲ့ လယ်ခင်း တစ်ခုကို သွားတွေ့တယ်။ အဲဒီနေရာကို အရောက်သွားပြီးတော့ မီးကျီးခဲ တွေကို ဘေးကို ယက်ထုတ်လိုက်တယ်၊ ပြီးတော့ ကျန်နေတဲ့ မီးကျီးခဲတွေ ပေါ်ကို နို့ဃနာဆွမ်းတွေကို လောင်းချလိုက်တယ်။ နို့ဃနာဆွမ်းတွေရဲ့ အထက်က မီးကျီးခဲတွေနဲ့ ထပ်ပြီး ဖုံးထားလိုက်တယ်။ လက်ငုပ်မပေါ်အောင် မိမိကိုယ်ကို မိမိ တူးဖြိုရေးလုပ်ငန်းကို ပိပိရိရိ ဆောင်ရွက်လိုက်ခြင်းပဲ ဖြစ်တယ်။</p> <p>ဒီလို မိမိကိုယ်ကို မိမိ တူးဖြိုရေးလုပ်ငန်းတွေကို အချက်ကျကျ စီမံ ဆောင်ရွက်ပြီးတဲ့အခါ ကျောင်းကို ပြန်ကြွသွားလိုက်တော့ ထိုအာဂန္တုရဟန်းတော်ကို မတွေ့တော့ဘူး။ စဉ်းစားပြီ --- ဘယ်လိုစဉ်းစားသလဲ?</p> <p><b>အဒ္ဓါ သော ဘိက္ခု ခီဏာသဝေါ မမ အဇ္ဈာသယံ ဝိဒိတွာ အညတ္ထ ဂတော ဘဝိဿတိ၊ အဟော မယာ ဥဒရဟေတု အယုတ္တံ ကတံ။</b> (ဇာတက၊ဋ္ဌ၊၁၊၂၅၆။)</p> <p>= မချွတ်ဧကန်တော့ ဒီရဟန်းတော်ဟာ ကိလေသာအာသဝေါ ကုန်ခန်း တဲ့ ရဟန္တာကိုယ်တော်တစ်ပါး ဖြစ်ပုံရတယ်၊ ငါ့ရဲ့ မကောင်းတဲ့ အတွင်းအဇ္ဈာသယဓာတ်ကို သိရှိတော်မူသည့်အတွက် အခြားတစ်နေရာသို့ ကြွသွားတာ ဖြစ်လိမ့်မယ်။ ငါဟာ ဝမ်းရေးကို အကြောင်းပြုပြီးတော့ မပြုသင့် မပြုထိုက်တဲ့ လုပ်ငန်းရပ်ကို ပြုလုပ်ခဲ့မိပြီပေါ့ ---</p> <p>ဆိုပြီး အကြီးအကျယ် စိတ်မချမ်းသာမှု ဒေါမနဿတရားတွေ ထင်ရှား ဖြစ်ပေါ်ခဲ့တယ်။ ပြုခဲ့မိတာ မှားလေခြင်းဆိုတဲ့ ပြုမိတဲ့ ဒုစရိုက်ကို အကြောင်းခံပြီးတော့ နောင်တတစ်ဖန် ပူပန်မှု ကုက္ကုစ္စတရားတွေက စိတ်အစဉ်ဝယ် နေရာအပြည့် ယူနေကြပြီ ဖြစ်တယ်။</p> <p>ကုက္ကုစ္စတရားဆိုတာက ပြုပြီးတဲ့ ဒုစရိုက်တွေကို အကြောင်းပြုပြီးတော့လည်း ပြုမိတာ မှားလေခြင်းဆိုပြီးတော့ နောင်တတစ်ဖန် ပူပန်နေတယ်။ မပြုကျင့်မိ မပြုကျင့်လိုက်မိတဲ့ ကောင်းမှုသုစရိုက်တရားတွေကို အကြောင်းပြုပြီးတော့လည်း ဒီကောင်းမှုတွေကို ငါမပြုမိလိုက်ရလေခြင်း ဆိုပြီးတော့လည်း နောင်တတစ်ဖန် ပူပန်နေတယ်။ ဆူးစူးနေတဲ့နေရာကို အခြားဆူးတစ်ခုနှင့် ထပ်ပြီး ထွင်နေတာနဲ့ တူတယ်။ အဲဒီလို ပူပန်နေတဲ့ သဘောတရားကို <b>ကုက္ကုစ္စ</b> လို့ ခေါ်တယ်။ အဲဒီ <b>ကုက္ကုစ္စ</b> တရား စိတ်အစဉ်မှာ ထင်ရှားဖြစ်နေခြင်းဟာလည်း မိမိကိုယ်ကို မိမိ တူးဖြိုရေးလုပ်နေတဲ့ လုပ်ငန်း တစ်ခုပဲ ဖြစ်တယ်။</p> <hr> <h3>လူပြိတ္တာဘဝ</h3> <p>ဒီနေရာမှာ ---</p> <p>၁။ အလှူရှင်ဖြစ်တဲ့ ကျောင်းဒကာရဲ့ နောက်နောက်ရက်တွေမှာ ပြုလုပ်မယ့် ကောင်းမှုကုသိုလ်ရဲ့ အန္တရာယ်ကို ပြုလိုက်တာက အကြောင်းတစ်ခု၊</p> <p>၂။ အလှူခံဖြစ်တဲ့ ရဟန္တာမထေရ်မြတ်ရဲ့ ရသင့် ရထိုက်တဲ့ လာဘ်လာဘကို အန္တရာယ်ပြုလိုက်တာက အကြောင်းတစ်ခု၊</p> <p>၃။ မိမိကိုယ်ကို မိမိ တူးဖြိုရေးလုပ်ငန်း လုပ်ပြီးတော့ လောဘ, ဒေါသ, မောဟ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ-စတဲ့ အကုသိုလ်တရားတွေကို မွေးမြူရေး လုပ်လိုက်တာက အကြောင်းတစ်ခု၊ ---</p> <p>အကြောင်းတရား သုံးခု စုံမသွားဘူးလား? စုံသွားတယ်။ အဲဒီလို စုံသွားတဲ့အတွက် ဘာဖြစ်လာသလဲ?</p> <p><b>တတော ပဋ္ဌာယေဝ စ မနုဿပေတော ဟုတွာ န စိရေဿဝ ကာလံ ကတွာ နိရယေ နိဗ္ဗတ္တိ။</b> (ဇာတက၊ဋ္ဌ၊၁၊၂၅၆။)</p> <p>အဲဒီအချိန်အခါက စပြီး သူပြုစုပျိုးထောင်လိုက်တဲ့ အကုသိုလ်ကံတွေက ဒိဋ္ဌဓမ္မအကျိုးပေးပြီ။ ခန့်မှန်းကြည့်ရတာ ကျောင်းဒကာကလည်း သဒ္ဓါတရား ပျက်ပြားသွားပုံရတယ်၊ ယခင်ကကဲ့သို့ လှူဒါန်းပုံမပေါ်တော့ဘူး။ အငတ်ငတ် အပြတ်ပြတ်နဲ့ လူပြိတ္တာဘဝ ရောက်ရှိသွားတယ်။ တစ်ဖန် သေပြန်တော့လည်း ဘယ်ရောက်သွားပြန်သလဲ?</p> <p>အဲဒီလောသကတိဿမထေရ်အလောင်းဟာ ထိုဘဝမှာ အနှစ်နှစ်သောင်းတိုင်တိုင် သီလ, သမာဓိ, ပညာ = သိက္ခာသုံးရပ် အကျင့်မြတ်တွေကို ကျင့်ခဲ့သော်လည်း ထိုကောင်းမှုကုသိုလ်တွေက သေခါနီးကာလမှာ သူ့ကို အပါယ်ဘေးမှ လွတ်အောင် ထုတ်ဆောင်ကယ်တင်နိုင်တဲ့ စွမ်းအား မရှိကြ တော့ဘဲ မိမိကိုယ်ကို နက်တဲ့နေရာသို့ သက်ဆင်းဖို့ရန် တူးဖြိုခဲ့တဲ့ မကောင်းမှု အကုသိုလ်ကံတွေရဲ့ စွမ်းအားကြောင့် သေခါနီးကာလ မရဏာသန္န အချိန်အခါမှာ ထိုမကောင်းတဲ့ အကုသိုလ်ကံနိမိတ်တွေက ထင်ပြီး ငရဲရောက်သွားတယ်။</p> <hr> <h3>ဘီလူးဘဝခွေးဘဝ</h3> <p>ငရဲမှာ နှစ်သိန်းပေါင်းများစွာ ခံရပြန်တယ်။ ငရဲမှ ကျွတ်လာတဲ့အခါ ဘဝပေါင်း (၅၀၀)တိုင်တိုင် ဆက်တိုက် ဘီလူး ဖြစ်ရပြန်တယ်။ တစ်နေ့မှ ဝမ်းပြည့်အောင် အစာကို မရရှိစဖူးဘူး။ တစ်ရက်မှာတော့ ကိုယ်ဝန်သည် အမျိုးသမီး မီးဖွားလို့ စွန့်ပစ်လိုက်တဲ့ ကိုယ်ဝန်အညစ်အကြေးတွေကို ဝမ်းပြည့် အောင် ရရှိဖူးတယ်။ ဘီလူးဘဝ (၅၀၀)မှာ ဒီတစ်ကြိမ်ပဲ ဝမ်းပြည့်အောင် စားခဲ့ရဖူးတယ်။ (ဇာတက၊ဋ္ဌ၊၁၊၂၅၆။)</p> <p>ဘီလူးဘဝမှတစ်ဆင့် ဘဝပေါင်း (၅၀၀)တိုင်တိုင် ဆက်တိုက် ခွေးဖြစ်ရ ပြန်တယ်။ အဲဒီခွေးဘဝတွေမှာလည်း တစ်ခုသော ခွေးဘဝမှာ တစ်ရက်တည်းပဲ အခြားခွေးတစ်ကောင်ရဲ့ အန်ဖတ်ကို ဝအောင် စားခဲ့ရဖူးတယ်။ ကြွင်းသောဘဝ ကြွင်းသောရက်တွေမှာ ဝမ်းပြည့်အောင် တစ်ခါမျှ အစာအာဟာရကို မစားသုံးခဲ့ရဖူးဘူး။ (ဇာတက၊ဋ္ဌ၊၁၊၂၅၆။)</p> <p>ဒီလိုနဲ့ပဲ သံသရာခရီးကို ဆင်းဆင်းရဲရဲနှင့် ဆက်လက်ပြီး ကျင်လည် လာလိုက်တာ လူ့ဘဝ တိရစ္ဆာန်ဘဝ စသည်ဖြင့် တော်တော် စုံလင်ခဲ့ပါတယ်။ အငတ်ငတ် အပြတ်ပြတ်နဲ့သာ ကျင်လည်ခဲ့ရတယ်။</p> <hr> <h3>နောက်ဆုံးဘဝ</h3> <p>နောက်ဆုံးဘဝမှာတော့ ကောသလတိုင်းအတွင်း အိမ်ခြေတစ်ထောင်ခန့်ရှိတဲ့ တံငါရွာ တစ်ရွာမှာ ငါးစိမ်းသည်မ တစ်ဦးရဲ့ ဝမ်းကြာတိုက်မှာ ပဋိသန္ဓေ ယူလာပြန်တယ်။ ထိုအမျိုးကောင်းသား ပဋိသန္ဓေယူတဲ့နေ့က စပြီး တံငါရွာ တစ်ရွာလုံး ငါးရှာမရ ဖြစ်နေကြပြန်တယ်။ အဲဒီအချိန်အခါက စပြီးတော့ တံငါသည်တွေရဲ့ တံငါလုပ်ငန်းရပ်တွေဟာ ဆုတ်ယုတ်ပျက်စီး လာကြတယ်။</p> <p>ထိုအမျိုးကောင်းသား မိခင်ဝမ်းတွင်းမှာ တည်ရှိနေတုန်း အဲဒီတံငါရွာဟာ (၇)ကြိမ်တိုင်တိုင် မီးလောင်ခံရတယ်။ (၇)ကြိမ်တိုင်တိုင် မင်းပြစ်ဒဏ် ခံကြရတယ်။ တဖြည်းဖြည်း လူတွေဟာ သိပ်ဆင်းရဲလာကြတယ်။ အဲဒီ အမျိုးကောင်းသား ထူထောင်ခဲ့တဲ့ အကုသိုလ်ကံရဲ့ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို ခံကြရတယ်။ တဖြည်းဖြည်း တစ်ရွာလုံး ဆင်းရဲကုန်ကြတယ်။ (ဇာတက၊ဋ္ဌ၊၁၊၂၅၂။)</p> <hr> <h3>သူတို့ စဉ်းစားကြပြီ</h3> <p>ရှေးယခင်တုန်းက တို့မှာ ဒီလို ဆင်းရဲဒုက္ခမျိုး မရှိခဲ့စဖူးဘူး၊ ခုအခါမှာ တို့မှာ အကြီးအကျယ် ဆုတ်ယုတ်ပျက်စီးနေကြပြီ၊ တို့ရွာမှာတော့ လူယုတ်မာ တစ်ယောက်ယောက်တော့ ရှိနေပုံရတယ်။ တို့ရွာကို နှစ်ခြမ်း ခွဲကြစို့ဆိုပြီး အိမ် (၅၀၀)စီ ထက်ခြမ်း ခွဲလိုက်ကြတယ်။ သူပါတဲ့အခြမ်း ထမင်းငတ်ပြန်တယ်၊ စီးပွားရေးတွေ ဆုတ်ယုတ်ပျက်စီးပြန်တယ်။ သူမပါတဲ့ အခြမ်းက ကြီးပွားတိုးတက်ပြန်တယ်။ နောက်တစ်ခါ ထပ်ပြီး သူပါတဲ့ တစ်ခြမ်းကို ထက်ဝက် စိတ်ပြန်တယ်။ သူပါတဲ့အစိတ်မှာ ဆင်းရဲပြန်တယ်။ အငတ်ငတ် အပြတ်ပြတ် ဖြစ်ပြန်တယ်။ သူမပါတဲ့ အစိတ်အပိုင်းက စီးပွားရေး ပြေလည်ကာ ကြီးပွားတိုးတက်ပြန်တယ်။ အဲဒီနည်းအားဖြင့် ရွာကို ထပ်ထပ်ပြီး စိတ်လိုက်တာ နောက်ဆုံး သူတို့ တစ်အိမ်ပဲ ကျန်တယ်။ သူတို့ မိသားစုကို လူယုတ်မာတွေ ဖြစ်ကြတယ်ဆိုတာ သိရှိကြတဲ့အတွက် ဒီလူယုတ်မာတွေကို ဒီမှာ လက်မခံနိုင်ဘူးဆိုပြီးတော့ နှင်ထုတ်ကြပြန်တယ်။ ကံဆိုတဲ့ တရားမင်းကြီးက စီရင်ချက်အမျိုးမျိုးကို ချမှတ်နေခြင်းပဲ ဖြစ်ပါတယ်။</p> <hr> <h3>ပစ္ဆိမဘဝိက = နောက်ဆုံးဘဝရှိသူ</h3> <p>ဒီလို နှင်အထုတ်ခံလိုက်ရတော့ မိခင်ဟာလည်း ပင်ပင်ပန်းပန်း ခက်ခက် ခဲခဲနှင့်ပင် အသက်ရှင်ခဲ့ရတယ်။ ဒီလိုနဲ့ပဲ ကိုယ်ဝန်က ရင့်ကျက်လာတဲ့အခါ တစ်နေရာမှာ မွေးဖွားလိုက်ရတယ်။</p> <p><b>ပစ္ဆိမဘဝိကသတ္တံ န သက္ကာ နာသေတုံ၊ အန္တောဃဋေ ပဒီပေါ ဝိယ တဿ ဟဒယေ အရဟတ္တဿ ဥပနိဿယော ဇလတိ။</b> (ဇာတက၊ဋ္ဌ၊၁၊၂၅၂။)</p> <p>အရှင်လောသကတိဿအလောင်း သူတော်ကောင်းဟာ နောက်ဆုံး ဘဝရှိသူ ဒီဘဝမှာ ကိန်းသေ ရဟန္တာဖြစ်မယ့် <b>ပစ္ဆိမဘဝိက</b> သား ဖြစ်ပါတယ်။ မဟာဓနသူဌေးသား (ဓမ္မပဒ၊ဋ္ဌ၊၂၊၈၁-၈၄။)တို့လို ပစ္ဆိမဘဝိကအတု မဟုတ်ဘဲ <b>ပစ္ဆိမဘဝိက</b> အစစ် ဖြစ်ပါတယ်။ ဒီလို <b>ပစ္ဆိမဘဝိက</b> အစစ်ဖြစ်နေတဲ့ သတ္တဝါမျိုးကို ဘယ်လိုမှ ပျက်စီးအောင် ဖျက်ဆီးလို့ မရနိုင်ပါဘူး။ အိုးအတွင်း၌ ထွန်းညှိ ထားတဲ့ ဆီမီးတိုင်ကဲ့သို့ ထိုသူတော်ကောင်းရဲ့ နှလုံးသားထဲမှာ <b>အရဟတ္တမဂ် အရဟတ္တဖိုလ်</b> ရဲ့ အားကြီးသော မှီရာ ဥပနိဿယ အကြောင်းတရားတွေက အကျိုးပေးဖို့ရန် အသင့်စောင့်ဆိုင်းကာ ထွန်းလင်းတောက်ပလျက် ရှိနေပါတယ်။</p> <p>ဒီမိခင်ကလည်း မိမိ မွေးထားတဲ့ သားအရင်းဖြစ်နေတဲ့အတွက် မစွန့်နိုင်သေးဘဲ ဒီကလေးကို ဆက်လက်ပြီး အသက်ရှင်ရေးအတွက် ပြုစုလုပ်ကျွေး လျက်ပင် ရှိနေပါသေးတယ်။ သို့သော် ဒီကလေး ဟိုဟိုဒီဒီ ပြေးသွားနိုင်တဲ့ အချိန်အခါမှာ ဒီကလေးရဲ့ လက်ထဲကို ခွက်ငယ်ကလေးတစ်ခု ထည့်ပေးပြီးတော့ --- ချစ်သား ဒီအိမ်ထဲကို ဝင်သွားပါ ဆိုပြီး ဝင်အတောင်းခိုင်းလိုက် ပါတယ်။ ကလေးကလည်း အဲဒီအိမ်ထဲ ဝင်သွားရော မိမိက ကလေးကို ထားခဲ့ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ နောက်ထပ် ပြန်မတွေ့ကြတော့ဘူး။ ကံတရားရဲ့ အကျိုးပေးဆန်းကြယ်ပုံတွေဟာ သိပ်ဝမ်းနည်း ကြေကွဲဖို့ ကောင်း ပါတယ်။</p> <hr> <h3>ကျီးကန်းပမာ အသက်မွေးရသူ</h3> <p>အဲဒီ လောသကတိဿအလောင်းအလျာဟာ အဲဒီအချိန်က စပြီးတော့ တစ်ယောက်ထီးတည်း အထီးကျန်ဖြစ်ကာ ဟိုဟိုဒီဒီ အရပ်ဒေသတွေမှာ သင့်သလို ထမင်းကို ရှာဖွေ စားသောက်နေရတယ်။ တစ်နေရာမှာ အိပ်တယ်၊ တစ်နေရာမှာ ရေချိုးတယ်၊ တစ်နေရာမှာ ကိုယ်လက်သုတ်သင်တယ်၊ မြေဘုတ်ဘီလူးကဲ့သို့ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်းဖြင့် အသက်မွေးနေရတယ်။ ဒီလိုနဲ့ပဲ တဖြည်းဖြည်း (၇)နှစ်အရွယ် ရောက်ရှိလာပြီ။ တစ်နေ့ တစ်ခုသော ရွာတံခါးဝမှာ အိုးခွက်တွေဆေးပြီး ရေကို စွန့်ပစ်တဲ့နေရာမှာ ကျီးကန်းပမာ ထမင်းလုံး တစ်လုံးစီ တစ်လုံးစီကို ကောက်ပြီးစားနေတယ်။</p> <hr> <h3>အရှင်သာရိပုတ္တရာနှင့် တွေ့ဆုံခြင်း</h3> <p>အဲဒီအခါမှာပဲ ဒီသူငယ်ကို တရားစစ်မှူး အဦးအခိုင် ဖြစ်တော်မူတဲ့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ဆွမ်းခံလှည့်လည်ရင်း တွေ့မြင် တော်မူလိုက်ပါတယ်။ ဒီလို မြင်တွေ့လိုက်တဲ့အခါ ---</p> <p>ဩော် ...ဤသတ္တဝါဟာ အလွန်သနားဖွယ်ကောင်းလှတဲ့ သတ္တဝါ အဖြစ်သို့ ရောက်ရှိနေပြီပေါ့။ ဘယ်ရွာသားပါလိမ့်လို့ စဉ်းစားတော်မူပြီးနောက် အဲဒီသူငယ်အပေါ်၌ မေတ္တာစျာန်စိတ်ကို ပွားများတော်မူလိုက်ပါတယ်။ မေတ္တာပွားတော်မူပြီးနောက် သူငယ် လာစမ်းပါဟု ခေါ်တော်မူ လိုက်ပါတယ်။ ဒီသူငယ်ကလည်း လာရောက်ပြီး အရှင်သာရိပုတ္တရာမထေရ်မြတ်ကို ရှိခိုးပြီးတော့ မတ်တပ်ရပ်နေလိုက်ပါတယ်။</p> <p>အဲဒီအခါမှာ အရှင်သာရိပုတ္တရာမထေရ်မြတ်က သင်ဟာ ဘယ်ရွာသားလဲ? သင့်မိဘတွေက ဘယ်မှာလဲ?လို့ မေးမြန်းတော်မူလိုက်ပါတယ်။</p> <p>အရှင်ဘုရား ... တပည့်တော်ဟာ မှီခိုစရာ အကြောင်းတရား ကင်းမဲ့ နေသူ ဖြစ်ပါတယ်၊ တပည့်တော်ရဲ့ မိဘတွေဟာ တပည့်တော်ကို အမှီပြုပြီးတော့ ပင်ပန်းဆင်းရဲကြတဲ့အတွက် တပည့်တော်ကို စွန့်ပစ်ပြီး ထွက်ပြေးသွား ကြပါတယ်ဘုရားလို့ သနားစဖွယ် တင်ပြလျှောက်ထားလိုက်ပါတယ်။</p> <p>သင် ... ရှင်ပြုမလား = ကိုရင်ဝတ်မလားလို့ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက မေးမြန်းတော်မူလိုက်တဲ့အခါ သူက ဘာပြန်လျှောက် ထားသလဲ?</p> <p>အရှင်ဘုရား ... တပည့်တော် ရှင်ပြုတယ်ပဲ ထားပါတော့၊ တပည့်တော်လို အထီးကျန် လူမွဲတစ်ယောက်ကို ဘယ်သူက ရှင်ပြုပေးမှာလဲဘုရားလို့ သူက ပြန်လျှောက်ထားပြန်တယ်။</p> <p>ငါ ရှင်ပြုပေးမယ်လို့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက အမိန့်ရှိတော်မူပြီးနောက် လောသကတိဿရဲ့ သဘောတူညီချက်နှင့် ကျောင်းသို့ ခေါ်ဆောင်တော်မူကာ ကိုယ်တိုင်ရေမိုးချိုးပေးပြီး ရှင်ပြုပေးတော်မူလိုက် ပါတယ်။ အသက်ပြည့်တဲ့အခါ ရဟန်းပြုပေးတော်မူလိုက်ပါတယ်။</p> <p>အသက်အရွယ် ကြီးပြင်းလာတဲ့အခါ အလွန်ဘုန်းကံနည်းပါးတဲ့ အလွန် လာဘ်လာဘနည်းပါးတဲ့ လောသကတိဿမထေရ်လို့ ထင်ရှားခဲ့ပါတယ်။ ကောသလမင်းကြီးရဲ့ မိဖုရား မလ္လိကာဒေဝီ ဦးဆောင်တဲ့ အသဒိသဒါနပွဲကြီး မှာတောင် ဝမ်းပြည့်အောင် ဆွမ်းကို မရရှိခဲ့ဖူးဘူး။ အသက်မသေဘဲ ဆက်လက်နေထိုင်နိုင်ရုံလောက်ကလေးသာ ရရှိခဲ့တယ်၊ အသက်မသေရုံကလေးလောက်သာ စားရတဲ့ဘဝဖြစ်တယ်။</p> <hr> <h3>ကံတရား၏ လှည့်ပတ်မှု</h3> <p>လောသကတိဿမထေရ်ရဲ့ သပိတ်ထဲကို ယာဂုတစ်ဇွန်းလောက် လောင်းထည့်လိုက်ရင် အလှူရှင်တွေရဲ့ မျက်စိမှာ သပိတ်နှုတ်ခမ်းအထိ ပြည့်နေသလို ထင်လာတယ်။ အဲဒီအခါ ဒကာ ဒကာမတွေက ဒီကိုယ်တော်ရဲ့ သပိတ်ထဲတော့ ပြည့်နေပြီဆိုပြီးတော့ သူ့အောက် ဝါငယ်တဲ့ ရဟန်းတော်တွေကို ဆက်လှူဒါန်းကြပြန်တယ်။ တစ်ဖန် လောသကတိဿမထေရ်ရဲ့ သပိတ်ထဲကို ထပ်လှူမယ်လုပ်လိုက်တော့ ဒကာ ဒကာမတွေရဲ့ ခွက်ထဲမှာ ယာဂုတွေက ကုန်သွားပြန်တယ်။ အခြား ဆွမ်း-ခဲဖွယ်-ဘောဇဉ်တွေကို လောင်းလှူတဲ့အခါမှာလည်း ဒီပုံစံအတိုင်းပဲ ဖြစ်နေတတ်ပါတယ်။ ရဟန္တာ မထေရ်မြတ်ရဲ့ လာဘ်လာဘကို အန္တရာယ်ပြုခဲ့တဲ့ ကံရဲ့ စွမ်းအားပဲ ဖြစ်ပါတယ်။</p> <hr> <h3>အရဟတ္တဖိုလ်ဆိုက်ပြီ</h3> <p>အဲဒီ လောသကတိဿမထေရ်ဟာ နောက်ပိုင်းကာလမှာ ဝိပဿနာဉာဏ်တွေကို တိုးပွားအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူ နိုင်တဲ့အတွက်ကြောင့် <b>အရဟတ္တဖိုလ်</b> ၌ တည်သွားတော်မူခဲ့ပါတယ်။ သို့သော်လည်း လာဘ်လာဘကတော့ နည်းပါးလျက်ပင် ရှိနေပါသေးတယ်။ ကဿပ ဘုရားရှင်သာသနာတော်အတွင်းက ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့တဲ့ ပါရမီ, ဂေါတမဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာ ဆက်လက် ဖြည့်ကျင့် ဆည်းပူးတော်မူလိုက်တဲ့ ရင့်ကျက်လာတဲ့ ဝိပဿနာဉာဏ်တို့ရဲ့ စွမ်းအားကြောင့် ရဟန္တာအဖြစ်သို့ ရောက်ရှိသော်လည်း သူတစ်ပါးတို့ရဲ့ လာဘ်လာဘကို အန္တရာယ်ပြုခဲ့တဲ့အတွက် လာဘ်လာဘကတော့ နည်းပါးမြဲ နည်းပါးလျက် ပဲ ရှိပါတယ်။</p> <hr> <h3>ပရိနိဗ္ဗာန် စံတော်မူပြီ</h3> <p>တဖြည်းဖြည်းနဲ့ပဲ အာယုသင်္ခါရ ကုန်ဆုံးသဖြင့် ပရိနိဗ္ဗာန် စံတော်မူမည့် နေ့သို့ ဆိုက်ရောက်လာပေပြီ။ တရားစစ်မှူးကြီး အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကလည်း ဆင်ခြင်တော်မူလိုက်တဲ့အခါ ပရိနိဗ္ဗာန် စံတော့မည့် အဖြစ်ကို သိရှိတော်မူပါတယ်။</p> <p>ဒီလောသကတိဿမထေရ်တော့ ဒီနေ့ ပရိနိဗ္ဗာန် စံတော့မယ်၊ ဒီနေ့ ငါဟာ ဒီသူတော်ကောင်းအတွက် အလိုရှိသလောက် ဘုဉ်းပေးသုံးဆောင်နိုင် ရန်အတွက် အစာအာဟာရကိုတော့ ပေးလှူသင့်တယ် ---</p> <p>ဒီလို ဆုံးဖြတ်ချက်ချတော်မူပြီးနောက် လောသကတိဿမထေရ်ကို ခေါ်ဆောင်ကာ သာဝတ္ထိမြို့အတွင်းသို့ ဆွမ်းခံကြွဝင်တော်မူပါတယ်။ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးဟာ ထိုလောသကတိဿကို အမှီပြုပြီးတော့ ဆွမ်းရဖို့ကို မဆိုထားဘိ၊ သာဝတ္ထိမှာ ရှိနေတဲ့ လူများအပေါင်းရဲ့ လက်ကို ဆန့်တန်းပြီး လက်အုပ်ချီမိုး ရှိခိုးခြင်းမျှလောက်တောင်မှ မရရှာဘူး။ ဒါနဲ့ပဲ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးကလည်းပဲ ငါ့ရှင် သွားချေတော့၊ ဆွမ်းစား ဇရပ်မှာပဲ ထိုင်စောင့်နေပေတော့ဆိုပြီး လွှတ်တော်မူလိုက်ပါတယ်။</p> <p>ဒကာ ဒကာမတွေကလည်း အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် တို့အရှင် ကြွလာတော်မူပြီဆိုပြီးတော့ နေရာများ ခင်းကျင်းကာ ဆွမ်းဖြင့် ပြုစုလုပ်ကျွေးကြပါတယ်။ ဒါပေမယ့် အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးက မိမိ ရရှိတဲ့ဆွမ်းကို မိမိ မသုံးဆောင်ဘဲ ဒီဆွမ်းကို လောသကတိဿမထေရ်အား ပေးလှူပါဆိုပြီး အပို့ခိုင်းလိုက်တယ်။ သွားပို့တဲ့ပုဂ္ဂိုလ်တွေက လောသကတိဿမထေရ်ကို အမှတ်မရဘဲ မိမိတို့ကိုယ်တိုင်ပဲ စားသုံးပစ်လိုက်ကြတယ်။</p> <p>အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးလည်း ဆွမ်းစားခြင်းကိစ္စ ပြီးလို့ နေရာမှ ထတော်မူကာ ကျောင်းတော်သို့ ပြန်ကြွတော်မူပါတယ်။ ကျောင်း ရောက်တော့ လောသကတိဿမထေရ်က အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးကို လာရောက်ကာ ရှိခိုး ဝတ်ပြုပါတယ်။ ဆွမ်းရရှိပါသလားလို့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက မေးမြန်းတော်မူလိုက်တဲ့အခါ မရရှိပါ ကြောင်းကို လောသကတိဿမထေရ်က ပြန်လည် လျှောက်ထားတော်မူ လိုက်ပါတယ်။</p> <p>အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကလည်း သံဝေဂ အလွန် ရရှိ သွားတော်မူပါတယ်။ အချိန်ကို မော်ကြည့်လိုက်တော့ မွန်းလွဲသွားပြီဆိုတာ သိရှိတော်မူပါတယ်။ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးကလည်း --- ကိုင်း ရှိစေတော့၊ အရှင်ဘုရား ဒီနေရာမှာပဲ ထိုင်သီတင်းသုံး စောင့်ဆိုင်းနေပါ ဆိုပြီးတော့ ဆွမ်းစားကျောင်းမှာ လောသကတိဿမထေရ်ကို နေစေလိုက် ပါတယ်။ ကောသလမင်းရဲ့ နန်းတော်သို့ ကြွသွားတော်မူလိုက်ပါတယ်။</p> <p>ကောသလမင်းကြီးကလည်း မထေရ်မြတ်ကြီးရဲ့ သပိတ်တော်ကို ယူဆောင်ပြီးနောက် --- ဆွမ်းလှူရမယ့် အချိန်အခါတော့ မဟုတ်တော့ပြီလို့ နှလုံးပိုက်ကာ စတုမဓုကို အပြည့်ထည့်ကာ ပေးလှူလိုက်ပါတယ်။ မထေရ်မြတ်ကြီးလည်း အဲဒီစတုမဓုကို ကျောင်းတော်သို့ ယူဆောင်ပြီးနောက် ငါ့ရှင် တိဿ ... လာပေတော့ --- ဒီစတုမဓုကို ဘုဉ်းပေးပါဆိုပြီးတော့ သပိတ်ကို မိမိလက်နဲ့ ကိုင်ထားပြီးတော့ ရပ်တည်နေလိုက်ပါတယ်။ ဘာကြောင့် ကိုင်ထားရသလဲ? လွှတ်လိုက်ပါက စတုမဓုတွေ ပျောက်ပျက်သွားမှာစိုးလို့ပါ။ လောသကတိဿကိုယ်တော်ကလည်း အရှင်သာရိပုတ္တမထေရ်မြတ်အပေါ်မှာ ရိုသေလေးစားတဲ့ စိတ်ထားရှိတဲ့အတွက် မဘုဉ်းပေးရဲ ဖြစ်နေတယ်။ အဲဒီ အခါမှာ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက လောသကတိဿ မထေရ်မြတ်ကို ---</p> <p>ငါ့ရှင်တိဿ ... လာသာလာပါ။ ငါက ဒီသပိတ်ကို ကိုင်ပြီးတော့ ရပ်နေမယ်၊ သင်က ထိုင်ပြီးတော့ ဘုဉ်းပေးပါ။ ငါက လက်လွှတ်လိုက်မယ် ဆိုလျှင် ဘာမှ မရှိ ဖြစ်ချင်ဖြစ်သွားမယ်။</p> <p>ဒီလို အမိန့်ရှိတော်မူလိုက်ပါတယ်။ အရှင်လောသကတိဿမထေရ်မြတ်ကလည်း အဂ္ဂသာဝကလည်းဖြစ်၊ တရားစစ်မှူး အဦးအခိုင် ဓမ္မသေနာပတိလည်း ဖြစ်တော်မူတဲ့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက သပိတ်ကိုကိုင်ကာ ရပ်တည်နေခိုက်မှာပဲ စတုမဓုကို ဘုဉ်းပေးသုံးဆောင်တော်မူပါတယ်။ ယင်းစတုမဓုဟာလည်း အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး၏ <b>အရိယိဒ္ဓိဗလ</b> ဟု ခေါ်ဆိုအပ်တဲ့ အရိယာတန်ခိုးစွမ်းအားကြောင့် ကုန်ခန်းခြင်းသို့ ရောက်ရှိမသွားတော့ဘူး။ ထိုအခါမှာပဲ အရှင်လောသကတိဿ မထေရ်မြတ်လည်း အလိုရှိသလောက် ဝမ်းပြည့်အောင် ဘုဉ်းပေး သုံးဆောင် တော်မူပါတယ်။ အရှင်လောသကတိဿမထေရ်မြတ်လည်း ထိုနေ့မှာပဲ ဝိပါက်ကမ္မဇရုပ် အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းခြင်းဆိုတဲ့ <b>အနုပါဒိသေသနိဗ္ဗာန်ဓာတ်</b> ဖြင့် ပရိနိဗ္ဗာန် စံတော်မူပါတယ်။ သံသရာဝဋ်ဆင်းရဲ ဒုက္ခမီးပုံကြီး အပြီးတိုင် ငြိမ်းသွားပြီ ဖြစ်တော်မူပါတယ်။</p> <hr> <h3>သုံးခါသာ အဝစားရဖူးသည်</h3> <p>သူတစ်ပါးဟု ခေါ်ဆိုအပ်တဲ့ ရဟန္တာအရှင်မြတ်၏ လာဘ်လာဘ၏ အန္တရာယ်ကို ပြုခဲ့သည့် ဘဝမှ စပြီး သံသရာတစ်လျှောက် ထမင်းဝအောင် စားရသည်မှာ သုံးဘဝသာ ရှိခဲ့ဖူးတယ်။ အဲဒီ သုံးဘဝမှာလည်း တစ်သက်လုံး အဝစားရတာတော့ မဟုတ်ဘူး။ တစ်ဘဝမှာ တစ်ကြိမ်သာ စားခဲ့ရဖူးတယ်။ အဲဒီ သုံးဘဝက ဘာတွေလဲ? ---</p> <p>၁။ ဘီလူးဖြစ်စဉ်အခါက တစ်နေ့မှာ ကိုယ်ဝန်သည်ရဲ့ အညစ်အကြေးတွေကို တစ်ခါ ရခဲ့ဖူးတယ်။</p> <p>၂။ ခွေးဖြစ်စဉ်က တစ်ခုသော ဘဝမှာ တစ်နေ့ဝယ် သူတစ်ပါးတို့ အန်ထားတဲ့ အန်ဖတ်ကို တစ်ခါ ရခဲ့ဖူးပါတယ်။</p> <p>၃။ ယခု ပရိနိဗ္ဗာန် စံတော်မူမည့်နေ့မှာ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးရဲ့ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် စတုမဓု တစ်ကြိမ် ရခဲ့ဖူးတယ်။</p> <p><b>ဧဝံ ပရဿ လာဘန္တရာယကရဏံ နာမ မဟာဒေါသန္တိ ဝေဒိတဗ္ဗံ။</b> (ဇာတက၊ဋ္ဌ၊၁၊၂၅၉။)</p> <p>ဒါကြောင့် သူတစ်ပါးရဲ့ လာဘ်လာဘရဲ့ အန္တရာယ်ကို ပြုလုပ်ခြင်း မည်သည် အလွန့်အလွန် ကြီးလေးတဲ့ အပြစ်ဒဏ်တွေကို ခံစံရလိမ့်မယ်ဆိုတာကို အသိဉာဏ်ရှိကြစမ်းပါ။ ကိုင်း --- <b>ဝစ္ဆဂေါတ္တသုတ္တန်</b> ကို ပြန်ဆက်ကြရအောင် ...</p> <p>ဒါကြောင့် ဘုရားရှင်က <b>ဝစ္ဆဂေါတ္တသုတ္တန်</b> မှာ ဘာအမိန့်ရှိသလဲ?</p> <p><b>ယော ခေါ ဝစ္ဆ ပရံ ဒါနံ ဒဒန္တံ ဝါရေတိ သော တိဏ္ဏံ အန္တရာယကရော ဟောတိ၊ တိဏ္ဏံ ပါရိပန္ထိကော။</b> (အံ၊၁၊၁၆၁။)</p> <p><b>ဝစ္ဆ</b> = ဝစ္ဆအနွယ်၌ဖြစ်သော ဒကာတော်ပရိဗိုဇ် ...။ <b>ယော ခေါ</b> = အကြင်သူသည်ကား။ <b>ပရံ ဒါနံ ဒဒန္တံ</b> = သူတစ်ပါး ပေးလှူ၍နေသည်ကို။ <b>ဝါရေတိ</b> = တားမြစ်တတ်၏။ <b>သော</b> = ထိုတားမြစ်၍နေတဲ့ ပုဂ္ဂိုလ်သည်။ <b>တိဏ္ဏံ</b> = သုံးမျိုးတို့၏။ <b>အန္တရာယကရော</b> = အန္တရာယ်ကို ပြုလုပ်တတ်သည်။ <b>ဟောတိ</b> = ဖြစ်၏။ <b>တိဏ္ဏံ</b> = သုံးမျိုးတို့၏။ <b>ပါရိပန္ထိကော</b> = ဘေးဥပါဒ်အန္တရာယ်ကို ပြုလုပ်တတ်သည်။ <b>ဟောတိ</b> = ဖြစ်၏။</p> <p>ဘာသုံးမျိုးလဲ?</p> <p><b>ဒါယကဿ ပုညန္တရာယကရော ဟောတိ၊ ပဋိဂ္ဂါဟကာနံ လာဘန္တရာယကရော ဟောတိ၊ ပုဗ္ဗေဝ ခေါ ပနဿ အတ္တာ ခတော စ ဟောတိ ဥပဟတော စ။</b></p> <p><b>ဒါယကဿ</b> = အလှူရှင်၏။ <b>ပုညန္တရာယကရော</b> = ကောင်းမှုကုသိုလ်၏ အန္တရာယ်ကို ပြုလုပ်တတ်သည်။ <b>ဟောတိ</b> = ဖြစ်၏။ <b>ပဋိဂ္ဂါဟကာနံ</b> = အလှူခံပုဂ္ဂိုလ်တို့၏။ <b>လာဘန္တရာယကရော</b> = လာဘ်လာဘ၏ အန္တရာယ်ကို ပြုလုပ် တတ်သည်။ <b>ဟောတိ</b> = ဖြစ်၏။ <b>ပုဗ္ဗေဝ ခေါ</b> = ရှေးမဆွကပင်လျှင်။ <b>အဿ</b> = ထိုတားမြစ် ကန့်ကွက်နေတဲ့ပုဂ္ဂိုလ်သည်။ <b>အတ္တာ</b> = မိမိကိုယ်ကို။ <b>ခတော စ</b> = တူးဖြိုအပ်သည်လည်း။ <b>ဟောတိ</b> = ဖြစ်၏။</p> <hr> <h3>အောက်ထစ်ဆုံး အလှူဒါန --- တိရစ္ဆာန်ကို ပေးလှူခြင်း</h3> <p><b>အဟံ ခေါ ပန ဝစ္ဆ ဧဝံ ဝဒါမိ။</b></p> <p><b>ဝစ္ဆ</b> = ဝစ္ဆအနွယ်၌ဖြစ်သော ဒကာတော်ပရိဗိုဇ် ...။ <b>အဟံ ခေါ</b> = ငါဘုရားသည်ကား။ <b>ဧဝံ</b> = ဤသို့။ <b>ဝဒါမိ</b> = ဟောတော်မူပါပေ၏။</p> <p>ဒကာတော်ပရိဗိုဇ် ... ငါဘုရားကတော့ ဒီလို ဟောတယ်။ ဘယ်လိုလဲ? ဒီနေ့ ဒကာကြီးတွေ အထူးသဖြင့် အလေးဂရုပြုပြီးတော့ နာယူသင့်တဲ့ ထိုဆုံးမချက်ကလေးတစ်ခုပဲနော်။</p> <p><b>အဟံ ခေါ ပန ဝစ္ဆ ဧဝံ ဝဒါမိ -- ယေ ဟိ တေ စန္ဒနိကာယ ဝါ ဩလိဂလ္လေ ဝါ ပါဏာ တတြပိ ယော ထာလိဓောဝနံ ဝါ သရာဝဓောဝနံ ဝါ ဆဍ္ဍေတိ -- ယေ တတ္ထ ပါဏာ တေ တေန ယာပေန္တူတိ၊ တတော နိဒါနမ္ပာဟံ ဝစ္ဆ ပုညဿ အာဂမံ ဝဒါမိ။ ကော ပန ဝါဒေါ မနုဿဘူတေ!</b></p> <p><b>ဝစ္ဆ</b> = ဝစ္ဆအနွယ်၌ဖြစ်သော ဒကာတော်ပရိဗိုဇ်။ <b>အဟံ ခေါ</b> = ငါဘုရားသည်ကား။ <b>ဧဝံ</b> = ဤသို့။ <b>ဝဒါမိ</b> = ဟောတော်မူပါပေ၏။ <b>ကိံ ဝဒါမိ</b> = အဘယ်သို့ ဟောတော်မူပါသနည်း။ <b>ဝစ္ဆ</b> = ဝစ္ဆအနွယ်၌ဖြစ်သော ဒကာတော်ပရိဗိုဇ်။ <b>စန္ဒနိကာယ ဝါ</b> = တံစီးတွင်း၌လည်းကောင်း။ <b>ဩလိဂလ္လေ ဝါ</b> = ရွှံ့ညွန်အိုင်အတွင်း၌လည်းကောင်း။ <b>ယေ ဟိ တေ ပါဏာ</b> = အကြင် ပိုးလောက်စတဲ့ သတ္တဝါတို့သည်။ <b>သန္တိ</b> = ရှိကြလေကုန်၏။ <b>တတြပိ</b> = ထိုတံစီးတွင်း ရွှံ့ညွန်အိုင်အတွင်း၌သော်လည်းပဲ။ <b>ယော</b> = အကြင် အမှတ် မထား တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည်။ <b>ထာလိဓောဝနံ ဝါ</b> = ပန်းကန်ဆေးတဲ့ ရေကိုသော်လည်းကောင်း။ <b>သရာဝဓောဝနံ ဝါ</b> = အိုးခွက် ဆေးတဲ့ရေကိုသော်လည်းကောင်း။ <b>တတြ</b> = ထိုတံစီးအိုင်, ရွှံ့ညွန်အိုင် အတွင်း၌။ <b>ယေ ပါဏာ</b> = အကြင် သတ္တဝါတို့သည်။ <b>သန္တိ</b> = ရှိကြလေကုန်၏။ <b>တေ ပါဏာ</b> = ထိုသတ္တဝါတို့သည်။ <b>တေန</b> = ထို ပန်းကန်ဆေးတဲ့ရေ, အိုးခွက်ဆေးတဲ့ရေဖြင့်။ <b>ယာပေန္တု</b> = မျှတကြပါစေကုန်သတည်း။ <b>ဣတိ</b> = ဤသို့နှလုံးပိုက်၍။ <b>ဆဍ္ဍေတိ</b> = စွန့်ပစ်လေ၏။ <b>ဝစ္ဆ</b> = ဝစ္ဆအနွယ်၌ဖြစ်သော ဒကာတော်ပရိဗိုဇ် ...။ <b>တတော နိဒါနမ္ပိ</b> = ထိုကဲ့သို့ ပန်းကန်ဆေးတဲ့ရေ, အိုးခွက်ဆေးတဲ့ရေကို လှူဒါန်းခြင်းတည်းဟူသော အကြောင်းကြောင့်လည်းပဲ။ <b>ပုညဿ</b> = ကောင်းမှုကုသိုလ်၏။ <b>အာဂမံ</b> = လာရှိခြင်းကို။ <b>အဟံ</b> = ငါဘုရားသည်။ <b>ဝဒါမိ</b> = ဟောတော်မူ၏။</p> <p>ပုဂ္ဂိုလ်တစ်ဦးပေါ့။ ဒီနေ့ နေ့တိုင်းရနိုင်တယ်။ ဒကာကြီးတွေ နေ့တိုင်း ပန်းကန် မဆေးဘူးလား? ဆေးတယ်။ နေ့တိုင်း အိုးခွက်တွေ မဆေးဘူးလား? ဆေးတယ်။ အဲဒီ ပန်းကန်ဆေးတဲ့ရေလေး, အိုးခွက်ဆေးတဲ့ရေလေးကိုသော်လည်းပဲ တံစီးတွင်းလို့ ခေါ်ဆိုအပ်တဲ့ မစင်တွင်းတွေမှာ ရှိနေတဲ့ ပိုးလောက် သတ္တဝါတွေ, ရွှံ့ညွန်အိုင်အတွင်းမှာ ရှိနေတဲ့ ပိုးလောက်သတ္တဝါတွေ ဒီပန်းကန် ဆေးတဲ့ရေ, အိုးခွက်ဆေးတဲ့ရေလေးဖြင့် မျှတကြပါစေလို့ နှလုံးပိုက်ပြီးတော့ လှူဒါန်းတတ်မယ်ဆိုရင် ထိုတံစီးတွင်း တံစီးအိုင်အတွင်းမှာ တည်ရှိနေတဲ့, ရွှံ့ညွန်အိုင်အတွင်းမှာ တည်ရှိနေတဲ့ ပိုးလောက်တွေကို ပန်းကန်ဆေးတဲ့ရေ, အိုးခွက်ဆေးတဲ့ရေကို လှူဒါန်းခြင်းတည်းဟူသော အကြောင်းကြောင့်လည်းပဲ ကောင်းမှုကုသိုလ်တရား၏ ဖြစ်ပေါ်လာခြင်းကို ငါဘုရား ဟောတော်မူပါတယ်တဲ့။ ဒါက အောက်ထစ်ဆုံးပဲနော်။</p> <p>အလှူခံပုဂ္ဂိုလ်ဘက် ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း အညံ့ဆုံးလို့ မပြောနိုင်ဘူးလား? အလှူပေးတဲ့ ဝတ္ထုပစ္စည်း ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း စားလို့ သောက်လို့ ပိုလို့ ပန်းကန်ဆေးထားတဲ့ရေလေး, အိုးခွက်ဆေးထားတဲ့ရေလေး ဖြစ်တယ်။ ဒီပန်းကန်ဆေးရေ, အိုးခွက်ဆေးရေဆိုတဲ့ အညံ့ဆုံးဖြစ်နေတဲ့ လှူဖွယ်ဝတ္ထုပစ္စည်းစုကို အညံ့ဆုံးဖြစ်တဲ့ ပိုးလောက်စတဲ့ သတ္တဝါလေးတွေကို လှူဒါန်းရင်လည်း အကျိုးရှိသလား, မရှိဘူးလား? ရှိပါတယ်။ ကောင်းမှုကုသိုလ်ရှိတယ်လို့သာ ငါဘုရား ဟောတယ်။</p> <hr> <h3>အိုးကွဲတဲ့ ထမနဲကိုသော်လည်း</h3> <p>ဒါကြောင့် ဒီအချက်ကလေးကို ကြည့်ပြီးတော့ နာမည်ကျော်ဖြစ်တဲ့ စလေဦးပုညကတော့ --- အိုးကွဲတဲ့ ထမနဲကိုသော်လည်း လှူတတ်က နိပ္ဖလ မဖြစ်ပါဘူးဆိုပြီးတော့ သူက ဒီလို မေတ္တာစာတစ်ခုမှာ ရေးထားတယ်။ <b>အိုးကွဲတဲ့ ထမနဲကိုပင် လှူတတ်က နိပ္ဖလမဖြစ်ဘူး</b> ။ <b>နိပ္ဖလ</b> မဖြစ်ဘူးဆိုတာ အကျိုးမဲ့ မဖြစ်နိုင်ဘူးလို့ ဆိုလိုတယ်။ အိုးကွဲသွားတဲ့ ထမနဲကိုတောင် လှူတတ်လို့ရှိရင် အကျိုးရှိတယ်တဲ့။ ထုံးကလေးထောက်ပြထားတာကတော့ ဘုန်းကြီးတို့ ပုဂံခေတ်ကနဲ့ တူပါတယ်နော်။ ဒါယကာကြီးတစ်ဦးက ထမနဲ အိုးကြီး ကျိုနေရာကနေ ဖြုန်းကနဲ အိုးကြီး ကွဲသွားတယ်။ ထမနဲအိုးကြီး ကွဲသွားတဲ့ အချိန်အခါကျတော့မှ သူက ဘာလုပ်သလဲ? ကဲ ... ခွေးတွေ လာကြ လာကြ။ နင်တို့ကို ငါ လှူတယ်ဆိုပြီး လှူလိုက်တယ်။ အဲဒီလို လှူတတ်ခဲ့ရင် အကျိုးမရှိဘူးလား? အဲဒီလို လှူရင်တောင်မှ အကျိုးရှိတယ်လို့ ငါဘုရား ဟောတယ်။</p> <p><b>ကော ပန ဝါဒေါ မနုဿဘူတေ!</b></p> <p><b>မနုဿဘူတေ</b> = လူသားဖြစ်တဲ့ သတ္တဝါအပေါ်၌။ <b>ဒိန္နံ</b> = ပေးလှူအပ်တဲ့ အလှူဒါနသည်ကား။ <b>ကော ပန ဝါဒေါ</b> = အဘယ်ဆိုဖွယ်ရာ ရှိနိုင်ပါတော့အံ့နည်း။</p> <p>လူသားဖြစ်တဲ့ သတ္တဝါတစ်ဦးကို လှူမယ်ဆိုလို့ရှိရင်တော့ ဘာပြောဖွယ်ရာ ရှိတော့မလဲ? အကျိုးရှိသည်သာ ဖြစ်ပါတယ်နော်။ ငါဘုရားက ငါဘုရားကို လှူမှသာလျှင် အကျိုးရှိတယ်။ ငါဘုရားရှင်ရဲ့ တပည့်သာဝကတွေကို လှူမှသာလျှင် အကျိုးရှိတယ်။ တခြားပုဂ္ဂိုလ်တွေကို လှူခဲ့ရင် တခြား တပည့်သာဝကတွေကို လှူခဲ့ရင် အကျိုးမရှိဘူးလို့ ငါဘုရား မဟောပါဘူးတဲ့နော်။ တံစီးတွင်း တံစီးအိုင် ရွှံ့ညွန်တွင်းမှာရှိတဲ့ ပိုးလောက်သတ္တဝါလေး တွေကိုသော်လည်း ပန်းကန်ဆေးရေ, အိုးခွက်ဆေးရေကို လှူရင်တောင် အကျိုးရှိတယ်လို့သာ ငါဘုရား ဟောနေတယ်။ လူသားဖြစ်တဲ့ သတ္တဝါတွေကို လှူခဲ့မယ်ဆိုရင်တော့ ဘာပြောဖွယ်ရာ ရှိမလဲ? အကျိုးရှိသည်သာ ဖြစ်ပါတယ်နော်။ ဒါပေမယ့်လို့ ကန့်သတ်ချက်ကလေးကိုတော့ ဘုရားရှင်က ဟောကြားထားတော်မူခဲ့ပါတယ်။</p> <hr> <h3>သီလရှိတဲ့ အလှူခံပုဂ္ဂိုလ်</h3> <p><b>အပိ စာဟံ ဝစ္ဆ သီလဝတော ဒိန္နံ မဟပ္ဖလံ ဝဒါမိ၊ နော တထာ ဒုဿီလဿ၊</b></p> <p><b>ဝစ္ဆ</b> = ဝစ္ဆအနွယ်၌ဖြစ်သော ဒကာတော်ပရိဗိုဇ် ...။ <b>အပိ စ</b> = တကယ်စင်စစ်အားဖြင့်သော်ကား။ <b>အဟံ</b> = ငါဘုရားသည်။ <b>သီလဝတော</b> = သီလရှိတဲ့ ပုဂ္ဂိုလ်အား။ <b>ဒိန္နံ</b> = ပေးလှူအပ်တဲ့ အလှူဒါနကို။ <b>မဟပ္ဖလံ</b> = ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးရှိ၏ဟူ၍။ <b>ဝဒါမိ</b> = ဟောတော်မူ၏။ <b>ဒုဿီလဿ</b> = သီလမရှိတဲ့ပုဂ္ဂိုလ်အား။ <b>ဒိန္နံ</b> = ပေးလှူအပ်တဲ့ အလှူဒါနကို။ <b>တထာ</b> = ထိုသီလရှိတဲ့ပုဂ္ဂိုလ်အား ပေးလှူအပ်တဲ့ အလှူဒါနအတူ။ <b>မဟပ္ဖလံ</b> = ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးရှိ၏ဟူ၍။ <b>န ဝဒါမိ</b> = ဟောတော်မမူ။</p> <p>ဒါပေမယ့်လို့ သီလရှိတဲ့ပုဂ္ဂိုလ်ကို ပေးလှူခဲ့ရင်တော့ ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးရှိတယ်လို့ ငါဘုရား ဟောပါတယ်။ သီလမရှိတဲ့ ပုဂ္ဂိုလ်ကို ပေးလှူခဲ့ရင်တော့ ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးရှိတယ်လို့ ငါဘုရား မဟောဘူး။ <b>ဓမ္မာဓိဋ္ဌာန်</b> နည်းအားဖြင့် ဘုရားဟောတာနော်။</p> <p>သာသနာ့ဝန်ထမ်း ရှင်ရဟန်းဖြစ်ချင်လည်း ဖြစ်ပါစေ, သာသနာပပုဂ္ဂိုလ် ဖြစ်ချင်လည်း ဖြစ်ပါစေ။ သီလရှိနေခဲ့မယ်ဆိုရင်တော့ သီလရှိတဲ့ပုဂ္ဂိုလ်ကို လှူခဲ့ရင် သီလမရှိတဲ့ ပုဂ္ဂိုလ်ကို လှူတာထက်တော့ ပိုပြီးတော့ အကျိုးကြီးတယ်လို့သာ ငါဘုရား ဟောတာပါ။ ငါဘုရားရဲ့ တပည့်သာဝကကိုသာ လှူရမယ်။ ငါဘုရားကိုသာ လှူရမယ်။ တခြား တပည့်သာဝကတွေကို မလှူရဘူး။ တခြားပုဂ္ဂိုလ်တွေကို မလှူရဘူးလို့ ငါဘုရား ဒီလို ဟောတာ မဟုတ်ဘူး။ အကျိုးမရှိဘူးလို့ ဟောနေတာလည်း မဟုတ်ပါဘူးလို့ ဆိုလိုပါတယ်။ ဒါပေမယ့် ဒီသီလရှိတဲ့ ပုဂ္ဂိုလ်ဆိုတာက ဘယ်လောက်အထိ သီလရှိတာလဲဆိုတာကို ဘုရားရှင်က ဆက်ပြီးတော့ သတ်မှတ်ချက် ပေးတယ်နော်။</p> <hr> <h3>အင်္ဂါ (၅) ရပ်ကို ပယ်ပြီးသူ</h3> <p><b>သော စ ဟောတိ ပဉ္စင်္ဂဝိပ္ပဟီနော ပဉ္စင်္ဂသမန္နာဂတော။</b> (အံ၊၁၊၁၆၁။)</p> <p><b>သော စ</b> = ထိုသီလရှိတဲ့ပုဂ္ဂိုလ်သည်လည်းပဲ။ <b>ပဉ္စင်္ဂဝိပ္ပဟီနော</b> = အင်္ဂါ (၅)ပါးကို ပယ်ထားပြီးသည်။ <b>ဟောတိ</b> = ဖြစ်၏။ <b>ပဉ္စင်္ဂသမန္နာဂတော</b> = အင်္ဂါ (၅)တန်နှင့် ပြည့်စုံသည်။ <b>ဟောတိ</b> = ဖြစ်၏။</p> <p>အင်္ဂါ (၅)ပါးကို ပယ်ထားပြီး ဖြစ်ရမယ်။ အင်္ဂါ (၅)ချက်နဲ့ ပြည့်စုံပြီးလည်း ဖြစ်ရမယ်။ ဘာအင်္ဂါ (၅)ချက်ကို ပယ်ရလဲ?</p> <p><b>ကာမစ္ဆန္ဒော ပဟီနော ဟောတိ၊ ဗျာပါဒေါ ပဟီနော ဟောတိ၊ ထိနမိဒ္ဓံ ပဟီနံ ဟောတိ၊ ဥဒ္ဓစ္စကုက္ကုစ္စံ ပဟီနံ ဟောတိ၊ ဝိစိကိစ္ဆာ ပဟီနာ ဟောတိ။</b> (အံ၊၁၊၁၆၂။)</p> <p>နံပါတ် (၁) <b>ကာမစ္ဆန္ဒ</b> = သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့အပေါ်၌ လိုလားတပ်မက် တွယ်တာတပ်မက်နေတဲ့သဘောကို <b>ကာမစ္ဆန္ဒ</b> လို့ ခေါ်တယ်။ <b>ကာမစ္ဆန္ဒနီဝရဏ</b> ပဲ။ အဲဒီ <b>ကာမစ္ဆန္ဒနီဝရဏ</b> ကို ပယ်ထားပြီး ဖြစ်ရမယ်။ နံပါတ် (၁)။</p> <p>နံပါတ် (၂) <b>ဗျာပါဒ</b> = သတ္တဝါတွေကို သတ်ဖြတ်လိုတဲ့, ညှဉ်းပန်းနှိပ်စက် လိုတဲ့, ဖျက်ဆီးလိုတဲ့ စိတ်ထားကို <b>ဗျာပါဒ</b> လို့ ခေါ်တယ်။ ထို<b>ဗျာပါဒ</b>ကို ပယ်ထားပြီး ဖြစ်ရမယ်။ အလှူခံပုဂ္ဂိုလ်နော်။</p> <p>နံပါတ် (၃) <b>ထိန မိဒ္ဓ</b> = စိတ်စေတသိက်တွေက ထိုထို သမထ-ဝိပဿနာ ဘာဝနာစတဲ့ ကောင်းမှုကုသိုလ် လုပ်ငန်းရပ်တွေအပေါ်၌ တွန့်ဆုတ်နေတဲ့သဘော။</p> <p>ဒကာကြီးတွေ တရားအားထုတ်ပါလား? ကျောင်းလာတဲ့ အချိန်အခါမှာ တရားတစ်ချိန်လောက် ထိုင်လိုက်ပါလား? မတတ်နိုင်သေးဘူးဘုရား ... တပည့်တော်တို့က အလုပ်ကလေးက ရှိနေသေးတယ်။ ဘာလေးက ရှိနေသေးတယ်။ ညာလေးက ရှိနေသေးတယ်ဆိုပြီး ခပ်မြန်မြန် လစ်ပြေးတယ်နော်။ အဲဒီပုံစံမျိုးပဲ။ ဒါ စိတ်စေတသိက်တွေ ထိုင်းမှိုင်းနေတာ။ ကုသိုလ်ရေးလုပ်ငန်း, သမထ-ဝိပဿနာဘာဝနာလုပ်ငန်းရပ်တွေမှာ ထိုင်းမှိုင်းနေတယ်နော်။ အဲဒီလို စိတ်စေတသိက်တွေကို ထိုင်းမှိုင်းစေတတ်တဲ့ <b>ထိန-မိဒ္ဓ</b>တရား နှစ်ပါးကိုလည်း ပယ်ထားပြီး ဖြစ်ရမယ်။ နံပါတ် (၃)။</p> <p>နံပါတ် (၄)ကျတော့ -- <b>ဥဒ္ဓစ္စ</b>နဲ့ <b>ကုက္ကုစ္စ</b>ကို ပယ်ထားပြီး ဖြစ်ရမယ်။ <b>ဥဒ္ဓစ္စ</b>က စိတ်မငြိမ်မသက်ဘူး။ ဘာဝနာအာရုံတစ်ခုပေါ်မှာ စိတ်ချထားရင် စိတ်က ငြိမ်ပြီး ကပ်မနေဘဲနဲ့ စိတ်က ဟိုရောက် ဒီရောက်။ ဟိုပျံ့ ဒီပျံ့နဲ့ ပျံ့လွင့်နေတဲ့ သဘော။ <b>ကုက္ကုစ္စ</b>ဆိုတာကတော့ ပြုပြီးတဲ့ ဒုစရိုက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ပြုမိတာ မှားလေခြင်းဆိုပြီးတော့ နောင်တတစ်ဖန် ပူပန် နေတယ်။ မပြုမိတဲ့ သုစရိုက်တရားတွေ, ကောင်းမှုကုသိုလ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့လည်း မပြုမိတာ မှားလေခြင်းဆိုပြီးတော့ နောင်တတစ်ဖန် ပူပန်နေတဲ့သဘော။ အဲဒီ <b>ဥဒ္ဓစ္စ</b>နဲ့ <b>ကုက္ကုစ္စ</b> တရားနှစ်ပါးကိုလည်း ပယ်ထားပြီး ဖြစ်ရမယ်။</p> <p>နံပါတ် (၅)ကျတော့ -- <b>ဝိစိကိစ္ဆာ</b>။ <b>ဝိစိကိစ္ဆာ</b>ဆိုတာက သို့လော သို့လော တွေးတော ယုံမှားနေတဲ့ သဘောတရားတစ်ခုပဲ။ <b>သဗ္ဗညုတဉာဏ်</b>ကို ရတဲ့ ဘုရားစစ် ဘုရားမှန်ဆိုတာ ရှိမှ ရှိပါ့မလားလို့ သံသယရှိတယ်။ အဲဒီလို သံသယရှိတဲ့ ပုဂ္ဂိုလ်တွေ ခုခေတ်မှာလည်း မရှိဘူးလား? ရှိပါတယ်။ ဘုန်းကြီးတို့ တစ်ချိန်ကပေါ့ -- လွတ်လပ်ရေးမရခင် ဂျပန်ခေတ် မတိုင်ခင်လောက်ကနဲ့ တူပါတယ်။ မုံရွာက ဇောက်ထိုးအမည်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးက သတင်းစာထဲမှာ <b>သဗ္ဗညုတဉာဏ်</b>ဆိုတာ ရှိပါသလားဆိုပြီးတော့ သတင်းစာထဲက ထည့်ရေးလို့ တစ်ပြည်လုံး တော်တော်လေး သွက်သွက်ခါသွားတယ်နော်။</p> <p><b>သဗ္ဗညုတဉာဏ်</b>ရှိတဲ့ <b>သမ္မာသမ္ဗုဒ္ဓ</b>ဘုရားရှင်ဆိုတာ ဟုတ်မှ ဟုတ်ပါ့မလား, ရှိမှ ရှိပါ့မလားလို့ သံသယရှိတယ်။ <b>မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်</b>ဆိုတဲ့ တရားတွေ တကယ်ထင်ရှား ရှိမှ ရှိပါ့မလားလို့ သံသယရှိတယ်။ <b>မဂ် ဖိုလ် နိဗ္ဗာန်</b>ကို သိတော်မူ မြင်တော်မူတတ်တဲ့ <b>အရိယာသံဃာ</b>ဆိုတာ တကယ် ထင်ရှား ရှိမှ ရှိပါ့မလားလို့ သံသယရှိတယ်။ <b>သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်</b>တွေနဲ့ ပတ်သက်လို့လည်း သံသယရှိတယ်။ ဒီသီလကို ဖြည့်ကျင့်ရတာ ဘာအကျိုးရှိမှာလဲ။ ဒီသမာဓိတွေကို ခုခေတ်မှာ ထူထောင်လို့ ရမှ ရပါ့မလား? စားလိုက်တဲ့ အစာအာဟာရဓာတ်တွေက ဗီတာမင် အာဟာရဓာတ်တွေ လျော့နည်းနေတဲ့အတွက် ခန္ဓာကိုယ်တွေက ခန့်ကျန်းမှု မရှိတဲ့ အတွက် ခုခေတ်မှာ သမထ = သမာဓိကို ထူထောင်ရင် မဖြစ်နိုင်ဘူးလို့ သံသယ ရှိကြတယ်။ အဲဒါဟာ သမာဓိသိက္ခာမှာ သံသယရှိတာ မဟုတ်ဘူးလား? ဟုတ်တယ်။</p> <p>နောက်တစ်ခါ <b>ပညာသိက္ခာ</b>။ <b>ပညာကျင့်စဉ်</b>မှာလည်း သံသယရှိတယ်။ ဘယ်လိုလဲ? ပညာဆိုတာက ဘုန်းကြီးတို့ <b>မဟာသတိပဋ္ဌာနသုတ္တန်</b>မှာ မြတ်စွာဘုရား ကိုယ်တော်တိုင်က ဒီပညာဆိုတဲ့ စကားလုံးနဲ့ <b>သမ္မာဒိဋ္ဌိ</b>ဆိုတဲ့ စကားလုံး, ဉာဏ်ဆိုတဲ့ စကားလုံး၊ ဒီစကားလုံးတွေကို အဓိပ္ပာယ်တူ အသုံးပြုထား တော်မူပါတယ်။ ဒီ<b>သမ္မာဒိဋ္ဌိ</b>ကို <b>ဒုက္ခေ ဉာဏံ, ဒုက္ခသမုဒယေ ဉာဏံ, ဒုက္ခနိရောဓေ ဉာဏံ, ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ</b> (မ၊၁၊၈၈။)ဆိုပြီး (၄)ချက် ဟောထားတော်မူပါတယ်။ <b>ဒုက္ခသစ္စာ</b>ကို သိတဲ့ဉာဏ်သည် = <b>သမ္မာဒိဋ္ဌိ</b>, <b>သမုဒယသစ္စာ</b>ကို သိတဲ့ဉာဏ်သည် = <b>သမ္မာဒိဋ္ဌိ</b>, <b>နိရောဓသစ္စာ</b>ကို သိတဲ့ဉာဏ်သည် = <b>သမ္မာဒိဋ္ဌိ</b>, <b>မဂ္ဂသစ္စာ</b>ကို သိတဲ့ဉာဏ်သည် = <b>သမ္မာဒိဋ္ဌိ</b> ဖြစ်တယ်။ ဒီတော့ <b>ဒုက္ခသစ္စာ</b> အမည်ရနေတဲ့ တရားတွေက ဘာတွေလဲလို့ မေးတော့-</p> <p><b>သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ</b> (သံ၊၃၊၃၆၉။) = အကျဉ်းချုပ်အားဖြင့် <b>ဥပါဒါနက္ခန္ဓာ</b> (၅)ပါးသည် <b>ဒုက္ခသစ္စာ</b> ဖြစ်တယ်လို့ ဘုရားရှင်က ဟောကြားထားတော်မူတယ်။ အဲဒီတော့ <b>ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာ</b>ဟူသော <b>ဥပါဒါနက္ခန္ဓာ</b> ငါးပါးသည် ဘာသစ္စာလဲ? <b>ဒုက္ခသစ္စာ</b>။ ထို<b>ဒုက္ခသစ္စာ</b>ထဲက <b>ဥပါဒါနက္ခန္ဓာ</b> (၅)ပါးမှာ <b>ရူပုပါဒါနက္ခန္ဓာ</b> ဆိုတာက ဘာပြောတာလဲ? ဘုရားရှင်ကိုယ်တော်တိုင် ဟို <b>ခန္ဓဝဂ္ဂသံယုတ် ပါဠိတော် ခန္ဓသုတ္တန်</b> မှာ အတိအကျ ရှင်းထားတယ်နော်။</p> <p><b>ကတမေ စ ဘိက္ခဝေ ပဉ္စုပါဒါနက္ခန္ဓာ? ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ။ ပ ။ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော။ ယာ ကာစိ ဝေဒနာ။ ပ ။ ယာ ဒူရေ သန္တိကေ ဝါ သာသဝါ ဥပါဒါနိယာ၊ အယံ ဝုစ္စတိ ဝေဒနုပါဒါနက္ခန္ဓော။ ယာ ကာစိ သညာ။ ပ ။ ယာ ဒူရေ သန္တိကေ ဝါ သာသဝါ ဥပါဒါနိယာ၊ အယံ ဝုစ္စတိ သညုပါဒါနက္ခန္ဓော။ ယေ ကေစိ သင်္ခါရာ။ ပ ။ သာသဝါ ဥပါဒါနိယာ၊ အယံ ဝုစ္စတိ သင်္ခါရုပါဒါနက္ခန္ဓော။ ယံ ကိဉ္စိ ဝိညာဏံ အတီတာနာဂတပစ္စုပ္ပန္နံ။ ပ ။ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ဝိညာဏုပါဒါနက္ခန္ဓော။ ဣမေ ဝုစ္စန္တိ ဘိက္ခဝေ ပဉ္စုပါဒါနက္ခန္ဓာတိ။</b> (သံ၊၂၊၃၉။)</p> <p>အတိတ်ရုပ်တရား, ပစ္စုပ္ပန်ရုပ်တရား, အနာဂတ်ရုပ်တရား, အဇ္ဈတ္တရုပ်တရား, ဗဟိဒ္ဓရုပ်တရား, ဩဠာရိကခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ရုပ်တရား, သုခုမခေါ်တဲ့ သိမ်မွေ့နူးညံ့တဲ့ ရုပ်တရား, ဟီနခေါ်တဲ့ ယုတ်ညံ့တဲ့ ရုပ်တရား, ပဏီတခေါ်တဲ့ မွန်မြတ်တဲ့ ရုပ်တရား, ဒူရခေါ်တဲ့ အသိဉာဏ်နဲ့ ဝေးတဲ့ ရုပ်တရား, သန္တိကခေါ်တဲ့ အသိဉာဏ်နဲ့ နီးတဲ့ရုပ်တရား။ ပေါင်းတော့ (၁၁)မျိုး။ ထို (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ရုပ်တရား အစုအပုံသည် သာသဝ = အာသဝေါတရားတို့ရဲ့ အာရုံယူရာ (၃၁)ဘုံနယ်မြေအတွင်းမှာ တည်ရှိခဲ့မယ်ဆိုရင်ပေါ့။ ထိုက်သလိုပေါ့နော်။ နောက် တဏှာ ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဟာလို့ စွဲလမ်းယူရာဖြစ်ခဲ့ရင် အဲဒီ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ သာသဝ ဥပါဒါနိယဖြစ်နေတဲ့ ရုပ်တရား အစုအပုံကို ရူပုပါဒါနက္ခန္ဓာလို့ ခေါ်တယ်ဆိုပြီး ရှင်းထားတော်မူတယ်။ (သံ၊၂၊၃၉၊၊)</p> <p>ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာတွေကိုလည်း ပုံစံတူပဲ ရှင်းထားတယ်နော်။ ဒါကြောင့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ အာသဝေါတရားတို့ရဲ့ အာရုံယူရာ နယ်မြေအတွင်းမှာ တည်ရှိနေတဲ့ တဏှာ ဒိဋ္ဌိတို့ဖြင့် ငါ ငါ့ဟာလို့ လှမ်းစွဲယူရာဖြစ်တဲ့ ခန္ဓာ (၅)ပါးသည် ဘာသစ္စာလဲ? ဒုက္ခသစ္စာ။ အဲဒီ ဒုက္ခသစ္စာတရားကို သိအောင် ကျင့်တဲ့ ကျင့်စဉ်ကို ပညာသိက္ခာ = ပညာကျင့်စဉ်လို့ ခေါ်ပါတယ်။</p> <p>အဲဒီ ကျင့်စဉ်တွေ လုပ်ငန်းရပ်ပေါ်မှာလည်း သံသယရှိတယ်။ ဘယ်လို သံသယရှိလဲ? ဒီရုပ်ကလာပ်ကလေးတွေ ဘယ်လိုမှ ရှုလို့ မရနိုင်ဘူး။ ဒီရုပ်တရားတွေ ဘယ်လိုမှ ရှုလို့ မရနိုင်ဘူး။ ဒီနာမ်တရားတွေ ဘယ်လိုမှ ရှုလို့ မရနိုင်ဘူးလို့ ဒီနေ့ခေတ်က မပြောဘူးလား? ပြောနေကြတယ်။ သံသယရှိလို့ ပြောတာလား? မရှိလို့ ပြောတာလား? သံသယရှိနေတယ်။ ဘုရားဟော ပညာသိက္ခာကျင့်စဉ်အပေါ်မှာလည်း သံသယရှိတယ်။</p> <p>နောက်တစ်ခု -- ဘုန်းကြီးတို့ ဒုက္ခသမုဒယေ ဉာဏံအရ ဘုရားရှင်က တဏှာကို သမုဒယသစ္စာလို့ ပဓာနနည်းအားဖြင့် ဝိဘင်းပါဠိတော်မှာ ဟောထားတယ်။ ပထမနည်းမှာ တဏှာကို သမုဒယသစ္စာလို့ ဟောတယ်။ ဒုတိယ နည်းမှာ ကိလေသာ (၁၀)ပါးကို သမုဒယသစ္စာလို့ ဟောတယ်။ တတိယနည်း မှာ အကုသိုလ်တရား အားလုံးကို သမုဒယသစ္စာလို့ ဟောတယ်။ စတုတ္ထနည်း ကျတော့ အကုသိုလ်တရားအားလုံးနှင့် ဝဋ္ဋနိဿိတဖြစ်တဲ့ အလောဘ, အဒေါသ, အမောဟ ကုသလမူလတရား (၃)ပါးကို သမုဒယသစ္စာလို့ ဟောတယ်။ ပဉ္စမနည်းကျတော့ ကုသိုလ်ကံ, အကုသိုလ်ကံမှန်သမျှကို သမုဒယသစ္စာလို့ ဟောလိုက်တယ်။ အဲဒီ ပဉ္စမနည်းကတော့ အကြွင်းအကျန်မရှိ ကုန်စင်အောင် သမုဒယသစ္စာကို ဟောတဲ့နည်းပဲ။ ဒါက အဘိဓမ္မာနည်းနော်။ (အဘိ၊၂၊၁၁၂-၁၁၅။ အဘိ၊ဋ္ဌ၊၂၊၁၈၅။)</p> <p>သုတ္တန်နည်းအရကတော့ မြတ်စွာဘုရားက ဟို တိတ္ထာယတနသုတ္တန် (အံ၊၁၊၁၇၈။)မှာ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံ၊ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပုံ စသည်ဖြင့် ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို သိတဲ့ဉာဏ်ကို သမုဒယသစ္စာဆိုပြီး ဟောထား တော်မူတယ်။ ထိုသမုဒယသစ္စာအမည်ရတဲ့ တရားတွေကို ဟုတ်တိုင်းမှန်စွာ သိတဲ့ဉာဏ် ရရှိအောင် ကျင့်နေတဲ့ ကျင့်စဉ်ကို ပညာကျင့်စဉ်၊ ပညာသိက္ခာလို့ပဲ ခေါ်တယ်။</p> <p>အဲဒီ သမုဒယသစ္စာကို သိရေးမှာ အတိတ်အကြောင်းတရားကြောင့် ပစ္စုပ္ပန်အကျိုးတရားဖြစ်ပုံ၊ ပစ္စုပ္ပန်အကြောင်းတရားကြောင့် အနာဂတ် အကျိုးတရားဖြစ်ပုံဆိုတဲ့ ကြောင်း-ကျိုးဆက် ပဋိစ္စသမုပ္ပါဒ် ကွင်းဆက်တွေပါ ပါဝင်နေတယ်။ ဒီနေ့ ခေတ်မှာကတော့ အဲဒီ အတိတ်, အနာဂတ်ဟာ ဘယ်လိုမှ ရှုလို့ မရပါဘူး။ ဝိပဿနာနဲ့ ဘာမှ မဆိုင်ဘူးလို့ ပြောနေတော့ ဒီပညာ ကျင့်စဉ်ကိုလည်း သံသယရှိတာ မဟုတ်ဘူးလား? ရှိနေတယ်နော်။</p> <p>ဒါကြောင့် အဲဒီလို သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ် အပေါ်၌ သံသယရှိနေတဲ့တရားကို ဘာလို့ခေါ်လဲ? ဝိစိကိစ္ဆာ။ အဲဒီ ဝိစိကိစ္ဆာကို ပယ်ထားပြီး ဖြစ်ရမယ်။ ပေါင်းလိုက်တော့ နီဝရဏတရား (၅)ပါးပဲနော်။ နီဝရဏတရား (၅)ပါးကို ပယ်ထားတာကို အင်္ဂါ (၅)ရပ် ပယ်ထားပြီး ဖြစ်တယ်လို့ သတ်မှတ်ထားတယ်။ နီဝရဏတရား (၅)ပါးလို့ ခေါ်ဆိုအပ်တဲ့ ခေါင်းဆောင်ကြီး (၅)ခုကို ပယ်လိုက်ရင် နောက်လိုက်တွေ အားလုံး ကုန်သွားတယ်။ အကုသိုလ်တရားအားလုံး ကုန်သွားပြီနော်။ ဒါ ပယ်ရမယ့် အင်္ဂါ (၅)ချက်။ ပြည့်စုံရမယ့် အင်္ဂါ (၅)ချက်ကိုလည်း မြတ်စွာဘုရားက ဆက်ဟောတော်မူပါတယ်။ ဘာတွေလဲ?</p> <h3>အင်္ဂါ (၅) ရပ်နှင့် ပြည့်စုံသူ</h3> <p><b>အသေက္ခေန သီလက္ခန္ဓေန သမန္နာဂတော ဟောတိ</b>၊ <b>အသေက္ခေန သမာဓိက္ခန္ဓေန သမန္နာဂတော ဟောတိ</b>၊ <b>အသေက္ခေန ပညာက္ခန္ဓေန သမန္နာဂတော ဟောတိ</b>၊ <b>အသေက္ခေန ဝိမုတ္တိက္ခန္ဓေန သမန္နာဂတော ဟောတိ</b>၊ <b>အသေက္ခေန ဝိမုတ္တိဉာဏဒဿနက္ခန္ဓေန သမန္နာဂတော ဟောတိ</b>၊ <b>ဣမေဟိ ပဉ္စဟိ အင်္ဂေဟိ သမန္နာဂတော ဟောတိ</b>။</p> <p>ရဟန္တာပုဂ္ဂိုလ်တို့ရဲ့ သီလဂုဏ်ကျေးဇူး, သမာဓိဂုဏ်ကျေးဇူး, ပညာဂုဏ်ကျေးဇူး, ဝိမုတ္တိဆိုတဲ့ ကိလေသာတို့မှ လွတ်မြောက်သွားတဲ့ အရဟတ္တဖိုလ်ဂုဏ်ကျေးဇူး, ဝိမုတ္တိဉာဏဒဿနဆိုတဲ့ ကိလေသာတို့မှ လွတ်မြောက်တဲ့ ဝိမုတ္တိ အရဟတ္တဖိုလ်ကို တစ်ဖန်ပြန်ပြီး ဆင်ခြင်နေတဲ့ ပစ္စဝေက္ခဏာဉာဏ် ဂုဏ်ကျေးဇူးတွေ၊ အဲဒီ ဂုဏ်ကျေးဇူး (၅)မျိုးနဲ့ ပြည့်စုံရမယ်လို့ ဒီလို သတ်မှတ်ချက် ရှိတယ်။ ဒါကတော့ ဘုန်းကြီးတို့ အလှူခံဘက်က သတ်မှတ်ပေးတဲ့ အင်္ဂါရပ်ပဲနော်။</p> <p>တစ်ခါ ဒီအလှူခံဘက်က ဒီအင်္ဂါ (၅)ရပ် ပြည့်စုံသလို အလှူပေးတဲ့ ပုဂ္ဂိုလ်ဘက်ကလည်း သတ်မှတ်ပေးတဲ့ အင်္ဂါရပ်ကလေးတွေနှင့် ပြည့်စုံမယ် ဆိုရင်တော့ သိပ်ကောင်းတယ်၊ တိုင်းထက်အလွန် တံခွန်နှင့်ဘုရား ဖြစ်တယ်။ ဟို ဒက္ခိဏဝိဘင်္ဂသုတ္တန်မှာ --- ဘုရားရှင်က ဒီလို ဟောကြားထားတော်မူတယ်။</p> <h3>ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးရှိတဲ့ အလှူဒါန</h3> <p><b>ယော သီလဝါ သီလဝန္တေသု ဒဒါတိ ဒါနံ</b>၊</p> <p><b>ဓမ္မေန လဒ္ဓံ သုပသန္နစိတ္တော</b>။</p> <p><b>အဘိသဒ္ဒဟံ ကမ္မဖလံ ဥဠာရံ</b>၊</p> <p><b>တံ ဝေ ဒါနံ ဝိပုလပ္ဖလန္တိ ဗြူမိ</b>။ (မ၊၃၊၃၀၀။)</p> <p><b>ယော သီလဝါ</b> = အကြင် သီလရှိတဲ့ အလှူပေးတဲ့ပုဂ္ဂိုလ်သည်။ <b>ဓမ္မေန လဒ္ဓံ</b> = တရားသောနည်းလမ်းဖြင့် ရှာဖွေသဖြင့် ရရှိအပ်တဲ့ လှူဖွယ်ဝတ္ထု ပစ္စည်းစုကို။ <b>သုပသန္နစိတ္တော</b> = အလွန် ကြည်လင်သော စိတ်ထားရှိသည် ဖြစ်၍။ <b>ဥဠာရံ</b> = ပြန့်ပြောကြီးကျယ် မြင့်မြတ်လှစွာသော။ <b>ကမ္မဖလံ</b> = ကံ-ကံ၏အကျိုးတရားကို။ <b>အဘိသဒ္ဒဟံ အဘိသဒ္ဒဟန္တော</b> = အလွန် သက်ဝင် ယုံကြည်သည်ဖြစ်၍။ <b>သီလဝန္တေသု</b> = သီလရှိတဲ့ အလှူခံပုဂ္ဂိုလ်တို့၌။ <b>ဒါနံ</b> = အလှူဒါနကို။ <b>ဒဒါတိ</b> = ပေးလှူ၏။ <b>တံ ဒါနံ</b> = ထိုအလှူဒါနမျိုးကို။ <b>ဝေ</b> = စင်စစ်ဧကန် အမှန်အားဖြင့်။ <b>ဝိပုလပ္ဖလန္တိ</b> = ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးရှိ၏ဟူ၍။ <b>အဟံ</b> = ငါဘုရားသည်။ <b>ဗြူမိ</b> = <b>ဝဒါမိ</b> = ဟောတော်မူ၏။</p> <p>အဲဒီလို ဒါနမျိုးကို ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးရှိတဲ့ ဒါနလို့ ငါဘုရား ဟောကြားတော်မူပါတယ်တဲ့။ အလှူခံဘက်က သီလရှိတဲ့ အလှူခံ ဖြစ်တယ်။ သီလရှိတဲ့အထဲမှာ ရဟန္တာပုဂ္ဂိုလ်တို့ရဲ့ ခုနက ပြောခဲ့တဲ့ သီလသည် အသာဆုံး အမြတ်ဆုံးပဲ။ အလှူပေးတဲ့ ပုဂ္ဂိုလ်ဘက်ကလည်း ---</p> <p>နံပါတ် (၁) သီလရှိခြင်း။</p> <p>နံပါတ် (၂) တရားသောနည်းလမ်းဖြင့် ရှာဖွေရရှိတဲ့ လှူဖွယ်ဝတ္ထု ပစ္စည်းစုဖြစ်ခြင်း။</p> <p>နံပါတ် (၃) လှူဒါန်းနေတဲ့အချိန်, မလှူမီအချိန်, လှူပြီးတဲ့အချိန် အချိန် သုံးခုလုံးမှာ ကြည်လင်တဲ့စိတ်ထားရှိခြင်း။</p> <p>နံပါတ် (၄) ပြန့်ပြောကြီးကျယ် များမြတ်တဲ့ ကံ-ကံ၏အကျိုးကို သက်ဝင် ယုံကြည်တဲ့ သဒ္ဓါတရားရှိခြင်း။</p> <p>ဒီသဒ္ဓါတရားကတော့ ကံ-ကံ၏အကျိုးတရားကို တတ်သိနားလည်နေတဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ် ပြဓာန်းလျက်ရှိတဲ့ သမ္မာဒိဋ္ဌိဉာဏ် ရှေ့သွား ရှိနေတဲ့ သဒ္ဓါတရားပဲနော်။ ပေါင်းလိုက်တော့ အလှူပေးတဲ့ ပုဂ္ဂိုလ်ဘက်မှာ ပြည့်စုံရမယ့် အင်္ဂါ ဘယ်နှစ်ချက်လဲ? (၄)ချက်။</p> <p>အလှူခံတဲ့ ပုဂ္ဂိုလ်ဘက်က သီလရှိခြင်း။ ထိုသီလသည် ခုနက ပြောခဲ့တဲ့ ရဟန္တာပုဂ္ဂိုလ်တို့သန္တာန်မှာ တည်ရှိနေတဲ့ အင်္ဂါ (၅)ရပ်နဲ့ ပြည့်စုံနေတဲ့ သီလမျိုး ဖြစ်ရင်တော့ သိပ်ကောင်းတယ်နော်။ အဲဒီ အင်္ဂါရပ်တွေ စုံညီခဲ့ရင် ကြီးကျယ် ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ရှိတယ်။ ဘယ်လို ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ရှိပါသလဲလို့ မေးရင်တော့ ---</p> <h3>ဦးတည်ချက် အမျိုးမျိုး</h3> <p>ဘုရားရှင်က ဒါနူပပတ္တိသုတ္တန် (အံ၊၃၊ရဝ-၇၂။)များမှာ ဟောထားတော်မူပါတယ်။ ပုဂ္ဂိုလ်တစ်ဦးက ခုလို ကျောင်းအစရှိတဲ့, သင်္ကန်းအစရှိတဲ့, ဆွမ်း အစရှိတဲ့ လှူဖွယ်ဝတ္ထု ပစ္စည်းစုတွေကို ပေးလှူတဲ့ အချိန်အခါမှာ သူက ခတ္တိယမဟာသာလလို့ခေါ်တဲ့ မင်းသူဌေးသူကြွယ်တွေ, ဗြာဟ္မဏမဟာသာလခေါ်တဲ့ ပုဏ္ဏားသူဌေးသူကြွယ်တွေ, ဂဟပတိမဟာသာလခေါ်တဲ့ ဂဟပတိသူဌေးသူကြွယ်တွေကို သူက မြင်ဖူးတယ်။ မြင်ဖူးတဲ့အတွက်ကြောင့် ငါလည်းပဲ ဒီကောင်းမှုကုသိုလ်ကြောင့် တစ်ချိန်မှာ မင်းသူဌေး, ပုဏ္ဏားသူဌေး, ဂဟပတိသူဌေးသူကြွယ် တစ်ဦးဦး ဖြစ်ရရင် ကောင်းမှာပဲဆိုတဲ့ စိတ်ထားကလေးပေါ်နေတယ်နော်။ ဒီနေ့ အလှူရှင်များမှာ ဘယ်လိုစိတ်ထားပေါ်မယ်ဆိုတာတော့ မပြောတတ်ဘူးပေါ့နော်။ အဲဒီလို စိတ်ထားပေါ်နေတဲ့အတွက် သူက ဘာလုပ်သလဲ?</p> <p><b>သော တံ စိတ္တံ ဒဟတိ၊ တံ စိတ္တံ အဓိဋ္ဌာတိ၊ တံ စိတ္တံ ဘာဝေတိ</b>။ (အံ၊၃၊၇၁။)</p> <p><b>သော</b> = ထိုအလှူရှင်သည်။ <b>တံ စိတ္တံ</b> = ထိုသူဌေးဖြစ်ချင်တဲ့ စိတ်ထားကို။ <b>ဒဟတိ</b> = ထား၏။ <b>တံ စိတ္တံ</b> = ထိုသူဌေးဖြစ်ချင်တဲ့ စိတ်ထားကို။ <b>အဓိဋ္ဌာတိ</b> = အဓိဋ္ဌာန်၏။ <b>တံ စိတ္တံ</b> = ထိုသူဌေးဖြစ်ချင်တဲ့ စိတ်ထားကို။ <b>ဘာဝေတိ</b> = ဖြစ်စေ၏၊ ပွားများ၏။</p> <p>မင်းသူဌေး, ပုဏ္ဏားသူဌေး, ဂဟပတိသူဌေးခေါ်တဲ့ သူဌေးဖြစ်ချင်တဲ့ စိတ်ထားကလေးကို ထားတယ်။ သူဌေးဖြစ်ချင်တဲ့ စိတ်ထားကို ဆောက်တည် ထားတယ်။ ဆောက်တည်တယ်ဆိုတာကတော့ ဒီနေ့ ခေတ်အပြောနဲ့ ပြောရင်တော့ ဆုတောင်းတယ်ပေါ့နော်။ အဲဒီ သူဌေးဖြစ်ချင်တဲ့ စိတ်ထားကို တိုးအောင်, ပွားအောင်, များအောင် ပြုလုပ်နေတယ်။ ပြုလုပ်တဲ့အတွက် ဘာဖြစ်လဲ?</p> <p><b>တဿ တံ စိတ္တံ ဟီနေ ဝိမုတ္တံ ဥတ္တရိ အဘာဝိတံ တတြူပပတ္တိယာ သံဝတ္တတိ</b>။ (အံ၊၃၊၇၁။)</p> <p><b>တဿ</b> = ထိုအလှူရှင်၏။ <b>ဟီနေ ဝိမုတ္တံ</b> = ယုတ်ညံ့တဲ့ဘုံဘဝ၌ ညွတ်ကိုင်းရှိုင်းလျက်ရှိတဲ့။ <b>တံ စိတ္တံ</b> = ထိုစိတ်ထားသည်။ <b>တတြူပပတ္တိယာ</b> = ထိုထို မိမိညွတ်ကိုင်းရှိုင်းနေတဲ့ ထိုထို ဘုံဘဝ၌ ဖြစ်ခြင်းငှာ။ <b>သံဝတ္တတိ</b> = ဖြစ်ပေ၏။</p> <p>အထက်အထက် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ပွားများအားထုတ်မယ် ဆိုရင်တော့ ဒါက မွန်မြတ်တဲ့ လုပ်ငန်းပဲ၊ မွန်မြတ်တဲ့ ဦးတည်ချက်ပဲ။ ဒါပေမယ့် ခုလို မင်းသူဌေးဘဝ, ပုဏ္ဏားသူဌေးဘဝ, ဂဟပတိသူဌေးဘဝခေါ်တဲ့ သူဌေးဘဝတစ်ခုခုကို ညွတ်ကိုင်းရှိုင်းနေတဲ့ စိတ်ထားကိုတော့ <b>ဟီနေ ဝိမုတ္တ</b> = ယုတ်ညံ့တဲ့ ဘုံဘဝမှာ ညွတ်ကိုင်းရှိုင်းတယ်လို့ ဒီလို ဘုရားရှင်ကဟောတော်မူပါတယ်။</p> <p>ဘာကြောင့် ယုတ်ညံ့တယ်လို့ ပြောရလဲ? လူ့ဘဝ၊ ဒကာကြီးတွေ ဓာတ်ခွဲကြည့်စမ်း၊ ခု ဒကာကြီးတွေ ထိုင်နေတဲ့ ခန္ဓာအိမ်ကိုပဲ ဓာတ်ခွဲကြည့်စမ်း၊ ဆံပင်ရှိတယ်, မွေးညင်းရှိတယ်, ခြေသည်း-လက်သည်း, သွား, အရေ, အသား, အကြော, အရိုးစတဲ့ (၃၂)ကောဋ္ဌာသ အစုအပုံတွေ မရှိဘူးလား? ရှိတယ်။ လူ့ဘဝကို လိုလားတောင့်တရင် ဒီ (၃၂)ကောဋ္ဌာသကို လိုလား တောင့်တတာနဲ့ မတူဘူးလား? အဲဒီ (၃၂)ကောဋ္ဌာသထဲမှာ ချေးထုပ်ကြီးလည်း မပါဘူးလား? အဲဒီ ချေးထုပ်ကြီးရပါစေလို့ တောင့်တနေတာနဲ့ မတူဘူးလား? အတူတူပါပဲ။ အဲဒီ ချေးထုပ်ကြီးတွေကို လိုချင်ပါတယ်ဆိုတဲ့ စိတ်ထားသည် ယုတ်ညံ့သလား? မြင့်မြတ်သလား? ယုတ်ညံ့တယ်။</p> <p>နောက်တစ်ခု --- ဒီလူ့ဘဝကို ကြည့်ဦး၊ အိုခြင်းတရား ကင်းသလား? မကင်းဘူး၊ နာခြင်းတရား မကင်းဘူး၊ သေခြင်းတရား မကင်းဘူး။ စိုးရိမ်ရမှု, ပူဆွေးရမှု, ငိုကြွေးရမှု, ကိုယ်ဆင်းရဲရမှု, စိတ်ဆင်းရဲရမှု, ပြင်းစွာပူပန်ရမှုှုဆိုတဲ့ ဒုက္ခတွေ ကင်းသလား? မကင်းဘူး။ ဒါကြောင့် လူ့ဘဝကို လိုလားတောင့်တရင် လူ့ဘဝမှာ အိုရပါလို၏, နာရပါလို၏, သေရပါလို၏, စိုးရိမ်ရပါလို၏, ပူဆွေးရပါလို၏, ငိုကြွေးရပါလို၏ စသည်ဖြင့် ဆုတောင်းနေတာနဲ့ မတူဘူးလား? အတူတူပါပဲ။</p> <h3>လူ့ဘဝ - နတ်ဘဝ - ဗြဟ္မာဘဝသို့ ဦးတည်ချက်</h3> <p>အလားတူပဲ --- နောက်တစ်ခု နတ်ဘဝကို လိုလားတောင့်တတယ်။နောက်တစ်ခု ဗြဟ္မာဘဝကို လိုလားတောင့်တပြီးတော့ ကောင်းမှုကုသိုလ်တွေပြုတယ်နော်။ အဲဒီတော့ ရုပ်တရား အစုအပုံ, နာမ်တရား အစုအပုံ, ရုပ်နာမ်အစုအပုံ ဒုက္ခသစ္စာတရားတွေပဲလို့ မသိဘဲ လူလို့, နတ်လို့, ဗြဟ္မာလို့ အသိမှားနေတဲ့ သဘောက အဝိဇ္ဇာ။ ထို လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာဘဝကို လိုလားတောင့်တနေတဲ့ သဘောလေးက တဏှာ။ လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာဘဝကို စိတ်ကပ်ပြီး စွဲနေတဲ့သဘောက ဥပါဒါန်။ ထို အဝိဇ္ဇာ, တဏှာ, ဥပါဒါန် ခြံရံပြီးတော့ ဒါနစတဲ့ ကောင်းမှုကုသိုလ်တွေကို ပြုတယ်။ သင်္ကန်းလှူတယ်၊ ဆွမ်းလှူတယ်၊ ကျောင်းလှူတယ်၊ ကောင်းမှုကုသိုလ်တွေကို ပြုကြတယ်။ အဲဒီ ပြုတဲ့ အချိန်အခါမှာ ဖြစ်ပေါ်နေတဲ့ ကုသိုလ်စိတ်စေတနာတွေက သင်္ခါရ။ ထိုသင်္ခါရတရားတွေသည် အနိစ္စတရားဖြစ်ခြင်းကြောင့် ဖြစ်ပြီးတာနဲ့ ပျက်သွား တယ်။ ပျက်သွားပေမယ့်လို့ ဒီရုပ်နာမ်အစဉ်မှာ နောင်တစ်ချိန်မှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ဖြင့် တောင့်တထားသည့်အတိုင်း အနာဂတ်ခန္ဓာငါးပါး ဆိုတဲ့ အကျိုးကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိကလေးကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံပြီးမှသာလျှင် သူက ချုပ်ပျက်သွားတယ်။ အဲဒီ စွမ်းအင်ကမ္မသတ္တိကလေးကိုတော့ ကံလို့ ခေါ်ပါတယ်နော်။</p> <p>ပေါင်းလိုက်တော့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ -- အကြောင်းတရား (၅)ခု ဖြစ်ကြတယ်။ ဒီအကြောင်းတရား (၅)ခု စုံညီပြီးတော့ ကောင်းမှု ကုသိုလ်တစ်ခုကို ပြုတဲ့အခါမှာ ဒီလို အကြောင်းတရား (၅)ခု စုံညီသွားတဲ့ အတွက် ထိုကံက ရင့်ကျက်ခဲ့သော် မိမိတို့ လိုလားတောင့်တနေတဲ့ လူ့ဘဝ, မိမိတို့ လိုလားတောင့်တနေတဲ့ နတ်ဘဝ, မိမိတို့ လိုလားတောင့်တနေတဲ့ ဗြဟ္မာဘဝကို ဒီကံက ရောက်အောင် ပို့ပေးမယ်။ သို့သော် ဗြဟ္မာ့ပြည်ကိုတော့ ဒီဒါနက တိုက်ရိုက် မပို့နိုင်ဘူးနော်။ ဒါနကောင်းမှုကုသိုလ်ပြုပြီးတဲ့ အချိန်အခါမှာ စိတ်ထားတွေကို နူးညံ့ပျော့ပျောင်းလာလို့ရှိရင် ဗြဟ္မာ့ပြည် ရောက်ကြောင်းဖြစ်တဲ့ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာလို့ ခေါ်ဆိုအပ်တဲ့ ဗြဟ္မစိုရ်တရား အစရှိတဲ့ စျာန်ရနိုင်တဲ့ ဘာဝနာတွေကို တစ်ဆင့်တက်ပြီး စျာန်ရအောင် ကြိုးစားအားထုတ်ရတယ်နော်။ အဲဒီလို ကြိုးစားအားထုတ်ခဲ့သော် ထိုစျာန်အားလျော်စွာ ဗြဟ္မာ့ပြည်ကို ရောက်မယ်လို့ ဆိုလိုပါတယ်။ (အံ၊ဋ္ဌ၊၃၊၂၃၀။) သို့သော် ဒီဗြဟ္မာ့ပြည်ကိုရောက်တဲ့ ပုဂ္ဂိုလ်တွေမှာလည်း ဗြဟ္မာ့ပြည်ကို လိုလားတောင့်တနေတဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တွေ ခြံရံမှု ရှိနေရမယ်။</p> <p>အဲဒီလို အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေက စုံညီသွားလို့ရှိရင် မိမိတို့ လိုလားတောင့်တနေတဲ့ လူ, နတ်, ဗြဟ္မာဆိုတဲ့ ဒီဘဝတွေကို ရရှိမှာဖြစ်တော့ အဲဒီ လူ, နတ်, ဗြဟ္မာတွေကို လှမ်းပြီး ကြည့်လိုက်လို့ရှိရင် အို-နာ-သေရေး ဒုက္ခဘေး ကင်းတဲ့ဘဝ ဟုတ်သလား? မဟုတ်ဘူး။ ဒါကြောင့် ဒီလူ့ဘဝကို တောင့်တမှု, နတ်ဘဝကို တောင့်တမှု, ဗြဟ္မာဘဝကို တောင့်တမှုကိုတော့ ဘုရားရှင်က <b>ဟီနေ ဝိမုတ္တ</b> = ယုတ်ညံ့တဲ့ ဘုံဘဝတွေမှာ တောင့်တနေတဲ့ စိတ်ထား၊ <b>ဥတ္တရိ အဘာဝိတ</b> = အထက်မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရရန် ပွားများအားထုတ်မှု မရှိတဲ့စိတ်ထား ဆိုပြီးတော့ ဘုရားရှင်က ဒီလို သတ်မှတ်ပြီး ဟောတော်မူပါတယ်။</p> <p>ဒါပေမယ့်လို့ အဲဒီလို တောင့်တတဲ့ အချိန်အခါမှာ တောင့်တတဲ့အတိုင်း အကုန်လုံး ပြည့်ရောလားလို့ မေးတော့ ---</p> <h3>သီလရှိသူအတွက်သာ</h3> <p><b>တဉ္စ ခေါ သီလဝတော ဝဒါမိ နော ဒုဿီလဿ</b>။ (အံ၊၃၊၇၁။)</p> <p><b>တဉ္စ ခေါ</b> = ထိုသို့ ပြည့်စုံခြင်းသည်လည်းပဲ။ <b>သီလဝတော</b> = သီလရှိတဲ့ ပုဂ္ဂိုလ်အား။ <b>အဟံ</b> = ငါဘုရားသည်။ <b>ဝဒါမိ</b> = ဟောတော်မူ၏။ <b>ဒုဿီလဿ</b> = သီလမရှိတဲ့ပုဂ္ဂိုလ်အား။ <b>နော ဝဒါမိ</b> = ဟောတော်မမူ။</p> <p>သီလရှိတဲ့ပုဂ္ဂိုလ်သာ ဒီတောင့်တမှုတွေ ပြည့်စုံနိုင်တယ်။ လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာဘဝ ရနိုင်တယ်။ ရောက်နိုင်တယ်လို့ ငါဘုရား ဟောပါတယ်။ သီလမရှိတဲ့ပုဂ္ဂိုလ် ရောက်နိုင်တယ်လို့ ဟောသလား? မဟောဘူး။ ဘာဖြစ်လို့လဲ?</p> <p><b>ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ</b>။ (အံ၊၃၊၇၁၊၊)</p> <p><b>ဘိက္ခဝေ</b> = ချစ်သားရဟန်းတို့ ...။ <b>သီလဝတော</b> = သီလရှိတဲ့ ပုဂ္ဂိုလ်၏။ <b>စေတောပဏိဓိ</b> = စိတ်ရဲ့ တောင့်တချက်ဟူသမျှသည်။ <b>ဝိသုဒ္ဓတ္တာ</b> = သီလစင်ကြယ်နေသည့်အတွက်ကြောင့်။ <b>ဣဇ္ဈတိ</b> = မချွတ်ဧကန် ပြည့်စုံတတ်ပေ၏။</p> <p>သီလရှိတဲ့ပုဂ္ဂိုလ်ရဲ့ တောင့်တချက် မှန်သမျှသည် မချွတ်ဧကန် ပြည့်စုံတတ်တယ်။ ဘာကြောင့်လဲ? သီလစင်ကြယ်နေတဲ့အတွက်ကြောင့် တောင့်တချက်အားလုံး ပြည့်စုံသွားနိုင်တယ်။</p> <p>ဒီလိုဆိုရင် ဒကာကြီးတွေ ကောင်းမှုကုသိုလ်ပြုတဲ့ အချိန်အခါမှာ သီလကလေးတော့ ဖြူစင်ဖို့ မလိုဘူးလား? လိုအပ်တယ်နော်။ မိမိတို့ဘက်က ရှိရမယ့် အင်္ဂါရပ်ကလေးတွေ ပြည့်စုံရမယ်။ သီလရှိရမယ်၊ လှူဖွယ်ဝတ္ထုတွေက တရားသော နည်းလမ်းဖြင့် ရှာဖွေရတဲ့ ပစ္စည်းဝတ္ထု ဖြစ်ရမယ်၊ ကြည်လင်တဲ့ စိတ်ထားရှိရမယ်၊ ကံ-ကံရဲ့အကျိုးကို ယုံကြည်မှု ရှိရမယ်၊ ဒီလို အင်္ဂါရပ်နှင့် ပြည့်စုံရမယ်။ အဲဒီလို ပြည့်စုံလိုက်တဲ့ ဒါနမျိုးကို <b>မဟပ္ဖလ</b> = ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးရှိတဲ့ ဒါန။ ဘယ်လောက်အထိ ကြီးကျယ်ဖွံ့ဖြိုး များမြတ်သလဲလို့ မေးရင်တော့ ဘုရားရှင်က ဟိုဝေလာမသုတ္တန် (အံ၊၃၊၁၉၅-၁၉၇။) များမှာတော့ သာသနာပ အချိန်အခါကာလမှာ (၇)ရက် (၇)လ (၇)နှစ် ထွန်တုံးပိတ် လှူနေတဲ့ အလောင်းတော် ဝေလာမပုဏ္ဏားကြီးရဲ့ ဒါနဟာသာသနာ- တော်အတွင်းမှာ သောတာပန်ပုဂ္ဂိုလ်တစ်ဦးကို တစ်ကြိမ်တစ်ခါ ဆွမ်းလှူဒါန်း ရတဲ့ အလှူဒါနလောက် မမြင့်မြတ်ဘူးလို့ ဘုရားရှင်က ဟောထားတော်မူတယ်။</p> <p>သောတာပန် အပါး (၁၀၀)ကို ဆွမ်းဝအောင် လှူရတာထက် သကဒါဂါမ်ပုဂ္ဂိုလ်တစ်ပါး။ သကဒါဂါမ် အပါး (၁၀၀)ကို ဆွမ်းဝအောင် လှူရတာထက် အနာဂါမ်တစ်ပါး။ အနာဂါမ်ပုဂ္ဂိုလ် အပါး (၁၀၀)ကို ဆွမ်းဝအောင် လှူရတဲ့ အလှူဒါနထက် ရဟန္တာပုဂ္ဂိုလ်တစ်ပါးကို ဆွမ်းဝအောင် လှူရတဲ့ အလှူဒါနက ပိုမြတ်တယ်။ ပိုပြီး အကျိုးကြီးပါတယ်။</p> <p>ရဟန္တာပုဂ္ဂိုလ် အပါး (၁၀၀)ကို ဆွမ်းဝအောင် လှူရတဲ့ အလှူဒါနထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို ဆွမ်းဝအောင် လှူရတဲ့ အလှူဒါနက ပိုပြီး မြတ်တယ်။ အကျိုးကြီးတယ်။ ပစ္စေကဗုဒ္ဓါ အပါး (၁၀၀)ကို ဆွမ်းဝအောင် လှူရတဲ့ အလှူဒါနထက် သမ္မာသမ္ဗုဒ္ဓဘုရားတစ်ဆူအား ဆွမ်းဝအောင် လှူရတဲ့ အလှူက ပိုပြီး အကျိုးကြီးတယ်။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်ကို ဆွမ်းဝအောင် တစ်ကြိမ်တစ်ခါ ဆွမ်းလှူဒါန်းရတဲ့ အလှူဒါနထက် ဘုရားအမှူးရှိတဲ့သံဃာကို ဆွမ်းလှူဒါန်းရတဲ့ အကျိုးက ပိုပြီး အကျိုးကြီးတယ်။</p> <h3>ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုးဟူသည်</h3> <p>အကျိုးကြီးတယ်ဆိုတာက ဘာပြောတာလဲ? လူချမ်းသာ အလိုရှိရင် ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ရနိုင်တယ်။ နတ်ချမ်းသာ အလိုရှိခဲ့ရင် ရနိုင်တယ်။ ဗြဟ္မာ့ချမ်းသာ အလိုရှိခဲ့ရင်လည်း စိတ်ထားနူးညံ့လာတဲ့အခါမှာ ဗြဟ္မာ့ပြည်ရောက်ကြောင်း စျာန်တွေကို ကြိုးစားအားထုတ်နိုင်ခဲ့ရင်လည်း ဗြဟ္မာ့ချမ်းသာကို ရနိုင်တယ်နော်။ အဲဒီလို ရနိုင်တာကို ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုးရှိတယ်လို့ ဒီလို သတ်မှတ်တယ်။ အဲဒီ ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုးနဲ့ ပတ်သက်ပြီး နည်းနည်းကလေးတော့ ထပ်ပြောဖို့ လိုလာတယ်နော်။</p> <p>ဒကာကြီးတွေ လူ့လောကမှာ ကြည့်ပေါ့။ လူ့လောကမှာ လူတစ်ယောက် လာပြီဆိုလို့ရှိရင်တော့ ကျွေးချင်တဲ့, မွေးချင်တဲ့ပုဂ္ဂိုလ်တွေ၊ လှူချင် တန်းချင်တဲ့ ပုဂ္ဂိုလ်တွေ ပေါများတာနဲ့ ကျွေးမယ့်လူ မရှိ, မွေးမယ့်လူ မရှိ, လှူမယ့်လူ မရှိ, တန်းမယ့်လူ မရှိတဲ့ပုဂ္ဂိုလ်ဘဝ၊ အဲဒီ နှစ်ခု နှိုင်းယှဉ်ကြည့်လိုက်ရင် ဘယ်ဒင်းက ပိုကောင်းမလဲ? သံသရာခရီး ကျင်လည်ခိုက်နော်။ ဒီဘဝမှာ နိဗ္ဗာန်ရအောင် အပြတ်ချမယ်။ ရဟန္တာဖြစ်အောင်ကို ကြိုးစားမယ် ဆိုရင်တော့ ဒီဒါနတွေကို အဦးမူပြီးတော့ သိပ်ကြိုးစားနေဖို့ မလိုပါဘူး။ သံသရာခရီးဆိုတာက ရှိဦးမယ်၊ ရဟန္တာဖြစ်အောင်ကလည်း မကြိုးစားနိုင်သေးဘူးဆိုလို့ရှိရင်တော့ ဒါနရှင်နဲ့ ဒါနရှင် မဟုတ်တဲ့ ပုဂ္ဂိုလ်တွေ သံသရာခရီး ကျင်လည်တဲ့ အချိန်အခါမှာ ကွာဟချက် မရှိနိုင်ဘူးလား? ရှိတယ်။ ပုံစံတစ်ခု ပြောမယ်။</p> <p>မဏ္ဍပဒါယိကာထေရီအလောင်းဖြစ်တဲ့ အမျိုးကောင်းသမီးဟာ ကောဏာဂုံဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာ ဘုရားရှင်ကို မဏ္ဍပ်တစ်ခု ဆောက်လုပ် လှူဒါန်းပြီးနောက် တိစီဝရိက်သင်္ကန်း (၃)ထည်နှင့် မွန်မြတ်သော ဆွမ်း-ခဲဖွယ်-ဘောဇဉ်တွေကိုလည်း လှူဒါန်းပူဇော်ခဲ့ဖူးတယ်။ ဤကဲ့သို့သော ကောင်းမှုကုသိုလ်ကို ဆည်းပူးခဲ့တဲ့အတွက် ဒီဒါနကနေပြီးတော့ အကျိုးပေး လိုက်တာ သံသရာခရီးတစ်လျှောက် ဘာတွေဖြစ်သလဲ? ---</p> <p><b>ယံ ယံ ဇနပဒံ ယာမိ၊ နိဂမေ ရာဇဓာနိယော</b>။</p> <p><b>သဗ္ဗတ္ထ ပူဇိတော ဟောမိ၊ ပုညကမ္မဿိဒံ ဖလံ</b>။ (ထေရီအပဒါန်၊၁၈၉။)</p> <p>ဘယ်ရွာကို သွားမလဲ, ဘယ်မြို့ကို သွားမလဲ? သွားချင်တဲ့ရွာကို, သွားချင်တဲ့ မြို့ကို သွား။ အဲဒီနေရာတိုင်းမှာ ပူဇော်မယ့်ပုဂ္ဂိုလ်တွေကိုသာ အမြဲ တွေ့နေရတယ်တဲ့။ ကြွတော်မူပါ, စားတော်မူပါ, ဒီပစ္စည်းလေးကို အလှူခံတော်မူပါ, ဤသင်္ကန်းကို အလှူခံတော်မူပါ, ဤဆွမ်းကို အလှူခံတော်မူပါ, ဤကျောင်းကို အလှူခံတော်မူပါလို့ ပင့်ဖိတ်လှူဒါန်းမယ့် ပုဂ္ဂိုလ်တွေကသာလျှင် နေရာတကာမှာ အမြဲတမ်း ရှိနေတယ်။ ကျွေးမယ့်လူ မရှိတဲ့ဘဝ, မွေးမယ့်လူ မရှိတဲ့ဘဝနဲ့ တိုင်းတာလိုက်ရင်တော့ ထိုဘဝမျိုးကို ကောင်းတယ်လို့တော့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ အကောင်းစားကြီးလို့ကော ပြောမလား? အကောင်းစားကြီးတော့ မပြောနိုင်ဘူး။ အိုနာသေရေး ဒုက္ခဘေးက မကင်းလို့ဘဲနော်။</p> <p>သို့သော် သံသရာခရီး ကျင်လည်ရတဲ့အခါမှာဆိုလို့ရှိရင်တော့ ဒီဒါနဆိုတဲ့ ရွှေအိုးလေး ကပ်ပြီး ပါသွားမယ်ဆိုလို့ရှိရင်တော့ ရောက်လေရာဘဝမှာ ဆင်းရဲမှုဆိုတာ ဖြစ်နိုင်မလား? မဖြစ်နိုင်ဘူး။ တစ်ဖက်ကတော့ ကောင်းတယ်လို့တော့ ပြောတန်သလောက်တော့ ပြောနိုင်တယ်နော်။ ဒါပေမယ့်လို့ ဘုရားရှင်ကတော့ အကောင်းစားကြီးလို့ မချီးမွမ်းပါဘူး။</p> <h3>သံဃိကကျောင်းအလှူ</h3> <p>ကဲ - အဲဒီ ဘုရားအမှူးရှိတဲ့ သံဃာကို ဆွမ်းလှူရတဲ့ အလှူဒါနထက် <b>အာဂတာနာဂတ</b>ခေါ်တဲ့ အရပ် (၄)မျက်နှာမှလာတဲ့ သံဃာတော်ကို ရည်ညွှန်းပြီး သံဃိကကျောင်းကလေးတစ်ကျောင်း ဆောက်လုပ်ပြီး လှူဒါန်းရတဲ့ အလှူဒါနက ပိုပြီး ကြီးကျယ်တယ်။ ထိုသံဃိကကျောင်းသည် လေးတိုင်စင် ကျောင်းကလေး၊ ကျူထရံကာပြီးတော့ ဖက်မိုးထားတဲ့ ကျောင်းကလေး ဖြစ်ချင်ဖြစ်ပါစေ။ အဲဒီ ကျောင်းလှူရတဲ့ အလှူဒါနက ပိုပြီး အကျိုးကြီးတယ်။</p> <p>ဘယ်လောက်ထိ အကျိုးကြီးလဲမေးရင် ထိုကျောင်းလှူထားတဲ့ အလှူရှင်သည် ဖြစ်လေရာဘဝမှာ သံသရာခရီး ကျင်လည်ရလို့ အမိဝမ်းတွင်းမှာ ပဋိသန္ဓေ တည်နေရမယ်ဆိုရင် အင်မတန် ကျဉ်းမြောင်းနေတဲ့ အမိဝမ်းတွင်းသော်လည်း (၁၂)တောင်တိုက်ခန်းအတွင်းမှာ ဝင်ပြီး နေထိုင်ရသလို ကျယ်ကျယ်ပြန့်ပြန့် ရှိတယ်။ ဒါ ကျောင်းလှူရတဲ့အကျိုး ဘယ်လောက်ကြီးတယ်ဆိုတာကို ဖော်ပြတဲ့ အကြောင်းအရာများစွာထဲက တစ်ခုသော အကျိုးပါ။</p> <p>ဘုရားရှင်လက်ထက်တော်မှာ ရဟန္တာဖြစ်သွားတဲ့ အရှင်ဘဒ္ဒဇိမထေရ်ကို ကြည့်ပါ။ (ဒီ၊ဋ္ဌ၊၃၊၃၉-၄၀။) သူ့ရဲ့ ခမည်းတော်ကတော့ လာမယ့် အရိမေတ္တေယျ မြတ်စွာဘုရား သာသနာတော်မှာ သင်္ခအမည်ရှိတဲ့ စကြာမင်းကြီးဖြစ်မယ့် ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူတို့သားအဖ နှစ်ဦးဟာ ဘဝတစ်ခုမှာ အရှင်ပစ္စေကဗုဒ္ဓါဘုရားတစ်ဆူကို လေးတိုင်စင်ကျောင်းလေး, ကျူထရံကာထားတဲ့ ဖက်မိုး ကျောင်းကလေးတစ်ကျောင်း ဆောက်လုပ်ပြီး လှူဒါန်းခဲ့ဖူးကြတယ်။</p> <p>အဲဒီကျောင်းကလေး ဆောက်လုပ်တဲ့အခါမှာ လိုအပ်တဲ့နေရာများမှာ အသုံးပြုတဲ့သစ်က ရေသဖန်းသားများ ဖြစ်ကြပါတယ်။ အရှင်ပစ္စေကဗုဒ္ဓါ ဘုရားရှင်အား ထိုကျောင်းကလေးမှာ သီတင်းသုံးစေတော်မူပြီးနောက် မိမိတို့ စွမ်းအားရှိသလောက် ပစ္စည်းလေးပါးတို့ဖြင့် ဆက်လက်ပြီး ပြုစုလုပ်ကျွေး ကြတယ်၊ လှူဒါန်းပူဇော်ကြတယ်။ ဒီနေ့ အလှူရှင်တွေ လှူဒါန်းပူဇော်တဲ့ ကျောင်းကတော့ ဒီသားအဖလှူတဲ့ ကျောင်းထက်တော့ များစွာ ပိုကောင်းတဲ့ သဘော ရှိပါတယ်။</p> <p>ယခုလို ကောင်းမှုကုသိုလ်တွေကို ဆည်းပူးစုဆောင်းပြီးနောက် လူ့ဘဝမှ ကွယ်လွန်သွားကြတဲ့အခါ နတ်ပြည်နတ်လောကမှာ သွားပြီး နတ်သားတွေ ဖြစ်ကြတယ်။ အဲဒီသားအဖနှစ်ယောက်တို့အနက် ဖခင်ဖြစ်တဲ့ နတ်သားကတော့ နတ်ပြည်နတ်လောကမှာပဲ ဆက်လက်ပြီးတော့ တည်ရှိနေပါတယ်။ သားဖြစ်တဲ့ပုဂ္ဂိုလ်ကတော့ နတ်ပြည်နတ်လောကမှ စုတေပြီးနောက် သုရုစိမင်းရဲ့ သုမေဓာအမည်ရှိတဲ့ မိဖုရားကြီးရဲ့ ဝမ်းကြာတိုက်မှာ လာရောက်ကာ ပဋိသန္ဓေ ယူပြန်တယ်။ မဟာပနာဒ သတို့သားလို့ နာမည်ပေးထားကြတယ်။ နောက်ပိုင်းကာလ အရွယ်ရောက်လာတဲ့အခါမှာ မဟာပနာဒမင်းသားကို ထီးဖြူဆောင်းကာ အဘိသိက်သွန်းလောင်းလျက် မင်းမြှောက်ကြပါတယ်။</p> <p>အဲဒီလို ရှင်ဘုရင်ဖြစ်သွားတဲ့အခါမှာ မဟာပနာဒမင်းရဲ့ အတိတ်က ပစ္စေကဗုဒ္ဓါဘုရားရှင်အား ဖက်မိုး ကျူထရံကာ တဲကျောင်းကလေး ဆောက်လုပ်လှူဒါန်းခဲ့ရတဲ့ကုသိုလ် ပစ္စေကဗုဒ္ဓါဘုရားရှင်အား ပစ္စည်းလေးပါးတို့ဖြင့် စွမ်းအားရှိသလောက် လှူဒါန်းပူဇော်ခဲ့ရသည့် ကောင်းမှုကုသိုလ်၊ ဒီကုသိုလ် တွေရဲ့ စွမ်းအားရှိန်စော် အာနုဘော်ကြောင့် သိကြားမင်းကြီးက ကြည့်မနေနိုင် ဖြစ်လာပြီ။ လက်ပိုက်ကာ ကြည့်မနေနိုင်တဲ့အတွက် ဝိသကြုံနတ်သားကို မဟာပနာဒမင်းအတွက် နန်းတော်ကြီးတစ်ခုကို တည်ဆောက် ဖန်ဆင်းပေးရန် အမိန့်တော်မြတ် သတ်မှတ်ပေးလိုက်ပါတယ်။ လူမင်း ဘုန်းကြီးက နတ်မင်းမနေသာတဲ့ ထုံးဟောင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒီနန်းတော်ကြီးကတော့ ရတနာ (၇)ပါးတို့ဖြင့် တည်ဆောက်ထားတဲ့ အထပ်ပေါင်း ရာနှင့်ချီရှိတဲ့ အလွန်မြင့်မားတဲ့ ပြာသာဒ်ကြီးတစ်ခု ဖြစ်ပါတယ်။ ယူဇနာနှင့်ချီပြီး အလွန် ကျယ်ဝန်းတဲ့ နန်းတော်ကြီး ဖြစ်ပါတယ်။ (ဒီ၊ဋ္ဌ၊၃၊၄၀။)</p> <p>မဟာပနာဒမင်းဟာ အသက်ထက်ဆုံး နန်းစည်းစိမ် ခံစားပြီးနောက် ကွယ်လွန်သွားတဲ့အခါ နတ်ပြည်သို့ ရောက်ရှိသွားပြန်တယ်။ နတ်ရွာစံပြန်တယ်။ မဟာပနာဒမင်းကြီး နတ်ရွာစံသွားပြီးနောက် မကြာမီအချိန်ကာလ အတွင်းမှာပဲ ဒီနန်းတော်ကြီးဟာ ဂင်္ဂါမြစ်ထဲ မျောသွားပါတယ်။ နောက်ပိုင်း ဂင်္ဂါမြစ်ထဲသို့ မြုပ်သွားပါတယ်။ ဒီနန်းတော်ကြီးရဲ့ ပင်မစောင်းတန်းဦးနှင့် မျက်နှာချင်းဆိုင်အရပ်ကတော့ ပယာဂဆိပ်ကမ်းမြို့ကလေး ဖြစ်ပါတယ်။ ပြာသာဒ်အထွတ်နှင့် မျက်နှာချင်းဆိုင်အရပ်ကတော့ ကောဋိဂါမရွာ ဖြစ်ပါတယ်။ (ဒီ၊ဋ္ဌ၊၃၊၄၀။)</p> <p>နောက်ပိုင်းကာလ ရောက်ရှိလာတဲ့အခါမှာ ဘုန်းကြီးတို့ရဲ့ ဂေါတမဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်တော်မူလာတဲ့ အချိန်အခါမှာ ထို သားဖြစ်သူ နတ်သားက နတ်ပြည်မှ စုတေပြီးနောက် လူ့လောကမှာ ဘဒ္ဒဇိအမည်ရှိတဲ့ သူဌေးတစ်ဦး လာဖြစ်ပါတယ်။ နောက်ပိုင်းကာလမှာ ဘုရားရှင်၏ ထံတော်မှောက်မှာပဲ ရှင်ရဟန်းပြုကာ သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တွေကို ဖြည့်ကျင့်တော်မူသည့်အတွက် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော်မူခဲ့ပါတယ်။ (ဒီ၊ဋ္ဌ၊၃၊၄၀။)</p> <p>တစ်ချိန်မှာ ဘုရားရှင်နှင့် အတူတကွ ရဟန်းသံဃာတော်များ ဂင်္ဂါမြစ်ကို လှေဖြင့် ဖြတ်ကူးတော်မူသည့်အခါ ဘဒ္ဒဇိမထေရ်လည်း ပါဝင်ခဲ့ပါတယ်။ ဘုရားရှင်ရဲ့ တိုက်တွန်းတော်မူချက်အရ အရှင်ဘဒ္ဒဇိမထေရ်က မိမိ မဟာပနာဒမင်းဖြစ်စဉ်က သိကြားမင်းကြီးရဲ့ အမိန့်အရ ဝိသကြုံနတ်သား ဖန်ဆင်း ပေးခဲ့တဲ့ ရတနာ (၇)ပါးတို့ဖြင့် ပြီးစီးနေတဲ့ ရွှေနန်းတော်ကြီးကို လှေဖြင့် တစ်ဖက်ကမ်းသို့ ကူးခတ်နေစဉ် ရဟန်းသံဃာတော်အား မိမိရဲ့ တန်ခိုးဖြင့် ထင်ရှားပြတော်မူခဲ့ဖူးပါတယ်။</p> <p>ဘာကြောင့် ဒီနန်းတော်ကြီးက ဂင်္ဂါမြစ်ထဲမှာ ထင်ရှားရှိနေရပါသလဲလို့တော့ မေးစရာရှိတယ်။</p> <p><b>ကသ္မာ ပနေသ ပါသာဒေါ န အန္တရဟိတောတိ? ဣတရဿ အာနုဘာဝါ</b>။ (ဒီ၊ဋ္ဌ၊၃၊၄၀။)</p> <p>ဘာကြောင့် ဒီနန်းတော်ကြီးဟာ မကွယ်ပျောက်ဘဲ တည်ရှိနေရပါသလဲ ဆိုရင် ဖခင်ဖြစ်သူရဲ့ ကောင်းမှုကုသိုလ်ဘုန်းကံကြောင့် မပျောက်ပျက်သေးဘဲ တည်ရှိနေခြင်း ဖြစ်တယ်။</p> <p>အဲဒီ သားဖြစ်သူ ဘဒ္ဒဇိမထေရ်နှင့် တစ်ချိန်က ကောင်းမှုကုသိုလ် အတူ ပြုခဲ့တဲ့ ဖခင်ဖြစ်ခဲ့ဖူးသူ နတ်သားမှာ နတ်ပြည်နတ်လောကမှာ နတ်သား အဖြစ်နှင့် တည်ရှိနေတုန်းပဲ ဖြစ်ပါတယ်။ ထိုနတ်သားမှာ နောင်အနာဂတ် ကာလဝယ် အရိမေတ္တေယျဗုဒ္ဓမြတ်စွာ ပွင့်ထွန်းပေါ်ပေါက်တော်မူလာလတ္တံ့သော အချိန်အခါကာလမှာ သင်္ခအမည်ရှိသော စကြာရတနာပိုင်ရှင် ရှင်ဘုရင်ကြီးတစ်ဦး ဖြစ်လိမ့်မယ်။ အဲဒီအခါမှာ ထိုရှင်ဘုရင် အသုံးပြုဖို့ရန် အတွက် ထို နန်းတော်ပြာသာဒ်ကြီးသည် ဂင်္ဂါမြစ်အတွင်းမှ ကြည်းကုန်းထက်သို့ ပေါ်တက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနန်းတော်ပြာသာဒ်ကြီးက မကွယ်ပျောက်သေးခြင်းပဲ ဖြစ်ပါတယ်။ (ဒီ၊၃၊၆၂။ ဒီ၊ဋ္ဌ၊၃၊၄၀။)</p> <p>သို့သော် ဒီသင်္ခစကြာမင်းကြီးဟာ ဒီနန်းတော်ကြီးကို ကြာရှည်စွာ အသုံး ပြုပြီးတော့ ထီးနန်းကို စိုးစံနေမှာတော့ မဟုတ်ပါဘူး။ ဒီနန်းတော်ကြီးမှာ ရှင်ဘုရင်အဖြစ်နှင့် ထီးဖြူတော်ကို ဆောင်းပြီးနောက် မကြာမီကာလအတွင်းမှာပဲ ဒီရတနာ (၇)ပါးတို့ဖြင့် ပြီးတဲ့ ရွှေနန်းတော်ကြီးကို ထုခွဲကာ သမဏ, ဗြာဟ္မဏ, အထီးကျန်လူမွဲ, ဖုန်းတောင်းယာစကာတို့အား လှူဒါန်းပြီးနောက် အရိမေတ္တေယျဘုရားရှင်၏ မျက်မှောက်တော်ဝယ် ဆံမုတ်ဆိတ်တို့ကို ရိတ်ဖြတ်ပြီးနောက် ဖန်ရည်စွန်းတဲ့ အဝတ်သင်္ကန်းတို့ကို ဝတ်ရုံဆင်မြန်းကာ အိမ်ရာတည်ထောင်သည့် လူ့ဘောင်ကို စွန့်ခွာလျက် အိမ်ရာမထောင်သည့် ရဟန်းဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုပေလိမ့်မယ်။ ရှင်ရဟန်းပြုပြီးတော့ ဘာတွေလုပ်မလဲ? ဒီလို ရှင်ရဟန်းပြုပြီးနောက် အဖော်မမှီး တစ်ယောက်ထီးတည်း ဆိတ်ငြိမ်ရာအရပ်သို့ ချဉ်းကပ်လျက် သမထ-ဝိပဿနာ အစဖြာသည့် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းဖြစ်တဲ့ ကုသိုလ်တရားတွေမှာ မမေ့မလျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားပြီးတော့ နေလိမ့်မယ်။ ကိလေသာတွေကို ပူပန်စေတတ် လောင်ကျွမ်းစေတတ်တဲ့ သမ္မပ္ပဓာန် လုံ့လဝီရိယ ခြံရံပြီးတော့ သမထ-ဝိပဿနာဘာဝနာတွေကို အပြင်းအထန် ကြိုးစားအားထုတ်လိမ့်မယ်။ ဒီလိုအားထုတ်တဲ့အပိုင်းမှာလည်း မိမိရဲ့ စိတ်ကို နိဗ္ဗာန်ဘက်သို့ အမြဲတမ်း စေလွှတ်ထားပြီး, တစ်နည်းပြောရရင်တော့ နိဗ္ဗာန် ရောက်ကြောင်း ကမ္မဋ္ဌာန်းအာရုံပေါ်သို့ စိတ်ကို အမြဲတမ်း စေလွှတ်ထားပြီး အားထုတ်လိမ့်မယ်။ ဒီလိုစေလွှတ်ပြီးတော့ သာသနာတော်မှာ နေထိုင်လိုက်တာ မကြာမီအချိန်ကာလအတွင်းမှာပဲ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားမှာ ဖြစ်ပါလိမ့်မယ်။ (ဒီ၊၃၊၆၄။)</p> <h3>စိတ်ဓာတ်၏ စွမ်းအား</h3> <p>ဒီကြီးကျယ်ခမ်းနားလှတဲ့ မြင့်မားလှတဲ့ ရတနာ (၇)ပါးတို့ဖြင့် စီခြယ်ထားတဲ့ ဒီရွှေနန်းတော်ကြီးကို ဒီသင်္ခစကြာမင်းကြီးက ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းဖြင့် ထုခွဲပြီးတော့ အလွှာအသီးအသီးမှာ တည်ရှိတဲ့ အလှူခံ ပုဂ္ဂိုလ်တွေကို လှူဒါန်းမှာလဲလို့တော့ မေးစရာရှိတယ်။</p> <p><b>ဧဝံ ကိရဿ စိတ္တံ ဥပ္ပဇ္ဇိဿတိ အယံ ပါသာဒေါ ဝိပ္ပကိရိယတူတိ။ သော ခဏ္ဍခဏ္ဍသော ဝိပ္ပကိရိဿတိ</b>။ (ဒီ၊ဋ္ဌ၊၃၊၄၁။)</p> <p>သင်္ခစကြာမင်းကြီးရဲ့ သန္တာန်မှာ --- ဤနန်းပြာသာဒ်ကြီးသည် အစိတ်စိတ် အမြွှာမြွှာ ကွဲပြိုပါစေသတည်းဆိုတဲ့ စိတ်ထား ဖြစ်ပေါ်လာပေလိမ့်မယ်။ ဒီလို စိတ်ဓာတ်ရဲ့ စွမ်းအားကြောင့် ဒီနန်းတော်ကြီးဟာ အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲသွားမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ အလွှာအသီးအသီးမှာ တည်ရှိနေတဲ့ အလှူခံပုဂ္ဂိုလ် များထိုထိုတို့အား အလိုရှိသလို ပေးလှူပြီးနောက် ရှင်ရဟန်း ပြုမှာ ဖြစ်ပါတယ်။ ဒီအလှူခံပုဂ္ဂိုလ်တွေထဲမှာ သမဏအမည်ရတဲ့ သူတော်ကောင်း ရဟန်းတော်တွေလည်း ပါဝင်ကြပါတယ်။ အထူးသဖြင့် အရိမေတ္တေယျဘုရားရှင်၏ သာသနာတော်မှာ များစွာ စွန့်လွှတ်လှူဒါန်းမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖက်မိုး ကျူထရံကာကျောင်းကလေးကို လှူရလို့ စိတ်ထဲမှာ သိပ် ဝမ်းနည်းနေဖို့ မလိုပါဘူး။ အလှူခံပုဂ္ဂိုလ်ဘက်ကလည်း သီလရှိခြင်းစတဲ့ ဂုဏ်တွေနှင့် ပြည့်စုံလို့ အလှူပေးတဲ့ပုဂ္ဂိုလ်ဘက်က ရှိသင့်တဲ့ သီလရှိခြင်းစတဲ့ အင်္ဂါရပ်တွေနှင့် ပြည့်စုံမယ်ဆိုရင် အကျိုးတရားတွေဟာ များစွာ ပွင့်လန်းနေမှာ ဖြစ်တယ်။</p> <p>ဒီလို စကြာမင်းကြီးရဲ့ ရွှေနန်းစည်းစိမ်နဲ့ သူတို့သားအဖတွေ အရှင်ပစ္စေကဗုဒ္ဓဘုရားရှင်အား စွန့်လွှတ်လှူဒါန်းပူဇော်ခဲ့တဲ့ ဖက်မိုးထားတဲ့ ကျူထရံကာထားတဲ့ ကျောင်းကလေးနဲ့ တိုင်းတာနှိုင်းစာကြည့်လိုက်မယ်ဆိုရင်တော့ မျှတပါ့မလား? မမျှတဘူးနော်။ ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုးပေးပုံကို သဘောပေါက်စေချင်လို့ ဒီဝတ္ထုဇာတ်ကြောင်းကို ပြောနေခြင်းပဲ ဖြစ်ပါတယ်။သို့သော် ဒီအကျိုးတရားတွေဟာ အကောင်းစားကြီးလားလို့ မေးရင်တော့ အကောင်းစားကြီးတော့ မဟုတ်သေးဘူး။ ဘာကြောင့်လဲ? အို-နာ-သေရေး ဒုက္ခဘေးတွေမှ မလွတ်မြောက်သေးသောကြောင့်ပဲ ဖြစ်ပါတယ်။</p> <p>သို့သော် သူတို့သားအဖတွေဟာ ဖက်မိုးထားတဲ့ ကျူထရံကာတဲကျောင်း ကလေးကို အရှင်ပစ္စေကဗုဒ္ဓါဘုရားရှင်အား ဆောက်လုပ်လှူဒါန်းပူဇော်တဲ့ အခါမှာ အရှင်ပစ္စေကဗုဒ္ဓါဘုရားရှင်တို့ကဲ့သို့ သံသရာဝဋ်မှ ထွက်မြောက်လိုတဲ့ ဦးတည်ချက်လည်း ရှိခဲ့ပုံတော့ ပေါ်ပါတယ်။ ဒါကြောင့် သားဖြစ်သူက ဘုန်းကြီးတို့ရဲ့ ဂေါတမဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာပဲ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ပါတယ်။ ဖခင်ဖြစ်သူကလည်း အရိမေတ္တေယျဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်က စက္ကဝတ္တိသုတ္တန်မှာ ဖခင်ဖြစ်သူ သင်္ခ စကြာမင်းကြီး ရဟန္တာဖြစ်သွားမှုကို အကြောင်းပြုကာ ရဟန်းတော်တို့ကို အောက်ပါအတိုင်း တိုက်တွန်း ဆုံးမထားတော်မူခဲ့ပါတယ်။ ---</p> <p><b>အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ အတ္တသရဏာ အနညသရဏာ၊ ဓမ္မဒီပါ ဓမ္မသရဏာ အနညသရဏာ</b>။ (ဒီ၊၃၊၆၄။)</p> <p>= ရဟန်းတို့ ... မိမိလျှင် ကိုးကွယ်အားထားရာ ရှိသည်ဖြစ်၍ သာသနာတော်မှာ နေထိုင်ကြပါ။ မိမိလျှင် ပုန်းအောင်းလဲလျောင်းရာ ရှိသည်ဖြစ်၍ သာသနာတော်မှာ နေထိုင်ကြပါ။ သူတစ်ပါးတို့အား ကိုးစားယုံကြည်မှု မပြုဘဲ မမှီခိုဘဲ သာသနာတော်မှာ နေထိုင်ကြပါ။</p> <p>ဓမ္မကိုသာလျှင် ကိုးကွယ်အားထားရာ ရှိသည်ဖြစ်၍, ဓမ္မလျှင် ပုန်းအောင်းလဲလျောင်းရာ ရှိသည်ဖြစ်၍, ဓမ္မမှတစ်ပါး အခြားမှီခိုအားထားရာ မရှိသည်ဖြစ်၍ သာသနာတော်မှာ နေထိုင်ကြပါ စသည်ဖြင့် တိုက်တွန်းထားတော်မူပါတယ်။ (ဒီ၊၃၊၆၄။)</p> <p>အို-နာ-သေရေး ဒုက္ခဘေး အဝဝတို့မှ လွတ်မြောက်ရေးအတွက် ဓမ္မကိုသာ မှီခိုအားထားရမှာ ဖြစ်တယ်။ ဒီနေရာမှာ --- အတ္တ = မိမိဆိုတာက ဘာလဲ? ဓမ္မဆိုတာက ဘာလဲလို့ မေးစရာ ရှိပါတယ်။</p> <p><b>ကော ပနေတ္ထ အတ္တာ နာမ၊ လောကိယလောကုတ္တရော ဓမ္မော။ တေနာဟ -- ဓမ္မဒီပါ ဓမ္မသရဏာ အနညသရဏာတိ</b>။ (ဒီ၊ဋ္ဌ၊၃၊၃၀။)</p> <p>ဒီနေရာမှာ <b>အတ္တ</b> = မိမိ --- ဆိုတာက ဓမ္မကိုသာ ဆိုလိုရင်း ဖြစ်ပါတယ်။ အဓိပ္ပာယ်အယူအဆ လွဲမှားသွားမှာစိုးလို့ ဘုရားရှင်က <b>အတ္တဒီပါ</b>စသည်ဖြင့် ဟောတော်မူပြီးနောက် <b>ဓမ္မဒီပါ</b>စသည်ဖြင့် ဆက်လက် ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။ ဒီလိုဆိုလျှင် ဓမ္မဆိုတာက ဘာလဲလို့ မေးစရာ ရှိပါတယ်။ အဋ္ဌကထာက --- စက္ကဝတ္တိသုတ္တန်ပါဠိတော် (၆၄) စသည်၌ ဘုရားရှင် ဟောကြားထားတော်မူတဲ့ သတိပဋ္ဌာန်လေးပါး အစဉ်ပွားလျက် နေထိုင်ပုံနည်းစနစ်ကို ဓမ္မလျှင် ကိုးကွယ်အားထားရာ ရှိသည်ဖြစ်၍ နေထိုင်သည်မည်ကြောင်း အဆို အမိန့်အတိုင်း --- လောကိယဓမ္မနှင့် လောကုတ္တရဓမ္မတွေကို ဓမ္မလို့ ခေါ်ဆိုပါတယ်လို့ ဖွင့်ဆိုထားပါတယ်။</p> <p>တစ်နည်းပြောရရင်တော့ သတိပဋ္ဌာန်လေးပါးစတဲ့ ဗောဓိပက္ခိယတရားတွေကို ဆိုလိုပါတယ်။ အဲဒီ ဗောဓိပက္ခိယတရားတွေကို အဆီညှစ်ထုတ်ယူလိုက်တဲ့အခါ ဓမ္မဆိုတာ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတွေပဲ ဖြစ်ကြပါတယ်။ လောကီမဂ္ဂင်တရား, လောကုတ္တရာမဂ္ဂင်တရားတွေဟာ ဓမ္မတွေ ဖြစ်ကြပါတယ်။</p> <p>ဒီမဂ္ဂင် (၈)ပါးကို အကျဉ်းထပ်ချုပ်လိုက်တော့ ---</p> <p>၁။ <b>သမ္မာဝါစာ</b> = မှန်တဲ့စကားကို ပြောဆိုိခြင်း၊</p> <p>၂။ <b>သမ္မာကမ္မန္တ</b> = မှန်တဲ့အလုပ်ကို ပြုလုပ်ခြင်း၊</p> <p>၃။ <b>သမ္မာအာဇီဝ</b> = မှန်တဲ့အသက်မွေးမှုရှိခြင်း၊</p> <p>ဒီမဂ္ဂင်သုံးမျိုးတို့က သီလမဂ္ဂင်တွေ ဖြစ်ကြပါတယ်။ ဒီတော့ သီလဆိုတဲ့ ဓမ္မကို မှီခိုအားထားပြီးတော့ သာသနာတော်မှာ နေထိုင်ကြပါလို့ ဆိုလိုပါတယ်။</p> <p>၄။ <b>သမ္မာဝါယာမ</b> = မှန်တဲ့အားထုတ်ခြင်း၊</p> <p>၅။ <b>သမ္မာသတိ</b> = မှန်တဲ့အမှတ်ရခြင်း၊</p> <p>၆။ <b>သမ္မာသမာဓိ</b> = မှန်တဲ့သမာဓိ၊</p> <p>ဒီမဂ္ဂင် (၃)ပါးကတော့ သမာဓိမဂ္ဂင် (၃)ပါးပဲ ဖြစ်ကြပါတယ်။ ဥပစာရသမာဓိနှင့်တကွ သမာပတ် (၈)ပါးတို့ ဖြစ်ကြပါတယ်။ ဒီသမာဓိမဂ္ဂင်ဆိုတဲ့ စျာန်သမာပတ် စျာန်သမာဓိတွေကိုလည်း ပွားများပြီးတော့ ဒီသာသနာတော်မှာ နေထိုင်ကြပါလို့ ဆိုလိုပါတယ်။</p> <p>၇။ <b>သမ္မာဒိဋ္ဌိ</b> = သစ္စာလေးပါးကို သိတဲ့ဉာဏ်။</p> <p>၈။ <b>သမ္မာသင်္ကပ္ပ</b> = သစ္စာလေးပါးအာရုံစသည်ပေါ်သို့ စိတ်ကို ရှေးရှူ တင်ပေးခြင်းသဘော ---</p> <p>ဒီမဂ္ဂင် (၂)ပါးကတော့ ပညာမဂ္ဂင်နှစ်ပါး ဖြစ်ကြပါတယ်။ သင်ရဟန်းတို့ တစ်တွေဟာ ဒီသာသနာတော်မှာ သီလကို ဖြူစင်အောင် ဆေးကြော သုတ်သင်ပြီးနောက် ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိတို့တွင် တစ်မျိုးမျိုးသော သမာဓိတို့ကို ဝိပဿနာ၏ အခြေပါဒကအဖြစ် ထူထောင်လျက် သစ္စာလေးပါးကို သိအောင် ကြိုးစားအားထုတ်ပြီး နေထိုင်ကြပါလို့ ဘုရားရှင်က ဆက်လက် တိုက်တွန်းထားတော်မူပါတယ်။</p> <p>ဒီလို သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိရှိရေးအတွက် ကာယ - ဝေဒနာ - စိတ္တ - ဓမ္မ အမည်ရတဲ့ သတိပဋ္ဌာန်တရား (၄)ပါးတို့ကို အစဉ်အတိုင်း အရဟတ္တဖိုလ်ပေါက် ပွားများအားထုတ်ပြီး နေထိုင်ရန် ဘုရားရှင်က စက္ကဝတ္တိသုတ္တန် (ဒီ၊၃၊၆၄။)မှာ ဆက်လက် တိုက်တွန်းထားတော်မူပါတယ်။</p> <p>ဘုန်းကြီးကလည်း အလားတူပဲ ဓမ္မကိုသာ မှီခိုအားထားပြီး နေထိုင်ကြရန် ကျောင်းဒါယကာ ဒါယိကာမ, ဆွမ်းဒါယကာ ဒါယိကာမတွေကို ထပ်မံ တိုက်တွန်းအပ်ပါတယ်။</p> <p>ယခုလို ဒါနကြောင့် ရရှိလာတဲ့ စကြဝတေးမင်း စည်းစိမ်ပင် ဖြစ်ပေမယ့်လို့ အို-နာ-သေရေး ဒုက္ခဘေးမှ မကင်းသေးတဲ့အတွက် ဝေလာမသုတ္တန်မှာ ဘုရားရှင်က ဘယ်လို ဆက်ပြီး ဟောတော်မူသလဲ?</p> <h3>အဆင့်ဆင့် အကျိုးကြီးပုံ</h3> <p>အို-နာ-သေရေး ဒုက္ခဘေးမှ မကင်းတဲ့အတွက် မြတ်စွာဘုရားက ဒီဒါနထက်ကို သရဏဂုံ ဆောက်တည်တဲ့ သရဏဂုံကုသိုလ်က ပိုပြီး အကျိုးကြီးတယ်လို့ ဟောတော်မူပြန်တယ်။ စာတုဒ္ဒိသာကျောင်းတစ်ကျောင်း ဆောက်လုပ် လှူဒါန်းတဲ့ဒါနထက် ဘာဖြစ်လို့ သရဏဂုံက အကျိုးကြီးရသလဲလို့မေးတော့ သရဏဂုံ ဆောက်တည်တယ်ဆိုတာက ဘုရား, တရား, သံဃာခေါ်တဲ့ ရတနာ (၃)ပါးကို မိမိတို့ရဲ့ ကိုယ်အသက်ကို ငဲ့ကွက်ခြင်း မရှိဘဲ စွန့်လွှတ် လှူဒါန်းတဲ့လုပ်ငန်း။ ပြင်ပပစ္စည်းဝတ္ထုကို လှူဒါန်းတဲ့ လုပ်ငန်းနှင့် အသက်ကို လှူဒါန်းတဲ့လုပ်ငန်း၊ ဒီနှစ်ခု တိုင်းတာနှိုင်းစာလိုက်ရင် အသက်ကို လှူဒါန်းတဲ့လုပ်ငန်းက ပိုပြီး အကျိုးမကြီးနိုင်ဘူးလား? အကျိုးကြီးတယ်။</p> <p>သို့သော် အဲဒီ သရဏဂုံ ဆောက်တည်ကျင့်သုံးတဲ့ ကုသိုလ်ထက်ကို (၅)ပါးသီလ ဆောက်တည်ကျင့်သုံးခြင်းက ပိုပြီး အကျိုးကြီးတယ်။ ဒါနကံနှင့် သီလကံ၊ ဒီနှစ်ခု တိုင်းတာလိုက်ရင် သီလက ပိုပြီး စင်ကြယ်ခဲ့သော် ကြီးကျယ် ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ပေးတယ်။ ဘာကြောင့်လဲ? သတ္တဝါအားလုံးကို အဘယဒါနခေါ်တဲ့ ဘေးမဲ့အလှူဒါနကြီး ပေးလှူနေသောကြောင့် ဖြစ်တယ်။ အဲဒီ ဒါန, သီလထက်ကို အဆင့်မြင့်တဲ့ကောင်းမှု မရှိတော့ဘူးလားမေးတော့မှ ဘုရားရှင်က ဆက်ပြီးတော့ ဒီဒါန, (၅)ပါးသီလထက်ကို ပိုပြီး အကျိုးကြီးတာကတော့ မနက်မှာ နွားနို့တစ်ညှစ်ခန့်, နေ့လယ်မှာ နွားနို့တစ်ညှစ်ခန့်, ညနေမှာ နွားနို့တစ်ညှစ်ခန့်လောက် မေတ္တာစျာန်တွေ ဝင်စားခဲ့မယ်ဆိုရင်တော့ ထိုမေတ္တာစျာန်ဝင်စားနေတဲ့ကုသိုလ်က ပိုပြီး အကျိုးကြီးတယ်လို့ ဝေလာမသုတ္တန်များမှာ ဟောထားတော်မူပါတယ်နော်။ ဘာဖြစ်လို့လဲ?</p> <p>ခုနက ဒါနကြောင့်, သီလကြောင့် ရောက်နိုင်တဲ့ ဘုံဘဝကို တိုင်းတာကြည့်လိုက်ရင် လူ့ချမ်းသာနဲ့ နတ်ချမ်းသာပဲ ရှိတယ်။ မေတ္တာစျာန်ဝင်စားလို့ ဒီမေတ္တာစျာန်တွေ မလျောကျဘဲနဲ့ ဘဝကို အဆုံးသတ်ခဲ့ရင် ထိုမေတ္တာစျာန်ကြောင့် ရနိုင်တဲ့ဘဝက ဗြဟ္မာ့ချမ်းသာ ဖြစ်တယ်။ လူ့ချမ်းသာ, နတ်ချမ်းသာနဲ့ ဗြဟ္မာ့ချမ်းသာ တိုင်းတာလိုက်ရင်တော့ နှိုင်းစာလို့ ရနိုင်ပါ့မလား? မရနိုင်ဘူး။ သက်တမ်းအားဖြင့်လည်း နှိုင်းစာလို့ မရဘူး။ ချမ်းသာစည်းစိမ်အားဖြင့်လည်း နှိုင်းစာလို့ မရတဲ့အတွက် ဗြဟ္မာ့ချမ်းသာကတော့ ပိုပြီး ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးရှိတယ်၊ ကြီးကျယ်တယ်နော်။</p> <p>သို့သော် ဒီထက်ကောင်းတဲ့ ကြီးကျယ်တဲ့ အကျိုးရှိတဲ့ ကုသိုလ် မရှိတော့ဘူးလားလို့မေးတော့ - အဲဒီ အချိန်အခါမှာ မြတ်စွာဘုရားက နောက်ဆုံး ဆက်ဟောတာကတော့ ---</p> <p><b>ယော စ အစ္ဆရာသံဃာတမတ္တမ္ပိ အနိစ္စသညံ ဘာဝေယျ၊ ဣဒံ တတော မဟပ္ဖလတရန္တိ။</b> (အံ၊၃၊၁၉၇။)</p> <p>ထိုမေတ္တာစျာန်ကို ပွားများသည်ထက် အနိစ္စသညာဆိုတဲ့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို လက်ဖျစ်တစ်တွက်ခန့်လောက် ပွားများခဲ့မယ်ဆိုရင် ထိုဝိပဿနာဘာဝနာကမ္မဋ္ဌာန်း ပွားများနေတဲ့ ကုသိုလ်က ပိုပြီး ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုးရှိတယ်လို့ ဟောကြားတော်မူပါတယ်။</p> <p>သို့သော် ဒီနေရာမှာ ဆိုလိုတဲ့ အနိစ္စသညာကတော့ ဘယ်လို သညာမျိုးလဲ?</p> <p><b>အနိစ္စသညန္တိ မဂ္ဂဿ အနန္တရပစ္စယဘာဝေန သိခါပတ္တဗလဝဝိပဿနံ။</b> (အံ၊ဋ္ဌ၊၃၊၂၇၂။)</p> <p>ဒီနေရာမှာ အနိစ္စသညာဆိုတာက အရိယမဂ်ဉာဏ်ကို မိမိ အနိစ္စသညာ ဆိုတဲ့ ဝိပဿနာနောင် ဖြစ်ပေါ်နိုင်လောက်အောင် အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်တဲ့ စွမ်းအင်အပြည့်အဝရှိနေတဲ့ အထွတ်အထိပ်သို့ ရောက်နေတဲ့ အားကောင်းမောင်းသန်တဲ့ ဝိပဿနာဉာဏ်ကိုသာ ဆိုလိုရင်း ဖြစ်ပါတယ်။ ဖြစ်ခါစ ဝိပဿနာမျိုးကိုတော့ မဆိုလိုပါဘူး။ ဒီဝေလာမသုတ္တန်အရ ပြန်ပြီး အကျဉ်းချုပ် ပြောမယ်ဆိုရင် --</p> <p>၁။ ဒါနအမျိုးမျိုးထက် သရဏဂုံဆောက်တည် ကျင့်သုံးခြင်းက ပိုပြီး အကျိုးကြီးတယ်။ သို့သော် ဒီနေရာမှာ ---</p> <p><b>သရဏံ ဂစ္ဆေယျာတိ ဧတ္ထ မဂ္ဂေနာဂတံ အနိဝတ္တနသရဏံ အဓိပ္ပေတံ။ အပရေ ပနာဟု -- အတ္တာနံ နိယျာဒေတွာ ဒိန္နတ္တာ သရဏာဂမနံ တတော မဟပ္ဖလတရန္တိ ဝုတ္တံ။</b> (အံ၊ဋ္ဌ၊၃၊၂၇၂။)</p> <p>သရဏဂုံ ဆောက်တည်ကျင့်သုံးတယ်ဆိုတာက အရိယမဂ်ဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့, ပုထုဇန်ဘဝသို့ နောက်ကြောင်းတစ်ဖန် ပြန်လည် ဆုတ်နစ်ခြင်းသဘောမရှိတဲ့ လောကုတ္တရသရဏဂုံတည်ခြင်းကို ဆိုလိုရင်း ဖြစ်ပါတယ်လို့ ပထမတစ်နည်း ဖွင့်ဆိုထားတော်မူတယ်။</p> <p>သို့သော် အပရေဆရာတို့ကတော့ မိမိကိုယ်ကို ရတနာသုံးပါးတို့အား အပ်နှင်းလှူဒါန်းကာ အသက်ကိုပင် စွန့်လွှတ်လှူဒါန်းတဲ့အတွက်ကြောင့် သရဏဂုံ ဆောက်တည်ကျင့်သုံးခြင်းက ထိုဒါနအမျိုးမျိုးထက် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုးရှိတယ်လို့ ဆိုကြပြန်တယ်လို့ အဋ္ဌကထာက ဝါဒကွဲတစ်ခုကိုလည်း ထပ်မံ ဖွင့်ဆိုထားပါတယ်။</p> <p>၂။ သရဏဂုံ ဆောက်တည်ကျင့်သုံးခြင်းထက် ငါးပါးသီလ ဆောက်တည် ကျင့်သုံးခြင်းက ပိုပြီး အကျိုးကြီးတယ်။ သို့သော် ဒီနေရာမှာလည်း ဆိုလိုတဲ့ ငါးပါးသီလက ---</p> <p><b>သီလမ္ပိ မဂ္ဂေန အာဂတံ အနိဝတ္တနသီလမေဝ ကထိတံ။ အပရေ ပနာဟု --- သဗ္ဗသတ္တာနံ အဘယဒါနဿ ဒိန္နတ္တာ သီလံ တတော မဟပ္ဖလတရန္တိ ဝုတ္တံ။</b> (အံ၊ဋ္ဌ၊၃၊၂၇၂။)</p> <p>အရိယမဂ်ကြောင့် ဖြစ်ပေါ်လာတဲ့, ပုထုဇန်သီလဆိုတဲ့ နောက်ကြောင်းသို့ တစ်ဖန် ပြန်လည် ဆုတ်နစ်ခြင်းသဘောမရှိတဲ့ လောကုတ္တရသီလကိုသာ ဆိုလိုရင်းဖြစ်ပါတယ်လို့ ပထမတစ်နည်း ဖွင့်ဆိုထားတယ်။</p> <p>သို့သော် အပရေဆရာတို့ကတော့ သတ္တဝါအားလုံးတို့ကို ဘေးမဲ့အလှူကြီး ပေးလှူနေတဲ့အတွက် သရဏဂုံ ဆောက်တည်ကျင့်သုံးခြင်းထက် ငါးပါးသီလကို ဆောက်တည်ကျင့်သုံးခြင်းက ပိုပြီး အကျိုးကြီးတယ်လို့လည်း ဆိုကြပြန်တယ်။</p> <p>၃။ သီလကို ဆောက်တည်ကျင့်သုံးခြင်းထက် မေတ္တာစျာန်ကို ဝင်စားကာ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေခြင်းက ပိုပြီးတော့ ကြီးကျယ် ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ရှိတယ်။</p> <p>၄။ မေတ္တာစျာန်ကို ဝင်စားခြင်းထက် အထွတ်အထိပ်သို့ ရောက်အောင် ပွားများထားတဲ့ အနိစ္စသညာစတဲ့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခြင်းက ပိုပြီး အကျိုးကြီးတယ်။ မသေရာ အမြိုက်နိဗ္ဗာန်သို့ ဆိုက်ရောက်သွားသောကြောင့် မျက်မှောက်ပြုလျက် နေထိုင်နိုင်သောကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ ကျောင်းဒကာ ဒကာမတွေလည်း ဒါန, သီလလောက်နဲ့ ရပ်တည်မနေဘဲ သမထ-ဝိပဿနာဘာဝနာတွေကို အောင်အောင်မြင်မြင် ပွားများနိုင်သည့်အဆင့်အထိ ကြိုးစားကြပါလို့ တိုက်တွန်းပါတယ်။</p> <p>ဘုရားရှင်ကလည်း ခုဟောနေဆဲဖြစ်တဲ့ ဝစ္ဆဂေါတ္တသုတ္တန်မှာ ဂါထာ (၉)ဂါထာတို့ဖြင့် ဆက်လက်ပြီး တိုက်တွန်းထားတော်မူပါတယ်။ ---</p> <p>၁။ <b>ဣတိ ကဏှာသု သေတာသု၊ ရောဟိဏီသု ဟရီသု ဝါ။</b></p> <p><b>ကမ္မာသာသု သရူပါသု၊ ဂေါသု ပါရေဝတာသု ဝါ။</b></p> <p>၂။ <b>ယာသု ကာသုစိ ဧတာသု၊ ဒန္တော ဇာယတိ ပုင်္ဂဝေါ။</b></p> <p><b>ဓောရယှော ဗလသမ္ပန္နော၊ ကလျာဏဇဝနိက္ကမော။</b></p> <p><b>တမေဝ ဘာရေ ယုဉ္ဇန္တိ၊ နာဿ ဝဏ္ဏံ ပရိက္ခရေ။</b> (အံ၊၁၊၁၆၂။)</p> <p>ဒီဂါထာတွေရဲ့ ဆိုလိုရင်းသဘောတရားကိုပဲ ပြောကြရအောင် ---</p> <p>နွားတွေကို ကြည့်လိုက်မယ်ဆိုရင် အရောင်အဆင်းတွေ တူညီနေကြတဲ့ နွားတွေ ရှိကြတယ်။ နွားနက်တွေလည်း ရှိကြတယ်၊ နွားဖြူတွေလည်း ရှိကြတယ်၊ နွားနီတွေလည်း ရှိကြတယ်၊ နွားပြာစိမ်းတွေလည်း ရှိကြတယ်၊ နွားကျားတွေလည်း ရှိကြတယ်၊ ခိုပြာရောင်နွားတွေလည်း ရှိကြတယ်။ အဲဒီ နွားအုပ်စု အမျိုးမျိုးတွေထဲက ဘယ်နွားအုပ်စုကိုမဆို ကြည့်လိုက်ပါ။ ရှေ့ဆောင် နွားလားဥသဘကြီး တစ်ကောင်ကောင်တော့ ရှိတတ်တယ်။ ဒီရှေ့ဆောင် နွားလားဥသဘကြီးက ယဉ်လည်း ယဉ်ကျေးတယ်၊ ဝန်ကိုလည်း ကောင်းစွာ ဆောင်နိုင်တယ်၊ ခွန်အားနှင့်လည်း ပြည့်စုံတယ်၊ လမ်းခရီးသွားပြီဆိုရင်လည်း ဖြောင့်ဖြောင့်မတ်မတ် လျင်လျင်မြန်မြန် သွက်သွက်လက်လက် သွားတတ်တယ်။ နွားပိုင်ရှင်တွေက များသောအားဖြင့် ဒီလိုနွားလားဥသဘကြီးမျိုးကိုသာ ဝန်ကို အဆောင်ခိုင်းကြတယ်။ ဒီနွားကြီးက ဖြူသလား, နီသလား စသည်ဖြင့် အရောင်အဆင်းကို ဘယ်တော့မှ မစူးစမ်း မဆင်ခြင်ကြဘူး။ အရည်အချင်းကိုသာ စူးစမ်း ဆင်ခြင်ကြတယ်။ --- ဒါကတော့ ဥပမာစကားရပ်ပဲ။ ဒီဥပမာကို စံထားပြီး အလှူဒါနပွဲ ကျင်းပတဲ့အခါ အလှူခံပုဂ္ဂိုလ်နှင့်ပတ်သက်လို့ စိတ်ထား တတ်ဖို့ရန် ဘုရားရှင်က ဆက်လက် ဟောကြားတော်မူပြန်တယ်။ ဘယ်လို ဟောတော်မူသလဲ?</p> <p>၃။ <b>ဧဝမေဝံ မနုေဿသု၊ ယသ္မိံ ကသ္မိဉ္စိ ဇာတိယေ။</b></p> <p><b>ခတ္တိယေ ဗြာဟ္မဏေ ဝေေဿ၊ သုဒ္ဒေ စဏ္ဍာလပုက္ကုသေ။</b></p> <p>၄။ <b>ယာသု ကာသုစိ ဧတာသု၊ ဒန္တော ဇာယတိ သုဗ္ဗတော။</b></p> <p><b>ဓမ္မဋ္ဌော သီလသမ္ပန္နော၊ သစ္စဝါဒီ ဟိရီမနော။</b></p> <p>၅။ <b>ပဟီနဇာတိမရဏော၊ ဗြဟ္မစရိယဿ ကေဝလီ။</b></p> <p><b>ပန္နဘာရော ဝိသံယုတ္တော၊ ကတကိစ္စော အနာသဝေါ။</b></p> <p>၆။ <b>ပါရဂူ သဗ္ဗဓမ္မာနံ၊ အနုပါဒါယ နိဗ္ဗုတော။</b></p> <p><b>တသ္မိံ ယေဝ ဝိရဇေ ခေတ္တေ၊ ဝိပုလာ ဟောတိ ဒက္ခိဏာ။</b> (အံ၊၁၊၁၆၂။)</p> <p>ဒီဥပမာအတိုင်းပဲ --- လောကမှာ မင်းမျိုးတွေလည်း ရှိကြတယ်၊ ပုဏ္ဏားမျိုးတွေလည်း ရှိကြတယ်၊ ကုန်သည်မျိုးတွေလည်း ရှိကြတယ်၊ ဒွန်းစဏ္ဍားမျိုးတွေလည်း ရှိကြတယ်၊ ပန်းမှိုက်သွန်မျိုးတွေလည်း ရှိကြတယ်၊ မစင်ဘင်ကြုံးသမားတွေလည်း ရှိကြတယ်။ ဒီလို အမျိုးဇာတ် အမျိုးမျိုးရှိကြတဲ့ လူသားတွေထဲမှာ ဘယ်သူပဲဖြစ်ဖြစ် ဘယ်အမျိုးဇာတ်က လူသားပဲဖြစ်ဖြစ် အဲဒီ လူသားတစ်ဦးကို ကြည့်လိုက်တဲ့အခါ ဒီလူသားဟာ ယဉ်ကျေးတယ်၊ ကိုယ်ကျင့်သီလတွေက ဖြူစင်မြင့်မြတ်တဲ့အတွက် အကျင့်ကောင်းတယ်။ ကိုယ်ကျင့် သီလနှင့် ပြည့်စုံတယ်၊ ကာယကံတွေက ဖြူစင်ဖြောင့်မတ်တယ်၊ သိမ်မွေ့နူးညံ့တယ်။ ဝစီကံတွေက ဖြူစင်ဖြောင့်မတ်တယ်၊ သိမ်မွေ့နူးညံ့တယ်။ မနောကံတွေကလည်း ဖြူစင်ဖြောင့်မတ်တယ်၊ သိမ်မွေ့ နူးညံ့တယ်။ ဓမ္မခေါ်တဲ့ တရား လမ်းကြောင်းပေါ်မှာ အမြဲတမ်း ရပ်တည်နေတယ်။ အမှန်ကိုသာ အမြဲတမ်း ပြောဆိုလေ့ရှိတယ်၊ မကောင်းမှုအကုသိုလ်တရား ဒုစရိုက်တရားတွေမှ ရှက်တတ် ကြောက်တတ်တယ်။ ရှက်တတ် ကြောက်တတ်တဲ့ စိတ်ထားရှိတယ်။ ဘဝသစ်၌ ပဋိသန္ဓေတည်နေရခြင်းသဘောကို ပယ်ထားပြီး ဖြစ်တယ်၊ လေးပါးသော မဂ်ဉာဏ် လေးပါးသော ဖိုလ်ဉာဏ်ဆိုတဲ့ မွန်မြတ်သော ကျင့်စဉ်အားလုံးကို ပြည့်ပြည့်စုံစုံ ကျင့်သုံးပြီး ဖြစ်တယ်။</p> <p>သံသရာတစ်လျှောက် သယ်ဆောင်လာခဲ့ရတဲ့ ခန္ဓာဝန်ထုပ် ဝန်ပိုးကြီးကို ချထားပြီး ဖြစ်တယ်။ နောက်ထပ် ဘဝသစ်၌ ပဋိသန္ဓေတည်နေရခြင်းဆိုတဲ့ သဘောတရား ထင်ရှားမရှိတော့တဲ့အတွက် သံသရာဝဋ်ဆင်းရဲ၌ ယှဉ်တွဲမှု ယှဉ်စပ်မှု မရှိတော့ဘူး။ သာသနာတော်မှာ ရှင်ရဟန်းတို့ ပြုသင့် ပြုထိုက်တဲ့ အရိယမဂ်ကို ရရှိရေးဆိုတဲ့ လုပ်ငန်းရပ်တွေကို ပြုလုပ်ပြီးလည်း ဖြစ်တယ်။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ ဦးဆောင်နေတဲ့ ကိလေသာ အာသဝေါတရားတွေမှ လျှောကျကင်းကွာပြီး ဖြစ်တယ်။</p> <p>အရိယသစ္စာလေးရပ် တရားမြတ်ကို ဦးတည်ထားတဲ့ တရားအလုံးစုံကို ကျွမ်းကျင်တော်မူပြီးလည်း ဖြစ်တယ်။ နိဗ္ဗာန်ဆိုတဲ့ ထိုမှာဘက်ကမ်းသို့ ဆိုက်ရောက်သည့်တိုင်အောင် တရားအားလုံးတို့ရဲ့ ကမ်းတစ်ဖက်သို့ ဆိုက်ရောက်ပြီးလည်း ဖြစ်တယ်။ တစ်စုံတစ်ခုသော တရား, တစ်စုံတစ်ခုသော အာရုံ, တစ်စုံတစ်ခုသော ဘုံဘဝ၌ တဏှာ, ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဥစ္စာ-ငါ့လိပ်ပြာဟု စွဲလမ်းဆုပ်ကိုင်မှု အလျဉ်းပင် မပြုမူ၍ ကိလေသာ အပူမီးတို့မှ အငြိမ်းကြီးငြိမ်း အအေးကြီးအေးပြီးလည်း ဖြစ်တယ်။ ကိလေသာမြူမှုန်တို့ဖြင့် လူးလဲပေကျံမှု မရှိသဖြင့် ကိလေသာမြူအညစ်အကြေး ကင်းဝေး စင်ကြယ်ပြီးဖြစ်တဲ့, ကောင်းမှုတည်းဟူသော မျိုးစေ့ကို ကြဲချစိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်တဲ့ ထိုရဟန္တာပုဂ္ဂိုလ်၌ ပေးလှူအပ်တဲ့ အလှူဒါနကောင်းမှုကုသိုလ်ဟာ ပြန့်ပြောကြီးကျယ် မြင့်မြတ်တဲ့ အကျိုးတရားရှိတဲ့ ကောင်းမှုကုသိုလ်မျိုး ဖြစ်တယ်။</p> <p>၇။ <b>ဗာလာ စ အဝိဇာနန္တာ၊ ဒုမ္မေဓာ အဿုတာဝိနော။</b></p> <p><b>ဗဟိဒ္ဓါ ဒေန္တိ ဒါနာနိ၊ န ဟိ သန္တေ ဥပါသရေ။</b> (အံ၊၁၊၁၆၃။)</p> <p>လောကမှာ အချို့အချို့သောသူတွေဟာ ဘယ်လိုသဘောရှိကြသလဲ? ဉာဏ်ပညာကလည်း မရှိကြ၊ အကြားအမြင် ဗဟုဿုတကလည်း နည်းပါးကြတယ်။ ဒီလို မသိမလိမ္မာ ပညာဉာဏ်မရှိ၊ ဗဟုဿုတ နည်းပါးတဲ့ လူမိုက်တွေဟာ ဒီငါဘုရားရှင်ရဲ့ သာသနာတော်မှ ပြင်ပဝယ် အလှူဒါနကို အမြတ်တနိုး လှူဒါန်းပူဇော်ကြတယ်။ ဒီလူမိုက်တွေဟာ နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားတွေကို ဟောကြားပြသ ဆိုဆုံးမမည့် အရိယာသူတော်ကောင်းတို့ကိုကား မဆည်းကပ်ကြဘူး။</p> <p>၈။ <b>ယေ စ သန္တေ ဥပါသန္တိ၊ သပ္ပညေ ဓီရသမ္မတေ။</b></p> <p><b>သဒ္ဓါ စ နေသံ သုဂတေ၊ မူလဇာတာ ပတိဋ္ဌိတာ။</b></p> <p>၉။ <b>ဒေဝလောကဉ္စ တေ ယန္တိ၊ ကုလေ ဝါ ဣဓ ဇာယရေ။</b></p> <p><b>အနုပုဗ္ဗေန နိဗ္ဗာနံ၊ အဓိဂစ္ဆန္တိ ပဏ္ဍိတာတိ။</b> (အံ၊၁၊၁၆၃။)</p> <p>လောကမှာ အချို့သောပုဂ္ဂိုလ်တွေကျတော့ ပညာရှိတို့ ချီးမွမ်းအပ်ကုန်တဲ့ ပညာရှိသူတော်ကောင်းတို့ကို မှီဝဲ ဆည်းကပ်ကြတယ်။ ယင်းပုဂ္ဂိုလ်တို့ရဲ့ ယုံကြည်ချက် သဒ္ဓါတရားဆိုတဲ့ မျိုးစေ့ကလေးဟာ ဘုရားရတနာ, တရားရတနာ, သံဃာရတနာ, ဘုရားရှင်၏ အဆုံးအမ သာသနာဆိုတဲ့ လယ်ယာမြေကောင်းမှာ အမြစ်စွဲပြီးတော့ ကောင်းစွာ တည်နေပြီ ဖြစ်တယ်။ ဒီလို ပညာရှိသူတော်ကောင်းတွေဟာ သေလွန်သည်၏ အခြားမဲ့၌ နတ်ပြည်သို့ လည်း လားရောက်ကြရတယ်။ လူ့ပြည်၌မူလည်း မြတ်သော အမျိုး၌ လူပြန် ဖြစ်ကြရတယ်။ အစဉ်သဖြင့် နိဗ္ဗာန်သို့လည်း ဆိုက်ရောက်ကြရတယ်။</p> <p>ဒီလို ဘုရားရှင်က မိန့်ကြားတော်မူပါတယ်။ (အံ၊၁၊၁၆၂-၁၆၃။)</p> <h3>ဘာကြောင့်လဲ? သဒ္ဓါ = မျိုးစေ့</h3> <p>၁။ <b>သဒ္ဓါ ဗီဇံ တပေါ ဝုဋ္ဌိ။</b> (သံ၊၁၊၁၇၅။)</p> <p>စသည်ဖြင့် ကသိဘာရဒွါဇသုတ္တန်မှာ ဘုရားရှင် ဟောကြားထားတော်မူတဲ့အတိုင်း ကုသိုလ်တရား မှန်သမျှတို့တွင် သဒ္ဓါတရားဟာ မျိုးစေ့နဲ့ တူတယ်။ ပကတိမျိုးစေ့ကို လယ်ယာမြေကောင်းမှာ ကြဲချစိုက်ပျိုးလိုက်ရင် အောက်မြေကြီးထဲမှာ အမြစ်က တွယ်သွားတယ်၊ အပေါ်မှာ အညွန့်ကို တက်လာစေတယ်။</p> <p>အလားတူပဲ သဒ္ဓါဆိုတဲ့ မျိုးစေ့ကလေးကို ကောင်းမှုတည်းဟူသော မျိုးစေ့ကို ကြဲချစိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်တဲ့ ဘုရားရှင်ရဲ့ သာသနာ့လယ်ယာမြေကောင်းမှာ ကြဲချစိုက်ပျိုးလိုက်ရင်, ကိလေသာ မြေခွေး တွေ ဝင်မကိုက်အောင် ဣန္ဒြေတွေကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုတဲ့ မိုးရေကလည်း လုံလောက်စွာ ပက်ဖျန်းပေးလိုက်ရင် အောက်သာသနာ့မြေမှာ သီလဆိုတဲ့ အမြစ်က တွယ်ပြီးတော့ တည်နေပြီ။ အပေါ်ပိုင်းမှာ သမထ-ဝိပဿနာဆိုတဲ့ အညွန့်လေးက တလူလူနဲ့ ထွက်ပေါ်လာတယ်။ (သံ၊ဋ္ဌ၊၁၊၂၃၀၊၊)</p> <p>၂။ ပကတိသော စပါးမျိုးစေ့ရဲ့ အမြစ်ဟာ ပထဝီရသဓာတ်ရည် အာပေါရသဓာတ်ရည်ဆိုတဲ့ မြေဆီ ရေဆီတွေကို စုပ်ယူပြီး ရိုးတံကနေတစ်ဆင့် အဲဒီ ရသဓာတ်ရည်တွေကို သယ်ဆောင်ယူလာလိုက်တာ တဖြည်းဖြည်း စပါးသီးတွေ ရင့်ကျက်တဲ့အဆင့်ထိ ရောက်ရှိကာ ကြီးပွား တိုးတက်လာတယ်။</p> <p>အလားတူပဲ သာသနာ့လယ်ယာမြေကောင်းမှာ ကြဲချစိုက်ပျိုးလိုက်တဲ့ သဒ္ဓါမျိုးစေ့ကြောင့် ဖြစ်ပေါ်လာတဲ့ သီလဆိုတဲ့ အမြစ်က သမထ-ဝိပဿနာ ဆိုတဲ့ ရသဓာတ်ရည်တွေကို စုပ်ယူပြီးတော့ သောက်သုံးလိုက်ကာ အရိယမဂ်ဉာဏ်ဆိုတဲ့ ရိုးတံထဲသို့ အရောက် ပို့ဆောင်ပေးလိုက်တယ်။ အဲဒီ အရိယမဂ်ဉာဏ်ရိုးတံအထိ ပျံ့နှံ့တည်နေတဲ့ သမထ-ဝိပဿနာရသဓာတ်ရည်တွေကြောင့် အရိယမဂ်ရိုးတံကြီးက အရိယဖိုလ်ဉာဏ်ဆိုတဲ့ စပါးသီးတွေကို သီးစေ ပြန်တယ်။ တဖြည်းဖြည်း ယင်းစပါးသီးတွေလည်း ရင့်ကျက်လာတယ်၊ တိုးပွား လာတယ်။ (သံ၊ဋ္ဌ၊၁၊၂၃၀။)</p> <p>၃။ နောက်တစ်ခု ရှိသေးတယ် --- ပကတိလယ်ယာမြေကောင်းမှာ အမြစ် တွယ်ပြီး ကောင်းစွာ ရပ်တည်နေတဲ့ စပါးမျိုးစေ့ဟာ အမြစ်, အညွန့်, အရွက်, ရိုးတံ, ရိုးဆစ်တွေမှ တစ်ဆင့် စိမ့်ဝင် စီးဆင်းလာတဲ့ ပထဝီရသဓာတ်ရည် အာပေါရသဓာတ်ရည်တွေကြောင့် စပါးပင်တွေဟာ ကြီးပွားခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရှိကာ နို့ရည်ကို ဖြစ်စေသဖြင့် များပြားလှတဲ့ သလေးစပါးဖုံးဆိုတဲ့ ကိုယ်ဝန်ကို သယ်ဆောင်ကာ သလေးစပါးသီးကို ဖြစ်စေသလိုပဲ ---</p> <p>အလားတူပဲ --- ဒီသဒ္ဓါဆိုတဲ့ မျိုးစေ့ဟာ စိတ်အစဉ်မှာ အမြစ်တွယ်ပြီး ရပ်တည်နေမယ်ဆိုရင် ---</p> <p>၁။ သီလဝိသုဒ္ဓိ = သီလစင်ကြယ်ခြင်း၊</p> <p>၂။ စိတ္တဝိသုဒ္ဓိ = စိတ်စင်ကြယ်ခြင်း (= ဥပစာရသမာဓိနှင့်တကွ စျာန်သမာပတ် ရှစ်ပါးတို့ကို ရရှိသဖြင့် စိတ်အစဉ်၌ နီဝရဏကိလေသာ အညစ်အကြေးတို့မှ စင်ကြယ်ခြင်း)၊</p> <p>၃။ ဒိဋ္ဌိဝိသုဒ္ဓိ = ရုပ်+နာမ်ကို ပရမတ်သို့ ဆိုက်အောင် ထိုးထွင်းသိသဖြင့် အတ္တဒိဋ္ဌိ ကင်းစင်သဖြင့် ဉာဏ်အမြင် စင်ကြယ်ခြင်း၊</p> <p>၄။ ကင်္ခါဝိတရဏဝိသုဒ္ဓိ = ကာလသုံးပါးလုံး၌ အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုးဆက်နွယ်မှုသဘောကို ဟုတ်တိုင်းမှန်စွာ သိသဖြင့် ယုံမှားခြင်းကင်းသဖြင့် ဉာဏ်အမြင် စင်ကြယ်ခြင်း၊</p> <p>၅။ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ = ဝိပဿနာညစ်ညူးကြောင်း ကိလေသာ အညစ်အကြေးတို့မှ လွတ်မြောက်သွားသဖြင့် ဝိပဿနာဉာဏ်အမြင် စင်ကြယ်ခြင်း၊</p> <p>၆။ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ = ဥပက္ကိလေသ အညစ်အကြေးတို့မှ လွတ်မြောက်သွားသော အထက်ပိုင်း ဝိပဿနာဉာဏ်အမြင်တို့ အားလုံးတို့ရဲ့ စင်ကြယ်ခြင်းဆိုတဲ့ ---</p> <p>အားလုံး အရိယမဂ် မဆိုက်မီ ရှေ့ပိုင်းမှာ ဝိသုဒ္ဓိကျင့်စဉ် (၆)မျိုး ရှိပါတယ်။ သဒ္ဓါမျိုးစေ့က သီလဆိုတဲ့ အမြစ်တွယ်ပြီးနောက် သမထ-ဝိပဿနာ ဆိုတဲ့ အညွန့်ကို ဖြစ်စေပြီးတဲ့အခါ ခုပြောခဲ့တဲ့ ဝိသုဒ္ဓိ (၆)ပါးတို့ဖြင့် ကြီးပွားခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရှိလာတယ်။ အဲဒီလို ရောက်ရှိလာတဲ့ အခါ = ဉာဏဒဿနဝိသုဒ္ဓိ = မဂ်ဉာဏ်အမြင်ရဲ့ စင်ကြယ်ခြင်းဆိုတဲ့ မဂ်ဉာဏ် နို့ရည်ကို ဖြစ်စေပြန်တယ်။ ဒီလို အဆင့်မြင့်တဲ့ မဂ်ဉာဏ်နို့ရည်ကို ဖြစ်စေပြီးတဲ့ နောက်မှာ ပဋိသမ္ဘိဒါဉာဏ်လေးပါး အဘိညာဏ်ခြောက်ပါးဆိုတဲ့ ကိုယ်ဝန်ကို သယ်ဆောင်ထားတဲ့ အရဟတ္တဖိုလ်အသီးကို သီးစေတယ်၊ ဖြစ်စေတယ်၊ ပြီးစီးစေတယ်။ (သံ၊ဋ္ဌ၊၁၊၂၃၀။)</p> <p>သာသနာ့နယ်မြေကောင်းမှာ ဣန္ဒြိယသံဝရသီလဆိုတဲ့ မိုးရေ အကူအညီနဲ့ ကြဲချစိုက်ပျိုးလိုက်တဲ့ သဒ္ဓါဆိုတဲ့ မျိုးစေ့က သီလဆိုတဲ့ အမြစ်ကို တွယ်စေပြီးနောက် သမထ-ဝိပဿနာဆိုတဲ့ အညွန့် အညှောက်တွေကို အဆင့်ဆင့် ဖြစ်ပေါ်စေလိုက်တဲ့အခါ ဝိပဿနာဉာဏ်စဉ်တွေ အဆင့်ဆင့် တက်ပြီးနောက် ရင့်ကျက်လာတဲ့ ဝိပဿနာဉာဏ်တွေရဲ့ အဆုံးမှာ အရိယမဂ်ဉာဏ်တွေက အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို အာရုံယူကာ ဖြစ်ပေါ် လာကြတယ်။ ယင်းအသီးအသီးသော အရိယမဂ်ဉာဏ်တွေက အဆင့်ဆင့်သော ဆိုင်ရာဆိုင်ရာ အရိယဖိုလ်ဆိုတဲ့ အသီးတွေကို သီးစေကြတယ်။ အဲဒီ အရိယဖိုလ်အသီးတွေက ပဋိသမ္ဘိဒါဉာဏ်လေးပါး အဘိညာဏ် ခြောက်ပါး ဆိုတဲ့ ဂုဏ်ထူးတွေကိုပါ သယ်ဆောင်လာကြတယ်။ ဒါကြောင့် ဘုရားရှင်က ဝစ္ဆဂေါတ္တသုတ္တန် နိဂုံးမှာ ---</p> <p><b>အနုပုဗ္ဗေန နိဗ္ဗာနံ၊ အဓိဂစ္ဆန္တိ ပဏ္ဍိတာ။</b></p> <p>ထိုပညာရှိသူတော်ကောင်းတွေဟာ အစဉ်သဖြင့် နိဗ္ဗာန်သို့ ဆိုက်ရောက် ကြရကုန်၏ -- လို့ မိန့်ကြားတော်မူခြင်း ဖြစ်ပါတယ်။</p> <p>ဒါကြောင့် ကျောင်းဒါယကာ ဒါယိကာမအပေါင်း သူတော်ကောင်းတို့လည်း သဒ္ဓါတရား ထက်ထက်သန်သန်ဖြင့် သံဃိကကျောင်းဆောင်ကို ဆောက်လုပ်လှူဒါန်းတာ ဖြစ်သည့်အတွက် သာသနာ့လယ်ယာမြေကောင်းမှာ သဒ္ဓါတရားတည်းဟူသော မျိုးစေ့ကို ကြဲချစိုက်ပျိုးလိုက်ကြခြင်းပဲ ဖြစ်ပါတယ်။ ယင်းသဒ္ဓါမျိုးစေ့မှ အောက်အဖို့တွင် သီလတည်းဟူသော အမြစ်တွယ်ပြီးနောက် အထက်အဖို့တွင် သမထ-ဝိပဿနာ အညွန့် အညှောက်တွေ အောင်အောင်မြင်မြင် ထွက်ပေါ်လာအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေ၊ အဆင့်ဆင့်သော ဝိပဿနာဉာဏ်များ ရင့်ကျက်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေ၊ ထိုသို့ အားထုတ်နိုင်ကြသဖြင့် အရိယမဂ်ဉာဏ် တည်းဟူသော နို့ရည်ကို သောက်သုံးနိုင်ကြပါစေ။ ထိုသို့ သောက်သုံး နိုင်သဖြင့် အဆင့်ဆင့်သော အရိယဖိုလ်သီးတို့ကို ရရှိနိုင်ကြပါစေ။ ထိုသို့ အဆင့်ဆင့် သော အရိယဖိုလ်သီးတို့ကို ရရှိသည်အထိ အားထုတ်သွားတော်မူကြသော ရှေးသူဟောင်းတို့၏ ထုံးကို နှလုံးမူကာ အတုလိုက်ကာ ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်နိုင်ကြပါစေဟု တိုက်တွန်းလျက် တရားသိမ်းကြစို့ ...</p> <p><b>ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။</b></p> <p><b>တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။</b></p> <p><b>သန္တော</b> = ဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့ကသူတော်ကောင်းတို့သည်။</p> <p><b>ဂမ္ဘီရစိန္တကာ</b> = နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာ ကြံဆင် အကြံ ကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။</p> <p><b>ကာမေ</b> = ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက် ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို။</p> <p><b>ဟိတွာ</b> = ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့် ဆက်ဆံ ဘေးတွေက ဝန်းရံ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော် ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည် ဖြစ်၍။</p> <p><b>ပဗ္ဗဇိံသု</b> = ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ် နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ် သက်ရွှင်လန်း ရှင်ရဟန်း ပြု၍ တောထွက်တော်မူကြ လေကုန်ပြီ။</p> <p><b>တုမှေပိ</b> = မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင် သူတော်ကောင်းတို့သည်လည်းပဲ။</p> <p><b>ပဗ္ဗဇိတာ</b> = ဝတ္ထုကာမ ဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန် ထွက် ကြကုန်သည်ဖြစ်၍။</p> <p><b>သုပေသလာ</b> = စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်င ရှိကြကုန်သည် ဖြစ်၍။</p> <p><b>တေ</b> = ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့ကို။</p> <p><b>အနုသိက္ခာဝှေါ</b> = အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ .. အားထုတ်နိုင်ကြပါစေကုန်သတည်း ...။</p> <p>(သာဓု သာဓု သာဓု ...)</p> <p>ဖားအောက်တောရဆရာတော်</p> <p>စိတ္တလတောင်ကျောင်း</p> <p>ဖားအောက်တောရ</p> <p>မော်လမြိုင်မြို့နယ်</p> <p>မွန်ပြည်နယ်။</p> o6m7j51ps6hhrxt9oaqp0hr7orv9l4y လူမွဲတို့၏ ထွက်ရပ်လမ်း 0 5722 18741 2025-06-07T02:27:52Z Tejinda 173 "{{header | title = လူမွဲတို့၏ ထွက်ရပ်လမ်း | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = | previous = မေတ္တာစွမ်းအားနှင့် ဗုဒ္ဓ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 18741 wikitext text/x-wiki {{header | title = လူမွဲတို့၏ ထွက်ရပ်လမ်း | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = | previous = [[မေတ္တာစွမ်းအားနှင့် ဗုဒ္ဓါနုဿတိစွမ်းအင်]] | previous2 = | next = [[အလှူမြစ်တား သုံးပါးအန္တရာယ်]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }} <h3>လူမွဲတို့၏ ထွက်ရပ်လမ်း</h3> <p><b>နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။</b></p> <h3>နိဒါနကထာ</h3> <p><b>အမောဃံ (တဿ) ဇီဝိတံ။ (သံ၊၁၊၂၃၄။)</b></p> <h3>အချည်းနှီးမဟုတ်သော အသက်ရှင်ခြင်း</h3> <p>သတ္တဝါတိုင်း သတ္တဝါတိုင်းသည် ပရိနိဗ္ဗာန် မစံမချင်း အသက်ရှင်နေရသူချည်းသာ ဖြစ်ပေသည်။ ထိုသို့ အသက်ရှင်နေရရာ၌ မွန်မြတ်သော အသက်ရှင်ရခြင်း ရှိသလို ယုတ်ညံ့သော အသက်ရှင်နေရခြင်းလည်း ရှိသည်။ မွန်မြတ်သော အသက်ရှင်ရခြင်းကို အချည်းနှီး မဟုတ်သော အသက်ရှင်ခြင်းဟု ဘုရားရှင်က ဟောကြားထားတော်မူ၏။ ယုတ်ညံ့သော အသက်ရှင်ရခြင်းကိုလည်း အချည်းနှီးသော အသက်ရှင်ခြင်းဟု ပြောင်းပြန် အနက်သဘောအားဖြင့် ဟောကြားထားတော်မူပေ၏။ အချည်းနှီးသော အသက်ရှင်ရခြင်းဟူသည် အဘယ်နည်း? အချည်းနှီးမဟုတ်သော အသက်ရှင်ရခြင်းဟူသည် အဘယ်နည်း? ဤသို့ မေးရန်ရှိ၏။ အဖြေမှာ ဤသို့ ဖြစ်ပေသည် ----</p> <p>တစ်ချိန်တွင် တစ်လောကလုံး၏ ကိုးကွယ်အားထားရာအစစ် အဖြစ်ကြီး ဖြစ်တော်မူသော ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည် တောင်ငါးလုံး ပိတ်ဖုံးကာခိုသည့် ရာဇဂြိုဟ်မြို့တော်ဝယ် ရှဉ့်နက်တို့ကို အစာကျွေးကာ မွေးမြူရာဖြစ်သော ဝါးတောပတ်ရံသည့် ဝေဠုဝန်ကျောင်းတိုက်အာရာမ်၌ မသေရာ အမြိုက်နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သည့် တရားအမြိုက်စည်ကြီးကို ရိုက်တီးတော်မူကာ သီတင်းသုံး စံနေတော်မူလေသည်။ တစ်နေ့တွင် ဘုရားရှင်သည် သဂါထာဝဂ္ဂသံယုတ်ပါဠိတော် သက္ကသံယုတ်၌ လာရှိသော <b>ဒလိဒ္ဒသုတ္တန် (သံ၊၁၊၂၃၃။)</b> ကို ဟောကြားတော်မူလေသည်။ ဘုရားရှင်က ယင်းသုတ္တန်ကို လူ့လောကတွင် အဆင့်အတန်း အနိမ့်ကျဆုံး အောက်တန်းအကျဆုံး လူမွဲတစ်ယောက်ကို အကြောင်းပြုကာ ဟောကြားတော်မူခြင်း ဖြစ်၏။</p> <p>ထိုလူမွဲကား အခြားသူမဟုတ်၊ နာမည်ကျော် သုပ္ပဗုဒ္ဓအနူကြီးပင် ဖြစ်ပေသည်။ ထိုနေ့တွင် ရာဇဂြိုဟ် မြို့သူမြို့သားတို့က မြို့လယ်တွင် မဏ္ဍပ်ကြီး တစ်ခုကို ဆောက်လုပ်ကာ ဘုရားအမှူးရှိသော သံဃာတော်ကို ပင့်ဖိတ်ကာ အလှူဒါနပွဲကြီးတစ်ခုကို ကျင်းပပူဇော်လျက် ရှိကြ၏။ သုပ္ပဗုဒ္ဓအနူကြီးက လည်း ယင်းအလှူမဏ္ဍပ်နှင့် မလှမ်းမကမ်း မနီးမဝေး တစ်နေရာတွင် ပိုလျှံသော စားကြွင်းများကို တောင်းစားရန်ဟူသော ဦးတည်ချက်ဖြင့် ထိုင်စောင့် နေပေသည်။ မြို့သူမြို့သားတို့ကလည်း ဘုရားအမှူးရှိသော သံဃာတော်ကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ပြုစုလုပ်ကျွေးပြီးနောက် သုပ္ပဗုဒ္ဓအားလည်း ယာဂုနှင့် ထမင်းကို ပေးလှူကြလေသည်။ မွန်မြတ်သော ဘောဇဉ်ကို စားသုံး လိုက်ရသော ထိုသုပ္ပဗုဒ္ဓ၏ စိတ်သည် တည်ကြည်လာ၏။</p> <p>ဘုရားရှင်ကလည်း ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးဆုံးသွားသောအခါ အလှူ ဒါနနှင့် ပတ်သက်သည့် ဝမ်းမြောက်ဖွယ် အနုမောဒနာ တရားစကားတော်ကို မဟောကြားမီတွင် သူတစ်ပါးတို့၏ စိတ်ကို သိတော်မူသည့် <b>စေတောပရိယ အဘိညာဏ်</b>ကို ဝင်စားတော်မူပြီးနောက် သတ္တဝါတို့၏ အတွင်းသဘော အလို ဆန္ဒ <b>အဇ္ဈာသယဓာတ်</b>ကို သိတော်မူသည့် <b>အာသယာနုသယဉာဏ်တော်</b>, သတ္တဝါတို့၏ ဣန္ဒြေအနုံ့အထက် ရင့်ကျက်မှု ရှိ,မရှိကို သိတော်မူသည့် <b>ဣန္ဒြိယပရောပရိယတ္တိဉာဏ်တော်</b>တို့ဖြင့် အဘယ်သူသည် သစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက်သိမြင်ထိုက်ပါသနည်းဟု ပရိသတ်ကို လှမ်းမြော်ကာ ကြည့်ရှုတော်မူလေသော် ဤသုပ္ပဗုဒ္ဓသည် သစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက်သိမြင်ထိုက်၏ဟု သိရှိတော်မူသည့်အတွက် သုပ္ပဗုဒ္ဓကိုပင် ဦးတည် အာရုံပြုကာ <b>အနုပုဗ္ဗိကထာ</b>ဟု ခေါ်ဆိုအပ်သည့် တရားစကားတော်ကို အစဉ်အတိုင်း ဟောကြားပေးတော်မူလေသည်။</p> <p>၁။ ဒါနနှင့်စပ်သော တရားစကား,</p> <p>၂။ သီလနှင့်စပ်သော တရားစကား,</p> <p>၃။ နတ်ရွာသုဂတိနှင့်စပ်သော တရားစကား,</p> <p>၄။ ကာမဂုဏ်တို့၏ အပြစ်<b>အာဒီနဝ</b>, ကာမဂုဏ်တို့၏ ယုတ်ညံ့ပုံ, ကာမဂုဏ်တို့၏ ညစ်နွမ်းပုံတို့နှင့်စပ်သော တရားစကား,</p> <p>၅။ ကာမဂုဏ်မှ ထွက်မြောက်ခြင်း၌ ရရှိနိုင်သော အကျိုး<b>အာနိသံသ</b>နှင့် ဆက်စပ်သော <b>နေက္ခမ္မေ အာနိသံသကထာ</b>- တရားစကား,</p> <p>ဤတရားစကားတော်တို့ကို အစဉ်အတိုင်း ဟောကြားပေးတော်မူလေသည်။ ကာမဂုဏ်မှ ထွက်မြောက်ကြောင်းဖြစ်သည့် <b>နေက္ခမ္မဓာတ်</b>နှင့် ဆက်စပ်နေသည့် <b>နေက္ခမ္မေ အာနိသံသကထာ</b>ကို ဟောကြားထားတော်မူရာ၌ -</p> <p><b>ပဗ္ဗဇ္ဇာ ပဌမဇ္ဈာနံ၊ နိဗ္ဗာနဉ္စ ဝိပဿနာ။</b></p> <p><b>သဗ္ဗေပိ ကုသလာ ဓမ္မာ၊ နေက္ခမ္မန္တိ ပဝုစ္စရေ။ (ဣတိဝုတ်၊ဋ္ဌ၊၃၃၁။)</b></p> <p>ဟူသော အဋ္ဌကထာအဖွင့်များနှင့်အညီ သမထပိုင်း ဝိပဿနာပိုင်းများ ပါဝင်သည့် ကျင့်စဉ် နှစ်ပိုင်းလုံးကိုပင် ဟောကြားပေးတော်မူလေသည်။ သမထကျင့်စဉ်ပိုင်းကို ဟောကြားတော်မူရာ၌ <b>သမထစျာန်</b>များကိုလည်း ထည့်သွင်းကာ ဟောကြားသွားတော်မူပေသည်။ <b>သမထစျာန်</b>နှင့် ဆက်စပ်သည့် တရားစကားတော်တို့သည်လည်း ကာမဂုဏ်မှ ထွက်မြောက်ကြောင်း <b>နေက္ခမ္မကထာ</b> တရားစကားတော်တို့ပင် ဖြစ်ကြပေသည်။ သုပ္ပဗုဒ္ဓကြီးသည် ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမတော်မူသည့် ဒေသနာတော်နောက်သို့ ဉာဏ်ကို စေလွှတ်ကာ လက်တွေ့ လိုက်ကျင့်နိုင်လေသည်။ အောင်မြင်မှုကို ရရှိလာသော သုပ္ပဗုဒ္ဓ၏ စိတ်အစဉ်ဝယ် တည်ကြည်သော သမာဓိများ ကိန်းဝပ်လာကြပေသည်။ စိတ်ဓာတ်သည်လည်း <b>ပီတိစွမ်းဟုန်</b>ကြောင့် ရွှင်လန်း တက်ကြွလျက် ရှိနေ၏။ သုပ္ပဗုဒ္ဓ၏သန္တာန်ဝယ် -----</p> <p>၁။ ဘုရားရှင် ဟောကြားတော်မူအပ်သော တရားဒေသနာတော်အပေါ်၌ မယုံကြည်ခြင်း <b>အဿဒ္ဓိယ</b>စသော စိတ်၏ အညစ်အကြေးများ ကင်းစင် သွားခြင်းကြောင့် အထက်၌ ဟောကြားတော်မူလတ္တံ့ဖြစ်သော သစ္စာလေးပါးတရားဒေသနာတော်ကို ခံယူဖို့ရန် အခန့်သင့်ဖြစ်သော စိတ် (= <b>ကလ္လစိတ္တ</b>),</p> <p>၂။ <b>ဒိဋ္ဌိမာန</b>စသော ကိလေသာ အညစ်အကြေး ကင်းစင်သဖြင့် နူးညံ့သောစိတ် (= <b>မုဒုစိတ္တ</b>),</p> <p>၃။ ကာမဂုဏ်၌ လိုလားတပ်မက်ခြင်း = <b>ကာမစ္ဆန္ဒ</b>အစရှိသော <b>စျာန်မဂ် ဖိုလ်</b>ကို တားမြစ်နှောင့်ယှက်တတ်သည့် <b>နီဝရဏကိလေသာ</b> အညစ် အကြေး ကင်းစင်သောစိတ် (= <b>ဝိနီဝရဏစိတ္တ</b>),</p> <p>၄။ ကောင်းမွန်မှန်ကန်စွာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည့် <b>သမ္မာပဋိပတ်</b>ကျင့်စဉ်ကို ကျင့်ရာ၌ (= မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကို ကျင့်ရာ၌) စိတ်အစဉ်ဝယ် ပြန့်ပြောကြီးကျယ် မြင့်မြတ်သည့် နှစ်သက်ဝမ်းမြောက်ခြင်း <b>ပီတိပါမောဇ္ဇတရား</b>နှင့် ယှဉ်တွဲနေသောကြောင့် တက်ကြွသောစိတ် (= <b>ဥဒဂ္ဂစိတ္တ</b>),</p> <p>၅။ <b>ဝိစိကိစ္ဆာတရား</b>၏ ကင်းကွာ၍သွားခြင်းကြောင့် ရတနာသုံးပါးနှင့် သိက္ခာသုံးရပ် အကျင့်မြတ်အပေါ်၌ လွတ်လွတ် သက်ဝင်ယုံကြည်ချက် <b>သဒ္ဓါတရား</b> ပြည့်ဝစုံညီလာသဖြင့် ကြည်လင်သောစိတ် (= <b>ပသန္နစိတ္တ</b>), (ဥဒါန၊ဋ္ဌ၊၂၅၇။)</p> <p>ဤကဲ့သို့သော စိတ်ဓာတ်များ ကိန်းဝပ်တည်ရှိနေသည်ကို ဘုရားရှင်က သိရှိတော်မူသောအခါ ဘုရားရှင်တို့၏ ရွှေနှုတ်တော်မှ တိုက်ရိုက် ထွက်ပေါ်တော်မူလာသည့် တရားဒေသနာတော်ဖြစ်ခြင်းကြောင့် <b>သာမုက္ကံသိကဒေသနာ</b>ဟု အမည်တွင်သော အရိယသစ္စာလေးပါးနှင့်စပ်သော တရားစကားတော်တို့ကို တစ်ဆင့်တက်ကာ ဟောကြားပေးတော်မူလေသည်။ (ဥဒါန၊၁၃၅။)</p> <p>အထက်ပါ ပါဠိတော်နှင့် အဋ္ဌကထာတို့က သုပ္ပဗုဒ္ဓ၏သန္တာန်၌ <b>နီဝရဏ ကိလေသာ</b> အညစ်အကြေးတို့မှ ကင်းစင်သော စိတ်ဓာတ်များလည်း တည်ရှိလာကြောင်းကို ဟောကြားဖွင့်ဆိုထားတော်မူသဖြင့် ထိုအချိန်အခါတွင် သုပ္ပဗုဒ္ဓ၏သန္တာန်၌ <b>ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိ</b>တို့တွင် တစ်မျိုးမျိုးသော <b>သမာဓိတရား</b>သည်လည်း ထင်ရှားဖြစ်ပေါ်လာပြီဟု သိရှိနိုင်ပေသည်။ သမထပိုင်းတွင် အောင်မြင်မှုကို ရရှိလာသောအခါ <b>အရိယသစ္စာလေးပါး</b>တို့ကို ပြည့်ပြည့်စုံစုံ ထွင်းဖောက်သိမြင်နိုင်ရေးအတွက် <b>ဒုက္ခသစ္စာ သမုဒယသစ္စာ</b>ဟု ခေါ်ဆိုအပ်သော ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်ကြသော <b>သင်္ခါရတရား</b> တို့ကို ဝိပဿနာရှုပွားသုံးသပ်ပုံအပိုင်းတို့ကို ဆက်လက်ကာ ဟောကြားပေးတော်မူလေသည်။</p> <p>သုပ္ပဗုဒ္ဓကလည်း ယင်း<b>ဒုက္ခသစ္စာ သမုဒယသစ္စာ</b>ဟူသည့် <b>သင်္ခါရတရား</b> တို့ကို ဝိပဿနာရှုပွားသုံးသပ်နိုင်သဖြင့် ရင့်ကျက်လာသော ဝိပဿနာဉာဏ် တို့၏ အဆုံးဝယ် မည်းညစ်ခြင်းကင်းသော ဖြူစင်သော အဝတ်သည် ဆိုးရည် ကို ကောင်းစွာ ခံယူနိုင်သကဲ့သို့ အလားတူပင် သုပ္ပဗုဒ္ဓ၏သန္တာန်၌ ထိုနေရာ မှာပင် ကိလေသာ မြူအညစ်အကြေး ကင်းစင်သော <b>သောတာပတ္တိမဂ်ဉာဏ် အမြင်</b>သည် ထင်ရှားဖြစ်ပေါ်ခဲ့လေပြီ = <b>အရိယသစ္စာလေးရပ်</b> တရားမြတ်တို့ ကို <b>သောတာပတ္တိမဂ်ဉာဏ်</b>တည်းဟူသော <b>လောကုတ္တရာ သမ္မာဒိဋ္ဌိဉာဏ်ပညာ</b>ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သွားလေသည်။</p> <p><b>ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မံ။</b></p> <p>= ဖြစ်သည့်တရားမှန်က ပျက်နေ၏ဟူသော အသိဉာဏ်သည်လည်း စွဲမြဲစွာ တည်ရှိသွားပေသည်။ (ဥဒါန၊၁၃၅။ သံ၊၁၊၂၃၃။ သံ၊ဋ္ဌ၊၁၊၃၂၀။ ဥဒါန၊ဋ္ဌ၊၂၅၅-၂၅၇။)</p> <p>သုပ္ပဗုဒ္ဓကြီးသည် <b>သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်</b>၌ တည်ပြီးသောအခါ မိမိ ရရှိထားပြီးသည့် <b>လောကုတ္တရာ</b> တရားထူး တရားမြတ်၏ ဂုဏ် ကျေးဇူးကို ဘုရားရှင်အား တင်ပြလျှောက်ထားလိုခဲ့၏။ သို့သော် မိမိ၏ လက်ရှိဘဝ အခြေအနေက ပရိသတ်အလယ်သို့ ဝင်ရောက်သွားဖို့ရန် မဝံ့ရဲသော အခြေအနေမှာ တည်ရှိနေ၏။ ထိုကြောင့် အလှူရှင် တရားနာပရိသတ် အပေါင်း သူတော်ကောင်းတို့က ဘုရားရှင်အား ရှိခိုးကြပြီးနောက် ဘုရားရှင်က ကျောင်းတော်သို့ ပြန်ကြွတော်မူသောအခါ ဘုရားရှင်၏ နောက်တော်သို့ အတန်ငယ် အစဉ်လိုက်ပါလာကြပြီးနောက် တစ်ဖန် ပြန်လှည့်သွားကြသောအခါ ဘုရားရှင်သည်လည်း ဝေဠုဝန်ကျောင်းတိုက်တော်သို့ ရဟန်း သံဃာတော်အပေါင်း ခြံရံလျက် ပြန်ကြွတော်မူခဲ့လေသည်။ ထိုအခါ သုပ္ပဗုဒ္ဓ သည်လည်း ဘုရားရှင်၏ နောက်တော်မှ ဝေဠုဝန်ကျောင်းတိုက်တော်သို့ လိုက်ပါသွားခဲ့လေသည်။ (ဥဒါန၊ဋ္ဌ၊၂၅၈။)</p> <p>ဤအရာတွင် ဥဒါန်းအဋ္ဌကထာက ဤသို့ ဆက်လက်ကာ ဖွင့်ဆိုထားလေသည် ---</p> <p>သုပ္ပဗုဒ္ဓသည်လည်း ဝေဠုဝန်ကျောင်းတိုက်တော်သို့ ဘုရားရှင်၏ နောက် တော်မှ လိုက်ပါနေသည်ကို နတ်တို့သေဌ်နင်း <b>သိကြားမင်းကြီး</b>ကလည်း မြင်သိလေသည်။ ထိုအခါ <b>သိကြားမင်းကြီး</b>က ဤသုပ္ပဗုဒ္ဓ အနူကြီးသည် ဘုရားရှင်၏ အဆုံးအမ သာသနာတော်၌ မိမိရရှိထားသည့် <b>သောတာပန်</b> ဟူသော ဂုဏ်ကျေးဇူးကို ထင်ရှားပြလိုသည်ဟု သိရှိသည့်အတွက် သုပ္ပဗုဒ္ဓကြီးကို ငါ စုံစမ်းကြည့်ပေအံ့ဟူသော ဦးတည်ချက်ဖြင့် လာရောက်ကာ ကောင်းကင်၌ ရပ်တည်ပြီးလျှင် ဤစကားကို ပြောကြားလိုက်လေသည် ---</p> <p>သုပ္ပဗုဒ္ဓ ... သင်ဟာ လူဆင်းရဲတစ်ဦးလည်း ဖြစ်တယ်၊ အထီးကျန်သူ တစ်ဦးလည်း ဖြစ်တယ်၊ အောက်တန်းစား လူသားတစ်ဦးလည်း ဖြစ်တယ်၊ ငါဟာ သင့်အား အတိုင်းအတာ ပမာဏမရှိသည့် စည်းစိမ်ဥစ္စာကို ပေးမယ်၊ ဘုရားကို ဘုရားမဟုတ်လို့, တရားကို တရားမဟုတ်လို့, သံဃာကို သံဃာမဟုတ်လို့ ပြောပါ၊ ငါ့အား ဘုရားဖြင့် အလိုမရှိ, ငါ့အား တရားဖြင့် အလိုမရှိ, ငါ့အား သံဃာဖြင့် အလိုမရှိလို့ ပြောပါဟု တိုက်တွန်းစကား ပြောကြားလိုက်လေသည်။</p> <p>ထိုအခါ သုပ္ပဗုဒ္ဓက -- ယခု စကားပြောနေတဲ့ သင်ဟာ ဘယ်သူလဲ?ဟု မေးမြန်းလိုက်၏။ ငါဟာ နတ်တို့သေဌ်နင်း <b>သိကြားမင်း</b> ဖြစ်တယ်ဟု ပြန်ပြောလိုက်သောအခါ --</p> <p>ဟယ် ...အရှက်မရှိသည့် လူမိုက်၊ သင်ဟာ ငါနှင့် စကားပြောဖို့ရန် မလျော်ကန်တဲ့သူ ဖြစ်တယ်၊ သင်ဟာ မပြောသင့်တဲ့စကားကို ပြောဆိုနေတယ်၊ တကယ်တော့ သင်ဟာ ငါ့ကို အထီးကျန် သူဆင်းရဲ ငမွဲပဲလို့ ပြောဆိုနေတယ်၊ သင်က ငါ့ကို ဘာကြောင့် ဒီလို ပြောဆိုနိုင်ရသလဲ? ငါဟာ တစ်လောကလုံးရဲ့ ကိုးကွယ်အားထားရာဖြစ်တော်မူတဲ့ ဘုရားရှင်ရဲ့ ရွှေ ရင်တော်နှစ် သားတော်ရင်းအစစ် ဖြစ်တယ်မဟုတ်ဘူးလား? ငါဟာ ငမွဲလည်း မဟုတ်ဘူး၊ အထီးကျန်သူလည်း မဟုတ်ဘူး၊ အောက်တန်းစား လူသားလည်း မဟုတ်ဘူး၊ တကယ်စင်စစ်မှာတော့ ငါဟာ လွန်မြတ်သော ချမ်းသာသုခဖြင့် ချမ်းသာခြင်းသုခသို့ ရောက်ရှိနေတဲ့ (သူတော်ကောင်းဥစ္စာ ဆိုတဲ့) ပစ္စည်းဥစ္စာ ပေါများကြွယ်ဝတဲ့ လူချမ်းသာတစ်ဦးသာ ဖြစ်တယ်ဟု ဤသို့ ပြောဆိုလိုက် လေသည်။ ဤမျှသာမကသေး၊ ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားပြသ ဆိုဆုံးမထားတော်မူသည့် <b>အင်္ဂုတ္တိုရ်ပါဠိတော် သတ္တကနိပါတ် သံခိတ္တဓန သုတ္တန်, ဝိတ္ထတဓနသုတ္တန်</b>တို့၌ လာရှိသည့် ဂါထာဒေသနာတော်နှစ်ခုတို့ကိုပါ ရွတ်ဆိုပြလိုက်လေသည်။</p> <p><b>သဒ္ဓါဓနံ သီလဓနံ၊ ဟိရီ ဩတ္တပ္ပိယံ ဓနံ။</b></p> <p><b>သုတဓနဉ္စ စာဂေါ စ၊ ပညာ ဝေ သတ္တမံ ဓနံ။</b></p> <p><b>ယဿ ဧတေ ဓနာ အတ္ထိ၊ ဣတ္ထိယာ ပုရိသဿ ဝါ။</b></p> <p><b>အဒလိဒ္ဒေါတိ တံ အာဟု၊ အမောဃံ တဿ ဇီဝိတံ။ (အံ၊၂၊၃၉၈-၃၉၉။)</b></p> <p>ဤဂါထာနှစ်ခုတို့ကိုပါ ရွတ်ပြလိုက်လေသည်။ ယင်းဂါထာနှစ်ခုတို့၏ အဓိပ္ပါယ်မှာ ဤသို့ ဖြစ်၏ -----</p> <p><b>သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရိ, ဩတ္တပ္ပ</b>ဟူသည့် သူတော်ကောင်းဥစ္စာ ခုနစ်ဖြာ ရှိပေသည်။ အမျိုးသမီးပဲ ဖြစ်ဖြစ်, အမျိုးသားပဲ ဖြစ်ဖြစ် ဤသူတော်ကောင်းဥစ္စာ ခုနစ်ဖြာတို့ ထင်ရှားရှိနေသည့် သူသာ မှန်ခဲ့လျှင် ယင်းသူတော်ကောင်းကို <b>အဒလိဒ္ဒ</b> = မဆင်းရဲသူ = လူမွဲမဟုတ်ဟု ဘုရားအစရှိကုန်သော ပညာရှိသူတော်ကောင်းတို့က ချီးမွမ်းစကား မိန့်ကြားထားတော်မူကြပေသည်။ ထိုပုဂ္ဂိုလ်၏ အသက်ရှင်ခြင်းကိုလည်း အချည်းနှီး မဟုတ်သော အသက်ရှင်ခြင်းဖြစ်သည်ဟု ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။ (အံ၊၂၊၃၉၀-၃၉၉။)</p> <p>ဤတရားဒေသနာတော်ကို ကိုးကားကာ သုပ္ပဗုဒ္ဓက <b>သိကြားမင်းကြီး</b>အား ဒီလို ဘုရားရှင် ဟောကြားထားတော်မူတဲ့ သူတော်ကောင်းဥစ္စာ ခုနစ်ဖြာတို့ဟာ ငါ့ရဲ့သန္တာန်မှာ ထင်ရှား ရှိနေကြတယ်။ ဒီလို သူတော်ကောင်းဥစ္စာ ခုနစ်ဖြာတို့နှင့် ပြည့်စုံနေတဲ့ သူတွေကို <b>သမ္မာသမ္ဗုဒ္ဓဘုရားရှင်</b>တို့ကရော, <b>ပစ္စေကဗုဒ္ဓဘုရားရှင်</b>တို့ကရော <b>ဒလိဒ္ဒ</b> = လူမွဲလို့ မခေါ်ဆိုကြပါဘူးဟု ဤကဲ့သို့ ပြန်ပြောလိုက်လေသည်။</p> <p>နတ်တို့သေဌ်နင်း <b>သိကြားမင်းကြီး</b>သည်လည်း ဤစကားကို ကြားရပြီးနောက် သုပ္ပဗုဒ္ဓကြီး ဘုရားရှင်၏ ထံတော်မှောက်သို့ မဆိုက်ရောက်မီ အချိန် ကာလအတွင်းမှာပင် ဘုရားရှင်၏ ထံတော်မှောက်သို့ အရောက်သွားကာ သုပ္ပဗုဒ္ဓကြီးနှင့် မိမိတို့ အချီအချ ပြောကြားခဲ့ကြသည့် စကားအရပ်ရပ်တို့ကို ဘုရားရှင်အား တင်ပြလျှောက်ထားလေသည်။ ထိုအခါ ဘုရားရှင်က နတ်တို့သေဌ်နင်း <b>သိကြားမင်း</b>ကို -- ဒါယကာတော် <b>သိကြား</b> ... သင်ကဲ့သို့သော <b>သိကြားမင်း</b>ပေါင်း အရာတို့ကသော်လည်းကောင်း, အထောင်တို့ကသော်လည်းကောင်း သုပ္ပဗုဒ္ဓအနူကြီးကို ဘုရားသည် ဘုရားမဟုတ်, တရားသည် တရားမဟုတ်, သံဃာသည် သံဃာမဟုတ်ဟု ပြောဆိုစေဖို့ရန် စွမ်းနိုင်ကြမည် မဟုတ်ကြပါဟု မိန့်ကြားတော်မူလိုက်လေသည်။ (ဥဒါန၊ဋ္ဌ၊၂၅၈-၂၅၉။)</p> <h3>ဤ၌ မှတ်သားစေလိုသော အချက်တစ်ရပ်</h3> <p>အထက်ပါ သုပ္ပဗုဒ္ဓကြီးက နတ်တို့သေဌ်နင်း <b>သိကြားမင်း</b>အား ပြောဆို လိုက်သည့် စကားရပ်တို့ကို ကြည့်ပါက သုပ္ပဗုဒ္ဓကြီးသည် ဘုရားရှင်၏ တရားတော်တို့ကို အကြိမ် တော်တော်များများ နာကြားဖူးပြီးဖြစ်ကြောင်းကို သိရှိ နိုင်ပေသည်။ တစ်ဖန် သုပ္ပဗုဒ္ဓကြီးသည် <b>သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရိ, ဩတ္တပ္ပ</b> -- တည်းဟူသော သူတော်ကောင်းဥစ္စာ ခုနစ်ဖြာဟူသည့် ပါရမီ တရားအပေါင်းတို့ကို ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌လည်းကောင်း, ဤ<b>ဂေါတမဘုရားရှင်</b>၏ သာသနာတော်တွင်း၌လည်းကောင်း <b>သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်</b>သို့ ဆိုက်သည်အထိ <b>အရိယသစ္စာလေးရပ်</b> တရားမြတ်တို့ကို ထွင်းဖောက်သိမြင်နိုင်လောက်အောင် ပြုစုပျိုးထောင်ထားပြီး ဖြည့်ကျင့်ဆည်းပူး စုဆောင်းထားပြီး ဖြစ်သည်ဟုလည်း သိရှိနိုင်ပေသည်။</p> <p>အကြောင်းမူ -- ထိုနေ့ တရားပွဲတွင် တရားမဟောမီ ဘုရားရှင်က တရားနာပရိသတ်တို့ကို အ<b>ဘိညာဏ်ဉာဏ်တော်မြတ်</b>ဖြင့် လှမ်းမြော်ကြည့်ရှု တော်မူလိုက်သောအခါ ယင်းပရိသတ်ထဲတွင် သုပ္ပဗုဒ္ဓကြီးတစ်ဦးသည် <b>သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်</b>ကို ရရှိနိုင်လောက်အောင် သူ၏ ပါရမီတရား အပေါင်းတို့က ရင့်ကျက်လာကြပြီဟူသည့် အကြောင်းအရာကို ဘုရားရှင်က တွေ့မြင်တော်မူသောကြောင့် ဖြစ်၏။ (ဥဒါန၊ဋ္ဌ၊၂၅၅။) တစ်ဖန် <b>သမ္မောဟဝိနောဒနီအဋ္ဌကထာကြီး</b>ကလည်း ဤသို့ ဖွင့်ဆိုထားပြန်၏ ---</p> <p><b>အရိယသာဝကော နော ပဋိသမ္ဘိဒါပ္ပတ္တော နာမ နတ္ထိ။ (အဘိ၊ဋ္ဌ၊၂၊၃၇၂။)</b></p> <p><b>ပုဗ္ဗယောဂေန ပုဗ္ဗေ စေဝ ဧတရဟိ စ သင်္ခါရသမ္မသနံ ဝိနာ ပဋိသမ္ဘိဒါ နာမ နတ္ထိ။ (အဘိ၊ဋ္ဌ၊၂၊၃၇၃။)</b></p> <p><b>တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)</b></p> <p>တစ်ဖန် <b>ပဋိသမ္ဘိဒါဝိဘင်းပါဠိတော် သစ္စဝါရဒေသနာတော်</b>၌လည်း ဘုရားရှင်က ဤသို့ ဟောကြားထားတော်မူ၏ ---</p> <p>၁။ <b>ဒုက္ခေ ဉာဏံ အတ္ထပဋိသမ္ဘိဒါ။</b></p> <p>၂။ <b>ဒုက္ခသမုဒယေ ဉာဏံ ဓမ္မပဋိသမ္ဘိဒါ။</b></p> <p>၃။ <b>ဒုက္ခနိရောဓေ ဉာဏံ အတ္ထပဋိသမ္ဘိဒါ။</b></p> <p>၄။ <b>ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ ဓမ္မပဋိသမ္ဘိဒါ။</b></p> <p>၅။ <b>တတြ ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိပဋိသမ္ဘိဒါ။</b></p> <p>၆။ <b>ဉာဏေသု ဉာဏံ ပဋိဘာနပဋိသမ္ဘိဒါ။ (အဘိ၊၂၊၃၀၇။)</b></p> <p>၁။ <b>ဒုက္ခသစ္စာ</b>၌ သိသောဉာဏ်သည် <b>အတ္ထပဋိသမ္ဘိဒါဉာဏ်</b>မည်၏။</p> <p>၂။ <b>သမုဒယသစ္စာ</b>၌ သိသောဉာဏ်သည် <b>ဓမ္မပဋိသမ္ဘိဒါဉာဏ်</b>မည်၏။</p> <p>၃။ <b>ဒုက္ခနိရောဓသစ္စာ</b>၌ သိသောဉာဏ်သည် <b>အတ္ထပဋိသမ္ဘိဒါဉာဏ်</b>မည်၏။</p> <p>၄။ <b>ဒုက္ခနိရောဓသစ္စာ</b>သို့ ရောက်ကြောင်း ကျင့်စဉ်၌ သိသောဉာဏ်သည် <b>ဓမ္မပဋိသမ္ဘိဒါဉာဏ်</b>မည်၏။</p> <p>၅။ ထိုသစ္စာလေးပါးတို့၏ (မာဂဓဘာသာ) အခေါ်အဝေါ် အသုံးအနှုန်း၌ သိသောဉာဏ်သည် <b>နိရုတ္တိပဋိသမ္ဘိဒါဉာဏ်</b>မည်၏။</p> <p>၆။ ထို<b>အတ္ထပဋိသမ္ဘိဒါဉာဏ်, ဓမ္မပဋိသမ္ဘိဒါဉာဏ်, နိရုတ္တိပဋိသမ္ဘိဒါဉာဏ်</b> တို့ကို ထိုးထွင်းသိတတ်သော ဉာဏ်သည် <b>ပဋိဘာနပဋိသမ္ဘိဒါဉာဏ်</b> မည်၏။ (အဘိ၊၂၊၃၀၇။)</p> <p>ဤ<b>သစ္စဝါရဒေသနာတော်</b>များကို ရည်ညွှန်းလျက် အထက်တွင် တင်ပြထားသော <b>သမ္မောဟဝိနောဒနီအဋ္ဌကထာကြီး</b>က -- <b>ပဋိသမ္ဘိဒါဉာဏ်</b>သို့ မရောက်ရှိသော <b>အရိယာသူတော်ကောင်း</b>မည်သည် မရှိစကောင်းဟု ဖွင့်ဆို ထား၏။ သစ္စာလေးပါးကို ထိုးထွင်းမသိသော <b>အရိယာသူတော်ကောင်း</b> မည်သည် မရှိစကောင်းဟု ဆိုလိုရင်း ဖြစ်၏။</p> <p>ထိုသစ္စာလေးပါးတို့တွင် <b>ဒုက္ခသစ္စာ သမုဒယသစ္စာ</b> တရားနှစ်ပါးတို့ကား သံသရာဝဋ်ကို လည်ပတ်စေတတ်သည့် <b>ဝဋ္ဋသစ္စာတရား</b>တို့ ဖြစ်ကြ၏။ <b>နိရောဓသစ္စာ မဂ္ဂသစ္စာ</b> တရားနှစ်ပါးတို့ကား သံသရာဝဋ်ကင်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း <b>ဝိဝဋ္ဋသစ္စာတရား</b>တို့ ဖြစ်ကြ၏။ ထို<b>ဝဋ္ဋသစ္စာ ဝိဝဋ္ဋသစ္စာ</b> နှစ်မျိုးတို့တွင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလိုသော <b>ယောဂါဝစရရဟန်းတော်</b>သည် <b>ဝဋ္ဋသစ္စာတရား</b>နှစ်ပါး၌ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်းအမှုကို ပြုအပ်၏။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)</p> <p><b>သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ</b> -- ဟူသော <b>ဓမ္မစကြာဒေသနာတော်</b>များနှင့်အညီ <b>ဥပါဒါနက္ခန္ဓာငါးပါး</b> = ရုပ်တရား + နာမ်တရားတို့ကား <b>ဒုက္ခသစ္စာတရား</b>စုတို့ ဖြစ်ကြ၏။</p> <p><b>အတီတေ ဟေတဝေါ ပဉ္စ၊ ဣဒါနိ ဖလပဉ္စကံ။ (အဘိ၊ဋ္ဌ၊၂-၁၈၂။)</b></p> <p>ဤသို့ စသော အဋ္ဌကထာအဖွင့်များနှင့်အညီ ပစ္စုပ္ပန် <b>ဥပါဒါနက္ခန္ဓာ ငါးပါး ဒုက္ခသစ္စာတရား</b>တို့၏ အကြောင်းတရားများ ဖြစ်ကြသော အတိတ် ဘဝက ပြုစုပျိုးထောင်ခဲ့သည့် <b>အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ</b>-နှင့် နောင်အနာဂတ် ခန္ဓာငါးပါး <b>ဒုက္ခသစ္စာတရား</b>အတွက် ပစ္စုပ္ပန်တွင် ပြုစု ပျိုးထောင်နေသော <b>အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ</b> -- တို့ကား <b>သမုဒယသစ္စာတရား</b>စုတို့ ဖြစ်ကြ၏။</p> <p>ယင်း<b>ဒုက္ခသစ္စာ</b> အမည်ရသော ရုပ်တရား နာမ်တရားနှင့် <b>သမုဒယသစ္စာ</b> အမည်ရသော <b>အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ</b>ဟူသော အကြောင်းတရားတို့ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံ <b>သင်္ခါရတရား</b>တို့ ဖြစ်ကြ၏။</p> <p><b>အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။)</b></p> <p>= အနိစ္စ, ဒုက္ခ, အနတ္တစသော အမျိုးမျိုးသော အခြင်းအရာတို့ဖြင့် <b>ဒုက္ခသစ္စာ, သမုဒယသစ္စာ</b> အမည်ရသည့် <b>သင်္ခါရဓမ္မ</b>တို့ကို ရှုတတ်သောကြောင့် ဝိပဿနာမည်၏။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။)</p> <p>ဤအဋ္ဌကထာ၏ ရှင်းလင်းချက်နှင့်အညီ ယင်း<b>သင်္ခါရတရား</b>တို့ကို <b>အနိစ္စ</b>ဟု, <b>ဒုက္ခ</b>ဟု, <b>အနတ္တ</b>ဟု ရှုပွားသုံးသပ်တတ်သော ဉာဏ်သည် ဝိပဿနာ မည်ပေသည်။</p> <p>အထက်တွင် တင်ပြထားသော <b>သမ္မောဟဝိနောဒနီအဋ္ဌကထာကြီး</b>က-</p> <p>၁။ ရှေးရှေး အတိတ်ဘဝ၌လည်းကောင်း,</p> <p>၂။ ယခု ပစ္စုပ္ပန်ဘဝ၌လည်းကောင်း,</p> <p><b>သင်္ခါရတရား</b>တို့ကို <b>အနိစ္စ</b>ဟု, <b>ဒုက္ခ</b>ဟု, <b>အနတ္တ</b>ဟု <b>လက္ခဏာရေးသုံးတန်</b> တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခြင်း = <b>သင်္ခါရသမ္မသန</b>ဟူသည့် <b>ပုဗ္ဗယောဂ</b> ကျင့်စဉ်နှင့် ကင်း၍ သစ္စာလေးပါးတို့ကို ထိုးထွင်းသိမြင်ခြင်း = <b>ပဋိသမ္ဘိဒါ ဉာဏ်</b>မည်သည် မရှိစကောင်းပါဟု ဆုံးဖြတ်ထားပေသည်။ (အဘိ၊ဋ္ဌ၊၂၊၃၇၃။)</p> <p>ဤအထက်ပါ ပါဠိတော်နှင့် အဋ္ဌကထာအဖွင့်တို့၌ လာရှိသည့်အတိုင်း သုပ္ပဗုဒ္ဓကြီးသည် ရှေးရှေးအတိတ်ဘဝတို့ကလည်း <b>သင်္ခါရတရား</b>တို့ကို ဝိပဿနာ ရှုပွားသုံးသပ်ခဲ့ဖူး၏။ ဤယခု ပစ္စုပ္ပန်ဘဝတွင်လည်း ဝိပဿနာ ဉာဏ်များ ရင့်ကျက်လာသည့်တိုင်အောင် ယင်း<b>သင်္ခါရတရား</b>တို့ကို ရှုပွား သုံးသပ်ခဲ့ဖူး၏ဟု မှတ်သားပါလေ။ ထိုကဲ့သို့ ဝိပဿနာဉာဏ်များ ရင့်ကျက် လာသောအခါမှလည်း ဘုရားရှင်က သစ္စာလေးပါးနှင့်စပ်သော တရားစကားတော်များကို ဟောကြားပေးတော်မူခြင်း ဖြစ်ပေသည်။ ယင်းတရားတော်ကို နာကြားပြီးသည်၏အဆုံး၌ <b>သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်</b>သို့လည်း ဆိုက်ရောက်သွားခြင်းဖြစ်သည်ဟုလည်း မှတ်သားပါလေ။</p> <h3>ဘုရားရှင်ထံတော်သို့ ဆိုက်ရောက်သွားခြင်း</h3> <p>ဤအပိုင်းတွင် ဥဒါန်းပါဠိတော်က ဤကဲ့သို့ ဖော်ပြထားပေသည် --- ထိုအခါ သုပ္ပဗုဒ္ဓအနူကြီးသည် (ဝိပဿနာ<b>သမ္မာဒိဋ္ဌိ</b> + မဂ္ဂ<b>သမ္မာဒိဋ္ဌိ</b> ဟူသော နှစ်မျိုးသော) <b>သမ္မာဒိဋ္ဌိဉာဏ်ပညာ</b>ဖြင့် သိမြင်အပ်ပြီးသော သစ္စာလေးပါး တရား ရှိသည်ဖြစ်၍, <b>သမ္မာဒိဋ္ဌိဉာဏ်ပညာ</b>ဖြင့် ဆိုက်ရောက်အပ်ပြီးသော သစ္စာလေးပါးတရား ရှိသည်ဖြစ်၍, <b>သမ္မာဒိဋ္ဌိဉာဏ်ပညာ</b>ဖြင့် ထိုးထွင်းသိအပ်ပြီးသော သစ္စာလေးပါးတရား ရှိသည်ဖြစ်၍, <b>သမ္မာဒိဋ္ဌိဉာဏ်ပညာ</b>ဖြင့် ထက်ဝန်းကျင် ပြည့်ပြည့်စုံစုံ သက်ဝင်အပ်ပြီးသော သစ္စာလေးပါးတရား ရှိသည်ဖြစ်၍, သို့လော သို့လော တွေးတောယုံမှားခြင်း <b>ဝိစိကိစ္ဆာတရား</b>ကို ကျော်လွှားလွန်မြောက်နိုင်သည်ဖြစ်၍, သစ္စာလေးပါး မြတ်တရားကို <b>သမ္မာဒိဋ္ဌိဉာဏ်ပညာ</b>ဖြင့် ထိုးထွင်းသိမြင်မှု၌ ရဲရင့်ခြင်းသို့ ရောက်ရှိသည်ဖြစ်၍, ဘုရားရှင်၏ အဆုံးအမသာသနာတော်၌ <b>သစ္စာလေးရပ်တရားမြတ်</b>ကို <b>သမ္မာဒိဋ္ဌိဉာဏ်ပညာ</b>ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး ဖြစ်သဖြင့် သစ္စာလေးပါး မြတ်တရားတို့အပေါ်၌ သူတစ်ပါးတို့အား ကိုးစားကာ ယုံကြည်မှုမျိုး မရှိသည်ဖြစ်၍ ဘုရားရှင် ရှိတော်မူရာ အရပ်သို့ ချဉ်းကပ်ကာ အလွန် ရိုသေစွာ ရှိခိုးပြီးနောက် သင့်တင့်လျောက်ပတ်သော တစ်နေရာ၌ ထိုင်ကာ ဘုရားရှင်အား ဤသို့ လျှောက်ထားလေသည်။</p> <p>မြတ်စွာဘုရား ... တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါပေစွ၊ မြတ်စွာဘုရား ... တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ မြတ်စွာဘုရား ...ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာမည်သည်ကား -- မှောက်ထားသော အရာဝတ္ထုကိုမူလည်း လှန်ပြလိုက်ဘိသကဲ့သို့, ဖုံးလွှမ်း၍ ထားအပ်သော အရာဝတ္ထုကိုမူလည်း ဖွင့်လှစ်၍ ပြလိုက်ဘိသကဲ့သို့ မျက်စိလည် လမ်းမှားနေသူအားမူလည်း လမ်းမှန်ကို ပြောကြားပြလိုက်ဘိသကဲ့သို့, မျက်စိအမြင် ရှိကြကုန်သော သူတို့သည် <b>ရူပါရုံ</b> အမျိုးမျိုးတို့ကို တွေ့မြင်ကြကုန်လတ္တံ့ဟု နှလုံးပိုက်ကာ အမိုက်မှောင်ထဲ၌မူလည်း ဆီမီးတန်ဆောင်ကို ထွန်းညှိကာ ကိုင်ဆောင်ပြလိုက်ဘိသကဲ့သို့ -- အလားတူပင် ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည် တစ်ပါးမက များပြားလှသော အကြောင်းပရိယာယ်ဖြင့် တရားတော်ကို ထင်ရှားစွာ ဟောပြတော်မူအပ် ပါပေပြီ။ ဘုန်းတော်ကြီးမြတ်တော်မူပါပေသော မြတ်စွာဘုရား ... ထို ဘုရားတပည့်တော်သည် ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်ကို ကိုးကွယ် လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍ ယုံကြည်သိမှတ် ဆည်းကပ်ပါ၏၊ <b>မဂ်ဖိုလ် နိဗ္ဗာန် ဓမ္မက္ခန်</b>ဟု ဆယ်တန်ထင်ပေါ် တရားတော်မြတ်ကိုလည်း ကိုးကွယ် လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍ ယုံကြည်သိမှတ် ဆည်းကပ်ပါ၏၊ ရှစ် ယောက်ထင်ပေါ် <b>အရိယာသံဃာတော်မြတ်</b>အပေါင်းကိုလည်း ကိုးကွယ် လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍ ယုံကြည်သိမှတ် ဆည်းကပ်ပါ၏။ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည် တပည့်တော်ကို ယနေ့ကို အစပြု၍ အသက်ရှည်သမျှ ကာလပတ်လုံး ရတနာသုံးပါးကို ယုံကြည်သိမှတ် ကိုးကွယ်ဆည်းကပ်တတ်သော ဥပါသကာ ဒါယကာဟူ၍ အသိအမှတ် ပြုတော်မူပါဘုရားဟု <b>သရဏဂုံ</b> ဆောက်တည်ကျင့်သုံးမှုကို ဘုရားရှင်အား တင်ပြလျှောက်ထားလေသည်။ (ဥဒါန၊၁၃၅။)</p> <p>သုပ္ပဗုဒ္ဓကြီးသည်ကား <b>လောကုတ္တရာသရဏဂုံ</b> တည်ပြီးသူပင် ဖြစ်၏။ အဘယ်ကြောင့် ယခုကဲ့သို့ <b>သရဏဂုံ</b>ကို ထပ်မံ ဆောက်တည်နေရပါသနည်းဟု မေးရန်ရှိ၏။ အထက်ပါအတိုင်း တရားဒေသနာတော်ကို ချီးမွမ်းတော်မူ ပြီးနောက် ထိုဒေသနာတော်ကြောင့် ရတနာသုံးပါးအပေါင်း၌ ကြည်ညိုသော စိတ်ဓာတ် ကိန်းဝပ်လာသည်ဖြစ်ရကား <b>ပသန္နာကာရ</b> = ကြည်ညိုသောအခြင်းအရာ အတွင်းသဘော အလိုဆန္ဒ = <b>အဇ္ဈာသယဓာတ်</b>ကို ထင်ရှား ပြုလုပ်ပြလိုသည့်အတွက် ယခုကဲ့သို့ <b>သရဏဂုံ</b> ဆောက်တည်ကျင့်သုံးသွားခြင်း ဖြစ်ပေသည်။ (ဥဒါန၊ဋ္ဌ၊၂၆၁။)</p> <p>ထိုအခါ သုပ္ပဗုဒ္ဓအနူကြီးသည် ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်က တရားစကားတော်ဖြင့် <b>သစ္စာလေးရပ်</b> တရားမြတ်ကို ထင်ရှားပြတော်မူအပ် သည်ရှိသော်, တရားတော်ကို ကျင့်သုံးဖို့ရန် ကောင်းစွာ ဆောက်တည်စေ အပ်သည်ရှိသော်, တရားတော်ကို ကျင့်သုံးဖို့ရန် ဉာဏ်ကို ကောင်းစွာ ထက်မြက်စေအပ်သည်ရှိသော်, တရားတော်ကို ကျင့်သုံးဖို့ရန် စိတ်ဓာတ်ကို ကောင်းစွာ ရွှင်လန်းတက်ကြွစေအပ်သည်ရှိသော် ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်က ဟောကြားပြသဆိုဆုံးမတော်မူအပ်သော တရားစကားတော်ကို အလွန်အမင်း နှစ်သက်ကြည်ဖြူ ဝမ်းမြောက်တော်မူလေသောကြောင့် ဝမ်းမြောက်နုမော် <b>သာဓု</b>ခေါ်ဆိုပြီးနောက် ထိုင်ရာနေရာမှ ထကာ ဘုန်းတော် ခြောက်ပါးသခင် ဘုရားရှင်ကို အလွန် ရိုသေစွာ ရှိခိုးဝတ်ပြုပြီးနောက် ဘုရားရှင်ဘက်သို့ လက်အုပ်<b>အဉ္ဇလီ</b> မြှောက်ချီကာ <b>လက်ျာရစ် သုံးကြိမ်တိုင်တိုင်</b> လှည့်လည်ပြီးလျှင် ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်အပေါ်၌ ညွတ်ကိုင်းရှိုင်းသော စိတ်ထားရှိလျက် ဘုရားရှင်ကို ဖူးမြင်၍ မြင်နိုင်လောက်သော အာရုံပြုနိုင်လောက်သော အရပ်ကို ကျော်လွှားလွန်မြောက်သည်တိုင်အောင် ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်ကိုသာလျှင် လက်အုပ်<b>အဉ္ဇလီ</b> မြှောက်ချီကာ ရှိခိုးလျက် ဖဲခွာသွားလေသည်။ (ဥဒါန၊၁၃၆။ ဥဒါန၊ဋ္ဌ၊၂၆၂။)</p> <p>ယင်းကဲ့သို့ ဖဲခွာသွားနေသော သုပ္ပဗုဒ္ဓကြီးကား ထိုအချိန်အခါတွင် နူနာရောဂါဖြင့် အပြင်းအထန် အနှိပ်စက်ခံနေရသူလည်း ဖြစ်၏၊ လက်ချောင်း ခြေချောင်းတို့ကလည်း ပြတ်နေကြ၏၊ နားနှစ်ဖက်တို့ကလည်း အမိဝမ်းထဲ ကတည်းက ပျက်စီးခဲ့ကြသဖြင့် နားရွက်တို့ကလည်း မရှိ ဖြစ်နေကြ၏။ မြက်မီးရှူးဖြင့် အရှို့မြှိုက်ခံရသကဲ့သို့ အလွန် ပူလောင်သော ခန္ဓာကိုယ်လည်း ရှိနေ၏၊ ခန္ဓာကိုယ်၏ နေရာအနှံ့အပြားမှ ပြည်သွေးတို့ကလည်း တစီစီ ယိုစီးလျက် ရှိနေကြ၏၊ အသားများ ကြွေကျနေကြသော အိုင်းအမာနာတို့ဖြင့် အလွန် ဆင်းရဲသည့် <b>ဒုက္ခဝေဒနာ</b>တို့ကလည်း အပြင်းအထန် နှိပ်စက်နေကြ၏၊ မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ်, မကောင်းသော အနံ့အသက်တို့ကလည်း တလှိုင်လှိုင် ထွက်ပေါ်လျက် ရှိကြ၏၊ စက်ဆုပ်ဖွယ် အကောင်းဆုံး အခြေအနေမှာ တည်ရှိနေ၏၊ သနားစဖွယ် အကောင်းဆုံးသော အခြေအနေသို့ ဆိုက်ရောက်နေ၏။</p> <p>ဤကဲ့သို့သော ခန္ဓာကိုယ် <b>ရူပကာယ</b>ကြီးသည် အလွန် ငြိမ်သက် အေးချမ်းလှသော အမွန်မြတ်ဆုံး ဓမ္မဖြစ်သည့် <b>သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်</b>တည်းဟူသော <b>အရိယဓမ္မ</b>၏တည်ရာ ဖြစ်ဖို့ရန် မသင့်တော်တော့ပေ။</p> <p>ဤကဲ့သို့ ဖြစ်ပေါ်လာသော နှလုံးသွင်း <b>အဇ္ဈာသယဓာတ်</b> ရှိသကဲ့သို့ <b>သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ</b>တို့ ပြဓာန်းလျက်ရှိသော သူစုဆောင်းထားသည့် ကောင်းမှုကုသိုလ်ကံတို့တွင် တစ်ခုသော နတ်ပြည်၌ ဖြစ်စေတတ်သော ကောင်းမှုကုသိုလ်ကံကလည်း အကျိုးပေးဖို့ရန် ခွင့်ပြုလျက် ရှိနေ၏၊ အနူဘဝသက်တမ်းကို တိုစေတတ်သော မူလအနူဘဝသို့ရောက်အောင် ပို့ဆောင်ပေးတတ်သော ကံ၏အကျိုးတရားကို ကပ်၍ ဖြတ်တတ်သော အတိတ်က ဆည်းပူးခဲ့ ပြုစုပျိုးထောင်ခဲ့သော ပြည့်တန်ဆာမတစ်ဦးကို သတ်ဖြတ်ခဲ့ဖူးသည့် မကောင်းမှု <b>အကုသိုလ်ကံ</b>ကလည်း အကျိုးပေးဖို့ရန် အသက်ကို တိုသွားအောင် ဖြတ်တောက်ပစ်ဖို့ရန် တိုက်တွန်းလှုံ့ဆော်လျက် ရှိနေ၏။ ထိုအချိန်အခါတွင် နွားသားငယ်ကလေး ရှိနေသော နွားမတစ်ကောင်က ဝှေ့သတ်လိုက်လေသည်။ သို့မဟုတ် အတိတ်ဘဝက ရန်သူဖြစ်ခဲ့ဖူးသော ဘီလူးမက ယင်းနွားမ၏ ခန္ဓာကိုယ်တွင်းသို့ ဝင်ပူးကာ ဝှေ့သတ်လိုက်လေသည်၊ အသက်ကုန်ခြင်းသို့ ရောက်ရှိသွားပေသည်။ (ဥဒါန၊၁၃၆။ ဥဒါန၊ဋ္ဌ၊၂၆၂။)</p> <p>သုပ္ပဗုဒ္ဓကြီးသည်လည်း ကွယ်လွန်ပြီးနောက် အိပ်သော် ယောက်ျား နိုးသော်လားသို့ <b>တာဝတိံသာ နတ်ပြည်နတ်လောက</b>သို့ <b>ပဋိသန္ဓေ</b>အားဖြင့် ကပ်ရောက်ကာ အခြားအခြားသော နတ်တို့ထက် အဆင့်မြင့်သော နတ်သား တစ်ဦး ဖြစ်သွားခဲ့လေသည်။ ဤဝတ္ထုဇာတ်ကြောင်းကို အကြောင်းပြုကာ ဘုရားရှင်က <b>သဂါထာဝဂ္ဂသံယုတ်ပါဠိတော် သက္ကသံယုတ်</b>၌ လာရှိသော <b>ဒလိဒ္ဒသုတ္တန်</b>ကို ဟောကြားတော်မူလေသည်။</p> <h3>ဒလိဒ္ဒသုတ္တန်</h3> <p>ဘုရားရှင်သည် ဝေဠုဝန်ကျောင်းတိုက်တော်၌ပင် သီတင်းသုံး စံနေ တော်မူခိုက် ရဟန်းတော်တို့ကို ဤ<b>ဒလိဒ္ဒသုတ္တန်</b>ကို ဟောကြားတော်မူ လေသည်။</p> <p>ရဟန်းတို့ ... ဟိုရှေးက ဖြစ်ခဲ့ဖူးသည်ကား -- ဤရာဇဂြိုဟ်မြို့၌ပင်လျှင် ယောက်ျားတစ်ယောက်သည် အလွန် ဆင်းရဲသည့် လူမွဲတစ်ဦး ဖြစ်ခဲ့၏၊ အထီးကျန် ကပ်ပါးလူသားတစ်ဦး ဖြစ်ခဲ့၏။ အယုတ်ညံ့ဆုံး အောက်တန်းစား လူသားတစ်ဦး ဖြစ်ခဲ့၏။ ထိုယောက်ျားသည် မြတ်စွာဘုရားသည် ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သော <b>ဓမ္မဝိနယသာသနာတော်မြတ်</b>အတွင်း၌ ---</p> <p>၁။ ယုံကြည်မှု = <b>သဒ္ဓါတရား</b>ကို ဆောက်တည်ကျင့်သုံးခဲ့၏။</p> <p>၂။ ကိုယ်ကျင့် = <b>သီလ</b>ကို ဆောက်တည်ကျင့်သုံးခဲ့၏။</p> <p>၃။ အကြား + အမြင် = <b>သုတတရား</b>ကို ဆောက်တည်ကျင့်သုံးခဲ့၏။</p> <p>၄။ ပေးကမ်းစွန့်ကြဲခြင်း = <b>စာဂတရား</b>ကို ဆောက်တည်ကျင့်သုံးခဲ့၏။</p> <p>၅။ (ဝိပဿနာပညာ+မဂ်ပညာ ဖိုလ်ပညာ) = <b>ပညာတရား</b>ကို ဆောက်တည်ကျင့်သုံးခဲ့၏။</p> <p>ထိုယောက်ျားသည် မြတ်စွာဘုရားသည် ဟောကြားပြသ ဆိုဆုံးမတော် မူအပ်သော <b>ဓမ္မဝိနယ သာသနာတော်မြတ်</b>အတွင်း၌ <b>သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ</b> - ဟူသော သူတော်ကောင်းတရားတို့ကို (<b>သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်</b>သို့ ဆိုက်ရောက်သည့်တိုင်အောင် အောင်အောင်မြင်မြင်) ဆောက်တည်ကျင့်သုံးခဲ့ခြင်းတည်းဟူသော အကြောင်းတရားကြောင့် ခန္ဓာကိုယ်၏ ပျက်စီးသွားခြင်းကြောင့် <b>စုတိပြတ်ကြွေ သေလွန်</b>သည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ <b>သုစရိုက်သမား</b>တို့၏ လားရောက်ရာဖြစ်သော နတ်ပြည် နတ်လောကဝယ် <b>တာဝတိံသာနတ်</b>တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရှိသွားခဲ့၏။ ထိုနတ်သားသည် အခြားသော နတ်တို့ကို --</p> <p>၁။ ရုပ်အဆင်း၏ လှပတင့်တယ်ခြင်းဖြင့်လည်းကောင်း,</p> <p>၂။ အခြံအရံ၏ များပြားခြင်းဖြင့်လည်းကောင်း</p> <p>သာလွန်၍ တင့်တယ်၏။ ရဟန်းတို့ ... ထိုသို့ဖြစ်ရာ၌ <b>တာဝတိံသာ နတ်</b>တို့သည် ကဲ့ရဲ့ကြကုန်၏, ရှုတ်ချကြကုန်၏, ပြစ်တင်ပြောဆိုကြကုန်၏ --</p> <p>အချင်းတို့ ... အံ့ဖွယ်ရှိစွတကား၊ မဖြစ်ဘူးမြဲ ဖြစ်စွတကား၊ ဤ နတ်သားသည် ရှေးလူဖြစ်စဉ်အခါက အလွန် ဆင်းရဲသည့် လူမွဲတစ်ဦး ဖြစ်ခဲ့၏၊ အထီးကျန် ကပ်ပါး လူသားတစ်ဦး ဖြစ်ခဲ့၏၊ အယုတ်ညံ့ဆုံး အောက် တန်းစား လူသားတစ်ဦး ဖြစ်ခဲ့၏။ ထိုယောက်ျားသည် ခန္ဓာကိုယ်၏ ပျက်စီး သွားခြင်းကြောင့် <b>စုတိပြတ်ကြွေ သေလွန်</b>သည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ <b>သုစရိုက်သမား</b>တို့၏ လားရောက်ရာဖြစ်သော နတ်ပြည်နတ်လောက ဝယ် <b>တာဝတိံသာနတ်</b>တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရှိလာ၏။ ထိုနတ်သားသည် အခြားသော နတ်တို့ကို ရုပ်အဆင်း၏ လှပတင့်တယ်ခြင်း ဖြင့်လည်းကောင်း, အခြံအရံ၏ များပြားခြင်းဖြင့်လည်းကောင်း သာလွန်၍ တင့်တယ်ဘိ၏ဟု ဤသို့လျှင် ကဲ့ရဲ့ကြကုန်၏။</p> <p>ရဟန်းတို့ ... ထိုအခါ နတ်တို့သေဌ်နင်း <b>သိကြားမင်း</b>သည် <b>တာဝတိံသာနတ်</b>တို့ကို ဤသို့ ပြောဆိုလေ၏။ ----</p> <p>အချင်းတို့ ... သင်တို့သည် ထိုနတ်သားအား မကဲ့ရဲ့ကြကုန်လင့်၊ အချင်းတို့ ... ဤနတ်သားသည် ရှေးလူဖြစ်စဉ်အခါက မြတ်စွာဘုရားသည် ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သော <b>ဓမ္မဝိနယသာသနာတော်မြတ်</b> အတွင်း၌ <b>သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ</b> -- တည်းဟူသော သူတော် ကောင်းတရားတို့ကို (<b>သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်</b>သို့ ဆိုက်ရောက် သည့်တိုင်အောင် အောင်အောင်မြင်မြင်) ဆောက်တည်ကျင့်သုံးခဲ့၏။ ထို နတ်သားသည် မြတ်စွာဘုရားသည် ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သော <b>ဓမ္မဝိနယသာသနာတော်မြတ်</b>အတွင်း၌ <b>သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ</b> -- တည်းဟူသော သူတော်ကောင်းတရားတို့ကို ဆောက်တည်ကျင့်သုံး ခဲ့ခြင်းတည်းဟူသော အကြောင်းတရားကြောင့် ခန္ဓာကိုယ်၏ ပျက်စီးသွား ခြင်းကြောင့် <b>စုတိပြတ်ကြွေ သေလွန်</b>သည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ <b>သုစရိုက်သမား</b>တို့၏ လားရောက်ရာဖြစ်သော နတ်ပြည်နတ်လောကဝယ် <b>တာဝတိံသာနတ်</b>တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရှိလာ၏။ ထို နတ်သားသည် အခြားသော နတ်တို့ကို ရုပ်အဆင်း၏ လှပတင့်တယ်ခြင်းဖြင့် လည်းကောင်း, အခြံအရံ၏ များပြားခြင်းဖြင့်လည်းကောင်း သာလွန်၍ တင့်တယ်၏ဟု ပြောကြားလိုက်လေ၏။</p> <p>ရဟန်းတို့ ... ထိုအခါ နတ်တို့သေဌ်နင်း <b>သိကြားမင်း</b>သည် <b>တာဝတိံသာနတ်</b>တို့ကို ပြောဆိုဆုံးမလိုသည်ဖြစ်၍ ဤဂါထာစကားတို့ကို ရွတ်ဆို လိုက်လေ၏။ ---</p> <p><b>ယဿ သဒ္ဓါ တထာဂတေ၊ အစလာ သုပ္ပတိဋ္ဌိတာ။</b></p> <p><b>သီလဉ္စ ယဿ ကလျာဏံ၊ အရိယကန္တံ ပသံသိတံ။</b></p> <p><b>သံဃေ ပသာဒေါ ယဿတ္ထိ၊ ဥဇုဘူတဉ္စ ဒဿနံ။</b></p> <p><b>အဒလိဒ္ဒေါတိ တံ အာဟု၊ အမောဃံ တဿ ဇီဝိတံ။</b></p> <p><b>တသ္မာ သဒ္ဓဉ္စ သီလဉ္စ၊ ပသာဒံ ဓမ္မဒဿနံ။</b></p> <p><b>အနုယုေဉ္ဇထ မေဓာဝီ၊ သရံ ဗုဒ္ဓါန သာသနံ။ (သံ၊၁၊၂၃၄။)</b></p> <p>ယင်းဂါထာတို့၏ အဓိပ္ပါယ်မှာ ဤသို့ ဖြစ်၏ ---</p> <p>အချင်းတို့ ... အကြင်သူအား ဘုရားရတနာ၌ ယုံကြည်မှု <b>သဒ္ဓါ</b> တရားသည် မတုန်မလှုပ် ကောင်းစွာ တည်၏။ အကြင်ပုဂ္ဂိုလ်အား <b>အရိယာတကာ</b> သူတော်စွာတို့သည် နှစ်သက်မြတ်နိုးတော်မူအပ်သော ကောင်းမွန် စင်ကြယ်သော ကိုယ်ကျင့်<b>သီလ</b>လည်း ရှိ၏။</p> <p>အကြင်ပုဂ္ဂိုလ်အား သံဃာရတနာ၌လည်း ကြည်ညိုမှု <b>ပသာဒတရား</b>သည် ထင်ရှားတည်ရှိနေ၏၊ ဖြောင့်မတ်သော (<b>စတုသစ္စသမ္မာဒိဋ္ဌိ</b> = သစ္စာ လေးပါးကို ထိုးထွင်းသိမြင်သော <b>သမ္မာဒိဋ္ဌိ</b>) ဉာဏ်အမြင်လည်း ရှိ၏။ ထို ပုဂ္ဂိုလ်ကို (သူတော်ကောင်းဥစ္စာများ ကြွယ်ဝချမ်းသာနေသည့်အတွက်) သူဆင်းရဲ လူမွဲမဟုတ်ဟူ၍ ဆိုအပ်ကုန်၏။ ထိုသူ၏ အသက်ရှင်ခြင်းကို အချည်းနှီး မဟုတ်သော အသက်ရှင်ခြင်းဟု ဆိုအပ်၏။</p> <p>ထိုကြောင့် မြတ်စွာဘုရား၏ <b>ဓမ္မဝိနယ</b>တည်းဟူသော အဆုံးအမ သာသနာတော်ကို အစဉ်လျှောက်ကာ အောက်မေ့အမှတ်ရသော သတိနှင့် ပြည့်စုံသော ဝိပဿနာပညာ မဂ်ပညာနှင့် ပြည့်စုံသော ပညာရှိသူတော်ကောင်းသည် ---</p> <p>၁။ ရတနာသုံးပါးတို့၌ ယုံကြည်မှု <b>သဒ္ဓါတရား</b>ကိုလည်းကောင်း,</p> <p>၂။ ဖြူစင်မြင့်မြတ်သည့် ကိုယ်ကျင့်<b>သီလ</b>ကိုလည်းကောင်း,</p> <p>၃။ ရတနာသုံးပါးတို့၌ ကြည်ညိုမှု <b>ပသာဒတရား</b>ကိုလည်းကောင်း,</p> <p>၄။ သစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက်သိမြင်တတ်သည့် <b>ဒဿန</b> = ဉာဏ်အမြင်ကိုလည်းကောင်း,</p> <p>အဖန်ဖန် အထပ်ထပ် ပွားများအားထုတ်လေရာ၏။ (သံ၊၁၊၂၃၃-၂၃၄။)</p> <p>ဤကား အထက်ပါ နတ်တို့သေဌ်နင်း <b>သိကြားမင်းကြီး</b>က ရွတ်ဆိုသွားသော ဂါထာတို့၏ အနက်အဓိပ္ပါယ် ဆိုလိုရင်းသဘောတရားတည်း။</p> <h3>စွမ်းအင်ကြီး ငါးရပ်</h3> <p>ဤအထက်ပါ အရပ်ရပ်သော ဒေသနာတော်များနှင့်အညီ <b>သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ</b>-တည်းဟူသော သူတော်ကောင်းဥစ္စာရတနာတို့၌ သုပ္ပဗုဒ္ဓကဲ့သို့သော လူ့လောကတွင် အောက်တန်းအကျဆုံး အဆင့်အတန်း အနိမ့်ဆုံး လူမွဲလူနူ သူတောင်းစားဘဝတွင် ရပ်တည်နေရသည့် လူသား တစ်ဦးကို အလွန် အဆင့်အတန်း မြင့်မားလှသည့် <b>တာဝတိံသာ နတ်သားဘဝ</b>သို့ ရောက်အောင် ပို့ဆောင်ပေးနိုင်သော စွမ်းအင်များ တည်ရှိနေကြ၏။</p> <p>ဤမျှတွင်သာ မကသေးပေ၊ <b>သောတာပန်</b>အဆင့်သို့ ရောက်ရှိသွားသည့် သုပ္ပဗုဒ္ဓကဲ့သို့သော သူတော်ကောင်းတစ်ဦးအဖို့ နောက်ထပ် ဆက်လက်သွားရမည့် သံသရာခရီးဟူသည်မှာ ထင်ရှား တည်ရှိနေဦးမည်ဆိုလျှင် အများဆုံး ခုနစ်ဘဝသာ သံသရာတစ်ခွင်တွင် ကျင်လည်ခွင့် ရှိပေသည်။ ထိုခုနစ်ဘဝအတွင်း၌လည်း ယခုကဲ့သို့ အလွန့်အလွန် အဆင့်အတန်း နိမ့်ကျလှသည့် လူနူလူမွဲဘဝသို့လည်း မည်သို့မျှ မရောက်ရှိနိုင်တော့ပေ။ <b>အပါယ်ဘူမိ ဒုဂ္ဂတိ</b>သို့လည်း မည်သို့မျှ မလားရောက်ရတော့ပေသည်။ ယင်းကဲ့သို့သော သူတော်ကောင်းဥစ္စာ ရတနာတို့နှင့် ပြည့်စုံနေသော သူတော် ကောင်းသည်ကား <b>အပါယ်သံသရာခရီး</b>မှ အပြီးတိုင် ကျွတ်လွတ်ထွက်မြောက်ရပြီ ဖြစ်ပေသည်။ ခုနစ်ဘဝတို့အတွင်းဝယ် တစ်ခုခုသော ဘဝ၌ <b>အရဟတ္တဖိုလ်</b>သို့ဆိုက်ကာ <b>သံသရာဝဋ်ဆင်းရဲဒုက္ခ</b> အဝဝမှ အပြီးတိုင် ကျွတ်လွတ်ထွက်မြောက်ပြီး <b>ပရိနိဗ္ဗာန်</b> ဝင်စံရတော့မည့် သူတော်ကောင်းတစ်ဦးသာ ဖြစ်ပေသည်။</p> <p>ထိုကဲ့သို့ နိဗ္ဗာန်သို့ ဝင်စံတော်မူရသည့် ဘဝသို့တိုင်အောင် တစ်ဆင့် ထက် တစ်ဆင့်, မြင့်သထက်မြင့်, မြတ်သထက်မြတ်, နတ်ထက်နတ်, ဗြဟ္မာ ထက် ဗြဟ္မာဖြစ်အောင် ပို့ဆောင်ပေးနေသော စွမ်းအားကြီး ငါးရပ်တို့ကား ဤ<b>သင်္ခါရုပပတ္တိသုတ္တန်</b>တွင် ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမထားတော်မူ သည့် -- <b>သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ</b>--ဟူသည့် သူတော်ကောင်းဥစ္စာ ရတနာတို့ပင် ဖြစ်ကြပေသည်။ ဤကျမ်းစာငယ်ကို ဖတ်ရှုနေသော အသင် သူတော်ကောင်း၏ သန္တာန်၌လည်း ဤသူတော်ကောင်းဥစ္စာ ရတနာတို့ ကိန်းဝပ်တည်ရှိလာပါစေခြင်း အကျိုးငှာ ရည်သန်တောင့်တလျက် --</p> <p>လူမွဲတို့၏ ထွက်ရပ်လမ်းဟူသော အမည်ဖြင့် ဤ <b>သင်္ခါရုပပတ္တိသုတ္တန် တရားဒေသနာတော်</b>ကို တရားဟောတိတ်ခွေမှ စာပေအဖြစ်သို့ ပြောင်းကာ ရေးသားတင်ဆက်လိုက်ပါသည်။</p> <p>ဤနေရာတွင် သုပ္ပဗုဒ္ဓ၏ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဇာတ်လမ်းကို အကျဉ်းချုပ်ကာ ဆက်လက်တင်ပြအပ်ပါသည်။</p> <h3>ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဇာတ်လမ်း</h3> <p><b>ကမ္မံ သတ္တေ ဝိဘဇတိ ယဒိဒံ ဟီနပဏီတတာယ။ (မ၊၃၊၂၄၄။)</b></p> <p>= ကံတရားသည် သတ္တဝါတွေကို ယုတ်ညံ့သူတစ်ယောက် ဖြစ်သွား အောင်, မြင့်မြတ်သူတစ်ယောက် ဖြစ်သွားအောင် ခွဲတမ်းချပေးပေသည်။ (မ၊၃၊၂၄၄။)</p> <p>ဤ<b>စူဠကမ္မဝိဘင်္ဂသုတ္တန်</b>၌ ဘုရားရှင် ဟောကြားထားတော်မူသည့် တရားဒေသနာတော်နှင့်အညီ သုပ္ပဗုဒ္ဓကို ယုတ်ညံ့သူတစ်ယောက်ဖြစ်အောင် သူ ပြုစုပျိုးထောင်ခဲ့သည့် ကံတရားကပင် ခွဲတမ်းချပေးလိုက်၏။ အလားတူပင် မြင့်မြတ်သူတစ်ဦး ဖြစ်အောင်လည်း သူ ပြုစုပျိုးထောင်ခဲ့သည့် ကံတရားကပင် ခွဲတမ်းချပေးလိုက်ခြင်းပင် ဖြစ်၏။ သူ၏ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် အတိတ်ဇာတ်ကြောင်းကို ဘုရားရှင်က ဥဒါန်းပါဠိတော် (ဥဒါန၊၁၃၆-၁၃၇။) တွင် ဟောကြားထားတော်မူ၏။ သံယုတ်အဋ္ဌကထာ (သံ၊ဋ္ဌ၊၁၊၃၁၉-၃၂၀။) ကလည်း ပြည့်ပြည့်စုံစုံ ဖွင့်ဆိုထား၏။ ဥဒါန်းအဋ္ဌကထာ (ဥဒါန၊ဋ္ဌ၊၂၆၂-၂၆၆။) ကလည်း ပြည့်ပြည့်စုံစုံပင် ဖွင့်ဆိုထား၏။ ယင်းပါဠိတော်နှင့် အဋ္ဌကထာတို့ကို ပေါင်းစပ်ကာ ရေးသားတင်ပြပေအံ့ ---</p> <p>လွန်လေပြီးသော အတိတ်ဘဝတစ်ခုဝယ် သုပ္ပဗုဒ္ဓ အလောင်းလျာဖြစ် သည့် အမျိုးကောင်းသားသည် ဤရာဇဂြိုဟ်မြို့၌ပင်လျှင် သူဌေးသားတစ်ဦး ဖြစ်ခဲ့၏။ (ဥဒါန၊၁၃၆။)</p> <p>သို့သော် သံယုတ်အဋ္ဌကထာ (သံ၊ဋ္ဌ၊၁၊၃၁၉။)၌ကား <b>ကာသိတိုင်း</b>ကို ထီးဖြူအုပ်ချုပ် မင်းပြုလုပ်သည့် <b>ဗာရာဏသီဘုရင်</b> ဖြစ်ခဲ့ကြောင်း -- မူကွဲ တစ်ခုကို ဖွင့်ဆိုထား၏။</p> <p>မည်သို့ပင် ဖြစ်စေ၊ သူဌေးသားတို့၏ သဘော, ရှင်ဘုရင်တို့၏ သဘောကား လူများအပေါင်းက မိမိတို့ကို အလေးဂရုပြုပါမှ အရိုအသေပြုပါမှ မြတ်နိုးပါမှ ကြင်နာပါမှ ယုယပါမှ သဘောကျ ကျေနပ်သူတို့ ဖြစ်ကြ၏။ အရိုအသေခံလိုကြ၏၊ အပူဇော်ခံလိုကြ၏၊ အရှိခိုး ခံလိုကြ၏၊ အမြတ်နိုး ခံလိုကြ၏၊ အလေးဂရုပြုမှုကို ခံယူလိုကြ၏။ ဤသဘောတရားကား ယင်း ပုဂ္ဂိုလ်တို့၏ သန္တာန်၌ များသောအားဖြင့် ကိန်းဝပ်တည်ရှိလေ့ရှိသော စိတ်နေ စိတ်ထားများပင် ဖြစ်ကြ၏။ သူတော်ကောင်းဓာတ်ခံ အားပျော့နေသူတို့၏ သန္တာန်၌ ဖြစ်ပေါ်လေ့ရှိသော စိတ်နေစိတ်ထားများပင် ဖြစ်ကြ၏။ ယင်း စိတ်နေစိတ်ထားတို့က သုပ္ပဗုဒ္ဓအား ဒုက္ခမျိုးစုံ အဖုံဖုံတို့နှင့် မိတ်ဆွေဖွဲ့ပေး လိုက်ခြင်းပင် ဖြစ်၏။</p> <p>ဤကဲ့သို့သော စိတ်နေစိတ်ထားတို့ကို ရင်ဝယ်ထွေးပိုက်ကာ သုပ္ပဗုဒ္ဓ အလောင်းလျာဖြစ်သည့် အမျိုးကောင်းသားသည် တစ်နေ့တွင် ဥယျာဉ် ကစားဖို့ရန် ထွက်ခွာလာခဲ့၏။ ကြီးစွာသော အဆောင်အယောင်ဖြင့် ထွက်ခွာလာခဲ့ခြင်းဖြစ်၏။ မြို့သူမြို့သားတို့၏ အလေးဂရုပြုမှု, သူ့ကို စူးစိုက်ကာ အာရုံယူလျက် ကြည့်ရှုနေမှုကို အလိုရှိနေသော စိတ်ထားများဖြင့် ထွက်ခွာ လာခဲ့ခြင်း ဖြစ်၏။ လမ်းခုလတ် တစ်နေရာတွင်ကား <b>ပဒုမဝတီမိဖုရား</b>၏ သားရတနာများ ဖြစ်ကြသော <b>ပစ္စေကဗုဒ္ဓါဘုရားရှင် (၅၀၀)</b>တို့တွင် တစ်ပါးအပါအဝင်ဖြစ်တော်မူသော <b>တဂရသိခိ</b> အမည်ရှိတော်မူသော <b>ပစ္စေကဗုဒ္ဓါ ဘုရားရှင်</b>နှင့် ဆုံဆည်းမိ၏။ <b>ပစ္စေကဗုဒ္ဓါဘုရားရှင်</b>သည်ကား ကြည်ညိုဖွယ် ဂုဏ်ကို ဆောင်ယူနိုင်သည့် ငြိမ်သက်တည်ကြည်သော <b>ဣန္ဒြေ</b>, ငြိမ်သက်တည်ကြည်သော စိတ်ဓာတ်, အလွန် မြင့်မြတ်သည့် ယဉ်ကျေးသိမ်မွေ့မှုနှင့် ပြည့်စုံတော်မူသည့် ဘုရားတစ်ဆူ ဖြစ်တော်မူ၏။ မြို့တွင်းဝယ် ဆွမ်းအလို့ငှာ လှည့်လည်လာတော်မူခြင်း ဖြစ်၏။ မြို့သူမြို့သားတို့ကား သုပ္ပဗုဒ္ဓအလောင်းလျာဖြစ်သည့် အမျိုးကောင်းသားကို မကြည့်ကြတော့ဘဲ အလေးဂရု မပြုကြ တော့ဘဲ <b>ပစ္စေကဗုဒ္ဓါဘုရားရှင်</b>ကိုသာ ဖူးမြော်ကန်တော့နေကြ၏၊ အရိုအသေ ပြုနေကြ၏၊ မြတ်နိုးနေကြ၏၊ ပူဇော်နေကြ၏၊ ရှိခိုးနေကြ၏။ လူများအပေါင်းက သူ့ကို ဂရုမစိုက်ကြတော့ဘဲ မကြည့်ရှုကြတော့ဘဲ <b>ပစ္စေကဗုဒ္ဓါဘုရားရှင်</b> ကိုသာ အလေးဂရုပြုကာ ကြည်ညို မြတ်နိုးနေကြသည်ကို ထိုအမျိုးကောင်းသားက မရှုစိမ့်နိုင် ဖြစ်နေခဲ့မိ၏။ ကိုယ့်ထက်သာ မနာလိုခြင်းဟူသည့် <b>ဣဿာတရား</b>က သူ့ရဲ့စိတ်အစဉ်ဝယ် နေရာအများဆုံး ယူထားခဲ့ပြီး ဖြစ်နေ၏။ <b>မာန်မာနတရား</b>ကလည်း ထပ်လောင်းကာ လွှမ်းမိုးဖိစီး နှိပ်စက်နေပြန်၏။</p> <p>ထိုပစ္စေကဗုဒ္ဓါဘုရားရှင်မှာလည်း နောက်ဆုံး ပစ္ဆိမအရွယ်တော်သို့ ဆိုက်ရောက်တော်မူနေပြီး ဖြစ်ရကား အလွန် အိုမင်းရင့်ရော်တော်မူလျက် ရှိ၏။ ဝတ်ရုံထားသော သင်္ကန်းတို့ကလည်း ဆွေးမြေ့ဟောင်းနွမ်းနေကြ၏၊ သင်္ကန်းတော်၏ အနားပတ်တို့မှ ချည်မျှင်များပင် တွဲလဲဆွဲကာ ကျနေကြ၏။</p> <p>ထိုအမျိုးကောင်းသား၏ သန္တာန်၌ နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ဖြည့်ကျင့်ဆည်းပူးထားတော်မူအပ်ပြီးသည့် ပါရမီတရားအပေါင်းတို့ ထင်ရှားရှိတော်မူသော ပစ္စေကဗုဒ္ဓါဘုရားရှင်ကို ဖူးမြင်ရသည့်အခါ ဣဿာနှင့် မာန်မာနတရားတို့က စိတ်အစဉ်ဝယ် နေရာယူကာ လွှမ်းမိုးထားသည့်အတွက် စိတ်ကြည်လင်မှုမျှသော်လည်း မဖြစ်ခဲ့ပေ။ လက်အုပ်ချီမိုး ရှိခိုးခြင်း အမှုမျှကိုသော်လည်း မပြုခဲ့မိပေ။ သူဌေးသားဟူသော မာန်မာန သို့မဟုတ် ဗာရာဏသီဘုရင်ဟူသော မာန်မာနကို ရင်ဝယ်ပိုက် ထွေးလျက်, ကိုယ့်ထက်သာ မနာလိုသည့် ငြူစူစောင်းမြောင်းမှု ဣဿာ တရားကို အဖော်ပြုကာ စက္ခုန္ဒြေချကာ ဆွမ်းခံကြွတော်မူနေသော ပစ္စေကဗုဒ္ဓါဘုရားရှင်ကို အထင်လွဲ အမြင်လွဲ ဖြစ်ခဲ့၏။ အလေးဂရု အပြုခံချင် နေသည့် သူ့ကို ပစ္စေကဗုဒ္ဓါဘုရားရှင်က အလေးဂရု မပြုသည့်အတွက် မကျေနပ်ချက် ဒေါသတရားတွေကလည်း နေရာဦးအောင် ယူလိုက်ကြပြန်၏။</p> <p>ဤသူကတော့ ရသေ့ရဟန်း ဖြစ်ပုံတော့ ရတယ်, ငါက သူ့ထက်သာနေတဲ့အတွက် ကိုယ့်ထက်သာ မနာလိုတဲ့ ငြူစူစောင်းမြောင်းတဲ့ စိတ်ထား ထင်ရှားရှိနေတဲ့အတွက်ကြောင့် ငါ့ကို မကြည့်တာနဲ့ တူတယ်</p> <p>ဤသို့ နှလုံးပိုက်ကာ အမျက်ဒေါသထွက်လျက် ဤစကားတို့ကို ပြောဆိုလေ၏။</p> <p><b>ကွာယံ ကုဋ္ဌိစီဝရာနိ ပါရုတော။</b> (သံ၊ဋ္ဌ၊၁၊၃၁၉။)</p> <p><b>ကော အယံ ဘဏ္ဍုကာသာဝဝသနော၊ ကုဋ္ဌီ ဘဝိဿတိ၊ တထာ ဟိ ကုဋ္ဌိစီဝရေန သရီရံ ပါရုပိတွာ ဂစ္ဆတိ။</b> (ဥဒါန၊ဋ္ဌ၊၂၆၄။)</p> <p>အနူတွေ ဝတ်တဲ့ သင်္ကန်းကို ဝတ်ရုံကာ လှည့်လည်နေတဲ့ ဒီလူကြီးဟာ ဘယ်သူများပါလိမ့်။ (သံ၊ဋ္ဌ၊၁၊၃၁၉။)</p> <p>ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့နေတဲ့ ဖန်ရည်စွန်းတဲ့ အဝတ်သင်္ကန်းကို ရုံထားသူဟာ ဘယ်သူလဲ? အနူကြီး ဖြစ်လိမ့်မယ်၊ ဒါကြောင့် အနူတွေ ဝတ်ရုံတဲ့ သင်္ကန်းနှင့် ကိုယ်ကို ပတ်ပြီးတော့ သွားနေတာပဲ။ (ဥဒါန၊ဋ္ဌ၊၂၆၄။)</p> <p>ဤသို့ မဖွယ်မရာ ပြောဆိုကာ တံတွေးထွေးကာ ထွက်ခွာသွားခဲ့လေသည်။ ဤ အပြုအမူ အပြောအဆိုသည်ကား သုပ္ပဗုဒ္ဓအလောင်းလျာ အမျိုးကောင်းသားကလေး၏ ပြုစုပျိုးထောင်ခဲ့မိသော အကုသိုလ်ကံပင် ဖြစ်၏။ ဒေါသ, ဣဿာ, မစ္ဆရိယ, မာန်မာနစသော ကိလေသာတရားဆိုးတို့က လှုံ့ဆော်တိုက်တွန်းလိုက်ကြသဖြင့် မပြုသင့် မပြုထိုက်သော ပြစ်မှုကြီးတစ်ခုကို လွန်ကျူးမိခဲ့ခြင်းပင် ဖြစ်၏။ ကံအရာ၌ တည်သွားပြီ ဖြစ်၏။ အရိယမဂ် တည်းဟူသော မွေးညှပ်နှင့် ကင်း၍ ဖျက်သိမ်းဖို့ရန် မလွယ်ကူသော, ဖျက်သိမ်း၍ မရနိုင်သော အဆင့်သို့ အသင့် ဆိုက်ရောက်သွားပြီ ဖြစ်၏။</p> <p>ထိုအမျိုးကောင်းသားသည် ထိုအကုသိုလ်ကံ၏ စွမ်းအားကြောင့် ငရဲ၌ နှစ်ရာပေါင်းများစွာ, နှစ်ထောင်ပေါင်းများစွာ, နှစ်သိန်းပေါင်းများစွာတို့ ကာလပတ်လုံး ကျက်စားခဲ့ရ၏။ ထိုအကုသိုလ်ကံ၏ ကြွင်းကျန်နေသေးသော အကျိုးဆက်ကြောင့် ငရဲမှ လွတ်မြောက်လာသောအခါ ဤရာဇဂြိုဟ်မြို့၌ပင် အလွန့်အလွန် ဆင်းရဲသည့် အမျိုးသမီးတစ်ဦး၏ ဝမ်းကြာတိုက်ဝယ် ပဋိသန္ဓေ တည်နေရပြန်၏။ ယင်းသတ္တဝါ ပဋိသန္ဓေ ယူပြီးရာ အခါမှစ၍ မိခင်ဖြစ်သူ အမျိုးသမီးအဖို့ ဝမ်းဗိုက်ပြည့်ရုံမျှလောက်သော ပအုံးရည် ထမင်းအာဟာရမျှကိုသော်လည်း မရရှိနိုင် ဖြစ်ခဲ့ရ၏။ ပစ္စေကဗုဒ္ဓါဘုရားရှင်၏ ဆွမ်းခံဝတ်ဖြင့် အစာအာဟာရ ရှာဖွေမှုအပေါ်၌ ငြူစူစောင်းမြောင်းခြင်း ဣဿာတရားနှင့်တကွသော အကုသိုလ်တရားတို့၏ စွမ်းအားပင် ဖြစ်၏။</p> <p>ယင်းသုပ္ပဗုဒ္ဓအလောင်းလျာ၏ သန္တာန်ဝယ် မိခင်၏ ဝမ်းကြာတိုက်ဝယ် တည်ရှိနေခိုက်မှာပင် နားနှစ်ဖက်တို့ကား ပျက်စီးခြင်းမလှ ပျက်စီးခဲ့ရ၏။ ခရုသင်းနှင့်တူသည့် အနူတစ်ယောက်ဖြစ်ကာ မိခင်ဝမ်းမှ မွေးဖွားလာခဲ့ရ၏။ မိဖနှစ်ဦးတို့ကလည်း ယင်းသုပ္ပဗုဒ္ဓကို အလွန့်အလွန် ခဲခဲယဉ်းယဉ်း ခက်ခက်ခဲခဲ ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲဖြင့် ကျွေးမွေးစောင့်ရှောက်ခဲ့ ကြရ၏။ သုပ္ပဗုဒ္ဓကိုယ်တိုင် ခွက်လက်စွဲကာ တောင်းမစားတတ်သေးသည့် အချိန်ကာလပတ်လုံး မိခင်ဖြစ်သူက ပအုံးရည် ထမင်းကိုလည်းကောင်း, ရေ ကိုလည်းကောင်း ဆောင်ယူကာ ပြုစုလုပ်ကျွေးခဲ့ရ၏။ သို့သော် သုပ္ပဗုဒ္ဓ ကိုယ်တိုင် ထမင်းတောင်းစားနိုင်လောက်သော အရွယ်သို့ ရောက်ရှိလာသောအခါ၌ကား မိခင်ဖြစ်သူက ခွက်တစ်ခုကို သုပ္ပဗုဒ္ဓလက်ထဲသို့ ထည့်ပေးလိုက် ပြီးနောက် မိမိကံဖြင့် မိမိ ထင်ရှားလိမ့်မည်ဟု နှလုံးပိုက်ကာ သုပ္ပဗုဒ္ဓကို ပစ်ထားခဲ့လျက် အရပ်တစ်ပါးသို့ ဖဲခွာသွားခဲ့လေသည်။</p> <p>ထိုအချိန်အခါမှစ၍ သုပ္ပဗုဒ္ဓ၏ တစ်ကိုယ်လုံး နေရာအနှံ့အပြားမှ အသားစတို့သည် တဖြည်းဖြည်း ပြတ်ကြွေကာ ကျလာကြကုန်၏၊ ပြည်သွေး ပုပ်တို့ကလည်း ယိုစီးကာ စီးဆင်းလာကြကုန်၏၊ အလွန် ကြီးကျယ် ပြင်းထန် သည့် ဆင်းရဲသည့် ဒုက္ခဝေဒနာတို့သည်လည်း ထင်ရှား ဖြစ်ပေါ်လာကြကုန် ၏။ ဤမြင်ကွင်းတို့ကား သူ တည်ထောင်လိုက်ခဲ့မိသော ကံတရားမင်းကြီးက စီရင်ချက် ချမှတ်ပေးလိုက်သဖြင့် ရရှိလာသော အကျိုးတရားတို့ပင် ဖြစ်ကြ၏၊ အပြစ်ဒဏ်တို့ပင် ဖြစ်ကြ၏။</p> <p>သုပ္ပဗုဒ္ဓသည် မည်သည့်လမ်းကိုမဆို အမှီပြုကာ အိပ်စက်ခဲ့မည်ဆိုလျှင် ထိုလမ်း၌ တစ်ညဉ့်လုံး ကျယ်လောင် ပြင်းပြသည့်အသံဖြင့် အော်မြည်နေရ၏။ ထိုသုပ္ပဗုဒ္ဓ၏ သနားစဖွယ် ငိုမြည်တမ်းနေသည့် အသံကြောင့် တစ်လမ်းလုံးမှာ ရှိနေကြသည့် လူအပေါင်းတို့သည် တစ်ညဉ့်လုံး အိပ်စက်နိုင်ခွင့်ကို မရနိုင် ဖြစ်နေကြ၏။ ထိုအချိန်အခါမှစ၍ ချမ်းချမ်းသာသာ အိပ်စက်နေကြသည့် သူတို့ကို အိပ်ရာမှ နိုးလာအောင် ပြုလုပ်နေသောကြောင့် (သုပ္ပ = အိပ်ပျော်နေသူကို, ဗုဒ္ဓ = အိပ်ယာမှ နိုးလာအောင် ပြုလုပ်သူ) သုပ္ပဗုဒ္ဓ ဟူသော အမည်သည် ထင်ရှားဖြစ်ပေါ်လာခဲ့လေသည်။ (ဥဒါန၊၁၃၆-၁၃၇။ သံ၊ဋ္ဌ၊၁၊၃၁၉-၃၂၀။)</p> <p>သူ ပြုစုပျိုးထောင်ခဲ့သည့် ယုတ်ညံ့သည့် စိတ်နေစိတ်ထား, ယုတ်ညံ့သည့် အကုသိုလ်ကံတရားတို့က ငရဲကဲ့သို့ ယုတ်ညံ့သည့် ဘုံဘဝသို့ရောက်အောင်လည်း ပို့ဆောင်ပေးလိုက်ကြ၏။ သို့သော် ယင်းအကုသိုလ်ကံက လူ့ဘဝ ပဋိသန္ဓေအကျိုးကို ပေးသည်ကား မဟုတ်ပေ။ အတိတ်ဘဝထိုထိုဝယ် သဒ္ဓါ, သီလ, သုတ, စာဂ, ပညာတည်းဟူသော ကောင်းမှုကုသိုလ်တို့ကိုလည်း သူသည် အထိုက်အလျောက် ပြုစုပျိုးထောင်ခဲ့ဖူးသည်သာ ဖြစ်၏။ ယင်း ကုသိုလ်ကံတို့တွင် အဆက်ဆက်ရောက်ထိုက်သော ဘဝထိုထို၌ အကျိုးပေးခြင်းငှာ စွမ်းနိုင်သော အပရာပရိယဝေဒနီယ ကုသိုလ်ကံတို့လည်း ပါဝင်ကြ၏။ ယင်းအပရာပရိယ ကောင်းမှုကုသိုလ်ကံတစ်ခုက လူ့ပြည်လူ့လောကတို့၌ တိဟိတ်ပဋိသန္ဓေအကျိုးကို ဖြစ်စေခဲ့၏။ ယင်းသို့ တိဟိတ်ပဋိသန္ဓေအကျိုးကို ပေးပြီးသည်၏ အခြားမဲ့ကာလ ပဝတ္တိအခါ၌ ပစ္စေကဗုဒ္ဓါ ဘုရားရှင်အား ပြစ်မှားမိခဲ့သော အကုသိုလ်ကံတို့တွင် တစ်ခုသော ယင်း ကုသိုလ်၏ အကျိုးကို ကပ်၍ ညှဉ်းပန်းနှိပ်စက်တတ်သော အပရာပရိယဝေဒနီယ ဥပပီဠကကံက သနားစဖွယ် အနူလူမွဲဘဝသို့ ရောက်အောင် ပို့ဆောင်ပေးလိုက်ပြန်၏။</p> <p>တစ်ဖန် သုပ္ပဗုဒ္ဓကြီးသည် ဂေါတမဘုရားရှင်၏ သာသနာတော်တွင်း၌ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာတည်းဟူသော သူတော်ကောင်းဥစ္စာ ရတနာတို့ကို သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်နိုင်လောက်အောင် စုဆောင်းနိုင်ခဲ့၏၊ ဆည်းပူးနိုင်ခဲ့၏၊ ပြုစုပျိုးထောင်နိုင်ခဲ့၏။ ထိုကြောင့် သောတာပန်ဘဝသို့ ဆိုက်ရောက်ခဲ့ရပြန်၏။</p> <p>ယင်း သဒ္ဓါ, သီလ, သုတ, စာဂ, ပညာတည်းဟူသော သူတော်ကောင်းဥစ္စာ ရတနာတို့၏ အနက်အဓိပ္ပါယ် တစ်စိတ်တစ်ဒေသကို လူမွဲတို့၏ ထွက်ရပ်လမ်းဟူသော ဤကျမ်းစာငယ်တွင် ရှင်းလင်းတင်ပြထားပေသည်။</p> <p>သို့သော် ဤနေရာတွင် မေးမြန်းဖို့ရန် အချက်တစ်ရပ် ပေါ်လာပြန်၏။ သုပ္ပဗုဒ္ဓကြီးသည် သူတော်ကောင်းဥစ္စာငါးပါးတို့တွင် ပေးကမ်းစွန့်ကြဲခြင်း စာဂတရားကို မည်သို့ မည်ပုံ ဆည်းပူး စုဆောင်းခဲ့ပါသနည်းဟု မေးရန်ရှိ၏။ အဖြေမှာ ဤသို့ ဖြစ်၏။</p> <p><b>စာဂန္တိ ပဌမမဂ္ဂဝဇ္ဈကိလေသာဘိသင်္ခါရာနံ ဝေါဿဂ္ဂသင်္ခါတံ စာဂံ၊ ယေန အရိယသာဝကာ ဒေယျဓမ္မေသု မုတ္တစာဂါ စ ဟောန္တိ ပယတပါဏီ ဝေါဿဂ္ဂရတာ။</b> (ဥဒါန၊ဋ္ဌ၊၂၆၆။)</p> <p>စာဂတရားဟူသည် သောတာပတ္တိမဂ်ဉာဏ်ဖြင့် ပယ်သတ်အပ်သော ကိလေသာများနှင့် အပါယ်ဘဝသစ်ကို ပြုပြင်ပေးတတ်သည့် အကုသိုလ်ကံ အကုသိုလ်အဘိသင်္ခါရတရားတို့ကို စွန့်လွှတ်ခြင်း ပယ်သတ်ခြင်းဟူသော စာဂတရားပင်တည်း။ ယင်းစာဂတရားကြောင့် အရိယာသူတော်ကောင်းတို့သည် လှူဖွယ်ဝတ္ထုပစ္စည်းစုတို့ကို လွတ်လွတ် စွန့်ကြဲကြကုန်၏၊ ပေးလှူဖို့ရန် စင်ကြယ်စွာ ဆေးကြောထားပြီးသော လက်ရှိကြကုန်၏၊ပေးကမ်းစွန့်ကြဲခြင်း၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ကြကုန်၏။ (ဥဒါန၊ဋ္ဌ၊၂၆၆။)</p> <p>တစ်ဖန် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌လည်းကောင်း, ဤဂေါတမဘုရားရှင်၏ သာသနာတော်တွင်း၌လည်းကောင်း အောင်အောင် မြင်မြင် ပြုစုပျိုးထောင်ထားသော သဒ္ဓါ, သီလ, သုတ, စာဂ, ပညာတည်းဟူသော သူတော်ကောင်းတရားတို့ ပြဓာန်းလျက်ရှိသော ကောင်းမှုကုသိုလ် ကံတို့တွင် တစ်ခုသော ကောင်းမှုကုသိုလ်ကံကလည်း တာဝတိံသာ နတ်သားဘဝဟူသော အကျိုးတရားကို ပေးဖို့ရန် အခါအခွင့် သင့်လာပြန်၏။</p> <p>လွန်ခဲ့သော တစ်ခုသော အတိတ်ဘဝက ပြည်တန်ဆာမကို သတ်ဖြတ်ခဲ့ဖူးသည့် ပါဏာတိပါတ အကုသိုလ်ကံကလည်း အကျိုးပေးဖို့ရန် အခါအခွင့် သင့်နေပြန်၏။ ယင်းအကုသိုလ်ကံကား သုပ္ပဗုဒ္ဓ၏ သက်တမ်းကို တိုသွား အောင် ကပ်၍ ဖြတ်တတ်သော ဥပစ္ဆေဒက အကုသိုလ်ကံပင် ဖြစ်၏။ ယင်း အကုသိုလ်ကံကလည်း စေ့ဆော် တိုက်တွန်းလိုက်သဖြင့် နွားမက ဝှေ့သတ်လိုက်ပြန်၏။ သို့သော် သူ စုဆောင်းခဲ့သည့် အထက်တွင် တင်ပြထားသည့် တစ်ခုသော ကောင်းမှုကုသိုလ်ကံကလည်း အလွန် အဆင့်အတန်း မြင့်မားသည့် တာဝတိံသာ နတ်သားဘဝသို့ ရောက်အောင် ပို့ဆောင်ပေးလိုက်ပြန်၏။ ကံတရားမင်းကြီးက အမှုတွဲကို စိစစ်ကာ စီရင်ချက် ချပေးလိုက်ခြင်းပင် ဖြစ်၏။</p> <h3>နွားဝှေ့ အသတ်ခံရခြင်း၏ အကြောင်းရင်း</h3> <p>သုပ္ပဗုဒ္ဓကား လွန်လေပြီးသော အတိတ်ဘဝတစ်ခုဝယ် သူဌေးသား ဖြစ်ခဲ့ဖူး၏။ သူ့မှာ မိတ်ဆွေ သူဌေးသား သုံးယောက်တို့လည်း ရှိ၏။ (ယင်းမိတ်ဆွေသုံးယောက်တို့တွင် တစ်ယောက်ကား ဤဂေါတမဘုရားရှင်၏ သာသနာတော်တွင်း၌ ပုက္ကုသာတိအမျိုးကောင်းသား, တစ်ယောက်ကား အရှင်ဗာဟိယဒါရုစိရိယ, တစ်ယောက်ကား တမ္ဗဒါဌိက လူသတ်ယောက်ျား အသီးအသီး ဖြစ်လာ၏။) တစ်နေ့တွင် သူဌေးသား မိတ်ဆွေလေးယောက်တို့သည် ပြည်တန်ဆာမတစ်ဦးကို ခေါ်ဆောင်ကာ ဥယျာဉ်တော်တစ်ခုသို့ သွားရောက်ပြီး တစ်နေ့တာပတ်လုံး ပျော်ပါးကြ၏။ နေဝင်သွားသောအခါ မိတ်ဆွေလေးဦးတို့သည် အညီအညွတ် တိုင်ပင်ကာ ပြည်တန်ဆာမကို သတ်ဖို့ရန်, အသပြာတစ်ထောင်နှင့် အဖိုးတန် လက်ဝတ်တန်ဆာတို့ကို ယူဖို့ရန် ကြိုးစားအားထုတ်ကြ၏။ ထိုသို့ ကြိုးစားအားထုတ်ကြစဉ် --</p> <p>ဒီလူတွေဟာ အရှက်မရှိတဲ့ လူတွေ ဖြစ်ကြတယ်၊ အကြင်နာ ကင်းမဲ့တဲ့ လူတွေ ဖြစ်ကြတယ်၊ ငါနှင့်အတူ ကိလေသာဖြင့် ပေါင်းဖော်ခြင်းကို တစ်နေ့တာပတ်လုံး ပြုကျင့်ပြီးနောက် အပြစ်မရှိတဲ့ ငါ့ကို လက်ဝတ်တန်ဆာ အဖိုး တန်ရတနာ ဥစ္စာပစ္စည်းအပေါ်၌ တွယ်တာမက်မောခြင်း ဓနလောဘကြောင့် သတ်ကြတယ်၊ ငါ့ကို ဒီတစ်ကြိမ်တော့ သတ်ကြပါစေ၊ ငါသည် ဘီလူးမဖြစ်ပြီး တော့ သင်းတို့ကို အကြိမ်များစွာ သတ်ဖြတ်ဖို့ရန် စွမ်းနိုင်သူ ဖြစ်ပါရစေ...</p> <p>ဤကဲ့သို့သော တောင့်တမှု = ပတ္ထနာကို ပြုကာ ကွယ်လွန်သွားခဲ့၏။ ဤကဲ့သို့ ပြုစုပျိုးထောင်ခဲ့သော အကုသိုလ်ကံကြောင့် ဤသူလေးယောက်စလုံးတို့သည် အရာမကသော ခန္ဓာကိုယ်အတ္တဘော၌ ဘီလူးမဖြစ်နေသော ထိုအမျိုးသမီးက နွားမယောင်ဆောင်ကာ သို့မဟုတ် နွားမ၏ ကိုယ်အတွင်းသို့ ပူးဝင်ကာ ဝှေ့သတ်သဖြင့် သေကျေပျက်စီးခဲ့ကြရ၏။ ထိုအမျိုးကောင်းသား လေးဦးစလုံးတို့သည် ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ထိုထိုဘဝ၌ သက်တမ်းမကုန်ဆုံးမီ စပ်ကြားကာလဝယ် သေကျေပျက်စီးခြင်းသို့ ရောက်ရှိခဲ့ကြရလေသည်။ ယင်းအကုသိုလ်ကံကပင် သုပ္ပဗုဒ္ဓ၏ သက်တမ်းကို ကပ်၍ ဖြတ်တတ်သော ဥပစ္ဆေဒက ကံအဖြစ် ရပ်တည်ကာ သုပ္ပဗုဒ္ဓ၏ တိဟိတ်ပဋိသန္ဓေအကျိုးကို ပေးလိုက်သော တိဟိတ်ကုသိုလ်ကံ၏ အကျိုးတရားကို ကပ်၍ ဖြတ်တောက်ကာ အဆောတလျင် သေကျေပျက်စီးရခြင်းသို့ ရောက်အောင် ပို့ဆောင်လိုက်ပေသည်။ (ဥဒါန၊ဋ္ဌ၊၂၆၂-၂၆၃။)</p> <p>ထိုကြောင့် ဘုရားရှင်က စူဠကမ္မဝိဘင်္ဂသုတ္တန်တွင် ဤသို့ ဟောကြားတော်မူခဲ့ခြင်း ဖြစ်၏။</p> <p><b>ကမ္မံ သတ္တေ ဝိဘဇတိ ယဒိဒံ ဟီနပဏီတတာယ။</b> (မ၊၃၊၂၄၄။)</p> <p>= ကံတရားသည် သတ္တဝါတွေကို ယုတ်ညံ့သူတစ်ယောက် ဖြစ်သွားအောင်, မြင့်မြတ်သူတစ်ယောက် ဖြစ်သွားအောင် ခွဲတမ်းချပေးပေသည်။ (မ၊၃၊၂၄၄။)</p> <p>ဤကဲ့သို့ ဘုရားရှင် ဟောကြားထားတော်မူသည်နှင့်အညီ သုပ္ပဗုဒ္ဓကြီးကို ယုတ်ညံ့သူတစ်ယောက် ဖြစ်သွားအောင်, မြင့်မြတ်သူတစ်ယောက် ဖြစ်သွားအောင် သူပြုစုပျိုးထောင်ခဲ့သော ကံတရားမင်းကြီးကပင် သူ၏ အမှုတွဲ များကို မှန်မှန်ကန်ကန် တိတိကျကျ စစ်ဆေးအတည်ပြုကာ အမိန့်တော်မြတ် ချမှတ်ပေးလိုက်ခြင်းပင် ဖြစ်၏။ ထိုကြောင့် ဘုရားရှင်က ဂဒ္ဒုလဗဒ္ဓသုတ္တန်တွင် ဤသို့ ဆိုဆုံးမထားတော်မူခဲ့၏။</p> <p><b>တသ္မာတိဟ ဘိက္ခဝေ အဘိက္ခဏံ သကံ စိတ္တံ ပစ္စဝေက္ခိတဗ္ဗံ ဒီဃရတ္တမိဒံ စိတ္တံ သံကိလိဋ္ဌံ ရာဂေန ဒေါသေန မောဟေနာတိ။ စိတ္တသံကိလေသာ ဘိက္ခဝေ သတ္တာ သံကိလိဿန္တိ၊ စိတ္တဝေါဒါနာ သတ္တာ ဝိသုဇ္ဈန္တိ။</b> (သံ၊၂၊၁၂၃။)</p> <p>= ချစ်သားရဟန်းတို့ ... ထိုကြောင့် ဤသာသနာတော်မြတ်အတွင်း၌ သင်ချစ်သားတို့သည် သင်ချစ်သမီးတို့သည် ဤ ငါတို့၏ စိတ်သည် နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး ရာဂကြောင့် ညစ်နွမ်းနေရ၏၊ ဒေါသကြောင့် ညစ်နွမ်းနေရ၏၊ မောဟကြောင့် ညစ်နွမ်းနေ ရ၏။ဟု ဤသို့လျှင် မိမိ၏ စိတ်ကို မကြာခဏ ဆင်ခြင်ပေးကြပါ။ ချစ်သားရဟန်းတို့ ... စိတ်ဓာတ်တွေ ညစ်နွမ်းခြင်းကြောင့် သတ္တဝါတို့သည် ညစ်နွမ်းကြရကုန်၏၊ စိတ်ဓာတ်တွေ ဖြူစင်သန့်ရှင်းခြင်းကြောင့် သတ္တဝါတို့သည် ဖြူစင်သန့်ရှင်းကြရကုန်၏။ (သံ၊၂၊၁၂၃။)</p> <p>ဤကျမ်းစာငယ်ကို ဖတ်ရှုနေကြကုန်သော သူတော်ကောင်းအပေါင်းတို့ သည်လည်း ဘုရားရှင် ဆိုဆုံးမထားတော်မူသည့်အတိုင်း ဤငါတို့၏ စိတ်ဓာတ်သည် ရာဂကြောင့် ညစ်နွမ်းနေရ၏၊ ဒေါသကြောင့် ညစ်နွမ်းနေရ၏၊ မောဟကြောင့် ညစ်နွမ်းနေရ၏။ဟု ဤသို့လျှင် မကြာခဏ ဆင်ခြင်ကြကုန်လျက် ညစ်နွမ်းနေသော မိမိ၏ စိတ်ဓာတ်ကို ဖြူစင်သန့်ရှင်းသွားအောင် သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ-တည်းဟူသော သူတော်ကောင်းဥစ္စာ ရေစင် ရတနာတို့ဖြင့် ဆေးကြောသုတ်သင်နိုင်ကြပါစေသောဝ် ...ဟု ပတ္ထနာမှု ပြုအပ်ပါသတည်း။</p> <p><b>ဓမ္မေ ဟောန္တု သဂါရဝါ။</b></p> <p>= သဒ္ဓမ္မသုံးဖြာ အဆုံးအမသာသနာတော်၌ ရိုသေလေးစားခြင်း ရှိကြ ပါစေကုန်သတည်း။</p> <p>ဖားအောက်တောရဆရာတော်</p> <p>၁၃၆၇-ခုနှစ်၊ သီတင်းကျွတ်လ</p> <hr> <h3>လူမွဲတို့၏ ထွက်ရပ်လမ်း</h3> <p>(သင်္ခါရုပပတ္တိသုတ္တန် တရားဒေသနာတော်)</p> <p>(မ၊၃၊၁၄၀-၁၄၆။)</p> <p>၁၃၅၈-ခုနှစ်၊ နယုန်လဆန်း ၁၃-ရက်နေ့၊ တစ်နေ့တာဆွမ်း အလှူရှင်များအား အနုမောဒနာတရားအဖြစ်ဖြင့် ဟောကြားအပ်သော မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော်၌ လာရှိသော သင်္ခါရုပပတ္တိသုတ္တန် တရားဒေသနာတော် ---</p> <p>ဤဒေသနာတော်မြတ်ဟာ ရှည်လျားသော သုတ္တန် တရားဒေသနာတော်တစ်ခု ဖြစ်ပါတယ်။ ထိုဒေသနာတော်၏ ဆိုလိုရင်းလောက်ကိုသာ ကောက်နုတ်ချက်ချပြီး ဒီည ဟောကြားဖို့ ရည်ရွယ်ထားပါတယ်။ ဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံး စံနေတော်မူခိုက် ဘုရားရှင်က သင်္ခါရတရားတို့၏ ဖြစ်ပုံနှင့် ပတ်သက်ပြီး ရဟန်းတော်တို့ကို သင်္ခါရုပပတ္တိသုတ္တန် တရားတော်ကို ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။ ထိုသုတ္တန်၏ ဆိုလိုရင်းက ဘယ်လိုသဘောရှိသလဲ?</p> <h3>သူတော်ကောင်းဥစ္စာ ငါးပါး</h3> <p><b>ဣဓ ဘိက္ခဝေ ဘိက္ခု သဒ္ဓါယ သမန္နာဂတော ဟောတိ၊ သီလေန သမန္နာဂတော ဟောတိ၊ သုတေန သမန္နာဂတော ဟောတိ၊ စာဂေန သမန္နာဂတော ဟောတိ၊ ပညာယ သမန္နာဂတော ဟောတိ။</b></p> <p><b>ဘိက္ခဝေ</b> = ချစ်သားရဟန်းတို့။ <b>ဣဓ</b> = ဤသာသနာတော်မြတ်အတွင်း၌။ <b>ဘိက္ခု</b> = ယောဂါဝစရ ရဟန်းတော်သည်။ <b>သဒ္ဓါယ</b> = ရတနာသုံးတန် ကံ-ကံ၏အကျိုးတရားအပေါ်၌ သက်ဝင်ယုံကြည်သော သဒ္ဓါတရားနှင့်။ <b>သမန္နာဂတော</b> = ပြည့်စုံသည်။ <b>ဟောတိ</b> = ဖြစ်၏။ <b>သုတေန</b> = အကြားအမြင် ဗဟုဿုတတရားနှင့်။ <b>သမန္နာဂတော</b> = ပြည့်စုံသည်။ <b>ဟောတိ</b> = ဖြစ်၏။ <b>စာဂေန</b> = ပေးကမ်း စွန့်ကြဲခြင်း စာဂတရားနှင့်။ <b>သမန္နာဂတော</b> = ပြည့်စုံသည်။ <b>ဟောတိ</b> = ဖြစ်၏။ <b>ပညာယ</b> = ဝိပဿနာဉာဏ်ပညာနှင့်။ <b>သမန္နာဂတော</b> = ပြည့်စုံသည်။ <b>ဟောတိ</b> = ဖြစ်၏။</p> <h3>၁။ သဒ္ဓါတရားရှိခြင်း</h3> <p>ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်နေတဲ့ ဗုဒ္ဓဘာသာ သူတော်စင် မှန်ခဲ့လျှင် ရဟန်းပဲဖြစ်စေ ရှင်ပဲဖြစ်စေ လူပဲဖြစ်စေ ဘယ်ပုဂ္ဂိုလ်မဆို ရှိသင့်ရှိထိုက်တဲ့ သူတော်ကောင်းဥစ္စာ ငါးမျိုး ရှိပါတယ်။ နံပါတ်တစ် သူတော်ကောင်း ဥစ္စာက သဒ္ဓါတရား ဖြစ်တယ်၊ သူတော်ကောင်းတို့ဟာ ရတနာသုံးတန် ကံ-ကံ၏အကျိုးတရားအပေါ်၌ သက်ဝင်ယုံကြည်နေတဲ့ သဒ္ဓါတရားနှင့် ပြည့်စုံရမယ်။</p> <p>ရတနာသုံးတန် ကံ ကံ၏အကျိုးအပေါ်၌ ယုံကြည်ချက် သဒ္ဓါတရား ရှိရတယ်။ ဖြူစင်ဖြောင့်မှန်တဲ့ ခိုင်မြဲတဲ့ သဒ္ဓါတရား ရှိရတယ်။ ခိုင်မြဲတဲ့သဒ္ဓါတရား ရရှိဖို့ဆိုတာ နောက်ပြောမယ့် သုတတရား ပညာတရားတို့နှင့် ပေါင်းစပ်ပါမှ ခိုင်မြဲတဲ့ သဒ္ဓါတရားကို ရရှိမှာဖြစ်တယ်။</p> <hr> <h3>၂။ သီလဖြူစင်ခြင်း</h3> <p>နံပါတ်နှစ်က ကိုယ်ကျင့်သီလ ဖြူစင်ဖို့ လိုအပ်ပါတယ်။ ရဟန်းဆိုလျှင်လည်း ရဟန်းနှင့် ထိုက်တန်တဲ့ ပါတိမောက္ခသံဝရသီလစတဲ့ သီလကြီး လေးပါးကို ဖြူစင်အောင် ဖြည့်ကျင့်နိုင်ဖို့ လိုအပ်တယ်။ လူဖြစ်လျှင်လည်း လူတို့နဲ့ ထိုက်တန်တဲ့ ငါးပါးသီလ, ရှစ်ပါးသီလ, ကိုးပါးသီလ, ဆယ်ပါးသီလဆိုတဲ့ ကိုယ်ကျင့်သီလတွေကို ဖြူစင်အောင် ထိန်းသိမ်း စောင့်ရှောက်နိုင်ဖို့ လိုပါတယ်။</p> <p>အောက်ထစ်ဆုံး ပမာဏအားဖြင့် ပြောမယ်ဆိုလျှင်တော့ ငါးပါးသီလ မြဲဖိ့ု လိုအပ်တယ်။ ဗုဒ္ဓဘာသာသူတော်ကောင်းမှန်ခဲ့လျှင် ဗုဒ္ဓဘာသာကို အကြောင်းပြု၍ အားကိုးရာကို ရှာဖွေရမှာဖြစ်တော့ အားကိုးသင့် အားကိုးထိုက်တဲ့ တရားတွေထဲမှာ ဒီကိုယ်ကျင့်သီလက အခြေခံ အုတ်မြစ်အဖြစ် ပါဝင်နေပါတယ်။ ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်နေတဲ့ ဥပါသကာ ဒါယကာ, ဥပါသိကာ ဒါယိကာမ မှန်ခဲ့လျှင် -- နံပါတ်တစ် -- သူ့အသတ် မသတ်ဘဲ ရှောင်ကြဉ်ရမယ်၊ နံပါတ်နှစ် -- သူ့ပစ္စည်း မတရားမယူဘဲ ရှောင်ကြဉ်ရမယ်၊ နံပါတ်သုံး -- သူ့သားမယား မဖျက်ဆီးဘဲ ရှောင်ကြဉ်ရမယ်၊ နံပါတ်လေး -- မုသားစကား မပြောဘဲ ရှောင်ကြဉ်ရမယ်။ နံပါတ်ငါး -- မူးယစ်ဆေးဝါးမှန်သမျှ အားလုံး ရှောင်ကြဉ်ရမယ်။ ကိုယ်ကျင့်သီလ ဘယ်နှစ်ခုရှိသလဲ? ငါးခု ရှိပါတယ်။</p> <p>ဒီကိုယ်ကျင့်သီလက သံသရာခရီးသွားတဲ့ အစိတ်အပိုင်းနှင့် သံသရာခရီးမှ လွတ်မြောက်ရေးတို့မှာ အခြေခံ အုတ်မြစ်အဖြစ် အားကိုး အားထားပြုရမယ့် တရားစစ် တရားမှန်တွေ ဖြစ်ပါတယ်။ ထိုတရားစစ် တရားမှန်တို့ဖြင့် ပြည့်စုံတဲ့ သူတော်ကောင်းကို ဒီတရားတွေက တစ်ဆင့်ထက်တစ်ဆင့် မြင့်သည်ထက် မြင့်နေတဲ့ ဘဝသို့ ရောက်အောင် (၃၁)ဘုံ သံသရာခရီးမှ လွတ်မြောက်ရာ ဖြစ်သည့် နိဗ္ဗာန်သို့ ရောက်သည့်တိုင်အောင် အဆင့်ဆင့် ကျေးဇူးပြုပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် နံပါတ်နှစ် အခြေခံ အုတ်မြစ်အဖြစ် ဘုရားရှင်က ကိုယ်ကျင့်သီလနှင့် ပြည့်စုံရမယ်လို့ အမိန့်ရှိတယ်။</p> <hr> <h3>၃။ ဗဟုဿုတများပြားခြင်း</h3> <p>နံပါတ်သုံးက အကြားအမြင် ဗဟုဿုတ များပြားခြင်းပဲ ဖြစ်တယ်။ ဘုရားရှင်၏ တရားတော်တွေကို သင်သိအားဖြင့် သိခြင်းဟု ခေါ်ဆိုအပ်သော အာဂမသုတ, ကျင့်သိအားဖြင့် သိခြင်းဟု ခေါ်ဆိုအပ်သော အဓိဂမသုတ ဒီတရားနှစ်ပါးနှင့် ပြည့်စုံရတယ်။ ဘုရားရှင်၏ တရားတော်တွေက ဗောဓိပက္ခိယတရား (၃၇)ပါးကို ဦးတိုက်နေပါတယ်။ ထိုဗောဓိပက္ခိယတရား (၃၇)ပါးကို အဆီညှစ်ထုတ်လိုက်တော့ မဂ္ဂင်(၈)ပါး၊ မဂ္ဂင်(၈)ပါးကို ထပ်ပြီး အဆီညှစ်ထုတ်လိုက်လျှင် သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်ဆိုတဲ့ ကျင့်စဉ်သုံးရပ် ထွက်ပေါ်လာတယ်။</p> <p>သီလကို ဘယ်လို ကျင့်ရမယ်ဆိုတာ သင်သိအနေနဲ့ သိရမယ်၊ လက်တွေ့လည်း ကျင့်ရမယ်။ သမာဓိကို ဘယ်လို ထူထောင်ရမယ်ဆိုတာ သင်သိ အနေနဲ့ ပထမ သိရမယ်၊ ဒုတိယ ကျင့်သိအနေနှင့် သိအောင် မိမိ ရုပ်နာမ် သန္တာန်အစဉ်မှာ သမာဓိတရားတွေ ကိန်းဝပ်လာအောင် ကြိုးစားရမယ်။ သင်သိကျင့််သိ ဒီအသိနှစ်ခုရှိသည့် အချိန်အခါမှာ ဒီသမာဓိကို အခြေခံပြီး ရုပ်တွေကို ဟုတ်တိုင်းမှန်စွာ သိအောင် နာမ်တွေကို ဟုတ်တိုင်းမှန်စွာ သိအောင် ပထမ သင်သိအနေနဲ့ လေ့ကျင့်ရမယ်။ ဒုတိယ ကျင့်သိအနေနှင့် သိအောင် လေ့ကျင့်ရမယ်။</p> <p>ဒီနေရာမှာ သုတအင်္ဂါရပ်နှင့် ပတ်သက်လို့ ဘယ်လို ဗဟုဿုတမျိုးကို ဆိုလိုတယ်ဆိုတာ ထပ်ပြီး ပြောဦးမယ်၊ မဇ္ဈိမပဏ္ဏာသပါဠိတော် သေခသုတ္တန် (မ၊၂၊၁၉။)မှာ ဗဟုဿုတအင်္ဂါရပ်ကို ဒီလို ဟောကြားထားတော်မူပါတယ် --</p> <p><b>ဗဟုဿုတော ဟောတိ သုတဓရော သုတသန္နိစယော၊ ယေ တေ ဓမ္မာ အာဒိကလျာဏာ မဇ္ဈေကလျာဏာ ပရိယောသာနကလျာဏာ သာတ္ထာ သဗျဉ္ဇနာ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ အဘိဝဒန္တိ၊ တထာရူပါဿ ဓမ္မာ ဗဟုဿုတာ ဟောန္တိ ဓာတာ ဝစသာ ပရိစိတာ မနသာနုပေက္ခိတာ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ။</b> (မ၊၂၊၁၉။)</p> <h4>အာဂမသုတ = သင်သိဗဟုဿုတ</h4> <p>ဘုရားရှင်ရဲ့ တရားတော်တွေဟာ သီလကျင့်စဉ်ဆိုတဲ့ အစရဲ့ကောင်းခြင်းနှင့်လည်း ပြည့်စုံတယ်၊ သမာဓိကျင့်စဉ်ဆိုတဲ့ အလယ်ရဲ့ကောင်းခြင်းနှင့်လည်း ပြည့်စုံတယ်၊ ပညာကျင့်စဉ်ဆိုတဲ့ အဆုံးရဲ့ ကောင်းခြင်းနှင့်လည်း ပြည့်စုံတယ်။ ဟောကြားထားတော်မူတဲ့ စကားလုံးတွေကလည်း သိပ်ပြီးတော့ သိလွယ်တယ်၊ သန့်ရှင်းတယ်။ ဒီစကားလုံးတွေရဲ့ ဆိုလိုရင်း အနက်သဘောတရားတွေကလည်း အနှစ်သာရ ပြည့်စုံနေတယ်။ လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ရရှိရေးအတွက် အဘက်ဘက်မှ ပြည့်ပြည့်စုံစုံ ဟောကြားထားတော်မူတဲ့တရားတွေ ဖြစ်တယ်။ နုတ်ပယ်ဖို့လည်း မလိုဘူး၊ ထပ်ထည့်ဖို့လည်း မလိုဘူး။</p> <p>ဥပမာ --- မဂ္ဂင်ရှစ်ပါး ဆိုကြစို့၊ နိဗ္ဗာန်ကို ရရှိရေးအတွက် မြတ်စွာဘုရားက မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတွေကို ဟောကြားသွားတော်မူပါတယ်။ ဒီမဂ္ဂင်ရှစ်ပါးက တစ်ခုတော့ ပိုနေတယ်၊ မဂ္ဂင်ခုနစ်ပါးနှင့် နိဗ္ဗာန်ကို သွားလျှင်လည်း ရနိုင်ပါတယ်လို့ နုတ်ပယ်ကြည့်၊ နုတ်ပယ်လို့ မရနိုင်ဘူး။ မဂ္ဂင်တစ်ပါးတော့ လိုနေသေးပါတယ်လို့ ထပ်ထည့်ကြည့်လျှင်လည်း ထည့်လို့ မရနိုင်ဘူး၊ ဒီလောက်အထိ ပြည့်ပြည့်စုံစုံ ဟောကြားထားတော်မူပါတယ်။</p> <p>ဒီလို ပြည့်ပြည့်စုံစုံ ဟောကြားထားတော်မူတဲ့ တရားတွေကို ရဟန်းတော်တစ်ပါးက သို့မဟုတ် သူတော်ကောင်း တစ်ဦးက အလွတ်ရအောင် လေ့ကျင့်ပြီးတော့ နှုတ်ငုံဆောင်ထားတယ်။ ဒီလို နှုတ်ငုံဆောင်ထားနိုင်တဲ့ သဘောကိုတော့ <b>အာဂမသုတ = သင်သိဗဟုဿုတ</b>လို့ ခေါ်ဆိုပါတယ်။</p> <p>ဒီနေရာမှာ နည်းနည်း ထပ်ပြီး ပြောချင်သေးတယ်၊ ဒီလိုဆိုလျှင် နိဗ္ဗာန်ကို လိုချင်တဲ့ပုဂ္ဂိုလ်က ဘုရားရှင်ရဲ့ တရားတော်တွေကို အကုန်လုံး နှုတ်ငုံဆောင်ရတော့မှာလားလို့တော့ မေးစရာရှိတယ်။ အကုန်လုံး နှုတ်ငုံ ဆောင်ထားနိုင်လျှင်တော့ အကောင်းဆုံးပဲ၊ သို့သော် ဒီနေရာမှာ ပြောလိုတာကတော့ ဒီလိုပါ၊ ဥပမာ - ငါးပါးသီလဆိုကြစို့၊ ငါးပါးသီလကို ဆောက်တည် ကျင့်သုံးလိုတဲ့ ပုဂ္ဂိုလ်က ငါးပါးသီလဆိုတာက ဘာတွေ၊ ဘယ်လို ဆောက်တည် ကျင့်သုံးရမယ် စသည်ဖြင့် နားလည်ထားပြီးဖြစ်ဖို့, မှတ်မိနေဖို့ လိုအပ်ပါတယ်။</p> <p>ငါးပါးသီလအကြောင်းကို မသိနားမလည်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က ငါးပါးသီလကို ဖြူစင်အောင် စောင့်ထိန်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ အလားတူပဲ ရှစ်ပါးသီလ ဆယ်ပါးသီလတွေကို ဆောက်တည် ကျင့်သုံးလိုတဲ့ သူတွေဟာလည်း ရှစ်ပါးသီလ ဆယ်ပါးသီလတွေကို တတ်သိ နားလည်ဖို့ မှတ်မိဖို့ လိုအပ်ပါတယ်။ အလားတူပင် သူတော်ကောင်းတစ်ဦးက ရဟန်းဘဝသို့ ရောက်ရှိလာတဲ့အတွက် ရဟန်းသီလတွေကို ဖြူစင်အောင် စောင့်ထိန်းချင်တယ်ဆိုလျှင် မိမိ စောင့်ထိန်းရမယ့် ဝိနည်းသီလတွေကို တတ်သိ နားလည်ထားပြီးဖြစ်ဖို့ မှတ်မိနေဖို့ လိုပါတယ်။ ဒီလို တတ်သိ နားလည်ဖို့ မှတ်မိနေဖို့ဆိုတာ အလွတ်ရအောင် ကျက်သင့်တဲ့ အပိုင်းတွေကို ကျက်ရမှာ ဖြစ်ပါတယ်။</p> <p>အလားတူပဲ သမာဓိပိုင်း ရောက်လာတဲ့အခါမှာလည်း အာနာပါနကို စတုတ္ထစျာန်သို့ ဆိုက်သည့်တိုင်အောင် ဘယ်လိုပွားရမယ်၊ ကသိုဏ်း(၁၀)ပါးကို ဘယ်လို ပွားရမယ်၊ သမာပတ်(၈)ပါးကို ဘယ်လို ပွားရမယ်၊ ဗြဟ္မစိုရ်တရားတွေကို ဘယ်လို ပွားရမယ် စသည်ဖြင့် ပွားပုံ နည်းစနစ်တွေကိုတော့ ပထမ ရှေးဦးစွာ ဆရာသမားထံမှာ သင်ယူရမှာ ဖြစ်ပါတယ်။ မသင်ဘဲနဲ့ အလိုလို တတ်ဖို့ဆိုတာ မမျှော်မှန်းအပ်တဲ့ အရာတွေသာ ဖြစ်တယ်။ မိမိက သင်ယူထားတဲ့အတိုင်း တစ်ဖန်လက်တွေ့ အောင်မြင်အောင် ကျင့်ရမှာ ဖြစ်တယ်။</p> <p>အလားတူပဲ ပညာစခန်း ရောက်လာပြီ ဆိုကြစို့၊ ရှေးဦးစွာ မိမိက ဝိပဿနာစခန်းကို ကျင့်ချင်တယ်ဆိုလျှင် ဝိပဿနာဆိုတာကဘာလဲ၊ ဘယ်လို ကျင့်ရမလဲ? ဒီအကြောင်းအရာတွေကို ပထမ ဆရာသမားထံမှာ ချဉ်းကပ်ကာ သင်ယူရမှာ ဖြစ်တယ်။ ဒီနေရာမှာ ပညာနှင့် သမ္မာဒိဋ္ဌိမဂ္ဂင်တို့ဟာ အဓိပ္ပါယ် တူညီကြပါတယ်။ ဘာကို <b>သမ္မာဒိဋ္ဌိ = မှန်ကန်တဲ့ အသိအမြင်</b>လို့ ခေါ်ဆိုသလဲ? ဘုရားရှင်က မဟာသတိပဋ္ဌာနသုတ္တန် (မ၊၁၊၈၈။)မှာ သမ္မာဒိဋ္ဌိလေးမျိုး ဟောကြားထားတော်မူခဲ့ပါတယ်။</p> <p>၁။ ဒုက္ခသစ္စာကို သိတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ,</p> <p>၂။ သမုဒယသစ္စာကို သိတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ,</p> <p>၃။ ဒုက္ခချုပ်ရာ နိရောဓသစ္စာကို သိတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ,</p> <p>၄။ ဒုက္ခချုပ်ရာ နိရောဓ = နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့ မဂ္ဂသစ္စာကို သိတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ,</p> <p>ဒီလို သမ္မာဒိဋ္ဌိကို လေးမျိုးခွဲကာ ဟောကြားထားတော်မူခဲ့ပါတယ်။ ဒီသစ္စာလေးပါးထဲမှာ ဒုက္ခသစ္စာနှင့် သမုဒယသစ္စာတို့ကို သံသရာဝဋ်မှာ လည်ပတ်နေတဲ့ သစ္စာတရားတွေဖြစ်လို့ ဝဋ္ဋသစ္စာတရားတွေလို့ ခေါ်ဆိုပါတယ်။ နိရောဓသစ္စာနှင့် မဂ္ဂသစ္စာတရားတွေကိုတော့ သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းတွေဖြစ်လို့ ဝိဝဋ္ဋသစ္စာတရားတွေလို့ ခေါ်ဆိုပါတယ်။</p> <p><b>တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။</b> (အဘိ၊ဋ္ဌ၊၂၊၁၀၉)</p> <p>ဒီလို သမ္မောဟဝိနောဒနီ အဋ္ဌကထာကြီးက ဖွင့်ဆိုထားတဲ့အတွက် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတွေဟာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းရမယ့် ဝိပဿနာဉာဏ်ရဲ့ အရှုခံ အာရုံတရားတွေ ဖြစ်ကြပါတယ်။ ဝိဝဋ္ဋသစ္စာတရားတွေကတော့ ဝိပဿနာရှုရမယ့် တရားတွေ မဟုတ်ကြပါဘူး။ ဒါကြောင့် အဋ္ဌသာလိနီအဋ္ဌကထာက ဝိပဿနာဆိုတဲ့ စကားလုံးကို ဒီလို အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။</p> <p><b>အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ။</b> (အဘိ၊ဋ္ဌ၊၁၊၁၇၅။)</p> <p>ဒုက္ခသစ္စာဓမ္မ သမုဒယသစ္စာဓမ္မတွေကို အနိစ္စပဲ ဒုက္ခပဲ အနတ္တပဲလို့ ဒီလို အမျိုးမျိုးသော အခြင်းအရာတို့ဖြင့် ရှုတတ်တဲ့ဉာဏ်ကို ဝိပဿနာလို့ ခေါ်ဆိုတယ်ဆိုပြီး ဒီလို ရှင်းပြထားပါတယ်။ ဒီလိုဆိုလျှင် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းချင်တဲ့ ပုဂ္ဂိုလ်ဟာ - ဒုက္ခသစ္စာတရားတွေက ဘာတွေလဲ? သမုဒယသစ္စာတရားတွေက ဘာတွေလဲ? မိမိ ဝိပဿနာရှုမယ့် တရားတွေကို သိဖို့ မလိုဘူးလား? လိုအပ်ပါတယ်။</p> <p><b>သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။</b> (သံ၊၃၊၃၆၉။ မ၊၁၊၈၄။)</p> <p>လိုရင်းတိုရှင်း ပြောရလျှင်တော့ ဥပါဒါနက္ခန္ဓာ ငါးပါးသည် ဒုက္ခသစ္စာတရားများ ဖြစ်ကြပါတယ်။ ဓမ္မစကြာဒေသနာတော် မဟာသတိပဋ္ဌာနသုတ္တန် ဒေသနာတော်တွေမှာ ဒီလိုပဲ ဟောကြားထားတော်မူပါတယ်။ ဟို အင်္ဂုတ္တိုရ် ပါဠိတော် တိကနိပါတ် တိတ္ထာယတနသုတ္တန် (အံ၊၁၊၁၇၈။)မှာတော့ ကြောင်းကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို သမုဒယသစ္စာလို့ ဟောကြားထားတော်မူခဲ့ပါတယ်။</p> <p>ဒီတော့ ယောဂီပုဂ္ဂိုလ်က ဝိပဿနာရှုတော့မယ်ဆိုလျှင် ဒုက္ခသစ္စာတရားတွေက ဘာတွေလဲ? ကြောင်းကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်တရားဆိုတဲ့ သမုဒယသစ္စာတရားတွေက ဘာတွေလဲ? ဒီတရားတွေကို သိအောင် ဘယ်လို ရှုရမလဲ? ဒီတရားတွေကို ဘယ်လို ဝိပဿနာရှုရမလဲ? ဒီအကြောင်း အရာတွေကို သိအောင် ဆရာသမားထံမှာ ပထမ သင်ယူရပါတယ်။ ဒီလို သင်ယူလို့ ရရှိတဲ့ သင်သိ အသိဉာဏ်ကိုတော့ <b>အာဂမသုတ</b>လို့ ခေါ်ဆိုပါတယ်။ <b>ပရိယတ္တိဗာဟုသစ္စ = ပရိယတ္တိဗဟုဿုတ</b>လို့လည်း ခေါ်ဆိုပါတယ်။ (ဥဒါန၊ဋ္ဌ၊၂၆၆။)</p> <p>ဒီလို သင်သိအနေနဲ့ သင်ယူတဲ့အပိုင်းမှာ ခန္ဓာငါးပါးလို့ ခေါ်ဆိုနေတဲ့ ရူပက္ခန္ဓာဆိုတာက ဘာတွေ ဘာတွေ၊ ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာဆိုတဲ့ စေတသိက်သင်္ခါရတရားတွေ ဆိုတာက ဘာတွေ ဘာတွေ၊ ဝိညာဏက္ခန္ဓာဆိုတဲ့ အသိစိတ်တွေက ဘာတွေ ဘာတွေ -- ဆိုတာကို ဆရာသမားထံမှာ နှုတ်တက်ရအောင် မှတ်မိအောင်တော့ သင်ယူရပါတယ်။ ဒီလို သင်ယူနည်းဖြစ်လို့ အာဂမသုတလို့ ခေါ်ဆိုပါတယ်။ ဒီအာဂမသုတကိုပဲ ရည်ရွယ်တော်မူပြီးတော့ အထက်ပါ ပါဠိတော်မှာ <b>ဓာတာ ဝစသာ ပရိစိတာ</b>ဆိုပြီး ဟောကြားထားတော်မူခြင်း ဖြစ်ပါတယ်။</p> <h4>အဓိဂမသုတ = ကျင့်သိဗဟုဿုတ</h4> <p>ဒီလို သင်ယူရုံနှင့်တော့ မပြီးသေးဘူး၊ ဘာဆက်လုပ်ရမလဲ? <b>မနသာနုပေက္ခိတာ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ</b> -- ဆိုပြီး ပါဠိတော်မှာ ဆက်ပြီး ဟောထားတော်မူပြန်တယ်။ ဒီဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတွေကို စိတ်နှင့် အဖန်ဖန် အထပ်ထပ် ရှုရမယ်၊ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးစားအားထုတ်ရမယ်လို့ ဒီလို ဆက်ပြီး ဟောထားတော်မူပြန်တယ်။ ဒါကြောင့် အဋ္ဌကထာက ဒီလို ဖွင့်ဆိုထားတော်မူပြန်တယ်။</p> <p><b>မနသာနုပေက္ခိတာတိ စိတ္တေန ဩလောကိတာ။ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါတိ အတ္ထတော စ ကာရဏတော စ ပညာယ သုဋ္ဌု ပဋိဝိဒ္ဓါ ပစ္စက္ခံ ကတာ။</b> (အံ၊ဋ္ဌ၊၂၊၃၆၄။)</p> <p>ဒုက္ခသစ္စာ သမုဒယသစ္စာ နှစ်ခုရှိတဲ့အနက် ဒုက္ခသစ္စာတရားတွေက အကျိုးတရားဖြစ်လို့ အဲဒီ ဒုက္ခသစ္စာ တရားစုတွေကို အတ္ထလို့ ခေါ်ဆိုတယ်။ သမုဒယသစ္စာတရားတွေက အကြောင်းတရားဖြစ်လို့ အဲဒီ သမုဒယသစ္စာ တရားတွေကို ကာရဏလို့ ခေါ်ဆိုပါတယ်။</p> <p>ယောဂါဝစရပုဂ္ဂိုလ်က ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော့မယ်ဆိုလျှင် ဝိပဿနာဉာဏ်ရဲ့ အရှုခံ အာရုံဖြစ်တဲ့ <b>အတ္ထ</b>အမည်ရတဲ့ ဒုက္ခသစ္စာတရားစုတွေ, <b>ကာရဏ</b>အမည်ရတဲ့ သမုဒယသစ္စာတရားစုတွေကို ရှေးဦးစွာ သိအောင် ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။ အဲဒီလို သိအောင် ကြိုးစား အားထုတ်တဲ့အပိုင်းမှာ -- <b>ပညာယ သုဋ္ဌု ပဋိဝိဒ္ဓါ ပစ္စက္ခံ ကတာ</b> -ဆိုတဲ့ အဋ္ဌကထာအဖွင့်နှင့်အညီ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်အောင် ကြိုးစားအားထုတ်ရပါတယ်၊ ကျင့်ရပါတယ်။ ဒီလို ကိုယ်တိုင် တကယ်လက်တွေ့ ကျင့်လိုက်လို့ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်လာတဲ့ အသိကိုတော့ <b>အဓိဂမသုတ = ကျင့်လို့ရရှိလာတဲ့ ဗဟုဿုတ</b>လို့ ခေါ်ပါတယ်။ ဥဒါန်း အဋ္ဌကထာ(ဥဒါန၊ဋ္ဌ၊၂၆၆။)၌ကား ယင်းအဓိဂမသုတကို <b>ပဋိဝေဓဗာဟုသစ္စ = ပဋိဝေဓဗဟုဿုတ</b>လို့လည်း ခေါ်ဝေါ်သုံးစွဲထားပါတယ်။</p> <p>ဒီတော့ ယောဂီပုဂ္ဂိုလ်က ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော့မယ်ဆိုလျှင် ဒီ<b>အာဂမသုတ</b>ခေါ်တဲ့ သင်သိ <b>အဓိဂမသုတ</b>ခေါ်တဲ့ ကျင့်သိ- ဒီအသိနှစ်မျိုးကို ရရှိအောင်, ပထမ သိအောင် ကြိုးစားအားထုတ်ရပါတယ်။ ဒုက္ခသစ္စာအမည်ရတဲ့ ရုပ်တရားနာမ်တရား = ခန္ဓာငါးပါးတို့ကိုလည်း ပရမတ္ထ ဓမ္မသဘာဝသို့ ဆိုက်သည့်တိုင်အောင် ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိတတ်တဲ့ သမ္မာဒိဋ္ဌိဉာဏ်ကိုလည်း ရရှိရမယ်၊ သမုဒယသစ္စာအမည်ရတဲ့ အကြောင်း ပရမတ်တရားတွေကိုလည်း ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိတတ်တဲ့ သမ္မာဒိဋ္ဌိ ဉာဏ်ကိုလည်း ရရှိရမယ်။</p> <p>ရုပ်နာမ်ကိုလည်း ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိခြင်း, ထိုရုပ်နာမ်တွေရဲ့ အကြောင်းတရားကိုလည်း ဟုတ်တိုင်းမှန်စွာ ထိုးထွင်း သိခြင်းဆိုတဲ့ ဒီသမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် သိနေတဲ့ အကြားအမြင် ဗဟုဿုတ ရှိရမယ်။ ဒီအကြားအမြင် ဗဟုဿုတအရ သူတော်ကောင်းက သိရမည့် တရားတွေသည် ရုပ်နာမ်ပရမတ္ထဓာတ်သားတွေဖြစ်တော့ ထိုရုပ်နာမ်ပရမတ္ထ ဓာတ်သားတွေက သစ္စာဒေသနာတော်နည်းအရ ဘာသစ္စာလဲ? ဒုက္ခသစ္စာ၊ ထိုရုပ်နာမ် ပရမတ္ထဓာတ်သားတွေရဲ့ အကြောင်းတရားတွေက ဘာသစ္စာလဲ? သမုဒယသစ္စာ၊ ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတွေကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ကိုယ်တိုင်မျက်မှောက် ထိုးထွင်းသိတဲ့ ထိုပုဂ္ဂိုလ် သန္တာန်၌ သုတဆိုတဲ့ သူတော်ကောင်းဥစ္စာ ပြည့်စုံပြီ၊ ထိုသုတဆိုတဲ့ သူတော်ကောင်းဥစ္စာ ပြည့်စုံနေတဲ့ ဗုဒ္ဓဘာသာဝင် သူတော်စင်တစ်ဦးသည် နောက်ထပ်တစ်ဖန် ပြည့်စုံသင့် ပြည့်စုံထိုက်တဲ့ တရားတွေက ဘယ်တရားတွေလဲ?</p> <hr> <h3>၄။ စာဂတရားနှင့် ပြည့်စုံခြင်း</h3> <p><b>စာဂေန သမန္နာဂတော</b> = ပေးကမ်း စွန့်ကြဲခြင်း စာဂတရားနဲ့ ပြည့်စုံရတယ်။ ဒီနေ့ အလှူရှင်များကဲ့သို့ ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား အပေါ်၌ ယုံကြည် သက်ဝင်နေတဲ့ သဒ္ဓါတရား မျိုးစေ့ အပေါ်၌ အခြေစိုက်ပြီး သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ပြီး အကြားအမြင် ဗဟုဿုတ များပြားခြင်းတည်းဟူသော သမ္မာဒိဋ္ဌိ ဉာဏ်ပညာတရားတွေ ခြံရံလျက် ပေးကမ်း စွန့်ကြဲခြင်းဆိုတဲ့ စာဂတရား ပြုခဲ့မယ်ဆိုလျှင် ထိုပေးကမ်း စွန့်ကြဲခြင်း စာဂတရားတွေဟာ အလွန် အဆင့်အတန်း မြင့်မားနေတဲ့ တရားတစ်ခု ဖြစ်သွားပါတယ်။</p> <hr> <h3>၅။ ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံခြင်း</h3> <p>အကယ်၍ ထိုစာဂတရားတွေ ပြည့်စုံနေတဲ့ သူတော်ကောင်းက နောက်ထပ် <b>ပညာယ သမန္နာဂတော</b> = ဝိပဿနာပညာတွေနဲ့ပါ ပိုပြီး ပြည့်စုံခဲ့မယ် ဆိုလျှင်တော့ အတိုင်းထက်အလွန် တံခွန်နဲ့ဘုရား ဖြစ်သွားပြီ။ သဒ္ဓါ-သီလ- သုတ-ပညာ--ဟု ဆိုအပ်တဲ့ ဒီအကြောင်းတရားလေးခု ခြံရံထားအပ်တဲ့ စာဂတရားတွေဟာ အလွန် အဆင့်အတန်း မြင့်သွားပါတယ်။ အဆင့်အတန်း မြင့်မားနေတဲ့ ဒီစာဂတရားက အကျိုးပေးတဲ့ အချိန်အခါမှာ အဆင့်အတန်း အလွန် မြင့်မားနေတဲ့ အကျိုးတွေကို ပေးနိုင်တဲ့စွမ်းအား ရှိပါတယ်။ ဒီစွမ်းအား ရှိမှုနှင့် ပတ်သက်ပြီး မြတ်စွာဘုရားက ဘယ်လိုဟောထားတော်မူသလဲ?</p> <p><b>ဣဓ ဘိက္ခုဝေ ဘိက္ခု သဒ္ဓါယ သမန္နာဂတော ဟောတိ၊ သီလေန သမန္နာဂတော ဟောတိ၊ သုတေန သမန္နာဂတော ဟောတိ၊ စာဂေန သမန္နာဂတော ဟောတိ၊ ပညာယ သမန္နာဂတော ဟောတိ။</b></p> <p><b>ဘိက္ခဝေ</b> = ချစ်သားရဟန်းတို့။ <b>ဣဓ</b> = ဤသာသနာတော်မြတ်အတွင်း-၌။ <b>ဘိက္ခု</b> = ယောဂါဝစရ ရဟန်းတော်သည်။ <b>သဒ္ဓါယ</b> = ရတနာသုံးတန် ကံ-ကံ၏အကျိုးတရားအပေါ်၌ သက်ဝင်ယုံကြည်သော သဒ္ဓါတရားနှင့်။ <b>သမ္မန္နာဂတော</b> = ပြည့်စုံသည်။ <b>ဟောတိ</b> = ဖြစ်၏။ <b>သီလေန</b> = ကိုယ်ကျင့်သီလနှင့်။ <b>သမန္နာဂတော</b> = ပြည့်စုံသည်။ <b>ဟောတိ</b> = ဖြစ်၏။ <b>သုတေန</b> = အကြားအမြင် ဗဟုဿုတ များပြားခြင်း သုတတရားနှင့်။ <b>သမန္နာဂတော</b> = ပြည့်စုံသည်။ <b>ဟောတိ</b> = ဖြစ်၏။ <b>စာဂေန</b> = ပေးကမ်း စွန့်ကြဲခြင်း စာဂတရားနှင့်။ <b>သမန္နာဂတော</b> = ပြည့်စုံသည်။ <b>ဟောတိ</b> = ဖြစ်၏။ <b>ပညာယ</b> = ဝိပဿနာဉာဏ်ပညာနှင့်။ <b>သမန္နာဂတော</b> = ပြည့်စုံသည်။ <b>ဟောတိ</b> = ဖြစ်၏။</p> <h3>ဦးတည်ချက်များ</h3> <p><b>တဿ</b> = သဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါးနှင့် ပြည့်စုံနေတဲ့ ယောဂါဝစရ ရဟန်းတော် တစ်ပါး၏ သန္တာန်၌။ <b>ဧဝံ</b> = ဤသို့သော အကြံအစည်သည်။ <b>ဟောတိ</b> = ဖြစ်ပေါ်၍နေပေ၏။</p> <p>သူ့သန္တာန်မှာ စိတ်အကြံအစည်တစ်ခု ဖြစ်ပေါ်နေတယ်။</p> <p><b>အဟော ဝတာဟံ ကာယဿ ဘေဒါ ပရံ မရဏာ ခတ္တိယမဟာသာလာနံ သဟဗျတံ ဥပပဇ္ဇေယျံ။</b></p> <p><b>အဟံ</b> = ငါသည်။ <b>ကာယဿ</b> = ကိုယ်ခန္ဓာ၏။ <b>ဘေဒါ</b> = ပျက်စီးခြင်းကြောင့်။ <b>ပရံ မရဏာ</b> = စုတိပြတ်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ <b>ခတ္တိယမဟာသာလာနံ</b> = ခတ္တိယမဟာသာလအမည်ရသော သူဌေးသူကြွယ်တို့၏။ <b>သဟဗျတံ</b> = အပေါင်းအဖော်၏ အဖြစ်သို့။ <b>ဥပပဇ္ဇေယျံ</b> = ကပ်ရောက်၍ နေရပါမူကား။ <b>အဟော ဝတ</b> = ဩော်-- ကောင်းလေစွ။ <b>ဧဝံ</b> = ဤကဲ့သို့ စိတ်အကြံအစည်သည်။ <b>ဟောတိ</b> = ဖြစ်ပေါ်၍ နေလေ၏။</p> <p>ခန္ဓာကိုယ်၏ ပျက်စီးသည်မှ နောက်ကာလ၌ ခတ္တိယမဟာသာလအမည်ရတဲ့ သူဌေးသူကြွယ်တို့၏ အပေါင်းအဖော် အဖြစ်သို့ ရောက်ရှိရလျှင် သိပ်ကောင်းမယ်၊ ဒီလို စိတ်အကြံအစည် ဖြစ်ပေါ်လာတယ်။ ဒီအကြံအစည် ဖြစ်ရုံတွင်လား? မကသေးဘူး။</p> <p><b>သော တံ စိတ္တံ ဒဟတိ၊ တံ စိတ္တံ အဓိဋ္ဌာတိ၊ တံ စိတ္တံ ဘာဝေတိ။</b></p> <p><b>သော</b> = ထိုပုဂ္ဂိုလ်သည်။ <b>တံ စိတ္တံ</b> = ထိုကဲ့သို့သော ဖြစ်လိုသော စိတ်ထားကို။ <b>ဒဟတိ</b> = ဆောက်တည်ထား၏။ <b>တံ စိတ္တံ</b> = ထိုကဲ့သို့သော စိတ်ထားကို။ <b>အဓိဋ္ဌာတိ</b> = နှလုံးထဲ ထည့်သွင်းထား၏။ <b>အဓိဋ္ဌာတိ</b> = အဓိဋ္ဌာန်ပြုထား၏။ <b>တံ စိတ္တံ</b> = ထိုကဲ့သို့ ဖြစ်လိုတဲ့ စိတ်ထားကို။ <b>ဘာဝေတိ</b> = ပွားများ၍ ထား၏။</p> <p>ခေတ်စကားနဲ့ပြောရလျှင် ဆုတောင်းပန်ထွာထား၏။ ဒီလိုပုံစံ ဖြစ်ကို ဖြစ်ရမယ်၊ ခတ္တိယမဟာသာလ အမည်ရတဲ့ မင်း, သူဌေးသူကြွယ် နောင်ဘဝ၌ ဖြစ်ကိုဖြစ်ရမယ်ဟု စိတ်ဓာတ်တွေ ပြုပြင် ပြောင်းလဲထားတယ်။ ဆုတောင်း ပန်ထွာပြီး ထားလိုက်တော့ --</p> <p><b>တဿ တေ သင်္ခါရာ စ ဝိဟာရာ စ ဧဝံ ဘာဝိတာ ဧဝံ ဗဟုလီကတာ တတြုပပတ္တိယာ သံဝတ္တန္တိ။ အယံ ဘိက္ခဝေ မဂ္ဂေါ အယံ ပဋိပဒါ တတြုပပတ္တိယာ သံဝတ္တတိ။</b></p> <p><b>ဧဝံ ဘာဝိတာ</b> = ဤကဲ့သို့ အလေ့အလာ ပြုအပ်သော။ <b>ဧဝံ ဗဟုလီကတာ</b> = ဤကဲ့သို့ ကြိမ်ဖန်များစွာ အလေ့အလာပြု၍ ထားအပ်သော။ <b>တေ သင်္ခါရာ စ</b> = ထိုပြုစုပျိုးထောင်ထားအပ်သော ကုသိုလ်ကံ သင်္ခါရတရားတို့သည်လည်းကောင်း။ <b>တေ ဝိဟာရာ စ</b> = ထိုအထူးသဖြင့် ပြုပြင်ထားအပ်သော ကုသိုလ်ကံ သင်္ခါရတရားတို့၌ နေထိုင်ခြင်းတို့သည်လည်းကောင်း။ <b>တတြုပပတ္တိယာ</b> = ထိုခတ္တိယမဟာသာလ အမည်ရနေတဲ့ အမျိုးအနွယ်၌ ဖြစ်ရန်အလို့ငှာ။ <b>သံဝတ္တန္တိ</b> = ဖြစ်လေကုန်၏။</p> <p>ထိုသူက ဘယ်အပေါ်မှာ ရပ်တည်ပြီး ဒီသင်္ခါရတရားတွေကို ပြုစု ပျိုးထောင်သလဲ? သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဟု ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါးအပေါ်မှာ ရပ်တည်ပြီးမှ ဒီကုသိုလ် သင်္ခါရတရားတွေကို ပြုစုပျိုးထောင်ခဲ့တယ်။ ဒီလို ပြုစုပျိုးထောင်တဲ့ အချိန်အခါမှာ သူက ဘာဖြစ်လဲ?</p> <p><b>ဧဝံ ဘာဝိတာ ဧဝံ ဗဟုလီကတာ၊</b></p> <p>စိတ်ဓာတ်က ဒီခတ္တိယမဟာသာလ၌ ဖြစ်စေရမယ်ဆိုတဲ့ ဒီစိတ်ဓာတ်တွေကို ကြိမ်ဖန်များစွာ ပွားများထားတယ်၊ ဒီလို စိတ်ဓာတ်တွေမှာ ရပ်တည်ပြီးတော့ ဒီစိတ်ဓာတ်တွေကို ကြိမ်ဖန်များစွာ ပွားများပြီးတော့ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ ကုသိုလ်သင်္ခါရတရားကို ကြိမ်ဖန်များစွာ ပြုစု ပျိုးထောင်ထားတယ်။</p> <p>အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ</p> <p>ဒီကုသိုလ် သင်္ခါရတရားတွေက နောင်အခါ သူမျှော်လင့် တောင့်တနေတဲ့ ခတ္တိယမဟာသာလလို့ ခေါ်ဆိုအပ်တဲ့ ဘဝတစ်ခုခု ဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းရင်းတွေ ဖြစ်နေကြတယ်။ ဒီအကြောင်းရင်းဖြစ်တဲ့ ဒီသင်္ခါရ တရားတွေဟာ ဒီသတ္တဝါကို ခတ္တိယမဟာသာလ မင်းသူဌေးသူကြွယ် အမျိုးအနွယ်၌ ပဋိသန္ဓေ တည်နေဖို့ရာအတွက် အကြောင်းရင်းတွေ ဖြစ်ကုန်ပြီ၊ ဒီတော့ ဘုန်းကြီးတို့ နည်းနည်းကလေး ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ ပြန်ပြောမယ်၊ မင်းသူဌေးသူကြွယ်ဆိုတာ သမ္မုတိသစ္စာနယ်က ရှိတာမှန်တယ်၊ ပရမတ္ထ သစ္စာနယ်ဘက်က ကြည့်မယ်ဆိုလျှင် မင်းသူဌေးသူကြွယ်ဆိုတာ ရှိသလား? မရှိဘူး။</p> <p>မင်းသူဌေးသူကြွယ်လို့ ခေါ်ဆိုအပ်တဲ့ ပုဂ္ဂိုလ်တွေကို ပရမတ္ထသစ္စာနယ်ဘက်က လှမ်းပြီး ဓာတ်ကြီးလေးပါး ဖမ်းစိုက်ရှုလိုက်မယ်ဆိုလျှင် ရုပ်နာမ် ပရမတ္ထဓာတ်သား အစုအပုံပဲ ရှိတယ်။ ထိုရုပ်နာမ်တရားတွေသည် ယခုဖြစ် ယခုပျက်နေတဲ့ အနိစ္စတွေသာ မှန်တယ်၊ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်း နှိပ်စက်ခံနေရတဲ့ ဒုက္ခတရားတွေသာ မှန်တယ်၊ မပျက်စီးဘဲ အကြိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ အနတ္တတရားတွေသာ မှန်တယ်။</p> <p>ရုပ်တရားအစုအပုံ နာမ်တရားအစုအပုံသာ မှန်တယ်။ အကြောင်းတရားအစုအပုံ အကျိုးတရားအစုအပုံတွေသာ မှန်တယ်။ အနိစ္စတရား အစုအပုံ, ဒုက္ခတရားအစုအပုံ, အနတ္တတရားအစုအပုံတွေသာ မှန်တယ်။ ရုပ်နာမ်အစုအပုံ အကြောင်းတရားအစုအပုံ အကျိုးတရားအစုအပုံလို့ မသိဘဲ၊ အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရားအစုအပုံလို့ မသိဘဲ၊ မင်းသူဌေးသူကြွယ်လို့ သိခဲ့လျှင် ဒီအသိတွေဟာ မှန်သလား? မမှန်ဘူး။</p> <p>ဒီအသိမှားမှုက အဝိဇ္ဇာ၊ ထိုအသိမှားမှု အဝိဇ္ဇာကို အခြေတည်ပြီး မင်းသူဌေးသူကြွယ် ဘဝအပေါ်၌ တွယ်တာတပ်မက်နေတဲ့ တဏှာတစ်ခု ပေါ်လာတယ်။ ထိုတွယ်တာတပ်မက်တဲ့ တဏှာက ကြိမ်ဖန်များစွာဖြစ်လို့ ရင့်ကျက်လာလျှင် ဒီတဏှာကိုပဲ ဥပါဒါန်လို့ ခေါ်ပါတယ်။ ပေါင်းလိုက်တော့ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်ဆိုတဲ့ ကိလေသာဝဋ်(၃)ပါး ထူထောင်မိလျက်သား ဖြစ်သွားပြီ၊ ဒီကိလေသာဝဋ်ကို အခြေစိုက်ပြီး ထိုပုဂ္ဂိုလ်က ဘာတွေ ထပ်လုပ်သလဲ?</p> <p>သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ ကုသိုလ်သင်္ခါရတရားတွေကို တစ်ဖန် ပြုစုပျိုးထောင်ပြန်တယ်။ ထိုသင်္ခါရတရားတွေကလည်း အနိစ္စတရားတွေသာ မှန်ကြတယ်၊ ဒုက္ခတရားတွေသာ မှန်ကြတယ်၊ အနတ္တတရားတွေသာ မှန်ကြတယ်။ အနိစ္စတရားတွေသာ ဖြစ်ခြင်းကြောင့် ဖြစ်ပြီးတာနဲ့ ချက်ချင်းပဲ ပျက်သွားကြတယ်။ ဖြစ်ပြီး ပျက်သွားကြသော်လည်း နောင်တစ်ချိန် သူ မျှော်လင့် တောင့်တနေတဲ့ ခတ္တိယမဟာသာလ မင်းသူဌေးသူကြွယ်ဆိုတဲ့ ခန္ဓာငါးပါးကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံပြီးမှ သာလျှင် ချုပ်ပျက်သွားတယ်။ အဲဒီ စွမ်းအင်ကမ္မသတ္တိကို ကံ ဟု ခေါ်ပါတယ်။</p> <p>ပေါင်းလိုက်တော့ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံဆိုတဲ့ အကြောင်း တရားငါးခု စုံညီသွားတယ်။ သူ့သန္တာန်မှာ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တွေ ခြံရံသွားပြီ၊ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တွေ ခြံရံထားအပ်တဲ့ ဒီသင်္ခါရကံတွေက သူမျှော်လင့် တောင့်တနေတဲ့ ခတ္တိယမဟာသာလ အမည်ရတဲ့ မင်းသူဌေးသူကြွယ်ဘဝကို ဖြစ်ပေါ်စေဖို့ရန် အကြောင်းတရားတွေ ဖြစ်ကုန်ကြတယ်။ အကြောင်းတရားတွေ ဖြစ်တဲ့အတွက် ဘာဖြစ်သလဲ?</p> <p><b>အယံ ဘိက္ခဝေ မဂ္ဂေါ အယံ ပဋိပဒါ တတြုပပတ္တိယာ သံဝတ္တတိ။</b></p> <p><b>ဘိက္ခဝေ</b> = ချစ်သားရဟန်းတို့။ <b>အယံ</b> = ဤသင်္ခါရတရားက။ <b>တတြုပပတ္တိယာ</b> = ထိုမင်းသူဌေးသူကြွယ် ခတ္တိယမဟာသာလဘဝ၌ ဖြစ်ပေါ်လာဖို့ရန်။ <b>မဂ္ဂေါ</b> = အကြောင်းရင်း မဂ်လမ်းတည်း။ <b>အယံ</b> = ဤသည်ကား။ <b>ပဋိပဒါ</b> = ကျင့်ဝတ်ပဋိပတ်ပေတည်း။</p> <p>ဒီ သူဌေးသူကြွယ် ဖြစ်ချင်တယ်ဆိုလျှင် ဖြစ်အောင် ပြုလုပ်ရတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ? အဝိဇ္ဇာ-တဏှာ-ဥပါဒါန် ခြံရံထားအပ်တဲ့ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာ ကောင်းမှုကုသိုလ်တွေကို ပြုစုပျိုးထောင်တဲ့ သင်္ခါရတရားတွေနှင့် ယင်းသင်္ခါရတို့ရဲ့ စွမ်းအင်ကမ္မသတ္တိတွေ ဖြစ်ကြတယ်။ အဲဒီ အကြောင်းတရားငါးခု စုံညီခဲ့လျှင် တစ်ချိန် သူ့ရဲ့ခန္ဓာ ပျက်စီးပြီး နောက်ကာလ၌ သူမျှော်လင့် တောင့်တနေတဲ့ ခတ္တိယအမျိုးအနွယ်၌ မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်ပါတယ်။</p> <p>အကယ်၍ ပုဏ္ဏားသူဌေးသူကြွယ်ဘဝ ဂဟပတိသူဌေးသူကြွယ်ဘဝတွေကို အလိုရှိခဲ့လျှင်လည်း ဒီအကြောင်းတရားတွေကို ထူထောင်ခဲ့လျှင် ဖြစ်နိုင်ပါတယ်။ ဒီလောက်နှင့် တင်းတိမ် ရောင့်ရဲမှုမရှိဘဲ နတ်ပြည် ခြောက်ထပ်မှာ တည်ရှိနေတဲ့ နတ်သားဘဝ နတ်သမီးဘဝကို မျှော်လင့် တောင့်တခဲ့လျှင်လည်း ထိုထိုဘဝတွေကို ရောက်အောင် ဒီအကြောင်းတရားတွေက ပြုပြင်ပေးနိုင်တဲ့ ကျိန်းသေတဲ့စွမ်းအား ရှိနေတယ်၊ ဘာဖြစ်လို့ ကျိန်းသေတဲ့ စွမ်းအားလို့ ပြောရသလဲ?</p> <p>သူ့မှာ ယုံကြည်တဲ့ သဒ္ဓါတရား အပြည့်အဝ ရှိနေတယ်။ ကိုယ်ကျင့် သီလကလည်း အမြဲတမ်း ဖြူစင်နေတယ်။ ပရမတ္ထဓာတ်သား ဒုက္ခသစ္စာတရားနှင့် အကြောင်းတရားဟု ခေါ်ဆိုအပ်တဲ့ သမုဒယသစ္စာတရားတွေကို ဟုတ်တိုင်းမှန်စွာ သိနေတဲ့ အကြားအမြင် ဗဟုဿုတကလည်း သင်သိ ကျင့်သိ ဒီနှစ်မျိုးတို့ဖြင့် ဗဟုဿုတကလည်း ရှိနေတယ်။ ပေးကမ်း စွန့်ကြဲခြင်း စာဂတရားကလည်း ထင်ရှား ရှိနေတယ်။ ဒီဒုက္ခသစ္စာတရား, သမုဒယသစ္စာတရားတွေရဲ့ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာတွေကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိခြင်း ဆိုတဲ့ ဝိပဿနာ ဉာဏ်ပညာနှင့်လည်း ပြည့်စုံနေပြီ၊</p> <p>ဒီလို ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်အဖို့ မိမိလိုလား တောင့်တနေတဲ့ ဘဝတစ်ခုသို့ ရောက်ဖို့ရန်သာ စိတ်ဓာတ်က ဆောက်တည်လိုက်ပါ၊ ဆောက်တည်လိုက်လျှင် ထိုဆောက်တည်ထားတဲ့အတိုင်း မိမိ လိုလား တောင့်တနေတဲ့ ဘဝကို ရောက်ရှိနိုင်ပါတယ်ဆိုပြီး ဒီလို ဘုရားရှင်က အာမခံထားတယ်။ ဒီအာမခံချက်နှင့် ပတ်သက်ပြီး အဋ္ဌကထာဆရာတော်က စိတ်ဝင်စားဖွယ်ရာ ဖွင့်ဆိုထားပါတယ်။ ဘယ်လို ဖွင့်ဆိုထားသလဲ?</p> --- <h3>ပတ္ထနာနှင့် ကုသိုလ်ဓမ္မ</h3> <p><b>အယံ မဂ္ဂေါ အယံ ပဋိပဒါတိ သဟ ပတ္ထနာယ ပဉ္စ ဓမ္မာဝ။ ယဿ ဟိ ပဉ္စ ဓမ္မာ အတ္ထိ၊ န ပတ္ထနာ၊ တဿ ဂတိ အနိဗဒ္ဓါ။ (မ၊ဋ္ဌ၊၄၊၁၀၄။)</b></p> <p><b>အယံ မဂ္ဂေါ</b> = ဒါက မိမိ မျှော်လင့်တောင့်တနေတဲ့ ဘဝသို့ ရောက်ကြောင်းဖြစ်တဲ့ မဂ္ဂလမ်းကြောင်း ဖြစ်တယ်။ <b>အယံ ပဋိပဒါ</b> = ဒါက ကျင့်ဝတ်ပဋိပတ် ဖြစ်တယ်ဆိုပြီး ဒီလို ဟောထားတယ်။ ဟောထားတဲ့ နေရာမှာ ဆုတောင်းပန်ထွာမှုနှင့်တကွ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ အကြောင်းတရား ငါးပါးသာ ဖြစ်ပါတယ်။ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ ဒီသူတော်ကောင်းဥစ္စာ ငါးပါးမှာ ဆုတောင်းပန်ထွာမှု ပါရမယ်လို့ ဆိုလိုပါတယ်။ အဲဒီတော့ ဒီဆုတောင်းပန်ထွာမှု မရှိလျှင် ဘာဖြစ်နိုင်သလဲ?</p> <p><b>ယဿ</b> = အကြင်ပုဂ္ဂိုလ်၏ သန္တာန်၌။ <b>ပဉ္စ ဓမ္မာ</b> = သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဟု ခေါ်ဆိုအပ်သော သူတော်ကောင်းဥစ္စာ ငါးပါးတို့သည်။ <b>အတ္ထိ</b> = ရှိကြလေကုန်၏။ <b>ပတ္ထနာ</b> = ဆုတောင်းပန်ထွာမှု ပတ္ထနာတရားသည်။ <b>န အတ္ထိ</b> = မရှိပေ။ <b>တဿ</b> = ထိုပုဂ္ဂိုလ်၏ သန္တာန်၌။ <b>ဂတိ</b> = လားရာဂတိသည်။ <b>အနိဗဒ္ဓါ</b> = အမြဲမရှိပေ။</p> <p>ပုဂ္ဂိုလ်တစ်ယောက်၏ သန္တာန်၌ ဒီနေ့ တရားအားထုတ်နေတဲ့ ယောဂီပုဂ္ဂိုလ် တချို့လို သဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါးနဲ့ ပြည့်စုံနေပြီ၊ သူတော်ကောင်းဥစ္စာငါးပါး ထင်ရှားရှိပြီ၊ သို့သော် ဘာဖြစ်ရပါလို၏ စသည်ဖြင့် ဆုတောင်းပန်ထွာမှု ပတ္ထနာတော့ မရှိဘူး၊ မရှိခဲ့လျှင် ထိုပုဂ္ဂိုလ်၏ နောင်တစ်ချိန် သေပြီးသည့် နောက်ကာလမှာ ဖြစ်ပေါ် လားရောက်ရမယ့် ဂတိကတော့ ဘယ်ဘဝဆိုတဲ့ သတ်မှတ်ချက် သေချာစွာ မရှိဘူး။</p> <p><b>ယဿ ပတ္ထနာ အတ္ထိ၊ န ပဉ္စ ဓမ္မာ၊ တဿပိ အနိဗဒ္ဓါ။</b></p> <p><b>ယဿ</b> = အကြင်ပုဂ္ဂိုလ်၏ သန္တာန်၌။ <b>ပတ္ထနာ</b> = ဆုတောင်းပန်ထွာမှု ပတ္ထနာတရားသည်ကား။ <b>အတ္ထိ</b> = ထင်ရှားရှိ၏။ <b>ပဉ္စ ဓမ္မာ</b> = သဒ္ဓါ-သီလ-သုတ-စာဂ-ပညာလို့ ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါးသည်ကား။ <b>န အတ္ထိ</b> = ထင်ရှားမရှိကြလေကုန်။ <b>တဿပိ</b> = ထိုပုဂ္ဂိုလ်၏ သန္တာန်၌လည်း။ <b>ဂတိ</b> = လားရာဂတိသည်။ <b>အနိဗဒ္ဓါ</b> = အမြဲမရှိသည်။ <b>ဟောတိ</b> = ဖြစ်၏။</p> --- <h3>တရားငါးမျိုးနှင့် မပြည့်စုံတဲ့ ပတ္ထနာ</h3> <p>ပုဂ္ဂိုလ်တစ်ယောက်၏ သန္တာန်မှာ ဘာဖြစ်ရပါလို၏, ညာဖြစ်ရပါလို၏ စသည်ဖြင့် ဆုတောင်းပန်ထွာမှု ထင်ရှားရှိနေတယ်၊ သို့သော် သဒ္ဓါ-သီလ-သုတ-စာဂ-ပညာလို့ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါးက ထင်ရှား မရှိပြန်ဘူး၊ မရှိခဲ့လျှင်လည်း ထိုပုဂ္ဂိုလ်၏ ဆုတောင်းပန်ထွာမှုသည် ဆုတောင်း တဲ့အတိုင်း ပြည့်စုံနိုင်တဲ့သဘော ရှိသလား? မရှိဘူး။ ဘာဖြစ်လို့လဲ? သဒ္ဓါ-သီလ-သုတ-စာဂ-ပညာနှင့် ရင်းပြီးမှ မိမိ လိုလားတောင့်တနေတဲ့ ဘဝဆိုတာ ရနိုင်တဲ့သဘော ရှိပါတယ်။</p> <p>ယုံကြည်ချက် သဘောတရားက အားပျော့တယ်၊ ကိုယ်ကျင့်သီလတွေကလည်း ဖြူစင်သန့်ရှင်းမှု မရှိဘူး၊ ကြမ်းပိုးကလေး ခြင်ကလေးလည်း သတ်လိုလျှင် သတ်လိုက်တာပဲ၊ သူတစ်ပါး ပစ္စည်းဥစ္စာလည်း မတရားသော နည်းလမ်းဖြင့် ယူရမယ်ဆိုလျှင်လည်း ယူလိုက်တာပဲ၊ ကာမေသုမိစ္ဆာစာရအမှု လွန်ကျူးဖို့ အခွင့်အလမ်း ရလျှင်လည်း လွန်ကျူးလိုက်တာပဲ၊ မုသားစကားတွေကိုလည်း ရေလို သုံးလိုက်တာပဲ၊ မူးယစ်ဆေးဝါးတွေကလည်း ကြုံလိုက်လျှင် မိမိတို့ဘက်က ကြိုက်လိုက်တာပဲ၊ တပည့်တော်က ကြိုက်လို့ မဟုတ်ပါဘူး၊ ကြုံလို့ မလွှဲမရှောင်သာတဲ့ မိတ်ဆွေတွေ ငဲ့ပြီး လွန်ကျူးလိုက်တာပါဆိုတဲ့ ပုံစံဖြင့် သောက်ချင်လည်း သောက်လိုက်မယ်၊ မှီဝဲချင်လည်း မှီဝဲလိုက်တယ်။ ဒီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ကိုယ်ကျင့်သီလ ဖြူစင်သလား? မဖြူစင်ဘူး။</p> <p>ယုံကြည်ချက် သဒ္ဓါတရားကလည်း အားနည်းတယ်၊ ကိုယ်ကျင့်သီလကလည်း မကောင်းဘူး။ နောက်တစ်ခု အကြားအမြင် ဗဟုဿုတ ဆိုတာကလည်း မရှိဘူး။ ရုပ်လည်းမသိ, နာမ်လည်းမသိ, အကြောင်းတရားလည်းမသိ, အကျိုးတရားလည်းမသိ၊ ပေးကမ်း စွန့်ကြဲခြင်း စာဂတရားကလည်း မရှိဘူး။ ရှိပြန်တော့လည်း ယင်းစာဂတရားကို သဒ္ဓါ-သီလ-သုတ-ပညာလို့ ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းဥစ္စာတွေက ခြံရံထားမှု မရှိပြန်ဘူး။</p> <p>နောက်တစ်ခု - ဒီ ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို ထိုးထွင်း သိမြင်တတ်တဲ့ ဝိပဿနာ ဉာဏ်ပညာကလည်း မရှိပြန်ဘူး၊ ဒီလိုမရှိတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဆုတွေ အမျိုးမျိုး တောင်းနေသော်လည်း သူ့ဆုတောင်းချက်သည် ပြည့်စုံနိုင်တဲ့ သဘောရှိသလား? မရှိဘူး။ လားရာဂတိလည်း ထိုပုဂ္ဂိုလ်မှာ မြဲနိုင်မလား? မမြဲနိုင်ဘူး။ ဒါကြောင့် ---</p> --- <h3>နှစ်မျိုးလုံးရှိပါမှ အောင်မြင်နိုင်သည်</h3> <p><b>ယေသံ ဥဘယံ အတ္ထိ၊ တေသံ ဂတိ နိဗဒ္ဓါ။</b></p> <p><b>ယေသံ</b> = အကြင်ပုဂ္ဂိုလ်တို့၏ သန္တာန်၌။ <b>ဥဘယံ</b> = သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဟု ခေါ်ဆိုအပ်သော သူတော်ကောင်းဥစ္စာ ငါးပါးနှင့် ဆုတောင်း ပန်ထွာမှု ပတ္ထနာတရား နှစ်မျိုးလုံးသည်။ <b>အတ္ထိ</b> = ရှိ၏။ <b>တေသံ</b> = ထိုပုဂ္ဂိုလ်တို့အား။ <b>ဂတိ</b> = လားရာဂတိသည်။ <b>နိဗဒ္ဓါ</b> = မြဲလျက်ရှိ၏။</p> <p>ပုဂ္ဂိုလ်တစ်ယောက် ကြည့်လိုက်မယ်ဆိုလျှင် သဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါးလည်း တစ်ဖက်က ပြည့်စုံတယ်။ တစ်ဖက်ကလည်း မိမိ မျှော်လင့် တောင့်တနေတဲ့အတိုင်း ဆုတောင်းပန်ထွာမှု ပတ္ထနာတရားကလည်း ရှိနေတယ်။ ဒီလို သူတော်ကောင်းဥစ္စာ ငါးပါးနဲ့ ပြည့်စုံခြင်း, ဆုတောင်းပန်ထွာမှု အထင်အရှား ရှိခြင်း, ဒီအကြောင်းတရားနှစ်ခု ထင်ရှားရှိနေတဲ့ သူတော်ကောင်း ပုဂ္ဂိုလ်တစ်ဦးရဲ့ သန္တာန်၌ မိမိ တောင့်တထားအပ်တဲ့ ဆုတောင်းအားလျော်စွာ လားရာဂတိ မြဲနေတယ်။ မိမိ ဖြစ်လိုတဲ့ဘဝ မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။</p> <p><b>ယထာ ဟိ အာကာသေ ခိတ္တဒဏ္ဍော အဂ္ဂေန ဝါ မဇ္ဈေန ဝါ မူလေန ဝါ နိပတိဿတီတိ နိယမော နတ္ထိ၊</b></p> <p><b>အာကာသေ</b> = ကောင်းကင်၌။ <b>ခိတ္တဒဏ္ဍော</b> = ပစ်အပ်သော တုတ်သည်။ <b>အဂ္ဂေန ဝါ</b> = အဖျားဖြင့်သော်လည်းကောင်း။ <b>မဇ္ဈေန ဝါ</b> = အလယ်ဖြင့်သော်လည်းကောင်း။ <b>မူလေန ဝါ</b> = အရင်းဖြင့်သော်လည်းကောင်း။ <b>နိပတိဿတိ</b> = ကျလာလတ္တံ့။ <b>ဣတိ</b> = ဤသို့။ <b>နိယမော</b> = သတ်မှတ်ထားခြင်းသည်။ <b>နတ္ထိ ယထာ</b> = မရှိလေသကဲ့သို့။</p> <p>သတ်မှတ်ချက် မထားဘဲ ကောင်းကင်သို့ တုတ်တစ်ချောင်းမြှောက်ပြီး ပစ်လိုက်ပါ၊ ဒီမြှောက်ပစ်လိုက်သော တုတ်သည် အရင်းကကျမယ်ဆိုတဲ့ ဒီလိုမြဲတဲ့ သတ်မှတ်ချက် ရှိသလား? မရှိနိုင်ဘူး။ အလယ်က ပြန်ကျမယ်ဆိုတဲ့ သတ်မှတ်ချက် ရှိနိုင်သလား? မရှိနိုင်ဘူး။ အဖျားက ပြန်ကျမယ်ဆိုတဲ့ သတ်မှတ်ချက်ကော ရှိနိုင်သလား? မရှိနိုင်ဘူး၊ အဲဒီလို မရှိနိုင်သလိုဘဲ၊</p> <p><b>ဧဝံ သတ္တာနံ ပဋိသန္ဓိဂ္ဂဟဏံ အနိယတံ။</b></p> <p><b>ဧဝံ</b> = ဤအတူသာလျှင်။ <b>သတ္တာနံ</b> = သတ္တဝါတို့၏။ <b>ပဋိသန္ဓိဂ္ဂဟဏံ</b> = ပဋိသန္ဓေကို ယူခြင်းသည်ကား။ <b>အနိယတံ</b> = မြဲသော သတ်မှတ်ချက်မရှိသည်။ <b>ဟောတိ</b> = ဖြစ်၏။</p> <p>သတ္တဝါတို့ရဲ့ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ အကြောင်းတရား ငါးပါး စုံသည်ဖြစ်စေ, မစုံသည်ဖြစ်စေ, ဆုတောင်းပန်ထွာမှု ရှိသည်ဖြစ်စေ, မရှိသည်ဖြစ်စေ, အကြောင်းတရား ငါးပါးကလည်း စုံလင်မှုမရှိ, ဆုတောင်းပန်ထွာမှုလည်း မရှိခဲ့လျှင် ထိုသတ္တဝါရဲ့ တမလွန်ဘဝ ပဋိသန္ဓေအားဖြင့် ကပ်ရောက်ရတဲ့အခါ မြဲသော သတ်မှတ်ချက် ရှိနိုင်သလား? မရှိနိုင်ဘူး။</p> <p><b>တသ္မာ ကုသလံ ကမ္မံ ကတွာ ဧကသ္မိံ ဌာနေ ပတ္ထနံ ကာတုံ ဝဋ္ဋတိ။</b></p> <p><b>တသ္မာ</b> = ထိုကြောင့်။ <b>ကုသလံ ကမ္မံ</b> = ကောင်းမှုကုသိုလ်ကံကို။ <b>ကတွာ</b> = ပြု၍။ <b>ဧကသ္မိံ ဌာနေ</b> = တစ်ခုသော နေရာဌာန၌။ <b>ပတ္ထနံ</b> = ဆုတောင်း ပန်ထွာခြင်းကို။ <b>ကာတုံ</b> = ပြုခြင်းငှာ။ <b>ဝဋ္ဋတိ</b> = သင့်လှပေ၏။</p> <p>ဒါကြောင့် ကောင်းမှုကုသိုလ် ပြုလုပ်တဲ့အခါ ဆုတစ်ခုခုကို တစ်နေရာမှာ တောင်းနိုင်တယ်။ တစ်နေရာဆိုတာက သမ္မာသမ္ဗောဓိဉာဏ် အလိုရှိခဲ့လျှင် သမ္မာသမ္ဗောဓိဉာဏ်ဆိုတဲ့ ရာထူး ဌာနန္တရ ရရှိဖို့, ပစ္စေကဗောဓိဉာဏ်, အဂ္ဂသာဝကဗောဓိဉာဏ်, မဟာသာဝကဗောဓိဉာဏ်, ပကတိသာဝကဗောဓိဉာဏ်ဆိုတဲ့ ဗောဓိဉာဏ် တစ်ခုခုကို အလိုရှိခဲ့လျှင်လည်း ထိုဗောဓိဉာဏ် ရာထူး ဌာနန္တရ တစ်ခုခုကို ရရှိဖို့အတွက် ဆုတောင်းပန်ထွာသင့်တယ်။</p> <p>ဒီလိုမှ မဟုတ်ဘဲ ဘဝတစ်ခုကို မျှော်လင့် တောင့်တခဲ့လျှင် မိမိမျှော်လင့် တောင့်တနေတဲ့ ဘဝတစ်ခုလို့ ခေါ်ဆိုအပ်တဲ့ ဌာနတစ်ခုကို ရောက်ရှိအောင် ဆုတောင်း ပန်ထွာပြီး ကောင်းမှုကုသိုလ် ပြုသင့်တယ်။ ဘယ်လို ကောင်းမှု ကုသိုလ်တွေလဲ? သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ အကြောင်းတရားငါးခု ဆိုတဲ့ ကုသိုလ်တရားတွေပဲ၊ ဒီကုသိုလ်တရားတွေနှင့် စုံညီနေတဲ့ ပုဂ္ဂိုလ်တွေကို ဘုရားရှင်က အာမခံချက် ပေးပါတယ်။</p> <p>ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်နေတဲ့ ဥပါသကာ ဥပါသိကာမ ဖြစ်လာလျှင် ဒီအာမခံချက်နဲ့ ညီညွတ်တဲ့ အကြောင်းတရားတွေကို မိမိတို့၏ ရုပ်နာမ်သန္တာန်အစဉ်မှာ ကိန်းဝပ်လာအောင် ကြိုးစား အားထုတ်ဖို့ လိုအပ်တယ်။ ဘာဖြစ်လို့လဲ? သံသရာခရီးဆိုတာက ဆက်ရန် ရှိနေကြသေးတယ် ဆိုလျှင် မိမိတို့ လိုလား တောင့်တနေတဲ့ နေရာဌာနတစ်ခု ရာထူး ဌာနန္တရတစ်ခုသို့ ကျိန်းသေဧကန် ရောက်စေနိုင်တဲ့ အကြောင်းရင်းတွေ မရှိဘူးဆိုလျှင် ဖရိုဖရဲ ပြိုကွဲ ပျက်စီးနိုင်တဲ့သဘော မရှိနိုင်ဘူးလား? ရှိနိုင်တယ်။</p> <p>ရုပ်နာမ်ဓမ္မ, သင်္ခါရဟု, ကိုယ်က ဤပုံ, ဖြစ်လိုတုံလည်း, တဖုံဆင်ကွဲ, သူတစ်နဲဖြင့်, ဖောက်လွဲတတ်စွာ, ဓမ္မတာကို, ပညာစက္ခု, မျှော်ထောက်ရှုလော့ဆိုတဲ့ မင်းကွန်း တိပိဋကဓရ ဆရာတော်ကြီး ဆိုဆုံးမထားတဲ့ အတိုင်းပဲ ကိုယ်က ဒီလို ဖြစ်လိုသော်လည်း ကိုယ်ဖြစ်စေလိုတဲ့ ပုံစံအတိုင်း မဖြစ်ဘဲ ပုံစံ အမျိုးမျိုး ပြောင်းလဲပြီး မဖြစ်တတ်ဘူးလား? ဖြစ်တတ်ပါတယ်။ ကျိန်းသေတဲ့ ကံတွေကို ထူထောင်မှု ရှိသလား? မရှိဘူး။ ကျိန်းသေမှု မရှိတဲ့ ကံတွေကို ထူထောင်ခဲ့မယ် ဆိုလျှင်တော့ မိမိတို့ မျှော်လင့် တောင့်တနေတဲ့အတိုင်း ရာထူး ဌာနန္တရတွေ ရရှိနိုင်မလား? မရရှိနိုင်ဘူး။</p> <p>ဒီသုတ္တန်မှာ ဘုရားရှင်က မင်းသူဌေးသူကြွယ် ဘဝကို အစထားကာ ဘဝအမျိုးမျိုးအပေါ် ခံစားမှုနှင့် ပတ်သက်ပြီး အဆင့်ဆင့် ဟောသွားတော်မူပါတယ်။ ဒီဟောထားတော်မူတဲ့အတိုင်း အကယ်၍ လူချမ်းသာ, နတ်ချမ်းသာ အလိုမရှိခဲ့လို့ ဗြဟ္မာချမ်းသာ အလိုရှိခဲ့မယ်ဆိုလျှင် ထိုသူတော်ကောင်းတစ်ဦးသည် ဗြဟ္မာချမ်းသာ ရရှိရေးအတွက် ဒီသဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ အကြောင်းတရားတွေကို အခြေခံပြီး ဘာလုပ်ရမလဲ?</p> --- <h3>ရူပဗြဟ္မာဘဝ</h3> <p><b>ဣမေ တာဝ ပဉ္စ ဓမ္မေ ဘာဝေတွာ ကာမာဝစရေသု နိဗ္ဗတ္တတု။ ဗြဟ္မလောကေ နိဗ္ဗတ္တံ ပန အာသဝက္ခယဉ္စ ကထံ ပါပုဏာတီတိ?</b></p> <p><b>ဣမေ ပဉ္စ ဓမ္မာ</b> = ဤသဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာ ငါးပါးတို့ကို။ <b>ဘာဝေတွာ</b> = ပွားများခြင်းကြောင့်။ <b>ကာမာဝစရေသု</b> = ကာမဝစရဘုံတို့၌။ <b>နိဗ္ဗတ္တတု</b> = ဖြစ်ကောင်းဖြစ်တန်စေ။ <b>ဗြဟ္မလောကေ</b> = ဗြဟ္မာဘုံ၌။ <b>နိဗ္ဗတ္တံ</b> = ဖြစ်ခြင်းသည်လည်းကောင်း။ <b>အာသဝက္ခယဉ္စ</b> = အာသဝေါတရားတို့၏ ကုန်ရာဖြစ်တဲ့ အရဟတ္တဖိုလ်ကို ရရှိခြင်းသည်လည်းကောင်း။ <b>ကထံ</b> = ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့်။ <b>ပါပုဏာတိ</b> = ရောက်ရှိ၍ လာနိုင်ပါသနည်း?</p> <p>ဗြဟ္မာပြည်ကို ဘယ်လိုရောက်နိုင်သလဲ? နိဗ္ဗာန်ကို ဘယ်လိုရောက် နိုင်သလဲ? အာသဝေါတရားတို့ရဲ့ ကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ကို ဒီ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ ဒီသူတော်ကောင်းဥစ္စာငါးပါးကို ပွားများခြင်းကြောင့် ဘယ်လို ဖြစ်လာနိုင်သလဲ? ဒီလိုတော့ မေးထားတယ်၊ မေးထားလိုက်တဲ့အခါမှာ အဋ္ဌကထာဆရာတော်က ဘယ်လို ဖြေထားသလဲ?</p> <p><b>ဣမေ ပဉ္စ ဓမ္မာ သီလံ၊ သော ဣမသ္မိံ သီလေ ပတိဋ္ဌာယ ကသိဏပရိကမ္မံ ကတွာ တာ တာ သမာပတ္တိယော ဘာဝေတွာ ရူပီဗြဟ္မလောကေ နိဗ္ဗတ္တတိ၊</b></p> <p><b>ဣမေ ပဉ္စ ဓမ္မာ</b> = ဤငါးပါးသော တရားတို့၌။ <b>သီလံ</b> = ကိုယ်ကျင့်သီလတရားသည်။ <b>အတ္ထိ</b> = ထင်ရှားရှိနေ၏။ <b>သော</b> = ထိုသူတော်ကောင်းသည်။ <b>ဣမသ္မိံ သီလေ</b> = ဤသီလ၌။ <b>ပတိဋ္ဌာယ</b> = ရပ်တည်၍။ <b>ကသိဏပရိကမ္မံ</b> = ကသိုဏ်းပရိကမ်ကို။ <b>ကတွာ</b> = ပြု၍။ <b>တာ တာ သမာပတ္တိယော</b> = ထိုထို ရူပါဝစရစျာန်သမာပတ်တို့ကို။ <b>ဘာဝေတွာ</b> = ပွားများ၍။ <b>ရူပီဗြဟ္မလောကေ</b> = ရူပါဝစရ ဗြဟ္မာပြည်လောက၌။ <b>နိဗ္ဗတ္တတိ</b> = ဖြစ်နိုင်ပေ၏။</p> <p>သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာ ငါးပါးထဲမှာ သီလမပါဘူးလား? ပါနေတယ်။ ဒီသီလက အခြေခံ အကြောင်းရင်းဖြစ်နေပြီး ကိုယ်ကျင့်သီလခေါ်တဲ့ မြေပေါ်၌ ရပ်တည်ပြီးတော့ ထိုသူတော်ကောင်းက ကသိုဏ်းပရိကမ်ဆိုတဲ့ ထိုထိုဘာဝနာတွေကို ပွားများ အားထုတ်ခဲ့မယ်ဆိုလျှင် မိမိတို့၏ ပါရမီအားလျော်စွာ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်ဆိုတဲ့ ရူပါဝစရစျာန်တွေ ရရှိခဲ့လျှင် ရူပါဝစရဗြဟ္မာပြည်မှာ ဖြစ်နိုင်ပါတယ်။</p> --- <h3>အရူပဗြဟ္မာဘဝ</h3> <p><b>အရူပဇ္ဈာနာနိ နိဗ္ဗတ္တေတွာ အရူပီဗြဟ္မလောကေ၊</b></p> <p><b>အရူပဇ္ဈာနာနိ</b> = အရူပါဝစရစျာန်တို့ကို။ <b>နိဗ္ဗတ္တေတွာ</b> = ဖြစ်စေနိုင်ခဲ့သည်ရှိသော်။ <b>အရူပီဗြဟ္မလောကေ</b> = အရူပဗြဟ္မာပြည်၌။ <b>နိဗ္ဗတ္တတိ</b> = ဖြစ်နိုင်ပေ၏။</p> <p>ဒီ ကသိုဏ်းဘာဝနာလုပ်ငန်းရပ်တွေကို အခြေခံပြီး ရူပါဝစရစျာန် (၄)ပါး ရရှိပြီးတဲ့ သူတော်ကောင်းက အရူပါဝစရစျာန်သမာပတ်တွေကို ရရှိအောင် တစ်ဆင့်တက်ပြီး ကြိုးစား အားထုတ်ခဲ့မယ်ဆိုလျှင် အရူပဗြဟ္မာပြည်မှာလည်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲ? ဒီကံတွေက ဆိုင်ရာဆိုင်ရာ ရူပါဝစရဘုံ အရူပါဝစရဘုံတွေမှာ ပဋိသန္ဓေအကျိုးကို လိုလားတောင့်တနေတဲ့ သူတော်ကောင်းအဖို့ ပဋိသန္ဓေကို ဖြစ်စေနိုင်တဲ့ စွမ်းအား ရှိပါတယ်။ နောက်တစ်ခု -</p> --- <h3>သုဒ္ဓါဝါသဘဝ</h3> <p><b>သမာပတ္တိပဒဋ္ဌာနံ ဝိပဿနံ ဝဍ္ဎေတွာ အနာဂါမိဖလံ သစ္ဆိကတွာ ပဉ္စသု သုဒ္ဓါဝါသေသု နိဗ္ဗတ္တတိ။</b></p> <p><b>သမာပတ္တိပဒဋ္ဌာနံ</b> = စျာန်သမာပတ်လျှင် အခြေခံ အကြောင်းအရင်းရှိသော။ <b>ဝိပဿနံ</b> = ဝိပဿနာဉာဏ်ကို။ <b>ဝဍ္ဎေတွာ</b> = တိုးပွားစေ၍။ (ဝါ) တိုးပွားအောင် လုံ့လကြိုးကုတ် ပွားများ အားထုတ်နိုင်ခဲ့သည်ရှိသော်။ <b>အနာဂါမိဖလံ</b> = အနာဂါမိဖိုလ်သို့။ <b>သစ္ဆိကတွာ</b> = မျက်မှောက်ပြုနိုင်ခြင်းကြောင့်။ <b>ပဉ္စသု သုဒ္ဓါဝါသေသု</b> = သုဒ္ဓါဝါသ ငါးဘုံတို့၌။ <b>နိဗ္ဗတ္တတိ</b> = ဖြစ်နိုင်ပေ၏။</p> <p>စျာန်သမာပတ်တွေကို ဝိပဿနာရဲ့ အခြေခံ အကြောင်းရင်းအားဖြင့် ထူထောင်ပြီးတော့ ဝိပဿနာဉာဏ်တွေကို တိုးပွားအောင် ပြုလုပ်နိုင်ခဲ့လို့ မိမိကလည်း ပါရမီအားလျော်စွာ အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို မျက်မှောက်ပြုနိုင်ခဲ့မယ်ဆိုလျှင် ထိုအနာဂါမ် အရိယာသူတော်ကောင်းသည် သုဒ္ဓါဝါသ ငါးဘုံ၌ အလိုရှိခဲ့လျှင် ဖြစ်နိုင်တဲ့သဘော ရှိပါတယ်။ နောက်တစ်ခု -</p> --- <h3>အာသဝက္ခယဉာဏ်</h3> <p><b>ဥပရိမဂ္ဂံ ဘာဝေတွာ အာသဝက္ခယံ ပါပုဏာတိ။</b></p> <p><b>ဥပရိမဂ္ဂံ</b> = အရဟတ္တမဂ်ကို။ <b>ဘာဝေတွာ</b> = ပွားများနိုင်ခြင်းကြောင့်။ <b>အာသဝက္ခယံ</b> = အာသဝေါတရားတို့၏ ကုန်ရာဖြစ်တဲ့ အရဟတ္တမဂ်ကို။ <b>ပါပုဏာတိ</b> = ရောက်ရှိနိုင်ပါတယ်။</p> <p>အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိပြီးတဲ့နောက် အထက် အရိယမဂ်ဉာဏ်ဟု ခေါ်ဆိုအပ်တဲ့ အရဟတ္တမဂ်ဉာဏ်အလို့ငှာ မိမိက ဆက်ပြီး ပွားများ အားထုတ်ခဲ့မယ်ဆိုလျှင်လည်း အာသဝေါတရား၏ ကုန်ရာဖြစ်တဲ့ အရဟတ္တမဂ်ဉာဏ်အထိ ဆိုက်ရောက်နိုင်ပါတယ်။ ဒီလောက်ထိ အဆင့်အတန်း မြင့်မားနေတဲ့ အရဟတ္တမဂ်ဉာဏ်တိုင်အောင်သော အကျိုးတရားတွေကို ဖြစ်စေနိုင်တဲ့ စွမ်းအားသည် ဘယ်မှာရှိနေသလဲ? သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာ ငါးပါးမှာ အခြေတည်လျက် ရှိနေပါတယ်။ ဒါကြောင့် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေတဲ့ သူတော်ကောင်းသာ မှန်ခဲ့မယ်ဆိုလျှင် မိမိတို့ ရုပ်နာမ်အစဉ်မှာ ဒီသဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာ ငါးပါး တည်ရှိလာအောင် ကြိုးစား အားထုတ်ဖို့ လိုအပ်မနေဘူးလား? လိုအပ်နေပါတယ်။</p> <p>သံသရာခရီး ကျင်လည်ခိုက်မှာ အခုလို မိမိတို့က ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေတဲ့ အချိန်အခါ ဒီသဒ္ဓါ-သီလ-သုတ-စာဂ-ပညာ ဆိုတဲ့ သူတော်ကောင်းဥစ္စာ ငါးပါးနှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်ဖို့ လိုအပ်နေပါတယ်။ သံသရာခရီး ကျင်လည်ခိုက်မှာ ယခုလို မိမိတို့က ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်နေတဲ့ အချိန်အခါမှာ ဒီသဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာငါးပါးနှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်နိုင်မယ်ဆိုလျှင် မိမိတို့ရဲ့ အနာဂတ်ခရီးအတွက် ကျိန်းသေတဲ့ ဘဝတွေကို ကြိုတင်ပြီး ရေးဆွဲထားခြင်းလည်း ဖြစ်သွားပါတယ်။</p> <p>အကယ်၍ ဒီဘဝတွေကို အလိုမရှိခဲ့ဘူး၊ မိမိက ဘဝမှ လွတ်မြောက်ရာဖြစ်တဲ့ အရဟတ္တမဂ်ဉာဏ်, အရဟတ္တဖိုလ်ဉာဏ်, နိဗ္ဗာန်ကို လိုလား တောင့်တခဲ့မယ်ဆိုလျှင် အတိတ်က အရဟတ္တဖိုလ်ရဲ့ အကြောင်းဖြစ်တဲ့ ပါရမီ မျိုးစေ့ကောင်းတွေကို ကြဲချ စိုက်ပျိုးခဲ့တဲ့ သူတော်ကောင်းများ ဖြစ်မယ်ဆိုလျှင် ဒီဘဝမှာလည်း အရဟတ္တဖိုလ်ကို ရည်မျှော်ကာ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာဖြစ်တဲ့ ကုသိုလ်တရားတွေကို အရဟတ္တဖိုလ် ဆိုက်သည့်တိုင်အောင် အပြင်းအထန် ကြိုးစားအားထုတ်ခဲ့မယ်ဆိုလျှင် ဒီဘဝမှာပဲ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို မဆိုက်ရောက်နိုင်ဘူးလား? ဆိုက်ရောက်နိုင်ပါတယ်။</p> <p>အရဟတ္တဖိုလ်ကို ဆိုက်ရောက်ခဲ့မယ်ဆိုလျှင် သုံးဆယ့်တစ်ဘုံ သံသရာခရီးမှာ အို-နာ-သေရေး ဒုက္ခဘေးဆိုးကြီးတွေမှ ကွင်းလုံးကျွတ် လွတ်မြောက် မသွားနိုင်ဘူးလား? လွတ်မြောက်သွားနိုင်တယ်။ ဒီလို ကွင်းလုံးကျွတ် လွတ်မြောက်သွားနိုင်အောင် ဘယ်တရားတွေက အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနေပါသလဲလို့ မေးလျှင် သဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ ဒီသူတော်ကောင်းဥစ္စာ ငါးပါးက အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနေတယ်။</p> <p>ဒါကြောင့် ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်နေတဲ့ ယခုလို သာသနာတော်ကို ယုံကြည်ချက် သဒ္ဓါတရားတွေ ထင်ရှားရှိနေတဲ့ ရှင်ပဲဖြစ်စေ ရဟန်းပဲဖြစ်စေ လူပဲဖြစ်စေ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ ဒီသူတော်ကောင်းဥစ္စာ ငါးပါးနှင့် ရှေးဦးစွာ ပြည့်စုံလာအောင် ကြိုးစားထားဖို့ မလိုဘူးလား? လိုအပ်တယ်။ ကဲ ဘယ်လို ကြိုးစားမလဲ?</p> <p>ဘုန်းကြီး နည်းနည်း ထပ်ပြောမယ်၊ နံပါတ်တစ်ဖြစ်တဲ့ ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား အပေါ်၌ ယုံကြည်တဲ့ သဒ္ဓါတရားကို အခြေခံပြီးတော့ နံပါတ်နှစ် ကိုယ်ကျင့်သီလ ဖြူစင်အောင် ကြိုးစားရမယ်။ ကိုယ်ကျင့်သီလ ဖြူစင်လာတဲ့ ပုဂ္ဂိုလ်တစ်ဦးက ဘာလုပ်ရမလဲ? သုတခေါ်တဲ့ သူတော်ကောင်း ဥစ္စာကို တစ်ဆင့်တက်ပြီး ကြိုးစားရမယ်၊ စာဂခေါ်တဲ့ သူတော်ကောင်းဥစ္စာကို ပြည့်စုံအောင် တစ်ဆင့်တက်ပြီး ကြိုးစားရမယ်။</p> <p>သုတဆိုတာက ဘုရားရှင်၏ တရားတော်တွေကို သင်သိ,ကျင့်သိ ဒီအသိနှစ်မျိုးဖြင့် သိခြင်းကို သုတလို့ခေါ်တယ်။ ဒီတော့ ရုပ်တွေကို သင်သိအနေနဲ့ သိအောင်, နာမ်တရားတွေကို သင်သိအနေနဲ့ သိအောင် ပထမ လေ့ကျင့်ရမယ်။ သင်သိအနေနဲ့ သိပြီးတဲ့ အချိန်အခါမှာ ဒီရုပ်တွေ နာမ်တွေကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထိုးထွင်းသိအောင် ကြိုးစားရမယ်။ ကြိုးစားလိုက်တဲ့ အပိုင်းမှာ ရုပ်နာမ် ပရမတ္ထဓာတ်သားတွေကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်ရေးအတွက် လိုအပ်တဲ့ လက်နက်ကောင်းတွေက ဘာတွေလဲ? သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ပြီး ဘာလုပ်ရမလဲ? သမာဓိကို ထူထောင်ရမယ်၊ ဘာကြောင့်လဲ?</p> <p><b>သမာဓိံ ဘိက္ခဝေ ဘာဝေထ။ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။</b></p> <p>ချစ်သားရဟန်းတို့ ... သမာဓိကို ထူထောင်ကြပါ၊ သမာဓိရှိလျှင် ဟုတ်တိုင်းမှန်စွာ သိတဲ့ ယထာဘူတဉာဏ်အမြင်တွေ ပေါ်လာမယ်လို့ ဒီလို ဘုရားရှင် ဟောထားတော်မူပါတယ်။ ဘာတွေကို ဟုတ်တိုင်းမှန်စွာ သိတဲ့ ယထာဘူတဉာဏ်တွေ ဖြစ်ပေါ်လာမလဲ?</p> <p><b>ဣဒံ ဒုက္ခန္တိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခသမုဒယောတိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခနိရောဓောတိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ယထာဘူတံ ပဇာနာတိ။ (သံ၊၃၊ ၃၆၃။)</b></p> <p>ဒီလို ဘုရားရှင် ဟောကြားထားတော်မူတဲ့အတွက် သမာဓိရှိလျှင် အရိယသစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိတဲ့ ယထာဘူတဉာဏ်အမြင်တွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ တစ်ဖန် မဟာပရိနိဗ္ဗာနသုတ္တန်စတဲ့ ထိုထို သုတ္တန်တွေမှာလည်း <b>ဣတိ သီလံ၊ ဣတိ သမာဓိ၊ ဣတိ ပညာ</b> စသည်ဖြင့် ဘုရားရှင် ဟောထားတော်မူပါတယ်။ သီလဖြင့် ထုံမွှမ်းထားအပ်တဲ့ သမာဓိသည် များသော အကျိုးအာနိသင် ရှိတယ်၊ သမာဓိဖြင့် ထုံမွှမ်းထားအပ်တဲ့ ပညာသည် များသော အကျိုးအာနိသင် ရှိတယ်၊ ပညာဖြင့် ထုံမွှမ်းထားအပ်တဲ့ စိတ်သည် ကောင်းမွန် မှန်ကန်စွာသာလျှင် အာသဝေါတရားတွေမှ လွတ်မြောက်သွားမယ်၊ ကာမာသဝ, ဘဝါသဝ, အဝိဇ္ဇာသဝဆိုတဲ့ ကိလေသာ အာသဝေါတရားတွေမှ လွတ်မြောက်သွားမယ်။ (ဒီ၊၂၊၆၈။) ဒါကြောင့် သင်ချစ်သားတို့သည် သမာဓိကို ပွားများကြစမ်းပါလို့ ဒီလို ဘုရားရှင်က တိုက်တွန်းထားပါတယ်။ တိုက်တွန်းထားတဲ့အတွက် အရိယသစ္စာလေးပါးတို့ကို ဟုတ်တိုင်းမှန်စွာ သိမြင်နိုင်ရေးအတွက် ရုပ်-နာမ်-အကြောင်း-အကျိုး သင်္ခါရတရားတွေကို ပရမတ်သို့ ဆိုက်အောင် ဟုတ်တိုင်းမှန်စွာ သိနိုင်ရေးအတွက် သမာဓိ တစ်ခုခုကိုတော့ ထူထောင်ဖို့ လိုအပ်တယ်။</p> <p>ဒီနေ့ ဆွမ်းအလှူရှင်တွေကတော့ အာနာပါနကျင့်စဉ်ကို နှစ်ခြိုက်နေတဲ့အတွက် သမာဓိထူထောင်တဲ့ အပိုင်းမှာ အာနာပါနကျင့်စဉ်ကို နည်းနည်းလောက် ပြန်ပြောကြရအောင် --</p> <h3>အာနာပါနကျင့်စဉ်</h3> <p>အာနာပါနကျင့်စဉ်ကို အားထုတ်လိုတဲ့ ပုဂ္ဂိုလ်က နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျားဆိုတဲ့ ဝင်လေထွက်လေ ထိမှုထင်ရှားတဲ့ တစ်နေရာမှာ စိတ်ကလေး ကပ်ထားလိုက်ပါ၊ ကပ်ထားပြီးလျှင် ရှူသွင်းလိုက်တဲ့ လေကလေး ဝင်လျှင် ဝင်လေ, ရှူထုတ်လိုက်တဲ့ လေကလေး ထွက်လျှင် ထွက်လေလို့ု အသာ ရှုနေပါ။ စိတ်က မငြိမ်မသက်လို့ အပြင်အာရုံ အမျိုးမျိုးတွေအပေါ်မှာ တွေးတောမှုတွေက သိပ်များနေလျှင်တော့ ရေတွက်တဲ့ ဂဏနာနည်းကို အသုံးပြုရပါတယ်။</p> <p>ဝင်လေထွက်လေ နှစ်ခုပေါင်းကို ..... တစ်,</p> <p>ဝင်လေထွက်လေ နှစ်ခုပေါင်းကို ..... နှစ်,</p> <p>ဝင်လေထွက်လေ နှစ်ခုပေါင်းကို ..... သုံး,</p> <p>ဝင်လေထွက်လေ နှစ်ခုပေါင်းကို ..... လေး,</p> <p>ဝင်လေထွက်လေ နှစ်ခုပေါင်းကို ..... ငါး,</p> <p>ဝင်လေထွက်လေ နှစ်ခုပေါင်းကို ..... ခြောက်,</p> <p>ဝင်လေထွက်လေ နှစ်ခုပေါင်းကို ..... ခုနစ်,</p> <p>ဝင်လေထွက်လေ နှစ်ခုပေါင်းကို ..... ရှစ်။</p> <p>တစ်ကနေ ရှစ်အထိ သို့မဟုတ် တစ်ဆယ်အထိ ရေတွက်နိုင်ပါတယ်၊ ငါးအထိလည်း ရေတွက်နိုင်ပါတယ်၊ ငါးအောက်လည်း မနည်းစေနဲ့, တစ်ဆယ်ထက်လည်း မပိုစေနဲ့ဆိုပြီး ဒီလို သတ်မှတ်ချက် ရှိပါတယ်။</p> <p>တစ်ကနေ ရှစ်အထိ ရေတွက်ခြင်း ဂဏနာနည်းကို အသုံးပြုနေတဲ့ အချိန်အခါမှာ တစ်မှ ရှစ်အထိ ငါ့ရဲ့စိတ် ဘယ်ကိုမှ မထွက်စေရ။ နောက်တစ်ကြိမ်လည်း တစ်မှ ရှစ်အထိ ငါ့ရဲ့စိတ် ဘယ်ကိုမှ မထွက်စေရဆိုတဲ့ ရည်ရွယ်ချက်ဖြင့် စိတ်ကို မြဲမြဲမြံမြံထားပြီး ဒီလို ရေတွက်နေရပါမယ်။ ရေတွက်ခြင်း ဂဏနာစွမ်းအင်ဖြင့် ဘာဝနာစိတ်သည် ဝင်လေထွက်လေ အာရုံ၌ တဖြည်းဖြည်း ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာတဲ့အခါ ရေတွက်ခြင်း ဂဏနာနည်းကို လွှတ်ပြီး ဝင်လေထွက်လေဟု ဒီလောက်ပဲ ရှုနေပါ။</p> <p>နာရီဝက် တစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်က ဝင်လေထွက်လေ အာရုံ၌ ကပ်ပြီး တည်နေလျှင် အရှည်နှင့်အတိုကို သိအောင် တစ်ဆင့်တက်ပြီး ကြိုးစားရပါမယ်။ အရှည်ဆိုတာက အသက်ရှူ နှေးမှုကို ဆိုလိုပါတယ်။ အတိုဆိုတာက အသက်ရှူ မြန်မှုကို ဆိုလိုပါတယ်။ အသက်ရှူ နှေးအောင် သို့မဟုတ် အသက်ရှူ မြန်အောင် သက်သက်တော့ မကြိုးစားနဲ့ ပုံမှန်ပဲ အသက်ရှူပါ။</p> <p>ဒီအရှည်အတိုမှာ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာပြီဆိုလျှင် အသက်ရှူ ရှည်လျှင်လည်း အစအဆုံး တောက်လျှောက်သိအောင်, အသက်ရှူ တိုလျှင်လည်း အစအဆုံး တောက်လျှောက်သိအောင်, ဝင်လေထွက်လေ အကုန်လုံးကို တောက်လျှောက်သိအောင် ကြိုးစားရမယ်။ ဒီလို ကြိုးစားလိုက်တဲ့ အပိုင်းမှာ ဝင်လေထွက်လေရဲ့ အာရုံ၌ ရှည်တဲ့သဘော တိုတဲ့သဘော အကုန်လုံး အစအဆုံး ထင်ထင်ရှားရှား သိလာပြီ ဆိုလျှင်တော့ ဒီဝင်လေထွက်လေ အာရုံကလေး သိမ်မွေ့စေရမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ဆက်လက်ပြီး ပုံစံမှန် အသက်ရှူနေပါ။ အသက်ရှူတဲ့ လေအပေါ်မှာ ထိတဲ့နေရာက စောင့်ပြီး ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။ အဲဒီလို ကပ်ထားနိုင်ခဲ့လျှင် တဖြည်းဖြည်း ဘာဝနာသမာဓိက ရင့်ကျက်လာပါလိမ့်မယ်။ ဝင်လေထွက်လေ အာရုံ၌ ဘာဝနာစိတ် ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာပါလိမ့်မယ်။</p> <p>ဒီလို တည်လာတဲ့ အချိန်အခါမှာ ဝင်လေထွက်လေကလေး သိမ်မွေ့စေရမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ဆက်လက်ပြီး ပုံမှန်ပဲ အသက်ရှူနေပါ။ ဒီဝင်လေထွက်လေကို သိမ်မွေ့စေရမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ဆက်လက်ပြီး အသက်ရှူနေခဲ့လျှင် လေကလည်း တဖြည်းဖြည်း သိမ်မွေ့လာမယ်။ သိမ်မွေ့လာခဲ့လျှင် သိမ်မွေ့နေတဲ့ လေအပေါ်မှာ ဒီဘာဝနာစိတ်ကို ငြိမ်သထက် ငြိမ်အောင် ကပ်ထားပါ။ အားကောင်းတဲ့ သတိတရားနှင့် ကပ်ထားနိုင်မယ်ဆိုလျှင် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာပါလိမ့်မယ်။</p> <p>သိမ်မွေ့တဲ့ လေကလည်း အလွန့်အလွန် သိမ်မွေ့လာပြီး ဘာဝနာ သမာဓိကလည်း အလွန့်အလွန် အားကောင်းလာပြီ ဆိုလျှင်တော့ နိမိတ် စတင်ပြီး ပေါ်လာတတ်ပါတယ်။ နိမိတ်က ပေါ်စမှာ များသောအားဖြင့် မီးခိုးရောင် ရှိတတ်ပါတယ်။ သမာဓိက ရင့်ကျက်လာခဲ့လျှင် ဝါဂွမ်းဆိုင်ကဲ့သို့ ဖြူနေတဲ့အရောင် ပြောင်းသွားတယ်။ ဝါဂွမ်းဆိုင်ကဲ့သို့ ဖြူစွတ်နေတဲ့ အရောင်ကို ဥဂ္ဂဟနိမိတ်လို့ ခေါ်ပါတယ်။ ပုံသဏ္ဌာန်ကတော့ ယောဂီရဲ့ အတိတ်က ဆည်းပူးခဲ့တဲ့ ပါရမီနှင့် ပစ္စုပ္ပန် စိတ်နေစိတ်ထားအပေါ် မူတည်ပြီး ပုံသဏ္ဌာန် အမျိုးမျိုး ပြောင်းလဲတတ်တဲ့သဘော ရှိပါတယ်။ အရောင်လည်း အမျိုးမျိုး ပြောင်းလဲတတ်တဲ့သဘော ရှိပါတယ်။</p> <p>ထိုအချိန်အခါမှာ ယောဂီက အရောင်ကို နှလုံးမသွင်းဘဲ နိမိတ်အနေနဲ့ နှလုံးသွင်းဖို့ လိုအပ်ပါတယ်။ နိမိတ်က ခိုင်ခံ့လာလျှင် ဒီနိမိတ်ထဲမှာ ဘာဝနာစိတ်ကို ကပ်ပြီးထားဖို့ သွတ်သွင်းထားဖို့ လိုအပ်ပါတယ်။ တကယ် သွတ်သွင်းလို့ရတာ မဟုတ်ပါဘူး။ ဒီနိမိတ်ကို စိုက်ပြီး စိတ်နဲ့ ကြည့်နေဖို့သာ ဆိုလိုရင်း ဖြစ်ပါတယ်။ အဲဒီ နိမိတ်အပေါ်မှာ ဘာဝနာစိတ်ကို ကပ်ထားနိုင်ခဲ့လျှင် ဒီနိမိတ်ဟာ ဝါဂွမ်းစိုင်ကဲ့သို့ ဖြူနေရာမှ သောက်ရှူးကြယ်ကဲ့သို့ ဆွတ်ဆွတ် ဖြူလာလိမ့်ပါမယ်။ ဆွတ်ဆွတ်ဖြူနေတဲ့ ဒီနိမိတ်အပေါ်မှာ ဘာဝနာစိတ်က တစ်နာရီ နှစ်နာရီ ငြိမ်ဝပ်စွာ ကပ်ပြီး ထားနိုင်အောင် ကြိုးစားရပါတယ်။ အလွန် ကြည်လင်တောက်ပနေတဲ့ သောက်ရှူးကြယ်ကဲ့သို့ ဆွတ်ဆွတ်ဖြူတဲ့ ဒီနိမိတ်ကို အာနာပါနပဋိဘာဂနိမိတ်လို့ ခေါ်ပါတယ်။</p> <p>အာနာပါနပဋိဘာဂနိမိတ်မှာ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး ထားနိုင်ပြီ ဆိုလျှင်တော့ ထိုအချိန်အခါမှာ အပ္ပနာစျာန် သမာဓိဆိုက်သွားပြီ ဖြစ်ပါတယ်။ နှလုံးအိမ်အတွင်း ဟဒယဝတ္ထု ရှိရာဘက်ကို လှမ်းကြည့်လိုက်လျှင် ဘဝင်မနောအကြည်ကို တွေ့နိုင်ပါတယ်။ ထိုဘဝင်မနောအကြည်မှာ ဒီကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂ နိမိတ်က ထင်နေတာကိုလည်း တွေ့နိုင်ပါတယ်။ ဘဝင်မနောအကြည်မှာ ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်က လာပြီး ထင်လိုက်တဲ့ အချိန်အခါမှာ ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါငါးပါးကို တစ်ဆင့်တက်ပြီး ဆင်ခြင်လိုက်လျှင် လွယ်လွယ်နဲ့ တွေ့နိုင်ပါတယ်။</p> <p>ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာခေါ်တဲ့ ဒီစျာန်အင်္ဂါ ငါးပါးကို ဆင်ခြင်တဲ့အပိုင်းမှာ ပထမ တစ်လုံးစီပဲ ဆင်ခြင်လို့ ရနိုင်ပါတယ်။ ကျွမ်းကျင်လာလျှင်တော့ ပြိုင်တူ ဆင်ခြင်လို့ ရပါတယ်။ အာဒိကမ္မိကခေါ်တဲ့ စျာန်ကို ရရှိစ ပုဂ္ဂိုလ်တွေသည် စျာန်ကို ဝင်စားမှု များရပါမယ်, စျာန်အင်္ဂါ ဆင်ခြင်မှု နည်းရမယ်ဆိုတဲ့ ဒီစည်းကမ်း သတ်မှတ်ချက် ရှိပါတယ်။ အဲဒီ စည်းကမ်း သတ်မှတ်ချက်အတိုင်း တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဒီကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်မှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားနိုင်တဲ့အခါ တစ်နာရီကျော်မှသာ ဒီစျာန်အင်္ဂါ ဆင်ခြင်တဲ့ လုပ်ငန်းရပ်ကို ပြုလုပ်လျှင် ပိုကောင်းပါတယ်။</p> <p>ဒီ ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါတွေက ထင်ရှားလာပြီ ဆိုလျှင်တော့ ထိုပုဂ္ဂိုလ်သည် ဘာဆက်လုပ်ရမလဲ? ပထမစျာန် သမာဓိကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ရပါမယ်။ ဝင်စားချင်တဲ့အချိန် ဝင်စားလို့ရအောင်, ထချင်တဲ့အချိန် ထလို့ရအောင်, တစ်နာရီ အဓိဋ္ဌာန်လျှင် တစ်နာရီရအောင်, တစ်မိနစ် အဓိဋ္ဌာန်လျှင် တစ်မိနစ်ရအောင် လေ့ကျင့်ရပါမယ်။ စျာန်အင်္ဂါတွေကို အချိန်မရွေး ဆင်ခြင်လို့ရအောင် လေ့ကျင့်ရပါမယ်။ ဒီဝသီဘော်ငါးတန် လေ့ကျင့်ခန်းတွေက အောင်မြင်မှု ရရှိပြီဆိုလျှင်တော့ ထိုပုဂ္ဂိုလ်က ဘာဆက်လုပ်ရမလဲ? ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်ဆိုတဲ့ ဒီစျာန်တွေကို ကူးနိုင်ပါတယ်။ စတုတ္ထစျာန်လောက် ရောက်ပြီဆိုလျှင် အာနာပါနပဋိဘာဂနိမိတ်က ပိုပြီး ကြည်လင် တောက်ပလာပါတယ်။ ဒီကြည်လင် တောက်ပနေတဲ့ ပဋိဘာဂနိမိတ် အကူအညီကို ရယူပြီး မိမိသန္တာန်မှာ တည်ရှိတဲ့ (၃၂)ကောဋ္ဌာသတွေ ဗဟိဒ္ဓမှာ တည်ရှိနေတဲ့ (၃၂)ကောဋ္ဌာသတွေကို စနစ်တကျ ဆက်လက်ပြီး ရှုမယ်ဆိုလျှင် အောင်မြင်နိုင်ပါတယ်။</p> <h3>ကသိုဏ်းနှင့် သမာပတ်များ</h3> <p>ထို(၃၂)ကောဋ္ဌာသတွေကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ အဝါးဝစွာ အောင်အောင်မြင်မြင် ရှုနိုင်ပြီဆိုလျှင် ဗဟိဒ္ဓကောဋ္ဌာသဖြစ်တဲ့ အရိုးစုကောဋ္ဌာသတစ်ခုရဲ့ အဖြူရောင်ကို အာရုံယူ နှလုံးသွင်းပြီး ဩဒါတကသိုဏ်း ကူးခဲ့မယ်ဆိုလျှင်, ဒီဩဒါတကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာ ဖြန့်ကျက်ပြီး စျာန်သမာဓိတွေကို ရအောင် ဆက်လက် ကြိုးပမ်းခဲ့မယ်ဆိုလျှင် ပဌမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်တွေကို ရရှိနိုင်ပါတယ်။</p> <p>အဲဒီစျာန်တွေကို အခြေခံပြီးတော့ ကျန်နေတဲ့ ကသိုဏ်းတွေကို ဆက်လက် ပွားရပါမယ်။ ကသိုဏ်း(၁၀)ပါးလုံးမှာ စတုတ္ထစျာန်သမာဓိအထိ ပေါက်ရောက်အောင် ပွားနိုင်တဲ့ ယောဂီသူတော်ကောင်းက အရူပစျာန်တွေကို တစ်ဆင့်တက်ပြီး ကူးမယ်ဆိုလျှင် ကူးလို့ ရနိုင်ပါတယ်။</p> <h3>သူတော်ကောင်းဥစ္စာ ငါးပါး၌ တည်လာသူ</h3> <p>ထိုသမာပတ်တွေကို အခြေခံပြီး ဓာတ်ကြီးလေးပါးကို ဦးတည်၍ ရုပ်တရားတွေကို သိမ်းဆည်းခြင်း, နာမ်တရားတွေကို သိမ်းဆည်းခြင်း, အကြောင်းတရားတွေကို သိမ်းဆည်းခြင်း, အကျိုးတရားတွေကို သိမ်းဆည်းခြင်း, အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေကို အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေး သုံးတန် တင်ပြီး တွင်တွင်ကြီး ဝိပဿနာ ရှုခြင်းဆိုတဲ့ ဒီလုပ်ငန်းရပ်တွေကို တစ်ဆင့်ပြီးတစ်ဆင့် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်နိုင်ခဲ့လျှင် ထိုသူတော်ကောင်း၏ သန္တာန်၌ သဒ္ဓါ-သီလ-သုတ-ပညာလို့ ခေါ်ဆိုအပ်တဲ့ အလွန် အဆင့်အတန်း မြင့်မားနေတဲ့ သူတော်ကောင်းဥစ္စာ လေးပါး တည်ရှိမလာနိုင်ဘူးလား? တည်ရှိနိုင်လာတယ်။</p> <p>ဒီလို သူတော်ကောင်းဥစ္စာ လေးပါး တည်ရှိတဲ့ ပုဂ္ဂိုလ်က စေတီတစ်ဆူမှာ ဆီမီးတစ်တိုင်ပဲ ဖြစ်စေ, ပန်းကလေး တစ်ပွင့်ပဲဖြစ်စေ, ဆွမ်းကလေး တစ်ပွဲပဲဖြစ်စေ လှူဒါန်း ပူဇော်ခဲ့မယ်ဆိုလျှင် စာဂတရားတွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီနေ့ အလှူရှင်တို့ကဲ့သို့ စွမ်းအားရှိသမျှ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေနှင့်တကွ ရှင်ယောဂီ လူယောဂီ ပရိသတ်အပေါင်း သူတော်ကောင်းတွေကို လှူဒါန်း ပူဇော်မယ်ဆိုလျှင် စာဂတရားတွေ ဖြစ်ပေါ်လာပါတယ်။</p> <p>ဒီတော့ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ ဒီအကြောင်းတရား ငါးပါးနဲ့ စုံညီနေတဲ့ သူတော်ကောင်းတစ်ဦးက နိဗ္ဗာန်ကို ရောက်နိုင်တဲ့ ဘဝ တစ်ခုခုကို မျှော်လင့် တောင့်တပြီး ဒီကောင်းမှုကံတွေကို ဆက်လက် ထူထောင်ခဲ့မယ်ဆိုလျှင် သို့မဟုတ် မိမိ လိုလားတောင့်တနေတဲ့ သမ္မာသမ္ဗောဓိဉာဏ်, ပစ္စေကဗောဓိဉာဏ်, အဂ္ဂသာဝကဗောဓိဉာဏ်, မဟာသာဝကဗောဓိဉာဏ်, ပကတိသာဝကဗောဓိဉာဏ်ဆိုတဲ့ ဗောဓိဉာဏ် တစ်ခုခုကို မျှော်လင့်တောင့်တပြီး ဒီကုသိုလ်သင်္ခါရတရားတွေကို ဆက်လက် ထူထောင်ခဲ့မယ်ဆိုလျှင် ထိုကုသိုလ်သင်္ခါရတရားတွေက မိမိ မျှော်လင့်တောင့်တနေတဲ့ ဗောဓိဉာဏ် အသီးသီးကို ရစေနိုင်တဲ့ဘဝကို ဖြစ်စေနိုင်တဲ့စွမ်းအား ရှိနေပါတယ်။</p> <h3>သုဝဏ္ဏမိဂဇာတ်</h3> <p>(ဇာတက၊ဋ္ဌ၊၃၊၁၆၉-၁၇၃။)</p> <p>ဒီလို ဗောဓိဉာဏ်တွေကို မျှော်လင့်တောင့်တပြီး ဒီလိုကံတွေကို ထူထောင်ခဲ့လျှင် ဘာတွေဖြစ်နိုင်သလဲ? ဖြစ်နိုင်တဲ့ ထုံးကလေးတစ်ခုကို ဘုန်းကြီး ဒီည သုဝဏ္ဏမိဂဇာတ်ခေါ်တဲ့ ဇာတ်တော်ကလေးတစ်ခုကို ဟောဖို့ ရည်ရွယ်ထားပါတယ်။ သုံးဆယ့်တစ်ဘုံဆိုတဲ့ ကျွန်းကလေးက လွတ်အောင် ရုန်းထွက်သွားနိုင်တဲ့ အမျိုးကောင်းသမီးတစ်ဦးကို အကြောင်းပြုပြီး ဒီဇာတ်တော်ကို ဘုရားရှင် ဟောကြားထားတော်မူခြင်း ဖြစ်ပါတယ်။</p> <p>ဒီအမျိုးကောင်းသမီးကလေးက ဘယ်လိုသဘောရှိသလဲ? ဘုရားရှင်ရဲ့ အဂ္ဂသာဝကကြီးနှစ်ပါး ဖြစ်တော်မူတဲ့ အရှင်သာရိပုတြာနှင့် အရှင်မဟာမောဂ္ဂလ္လာန်တို့ရဲ့ ဥပဋ္ဌာကကုလလို့ခေါ်ဆိုအပ်တဲ့ အလုပ်အကျွေး ဥပါသကာ ဒါယကာ အမျိုးအနွယ်ရဲ့ သမီးကလေးတစ်ဦး ဖြစ်ပါတယ်။ ဒီသမီးကလေးက ဘယ်လိုသဘောရှိသလဲ?</p> <h3>အမျိုးကောင်းသမီးကလေး၏ ဂုဏ်ရည်</h3> <p><b>သာ ကိရ သာဝတ္ထိယံ ဒွိန္နံ အဂ္ဂသာဝကာနံ ဥပဋ္ဌာကကုလဿ ဓီတာ သဒ္ဓါ ပသန္နာ ဗုဒ္ဓမာမကာ ဓမ္မမာမကာ သံဃမာမကာ အာစာရသမ္ပန္နာ ပဏ္ဍိတာ ဒါနာဒိပုညာဘိရတာ။</b> (ဇာတက၊ဋ္ဌ၊၃၊၁၆၉။)</p> <p><b>သာ</b> = ထိုအမျိုးကောင်းသမီးကလေးသည်။ <b>သာဝတ္ထိယံ</b> = သာဝတ္ထိမြို့၌။ <b>အဂ္ဂသာဝကာနံ</b> = အဂ္ဂသာဝက နှစ်ပါးတို့၏။ <b>ဥပဋ္ဌာကကုလဿ</b> = အလုပ်အကျွေး ဥပါသကာ၏။ <b>ဓီတာ</b> = သမီးဖြစ်ပေ၏။ <b>သဒ္ဓါ</b> = ရတနာသုံးတန် ကံ-ကံ၏အကျိုးတရားတို့ အပေါ်၌ ယုံကြည်သော သဒ္ဓါတရား ထင်ရှားရှိပေ၏။ <b>ဗုဒ္ဓမာမကာ</b> = ဘုရားကို မြတ်နိုးတတ်၏။ <b>ဓမ္မမာမကာ</b> = တရားတော်ကို မြတ်နိုးတတ်၏။ <b>သံဃမာမကာ</b> = သံဃာတော်ကို မြတ်နိုးတတ်၏။ <b>အာစာရသမ္ပန္နာ</b> = ကျင့်ဝတ် အာစာရတရားနှင့်လည်း ပြည့်စုံ၏။ <b>ပဏ္ဍိတာ</b> = ပညာရှိ၏။ <b>ဒါနာဒိပုညာဘိရတာ</b> = ဒါနအစရှိသော ကောင်းမှု ကုသိုလ်၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်၍ နေလေ၏။</p> <p>ဒီအမျိုးကောင်းသမီးကလေးကို ကြည့်လိုက်လျှင် ယုံကြည်ချက် သဒ္ဓါ တရားတွေ ရှိတယ်။ ရတနာသုံးပါး အပေါ်၌ ကြည်ညိုတဲ့ စိတ်ထားတွေလည်း ရှိတယ်။ ဒါန-သီလ-သမထ-ဝိပဿနာဆိုတဲ့ ကောင်းမှုကုသိုလ်တွေမှာ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်နေတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တယ်။ ဘုရားကို မြတ်နိုးတယ်၊ တရားတော်ကို မြတ်နိုးတယ်၊ သံဃာတော်ကို မြတ်နိုးတယ်၊ ကိုယ်ကျင့် အာစာရတရားတွေနှင့် ပြည့်စုံတယ်၊ ပြောဖွယ်ရာ ရှိသေးလား? မရှိတော့ဘူး။</p> <p>ရတနာသုံးပါးနှင့် စပ်ပြီး ဒါန-သီလ-သမထ-ဝိပဿနာဟုခေါ်ဆိုအပ်တဲ့ ကောင်းမှုကုသိုလ်တွေမှာ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်တယ်၊ ဘုရားရှင်ကို မြတ်နိုးတယ်၊ တရားတော်ကို မြတ်နိုးတယ်၊ သံဃာတော်ကို မြတ်နိုးတယ်၊ ကိုယ်ကျင့်သီလတွေနဲ့ ပြည့်စုံတယ်၊ သဒ္ဓါတရားတွေနဲ့ ပြည့်စုံတယ်၊ ပညာလည်းရှိတယ်ဆိုလျှင် ဒီအမျိုးသမီးကလေးရဲ့ ဘဝသည် အလွန် အဆင့်အတန်း မြင့်နေတဲ့ ဘဝတစ်ခုလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။</p> <p>သင်္ခါရုပပတ္တိသုတ္တန်နည်းအရ ပြောမယ်ဆိုလျှင်တော့ ဒီအမျိုးကောင်းသမီးကလေး၏ သန္တာန်၌ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါး စုံညီ မနေဘူးလား? စုံညီနေတယ်။ ဒီအမျိုးကောင်းသမီးကလေးက ရုပ်တွေနာမ်တွေကို ဟုတ်တိုင်းမှန်စွာ သိတယ်။ အကြောင်းတရား အကျိုးတရားတွေကို ဟုတ်တိုင်းမှန်စွာ သိတယ်။ အကြောင်းတရားနှင့်တကွ ဤရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကိုလည်း ဟုတ်တိုင်းမှန်စွာ သိတယ်။</p> <p>ယုံကြည်ချက် သဒ္ဓါတရားတွေနဲ့လည်း ပြည့်စုံတယ်၊ ကိုယ်ကျင့် သီလတွေနဲ့လည်း ပြည့်စုံတယ်၊ ပေးကမ်းစွန့်ကြဲမူ စာဂတရားတွေနဲ့လည်း ပြည့်စုံတယ်။ အကြားအမြင် ဗဟုဿုတ များပြားခြင်းဆိုတဲ့ ဒုက္ခသစ္စာ သမုဒယသစ္စာကို ထိုးထွင်း သိတတ်တဲ့ သင်သိ-ကျင့်သိ အနေနဲ့ သိတတ်တဲ့ ဗဟုဿုတနဲ့လည်း ပြည့်စုံတယ်။ ထို ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတို့ရဲ့ အနိစ္စ အချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို ဟုတ်တိုင်းမှန်စွာ သိတတ်တဲ့ ဝိပဿနာဉာဏ်တွေနဲ့လည်း ပြည့်စုံနေပြီ၊ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာတွေနဲ့ ပြည့်စုံနေတဲ့ ဒီအမျိုးသမီးကလေးအတွက် တစ်နေ့မှာ ဘယ်လိုအကြောင်း ဖြစ်ပေါ်လာသလဲ?</p> <p>ဒီအမျိုးကောင်းသမီးကလေးကို တခြား အမျိုးအနွယ်တူ ဇာတ်ချင်းတူ ဖြစ်နေတဲ့ မိစ္ဆာဒိဋ္ဌိ အမျိုးအနွယ် အမျိုးကောင်းသားတစ်ဦးက လာပြီး တောင်းရမ်းတဲ့ အချိန်အခါမှာ ဒီအမျိုးကောင်းသမီးရဲ့ မိဘတွေက ဘာပြောသလဲ?</p> <h3>အိမ်ထောင်ရေးလောက</h3> <p><b>အထဿာ မာတာပိတရော အမှာကံ ဓီတာ သဒ္ဓါ ပသန္နာ တီဏိ ရတနာနိ မမာယတိ ဒါနာဒိပုညာဘိရတာ၊ တုမှေ မိစ္ဆာဒိဋ္ဌိကာ ဣမိဿာပိ ယထာရုစိယာ ဒါနံ ဝါ ဒါတုံ ဓမ္မံ ဝါ သောတုံ ဝိဟာရံ ဝါ ဂန္တုံ သီလံ ဝါ ရက္ခိတုံ ဥပေါသထကမ္မံ ဝါ ကာတုံ န ဒဿထ၊ န မယံ တုမှာကံ ဒေမ၊ အတ္တနာ သဒိသံ မိစ္ဆာဒိဋ္ဌိကကုလာဝ ကုမာရိကံ ဂဏှထာတိ အာဟံသု။</b> (ဇာတက၊ဋ္ဌ၊၃၊၁၆၉။)</p> <p><b>အဿာ</b> = ထိုအမျိုးကောင်းသမီး၏။ <b>မာတာပိတရော</b> = မိဘနှစ်ပါးတို့က။ <b>အာဟံသု</b> = ပြောဆို ပယ်မြစ်ကြကုန်ပြီ။ ကိံ = အဘယ်သို့ ပြောဆိုပယ်မြစ်ကြကုန်သနည်း။ <b>အမှာကံ</b> = ငါတို့၏။ <b>ဓီတာ</b> = သမီးတော်ကလေးက။ <b>သဒ္ဓါ</b> = ရတနာသုံးပါး အပေါ်၌ ယုံကြည်ချက် သဒ္ဓါတရား ရှိ၏။ <b>ပသန္နာ</b> = ရတနာသုံးပါး အပေါ်၌ ကြည်ညိုသော စိတ်ထားရှိ၏။ <b>တီဏိ ရတနာနိ</b> = ရတနာသုံးပါးကို။ <b>မမာယတိ</b> = မြတ်နိုးတတ်၏။ <b>ဒါနာဒိပုညာဘိရတာ</b> = ဒါန-သီလ-ဝိပဿနာဟု ခေါ်ဆိုအပ်သော ကောင်းမှု ကုသိုလ်တို့၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်၍နေ၏။</p> <p><b>တုမှေ</b> = သင်တို့သည်။ <b>မိစ္ဆာဒိဋ္ဌိကာ</b> = မိစ္ဆာဒိဋ္ဌိတို့သာတည်း။ <b>ဣမိဿာပိ</b> = ဤအမျိုးသမီးအားလည်း။ <b>ယထာရုစိ</b> = အလိုရှိတိုင်း။ <b>ဒါနံ</b> = ဒါနကို။ <b>ဒါတုံ ဝါ</b> = ပေးလှူခွင့်ကိုလည်းကောင်း။ <b>ဓမ္မံ</b> = တရားတော်မြတ်ကို။ <b>သောတုံ ဝါ</b> = နာကြားခွင့်ကိုလည်းကောင်း။ <b>ဝိဟာရံ</b> = ဘုရားကျောင်းတော်သို့။ <b>ဂန္တုံ ဝါ</b> = သွားလာခွင့်ကိုလည်းကောင်း။ <b>သီလံ</b> = သီလကို။ <b>ရက္ခိတုံ ဝါ</b> = စောင့်ထိန်းခွင့်ကိုလည်းကောင်း။ <b>ဥပေါသထကမ္မံ</b> = ဥပုသ်သီလကို။ <b>ကာတုံ ဝါ</b> = ပြုခွင့်ကိုလည်းကောင်း။ <b>န ဒဿထ</b> = အခွင့် မပေးကြကုန်လတံ့။ <b>မယံ</b> = ငါတို့သည်။ <b>တုမှာကံ</b> = သင်တို့အား။ <b>န ဒေမ</b> = မပေးနိုင်ကြပါကုန်။</p> <p><b>အတ္တနာ</b> = မိမိနှင့်။ <b>သဒိသံ</b> = တူညီသော။ <b>မိစ္ဆာဒိဋ္ဌိကကုလာဝ</b> = မိစ္ဆာဒိဋ္ဌိ အမျိုးအနွယ်မှသာလျှင်။ <b>ကုမာရိကံ</b> = သတို့သမီးငယ်ကို။ <b>ဂဏှထ</b> = ယူကြပေကုန်လော့။ <b>ဣတိ</b> = ဤသို့လျှင်။ <b>အာဟံသု</b> = ပြောဆို ပယ်မြစ်ကြလေကုန်၏။</p> <p>မိဘတွေဘက်ကလည်း တာဝန်ကျေကြပါတယ်၊ ဘာကြောင့်လဲ? ငါတို့ရဲ့သမီးကလေးက ရတနာသုံးပါးကို ကြည်ညိုတဲ့ သဒ္ဓါတရား ရှိတယ်၊ ရတနာသုံးပါးအပေါ်၌ အလွန် ကြည်ညိုလေးစားတယ်၊ ရတနာသုံးပါးကို မြတ်နိုးတယ်၊ ဒါန-သီလ-သမထ-ဝိပဿနာဆိုတဲ့ ကောင်းမှုကုသိုလ်တွေမှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့ သမီးကလေး ဖြစ်တယ်။ သင်တို့သည် မိစ္ဆာဒိဋ္ဌိအယူရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။ ဒီအမျိုးသမီးလေးရဲ့ စိတ်ကြိုက်အတိုင်း အလှူဒါနပြုခွင့် ရမှာမဟုတ်ဘူး၊ တရားတော်ကို နာယူဖို့ရန်အတွက်လည်း သင်တို့ ခွင့်ပေးကြမှာ မဟုတ်ဘူး၊ ကျောင်းသွားဖို့ရာ သင်တို့ ခွင့်ပေးကြမှာ မဟုတ်ဘူး၊ သီလ စောင့်ထိန်းဖို့ရန် ဥပုသ်ကျင့်သုံးဖို့ရန်လည်း ခွင့်ပေးကြမှာ မဟုတ်ဘူး၊ ဒါကြောင့် သင်တို့ကို တို့ရဲ့သမီးရတနာကို မပေးနိုင်ဘူး၊ သင်တို့နဲ့ အမျိုးအနွယ်တူဖြစ်တဲ့ မိစ္ဆာဒိဋ္ဌိ အမျိုးအနွယ်မှ အမျိုးသမီးကို ယူဆောင်ကြပါဆိုပြီးတော့ ဒီလို ပြန်ပြီး အမိန့်ရှိလိုက်ကြပါတယ်။ ဒီလို ပြန်ပြောလိုက်တော့ အမျိုးကောင်းသားကလည်း တစ်ဖန် တောင်းပန်ပြန်တယ်၊ ဘယ်လို တောင်းပန်သလဲ?</p> <p><b>တုမှာကံ ဓီတာ အမှာကံ ဃရံ ဂန္တွာ ယထာဓိပ္ပါယေန သဗ္ဗမေတံ ကရောတု၊ မယံ န ဝါရဿောမ၊ ဒေထ နော ဧတံ။</b> (ဇာတက၊ဋ္ဌ၊၃၊၁၆၉။)</p> <p><b>တုမှာကံ</b> = သင်တို့၏။ <b>ဓီတာ</b> = သမီးရတနာသည်။ <b>အမှာကံ</b> = ငါတို့ရဲ့။ <b>ဃရံ</b> = အိမ်သို့။ <b>ဂန္တွာ</b> = သွားခဲ့သည်ရှိသော်။ <b>ယထာဓိပ္ပါယေန</b> = အလိုရှိသည့် အတိုင်း။ <b>ဧတံ သဗ္ဗံ</b> = ဤအလုံးစုံကို။ <b>ကရောတု</b> = ပြုနိုင်ပါတယ်။ <b>မယံ</b> = ငါတို့သည်။ <b>န ဝါရဿောမ</b> = မတားမြစ်ကြပါကုန်အံ့။ <b>နော</b> = ငါတို့အား။ <b>ဧတံ</b> = ဤသမီးရတနာကို။ <b>ဒေထ</b> = ပေးကြပါကုန်။</p> <p>ဤသမီးရတနာကို ပေးကြပါကုန်၊ သင်တို့ရဲ့သမီးသည် တို့အိမ်ကို သွားမယ်ဆိုလျှင် သင်တို့သမီး အလိုရှိတဲ့အတိုင်း အကုန်လုံး ပြုလုပ်နိုင်ပါတယ်၊ တို့ မတားပါဘူး။ တို့ကိုသာ သင်တို့ရဲ့ သမီးရတနာကို ပေးပါဆိုပြီး တောင်းပန်ကြတယ်။ တောင်းပန်လိုက်တဲ့ အချိန်အခါမှာလည်း မိဘတွေကလည်း သဘောတူပြီး ကောင်းမြတ်တဲ့ နက္ခတ်ကလေးတွေ ရွေးချယ်ပြီး ထိမ်းမြား လက်ထပ်မင်္ဂလာ ပြုပေးလိုက်ပါတယ်။ ထိမ်းမြားပေးလိုက်တဲ့ အချိန်အခါမှာ သတို့သားက သတို့သမီးကို မိမိတို့အိမ်သို့ ဆောင်သွားပြီ၊ ဆောင်သွားလိုက်တဲ့ အချိန်အခါမှာ ဒီသတို့သမီးကလေးက ဘယ်လို သဘောရှိသလဲ?</p> <h3>ဝတ္တရားကျေပွန်သူ</h3> <p><b>သာ ဝတ္တာစာရသမ္ပန္နာ ပတိဒေဝတာ အဟောသိ၊</b> (ဇာတက၊ဋ္ဌ၊၃၊၁၆၉။)</p> <p><b>သာ</b> = ထိုသတို့သမီးကလေးသည်။ <b>ဝတ္တာစာရသမ္ပန္နာ</b> = ကျင့်ဝတ် အာစာရနှင့် ပြည့်စုံသည်။ <b>ပတိဒေဝတာ</b> = ခင်ပွန်းတည်းဟူသော နတ်ရှိသည်။ <b>အဟောသိ</b> = ဖြစ်ပြီ။</p> <p>ဒီအမျိုးသမီးကလေးဟာ မယားဝတ္တရားတွေနဲ့လည်း ကျေပွန်တယ်၊ ကိုယ်ကျင့်တရားတွေလည်း သိပ်ကောင်းတယ်။ လင်ကို နတ်သားကဲ့သို့ ပြုစု လုပ်ကျွေးတတ်တဲ့ အမျိုးကောင်းသမီးတစ်ဦး ဖြစ်တယ်။ မရိုမသေ မလေးမစားနဲ့ အံတကြိတ်ကြိတ် မျက်စောင်း တခဲခဲ လုပ်နေတဲ့ အမျိုးသမီးမျိုး ဟုတ်သလား? မဟုတ်ဘူး။ ပြောင်ချော်ချော် ပြောင်စပ်စပ် ပြောင်ရွှတ်ရွှတ် မတော်တရော်တွေကို ပြောနေတဲ့ အမျိုးသမီးမျိုး ဟုတ်သလား? မဟုတ်ဘူး။</p> <p>အိမ်ရှင်ယောကျ်ားအပေါ်၌ နတ်သားကဲ့သို့ သဘောထားပြီး ရိုသေစွာ ကျင့်ဝတ်ပဋိပတ်နဲ့ ပြုစု လုပ်ကျွေးတယ်။ စိတ်နေသဘောထားကလေး အလွန် အဆင့် မမြင့်ဘူးလား? မြင့်နေတယ်။ ယောက္ခမအိမ် ရောက်တဲ့နေ့က စပြီး အိမ်ရှင်ယောက်ျားရဲ့ ကျင့်ဝတ်ပဋိပတ်နဲ့ ပတ်သက်ပြီး တစ်ခုမျှ မချို့ယွင်းစေရဘူး၊ အားလုံး ကျေကျေပွန်ပွန် ပြုပေးတယ်။ တစ်နေ့မှာ ဘာလုပ်လာသလဲ?</p> <h3>အလှူဒါနပွဲတစ်ခု</h3> <p><b>ဣစ္ဆာမဟံ အယျပုတ္တ အမှာကံ ကုလူပကတ္ထေရာနံ ဒါနံ ဒါတုံ။</b></p> <p><b>အယျပုတ္တ</b> = အရှင့်သား။ <b>အမှာကံ</b> = ကျွန်တော်မတို့ရဲ့။ <b>ကုလူပကတ္ထေရာနံ</b> = ကိုးကွယ် ဆည်းကပ်နေတဲ့ မထေရ်တို့အား။ <b>ဒါနံ</b> = အလှူဒါနကို။ <b>ဒါတုံ</b> = ပေးလှူခြင်းငှာ။ <b>အဟံ</b> = ကျွန်တော်မသည်။ <b>ဣစ္ဆာမိ</b> = အလိုရှိပါ၏။</p> <p>အရှင့်သား ... ကျွန်တော်မတို့ ကိုးကွယ် ဆည်းကပ်နေတဲ့ ဆရာ မထေရ်တွေကို အလှူဒါန ပြုဖို့ရာအတွက် အလိုရှိပါတယ် ဆုိပြီးတော့ အိမ်ရှင်ယောက်ျားထံ ရှေးဦးစွာ ခွင့်ပန်တယ်။ ခွင့်ပန်လိုက်တော့ --</p> <p><b>သာဓု ဘဒ္ဒေ ယထာဇ္ဈာသယေန ဒါနံ ဒေဟိ။</b></p> <p><b>ဘဒ္ဒေ</b> = ရှင်မ။ <b>သာဓု</b> = ကောင်းလှပေ၏။ <b>ယထာဇ္ဈာသယေန</b> = မိမိအလိုရှိတဲ့အတိုင်း။ <b>ဒါနံ</b> = အလှူဒါနကို။ <b>ဒေဟိ</b> = ပေးလှူပါ။</p> <p>သင်ဟာ အလှူဒါန ပြုလိုက အလိုရှိသလို ပေးလှူပါ ကောင်းပါတယ် ဆိုပြီးတော့ ခွင့်ပေးလိုက်တယ်။ ခွင့်ပေးလိုက်တော့ ဘာလုပ်သလဲ?</p> <p><b>သာ ထေရေ နိမန္တာပေတွာ မဟန္တံ သက္ကာရံ ကတွာ ပဏီတဘောဇနံ ဘောဇေတွာ ဧကမန္တံ နိသီဒိတွာ ဘန္တေ ဣမံ ကုလံ မိစ္ဆာဒိဋ္ဌိကံ အဿဒ္ဓံ တိဏ္ဏံ ရတနာနံ ဂုဏံ န ဇာနာတိ၊ သာဓု အယျာ ယာဝ ဣမံ ကုလံ တိဏ္ဏံ ရတနာနံ ဂုဏံ ဇာနာတိ၊ တာဝ ဣဓေဝ ဘိက္ခံ ဂဏှထာတိ အာဟ။ ထေရာ အဓိဝါသေတွာ တတ္ထ နိဗဒ္ဓံ ဘုဉ္ဇန္တိ။</b> (ဇာတက၊ဋ္ဌ၊၃၊၁၆၉။)</p> <p><b>သာ</b> = ထိုအမျိုးသမီးသည်။ <b>ထေရေ</b> = အရှင်သာရိပုတြာ အရှင်မဟာမောဂ္ဂလ္လာန် အမှူးရှိသော မထေရ်ကြီးတို့ကို။ <b>နိမန္တာပေတွာ</b> = ပင့်ဖိတ်၍။ <b>မဟန္တံ</b> = ကြီးစွာသော။ <b>သက္ကာရံ</b> = ပူဇော်သက္ကာရကို။ <b>ကတွာ</b> = ပြု၍။ <b>ပဏီတဘောဇနံ</b> = မြတ်သော ဘောဇဉ်ကို။ <b>ဘောဇေတွာ</b> = ဆက်ကပ် သုံးဆောင်စေပြီးလျှင်။ <b>ဧကမန္တံ</b> = အပြစ်ခြောက်ပါး လွတ်၍ သင့်တင့်လျောက်ပတ်သော တစ်ခုသော အရပ်၌။ <b>နိသီဒိသွာ</b> = ထိုင်ပြီးနောက်။</p> <p><b>ဘန္တေ</b> = အရှင်မြတ်တို့ဘုရား။ <b>ဣမံ ကုလံ</b> = ဤမိစ္ဆာဒိဋ္ဌိ အမျိုးအနွယ်သည်။ <b>အဿဒ္ဓံ</b> = ရတနာသုံးပါးတို့ အပေါ်၌ ယုံကြည်ခြင်း သဒ္ဓါတရားမရှိပါ။ <b>တိဏ္ဏံ ရတနာနံ</b> = ရတနာသုံးပါး၏။ <b>ဂုဏံ</b> = ဂုဏ်ကျေးဇူးကို။ <b>န ဇာနာတိ</b> = မသိရှိပါ။ <b>သာဓု</b> = တောင်းပန်ပါ၏။ <b>အယျာ</b> = အရှင်မြတ်တို့သည်။ <b>ဣမံ ကုလံ</b> = ဤအမျိုးအနွယ်ကို။ <b>တိဏ္ဏံ ရတနာနံ</b> = ရတနာသုံးပါးတို့၏။ <b>ဂုဏံ</b> = ဂုဏ်ကျေးဇူးကို။ <b>ယာဝ</b> = အကြင်မျှလောက်။ <b>ဇာနာတိ</b> = သိရှိ၏။ <b>တာဝ</b> = ထိုမျှလောက်သော ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို သိသည့်ကာလ တိုင်အောင်။ <b>ဣဓေဝ</b> = ဤအိမ်၌ပင်လျှင်။ <b>ဘိက္ခံ</b> = ဆွမ်းကို။ <b>ဂဏှထ</b> = အလှူခံကြပါဘုရား။ <b>ဣတိ</b> = ဤသို့။ <b>အာဟ</b> = လျှောက်ထားလေ၏။</p> <p>တစ်နေ့မှာ ဒီအမျိုးသမီးက အရှင်သာရိပုတြာ အရှင်မဟာမောဂ္ဂလ္လာန် အမှူးရှိတဲ့ မထေရ်ကြီးတွေကို ပင့်ဖိတ်တယ်။ မွန်မြတ်သော ဆွမ်း, ခဲဖွယ်, ဘောဇဉ်တွေဖြင့် ပြုစု လုပ်ကျွေးတယ်။ ဆွမ်းကျွေးခြင်းကိစ္စပြီးတဲ့ အခါမှာ သင့်တင့်လျောက်ပတ်သော တစ်နေရာမှာ ထိုင်ပြီး လျှောက်ထားတယ်။</p> <p>အရှင်မြတ်တို့ဘုရား ... ဒီမိစ္ဆာဒိဋ္ဌိ အမျိုးအနွယ်တွေက ယုံကြည်ချက် သဒ္ဓါတရား မရှိတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။ ရတနာသုံးတန် ကံ, ကံ၏အကျိုးတရား အပေါ်၌ ယုံကြည်ချက် သဒ္ဓါတရားမရှိတဲ့ အမျိုးအနွယ် ဖြစ်ကြပါတယ်။ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို မသိတတ်တဲ့ အမျိုးအနွယ် ဖြစ်ကြပါတယ်။ ဒါကြောင့် တပည့်တော်မ တောင်းပန်ပါတယ်။ ဒီအမျိုးအနွယ်သည် ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးတွေကို သိလာသည့်တိုင်အောင် ဤအိမ်မှာပင် ဆွမ်းကို အလှူခံတော်မူကြပါကုန်ဘုရားဆိုပြီးတော့ လျှောက်ထားတယ်။</p> <p>မထေရ်မြတ်ကြီးတို့ကလည်း လက်ခံတော်မူပြီးတော့ ထိုအိမ်မှာပဲ အမြဲတမ်း ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုတော်မူကြပါတယ်။ တစ်နေ့မှာ ဒီအမျိုးသမီးကလေးက ဘာလုပ်သလဲ?</p> <h3>သောတာပတ္တိဖိုလ်၌ တည်ကြပြီ</h3> <p><b>အယျပုတ္တ ထေရာ ဣဓ နိဗဒ္ဓံ အာဂစ္ဆန္တိ၊ ကိံ ကာရဏာ တုမှေ န ပဿထ။</b> (ဇာတက၊ဋ္ဌ၊၃၊၁၆၉။)</p> <p><b>အယျပုတ္တ</b> = အရှင်သား ...။ <b>ထေရာ</b> = မထေရ်မြတ်ကြီးတို့သည်။ <b>ဣဓ</b> = ဤအိမ်သို့။ <b>နိဗဒ္ဓံ</b> = နေ့စဉ်မပြတ်။ <b>အာဂစ္ဆန္တိ</b> = ကြွလာတော်မူကြကုန်၏။ <b>ကိံ ကာရဏာ</b> = အဘယ်အကြောင်းတရားကြောင့်။ <b>တုမှေ</b> = သင်တို့သည်။ <b>န ပဿထ</b> = မဖူးမြင်ကြကုန်သနည်း။</p> <p>အရှင့်သား ...မထေရ်မြတ်ကြီးတွေဟာ ဒီအိမ်ကို အမြဲတမ်း ကြွလာတော်မူကြပါတယ်။ ဘယ်လိုအကြောင်းကြောင့် အရှင့်သားက ဒီမထေရ်ကြီးတွေကို မဖူးမြော်ရပါသလဲလို့ မေးမြန်းတယ်။</p> <p><b>သာဓု၊ ပဿိဿာမိ။</b> (ဇာတက၊ဋ္ဌ၊၃၊၁၆၉။)</p> <p><b>သာဓု</b> = အေး ...ကောင်းပါပြီ။ <b>ပဿိဿာမိ</b> = ငါဖူးမြော်ပါမယ်။</p> <p>အိမ်ရှင်ယောကျ်ားကလည်း ကတိတစ်ခု ပေးပါတယ်။ နောက်တစ်နေ့ မထေရ်ကြီးတွေ ဆွမ်းစားခြင်းကိစ္စ ပြီးပြီ။ ဆွမ်းစားခြင်းကိစ္စ ပြီးတဲ့အကြောင်း ထိုအမျိုးကောင်းသားကလေးကို အမျိုးသမီးကလေးက သွားရောက် ပြောပြတယ်။ ပြောပြလိုက်တဲ့အခါမှာ ထိုအမျိုးကောင်းသားကလည်း မထေရ်ကြီးတွေထံ ချဉ်းကပ်လာပါတယ်။ အရှင်သာရိပုတြာ အရှင်မဟာမောဂ္ဂလ္လာန် မထေရ်ကြီးတို့နှင့်တကွ နှုတ်ခွန်းဆက်သခြင်းဆိုတဲ့ စကားတွေကို ပြောကြားကြပါတယ်။ ပြောကြားပြီးတော့ သင့်တင့်လျောက်ပတ်တဲ့ တစ်နေရာမှာ ထိုင်လိုက်ပါတယ်။ အဲဒီအခါမှာ အရှင်သာရိပုတြာ မထေရ်မြတ်ကြီးက ဒီ အမျိုးကောင်းသားကလေးကို တရားဟောပေးတော်မူပါတယ်။ ဟောတော်မူလိုက်တဲ့ အချိန်အခါမှာ ဘာဖြစ်လာသလဲ?၊</p> <p><b>သော ထေရဿ ဓမ္မကထာယ စ ဣရိယာပထေသု စ ပသီဒိတွာ တတော ပဋ္ဌာယ ထေရာနံ အာသနံ ပညပေတိ၊ ပါနီယံ ပရိဿာဝေတိ၊ အန္တရာဘတ္တေ ဓမ္မကထံ သုဏာတိ၊ တဿ အပရဘာဂေ မိစ္ဆာဒိဋ္ဌိ ဘိဇ္ဇိ။</b> (ဇာတက၊ဋ္ဌ၊၃၊၁၆၉။)</p> <p><b>သော</b> = ထိုအမျိုးကောင်းသားသည်။ <b>ထေရဿ</b> = အရှင်သာရိပုတြာ မထေရ်မြတ်၏။ <b>ဓမ္မကထာယ စ</b> = တရားစကားတော်၌လည်းကောင်း။ <b>ဣရိယာပထေသု စ</b> = ဣရိယာပုထ်တို့၌လည်းကောင်း။ <b>ပသီဒိတွာ</b> = ကြည်ညိုသည်ဖြစ်၍။ <b>တတော</b> = ထိုအချိန်အခါမှ။ <b>ပဋ္ဌာယ</b> = စ၍။ <b>ထေရာနံ</b> = မထေရ်မြတ်ကြီးတို့၏။ <b>အာသနံ</b> = နေရာကို။ <b>ပညပေတိ</b> = ခင်းကျင်း၍ပေး၏။ <b>ပါနီယံ</b> = သောက်ရေကို။ <b>ပရိဿာဝေတိ</b> = စစ်၍ပေး၏။ <b>အန္တရာဘတ္တေ</b> = ဆွမ်းစားခြင်း၏ စပ်ကြားကာလ၌။ တစ်နည်း -- <b>အန္တရာဘတ္တေ</b> = ဆွမ်းစားခြင်းကိစ္စ ပြီးဆုံးသောအခါ၌။ <b>ဓမ္မကထံ</b> = တရားစကားကို။ <b>သုဏာတိ</b> = နာကြား၏။ <b>တဿ</b> = ထိုအမျိုးကောင်းသား၏ သန္တာန်၌။ <b>အပရဘာဂေ</b> = နောက်ပိုင်းအဖို့၌။ <b>မိစ္ဆာဒိဋ္ဌိ</b> = မှားယွင်းသော မိစ္ဆာဒိဋ္ဌိအယူသည်။ <b>ဘိဇ္ဇိ</b> = ပြိုကွဲ၍ သွားခဲ့လေပြီ။</p> <p>အရှင်သာရိပုတြာ မထေရ်မြတ်ကြီး၏ တရားစကားတွေ နာကြားလိုက်ရတော့ ကြည်ညိုသွားတယ်။ အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီး အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီး အစရှိတဲ့ မထေရ်မြတ်ကြီးတို့ရဲ့ နေပုံထိုင်ပုံ ပြောပုံဆိုပုံ သွားပုံလာပုံဆိုတဲ့ ဣရိယာပုထ်တွေမှာလည်း ကြည်ညိုသွားတယ်။</p> <p>အဲဒီအချိန်မှ စတင်ပြီး မထေရ်သူမြတ်ကြီးတွေအတွက် နေရာတွေ ခင်းပေးတယ်၊ မထေရ်မြတ်ကြီးတို့ သုံးဆောင်ဖို့ရန်အတွက် ရေတွေကို စစ်ပြီး ကပ်လှူပေးတယ်၊ ဆွမ်းစားခြင်းကိစ္စ ပြီးတဲ့အခါမှာ သို့မဟုတ် ဆွမ်းရဲ့ စပ်ကြားကာလတွေမှာလည်း တရားတော်ကို နာကြားတယ်၊ နောက်ပိုင်းကာလမှာတော့ တဖြည်းဖြည်းနဲ့ မိစ္ဆာဒိဋ္ဌိအယူဝါဒတွေ ပြိုကွဲသွားတယ်။ တစ်နေ့မှာတော့ ဘာဖြစ်လာသလဲ?</p> <p><b>အထေကဒိဝသံ ထေရော ဒွိန္နမ္ပိ ဓမ္မကထံ ကထေန္တော သစ္စာနိ ပကာသေသိ။</b> (ဇာတက၊ဋ္ဌ၊၃၊၁၇၀။)</p> <p><b>ဧကဒိဝသံ</b> = တစ်နေ့သ၌။ <b>ထေရော</b> = အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီးသည်။ <b>ဒွိန္နမ္ပိ</b> = ဇနီးမောင်နှံ နှစ်ဦးတို့အားလည်း။ <b>ဓမ္မကထံ</b> = တရားစကားကို။ <b>ကထေန္တော</b> = ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သည်ရှိသော်။ <b>သစ္စာနိ</b> = သစ္စာလေးပါးတို့ကို။ <b>ပကာသေတိ</b> = ထင်ရှားပြတော်မူ၏။</p> <p>တစ်ချိန်ဆိုတာကတော့ သူတို့မှာလည်း တော်တော်ကလေး ဝိပဿနာဉာဏ်တွေက ရင့်ကျက်လာတဲ့ အချိန်လို့ ယူဆရပါတယ်။ ဇနီးမောင်နှံ နှစ်ဦးသားတို့ရဲ့ သန္တာန်၌ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါး ရင့်ကျက်လာတဲ့အချိန်ပဲ၊ အဲဒီ အချိန်အခါမှာ အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီးက တရားဟောတယ်။ သစ္စာလေးပါးကို ထင်ရှားပြတော်မူတယ်။ သစ္စာလေးပါးကဘာတွေလဲ? ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာ။</p> <p>ဒုက္ခသစ္စာဆိုတာက ခုနကပြောခဲ့တဲ့ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္စျတ္တ, ဗဟိဒ္ဓ စသည်ဖြင့် တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာငါးပါး = ရုပ်တရားနာမ်တရားတွေ ဖြစ်ကြတယ်။ သမုဒယသစ္စာ ဆိုတာက ထိုဒုက္ခသစ္စာတွေရဲ့ အကြောင်းရင်းဖြစ်တဲ့ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ အစရှိတဲ့ အကြောင်းတရားတွေ ဖြစ်ကြပါတယ်။ နိရောဓသစ္စာမှာ လောကီနိရောဓသစ္စာ ဆိုတာက အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံဆိုတဲ့ အကြောင်း သမုဒယသစ္စာတရားတွေက အရဟတ္တမဂ်ဉာဏ်ကြောင့် အကြွင်းအကျန်မရှိ နောက်ထပ်တစ်ဖန် ဘယ်တော့မှ မဖြစ်သော ချုပ်ခြင်းလို့ ခေါ်ဆိုတဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးခန္ဓာငါးပါး = ဒုက္ခသစ္စာတရားတို့ရဲ့ နောက်ထပ်တစ်ဖန် ဘယ်တော့မှ မဖြစ်သော ချုပ်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အကြွင်းအကျန်မရှိ ချုပ်ငြိမ်းမှု = အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းမှုသဘောဖြစ်တယ်။ လောကုတ္တရာ နိရောဓသစ္စာဆိုတာက အသင်္ခတ အငြိမ်းဓာတ် နိဗ္ဗာန် ဖြစ်ပါတယ်။ လောကီမဂ္ဂသစ္စာ ဆိုတာက ရှုနေတဲ့ ဝိပဿနာဉာဏ်နှင့်တကွသော သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ အစရှိတဲ့ မဂ္ဂင်တရားကိုယ်ရှစ်ပါး ဖြစ်တယ်။ လောကုတ္တရာ မဂ္ဂသစ္စာဆိုတာက အရိယမဂ်ဉာဏ်နှင့် ယှဉ်နေတဲ့ မဂ္ဂင်ရှစ်ပါး ဖြစ်ပါတယ်။</p> <p>အဲဒီ သစ္စာလေးပါးကို တစ်ဆင့်ထက်တစ်ဆင့် မြင့်သွားအောင် ထင်ရှားပြတော်မူတယ်။ ပြတော်မူတဲ့ အချိန်အခါ ဘာဖြစ်သွားကြသလဲ?</p> <p><b>သစ္စပရိယောသာနေ ဥဘောပိ ဇယမ္ပတိကာ သောတာပတ္တိဖလေ ပတိဋ္ဌဟိံသု။</b> (ဇာတက၊ဋ္ဌ၊၃၊၁၇၀။)</p> <p><b>သစ္စပရိယောသာနေ</b> = သစ္စာဒေသနာတော်နိဂုံး ပြီးဆုံးသော အချိန်အခါကာလ၌။ <b>ဥဘောပိ ဇယမ္ပတိကာ</b> = ဇနီးမောင်နှံ နှစ်ဦးသားတို့သည်လည်း။ <b>သောတာပတ္တိဖလေ</b> = သောတာပတ္တိဖိုလ်၌။ <b>ပတိဋ္ဌဟိံသု</b> = တည်ကြလေကုန်ပြီ။</p> <p>သစ္စာဒေသနာတော်နိဂုံး ပြီးဆုံးသွားတဲ့ အချိန်အခါမှာ ဇနီးမောင်နှံနှစ်ဦး ဘာဖြစ်သွားသလဲ? သောတာပတ္တိဖိုလ်၌ တည်သွားကြပြီ၊ ဘာကြောင့် သောတာပတ္တိဖိုလ်၌ တည်ကြရသလဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်တဲ့ အချိန်အခါမှာ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာလို့ ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါးနှင့် ဒီဇနီးမောင်နှံ နှစ်ဦးတို့မှာ မပြည့်စုံကြဘူးလား? ပြည့်စုံနေကြပြီ။ ပြည့်စုံနေကြခြင်းကြောင့် သောတာပတ္တိဖိုလ်၌ တည်ကြပြီ၊ တည်လိုက်တဲ့ အချိန်အခါ၌ ရှေ့ဆက်ပြီးတော့ ဘာတွေဖြစ်လာကြသလဲ?</p> <p>ဒီအချိန်ကစပြီး မိဘနှစ်ပါး အစထား၍ အောက်ထစ်ဆုံးအားဖြင့် ထိုအိမ်မှာ တည်ရှိနေတဲ့ ကျွန်ယောက်ျား ကျွန်မိန်းမ အစရှိတဲ့ ကျေးကျွန်တွေမှာလည်း မိစ္ဆာဒိဋ္ဌိအယူကို အားလုံး ဖျက်ဆီးပြီး ဘုရား-တရား-သံဃာဆိုတဲ့ ရတနာသုံးပါး၌ မြတ်နိုးမှုတွေ ထင်ရှား ဖြစ်ပေါ်လာကြပြီ်။ အဲဒီလို ထင်ရှား ဖြစ်ပေါ်လာတဲ့ အချိန်အခါမှာ သူတို့က ဒီလောက်နဲ့ ကျေနပ်နေကြသလား? ကျေနပ်မနေကြပါဘူး။ အဲဒီလောက်နဲ့ ကျေနပ်နေတာကို ဘုန်းကြီးလည်း မနှစ်ခြိုက်ပါဘူး၊ အဲဒါကြောင့် ဘုန်းကြီးကလည်း ဒီဇနီးမောင်နှံ နှစ်ဦးတို့ရဲ့ ထုံးကလေးကို ဟောနေခြင်းလည်း ဖြစ်ပါတယ်။ ဇနီးမောင်နှံ နှစ်ဦးသားတို့ တစ်နေ့ ဘာဖြစ်လာသလဲ?</p> <p><b>အထေကဒိဝသံ ဒါရိကာ သာမိကံ အာဟ။</b> (ဇာတက၊ဋ္ဌ၊၃၊၁၇၀။)</p> <p><b>ဧကဒိဝသံ</b> = တစ်နေ့သ၌။ <b>ဒါရိကာ</b> = အမျိုးသမီးငယ်က။ <b>သာမိကံ</b> = အိမ်ရှင်ယောက်ျားကို။ <b>အာဟ</b> = ပြောပြလေ၏။</p> <p>တစ်နေ့မှာ အမျိုးသမီးငယ်ကလေးက အိမ်ရှင်ယောက်ျားကို ခွင့်တောင်း သောအားဖြင့် ပြောကြားပြီ။</p> <p><b>အယျပုတ္တ ကိံ မေ ဃရာဝါသေန၊ ဣစ္ဆာမဟံ ပဗ္ဗဇိတုံ။</b> (ဇာတက၊ဋ္ဌ၊၃၊၁၇၀။)</p> <p><b>အယျပုတ္တ</b> = အရှင့်သား။ <b>မေ</b> = ကျွန်တော်မအား။ <b>ဃရာဝါသေန</b> = အိမ်ရာတည်ထောင် လူ့ဘောင်၌ နေထိုင်ရခြင်းဖြင့်။ <b>ကိံ</b> = အဘယ်အကျိုးရှိနိုင်ပါအံ့နည်း။ <b>အဟံ</b> = ကျွန်တော်မသည်။ <b>ပဗ္ဗဇိတုံ</b> = သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုခြင်းငှာ။ <b>ဣစ္ဆာမိ</b> = အလိုရှိပါ၏။</p> <p>အရှင့်သား ... ကျွန်တော်မအဖို့ အိမ်ရာတည်ထောင် လူ့ဘောင်မှာ နေထိုင်ခြင်းဖြင့် ဘာအကျိုးရှိမှာလဲ၊ ကျွန်တော်မသည် သာသနာတော်ဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုလိုပါတယ်။ ဒီလို စိတ်ထားတွေ ပေါ်လာတယ်။ မွန်မြတ်တဲ့ စိတ်ထားတွေလို့ မပြောနိုင်ဘူးလား? ပြောနိုင်ပါတယ်။ ယခုအချိန်မှာ ဒါယကာကြီးတွေကို အိမ်ရှင်မတွေက ဒီလို ပြောလာပြီဆိုလျှင် ဘယ်လိုနေကြမလဲ၊ ခွင့်ပြုနိုင်ပါ့မလား? ခွင့်ပြုနိုင်ရမယ်။ ဒီအိမ်ရှင်ယောက်ျားကတော့ မိစ္ဆာဒိဋ္ဌိဘဝမှ ရွေ့လျောပြီးတော့ သစ္စာလေးပါးကိုသိတဲ့ အရိယာ သူတော်ကောင်းဘဝသို့ ဆိုက်ရောက်လာတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ သစ္စာလေးပါးကို သိမြင်ထားတော့ သူက ဘာပြောသလဲ?</p> <p><b>သာဓု ဘဒ္ဒေ၊ အဟမ္ပိ ပဗ္ဗဇိဿာမိ။</b> (ဇာတက၊ဋ္ဌ၊၃၊၁၇၀။)</p> <p><b>ဘဒ္ဒေ</b> = အရှင်မ။ <b>သာဓု</b> = ကောင်းလှပါပေ၏။ <b>အဟမ္ပိ</b> = ငါသည်လည်းပဲ။ <b>ပဗ္ဗဇိဿာမိ</b> = သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုပေအံ့။</p> <p>မကောင်းဘူးလား? သိပ်ကောင်းတယ်။ နှစ်ယောက်လုံး ကောင်းသွားတယ်။ ငါလည်းပဲ သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်းပြုမယ်လို့ ဒီလို ပြန်ပြောကြားပြီး ---</p> <p><b>မဟန္တေန ပရိဝါရေန တံ ဘိက္ခုနုပဿယံ နေတွာ ပဗ္ဗာဇေတွာ သယမ္ပိ သတ္ထာရံ ဥပသင်္ကမိတွာ ပဗ္ဗဇ္ဇံ ယာစိ။</b> (ဇာတက၊ဋ္ဌ၊၃၊၁၇၀။)</p> <p><b>ဣတိ</b> = ဤသို့ ပြောကြားပြီး၍။ <b>မဟန္တေန ပရိဝါရေန</b> = ကြီးကျယ်စွာ သော အခြံအရံဖြင့်။ <b>တံ</b> = ထိုအမျိုးသမီးငယ်ကို။ <b>ဘိက္ခုနုပဿယံ</b> = ဘိက္ခူနီမကျောင်းတော်သို့။ <b>နေတွာ</b> = ဆောင်၍။ <b>ပဗ္ဗာဇေတွာ</b> = ရှင်ရဟန်းပြုစေ၍။ <b>သယမ္ပိ</b> = မိမိကိုယ်တိုင်ကလည်းပဲ။ <b>သတ္ထာရံ</b> = ဘုရားရှင်ထံသို့။ <b>ဥပသင်္ကမိတွာ</b> = ချဉ်းကပ်၍။ <b>ပဗ္ဗဇ္ဇံ</b> = ရှင်ရဟန်းအဖြစ်ကို။ <b>ယာစိ</b> = တောင်းပန် လျှောက်ထားခဲ့လေ၏။</p> <p>ကြီးစွာသောအခြံအရံဖြင့် ဒီအမျိုးသမီးငယ်ကလေးကို ဘိက္ခူနီမကျောင်းတိုက်သို့ ခေါ်ဆောင်ပြီးတော့ ရှင်ရဟန်းပြုစေတယ်၊ မိမိကိုယ်တိုင်လည်း ဘုရားရှင်ထံ ချဉ်းကပ်ပြီးတော့ ရှင်ရဟန်းအဖြစ်ကို တောင်းပန်တယ်။ တောင်းပန်လိုက်တဲ့ အချိန်အခါမှာ-</p> <p><b>တံ သတ္ထာ ပဗ္ဗာဇေသိ။</b> (ဇာတက၊ဋ္ဌ၊၃၊၁၇၀။)</p> <p><b>တံ</b> = ထိုသတို့သားငယ်ကို။ <b>သတ္ထာ</b> = လူနတ်တို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော ဘုရားရှင်သည်။ <b>ပဗ္ဗာဇေသိ</b> = ရဟန်းပြုခွင့်ပေးလေ၏။</p> <p>ဘုရားရှင်ကလည်း ဒီသတို့သားငယ်ကို ရှင်ရဟန်းပြုခွင့် ပေးလိုက်ပါတယ်။</p> <h3>အရဟတ္တဖိုလ်၌ တည်သွားကြပြီ</h3> <p><b>ဥဘောပိ ဝိပဿနံ ဝဍ္ဎေတွာ န စိရေဿဝ အရဟတ္တံ ပါပုဏိံသု။</b> (ဇာတက၊ဋ္ဌ၊၃၊၁၇၀။)</p> <p><b>ဥဘောပိ</b> = ဇနီးမောင်နှံ နှစ်ဦးသားတို့လည်း။ <b>ဝိပဿနံ</b> = ဝိပဿနာဉာဏ်ကို။ <b>ဝဍ္ဎေတွာ</b> = တိုးပွားအောင် ကြိုးစားအားထုတ်နိုင်ခဲ့ခြင်းကြောင့်။ <b>န စိရေဿဝ</b> = မကြာမီ အချိန်ကာလအတွင်းမှာပင်လျှင်။ <b>အရဟတ္တံ</b> = အရဟတ္တဖိုလ်သို့။ <b>ပါပုဏိံသု</b> = ဆိုက်ရောက်တော်မူကြလေကုန်ပြီ။</p> <p>ဇနီးမောင်နှံ နှစ်ဦးသားတို့ ဝိပဿနာဉာဏ်တွေကို တိုးပွားအောင် ရင့်ကျက်အောင် ကြိုးစား အားထုတ်နိုင်တဲ့အတွက် မကြာမီ အချိန်ကာလ အတွင်းမှာ အရဟတ္တဖိုလ် တည်သွားကြပြီ၊ မကောင်းဘူးလား? သိပ်ကောင်းသွားတယ်။ တဏှာရာဂတည်းဟူသော သံယောဇဉ် အနှောင်အဖွဲ့တွေဖြင့် အိမ်ရာတည်ထောင် လူ့ဘောင်မှာ နေထိုင်ခြင်းကို ပယ်စွန့်ပြီး ဒီလို သာသနာဘောင်သို့ ဝင်ရောက်ကာ ကြိုးစားအားထုတ်နိုင်မှုကြောင့် အရဟတ္တမဂ် အရဟတ္တဖိုလ် ဆိုက်သွားတဲ့အတွက် အို-နာ-သေရေး ဒုက္ခဘေးတို့မှ ကွင်းလုံးကျွတ် လွတ်မသွားကြဘူးလား? လွတ်သွားကြပြီ၊ လွတ်သွားကြတော့ ဘာဖြစ်လာသလဲ? တစ်ချိန် ရဟန်းတော်တွေက ဓမ္မသဘင်မှာ စုစည်းမိတဲ့ အချိန်အခါမှာ -</p> <p><b>အထေကဒိဝသံ ဘိက္ခူ ဓမ္မသဘာယံ ကထံ သမုဋ္ဌာပေသုံ အာဝုသော အသုကာ နာမ ဒဟရဘိက္ခုနီ အတ္တနော စေဝ ပစ္စယာ ဇာတာ သာမိကဿ စ၊ အတ္တနာပိ ပဗ္ဗဇိတွာ အရဟတ္တံ ပတွာ တမ္ပိ ပါပေသီတိ။</b> (ဇာတက၊ဋ္ဌ၊၃၊၁၇၀။)</p> <p>ငါ့ရှင်တို့ ... ဒီအမည်ရှိတဲ့ ဘိက္ခူနီမလေးဟာ မိမိကိုယ်တိုင်ရဲ့ အကြောင်းတရားသာ ဖြစ်သည် မဟုတ်ဘူး၊ အိမ်ရှင်ယောက်ျျားရဲ့ အကြောင်း တရားလည်း ဖြစ်နေတယ်။ ဘာအကြောင်းတရားလဲ? မိမိကိုယ်တိုင် သာသနာဘောင် ဝင်ရောက်၍ ရှင်ရဟန်းပြုပြီး အရဟတ္တဖိုလ်ရောက်သည် မဟုတ်ဘူး။ ထိုအိမ်ရှင်ယောက်ျားကိုလည်း သာသနာဘောင် ဝင်ရောက်ကာ ရှင်ရဟန်းပြုစေပြီးတော့ အရဟတ္တဖိုလ်ကို ရောက်အောင် ရွက်ဆောင်ပေးနိုင်တယ် စသည်ဖြင့် ဒီစကားတွေ ပြောကြတယ်။ ပြောလိုက်တဲ့ အချိန်အခါမှာ ဘုရားရှင်က ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဇာတ်လမ်းကလေးတစ်ခုကို ဆက်ပြီး ဟောကြားပေးတော်မူပါတယ်။</p> <hr> <h3>ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဇာတ်လမ်း</h3> <p><b>န ဘိက္ခဝေ ဣဒါနေဝ တာဝ ဧသာ သာမိကံ ရာဂပါသာ မောစေသိ၊ ပုဗ္ဗေပေသာ ပေါရာဏကပဏ္ဍိတေ ပန မရဏပါသာ မောစေသီတိ ဝတွာ အတီတံ အာဟရိ။</b> (ဇာတက၊ဋ္ဌ၊၃၊၁၇၀။)</p> <p><b>ဘိက္ခဝေ</b> = ချစ်သားရဟန်းတို့။ <b>ဣဒါနေဝ</b> = ဤယခုအခါ၌ပင်လျှင်။ <b>ဧသာ</b> = ဤအမျိုးသမီးသည်။ <b>သာမိကံ</b> = အိမ်ရှင်ယောက်ျားကို။ <b>ရာဂပါသာ</b> = ရာဂကျော့ကွင်းမှ။ <b>န မောစေသိ</b> = လွတ်မြောက်စေခဲ့သည် မဟုတ်သေး။ <b>ပုဗ္ဗေပိ</b> = ရှေးယခင် ဘဝတုန်းကလည်းပဲ။ <b>ဧသာ</b> = ဤအမျိုးကောင်းသမီးသည်။ <b>ပေါရာဏကပဏ္ဍိတေ</b> = ရှေးပညာရှိ သူတော်ကောင်းတို့ကို။ <b>မရဏပါသာ</b> = သေမင်းကျော့ကွင်းမှ။ <b>မောစေသိ</b> = လွတ်မြောက်စေခဲ့ဖူးလေပြီ။ <b>ဣတိ</b> = ဤသို့။ <b>ဝတွာ</b> = မိန့်ကြားတော်မူပြီးနောက်။ <b>အတီတံ</b> = ရှေးဖြစ်ဟောင်း အတိတ်ဇာတ်ကြောင်းကို။ <b>အာဟရိ</b> = ဆောင်ယူ၍ ဟောကြားပြသတော်မူခဲ့လေပြီ။</p> <p>ချစ်သားရဟန်းတို့ ...ယခုဘဝမှာသာလျှင် ဒီအမျိုးကောင်းသမီးသည် အိမ်ရှင်ယောက်ျားကို ရာဂကျော့ကွင်းမှ လွတ်မြောက်စေသည် မဟုတ်ဘူး၊ ရှေးယခင် ဘဝတွေကလည်း ဒီအမျိုးကောင်းသမီးလေးဟာ ရှေးပညာရှိ သူတော်ကောင်းတို့ကို သေမင်းတည်းဟူသော ကျော့ကွင်းမှ လွတ်မြောက်စေခဲ့ဖူးပါတယ် ဆိုပြီးတော့ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းပြီး ဟောကြားတော်မူပါတယ်။</p> <p>ဒီနေရာမှာ ဘုန်းကြီး ပြောချင်တာကတော့ ဒီအမျိုးကောင်းသားကလေးနှင့် အမျိုးကောင်းသမီးတို့ အရဟတ္တဖိုလ် တည်ရခြင်းသည် ဘုန်းကြီးတို့ သာဝကပါရမီဉာဏ်အရာမှာ ဘာရှိသလဲ? <b>အဓိကာရော စ ဆန္ဒတာ</b> ဆိုပြီးတော့ အကြောင်းအင်္ဂါ နှစ်ချက် စုံစုံညီညီ ရှိရမယ်ဆိုတာ အပဒါနအဋ္ဌကထာ (အပဒါန၊ဋ္ဌ၊၁၊၁၅၈။)များမှာ လာရှိပါတယ်။ <b>အဓိကာရ</b>ဆိုတာက နိဗ္ဗာန်ကို ရည်ရွယ်တောင့်တပြီး ပြုစုပျိုးထောင်ခဲ့တဲ့ ဝိဇ္ဇာမျိုးစေ့ကောင်း စရဏမျိုးစေ့ကောင်းတွေ ဖြစ်ကြပါတယ်။ <b>ဆန္ဒတာ</b>ဆိုတာကတော့ အရဟတ္တဖိုလ်ကို လိုလားတောင့်တနေတဲ့ ဆန္ဒဓာတ်တွေက အလွန် ပြင်းပြင်းထန်ထန် ရှိရမှာ ဖြစ်ပါတယ်။</p> <p>နိဗ္ဗာန်ကို ရည်ရွယ်တောင့်တပြီး ပြုစုပျိုးထောင်ခဲ့တဲ့ အဓိကာရ ကောင်းမှု ကုသိုလ်ဆိုတာက ဒီနေ့ဟောတဲ့ တရားအရ ပြောခဲ့လျှင် သဒ္ဓါ-သီလ-သုတ-စာဂ-ပညာလို့ ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါးပဲ ဖြစ်ပါတယ်။ ရှေးရှေး ဘဝတွေကတည်းက အရဟတ္တဖိုလ်ရကြောင်းဖြစ်တဲ့ ဒီ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာလို့ ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းဥစ္စာတွေကို ဆည်းပူး ရှာဖွေခဲ့တဲ့ သူတော်ကောင်းတွေ ဖြစ်ကြတယ်။ ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာကတည်းက ဒီ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာ ခေါ်တဲ့ သူတော်ကောင်းဥစ္စာတွေကို ဆည်းပူး ရှာဖွေခဲ့ခြင်းတည်းဟူသော အဓိကာရကောင်းမှုကုသိုလ်တွေက ဒီဘဝမှာ အရဟတ္တဖိုလ်ရအောင် အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနေကြပါတယ်။</p> <hr> <h3>မေးမြန်းသင့်သော မေးခွန်းတစ်ခု</h3> <p>ဒီဇနီးမောင်နှံ နှစ်ဦးတို့ဟာ ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာကတည်းက သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ သူတော်ကောင်း ဥစ္စာတွေနှင့် ပြည့်စုံခဲ့ရိုးမှန်လျှင် ဒီအမျိုးသမီးကလေးဟာ အဘယ်ကြောင့် တိရစ္ဆာန်ဘုံဘဝဝယ် သမင်မျိုး၌ သွားဖြစ်နေရပါသလဲဟု မေးရန် ရှိလာပြန်တယ်။ ဘာဖြစ်လို့လဲ? ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် သမ္မောဟဝိနောဒနီ အဋ္ဌကထာတို့မှာ အပါယ်မရောက်နိုင်ဘူးဆိုတဲ့ အဖွင့်တွေ လာရှိနေပါတယ်။ ဒီအဖွင့်တွေက ဘယ်လိုသဘောလဲ? ရှေးဦးစွာ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာအဖွင့်ကို ပြောကြရအောင် ---</p> <p><b>ဣမိနာ ပန ဉာဏေန သမန္နာဂတော ဝိပဿကော ဗုဒ္ဓသာသနေ လဒ္ဓဿာသော လဒ္ဓပတိဋ္ဌော နိယတဂတိကော စူဠသောတာပန္နော နာမ ဟောတိ။</b> (ဝိသုဒ္ဓိ၊၂၊၂၄၀။)</p> <p>ဒီအဋ္ဌကထာရဲ့ ဆိုလိုရင်းကို ပြောကြရအောင် --- သူတော်ကောင်းဥစ္စာ ငါးပါးထဲမှာ သုတဆိုတဲ့ အကြား+အမြင် = ဗဟုဿုတများပြားခြင်းဆိုတဲ့ အင်္ဂါရပ်တစ်ခုလည်း ပါဝင်နေပါတယ်။ ရှေးပိုင်းက ပြောခဲ့ပြီးပါပြီ ---</p> <p>၁။ ရုပ်+နာမ်ကို ဟုတ်တိုင်းမှန်စွာ ပရမတ်သို့ ဆိုက်အောင် ထိုးထွင်းသိတဲ့ <b>နာမရူပပရိစ္ဆေဒဉာဏ်</b> --</p> <p>၂။ ယင်းရုပ်+နာမ်တို့ရဲ့ အကြောင်းတရားတွေကို ဟုတ်တိုင်းမှန်စွာသိတဲ့ သို့မဟုတ် ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို ဟုတ်တိုင်းမှန်စွာသိတဲ့ <b>ပစ္စယပရိဂ္ဂဟဉာဏ်</b> --</p> <p>ဒီဉာဏ်အမြင်နှစ်မျိုးနှင့် ပြည့်စုံလျှင် ဗဟုဿုတအင်္ဂါနှင့် ပြည့်စုံပြီ ဖြစ်ကြောင်းကို ရှေးပိုင်းက ရှင်းပြခဲ့ပြီးပြီ၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကလည်း --</p> <p>ဒီဉာဏ်အမြင်နှစ်မျိုးနှင့် ပြည့်စုံနေတဲ့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ ယောဂါဝစရပုဂ္ဂိုလ်ဟာ ဗုဒ္ဓမြတ်စွာသာသနာတော်မှာ သက်သာရာကို ရရှိသွားပြီ၊ ထောက်ရာ တည်ရာကို ရရှိသွားပြီ၊ ကောင်းရာသုဂတိဆိုတဲ့ လားရာဂတိ မြဲပြီ၊ <b>စူဠသောတာပန်</b> = သောတာပန်ညီထွေးဖြစ်ပြီ --- ဆိုပြီးတော့ ဖွင့်ဆိုထားတယ်။ (ဝိသုဒ္ဓိ၊၂၊၂၄၀။)</p> <p>တစ်ဖန် သမ္မောဟဝိနောဒနီ အဋ္ဌကထာကြီးကလည်း ---</p> <p><b>ဧဝံ သင်္ခါရေ သလ္လက္ခေတွာ ဌိတဿ ပန ဘိက္ခုဿ ဒသဗလဿ သာသနေ မူလံ ဩတိဏ္ဏံ နာမ ဟောတိ၊ ပတိဋ္ဌာ လဒ္ဓါ နာမ၊ စူဠသောတာပန္နော နာမ ဟောတိ နိယတဂတိကော။</b> (အဘိ၊ဋ္ဌ၊၂၊၂၄၂။)</p> <p>ဒီလို အကြောင်းတရားနှင့်တကွသော ရုပ်+နာမ် = ဓမ္မ = သင်္ခါရတရားတွေကို ကောင်းစွာ ပိုင်းခြား မှတ်သားလျက် တည်နေတဲ့ ယောဂါဝစရ ရဟန်းတော်ဟာ ကိုယ်တော်အား ဆယ်ပါး, ဉာဏ်တော်အား ဆယ်ပါးနှင့် ပြည့်စုံတော်မူတဲ့ ဘုရားရှင်ရဲ့ သာသနာတော်မှ မခွဲနိုင်လောက်အောင် အမြစ်တွယ်သွားပြီ၊ ထောက်ရာ တည်ရာကို ရရှိသွားပြီ၊ စူဠသောတာပန် ဖြစ်ပြီ၊ လားရာဂတိ မြဲပြီ။ (အဘိ၊ဋ္ဌ၊၂၊၂၄၂။)</p> <p>ဒီလို ဖွင့်ဆိုထားပြန်တယ်။ ဒါကြောင့် သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာ ငါးပါးနှင့် ပြည့်စုံနေတဲ့ သူတွေဟာ တိရစ္ဆာန်ဘဝသို့ မရောက်နိုင်တော့ဘူး၊ တိရစ္ဆာန် မဖြစ်နိုင်တော့ဘူး မဟုတ်လားလို့ ဒီလိုတော့ မေးစရာရှိပါတယ်။</p> <p>ဘုန်းကြီးအနေနဲ့ စဉ်းစားမိတဲ့ အချက်နှစ်ချက်တော့ ရှိပါတယ်။ ပထမအချက်ကတော့ သူတော်ကောင်းဥစ္စာ ငါးပါးထဲက ဗဟုဿုတအင်္ဂါရပ်နှင့် ပြည့်စုံခြင်း, ဝိပဿနာပညာနှင့် ပြည့်စုံခြင်းဆိုတဲ့ ဒီအင်္ဂါရပ် နှစ်ခုကတော့ ဒီအမျိုးသမီးကလေး သမင်ဘဝ ရောက်ရှိပြီးမှ နောက်နောက် ဘဝများစွာထဲက တစ်ခုခုသော ဘဝမှာ ဘုရားရှင်တို့ရဲ့ သာသနာတော်နှင့် ကြုံခိုက်မှာ ဒီ သူတော်ကောင်းဥစ္စာ ငါးပါးလုံးနှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်ခဲ့တယ်။ သမင်ဘဝသို့ မရောက်ခင်က ပြည့်ပြည့်စုံစုံ အားမထုတ်ရသေးဘူးလို့တော့ ဆိုစရာ ရှိပါတယ်။ ဒါကတော့ ယူဆချက်တစ်ခုပေါ့။</p> <p>နောက်တစ်ချက်ကတော့ ဒီအမျိုးသမီးကလေးဟာ သမင်မကလေးဘဝသို့ မရောက်ခင်မှာ သာဝကတို့ သိသင့်သိထိုက်တဲ့ ရုပ်နာမ် ပရမတ် တရားတွေကို သာဝကပါရမီနှင့် လျော်ညီစွာ ပြည့်ပြည့်စုံစုံ သိခဲ့သေးဟန် မတူဘူးလို့လည်း ယူဆရပါတယ်။ ဥပမာ -- ဓာတ်ကြီးလေးပါးလောက်သာ ရှုခဲ့ဖူးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ရုပ်တရားလောက်ကိုသာ ရှုခဲ့ဖူးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ နာမ်တရားတွေကိုလည်း အနည်းအကျဉ်းလောက် တစ်ချို့တစ်ဝက်လောက် တစ်လုံးစ နှစ်လုံးစလောက်သာ သိခဲ့ဖူးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ပဋိစ္စသမုပ္ပါဒ်ကို မရှုခဲ့ဖူးသေးတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။</p> <p>အကယ်၍ သာဝကတစ်ဦးဟာ ဓာတ်ကြီးလေးပါးလောက်ကိုသာ ရှေးရှေးဘဝတွေက ရှုခဲ့ဖူးတယ်ဆိုလျှင်လည်း ဒီဘဝမှာ မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်လောက်အောင် အားပေးထောက်ပံ့နိုင်တဲ့ ပါရမီမျိုးစေ့ ဖြစ်နိုင်တယ်လို့ လယ်တီဆရာတော်ဘုရားက မိမိရဲ့ ပါရမီဒီပနီမှာ ဆုံးဖြတ်ထားတော်မူပါတယ်။</p> <p>ဘယ်လိုပင် ဖြစ်ချင်ဖြစ်ပါစေ၊ ဒီအမျိုးသမီးကလေးဟာ သမင်မကလေး ဖြစ်ပြီးတဲ့ နောက်ပိုင်းကာလဝယ် ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာ ရတနာတွေကို ရရှိအောင် ပါရမီမျိုးစေ့တွေကို ထူထောင်ခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲ?</p> <p><b>တသ္မာ ပစ္စေကဗုဒ္ဓဗုဒ္ဓသာဝကာနံ သဗ္ဗေသံ ပတ္ထနာ စ အဘိနီဟာရော စ ဣစ္ဆိတဗ္ဗော။</b> (အပဒါန၊ဋ္ဌ၊၁၊၁၅၅။)</p> <p>ပစ္စေကဗုဒ္ဓဘုရားရှင်နှင့် ဗုဒ္ဓသာဝက (= ဘုရားရှင်ရဲ့ တပည့်သာဝက) အားလုံးတို့မှာ ---</p> <p>၁။ မိမိ လိုလားတောင့်တတဲ့ ဗောဓိဉာဏ်ကို ဆုတောင်း ပန်ထွာမှု <b>ပတ္ထနာ</b>,</p> <p>၂။ မိမိ လိုလားတောင့်တတဲ့ ဗောဓိဉာဏ်သို့ ရောက်အောင် ရှေးရှု သယ်ဆောင်ပေးမည့် <b>အဘိနီဟာရ</b>ခေါ်တဲ့ ပါရမီတရားအပေါင်း --</p> <p>ဒီပတ္ထနာနှင့် အဘိနီဟာရ နှစ်မျိုးကတော့ မရှိမဖြစ် အလိုရှိအပ်တဲ့ တရားနှစ်မျိုး ဖြစ်ကြပါတယ်။ နောက်ထပ် အဋ္ဌကထာက ထပ်ဖွင့်ထားသေးတယ် ---</p> <p><b>ဣမေသံ ပန သဗ္ဗေသမ္ပိ အဓိကာရော စ ဆန္ဒတာတိ ဒွင်္ဂသမန္နာဂတောယေဝ အဘိနီဟာရော ဟောတိ။</b> (အပဒါန၊ဋ္ဌ၊၁၊၁၅၈။)</p> <p>ဒီဘုရားရှင်ရဲ့ တပည့်သာဝကအားလုံးတို့ဟာ ---</p> <p>၁။ <b>အဓိကာရ</b> ကောင်းမှုကုသိုလ်ရှိခြင်း,</p> <p>၂။ မိမိ မျှော်မှန်းထားသည့် ဗောဓိဉာဏ်ကို လိုလား တောင့်တတဲ့ <b>ဆန္ဒဓာတ်</b>ရှိခြင်းဆိုတဲ့ --</p> <p>ဒီအင်္ဂါနှစ်ပါးနှင့် ပြည့်စုံပါမှသာ မိမိလိုလားတောင့်တနေတဲ့ ဗောဓိဉာဏ်သို့ ရောက်အောင် ရှေးရှု သယ်ဆောင်ပေးနိုင်တဲ့ အဘိနီဟာရတရားဖြစ်တယ်လို့ ဒီလိုလည်း ဖွင့်ဆိုထားပါတယ်။</p> <p>အဓိကာရကောင်းမှုကုသိုလ်ဆိုတာကတော့ ခုဟောနေတဲ့ သင်္ခါရုပပတ္တိသုတ္တန်နည်းအရ ပြောရလျှင်တော့ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာ ငါးပါးတို့ပဲ ဖြစ်ကြပါတယ်။ ဒီအဓိကာရကောင်းမှု ကုသိုလ်တွေက ဒီအမျိုးသမီးကလေးရဲ့ နောက်ဆုံးဘဝဖြစ်တဲ့ ဘုရားရှင်ရဲ့ သာသနာတော်တွင်း ဘိက္ခုနီမကလေးဘဝမှာ အရဟတ္တဖိုလ်ကို မျက်မှောက် ပြုနိုင်လောက်အောင် အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူး ပြုပေးနေကြပါတယ်။</p> <p>ဒီလို ကျေးဇူးပြုပေးလိုက်တဲ့ အခါမှာ ရှေးရှေးဘဝတွေက ပြုစု ပျိုးထောင်ခဲ့တဲ့ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာတွေထဲမှာ ဘုရားရှင် ဟောထားတဲ့ သေမင်းကျော့ကွင်းမှ လွတ်မြောက်စေခြင်းဆိုတဲ့ ကောင်းမှုကုသိုလ်တစ်ခု ပါနေတယ်။ ဒီကောင်းမှုကုသိုလ်က သံဃာများကို အခြေခံပြီး ဘုရားရှင် ဟောကြားတော်မူခဲ့သော်လည်း ဝတ္ထုဇာတ်ကြောင်းကို ပြန်ပြောင်းပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ ကိုယ်ကျင့်သီလ ဖြူစင်မှုအပေါ်၌ ရပ်တည်နေပြီးမှ အသက်ကို စွန့်လွှတ် လှူဒါန်းခြင်းဆိုတဲ့ စာဂတရားကို ဘုရားရှင်က ဦးစားပေးပြီး ဟောနေခြင်း ဖြစ်ပါတယ်။ ဘယ်လို ဟောကြားတော်မူသလဲ?</p> <p>တစ်ချိန် ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း ထီးဖြူအုပ်ချုပ် မင်းလုပ်တဲ့ အချိန်အခါမှာ ဘုရားအလောင်းတော်က သမင်မျိုးမှာ သွားပြီးတော့ သမင်ကလေး ဖြစ်ပါတယ်။ ဘုရားအလောင်း သမင်ကလေး အရွယ်ရောက်တဲ့ အချိန်အခါမှာ အလွန် အဆင်းလှတယ်၊ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်နိုင်တယ်၊ ဘယ်လိုပဲကြည့်ကြည့် ကြည့်လို့ သိပ်ကောင်းတယ်၊ ရွှေအဆင်းလို ဝါဝင်းနေတယ်၊ ချိတ်ရည်နှင့် ပြုပြင်ထားအပ်သကဲ့သို့သော ခြေလက်တွေနဲ့ ပြည့်စုံနေတယ်။ ခြေသည်းနီ လက်သည်းနီဆိုးဖို့ လိုသေးသလား? မလိုပါဘူး။ သူပြုစု ပျိုးထောင်ခဲ့တဲ့ အတိတ်ဘဝကံတွေက အသင့် ဖန်တီးပေးထားတယ်။</p> <p>နောက်တစ်ခု သူ့ရဲ့ ဦးချိုတွေကို ကြည့်လိုက်မယ်ဆိုလျှင် ငွေပန်းခိုင်ကဲ့သို့ အလွန် တင့်တယ်နေတဲ့ ဦးချိုတွေ ဖြစ်ကြတယ်။ မျက်လုံးအစုံကို ကြည့်လိုက်မယ် ဆိုလျှင်လည်း ပတ္တမြားလုံးကဲ့သို့ အလွန်လှပ တင့်တယ်နေတဲ့ မျက်လုံးတွေ ဖြစ်ကြတယ်။ မျက်နှာအဆင်းကို ကြည့်လိုက်မယ်ဆိုလျှင်လည်း ကမ္ဗလာနီအဆင်းကဲ့သို့ အလွန် တင့်တယ်နေတဲ့ မျက်နှာ ရှိနေတယ်၊</p> <p>အဲဒီ ဘုရားအလောင်း သမင်မင်းမှာ ကြင်ရာ သမင်မကလေးလည်း ရှိသေးတယ်။ အဲဒီ ကြင်ရာ သမင်မကလေးကလည်း အလွန် အဆင်းလှပါတယ်။ ကြည့်ရှုဖွယ်ကောင်းတဲ့ ရုပ်အဆင်းနဲ့ ပြည့်စုံတဲ့ သမင်မကလေး ဖြစ်ပါတယ်။ သမင်အပေါင်းခြံရံပြီး ညီညီညွတ်ညွတ်နဲ့ ပေါင်းစုကာ လှည့်လည် ကျက်စား နေထိုင်ကြပါတယ်။ အလောင်းတော် သမင်ကြီးဟာ သမင်ပေါင်း ရှစ်သောင်းတို့ရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။ ရှစ်သောင်းသော သမင်တွေက ဒီဘုရားအလောင်း သမင်မင်းကြီးကို လာပြီးတော့ ဆည်းကပ် ခစားကြပါတယ်။</p> <p>ဒီလို သမင်အပေါင်း ခြံရံလျက် လှည့်လည် ကျက်စားပြီး နေတဲ့ အချိန်အခါ တစ်နေ့မှာ ကျော့ကွင်းမှာ ခြေထောက်ဖျားနဲ့ သွားပြီး ငြိနေတယ်။ ကျော့ကွင်းမှာ စွပ်မိရက်သား ဖြစ်နေတဲ့ အချိန်အခါ ဘုရားအလောင်းကလည်း ဒီကျော့ကွင်းကို ဖြတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အားကုန် ရုန်းပါတယ်။ ရုန်းလိုက်တဲ့ အချိန်အခါမှာ အရေတွေ ပြတ်ကုန်တယ်၊ တစ်ဆင့်တက်ပြီး ရုန်းလိုက်တော့ အသားတွေ ပြတ်ကုန်တယ်၊ တစ်ဆင့်တက်ပြီး ရုန်းလိုက်တဲ့ အချိန်အခါမှာ အကြောတွေ ပြတ်သွားတယ်၊ အကြောတွေ ပြတ်သွားသည့်တိုင်အောင် ဒီကျော့ကွင်းကလည်း အလွန် ခိုင်ခံ့နေတော့ အရိုးခိုက်ပြီး တည်နေတော့တယ်။</p> <p>ထိုအချိန်အခါမှာ ဘုရားအလောင်း သမင်ကြီးလည်း ဒီကျော့ကွင်းကို ဖြတ်တောက်နိုင်တဲ့ စွမ်းအား မရှိတော့တဲ့အတွက် သေဘေးဖြင့် ခြိမ်းခြောက်လာတော့ ပြင်းထန်စွာ အော်မြည်ခြင်းကို ပြုလိုက်တယ်။ ဒီဘုရားအလောင်း သမင်ကြီးရဲ့ အော်သံကို ကြားလိုက်တဲ့ အချိန်အခါမှာ သမင်အပေါင်းလည်း အကုန်လုံး ထွက်ပြေးကြတယ်။ သို့သော် သစ္စာရှိနေတဲ့ ကြင်ရာ သမင်မကလေးက ဘာဖြစ်သလဲ? ထွက်ပြေးပြီးတဲ့ အချိန်အခါမှာ သမင်တွေ အကြားမှာ ဘုရားအလောင်း သမင်ကြီးကို လိုက်လံရှာဖွေသော်လည်း မတွေ့ဖြစ်နေတယ်။</p> <hr> <h3>အသက်တစ်ချောင်းကိုပင် စွန့်လွှတ်ရဲသူ</h3> <p><b>ဣဒံ ဘယံ မယှံ ပိယသာမိကဿ ဥပ္ပန္နံ ဘဝိဿတိ။</b> (ဇာတက၊ဋ္ဌ၊၃၊၁၇၀။)</p> <p><b>ဣဒံ ဘယံ</b> = ဤဘေးဒုက္ခသည်ကား။ <b>မယှံ</b> = ငါ၏။ <b>ပိယသာမိကဿ</b> = ချစ်ခင်မြတ်နိုးအပ်တဲ့ အရှင် သမင်ဖိုကြီး၏ သန္တာန်၌။ <b>ဥပ္ပန္နံ</b> = ဖြစ်ပေါ်နေတဲ့ ဘေးဒုက္ခသည်။ <b>ဘဝိဿတိ</b> = ဖြစ်ပေလိမ့်မယ်။</p> <p>ဒီဘေးဒုက္ခကတော့ ဧကန္တအားဖြင့် ငါချစ်မြတ်နိုးအပ်တဲ့ ငါရဲ့ အရှင် သမင်ဖိုကြီးရဲ့ သန္တာန်၌ ဖြစ်ပေါ်နေတဲ့ ဘေးဒုက္ခ ဖြစ်ပေလိမ့်မယ်၊ ဒီလို နှလုံးပိုက်ပြီးတော့ ခပ်မြန်မြန် ဒီအသံမြည်နေတဲ့ သမင်ကြီးထံကို ပြေးလာတယ်။ ပြေးလာပြီးတော့ --</p> <p><b>အဿုမုခီ ရောဒမာနာ၊</b></p> <p><b>အဿုမုခီ</b> = မျက်ရည်ကျသော မျက်နှာရှိသည်။ <b>ရောဒမာနာ</b> = ငိုကြွေးလျက် --</p> <p><b>သာမိ တွံ မဟဗ္ဗလော၊ ကိံ ဧတံ ပါသံ သန္ဓာရေတုံ န သက္ခိဿသိ၊ ဝေဂံ ဇနေတွာ ဆိန္ဒာဟိ နံ။</b> (ဇာတက၊ဋ္ဌ၊၃၊၁၇၁။)</p> <p><b>သာမိ</b> = အရှင်။ <b>တွံ</b> = သင်သည်။ <b>မဟဗ္ဗလာ</b> = ကြီးမားသော အားရှိသော ပုဂ္ဂိုလ်သည်။ <b>ဟောတိ</b> = ဖြစ်ပါပေ၏။ <b>ကိံ</b> = အဘယ် အကြောင်းကြောင့်။ <b>ဧတံ ပါသံ</b> = ထိုကျော့ကွင်းကို။ <b>သန္ဓာရေတုံ</b> = ကောင်းစွာ ဆောင်ယူအံ့သောငှာ။ (ဝါ) <b>သန္ဓာရေတုံ</b> = လွတ်မြောက်စေအံ့သောငှာ။ <b>န သက္ခိဿသိ</b> = မစွမ်းနိုင်ပါအံ့နည်း။ <b>ဝေဂံ</b> = လျင်မြန်တဲ့ အဟုန်ကို။ <b>ဇနေတွာ</b> = ဖြစ်စေ၍။ <b>နံ</b> = ထိုကျော့ကွင်းကို။ <b>ဆိန္ဒာဟိ</b> = ဖြတ်တောက်လိုက်ပါ။</p> <p>အရှင် ...သင်သည် ခွန်အားကြီးမားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါလျက် ဒီကျော့ကွင်းကို ဆောင်ယူဖို့ရန် ဘာကြောင့် မစွမ်းနိုင်ရသလဲ၊ လျင်မြန်သော အဟုန်ဖြင့် ဒီကျော့ကွင်းကို ဖြတ်တောက်လိုက်စမ်းပါဆိုပြီး တိုက်တွန်းတယ်။ အဲဒီလို တိုက်တွန်းလိုတဲ့အတွက် ဂါထာလေးတစ်ခု ခေါင်ဆုံးစပြီးတော့ ဆိုတယ်။</p> <p><b>ဝိက္ကမ ရေ ဟရိပါဒ၊ ဝိက္ကမ ရေ မဟာမိဂ။</b></p> <p><b>ဆိန္ဒ ဝါရတ္တိကံ ပါသံ၊ နာဟံ ဧကာ ဝနေ ရမေတိ။</b> (ဇာတက၊ဋ္ဌ၊၃၊၁၇၁။)</p> <p><b>ရေ ဟရိပါဒ</b> = ရွှေအဆင်းကဲ့သို့ ဝါဝင်းသော ခြေရှိတော်မူပါပေသော အို သမင်ဖိုကြီး။ <b>ဝိက္ကမ</b> = ကြိုးစား အားထုတ်လိုက်စမ်းပါ။ <b>ရေ မဟာမိဂ</b> = အို သမင်မင်းကြီး။ <b>ဝိက္ကမ</b> = အားထုတ်လိုက်စမ်းပါ။ <b>ဝါရတ္တိကံ</b> = သုံးလွန်းတင်၍ ထားအပ်သော။ <b>ပါသံ</b> = ကျော့ကွင်းကို။ <b>ဆိန္ဒ</b> = ဖြတ်တောက်လိုက်စမ်းပါ။ <b>အဟံ</b> = ကျွန်တော်မသည်။ <b>ဧကာ</b> = ကြင်ဖော်မပါ တစ်ကိုယ်တည်းသည်။ <b>ဟုတွာ</b> = ဖြစ်၍။ <b>ဝနေ</b> = တောအတွင်း၌။ <b>န ရမေ</b> = မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်မှု မရှိနိုင်ပါ။</p> <p>တစ်ဦးအပေါ်တစ်ဦး တွယ်တာနေတဲ့ ရာဂ ထင်ရှားရှိနေတုန်းကတော့ ဒီစိတ်ထားကလေးတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒီကျော့ကွင်းကို လွတ်အောင် ရုန်းစမ်းပါ၊ ဒီကျော့ကွင်းကြီးကို ဖြတ်တောက်ပစ်စမ်းပါ၊ တောထဲမှာ ကျွန်တော်မ တစ်ကိုယ်တည်း နေမယ်ဆိုလျှင်တော့ မနေနိုင်ဘူး၊ ဘယ်လို မနေနိုင်သလဲ?</p> <p><b>အဟံ တယာ ဝိနာ ဧကိကာ ဝနေ န ရမိဿာမိ၊ တိဏောဒကံ ပန အဂ္ဂဟေတွာ သုဿိတွာ မရိဿာမီတိ ဒေဿတိ။</b> (ဇာတက၊ဋ္ဌ၊၃၊၁၇၁။)</p> <p><b>အဟံ</b> = ကျွန်တော်မသည်။ <b>တယာ</b> = အရှင်နှင့်။ <b>ဝိနာ</b> = ကွေကွင်းပြီး၍။ <b>ဧကိကာ</b> = တစ်ကိုယ်တည်းသည်။ <b>ဟုတွာ</b> = ဖြစ်၍။ <b>ဝနေ</b> = တောအတွင်း၌။ <b>န ရမိဿာမိ</b> = မွေ့လျော်ပျော်ပိုက် နှစ်သက်မှု မရှိနိုင်ပါ။ <b>တိဏောဒကံ</b> = မြက်အစာ သောက်ရေကို။ <b>အဂ္ဂဟေတွာ</b> = မစားသောက်မူ၍။ <b>သုဿိတွာ</b> = ခန်းခြောက်၍။ <b>မရိဿာမိ</b> = သေရပေအံ့။ <b>ဣတိ</b> = ဤသို့။ <b>ဒေဿတိ</b> = ထင်ရှားပြပေ၏။</p> <p>ကျွန်တော်မ တစ်ကိုယ်တည်း တောထဲမှာ နေရမယ်ဆိုလျှင်တော့ ဘယ်လိုမှ မမွေ့လျော်နိုင်ပါဘူး။ မြက်အစာရေစာတွေကို မစားသုံးနိုင်တော့ဘဲ အသားအရေတွေ ခန်းခြောက်ပြီး သေကျေပျက်စီးရပါလိမ့်မယ်ဆိုပြီးတော့ ဒီလို ပြောတယ်။ ပြောလိုက်တဲ့ အချိန်အခါမှာ သမင်ဖိုကြီးက ဘာပြန်ပြောသလဲ?</p> <p><b>ဝိက္ကမာမိ န ပါရေမိ၊ ဘူမိံ သုမ္ဘာမိ ဝေဂသာ။</b></p> <p><b>ဒဠှော ဝါရတ္တိကော ပါသော၊ ပါဒံ မေ ပရိကန္တတိ။</b> (ဇာတက၊ဋ္ဌ၊၃၊၁၇၁။)</p> <p><b>ဘဒ္ဒေ</b> = အရှင်မ။ <b>အဟံ</b> = ငါသည်။ <b>ဝိက္ကမာမိ</b> = ဝီရိယကို ပြုလုပ်၍ နေပါ၏။ <b>ပါသံ</b> = ကျော့ကွင်းကို။ <b>ဆိန္ဒိတုံ</b> = ဖြတ်အံ့သောငှာ။ <b>န ပါရေမိ</b> = မစွမ်းနိုင်ပါ။ <b>အပိ</b> = စင်စစ်အားဖြင့်သော်ကား။ <b>ဆိဇ္ဇေယျာ နာမ</b> = ပြတ်မူလည်း ပြတ်လေရာ၏။ <b>ဣတိ</b> = ဤသို့ နှလုံးပိုက်၍။ <b>ဝေဂသာ</b> = လျင်မြန်သော အဟုန်ဖြင့်။ <b>ပါဒေနာပိ</b> = ခြေဖြင့်လည်းပဲ။ <b>ဘူမိံ</b> = မြေကြီးကို။ <b>သုမ္ဘာမိ</b> = ကန်ကျောက်၍ နေပါ၏။ <b>ဝါရတ္တိကော ပါသော</b> = သုံးလွန်းတင် ကျစ်၍ထားအပ်သော ကျော့ကွင်းကြီးသည်ကား။ <b>ဒဠှော</b> = ခိုင်မြဲ၍ နေပါ၏။ <b>မေ</b> = ငါ၏။ <b>ပါဒံ</b> = ခြေကို။ <b>ပရိကန္တတိ</b> = အရေတို့ကို ဖြတ်လျက် ထက်ဝန်းကျင်မှ ပြတ်တောက်စေပါ၏။</p> <p>လျင်မြန်သော အဟုန်ဖြင့် ဒီမြေကြီးကို ငါသည် ကန်ကျောက်နေပါတယ်။ လွတ်လိုလွတ်ငြားဆိုတဲ့ ဒီစိတ်ဓာတ်ဖြင့် ငါသည် ရုန်းကန်နေပါတယ်။ဒီကြိုးက သုံးလွန်းတင်ကျစ်ထားတဲ့ ကြိုးဖြစ်တော့ သိပ်ခိုင်ခံ့နေတယ်။ ဒါကြောင့် ငါရဲ့ခြေထောက်တွေကို ဖြတ်တောက်စေနိုင်တဲ့ စွမ်းအား ဒီကြိုးမှာ အထင်အရှားရှိနေပါတယ် ဆိုပြီးတော့ ပြန်ပြောတယ်။ အဲဒီ အချိန်အခါမှာ ဒီသမင်မကလေးက သမင်ဖိုကြီးကို ဘာပြောသလဲ?</p> <p><b>မာ ဘာယိ သာမိ အဟံ အတ္တနော ဗလေန လုဒ္ဒကံ ယာစိတွာ တဝ ဇီဝိတံ အာဟရိဿာမိ။</b> (ဇာတက၊ဋ္ဌ၊၃၊၁၇၁။)</p> <p><b>သာမိ</b> = အရှင်။ <b>မာ ဘာယိ</b> = မကြောက်ပါနဲ့။ <b>အဟံ</b> = ကျွန်တော်မသည်။ <b>အတ္တနော</b> = မိမိ၏။ <b>ဗလေန</b> = စွမ်းအားဖြင့်။ <b>လုဒ္ဒကံ</b> = မုဆိုးကို။ <b>ယာစိတွာ</b> = တောင်းပန်၍။ <b>တဝ</b> = သင်၏။ <b>ဇီဝိတံ</b> = အသက်ကို။ <b>အာဟရိဿာမိ</b> = တစ်ဖန် ပြန်ပြီး ဆောင်ယူ၍ ပေးပါအံ့။</p> <p>အရှင် ... ဘာမှ မကြောက်ပါနဲ့ ကျွန်တော်မ၏ စွမ်းအားဖြင့် မုဆိုးကြီးကို တောင်းပန်ပြီးတော့ သင့်ရဲ့ အသက်ကို ရအောင် ဆောင်ယူပေးပါမယ်။</p> <p><b>သစေ ယာစနာယ န သက္ခိဿာမိ၊ မမ ဇီဝိတမ္ပိ ဒတွာ တဝ ဇီဝိတံ အာဟရိဿာမိ။</b> (ဇာတက၊ဋ္ဌ၊၃၊၁၇၁။)</p> <p><b>သစေ</b> = အကယ်၍။ <b>ယာစနာယ</b> = တောင်းပန်ခြင်းဖြင့်။ <b>န သက္ခိဿာမိ</b> = သင်ရဲ့အသက်ကို ဆောင်ယူခြင်းငှာ မစွမ်းနိုင်ခဲ့သည် ဖြစ်ပါအံ့။ <b>မမ</b> = ကျွန်တော်မ၏။ <b>ဇီဝိတမ္ပိ</b> = အသက်ကိုသော်လည်းပဲ။ <b>ဒတွာ</b> = ပေးလှူ၍။ <b>တဝ</b> = အရှင်၏။ <b>ဇီဝိတံ</b> = အသက်ကို။ <b>အာဟရိဿာမိ</b> = ငါဆောင်ယူပေအံ့။</p> <p>အကယ်၍ တောင်းပန်လို့မှ သင့်ရဲ့အသက်ကို ရအောင် မဆောင်ပေးနိုင်ခဲ့ဘူးဆိုလျှင် ကျွန်တော်မရဲ့အသက်ကို စွန့်လွှတ်ပြီး သင့်ရဲ့အသက်ကို ရအောင် ဆောင်ပေးပါမယ်။ ဒီလို ပြောဆိုပြီး ဘုရားအလောင်း သမင်ကြီးကို သက်သာရာရစေတယ်၊ သက်သာရာရစေရုံလောက်ကလေးတွင်ပဲလားဆိုတော့ မဟုတ်သေးဘူး၊ သွေးအလိမ်းလိမ်း ကပ်နေတဲ့ ဘုရားအလောင်း သမင်ကြီးကို ပွေ့ပိုက်ပြီးတော့ ရပ်တည်နေလိုက်တယ်။</p> <p>သန်လျက်တွေ လှံတွေ ကိုင်ပြီးတော့ ကမ္ဘာပျက်တဲ့အခါ လောင်တဲ့မီးကဲ့သို့ ဒေါသအမျက်တွေ ခြောင်းခြောင်းထွက်လျက် ကြမ်းတမ်းတဲ့ ကိုယ်အမူအရာ စိတ်အမူအရာတွေနဲ့ လာနေတဲ့ မုဆိုးကိုလည်း သမင်မကလေးက မြင်ပြီ။ မြင်တဲ့အချိန်အခါမှာ သမင်မလေးက သမင်ဖိုကြီးကို ဘာပြောသလဲ?</p> <p><b>သာမိ လုဒ္ဒကော အာဂစ္ဆတိ၊ အဟံ အတ္တနော ဗလံ ကရိဿာမိ၊ တွံ မာ ဘာယိ။</b> (ဇာတက၊ဋ္ဌ၊၃၊၁၇၁။)</p> <p><b>သာမိ</b> = အရှင်။ <b>လုဒ္ဒကော</b> = မုဆိုးကြီးသည်။ <b>အာဂစ္ဆတိ</b> = လာ၍နေပေ၏။ <b>အဟံ</b> = ကျွန်တော်မသည်။ <b>အတ္တနော</b> = မိမိ၏။ <b>ဗလံ</b> = အားအစွမ်းကို။ <b>ကရိဿာမိ</b> = ပြုလုပ်၍ ပြပေအံ့။ <b>တွံ</b> = သင်သည်။ <b>မာ ဘာယိ</b> = မကြောက်ပါလင့်။</p> <p>အရှင် ...မုဆိုးကြီးတော့ လာနေပြီ၊ ကျွန်တော်မသည် ကျွန်တော်မ၏ စွမ်းအားတွေကို ထင်ရှား ပြုလုပ်ပြီး ပြပါတော့မယ်။ သင်ဘာမှ မကြောက်ပါနဲ့ ဆိုပြီးတော့ သမင်ဖိုကြီးကို သက်သာရာ ရစေပြီးတော့ မုဆိုးကြီးလာနေသည့် ခရီးရင်ဆိုင်ဘက်ကို သူက ခြေလှမ်းပြီးတော့ သွားလိုက်တယ်။ သေရဲတဲ့စိတ်ထား မရှိဘူးလား? ရှိနေတယ်။ အသက်ကို စွန့်လွှတ်ပြီးတော့ သူတစ်ပါးကို ကယ်တင်မယ်ဆိုတဲ့ ဒီစိတ်ဓာတ် ရှိနေတယ်။ သင့်တင့်လျောက်ပတ်တဲ့ တစ်နေရာမှာ ရပ်လိုက်တယ်။ ရပ်ပြီးတော့ မုဆိုးကို ရှိခိုးတယ်။ ရှိခိုးပြီးတော့ ဘာပြောသလဲ?</p> <p><b>သာမိ မမ သာမိကော သုဝဏ္ဏဝဏ္ဏော သီလာစာရသမ္ပန္နော၊ အသီတိသဟဿာနံ မိဂါနံ ရာဇာ။</b> (ဇာတက၊ဋ္ဌ၊၃၊၁၇၁။)</p> <p><b>သာမိ</b> = အရှင်မုဆိုး။ <b>မမ</b> = ကျွန်တော်မ၏။ <b>သာမိကော</b> = အရှင်သခင်သည်။ <b>သုဝဏ္ဏဝဏ္ဏော</b> = ရွှေအဆင်းနှင့်တူသော အဆင်းရှိပါပေ၏။ <b>သီလာစာရသမ္ပန္နော</b> = ကိုယ်ကျင့်သီလ ကျင့်ဝတ်ပဋိပတ် အာစာရနှင့် ပြည့်စုံပါပေ၏။ <b>အသီတိသဟဿာနံ မိဂါနံ</b> = ရှစ်သောင်းသော သားသမင်တို့၏။ <b>ရာဇာ</b> = ရှင်ဘုရင်ဖြစ်ပါပေ၏။</p> <p>ကျွန်မရဲ့ အရှင်သခင်ဖြစ်တဲ့ သမင်ဖိုကြီးကို ကြည့်လိုက်မယ်ဆိုလျှင် ရွှေအဆင်းနဲ့တူတဲ့ အဆင်းလည်း ရှိပါတယ်၊ ကိုယ်ကျင့်သီလတွေနဲ့လည်း ပြည့်စုံတယ်၊ အကျင့်အာစာရ ကျင့်ဝတ်ပဋိပတ်တွေနဲ့လည်း ပြည့်စုံပါတယ်၊ ရှစ်သောင်းသော သားသမင်တို့ရဲ့ ရှင်ဘုရင်လည်းဖြစ်နေတယ်။ ဒီလို စသည်ဖြင့် ဘုရားအလောင်းရဲ့ ဂုဏ်ကျေးဇူးတွေကို ပြောဆိုပြီးတော့ ဘုရားအလောင်း သမင်မင်းရဲ့ ရပ်တည်နေစဉ် အချိန်အခါမှာ မိမိကို သတ်ဖို့ရန်အတွက် မုဆိုးကို လျှောက်ထားတောင်းပန်တယ်။ ဘယ်လိုလဲ?</p> <p><b>အတ္ထရဿု ပလာသာနိ၊ အသိံ နိဗ္ဗာဟ လုဒ္ဒက။</b></p> <p><b>ပဌမံ မံ ဝဓိတွာန၊ ဟန ပစ္ဆာ မဟာမိဂန္တိ။</b> (ဇာတက၊ဋ္ဌ၊၃၊၁၇၁။)</p> <p><b>လုဒ္ဒက</b> = ရက်စက်ကြမ်းကြုတ်လှပေသော အသင်မုဆိုး။ <b>အသိံ</b> = သန်လျက်ကို။ <b>နိဗ္ဗာဟ</b> = သန်လျက်အိမ်မှ ထုတ်ဆောင်လိုက်ပါတော့။ <b>ပလာသာနိ</b> = ပေါက်ဖက်တို့ကို။ <b>အတ္ထရဿု</b> = ခင်းကျင်း၍ ထားပါလော့။ <b>ပဌမံ</b> = ရှေးဦးစွာ။ <b>မံ</b> = ကျွန်တော်မကို။ <b>ဝဓိတွာန</b> = သတ်ဖြတ်ပြီး၍။ <b>ပစ္ဆာ</b> = နောက်ကာလ၌။ <b>မဟာမိဂံ</b> = သားသမင်ဖိုကြီးကို။ <b>ဟန</b> = သတ်ဖြတ်ပါလော့။</p> <p>အသင်မုဆိုး ... သန်လျက်အိမ်မှ သန်လျက်ဓားကြီးကို ထုတ်ဆောင်လိုက်ပါ၊ အသားတွေ ထုပ်ဖို့ရန်အတွက် ပေါက်ဖက်တွေကိုလည်း အသင့် ခင်းကျင်းပြီး ထားလိုက်ပါ၊ ရှေးဦးစွာ ကျွန်တော်မကို သတ်ပါ၊ ကျွန်တော်မကို ရှေးဦးစွာ သတ်ပြီးတဲ့ နောက်ပိုင်းမှာ သမင်ဖိုကြီးကို သတ်ပါ ဆိုပြီးတော့ ဒီလို သူက လျှောက်ထားတောင်းပန်လိုက်တယ်။ အဲဒီ အခါမှာတော့ ဘာဖြစ်လာသလဲ?</p> <p><b>တံ သုတွာ လုဒ္ဒကော မနုဿဘူတာ တာဝ သာမိကဿ အတ္ထာယ အတ္တနော ဇီဝိတံ န ပရိစ္စဇန္တိ၊ အယံ တိရစ္ဆာနဂတာ ဇီဝိတံ ပရိစ္စဇတိ၊ မနုဿဘာသာယ စ မဓုရေန သရေန ကထေတိ၊</b> (ဇာတက၊ဋ္ဌ၊၃၊၁၇၂၊၊)</p> <p><b>တံ</b> = ထိုစကားကို။ <b>သုတွာ</b> = ကြား၍။ <b>လုဒ္ဒကော</b> = မုဆိုးသည်။ <b>မနုဿဘူတာ</b> = လူသားဖြစ်ကြကုန်သော သူတို့သည်။ <b>သာမိကဿ</b> = အိမ်ရှင်ယောက်ျား၏။ <b>အတ္ထာယ</b> = အကျိုးငှာ။ <b>အတ္တနော</b> = မိမိ၏။ <b>ဇီဝိတံ</b> = အသက်ကို။ <b>န ပရိစ္စဇန္တိ</b> = မစွန့်လွှတ်နိုင်ကြကုန်သည်သာလျှင်တည်း။ <b>အထ</b> = ထိုသို့ဖြစ်ပါလျက်။ <b>အယံ</b> = ဤသမင်မသည်ကား။ <b>တိရစ္ဆာနဂတာ</b> = တိရစ္ဆာန်ပင် ဖြစ်ငြားသော်လည်းပဲ။ <b>ဇီဝိတံ</b> = အသက်ကို။ <b>ပရိစ္စဇတိ</b> = စွန့်လွှတ်၍ နေပေ၏။ <b>မနုဿဘာသာယ</b> = လူတို့ဘာသာစကားဖြင့်။ <b>မဓုရေန သရေန စ</b> = သာယာဖွယ် ချိုမြိန်သော အသံဖြင့်လည်း။ <b>ကထေတိ</b> = ပြောဆို၍နေပေ၏။</p> <p>ပါရမီရှိတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါတယ်။ အကြောင်းမလှလို့ တိရစ္ဆာန်ဘဝ ရောက်နေသော်လည်း အတိတ်ဘဝက လေ့ကျင့်ခဲ့တဲ့ လူတို့ရဲ့ ဘာသာစကားနဲ့ ပတ်သက်ပြီးတော့ မေ့ပျောက်မှုတွေက မရှိကြဘူး။ ဘာဖြစ်လို့လဲ? ဘဝချင်းက အလွန် နီးကပ်နေတယ်။ ဒါကြောင့် လူတို့ ဘာသာစကားဖြစ်တဲ့ ချိုမြိန်တဲ့ အသံဖြင့် သူက ပြောပြနေတယ်။</p> <p>လူသားတွေသော်မှလည်းပဲ မိမိရဲ့ အိမ်ရှင်ယောက်ျားအတွက် အသက်ကို မစွန့်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ရှိကြပါတယ်။ ဒီသမင်မလေးဟာ တိရစ္ဆာန်ပင် ဖြစ်နေသော်လည်း မိမိရဲ့ အိမ်ရှင်ယောက်ျားအတွက် အသက်ကို စွန့်လွှတ်နိုင်တဲ့ စွမ်းအားတွေ ရှိနေတယ်၊ ဘာ-ဒါနလဲ? <b>ဇီဝိတပရိစ္စာဂ-ဒါန</b>ပဲ၊ မိမိ အသက်ကို စွန့်လွှတ်လှူဒါန်းနေတဲ့ ဒီသမင်မကလေးကို ကြည့်လိုက်လျှင် ဘယ်လိုပုဂ္ဂိုလ်လဲ? <b>သီလာစာရဂုဏသမ္ပန္န</b> = ကိုယ်ကျင့်သီလတည်းဟူသော ဂုဏ်ကျေးဇူးတွေနှင့် ပြည့်စုံနေတဲ့ သီလဆိုတဲ့ မြေပေါ်မှာ ရပ်တည်ပြီးတော့ မိမိရဲ့ အသက်ကို စွန့်လွှတ်လှူဒါန်းခြင်းဆိုတဲ့ စာဂတရားကို ပြုစုပျိုးထောင် မနေဘူးလား? ပြုစုပျိုးထောင်နေတယ်။</p> <p>သို့သော် ဒီသမင်မကလေးက ဒီဘဝမှာသာ စပြီး ဒီကောင်းမှုကုသိုလ် ပြုသလားဆိုတော့ ဒီလို မဟုတ်ပါဘူး။ ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာလည်း အကြောင်းအားလျော်စွာ နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ ပါရမီမျိုးစေ့ကောင်းတွေကို ထူထောင်ခဲ့တဲ့ သူတော်ကောင်းတစ်ဦး ဖြစ်နိုင်ပါတယ်။ နောက်တစ်ခု လူတို့ရဲ့ ဘာသာစကားဖြင့် ဒီလို ချိုမြိန်တဲ့အသံဖြင့် ပြောနေတော့ မုဆိုးကြီးက ဘာစဉ်းစားသလဲ?</p> <hr> <h3>ဇီဝိတဒါနအလှူ</h3> <p><b>အဇ္ဇ ဣမိဿာ စ ပတိနော စဿာ ဇီဝိတံ ဒဿာမိ။</b> (ဇာတက၊ဋ္ဌ၊၃၊၁၇၂။)</p> <p><b>အဇ္ဇ</b> = ယနေ့။ <b>အဟံ</b> = ငါသည်။ <b>ဣမိဿာ စ</b> = ဤသမင်မကလေး၏ လည်းကောင်း။ <b>အဿာ</b> = ဤသမင်မကလေး၏။ <b>ပတိနော စ</b> = အရှင်သခင်ဖြစ်သော သမင်ဖိုကြီး၏လည်းကောင်း။ <b>ဇီဝိတံ</b> = အသက်ကို။ <b>ဒဿာမိ</b> = ငါပေးလှူပေအံ့။</p> <p>တစ်ဖက်က ရက်စက်ကြမ်းကြုတ်သော စိတ်ထားရှိတဲ့ မုဆိုးကြီးရဲ့ စိတ်ထားတွေ ပြောင်းလဲ မသွားဘူးလား? ပြောင်းလဲသွားတယ်။ စိတ်ထားတွေ ပြောင်းလဲသွားပြီး ဒီသမင်မကလေးအပေါ် ကြည်ညိုတဲ့ စိတ်ထားဖြင့် မုဆိုးကြီးက ဘာပြောသလဲ?</p> <p><b>န မေ သုတံ ဝါ ဒိဋ္ဌံ ဝါ၊ ဘာသန္တိံ မာနုသိံ မိဂိံ။</b></p> <p><b>တွဉ္စ ဘဒ္ဒေ သုခီ ဟောဟိ၊ ဧသော စာပိ မဟာမိဂေါ။</b> (ဇာတက၊ဋ္ဌ၊၃၊၁၇၂။)</p> <p><b>မေ</b> = ငါသည်။ <b>မာနုသိံ</b> = လူ၌ဖြစ်သော ဘာသာစကားကို။ <b>ဘာသန္တိံ</b> = ပြောဆိုတတ်သော။ <b>မိဂိံ</b> = သမင်မကို။ <b>န သုတံ ဝါ</b> = ကြားလည်း မကြားစဖူးပါ။ <b>န ဒိဋ္ဌံ ဝါ</b> = မြင်လည်း မမြင်စဖူးပါ။ <b>ဘဒ္ဒေ</b> = အိုအရှင်သမင်မ။ <b>တွဉ္စ</b> = သင်သည်လည်း။ <b>သုခီ</b> = စိတ်ချမ်းသာခြင်းသည်။ <b>ဟောဟိ</b> = ဖြစ်ပါစေတော့။ <b>ဧသော စာပိ မဟာမိဂေါ</b> = ဤသမင်ဖိုကြီးသည်လည်းပဲ။ <b>သုခီ</b> = ချမ်းသာခြင်းရှိသည်။ <b>ဟောဟိ</b> = ဖြစ်ပါစေလော့။</p> <p>လူတို့ရဲ့ ဘာသာစကားကို ပြောကြားနေတဲ့ သမင်ဆိုတာ ငါသည် ကြားလည်း မကြားစဖူးပါ၊ မြင်လည်း မမြင်ဖူးပါ၊ ဒါကြောင့် ရှင်မ သင်လည်း ချမ်းသာခြင်း ဖြစ်ပါစေ၊ ဒီသမင်ဖိုကြီးလည်း ချမ်းသာခြင်း ဖြစ်ပါစေ ဆိုပြီးတော့ မုဆိုးကြီးက သမင်ဇနီးမောင်နှံကို ချမ်းသာခွင့် ပေးလိုက်ပါတယ်၊ ချမ်းသာခွင့် ပေးလိုက်တဲ့ အချိန်အခါမှာ ဘာဖြစ်လာသလဲ?</p> <p><b>ဣတိ တံ အာလပိတွာ ပုန တွဉ္စ ဧသော စာပိ မဟာမိဂေါတိ ဒွေပိ ဇနာ သုခီ နိဒ္ဒုက္ခာ ဟောထာတိ တံ သမဿာသေတွာ လုဒ္ဒကော ဗောဓိသတ္တဿ သန္တိကံ ဂန္တွာ ဝါသိယာ စမ္မပါသံ ဆိန္ဒိတွာ ပါဒေ လဂ္ဂပါသကံ သဏိကံ နီဟရိတွာ နှာရုနာ နှာရုံ၊ မံသေန မံသံ၊ စမ္မေန စမ္မံ ပဋိပါဋေတွာ ပါဒံ ဟတ္ထေန ပရိမဇ္ဇိ။</b> (ဇာတက၊ဋ္ဌ၊၃၊၁၇၂။)</p> <p><b>ဣတိ</b> = ဤသို့လျှင်။ <b>တံ</b> = ထိုသမင်မကို။ <b>အာလပိတွာ</b> = ပြောဆိုပြီးနောက်။ <b>ပုန</b> = တဖန်။ <b>တွဉ္စ</b> = သင်သမင်မသည်လည်းကောင်း။ <b>ဧသောစာပိ မဟာမိဂေါ</b> = ဤသမင်ဖိုကြီးသည်လည်းကောင်း။ <b>ဒွေပိ ဇနာ</b> = နှစ်ဦးသားကုန်သော ပုဂ္ဂိုလ်တို့သည်လည်း။ <b>သုခီ</b> = ချမ်းသာခြင်းရှိကြကုန်သည်။ <b>နိဒ္ဒုက္ခာ</b> = ဆင်းရဲခြင်း ကင်းကြကုန်သည်။ <b>ဟောထ</b> = ဖြစ်ကြကုန်လော့။ <b>ဣတိ</b> = ဤသို့လျှင်။ <b>တံ</b> = ထိုသမင်မငယ်ကို။ <b>သမဿာသေတွာ</b> = သက်သာရာရစေ၏။</p> <p><b>လုဒ္ဒကော</b> = မုဆိုးကြီးသည်။ <b>ဗောဓိသတ္တဿ</b> = ဘုရားအလောင်း သမင်ကြီး၏။ <b>သန္တိကံ</b> = အထံသို့။ <b>ဂန္တွာ</b> = သွား၍။ <b>ဝါသိယာ</b> = ပဲခွပ်ဖြင့်။ <b>စမ္မပါသံ</b> = သားရေဖြင့် သုံးလွန်းတင် ကျစ်ထားတဲ့ ကျော့ကွင်းကြိုးကို။ <b>ဆိန္ဒိတွာ</b> = ဖြတ်၍။ <b>ပါဒေ</b> = ခြေတို့ကို။ <b>လဂ္ဂပါသကံ</b> = ငြိတွယ်နေတဲ့ ကျော့ကွင်းကို။ <b>သဏိကံ</b> = ဖြည်းဖြည်းသက်သာ။ <b>နီဟရိတွာ</b> = ထုတ်ဆောင်၍။ <b>နှာရုနာ</b> = အကြောတစ်ခုဖြင့်။ <b>နှာရုံ</b> = အကြောတစ်ခုကို။ <b>မံသေန</b> = အသားတစ်ခုဖြင့်။ <b>မံသံ</b> = အသားတစ်ခုကို။ <b>စမ္မေန</b> = အရေဖြင့်။ <b>စမ္မံ</b> = အရေကို။ <b>ပဋိပါဋေတွာ</b> = ဆက်စပ်စေ၍။ <b>ပါဒံ</b> = သမင်ဖိုကြီး၏ ခြေထောက်ကို။ <b>ဟတ္ထေန</b> = လက်ဖြင့်။ <b>ပရိမဇ္ဇိ</b> = ဆုပ်နယ်သုံးသပ်၍ ပေးလေ၏။</p> <p>မုဆိုးကြီးက ဘုရားအလောင်း သမင်ကြီးထံ သွားပြီးတော့ သားကောင်တို့ရဲ့ သားရေဖြင့် သုံးလွန်းတင် ကျစ်ထားတဲ့ ကျော့ကွင်းကြိုးကို ပဲခွပ်ဖြင့် ဖြတ်တောက်လိုက်ပါတယ်၊ ခြေထောက်မှာ ငြိကပ်နေတဲ့ ကျော့ကွင်းတွေကိုတော့ ဖြည်းဖြည်းလေး အသာအယာ ထုတ်ဆောင်ပေးလိုက်တယ်။ ထုတ်ဆောင်ပေးပြီးတော့ အကြော-အကြောချင်း, အသား-အသားချင်း, အရေ-အရေချင်း ဆက်စပ်ပြီးတော့ ဆုပ်နယ်ပေးလိုက်တယ်၊ ဆုပ်နယ်ပေးလိုက်တော့ ဘာဖြစ်လာသလဲ?</p> <h3>သုံးဦးသားတို့၏ မေတ္တာဓာတ်စွမ်းအား</h3> <p><b>တင်္ခဏညေဝ မဟာသတ္တဿ ပူရိတပါရမိတာနုဘာဝေန လုဒ္ဒကဿ စ မေတ္တစိတ္တာနုဘာဝေန မိဂိယာ စ မေတ္တဓမ္မာနုဘာဝေန နှာရုမံသစမ္မာနိ နှာရုမံသစမ္မေဟိ ဃဋယိံသု။</b> (ဇာတက၊ဋ္ဌ၊၃၊၁၇၂။)</p> <p><b>တင်္ခဏညေဝ</b> = ထိုခဏအတွင်း၌ပင်လျှင်။ <b>မဟာသတ္တဿ</b> = ဘုရားအလောင်းတော်သမင်မင်းကြီး၏။ <b>ပူရိတပါရမိတာနုဘာဝေန စ</b> = ဖြည့်ကျင့် ဆည်းပူးအပ်ခဲ့ပြီးသော ပါရမီတော်တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် လည်းကောင်း။ <b>လုဒ္ဒကဿ</b> = မုဆိုး၏။ <b>မေတ္တစိတ္တာနုဘာဝေန စ</b> = မေတ္တာစိတ်၏ တန်ခိုးတေဇော် အာနုဘော်ကြောင့်လည်းကောင်း။ <b>မိဂိယာ</b> = သမင်မငယ်၏။ <b>မေတ္တဓမ္မာနုဘာဝေန စ</b> = မေတ္တာဓမ္မ၏ တန်ခိုးတေဇော် အာနုဘော်ကြောင့်လည်းကောင်း။ <b>နှာရုမံသစမ္မာနိ</b> = အကြော-အသား-အရေတို့သည်။ <b>နှာရုမံသစမ္မေဟိ</b> = အကြော-အသား-အရေတို့ဖြင့်။ <b>ဃဋယိံသု</b> = ဆက်စပ်၍ သွားကြလေကုန်၏။</p> <p>အံ့ဩဖွယ်မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဖြည့်ကျင့်ဆည်းပူးခဲ့တဲ့ ဘုရားအလောင်းတော် သမင်မင်းကြီးရဲ့ ပါရမီတော် တန်ခိုးတော်ဟုန်, ဒါက အကြောင်းတစ်ခု၊ မုဆိုးကြီးရဲ့ မေတ္တာစိတ်ရဲ့ အာနုဘော်, ဒါက အကြောင်းတစ်ခု၊ သမင်မကလေးရဲ့ သမင်ဖိုကြီးအပေါ်၌ ထားရှိတဲ့ မေတ္တာဓမ္မတို့ရဲ့ အာနုဘော်, ဒါက အကြောင်းတစ်ခု၊ ဒီအာနုဘော်တွေရဲ့ စွမ်းအားကြောင့် အကြော-အကြောချင်း, အသား-အသားချင်း, အရေ-အရေချင်း အားလုံး ဆက်စပ်သွားကြတယ်။ မေတ္တာအာနုဘော်ရဲ့ စွမ်းအား မကြီးမားဘူးလား? သိပ်ကြီးမားတယ်။ ပါရမီတော်တန်ခိုးအာနုဘော်တို့ရဲ့ စွမ်းအားလည်း မကြီးမားဘူးလား? ကြီးမားတယ်။</p> <hr> <h3>သမင်မကလေး၏ အနုမောဒနာတရား</h3> <p>ဒါကြောင့် ယခုလို အသိဉာဏ်ရှိတဲ့ ဘဝတွေမှာ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ ပါရမီကောင်းမှု ကုသိုလ်တွေကို ထိထိမိမိကလေး ဖြစ်အောင် ဖြည့်ကျင့် ဆည်းပူးထားဖို့ မလိုဘူးလား? လိုအပ်တယ်။ နောက်ဘဝအတွက် မသေချာတဲ့ ကံတွေကို ထူထောင်ပြီး မျှော်လင့်နေခဲ့လျှင် သေချာမှု ရှိနိုင်ပါ့မလား? မရှိနိုင်ဘူး၊</p> <p>ဘုရားအလောင်း သမင်ဖိုကြီးလည်း ရပ်တည်နေပြီ၊ ရပ်တည်နေတဲ့ အချိန်အခါမှာတော့ သမင်မလေးကလည်း ဘုရားအလောင်း သမင်မင်းကြီး ချမ်းသာစွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေတာ, ချမ်းသာစွာ ရပ်တည်နေတာကို မြင်တွေ့ရတဲ့အတွက် သိပ်ဝမ်းသာသွားတယ်၊ ဝမ်းသာသွားတဲ့အတွက် မုဆိုးကြီးကို ဘာပြောသလဲ? မုဆိုးကြီးကို သမင်မလေးက အနုမောဒနာ ဝမ်းမြောက်ဖွယ် တရားစကားကလေး ဟောပြတယ်။</p> <p><b>ဧဝံ လုဒ္ဒက နန္ဒဿု၊ သဟ သဗ္ဗေဟိ ဉာတိဘိ။</b></p> <p><b>ယထာဟမဇ္ဇ နန္ဒာမိ၊ မုတ္တံ ဒိသွာ မဟာမိဂံ။</b> (ဇာတက၊ဋ္ဌ၊၃၊၁၇၂။)</p> <p><b>လုဒ္ဒက</b> = အသင်မုဆိုး။ <b>မုတ္တံ</b> = ကျော့ကွင်းမှ လွတ်မြောက်၍သွားသော။ <b>မဟာမိဂံ</b> = သမင်ဖိုကြီးကို။ <b>ဒိသွာ</b> = တွေ့မြင်ရ၍။ <b>အဟံ</b> = ငါသည်။ <b>အဇ္ဇ</b> = ယနေ့။ <b>နန္ဒာမိ ယထာ</b> = နှစ်သက် ဝမ်းမြောက်ရသကဲ့သို့။ <b>ဧဝံ</b> = ဤအတူ။ <b>သဗ္ဗေဟိ</b> = ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော ။ <b>ဉာတိဘိ</b> = ဆွေမျိုးအပေါင်းတို့နှင့်။ <b>သဟ</b> = အတူတကွ။ <b>တွံ</b> = သင်မုဆိုးကြီးသည်လည်း။ <b>နန္ဒဿု</b> = နှစ်သက်ဝမ်းမြောက်ရပါစေသတည်း။</p> <p>ကျွန်မ နှစ်သက်ဝမ်းမြောက်သလို သင်မုဆိုးကြီးလည်း နှစ်သက် ဝမ်းမြောက်ပါစေသတည်းဆိုပြီး ဒီလို ဝမ်းမြောက်ဖွယ်စကား သမင်မလေးက ပြောကြားပါတယ်။</p> <p>တစ်ဦးနဲ့တစ်ဦး အခုလို ကြုံတွေ့တဲ့ အချိန်အခါကလေးမှာ ဒီလို မေတ္တာဓာတ်တွေ ကူးလူး ဆက်ဆံတာဟာ ကုသိုလ်တရားတွေ တိုးပွားဖို့အကြောင်း မဖြစ်ဘူးလား? ဖြစ်သွားတယ်။ ရန်ထောင်ပလွှားနေကြမယ်ဆိုလျှင်တော့ အကုသိုလ်တရားတွေ ထပ်ဖြစ်ပြီး ထပ်ခါထပ်ခါ မတိုးပွားနိုင်ဘူးလား? တိုးပွားနိုင်တယ်။ ကုသိုလ်ဆိုတာ ယူတတ်မယ်ဆိုလျှင် နေရာတကာမှာ မရနိုင်ဘူးလား? ရနိုင်တယ်။ အကုသိုလ်ဆိုတာလည်း ယူတတ်မယ်ဆိုလျှင် နေရာတကာမှာ မရနိုင်ဘူးလား? ရနိုင်တယ်။ အဲဒီလို ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီးတဲ့ အချိန်အခါမှာ ဘာဖြစ်လာသလဲ? ဘုရားအလောင်း သမင်ကြီးက စဉ်းစားပြီ။</p> <hr> <h3>မုဆိုးကြီး၏ မှီခိုအားထားရာ</h3> <p><b>အယံ လုဒ္ဒေါ မယှံ အဝဿယော ဇာတော၊ မယာပိဿ အဝဿယေနေဝ ဘဝိတုံ ဝဋ္ဋတိ</b> (ဇာတက၊ဋ္ဌ၊၃၊၁၇၂။)</p> <p><b>အယံ လုဒ္ဒေါ</b> = ဤမုဆိုးကြီးသည်ကား။ <b>မယှံ</b> = ငါ၏။ <b>အဝဿယော</b> = မှီခိုအားထားရာသည်။ <b>ဇာတော</b> = ဖြစ်ခဲ့လေပြီ။ <b>မယာပိ</b> = ငါသည်လည်းပဲ။ <b>အဿ</b> = ထိုမုဆိုး၏။ <b>အဝဿယေနေဝ</b> = မှီရာတည်ရာသာလျှင်။ <b>ဘဝတုံ</b> = ဖြစ်ခြင်းငှာ။ <b>ဝဋ္ဋတိ</b> = သင့်လှပေ၏။</p> <p>အသက်ချမ်းသာရေးအတွက် မှီခိုအားထားရာ မဖြစ်ဘူးလား? ဖြစ်သွားတယ်။ အကယ်၍သာ ဒီမုဆိုးကသာ အသက်ချမ်းသာခွင့် မပေးခဲ့ဘူး, ကျော့ကွင်းကို ဖြတ်တောက်ပြီး မကုသပေးခဲ့ဘူးဆိုလျှင် ဘုရားအလောင်း သမင်ကြီး အသက်ရှင်နိုင်မလား? မရှင်နိုင်ဘူး၊ ဒီလို သူတော်ကောင်းဆိုတာက ကြံဖန်ပြီးတော့ ကျေးဇူးတင်တတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ ဒါကြောင့် သူတော်ကောင်းတို့၏ စိတ်ထားက ဘယ်လိုသဘောရှိသလဲ? ငါသည် ဒီမုဆိုးကို အမှီပြုပြီးတော့ ချမ်းသာသုခ ရရှိတယ်၊ မုဆိုးကြီးကို ငါက အမှီပြုပြီး ချမ်းသာရသလို ငါသည်လည်းပဲ မုဆိုး၏ မှီခိုအားထားရာ ဖြစ်စေမယ်လို့ သူတော်ကောင်းဖြစ်တဲ့ ဘုရားအလောင်း သမင်ကြီးက စဉ်းစားတယ်။ စဉ်းစားပြီးတော့ ဘာလုပ်သလဲ?</p> <p><b>ဂေါစရဘူမိယံ ဒိဋ္ဌံ ဧကံ မဏိက္ခန္ဓံ တဿ ဒတွာ သမ္မ ဣတော ပဋ္ဌာယ ပါဏာတိပါတာဒီနိ မာ ကရိ၊ ဣမိနာ ကုဋုမ္ဗံ သဏ္ဌပေတွာ ဒါရကေ ပေါသေန္တော ဒါနသီလာဒီနိ ပုညာနိ ကရောဟီတိ တေဿာဝါဒံ ဒတွာ အရညံ ပါဝိသိ။</b> (ဇာတက၊ဋ္ဌ၃၊၁၇၂-၁၇၃။)</p> <p><b>ဗောဓိသတ္တော</b> = ဘုရားအလောင်းတော် သမင်ကြီးသည်။ <b>ဂေါစရဘူမိယံ</b> = လှည့်လည်ကျက်စားရာ မြေအရပ်၌။ <b>ဒိဋ္ဌံ</b> = တွေ့မြင်ခဲ့ဖူးသော။ <b>ဧကံ မဏိက္ခန္ဓံ</b> = ပတ္တမြားတုံးကြီးတစ်ခုကို။ <b>တဿ</b> = ထိုမုဆိုးအား။ <b>ဒတွာ</b> = ပေး၍။</p> <p>မိမိက တောထဲ လှည့်လည် ကျက်စားနေစဉ် အခါက မြင်တွေ့ခဲ့ဖူးတဲ့ ပတ္တမြားတုံးကြီးတစ်ခု ရှိတယ်၊ ဒီပတ္တမြားတုံးကြီးကို ပေးလိုက်တယ်။ သားသမင်တွေအတွက် ဒီပတ္တမြားတုံးကြီးက အသုံးကျသလား? အသုံးမကျပါဘူး၊ မိမိအတွက် အသုံးမကျသော်လည်း မုဆိုးကြီးအတွက်တော့ ဒီပတ္တမြား ရတနာကြီးက အသုံးမကျဘူးလား? အသုံးကျနေတယ်။ ဒါကြောင့် တောထဲမှာ ကျင်လည်ကျက်စားခဲ့စဉ် အချိန်အခါက မိမိကျက်စားနေတဲ့ နယ်မြေ အတွင်းမှာ တွေ့ရှိခဲ့တဲ့ ဒီပတ္တမြားရတနာကြီးကို မုဆိုးကြီးအား ပေးပြီးတော့ ဘာပြောသလဲ?</p> <p><b>သမ္မ</b> = အဆွေ။ <b>ဣတော</b> = ဤနေ့မှ။ <b>ပဋ္ဌာယ</b> = စ၍။ <b>ပါဏာတိပါတာဒီနိ</b> = ပါဏာတိပါတာ အစရှိတဲ့ မကောင်းမှု အကုသိုလ်တို့ကို။ <b>မာ ကရိ</b> = မပြု မကျင့်ပါလင့်။</p> <p><b>ဣမိနာ</b> = ဤပတ္တမြားဖြင့်။ <b>ကုဋုမ္ဗံ</b> = ဥစ္စာနှစ်တို့ကို။ <b>သဏ္ဌပေတွာ</b> = တည်ထားစေ၍။ <b>ဒါရကေ</b> = သားမယားတို့ကို။ <b>ပေါသေန္တော</b> = ပြုစု မွေးမြူလျက်။ <b>ဒါနသီလာဒီနိ</b> = ဒါန-သီလအစရှိကုန်သော။ <b>ပုညာနိ</b> = ကောင်းမှု ကုသိုလ်တို့ကို။ <b>ကရောဟိ</b> = ပြုစုပျိုးထောင်ပါ။ <b>ဣတိ</b> = ဤသို့လျှင်။ <b>တဿ</b> = ထိုမုဆိုးအား။ <b>ဩဝါဒံ</b> = အဆုံးအမဩဝါဒကို။ <b>ဒတွာ</b> = ပေးပြီး၍။ <b>အရညံ</b> = တောအတွင်းသို့။ <b>ပါဝိသိ</b> = ဝင်ခဲ့လေပြီ။</p> <p>ပတ္တမြားကြီး ပေးပြီးတော့ အဆွေ ဒီနေ့ကစပြီး သူ့အသက်သတ်ခြင်း အစရှိတဲ့ မကောင်းမှုတွေကို မပြုလုပ်ပါနှင့်၊ ဒီပတ္တမြားရတနာဖြင့် စည်းစိမ် ဥစ္စာနှစ်တွေကို တည်အောင်ထားပြီးတော့ သားမယားတို့ကို ပြုစု လုပ်ကျွေးလျက် ဒါန-သီလ အစရှိတဲ့ ကောင်းမှု ကုသိုလ်တွေကို ပြုစုပျိုးထောင်ပါလို့ ဒီလို မုဆိုးကြီးအား အဆုံးအမ ဩဝါဒပေးပြီး တောအတွင်း ဝင်သွားကြပြီ။</p> <hr> <h3>ဇာတ်တော်ပေါင်းခန်း</h3> <p><b>သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ ဇာတကံ သမောဓာနေသိ၊ တဒါ လုဒ္ဒကော ဆန္နော အဟောသိ၊ မိဂီ ဒဟရဘိက္ခုနီ၊ မိဂရာဇာ ပန အဟမေဝ အဟောသိန္တိ။</b></p> <p>ဒီအတိတ်ဇာတ်ကြောင်း ဒေသနာတော်ကို မြတ်စွာဘုရားရှင်သည် ဆောင်ယူ ဟောပြပြီး ဇာတ်တော်ကို ပေါင်းတော်မူပါတယ်။ ထိုအချိန်အခါမှာ မုဆိုးကြီးက ပါရမီဖြည့်ဖက် မြင်းမြီးဆွဲ မောင်ဆန်ဟု အသိများသော အရှင်ဆန္နမထေရ်ရဲ့ အလောင်းလျာ ဖြစ်ပါတယ်၊ သမင်မလေးကတော့ ယခုဘဝမှာ အိမ်ရှင်ယောက်ျားနှင့်တကွ မိဘတွေကို မိစ္ဆာဒိဋ္ဌိကျော့ကွင်းမှ လွတ်အောင်, အိမ်ရှင်ယောက်ျားကိုလည်း ရာဂကျော့ကွင်းမှ လွတ်အောင်, အရဟတ္တဖိုလ် တည်အောင် ထုတ်ဆောင် ကယ်တင်ပေးတဲ့ ဘိက္ခုနီမကလေး ဖြစ်ပါတယ်။ သမင်ဖိုကြီးကတော့ ဘုန်းကြီးတို့ ဘုရားအလောင်းတော်ပဲ ဖြစ်ပါတယ်။</p> <p>ဒါကြောင့် ရှေးသူတော်ကောင်းတို့သည် မိမိကိုယ်တိုင်လည်း ရာဂကျော့ကွင်းမှ လွတ်အောင် ရုန်းကန်သလို မိမိနဲ့ ဆက်စပ်ရာ ပုဂ္ဂိုလ်တွေကိုလည်း ရာဂကျော့ကွင်းမှ လွတ်အောင် ရုန်းကန်တဲ့ လုပ်ငန်းရပ်တွေကို မပြုကြဘူးလား? ပြုကြတယ်။ ရာဂကျော့ကွင်းမှ မိမိလည်း လွတ်မြောက်တယ်။ မိမိနဲ့ စပ်ဆိုင်ရာ ပုဂ္ဂိုလ်တွေလည်း ရာဂကျော့ကွင်းမှ လွတ်မြောက်သွားကြတဲ့အတွက် အို-နာ-သေရေး ဒုက္ခဘေးဆိုးကြီးတို့မှ လွတ်မြောက်မသွားကြဘူးလား? လွတ်မြောက်သွားကြတယ်။ ဒီလို လွတ်မြောက်အောင် ရှေးသူတော်ကောင်းတွေက ဘာလုပ်ကြသလဲ?</p> <p>သဒ္ဓါ-သီလ-သုတ-စာဂ-ပညာလို့ ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါးကို မိမိတို့ရဲ့ သန္တာန်၌ တည်ရှိအောင် ထိထိမိမိ ကြိုးစား အားထုတ်ခြင်းဆိုတဲ့ လုပ်ငန်းရပ်တွေကို ပြုကြတယ်။ ဒါကြောင့် မိမိတို့ရဲ့ သန္တာန်၌ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာတွေနဲ့ ပြည့်စုံအောင် ပြုစုပျိုးထောင်ခဲ့ခြင်းဆိုတဲ့ ပါရမီမျိုးစေ့ကောင်းလည်း ရှိခဲ့မယ်ဆိုလျှင် မိမိတို့လည်း ဒီဘဝမှာပဲ ရာဂကျော့ကွင်းမှ လွတ်မြောက်ပြီး မသွားနိုင်ဘူးလား? လွတ်မြောက်သွားနိုင်တယ်။</p> <p>ဒါကြောင့် သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာတွေနဲ့ ပြည့်စုံအောင် အထူးသဖြင့် ဒီနေ့ ယောဂီများ ဒီနေ့အလှူရှင်များ ဘာလုပ်ကြရမလဲ? ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းတွေကို စနစ်တကျ စီးဖြန်းတတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ လိုအပ်တော့ <b>သုတ</b>ဆိုတဲ့ သူတော်ကောင်းဥစ္စာအရ မိမိတို့က ဒုက္ခသစ္စာအမည်ရနေတဲ့ ရုပ်တွေ နာမ်တွေကို ဟုတ်တိုင်းမှန်စွာ သိပြီ။ အဲဒီလို သိပြီးတဲ့ အချိန်အခါမှာ ဒီဒုက္ခသစ္စာ အမည်ရနေတဲ့ အကြောင်းတရားနှင့်တကွသော ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးတွေကို ဘာလုပ်ရမလဲ? အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေး သုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုရမယ်။</p> <p>တစ်နည်းအားဖြင့် <b>အနိစ္စလက္ခဏာ ဆယ်ချက်, ဒုက္ခလက္ခဏာ နှစ်ဆယ့် ငါးချက်, အနတ္တလက္ခဏာ ငါးချက်</b>၊ ပေါင်းလိုက်တော့ <b>လက္ခဏာကြီးသုံးတန် ရှုကွက်လေးဆယ်</b> ဆိုပြီးတော့ ရှေးရှေးဆရာတော်ကြီးများက ခေါ်ဝေါ် သုံးစွဲထားပါတယ်။ အဲဒီ ရှုကွက်လေးဆယ်ကို စနစ်တကျ ရှုနိုင်ခဲ့မယ်ဆိုလျှင် မိမိတို့လည်း ရာဂကျော့ကွင်းမှ လွတ်မြောက်သွားနိုင်တယ်။ မိမိတို့နဲ့ ဆက်စပ်နေတဲ့ သူတော်ကောင်းတွေလည်း ရာဂကျော့ကွင်းမှ လွတ်မြောက်သွားနိုင်တယ်။ လွတ်မြောက်သွားနိုင်အောင် ကိုယ့်တွက်ကိုယ့်တာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ ဆိုပြီးတော့ ဘုရားရှင်ရဲ့ အလိုတော်အတိုင်း ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးက ဆိုဆုံးမထားတဲ့ လင်္ကာကလေး ဒီတရားထဲမှာ ထည့်သွင်းပေးပါလို့ လျှောက်ထားကြတဲ့အတွက် အဲဒီလင်္ကာကလေးနဲ့ တရားသိမ်းကြရအောင် -</p> <hr> <h3>ကိုယ့်တွက်ကိုယ့်တာ ကျင့်ကြံပါ</h3> <p>ဆိုပိန့်ဟုတ်ရာ, စဉ်းစားပါလော့, ခန္ဓာဘာရ, ပဉ္စကကား, ယုယခင်မင်, စိန်ရွှေဆင်၍, ပြုပြင်ပိုက်ထွေး, နင်ကျွေးမွေးလည်း, အရေးမရောက်, သဲရေမှောက်သို့, နင့်နောက်မပါ, နင်လိုရာကို, ဘယ်ခါမလိုက်, နင့်အကြိုက်နှင့်, တိုက်ရိုက်ဖီလာ, ဆန့်ကျင်ပါခဲ့။</p> <p>မိမိတို့ရဲ့ ခန္ဓာအိမ်ကြီးကို ပြန်ပြီးတော့ ဆန်းစစ်ကြည့်ပါ၊ <b>ခန္ဓာဘာရ ပဉ္စက</b>၊ <b>ပဉ္စက</b>ဆိုတာက ငါးခု အစုအပုံကို ခေါ်တယ်။ <b>ရူပက္ခန္ဓာ, ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာ</b> ဆိုပြီးတော့ မိမိတို့ရဲ့ သန္တာန်မှာ ခန္ဓာ ဘယ်နှစ်ပါးရှိသလဲ? ငါးပါး၊၊</p> <p><b>ရူပက္ခန္ဓာ</b>က ရုပ်တရား၊ <b>ဝေဒနာက္ခန္ဓာ</b>စတဲ့ ကျန်ခန္ဓာလေးပါးက နာမ်တရား၊ အဲဒီ ရုပ်နာမ်နှစ်ပါး, ခန္ဓာငါးပါးဆိုတဲ့ ဝန်ထုပ်ကို မိမိတို့က သံသရာတစ်လျှောက်မှာ ထမ်းဆောင်လာကြရတယ်။ မိမိတို့ ထမ်းဆောင်ထားတဲ့ ဒီခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးရဲ့ သဘောက ဘယ်လိုရှိသလဲ?</p> <p>ဆိုပိန့်ဟုတ်ရာ, စဉ်းစားပါလော့, ခန္ဓာဘာရ, ပဉ္စကကား, ယုယခင်မင်, စိန်ရွှေဆင်၍, ပြုပြင်ပိုက်ထွေး, နင်ကျွေးမွေးလည်း, အရေးမရောက်, သဲရေမှောက်သို့, နင့်နောက်မပါ, နင်လိုရာကို, ဘယ်ခါမလိုက်, နင့်အကြိုက်နှင့်, တိုက်ရိုက်ဖီလာ, ဆန့်ကျင်ပါခဲ့။</p> <p>ဒီခန္ဓာငါးပါးကို စိန်တွေ ရွှေတွေ ဆင်ပေးရတယ်၊ ယုယပိုက်ထွေးမှု အမျိုးမျိုးကို ပြုပေးရတယ်၊ လက်သည်းနီကလေးတွေ, နှုတ်ခမ်းနီကလေးတွေ ဆိုးပေးရတယ်၊ မျက်ရစ်ကလေး ကွင်းပေးရတယ်၊ အမောက်ကလေး ရှေ့က ချလိုက်, နောက်က ချလိုက်နဲ့ ဆံပင်ကလေးတွေကို အမျိုးမျိုး ပြုပြင်ပေးရတယ်၊ ပုံစံအမျိုးမျိုးရှိတဲ့ အင်္ကျီကလေးတွေကို ဝတ်ဆင်ပေးရတယ်။ ဒီလို ပုံစံအမျိုးမျိုး ပြောင်းလဲပြီး ဘယ်လိုပင် ပြုပြင်ပိုက်ထွေးခြင်း, ယုယခုံမင်ခြင်းတွေ ပြုပေးနေသော်လည်း ဒီခန္ဓာငါးပါးက မိမိတို့ရဲ့ အလိုအကြိုက်ကို လိုက်ပါတဲ့သဘော ရှိပါရဲ့လား? မရှိကြဘူး။</p> <p>မလှချင်ဘူးလား? လှချင်တယ်၊ မိမိရဲ့ ရူပကာယကလေး ပျိုမြစ်နုနယ် တင့်တင့်တယ်တယ် ရှုချင်စဖွယ်အဆင်းနဲ့ ပြည့်စုံစေချင်သော်လည်း ဒီခန္ဓာငါးပါးက မိမိရဲ့အလိုအတိုင်း တည်နေနိုင်တဲ့သဘော ရှိသလား? မရှိဘူး။</p> <p>ရုပ်ဝါနုနယ်၊ ရှုစဖွယ်နှင့်, တင့်တယ်ရွှန်းစို၊ နင်လှလိုလည်း, အအိုစာရင်း, သူကသွင်း၏။</p> <h3>ဥဒယဘဒ္ဒမင်းသားနှင့် ဥဒယဘဒ္ဒါမင်းသမီး</h3> <p>ဘယ်စာရင်းထဲ သွင်းလိုက်သလဲ? အအိုစာရင်းပဲ သွင်းလိုက်တယ်၊ နောက်ဆုတ်လို့ ပြန်မပျိုသည် ရှေ့ကိုသာ အိုစမြဲဆိုတဲ့အတိုင်း နောက်ထပ် ပျိုလာတယ်လို့ မရှိပါဘူး၊ တစ်နေ့ထက်တစ်နေ့ ဘယ်ဘက်ကို သွားနေသလဲ? အိုတဲ့ဘက်ကိုပဲ သွားနေတယ်၊ ဥဒယဘဒ္ဒဇာတ်မှာ ဘုရားအလောင်းတော် ဥဒယဘဒ္ဒမင်းသားနှင့် ဥဒယဘဒ္ဒါ မင်းသမီးကလေးတို့ တစ်ဦးက အရင် ကွယ်လွန်သွားလျှင် တစ်ဦးက ပြန်လာပြီး ပြောပြကြစတမ်းဆိုပြီး ကတိသစ္စာ ထားခဲ့ကြတယ်။ ဒါပေမဲ့ သက်တမ်းရှည်တဲ့ကာလ ဖြစ်ကြပါတယ်။ ဥဒယဘဒ္ဒ မင်းသားကလေးက အရင် ကွယ်လွန်သွားပြီ၊ ကွယ်လွန်သွားတဲ့ အချိန်အခါ နတ်ပြည်ရောက်တော့ သိကြားမင်းကြီး ဖြစ်ပြီ၊ သိကြားမင်းစည်းစိမ်က ကြီးကျယ်လွန်းတော့ ဥဒယဘဒ္ဒါမင်းသမီးနဲ့ ထားခဲ့တဲ့ ကတိသစ္စာကို ပြန်ပြီး ပြောပြဖို့ရန် ခုနစ်ရက်လောက် မေ့သွားတယ်။ တာဝတိံသာ နတ်ပြည်မှာ ခုနစ်ရက် လူ့ပြည်မှာ နှစ်ပေါင်း ခုနစ်ရာ ကြာသွားတယ်။ အခုလိုသာ နှစ်ပေါင်း တစ်ရာတမ်းအောက် ရောက်နေပြီဆိုလျှင် မှီနိုင်ပါ့မလား? မမှီနိုင်တော့ဘူး။</p> <p>နတ်ပြည်သက်တမ်းဖြင့် ရေတွက်လျှင်တော့ ခုနစ်ရက်ပဲ ရှိပါသေးတယ်၊ ခုနစ်ရက်ပြည့်တော့ သတိရတာနဲ့ ပြန်လာတယ်။ ဘုံခုနစ်ဆင့် အထပ်မှာ ဥဒယဘဒ္ဒါ မင်းသမီးလေးကလည်း တစ်ယောက်ထီးတည်း စံမြန်းနေတဲ့အချိန် ဖြစ်ပါတယ်။ ညဘက်အချိန်မှာ ဆင်းလာပါတယ်၊ ဆင်းလာတော့ ပထမနေ့မှာ အင်မတန် ချောမောလှပတဲ့ လုလင်အသွင် ဆောင်ပြီးတော့ လူပျိုစကား လာပြောတယ် ဆိုကြစို့၊</p> <p>လက်ဆောင်ဘဏ္ဍာတွေက ဘာတွေပါလာသလဲ? ပထမနေ့မှာ လက်ဆောင်ဘဏ္ဍာအဖြစ် ရွှေလင်ပန်းထဲမှာ ရွှေဒင်္ဂါးတွေ အပြည့်ထည့်ပြီးတော့ လာပြောတယ်။ ဥဒယဘဒ္ဒါ မင်းသမီးကလေးကလည်း လက်မခံလိုက်ပါဘူး၊ ဒုတိယနေ့မှာ ငွေလင်ပန်းထဲမှာ ရွှေဒင်္ဂါးတွေ ထည့်ပြီးတော့ လာပြောတယ်။ တတိယနေ့မှာတော့ ကြေးလင်ပန်းထဲမှာ ငွေဒင်္ဂါးတွေ ထည့်ပြီးတော့ လာပြောတယ်။ (ဇာတက၊ဋ္ဌ၊၃၊၁၀၈-၁၀၉။)</p> <p>သုံးညဉ့်တိုင်တိုင် ဒီလောက် အစောင့်အကြပ်တွေများတဲ့ အထဲက ဒင်းဘယ်လိုများ ဝင်လာပြီး လူပျိုစကား လာပြောရသလဲ ဆိုပြီးတော့ ဥဒယဘဒ္ဒါ မင်းသမီးလေးကလည်း စဉ်းစားတယ်။ စဉ်းစားပြီးတဲ့ အခါမှာ သူက ဘာပြန်မေးသလဲ? သူတစ်ပါးတို့က အလိုမရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ထံ လာပြီး လူပျိုလှည့်တယ်ဆိုလျှင် တစ်နေ့ထက်တစ်နေ့ လက်ဆောင်ဘဏ္ဍာတွေ တိုးတိုးပြီးသာ ပေးပို့ကြပါတယ်။ ဘယ်အကြောင်းကြောင့် တစ်နေ့ထက်တစ်နေ့ တိုးတိုးပြီး မပေးဘဲ လျော့လျော့ပြီး ပေးရသလဲလို့ မေးကြည့်တယ်။</p> <p>ငါဟာ ကျွမ်းကျင်လိမ္မာတဲ့ ကုန်သည်တစ်ဦး ဖြစ်ပါတယ်။ သင်က တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး အိုအိုမလာဘဲ ပျိုပျိုလာတယ်ဆိုလျှင်တော့ ငါက တိုးပေးနိုင်ပါတယ်၊ ယခုတော့ သင်က တစ်နေ့ထက်တစ်နေ့ ပျိုပျိုပြီး မလာဘဲနဲ့ ပိုပိုပြီး အိုအိုလာတယ်။ ဒါကြောင့် ငါ တိုးမပေးနိုင်ပါဘူးလို့ ပြန်ပြောတယ်။ မမှန်ဘူးလား? မှန်နေတယ်။</p> <p>ဒါယကာကြီးတွေ တိုးပေးသင့်သလား၊ လျော့ပေးသင့်သလား? လျော့ပေးသင့်တယ်။ တို့ဟာ တစ်နေ့ထက်တစ်နေ့ အိုအိုပြီးသာ လာတယ်။ ပျိုပျိုပြီးတော့ မလာဘူး၊ ဒီလို စူးစမ်းဆင်ခြင်သင့်တယ်။ သင်ဟာ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး လှလှလာတယ်၊ ပိုပိုပြီးတော့ အကျည်းတန် အရုပ်ဆိုးမှု မရှိဘူး ဆိုလျှင်လည်း ငါက တိုးပေးပါတယ်။ သို့သော် သင်၏ ရုပ်အဆင်းတွေဟာ တစ်နေ့ထက်တစ်နေ့ အိုအိုလာတဲ့အတွက် ပိုပိုပြီးတော့ အရုပ်ဆိုးလာတယ်။ ဒါကြောင့် ငါက တိုးမပေးနိုင်ဘူးလို့ ပြောလိုက်တဲ့စကားက မမှန်ဘူးလား? မှန်နေတယ်။ အဲဒီ ပုံစံအတိုင်းပဲ --</p> <p><b>ရုပ်ဝါနုနယ်၊ ရှုစဖွယ်နှင့်၊ တင့်တယ်ရွှန်းစို၊ နင်လှလိုလည်း၊ အအိုစာရင်း၊ သူကသွင်း၏။</b></p> <p>နေ့တိုင်းနေ့တိုင်း ဘယ်စာရင်းထဲကိုသာ သူက ထည့်ပေးနေသလဲ? ကိုယ်က ပျိုချင်နေသော်လည်း သူက အအိုစာရင်းထဲကို အမြဲတမ်း ထည့်ပေးမနေဘူးလား? ထည့်ပေးနေတယ်။</p> <p><b>ရုပ်ဝါနုနယ်၊ ရှုစဖွယ်နှင့်၊ တင့်တယ်ရွှန်းစို၊ နင်လှလိုလည်း၊ အအိုစာရင်း၊ သူက သွင်း၏၊ ဘေးကင်းရန်ကွာ၊ လွန်ချမ်းသာ၍၊ မနာရလို၊ တောင်းဆုဆိုလည်း၊ နင့်ကို မညှာ၊ ဘေးရောဂါနှင့်၊ ခါခါမငဲ့၊ မိတ်ဆွေဖွဲ့၏။</b></p> <p>ဘေးရန်တွေ ကင်းချင်တယ်၊ ရောဂါတွေ ကင်းချင်တယ်၊ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် နေချင်တယ်၊ သို့သော် ဒီခန္ဓာငါးပါးက ဘယ်သဘောရှိသလဲ? ဘေးအန္တရာယ် မကင်းအောင်, ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မနေရအောင် နာနေတဲ့ စာရင်းထဲကို နေ့တိုင်း သွင်းမပေးဘူးလား? သွင်းပေးနေတယ်။ ဒီနေ့ ခေါင်းကလည်း ကိုက်လိုက်တာ တရားထိုင်လို့ မကောင်းပြန်ဘူး၊ ဒီနေ့ တရားထိုင်ရတာ အားက မရှိပြန်ဘူး၊ ဒီနေ့ တရားထိုင်ရတာ ဗိုက်ကြီးက ဟာတာတာ ဖြစ်နေလို့၊ ဒီနေ့ ဗိုက်ကြီးက တင်းတင်းကြီး ဖြစ်နေလို့၊ နောက်ဖေး ခဏခဏ သွားနေရလို့ တရားထိုင်ရတာ သိပ်မကောင်းဘူး ဆိုပြီးတော့ နေ့စဉ် မပြောကြဘူးလား? ပြောနေတယ်။</p> <p>မိမိက ဘေးရန်တွေ ကင်းချင်တယ်၊ အနာရောဂါတွေ ကင်းရှင်းချင်သော်လည်း ဒီခန္ဓာငါးပါးက လိုလား တောင့်တနေသည့်အတိုင်း ဘေးရန်တွေ ကင်းရှင်းသွားအောင် အနာရောဂါတွေ ကင်းရှင်းသွားအောင် ပြုလုပ်ပေးနိုင်တဲ့စွမ်းအား ရှိသလား? မရှိဘူး။ ဘေးရန်အမျိုးမျိုးတွေ ကျရောက်လာအောင်, ရောဂါအမျိုးမျိုးတွေ ကျရောက်လာအောင် ဒီခန္ဓာငါးပါးက ဖန်တီးပေးနေတယ်။ ရောဂါဆိုတာက ဘယ်ရောဂါကို ပြောတာလဲ?</p> <p>ဒီခန္ဓာငါးပါးကိုပဲ ရောဂါလို့ ပြောနေတာ၊ ခန္ဓာငါးပါးရှိလို့ ရောဂါရှိတာ၊ ခန္ဓာငါးပါးမရှိလျှင် ရောဂါရှိမလား? မရှိဘူး။ မာတဲ့သဘောကို ရောဂါလို့ပြောလျှင် ဒီခန္ဓာအိမ်ထဲမှာ မာတဲ့သဘော မရှိဘူးလား? ရှိနေတယ်။ ယိုစီးနေတဲ့သဘောကို ရောဂါလို့ ပြောခဲ့လျှင်လည်း ယိုစီးနေတဲ့သဘောတွေက ဒီခန္ဓာအိမ်ထဲမှာ မရှိဘူးလား? ရှိနေတယ်။ ပူတဲ့သဘောကို ရောဂါလို့ ပြောခဲ့လျှင် ပူတဲ့သဘော ဒီခန္ဓာအိမ်ထဲမှာ မရှိဘူးလား? ရှိနေတယ်။ ထောက်ကန် တွန်းကန်နေတဲ့ အလွန်ပြင်းထန်သော လေဓာတ်သဘောတွေကို ရောဂါလို့ ပြောခဲ့လျှင်လည်း ဒီ<b>ဝါယောဓာတ်</b>တွေလည်း ခန္ဓာအိမ်ထဲ မရှိဘူးလား? ရှိနေတယ်။</p> <p>ဒီဓာတ်ကြီးလေးပါးရဲ့ လွန်ကဲမှုကို ရောဂါလို့ ပြောခဲ့လျှင် ဒီဓာတ်ကြီး လေးပါးက ခန္ဓာအိမ်ထဲမှာ အမြဲရှိနေတယ်။ ဒါကြောင့် ဒီခန္ဓာသည် ရောဂါတုံးကြီး ဖြစ်နေတယ်။ ခန္ဓာငါးပါးကိုက ရောဂါဖြစ်နေတဲ့အတွက် ဒီခန္ဓာ ငါးပါးကို တွယ်တာတပ်မက်လို့ ဒီကံတွေကို ပြုစုပျိုးထောင်လို့ ဒီကံတွေရဲ့ စွမ်းအား ရရှိလာတဲ့အခါ ရောဂါတုံးကြီးကို ရရှိနေတာနဲ့ မတူဘူးလား? တူနေတယ်။ နောက်ထပ် ဒီခန္ဓာငါးပါးက ဘယ်သဘော ရှိပြန်သလဲ?</p> <p><b>ရုပ်ဝါနုနယ်၊ ရှုစဖွယ်နှင့်၊ တင့်တယ်ရွှန်းစို၊ နင်လှလိုလည်း၊ အအိုစာရင်း၊ သူကသွင်း၏။ ဘေးကင်းရန်ကွာ၊ လွန်ချမ်းသာ၍၊ မနာရလို၊ တောင်းဆုဆိုလည်း၊ နင့်ကိုမညှာ၊ ဘေးရောဂါနှင့်၊ ခါခါမငဲ့၊ မိတ်ဆွေဖွဲ့၏။ နင်နဲ့တူညီ၊ ချစ်ကြိုးသီသား၊ ပလီပလာ၊ အပြစ်ကွာသည့်၊ ချစ်စွာမယား၊ သမီးသားနှင့်၊ စီးပွားဥစ္စာ၊ ဉာတကာကို၊ ဘယ်ခါမကွဲ၊ အတူတွဲ၍၊ အမြဲပြုံးချို၊ နေရလိုလည်း၊ နင့်ကို မထောက်၊ နင့်နောက်မလိုက်၊ အပူတိုက်၍၊ နင်ဟိုက်နင်ခွေ၊ နင့်ကို သေအောင်၊ ကျားမြွေခံတွင်း၊ အစာသွင်းသို့၊ သေမင်းသူ့လက်၊ ပဏ္ဏာဆက်၏။</b></p> <p>ပြုံးပြုံး ပြုံးပြုံးနဲ့ သားတွေ, သမီးတွေ, ဇနီးတွေ, မြေးတွေ, မြစ်တွေနဲ့ မနေချင်ကြဘူးလား? နေချင်ကြတယ်။ စည်းစိမ်ဥစ္စာတွေနဲ့ အတူတွဲပြီးတော့ အမြဲတမ်း နေချင်ကြတယ်။ နေချင်သော်လည်း ဒီခန္ဓာငါးပါးက မိမိတို့ မျှော်လင့်တောင့်တထားတဲ့အတိုင်း နေနိုင်အောင် ပြုစုပျိုးထောင်ပေးသလား? မပေးဘူး။ သေမင်းသူ့လက် ဝကွက်ပြီးတော့ အပ်ပေးကြတယ်။ ဒါကြောင့်-</p> <p><b>ရုပ်ဝါနုနယ်၊ ရှုစဖွယ်နှင့်၊ တင့်တယ်ရွှန်းစို၊ နင်လှလိုလည်း၊ အအိုစာရင်း၊ သူကသွင်း၏။ ဘေးကင်းရန်ကွာ၊ လွန်ချမ်းသာ၍၊ မနာရလို၊ တောင်းဆုဆိုလည်း၊ နင့်ကိုမညှာ၊ ဘေးရောဂါနှင့်၊ ခါခါမငဲ့၊ မိတ်ဆွေဖွဲ့၏။ နင်နဲ့တူညီ၊ ချစ်ကြိုးသီသား၊ ပလီပလာ၊ အပြစ်ကွာသည့်၊ ချစ်စွာမယား၊ သမီးသားနှင့်၊ စီပွားဥစ္စာ၊ ဉာတကာကို၊ ဘယ်ခါမကွဲ၊ အတူတွဲ၍၊ အမြဲပြုံးချို၊ နေရလိုလည်း၊ နင့်ကို မထောက်၊ နင့်နောက်မလိုက်၊ အပူတိုက်၍၊ နင်ဟိုက်နင်ခွေ၊ နင့်ကို သေအောင်၊ ကျားမြွေခံတွင်း၊ အစာသွင်းသို့၊ သေမင်းသူ့လက်၊ ပဏ္ဏာဆက်၏။</b></p> <p><b>လရက်နှစ်တွေ၊ အသင်္ချေနှင့်၊ လွန်လေဘဝ၊ အနန္တက၊ ဆုံးစမပိုင်၊ ယခုတိုင်အောင်၊ နိုင်နိုင်နင်းနင်း၊ ဉာဏ်မသွင်း၍၊ သေမင်းသူလျှို၊ ခန္ဓာကိုယ်ကို၊ မငြိုငြင်ရက်၊ စွဲလမ်းချက်ဖြင့်၊ မြိုင်နက်စွန်ဖျား၊ တောသစ်ကျားကို၊ မယ်ဘွားမိခင်၊ နွားငယ်ထင်သို့၊ အမြင်မဖြောင့်၊ ဝိပလ်မှောင့်၍၊ တကြောင့်ကြကြ၊ ပြုခဲ့လှပြီ။</b></p> <p>ဒီခန္ဓာငါးပါးသည် <b>အနိစ္စတရား</b>ဖြစ်တယ်, <b>ဒုက္ခတရား</b>ဖြစ်တယ်, <b>အနတ္တ</b> တရားဖြစ်တယ်လို့ နိုင်နိုင်နင်းနင်း ဉာဏ်နဲ့ မသွင်းနိုင်ခဲ့ဘူး၊ မသွင်းနိုင်တဲ့ အတွက်ကြောင့် ဘာဖြစ်သလဲ? နိုင်နိုင်နင်းနင်း ဉာဏ်မသွင်းနိုင်တဲ့အတွက် ဒီခန္ဓာငါးပါးကိုပဲ မိမိ အလွန် ချစ်မြတ်နိုးနေတဲ့ သားငယ်လို့ ထင်နေတယ်။ နွားမကြီးတစ်ကောင်မှာ သားငယ်ကလေး တစ်ကောင်ရှိတယ် ဆိုကြစို့၊ သားငယ်ကလေး ပျောက်သွားလို့ လိုက်လံ ရှာဖွေရာမှာ တောစပ် တစ်နေရာ ရောက်တော့ မိမိကို သတ်ဖို့ရာ ချောင်းမြောင်းနေတဲ့ ကျားကိုပဲ မိမိရဲ့ နွားသားငယ်ကလေးလို့ ထင်သလို မိမိရဲ့ ခန္ဓာငါးပါးကို သားငယ်ကလေးလို ထင်မြင်ကြပြီး ယုယခုံမင်ပြီး နေကြတယ်။ မဟုတ်ဘူးလား? ဟုတ်တယ်။</p> <p>ဒီခန္ဓာငါးပါးရှိလို့ ပဋိသန္ဓေနေရတယ်၊ ဒီခန္ဓာငါးပါးရှိလို့ အိုရတယ်၊ ဒီခန္ဓာငါးပါးရှိလို့ နာရတယ်၊ ဒီခန္ဓာငါးပါးရှိလို့ သေရတယ်၊ အသေစာရင်းဝင်နေတဲ့ ဒီခန္ဓာငါးပါးကြီးကိုပဲ နိုင်နိုင်နင်းနင်းနဲ့ <b>အနိစ္စ-ဒုက္ခ-အနတ္တ</b>ပဲလို့ ဒီလို ဉာဏ်မသွင်းနိုင်တဲ့အတွက်, ဒီခန္ဓာငါးပါးကြီးကိုပဲ မက်မောပြီး နေတဲ့အတွက် ကံတွေကို ပြုစုပျိုးထောင်တယ်။ ဒီကံတွေကို ပြုစု ပျိုးထောင်လိုက်တဲ့အတွက် ဒီခန္ဓာငါးပါးကြီး ထပ်ပြီး ရပြန်တယ်။ ထပ်ရလိုက်တဲ့ အချိန်အခါမှာ ဒီခန္ဓာငါးပါးကြီးကို အခြေခံပြီးတော့ ပဋိသန္ဓေ နေရပြန်တယ်၊ ထပ်ပြီး အိုရပြန်တယ်၊ နာရပြန်တယ်၊ သေရပြန်တယ်။</p> <p>မိမိကို အသေသတ်ရန် ချောင်းမြောင်းနေတဲ့ ကျားသစ်ကို နွားသားငယ်ကလေးလို့ မိခင်နွားမကြီးက ထင်နေသလို မိမိကို အသေသတ်နေတဲ့ ဒီခန္ဓာငါးပါးကိုပဲ မိမိရဲ့ သားငယ်ကလေးလို့ ထင်ပြီးတော့ ယုယပိုက်ထွေးလာခဲ့တဲ့ ဘဝတွေ ဘယ်လောက်များပြီလဲ? များလှပြီလို့ ဒီလို ဆရာတော်ကြီးက ဆုံးမထားတယ်။ မဟုတ်ဘူးလား? ဟုတ်နေတယ်။ ဟုတ်နေတဲ့အတွက်ကြောင့် ဘာဆက်ပြီးတော့ ဆရာတော်ကြီးက အမိန့်ရှိသလဲ?</p> <p><b>ရုပ်ဝါနုနယ်၊ ရှုစဖွယ်နှင့်၊ တင့်တယ်ရွှန်းစို၊ နင်လှလိုလည်း၊ အအိုစာရင်း၊ သူကသွင်း၏။ ဘေးကင်းရန်ကွာ၊ လွန်ချမ်းသာ၍၊ မနာရလို၊ တောင်းဆုဆိုလည်း၊ နင့်ကိုမညှာ၊ ဘေးရောဂါနှင့်၊ ခါခါမငဲ့၊ မိတ်ဆွေဖွဲ့၏။ နင်နဲ့တူညီ၊ ချစ်ကြိုးသီသား၊ ပလီပလာ၊ အပြစ်ကွာသည့်၊ ချစ်စွာမယား၊ သမီးသားနှင့်၊ စီပွားဥစ္စာ၊ ဉာတကာကို၊ ဘယ်ခါမကွဲ၊ အတူတွဲ၍၊ အမြဲပြုံးချို၊ နေရလိုလည်း၊ နင့်ကို မထောက်၊ နင့်နောက်မလိုက်၊ အပူတိုက်၍၊ နင်ဟိုက်နင်ခွေ၊ နင့်ကို သေအောင်၊ ကျားမြွေခံတွင်း၊ အစာသွင်းသို့၊ သေမင်းသူ့လက်၊ ပဏ္ဏာဆက်၏။</b></p> <p><b>လရက်နှစ်တွေ၊ အသင်္ချေနှင့်၊ လွန်လေဘဝ၊ အနန္တက၊ ဆုံးစမပိုင်၊ ယခုတိုင်အောင်၊ နိုင်နိုင်နင်းနင်း၊ ဉာဏ်မသွင်း၍၊ သေမင်းသူလျှို၊ ခန္ဓာကိုယ်ကို၊ မငြိုငြင်ရက်၊ စွဲလမ်းချက်ဖြင့်၊ မြိုင်နက်စွန်ဖျား၊ တောသစ်ကျားကို၊ မယ်ဘွားမိခင်၊ နွားငယ်ထင်သို့၊ အမြင်မဖြောင့်၊ ဝိပ္ပလ်မှောင့်၍၊ တကြောင့်ကြကြ၊ ပြုခဲ့လှပြီ။</b></p> <p><b>ဘုရားသာသနာ၊ ခုအခါ၌၊ ပညာစက္ခု၊ ဖန်ဖန်ရှုလော့။ ဥတုဂိမှန်၊ အချိန်တန်သော်၊ သူရကန်ဝှေ့၊ အပူငွေ့ကြောင့်၊ ရေသွေ့ခန်းငြား၊ အိုင်ပက္ကားဝယ်၊ ကျက်စားနေကြ၊ ငါးမစ္ဆတို့၊ ရေကလည်းနဲ၊ သိန်းစွန်ဝဲ၍၊ ပျော်ပွဲမြူမျှ၊ ရှာမရဘဲ၊ သေကြဖို့သာ၊ နီးကပ်လာသို့။</b></p> <p>နွေကာလ <b>အိုင်ပက္ကား</b>ခေါ်တဲ့ ရေတိမ်တိမ်ကလေးသာ ရှိတော့တဲ့ ရေအိုင်ကလေးတစ်ခုမှာ ကျက်စားနေတဲ့ ငါးတွေကို ပြန်ကြည့်လိုက်တဲ့ အချိန်အခါမှာ ရေကလည်း နည်းလာပြီ။ နွေကာလရောက်တော့လည်း အပူရှိန်တွေကလည်း ပြင်းထန်လာပြီ။ သိန်းတွေစွန်တွေကလည်း အပေါ်က ဝဲနေပြီဆိုလျှင် ဒီငါးတွေအတွက် သေဖို့ရာ နီးကပ်မလာဘူးလား? နီးကပ်လာပြီ။</p> <p><b>ဥတုဂိမှာန်၊ အချိန်တန်သော်၊ သူရကန်ဝှေ့၊ အပူငွေ့ကြောင့်၊ ရေသွေ့ခန်းငြား၊ အိုင်ပက္ကားဝယ်၊ ကျက်စားနေကြ၊ ငါးမစ္ဆတို့၊ ရေကလည်းနဲ၊ သိန်းစွန်ဝဲ၍၊ ပျော်ပွဲမြူမျှ၊ ရှာမရဘဲ၊ သေကြဖို့သာ၊ နီးကပ်လာသို့။</b></p> <p><b>သူငါကစ၊ ရှိသမျှလည်း၊ နေ့ညဉ့်မလပ်၊ အစဉ်စပ်လျက်၊ ဥပါဒ်-ဌီ-ဘင်၊ မပြတ်နှင်လျက်၊ ပျော်ရွှင်စရာ၊ မရှိပါဘဲ၊ ဖျားနာကိုက်ခဲ၊ ရောဂါစွဲ၍၊ သေပွဲသေတမ်း၊ သေစခန်းနှင့်၊ သေလမ်းသို့သာ၊ နီးကပ်လာ၏။</b></p> <p>ဒီခန္ဓာငါးပါး ပြန်ကြည့်လိုက်တော့ --- ဖြစ်လိုက်, တည်လိုက်, ပျက်လိုက် ဖြစ်လိုက်, တည်လိုက်, ပျက်လိုက် --- <b>ဥပါဒ်-ဌီ-ဘင်</b> သဘောအားဖြင့် အစဉ်မပြတ် ဖြစ်ပျက်နေတဲ့ ဒီခန္ဓာငါးပါးကြီးသည် ဘယ်ဘက်ကို သွားနေသလဲ? သေခြင်းဘက်ကို သွားနေတယ်။ တစ်နေ့ထက်တစ်နေ့ သေဘက်သို့ ပိုပိုပြီး နီးမလာဘူးလား? နီးလာပြီ။ ဒါကြောင့် -</p> <p><b>သူငါကစ၊ ရှိသမျှလည်း၊ နေ့ညဉ့်မလပ်၊ အစဉ်စပ်လျက်၊ ဥပါဒ်-ဌီ-ဘင်၊ မပြတ်နှင်လျက်၊ ပျော်ရွှင်စရာ၊ မရှိပါဘဲ၊ ဖျားနာကိုက်ခဲ၊ ရောဂါစွဲ၍၊ သေပွဲသေတမ်း၊ သေစခန်းနှင့်၊ သေလမ်းသို့သာ၊ နီးကပ်လာ၏။</b></p> <p><b>ငါငါတက်ကြွ၊ မာန်မာနနှင့်၊ လောဘဒေါသာ၊ အစဖြာသား၊ ယုတ်မာစွာလှ၊ အဓမ္မကို၊ ဝေးကမလာ၊ ကင်းရှင်းကွာအောင်၊ ခါခါမပွား၊ အပျင်းများမူ၊ လေးပါးပါယ်ရွာ၊ နင့်အိမ်သာဟု၊ စိတ်မှာစွဲကပ်၊ သတိချပ်လော့။</b></p> <p>ငါငါလို့ ထောင်လွှား တက်ကြွနေတဲ့ မာန်မာနတွေ ရှိတယ်။ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစု အစရှိတဲ့ တွယ်တာစရာ အာရုံတွေကို တွယ်တာ မက်မောတတ်တဲ့ လောဘတရားတွေ ရှိတယ်။ ဒေါသတရားတွေ, မာန်မာနတရားတွေ, ဣဿာမစ္ဆရိယတရားတွေ စသည်ဖြင့် မကောင်းတဲ့ အကုသိုလ် အညစ်အကြေးတွေ ရှိကြတယ်။</p> <p>ဒီအကုသိုလ် အညစ်အကြေးတွေကို မိမိရဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ ကိန်းဝပ်တည်ရှိမှု မရှိအောင် ဘာလုပ်ရသလဲ? ဒီအကုသိုလ်တရားတွေကို <b>အနိစ္စ-ဒုက္ခ-အနတ္တ</b>လို့ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုရတယ်။ ဒီအကုသိုလ်တရားတွေရဲ့ တည်ရာ အခြေခံအကြောင်း ရင်းဖြစ်နေတဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကိုလည်း <b>အနိစ္စ-ဒုက္ခ-အနတ္တ</b> လက္ခဏာရေးသုံးတန်တင်ပြီး တွင်တွင်ကြီး ဝိပဿနာရှုရတယ်။ အဲဒီလို ဝိပဿနာရှုနေတဲ့ လုပ်ငန်းရပ်တွေမှာ ပျင်းကြောတွေ ထူနေခဲ့မယ်ဆိုလျှင်တော့ ဘာဖြစ်သလဲ?</p> <p><b>လေးပါးပါယ်ရွာ၊ နင့်အိမ်သာဟု၊ စိတ်မှာစွဲကပ်၊ သတိချပ်လော့။</b></p> <p>တစ်နည်းပြောလျှင်တော့ <b>သဒ္ဓါ-သီလ-သုတ-စာဂ-ပညာ</b>ခေါ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါးနဲ့ ပြည့်စုံေအောင် ကြိုးစားအားထုတ်ရတဲ့ လုပ်ငန်းရပ်တွေမှာ အပျင်းထူနေမယ်ဆိုလျှင်တော့ ဘာဖြစ်မလဲ?</p> <p><b>လေးပါးပါယ်ရွာ၊ နင့်အိမ်သာဟု၊ စိတ်မှာစွဲကပ်၊ သတိချပ်လော့။</b></p> <p>အပါယ်လေးဘုံသည် ကိုယ့်အိုးကိုယ့်အိမ် နင့်အိုးနင့်အိမ်လို့ ဒီလို စိတ်ထဲမှာ မှတ်ထားပေတော့။ ဒါကြောင့် အထက်တန်းကျနေတဲ့ နေရာတွေကို ရောက်လိုလျှင် ဘာလုပ်ရမလဲ?</p> <p><b>လူ့ရပ်နတ်ရွာ၊ ထက်ဗြဟ္မာနှင့်၊ မဟာသုခ၊ နိဗ္ဗာနသို့၊ ရှစ်ဝမဂ္ဂင်၊ သင်္ဘောယာဉ်ဖြင့်၊ ဆောလျင်ကပ်ခို၊ ရောက်ရလိုမူ၊ ထိုထိုပုည၊ ကုသလကို၊ နေ့ညမစဲ၊ လုံ့လသည်းလော့။</b></p> <p>အထက်တန်းကျနေတဲ့ လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာဘဝတွေကို ရောက်ချင်တယ်ဆိုလျှင်, ချမ်းသာသုခအားလုံးတို့ရဲ့ အထွတ်အထိပ်ဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကြီးကို လိုချင်တယ်ဆိုလျှင် လိုလားတောင့်တခဲ့တယ်ဆိုလျှင် ဘာလုပ်ရမလဲ? <b>သဒ္ဓါ-သီလ-သုတ-စာဂ-ပညာ</b>လို့ ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းဥစ္စာ ထိုထိုကုသိုလ်တရားတွေနဲ့ ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ။</p> <p><b>ကြုံခဲလှစွာ၊ သာသနာနှင့်၊ နင့်မှာမရွေ့၊ ယခုတွေ့ပြီ၊ မေ့မေ့မူးမူး၊ နင်မရူးနှင့်၊ ဆီဦးထောပတ်၊ ရသာဓာတ်ကို၊ အမြတ်တစ်ခု၊ မှတ်မရှုဘဲ၊ ရွာသူ့ဝက်မိုက်၊ မစင်ကြိုက်သို့၊ အမြိုက်တရား၊ နင်ရှောင်ရှား၍၊ ငါးပါးအာရုံ၊ မစင်ပုံကို၊ စုံစုံမက်မက်၊ မနှစ်သက်နှင့်။</b></p> <p>အင်မတန် ကြုံခဲလှတဲ့ ဘုရားသာသနာနဲ့ ယခုအခါမှာ တွေ့လာပြီ ဖြစ်ပါတယ်။ ဒါကြောင့် အာရုံငါးပါး <b>ကာမဂုဏ်တရား</b>လို့ ခေါ်ဆိုအပ်တဲ့ မစင်ပုံကြီးကိုတော့ စုံစုံမက်မက် မနေကြပါနဲ့။ ဆီဦးထောပတ်နဲ့ တူနေတဲ့ <b>သဒ္ဓါ-သီလ-သုတ-စာဂ-ပညာ</b>လို့ ခေါ်ဆိုတဲ့ သူတော်ကောင်းဥစ္စာတွေနဲ့ ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါတဲ့။</p> <p><b>ကြုံခဲလှစွာ၊ သာသနာနှင့်၊ နင့်မှာမရွေ့၊ ယခုတွေ့ပြီ၊ မေ့မေ့မူးမူး၊ နင်မရူးနှင့်၊ ဆီဦးထောပတ်၊ ရသာဓာတ်ကို၊ အမြတ်တစ်ခု၊ မှတ်မရှုဘဲ၊ ရွာသူ့ဝက်မိုက်၊ မစင်ကြိုက်သို့၊ အမြိုက်တရား၊ နင်ရှောင်ရှား၍၊ ငါးပါးအာရုံ၊ မစင်ပုံကို၊ စုံစုံမက်မက်၊ မနှစ်သက်နှင့်၊ ထက်မြက်အဖျား၊ သင်တုန်းသွားဝယ်၊ ပျားသဖွယ်ဟု၊ ဉာဏ်ကျယ်သလောက်၊ အပြစ်ကောက်၍။</b></p> <p>အာရုံငါးပါးလို့ ခေါ်ဆိုအပ်တဲ့ မစင်ပုံကြီးက အင်မတန် ထက်မြက်နေတဲ့ သင်တုန်းသွားပေါ်မှာ တင်ထားတဲ့ ပျားရည်ကလေးကို သွားပြီးတော့ လျှက်မိလျှင် လျှာပြတ်သွားတာနဲ့ တူတယ်။ ဘာဖြစ်လို့လဲ? ဒီအာရုံငါးပါး <b>ကာမဂုဏ်တရား</b>တွေက သတ္တဝါတွေကို သံသရာဝဋ်ဆင်းရဲဒုက္ခမှ မလွတ်နိုင်အောင် ဆွဲခေါ်ထားတဲ့ တရားတွေလည်း ဖြစ်ကြတယ်။ ဒီအာရုံငါးပါး <b>ကာမဂုဏ်တရား</b>တွေကို အကြောင်းပြုပြီး <b>ဒုစရိုက်တရား</b>တွေကို လွန်ကျူးခဲ့လျှင် ဒီ <b>ဒုစရိုက်တရား</b>တွေက ဒီသတ္တဝါတွေကို အပါယ်လေးဘုံသို့ ရောက်အောင် ပစ်ချမှာပဲ ဖြစ်ကြတယ်။</p> <p>ဒါကြောင့် သင်တုန်းသွားပေါ်မှာ တင်ထားတဲ့ ပျားရည်စက်ကလေး တစ်စက်ကို မလျှက်တတ်လျှင် လျှာပြတ်ပြီး သွားနိုင်သလို ဒီအာရုံငါးပါး <b>ကာမဂုဏ်တရား</b>ဆိုတဲ့ ဒီမစင်ပုံကြီးကို သွားပြီး မက်မောလို့ ပွေ့ပိုက်ထားခဲ့မယ်ဆိုလျှင် ဒီမစင်ပုံကြီးက သတ္တဝါတွေကို အပါယ်လေးဘုံရောက်အောင် ပစ်ချနိုင်တဲ့စွမ်းအား ရှိတယ်။ လျှာတွေကို ပြတ်သွားအောင် ပြုလုပ်ပေးနိုင်တဲ့စွမ်းအား ရှိပါတယ်။ ဒါကြောင့် -</p> <p><b>ကြုံခဲလှစွာ၊ သာသနာနှင့်၊ နင့်မှာမရွေ့၊ ယခုတွေ့ပြီ၊ မေ့မေ့မူးမူး၊ နင်မရူးနှင့်၊ ဆီဦးထောပတ်၊ ရသာဓာတ်ကို၊ အမြတ်တစ်ခု၊ မှတ်မရှုဘဲ၊ ရွာသူ့ဝက်မိုက်၊ မစင်ကြိုက်သို့၊ အမြိုက်တရား၊ နင်ရှောင်ရှား၍၊ ငါးပါးအာရုံ၊ မစင်ပုံကို၊ စုံစုံမက်မက်၊ မနှစ်သက်နှင့်၊ ထက်မြက်အဖျား၊ သင်တုန်းသွားဝယ်၊ ပျားသဖွယ်ဟု၊ ဉာဏ်ကျယ်သလောက်၊ အပြစ်ကောက်၍၊ တောင်ချောက်မြိုင်ကြား၊ သမင်များကို၊ သစ်ကျားပုန်းအောင်း၊ အရချောင်းသို့၊ တောင်ခေါင်းရိပ်မြှောင်၊ သင်္ခမ်းချောင်ဝယ်၊ တိမ်းရှောင်တစ်ကိုယ်၊ တော - တောဆို၍၊ မဂ်ဖိုလ်မနှောင်း၊ အရချောင်းမှ၊ အပေါင်းဒုက္ခ၊ ကင်းလွတ်ရဟု၊ ဗုဒ္ဓရွှေနှုတ်၊ ကြာကမုခ်မှ၊ လှစ်ထုတ်မြွက်ကြား၊ မိန့်တော်ထားသည်၊ နင်ကားနင့်တွက်၊ ကျင့်တော့တည်း။</b></p> <p><b>တောင်ခေါင်းရိပ်မြှောင်၊ သင်္ခမ်းချောင်ဝယ်၊ တိမ်းရှောင်တစ်ကိုယ်၊ တော - တောဆို၍ ...</b></p> <p>တော - တောဆိုတယ် ဆိုတာကဘာလဲ? <b>အနိစ္စတော, ဒုက္ခတော, ရောဂတော, ဂန္ဓတော, သလ္လတော, အဃတော, အာဗာဓတော</b> စသည်ဖြင့်၊ တော (၄၀)ရှုကွက်ကို ရှုရတယ်။ ဘာကို ရှုရမလဲ? ခန္ဓာငါးပါး။ သမုဒယသစ္စာ အမည်ရတဲ့ အကြောင်းတရားနှင့်တကွသော ဒီခန္ဓာငါးပါးတွေကို <b>အနိစ္စလက္ခဏာ</b> ဘယ်နှစ်ချက်လဲ? ဆယ်ချက်၊ <b>ဒုက္ခလက္ခဏာ</b> နှစ်ဆယ့်ငါးချက်၊ <b>အနတ္တလက္ခဏာ</b> ငါးချက်၊ ပေါင်းလိုက်တော့ ဒီတော (၄၀) ရှုကွက်ကို တောထဲ သင်္ခမ်းကျောင်းလို့ ခေါ်ဆိုအပ်တဲ့ ကျောင်းကလေးတွေမှာ ချဉ်းကပ်ပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါမှ သံသရာဝဋ်ဆင်းရဲ ဒုက္ခအပေါင်းမှ လွတ်မြောက်နိုင်မယ်လို့ မြတ်စွာဘုရား ဖော်ပြထားပါတယ်။ ဒါကြောင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါတဲ့။</p> <p>အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်က <b>သဒ္ဓါ-သီလ-သုတ-စာဂ-ပညာ</b>ဆိုတဲ့ သူတော်ကောင်းဥစ္စာတွေကို အထွတ်အထိပ်သို့ ရောက်အောင် ဖြည့်ကျင့်နိုင်ခဲ့လျှင် တစ်နည်းပြောရလျှင်တော့ -- တော (၄၀)ရှုကွက်ကိုလည်း အရဟတ္တဖိုလ်ပေါက် ရှုနိုင်ခဲ့မယ်ဆိုလျှင် ဘယ်လို ဖြစ်လာမလဲ?</p> <p><b>သော အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတိ၊ အယံ ဘိက္ခဝေ ဘိက္ခု န ကတ္ထစိ ဥပပဇ္ဇတိ။</b> (မ၊၃၊၁၄၆။)</p> <p>အရဟတ္တဖိုလ်ပေါက် ကျင့်နိုင်သော ထိုယောဂါဝစရ ရဟန်းတော်သည် အာသဝေါတရားတို့ရဲ့ ကုန်ခန်းသွားခြင်းကြောင့် ကိလေသာ အာသဝေါတရားတွေမရှိတဲ့ အာသဝေါတရားတွေမှ လွတ်မြောက်သွားတဲ့ အရဟတ္တဖိုလ်ပညာကို မျက်မှောက်သော ကိုယ်၏အဖြစ်မှာပင် ထူးသောဉာဏ်ဖြင့် ထွင်းဖောက်သိမြင်ပြီးတော့ ပြည့်ပြည့်စုံစုံ ကပ်ရောက်နေထိုင်နိုင်ပါတယ်။</p> <p>ဒီလို နေနိုင်တဲ့ ဒီလို ရဟန်းတော်ဟာ ဘယ်ဘုံဘဝမှာမှ ပဋိသန္ဓေအားဖြင့် ကပ်ရောက် တည်နေမှု မရှိနိုင်တော့ဘဲ သံသရာဝဋ် မီးပုံကြီး အပြီးတိုင် အငြိမ်းကြီးငြိမ်း အအေးကြီးအေးရမည် ဖြစ်တယ်လို့ ဘုရားရှင်က ဒီ <b>သင်္ခါရုပပတ္တိသုတ္တန်</b>ကို နိဂုံးချုပ်ကာ အဆုံးသတ်တော်မူလိုက်ပါတယ်။ တရားနာ ပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း သံသရာဝဋ်ဒုက္ခ မီးပုံကြီးမှ အပြီးတိုင် လွတ်မြောက်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေသောဝ်-ဟု ဆန္ဒပြုလျက် ----</p> <p>ဖားအောက်တောရဆရာတော်</p> <p>၁၃၆၇-ခု၊ သီတင်းကျွတ်လ</p> <p>_________</p> 67va1yikyxmj4weg3jf2x0l3ug1e6vg နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၉/၂၀၂၅ 0 5723 18743 2025-06-07T05:13:17Z Salai Rungtoi 371 "{{header | title = ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း | override_author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | section = | previous = နိုင်ငံတော်စီမံအုပ်ချ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 18743 wikitext text/x-wiki {{header | title = ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း | override_author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | section = | previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၈/၂၀၂၅]] | next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၀/၂၀၂၅]] | year = ၂၀၂၅ | portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | wikipedia = လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန | notes = }} {{Center|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်''' '''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ''' '''အမိန့်အမှတ် ၃၉/၂၀၂၅''' '''၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၈ ရက်''' '''၂၀၂၅ ခုနှစ်၊ ဇွန်လ ၃ ရက်''' '''ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း'''}} နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဒေါက်တာ သန်းစိုး အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။​ {{right|အမိန့်အရ အောင်လင်းဒွေး ဗိုလ်ချုပ်ကြီး အတွင်းရေးမှူး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ}} [[ကဏ္ဍ:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]] [[ကဏ္ဍ:၂၀၂၅ ခုနှစ် အမိန့်များ]] c9oik5hu6td1gl0b6t89e4gsmmvw9ax စာမျက်နှာ:မဟာဂီတပေါင်းချုပ်ကြီး.pdf/၄၇ 250 5724 18745 2025-06-07T06:33:19Z Ninjastrikers 39 /* ပရုမဖတ်ရသေး */ "{{RunningHeader | left = {{small|'''၃၀'''}} | center = {{small|'''မဟာဂီတပေါင်းချုပ်ကျမ်း'''}} }} {{noindent}} <p>စက်ဦး × ခြူးညောင်ဆောင်မြင့်မှာ၊ ရွှေသန်းညာစံပျော်ခါ x ရှေ့ပြုပ္..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 18745 proofread-page text/x-wiki <noinclude><pagequality level="1" user="Ninjastrikers" /></noinclude>{{RunningHeader | left = {{small|'''၃၀'''}} | center = {{small|'''မဟာဂီတပေါင်းချုပ်ကျမ်း'''}} }} {{noindent}} <p>စက်ဦး × ခြူးညောင်ဆောင်မြင့်မှာ၊ ရွှေသန်းညာစံပျော်ခါ x ရှေ့ပြုပ္ပါကသာ၊ စကြာရောက်လှာ-သီးသီး × ပြီးစီးအောင်ကိုပင် x ချီးအံ့ကုန်နိုင်ထင် x နှုန်း-အင်-ဘက်-ကင်း<sup>{{small|၂}}</sup> x ထိန်ဝင်း မြေပေါ် ရွှေတေဇော်လေ လျှံကဲ၊ ထွန်းပါလို့ရဲ x ဘုန်းတေဇာငယ်လေ၊ နှုန်းနေဖြာတယ်လေ၊ ထွန်း ပပဝင်း × ဇေယျာမြေမြင့် ညာနန်းပေါင်း၊ ဧရာ ခွေလှည့်ယှက်သန်း၊ မင်းဝံ တောင်ညွန့်ခန်း×နန်းရွှေဝ ဘုံငယ်မှာ၊ နှိုင်းဆဝတိန်သာ<sup>{{small|၂}}</sup> x သာယာ သာယာ ရင့်ကျူး၊ နု ပျို ဆန်း လှ ထူး xစံပျော်မြူးပါလို့<sup>{{small|၂}}</sup>၊ ကျူးလွန်အောင်လေတည့် ကျူးလွန်အောင်။{{gap}}။</p> {{c|{{small|(ပြင်တီးပြေးကြိုး ၂-ပုဒ် ပြီး၏။)}}}} {{rule|6em|heihgt=2px}} {{c|'''၂၅။ ကျောင်းတော်ကြီးအနုမောဒနာ ပြင်တီးပြေကြိုး'''}} <p>စိန်ကြောင် လိုပင် မြင်လျှင် ဝင်းဝင်းညီး x မီးမှားမှား ဟာဟုတ်ဘူး၊ ကျူးကဲတောင်း ကျောင်းလုံးထွန်း×၊ တောင်ဆောင်သာ ဘုံများ တိုးဆင့်ဆင့်ပွား* ဆန်းပြား ထူးထွေလာ x တွေးတောမှန်နိုင်ရာ × ဝိသုကာ နတ်တကာပေါင်းကြဝိုင်းညီကာ × သိကြား ဆော်ဖန်လာ x ပြီးကြောင်းစီးကြောင်းx စိန်ကြောင်လေ ပတ္တမြား၊ ကိုးပါးမျက်ရှင် ဖြာချည့်လေး x အရောင်မပြား ပြယား မျက်ရှင်မြွာလေတည့်၊ ဆက်ယှဉ်ကာလေတည့် ဆက်ယှဉ်ကာ. အကြံတော်လှလှကျော်ကျူးအောင်ကိုပင် x ဆောင်ဆောင်ဘုံမြင့်မှာ၊ ထောင်ထောင်ရာ ဘုရားကျောင်းဦး × နောင်ခါဘုံမြင့် မြင့်ရွှေနန်းမှာ စမ္ပာယ်ကာ × သံသရာဘို့သာ၊ ရိက္ခာ ကံကျွေးရင်းနှီး .ပြီးစီးမြောက်အောင်ပင် x ချီးအံ့ ကုန်နိုင်ထင် နှုန်းအင်ဘက်ကင်း နှုန်းအင်ဘက်ကင်း သန့်ရှင်းခါကျော် သာခေါ်လေလှူပွဲ အုန်းခြိမ့်ခြိမ့်သဲ × သံဃာတော်တည့် စေ့ကုန်အောင် လှူတော်မူတည့်သိန်းသောင်းများစွာ ဝတ္ထုပေါင်း x ဆွမ်းကောင်း ပန်းကောင်း၊ မုံ့ဘွယ်ရာများလှမဆိုပါ x မီးမှာလေ ထွေထွေထူး၊ ကုန်အောင် ရေနိုင်ဘူး၊ က ခုန်မြူးပါလို့ ကျူးကြော်ငြာလေတည့် ကျူးကြော်ငြာ။။{{gap}}။</p> {{rule|6em|heihgt=2px}} {{c|'''၂၆။ ဖေါင်လား ၊ ဖေါင်ငင်၊ ဖေါင်ဆိုက်ကြိုး'''}} <p>ဘုံဆောင်မြင့် စိန်ကြောင် ဖလ်ရှိန်လေညီးလို့လင်းလင်း× ကြွားကြွားမိုးဖျား၊ သီခေါင်လေ တိမ်မှောင်လေ ဝေးရရှင်းရှင်း x စိုး စကြာငယ်လေ ကိုးမျက်မြွာငယ် လောကလောင်းမင်း x ဘုန်းတေဇာငယ်လေ နှုန်းနေဖြာတယ်လေး၊ ထွန်းပ ဝင်းဝင်း x ရေနန်း ဗိမာန်လေ ထူးလှကောင်းခြင်း၊ ရွှမ်းရွှမ်း<noinclude></noinclude> rehy68um8rwj7dp1vfm83ys4t8nhc3h 18746 18745 2025-06-07T06:33:33Z Ninjastrikers 39 18746 proofread-page text/x-wiki <noinclude><pagequality level="1" user="Ninjastrikers" /></noinclude>{{RunningHeader | left = {{small|'''၃၀'''}} | center = {{small|'''မဟာဂီတပေါင်းချုပ်ကျမ်း'''}} }} {{noindent}} <p>စက်ဦး × ခြူးညောင်ဆောင်မြင့်မှာ၊ ရွှေသန်းညာစံပျော်ခါ x ရှေ့ပြုပ္ပါကသာ၊ စကြာရောက်လှာ-သီးသီး × ပြီးစီးအောင်ကိုပင် x ချီးအံ့ကုန်နိုင်ထင် x နှုန်း-အင်-ဘက်-ကင်း<sup>{{small|၂}}</sup> x ထိန်ဝင်း မြေပေါ် ရွှေတေဇော်လေ လျှံကဲ၊ ထွန်းပါလို့ရဲ x ဘုန်းတေဇာငယ်လေ၊ နှုန်းနေဖြာတယ်လေ၊ ထွန်း ပပဝင်း × ဇေယျာမြေမြင့် ညာနန်းပေါင်း၊ ဧရာ ခွေလှည့်ယှက်သန်း၊ မင်းဝံ တောင်ညွန့်ခန်း×နန်းရွှေဝ ဘုံငယ်မှာ၊ နှိုင်းဆဝတိန်သာ<sup>{{small|၂}}</sup> x သာယာ သာယာ ရင့်ကျူး၊ နု ပျို ဆန်း လှ ထူး xစံပျော်မြူးပါလို့<sup>{{small|၂}}</sup>၊ ကျူးလွန်အောင်လေတည့် ကျူးလွန်အောင်။{{gap}}။</p> {{c|{{small|(ပြင်တီးပြေးကြိုး ၂-ပုဒ် ပြီး၏။)}}}} {{rule|6em|heihgt=2px}} {{c|'''၂၅။ ကျောင်းတော်ကြီးအနုမောဒနာ ပြင်တီးပြေကြိုး'''}} <p>စိန်ကြောင် လိုပင် မြင်လျှင် ဝင်းဝင်းညီး x မီးမှားမှား ဟာဟုတ်ဘူး၊ ကျူးကဲတောင်း ကျောင်းလုံးထွန်း×၊ တောင်ဆောင်သာ ဘုံများ တိုးဆင့်ဆင့်ပွား* ဆန်းပြား ထူးထွေလာ x တွေးတောမှန်နိုင်ရာ × ဝိသုကာ နတ်တကာပေါင်းကြဝိုင်းညီကာ × သိကြား ဆော်ဖန်လာ x ပြီးကြောင်းစီးကြောင်းx စိန်ကြောင်လေ ပတ္တမြား၊ ကိုးပါးမျက်ရှင် ဖြာချည့်လေး x အရောင်မပြား ပြယား မျက်ရှင်မြွာလေတည့်၊ ဆက်ယှဉ်ကာလေတည့် ဆက်ယှဉ်ကာ. အကြံတော်လှလှကျော်ကျူးအောင်ကိုပင် x ဆောင်ဆောင်ဘုံမြင့်မှာ၊ ထောင်ထောင်ရာ ဘုရားကျောင်းဦး × နောင်ခါဘုံမြင့် မြင့်ရွှေနန်းမှာ စမ္ပာယ်ကာ × သံသရာဘို့သာ၊ ရိက္ခာ ကံကျွေးရင်းနှီး .ပြီးစီးမြောက်အောင်ပင် x ချီးအံ့ ကုန်နိုင်ထင် နှုန်းအင်ဘက်ကင်း နှုန်းအင်ဘက်ကင်း သန့်ရှင်းခါကျော် သာခေါ်လေလှူပွဲ အုန်းခြိမ့်ခြိမ့်သဲ × သံဃာတော်တည့် စေ့ကုန်အောင် လှူတော်မူတည့်သိန်းသောင်းများစွာ ဝတ္ထုပေါင်း x ဆွမ်းကောင်း ပန်းကောင်း၊ မုံ့ဘွယ်ရာများလှမဆိုပါ x မီးမှာလေ ထွေထွေထူး၊ ကုန်အောင် ရေနိုင်ဘူး၊ က ခုန်မြူးပါလို့ ကျူးကြော်ငြာလေတည့် ကျူးကြော်ငြာ။။{{gap}}။</p> {{rule|6em|heihgt=2px}} {{c|'''၂၆။ ဖေါင်လား ၊ ဖေါင်ငင်၊ ဖေါင်ဆိုက်ကြိုး'''}} <p>ဘုံဆောင်မြင့် စိန်ကြောင် ဖလ်ရှိန်လေညီးလို့လင်းလင်း× ကြွားကြွားမိုးဖျား၊ သီခေါင်လေ တိမ်မှောင်လေ ဝေးရရှင်းရှင်း x စိုး စကြာငယ်လေ ကိုးမျက်မြွာငယ် လောကလောင်းမင်း x ဘုန်းတေဇာငယ်လေ နှုန်းနေဖြာတယ်လေး၊ ထွန်းပ ဝင်းဝင်း x ရေနန်း ဗိမာန်လေ ထူးလှကောင်းခြင်း၊ ရွှမ်းရွှမ်း<noinclude></noinclude> 7kcff0v2g4h8jxtclijpy2g5a206rxw စာမျက်နှာ:မဟာဂီတပေါင်းချုပ်ကြီး.pdf/၄၈ 250 5725 18747 2025-06-07T06:40:56Z Ninjastrikers 39 /* ပရုမဖတ်ရသေး */ "{{RunningHeader | right = {{small|'''၃၁'''}} | center = {{small|'''မဟာဂီတပေါင်းချုပ်ကျမ်း'''}} }} {{noindent}} <p>လန်းလို့ လျှပ်ပန်း လျှပ်ပန်း၊ ထွေးကြသောင်းတွင်း × သီတာရွှေဘေ့ခ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 18747 proofread-page text/x-wiki <noinclude><pagequality level="1" user="Ninjastrikers" /></noinclude>{{RunningHeader | right = {{small|'''၃၁'''}} | center = {{small|'''မဟာဂီတပေါင်းချုပ်ကျမ်း'''}} }} {{noindent}} <p>လန်းလို့ လျှပ်ပန်း လျှပ်ပန်း၊ ထွေးကြသောင်းတွင်း × သီတာရွှေဘေ့ခင်းငယ်နှင့် ရွှေတဲ့ညီလာx<sup>{{small|၂}}</sup>၊ ယဉ်ဧရာ ကြာရံကာ သော်တာသွားသို့လေး ပြာခြေမှောင် ခွါ သွေရှောင် ရွှေဖေါင်လားကွန့်လေး x ယဉ်ဧရာ ကြယ်ရုံကာ၊ သော်တာသွား သို့လေးx ပြာခြေမှောင် x ခွါသွေရှောင် x ရွှေဖေါင်လားကွန့် များလှေနံလေတည့် များလှေရံ။{{gap}}။</p> {{rule|6em|heihgt=2px}} {{c|'''၂၇။ ဖေါင်ငင်ကြိုး'''}} <p>ဇေယျာမြို့ ရွှေဒါရွှေလှေ များလှသောင်းသောင်း x နန်းချင်းနန်းချင်း လှော်ညီလေး ပြိုင်ညီလေ၊ ရေးလှပြောင်းပြောင်း တီးယွန်း ခြိမ့်မောင်း၊ ဧးငင်သာ ဧးရှင့်ငြောင်း × ပျော်ကြောင်းယှဉ်ကာ၊ ယဉ်တဲ့ယဉ်သီတာ၊ မိုးမြေချာပတ်ကုံး ပတ်ကုံး၊ စိုးပင်သာ စိုးသိမ်းကျုံး ပေါင်းရုံ ဆယ်ဖြာ၊ ဦးတဲ့ ဦးဆင်ကာ × ဖေါင်ငင်ရာ ထုံဂန္ဓာ မာလာသင်းပျံ့လေး × ရွှေရေသီ လေချီချီ၊ သိင်္ဂီဝင်းလှလေး × ဖေါင်ငင်ရာ × ထုံဂန္ဓာ မာလာ သင်းပျံ့လေး × ရွှေရေသီလေချီချီ၊ သိင်္ဂီဝင်းမှည့် ညှင်းသာသာလေတည့် ညင်းသာသာ။{{gap}}။</p> {{rule|6em|heihgt=2px}} {{c|'''၂၈။ ဖေါင်ဆိုက်ကြိုး'''}} <p>စိန်းလဲ့လဲ့ ညိုပြာ ဇေယျာအောင်ခန်း၊ ဖေါင်တော်ဆိုက်ကာမြန်းပါလို့၊ ပြည်ပြည်သူ စုံပေါင်းရှိပန်း × နန်းနှင့်ယဉ်ဧရာတည့် ချီးမျှရံဗိုလ်ပါ၊ ကြွေးရင့်စည်တံမြွှာ နှဲနှင့် ရွှေသံဝါ × ဆေးလေးညီညာ သိင်္ဂါငါးမည် ညှင်းညှင်းတံရှည်ကျူး × ဘယ်ရာဇဝင်ရှေးမှာမှ တူဟန်လေထင်ရေးကြားဘူး x ထူးကျွန်ပေါင်း၊ ကဲလွန်အောင် ဝေမောင်လင်းလို့လေး × မှန်သိင်္ဂီ ရံရွှေညီ ဒေဝီမင်းနှင့်လေးx ထူးကျွန်ပေါင်း ကဲလွန်အောင် ဝေမှောင်လင်းလို့လေး × မှန်သိင်္ဂီရံရွှေညီ ဒေဝီမင်းနှင့် ဆင်းသူဇာလေသည့် ဆင်းသူဇာ။{{gap}}။</p> {{rule|6em|heihgt=2px}} {{c|{{small|၁၁၄၆-ခု၊ ဘိုးတော်ဘုရားကြီးသားတော် နတ်ရွာစံအိမ်ရှေ့မင်းသည်<br/> ရခိုင်ဘုရားကြီးကိုပင့်ရန် ချီတော်မူသောအခါ<br/> ဖေါင်တော်ကိုဆွဲရသည်}}}} {{c|'''၂၉။ ဖေါင်ငင်ကြိုး'''}} <p>လွမ်းထပ်ဆင့်လောင်း ချမ်းပြန်ရာတွင် သွင်းစမြောက်လေဝင်၊ ကြည်လင်ကြည်လင်လေ သောင်ပြင်ငယ်မြစ်လုံး၊ ကြေညာ ကျူ၊ ရင့် သံပြိုင်ဆင့်လေx ထိပ်ချာဘုန်းမြင့် ရွှေဖေါင်နှင့်လေး × ကျွန်တော်မြားမြောင်စွာ × လှေတော်</p><noinclude></noinclude> r1l6ksfhghwt56pom3xhqbffeslba1t