ဝီကီရင်းမြစ်
mywikisource
https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC
MediaWiki 1.45.0-wmf.5
first-letter
မီဒီယာ
အထူး
ဆွေးနွေးချက်
အသုံးပြုသူ
အသုံးပြုသူ ဆွေးနွေးချက်
ဝီကီရင်းမြစ်
ဝီကီရင်းမြစ် ဆွေးနွေးချက်
ဖိုင်
ဖိုင် ဆွေးနွေးချက်
မီဒီယာဝီကီ
မီဒီယာဝီကီ ဆွေးနွေးချက်
တမ်းပလိတ်
တမ်းပလိတ် ဆွေးနွေးချက်
အကူအညီ
အကူအညီ ဆွေးနွေးချက်
ကဏ္ဍ
ကဏ္ဍ ဆွေးနွေးချက်
မုခ်ဝ
မုခ်ဝ ဆွေးနွေးချက်
စာရေးသူ
စာရေးသူ ဆွေးနွေးချက်
ဘာသာပြန်
ဘာသာပြန် ဆွေးနွေးချက်
စာမျက်နှာ
စာမျက်နှာ ဆွေးနွေးချက်
အညွှန်း
အညွှန်း ဆွေးနွေးချက်
TimedText
TimedText talk
မော်ဂျူး
မော်ဂျူး ဆွေးနွေးချက်
ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ
0
2202
18779
7103
2025-06-13T08:21:24Z
103.121.226.176
/* အခန်း ၁။ */
18779
wikitext
text/x-wiki
{{header
| title = ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ
| author = |override_author = တိုင်းပြည်ပြုလွတ်တော်
| section =
| previous = [[ဗမာနိုင်ငံတော် အုပ်ချုပ်ရေးစည်းမျဉ်းပြုလုပ်သော ဥပဒေ]]
| next = [[ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ]]
| year = 1948
| portal =
| notes =
}}
<center>'''ပြည်ထောင်စုမြန်မာနိုင်ငံ'''
'''တိုင်းပြည်ပြုလွတ်တော်'''</br>
'''ပြည်ထောင်စုမြန်မာနိုင်ငံ၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ'''</br>
'''၁၃၀၉ ခုနှစ်၊ သီတင်းကျွတ်လဆန်း ဆယ်ရက်'''</br>
'''၁၉၄၇ ခုနှစ်၊ စက်တင်္ဘာလ နှစ်ဆယ့်လေးရက်'''</br>
</center>
==ဥပဒေ နိဒါန်း။==
<p>နယ်စပ်ဒေသများနှင့် ကရင်နီနယ်များ အဝင်အပါ မြန်မာနိုင်ငံတော်၏ နိုင်ငံသားများ ဖြစ်ကြသော ကျွန်ုပ်တို့သည်၊ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော မြန်မာနိုင်ငံကို အခိုင်အခံ့ အညီအညွတ် တည်ထောင်ရန် သန္နိဋ္ဌာန်ချ၍၎င်း၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း တည်းဟူသော လောကပါလတရားများကို အခြေပြုကာ၊ လူသတ္တဝါခပ်သိမ်းတို့၏ ငြိမ်းချမ်း သာယာရေးကို ခိုင်မြဲတည်တံ့အောင် ထိန်းသိမ်းရန် သန္နိဋ္ဌာန်ချ၍၎င်း၊ လူမှုဆက်ဆံရေး တရားမျှတမှု၊ စီးပွါးရေး တရားမျှတမှု၊ နိုင်ငံရေး တရားမျှတမှု၊ လွတ်လပ်စွာ တွေးကြံနိုင်မှု၊ လွတ်လပ်စွာ ဖွင့်ဟ ရေးသားဖေါ်ပြနိုင်မှု၊ လွတ်လပ်စွာ ယုံကြည်နိုင်မှု၊ လွတ်လပ်စွာ ကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘုရား ကျောင်းကန် စသည်တို့သို့ သွားလာဝတ်ပြုနိုင်မှု၊ လွတ်လပ်စွာ ပရိယေသန ရှာမှီးနိုင်မှု၊ လွတ်လပ်စွာ စည်းရုံးနိုင်မှု၊ လွတ်လပ်စွာ ပြုမူဆောင်ရွက်နိုင်မှု၊ အဆင့်အတန်းညီမျှမှု၊ အခွင့်အလမ်းညီမျှမှု၊ တရားဥပဒေအရာတွင် ညီမျှမှုတို့ကို နိုင်ငံသားအားလုံးတို့ ရရှိခံစားနိုင်စေခြင်းငှါ အခိုင်အမာ ခံဝန်ပြုရန် သန္နိဋ္ဌာန်ချ၍၎င်း၊ မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ်၊ သီတင်းကျွတ်လဆန်း ဆယ်ရက်နေ့ (ခရစ်တော် သက္ကရာဇ် ၁၉၄၇ ခုနှစ်၊ စက်တင်္ဘာလ နှစ်ဆယ့်လေးရက်) တွင်၊ ဤဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကျွန်ုပ်တို့၏ တိုင်းပြည်ပြု လွှတ်တော်၌ ကျွန်ုပ်တို့သည် လက်ခံ၍၊ ဥပဒေအဖြစ် အတည်ပြုပြီးလျှင်၊ ကျွန်ုပ်တို့အား နှင်းအပ်လိုက်သည်။</p>
==အခန်း ၁။==
;နိုင်ငံဖွဲ့စည်းပုံ။
'''၁။''' ။ မြန်မာနိုင်ငံသည် အချုပ်အချာအာဏာပိုင် သမတနိုင်ငံဖြစ်သည်။ ထိုနိုင်ငံကို၊ “'''ပြည်ထောင်စုမြန်မာနိုင်ငံ'''” ဟု ခေါ်ရမည်။
'''၂။''' ။ (က) ယခင်က မြန်မာပြည် ဘုရင်ခံမှတဆင့်၊ ဗြိတိသျှ ဘုရင်မင်းမြတ် စီရင်အုပ်ချုပ်တော်မူခဲ့သော နယ်မြေအားလုံးနှင့် (ခ) ကရင်နီနယ်များပါဝင်ကြသည့် မြန်မာနိုင်ငံတနိုင်ငံလုံးသည်၊ ပြည်ထောင်စု မြန်မာနိုင်ငံတွင် ပါဝင်ရမည်။
'''၃။''' ။ ပြည်ထောင်စု မြန်မာနိုင်ငံ၏ အချုပ်အချာ အာဏာသည် နိုင်ငံသားတို့၌ တည်သည်။
'''၄။''' ။ ဥပဒေပြုမှုအာဏာ၊ အုပ်ချုပ်မှုအာဏာ၊ တရားစီရင်မှု အာဏာအားလုံးကို နိုင်ငံသားတို့ထံမှ ခံယူ၍၊ ဤဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ တည်ထောင်ခန့်အပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ၏၊ သို့တည်းမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်များ၏ လုပ်ငန်းအဖွဲ့များ နှင့် အရာရှိများကသော်၎င်း၊ ထိုအဖွဲ့ များနှင့်အရာရှိများ၏ အခွင့်အာဏာအရသော်၎င်း၊ နိုင်ငံသားတို့၏ ကိုယ်စား၊ သုံးစွဲနိုင်ရမည်။
'''၅။''' ။ ပဒေသရာဇ် ရှမ်းပြည် နယ်စုဟူ၍ ယခင်ကခေါ်တွင်ခဲ့သော နယ်မြေများနှင့် ဝနယ်များသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းတွင် ပြည်ထောင်စု အဖွဲ့ဝင်တခု အဖြစ်ဖြင့်၊ ပါဝင်ရမည်။ ထိုပြည် ထောင်စု အဖွဲ့ဝင်ကို ဤမှနောင်အဖို့တွင် “'''ရှမ်းပြည်နယ်'''” ဟု ခေါ်ရမည်။
'''၆။''' ။ မြစ်ကြီးနား နှင့် ဗန်းမော်ခရိုင်များဟူ၍ ယခင်ကခေါ်တွင်ခဲ့သော နယ်မြေများကို၊ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းတွင် ပြည်ထောင်စု အဖွဲ့ဝင် တခုအဖြစ်၊ ဖွဲ့စည်းရမည်။ ထိုပြည်ထောင်စု အဖွဲ့ဝင်ကို ဤမှ နောင်အဖို့တွင် “'''ကချင်ပြည်နယ်'''” ဟုခေါ်ရမည်။
'''၇။''' ။ ကန္တာရဝတီ၊ ဘောလခဲနှင့် ကြယ်ဖိုးကြီးတို့ ပါဝင်သည့် ကရင်နီနယ်များဟု ယခင်က ခေါ်တွင်ခဲ့ သောနယ်မြေများကို၊ ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းတွင် ပြည်ထောင်စု အဖွဲ့ဝင် တခုအဖြစ် ဖွဲ့စည်းရ မည်။ ထိုပြည်ထောင်စု အဖွဲ့ဝင်ကို ဤမှနောင်အဖို့တွင် “'''ကရင်နီပြည်နယ်'''” ဟုခေါ်ရမည်။
'''၈။''' ။ [ပုဒ်မ ၁၈၀ နှင့် ၁၈၁] ရှိပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ပြည်ထောင်စု မြန်မာနိုင်ငံရှိ ကျန် နယ်မြေအားလုံးနှင့် သက်ဆိုင်သော ဥပဒေပြုမှု အာဏာ၊ အုပ်ချုပ်မှုအာဏာ၊ တရားစီရင်မှု အာဏာ အားလုံးကို၊ ပြည်ထောင်စု မြန်မာနိုင်ငံ၏ လုပ်ငန်းအဖွဲ့များနှင့် အရာရှိများကသာလျှင်သော်၎င်း၊ ထိုအဖွဲ့များနှင့် အရာရှိများ၏ အခွင့်အာဏာအရသာလျှင်သော်၎င်း၊ သုံးစွဲနိုင်ရမည်။
==အခန်း ၂။==
;မူလအခွင့်အရေးများ။
===“နိုင်ငံတော်” ဟူသော စကား၏ အဓိပ္ပါယ်ရှင်းလင်းချက်။===
'''၉။''' ။ ဤအခန်းနှင့် အခန်း ၃၊ အခန်း ၄ တို့တွင် “နိုင်ငံတော်” ဟူသော စကား၏ ဆိုလိုရင်းမှာ ရှေ့နောက် စကားတို့၏ အဓိပ္ပါယ်ကိုထောက်၍ ပြည်ထောင်စုနိုင်ငံ၏၊ သို့တည်းမဟုတ် သက်ဆိုင်ရာ ပြည်ထောင်စုအဖွဲ့ဝင်၏ အုပ်ချုပ်မှု အခွင့်အာဏာကို သော်၎င်း၊ ဥပဒေပြုမှု အခွင့်အာဏာကိုသော်၎င်း၊ ဆိုလိုသည်။
===နိုင်ငံသား ဖြစ်မှု။===
'''၁၀။''' ။ ပြည်ထောင်စုမြန်မာနိုင်ငံ တဝန်းလုံးတွင် နိုင်ငံသားဟူ၍ တမျိုးတည်းသာ ရှိရမည်။ ဆိုလိုရင်းမှာ ပြည်ထောင်စု အဖွဲ့ဝင်များ၏ နိုင်ငံသားဟူ၍ အသီးအခြား မရှိရ၊ ပြည်ထောင်စုမြန်မာနိုင်ငံသား ဟူ၍ သာ ရှိရမည်။
'''၁၁။''' ။ (က) မြန်မာနိုင်ငံ တိုင်းရင်းသား တမျိုးမျိုးတွင် ဖြစ်သော၊ သို့တည်းမဟုတ် ဖြစ်ခဲ့သော မိဘနှစ် ပါးမှ မွေးဖွါးသူတိုင်းသည် ၎င်း၊
:(ခ) မြန်မာနိုင်ငံ တိုင်းရင်းသား တမျိုးမျိုးတွင် ဖြစ်သော၊ သို့တည်းမဟုတ် ဖြစ်ခဲ့သော ဘိုးဘွားများ အနက် အနည်းဆုံး တဦးမှ ပြည်ထောင်စု နိုင်ငံတွင် ပါဝင်လတ္တံ့သော အာဏာပိုင်နက် အတွင်း၌ မွေးဖွါးသူတိုင်းသည် ၎င်း၊
:(ဂ) ပြည်ထောင်စုနိုင်ငံ၏ နိုင်ငံသားဖြစ်သော၊ သို့တည်းမဟုတ် ဤအခြေခံ ဥပဒေစတင်အာဏာတည် သည့်နေ့တွင် အသက်ရှင်နေသည် ဖြစ်ပါက တိုင်းရင်းသားအဖြစ်ကို ရယူခွင့်ရှိသော မိဘနှစ်ပါးမှ ပြည်ထောင်စု နိုင်ငံတွင် ပါဝင်လတ္တံ့သော အာဏာပိုင်နက်အတွင်း၌ မွေးဖွါးသူတိုင်းသည် ၎င်း၊
:(ဃ) ဗြိတိသျှ ဘုရင်မင်းမြတ်၏ အာဏာပြန့်ရာ နယ်မြေတခုခုတွင် မွေးဖွါးခဲ့သည်ဖြစ်၍၊ ဤအခြေခံ ဥပဒေ စတင်အာဏာတည်သည့်နေ့မှ အထက်၊ သို့တည်းမဟုတ် ၁၉၄၂ ခု၊ ဇန္နာဝါရီလ ၁ ရက်နေ့မှ အထက် အခြားမဲ့သော ဆယ်နှစ်အတွင်း ရှစ်နှစ်အောက် မယုတ်သော ကာလအဖို့ ပြည်ထောင်စု နိုင်ငံတွင် ပါဝင်လတ္တံ့သော အာဏာပိုင်နက် အတွင်း၌ နေထိုင်ခဲ့ဘူးပြီးလျှင်၊ ပြည်ထောင်စု နိုင်ငံအတွင်း တွင် ထာဝစဉ်နေထိုင်ရန် ကြံရွယ်ခဲ့သည်ဖြစ်၍၊ ထို့ပြင် တရားဥပဒေဖြင့် သတ်မှတ်သောအချိန် အတွင်း တွင် ထိုသို့ သတ်မှတ်သော နည်းလမ်းနှင့်အညီ ပြည်ထောင်စုနိုင်ငံသားအဖြစ် ရွေးချယ်ခြင်းကို ထုတ် ဖေါ်သူတိုင်းသည် ၎င်း
:ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံသား ဖြစ်ရမည်။
'''၁၂။''' ။ နိုင်ငံသား ဖြစ်ခြင်းသဘော၊ နိုင်ငံခြားသားဖြစ်ခြင်း သဘောတို့နှင့် စပ်လျဉ်း၍ လျော်ကန်သင့်မြတ် သည်ဟု ထင်မြင်သည့်အတိုင်း တရားဥပဒေများကို ပြုနိုင်သော ပါလီမန်၏ အာဏာသည်၊ ပုဒ်မ ၁၁ရှိ ပြ ဋ္ဌာန်းချက်ကြောင့် ယုတ်လျော့ခြင်း မဖြစ်ရ။ ထို့ပြင် ထိုကဲ့သို့သော တရားဥပဒေ တခုခုသည်၊ ပုဒ်မ ၁၁ တွင် မပါမဝင်သေးသော လူအမျိုးအစားများကို နိုင်ငံသားအဖြစ်ဖြင့် လက်ခံရန် သော်၎င်း၊ လက်ရှိဖြစ် သော လူအမျိုးအစားများကို နိုင်ငံသားအဖြစ်မှ ရပ်စဲစေရန်သော်၎င်း၊ ပြဋ္ဌာန်းနိုင်သည်။
===ညီမျှမှု အခွင့်အရေးများ။===
'''၁၃။''' ။ ဇာတိမရွေး၊ ကိုးကွယ်ရာ ဘာသာမရွေး၊ ယောက်ျား မိန်းမမရွေး၊ လူမျိုး မရွေး၊ နိုင်ငံသား ဟူသမျှ သည်၊ နိုင်ငံတော် တရားဥပဒေအရာတွင် အညီအမျှသာ ဖြစ်သည်။ ဆိုလိုရင်းမှာ နိုင်ငံသားတဦးနှင့် တဦးကို၊ သို့တည်းမဟုတ် နိုင်ငံသား လူတန်းစား တစားနှင့်တစားကို တဖက်သတ် သဘောအတိုင်း ခွဲခြားခြင်း မပြုရ။
'''၁၄။''' ။ ပြည်သူ့ဝန်ထမ်းဆိုင်ရာ ရာထူးတို့၌၎င်း၊ အလုပ် လုပ်ကိုင်မှု၊ ကုန်သွယ် ရောင်းဝယ်မှု၊ စီးပွါးရှာ မှု၊ အတတ်ပညာနှင့် အသက်မွေးမှုတို့၌၎င်း၊ နိုင်ငံသား အားလုံးသည်၊ ညီမျှသော အခွင့်အလမ်းကို ရရှိရမည်။
'''၁၅။''' ။ မိန်းမ များသည် တူညီသော အလုပ်အတွက် ယောက်ျားတို့ရသော လခမျိုးကို ရနိုင်ရမည်။
===လွတ်လပ်မှု အခွင့်အရေးများ။===
'''၁၆။''' ။ တရားဥပဒေအရ မဟုတ်လျှင် မည်သည့်နိုင်ငံသားမျှ မိမိ၏လွတ်လပ်မှုကို ရုပ်သိမ်းခြင်း မခံစေရ။ မိမိ၏နေအိမ်အတွင်းသို့ အဝင်ခံရခြင်း၊ ပစ္စည်း အသိမ်းခံရခြင်း မရှိစေရ။
'''၁၇။''' ။ တရားဥပဒေနှင့်၎င်း၊ ငြိမ်ဝပ်ပိပြားရေးနှင့်၎င်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်၎င်း၊ မဆန့်ကျင်လျှင်၊ နိုင်ငံသားများသည် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲနိုင်ရမည်။
:(က) မိမိတို့၏ ယုံကြည်ချက်၊ ထင်မြင်ချက်တို့ကို လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုနိုင်သော အခွင့်အရေး။
:(ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးနိုင်သော အခွင့်အရေး။
:(ဂ) အသင်းများနှင့် အသင်းစု အဖွဲ့များကို ဖွဲ့စည်းနိုင်သော အခွင့်အရေး။ သို့ရာတွင် ရည်ရွယ်ချက် ဖြင့် သော်၎င်း၊ ဆောင်ရွက်မှုဖြင့်သော်၎င်း၊ ဤအခြေခံဥပဒေကို ပျက်ပြားစေရန် ကြံရွယ်သော၊ သို့တည်း မဟုတ် ပျက်ပြားမည့်အကြောင်းဖြစ်ပေါ်စေသော အသင်း၊ အသင်းစုအဖွဲ့နှင့် အစည်းအရုံးမျိုးကိုမူကား တားမြစ်သည်။
:(ဃ) ပြည်ထောင်စုနိုင်ငံအတွင်းတွင် မည်သည့်နေရာ၌မဆို နေထိုင် အခြေစိုက်နိုင်သော၊ ပစ္စည်း ရယူ ပိုင်ဆိုင်နိုင်သော၊ အလုပ်လုပ်ကိုင်နိုင်သော၊ ကုန်သွယ်ရောင်းဝယ်နိုင်သော၊ စီးပွါးရှာနိုင်သော၊ အတတ် ပညာဖြင့် အသက်မွေးနိုင်သော အခွင့်အရေး။
'''၁၈။''' ။ ပြည်ထောင်စုနိုင်ငံ တရားဥပဒေ၏ စည်းမျဉ်းသတ်မှတ်ချက်ကို လိုက်နာ၍၊ ပြည်ထောင်စု အဖွဲ့ဝင်များတွင် ကူးသန်းရောင်းဝယ်ခြင်း၊ ကူးလူးဆက်ဆံခြင်းတို့သည် လွတ်လပ်ရမည်။
:'''ခြွင်းချက်။''' ။ သို့ရာတွင် ပြည်ထောင်စု အဖွဲ့ဝင်တို့သည် ငြိမ်ဝပ်ပိပြားရေးအတွက် သော်၎င်း၊ ပြည်သူ့ ကိုယ်ကျင့်တရားအတွက်သော်၎င်း၊ ပြည်သူ့ ကျန်းမာရေးအတွက်သော်၎င်း၊ ပြည်သူ့လုံခြုံရေးအတွက် သော်၎င်း၊ လျော်ကန်သင့်မြတ်သော ချုတ်ချယ်ချက် စည်းကမ်းများကို တရားဥပဒေဖြင့် ပြဋ္ဌာန်းနိုင်သည်။
'''၁၉။''' ။ (က) လူအရောင်းအဝယ်ပြုခြင်း။
:(ခ) တရားဥပဒေအရ အပြစ်ဒဏ်ပေးခြင်းကို ခံရသဖြင့်၊ အလုပ်ဒဏ်ကို ထမ်းဆောင်ခိုင်းခြင်းမှ တပါး၊ နိုင်ထက်စီးနင်းခိုင်းခြင်းနှင့် အလိုဆန္ဒမရဘဲ ကျေးကျွန်သဘွယ် ခိုင်းခြင်းတို့ကို တားမြစ်သည်။
:'''ရှင်းလင်းချက်။''' ။ ဇာတိအားဖြင့်သော်၎င်း၊ လူမျိုးအားဖြင့်သော်၎င်း၊ ကိုးကွယ်ရာ ဘာသာအားဖြင့် သော်၎င်း၊ လူတန်းစား အားဖြင့်သော်၎င်း၊ ခွဲခြားခြင်း မပြုဘဲ၊ ပြည်သူ့အကျိုးငှါ မလုပ်မနေရသော အလုပ် မျိုးကိုလုပ်စေရန် နိုင်ငံတော်၏ တာဝန်ချထားခြင်းကို မူကား ဤပုဒ်မရှိ စကားကြောင့် အတား အဆီး မရှိစေရ။
===ဘာသာ သာသနာရေးဆိုင်ရာ အခွင့်အရေးများ။===
'''၂၀။''' ။ ငြိမ်ဝပ်ပိပြားရေးနှင့် သော်၎င်း၊ ပြည်သူ့ ကိုယ်ကျင့်တရားနှင့်သော်၎င်း၊ ပြည်သူ့ကျန်းမာရေး နှင့်သော်၎င်း၊ ထို့ပြင် ဤအခန်းရှိ အခြားပြဋ္ဌာန်းချက်တို့နှင့်၎င်း မဆန့်ကျင်လျှင် လူခပ်သိမ်းတို့သည် သာသနာရေးတွင် လွတ်လပ်စွာ ယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်ဆောက်တည် နိုင်သော အခွင့်အရေးတို့ကို အညီအမျှ ရရှိရမည်။
:'''ရှင်းလင်းချက် ၁။''' ။ ဘာသာရေးဆိုင်ရာ ကိုးကွယ် ဆောက်တည်မှုနှင့် ဆက်စပ်နေစေကာမူ၊ ထိုသို့ဆက်စပ်နေသော စီးပွါးရေး၊ ဘဏ္ဍာရေး၊ နိုင်ငံရေးနှင့် အခြားလောကီရေးဆောင်ရွက်မှုတို့ကို အထက်ပါ အခွင့်အရေးတွင် မပါဝင်စေရ။
:'''ရှင်းလင်းချက် ၂။''' ။ ဤပုဒ်မတွင် ထိုသို့လွတ်လပ်သော အခွင့်အရေးများကို ပေးထားသော်လည်း၊ ပြည်သူ့အကျိုးကိစ္စ၊ ပြုပြင်ရေးကိစ္စတို့အတွက် နိုင်ငံတော်၏ တရားဥပဒေ ပြုခြင်းကို မတားမြစ်ရ။
'''၂၁။''' ။ (၁) ဗုဒ္ဓဘာသာ သာသနာတော်သည် နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာကြီးဖြစ်သည်ဟု ပြည်ထောင်စု နိုင်ငံတော်က အသိအမှတ်ပြု သည်။
:(၂) နိုင်ငံတော်သည် အစ္စလမ်ဘာသာ သာသနာ၊ ခရဇ်ယာန်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာ နှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤအခြေခံ ဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေ ကြသော ကိုးကွယ်ရာ ဘာသာအချို့ဟူ၍ အသိအမှတ်ပြုသည်။
:(၃) နိုင်ငံတော်သည် ဘာသာရေးဆိုင်ရာ ကိုးကွယ်မှုကို သော်၎င်း၊ ယုံကြည်မှုကို သော်၎င်း၊ အကြောင်း ပြု၍ မည်သူ့ကိုမျှ သက်ဆိုင်ရာအခွင့်အရေး ချို့ငဲ့စေခြင်း၊ ခွဲခြားခြင်းကို မပြုရ။
:(၄) နိုင်ငံရေးကိစ္စအလို့ငှါ၊ ကိုးကွယ်ရာဘာသာကို အလွဲသုံးစားမပြုရ။ ထို့ပြင် လူမျိုးရေးကြောင့် သော်၎င်း၊ ကိုးကွယ်ရာ ဘာသာရေးကြောင့်သော်၎င်း၊ တဖက်နှင့် တဖက် တဂိုဏ်းနှင့် တဂိုဏ်း မုန်းတီး ခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတို့ ပေါ်ပေါက်လာစေရန် ရည်ရွယ်သော၊ သို့တည်းမဟုတ် ပေါ်ပေါက် လာရန် အကြောင်းရှိသော အပြုအမူသည် ဤအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် အပြစ်ဒဏ်ပေးနိုင်အောင် တရားဥပဒေပြုနိုင်သည်။
===ယဉ်ကျေးမှုနှင့် ပညာရေးဆိုင်ရာ အခွင့်အရေးများ။===
'''၂၂။''' ။ နိုင်ငံတော် ပညာသင်ကျောင်းများသို့ ဝင်ခွင့်ပြုရန် ကိစ္စနှင့်စပ်လျဉ်း၍၊ ကိုးကွယ်ရာဘာသာ၊ လူမျိုး၊ ဘာသာစကားတို့ကို အကြောင်းပြုကာ၊ မည်သည့်လူနည်းစုကိုမျှ ခွဲခြားတားမြစ်ခြင်း မပြုရ။ မည်သည့် ကိုးကွယ်ရာ ဘာသာရေး သင်္ခဏ်းစာကိုမျှလည်း၊ ထိုလူနည်းစုအား အတင်းအကြပ် လိုက်နာ သင်ယူစေရန် ပညတ်ခြင်းမပြုရ။
===စီးပွါးရေးဆိုင်ရာ အခွင့်အရေးများ။===
'''၂၃။''' ။ (၁) ဤပုဒ်မရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ စီးပွါးရေးကိစ္စများတွင် ပစ္စည်းပိုင်ဆိုင် နိုင်ခွင့်နှင့် ကိုယ်ပိုင် လုပ်ကိုင်တီထွင်နိုင်ခွင့်တို့ ရှိရမည်ဟု နိုင်ငံတော်က အခိုင်အမာ ခံဝန်ပြုသည်။
:(၂) ကိုယ်ပိုင်ပစ္စည်းအသုံးချနိုင်သော အခွင့်အရေးကို ပြည်သူ့ အကျိုးပျက်စီး နစ်နာအောင် မည်သူမျှ အသုံးမပြုရ။
:(၃) စျေးနှုန်းများကို ချုပ်ကိုင်ရန်သော်၎င်း၊ အရောင်းအဝယ်တို့ကို လက်ဝါးကြီးအုပ်ရန် သော်၎င်း၊ ဖွဲ့ စည်းသော၊ သို့တည်းမဟုတ် နိုင်ငံတော်၏ စီးပွါးရေး ပျက်စီးရာပျက်စီးကြောင်း ဖြစ်သော ကာတယ် အဖွဲ့များ၊ ဆင်ဒီကိတ်အဖွဲ့များ၊ ထရပ်အဖွဲ့များ အစရှိသော ကိုယ်ပိုင် လက်ဝါးကြီးအုပ် အဖွဲ့များ မရှိရ။
:(၄) နိုင်ငံတော်သည် ပြည်သူ့အကျိုးအတွက် လိုအပ်ပါက ပိုင်ရှင်အား မည်ကဲ့သို့သော ကိစ္စမျိုးတွင် မည်မျှ လျော်ကြေးပေးရမည်ဟု ပြဋ္ဌာန်းထားသော တရားဥပဒေနှင့်အညီသာလျှင်၊ ကိုယ်ပိုင်ပစ္စည်းကို ကန့်သတ်ချုတ်ချယ်နိုင်သည်။ သို့တည်းမဟုတ် သိမ်းပိုက်နိုင်သည်။
:(၅) တဆက်တည်းဖြစ်သော အထက်ပုဒ်မခွဲရှိ စည်းကမ်းချက်များနှင့် မဆန့်ကျင်လျှင်၊ ပြည်သူ့ အကျိုး အတွက် လိုအပ်ပါက၊ နိုင်ငံ၏ စီးပွါးရေးနှင့် သက်ဆိုင်သောလုပ်ငန်းအမျိုးမျိုး ကိုသော်၎င်း၊ တဦးတည်း ပိုင်လုပ်ငန်းများကိုသော်၎င်း၊ နိုင်ငံတော်သည် တရားဥပဒေ ပြဋ္ဌာန်း၍ နိုင်ငံပိုင်ပြုနိုင်သည်။ သို့တည်း မဟုတ် နိုင်ငံတော်အတွက် သိမ်းယူနိုင်သည်။
===ရာဇဝတ် ဥပဒေဆိုင်ရာ အခွင့်အရေးများ။===
'''၂၄။''' ။ ပြစ်မှုတခုကို ပြုသည့်အခါက အတည်ဖြစ်နေသော တရားဥပဒေကို ကျူးလွန်သည့် အတွက်မှတပါး၊ မည်သူ့ကိုမျှ ပြစ်မှုထင်ရှား မစီရင်ရ။ ထို့ပြင် ပြစ်မှုကို ပြုသည့်အခါက အတည်ဖြစ်နေသော တရားဥပဒေအရ၊ ပေးနိုင်သောအပြစ်ဒဏ်ထက် ပို၍ကြီးလေးသော အပြစ်ဒဏ်ကိုလည်း မည်သူ့အားမျှမပေးရ။
===ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကာကွယ်နိုင်၊ ရယူနိုင်သော အခွင့်အရေးများ။===
'''၂၅။''' ။ (၁) ဤအခန်း၌ ပေးအပ်ထားသော အခွင့်အရေးတခုခုကို ရယူရန် တရားလွှတ်တော်ချုပ်အား၊ သက်ဆိုင်ရာနည်းဖြင့် လျှောက်ထား၍၊ ရယူပိုင်ခွင့်ရှိရမည်။
:(၂) ဤကိစ္စနှင့်စပ်လျဉ်း၍ အခြားတရားရုံးများအား နှင်းအပ်ထားသော အာဏာများကို မထိခိုက်စေဘဲ၊ ဤအခန်း၌ ပေးအပ်ထားသော အခွင့်အရေးနှင့် သင့်လျော်သည့် ရှေ့တော်သွင်း စာချွန်တော်အမိန့် (Habeas Corpus)၊ အာဏာပေးစာချွန်တော်အမိန့် (Mandamus)၊ တားမြစ်စေ စာချွန်တော်အမိန့် (Prohibition)၊ အာဏာပိုင်မေး စာချွန်တော်အမိန့်(Quo Warranto)၊ အမှုခေါ် စာချွန်တော်အမိန့် (Certiorari)၊ ထိုစာချွန်တော်အမိန့်များ၏ သဘောမျိုးပါသော အမိန့်များကို ထုတ်နိုင်ရန် တရားလွှတ် တော်ချုပ်၌ အာဏာရှိရမည်။
:(၃) စစ်ဖြစ်သောအခါ၌သော်၎င်း၊ တိုင်းတပါးက ထိပါးတိုက်ခိုက်လာသော အခါ၌သော်၎င်း၊ ပုန်ကန်သောအခါ ၌သော်၎င်း၊ ဆူပူထကြွသောအခါ၌သော်၎င်း၊ အထူးအရေးတကြီး ဖြစ်လာသောအခါ ၌သော်၎င်း၊ ပြည်သူ့လုံခြုံမှုအတွက် လိုအပ်သည့် ကိစ္စမှာမှတပါး၊ ဤကာကွယ်ခွင့်၊ ရယူခွင့်များကို ရပ် ဆိုင်းထားခြင်းမပြုရ။
'''၂၆။''' ။ နိုင်ငံခြားများနှင့် ဆက်ဆံရာတွင်၊ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုနိုင်ငံ၏ အတွင်းအပ နှစ်ဌာ နလုံး၌၊ ပြည်ထောင်စု နိုင်ငံ၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းဆိုနိုင်ရမည်။
'''၂၇။''' ။ တိုင်းတပါးက ထိပါးတိုက်ခိုက်ခြင်း၊ ပုန်ကန်ခြင်း၊ ဆူပူထကြွခြင်း၊ အထူးအရေးတကြီး ဖြစ်ခြင်း တို့ပေါ်ပေါက်သည့်အခါများမှာ မှတပါး၊ နိုင်ငံသားတဦး၏ တရားစွဲဆိုပိုင်ခွင့်ရှိသော နစ်နာချက်အတွက်၊ ထိုနိုင်ငံသားအား၊ တရားဥပဒေဖြင့် သတ်မှတ်ထားသော ကာကွယ်နိုင်ခွင့်၊ ရယူနိုင်ခွင့်တို့ကို မပေးဘဲ မနေရ။
'''၂၈။''' ။ ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည်၊ သို့တည်းမဟုတ် ငြိမ်ဝပ်ပိပြားရေးအတွက် ထားရှိသော တပ်ဖွဲ့ ဝင်များသည် မိမိတို့၏ တာဝန်ဝတ်တရားများကို ကျေပွန်စွာဆောင်ရွက် နိုင်စေခြင်းငှါ ၎င်း၊ ထို့ပြင် စည်းကမ်းသေဝပ်မှု ရှိစေခြင်းငှါ၎င်း၊ ဤအခန်း၌ ပေးအပ်ထားသော အခွင့်အရေးများကို မည်၍မည်မျှ ကန့်သတ်ချုတ်ချယ်ထားရမည်ဟူ၍၊ သို့တည်းမဟုတ် မည်၍မည်မျှဖျက်သိမ်းရမည်ဟူ၍ ပါလီမန်က တရားဥပဒေဖြင့် ပြဋ္ဌာန်းနိုင်သည်။
'''၂၉။''' ။ ပါလီမန်သည် ဤအခန်းရှိ ပြဋ္ဌာန်းချက်များကို အတည်ဖြစ်စေရန်၊ လိုအပ်သော ဥပဒေများကို ပြုရမည်။ တဖန် ဤအခန်းတွင် ပြစ်မှု ကျူးလွန်ရာရောက်သည်ဟု ဖေါ်ပြထားသော်လည်း၊ အပြစ်ဒဏ် ပေးပိုင်ခွင့်မရှိခဲ့သေးသော ပြစ်မှုများအတွက် အပြစ်ဒဏ်သတ်မှတ်ပေးရန်လည်း ဥပဒေများကို ပြုရမည်။
==အခန်း ၃။==
;တောင်သူလယ်သမားများနှင့် အလုပ်သမားများအတွက် နိုင်ငံတော်၏ တာဝန်ဝတ်တရားများ။
'''၃၀။''' ။ (၁) နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်။
:(၂) ဤအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ မြေယာပိုင်ခွင့် စံနစ်များကို စည်းမျဉ်းတကျ ဖြစ်စေရန်သော်၎င်း၊ လွှဲပြောင်းရန် သော်၎င်း၊ ဖျက်သိမ်းရန်သော်၎င်း၊ နိုင်ငံတော်၌ အခွင့်အရေးရှိရမည်။ သို့တည်းမဟုတ် မည်သည့် မြေယာကိုမဆို ပြန်လည်သိမ်းယူပြီးလျှင်၊ ထိုမြေယာကို စုပေါင်း စိုက်ပျိုးရေးအတွက်ဖြစ်စေ၊ သမဝါယမ စိုက်ပျိုးရေးအတွက်ဖြစ်စေ၊ လယ်သီးစား သမားများ သို့ဖြစ်စေ၊ ဝေငှပေးရန် အခွင့်အရေးရှိရမည်။
:(၃) မည်သည့် အခြေခံစံနစ်နှင့်မျှ မြေယာ အမြောက်အမြားပိုင်ဆိုင်နိုင်သော အခွင့်မရှိစေရ။ တဦးတည်း ပိုင်ဖြစ်သော မြေယာ၏အများဆုံး မြေဧက အရေအတွက်ကို အကြောင်းညီညွတ်လျှင် ညီညွတ်ခြင်း တရားဥပဒေဖြင့် သတ်မှတ်ရမည်။
'''၃၁။''' ။ စီးပွါးရေး၌ သူတပါးကို နစ်နာစေ၍ ကိုယ်ကျိုးရှာခြင်းမှ ကာဆီးရေးအတွက်၊ မိမိတို့အချင်းချင်း ပေါင်းသင်း ဖွဲ့စည်းနိုင်ကြစေရန် အလုပ်သမားများအား နိုင်ငံတော်သည် စီးပွါးရေးဆိုင်ရာ ဆောင်ရွက် ချက်ဖြင့်၎င်း၊ အခြား ဆောင်ရွက်ချက်များဖြင့်၎င်း ကူညီနိုင်သည်။
အလုပ်သမားများအား စည်းရုံးပိုင် ခွင့်ပေးစေရန်၎င်း၊ အလုပ်လုပ်သော အချိန်နာရီတို့ကို ကန့်သတ် စေရန်၎င်း၊ နှစ်စဉ် အားလပ်ရက်များ ရခွင့်ရှိအောင် စီမံစေရန်၎င်း၊ အလုပ်ခွင်၏ အခြေအနေကို ကောင်းမွန်အောင်ပြုစေရန်၎င်း ရည်ရွယ်၍၊ နိုင်ငံတော်သည် ဥပဒေပြုပေးခြင်းဖြင့်၊ အလုပ်သမားများကို ကာကွယ်စောင့်ရှောက်ရမည်။ ထို့ပြင် အကြောင်းညီညွတ်လျှင် ညီညွတ်ခြင်း၊ နေခင်း ထိုင်ခင်းနှင့် ထောက်ပံ့မှု အာမခံစံနစ်တို့အတွက် စီမံချက်များကို အားပေးခြင်းဖြင့်လည်း၊ ကာကွယ် စောင့်ရှောက် ရမည်။
==အခန်း ၄။==
;နိုင်ငံတော်၏ ဝါဒရည်ညွှန်းချက်မူများ။
'''၃၂။''' ။ ဤအခန်းတွင် ဖေါ်ပြထားသော မူများကို နိုင်ငံတော်အတွက် ယေဘုယျ လမ်းညွှန်သဖွယ် ရည်ရွယ်သည်။ နိုင်ငံတော်သည်၊ ဥပဒေပြုရာ၌၎င်း၊ အုပ်ချုပ်ရာ၌၎င်း ထိုမူများနှင့်အညီ ဆောင်ရွက်ရန် အလေးဂရုပြုရမည်။ သို့ရာတွင် ထိုသို့ဆောင်ရွက်စေရန် မည်သည့်တရားရုံးတွင်မျှ တရားစွဲဆိုပိုင်ခွင့် မရှိစေရ။
'''၃၃။''' ။ နိုင်ငံသားတိုင်း အောက်ပါအခွင့်အရေးများကို ရရှိခံစားနိုင်ရန် နိုင်ငံတော်သည် ဝါဒထားရှိ၍၊ ထိုဝါဒအတိုင်း ရှေ့ရှုဆောင်ရွက်ရမည်။
:(က) အလုပ်လုပ်ပိုင်ခွင့်။
:(ခ) အိုမင်းမစွမ်းဖြစ်သော အခါ၌သော်၎င်း၊ နာဖျားမကျန်း ဖြစ်သောအခါ၌သော်၎င်း၊ အလုပ်လုပ်ကိုင် ခြင်းငှါ မစွမ်းဆောင်နိုင်သော အခါ၌သော်၎င်း၊ အထောက်အပံ့ရနိုင်သော အခွင့်အရေး။
:(ဂ) အနားယူခွင့်၊ အားလပ်ခွင့် ရနိုင်သော အခွင့်အရေး။
:(ဃ) ပညာသင်ကြားနိုင်သော အခွင့်အရေး။
အထူးအားဖြင့် နိုင်ငံတော်သည် အခလွတ်မသင်မနေရ မူလတန်းပညာ သင်ကြားရေး အတွက်ပြဋ္ဌာန်း ချက်များကို ပြုရမည်၊
'''၃၄။''' ။ နိုင်ငံတော်သည် ငယ်ရွယ်သူများကို အထူးဂရုပြု၍၊ ထိုသူတို့၏ ပညာသင်ကြားရေးကို အားပေးရ မည်။
'''၃၅။''' ။ နိုင်ငံတော်သည် အင်အားနည်း၍ တိုးတက်မှုတွင် နောက်ကျသော နိုင်ငံသားစု များ၏ပညာရေး နှင့်စီးပွါးရေးတို့ကို အထူးဂရုပြု၍ အားပေးရမည်။ ထို့ပြင် လူမှုဆက်ဆံရေး မတရားမှုမှ၎င်း၊ သူတပါး ကို နစ်နာစေ၍ ကိုယ်ကျိုးရှာမှုမှ၎င်း၊ ထိုသူတို့ ကင်းလွတ်စေရန် နိုင်ငံတော်က ကာကွယ်စောင့်ရှောက် ပေးရမည်။
'''၃၆။''' ။ ပြည်သူ့နေထိုင်ရေး အဆင့်အတန်း မြှင့်တင်မှုနှင့် ပြည်သူ့ကျန်းမာရေး ကောင်းမွန်တိုးတက်မှုတို့ သည်၊ နိုင်ငံတော်၏ အဓိကတာဝန် ဝတ်တရားတခုဖြစ်ရမည်။
'''၃၇။''' ။ (၁) နိုင်ငံတော်သည် အလုပ်သမားတို့၏ ခွန်အားနှင့် ကျန်းမာရေးတို့ကို ထိခိုက်ခြင်း မဖြစ်စေရန် ၎င်း၊ ကလေးသူငယ် နုနယ်သော အရွယ်ကို ထိခိုက်ခြင်း မဖြစ်စေရန် ၎င်း၊ ထို့ပြင် ထိုသူတို့သည် မိမိတို့၏ ကျား-မ ဘာဝ၊ အသက်၊ ခွန်အားတို့နှင့် မသင့်မလျော်သော သက်မွေးမှု အလုပ်အကိုင် တို့တွင် စီးပွါးရေး ချို့ငဲ့မှုကြောင့် မနေသာဘဲ၊ ဝင်ရောက် လုပ်ကိုင်ရခြင်း မရှိစေရန်၎င်း၊ ယုံကြည်စိတ် ချရအောင် စီမံရမည်။
:(၂) နိုင်ငံတော်သည် မီးဖွါးရေးနှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့များ၊ ကလေးဂေဟာများ၊ ကလေးထိန်း နေ့ဌာနများကို ဖွင့်လှစ်ခြင်းအားဖြင့်၊ သားသည်အမေနှင့် ကလေးတို့၏ အကျိုးကို စောင့် ရှောက်ရန်၊ ထို့ပြင် မီးမဖွါးမီနှင့် မီးဖွါးပြီး ကာလများအတွက် လုပ်ခနှင့် နားခွင့်ရရန် အခွင့်အရေးကို အခစားလုပ်ကိုင်နေသော မိခင်တို့ ရရှိခံစားနိုင်စေရန် ဝါဒထားရှိ၍၊ ထိုဝါဒအတိုင်း အထူးရှေ့ရှုဆောင် ရွက်ရမည်။
'''၃၈။''' ။ နိုင်ငံတော်သည် ကျန်းမာရေး ဝန်ထမ်းအဖွဲ့များ၊ ဆေးရုံများ၊ ဆေးပေးရုံများ၊ အထူးဆေးရုံ များ ၊ သူနာပြုရုံများ၊ နာလံထ ဆေးရုံများနှင့် အခြားကျန်းမာရေး ရုံများကိုတည်ထောင် ကြီးကြပ် အုပ်ချုပ် ပေးခြင်းအားဖြင့်၊ ပြည်သူ့ကျန်းမာရေးကို ကောင်းသည်ထက်ကောင်းအောင် ဆောင်ရွက်ရမည်။
'''၃၉။''' ။ ပြည်သူ့ကျန်းမာရေးနှင့်တကွ၊ လုပ်ရည်စွမ်းအားကို တိုးတက်စေရန်၎င်း၊ နိုင်ငံတော်ကာကွယ်ရေး စွမ်းအားကို ပြည့်တင်းစေရန်၎င်း၊ နိုင်ငံတော်သည် ပြည်သူများအတွက်၊ အထူးအားဖြင့် လူငယ်များ အတွက်၊ ကာယဗလ ပညာသင်ကြားရေးကို အထူးဂရုပြု၍ ဆောင်ရွက်ရမည်။
'''၄၀။''' ။ နိုင်ငံတော်သည် မသန်မစွမ်းဖြစ်လာသော စစ်မှုထမ်း ဟောင်းများအား၊ သင့်တင့်လျောက်ပတ်စွာ နေထိုင်စားသောက် နိုင်စေရန်၎င်း၊ သက်မွေးမှုပညာကို အခလွတ်သင်ယူနိုင်စေရန်၎င်း၊ စီမံဆောင်ရွက် ရမည်။ နိုင်ငံတော်သည် ကျဆုံးသော စစ်သားများ၏ ကလေးများနှင့် စစ်ကြောင့် မိဘမဲ့ဖြစ်ရသော ကလေးများကို အထူးဂရုပြု၍ ကြည့်ရှုစောင့်ရှောက်ရမည်။
'''၄၁။''' ။ နိုင်ငံ၏ ဓနအင်အားကို တိုးတက်စေရန်၎င်း၊ ပြည်သူ့ပစ္စည်း ဥစ္စာအင်အားကို ကောင်းသည်ထက် ကောင်းစေရန်၎င်း၊ ပြည်သူ့ယဉ်ကျေးမှု အဆင့်အတန်းမြင့်တက်လာစေရန် ၎င်း၊ ပြည်ထောင်စု နိုင်ငံ၏ လွတ်လပ်ရေးကို တည်မြဲခိုင်ခံ့စေရန်၎င်း၊ နိုင်ငံတော်ကာကွယ်ရေး စွမ်းအားကို ကြီးမားလာစေရန်၎င်း၊ ရည်ရွယ်၍ ပြည်ထောင်စုနိုင်ငံ၏ စီးပွါးရေးဆိုင်ရာ စီမံကိန်းများကို ပြုရမည်။
'''၄၂။''' ။ ကိုယ်ကျိုး အမြတ်အစွန်းအတွက် မဟုတ်ဘဲ၊ လုပ်ကိုင်ဆောင်ရွက်နေသော စီးပွါးရေးလုပ်ငန်း အဖွဲ့အစည်းများအား ပစ္စည်းငွေကြေး အထောက်အပံ့ပေးရန် နိုင်ငံတော်တွင် ဝါဒထားရှိ၍ ထိုဝါဒအတိုင်း ရှေ့ရှုဆောင်ရွက်ရမည်။ သမဝါယမအစည်းအရုံးများနှင့် အလားတူ စီးပွါးရေး အစည်းအရုံးများအား ပိုမို အခွင့်အရေးပေးရမည်။
'''၄၃။''' ။ ဝိဇ္ဇာပညာနှင့် သိပ္ပံပညာများ၊ သုတေသနနှင့် ယဉ်ကျေးမှု အဖွဲ့အစည်းများ၊ ထို့ပြင် ပါဠိနှင့် သက္ကဋ သင်ကြားရေးတို့ကို နိုင်ငံတော်က စောင့်ရှောက်ထောက်ပံ့ရမည်။
'''၄၄။''' ။ (၁) ပြည်သူသုံး လုပ်ငန်းများကို နိုင်ငံတော်အစိုးရ ကိုယ်တိုင်ကသော်၎င်း၊ ဒေသန္တရ အဖွဲ့များ ကသော်၎င်း၊ ပြည်သူတို့၏ သမဝါယမ အစည်းအရုံးများကသော်၎င်း၊ တည်ထောင်လုပ်ကိုင်စေရန် နိုင်ငံတော်အစိုးရ၌ ဝါဒထားရှိ၍၊ ထိုဝါဒအတိုင်း ရှေ့ရှုဆောင်ရွက်ရမည်။
:(၂) ပြည်ထောင်စုနိုင်ငံတော်အတွင်းတွင်၊ ဓနပစ္စည်းထွက်မည့် သဘာဝ ပင်ရင်းအခြေအမြစ်များကို နိုင် ငံတော် အစိုးရကိုယ်တိုင်ကသော်၎င်း၊ ဒေသန္တရ အဖွဲ့များက သော်၎င်း၊ ပြည်သူတို့၏ သမဝါယမ အစည်းအရုံးများက သော်၎င်း၊ လုပ်ကိုင်သုံးစွဲစေရန် နိုင်ငံတော် အစိုးရ၌ ဝါဒထားရှိ၍၊ ထိုဝါဒအတိုင်း ရှေ့ရှုဆောင်ရွက်ရမည်။
==အခန်း ၅။==
;နိုင်ငံတော်သမတ။
'''၄၅။''' ။ အောက်ပုဒ်မများတွင် “နိုင်ငံတော် သမတ” ဟုခေါ်အပ်သော ပြည်ထောင်စု နိုင်ငံ၏ သမတ ရှိရ မည်။ နိုင်ငံတော် သမတသည်၊ ပြည်ထောင်စု နိုင်ငံတဝန်းလုံးတွင် နိုင်ငံသား အားလုံး၏ အထွတ်အထိပ် နေရာကို ရရှိရမည်။ ထို့ပြင် ဤအခြေခံဥပဒေနှင့် တရားဥပဒေတို့က အပ်နှင်းသော အာဏာနှင့် အလုပ်ဝတ်တရားများကို သုံးစွဲဆောင်ရွက်ရမည်။
'''၄၆။''' ။ နိုင်ငံတော် သမတကို လျို့ဝှက်သော မဲဆန္ဒပေးစံနစ်ဖြင့်၊ ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ်၏ တွဲဖက်ညီလာခံတွင် ရွေးကောက်တင်မြှောက်ရမည်။ ဤအခန်းရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ နိုင်ငံတော် သမတ ရာထူးအတွက် ရွေးကောက်တင်မြှောက်ခြင်းကို၊ ပါလီမန်အက်ဥပဒေဖြင့် သတ်မှတ် ရမည်။
'''၄၇။''' ။ (၁) နိုင်ငံတော် သမတသည် ပါလီမန်ဆိုင်ရာ မည်သည့် လွှတ်တော်၏ အမတ်မျှ မဖြစ်ရ။
:(၂) ပါလီမန်ဆိုင်ရာ လွှတ်တော်တရပ်ရပ်၏ အမတ်တဦးကို နိုင်ငံတော်သမတ အဖြစ် ရွေးကောက်တင် မြှောက်ခဲ့သော်၊ ထိုအမတ်သည် သက်ဆိုင်ရာလွှတ်တော်၌ မိမိ၏ အမတ်နေရာကို စွန့်လွှတ်ခဲ့ပြီးဖြစ်သည် ဟု မှတ်ယူရမည်။
:(၃) နိုင်ငံတော် သမတသည်၊ လစာစရိတ်ကြေးငွေရသော အခြားရာထူးဌာနန္တရများကို အစိုးရနှင့် သက်ဆိုင်သည် ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ၊ မခံယူရ။
'''၄၈။''' ။ (၁) နိုင်ငံတော် သမတသည်၊ ရာထူးသက်တမ်း မကုန်ဆုံးမီ၊ ရာထူးမှနုတ်ထွက်သောကြောင့်၎င်း၊ ကွယ်လွန်သောကြောင့်၎င်း၊ ရာထူးမှ နုတ်ပယ်ခြင်းခံရသော ကြောင့်၎င်း၊ ထာဝစဉ် မစွမ်းမဆောင်နိုင် သော ကြောင့်၎င်း၊ ထိုအကြောင်းတခုခုကြောင့် မဟုတ်လျှင်၊ ရာထူး၌ စတင်ထမ်းရွက်သည့် နေ့မှစ၍ ငါးနှစ် တိုင်တိုင် ထမ်းရွက်ရမည်။
:(၂) မည်သည့်ပုဂ္ဂိုလ်မဆို၊ နိုင်ငံတော် သမတအဖြစ်ဖြင့် ရာထူးသက်တမ်း နှစ်ကြိမ်ထက်ပို၍ မထမ်းမ ရွက်ရ။
'''၄၉။''' ။ (က) မိမိကိုယ်တိုင်သော်၎င်း၊ မိမိ၏ မိဘနှစ်ပါးသော်၎င်း၊ ပြည်ထောင်စု နိုင်ငံတော်၏ အာဏာ ပိုင်နက်အတွင်း၌ မွေးဖွါးခဲ့၍ ပြည်ထောင်စုနိုင်ငံသားလည်း ဖြစ်သော၊ ထို့ပြင်
:(ခ) ပါလီမန်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံနိုင်သည့် အရည်အချင်းနှင့် ပြည့်စုံသည်လည်း ဖြစ်သော ပုဂ္ဂိုလ်မျိုးမဟုတ်လျှင်၊ မည်သူမျှ နိုင်ငံတော် သမတရာထူးအတွက် ရွေးကောက်ခြင်းခံနိုင်ခွင့် မရှိစေရ။
'''၅၀။''' ။ ပဌမ နိုင်ငံတော် သမတသည်၊ မိမိအား ရွေးကောက်တင်မြှောက်ပြီးသည့်နောက်၊ လျင်မြန်နိုင် သမျှ လျင်မြန်စွာ မိမိ၏ ရာထူးတွင် ဝင်ရောက်ထမ်းရွက်ရမည်။ နောက်နှောင်းသော နိုင်ငံတော် သမတ တိုင်းသည်၊ မိမိအလျင်ထမ်းရွက်သွားသော နိုင်ငံတော် သမတ၏ ရာထူးသက်တမ်းကုန်ဆုံးပြီးသည့် နောက် တနေ့၌သော်၎င်း၊ ထိုသို့ ကုန်ဆုံးပြီးသည့်နောက်၊ စောနိုင်သမျှ စောသောနေ့၌သော် ၎င်း၊ ရာထူးတွင် ဝင်ရောက်ထမ်းရွက်ရမည်။ အကယ်၍ မိမိအလျင်ထမ်းရွက်သွားသော နိုင်ငံတော်သမတအား ရာထူးမှ နုတ်ပယ်လိုက်လျှင်၊ သို့တည်းမဟုတ် ထို နိုင်ငံတော် သမတ ရာထူးမှနုတ်ထွက်သွားလျှင်၊ သို့ တည်းမဟုတ် ထာဝစဉ် မစွမ်းမဆောင်နိုင်လျှင်၊ သို့တည်းမဟုတ် ကွယ်လွန်လျှင်၊ မိမိအား ရွေးကောက် တင်မြှောက်ပြီးသည့်နောက် လျင်မြန်နိုင်သမျှ လျင်မြန်စွာ ရာထူးတွင် ဝင်ရောက်ထမ်းရွက်ရမည်။
'''၅၁။''' ။ နိုင်ငံတော် သမတသည်၊ အစည်းအဝေးကျင်းပလျက်ရှိသော ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ် နှင့် တရားလွှတ်တော်ချုပ်၏ တရားဝန်ကြီးများ ရှေ့မှောက်တွင်၊ အောက်ပါအတိုင်း လူသိရှင်ကြား သစ္စာ ဆို၍၊ လက်မှတ်ထိုးပြီးလျင်၊ ရာထူး၌ ဝင်ရောက်ထမ်းရွက်ရမည်။
::“ကျွန်ုပ်------------ သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို တည်မြဲအောင် ထိန်းသိမ်း၍၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ တရားဥပဒေများကို စောင့်ရှောက်ပါမည်။ ကျွန်ုပ်သည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်တကွ၊ တရားဥပဒေတို့နှင့် လျော်ညီစွာ မိမိ၏ တာဝန်ဝတ် တရားများကို ယုံကြည်လေးမြတ်ဖြောင့်မတ် မှန်ကန်စွာ ဆောင်ရွက်ပါမည်။ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဘေးရန်အန္တရာယ် အပေါင်းတို့ကိုတွန်းလှန်ဖယ်ရှားရန် ကြီးစွာသော သတိဝီရိယဖြင့် အား ထုတ်ပါမည်။ ကျွန်ုပ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အကျိုးငှါ၊ ပြည်ထောင်စုမြန်မာနိုင်ငံအား ကျွန်ုပ် ၏ အသက်နှင့် ကိုယ်ကိုအပ်နှင်းသည်ဟု လေးနက်တည်ကြည်စွာ ကျေညာ၍၊ ကတိသစ္စာပြုသည်။”
'''၅၂။''' ။ ပြည်ထောင်စု အစိုးရ ၏အကြံပေးချက်အရမှတပါး၊ နိုင်ငံတော် သမတသည် မိမိ၏ ရာထူးသက် တမ်းအတွင်းတွင် ပြည်ထောင်စု နိုင်ငံမှ ထွက်ခွါမသွားရ။
'''၅၃။''' ။ နိုင်ငံတော်သမတသစ် ရွေးကောက်တင်မြှောက်ရေးအတွက်၊ နိုင်ငံတော် သမတသည်၊ မိမိ၏ ရာထူးသက်တမ်း ကုန်ဆုံးအံ့ဆဲဆဲဖြစ်သော ၃ လအတွင်းတွင် ပါလီမန်ကို ဆင့်ခေါ်ရမည်။
'''၅၄။''' ။ (၁) အောက်ပါအကြောင်းတခုခုအတွက် နိုင်ငံတော် သမတကို စွပ်စွဲပြစ်တင်နိုင်သည်။
::(က) နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖေါက်ဖျက်ခြင်း။
::(ခ) အခြေခံဥပဒေကို ကျူးလွန်ခြင်း။
::(ဂ) အကျင့်သိက္ခာ လွန်ကဲစွာ ပျက်ပြားခြင်း။
:(၂) ဤပုဒ်မရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ထို့ပြင် ထိုပြဋ္ဌာန်းချက်များနှင့် လျော်ညီစွာ၊ စွပ်စွဲ ချက်ကို ပါလီမန်ဆိုင်ရာ လွှတ်တော်တရပ်ရပ်က တင်သွင်းနိုင်ရမည်။
:(၃) ဤပုဒ်မအရ နိုင်ငံတော် သမတကို စွပ်စွဲရန် ပါလီမန်ဆိုင်ရာ လွှတ်တော်တရပ်ရပ်သို့ တင်သွင်းသော အဆိုကို၊ သက်ဆိုင်ရာ လွှတ်တော်၏ အမတ်ဦးရေ စုစုပေါင်းအနက် လေးပုံတပုံအောက် မလျော့သော အမတ်များက အဆိုသွင်းရန် ကြိုတင်အကြောင်းကြားချက်ကို ကိုယ်တိုင်လက်မှတ်ထိုး၍ ပေးအပ် သော အခါမှာ မှတပါး၊ လက်မခံရ။
:(၄) ပါလီမန်ဆိုင်ရာ လွှတ်တော်တရပ်ရပ်က၊ ထိုကဲ့သို့သော အဆိုကို သက်ဆိုင်ရာ လွှတ်တော်၏အမတ် ဦးရေ သုံးပုံနှစ်ပုံအောက် မလျော့သော အမတ်များက ထောက်ခံ၍ ဆုံးဖြတ်ပြဋ္ဌာန်းသောအခါမှာမှ တပါး၊ အတည်မပြုရ။
:(၅) ပါလီမန်ဆိုင်ရာ လွှတ်တော်တရပ်က၊ စွပ်စွဲချက်တခုကို တင်သွင်းပြီးသောအခါ အခြားလွှတ်တော် တရပ်က၊ ထိုစွပ်စွဲချက်ကို စုံစမ်းစစ်ဆေးရမည်။ သို့တည်းမဟုတ် စုံစမ်းစစ်ဆေးစေရမည်။
:(၆) စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးသောအခါတွင်၊ နိုင်ငံတော် သမတ၌၊ မိမိကိုယ်တိုင်သော်၎င်း၊ ကိုယ်စား လှယ်ဖြင့်သော်၎င်း၊ ချေပခွင့်ရှိရမည်။
:(၇) စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးပြီးသဖြင့်၊ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးသော၊ သို့တည်းမဟုတ် စုံစမ်း စစ်ဆေးစေသော ပါလီမန်ဆိုင်ရာ လွှတ်တော်၏ အမတ်ဦးရေ စုစုပေါင်းအနက် သုံးပုံနှစ်ပုံ အောက် မလျော့သော အမတ်များက ထိုစွပ်စွဲချက်သည် မှန်ကန်သည့်အပြင်၊ စွပ်စွဲ ခံရသော ပြစ်မှုသည် နိုင်ငံတော် သမတအား ရာထူးတွင်ဆက်လက်၍ မထမ်းမရွက်စေသင့်သော ပြစ်မှုဖြစ်သည်ဟူ၍ ကျေညာသည့် ပြဋ္ဌာန်းချက် အဆိုကိုအတည်ပြုခဲ့သော်၊ ထိုပြဋ္ဌာန်းချက်အဆိုကို အကြောင်းပြု၍ နိုင်ငံတော် သမတအား၊ ရာထူးမှ ရပ်စဲစေရမည်။
'''၅၅။''' ။ နိုင်ငံတော် သမတသည်၊ အိမ်တော်တဆောင်ရရှိရမည်။ ထို့ပြင် တရားဥပဒေဖြင့် သတ်မှတ်ရမည် ဖြစ်သော လစာနှင့် စရိတ်များကို ရရှိရမည်။ နိုင်ငံတော် သမတ၏ လစာနှင့် စရိတ်များကို နိုင်ငံတော် သမတ၏ ရာထူးသက်တမ်းအတွင်းတွင် မပြောင်းမလဲရ။
'''၅၆။''' ။ (၁) နိုင်ငံတော် သမတသည် ပြည်သူ့လွှတ်တော်က အမည်တင်သွင်းသော ပုဂ္ဂိုလ်အား ဝန်ကြီးချုပ် ခန့်ထားရမည်။ ထိုဝန်ကြီးချုပ်သည် ပြည်ထောင်စုအစိုးရအဖွဲ့၏ အကြီးအမှူးဖြစ်ရမည်။
:(၂) နိုင်ငံတော် သမတသည်၊ ဝန်ကြီးချုပ်က အမည်တင်သွင်းသော ပုဂ္ဂိုလ်တို့ကို၊ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင် အခြားဝန်ကြီးများ အဖြစ်ခန့်ထားရမည်။
:(၃) နိုင်ငံတော် သမတသည်၊ ဝန်ကြီးချုပ်၏ အကြံပေးချက်အရ၊ ပြည်ထောင်စု အစိုးရဝန်ကြီးတဦး ဦး၏ ရာထူးနုတ်ထွက်စာကို လက်ခံရမည်။ သို့တည်းမဟုတ် ရာထူးမှ ရပ်စဲစေရမည်။
'''၅၇။''' ။ နိုင်ငံတော် သမတသည်၊ ဝန်ကြီးချုပ်၏ အကြံပေးချက်အရ၊ ပြည်သူ့လွှတ်တော်ကို ဆင့်ခေါ်ရ မည်။ သို့တည်းမဟုတ် ရုပ်သိမ်းရမည်။ သို့တည်းမဟုတ် ဖျက်သိမ်းရမည်။
:ခြွင်းချက်။ ။ သို့ရာတွင် ဝန်ကြီးချုပ်သည် ပြည်သူ့လွှတ်တော်၌ အမတ်များရာ၏ ထောက်ခံမှုကို ဆက် လက်၍ မရရှိသောအခါ၊ ဝန်ကြီးချုပ်က အကြံပေးငြားသော်လည်း၊ နိုင်ငံတော် သမတသည်၊ လွှတ်တော် ကိုမရုပ်သိမ်းဟူ၍သော်၎င်း၊ မဖျက်သိမ်းဟူ၍သော်၎င်း၊ ငြင်းပယ်နိုင်သည်။ ဤအခါမျိုးတွင် ဝန်ကြီးချုပ် သစ် တဦး၏အမည်ကို တင်သွင်းရန် လွှတ်တော်အား ချက်ခြင်း ဆင့်ဆိုရမည်။
:ထို့ပြင် ပြည်သူ့လွှတ်တော်သည် ၁၅ရက်အတွင်းတွင်၊ ဝန်ကြီးချုပ်သစ် တဦး၏အမည်ကို တင်သွင်းရန် ပျက်ကွက်ပါက ပြည်သူ့လွှတ်တော်ကို ဖျက်သိမ်းရမည်။
'''၅၈။''' ။ (၁) ပါလီမန်၏ လွှတ်တော် နှစ်ရပ်လုံးက အတည်ပြုသော၊ သို့တည်းမဟုတ် အတည်ပြုပြီးဖြစ် သည်ဟု မှတ်ယူရမည့် ဥပဒေကြမ်းသည်၊ အက်ဥပဒေဖြစ်မြောက်လာရေးအတွက် နိုင်ငံတော် သမတ၏ လက်မှတ်ထိုးခြင်းကို လိုအပ်ရမည်။
:(၂) နိုင်ငံတော် သမတသည်၊ ပါလီမန်က ပြဋ္ဌာန်းလိုက်သော အက်ဥပဒေတိုင်းကို ထုတ်ပြန်ကျေညာရ မည်။
'''၅၉။''' ။ ဤအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ပြည်ထောင်စု၏ အုပ်ချုပ်မှု အခွင့် အာဏာဟူသမျှသည်၊ နိုင်ငံတော် သမတ၌ တည်ရှိရမည်။ သို့ရာတွင် ဤပုဒ်မရှိ စကားကြောင့်၊ ပါလီမန် သည် လက်အောက်ခံ အာဏာပိုင်တို့အား၊ အလုပ်ဝတ်တရားများကို မပေးအပ်နိုင်ဟု မဖြစ်စေရ။ သို့တည်းမဟုတ် ထိုစကားကြောင့်ပင်၊ လက်ရှိတရားဥပဒေအရ တရားရုံး၌သော်၎င်း၊ တရားသူကြီး၌ သော်၎င်း၊ အရာရှိ၌သော်၎င်း၊ ဒေသန္တရ အာဏာပိုင်၌သော်၎င်း၊ အခြားအာဏာပိုင်၌သော်၎င်း၊ နှင်းအပ် ထားသော အလုပ်ဝတ်တရားများကို နိုင်ငံတော် သမတအား၊ လွှဲပြောင်းပေးအပ်သည်ဟု မမှတ်ယူရ။
'''၆၀။''' ။ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သော အခွင့်အရေးသည်၊ နိုင်ငံတော် သမတ၌ တည်ရှိ ရမည်။
'''၆၁။ '''။ (၁) နိုင်ငံတော် သမတသည်၊ နိုင်ငံတော်နှင့်၊ သို့တည်းမဟုတ် ပြည်သူတို့နှင့် သက်ဆိုင်သည့် အရေးကြီးသော ကိစ္စများနှင့် စပ်လျဉ်း၍ အမှာလွှာဖြင့် သော်၎င်း၊ မိန့်ခွန်းဖြင့်သော်၎င်း ပါလီမန်သို့ အကြောင်းကြားနိုင်သည်။
:(၂) နိုင်ငံတော် သမတသည်၊ မည်သည့်ကိစ္စ အကြောင်းကိုမဆို၊ အခါမရွေး တနိုင်ငံလုံး သို့လည်း မိန့်မြွက်နိုင်သည်။
'''၆၂။''' (၁) နိုင်ငံတော် သမတအဖြစ်ဖြင့် အာဏာနှင့် အလုပ်ဝတ်တရားများကို သုံးစွဲဆောင်ရွက်ခြင်း အတွက် သော်၎င်း၊ ထိုအာဏာနှင့် အလုပ်ဝတ်တရားများကို သုံးစွဲဆောင်ရွက်ရာတွင် ဖြစ်စေ၊ သုံးစွဲ ဆောင်ရွက်သည့် အနေနှင့်ဖြစ်စေ၊ ပြုခဲ့သော အပြုအမူတို့အတွက် သော်၎င်း၊ နိုင်ငံတော် သမတသည်၊ ပါလီမန်ဆိုင်ရာ မည်သည့်လွှတ်တော် မည်သည့်တရားရုံးသို့မျှ ဖြေရှင်းရန်မလို။
:(၂) သို့ရာတွင် နိုင်ငံတော် သမတ၏ အကျင့်သိက္ခာကို ပုဒ်မ ၅၄၏ ကိစ္စအလို့ငှါ၊ ပါလီမန်ဆိုင်ရာ လွှတ် တော်တရပ်ရပ်၌ ဝေဖန်စစ်ကြောနိုင်သည်။ သို့တည်းမဟုတ် အဆိုပါပုဒ်မအရ ၊ စွပ်စွဲချက်များကို စုံစမ်း စစ်ဆေးရေးအတွက် ပါလီမန်ဆိုင်ရာ လွှတ်တော်တရပ်ရပ်က ခန့်အပ်သော တရားရုံးက ဖြစ်စေ၊ တရား ခုံတော်ကဖြစ်စေ၊ အဖွဲ့ကဖြစ်စေ ဝေဖန်စစ်ကြောနိုင်သည်။
:(၃) နိုင်ငံတော် သမတက ဤအခြေခံဥပဒေအရ၊ သုံးစွဲဆောင်ရွက်သည့်အနေနှင့် ပြုပြီးဖြစ်သော အပြု အမူသည် တဆက်တည်းဖြစ်သော အောက်ပုဒ်မတွင်ပါရှိသည့်၊ သို့တည်းမဟုတ် ညွှန်ထားသည့် ပြဋ္ဌာန်း ချက်များနှင့်အညီ မဟုတ်သောကြောင့်၊ မခိုင်လုံဟု ငြင်းဆိုပိုင်ခွင့်မရှိစေရ။
'''၆၃။''' ။ (၁) ဤအခြေခံဥပဒေတွင် နိုင်ငံတော်သမတသည်၊ မိမိ၏ သဘောအတိုင်း ပြုမူရမည်ဟုသော် ၎င်း၊ ပုဂ္ဂိုလ်တဦးဦးထံမှ ဖြစ်စေ၊ အဖွဲ့တခုခုထံမှဖြစ်စေ၊ အကြံပေးချက်အရ၊ သို့တည်းမဟုတ် အမည်တင် သွင်းချက်အရ၊ သို့တည်းမဟုတ် အကြောင်းကြားချက်အရ၊ ပြုမူရမည်ဟုသော်၎င်း၊ ပြဋ္ဌာန်းထားသည့် အတိုင်းဆောင်ရွက်အပ်သည်မှ တပါး၊ အခြားကိစ္စများတွင် မိမိအားပေးအပ်ထားသော အာဏာများနှင့် အလုပ်ဝတ်တရားများကို ပြည်ထောင်စု အစိုးရ၏ အကြံပေးချက်အရသာလျှင်၊ သုံးစွဲဆောင်ရွက်ရမည်။
:(၂) နိုင်ငံတော် သမတထံသို့ အကြံပေးချက်ကိုသော်၎င်း၊ အမည်တင်သွင်းချက်ကို သော်၎င်း၊ အကြောင်း ကြားချက် ကိုသော်၎င်း၊ တင်သွင်းသည်၊ မတင်သွင်းသည်၊ သို့တည်းမဟုတ် နိုင်ငံတော် သမတက ထိုအချက်တခုခုကို ရသည်မရသည်၊ အကယ်၍ တင်သွင်းခဲ့သော်၊ သို့တည်းမဟုတ် ရခဲ့သော်၊ မည်သို့သော အကြံပေးချက်မျိုးဖြစ်သည်၊ သို့တည်းမဟုတ် မည်သို့သော အမည်တင်သွင်းချက်မျိုးဖြစ် သည်၊ သို့တည်းမဟုတ် မည်သို့သော အကြောင်းကြားချက်မျိုးဖြစ်သည် ဟူသောအချက်များကို မည်သည့် တရားရုံးတွင်မျှ စစ်ကြောမေးမြန်းခြင်းမပြုရ။
'''၆၄။''' ။ (၁) နိုင်ငံတော် သမတ ကွယ်လွန်သောအခါ၊ ရာထူးမှနုတ်ထွက်သောအခါ၊ နုတ်ပယ်ခြင်းခံရသော အခါ၊အလုပ်ခွင်၌ မရှိသောအခါ၊ ခေတ္တဖြစ်စေ၊ ထာဝစဉ်ဖြစ်စေ မစွမ်းမဆောင်နိုင်သောအခါ၊ မည်သည့် အခါ၌မဆို နိုင်ငံတော် သမတ ရာထူးလစ်လပ်သောအခါ၊ ထိုအခါတမျိုးမျိုးတွင်၊ ဤအခြေခံဥပဒေက နိုင်ငံတော် သမတအား၊ ပေးအပ်ထားသော အာဏာနှင့် အလုပ်ဝတ်တရားများကို၊ အောက်၌ပြဋ္ဌာန်းထား သည့်အတိုင်း ဖွဲ့စည်းအပ်သော “နိုင်ငံတော် ဦးသျှောင်အဖွဲ့” က သုံးစွဲဆောင်ရွက်ရမည်။
:(၂) နိုင်ငံတော် တရားဝန်ကြီးချုပ်၊ လူမျိုးစု လွှတ်တော်နာယက နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့ ဖြင့်၊ နိုင်ငံတော် ဦးသျှောင်အဖွဲ့ကို ဖွဲ့စည်းရမည်။
:(၃) နိုင်ငံတော်တရားဝန်ကြီးချုပ် ရာထူးလစ်လပ်သော အခါ၌သော်၎င်း၊ ထိုတရားဝန်ကြီးချုပ် မဆောင် ရွက်နိုင်သော အခါ၌သော်၎င်း၊ ထိုတရားဝန်ကြီးချုပ်၏ နေရာတွင် ထိုတရားဝန်ကြီးချုပ်၏ တာဝန် ဝတ်တရားများကို ဆောင်ရွက်စေရန် ခန့်ထားသောလွှတ်တော်ချုပ် တရားဝန်ကြီးသည်၊ သို့တည်းမဟုတ် ထို တရားဝန်ကြီးမရှိပြန်လျှင်၊ တရားလွှတ်တော်ချုပ်မှ ထိုကိစ္စအတွက် ဆောင်ရွက်ရန် ရနိုင်သော ဝါအရင့်ဆုံး တရားဝန်ကြီးသည်၊ နိုင်ငံတော် ဦးသျှောင်အဖွဲ့တွင် အဖွဲ့ဝင်တဦးအဖြစ်ဖြင့် ဆောင်ရွက်ရ မည်။
:(၄) လူမျိုးစုလွှတ်တော် နာယက ရာထူးလစ်လပ်သောအခါ၌သော်၎င်း၊ အဆိုပါ နာယက မဆောင်ရွက် နိုင်သောအခါ၌သော်၎င်း၊ လူမျိုးစုလွှတ်တော် နာယက၏ နေရာတွင်၊ လူမျိုးစု လွှတ်တော် ဒုတိယ နာယက သည် နိုင်ငံတော်ဦးသျှောင်အဖွဲ့၌ အဖွဲ့ဝင်တဦးအဖြစ်ဖြင့် ဆောင်ရွက်ရမည်။
:(၅) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရာထူး လစ်လပ်သောအခါ၌သော်၎င်း၊ အဆိုပါ ဥက္ကဋ္ဌ မဆောင်ရွက်နိုင် သော အခါ၌သော်၎င်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနေရာတွင်၊ ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌသည် နိုင်ငံတော် ဦးသျှောင်အဖွဲ့၌ အဖွဲ့ဝင် တဦးအဖြစ်ဖြင့် ဆောင်ရွက်ရမည်။
:(၆) နိုင်ငံတော်ဦးသျှောင် အဖွဲ့ဝင် နှစ်ဦးရှိလျှင်၊ ထိုအဖွဲ့သည် ဆောင်ရွက်နိုင်သည်။ အဖွဲ့ဝင်နေရာတခု လစ်လပ်နေစေကာမူ၊ ဆောင်ရွက်နိုင်သည်။
:(၇) နိုင်ငံတော် သမတသည်၊ ဤအခြေခံဥပဒေအရ၊ အာဏာနှင့် အလုပ်ဝတ်တရားများကို သုံးစွဲဆောင် ရွက်သကဲ့သို့၊ နိုင်ငံတော် ဦးသျှောင်အဖွဲ့သည်လည်း သုံးစွဲဆောင်ရွက်ရမည်။
==အခန်း ၆။==
;ပါလီမန်။
===အပိုင်း ၁။ အရပ်ရပ်ဆိုင်ရာ။===
'''၆၅။''' ။ ပြည်ထောင်စုနိုင်ငံ၏ ဥပဒေပြုမှု အာဏာသည်၊ ပါလီမန်တွင် တည်ရှိရမည်။ ပါလီမန်တွင် နိုင်ငံတော် သမတ၊ ပြည်သူ့လွှတ်တော် နှင့် လူမျိုးစု လွှတ်တော်တို့ ပါဝင်ရမည်။ ဤအခြေခံဥပဒေတွင် ပါလီမန်ကို “ပါလီမန်”၊ သို့တည်းမဟုတ် “ပြည်ထောင်စုပါလီမန်” ဟုခေါ်ရမည်။
'''၆၆။''' ။ ပါလီမန်၏ ညီလာခံကို နှစ်စဉ် တနှစ်လျှင် အနည်းဆုံး တကြိမ်ကျင်းပရမည်။ ပါလီမန် ညီလာခံ တခု၏ နောက်ဆုံး အစည်းအဝေးနှင့် နောက်ထပ်ကျင်းပသော ညီလာခံ၏ ပဌမ အစည်းအဝေးတို့၏ စပ်ကြားတွင် ၁၂ လ ခြားမနေစေရ။
'''၆၇။''' ။ (၁) ပြည်သူ့လွှတ်တော်သည်၊ လွှတ်တော်အမတ်များအနက် အမတ်နှစ်ဦးကို လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ်ဖြင့်၊ လျင်မြန်နိုင်သမျှ လျင်မြန်စွာ ရွေးချယ်ရမည်။ ထို့ပြင် လွှတ်တော် ဥက္ကဋ္ဌ၏နေရာ၊ သို့တည်းမဟုတ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ၏နေရာလစ်လပ်သောအခါတိုင်း၊ ထိုလစ် လပ်သောနေရာအတွက် ပြည်သူ့လွှတ်တော်သည် အခြားအမတ်တဦးကို လွှတ်တော် ဥက္ကဋ္ဌအဖြစ်ဖြင့်၊ သို့တည်းမဟုတ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ်ဖြင့်၊ အကြောင်းအားလျော်စွာ ရွေးချယ်ရမည်။
:(၂) ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌရာထူး၌၊ သို့တည်းမဟုတ် ဒုတိယ ဥက္ကဋ္ဌရာထူး၌ ထမ်းရွက်နေသော သူသည်၊ လွှတ်တော်အမတ်အဖြစ်မှ ရပ်စဲခဲ့လျှင်၊ ထိုသူသည် မိမိထမ်းရွက်နေသော ရာထူးကို စွန့်လွှတ် ရမည်။ ထိုသူသည် မည်သည့်အခါ၌မဆို၊ နိုင်ငံတော်သမတထံသို့ မိမိကိုယ်တိုင် လက်မှတ်ရေးထိုး တင်သွင်းသောစာဖြင့်၊ ရာထူးမှ နုတ်ထွက်နိုင်သည်။ သို့တည်းမဟုတ် ဥက္ကဋ္ဌကို ဖြစ်စေ၊ ဒုတိယ ဥက္ကဋ္ဌ ကိုဖြစ်စေ၊ လွှတ်တော် လက်ရှိအမတ်များရာ၏ ဆုံးဖြတ်ပြဋ္ဌာန်းချက်ဖြင့်၊ ရာထူးမှ နုတ်ပယ်နိုင်သည်။ သို့ရာတွင် ဤပုဒ်မခွဲ၏ ကိစ္စအတွက် ဆုံးဖြတ်ရန်ရှိသော အဆိုကိုအနည်းဆုံး ၁၄ ရက်ကြိုတင်၍ အကြောင်းကြားခြင်း မပြုလျှင်၊ ထိုအဆိုကို လွှတ်တော်၌ မတင်မသွင်းရ။
:ခြွင်းချက်။ ။ သို့ရာတွင် ပြည်သူ့လွှတ်တော်ကို ဖျက်သိမ်းသောအခါတိုင်း၊ လွှတ်တော်ကို ဖျက်သိမ်းပြီး သည့်နောက်၊ နောက်ထပ် တကြိမ်ရွေးကောက်သော လွှတ်တော်၏ ပဌမ အကြိမ်အစည်းအဝေးကို ကျင်း ပအံဆဲဆဲအချိန်အထိ၊ လွှတ်တော် ဥက္ကဋ္ဌသည် မိမိ၏ ရာထူးကို မစွန့်လွှတ်ရ။
:(၃) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရာထူး လစ်လပ်သောအခါ၊ ထိုလွှတ်တော် ဥက္ကဋ္ဌ၏ တာဝန်ဝတ်တရား များကို လွှတ်တော် ဒုတိယဥက္ကဋ္ဌက ဆောင်ရွက်ရမည်။ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌရာထူးလည်း လစ်လပ်ခဲ့သော်၊ ထိုကိစ္စအတွက် လွှတ်တော်အမတ်များအနက် နိုင်ငံတော်သမတက ခန့်ထားသော အမတ်တဦးက ဆောင်ရွက်ရမည်။ လွှတ်တော်အစည်းအဝေးသို့ ဥက္ကဋ္ဌမတက်ရောက်သောအခါ၊ လွှတ် တော် ဒုတိယဥက္ကဋ္ဌက၊ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမည်။ ဒုတိယ ဥက္ကဋ္ဌလည်း အစည်းအဝေး သို့မတက် ရောက်သောအခါ လွှတ်တော်လုပ်ငန်းစဉ် နည်းဥပဒေအရ ခန့်ထားခြင်းခံရသော သူတဦးက ဥက္ကဋ္ဌအဖြစ် ဖြင့် ဆောင်ရွက်ရမည်။ ထိုသူလည်း အစည်းအဝေးသို့ မတက်ရောက်သောအခါ၊ လွှတ်တော်က ရွေးချယ် သော အခြားသူတဦးက ဥက္ကဋ္ဌအဖြစ်ဖြင့် ဆောင်ရွက်ရမည်။
:(၄) လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌတို့အား၊ ပါလီမန်အက်ဥပဒေဖြင့် သတ်မှတ်သော လစာငွေများကို ပေးရမည်။
:(၅) ဤပုဒ်မရှိ အထက်က ဖေါ်ပြခဲ့သော ပြဋ္ဌာန်းချက်များသည်၊ ပြည်သူ့လွှတ်တော် နှင့်သက်ဆိုင်သကဲ့ သို့ လူမျိုးစု လွှတ်တော်နှင့်လည်း သက်ဆိုင်ရမည်။ ဥက္ကဋ္ဌအစား “နာယက” ၊ ဒုတိယ ဥက္ကဋ္ဌအစား “ဒုတိယ နာယက” ဟုသုံးစွဲရမည်။ “ပြည်သူ့လွှတ်တော်” ဟုသုံးစွဲသောနေရာများ၌ “လူမျိုးစု လွှတ်တော်” ဟုသုံးစွဲရမည်။
'''၆၈။''' ။ (၁) အခြေခံဥပဒေ၏ပြဋ္ဌာန်းချက်များနှင့်၎င်း၊ ပါလီမန်လုပ်ငန်းစဉ်ကို စည်းမျဉ်းတကျ ဖြစ်အောင် ပြုထားသော နည်းဥပဒေများနှင့် တကွ တည်ဆဲအမိန့်များနှင့် ၎င်းမဆန့်ကျင်လျှင်၊ ပါလီမန်၌ လွတ်လပ် စွာပြောဆိုခွင့်ရှိရမည်။ ပါလီမန်တွင်၊ သို့တည်းမဟုတ် ပါလီမန်၏ ကော်မီတီများတွင် ပြောဆိုခဲ့ခြင်း၊ မဲပေးခဲ့ခြင်းတို့နှင့် စပ်လျဉ်း၍ မည်သည့် ပါလီမန်အမတ်ကိုမျှ တရားစွဲဆိုပိုင်ခွင့် မရှိစေရ၊ ထို့ပြင် ပါလီမန်ဆိုင်ရာ လွှတ်တော်ကသော်၎င်း၊ ထိုလွှတ်တော်၏ အခွင့်အာဏာအရသော်၎င်း၊ ဖြန့်ချီထုတ်ဝေ သော အစီရင်ခံစာ၊ စာရွက်စာတမ်း၊ မဲဆန္ဒများ၊ လွှတ်တော်မှတ်တမ်းများနှင့် စပ်လျဉ်း၍လည်း၊ မည်သူ့ကိုမျှ တရားစွဲဆိုပိုင်ခွင့်မရှိစေရ။
:(၂) အခြားကိစ္စများတွင်မူကား၊ ပါလီမန်ဆိုင်ရာ လွှတ်တော်အမတ်များ ခံစားထိုက်သော အခွင့်အရေး များသည်၊ အခါကာလအားလျော်စွာ ပါလီမန် အက်ဥပဒေဖြင့် ပိုင်းခြားဖေါ်ပြသည့်အတိုင်း ဖြစ်ရမည်။ ထိုသို့ ပိုင်းခြားဖေါ်ပြခြင်း မပြုသေးလျှင် ထိုအမတ်များ၏ အခွင့်အရေးများသည်၊ ဤအခြေခံ ဥပဒေအာဏာ တည်အံ့ဆဲဆဲတွင် မြန်မာနိုင်ငံ ဥပဒေပြု အဖွဲ့အမတ်များ ခံစားကြသော အခွင့်အရေးများ အတိုင်းဖြစ်ရမည်။
'''၆၉။''' ။ (၁) ဤအခြေခံဥပဒေက အခြားပြဋ္ဌာန်းချက်ပြုထားခြင်း မရှိလျှင် လွှတ်တော်များ၏ အစည်း အဝေးတွင်၊ သို့တည်းမဟုတ် တွဲဖက်အစည်းအဝေးတွင် ဆွေးနွေးကြသော ပြဿနာအားလုံးကို အစည်း အဝေးတက်ရောက်မဲပေးသော လွှတ်တော်အမတ်များ၏ မဲများရာဖြင့် ဆုံးဖြတ်ရမည်။ ထိုသို့ဆုံးဖြတ် သော ကိစ္စများတွင် ဥက္ကဋ္ဌသည်၊ သို့တည်းမဟုတ် နာယက သည်၊ သို့တည်းမဟုတ် ဥက္ကဋ္ဌအဖြစ်ဖြင့် ဖြစ်စေ၊ နာယကအဖြစ်ဖြင့်ဖြစ်စေ၊ ဆောင်ရွက်နေသော ပုဂ္ဂိုလ်သည် မဲမပေးရ။ သို့ရာတွင် မဲအရေအ တွက် တူညီသောအခါ အနိုင်မဲပေးနိုင်ခွင့်ရှိ၍ အနိုင်မဲကိုပေးရမည်။
:(၂) မိမိ၏အာဏာများကို သုံးစွဲရန်၊ လွှတ်တော်တရပ်ရပ်သည် အစည်းအဝေးအထမြောက်ရေးအတွက် လိုအပ်သော အမတ်ဦးရေကို လွှတ်တော်၏ နည်းဥပဒေများဖြင့် ဆုံးဖြတ်သတ်မှတ်ရမည်။
:(၃) အမတ်နေရာများ လစ်လပ်နေစေကာမူ၊ မှုခင်း ကိစ္စများကို ဆောင်ရွက်နိုင်ရန် ပါလီမန်ဆိုင်ရာ လွှတ် တော်တို့တွင်၊ အာဏာရှိရမည်။ ထို့ပြင် အခွင့်အရေးမရှိသောသူ တဦးတယောက်သည်၊ လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်ဟူ၍ သော်၎င်း၊ မဲဆန္ဒပေးခဲ့သည်ဟူ၍ သော်၎င်း၊ လွှတ်တော်၏ မှုခင်းကိစ္စဆောင်ရွက်မှုတွင် အခြားတနည်းနည်းဖြင့် ပါဝင်ခဲ့သည်ဟူ၍သော်၎င်း၊ နောင်အခါမှာမှ ပေါ်ပေါက်လာစေကာမူ၊ ပါလီမန်၌ ဆောင်ရွက်ခဲ့သည့် မှုခင်းကိစ္စသည် အတည်ဖြစ်ရမည်။
:(၄) အထက်က ပြဋ္ဌာန်းချက်များ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ ပြည်နယ် တနယ်နယ်မှ မိမိ၏ ကိုယ်စားလှယ် အမတ်များကို ရွေးချယ်၍ လူမျိုးစုလွှတ်တော်သို့ စေလွှတ်ရန် ပျက်ကွက်စေကာမူ၊ ထိုလွှတ်တော်တွင် မိမိ၏လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရန် အာဏာရှိရမည်။
'''၇၀။''' ။ ပါလီမန်၏၊ သို့တည်းမဟုတ် ပါလီမန်ဆိုင်ရာ လွှတ်တော်တရပ်ရပ်၏ အစီရင်ခံစာများနှင့် ဖြန့်ချီ ထုတ်ဝေသမျှသော စာရွက်စာတမ်းအားလုံးအတွက် တရားစွဲဆိုပိုင်ခွင့် လုံးဝမရှိစေရ။
'''၇၁။''' ။ လွှတ်တော်အသီးသီး၏အမတ်များသည်၊ ပြည်သူတို့၏ ကိုယ်စားလှယ်အဖြစ်ဖြင့် တာဝန် ဝတ်တရားများကို ဆောင်ရွက်ကြရသောကြောင့်၊ ထိုပုဂ္ဂိုလ်များအား လစာနှင့် စရိတ်ကြေးငွေများကို ပေးရန်၎င်း၊ ပါလီမန်က သတ်မှတ်သော ခရီးသွားလာမှု အခွင့်အရေးများနှင့် အခြားအခွင့်အရေးများကို ပေးရန်၎င်း၊ ပါလီမန်က တရားဥပဒေဖြင့် ပြဋ္ဌာန်းနိုင်သည်။
'''၇၂။''' ။ ပါလီမန်ဆိုင်ရာ လွှတ်တော်တရပ်ရပ်၏ အမတ်အသီးသီးသည်၊ လွှတ်တော်ရှိ မိမိ၏ အမတ်နေရာ ကို မယူခင်၊ နိုင်ငံတော်သမတ၏ ရှေ့မှောက်၌သော်၎င်း၊ နိုင်ငံတော်သမတက အခွင့်အာဏာလွှဲအပ် ထားသော သူ၏ရှေ့မှောက်၌သော်၎င်း၊ ဤအခြေခံဥပဒေ၏ ပဌမဇယားတွင် ပါရှိသည့်အတိုင်း နိုင်ငံ တော်၏ ကျေးဇူးသစ္စာတော်ကို စောင့်ရှောက်ပါမည်ဟု ကျမ်းကိုင်၍ ဖြစ်စေ၊ သစ္စာဆို၍ဖြစ်စေ၊ လက်မှတ် ရေးထိုးရမည်။
'''၇၃။''' ။ (၁) တချိန်တည်းတွင်၊ မည်သူမျှ၊ ပါလီမန်ဆိုင်ရာလွှတ်တော် နှစ်ရပ်လုံး၏ အမတ်မဖြစ်နိုင်။ လွှတ် တော်တရပ်တွင် အမတ်ဖြစ်နေသောသူသည်၊ အခြားလွှတ်တော်တွင် အမတ်ဖြစ်လာခဲ့သော်၊ ထိုသူသည် ပဌမအမတ်နေရာကို စွန့်လွှတ်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်။
:(၂) လွှတ်တော်အမတ် တဦးသည်-
::(က) တဆက်တည်းဖြစ်သော အောက်ပုဒ်မရှိ ပုဒ်မခွဲ (၁) အရ၊ အမတ်အရည်အချင်း ပျက်ယွင်းလာခဲ့ သော်၊ သို့တည်းမဟုတ်၊
::(ခ) နိုင်ငံတော်သမတထံသို့၊ မိမိကိုယ်တိုင် လက်မှတ်ထိုး၍ နုတ်ထွက်စာတင်သွင်းခြင်းအားဖြင့်၊ အမတ်အဖြစ်မှ နုတ်ထွက်ခဲ့သော်၊
::ထိုအမတ်၏ နေရာသည် ထိုအခါ၌ လစ်လပ်ရမည်။
:(၃) လွှတ်တော်အမတ်တဦးသည် သက်ဆိုင်ရာ လွှတ်တော်၏အခွင့်ကိုမရဘဲ၊ လွှတ်တော်အစည်းအဝေး အားလုံးသို့၊ ရက်ပေါင်း သုံးဆယ်တိတိ တဆက်တည်း မတက်ရောက်ဘဲနေခဲ့သော်၊ သက်ဆိုင်ရာ လွှတ်တော် သည် ထိုအမတ်၏ နေရာလစ်လပ်သည်ဟု ကျေညာနိုင်သည်။
:ခြွင်းချက်။ ။ သို့ရာတွင် ဆိုခဲ့သော ရက်ပေါင်း သုံးဆယ်ကို တွက်စစ်ရာ၌ လွှတ်တော်ကို ရုပ်သိမ်းထား သောကာလကို၊ သို့တည်းမဟုတ် တဆက်တည်းဖြစ်သော လေးရက်ထက်ကျော်လွန်၍ အစည်းအဝေး ရပ်ဆိုင်းထားသော ကာလကို ထည့်သွင်းရေတွက်ခြင်းမပြုရ။
'''၇၄။''' ။ (၁) အောက်ပါ ပုဂ္ဂိုလ်မျိုးအား၊ လွှတ်တော်တရပ်ရပ်၏ အမတ်အဖြစ်ဖြင့် ရွေးချယ်ခြင်းခံရန်၎င်း၊ လွှတ်တော်တရပ်ရပ်၏ အမတ်အဖြစ် တည်မြဲစေရန်၎င်း၊ ခွင့်မပြုရ။
::(က) နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ၊ သို့တည်းမဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ၊ သို့တည်းမဟုတ် ထိုအစိုးရ၏ နိုင်ငံသားဖြစ်သူ၊ သို့တည်းမဟုတ် ထိုအစိုးရ၏ လက်အောက်ခံဖြစ်သူသော်၎င်း၊ နိုင်ငံသားသော်၎င်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ၊ သို့တည်းမဟုတ်
::(ခ) လူမွဲအဖြစ် ဆုံးဖြတ်ကျေညာ ခံထားရခြင်းမှ လွတ်မြောက်ခွင့်မရသေးသူ၊ သို့တည်းမဟုတ်
::(ဂ) စိတ်ပေါ့သွပ်၍၊ စိတ်ပေါ့သွပ်သူဟု အခွင့်အာဏာရ တရားရုံး၏ အမိန့်ချမှတ်ခြင်းခံနေရသူ၊ သို့တည်းမဟုတ်
::(ဃ) ရာထူးတခုခု၌ ထမ်းရွက်နေသော်လည်း၊ ထိုရာထူးကြောင့်၊ လိုအပ်သော အရည်အချင်းပျက်ယွင်း ခြင်းမရှိစေရဟု ပါလီမန် အက်ဥပဒေဖြင့် ကျေညာထားသော ရာထူးမျိုးမှတပါး၊ ပြည်ထောင်စု နိုင်ငံ တော် အစိုးရ လက်အောက်တွင်သော်၎င်း၊ ပြည်ထောင်စု အဖွဲ့ဝင်တခုခု၏ အစိုးရလက်အောက်တွင် သော်၎င်း၊ အကျိုးအမြတ်ရှိသော အခြားရာထူးတခုခု၌ ထမ်းရွက်နေသည့်သူ၊ သို့တည်းမဟုတ်
::(င) မြန်မာပြည် ဥပဒေပြုလွှတ်တော်၏၊ သို့တည်းမဟုတ် ပါလီမန်၏ အက်ဥပဒေတခုရှိ ပြဋ္ဌာန်းချက် များတွင် သီးခြားဖေါ်ပြထားသော ကာလအပိုင်းအခြား မကုန်ဆုံးသေးလျှင်၊ ထိုလွှတ်တော်၏၊ သို့တည်း မဟုတ် ထိုပါလီမန်၏ အမတ်ဖြစ်ရန် အရည်အချင်းပျက်ယွင်းစေသည့် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုဖြစ် သည်ဟု၊ ထိုလွှတ်တော်ကသော်၎င်း၊ ထိုပါလီမန်ကသော်၎င်း၊ ထိုအက်ဥပဒေဖြင့် ပြဋ္ဌာန်းပြီးဖြစ်သော ပြစ်မှု မျိုးအတွက်၊ ဤအခြေခံဥပဒေအာဏာ မတည်မီကဖြစ်စေ၊ အာဏာတည်ပြီးနောက်မှ ဖြစ်စေ၊ အပြစ်ဒဏ်ခံရသူ၊ သို့တည်းမဟုတ် မြန်မာပြည် ဥပဒေပြုလွှတ်တော်၏၊ သို့တည်းမဟုတ် ပါလီမန်၏ အက်ဥပဒေတခုရှိ ပြဋ္ဌာန်းချက်များတွင် သီးခြားဖေါ်ပြထားသော ကာလအပိုင်းအခြား မကုန်လွန်သေး လျှင်၊ ထိုလွှတ်တော်၏၊ သို့တည်းမဟုတ် ထိုပါလီမန်၏ အမတ်ဖြစ်ရန် အရည်အချင်း ပျက်ယွင်းစေသည့် ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှု ဖြစ်သည်ဟု၊ ထိုလွှတ်တော်ကသော်၎င်း၊ ထိုပါလီမန်က သော်၎င်း၊ ထိုအက်ဥပဒေဖြင့် ပြဋ္ဌာန်းပြီးဖြစ်သော ပြုကျင့်မှုမျိုးအတွက်၊ ရွေးကောက်တင်မြှောက်ခြင်း ခိုင်လုံသည် မခိုင်လုံသည်၊ နည်းလမ်းကျသည် မကျသည်တို့ကို စုံစမ်း စစ်ဆေးသော အမှုအခင်းများတွင်၊ အပြစ်ကျူးလွန်သည်ဟု အမိန့်ချမှတ်ခြင်း ခံရပြီးသူ၊ သို့တည်းမဟုတ်
::(စ) အပြစ်ဒဏ်မှ လွတ်သည့်နေ့မှစ၍ ၅နှစ်ကာလအပိုင်းအခြား၊ သို့တည်းမဟုတ် နိုင်ငံတော်သမတက မိမိ၏သဘောအတိုင်း ခွင့်ပြုသော ၅နှစ် အောက်လျော့သော ကာလအပိုင်းအခြား မကုန်လွန်သေးလျှင်၊ အပိုဒ်(င) ၌ ဖေါ်ပြထားသော ပြစ်မှုမျိုးမှတပါး၊ အခြားပြစ်မှုတခုခုအတွက် ပြည်ထောင်စုနိုင်ငံ၏ အာဏာပိုင်နက်တွင်၊ ဤအခြေခံ ဥပဒေအာဏာ မတည်မီကဖြစ်စေ၊ အာဏာတည်ပြီးနောက်မှ ဖြစ်စေ၊ ပြစ်ဒဏ်ခံရ၍ တကျွန်းပို့ဒဏ်ကိုသော်၎င်း၊ ၂နှစ်အောက်မနည်းသော ထောင်ဒဏ်ကိုသော်၎င်း၊ စီရင်ခံရ ပြီးသူ၊ သို့တည်းမဟုတ်
::(ဆ) ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်ကို တင်သွင်းသင့်သော နေ့မှစ၍၊ ၅နှစ်ကာလအပိုင်းအခြား မကုန်လွန်သေးလျှင်၊ သို့တည်းမဟုတ် လိုအပ်သောအရည်အချင်း ပျက်ယွင်းချက်ကို နိုင်ငံတော်သမတ က မိမိ၏သဘောအတိုင်း ပယ်ဖျက်ပြီး မဟုတ်သေးလျှင်၊ ပါလီမန်သို့ အမတ်အဖြစ်ဖြင့် အမည်တင်သွင်း ခြင်းခံရပြီးနောက်၊ သို့တည်းမဟုတ် ထိုသို့ အမည်တင်သွင်းခြင်းခံရသောသူ၏ ရွေးကောက်ပွဲကိုယ်စား လှယ်အဖြစ်ဖြင့် ဆောင်ရွက်ပြီးနောက်၊ ဤအခြေခံဥပဒေအရ ထုတ်ဆင့်သော အမိန့်ဖြင့်သော်၎င်း၊ ပါလီ မန်၏ အက်ဥပဒေ၌ သော်၎င်း၊ ပြဋ္ဌာန်းထားသော အချိန်ကာလအတွင်းတွင်၊ ထိုသို့ပြဋ္ဌာန်းထားသော နည်းလမ်းနှင့်အညီ၊ ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်စာရင်းကို တင်သွင်းရန် ပျက်ကွက်ခဲ့သူ။
::ခြွင်းချက်။ ။ သို့ရာတွင် ကုန်ကျစရိတ် စာရင်းတင်သွင်းသင့်သည့် နေ့မှစ၍၊ ၁လဖြစ်စေ၊ နိုင်ငံတော် သမတက သီးခြားကိစ္စတွင် မိမိ၏သဘောအတိုင်း ဆောင်ရွက်ကာ အခွင့်ပြုသော ၁လထက် ပိုသော ကာလ အပိုင်းအခြားဖြစ်စေ၊ စေ့ကုန်ခြင်းမရှိမီ၊ ဤပုဒ်မခွဲရှိ အပိုဒ် (ဆ)အရ အမတ်ဖြစ်ရန် ခွင့်မပြုခြင်း သည် အတည်မဖြစ်စေရ။
:(၂) တဦးတယောက်သောသူသည်၊ ရာဇဝတ်ပြစ်မှုကြောင့် တကျွန်းအပို့ခံနေရစဉ်၊ သို့တည်းမဟုတ် ထောင်သွင်းအကျဉ်းထားခြင်းခံနေရစဉ်၊ ထိုသူသည် လွှတ်တော်တရပ်ရပ်၏ အမတ်အဖြစ် ရွေးချယ် ခြင်းခံနိုင်ခွင့်မရှိစေရ။
:ခြွင်းချက်။ ။ သို့ရာတွင် အပြစ်ဒဏ်ခံရသောကာလသည် ၂ နှစ်ထက် မပိုခဲ့သော် နိုင်ငံတော်သမတသည်၊ အဆိုပါ အရည်အချင်း ပျက်ယွင်းချက်ကို၊ မိမိ၏သဘောအတိုင်း ဖယ်ရှားနိုင်သည်။
:(၃) အပြစ်ရှိသည်ဟု အမိန့်ချမှတ်ခြင်းခံရသောကြောင့် ဖြစ်စေ၊ အပြစ်ရှိသည်ဟု အမိန့်ချမှတ်ခြင်းခံရ၍ အပြစ်ဒဏ်ပေးခြင်းကိုလည်း ခံရသောကြောင့်ဖြစ်စေ၊ ဤပုဒ်မရှိ ပုဒ်မခွဲ (၁) အပိုဒ် (င) အရ၊ သို့တည်း မဟုတ် အပိုဒ် (စ) အရ၊ အရည်အချင်း ပျက်ယွင်းသောသူတဦးသည်၊ ထိုသို့ အရည်အချင်းပျက်ယွင်း သော နေ့တွင်၊ လွှတ်တော်တရပ်ရပ်၏ အမတ်ဖြစ်နေသော်၊ ဤပုဒ်မတွင်ဖြစ်စေ၊ တဆက်တည်းဖြစ်သော အထက်ပုဒ်မတွင်ဖြစ်စေ မည်သို့ပင် ဆိုထားစေကာမူ၊ ထိုသူ၏ အမတ်နေရာသည်၊ အရည်အချင်းပျက် ယွင်းသည့်နေ့မှစ၍ ၃လ မကုန်မလွန်မီ၊ သို့တည်းမဟုတ် အပြစ်ရှိသည်ဟု အမိန့်ချမှတ်ခံရခြင်းနှင့် ဖြစ် စေ၊ အပြစ်ဒဏ် အပေးခံရခြင်းနှင့်ဖြစ်စေ စပ်လျဉ်းနေသော အယူခံလွှာကိုသော်၎င်း၊ စောဒကဝင် လျှောက်လွှာကိုသော်၎င်း၊ ထို ၃ လအတွင်းတွင် တင်သွင်းခဲ့လျှင်၊ ထိုအယူခံလွှာကို၊ သို့တည်းမဟုတ် ထိုစောဒကဝင် လျှောက်လွှာကို မဆုံးဖြတ်သေးမီ၊ ထိုသို့အရည်အချင်း ပျက်ယွင်းသည့် အချက်ကြောင့် မလစ်လပ်ရ။ သို့ရာတွင် ဤပုဒ်မခွဲက ထိုသူအား လွှတ်တော်အမတ်အဖြစ်ဖြင့် တည်နေခွင့်ပေးထားသည့် ကာလအပိုင်းအခြား အတွင်းတွင်၊ ထိုသူသည် လွှတ်တော်အစည်းအဝေး သို့ တက်ရောက်ခြင်း၊ မဲဆန္ဒ ပေး ခြင်းမပြုရ။
'''၇၅။''' ။ တဦးတယောက်သောသူသည်၊ လွှတ်တော်တရပ်ရပ်တွင် အမတ်ဖြစ်ရန် လိုအပ်သော အရည် အချင်း ချို့ငဲ့နေပါလျက်နှင့်၊ သို့တည်းမဟုတ် ပျက်ယွင်းနေပါလျက်နှင့်၊ သို့တည်းမဟုတ် ပုဒ်မ ၇၄ရှိ ပုဒ်မခွဲ (၃)၏ ပြဋ္ဌာန်းချက်များက မိမိအား၊ ထိုလွှတ်တော်အမတ်အဖြစ်ဖြင့် မတက်မရောက်ရန်သော် ၎င်း၊ မဲဆန္ဒမပေးရန် သော်၎င်း၊ တားမြစ်ထားခြင်းခံရပါလျက်နှင့်၊ သို့တည်းမဟုတ် ပုဒ်မ ၇၂၌ ပါရှိသည့် လိုအပ်သောအချက်များကို လိုက်လျောခြင်း မပြုမီ၊ ထိုသူသည် လွှတ်တော်တရပ်ရပ်သို့ အမတ်အဖြစ်ဖြင့် တက်ရောက်ခဲ့သော်၊ သို့တည်းမဟုတ် မဲဆန္ဒပေးခဲ့သော်၊ မိမိတက်ရောက်သော၊ သို့တည်းမဟုတ် မဲဆန္ဒ ပေးသော နေ့ရက်များအတွက် တနေ့လျှင် ဒဏ်ငွေကျပ် ၁,၀၀၀ ဆောင်ရန် ထိုသူ၌တာဝန်ရှိရမည်။ ထိုငွေ ကို ပြည်ထောင်စု နိုင်ငံတော်အစိုးရအား ပေးဆပ်ရန်ရှိသော ကြွေးမြီကဲ့သို့၊ သဘောထား၍ ထိုသူထံမှ တောင်းယူရမည်။
'''၇၆။''' ။ (၁) အသက် ၂၁ နှစ်ပြည့်သည့်အပြင်၊ ဤအခြေခံ ဥပဒေကသော်၎င်း တရားဥပဒေကသော်၎င်း၊ လိုအပ်သော အရည်အချင်း ချို့ငဲ့သည်ဟု ပြဋ္ဌာန်းထားခြင်း မခံရသော နိုင်ငံသားတိုင်းသည်၊ ပါလီမန် အမတ်အဖြစ်ဖြင့် အရွေးခံခွင့်ရရှိရမည်။
:(၂) အသက် ၁၈ နှစ်ပြည့်၍၊ တရားဥပဒေအရ အရည်အချင်းပျက်ယွင်းသူ မဟုတ်သည့်ပြင်၊ ပါလီမန် အတွက် အမတ်ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာ တရားဥပဒေပြဋ္ဌာန်းချက်များနှင့် ညီညွတ်သော နိုင်ငံသားတိုင်းသည်၊ ပါလီမန်အတွက် ရွေးကောက်ပွဲတွင် မဲဆန္ဒပေးပိုင်ခွင့်ရရှိရမည်။
:(၃) ပါလီမန် အမတ်ဖြစ်နိုင်ရေးအတွက် သော်၎င်း၊ ပါလီမန် အမတ်ရွေးကောက်ပွဲတွင် မဲဆန္ဒပေးနိုင် ရေးအတွက် သော်၎င်း၊ ပစ္စည်းဥစ္စာ အရည်အချင်းမျိုး မထားရှိရ။
:(၄) ပါလီမန် အမတ်ဖြစ်နိုင်ရေးအတွက် မည်သည့်နိုင်ငံသားကိုမျှ ကျား-မ ဘာဝကို သော်၎င်း၊ လူမျိုးကို သော်၎င်း၊ ကိုးကွယ်ရာ ဘာသာကိုသော်၎င်း၊ အကြောင်းပြု၍ လိုအပ်သော အရည်အချင်းချို့ငဲ့အောင်၊ ဥပဒေမပြုရ၊ သို့တည်းမဟုတ် ဆက်လက်၍ အတည်မဖြစ်စေရ။ ပါလီမန်အမတ် ရွေးကောက်ပွဲများ တွင် မဲဆန္ဒပေးနိုင်ရေးအတွက်လည်း၊ မည်သည့် နိုင်ငံသားကိုမျှ အထက်ပါအချက်များကိုပင် အကြောင်းပြု၍၊ လိုအပ်သော အရည်အချင်းပျက်ယွင်းအောင်၊ ဥပဒေမပြုရ။ သို့တည်းမဟုတ် ဆက်လက်၍ အတည်မဖြစ် စေရ။
:ခြွင်းချက်။ ။ သို့ရာတွင် ပုဒ်မ ၂၁ရှိ ပုဒ်မခွဲ (၃) တွင် မည်သို့ပင် ပါရှိနေစေကာမူ၊ ဆိုခဲ့သော အမတ် ရွေးကောက်ပွဲများတွင် မဲဆန္ဒမပေးစေရန်၊ သို့တည်းမဟုတ် လွှတ်တော်၌ အမတ်မဖြစ်စေရန်၊ မည်သည့် သာသနာ့ဝန်ထမ်းကိုမဆို တရားဥပဒေဖြင့် တားမြစ်နိုင်သည်။
:(၅) မဲဆန္ဒပေးခြင်းကို လျို့ဝှက်သော မဲဆန္ဒပေးစံနစ်ဖြင့် ပြုရမည်။
'''၇၇။''' ။ ဤအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ပါလီမန်ဆိုင်ရာ လွှတ်တော်တရပ်ရပ် အတွက် အမတ်ရွေးကောက်ပွဲဆိုင်ရာ ကိစ္စအားလုံးကို၊ တရားဥပဒေနှင့်အညီ၊ သတ်မှတ်ရမည်။ ထိုကိစ္စ အားလုံးတွင်၊ မဲဆန္ဒနယ် သတ်မှတ်ခြင်း၊ ရံဖန်ရံခါ လစ်လပ်သော အမတ်နေရာများကို ဖြည့်သွင်းခြင်း၊ ရွေးကောက်ပွဲကျင်းပရာမှ သော်၎င်း၊ ရွေးကောက်ပွဲ နှင့်စပ်လျဉ်း၍ သော်၎င်း ဖြစ်ပေါ်လာသော ဒွိဟ ဖြစ်မှု၊ အငြင်းပွါးမှု များကိုဆုံးဖြတ်ခြင်းတို့ ပါဝင်ရမည်။
'''၇၈။''' ။ ပါလီမန်ဆိုင်ရာ လွှတ်တော်တရပ်ရပ်၏ အမတ်တဦးကို အမတ်အဖြစ်မှ၊ ထွက်ခိုင်းရန် လိုအပ် သော စည်းကမ်းချက်များနှင့် နည်းနာများကို ပါလီမန်သည်၊ တရားဥပဒေ ဖြင့် ပြဋ္ဌာန်းသတ်မှတ်နိုင် သည်။
'''၇၉။''' ။ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးအသီးသီးနှင့် နိုင်ငံတော်ရှေ့နေချုပ်သည်၊ လွှတ်တော်တရပ် ရပ်၌၎င်း၊ လွှတ်တော်များ၏ တွဲဖက်အစည်းအဝေး၌ ၎င်း၊ မိမိအား ကော်မီတီလူကြီးတဦး အဖြစ် ဖြင့် အမည်ထုတ်ဖေါ်ပြထားသော ပါလီမန်ဆိုင်ရာ ကော်မီတီ၌၎င်း၊ ဝင်ရောက်ပြောဆိုခွင့် ရရှိသည့် အပြင်၊ အခြားနည်းဖြင့် ပါဝင်ဆောင်ရွက်ရန်လည်း အခွင့်ရရှိရမည်။ သို့ရာတွင် ဤပုဒ်မကို အကြောင်း ပြု၍ မဲဆန္ဒပေးပိုင်ခွင့် မရရှိစေရ။
'''၈၀။''' ။ (၁) ဤအခြေခံ ဥပဒေရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ပါလီမန်ဆိုင်ရာ လွှတ်တော် အသီးသီး သည်၊ လွှတ်တော်၏ လုပ်ငန်းစဉ်နှင့် မှုခင်းကိစ္စဆောင်ရွက်မှု တို့ကို စည်းမျဉ်းသတ်မှတ်စေ ရန် နည်းဥပဒေများကို ပြုနိုင်သည်။
:(၂) နိုင်ငံတော်သမတသည်၊ လူမျိုးစု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့နှင့် ညှိနှိုင်း တိုင်ပင်ပြီးနောက်၊ လွှတ်တော်နှစ်ရပ်၏ တွဲဖက်အစည်းအဝေးများနှင့် စပ်လျဉ်း၍၎င်း၊ ထိုလွှတ်တော် များ၏အချင်းချင်း ဆက်သွယ်ရေးများနှင့် စပ်လျဉ်း၍၎င်း၊ လုပ်ငန်းစဉ် နည်းဥပဒေများကို ပြုနိုင်သည်။
:(၃) လွှတ်တော်နှစ်ရပ်၏ တွဲဖက်အစည်းအဝေးတွင်၊ လူမျိုးစု လွှတ်တော်နာယကသည်၊ သို့တည်းမ ဟုတ် ထိုနာယက မလာမရောက်လျှင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည်၊ သို့တည်းမဟုတ် ဤပုဒ်မအရ ပြုထားသော လုပ်ငန်းစဉ် နည်းဥပဒေများနှင့် ပြဋ္ဌာန်းသည့် ပုဂ္ဂိုလ်တဦးသည် သဘာပတိအဖြစ်ဖြင့် ဆောင်ရွက်ရမည်။
'''၈၁။''' ။ ဤအခြေခံဥပဒေတွင် ပြဋ္ဌာန်းသည့်အတိုင်း၊ တရားလွှတ်တော်ချုပ်မှ၊ သို့တည်းမဟုတ် တရားလွှတ်တော်မှ တရားဝန်ကြီး တဦးဦးအား ရာထူးမှ နုတ်ပယ်ရန်အဆိုကို ဆွေးနွေးသည်မှ တပါး၊ ထိုတရားဝန်ကြီး အလုပ်ဝတ်တရား ဆောင်ရွက်ရာ၌ ပြုမူသော ပြုမူချက်များနှင့် စပ်လျဉ်း၍ ပါလီမန် တွင် ဆွေးနွေးခြင်း မပြုရ။
'''၈၂။''' ။ (၁) ပါလီမန်တွင်၊ ဆောင်ရွက်သည့် မှုခင်းကိစ္စသည် လွှတ်တော်များ ဆိုင်ရာလုပ်ငန်းစဉ် နည်း လမ်းအတိုင်း မကျနသဖြင့် မခိုင်လုံဟု မည်သည့်တရားရုံးတွင်မျှ ငြင်းဆိုပိုင်ခွင့် မရှိစေရ။
:(၂) ပါလီမန်ဆိုင်ရာ၊ လွှတ်တော်တရပ်ရပ်တွင် လွှတ်တော်လုပ်ငန်းစဉ်ကိုသော်၎င်း မှုခင်းကိစ္စ ဆောင်ရွက်ခြင်းကိုသော်၎င်း၊ စည်းကမ်း သတ်မှတ်ပေးရန်၊ သို့တည်းမဟုတ် စည်းကမ်းသေဝပ်အောင် ဆောင်ရွက်ရန် ဤအခြေခံဥပဒေကသော်၎င်း၊ ဤအခြေခံဥပဒေအရ သော်၎င်း၊ အာဏာများနှင်းအပ် ခြင်းခံရသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအား၊ သို့တည်းမဟုတ် လူမျိုးစုလွှတ်တော် နာယကအား၊ သို့ တည်းမဟုတ် ပါလီမန်ဆိုင်ရာ လွှတ်တော် တရပ်ရပ်၏ အခြားအမတ်တဦးအား၊ ထိုအာဏာများကို သုံး စွဲဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍၊ တရားရုံးက မစီရင်နိုင်စေရ။
===အပိုင်း ၂။ ပြည်သူ့လွှတ်တော်။===
'''၈၃။''' ။ (၁) ပြည်သူ့လွှတ်တော်တွင် တရားဥပဒေဖြင့် သတ်မှတ်ထားသော မဲဆန္ဒနယ်များမှ၊ ရွေးကောက် တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်အမတ်များ ပါဝင်ရမည်။
:(၂) ဤလွှတ်တော် အမတ်ဦးရေသည်၊ လူမျိုးစု လွှတ်တော် အမတ်ဦးရေ၏ နှစ်ဆနီးနီး ဖြစ်နိုင်သမျှ ဖြစ်စေရမည်။ ဤလွှတ်တော်၏ အမတ်ဦးရေကို အခါကာလအားလျော်စွာ တရားဥပဒေဖြင့် သတ်မှတ် ရမည်။ သို့ရာတွင် ပြည်သူ့လွှတ်တော် အမတ်ဦးရေ အစုစုပေါင်းကို လူဦးရေ ၁၀၀,၀၀၀ လျှင် အမတ်တဦးကျနှင့် တွက်သဖြင့် ရရှိသော အမတ်ဦးရေအောက်လျော့၍ ဖြစ်စေ၊ လူဦးရေ ၃၀,၀၀၀ လျှင် အမတ်တဦးကျနှင့် တွက်သဖြင့် ရရှိသော အမတ်ဦးရေထက်ပို၍ ဖြစ်စေ မသတ်မှတ်ရ။
:(၃) နောက်ဆုံးအကြိမ် သန်းခေါင်စာရင်း ကောက်ယူချက်အရ သိရှိရသော မဲဆန္ဒနယ်တနယ်ရှိ လူဦး ရေနှင့် ထိုနယ်အတွက် ရွေးကောက်တင်မြှောက်ရမည့် အမတ်ဦးရေတို့၏ အချိုးအစားသည်၊ ပြည်ထောင် စုနိုင်ငံတဝန်းလုံးတွင်၊ မဲဆန္ဒနယ်တိုင်း၌ တူညီနိုင်သမျှ တူညီရမည်။ သို့ရာတွင် ကယားပြည်နယ်ရှိ မဲဆန္ဒနယ်များနှင့် (အခန်း ၉၊ အပိုင်း ၅ တွင် ညွှန်းထားသော) ချင်းဝိသေသတိုင်းရှိ မဲဆန္ဒနယ်များ အတွက်မှာမူကား၊ အချိုးကျ ရနိုင်သည်ထက် အမတ်ဦးရေကို တိုးမြှင့်နိုင်သည်။
:(၄) မဲဆန္ဒနယ်ရှိ လူဦးရေ အတိုးအလျော့ကို ထောက်ထားသင့်သည့်အတိုင်း ထောက်ထား၍၊ ပါလီမန် သည် အနည်းဆုံး ဆယ်နှစ်လျှင် တကြိမ်ကျ မဲဆန္ဒနယ်များကို စစ်ဆေးပြင်ဆင်ရမည်။ သို့ရာတွင် ထို မဲဆန္ဒနယ်များနှင့် စပ်လျဉ်းသော ပြောင်းလဲချက်သည်၊ လက်ရှိပါလီမန်၏ သက်တမ်းမကုန်ဆုံးမီ အကျိုး မသက်ရောက်ရ။
'''၈၄။''' ။ (၁) ပြည်သူ့လွှတ်တော်အတွက် အမတ်ရွေးကောက်ပွဲများကို၊ လွှတ်တော်ဟောင်းအား ဖျက်သိမ်း ပြီးသည့်နောက် ရက်ပေါင်း ၆၀ အောက်နောက်မကျစေဘဲ၊ ကျင်းပရမည်။
ရွေးကောက်ပွဲများကို ကျင်းပသောအခါတိုင်း၊ ပြည်ထောင်စု နိုင်ငံတဝန်းလုံး၌ မဲဆန္ဒ ပေးခြင်းကို တနေ့ တည်းတွင် ဖြစ်မြောက်နိုင်သမျှ ဖြစ်မြောက်အောင် ပြုရမည်။
:(၂) ပြည်သူ့လွှတ်တော် အစည်းအဝေးကို၊ မဲဆန္ဒများပေးပြီးသည့် နေ့မှစ၍၊ ရက်ပေါင်း ၆၀အတွင်း ကျင်းပရမည်။
'''၈၅။''' ။ ပြည်သူ့လွှတ်တော်တိုင်းသည်၊ ပဌမအစည်းအဝေးကို ကျင်းပသည့်နေ့မှစ၍၊ လေးနှစ်တိုင် တိုင် ဆက်လက် တည်ရှိရမည်။
:ခြွင်းချက်။ ။ သို့ရာတွင် ပုဒ်မ ၉၄အရ အရေးတကြီး အခြေအနေဆိုက်ရောက်သည်ဟု ကျေညာသော အမိန့်တည်နေခိုက်တွင်၊ ပါလီမန်ဆိုင်ရာ လွှတ်တော်များသည် လွှတ်တော်နှစ်ရပ်၏ တွဲဖက်အစည်း အဝေးသို့ တက်ရောက်မဲပေးကြသော သုံးပုံနှစ်ပုံအောက် မလျော့သည့် အမတ်များ၏ ပြဋ္ဌာန်းအတည်ပြု ချက်ဖြင့်၊ အထက်ပါ လေးနှစ်ကာလကို တနှစ်ပြီးတနှစ် ဆက်လက်၍ တည်ရှိစေနိုင်သည်။
:ထို့ပြင် နိုင်ငံတော်သမတသည်၊ ဤအခြေခံဥပဒေရှိ ပုဒ်မ ၅၇ ၌ ပြဋ္ဌာန်းထားသည့်အတိုင်း ပြည်သူ့ လွှတ်တော်ကို အခါမရွေး ဖျက်သိမ်းနိုင်သည်။
'''၈၆။''' ။ (၁) မည်သည့် ဘဏ္ဍာတော်နှစ်အတွက်မဆို၊ ပြည်ထောင်စုနိုင်ငံ၏ အရမှန်းခြေငွေစာရင်း နှင့် အသုံးမှန်းခြေငွေစာရင်းကို ဤအခြေခံဥပဒေရှိ အခန်း ၇ အရ၊ ပြည်သူ့လွှတ်တော်သို့ တင်ပြပြီးသည့် နောက်၊ ထိုမှန်းခြေ ငွေစာရင်းများကို လွှတ်တော်က လျင်မြန်နိုင်သမျှ လျင်မြန်စွာ စဉ်းစား ဆွေးနွေး ရမည်။
:(၂) သီးခြားဥပဒေပြုချက်ဖြင့် အထူးတလည် ပြဋ္ဌာန်းထားသော ကိစ္စအတွက် မဟုတ်လျှင်၊ နှစ်အသီးသီး၏ ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်များအတိုင်း ဆောင်ရွက်နိုင်ရန် လိုအပ်သော ဥပဒေကို ထိုနှစ်အတွင်းတွင် ပြုရမည်။
:(၃) မည်သည့်ကိစ္စအတွက် ငွေမည်မျှ သုံးစွဲရမည်ဟု ပြည်သူ့လွှတ်တော်သို့ ပြည်ထောင်စု အစိုးရက အဆိုသွင်းခြင်း မပြုသမျှ ကာလပတ်လုံး ပြည်သူ့လွှတ်တော်သည် အခွန်တော်ကို သုံးစွဲရန်၊ သို့တည်း မဟုတ် ပြည်သူ့ငွေများကို သုံးစွဲရန် မဲဆန္ဒပေးခြင်းသော်၎င်း၊ ဆုံးဖြတ်ပြဋ္ဌာန်းခြင်းသော်၎င်း မပြုရ၊ တရားဥပဒေကိုလည်း မပြုရ။
===အပိုင်း ၃။ လူမျိုးစုလွှတ်တော်။===
'''၈၇။''' ။ ဤအခြေခံဥပဒေရှိ ဒုတိယဇယား၌ ခွဲဝေဖေါ်ပြထားသည့်အတိုင်း၊ လူမျိုးစု လွှတ်တော်တွင် အမတ်နေရာ ၁၂၅ နေရာရှိရမည်။
'''၈၈။''' ။ (၁) ပြည်သူ့လွှတ်တော်ကို ဖျက်သိမ်းပြီးသည်နှင့် တပြိုင်နက်၊ လူမျိုးစုလွှတ်တော်လည်း ဖျက် သိမ်းပြီးဖြစ်စေရမည်။
:(၂) လူမျိုးစု လွှတ်တော်အတွက် အမတ်ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော် ဖျက်သိမ်းပြီးနောက်၊ နောက်ထပ် ရွေးကောက်သော ပြည်သူ့လွှတ်တော်၏ ပဌမအစည်းအဝေးကို ကျင်းပသည်မှစ၍၊ ၁၅ ရက်မြောက်နေ့ မလွန်မီ ကျင်းပပြီးဖြစ်စေရမည်။
'''၈၉။''' ။ ရွေးကောက်ပွဲ ပြီးသည့်နောက်၊ လူမျိုးစုလွှတ်တော်၏ ပဌမအကြိမ် အစည်းအဝေးကို၊ ဝန်ကြီးချုပ် ၏ အကြံပေးချက်အရ နိုင်ငံတော်သမတက သတ်မှတ်သော နေ့ရက်တွင် ကျင်းပရမည်။
===အပိုင်း ၄။ ပါလီမန်၏အာဏာများ။===
'''၉၀။''' ။ ဤအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ပြည်ထောင်စုနိုင်ငံတွင် ဥပဒေပြု နိုင် သော အာဏာသည်၊ ပါလီမန်၌သာ တည်ရှိရမည်။
:ခြွင်းချက် ။ ။ သို့ရာတွင် ပါလီမန်၏အက်ဥပဒေတခုသည်၊ ထိုအက်ဥပဒေနှင့် သဘောကိုက်ညီသော နည်းဥပဒေများနှင့် စည်းမျဉ်းဥပဒေများကို ပြုစေရန်၊ ထိုအက်ဥပဒေတွင် အထင်အရှား ဖေါ်ပြထားသော သူတဦးဦးအားသော်၎င်း၊ သို့တည်းမဟုတ် အာဏာပိုင်တဦးဦးအား သော်၎င်း၊ အခွင့်အာဏာကို လွှဲအပ် နိုင်သည်။ထိုနည်းဥပဒေများနှင့် စည်းမျဉ်းဥပဒေများမှာ တရားဥပဒေကဲ့သို့ အာဏာရှိရမည်။ သို့ရာ တွင် ထိုနည်းဥပဒေများနှင့် စည်းမျည်းဥပဒေများကို ပါလီမန်ဆိုင်ရာ လွှတ်တော်အသီးသီးသို့၊ ဆက်လက် ကျင်းပလတ္တံ့သော ညီလာခံတွင် တင်သွင်းရမည်။ ထို့ပြင် အဆိုပါ နည်းဥပဒေများအရ၊ သို့တည်းမဟုတ် စည်းမျဉ်းဥပဒေများအရ အရေးယူ ဆောင်ရွက်ခဲ့ပြီးဖြစ်သော အမှုကိစ္စ၏ ခိုင်လုံခြင်းကို မထိခိုက် စေဘဲ၊ ထိုနည်းဥပဒေများနှင့် စည်းမျဉ်းဥပဒေများကို တင်သွင်းသည့်နေ့မှစ၍၊ သုံးလအတွင်းတွင် ပါလီမန် ဆိုင်ရာ လွှတ်တော်နှစ်ရပ်လုံး၌ အဆိုတင်သွင်း ဆုံးဖြတ်၍ ပယ်ဖျက်နိုင်ရမည်။
'''၉၁။''' ။ သို့ရာတွင် ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိသည်ဟူသော ရည်ရွယ်ချက်သဘောတရားကို အခြေခံ၍၊ တရားဥပဒေဖြင့် သတ်မှတ်ထားသော ဒေသဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များသို့၊ အုပ်ချုပ်ရေး ကိစ္စ၊ ယဉ်ကျေးမှုကိစ္စ၊ စီးပွါးရေးကိစ္စများအတွက် အထင်အရှားဖေါ်ပြထားသော အာဏာများကို လွှဲ ပေးရန်၊ တရားဥပဒေဖြင့် ပြဋ္ဌာန်းချက်ပြုနိုင်သည်။ ထိုပြဋ္ဌာန်းချက်များ ပါဝင်သော တရားဥပဒေသည်၊ ထို ကိုယ်စားလှယ်အဖွဲ့များ၏ အခွင့်အရေးများ၊ အာဏာများနှင့် တာဝန်ဝတ်တရားများကို၎င်း၊ ထိုအဖွဲ့ များနှင့် ပါလီမန်တို့၏ ဆက်ဆံရေးကို၎င်း ထိုအဖွဲ့များနှင့် ပြည်ထောင်စု အစိုးရတို့၏ ဆက်ဆံရေးကို ၎င်း၊ သတ်မှတ်ရမည်။
'''၉၂။ '''။ (၁) တဆက်တည်းဖြစ်သော အောက်ပုဒ်မခွဲဖြင့်၊ ပြည်နယ် ကောင်စီများသို့ လုံးဝခွဲဝေ လွှဲအပ်သော ဥပဒေပြု အာဏာမှလွဲ၍၊ ပါလီမန်တွင် ပြည်ထောင်စုတနိုင်ငံလုံး အတွက်ဖြစ်စေ၊ ပြည်ထောင်စုနိုင်ငံ၏ တစိတ်တဒေသအတွက်ဖြစ်စေ၊ ဥပဒေများကို ပြုရန် အာဏာရှိရမည်။
:ဤပုဒ်မ၌ရှေ့ကဖေါ်ပြခဲ့သော စည်းကမ်းချက်တို့၏ ယေဘုယျသဘောကို အချုတ်အချယ် မဖြစ်စေဘဲ၊ ထို့ပြင် သေချာသည်ထက်သေချာအောင်၊ တဆက်တည်းဖြစ်သော အောက်ပုဒ်မခွဲ၌ မည်သို့ပင် ဆိုထား စေကာမှု၊ ပါလီမန်၌သာ ရှိသော ဥပဒေပြုမှု အခွင့်အာဏာသည် (ပြည်ထောင်စု ဥပဒေပြုစာရင်းဟု ဖေါ်ပြ လတ္တံ့သော) ဤအခြေခံဥပဒေ၏ တတိယဇယားရှိ စာရင်း၁တွင် သီးခြား ရေတွက်ပြထားသော ကိစ္စအားလုံးအပေါ်၌ သက်ရောက်ပြန့်နှံ့ရမည်ဟု ကျေညာလိုက်သည်။
:အဆိုပါစာရင်းတွင် သီးခြားရေတွက် ဖေါ်ပြထားသော ဆောင်ရွက်ဖွယ် အကြောင်းအရာအမျိုးအစား တခုခု၌၊ ပါဝင်နေသည့် ကိစ္စတခုခုသည်၊ တဆက်တည်းဖြစ်သော အောက်ပုဒ်မခွဲဖြင့် ပြည်နယ်ကောင်စီ များသို့ လုံးဝခွဲဝေ လွှဲအပ်ထားသည့် ပြည်နယ်ဒေသန္တရ သဘောသက်ဝင်သော၊ သို့တည်းမဟုတ် ပြည်နယ်တွင်းရေးရာ သဘောသက်ဝင်သော ဆောင်ရွက်ဖွယ် အကြောင်းအရာ စာရင်းတွင် ပါဝင် သည်ဟု မမှတ်မယူရ။
:(၂) ပြည်နယ် ဥပဒေပြုစာရင်းဟု ဖေါ်ပြလတ္တံ့သော အဆိုပါဇယားရှိ စာရင်း ၂ ၌ သီးခြားရေတွက်ပြ ထားသည့်ကိစ္စတခုခုနှင့် စပ်လျဉ်း၍၊ ပြည်နယ်အတွက်သော်၎င်း၊ ပြည်နယ်၏ တစိတ်တဒေသ အတွက် သော်၎င်း၊ ဥပဒေများကိုပြုရန် ပြည်နယ်ကောင်စီ၌သာ အာဏာရှိရမည်။
:(၃) မည်သည့် ပြည်နယ်ကော်စီမဆို၊ မိမိ၏နယ်မြေများကိုသော်၎င်း၊ အာဏာများကိုသော်၎င်း၊ အခွင့်အရေးများကို သော်၎င်း၊ ပြည်ထောင်စုနိုင်ငံသို့ ဆုံးဖြတ်ချက်ချ၍၊ ပြန်အပ်နိုင်သည်။
'''၉၃။''' ။ ပြည်ထောင်စု ဥပဒေပြုစာရင်းတွင် သစ်တောကိစ္စ၊ သတ္တုတွင်းကိစ္စ၊ ရေနံမြေကိစ္စ၊ သတ္တုတူးဖေါ် ပြုပြင်ရေးကိစ္စ စည်းမျဉ်း သတ်မှတ်ပိုင်ခွင့် ပါရှိသည်ဖြစ်သောကြောင့်၊ ပြည်ထောင်စုနိုင်ငံက သုံးစွဲပိုင် ခွင့်ရှိသော အာဏာများကို သုံးစွဲရာ၌ ထိုသစ်တောများ၊ သတ္တုတွင်းများ၊ ရေနံမြေများကို လုပ်ကိုင် သုံးစွဲစေရန် သော်၎င်း၊ တိုးတက်အောင် ပြုစေရန်သော်၎င်း၊ အသုံးချစေရန်သော်၎င်း၊ လက်မှတ်ကို၊ သို့ တည်းမဟုတ်လိုင်စင်ကို၊ သို့တည်းမဟုတ် အခွင့်အာဏာ လွှဲအပ်သော အခြားနည်းကို ထုတ်မပေးမီ၊ ထိုသို့ထုတ်ပေးသော အာဏာပိုင်သည်၊ သက်ဆိုင်ရာ ပြည်နယ်အတွက် ခန့်ထားခြင်းခံရသော ပြည် ထောင်စု အစိုးရအဖွဲ့ဝန်ကြီးနှင့် ညှိနှိုင်းတိုင်ပင်ရမည်။
'''၉၄။ '''။ (၁) စစ်ကြောင့်ဖြစ်စေ၊ နိုင်ငံတွင်း ဆူပူမှုကြောင့်ဖြစ်စေ၊ ပြည်ထောင်စုနိုင်ငံ၏ တည်တံ့မှုကို အန္တရာယ် ဖြစ်စေအံ့သော အထူးအရေးတကြီး အခြေဖြစ်ပေါ်နေပြီဟူ၍ သော်၎င်း၊ ပြည်ထောင်စုနိုင်ငံ ကို ထိခိုက်နေသော စီးပွါးရေး အရေးတကြီးအခြေသည်၊ ပြည်ထောင်စုနိုင်ငံ၏ တစိတ်တဒေသ၌ ပေါ်ပေါက် နေပြီဟူ၍သော်၎င်း၊ နိုင်ငံတော်သမတက (ဤအခြေခံ ဥပဒေတွင် အရေးတကြီးကျေညာချက်ဟု ညွှန်း ထားသော) ကျေညာချက် တရပ်ကို ထုတ်ပြန်ခဲ့သော်၊ ပုဒ်မ ၉၂တွင် မည်သို့ပင် ဆိုထားစေကာမူ၊ ပြည်နယ် ဥပဒေပြုစာရင်းတွင် သီးခြားရေတွက် ဖေါ်ပြထားသော ကိစ္စတခုခုနှင့် စပ်လျဉ်း၍၊ ပြည်နယ် တနယ်အတွက်သော်၎င်း၊ ပြည်နယ်၏ တစိတ်တဒေသ အတွက်သော်၎င်း၊ ဥပဒေများကို ပြုရန် ပါလီမန် တွင် အာဏာရှိရမည်။
:(၂) ဤအခြေခံဥပဒေအရ၊ ဥပဒေပြုရန် အာဏာရှိသော ပြည်နယ်ကောင်စီ၏ အာဏာကို၊ ဤပုဒ်မရှိ စကားကြောင့်၊ ချုတ်ချယ်ခြင်းမပြုရ၊ သို့ရာတွင် ပြည်နယ်တရားဥပဒေ၏ ပြဋ္ဌာန်းချက်တခုခုသည်၊ ဤပုဒ်မအရ ဥပဒေပြုရန် အာဏာရှိသော ပါလီမန်၏ ပြည်ထောင်စုတရားဥပဒေရှိ ပြဋ္ဌာန်းချက် တခုခု နှင့် ဆန့်ကျင်နေခဲ့သော်၊ ပြည်နယ် တရားဥပဒေ အတည်မပြုမီက ဖြစ်စေ၊ ပြုပြီးမှဖြစ်စေ၊ အတည်ဖြစ်နေ သော ပြည်ထောင်စုတရားဥပဒေကိုသာလျှင် လိုက်နာရမည်။ ပြည်နယ်တရားဥပဒေသည် ပြည်ထောင်စု တရားဥပဒေအတည်ဖြစ်နေခိုက်၊ ပြည်ထောင်စု တရားဥပဒေနှင့် ဆန့်ကျင်သမျှသာ၊ အာဏာ ပျက်ပြယ် နေစေရမည်။
:(၃) အရေးတကြီး ကျေညာချက်ကို -
::(က) နောက်ထပ် ကျေညာချက်တရပ် ထုတ်ပြန်၍ ရုပ်သိမ်းနိုင်သည်။
::(ခ) ခြောက်လအချိန်ကာလ မကုန်ဆုံးမီ၊ ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ်လုံးက ဆုံးဖြတ်ပြဋ္ဌာန်း၍ အတည်မပြုလျှင်၊ ထိုခြောက်လ အချိန်ကာလ ကုန်ဆုံးသောအခါ၊ ထိုကျေညာချက်သည် အာဏာတည် ခြင်းမှ ရပ်စဲရမည်။
::ခြွင်းချက်။ ။ သို့ရာတွင် ထိုကျေညာချက် အာဏာဆက်လက်တည်နေစေရန် သဘောတူသော ဆုံးဖြတ် ပြဋ္ဌာန်းချက်ကို၊ ပါလီမန်ဆိုင်ရာ လွှတ်တော် နှစ်ရပ်လုံးက အတည်ပြုလျှင်၊ ထို့ပြင် အတည်ပြုတိုင်း၊ ထိုကျေညာချက်သည် ရုပ်သိမ်းခြင်း မခံရသေးသမျှ၊ ဤပုဒ်မခွဲအရ၊ ထိုကျေညာချက် အာဏာတည်နေ ခြင်းမှ ရပ်စဲရမည့်နေ့မှစ၍၊ နောက်ထပ် ၁၂လ ကာလအတွက် ဆက်လက်အာဏာတည်ရမည်။
:(၄) အရေးတကြီး ကျေညာချက် ထုတ်ပြန်ခြင်းကြောင့်သာလျှင် ပါလီမန်က ပြုပိုင်ခွင့်ရှိ၍ ထိုပြုပိုင် ခွင့်နှင့်အညီ ပြုထားသော တရားဥပဒေသည်၊ ထိုကျေညာချက် အာဏာတည်ခြင်းမှ ရပ်စဲပြီးသည့်နောက် ခြောက်လ အချိန်ကာလကုန်ဆုံးသောအခါ၊ အဆိုပါ အချိန်ကာလမကုန်ဆုံးခင်က ပြုပြီးသော၊ သို့တည်း မဟုတ် မပြုဘဲ ချန်ခဲ့သော အရာများနှင့် စပ်လျဉ်း၍မှတပါး၊ အကျိုးမသက်ရောက်ရ။
'''၉၅။''' ။ ပြည်နယ် နှစ်နယ်၏၊ သို့တည်းမဟုတ် နှစ်နယ်ထက်ပိုသော ပြည်နယ်များ၏ ပြည်နယ်ကောင်စီ များသည်၊ ပြည်နယ် ဥပဒေပြု စာရင်းတွင်သီးခြားရေတွက် ဖေါ်ပြထားသော ကိစ္စတခုခုအတွက်၊ ပါလီ မန်၏ အက်ဥပဒေဖြင့်၊ ထိုပြည်နယ်များတွင် စည်းမျဉ်း သတ်မှတ်ပေးသင့်သည်ဟူသော အချက်ကို အလိုရှိထိုက်သည်ဟု ထင်မြင်ခဲ့သော်၊ ထို့ပြင် ထိုပြည်နယ်ကောင်စီများက၊ ထိုသို့ အလိုရှိသည်ဟု ဆုံးဖြတ် အတည်ပြုခဲ့သော်၊ ပါလီမန်သည်၊ ထိုသို့ စည်းမျဉ်းသတ်မှတ်ပေးရေးအတွက် အက်ဥပဒေတခု ကို ပြဋ္ဌာန်းနိုင်ရမည်။ သို့ရာတွင် ထိုသို့ ပြဋ္ဌာန်းလိုက်သော အက်ဥပဒေကို ထိုအက်ဥပဒေနှင့် သက်ဆိုင် သည့် ပြည်နယ်တနယ်နယ်နှင့် စပ်လျဉ်း၍၊ ထိုပြည်နယ်ကောင်စီ၏ အက်ဥပဒေက ပြင်နိုင်သည်။ သို့ တည်းမဟုတ် ရုပ်သိမ်းနိုင်သည်။
'''၉၆။''' ။ (၁) ဤအခြေခံဥပဒေရှိ စတုတ္ထဇယား၌ ရေတွက် ဖေါ်ပြထားသော အခွန်ထွက်ပင်ရင်းများမှ ရမည့် အခွန်တော် အားလုံးသည် ပြည်နယ်၌သော်၎င်း၊ ပြည်နယ်ကသော်၎င်း၊ ကောက်ခံရရှိသော ပြည် နယ်၏ အခွန်တော်ငွေတွင် ပါဝင်ရမည်။
:(၂) တဆက်တည်းဖြစ်သော အထက်ပုဒ်မခွဲအရ၊ ပြည်နယ်များသို့ ခွဲဝေလွှဲအပ်ထားသော အခွန်တော် များမှ လွဲ၍၊ အခွန်တော်အားလုံးသည် ပြည်ထောင်စုနိုင်ငံ၏ အခွန်တော်တွင်ပါဝင်ရမည်။
:ခြွင်းချက်။ ။ ဤကိစ္စအတွက် ခန့်ထားသော အဖွဲ့တခုခု၏ သို့တည်းမဟုတ် အခြားအာဏာပိုင် တခုခု၏ ထောက်ခံချက်များအရ ထောက်ပံ့ရန် လိုအပ်သည်ဟု ဆုံးဖြတ်သတ်မှတ်သော အထောက်အပံ့ ငွေများကို၊ ပြည်ထောင်စုနိုင်ငံတော်အစိုးရသည် မိမိ၏ အခွန်တော်များမှထုတ်၍၊ ပြည်ထောင်စု အဖွဲ့ဝင် များ၏ အခွန်တော်များကို ဖြည့်တင်းသော အားဖြင့်၊ ထိုပြည်ထောင်စု အဖွဲ့ဝင်များ၏ အစိုးရများအား ပေးနိုင်သည်။
'''၉၇။''' ။ (၁) ကုန်းတပ်၊ ရေတပ်၊ လေတပ် ဖွဲ့စည်းထားရှိသော အခွင့်အရေးသည် ပါလီမန်၌သာ တည်ရှိ ရမည်။
:(၂) ပါလီမန်က ဖွဲ့စည်းထားရှိသော ကုန်းတပ်၊ ရေတပ်၊ လေတပ် များမှတပါး၊ မည်သည့်ကုန်းတပ် ၊ ရေတပ်၊ လေတပ်ကိုမျှသော်၎င်း၊ မည်သည့် စစ်တပ်အစည်းအရုံးကိုမျှသော်၎င်း၊ စစ်တပ်သဘော အချို့ အဝက်ပါသော မည်သည့် အစည်းအရုံးကိုမျှ သော်၎င်း၊ မည်သည့် အကြောင်းကိစ္စနှင့်မျှ၊ မဖွဲ့မစည်း မထားရှိရ၊ သို့ရာတွင် ငြိမ်ဝပ်ပိပြားရေးဆိုင်ရာ တာဝန်ဝတ်တရား သက်သက်ကိုသာ ဆောင်ရွက်စေ ရန် ပြည်ထောင်စု အဖွဲ့ဝင်တခုခု၏ အခွင့်အာဏာအရ ထားရှိသော ရာဇဝတ် အမှုထမ်းအဖွဲ့ကိုမူကား ဖွဲ့ စည်းထားရှိနိုင်သည်။
===အပိုင်း ၅။ ဥပဒေပြုခြင်း။===
'''၉၈။''' ။ ပြည်သူ့လွှတ်တော်တွင် စတင်တင်သွင်း၍၊ ထိုလွှတ်တော်ကပင် အတည်ပြုလိုက်သော ဥပဒေ ကြမ်းတိုင်းကို၊ လူမျိုးစု လွှတ်တော်သို့ တင်ပို့ရမည်။ ထိုဥပဒေကြမ်းသည် ငွေဥပဒေကြမ်း မဟုတ်လျှင် ၊ လူမျိုးစုလွှတ်တော်က ပြင်ဆင်ချက်ပြုနိုင်၍ ပြည်သူ့လွှတ်တော်သို့ စဉ်းစားဆွေးနွေးစေရန် တင်ပို့နိုင် သည်။
'''၉၉။''' ။ ငွေဥပဒေကြမ်းမျိုးမှတပါး၊ အခြားဥပဒေကြမ်းတိုင်းကို လူမျိုးစုလွှတ်တော်တွင် စတင်တင်သွင်း နိုင်၍၊ ထိုလွှတ်တော်က အတည်ပြုလိုက်လျှင်၊ ပြည်သူ့လွှတ်တော်သို့ တင်ပို့ရမည်။ ပြည်သူ့လွှတ်တော် က ပြင်ဆင်ချက်ပြုနိုင်၍၊ လူမျိုးစုလွှတ်တော်သို့၊ စဉ်းစားဆွေးနွေးစေရန်၊ ပြန်ပို့နိုင်သည်။
'''၁၀၀။''' ။ လွှတ်တော်တရပ်က အတည်ပြုလိုက်၍၊ အခြားလွှတ်တော်က လက်ခံသော ဥပဒေကြမ်းကို၊ ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ်လုံးက၊ အတည်ပြုသည်ဟု မှတ်ယူရမည်။
'''၁၀၁။''' ။ အစိုးရ၏ သာမန်နှစ်စဉ် အသုံးစရိတ်များအတွက်၊ အခွန်တော်ကို၊ သို့တည်းမဟုတ် ငွေကို သတ်မှတ်ခွဲဝေပေးသော ဥပဒေကြမ်းသည်၊ ထိုသို့သတ်မှတ် ခွဲဝေပေးသော အချက်များနှင့်သာလျှင်၊ သက်ဆိုင်ရမည်။
'''၁၀၂။''' ။ အခွန်စည်းကြပ်ရေးဆိုင်ရာ ဥပဒေကြမ်းများသည်၊ အခွန်စည်းကြပ်သော အချက်များနှင့်သာ သက်ဆိုင်ရမည်။ ထိုဥပဒေကြမ်းများ၌ ပါရှိသည့်အခြား ကိစ္စများဆိုင်ရာ ပြဋ္ဌာန်းချက်များကို အကျိုး သက်ရောက်ခြင်း မဖြစ်စေရ။
===ငွေဥပဒေကြမ်းများ။===
'''၁၀၃။''' ။ ငွေဥပဒေကြမ်းများကို၊ ပြည်သူ့လွှတ်တော်၌သာလျှင်၊ စတင် တင်သွင်းရမည်။
'''၁၀၄။''' ။ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်သော ငွေဥပဒေကြမ်းတိုင်းကို၊ လူမျိုးစု လွှတ်တော်သို့ ၊ အကြံပေးစေရန် တင်ပို့ရမည်။
'''၁၀၅။''' ။ (၁) လူမျိုးစုလွှတ်တော်သို့ အကြံပေးစေရန် တင်ပို့သော ငွေဥပဒေကြမ်းတိုင်းကို၊ ထိုလွှတ်တော် သို့ တင်ပို့ပြီးသည့်နောက် ၂၁ ရက်အတွင်းတွင်၊ ပြည်သူ့လွှတ်တော်သို့ ပြန်ပို့ရမည်။ ပြည်သူ့လွှတ်တော် သည်၊ လူမျိုးစုလွှတ်တော်၏ အကြံပေးချက်အားလုံးကို သော်၎င်း၊ အချို့ကိုသော်၎င်း၊ လက်ခံနိုင်သည်၊ သို့တည်းမဟုတ် ပယ်နိုင်သည်။
:(၂) ထိုကဲ့သို့သော ငွေဥပဒေကြမ်းကို၊ လူမျိုးစုလွှတ်တော်က ပြည်သူ့လွှတ်တော်သို့ ၂၁ ရက်အတွင်းတွင် ပြန်မပို့လျှင်၊ သို့တည်းမဟုတ် ပြည်သူ့လွှတ်တော်က လက်မခံသော အကြံပေးချက်များဖြင့်၊ ထို ၂၁ ရက်အတွင်းတွင်၊ ပြန်ပို့လျှင်၊ ထို ငွေဥပဒေကြမ်းသည် ၂၁ ရက် ကုန်ဆုံးသောအခါ၊ လွှတ်တော် နှစ်ရပ် လုံး၏အတည်ပြုချက်ကို ရသည်ဟု မှတ်ယူရမည်။
'''၁၀၆။''' ။ (၁) ငွေဥပဒေကြမ်းဟူသည်မှာ၊ အောက်ပါကိစ္စများအားလုံးနှင့် သော်၎င်း၊ တခုခုနှင့်သော်၎င်း၊ သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များသာ ပါဝင်သော ဥပဒေကြမ်းကိုဆိုလိုသည်။ ထိုကိစ္စများကား အခွန် တော်စည်းကြပ်ခြင်း၊ အခွန်တော်ရုပ်သိမ်းခြင်း၊ အခွန်တော်ချမ်းသာခွင့်ပေးခြင်း၊ အခွန်တော်စံနစ် ပြောင်းခြင်း၊ အခွန်တော်စံနစ် စည်းမျဉ်းသတ်မှတ်ခြင်း၊ သို့တည်းမဟုတ် ကြွေးမြီပေးဆပ်ခြင်းအတွက် သော်၎င်း၊ အခြားဘဏ္ဍာရေးကိစ္စများအတွက်သော်၎င်း၊ ပြည်ထောင်စုနိုင်ငံ၏ အခွန်တော်မှ ကျခံစေရန် သတ်မှတ်ခြင်း၊ ထိုသို့သော သတ်မှတ်ခြင်းကိုပြင်ခြင်း၊ ထိုသို့သော သတ်မှတ်ချက်ကို ရုပ်သိမ်းခြင်း၊ သို့တည်းမဟုတ် ခွင့်ပြုရံပုံငွေ သတ်မှတ်ခြင်း၊ သို့တည်းမဟုတ် ဘဏ္ဍာတော်ငွေ ခွဲဝေသုံးစွဲခြင်း၊ လက်ခံ ခြင်း၊ ထိန်းသိမ်းခြင်း၊ ထုတ်ပေးခြင်း၊ စာရင်းစစ်ဆေးခြင်း၊ သို့တည်းမဟုတ် ငွေချေးယူခြင်း၊ ချေးယူငွေ အတွက် အာမခံခြင်း၊ ချေးယူငွေကို ပြန်ဆပ်ခြင်း၊ ထိုကိစ္စများနှင့်သော်၎င်း၊ ထိုကိစ္စတရပ်ရပ်နှင့် သော်၎င်း၊ ဆက်သွယ်၍ ဖြစ်ပေါ်လာသော ကိစ္စများဖြစ်သည်။
:(၂) အထက်ပါပုဒ်မခွဲရှိ “အခွန်တော်စည်းကြပ်ခြင်း”၊ “ပြည်ထောင်စုနိုင်ငံ၏ အခွန်တော်”၊ “ချေး ယူငွေ” ဟူသော စကားရပ်အသီးသီး၏ အဓိပ္ပါယ်တွင်၊ ဒေသန္တရဆိုင်ရာ ကိစ္စများအတွက်၊ ဒေသန္တရ ဆိုင်ရာ အာဏာပိုင်များကသော်၎င်း၊ အဖွဲ့များကသော်၎င်း၊ စည်းကြပ်သောအခွန်၊ သို့တည်းမဟုတ် ကောက်ခံသော ဘဏ္ဍာငွေ၊ သို့တည်းမဟုတ် ချေးငွေ၊ မပါချေ။
'''၁၀၇။''' ။ (၁) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည်၊ မိမိ၏ထင်မြင်ချက်တွင်၊ ငွေဥပဒေကြမ်းဟု ယူဆသော မည်သည့်ဥပဒေကြမ်းကိုမဆို၊ ငွေဥပဒေကြမ်း ဟုတ်မှန်ကြောင်း ထောက်ခံချက်ပေးရမည်။ ဤပုဒ်မတွင် ဆက်လက်ပါရှိသည့် ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင်၊ ထိုထောက်ခံချက်သည် အပြီးအပြတ်အတည် ဖြစ်ရမည်။
:(၂) ဥပဒေကြမ်းတခုအား ငွေဥပဒေကြမ်း ဟုတ်မဟုတ် အခွင့်အရေးကော်မီတီသို့ တင်ပြစဉ်းစားစေရန် လူမျိုးစုလွှတ်တော်သည် ၊ အမတ်စုစုပေါင်း၏ သုံးပုံနှစ်ပုံအောက် မလျော့သော အမတ်များတက်ရောက် သည့် အစည်းအဝေးတခုတွင် အတည်ပြုသော ဆုံးဖြတ်ပြဋ္ဌာန်းချက်ဖြင့်၊ နိုင်ငံတော်သမတအား ပန်ကြားနိုင်သည်။
:(၃) နိုင်ငံတော်သမတသည်၊ မိမိ၏သဘောအတိုင်း၊ ထိုပန်ကြားချက်ကို လိုက်လျောရန် ဆုံးဖြတ်လျှင်၊ အခွင့်အရေး ကော်မီတီတခုကို ခန့်ရမည်။ ထိုကော်မီတီတွင် ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော် တို့မှ အမတ်ဦးရေ အညီအမျှ ပါဝင်ရမည့်အပြင်၊ တရားလွှတ်တော်ချုပ်မှ တရားဝန်ကြီး တဦးကိုလည်း၊ သဘာပတိအဖြစ်ဖြင့် ခန့်ရမည်။
:မဲဆန္ဒအရေအတွက်ခြင်း တူညီနေသောကိစ္စ၌သာလျှင် သဘာပတိ၌ မဲဆန္ဒပေးပိုင်ခွင့်ရှိရမည်။
:(၄) ထိုသို့ခန့်လိုက်သော အခွင့်အရေးကော်မီတီသို့ နိုင်ငံတော်သမတသည်၊ ထိုပြဿနာကို ပေးပို့ ထောက်လှမ်းရမည်။ ဥပဒေကြမ်းကို လူမျိုးစုလွှတ်တော်သို့ ပေးပို့ပြီးသည့်နောက် တနေ့မှစ၍ ၂၁ ရက်အတွင်းတွင် ထိုကော်မီတီသည် မိမိ၏ယူဆချက်ကို နိုင်ငံတော်သမတထံသို့ တင်သွင်းအစီရင်ခံရ မည်။
:(၅) အစီရင်ခံချက်ကို အခြေပြု၍ နိုင်ငံတော်သမတက မိမိ၏သဘောအတိုင်း ချမှတ်ထားသော ဆုံးဖြတ် ချက်သည်၊ အပြီးအပြတ်အတည်ဖြစ်ရမည်။
'''၁၀၈။''' ။ နိုင်ငံတော်သမတသည် လူမျိုးစုလွှတ်တော်၏ ပန်ကြားချက်ကို မလိုက်လျောဟု မိမိ၏သဘော အတိုင်း ဆုံးဖြတ်လျှင်၊ သို့တည်းမဟုတ် အခွင့်အရေးကော်မီတီသည် အထက်ပါသတ်မှတ်ထားသော အချိန်အတွင်းတွင် အစီရင်ခံရန် ပျက်ကွက်လျှင်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ ဟုတ်မှန်ကြောင်း ထောက်ခံချက်သည် အတည်ဖြစ်မြဲဖြစ်ရမည်။
'''၁၀၉။''' ။ လွှတ်တော်တရပ်က အခြားဥပဒေကြမ်းတခုခုကို အတည်ပြုလိုက်၍၊ အခြားလွှတ်တော်က ထိုဥပဒေကြမ်းကို ပယ်ချလျှင်၊ သို့တည်းမဟုတ် အတည်ပြုရန် ပျက်ကွက်လျှင်၊ သို့တည်းမဟုတ် ထိုဥပဒေ ကြမ်းကို စတင်တင်သွင်းသည့်လွှတ်တော်က လက်မခံသော ပြင်ဆင်ချက်များဖြင့် အတည်ပြု လိုက်လျှင်၊ နိုင်ငံတော်သမတသည် လွှတ်တော်နှစ်ရပ်၏ တွဲဖက် အစည်းအဝေးကို ကျင်းပစေရမည်။
:တွဲဖက်အစည်းအဝေးသို့ တက်ရောက်ကြသော လွှတ်တော်အမတ်များသည်၊ ဥပဒေကြမ်းကို စတင် တင်သွင်းသော လွှတ်တော်က အတည်ပြုလိုက်သည့် ဥပဒေကြမ်းနှင့်တကွ၊ အခြားလွှတ်တော်က ပြုပြီး ဖြစ်သော ပြင်ဆင်ချက်များရှိလျှင် ထိုပြင်ဆင်ချက်များကိုပါ၊ စဉ်းစားဆွေးနွေးနိုင်၍ မဲဆန္ဒပေးရမည်။ အကယ်၍ အစည်းအဝေးသို့ တက်ရောက်မဲပေးကြသော လွှတ်တော်နှစ်ရပ် အမတ်စုစုပေါင်း၏ အမတ် များရာက၊ ပြင်ဆင်ချက်များပါလျှင်၊ ထိုပြင်ဆင်ချက်များပါသော ဥပဒေကြမ်းကို အတည်ပြုလိုက်သော် ၊ ထိုဥပဒေကြမ်းသည် လွှတ်တော်နှစ်ရပ်လုံး၏ အတည်ပြုချက်ကိုရသည်ဟု မှတ်ယူရမည်။
:ခြွင်းချက်။ ။ သို့ရာတွင် တွဲဖက်အစည်းအဝေး၌-
::(က) လွှတ်တော်တရပ်က အတည်ပြုပြီးဖြစ်သော ဥပဒေကြမ်းကို၊ အခြားလွှတ်တော်ကပယ်ချ၍၊ စတင်တင်သွင်းသော လွှတ်တော်သို့ပြန်ပို့လျှင်၊ ထိုဥပဒေကြမ်းကို အတည်ပြုရန် အချိန်ကြန့်ကြာသောကြောင့် ပြုအပ်သောပြင်ဆင်ချက်များမှတပါး၊ အခြားမည်သည့် ပြင်ဆင်ချက်အဆိုကိုမျှ မတင်သွင်းရ။
::(ခ) ဥပဒေကြမ်းကို အခြားလွှတ်တော်တရပ်က ပြင်ဆင်ချက်များထည့်၍ အတည်ပြုပြီးနောက် စတင် တင်သွင်းသောလွှတ်တော်သို့ ပြန်ပို့လျှင်မူကား၊ အပိုဒ် (က) တွင်ဖေါ်ပြခဲ့သော ပြင်ဆင်ချက်အဆိုများ နှင့် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသည့် အချက်များနှင့်ဆိုင်သော ပြင်ဆင်ချက် အဆိုများကိုသာ တင်သွင်းရမည်။
::ထို့ပြင်၊ ဤပုဒ်မအရ ခွင့်ပြုထိုက်သော ပြင်ဆင်ချက်များနှင့် စပ်လျဉ်း၍၊ သဘာပတိအဖြစ်ဖြင့် ဆောင်ရွက်သောသူ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်ရမည်။
'''၁၁၀။''' ။ (၁) ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ်လုံး၏ ညီလာခံမရှိခိုက်၊ မည်သည့်အခါမျိုး၌မဆို၊ နိုင်ငံ တော်သမတ သည်၊ ချက်ခြင်းအရေးယူဆောင်ရွက်ရန် လိုအပ်သော ကိစ္စများပေါ်ပေါက်လာသည်ဟု ယူ ဆလျှင်၊ ထိုကိစ္စများပေါ်ပေါက်လာသည့်အလျောက် လိုအပ်သည်ဟုထင်မြင်သော တချက်လွှတ် ဥပဒေများကို ထုတ်ပြန်ကျေညာနိုင်သည်။ ဤပုဒ်မအရ ထုတ်ပြန်ကျေညာသော တချက်လွှတ်ဥပဒေ သည်၊ နိုင်ငံတော်သမတက သဘောတူပြီးဖြစ်သော ပါလီမန်၏ အက်ဥပဒေကဲ့သို့၊ အကျိုးသက်ရောက် ၍ အတည်ဖြစ်ရမည်။
:(၂) ထိုကဲ့သို့သော တချက်လွှတ် ဥပဒေတိုင်းကို ကြိုတင်နုတ်သိမ်းထားပြီး မဟုတ်လျှင်၊ ထုတ်ပြန် ကျေညာသည့်နေ့မှစ၍၊ ၄၅ ရက်အတွင်း၌၊ နိုင်ငံတော်သမတသည်၊ ထိုတချက်လွှတ် ဥပဒေကို ပါလီမန် ဆိုင်ရာ လွှတ်တော်နှစ်ရပ်လုံးသို့ တင်ပြရမည်။ ပြည်သူ့လွှတ်တော် ပြန်လည် စည်းဝေးသည့်နေ့မှ ၁၅ ရက် ကုန်လွန်သောအခါ၌ဖြစ်စေ၊ လူမျိုးစုလွှတ်တော် ပြန်လည် စည်းဝေးသောနေ့မှ ၁၅ ရက် ကုန်လွန် သောအခါ၌ဖြစ်စေ၊ နောက်ကျရာနေ့တွင်၊ ထိုတချက်လွှတ်ဥပဒေသည် အတည်ဖြစ်နေခြင်းမှ ရပ်စဲရမည်။
:ခြွင်းချက်။ ။ သို့ရာတွင် နိုင်ငံတော်သမတသည်၊ ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ်လုံး၏ သဘောတူ ညီချက်ဖြင့်၊ ထိုတချက်လွှတ် ဥပဒေကို၊ လိုအပ်သော ကာလအပိုင်းအခြားအထိ၊ ဆက်လက် အတည်ဖြစ် စေနိုင်သည်။
:(၃) တချက်လွှတ်ဥပဒေ ထုတ်ပြန်ကျေညာသည့် နေ့မှစ၍ ၄၅ ရက်အတွင်း၌ နုတ်သိမ်းပြီးဖြစ်လျှင်၊ ထိုတချက်လွှတ် ဥပဒေကို ပါလီမန်သို့၊ ဆက်လက်ကျင်းပလတ္တံ့သော ညီလာခံတွင် တင်ပြရမည်။
:(၄) ဤပုဒ်မအရ၊ တချက်လွှတ်ဥပဒေတခုတွင်၊ ဤအခြေခံဥပဒေအရ၊ ပါလီမန်က မပြုပိုင်သော ပြဋ္ဌာန်း ချက်ပါရှိလျှင်၊ ပါရှိသော ထိုပြဋ္ဌာန်းချက်သည် ပျက်ပြယ်ရမည်။
===လက်မှတ်ထိုးခြင်းနှင့် ထုတ်ပြန်ကျေညာခြင်း။===
'''၁၁၁။''' ။ (၁) ဥပဒေကြမ်းတခုကို ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုလိုက်သည်နှင့် တပြိုင်နက်၊ ထိုဥပဒေကြမ်းကို ဤပုဒ်မရှိ ပြဋ္ဌာန်းချက်များနှင့်အညီ လက်မှတ်ရေးထိုးရန်နှင့် အက်ဥပဒေ တရပ်အဖြစ်ဖြင့် ထုတ်ပြန်ကျေညာရန်၊ ထိုဥပဒေကြမ်းကို နိုင်ငံတော် သမတထံသို့ တင်ပြရမည်။
:(၂) ဤအခြေခံဥပဒေ၌၊ အခြားပြဋ္ဌာန်းချက်ပြုထားခြင်းမရှိလျှင်၊ မိမိထံသို့ တင်ပြသော ဥပဒေကြမ်း တိုင်းကို နိုင်ငံတော်သမတသည်၊ တင်ပြပြီးသည့်နောက်တနေ့မှစ၍ ၇ရက်အောက် နောက်မကျစေဘဲ၊ လက်မှတ်ထိုးရမည်။
:(၃) ဥပဒေကြမ်းတခုခုကို နိုင်ငံတော်သမတသည်၊ မိမိထံသို့ တင်ပြပြီးသည့် နောက်တနေ့မှစ၍ ၇ရက်အတွင်း၌၊ လက်မှတ်မထိုးလျှင်၊ ထိုဥပဒေကြမ်းသည်၊ ၇ရက်မြောက်သောနေ့တွင်၊ နိုင်ငံတော် သမတ၏ လက်မှတ်ရေးထိုးချက်ကို ရပြီးဘိသကဲ့သို့ အက်ဥပဒေဖြစ်လာရမည်။
'''၁၁၂။''' ။ (၁) ဤအခြေခံဥပဒေအရ၊ နိုင်ငံတော်သမတက လက်မှတ်ထိုးသော၊ သို့တည်းမဟုတ် လက်မှတ်ထိုးပြီးသည်ဟု မှတ်ယူအပ်သော ဥပဒေကြမ်းတိုင်းသည်၊ ဥပဒေကြမ်းကို လက်မှတ်ထိုးသော၊ သို့တည်းမဟုတ် လက်မှတ်ထိုးပြီးသည်ဟု မှတ်ယူအပ်သော နေ့မှစ၍ အက်ဥပဒေဖြစ်လာရမည်။
:(၂) ထိုကဲ့သို့သော အက်ဥပဒေတိုင်းကို၊ နိုင်ငံတော်သမတ၏ အမိန့်အရ၊ အစိုးရပြန်တမ်းတွင် ထုတ် ပြန်ကျေညာရမည်။ ထိုအက်ဥပဒေ၌၊ သီးခြားညွှန်ကြားချက်မပါလျှင်၊ ထုတ်ပြန်ကျေညာသောနေ့၌ အာဏာတည်ရမည်။
'''၁၁၃။''' ။ နိုင်ငံတော်သမတ လက်မှတ်ထိုးသော အက်ဥပဒေများနှင့် တချက်လွှတ်ဥပဒေများ၏ စာမူများကို တရားလွှတ်တော်ချုပ်၏ အတွင်းဝန်ရုံးတွင် မော်ကွန်းတင်ရမည်။ ထိုစာမူများသည် အဆို ပါအက်ဥပဒေ၏၊ သို့တည်းမဟုတ် တချက်လွှတ်ဥပဒေ၏ ပြဋ္ဌာန်းချက်များအတွက်၊ အပြီးသတ် သက်သေ အထောက်အထားဖြစ်ရမည်။
==အခန်း ၇။==
===ပြည်ထောင်စုအစိုးရ။===
'''၁၁၄။''' ။ ပြည်ထောင်စုနိုင်ငံ အစိုးရအဖွဲ့ကို ပုဒ်မ ၅၆အရ ခန့်ထားသော ဝန်ကြီးချုပ်နှင့် ဝန်ကြီးများဖြင့် ဖွဲ့ စည်းရမည်။
'''၁၁၅။''' ။ အစိုးရအဖွဲ့သည်၊ ပြည်သူ့လွှတ်တော်အား၊ အဖွဲ့လိုက် စုပေါင်းတာဝန်ခံရမည်။
'''၁၁၆။ '''။ အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးသည်၊ ခြောက်လမျှ တဆက်တည်း ပါလီမန်အမတ်မဟုတ်လျှင်၊ ထိုကာလအပိုင်းအခြား ကုန်ဆုံးသောအခါ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ်မှ ရပ်စဲရမည်။
'''၁၁၇။''' ။ (၁) နိုင်ငံတော်သမတ၏ လက်သို့ မိမိ၏နုတ်ထွက်လွှာကို ပေးအပ်ခြင်းဖြင့်၊ ဝန်ကြီးချုပ် သည် အခါမရွေး၊ ရာထူးမှ နုတ်ထွက်နိုင်သည်။
:(၂) နိုင်ငံတော်သမတထံသို့ တင်သွင်းစေရန် မိမိ၏နုတ်ထွက်လွှာကို ဝန်ကြီးချုပ်လက်သို့ ပေးအပ်ခြင်း ဖြင့်၊ မည်သည့်အစိုးရအဖွဲ့ဝင် ဝန်ကြီးမဆို၊ ရာထူးမှနုတ်ထွက်နိုင်သည်။ တဆက်တည်းဖြစ်သော အောက်ပုဒ်မခွဲအရ နိုင်ငံတော်သမတက လက်ခံသောအခါ၊ ထိုသို့နုတ်ထွက်ခြင်းသည် အတည်ဖြစ်ရ မည်။
:(၃) ဝန်ကြီးချုပ်က အကြံပေးခဲ့လျှင်၊ နိုင်ငံတော်သမတသည်၊ ဝန်ကြီးချုပ်၏ နုတ်ထွက်ခြင်းကိုမှတပါး၊ အခြားမည်သည့်ဝန်ကြီး၏ နုတ်ထွက်ခြင်းကို မဆိုလက်ခံရမည်။
'''၁၁၈။''' ။ ဝန်ကြီးချုပ်သည်၊ မိမိ၏သဘောအရ လုံလောက်သော အကြောင်းများ ရှိသည်ဟုထင်မြင်လျှင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးတဦးအား မည်သည့်အချိန်အခါ၌မဆို၊ ရာထူးမှနုတ်ထွက်စေရန် တောင်းဆို နိုင်သည်။ အကယ်၍ သက်ဆိုင်ရာဝန်ကြီးသည်၊ ထိုတောင်းဆိုချက်ကို လိုက်နာဆောင်ရွက်ခြင်း မပြုဘဲ ပျက်ကွက်ခဲ့သော်၊ ထိုဝန်ကြီးအား၊ ဝန်ကြီးချုပ်က ရာထူးမှ ရပ်စဲစေရန် အကြံပေးခဲ့လျှင်၊ နိုင်ငံတော် သမတသည် ထိုဝန်ကြီးကို ရာထူးမှ ရပ်စဲစေရမည်။
'''၁၁၉။''' ။ ဝန်ကြီးချုပ်သည်၊ ပြည်သူ့လွှတ်တော်တွင် အမတ်များရာ၏ ထောက်ခံမှုကို မရသောအခါ၊ ရာထူးမှနုတ်ထွက်ရမည်။ သို့ရာတွင် ဝန်ကြီးချုပ်၏ အကြံပေးချက်အတိုင်း၊ နိုင်ငံတော်သမတက ပုဒ်မ ၅၇ အရ ပါလီမန်ကို ဖျက်သိမ်း၍၊ ထိုသို့ဖျက်သိမ်းပြီးနောက် ပါလီမန်ကို တဖန် ပြန်လည်ကျင်းပစည်း ဝေးသောအခါ၊ ထိုဝန်ကြီးချုပ်သည် ပြည်သူ့လွှတ်တော်တွင် အမတ်များရာ၏ ထောက်ခံမှုကို ပြန်လည် ရရှိလျှင်၊ မိမိ၏ရာထူးမှ နုတ်ထွက်ရန် မလို။
'''၁၂၀။''' ။ (၁) ဝန်ကြီးချုပ်သည် မည်သည့်အခါ၌မဆို ရာထူးမှ နုတ်ထွက်လျှင် ဝန်ကြီးများသည်လည်း ၊ မိမိတို့၏ရာထူးများမှ နုတ်ထွက်ကြသည်ဟု မှတ်ယူရမည်။ သို့ရာတွင် ရာထူးများ၌ ဆက်ခံထမ်းရွက် မည့် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကို ခန့်ထားပြီးသည့်တိုင်အောင် လက်ရှိ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ သည်၊ မိမိတို့၏ တာဝန်ဝတ်တရားများကို ဆက်လက် ဆောင်ရွက်ကြရမည်။
:(၂) ပါလီမန်ကို ဖျက်သိမ်းသည့်နေ့ရက်က ရာထူးလက်ရှိဖြစ်ကြသော အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည်၊ ရာထူးဆက်ခံထမ်းရွက်မည့် ဝန်ကြီးများကို ခန့်ထားသည့်တိုင်အောင်၊ မိမိတို့၏ရာထူးများတွင် ဆက် လက်တည်ရှိနေကြရမည်။
'''၁၂၁။''' ။ (၁) ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်မှုဆိုင်ရာ အရေးယူဆောင်ရွက်ချက်အားလုံးကို ပြည်ထောင် စုနိုင်ငံတော် သမတ၏ အမည်ဖြင့် အရေးယူဆောင်ရွက်သည်ဟု ဖေါ်ပြရမည်။
:(၂) နိုင်ငံတော်သမတ၏ အမည်ဖြင့် ထုတ်ပြန်သော အမိန့်များနှင့်တကွ စာချွန်တော်များကို၊ နိုင်ငံတော် သမတက ပြဋ္ဌာန်းသည့် နည်းဥပဒေများတွင် ဖေါ်ပြထားသော နည်းလမ်းများနှင့်အညီ၊ ဟုတ်မှန် ကြောင်း ထင်ရှားစေရမည်။ ထို့ပြင် ထိုသို့ ဟုတ်မှန်ကြောင်း ထင်ရှားအောင် ပြုထားသည့် အမိန့်၊ သို့ တည်းမဟုတ် စာချွန်တော်သည် နိုင်ငံတော်သမတ၏အမိန့်၊ စာချွန်တော်များ မဟုတ်သောကြောင့် မခိုင်လုံဟု ငြင်းဆိုပိုင်ခွင့် မရှိစေရ။
:(၃) မိမိ၏သဘောအတိုင်း ဆောင်ရွက်ရန် ဤအခြေခံဥပဒေက ပြဋ္ဌာန်းသည့် မှုခင်းကိစ္စမှလွဲ၍၊ ပြည် ထောင်စုအစိုးရ ဆောင်ရွက်အပ်သော မှုခင်းကိစ္စအတွက်၎င်း၊ အဆိုပါ မှုခင်းကိစ္စများကို ဝန်ကြီးများအား ခွဲဝေပေးရန် ၎င်း၊ နိုင်ငံတော်သမတသည် နည်းဥပဒေများကို ပြဋ္ဌာန်းရမည်။
:အထက်က ပြဋ္ဌာန်းချက်များ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ တာဝန်ဝတ်တရားများကို နယ် မြေဒေသအလိုက် ခွဲဝေနိုင်သည့်အပြင်၊ အစိုးရ ဌာနဆိုင်ရာ လုပ်ငန်းအလိုက်လည်း ခွဲဝေနိုင်သည်။
'''၁၂၂။''' ။ ဤအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင်၊ ပြည်ထောင်စု နိုင်ငံ၏ အုပ်ချုပ်မှု အခွင့်အာဏာသည်၊ အောက်ပါကိစ္စများသို့ သက်ရောက်ပြန့်နှံ့သည်။
:(က) ပါလီမန်က ဥပဒေပြုနိုင်သော ကိစ္စများ။
:(ခ) ပြည်ထောင်စုနိုင်ငံ အပတွင် ဖွဲ့စည်း၍ ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပြည်ထောင် စုနိုင်ငံတွင် တပ်ချနေသော၊ သို့တည်းမဟုတ် ပြည်ထောင်စုနိုင်ငံက အသုံးပြုရန် လွှဲအပ်ခြင်းခံရသော လက်နက်ကိုင်စစ်တပ်များကို ထိုကိစ္စအတွက် ပြည်ထောင်ချင်းချင်း စာချုပ်၊ သို့တည်းမဟုတ် သဘော တူညီချက်တွင်ပါဝင်သော ပြဋ္ဌာန်းချက်များနှင့် လျော်ညီစွာ အုပ်ချုပ်ရန်ကိစ္စများ။
'''၁၂၃။''' ။ (၁) ပါလီမန်၏ သဘောတူညီချက်ကို မရဘဲ၊ စစ်မကျေညာရ။ ပြည်ထောင်စုနိုင်ငံသည်လည်း စစ်ထဲ၌ မပါဝင်ရ။
:(၂) သို့ရာတွင် အပြင်အပမှ ထိပါးတိုက်ခိုက်လာသော အခါ၌သော်၎င်း၊ ထိုသို့ထိပါး တိုက်ခိုက်အံ့ဆဲဆဲ အခါ၌သော်၎င်း၊ အစိုးရသည် ပြည်ထောင်စုနိုင်ငံကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည်ဟု ယူဆ လျှင်၊ လိုအပ်သည်ဟု ယူဆသည့်အတိုင်း၊ အရေးယူဆောင်ရွက် နိုင်သည်။ ထို့ပြင် ပါလီမန်ညီလာခံ ကျင်းပနေဆဲမဟုတ်လျှင်၊ အလျင်အမြန်ဆုံး ဆင့်ခေါ်၍ ညီလာခံကို ကျင်းပစေရမည်။
'''၁၂၄။ '''။ ပြည်တွင်းရေးရာ၊ ပြည်ထောင်ချင်းချင်းရေးရာ အားလုံးနှင့်စပ်လျဉ်းသော သဘောထားဝါဒများ ကို ဝန်ကြီးချုပ်သည်၊ နိုင်ငံတော်သမတအား အကြောင်းကြားနေရမည်။
'''၁၂၅။''' ။ (၁) ပြည်ထောင်စုအစိုးရသည်၊ ဘဏ္ဍာတော်နှစ်တိုင်း တနှစ်အတွက် ပြည်ထောင်စုနိုင်ငံ၏ အရမှန်းခြေငွေစာရင်းနှင့် အသုံးမှန်းခြေငွေစာရင်းများကို ပြု၍၊ ထိုစာရင်းများကို ပြည်သူ့လွှတ်တော် သို့ စဉ်းစားဆွေးနွေးစေရန် တင်ပြရမည်။
:(၂) အသုံးမှန်းခြေငွေစာရင်း တင်ပြခြင်းကိစ္စ၊ ပြည်ထောင်စုနိုင်ငံ၏အခွန်တော်ခွဲဝေ လျာထားခြင်းကိစ္စ၊ ထိုသို့တင်ပြခြင်း၊ လျာထားခြင်းတို့နှင့် သက်ဆိုင်သော ကိစ္စများနှင့် စပ်လျဉ်း၍၊ ပါလီမန်ဆိုင်ရာ လွှတ်တော်များတွင်၊ လိုက်နာရမည့်လုပ်ငန်းစဉ်ကို ဤအခြေခံဥပဒေက ပြဋ္ဌာန်းထားပြီးမရှိလျှင်၊ တရားဥပဒေနှင့်အညီ ပြဋ္ဌာန်းရမည်။
===နိုင်ငံတော်ရှေ့နေချုပ်။===
'''၁၂၆။''' ။ (၁) နိုင်ငံတော်သမတသည်၊ ဝန်ကြီးချုပ်က အမည်တင်သွင်းသော တရားလွှတ်တော်ရှေ့နေ တဦးကို၊ နိုင်ငံတော်ရှေ့နေချုပ် အဖြစ်ခန့်ထားရမည်။
:(၂) နိုင်ငံတော်ရှေ့နေချုပ်၏ တာဝန်ဝတ်တရားမှာ၊ ဥပဒေနှင့်ဆိုင်သည့် ကိစ္စများတွင်၊ အစိုးရအား အကြံပေးရန်ဖြစ်သည်။ ထို့ပြင် အခါကာလအားလျော်စွာ၊ နိုင်ငံတော်သမတက ဆောင်ရွက်စေရန် လွှဲ အပ်သော၊ ဥပဒေနှင့်ဆိုင်သည့် အခြားတာဝန်ဝတ်တရားများကိုလည်း ဆောင်ရွက်ရန် ဖြစ်သည်။
'''၁၂၇။''' ။ (၁) နိုင်ငံတော်သမတထံသို့ တင်သွင်းရန်ဖြစ်သော နုတ်ထွက်စာကို ဝန်ကြီးချုပ်အား ပေးအပ် ခြင်းဖြင့်၊ နိုင်ငံတော်ရှေ့နေချုပ်သည်၊ အခါမရွေး ရာထူးမှ နုတ်ထွက်နိုင်သည်။
:(၂) ဝန်ကြီးချုပ်သည်၊ လုံလောက်သောအကြောင်းအချက်များရှိသည်ဟု ထင်မြင်လျှင်၊ နိုင်ငံတော် ရှေ့နေချုပ်အား၊ ရာထူးမှ နုတ်ထွက်ရန်၊ တောင်းဆိုနိုင်သည်။
:(၃) ထိုတောင်းဆိုချက်ကို နိုင်ငံတော်ရှေ့နေချုပ်က မလိုက်နာခဲ့သော်၊ နိုင်ငံတော်သမတသည်၊ ဝန်ကြီး ချုပ်က အကြံပေးလျှင်၊ နိုင်ငံတော်ရှေ့နေချုပ်ကို ရာထူးမှ ရပ်စဲစေရမည်။
:(၄) ဝန်ကြီးချုပ် နုတ်ထွက်သောအခါ၊ နိုင်ငံတော်ရှေ့နေချုပ်လည်း မိမိ၏ရာထူးမှ နုတ်ထွက်ရမည်။ သို့ရာတွင် ဝန်ကြီးချုပ်၏ ရာထူးကို ဆက်ခံမည့်ပုဂ္ဂိုလ်အား၊ ခန့်ထားသည့် အချိန်အထိ မိမိ၏တာဝန် ဝတ်တရားများကို ဆက်လက်ဆောင်ရွက်နိုင်သည်။
:(၅) ဤအခြေခံဥပဒေရှိ အထက်ကဖေါ်ပြခဲ့သော ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ နိုင်ငံတော် ရှေ့နေချုပ် ရာထူးနှင့်တကွ၊ နိုင်ငံတော်ရှေ့နေချုပ်အားပေးရမည့်လစာ စရိတ်တို့ကို တရားဥပဒေဖြင့် သတ်မှတ်ရမည်။
===နိုင်ငံတော်စာရင်းစစ်ချုပ်။===
'''၁၂၈။''' ။ ပါလီမန်နှင့် ပြည်နယ်ကောင်စီများ၏ အခွင့်အာဏာဖြင့်၊ ထို့ပြင် ထိုအခွင့်အာဏာအရ၊ ပြည် ထောင်စု အစိုးရကိုယ်စား ငွေထုတ်ပေးရေးကိစ္စအားလုံးကို ကြီးကြပ်အုပ်ချုပ်စေရန်၎င်း၊ စီမံခန့်ခွဲရ သော ငွေများ၏ စာရင်းအားလုံးကို စစ်ဆေးစေရန်၎င်း၊ နိုင်ငံတော်စာရင်းစစ်ချုပ် တဦးရှိရမည်။
'''၁၂၉။''' ။ နိုင်ငံတော်သမတသည်၊ ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ်လုံး၏ သဘောတူချက်အရ၊ နိုင်ငံတော် စာရင်းစစ်ချုပ် ကို ခန့်ထားရမည်။ ရာထူးမှ နုတ်ပယ်သောအခါ၌လည်း လွှတ်တော်တရား ဝန်ကြီး တဦးကို ရာထူးမှ နုတ်ပယ်သော နည်းအတိုင်း၊ ထိုတရားဝန်ကြီးကို နုတ်ပယ်ရာတွင် လိုအပ် သော အကြောင်းမျိုးဖြင့်သာလျှင်၊ နုတ်ပယ်ရမည်။ နိုင်ငံတော် စာရင်းစစ်ချုပ်သည်၊ ပါလီမန်ဆိုင်ရာ မည်သည့် လွှတ်တော်အမတ်မျှ မဖြစ်စေရ၊ အစိုးရနှင့် သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ၊ လစာစရိတ်ကြေးငွေရသော အခြားရာထူး ဌာနန္တရတခုခုကို မခံယူရ။ နိုင်ငံတော် စာရင်းစစ်ချုပ်သည်၊ မိမိ၏ ရာထူးမှရပ်စဲသောအခါ၊ ပြည်ထောင်စုနိုင်ငံ၏၊ သို့တည်းမဟုတ် ပြည်နယ်များ၏ အစိုးရ လက်အောက်တွင် နောက်ထပ်ရာထူးရယူနိုင်ခွင့် မရှိရ။
'''၁၃၀။''' ။ ပြည်ထောင်စုနိုင်ငံ ဝန်ထမ်းအားလုံးနှင့်စပ်လျဉ်း၍၊ အသုံးချွေတာခြင်း၊ ရာထူး အရေအတွက် လျှော့ခြင်း ပြုသောအခါတွင်၊ နိုင်ငံတော် စာရင်းစစ်ချုပ်သည် မိမိ၏လစာကို လျှော့စေရန် မိမိအလို အလျှောက် သဘောမတူခဲ့သော်၊ နိုင်ငံတော် စာရင်းစစ်ချုပ်ကို ခန့်ထားပြီးမှ၊ သူ၏လစာကိုသော်၎င်း၊ အခွင့်ယူခြင်းနှင့်၊ သို့တည်းမဟုတ် ပင်ရှင်ယူခြင်းနှင့် စပ်လျဉ်းသော အခွင့်အရေးများကိုသော်၎င်း၊ သူ့အကျိုးနစ်နာအောင် ပြောင်းလဲခြင်း မပြုရ။
'''၁၃၁။ '''။ နိုင်ငံတော် စာရင်းစစ်ချုပ်သည်၊ ပြည်ထောင်စု နိုင်ငံနှင့် ပြည်နယ်များ၏ ငွေစာရင်းများဆိုင်ရာ အစီရင်ခံစာများကို တရားဥပဒေက သတ်မှတ်ဖေါ်ပြထားသော အချိန်ကာလများတွင်၊ ပြည်သူ့ လွှတ် တော်သို့ တင်ပြရမည်။
'''၁၃၂။''' ။ အထက်ကဖေါ်ပြခဲ့သော ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ နိုင်ငံတော် စာရင်းစစ်ချုပ် ရာထူးဆိုင်ရာ စည်းကမ်းချက်များကို တရားဥပဒေဖြင့် သတ်မှတ်ရမည်။
==အခန်း ၈။==
===ပြည်ထောင်စု၏တရားစီရင်ရေး။===
'''၁၃၃။''' ။ ပြည်ထောင်စု နိုင်ငံတဝန်းလုံး၌၊ တရားစီရင်ရေးကိစ္စကို ဤအခြေခံဥပဒေအရ သော်၎င်း၊ တရားဥပဒေအရသော်၎င်း၊ တည်ထောင်ထားသော တရားရုံးများတွင်၊ ဤအခြေခံဥပဒေနှင့်အညီ၊ သို့တည်းမဟုတ် တရားဥပဒေနှင့်အညီ ခန့်ထားသော တရားသူကြီးများက စီမံအုပ်ချုပ်ရမည်။
'''၁၃၄။''' ။ တရားရုံးများတွင်၊ မူလတရားရုံးများနှင့် အယူခံတရားရုံးများဟူ၍ ရုံးနှစ်မျိုးပါဝင်ရမည်။
:(က) မူလတရားရုံးများတွင် တရားလွှတ်တော်ပါဝင်ရမည်။ တရားဥပဒေဖြင့် မပြောင်းလွှဲသမျှ၊ ထို တရားလွှတ်တော်တွင်၊ မူလစီရင်ပိုင်ခွင့်နှင့် အယူခံစီရင်ပိုင်ခွင့်တို့ရှိ၍၊ ဥပဒေကြောင်းနှင့်ဖြစ်စေ၊ အမှု ချင်းရာနှင့်ဖြစ်စေ၊ သက်ဆိုင်သော ကိစ္စနှင့် ပြဿနာတို့ကို စီရင်ဆုံးဖြတ်ရန် အာဏာလည်းရှိရမည်။
:(ခ) တရားလွှတ်တော်၏ အကြီးအမှူးကို “လွှတ်တော်တရားဝန်ကြီးချုပ်” ဟုခေါ်ရမည်။
'''၁၃၅။ '''။ (၁) အောက်ပါကိစ္စများအတွက်၊ တရားလွှတ်တော်၌သာလျှင် မူလစီရင်ပိုင်ခွင့် အာဏာများ ရှိရ မည်။
::(က) ပြည်ထောင်စုနိုင်ငံက ချုပ်ဆိုသော ပြည်ထောင်ချင်းချင်း စာချုပ်များနှင့် စပ်လျဉ်း၍ ပေါ်ပေါက် လာသော ကိစ္စများ။
::(ခ) ပြည်ထောင်စုနိုင်ငံနှင့် ပြည်ထောင်စု အဖွဲ့ဝင် အငြင်းဖြစ်ပွါးသော ကိစ္စများ၊ သို့တည်းမဟုတ် ပြည်ထောင်စု အဖွဲ့ဝင်အချင်းချင်း အငြင်းဖြစ်ပွါးသော ကိစ္စများ။
::(ဂ) တရားဥပဒေဖြင့် သတ်မှတ်ထားသော အခြားကိစ္စများ ရှိလျှင်လည်း ထိုကိစ္စများ။
:(၂) မည်သည့်လက်အောက်ခံ တရားရုံး၌မဆို မပြီးမပြတ်ဖြစ်နေသေးသော အမှုတမှုတွင် တရားဥပဒေ တခုခုသည် ဤအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များအရ ခိုင်လုံသည်၊ မခိုင်လုံသည်ဟူသော ပြဿနာမျိုး၊ အရေးယူလောက်အောင် ပေါ်ပေါက်နေသည်ဟု၊ သို့တည်းမဟုတ် ပေါ်ပေါက်ရန် အကြောင်းရှိသည်ဟု တရားလွှတ်တော်က ယုံကြည်ကျေနပ်ခဲ့သော်၊ တရားလွှတ်တော်သည် ထိုအမှုကို စစ်ဆေးရန် မိမိ၏ လွှတ်တော်သို့ ပြောင်းရွှေ့ယူရမည်။
'''၁၃၆။''' ။ (၁) နောက်ဆုံးအပြီးအပြတ် အယူခံဝင်ရာဖြစ်သော တရားရုံးကို “တရားလွှတ်တော်ချုပ်” ဟုခေါ်ရမည်။
:(၂) တရားလွှတ်တော်ချုပ်၏ အကြီးအမှူးကို “နိုင်ငံတော် တရားဝန်ကြီးချုပ်” ဟုခေါ်ရမည်။
:(၃) ဤအခြေခံဥပဒေရှိ အခြားပြဋ္ဌာန်းချက်များဖြင့် တရားလွှတ်တော်ချုပ်သို့ ပေးအပ်ထားသော အာဏာများကို မထိခိုက်စေဘဲ၊ ထို့ပြင် တရားဥပဒေက ပြဋ္ဌာန်းထားသော ခြွင်းချက်များ စည်းမျဉ်း ဥပဒေများနှင့် မဆန့်ကျင်လျှင်၊ တရားလွှတ်တော်ချုပ်၌ တရားလွှတ်တော်၏ စီရင်ချက်အားလုံးကို စစ်ဆေးဆုံးဖြတ်နိုင်သော အယူခံ စီရင်ပိုင်ခွင့်အာဏာများ ရှိရမည်။ ထို့ပြင် အခြားတရားရုံးများ၏ စီရင် ချက်များကို တရားဥပဒေက သတ်မှတ်ထားသည့်အတိုင်း စစ်ဆေးဆုံးဖြတ်နိုင်သော အယူခံစီရင်ပိုင်ခွင့် အာဏာများလည်းရှိရမည်။
'''၁၃၇။''' ။ တရားဥပဒေတခုသည် အခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များအရ ခိုင်လုံသည် မခိုင်လုံသည် ဟူသော ပြဿနာပေါ်ပေါက်နေသည့် အမှုများကို၊ တရားလွှတ်တော်ချုပ်၏ အယူခံ စီရင်ပိုင်ခွင့် အာဏာဖြင့် မစီရင် မဆုံးဖြတ်ရဟု မည်သည့်တရားဥပဒေမျိုးကိုမျှ မပြုရ။
'''၁၃၈။ '''။ တရားလွှတ်တော်ချုပ်၏ စီရင်ချက်များသည် အမှုအားလုံးတွင် အပြီးအပြတ် ဖြစ်၍၊ အယူခံ ဝင်ခွင့်မရှိစေရ။
'''၁၃၉။''' ။ (၁) လွှတ်တော်ချုပ် တရားဝန်ကြီးအဖြစ်ဖြင့်၎င်း၊ လွှတ်တော်တရားဝန်ကြီးအဖြစ်ဖြင့်၎င်း၊ ဤအခြေခံဥပဒေအရ ခန့်ထားခြင်းခံရသော ပုဂ္ဂိုလ်တို့သည် အောက်ပါအတိုင်း သစ္စာဆို၍ လက်မှတ် ထိုးရမည်။
::“ကျွန်ုပ်--------------------- သည်၊ တရားဝန်ကြီးချုပ် (သို့တည်းမဟုတ် တရားဝန်ကြီး)၏ တာဝန် အလုပ်ဝတ်တရားများကို ဖြောင့်မတ်မှန်ကန်စွာ မျက်နှာကြီးငယ်မရွယ်မထောက်၊ ဆန္ဒာ၊ ဒေါသာ၊ ဘယာဂတိများ သို့မလိုက်၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ ကျေကုန်အောင် ထမ်းရွက်ပါမည်။ထို့ပြင် ကျွန်ုပ်သည်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်တကွ တရားဥပဒေများကို၊ ထိန်းသိမ်းစောင့်ရှောက် မည်ဟု လေးနက်တည်ကြည်စွာ ကျေညာ၍ ကတိသစ္စာပြုပါသည်။”
:(၂) နိုင်ငံတော် တရားဝန်ကြီးချုပ်သည် နိုင်ငံတော်သမတ၏ ရှေ့မှောက်တွင် အထက်ပါအတိုင်း သစ္စာ ဆို၍ လက်မှတ်ထိုးရမည်။ တရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော်ဆိုင်ရာ တရားဝန်ကြီး အသီးသီး သည်လည်း နိုင်ငံတော်တရားဝန်ကြီးချုပ်၏ ရှေ့မှောက်၌ သော်၎င်း၊ ဤကိစ္စအတွက် ဆောင်ရွက်နိုင် မည်ဖြစ်သော တရားလွှတ်တော်ချုပ်မှ ဝါအရင့်ဆုံး တရားဝန်ကြီး၏ ရှေ့မှောက်၌သော်၎င်း၊ အထက်ပါ အတိုင်း သစ္စာဆို၍ လက်မှတ်ထိုးရမည်။
:(၃) တရားဝန်ကြီးတိုင်းသည် တရားဝန်ကြီးအဖြစ်ဖြင့် တာဝန်ဝတ်တရားများကို စတင်မဆောင်ရွက် မီ၊ သစ္စာဆို၍ လက်မှတ်ထိုးရမည်။ ထိုသို့ပြုခြင်းကို တရားဝန်ကြီး အဖြစ်ဖြင့် ခန့်ထားပြီးသည့်နောက် တနေ့မှစ၍ ၁၀ ရက်အောက် နောက်မကျသော နေ့ရက်၌သော်၎င်း၊ နိုင်ငံတော်သမတက သတ်မှတ် သော နောက်တနေ့နေ့၌သော်၎င်း၊ ဆောင်ရွက်ရမည်။
:(၄) အထက်ပါအတိုင်း သစ္စာမဆိုလို၍ လက်မှတ်မထိုးလိုဟု ငြင်းဆန်သော၊ သို့တည်းမဟုတ် ပျက်ကွက် သော တရားဝန်ကြီးသည် ရာထူးကို လက်မခံလို ငြင်းပယ်ရာရောက်သည်ဟူ၍ မှတ်ယူရမည်။
'''၁၄၀။''' ။ (၁) ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ် တွဲဖက်အစည်းအဝေး၏ သဘောတူညီချက်ဖြင့်၊ နိုင်ငံ တော်တရားဝန်ကြီးချုပ်ကို နိုင်ငံတော်သမတသည်၊ မိမိကိုယ်တိုင် လက်မှတ်ရေးထိုး တံဆိပ်ခပ်နှိပ်သော အမိန့်စာဖြင့် ခန့်ထားရမည်။
:(၂) ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ် တွဲဖက်အစည်းအဝေး၏ သဘောတူညီချက်ဖြင့်၊ တရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော်ဆိုင်ရာ တရားဝန်ကြီး အားလုံးကို နိုင်ငံတော် သမတသည် မိမိကိုယ်တိုင် လက်မှတ်ရေးထိုး တံဆိပ်ခပ်နှိပ်သော အမိန့်စာဖြင့် ခန့်ထားရမည်။
'''၁၄၁။''' ။ တရားသူကြီးအားလုံးသည်၊ ဤအခြေခံဥပဒေနှင့် တရားဥပဒေများကိုသာ လိုက်နာ၍၊ မိမိတို့ ၏တရားစီရင်မှု အလုပ်ဝတ်တရားများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရမည်။
'''၁၄၂။''' ။ (၁) တဦးတယောက်သောသူသည်၊ မိမိကိုယ်တိုင်သော်၎င်း၊ မိမိ၏မိဘနှစ်ပါးသော်၎င်း၊ ပြည် ထောင်စုမြန်မာနိုင်ငံ၏ အာဏာပိုင်နက်တွင် မွေးဖွါးခဲ့၍၊ မိမိကိုယ်တိုင် ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်သော သူမဟုတ်လျှင်၊ သို့တည်းမဟုတ် အနည်းဆုံး ငါးနှစ် ထိုနိုင်ငံ၏ နိုင်ငံသားမဖြစ်ခဲ့ဘူးလျှင်၊ ထို့ပြင် -
::(က) အနည်းဆုံးငါးနှစ် ရန်ကုန်မြို့ ဟိုက်ကုတ်လွှတ်တော် တရားဝန်ကြီး မဖြစ်ခဲ့ဘူးလျှင်၊ သို့တည်း မဟုတ် အနည်းဆုံးငါးနှစ် ဤအခြေခံဥပဒေအရ တည်ထောင်သော တရားလွှတ်တော်၏ တရားဝန်ကြီး မဖြစ်ခဲ့ဘူးလျှင်၊ သို့တည်းမဟုတ်
::(ခ) အနည်းဆုံး တဆယ့်ငါးနှစ် အမှုလိုက်လဲဆောင်ရွက်ခဲ့ဘူးသော တရားလွှတ်တော်ရှေ့နေ မဟုတ် လျှင်
::ထိုသူသည်၊ လွှတ်တော်ချုပ် တရားဝန်ကြီးအဖြစ် ခန့်ထားထိုက်သော အရည်အချင်းနှင့် ပြည့်စုံခြင်း မရှိစေရ။
::ခြွင်းချက်။ ။ သို့ရာတွင် (က) တဦးတယောက်သောသူသည် တရားလွှတ်တော်ရှေ့နေ မဟုတ်လျှင်၊ သို့တည်းမဟုတ် တရားဌာန ရာထူးတွင် ပဌမအကြိမ် ခန့်အပ်စဉ်အခါက တရားလွှတ်တော်ရှေ့နေ မဟုတ်ခဲ့လျှင်၊ ထို့ပြင်
::(ခ) အနည်းဆုံး တဆယ့်ငါးနှစ် အမှုလိုက်လဲဆောင်ရွက်ခဲ့ဘူးသော တရားလွှတ်တော် ရှေ့နေမဟုတ် လျှင်
::ထိုသူသည်၊ နိုင်ငံတော် တရားဝန်ကြီးချုပ်အဖြစ် ခန့်ထားထိုက်သော အရည်အချင်းနှင့် ပြည့်စုံခြင်း မရှိ စေရ။
:(၂) တဦးတယောက်သောသူသည်၊ ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံသားမဟုတ်လျှင်၊ ထို့ပြင်-
::(က) အနည်းဆုံး ဆယ်နှစ် အမှုလိုက်လဲဆောင်ရွက်ခဲ့သော တရားလွှတ်တော်ရှေ့နေ မဟုတ်လျှင်၊ သို့ တည်းမဟုတ်
::(ခ) မြန်မာပြည်၌သော်၎င်း၊ ပြည်ထောင်စု နိုင်ငံ၌သော်၎င်း အနည်းဆုံး ငါးနှစ် ခရိုင်စက်ရှင် တရားသူကြီး၏ ရာထူးအောက်မနိမ့်သော၊ သို့တည်းမဟုတ် ရန်ကုန်မြို့တော် တရားမတရားရုံး တရားသူကြီးချုပ်၏ ရာထူးအောက်မနိမ့်သော တရားဌာနရာထူးတွင် ဆောင်ရွက်ခဲ့သူ မဟုတ်လျှင်
:ထိုသူသည် လွှတ်တော်တရားဝန်ကြီးအဖြစ် ခန့်ထားထိုက်သော အရည်အချင်းနှင့် ပြည့်စုံခြင်း မရှိစေရ။
:ခြွင်းချက်။ ။ သို့ရာတွင် (က) ထိုသူသည် တရားလွှတ်တော် ရှေ့နေမဟုတ်လျှင်၊ သို့တည်းမဟုတ် တရားဌာနရာထူးတွင် ပဌမအကြိမ် ခန့်အပ်စဉ်အခါက တရားလွှတ်တော် ရှေ့နေမဟုတ်ခဲ့လျှင်၊ ထို့ပြင်
::(ခ) အနည်းဆုံး တဆယ့်ငါးနှစ် အမှုလိုက်လဲ ဆောင်ရွက်ခဲ့ဘူးသော တရားလွှတ်တော်ရှေ့နေမဟုတ် လျှင်
:ထိုသူသည် လွှတ်တော်တရားဝန်ကြီးချုပ်အဖြစ် ခန့်ထားထိုက်သော အရည်အချင်းနှင့် ပြည့်စုံခြင်းမရှိ စေရ။
:(၃) တရားလွှတ်တော်ရှေ့နေ တဦး၏အမှုလိုက်လဲ ဆောင်ရွက်ခဲ့သော ကာလအပိုင်းအခြားကို ဤပုဒ်မ ၏ကိစ္စအလို့ငှါ တွက်စစ်ရာတွင်၊ ထိုသူတရားလွှတ်တော် ရှေ့နေဖြစ်ပြီးမှ၊ တရားဌာနရာထူးတွင် ထမ်းရွက်ခဲ့သော ကာလအပိုင်းအခြားကိုပါ ထည့်သွင်းရေတွက်ရမည်။
'''၁၄၃။''' ။ (၁) လွှတ်တော်ချုပ် တရားဝန်ကြီး တဦးသည်၊ သို့တည်းမဟုတ် လွှတ်တော်တရားဝန်ကြီး တဦးသည် မိမိကိုယ်တိုင် လက်မှတ်ထိုးသော နုတ်ထွက်စာကို၊ နိုင်ငံတော် သမတထံသို့ တင်သွင်း ခြင်းဖြင့်၊ ရာထူးမှ နုတ်ထွက်နိုင်သည်။
:(၂) ထင်ရှားသည်ဟု ဆုံးဖြတ်ပြီးဖြစ်သည့် အကျင့်စာရိတ္တ ပျက်ပြားမှုကြောင့်ဖြစ်စေ၊ မစွမ်းဆောင် နိုင်မှုကြောင့်ဖြစ်စေ၊ ထိုအကြောင်းတခုခုကြောင့်မှ တပါး၊ လွှတ်တော်ချုပ် တရားဝန်ကြီးကို၊ သို့တည်း မဟုတ် လွှတ်တော်တရားဝန်ကြီးကို ရာထူးမှ မနုတ်ပယ်ရ။
:(၃) ဤပုဒ်မရှိ ပြဋ္ဌာန်းချက်များနှင့်အညီ၊ ပါလီမန်ဆိုင်ရာ လွှတ်တော်တရပ်ရပ်သည် စွပ်စွဲချက်ကို တင်ပြရမည်။
:(၄) သက်ဆိုင်ရာလွှတ်တော်အမတ် စုစုပေါင်း၏ လေးပုံတပုံအောက် မလျော့သော အမတ်များက တင်ပြ ပါသည်ဟု ဆုံးဖြတ်ပြဋ္ဌာန်း လက်မှတ်ထိုး၍၊ အကြောင်းကြားသော အခါမှာမှတပါး၊ ပါလီမန်ဆိုင်ရာ လွှတ်တော်တရပ်ရပ်တွင် ဤပုဒ်မအရ တင်ပြရန်ဖြစ်သော စွပ်စွဲချက်အဆိုကို အရေးတယူပြု၍ မစဉ်း စားရ။
:(၅) လွှတ်တော်အစည်းအဝေးတက်သော အမတ်များအနက်၊ အမတ်များရာက ထောက်ခံ၍၊ ဆုံးဖြတ် ပြဋ္ဌာန်းချက် ချသောအခါမှာမှတပါး၊ ထိုကဲ့သို့သော စွပ်စွဲချက်အဆိုကို လက်မခံရ။
:(၆) စွပ်စွဲချက်သည် လွှတ်တော်ချုပ် တရားဝန်ကြီးတဦးနှင့် သက်ဆိုင်နေသော်၊ ထိုစွပ်စွဲချက်ကို အထူး ခုံတော်အဖွဲ့က စုံစမ်းစစ်ဆေးရမည်။ ထိုခုံတော်အဖွဲ့တွင် နိုင်ငံတော်သမတသော်၎င်း၊ နိုင်ငံတော် သမတက မိမိ၏သဘောအတိုင်း ခန့်ထားသော ပုဂ္ဂိုလ်တဦးသော်၎င်း၊ ထို့ပြင် လူမျိုးစုလွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့လည်း ပါဝင်ရမည်။
:စွပ်စွဲချက်သည် လွှတ်တော်တရားဝန်ကြီးတဦးနှင့် သက်ဆိုင်နေသော်၊ ထိုစွပ်စွဲချက်ကို အထူးခုံတော် အဖွဲ့က စုံစမ်းစစ်ဆေးရမည်။ ထိုခုံတော်အဖွဲ့တွင် နိုင်ငံတော် တရားဝန်ကြီးချုပ်၊ လူမျိုးစု လွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့ ပါဝင်ရမည်။
:(၇) စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးရာတွင်၊ စွပ်စွဲချက် တင်ပြခြင်းခံရသော တရားဝန်ကြီး၌၊ မိမိကိုယ်တိုင် သော်၎င်း၊ မိမိ၏ကိုယ်စားလှယ်ဖြင့်သော်၎င်း၊ ချေပခွင့် ရှိရမည်။
:(၈) အထူးခုံတော်အဖွဲ့သည် စုံစမ်းစစ်ဆေးပြီးနောက်၊ စွပ်စွဲချက်ကို တင်ပြခဲ့သော လွှတ်တော်သို့ အစီရင် ခံစာ တင်ပြရမည်။ စွပ်စွဲချက် မထင်ရှားဟု အထူးခုံတော်အဖွဲ့က အားလုံးသဘောတူ ယူဆခဲ့သော်၊ ထိုယူဆချက်သည် အပြီးအပြတ် အတည်ဖြစ်ရမည်။ သို့ရာတွင် သဘောကွဲလွဲသော အခါများ၌မူကား၊ အထူးတရားခုံတော်အဖွဲ့၏ အစီရင်ခံစာကို ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ်လုံးက တွဲဖက်အစည်း အဝေးတွင် စဉ်းစား ဆွေးနွေးရမည်။
:စွပ်စွဲချက်ကို စဉ်းစားဆွေးနွေးပြီးနောက်၊ စွပ်စွဲချက်ထင်ရှားသည်ဟူ၍၎င်း၊ တရားဝန်ကြီး၏အကျင့် စာရိတ္တ ပျက်ပြားခြင်းသည်၊ သို့တည်းမဟုတ် မစွမ်းမဆောင်နိုင်ခြင်းသည်၊ ရာထူး၌ ဆက်လက် ထမ်း ရွက်စေရန် မသင့်မထိုက်သော အကျင့်စာရိတ္တ ပျက်ပြားခြင်းမျိုး၊ သို့တည်းမဟုတ် မစွမ်းမဆောင် နိုင်ခြင်းမျိုး ဖြစ်သည်ဟူ၍၎င်း၊ တွဲဖက်အစည်းအဝေး တက်ရောက်မဲပေးသော အမတ်များရာက၊ အစည်း အဝေးတွင် ထောက်ခံ၍ ဆုံးဖြတ်ကျေညာခဲ့သော်၊ နိုင်ငံတော်သမတသည်၊ မိမိကိုယ်တိုင် လက်မှတ်ရေး ထိုးတံဆိပ်ခပ်နှိပ်သော အမိန့်စာဖြင့်၊ သက်ဆိုင်ရာ တရားဝန်ကြီးကို ရာထူးမှ နုတ်ပယ်ရမည်။
'''၁၄၄။'' ။ ပြည်ထောင်စု နိုင်ငံဝန်ထမ်းအားလုံးနှင့် စပ်လျဉ်း၍ အသုံးချွေတာခြင်း၊ ရာထူးအရေအတွက် လျှော့ခြင်းတို့ကို ပြုသောအခါတွင်၊ လွှတ်တော်ချုပ် တရားဝန်ကြီးသည်၊ သို့တည်းမဟုတ် လွှတ်တော် တရားဝန်ကြီးသည် မိမိ၏လစာကို လျှော့စေရန်၊ မိမိအလိုအလျောက် သဘောမတူခဲ့သော်၊ လွှတ်တော်ချုပ် တရားဝန်ကြီးကို၊ သို့တည်းမဟုတ် လွှတ်တော်တရားဝန်ကြီးကို ခန့်ထားပြီးမှ၊ သူ၏လ စာကိုသော်၎င်း၊ အခွင့်ယူခြင်းနှင့်၊ သို့တည်းမဟုတ် ပင်ရှင်ယူခြင်းနှင့် စပ်လျဉ်းသော အခွင့်အရေးများကို သော်၎င်း၊ သူ့အကျိုးနစ်နာအောင် ပြောင်းလဲခြင်းမပြုရ။
'''၁၄၅။''' ။ နိုင်ငံတော် တရားဝန်ကြီးချုပ် ရာထူးသော်၎င်း၊ လွှတ်တော် တရားဝန်ကြီးချုပ် ရာထူးသော် ၎င်း၊ လစ်လပ်သောအခါ၊ သို့တည်းမဟုတ် ထို နိုင်ငံတော် တရားဝန်ကြီးချုပ် သော်၎င်း၊ ထိုလွှတ်တော် တရား ဝန်ကြီးချုပ်သော်၎င်း အလုပ်ခွင်၌ မရှိသောကြောင့်ဖြစ်စေ အခြားအကြောင်းတခုခုကြောင့် ဖြစ်စေ၊ မိမိ၏ရာထူးဆိုင်ရာ တာဝန်ဝတ်တရားများကို မဆောင်ရွက်နိုင်ခဲ့လျှင်၊ ထို တာဝန်ဝတ်တရားများကို ၊ လစ်လပ်သော ရာထူးတွင် ခန့်ထားခြင်းခံရသော ပုဂ္ဂိုလ်က ဝင်ရောက်ထမ်းရွက်သည့်တိုင်အောင်၊ သို့တည်းမဟုတ် နိုင်ငံတော် တရားဝန်ကြီးချုပ် ကသော်၎င်း၊ လွှတ်တော် တရားဝန်ကြီးချုပ်ကသော်၎င်း၊ မိမိ၏ တာဝန်ဝတ်တရားများကို ပြန်လည်ဆောင်ရွက်သည့်တိုင်အောင်၊ နိုင်ငံတော်သမတက၊ ထိုကိစ္စ အတွက် ခန့်ထားသော တရားလွှတ်တော်ချုပ်ဆိုင်ရာ အခြားတရားဝန်ကြီးကသော်၎င်း၊ ထိုကဲ့သို့သော တရားလွှတ်တော်ဆိုင်ရာ အခြားတရားဝန်ကြီးကသော်၎င်း၊ အကြောင်းအားလျော်စွာ ဆောင်ရွက်ရ မည်။
'''၁၄၆။''' ။ (၁) တခါတရံ တရားလွှတ်တော်ချုပ်တွင် တရားဝန်ကြီး ရာထူးတခုသော်၎င်း၊ အများသော် ၎င်း၊ လစ်လပ်၏။ တခါတရံ တရားဝန်ကြီး တဦးသော်၎င်း၊ အများသော်၎င်း၊ နာဖျားမကျန်း ဖြစ်သောကြောင့် ဖြစ်စေ၊ ခွင့်ယူသောကြောင့်ဖြစ်စေ၊ အက်ဥပဒေဖြင့်၊ သို့တည်းမဟုတ် အခြားတနည်းနည်းဖြင့် ခွဲဝေ လွှဲ အပ်ထားသော အခြား တာဝန်ဝတ်တရားများကို ဆောင်ရွက်နေသောကြောင့် ဖြစ်စေ၊ အလုပ်ခွင်သို့ မတက်မရောက်နိုင်ဖြစ်၏။ တခါတရံ တရားဝန်ကြီး တဦးသော်၎င်း၊ အများသော်၎င်း၊ အရည်အချင်း ပျက်ယွင်း၏။ ထိုအခါ တမျိုးမျိုးတွင် တရားခွင်၌ တရားစီရင်ရန်သော်၎င်း၊ တရားကို ဆက်လက်စီရင် ရန်သော်၎င်း၊ တရားစီရင်ရေး အထမမြောက်နိုင်အောင် တရားလွှတ်တော်ချုပ်၌၊ တရားဝန်ကြီး ဦးရေ အစေ့ အငှမရှိဖြစ်၏။ ထိုသို့ဖြစ်သောအခါ၊ နိုင်ငံတော် တရားဝန်ကြီးချုပ်သည်၊ သို့တည်းမဟုတ် ခေတ္တ နိုင်ငံတော် တရားဝန်ကြီးချုပ်သည်၊ သို့တည်းမဟုတ် ထိုပုဂ္ဂိုလ်နှစ်ဦး မရှိခိုက်ဖြစ်လျှင်၊ တရားဝန်ကြီး များထဲမှ ဝါအရင့်ဆုံး ဖြစ်သော တရားဝန်ကြီးသည်၊ လိုအပ်သော ကာလအပိုင်းအခြားအတွက် လွှတ်တော် တရားဝန်ကြီး တဦးအား တရားလွှတ်တော်ချုပ် တရားခွင်သို့ တက်ရောက်ပါဝင် စီရင်နိုင် စေရန်၊ အမည်ထုတ်ဖေါ်၍၊ စာဖြင့်ရေးသား ဆင့်ဆိုနိုင်သည်။
:(၂) ထိုသို့ဆင့်ဆိုခြင်းခံရသော လွှတ်တော်တရားဝန်ကြီးသည်၊ မိမိ၏ရာထူးဆိုင်ရာ တာဝန်ဝတ်တရား များထက် တရားလွှတ်တော်ချုပ်ဆိုင်ရာ တာဝန်ဝတ်တရားများကို အဦးအဖျားထားကာ ဆောင်ရွက် ရမည်ဖြစ်သောကြောင့်၊ တရားစီရင်ရန် လိုအပ်သောအချိန်၌၎င်း၊ တရားစီရင်ရန် လိုအပ်သော ကာလ အပိုင်းအခြား အတွင်း၌၎င်း၊ တရားလွှတ်တော်ချုပ်၏ တရားခွင်သို့ တက်ရောက်တရားစီရင်ရမည်။ ထိုသို့ တက်ရောက် တရားစီရင်ရာတွင် ထိုတရားဝန်ကြီးသည်၊ လွှတ်တော်ချုပ် တရားဝန်ကြီး၏ အာဏာများနှင့် အခွင့်အရေးများကို ရရှိရမည့်အပြင်၊ တာဝန်ဝတ်တရားများကိုလည်း ဆောင်ရွက်ရမည်။
'''၁၄၇။''' ။ လွှတ်တော်တရားဝန်ကြီးရာထူးတခု လစ်လပ်ခဲ့သော်၊ သို့တည်းမဟုတ် လွှတ်တော်တရား ဝန်ကြီးတဦးသည် အလုပ်ခွင်၌ မရှိသောကြောင့် သော်၎င်း၊ အခြားအကြောင်းတခုခုကြောင့်သော်၎င်း၊ မိမိ၏ တာဝန်ဝတ်တရားများကို မဆောင်ရွက်နိုင်ခဲ့သော်၊ နိုင်ငံတော် သမတသည် အရည်အချင်းနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တဦးအား၊ လွှတ်တော်တရားဝန်ကြီးအဖြစ်ဖြင့် ခေတ္တဆောင်ရွက်စေရန် မိမိ၏ သဘောအတိုင်းခန့်ထားနိုင်သည်။ ဤအခြေခံ ဥပဒေရှိ ပုဒ်မ ၁၄၀၊ ပုဒ်မခွဲ (၂)အရ၊ ခန့်ထားခြင်း ခံရ သော ပုဂ္ဂိုလ်သည်၊ အထက်ပါ လစ်လပ်ခဲ့သော ရာထူးတွင် ဝင်ရောက်ထမ်းရွက်သည့်တိုင်အောင်၊ သို့ တည်းမဟုတ် အမြဲတန်းတရားဝန်ကြီးသည် မိမိ၏ တာဝန်ဝတ်တရားများကို ပြန်လည် ဆောင်ရွက် သည့်တိုင်အောင်၊ နိုင်ငံတော်သမတက မိမိ၏သဘောအတိုင်း ထိုပုဂ္ဂိုလ်အား၊ ရာထူးမှ မနုတ်သိမ်းသေး သမျှ အထက်ပါ ခန့်ထားခြင်းခံရသော ပုဂ္ဂိုလ်သည်၊ လွှတ်တော်တရားဝန်ကြီးဖြစ်သည်ဟု မှတ်ယူရမည်။
'''၁၄၈။''' ။ တရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော်တို့သည်၊ မော်ကွန်းရုံးများ ဖြစ်ရမည်။ ထိုလွှတ်တော် များသည်၊ ပြည်ထောင်စုနိုင်ငံ၏ မြို့တော်တွင် ရုံးစိုက်ကြရမည့်အပြင် နိုင်ငံတော် တရားဝန်ကြီးချုပ် နှင့် ညှိနှိုင်းတိုင်ပင်ပြီးနောက်၊ နိုင်ငံတော် သမတက အခါကာလအားလျော်စွာ သတ်မှတ်သော နေရာ၌ လည်း၊ သို့တည်းမဟုတ် နေရာများ၌လည်း ရုံးစိုက်ကြရမည်။
:ခြွင်းချက်။ ။ သို့ရာတွင် တရားလွှတ်တော် တရားဝန်ကြီး တဦးသည်၊ သို့တည်းမဟုတ် တဦးထက်မပို သော တရားလွှတ်တော် တရားဝန်ကြီးများသည်၊ နိုင်ငံတော်သမတက နိုင်ငံတော် တရားဝန်ကြီးချုပ်နှင့် ညှိနှိုင်းတိုင်ပင်ပြီးနောက် အခါကာလအားလျော်စွာ သတ်မှတ်သော ရှမ်းပြည်နယ်ရှိ နေရာတနေရာ၌ ရုံးထိုင်ရမည်။
'''၁၄၉။''' ။ တရားရုံးများနှင့် စပ်လျဉ်း၍၊ ဤအခြေခံဥပဒေရှိ အထက်ကဖေါ်ပြခဲ့သော ပြဋ္ဌာန်းချက်များ နှင့် မဆန့်ကျင်စေဘဲ၊ အောက်ပါကိစ္စများကို တရားဥပဒေနှင့်အညီ သတ်မှတ်ရမည်။
:(က) တရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော်တို့အတွက်၊ တရားဝန်ကြီးဦးရေ သတ်မှတ်ရေး ကိစ္စ၊ တရားဝန်ကြီးများ၏ လစာငွေ၊ အငြိမ်းစားယူသော အသက်အရွယ်နှင့် ပင်ရှင်လစာငွေကိစ္စများ၊ ထို့ပြင်
:(ခ) တရားရုံးများကို တည်ထောင်ဖွဲ့စည်းခြင်း၊ တရားရုံးများနှင့် တရားသူကြီးများအားလုပ်ငန်း ဆောင် တာများကို ခွဲဝေပေးခြင်း၊ ထိုတရားရုံး၊ ထိုတရားသူကြီးများ၏ စီရင်ပိုင်ခွင့်များ၊ လုပ်ငန်းစဉ်ဆိုင် ရာကိစ္စများ။
'''၁၅၀။''' ။ ဤအခြေခံ ဥပဒေအရ ခန့်ထားသော တရားသူကြီးသော်၎င်း၊ တည်ထောင်ထားသော တရား ရုံးသော်၎င်း မဟုတ်စေကာမူ၊ ကန့်သတ်ထားသည့် တရားစီရင်ရေးဆိုင်ရာ အလုပ်ဝတ်တရားများကို ဖြစ်စေ၊ အာဏာများကိုဖြစ်စေ၊ သုံးစွဲဆောင်ရွက်စေရန် တရားဥပဒေဖြင့် ကျနစွာ လွှဲအပ်ခြင်းခံရသောသူ ၏၊ သို့တည်းမဟုတ် အဖွဲ့၏ သုံးစွဲဆောင်ရွက်မှု၌ ခိုင်လုံခြင်း ရှိသည်ကို၊ ဤအခြေခံဥပဒေရှိ မည်သည့် ပြဋ္ဌာန်းချက်ကမျှ ပျက်ပြယ်အောင် မပြုရ။
'''၁၅၁။''' ။ (၁) တရားလွှတ်တော်ချုပ်၏ ထင်မြင်ယူဆချက်ကို ယူရလောက်အောင် ပြည်သူများအတွက် အရေးကြီးသည်ဟူသော ဥပဒေအကြောင်းဆိုင်ရာ ပြဿနာတရပ်ပေါ်ပေါက်လာသည်ဟု သော်၎င်း၊ ပေါ်ပေါက်ရန် အကြောင်းရှိသည်ဟု သော်၎င်း၊ နိုင်ငံတော်သမတသည် မည်သည့်အခါ၌မဆို ထင်မြင် ယူဆခဲ့သော်၊ ထိုပြဿနာကို စဉ်းစားစေရန် တရားလွှတ်တော်ချုပ်သို့ လွှဲအပ်နိုင်သည်။ တရား လွှတ်တော်ချုပ်ကလည်း ၊ ထိုပြဿနာနှင့် စပ်လျဉ်း၍ လျော်ကန်သင့်မြတ်သည့်အတိုင်း ကြားနာစစ် ဆေးပြီးနောက်၊ နိုင်ငံတော်သမတထံ အစီရင်ခံနိုင်ရမည်။
:(၂) ထိုပြဿနာကို ကြားနာစစ်ဆေးစဉ်က၊ ပါဝင်ဆောင်ရွက်ကြသော တရားဝန်ကြီးများရာ၏ သဘော ကြိုက်ညီချက်ဖြင့် တရားခွင်တွင် အထင်အရှားချမှတ်သော ထင်မြင်ယူဆချက်နှင့်အညီ ဤပုဒ်မအရ၊ အစီရင်ခံသည်မှတပါး၊ မည်သို့မျှ အစီရင်မခံရ၊ သို့ရာတွင် တရားဝန်ကြီးတဦးဦး၏ သဘောကွဲလွဲသော ထင်မြင်ယူဆချက်ကိုမူကား၊ ဤပုဒ်မခွဲရှိ စကားကြောင့် ထုတ်ဖေါ်ရေးသားခွင့် မပြုဟု မမှတ်ယူရ။
'''၁၅၂။''' ။ တရားလွှတ်တော်ချုပ်က ဆုံးဖြတ် ကျေညာလိုက်သော တရားဥပဒေသည် ပြည်ထောင်စု နိုင်ငံ၏ အာဏာပိုင်နက်အတွင်းရှိ တရားရုံးအားလုံးအပေါ်တွင် သက်ဆိုင်နိုင်သမျှ သက်ဆိုင်သည်အထိ၊ အာဏာ တည်သည်ဟူ၍၎င်း၊ ထိုတရားရုံးများက လိုက်နာရမည်ဟူ၍၎င်း၊ အသိအမှတ်ပြုရမည်။
'''၁၅၃။''' ။ ဤအခြေခံဥပဒေအရ ပေးအပ်ထားသော တရားစီရင်ပိုင်ခွင့်အာဏာကို၊ တရားလွှတ်တော် ချုပ်က ပိုမိုထိရောက်စွာ သုံးစွဲနိုင်စေခြင်းအလို့ငှါ၊ လိုအပ်သည်ဟု၊ သို့တည်းမဟုတ် အလိုရှိထိုက်သည်ဟု ထင်မြင်ယူဆနိုင်၍၊ ဤအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များနှင့်လည်း မညီမညွတ်ဖြစ်သော ထပ်ဖြည့် အာဏာများကို၊ တရားလွှတ်တော်ချုပ်အား ပေးအပ်ရန်၊ ပါလီမန်သည်၊အက်ဥပဒေဖြင့် ပြဋ္ဌာန်းနိုင်သည်။
==အခန်း ၉။==
===အပိုင်း ၁။ ရှမ်းပြည်နယ်။===
====ရှမ်းပြည်နယ်ကောင်စီ။====
'''၁၅၄။''' ။ (၁) ပါလီမန်၏ ရှမ်းပြည်နယ်ဆိုင်ရာ ကိုယ်စားလှယ်အမတ်အားလုံး ပါဝင်သည့် ရှမ်းပြည်နယ် ကောင်စီကို ဖွဲ့စည်းရမည်။
:(၂) လူမျိုးစု လွှတ်တော်၌ပါဝင်မည့် ရှမ်းပြည်နယ်ဆိုင်ရာ အမတ်အားလုံးကို ရှမ်းပြည်နယ်၏ စော်ဘွား များသည် မိမိတို့စော်ဘွားများထဲမှ ရွေးကောက်တင်မြှောက်ရမည်။ စော်ဘွားများသည် ပြည်သူ့လွှတ် တော်တွင် အမတ်ဖြစ်နိုင်ခွင့်မရရှိစေရ။
:(၃) ပါလီမန်အမတ်အဖြစ်မှ ရပ်စဲသော ပြည်နယ်ကောင်စီအမတ်သည်၊ ကောင်စီ၌ လည်း ကောင်စီ အမတ်အဖြစ်မှ ရပ်စဲသည်ဟု မှတ်ယူရမည်။ သို့ရာတွင် ထိုကောင်စီအမတ်သည်၊ မိမိအား ဆက်ခံမည့် သူကို ရွေးကောက်တင်မြှောက်ပြီးသည့်တိုင်အောင်၊ မိမိ၏တာဝန်ဝတ်တရားများကို ဆက်လက် ဆောင်ရွက်နိုင်သည်။
'''၁၅၅။''' ။ ပြည်နယ်ကောင်စီသည်၊ မိမိကိုယ်တိုင် ဥပဒေပြုပိုင်ခွင့်မရှိသော ကိစ္စနှင့်သက်ဆိုင်သည့် ဥပဒေ များကို ပြုပေးရန်၊ ပါလီမန်သို့ ထောက်ခံချက်တင်သွင်းနိုင်သည်။
'''၁၅၆။''' ။ ပြည်နယ်ကောင်စီသည်၊ ဥပဒေကြမ်းတခုကို အတည်ပြုပြီးသောအခါ၊ ထိုဥပဒေကြမ်းကို လက်မှတ်ထိုး၍ ထုတ်ပြန်ကျေညာပေးရန် နိုင်ငံတော်သမတထံသို့ တင်သွင်းရမည်။ နိုင်ငံတော် သမတသည် အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍၊ တဆက်တည်းဖြစ်သော အောက်ပုဒ်မအရ တရား လွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်ကို မေးမြန်းတောင်းဆိုခြင်းမပြုလျှင်၊ ထိုဥပဒေကြမ်းကို တင်သွင်းသည် မှစ၍ တလအတွင်းတွင်၊ လက်မှတ်ထိုးရမည်။
'''၁၅၇။''' ။ (၁) နိုင်ငံတော်သမတထံသို့ တဆက်တည်းဖြစ်သော အထက်ပုဒ်မ အရတင်သွင်းသော ဥပဒေ ကြမ်းသည်၊ သို့တည်းမဟုတ် ထိုဥပဒေကြမ်း၏ တစိတ်တဒေသသည်၊ ဤအခြေခံဥပဒေနှင့် ဆန့်ကျင် သည်၊ မဆန့်ကျင်သည် ဟူသော ပြဿနာကို ဆုံးဖြတ်ပေးရန်၊ နိုင်ငံတော်သမတသည်၊ မိမိ၏သဘောအ တိုင်း တရားလွှတ်တော်ချုပ်သို့၊ ထိုဥပဒေကြမ်းကို လွှဲအပ်နိုင်သည်။
:(၂) လွှတ်တော်ချုပ် တရားဝန်ကြီး သုံးဦးအောက်မနည်းပါဝင်သော ခုံတော်သည်၊ လွှဲအပ်သောပြဿနာ ကိုစဉ်းစားရမည်။ လွှဲအပ်သော ပြဿနာကို သင့်မြတ်လျော်ကန်သည်ဟု ထင်မြင်သည့်အတိုင်း ကြားနာ စစ်ဆေးစဉ်းစားပြီးသောအခါ၊ ထိုပြဿနာနှင့် စပ်လျဉ်း၍၊ လွှဲအပ်ပြီးသည့်နောက်၊ ရက်ပေါင်း ၃၀အောက်နောက်မကျစေဘဲ၊ မိမိတို့၏ ဆုံးဖြတ်ချက်ကို လျင်မြန်နိုင်သမျှ လျင်မြန်စွာ တရားရုံးတွင် အထင်အရှား ကျေညာရမည်။ ဤပုဒ်မ၏ ကိစ္စများအလို့ငှါ၊ တရားဝန်ကြီးများရာ၏ ဆုံးဖြတ်ချက်သည်၊ တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်ဖြစ်ရမည်။
:(၃) ဤပုဒ်မအရ၊ တရားလွှတ်တော်ချုပ်သို့ လွှဲအပ်သော ဥပဒေကြမ်းရှိ ပြဋ္ဌာန်းချက်သည်၊ ဤအခြေ ခံဥပဒေနှင့် ဆန့်ကျင်သည်ဟု တရားလွှတ်တော်ချုပ်က ဆုံးဖြတ်သော ကိစ္စတိုင်း၌၊ နိုင်ငံတော်သမတ သည် ထိုဥပဒေကြမ်းကို ပြန်လည်စဉ်းစားဆွေးနွေးစေရန် ပြည်နယ် ကောင်စီသို့ ပြန်ပို့ ရမည်။ ပြည်နယ် ကောင်စီက လိုအပ်သော ပြင်ဆင်ချက်များကို မပြုလျှင်၊ နိုင်ငံတော်သမတသည်၊ ထို ဥပဒေကြမ်းကို လက်မှတ်မထိုးဟု ငြင်းဆိုရမည်။
:(၄) ထိုသို့ငြင်းဆိုဘွယ်မရှိလျှင်၊ နိုင်ငံတော်သမတသည် တရားလွှတ်တော်ချုပ်က အဆုံးအဖြတ်ကို ထုတ်ဖေါ်ကျေညာပြီးသည့်နောက်၊ လျင်မြန်နိုင်သမျှ လျင်မြန်စွာ ထိုဥပဒေကြမ်းကို လက်မှတ်ထိုး၍၊ အက်ဥပဒေဖြစ်လာကြောင်း ထုတ်ပြန်ကျေညာရမည်။
:(၅) တဆက်တည်းဖြစ်သော အထက်ပုဒ်မအရ တင်သွင်းသော ဥပဒေကြမ်းကို တရားလွှတ်တော်ချုပ် သို့ မလွှဲမအပ်ဘဲနှင့်ဖြစ်စေ၊ လွှဲအပ်ပြီးမှဖြစ်စေ၊ နိုင်ငံတော်သမတက လက်မှတ်ထိုးခဲ့ပြီးလျှင်၊ ပြည်နယ် ကောင်စီက ပြုပိုင်ခွင့်မရှိဟူသော အကြောင်းပြချက်ဖြင့်၊ ထိုဥပဒေကြမ်းရှိ ပြဋ္ဌာန်းချက်သည် မခိုင်လုံဟု ငြင်းဆိုခြင်းမပြုရ။
'''၁၅၈။''' ။ နိုင်ငံတော်သမတလက်မှတ်ထိုးသော ပြည်နယ်ကောင်စီ အက်ဥပဒေစာမူတိုင်းကို တရားလွှတ်တော်ချုပ်၏ အတွင်းဝန်ရုံး၌ မော်ကွန်းတင်ရမည်။ မိတ္တူတိုင်းကိုလည်း၊ ရှမ်းပြည်နယ် ဝန် ကြီးရုံး၌ မော်ကွန်းတင်ရမည်။
'''၁၅၉။''' ။ ရှမ်းပြည်နယ် ဥက္ကဋ္ဌသည်၊ အခါကာလအားလျော်စွာ ပြည်နယ်ကောင်စီကို ဆင့်ခေါ်နိုင်သည်၊ ရုပ်သိမ်းနိုင်သည်။
:သို့ရာတွင် ပြည်နယ်ကောင်စီ၏ ညီလာခံကို နှစ်စဉ် တနှစ်လျှင် အနည်းဆုံးတကြိမ် ကျင်းပရမည်။ ထို သို့ကျင်းပသောအခါ၊ ပြည်နယ်ကောင်စီ ညီလာခံတခု၏ နောက်ဆုံးအစည်းအဝေးနှင့် နောက်ထပ် ကျင်း ပသော ပြည်နယ်ကောင်စီညီလာခံ၏ ပဌမအစည်းအဝေးတို့၏ စပ်ကြားတွင် ၁၂လ ခြားမနေစေရ။
====ရှမ်းပြည်နယ်အစိုးရ။====
'''၁၆၀။''' ။ ဝန်ကြီးချုပ်သည်၊ ရှမ်းပြည်နယ်ကောင်စီနှင့် ညှိနှိုင်းတိုင်ပင်၍၊ ပါလီမန်၏ ရှမ်းပြည်နယ်ဆိုင် ရာ ကိုယ်စားလှယ်အမတ်များအနက်၊ အမတ်တဦးဦး၏ အမည်ကို တင်သွင်းသောအခါ၊ ထိုသို့ အမည်တင်သွင်းခြင်းခံရသော အမတ်ကို နိုင်ငံတော်သမတသည် အောက်တွင် “ရှမ်းပြည်နယ်ဝန်ကြီး” ဟုခေါ်တွင်ရမည်ဖြစ်သော ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ်ဖြင့် ခန့်ထားရမည်။ ထိုသို့ ခန့် ထားခြင်းခံရသော ဝန်ကြီးသည် ဤအခြေခံဥပဒေ၏ ကိစ္စများအတွက် ရှမ်းပြည်နယ် ဥက္ကဋ္ဌလည်း ဖြစ်ရ မည်။
'''၁၆၁။''' ။ (၁) ရှမ်းပြည်နယ်ဥက္ကဋ္ဌသည် ရှမ်းပြည်နယ် စီရင်အုပ်ချုပ်ရေးကိစ္စကို တာဝန်ယူ၍ ဆောင်ရွက် ရမည်။ ဆိုလိုရင်းမှာ၊ ရှမ်းပြည်နယ်ဥက္ကဌသည် တိုက်ရိုက်ဖြစ်စေ၊ လက်အောက်ခံအရာရှိများမှ တဆင့် ဖြစ်စေ၊ ပြည်နယ်၏ အုပ်ချုပ်မှု အခွင့်အာဏာကို သုံးစွဲနိုင်ရမည်။
:(၂) တဆက်တည်းဖြစ်သော အောက်ပုဒ်မရှိ ပြဋ္ဌာန်းချက်များ၏ ယေဘုယျ သဘောကို မထိခိုက်စေဘဲ၊ ဆိုခဲ့သော အုပ်ချုပ်မှု အခွင့်အာဏာသည် ပြည်နယ် အုပ်ချုပ်ရေးဆိုင်ရာ ရာထမ်းမှုထမ်းများ ခန့်ထား ခြင်း၊ နေရာချခြင်း၊ ရွှေ့ပြောင်းပေးခြင်း၊ ထိုရာထမ်းမှုထမ်းများ စည်းကမ်းသေဝပ်ခြင်း ကိစ္စအားလုံးသို့ သက်ရောက်ပြန့်နှံ့ရမည်။
'''၁၆၂။''' ။ (၁) ဤအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ပြည်နယ်၏ အုပ်ချုပ်မှု အခွင့် အာဏာသည် ပြည်နယ်ကောင်စီက တရားဥပဒေပြုပိုင်သော ကိစ္စများသို့ သက်ရောက်ပြန့်နှံ့သည်။ အုပ်ချုပ်မှု အခွင့်အာဏာကို သုံးစွဲရာတွင်၊ ပြည်နယ်ဥက္ကဋ္ဌသည် ကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာ ရမည်။
:(၂) ပြည်နယ်ဆိုင်ရာ အခြားကိစ္စအားလုံးတွင်၊ ပြည်နယ်ဥက္ကဋ္ဌသည် ပြည်နယ်ကောင်စီနှင့် ညှိနှိုင်း တိုင်ပင်ရမည်။
:(၃) ရှမ်းပြည်နယ်ကောင်စီ၏ ဆုံးဖြတ်ချက်များနှင့် ထင်မြင်ချက်များကို ပြည်နယ်ဥက္ကဋ္ဌထံသို့ တင်ပြရာ တွင် လွယ်ကူစိမ့်သောငှါ၊ ပြည်နယ်ကောင်စီသည် ရွေးကောက်ပွဲပြီးသည့်နောက်၊ ပဌမအကြိမ်ကျင်းပ သော အစည်းအဝေးတွင် ကောင်စီအမတ်များထဲမှ သော်၎င်း၊ ကောင်စီအမတ်မဟုတ်သူများထဲ မှသော် ၎င်း ရွေးချယ်၍ ပြည်နယ်အစိုးရအဖွဲ့ကို ဖွဲ့စည်းရမည်။ ထိုအစိုးရအဖွဲ့သည် ပြည်နယ်ဥက္ကဋ္ဌကို အလုပ် ဝတ်တရားများ ဆောင်ရွက်ရာတွင် ကူညီရန်၊ အကြံပေးရန်ဖြစ်သည်။
'''၁၆၃။''' ။ ပြည်နယ်ဥက္ကဋ္ဌသည် ပြည်နယ်ကောင်စီ၏ သာမန်ညီလာခံကျင်းပသောအခါများ၌၊ မိမိဆောင် ရွက်ခဲ့သော လုပ်ငန်းဆောင်တာအကြောင်းကို ပြောကြားရမည်။ သို့တည်းမဟုတ် ပြောကြားစေရမည်။ ရှမ်းပြည်နယ်ကိစ္စအားလုံးနှင့် သက်ဆိုင်သော အစီရင်ခံစာကို တင်သွင်းရမည်။ သို့တည်းမဟုတ် တင်သွင်းစေရမည်။ ပြည်နယ်၏အကျိုးစီးပွါးတိုးတက်ရာ တိုးတက်ကြောင်းဖြစ်သည်ဟု ထင်မြင် ယူဆ သော စီမံချက်များကို စဉ်းစားဆွေးနွေးစေရန် ပြည်နယ်ကောင်စီအား ထောက်ခံအကြံပေးရမည်။
'''၁၆၄။''' ။ (၁) ပြည်နယ်ဥက္ကဋ္ဌသည် ဘဏ္ဍာတော်နှစ်တိုင်း တနှစ်အတွက်၊ ပြည်နယ်ဆိုင်ရာ အရမှန်းခြေ ငွေစာရင်းနှင့် အသုံးမှန်းခြေငွေစာရင်းများကို ပြုရမည်။ သို့တည်းမဟုတ် ပြုစေရမည်။ ထိုငွေစာရင်းများ ကို စဉ်းစားဆွေးနွေးစေရန် ပြည်နယ်ကောင်စီသို့ တင်သွင်းရမည်။ သို့တည်းမဟုတ် တင်သွင်းစေရမည်။
:(၂) ပြည်ထောင်စုအစိုးရ၏ အထောက်အပံ့ငွေနှင့် စပ်လျဉ်း၍၊ ပြည်ထောင်စုအစိုးရက သတ်မှတ်သော စည်းကမ်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ပြည်နယ်ကောင်စီသည် ပြည်နယ်၏ ဘတ်ဂျက်ကို လက်ခံ အတည်ပြုနိုင်ရန် အာဏာရှိရမည်။ ထိုစည်းကမ်းချက်များအတိုင်း၊ ပြည်နယ်ကောင်စီက ကျနစွာ လိုက် နာကြောင်း နိုင်ငံတော်သမတအား၊ ကျေနပ်နိုင်စေရန် ပြည်နယ်၏ဘတ်ဂျက်ကို ပြည်ထောင်စု အစိုးရ၏ ဘတ်ဂျက်တွင်၊ ထည့်သွင်းဖေါ်ပြရမည်။
'''၁၆၅။''' ။ ဤအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ပြည်နယ်ဥက္ကဋ္ဌ၊ ပြည်နယ်ကောင်စီ၊ ပြည်နယ်အစိုးရအဖွဲ့တို့၏ အာဏာနှင့် တာဝန်ဝတ်တရားများဆိုင်ရာ ကိစ္စများ၊ ထို့ပြင် ထိုဥက္ကဋ္ဌ၊ ထိုကောင်စီ၊ ထိုအစိုးရအဖွဲ့တို့ အချင်းချင်း ဆက်ဆံရေးကိစ္စများ၊ ထို့ပြင် ထိုဥက္ကဋ္ဌ၊ ထိုကောင်စီ၊ ထိုအစိုး ရအဖွဲ့တို့နှင့် ပြည်ထောင်စုအစိုးရ၏ ဆက်ဆံရေးကိစ္စများပါဝင်သော ပြည်နယ်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာကိစ္စအားလုံးကို တရားဥပဒေဖြင့် ပြဋ္ဌာန်းသတ်မှတ်ရမည်။
===အပိုင်း ၂။ ကချင်ပြည်နယ်။===
====ကချင်ပြည်နယ်ကောင်စီ။====
'''၁၆၆။''' ။ (၁) ပါလီမန်၏ ကချင်ပြည်နယ် ဆိုင်ရာ ကိုယ်စားလှယ်အမတ်အားလုံး ပါဝင်သည့် ကချင်ပြည်နယ် ကောင်စီကို ဖွဲ့စည်းရမည်။
:(၂) လူမျိုးစုလွှတ်တော်၌ ကချင်ပြည်နယ်အတွက် သတ်မှတ်ထားသော အမတ်နေရာ ၁၂ နေရာအနက်၊ ၆နေရာကို ကချင်ပြည်နယ်မှ ကချင်အမျိုးသားများ၏ ကိုယ်စားလှယ် အမတ်များဖြင့် ဖြည့်သွင်းရ မည်။ အခြား ၆နေရာကို ကချင်ပြည်နယ်မှ ကချင် အမျိုးသားမဟုတ်သူများ၏ ကိုယ်စားလှယ်အမတ်များဖြင့် ဖြည့်သွင်းရမည်။
:(၃) ပါလီမန်အမတ်အဖြစ်မှ ရပ်စဲသော ပြည်နယ်ကောင်စီအမတ်သည်၊ ကောင်စီ၌လည်း ကောင်စီ အမတ် အဖြစ်မှ ရပ်စဲသည်ဟု မှတ်ယူရမည်။ သို့ရာတွင် ထိုကောင်စီအမတ်သည်၊ မိမိအား ဆက်ခံမည့် သူကို ရွေးကောက်တင်မြှောက်ပြီးသည့်တိုင်အောင် မိမိ၏တာဝန်ဝတ်တရားများကို ဆက်လက်ဆောင် ရွက်နိုင်သည်။
'''၁၆၇။''' ။ (၁) ဤအခြေခံဥပဒေ အာဏာတည်အံ့ဆဲဆဲကာလက၊ ကချင်အမျိုးသားများသည်၊ သို့တည်း မဟုတ် ကချင်အမျိုးသားမဟုတ်သော အမျိုးသားများသည် လူတန်းစားအဖြစ်ဖြင့် သော်၎င်း၊ လူမျိုး စုအဖြစ်ဖြင့်သော်၎င်း၊ ခံစားခဲ့ကြသော အခွင့်အရေးများကို ထိခိုက်နစ်နာစေသည့် ဥပဒေကြမ်းသည်၊ အစည်း အဝေးတက်ရောက်မဲပေးသော ကချင်အမျိုးသားများ၏ ကိုယ်စားလှယ်အမတ်များရာက သော် ၎င်း၊ ကချင် အမျိုးသားမဟုတ်သူများ၏ ကိုယ်စားလှယ်အမတ် များရာကသော်၎င်း၊ သက်ဆိုင်ရာရာက ထောက်ခံ၍ မဲပေးခြင်း မပြုလျှင်၊ ပြည်နယ်ကောင်စီ၏အတည်ပြုချက်ကို ရသည်ဟု မမှတ်ယူရ။
:(၂) ပြည်နယ်ကောင်စီတွင်၊ ဥပဒေကြမ်းတခုသည်၊ တဆက်တည်းဖြစ်သော အထက်ပုဒ်မခွဲတွင် ဖေါ်ပြ သည့်သဘောမျိုး သက်ရောက်သော ဥပဒေကြမ်း ဟုတ်မဟုတ် အငြင်းဖြစ်ပွါးခဲ့သော်၊ သဘာပတိသည်၊ ထိုအငြင်းဖြစ်ပွါးမှုနှင့်စပ်လျဉ်း၍ ပြည်နယ်ကောင်စီဝင်ကချင်အမျိုးသားများ၏ ကိုယ်စားလှယ် အမတ်များနှင့် ကချင်အမျိုးသားမဟုတ်သူများ၏ ကိုယ်စားလှယ်အမတ်များအား၊ တသီးတခြားစီ မဲဆန္ဒပေးစေရမည်။ ကချင်အမျိုးသားများ၏ ကိုယ်စားလှယ်အမတ် များရာကသော်၎င်း၊ ကချင်အမျိုးသား မဟုတ်သူများ၏ ကိုယ်စားလှယ်အမတ်များရာကသော်၎င်း သက်ဆိုင်ရာရာက ထောက်ခံ၍ မဲပေးခဲ့သော်၊ ထိုဥပဒေကြမ်းသည် ဖေါ်ပြခဲ့သော သဘောမျိုးသက်ရောက်သည့် ဥပဒေကြမ်းဖြစ်သည်ဟု မှတ်ယူရမည်။
'''၁၆၈။''' ။ ပြည်နယ်ကောင်စီသည်၊ မိမိကိုယ်တိုင် ဥပဒေပြုပိုင်ခွင့်မရှိသော ကိစ္စနှင့်သက်ဆိုင်သည့် ဥပဒေ များကို ပြုပေးရန် ပါလီမန်သို့ ထောက်ခံချက်တင်သွင်းနိုင်သည်။
'''၁၆၉။ '''။ ပြည်နယ်ကောင်စီသည်၊ ဥပဒေကြမ်းတခုကို အတည်ပြုပြီးသောအခါ၊ ထိုဥပဒေကြမ်းကို လက် မှတ်ထိုး၍ ထုတ်ပြန်ကျေညာပေးရန် နိုင်ငံတော်သမတထံသို့ တင်သွင်းရမည်။ နိုင်ငံတော်သမတသည် အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တဆက်တည်းဖြစ်သော အောက်ပုဒ်မအရ၊ တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်ကို မေးမြန်းတောင်းဆိုခြင်းမပြုလျှင်၊ ထိုဥပဒေကြမ်းကို တင်သွင်းသည်မှစ၍ တလ အတွင်းတွင် လက်မှတ်ရေးထိုးရမည်။
'''၁၇၀။''' ။ (၁) နိုင်ငံတော်သမတထံသို့ တဆက်တည်းဖြစ်သော အထက်ပုဒ်မအရ တင်သွင်းသော ဥပဒေ ကြမ်းသည်၊ သို့တည်းမဟုတ် ထိုဥပဒေကြမ်း၏ တစိတ်တဒေသသည်၊ ဤ အခြေခံဥပဒေနှင့် ဆန့်ကျင် သည်၊ မဆန့်ကျင်သည်ဟူသော ပြဿနာကို ဆုံးဖြတ်ပေးရန်၊ တရားလွှတ်တော်ချုပ်သို့ နိုင်ငံတော်သမတ သည်၊ မိမိ၏ သဘောအတိုင်း ထိုဥပဒေကြမ်းကို လွှဲအပ်နိုင်သည်။
:(၂) လွှတ်တော်ချုပ် တရားဝန်ကြီး သုံးဦးအောက်မနည်းပါဝင်သော ခုံတော်သည် လွှဲအပ်သော ပြဿနာကို စဉ်းစားရမည်။ လွှဲအပ်သောပြဿနာကို သင့်မြတ်လျော်ကန်သည်ဟု ထင်မြင်သည့် အတိုင်း ကြားနာစစ်ဆေးစဉ်းစားပြီးနောက်၊ ထိုပြဿနာနှင့် စပ်လျဉ်း၍ လွှဲအပ်ပြီးသည်နောက် ရက်ပေါင်း ၃၀ အောက် နောက်မကျစေဘဲ၊ မိမိတို့၏ ဆုံးဖြတ်ချက်ကို လျင်မြန်နိုင်သမျှ လျင်မြန်စွာ တရားရုံးတော်တွင် အထင်အရှားကျေညာရမည်။ ဤပုဒ်မ၏ ကိစ္စများအလို့ငှါ၊ တရားဝန်ကြီးများရာ၏ ဆုံးဖြတ်ချက်သည်၊ တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်ဖြစ်ရမည်။
:(၃) ဤပုဒ်မအရ တရားလွှတ်တော်ချုပ်သို့ လွှဲအပ်သော ဥပဒေကြမ်းရှိ ပြဋ္ဌာန်းချက်သည်၊ ဤအခြေခံ ဥပဒေနှင့် ဆန့်ကျင်သည်ဟု တရားလွှတ်တော်ချုပ်က ဆုံးဖြတ်သော ကိစ္စတိုင်း၌၊ နိုင်ငံတော်သမတ သည်၊ ထိုဥပဒေကြမ်းကို ပြန်လည်စဉ်းစားဆွေးနွေးစေရန် ပြည်နယ်ကောင်စီသို့ ပြန်ပို့ရမည်။ ပြည်နယ် ကောင်စီက လိုအပ်သော ပြင်ဆင်ချက်များကို မပြုလျှင်၊ နိုင်ငံတော်သမတသည်၊ ထိုဥပဒေကြမ်းကို လက်မှတ်မထိုးဟု ငြင်းဆိုရမည်။
:(၄) ဤသို့ ငြင်းဆိုဘွယ်မရှိလျှင် နိုင်ငံတော်သမတသည်၊ တရားလွှတ်တော်ချုပ်က အဆုံးအဖြတ်ကို ထုတ်ဖေါ်ကျေညာပြီးသည့်နောက်၊ လျင်မြန်နိုင်သမျှ လျင်မြန်စွာ ထိုဥပဒေကြမ်းကို လက်မှတ်ထိုး၍၊ အက်ဥပဒေဖြစ်လာကြောင်း ထုတ်ပြန်ကျေညာရမည်။
:(၅) တဆက်တည်းဖြစ်သော အထက်ပုဒ်မအရ တင်သွင်းသောဥပဒေကြမ်းကို တရားလွှတ်တော်ချုပ်သို့ မလွှဲမအပ်ဘဲနှင့်ဖြစ်စေ၊ လွှဲအပ်ပြီးမှဖြစ်စေ၊ နိုင်ငံတော်သမတက လက်မှတ်ထိုးပြီးခဲ့လျှင်၊ ပြည်နယ် ကောင်စီက ပြုပိုင်ခွင့်မရှိဟူသော အကြောင်းပြချက်ဖြင့်၊ ထိုဥပဒေကြမ်းရှိ ပြဋ္ဌာန်းချက်သည် မခိုင်လုံ ဟု ငြင်းဆိုခြင်းမပြုရ။
'''၁၇၁။''' ။ နိုင်ငံတော်သမတ လက်မှတ်ထိုးသော ပြည်နယ်ကောင်စီ အက်ဥပဒေစာမူတိုင်းကို တရားလွှတ် တော်ချုပ် အတွင်းဝန်ရုံး၌ မော်ကွန်းတင်ရမည်။ မိတ္တူတိုင်းကိုလည်း ကချင်ပြည်နယ်ဝန်ကြီးရုံး၌ မော် ကွန်းတင်ရမည်။
'''၁၇၂။ '''။ ကချင်ပြည်နယ်ဥက္ကဋ္ဌသည်၊ အခါကာလအားလျော်စွာ ပြည်နယ်ကောင်စီကို ဆင့်ခေါ်နိုင်သည်၊ ရုပ်သိမ်းနိုင်သည်။
:သို့ရာတွင် ပြည်နယ်ကောင်စီ၏ ညီလာခံကို နှစ်စဉ်တနှစ်လျှင် အနည်းဆုံးတကြိမ်ကျင်းပရမည်။ ထိုသို့ ကျင်းပသောအခါ ပြည်နယ်ကောင်စီ ညီလာခံတခု၏ နောက်ဆုံးအစည်းအဝေးနှင့် နောက်ထပ်ကျင်းပ သော ပြည်နယ်ကောင်စီ ညီလာခံ၏ ပဌမအစည်းအဝေးတို့၏ စပ်ကြားတွင် ၁၂လ ခြားမနေစေရ။
====ကချင်ပြည်နယ် အစိုးရ။====
'''၁၇၃။''' ။ ဝန်ကြီးချုပ်သည်၊ ကချင်ပြည်နယ်ကောင်စီနှင့် ညှိနှိုင်းတိုင်ပင်၍၊ ပါလီမန်၏ ကချင်ပြည်နယ် ဆိုင်ရာ ကိုယ်စားလှယ်အမတ်များအနက် ကချင်အမျိုးသားအမတ် တဦးဦး၏ အမည်ကို တင်သွင်း သောအခါ၊ ထိုသို့အမည်တင်သွင်းခြင်းခံရသော အမတ်ကို နိုင်ငံတော် သမတသည်၊ “'''ကချင်ပြည်နယ် ဝန်ကြီး'''” ဟုခေါ်တွင်ရမည့် ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ်ဖြင့် ခန့်ထားရမည်။ ထိုသို့ ခန့်ထားခြင်းခံရသော ဝန်ကြီးသည်၊ ဤအခြေခံဥပဒေ၏ ကိစ္စများအတွက် ကချင်ပြည်နယ် ဥက္ကဋ္ဌလည်း ဖြစ်ရမည်။
'''၁၇၄။''' ။ (၁) ကချင် ပြည်နယ်ဥက္ကဋ္ဌသည်၊ ကချင်ပြည်နယ် စီရင်အုပ်ချုပ်ရေးကိစ္စကို တာဝန်ယူဆောင် ရွက်ရမည်။ ဆိုလိုရင်းမှာ ကချင်ပြည်နယ် ဥက္ကဋ္ဌသည် တိုက်ရိုက်ဖြစ်စေ၊ လက်အောက်ခံ အရာရှိများမှ တဆင့်ဖြစ်စေ၊ ပြည်နယ်၏ အုပ်ချုပ်မှု အခွင့်အာဏာကို သုံးစွဲနိုင်ရမည်။
:(၂) တဆက်တည်းဖြစ်သော အောက်ပုဒ်မရှိ ပြဋ္ဌာန်းချက်များ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ ဆိုခဲ့သော အုပ်ချုပ်မှု အခွင့်အာဏာသည်၊ ပြည်နယ်အုပ်ချုပ်ရေးဆိုင်ရာ ရာထမ်းမှုထမ်းများ ခန့်ထား ခြင်း၊ နေရာချခြင်း၊ ရွှေ့ပြောင်းပေးခြင်း၊ ထိုရာထမ်းမှုထမ်းများ စည်းကမ်းသေဝပ်ခြင်း ကိစ္စအားလုံးသို့ သက်ရောက် ပြန့်နှံ့ရမည်။
:ခြွင်းချက်။ ။ သို့ရာတွင် ကချင်အမျိုးသား မဟုတ်သူများရာတို့ နေထိုင်သောဒေသများနှင့်စပ်လျဉ်း၍၊ ပြည်နယ် ဥက္ကဋ္ဌသည်၊ အဆိုပါကိစ္စအားလုံးတွင် အစိုးရအဖွဲ့ဝင်များအနက် ကချင်အမျိုးသား မဟုတ်သူ များ၏ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းတိုင်ပင်၍သာလျှင် ဆောင်ရွက်ရမည်။
'''၁၇၅။''' ။ (၁) ဤအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ပြည်နယ်၏ အုပ်ချုပ်မှု အခွင့် အာဏာသည်၊ ပြည်နယ်ကောင်စီက တရားဥပဒေပြုပိုင်သော ကိစ္စများသို့ သက်ရောက်ပြန့်နှံ့သည်။ အုပ် ချုပ်မှုအခွင့်အာဏာကို သုံးစွဲရာတွင် ပြည်နယ်ဥက္ကဋ္ဌသည်၊ ကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာရမည်။
:(၂) ပြည်နယ်ဆိုင်ရာ အခြားကိစ္စအားလုံးတွင် ပြည်နယ်ဥက္ကဋ္ဌသည်၊ ပြည်နယ်ကောင်စီနှင့် ညှိနှိုင်းတိုင် ပင်ရမည်။
:(၃) ကချင်ပြည်နယ်ကောင်စီ၏ ဆုံးဖြတ်ချက်များနှင့် ထင်မြင်ချက်များကို ပြည်နယ် ဥက္ကဋ္ဌထံသို့ တင်ပြ ရာတွင် လွယ်ကူစိမ့်သောငှါ၊ ပြည်နယ်ကောင်စီသည် ရွေးကောက်ပွဲပြီးသည့်နောက်၊ ပဌမအကြိမ် ကျင်း ပသော အစည်းအဝေးတွင် ကောင်စီအမတ်များထဲမှသော်၎င်း၊ ကောင်စီအမတ်မဟုတ်သူများထဲမှ သော် ၎င်း၊ ရွေးချယ်၍ ပြည်နယ်အစိုးရအဖွဲ့ကို ဖွဲ့စည်းရမည်။ ထိုအစိုးရအဖွဲ့သည်၊ ပြည်နယ်ဥက္ကဋ္ဌကို အလုပ် ဝတ်တရားများဆောင်ရွက်ရာတွင် ကူညီရန်၊ အကြံပေးရန်ဖြစ်သည်။
:ခြွင်းချက်။ ။ သို့ရာတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ထက်ဝက်အောက်မလျော့သော အဖွဲ့ဝင်များသည် ကချင်အမျိုးသားမဟုတ်သော အမျိုးသားများ ဖြစ်ရမည်။
'''၁၇၆။''' ။ ပြည်နယ်ဥက္ကဋ္ဌသည်၊ ပြည်နယ်ကောင်စီ၏ သာမန်ညီလာခံ ကျင်းပသောအခါများ၌၊ မိမိ ဆောင်ရွက်ခဲ့သော လုပ်ငန်းဆောင်တာ အကြောင်းကို ပြောကြားရမည်။ သို့တည်းမဟုတ် ပြောကြား စေရမည်။ ကချင်ပြည်နယ် ကိစ္စအားလုံးနှင့် သက်ဆိုင်သော အစီရင်ခံစာကို တင်သွင်းရမည်။ သို့တည်း မဟုတ် တင်သွင်းစေရမည်။ ပြည်နယ်၏ အကျိုးစီးပွါး တိုးတက်ရာတိုးတက်ကြောင်း ဖြစ်သည်ဟု ထင်မြင်ယူဆသော စီမံချက်များကို ပြည်နယ်ကောင်စီက စဉ်းစားဆွေးနွေးရန် ထောက်ခံအကြံပေးရ မည်။
'''၁၇၇။ '''။ (၁) ပြည်နယ်ဥက္ကဋ္ဌသည်၊ ဘဏ္ဍာတော် နှစ်တိုင်းတနှစ်အတွက် ပြည်နယ်ဆိုင်ရာ အရမှန်းခြေ ငွေစာရင်းနှင့် အသုံးမှန်းခြေငွေစာရင်းများကို ပြုရမည်။ သို့တည်းမဟုတ် ပြုစေရမည်။ ထိုငွေစာရင်း များကို စဉ်းစားဆွေးနွေးစေရန်၊ ပြည်နယ်ကောင်စီသို့ တင်သွင်းရမည်၊ သို့တည်းမဟုတ် တင်သွင်းစေ ရမည်။
:(၂) ပြည်ထာင်စု အစိုးရ၏ အထောက်အပံ့ငွေနှင့် စပ်လျဉ်း၍၊ ပြည်ထောင်စု အစိုးရက သတ်မှတ်သော စည်းကမ်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ပြည်နယ်ကောင်စီသည် ပြည်နယ်၏ ဘတ်ဂျက်ကို လက်ခံ အတည်ပြုနိုင်ရန် အာဏာရှိရမည်။ ထိုစည်းကမ်းချက်များအတိုင်း ပြည်နယ်ကောင်စီက ကျနစွာ လိုက် နာကြောင်း နိုင်ငံတော်သမတအား ကျေနပ်နိုင်စေရန် ပြည်နယ်ဘတ်ဂျက်ကို ပြည်ထောင်စုအစိုးရ၏ ဘတ်ဂျက်တွင် ထည့်သွင်းဖေါ်ပြရမည်။
'''၁၇၈။''' ။ ဤအခြေခံဥပဒေ၏ အခန်း ၁၀ရှိ၊ ပြဋ္ဌာန်းချက်များသည်၊ ကချင်ပြည်နယ်နှင့် မသက်ဆိုင်ရ။
'''၁၇၉။''' ။ ဤအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ပြည်နယ်ဥက္ကဋ္ဌ၊ ပြည်နယ်ကောင်စီ၊ ပြည်နယ်အစိုးရအဖွဲ့တို့၏ အာဏာနှင့် တာဝန်ဝတ်တရားများဆိုင်ရာ ကိစ္စများ၊ ထို့ပြင် ထိုဥက္ကဋ္ဌ၊ ထို ကောင်စီ၊ ထိုအစိုးရအဖွဲ့တို့ အချင်းချင်း ဆက်ဆံရေးကိစ္စများ၊ ထို့ပြင် ထိုဥက္ကဋ္ဌ၊ ထိုကောင်စီ၊ ထိုအစိုးရ အဖွဲ့တို့နှင့် ပြည်ထောင်စု အစိုးရ၏ ဆက်ဆံရေးကိစ္စများပါဝင်သော ပြည်နယ်၏ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ ကိစ္စအားလုံးကို၊ တရားဥပဒေဖြင့် ပြဋ္ဌာန်းသတ်မှတ်ရမည်။
===အပိုင်း ၃။ ကရင်ပြည်နယ်။===
'''၁၈၀။''' ။ (၁) သံလွင်ခရိုင်ဟု ယခင်ကခေါ်တွင်ခဲ့သော နယ်မြေကို ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းတွင်၊ ပြည်ထောင်စုအဖွဲ့ဝင် တခုအဖြစ်ဖြင့် ဖွဲ့စည်းရမည်။ ထိုပြည်ထောင်စု အဖွဲ့ဝင်ကို ဤမှနောင်အဘို့တွင် “'''ကရင်ပြည်နယ်'''” ဟုခေါ်တွင်စေရမည်။ ပါလီမန်၏အက်ဥပဒေဖြင့် သတ်မှတ်သော ကရင်အမျိုးသား များ နေထိုင်ကြသည့် သံလွင်ခရိုင်၏ ဆက်စပ် ဒေသများသည်လည်း ထိုပြည်နယ်တွင် ပါဝင်ရမည်။
:(၂) ပါလီမန်၏ ကရင်ပြည်နယ်ဆိုင်ရာ ကိုယ်စားလှယ်အမတ်အားလုံးပါဝင်သည့် ကရင်ပြည်နယ် ကောင်စီကို ဖွဲ့စည်းရမည်။
:(၃) ပါလီမန်အမတ်အဖြစ်မှ ရပ်စဲသော ပြည်နယ်ကောင်စီအမတ်သည်၊ ကောင်စီ၌လည်း ကောင်စီ အမတ်အဖြစ်မှ ရပ်စဲသည်ဟု မှတ်ယူရမည်။ သို့ရာတွင် ထိုကောင်စီ အမတ်သည်၊ မိမိအားဆက်ခံမည့် သူကို ရွေးကောက်တင်မြှောက်ပြီးသည့်တိုင်အောင်၊ မိမိ၏တာဝန်ဝတ်တရားများကို ဆက်လက် ဆောင် ရွက်နိုင်သည်။
:(၄) ပြည်နယ်ကောင်စီသည်၊ မိမိကိုယ်တိုင် ဥပဒေပြုပိုင်ခွင့် မရှိသောကိစ္စနှင့် သက်ဆိုင်သည့် ဥပဒေများ ကိုပြုပေးရန် ပါလီမန်သို့ ထောက်ခံချက် တင်သွင်းနိုင်သည်။
:(၅) ပြည်နယ်ကောင်စီသည် ဥပဒေကြမ်းတခုကို အတည်ပြုပြီးသောအခါ၊ ထိုဥပဒေကြမ်းကို လက်မှတ် ထိုး၍ ထုတ်ပြန်ကျေညာပေးရန် နိုင်ငံတော်သမတထံသို့ တင်သွင်းရမည်။ နိုင်ငံတော်သမတသည်၊ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပုဒ်မခွဲ (၆)အရ၊ တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်ကို မေး မြန်းတောင်းဆိုခြင်းမပြုလျှင်၊ ထိုဥပဒေကြမ်းကို တင်သွင်းသည်မှစ၍ တလအတွင်းတွင် လက်မှတ် ထိုးရမည်။
:(၆) နိုင်ငံတော်သမတထံသို့ ပုဒ်မခွဲ (၅) အရတင်သွင်းသော ဥပဒေကြမ်းသည်၊ သို့တည်းမဟုတ် ဥပဒေ ကြမ်း၏ တစိတ်တဒေသသည်၊ အခြေခံဥပဒေနှင့် ဆန့်ကျင်သည်၊ မဆန့်ကျင်သည်ဟူသော ပြဿနာကို ဆုံးဖြတ်ပေးရန်၊ နိုင်ငံတော်သမတသည်၊ မိမိ၏သဘောအတိုင်း တရားလွှတ်တော်ချုပ်သို့ ထိုဥပဒေ ကြမ်းကို လွှဲအပ်နိုင်သည်။
:(၇) လွှတ်တော်ချုပ် တရားဝန်ကြီး သုံးဦးအောက်မနည်း ပါဝင်သောခုံတော်သည်၊ လွှဲအပ်သော ပြဿနာ ကို စဉ်းစားရမည်။ လွှဲအပ်သော ပြဿနာကို သင့်မြတ်လျော်ကန်သည်ဟု ထင်မြင်သည့်အတိုင်း၊ ကြားနာ စစ်ဆေးစဉ်းစားပြီးသောအခါ၊ ထိုပြဿနာနှင့်စပ်လျဉ်း၍ လွှဲအပ်ပြီးသည့်နောက်၊ ရက်ပေါင်း၃၀ အောက် နောက်မကျစေဘဲ၊ မိမိတို့၏ ဆုံးဖြတ်ချက်ကို လျင်မြန်နိုင်သမျှ လျင်မြန်စွာ တရားရုံးတွင် အထင်အရှား ကျေညာရမည်။ ပုဒ်မခွဲ (၆)၏ ကိစ္စများအလို့ငှါ၊ တရားဝန်ကြီးများရာ၏ ဆုံးဖြတ်ချက်သည် တရား လွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်ဖြစ်ရမည်။
:(၈) ပုဒ်မခွဲ (၆)အရ တရားလွှတ်တော်ချုပ်သို့ လွှဲအပ်သော ဥပဒေကြမ်းရှိ ပြဋ္ဌာန်းချက်သည်၊ အခြေခံ ဥပဒေနှင့် ဆန့်ကျင်သည်ဟု တရားလွှတ်တော်ချုပ်က ဆုံးဖြတ်သော ကိစ္စတိုင်း၌၊ နိုင်ငံတော် သမတ သည်၊ ထိုဥပဒေကြမ်းကို ပြန်လည်စဉ်းစား ဆွေးနွေးစေရန် ပြည်နယ်ကောင်စီသို့ ပြန်ပို့ရမည်။ ပြည်နယ်ကောင်စီက လိုအပ်သော ပြင်ဆင်ချက်များကို မပြုလျှင် နိုင်ငံတော်သမတသည်၊ ထိုဥပဒေကြမ်း ကို လက်မှတ်မထိုးဟု ငြင်းဆိုရမည်။
:(၉) ထိုသို့ ငြင်းဆိုဘွယ် မရှိလျှင်၊ နိုင်ငံတော်သမတသည်၊ တရားလွှတ်တော်ချုပ်က အဆုံးအဖြတ်ကို ထုတ်ဖေါ်ကျေညာပြီးသည့်နောက်၊ လျင်မြန်နိုင်သမျှ လျင်မြန်စွာ ထိုဥပဒေကြမ်းကို လက်မှတ်ထိုး၍ အက်ဥပဒေဖြစ်လာကြောင်း ထုတ်ပြန်ကျေညာရမည်။
:(၁၀) ပုဒ်မခွဲ (၅)အရ တင်သွင်းသော ဥပဒေကြမ်းကို တရားလွှတ်တော်ချုပ်သို့ မလွှဲမအပ်ဘဲနှင့် ဖြစ်စေ၊ လွှဲအပ်ပြီးမှဖြစ်စေ၊ နိုင်ငံတော်သမတက လက်မှတ်ထိုးပြီးခဲ့လျှင်၊ ပြည်နယ်ကောင်စီက ပြုပိုင်ခွင့်မရှိ ဟူ သော အကြောင်းပြချက်ဖြင့် ထိုဥပဒေကြမ်းရှိ ပြဋ္ဌာန်းချက်သည် မခိုင်လုံဟု ငြင်းဆိုခြင်းမပြုရ။
:(၁၁) နိုင်ငံတော်သမတ လက်မှတ်ထိုးသော ပြည်နယ်ကောင်စီ အက်ဥပဒေစာမူတိုင်းကို တရား လွှတ်တော်ချုပ်၏ အတွင်းဝန်ရုံး၌ မော်ကွန်းတင်ရမည်။ မိတ္တူတိုင်းကိုလည်း၊ ကရင်ပြည်နယ် ဝန်ကြီး ရုံး၌ မော်ကွန်းတင်ရမည်။
:(၁၂) ကရင်ပြည်နယ် ဥက္ကဋ္ဌသည်၊ အခါကာလအားလျော်စွာ ပြည်နယ်ကောင်စီကို ဆင့်ခေါ်နိုင်သည်၊ ရုပ် သိမ်းနိုင်သည်။
:သို့ရာတွင် ပြည်နယ်ကောင်စီ၏ ညီလာခံကို နှစ်စဉ်တနှစ်လျှင် အနည်းဆုံး တကြိမ်ကျင်းပရမည်။ ထို သို့ကျင်းပသောအခါ၊ ပြည်နယ် ကောင်စီညီလာခံတခု၏ နောက်ဆုံးအစည်းအဝေး နှင့် နောက်ထပ် ကျင်းပသော ပြည်နယ်ကောင်စီညီလာခံ၏ ပဌမအစည်းအဝေးတို့၏အကြားတွင် ၁၂လ ခြားမနေစေရ။
====ကရင်ပြည်နယ်အစိုးရ။====
'''၁၈၁။''' ။ (၁) ဝန်ကြီးချုပ်သည်၊ ကရင် ပြည်နယ်ကောင်စီနှင့် ညှိနှိုင်းတိုင်ပင်၍ ထိုကောင်စီအမတ်များ အနက်၊ အမတ်တဦးဦး၏ အမည်ကိုတင်သွင်းသောအခါ၊ ထိုသို့အမည်တင်သွင်းခြင်းခံရသော အမတ် ကို နိုင်ငံတော်သမတသည်၊ အောက်တွင် “ကရင်ပြည်နယ် ဝန်ကြီး”ဟု ခေါ်တွင်ရမည်ဖြစ်သော၊ ပြည် ထောင်စုအစိုးရ အဖွဲ့ဝင် ဝန်ကြီးအဖြစ်ဖြင့် ခန့်ထားရမည်။ ထိုသို့ခန့်ထားခြင်းခံရသော ဝန်ကြီး သည်၊ အခြေခံဥပဒေ၏ ကိစ္စများအတွက် ကရင် ပြည်နယ်ဥက္ကဋ္ဌလည်းဖြစ်ရမည်။
:(၂) ကရင်ပြည်နယ် ဥက္ကဋ္ဌသည်၊ ကရင်ပြည်နယ် စီရင်အုပ်ချုပ်ရေး ကိစ္စကို တာဝန်ယူ၍ ဆောင်ရွက် ရမည်၊ ဆိုလိုရင်းမှာ၊ ကရင်ပြည်နယ် ဥက္ကဋ္ဌသည် တိုက်ရိုက်ဖြစ်စေ၊ လက်အောက်ခံအရာရှိများမှ တဆင့် ဖြစ်စေ၊ ပြည်နယ်၏ အုပ်ချုပ်မှုအခွင့်အာဏာကို သုံးစွဲနှိုင်ရမည်။
:(၃) ပုဒ်မခွဲ (၄) ရှိပြဋ္ဌာန်းချက်များ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ ဆိုခဲ့သော အုပ်ချုပ်မှု အခွင့် အာဏာသည်၊ ပြည်နယ် အုပ်ချုပ်ရေးဆိုင်ရာ ရာထမ်း မှုထမ်းများ ခန့်ထားခြင်း၊ နေရာချခြင်း၊ ရွှေ့ ပြောင်းပေးခြင်း၊ ထိုရာထမ်း မှုထမ်းများ စည်းကမ်းသေဝပ်ခြင်း ကိစ္စအားလုံးသို့ သက်ရောက်ပြန့်နှံ့ရ မည်။
:(၄) အခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ပြည်နယ်၏အုပ်ချုပ်မှု အခွင့်အာဏာသည်၊ ပြည်နယ်ကောင်စီက တရားဥပဒေပြုပိုင်သော ကိစ္စများသို့ သက်ရောက်ပြန့်နှံ့သည်။ အုပ်ချုပ်မှု အခွင့် အာဏာကို သုံးစွဲရာတွင်၊ ပြည်နယ်ဥက္ကဋ္ဌသည် ကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာရမည်။
:(၅) ပြည်နယ်ဆိုင်ရာ အခြားကိစ္စအားလုံးတွင် ပြည်နယ်ဥက္ကဋ္ဌသည်၊ ပြည်နယ် ကောင်စီနှင့် ညှိနှိုင်း တိုင်ပင်ရမည်။
:(၆) ကရင်ပြည်နယ်ကောင်စီ၏ ဆုံးဖြတ်ချက်များနှင့် ထင်မြင်ချက်များကို ပြည်နယ်ဥက္ကဋ္ဌထံသို့ တင်ပြ ရာတွင် လွယ်ကူစိမ့်သောငှါ၊ ပြည်နယ်ကောင်စီသည် ရွေးကောက်ပွဲပြီးသည့် နောက်၊ ပဌမအကြိမ် ကျင်း ပသော အစည်းအဝေးတွင်၊ ကောင်စီအမတ်များထဲမှသော်၎င်း၊ ကောင်စီအမတ်မဟုတ်သူများထဲမှ သော် ၎င်း၊ ရွေးချယ်၍ ပြည်နယ်အစိုးရအဖွဲ့ကို ဖွဲ့စည်းရမည်။ ထိုအစိုးရအဖွဲ့သည်၊ ပြည်နယ်ဥက္ကဋ္ဌကို၊ အလုပ် ဝတ်တရားများ ဆောင်ရွက်ရာတွင် ကူညီရန်၊ အကြံပေးရန် ဖြစ်သည်။
:(၇) ပြည်နယ်ဥက္ကဋ္ဌသည်၊ ပြည်နယ်ကောင်စီ၏ သာမန်ညီလာခံကျင်းပသောအခါများ၌ မိမိဆောင်ရွက် ခဲ့သော လုပ်ငန်းဆောင်တာအကြောင်းကို ပြောကြားရမည်။ သို့တည်းမဟုတ် ပြောကြားစေရမည်။ ကရင် ပြည်နယ် ကိစ္စအားလုံးနှင့် သက်ဆိုင်သော အစီရင်ခံစာကို တင်သွင်းရမည်၊ သို့တည်းမဟုတ် တင်သွင်း စေရမည်။ ပြည်နယ်၏ အကျိုးစီးပွါး တိုးတက်ရာတိုးတက်ကြောင်းဖြစ်သည်ဟု ထင်မြင်ယူဆသော စီမံ ချက်များကို စဉ်းစားဆွေးနွေးရန် ပြည်နယ်ကောင်စီအား ထောက်ခံအကြံပေးရမည်။
:(၈) ပြည်နယ်ဥက္ကဋ္ဌသည်၊ ဘဏ္ဍာတော်နှစ်တိုင်း တနှစ်အတွက် ပြည်နယ်ဆိုင်ရာအရမှန်းခြေငွေစာရင်း နှင့် အသုံးမှန်းခြေငွေစာရင်းများကို ပြုရမည်၊ သို့တည်းမဟုတ် ပြုစေရမည်။ ထိုငွေစာရင်းများကို စဉ်း စားဆွေးနွေးစေရန်၊ ပြည်နယ်ကောင်စီသို့ တင်သွင်းရမည်၊ သို့တည်းမဟုတ် တင်သွင်းစေရမည်။
:(၉) ပြည်ထောင်စုအစိုးရ၏ အထောက်အပံ့ငွေနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရက သတ်မှတ်သော စည်းကမ်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ပြည်နယ်ကောင်စီသည် ပြည်နယ်၏ ဘတ်ဂျက်ကို လက်ခံ အတည်ပြုနိုင်ရန် အာဏာရှိရမည်။ ထိုစည်းကမ်းချက်များအတိုင်း၊ ပြည်နယ် ကောင်စီက ကျနစွာလိုက် နာကြောင်း၊ နိုင်ငံတော်သမတအား၊ ကျေနပ်နိုင်စေရန် ပြည်နယ်၏ဘတ်ဂျက်ကို ပြည်ထောင်စု အစိုးရ၏ ဘတ်ဂျက်တွင် ထည့်သွင်းဖေါ်ပြရမည်။
:(၁၀) ဤအခြေခံဥပဒေ၏ အခန်း ၁၀ ရှိ ပြဋ္ဌာန်းချက်များသည် ကရင်ပြည်နယ်နှင့် မသက်ဆိုင်စေရ။
:(၁၁) အခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ပြည်နယ် ဥက္ကဋ္ဌ၊ ပြည်နယ်ကောင်စီ၊ ပြည်နယ် အစိုးရအဖွဲ့တို့၏ အာဏာနှင့် တာဝန်ဝတ်တရားများ ဆိုင်ရာကိစ္စများ၊ ထို့ပြင် ထိုဥက္ကဋ္ဌ၊ ထို ကောင်စီ၊ ထိုအစိုးရအဖွဲ့တို့ အချင်းချင်းဆက်ဆံရေးကိစ္စများ၊ ထို့ပြင် ထိုဥက္ကဋ္ဌ၊ ထို ကောင်စီ၊ ထို အစိုးရ အဖွဲ့တို့နှင့် ပြည်ထောင်စု အစိုးရ၏ ဆက်ဆံရေးကိစ္စများပါဝင်သော ပြည်နယ်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ ကိစ္စအားလုံးကို တရားဥပဒေဖြင့် ပြဋ္ဌာန်းသတ်မှတ်ရမည်။
:ခြွင်းချက်။ ။ သို့ရာတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၂၃၃ အရ၊ ပဌမအမတ် ရွေးကောက်ပွဲ ကျင်းပပြီးလျှင်၊ ဖွဲ့စည်းသော ပါလီမန်ကို ဖျက်သိမ်းသောနေ့အထိ၊ ကရင်ပြည်နယ် ကောင်စီကို ပါလီမန် ရှိ ကရင်အမျိုးသားများ၏ ကိုယ်စားလှယ်အမတ်အားလုံးဖြင့် ဖွဲ့စည်းရမည်။
===အပိုင်း ၄။ ကယားပြည်နယ်။===
'''၁၈၂။''' ။ (၁) ပဒေသရာဇ် ရှမ်းပြည်နယ်စုရှိ မိုးဗြဲနယ်ဟု ယခင်ကခေါ်တွင်ခဲ့သော နယ်မြေကို ထိုနယ်မြေ ၌နေထိုင်ကြသူများရာက အလိုရှိခဲ့သော် ကယားပြည်နယ် အတွင်းသို့ ပေါင်းသွင်းရမည်။
:(၂) ထိုနယ်မြေရှိ လူအများ၏ ဆန္ဒအမှန်ကို စုံစမ်းရာ၌ လိုက်နာရန်ဖြစ်သော နည်းလမ်းတို့သည် တရား ဥပဒေဖြင့် သတ်မှတ်သည့်အတိုင်း ဖြစ်ရမည်။
'''၁၈၃။''' ။ (၁) ပါလီမန်က အခြားပြဋ္ဌာန်းချက် ပြုသည့်တိုင်အောင် -
::(က) ကန္တာရဝတီ၊ ဘောလခဲနှင့် ကြယ်ဖိုးကြီး တို့၏ စောဖျာများသည် လူမျိုးစုလွှတ်တော်တွင် ကယား ပြည်နယ်ဆိုင်ရာ ကိုယ်စားလှယ် အမတ်များ အဖြစ်ဖြင့် ပါဝင်ရမည်။
::(ခ) တဆက်တည်းဖြစ်သော အထက်ပုဒ်မအရ မိုးဗြဲနယ်ကို ကယားပြည်နယ် အတွင်းသို့ ပေါင်းသွင်း သောအခါ၊ မိုးဗြဲစော်ဘွားသည်လည်း လူမျိုးစု လွှတ်တော်တွင် ကယားပြည်နယ် ဆိုင်ရာ ကိုယ်စားလှယ် အမတ်တဦး အဖြစ်ဖြင့်ပါဝင်ရမည်။
::(ဂ) စောဖျာများသည်၎င်း၊ စော်ဘွားသည်၎င်း၊ ပြည်သူ့လွှတ်တော်တွင် အမတ်ဖြစ်နိုင်ခွင့် မရရှိစေရ။
:(၂) ပါလီမန်၏ ကယားပြည်နယ်ဆိုင်ရာ ကိုယ်စားလှယ် အမတ်အားလုံး ပါဝင်သည့် ကယားပြည်နယ် ကောင်စီကို ဖွဲ့စည်းရမည်။
:(၃) ပါလီမန်အမတ်အဖြစ်မှ ရပ်စဲသော ပြည်နယ်ကောင်စီအမတ်သည်၊ ကောင်စီ၌ လည်းကောင်း ကောင်စီအမတ်အဖြစ်မှ ရပ်စဲသည်ဟု မှတ်ယူရမည်။ သို့ရာတွင် ထိုကောင်စီအမတ်သည် မိမိအား ဆက်ခံ မည့်သူကို ရွေးကောက်တင်မြှောက်ပြီးသည့်တိုင်အောင် မိမိ၏ တာဝန်ဝတ်တရားများကို ဆက်လက် ဆောင်ရွက်နိုင်သည်။
'''၁၈၄။''' ။ ပြည်နယ်ကောင်စီသည် မိမိကိုယ်တိုင် ဥပဒေပြုပိုင်ခွင့် မရှိသော ကိစ္စနှင့် သက်ဆိုင်သည့် ဥပဒေ များကို ပြုပေးရန် ပါလီမန်သို့ ထောက်ခံချက် တင်သွင်းနိုင်သည်။
'''၁၈၅။ '''။ ပြည်နယ်ကောင်စီသည် ဥပဒေကြမ်းတခုကို အတည်ပြုပြီးသောအခါ၊ ထိုဥပဒေကြမ်းကို လက် မှတ်ထိုး၍ ထုတ်ပြန်ကျေညာပေးရန် နိုင်ငံတော် သမတထံသို့ တင်သွင်းရမည်၊ နိုင်ငံတော် သမတသည် အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍၊ တဆက်တည်းဖြစ်သော အောက်ပုဒ်မအရ၊ တရားလွှတ်တော် ချုပ်၏ ဆုံးဖြတ်ချက်ကို မေးမြန်းတောင်းဆိုခြင်းမပြုလျှင်၊ ထိုဥပဒေကြမ်းကို တင်သွင်းသည်မှစ၍ တလ အတွင်းတွင် လက်မှတ်ထိုးရမည်။
'''၁၈၆။''' ။ (၁) နိုင်ငံတော် သမတထံသို့ တဆက်တည်းဖြစ်သော အထက်ပုဒ်မအရ၊ တင်သွင်းသော ဥပဒေ ကြမ်းသည်၊ သို့တည်းမဟုတ် ထိုဥပဒေကြမ်း၏ တစိတ်တဒေသသည်၊ ဤအခြေခံဥပဒေနှင့် ဆန့်ကျင် သည်၊မဆန့်ကျင်သည်ဟူသော ပြဿသို့ကို ဆုံးဖြတ်ပေးရန် နိုင်ငံတော်သမတသည်၊ မိမိ၏သဘောအ တိုင်း တရားလွှတ်တော်ချုပ်သို့ ထိုဥပဒေကြမ်းကို လွှဲအပ်နိုင်သည်။
:(၂) လွှတ်တော်ချုပ် တရားဝန်ကြီး ၃ ဦးအောက်မနည်း ပါဝင်သော ခုံတော်သည် လွှဲအပ်သော ပြဿနာကို စဉ်းစားရမည်။ လွှဲအပ်သော ပြဿနာကို သင့်မြတ်လျော်ကန်သည်ဟု ထင်မြင်သည့်အတိုင်း ကြားနာစစ်ဆေး စဉ်းစားပြီးသောအခါ၊ ထိုပြဿနာနှင့် စပ်လျဉ်း၍ လွှဲအပ်ပြီးသည့်နောက်၊ ရက်ပေါင်း ၃၀ အောက် နောက်မကျစေဘဲ၊ မိမိတို့၏ဆုံးဖြတ်ချက်ကို၊ လျင်မြန်နိုင်သမျှ လျင်မြန်စွာ၊ တရားရုံးတွင် အထင်အရှား ကျေညာရမည်။ ဤပုဒ်မ၏ ကိစ္စများအလို့ငှါ၊ တရားဝန်ကြီးများရာ၏ ဆုံးဖြတ်ချက်သည် တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက် ဖြစ်ရမည်။
:(၃) ဤပုဒ်မအရ၊ တရားလွှတ်တော်ချုပ်သို့ လွှဲအပ်သော ဥပဒေကြမ်းရှိ ပြဋ္ဌာန်းချက်သည်၊ ဤအခြေ ခံဥပဒေနှင့် ဆန့်ကျင်သည်ဟု တရားလွှတ်တော်ချုပ်က၊ ဆုံးဖြတ်သော ကိစ္စတိုင်း၌၊ နိုင်ငံတော်သမတ သည် ထိုဥပဒေကြမ်းကို ပြန်လည်စဉ်းစား ဆွေးနွေးစေရန် ပြည်နယ်ကောင်စီသို့ ပြန်ပို့ရမည်။ ပြည်နယ် ကောင်စီက လိုအပ်သော ပြင်ဆင်ချက်များကို မပြုလျှင်၊ နိုင်ငံတော်သမတသည် ထိုဥပဒေကြမ်းကို လက် မှတ်မထိုးဟု ငြင်းဆိုရမည်။
:(၄) ထိုသို့ ငြင်းဆိုဘွယ်မရှိလျှင် နိုင်ငံတော်သမတသည်၊ တရားလွှတ်တော်ချုပ်က အဆုံးအဖြတ်ကို ထုတ် ဖေါ်ကျေညာပြီးသည့်နောက်၊ လျင်မြန်နိုင်သမျှ လျင်မြန်စွာ ထိုဥပဒေကြမ်းကို လက်မှတ်ထိုး၍ အက်ဥပ ဒေဖြစ်လာကြောင်း ထုတ်ပြန်ကျေညာရမည်။
:(၅) တဆက်တည်းဖြစ်သော အထက်ပုဒ်မအရ၊ တင်သွင်းသော ဥပဒေကြမ်းကို တရားလွှတ်တော် ချုပ် သို့ မလွှဲမအပ်ဘဲနှင့်ဖြစ်စေ၊ လွှဲအပ်ပြီးမှဖြစ်စေ၊ နိုင်ငံတော်သမတက လက်မှတ်ထိုးပြီးခဲ့လျှင်၊ ပြည်နယ် ကောင်စီက ပြုပိုင်ခွင့်မရှိဟူသော အကြောင်းပြချက်ဖြင့်၊ ထိုဥပဒေကြမ်းရှိ ပြဋ္ဌာန်းချက်သည် မခိုင်လုံဟု ငြင်းဆိုခြင်းမပြုရ။
'''၁၈၇။''' ။ နိုင်ငံတော်သမတ လက်မှတ်ထိုးသော ပြည်နယ်ကောင်စီ အက်ဥပဒေစာမူတိုင်းကို တရားလွှတ် တော်ချုပ်၏ အတွင်းဝန်ရုံး၌ မော်ကွန်းတင်ရမည်။ မိတ္တူတိုင်းကိုလည်း ကယားပြည်နယ် ဝန်ကြီးရုံး ၌ မော်ကွန်းတင်ရမည်။
'''၁၈၈။ '''ကယားပြည်နယ် ဥက္ကဋ္ဌသည် အခါကာလအားလျော်စွာ၊ ပြည်နယ်ကောင်စီ ကိုဆင့်ခေါ်နိုင်သည်၊ ရုပ်သိမ်းနိုင်သည်။
:သို့ရာတွင် ပြည်နယ်ကောင်စီ၏ ညီလာခံကို နှစ်စဉ်တနှစ်လျှင် အနည်းဆုံး တကြိမ်ကျင်းပရမည်။ ထို သို့ ကျင်းပသောအခါ ပြည်နယ်ကောင်စီ ညီလာခံတခု၏ နောက်ဆုံးအစည်းအဝေးနှင့် နောက်ထပ် ကျင်းပ သောပြည်နယ်ကောင်စီ ညီလာခံ၏ ပဌမအစည်းအဝေးတို့၏ စပ်ကြားတွင် ၁၂လ ခြားမနေစေရ။
====ကယားပြည်နယ် အစိုးရ။====
'''၁၈၉။''' ။ ဝန်ကြီးချုပ်သည်၊ ကယားပြည်နယ် ကောင်စီနှင့် ညှိနှိုင်းတိုင်ပင်၍ ပါလီမန်၏ ကယားပြည်နယ် ဆိုင်ရာ ကိုယ်စားလှယ် အမတ်များအနက် အမတ်တဦးဦး၏ အမည်ကို တင်သွင်းသောအခါ၊ ထိုသို့ အမည်တင်သွင်းခြင်းခံရသော အမတ်ကို နိုင်ငံတော်သမတသည်၊ အောက်တွင် “ကယားပြည်နယ် ဝန်ကြီး” ဟုခေါ်တွင်ရမည်ဖြစ်သော ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ်ဖြင့် ခန့်ထားရမည်။ ထိုသို့ခန့်ထား ခြင်းခံရသော ဝန်ကြီးသည်၊ ဤအခြေခံဥပဒေ၏ ကိစ္စများအတွက် ကယားပြည်နယ် ဥက္ကဋ္ဌလည်း ဖြစ်ရ မည်။
'''၁၉၀။ '''။ (၁) ကယားပြည်နယ် ဥက္ကဋ္ဌသည် ကယားပြည်နယ် စီရင်အုပ်ချုပ်ရေးကိစ္စကို တာဝန်ယူ၍ ဆောင်ရွက်ရမည်။ ဆိုလိုရင်းမှာ ကယားပြည်နယ် ဥက္ကဋ္ဌသည် တိုက်ရိုက်ဖြစ်စေ၊ လက်အောက်ခံ အရာ ရှိများမှ တဆင့်ဖြစ်စေ၊ ပြည်နယ်၏ အုပ်ချုပ်မှု အခွင့်အာဏာကို သုံးစွဲ နိုင်ရမည်။
:(၂) တဆက်တည်းဖြစ်သော အောက်ပုဒ်မရှိ ပြဋ္ဌာန်းချက်များ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ ဆိုခဲ့သော အုပ်ချုပ်မှု အခွင့်အာဏာသည်၊ ပြည်နယ်အုပ်ချုပ်ရေးဆိုင်ရာ ရာထမ်းမှုထမ်းများ ခန့်ထား ခြင်း၊ နေရာချခြင်း၊ ရွှေ့ပြောင်းပေးခြင်း၊ ထိုရာထမ်းမှုထမ်းများ စည်းကမ်းသေဝပ်ခြင်းကိစ္စ အားလုံး သို့သက်ရောက်ပြန့်နှံ့ရမည်။
'''၁၉၁။''' ။ (၁) ဤအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ပြည်နယ်၏ အုပ်ချုပ်မှု အခွင့် အာဏာသည်၊ ပြည်နယ်ကောင်စီက တရားဥပဒေပြုပိုင်သော ကိစ္စများသို့ သက်ရောက်ပြန့်နှံ့သည်။ အုပ် ချုပ်မှု အခွင့်အာဏာကို သုံးစွဲရာတွင် ပြည်နယ် ဥက္ကဋ္ဌသည် ကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာရမည်။
:(၂) ပြည်နယ်ဆိုင်ရာ အခြားကိစ္စအားလုံးတွင် ပြည်နယ်ဥက္ကဋ္ဌသည် ပြည်နယ်ကောင်စီ နှင့် ညှိနှိုင်းတိုင် ပင်ရမည်။
:(၃) ကယားပြည်နယ် ကောင်စီ၏ ဆုံးဖြတ်ချက်များနှင့် ထင်မြင်ချက်များကို ပြည်နယ် ဥက္ကဋ္ဌထံသို့ တင်ပြရာတွင် လွယ်ကူစိမ့်သောငှါ၊ ပြည်နယ်ကောင်စီသည် ရွေးကောက်ပွဲပြီးသည့်နောက် ပဌမအကြိမ် ကျင်းပသော အစည်းအဝေးတွင် ကောင်စီအမတ်များထဲမှ သော်၎င်း၊ ကောင်စီအမတ်မဟုတ်သူများ ထဲမှ သော်၎င်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် တဦးကိုဖြစ်စေ၊ အများကိုဖြစ်စေ ရွေးချယ်နိုင်သည်။ ထိုပြည်နယ် အစိုးရအဖွဲ့ဝင်တဦးသည်၊ သို့တည်းမဟုတ် အများသည် ပြည်နယ်ဥက္ကဋ္ဌကို အလုပ်ဝတ်တရားများ ဆောင်ရွက်ရာတွင် ကူညီရန်၊ အကြံပေးရန် ဖြစ်သည်။
'''၁၉၂။''' ။ ပြည်နယ်ဥက္ကဋ္ဌသည် ပြည်နယ်ကောင်စီ၏ သာမန်ညီလာခံကျင်းပသောအခါများ၌၊ မိမိဆောင် ရွက်ခဲ့သော လုပ်ငန်းဆောင်တာအကြောင်းကို ပြောကြားရမည်၊ သို့တည်းမဟုတ် ပြောကြားစေရမည်။ ကယားပြည်နယ် ကိစ္စအားလုံးနှင့် သက်ဆိုင်သော အစီရင်ခံစာ ကိုတင်သွင်းရမည်၊ သို့တည်းမဟုတ် တင်သွင်းစေရမည်။ ပြည်နယ်၏အကျိုးစီးပွါး တိုးတက်ရာ တိုးတက်ကြောင်း ဖြစ်သည်ဟု ထင်မြင်ယူ ဆသော စီမံချက်များကို စဉ်းစားဆွေးနွေးစေရန် ပြည်နယ်ကောင်စီအား ထောက်ခံအကြံပေးရမည်။
'''၁၉၃။''' ။ (၁) ပြည်နယ်ဥက္ကဋ္ဌသည် ဘဏ္ဍာတော်နှစ်တိုင်း တနှစ်အတွက် ပြည်နယ်ဆိုင်ရာ အရမှန်းခြေ ငွေစာရင်းနှင့် အသုံးမှန်းခြေငွေစာရင်းများကို ပြုရမည်၊ သို့တည်းမဟုတ် ပြုစေရမည်။ ထိုငွေစာရင်းများ ကို စဉ်းစားဆွေးနွေးစေရန် ပြည်နယ်ကောင်စီသို့ တင်သွင်းရမည်။ သို့တည်းမဟုတ် တင်သွင်းစေရမည်။
:(၂) ပြည်ထောင်စုအစိုးရ၏ အထောက်အပံ့ငွေနှင့်စပ်လျဉ်း၍၊ ပြည်ထောင်စုအစိုးရက သတ်မှတ်သော စည်းကမ်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ပြည်နယ်ကောင်စီသည် ပြည်နယ်၏ ဘတ်ဂျက်ကိုလက်ခံ အတည်ပြုနိုင်ရန် အာဏာရှိရမည်။ ထိုစည်းကမ်းချက်များ အတိုင်း၊ ပြည်နယ်ကောင်စီက ကျနစွာ လိုက်နာကြောင်း၊ နိုင်ငံတော်သမတအား ကျေနပ်နိုင်စေရန် ပြည်နယ်၏ဘတ်ဂျက်ကို ပြည်ထောင်စု အစိုးရ၏ ဘတ်ဂျက်တွင် ထည့်သွင်းဖေါ်ပြရမည်။
'''၁၉၄။''' ။ ဤအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ပြည်နယ်ဥက္ကဋ္ဌ၊ ပြည်နယ်ကောင်စီ နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် တဦး၏၊ သို့တည်းမဟုတ် အများ၏ အာဏာနှင့် တာဝန်ဝတ်တရားများ ဆိုင်ရာ ကိစ္စများ၊ ထို့ပြင် ထိုဥက္ကဋ္ဌ၊ ထိုကောင်စီ၊ ထိုအစိုးရအဖွဲ့ဝင်တို့ အချင်းချင်းဆက်ဆံရေးကိစ္စများ၊ ထို့ပြင် ထိုဥက္ကဋ္ဌ၊ ထိုကောင်စီ၊ ထိုအစိုးရအဖွဲ့ဝင်တို့နှင့် ပြည်ထောင်စုအစိုးရ၏ ဆက်ဆံရေးကိစ္စများပါ ဝင်သော ပြည်နယ်၏ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ ကိစ္စအားလုံးကို တရားဥပဒေဖြင့် ပြဋ္ဌာန်း သတ်မှတ်ရမည်။
'''၁၉၅။''' ။ * * * *
===အပိုင်း ၅ ။ ချင်းဝိသေသတိုင်း။===
'''၁၉၆။''' ။ နိုင်ငံတော်သမတက သတ်မှတ်သော ချင်းတောင်များ ခရိုင်နှင့် ရခိုင်တောင်တန်းနယ်များ ပါဝင်သည့် ချင်းဝိသေသတိုင်း ရှိရမည်။
'''၁၉၇။ '''။ (၁) ပါလီမန်ရှိ ချင်းအမျိုးသားများ၏ ကိုယ်စားလှယ် အမတ်အားလုံးပါဝင်သော ချင်း ရေးရာကောင်စီတခုကို ဖွဲ့စည်းရမည်။
:(၂) ဝန်ကြီးချုပ်သည် ချင်းရေးရာကောင်စီနှင့် ညှိနှိုင်းတိုင်ပင်၍၊ ပါလီမန်ရှိ ချင်းအမျိုးသားများ၏ ကိုယ်စားလှယ် အမတ်များအနက်၊ အမတ်တဦးဦး၏အမည်ကို တင်သွင်းသောအခါ၊ ထိုသို့အမည်တင် သွင်းခြင်းခံရသော အမတ်ကို နိုင်ငံတော်သမတသည်၊ “ချင်းရေးရာ ဝန်ကြီး” ဟုခေါ်တွင်ရမည် ဖြစ် သော ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးအဖြစ် ခန့်ထားရမည်။
:(၃) ပြည်ထောင်စု အစိုးရ၏အာဏာများကို မထိခိုက်စေဘဲ၊ ချင်းရေးရာဝန်ကြီးသည်၊ အောက်ပါတို့ကို စီမံခန့်ခွဲ ညွှန်ကြားကြီးကြပ်အုပ်ချုပ်ရမည်။
::(က) ချင်းဝိသေသတိုင်း၏ အရပ်ရပ်ဆိုင်ရာ စီရင်အုပ်ချုပ်ရေး၊ ထို့ပြင် အထူးအားဖြင့်၊ ထိုဝိသေသ တိုင်းတွင် အုပ်ချုပ်ရေးဆိုင်ရာ ရာထမ်းမှုထမ်းများ ခန့်ထားခြင်း၊ နေရာချခြင်း၊ ရွှေ့ပြောင်းပေးခြင်း၊ ထို ရာထမ်းမှုထမ်းများ စည်းကမ်းသေဝပ်ခြင်း။
::(ခ) ချင်းဝိသေသတိုင်းတွင် ပညာသင် ကျောင်းများနှင့်တကွ၊ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် သက်ဆိုင်သော ကိစ္စများ။
:(၄) ချင်းရေးရာဝန်ကြီးအား၊ မိမိ၏ တာဝန်ဝတ်တရားများကို ဆောင်ရွက်ရာတွင်၊ ချင်းရေးရာ ကောင် စီ က ကူညီရမည်။ အကြံပေးရမည်။
:(၅) ပါလီမန်အမတ်အဖြစ်မှ ရပ်စဲသော ချင်းရေးရာ ကောင်စီအမတ်တဦးသည်၊ ကောင်စီ၌လည်း ကောင်စီအမတ်အဖြစ်မှ ရပ်စဲသည်ဟု မှတ်ယူရမည်။ သို့ရာတွင် ထိုကောင်စီအမတ်သည်၊ မိမိအား ဆက်ခံမည့်သူကို ရွေးကောက်တင်မြှောက်ပြီးသည့်တိုင်အောင်၊ မိမိတာဝန်ဝတ်တရားများကို ဆက်လက် ဆောင်ရွက်နိုင်သည်။
'''၁၉၈။''' ။ ဤအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ချင်းရေးရာဝန်ကြီးနှင့် ချင်းရေးရာ ကောင်စီတို့၏ အာဏာနှင့် တာဝန်ဝတ်တရားများ ဆိုင်ရာကိစ္စအားလုံးကို၎င်း၊ ထိုဝန်ကြီးနှင့် ထို ကောင်စီတို့၏ ဆက်ဆံရေးဆိုင်ရာ ကိစ္စအားလုံးကို၎င်း၊ ထိုဝန်ကြီး၊ ထိုကောင်စီတို့နှင့် ပြည်ထောင်စု အစိုးရ၏ ဆက်ဆံရေးဆိုင်ရာ ကိစ္စအားလုံးကို၎င်းတရားဥပဒေဖြင့် ပြဋ္ဌာန်းသတ်မှတ်ရမည်။
===အပိုင်း ၆။ ပြည်နယ်သစ်များ။===
'''၁၉၉။''' ။ ပါလီမန်သည် ပြည်နယ်သစ်က လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ ပါဝင်သော အက်ဥပဒေဖြင့်၊ ပြည်နယ်သစ်တခုကို ပြည်ထောင်စုနိုင်ငံအတွင်းသို့ ဝင်ခွင့်ပြုနိုင်သည်။ ထိုသတ်မှတ် ချက်များတွင် ထိုပြည်နယ်မှ ပါလီမန်သို့ ကိုယ်စားလှယ် အမတ်ဦးရေ မည်ရွှေ့မည်မျှ ရွေးကောက်တင် မြှောက်နိုင်သည်ဟူသော အချက်လည်းပါဝင်ရမည်။
'''၂၀၀။ '''။ (က) ပြည်ထောင်စုအဖွဲ့ဝင် အသစ်တခု တည်ထောင်ဖွဲ့စည်းခြင်း၊
:(ခ) ပြည်ထောင်စုအဖွဲ့ဝင် တခုခု၏ အကျယ်အဝန်းကို တိုးချဲ့ခြင်း၊
:(ဂ) ပြည်ထောင်စုအဖွဲ့ဝင် တခုခု၏ အကျယ်အဝန်းကို လျှော့ခြင်း၊
:(ဃ) ပြည်ထောင်စုအဖွဲ့ဝင် တခုခု၏ နယ်နိမိတ်များကို ပြောင်းလဲခြင်း
:တို့ကို၊ ထိုသို့ နယ်နိမိတ်ပြုပြင်ခြင်းခံရသော ပြည်နယ်တိုင်း၏ ကောင်စီကသဘောတူညီပါက၊ ပါလီမန် သည် အက်ဥပဒေဖြင့် ပြုနိုင်သည်။ ထို့ပြင် ထိုကဲ့သို့သော သဘောတူညီချက် ရရှိပါက၊ ပါလီမန်သည် လိုအပ်သည်ဟု၊ သို့တည်းမဟုတ် သင့်လျော်သည်ဟု ထင်မြင်ယူဆသော ထပ်ဖြည့်ပြဋ္ဌာန်းချက်၊ အကြောင်းသင့် ပြဋ္ဌာန်းချက်နှင့် နှိုင်းညှိပြဋ္ဌာန်းချက်များကို ပြုနိုင်သည်။
==အခန်း ၁၀။==
===ခွဲထွက်နိုင်သော အခွင့်အရေး။===
'''၂၀၁။ '''။ ဤအခြေခံဥပဒေ၌ သော်၎င်း၊ ပုဒ်မ ၁၉၉အရ ပါလီမန်က ပြုသော အက်ဥပဒေ၌သော်၎င်း အခြား ပြဋ္ဌာန်းချက် ပြုထားခြင်းမရှိလျှင်၊ အောက်၌ပြဋ္ဌာန်းထားသော စည်းကမ်းချက်များနှင့်အညီ၊ ပြည်ထောင်စုနိုင်ငံမှ ခွဲထွက်နိုင်ရန် ပြည်နယ်တိုင်း၌ အခွင့်အရေးရှိရမည်။
'''၂၀၂။''' ။ ဤအခြေခံဥပဒေအာဏာ တည်သည့်နေ့မှ ဆယ်နှစ်အတွင်း ခွဲထွက်နိုင်သော အခွင့်အရေးကို အသုံးမပြုရ။
'''၂၀၃။''' ။ (၁) ခွဲထွက်နိုင်သော အခွင့်အရေးကို သုံးစွဲလိုသောပြည်နယ်သည်၊ ခွဲထွက်လိုကြောင်း အဆိုကို မိမိ၏ပြည်နယ်ကောင်စီတွင် တင်သွင်းအတည်ပြုရမည်။ ပြည်နယ်ကောင်စီရှိ အမတ်စုစုပေါင်းအနက် သုံးပုံနှစ်ပုံအောက် မလျော့သော အမတ်များက ထိုအဆိုကို ထောက်ခံ၍ မဲပေးခြင်းမပြုလျှင်၊ အတည်ပြု သည်ဟု မမှတ်ယူရ။
:(၂) သက်ဆိုင်ရာ ပြည်နယ်၏ဥက္ကဋ္ဌသည် ပြည်နယ်ကောင်စီ၏ ဆုံးဖြတ်ခြင်းကို နိုင်ငံတော်သမတအား အကြောင်းကြားရမည်။ ထို့ပြင်အတည်ပြုလိုက်သော ကောင်စီ၏ သဘာပတိက ဟုတ်မှန်ကြောင်း လက်မှတ်ရေးထိုးသော ဆုံးဖြတ်ချက် မိတ္တူတစောင်ကို နိုင်ငံတော်သမတထံသို့ ပြည်နယ်ဥက္ကဋ္ဌက တင်ပြရမည်။
'''၂၀၄။''' ။ ထိုအခါ နိုင်ငံတော်သမတသည်၊ သက်ဆိုင်ရာ ပြည်နယ်၏ လူထုဆန္ဒပွဲကို ကျင်းပစေရန် အမိန့် ထုတ်ရမည်။ လူထုဆန္ဒပွဲကို ကျင်းပခြင်းမှာ သက်ဆိုင်ရာ ပြည်နယ်ရှိ ပြည်သူတို့၏ ဆန္ဒအမှန်ကို သိနိုင် ရန်ဖြစ်သည်။
'''၂၀၅။''' ။ နိုင်ငံတော်သမတသည်၊ လူထုဆန္ဒပွဲ ကော်မရှင်တဖွဲ့ကို ခန့်ရမည်။ ထိုအဖွဲ့တွင် ပြည်ထောင် စုနိုင်ငံမှ ၎င်း၊ သက်ဆိုင်ရာ ပြည်နယ်မှ၎င်း ကိုယ်စားလှယ်ဦးရေအညီအမျှ ပါဝင်ရမည်။ ထိုအဖွဲ့သည် လူထုဆန္ဒပွဲကို ကြီးကြပ်စီမံရန်ဖြစ်သည်။
'''၂၀၆။ '''။ ဤအခန်းရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ အဆိုပါခွဲထွက်နိုင်သော အခွင့်အရေး အသုံး ပြုခြင်းနှင့်စပ်လျဉ်းသော ကိစ္စအားလုံးကို ဥပဒေဖြင့် စည်းမျဉ်းသတ်မှတ်ရမည်။
== အခန်း ၁၁။==
===ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ခြင်း။===
'''၂၀၇။''' ။ ဤအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်တခုခုကို၊ ပြောင်းခြင်းဖြင့်သော်၎င်း၊ ဖြည့်ထည့်ခြင်းဖြင့် သော် ၎င်း၊ ရုပ်သိမ်းခြင်းဖြင့်သော်၎င်း အောက်၌ဖေါ်ပြသတ်မှတ်ထားသော နည်းအတိုင်း ပြင်နိုင်သည်။
'''၂၀၈။''' ။ (၁) ဤအခြေခံဥပဒေကို ပြင်ရန်တင်သွင်းသော အဆိုကို ဥပဒေကြမ်းအဖြစ်ဖြင့် တင်သွင်းရ မည်။ ထိုဥပဒေကြမ်းကို “ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ရန် ဥပဒေကြမ်း” ဟူ၍ ဖေါ်ပြရမည်။
:(၂) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ရန် အဆိုတခုသော်၎င်း၊ အများသော်၎င်း ပါဝင်သော ဥပဒေ ကြမ်းတွင်၊ အခြားအဆိုများ မပါရ။
'''၂၀၉။ '''။ (၁) ထိုကဲ့သို့သော ဥပဒေကြမ်းကို၊ ပါလီမန်ဆိုင်ရာ လွှတ်တော်တရပ်ရပ်၌ စတင်တင်သွင်းနိုင် သည်။
:(၂) ထိုဥပဒေကြမ်းကို ပါလီမန်ဆိုင်ရာ လွှတ်တော်အသီးသီးက အတည်ပြုပြီးနောက်၊ လွှတ်တော် နှစ်ရပ်လုံးကပင် တွဲဖက်အစည်းအဝေး၌ စဉ်းစားဆွေးနွေးရမည်။
:(၃) လွှတ်တော်နှစ်ရပ်၏ လက်ရှိ အမတ်များအနက်၊ သုံးပုံနှစ်ပုံအောက် မလျော့သော အမတ်များက တွဲဖက်အစည်းအဝေးတွင် ထောက်ခံ၍ မဲပေးမှသာလျှင်၊ ထိုဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုသည်ဟု မှတ်ယူရမည်။
:(၄) (က) တတိယဇယားရှိ ပြည်နယ်ဥပဒေပြု စာရင်းကိုသော်၎င်း၊
::(ခ) စတုတ္ထဇယားရှိ ပြည်နယ်အခွန်တော် စာရင်းကိုသော်၎င်း၊
::(ဂ) ပါလီမန်တွင် ပြည်နယ်အသီးသီးဆိုင်ရာ ကိုယ်စားလှယ်အမတ်ဖြစ်ရန် လိုအပ်သောအရည်အချင်း ပျက်ယွင်းခြင်းမရှိစေရဟု ပုဒ်မ၇၄၊ ပုဒ်မခွဲ (၁)ရှိ အပိုဒ် (ဃ)အရ၊ ကျေညာထားသော ပါလီမန်အက် ဥပဒေကိုသော်၎င်း၊
:ပြင်လိုသော ဥပဒေကြမ်းသည်၊ လွှတ်တော်နှစ်ရပ်၏တွဲဖက်အစည်းအဝေးသို့ တက်ရောက်မဲပေးသော သက်ဆိုင်ရာပြည်နယ်မှ၊ သို့တည်းမဟုတ် ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်အမတ်များရာက ထောက် ခံ၍ မဲပေးခြင်းမပြုလျှင်၊ လွှတ်တော်နှစ်ရပ်လုံး၏ တွဲဖက်အစည်းအဝေးတွင် အတည်ပြုချက်ကို ရသည်ဟုမမှတ်ယူရ။
:(၅) ဤအခြေခံဥပဒေက [**] ချင်းအမျိုးသားများအား ပေးအပ်ထားသော အခွင့်အရေးကို ယုတ်လျော့ စေမည့် ဥပဒေကြမ်းသည်၊ တွဲဖက်အစည်းအဝေးသို့ တက်ရောက်မဲပေးသော ကရင်အမျိုးသား ကိုယ်စား လှယ်အမတ်များရာကဖြစ်စေ၊ ချင်းအမျိုးသား ကိုယ်စားလှယ်အမတ်များရာကဖြစ်စေ၊ သက်ဆိုင်ရာရာ က ထောက်ခံ၍၊ မဲပေးခြင်းမပြုလျှင်၊ လွှတ်တော်နှစ်ရပ်လုံး၏ တွဲဖက်အစည်းအဝေးတွင် အတည်ပြု ချက်ကိုရသည်ဟု မမှတ်ယူရ။
'''၂၁၀။ '''။ ဤအခန်းရှိ အထက်က ဖေါ်ပြခဲ့သော ပြဋ္ဌာန်းချက်များနှင့်အညီ၊ ဥပဒေကြမ်းကို အတည်ပြုပြီး သောအခါ၊ ထိုဥပဒေကြမ်းကို နိုင်ငံတော်သမတထံသို့ တင်ပြရမည်။ နိုင်ငံတော်သမတသည်၊ ထိုဥပဒေ ကြမ်းကို ချက်ခြင်းလက်မှတ်ထိုး၍ ထုတ်ပြန်ကျေညာရမည်။
==အခန်း ၁၂။==
===ပြည်ထောင်ချင်းချင်း ဆက်ဆံရေး။===
'''၂၁၁။''' ။ ပြည်ထောင်စု မြန်မာနိုင်ငံသည် စစ်မက်ကို နိုင်ငံတော်ဝါဒ၏ လက်နက်သဖွယ် အသုံးမပြု၊ စွန့်ပယ်သည်။ ထို့ပြင် နိုင်ငံခြားနှင့် ဆက်ဆံရာ၌ ပြည်ထောင်ချင်းချင်း ဥပဒေ၏ သဘောတရားများကို ကျင့်စဉ်အဖြစ်ဖြင့် လိုက်နာလက်ခံသည်။
'''၂၁၂။''' ။ ပြည်ထောင်စုမြန်မာနိုင်ငံသည် ပြည်ထောင်ချင်းချင်း တရားမျှတမှုနှင့် နိုင်ငံတကာတို့ စောင့်ရှောက်အပ်သော ကျင့်ဝပ်သိက္ခာတို့ကို အခြေခံ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို၎င်း၊ နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက် ပေါင်းဖက်ဆောင်ရွက်ရေးကို၎င်း ရှေ့ရှုမည်ဟူ၍ ခိုင်မြဲသော အဓိဋ္ဌာန်ကို ပြုသည်။
'''၂၁၃။''' ။ (၁) ပြည်ထောင်စု မြန်မာနိုင်ငံပါဝင်သော ပြည်ထောင်ချင်းချင်း သဘောတူညီချက်တိုင်းကို ပါလီမန်၌ တင်ပြရမည်။
:(၂) သဘောတူညီချက်အတိုင်း အထမြောက်အောင် ဆောင်ရွက်ရေးအတွက်၊ ဥပဒေပြုရန်လိုသော၊ သို့ တည်းမဟုတ် ဥပဒေပြုခြင်းကို လိုရန်အကြောင်းရှိသော ပြည်ထောင်ချင်းချင်း သဘောတူညီချက်ကို ပါလီမန်က သဘောမတူခဲ့သော်၊ လက်ခံအတည်မပြုရ။
:(၃) သဘောတူညီချက်တွင် ပြည်ထောင်စု မြန်မာနိုင်ငံ၏အခွန်တော်မှ ကုန်ကျစရာများ ပါဝင်နေသော ပြည်ထောင်ချင်းချင်း သဘောတူညီချက်ကို ပြည်သူ့လွှတ်တော်က သဘောမတူခဲ့သော်၊ လက်ခံအတည် မပြုရ။
:ရှင်းလင်းချက်။ ။ ဤပုဒ်မသည် လုပ်ငန်းဆောင်တာ နည်းနာတို့နှင့်ဆိုင်သော၊ သို့တည်းမဟုတ် စီရင် အုပ်ချုပ်မှုနှင့်ဆိုင်သော အစိုးရအချင်းချင်း သဘောတူညီချက်များနှင့် မသက်ဆိုင်ရ။
'''၂၁၄။''' ။ ပါလီမန်က ဆုံးဖြတ်ပြဋ္ဌာန်းခြင်းမပြုလျင်၊ မည်သည့် ပြည်ထောင်ချင်းချင်း သဘောတူညီချက် မျှ၊ ထိုကဲ့သို့သော သဘောတူညီချက် အနေနှင့်၊ ပြည်ထောင်စုနိုင်ငံ တရားဥပဒေ၏ တစိတ်တဒေသ မဖြစ်ရ။
==အခန်း ၁၃။==
===အရပ်ရပ်ဆိုင်ရာ ပြဋ္ဌာန်းချက်များ။===
'''၂၁၅။''' ။ နိုင်ငံတော်အလံ၏ပုံမှာ ထောင့်မှန်စတုဂံပုံဖြစ်သည်။ အလံမှာ အနီရောင်ခံဖြစ်၍၊ လက်ဝဲဘက် အထက်ထောင့်၌ အပြာရင့်အခန်းဖွင့်ပြီးလျှင်၊ ထိုအပြာရင့်အခန်း အလယ်တွင် ရောင်ခြည်လက်ငါးခု ရှိသော ကြယ်ဖြူကြီးတပွင့်ထားရှိသည်။ ထိုကြယ်ဖြူကြီး၏ရောင်ခြည် လက်များအကြားတွင် ရောင် ခြည်လက်ငါးခုစီရှိသော ကြယ်ဖြူငယ်ငါးပွင့်ကို တပွင့်စီသွင်းရံထားရမည်။ ကြယ်ဖြူကြီးနှင့်တကွ သွင်းရံထားသော ကြယ်ငယ်များ၏ ရောင်ခြည်လက်များအနက်၊ တခုစီသည် အလံ၏အထက်ဖက်သို့ မတ်မတ်ညွှန်လျက် တည်စေရမည်။ အလံတခုလုံး၏ အတိုင်းအတာမှာ အလျား ၉ပေ၊ အနံ ၅ပေ၊ အပြာ ရင့်အခန်းမှာ အလျား ၄ပေ၊ အနံ ၂ပေ ၆လက်မ၊ ကြယ်ကြီးအတွက်၊ ထောင့်စွန်းများကိုဆက်၍ ဆွဲထား သော စက်ဝိုင်း၏ အချင်းမှာ ၁၈လက်မ၊ ကြယ်ငယ်အတွက် ၉လက်မ ဖြစ်ရမည်။ အလံ၏အရွယ်မှာ ကြီးငယ်မဟူ ထိုအချိုးအစားအတိုင်း ကိုက်ညီနိုင်သမျှ ကိုက်ညီရမည်။
'''၂၁၆။''' ။ မြန်မာဘာသာသည် ရုံးသုံးဘာသာဖြစ်ရမည်။ သို့ရာတွင် အင်္ဂလိပ်ဘာသာကိုလည်း သုံးခွင့်ပြု နိုင်သည်။
'''၂၁၇။''' ။ ဤဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေစာမူနှစ်ခု ထားရှိရမည်။ တခုမှာ မြန်မာဘာသာစာမူဖြစ်၍ အခြားတခုမှာ အင်္ဂလိပ်ဘာသာစာမူဖြစ်သည်။ ထိုနှစ်မူတွင် တိုင်းပြည်ပြုလွှတ်တော် ဥက္ကဋ္ဌက လက်မှတ် ထိုး၍၊ တရားလွှတ်တော်ချုပ်၏ အတွင်းဝန်ရုံးတွင် မော်ကွန်းတင်ရမည်။ ထိုစာနှစ်မူလုံးကို ဤဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များအတွက် အပြီးအပြတ် သက်သေအရာ တည်စေရမည်။
'''၂၁၈။''' ။ ပြည်ထောင်စုနိုင်ငံသည်၊ သို့တည်းမဟုတ် ပြည်နယ်တို့သည် ပြည်သူသုံးလုပ်ငန်း ဆောင်တာများ ကို လုပ်ကိုင်စေရန် လက်မှတ်ကို၊ သို့တည်းမဟုတ် လိုင်စင်ကို၊ သို့တည်းမဟုတ် အခြားနည်းဖြင့် အာဏာ လွှဲအပ်သော လုပ်ပိုင်ခွင့်ကို -
:(က) ပြည်ထောင်စုနိုင်ငံကသော်၎င်း၊ ပြည်နယ်ကသော်၎င်း၊ ဒေသန္တရ အာဏာပိုင်များကသော်၎င်း၊ ကြီးကြပ်အုပ်ချုပ်သော အဖွဲ့အစည်းများကို သာပေးရမည်၊ သို့တည်းမဟုတ်
:(ခ) ပြည်ထောင်စုနိုင်ငံသားတို့ကို သာပေးရမည်။ သို့တည်းမဟုတ်
:(ဂ) ပြည်ထောင်စုနိုင်ငံမှ သော်၎င်း၊ ပြည်နယ်မှသော်၎င်း၊ ဒေသန္တရ အာဏာပိုင်ထံမှသော်၎င်း၊ ပြည်ထောင်စုနိုင်ငံသားများထံမှ သော်၎င်း ရာခိုင်နှုန်း ၆၀ အောက်မနည်းပါဝင်သော ငွေရင်းရှိ၍၊ ပြည် ထောင်စုနိုင်ငံတွင် အာဏာတည်သော တရားဥပဒေနှင့်အညီ ဖွဲ့စည်းသော ကုမ္ပဏီများကိုသာဖြစ်စေ ထိုကဲ့သို့သော အခြားအဖွဲ့အစည်းများကိုသာဖြစ်စေ ပေးရမည်။ သို့ရာတွင် ထိုကဲ့သို့သော လက်မှတ်ကို၊ သို့တည်းမဟုတ် လိုင်စင်ကို၊ သို့တည်းမဟုတ် အခြားနည်းဖြင့် အာဏာလွှဲအပ်သော လုပ်ပိုင်ခွင့်ကို၊ ပြည်သူ့အကျိုးအတွက် လိုအပ်သောအခါ၊ ပါလီမန်က ပြင်နိုင်ရမည်။ သို့တည်းမဟုတ် ပြောင်းနိုင်ရမည်၊ သို့တည်းမဟုတ် ရုပ်သိမ်းနိုင်ရမည်ဟူသော စည်းကမ်းချက်များအရမှတပါး၊ မည်သူ တဦးတယောက်သို့ မျှ၊ သို့တည်းမဟုတ် မည်သည့်အဖွဲ့အစည်းသို့မျှ၊ သို့တည်းမဟုတ် မည်သည့်ကုမ္ပဏီသို့မျှ နှစ်ဆယ့်ငါး နှစ်ထက်ကျော်လွန်သော ကာလအပိုင်းအခြားအတွက် မပေးရ။
'''၂၁၉။''' ။ သစ်တောမြေနှင့် သတ္တုမြေများ၊ သစ်တောများ၊ ရေ၊ တံငါလုပ်ငန်းအမျိုးမျိုး ဆိုင်ရာဒေသများ၊ သတ္တုများ၊ ကျောက်မီးသွေး၊ ရေနံနှင့် အခြားတွင်းထွက်ဆီများ၊ ဓါတ်အားထွက်မည့် ပင်ရင်း အခြေအ မြစ်များနှင့် အခြားသဘာဝ ပင်ရင်းအခြေအမြစ်များကို၊ ပြည်ထောင်စုနိုင်ငံက လုပ်ကိုင်သုံးစွဲ၍ တိုးတက် အောင်ပြုရမည်။ သို့ရာတွင် ပြည်ထောင်စုနိုင်ငံ၏ အကျိုးစီးပွါးအလို့ငှါ၊ ပါလီမန်၏ အက်ဥပဒေအရ ပြဋ္ဌာန်းထားသော သီးခြား ခြွင်းချက်စည်းကမ်းများနှင့် မဆန့်ကျင်လျှင်၊ ပြည်ထောင်စုနိုင်ငံသည် အထက်ပါတို့ကို လုပ်ကိုင်သုံးစွဲနိုင်သော၊ သို့တည်းမဟုတ် တိုးတက်အောင်ပြုနိုင်သော၊ သို့တည်းမဟုတ် အသုံးချနိုင်သော အခွင့်အရေးကို၊ ပြည်ထောင်စုနိုင်ငံသားများအား ပေးနိုင်သည်။ သို့တည်းမဟုတ် ပြည်ထောင်စုနိုင်ငံသားများထံမှ အနည်းဆုံး ရာခိုင်နှုန်း ၆၀မျှ ပါဝင်သည့်ငွေရင်းရှိသော ကုမ္ပဏီများ သို့သော်၎င်း၊ ထိုကဲ့သို့သော အဖွဲ့အစည်းများသို့သော်၎င်း ပေးနိုင်သည်။
:ခြွင်းချက်။ ။ ထို့ပြင် ပြည်သူ့အကျိုးအတွက် လိုအပ်သောအခါ၊ အထက်ပါ အခွင့်အရေးကိုပါလီမန် ကပြင်နိုင်ရမည်၊ သို့တည်းမဟုတ် ပြောင်းနိုင်ရမည်၊ သို့တည်းမဟုတ် ရုပ်သိမ်းနိုင်ရမည်ဟူသော စည်းကမ်းချက်များအရမှတပါး၊ ထိုအခွင့်အရေးမျိုးကို မပေးရ။
:အထက်က ဖေါ်ပြခဲ့သော သဘာဝပင်ရင်း အခြေအမြစ်များကို လုပ်ကိုင်သုံးစွဲခြင်း၊ တိုးတက်အောင် ပြုခြင်း၊ အသုံးချခြင်းတို့အတွက် လက်မှတ်ကိုသော်၎င်း၊ လိုင်စင်ကိုသော်၎င်း၊ အခြားနည်းဖြင့် လွှဲအပ် သော လုပ်ပိုင်ခွင့်ကိုသော်၎င်း နှစ်ဆယ့်ငါးနှစ်ထက်ကျော်လွန်သော ကာလအပိုင်းအခြားအတွက် နောင် အခါတွင်မပေးရ။ သို့တည်းမဟုတ် နှစ်ဆယ့်ငါးနှစ်ထက်ကျော်လွန်သော နောက်ထပ်ကာလအပိုင်း အခြားအတွက် အသစ်လဲခွင့်မရှိစေရ။
'''၂၂၀။''' ။ ပြည်ထောင်စုနိုင်ငံ၏ အကျိုးစီးပွါးအလို့ငှါ၊ ပါလီမန်၏အက်ဥပဒေက ပြဋ္ဌာန်းထားသော သီး ခြား ခြွင်းချက်စည်းကမ်းများအရမှတပါး၊ လုပ်ကိုင်သုံးစွဲစေရန်သော်၎င်း၊ တိုးတက်အောင် ပြုစေရန် သော်၎င်း၊ အသုံးချစေရန်သော်၎င်း၊ မည်သည့်လယ်ယာကိုင်းကျွန်းမြေကိုမျှ၊ ပြည်ထောင်စုနိုင်ငံသား မဟုတ်သော သူများအား ပြည်ထောင်စုနိုင်ငံက မပေးရ။
'''၂၂၁။''' ။ ပြည်ထောင်စုနိုင်ငံဝန်ထမ်းများ ခန့်ထားရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုနိုင်ငံ အစိုးရကို ကူညီ ရန်၎င်း၊ ရာထမ်းမှုထမ်းဆိုင်ရာ စည်းကမ်းသေဝပ်မှုကိစ္စများတွင် အကြံပေးရန်၎င်း၊ ပါလီမန်သည်၊ တရားဥပဒေပြဋ္ဌာန်း၍ ရာထူးဝန်အဖွဲ့ကို ထားရှိရမည်။ ထိုရာထူးဝန်အဖွဲ့ကို ဖွဲ့စည်းခြင်း၊ ထိုအဖွဲ့၏ အာဏာနှင့် အလုပ်ဝတ်တရားများ၊ ထို့ပြင် အဖွဲ့ဝင်တို့၏ ရာထူးအလုပ်ဆိုင်ရာ စည်းကမ်းချက်များကို၊ ပါလီမန်၏ အက်ဥပဒေဖြင့် ပြဋ္ဌာန်းသတ်မှတ်ရမည်။
==အခန်း ၁၃။==
===အဓိပ္ပါယ် ပိုင်းခြားဖေါ်ပြချက်။===
'''၂၂၂။''' ။ (၁) ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်ကို ထောက်ထားရန်မလိုလျှင်၊ ဤအခြေခံဥပဒေ၌ ပါရှိသော အောက်ပါစကားရပ်တို့သည် ဖေါ်ပြထားသော အဓိပ္ပါယ်ကိုဆောင်သည်။ ဆိုလိုရင်းမှာ-
:“ မြန်မာပြည်”၊ “မြန်မာနိုင်ငံ”၊ “မြန်မာနိုင်ငံတော်” ဟူသော စကားရပ်တို့သည်၊ ၁၉၃၅ ခုနှစ်၊ မြန်မာ နိုင်ငံတော် စီရင်အုပ်ချုပ်မှု ဥပဒေ၌ ပါရှိသော အဓိပ္ပါယ်မျိုးကို ဆောင်သည်။
:“လက်ရှိတရားဥပဒေ” ဟူသည်မှာ တရားဥပဒေ၊ တချက်လွှတ်ဥပဒေ၊ အမိန့်၊ စည်းကမ်းဥပဒေ၊ နည်း ဥပဒေ၊ စည်းမျဉ်းဥပဒေတို့ကို ပြုပိုင်သော ဥပဒေပြုအဖွဲ့က သော်၎င်း၊ အာဏာပိုင်ကသော်၎င်း၊ ပုဂ္ဂိုလ်က သော်၎င်း၊ ဤအခြေခံဥပဒေအာဏာမတည်မီက ပြည်ထောင်စုမြန်မာနိုင်ငံရှိ နယ်မြေများတွင် ပြုခဲ့သော တရားဥပဒေ၊ တချက်လွှတ်ဥပဒေ၊ အမိန့်၊ စည်းကမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းဥပဒေတို့ကို ဆိုလိုသည်။
:“စော်ဘွား” သို့တည်းမဟုတ် “စောဖျာ” ဟူသည်မှာ အငြင်းပွါးမှု ပေါ်ပေါက်လာလျှင်၊ နိုင်ငံတော် သမတက သက်ဆိုင်ရာ ရိုက်ရာခံစည်းကမ်းများနှင့်အညီ အသိအမှတ်ပြုသော ပုဂ္ဂိုလ်ကို ဆိုလိုသည်။
:“ပြည်ထောင်စု အဖွဲ့ဝင်” ဟူသည်မှာ -
::(က) ပြည်ထောင်စုမြန်မာနိုင်ငံတွင် အဖွဲ့ဝင်တခုအဖြစ်ဖြင့်၊ ဖွဲ့စည်းပါဝင်သော ပြည်နယ်ကိုသော်၎င်း၊
::(ခ) ပြည်နယ်၏ တစိတ်တဒေသအဖြစ် မဖွဲ့စည်းမပါဝင်သော ပြည်ထောင်စုမြန်မာနိုင်ငံရှိ ကျန်နယ်မြေ အားလုံးကိုသော်၎င်း
:ဆိုလိုသည်။
:(၂) အခန်း ၆။ ၇။ ၁၀။ ၁၁။ ၁၃ နှင့် တတိယဇယား၊ စတုတ္ထဇယားများရှိ “ပြည်နယ်” ဟူသော စကား သည် ဆန့်ကျင်သော ရည်ရွယ်ချက်မပေါ်ပေါက်လျှင် ရှမ်းပြည်နယ်ကို၊ သို့တည်းမဟုတ် ကချင်ပြည်နယ် ကို၊ သို့တည်းမဟုတ် ကယားပြည်နယ်ကို၊ သို့တည်းမဟုတ် အခန်း ၉၊ အပိုင်း ၆ အရဖွဲ့စည်းသော ပြည်နယ်သစ်ကို ဆိုလိုသည်။
:(၃) ဆန့်ကျင်သော ရည်ရွယ်ချက် မပေါ်ပေါက်လျှင်၊ မြန်မာနိုင်ငံတော် ယေဘုယျ စကားရပ်အက်ဥပဒေ ရှိ ပြဋ္ဌာန်းချက်များသည် ဤအခြေခံဥပဒေကို အဓိပ္ပါယ်ကောက်ယူခြင်း၊ ဤအခြေခံဥပဒေအာဏာ သက် ရောက် ခြင်းတို့နှင့် သက်ဆိုင်ရမည်။
==အခန်း ၁၄။==
===အကူးအပြောင်းကာလပြဋ္ဌာန်းချက်များ။===
'''၂၂၃။''' ။ ၁၉၃၅ ခုနှစ်၊ မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်မှု အက်ဥပဒေအရဖြစ်စေ၊ အခြားနည်းအရဖြစ်စေ၊ ဗြိတိသျှ ဘုရင်မင်းမြတ် ထိုစဉ်အခါက စိုးပိုင်တော်မူခဲ့သည့် မြန်မာနိုင်ငံအတွင်းရှိ နယ်ပယ်များကို စီရင် အုပ်ချုပ်ခြင်းနှင့်စပ်လျဉ်းသော သို့တည်းမဟုတ် သက်ဆိုင်သော ဗြိတိသျှ ဘုရင်မင်းမြတ်၌ ယခင်က တည်ရှိခဲ့သော အခွင့်အရေး၊ အခွင့်အာဏာ၊ စီရင်ပိုင်ခွင့်အာဏာ၊ ကိုယ်ပိုင်အခွင့်အာဏာ အားလုံး နှင့်တကွ၊ မြန်မာနိုင်ငံတော်အတွင်း အခြားမည်သည့် နယ်ပယ်များတွင်မဆို ဖြစ်စေ၊ ထိုနယ်ပယ်များနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ သဘောတူစာချုပ်အရသော်၎င်း၊ ပေးအပ်ခြင်းအရသော်၎င်း၊ ထုံးစံဓလေ့အရသော် ၎င်း၊ လျစ်လျူရှုချက်အရသော်၎င်း၊ အခြားနည်းအရသော်၎င်း၊ ဆောင်ရွက်တော်မူပိုင်သော အခွင့်အရေး ၊ အခွင့်အာဏာ၊ စီရင်ပိုင်ခွင့်အာဏာ၊ ကိုယ်ပိုင်အခွင့်အာဏာအားလုံးတို့ကိုပါ ပြည်ထောင်စုမြန်မာ နိုင်ငံ ကပိုင်ဆိုင်သည်ဟု ကျေညာလိုက်သည်။
:ခြွင်းချက်။ ။ သို့ရာတွင် ဤအခြေခံဥပဒေ အာဏာတည်အံ့ဆဲဆဲကာလက ဗြိတိသျှ ဘုရင်မင်းမြတ် ၌ တည်ရှိခဲ့သော၊ ထို့ပြင် ဗြိတိသျှ မြန်မာနိုင်ငံအတွင်း၌သော်၎င်း၊ ဗြိတိသျှ မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ သော်၎င်း ဆောင်ရွက်တော်မူပိုင်သော ကိုယ်ပိုင် အခွင့်အာဏာကို ပြည်ထောင်စုနိုင်ငံရှိ မည်သည့် အာဏာ ပိုင်ကမျှ ကိုယ်ပိုင်အခွင့်အာဏာအနေနှင့် မသုံးစွဲရ။
'''၂၂၄။''' ။ ဤအခြေခံဥပဒေအာဏာ တည်အံ့ဆဲဆဲကာလက မြန်မာနိုင်ငံတော်နှင့် ကရင်နီနယ်များ၏ စီရင် အုပ်ချုပ်ရေး ကိစ္စအလို့ငှါ၊ ဗြိတိသျှ ဘုရင်မင်းမြတ်၌၊ သို့တည်းမဟုတ် အခြားအာဏာပိုင်တခုခု၌ တည်ရှိ ခဲ့သော အခွင့်အရေးများ၊ ပိုင်ဆိုင်သောပစ္စည်းများနှင့် တောင်းဆိုရယူခွင့်များသည်၊ ဤအခြေခံဥပဒေ အာဏာတည်သည်မှစ၍၊ ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရ၌တည်ရှိရမည်။
:အထူးအားဖြင့် သစ်တောအားလုံး၊ မြေအောက်ရှိ သတ္တုနှင့် အခြားပစ္စည်းများအားလုံး၊ ဓါတ်ဖက်ဝင် ဆေးဖက်ဝင် ရေစသော ရေများ၊ သဘာဝအင်အားတို့၏ ပင်ရင်းအခြေအမြစ်များ၊ သံလမ်းဖြင့် သယ်ယူ ပို့ဆောင်ရေးဆိုင်ရာ ပစ္စည်းများ၊ စာပို့ဆောင်ရေး ဆိုင်ရာပစ္စည်းများ၊ ကြေးနန်းနှင့် ကြေးနန်းမဲ့ ဆက်သွယ်ရေးဆိုင်ရာပစ္စည်းများ၊ အသံလွှင့် လုပ်ငန်းဆိုင်ရာ ပစ္စည်းများသည်၊ ဤအခြေခံဥပဒေ အာဏာတည်သည်မှစ၍ ပြည်ထောင်စုနိုင်ငံ၏ ပစ္စည်းများဖြစ်ရမည်။
'''၂၂၅။''' ။ (၁) ပဋိညာဉ်များနှင့် စပ်လျဉ်း၍သော်၎င်း၊ တာဝန်များနှင့် စပ်လျဉ်း၍သော်၎င်း အကယ်၍ ဤအခြေခံဥပဒေ အာဏာအတည်မဖြစ်ခဲ့သော် မြန်မာနိုင်ငံတော် အစိုးရအား တရားစွဲဆိုနိုင်သော အခွင့် အရေးအရ၊ တရားစွဲရန် ပေါ်ပေါက်ခဲ့လျှင် ပြည်ထောင်စုအစိုးရအား တရားစွဲနိုင်သည်။
:(၂) ပြည်ထောင်စု မြန်မာနိုင်ငံသည်၊ ပြည်ထောင်စု မြန်မာနိုင်ငံ၏ အမည်ဖြင့် တရားစွဲနိုင်သည်။ ထို နည်းတူပင် တရားစွဲဆိုခြင်းကို ခံနိုင်သည်။
:(၃) အမှုသည်အဖြစ်ဖြင့် မြန်မာနိုင်ငံအစိုးရပါဝင်နေသော အမှုများသည်၊ ဤအခြေခံဥပဒေအာဏာ တည်သောနေ့ရက်တွင် မပြီးမပြတ်ဖြစ်နေသေးပါက ထိုအမှုများတွင် မြန်မာနိုင်ငံအစိုးရအစား၊ ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ ပါဝင်သည်ဟု မှတ်ယူရမည်။
'''၂၂၆။ '''။ (၁) လက်ရှိတရားဥပဒေများသည် ဤအခြေခံဥပဒေနှင့် မညီမညွတ်မဖြစ်သည်အထိ၎င်း၊ ဤ အခြေခံဥပဒေနှင့် မဆန့်ကျင်လျှင်၎င်း၊ ထိုလက်ရှိတရားဥပဒေများကို ဖြစ်စေ၊ တခုခုကိုဖြစ်စေ၊ ဥပဒေပြု ပိုင်ခွင့်ရှိသော ဥပဒေပြုအဖွဲ့ကသော်၎င်း၊ ထိုကဲ့သို့သော အာဏာပိုင်ကသော်၎င်း၊ မရုပ်သိမ်းသေးသမျှ၊ သို့တည်းမဟုတ် မပြင်သေးသမျှ၊ ဆက်လက်၍အာဏာတည်စေရမည်။
:(၂) ဤအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်ကို လေးစားထောက်ထား၍၊ နိုင်ငံတော်သမတက လိုအပ်သည်ဟု ထင်မြင်သော၊ သင့်တင့်ဆီလျော်သည့် ပြုပြင်ချက်များပါဝင်သော လက်ရှိ တရားဥပဒေတခုခုကို ပါလီမန် ကသော်၎င်း၊ အခွင့်အာဏာရှိသော အခြားအာဏာပိုင်က သော်၎င်း၊ မရုပ်သိမ်းသေးသမျှ၊ သို့တည်း မဟုတ် မပြင်သေးသမျှ၊ နိုင်ငံတော်သမတ၏ အမိန့်တွင် သီးခြားဖေါ်ပြထားသော နေ့မှစ၍ အကျိုးသက် ရောက်စေရမည်ဟု နိုင်ငံတော်သမတက အမိန့်ထုတ်၍ ပြဋ္ဌာန်းနိုင်သည်။
'''၂၂၇။ '''။ ဤအခြေခံဥပဒေအာဏာ တည်အံ့ဆဲဆဲကာလက မြန်မာနိုင်ငံတော်အစိုးရနှင့်၊ သို့တည်းမဟုတ် မြန်မာနိုင်ငံတော်အစိုးရကိုယ်စား ဗြိတိသျှ ဘုရင်မင်းမြတ်နှင့်၊ သို့တည်းမဟုတ် ဗြိတိသျှ နိုင်ငံရှိ ဘုရင်မင်းမြတ်၏ အစိုးရနှင့် အခြားနိုင်ငံ အကြီးအမှူး၊ သို့တည်းမဟုတ် အစိုးရတို့ ချုပ်ဆိုအတည်ဖြစ် ခဲ့သော စာချုပ်များမှသော်၎င်း၊ သဘောတူညီချက်များမှသော်၎င်း၊ ပေါ်ထွက်လာသော တရားမျှတသည့် တာဝန်များကို၊ အဆိုပါ အခြားနိုင်ငံကလည်း ပြည်ထောင်စုမြန်မာနိုင်ငံနှင့် စပ်လျဉ်း၍၊ ထားရှိအပ်သော ပဋိညာဉ်များကို တုံ့ပြန်လေးစားပါက၊ ပြည်ထောင်စုမြန်မာနိုင်ငံကလည်း၊ တုံ့ပြန်လေးစားရမည်။
'''၂၂၈။''' ။ ဤအခြေခံဥပဒေ အာဏာတည်သည့်နေ့၌၊ တည်ရှိနေသော တရားရုံးအားလုံးသည် ဤအခြေခံ ဥပဒေနှင့်အညီ တရားဥပဒေဖြင့် တရားရုံးသစ်များကို မတည်ထောင်သမျှ၊ ဆက်လက်၍ တရားစီရင်ပိုင် ခွင့်အာဏာများကို သုံးစွဲဆောင်ရွက်ရမည်။ အဆိုပါ တရားရုံးများတွင် မပြီးမပြတ်ဖြစ်နေသေးသော တရားမမှုများ၊ ရာဇဝတ်မှုများနှင့် အခွန်တော်မှုများကို၊ ဤအခြေခံဥပဒေအာဏာ မတည်သေးဘိသကဲ့ သို့ ပြီးပြတ်အောင် စီရင်ရမည်။
'''၂၂၉။''' ။ ဤအခြေခံဥပဒေအာဏာ တည်အံ့ဆဲဆဲကာလက၊ မြန်မာနိုင်ငံတော်အစိုးရ လက်အောက်တွင် အမှုထမ်းခဲ့ကြသော ရာထမ်းမှုထမ်းများသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံက အခြားပြဋ္ဌာန်းချက်မပြုသမျှ ဆက်လက်အမှုထမ်းရမည်။
'''၂၃၀။''' ။ ကြိုတင်မသိမြင်နိုင်သော အခက်အခဲများကို၊ အထူးအားဖြင့်၊ ၁၉၃၅ ခုနှစ်၊ မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်မှု အက်ဥပဒေရှိ ပြဋ္ဌာန်းချက်များမှ၊ ဤအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များသို့ ကူးပြောင်း ရာတွင်ပေါ်ပေါက်လာအပ်သော အခက်အခဲများကို၊ ဖယ်ရှားရန် နိုင်ငံတော်သမတသည်၊ မိမိ၏အမိန့် တွင် သီးခြားဖေါ်ပြထားသော ကာလအပိုင်းအခြားအတွက် ပြောင်းခြင်းဖြင့်သော်၎င်း၊ ဖြည့်ထည့်ခြင်း ဖြင့်သော်၎င်း၊ ရုပ်သိမ်းခြင်းဖြင့်သော်၎င်း၊ ပြုပြင်ထားသော ပြင်ဆင်ချက်များ ပါဝင်သည့် ဤအခြေခံ ဥပဒေသည်၊ အကျိုးသက်ရောက်ရမည်ဟု နိုင်ငံတော်သမတက အမိန့်ထုတ်၍ ပြဋ္ဌာန်းနိုင်သည်။ အခန်း ၆အရ၊ နည်းလမ်းကျနစွာဖွဲ့စည်းသော ပါလီမန်၏ ပဌမ အစည်းအဝေး ကျင်းပပြီးသည့်နောက် ဤပုဒ်မအရ ထိုကဲ့သို့သော အမိန့်ကို မထုတ်ရ။ တဆက်တည်းဖြစ်သော အောက်ပုဒ်မရှိ ပြဋ္ဌာန်းချက် များအရ၊ ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ်လုံး၏ အာဏာများကို အသုံးပြုကာ၊ ဤတိုင်းပြည်ပြု လွှတ်တော်က ဆုံးဖြတ်ချက်ချ၍ သဘောတူညီချက် မပေးလျှင်၊ ထိုကဲ့သို့သော အမိန့်ကို မထုတ်ရ။
'''၂၃၁။''' ။ (၁) အခန်း ၆အရ နည်းလမ်းကျနစွာ ဖွဲ့စည်းသော ပါလီမန်၏ပဌမအစည်းအဝေးကို ကျင်းပ သည့် တိုင်အောင်၊ ဤတိုင်းပြည်ပြုလွှတ်တော်သည်၊ ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ်လုံး၏ အာဏာ အားလုံး၊ တာဝန်ဝတ်တရားအားလုံးနှင့် အခွင့်အရေးအားလုံးကို သုံးစွဲဆောင်ရွက်ခံစားရမည်။
:(၂) နိုင်ငံတော် ယာယီသမတ အဖြစ်ဖြင့်၊ တိုင်းပြည်ပြုလွှတ်တော်က ရွေးကောက်တင်မြှောက်သော ပုဂ္ဂိုလ်သည်၊ အခန်း ၅အရ၊ နိုင်ငံတော်သမတကို နည်းလမ်းကျနစွာ ရွေးကောက်တင်မြှောက်သည့်တိုင် အောင်၊ ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံတော်ယာယီသမတဖြစ်ရမည်။ ထို့ပြင် ထိုနိုင်ငံတော်ယာယီ သမတသည်၊ ဤအခြေခံဥပဒေက နိုင်ငံတော်သမတအား အပ်နှင်းထားသော အာဏာအားလုံးနှင့် တာဝန်ဝတ်တရားအားလုံးကို သုံးစွဲဆောင်ရွက်ရမည်။
:နိုင်ငံတော် ယာယီသမတအဖြစ်ဖြင့်၊ ထမ်းရွက်သော ကာလအပိုင်းအခြားကို၊ ပုဒ်မ ၄၈ရှိ ပုဒ်မခွဲ (၂)အရ၊ ရာထူးသက်တမ်းကို တွက်စစ်ရာတွင် ထည့်သွင်း၍ မရေတွက်ရ။
:(၃) ပြည်ထောင်စု ယာယီအစိုးရ၏ ဝန်ကြီးချုပ်နှင့် အခြားဝန်ကြီးများ အဖြစ်ဖြင့် တိုင်းပြည်ပြုလွှတ် တော်က ရွေးကောက်တင်မြှောက်သော ပုဂ္ဂိုလ်များသည်၊ အခန်း၅အရ နည်းလမ်းကျနစွာ ရွေးကောက် တင်မြှောက်ခြင်းခံရသော နိုင်ငံတော်သမတက၊ ပုဒ်မ ၅၆ ရှိပြဋ္ဌာန်းချက်များနှင့်အညီ အခြားပုဂ္ဂိုလ်များ ကို ခန့်ထားသည့်တိုင်အောင်၊ ပြည်ထောင်စုယာယီအစိုးရ၏ ဝန်ကြီးချုပ်နှင့် အခြားဝန်ကြီးများ ဖြစ်ရ မည်။
'''၂၃၂။ '''။ (၁) အခန်း ၆အရ နည်းလမ်းကျနစွာ ဖွဲ့စည်းသော ပါလီမန်၏ပဌမအစည်းအဝေးကို ကျင်းပ သည့်တိုင်အောင် -
::(က) တိုင်းပြည်ပြုလွှတ်တော်ရှိ ပဒေသရာဇ် ရှမ်းပြည်နယ်စုဆိုင်ရာ ကိုယ်စားလှယ် အမတ်အားလုံးဖြင့်၊ ရှမ်းပြည်နယ် ယာယီကောင်စီကို ဖွဲ့စည်းရမည်။
::(ခ) တိုင်းပြည်ပြုလွှတ်တော်ရှိ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်များဆိုင်ရာ ကိုယ်စားလှယ် အမတ် အားလုံးဖြင့်၊ ကချင်ပြည်နယ် ယာယီကောင်စီကို ဖွဲ့စည်းရမည်။
::(ဂ) တိုင်းပြည်ပြုလွှတ်တော်ရှိ ကရင်အမျိုးသားဆိုင်ရာ ကိုယ်စားလှယ် အမတ်အားလုံးဖြင့်၊ ကရင်ရေးရာယာယီကောင်စီကို ဖွဲ့စည်းရမည်။
::(ဃ) တိုင်းပြည်ပြုလွှတ်တော်ရှိ ကရင်နီနယ်များဆိုင်ရာ ကိုယ်စားလှယ် အမတ်အားလုံးဖြင့်၎င်း၊ နိုင်ငံတော် ယာယီသမတက ကယားပြည်နယ်မှ ရွေးချယ်ခန့်ထားသော နှစ်ဦးထက်မပိုသည့် အခြား ပုဂ္ဂိုလ် များဖြင့်၎င်း ကယားပြည်နယ် ယာယီကောင်စီကို ဖွဲ့စည်းရမည်။
::(င) တိုင်းပြည်ပြုလွှတ်တော်ရှိ ချင်းတောင်များ ခရိုင်နှင့် ရခိုင်တောင်တန်း နယ်ပယ်ဆိုင်ရာ ကိုယ်စား လှယ် အမတ်အားလုံးဖြင့်၊ ချင်းရေးရာ ယာယီကောင်စီကို ဖွဲ့စည်းရမည်။
:(၂) ဆိုခဲ့သော ယာယီကောင်စီ အသီးသီးသည်၊ အခန်း၉အရ ဖွဲ့စည်းသော သက်ဆိုင်ရာကောင်စီ အသီးသီး၏ အာဏာအားလုံးနှင့် တာဝန်ဝတ်တရား အားလုံးကို သုံးစွဲဆောင်ရွက်ရမည်။
'''၂၃၃။''' ။ ဤအခြေခံဥပဒေအရ ကျင်းပသော ပဌမ အမတ်ရွေးကောက်ပွဲကို၊ ဤအခြေခံဥပဒေအာဏာ တည်သည့် နေ့ရက်မှစ၍ ၁၈ လ အတွင်းတွင် ကျင်းပရမည်။
'''၂၃၄။''' ။ ဤအခြေခံဥပဒေသည် နိုင်ငံတော် ယာယီသမတက ထုတ်ပြန်ကျေညာသောနေ့† တွင်၊ အာဏာတည်ရမည်။ ထိုနေ့သည် မြန်မာသက္ကရာဇ် ၁၃၁၀ ခုနှစ်၊ ကဆုန်လဆန်း ၈ရက်နေ့ (ခရဇ်တော် သက္ကရာဇ် ၁၉၄၈ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့) အောက် နောက်မကျစေရ။
{{PD-EdictGov}}
[[Category:မြန်မာနိုင်ငံ၏ ဥပဒေများ]]
[[Category:မြန်မာဘာသာ]]
[[Category:လွတ်လပ်ပြီးခေတ်]]
1458g34rpu5hs614tcfypk72zecpjzk
လယ်တီဆရာတော်ဘုရားကြီး
0
5740
18774
2025-06-12T22:17:33Z
Tejinda
173
"{{header | title = [[လယ်တီဆရာတော်ဘုရားကြီး]] | author = လယ်တီဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = <b>လယ်တီဆရာတော်ဘုရားကြီး</b> | previous = မိုးကမ္..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18774
wikitext
text/x-wiki
{{header
| title = [[လယ်တီဆရာတော်ဘုရားကြီး]]
| author = လယ်တီဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = <b>လယ်တီဆရာတော်ဘုရားကြီး</b>
| previous = [[မိုးကမ္မဝါစာတမ်း]]
| previous2 =
| next = [[]]
| next2 =
| year =
| notes =
| edition =
| categories = လယ်တီဆရာတော်
| shortcut =
| portal =
}}
<p><b>မုံရွာမြို့</b></p>
<p><b>လယ်တီဆရာတော်ဘုရားကြီး</b></p>
<hr>
<h3>ထေရုပ္ပတ္တိ အကျဉ်းချုပ်</h3>
<hr>
<h3>ဇာတိဌာနနှင့် ခမည်းတော်၊ မယ်တော်</h3>
<p>ကျေးဇူးတော်ရှင် <b>လယ်တီဆရာတော် ဘုရားကြီးသည် မြန်မာ သက္ကရာဇ် ၁၂၀၈-ခုနှစ်၊ နတ်တော်လဆန်း ၁၃-ရက် အင်္ဂါနေ့တွင် ဒီပဲယင်းမြို့နယ် စိုင်ပြင်ရွာ၌ ဖွားမြင်တော်မူခဲ့သည်</b>။ ခမည်းတော်မှာ ဦးထွန်းသာဖြစ်၍ မယ်တော်မှာ ဒေါ်ကြုံးဖြစ်သည်။</p>
<p>ဦးထွန်းသာ- ဒေါ်ကြုံးတို့တွင် သားသမီးခြောက်ဦး ထွန်းကား ခဲ့ရာ ယင်းတို့မှာ</p>
<p>(၁) ပထမ အကြီးဆုံးသား ( ငယ်စဉ်က ကွယ်လွန် )<br>
(၂) ဒုတိယသား <b>မောင်တက်ခေါင် ( လယ်တီဆရာတော် )</b><br>
(၃) တတိယသား မောင်တက်စွာ ( လူဝတ်ကြောင် )<br>
(၄) စတုတ္ထသား မောင်တက်ပွား ( ပထမပြန် ဦးကုမာရ )<br>
(၅) ပဉ္စမသား မောင်တက်ထွား ( ဆရာတော် ဦးကိတ္တိ )<br>
(၆) ဆဋ္ဌမသမီး မမြလေး တို့ဖြစ်ကြသည်။</p>
<p>သို့ဖြစ်ရာ သားသမီး ခြောက်ဦး ရှိသည့်အနက် ဒုတိယသား၊ စတုတ္ထသားနှင့် ပဉ္စမသားများမှာ ရဟန်းအဖြစ်သို့ ရောက်ခဲ့ကြသည်။</p>
<hr>
<h3>မင်္ဂလာနိမိတ်ထူးနှင့် ငယ်နာမည်</h3>
<p>လယ်တီဆရာတော်လောင်းလျာဖြစ်သူ ဒုတိယသားကို ဖွားမြင် ဆဲအချိန်တွင် <b>အိမ်ဥပစာအတွင်းရှိ မန်ကျည်းပင်ကြီး၌ထောင်ထားသော ဝါးလုံးများကြားထဲမှ စို့(သက်တံ)ကြီးပေါ်ထွက်လာကာ ကောင်းကင်သို့ ထိုးတက်သွားပြီးမှ တစ်ဖန်ညွတ်ကိုင်းပြီး အိမ်တွင်းသို့ ဝင်ရောက်လာပြန်သည်</b>။ ထို့နောက်တစ်ဖန် ယင်းစို့ (သက်တံ)ကြီးသည် အိမ်တွင်းမှ အိမ်ခေါင်မိုးသို့ ပျံတက်ပြီး အဝါတစ်တန့် အပြာတစ်တန့် အနီတစ်တန့်ဖြင့် ရောင်မျိုးစုံယှက်သန်းကာ ကောင်းကင်လမ်းသို့ ပျံသန်းပျောက်ကွယ်သွားသည်။</p>
<p>ယင်းကဲ့သို့သော မဖြစ်ဖူးမြဲ ထူးကဲလှသည့် မင်္ဂလာနိမိတ်ထူး ကို အစွဲပြု၍ လယ်တီဆရာတော် လောင်းလျာဖြစ်သော ဒုတိယသားကို <b>မောင်တက်ခေါင်ဟူ၍ အမည်ပေးခဲ့ခြင်းဖြစ်သည်</b>။</p>
<hr>
<h3>ကျောင်းအပ်ခြင်းနှင့် ရှင်သာမဏေဘဝ</h3>
<p>မောင်တက်ခေါင် ၁၀-နှစ်သားအရွယ်တွင် <b>စိုင်ပြင်ရွာ ကျောင်းမကျောင်း ဆရာတော် အရှင်နန္ဒထံ ပညာသင်ကြားရန် ကျောင်းအပ်နှံခဲ့သည်</b>။ ကျောင်းသားအဖြစ်ဖြင့် ဘုန်းကြီးကျောင်းပညာရေး၏ သင်ရိုး ဖြစ်သော မင်္ဂလသုတ်၊ နမက္ကာရ၊ ရတနာရွှေချိုင့်၊ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ လောကနီတိ၊ ဓမ္မနီတိ၊ ပရိတ်ကြီး စသည်တို့ကို သင်ကြားခဲ့သည်။</p>
<p>အသက်၁၅-နှစ်သားအရွယ် ရှင်သာမဏေပြုရာ ဘွဲ့အမည်မှာ <b>ရှင်ဉာဏဓဇ</b> ဖြစ်သည်။ ရှင်ဉာဏဓဇသည် သာမဏေဘဝဖြင့် ဆရာတော်အရှင်နန္ဒထံ၌ <b>မြန်မာနိုင်ငံ ပါဠိပညာရေး၏ သင်ရိုးဖြစ်သော ကစ္စည်း သဒ္ဒါကြီး၊ အဘိဓမ္မတ္ထ-သင်္ဂြီုဟ်၊ ဝီထိလက်ရိုး၊ မာတိကာ၊ ဓာတုကထာ၊ ယမိုက်၊ ပဋ္ဌာန်း စသော နေ့ဝါညဝါကျမ်းများကို သင်ကြားခဲ့သည်</b>။</p>
<hr>
<h3>ဆယ်ကျော်သက်ကရေးသားဖွဲ့ဆိုခဲ့သောကျမ်းနှင့် ကဗျာများ</h3>
<p>၁၈-နှစ်အရွယ်တွင် ရဲထွက်ရွာအရှေ့ဘက် ဝေဒပါရဂူ <b>ဆရာတော်အရှင်ဂန္ဓမာအထံ၌ ဗေဒင်ဘက်ဆိုင်ရာ ပညာရပ်များကို သင်ယူခဲ့သည်</b>။ ယင်းသို့သင်ယူယင်း ကျည်းကန်ကိုရင်ကြီး၏ လင်္ကာကို နည်းယူပြီးလျှင် <b>ဗိုလ်၊ သုဇိတာ၊ ဗျဉ္စျတာ၊ ဇာတာဖွဲ့ သင်္ကြန်တွက် လက်ရိုး လင်္ကာများကို ဖွဲ့ဆိုရေးသားတော်မူခဲ့သည်</b>။</p>
<p>ထိုစဉ်က သာမဏေဘဝဖြင့်ပင် <b>မဟော်ဇာတ်ထုပ်နှင့် မဟော်ကျေးစေခန်း ရတု၊ ရှင်လောင်းလှည့် (သျှိုးလိုက်) ရတုကဗျာများကိုလည်း ဖွဲ့ဆိုရေးသားတော်မူခဲ့သည်</b>။</p>
<p>ထို့ပြင် သဒ္ဒါဘက်ဆိုင်ရာ သဒ္ဒါငယ်ကျမ်းများကို သင်ယူယင်း ဝါစ္စ ဝါစက အကောက်ကျမ်းဟောင်းကို အားမရသဖြင့် ' <b>ဝါစ္စဝါစက အကောက်ကျမ်းသစ်</b> ' ကိုလည်း သာမဏေဘဝ ဆယ်ကျော်သက်ကပင် ရေးသားပြုစုခဲ့သေးသည်။</p>
<hr>
<h3>အားမရနိုင်သော စာကြည့်ဝါသနာ</h3>
<p>သက္ကရာဇ် ၁၂၂၈-ခု ကဆုန်လဆန်း ၆-ရက်နေ့တွင် သာမဏေ ရှင်ဉာဏဓဇသည် စိုင်ပြင်ရွာ ကျောင်းမကျောင်း ခဏ္ဍသိမ်၌ ဆရာတော် အရှင်နန္ဒကို ဥပဇ္ဈာယ်ပြုကာ <b>ရဟန်းအဖြစ်သို့ ရောက်တော်မူသည်</b>။</p>
<p>ရဟန်းတော် အရှင်ဉာဏဓဇကား <b>အားရသည်ဟုမရှိလောက်အောင် စာကြည့်ဝါသနာပါလွန်းလှသည်</b>၊ ထို့ကြောင့်လည်း ဥပဇ္ဈာယ် ဆရာတော် အရှင်နန္ဒက သူ၏စာတိုက်ကြီးငါးလုံးရှိ မြန်မာနိဿယများကို ကြည့်ရှုရန် ခွင့်ပြုခဲ့သည်။ ဤမျှနှင့်အားမရသေး၍ <b>စိုင်ပြင်ရွာ မြင်တင် တိုက်ဆရာတော် အရှင်ဓမ္မထံ၌ရှိသော စာတိုက်ကြီးငါးလုံးမှ မြန်မာ နိဿယဟူသမျှကိုလည်း အားလုံးကြည့်ရှုတော်မူလိုက်သေးသည်</b>။</p>
<p>ထို့နောက် စိုင်ပြင် ၂- ရွာတွင် တည်ရှိသော ကျောင်းတိုက်ကြီး ငါးတိုက်မှ မြန်မာပြန်နိဿယများကို အကုန်ကြည့်ရှုတော့မည်ဟု ကြံ စည်တော်မူသေးသည်။ သို့သော် မန္တလေးမြို့သို့ကြွ၍ ပညာသင်လိုသော ကြောင့် ယင်းအကြံမှာ အထမမြောက်ခဲ့ပေ။</p>
<hr>
<h3>မန္တလေးမြို့ စံကျောင်းတိုက်၌ ပညာသင်ကြားခြင်း</h3>
<p>သို့ဖြင့်ပင် ရဟန်းတော် အရှင်ဉာဏဓဇသည် <b>၁၂၃၁-ခုနှစ်တွင် မိမိဖွားမြင်ရာ စိုင်ပြင်ရွာမှ မန္တလေး ရတနာပုံနေပြည်တော် မြောက်ပြင် မင်္ဂလာစံကျောင်းတိုက်သို့ ပညာသင်ကြားရန် ကြွရောက်တော်မူခဲ့သည်</b>။</p>
<p>ရဟန်းတော် အရှင်ဉာဏဓဇသည် <b>ရဟန်း ၁- ဝါမှ၊ ၁၆-ဝါအထိ ၁၆-နှစ်တိုင်တိုင် စံကျောင်းတိုက်၌ နေထိုင်ကာ ' သုဒဿန ဝရ ဓမ္မသာမိ မဟာဓမ္မ ရာဇာဓိရာဇဂုရု' ဘွဲ့တံဆိပ်တော်ရ ဒုတိယစံကျောင်း ဆရာတော်ဘုရားကြီးထံ၌ ဝိနည်းပါဠိတော် အဋ္ဌကထာများနှင့် အဘိဓမ္မာ အဋ္ဌကထာ ၃- ကျမ်းကို သင်ယူတော်မူသည်</b>။</p>
<p>ထိုအချိန်က ဒုတိယစံကျောင်း ဆရာတော်ဘုရားကြီးမှာ မန္တလေး ရွှေမြို့တော်တွင် စာချနာမည်အကျော်ကြားဆုံးဖြစ်၍ <b>စာလိုက်သံဃာ ၁၀၀၀-ကျော်အထိပင် ရှိခဲ့ဖူးသည်</b>။</p>
<p>ထို့နောက် ရဟန်းတော် အရှင်ဉာဏဓဇသည် အဆိုပါ ဝိနည်း နှင့်အဘိဓမ္မာ ပါဠိအဋ္ဌကထာများကိုပင် မကုဋာရာမဆရာတော် ဘုရားကြီးထံ၌လည်း သင်ယူတော်မူပြန်သည်။</p>
<hr>
<h3>'လုံပဏ်-လင်းပဏ်' ဘယ်ပဏ်သာ၍ တတ်သနည်း</h3>
<p>ထိုအချိန်က ဒုတိယစံကျောင်း ဆရာတော်ဘုရားကြီးထံ (၁) 'ရာဇဂုရု' ဘွဲ့တံဆိပ်တော်ရ <b>အလုံဇာတိ မိုင်းခိုင်းဆရာတော် ဦးပဏ္ဍိတ</b>နှင့် (၂) 'ရာဇဂုရု' ဘွဲ့တံဆိပ်မရသော <b>စလင်းဇာတိ ဆရာတော် ဦးပဏ္ဍိစ္စ</b>ဟူ၍ စာတတ်ပေတတ် ပထမစာချ တပည့်ကြီးနှစ်ပါးရှိရာ စံကျောင်းတိုက် ပတ်ဝန်းကျင်တွင် <b>'လုံပဏ်-လင်းပဏ်၊ သည်နှစ်ပဏ်တွင် ဘယ်ပဏ် သာ၍ တတ်သနည်း' ဟု ကဗျာစပ်ဆို မေးခွန်းထုတ်ခြင်း ခံရသည်အထိ ပရိယတ္တိစာပေလောက၌ ထင်ရှားကျော်ကြားသော စာချတပည့်ကြီး နှစ်ပါး ဖြစ်သည်</b>။</p>
<p>ရဟန်းတော် အရှင်ဉာဏဓဇသည် စံကျောင်းဆရာတော် ဘုရား ကြီးထံ၌ အထက်ပါအတိုင်း ဝိနည်းနှင့် အဘိဓမ္မာ ပါဠိ အဋ္ဌကထာများကို သင်ယူခဲ့သည့်အပြင် အဆိုပါ လုံပဏ်၊ လင်းပဏ်ဟူသော ပထမ စာချကြီး နှစ်ပါးတွင် <b>စလင်းဆရာတော် ဦးပဏ္ဍိစ္စ၏ တပည့်ရင်းလည်း ဖြစ်သည်</b>။ စလင်းဆရာတော် ဦးပဏ္ဍိစ္စထံတွင် ရဟန်းတော် အရှင်ဉာဏဓဇသည်၊ <b>ပါစိတျာဒိ အဋ္ဌကထာ၊ သမ္မောဟဝိနောဒနိ အဋ္ဌကထာ၊ ပဉ္စမကြိုဏ် အဋ္ဌကထာ စသည်တို့ကို အာစရိယ ဟတ္ထမုဋ္ဌိ ဆုပ်မိ ကိုင်မိရှိအောင် ဆိုဝါ တတ်ဝါနှင့် သင်ယူတော်မူခဲ့သည်</b>။</p>
<p>ထို့ကြောင့်လည်း ရဟန်းတော်အရှင်ဉာဏဓဇသည် လယ်တီ ဆရာတော်အဖြစ်သို့ ရောက်ရှိလာသောအခါ၌ <b>'ငါ၏ဗိုက်ထဲမှာ ရှိသမျှ ပညာများသည်စလင်းဦးပဏ္ဍိစ္စ ဟာတွေချည်းပဲ' ဟူ၍မကြာခဏ မိန့်ကြား တော်လေ့ရှိပေသည်</b>။</p>
<hr>
<h3>ယောအတွင်းဝန်၏ ဩဝါဒ</h3>
<p>ရဟန်းတော်အရှင်ဉာဏဓဇကား <b>အစဉ်အလာသမား သမား ရိုးကျသမားမဟုတ်ပေ၊ ငယ်စဉ်ကပင်တော်လှန်သော အတွေးအခေါ် ရှိသူဖြစ်သည်</b>။</p>
<p>ထိုအချိန်က မန္တလေးရွှေမြို့တော်ရှိထင်ရှားသော ပညာရှိကြီး များ ရှိသည့်အနက် <b>ရွှေပြည်ဝန်ကြီးခေါ် ယောအတွင်းဝန် ဦးဖိုးလှိုင်မှာ တော်လှန်သော အတွေးအခေါ်အယူအဆရှိသူ ဖြစ်သည်</b>။</p>
<p>သို့ဖြစ်ရာ ရဟန်းတော် အရှင်ဉာဏဓဇသည် ယောအတွင်း ဝန် ဦးဖိုးလှိုင်၏ တော်လှန်သောအတွေးအခေါ် အယူအဆများကို နှစ်သက် စွဲလမ်းသလောက်၊ <b>ဦးဖိုးလှိုင်၏ ခေတ်မီသော စာရေးနည်း စာရေး ဟန်များကိုလည်း အားကျသည်၊ အတုယူလိုသည်၊ နည်းယူလိုသည်</b>။</p>
<p>ထို့ကြောင့်လည်း သီတင်းနေ့များတွင် <b>ယောအတွင်းဝန် ဦးဖိုးလှိုင်ထံသို့ ကြွရောက်လာကာ ပိဋကတ်တော်၌ ယူဆပုံနည်းများနှင့် မြန်မာစာရေးနည်း ရေးဟန်များကို နည်းခံခဲ့သည်</b>။ ထိုအခါ ယောအတွင်း ဝန်က <b>'ဦးပဉ္စင်းကလေး စာတတ်ချင်သလား၊ စာတတ်ချင်ယင် ကထာ ဝတ္ထု အဋ္ဌကထာကို နိုင်နင်းအောင် သင်ကြားပါ ' ဟု ဩဝါဒစကားဖြင့် နည်းပေးညွှန်ကြား လျှောက်ထားခဲ့သည်</b>။ ထို့ပြင် ယောအတွင်းဝန်က ပိဋကတ်၌ တော်လှန်သည့် အတွေးခေါ်အယူအဆများကိုလည်း ပြောကြားလျှောက်ထားလိုက်သေးသည်။</p>
<p>ထိုစဉ်ကပြောကြားလိုက်သော ယောအတွင်းဝန်၏ တော်လှန် သည့် အတွေးအခေါ်အယူအဆများနှင့် ပတ်သက်၍ ရဟန်းတော် အရှင် ဉာဏဓဇသည် လယ်တီဆရာတော်အဖြစ်သို့ ရောက်ရှိလာသော အခါ၌ တပည့်ဖြစ်သူလယ်တီ ဦးပဏ္ဍိတ (နောင်လယ်တီပဏ္ဍိတ ဆရာ ဦးမောင်ကြီး) ကို <b>'အိမ်း ..ယောဆိုတာ လူတတ်ကွယ့်၊ သူဟာ ပထမ တန်း ပညာရှိကြီးပဲ၊ စကားဆန်း အင်မတန်ပြောတတ်တဲ့လူ၊ သူ ပညာရှိမို့၊ သူပြောတဲ့စကား ငါမှတ်ထားတာပဲ၊ နို့ပေမယ့် *** ကျမ်းတွေက အလွန်ခိုင်မာတဲ့ သင်္ဂါယနာတင်ကျမ်းတွေဖြစ်တယ်' ဟူ၍ပြန်လည် အမိန့်ရှိခဲ့ဖူးသည်</b>။</p>
<hr>
<h3>ပဉ္စမသင်္ဂါယနာပွဲ၌ ကထာဝတ္ထုကိုပြန်ဆိုတော်မူခြင်း</h3>
<p>မင်းတုန်းမင်းတရားကြီးသည် ပဉ္စမသင်္ဂါယနာတင်ရန်အတွက် ပထမဆင့် လုပ်ငန်းတစ်ရပ်အဖြစ်ဖြင့် <b>၁၂၂၂-ခုနှစ်မှ စတင်ကာ ပိဋကတ် တော်များကို ကျောက်ထက်အက္ခရာ ထွင်းထုခဲ့ရာ ၁၂၃၀-ပြည့်နှစ်တွင် အလုံးစုံ ပြီးစီးခဲ့သည်</b>။</p>
<p>ယင်းသို့ ကျောက်ထက်အက္ခရာ ထွင်းထုပြီးနောက် ပိဋကတ် တော်များကို ပဉ္စမသင်္ဂါယနာတင်တော်မူခဲ့ရာ<br>
- <b>သစ်ဆိမ့်တိုက်က ဝိနည်း ပိဋကတ်တော်ကိုလည်းကောင်း</b>၊<br>
- <b>စလင်းတိုက်က သုတ္တန် ပိဋကတ်တော်ကိုလည်းကောင်း</b>၊<br>
- <b>စံကျောင်းတိုက်က အဘိဓမ္မာ ပိဋကတ်တော်ကိုလည်း ကောင်း</b></p>
<p>အသီးသီး တာဝန်ယူကာ ရွှေနန်းတော်ကြီးအတွင်း ဗြဲတိုက်တော် ရာဇပလ္လင်ပေါ်၌ တစ်လှည့်စီ ပြန်ဆိုတော်မူကြရသည်။</p>
<p>ထိုအခါ စံကျောင်းတိုက်သား တစ်ပါးဖြစ်သော <b>ရဟန်းတော် အရှင်ဉာဏဓဇသည် ကထာဝတ္ထု ပါဠိတော်ကို တာဝန်ယူ ပြန်ဆိုတော်မူခဲ့သည်</b>။</p>
<p>ယောအတွင်းဝန်၏ ဩဝါဒစကား လျှောက်ထားချက်အရ <b>ရဟန်းတော် အရှင်ဉာဏဓဇသည် ကထာဝတ္ထု အဋ္ဌကထာကို အထူး ကျွမ်းကျင်နိုင်နင်းအောင် သင်ကြားလေ့လာထားသည့်အတိုင်း ဗြဲတိုက် တော် ရာဇပလ္လင်ထက်၌ ကထာဝတ္ထုပါဠိတော်ကို အောင်မြင်စွာ ပြန်ဆိုတော်မူနိုင်ခဲ့ခြင်း ဖြစ်သည်</b>။</p>
<hr>
<h3>ပထမစာချဖြစ်တော်မူခြင်း</h3>
<p>ရဟန်းတော် အရှင်ဉာဏဓဇသည် <b>ရဟန်းသိက္ခာ ၈-ဝါအရတွင် စံကျောင်းတိုက်၌ ပထမစာချအဖြစ် ချီးမြှောက်ခြင်း ခံခဲ့ရသည်</b>။ ထိုအခါ ရဟန်းတော် အရှင်ဉာဏဓဇသည် တပည့်များအား နိရုတ္တိဉာဏ် ထက်သန်စူးရှရေးအတွက် အခြေခံ အဖြစ်ဖြင့် '<b>ပဒရူပသိဒ္ဓိ 'သဒ္ဒါကျမ်းကို ဇောက်ချကာ ဇောင်းပေး ပို့ချတော်မူခဲ့သည်</b>။</p>
<hr>
<h3>ပါရမီပုစ္ဆာ ၂၀-နှင့် ပါရမီဒီပနီ</h3>
<p>ရဟန်းတော် အရှင်ဉာဏဓဇသည် <b>၁၄-ဝါအရတွင် စံကျောင်း ဆရာတော်ဘုရားကြီး၏ အမေးပုစ္ဆာ ၂၀-ထွက်ပေါ်လာသည်</b>။ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ သာဝကတို့၏ ပါရမီနှင့် စပ်ဆိုင်ရာ အချက်ပေါင်း ၂၀-ကို စံကျောင်း ဆရာတော်ဘုရားကြီးက ပါဠိဘာသာဖြင့်အမေးပုစ္ဆာ ၂၀- ပြုလုပ်ကာ မေးခွန်းထုတ်ဆင့် မေးမြန်းလိုခြင်းဖြစ်သည်။</p>
<p>ယင်းအမေးပုစ္ဆာများ၏ အဆုံး၌ 'မယံ စောဒကာ နာမ ဧက ဒေသပေက္ခကာ' စသည်ဖြင့်</p>
<p>'<b>ငါတို့စောဒက ပုဂ်္ဂိုလ်မည်သည်ကား တစ်ဖက်တစ်စိတ်ကိုသာ မျှော်ကုန်ကြည့်ကုန်၏၊ အလုံးစုံကို အကုန်မကြည့်ကုန်၊ အကယ်၍ အလုံးစုံကို မျှော်ကုန်ကြည့်ကုန်ပါမူ ယခုဤမေးခွန်းပုစ္ဆာများသည် မပေါ် ပေါက်ခဲ့ရာ၊ ဤမေးခွန်းပုစ္ဆာများ သည်ပေါ်လည်း ပေါ်ခဲ့၏၊ ဇမ္ဗူဒီပါ၏ တံခွန်- သာသနာတော်၏ တံခွန်ဖြစ်သော ပညာရှိတို့အတွက် သက်သက် ဤပုစ္ဆာများ ပေါ်ပေါက်လာခြင်းဖြစ်ရာ ပညာမရှိသောသူတို့သည် ကုပ်၍ နောက်ဆုတ်ကြကုန်လော့၊ သင်တို့ကြောင့်ကြစရာ မဟုတ်ကုန်၊ အဘယ် ကြောင့်ဆိုသော် ပထမတန်း သာသနာတံခွန်များသည် ဤပုစ္ဆာများကို ဖြေဆိုကြလိမ့်မည်ဖြစ်သောကြောင့်တည်း</b>' ဟူ၍ စံကျောင်းဆရာတော် ဘုရားကြီးက ဖြေဆိုမည့်သူကို ဘဝဂ်သို့ တက်ရောက်ရတော့လုမတတ် မြှောက်ပင့်ရေးသားပြီး မဖြေနိုင် သူများအား လမ်းလေးခွ၌ တည်ရှိသော ရှာငုတ်တိုနှင့်လည်းကောင်း လူအများကျော်လွှားသွားလာရာ တံခါခုံနှင့် လည်းကောင်း နှိုင်းယှဉ် ဥပမာပေးကာ တုဏှီဘာဝဆိတ်ဆိတ်နေကြရန် တားမြစ် နှိမ်ချထားသည်။</p>
<p>ယင်းသို့ ရေးသားထားသည်ကို တွေ့ရှိလိုက်ရသည်နှင့် တစ်ပြိုင် နက် <b>ရဟန်းတော် အရှင်ဉာဏဓဇသည် ' ဤအမေး ပုစ္ဆာ ၂၀-ကား ငါ့ကိုစွဲ၍ ငါ့အတွက် သက်သက်ဖြစ်ပေါ်လာပြီတကား ' ဟု အားတက် ရွှင်လန်း ဝမ်းမြောက်စွာဖြင့် နိကာယ်ငါးရပ် ပိဋကတ်ကို မွှေနှောက် ချောက်ချားပြီး ယင်းအမေးပုစ္ဆာ၂၀-ကို ပါဠိလို ရေးသားဖြေဆိုကာ စံကျောင်းဆရာတော်ဘုရားကြီးအား ဆက်ကပ်လိုက်သည်</b>။</p>
<hr>
<h3>မှန်းချက်နှင့်နှမ်းထွက် မကိုက်ခြင်း</h3>
<p>ယင်းသို့ ရေးသားဖြေဆိုလိုက်သော်လည်း ရဟန်းတော် အရှင် ဉာဏဓဇ အနေဖြင့် '<b>မှန်းချက်နှင့် နှမ်းထွက်' မကိုက်အောင် ဖြစ်ခဲ့သည်</b>။ အဘယ်ကြောင့်ဆိုသော် ရဟန်းတော် အရှင်ဉာဏဓဇ၏ ဖြေဆိုချက်ကို စံကျောင်း ဆရာတော်ဘုရားကြီးက နှစ်သက်လိုလားတော် မမူသော ကြောင့်ဖြစ်သည်။</p>
<p>အလုံဦးပဏ္ဍိတနှင့် စလင်းဦးပဏ္ဍိစ္စဟူ၍ တပည့်ကြီးနှစ်ပါး ရှိသည့်အနက် <b>အလုံ ဦးပဏ္ဍိတ၏ တပည့်တပန်းများကိုသာ စံကျောင်း ဆရာတော်ဘုရားကြီးကဖြေဆိုစေလိုသောကြောင့် မနှစ်သက် မလိုလား ခြင်း ဖြစ်သည်ဟု အစဉ်အဆက် ပြောစမှတ်ရှိသည်</b>။</p>
<hr>
<h3>ပထမဆုံး လယ်တီဒီပနီ</h3>
<p>ယခုအခါပုံနှိပ်စာအုပ်အဖြစ်ဖြင့် တွေ့မြင် ဖတ်ရှုနေကြရသော ' <b>ပါရမီဒီပနီ ကျမ်းစာအုပ် မှာ ရဟန်းတော် အရှင်ဉာဏဓဇဘဝက ဖြေဆို ခဲ့သော ယင်းအမေးပုစ္ဆာ ၂၀-၏ အဖြေပင်ဖြစ်သည်</b>။ <b>လယ်တီဆရာ တော်အနေဖြင့် ပထမဆုံးရေးသားသော ပထမဆုံးလက်ရာ ပထမဆုံး လယ်တီဒီပနီ ကျမ်းစာအုပ်လည်းဖြစ်သည်</b>။</p>
<hr>
<h3>နွားသား ရှောင်ကြဉ်ရေး နှင့် လယ်တီတိုက် တည်ထောင်ခြင်း</h3>
<p><b>၁၂၄၄-နှစ်တွင် ရဟန်းတော် အရှင်ဉာဏဓဇသည် မန္တလေး ရွှေမြို့တော်မှ မုံရွာမြို့ ရွှေစည်းခုံကျောင်းတိုက်သို့ ကြွရောက် သီတင်းသုံးတော်မူသည်</b>။</p>
<p><b>၁၂၄၇-ခုနှစ်တွင် ဗြိတိသျှတို့သည် အထက်မြန်မာနိုင်ငံကို သိမ်း ပိုက်လိုက်ရာ မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှတို့၏ ကိုလိုနီဘဝသို့ ရောက်ရှိ ခဲ့ရသည်</b>။ ထိုအခါ ဗြိတိသျှတို့၏ ကုလားဖြူ ကုလားမည်း စစ်သားများက နွားများကို စည်းမဲ့ကမ်းမဲ့သတ်ဖြတ်စားသောက်ကြရာ မြန်မာ့လူနေမှု စနစ်နှင့်လည်းကောင်း၊ မြန်မာဘာသာရေး (ဗုဒ္ဓဘာသာ)နှင့်လည်း ကောင်း၊ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။</p>
<p>စင်စစ် မြန်မာနိုင်ငံသည် ပကတိ ရုပ်အခြေခံအားဖြင့် မြေယာ နိုင်ငံသာဖြစ်သည်။ လယ်ယာကိုင်းကျွန်းကို ပဓာန စီးပွားရေးအဖြစ်ဖြင့် အားထားမှီခိုနေရသော နိုင်ငံသာဖြစ်သည်။ စက်မှုသိပ္ပံ မထွန်းကားသော နိုင်ငံဖြစ်သဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် ကျွဲနွားများကို အားကိုး ကာ ထွန်ယက်စိုက်ပျိုးနေကြရရာ ကျွဲနွားများသည် မြန်မာနိုင်ငံ၏ စီးပွား ရေးတွင် မရှိမဖြစ်သော ကုန်ထုတ်ကိရိယာဖြစ်သလောက် <b>မြန်မာ ပြည်သူလူထုကြီးတစ်ရပ်လုံး၏ အသက်သခင်များလည်း ဖြစ်သည်၊ ကျေးဇူးရှင်လည်း ဖြစ်ကြသည်</b>။</p>
<p>သို့ဖြစ်ရာ <b>အသက်သခင် ကျေးဇူးရှင်များဖြစ်ကြသော ကျွဲနွား များကို ဘယ်နည်းနှင့်မျှ သတ်ဖြတ်စားသောက်ခြင်း မပြုထိုက်ဟု ဆရာတော် အရှင်ဉာဏဓဇ ကခံယူသည်</b>။</p>
<p>ထို့ကြောင့်လည်း <b>အရှင်ဉာဏဓဇသည် ကိုယ်တော်တိုင်လည်း နွားသားကို ရှောင်ကြဉ်တော်မူသည်</b>။ တပည့်တပန်း ရဟန်းသံဃာတော် များနှင့် ပြည်သူအများကိုလည်း <b>နွားသား ရှောင်ကြဉ်ရန် 'နွားမေတ္တာစာ' ကိုရေးသားကာ လှုံ့ဆော်တော်မူခဲ့သည်</b>။</p>
<p>ထို့နောက် <b>၁၂၄၈- ခုနှစ်တွင် မုံရွာမြို့အနီး လယ်တီတောအုပ် ကြီး၌ ကျောင်းတိုက်တည်ထောင်ကာ တပည့်တပန်းရဟန်း သာမဏေ များအား စာပေသင်ကြားပို့ချခဲ့ရာ ထိုအခါမှစ၍ လယ်တီဆရာတော် ဟူသောအမည်ဖြင့် ထင်ပေါ်ကျော်ကြားလာသည်</b>။</p>
<hr>
<h3>ပရမတ္ထဒီပနီသင်္ဂြီုဟ် မဟာဋီကာသစ်</h3>
<p>ယင်းသို့ လယ်တီတိုက်တွင် စာပေပို့ချတော်မူသည့်ကြားမှ အဘိဓမ္မတ္ထသင်္ဂြီုဟ်ကျမ်း၏ အဖွင့်ဖြစ်သော <b>'ပရမတ္ထဒီပနီဋီကာ' ကို ပါဠိဘာသာဖြင့် ၁၂၅၉-ခုနှစ်တွင် အပြီးရေးသား ပြုစုတော်မူသည်</b>။</p>
<p>ယင်းဋီကာမှာ ယခုအခါ ' <b>လယ်တီဋီကာ</b>' ဟူသော အမည်ဖြင့် လူသိများနေကြသော်လည်း အမည်အပြည့်အစုံမှာ '<b>ပရမတ္ထဒီပနီ' ခေါ် သင်္ဂြီုဟ်မဟာဋီကာသစ်</b> ဟူ၍ဖြစ်သည်။</p>
<hr>
<h3>နှစ်ပေါင်း ၃၅-နှစ်ကြာ ဋီကာစစ်ပွဲကြီး</h3>
<p>သို့သော် လယ်တီဆရာတော်သည် ပရမတ္ထဒီပနီဋီကာဖြင့် အဘိဓမ္မတ္ထသင်္ဂြီုဟ်ကျမ်းကို ဖွင့်ဆိုရာ၌ ကိုယ့်နည်း၊ ကိုယ့်ဟန် ကိုယ့် အတွေးအခေါ်၊ ကိုယ့်အယူအဆတို့ဖြင့် ရိုးရိုးဖွင့်ဆိုခြင်းမပြုဘဲ <b>အဘိ ဓမ္မတ္ထဝိဘာဝနီ ဋီကာကျော်ကျမ်း၌ အချက်ပေါင်း ၂၄၅- ချက်တိတိ မှားယွင်းချွတ်ချော်နေသည်ဟု ထောက်ပြကာ 'န သုန္ဒရံ' 'န ယုဇ္ဇတိ' 'နသမေတိ' စသော ခပ်ကြမ်းကြမ်း စကားလုံးများဖြင့် ဋီကာကျော်မှ အဆိုပါ အချက်များကို ပယ်ဖျက်ပစ်ခဲ့သည်</b>။</p>
<p>အဘိဓမ္မတ္ထ ဝိဘာဝနီ ဋီကာကျော်မှာ မျက်မှောက်ခေတ် မြန်မာ နိုင်ငံပါဠိပညာရေး၌ အဘိဓမ္မတ္ထသင်္ဂြီုဟ်ကျမ်း၏ အဖွင့်ဋီကာကျမ်း တစ်ကျမ်းအဖြစ်ဖြင့် သင်ရိုးပြုကာ သင်ကြားပို့ချမှုကို ခံယူနေရသော ဋီကာဖြစ်သည်။</p>
<p>ထို့ကြောင့်လည်း ယင်းကဲသို့ လယ်တီဆရာတော်က ဋီကာကျော် မှ အချို့အချက်အလက်များကို ပယ်ဖျက်လိုက်သောအခါ၌ <b>သာသနာ တော်တစ်ခုလုံး ပွက်လောရိုက်ကာ ဋီကာကျော်ဘက်မှ ပြန်လည် ခုခံ ရေးသားလာကြသော ဋီကာများ ပေါ်ထွက်လာသည်</b>။</p>
<p>သို့ဖြင့်ပင် <b>လယ်တီဋီကာ ပုံနှိပ်စာအုပ်အဖြစ်ထွက်ပေါ်လာသော ၁၂၆၂-ခုနှစ်မှ ၁၂၉၇-ခုနှစ်လောက်အထိ ၃၅-နှစ်တိုင်တိုင် မြန်မာနိုင်ငံ၌ 'ဋီကာစစ်ပွဲကြီး' ဖြစ်ပွားခဲ့သည်</b>။ ယင်း ၃၅-နှစ်တာ အချိန်ကာလအတွင်း ထွက်ပေါ်လာသော ဋီကာကျမ်းများမှာ ၄၀-ခန့် အရေအတွက်ရှိသည်ဟု စာရင်းအရသိရှိရသည်။ ယင်း ၄၀-ခန့်တွင် ပါဠိ ဘာသာဖြင့်ရေးသား သော ဋီကာကျမ်းများအပြင် မြန်မာဘာသာဖြင့် ရေးသားသော ကျမ်းများလည်း ပါဝင်ခဲ့သည်။</p>
<hr>
<h3>မူလဋီကာ နှင့် အနုဋီကာ</h3>
<p>ဋီကာကျော်ဆရာသည် မူလဋီကာထက် အနုဋီကာကို ပိုမို နှစ်သက်ဟန်တူသည်။ ခဲရာခဲဆစ်ဌာနများကို အကိုးသာဓကမူရာ၌ ဋီကာ ကျော်ဆရာသည် 'ဧဝဉ္စ ကတွာ ဝုတ္တံ အာစရိယဓမ္မ ပါလတ္ထေရေန' ဟူ၍ <b>အာစရိယ ဓမ္မပါလ ခေါ် အနုဋီကာဆရာ အရှင်ဓမ္မပါလ၏ အဆို အမိန့်များကို ထုတ်ဆောင်ပြလေ့ရှိသည်</b>။</p>
<p>လယ်တီဆရာတော်ကမူ ' အာစရိယာနန္ဒထေရော ပန' စသည် ဖြင့် <b>မူလဋီကာဆရာ အရှင်အာနန္ဒာ၏အမည်ကို လေးလေးစားစား ခေါ်ဝေါ်ရေးသားပြီး မူလဋီကာဆရာ၏ အယူအဆများကို ဖော်ထုတ် ကာ လက်ရုံးတမ်းလေ့ရှိသည့်အပြင် တစ်ခါတစ်ရံ အဋ္ဌကထာဆရာကြီး အရှင်မဟာဗုဒ္ဓဃောသ၏အဆိုအမိန့်များကိုပင် ကျောခိုင်းဖွင့်ဆိုထား သည်ကို ကျောချမ်းစရာ ကောင်းလောက်အောင် တွေ့ရှိနေရပေသည်</b>။</p>
<hr>
<h3>သီဟိုဠ်ကို အံတုနိုင်သော လယ်တီဋီကာ</h3>
<p>မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ ပါဠိစာပေသမိုင်း၌ ပုဂံခေတ်က သီဟိုဠ်ကို အံတုနိုင်သော အရှင်အဂ္ဂဝံသ၏ သဒ္ဒနီတိကျမ်းကြီး ပေါ်ထွက် နိုင်ခဲ့သလို မျက်မှောက်ခေတ်၌လည်း <b>ပရမတ္ထဒီပနီ လယ်တီဋီကာဖြင့် သီဟိုဠ်အား အံတုခဲ့ခြင်းကိုကား မည်သူမျှ ငြင်းနိုင်ကြမည် မဟုတ်ပေ</b>။</p>
<p>သို့ဖြစ်ရာ <b>ပရမတ္ထဒီပနီ လယ်တီဋီကာကို မြန်မာနိုင်ငံ ဗုဒ္ဓ သာသနာ့သမိုင်းတွင် စာပေမှတ်တိုင်တစ်တိုင်အဖြစ်ဖြင့် ယခုအခါ သမိုင်းသုတေသီတိုင်းက အသိအမှတ်ပြုနေကြရပြီဖြစ်ပေသည်</b>။</p>
<hr>
<h3>လှည့်လည်တရားဟောခြင်းနှင့် ဝါဆိုစဉ်အကျဉ်း</h3>
<p>လယ်တီဆရာတော်ဘုရားကြီးသည် လယ်တီတိုက်ကြီးကို တည်ထောင်ကာ တပည့်တပန်း ရဟန်း သာမဏေများအား စာပေပို့ချ တော်မူပြီးနောက် <b>၁၂၅၇-ခုနှစ်လောက်မှစတင်ကာ မြန်မာနိုင်ငံ အရပ် ရပ်သို့ လှည့်လည်ကြွရောက်တော်မူပြီး ဝါဆိုသင့်သော အရပ်ဒေသ များတွင်ဝါဆိုလျက် ကျွတ်ထိုက်သူ ဝေနေယျတို့အတွက် နိယျာနိကအစစ် ဗုဒ္ဓဘုရားရှင် အလိုလားဆုံးလည်းဖြစ် အနှစ်သာရလည်းဖြစ်သော ဝိပဿနာတရားရေအေး အမြိုက်ဆေးကို တိုက်ကျွေး ဟောကြားတော် မူခဲ့သည်</b>။</p>
<p>ယင်းသို့ ကြွရောက်သီတင်းသုံးကာ တရားဟောရာဒေသများ</p>
<p>နှင့် ဝါဆိုရာဌာနများမှာ အောက်ပါအတိုင်းဖြစ်သည်။</p>
<p><b>၁၂၅၇-ခုနှစ်၊ အိန္ဒိယနိုင်ငံ မဟာဗောဓိသို့ ကြွရောက်တော် မူသည်</b>။ မဟာဗောဓိမှအပြန်တွင် အမြို့မြို့ အနယ်နယ်သို့လှည့်လည်ကာ တရားဟောတော်မူသည်။<br>
<b>၁၂၅၈-ခုနှစ်၊ ဟံသာဝတီနယ် တွံတေးတောကြီးတန်း ဆပဂံ တောရ၌ သီတင်းသုံးတော်မူသည်</b>။<br>
<b>၁၂၅၉-၆၀-ခုနှစ်၊ မုံရွာမြို့ လယ်တီတိုက်၌ သီတင်းသုံး တော်မူသည်</b>။ <b>၁၂၆၀-ပြည့်နှစ်တွင် သေက္ချတောင် ဆရာတော်အရှင်တိလောက ၏ ပင့်လျှောက်ချက်အရ သေက္ချတောင်တွင် တစ်လခန့် သီတင်းသုံး တော်မူသည်</b>။<br>
<b>၁၂၆၁-ခုနှစ်၊ မုံရွာမြို့ လယ်စဉ်ရွာ ဓမ္မိကာရုံတိုက် ဓမ္မနန္ဒ ကျောင်း၌ ဝါကပ်တော်မူသည်</b>။<br>
<b>၁၂၆၂-ခုနှစ်၊ ဒီပဲယင်းမြို့၏ မြောက်ဘက် မဟာမြိုင်တောကြီး၌ ဝါဆိုတော်မူသည်</b>။<br>
<b>၁၂၆၃-၆၄-ခုနှစ်၊ အလုံမြို့၏ အနောက်ဘက်လည်းဖြစ်၊ သလ္လာဝတီမြစ်၏ အနောက်ဘက်လည်းဖြစ်သော ရွှေတောင်ဦးတောင် ကျောက်ဂူ၌ ဝါဆိုတော်မူသည်</b>။<br>
<b>၁၂၆၅-ခုနှစ်၊ မုံရွာမြို့၏ အနောက်လက်ပန်းတောင်းတောင် စင်္ကြံကျောင်း၌ သီတင်းသုံးတော်မူသည်</b>၊ <b>ယင်းနှစ်တွင် ကင်းဝန်မင်းကြီး ပင့်လျှောက်သောကြောင့် မန္တလေးမြို့သို့ကြွရောက်ကာ တရားဟောတော်မူသည်</b>။<br>
<b>၁၂၆၆-ခုနှစ်၊ ပျဉ်းမနားမြို့ မြောက်ဘက် အင်ကြင်းမြိုင်တောရ စင်္ကြံကျောင်း၌ ဝါဆိုတော်မူသည်</b>။<br>
<b>၁၂၆၇-ခုနှစ်၊ မြင်းခြံမြို့ ရေကန်ကြီး အနီး၌ ဝါဆိုတော်မူသည်</b>။</p>
<p>ယင်းနှစ်တွင် ရန်ကုန်မြို့သို့ ကြွရောက်ကာ တရားဟောတော်မူသည်။ <b>၁၂၆၈-ခုနှစ်၊ ပြည်မြို့ ဝိပဿနာကုန်းတောရ၌ ဝါဆိုတော် မူသည်</b>။ <b>ယင်းနှစ်တွင် မန္တလေးမြို့သို့ကြွရောက်ကာ မစိုးရိမ်တိုက်မှစ၍ တရားပွဲများ ကျင်းပဟောပြောတော်မူသည်</b>။<br>
<b>၁၂၆၉-ခုနှစ်၊ မင်းလှမြို့ ပက်တန်းတောရ၌ ဝါဆိုတော်မူသည်</b>။ <b>ထိုနှစ်၌ပင် စစ်တွေမြို့သို့ကြွရောက်ကာ တရားဟောတော်မူသည်</b>။ <b>၁၂၇၀-ခုနှစ်၊ မော်လမြိုင်မြို့၊ ကျိုက်သံလံ တောင်တန်းရှိ အလံတိုင်တောင်ထိပ် ဝါဆိုကျောင်း၌ ဝါဆိုတော်မူပြီး ပုသိမ်မြို့သို့ ကြွရောက်ကာ တရားဟောတော်မူသည်</b> <b>၁၂၇၁-ခုနှစ်၊ သာပေါင်းမြို့၌ ဝါကပ်တော်မူသည်</b>။</p>
<p><b>၁၂၇၂-ခုနှစ်၊ မုံရွာမြို့ မဟာလယ်တီတိုက်၌ ဝါဆိုတော်မူပြီး စစ်ကိုင်းမြို့ ရွှေဘိုမြို့နယ်၊ မိတ္ထီလာမြို့၊ မန္တလေးမြို့ များသို့ ကြွရောက်ကာ တရားဟောတော်မူသည်</b>။ <b>ပလိပ်ရောဂါပပျောက်ရန် စီမံတော်မူသည်</b>။ <b>၁၂၇၃-ခုနှစ်၊ ရန်ကုန်မြို့၊ ညောင်ကုန်းတိုက်၌ဝါဆိုတော်မူသည်</b>။</p>
<p><b>၁၂၇၄-ခုနှစ်၊ စစ်ကိုင်းမြို့၌ ဝါဆိုတော်မူသည်</b>။</p>
<p><b>၁၂၇၅-၇၆-၇၇-ခုနှစ်၊ မန္တလေးမြို့ လယ်တီစံကျောင်း၌ ဝါဆို တော်မူသည်</b>။</p>
<p><b>၁၂၇၈-ခုနှစ်၊ ပျဉ်းမနားမြို့ အင်ကြင်းမြိုင်တောရ၌ ဝါဆိုတော် မူသည်</b>။</p>
<p><b>၁၂၇၉-ခုနှစ်၊ မုံရွာမြို့ မဟာလယ်တီတိုက်၌ နောက်ဆုံး ဝါဆို တော်မူသည်</b>။</p>
<p><b>၁၂၈၀-ပြည့်နှစ်၊ မြစ်သားမြို့၌ဝါဆိုတော်မူသည်</b>။</p>
<p><b>၁၂၈၁-ခုနှစ်၊ ရန်ကုန်မြို့ ကျောက်ဝိုင်းကျောင်း၌ ဝါဆိုတော် မူပြီးနောက် ပုသိမ်မြို့သို့ ကြွရောက်ကာ သိမ်သမုတ်တော်မူသည်</b>။ <b>ပုသိမ် မှအပြန်တွင် သာယာဝတီခရိုင် မင်းလှမြို့၌ မန်လည်ဆရာတော် ဘုရားကြီးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံတော်မူသည်</b>။ ထို့နောက် <b>ယင်းဆရာတော်ကြီးနှစ်ပါးသည် ရန်ကုန်မြို့သို့ ကြွရောက်ကာ တရား ပွဲကြီးများ ကျင်းပဟောကြားတော်မူကြသည်</b>။</p>
<p><b>၁၂၈၂-ခုနှစ်၊ ကတွန်သတ္ထုတွင်းတိုက်၌ ဝါကပ်တော်မူသည်</b>။</p>
<p><b>၁၂၈၃-ခုနှစ်၊ စစ်ကိုင်းမြို့ ဇေတဝန်တိုက်၌ ဝါဆိုတော်မူသည်</b>။</p>
<p><b>၁၂၈၄-ခုနှစ်၊ ပျဉ်းမနားမြို့ လယ်တီစံကျောင်း၌ ဝါဆိုတော် မူသည်</b>။</p>
<hr>
<h3>'အဂ္ဂမဟာပဏ္ဍိတ' ဘွဲ့တံဆိပ် ခံယူရရှိတော်မူခြင်း</h3>
<p><b>၁၂၇၇-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁-ရက်၊ ( ၇-၁၁-၁၉၁၅) တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံ အစိုးရ၏ 'အဂ္ဂ-မဟာပဏ္ဍိတ' ဘွဲ့တံဆိပ် ဆက်ကပ် လှူဒါန်းခြင်းကို ခံယူရရှိတော်မူသည်</b>။</p>
<hr>
<h3>နိုင်ငံခြားသာသနာပြုတော်မူခြင်း</h3>
<p>လယ်တီ ဆရာတော်ဘုရားကြီးသည် အထက်ပါအတိုင်း မြန်မာ နိုင်ငံအရပ်ရပ်သို့ လှည့်လည်၍ ဝိပဿနာတရား ဟောကြားကာ သာသနာပြုရုံမျှသာမကပဲ <b>၁၂၇၅-ခုနှစ်တွင် နိုင်ငံခြားဗုဒ္ဓသာသနာပြု အသင်းကြီးကို ကြီးမှုးတည်ထောင်ပြီးလျှင် လန်ဒန်မြို့ရှိ ဂရိတ်ဘရိတန် အိုင်ယာလန် ဗုဒ္ဓဘာသာ သာသနာပြုအသင်းကြီးနှင့်လည်းကောင်း၊ လန်ဒန်ပါဠိစာပေ အသင်းကြီးနှင့်လည်းကောင်း၊ ဆက်သွယ်ကာ နိုင်ငံ ရပ်ခြား တိုင်းတစ်ပါးသို့ ဗုဒ္ဓသာသနာတော် ပျံ့နှံ့ ရောက်ရှိရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းတော်မူခဲ့ပြန်သည်</b>။</p>
<hr>
<h3>'ဒီလစ်'ဘွဲ့ ရရှိတော်မူခြင်း</h3>
<p><b>၁၂၈၃-ခုနှစ်၊ နတ်တော်လတွင် ရန်ကုန်တက္ကသိုလ်ကျောင်းကြီး ဖွင့်လှစ်သည့် အထိမ်းအမှတ်အဖြစ်ဖြင့် တက္ကသိုလ်အဓိပတိဖြစ်သူ မြန်မာ ပြည်ဘုရင်ခံက စာပေပါရဂူ (ဒီလစ်) ဘွဲ့တံဆိပ်လှူဒါန်းသည်ကို ခံယူရရှိ တော်မူသည်</b>။</p>
<hr>
<h3>စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော်မူခြင်း</h3>
<p><b>၁၂၈၅-ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၅-ရက် (လပြည့်) ဗုဒ္ဓဟူးနေ့ ၂-နာရီ ၃၀မိနစ်အချိန်တွင် ပျဉ်းမနားမြို့၌ သီတင်းသုံးတော်မူစဉ် စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော်မူသည်</b>။</p>
e532neg2e2jv1wq5kk4w2x35nxlfuva
18775
18774
2025-06-12T22:19:01Z
Tejinda
173
18775
wikitext
text/x-wiki
{{header
| title = [[လယ်တီဆရာတော်ဘုရားကြီး]]
| author = လယ်တီဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = <b>လယ်တီဆရာတော်ဘုရားကြီး</b>
| previous = [[မိုးကမ္မဝါစာတမ်း]]
| previous2 =
| next = [[ကမ္မဋ္ဌာန်းကျမ်းကြီး]]
| next2 =
| year =
| notes =
| edition =
| categories = လယ်တီဆရာတော်
| shortcut =
| portal =
}}
<p><b>မုံရွာမြို့</b></p>
<p><b>လယ်တီဆရာတော်ဘုရားကြီး</b></p>
<hr>
<h3>ထေရုပ္ပတ္တိ အကျဉ်းချုပ်</h3>
<hr>
<h3>ဇာတိဌာနနှင့် ခမည်းတော်၊ မယ်တော်</h3>
<p>ကျေးဇူးတော်ရှင် <b>လယ်တီဆရာတော် ဘုရားကြီးသည် မြန်မာ သက္ကရာဇ် ၁၂၀၈-ခုနှစ်၊ နတ်တော်လဆန်း ၁၃-ရက် အင်္ဂါနေ့တွင် ဒီပဲယင်းမြို့နယ် စိုင်ပြင်ရွာ၌ ဖွားမြင်တော်မူခဲ့သည်</b>။ ခမည်းတော်မှာ ဦးထွန်းသာဖြစ်၍ မယ်တော်မှာ ဒေါ်ကြုံးဖြစ်သည်။</p>
<p>ဦးထွန်းသာ- ဒေါ်ကြုံးတို့တွင် သားသမီးခြောက်ဦး ထွန်းကား ခဲ့ရာ ယင်းတို့မှာ</p>
<p>(၁) ပထမ အကြီးဆုံးသား ( ငယ်စဉ်က ကွယ်လွန် )<br>
(၂) ဒုတိယသား <b>မောင်တက်ခေါင် ( လယ်တီဆရာတော် )</b><br>
(၃) တတိယသား မောင်တက်စွာ ( လူဝတ်ကြောင် )<br>
(၄) စတုတ္ထသား မောင်တက်ပွား ( ပထမပြန် ဦးကုမာရ )<br>
(၅) ပဉ္စမသား မောင်တက်ထွား ( ဆရာတော် ဦးကိတ္တိ )<br>
(၆) ဆဋ္ဌမသမီး မမြလေး တို့ဖြစ်ကြသည်။</p>
<p>သို့ဖြစ်ရာ သားသမီး ခြောက်ဦး ရှိသည့်အနက် ဒုတိယသား၊ စတုတ္ထသားနှင့် ပဉ္စမသားများမှာ ရဟန်းအဖြစ်သို့ ရောက်ခဲ့ကြသည်။</p>
<hr>
<h3>မင်္ဂလာနိမိတ်ထူးနှင့် ငယ်နာမည်</h3>
<p>လယ်တီဆရာတော်လောင်းလျာဖြစ်သူ ဒုတိယသားကို ဖွားမြင် ဆဲအချိန်တွင် <b>အိမ်ဥပစာအတွင်းရှိ မန်ကျည်းပင်ကြီး၌ထောင်ထားသော ဝါးလုံးများကြားထဲမှ စို့(သက်တံ)ကြီးပေါ်ထွက်လာကာ ကောင်းကင်သို့ ထိုးတက်သွားပြီးမှ တစ်ဖန်ညွတ်ကိုင်းပြီး အိမ်တွင်းသို့ ဝင်ရောက်လာပြန်သည်</b>။ ထို့နောက်တစ်ဖန် ယင်းစို့ (သက်တံ)ကြီးသည် အိမ်တွင်းမှ အိမ်ခေါင်မိုးသို့ ပျံတက်ပြီး အဝါတစ်တန့် အပြာတစ်တန့် အနီတစ်တန့်ဖြင့် ရောင်မျိုးစုံယှက်သန်းကာ ကောင်းကင်လမ်းသို့ ပျံသန်းပျောက်ကွယ်သွားသည်။</p>
<p>ယင်းကဲ့သို့သော မဖြစ်ဖူးမြဲ ထူးကဲလှသည့် မင်္ဂလာနိမိတ်ထူး ကို အစွဲပြု၍ လယ်တီဆရာတော် လောင်းလျာဖြစ်သော ဒုတိယသားကို <b>မောင်တက်ခေါင်ဟူ၍ အမည်ပေးခဲ့ခြင်းဖြစ်သည်</b>။</p>
<hr>
<h3>ကျောင်းအပ်ခြင်းနှင့် ရှင်သာမဏေဘဝ</h3>
<p>မောင်တက်ခေါင် ၁၀-နှစ်သားအရွယ်တွင် <b>စိုင်ပြင်ရွာ ကျောင်းမကျောင်း ဆရာတော် အရှင်နန္ဒထံ ပညာသင်ကြားရန် ကျောင်းအပ်နှံခဲ့သည်</b>။ ကျောင်းသားအဖြစ်ဖြင့် ဘုန်းကြီးကျောင်းပညာရေး၏ သင်ရိုး ဖြစ်သော မင်္ဂလသုတ်၊ နမက္ကာရ၊ ရတနာရွှေချိုင့်၊ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ လောကနီတိ၊ ဓမ္မနီတိ၊ ပရိတ်ကြီး စသည်တို့ကို သင်ကြားခဲ့သည်။</p>
<p>အသက်၁၅-နှစ်သားအရွယ် ရှင်သာမဏေပြုရာ ဘွဲ့အမည်မှာ <b>ရှင်ဉာဏဓဇ</b> ဖြစ်သည်။ ရှင်ဉာဏဓဇသည် သာမဏေဘဝဖြင့် ဆရာတော်အရှင်နန္ဒထံ၌ <b>မြန်မာနိုင်ငံ ပါဠိပညာရေး၏ သင်ရိုးဖြစ်သော ကစ္စည်း သဒ္ဒါကြီး၊ အဘိဓမ္မတ္ထ-သင်္ဂြီုဟ်၊ ဝီထိလက်ရိုး၊ မာတိကာ၊ ဓာတုကထာ၊ ယမိုက်၊ ပဋ္ဌာန်း စသော နေ့ဝါညဝါကျမ်းများကို သင်ကြားခဲ့သည်</b>။</p>
<hr>
<h3>ဆယ်ကျော်သက်ကရေးသားဖွဲ့ဆိုခဲ့သောကျမ်းနှင့် ကဗျာများ</h3>
<p>၁၈-နှစ်အရွယ်တွင် ရဲထွက်ရွာအရှေ့ဘက် ဝေဒပါရဂူ <b>ဆရာတော်အရှင်ဂန္ဓမာအထံ၌ ဗေဒင်ဘက်ဆိုင်ရာ ပညာရပ်များကို သင်ယူခဲ့သည်</b>။ ယင်းသို့သင်ယူယင်း ကျည်းကန်ကိုရင်ကြီး၏ လင်္ကာကို နည်းယူပြီးလျှင် <b>ဗိုလ်၊ သုဇိတာ၊ ဗျဉ္စျတာ၊ ဇာတာဖွဲ့ သင်္ကြန်တွက် လက်ရိုး လင်္ကာများကို ဖွဲ့ဆိုရေးသားတော်မူခဲ့သည်</b>။</p>
<p>ထိုစဉ်က သာမဏေဘဝဖြင့်ပင် <b>မဟော်ဇာတ်ထုပ်နှင့် မဟော်ကျေးစေခန်း ရတု၊ ရှင်လောင်းလှည့် (သျှိုးလိုက်) ရတုကဗျာများကိုလည်း ဖွဲ့ဆိုရေးသားတော်မူခဲ့သည်</b>။</p>
<p>ထို့ပြင် သဒ္ဒါဘက်ဆိုင်ရာ သဒ္ဒါငယ်ကျမ်းများကို သင်ယူယင်း ဝါစ္စ ဝါစက အကောက်ကျမ်းဟောင်းကို အားမရသဖြင့် ' <b>ဝါစ္စဝါစက အကောက်ကျမ်းသစ်</b> ' ကိုလည်း သာမဏေဘဝ ဆယ်ကျော်သက်ကပင် ရေးသားပြုစုခဲ့သေးသည်။</p>
<hr>
<h3>အားမရနိုင်သော စာကြည့်ဝါသနာ</h3>
<p>သက္ကရာဇ် ၁၂၂၈-ခု ကဆုန်လဆန်း ၆-ရက်နေ့တွင် သာမဏေ ရှင်ဉာဏဓဇသည် စိုင်ပြင်ရွာ ကျောင်းမကျောင်း ခဏ္ဍသိမ်၌ ဆရာတော် အရှင်နန္ဒကို ဥပဇ္ဈာယ်ပြုကာ <b>ရဟန်းအဖြစ်သို့ ရောက်တော်မူသည်</b>။</p>
<p>ရဟန်းတော် အရှင်ဉာဏဓဇကား <b>အားရသည်ဟုမရှိလောက်အောင် စာကြည့်ဝါသနာပါလွန်းလှသည်</b>၊ ထို့ကြောင့်လည်း ဥပဇ္ဈာယ် ဆရာတော် အရှင်နန္ဒက သူ၏စာတိုက်ကြီးငါးလုံးရှိ မြန်မာနိဿယများကို ကြည့်ရှုရန် ခွင့်ပြုခဲ့သည်။ ဤမျှနှင့်အားမရသေး၍ <b>စိုင်ပြင်ရွာ မြင်တင် တိုက်ဆရာတော် အရှင်ဓမ္မထံ၌ရှိသော စာတိုက်ကြီးငါးလုံးမှ မြန်မာ နိဿယဟူသမျှကိုလည်း အားလုံးကြည့်ရှုတော်မူလိုက်သေးသည်</b>။</p>
<p>ထို့နောက် စိုင်ပြင် ၂- ရွာတွင် တည်ရှိသော ကျောင်းတိုက်ကြီး ငါးတိုက်မှ မြန်မာပြန်နိဿယများကို အကုန်ကြည့်ရှုတော့မည်ဟု ကြံ စည်တော်မူသေးသည်။ သို့သော် မန္တလေးမြို့သို့ကြွ၍ ပညာသင်လိုသော ကြောင့် ယင်းအကြံမှာ အထမမြောက်ခဲ့ပေ။</p>
<hr>
<h3>မန္တလေးမြို့ စံကျောင်းတိုက်၌ ပညာသင်ကြားခြင်း</h3>
<p>သို့ဖြင့်ပင် ရဟန်းတော် အရှင်ဉာဏဓဇသည် <b>၁၂၃၁-ခုနှစ်တွင် မိမိဖွားမြင်ရာ စိုင်ပြင်ရွာမှ မန္တလေး ရတနာပုံနေပြည်တော် မြောက်ပြင် မင်္ဂလာစံကျောင်းတိုက်သို့ ပညာသင်ကြားရန် ကြွရောက်တော်မူခဲ့သည်</b>။</p>
<p>ရဟန်းတော် အရှင်ဉာဏဓဇသည် <b>ရဟန်း ၁- ဝါမှ၊ ၁၆-ဝါအထိ ၁၆-နှစ်တိုင်တိုင် စံကျောင်းတိုက်၌ နေထိုင်ကာ ' သုဒဿန ဝရ ဓမ္မသာမိ မဟာဓမ္မ ရာဇာဓိရာဇဂုရု' ဘွဲ့တံဆိပ်တော်ရ ဒုတိယစံကျောင်း ဆရာတော်ဘုရားကြီးထံ၌ ဝိနည်းပါဠိတော် အဋ္ဌကထာများနှင့် အဘိဓမ္မာ အဋ္ဌကထာ ၃- ကျမ်းကို သင်ယူတော်မူသည်</b>။</p>
<p>ထိုအချိန်က ဒုတိယစံကျောင်း ဆရာတော်ဘုရားကြီးမှာ မန္တလေး ရွှေမြို့တော်တွင် စာချနာမည်အကျော်ကြားဆုံးဖြစ်၍ <b>စာလိုက်သံဃာ ၁၀၀၀-ကျော်အထိပင် ရှိခဲ့ဖူးသည်</b>။</p>
<p>ထို့နောက် ရဟန်းတော် အရှင်ဉာဏဓဇသည် အဆိုပါ ဝိနည်း နှင့်အဘိဓမ္မာ ပါဠိအဋ္ဌကထာများကိုပင် မကုဋာရာမဆရာတော် ဘုရားကြီးထံ၌လည်း သင်ယူတော်မူပြန်သည်။</p>
<hr>
<h3>'လုံပဏ်-လင်းပဏ်' ဘယ်ပဏ်သာ၍ တတ်သနည်း</h3>
<p>ထိုအချိန်က ဒုတိယစံကျောင်း ဆရာတော်ဘုရားကြီးထံ (၁) 'ရာဇဂုရု' ဘွဲ့တံဆိပ်တော်ရ <b>အလုံဇာတိ မိုင်းခိုင်းဆရာတော် ဦးပဏ္ဍိတ</b>နှင့် (၂) 'ရာဇဂုရု' ဘွဲ့တံဆိပ်မရသော <b>စလင်းဇာတိ ဆရာတော် ဦးပဏ္ဍိစ္စ</b>ဟူ၍ စာတတ်ပေတတ် ပထမစာချ တပည့်ကြီးနှစ်ပါးရှိရာ စံကျောင်းတိုက် ပတ်ဝန်းကျင်တွင် <b>'လုံပဏ်-လင်းပဏ်၊ သည်နှစ်ပဏ်တွင် ဘယ်ပဏ် သာ၍ တတ်သနည်း' ဟု ကဗျာစပ်ဆို မေးခွန်းထုတ်ခြင်း ခံရသည်အထိ ပရိယတ္တိစာပေလောက၌ ထင်ရှားကျော်ကြားသော စာချတပည့်ကြီး နှစ်ပါး ဖြစ်သည်</b>။</p>
<p>ရဟန်းတော် အရှင်ဉာဏဓဇသည် စံကျောင်းဆရာတော် ဘုရား ကြီးထံ၌ အထက်ပါအတိုင်း ဝိနည်းနှင့် အဘိဓမ္မာ ပါဠိ အဋ္ဌကထာများကို သင်ယူခဲ့သည့်အပြင် အဆိုပါ လုံပဏ်၊ လင်းပဏ်ဟူသော ပထမ စာချကြီး နှစ်ပါးတွင် <b>စလင်းဆရာတော် ဦးပဏ္ဍိစ္စ၏ တပည့်ရင်းလည်း ဖြစ်သည်</b>။ စလင်းဆရာတော် ဦးပဏ္ဍိစ္စထံတွင် ရဟန်းတော် အရှင်ဉာဏဓဇသည်၊ <b>ပါစိတျာဒိ အဋ္ဌကထာ၊ သမ္မောဟဝိနောဒနိ အဋ္ဌကထာ၊ ပဉ္စမကြိုဏ် အဋ္ဌကထာ စသည်တို့ကို အာစရိယ ဟတ္ထမုဋ္ဌိ ဆုပ်မိ ကိုင်မိရှိအောင် ဆိုဝါ တတ်ဝါနှင့် သင်ယူတော်မူခဲ့သည်</b>။</p>
<p>ထို့ကြောင့်လည်း ရဟန်းတော်အရှင်ဉာဏဓဇသည် လယ်တီ ဆရာတော်အဖြစ်သို့ ရောက်ရှိလာသောအခါ၌ <b>'ငါ၏ဗိုက်ထဲမှာ ရှိသမျှ ပညာများသည်စလင်းဦးပဏ္ဍိစ္စ ဟာတွေချည်းပဲ' ဟူ၍မကြာခဏ မိန့်ကြား တော်လေ့ရှိပေသည်</b>။</p>
<hr>
<h3>ယောအတွင်းဝန်၏ ဩဝါဒ</h3>
<p>ရဟန်းတော်အရှင်ဉာဏဓဇကား <b>အစဉ်အလာသမား သမား ရိုးကျသမားမဟုတ်ပေ၊ ငယ်စဉ်ကပင်တော်လှန်သော အတွေးအခေါ် ရှိသူဖြစ်သည်</b>။</p>
<p>ထိုအချိန်က မန္တလေးရွှေမြို့တော်ရှိထင်ရှားသော ပညာရှိကြီး များ ရှိသည့်အနက် <b>ရွှေပြည်ဝန်ကြီးခေါ် ယောအတွင်းဝန် ဦးဖိုးလှိုင်မှာ တော်လှန်သော အတွေးအခေါ်အယူအဆရှိသူ ဖြစ်သည်</b>။</p>
<p>သို့ဖြစ်ရာ ရဟန်းတော် အရှင်ဉာဏဓဇသည် ယောအတွင်း ဝန် ဦးဖိုးလှိုင်၏ တော်လှန်သောအတွေးအခေါ် အယူအဆများကို နှစ်သက် စွဲလမ်းသလောက်၊ <b>ဦးဖိုးလှိုင်၏ ခေတ်မီသော စာရေးနည်း စာရေး ဟန်များကိုလည်း အားကျသည်၊ အတုယူလိုသည်၊ နည်းယူလိုသည်</b>။</p>
<p>ထို့ကြောင့်လည်း သီတင်းနေ့များတွင် <b>ယောအတွင်းဝန် ဦးဖိုးလှိုင်ထံသို့ ကြွရောက်လာကာ ပိဋကတ်တော်၌ ယူဆပုံနည်းများနှင့် မြန်မာစာရေးနည်း ရေးဟန်များကို နည်းခံခဲ့သည်</b>။ ထိုအခါ ယောအတွင်း ဝန်က <b>'ဦးပဉ္စင်းကလေး စာတတ်ချင်သလား၊ စာတတ်ချင်ယင် ကထာ ဝတ္ထု အဋ္ဌကထာကို နိုင်နင်းအောင် သင်ကြားပါ ' ဟု ဩဝါဒစကားဖြင့် နည်းပေးညွှန်ကြား လျှောက်ထားခဲ့သည်</b>။ ထို့ပြင် ယောအတွင်းဝန်က ပိဋကတ်၌ တော်လှန်သည့် အတွေးခေါ်အယူအဆများကိုလည်း ပြောကြားလျှောက်ထားလိုက်သေးသည်။</p>
<p>ထိုစဉ်ကပြောကြားလိုက်သော ယောအတွင်းဝန်၏ တော်လှန် သည့် အတွေးအခေါ်အယူအဆများနှင့် ပတ်သက်၍ ရဟန်းတော် အရှင် ဉာဏဓဇသည် လယ်တီဆရာတော်အဖြစ်သို့ ရောက်ရှိလာသော အခါ၌ တပည့်ဖြစ်သူလယ်တီ ဦးပဏ္ဍိတ (နောင်လယ်တီပဏ္ဍိတ ဆရာ ဦးမောင်ကြီး) ကို <b>'အိမ်း ..ယောဆိုတာ လူတတ်ကွယ့်၊ သူဟာ ပထမ တန်း ပညာရှိကြီးပဲ၊ စကားဆန်း အင်မတန်ပြောတတ်တဲ့လူ၊ သူ ပညာရှိမို့၊ သူပြောတဲ့စကား ငါမှတ်ထားတာပဲ၊ နို့ပေမယ့် *** ကျမ်းတွေက အလွန်ခိုင်မာတဲ့ သင်္ဂါယနာတင်ကျမ်းတွေဖြစ်တယ်' ဟူ၍ပြန်လည် အမိန့်ရှိခဲ့ဖူးသည်</b>။</p>
<hr>
<h3>ပဉ္စမသင်္ဂါယနာပွဲ၌ ကထာဝတ္ထုကိုပြန်ဆိုတော်မူခြင်း</h3>
<p>မင်းတုန်းမင်းတရားကြီးသည် ပဉ္စမသင်္ဂါယနာတင်ရန်အတွက် ပထမဆင့် လုပ်ငန်းတစ်ရပ်အဖြစ်ဖြင့် <b>၁၂၂၂-ခုနှစ်မှ စတင်ကာ ပိဋကတ် တော်များကို ကျောက်ထက်အက္ခရာ ထွင်းထုခဲ့ရာ ၁၂၃၀-ပြည့်နှစ်တွင် အလုံးစုံ ပြီးစီးခဲ့သည်</b>။</p>
<p>ယင်းသို့ ကျောက်ထက်အက္ခရာ ထွင်းထုပြီးနောက် ပိဋကတ် တော်များကို ပဉ္စမသင်္ဂါယနာတင်တော်မူခဲ့ရာ<br>
- <b>သစ်ဆိမ့်တိုက်က ဝိနည်း ပိဋကတ်တော်ကိုလည်းကောင်း</b>၊<br>
- <b>စလင်းတိုက်က သုတ္တန် ပိဋကတ်တော်ကိုလည်းကောင်း</b>၊<br>
- <b>စံကျောင်းတိုက်က အဘိဓမ္မာ ပိဋကတ်တော်ကိုလည်း ကောင်း</b></p>
<p>အသီးသီး တာဝန်ယူကာ ရွှေနန်းတော်ကြီးအတွင်း ဗြဲတိုက်တော် ရာဇပလ္လင်ပေါ်၌ တစ်လှည့်စီ ပြန်ဆိုတော်မူကြရသည်။</p>
<p>ထိုအခါ စံကျောင်းတိုက်သား တစ်ပါးဖြစ်သော <b>ရဟန်းတော် အရှင်ဉာဏဓဇသည် ကထာဝတ္ထု ပါဠိတော်ကို တာဝန်ယူ ပြန်ဆိုတော်မူခဲ့သည်</b>။</p>
<p>ယောအတွင်းဝန်၏ ဩဝါဒစကား လျှောက်ထားချက်အရ <b>ရဟန်းတော် အရှင်ဉာဏဓဇသည် ကထာဝတ္ထု အဋ္ဌကထာကို အထူး ကျွမ်းကျင်နိုင်နင်းအောင် သင်ကြားလေ့လာထားသည့်အတိုင်း ဗြဲတိုက် တော် ရာဇပလ္လင်ထက်၌ ကထာဝတ္ထုပါဠိတော်ကို အောင်မြင်စွာ ပြန်ဆိုတော်မူနိုင်ခဲ့ခြင်း ဖြစ်သည်</b>။</p>
<hr>
<h3>ပထမစာချဖြစ်တော်မူခြင်း</h3>
<p>ရဟန်းတော် အရှင်ဉာဏဓဇသည် <b>ရဟန်းသိက္ခာ ၈-ဝါအရတွင် စံကျောင်းတိုက်၌ ပထမစာချအဖြစ် ချီးမြှောက်ခြင်း ခံခဲ့ရသည်</b>။ ထိုအခါ ရဟန်းတော် အရှင်ဉာဏဓဇသည် တပည့်များအား နိရုတ္တိဉာဏ် ထက်သန်စူးရှရေးအတွက် အခြေခံ အဖြစ်ဖြင့် '<b>ပဒရူပသိဒ္ဓိ 'သဒ္ဒါကျမ်းကို ဇောက်ချကာ ဇောင်းပေး ပို့ချတော်မူခဲ့သည်</b>။</p>
<hr>
<h3>ပါရမီပုစ္ဆာ ၂၀-နှင့် ပါရမီဒီပနီ</h3>
<p>ရဟန်းတော် အရှင်ဉာဏဓဇသည် <b>၁၄-ဝါအရတွင် စံကျောင်း ဆရာတော်ဘုရားကြီး၏ အမေးပုစ္ဆာ ၂၀-ထွက်ပေါ်လာသည်</b>။ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ သာဝကတို့၏ ပါရမီနှင့် စပ်ဆိုင်ရာ အချက်ပေါင်း ၂၀-ကို စံကျောင်း ဆရာတော်ဘုရားကြီးက ပါဠိဘာသာဖြင့်အမေးပုစ္ဆာ ၂၀- ပြုလုပ်ကာ မေးခွန်းထုတ်ဆင့် မေးမြန်းလိုခြင်းဖြစ်သည်။</p>
<p>ယင်းအမေးပုစ္ဆာများ၏ အဆုံး၌ 'မယံ စောဒကာ နာမ ဧက ဒေသပေက္ခကာ' စသည်ဖြင့်</p>
<p>'<b>ငါတို့စောဒက ပုဂ်္ဂိုလ်မည်သည်ကား တစ်ဖက်တစ်စိတ်ကိုသာ မျှော်ကုန်ကြည့်ကုန်၏၊ အလုံးစုံကို အကုန်မကြည့်ကုန်၊ အကယ်၍ အလုံးစုံကို မျှော်ကုန်ကြည့်ကုန်ပါမူ ယခုဤမေးခွန်းပုစ္ဆာများသည် မပေါ် ပေါက်ခဲ့ရာ၊ ဤမေးခွန်းပုစ္ဆာများ သည်ပေါ်လည်း ပေါ်ခဲ့၏၊ ဇမ္ဗူဒီပါ၏ တံခွန်- သာသနာတော်၏ တံခွန်ဖြစ်သော ပညာရှိတို့အတွက် သက်သက် ဤပုစ္ဆာများ ပေါ်ပေါက်လာခြင်းဖြစ်ရာ ပညာမရှိသောသူတို့သည် ကုပ်၍ နောက်ဆုတ်ကြကုန်လော့၊ သင်တို့ကြောင့်ကြစရာ မဟုတ်ကုန်၊ အဘယ် ကြောင့်ဆိုသော် ပထမတန်း သာသနာတံခွန်များသည် ဤပုစ္ဆာများကို ဖြေဆိုကြလိမ့်မည်ဖြစ်သောကြောင့်တည်း</b>' ဟူ၍ စံကျောင်းဆရာတော် ဘုရားကြီးက ဖြေဆိုမည့်သူကို ဘဝဂ်သို့ တက်ရောက်ရတော့လုမတတ် မြှောက်ပင့်ရေးသားပြီး မဖြေနိုင် သူများအား လမ်းလေးခွ၌ တည်ရှိသော ရှာငုတ်တိုနှင့်လည်းကောင်း လူအများကျော်လွှားသွားလာရာ တံခါခုံနှင့် လည်းကောင်း နှိုင်းယှဉ် ဥပမာပေးကာ တုဏှီဘာဝဆိတ်ဆိတ်နေကြရန် တားမြစ် နှိမ်ချထားသည်။</p>
<p>ယင်းသို့ ရေးသားထားသည်ကို တွေ့ရှိလိုက်ရသည်နှင့် တစ်ပြိုင် နက် <b>ရဟန်းတော် အရှင်ဉာဏဓဇသည် ' ဤအမေး ပုစ္ဆာ ၂၀-ကား ငါ့ကိုစွဲ၍ ငါ့အတွက် သက်သက်ဖြစ်ပေါ်လာပြီတကား ' ဟု အားတက် ရွှင်လန်း ဝမ်းမြောက်စွာဖြင့် နိကာယ်ငါးရပ် ပိဋကတ်ကို မွှေနှောက် ချောက်ချားပြီး ယင်းအမေးပုစ္ဆာ၂၀-ကို ပါဠိလို ရေးသားဖြေဆိုကာ စံကျောင်းဆရာတော်ဘုရားကြီးအား ဆက်ကပ်လိုက်သည်</b>။</p>
<hr>
<h3>မှန်းချက်နှင့်နှမ်းထွက် မကိုက်ခြင်း</h3>
<p>ယင်းသို့ ရေးသားဖြေဆိုလိုက်သော်လည်း ရဟန်းတော် အရှင် ဉာဏဓဇ အနေဖြင့် '<b>မှန်းချက်နှင့် နှမ်းထွက်' မကိုက်အောင် ဖြစ်ခဲ့သည်</b>။ အဘယ်ကြောင့်ဆိုသော် ရဟန်းတော် အရှင်ဉာဏဓဇ၏ ဖြေဆိုချက်ကို စံကျောင်း ဆရာတော်ဘုရားကြီးက နှစ်သက်လိုလားတော် မမူသော ကြောင့်ဖြစ်သည်။</p>
<p>အလုံဦးပဏ္ဍိတနှင့် စလင်းဦးပဏ္ဍိစ္စဟူ၍ တပည့်ကြီးနှစ်ပါး ရှိသည့်အနက် <b>အလုံ ဦးပဏ္ဍိတ၏ တပည့်တပန်းများကိုသာ စံကျောင်း ဆရာတော်ဘုရားကြီးကဖြေဆိုစေလိုသောကြောင့် မနှစ်သက် မလိုလား ခြင်း ဖြစ်သည်ဟု အစဉ်အဆက် ပြောစမှတ်ရှိသည်</b>။</p>
<hr>
<h3>ပထမဆုံး လယ်တီဒီပနီ</h3>
<p>ယခုအခါပုံနှိပ်စာအုပ်အဖြစ်ဖြင့် တွေ့မြင် ဖတ်ရှုနေကြရသော ' <b>ပါရမီဒီပနီ ကျမ်းစာအုပ် မှာ ရဟန်းတော် အရှင်ဉာဏဓဇဘဝက ဖြေဆို ခဲ့သော ယင်းအမေးပုစ္ဆာ ၂၀-၏ အဖြေပင်ဖြစ်သည်</b>။ <b>လယ်တီဆရာ တော်အနေဖြင့် ပထမဆုံးရေးသားသော ပထမဆုံးလက်ရာ ပထမဆုံး လယ်တီဒီပနီ ကျမ်းစာအုပ်လည်းဖြစ်သည်</b>။</p>
<hr>
<h3>နွားသား ရှောင်ကြဉ်ရေး နှင့် လယ်တီတိုက် တည်ထောင်ခြင်း</h3>
<p><b>၁၂၄၄-နှစ်တွင် ရဟန်းတော် အရှင်ဉာဏဓဇသည် မန္တလေး ရွှေမြို့တော်မှ မုံရွာမြို့ ရွှေစည်းခုံကျောင်းတိုက်သို့ ကြွရောက် သီတင်းသုံးတော်မူသည်</b>။</p>
<p><b>၁၂၄၇-ခုနှစ်တွင် ဗြိတိသျှတို့သည် အထက်မြန်မာနိုင်ငံကို သိမ်း ပိုက်လိုက်ရာ မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှတို့၏ ကိုလိုနီဘဝသို့ ရောက်ရှိ ခဲ့ရသည်</b>။ ထိုအခါ ဗြိတိသျှတို့၏ ကုလားဖြူ ကုလားမည်း စစ်သားများက နွားများကို စည်းမဲ့ကမ်းမဲ့သတ်ဖြတ်စားသောက်ကြရာ မြန်မာ့လူနေမှု စနစ်နှင့်လည်းကောင်း၊ မြန်မာဘာသာရေး (ဗုဒ္ဓဘာသာ)နှင့်လည်း ကောင်း၊ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။</p>
<p>စင်စစ် မြန်မာနိုင်ငံသည် ပကတိ ရုပ်အခြေခံအားဖြင့် မြေယာ နိုင်ငံသာဖြစ်သည်။ လယ်ယာကိုင်းကျွန်းကို ပဓာန စီးပွားရေးအဖြစ်ဖြင့် အားထားမှီခိုနေရသော နိုင်ငံသာဖြစ်သည်။ စက်မှုသိပ္ပံ မထွန်းကားသော နိုင်ငံဖြစ်သဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် ကျွဲနွားများကို အားကိုး ကာ ထွန်ယက်စိုက်ပျိုးနေကြရရာ ကျွဲနွားများသည် မြန်မာနိုင်ငံ၏ စီးပွား ရေးတွင် မရှိမဖြစ်သော ကုန်ထုတ်ကိရိယာဖြစ်သလောက် <b>မြန်မာ ပြည်သူလူထုကြီးတစ်ရပ်လုံး၏ အသက်သခင်များလည်း ဖြစ်သည်၊ ကျေးဇူးရှင်လည်း ဖြစ်ကြသည်</b>။</p>
<p>သို့ဖြစ်ရာ <b>အသက်သခင် ကျေးဇူးရှင်များဖြစ်ကြသော ကျွဲနွား များကို ဘယ်နည်းနှင့်မျှ သတ်ဖြတ်စားသောက်ခြင်း မပြုထိုက်ဟု ဆရာတော် အရှင်ဉာဏဓဇ ကခံယူသည်</b>။</p>
<p>ထို့ကြောင့်လည်း <b>အရှင်ဉာဏဓဇသည် ကိုယ်တော်တိုင်လည်း နွားသားကို ရှောင်ကြဉ်တော်မူသည်</b>။ တပည့်တပန်း ရဟန်းသံဃာတော် များနှင့် ပြည်သူအများကိုလည်း <b>နွားသား ရှောင်ကြဉ်ရန် 'နွားမေတ္တာစာ' ကိုရေးသားကာ လှုံ့ဆော်တော်မူခဲ့သည်</b>။</p>
<p>ထို့နောက် <b>၁၂၄၈- ခုနှစ်တွင် မုံရွာမြို့အနီး လယ်တီတောအုပ် ကြီး၌ ကျောင်းတိုက်တည်ထောင်ကာ တပည့်တပန်းရဟန်း သာမဏေ များအား စာပေသင်ကြားပို့ချခဲ့ရာ ထိုအခါမှစ၍ လယ်တီဆရာတော် ဟူသောအမည်ဖြင့် ထင်ပေါ်ကျော်ကြားလာသည်</b>။</p>
<hr>
<h3>ပရမတ္ထဒီပနီသင်္ဂြီုဟ် မဟာဋီကာသစ်</h3>
<p>ယင်းသို့ လယ်တီတိုက်တွင် စာပေပို့ချတော်မူသည့်ကြားမှ အဘိဓမ္မတ္ထသင်္ဂြီုဟ်ကျမ်း၏ အဖွင့်ဖြစ်သော <b>'ပရမတ္ထဒီပနီဋီကာ' ကို ပါဠိဘာသာဖြင့် ၁၂၅၉-ခုနှစ်တွင် အပြီးရေးသား ပြုစုတော်မူသည်</b>။</p>
<p>ယင်းဋီကာမှာ ယခုအခါ ' <b>လယ်တီဋီကာ</b>' ဟူသော အမည်ဖြင့် လူသိများနေကြသော်လည်း အမည်အပြည့်အစုံမှာ '<b>ပရမတ္ထဒီပနီ' ခေါ် သင်္ဂြီုဟ်မဟာဋီကာသစ်</b> ဟူ၍ဖြစ်သည်။</p>
<hr>
<h3>နှစ်ပေါင်း ၃၅-နှစ်ကြာ ဋီကာစစ်ပွဲကြီး</h3>
<p>သို့သော် လယ်တီဆရာတော်သည် ပရမတ္ထဒီပနီဋီကာဖြင့် အဘိဓမ္မတ္ထသင်္ဂြီုဟ်ကျမ်းကို ဖွင့်ဆိုရာ၌ ကိုယ့်နည်း၊ ကိုယ့်ဟန် ကိုယ့် အတွေးအခေါ်၊ ကိုယ့်အယူအဆတို့ဖြင့် ရိုးရိုးဖွင့်ဆိုခြင်းမပြုဘဲ <b>အဘိ ဓမ္မတ္ထဝိဘာဝနီ ဋီကာကျော်ကျမ်း၌ အချက်ပေါင်း ၂၄၅- ချက်တိတိ မှားယွင်းချွတ်ချော်နေသည်ဟု ထောက်ပြကာ 'န သုန္ဒရံ' 'န ယုဇ္ဇတိ' 'နသမေတိ' စသော ခပ်ကြမ်းကြမ်း စကားလုံးများဖြင့် ဋီကာကျော်မှ အဆိုပါ အချက်များကို ပယ်ဖျက်ပစ်ခဲ့သည်</b>။</p>
<p>အဘိဓမ္မတ္ထ ဝိဘာဝနီ ဋီကာကျော်မှာ မျက်မှောက်ခေတ် မြန်မာ နိုင်ငံပါဠိပညာရေး၌ အဘိဓမ္မတ္ထသင်္ဂြီုဟ်ကျမ်း၏ အဖွင့်ဋီကာကျမ်း တစ်ကျမ်းအဖြစ်ဖြင့် သင်ရိုးပြုကာ သင်ကြားပို့ချမှုကို ခံယူနေရသော ဋီကာဖြစ်သည်။</p>
<p>ထို့ကြောင့်လည်း ယင်းကဲသို့ လယ်တီဆရာတော်က ဋီကာကျော် မှ အချို့အချက်အလက်များကို ပယ်ဖျက်လိုက်သောအခါ၌ <b>သာသနာ တော်တစ်ခုလုံး ပွက်လောရိုက်ကာ ဋီကာကျော်ဘက်မှ ပြန်လည် ခုခံ ရေးသားလာကြသော ဋီကာများ ပေါ်ထွက်လာသည်</b>။</p>
<p>သို့ဖြင့်ပင် <b>လယ်တီဋီကာ ပုံနှိပ်စာအုပ်အဖြစ်ထွက်ပေါ်လာသော ၁၂၆၂-ခုနှစ်မှ ၁၂၉၇-ခုနှစ်လောက်အထိ ၃၅-နှစ်တိုင်တိုင် မြန်မာနိုင်ငံ၌ 'ဋီကာစစ်ပွဲကြီး' ဖြစ်ပွားခဲ့သည်</b>။ ယင်း ၃၅-နှစ်တာ အချိန်ကာလအတွင်း ထွက်ပေါ်လာသော ဋီကာကျမ်းများမှာ ၄၀-ခန့် အရေအတွက်ရှိသည်ဟု စာရင်းအရသိရှိရသည်။ ယင်း ၄၀-ခန့်တွင် ပါဠိ ဘာသာဖြင့်ရေးသား သော ဋီကာကျမ်းများအပြင် မြန်မာဘာသာဖြင့် ရေးသားသော ကျမ်းများလည်း ပါဝင်ခဲ့သည်။</p>
<hr>
<h3>မူလဋီကာ နှင့် အနုဋီကာ</h3>
<p>ဋီကာကျော်ဆရာသည် မူလဋီကာထက် အနုဋီကာကို ပိုမို နှစ်သက်ဟန်တူသည်။ ခဲရာခဲဆစ်ဌာနများကို အကိုးသာဓကမူရာ၌ ဋီကာ ကျော်ဆရာသည် 'ဧဝဉ္စ ကတွာ ဝုတ္တံ အာစရိယဓမ္မ ပါလတ္ထေရေန' ဟူ၍ <b>အာစရိယ ဓမ္မပါလ ခေါ် အနုဋီကာဆရာ အရှင်ဓမ္မပါလ၏ အဆို အမိန့်များကို ထုတ်ဆောင်ပြလေ့ရှိသည်</b>။</p>
<p>လယ်တီဆရာတော်ကမူ ' အာစရိယာနန္ဒထေရော ပန' စသည် ဖြင့် <b>မူလဋီကာဆရာ အရှင်အာနန္ဒာ၏အမည်ကို လေးလေးစားစား ခေါ်ဝေါ်ရေးသားပြီး မူလဋီကာဆရာ၏ အယူအဆများကို ဖော်ထုတ် ကာ လက်ရုံးတမ်းလေ့ရှိသည့်အပြင် တစ်ခါတစ်ရံ အဋ္ဌကထာဆရာကြီး အရှင်မဟာဗုဒ္ဓဃောသ၏အဆိုအမိန့်များကိုပင် ကျောခိုင်းဖွင့်ဆိုထား သည်ကို ကျောချမ်းစရာ ကောင်းလောက်အောင် တွေ့ရှိနေရပေသည်</b>။</p>
<hr>
<h3>သီဟိုဠ်ကို အံတုနိုင်သော လယ်တီဋီကာ</h3>
<p>မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ ပါဠိစာပေသမိုင်း၌ ပုဂံခေတ်က သီဟိုဠ်ကို အံတုနိုင်သော အရှင်အဂ္ဂဝံသ၏ သဒ္ဒနီတိကျမ်းကြီး ပေါ်ထွက် နိုင်ခဲ့သလို မျက်မှောက်ခေတ်၌လည်း <b>ပရမတ္ထဒီပနီ လယ်တီဋီကာဖြင့် သီဟိုဠ်အား အံတုခဲ့ခြင်းကိုကား မည်သူမျှ ငြင်းနိုင်ကြမည် မဟုတ်ပေ</b>။</p>
<p>သို့ဖြစ်ရာ <b>ပရမတ္ထဒီပနီ လယ်တီဋီကာကို မြန်မာနိုင်ငံ ဗုဒ္ဓ သာသနာ့သမိုင်းတွင် စာပေမှတ်တိုင်တစ်တိုင်အဖြစ်ဖြင့် ယခုအခါ သမိုင်းသုတေသီတိုင်းက အသိအမှတ်ပြုနေကြရပြီဖြစ်ပေသည်</b>။</p>
<hr>
<h3>လှည့်လည်တရားဟောခြင်းနှင့် ဝါဆိုစဉ်အကျဉ်း</h3>
<p>လယ်တီဆရာတော်ဘုရားကြီးသည် လယ်တီတိုက်ကြီးကို တည်ထောင်ကာ တပည့်တပန်း ရဟန်း သာမဏေများအား စာပေပို့ချ တော်မူပြီးနောက် <b>၁၂၅၇-ခုနှစ်လောက်မှစတင်ကာ မြန်မာနိုင်ငံ အရပ် ရပ်သို့ လှည့်လည်ကြွရောက်တော်မူပြီး ဝါဆိုသင့်သော အရပ်ဒေသ များတွင်ဝါဆိုလျက် ကျွတ်ထိုက်သူ ဝေနေယျတို့အတွက် နိယျာနိကအစစ် ဗုဒ္ဓဘုရားရှင် အလိုလားဆုံးလည်းဖြစ် အနှစ်သာရလည်းဖြစ်သော ဝိပဿနာတရားရေအေး အမြိုက်ဆေးကို တိုက်ကျွေး ဟောကြားတော် မူခဲ့သည်</b>။</p>
<p>ယင်းသို့ ကြွရောက်သီတင်းသုံးကာ တရားဟောရာဒေသများ</p>
<p>နှင့် ဝါဆိုရာဌာနများမှာ အောက်ပါအတိုင်းဖြစ်သည်။</p>
<p><b>၁၂၅၇-ခုနှစ်၊ အိန္ဒိယနိုင်ငံ မဟာဗောဓိသို့ ကြွရောက်တော် မူသည်</b>။ မဟာဗောဓိမှအပြန်တွင် အမြို့မြို့ အနယ်နယ်သို့လှည့်လည်ကာ တရားဟောတော်မူသည်။<br>
<b>၁၂၅၈-ခုနှစ်၊ ဟံသာဝတီနယ် တွံတေးတောကြီးတန်း ဆပဂံ တောရ၌ သီတင်းသုံးတော်မူသည်</b>။<br>
<b>၁၂၅၉-၆၀-ခုနှစ်၊ မုံရွာမြို့ လယ်တီတိုက်၌ သီတင်းသုံး တော်မူသည်</b>။ <b>၁၂၆၀-ပြည့်နှစ်တွင် သေက္ချတောင် ဆရာတော်အရှင်တိလောက ၏ ပင့်လျှောက်ချက်အရ သေက္ချတောင်တွင် တစ်လခန့် သီတင်းသုံး တော်မူသည်</b>။<br>
<b>၁၂၆၁-ခုနှစ်၊ မုံရွာမြို့ လယ်စဉ်ရွာ ဓမ္မိကာရုံတိုက် ဓမ္မနန္ဒ ကျောင်း၌ ဝါကပ်တော်မူသည်</b>။<br>
<b>၁၂၆၂-ခုနှစ်၊ ဒီပဲယင်းမြို့၏ မြောက်ဘက် မဟာမြိုင်တောကြီး၌ ဝါဆိုတော်မူသည်</b>။<br>
<b>၁၂၆၃-၆၄-ခုနှစ်၊ အလုံမြို့၏ အနောက်ဘက်လည်းဖြစ်၊ သလ္လာဝတီမြစ်၏ အနောက်ဘက်လည်းဖြစ်သော ရွှေတောင်ဦးတောင် ကျောက်ဂူ၌ ဝါဆိုတော်မူသည်</b>။<br>
<b>၁၂၆၅-ခုနှစ်၊ မုံရွာမြို့၏ အနောက်လက်ပန်းတောင်းတောင် စင်္ကြံကျောင်း၌ သီတင်းသုံးတော်မူသည်</b>၊ <b>ယင်းနှစ်တွင် ကင်းဝန်မင်းကြီး ပင့်လျှောက်သောကြောင့် မန္တလေးမြို့သို့ကြွရောက်ကာ တရားဟောတော်မူသည်</b>။<br>
<b>၁၂၆၆-ခုနှစ်၊ ပျဉ်းမနားမြို့ မြောက်ဘက် အင်ကြင်းမြိုင်တောရ စင်္ကြံကျောင်း၌ ဝါဆိုတော်မူသည်</b>။<br>
<b>၁၂၆၇-ခုနှစ်၊ မြင်းခြံမြို့ ရေကန်ကြီး အနီး၌ ဝါဆိုတော်မူသည်</b>။</p>
<p>ယင်းနှစ်တွင် ရန်ကုန်မြို့သို့ ကြွရောက်ကာ တရားဟောတော်မူသည်။ <b>၁၂၆၈-ခုနှစ်၊ ပြည်မြို့ ဝိပဿနာကုန်းတောရ၌ ဝါဆိုတော် မူသည်</b>။ <b>ယင်းနှစ်တွင် မန္တလေးမြို့သို့ကြွရောက်ကာ မစိုးရိမ်တိုက်မှစ၍ တရားပွဲများ ကျင်းပဟောပြောတော်မူသည်</b>။<br>
<b>၁၂၆၉-ခုနှစ်၊ မင်းလှမြို့ ပက်တန်းတောရ၌ ဝါဆိုတော်မူသည်</b>။ <b>ထိုနှစ်၌ပင် စစ်တွေမြို့သို့ကြွရောက်ကာ တရားဟောတော်မူသည်</b>။ <b>၁၂၇၀-ခုနှစ်၊ မော်လမြိုင်မြို့၊ ကျိုက်သံလံ တောင်တန်းရှိ အလံတိုင်တောင်ထိပ် ဝါဆိုကျောင်း၌ ဝါဆိုတော်မူပြီး ပုသိမ်မြို့သို့ ကြွရောက်ကာ တရားဟောတော်မူသည်</b> <b>၁၂၇၁-ခုနှစ်၊ သာပေါင်းမြို့၌ ဝါကပ်တော်မူသည်</b>။</p>
<p><b>၁၂၇၂-ခုနှစ်၊ မုံရွာမြို့ မဟာလယ်တီတိုက်၌ ဝါဆိုတော်မူပြီး စစ်ကိုင်းမြို့ ရွှေဘိုမြို့နယ်၊ မိတ္ထီလာမြို့၊ မန္တလေးမြို့ များသို့ ကြွရောက်ကာ တရားဟောတော်မူသည်</b>။ <b>ပလိပ်ရောဂါပပျောက်ရန် စီမံတော်မူသည်</b>။ <b>၁၂၇၃-ခုနှစ်၊ ရန်ကုန်မြို့၊ ညောင်ကုန်းတိုက်၌ဝါဆိုတော်မူသည်</b>။</p>
<p><b>၁၂၇၄-ခုနှစ်၊ စစ်ကိုင်းမြို့၌ ဝါဆိုတော်မူသည်</b>။</p>
<p><b>၁၂၇၅-၇၆-၇၇-ခုနှစ်၊ မန္တလေးမြို့ လယ်တီစံကျောင်း၌ ဝါဆို တော်မူသည်</b>။</p>
<p><b>၁၂၇၈-ခုနှစ်၊ ပျဉ်းမနားမြို့ အင်ကြင်းမြိုင်တောရ၌ ဝါဆိုတော် မူသည်</b>။</p>
<p><b>၁၂၇၉-ခုနှစ်၊ မုံရွာမြို့ မဟာလယ်တီတိုက်၌ နောက်ဆုံး ဝါဆို တော်မူသည်</b>။</p>
<p><b>၁၂၈၀-ပြည့်နှစ်၊ မြစ်သားမြို့၌ဝါဆိုတော်မူသည်</b>။</p>
<p><b>၁၂၈၁-ခုနှစ်၊ ရန်ကုန်မြို့ ကျောက်ဝိုင်းကျောင်း၌ ဝါဆိုတော် မူပြီးနောက် ပုသိမ်မြို့သို့ ကြွရောက်ကာ သိမ်သမုတ်တော်မူသည်</b>။ <b>ပုသိမ် မှအပြန်တွင် သာယာဝတီခရိုင် မင်းလှမြို့၌ မန်လည်ဆရာတော် ဘုရားကြီးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံတော်မူသည်</b>။ ထို့နောက် <b>ယင်းဆရာတော်ကြီးနှစ်ပါးသည် ရန်ကုန်မြို့သို့ ကြွရောက်ကာ တရား ပွဲကြီးများ ကျင်းပဟောကြားတော်မူကြသည်</b>။</p>
<p><b>၁၂၈၂-ခုနှစ်၊ ကတွန်သတ္ထုတွင်းတိုက်၌ ဝါကပ်တော်မူသည်</b>။</p>
<p><b>၁၂၈၃-ခုနှစ်၊ စစ်ကိုင်းမြို့ ဇေတဝန်တိုက်၌ ဝါဆိုတော်မူသည်</b>။</p>
<p><b>၁၂၈၄-ခုနှစ်၊ ပျဉ်းမနားမြို့ လယ်တီစံကျောင်း၌ ဝါဆိုတော် မူသည်</b>။</p>
<hr>
<h3>'အဂ္ဂမဟာပဏ္ဍိတ' ဘွဲ့တံဆိပ် ခံယူရရှိတော်မူခြင်း</h3>
<p><b>၁၂၇၇-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁-ရက်၊ ( ၇-၁၁-၁၉၁၅) တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံ အစိုးရ၏ 'အဂ္ဂ-မဟာပဏ္ဍိတ' ဘွဲ့တံဆိပ် ဆက်ကပ် လှူဒါန်းခြင်းကို ခံယူရရှိတော်မူသည်</b>။</p>
<hr>
<h3>နိုင်ငံခြားသာသနာပြုတော်မူခြင်း</h3>
<p>လယ်တီ ဆရာတော်ဘုရားကြီးသည် အထက်ပါအတိုင်း မြန်မာ နိုင်ငံအရပ်ရပ်သို့ လှည့်လည်၍ ဝိပဿနာတရား ဟောကြားကာ သာသနာပြုရုံမျှသာမကပဲ <b>၁၂၇၅-ခုနှစ်တွင် နိုင်ငံခြားဗုဒ္ဓသာသနာပြု အသင်းကြီးကို ကြီးမှုးတည်ထောင်ပြီးလျှင် လန်ဒန်မြို့ရှိ ဂရိတ်ဘရိတန် အိုင်ယာလန် ဗုဒ္ဓဘာသာ သာသနာပြုအသင်းကြီးနှင့်လည်းကောင်း၊ လန်ဒန်ပါဠိစာပေ အသင်းကြီးနှင့်လည်းကောင်း၊ ဆက်သွယ်ကာ နိုင်ငံ ရပ်ခြား တိုင်းတစ်ပါးသို့ ဗုဒ္ဓသာသနာတော် ပျံ့နှံ့ ရောက်ရှိရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းတော်မူခဲ့ပြန်သည်</b>။</p>
<hr>
<h3>'ဒီလစ်'ဘွဲ့ ရရှိတော်မူခြင်း</h3>
<p><b>၁၂၈၃-ခုနှစ်၊ နတ်တော်လတွင် ရန်ကုန်တက္ကသိုလ်ကျောင်းကြီး ဖွင့်လှစ်သည့် အထိမ်းအမှတ်အဖြစ်ဖြင့် တက္ကသိုလ်အဓိပတိဖြစ်သူ မြန်မာ ပြည်ဘုရင်ခံက စာပေပါရဂူ (ဒီလစ်) ဘွဲ့တံဆိပ်လှူဒါန်းသည်ကို ခံယူရရှိ တော်မူသည်</b>။</p>
<hr>
<h3>စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော်မူခြင်း</h3>
<p><b>၁၂၈၅-ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၅-ရက် (လပြည့်) ဗုဒ္ဓဟူးနေ့ ၂-နာရီ ၃၀မိနစ်အချိန်တွင် ပျဉ်းမနားမြို့၌ သီတင်းသုံးတော်မူစဉ် စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော်မူသည်</b>။</p>
7lag0c8mne2igdftcycm1bvllxhoid1
ကမ္မဋ္ဌာန်းကျမ်းကြီး
0
5741
18776
2025-06-13T00:21:42Z
Tejinda
173
"{{header | title = [[လယ်တီဆရာတော်ဘုရားကြီး]] | author = လယ်တီဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = <b>ကမ္မဋ္ဌာန်းကျမ်းကြီး</b> | previous = လယ်တီဆရာ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18776
wikitext
text/x-wiki
{{header
| title = [[လယ်တီဆရာတော်ဘုရားကြီး]]
| author = လယ်တီဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = <b>ကမ္မဋ္ဌာန်းကျမ်းကြီး</b>
| previous = [[လယ်တီဆရာတော်ဘုရားကြီး]]
| previous2 =
| next = [[နိုင်ငံခြားပုစ္ဆာ အဖြေပေါင်းချုပ်]]
| next2 =
| year =
| notes =
| edition =
| categories = လယ်တီဆရာတော်
| shortcut =
| portal =
}}
<h3>ကမ္မဋ္ဌာန်းကျမ်းကြီး</h3>
<p>နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။</p>
<h3>၁-သာသနာ ၃-ရပ်ကို ပြဆိုခန်း</h3>
<p>သီလံ သမာဓိ ပညာ စ၊<br>
ယဿ ဧတေ သုဘာဝိတာ။<br>
အတိက္ကမ္မ မာရဓေယျံ၊<br>
အာဒိစ္စောဝ ဝိရောစတိ။<br>
(ဣတိဝုတ်ပါဠိတော်)</p>
<p><b>အနက်။</b>။<b>ဘိက္ခဝေ</b>=သံသရာဘေးကို ရှုလေ့ရှိကြကုန်သော အို-ချစ်သားချစ်သမီးတို့၊ <b>ယဿ</b>=အကြင်သူသည်၊ <b>သီလဉ္စ</b>=အဓိသီလ သိက္ခာဟုဆိုအပ်သော သီလကိုလည်းကောင်း၊ <b>သမာဓိ စ</b>=အဓိစိတ္တ သိက္ခာဟုဆိုအပ်သော သမာဓိကိုလည်းကောင်း၊ <b>ပညာ စ</b>=အဓိပညာ သိက္ခာ ဟုဆိုအပ်သော ပညာကိုလည်းကောင်း၊ <b>ဧတေ</b>=ဤသုံးပါးသော တရားတို့ကို၊ <b>သုဘာဝိတာ</b>=ဆုံးခန်းတိုင်အောင် ကောင်းစွာပွါးများအပ် ကုန်၏၊ <b>သော</b>=ထိုသူသည်၊ <b>မာရဓေယျံ</b>=မာရ်မင်း၏နိုင်ငံကို၊ <b>အတိက္ကမ္မ</b>= လွန်မြောက်၍၊ <b>အာဒိစ္စောဝ</b>=ဆီးနှင်း, မြူ, တိမ်, သူရိန်, မီးခိုးညစ်မျိုးငါးအင် ကင်းစင်တောက်ပ တင့်တယ်လှသော နေမင်းကြီးကဲ့သို့၊ <b>ဝိရောစတိ</b>=ထွန်းလင်းတင့်တယ်၏၊</p>
<p><b>ဆောင်ပုဒ်သံခိပ်။</b>။အဓိသီလ၊ စိတ္တ ပညာ၊ သာသနာ၊ သိက္ခာ၃-ပါးမှတ်။</p>
<p>မြတ်စွာဘုရား သာသနာတော်မြတ်ကြီးသည်</p>
<p>၁။ <b>အဓိသီလ သာသနာတော်မြတ်ကြီး</b> ၁-ပါး,<br>
၂။ <b>အဓိစိတ္တ သာသနာတော်မြတ်ကြီး</b> ၁-ပါး,<br>
၃။ <b>အဓိပညာ သာသနာတော်မြတ်ကြီး</b> ၁-ပါး,<br>
ဟူ၍ သာသနာတော်မြတ်ကြီး ၃-ပါး ရှိ၏၊</p>
<p>[<b>သိက္ခာ ၃-ပါး</b>ဟူ၍ လည်းခေါ်၏၊ ဤသာသနာ ၃-ပါး၏ အခွင့်ကားကိလေသာကိုပယ်သတ်မှုတည်း။]</p>
<h3>(က) ကိလေသာ အသိုက်အအုံကြီး ၃-မျိုး</h3>
<p>ဤကိုယ်ခန္ဓာ၌ ကိလေသာအသိုက် အအုံသည်</p>
<p>၁။ <b>ဝီတိက္ကမ ဘုံကြီး</b> ၁ပါး,<br>
၂။ <b>ပရိယုဋ္ဌာန ဘုံကြီး</b> ၁ပါး,<br>
၃။ <b>အနုသယ ဘုံကြီး</b> ၁ပါး,<br>
ဟူ၍ ဘုံကြီး ၃-ပါး ရှိ၏၊</p>
<p>(နိုင်ငံကြီး ၃-ပါးလည်း ဆိုရ၏၊ တိုက်ကြီး ၃-တိုက်လည်းဆိုရ၏၊) ထို ၃-ပါးတို့တွင်</p>
<p>၁။ <b>ကာယကံ, ဝစီကံ</b> ၂-ပါးသည် ဝီတိက္ကမဘုံကြီး, ဝီတိက္ကမ နိုင်ငံကြီး, ဝီတိက္ကမတိုက်ကြီး မည်၏၊<br>
(ကိုယ်အမူအရာသောင်းကြမ်းမှု, လွန်ကျူးမှု, နှုတ်အမူအရာသောင်းကြမ်းမှု, လွန်ကျူးမှု။)</p>
<p>၂။ <b>မနောကံစု</b>သည် ပရိယုဋ္ဌာနဘုံကြီး, ပရိယုဋ္ဌာနနိုင်ငံကြီး, ပရိယုဋ္ဌာနတိုက်ကြီး မည်၏၊<br>
(အပြင်သို့မရာက် စိတ်ထဲတွင်သာ ဆူပူထကြွသောင်းကြမ်းနေမှု)</p>
<p>၃။ ကံ ၃-ပါးအဖြစ်သို့ မရောက်မူ၍ အနမတဂ္ဂ ဘဝသံသရာ တစ်ခွင်၌ ကိုယ်ခန္ဓာအစဉ်မှာ အမြဲနိစ္စ ထာဝရ တည်ထောင် ကိန်းဝပ် စည်ကား ပွားစီး၍နေသော အသိုက်အအုံကြီးသည် <b>အနုသယဘုံကြီး, အနုသယ နိုင်ငံကြီး, အနုသယတိုက်ကြီး</b> မည်၏၊</p>
<p><b>ဆောင်ပုဒ်သံခိပ်။</b>။ အစဉ်စွဲကပ်၊ ငုပ်ကိန်းဝပ်၊ မျိုးဓာတ် နုသယံ။</p>
<p>အပါယ်ဇာတ်, လူဇာတ်,နတ်ဇာတ် ထွက်ရန် မျိုးစေ့အနေ အားဖြင့် စိတ်သန္တာန်တွင် စွဲ၍ကပ်၍ ငုတ်၍ဝပ်၍ကိန်း၍ အစဉ်အမြဲ နေသော ကံဟောင်းကံသစ်တို့ကို သိုလှောင်ထားသော ဂိုဒေါင်ကြီးကဲ့ သို့တည်း။</p>
<p>(ခြောက်ဒွါရတို့မှာ အာရုံဆက်လာတိုင်း ကိလေသာမီးတောက် ရန်, ကံ ၃-ပါးဖြစ်ပေါ်ရန် အမြစ်မူလဗီဇ အသိုက်အအုံကြီးဟူလို။) ထိုဘုံကြီး ထိုနိုင်ငံကြီးမှ မနောကံတို့ ဖြစ်လာရကုန်၏၊ မနောကံ တို့မှ ကာယကံ, ဝစီကံတို့ ဖြစ်လာရကုန်၏၊</p>
<p><b>ဥပမာ။</b>။ ဤခန္ဓာကြီးသည် မီးခြစ်ရှိ ဆေးခဲနှင့်တူ၏၊ အနုသယနိုင်ငံကြီးသည် မီးခြစ်ရှိ ဆေးခဲတွင် အပြည့်တည် ရှိသော မီးဓာတ်မျိုးနှင့်တူ၏၊</p>
<p>အာရုံနှင့်တွေ့၍ စိတ်နှလုံးမှာ ကိလေသာထကြွမှုသည် ကော်ပတ်နှင့်တိုက်၍ မီးခြစ်ဆေးခဲမှ မီးတောက်သည်နှင့် တူ၏၊ ကိုယ်အင်္ဂါ, နှုတ်အင်္ဂါ, လှုပ်ရှားသောင်းကြမ်းမှုသည် ထိုမီး တောက်မှ ဝတ္ထုတစ်ပါးသို့ မီးကူး၍ အိမ်ရာ, ဝင်းခြံကို လောင်သည်နှင့် တူ၏၊</p>
<p>(က) လောဘဘုံကြီး ၃-ပါး,<br>
(ခ) ဒေါသဘုံကြီး ၃-ပါး,<br>
(ဂ) မောဟဘုံကြီး ၃-ပါး,<br>
(ဃ) ဒိဋ္ဌိဘုံကြီး ၃-ပါး,<br>
စသည်ဖြင့် အသီးသီး ဘုံကြီး ၃-ပါး စီ ရှိကြ၏၊</p>
<h3>(ခ) သာသနာ ၃-ရပ်</h3>
<p><b>အဓိသီလ သာသနာ</b>- အဓိသီလသိက္ခာသည် ကိလေသာတို့၏ ဝီတိက္ကမဘုံကြီး, နိုင်ငံကြီးကို ဖျက်ဆီးရန် လက်နက်မျိုးတည်း။</p>
<p><b>အဓိစိတ္တ သာသနာ</b>- အဓိစိတ္တသိက္ခာသည် ပရိယုဋ္ဌာနဘုံကြီး, နိုင်ငံကြီးကို ဖျက်ဆီးရန်လက်နက်မျိုးတည်း။</p>
<p><b>အဓိပညာ သာသနာ</b>- အဓိပညာသိက္ခာသည် အနုသယဘုံကြီး, နိုင်ငံကြီးကို ဖျက်ဆီးရန်လက်နက်မျိုးတည်း။</p>
<p>ဤအနုသယ နိုင်ငံကြီး အကုန်ပျက်စီးမှ ကိလေသာမျိုးပြတ် သည်၊ ကိလေသာမျိုးပြတ်မှ ကံ ၃-ပါး ကျွတ်လွတ်သည်၊ ကံ ၃-ပါး ကျွတ်လွတ်မှ ဝဋ်ဒုက္ခချုပ်ငြိမ်းသည်။</p>
<p>မြတ်စွာဘုရား၏ သာသနာတော်၌ကား</p>
<p>အနုသယနိုင်ငံကြီးကို ဖျက်ဆီးမှုသည်သာ လိုရင်းပဓာနတည်း။ ထိုနိုင်ငံကြီးကိုဖျက်ဆီးခြင်းငှါ ရှေးဦးစွာ သီလကိုဖြည့်ကျင့်မှု, သမထကိုပွား များမှုတို့ဖြင့် ပြင်ပအရံ နိုင်ငံနှစ်ရပ်ကို သုတ်သင်ရှင်းလင်းပြီးမှ ဘုရား သာသနာတော်တွင်းမှာ လိုရင်းပဓာနဖြစ်သော အနုသယနိုင်ငံကြီးသို့ ချဉ်းနင်းခွင့်သာလေသတည်း။</p>
<p>(ဤကား-<b>ကမ္မဋ္ဌာနနယောပဒေသ-ကျမ်း</b>၏အချက်အချာ သာသနာတော်ကြီး ၃-ပါး၏ အခွင့်ကို ပြဆိုခန်းတည်း။)</p>
<h3>၂-သီလကိုပြဆိုခန်း</h3>
<h3>(က) အာဇီဝဋ္ဌမကသီလ</h3>
<p><b>ဆောင်ပုဒ်သံခိပ်။</b>။အာဒိဗြဟ္မ၊ စရိယ နှင့်၊ ထိုမှတစ်စိ၊ အာဘိသမာစာရိက၊ ဤနှစ်ဝ၊ သီလ သာသနာ။</p>
<p>အဓိသီလ သာသနာ, အဓိသီလ သိက္ခာ၌အကျဉ်းအားဖြင့်</p>
<p>၁။ <b>အာဒိဗြဟ္မစရိယက သီလ</b>,<br>
၂။ <b>အာဘိသမာစာရိက သီလ</b>,<br>
ဟူ၍ ၂-ပါးရှိသည်။</p>
<p>ထို ၂-ပါး တို့တွင်</p>
<p>၁။ သောတာပတ္တိမဂ်, သကဒါဂါမိမဂ်, အနာဂါမိမဂ်, အရဟတ္တမဂ်-ဟုဆိုအပ်သော မဂ် ၄-ပါးသည် <b>ဗြဟ္မစရိယ</b> မည်၏၊ ထိုမဂ် ၄-ပါးကို ယခုဘဝ ရလို ယူလို ရောက်လိုသော သူတို့၏ ရှေးဦးစွာ နိစ္စသီလအဖြစ်နှင့် ထူထောင်ဖြည့်ကျင့်အပ်သော သီလမျိုးသည် <b>အာဒိဗြဟ္မစရိယကသီလ</b>မည်၏၊</p>
<p>၂။ ထိုအပေါ်တွင် အမွှမ်းတင် ဖြစ်သော သီလမျိုးသည် <b>အာဘိသမာစာရိကသီလ</b>မည်၏၊</p>
<p><b>ဆောင်ပုဒ်သံခိပ်။</b>။အာဇီဝဋ္ဌ၊ အကျဉ်းပြ၊ ဗြဟ္မအာဒိသာ။ အကျဉ်းချုပ်အားဖြင့်-ပြဆိုသည်ရှိသော် <b>အာဇီဝဋ္ဌမက သီလ</b> သည် <b>အာဒိဗြဟ္မစရိယက သီလ</b>မည်၏၊ ရဟန်းတို့၏၂၂၇-ပါးသော သိက္ခာပဒသီလစုသည် ဤအာဇီဝဋ္ဌမကသီလ၌ အကျုံးဝင်သောကြောင့် အကျဉ်းပြဟူ၍ ဆိုသတည်း။</p>
<p><b>ဆောင်ပုဒ်သံခိပ်။</b>။ကာယသုံးလီ၊ လေးဝစီ၊ အာဇီရှစ်သမ္မာ။</p>
<p>(က) <b>ကာယသုစရိုက် ၃-ပါး</b>,<br>
(ခ) <b>ဝစီသုစရိုက် ၄-ပါး</b>,<br>
ပေါင်း ၇-ပါး ဖြစ်၏၊</p>
<p>ယင်း ၇-ပါးမှာ ၈-ခုမြောက် <b>သမ္မာအာဇီဝ</b> ဖြည့်၍ “<b>အာဇီ ဝဋ္ဌမက</b>” ခေါ်သည်။</p>
<p>(မနောသုစရိုက် ၃-ပါးကျန်ရှိသည်မှာ အဓိစိတ္တသာသနာ, အဓိပညာသာသနာတို့၏ ဆိုင်ရာဖြစ်၍ ကျန်ရှိလေသည်။)</p>
<h3>(ခ) အာဇီဝဋ္ဌမက သီလ၏သရုပ်</h3>
<p>၁။ <b>ပါဏာတိပါတာ ဝေရမဏိ</b>,<br>
၂။ <b>အဒိန္နာဒါနာ ဝေရမဏိ</b>,<br>
၃။ <b>ကာမေသုမိစ္ဆာစာရာ ဝေရမဏိ</b>,<br>
၄။ <b>မုသာဝါဒါ ဝေရမဏိ</b>,<br>
၅။ <b>ပိသုဏဝါစာယ ဝေရမဏိ</b>,<br>
၆။ <b>ဖရုသဝါစာယ ဝေရမဏိ</b>,<br>
၇။ <b>သမ္ဖပ္ပလာပါ ဝေရမဏိ</b>,<br>
၈။ <b>မိစ္ဆာဇီဝါ ဝေရမဏိ</b>,</p>
<p><b>ဆောင်ပုဒ်သံခိပ်။</b>။ကျင့်ဝတ်ဓူတင်၊ အမွှမ်းတင်၊ ဖြူစင် ဘိသမာ။</p>
<p>(က) ရဟန်းတော်တို့၌ ဥပဇ္ဈာယဝတ်, အာစရိယဝတ် အစရှိသောကျင့်ဝတ်တရားစု, ဓူတင် တေရသစုသည် အာဒိဗြဟ္မစရိယက ပေါ်တွင် အမွှမ်းတင် <b>အာဘိသမာစာရိက သီလ</b>မည်၏၊</p>
<p>(ခ) လူတို့၌ ၈-ပါးသောဥပေါသထသီလ,၁၀-ပါးသီလ, အချို့သောဓူတင်္ဂသီလများသည် <b>အာဘိသမာစာရိက</b> ပင်တည်း။</p>
<h3>(ဂ) ဓူတင် ၁၃-ပါး သရုပ်</h3>
<p>၁။ <b>ပံသုကူဓူတင်</b>-ရထားလမ်း, သုသာန်, တံမျက်ချေး စုပုံရာ အရပ် စသည်တို့၌ သူတစ်ပါးတို့ ပစ်စွန့်ထားသော မြေမှုန့်အလိမ်းလိမ်းကပ်သော အဝတ်ကိုကောက်ယူ၍ ပြုအပ်သော သင်္ကန်းကိုသာ ဝတ်ရုံခြင်း။</p>
<p>၂။ <b>တိစီဝရိတ်ဓူတင်</b>-ဒုကုဋ်, ကိုယ်ဝတ် သင်းပိုင်ဟု ဆိုအပ် သော သင်္ကန်း ၃-ထည်ကိုသာ ဆောင်ခြင်း။</p>
<p>၃။ <b>ပိဏ္ဍပါတ်ဓူတင်</b>-ခံ၍ရသော ဆွမ်းကိုသာ သုံးဆောင်ခြင်း။</p>
<p>၄။ <b>သပဒါနစာရိကဓူတင်</b>-အိမ်စဉ်, ရွာစဉ်,ခရီးစဉ်, မပျက် ဆွမ်းခံခြင်း။</p>
<p>၅။ <b>ဧကာသနိကဓူတင်</b>-တစ်ထိုင်တည်း၌သာ ဆွမ်းစားခြင်း။</p>
<p>၆။ <b>ပတ္တပိဏ္ဍိကဓူတင်</b>- သပိတ်တစ်ခု၌ရှိသော စားဖွယ်ကိုသာ စားခြင်း။</p>
<p>၇။ <b>ခလုပစ္ဆာဘတ္တိကဓူတင်</b>- မိမိ ဆွမ်းစားဆဲတွင် လက်မီသော အရပ်အတွင်းသို့ စားဖွယ်ကို သူတစ်ဦးက ကပ်မည်ဟု ယူလာရာတော်ပြီ, အလိုမရှိပြီ, ဟုပစ်ပယ်ပြီသော အစာကို တစ်ဖန် စားထိုက်ပြန်အောင် အတိရိတ် ဝိနည်းကံကို ပြု၍ပင် မစားခြင်း။</p>
<p>၈။ <b>အာရညကင်ဓူတင်</b>- တောကျောင်း၌ နေခြင်း။</p>
<p>၉။ <b>ရုက္ခမူဓူတင်</b>- သစ်ပင်ရင်း၌သာ နေခြင်း။</p>
<p>၁၀။ <b>အဗ္ဘောကာသိကဓူတင်</b>- အမိုး, သစ်ရိပ်မရှိသော လွင်ပြင်၌ သာနေခြင်း။</p>
<p>၁၁။ <b>သောသာနိကဓူတင်</b>- သုသာန်သင်္ချိုင်း၌သာ နေခြင်း။</p>
<p>၁၂။ <b>ယထာသန္တတိကဓူတင်</b>-ရရသမျှသော ကျောင်း၌ ရောင့် ရဲခြင်း။</p>
<p>၁၃။ <b>နေသဇ္ဇိကဓူတင်</b>- လျောင်း၍ မအိပ်မူ၍ ကျင့်ခြင်း။</p>
<p><b>ဆောင်ပုဒ်သံခိပ်။</b>။ ပါတိမောက္ခ၊ သံဝရနှင့်၊ ဇီဝပါရိ၊ သုဒ္ဓိတလှစ်၊ ပစ္စယသန်၊ နိဿိတံတည့်၊ ခြောက်တန်ဣန္ဒြေ၊ လုံခြုံစေမှု၊ သုဒ္ဓိစု၊ စတုလေးလီဖြာ။</p>
<h3>(ဃ) စတုပါရိသုဒ္ဓိသီလ သရုပ်</h3>
<p>၁။ <b>ပါတိမောက္ခသံဝရသီလ</b>,<br>
၂။ <b>အာဇီဝပါရိသုဒ္ဓိသီလ</b>,<br>
၃။ <b>ပစ္စယသန္နိဿိတသီလ</b>,<br>
၄။ <b>ဣန္ဒြိယသံဝရသီလ</b>,</p>
<p>၁။ <b>ပါတိမောက္ခသံဝရသီလ</b>-ဟူသည်ကား ၂၂၇-သွယ်သော သိက္ခာပုဒ်ကို မကျိုးမပေါက် မပြောက် မကျားအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ပါတိမောက္ခသံဝရသီလ မည်၏၊</p>
<p>၂။ <b>အာဇီဝပါရိသုဒ္ဓိသီလ</b>-ဟူသည်ကား ဤသုံးဆောင်ဘွယ် သည် ငါ့အားရှိပြီ၊ ထိုအလုံးစုံ အပိုအမို သုံးဆောင် ဘွယ်သည် တန်ပြီ, တော်ပြီဟု ဤသို့ ဆင်ခြင်ခြင်းသည် <b>ဘောဇနမတ္တညုတာ</b> မည်၏၊</p>
<p>ဤသို့ သုံးဆောင်ဘွယ် မသင့်သော ပစ္စည်းကို ပယ်၍သုံး ဆောင်ဘွယ်သင့်သော ပစ္စည်းကို သုံးဆောင် ခြင်း၌ လိမ္မာသည်၏ အဖြစ်သည် အာဇီဝပါရိသုဒ္ဓိသီလ မည်၏၊</p>
<p>၃။ <b>ပစ္စယသန္နိဿိတသီလ</b>-ဟူသည်ကား ကျောင်း, သင်္ကန်း, ဆွမ်း, ဆေး ဟုဆိုအပ်သော ပစ္စည်းတို့၌ ပညာဖြင့် ဆင်ခြင်၍ သုံးဆောင်ခြင်းသည် ပစ္စယသန္နိဿိတသီလ မည်၏၊</p>
<p>၄။ <b>ဣန္ဒြိယသံဝရသီလ</b>-ဟူသည်ကား စက္ခုစသော ဣန္ဒြေ ၆-ပါးတို့၌လုံခြုံအောင် ထိန်းသိမ်းစောင့်ရှောက်မှုသည် ဣန္ဒြိယသံဝရသီလ မည်၏၊</p>
<p>ပါတိမောက္ခသံဝရသီလ, အာဇီဝပါရိသုဒ္ဓိသီလ၊ ဤ ၂-ပါးကား <b>အာဒိဗြဟ္မစရိယက သီလ</b>မျိုးတည်း။ ပစ္စယသန္နိဿိတသီလ, ဣန္ဒြိယ သံဝရသီလ၊ ဤ ၂-ပါးကား <b>အာဘိသမာစာရိက သီလ</b>မျိုးတည်း။ သံဝရသီလ၊ ဤ ၂-ပါးကား အာဘိသမာစာရိက သီလမျိုးတည်း။</p>
<p>ဤ ပါတိမောက္ခသံဝရ သီလဟူသော <b>အာဒိဗြဟ္မစရိယက ၂၂၇- ပါးသော သိက္ခာပဒသီလ</b>တို့ကို အကျဉ်းချုံးလိုက်သော် ရဟန်းတို့၏ <b>အာဇီဝဋ္ဌမကသီလ</b> ဖြစ်လေ၏၊</p>
<p>ထိုသီလသည် မဂ္ဂဗြဟ္မစရိယ၏ အစအဦးဖြစ်၍ <b>အာဒိဗြဟ္မ စရိယက သီလ</b> မည်၏၊</p>
<p>အစအဦးဆိုသည်ကား- နံနက်အခါ၌အရှေ့အရပ်မှ တက်သော နေအရုဏ်သည် ထိုနေ့၏ အစအဦးဖြစ်၍ ထိုနေ့၌ အတွင်းဝင် ဖြစ်လေသကဲ့သို့ ဤ ၂၂၇-ပါးသော သိက္ခာပဒ သီလအပေါင်းသည် သောတာပတ္တိမဂ္ဂသီလ၌ သင်္ဂြီုဟ်ရေတွက်ခြင်းသို့ ရောက်၏၊ ယခုကာလ ဤသီလနှင့် ပြည့်စုံကြကုန်သော သီလဝန္တ ရဟန်း တို့သည် အရိယာပုဂ္ဂိုလ် ၈-ယောက်တို့တွင် သေက္ခပုဂ္ဂိုလ်တို့၌ သင်္ဂြီုဟ် ရေတွက်ခြင်းသို့ ရောက်ကုန်၏၊</p>
<p>မဟာဝါခန္ဓက စူဠဝါခန္ဓက-တို့၌လာသော ဥပဇ္ဈာယဝတ်, အာစရိယဝတ် အစရှိသော ကျင့်ဝတ်တရားတို့သည် ထိုအာဒိဗြဟ္မ စရိယကသီလပေါ်တွင် အရောင်တင် အမွှမ်းတင် သီလဖြစ်ပေ၍ အထွတ်အမြတ်ဖြစ်သော အကျင့်အာစာရဟူသော အနက်ကြောင့် <b>အာဘိသမာစာရိက သီလ</b>မည်၏၊</p>
<p><b>လောကုတ္တရာ သီလ</b>သည်မူကား <b>အနုတ္တရ အဓိသီလ</b>ပေတည်း။ ဥပဇ္ဈာယဝတ်, အာစရိယဝတ် အစရှိသော ခန္ဓကဝတ် အကျင့် တို့ကို ပြည့်စုံစွာ မဖြည့်နိုင်သောရဟန်းအား အာဒိဗြဟ္မစရိယကသီလသည် ပြည့်စုံမြဲမဟုတ်၊ နွားပြောက် နွားကျားကဲ့သို့ အကြောင် အကျားသာ ဖြစ်မြဲတည်း။</p>
<p>ထိုဝတ်အကျင့်တို့ကို သဒ္ဓါ, ဝီရိယ နုံ့ကြသောသူတို့သည် ဖြည့်ကျင့်လိုသောစိတ်ပင် မရှိကြကုန်၊ ထိုသူတို့သည် သဒ္ဓါ, ဝီရိယ ထက်သန်လှမှ ဖြည့်ကျင့်နိုင်ရာသော အချို့သော အာဒိဗြဟ္မစရိယက သိက္ခာပုဒ်တို့၌လည်းကောင်း, သမထ ကမ္မဋ္ဌာန်းအလုပ် ဝိပဿနာ ကမ္မဋ္ဌာန်း အလုပ်တို့၌လည်းကောင်း စိတ်ပင် မရှိကြကုန်။ သဒ္ဓါ, ဝီရိယကို ထူထောင်၍ ထိုဝတ်အကျင့်တို့ကို ဖြည့်ကျင့်နိုင် သော သူတို့သည်မူကား အာဒိဗြဟ္မစရိယက သိက္ခာပုဒ်တို့၌လည်း ခဲယဉ်းမှုမရှိကြကုန်။</p>
<p>(ဤကား ရဟန်းတော်နှင့် သက်ဆိုင်သော <b>သီလဝိသုဒ္ဓိ</b>ကို ပြဆိုချက်တည်း။)</p>
<p>လူတို့နှင့်သက်ဆိုင်သော <b>သီလဝိသုဒ္ဓိ</b>ကို အတန်ငယ် ရှင်းလင်း၍ ပြဦးအံ့။</p>
<h3>အဋ္ဌင်္ဂဥပေါသထ သီလ</h3>
<p>ရှစ်ပါးသီလ- မည်သည် ဃရာဝါသ သမ္ဗာဓ၌ တည်နေကြကုန် သော ပကတိလူတိ့ု၏ သီလတည်း။</p>
<p>ထိုပကတိလူတို့သည် အဗြဟ္မစရိယ, ဝိကာလဘောဇန စသော အမှုများကို အမြဲနိစ္စထာဝရ ကြဉ်ရှောင် ခြင်းငှာ မတတ်နိုင်ကြကုန်ရကား တစ်လလျှင် ၄-သီတင်း, ၈-သီတင်း အမှတ်ပြု၍ စောင့်ထိန်းကြသော <b>အနိစ္စသီလ</b>မျိုးပေတည်း။</p>
<p>(နိစ္စပြု၍ စောင့်လျှင်လည်း အလွန်ကောင်းမြတ်ပါ၏၊)</p>
<h3>ဒသ သီလ</h3>
<p>၁၀-ပါးသီလ-သည်မူကား <b>နိစ္စ, အနိစ္စ</b> နှစ်မျိုးရ၏၊</p>
<p>ဃရာဝါသကိစ္စကို စွန့်လွှတ်၍ အဝတ်ကြောင်, အဝတ်ဖြူဟူသောပကတိလူတို့ အဝတ်ကိုပယ်၍ အရဟဒ္ဓဇ အဝင်အပါဖြစ်သော ညောင်ခေါက်စသည့် ဖန်ရည်ဖြင့် ဆိုးအပ်သော အဝတ်ကို ဝတ်သော လူသူတော်များတို့အား ထို ၁၀-ပါးသော သီလသည် <b>နိစ္စသီလ</b>မျိုးဖြစ်၏၊</p>
<p>ထိုအဝတ်ကို ဝတ်မိသည်နှင့် တပြိုင်နက် ထိုသူတို့အား ထိုသီလ သည်တည်လေ၏၊</p>
<p>တည်၏-ဆိုသည်ကား----ထိုအဝတ်ကို ဝတ်မိသည်နှင့် တစ်ပြိုင်နက်ထိုသူတို့သည် အဗြဟ္မစရိယ, ဝိကာလဘောဇန-စသော အမှုများကို ပြုခြင်းငှာ မထိုက်ကြကုန်ပြီ၊ ပြုခဲ့လျှင် အရဟဒ္ဓဇ အဝတ်အသွင်နှင့် မထိုက်တန်သောအမှုဖြစ်၍ အလဇ္ဇီသဘောသို့ ရောက်ကုန်၏၊ ဤကဲ့သို့ ပြုခြင်းငှာ မထိုက်တန်သော သဘောသို့ သက်ရောက်သည်ကို အခြေပြု၍ ထိုသီလတည်သည်-ဟုဆိုသတည်း။</p>
<p>(<b>နိစ္စသီလ</b>မျိုးဟူသမျှ ဤနည်းချည်းသာတည်း။)</p>
<p>ပကတိ လူဝတ်ကြောင်တို့အား ထိုကဲ့သို့သော နိစ္စသီလအနေနှင့် တည်မှုကို မရအပ်၊ ၈-ပါးသီလကဲ့သို့ပင် ဆောက်တည်မှရသော <b>အနိစ္စ</b> မျိုးသာဖြစ်၏၊ နိစ္စပြု၍ စောင့်ထိန်းလိုလျှင် နိစ္စအနေနှင့် ခံယူမှရ၏၊</p>
<p>(ဤကား အကျဉ်းမျှပြဆိုချက်တည်း)</p>
<hr>
<h3>အာဇီဝဋ္ဌမက သီလ</h3>
<p><b>အာဇီဝဋ္ဌမကသီလ</b>-ဆိုသည်ကား သုစရိုက် ၁၀-ပါးတွင် မနော သုစရိုက် ၃-ပါးကို ချန်လှပ်သော် ကာယ သုစရိုက် ၃-ပါး, ဝစီသုရိုက် ၄-ပါးဟူ၍ ၇-ပါးရ၏၊ ၎င်း ၇-ပါးမှာ <b>သမ္မာအာဇီဝ ဝိရတီ</b>ကိုထည့်၍ အာဇီဝဋ္ဌမက သီလခေါ်၏၊</p>
<p><b>ကာယသုစရိုက် ၃-ပါး</b>ကား <b>သမ္မာကမ္မန္တ ဝိရတီ</b>တည်း။</p>
<p><b>ဝစီသုစရိုက် ၄-ပါး</b>ကား <b>သမ္မာဝါစာဝိရတီ</b>တည်း။</p>
<p>ဝစီသုစရိုက် ၄-ပါးကား သမ္မာဝါစာဝိရတီတည်း။ ပါးဖြစ်၏၊</p>
<p>ထို ၃-ပါးတို့တွင် <b>သမ္မာဝါစာ ဝိရတီ</b>သည်</p>
<p>၁။ <b>မုသာဝါဒါ ဝေရမဏီ</b><br>
၂။ <b>ပိသုဏဝါစာယ ဝေရမဏီ</b>,<br>
၃။ <b>ဖရုသဝါစာယ ဝေရမဏီ</b>,<br>
၄။ <b>သမ္ဖပ္ပလာပါ ဝေရမဏီ</b>,<br>
ဟူ၍ ၄-ပါး အပြားရှိ၏</p>
<p><b>သမ္မာကမ္မန္တ ဝိရတီ</b> သည်လည်း</p>
<p>၁။ <b>ပါဏာတိပါတာ ဝေရမဏီ</b>,<br>
၂။ <b>အဒိန္နာဒါနာ ဝေရမဏီ</b>,<br>
၃။ <b>ကာမေသုမိစ္ဆာစာရာ ဝေရမဏီ</b>,<br>
ဟူ၍ ၃-ပါးအပြားရှိ၏၊</p>
<p><b>သမ္မာအာဇီဝ ဝိရတီ</b>မူကား အသက်မွေးမှု၏ အစွမ်းဖြင့်ပြုရသော ပါဏာတိပါတ-အစရှိသော ထိုဒုစရိုက် ၇-ပါးတို့ကို <b>မိစ္ဆာဇီဝ ဒုစရိုက်</b>မျိုး ခေါ်ရပြန်၏၊ ထိုမိစ္ဆာဇီဝခေါ်ရသော ဒုစရိုက် ၇-ပါးတို့မှ ရှောင်ကြဉ်မှု ဖြစ်သောကြောင့် ၇-ပါး ဖြစ်၏၊</p>
<p>(က) <b>သမ္မာဝါစာ ဝိရတိ</b> ၄-ပါး,<br>
(ခ) <b>သမ္မာကမ္မန္တ ဝိရတိ</b> ၃-ပါး,<br>
(ဂ) <b>သမ္မာအာဇီဝ ဝိရတိ</b> ၇-ပါး,<br>
ပေါင်း <b>ဝိရတိ</b> ၁၄-ပါး ဖြစ်။</p>
<p>၎င်း ၁၄-ပါးသည်</p>
<p>(က) <b>သမာဒါန ဝိရတိ</b> ၁၄-ပါး,<br>
(ခ) <b>သမ္ပတ္တ ဝိရတိ</b> ၁၄-ပါး,<br>
(ဂ) <b>သမုစ္ဆေဒ ဝိရတိ</b> ၁၄-ပါး ဖြစ်၏၊</p>
<h3>သမာဒါန ဝိရတီ</h3>
<p><b>သမာဒါနဝိရတီ</b>- ဆိုသည်ကား ပါဏာတိပါတာ ဝေရမဏီ သိက္ခာပဒံ သမာဒိယာမိ-အစရှိသော ပါဠိ၏ အနက်အဓိပ္ပါယ်ကိုသိ၍ သိတိုင်းအာရုံပြု၍ ခံယူသောသူတို့အား “မိ” အက္ခရာကို ရွတ်ဆိုမိ သည်နှင့် တစ်ပြိုင်နက် ထိုထို ဝိရတိသည် ဖြစ်၏၊</p>
<p>(ဤလည်း သမာဒါန ဝိရတိ ၁၄-ပါး တစ်မျိုး)</p>
<p>သူ့အသက်, သူ့ဝိညာဏ်-စသော ဝတ္ထုကို တွေ့ကြုံသောအခါ ငါ့မှာ ခံယူထားသော သီလရှိပေသည်။ ငါလွန်ကျူး၍ မသင့်ပေဟုရှောင်ကြဉ်၏၊ရှောင်ကြဉ်သော စိတ်ဖြစ်သည်နှင့် တစ်ပြိုင်နက် ဝတ္ထုအားလျော်စွာ ထိုထို ဝိရတိသည် ဖြစ်၏၊</p>
<p>(ဤလည်း သမာဒါန ဝိရတီ ၁၄-ပါး တစ်မျိုး)</p>
<h3>သမ္ပတ္တ ဝိရတိ</h3>
<p><b>သမ္ပတ္တ ဝိရတိ</b>-ဆိုသည်ကား ခံယူဆောက်တည်၍ ထားမှု ကားမရှိ။ ဝတ္ထုကို တွေ့ကြုံရသောအခါ၌မူကား လွတ်အောင် ရှောင်ကြဉ်ပေ၏၊ ဤသို့ ရှောင်ကြဉ်သော သူတို့အား ရှောင်ကြဉ်သော စိတ်ဖြစ်သည်နှင့် တစ်ပြိုင်နက် ထိုထိုဝတ္ထုအားလျော်စွာ ထိုထို ဝိရတိသည်ဖြစ်၏၊</p>
<p>(ဤကား သမ္ပတ္တ ဝိရတိ မျိုးတည်း)</p>
<hr>
<h3>သမုစ္ဆေဒ ဝိရတိ</h3>
<p><b>သမုစ္ဆေဒဝိရတိ</b> ဆိုသည်ကား သောတာပတ္တိမဂ် ခဏ၌သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်းသည်နှင့် တပြိုင်နက် အပါယ်သို့ ချနိုင်သော ဒုစရိုက် ၁၀-ပါးတို့သည် အပြီးတိုင်ချုပ်ငြိမ်းကုန်၏၊</p>
<p>ထိုသို့ ချုပ်ငြိမ်းရာ၌</p>
<p><b>သမ္မာဝါစာ မဂ္ဂင်</b>သည်-ဝစီဒုစရိုက် ၄-ပါးကို အပြီးတိုင် ချုပ် ငြိမ်းစေ၏၊</p>
<p><b>သမ္မာကမ္မန္တ မဂ္ဂင်</b>သည်- ကာယဒုစရိုက် ၃-ပါးကို အပြီးတိုင် ချုပ်ငြိမ်းစေ၏</p>
<p><b>သမ္မာအာဇီဝ မဂ္ဂင်</b>သည်-အသက်မွေးမှု၏ အစွမ်းဖြင့်ဖြစ်သော ထို ၇-ပါးသော ဒုစရိုက်တို့ကို အပြီးတိုင် ချုပ်ငြိမ်းစေ၏ ဤမဂ္ဂင် ၃- ပါးကို သမုစ္ဆေဒဝိရတိဆိုသည်။</p>
<p>(ပယ်အပ်သော ဒုစရိုက်အပြား ၁၄-ပါးကိုထောက်၍ သမုစ္ဆေဒ ဝိရတိ ၁၄-ပါးဆိုသည်။ မဂ်စိတ္တက္ခဏမည်သည် တစ်ချက်မျှသာ ကျသည်ဖြစ်၍ မဂ်ဝိရတိမှာမူကား လောကီဝိရတိမှာကဲ့သို့ အာရုံအမျိုးမျိုး</p>
<p>ခဏအမျိုးမျိုးသို့လိုက်၍ ၁၄-ပါး ဖြစ်ပွားသည်မဟုတ်။)</p>
<p>(က) <b>သမာဒါန ဝိရတိ</b> ၂၈-ပါး,<br>
(ခ) <b>သမ္ပတ္တ ဝိရတိ</b> ၁၄-ပါး,<br>
(ဂ) <b>သမုစ္ဆေဒ ဝိရတိ</b>၁၄-ပါး, ပေါင်း <b>ဝိရတိ</b> ၅၆-ပါး ဖြစ်၏၊</p>
<p>၎င်းကို ကာလ ၃-ပါးနှင့် မြှောက်ပွါးသည်ရှိသော် ၁၆၈-ပါးဖြစ်၏၊</p>
<p>၎င်းကို သန္တာန် ၂-ပါးနှင့်မြှောက်ပွားသည်ရှိသော် ၃၃၆-ပါးဖြစ်၏၊</p>
<p>၎င်းကို အရပ်မျက်နှာ ၁၀-နှင့် မြှောက်ပွားသည်ရှိသော် ၃၃၆၀-ပါးဖြစ်၏၊</p>
<p>၎င်းကို ပုဂ္ဂိုလ်သန္တာန် အသီးသီးနှင့် မြှောက်ပွားသည်ရှိသော်</p>
<p>ဝိရတိပေါင်း အသင်္ချေယျ အနန္တဖြစ်၏၊</p>
<p>(ဤကား <b>အာဇီဝဋ္ဌမက သီလဝိသုဒ္ဓိ</b>အပြားကို ပြဆိုချက်တည်း။)</p>
<hr>
<h3>(င) ကမ္ဘာစောင့်တရားကြီး ၂-ပါး</h3>
<p>ခပ်သိမ်းသော စကြာဝဠာအနန္တ, ကမ္ဘာအနန္တတို့၌ ပကတိ သပ္ပုရိသ အင်္ဂါလက္ခဏာနှင့် ပြည့်စုံကြကုန်သော လူအမျိုးကောင်း, လူသူတော်ကောင်းတို့၏ အမြဲအစွဲ အရိုးအစဉ်ဖြစ်သော <b>ကမ္ဘာစောင့် တရား</b>ကား</p>
<p>၁။ <b>အာဇီဝဋ္ဌမက သီလ</b> ၁-ပါး,<br>
၂။ <b>ဗြဟ္မစိုရ်တရား</b> ၁-ပါး၊ ဤ ၂-ပါးတည်း။</p>
<p>ကမ္ဘာစောင့်တရား-ဟုဆိုအပ်သော ၂-ပါးသော တရားနှင့် အမြဲညီညာပြည့်စုံကြသောအခါတို့၌ ဤလူ့ပြည်သည် နတ်ပြည်, ဗြဟ္မာပြည်ကဲ့သို့ ကြည်လင်ခြင်း ခပ်သိမ်းနှင့် ပြည့်စုံ၏၊ အသက်ရှည်မှု, အလိမ္မာမှု တို့၌ နတ်ပြည်ခြောက်ထပ် နတ်တို့သည်ပင်မတုနိုင် မပြုနိုင် ရှိကုန်၏၊</p>
<p>ထိုတရား ၂-ပါးတို့ အစဉ်အတိုင်း ဆုတ်ယုတ်၍ သွားသောအခါ လူ့ပြည်၌ ဆုတ်ကပ်ဟူ၍ ဖြစ်ရ၏၊ ဤလူ့ပြည်၌ ထိုတရား ၂-ပါးတို့ လုံးလုံးကွယ်ပျောက်သောအခါ ၁၀-နှစ်တမ်း၌ ကပ်ကြီး ၃-ပါး အကြီး အကျယ်ဖြစ်၏၊</p>
<p>ထိုကမ္ဘာစောင့် တရားကြီး ၂-ပါးတို့ တိုးတက်ပြန်သောအခါ တက်ကပ် ဖြစ်လာပြန်၏၊ ဤသို့သော အကြောင်းကြောင့် ကမ္ဘာစောင့် တရား ၂-ပါး ဆိုသတည်း။</p>
<hr>
<h3>(စ) ကမ္ဘာစောင့်တရားကြီး ၂-ပါးကြောင့် ဒုစရိုက် ၁၀-ပါး ကင်းလွတ်ပုံ</h3>
<p>ထိုကမ္ဘာစောင့်တရား ၂-ပါးနှင့် ကောင်းစွာ ပြည့်စုံကြကုန်သော လူအမျိုးကောင်းတို့အား သုစရိုက်၁၀-ပါးတို့သည် အမြဲတည်ကုန်၏၊ ဒုစရိုက် ၁၀-ပါးတို့မှ အစဉ်ကင်းလွတ်ကြကုန်၏၊</p>
<p>အဘယ်သို့လျှင် သုစရိုက် ၁၀-ပါးတို့သည် အမြဲတည်ကုန် သနည်း၊ ဒုစရိုက် ၁၀-ပါးတို့မှ အစဉ်ကင်းလွတ်ကြကုန်သနည်းဟူမူကား<b>လောကီဖြစ်သော အာဇီဝဋ္ဌမက သီလ</b>ခိုင်လုံသည့်အတွက် ကာယသုစရိုက် ၃-ပါး, ဝစီသုစရိုက် ၄-ပါးတို့ အမြဲတည်ကုန်၏၊ ကာယဒုစရိုက် ၃-ပါး, ဝစီဒုစရိုက် ၄-ပါးတို့မှ အစဉ်ကင်းလွတ်ကြကုန်၏၊ ဗြဟ္မစိုရ် တရား ၄-ပါး ခိုင်လုံသည့်အတွက် မနောသုစရိုက် ၃-ပါးတို့ အမြဲတည်ကုန်၏၊ မနောဒုစရိုက် ၃-ပါးတို့မှ အစဉ် ကင်းလွတ်ကြကုန်၏၊ မုဒိတာ, ဥပေက္ခာ ဗြဟ္မစိုရ်တရား ၂-ပါး ခိုင်လုံသည့်အတွက် အနဘိဇ္ဈာတရား မနောသုစရိုက် အမြဲတည်၏၊ အဘိဇ္ဈာ မနော ဒုစရိုက်မှ အစဉ်ကင်းလွတ်၏၊</p>
<p>မေတ္တာ, ကရုဏာ ဗြဟ္မစိုရ်တရား ၂-ပါး ခိုင်လုံသည့်အတွက် အဗျာပါဒ မနောသုစရိုက် အမြဲတည်၏၊ ဗျာပါဒ မနောဒုစရိုက်မှ အစဉ်ကင်းလွတ်၏၊</p>
<p>ထိုတရား ၂-ပါးတို့၏ တည်မှုသည် ဒိဋ္ဌိဇုကမ္မတရားလျှင် အရင်းရှိလေရကား သမ္မာဒိဋ္ဌိ မနောသုစရိုက် အမြဲတည်၏၊ မိစ္ဆာဒိဋ္ဌိ မနောဒုစရိုက်မှ အစဉ်ကင်းလွတ်၏၊</p>
<p>(ဤအာဇီဝဋ္ဌမကသီလ ဗြဟ္မစိုရ်တရားတို့မှာကား အထူး ဆောက်တည်မှု, အများအားထုတ်မှုမရှိ၊ ပကတိပင်ကိုဖြစ်သော နိစ္စသီလ ပကတိသဘာဝတို့ပေတည်း။)</p>
<h3>(ဆ) ကမ္ဘာဦးအခါ၌ အာဇီဝဋ္ဌမကသီလ အဋ္ဌင်္ဂဥပေါသထသီလ, ဒသင်္ဂသီလတို့ ပေါ်ပေါက်နေပုံ</h3>
<p>ယခုအခါ ဤ<b>အာဇီဝဋ္ဌမကသီလ, ဗြဟ္မစိုရ်တရား</b>တို့သည် ဥတ္တရကုရုအမည်ရှိသော မြောက်ကျွန်း၌သာ တည်ရှိကုန်တော့သည်။ ထို ကမ္ဘာဦးအခါတို့၌ ထိုတရား ၂-ပါးတို့နှင့် ပြည့်စုံကြကုန်သော လူအပေါင်းတို့တွင် အချို့သော သူတို့သည် ဘုန်းတန်ခိုးကြီးမြတ်သော လူစည်းစိမ်, နတ်စည်းစိမ်တို့ကို နောင်ဘဝအဆက်ဆက် ခံစား စံစားကြ ရန်တစ်လ တစ်လလျှင် ၄-ကြိမ်လည်းကောင်း။ ၈-ကြိမ်လည်းကောင်း အမှတ်ပြု၍ <b>အဋ္ဌင်္ဂဥပေါသထ သီလ</b>ကို ကျင့်သုံး ဆောက်တည်ကြကုန်၏၊</p>
<p>အချို့သောသူတို့သည် ကမ္ဘာများစွာ အသက်ခန္ဓာ ဘုန်းတန်ခိုး ကြီးကျယ်စွာနှင့် စံစားကာနေရသော ဗြဟ္မာပြည်သို့ရောက်ခြင်းငှာ ဃရာဝါသအမှုကိုစွန့်ပစ်၍ တောထွက်၍ ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်ရုံ၍ ရသေ့ရဟန်းပြုလုပ်၍ ၁၀-ပါးသော သီလ၌ နိစ္စတည်၍ ပကတိပင်ကိုဗြဟ္မစိုရ်တရား ၄-ပါးတို့ကို ပရိကံ, ဥပစာ, အပ္ပနာအစဉ်အားဖြင့် ပွားများအားထုတ်၍ စျာန်သမာပတ်ချမ်းသာနှင့် နေကြ ကုန်၏၊</p>
<p>(ဤကား စကြဝဠာအနန္တတို့၌ပင်လျှင် ကမ္ဘာဦးအခါမှစ၍ ကမ္ဘာမြေပေါ်မှာ<b>အာဇီဝဋ္ဌမကသီလ, အဋ္ဌင်္ဂဥပေါသထသီလ, ဒသင်္ဂသီလ</b>၊</p>
<p>ဤသီလ ၃-ပါးတို့ဖြစ်ထွန်းတည်ရှိ၍ နေပုံတည်း။)</p>
<hr>
<h3>(ဇ) ကမ္ဘာစောင့်တရားကြီး ၂-ပါးနှင့် ဥပေါသထသီလ, ဒသင်္ဂသီလ တရားဆုတ်ယုတ်လာပုံ</h3>
<p>ငါတို့ မြတ်စွာဘုရား ပွင့်တော်မူသောအခါ၌မူကား ထိုကမ္ဘာ စောင့်တရား ၂-ပါး, ဥပေါသထသီလ, ဒသင်္ဂသီလ တရား၂-ပါးတို့သည် လောက၌အလွန်နည်းပါးကုန်၏၊ မိစ္ဆာဒိဋ္ဌိတရား, ဒုစရိုက်တရားတို့သည် လောက၌ အလွန်ထွန်းကားကုန်၏၊</p>
<p>ထို့ကြောင့်</p>
<p>မြတ်စွာဘုရားသည် လောက၌ ထိုကမ္ဘာစောင့်တရား ၂-ပါး, အဋ္ဌင်္ဂဥပေါသထသီလ တရားများကိုပင် အားထုတ်ဖော်ပြ ထူထောင် တော်မူရာ၏၊</p>
<p>(က) <b>သုစရိုက် ၁၀-ပါး</b>,<br>
(ခ) <b>ဒုစရိုက် ၁၀-ပါး</b>,<br>
(ဂ) <b>ဗြဟ္မစိုရ်တရား ၄-ပါး</b>,<br>
တို့ကို လူသတ္တဝါတို့အား အလွန်များစွာ ဟောရ၏၊</p>
<p>(သုစရိုက် ၁၀-ပါးတို့တွင် ရှေ့ ၇-ပါးသည် <b>အာဇီဝဋ္ဌမက သီလ</b>ပင်တည်း။)</p>
<p>၁၀-ပါးသီလကိုမူကား ဃရာဝါသ၌ တည်ကုန်သော ပကတိ လူတို့အား ဘုရားဟောဖူးသော ဝတ္ထုဟူ၍ ပါဠိတော်တို့၌မလာ၊ စောင့်ထိန်းကြသောဝတ္ထုတို့ကား အဋ္ဌကထာတို့၌ များစွာလာကုန်၏၊</p>
<p>အနာဂါမ်ဖြစ်သော သူတို့သည်ကား ၁၀-ပါးသီလ၌ တည်ကြ ကုန်၏၊ မြတ်စွာဘုရား သာသနာတော်မြတ်သည်</p>
<p>၁။ <b>အဓိသီလ သာသနာ</b>,<br>
၂။ <b>အဓိစိတ္တ သာသနာ</b>,<br>
၃။ <b>အဓိပညာ သာသနာ</b>,<br>
ဟူ၍ ၃-ပါး အပြားရှိ၏၊</p>
<p>ထို ၃-ပါးတို့တွင် <b>အာဇီဝဋ္ဌမက သီလ</b>သည် <b>အဓိသီလသာသနာ</b> မည်၏၊</p>
<p>ထိုအာဇီဝဋ္ဌမက သီလသည်</p>
<p>၁။ <b>ရဟန်းသာမဏေတို့၏ အာဇီဝဋ္ဌမက သီလ</b>,<br>
၂။ <b>ပကတိလူတို့၏ အာဇီဝဋ္ဌမက သီလ</b>,<br>
၃။ ဖန်ရည်ဆိုးအပ်သော အဝတ်ကိုဝတ်ရုံ၍ ပဗ္ဗဇိတအသွင်၌ တည်နေကုန်သော <b>ရသေ့သူတော်, လူသူတော်တို့၏ အာဇီဝဋ္ဌမကသီလ</b> ဟူ၍ ၃-ပါးအပြားရှိ၏၊</p>
<p>အာဇီဝကို အကြောင်းပြု၍ ပညတ်တော်မူအပ်သော ၆-ပါး သော သိက္ခာပုဒ်တို့နှင့်တကွ အလုံးစုံသော ရဟန်းတို့၏ ဝိနယသီလ၊ အလုံးစုံသောသာမဏေတို့၏ ဝိနယသီလသည် ရဟန်းသာမဏေတို့၏ အာဇီဝဋ္ဌမက သီလမည်၏၊</p>
<p>ထိုစကားမှန်၏၊ အလုံးစုံသော ဝိနည်းသိက္ခာပုဒ်တော်ဟူသမျှ သည်ကာယဒွါရ၊ ဝဇီဒွါရ ၂-ပါး၌ ပညတ်တော်မူအပ်သည်ဖြစ်၍ ကာယကံ, ဝစီကံ ၂-ပါး၌ အကုန်သက်ဝင်၏၊ ကာယသုစရိုက်, ဝစီ သုစရိုက် ၂-ပါး၌ အကုန်သက်ဝင်၏၊</p>
<p>ထို့ကြောင့်</p>
<p>ထိုထို ဝိနည်းသိက္ခာပုဒ်အဆုံး၌ “ကာယကမ္မံ၊ ဝစီကမ္မံ၊ ကာယ ဝစီကမ္မံ” ဟူ၍ ဝိနည်းအဋ္ဌကထာတို့၌ ဆိုးရိုးရှိကြကုန်၏၊ ဝိနည်းပညတ်တော်မှတစ်ပါး သုတ္တန်ဒေသနာတော်မှလာသော အသက်မွေးခြင်းလျှင် အကြောင်းရှိ-မရှိအားဖြင့် ၂-မျိုးပြားသေား သုစရိုက် ၇-ပါးသည် ပကတိလူတို့၏ <b>အာဇီဝဋ္ဌမက သီလ</b>မည်၏၊</p>
<p>ထို ပကတိလူတို့၏ နိစ္စသီလမှာ အဗြဟ္မစရိယ, ဝိကာလ ဘောဇန-စသော ၆-ပါးသော သိက္ခာပုဒ်တို့ကို ထည့်၍ ရသေ့သူတော်, လူသူတော်တို့၏ <b>အာဇီဝဋ္ဌမကသီလ</b> ဖြစ်၏၊</p>
<p>(အဋ္ဌသာလိနီ အဋ္ဌကထာ၌ စက္ခုသံဝရစသော ၈-ပါးသေား သံဝရတရား, စက္ခုသံဝရ-စသော ၈-ပါးသော သံဝရတရားတို့ကို သုစရိုက်, ဒုစရိုက်တိ့ု၌ အကုန်ထည့်သွင်းနည်း ကာယကံ, ဝစီကံ, မနောကံတို့၌ အကုန်ထည့် သွင်းနည်းကို အကျယ်ပြဆိုချက်ရှိလေ၏၊)</p>
<p>ဝိနည်းအဋ္ဌကထာများနှင့်တကွ ထိုအဋ္ဌသာလိနီ အဋ္ဌကထာများ ကို ထောက်မျှော်၍ ရဟန်းသာမဏေတို့ ကျင့်အပ်သော ဝိနည်းသိက္ခာပုဒ်၊ သုတ္တန် သိက္ခာပုဒ်ဟူသမျှ၊ လူတို့ ကျင့်အပ်သောသုတ္တန်သိက္ခာပုဒ်ဟူသမျှ သည်တစ်စုံ တစ်ခုမျှမကျန်၊ ကာယကံ, ဝစီကံတို့၌ အကုန်သက်ဝင် ကြောင်းကိုလည်းကောင်း၊ ကာယကံ, ဝစီကံတို့၌ အကုန်သက်ဝင် သဖြင့်လည်း</p>
<p>''ပုဗ္ဗေဝ ခေါ ပနဿ ကာယကမ္မံ ဝစီကမ္မံ ပရိသုဒ္ဓံ ဟောတိ အာဇီဝေါ စ ပရိသုဒ္ဓေါ''</p>
<p>ဟူ၍ ဟောတော်မူအပ်သော <b>အာဇီဝဋ္ဌမကသီလ</b> အစီအရင် တွင် အကုန်သက်ဝင်ကြောင်းကိုလည်းကောင်း သိအပ်၏၊ အာဇီဝဋ္ဌမက သီလနှင့်ကင်း၍ မဂ်ဖိုလ်ကို မရနိုင်၊ နိစ္စသီလမျိုးတည်ရှိမှ သမာဓိ ဖြစ်ထွန်းနိုင်သည်။</p>
<p>သီလ, သမာဓိ-နှစ်ပါးရှိမှ ဝိပဿနာပညာ, မဂ်ပညာ, ဖိုလ်ပညာ ဖြစ်ထွန်းနိုင်သည်။</p>
<p>ထို့ကြောင့်</p>
<p>ယခုဘဝ၌ပင်လျှင် သမာဓိ, ပညာတို့ကို ရခြင်းငှာ အခြေခံ အနေခံကိစ္စနှင့် ကျင့်သုံးအပ်သော သီလသည် လူတိ့ုသီလပင်ဖြစ်သော် လည်း <b>အဓိသီလ သာသနာ</b>မည်ပါ၏၊</p>
<p>သာဝတ္ထိပြည်၌ ဂဟဋ္ဌဖြစ်သော လူပေါင်းအရေအတွက် ၇- ကုဋေ ၅-သိန်းရှိ၏၊ ထိုတွင် တိတ္ထိတို့၏ တပည့်တို့သည် တစ်ကုဋေမျှ ရှိကုန်၏၊ မြတ်စွာဘုရားတပည့်သားဖြစ်သူ လူတို့သည် ၆-ကုဋေ ၅- သိန်းမျှ ရှိကုန်၏၊ ထိုတွင် ပုထုဇဉ်တို့သည် တစ်ကုဋေမျှ ပါရှိကုန်၏၊ ကျန်ရှိသော ၅-ကုဋေ ၅-သိန်းမျှသော ဂဟဋ္ဌဖြစ်သူ လူတို့သည် အရိယာချည်း ဖြစ်ကုန်၏-ဟု အဋ္ဌကထာတို့၌ လာ၏၊</p>
<p>ထိုသူတို့သည် ရှေးအဖို့၌လည်းကောင်း, ကျွတ်လွတ်သော အခါ၌လည်းကောင်း စိတ်သန္တာန်၌ တည်ရှိသော အခြေခံအနေခံ ဖြစ်သော <b>အာဇီဝဋ္ဌမက ဝိရတီသီလ</b>နှင့်ကင်း၍ မဂ်ဖိုလ်ကို ရသူ ရောက်သူ-ဟူ၍ တစ်စုံတစ်ယောက်မျှ မရှိ၊ <b>အာဇီဝဋ္ဌမက သီလ</b>၏ အခွင့်သည် သောတာပတ္တိမဂ်သို့ရောက်၍ သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်းသော အခါ <b>သမုစ္ဆေဒဝိရတီ</b> အဖြစ်သို့ရောက်မှ ကိစ္စပြီးစီး၏၊ <b>နိယတ</b>အဖြစ်သို့ ရောက်၏၊</p>
<p>ထိုအရိယာဖြစ်သူတို့သည် ဘဝများစွာ ကမ္ဘာအဆက်ဆက် လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ ချမ်းသာတို့ကို အစဉ်ခံစား စံစား၍ သွားကြကုန်သော်လည်း အိပ်မက်တွင်မျှ <b>အာဇီဝဋ္ဌမက သီလ</b>ပျက်မှု မရှိကြကုန်ပြီ။</p>
<p>ထိုသူတို့တွင် အနာဂါမ်အဖြစ်သို့ ရောက်ကြကုန်သော စိတ္တ သူကြွယ် အစရှိကုန်သော အသိန်းမကသော သူတို့သည် ကဿပ ဘုရား လက်ထက်တော်၌ ဃဋိကာရ အမည်ရှိသော အိုးထိန်းသည် ယောကျ်ား ကဲ့သို့ အနာဂါမိမဂ်၏ အစွမ်းဖြင့်ပြီးသော ၁၀-ပါးသီလ၌ အမြဲတည်ကြ ကုန်၏၊ ဆောက်တည်ဖွယ် ကိစ္စ မရှိကြကုန်ပြီ။</p>
<p>၁၀-ပါးသီလ အမြဲတည်သောသူတို့မှာ <b>အဋ္ဌင်္ဂုပေါသထ သီလ</b> သည်လည်း အတွင်းဝင်ဖြစ်၍ ပါလေ၏၊ ဆောက်တည်ဖွယ် ကိစ္စမရှိပြီ။</p>
<p>သောတာပန်, သကဒါဂါမ် ဖြစ်ကြကုန်သော ကုဋေများစွာသော ဝိသာခါ, အနာထပိဏ် စသော သူတို့သည်မူကား တစ်လတစ်လလျှင် ၄-ကြိမ်လည်းကောင်း, ၈-ကြိမ်လည်းကောင်း အမှတ်ပြု၍ <b>အဋ္ဌင်္ဂုပေါ သထ သီလ</b>ကို ဆောက်တည် ခံယူ၍ ကျင့်သုံးကြကုန်၏၊</p>
<p>ပုထုဇဉ် ဖြစ်ကြကုန်သော တစ်ကုဋေမျှလောက်ကုန်သော သာဝတ္ထိပြည်သူ တို့သည်ကား <b>အာဇီဝဋ္ဌမက သီလ</b>မှလည်း တတ်အား သမျှသော သိက္ခာပုဒ်တို့ကို အမြဲနိစ္စ ထိန်းသိမ်းကြကုန်၏၊</p>
<p><b>အဋ္ဌင်္ဂုပေါသထ သီလ</b>ကိုလည်း တတ်အားသမျှ ခံယူဆောက် တည်၍ ကျင့်သုံးကြကုန်၏၊</p>
<p>(ရာဇဂြိုဟ်ပြည်, ဝေသာလီပြည် အစရှိသော မဇ္ဈိမဒေသ တိုင်းကြီး သောဠသတို့၌လည်း ထိုနည်းကိုမှီ၍ အရိယာဖြစ်သူ လူတို့၏ ကျင့်နည်းကျင့်လမ်း, ပုထုဇဉ်ဖြစ်သူ လူတို့၏ ကျင့်နည်းကျင့်လမ်းကို သိကြလေ၊ သီဟိုဠ်ကျွန်းမှာ သာသနာတော်တည်ထွန်း၍ အရိယာပုဂ္ဂိုလ် ထင်ရှားရှိသော အခါတိုင်အောင် ထိုနည်းပင် သိလေ။)</p>
<h3>(စျ) မဇ္ဈိမသာသနာမှစ၍ သာသနာအစဉ်အတိုင်း အာဇီဝဋ္ဌမကသီလ၌ ဆုံးမကြ၍ တည်ထွန်းလာကြပုံ</h3>
<p>အရိယာပုဂ္ဂိုလ်တို့ ထင်ရှားမရှိကြသောအခါမှ စ၍ သီဟိုဠ် သာသနာ, သထုံသာသနာ, သရေခေတ္တရာ သာသနာ, ပေါက်ကံ သာသနာ, မြင်းစိုင်းသာသနာ, စစ်ကိုင်းသာသနာ, ရတနာပူရအဝ သာသနာ, အမရပူရ သာသနာ, မန္တလေးသာသနာ အစဉ်တို့၌မူကား သာဝတ္ထိပြည်စသော မဇ္ဈိမသာသနာမှ အစဉ်အဆက်လာခဲ့သော ပုထုဇဉ်သာဝကတို့၏ နည်းလမ်းအတိုင်း ကျင့်ရိုး, သုံးရိုးအစဉ် ထင်ရှား တည်ထွန်းကာ လာကြကုန်၏၊</p>
<h3>ကျင့်ရိုးအစဉ် ထင်ရှားတည်ထွန်းလာပုံ</h3>
<p>ကျင့်ရိုး၊ သုံးရိုး အစဉ် ၂-မျိုးတွင်</p>
<p><b>ကျင့်ရိုးအစဉ်</b>- ထင်ရှားတည်ထွန်းကာ လာကြပုံကား ထို သာသနာ တည်ထွန်းရာဖြစ်သော ပတိရူပဒေသ အရပ်တို့၌ အမျိုးကောင်း သူတော်ကောင်းဖြစ်ကြသော လူတို့သည် မိမိတို့၏ သားသမီးမြေးမြစ် ဖြစ်သော သူတို့ကို ငယ်ရွယ်စဉ်အခါမှစ၍ အာဇီဝဋ္ဌမကသီလ၌ ဆုံးမသွန်သင်ရိုးရှိကြကုန်၏၊</p>
<p>ရဟန်းသံဃာ ဆရာသမားတို့သည်လည်း 'ယပ်ထောင်တရား, ယပ်လှဲတရား' အနုသာသနီ တရားတို့၌ ဒုစရိုက်၏ အပြစ်, သုစရိုက်၏ အကျိုးများကို ဟောပြော၍ တပည့်ဒါယကာ အပေါင်းတို့အား <b>အာဇီ ဝဋ္ဌမက သီလ</b>၌ ဆုံးမသွန်သင်ရိုး ရှိကြကုန်၏၊</p>
<h3>ဆုံးမသွန်သင်တော်မူကြပုံ</h3>
<p>၁။ ရှေးဦးစွာ ဩကာသ ပဏာမပြုနည်း,<br>
၂။ ထိုနောက် သရဏဂုံ၃-ပါးနှင့်တကွ ၅-ပါးသီလ တောင်းနည်း,<br>
၃။ ထိုနောက် သရဏဂုံ ၃-ပါး ဆောက်တည်နည်း,<br>
၄။ ထိုနောက် ပါဏာတိပါတာ ဝေရမဏီ-အစရှိသော သီလ ခံယူနည်း,<br>
ဤနည်းလမ်းများကို သားငယ်, သမီးငယ်, တပည့်ငယ်တို့အား စကားပြီသည်မှစ၍ အရိုးအစဉ်ကျိုးကျ၍ သွားလေအောင် ဆုံးမသွန် သင်တော်မူကြရကုန်၏၊ သရဏဂုံ သီလ ခံယူစေကြရကုန်၏၊</p>
<p>(ဤငါးပါးသော အင်္ဂါနှင့်ပြည့်စုံသော ပဉ္စသီလလည်း <b>အာဇီဝဋ္ဌမကသီလ</b>တွင် ပဓာန အင်္ဂါစုပင်တည်း။)</p>
<p>ထို့နောက် အသက်အရွယ် ၁၀-နှစ် ၁၅-နှစ် စသည်ရှိသော အခါမှ</p>
<p>၁။ <b>ဒုစရိုက် ၁၀-ပါး</b>,<br>
၂။ <b>သုစရိုက် ၁၀-ပါး</b>,<br>
၃။ “<b>သဗ္ဗေသတ္တာ၊ သဗ္ဗေပါဏာ</b>” ဟူသော <b>ဗြဟ္မစိုရ်တရား</b>,<br>
၄။ ဆံပင်, မွှေးညင်း, ခြေသည်း လက်သည်း အစရှိသော <b>အသုဘ ပဋိကူလတရား</b>တို့ကို သင်ကြားကြ ကုန်၏၊</p>
<p>ထိုတရားတို့တွင်</p>
<p><b>သုစရိုက် ၁၀-ပါး</b> တို့၌ ကာယသုစရိုက် ၃-ပါးကား ၅-ပါးသီလ၌ ပါဝင်ပြီး ဖြစ်၏၊</p>
<p><b>ဝစီသုစရိုက် ၄-ပါး</b> တို့တွင် မုသာဝါဒါ ဝေရမဏီ ၁-ပါးသာ ၅-ပါးသီလမှာ ပါဝင်၏၊</p>
<p>၁။ <b>ပိသုဏဝါစာယ ဝေရမဏီ</b>,<br>
၂။ <b>ဖရုသဝါစာယ ဝေရမဏီ</b>,<br>
၃။ <b>သမ္ဖပ္ပလာပါ ဝေရမဏီ</b> တို့ကိုမူကားနောက်မှ ဖြည့်စွက်ကြရကုန်၏၊ ထိုအခါမှ အင်္ဂါ ၈-ပါးလုံးလုံး ပြည့်စုံ၏၊ ဒုစရိုက် ၇-ပါး ကင်းလွတ်၏၊ သုစရိုက် ၇-ပါး တည်ရှိ၏၊ ထိုဗြဟ္မစိုရ်တရား, အသုဘ ပဋိကူလ တရားတို့ကို နှလုံးသွင်း နိုင်ကြသောအခါ မနောဒုစရိုက်တို့မှ ကင်းလွတ်ကုန်၏၊ မနောသုစရိုက်တို့ တည်ကုန်၏၊</p>
<p>သာသနာပအခါ၌ကား-<b>ဗြဟ္မစိုရ်တရား</b>သာ ထင်ရှားရှိ၏၊ <b>အသုဘပဋိကူလမနသိကာရတရား</b>ကား သာသနာတွင်းမှာကဲ့သို့ပြည့်စုံစွာ မရှိ။</p>
<p>ငယ်လှသေးသောအခါတို့၌ကား- စိတ်၊ စေတနာနုနယ်သေး သည် ဖြစ်၍ ဝစီဒုစရိုက်မှု ၃-ခု၊ မနော ဒုစရိုက်မှု ၃-ခုတို့၌ အကျူးကြီး အလွန်ကြီး မဖြစ်နိုင်ကြကုန်သေး၍ တဖြည်းဖြည်းမှ ဖြည့်စွမ်း ရိုးပြု ကြကုန်သည်။</p>
<p>မနောဒုစရိုက် ၃-ပါးတို့တွင် မိစ္ဆာဒိဋ္ဌိကိုမူကား မွေဖွားစ ကာလ မှစ၍အမျိုးအရိုး အလေ့နှင့်ပင် ကင်းရှင်းစေနိုင်၏၊</p>
<p>(ဤကား ကျင့်ရိုးအစဉ် ထင်ရှား တည်ထွန်းလာပုံတည်း။)</p>
<hr>
<h3>သုံးရိုးအစဉ် ထင်ရှား တည်ထွန်းကာ လာပုံ</h3>
<p>ယခုအခါ သုံးရိုးအစဉ် ထင်ရှား တည်ထွန်းကာ လာကြပုံကား<br>
၁။ ထိုအာဇီဝဋ္ဌမကသီလနှင့်လည်းကောင်း, သုစရိုက်၁၀-ပါး ကိုယ်ကျင့်တရားနှင့်လည်းကောင်း ပြည့်စုံကြပေကုန်သော <b>ဇာတိကုလပုတ္တ, အာစာရကုလပုတ္တ-အမျိုးကောင်းသား အမျိုးကောင်း သမီးဖြစ်သော သူတို့သည်လည်းကောင်း,</b><br>
၂။ မနောသုစရိုက်ကိုကား မစွဲမြဲနိုင်၊ <b>အာဇီဝဋ္ဌမကသီလ ကိုမျှသာ စွဲမြဲနိုင်ကြကုန်သော သူတို့သည်လည်းကောင်း,</b><br>
၃။ အာဇီဝဋ္ဌမကသီလကိုမျှ ပြည့်စုံစွာ မစွဲမြဲနိုင်၊ ထိုအာဇီ ဝဋ္ဌမကသီလအထဲမှာ <b>၅-ပါးသီလကိုမျှ စွဲမြဲနိုင်ကြကုန် သော သူတို့သည်လည်းကောင်း,</b><br><br>
၄။ <b>၅-ပါးသီလကိုမျှ ပြည့်စုံစွာ မစွဲမြဲနိုင်၊ အချို့အချို့ကိုမျှသာ စွဲမြဲနိုင်ကြကုန်သော သူတို့သည် လည်းကောင်း,</b><br><br>
၅။ <b>အချို့အချို့ကိုမျှ အမြဲအစွဲမတတ်နိုင်၊ တစ်ခါနှစ်ခါမျှသာ တတ်နိုင်ကြကုန်သော သူတို့သည်လည်းကောင်း,</b> နောက် နောက်ဘဝတို့၌ ကြီးမြတ်သော လောကီချမ်းသာ, လောကုတ္တရာ ချမ်းသာများကို ခံစား စံစားရခြင်းငှာ ဝါတွင်းဝါပတို့၌ တတ်အားသမျှ အဋ္ဌင်္ဂဥပေါသထသီလ သီတင်းသုံးမှုကို ပြုကြကုန်၏၊</p>
<p>အချို့သောသူတို့ကား-အဝတ်ကြောင်ကိုစွန့်၍ ဆံမုတ်ဆိတ်ကိုပါ ပယ်၍ ဝတ်ဖြူစင်ကြယ်ကိုဝတ်၍ <b>သီလရင်အဖြစ်၊ သီလရင်မအဖြစ်၌ တည်၍ ၈-ပါးသီလ, ၁၀-ပါးသီလတို့ကို နိစ္စအဖြစ်ဖြင့် ကျင့်သုံးကြ ကုန်၏၊</b></p>
<p>ဤ၌ ဝတ်ဖြူမည်သည် အရဟဒ္ဓဇမျိုးမဟုတ်၊ လူဝတ်မျိုးသာ ဖြစ်ခဲ့၍ဇာတိနိစ္စ အနေနှင့် မရ၊ <b>ခံယူ ဆောက်တည်မှရသော နိစ္စမျိုးသာ တည်း။</b></p>
<p>အချို့သောသူတို့ကား-ဆံမုတ်ဆိတ်ကိုပယ်၍ ညောင်ခေါက်ဆိုး အစရှိသောအရဟဒ္ဓဇ အဝတ်မျိုးကို ဝတ်ရုံ၍ <b>ရသေ့သူတော်အဖြစ်၌ တည်၍ ၁၀-ပါးသီလကို နိစ္စကျင့်သုံးကြကုန်၏၊</b></p>
<p>ဤနိစ္စကား <b>အရဟဒ္ဓဇ အဝတ်အသွင်ကို ယူသည်နှင့် တစ်ပြိုင် နက် အမြဲတည်သော ဇာတိနိစ္စမျိုးတည်း၊</b> ခံယူဆောက်တည်မှ ရသော နိစ္စမျိုးမဟုတ်၊ သို့သော်လည်း ခံယူဆောက်တည်မှုသည် သိက္ခာပုဒ် အစဉ်၌ နှုတ်တက်ရွရွ ကျင်လည်ရခြင်းအကျိုး, ခိုင်မြဲစေရခြင်းအကျိုး ရှိသည်သာ ဖြစ်၏၊ သာမဏေများကဲ့သို့ပေတည်း။</p>
<p>ဤတွင် <b>နိစ္စဖြစ်သော ၈-ပါး, ၁၀-ပါးတို့၌မူကား ကျင့်မှု, သုံးမှု ၂-ပါးနှင့် ဆက်ဆံ၏၊</b> ဤ၌ အဝတ်ဖြူကို မဇ္ဈိမတိုင်းသားတို့၌သာ ပကတိလူဝတ်ဟု ဆိုထိုက်သည်။</p>
<p>အဝတ်ကြောင်ကို ဝတ်ရိုးရှိသော ငါတို့ မြန်မာလူမျိုးတို့ကား <b>အရဟဒ္ဓဇ အဝတ်မျိုးတို့၌ပင် သက်ဝင် သင့်ပါသည်ဟု ဆိုရန်ရှိ၏၊</b> ကျမ်းဂန်များနှင့် ထောက်ထား ဆင်ခြင်လေ။</p>
<p><b>(ဤကား သုံးရိုးအစဉ် ထင်ရှားတည်ထွန်းလာပုံတည်း။)</b></p>
<hr>
<h3>(ည) အာဇီဝဋ္ဌမကသီလသည် ကမ္ဘာ့ဓမ္မတာသီလဖြစ်ပုံ</h3>
<p><b>အာဇီဝဋ္ဌမကသီလ တည်ရှိသောသူတို့၌ ဥပေါသထသီလ, ဒသသီလဆိုသော်လည်း အဗြဟ္မစရိယနှင့် ဝိကာလဘောဇန သိက္ခာ ပုဒ်တို့ကို ထိုနိစ္စသီလအပေါ်တွင် အမွှမ်းတင်သက်သက် ဖြစ်၏ဟု ဆိုထိုက်၏၊</b> ပါဏာတိပါတမှ ရှောင်ကြဉ်မှု-စသည်တို့မှာ ထိုနိစ္စသီလ တွင်ပါဝင်ပြီးဖြစ်ကုန်၏၊ ထို့ကြောင့်ထိုသူတို့၌နိစ္စသီလမှ အဋ္ဌင်္ဂုပေါသထ သီလ, ဒသင်္ဂသီလတို့ကိုအထူးထုတ်ဖော်၍ဆိုရာ၌ အမွှမ်းတင်ဖြစ်သော သိက္ခာပုဒ်တို့ အတွက်သာဆိုသည်ဟုမှတ်။</p>
<p><b>ဤကား ကမ္ဘာဦးမှစ၍လည်းကောင်း, မြတ်စွာဘုရားလက်ထက် တော်မှစ၍လည်းကောင်း ယခုဤနေ့တိုင် အာဇီဝဋ္ဌမကသီလ တည်သည့် ဇာတိအာစာရ ကုလပုတ္တမှန်သူ လူအမျိုးကောင်းသားတို့အား ရရှိသော မိမိတို့၏ဘဝ အဖြူထည်ချော အဖြူထည်ကောင်း ဖြစ်စေခြင်းငှာ မွေးဖွားသည်မှစ၍ ပါဏုပေတံ ကာလပတ်လုံး အစဉ်ထာဝရ စွဲမြဲကြ ရသော ကမ္ဘာ့ဓမ္မတာ သီလဖြစ်ပုံတည်း။</b></p>
<p>မိမိအလိုအလျောက်သော်လည်းကောင်း, ဆရာသမား သူတော် သူမြတ်တို့ အထံ၌လည်းကောင်း <b>“ပါဏုပေတံ” ခံယူဆောက် တည် စွဲမြဲလျှင်လည်း သာ၍ကောင်း၏၊</b> တစ်ကြိမ်တစ်ခါ ခံယူပြီးနောက် မပျက်သမျှ ကာလပတ်လုံး ခံယူဖွယ်ကိစ္စ မရှိပြီ၊ အခါခါ ခံယူသော်လည်း အခါခါ ကုသိုလ်ပွားများ၏၊</p>
<p>ခံယူခြင်းကို တစ်ခါတစ်ရံမျှ မပြုမူ၍ မိမိစိတ်၌သာသိ၍ ဤ ၈-ပါးသောသီလကို အသက်ထက်ဆုံး ကျင့်မည်၊ <b>ဤသီလပျက်ရန်အမှုကို အသက်ထက်ဆုံး ငါရှောင်ကြဉ်မည်ဟု စိတ်မှာ ဆောက်တည်၍ ကျင့်ပါ လျှင်လည်း ကောင်း၏၊</b> သမ္ပတ္တဝိရတိအနေနှင့် တွေ့တိုင်း တွေ့တိုင်း ရှောင်ကြဉ်၍ နေပေလျှင်လည်း ကောင်းပါ၏၊</p>
<hr>
<h3>(ဋ) အာဇီဝဋ္ဌမကသီလ၌ တည်၍ ပြုလုပ်ကြသော ဒါနမှု, ဥပေါသထမှုတို့သည် ကြီးကျယ်သော အကျိုးကိုပေးပုံ</h3>
<p>ဤအာဇီဝဋ္ဌမကသီလ-၌ <b>ကောင်းစွာ တည်သောသူတို့သည် လူသီလဝန္တစင်စစ်ဖြစ်ကုန်၏၊ ဤသီလဝန္တ အဖြစ်၌တည်၍ ပြုအပ်သော ဒါနမှု, ဥပေါသထမှုတို့သည် အလွန်ကြီးကျယ်သော အကျိုးကို ပေးနိုင် ကုန်၏၊</b> ရှေးပြဆိုခဲ့ပြီးသော ၅-ကုဋေ ၅-သိန်းမျှလောက်သော သာဝတ္ထိပြည်သူ လူအရိယာတို့မှစ၍မဇ္ဈိမဒေသ သာသနာ သီဟိုဠ် သာသနာတို့၌ အရိယာအဖြစ်သို့ ရောက်ကြကုန်သော လူအရိယာ အနန္တတို့သည် အာဇီဝဋ္ဌမကသီလ၌တည်၍ ရောက်ကြပေကုန်၏၊</p>
<p>အာဇီဝဋ္ဌမကသီလ-၌ မတည်သော သူတို့သည် ဒါနမှု, ဥပေါသထမှုတို့ကို ပြုကြကုန်သော်လည်း <b>တည်သောသူတို့ကို အကျိုး အားဖြင့် မမှီနိုင်ကုန် မတုနိုင်ကုန်၊</b> ယခုဘဝ၌ ဝိပဿနာဉာဏ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ်များကို ပွါးများခြင်းငှါ ထိုက်သော အခြေမျိုး မဟုတ်ကုန်။</p>
<h3>ဥပမာပုံ</h3>
အာဇီဝဋ္ဌမကသီလ-သည် <b>ကျောင်း, အိမ်-ဆောက်ကြရာ၌ အဖြူထည်ချော အဖြူထည်ကောင်းနှင့် တူ၏၊</b></p>
<p>ဥပေါသထသီလသည်-သည် ထိုကျောင်း အိမ်တို့၌ <b>အမွှမ်းတင် တန်ဆာဆင်သော အပြောက်ကောင်းနှင့် တူ၏၊</b></p>
<p>ကျောင်းအိမ်တို့၌ အပြောက်မဆင်ရသော်လည်း <b>အဖြူထည် ခိုင်ခံ့ ချောမောလျှင် သုံးဆောင်မှုခပ်သိမ်း ပြီးစီးတော့သည်။</b></p>
<p>တနည်း-အာဇီဝဋ္ဌမကသီလသည် <b>ပကတိသော အသက်သခင် အစာထမင်းနှင့် တူ၏၊</b></p>
<p>ဥပေါသထသီလသည် <b>ဝက်သား, ကြက်သား, ငါး, အမဲစသော ဟင်းလျာကောင်းနှင့် တူ၏၊</b></p>
<p>အာဇီဝဋ္ဌမပသီလ၌ ကောင်းစွာ တာရှည်တညြ်ပီးသော သူတို့ အား <b>မနောသုစရိုက် ၃-ပါးတို့တွင် သမ္မာဒဋ္ဌိ သုစရိုက်သည် ထိုသီလနှင့် အတူတည်ပြီးဖြစ်၏၊ ဗြဟ္မစိုရ်တရား, ကျန်ရှိသော မနောသုစရိုက် တရားတို့သည် အလိုလို တည်လာကုန်လတ္တံ့။</b></p>
<hr>
<h3>(ဌ) အာဇီဝဋ္ဌမကသီလ ဆောက်တည်ပုံ</h3>
<p><b>ခံယူဆောက်တည်၍ ကျင့်သောသူတို့အား သမာဒါနဝိရတိ သီလကို ရ၏၊</b> ခံယူဆောက်တည်မှု မရှိမူ၍ အတွေ့ကို လွတ်ကင်းအောင် ကြဉ်ရှောင် ထိမ်းသမ်း၍ သွားသောသူတို့အား <b>သမ္ပတ္တဝိရတိသီလကို ရ၏၊</b> ထိုနှစ်ပါးစုံသည် ခိုင်လုံသည်သာ ပမာဏတည်း။</p>
<p><b>သမာဒါနဝိရတိ သီလသည်လည်း စင်ကြယ်ခိုင်လုံလို့ရှိခဲ့လျှင် ယခုဘဝ၌ပင် သမုစ္ဆေဒဝိရတိသို့ ပေါက်ရောက်နိုင်ခြင်းငှါ အခြေခံ အနေခံကိစ္စနှင့် ပြည့်စုံပါ၏၊</b></p>
<p><b>သမ္ပတ္တဝိရတိ သီလသည်လည်း စင်ကြယ်ခိုင်လုံလို့ရှိခဲ့လျှင် ယခုဘဝ၌ပင် သမုစ္ဆေဒဝိရတိသို့ ပေါက်ရောက်နိုင်ခြင်းငှါ အခြေခံ, အနေခံကိစ္စနှင့် ပြည့်စုံလေ၏၊</b> ဤမှ ကြွင်းသော<br>
(၁) ဣန္ဒြိယသံဝရသီလ,<br>
(၂) ပစ္စယသန္နိဿိတသီလ,<br>
(၃) ဓူတင်္ဂသီလ,<br>
တို့သည်ကား <b>ဤအာဇီဝဋ္ဌမကသီလ၏ အမွှမ်းတင် အပြောက် တင် တန်ဆာဆင် သီလတို့သာတည်း။</b></p>
<p>ဤ အာဇီဝဋ္ဌမကသီလ-သည် မြတ်စွာဘုရားသာသနာတော်၌ <b>အခြေခံ, အနေခံ, အထည်ခံ, အမာခံ, ဧရာတည် တရားဖြစ်ပေ၍ အာဒိဗြဟ္မစရိယက သီလမည်၏၊</b> နေထွက်လိုသည်ရှိသော် ရှေးဦးစွာ ဖြစ်ပေါ်၍ လာသော နေအရုဏနှင့်တူသည်ဟု မြတ်စွာဘုရား ဟောတော်မူ၏၊ နေဝန်းသည် သောတာပတ္တိမဂ်၌ ပါရှိသော သမုစ္ဆေဒ အာဇီဝဋ္ဌမက ဝိရတိသီလ၏ ဥပမာတည်း။ နေအရုဏ်သည် ဤ သမာဒါန, သမ္ပတ္တ အာဇီဝဋ္ဌမက ဝိရတိသီလ ၂-ပါး၏ ဥပမာတည်း။</p>
<p>ဤ အာဇီဝဋ္ဌမကသီလ-နှင့် ပြည့်စုံသောသူသည် <b>သမ္မပ္ပဓာန် တရား ၄-ပါးကို ပြည့်စုံစွာ အားထုတ် သည်ဖြစ်အံ့၊ ယခုဘဝ၌သမုစ္ဆေဒ အာဇီဝဋ္ဌမကသီလသို့ ရောက်နိုင်ပါ၏၊</b> သမ္မပ္ပဓာန်တရား ပြည့်စုံစွာ အားထုတ်ခြင်းမရှိသည့်အတွက် ယခုဘဝ မဂ်ဖိုလ်ကို မရဘဲရှိပြန်သော် သီလအတွက် မဟုတ်ပေ။ ထိုသူ ညံ့ဖျင်းသည့်အတွက် သက်သက်သာ တည်း။</p>
<h3>ခံယူဆောက်တည်ပုံမှာ</h3>
၁။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။<br>
၂။ အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။<br>
၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။<br>
၄။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။<br>
၅။ ပိသုဏဝါစာယ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။<br>
၆။ ဖရုသဝါစာယ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။<br>
၇။ သမ္ဖပ္ပလာပါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။<br>
၈။ မိစ္ဆာဇီဝါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။ (<b>ဤကား ခုဒ္ဒကပါဌ ပါဠိတော်နည်းတည်း။</b>)</p>
<p><b>အဋ္ဌကထာနည်းကား</b><br>
၁။ ပါဏာတိပါတာ ဝိရမာမိ။<br>
၂။ အဒိန္နာဒါနာ ဝိရမာမိ။<br>
၃။ ကာမေသု မိစ္ဆာစာရာ ဝိရမာမိ။<br>
၄။ မုသာဝါဒါ ဝိရမာမိ။<br>
၅။ ပိသုဏဝါစာယ ဝိရမာမိ။<br>
၆။ ဖရုသဝါစာယ ဝိရမာမိ။<br>
၇။ သမ္ဖပ္ပလာပါ ဝိရမာမိ။<br>
၈။ မိစ္ဆာဇီဝါ ဝိရမာမိ။<br>
(<b>ဤကား အဋ္ဌကထာနည်းတည်း။</b>)</p>
<p>(<b>အဋ္ဌကထာနည်းသည် အနက်သွား အလွန်သန့်ရှင်း၏၊ ဘုရားရုပ်ပွားတော်ရှေ့မှာခံယူလျှင် သီလတောင်း ဖွယ်ကိစ္စမရှိ။</b>)</p>
<p>၁။ အဟံဘန္တေ အဇ္ဇတဂ္ဂေ ပါဏုပေတံ ပါဏာတိပါတာ ဝိရမာမိ။<br>
၂။ အဟံဘန္တေ အဇ္ဇတဂ္ဂေ ပါဏုပေတံ အဒိန္နာဒါနာ ဝိရမာမိ။<br>
၃။ အဟံဘန္တေ အဇ္ဇတဂ္ဂေ ပါဏုပေတံ ကာမေသု မိစ္ဆာစာရာ ဝိရမာမိ။<br>
၄။ အဟံဘန္တေ အဇ္ဇတဂ္ဂေ ပါဏုပေတံ မုသာဝါဒါ ဝိရမာမိ။<br>
၅။ အဟံဘန္တေ အဇ္ဇတဂ္ဂေ ပါဏုပေတံ ပိသုဏဝါစာယ ဝိရမာမိ။<br>
၆။ အဟံဘန္တေ အဇ္ဇတဂ္ဂေ ပါဏုပေတံ ဖရုသဝါစာယ ဝိရမာမိ။<br>
၇။ အဟံဘန္တေ အဇ္ဇတဂ္ဂေ ပါဏုပေတံ သမ္ဖပ္ပလာပါ ဝိရမာမိ။<br>
၈။ အဟံဘန္တေ အဇ္ဇတဂ္ဂေ ပါဏုပေတံ မိစ္ဆာဇီဝါ ဝိရမာမိ။</p>
<p>(<b>အာမ ဘန္တေ-စသည် ဆိုဖွယ်ကိစ္စ မရှိ။</b>)</p>
<p>၁။ <b>ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ အကျွန်ုပ်သည်။ အဇ္ဇတဂ္ဂေ၊ ယနေ့ကိုအစပြု၍။ ပါဏုပေတံ၊ အသက်ထက်ဆုံး။ ပါဏာတိပါတာ၊ သူ၏အသက်ကိုသတ်ခြင်းမှ။ ဝိရမာမိ၊ ကြဉ်ရှောင်ပါ၏၊</b><br>
၂။ <b>ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ အကျွန်ုပ်သည်။ အဇ္ဇတဂ္ဂေ၊ ယနေ့ကိုအစပြု၍။ ပါဏုပေတံ၊ အသက် ထက်ဆုံး။ အဒိန္နာဒါနာ၊ အရှင်မပေးသောသူ၏ဥစ္စာကို ယူခြင်းမှ။ ဝိရမာမိ၊ ကြဉ်ရှောင်ပါ၏၊</b><br>
၃။ <b>ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ အကျွန်ုပ်သည်။ အဇ္ဇတဂ္ဂေ၊ ယနေ့ကိုအစပြု၍ ပါဏုပေတံ၊ အသက်ထက်ဆုံး။ ကာမေသု၊ ကာမ မှုတို့၌။ မိစ္ဆာစာရာ၊ မှောက်မှောက်မှားမှား ပြုကျင့်ခြင်းမှ။ ဝိရမာမိ၊ ကြဉ်ရှောင်ပါ၏၊</b><br>
၄။ <b>ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ အကျွန်ုပ်သည်။ အဇ္ဇတဂ္ဂေ၊ ယနေ့ကိုအစပြု၍။ ပါဏုပေတံ၊ အသက်ထက်ဆုံး။ မုသာဝါဒါ=မဟုတ် မမှန်သည်ကိုအဟုတ်အမှန်ပြုလုပ်ပြောဆိုခြင်းမှ။ ဝိရမာမိ၊ ကြဉ် ရှောင်ပါ၏၊</b><br>
၅။ <b>ဘန္တေ၊ အရှင်ဘုရား၊ အဟံ၊ အကျွန်ုပ်သည်၊ အဇ္ဇတဂ္ဂေ၊ ယနေ့ကိုအစပြု၍၊ပါဏုပေတံ၊ အသက်ထက်ဆုံး၊ ပိသုဏဝါစာယ၊ သူနှစ်ယောက်တို့၏ အကြား၌ ချောပြစ်ကုန်းတိုက်သောစကားကို ပြောဆိုခြင်းမှ။ ဝိရမာမိ၊ ကြဉ်ရှောင်ပါ၏</b><br>
၆။ <b>ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ အကျွန်ုပ်သည်။ အဇ္ဇတဂ္ဂေ၊ ယနေ့ကို အစပြု၍။ ပါဏုပေတံ၊ အသက်ထက်ဆုံး။ ဖရုသဝါစာယ၊ ဇာတ်စသည်ကို ထိပါး၍ ဆဲရေးကြမ်းတမ်းသောစကားကို ပြောဆိုခြင်းမှ။ ဝိရမာမိ၊ ကြဉ်ရှောင်ပါ၏၊</b><br>
၇။ <b>ဘန္တေ=အရှင်ဘုရား၊ အဟံ=အကျွန်ုပ်သည်၊ အဇ္ဇတဂ္ဂေ= ယနေ့ကိုအစပြု၍၊ ပါဏုပေတံ၊ အသက်ထက်ဆုံး။ သမ္ဖပ္ပလာပါ၊ ပစ္စုပ္ပန်အကျိုးစီးပွား၌ လိမ္မာရာသောအချက်လည်းမဟုတ်၊ သံသရာ အကျိုးစီးပွား၌ လိမ္မာရာသော အချက်လည်းမဟုတ်၊ အကျိုးမရှိသက် သက်သာဖြစ်သော ရာမ,အီနောင်, ငွေတောင်, ဘာရတ-အစရှိသော နိရတ္ထက ဒဏ္ဍာရီ ဇာတ် ဝတ္ထုများကို လေ့ကျက်ပြောဆိုခြင်းမှ။ ဝိရမာမိ၊ ကြဉ်ရှောင်ပါ၏၊</b><br>
၈။ <b>ဘန္တေ=အရှင်ဘုရား၊ အဟံ=အကျွန်ုပ်သည်၊ အဇ္ဇတဂ္ဂေ= ယနေ့ကို အစပြု၍၊ ပါဏုပေတံ=အသက်ထက်ဆုံး၊ မိစ္ဆာဇီဝါ=မတရား သောအသက်မွေးခြင်းမှ၊ ဝိရမာမိ=ကြဉ်ရှောင်ပါ၏၊</b></p>
<p>(<b>အာမဘန္တေ-စသည် ဆိုဖွယ်ကိစ္စ မရှိ။</b>)</p>
<p><b>မိမိနေရာမှာ မိမိအလိုအလျောက်လည်း ဆောက်တည်ရပါ၏၊ ထိုသို့နှုတ်မြွက်၍ မဆောက်တည်ပဲလည်း စိတ်ထဲ၌သာ ဤ ၈-ပါးကို အသက်ထက်ဆုံး လုံခြုံစွာစောင့် ငါစောင့်ထိန်းမည်ဟု အဓိဋ္ဌာန်ပြု၍ စောင့်ထိန်း ရပါ၏၊ လုံခြုံစွာ စောင့်ထိန်းနိုင်သည်သာ ပဓာနတည်း။</b></p>
<p><b>(ဤကား အာဇီဝဋ္ဌမကသီလ ခံယူဆောက်တည်ပုံကို ပြဆိုချက်တည်း။)</b></p>
<hr>
<h3>(ဍ) သတိပေးချက်</h3>
<p>ဤ <b>အာဇီဝဋ္ဌမကသီလ-ဟူသော ဝေါဟာရသည် အခေါ် အပြောအစဉ်အဆက် နည်းပါးကြ၏၊</b> ထို့ကြောင့် သီလအမည်ထူး, အမျိုးထူးကဲ့သို့ ထင်မှတ်ကြ၏၊ ၈-ပါးသီလ ၁၀-ပါးသီလတို့နှင့် ဘယ်လို ထူးကြသည်၊ ဘယ်သီလက အကျိုးကြီးသည်-အစရှိသည်ဖြင့် မေးကြ လျှောက်ကြ၏၊</p>
<p>အချို့ ဆရာတို့ကား <b>တစ်နေ့တစ်ရက် အထူးစောင့်ထိန်းမူကို မျော်မိ၍၊ ဥပေါသထသီလက မြတ်သည်၊ အာဇီဝဋ္ဌမက ယုတ်နိမ့်သည် ဟုဆုံးဖြတ်ကြကုန်၏၊</b></p>
<p>အမှုသွားမှာမူကား-လောက၌ သူတော်ကောင်း သူမြတ်လောင်း ပီကြပေကုန်သော အမျိုးကောင်း အနွယ်ကောင်း ဖြစ်ကြကုန်သော သူခပ်သိမ်းတို့အား ကမ္ဘာဦးမှ စ၍လည်းကောင်း, ဘုရားပွင့်တော်မူသည်မှ စ၍လည်းကောင်း<br>
၁။ <b>သူ့အသက်ကို မသတ်အပ်။</b><br>
၂။ <b>သူ့ဥစ္စာကို မယူအပ်။</b><br>
၃။ <b>သူ့အိမ်ရာကို မပြစ်မှားအပ်။</b><br>
၄။ <b>မုသား မဆိုအပ်။</b><br>
၅။ <b>ချောပစ်ကုန်းတိုက်မှုကို မပြုအပ်။</b><br>
၆။ <b>ဇာတ်စသည်ကို ထိပါး၍ မဆဲရေးအပ်။</b><br>
၇။ <b>ပစ္စုပ္ပန် အကျိုးစီးပွါး၌ လိမ္မာရာသော အချက်လည်း မဟုတ်၊ သံသရာ အကျိုးစီးပွါး၌ လိမ္မာရာသော အချက်လည်း မဟုတ်၊ အကျိုးမရှိ သက်သက်သာဖြစ်သော ရာမ, အီနောင်, ငွေတောင် ဘာရတ အစရှိသော နိရတ္ထက ဒဏ္ဍာရီ ဇာတ်ဝတ္ထုများကို လေ့ကျက် ပြောဟောမှုများကို မပြုအပ်။</b><br>
၈။ <b>မတရားသော အသက်မွေးမှုကို မပြုအပ်ဟု မိရိုးဖလာ ဆရာစဉ်, သမားစဉ်, ပြောရိုး, ဟောရိုး ထင်ရှားရှိလျက်ပင် ဖြစ်၏၊</b> ယခုကာလ၌မူကား ထို အာဇီဝဋ္ဌမက သီလ၏ အစိတ် အင်္ဂါ ပဓါန အမျိုးဖြစ်သော ၅-ပါးသီလကိုပင် ပြည့်စုံလုံခြုံစွာ စောင့်ထိန်းသူ ပါးရှားလျက်ရှိကြသည်နှင့် အာဇီဝဋ္ဌမကသီလကို စောင့်ကြလော့, ထိန်းကြလော့ဟု တိုက်တွန်းမှုအသစ် ဖြစ်နေကြရပြန်၏၊ <b>အာဇီဝဋ္ဌမကသီလ- သည် နိစ္စသီလ အမျိုးအရိုး ဖြစ်၏၊</b> အဋ္ဌင်္ဂဥပေါသထသီလ-သည် ပကတိလူတို့၌ <b>အနိစ္စသီလမျိုး ဖြစ်၏၊</b> တစ်နေ့တစ်ရက်တွင် အထူးစောင့် ထိန်းကြမှုကို မျှော်၍ သီလ ၂-ပါး၏ အယုတ်အမြတ်ကို ဆုံးဖြတ်ခြင်းငှာ မသင့်၊ <b>သူ့အခွင့်, သူ့ သဘောနှင့် သူ့လမ်း, သူ့စခန်းကို အကုန်အစင် မြော်မြင် ထောက်ထား၍ ပြောဆိုရာ၏၊</b></p>
<p>ပကတိအသက်သခင်ဖြစ်သော သလေးထမင်းနှင့် ဝက်သား, ကြက်သား, ငါး, အမဲဟင်းလျာများကို ဘယ်ဟာက ကောင်းသလဲဟုဆိုခဲ့လျှင် အတိုကိုသာ မျှော်မိသော သူငယ်တို့အား <b>ဟင်းလျာများက ကောင်းမြတ်သည်ဟု ပြောကြပေလတ္တံ့။</b></p>
<p>အရှည်ကိုမျှော်နိုင်သော လုကြီးတို့သည်ကား <b>သလေးထမင်းက အသက်သခင် ကျေးဇူးရှင် ဖြစ်ပေ၍ ကောင်းမြတ်သည်ဟု ပြောကြကုန် လတ္တံ့။</b> ဤဥပမာကဲ့သို့ ဖြစ်လေရာ၏၊</p>
<p>ထို့ကြောင့် <b>အာဇီဝဋ္ဌမကသီလ၏ အရာ၌ အာဇီဝဋ္ဌမကသီလ သည် ကောင်းမြတ်၏၊</b></p>
<p><b>ဥပေါသထသီလ၏အရာ၌ ဥပေါသထသီလသည် ကောင်း မြတ်၏၊</b> နှစ်ပါးစုံကိုပင် ပြည့်စုံအောင် အားထုတ်ကြကုန်ရာသတည်း။ <b>သီလကိုပြဆိုခန်း ပြီး၏၊</b></p>
<hr>
<h3>၃-ကမ္မဋ္ဌာန်းယူပုံကို ပြဆိုခန်း</h3>
<h3>(က) ကမ္မဋ္ဌာန်း ၄၀-ဆောင်ပုဒ်သံခိပ်</h3>
၁။ မြေ, ရေ, မီး, လေ၊ ညို, ရွှေ, နီ, ဖြူ၊ ပေါက်, လင်းဟူ၊ <b>ဆယ်ဆူကသိဏာ။</b><br>
၂။ ရောင်, ညို, ပြည်, ပြတ်၊ ခဲအပ်, ပစ်ထား၊ ဓားဖြတ်ပစ်ရေး၊ သွေးယို, ပိုးစု, အရိုးစု၊ <b>ဆယ်ခု အသုဘာ။</b><br>
၃။ ဗုဒ်, ခံ, သံ, သီ, စာဂီ, ဒေဝတာ၊ သမာဥပ၊ မရဏနှင့်၊ ကာယဂတာ၊ အာနာပါ၊ <b>ဆယ်ဖြာ နုဿတိ။</b><br>
၄။ မေ, က, မု, ဥ၊ ပွားများမှု၊ <b>၄-ခု ပမညာ။</b><br>
၅။ အာဟာရတွင်၊ ရွံဖွယ်လျှင်၊ <b>မှတ်ထင်ဧက်-သညာ။</b><br>
၆။ ဓာတ်ကြီးလေးခု၊ ပိုင်းခြားမှု၊ <b>စတုဝဝတ္ထာ။</b><br>
၇။ အာ, ဝိဉ်, အာ, နေ၊ ဤလေးထွေ၊ <b>မှတ်လေ အာရုပ္ပါ။</b></p>
<h3>ကသိုဏ်း ၁၀-ပါး</h3>
၁။ မြေကသိုဏ်း,<br>
၂။ ရေကသိုဏ်း,<br>
၃။ မီးကသိုဏ်း,<br>
၄။ လေကသိုဏ်း,<br>
၅။ အဆင်းညိုကသိုဏ်း,<br>
၆။ အဆင်းဝါကသိုဏ်း,<br>
၇။ အဆင်းနီကသိုဏ်း,<br>
၈။ အဆင်းဖြူကသိုဏ်း,<br>
၉။ ပြတင်းပေါက် စသော ကောင်းကင်ပေါက်ကသိုဏ်း,<br>
၁၀။ တိုက်နံရံစသည်၌ ထင်သောနေရောင်ကွက်-လရောင်ကွက် အစရှိသော အရောင်အလင်းကသိုဏ်း။</p>
<p><b>အသုဘ ၁၀-ပါး</b><br>
၁။ ဖူးဖူးရောင်သော သူကောင်,<br>
၂။ ပုပ်၍ ညို၍နေသော သူကောင်,<br>
၃။ ပြည်ယို၍နေသော သူကောင်,<br>
၄။ အလယ်၌ပြတ်၍ ၂-ပိုင်းနေသော သူကောင်,<br>
၅။ ခွေး, မြေခွေး ခဲထားအပ်သော သူကောင်,<br>
၆။ ခဲ၍ ထိုထိုနေရာ၌ ပစ်ထားအပ်သော သူကောင်,<br>
၇။ ကျီးခြေသဏ္ဌာန် စသည်ဖြင့် ဓားလက်နက်နှင့် ခုတ်ဖြတ်၍ပစ်အပ်သော သူကောင်,<br>
၈။ ယိုသော သွေးရှိသော သူကောင်,<br>
၉။ ပိုးလောက်တို့ဖြင့် ပြည့်သော သူကောင်,<br>
၁၀။ အရိုးစုမျှသာဖြစ်သော သူကောင်,</p>
<h3>အနုဿတိ ၁၀-ပါး</h3>
၁။ ဗုဒ္ဓါနုဿတိ,<br>
၂။ ဓမ္မာနုဿတိ,<br>
၃။ သံဃာနုဿတိ,<br>
၄။ သီလာနုဿတိ,<br>
၅။ စာဂါနုဿတိ,<br>
၆။ ဒေဝတာနုဿတိ,<br>
၇။ ဥပသမာနုဿတိ,<br>
၈။ မရဏာနုဿတိ,<br>
၉။ ကာယဂတာသတိ,<br>
၁၀။ အာနာပါနဿတိ,</p>
<p><b>အပ္ပမညာ ၄-ပါး</b><br>
၁။ မေတ္တာ-ဗြဟ္မဝိဟာရ,<br>
၂။ ကရုဏာ-ဗြဟ္မဝိဟာရ,<br>
၃။ မုဒိတာ-ဗြဟ္မဝိဟာရ,<br>
၄။ ဥပေက္ခာ-ဗြဟ္မဝိဟာရ,<br>
<b>ဗြဟ္မဝိဟာရ ၄-ပါးလည်း ခေါ်သည်။</b></p>
<p><b>ဧကသညာ ၁-ပါး</b><br>
၁။ အာဟာရေ ပဋိကူလသညာ။</p>
<p><b>စတုဓာတုဝဝတ္ထာန် ၁-ပါး</b><br>
၁။ ဓာတ်ကြီး ၄-ခု ပိုင်းခြားမှု</p>
<p><b>အာရုပ္ပ ၄-ပါး</b><br>
၁။ အာကာသာနဉ္စာယတန,<br>
၂။ ဝိညာဏဉ္စာယတန,<br>
၃။ အာကိဉ္စညာယတန,<br>
၄။ နေဝသညာနာသညာယတန။</p>
<p><b>အားလုံးပေါင်းသော် အမျှ ၄၀-ရှိကုန်၏၊</b></p>
<hr>
<h3>(ခ) သပ္ပါယ အပြား</h3>
<p><b>စရိုက် ၆-ပါး ဆောင်ပုဒ်သံခိပ်</b><br>
၁။ ရာ, ဒေါ, မော,ဝိ၊ သဒ်, ဗုဒ္ဓိ၊ <b>စရိ ဤ ခြောက်ဖြာ။</b><br>
၂။ အသု, ကာယ၊ ဆယ့်တစ်ဝ၊ <b>ရာဂ လျော်လှစွာ။</b><br>
၃။ အဆင်းမည၊ ရှစ်ဌာန၊ <b>ဒေါသ လျော်လှစွာ၊</b><br>
၄။ အာနာပါန၊ အလျော်ကျ၊ <b>မောဟ ဝိတက်သာ။</b><br>
၅။ မရဏနှင့်၊ ဥပသမာ၊ သညာတစ်တန်၊ ဝဝတ္ထာန်၊ <b>လေးတန် ဗုဒ္ဓိသာ။</b><br>
၆။ နုဿတိ ဆ၊ သဒ္ဓါကျ၊ <b>သေသ အားလုံးသာ။</b><br>
၇။ ကသိုဏ်းကြီးမူ၊ မောဟယူ၊ <b>ငယ်မူ ဝိတက်သာ။</b></p>
<p><b>စရိုက် ၆-ပါးသရုပ်</b><br>
၁။ ရာဂစရိုက်<br>
၂။ ဒေါသစရိုက်,<br>
၃။ မောဟစရိုက်。<br>
၄။ ဝိတက်စရိုက်,<br>
၅။ သဒ္ဓါစရိုက်,<br>
၆။ ဗုဒ္ဓိစရိုက်, (ပညာစရိုက်လည်းဟူ)<br>
<b>ဟူ၍ စရိုက် ၆- ပါး။</b></p>
<p><b>ရာဂစရိုက်</b><br>
(က) အသုဘ ၁၀-ပါး<br>
(ခ) ကေသာ, လောမာ-စသော ကာယကောဋ္ဌာသ ၁-ပါး၊ <b>ဤ ၁၁- ပါးသည်ရာဂစရိုက်နှင့် လျော်၏၊</b></p>
<p><b>ဒေါသစရိုက်</b><br>
(က) အညို, အရွှေ, အနီ, အဖြူ-ဟူသောဝဏ္ဏကသိုဏ်း ၄-ပါး,<br>
(ခ) အပ္ပမညာ ၄-ပါး,<br>
<b>ဤ ၈-ပါးသည် ဒေါသစရိုက်နှင့် လျော်၏၊</b></p>
<p><b>မောဟစရိုက်, ဝိတက်စရိုက်</b><br>
<b>အာနာပါနသည် မောဟစရိုက်, ဝိတက်စရိုက်တို့နှင့် လျော်၏၊</b></p>
<p><b>ပညာ စရိုက်</b><br>
၁။ မရဏာနုဿတိ,<br>
၂။ ဥပသမာနုဿတိ,<br>
၃။ အာဟာရေပဋိကူလသညာ,<br>
၄။ စတုဓာတုဝဝတ္ထာန်,<br>
<b>ဤ ၄-ပါးသည် ပညာစရိုက်နှင့်လျော်၏၊</b></p>
<p><b>သဒ္ဓါစရိုက်</b><br>
၁။ ဗုဒ္ဓါနုဿတိ,<br>
၂။ ဓမ္မာနုဿတိ,<br>
၃။ သံဃာနုဿတိ,<br>
၄။ သီလာနုဿတိ,<br>
၅။ စာဂါနုဿတိ,<br>
၆။ ဒေဝတာနုဿတိ,<br>
<b>ဤ ၆-ပါးသည် သဒ္ဓါစရိုက်နှင့်လျော်၏၊</b></p>
<p><b>သဗ္ဗ စရိုက်</b><br>
၁။ ပထဝီ-မြေကသိုဏ်း၊<br>
၂။ အာပေါ-ရေကသိုဏ်း၊<br>
၃။ တေဇော- မီးကသိုဏ်း၊<br>
၄။ ဝါယော- လေကသိုဏ်း၊<br>
၅။ အာကာသ- အပေါက်ဟင်းလင်းကသိုဏ်း၊<br>
၆။ အာလောက- အရောင် အလင်းကသိုဏ်း၊ <b>ပေါင်း ၆ ပါး။</b><br>
၇။ အာရုပ္ပ ၄ ပါး။<br>
<b>ဤ ၁၀-ပါးသည် အလုံးစုံးသော စရိုက် ၆-ပါးတို့နှင့်လျော်၏၊</b></p>
<p><b>မောဟစရိုက်နှင့် ဝိတက်စရိုက်</b><br>
<b>မောဟစရိုက်များသောသူမှာ-ကြီးသောကသိုဏ်းနှင့် သင့် လျော်သည်။</b><br>
<b>ဝိတက်စရိုက်များသောသူမှာ-ငယ်သော ကသိုဏ်းနှင့် သင့် လျော်သည်။</b></p>
<p><b>(ဤကား သပ္ပါယအပြားတည်း။)</b></p>
<hr>
<h3>(ဂ) ပလိဗောဓကြီး ၁၀-ပါး</h3>
<p>အဓိသီလသာသနာ့၌ ကောင်းစွာ တည်ပြီးသော ယောဂီ ပုဂ္ဂိုလ်သည် အဓိပညာသာသနာ၏ အခြေပါဒဖြစ်သော အဓိစိတ္တ သာသနာကို ကိုယ်တွေ့ဒိဋ္ဌ ရလို သိမြင်လိုသည်ရှိသော် <b>ရှေးဦးစွာ ၁၀- ပါးသော ပလိဗောဓ ကြီးတို့ကို ပြတ်အောင် ဖြတ်ရာ၏၊</b></p>
<p><b>ပလိဗောဓကြီး ၁၀-ပါးကား</b><br>
၁။ နေရာကျောင်းအိမ် <b>“အာဝါသပလိဗောဓ''</b><br>
၂။ အလုပ်အကျွေး တပည့်တပန်း <b>“ကုလပလိဗောဓ''</b><br>
၃။ လာဘ်ရခြင်း ပစ္စည်းပေါများခြင်း <b>“လာဘပလိဗောဓ''</b><br>
၄။ ဂိုဏ်းဂဏ အပေါင်းအဖေါ် <b>“ဂဏပလိဗောဓ''</b><br>
၅။ နဝကမ္မ အမှုကိစ္စ <b>“ကမ္မပလိဗောဓ''</b><br>
၆။ ခရီးသွားခြင်း <b>“အဒ္ဓါနပလိဗောဓ''</b><br>
၇။ ဆွေမျိုးဉာတကာ <b>“ဉာတိပလိဗောဓ''</b><br>
၈။ အနာရောဂါ <b>“အာဗာဓပလိဗောဓ''</b><br>
၉။ ကျမ်းဂန်သင်ကြားမှု <b>“ဂန္ထပလိဗောဓ''</b><br>
၁၀။ ပုထုဇဉ်တို့၏ ဘုန်းတန်ခိုး <b>“ဣဒ္ဓိပလိဗောဓ” (ဤကား ပလိဗောဓကြီး ၁၀-ပါးတည်း။)</b></p>
<hr>
<h3>(ဃ) ဆရာ့အင်္ဂါ ၇-ပါး</h3>
<p>ထို့နောက် <b>အင်္ဂါ ၇-ပါးနှင့်ပြည့်စုံသော ဆရာ့အထံ၌ စရိုက် နှင့်လျော်သော ကမ္မဋ္ဌာန်းအစီရင်ကို သင်ကြားရာ၏၊</b></p>
<p><b>ဆရာ့အင်္ဂါ ၇-ပါးကား</b><br>
၁။ <b>ပိယော-သီလအတွက် ချစ်အပ်သည်။</b><br>
၂။ <b>ဂရု-အလေးမူအပ်သည်။</b><br>
၃။ <b>ဘာဝနီယော-ချီးမွမ်းထိုက်သည်။</b><br>
၄။ <b>ဝတ္တာ-ကဲ့ရဲ့ပြစ်တင် ဆုံးမချင်တတ်သည်။</b><br>
၅။ <b>ဝစနက္ခမော-ပြစ်တင်ကဲ့ရဲ့ ဆုံးမခဲ့သော် မရွဲ့မစောင်း ကောင်းကောင်းသည်းခံနိုင်သည်။</b><br>
၆။ <b>ဂမ္ဘီရဉ္စ ကထံ-နက်နဲသောစကားကို ပြောဟောတတ်သည်။</b><br>
၇။ <b>အဋ္ဌာနေ နောစနိယောဇယေ-အကျိုးမရှိရာ၌ မတိုက် တွန်းတတ်။</b><br>
<b>(ဤကား ဆရာ့အင်္ဂါ ၇-ပါးတည်း။)</b></p>
<hr>
<h3>(င) ကြဉ်ရှောင်အပ်သော အရပ် ၁၈-ပါး</h3>
<p>ထို့နောက် <b>ကြဉ်ရှောင်အပ်သော အရပ် ၁၈-ပါးကို ကြဉ်ရှောင် ရာ၏၊</b> ကြဉ်ရှောင်အပ်သော အရပ် ၁၈-ပါးကား<br>
၁။ နေရာတိုက်တာ အရံကြီး၊<br>
၂။ နေရာသစ်၊<br>
၃။ နေရာတိုက်တာဟောင်း၊<br>
၄။ လမ်း၏အနီးဖြစ်သော နေရာကျောင်း၊<br>
၅။ ရေအိုင်၊ ရေကန်၏ အနီးဖြစ်သော နေရာကျောင်း၊<br>
၆။ ဟင်းရွက်တော၏ အနီးဖြစ်သော နေရာကျောင်း၊<br>
၇။ ပန်းတော၏ အနီးဖြစ်သော နေရာကျောင်း၊<br>
၈။ သစ်သီးရှိသော နေရာကျောင်း၊<br>
၉။ လူတို့ သွားချင်စဖွယ် ဆန်းကြယ်တောင့်တအပ်သော နေရာကျောင်း၊<br>
၁၀။ မြို့၏အနီးဖြစ်သော နေရာကျောင်း၊<br>
၁၁။ သစ်ဝါးထင်းတော၏ အနီးဖြစ်သော နေရာကျောင်း၊<br>
၁၂။ လယ်ယာလုပ်ငန်း၏ အနီးဖြစ်သော နေရာကျောင်း၊<br>
၁၃။ အချင်းချင်း မသင့်မတင့်သူရှိသော နေရာကျောင်း၊<br>
၁၄။ ကုန်သည်တို့ ပြွမ်းရာသင်္ဘောဆိပ် မီးရထားဆိပ်၏ အနီးဖြစ်သော နေရာကျောင်း၊<br>
၁၅။ သဒ္ဓါနည်းပါးသော ပစ္စန္တရစ်နေရာကျောင်း၊<br>
၁၆။ မင်းဘေးနီးသော နယ်ခြားနေရာကျောင်း၊<br>
၁၇။ တစ်စုံတစ်ခု ဘေးရန်ရှိ၍ မလျောက်ပတ်သော နေရာ ကျောင်း၊<br>
၁၈။ မိတ်ဆွေကောင်းကို မရသောနေရာကျောင်း၊<br>
<b>(ကြဉ်ရှောင်အပ်သော အရပ် ၁၈-ပါးတည်း။)</b></p>
<hr>
<h3>(စ) ကမ္မဋ္ဌာန်းစီးဖြန်းခြင်းငှာ လျောက်ပတ်သော အင်္ဂါငါးပါးရှိသောကျောင်း</h3>
<p><b>ဆောင်ပုဒ်သံခိပ်။ ။မဝေးနီးမော၊ မရောလူရှင်၊ မှက်ခြင်ပါးနည်း၊ ပစ္စည်းမိတ်ဆွေ၊ ရလွယ်လေ၊ ငါးထွေ ကျောင်းအင်္ဂါ။</b><br>
ဟူသည်နှင့်အညီ <b>အင်္ဂါ ၅-ပါးနှင့်ပြည့်စုံသော နေရာ၌ ခိုဝင်မှီ တင်း သီတင်းသုံးနေထိုင်ရာ၏၊</b> အင်္ဂါ ၅-ပါးနှင့် ပြည့်စုံသော နေရာကား<br>
၁။ ဆွမ်းခံရွာ မဝေးလွန်း မနီးလွန်း နေရာကျောင်းဖြစ်ခြင်း။<br>
၂။ လူသူလေးပါး မပြွမ်းဆိတ်ငြိမ်သော နေရာကျောင်းဖြစ်ခြင်း။<br>
၃။ မှက် ခြင်-စသည် နည်းပါးသော နေရာကျောင်းဖြစ်ခြင်း။<br>
၄။ ပစ္စည်းလေးပါးရလွယ်သော နေရာကျောင်းဖြစ်ခြင်း။<br>
၅။ ကျမ်းဂန် ဗဟုသုတရှိသော မိတ်ဆွေကောင်းနှင့် နီးကပ်သော နေရာကျောင်းဖြစ်ခြင်း။<br>
<b>(ဤကား အင်္ဂါ ၅-ပါးရှိသော ကျောင်းတည်း။)</b></p>
<hr>
<h3>(ဆ) ပလိဗောဓငယ် ပယ်ဖြတ်ခြင်းများ</h3>
<p>ထိုနောက် <b>ပလိဗောဓငယ်တို့ကို ပယ်ဖြတ်ရာ၏၊</b><br>
၁။ ဆံပင်ကို ရိတ်ဖြတ်၊<br>
၂။ မုတ်ဆိတ်-စသည်ကို ရိတ်ဖြတ်ခြင်း၊<br>
၃။ ခြေသည်း လက်သည်းတို့ကို ဖြတ်လှီးခြင်း။<br>
၄။ သင်္ကန်းကို ဆိုးဖွပ်ချုပ်ဖာခြင်း၊<br>
၅။ သံချေးတက်သော သပိတ်ကို ဖုတ်ခြင်း၊<br>
၆။ ညောင်စောင်း-စသည်ကို သုတ်သင်ခြင်း။ <b>(ဤကား ပလိဗောဓငယ်တို့ကို ပယ်ဖြတ်ခြင်းတည်း။)</b></p>
<hr>
<h3>(ဇ) အင်္ဂါ ၄-ပါးနှင့် ထိုက်တန်သော</h3>
<p><b>(က) ကသိုဏ်း ၁၀-ပါး၊</b><br>
<b>(ခ) အသုဘ ၁၀-ပါး၊</b><br>
<b>(ဂ) ဒွတ္တိံသာကာရ တည်းဟူသော ကာယကောဋ္ဌာသ ၁-ပါး၊</b><br>
<b>(ဃ) ထက်သက် ဝင်သက် တည်းဟူသော အာနာပါန ၁-ပါး၊</b><br>
<b>(င) မေတ္တာ, ကရုဏာ, မုဒိတာ-တည်းဟူသော ဗြဟ္မဝိဟာရ ၃-ပါး၏ အာရုံဖြစ်သော သတ္တဝါဖြစ်သော ပညတ် ၃-ပါး။</b></p>
<p><b>ဤ ၂၅-ပါးသော ကမ္မဋ္ဌာန်းတို့တွင် စရိုက်နှင့်လျော်စွာ သင် ယူအပ်ပြီးသော တစ်ခုခုသောကမ္မဋ္ဌာန်းကို ပြုလုပ်အားထုတ်ရာ၏၊</b> ဤသို့ ဆိုအပ်ပြီးသောနည်းဖြင့် <b>ပုဗ္ဗကိစ္စတို့ကို ပြည့်စုံစေပြီးသော်</b></p>
<p><b>ဆောင်ပုဒ်သံခိပ်။ ။ကြောခြင်, ရိုး,ရေ၊ ကြွင်းလေစေ၊ ကုန်စေ သားအသွေး။</b><br>
<b>အသက်ကိုမျှ၊ မညှာရ၊ သမ္မပ္ပဓာန်လေး။</b><br>
မိမိတို့သန္တာန်မှာ ကမ္မပထမြောက်ခဲ့ဖူး၍ အပါယ်သို့ပစ်ချနိုင် သည့် ဘဝအဆက်ဆက် အစဉ်ပါရှိ၍နေသော <b>ဒုစရိုက် အကုသိုလ် ကံဟောင်းစုကို အကြွင်းမဲ့ ပယ်ခြင်းငှာလည်းကောင်း,</b> ဤဘဝမှ နောက် အနမတဂ္ဂသံသရာ၌ <b>ဒုစရိုက်သစ်တို့ကို မိမိသန္တာန်မှာ တစ်ဖန် မဖြစ်လာ စေခြင်းငှာလည်းကောင်း မနေမနား အားထုတ် ရာသော ဝီရိယ ၂-ပါး။</b></p>
<p>(<b>သောတာပန်ဖြစ်ရန် အခွင့်ကိုရည်၍ ဒုစရိုက်ဟောင်း, ဒုစရိုက်သစ်ဟု ဆိုသည်။</b>)</p>
<p>ယခု ရရှိ၍နေသော <b>အာဇီဝဋ္ဌမကသီလ-စသော ကုသိုလ် ဟောင်းတို့ကို ပရိနိဗ္ဗာန် စံရာဘဝ ဆိုက်အောင် ဘယ်အခါမှာမှ ပျက် ကွက် ဖောက်ပြားခြင်းမရှိ နိယာမအဖြစ်သို့ ရောက်ပြီးဖြစ်စေခြင်း ငှာလည်းကောင်း၊</b></p>
<p>ဤ သာသနာတော်၌ ကာမ၊ ရူပ၊ အရူပ၊ လောကုတ္တရာ-ကုသိုလ် ရှိသည်တွင် <b>မိမိမရောက်ဖူးသေး၊ မရဖူးသေး၊ မိမိသန္တာန်မှာ လို၍ နေသေးသော ကုသိုလ်သစ်မျိုးတို့ကို ယခုဘဝ နေ့ချင်း၊ ညချင်း၊ လချင်း၊ နှစ်ချင်း အမြန်ရောက်ထည့် ရထည့်ခြင်းအကျိုးငှာလည်းကောင်း မနေမနား အားထုတ်ရာသော ဝီရိယ-၂ပါး။</b></p>
<p>ဤ <b>၄-ပါးသော ဝီရယတို့ကို အကြောအခြင် ကြွင်းစေ၊ အရိုး အရေ ကြွင်းစေ၊အသား အသွေး ကုန်ခန်းလေစေဟု အင်္ဂါ ၄-ပါး အခိုင်အမြဲထား၍ ကိစ္စပြီးစီးလိမ့်မည်ဆိုလျှင် အသက်ခန္ဓာကိုမျှ မညှာမတာ အားထုတ်ရာသော သမ္မပ္ပဓာန အာတာပဝီရိယကို စိုက် ထူလျက်</b></p>
<p><b>ပထဝီ- မြေကသိုဏ်း၊ အာပေါ-ရေကသိုဏ်း၊ တေဇော-မီး ကသိုဏ်း၊ ဝါယော- လေကသိုဏ်း-စသည်တို့ကို အပူတပြင်း အတင်း အားထုတ်ရာ၏၊</b></p>
<p><b>ကမ္မဋ္ဌာန်းယူပုံကို ပြဆိုခန်း ပြီး၏၊</b></p>
<hr>
<h3>၄-ကသိုဏ်းကို ပြဆိုခန်း</h3>
<p>(က) <b>ပထဝီ-မြေကသိုဏ်းပွားများအားထုတ်ပုံ</b> ကသိုဏ်း ၁၀-ပါးတို့တွင်<br>
<b>ပထဝီ-မြေကသိုဏ်းကို ပွားများအားထုတ်လိုကြသော ရဟန်း ယောကျ်ား၊ ရဟန်းမိန်းမ၊ လူယောကျ်ား၊ လူမိန်းမ၊ ဘိုးသူတော်၊ မယ်သီလ သူတော် သူမြတ်တို့သည်</b> ညိုရောင်၊ ရွှေရောင်၊ နီရောင်၊ ဖြူရောင် လေး ဆူသော အဆင်း ဝဏ္ဏကသိုဏ်းတို့နှင့် မရောယှက်စေခြင်းငှာလည်း ကောင်း၊ စိတ်ကြပ်ကြပ် ပျော်မွေ့စေခြင်းငှာလည်းကောင်း၊</p>
<p>နေအရုဏ်ရောင် အဆင်းရိုသော မဝါလွန်း မနီလွန်းသော မြေနီ နုန်းမြေစေးစေးကို သဲအမှိုက် မပါရအောင် ညက်စွာဆင့်၍ ရေနှင့်ဖျော် လျက် ညက်စွာနယ်၍ မိမိအထွာဖြင့် တစ်ထွာလောက် အလျားအနံ ကျယ်စွာ လှည်းဘီးဝန်းကဲ့သို့၊ ကျောက်ပြင်ကဲ့သို့ အဝိုင်းမြေချပ် ပြုလုပ်၍ ကြည့်ရှုမည့်ဘက်က ချောမှုန့် ညက်ညောစွာ စည်မျက်နှာကဲ့သို့ပြု၍ ကလနား၌ ယပ်ဝန်းအနားပတ်ကဲ့သို့ ဒန်ပူတစ်ပြားလောက် အဖြူဖြစ်စေ၊ အစိမ်းဖြစ်စေ ဆေးမင် အနားပတ် သုတ်လိမ်းတင်ထားအပ်၏၊</p>
<p><b>ကသိုဏ်းဝန်းပြုလုပ်ရာ၌-</b> တစ်ထွာအောက် လျှော့လိုလျှင် လက် ၂-သစ်၊ ၃-သစ်လောက် လျှော့အပ်၏၊ တစ်ထွာထက် ပိုလိုလျှင် လက် ၄-သစ်၊ ၈-သစ်လောက်ပိုအပ်၏၊ ကသိုဏ်းဝန်းငယ်လျှင် <b>စိတ်နိုင် လွယ် သည်၊ နိမိတ် ရလွယ်သည်၊</b> စိတ်မူကား ကြပ်ကြပ်မထွား။</p>
<p>ကသိုဏ်းဝန်းကြီးလျှင် <b>စိတ်နိုင်ခဲသည်၊ နိမိတ်ရခဲသည်၊</b> စိတ် မူကား ကြီးထွား၏၊ ထိုကသိုဏ်းဝန်းကို အညစ်အကြေးမစွန်းရ၊ မပွန်း ပဲ့ရအောင် ကောင်းမွန်စွာ ထားအပ်၏၊ ဘုရားဓာတ်တော်ကဲ့သို့ ရိုသေစွာ ထားအပ်၏၊</p>
<p><b>(ဤကား ကသိုဏ်းဝန်း လုပ်ပုံတည်း)</b></p>
<h3>နိမိတ် ၃-ပါး ထင်ပုံ</h3>
<p><b>ပရိကမ္မနိမိတ်။</b> ကသိုဏ်းဝန်း ပြုလုပ်ပြီးလျှင် သားငှက် တိရစ္ဆာန် လူသံဆိတ်ငြိမ် အချိန်အေးမြသော မြို့ပြ ပြည်ရွာ အိမ်ဂေဟာ၌ လည်းကောင်း၊ လူရှင်မနှော ဆိတ်ငြိမ်သော တောအရပ်၌လည်းကောင်း တစ်ယောက်တည်း ချမ်းသာစွာ တင်ပျဉ်ဖွဲ့ခွေထိုင်နေလျက် ကသိုဏ်းဝန်း ကို မနီးမဝေး ရှေ့လက်လှမ်း မီလောက်မှာ ငုံ့လည်းမငုံ့ရ၊ မော့လည်း မမော့ရအောင် မျက်စိနှင့် ပဏာရအောင် ထောင်ထားပြီးလျှင် ဘုရားရှင် ၏ ဂုဏ်တော်များကို အနည်းငယ် အောက်မေ့ရှိခိုး၍</p>
<p>ငါ၏ ပတ်ဝန်းကျင်၌ရှိသော သတ္တဝါခပ်သိမ်းတို့သည် ဘေးရန် ကင်းကွာ ချမ်းသာကြပါစေ၊ အခါခပ်သိမ်း ကောင်းမြတ်သော အာရုံတို့ကို တွေ့မြင်ကြပါစေ ဟုစူးစူးစိုက်စိုက် မေတ္တာပို့၍</p>
<p>ငါသည် မချွတ်ဧကန် အမှန်သေရလိမ့်မည်၊ ဘယ်တော့ခါသေရ မည်လည်း မသိ၊ မသေခင် မသေမီ ကိုးကွယ်ရာကို ရအောင်လုပ်မှဟုအတန်ငယ်၊ အနည်းငယ် သေခြင်း မရဏသညာကိုဖြစ်စေ၍ဤကသိုဏ်း အကျင့်သည် ဘုရား, ပစ္စေကဗုဒ္ဓါ, အရိယာ</p>
<p>အရှင်မြတ်တို့သည် အို နာ သေ ရေး ဒုက္ခဘေးတို့မှ လွတ်အံ့သောငှာ ဤအကျင့် ဤကသိုဏ်းဝန်းသည် ငါ၏ကိုးကွယ်ရာ အစစ်တည်း ဟုဆင်ခြင်၍</p>
<p>ဤကသိုဏ်းဝန်း၌ အလွန်မြတ်နိုးနှစ်သက်လျက် အလွန်လို ချင်သော အာသာဆန္ဒဖြင့် ထိုပထဝီ မြေကသိုဏ်းဝန်းကို ကြည့်ရှုအပ်၏၊ (<b>ဤကား ပရိကမ္မနိမိတ် ထင်ပုံတည်း။</b>)</p>
<h3>ဥဂ္ဂဟနိမိတ်</h3>
<p>ဆောင်ပုဒ်သံခိပ်။ ။ပရိကမ္မ၊ ဥဂ္ဂဟတည့်၊ ပဋိဘာဂါ၊ ဤသုံးဖြာ၊ ထင်လာနိမိတ်တည်း။</p>
<p>ထိုပထဝီ မြေကသိုဏ်းကို မျက်စိနှင့် မြင်သောအတိုင်းစိတ်ထဲ၌ စွဲကပ်ထင်မြင်၍နေအောင် ကသိုဏ်းဝန်း၌ စိတ်ကို တစ်စိတ် တစ်ဒေသ ၌သာ မထားဘဲ ကသိုဏ်းဝန်းတစ်ခုလုံးကို အကုန်အနှံ့ စိတ်နှင့်ငုံ၍ ကြည့်ရှု အပ်၏၊</p>
<p>စိတ်ကိုသန်သန်ခိုင်ခိုင်ထား၍ သတိပညာဖြင့်ခိုင်ခိုင်မြဲမြဲ မှတ်ကသိုဏ်း မြေကြီးဝန်းတစ်ခုလုံးကို စိတ်၌ အကုန်လုံး စွဲကပ်ထင်မြင်၍ ပါလာအောင် ပြူးပြူးစိစိကြည့်ရှု၍ ယူအပ်၏၊</p>
<p>စိတ်၌ စွဲလောက် ပါလောက် ရလောက်ချိန်တန်လျှင် မျက်စိကို မှိတ်၍စမ်း၊ မျက်စိမှိတ်သော အခါမှာလည်းဖွင့်၍ ကြည့်နေတုန်းကလို မြေကြီးဝန်းတို့ ထင်မြင်၍နေလျှင် မြေကြီးကသိုဏ်း ဥဂ္ဂဟနိမိတ်ရပြီဟု မှတ်၊ မရသေးလျှင် မျက်စိကိုဖွင့်၍ ကြည့်မြဲတိုင်းပင် ကြည့်ရှု၍ယူရာ၏၊ မျက်စိကိုခဏခဏမှိတ်၍လည်း မစမ်းအပ်၊ ကြာနိုင်သမျှ ကြာအောင် ကြည့်ရှု့၍ယူရာ၏၊ ကြည့်ရှု့ဖန်များ၍ ကြာလျှင်ရ၏၊</p>
<p>ဥဂ္ဂဟနိမိတ်ရအောင် ကြည့်ရှု့၍ ယူရာ၌ ပါးစပ်က <b>“ပထဝီ ကသိဏံ ပထဝီကသိဏံ”</b> ဟု တတွတ်တွတ် မရွတ်ဆိုရ။</p>
<p>ပထဝီ-ဆိုသည်ကား- ပါဠိစကားတည်း၊ မြန်မာတို့က မြေကြီးဟုခေါ်သည်၊ ဤမြေကြီးအဝန်းကို ကြည့်ရှု့၍ ယူသောအခါ စိတ်ကို တစ်ခြမ်း တစ်စိတ်တစ်ဒေသတွင်သာ မထားမူ၍ မြေကြီးဝန်း တစ်ခုလုံး ကို အကုန်အနှံ့ ငုံ၍ ကြည့်ရှု့ရသည်၊ ဤသို့ အကုန်လုံးငုံ၍ အနှံ့ကြည့် အပ်သောကြောင့် <b>“ကသိဏကသိုဏ်း”</b> ဟူ၍ခေါ်သည်။</p>
<p>အကြွင်းအကျန်မရှိ အကုန်လုံး အနှံ့ငုံ၍ ကြည့်ရှု ယူအပ်သော ကြောင့် ကသိဏ-မည်သော ဤမြေကြီး အဝန်းကို စိတ်ထဲကသာ “မြေ၊ မြေ” ဟုမှတ်လျက် မျက်စိနှင့်မြင်သောအတိုင်း စိတ်ထဲ၌ စွဲကပ်ထင်မြင်၍ ပါလာအောင် မျက်စိဖြင့်သာ ကြည့်ရှု၍နေရသည်။</p>
<p>ကြည့်ရှုသောအခါမှာလည်း မျက်စိကို မှေးတုပ်တုပ်လုပ်၍ မကြည့်ရ၊ အိပ်ချင်တတ်သည်၊ စိတ်ပျော့တတ်သည်၊ ရခဲတတ်သည်။ ထို့ကြောင့်မျက်စိကိုဖွင့်နိုင်သမျှ ဖွင့်၍ကြည့်ရသည်၊ မျက်တောင်ကိုလည်း မခတ်ဘဲနေနိုင်သမျှ နေ၍ကြည့်ရသည်။ ကြာလျှင်အိပ်ချင်၍ လာတတ် သည်၊ အိပ်ချင်လေလေ မျက်စိကို ပြူးလေလေ ပြူးရသည်။</p>
<p>အိပ်ချင်၍ လာသောအခါလည်းကောင်း၊ မျက်စိကိုမှေး၍ မှိန်၍စိတ်သညာကို ပျော့စေ၍ ကြည့်သော်လည်းကောင်း ကသိုဏ်းဝန်း နှစ်ခု ဖြစ်၍ ဖြစ်၍လည်း နေတတ်၏၊ မနေစေအပ်၊ စိတ်သညာ စိတ်အမှတ်ကို သန်သန် ခိုင်ခိုင်ထား၍ကြည့်အပ်၏၊ သတိပေါ့လွတ်လျက် စိတ်သည် ကသိုဏ်းဝန်း၌ မနေဘဲ တစ်ခြားအာရုံကို ပြေးသွားကြံစည်၍ ကြံစည်၍လည်း နေတတ်၏၊ မနေစေအပ်၊ ကသိုဏ်းအာရုံမှ တစ်ပါး ဘယ်ကိုမှ မထွက်ပြေးစေအပ်၊ ကြပ်ကြပ် သတိပြုအပ်၏၊</p>
<p>စိတ်ဝိတက် အကြံအစည်ကို ကြပ်ကြပ် နှိပ်ကွပ်၍ ကသိုဏ်း အာရုံ၌သာ မြဲစွာသတိဖြင့် ဖွဲ့ထားအပ်၏၊ ကြာသောအခါ စိတ်မော၍ ဝီရိယလျော့ပြီး ပျင်းလာတတ်သည်။ မပျင်းစေအပ်၊ အကျိုးအပြစ်တို့ကို ဆင်ခြင်၍ စိတ်ဝီရိယထက်သန်စေတတ်သော အာရုံများကို ဆင်ခြင်၍ မြင့်မိုရ်တောင်ကြီးကို ဖြိုချမည့် ယောကျ်ား၏ စိတ်ဝီရိယကဲ့သို့ စိတ် ဝီရိယကို အားကောင်းထက်သန်စေလျက် မရလျှင် မနေဘူးတဲ့-ဟု အံသွားခဲ၍ စိတ် ခါးတောင်းကျိုက်၍ကြည့်ရှုရာ၏၊</p>
<p>စိတ်မောသဖြင့် ကိုယ်ပါမော၍ ပျင်းရိ၍ ခဏခဏ နားချင် တတ်သည့်ပြင်တော်ရာကို ထ၍ လုပ်ချင်တတ်၏၊ ခဏခဏ မနားအပ် မလုပ်အပ်၊ ကြပ်ကြပ်ဇွဲကောင်းရာ၏၊ အသည်းကောင်းရာ၏၊</p>
<h3>နိမိတ်ယူရာ၌</h3>
<p>၁။ အချို့သောသူတို့မှာ မကြာခင် အလွယ်တကူဖြင့်ပင် နိမိတ် ရနိုင်သည်။ အချို့သော သူတို့မှာကား ပင်ပင်ပန်းပန်း သက်စွန့် ကြိုးစား အားထုတ်၍ ကြာမှပင်ရသည်၊ စိတ်ထဲ၌ယူ၍ ရသောနိမိတ်ကို <b>ဥဂ္ဂဟ နိမိတ်</b> ဟုခေါ်သည်၊ ပြင်ဘက် ကသိုဏ်းဝန်းကိုကား <b>ပရိကမ္မနိမိတ်</b>ဟု ခေါ်သည်၊ ဥဂ္ဂဟနိမိတ်ကား ပရိကမ္မနိမိတ်နှင့် တစ်ထပ်တည်းတူ၏၊ ဤ ဥဂ္ဂဟနိမိတ်ကိုရသောအခါ စိတ်သည် သံလိုက်ကောင်းကောင်းကို အပ်တွယ်ဘိသကဲ့သို့ ဤမြေကြီး ဥဂ္ဂဟနိမိတ်ကိုသာ တွယ်၍နေတော့၏၊ ဘယ်ကိုမျှ များစွာမပြေးတော့ပြီ။</p>
<p>၂။ မျက်စိကို ဖွင့်ထားလျှင်ကား ရှေ့တူရူရှိ အဆင်းတို့ကိုမြင်၏၊ မျက်စိကိုမှိတ်လိုက်စေကာမူ ဘယ်ကိုမှ မမြင်ဘဲ ဤမြေကသိုဏ်းဝန်း ကိုသာ မြင်၍နေတော့၏၊ မျက်စိကိုမှိတ်၍ ပက်လက်နေလျှင် မျက်နှာ ပေါ်က ကသိုဏ်းမြေချပ်ဝန်းကြီး မိုးလျက်နေ၏၊ မှောက်၍နေလျှင် အောက်က ကြမ်းရယ်၊ ဖျာရယ် မမှတ်ဘဲ ကသိုဏ်း မြေချပ်ဝန်းကြီးကိုသာ မြင်၍နေတော့၏၊</p>
<p>၃။ ရေထဲ၌ ငုတ်၍နေလျှင်လည်း မျက်နှာရှေ့က ရေရယ်လို့ မမှတ်ဘဲ ကသိုဏ်းမြေချပ်ဝန်းကြီးသာ ရှိ၍ မြင်၍နေတော့၏၊ မျက်နှာကို လုံလုံလက်ဝါးပိတ်ဖုံး၍ နေလျှင်လည်း လက်ဝါးဟူ၍ အမှတ်မထားဘဲ ကသိုဏ်း မြေချပ်ဝန်းကြီးသာ မြင်၍နေတော့၏၊</p>
<p>၄။ ညဉ့်အိပ်သောအခါမှာလည်း တစ္ဆေမသာ အလွန်ကြောက် တတ်လျက် မလွဲသာ၍ မသာလောင်းကို ကိုင်တွယ်ရသဖြင့် မသာလောင်း ဥဂ္ဂဟနိမိတ်ကြီး ထင်မြင်၍နေသောသူကဲ့သို့ ကသိုဏ်းမြေချပ် ဝန်းကြီိး ကိုသာ ထင်မြင်၍နေတော့၏၊ အိပ်၍မပျော်တော့ပြီ၊ ကြပ်ကြပ် အားထုတ် ကြည့်လေ နှလုံးသွင်းလေ မျက်စိကျယ်လေ ဖြစ်၍နေတော့၏၊ အိပ်၍ ပျော်စေချင်သဖြင့် အားထုတ်၍ နှလုံးမသွင်းဘဲနေမှ တဖြည်းဖြည်း စိတ်နုံ့၍ ကသိုဏ်းဝန်းမြေချပ်ကြီးကို မြင်ရာက မေ့ကနဲဖြစ်၍ ဘဝင်ကျ၍ အိပ်ပျော်သွားလေ၏၊</p>
<p>၅။ အိပ်ရာမှ နိုးပြန်လျှင်လည်း မြေချပ်ကသိုဏ်ဝန်းကြီးကိုပင် ထင်မြင်၍ နိုး၍လာ၏၊ မျက်နှာရှေ့က မြေချပ်ကသိုဏ်းဝန်းကြီး ဆီးလျက် သာနေတော့၏၊</p>
<p>ဤကဲ့သို့ ဥဂ္ဂဟနိမိတ်ရ၍ အတော်ခိုင်သော ရင့်သောအခါ ခပ်မှောင်မှောင် အခန်းထဲများမှာ မျက်စိ မမှိတ်ဘဲ ဖွင့်၍ထားလျှင် မြေချပ် ကသိုဏ်းဝန်းကြီးကိုသာ မြင်၍နေတော့၏၊ စင်္ကြံသွားရင်းလည်း ရှု၍ ဖြစ်တော့၏၊ ဥဂ္ဂဟနိမိတ် ထင်သည်မှစ၍ အိပ်ချင်ထိုင်းမှိုင်းသော ထိနမိဒ္ဓတို့သည် အတန်ငယ်ကွာလျက် တဖြည်းဖြည်း နည်း၍ ပါး၍ ရှား၍ ငုတ်၍ သွားကြလေ၏၊</p>
<p>(<b>ဤကား ဥဂ္ဂဟနိမိတ် ထင်ပုံတည်း။</b>)</p>
<h3>ပဋိဘာဂနိမိတ်</h3>
<p>ဥဂ္ဂနိမိတ် ရသောအခါ ပြင်ဘက် ပရိကမ္မနိမိတ် ပထဝီမြေ ကသိုဏ်းဝန်းကို တော်ရာမှာ သိမ်းထား၍ စိတ်ထဲ၌ ပါရသော ဥဂ္ဂဟ နိမိတ်ကိုသာ အမြဲအစွဲ ကြည့်ရှုရာ၏၊ ထိုသို့ အမြဲအစွဲ အားထုတ် ကြည့်ရှုဖန် များသောအခါ ဤ ဥဂ္ဂနိမိတ်သည် တဖြည်းဖြည်း သိမ်မွေ့၍ သိမ်မွေ့၍ အရာအဆာ အကြောင်း ပြုပ်မရှိဘဲ မှန်သားများကဲ့သို့ ရသစ်စဥဂ္ဂဟနိမိတ်ထက် အဆတစ်ရာမက အလွန်ချောညက် သိမ်မွေ့ ၍ နုနယ်၍လာ၏၊ အလွန်နှစ်သက်ပျော်မွေ့ဖွယ် ကောင်းသောအဖြစ်သို့ ရောက်၍လာ၏၊ စိတ်သည် ဘယ့်လောက်ပင် ကြာအောင်ကြည့်၍ နေသော်လည်း ပျင်းမုန်းခြင်း၊ အားရခြင်း မရှိနိုင်တော့ပြီ၊</p>
<p>ထိုကဲ့သို့သော နိမိတ်ကို <b>ပဋိဘာဂနိမိတ်</b>ဟု ခေါ်သည်။</p>
<p>ဆောင်ပုဒ်သံခိပ်။။ပဋိဘာဂ၊ ထင်လာက၊ နီဝရဏ-ကွာ။</p>
<p>ထိုပဋိဘာဂနိမိတ်သို့ကျသောအခါ</p>
<p>၁။ ကာမဂုဏ်ကို ခံစားလိုသော <b>ကာမစ္ဆန္ဒနီဝရဏ</b>၊</p>
<p>၂။ အမျက်ဒေါသဟူသော<b>ဗျာပါဒနီဝရဏ</b>၊</p>
<p>၃။ ငိုက်မျဉ်းထိုင်းမှိုင်းခြင်းဟူသော <b>ထိနမိဒ္ဓနီဝရဏ</b>၊</p>
<p>၄။ ပျံ့လွင့်ခြင်း ပူပန်ခြင်းဟူသော <b>ဥဒ္ဓစ္စကုက္ကုစ္စ နီဝရဏ</b>၊</p>
<p>၅။ ဤကဲ့သို့ ပထဝီ မြေကသိုဏ်းဝန်းကို ကြည့်ရှုအားထုတ်လျှင် ဤကဲ့သို့ဖြစ်သည်ဟု ရေးသော ဆရာ၊ ဟောပြောသော ဆရာသည် အဟုတ်တကယ်အမှန်ဘဲ သိ၍ ရေးလေသလား၊ ဟောလေ သလား၊ ပြောလေသလား၊ အဟုတ်တကယ် အမှန်မသိဘဲ စမ်းရမ်းရေးလေ သလား၊ ဟောလေသလား၊ ပြောလေသလား၊ မှန်မှ မှန်ပါလေသလား၊ အမှားများ လေလား-ဟုကမ္မဋ္ဌာန်း လမ်းကြောင်း၌လည်းကောင်း <b>ယုံမှားခြင်း ဝီစိကိစ္ဆာ နီဝရဏ</b>၊</p>
<p>ဤ <b>နီဝရဏ ၅-ပါး</b>တိုသည် စိတ်သန္တာန်၌ ပါးလျက် တစ်ခါ တည်းကွာ၍ကွယ်ငုပ်၍ ဝပ်၍ သွားကြလေတော့၏၊ မဖြပေါ်လာ မထ လာကြတော့ပြီ။</p>
<p>ကြွင်းသော အကုသိုလ် နီဝရဏတရားတို့လည်း စိတ်သန္တာန်၌ ဝပ်၍ငုပ်၍ကုန်ကြလေတော့၏၊ မပေါ်လာ မထလာကြတော့ပြီ။</p>
<p>ဆောင်ပုဒ်သံခိပ်။ ။နီဝရဏ၊ ကွာတုံက၊ ဥပစာရလာ။</p>
<p>ထိုနောက်ဖန်ဖန်၊ ပွားတုံပြန်၊ ပ စျာန်အပ္ပနာ။</p>
<p>အာဝဇ္ဇနံ၊ အာပဇ္ဇန်၊ ဓိဋ္ဌာန်, ဝုဋ္ဌာန။</p>
<p>ပစ္စဝေက္ခန်၊ ဤ ၅-တန်၊ လျင်မြန်လိုတိုင်းရ။</p>
<p>ရှေးရှေးစျာနင်၊ ပယ်စွန့်လျှင်၊ အစဉ် နောက်စျာန်ရ။</p>
<p>၁။ စိတ်ကို အာရုံပေါ်သို့ ရောက်အောင် လွှင်တင်ခြင်း သဘော ဟူသော <b>ဝိတက်</b>။</p>
<p>၂။ ဝိတက်ထင်၍ အာရုံပေါ်သို့ ရောက်ပြီးသော စိတ်ကို ထိုအာရုံပေါ်မှ ဆုတ်လန်၍ မလာရ အောင်, အကျရအောင် ဝန်းဝိုင်း ဖေးမ ကာဆီးပင့်တင်ခြင်း အနုမဇ္ဇန သဘောဟူသော <b>ဝိစာရ</b>,</p>
<p>၃။ နှစ်သက်ခြင်းဟူသော <b>ပီတိ</b>,</p>
<p>၄။ ကိုယ်စိတ် အေးမြ ရွှင်လန်း ချမ်းသာခြင်းဟူသော <b>သုခ</b>,</p>
<p>၅။ စိတ်၏ ငြိမ်သက်တည်ကြည်ခြင်းဟူသော <b>ဧကဂ္ဂတာ</b>,</p>
<p>ဤ <b>စျန်အင်္ဂါ ၅-ပါး</b>တို့လည်း အတန်ငယ် အားကောင်း ထင်ရှား၍ ပေါ်၍လာကြကုန်၏၊</p>
<p>ဤ စျာန်အင်္ဂါတို့သာ မဟုတ်၊ စျာန်အင်္ဂါတို့နှင့် လိုက်လျော နိုင်သော ကြွင်းသော စေတသိက်တရားတို့လည်း အားကောင်း ထင်ရှား၍ ပေါ်၍လာကြကုန်၏၊ ထိုအခါ သတိတရားများ အလွန်ထင်၏၊ ယခု အခါမှစ၍ အမိရင်ခွင်တွင်း နောက်ဆုံးပိတ် နို့စို့သည့်အခါကျအောင် ဤအတွင်း ပြုဖူးသမျှ အမှုကိစ္စတွေကို ယခုပြုနေရဘိသကဲ့သို့ အကုန်လုံး ပြန့်၍ အမှတ်ရ၏၊ စိတ်များလည်း အလွန်ကြီးထွား၏၊ လျင်မြန်၏၊ စကြာဝဠာတံတိုင်းပေါ်သို့ စိတ်နှင့်ပြေးသွား လျှောက်ပတ်လိုက်လျှင် လက်ဖျစ်တစ်တွက် အတွင်းမှာပင် ပတ်မိ၏၊ အကွင်းကြီးထင်၍ လိုက်၏၊ စိတ်ရှုစရာ သွားရာအရပ်မှာ မှန်ကို စိန်သွားနှင့် ခြစ်ရာ၌ကဲ့သို့ အကြောင်း ထင်၍ လိုက်၏၊ ဝိတက်သန်ပုံများမှာလည်း အလိုရှိရာအရပ်ကို လွှတ် လိုက်တိုင်း တန်းကနဲ ပြေးရောက်၏၊ ပျော့ညွတ် ကွေးကောက်၍ မနေပြီ။</p>
<p>သမထလမ်း၌ ဤကဲ့သို့ ပဋိဘာဂနိမိတ် အရာဌာနသို့ ရောက်နိုင် လျှင် ထိုပုဂ္ဂိုလ်ကို <b>တိဟိတ်ပုဂ္ဂိုလ်</b>ဟု မှတ်ကြ၊ တိဟိတ်ပုဂ္ဂိုလ်တို့မှသာလျှင် ဤနေရာဌာနဟု ဆိုက်ရောက်နိုင်သည်။ တိဟိတ်ပုဂ္ဂိုလ် မဟုတ်လျှင် မဆိုက်ရောက်နိုင်ပြီ၊ မဆိုက်ရောက်နိုင် ဆိုတယ်လို့ အားမထုတ်လို့ မဆိုက်ရောက်တာကိုလဲ မမှတ်ရ၊ အားထုတ်ပါလျက် ဆိုက်ရောက် ချိန်သင့်ပါလျက် မဆိုက်ရောက်မှသာ တိဟိတ်မဟုတ်ဟု မှတ်ရမည်။ အားထုတ်ရာမှာလည်း အချို့မှာ အနှစ် ၂၅-၃၀ ပင် ကြာမှ ဤနေရာတို့သို့ ရောက်နိုင်ကြသည်၊ စျာန်မဂ်ဖိုလ် တရားထူးတို့ကို ရရှိနိုင်ကြသည်၊ ဤနေရာ ဌာနတို့သည် <b>တိဟိတ်, ဒွိဟိတ်ခွဲသော နေရာ</b> တို့တည်း၊ ဤနေရာဌာနတို့သို့ ဆိုက်ရောက်၍ တိဟိတ်မှန်ခဲ့လျှင် ထိုပုဂ္ဂိုလ်သည် အလိုဆန္ဒရှိက စျာန်မဂ်ဖိုလ် တရားထူးကို ဧကန်မချွတ် ရနိုင် ယူနိုင်တော့၏၊</p>
<p>(<b>ဤကား ပဋိဘာဂနိမိတ် ထင်ပုံတည်း</b>)</p>
<h3>ပထမစျာန်</h3>
<p>ဤသို့ ပဋိဘာနိမိတ်ကို ရပြီးရောက်ပြီးသောယောဂီပုဂ္ဂိုလ်သည် ထိုပဋိဘာဂနိမိတ်ကို စကြာမင်းလောင်း ကိုယ်ဝန်ကိုချစ်ခင်စောင့်ရှောက် သော အမိကဲ့သို့ အလွန်ချစ်ခင် စောင့်ရှောက်လျက် မမေ့မလျော့ အထပ်ထပ်အားထုတ် ကြည့်ရှုဖန်များသောအခါ စိတ်သည် တဖြည်းဖြည်း ရင့်သန်ကြီးထွားလျက် အားကောင်းလျက် ငြိမ်သက်လျက် အကြင်အခါ၌ အာရုံကို ခိုင်မြဲရာတွယ်၍ အာရုံထဲသို့ ဝင်ဘိသကဲ့သို့ဖြစ်၍ အာရုံကိုစူး စိုက်၍ ငြိမ်၍ မှိန်း၍ ခံစား၍ ဖြစ်ပေါ်၏၊ ထိုအခါ၌ ဖြစ်ပေါ်သော စိတ်ကို စျာန်အင်္ဂါ ၅-ပါးနှင့် ပြည့်စုံသော <b>ပထမစျာန်စတ်</b>ဟု ခေါ်သည်။ ပထမစျာန်စိတ်ဟုမှတ်။</p>
<p><b>ဤစျာန်အပ္ပနာဝီထိကျပုံမှာ</b></p>
<p>စိတ်သည် ရှေ့ဇောဝါရ အဆုံးဘဝင်ကျ၍ ဘဝင်မှထပြီးလျှင် ဤကသိုဏ်းပဋိဘာဂနိမိတ်ကို အာရုံပြု၍ အာဝဇ္ဇန်း ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူ, စျာန်-ဟု စျာန်ဇောတစ်ကြိမ်၊ ထို့နောက် ဘဝင်ကျ၍ သွား၏၊</p>
<p>ထိုနောက် အိပ်မက်မက်သဖြင့် နိုး၍ အိပ်မက်ကို ပြန်၍ ဆင်ခြင် သော သူကဲ့သို့ သင်ကား ဝိတက်, သင်ကား ဝိစာရ, သင်ကား ပီတိ, သင်ကား သုခ-စသည်ဖြင့် စျာန်အင်္ဂါ ၅-ပါးတို့ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ ဇောဝါရတွေ ဖြစ်ကုန်၏၊ ဤစျာန်အပ္ပနာဝီထိမှာ။။</p>
<p>အာရုံ မကွဲပြားကြပြီ၊ အာရုံမကွဲပြားဘဲလျက် အဘယ့်ကြောင့် စျာန်ဇောမှန်း သိရသနည်း-ဆိုသော် ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူ ဟူသော ဇောလေးကြိမ်တို့မှာကား ကာမတဏှာလည်း မကင်းသေး မငုပ်တတ် သေးပြီ၊ ဖြစ်ကြပုံလည်း ကြပ်ကြပ် မငြိမ်သက်ကြသေးပြီ၊ ဂေါတြဘူ နောက်၌ဖြစ်သော ဇောတစ်ကြိမ်မှာမူကား ကာမတဏှာလည်း ကင်း၍ ပါး၍ ငုတ်၍သွား၏၊ စိတ်လုံးလည်း အလွန်ကြီးထွား၏၊ စျာန်အင်္ဂါတို့လည်း အလွန်ထင်ရှားစွာ ကြီးထွားဖြစ်ပေါ်ကြကုန်၏၊ သံမှိုကို မြုပ်အောင် ရိုက်လိုက်လျှင် လှုပ်နဲ့၍မရ ယိမ်းယိုင်ခြင်း မရှိဘိသကဲ့သို့ ဖြစ်ပုံလည်း အာရုံထဲဝင်ဘိသကဲ့သို့ အလွန်ခိုင်မြဲစွာ တွယ်၍ စူးစိုက်၍ လှုပ်ရှား ယိမ်းယိုင်ခြင်းမရှိ အလွန်ငြိမ်သက်စွာဖြစ်၏၊ ဤသို့သော အကြောင်းကြောင့် စျာန်ဇောမှန်း သိအပ်၏၊</p>
<p>ဤစျာန်ဇောစေတနာကံသည်-ကာမတဏှာ ကင်းခြင်းကြောင့် ကာမဘုံ၌ အကျိုးမပေးပြီ၊ ကာမဘုံကို လွန်၍ ရူပဗြဟ္မာဘုံ၌ အကျိုးပေး ၏၊ ထို့ကြောင့် ဤစျာန်စိတ်ကို <b>ရူပါဝစရစိတ်</b>ဟု ခေါ်အပ်၏၊</p>
<p>ဤကဲ့သို့ ပထမစျာန်ကို ရပြီးသော ယောဂီပုဂ္ဂိုလ်သည် ဤပထမ စျာန်ကို ကြပ်ကြပ် မြဲမြံခိုင်ခံ့အောင် အားကောင်းအောင် အဖန်ဖန် ဝင်စားအပ်၏၊</p>
<p>ဝင်စားဆိုသည်ကား- ကသိုဏ်း ပဋိဘာဂနိမိတ်ကို အဖန်ဖန် ရှု၍ စျာန်ဇော အဖန်ဖန်ကျစေမှုတည်း၊ ယခုအစဆုံးကျသော အပ္ပနာဝီထိ မှာ စျာန်ဇော ၁-ကြိမ်သာကျ၏၊ ထို့နောင် ဝင်စားဖန် များသောအခါ စိတ်အားသန်စွမ်း၍ ၁-ကြိမ်, ၂-ကြိမ်, ၃-ကြိမ်, ၄-ကြိမ် စသည်ဖြင့် စိတ်သန်သလောက် စျာန်ဇောတွေ အသင်္ချေ မရေတွက်နိုင်အောင် များစွာပင်ကျ၍ သွား၏၊ ၁-နာရီပတ်လုံး စျာန်ဇောတွေချည်းကျ၍ ဖြစ်နေ၏၊ တစ်နံနက်ပတ်လုံး, တစ်နေ့ပတ်လုံး, တစ်ရက်ပတ်လုံး, ခုနစ်ရက်ပတ်လုံး စသည် ကြာအောင်ပင် စျာန်ဇောချည်းသက်သက် ကျ၍ ဖြစ်၍နေ၏၊</p>
<p>ဤကဲ့သို့ စိတ်ကို စျာန်သန်စွမ်း အားကောင်းအောင် ခိုင်ခံ့အောင် ပြုပြီးလျှင် ဤပထမစျာန်ကို</p>
<p>၁။ <b>သမာပဇ္ဇနဝသီ</b>,</p>
<p>၂။ <b>အဓိဋ္ဌာနဝသီ</b>,</p>
<p>၃။ <b>ဝုဋ္ဌာနဝသီ</b>,</p>
<p>၄။ <b>အာဝဇ္ဇနဝသီ</b>,</p>
<p>၅။ <b>ပစ္စဝေက္ခဏဝသီ</b></p>
<p>ဟု <b>ဝသီဘော် ၅-ပါး</b>တို့ဖြင့် လေ့လာနိုင်နင်းအောင် ပြုအပ်၏၊</p>
<p>ဆောင်ပုဒ်သံခိပ်။။ အာဝဇ္ဇနံ၊ သမာပဇ္ဇန်၊ ဓိဋ္ဌာန်, ဝုဋ္ဌာန။ ပစ္စဝေက္ခဏ်၊ ဤငါးတန်၊ လျင်မြန်လိုတိုင်းရ။</p>
<h3>ဝသီဘော် ၅-ပါး အဓိပ္ပါယ်</h3>
<p>ဤဝသီဘော် ၅-ပါးတို့တွင်</p>
<p>၁။ စျာန်ကို အလိုရှိသော ခဏ၌ အလျင်အမြန် ဝင်စားနိုင်မှုကို <b>သမာပဇ္ဇနဝသီ</b>-ဟု ခေါ်သည်။</p>
<p>၂။ တစ်ခဏ, တစ်နာရီ, တစ်နံနက်, တစ်ရက်-စသည်ဖြင့် မိမိအလိုရှိသမျှ ကာလပတ်လုံး ပိုလည်းမပိုရ လိုလည်း မလိုရအောင် စျာန်ဇောကို ဖြစ်စေနိုင်မှု, ထားနိုင်မှုကို <b>အဓိဋ္ဌာနဝသီ</b>-ဟု ခေါ်သည်။</p>
<p>၃။ အချိန်ကာလကို ပိုလည်းမပိုရ လိုလည်းမလိုရ၊ မိမိမှန်း ထားသော အချိန်၌ စျာန်ဇောမှ ထနိုင်မှုကို <b>ဝုဋ္ဌာနဝသီ</b>-ဟု ခေါ်သည်။</p>
<p>၄။ စျာန်မှထ၍ စျာန်အင်္ဂါတို့ကို ဆင်ခြင်ပြီးလျှင် တစ်ဖန် စျာန်ကို အလျင်အမြန်ဝင်စားရန်ဖို့ စျာန်အင်္ဂါတို့ကို ဆင်ခြင်သော အာဝဇ္ဇန်း လျင်မြန်စွာ ဖြစ်စေနိုင်မှုကို <b>အာဝဇ္ဇနဝသီ</b>-ဟု ခေါ်သည်။</p>
<p>၅။ စျာန်အင်္ဂါကို ဆင်ခြင်ပြီးလျှင် တစ်ဖန်စျာန်ကို အလျင် အမြန်ဝင်စားရန်ဖို့ စျာန်အင်္ဂါတို့ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဇော တွေကို ၇-ကြိမ်လောက် များစွာ မဖြစ်စေဘဲ ၄-ကြိမ် ၅-ကြိမ်မျှ လောက်သာ ကျစေနိုင်မှုကို <b>ပစ္စဝေက္ခဏဝသီ</b>-ဟု ခေါ်သည်။ ဤသို့ စျာန်အင်္ဂါကို ဆင်ခြင်သော ဇောကို အလျင်အမြန် နည်းနည်းနှင့် ပြတ်စေ၍ ဇောနောင် ဘဝင်တို့ကိုလည်း များစွာမဖြစ် စေဘဲ နည်းနည်းနှင့်ပြတ်စေ၍ အလျင်အမြန် တစ်ဖန် စျာန်ကို ဝင်စားနိုင်မှုကို သမာပဇ္ဇနဝသီ-ဟု ခေါ်သည်။ ဤသို့ ဝသီဘော် ၅-ပါးကို လှည့်ခွေပတ်၍ သိအပ်၏၊</p>
<p>ဝသီဘော် နိုင်နင်းသော သူတကာတို့တွင် အထွတ်အထိပ်သို့ ရောက်တော်မူသော <b>သဗ္ဗညုတဘုရားရှင်</b>တို့အား တန်ခိုးယမိုက် ပြာဋိဟာကို ပြသောအခါ, အလွန်လျင်မြန်စွာ ပြုရသောအခါတို့၌ကား ပစ္စဝေက္ခဏာဇော ၄-ကြိမ်, ၅-ကြိမ် ဇောနောင် စျာန်၏အကြား ဘဝင် ၂-ကြိမ်, ၃-ကြိမ်မျှသာဖြစ်ကုန်သည်၊ ဤသည်လျှင် အနည်းဆုံး အနိုင် နင်းဆုံးပင်တည်း၊ သည့်ထက်ကား နည်း၍မဖြစ်နိုင်။</p>
<p>ဘုရားမှကြွင်းသော ပုဂ္ဂိုလ်တို့သည်ကား ဤမျှလောက် ဘဝင်ကို နည်းအောင် မတတ်နိုင်ကြပြီ၊ ဇောဘဝင်ကို နည်းအောင် အလျင်အမြန် ဖြတ်နိုင်မှု, ပြောင်းလဲနိုင်မှုသည် အလွန်စိတ်ထက်သန် အားကောင်းမှ အလွန်လျင်မှဖြစ်နိုင်သည်။</p>
<p>ထို့ကြောင့် စိတ်ထက်သန်ကြီးထွားအောင် အားကောင်းအောင် ကသိုဏ်းနိမိတ်ကို ကြီးအောင် တိုးပွားစေအပ်၏၊</p>
<p>တိုးပွားစေရမည့်အခါမှာ ဤကဲ့သို့ စျာန်ကိုရပြီးသော အခါကျ မှလည်း တိုးပွားစေအပ်၏၊ စျာန်မရခင် ပဋိဘာဂနိမိတ်သို့ကျလျှင်လည်း တိုးပွားစေအပ်၏၊ ဥဂ္ဂဟနိမိတ်အခါ၌ကား မတိုးပွားစေအပ်၊ ဥဂ္ဂဟနိမိတ်အခါက တိုးပွားလျှင် ထိုဥဂ္ဂဟနိမိတ်သည် ကြီးပွား၍ကားလိုက်၏၊ စိတ်နိုင်အောင် မထိန်းနိုင်, မရှုနိုင်သဖြင့် ကျဲ၍ ကွဲ၍ ပျက်စီး၍ သွားတတ်သည်။</p>
<p>ထို့ကြောင့် ဥဂ္ဂဟနိမိတ်ကိုကား ကြီးအောင် နှလုံးမသွင်းအပ်၊ မတိုးပွားစေအပ်၊ ပဋိဘာဂနိမိတ်သို့ကျမှ, စျာန်ကိုသော်လည်းရပြီးမှ ကြီးအောင်နှလုံးသွင်းအပ်, တိုးပွားစေအပ်၏၊</p>
<p>တိုးပွားစေပုံမှာလည်း- စိတ်က “ကြီးကြီး၊ ကြီးကြီး” ဟု နှလုံးသွင်း လျှင်စိတ်ထင်တိုင်း အောက်မေ့တိုင်း ပဋိဘာဂနိမိတ် ကသိုဏ်းဝန်းကြီး၍ လိုက်သည်၊ လိုက်တိုင်း တစ်ခါတည်း မကြီးစေအပ်၊ တဖြည်းဖြည်း လက် ၁-သစ်, ၂-သစ် ၄-သစ်, ၈-သစ်, ၁-တောင်, ၁-လံ, ၁၀-လံ စသည်ဖြင့် စကြာဝဠာနှင့် အပြည့်တိုင်သော်လည်းကောင်း၊ ထိုထက် အလွန်သော် လည်းကောင်း တစ်စတစ်စ ကြီးပွားစေအပ်၏၊ အလိုရှိသလောက်, စိတ်သန်သလောက် ကျယ်၍ကြီး၍ လိုက်၏၊</p>
<p>အောက်စျာန်ကို ရ၍ အထက်စျာန်ကို တက်လိုသောအခါ မိမိရပြီးသော အောက်စျာန်ကို ခိုင်မြဲအား ကောင်းအောင် ဝသီဘော်နိုင် အောင် ပြုပြီးမှ အထက်စျာန်ကို တက်အပ်, ရအောင် ပြုအပ်၏၊ ဤကဲ့သို့ မပြုဘဲ တက်လျှင် အထက်စျာန်ကိုလည်း မရ၊ အောက်စျာန်လည်းပျက်၊ ၂-ပါးစုံမှ လျောကျပျက်စီးတတ်၏၊</p>
<p>(<b>ဤကား ပထမစျာန်သို့ တက်ပုံတည်း</b>)</p>
<h3>ဒုတိယစျာန်သို့ တက်ပုံ</h3>
<p>ပထမစျာန်ကို ရပြီး၍ ခိုင်မြဲအားကောင်းအောင်, ဝသီဘော် နိုင်အောင် ပြုပြီး၍ အထက်ဒုတိယစျာန်ကို တက်နိုင်ခြင်းငှါ အားထုတ် လိုသော ယောဂီပုဂ္ဂိုလ်သည်</p>
<p>၁။ ဤယခု ငါရသော ပထမစျာန်စိတ်သည် အောက်ကျသေး၏၊</p>
<p>၂။ <b>နီဝရဏ</b>-ဟူသော ရန်သူနီးသေး၏၊</p>
<p>၃။ <b>ဝိတက်</b>ပါခြင်းကြောင့် အလွန်လှုပ်ရှား ရုန့်ရင်းကြမ်းတမ်း သေး၏၊ အားအစွမ်း ညံ့ဖျင်းသေး၏၊</p>
<p>၄။ ဝိတက်မပါလျှင် သည့်ထက် သိမ့်မွေ့ငြိမ်သက်ရာ၏၊ အား အစွမ်းကောင်းရာ၏</p>
<p>ဟု ဆင်ခြင်၍ ဝိတက်ကိုမုန်း၍ ဝိတက်မပါသော စျာန်စိတ်ကို ချစ်ခင်တောင့်တ၍ ဝိတက်ကို မပါစေ လိုသောဆန္ဒဖြင့် ထိုပထဝီပဋိဘာဂ နိမိတ်ကိုပင်လျှင် <b>“မြေမြေ”</b> ဟု စိတ်ထဲက မှတ်လျက် အဖန်ဖန် ကြည့်ရှု သော အခါ စိတ်ထဲ၌ ဝိတက်သည် တဖြည်းဖြည်း သိမ်မွေ့၍ သိမ်မွေ့၍ သွားလျက် ဝိတက်ငုပ်၍ ဝိတက်မပါဘဲ ဝိစာရ,ပီတိ,သုခ,ဧကဂ္ဂတာဟု စျာန်အဂါင်္ ၄-ပါးနှင့် ပြည့်စုံသော စျာန်ဝီထိ ကျလာ၏၊ ဤစျာန်ကို ၂-ကြိမ်မြောက်ရအပ် ဝင်းစားအပ်သော စျာန် ဖြစ်၍ <b>ဒုတိယစျာန်</b>ဟု ခေါ်ဆိုမှတ်သားအပ်၏၊ ဤစျာန်ကိုလည်း ရှေး နည်းအတူ ခိုင်မြဲအားကောင်းအောင် ဝသီဘော်နိုင်အောင် ပြုအပ်၏၊</p>
<p>(<b>ဤကား ဒုတိယစျာန်သို့ တက်ပုံတည်း။</b>)</p>
<h3>တတိယစျာန်သို့ တက်ပုံ</h3>
<p>ဒုတိယစျာန်ကို ရပြီး၍ ခိုင်မြဲအားကောင်းအောင် ဝသီဘော်နိုင် အောင် ပြုပြီး၍ အထက် တတိယစျာန်ကို တက်နိုင်ခြင်းငှါ အားထုတ် လိုသော ယောဂီပုဂ္ဂိုလ်သည်</p>
<p>၁။ ဒုတိယစျာန်စိတ်သည်လည်း အောက်ကျသေး၏၊</p>
<p>၂။ ဝိတက်ဟူသော ရသူနီးသေး၏၊</p>
<p>၃။ <b>ဝိစာရ</b> ပါနှိခြင်းကြောင့် ရုန့်ရင်းကြမ်းတမ်းသေး၏ အားအစွမ်း ညံ့ဖျင်းသေး၏၊</p>
<p>၄။ ဝိစာရမပါလျှင် သည့်ထက် သိမ်မွေ့ငြိမ်သက်ရာ၏၊ အား အစွမ်းကောင်းရာ၏၊</p>
<p>ဟုဆင်ခြင်၍ ဝိစာရကိုမုန်း၍ ဝိစာရမပါသော စျာန်ကို ချစ်ခင်တောင်းတ၍ ဝိစာရကို မပါစေလိုသော ဆန္ဒဖြင့် ထိုပထဝီ ပဋိဘာဂ နိမိတ်ကိုပင်လျှင် <b>“မြေ,မြေ”</b> ဟု စိတ်ထဲကမှတ်လျက် အဖန် ဖန်ကြည့်ရှုသော အခါဝိစာရ တဖြည်းဖြည်း သိမ်မွေ့၍ သွားလျက် ဝိစာရငုတ်၍ ဝိစာရမပါဘဲ ပီတိ, သုခ, ဧကဂ္ဂတာ-ဟုစျာန်အဂါင်္ ၃-ပါး နှင့် ပြည့်စုံသော ရှေ့နည်းတူ စျာန်ဇောဝီထိ ကျလာ၏၊ ဤစျာန်ကို ၃-ကြိမ်မြောက် ရအပ် ဝင်စားအပ်သော စျာန်ဖြစ်၍ <b>တတိယစျာန်</b>ဟု ခေါ်ဆိုမှတ်သားအပ်၏၊ ဤစျာန်ကိုလည်း ခိုင်မြဲ အားကောင်းအောင် ဝသီဘော်နိုင်အောင် ပြုအပ်၏၊</p>
<p>(<b>ဤကား တတိယစျာန်သို့ တက်ပုံတည်း။</b>)</p>
<h3>စတုတ္ထစျာန်သို့တက်ပုံ</h3>
<p>တတိယစျာန်ကို ရပြီး၍ ခိုင်မြဲအားကောင်းအောင် ဝသီဘော် နိုင်အောင် ပြုပြီး၍ အထက် စတုတ္ထစျာန်ကို တက်နိုင်ခြင်းငှာ အားထုတ် လိုသော ယောဂီပုဂ္ဂိုလ်သည်</p>
<p>၁။ တတိယစျာန်စိတ်သည်လည်း အောက်ကျသေး၏၊</p>
<p>၂။ ဝိစာရဟူသော ရန်သူနီးသေး၏၊</p>
<p>၃။ <b>ပီတိ</b>သည် နှစ်သက်ခြင်း သဘောဖြစ်၍ ကာမရတိနှင့် နီးစပ်သော သဘောရှိ၏၊ ကာမရတိ-ဟူသော ရန်သူနှင့်နီး၏၊</p>
<p>၄။ ဤပီတိပါရှိခြင်းကြောင့် စိတ်သည် ပေါ်လွင်၏၊ ရုန့်ရင်း ကြမ်းတမ်းသေး၏၊ အားအစွမ်းလည်း ညံ့ဖျင်းသေး၏၊</p>
<p>၅။ ပီတိမပါလျှင် သည့်ထက် သိမ်မွေ့ငြိမ်သက်ရာ၏၊ အား အစွမ်းလည်းကောင်းရာ၏၊</p>
<p>ဟု ဆင်ခြင်၍ ပီတိကို မုန်း၍ ပီတိမပါသော စျာန်ကို ချစ်ခင် တောင့်တ၍ ပီတိကိုမပါစေလိုသော ဆန္ဒဖြင့် ထိုပဋိဘာဂနိမိတ်ကိုပင် လျှင် <b>“မြေ, မြေ''</b>ဟု စိတ်ထဲကမှတ်လျက် အဖန်ဖန်ကြည့်ရှုသောအခါ ပီတိသည် တဖြည်းဖြည်းသိမ်မွေ့၍ သိမ်မွေ့၍ သွားလျက် ပီတိငုတ်၍ ပီတိမပါဘဲ သုခ, ဧကဂ္ဂတာ-ဟု စျာန်အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသောရှေး နည်းတူ စျာန်ဇောဝီထိ ကျလာ၏၊</p>
<p>ဤစျာန်ကို ၄-ကြိမ်မြောက်ရအပ် ဝင်စားအပ်သော စျာန်ဖြစ်၍ <b>စတုတ္ထစျာန်</b>ဟု ခေါ်ဆိုမှတ်သားအပ်၏၊ ဤစျာန်ကိုလည်း ခိုင်မြဲအား ကောင်းအောင် ဝသီဘော်နိုင်အောင် ပြုအပ်၏၊</p>
<p>(<b>ဤကား စတုတ္ထစျာန်သို့ တက်ပုံတည်း။</b> )</p>
<h3>ပဉ္စမစျာန်သို့တက်ပုံ</h3>
<p>စတုတ္ထစျာန်ကိုရပြီး၍ ခိုင်မြဲအားကောင်းအောင် ဝသီဘော် နိုင်အောင် ပြုပြီး၍ အထက်ပဉ္စမစျာန်ကို တက်နိုင်ခြင်းငှါ အားထုတ် လိုသော ယောဂီပုဂ္ဂိုလ်သည်</p>
<p>၁။ စတုတ္ထစျာန် စိတ်သည်လည်း အောက်ကျသေး၏၊</p>
<p>၂။ ပီတိဟူသော ရန်သူ နီးသေး၏၊</p>
<p>၃။ <b>သုခ</b>သည် ကာမရတိ ကာမသုခတို့နှင့် နီးစပ်သော သဘော ရှိ၏၊ ကာမရတိ ကာမသုခ-ဟူသော ရန်သူနှင့် နီး၏၊</p>
<p>၄။ ဤသုခပါရှိခြင်းကြောင့် စိတ်သည် ပေါ်လွင်၏၊ ရုန့်ရင်းကြမ်း တမ်းသေး၏၊ အားအစွမ်းလည်း ညံ့ဖျင်းကြမ်းတမ်းသေး၏၊</p>
<p>၅။ စိတ်ထဲ၌ အာရုံကို ကောင်းသည်ဟုခံစားသော သုခမျိုး မဟုတ်ဘဲ အာရုံကိုကောင်းသည်ဟူ၍လည်းကောင်း၊ မကောင်းဘူဟူ၍ လည်းကောင်း မခံစားဘဲ အလယ်အလတ် ခံစားခြင်း ဥပေက္ခာသဘော နှင့်နေလျှင် သည့်ထက်သိမ်မွေ့ ငြိမ်သက်ရာ၏၊ အားအစွမ်းလည်း ကောင်းရာ၏၊</p>
<p>ဟု ဆင်ခြင်၍ သုခကိုမုန်း၍ <b>ဥပေက္ခာ</b>ကို ချစ်ခင်တောင့်တ၍ ထိုပထဝီပဋိဘာဂနိမိတ်ကို <b>“မြေ,မြေ''</b>ဟု စိတ် ထဲကမှတ်၍ အဖန်ဖန် ကြည့်ရှုသောအခါ သုခသည် တဖြည်းဖြည်း သိမ်မွေ့၍ သိမ်မွေ့၍ သွားလျက် ကောင်းသည်ဟု ခံစားခြင်း သဘောမဟုတ်၊ မကောင်းဘူးဟု ခံစားခြင်းသဘောလည်း မဟုတ်ဘဲ ကောင်းမှု, မကောင်းမှု နှစ်ဘက်သို့ မကျဘဲအလယ်အလတ် ခံစားခြင်း ဥပေက္ခာဝေဒနာ ဖြစ်လာ၍ ဧကဂ္ဂတာနှင့်တကွ စျာန်အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသော ရှေးနည်းတူ စျာန်ဇောဝီထိ ကျလာ၏၊ ဤစျာန်ကို ၅-ကြိမ်မြောက် ရအပ် ဝင်စားအပ် သော စျာန်ဖြစ်၍ <b>ပဉ္စမစျာန်</b>ဟု ခေါ်ဆိုမှတ်သားအပ်၏၊ ဤစျာန်ကိုလည်း ခိုင်မြဲအားကောင်းအောင် ဝသီဘော်နိုင်အောင် ပြုအပ်၏၊ (<b>ဤကား ပဉ္စမစျာန်သို့ တက်ပုံတည်း။</b>)</p>
<h3>စတုက္ကနည်း=ပဉ္စကနည်း</h3>
<p>ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္တစျာန်, ပဉ္စမစျာန်, တို့ကိုရအောင် အားထုတ်ရာ၌</p>
<p>၁။ အချို့သော ပုဂ္ဂိုလ်တို့မှာစျာန် ၅-ဆင့် ရှိသည်၊ ဤနည်းကို <b>ပဉ္စကနည်း</b>ဟူ၍လည်းခေါ်ကြသည်။</p>
<p>၂။ အချို့သော ပုဂ္ဂိုလ်တို့မှာကား ဝိတက်နှင့် ဝိစာရကို တပေါင်းတည်း တစ်ကြိမ်တည်း ပယ်ချခဲ့၍ စျာန်၄-ဆင့်သာရှိသည်၊ ထိုနည်းကို <b>စတုက္ကနည်း</b> ဟူ၍ခေါ်သည်။</p>
<p>ထို စတုက္ကနည်း၌ တတိယစျာန်သည် ဒုတိယစျာန်ဖြစ်၏၊</p>
<p>စတုတ္ထစျာန်သည်တတိယစျာန်ဖြစ်၏၊ ပဉ္စမစျာန်သည် စတုတ္ထစျာန် ဖြစ်၏၊</p>
<p><b>စျာန်ကို ကသိဏခေါ်ပုံ</b></p>
<p>ပထဝီကသိုဏ်းကို ကြည့်ရှုပွားများ အားထုတ်လျှင် ပဉ္စမစျာန်ကျ အောင် စျာန် ၅-ပါးလုံးကို ရနိုင်၏၊ ပထဝီကသိုဏ်းကို ကြည့်ရှု၍ရသော စျာန်တို့သည်လည်း မြေဝန်း ပထဝီကသိုဏ်းကို ကြည့်ရှု၍ရသော စျာန်ဖြစ်ခြင်းကြောင့် <b>ပထဝီကသိဏ</b>-ဟူ၍ပင် အမည်ရကုန်၏၊</p>
<h3>အထုံဝသီပါရမီရှိသူ မရှိသူနှင့် ကသိုဏ်းဝန်း</h3>
<p>ပထဝီကသိဏ-စျာန်ကိုရအောင် ပထဝီကသိုဏ်းနိမိတ်ကို ကြည့်ရှုယူရာမှာ ရှေးအတိတ် နီးသောဘဝက ပထဝီမြေကသိုဏ်း နိမိတ်ကို ရခဲ့ဘူးသော အထုံဝသီပါရမီ အဓိကာရ မရှိခဲ့သောသူမှာ မြေကြီးကသိုဏ်းဝန်း အသေအချာလုပ်၍ ရှုမှပင် နိမိတ်ရနိုင်သည်၊ စျာန်ရနိုင်သည်။</p>
<p>ရှေးအထုံဝသီ ပါရမီ အဓိကာရ ရှိသောသူမှာကား မပြုမပြင်ဘဲ ပကတိမြေပြင် ကောက်နယ်တလင်း, ထွန်ယက် ထားသော လယ်ကွက်, ယာကွက်,လယ်ခင်း, ယာခင်းတို့ကိုပင် <b>“မြေ,မြေ”</b> ဟု နှလုံးသွင်း၍ ကြည့်ရှု လိုက်လျှင် ပထဝီကသိုဏ်းနိမိတ် ရနိုင်သည်၊ စျာန်တို့ကို ဖြစ်စေနိုင်သည်။</p>
<p><b>ပထဝီကမြေသိုဏ်း ပွားများအားထုတ်ပုံ ပြီး၏၊</b></p>
<h3>(ခ) အာပေါ-ရေကသိုဏ်း ပွားများအားထုတ်ပုံ</h3>
<p><b>အာပေါ- ရေကသိုဏ်း</b>ကို ကြည့်ရှုပွားများ အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် ရှေးအတိတ် နီးသောဘဝက ရေကသိုဏ်းကို ရခဲ့ဘူးသော အထုံဝသီ ပါရမီ အဓိကာရရှိခဲ့လျှင် မပြုမပြင်ဘဲ ပကတိ သော မြစ်, သမုဒ္ဒရာ, အိုင်, ရေကန်, ရေတွင်း-တို့ကို ကြည့်ရှုရုံမျှဖြင့် အလွယ်တကူနှင့်ပင် ရေနိမိတ် ရနိုင်၏၊ အထုံဝသီ ပါရမီ အဓိကာရ မရှိခဲ့လျှင် တစ်တောင်လောက်, တောင်ဆုပ်လောက် အဝကျယ်သော အစောက်နက်သော အိုး, ခွက်, စည်ပိုင်းထဲ၌ ကြည်လင်စွာသော ရေကိုထည့်၍ မြေကသိုဏ်း၌ အကျယ်ဆိုခဲ့ပြီးသော ရှုနည်း ကြည့်နည်း ရှုပုံကြည့်ပုံအတိုင်း ရေကိုစိတ်ထဲ၌ ဥဂ္ဂဟနိမိတ်ရအောင် ကြည့်ရှုရာ၏၊</p>
<p>ဤ ရေကသိုဏ်း၌- ဥဂ္ဂဟနိမိတ်ကား ပြင်ဘက် ပရိကမ္မနိမိတ် ရေနှင့် အထပ်တည်းတူ၏၊ ပြင်ဘက်ရေကဲ့သို့ လှုပ်ရှားလျှင် လှုပ်ရှား သောအတိုင်း အပွက်ပါလျှင် အပွက်အတိုင်း ပါလျက်ထင်၏၊ ပဋိဘာဂ နိမိတ်ကား အပွက်မရှိ၊ လှုပ် ရှားခြင်းမရှိ၊ အလွန်ငြိမ်သက်လျက် ထိုဥဂ္ဂဟ နိမိတ်ထက် အဆအရာမက သာလွန်၍ ကြည်လင်စွာထင်၏၊ မှန်ညိုသား ကဲ့သို့ တသားတည်း အလွန်ကြည်လင်စွာထင်၏၊ စျာန်ပုံပေါ်မှာ ပထဝီမြေ ကသိုဏ်းနည်း အတိုင်းပေါ်၏၊ ဤရေကသိုဏ်းလည်း စျာန် ၅-ပါးလုံးကို ဖြစ်စေနိုင်၏၊</p>
<p>(ပထဝီမြေကသိုဏ်း ပွားများနည်းအတိုင်း အကျယ်ပွားများလေ။)<br>အာပေါ-ရေကသိုဏ်း ပွားများအားထုတ်ပုံ ပြီး၏၊</p>
---
<h3>(ဂ) တေဇော-မီးကသိုဏ်း ပွားများအားထုတ်ပုံ</h3>
<p><b>တေဇော-မီးကသိုဏ်း</b>ကိုလည်း ရှေးအတိတ် နီးသောဘဝက အားထုတ်ခဲ့ဘူးသော အထုံဝသီ ပါရမီ အဓိကာရ ရှိခဲ့လျှင် ပကတိသော မီးပုံ, မီးကျီး, မီးတောက်, ဆီမီး, ဖရောင်းတိုင်မီးတို့ကိုပင် ကြည့်ရှု၍ နိမိတ်ရနိုင်၏၊ အထုံဝသီ ပါရမီ အဓိကရ ရှိခဲ့လျှင် ပကတိသော မီးပုံ, မီးကျီး, မီးတောက်, ဆီမီး, ဖရောင်းတိုင် မီးကိုပင် ကြည့်ရှု၍ နိမိတ်ရနိုင်၏၊ အထုံဝသီ ပါရမီ အဓိကာရ မရှိခဲ့လျှင် မီးတောက်ကိုသော်လည်းကောင်း၊ မီးကျီးစုကိုသော်လည်းကောင်းဖြစ်စေ၍ မပူလောက်သော အနီး၌ထား၍ အလွတ်လည်းကြည့်ရှုရာ၏၊ ဖျာ, ရိုင်, သဲပွတ်, ဝါးကပ်-စသည်ကို တစ်ထွာလောက် အပေါက်ဖောက်၍ ထိုအပေါက်ဖြင့် ကာစီး၍သော် လည်း ကြည့်ရှုရာ၏၊</p>
<p>ဤမီးကသိုဏ်း၌ ဥဂ္ဂဟနိမိတ်ကား ပြင်ဘက် ပရိကမ္မနိမိတ် အတိုင်း မီးခဲဖြစ်လျှင် အခိုးအငွေ့ အရှိန်နှင့်တကွ မီးခဲတွေ အစိတ်အစိတ် ကွဲလျက်ပင်ထင်၏၊ ပဋိဘာဂနိမိတ်မှာ အခိုးအငွေ့ အရှိန်ကင်းလျက် မီးခဲတစ်ခုတည်း တသားတည်းတွေ ခဲလျက်ထင်၏၊ မီးတောက် ဥဂ္ဂဟ နိမိတ်မှာ အခိုးအငွေ့ အရှိန်နှင့်တကွ လောင်စာထင်းနှင့်တကွ လှုပ်ရှား လျက်ထင်၏၊ ပဋိဘာဂနိမိတ်မှာ အခိုးအငွေ့အရှိန်မရှိ လောင်စာထင်း စမရှိ ငြိမ်သက်စွာထင်၏၊ စျာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်းနည်းအတိုင်း ပေါ်၏၊</p>
<p>တေဇောမီးကသိုဏ်း ပွားများအားထုတ်ပုံ ပြီး၏၊</p>
---
<h3>(ဃ) ဝါယော-လေကသိုဏ်း ပွားများအားထုတ်ပုံ</h3>
<p><b>ဝါယော-လေကသိုဏ်း</b>ကိုလည်း ရှေးအတိတ် နီးသောဘဝက ဝါယော-လေကသိုဏ်းကို ရခဲ့ဘူးသော အထုံဝသီ ပါရမီ အဓိကာရ ရှိခဲ့လျှင် ပကတိကောင်းကင်ပြင်မှာ လွင့်တိုက်၍နေသော လေကိုပင် ဖမ်း၍ နိမိတ်ရအောင် ယူနိုင်၏၊</p>
<p>အထုံဝသီ ပါရမီ အဓိကာရ မရှိခဲ့လျှင် မြက်ပင်ဖျား, ပြောင်း ပင်ဖျား, ကြံပင်ဖျား, ဝါးရုံပင်ဖျား, သစ်ကိုင်း ဖျား, လက်လေးသစ်မျှ လောက်ရှည်သော ဆံတိုဆံပင်ဖျားတို့၌ လေတဖြတ်ဖြတ်ခတ်၍ လှုပ်၍နေသောအခါ ထိုခတ်အပ်သော မြက်ပင်ဖျား, ပြောင်းပင်ဖျား, ကြံပင်ဖျား-စသည်တို့ဖြင့်မှတ်၍ တိုက်ခတ်လာသောလေကို ဤနေရာ၌ လေတွေ ပြေးလွင့် ၍တိုက်ခတ်၍ ရှိနေသည်ဟု သတိပညာဖြင့် မှတ်၍ စိတ်ကူး၍ “လေ,လေ''ဟု ကြည့်ရှုဖမ်းယူအပ်၏၊ လေတိုက်ခတ်သောအခါ ကိုယ်ကို လေတိုက်ခံ၍သော်လည်း ထိုလေတိုက်ခတ်၍ ထိမှန်းသိသော နေရာ၌ လေကိုနှလုံးသွင်း၍ သတိသညာဖြင့် မှတ်၍ စိတ်ကူး၍ ဖမ်းယူအပ်၏၊</p>
<p>ဤလေကသိုဏ်း၌ -ဥဂ္ဂဟနိမိတ်ကား ရေတွေကဲ့သို့သော် လည်းကောင်း၊ မီးခိုးကဲ့သို့သော်လည်းကောင်း စီးသွား ပြေးလွင့်သော အခြင်းအရာအားဖြင့် လှုပ်ရှားလျက် ထင်၏၊ ပဋိဘာဂနိမိတ်ကား မလှုပ်မရှား ငြိမ်သက်စွာ ထင်၏၊ စျာန်ပေါ်ပုံမှာ ပထဝီ မြေကသိုဏ်းနည်း အတိုင်း ပေါ်၏၊ လေကိုမျက်စိဖြင့် မမြင်ရသော်လည်း မီးခိုးတို့၊ ရေတို့ ကဲ့သို့ပင်တည်း။</p>
<p>ဝါယော လေကသိုဏ်း ပွါးများ အားထုတ်ပုံ ပြီိး၏၊</p>
---
<h3>(င) နီလ အညိုကသိုဏ်း ပွါးများအားထုတ်ပုံ</h3>
<p><b>နီလ -အညို ကသိုဏ်း</b>ကိုလည်း ရှေးအတိတ် နီးသောဘဝက နီလ-အညိုကသိုဏ်းကို ရဘူးသော အထုံဝသီ ပါရမီ အဓိကာရ ရှိခဲ့လျှင် မပြုမပြင်ဘဲ ညိုညိုမြင်သမျှ အလုံးစုံသော ဝတ္ထုကိုပင် ကြည့်ရှု၍ အလွယ်တကူဖြင့် နိမိတ်ရနိုင်၏၊ အထုံဝသီ ပါရမီ အဓိကာရ မရှိခဲ့လျှင် မိမိအထွာဖြင့် တစ်ထွာလောက် အလျားအနံကျယ်စွာ သစ်သားကို ယပ်ဝန်း, ရေအိုးဖုံးများကဲ့သို့ လက်ကိုင်စရာ အရိုးနှင့်တကွ ကသိုဏ်းဝန်း လုပ်၍ အညိုဆုံးဆေးကို အချောဆုံး အလှဆုံး-နေအောင်လုပ်၍ သုတ်၍ အနား၌ အညိုရောင်ကို တောက်ထစေတတ်သော အနီဖြစ်စေ, အဖြူ ဖြစ်စေ- အမှတ်မရှိ တစ်ခုခု ဒန်ပူတစ်ပြား (ငွေမူးစေ့ခန့်) ဆေးမင်အနား သတ် တင်သား သုတ်လိမ်း၍ “အညို၊ ညို''ဟု စိတ်ထဲက မှတ်၍ကြည့်ရှု ၍-နိမိတ်ယူရာ၏၊</p>
<p>ဤအညိုကသိုဏ်း၌- ဥဂ္ဂဟနိမိတ်ကား ပြင်ဘက် ပရိကမ္မ နိမိတ်နှင့် တထပ်တည်းတူစွာ မျက်စိနှင့် မြင်သော အတိုင်းပင်ထင်၏၊ ပဋိဘာဂ နိမိတ်မှာ ဥဂ္ဂဟနိမိတ်ထက် အဆအရာမက ညိုချောပြောင် လင်းလျက် အလွန်နှစ်သက်ဖွယ် ပတ္တမြားညိုယပ်ဝန်းကဲ့သို့ ထင်၏၊ စျာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်း နည်းအတိုင်း ပေါ်၏၊</p>
<p>နီလ-အညိုကသိုဏ်း ပွားများအားထုတ်ပုံ ပြီး၏၊</p>
---
<h3>(စ) ပီတ- အဝါကသိုဏ်း ပွားများအားထုတ်ပုံ</h3>
<p><b>ပီတ- အဝါကသိုဏ်း</b>ကိုလည်း ရှေးအတိတ် နီးသောဘဝက ပီတ-အဝါကသိုဏ်းကို ရဖူးသော အထုံဝသီ ပါရမီ အဓိကာရ ရှိခဲ့လျှင် မပြုမပြင်ဘဲ ဝါဝါမြင်သမျှ အလုံးစုံသော ဝတ္ထုကိုပင် ကြည့်ရှု၍ အလွယ်တကူဖြင့် နိမိတ်ရနိုင်၏၊ အထုံဝသီ ပါရမီ အဓိကာရ မရှိခဲ့လျှင် မိမိ အထွာဖြင့် တစ်ထွာလောက် အလျားအနံ ကျယ်စွာ သစ်သားကို ယပ်ဝန်း, ရေအိုးဖုံးများကဲ့သို့ လက်ကိုင်စရာ အရိုးနှင့်တကွ ကသိုဏ်း ဝန်းလုပ်၍ အဝါဆုံးဆေးကို အချောဆုံး အလှဆုံးဖြစ်အောင် သုတ်၍ အနား၌ အဝါရောင်ကို တောက်ထစေတတ်သော အနီဖြစ်စေ, အညိုဖြစ် စေ, အနက်ဖြစ်စေ, အဖြူဖြစ်စေ-အမှတ်မရှိတစ်ခုခု ဒန်ပူတစ်ပြား (ငွေမူး စေ့ခန့် ) ဆေးမင် အနားပတ် တင်သားသုတ်လိမ်း၍ “အဝါ, အဝါ” ဟု စိတ်ထဲကမှတ်၍ ကြည့်ရှု၍ နိမိတ်ယူရာ၏၊</p>
<p>ဤအဝါကသိုဏ်း၌- ဥဂ္ဂဟနိမိတ်ကား ပြင်ဘက်ပရိကမ္မနိမိတ် နှင့် တထပ်တည်းတူစွာ မျက်စိနှင့်မြင်သောအတိုင်းပင် ထင်၏၊ ပဋိဘာဂ နိမိတ်မှာ ဥဂ္ဂဟနိမိတ်ထက် အဆအရာမက ဝါ-ချောပြောင်လင်းလျက် အလွန်နှစ်သက်ဖွယ် ပတ္တမြားဝါ ယပ်ဝန်းကဲ့သို့ ထင်၏၊ စျာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်း နည်းအတိုင်း ပေါ်၏၊</p>
<p>ပီတ-အဝါကသိုဏ်း ပွားများအားထုတ်ပုံ ပြီး၏၊</p>
---
<h3>(ဆ) လောဟိတအနီကသိုဏ်း ပွားများအားထုတ်ပုံ</h3>
<p><b>လောဟိတ-အနီကသိုဏ်း</b>ကိုလည်း ရှေးအတိတ် နီးသော ဘဝက လောဟိတအနီကသိုဏ်းကို ရဖူးသော အထုံဝသီ ပါရမီ အဓိကာရ ရှိခဲ့လျှင် မပြုမပြင်ဘဲ နီနီသမျှ အလုံးစုံသော ဝတ္ထုကိုပင် ကြည့်ရှု၍ အလွယ်တကူဖြင့် နိမိတ်ရနိုင်၏၊ အထုံဝသီ ပါရမီ အဓိကာရ မရှိခဲ့လျှင် မိမိအထွာဖြင့်တစ်ထွာလောက် အလျားအနံကျယ်စွာ သစ်သားကို ယပ်ဝန်း, ရေအိုးဖုံးများကဲ့သို့ လက်ကိုင်စရာ အရိုးနှင့်တကွ ကသိုဏ်းဝန်းလုပ်၍ အနီဆုံးဆေးကို အချောဆုံး အလှဆုံးနေအောင် သုတ်၍ အနား၌ အနီရောင်ကို တောက်ထစေတတ်သော အညိုဖြစ်စေ, အဝါဖြစ်စေ, အဖြူဖြစ်စေ-အမှတ်မရှိ တစ်ခုခု ဒန်ပူတစ်ပြား (ငွေမူး စေ့ခန့်) ဆေးမင် အနားပတ် တင်သား သုတ်လိမ်း၍''အနီ,အနီ” ဟု စိတ်ထဲကမှတ်၍ ကြည့်ရှု၍ နိမိတ်ယူရာ၏၊</p>
<p>ဤအနီကသိုဏ်း၌-ဥဂ္ဂဟနိမိတ်ကား ပြင်ဘက် ပရိကမ္မနိမိတ်နှင့် တထပ်တည်းတူစွာ မျက်စိနှင့် မြင်သော အတိုင်းပင် ထင်၏၊ ပဋိဘာဂ နိမိတ်မှာ ဥဂ္ဂဟနိမိတ်ထက် အဆအရာမက နီ-ချော ပြောင်လင်းလျက် အလွန် နှစ်သက်ဖွယ်ပတ္တမြားနီ, ယပ်ဝန်းကဲ့သို့ ထင်၏၊ စျာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်း နည်းအတိုင်း ပေါ်၏၊</p>
<p>လောဟိတ- အနီကသိုဏ်း ပွားများအားထုတ်ပုံ ပြီး၏၊</p>
---
<h3>(ဇ) ဩဒါတ- အဖြူကသိုဏ်း ပွားများအားထုတ်ပုံ</h3>
<p><b>ဩဒါတ- အဖြူကသိုဏ်း</b>ကိုလည်း ရှေးအတိတ် နီးသောဘဝက ဩဒါတ-အဖြူကသိုဏ်းကို ရဖူးသော အထုံဝသီ ပါရမီအဓိကာရ ရှိခဲ့လျှင် မပြုမပြင်ဘဲ ဖြူဖြူမြင်သမျှ အလုံးစုံသော ဝတ္ထုကိုပင် ကြည့်ရှု၍ အလွယ်တကူဖြင့် နိမိတ်ရနိုင်၏၊ အထုံဝသီ ပါရမီ အဓိကာရ မရှိခဲ့လျှင် မိမိအထွာဖြင့် တစ်ထွာလောက် အလျားအနံကျယ်စွာ သစ်သားကို ယပ်ဝန်း, ရေအိုးဖုံးများကဲ့သို့ လက်ကိုင်စရာ အရိုးနှင့်တကွ ကသိုဏးဝန်း လုပ်၍ အဖြူဆုံးသောဆေးကို အချောဆုံး အလှဆုံးနေအောင် သုတ်၍ အနား၌ အဖြူရောင်ကို တောက်ထစေတတ်သော အနက်ဖြစ်စေ, အဝါဖြစ်စေ, အနီဖြစ်စေ အမှတ်မရှိ တစ်ခုခု ဒန်ပူတစ်ပြား (ငွေမူးစေ့ခန့်) ဆေးမင်အနားပတ် တင်သား သုတ်လိမ်း၍ “အဖြူ အဖြူ “ ဟု စိတ်ထဲက မှတ်၍ ကြည့်ရှု၍ နိမိတ်ယူရာ၏၊</p>
<p>ဤ အဖြူကသိုဏ်း၌- ဥဂ္ဂဟနိမိတ်ကား ပြင်ဘက် ပရိကမ္မ နိမိတ်နှင့် တထပ်တည်းတူစွာ မျက်စိနှင့် မြင်သော အတိုင်းပင် ထင်၏၊ ပဋိဘာဂနိမိတ်မှာ ထိုဥဂ္ဂဟနိမိတ်ထက် အဆအရာမက ဖြူချောနုနယ် ပြောင်လင်းလျက် အလွန်နှစ်သက်ဖွယ် ဖြစ်၍ ထင်၏၊ အဖြူ ပရိကမ္မ နိမိတ်ကို ကြည့်ရှုသောအခါ အပေါ်ရံ၌ ရေကဲ့သို့ လှုပ်ရှားအိအိ အပေါ် ရောင်ရှိ၏၊</p>
<p>ထိုအပေါ်ရောင် အတွင်းက ပေါ်လာသော အဖြူထက်ပင် ပဋိဘာဂနိမိတ်က အဆများစွာ သာလွန်၍ ဖြူချောနုနယ် ပြောင်လင်း သေး၏၊ စျာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်းနည်းအတိုင်း ပေါ်၏၊</p>
<p>ဩဒါတ- အဖြူကသိုဏ်း ပွားများအားထုတ်ပုံ ပြီး၏၊</p>
---
<h3>(စျ) အာလောက-အလင်းကသိုဏ်း ပွားများအားထုတ်ပုံ</h3>
<p><b>အာလောက-အလင်းကသိုဏ်း</b> နိမိတ်ဆိုသည်ကား အမိုးပေါက်, နံရံပေါက်များမှ နေရောင်ဝင်လာ၍ အိမ်ခန်း ကျောင်းခန်းအတွင်း ကြမ်းပြင် နံရံများမှာ ထင်နေသော နေရောင်ကွက်ကို ဆိုသည်၊ ထိုနေရောင် ကွက်ကို “အလင်း အလင်း” ဟု စိတ်ထဲကမှတ်၍ မျက်စိ နှင့်မြင်သောအတိုင်း စိတ်ထဲ၌ စွဲကပ်ထင်မြင်၍ ပါလာအောင် ကြည့်ရှု၍ ယူရာ၏၊ ဤကဲ့သို့ နေရောင်ကွက်အခင်းက ကြာရှည်မခံ၍ ရအောင် မယူနိုင်လျှင် မှန်ကိုနေပူ၌ အခန်းတွင်းသို့ မျက်နှာလှည့်ပြထား၍ ထိုမှန်ရောင် အလင်းကွက်ကို ကြည့်၍ ယူရာ၏၊ ညဉ့်အခါ အခန်းတွင်း နံရံ၌ တပါးမှ လာစေ၍ ထင်လာသော မီးရောင် အလင်းကွက်ကိုသော် လည်း ကြည့်ရှု၍ ယူရာ၏၊</p>
<p>ဤအလင်းကသိုဏ်း၌- ဥဂ္ဂဟနိမိတ်ကား အပြင်ဘက် ပရိကမ္မ နိမိတ်နှင့် တထပ်တည်းတူစွာ မျက်စိနှင့် မြင်သော အတိုင်းပင် ထင်၏၊ ပဋိဘာဂနိမိတ်မှာ ထိုဥဂ္ဂဟတိမိတ်ထက်သာလွန်၍ လင်းလျက် ထူးကဲစွာ တွေ့ခဲ၍ အရောင်လုံး အရောင်ခဲကြီးကဲ့သို့ ထင်၏၊ စျာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်း နည်းအတိုင်းပေါ်လာ၏၊</p>
<p>အာလောက-အလင်းကသိုဏ်း ပွားများအားထုတ်ပုံ ပြီး၏၊</p>
---
<h3>(ည) အာကာသ-အလင်းရောင်ကသိုဏ်း ပွားများအားထုတ်ပုံ</h3>
<p><b>အာကာသ-ကောင်းကင်ကသိုဏ်းနိမိတ်</b> ဆိုသည်ကား အမိုး ပေါက်, နံရံပေါက်, ပြတင်းပေါက်များ ကိုဆိုသည်၊ ကြည့်ရှုလိုသောအခါ ဝိုင်းဝိုင်းစက်စက် လှပစွာ ပဏာရအောင် အမိုးကိုဖြစ်စေ, နံရံကိုဖြစ်စေ မိမိအထွာဖြင့် ၂-ထွာလောက် ဝိုင်းဝိုင်းစက်စက် အပေါက်ဖောက်၍ ထိုအပေါက်ကို “ကောင်းကင်ဟင်းလင်း, ကောင်းကင်ဟင်းလင်း” ဟု စိတ်ထဲကမှတ်၍ မျက်စိနှင့် မြင်သောအတိုင်း ဟင်းလင်းကောင်းကင် ကွက်ကို စိတ်ထဲ၌ စွဲကပ်ထင်မြင်၍ ပါလာအောင် ကြည့်ရှု၍ ယူရာ၏၊</p>
<p>(အဝိုင်းမှသာမဟုတ် လေးထောင့် ပြတင်းပေါက်ကိုလည်း<br>ကြည့်ရှုယူရပါ၏၊ နိမိတ်ရသည်သာ လိုရင်းတည်း။)</p>
<p>ဤကောင်းကင်ကသိုဏ်း၌- ဥဂ္ဂဟနိမိတ်ကား အမိုးစွန်း, နံရံစွန်း နှင့်တကွ ထင်၏၊ ပဋိဘာဂနိမိတ်မှာ အစွန်းပျောက်လျက် ကောင်းကင် ဟင်းလင်းကွက် သက်သက်ကြီးထင်၏၊ စျာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်း နည်းအတိုင်း ပေါ်၏၊</p>
<p>အာကာသ-ကောင်းကင်ကသိုဏ်း ပွားများအားထုတ်ပုံ ပြီး၏၊</p>
---
<h3>ကသိဏ ကမ္မဋ္ဌာန်း၌ မှတ်ဖွယ်</h3>
<p><b>ဝဏ္ဏ-အဆင်းကသိုဏ်း</b>၌-ကဏှ-မည်းနက်သောအဆင်း, ဟရိတ-စိန်သောအဆင်းတို့ကိုလည်း ကြည့်ရှု၍ နိမိတ်ရနိုင်၏၊ စျာန် ရနိုင်၏၊ ကဏှ-ကသိုဏ်း, ဟရိတ-ကသိုဏ်းတို့ကို နီလ-ကသိုဏ်း ဟူ၍ပင် ခေါ်ဆို ရေတွက်အပ်၏၊</p>
<p>ထိုနည်းတူ</p>
<ol>
<li>အဝါနှင့်နီးစပ်သော အလုံးစုံသော အဆင်းကသိုဏ်းတို့ကို <b>အဝါ-ကသိုဏ်း</b>ဟူ၍ပင် ခေါ်ဆို ရေတွက်အပ်၏၊</li>
<li>အနီနှင့်နီးစပ်သော အလုံးစုံသော အဆင်းတို့ကို <b>အနီကသိုဏ်း</b>ဟူ၍ပင် ခေါ်ဆိုရေတွက်အပ်၏၊</li>
<li>အဖြူနှင့်နီးစပ်သော မွဲပြာပြာ ပြာစိမ်းစိမ်းစသော အလုံးစုံ သောအဆင်းတို့ကို <b>အဖြူ-ကသိုဏ်း</b>ဟူ၍ပင် ခေါ်ဆို ရေတွက်အပ်၏၊</li>
</ol>
<p>(လောက၌ မျက်စိဖြင့် မြင်မြင်သမျှ ကသိုဏ်းချည်းပင်တည်း၊ အရပ် ၁၀-မျက်နှာကို ဘယ်အရပ်ကိုဘဲ ကြည့်ကြည့် ကသိုဏ်းချည်းပင် မြင်ရတော့၏၊ နိမိတ်ရအောင်သာ ကြည့်ရှု၍ ယူကြလေ။)</p>
<p>ကသိုဏ်းကို ကြည့်ရှု ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် <b>ကသိုဏ်း ၁၀-ပါး</b>တို့တွင် မိမိစိတ် ချစ်ခင် နှစ်သက် တွယ်တာပုံရသော တစ်ခုခုသော ကသိုဏ်းကို ရှေးဦးစွာ ကြည့်ရှု၍ နိမိတ်ယူ၍ စျာန် ၅- ပါးတို့ကို ဖြစ်စေရာ၏၊ ကသိုဏ်းနိမိတ်တစ်ခုခုကို ရသည်ရှိသော် ကြွင်းကသိုဏ်းနိမိတ်တို့ကို အလွယ်တကူဖြင့်ပင် ရရှိနိုင်တော့၏၊ ရှေး အတိတ်ကာလက အထုံဝသီ ပါရမီ အဓိကာရမရှိသော ပကတိသော ပုဂ္ဂိုလ်မှာ ပထဝီ ကသိုဏ်းလည်း ခက်ခဲသည်၊ နိမိတ် ရခဲသည်၊ ဝါယော ကသိုဏ်း, အာလောက ကသိုဏ်းတို့လည်း ခက်သည်၊ နိမိတ် ရခဲသည်။ ရေကသိုဏ်း, မီးကသိုဏ်း, ကောင်းကင်ကသိုဏ်းတို့လည်း တော်တော်လွယ်၏၊ အလွယ်ဆုံးမှာ ဝဏ္ဏ-အဆင်း ကသိုဏ်းတို့ သာ၍ လွယ်၏၊ အလုပ်ရ အကြည့်ရ လွယ်၏၊ နိမိတ်လည်း ရလွယ်၏၊ ဤဝဏ္ဏ-အဆင်းကသိုဏ်းတို့တွင်လည်း အာဒိကမ္မိက အဦးအစ ပုဂ္ဂိုလ်အား ထိန, မိဒ္ဓ ထိုင်းမှိုင်းခြင်းကို လျင်မြန်စွာ ကင်းကွာစေ တတ်သော အလွန်စိတ်ဉာဏ်ကို ကြည်စေတတ်သော နိမိတ်မရခင် လမ်းခရီး၌ပင် အထည်ဝတ္ထု အဆင်းဟူသမျှကို အလိုရှိတိုင်း မြင်စေ တတ်သော အလွန်တန်ခိုးအာနုဘော်ကြီးသော ကသိုဏ်းတို့တွင် အမြတ် ဆုံး, အကောင်းဆုံး, အသာဆုံး- ဟူ၍ ဘုရားရှင် ဧတဒဂ်ထားတော်မူ သော <b>ဩဝါဒ-အဖြူကသိုဏ်း</b>ကို ရှေးဦးစွာ ပွားများခြင်းကို ငါတို့ လွန်စွာ နှစ်သက်၏၊</p>
<p>ကသိုဏ်း ၁၀-ပါး ပွားများအားထုတ်ပုံ ပြီး၏၊</p>
---
<h3>၅။ အသုဘကမ္မဋ္ဌာန်းကို ပြဆိုခန်း</h3>
<h3>(က) ဥဒ္ဓုမာတက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ</h3>
<p><b>အသုဘ ၁၀-ပါး</b>တို့တွင်<br><b>ဥဒ္ဓုမာတက အသုဘ</b>-ဆိုသည်ကား သေပြီး၍ ညိုကွက် မလာခင် ဖူးဖူရောင်သော လူသေကောင်ကို ဆိုသည်၊ ဥဒ္ဓုမာတက အသုဘကို ကြည့်ရှု ပွါးများလိုသော ယောဂီပုဂ္ဂိုလ်သည် ဖူးဖူးရောင်သော လူသေကောင်ကို ကသိုဏ်း နိမိတ် ယူဘိသကဲ့သို့ မျက်စိဖြင့် မြင်သော အတိုင်း စိတ်ထဲ၌ စွဲကပ်ထင်မြင်၍ ပါ၍လာအောင် စက်ဆုပ်ဖွယ်သော အကောင်ပုပ်ဟု စိတ်ထဲက မှတ်၍ မျက်စိဖြင့် ကြည့်၍ နိမိတ်ယူရာ၏၊ ဤဥဒ္ဓုမာတက အသုဘ၌- ဥဂ္ဂဟနိမိတ်ကား မျက်စိဖြင့် မြင်သောအတိုင်းပင် စက်ဆုပ်ဖွယ် ကြောက်မက်ဖွယ်ကြီးအတိုင်းပင် ထင်၏၊ ပဋိဘာဂနိမိတ်မှာ ကြောက်မက်ဖွယ် စက်ဆုပ်ဖွယ် မရှိ၊ အလွန် ချောမွန်လှပစွာ ပြည့်ဖြိုးစွာ နှစ်သက်ဖွယ်ဖြစ်၍ ထင်၏၊ ဤဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ် ၂-ပါးကိုပင် စက်ဆုပ်ဖွယ်ဟု စိတ်ထား၍ နှလုံးသွင်း၍ ရှုအပ်၏၊ ကြည့်ရှုဖန်များသောအခါ ကသိုဏ်း၌ ဆိုခဲ့ပြီးသောအတိုင်း ပထမစျာန် ဇောဝီထိကျလာ၏၊ ပထမစျာန်ကို ရ၏၊</p>
<p>(အာရုံကြမ်းတမ်းခြင်းကြောင့် အထက် ဒုတိယစျာန်ကိုကား မဖြစ်စေနိုင်၊ မရနိုင်၊ ကြွင်းအသုဘတို့လည်း ထိုနည်းတူ ပထမစျာန်မျှကို သာ ဖြစ်စေနိုင်ကြ၏)</p>
<h3>(ခ) ဝိနီလက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ</h3>
<p><b>ဝိနီလက အသုဘ</b>-ဆိုသည်ကား ပုပ်၍ ညိုနေသော ဖူးဖူးရောင်ပြီး၍ ကွဲပေါက်ခါနီး အညို အနီ စသည်ရောလျက် အကွက် အကွက် ပေါ်ထပုပ်ရိသော လူသေကောင်ပုပ်ကြီးကို ဆိုသည်၊ ဤဝိနီလက အသုဘကိုလည်း''ဝိနီလက-ပုပ်၍ ညို၍နေသော သူကောင်” ဟု စိတ်ထဲကမှတ်လျက် ဥဒ္ဓုမာတက နည်းတူ နိမိတ်ယူရာ၏၊</p>
<p>ဥဂ္ဂဟနိမိတ်ကား မျက်စိဖြင့် မြင်သောအတိုင်းပင် စက်ဆုပ်ဖွယ် ကြောက်မက်ဖွယ် အခြင်းအရာအားဖြင့် ထင်၏၊ ပဋိဘာဂနိမိတ်မှာ စက်ဆုပ်ဖွယ် ကြောက်မက်ဖွယ် မရှိ၊ အလွန်ချောမွန်လှပစွာ နှစ်သက်ဖွယ် ဖြစ်၍ ထင်၏၊</p>
<p>ဝိနီလက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ ပြီး၏၊</p>
---
<h3>(ဂ) ဝိပုဗ္ဗက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ</h3>
<p><b>ဝိပုဗ္ဗက အသုဘ</b>-ဆိုသည်ကား ပုပ်ရိပြီး၍ သွေးပြီတို့ဖြင့် အက်ကွဲယိုကျ၍နေသော လူသေကောင်ပုပ်ကြီးကိုပင် ဆိုသည်၊ ဤဝိပုဗ္ဗက အသုဘကိုလည်း “ဝိပုဗ္ဗက-ပြည်ယို၍နေသော သူကောင်” ဟု စိတ်ထဲကမှတ်လျက် ရှေးနည်းတူနိမိတ်ယူရာ၏၊ ဥဂ္ဂဟနိမိတ်ကား မျက်စိနှင့် မြင်သောအတိုင်း စက်ဆုပ်ဖွယ် ကြောက်မက်ဖွယ် အခြင်းအရာ အားဖြင့် ထင်၏၊ ပဋိဘာနိမိတ်မှာ စက်ဆုပ်ဖွယ်, ကြောက်မက်ဖွယ် မရှိ၊ အလွန်ချောမွန် လှပစွာ နှစ်သက်ဖွယ်ဖြစ်၍ ထင်၏၊</p>
<p>ဝိပုဗ္ဗက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ ပြီး၏၊</p>
<h3>(ဃ) ဝိစ္ဆိဒ္ဒက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ</h3>
<p><b>ဝိစ္ဆိဒ္ဒက အသုဘ</b>-ဆိုသည်ကား ၂-ပိုင်းပြတ်သော လူသေ ကောင်ကို ဆိုသည်၊ ဤဝိစ္ဆိဒ္ဒက အသုဘကိုလည်း ၂-ပိုင်းပြတ်ကို လက်တစ်သစ်ခန့် ကွာခြားအောင် ပူးယှဉ်စပ်ဆက်၍ ထားပြီးလျှင် ဝိစ္ဆိဒ္ဒက-ဟု စိတ်ထဲကမှတ်လျက် ရှေးနည်းတူ နိမိတ်ယူရာ၏၊ ဥဂ္ဂဟ နိမိတ်ကား မျက်စိဖြင့်မြင်သောအတိုင်းပင် စက်ဆုပ်ဖွယ်, ကြောက် မက်ဖွယ် မရှိ၊ အလွန်ချောမွန် လှပစွာ နှစ်သက်ဖွယ် တစ်ခုတည်းဖြစ်၍ ထင်၏၊ အပြစ်မရှိ။</p>
<p>ဝိစ္ဆိဒ္ဒက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ ပြီး၏၊</p>
<h3>(င) ဝိက္ခာယိတက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ</h3>
<p><b>ဝိက္ခာယိတက အသုဘ</b>-ဆိုသည်ကား ကျီး, ခွေး, လင်းတ စသည်တို့ ထိုးဆွ ကိုက်ခဲ၍ စားရာ တွေ့ရှိသော လူသေကောင်ကို ဆိုသည်။</p>
<p>ဤဝိက္ခာယိတကကိုလည်း ဝိက္ခာယိတက-ဟု စိတ်ထဲက မှတ် လျက် ရှေးနည်းတူ နိမိတ်ယူရာ၏၊</p>
<p>ဥဂ္ဂဟနိမိတ်ကား ကိုက်ခဲဆိတ်ကုတ်ရာနှင့်တကွ ထင်၏၊</p>
<p>ပဋိဘာဂနိမိတ်မှာ ကိုက်ခဲဆိတ်ကုတ်ရာ မရှိ၊ ပြေပြစ်ချောမွန် လှပစွာ နှစ်သက်ဖွယ်ဖြစ်၍ ထင်၏၊</p>
<p>ဝိက္ခာယိတက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ ပြီး၏၊</p>
<h3>(စ) ဝိက္ခိတ္တက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ</h3>
<p><b>ဝိက္ခိတ္တက အသုဘ</b>-ဆိုသည်ကား ခြေတစ်ခြား, လက်တစ်ခြား ကိုယ်တစ်ခြား ခေါင်းတစ်ခြား အားဖြင့် တစ်ကွဲစီ တစ်ကွဲစီ ပစ်လွင့်၍ ထားအပ်သော လူသေကောင်ကို ဆိုသည်။</p>
<p>ဤဝိက္ခိတ္တက ကိုလည်း တစ်စပ်တည်း စုပုံယှဉ်ထား၍ ဝိက္ခတ္တ ကဟု စိတ်ထဲက မှတ်လျက် ရှေးနည်းတူ နိမိတ်ယူရာ၏၊ ဥဂ္ဂနိမိတ်ကား မျက်စိနှင့် မြင်သောအတိုင်းပင် ထင်၏ ပဋိဘာဂနိမိတ်မှာ အပိုင်းအပြတ် အကွဲမရှိ တစ်လုံးတည်း၊ တစ်ဆက်တည်း၊ တစ်ခုတည်း၊ စပ်လျက် အလွန် နှစ်သက်ဖွယ်ဖြစ်၍ ထင်၏၊</p>
<p>ဝိက္ဓိတ္တက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ ပြီး၏၊</p>
<h3>(ဆ)ဟတဝိက္ခိတ္တကအသုဘကမ္မဋ္ဌာန်းပွါးများ အားထုတ်ပုံ</h3>
<p><b>ဟတဝိက္ခိတ္တက အသုဘ</b>-ဆိုသည်ကား ခြေ ကက် ကိုယ် ခေါင်း တစ်ခြားစီဖြစ်လျက် ဓားရာခြင်း ရှုပ်အောင်မွှန်း၍ တစ်ကွဲစီ တစ်ကွဲစီ ပစ်လွင့်၍ ထားအပ်သော လူသေကောင်ကိုပင် ဆိုသည်။</p>
<p>ဤဟတဝိက္ခတ္တက-သည် ဝိက္ခိတ္တကနှင့်တူ၏၊ ဓားမွန်းရာပို၍ ဟတဝိက္ခိတ္တကဟု စိတ်ထားမှု မှတ်မှု ပဋိဘာဂနိတ်မိတ်၌ အရာအဆာ မပါရှိမှုမျှသာ ထူးတော့၏၊</p>
<p>ဟတဝိက္ခိတ္တက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ ပြီး၏၊</p>
<h3>(ဇ) လောဟိတက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ</h3>
<p><b>လောဟိတက အသုဘ</b> -ဆိုသည်ကား ထိုမှ ဤမှ သွေးယိုထွက် ၍ ကိုယ်၌ အနှံ့အပြား သွေးလိမ်ကျံ၍ နေသော လူသေကောင်ကို ဆိုသည်။</p>
<p>ဤလောဟိတက-ကိုလည်း လောဟိတက ဟု စိတ်ထဲကမှတ် လျက် ရှေးနည်းတူ နိတ်မိတ်ယူရာ၏၊ ဥဂ္ဂဟနိမိတ်ကား မျက်စိနှင့်မြင် သောအတိုင်းပင် အရာအဆာနှင့်တကွ စက်ဆုပ်ကြောက်မက်ဖွယ် အ ခြင်းအရာအားဖြင့် ထင်၏၊</p>
<p>ပဋိဘာဂနိမိတ်မှာ အရာအဆာ မရှိ၊ စက်ဆုပ်ကြောက်မက်ဖွယ် မရှိ။ လှပချောမောစွာ အမ္ဗလာနီ လွှမ်းခြုံ၍ထားဘိသကဲ့သို့ အလွန် နှစ်သက်ဖွယ် ဖြစ်၍ ထင်၏၊</p>
<p>လောဟိတက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ ပြီး၏၊</p>
<h3>(စျ) ပုဠုဝက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ</h3>
<p><b>ပုဠုဝက အသုဘ</b> -ဆိသည်ကား ပိုးလောက်တွေ ကျိကျိတက် ရွရွတက် ပြည့်၍နေသော သူကောင်ပုတ်ကို ဆိုသည်။</p>
<p>ဤပုဠုဝက-ကိုလည်း ပုဠုဝက ဟု စိတ်ထဲက မှတ်လျက် ရှေးနည်း တူ နိမိတ်ယူရာ၏၊ ဥဂ္ဂဟနိတ်မိတ်ကား မျက်စိနှင့် မြင်သောအတိုင်းပင် အလွန်စက်ဆုပ်ဖွယ်ဖြစ်လျက် အကောင်ပုတ်နှင့်တကွ ပိုးလောက်တွေ ကျိကျိတက် သွားလာလှုပ်ရှားနေပုံ အခြင်းအရာအားဖြင့် ထင်၏၊ ပဋိဘာဂနိမိတ်မှာ စက်ဆုပ်ဖွယ်မရှိ။ ဖြူစွာသော ထမင်းလုံး ထမင်းခဲ တို့ဖြင့် ရောပြွမ်း၍ နေဘိသကဲ့သို့ ပိုးလောက်တွေ ငြိမ်သက်စွာတည်လျက် နှစ်သက်ဖွယ်ဖြစ်၍ ထင်၏၊ ပိုးလောက်နည်းမှု များမှုအားလျော်စွာ ထင်မှုကို မှတ်အပ်၏၊</p>
<p>ပုဠုဝက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံပြီး၏၊</p>
<h3>(ည) အဋ္ဌိက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်ပုံ</h3>
<p><b>အဋ္ဌိက အသုဘ</b>-ဆိုသည်ကား လူသေကောင်၏ အရိုးကို ဆိုသည်။</p>
<p>ဤအရိုးသည်</p>
<ol>
<li>ကြောဆက် မပြုတ်သေး၊ သွေးအသား အကတ်အသတ် ကျန်ရှိသေးသော အရိုး၊</li>
<li>အသားမရှိ အသွေးဖြင့်သာ လိမ်းကျံလျက် အဆက်မပြုတ် သေးသော အရိုး၊</li>
<li>အသွေးအသားမရှိ အဆက်မပြုတ်သေးသော အရိုး၊</li>
<li>အကြောဆက်တို့ ပြုတ်ပြီး၍ တစ်ကွဲတစ်ခြားစီ နေသောအရိုး၊</li>
</ol>
<p>ဟူ၍ ၄-ပါးရှိသော အရိုးတို့တွင် ရရာအရိုးကိုပင် ကြည့်ရှုရာ၏၊ တကွဲတခြားစီနေသော အရိုးတို့ကိုကား စု၍ရလျှင် ပေါင်းယှဉ်ထား၍ ကြည့်ရာ၏၊ ရသမျှပင် ကြည့်ရာ၏၊ တစ်ခုတည်း တစ်ချောင်းတည်းကို ပင်လည်း ကြည့်ရှုရာ၏၊ စက်ဆုပ်ဖွယ်သော အရိုးစု အရိုးစုဟု စက်ဆုပ် ဖွယ်အနေစိတ်ထား၍ ကသိုဏ်းနိမိတ် ယူဘိသကဲ့သို့ စိတ်ထဲ၌ စွဲကပ် ထင်မြင်၍ ပါ၍လာအောင် ကြည့်ရှုရာ၏၊ ကြည့်ရှု၍ နိမိတ်ယူရာ၏၊</p>
<p>ဤအဋ္ဌိက၌ ဤအဋ္ဌိက၌ - ဥဂ္ဂဟနိမိတ်ကား မျက်စိဖြင့် မြင်သောအတိုင်း ပင် စက်ဆုပ်ဖွယ် အခြင်းအရာအတိုင်း ထင်၏၊ ပဋိဘာဂနိမိတ်မှာ ပြေပြစ်ချောမောလှပစွာ နှစ်သက်ဖွယ်ဖြစ်၍ ထင်၏၊</p>
<p>အဋ္ဌိက အသုဘကမ္မဋ္ဌာန်း ပွါးများအားထုတ်နည်းပြီး၏၊</p>
---
<h3>အသုဘကမ္မဋ္ဌာန်း၌ မှတ်ဖွယ်</h3>
<p><b>အသုဘ ၁၀-ပါး</b>တို့တွင် အကောင်အထည် မပျက်သေးသော အသုဘကောင်ကို ကြည်ညရှုရာ၌ နိမိတ်ထင်ခါနီးအခါ၌ လူသေကောင် ကြီး လာဘိသကဲ့သို့ ထ၍ မိမိထံကို လွှမ်းမိုး၍ လိုက်လာဘိသကဲ့သို့ ကြောက်အားကြီးသဖြင့် စိတ်ထဲမှာထင်လာတတ်၏၊</p>
<p>ထိုအခါ ကြောက်လန်၍ နှလုံးသွေးများ ပျက်မတတ် ရူးသွပ် တတ်သည်။ ကြပ်ကြပ်သတိပြုအပ်၏၊ အဝိညာဏကဖြစ်သော သစ်ပင် သစ်တုံးသည် ထ မလိုက်လာနိုင်ဘိကဲ့သို့ အသက်ဝိညာဏ်ကင်း ပြီးသော လူသေကောင်သည် အဘယ်မှာ ထ လိုက်နိုင်လိမ်မည်နည်း။</p>
<p>ဤကဲ့သို့ထင်မှုသည် မောင်မင်းစိတ်ရင့်သန်၍ နိမိတ်ရခါနီးမို့ ထင် ခြင်းသာတည်း။ မကြောက်လင့်ဟု မိမိကိုယ်ကို မိမိဆုံးမ၍ ကြောက်ခြင်း ကင်းစေ၍ နှစ်သက်ဝမ်းမြောက်စွာ ကြည့်ရှုရာ၏၊ အကောင်အထည် အရေပါမစုတ်သေး မပျက်သေးလျှင် ဖုတ်ဝင်၍ ဖြစ်နိုင်သေး၏၊ စုတ်ပျတ် ချွတ်ယွင်းနေလျှင် ဖုတ်ဝင်၍ မဖြစ်။ အကယ်၍ဖုတ်ဝင်၍ ထလာခဲ့လျှင် တောင်ဝှေးဖြင့် တွန်းထိုး၍ လှဲအပ်၏၊ ပရိတ် မန္တန်ဖြင့် သော်လည်း လှဲအပ်၏၊ တစ်ယောက်တည်း အသုဘရှု သွားသောသူသည် တောင်ဝှေး ပရိတ် စသည့်ကောင်းမွန်စွာ ဆောင် အပ်၏၊ သတိကောင်း ကောင်း ထားအပ်၏၊</p>
<p>ကသိုဏ်းအာရုံ တို့သည်ကား - လှမှု နှစ်သက်ဖွယ်မှု အတွက်နှင့် စိတ်တွယ်ဖို့ အာရုံတို့တည်း။ ဤအသုဘ အာရုံတို့ကား ကြောက်မှု ရွှံ့မှု အတွက်နှင့် စိတ်တွယ်ဖို့ အာရုံတို့တည်း။ အရပ်ထဲ၌ တစ္ဆေ မသာကို အလွန်ကြောက်တတ် ရွှံ့တတ်သော အချို့သော သူတို့ အား မလွှဲသာ၍ မသာလောင်းများကို ကိုင်ရလျှင် မသာလောင်းကောင် ကြီး စိတ်ထဲ၌ စွဲကပ်ထင်မြင်၍ ပါ၍နေ၏၊ ညအိပ်လျှင် စောင်၌အိပ်လျှင် မသာကောင်ကြီး နံဘေးက မြှောင်လျက် ပက်လက်အိပ်လျှင် မသာ ကောင်ကြီး အပေါ်က မိုးလျက်သာ နေတော့၏၊ အိပ်၍မဖြစ် လူအများ ဝိုင်းဖက်၍ထားမှ အကြောက်သက်သာရာရ၍ အိပ်ပျော် တော့၏၊ ဤလိုထင်မှုမှာ <b>ဥဒ္ဓုမာတက အသုဘ ဥဂ္ဂဟနိမိတ် ထင်မှု</b>ဟု မှတ်။ အသုံးမချတတ်၍ကြောက်မက်ဖွယ် ဘေးဒုက္ခကြီး ဖြစ်သည်။ အသုံးချ တတ်သော ယောဂီပုဂ္ဂိုလ်မှာကား ဤ ကဲ့သို့ထင်လျှင် ပတ္တမြား တုံးကြီးကို ရဘိသကဲ့သို့ အလွန်နှစ်သက်ဖွယ် ချမ်းသာသုခကြီးဖြစ်၏၊ ဤကဲ့သို့ ထင်မြင်မှသာ ဥဂ္ဂဟနိမိတ် ထင်သည် ဟု မှတ်ရမည်။ မသာလောင်း ကောင်ထားတဲ့ ရှိတဲ့နေရာမှာ စိတ်ထဲကလှမ်း၍ သိသည်ကိုလည်း ဥဂ္ဂဟနိမိတ်ထင်သည်ဟု မမှတ်ကြနှင့်။</p>
<p>ဤကဲ့သို့ သိသည်ကို မြင်သည်ဟု မှတ်-မှတ်နေတတ်သည်။ (အဋ္ဌိက အရိုးစုကို ရှုနေတဲ့သူတွေ မထင်မြင်ပဲနှင့် သိသည်ကို ထင်မြင်သည်ဟု ဆရာတော်ထံသို့ လျှောက်လာကြတွေ လူရော ရဟန်း ရော အပုံကြီးများပြီ။)</p>
<ol type="a">
<li>ထိုသို့ လျှောက်လာသောအခါ တကယ်အမှန်မြင်လျှင် ကိုယ့်အိပ်ရာနားကို တိုတိုထွာထွာ တိုလီမိုလီတွေကို လှမ်း၍ကြည်စမ်း မြင်ရဲ့လားဟုမေးရာ မြင်၏ဟု လျှောက်၏၊</li>
<li>ကိုယ်ကြည့်ရှု၍ ထားခဲ့သော စာအုပ် စာလုံး မျက်နှာ နံပါတ်ကို ကောသည်က လှမ်း၍ကြည်စမ်း မြင်ရဲ့လား ဟု မေးရာ မြင်၏ဟုလျှောက်၏၊</li>
<li>တကယ်အမှန် မြင်လျှင် ဖတ်စမ်းခိုင်းရာ မဖတ်နိုင်ဖူး ဟု လျှောက်၏၊</li>
<li>ထိုနည်းတူ လုပ်အားကို မှောက်စေ၍ လက်ဝါးကို ကြည့် စမ်း မြင်ရဲ့ဟု မေးရာ မြင်၏ဟုလျှောက်၏၊</li>
<li>တကယ်အမှန်မြင်လျှင် လက္ခဏာကြောင်းကို ရေတွက် ၍ ပြစမ်း ဘယ်နှစ်ခုရှိသနည်းဟု မေးလျှင် မပြတတ် ဖူးဟု လျှောက်၏၊ သင်တို့မြင်တယ်ဆိုတာ မြင်တာ မဟုတ်သေးဖူး သိသာသည်ဟု သိမှု မြင်မှုတို့ကို ကွဲအောင်ခွဲ၍ ပေးရဖူးလှလေပြီ။</li>
</ol>
<p>ဤအသုဘနိမိတ်က ကြောက်မှု ရွံ့မှုထင်၏၊ ကြပ်ကြပ်ကြောက် တတ် ရွံ့တတ်လျှင် ကြပ်ကြပ်ထင်လွယ်၏၊ မကြောက်တတ် မရွံ့တတ် သော စဏ္ဍာလ သုဘရာဇာတို့မှာကား မထင်တော့ပြီ။</p>
<p>ထို့ကြောင့် နိမိတ်ယူသော ပုဂ္ဂိုလ်သည် သင်္ချိုင်းစောင့်, စဏ္ဍာလ, အသုဘရာဇာတို့လို လက်နှင့်မကိုင်အပ် အကျွမ်းမဝင်အပ်၊ နေရာရွှေ့လို ပေါင်းစုလိုလျှင် သူတစ်ပါးကို ခိုင်းအပ်၏၊ ခိုင်းစရာလူမရှိလျှင် တောင်ဝှေးဖြင့် ကော်ယူ၍ ရွှေ့အပ် ပေါင်းစုအပ်၏၊</p>
<p>ဤ<b>အသုဘ ၁၀-ပါး</b>တို့သည် လူသေကောင်မှ မဟုတ်၊ တိရစ္ဆာန်သေကောင် အသုဘတို့ကိုလည်း ကြည့်ရှု၍ နိမိတ်စျာန် ရနိုင်၏၊ ပုလုဝကမှာ ပိုးလောက်ချည်းသက်သက် စုဝေး၍ နေသည်ကို လည်း ကြည့်ရှု၍ နိမိတ်စျာန်ရနိုင်၏၊ ကုဋီတွင်း, အိမ်သာတွင်း, မစင်ပုံ စသည်တို့မှာလည်း ပိုးလောက်အစု ပုလုဝက အသုဘကြည့်ရှု၍ ရနိုင်၏၊</p>
<ol>
<li>အသေကောင်မှ မဟုတ်၊ အရှင်ကောင်မှလည်း ရောင်ဖော၍ နေသောအခါ ဥဒ္ဓုမာတက,</li>
<li>အနာများစွာ ပေါက်၍ သွေးပြည်ယို၍ လူးလဲ၍ နေသောအခါ ဝိပုဗ္ဗက,</li>
<li>ခြေလက်ပြတ်သောအခါ ဝိစ္ဆိဒ္ဒက,</li>
<li>ဓားဖြတ်ခြင်း စသည်ကြောင့် သွေးများစွာ ယိုထွက် လူးလဲ၍ နေသောအခါ လောဟိတက,</li>
<li>အခါခပ်သိမ်း အဋ္ဌိက အသုဘတို့ကို ရနိုင်၏၊</li>
</ol>
<p>ဤ<b>အသုဘ ၁၀-ပါး</b>တို့တွင် ကြပ်ကြပ် ကြောက်မက်ဖွယ်ကောင်း သော အသုဘကို နိမိတ်ယူ၍ ရလွယ်၏၊ အဋ္ဌိကမှာလည်း ပြင်ဖက် အဋ္ဌိကကို နိမိတ်ယူ၍ ရလွယ်၏၊ မိမိကိုယ်တွင်း အဋ္ဌိကကိုကား ရခဲ၏၊ မိမိကိုယ်တွင်း အဋ္ဌိကကို ရအောင်ယူနိုင်မူကား အလွန်ကောင်း၏၊ စျာန်, မဂ် ၂-ပါးလုံး အလွယ်နှင့် ရနိုင်တော့၏၊</p>
<p><b>အသုဘ ၁၀-ပါး</b>တို့ကို အသုဘအနေနှင့် ထင်အောင် စက်ဆုပ် ဖွယ်ဟု နှလုံးသွင်း၍ စိတ်ထား၍ ရှုယူ၍ ပထမစျာန်ကို ရပြီးသော ယောဂီပုဂ္ဂိုလ်တို့သည် အထက်ဒုတိယစျာန် စသည်တို့ကို တက်လိုသော အခါ ထိုမိမိရသော အသုဘနိမိတ်၌ “အညို, အဝါ, အနီ, အဖြူ အဆင်းတစ်ခုခု ရရှိလတ္တံ့။ ထိုအဆင်းတို့ကို အညို-အညို ဟု, အဝါအဝါဟု, အဖြူ-အဖြူ''ဟု နှလုံးသွင်း၍ ဝဏ္ဏကသိုဏ်းဖြစ်အောင် ရှု၍ တက်ရာ၏၊</p>
<p>အသုဘအခါမှာ နိမိတ်ကိုကြီးအောင် အပွါးအပ်၊ ကသိုဏ်းဖြစ် သော အခါကျလျှင်ကား နိမိတ်ကိုလည်း ကြီးအောင်ပွါးအပ်၏၊</p>
<p>အသုဘရှုရာ၌</p>
<ol>
<li>ရေးသားပြဆိုခဲ့ပြီးသော နည်းလမ်းအတိုင်း နိမိတ်ရ အောင် စျာန်ပေါ်အောင် ရှုမှုဟူသော <b>သမထရှုနည်း</b>တစ်မျိုး၊</li>
<li>ထိုအသုဘဝတ္ထုတို့ကို တွေ့မြင်သောအခါ နိမိတ်ရ အောင် ကသိုဏ်းကြည့် မကြည့်ပဲ ဤသူသည် မမြဲပါပဲကလား၊ ဤကဲ့သို့ ဖြစ်၍ သွားပါကလား၊ ငါသည်လည်း ဤသူကဲ့သို့ပင် မမြဲပြီ၊ သေရလတ္တံ့၊ ဤကဲ့သို့ဖြစ်လတ္တံ့ဟု <b>အနိစ္စရှုမှု</b>။</li>
</ol>
<p>ဤသူသည် ဤကဲ့သို့ မတင့်မတယ် စက်ဆုပ်ဖွယ်ပါကလား၊ မကောင်းဖွယ်ပါကလား၊ ငါသည်လည်း ဤသူကဲ့သို့ပင် မတင့်မတယ် စက်ဆုပ်ဖွယ်တည်း၊ မကောင်းဖွယ်တည်းဟု <b>ဒုက္ခရှုမှု</b>။</p>
<p>ဤသူသည် ဘာမှ မလှုပ်ရှားတတ် အသက်မရှိ၊ မြက်မှိုက် ထင်းချောင်းတို့နှင့်သာ တစ်ထပ်တည်းတူသော အဖြစ်သို့ ရောက်လတ္တံ့၊ ယခုလည်း တူသည်ပင်တည်းဟု <b>အနတ္တရှုမှု</b> ဟူသော <b>ဝိပဿနာရှုနည်း</b> တစ်မျိုးအားဖြင့် ၂-မျိုး ၂-စား ၂-ပါးရှိ၏၊ ထိုတွင်</p>
<p>သမထနည်း ရှုသောသူမှာ-ယောကျ်ားအား မိန်းမအသုဘ၊ မိန်းမအား ယောကျ်ားအသုဘဟူသော ဝိသဘာဂ အသုဘအာရုံသည် လည်းကောင်း၊ အင်္ဂါကြီးငယ် အသွင်သဏ္ဌာန် မပျက်စီးသေးသော အသုဘအာရုံသည်လည်းကောင်း မလျောက်ပတ်၊ မရှုအပ်၊ တပ်မက်ခြင်း ရာဂဖြစ်၍ လာတတ်၏၊ နိမိတ်မရခင်လည်း ဖြစ်လာတတ်၏၊ နိမိတ်ရ ပြီး၍ အကယ်၍ ဥဂ္ဂဟနိမိတ်၌ မဖြစ်လာသော်လည်း ပဋိဘာဂနိမိတ် ကျလျှင် ရာဂဖြစ်ပေါ်လာတတ်၏၊</p>
<p>ဝိပဿနာနည်း ရှုသောသူမှာကား-ဝိသဘာဂအသုဘ အာရုံသည် အထူးသာလွန်၍ လျှောက်ပတ်၏၊ ဝိသဘာဂ အသုဘကိုပင် တမင်ရှာ၍ ရှုအပ်၏၊ ရှုရာ၏၊ ထို့ကြောင့်ပင်လျှင် ဘုရားရှင်သည် ရာဂစရိုက် လွန်စွာအားကြီးသဖြင့် ဝိပဿနာ နည်း အသုဘရှုသော ကုလ္လမထေရ်အား မာတုဂါမ မိန်းမအသေ ကောင်ကိုပင် တမင်ဖန်ဆင်း၍ ပေးတော်မူသည်။</p>
<p>၎င်းပြင် ပြည့်တန်ဆာမ သီရိမာကို ချစ်ကြိုက်၍ မစားနိုင် မသောက်နိုင် တတွေတွေ ကြုံမှိုင်၍နေသော ရဟန်းကလေးကိုလည်း ထို သီရိမာ၏ အလောင်းအသုဘကိုပင် ပြ၍ မဂ်, ဖိုလ်တရားထူးကို ရစေတော်မူသည်။</p>
<p>အသုဘကမ္မဋ္ဌာန်း၌ မှတ်ဖွယ်ပြီး၏၊</p>
<h3>၆ အနုဿတိကမ္မဋ္ဌာန်းကိုပြဆိုခန်း</h3>
<h3>(က) ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ</h3>
<p>အနုဿတိ ၁၀-ပါးတို့တွင်<br>
<b>ဗုဒ္ဓါနုဿတိ</b>ဟူသည်ကား-ဘုရားရှင်၏ ဂုဏ်ကျေးဇူးတို့ကို အဖန် တလဲလဲ အောက်မေ့သော သတိကို ဆိုသည်။</p>
<p>ဗုဒ္ဓါနုဿတိကို ပွားများအားထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည် ဘုရားရှင်၏ ဂုဏ်တော်တို့ကို အကျဉ်းနည်း, အကျယ်နည်း မိမိ၏ သဒ္ဓါအား, ပညာအား, ဉာဏ်အားလျော်စွာ နှုတ်ဝယ်အရ ကျက်ဆောင် မှတ်သား ပြီးခါ ပွားများပြီး အားထုတ်ရမည်။</p>
<p>အကျဉ်းပွားများပုံ</p>
<p>ဣတိပိ သော ဘဂဝါ အရဟံ, သမ္မာသမ္ဗုဒ္ဓေါ, ဝိဇ္ဇာစရဏ သမ္ပန္နော, သုဂတော, လောကဝိဒူ, အနုတ္တရော ပုရိသဒမ္မသာရထိ, သတ္ထာဒေဝမနုဿာနံ, ဗုဒ္ဓေါ, ဘဂဝါ။</p>
<p>၁။ <b>သောဂဝါ</b>=ထိုအကျွန်ုပ်တို့ဆရာ မြတ်စွာဘုရားသည်၊ <b>ဣတိပိ</b>=ဤသို့လျှင် ဗြဟ္မာနတ်လူ သုံးဘုံသူတို့၏ ပူဇော်အထူးကို ခံထိုက် ကြောင်းဖြစ်သော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိဉာဏ ဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူပေသောကြောင့်လည်း။ <b>အရဟံ</b>=အရဟ အရဟ မည်တော်မူပေ၏၊</p>
<p>၂။ <b>ဣတိပိ</b>၊ ဤသို့လျှင် သစ္စာဉေယျ ဓမ္မအပုံ အလုံးစုံကို အကုန်မကျန် မြတ်ရွှေဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်း သိမြင်တော်မူပေ သောကြောင့်လည်း။ <b>သမ္မာသမ္ဗုဒ္ဓေါ</b>=သမ္မာသမ္ဗုဒ္ဓ သမ္မာသမ္ဗုဒ္ဓ မည်တော်မူပေ၏၊</p>
<p>၃။ <b>ဣတိပိ</b>၊ ဤသို့လျှင် စရဏအပြား တစ်ဆယ့်ငါးတည့် သုံးပါးရှစ်ဖြာ ဉာဏ်ဝိဇ္ဇာတို့နှင့် ကောင်းစွာ ပြည့်စုံတော်မူပေသောကြောင့် လည်း။ <b>ဝိဇ္ဇာစရဏသမ္ပန္နော</b>=ဝိဇ္ဇာစရဏသမ္ပန္နော=ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူပေ၏၊</p>
<p>၄။ <b>ဣတိပိ</b>၊ ဤသို့လျှင် သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ-မကပ်ငြိဘဲ မဇ္ဈိမပဋိပတ် ကောင်းမြတ်ဖြောင့်တမ်း မဂ္ဂင်လမ်းဖြင့် ရွှေနန်းပုရီ ဘေးမဲ့ ပြည်သို့ ကြွချီဆိုက်ရောက်တော်မူပေသောကြောင့်လည်း။ <b>သုဂတော</b>= သုဂတ မည်တော်မူပေ၏၊</p>
<p>၅။ <b>ဣတိပိ</b>၊ ဤသို့လျှင် ကာမ, ရူပ, အရူပ-ဟု လောကအပြင် ဘုံတခွင်ကို ကုန်စင်ခပင်း မကျန်ကြွင်းအောင် အလင်းထင်ပေါ် သိမြင် တော်မူပေသောကြောင့်လည်း။ <b>လောကဝိဒူ</b>=လောကဝိဒူ=လောကဝိဒူ မည်တော်မူ ပေ၏၊</p>
<p>၆။ <b>ဣတိပိ</b>၊ ဤသို့လျှင် ဇာတိမာန်, ပုညမာန်, ဂုဏမာန်, ဗလမာန်, ဣဒ္ဓိမာန်, ပညာမာန်တို့ဖြင့် မိုးစွန်ကြွားကြွား ငါတကားဟု ကြုံးဝါးခက်ထန် အဆိပ်လျှံသည့် နန္ဒောပနန္ဒ, အင်္ဂုလိမာလ, သစ္စကနှင့် ဗကဗြဟ္မာသတ္တဝါတို့ကို ဒေသနာသံ ဆိပ်အန်ငြိမ်းဆေး အမြန်ပေး၍ ယဉ်ကျေး အောင်ပြု ဆုံးမမှုဝယ် အတုမရှိ လွန်ကဲဘိသောကြောင့်လည်း။ <b>အနုတ္တရောပုရိသဒမ္မသာရထိ</b>=အနုတ္တရော ပုရိသ ဒမ္မသာရထိ မည် တော်မူပေ၏၊</p>
<p>၇။ <b>ဣတိပိ</b>၊ ဤသို့လျှင် လူ နတ် ဗြဟ္မာ သတ္တဝါအများ သောင်းထိုက်သားတို့၏ ဝပ်တွားရှိပြောင်း ညွတ်ညောင်းခယ ဆုံးမခံရာ ဆရာသခင် ဦးထိပ်တင်ကြီး ဖြစ်ပေသောကြောင့်လည်း။ <b>သတ္ထာဒေဝ မနုဿာနံ</b>=သတ္ထာဒေဝမနုဿာန မည်တော်မူပေ၏၊</p>
<p>၈။ <b>ဣတိပိ</b>၊ ဤသို့လျှင် သစ္စာလေးရပ် တရားမြတ်ကို လူနတ် အများ သိထင်ရှားအောင် ဟောကြား ထုတ်ဖေါ် သိစေတော်မူပေသော ကြောင့်လည်း၊ <b>ဗုဒ္ဓေါ</b>=ဗုဒ္ဓေါ=ဗုဒ္ဓ မည်တော်မူပေ၏၊</p>
<p>၉။ <b>ဣတိပိ</b>=ဤသို့လျှင် ဘုန်းတော်အနန္တ, ကံတော်အနန္တ, ဉာဏ် တော်အနန္တ, တန်ခိုးတော်အနန္တ-ကြီးမြင့်လှ၍ လောကသုံးပါး လူအများတို့ လေးစားဂရု ချီးပမှုကြောင့်လည်း၊ <b>ဘဂဝါ</b>=ဘဂဝါ မည်တော်မူပေ၏၊</p>
<p>(ဘုရားရှိခိုး ပြုလုပ်လိုလျှင်၊ တံ=ထို အရဟံအစ ဘဂဝါအဆုံး ဘဝဂ်ချုန်းမျှ ဘုန်းတော်ကြီးမား ဂုဏ်ကိုးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ အဟံ=အကျွန်ုပ်သည်၊ ဝန္ဒာမိ=ရှိခိုးပါ၏၊ဟုဆိုလေ။)</p>
<p>တနည်း အကျဉ်းပွားနည်း</p>
<p>၁။ ဣတိပိ သော ဘဂဝါ အရဟံ</p>
<p>အနက်။။ <b>သောဘဂဝါ</b>=ထိုမြတ်စွာဘုရားသည်၊ ဝါ=အသမ္ဘိန္န ခတ္တိယဟု သမ္မတမင်းရိုး အမျိုးသာကီ ပြည်ကမ္ပီမှ လေးလီနိမိတ် သံဝေစိတ်ကြောင့် တောရိပ်ခိုစံ ကျင့်ခြိုးခြံလျက် မြလျှံရွက်စိပ် ရွှေညောင် ရိပ်ဝယ် ဖိတ်ဖိတ်ရောင်ရှင် ရွှေပလ္လင်ထက် ငါးအင်မာရ်စစ် ရန်အညစ်ကို ခေတ်ဇာတိလုံး ပဲ့တင်ချုန်းလျက် ဘုန်းဖြင့်လွယ်ကူ အောင်တော်မူ၍ လူမင်းတကာတို့၏ဥက္ကဌ် နတ်မင်းတကာတို့၏မကုဋ် အမြိုက်ခေါင်ဖျား သောင်း ထိုက်သားတို့၏ ပတ္တမြားမျက်ရှင်ကြီးတစ်ဆူ ဖြစ်တော်မူပေသော ထိုမြတ်စွာဘုရားသည်၊ <b>ဣတိပိ</b>=ဤသို့လျှင် တည့် ရှိရှင်မြတ်နိုး တစ်ကြိမ်ပျိုးက ကောင်းကျိုးအသင်္ချေ ပေးနိုင်ပေ၍ မြေမှအထက် ဘဝဂ်တိုင်မြောက် နယ်တစ်လျှောက်ဝယ် တစ်ယောက် သစ်သူ ဖက်မပြုသည့်အလှူခံမြတ်ကြီး ဖြစ်တော်မူပေသောကြောင့်လည်း၊ <b>အရဟံ</b>=အရဟာ-ဟု သညာပျံ့ပျူး ဂုဏ်ကျေးဇူးဖြင့် အထူးပွင့်လင်းဘဝဂ် ထွင်းအောင် သတင်းကြီးမြတ်တော်မူပေ၏၊</p>
<p>၂။ ဣတိပိ သော ဘဂဝါ သမ္မာသမ္ဗုဒ္ဓေါ</p>
<p>အနက်။။ <b>သောဘဂဝါ</b>=ထိုမြတ်စွာဘုရားသည်၊ <b>ဣတိပိ</b>=ဤသို့ လျှင်တည့် လေးအင်သစ္စာ နက်နဲစွာဖြင့် ငါးဖြာဉေယျ ဓမ္မအပြား အကျဉ်းအားတည့် ကျယ်ပွားအနန္တ ရှိသမျှကို တစ်စမကြွင်း အလင်း ကုန်စင် ရှိတိုင်းမြင်သည် သဗ္ဗညုတ ဘုရာ့လက်သုံး ဉာဏ်စက်ဘုန်းကို နှလုံးတော်၌ အလံစိုက်လျက် အမိုက်ခပ်သိမ်း ပျောက်ငြိမ်းလွင့်စင် အကုန်မြင်သော ပညာရှိအထွတ် တမွတ်ခေါင်ဖျား ဖြစ်ပေငြားသော ကြောင့်လည်း၊ <b>သမ္မာသမ္ဗုဒ္ဓေါ</b>=သမ္မာသမ္ဗုဒ္ဓ-ဟု နာမအမွန် ဂုဏ်တံခွန်ကို မိုးစွန်စွင့်စွင့် ဘဝဂ်မြင့်အောင်ဖြန့်လွင့်စိုက်ထူ ကြီးမြတ်တော်မူပေ၏၊</p>
<p>၃။ ဣတိပိ သောဘဂဝါ ဝိဇ္ဇာစရဏသမ္ပန္နော</p>
<p>အနက်။။<b>သော ဘဂဝါ</b>=ထိုမြတ်စွာဘုရားသည်၊ <b>ဣတိပိ</b>=ဤသို့ လျှင်တည့် အယဉ်ထန်စွာ သံသရာဟု မဟာအဏ္ဏဝ အနန္တလျှင် ဆုံးဆမရှိ နက်ကျယ်ဘိကို အငြိမစွန်း ကောင်းကင်လမ်းဖြင့် ကမ်းထိုမှာဘက် နိဗ္ဗာန်ချက်သို့ ပျံ့တက်ကျော်လွှား အလွယ်အားဖြင့် သွားရန်အပေါင်း အတောင်အလက် အချက်အင်္ဂါ မှန်လှစွာသည် သိက္ခာသီလ ထိုမှစ၍ စရဏအပြား တစ်ဆယ့်ထည့် သုံးပါးရှစ်ဖြာ ဉာဏ်ပညာဟု ဝိဇ္ဇာအသင်း အမိုက်ကင်း၍ အလင်းသိမှု တရားစုကို တစ်ခုမကျန် အတန်တန်လျှင် ပြည့်လျှံမောက်ဖြိုး အမျိုးမျိုးကို အစိုးရတော်မူခြင်း တည်းဟူသော အကြောင်းကြောင့်လည်း။ <b>ဝိဇ္ဇာစရဏသမ္ပန္နော</b>=ဝိဇ္ဇာစရဏသမ္ပန္န-ဟု နာမအမွန် ဂုဏ်တံခွန်ကို မိုးစွန်စွင့်စွင့် ဘဝဂ်မြင့်အောင် ဖြန့်လွင့်စိုက်ထူ ကြီးမြတ်တော်မူပေ၏၊</p>
<p>၄။ ဣတိပိ သော ဘဂဝါ သုဂတော</p>
<p>အနက်။။<b>သော ဘဂဝါ</b>=ထိုမြတ်စွာဘုရားသည်၊ <b>ဣတိပိ</b>=ဤသို့ လျှင်တည့် ဒီပင်္ကရာ သမ္မာသမ္ဗုဒ္ဓ ဘုရာ့ဗျာဒိတ် ရွှေတံဆိပ်ကို ခပ်နှိပ် ကြည်ဖြူ ခံတော်မူ၍ လူတွင်ထင်ရှား ဘုရားစင်စစ် ဖြစ်သည့်တိုင်ရောက် အမြင်မှောက်သည်၆၂-ခန်း ဒိဋ္ဌိလမ်းသို့ မသန်းမငွေ့ ပြကတေ့ဖြင့် အလေ့ဖြူစင် အမြင်ဖြောင့်မှတ် အကျင့်မြတ်လျက် လူနတ်ဗြဟ္မာ သတ္တဝါ၏ ချမ်းသာ စီးပွါး များရန်အကြောင်း အစုပေါင်းလျက် ကောင်းစွာ လာပေသောကြောင့်လည်း၊ <b>သုဂတော</b>= သုဂတ-ဟုနာမအမော် အမည် တော်ဖြင့် ထင်ပေါ်ကျော်ဇောတော်မူပေ၏၊</p>
<p>၅။ ဣတိပိ သော ဘဂဝါ လောကဝိဒူ</p>
<p>အနက်။။<b>သော ဘဂဝါ</b>=ထိုမြတ်စွာဘုရားသည်၊ <b>ဣတိပိ</b>=ဤသို့ လျှင်တည့် ကာမ, ရူပ, အရူပ-ဟု လောကအပြင် ဘုံတခွင်ကို ကုန်စင်ခပင်း မကျန်ကြွင်းအောင် အလင်းထင်ပေါ် သိမြင် တော်မူပေသောကြောင့်လည်း။ <b>လောကဝိဒူ</b>=လောကဝိဒူ=လောကဝိဒူ မည်တော်မူ ပေ၏၊</p>
<p>၆။ ဣတိပိ သော ဘဂဝါ အနုတ္တရော ပုရိသဒမ္မသာရထိ</p>
<p>အနက်။။ <b>သောဘဂဝါ</b>=ထိုမြတ်စွာဘုရားသည်၊ <b>ဣတိပိ</b>=ဤသို့ လျှင်တည့် သုံးခွင်ဘုံနေ အထွေထွေလျှင် ကိလေသာဟိတ် အဆိပ်ပြင်း ထန် အကင်းသန်လျက် မာန်တလူလူ အလံထူသည့် လူအရပ်ရပ် နတ်အဖြာဖြာ ဗြဟ္မာအစားစား နဂါးအဖုံဖုံ ဂဠုန်အမျိုးမျိုး ဆိုးဆိုး သွမ်းသွမ်း ကြမ်းကြုတ်သမျှ ဝေနေယျတို့ကို ဗုဒ္ဓမန္တန် ဆိပ်အန်ငြိမ်ဆေး ထိုက်ရာပေး၍ ယဉ်ကျေးစေမှု အစုစု၌ အတုမရ အဖက်မရ ကြီးမြတ် တော်မူလှသောကြောင့်လည်း၊ <b>အနုတ္တရော ပုရိသ ဒမ္မသာရထိ</b>= အနုတ္တရော ပုရိသဒမ္မသာရထိ-ဟူသော နာမအမော် အမည်တော်ဖြင့် ထင်ပေါ်ကျော်စောတော်မူပေ၏၊</p>
<p>၇။ ဣတိပိ သော ဘဂဝါ သတ္ထာဒေဝမနုဿာနံ</p>
<p>အနက်။။<b>သောဘဂဝါ</b>=ထိုမြတ်စွာဘုရားသည်၊ <b>ဣတိပိ</b>= ဤသို့လျင်တည့် အပြင်ကျယ်စွာ သံသရာဟု မဟာအတီး မှောင်တော ကြီး၌ ခရီးအစဉ် ရှစ်မဂ္ဂင်ကို မမြင်သောအား မှားကြီးမှား၍ မနားမရပ် ချားရဟတ်သို့ တပတ်လည်လည် အရှည်ပင်ပန်းစွာ နေကြကုန်သော ဒုက္ခိတသတ္တဝါ သံသရာခရီးသည် အပါင်းတို့ကို လမ်းမှန်ကြောင်းအစဉ် ရှစ်-မဂ္ဂင်ကို မျက်မြင်ဒိဋ္ဌ စခန်းပြလျက် အမတလွင် ရွှေပြည်ခွင်သို့ အလျင်ရောက်အောင် ပို့ဆောင်ပေတတ် ယောက်ျားမြတ်ကြီး ဖြစ် ပေသောကြောင့်လည်း၊ <b>ဒေဝမနုဿာနံ</b>=နတ်လူဗြဟ္မာ သတ္တဝါတို့၏၊ <b>သတ္ထာ</b>=ဆရာအထွတ် အတုလွတ်ကြီး ဖြစ်တော်မူပေ၏၊</p>
<p>၈။ ဣတိပိ သော ဘဂဝါ ဗုဒ္ဓေါ</p>
<p>အနက်။။<b>သော ဘဂဝါ</b>=ထိုမြတ်စွာဘုရားသည်၊ <b>ဣတိပိ</b>= ဤသို့လျှင်တည့် စင်စစ်ဧကန် သိထိုက်တန်သည် အမှန်လေးချက် သဘောနက်ကို အိပ်မက်ထဲတွင် မမြင်စဖူး အလူးအလဲ ဝဋ်ဆင်းရဲ၌ တဝဲလည်လည် အမြစ်တွယ်သို့ မဖွယ်မလှ နေကြကုန်သော ဒုက္ခိတ သတ္တဝါ အပေါင်းတို့ကို အဟုတ်အမှန် အမြင်သန်သည့် မဂ်ဉာဏ်-၄ပါး ပတ္တမြားမျက်ရှင်ကြီးကိုပေးသဖြင့် မိုက်မြှေး ပြယ်လွင့် အလင်းပွင့်အောင် ပေးတတ်သော ကြောင့်လည်း၊ <b>ဗုဒ္ဓေါ</b>=ဗုဒ္ဓ-ဟူသော နာမအမော် အမည် တော်ဖြင့် ထင်ပေါ်ကျော်စောတော်မူ၏၊</p>
<p>၉။ ဣတိပိ သော ဘဂဝါ ဘဂဝါ</p>
<p>အနက်။။ <b>သောဘဂဝါ</b>၊ ထိုမြတ်စွာဘုရားသည်၊ ဝါ၊ အသမ္ဘိန္န ခတ္တိယဟု သမ္မတမင်းရိုး အမျိုးသာကီ ပြည်ကပ္ပီမှ လေးလီနိမိတ် သံဝေစိတ်ကြောင့် တောရိပ်ခိုစံ ကျင့်ခြိုးခြံလျက် မြလျှံရွက်စိပ် ရွှေညောင်ရိပ်ဝယ် ဖိတ်ဖိတ်ရောင်ရှင် ရွှေပလ္လင်ထက် ငါးအင်မာရ်စစ် ရန်အညစ်ကို ခေတ်ဇာတိလုံး ပဲ့တင်ချုန်းလျက် ဘုန်းဖြင့် လွယ်ကူ အောင်တော်မူ၍ လူမင်းတကာတို့၏ဥက္ကဌ် နတ်မင်းတကာတို့၏မကိုဋ် အမြိုက်ခေါင်ဖျား သောင်းတိုက်သားတို့၏ ပတ္တမြားမျက်ရှင်ကြီး တစ်ဆူ ဖြစ်တော်မူပေသော ထိုမြတ်စွာဘုရားသည်၊ <b>ဣတိပိ</b>-ဤသို့လျှင်တည့် ဒီပင်္ကရာ သာသနာမှ မဟာဗောဓိ သီရိလျှံဖိတ် ရွှေညောင်ရိပ်ဝယ် အတိဿရ ဘုရာ့တန်ခိုး အမျိုးမျိုးကို အစိုးပိုင်ပိုင် ရသည်တိုင်အောင် မဏ္ဍိုင်ဗဟို မြင်းမိုရ်မေရု မြေအစုနှင့် ရေထုလေပြင် မိုးကောင်းကင် သို့ နှိုင်းယှဉ်စဖွယ် အကျယ်အပွား များကြီးများအောင် မနားမနေ ဆည်း ပူးပေသည် ဆယ်ထွေ သုံးလီ ပါရမီဟု ဝသီအထု ကြီးကျယ်မှုကြောင့် ယခုဤ၌ တိုက်တစ်သောင်းလုံး သိမ့်သိမ့်ချုန်းသည် ရွှေဘုန်းတော်သခင် အရှင်တစ်ဆူ ဖြစ်တော်မူပေသောကြောင့်လည်း၊ <b>ဘဂဝါ</b>၊ ဘဂဝါ-ဟု သညာအမွန် ဂုဏ်တခွန်ကို မိုးစွန်စွင့်စွင့် ဘဝဂ်မြင့်အောင် ဖြန့်လွှင့်စိုက်ထူ ကြီးမြတ်တော်မူပေ၏၊</p>
---
<h3>မြန်မာသက်သက် အကျဉ်းပွားပုံ</h3>
<p>၁။ ဘုရားရှင်၏ ကိလေသာဟူသော ရန်သူတို့ကို ပယ်ဖျက် သတ်ဖြတ်တော်မူနိုင်သော အစွမ်းသတ္တိတော်ဟူသော <b>အရဟံဂုဏ်</b> တော်။</p>
<p>၂။ ခပ်သိမ်းသော တရားတို့ကို ဆရာမရှိ မိမိအလိုလို မေ့ပျောက် ဖောက်ပြန်ခြင်းမရှိ ကောင်းမွန်စွာ သိတော်မူနိုင်သော အစွမ်းသတ္တိတော် ဟူသော <b>သမ္မာသမ္ဗုဒ္ဓဂုဏ်တော်</b>။</p>
<p>၃။ အဘိညာဉ်တွေ, ဝိပဿနာဉာဏ်တွေ-ဟူသော ဝိဇ္ဇာတရား၊ အကျင့်သီလတွေ, စျာန်တွေ, သဒ္ဓါ သိစသော သူတော်ကောင်းတရားတွေ ဟူသော စရဏတရား၊ ဤဝိဇ္ဇာတရား, စရဏတရားတို့နှင့်ပြည့်စုံ တော်မူခြင်းဟူသော <b>ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်</b>။</p>
<p>၄။ သတ္တဝါတို့ ချမ်းသာကောင်းကျိုး ဖြစ်ကြောင်း စကား ကောင်းကိုသာ မမှားမယွင်း ထင်လင်းသေချာ ကောင်းမွန်စွာ ဆိုတော် မူတတ်သော အစွမ်းသတ္တိတော်ဟူသော <b>သုဂတ ဂုဏ်တော်</b>။</p>
<p>၅။ သတ္တဝါဟူသော သတ္တလောက, ရုပ်နာမ်ဟူသော သင်္ခါရ လောက, ထိုသတ္တလောက, သင်္ခါရလောက နှစ်ပါး၏ တည်ရာဌာန ဟူသော ဩကာသလောက၊ ဤလောကသုံးတို့ကို ဖြစ်ကြောင်းနှင့်တကွ ဆရာမရှိ မိမိအလိုလို ကောင်းမွန်စွာ ထိုးထွင်း၍ သိတော်မူသော အစွမ်းသတ္တိတော်ဟူသော <b>လောကဝိဒူဂုဏ်တော်</b>။</p>
<p>၆။ ဆုံးမထိုက်သော မယဉ်ကျေးသော နာဠာဂီရိဆင် စသော တိရစ္ဆာန် ယောက်ျား, အင်္ဂုလိမာလ စသော လူယောက်ျား, အာဠာဝက စသော ဘီလူးယောက်ျား, သိကြားစသော နတ်ယောက်ျား၊ ဝါ၊ရာဂ အရာဖြင့်, ဒေါသအရာဖြင့်, မောဟအရာဖြင့် မယဉ်ကျေးသော အလုံးစုံသော ဝေနေယျ သတ္တဝါတို့ကို မြင်းကိုဆုံးမတတ်သော ရထား ထိန်းကဲ့သို့ အတုမရှိ ယဉ်ကျေးအောင် ဆုံးမတော်မူနိုင်သော အစွမ်းသတ္တိ တော်ဟူသော <b>အနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်တော်</b>။</p>
<p>၇။ လူနတ်ဗြဟ္မာ သတ္တဝါတို့အား ပစ္စပ္ပန်အကျိုး တိုးပွားဖြစ် ပေါ်အောင် ကောင်းစွာသွန်သင်ပြသ ဆုံးမတော်မူပေတတ်သော အစွမ်း သတ္တိတော်ဟူသော <b>သတ္ထာဒေဝမနုဿာန ဂုဏ်တော်</b>။</p>
<p>၈။ သစ္စာလေးပါး တရားတို့ကို ဆရာမရှိ မိမိအလိုလို ကိုယ် တော်မြတ်လည်း သိတတ်, ဝေနေယျ သတ္တဝါတို့ကိုလည်း သိစေတော်မူ ပေတတ်သော အစွမ်းသတ္တိတော်ဟူသော <b>ဗုဒ္ဓဂုဏ်တော်</b>။</p>
<p>၉။ (က) မိမိစိတ်ကို အစိုးရခြင်းဟူသော ဣဿရိယ,<br>
(ခ) လောကုတ္တရာ တရားဟူသော ဓမ္မ,<br>
(ဂ) အခြွေအရံ အကျော်အစော ဟူသော ယသ,<br>
(ဃ) ဘုန်းကျက်သရေတော် ဟူသော သိရီ,<br>
(င) မိမိ၏ အကျိုးစီးပွား, သူတပါးတို့၏ အကျိုး စီးပွား နှစ်ပါးစုံကို လိုလားခြင်းဟူသော ကာမ,<br>
(စ) ထိုလိုလားတော်မူသည့်အတိုင်း ပြီးပြည့်စုံ အောင် တတ်စွမ်းတော်မူနိုင်ခြင်းဟူသော ပယတ္တ၊<br>
ဤဘုန်းတော် ခြောက်ပါးတို့နှင့် ပြည့်စုံတော်မူခြင်းဟူသော <b>ဘဂဝါဂုဏ်တော်</b>။</p>
---
<h3>သဒ္ဓါ, ဆန္ဒ, ဉာဏ်ထက်သော ပုဂ္ဂိုလ်တို့အတွက် ဂုဏ်တော် အကျယ်</h3>
<h3>၁။ ဣတိပိ သော ဘဂဝါ အရဟံ</h3>
<p><b>မေ</b>=အကျွန်ုပ်၏၊ <b>သတ္ထာ</b>=ဆရာသခင် ကျေးဇူးရှင်ဖြစ်တော် မူပေသော၊ <b>ယော ဘဂဝါ</b>=အကြင်ဘုန်းတော် ခြောက်စုံ ကျေးဇူးဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ <b>စိရကာလံ</b>=လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး၊ <b>ပါရမိယော</b> --<br>
(က) ဒါနပါရမီ, သီလပါရမီ, နိက္ခမပါရမီ, ပညာပါရမီ, ဝီရိယပါရမီ, ခန္တီပါရမီ, သစ္စပါရမီ, အဓိဋ္ဌာနပါရမီ, မေတ္တာပါရမီ, ဥပေက္ခာပါရမီ- တည်းဟူသော ပါရမီ ၁၀-ပါး။<br>
(ခ) ဒါနဥပပါရမီ, သီလဥပပါရမီ, နိက္ခမဥပပါရမီ, ပညာ ဥပပါရမီ, ဝီရိယဥပပါရမီ, ခန္တီဥပပါရမီ, သစ္စဥပပါရမီ, အဓိဋ္ဌာနဥပပါရမီ, မေတ္တာဥပပါရမီ, ဥပေက္ခာဥပ ပါရမီ-တည်းဟူသော ဥပပါရမီ ၁၀-ပါး။<br>
(ဂ) ဒါနပရမတ္ထပါရမီ, သီလပရမတ္ထပါရမီ, နိက္ခမပရမတ္ထ ပါရမီ, ပညာပရမတ္ထပါရမီ, ဝီရိယပရမတ္ထပါရမီ, ခန္တီ ပရမတ္ထပါရမီ, သစ္စပရမတ္ထပါရမီ, အဓိဋ္ဌာနပရမတ္ထ ပါရမီ, မေတ္တာပရမတ္ထပါရမီ, ဥပေက္ခာပရမတ္ထ ပါရမီတည်းဟူသော ပရမတ္ထပါရမီ ၁၀-ပါး။<br>
ဤသို့အားဖြင့် အပြား ၃၀-သော ပါရမီတို့ကို၊ <b>ပူရေတွာ</b>=ဖြည့် တော်မူပြီး၍၊ <b>ဗုဒ္ဓဘာဝံ</b>=သဗ္ဗညုတဘုရားအဖြစ်သို့၊ <b>ပတ္တော</b>=ရောက် တော်မူပေ၏၊ <b>မေ</b>=အကျွန်ုပ်၏၊ <b>သတ္ထာ</b>=ဆရာသခင် ကျေးဇူးရှင် ဖြစ်တော်မူသော။ <b>သော ဘဂဝါ</b>=ထိုမြတ်စွာဘုရားသည်၊ <b>ဣတိပိ</b>=ဤသို့ လူမင်း, နတ်မင်း, သိကြားမင်း, ဗြဟ္မာမင်းတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း၊ <b>အရဟံ</b>=အရဟ-ဟူသော အမည်နာမ ဝိသေသကို ရတော်မူပေ၏၊</p>
<h3>၂။ ဣတိပိ သော ဘဂဝါ သမ္မာသမ္ဗုဒ္ဓေါ</h3>
<p>အနက်။။<b>မေ</b>=အကျွန်ုပ်၏၊ <b>သတ္ထာ</b>=ဆရာသခင် ကျေးဇူးရှင်ဖြစ် တော်မူသော၊ <b>ယော ဘဂဝါ</b>=အကြင် ဘုန်းတော်ခြောက်စုံ ကျေးဇူးဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ <b>စီရကာလံ</b>=လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး၊ <b>ပါရမီယော</b>=<br>
(က) ဒါနပါရမီ, သီလပါရမီ။ပ။ မေတ္တာပါရမီ, ဥပေက္ခာ ပါရမီ-တည်းဟူသော ပါရမီ ၁၀-ပါး။<br>
(ခ) ဒါနဥပပါရမီ, သီလဥပပါရမီ။ပ။ မေတ္တာဥပပါရမီ, ဥပေက္ခာ ဥပပါရမီ-တည်ဟူသော ဥပပါရမီ ၁၀-ပါး။<br>
(ဂ) ဒါနပရမတ္ထ ပါရမီ, သီလပရမတ္ထပါရမီ။ပ။မေတ္တာ ပရမတ္ထပါရမီ, ဥပေက္ခာပရမတ္ထပါရမီ-တည်းဟူသော ပရမတ္ထပါရမီ ၁၀-ပါး၊<br>
ဤသို့အားဖြင့် အပြား ၃၀-သော ပါရမီတို့ကို၊ <b>ပူရေတွာ</b>=ဖြည့် တော်မူပြီး၍၊ <b>ဗုဒ္ဓဘာဝံ</b>=သဗ္ဗညုတ ဘုရားအဖြစ်သို့၊ <b>ပတ္တော</b>=ရောက် တော်မူပေ၏၊ <b>မေ</b>=အကျွန်ုပ်၏၊ <b>သတ္ထာ</b>=ဆရာသခင်ကျေးဇူးရှင် ဖြစ် တော်မူသော၊ <b>သော ဘဂဝါ</b>=ထိုမြတ်စွာဘုရားသည်၊ <b>ဣတိပိ</b>=ဤသို့လျှင်<br>
(က) လူကောင်အထည်,နတ်ကောင်အထည်, ဗြဟ္မာကောင် အထည်, ကြီးငယ်သတ္တဝါ ခန္ဓာငါပါး ရုပ်နာမ်တရား တည်းဟူသော ဒုက္ခအစစ်အမှန်ဖြစ်သော <b>ဒုက္ခသစ္စာ</b>,<br>
(ခ) ထိုဒုက္ခအစစ်အမှန်ဖြစ်သော ဒုက္ခသစ္စာ ခန္ဓာငါးပါး ရုပ်နာမ် တရားတို့ကို ဘဝအဆက်ဆက် အသစ်အသစ်ဖြစ်ပေါ် ပေါက်ပွားအောင် တည်ထောင်ဖန်ဆင်းသူ အမှန်ဖြစ်ပေ သော လောဘ တဏှာ ကိလေသာတည်းဟူသော <b>သမုဒယသစ္စာ</b>,<br>
(ဂ) ထိုဒုက္ခသစ္စာ, သမုဒယသစ္စာ တရားနှစ်ပါး၏ ကွယ်ပျောက် ကုန်ဆုံးရာဖြစ်၍ သုခအစစ်အမှန် ဖြစ်သော နိဗ္ဗာန်တည်း ဟူသော <b>နိရောဓသစ္စာ</b>,<br>
(ဃ) ထိုနိရောဓသစ္စာသို့ ဖြောင့်မှန်စွာ ဆိုက်ရောက်အောင် ပို့ဆောင်ပေးတတ်သည်ဖြစ်၍ မဂ္ဂအမှန် ဖြစ်ပေသော သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာသမာဓိ-တည်းဟူသော အင်္ဂါရှစ်ပါးရှိသော <b>မဂ္ဂသစ္စာ</b>,<br>
ဤသစ္စာလေးပါး တရားတို့ကို ကိုယ်တော်တိုင်သာလျှင် ကောင်းစွာထိုးထွင်း၍ သိတော်မူသော အကြောင်းကြောင့်လည်း၊ <b>သမ္မာ သမ္ဗုဒ္ဓေါ</b>=သမ္မာသမ္ဗုဒ္ဓ-ဟူသော အမည်နာမ ဝိသေသကိုရတော်မူပေ၏၊ <b>သမ္မာသမ္ဗုဒ္ဓေါ</b>=သစ္စာလေးပါး တရားတို့ကို ကိုယ်တော်တိုင် သာလျှင် ကောင်းစွာသိမြင်တော်မူပေသော အတုမဲ့ ယောက်ျားမြတ်ကြီး ဖြစ်တော်မူပေ၏၊</p>
<p>၃။ ဣတိပိ သောဘဂဝါ ဝိဇ္ဇာစရဏ သမ္ပန္နော</p>
<p>အနက်။။ <b>မေ</b>=အကျွန်ုပ်၏၊ <b>သတ္ထာ</b>=ဆရာသခင် ကျေးဇူးရှင် ဖြစ်တော်မူသော၊ <b>ယော ဘဂဝါ</b>=အကြင် မြတ်စွာဘုရားသည်၊ <b>စိရ ကာလံ</b>=လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး၊ <b>ပါရမိယော</b>=ပါရမီ တို့ကို၊ <b>ပူရေတွာ</b>=ဖြည့်တော်မူပြီး၍၊ <b>ဗုဒ္ဓဘာဝံ</b>=ဘုရားအဖြစ်သို့၊ <b>ပတ္တော</b>= ရောက်တော်မူပေ၏၊</p>
<p><b>မေ</b>၊ အကျွန်ုပ်၏၊ <b>သတ္တာ</b>၊ ဆရာသခင်ကျေးဇူးရှင်ဖြစ်တော်မူ ပေသော။ <b>သောဘဂဝါ</b>၊ ထိုမြတ်စွာဘုရားသည်။ <b>ဣတိပိ</b>=ဤသို့လျှင်<br>
၁။ အထူးထူး အထွေအထွေဖန်ဆင်းမှု့, ကောင်းကင် မြေမိုး ပျံလျှိုးမှုတို့၌ စွမ်းနိုင်သော <b>ဣဒ္ဓိဝိဓ ဝိဇ္ဇာဉာဏ်</b>,<br>
၂။ မိမိကိုယ်တွင်းမှ သူငယ်သဏ္ဌာန် ဖန်ဆင်း၍ ပြနိုင်သော <b>မနောမယ ဝိဇ္ဇာဉာဏ်</b>,<br>
၃။ ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အစဉ်လျှောက်၍ အောက်မေ့နိုင်သော <b>ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ်</b>,<br>
၄။ လူ့ပြည်, နတ်ပြည်, ဗြဟ္မာပြည်တိုင်အောင် အဆင်း သဏ္ဌာန်ဟူသမျှကို နတ်မျက်စိအသွင် အကုန်မြင်နိုင်သော <b>ဒိဗ္ဗစက္ခုဝိဇ္ဇာဉာဏ်</b>,<br>
၅။ သတ္တဝါခပ်သိမ်းတို့၏ စိတ်အကြံကို သိနိုင်သော <b>စေတော ပရိယဝိဇ္ဇာဉာဏ်</b>,<br>
၆။ လူနတ်ဗြဟ္မာ သတ္တဝါခပ်သိမ်းတို့ ပြောဆိုသမျှ အသံစကား ကို ကြားနိုင်သော <b>ဒိဗ္ဗသောတ ဝိဇ္ဇာဉာဏ်</b>,<br>
၇။ မိမိသန္တာန်, သူတစ်ပါးသန္တာန်, ခန္ဓာနာမ်ရုပ်တို့၌ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးပါးကို ထင်ရှားစွာ မြင်နိုင် သော <b>ဝိပဿနာ ဝိဇ္ဇာဉာဏ်</b>,<br>
၈။ ၁၅၀၀-ကိလေသာတို့ကို ကုန်ခန်းစေနိုင်သော <b>အာသ ဝက္ခယဝိဇ္ဇာဉာဏ်</b>,<br>
ဤ ၈-ပါးသော ဝိဇ္ဇာဉာဏ်တို့ကို အစိုးရတော်မူသည်၏ အဖြစ် ကြောင့်လည်းကောင်း။<br>
၁။ ကိုယ်,နှုတ် ၂-ပါးကို စောင့်ထိန်းမှုဟူသော <b>သီလ</b>,<br>
၂။ ဣန္ဒြေ ၆-ပါးတို့ကို စောင့်ထိန်းမှုဟူသော <b>ဣန္ဒြိယသံဝရ</b>,<br>
၃။ အစားအစာတို့၌ အတိုင်းအရှည်ကို သိမှုဟူသော <b>ဘောဇန မတ္တညုတာ</b>,<br>
၄။ အအိပ်အနေ အလွန်နည်းပါးခြင်းဟူသော <b>ဇာဂရိယာ နုယောဂ</b>,<br>
၅။ <b>သဒ္ဓါ</b>, ၆။ <b>သတိ</b>, ၇။ <b>ဟိရီ</b>, ၈။ <b>ဩတ္တပ္ပ</b>, ၉။ <b>ဝီရိယ</b>, ၁၀။ <b>ဗဟုဿစ္စ</b>, ၁၁။ <b>ပညာ</b>, ၁၂။ <b>ပထမစျာန်</b>, ၁၃။ <b>ဒုတိယစျာန်</b>, ၁၄။ <b>တတိယစျာန်</b>, ၁၅။ <b>စတုတ္ထစျာန်</b>။<br>
ဤ ၁၅-ပါးသော စရဏဂုဏ်တို့နှင့် ပြည့်စုံတော်မူသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ <b>ဝိဇ္ဇာစရဏ သမ္ပန္နော</b>၊ ဝိဇ္ဇာစရဏသမ္ပန္နဟူသော အမည်နာမဝိသေသကို ရတော်မူပေ၏၊</p>
<p><b>ဝိဇ္ဇာစရဏ သမ္ပန္နော</b>=ဝိဇ္ဇာ ၈-မျိုး, စရဏ ၁၅-မျိုးတို့ကို အစိုးရ တော်မူသော အတုမဲ့ယောကျ်ားမြတ်ကြီး ဖြစ်တော်မူပေ၏၊</p>
<h3>၄။ ဣတိပိ သော ဘဂဝါ သုဂတော</h3>
<p>အနက်။။ <b>မေ</b>=အကျွန်ုပ်၏၊ <b>သတ္ထာ</b>=ဆရာသခင် ကျေးဇူးရှင်ဖြစ် တော်မူပေသော၊ <b>ယော ဘဂဝါ</b>=အကြင်မြတ်စွာဘုရားသည်၊ <b>စိရကာလံ</b>= လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း ကာလပတ်လုံး၊ <b>ပါရမိယော</b>=ပါရမီတို့ကို၊ <b>ပူရေတွာ</b>=ဖြည့်တော်မူပြီး၍၊ <b>ဗုဒ္ဓဘာဝံ</b>=သဗ္ဗညုတဘုရားအဖြစ်သို့၊ <b>ပတ္တော</b>= ရောက်တော်မူပေ၏၊</p>
<p>(က) ဘိက္ခုဝိဘင်းကျမ်း, ဘိက္ခုနီဝိဘင်းကျမ်း, မဟာဝါကျမ်း, စူဠဝါကျမ်း, ပရိဝါကျမ်း-ဟူသော <b>ဝိနည်းပိဋကတ် ၅-ကျမ်း</b>။<br>
(ခ) ဓမ္မသင်္ဂဏီကျမ်း, ဝိဘင်းကျမ်း, ဓာတုကထာကျမ်း, ပုဂ္ဂလ ပညတ်ကျမ်း, ကထာဝတ္ထုကျမ်း, ယမိုက် ၁၀-ကျမ်း, ပဋ္ဌာန်း ၂၄-ကျမ်းဟူသော <b>အဘိဓမ္မာ ပိဋကတ် ၃၉-ကျမ်း</b>။<br>
(ဂ) သုတ်သီလက္ခန်, သုတ်မဟာဝါ, သုတ်ပါထေယျ-ဟူသော <b>ဒီဃနိကယ် ၃-ကျမ်း</b>၊ သုတ်ပေါင်း ၃၃။<br>
(ဃ) မူလပဏ္ဏာသ, မဇ္ဈိမပဏ္ဏာသ, ဥပရိပဏ္ဏာသ, -ဟူသော <b>မဇ္ဈိမနိကာယ်၃-ကျမ်း</b>၊ သုတ်ပေါင်း ၁၅၀။<br>
(င) သဂါထာဝဂ္ဂသံယုတ်, မဟာဝဂ္ဂသံယုတ်, ခန္ဓဝဂ္ဂသံယုတ်, သဠာယတနဝဂ္ဂသံယုတ်, မဟာဝဂ္ဂ သံယုတ်-ဟူသော <b>သံယုတ္တနိကာယ် ၅-ကျမ်း</b>၊ သုတ်ပေါင်း ၃၇၅၀။<br>
(စ) ဧက အင်္ဂုတ္တရ,ု ဒုက အင်္ဂုတ္တရ, တိက အင်္ဂုတ္တ, စတုက အင်္ဂုတ္တရ, ပဉ္စ အင်္ဂုတ္တရ, ဆက္က အင်္ဂုတ္တရ, သတ္တအင်္ဂုတ္တရ, အဋ္ဌ အင်္ဂုတ္တရ, နဝ အင်္ဂုတ္တရ, ဒသ အင်္ဂုတ္တရ, ဧကာဒသ အင်္ဂုတ္တရ-ဟူသော <b>အင်္ဂုတ္တရနိကာယ ၁၁-ကျမ်း</b>၊ သုတ် ပေါင်း ၉၉၅၀။<br>
(ဆ) ခုဒ္ဒကပါဌ, ဓမ္မပဒ, ဥဒါန်း, ဣတိဝုတ်, သုတ္တနိပါတ်, ဝိမာနဝတ္ထု, ပေတဝတ္ထု, ထေရဂါထာ, ထေရီဂါထာ, ပါဌဇာတ်, မဟာနိဒ္ဒေသ, ပဋိသမ္ဘိဒါမဂ်, ထေရအပါဒါန်, ထေရီအပါဒါန်- ဟူသော <b>ခုဒ္ဒကနိကာယ် ၁၅-ကျမ်း</b>၊ <b>သုတ္တန်ပိဋိကတ် ၃၇-ကျမ်း</b>။<br>
ဤသို့လျှင် အာဒိကလျာဏဂုဏ်, မဇ္ဈေကလျာဏဂုဏ်, ပရိယော သာနကလျာဏဂုဏ်နှင့် ပြည့်စုံလှစွာ ပိဋကတ်အားဖြင့် ၃-ပါး၊ နိကယ် အားဖြင့် ၅-ပါး, အင်္ဂါအားဖြင့် ၉-ပါး, ကျမ်းအားဖြင့် ၈၁-ပါး, ဓမ္မက္ခန္ဓာ အားဖြင့် ၈၄၀၀၀-အရေအတွက်ရှိသော ကောင်းသောစကားကို ဆိုတော် မူတတ်သောကြောင့်လည်း၊ <b>သုဂတော</b>=သုဂတဟူသော ဂုဏ်အမည်နာမ ဝိသေသကိုရတော်မူပေ၏၊ <b>သုဂတော</b>=ကောင်းသောစကားကို ဆိုတော်မူ တတ်သော မြတ်စွာဘုရား။</p>
<p>၅။ ဣတိပိ သောဘဂဝါ လောကဝိဒူ</p>
<p>အနက်။ <b>မေ</b>=အကျွန်ပ်၏၊ <b>သတ္တာ</b>=ဆရာသခင် ကျေးဇူးရှင်ဖြစ် တော်မူသော၊ <b>ယော</b>၊ <b>ဘဂဝါ</b>၊ အကြင်မြတ်စွာဘုရားသည်။ <b>စီရကာလံ</b>၊ လေးသင်္ချေနှင့် ကမ္ဘာတသိန်း ကာလပတ်လုံး။ <b>ပါရမိယော</b>၊ ပါရမီတို့ကို၊ <b>ပူရေတွာ</b>=ဖြည့်တော်မူ၍ <b>ဗုဒ္ဓသာဝံ</b>၊ သဗ္ဗာညုတ ဘုရားအဖြစ်သို့၊ <b>ပတ္တော</b>၊ ရောက်တော်မူပေ၏၊</p>
<p><b>မေ</b>=အကျွန်ပ်၏၊ <b>သတ္ထာ</b>၊ ဆရာသခင်ကျေးဇူးရှင်ဖြစ်တော်မူ ပေသော၊ <b>သောဘဂဝါ</b>၊ ထိုမြတ်စွာဘုရားသည်၊ <b>ဣတိပိ</b>=ဤသို့လျှင်ကာမ ၁၁-ဘုံ<br>
၁။ ငရဲဘုံ,<br>
၂။ တိရစ္ဆာန်ဘုံ,<br>
၃။ ပြိတ္တာဘုံ,<br>
၄။ အသူရကာယ်ဘုံ,<br>
ဟူသော <b>အပါယ် ၄-ဘုံ</b>,<br>
၁။ မနုဿဘုံ,<br>
၂။ စတုမဟာရာဇ်ဘုံ,<br>
၃။ တာဝတိံသာဘုံ,<br>
၄။ ယာမာဘုံ,<br>
၅။ တုသိတာဘုံ,<br>
၆။ နိမာနရတိဘုံ,<br>
၇။ ပရနိမ္မိတ ဝဿ ဝတ္တီဘုံ,<br>
ဟူသော <b>ကာမသုဂတိ ၇-ဘုံ</b>။<br>
အပါယ် ၄-ဘုံနှင့်တကွ ပေါင်းသည်ရှိသော် <b>ကာမ ၁၁-ဘုံ</b>ဖြစ်၏၊<br>
နတ် ပြည် ၆-ထပ်သည် လူ့ဘုံမှ အထက်ယူဇနာ ၄-သောင်း ၂-ထောင်စီ အဆင့်ဆင့်မြင့်ကွာကြသည်။<br>
နတ်ပြည် ၆-ထပ် နတ်သက်<br>
၁။ စတုမဟာရာဇ် ဘုံသက်ကား စတုမဟာရာဇ်နှစ်နှင့် အနှစ် ၅-ရာရှိ၏၊ လူတို့နှစ်နှင့် <b>အနှစ် ၉-သန်း</b>ရှိ၏၊<br>
၂။တာဝတိံသာ ဘုံသက်ကား တာဝတိံသာနှစ်နှင့် အနှစ့် ၁- ထောင်ရှိ၏၊ လူတို့နှစ်နှင့် <b>အနှစ်၉-သန်း ၄-လီ။ ၃-ကုဋေ ၆သန်း</b> ရှိ၏၊<br>
၃။ ယာမာဘုံသက်ကား ယာမာနှစ်နှင့် အနှစ် ၂-ထောင်ရှိ၏၊ လူတို့၏နှစ်နှင့် <b>အနှစ် ၁၄-ကုဋေ-၄-သန်း</b>ရှိ၏ ၄။ တုသိတာဘုံသက်ကား-တုသိတာနှစ်နှင့် အနှစ် ၄-ထောင် ရှိ၏၊ လူတို့၏နှစ်နှင့် <b>အနှစ် ၅၇-ကုဋေ နှင့် ၆-သန်း</b>ရှိ၏<br>
၅။ နိမ္မာနတိ ဘုံသက်ကား နိမ္မာနရတိနှစ်နှင့် အနှစ် ၈-ထောင် ရှိ၏လူတို့နှစ်နှင့် <b>ကုဋေ ၂၃၀-နှင့် ၄-သန်း</b>ရှိ၏၊<br>
၆။ ပရနိမ္မိတဝသဝတ္တီဘုံသက်ကား-ပရနိမ္မိတဝသဝတ္တီနှစ်နှင့် ၁-သောင်း ၆-ထောင် ရှိ၏၊ လူတို့နှစ်နှင့် <b>နှစ်ပေါင်း ၉၂၁-ကုဋေ ၆-သန်း</b>ရှိ၏၊</p>
<p>ရူပ ၁၆-ဘုံ<br>
၁။ ဗြဟ္မပါရိသဇ္ဇာဘုံ,<br>
၂။ ဗြဟ္မပုရောဟိတာဘုံ,<br>
၃။ မဟာဗြဟ္မာဘုံ,<br>
တစ်ပြင်တည်းတည်သော <b>ပထမစျာန် ၃-ဘုံ</b>။<br>
၄။ ပရိတ္တာဘာဘုံ,<br>
၅။ အပ္ပမာဏာဘာဘုံ,<br>
၆။ အာဘာဿရာဘုံ,<br>
တစ်ပြင်တည်း တည်သော <b>ဒုတိယစျာန် ၃-ဘုံ</b>။<br>
၇။ ပရိတ္တသုဘာဘုံ,<br>
၈။ အပ္ပမာဏသုဘာဘုံ,<br>
၉။ သုဘကိဏှာဘုံ,<br>
တစ်ပြင်တည်း တည်သော <b>တတိယ စျာန် ၃-ဘုံ</b>။<br>
၁၀။ ဝေဟပ္ဖိုလ်ဘုံ,<br>
၁၁။ အသညသတ်ဘုံ,<br>
တစ်ပြင်တည်း တည်သော <b>စတုတ္ထ စျာန် ၂-ဘုံ</b>,<br>
၁၂။ အဝိဟာဘုံ,<br>
၁၃။ အတပ္ပါဘုံ,<br>
၁၄။ သုဒဿာဘုံ,<br>
၁၅။ သုဒဿီဘုံ,<br>
၁၆။ အကနိဋ္ဌဘုံ,<br>
အဆင့်ဆင့်တည်သော <b>သုဒ္ဓါဝါသ စတုတ္ထစျာန် ၅-ဘုံ</b>၊ ပေါင်း <b>ရူပ ၁၆-ဘုံ</b>ဖြစ်၏၊</p>
<p>ရူပ ၁၆-ဘုံ အကွာအဝေး<br>
ဝသဝတ္တိဘုံမှ အထက်ယူဇနာပေါင်း <b>၅-သန်း ၅-သိန်း ၈- ထောင်</b>မြင့်သော ကောင်းကင်ပြင်၌ ပထမစျာန် ၃-ဘုံ တည်၏၊<br>
၎င်းမှအထက် ယူဇနာပေါင်း <b>၅- သန်း ၅-သိန်း ၈-ထောင်</b> မြင့်သော ကောင်းကင်းပြင်၌ ဒုတိယစျာန် ၃-ဘုံတည်၏၊<br>
၎င်းမှအထက် ယူဇနာပေါင်း <b>၅- သန်း ၅-သိန်း ၈-ထောင်</b> မြင့်သော ကောင်းကင်းပြင်၌ တတိယစျာန် ၃-ဘုံတည်၏၊<br>
၎င်းမှအထက် ယူဇနာပေါင်း <b>၅- သန်း ၅-သိန်း ၈-ထောင်</b> မြင့်သော ကောင်းကင်းပြင်၌ဝေဟပ္ဖိုလ်ဘုံ, အသညသတ်ဘုံ တည်၏၊<br>
၎င်းမှအထက် သုဒ္ဓဝါသ ၅-ဘုံသည်လည်း အဆင့်ဆင့်ယူဇနာ <b>၅-သန်း ၅-သိန်း ၈-ထောင်</b>စီ အမြင့်ကွာခြား၏၊</p>
<p>ရူပဗြဟ္မာတို့၏သက်တမ်း<br>
၁။ ဗြဟ္မာပါရိသဇ္ဇာ ဗြဟ္မာတို့၏ အသက်မှာ <b>အန္တရကပ် ၆၄- ကပ်</b>ရှိ၏ ယင်း ၆၄-ကပ်ကို ၃-ဖို့ပြု၊ အန္တရကပ်သာသာ ရှိ၏၊<br>
၂။ ဗြဟ္မပုရောဟိတာ ဗြဟ္မာတို့၏ အသက်မှာ <b>အန္တရကပ် ၃၂- ကပ်</b>ရှိ၏၊<br>
၃။ မဟာဗြဟ္မာတို့၏ အသက်မှာ <b>အန္တရကပ် ၆၄-ခုအပေါင်း ဖြစ်သော ဝိဝဋ္ဋဋ္ဌာယီ အင်္ချေယျ ၁-ကပ်</b>ရှိ၏<br>
၄။ ဒုတိယစျာန် ၃-ဘုံ၌ ပရိတ္တာဘာဗြဟ္မာတို့၏အသက်မှာ <b>မဟာကမ္ဘာကြီး ၂-ခု</b>ရှိ၏၊<br>
၅။ အပ္ပမာဏာဘာ ဗြဟ္မာတို့၏ အသက်မှာ <b>မဟာကမ္ဘာကြီး ၄-ခု</b>ရှိ၏၊<br>
၆။ အာဘဿရာ ဗြဟ္မာတို့၏အသက်မှာ <b>မဟာကမ္ဘာကြီး ၈- ခု</b>ရှိ၏၊<br>
၇။ တတိယစျာန် ၃-ဘုံ၌ ပရိတ္တသုဘာ ဗြဟ္မာတို့၏ အသက်မှာ <b>မဟာကမ္ဘာကြီး ၁၆-ခု</b>ရှိ၏၊<br>
၈။ အပ္ပမာဏသုဘာ ဗြဟ္မာတို့၏ အသက်မှာ <b>မဟာကမ္ဘာကြီး ၃၂-ခု</b>ရှိ၏၊<br>
၉။ သုဘကိဏှာဗြဟ္မာ တို့၏ အသက်မှာ <b>မဟာကမ္ဘာကြီး ၆၄- ခု</b>ရှိ၏၊<br>
၁၀-၁၁။ စတုတ္ထစျာန် ၇-ဘုံတို့တွင် ဝေဟပ္ဖိုလ်ဗြဟ္မာ, အသညသတ်ဗြဟ္မာတို့၏ အသက်မှာ <b>မဟာကမ္ဘာကြီး</b><br>
၁၂။ အဝိဟာ ဗြဟ္မာတို့၏ အသက်မှာ <b>မဟာကမ္ဘာကြီး ၁- ထောင်</b>ရှိ၏၊<br>
၁၃။ အတပ္ပါ ဗြဟ္မာတို့ အသက်မှာ <b>မဟာကမ္ဘာကြီး ၂- ထောင်</b>ရှိ၏၊<br>
၁၄။ သုဒဿာ ဗြဟ္မာတို့၏ အသက်မှာ <b>မဟာကမ္ဘာကြီး ၄- ထောင်</b>ရှိ၏၊<br>
၁၅။ သုဒဿီ ဗြဟ္မာတို့၏ အသက်မှာ <b>မဟာကမ္ဘာကြီး ၈- ထောင်</b>ရှိ၏၊<br>
၁၆။ အကနိဋ္ဌ ဗြဟ္မာတို့၏ အသက်မှာ <b>မဟာကမ္ဘာကြီး ၁- သောင်းခြောင်းထောင်</b>ရှိ၏၊</p>
<p>အရူပ ၄-ဘုံ အကွာအဝေးနှင့် ဘုံသက်<br>
အကနိဋ္ဌ အထက်ယူဇနာပေါင်း <b>၅-သန်း ၈-ထောင်</b>စီ အဆင့် ဆင့်မြင့်သော ကောင်းကင်ပြင်၌<br>
၁။ အာကာသာနဉ္စာယတနဘုံ,<br>
၂။ ဝိညာဏဉ္စာယတနဘုံ,<br>
၃။ အာကိဉ္စညာယတနဘုံ,<br>
၄။ နေဝသညာနာသညာယတနဘုံ,<br>
ဟူသော <b>အရူပ ၄-ဘုံ</b> တည်၏၊<br>
၁။ ဘုံသည်လည်း အစဉ်အတိုင်း <b>ကမ္ဘာ ၂-သောင်း</b>၊<br>
၂။ ဒုတိယ၌ <b>ကမ္ဘာ ၄-သောင်း</b>၊<br>
၃။ တတိယ၌ <b>ကမ္ဘာ ၆-သောင်း</b>၊<br>
၄။ စတုတ္ထ၌ <b>ကမ္ဘာ ၈-သောင်း၊ ၄-ထောင်</b> ရှိ၏၊ ဤ <b>၃၁-ဘုံ</b>ကား <b>ဩကာသလောက</b> မည်၏၊</p>
<p>ပုဂ္ဂိုလ်အပြား<br>
ပုဂ္ဂိုလ်သည် အကျဉ်းအားဖြင့်<br>
၁။ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်,<br>
၂။ သုဂတိအဟိတ်ပုဂ္ဂိုလ်,<br>
၃။ ဒွိဟိတ်ပုဂ္ဂိုလ်,<br>
၄။ တိဟိတ်ပုဂ္ဂိုလ်,<br>
<b>ပုထုဇဉ် ၄-ယောက်</b>။<br>
၁။ သောတာပတ္တိ မဂ္ဂဋ္ဌပုဂ္ဂိုလ်,<br>
၂။ သောတာပတ္တိ ဖလဋ္ဌပုဂ္ဂိုလ်,<br>
၃။ သကဒါဂါမိ မဂ္ဂဋ္ဌပုဂ္ဂိုလ်,<br>
၄။ သကဒါဂါမိ ဖလဋ္ဌပုဂ္ဂိုလ်,<br>
၅။ အနာဂါမိ မဂ္ဂဋ္ဌပုဂ္ဂိုလ်,<br>
၆။ အနာဂါမိ ဖလဋ္ဌပုဂ္ဂိုလ်,<br>
၇။ အရဟတ္တ မဂ္ဂဋ္ဌပုဂ္ဂိုလ်,<br>
၈။ အရဟတ္တ ဖလဋ္ဌပုဂ္ဂိုလ်, <b>အရိယာ ၈-ယောက်</b>။</p>
<p>ဘုံ၌ပုဂ္ဂိုလ်<br>
၁။ အပါယ်ဘုံ၌ ဒုဂ္ဂတိအဟိတ် တစ်ယောက် ရ၏၊ ၄-ဘုံ ဖြစ်၍ <b>၄-ယောက်</b>။<br>
၂။ လူ့ဘုံ, စတုမဟာရာဇ်ဘုံ၌ ဒုဂ္ဂတိအဟိတ်ကို ချန်လှပ်၍ တစ်ကျိပ်တစ်ယောက်စီ ရ၏၊ နှစ်ဘုံဖြစ်ရကား <b>၂၂- ယောက်</b>၊ ပေါင်း <b>၂၆-ယောက်</b> ဖြစ်၏၊<br>
၃။ အထက် နတ်ပြည် ၅-ထပ်မှာ ဒုဂ္ဂတိအဟိတ်, သုဂတိ အဟိတ် ၂-ယောက်ကြဉ် တစ်ကျိပ်စီဖြစ်၍ <b>၅-ကျိပ်</b>ရ၏၊<br>
၄။ ပထမစျာန် ၃-ဘုံ, ဒုတိယစျာန် ၃-ဘုံ, တတိယစျာန် ၃- ဘုံ, ဝေဟပ္ဖိုလ်၊ ဤ ၁၀-ဘုံ၌ တိဟိတ် ပုထုဇဉ် ၁၊ အရိယာ ၈၊ ၉-ယောက်စီ ဖြစ်၍ <b>၉-ကျိပ်</b> ရ၏၊<br>
၅။ အသညသတ်ဘုံ၌ သုဂတိအဟိတ် <b>၁-ယောက်</b>သာရ၏၊<br>
၆။ သုဒ္ဓဝါသ ၅-ဘုံ၌ ပုဂ္ဂိုလ် ၁၂-တွင် အထက်ဆုံးဖြစ်သော အနာဂါမိဖလဋ္ဌ, အရဟတ္တမဂ္ဂဋ္ဌ, အရဟတ္တဖလဋ္ဌ ၃- ယောက်စီဖြစ်၍ <b>၁၅-ယောက်</b> ရ၏၊<br>
၇။ အရူပ ၄-ဘုံ၌ အရိယာ ပုဂ္ဂိုလ် ၈-ယောက်တွင် သောတာ ပတ္တိမဂ်ပုဂ္ဂိုလ်မရ၊ ကြွင်းသော အရိယာ ၇-ယောက်နှင့် တိဟိတ် ပုထုဇဉ် ၁-ယောက်သာ ရ၏၊ ၄-ဘုံဖြစ်၍ <b>၃- ကျိပ် ၂-ယောက်</b> ရ၏၊</p>
<p>ကာမပုဂ္ဂိုလ်, ရူပပုဂ္ဂိုလ်, အရူပပုဂ္ဂိုလ် ၃-ပါး ပေါင်းသည်ရှိသော် ပုဂ္ဂိုလ်ပေါင်း <b>၂-ရာ့တစ်ကျိပ် ၄-ယောက်</b>။</p>
<p>(ဤကား <b>သတ္တလောက</b>တည်း။)</p>
<p>၃၁-ဘုံဟုဆိုအပ်သော ဩကာသလောကသည်လည်း <b>သင်္ခါရ ဓမ္မ</b> စုပင်တည်း။<br>
ပုဂ္ဂိုလ်, သတ္တဝါ, ဗြဟ္မာ, လူနတ်ဟု ဆိုအပ်သော သတ္တလောက သည်လည်း <b>သင်္ခါရဓမ္မ</b> စုပင်တည်း။<br>
ထိုသင်္ခါရသည် <b>ရုပ်သင်္ခါရ</b>, <b>နာမ်သင်္ခါရ</b>ဟူ၍ ၂-ပါးအပြားရှိ၏၊</p>
<p>ရုပ်သင်္ခါရသည်ကား-<br>
(က) မြေဓာတ်, ရေဓာတ်, မီးဓာတ်, လေဓာတ်-ဟူသော <b>မဟာဘုတ်ကြီး ၄-ပါး</b>။<br>
(ခ) စက္ခုဓာတ်, သောတဓာတ်, ဃာနဓာတ်, ဇိဝှါဓာတ်, ကာယဓာတ်ဟူသော <b>အကြည်ဓာတ် ၅-ပါး</b>။<br>
(ဂ) ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ-ဟူသော <b>ဂေါစရဓာတ် ၅-ပါး</b>။<br>
(ဃ) ဣတ္ထိဘာဝရုပ်, ပုရိသဘာဝရုပ်, ဟဒယဝတ္ထုရုပ်, ဇီဝိတရုပ်, ဩဇာ-ဟုဆိုအပ်သော အာဟာရ ရုပ်။ ဤတရားစုသည် <b>ရုပ်သင်္ခါရ</b> မည်၏၊</p>
<p>(က) စက္ခုဝိညာဉ်ဓာတ်, သောတဝိညာဉ်ဓာတ်, ဃာန ဝိညာဉ်ဓာတ်, ဇိဝှါဝိညာဉ်ဓာတ်, ကာယ ဝိညာဉ်ဓာတ်, မနောဝိညာဉ်ဓာတ်-ဟူသော <b>ဝိညာဉ် ၆-ပါး</b>။<br>
(ခ) ထိုဝိညာဉ် ၆-ပါးနှင့် ထိုက်သည်အားလျော်စွာ ယှဉ်တွဲ၍ ဖြစ်သော ဖဿဓာတ်, ဝေဒနာဓာတ်, သညာဓာတ်, စေတနာဓာတ်, သမာဓိဓာတ်, ဇီဝိတဓာတ်, မနသိကာရ ဓာတ်, ဝိတက်, ဝိစာရ, ပီတိ, ဝီရိယ, ဆန္ဒ, လောဘ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိ, ဝိစိကိစ္ဆာ, သဒ္ဓါ, ပညာ, သတိ-အစရှိသော <b>စေတသိက် တရားစု</b>။<br>
ဤ ဝိညာဉ် ၆-ပါးနှင့် စေတသိက်တရားစုသည် <b>နာမ်သင်္ခါရ</b> မည်၏၊</p>
<p>သတ္တလောက, သင်္ခါရလောက, ဩကာသလောက-တည်း ဟူသော <b>လောက ၃-ပါး</b>ကို အကြွင်းမရှိ သိတော်မူသော အကြောင်း ကြောင့်လည်း၊ <b>လောကဝိဒူ</b>၊ လောကဝိဒူ-ဟူသော အမည်နာမ ဝိသေသကို ရတော်မူပေ၏၊<br>
<b>လောကဝိဒူ</b>၊ လောက ၃-ပါးကို အကြွင်းမရှိ သိတော်မူပေသော အတုမဲ့ ယောကျာ်းမြတ်ကြီး ဖြစ် တော်မူပေ၏၊</p>
<p>(၆) ဣတိပိ သော ဘဂဝါ အနုတ္တရော ပုရိသဒမ္မသာရထိ</p>
<p>အနက်။။ <b>မေ</b>၊ အကျွန်ုပ်၏၊ <b>သတ္ထာ</b>၊ ဆရာသခင် ကျေးဇူးရှင် ဖြစ်တော်မူပေသော၊ <b>ယောဘဂဝါ</b>၊ ထိုမြတ်စွာဘုရားသည်၊ <b>စီရကာလံ</b>၊ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး၊ <b>ပါရမိယော</b>၊ ပါရမီတို့ကို၊ <b>ပုရေတွာ</b>၊ ဖြည့်တော်မူပြီး၍၊ <b>ဗုဒ္ဓဘာဝံ</b>၊ သဗ္ဗညုတဘုရားအဖြစ်သို့၊ <b>ပတ္တော</b>=ရောက်တော်မူပေ၏၊</p>
<p><b>မေ</b>၊ အကျွန်ုပ်၏၊ <b>သတ္ထာ</b>၊ ဆရာသခင် ကျေးဇူရှင်ဖြစ်တော်မူ ပေသော၊ <b>သောဘဂဝါ</b>၊ အကြင်မြတ်စွာဘုရားသည်၊ <b>ဣတိပိ</b>၊ ဤသို့လျှင် ကုသိုလ်ဖြစ်မှု၌ အချက်ကျကျ မလိမာသောသူကို ပုညကိရိယာဝတ္ထု ၁၀-ပါးကို ပြသဖြင့်ဆုံးမတော်မူပေ၏၊</p>
<p><b>ပုညကိရိယာ ဝတ္ထု ၁၀-ပါး</b>ဟူသည်ကား<br>
၁။ <b>ဒါန</b>-အလှုပေးခြင်း,<br>
၂။ <b>သီလ</b>-သီလသီတင်း-ဆောက်တည်ခြင်း,<br>
၃။ <b>ဘာဝနာ</b>-ကမ္မဋ္ဌာန်း စီးဖြန်းခြင်း,<br>
၄။ <b>အပစာယန</b>-အသက်သိက္ခာကြီးသောသူတို့၌ အရို အသေပြုခြင်း,<br>
၅။ <b>ဝေယာဝစ္စ</b>-သူတပါးတို့၏ အမှုကြီးငယ်တို့ကို သဒ္ဒါကြည်ဖြူ ရွက်ဆောင်ခြင်း,<br>
၆။ <b>ပတ္တိ ဒါန</b>-မိမိ၏ ကုသိုလ်အဖို့ကို သူတစ်ပါးတို့အား အမျှပေးဝေခြင်း,<br>
၇။ <b>ပတ္တာနုမောဒန</b>-သူတပါးတို့ပေးဝေသောကုသိုလ်အဖို့ကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ခြင်း,<br>
၈။ <b>ဓမ္မဿဝန</b>-သူတပါးတို့၏တရားကိုကြားနာခြင်း,<br>
၉။ <b>ဓမ္မဒေသနာ</b>-မိမိသိသမျှသော တရားစကားတို့ကို သူတပါး တို့အား သင်ကြားဟောပြောခြင်း,<br>
၁၀။ <b>ဒိဋ္ဌိဇုကမ္မ</b>-ကံ,ကံ၏အကျိုးကို ယုံကြည်၍ ဖြောင့်မှတ်သော အယူကိုယူခြင်း,<br>
(ဤကား <b>ပုညကိရိယာဝတ္ထု ၁၀-ပါး</b>တည်း။)</p>
<p>ဒုစရိုက် ၁၀-တန် အကင်းသန်သဖြင့် ခက်ထန်ရိုင်းစိုင်း၍နေ သော သူကို ဒုစရိုက် ၁၀-ပါး၏အပြစ်, သုစရိုက် ၁၀-ပါး၏အကျိုးကို ပြသဖြင့် ဆုံးမတော်မူပေ၏၊</p>
<p><b>ဒုစရိုက် ၁၀-ပါး</b> ဟူသည်ကား<br>
၁။ <b>ပါဏာတိပါတ</b>-သူ့-အသက်ကို သတ်ခြင်း,<br>
၂။ <b>အဒိန္နာဒါန</b>-သူ့ ဥစ္စာကို ခိုးယူခြင်း,<br>
၃။ <b>ကာမေသု မိစ္ဆာစာရ</b> သူ့အိမ်ရာကို ကျူးလွန်ခြင်း,<br>
(ဤကား <b>အကုသိုလ် ကာယကံ ၃-ပါး</b>တည်း။)<br>
၁။ <b>မုသာဝါဒ</b>-မဟုတ်မမှန်စကားပြောခြင်း,<br>
၂။ <b>ပိသုဏဝါစာ</b>-ကုန်းတိုက် စကားပြောခြင်း,<br>
၃။ <b>ဖရုသဝါစာ</b>-အကြမ်းအတမ်းဆဲရေခြင်း<br>
၄။ <b>သမ္ဖပ္ပလာပ</b>- အနက်မဲ့၍ပြိန်ဖျင်းသောစကားကိုဆိုခြင်း,<br>
(ဤကား <b>အကုသိုလ် ဝစီကံ ၄-ပါး</b>တည်း။)<br>
၁။ <b>အဘိဇ္ဈာ</b>-သူ့ပိုင်နက် ဥစ္စာကို ငါ့ဟာဖြစ်လျှင်ကောင်းလေစွ ဟုကြံဆ တောင့်တခြင်း,<br>
၂။ <b>ဗျာပါဒ</b>-သူတစ်ပါး၏ အသက်ခန္ဓာ သေကြေပျက်စီးမှုကို တောင့်တခြင်း,<br>
၃။ <b>မိစ္ဆာဒိဋ္ဌိ</b>-အယူမှားခြင်း,<br>
(ဤကား <b>အကုသိုလ်မနောကံ ၃-ပါး</b>တည်း။)<br>
<b>ဒုစရိုက်၁၀-ပါးပြီး၏</b>၊</p>
<p><b>သုစရိုက် ၁၀-ပါး</b> ဟူသည်ကား<br>
၁။ <b>ပါဏာတိပါတာ</b>၊ သူ့အသက်ကို သတ်ခြင်းမှ။ <b>ဝေရမဏီ</b>၊ ရှောင်ကြဉ်ခြင်း။<br>
၂။ <b>အဒိန္နာဒါနာ</b>၊ သူ့ဥစ္စာကိုခိုးယူခြင်းမှ။ <b>ဝေရမဏီ</b>၊ ရှောင် ကြဉ်ခြင်း။<br>
၃။ <b>ကာမေသုမိစ္ဆာစာရာ</b>၊ သူ့အိမ်ရာကို ကျူးလွန်ခြင်းမှ၊ <b>ဝေရာမဏိ</b>၊ ရှောင်ကြဉ်ခြင်း။<br>
(ဤကား <b>ကုသိုလ်ကာယကံ ၃-ပါး</b>တည်း။ )<br>
၁။ <b>မုသာဝါဒါ</b>၊ မဟုတ် မမှန်စကား။ ပြောဆိုခြင်းမှ၊ <b>ဝေရမဏိ</b>၊ ရှောင်ကြဉ်ခြင်း။<br>
၂။ <b>ပိသုဏဝါစာယ</b>၊ ကုန်းတိုက်စကားပြောဆိုခြင်းမှ၊ <b>ဝေရမဏိ</b>၊ ရှောင်ကြဉ်ခြင်း။<br>
၃။ <b>ဖရုသဝါစာယ</b>၊ အကြမ်းအတမ်း ဆဲရေးခြင်းမှ၊ <b>ဝေရမဏိ</b>၊ ရှောင်ကြဉ်ခြင်း။<br>
၄။ <b>သမ္ဖပ္ပလာပါ</b>၊ အနက်မဲ့၍ ပြိန်ဖျင်းသောစကားကို ဆိုခြင်းမှ၊ <b>ဝေရမဏိ</b>၊ ရှောင်ကြဉ်ခြင်း။<br>
(ဤကား <b>ကုသိုလ် ဝစီကံ ၄-ပါး</b>တည်း။)<br>
၁။ <b>အနဘိဇ္ဈာ</b>-သူ့ပိုင်နက်ကို ကိုယ့်ဘက် မညွတ်စေဘဲ စိတ်နှလုံး ကြည်ဖြူခြင်း။<br>
၂။ <b>အဗျာပါဒ</b>-သတ္တဝါတစ်ပါး၏ အသက်ခန္ဓာကို ချမ်းသာ ကြီးပွားစေလိုခြင်း။<br>
၃။ <b>သမ္မာဒိဋ္ဌိ</b>-ဖြောင့်မှန်သော အယူကို ယူခြင်း။<br>
(ဤကား <b>ကုသိုလ် မနောကံ ၃-ပါး</b>တည်း။)<br>
<b>သုစရိုက် ၁၀-ပါး ပြီး၏</b>၊</p>
<p>နိဝရဏ ၆-တန် အကင်းသန်သဖြင့် ခက်ထန်ရိုင်းစိုင်းသော သူကိုကသိုဏ်းစျာန် ၁၀-ပါး, အသုဘ ၁၀-ပါး, အနုဿတိ ၁၀-ပါး, ဗြဟ္မဝိဟာရစျာန် ၄-ပါး, အာရုပ္ပစျာန် ၄-ပါး, ပဋိကူလသညာစျာန် ၄- ပါး, ဓာတုမနသိကာရစျာန် ၁-ပါး, ဤ ၄၀-သော ဥပစာရစျာန်, အပ္ပနာကမ္မဋ္ဌာန်းတို့ကိုပြ၍ ဆုံးမတော်မူပေ၏၊</p>
<p><b>ကသိုဏ်းစျာန် ၁၀-ပါး</b>ဟူသည်ကား<br>
၁။ မြေအခန်း၌ စီးဖြန်း၍ရသော <b>ပထဝီကသိုဏ်းစျာန် ၁- ပါး</b><br>
၂။ ရေအခန်း၌ စီးဖြန်း၍ ရသောအာပေါကသိုဏ်းစျာန် <b>၁- ပါး</b><br>
၃။ လေအခန်း၌ စီးဖြန်း၍ရသော <b>ဝါယောကသိုဏ်းစျာန် ၁- ပါး</b><br>
၄။ မီးအခန်း၌ စီးဖြန်း၍ရသော <b>တေဇောကသိုဏ်းစျာန် ၁- ပါး</b><br>
၅။ အလွန်မဲနက် စိမ်းညိုသော အဝတ်မျိုး အထည်မျိုး ပန်းမျိုး ဆေးမျိုးတို့၌ စီးဖြန်း၍ရသော <b>နီလကသိုဏ်းစျာန် ၁-ပါး</b>၊<br>
၆။ အလွန်ဝါသောအဝတ်မျိုးအထည်မျိုးပန်းမျိုးဆေးဒန်း စသော ဆေးမျိုးတို့၌ စီးဖြန်း၍ရသော <b>ပီတကသိုဏ်းစျာန် ၁-ပါး</b>,<br>
၇။ အလွန်နီသောအဝတ်မျိုး အထည်မျိုး ဆေးမျိုးတို့၌ စီးဖြန်း၍ရသော <b>လောဟိတကသိုဏ်း</b> စသောစျာန် <b>၁-ပါး</b>,<br>
၈။ အလွန်ဖြူသောအဝတ်မျိုး အထည်မျိုး ပန်းမျိုး ဆေးမျိုးတို့၌ စီးဖြန်း၍ရသော <b>ဩဝါဒကသိုဏ်း စျာန်း၁-ပါး</b>။<br>
၉။ အရောင်အလင်းတို့၌ စီးဖြန်း၍ရသော <b>အာလောက ကသိုဏ်းစျာန်၁-ပါး</b>,<br>
၁၀။ အပေါ်ကောင်းကင်၌ စီးဖြန်း၍ရသော <b>အာကာသ ကသိုဏ်းစျာန် ၁-ပါး</b>,<br>
(ဤကား <b>ကသိုဏ်းစျာန်၁၀-ပါး</b>တည်း။)</p>
---
<p><b>အသုဘစျာန် ၁၀-ပါး</b>ဟူသည်ကား<br>
၁။ ဖူးဖူးရောင်သော သူကောင်ပုပ်၌ စီးဖြန်း၌ရသော <b>ဥဒ္ဓု မာတက စျာန် ၁-ပါး</b>,<br>
၂။ ပုပ်၍ညိုမဲသော သူကောင်ပုပ်၌စီးဖြန်း၍ရသော <b>ဝိနီလက စျာန် ၁-ပါး</b>,<br>
၃။ အပုပ်လွန်သောအပုပ်ရည်ပြည်အစု၌ စီးဖြန်း၍ရသော <b>ဝိပုဗ္ဗကစျာန် ၁-ပါး</b>,<br>
၄။ အလယ်၌ပြတ်၍ နှစ်ပိုင်းပြတ်နေသော သူကောင်၌ စီးဖြန်း၍ရသော <b>ဝိစ္ဆိဒ္ဒကစျာန် ၁-ပါး</b>,<br>
၅။ တောခွေး, ရွာခွေး စား၍ကျန်သော သူကောင်၌ စီးဖြန်း ၍ရသော<b>ဝိက္ခာယိတကစျာန် ၁-ပါး</b><br>
၆။ တောခွေး, ရွာခွေး ကိုက်ဆွဲ၍ ထိုထိုအရပ်တွင် အပိုင်းပိုင်း နှင့် နေသောသူကောင်၌စီးဖြန်း၍ရသော <b>ဝိက္ခိတ္တက စျာန် ၁-ပါး</b>,<br>
၇။ ဓား လက်နက်တိ့ုဖြင့် ဖြတ်လျက် ဖရိုဖရဲဖြစ်၍ ထားအပ် သော သူကောင်၌စီးဖြန်း၍ရသော <b>ဟတဝိက္ခိတ္တက စျာန် ၁-ပါး</b>,<br>
၈။ လက်နက်ထိရာမှ သွေးယိုသော သူကောင်၌ စီးဖြန်း၍ ရသော<b>လောဟိတက စျာန် ၁-ပါး</b>,<br>
၉။ ပိုးလောက်တို့ဖြင့် ပြည့်သော သူကောင်၌ စီးဖြန်း၍ရသော <b>ပုဠုဝက စျာန် ၁-ပါး</b>,<br>
၁၀။ အရိုးစုမျှသာဖြစ်သော သူကောင်၌ စီးဖြန်း၍ရသော <b>အဋ္ဌိကစျာန် ၁-ပါး</b>,<br>
(ဤကား <b>အသုဘ စျာန် ၁၀-ပါး</b>တည်း။)</p>
---
<p><b>အနုဿတိစျာန် ၁၀-ပါး</b>ဟူသည်ကား<br>
၁။ ဘုရားဂုဏ်ကို စွဲစွဲမြဲမြဲ အောက်မေ့၍ရသော <b>ဗုဒ္ဓါနုဿတိ စျာန် ၁-ပါး</b>,<br>
၂။ တရားဂုဏ်ကို စွဲစွဲမြဲမြဲ အောက်မေ့၍ရသော <b>ဓမ္မာနုဿတိ စျာန် ၁-ပါး</b>,<br>
၃။ သံဃာ့ဂုဏ်ကို စွဲစွဲမြဲမြဲ အောက်မေ့၍ရသော <b>သံဃာ နုဿတိ စျာန် ၁-ပါး</b>,<br>
၄။ စင်ကြယ်စွာ စောင့်ထိန်း၍ ရအပ်ပြီးသော သီလဂုဏ်ကို အောက်မေ့၍ရသော <b>သီလာနုဿတိစျာန် ၁-ပါး</b>,<br>
၅။ စင်ကြယ်စွာ ပြုပြီးသော မိမိဒါန၏ ဂုဏ်ကို စွဲစွဲမြဲမြဲ အောက်မေ့၍ရသော <b>စာဂါနုဿတိစျာန်</b>၊<br>
၆။ နတ်ပြည်သို့ တင်ပို့ဆောင်တတ်သော မိမိသန္တာန်၌ ဖြစ်သော သဒ္ဓါ, သီလ, ဟိရီ, ဩတ္တပ္ပ စသော သူတော် ကောင်း တရားစုကို စွဲစွဲမြဲမြဲ အောက်မေ့၍ ရသော <b>ဒေဝတာနုဿတိ စျာန် ၁-ပါး</b>,<br>
၇။ မိမိသန္တာန်၌ ကိလေသာ၏ ငြိမ်းမှုကို စွဲစွဲမြဲမြဲ အောက်မေ့၍ ရသော <b>ဥပသမာနုဿတိ စျာန် ၁-ပါး</b>,<br>
၈။ မိမိသေရမည်ကို စွဲစွဲမြဲမြဲ အောက့်မေ့၍ <b>မရဏာနုဿတိ စျာန် ၁-ပါး</b>,<br>
၉။ မိမိသန္တာန်၌ ဆံပင် စသော ၃၂-ပါးသော အပုန်အစုတို့ကို စွဲစွဲမြဲမြဲ အောက်မေ့ရသော <b>ကာယဂတာသတိစျာန် ၁- ပါး</b>,<br>
၁၀။ မိမိ၏ ထွက်သက် ဝင်သက် စွဲစွဲမြဲမြဲ အောက်မေ့၍ရသော <b>အာနာပါနဿတိ စျာန် ၁-ပါး</b>,<br>
(ဤကား <b>အနုဿတိစျာန် ၁၀-ပါး</b>တည်း။)</p>
---
<p><b>ဗြဟ္မဝိဟာရစျာန် ၄-ပါး</b>ဟူသည်ကား<br>
၁။ ခပ်သိမ်းသော သတ္တဝါတို့ကို့ မေတ္တာဖြန့်ဖြူး၍ ရသော <b>မေတ္တာစျာန် ၁-ပါး</b>,<br>
၂။ ဆင်းရဲသော သတ္တဝါတို့ကို ကရုဏာဖြန့်ဖြူး၍ရသော <b>ကရုဏာစျာန် ၁-ပါး</b>,<br>
၃။ ချမ်းသာသော သတ္တဝါတို့ကို မုဒိတာဖြန့်ဖြူး၍ ရသော <b>မုဒိတာစျာန် ၁-ပါး</b>,။<br>
၄။ ခပ်သိမ်းသော သတ္တဝါတို့ကိုဥပေက္ခာဖြန့်ဖြူး၍ရသော <b>ဥပေက္ခာစျန် ၁-ပါး</b>,<br>
(ဤကား <b>ဗြဟ္မဝိဟာရစျာန် ၄-ပါး</b>တည်း။)</p>
---
<p><b>အာရုပ္ပစျာန်၄-ပါး</b>ဟူသည်ကား<br>
၁။ <b>အာကာသာနဉ္စာယတန စျာန် ၁-ပါး</b>,<br>
၂။ <b>ဝိညာဏဉ္စာယတန စျာန် ၁-ပါး</b>,<br>
၃။ <b>အာကိဉ္ဇာညာယတန စျာန် ၁-ပါး</b>,<br>
၄။ <b>နေဝသညာယတန စျာန် ၁-ပါး</b>,<br>
(ဤကား <b>အာရုပ္ပစျာန် ၄-ပါး</b>တည်း။)</p>
---
<p><b>ပဋိကူလသညာစျာန် ၁-ပါး</b>ဟူသည်ကား<br>
နေ့တိုင်းနေ့တိုင်း စားသောထမင်း အစာအာဟာရတို့၌ စက်ဆုပ် ရွံ့ရှာဖွယ်ဟု အမြဲရှု၍ရသော ဥပစာရစျာန်သည် <b>ပဋိကူလသညာ စျာန်</b>မည်၏၊</p>
<p><b>ဓာတုမနသိကာရစျာန် ၁-ပါး</b>ဟူသည်ကား မိမိကိုယ်ကောင် ဖြစ်၍နေသော မြေဓာတ်အစု, ရေဓာတ်အစု, မီးဓာတ်အစု, လေဓာတ်အစုတိ့ု၌ ရှု၍ရသော ဥပစာရစျာန်သည် <b>ဓာတုမနသိကာရစျာန်</b>မည်၏၊</p>
<p><b>ကမ္မဋ္ဌာန်း ၄၀-ပြီး၏</b>၊</p>
<p>ခန္ဓာတရား ရုပ်နာမ်တရားတို့ကိုပင် ပုဂ္ဂိုလ်,သတ္တဝါ, ငါ, သူတစ်ပါး, ယောကျ်ား, မိန်းမဟု အထင် မှောက်မှား၍ နေကြကုန်သော သတ္တ အပေါင်းတို့ကို ထိုအထင်မှ စင်ကြယ် ကင်းလွတ်စေခြင်းငှါ ရုပ်တရားအစု နာမ်တရားအစုတို့ကို ပြသဖြင့်ဆုံးမတော်မူပေ၏၊ ရုပ်တရား နာမ်တရားတို့သည် အကြောင်းမရှိ မိမိအလို အလျှောက် ဖြစ်ကြကုန်သည်ဟူ၍ အထင်မှောက်မှား၍နေကြသော သတ္တဝါတို့သည် ထိုအထင်မှစင်ကြယ် ကင်းလွတ်စေခြင်းငှာ ပဋိစ္စသမုပ္ပါဒ် အကြောင်းတရား, ပဋ္ဌာန်းအကြောင်းတရားတို့ကို ပြသဖြင့် ဆုံးမ တော်မူပေ၏၊</p>
<p>မိမိသန္တာန်၌ရှိသော စက္ခု, သောတ, ဖဿ, ဝေဒနာ-အစရှိသော ထိုရုပ်တရား, နာမ်တရားကိုပင် မိမိအပိုင် ဥစ္စာဟု တဏှာစွဲလမ်း၍ နေသော သတ္တဝါအပေါင်းတို့ကို ထို'တဏှာ'တရား ချုပ်စေခြင်းငှာ ဒုက္ခလက္ခဏာကို ပြသဖြင့် ဆုံးမတော်မူပေ၏၊</p>
<p>မိမိသန္တာန်၌ရှိသော စက္ခု, သောတ, ဖဿ, ဝေဒနာ-အစရှိသော ထိုရုပ်တရား, နာမ်တရားကိုပင် ငါငါ-ဟု မာန်ဖြင့်စွဲလမ်း၍နေသော သတ္တဝါအပေါင်းတို့ကို ထို'မာန' တရား ချုပ်စေခြင်းငှာ အနိစ္စလက္ခဏာကို ပြသဖြင့် ဆုံးမတော်မူ၏၊</p>
<p>မိမိသန္တာန်၌ရှိသော စက္ခု, သောတ, ဖဿ, ဝေဒနာ-အစရှိသော ထိုရုပ်တရား, နာမ်တရားကိုပင် ငါ၏ကိုယ် ငါ၏ကိုယ်-ဟုဒိဋ္ဌိဖြင့် စွဲလမ်း၍ နေသော သတ္တဝါအပေါင်းတို့ကို ထို'ဒိဋ္ဌိ'တရား ချုပ်စေခြင်းငှာ အနတ္တ လက္ခဏာကို ပြသဖြင့် ဆုံးမတော်မူ၏၊</p>
<p>ဤသို့လျှင် ဆုံးမထိုက်သော သတ္တဝါအပေါင်းတို့ကို ဆုံးမကြ သောသူအပေါင်းတို့ထက် အတုမရှိ မြတ်တော်မူသည်၏ အဖြစ်ကြောင့် <b>အနုတ္တရောပုရိသဒမ္မသာရထိ</b>၊ အနုတ္တရောပုရိသဒမ္မသာရထိ ဟူသော အမည်နာမ ဝိသေသကို ရတော်မူပေ၏<b>အနုတ္တရောပုရိသဒမ္မသာရထိ</b> ခပ်သိမ်းသောသတ္တဝါအပေါင်းတို့ကို ဆုံးမတတ်သော သူတို့ထက် အတုမရှိ မြတ်တော်မူသော မြတ်စွာဘုရား။</p>
<h3>၇။ ဣတိပိ သောဘဂဝါ သတ္ထာဒေဝမနုဿာနံ</h3>
<p><b>အနက်။</b> မေ၊ အကျွန်ုပ်၏၊ သတ္ထာ၊ ဆရာသခင်ကျေးဇူးရှင် ဖြစ်တော်မူပေသော။ ယော ဘဂဝါ၊ အကြင်မြတ်စွာဘုရားသည်။ စိရကာလံ၊ ၄-သင်္ချေနှင့် ကမ္ဘာ ၁-သိန်း ကာလပတ်လုံး။ ပါရမိယော၊ ပါရမီတို့ကို။ ပူရေတွာ၊ ဖြည့်တေည်မူပြိး၍။ ဗုဒ္ဓဘာဝံ၊ သဗ္ဗညုဘုရား အဖြစ်သို့၊ ပတ္တော၊ ရောက်တော်မူပေ၏၊</p>
<p>မေ၊ အကျွန်ုပ်၏၊ သတ္ထာ၊ ဆရာသခင် ကျေးဇူးရှင် ဖြစ် တော်မူပေသော။ သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့လျှင် ပဋိစ္စသမုပ္ပါဒ် စက်ရဟတ် တည်းဟူသော ဘေးမျိုးသောင်း ကျန်း လမ်းမှား လမ်းဆိုးမှသတ္တဝါ အပေါင်းတို့ကို ထုတ်ဆောင်တော် မူပြီးလျှင် နိဗ္ဗာန်တည်းဟူသော ဘေးမျိုးကင်းကွာ ချမ်းသာရာသို့ ပို့ဆောင်ကယ် တင်တော်မူပေ။</p>
<p>အလွန်လိမ္မာလှစွာသော လှည်းမှူးကြီးသဖွယ် ဖြစ်ပါပေ၏၊</p>
<h4>ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ဟူသည်ကား</h4>
<p>၁။ လူနတ်ဗြဟ္မာ ခန္ဓာငါးပါးတို့၌ ရှိသော အနိစ္စဘေး, ဒုက္ခ ဘေး, အနတ္တဘေးတို့ကို ဖုံးဝှက်ကွယ်ကာ၍နေသော အဝိဇ္ဇာတည်းဟူသော အမှောင်ဓာတ်ကြီးတစ်ခုသည် သတ္တဝါတို့၏စိတ်ထဲ၌ အမြဲကိန်းဝပ်၍ နေ၏၊</p>
<p>၂။ ထိုအဝိဇ္ဇာ ရှိနေခြင်းကြောင့် ပစ္စုပ္ပန်ခန္ဓာကို သာယာ မှောက်မှားသည့်အတွက် သူ့အသက်ကို သတ်ခြင်း သူ့ဥစ္စာ ကို ခိုးယူခြင်းစသော အကုသိုလ်မကောင်းမှုတို့ကို ပြုကြ ကုန်၏၊ နောက်ဘဝခန္ဓာကို မှောက်မှားသည့် အတွက် ဒါနအမျိုးမျိုး, သီလအမျိုးမျိုး, မေတ္တာစသော ဘာဝနာ အမျိုးမျိုးဟူသော ကုသိုလ်ကောင်းမှုတို့ကို ပြုကြကုန်၏၊ ထိုကောင်းမှု, မကောင်းမှု ၂-ပါး သည်သင်္ခါရ မည်၏၊</p>
<p>၃။ ကောင်းမှု, မကောင်းမှုကို ပြုကြသည့်အတွက် သေသည်မှ နောက်ကာလ ဘဝတစ်ပါးတွင် ဝိညာဉ်ဟူသော စိတ် တစ်ခုသည် ဖြစ်ပေါ်လေ၏</p>
<p>၄။ ဝိညာဉ် ဟူသော စိတ် ဖြစ်ပေါ်လျှင် ထိုဝိညာဉ်၏ တည်နေ ရာ ရုပ်ခန္ဓာအိမ်နှင့် ဝိညာဉ်၏ အကိုင်း အခက်ဖြစ်ကုန် သော ဖဿ ဝေဒနာ-အစရှိသော နာမ်ခန္ဓာတို့သည် တစ်ပြိုင်နက် ဖြစ်ပေါ်ကုန်၏၊</p>
<p>၅။ ရုပ်ခန္ဓာ, နာမ်ခန္ဓာ ၂-ပါး ဖြစ်ပေါ်လျှင် စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မနော-ဟူသော ဒွါရ ၆-ပါး၊ တံခါး ၆-ပါးတို့သည် ဖြစ်ပေါ်ကုန်၏၊</p>
<p>၆။ ဒွါရ ၆-ပါး ဖြစ်ပေါ်လျှင် ထိုဒွါရ ၆-ပါးတွင် ခိုက်လာ ဆိုက်လာသောအာရုံ ၆-ပါးတို့ကို စိတ်၏ တွေ့ခြင်း ဟူသော ဖဿ ၆-ပါးတို့သည် ဖြစ်ပေါ်ကုန်၏၊</p>
<p>၇။ ဖဿ ၆-ပါး ဖြစ်ပေါ်လျှင် ထိုအာရုံ ၆-ပါးကို ခံစားမှု စံစားမှုဟူသော ဝေဒနာ ၆-ပါးတို့သည် ဖြစ်ပေါ်ကုန် လေ၏၊</p>
<p>၈။ ဝေဒနာ ၆-ပါးဖြစ်ပေါ်လျှင် ခံစား စံစားဖို့ အာရုံ ၆-ပါးကို သာယာတွယ်တာသော တဏှာ ၆-ပါးတို့သည် ဖြစ်ပေါ် ကုန်၏၊</p>
<p>၉။ တဏှာ ၆-ပါးဖြစ်ပေါ်လျှင် အပြင်းအထန်စွဲလန်းသော ဥပါဒါန်တရား ၄-ပါးတို့သည် ဖြစ်ပေါ်ကုန်၏၊</p>
<p>၁၀။ ဥပါဒါန် တရားစွဲလန်းမှုကြောင့် ကာယကံ, ဝစီကံ, မနောကံ ဟူသော ကုသိုလ်ကံ ၃--ပါး, အကုသိုလ်ကံ ၃-ပါးတို့သည် ဖြစ်ပေါ်လာကုန်၏၊</p>
<p>၁၁။ ကုသိုလ်ကံ, အကုသိုလ်ကံ ဖြစ်ပေါ်လျှင် နောက်တဖန် ဘဝအသစ် ဖြစ်ပေါ်ပြန်၏၊</p>
<p>၁၂။ ဘဝသစ် ဖြစ်ပေါ်ပြန်လျှင် အိုခြင်း, သေခြင်း ဘေးကြီး ၂-ပါးတို့သည် အမြဲဖြစ်ပေါ်လာကုန်၏၊</p>
<p>ဤကား အနမတဂ္ဂသံသရာ၌ အစဉ်တစိုက် ဖြစ်ပွါး၍နေသော ပဋိစ္စသမုပ္ပါဒ် ရဟတ်စက်ချား လမ်းမှားလမ်းဆိုး အကြောင်းကြီးပေတည်း။</p>
<h4>နိဗ္ဗာန်တည်းဟူသော ဘေးမျိုးကင်းကွာ ချမ်းသာရာ ဟူသည် ကား</h4>
<p>၁။ အကြင်အခါ ကောင်းစွာအားထုတ်သဖြင့်လူ, နတ်, ဗြဟ္မာ ဤခန္ဓာတို့၌ အနိစ္စဘေးကို မြင်နိုင်သော ဝိဇ္ဇာဉာဏ်, ဒုက္ခဘေးကို မြင်နိုင်သော ဝိဇ္ဇာဉာဏ်, အနတ္တဘေးကိုမြင်နိုင်သော ဝိဇ္ဇာဉာဏ်၊ ဤဝိဇ္ဇာဉာဏ် ၃-ပါးသည် စိတ်အစဉ်မှာဖြစ်ပေါ်လာ၏၊ ထိုအခါ သတ္တဝါတို့၏သန္တာန်၌ အဝိဇ္ဇာဟူသော အမှောင်ဓါတ်ကြီးသည် ကွယ် ပျောက် ချုပ်ငြိမ်းလေ၏၊ ဤအဝိဇ္ဇာချုပ်ငြိမ်းမှုသည် “ဘေးမျိုးကင်းကွာ ချမ်းသာရာ” ဟူသော နိဗ္ဗာန်ကြီး တစ်ခုပေတည်း။</p>
<p>၂။ အဝိဇ္ဇာ ချုပ်ငြိမ်းလျှင် ကောင်းမှု, မကောင်းမှုတို့သည်လည်း အကုန်ချုပ်ငြိမ်းကုန်၏၊ ကုသိုလ်ကောင်းမှုတို့၏ ချုပ်ငြိမ်းမှု, အကုသိုလ် မကောင်းမှုတို့၏ ချုပ်ငြိမ်းမှုသည်လည်း နိဗ္ဗာန်ကြီးတစ်ခုပေတည်း။</p>
<p>၃။ ဤအတူ ဝိညာဉ်ချုပ်ငြိမ်းမှုသည်လည်း နိဗ္ဗာန်တစ်ခု။</p>
<p>၄။ နာမ်ရုပ်တို့၏ ချုပ်ငြိမ်းမှုသည်လည်း နိဗ္ဗာန်တစ်ခု။</p>
<p>၅။ ဒွါရ ၆-ပါးတို့၏ ချုပ်ငြိမ်းမှုသည်လည်း နိဗ္ဗာန်တစ်ခု။</p>
<p>၆။ ဖဿ၆-ပါးတို့၏ ချုပ်ငြိမ်းမှုသည်လည်း နိဗ္ဗာန်တစ်ခု။</p>
<p>၇။ ဝေဒနာ၆-ပါးတို့၏ ချုပ်ငြိမ်းမှုသည်လည်း နိဗ္ဗာန်တစ်ခု။</p>
<p>၈။ တဏှာ ၆-ပါးတို့၏ ချုပ်ငြိမ်းမှုသည်လည်း နိဗ္ဗာန်တစ်ခု။</p>
<p>၉။ ဥပါဒါန် ၄-ပါးတို့၏ ချုပ်ငြိမ်းမှုသည်လည်း နိဗ္ဗာန်တစ်ခု။</p>
<p>၁၀။ ကုသိုလ်ကံ, အကုသိုလ်ကံ, ၂-ပါးတို့၏ ချုပ်ငြိမ်းမှုသည် လည်း နိဗ္ဗာန်တစ်ခု။</p>
<p>၁၁။ ပဋိသန္ဓေနေခြင်း၏ ချုပ်ငြိမ်းမှုသည်လည်း နိဗ္ဗာန်တစ်ခု။</p>
<p>၁၂။ အိုခြင်း, သေခြင်း ဘေးကြီး ၂-ပါးတို့၏ ချုပ်ငြိမ်းမှုသည် လည်း နိဗ္ဗာန်တစ်ခု။ နိဗ္ဗာန်အပြား ၁၂-ပါးဖြစ်၏၊</p>
<p>စကားအစဉ်အားဖြင့် ၁၂-ပါးပြားသည်၊ တရားကိုယ် အားဖြင့် မူကား အဝိဇ္ဇာချုပ်ငြိမ်းမှုနှင့်တစ်ခုတည်း တစ်ချက်တည်းသာလျှင်တည်း။</p>
<p>(ဤကား အနိစ္စဉာဏ်, ဒုက္ခဉာဏ်, အနတ္တဉာဏ်-အမြင်သန် သော ဝိဇ္ဇာဉာဏ် ၃-ပါးကိုရသောအခါ အဝိဇ္ဇာဟူသော သံသရာလမ်း စပြတ်၍ ပဋိစ္စသမုပ္ပါဒ်တို့၏ ချုပ်ငြိမ်းရာနိဗ္ဗာန်တည်းဟူသော ဘေးမျိုး ကင်းစွာ ချမ်းသာအတိသို့ ပေါက်ရောက်တည်း။)</p>
<p>ဤသို့ သတ္တဝါတို့ကို သံသရာလမ်း ခရီးကြမ်းမှ ကယ်ထုတ်၍ နိဗ္ဗာန်တည်းဟူသော ဘေးကင်းရာဌာနသို့ ပို့ဆောင် ကယ်တော်မူပေ၍ လိမ္မာလှသော လှည်းမှူးကြီးသဖွယ် ဖြစ်ပေသောကြောင့် <b>သတ္ထာ ဒေဝမနုဿာန</b>-ဟူသောအမည်နာမ ဝိသေသကို ရတော်မူပေ၏၊ <b>ဒေဝမနုဿာနံ</b>၊ နတ်လူအပေါင်းတို့၏၊ <b>သတ္ထာ</b>၊ ဆရာသခင် ကျေးဇူးရှင်ကြီး ဖြစ်တော်မူပေသော မြတ်စွာဘုရား။</p>
<h3>၈။ ဣတိပိ သော ဘဂဝါ ဗုဒ္ဓေါ</h3>
<p><b>အနက်။</b> မေ၊ အကျွန်ုပ်၏၊ သတ္ထာ၊ ဆရာသခင် ကျေးဇူးရှင် ဖြစ်တော်မူပေသော။ ယော ဘဂဝါ၊ အကြင်မြတ်စွာ ဘုရားသည်။ စိရကာလံ၊ ၄-သချေနှင့် ကမ္ဘာ ၁-သိန်း ကာလပတ်လုံး။ ပါရမိယော၊ ပါရမီတို့ကို။ ပူရေတွာ၊ ဖြည့်တော်မူပြီး၍။ ဗုဒ္ဓဘာဝံ၊ သဗ္ဗညုတ ဘုရားအဖြစ်သို့။ ပတ္တော၊ ရောက်တော်မူပေ၏၊</p>
<p>မေ၊ အကျွန်ုပ်၏၊ သတ္ထာ၊ ဆရာသခင် ကျေးဇူးရှင် ဖြစ်တော် မူပေသော။ သော ဘဂဝါ= ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့လျှင် ကိုယ်တော်မြတ်လည်း သစ္စာ ၄-ပါး တရားတို့ကို သိတော်မူပေ၏, သတ္တဝါ အပေါင်းတို့အားလည်း ၃၇-ပါးသော ဗောဓိပက္ခိယတရားတို့ကို ပွား များစေတော်မူသဖြင့် သစ္စာ ၄-ပါးတရားတို့ကို သိစေတော်မူပေ၏၊</p>
<h4>၃၇-ပါးသော ဗောဓိပက္ခိယ တရားဟူသည်ကား</h4>
<h4>သတိပဋ္ဌာန် ၄-ပါး</h4>
<p>၁။ မိမိကိုယ်အစု၌ ဖြစ်မှု ပျက်မှုကို ရှုသော ကာယနုပဿနာ သတိပဋ္ဌာန်။</p>
<p>၂။ မိမိဝေဒနာအစု၌ ဖြစ်မှု ပျက်မှုကို ရှုသော ဝေဒနာနု ပဿနာ သတိပဋ္ဌာန်။</p>
<p>၃။ မိမိစိတ်အစု၌ ဖြစ်မှု ပျက်မှုကို ရှုသော စိတ္တာနုပဿနာ သတိပဋ္ဌာန်။</p>
<p>၄။ မိမိ လောဘစသော တရားစုတို့၌ ဖြစ်မှု ပျက်မှုကို ရှုသော ဓမ္မာနုပဿနာ သတိပဋ္ဌာန်။</p>
<p>(ဤကား သတိပဋ္ဌာန် ၄-ပါးတည်း)</p>
<h4>သမ္မပ္ပဓာန် ၄-ပါး</h4>
<p>၁။ မိမိတို့သန္တာန်မှာ ကမ္မပထမြောက်ခဲ့ဘူး၍ အပါယ်သို့ ပစ်ချခြင်းငှာ ဘဝအဆက်ဆက် အစဉ်ပါရှိ၍နေသော ဒုစရိုက် အကုသိုလ်ကံဟောင်းစုကို အကြွင်းမဲ့ ပယ်ခြင်းငှာလည်းကောင်း။</p>
<p>၂။ ဤဘဝမှ နောက် အနမတဂ္ဂသံသရာ၌ ဒုစရိုက်တို့ကို မိမိသန္တာန်မှာ တဖန် မဖြစ်လာစေခြင်းငှာလည်းကောင်း မနေမနား အားထုတ်ရာသောဝီရိယ ၂-ပါး။</p>
<p>၃။ သောတာပန်ဖြစ်ရန် အခွင့်ကိုရည်၍ ဒုစရိုက်ဟောင်း, ဒုစရိုက်သစ်ကိုဆိုသည်၊ ယခုရရှိ၍နေသော အာဇီဝဋ္ဌမကစသော ကုသိုလ်ကံဟောင်းတို့ကို ပရိနိဗ္ဗာန်စံရာ သဝဆိုက်အောင် ဘယ်အခါမှာမှ ပျက်ကွက် ဖောက်ပြားခြင်းမရှိ နိယာမအဖြစ်သို့ ရောက်ပြီးဖြစ်စေခြင်း ငှာလည်းကောင်း,</p>
<p>၄။ ဤသာသနာတော်မြတ်ကြီး၌ ကာမ, ရူပ, အရူပ, လောကုတ္တရာ ကုသိုလ် ၄-မျိုးရှိသည်တွင် မိမိ မရောက်ဖူးသေး, မရ ဖူးသေး, မိမိသန္တာန်မှာ လို၍နေသေးသော ကုသိုလ်ကံသစ်မျိုးတို့ကို ယခုဘဝ နေ့ချင်း, ညချင်း, လချင်း, နှစ်ချင်း အမြန်ရထည့်ရောက် ထည့်ခြင်း အကျိုးငှာလည်းကောင်း မနေမနား အားထုတ်ရာသော ဝီရယ ၂-ပါး။</p>
<p>ဤ ၄-ပါးသော ဝီရိယတို့ကို အရေကြွင်းစေ, အကြောအခြင် ကြွင်းစေ, အရိုးကြွင်းစေ, အသားအသွေး ကုန်ခန်းလေစေ-ဟု အင်္ဂါ ၄-ပါး အခိုင်အမြဲထား၍ ကိစ္စပြီးစီးလိမ့်မည်ဆိုလျှင် အသက်ခန္ဓာကိုမျှ မညှာမတာ အားထုတ်ရာသော အခွင့် ၄-ပါးသည် သမ္မပ္ပဓာန် ၄-ပါး မည်၏၊</p>
<p>(ဤကား သမ္မပ္ပဓာန် ၄-ပါးတည်း။)</p>
<h4>ဣဒ္ဓိပါဒ် ၄-ပါး</h4>
<p>၁။ သမထ, ဝိပဿနာ-ဘာဝနာမှုတို့၌ အလွန်ထက်သန် သော ဆန္ဒ ၁-ပါး,</p>
<p>၂။ သမထ, ဝိပဿနာ-ဘာဝနာမှုတို့၌ အလွန်ထက်သန် သော စိတ်အကြံ ၁-ပါး,</p>
<p>၃။ သမထ, ဝိပဿနာ-ဘာဝနာမှုတို့၌ အလွန်ထက်သန် သော ဝီရိယ ၁-ပါး,</p>
<p>၄။ သမထ, ဝိပဿနာ-ဘာဝနာမှုတို့၌ အလွန်ထက်သန် သော ဉာဏ်ပညာ ၁-ပါး,</p>
<p>(ဤကား ဣဒ္ဓိပါဒ် ၄-ပါးတည်း။)</p>
<h4>ဣန္ဒြေ ၅-ပါး</h4>
<p>၁။ သမထ, ဝိပဿနာ-ဘာဝနာမှုတို့၌ စိတ်မကြည်လင် ခြင်းကို ပယ်နိုင်သော သဒ္ဓိန္ဒြေ ၁-ပါး,</p>
<p>၂။ သမထ, ဝိပဿနာ- ဘာဝနာမှုတို့၌ စိတ်၏ ဆုပ်နစ် ခြင်းကို ပယ်နိုင်သော ဝိရိယိန္ဒြေ ၁-ပါး</p>
<p>၃။ သမထ, ဝိပဿနာ- ဘာဝနာမှုတို့၌ စိတ်၏ မေ့လျော့ ခြင်းကို ပယ်နိုင်သော သတိန္ဒြေ ၁-ပါး</p>
<p>၄။ သမထ, ဝိပဿနာ- ဘာဝနာမှုတို့၌ စိတ်၏ ပျံ့လွင့်ခြင်း ကို ပယ်နိုင်သော သမာဓိန္ဒြေ ၁-ပါး</p>
<p>(ဤကား ဣန္ဒြေ ၅-ပါးတည်း။)</p>
<h4>ဗိုလ် ၅-ပါး</h4>
<p>၁။ သဒ္ဓါဗိုလ်,</p>
<p>၂။ ဝီရိယဗိုလ,်</p>
<p>၃။ သတိဗိုလ်,</p>
<p>၄။ သမာဓိဗိုလ,်</p>
<p>၅။ ပညာဗိုလ်,</p>
<p>(ဤကား ဗိုလ် ၅-ပါးတည်း။)</p>
<h4>ဗောဇ္ဈင် ၇-ပါး</h4>
<p>၁။ သတိပဋ္ဌာန်ကိစ္စရှိသော သတိသမ္ဗောဇ္ဈင် ၁-ပါး</p>
<p>၂။ နာမ်ရုပ်တရားတို့၌ ဟုတ်မှန်သော လက္ခဏာကို ရှာ ဖွေ၍ သိနိုင်မြင်နိုင်သော ဓမ္မဝိစယသမ္ဗောဇ္ဈင် ၁-ပါး</p>
<p>၃။ သမ္မပ္ပဓာန် ကိစ္စရှိသော ဝီရိယသမ္ဗောဇ္ဈင် ၁-ပါး,</p>
<p>၄။ ဓမ္မရသ တရားအရသာတို့၌ သာယာနှစ်သက်သော ပီတိသမ္ဗောဇ္ဈင် ၁-ပါး,</p>
<p>၅။ ကိုယ့်,စိတ် ၂-ပါးတို့၏ ပူပန်ခြင်းခပ်သိမ်းကို ငြိမ်းစေ တတ် သော ပဿဒ္ဓိသမ္ဗောဇ္ဈင် ၁-ပါး,</p>
<p>၆။ တရားအာရုံ၌ တုန်လှုပ်ခြင်း မရှိသော သမာဓိ သမ္ဗောဇ္ဈင် ၁-ပါး,</p>
<p>၇။ ဘာဝနာမှုတို့၌ မတွေ့မထောင့် အဖြောင့်ဆောင်ကြဉ် တတ်သော ဥပေက္ခာသမ္ဗောဇ္ဈင် ၁-ပါး။</p>
<p>(ဤကား ဗောဇ္ဈင် ၇-ပါးတည်း။)</p>
<h4>မဂ္ဂင် ၈-ပါး</h4>
<p>၁။ သစ္စာ ၄-ပါးကို မြင်နိုင်သော သမ္မာဒိဋ္ဌိ ၁-ပါး</p>
<p>၂။ အပြစ်ကင်း၍ သန့်ရှင်းစင်ကြယ်စွာ ကြံဖန်ခြင်းဟူသော သမ္မာသင်္ကပ္ပ ၁-ပါး၊</p>
<p>၃။ ဝစီဒုစရိုက် ၄-ပါးတို့ကို အကုန်အစင်ပယ်ဖြတ်နိုင်သော သမ္မာဝါစာ ၁-ပါး၊</p>
<p>၄။ ကာယဒုစရိုက် ၃-ပါးတို့ကို အကုန်အစင် ပယ်ဖြတ်နိုင် သော သမ္မာကမ္မန္တ ၁-ပါး၊</p>
<p>၅။ မကောင်းသော အသက်မွေးမှုတို့ကို အကုန်အစင် ပယ်ဖြတ်နိုင်သော သမ္မာအာဇီဝ ၁-ပါး၊</p>
<p>၆။ သမ္မပ္ပဓာန် ကိစ္စရှိသော သမ္မာဝါယမ ၁-ပါး၊</p>
<p>၇။ သတိပဋ္ဌာန် ကိစ္စရှိသော သမ္မာသတိ ၁-ပါး၊</p>
<p>၈။ စျာန် ၄-ပါးနှင့်ယှဉ်သော သမ္မာသတိ ၁-ပါး၊</p>
<p>(ဤကား မဂ္ဂင် ၈-ပါးတည်း)</p>
<p>ဤ ၃၇-ပါးသော ဗောဓိပက္ခိယတရားတို့ကို ပွားများစေ တော်မူသဖြင့် သူတပါးတို့အားလည်း သစ္စာ ၄-ပါး တရားတို့ကို သိစေ တော်မူသော အကြောင်းကြောင့်လည်း။ <b>ဗုဒ္ဓေါ</b>၊ ဗုဒ္ဓဟူသော အမည်နာမ ဝိသေသကို ရတော်မူပေ၏၊</p>
<p><b>ဗုဒ္ဓေါ</b>၊ ဒုက္ခ သမုဒယ နိရောဓနှင့် မဂ္ဂတစ်ဖြာ ၄-သစ္စာကို ဆရာ မကူ သယမ္ဘူဖြင့် အမှန်ထိုးထွင်း အလင်းသိမြင်တော်မူသော မြတ်စွာ ဘုရား။</p>
<h3>၉။ ဣတိပိ သောဘဂဝါ ဘဂဝါ</h3>
<p><b>အနက်။</b> မေ၊ အကျွန်ုပ်၏၊ သတ္ထာ၊ ဆရာသခင်ကျေးဇူး ရှင်ဖြစ်တော်မူပေသော။ ယောဘဂဝါ၊ အကြင်မြတ်စွာ ဘုရားသည်။ စိရကာလံ၊ ၄-သင်္ချေနှင့် ကမ္ဘာ ၁-သိန်းကာလပတ်လုံး။ ပါရမိယော၊ ပါရမီတို့ကို။ ပူရေတွာ၊ ဖြည့်တော်မူပြီး၍။ ဗုဒ္ဓဘာဝံ၊ သဗ္ဗညုတ ဘုရားအဖြစ်သို့။ ပတ္တော၊ ရောက်တော်မူပေ၏၊</p>
<p>မေ၊ အကျွန်ုပ်၏၊ သတ္ထာ၊ ဆရာသခင်ကျေးဇူးရှင်ဖြစ် တော်မူပေသော။ သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်၊ ဣတိပိ၊ ဤသို့လျှင် အတုမရှိကြီးမြတ်သော ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံ တော်မူပေ၏၊</p>
<h4>ဘုန်းတော် ၆-ပါးကား</h4>
<p>၁။ အလိုရှိတိုင်း ဖန်ဆင်းခြင်းငှာ စိတ်တော်ကို အစိုးရခြင်း</p>
<p>ဟူသော ဣဿရိယ ဘုန်းတော် ၁-ပါး,</p>
<p>၂။ လောကုတ္တရာ ဂုဏ်ကျေးဇူးဟူသော ဓမ္မဘုန်းတော် ၁- ပါး,</p>
<p>၃။ လောကသုံးပါး၌ အတုမရှိ ကျော်စောတော်မူသော ယသ ဘုန်းတော် ၁-ပါး,</p>
<p>၄။ အတုမရှိ တင့်တယ်သော ကျက်သရေတည်းဟူသော သိရီ ဘုန်းတော် ၁-ပါး,</p>
<p>၅။ အလိုတော်ခပ်သိမ်း ပြီးငြိမ်းစေခြင်းတည်းဟူသော ကာမ ဘုန်းတော် ၁-ပါး,</p>
<p>၆။ သတ္တဝါတို့အကျိုးကို အားထုတ်မှု၌ အတုမရှိသော လုံ့လဝီရိယရှိတော်မူခြင်း တည်းဟူသော ပယတ္တ ဘုန်း တော် ၁-ပါး။</p>
<p>ဤ ၆-ပါးသော အတုမရှိ ကြီးမြတ်သော ဘုန်းတော် တန်ခိုး တော်တို့နှင့် ပြည့်စုံတော်မူသောကြောင့်လည်း။ <b>ဘဂဝါ</b>၊ ဘဂဝါ-ဟူသော အမည်နာမ ဝိသေသကို ရတော်မူပေ၏၊</p>
<p><b>ဘဂဝါ</b>၊ ဘုန်းတော် ၆-ပါးနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား။</p>
<p>(ဤကား မြတ်စွာဘုရား၏ ဂုဏ်တော် ၉-ပါး အကျဉ်းပွါးပုံ, အ လယ်အလတ် ပွါးများပုံ, အကျယ်ပွါး များပုံတို့ကို ပြဆိုခြင်းပေတည်း။)</p>
<p>၎င်းဂုဏ်တော် ၉-ပါးအပြင်</p>
<p>၁။ စက္ခု ၅-ပါးနှင့် ပြည့်စုံတော်မူခြင်း စက္ခုမန္တဂုဏ်,</p>
<p>၂။ မာရ် ၅-ပါးကို အကြွင်းအကျန်မရှိ အောင်တော်မူသော အစွမ်းသတ္တိတော်ဟူသော ဇိနဂုဏ်,</p>
<p>၃။ ကိုယ်တော်အား ၁၀-ပါး, ဉာဏ်တော်အား ၁၀-ပါးနှင့် ပြည့်စုံ တော်မူခြင်း ဒသဗလဂုဏ်,</p>
<p>ဤသို့အစရှိသည်ဖြင့် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော် တို့သည် <b>အပ္ပမာဏော ဗုဒ္ဓေါ</b>-ဆိုသောအတိုင်း အသင်္ချေယျ, အနန္တများ ပြားကုန်၏၊</p>
<p>ထိုများပြားစွာသော ဂုဏ်တော်တို့ကို မိမိသဒ္ဓါစွမ်း, ဝိရီယစွမ်း, ဉာဏ်စွမ်းရှိသည်အားလျော်စွာ သိနိုင်သမျှ သိအောင်လုပ်၍ ဤ ဂုဏ် တော် ၉-ပါး နည်းတူပင်လျှင် ဆင်ခြင်အောက်မေ့ရာ၏၊</p>
<p>၁-ပါးတည်း ဆင်ခြင်အောက်မေ့ရသည်ထက် ၂-ပါး, ၃-ပါး, ၄-ပါး, ၅-ပါး-စသည်ဖြင့် များစွာ အောက်မေ့နိုင်လေ ကောင်းလေဖြစ်၏၊ စိတ်အလွန် ကြည်လင်၏၊ ဉာဏ်ပွင့်လန်း၏၊ အကျိုးအာနိသင် ကြီးမား မြင့်မြတ်၏၊</p>
<p>ဤကဲ့သို့ မိမိတို့ သိနိုင်သလောက် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူး တို့ကို အဖန်ဖန် ဆင်ခြင်အောက်မေ့သည်ရှိသော် အလွန်သဒ္ဓါတရား ထက်သန်၏၊ မိမိဦးခေါင်းကိုပင် ဖြတ်၍ ပူဇော်ချင်အောင် သဒ္ဓါတရား ဖြစ်တတ်၏၊ အလွန်စိတ်ဉာဏ် ကြည်၏၊ ဉာဏ်တိုးပွါးကြီးရင့်၏၊ အလွန် စိတ်တည်ကြည်၏၊ ဥပစာရစျာန်ကိုရ၏၊</p>
<h4>ဥပစာရစျာန်ဟူသည်ကား</h4>
<p>၁။ နိမိတ်ရစကောင်းသော ကမ္မဋ္ဌာန်းတို့၌ အစမှစ၍ ပဋိဘာဂ နိမိတ် ဖြစ်ပေါ်သည့်တိုင်အောင် ဤအတွင်းကြည့်ရှု ပွါးများသော စိတ္တုပ္ပါဒ်ကို <b>ပရိကမ္မဘာဝနာ</b>-ဟုခေါ်၏၊</p>
<p>၂။ ပဋိဘာဂနိမိတ်ဖြစ်ပေါ်သည်မှစ၍ အပ္ပနာသို့ မရောက်မီ ဤအတွင်း ကြည့်ရှုပွါးများသော စိတ္တုပ္ပါဒ်ကို <b>ဥပစာရဘာဝနာ</b>-ဟုခေါ်၏၊</p>
<p>၃။ စျာန်စိတ်ကိုကား အာရုံထဲသို့ ဝင်ဘိသကဲ့သို့ စူးစိုက်၍ ဖြစ်ခြင်းကြောင့် <b>အပ္ပနာဘာဝနာ</b>-ဟုခေါ်၏၊</p>
<p>ဤဘာဝနာ ၃-ပါး၌</p>
<p>၁။ ပရိကမ္မဘာဝနာ အခိုက်၌ ပါရှိသော သမာဓိကို, စျာန်ကို <b>ပရိကမ္မသမာဓိ</b>, <b>ပရိကမ္မစျာန်</b>-ဟုခေါ်၏၊</p>
<p>၂။ ဥပစာရဘာဝနာအခိုက်၌ ပါရှိသော သမာဓိကို, စျာန်ကို <b>ဥပစာရသမာဓိ</b>, <b>ဥပစာရစျာန်</b>-ဟုခေါ်၏၊</p>
<p>၃။ အပ္ပနာအခိုက်၌ ပါရှိသော သမာဓိကို, စျာန်ကို <b>အပ္ပနာ သမာဓိ</b>, <b>အပ္ပနာစျာန်</b>-ဟုခေါ်၏၊</p>
<p>ဤကဲ့သို့ ဘာဝနာ ၃-မျိုး၊ သမာဓိ ၃-မျိုး၊ စျာန် ၃-မျိုးရှိ၏၊</p>
<p>ဤဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည်ကား- ဘုရားဂုဏ်ကျေးဇူးတော် များသည် အလွန်နက်နဲသိမ်မွေ့သော ပရမတ္ထတရားဖြစ်၍ နိမိတ်ရ ကောင်းသော တရားမဟုတ်ခြင်းကြောင့် စိတ်ဉာဏ်ကြည်လင်ခြင်း, ဝမ်းမြောက်ခြင်း, တည်ကြည်ခြင်း ဥပစာရစျာန်, ဥပစာရသမာဓိမျှကိုသာ ဖြစ်စေနိုင်၏၊ အပ္ပနာစျာန်, အပ္ပနာသမာဓိကို မဖြစ်စေနိုင်၊ အပ္ပနာစျာန် ကိုကား နိမိတ်အာရုံ ရကောင်းသော ကမ္မဋ္ဌာန်းမှာမူ ဖြစ်စေနိုင်ကောင်း၏၊</p>
<p>ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း ပြီး၏၊</p>
<hr>
<h3>(ခ) ဓမ္မာနုဿတိ ကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ</h3>
<p>အနုဿတိ ၁၀-ပါးတို့တွင်</p>
<p><b>ဓမ္မာနုဿတိ</b> ဟူသည်ကား-ဘုရားရှင် ဟောကြားတော်မူ အပ်သော ပရိယတ္တိ, ပဋိပတ္တိ, ပဋိဝေဒ-ဟူသော ၃-ပါးသော တရားတော် မြတ်၏၊ ဝါ၊ ပရိယတ္တိ, ပဋိပတ္တိ, စျာန်, မဂ်, ဖိုလ်, နိဗ္ဗာန်-ဟူသော ၆-ပါးသော တရားတော်မြတ်၏ သွာက္ခာတတာ-စသော ဂုဏ်တော်တို့ကို အဖန်ဖန် ဆင်ခြင်အောက်မေ့သော သတိကို ဆိုသည်။</p>
<p>ထို ဓမ္မာနုဿတိကို ပွားများအားထုတ်လိုသော ယောဂီပုဂ္ဂိုလ် သည် တရားတော်မြတ်၏ သွာက္ခာတတာ-စသောဂုဏ်တော် ၆-ပါးကို ကောင်းမွန်စွာသိ၍ ဘုရားဂုဏ်ကျေးဇူးတော်ကို ဂုဏ်လုံးပေါ်အောင် ထင်ရှားအောင် လောကကြီးနှင့်တကွ မိမိတို့ရခဲနိုင်သောအဖြစ်, မရနိုင် သောအဖြစ်တို့ကို ဆင်ခြင်၍ အောက်မေ့ရဘိသကဲ့သို့ ထို့အတူ တရားတော်မြတ်၏ ဂုဏ်တော်ကိုလည်း ဂုဏ်လုံးပေါ်အောင်, တန်ဘိုး မဖြတ်နိုင်အောင်, ထင်ရှားအောင် ဆင်ခြင်အောက်မေ့ရမည်။</p>
<h4>ဓမ္မ ဂုဏ်တော် ၆-ပါး</h4>
<p>၁။ သွာက္ခာတော ဘဂဝတာ ဓမ္မော,</p>
<p>၂။ သန္ဒိဋ္ဌိကော,</p>
<p>၃။ အကာလိကော,</p>
<p>၄။ ဧဟိပဿိကော,</p>
<p>၅။ ဩပနေယျိကော,</p>
<p>၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။</p>
<p>၁။ ဘဂဝတော၊ မြတ်စွာဘုရားသည်။ သွာက္ခာတော၊ အစ, အလယ်, အဆုံး ၃-ပါးအစုံ ကောင်းခြင်း ဂုဏ်နှင့် ပြည့်စုံစွာ ဟောကြား တော်မူအပ်သော။ ဓမ္မော၊ တရားတော်မြတ်သည်။</p>
<p>၂။ သန္ဒိဋ္ဌိကော၊ ကျင့်ဆောင်သူတို့အား ယခုဘဝ ပစ္စက္ခ၌ပင် ဒိဋ္ဌကိုယ်တွင် တွေ့မြင်ခံစံရသော ဂုဏ်ကျေးဇူး အထူးနှင့်လည်း ပြည့်စုံ ပေ၏၊</p>
<p>၃။ အကာလိကော၊ ကာလမရွေ့ကျင့်သည့်နေ့ပင် တွေ့မြင် ယုံကြည်ရသော ကောင်းကျိုးချမ်းသာနှင့်လည်း ပြည့်စုံပေ၏</p>
<p>၄။ ဧဟိပဿိကော၊ လာရောက်ရှုမြင် ကျေးဇူးတင်မြဲဖြစ်၍ လာပါ ရှုပါ ကျင့်ကြံပါဟု မပါပါအောင် ခေါ်ဆောင်သွတ်သွင်း တိုက် တွန်းခြင်းငှာ ထိုက်တန်စွာသော ဂုဏ်ထူး ဝိသေသနှင့်လည်း ပြည့်စုံ ပေ၏၊</p>
<p>၅။ ဩပနေယျိကော၊ မိမိကာယ အဇ္ဈတ္တတွင် ရရှိပေါက်ရောက် ကိုယ်တွေ့မြောက်အောင် ကပ်၍ဆောင်ထိုက်သော ဂုဏ်ထူးဝိသေသ နှင့်လည်း ပြည့်စုံပေ၏၊</p>
<p>၆။ ဝိညူဟိ၊ ပညာရှိသူ ရှင်, လူအပေါင်း သူတော်ကောင်း တို့သည်။ ပစ္စတ္တံ၊ အသီးအသီးသော မိမိတို့သန္တာန်၌။ ဝေဒိတဗ္ဗော၊ ချမ်းသာလေစွ, ကောင်းလေစွ- ဟု ကာယစိတ္တ-သုခနှစ်ပြင် ထင်ထင်ရှားရှား ခံစားသိ မြင်ရသော ဂုဏ်ထူး ဝိသေသနှင့်လည်း ပြည့်စုံပေ၏၊</p>
<p>ဘုရားရှိခိုးပြုလုပ်လိုလျှင်-(တံ၊ ထိုသွာက္ခာတ-အစ ဝေဒိတဗ္ဗအဆုံး ဘဝဂ်ချုန်းမျှ ဘုန်းရှိန်ကြီးမား ဂုဏ် ၆-ပါးနှင့် ပြည့်စုံသော တရားတော်မြတ်ကို။ အဟံ၊ အကျွန်ုပ်သည်။ ဝန္ဒာမိ၊ ရှိခိုးပါ၏)</p>
<h4>သွာက္ခာတဂုဏ်တော်</h4>
<p>ငါ၏ဆရာ မြတ်စွာဘုရားရှင် ဟောကြားတော်မူအပ်သော တရားတော်မြတ်သည်ကား မိစ္ဆာဒိဋ္ဌိဆရာများ ဟောကြားအပ်သော တရားများကဲ့သို့ “ဒုရက္ခာတ-မကောင်းသဖြင့် ဟောကြားအပ်သော တရား” မဟုတ်၊ အလွဲအမှား မဟုတ်၊ ဒုက္ခဖြစ်ကြောင်း မဟုတ်၊ စင်စစ် ဖြောင့်မှန်ပေ၏၊ ခပ်သိမ်းသော ဒုက္ခကို ပျောက်စေ၍ ချမ်းသာကို ဖြစ်စေတတတ်ပေ၏၊ ထို့ကြောင့် <b>သွာက္ခာတ</b>- ကောင်းစွာ ဟောကြားအပ် သော တရားတော်မြတ်ပေတည်း။</p>
<p>မိစ္ဆာဒိဋ္ဌိ တရားတို့နှင့် ယှဉ်၍, နှိုင်းစာ၍ ဆင်ခြင် အောက် မေ့ရာ၏၊ ဤနည်းကိုမှီ၍ ကြွင်းသော ဂုဏ်တော်တို့ကိုလည်း မိစ္ဆာဒိဋ္ဌိ တရား လောကီ ဗာဟိရတရားတို့နှင့် ယှဉ်၍ ယှဉ်၍, နှိုင်းစာ၍ နှိုင်းစာ၍ ဆင်ခြင်အောက်မေ့ရာ၏၊</p>
<h4>သန္ဒိဋ္ဌိကဂုဏ်တော်</h4>
<p>အကြင်တရားသည် သူ့ကိုကြည့်ရှုလျှင် အကျိုးရှိ၏၊ ချမ်းသာ ကောင်းကျိုးကို ဖြစ်စေတတ်၏၊ ထိုတရားသည် ကြည့်ရှုခြင်းငှာ သင့်သော ထိုက်သော <b>သန္ဒိဋ္ဌိက</b> တရားတည်း။</p>
<h4>အကာလိကဂုဏ်တော်</h4>
<p>အကြင်တရားသည် မိမိကို ပြုကျင့် ကြည့်ရှုလာသောသူအား ချမ်းသာကောင်းကျိုးကို ပေးရာ၌ နောက်ခဏမှ နောက်ရက်မှဟု အခါကာလကို မဆိုင်းငံ့ဘဲ ထိုမိမိကို ပြုကျင့် ကြည့်ရှုသည်နှင့် တစ်ပြိုင်နက် ပင်လျှင် ချမ်းသာကောင်းကျိုးကို ဖြစ်စေ၏၊ ပေး၏၊ ထိုတရားသည် အခါမလင့် အကျိုးပေးတတ်သော <b>အကာလိက</b> တရားတည်း။</p>
<h4>ဧဟိပဿိကဂုဏ်တော်</h4>
<p>အကြင်တရားသည် သူ့ကိုကြည့်ရှုလျှင် အကျိုးရှိ၏၊ ချမ်းသာ ကောင်းကျိုးကို ဖြစ်စေတတ်၏၊ ပေးတတ်၏၊ ထိုတရားသည် လာလှည့်, ဤတရားကို ကြည့်ရှုလှည့်ဟု တိုက်တွန်းစေခိုင်းခြင်း အစီအရင်ကို ထိုက်သော <b>ဧဟိပဿိက</b> တရားတည်း။</p>
<h4>ဩပနေယျိကဂုဏ်တော်</h4>
<p>သံသရာဝဋ်ဒုက္ခမှ ကျွတ်လွတ်စေ၍ နိဗ္ဗာန်ချမ်းသာကို ပို့ဆောင် တတ်သော ဉာဏ်ဖြင့်ကပ်၍ လေ့လာဆောင်ရွက်အပ်သော <b>ဩပနေယျိက</b> တရားတည်း။</p>
<h4>ပစ္စတ္တဝေဒိတဗ္ဗဂုဏ်တော်</h4>
<p>ပညာရှိသူ ရှင်လူအပေါင်း သူတော်ကောင်းတို့သည် အသီး အသီးသော မိမိတို့သန္တာန်၌ ချမ်းသာလေစွ, ကောင်းလေစွ-ဟု သုခ နှစ်ပြင် ထင်ထင်ရှားရှား ခံစားသိမြင်ရသော <b>ပစ္စတ္တဝေဒိတဗ္ဗ</b> တရားတည်း။</p>
<p>မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ၃-ပါး, ၆-ပါးသော တရားတော်မြတ်သည် ဤ၆-ပါးသောဂုဏ်တို့နှင့် ထိုက်သည်အား လျော်စွာ ပြည့်စုံကြသည်၊ ထင်မြင်အောင် ကြည့်ရှုကြရာ၏၊</p>
<p>တရားတော်မြတ်၏ ဂုဏ်ကျေးဇူးတို့သည် <b>အပ္ပမာဏော ဓမ္မော</b>ဆိုသောအတိုင်း ဤ ၆-ပါးအပြင်လည်း အသင်္ချေယျ, အနန္တများစွာ ဆိုသောအတိုင်း ဤ ၆-ပါးအပြင်လည်း အသင်္ချေယျ, အနန္တများစွာ ရှိကုန်၏၊ တရားတော်မြတ်၏ ဂုဏ်တော်တို့ကို ၁-ပါးထက် ၂-ပါး, ၂- ပါးထက် ၃-ပါး စသည်ဖြင့် များများကြီး သိလေအောင် အောက်မေ့ နိုင်လေလေ အကျိုးသာလွန်၍ ကြီးမြတ်လေလေ ဖြစ်၏၊</p>
<p>ဤကဲ့သို့ ဆင်ခြင် အောက်မေ့သည်ရှိသော် အလွန်နှစ်သက်ခြင်း, ဝမ်းမြောက်ခြင်း ဖြစ်၏၊ အလွန် စိတ်ဉာဏ် ကြည်၏၊ အလွန် ဉာဏ် ထက်သန် ကြီးထွား၏၊ အလွန် စိတ်တည်ကြည်၏၊ ဥပစာရ စျာန်ကိုရ၏၊</p>
<p>ဤဓမ္မာနုဿတိ ကမ္မဋ္ဌာန်းသည်လည်း- တရားတော် ဂုဏ် တော်မြတ်သည် အလွန်နက်နဲသိမ်မွေ့သော ပရမတ္ထဓမ္မတွေ ဖြစ်၍ နိမိတ်ရကောင်းသော တရားမဟုတ်ခြင်းကြောင့် အပ္ပနာစျာန်ကို မဖြစ်စေနိုင်။</p>
<h4>သွာက္ခာတ ဂုဏ်တော် အကျယ်</h4>
<p><b>သုဋ္ဌု အက္ခာတောတိ သွာက္ခာတော။</b> သုဋ္ဌု၊ ကောင်းစွာ။ အက္ခာတော၊ ဟောကြားအပ်၏၊ ဣတိတသ္မာ၊ ထို့ကြောင့်။ သွာက္ခာတော၊ သွာက္ခာတ မည်၏၊</p>
<p><b>မေး။</b> ကောင်းစွာ ဟောအပ်သည်ဟူသည် အဘယ်နည်း။</p>
<p><b>ဖြေ။</b> ဤတရားသည် အစ၌လည်းကောင်း, အလယ်၌လည်း ကောင်း, အဆုံး၌လည်းကောင်း အနက်နှင့်လည်း ပြည့်စုံ၏၊ သဒ္ဒါ, ပုဒ်, ဗျည်းနှင့်လည်းပြည့်စုံ၏၊ ဤတရားတော်ဖြင့် မြတ်စွာဘုရားသည် အလုံးစုံပြည့်စုံ၍ စင်ကြယ်သော အကျင့်မြတ်ကို ပြတော်မူ၏၊</p>
<p>ဤသို့လျှင် ကောင်းစွာ ဟောအပ်သည်၏ အဖြစ်ကို သိအပ်၏၊ ချဲ့၍ဆိုဦးအံ့</p>
<p>၁။ တရားတော်သည် အစ၌ ကောင်းခြင်းရှိသောကြောင့် သွာက္ခာတ မည်၏၊</p>
<p><b>မေး။</b> အစ၌ ကောင်းခြင်းဟူသည် အဘယ်နည်း။</p>
<p><b>ဖြေ။</b> ထိုတရားကို ဟောတော်မူသော မြတ်စွာဘုရား၏ ကောင်းသောတရား အဖြစ်သည် တရား၏ အစ၌ ကောင်းခြင်းမည်၏၊</p>
<p><b>မေး။</b> ဘုရား၏ ကောင်းသော ဘုရားအဖြစ်ဟူသည် အဘယ် နည်း။</p>
<p><b>ဖြေ။</b> ဘုရား၏ ကောင်းသောဘုရားဖြစ်ပုံကို ဘုရား ဂုဏ်တော် ၉-ပါး၌ ပြဆိုအပ်ပြီးသောအတိုင်း သိအပ်၏၊</p>
<p>၂။ ထိုတရားတော်သည် အလယ်၌ကောင်းခြင်းရှိသော ကြောင့်လည်း သွာက္ခာတ မည်၏၊</p>
<p><b>မေး။</b> အလယ်၌ ကောင်းမြတ်ခြင်းဟူသည် အဘယ်နည်း။</p>
<p><b>ဖြေ။</b> တရား၏ ကောင်းမြတ်မှန်ကန်သော တရားဖြစ်မှု သည် အလယ်၌ကောင်းခြင်းမည်၏၊</p>
<p><b>မေး။</b> တရား၏ကောင်းမြတ်မှန်မှုသည် အဘယ်နည်း။</p>
<p><b>ဖြေ။</b> အနက်အဓိပ္ပါယ်နှင့် ပြည့်စုံမှု, သဒ္ဒါပုဒ်ဗျည်းနှင့် ပြည့်စုံမှု သည်လည်းကောင်း၊ အလုံးစုံပြည့်စုံ၍ ထက်ဝန်းကျင်မှ စင်ကြယ် သောအကျင့်မြတ်ကို ပြခြင်းသည်လည်းကောင်း တရား၏ ကောင်းမြတ် မှန်ကန်မှု မည်၏၊</p>
<p><b>မေး။</b> တရားတော်၏ အနက်နှင့်ပြည့်စုံမှု, သဒ္ဒါပုဒ် ဗျည်းနှင့် ပြည့်စုံမှုဟူသည် အဘယ်နည်း။သီလအရာ၌ ရှေးဦးစွာ ပြဆိုပေအံ့၊</p>
<p><b>ဖြေ။</b> ထိုသီလနှင့်စပ်၍ ဟောတော်မူအပ်သော အရာ၌ အကြင်မျှလောက် သဒ္ဒါအစီအစဉ်ကို ပြသောပုဒ်, ဗျည်း-တို့ကိုလည်း ကောင်း၊ အနက်အဓိပ္ပါယ်ကို ပြသောပုဒ်, ဗျည်းတို့ကိုလည်းကောင်း ရထိုက်ကုန်၏၊ ထိုမျှလောက်ကုန်သော သဒ္ဒါပုဒ်, အနက်ပုဒ်တို့ကို လိုလေသေးသည် ဟူ၍မရှိ၊ အပြည့်အစုံ စီစဉ် ထည့်သွင်း၍သာလျှင် ဟောကြားတော်မူအပ်၏၊ ထို့ကြောင့် တရားတော်သည် အနက်နှင့်ပြည့်စုံ သည်, သဒ္ဒါပုဒ် ဗျည်းနှင့်ပြည့်စုံသည်မည်၏၊</p>
<p>ထို့အတူ သမာဓိနှင့်စပ်၍ ဟောသောအရာ, ပညာနှင့်စပ်၍ ဟောသောအရာတို့၌ ယုတ်လျောသည်, လိုသေးသည် ဟူ၍မရှိ၊ အပြည့် အစုံ ဖြစ်ကုန်သောသဒ္ဒါပုဒ်, အနက်ပုဒ်တို့နှင့် စီစဉ်၍ ဟောကြားတော် မူအပ်သည်၏ အဖြစ်သည် တရားတော်၏ အနက်နှင့်ပြည့်စုံမှုမည်၏၊ သီလတရားနှင့်စပ်လျင်း၍ ဟောတော်မူသောအခါ အနမတဂ္ဂ သံသရာကမ္ဘာအနန္တတို့၌ ကောင်းသော အလေ့အကျင့် ဟုဆိုအပ်ကုန် သော ကုသလသီလမျိုးတို့သည် ရှိကုန်၏၊</p>
<p>ထိုမျှလောက်ကုန်သော အလေ့ကောင်း, အကျင့်ကောင်းသီလ ကုသိုလ်အပေါင်းတို့ကို သဗ္ဗညုတညဏ်ဖြင့် အလုံးစုံသိမြင်တော်မူပြီး၍ ကောင်းစွာဟောကြားတော်မူအပ်၏၊ ထို့ကြောင့် သီလတရားများသည် အနက်နှင့် ပြည့်စုံသည်, သဒ္ဒါနှင့်ပြည့်စုံသည်မည်၏၊</p>
<p>သမာဓိနှင့်စပ်လျဉ်း၍ ဟောတော်မူရာ, ပညာနှင့်စပ်လျဉ်း၍ ဟောတော်မူရာတို့၌လည်း ဤနည်းအတိုင်း သာတ္ထ, ဗျဉ္ဇန ဖြစ်ပုံကို သိအပ်၏၊</p>
<p>ဤဆိုလတ္တံ့သောနည်းကား- အနက်နှင့်ပြည့်စုံ, သဒ္ဒါနှင့်ပြည့်စုံ၍ သာတ္ထ, သဗျဉ္ဇန-ဖြစ်ပုံ နည်းအမြွက်ပေတည်း။</p>
<p>ကုသလ=ကုသိုလ်။ ဤ ကုသလ-ဟူသော စကားသည် ဗျဉ္ဇနပဒမည်၏၊ ကာမာဝစရကုသိုလ်, ရူပါဝစရကုသိုလ်, အရူပါဝစရကုသိုလ်, လောကုတ္တရာကုသိုလ်-များသည် ထိုကုသလ-ပုဒ်သည် ဟောအပ်သော ကုသလ-ပုဒ်၏ အနက်ဖြစ်သော အတ္ထပဒ-မည်ကုန်၏၊</p>
<p>တဖန် ကာမာဝစရကုသလ-ဟူသော စကားသည် ဗျဉ္ဇနပဒမည်၏၊ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက ကုသိုလ် စိတ် -အစရှိသောကာမာဝစရကုသိုလ်စိတ် ၈-ပါးသည် ထို ကာမာဝစရပုဒ်၏ အနက်ဖြစ်သော အတ္ထပဒ-မည်၏၊</p>
<p>ရူပါဝစရကုသလ-စသော စကားတို့၌လည်း ဤနည်းအတိုင်း ပင်တည်း။</p>
<p>(ဤကား အဘိဓမ္မာ၌ ဗျဉ္ဇနပဒ, အတ္ထပဒ-ခွဲဝေပုံကို နည်း အမြွက်ပေတည်း။)</p>
<h4>သုတ္တန်နည်းအားဖြင့်</h4>
<p>ကုသလ-ဟူသော စကားသည် ဗျဉ္ဇနပဒ-မည်၏၊ ထို ကုသလ ၏ အနက်သဘောဖြစ်သော သုစရိုက် ၁၀-ပါး, ကုသလကမ္မပထ ၁၀- ပါး, ပုညကိရိယာဝတ္ထု ၁၀-ပါးသည် အတ္ထပဒ မည်၏၊</p>
<p>(ဤကား သုတ္တန်နည်းအားဖြင့် ဗျဉ္ဇနပဒ, အတ္ထပဒ-ခွဲဝေပုံတည်း။)</p>
<p>ဤကဲ့သို့ ဟောတော်မူအပ်သော ကုသိုလ်တရားသည် အန မတဂ္ဂ သံသရာ ကမ္ဘာအဆက်ဆက်တို့၌ ဤမည်သော ကပ်ကမ္ဘာတွင်, လောကဓာတ်ပေါင်းအနန္တတို့၌ ဤမည်သောလောကဓာတ်တွင်, ဤမည်သော သတ္တလောကတွင်တစ်စုံတစ်ခုသော ကုသိုလ်မျှလည်း ထိုကုသလဟူသော ဗျဉ္ဇန-ပုဒ်, အတ္ထ-ပုဒ်တို့ဖြင့် မရေမတွက်သည်မရှိ၊ အနမတဂ္ဂ သံသရာ ကမ္ဘာအနန္တ သတ္တဝါအနန္တတို့၌ ကုသိုလ်ဟူ၍ဆိုလျှင် ထိုကုသလပုဒ် အတွင်းသို့ အကျုံးဝင်ကြလေသည်ချည်းသာ ဖြစ်လေ၏၊ ကုသိုလ်မှန်လျှင် ကုသလပုဒ်ဖြင့် ဝေဖန်အပ်သည်ချည်းသာ ဖြစ်လေ၏၊</p>
<p>(ဤသို့လျှင် ကုသလဓမ္မ ဟူသော ပုဒ်၏ သာတ္ထ, သဗျဉ္ဇနဖြစ်ပုံ, သဒ္ဒါနှင့်ပြည့်စုံပုံ, အနက်နှင့် ပြည့်စုံပုံကို သိအပ်၏၊)</p>
<p>အကုသလာ ဓမ္မာ-အစရှိကုန်သော ၈-သောင်း ၄-ထောင် ကုန်သောဓမ္မက္ခန္ဓာပုဒ်အပေါင်းတို့၌လည်း ဤနည်းအတိုင်း သာတ္ထ, သဗျဉ္ဇန-ဖြစ်ပုံကိုသိရာသတည်း။</p>
<p><b>မေး။</b> ထိုတရားတော်ဖြင့် အလုံးစုံပြည့်စုံ၍ ထက်ဝန်းကျင်မှ စင်ကြယ်သော အကျင့်မြတ် ဗြဟ္မစရိယကို အဘယ်သို့ ပြပါသနည်း။</p>
<p><b>ဖြေ။</b> (က) ဗြဟ္မဇာလသုတ်၌ ဟောတော်မူအပ်သော စူဠ သီလသည်လည်း <b>ဗြဟ္မစရိယ</b>မည်၏၊ မဇ္ဈိမသီလသည်လည်းကောင်း, မဟာသီလသည်လည်းကောင်း <b>ဗြဟ္မစရိယ</b>ပင် မည်၏၊</p>
<p>(ခ) အလုံးစုံသော ဝိနည်းပိဋကတ်၌ ပညတ်တော်မူအပ်သော ဝိနည်းသိက္ခာပုဒ် ဟူသမျှတို့သည်လည်း <b>ဗြဟ္မစရိယ</b> မည်ကုန်၏၊</p>
<p>(ဂ) ထိုမှတစ်ပါး အလုံးစုံသော ဣန္ဒြိယသံဝရသီလ, အလုံးစုံသော သတိသမ္ပဇည, ပစ္စည်းလေးပါးတို့၌ ရောင့်ရဲမှု သန္တောသ, အလုံးစုံသော နီဝရဏတရားတို့ကို ခွာမှု သမာပတ် ၈-ပါး, ဝိပဿနာဉာဏ်, မနောမယိဒ္ဓိ ဉာဏ်, ဣဒ္ဓိဝိဓဉာဏ်, ဒိဗ္ဗသောတဉာဏ်, စေတောပရိယဉာဏ်, ပုဗ္ဗေနိဝါသဉာဏ်, စုတူပပါတဉာဏ် အလုံးစုံသည်လည်း <b>ဗြဟ္မစရိယ</b>ပင် မည်၏၊</p>
<p>(ဃ) သတိပဋ္ဌာန် ၄-ပါး, သမ္မပ္ပဓာန် ၄-ပါး, ဣဒ္ဓိပါဒ် ၄-ပါး, ဣန္ဒြေ ၅-ပါး, ဗိုလ် ၅-ပါး, ဗောဇ္ဈင် ၇-ပါး, မဂ္ဂင် ၈ -ပါး၊ ဤဗောဓိပက္ခိယ တရား ၃၇-ပါးသည်လည်း <b>ဗြဟ္မစရိယ</b>ပင် မည်၏၊</p>
<p>ပြဆိုအပ်ပြီးသော ဗြဟ္မစရိယတို့၏ အကျိုးဖြစ်ကုန်သော လောကီအဘိညာဉ် ၅-ပါး, ဗိုလ် ၅-ပါးတို့ကိုလည်း ဗြဟ္မစရိယ၌ပင် သွင်း၍ ရေတွက်အပ်ကုန်၏၊</p>
<p>မြတ်စွာဘုရားသည် ထိုတရားတော်မြတ်ဖြင့် ဤအလုံးစုံသော ဗြဟ္မစရိယ အကျင့်မြတ်ကို ပြတော်မူ၏၊ ထိုသို့ ပြအပ်သော ဗြဟ္မစရိယ သည်လည်း စူဠသီလ စသည်တို့၌ တစ်စုံတစ်ခုမျှ မပြည့်စုံသော ဗြဟ္မစရိယမည်သည် မရှိ၊ အလုံးစုံ ပြည့်စုံသည်သာ ဖြစ်၏၊</p>
<p>ထိုထို ဗြဟ္မစရိယဖြင့် ထိုထိုဆိုင်ရာဆိုင်ရာဖြစ်သော ကိလေသာ အဖို့တို့ကို ထိုက်သည်အားလျော်စွာ ပယ်ရှားခြင်းကြောင့် မြတ်စွာဘုရား ပြတော်မူအပ်သော ဗြဟ္မစရိယသည် ထက်ဝန်းကျင်မှ စင်ကြယ်သည် မည်၏၊</p>
<p>ဤပြဆိုအပ်ပြီးသော ဗြဟ္မစရိယသည်ကား အနာဂါရိယဖြစ် သော ရဟန်းတို့နှင့် သက်ဆိုင်သော ဗြဟ္မစရိယပေတည်း။ အိမ်ရာထောင်သူ လူတို့၏ ဗြဟ္မစရိယ, နတ်တို့၏ ဗြဟ္မစရိယ သည်ကား ၅-ပါးသီလ, ၈-ပါးသီလ, အဋ္ဌင်္ဂဥပုသ်, ၁၀-ပါးသီလတို့ပေ တည်း။</p>
<h3>ဗြဟ္မစရိယနှင့်စပ်သော စကားရပ်၌</h3>
<p>ပုဏ္ဏကဇာတ်တွင် ဒါနကို <b>ဗြဟ္မစရိယ</b>ဟု ဟောတော်မူ၏၊</p>
<p>တိတ္တိရဇာတ်၌ ၅-ပါးသီလကို <b>ဗြဟ္မစရိယ</b>ဟု ဟောတော်မူ၏၊ နေမိ ဇာတ်၌ ဥပေါသထသီလကို <b>ဗြဟ္မစရိယ</b>သီလဟု ဟောတော်မူ၏၊ ၁၀- ပါးသီလကိုကား ၈-ပါး သီလနှင့် အလားတူသောကြောင့် <b>ဗြဟ္မစရိယ</b>ဟူ၍ ဆိုအပ်၏၊</p>
<p>ထိုမှတစ်ပါး ထိုထိုသုတ္တန် အရပ်ရပ်တို့၌ အကြင်အကြင် ပုညကိရိယာဝတ္ထုတို့ကို ဆိုင်ရာဆိုင်ရာ၌ ဟောတော်မူ၏၊ ထိုအလုံးစုံ သော ကုသိုလ်ကောင်းမှု ပြုခြင်းနှင့် စပ်ဆိုင်သမျှသော ပုညကိရိယာ ဝတ္ထုတို့ကို ဗြဟ္မစရိယ၌ သွင်း၍ ရေတွက်အပ်ကုန်၏၊</p>
<p>လောက၌ ဤဗြဟ္မစရိယတို့၏ ထင်ရှားရှိနေခြင်းကြောင့် လူတို့ဟူ၍ ထင်ရှားရှိနေကြကုန်၏၊ နတ်တို့ဟူ၍, ဗြဟ္မာတို့ဟူ၍ ထင်ရှားဖြစ်ပေါ်လျက် ရှိနေကြကုန်၏၊ ဘုရားရှင်တို့လည်း ထင်ရှား ပွင့်တော်မူကြကုန်၏၊ ပစ္စေကဗုဒ္ဓါတို့လည်း ထင်ရှားဖြစ်ပေါ်ကြကုန်၏ တပည့်သာဝကတို့လည်း ထင်ရှားဖြစ်ပေါ်ကြကုန်၏၊ သူတော်ကောင်း တို့ဟူ၍ ထင်ရှားရှိကြကုန်၏၊</p>
<p>ဤဗြဟ္မစရိယတို့ကို ကြဉ်ဖယ်၍ ထားကြပါကုန်မူကား လူသည် လည်းကောင်း, နတ်သည်လည်းကောင်း, ဗြဟ္မာသည်လည်းကောင်း မရှိနိုင်ကုန်၊ ဘုရား ပစ္စေကဗုဒ္ဓါတို့ ပွင့်ပေါ်နိုင်ရန်မှာ ဆိုဘွယ်ရာမရှိချေ။</p>
<p>အကြင် အယူဝါဒ အကြင်ဘာသာတို့၌ မြတ်သောအကျင့်ဟု ဆိုအပ်သော ဗြဟ္မစရိယတို့ကို ပညတ်ခြင်း မရှိကြကုန်၊ ထို အယူဘာသာတို့၌ သွာက္ခာတ တရားမရှိ၊ ဒုရက္ခာတမကောင်းသဖြင့် ဆိုအပ်သော တရားသာ ရှိလေသောကြောင့် ထိုအယူ ဘာသာသို့ ဝင်၍ ကျင့်ကြံအားထုတ်ကြကုန်သော သူတို့သည် ပိတ်ကွယ် သော သုဂတိတံခါး ရှိကုန်သည်ဖြစ်၍ များသောအားဖြင့် အပါယ်သို့သာ လားကြရကုန်၏၊</p>
<p>ဤသို့လျှင် တရားတော်မြတ်၏ အလုံးစုံ ပြည့်စုံ၍ ထက်ဝန်း ကျင်မှ စင်ကြယ်သော အကျင့်ကောင်း အကျင့်မြတ်ကို ပြခြင်းသည် ဖြစ်၏၊</p>
<p>ဆိုအပ်ပြီးသော စကားရပ်ဖြင့် မြတ်စွာဘုရား ဟောကြားတော် မူအပ်သော တရားတော်မြတ်၏ အနက်သဒ္ဒါနှင့်ပြည့်စုံ၍ သာတ္ထ, သဗျဉ္ဇနအဖြစ်၊ အလုံးစုံပြည့်စုံ၍ ထက်ဝန်းကျင်မှ စင်ကြယ်သော အကျင့်မြတ်ကို ပြသည်၏ အဖြစ်ကြောင့် မဇ္ဈေကလျာဏ ဖြစ်ပုံကို သိအပ်သတည်း။</p>
<p><b>မေး။</b> တရားတော်မြတ်၏ အဆုံး၌ ကောင်းခြင်းဟူသည် အဘယ်နည်း။</p>
<p><b>ဖြေ။</b> မြင့်မြတ်သော သာဝကတို့နှင့် ပြည့်စုံခြင်းသည် တရားတော်၏ အဆုံး၌ ကောင်းခြင်းမည်၏၊</p>
<h4>သာဝကနှင့် ပြည့်စုံခြင်း ဟူသည်ကား</h4>
<p>သွက္ခာတဖြစ်သော တရားတော်ကို ကျင့်ဆောင်ကြကုန်သော တပည့်သာဝကတို့သည် ကျင့်ကြံအားထုတ်အပ်သော ဗြဟ္မစရိယ၏ အကျိုးတို့ကို ကိုယ်တွေ့ဒိဋ္ဌ ရရှိခံစံ ကြရကုန်၍ ထူးသောပုဂ္ဂိုလ်အဖြစ်သို့ ရောက်ကြ သည်ကို <b>သာဝကသမ္ပတ္တိ</b> ဆိုသည်၊ ဤတရားဂုဏ်တော်၌ ဓမ္မဆိုသည်ကား သူတော်ကောင်းတို့၏ တရားပေ တည်း၊ တရားကို <b>သဒ္ဓမ္မ</b> ဆိုသည်။</p>
<p>ထို သဒ္ဓမ္မသည်</p>
<p>၁။ လောကိယသဒ္ဓမ္မ,</p>
<p>၂။ လောကုတ္တရသဒ္ဓမ္မ အားဖြင့် ၂-ပါး ရှိ၏၊</p>
<p>ထို ၂-ပါးတို့တွင်</p>
<p><b>လောကိယသဒ္ဓမ္မ</b> ဆိုသည်ကား-လောက၌ ရဟန်းပညာရှိတို့ သည်လည်းကောင်း, ပုဏ္ဏားပညာရှိတို့သည်လည်းကောင်း, လူပညာရှိ နတ်ပညာရှိတို့သည်လည်းကောင်း, ဗြဟ္မာပညာရှိတို့သည်လည်းကောင်း ဒုစရိုက် ၁၀-ပါးတို့ကို ပညတ်ကြကုန်၏၊ သုစရိုက် ၁၀-ပါးတို့ကို ပညတ်ကြ ကုန်၏၊</p>
<p>အကုသလကမ္မပထ ၁၀-ပါးတို့ကို ပညတ်ကြကုန်၏၊ ကုသလ ကမ္မပထ ၁၀-ပါး, ပုညကိရိယာဝတ္ထု ၁၀-ပါးတို့ကို ပညတ်ကြကုန်၏၊ ကသိုဏ်းစျာန် ၁၀-ပါး, အပ္ပမညာစျာန် ၄-ပါး, ရူပ-အရူပ သမာပတ်-၈ပါး, လောကီအဘိညာဉ် ၅-ပါးတို့ကို ပညတ်ကြကုန်၏၊ ဤပစ္စုပ္ပန် လောကကိုလည်း ဟောကြားကြကုန်၏၊ တမလွန်လောက ကိုလည်း ဟောကြားကြကုန်၏၊ အပါယ် ၄-ပါးကိုလည်း ဟောကြား ကြကုန်၏၊</p>
<p>ကာမာဝစရ နတ်ပြည် ၆-ထပ်, ရူပဗြဟ္မာဘုံ ၁၆-ထပ်, အရူပဘုံ ၄-ထပ်တို့ကိုလည်း ဟောကြားကြကုန်၏၊ အနန္တ စကြဝဠာ ကမ္ဘာလောက ဓာတ်တို့၏ ရှိခြင်းကိုလည်း ဟောကြားကြကုန်၏၊</p>
<p>ဒုစရိုက် ၁၀-ပါး, အကုသလ ကမ္မပထတရား ၁၀-ပါး တို့သည် အပါယ် ၄-ပါးသို့သွားရန် လမ်းခရီး ဖြစ်ကြကုန်၏၊ သုစရိုက် ၁၀-ပါး, ကုသလ ကမ္မပထတရား ၁၀-ပါးတို့သည် လူ့ပြည် နတ်ပြည်သို့ သွားရန် လမ်းခရီး ဖြစ်ကြကုန်၏-ဟူ၍လည်း ပညတ်ကြကုန်၏၊ စျာန်သမာပတ် ၈-ပါးတို့သည် ဗြဟ္မာ့ပြည်သို့ သွားရန် လမ်းခရီး ဖြစ်ကြကုန်၏-ဟူ၍လည်း ပညတ်ကြကုန်၏၊</p>
<p>ထိုသို့ ဟောကြားပညတ်ကြကုန်သော ပုဂ္ဂိုလ်တို့သည် သာမည အားဖြင့် စိတ်သဘောထင်မြင်ရာ ယံဝါ တံဝါပညတ် ဟောကြားကြသည် မဟုတ်ကုန်၊ စျာန်အဘိညာဉ်ရရှိကြကုန်သော ရဟန်း, ပုဏ္ဏား, တန်ခိုး ကြီးသော နတ်, ဗြဟ္မာများတို့သည် ဤပစ္စုပ္ပန်လောက, တမလွန် လောကကြီးတွေကိုကိုယ်တိုင်သိ၍မျက်မှောက်ပြုပြီးမှ မှန်သောအတိုင်း ပညတ်ဟောကြားကြကုန်၏၊</p>
<p>အချို့သော ပညာရှိတို့သည်လည်း ထိုသို့ အဘိညာဉ်ရပြီးသော ရဟန်း ပုဏ္ဏား-စသည်တို့၏ အထံမှ တရားကို ကြားနာကြကုန်ပြီးလျှင် ထိုအဘိညာဉ်ရရှိသော ပုဂ္ဂိုလ်တို့၏ ဟောပြောသည့်အတိုင်း ပညတ် ဟောကြားကြကုန်၏၊ ဤသို့လောကီ၌ ပညာရှိကြကုန်သော ထိုထိုပုဂ္ဂိုလ် မြတ်တို့ ဟောကြားအပ်သော တရားသည် <b>လောကိယသဒ္ဓမ္မ</b>-မည်၏၊</p>
<p>(အနမတဂ္ဂသံသရာ ကမ္ဘာအဆက်ဆက်၌ လောကီပညာရှိများ ပညတ်ဟောကြား၍ထားသော ကမ္ဘာစောင့်တရားကြီးများ-ဟူ၍ ဆိုလိုသည်။)</p>
<p>အနမတဂ္ဂသံသရာ ကမ္ဘာအဆက်ဆက်တို့၌ ထိုထိုကပ်ကမ္ဘာ တည်ဦးစအခါမှစ၍ လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်တို့၌ ဖြစ်ပေါ်ကြ ကုန်၏၊ အနန္တ လောကဓာတ်တို့၌လည်း ထိုသို့ပင် ဖြစ်ပေါ်ကြကုန်၏၊ ထိုသို့ ကမ္ဘာစောင့် လောကိယသဒ္ဓမ္မ- တရားတော်ကြီးများ ထင်ရှားဖြစ် ပေါ်ကြကုန်သောကြောင့်သာလျှင် ထိုကမ္ဘာအစဉ်အဆက်တို့၌လည်း ကောင်း, ထိုလောကဓာတ် အနန္တတို့၌လည်းကောင်း လူ့ပြည်ဟူ၍ ထင်ရှား ဖြစ်ပေါ်ကြကုန်၏၊ ထိုကမ္ဘာစောင့်ဖြစ်သော လောကိယ သဒ္ဓမ္မများ မထွန်းကားခဲ့ပါမူကား သုဂတိဘုံများဟူ၍ ဖြစ်ပေါ်နိုင်ရန် အကြောင်းမရှိ၊ သုဂတိဘုံသားတို့ဟူ၍ ပေါ်ပေါက်နိုင်ရန် အကြောင်းမရှိ၊ အပါယ်ဘုံနှင့် အပါယ်ဘုံသား တို့ချည်းသာလျှင် ဖြစ်ကြကုန်၏၊</p>
<p>ဤလောကိယသဒ္ဓမ္မ-သည်လည်း သူနှင့်ဆိုင်ရာ ပရိယာယ် တမျိုးအားဖြင့် <b>အစ၌ ကောင်းခြင်း</b>ရှိသည်၊ <b>အလယ်၌ ကောင်းခြင်း</b>ရှိသည်၊ <b>အဆုံး၌ကောင်းခြင်း</b>ရှိသည်၊ အနက်နှင့် ပြည့်စုံသည်၊ သဒ္ဒါ, ပုဒ်, ဗျည်းနှင့်ပြည့်စုံသည်၊ အလုံးစုံပြည့်စုံ၍ ထက်ဝန်းကျင်မှ စင်ကြယ်သော ဗြဟ္မစရိယ-အကျင့်မြတ်ကို ပြသည်ဟူ၍ ဆိုထိုက်၏၊</p>
<p>ထိုစကား၌</p>
<p><b>မေး။</b> လောကိယသဒ္ဓမ္မ၏ <b>အာဒိကလျာဏ အစ၌ကောင်း ခြင်း</b>ဟူသည် အဘယ်နည်း။<br>
<b>ဖြေ။</b> ဤပစ္စုပ္ပန် လောကကိုလည်း, တမလွန်လောကကို လည်းကောင်း ကိုယ်တိုင်ထိုးထွင်း၍ သိပြီးလျှင် မျက်မှောက်ပြု၍ ပညာ ရှိပုဂ္ဂိုလ်ကြီးတို့ ကောင်းစွာဟောကြားအပ်သည်၏ အဖြစ်သည် အစ၌ ကောင်းခြင်း မည်၏၊</p>
<p><b>မေး။ မဇ္ဈေကလျာဏ-အလယ်၌ ကောင်းခြင်း</b>ဟူသည် အဘယ်နည်း။<br>
<b>ဖြေ။</b> ထိုလောကီ တရားအားလျော်စွာ အနက်နှင့်ပြည့်စုံမှု, သဒ္ဒါ, ပုဒ် ဗျည်းနှင့်ပြည့်စုံမှု, အလုံးစုံပြည့်စုံ၍ ထက်ဝန်းကျင်မှ စင်ကြယ် သော အကျင့်မြတ်ကို ကောင်းစွာပြုမှုသည် အလယ်၌ ကောင်းခြင်း မည်၏၊</p>
<p><b>မေး။ ပရိယောသာနကလျာဏ-အဆုံး၌ကောင်းခြင်း</b>ဟူသည် အဘယ်နည်း။<br>
<b>ဖြေ။</b> လောကီပညာရှိ ပုဂ္ဂိုလ်ကြီးတို့ ဆုံးမအပ်သော အတိုင်း တရားစဉ်ကို ကျင့်ကြံကြကုန်သောသူတို့၏ လူ့ပြည်နတ်ပြည်, ဗြဟ္မပြည်ဟုဆိုအပ်သော သုဂတိလောကသို့ ရောက်၍ သုခချမ်းသာကို ခံစားရ မှုသည် လောကိယသဒ္ဓမ္မ-၏ ပရိယောသာသနကလျာဏ-အဆုံး၌ ကောင်းမည်၏၊</p>
<p>ထိုစကားမှန်၏၊ မဟာဂေါဝိန္ဒသုတ်၌</p>
<p>''ထိုဂေါဝိန္ဒ-ပုဏ္ဏားကြီးသည် တပည့်သာဝကတို့အား ဗြဟ္မာ့ဘုံသို့ ရောက်စိမ့်သောငှါ တရားကို ဟောကြားပေ၏၊</p>
<p>အကြင်တပည့်တို့သည် ထိုမဟာဂေါဝိန္ဒပုဏ္ဏားကြီး၏ အဆုံး အမဩဝါဒကို အလုံးစုံသိရှိလိုက်နာ ကျင့်ကြံကြကုန်၏၊ ထိုတပည့် တို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်ကာလ၌ ကောင်းသော သူတို့၏ လားရာဖြစ်သော ဗြဟ္မာ့ဘုံသို့ ကပ်ရောက် ဖြစ်ပွားကြလေ ကုန်၏၊</p>
<p>အကြင်တပည့်တို့သည် ထိုမဟာဂေါဝိန္ဒပုဏ္ဏားကြီး၏ အဆုံးအမ ဩဝါဒကို အလုံးစုံသိရှိလိုက်နာ ကျင့်ကြံခြင်း မပြုကြကုန်၊ တစ်စိတ် တစ်ဒေသမျှကိုသာ ကျင့်ကြံကြကုန်၏၊ ထိုတပည့်တို့သည် အချို့ ဝသဝတ္တိနတ်ပြည်၌ ဖြစ်ကြလေကုန်၏၊ အချို့ နိမ္မာနရတိနတ်ပြည်, အချို့ တုသိတာနတ်ပြည်, အချို့ စတုမဟာရာဇ်နတ်ပြည်၌ ဖြစ်ကြကုန်၏-ဟူ၍ မြတ်စွာဘုရား ဟောတော်မူသည်။</p>
<p>ထိုမှတစ်ပါး အလောင်းတော် ဟတ္တိပါလ ရှင်ရသေ့စသော လောကီပညာရှိ ပုဂ္ဂိုလ်တို့၏ အဆုံးအမ ဩဝါဒ-ဟုဆိုအပ်သော လောကိယသဒ္ဓမ္မ-ကို လိုက်နာကြကုန်သော တပည့်သာဝကပေါင်း များစွာတို့၏ နတ်ပြည်, ဗြဟ္မာပြည်ဟုဆိုအပ်သော သုဂတိဘဝတို့၌ ဖြစ်ကြကြောင်းကိုလည်း ထိုထိုကျမ်းဂန်တို့၌ ပြဆိုလျက် ရှိလေ၏၊ သမ္မာသမ္ဗောဓိ, ပစ္စေကဗောဓိ, သာဝကဗောဓိ-ဟု ဆိုအပ်သော ဗောဓိ ၃-ပါးဆုကို ဖြည့်ကျင့်ကြကုန်သော အလောင်းတော် ၃-မျိုးတို့ သည်လည်း အနမတဂ္ဂ-သံသရာ ကမ္ဘာအစဉ်အဆက်မှာ ကမ္ဘာစောင့် တရားကောင်း ကြီးတွေဟုဆိုအပ်သော လောကိယသဒ္ဓမ္မ-များကို ရှေ့သွားပြုလုပ် ဖြည့်ကျင့်ခြင်း အားဖြင့်သာလျှင် ပါရမီရင့်၍ အဆုံးစွန်၌ မိမိတို့ ရည်ရွယ် မှန်းထားချက်အတိုင်း ဆိုင်ရာဆိုင်ရာ ဗောဓိသို့ ရောက်၍ ပွင့်ပေါ်ကြလေကုန်၏၊</p>
<p>ဤသို့လျှင် လောကိယသဒ္ဓမ္မသည်လည်း ကောင်းခြင်း ၃- ပါးနှင့်ယှဉ်သည်၏ အဖြစ်ကြောင့် ထိုက်သည့် အားလျော်စွာ <b>သွာက္ခာတ</b>ပင်မည်၏ဟူ၍ ဆိုထိုက်ပေသည်။</p>
---
<h3>သာသနသဒ္ဓမ္မ</h3>
<p><b>သာသနသဒ္ဓမ္မ</b>ဆိုသည်ကား-သုညတဟု ဆိုအပ်သော ခန္ဓာ, နာမ်, ရုပ်, ဓာတ်, အာယတန-တို့နှင့် စပ်သောတရား၊ လက္ခဏာရေး ၃-ပါးနှင့် စပ်သောတရား၊ မဂ်ဖိုလ်နိဗ္ဗာန်ဟုဆိုအပ်သော လောကုတ္တရာ တရားနှင့်စပ်သော တရားများပေတည်း။</p>
<p>အဘယ်ကျမ်းဂန်များ၌လာသော တရားမျိုးကဲ့သို့ နည်းဆိုလျှင် အလုံးစုံသော အဘိဓမ္မာပိဋကတ်, အလုံးစုံသော မဟာနိဒါန သုတ်, အလုံးစုံသော နိဒါနဝဂ္ဂသံယုတ်, အာယတနဝဂ္ဂသံယုတ်, မဟာဝဂ္ဂ သံယုတ်၊ ဤသို့စသော ကျမ်းတို့၌ ဟောအပ်သော တရားမျိုးကဲ့သို့တည်း။ ပြဆိုအပ်ပြီးသော ကျမ်းတို့၌ ဟောတော်မူအပ်သော တရားတို့ သည် သာသနသဒ္ဓမ္မ-တို့ မည်ကုန်၏၊ ထို သာသနသဒ္ဓမ္မ-၏ ကောင်းခြင်း ၃-ပါးနှင့် ပြည့်စုံပုံကို ရှေး၌ ပြဆိုအပ်ခဲ့ပြီ။</p>
<h3>အဓိပ္ပါယ်တစ်နည်း</h3>
<p>အဓိပ္ပါယ်တစ်နည်းအားဖြင့်-ဤ မြတ်စွာဘုရား၏ သာသနာ တော်ကျမ်းဂန်ဟု ဆိုအပ်သော ပိဋကတ် သုံးဘုံတို့၌ <b>လောကိယသဒ္ဓမ္မ</b>ဟုဆိုအပ်သော ကမ္ဘာစောင့် တရားတော်ကြီးများကိုလည်း မြတ်စွာဘုရား ထည့်သွင်း၍ ဟောကြားတော်မူအပ်ကုန်၏၊</p>
<p>အဘယ့်ကြောင့် ဟောကြားတော်မူပါသနည်းဆိုလျှင်<br>
၁။ ထိုလောကိယသဒ္ဓမ္မ-တို့၌ အချို့သော တရားတို့သည် ဤ သာသနာတော်ဓမ္မ၏ <b>အာဒိဗြဟ္မစရိယ</b>-သဖွယ်ဖြစ်၍ ပထမ အခြေခံ ကျင့်ရန်တရားများ ဖြစ်ကြကုန်၏၊</p>
<p>၂။ အချို့သော တရားတို့သည် ဝိပဿနာကိုလွယ်ကူစွာ ဆောင် ရွက်နိုင်ရန်အကြောင်း ဖြစ်ကုန်၏၊</p>
<p>၃။ အချို့သော တရားတို့သည် မျက်မှောက်ဘဝ၌ ချမ်းသာစွာ ခံစား သုံးဆောင်၍နေခြင်းငှာ ဆောင်ရွက် ကြကုန်၏၊</p>
<p>၄။ အချို့သော တရားတို့သည် သာသနဓမ္မ၏ ပြည့်စုံခြင်းကို ညွှန်ပြတတ်ကုန်၏၊</p>
<p>ထို့ကြောင့် ထိုလောကိယသဒ္ဓမ္မ-များကို မြတ်စွာဘုရားသည် သာသနာတော်ကျမ်းတို့၌ ထည့်သွင်း၍ ဟောတော်မူရလေသည်။ သို့ဖြစ်၍ ဤ<b>သာသနသဒ္ဓမ္မ</b>-သည် <b>လောကိယသဒ္ဓမ္မ</b>-အားဖြင့် အစ၌ကောင်းခြင်းရှိ၏၊ ရုပ်, နာမ်, ခန္ဓာ, အာယတန-တရား, ပဋိစ္စသမုပ္ပါဒ် တရားစသည်တို့၌ အစဉ်သိမြင်ခြင်း ထိုးထွင်း၍သိမြင်ခြင်း-တည်းဟူသော အသိဉာဏ်အထူးကို ရရှိခြင်းအားဖြင့် အလယ်၌ကောင်းခြင်းရှိ၏၊ ဖိုလ်တည်းဟူသော ဝိမုတ္တိ, နိဗ္ဗာန်တည်း ဟူသော ဝိမုတ္တိရသကို ရရှိခြင်း အားဖြင့် အဆုံး၌ ကောင်းခြင်းရှိ၏-ဟူ၍လည်း ဆိုအပ်၏၊ အကြင်ဘာသာ အယူဝါဒတို့၌ ကမ္ဘာဦးမှစ၍ အစဉ်အဆက် ဆင်းသက်၍လာသော<b>လောကိယသဒ္ဓမ္မ</b>-များသည် မရှိ၊ ထိုဘာသာ အယူဝါဒတို့၌ <b>သွာက္ခာတ</b>-ဂုဏ်နှင့် ပြည့်စုံသောတရား၏ မရှိခြင်းကြောင့် လူအပေါင်းတို့ကို များသောအားဖြင့် အပါယ်ဘုံ၌ ပြည့်နှက်ခြင်းကိုသာ ဖြစ်စေကုန်၏-ဟူ၍ မှတ်အပ်၏၊</p>
<h3>ဆိုဖွယ်ရာအထူး ရှိပြန်သည်ကား</h3>
<p>လူတို့အသက်တမ်း ရှည်လျားသော ကပ်ကမ္ဘာကာလတို့၌ ပွင့် တော်မူကြကုန်သော ဘုရားရှင်တို့သည် ထိုခေတ်အခါ ကမ္ဘာလောက အပေါ်၌ <b>လောကိယသဒ္ဓမ္မ</b>-ဟုဆိုအပ်သော ကမ္ဘာစောင့်တရားကြီးများ ထင်ရှားရှိ နေကြကုန်သောကြောင့် လူ, နတ်, ဗြဟ္မာ သတ္တဝါတို့အား တရားဓမ္မ ဟောပြ သွန်သင်တော်မူသောအခါ သာသနာတွင်း နှင့် သက်ဆိုင်သော <b>သာသနသဒ္ဓမ္မ</b>-တရားစစ်ကြီးများကိုသာလျှင် ဟော ကြားတော်မူကြကုန်၏၊ <b>လောကိယသဒ္ဓမ္မ</b>-မျိုးများကို ဟောကြားတော် မူရန် ကြောင့်ကြစိုက်တော် မမူကြရကုန်။</p>
<p>တပည့်သား ရဟန်းတို့အား သိက္ခာပုဒ်ပညတ်တော်မူခြင်း၌ လည်း ကင်းသောကြောင့်ကြခြင်း ရှိတော်မူကြကုန်၏၊</p>
<p>အကြောင်းကိုဆိုသော်</p>
<p>ထိုခေတ်အခါ ကာလသမ္ပတ္တိနှင့် ကြုံကြိုက်သဖြင့် ကမ္ဘာ စောင့်ဖြစ်သော လောကီလက်ရိုး တရားကြီးများလည်း ထွန်းကား လျက်ရှိနေဆဲဖြစ်၏၊ ထိုတရားမျိုးကို အထူးဟောကြားရန်မလို၊ <b>လောကိယသဒ္ဓမ္မ</b>-ကြီးတွေ ထွန်းကားနေဆဲအခါဖြစ်၍ ရဟန်းတော်တို့ သည်လည်း ပကတိသဘောအားဖြင့် စင်ကြယ်ပြည့်စုံ၍နေကြကုန်၏၊ ထိုသို့စင်ကြယ်ပြည့်စုံ၍ ကာယကံ, ဝစီကံ လုံခြုံသော ရဟန်းတို့အားလည်း သိက္ခာပုဒ်ကို ပညတ်ရန် အကြောင်းလည်း မပေါ်ပေါက်နိုင်။</p>
<p>ထို့ကြောင့် အသက်ရှည်သော ခေတ်၌ ပွင့်တော်မူကြသော မြတ်စွာဘုရားတို့သည် <b>သာသနသဒ္ဓမ္မ</b>-သက်သက်ကိုသာ ဟောကြား တော်မူကြရသဖြင့် နည်းပါးသောကိစ္စ ရှိတော်မူကြကုန်၏၊</p>
<h3>ဂေါတမ ဗုဒ္ဓ သာသနာ</h3>
<p>ဂေါတမမြတ်စွာဘုရားသည်ကား လူတို့အသက်တမ်း အလွန်တို သောကာလ ဆုတ်ကပ်ထဲ၌ ပွင့်တော်မူ ရ၏၊ ညံ့ဖျင်းသောခေတ်ကာလ အခါနှင့် ကြုံကြိုက်သဖြင့် <b>လောကိယသဒ္ဓမ္မ</b>-ကြီးများလည်း များသော အားဖြင့် ပျောက်ကွယ်တိမ်မြုပ်ဆဲဖြစ်၏၊ လူအပေါင်းတို့သည်လည်း သောင်းကျန်းဆိုးသွမ်းကြကုန်၏၊</p>
<p>ထို့ကြောင့် မြတ်စွာဘုရားသည် လူ, နတ်, ဗြဟ္မာ-သတ္တဝါတို့အား တရားဟောတော်မူဟောအခါ တိမ်မြုပ် မှိန်မှေး၍နေသော <b>လောကိယ သဒ္ဓမ္မ</b>-ကြိးများကိုလည်း အလွန်အရေးကြီးစွာ ဟောကြားတော်မူရမည့် အခွင့်နှင့် ကြုံကြိုက်လျက် ရှိနေတော်မူ၏၊</p>
<p>ထို့ကြောင့် တရားဒေသနာကိစ္စဖြင့် <b>လောကိယသဒ္ဓမ္မ</b>-ကို ဟောတော်မူရသည်က တစ်ဖက်, <b>သာသနသဒ္ဓမ္မ</b>-ကိုဟောတော်မူရ သည်ကတစ်ဖက်ကြောင့် အလွန်တကြီး ကြောင့်ကြစိုက်တော်မူရလေ၏၊</p>
<p>၁။ <b>လောကိယသဒ္ဓမ္မ</b>-ကို ထုတ်ဖော် ဟောတော်မူရ၏၊</p>
<p>၂။ <b>သာသနသဒ္ဓမ္မ</b>-ကိုလည်း တည်ထောင်တော်မူရ၏၊</p>
<p>၃။ သောင်းကျန်းဆိုးသွမ်းသော ခေတ်ကာလအတွင်းဖြစ်၍ ရဟန်းတော်တို့အားလည်း သိက္ခာပုဒ် ပညတ်တော်မူရန်အတွက် အလွန် ပင် ကြောင့်ကြစိုက်တော်မူရလေ၏၊</p>
<p>(ဤကဲ့သို့လျှင် တရားတော်၏ <b>ကလျာဏ ၃-ပါး</b>နှင့် ပြည့်စုံကြောင်းကိုသိရာ၏၊)</p>
<p><b>မေး။</b> ကမ္ဘာစောင့် <b>လောကိယသဒ္ဓမ္မ</b>-ကြီးများသည် လောက ၌ များသောအားဖြင့် အဘယ်ကာလတွင် ပျောက်ကွယ်ခြင်းသို့ ရောက် ပါသနည်း။</p>
<p><b>ဖြေ။</b> မိစ္ဆာဒိဋ္ဌိတို့ဖြစ်ပေါ်လာသော အခါမှစ၍ ကမ္ဘာစောင့် တရား လက်ဟောင်းကြီးများ ရောက်ကြလေကုန်သည်။</p>
<p><b>မေး။</b> အဘယ်အခါကစ၍ လောက၌ မိစ္ဆာဒိဋ္ဌိတို့ ဖြစ်ပေါ်ကြ ကုန်သနည်း။</p>
<p><b>ဖြေ။</b> လူတို့ အနှစ်တစ်ထောင်တမ်းသို့ရောက်သော အခါမှစ၍ လောက၌ မှောက်မှား, ဖောက်ပြန်သော အယူရှိကြကုန်သော မိစ္ဆာဒိဋ္ဌိ ရဟန်း, ပုဏ္ဏားတို့ ပေါ်ကြကုန်သည်ဟူ၍ စက္ကဝတ္တိ-သုတ်၌ ဟော တော်မူ၏၊</p>
<p><b>မေး။ မိစ္ဆာဒိဋ္ဌိ</b>-ဟူသည် အဘယ်နည်း။</p>
<p><b>ဖြေ။</b> မိစ္ဆာဒိဋ္ဌိအယူမျိုးသည် <b>၁၀-ပါး</b>ရှိ၏၊ ၁၀-ပါးဟူ သည်ကား</p>
<p>၁။ အလှူ၏ အကျိုးသည် မရှိ။</p>
<p>၂။ ယဇ်ကြီး ပူဇော်မှု(အလှူပွဲကြီး)၏ အကျိုးသည်မရှိ။</p>
<p>၃။ ယဇ်ငယ်ပူဇော်မှု(အလှူငယ်) ၏အကျိုးသည်မရှိ။</p>
<p>၄။ ကုသိုလ်ကံ, အကုသိုလ်ကံတို့၏ အကျိုးသည်မရှိ။</p>
<p>၅။ ဤပစ္စုပ္ပန် လောကလည်းမရှိ။</p>
<p>၆။ တမလွန် လောကလည်း မရှိ။</p>
<p>၇။ အမိ-ဟူ၍လည်း မရှိ။</p>
<p>၈။ အဖ-ဟူ၍လည်း မရှိ။</p>
<p>၉။ နတ်, ဗြဟ္မာ-စသည်တို့ကဲ့သို့ ဥပပါတ်ပုဂ္ဂိုလ်ဟူ၍လည်း မရှိ။</p>
<p>၁၀။ အကြင်ပုဂ္ဂိုလ်တို့သည် ဤပစ္စုပ္ပန်လောကကိုလည်းကောင်း, တမလွန်လောကကိုလည်းကောင်း, ကိုယ်တိုင်ထိုးထွင်းသိမြင်၍ မျက် မှောက်ပြုကြကုန်ပြီးလျှင် ဟောကြားကြကုန်၏၊ ထိုသို့ လောကနှစ်ရပ်ကို အတတ် သိမြင် ဟောကြားနိုင်၍ အညီအညွတ် ကောင်းစွာကျင့်သော ထိုရဟန်း, ပုဏ္ဏားတို့သည်လည်း လောက၌ မရှိ။</p>
<p>(ဤသည်လျှင် <b>မိစ္ဆာဒိဋ္ဌိအယူကြီး ၁၀-မျိုး</b>ပေတည်း။ <b>ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိ</b>-လည်း ခေါ်သည်။)</p>
<p>ထိုမိစ္ဆာဒိဋ္ဌိကြီးတွေ ပေါ်ပေါက်သည်မှစ၍ <b>လောကိယသဒ္ဓမ္မ</b>ကမ္ဘာစောင့် လက်ရိုးကောင်း တရားဟောင်း ကြီးများသည် အစွန်အဖျား ဖြစ်သော တိုင်းနိုင်ငံ, ဇနပုဒ်တို့၌ အလုံးစုံ ကွယ်ပျောက်ကြလေကုန်၏၊</p>
<p>ကမ္ဘာ၏ အလယ်ဗဟိုဖြစ်၍ သူတော်ကောင်းတို့ ထွန်းကာ ရာဖြစ်သော မဇ္ဈိမတိုက်ကြီးအတွင်း၌လည်း များသောအားဖြင့် ကွယ် ပျောက်ကြလေကုန်သည်သာဖြစ်၏၊ တစ်ခါတစ်ရံ ဘုရားအလောင်းတော် ကြီးများ ပေါ်ပေါက်လာသော အခါ၌သာလျှင် ဘုရားပွင့်တော်မူသော အခါကဲ့သို့ ကြီးစွာသော <b>သမ္မာဒိဋ္ဌိ</b> ခေတ်ကာလကြီး ပေါ်ပေါက်၍လာ၏၊ တစ်ပါးတစ်ပါးသော ဘုရားအလောင်းတော်ကြီးတို့၏ ဆုံးမ ဩဝါဒ ဒေသနာသည် နှစ်ပေါင်း ၆-သောင်း တည်ထွန်း၏-ဟူ၍ အဋ္ဌကထာတို့၌ ဆို၏၊</p>
<p>အကြင် တိုင်းနိုင်ငံ ဇနပုဒ်တို့၌ ထိုကမ္ဘာစောင့် တရားကောင်း တရားမှန်ကြီးများသည် အလုံးစုံကွယ် ပျောက်လေ၏၊ ထို တိုင်းနိုင်ငံ ဇနပုဒ်တို့၌ အကြင်လူအပေါင်းတို့သည် ထိုမိစ္ဆာဒိဋ္ဌိ အယူဆိုးကြီး တို့ကိုသာလျှင် စွဲလမ်းယူငင် ကျင့်ကြံကြကုန်၏ထိုလူအပေါင်းတို့သည် <b>ဥစ္ဆေဒဒိဋ္ဌိ</b>-တို့သာလျှင် ဖြစ်ကြလေကုန်၏၊</p>
<p><b>ဥစ္ဆေဒဒိဋ္ဌိ</b>- အယူရှိကြလေကုန်သောကြောင့် နောင်တမလွန် လောကကို မယုံကြည်သည့်အတွက် ထိုတမလွန် လောကအလို့ငှါ ကုသိုလ်ကောင်းမှုပြုရန် ကြောင့်ကြမစိုက်ကြကုန်၊ ထိုသူတို့သည် စင်စစ်အားဖြင့် အပါယ်သို့သာ လားကြလေကုန်၏၊</p>
<p>ထို<b>ဥစ္ဆေဒ ဒိဋ္ဌိ</b>ကိုမစွဲလမ်းကြကုန်သည်ရှိသော် <b>သဿတဒိဋ္ဌိ</b>ကို ယူငင်စွဲလမ်းကြကုန်၏၊ <b>သဿတဒိဋ္ဌိ</b>မှာ တမလွန် လောကကို ယုံကြည် ၏၊ ထိုတမလွန်လောကအတွက် ကြောင့်ကြစိုက်ကြပါကုန်သော်လည်း တရားကောင်း တရားမှန်မှကင်း၍ ကံကိုယုံကြည်သော <b>ကမ္မကိရိယ</b> ဉာဏ်မျက်စိ ကွယ်ကြကုန်သောကြောင့် မကိုးကွယ်ထိုက်ရာ၌ ကိုးကွယ် ရာဟူ၍ ရှာမှီးမှတ်ထင်၍နေကြလေကုန်၏၊</p>
<p>(ဤအရာ၌ ကိုးကွယ်သည်-ဟူသောစကားမှာ သရဏဂုံကဲ့သို့ သံသရာဘေးမှ ကယ်တင်လိမ့်မည်ဟု ထင်မှတ်၍ ကိုးကွယ်ခြင်းကို ဆိုလိုသည်။)</p>
<p>၁။ အချို့သော သူတို့သည် လောကကို အစိုးရသော အရှင်ကို ဆည်းကပ်ကိုးကွယ်ကြကုန်၏၊</p>
<p>၂။ အချို့သော သူတို့သည် မဟာဗြဟ္မာကြီးကို ကိုးကွယ် ဆည်း ကပ်ကြကုန်၏၊</p>
<p>၃။ အချို့သော သူတို့သည် လ-ကို, နေ-ကို, မဟာဒေဝ-စသော မိမိတို့ဆိုင်ရာ နတ်တို့ကို, တောကို, တောင်ကို, သစ်ပင်ကြီးကို, မြစ်ကို ကိုးကွယ်ကြကုန်၏၊</p>
<p>ထိုအလုံးစုံသော ကိုကွယ်မှုများသည် တစ်စုံတစ်ခုမှ အကျိုးကို မရစေနိုင်သောကြောင့် <b>နိရတ္ထက</b>-အချည်းနှီးတို့သာ ဖြစ်ကုန်၏၊ အား ကိုးပါသော်လည်း ကိုးကွယ်ရာမရောက် ဖြစ်ကြလေကုန်၏၊ မိမိတို့ ထင်မြင်စွဲလမ်းသောအတိုင်း ကိုးကွယ်ရာတို့ကို ကိုးကွယ် ၍ ဆုတောင်းခြင်း, ချီးမွမ်း ထောမနာပြုခြင်း, နဖူးမြေစိုက်နှင့် ခစား ဝပ်တွားခြင်း, ပူဇော်လုပ်ကျွေးခြင်း, တင်သ-ခြင်းစသော ကိစ္စတို့ဖြင့် တစ်သက် ကာလပတ်လုံး ပင်ပန်းကြီးစွာ အားထုတ်ကြပါကုန်သော်လည်း ပင်ပန်းကာမျှနှင့် အဖတ်တင်ခံ၍ သေလွန် စုတိကျသောအခါ ကိုးကွယ် ရာမဲ့သော သေခြင်းဖြင့် သေခြင်းဆိုး သေကြရကုန်၏၊ တသက်လုံး တပင်တပန်းကြီး ခစားပူဇော်ရပြီးသော နောက်ကာလ၌ အပါယ်ဒုဂ္ဂတိ သို့သာ လားကြရလေကုန်။</p>
<p>နွားမ၏ ဦးချိုဖျားကို နို့ရည်ထွက်မည်အထင်နှင့် ညှစ်သော သူရူး၏ အချည်းနှီး ပင်ပန်းခြင်းကဲ့သို့လည်းကောင်း, မီးကို အလိုရှိသဖြင့် ပိုးစုန်းကြူးကို အပန်းကြီးစွာ ကောက်ရိုးဖြင့် မီးမှုတ်သော သူရူးကဲ့သို့ လည်းကောင်း, ဆီကို အလိုရှိသဖြင့် သဲတို့ကို ဆီပွတ်သော သူရူးကဲ့သို့ လည်းကောင်း ဖြစ်ကြရလေကုန်၏၊</p>
<p>မဇ္ဈိမဒေသ၌ မူလတိုင်းရင်းသားဖြစ်သော ဟိန္ဒုလူမျိုးတို့သည် ကား မဟာဗြဟ္မာကြီးကိုလည်းကောင်း, အပါးသော ကိုးကွယ်ရာတို့ကို လည်းကောင်း, ဆည်းကပ်ကိုးကွယ်ကြကုန်သော်လည်း ကမ္ဘာဦးကစ၍ အစဉ်အဆက် မိရိုးဖလာ ဆင်းသက်၍လာသော ကံ,ကံ၏အကျိုးကို ယုံကြည်သော <b>ကမ္မကိရိယဝါဒ</b>-ကို မစွန့်လွှတ်ကြကုန်၊ ပုညကိရိယဝတ္ထုကို လည်း ပြုကြကုန်၏၊</p>
<p>ဤသို့လျှင် လူတို့၏ အနှစ် တစ်ထောင်တမ်းအခါ မိစ္ဆဒိဋ္ဌိတို့ ဖြစ်ပေါ်ထွန်းကားသည်မှစ၍ <b>လောကိယ သဒ္ဓမ္မ</b>-ကြီးသည် အဆင့်ဆင့် အစဉ်အတိုင်း ဆုတ်ယုတ်၍ လာလေ၏၊</p>
<p>ဂေါတမဗုဒ္ဓမြတ်စွာဘုရား လက်ထက်တော် အခါ၌မူကား</p>
<p>၁။ ပုဏ္ဏားဟုခေါ်သော ဗြာဟ္မဏလူမျိုးတို့သည် အထူးထူးသော မိစ္ဆာဒိဋ္ဌိကျမ်းဂန်တို့ကိုသာလျှင် အမှီသဟဲပြု၍ နေကြကုန်၏၊</p>
<p>၂။ အိမ်ရာမထောင်ဘဲ ရသေ့ ရဟန်း ဇာတိနှင့် ရှိနေကြကုန် သော သူတို့သည်လည်း ဘာသာဝါဒတို့၌ တွေးတောခြင်း, စုံစမ်းခြင်းအားဖြင့် ဝိစိကိစ္ဆာတရား တလုံးထွေးထွေးနှင့် အယူအထူးထူးရှိသော မိစ္ဆာဒိဋ္ဌိတို့သာလျှင် ဖြစ်ကုန်၏၊</p>
<p>၃။ အိမ်ရာထောင်သော လူ့ဘောင်၌နေထိုင်ကြကုန်သော မင်းမျိုး, သူဌေးမျိုး, ကုန်သည်မျိုးတို့သည်ကား မိမိတို့နှင့်စပ်လျဉ်းရာ ပူရဏကဿပ-အစရှိကုန်သော တိတ္ထိဆရာကြီး ၆-ဦးတို့ကိုသာလျှင် ဆည်းကပ် ကိုးကွယ်ကြကုန်၍ များသောအားဖြင့် မိစ္ဆာဒိဋ္ဌိ အမျိုးမျိုး တို့သာလျှင် ဖြစ်နေကြလေကုန်၏၊</p>
<p>ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည် အလွန်ကြီးကျယ် ထူထပ်လှ စွာသော မိစ္ဆာဒိဋ္ဌိတောကြီးထဲမှ ထူးကဲစွာ ဘုရားအဖြစ်သို့ ရောက် တော်မူလာရသည်။</p>
<p>ထို့ကြောင့်-</p>
<p>၁။ မိစ္ဆာဒိဋ္ဌိတို့၏ လွှမ်းမိုးချက်ကြောင့် ပျက်စီးတိမ်မြုပ်နေ သော''<b>လောကိယသဒ္ဓမ္မ</b>” ကမ္ဘာစောင့် လက်ရိုး တရားဟောင်းကြီး တရားကောင်းကြီးတို့ကို တစ်ဖန် အသစ်ဖြစ်ထွန်း ပေါ်ပေါက်လာရလေ အောင် များစွာ ကြောင့်ကြစိုက်တော်မူပြီးလျှင် တရားဟောတော်မူခြင်း ကိစ္စ၌ လွန်မင်းစွာ ကြိုးစားတော်မူရ၏၊</p>
<p>၂။ ကိလေသာတရားတို့ ပြန့်ပွား သောင်းကျန်းသော ခေတ် အတွင်းမှာဖြစ်ပေါ်တော်မူလာရသောကြောင့်လည်း ရဟန်းတို့အတွက် နှင့် သိက္ခာပုဒ်တော် အမျိုးမျိုးကို ပညတ်တော်မူရခြင်းကိစ္စ၌လည်း များစွာ ကြောင့်ကြစိုက်တော်မူရလေ၏၊</p>
<p>ပြဆိုအပ်ပြီးသော စကားအစဉ်ကို ဆင်ခြင်သောအားဖြင့် ထို<b>လောကိယသဒ္ဓမ္မ</b>-သည် ဤမြတ်စွာဘုရား၏ သာသနာတော်ဓမ္မ၌ <b>အာဒိကလျာဏ</b>-ဟုဆိုအပ်သော အစ၏ကောင်းခြင်းဖြစ်မှုကို ကောင်းစွာ သိအပ်လေ သတည်း။</p>
<p><b>သွာက္ခာတ ဂုဏ်တော် ပြီး၏၊</b></p>
---
<h3>သန္ဒိဋ္ဌိက ဂုဏ်တော်</h3>
<p>သာမံ အတ္တနိ ဒဋ္ဌဗ္ဗန္တိ <b>သန္ဒိဋ္ဌံ</b>။ သာမံ၊ ကိုယ်တိုင်၊ အတ္တနိ၊ မိမိသန္တာန်၌။ ဒဋ္ဌဗ္ဗံ၊ ရှုအပ်မြင်အပ်သည်တည်း။ ဣတိတသ္မာ၊ ထို့ကြောင့်။ <b>သန္ဒိဋ္ဌံ</b>၊ <b>သန္ဒိဋ္ဌ</b>မည်၏၊</p>
<p>သူတစ်ပါးပြောဟောချက်နှင့် မယုံကြည်မူ၍ ကိုယ်တိုင်ဒိဋ္ဌ ထင်ထင်ရှားရှား တွေ့မြင်အပ်သည်ကို <b>သန္ဒိဋ္ဌ</b>ဟု ဆိုသည်။</p>
<p>သန္ဒိဋ္ဌံ သာမညဖလံ ဧတဿာတိ <b>သန္ဒိဋ္ဌိကော</b>။ ဧတဿ၊ ထိုတရားတော်အား။ သန္ဒိဋ္ဌံ၊ ကိုယ်တိုင်ဒိဋ္ဌ တွေ့ကြုံ ခံစားရသော။ သာမညဖလံ၊ ရဟန်းအဖြစ်၏ အကျိုး, မဂ်၏အကျိုးသည်။ အတ္ထိ၊ ရှိ၏၊ ဣတိ-တသ္မာ၊ ထို့ကြောင့်။ သော၊ ထိုတရားတော်သည်။ <b>သန္ဒိဋ္ဌိကော</b>၊ <b>သန္ဒိဋ္ဌိက</b> မည်၏၊</p>
<p>မျက်မှောက်ဒိဋ္ဌ တွေ့ကြုံခံစားရသော ရဟန်းအဖြစ်၏အကျိုး, မဂ်၏အကျိုးရှိသောကြောင့် <b>သန္ဒိဋ္ဌိက</b> မည်၏- ဟူ၍ ဆိုလိုသည်။</p>
<h3>သာမည ဆိုသော စကား၌</h3>
<p>ရဟန်းအဖြစ်ကိုလည်းကောင်း, အရိယမဂ်ကိုလည်းကောင်း <b>သာမည</b>ဆိုသည်၊ ထိုသာမည၏ အကျိုးသည် <b>သာမညဖလ</b> မည်၏၊ ဤတရားတော်ကို ကျင့်ဆောင်လျှင် မျက်မှောက်ဒိဋ္ဌအားဖြင့် ရဟန်း ဖြစ်မှု၏ အကျိုး, သို့မဟုတ် မဂ်၏အကျိုးများကို ခံစားရသည်-ဟူ၍ ဆိုလိုသည်။</p>
<p>ဤ<b>သန္ဒိဋ္ဌိက</b>-ဟူသော ဂုဏ်ပုဒ်ကို သီလက္ခန်ပါဠိတော် <b>သာမည ဖလသုတ်</b>၌ အကျယ်အားဖြင့် ပြဆိုလျက်ရှိ၏၊ ထို<b>သာမညဖလသုတ်</b>၌ ရဟန်း၏အဖြစ်အကျိုး, အရိယမဂ်၏ အကျိုးများကို <b>သန္ဒိဋ္ဌိက</b>-ဟူ၍ ဆို၏၊</p>
<h3>ဤဂုဏ်တော်အရာ၌မူကား</h3>
<p>ရဟန်း၏အဖြစ်, အရိယမဂ်-ဟူသော အကြောင်းတရားကိုသာ <b>သန္ဒိဋ္ဌိက</b>-ဟူ၍ ဆိုသည်၊ သာမညနှင့် သညမာဖလ-သည် အချင်းချင်း မကွေမကွင်းနိုင်သော တရားများ ဖြစ်ကြပေသည်။</p>
<p>ထို<b>သာမညဖလသုတ်</b>၌ အဇာတသတ်မင်းသည် မျက်မှောက်၌ ဒိဋ္ဌတွေ့ကြုံခံစားရသော ရဟန်းအဖြစ်၏ အကျိုးဟု ဆိုအပ်သော <b>သာမညဖလ</b>ကို မေးလျှောက်လေ၏၊</p>
<p>မြတ်စွာဘုရားသည် ဤသို့ ဖြေကြားတော်မူသည်။ တစ်ဦးသော မင်းခယောကျ်ားသည် အသင်မင်းကြီးကို မပန် ကြားဘဲ သာသနာဘောင်၌ ရဟန်းပြုလေ၏၊ မင်းကြီး သိလေသော် ထိုမင်းခယောကျ်ား၌ အဘယ်သို့ ပြုစီရင်မည်နည်းဆိုလျှင် တစ်စုံတစ်ရာ ဒဏ်ထားခြင်း စသည် အမှုကိုမပြုရာ၊ စင်စစ်မူကား မင်းသည်သာလျှင် ထိုရဟန်းကို ရှိခိုးခြင်း, ခရီးဦးကြိုဆိုခြင်း, နေရာပေးခြင်း, ပစ္စည်း ၄-ပါး တို့ဖြင့် ဖိတ်မံခြင်းကို ပြုရာ၏၊ ထိုရဟန်းအား တရားနှင့်လျော်သော အစောင့်အရှောက်ကို ပေး၍ စီရင်ရာ၏၊</p>
<p>(ဤသည်ကား ရဟန်းပြုလေသော ထိုမင်းခယောကျ်ား၌ ဒိဋ္ဌတွေ့ကြုံ ခံစားရသော ရဟန်းဖြစ်မှု၏ အကျိုးပေတည်း။) ရဟန်းမပြုမီ ရှေးအဖို့၌ မင်းကြီးကို မိမိက ရှိခိုးရ၏၊ ရဟန်း အဖြစ်သို့ ရောက်သောအခါ မိမိကို မင်းကြီးက ရှိခိုးရလေ၏၊ မင်း၏ ရှိခိုးခြင်းကို ခံရလေ၏- ဟူ၍ ဟောတော်မူ၏၊</p>
<p>ဤ<b>သာမညဖလသုတ်</b>၌- ရဟန်းအဖြစ်ကို <b>သာမည</b>-ဟူ၍ ဆို၏၊ ရဟန်းအဖြစ်သို့ ရောက်သည်နှင့် တပြိုင်နက် ခံစားရသော အကျိုး အာနိသင်-ဟူ၍ ဆိုသည်၊ ဤမျှသည်သာလျှင် အကျိုးရှိသည် မဟုတ် သေး စင်စစ်သော်ကား- များလှစွာသော ကာမဂုဏ်၏ အပြစ် ဒေါသ=<b>အာဒီနဝ</b>တို့ကို ပယ်ရှား၍ ချမ်းသာစွာ နေရခြင်း တည်းဟူသော အကျိုးသည်လည်း ရဟန်းအဖြစ်သို့ ရောက်သည်နှင့်တပြိုင်နက် ကိုယ် တွေ့ဒိဋ္ဌ တွေ့ကြုံခံစား ရသော <b>သာမညဖလ</b>-တို့သာလျှင် ဖြစ်ကုန်၏၊ ဤနေရာ၌ မူလပဏ္ဏာသ ပါဠိတော် တတိယဝဂ် <b>စူဠဒုက္ခက္ခန္ဓ သုတ်</b>, <b>မဟာဒုက္ခက္ခန္ဓ-သုတ်</b>, မဇ္ဈိမပဏ္ဏာသ ပါဠိတော် စတုတ္ထ-သုတ်တို့၌ ဟောတော်မူအပ်သော ကာမဂုဏ်တို့၏ အပြစ်ဒေါသတို့ကို ထုတ်ပြ သင့်၏၊ ကျယ်အံ့စိုး၍ မပြတော့ပြီ။</p>
<p>ဤသို့လျှင် မြတ်စွာဘုရား၏ သာသနာတော်ဓမ္မသည် မျက် မှောက်ဒိဋ္ဌ၌ ခံစားတွေ့ကြုံရသော ချမ်းသာအကျိုးထူး ရှိလေသောကြောင့် <b>သန္ဒိဋ္ဌိက</b> မညလေသည်။</p>
<p><b>သန္ဒိဋ္ဌိက ဂုဏ်တော်ပြီး၏၊</b></p>
---
<h3>အကာလိက ဂုဏ်တော်</h3>
<p>အာဂမေတဗ္ဗော အနာဂတေ ဘဝေ ဖလကာလော ဧတဿာတိ <b>ကာလိကော</b>။</p>
<p>ဧတဿ၊ ထိုတရားအား။ အနာဂတေ ဘဝေ၊ နောင် အနာဂတ်ဘဝ၌။ အာဂမေတဗ္ဗော၊ ဆိုင်းငံ့ မျှော်ရသော။ ဖလကာလော၊ အကျိုးပေးချိန်သည်။ အတ္ထိ၊ ရှိ၏၊ ဣတိ-တသ္မာ၊ ထို့ကြောင့်။ သော ဓမ္မော၊ ထိုတရားသည်။ <b>ကာလိကော</b>၊ <b>ကာလိက</b>-မည်၏၊ သေသည်၏ အခြားမဲ့ဖြစ်သော နောက်ကာလ၌ အကျိုးပေး လိမ့်မည်ဟူ၍ ထင်စားမျှော်လင့်ရသော တိတ္ထိတို့၏ တရားကို ရစေ။ ထို အညတိတ္ထိတို့၏ တရားသည် <b>ကာလိက</b> မည်၏၊</p>
<p>န ကာလိကော <b>အကာလိကော</b>။ ကာလိကော၊ နောင်ကာလ အကျိုးပေးချိန်ကို မျှော်လင့်ရသော တရားမျိုးသည်။ န၊ မဟုတ်။ ဣတိတသ္မာ၊ ထို့ကြောင့်။ <b>အကာလိကော</b>၊ <b>အကာလိက</b> မည်၏၊ မြတ်စွာ ဘုရား၏ တရားတော်ကိုရစေ။ ထိုမြတ်စွာဘုရား၏ တရားတော်မြတ်သည် ဤမျက်မှောက်ဘဝ၌ပင် ကျင့်သုံး ဆောက်တည်သော အခါမှစ၍ ကျင့်စင်လမ်းရှိသည့်အတိုင်း အဆင့်ဆင့် ရသင့်ရထိုက်သော “<b>သာမ ညဖလ</b>” ဒိဋ္ဌ အကျိုးထူး, ဒိဋ္ဌချမ်းသာထူးကို ပေးတတ်၏၊ ထိုသို့ အခါမလင့် အကျိုးထူး, ချမ်းသာထူးကို ပေးတတ်သောကြောင့် မြတ်စွာဘုရား၏ တရားတော်သည် <b>အကာလိက</b> မည်၏၊</p>
<p><b>ကာလိက</b>, <b>အကာလိက</b>-စကားနှင့်စပ်၍ မာရသံယုတ်၌ လာ သော သုတ္တန်ကို ထုတ်ဆောင်၍ ပြအပ်၏၊</p>
<p>တစ်ရံသောအခါ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သီလဝတိမည်သောဌာန တောင်ချောက်ကြားတို့၌ သီတင်းသုံးတော် မူသောအခါ များစွာသောရဟန်းတို့သည်လည်း ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ မနီးမဝေးသော အရပ်ဌာန၌ မမေ့မလျော့ မပူမပင် ကျွတ်ကျွတ်လွတ်လွတ် ကမ္မဋ္ဌာန်းတရားကို ကြိုးစားအားထုတ်၍ နေ တော်မူကြကုန်၏၊</p>
<p>ထိုအခါ ယုတ်မာသော မာရ်နတ်သားသည် ပုဏ္ဏားအသွင် ဖန်ဆင်းပြီးလျှင် လာလတ်၍ ထိုရဟန်းတို့ကို ဤသို့ဆိုလေ၏၊ ဒဟရော ဘဝန္တော ပဗ္ဗဇိတာ အနိကိလိတာဝိနော ကာမေသု၊ ဘုဉ္ဇန္တု ဘောန္တော မာနုဿကေ ကာမေ၊ မာ သန္ဒိဋ္ဌိကံ ဟိတွာ ကာလိကံ အနုဓာဝိတ္ထ။</p>
<p>ဘဝန္တော၊ အရှင်ရဟန်းတို့။ တုမေ၊ အရှင်တို့သည်။ ဒဟရာ၊ ပျိုမျစ်နုနယ် အရွယ်ငယ်ငယ်တုံးက။ ပဗ္ဗဇိတာ၊ ရဟန်းပြု၍လာကြကုန်၏၊ ကာမေသု၊ ကာမဂုဏ်တို့၌။ အနိကိလိတာဝိနော၊ သက်ဝင်ပျော်ပါး ခံစား ရွှင်းမြူးခဲ့ကြဖူးသည် မဟုတ်ကြကုန်။</p>
<p>ဘောန္တော၊ အရှင်တို့။ မာနုဿကေ ကာမေ၊ လူ့ပြည်၌ဖြစ်သော ကာမဂုဏ်တို့ကို။ ဘုဉ္ဇန္တု၊ သုံးဆောင် ခံစားကြကုန်ဦးလော့။ <b>သန္ဒိဋ္ဌိကံ</b>၊ ဒိဋ္ဌတွေ့ကြုံဆဲဖြစ်သော လူတို့ကာမဂုဏ်ချမ်းသာကို။ ဟိတွာ၊ စွန့်ပစ်၍။ <b>ကာလိကံ</b>၊ အချိန်ကာလစောင့်ဆိုင်းမျှော်လင့်ရသော နတ်တို့ကာမဂုဏ်သို့။ မာ အနုဓာဝိတ္ထ၊ စိတ်ပြေးသွား၍ မနေကြကုန်လင့်။</p>
<p>ထိုမာရ်နတ်၏ စကား၌</p>
<p>၁။ <b>သန္ဒိဋ္ဌိက</b>-ဆိုသည်မှာ လူ့ဘုံ၌ တွေ့ကြုံ၍နေသော လူတို့ ကာမဂုဏ်ကို ရည်၍ဆိုသည်။</p>
<p>၂။ <b>ကာလိက</b>-ဆိုသည်မှာ သေသည်မှ နောက်ကာလ၌ ခံစားရ မည်ဖြစ်သော နတ်တို့ကာမဂုဏ်ကို ရည်၍ဆိုသည်။</p>
<p>မာရ်နတ်၏ အထင်မှာ ရဟန်းပျိုတို့သည် နောက်ဘဝ၌ ခံစားရန် မျှော်လင့်ရသော နတ်ကာမဂုဏ်တို့ကို အလိုရှိသောကြောင့် တွေ့ကြုံ၍ နေသော လူတို့ကာမဂုဏ်ကို စွန့်ပြီးလျှင် တောထွက်ကျင့်ကြံ၍နေသည်ဟု ထင်သဖြင့် ဤသို့ဆိုလေသည်။</p>
<p>ထိုအခါ ရဟန်းတို့က ဤသို့ပြောဆိုကြကုန်၏၊ အိုပုဏ္ဏား ငါတို့သည် ဒိဋ္ဌတွေ့ကြုံရသော လူတို့ ကာမဂုဏ်ကို စွန့်၍ စောင့်ဆိုင်း မျှော်လင့်ရသော နတ်တို့ကာမဂုဏ်သို့ စိတ်ပြေးသွား၍ နေကြကုန် သည်မဟုတ်၊ ငါတို့သည် စောင့်ဆိုင်းမျှော်လင့်ရသော ကာမဂုဏ်တို့ကို စွန့်၍ မျက်မှောက်ဒိဋ္ဌ တွေ့ကြုံခံစားရသော <b>သာမညဖလ</b>-ရဟန်း အဖြစ်၏ အကျိုးထူးဆီသို့သာလျှင် စိတ်ပြေးဝင်၍ နေကြကုန်၏၊</p>
<p>အိုပုဏ္ဏား-ကာမဂုဏ်တရားတို့သည် စင်စစ်အားဖြင့် စောင့်ဆိုင်း မျှော်လင့်ရသော <b>ကာလိက</b>-တို့မည်ကုန်၏-ဟူ၍ မြတ်စွာဘုရား ဟော ကြားတော်မူ၏၊ ကာမဂုဏ်တို့သည် များသောဒုက္ခရှိကုန်၏၊ များသော ပင်ပန်းခြင်းရှိကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်တို့သည် အလွန်များ ပြားကုန်၏၊</p>
<p>အိုပုဏ္ဏား-ဤကျင့်ကြံအားထုတ်အပ်သော ရဟန်းတရားသည် မျက်မှောက်ဒိဋ္ဌ ခံစားအပ်သော အကျိုးရှိ၏၊ အခါမလင့် အကျိုးပေး တတ်၏-ဟူ၍ ဆိုကြကုန်၏၊</p>
<p>ထိုစကား၌ ရှေးရှေးဘဝတို့၌ ကံကိုပြု၍ နောက်နောက်ဘဝတို့၌ ရရှိခံစားအပ်ကုန်သောကြောင့် အလုံးစုံသော လူ့ကာမဂုဏ်, နတ် ကာမဂုဏ်တို့ကို <b>ကာလိက</b>-ဟူ၍ ဆိုသည်။</p>
<p>(နောင်အနာဂတ်ဘဝ၌ ရရှိခံစားရန် မျှော်လင့်ရသော တရားမျိုးဟူ၍ဆိုလိုသည်။)</p>
<p>ဤအရာ၌ ဗုဒ္ဓဘာသာတရားနှင့် သာသနာတော်မှ အပဖြစ်သော အညတိတ္ထိယတရား ၂-ပါးတို့၏ အထူးကို ပြဆိုဦးအံ့။</p>
<p>၁။ <b>ကာလိက</b>-ဟူ၍ဆိုလျှင် အကျိုးကို စောင့်ဆိုင်း မျှော်လင့်ရ သောတရား။</p>
<p>၂။ <b>အကာလိက</b>-ဟူ၍ဆိုလျှင် လက်ငင်းဒိဋ္ဌအကျိုးပေးသော ဗုဒ္ဓဘာသာတရားဟူ၍ မှတ်လေ။</p>
<p>ဗုဒ္ဓဘာသာမှတပါးသော တိတ္ထိတို့၏တရားသည် <b>ကာလိက</b>-ဖြစ်၏၊</p>
<p>ဗုဒ္ဓဘာသာ တရားတော်မြတ်သည် <b>အကာလိက</b>-ဖြစ်၏၊</p>
<p><b>မေး။</b> တိတ္ထိတို့၏ တရားသည် အဘယ်သို့ <b>ကာလိက</b>-မျိုးဖြစ် သနည်း။</p>
<p><b>ဖြေ။ သွာက္ခာတ</b>-ဂုဏ်တော်တို့တွင် ပြဆိုခဲ့ပြီးသော နည်း အားဖြင့်တိတ္ထိတို့၏ တရား၌ အလုံးစုံပြည့်စုံသော အကျင့်သီလဟု ဆိုအပ်သော ဗြဟ္မစရိယ-လည်း မရှိ၊ စျာန်သမာပတ်ဟု ဆိုအပ်သော ဗြဟ္မစရိယ-လည်း မရှိ၊ လောကုတ္တရာမဂ်ဟု ဆိုအပ်သော ဗြဟ္မစရိယ လည်း မရှိ၊ ရှေး၌ပြဆိုခဲ့ပြီးသော <b>လောကိယသဒ္ဓမ္မ</b>-ကမ္ဘာစောင့် တရားကောင်း တရားမွန်ကြီးများပင်သော်လည်း မရှိကြကုန်။</p>
<p>ထို့ကြောင့် ပြဆိုခဲ့ပြီးသော အဆင့်ဆင့် မွန်မြတ်ကုန်သော မျက်မှောက်ဘဝ၌ ကိုယ်တွေ့ဒိဋ္ဌ ခံစားအပ်ကုန်သော <b>သာမညဖလ</b>-ဟု ဆိုအပ်ကုန်သောချမ်းသာသုခတို့သည်လည်း မရှိကုန်၊ သေသည်မှ အခြားမဲ့ဖြစ်သော နောက်ကာလ, နောက်ဘဝတို့၌ အထက် ကောင်းကင် ဘုံသို့ရောက်၍ နိစ္စချမ်းသာ, ထာဝရချမ်းသာကို ရရှိခံစားရလတ္တံ့ဟူ၍ အမြဲအစွဲ မှတ်ယူပြီးလျှင် ဤပစ္စုပ္ပန်ဘဝ၌ အသက်ထက်ဆုံး ထာဝရ အရှင်ကိုလည်းကောင်း, လောကကို အစိုးရသော ဣဿရအရှင်ကို လည်းကောင်း, မဟာဗြဟ္မာကြီးကိုလည်းကောင်း ဂရုတစိုက် အပင်တပန်း ရိုသေညွတ်တွား ခစားဆည်းကပ်ခြင်း စသော<b>အတ္တကိလမထာနုယောဂ</b>= ကိုယ်ပင်ပန်းကြောင်းဖြစ်သော အကျင့်ကို ပြုကျင့်လိုက်စားရုံမျှသာ ဖြစ်၏၊</p>
<p>ဗုဒ္ဓသာသနာတော်မှအပ၌ ကိုးကွယ်ရာ မဟုတ်သည်တို့ကို ကိုးကွယ်အားထားရာဝတ္ထုတို့ဟူ၍ မှတ်ထင်ကြကုန်ပြီးလျှင် ဆုတောင်း ခြင်းအလုပ်, ဝပ်တွားခစားခြင်းအလုပ်, ချီးမွမ်းထောမနာခြင်း အလုပ်ပို တွေကို ပြုကျင့်ရုံမျှသာဖြစ်၏၊</p>
<p>ထို့ကြောင့် တိတ္ထိတို့၏ တရားသည် နောင်အနာဂတ်ဘဝ၌ မျှော်လင့်ရသော အကျိုးရှိသည်ဖြစ်၍ <b>ကာလိက</b>-မည်သတည်း။ ထိုတိတ္ထိတရားများ၏ နောင်အနာဂတ်ဘဝ၌ မျှော်လင့် အား ထားရသောအကျိုးဆိုသည်မှာလည်း ထိုတိတ္ထိတို့၏ အရမ်းမဲ့ ထင်မြင် ယုံကြည် မှတ်ယူပြောဆိုခြင်း၏ အစွမ်းအားဖြင့်သာလျှင် ဆိုရသော စကားဖြစ်၏၊</p>
<p>စင်စစ်မူကား-ထို တိတ္ထိတို့၏ တရားမှာ <b>လောကိယသဒ္ဓမ္မ</b> များပင်သော်လည်း မရှိလေသောကြောင့် ထိုတိတ္ထိတို့၏ တရားသည် အနန္တရဘဝ၌ အပါယ်သို့ ကောင်းကောင်းကြီး ဖြောင့်ဖြောင့်ကြီး သွား ရန်အကြောင်း သက်သက်မျှသာဖြစ်လေ၏၊</p>
<p>(ထိုတိတ္ထိတို့၏ တရားသည် ကောင်းကင်ဘုံသို့ မျှော်၍ ချိန်ရွယ် ကျင့်ကြံပါသော်လည်း သေသည်မှ နောက်ကာလ၌ အပါယ်ဘုံသို့ ငုံ့၍ ခုန်ဆင်းကြရကုန်၏-ဟူ၍ ဆိုလိုသည်။)</p>
<p><b>မေး။</b> ဗုဒ္ဓဘာသာ တရားတော်သည် အဘယ်သို့ <b>အကာလိက</b> ဖြစ်ပါသနည်း။</p>
<p><b>ဖြေ။</b> ဗုဒ္ဓဘာသာ တရားတော်မှာကား <b>အာဒိကလျာဏ</b>-ဟု ဆိုအပ်သော <b>လောကိယသဒ္ဓမ္မ</b>-၏ဆိုင်ရာ ကောင်းမြတ်သော အကျင့် တို့လည်း ရှိကုန်၏၊ ထို<b>လောကိယသဒ္ဓမ္မ</b>-ထက် လွန်ကဲသော <b>သာသန သဒ္ဓမ္မ</b>-တို့၌မူကား မြင့်မြတ်သော ဗြဟ္မစရိယ-နှင့် ထိုဗြဟ္မစရိယ-၏ မျက်မှောက်ဒိဋ္ဌဖြစ်သော အကျိုးတို့သည်လည်း သာသနာတော်ဓမ္မ၏ လိုရင်းသဘောအနေအားဖြင့် ထင်ရှားရှိကြကုန်၏၊ ထို့ကြောင့် ဗုဒ္ဓ ဘာသာ တရားတော် မြတ်သည်ကား <b>အကာလိက</b>-အစစ် ဖြစ်လေသည်။ ဤအရာ၌ စောဒနာစကား ပြောကြားခွင့် ရှိသည်မှာထို ဗုဒ္ဓဘာသာတရားတော်မြတ်၌ <b>လောကိယသဒ္ဓမ္မ</b>-များလည်း ထင်ရှားပါဝင် ရှိနေသည်၏အဖြစ်ကြောင့် ထို<b>လောကိယသဒ္ဓမ္မ</b>-ကြောင့် လူဖြစ်ခြင်း, နတ်ဖြစ်ခြင်း, ဗြဟ္မာဖြစ်ခြင်းတို့သည်လည်း ထင်ရှားရှိကြ ကုန်၏၊ ထို့ကြောင့် ဗုဒ္ဓဘာသာတရားတော်သည်လည်း အခြားမဲ့ဖြစ်သော ဘဝ၌ သုဂတိဘုံဘဝသို့ ရောက်စေတတ်သော ကံတို့ကို ထောက်ဆသော အားဖြင့် နောင်အနာဂတ်၌ မျှော်လင့်ငံ့စားရသော <b>ကာလိက</b>-တရား မျိုးပင် ဖြစ်၍နေသည် မဟုတ်ပါလော-ဟူ၍ စောဒနာစကား ပြောကြား ကုန်ရာ၏၊</p>
<p>ထိုစောဒနာ စကားသည် တစ်စိတ်တစ်ဒေသအားဖြင့် မှန်ပေ၏၊</p>
<p>ထိုသို့ <b>ကာလိက</b>-မျိုးပင် ဖြစ်စေဦးတော့ ထိုအခြားမဲ့ဘဝ၌ သုဂတိဘဝသို့ ရောက်ရလိမ့်မည်-ဟု မျှော်လင့်ရသော အကျိုးသည် <b>သာသနဓမ္မ</b>-၌ လိုရင်းမဟုတ်၊ မျက်မှောက်ဒိဋ္ဌ တွေ့ကြုံရသော <b>သာမညဖလ သန္ဒိဋ္ဌိက</b>တို့သာလျှင် ဗုဒ္ဓဘာသာတရားတော်၌ လိုရင်းအချက် ဖြစ်၏၊ ပညာရှိ၍</p>
<p>ပါရမီပြည့်ကြကုန်ပြီးသော ပုဂ္ဂိုလ်မြတ်တို့သည်ကား ထို<b>ကာလိက</b> အကျိုးငှါ ကျင့်ကြံအားထုတ်ကြကုန်သည် မဟုတ်၊ မျက်မြင်ဒိဋ္ဌ တွေ့ကြုံ ခံစား ရသော <b>အကာလိက</b>-အကျိုးငှါသာလျှင် ကျင့်ကြံအားထုတ်ကုန်သည်။ ယခင်ပြဆိုခဲ့ပြီးသော မာရသံယုတ်၌ ရဟန်းတို့က ပြန်ပြောသော စကားတွင်</p>
<p><b>ကာလိကဉ္စ ခေါ မယံ ဟိတွာ သန္ဒိဋ္ဌိကံ အနုဓာဝါမ။</b></p>
<p>ဟူ၍ ဆိုသော စကားကိုထောက်ရာ၏၊</p>
<p>ခေါ၊ စင်စစ်။ မယံ၊ ငါတို့သည်။ <b>ကာလိကဉ္စ</b>၊ နောက်ဘဝ၌ မျှော်လင့်အားထားရသော ကာမဂုဏ်အကျိုးကို။ ဟိတွာ၊ စွန့်၍။ <b>သန္ဒိဋ္ဌိကံ</b>၊ မျက်မှောက်ဒိဋ္ဌ တွေ့ကြုံခံစားရသော <b>သာမညဖလ</b>အကျိုးသို့သာလျှင်။ အနုဓာဝါမ၊ စိတ်ပြေးဝင်သောအားဖြင့် ကျင့်ကြံ အားထုတ်ကြကုန်၏၊ သို့ပင် <b>အကာလိက</b>-စင်စစ်ဖြစ်သော်လည်း အကြင်ပုဂ္ဂိုလ်တို့ သည် <b>အကာလိက</b>-အကျိုးငှာ ကျင့်ကြံကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် မဟာဂေါဝိန္ဒသုတ်၌ ဆိုအပ်ပြီးသော နည်းအားဖြင့် အလုံးစုံသော ဤ<b>သာသနသဒ္ဓမ္မ</b>-ကိုထိုးထွင်း၍ သိမြင်ပေါက်ရောက်ကြကုန်ရှိသော် <b>အကာလိက</b>-အကျိုးအလုံးစုံကို ရရှိကြလေကုန်၏၊</p>
<p>အလုံးစုံ မထိုးထွင်း မပေါက်ရောက်နိုင်သော ပုဂ္ဂိုလ်တို့သည်ကား တစ်စိတ် တစ်ဒေသဖြစ်သော <b>အကာလိက</b>-အကျိုးကိုရ၍ ဤဘဝ၌ သုဂတိဘုံသို့ ရောက်စေတတ်သော ကံ၏အစွမ်းအားဖြင့် အခြားမဲ့ဘဝ၌ သုဂတိ ဘုံသို့သာ လားကြရလေကုန်၏၊</p>
<p><b>သာသနာတော်သဒ္ဓမ္မ</b>-သည် အောက်ထစ်ဆုံးအားဖြင့် သုဂတိ ဘုံဘဝသို့ လားစေနိုင်၏၊ မျက်မှောက်ဒိဋ္ဌ <b>အကာလိက</b> အကျိုးကို ရရှိစေ နိုင်သော တရားအမှန်အစစ်ပင် ဖြစ်သော်လည်း ကျင့်ဆောင်အားထုတ် သော ပုဂ္ဂိုလ်တို့၏ ပါရမီအနုအရင့် ဉာဏ်အနုအရင့် အနုန့်အထက်သို့ လိုက်၍ အကျိုးကိုဖြစ်စေနိုင်၏၊ ဆောင်းဥတုသည် အမှန်အေးသည် ဆိုသော်လည်း အသည်းအသန် အဖျားတက်၍ နေသောသူကို အေးမြ စေလိမ့်မည် မဟုတ်သကဲ့သို့တည်း။</p>
<p>စောဒနာရန် ရှိပြန်သည်မှာ</p>
<p>ဤဗုဒ္ဓဘာသာတရားတော်၌လည်း အကြင်ပုဂ္ဂိုလ်တို့သည် ကောင်းစွာမကျင့်ကြကုန်၊ ထိုပုဂ္ဂိုလ်တို့၏ အစွမ်းအားဖြင့် အပါယ်သို့ သွားခြင်းတို့လည်း ထင်ရှားရှိကြကုန်သည်။</p>
<p>ထိုစကားမှန်၏၊ ထိုသို့ အပါယ်သို့လားကြကုန်ရာ၌ ကောင်းစွာ မကျင့်ကြကုန်သော သူတို့၏ အပြစ်ဒေါသ-သာလျှင်ဖြစ်၏၊ ဗုဒ္ဓဘာသာ တရားတော်၏ အပြစ်မဟုတ်ချေ၊ သို့ဖြစ်၍ ကောင်းစွာ မကျင့်ကြံကြ ကုန်သော သူတို့၏ အပါယ်သို့ လားမှုအတွက်ကြောင့် ဗုဒ္ဓဘာသာ တရားတော်ကို အပြစ်ဆိုရန် အကြောင်း မဟုတ်ချေ။</p>
<p>ဥပမာ- ပြဒါးဓာတ်, သံဓာတ်တို့သည် ကောင်းစွာစီရင်နိုင်သော သူတို့အား ဓနသိဒ္ဓိ, အာယုသိဒ္ဓိ-စသော ကိစ္စများကို ပြီးစီးစေနိုင်၏၊ ကောင်းစွာ မစီရင်တတ်ဘဲ သုံးစွဲသောသူတို့အား အပြစ်ကိုဖြစ်စေ တတ်၏၊ ထိုသို့ အပြစ်ကိုဖြစ်စေမှု၌ ပြဒါးဓာတ်, သံဓာတ်တို့ကို အပြစ်ဆို ထိုက်သည်မဟုတ်၊ ကောင်းစွာ မစီရင်နိုင်သောပုဂ္ဂိုလ်၏ အပြစ်သာလျှင် ဖြစ်လေသကဲ့သို့တည်း။</p>
<p>နာနက္ခဏိက ကမ္မပစ္စည်းအရာ၌-မဂ် ၄-ပါး၌ရှိသော စေတနာ သည် အခြားမဲ့ဖြစ်သော ဖိုလ် ၄-ပါးအား အနန္တရ, သမနန္တရ-စသော သတ္တိဖြင့်ကျေးဇူးပြု၍ အကျိုးဖြစ်စေခြင်းသည်လည်း တရားတော်မြတ်၏ အခါမလင့် အကျိုးပေးသော <b>အကာလိက</b>-ဂုဏ်တော်အစွမ်းပင်ဖြစ်၏ဟူ၍-ဆိုကြကုန်၏၊</p>
<p><b>အကာလိက ဂုဏ်တော် ပြီး၏၊</b></p>
<h3><b>ဧဟိပဿိက ဂုဏ်တော်</b></h3>
<p><b>ဣတော ဧဟိ ဣမံ ပဿ ဣတိ ဝိဓာနံ နိယောဇနံ အရဟတီတိ ဧဟိပဿိကော။</b></p>
<p><b>ဣတော</b>၊ ဤအရပ်မှ။ <b>ဧဟိ</b>၊ သည်ကိုလာလှည့်။ <b>ဣမံ</b>၊ ဤတရား ကို။ <b>ပဿ</b>၊ ကြည့်ရှုစုံစမ်းလှည့်။ <b>ဣတိဝိဓာနံ</b>၊ ဤသို့သောအစီအရင်ကို။ <b>နိယောဇနံ</b>၊ တိုက်တွန်းခြင်းကို။ <b>အရဟတိ</b>၊ ထိုက်၏၊ <b>ဣတိတသ္မာ</b>၊ ထို့ကြောင့်။ <b>ဧဟိပဿိကော</b>၊ ဧဟိပဿိက-မည်၏၊</p>
<p>တရားတော်မြတ်သည် ကောင်းခြင်း ၃-ရပ်နှင့် ပြည့်စုံသည်၏ အဖြစ်ကြောင့် ဤအရပ်မှသည်ကို လာလှည့်, ဤတရားကိုရှုလှည့်-ဟူ၍ စီရင်ထိုက်, တိုက်တွန်း နှိုးဆော်ထိုက်သောကြာင့် ဗုဒ္ဓဘာသာ တရားတော် သည် ဧဟိပဿိက-မည်၏၊</p>
<p>လက်သို့ရောက်ပြီးသော စကြာမင်း၏ စည်းစိမ်ချမ်းသာကိုပင် သော်လည်း စွန့်ခွာပယ်ပစ်၍ ရဟန်းအဖြစ်သို့ ကပ်ရောက်ခြင်းအားဖြင့် လျင်မြန်စွာလာပါလှည့်၊ လျင်မြန်စွာလာပြီးလျှင် ဤတရားတော်ကို နာပါလှည့်၊ ဤတရားကို နာပြီးလျှင် အနက်, သဘောအဓိပ္ပါယ်ကို နက်နက်နဲနဲ စုံစမ်းဆင်ခြင်သော ဉာဏ်မျက်စိဖြင့် ကြည့်ရှုဆင်ခြင်ပါ လှည့်-ဟူ၍ သွင်းဆောင်ခြင်း, ဆောက်တည်ခြင်းငှာ သင့်လျော်သော တရားတော်မြတ် ဖြစ်သည်-ဟူဆိုလိုသည်။</p>
<p><b>မေး။</b> တရားတော်သည် အဘယ်သို့လျှင် လာလှည့်, ရှုလှည့်ဟူသော အစီအရင်ကို ထိုက်ပါသနည်း။</p>
<p><b>ဖြေ။</b> ဤသို့ စီရင်တိုက်တွန်းသော သူတို့သည် စီရင် တိုက် တွန်းချက်အတိုင်း လာရောက် ကြည့်ရှုကြကုန်သော သူတို့၏ ဝမ်း မြောက်ဝမ်းသာ ပူဇော်သက္ကာရပြုခြင်း, ပြော၍မပြီးနိုင်အောင် ကျေးဇူးကြီး ကျယ်စွာ တင်ခြင်းတို့ကို ဖြစ်စေနိုင်သောကြောင့် ဤဗုဒ္ဓဘာသာ တရားတော်မြတ်သည် လာလှည့်, ရှုလှည့်-ဟူသော စီရင်နှိုးဆော်ခြင်းကို ထိုက်သည်-ဟူ၍ မှတ်ရာ၏၊</p>
<p><b>မေး။</b> လာရောက် ကြည့်ရှုသောသူတို့သည် အဘယ်သို့ ကျေးဇူးတင်ခြင်း, ပူဇော်ခြင်း, ချီးမွမ်းအံ့ဩခြင်းကို ပြုကြပါသနည်း။</p>
<p><b>ဖြေ။</b> အရှင်သည် အကျွန်ုပ်အား ကောင်းသောအမှု ကိစ္စကြီး ဖြင့် ချီးမြှောက် ထောက်ပံ့ခြင်းကို ပြုပေ၏၊ အရှင်သည် ဤထူးမြတ်လှ စွာသော တရားတော်အတွင်း, သာသနာတော်အတွင်းသို့ သွတ်သွင်းခေါ် ဆောင်ပေ၏၊ ထိုသို့ခေါ်ဆောင် သွတ်သွင်းခြင်းကား ကောင်းသော ခေါ်ဆောင်သွတ်သွင်းခြင်းပေတည်း။ အကယ်၍ အကျွန်ုပ်ကို ဤတရား တော်အတွင်း, ဤသာသနာတွင်းသို့ သွတ်သွင်းခေါ်ဆောင်ခြင်းကို မပြုပါမူကား အကျွန်ုပ်သည် ဤတရားတော်မှ အပြင်ပ၌ မျက်ကွယ်ဖြစ်၍ နေရတော့အံ့၊ မိစ္ဆာဒိဋ္ဌိအဖြစ်နှင့်သာ ဆုံးရှုံးရတော့အံ့၊ ဤတရားတော်မှ အပဖြစ်၍နေပါလျှင် အပါယ် ၄-ပါးတည်းဟူသော ဆင်းရဲတွင်းသို့ သက် ဆင်းရတော့အံ့။</p>
<p>အရှင်သည် အကျွန်ုပ်ကို ဤတရားတော်အတွင်းသို့ သွတ်သွင်း ခေါ်ဆောင်လျက် အကျွန်ုပ်ကို အပါယ်ဆင်းရဲမှ ကယ်တင်ပေ၏၊ ဝဋ်ဒုက္ခမှ ထုတ်ဆောင်ပေ၏ဟူ၍ ပူဇော်ချီးမွမ်းခြင်းကို ရရှိကြကုန်၏၊ စင်စစ်မှာ ထိုသို့မြင့်မြတ်သော ပူဇော်ခြင်း, ချီးမွမ်းခြင်းကို ရသည်မူလည်း ဖြစ်စေ, မရသည်မူလည်းဖြစ်စေ၊ တရားတော်မြတ်သည် စင်စစ်သံသရာမှ ထွက်မြောက်စေတတ်သော နိယျာနိက-တရားမျိုး, ပါဠိအရသာ အနက် အရသာနှင့် ပြည့်စုံသော တရားမျိုးဖြစ်သောကြောင့် သူတပါးတို့၏ အကျိုးကို လိုလားတောင်းတလေ့ရှိသော ပညာရှိပုဂ္ဂိုလ်တို့မှန်လျှင် တစ်ပါးသောသူတို့ကို ဤတရားတော် အတွင်းသို့မချွတ်မယွင်း သွတ်သွင်း သင့် သွတ်သွင်းထိုက်သည်သာလျှင်ဖြစ်၏၊ ထိုတရားကို ဆောင်တည် ကျင့်သုံးစေခြင်းငှာ နှိုးဆော်သင့် နှိုးဆော်ထိုက် တိုက်တွန်းသင့် တိုက် တွန်းထိုက်သည်သာလျှင် ဖြစ်၏၊</p>
<p>မဟာဝဂ္ဂ သံယုတ်ပါဋ္ဌိတော် ရာဇိကာရာမဝဂ်၌လည်း-- <b>ချစ်သား ရဟန်းတို့ အကြင်မိတ်ဆွေခင်ပွန်းတို့ကိုလည်းကောင်း, အကြင်ချစ်ကျွမ်းဝင်သော သူတို့ကိုလည်းကောင်း, အကြင်သွေးချင်း တော်စပ်သော ဉာတိပေါက်ဖော်တို့ကိုလည်းကောင်း သနားငဲ့ညှာကုန် သည်ဖြစ်အံ့၊ ထိုမိတ်ဆွေစသော သူတို့ကလည်း လိုက်နာထိုက်ပေသည် ဟူ၍ ထင်မြင်ယုံကြည်ကြကုန်သည် ဖြစ်အံ့။</b></p>
<p><b>ချစ်သားရဟန်းတို့- ထိုသူတို့ကို သောတာပတ္တိယင်္ဂတရား ၄- ပါးတို့၌ ကောင်းစွာဆောက် တည်စေအပ်ကုန်၏၊ ကောင်းစွာ သွတ် သွင်းအပ်ကုန်၏၊ ကောင်းစွာထောက်တည်ရာကို ရစေအပ်ကုန်၏</b>-ဟူ၍ မြတ်စွာဘုရားသည် ရဟန်းတို့အား ဤတရားဒေသနာတော်ဖြင့် မြတ်စွာ ဘုရား ကိုယ်တော်တိုင်ပင်လျှင် တရားတော်အတွင်းသို့ သွတ်သွင်းသင့် သွတ်သွင်းထိုက် ခေါ်ဆောင်သင့် ခေါ်ဆောင်ထိုက်သောသူများကို ထိုတရားတော်အတွင်းသို့ သိမ်းသွင်း ခေါ်ဆောင်ရန် နှိုးဆော်တိုက် တွန်းတော်မူသည်။</p>
<p><b>သောတာပတ္တိယင်္ဂ တရား ၄-ပါးဟူသည်ကား</b></p>
<p>၁။ <b>ဘုရား၌ အကြွင်းမဲ့ သက်ဝင်ယုံကြည်ခြင်း</b>,</p>
<p>၂။ <b>တရားတော်၌ အကြွင်းမဲ့ သက်ဝင် ယုံကြည်ခြင်း</b>,</p>
<p>၃။ <b>သံဃာတော်၌ အကြွင်းမဲ့ သက်ဝင် ယုံကြည်ခြင်း</b>,</p>
<p>၄။ <b>သီလသိက္ခာတို့ကို ဖြည့်ကျင့်လေ့ရှိခြင်း</b>,</p>
<p>ဤ ၄-ပါးတို့ပေတည်း။</p>
<p>(<b>သောတာပန်ဖြစ်ရန် အကြောင်းအင်္ဂါဖြစ်သောကြောင့် သောတာပတ္တိယင်္ဂ တရားခေါ်သည်။</b>)</p>
<p>မြတ်စွာဘုရားကိုယ်တော်တိုင်''<b>ဧဟိ ဘိက္ခု</b>” ခေါ်တော်မူ၍ ရဟန်းအဖြစ်သို့ သိမ်းသွင်းသော အစီအရင်တို့၌လည်း <b>ဧဟိ ဘိက္ခု သွာက္ခာတော ဓမ္မော၊ စရ ဗြဟ္မစရိယံ၊ သမ္မာ ဒုက္ခဿ အန္တကိရိယာယ</b>။ ပုဂ္ဂိုလ်တဦးတည်းကို “ဧဟိ ဘိက္ခု” ခေါ်ယူသိမ်းသွင်းရာ၌ မြတ်စွာဘုရား အသုံးပြုတော်မူသော ဧကဝုစ် စကားတော်ဖြစ်သည်။ <b>ဘိက္ခု</b>၊ ရဟန်း။ <b>ဧဟိ</b>၊ လာလော့။ <b>ဓမ္မော</b>၊ တရားတော်ကို။ <b>သွာက္ခာတော</b>၊ ငါဘုရား ကောင်းစွာ ဟောကြားတော်မူအပ်ပြီ။ <b>သမ္မာ</b>၊ ကောင်းစွာ မဖေါက်မပြန်။ <b>ဒုက္ခဿ</b>၊ ဆင်းရဲဒုက္ခ၏၊ <b>အန္တကိရိယာယ</b>၊ အဆုံးကိုပြုခြင်းငှါ။ <b>ဗြဟ္မစရိယံ</b>၊ မြတ်သောအကျင့်ကို။ <b>စရ</b>၊ ကျင့်လှည့် ပါလော့။</p>
<p><b>ဧထ ဘိက္ခဝေါ သွာက္ခာတော ဓမ္မော၊ စရထ ဗြဟ္မစရိယံ၊ သမ္မာ ဒုက္ခဿ အန္တကိရိယာယ။</b></p>
<p>ပုဂ္ဂိုလ်အများကို “ဧဟိ ဘိက္ခု” ခေါ်ယူသိမ်းသွင်းတော်မူရာ၌ မြတ်စွာဘုရား အသုံးပြုတော်မူသော ဗဟုဝုစ် စကားတော်ဖြစ်သည်။ <b>ဘိက္ခဝေါ</b>၊ ရဟန်းတို့။ <b>ဧထ</b>၊ လာကြကုန်လော့။ <b>ဓမ္မော</b>၊ တရားတော်ကို။ <b>သွက္ခာတော</b>၊ ငါဘုရား ကောင်းစွာ ဟောကြားတော် မူအပ်ပြီ။ <b>သမ္မာ</b>၊ ကောင်းစွာ မဖေါက်မပြန်။ <b>ဒုက္ခဿ</b>၊ ဆင်းရဲဒုက္ခ၏၊ <b>အန္တကိရိယာယ</b>၊ အဆုံးကိုပြုခြင်းငှါ။ <b>ဗြဟ္မစရိယံ</b>၊ မြတ်သောအကျင့်ကို။ <b>စရထ</b>၊ ကျင့်လှည့်ကြကုန်လော့။</p>
<p>ဤသို့လျှင် “<b>ဧဟိ ဘိက္ခု</b>” ခေါ်တော်မူ၍ ကိုယ်တော်တိုင် တရားတော်အတွင်း, သာသနာတော်အတွင်းသို့ သိမ်းသွင်း ခေါ်ဆောင် တော်မူအပ်သော ဥပသမ္ပဒ-ရဟန်းတော်တို့သည်လည်း မြတ်စွာဘုရား လက်ထက် တော်အခါ အသိမ်းမက များပြားစွာ ရှိတော်မူကြကုန်၏၊</p>
<p>ထို့ပြင်လည်း</p>
<p><b>ဧထ ဘိက္ခဝေ သီလဝန္တော ဟောထ၊ ပါတိမောက္ခ သံဝရသံဝုတာ ဝိဟရထ။</b></p>
<p>ဟူ၍ ထိုထိုပါဠိတော်တို့၌ ဟောကြားတော်မူ၏၊</p>
<p><b>ဘိက္ခဝေ</b>၊ ရဟန်းတို့။ <b>ဧထ</b>၊ လာကြကုန်လော့။ <b>သီလဝန္တော</b>၊ သီလနှင့် ပြည့်စုံကြကုန်သည်။ <b>ဟောထ</b>၊ဖြစ်ကြကုန်လော့။ <b>ပါတိမောက္ခ သံဝရသံဝုတာ</b>၊ ပါတိမောက္ခသံဝရသီလ-ဟုဆိုအပ်သော ဝိနည်းသိက္ခာ ပုဒ်တို့ကို လုံခြုံစွာ စောင့်သုံးကြကုန်သည်ဖြစ်၍။ <b>ဝိဟရထ</b>။ နေကြကုန် လော့။</p>
<p>ဤပါဠိတော်ဖြင့် မြတ်စွာဘုရား ကိုယ်တော်တိုင် ရဟန်းတို့ကို ဟောကြားပညတ်တော်မူအပ်သော တရားတော် အတွင်းသို့ သိမ်းသွင်း ခေါ်ဆောင်တော်မူကြောင်းကို ပြဆို၏၊</p>
<p>ရဟန်းတို့ကိုသာ ဤသို့ သိမ်းသွင်းခေါ်ဆောင်တော်မူသည် မဟုတ်၊ အိမ်ရာထောင်သော လူများကိုလည်း <b>ဧထ တုမှေ ကာဠာမာ</b>=အို-ကာဠာမ အမျိုးဖြစ်သော ဒါယကာ တို့- သင်တို့သည် လာကြကုန်လော့။</p>
<p><b>ဧထ တုမှေ သာဠာ</b>=အို- သာဠ မည်သော ဒါယကာတို့ သင်တို့ သည် လာကြကုန်လော့။</p>
<p>ဤသို့ စသည်ဖြင့် မြတ်စွာဘုရား ကိုယ်တော်တိုင် ခေါ်ဆောင် ခြင်း အစီအရင်တို့သည် ဖြစ်ကုန်၏၊</p>
<p>(<b>ဤကား ဧဟိ-ဟူသော အစီအရင်ကို ပြဆိုသော ပါဠိသာဓကများပေတည်း။</b>)</p>
<p>နိဒါနဝဂ္ဂသံယုတ် ပါဠိတော် ဒုတိယဝဂ်၌</p>
<p><b>ဇာတိပစ္စယာ ဘိက္ခဝေ ဇရာမရဏံ ဥပ္ပါဒါ ဝါ တထာဂတာနံ အနုပ္ပါဒါ ဝါ ဌိတာဝ သာ ဓာတု၊ တံ တထာဂတော အဘိသမ္ဗုဇ္ဈတိ၊ အဘိသမ္ဗုဇ္ဈိတွာ ဒေသေတိ၊ ပဿထာတိ စာဟ။</b></p>
<p><b>ဘိက္ခဝေ</b>၊ ရဟန်းတို့။ <b>ဇာတိပစ္စယာ</b>၊ ဇာတိဟူသောအကြောင်း ကြောင့်။ <b>ဇရာမရဏံ</b>၊ ဇရာမရဏသည်။ <b>ဥပ္ပဇ္ဇတိ</b>၊ဖြစ်၏၊ <b>သာ ဓာတု</b>၊ ဇာတိကြောင့် ဇရာမရဏ ဖြစ်မှုဟူသော ထိုဓာတ်သဘောသည်။ <b>တထာဂတာနံ</b>၊ မြတ်စွာဘုရားတို့၏၊ <b>ဥပ္ပါဒါ ဝါ</b>၊ ပွင့်တော်မူသော် လည်းကောင်း။ <b>အနုပ္ပါဒါ ဝါ</b>၊ ပွင့်တော်မမူသော်လည်းကောင်း။ <b>ဌိတာဝ</b>၊ တည်လျက် ရှိနေသည်သာလျှင်တည်း။ <b>တံ</b>၊ ဇာတိကြောင့် ဇရာ မရဏဖြစ်ခြင်းဟူသော ထိုဓာတ်သဘောကို။ <b>တထာဂတော</b>၊ မြတ်စွာ ဘုရားသည်။ <b>အဘိသမ္ဗုဇ္ဈတိ</b>၊ ထိုးထွင်း၍ သိတော်မူ၏၊ <b>အဘိသမ္ဗုဇ္ဈိတွာ</b>၊ ထိုးထွင်းသိမြင်ပြီး၍။ <b>ဒေသေတိ</b>၊ သတ္တဝါတို့အား ဟောကြားတော်မူ၏၊ <b>တုမှေ</b>၊ သင်တို့သည်။ <b>ပဿထ</b>=ရှုကြကုန်လော့။ <b>ဣတိ စ</b>၊ ဤသို့လျှင်။ <b>အာဟ</b>၊ မြတ်စွာဘုရား ဟောကြားတော်မူ၏၊</p>
<p><b>အဝိဇ္ဇာပစ္စယာ ဘိက္ခဝေ သင်္ခါရာ၊ ပဿထာတိ စာဟ။</b></p>
<p><b>ဘိက္ခဝေ</b>၊ ရဟန်းတို့။ <b>အဝိဇ္ဇာပစ္စယာ</b>၊ အဝိဇ္ဇာဟူသော အကြောင်းကြောင့်။ <b>သင်္ခါရာ</b>၊ သင်္ခါရတရားတို့သည်။ <b>ဥပ္ပဇ္ဇန္တိ</b>၊ ဖြစ်ပေါ် ကုန်၏၊ <b>တုမှေ</b>၊ သင်တို့သည်။ <b>ပဿထ</b>၊ ရှုကြကုန်လော့။ <b>ဣတိ စ</b>၊ ဤသို့လျှင်။ <b>အာဟ</b>၊ မြတ်စွာဘုရား ဟောကြားတော်မူ၏၊ ဤပါဠိတော်တို့ဖြင့် မြတ်စွာဘုရား ကိုယ်တော်တိုင်ပင်လျှင် တရားတော်ကို ရှုကြကုန်လော့-ဟု နှိုးဆော်တိုက်တွန်းတော်မူကြောင်းကို သိအပ်၏၊</p>
<p>(<b>ဤကား ပဿ-ဟူသော အစီအရင်ကို ပြသော ပါဠိတော်သာဓကများပေတည်း။</b>)</p>
<p><b>ဧဟိ, ပဿ</b>=လာလှည့်, ရှုလှည့်=ဟူသော တိုက်တွန်းချက် ၂- မျိုးတို့တွင်</p>
<p><b>ဧဟိ</b>-ဟူသောပုဒ်ဖြင့်- တရားတော်အတွင်း, သာသနာတော် အတွင်းသို့ သိမ်းသွင်းခေါ်ဆောင်ခြင်း အစီအရင်ကို ပြ၏၊ <b>ပဿ</b>-ဟူသောပုဒ်ဖြင့်- တိုက်တွန်းချက်ဖြင့် ထိုတရားကို ကျင့်ဆောင်အားထုတ်ခြင်း, ဝိပဿနာဉာဏ်ဖြင့် ရှုဆင်ခြင်ခြင်း အစီ အရင်ကိုပြ၏၊</p>
<p>လာလှည့်, ရှုလှည့်-ဟူသော ထိုတိုက်တွန်းချက် ၂-မျိုးတို့ဖြင့် နှိုးဆော်ခြင်းငှါ ထိုက်သောကြောင့် တရားတော်သည် <b>ဧဟိပဿိက</b> မည်၏၊</p>
<p>ဤလောက၌ လာပါလှည့်, ကြွပါလှည့်-ဟူ၍ဖိတ်လျှင် ကြွလာ သောသူအား ပြုစုကျွေးမွေးခြင်း, လှူဒါန်းပူဇော်ခြင်းဖြင့် တစ်စုံတစ်ရာ ဝမ်းမြောက် နှစ်သက်ဖွယ်ရာ ကျေးဇူးပြုနိုင်မှသာလျှင် လာပါ, ကြွပါဟူ၍ ပင့်ဖိတ်ခြင်းငှါ သင့်လျော်လေသကဲ့သို့။ ထို့အတူ တရားအတွင်းသို့ သိမ်းသွင်းခြင်း အနေအားဖြင့် <b>ဧဟိ</b>-လာလှည့်-ဟူ၍ ခေါ်ဆောင်ပင့် ဖိတ်လျှင် ထိုတရားအတွင်းသို့ ခိုဝင် ကပ်ရောက်လာသော သူတို့အား အကျိုး များစွာ ဖြစ်ထွန်းစေနိုင်မှသာလျှင် ခေါ်ဆောင် သိမ်းသွင်းသင့်လေ သဖြင့် <b>ဧဟိ</b>- ဟူသော အစီအရင်ကို ထိုက်သည်မည်၏၊</p>
<p>မြတ်စွာဘုရားဟောကြားတော်မူအပ်သော ကလျာဏ ၃-ပါးနှင့် ပြည့်စုံသော တရားတော်သည်ကား</p>
<p>မိမိအတွင်းသို့ သိမ်းသွင်းခေါ်ဆောင်၍ ရောက်လာသောသူတို့ အား အောက်ထစ်ဆုံးအားဖြင့် သုဂတိဘုံဘဝသို့ လာစေနိုင်၏၊ အလွန်ဆုံး အကျိုးအားဖြင့် အမြတ်ထက် အမြတ်ဆုံးဖြစ်သော နိဗ္ဗာန် ချမ်းသာသို့ ရောက်စေနိုင်၏၊ ထိုကြောင့် ဗုဒ္ဓမြတ်စွာဘုရား၏ တရား တော်သည် <b>ဧဟိ</b>-ဟူသော အစီအရင်ဖြင့် နှိုးဆော်ခြင်းကို ထိုက်လေ သည်။</p>
<p>ဤလောက၌ တစ်စုံတစ်ခုသော ပွဲသဘင်ကို ဖြစ်စေ, တစ်စုံ တစ်ခုသော ရတနာကိုဖြစ်စေ, တစ်စုံ တစ်ခုသော အထူးအဆန်း ပန်းမန် ဥယျာဉ်ပန်းမာလ်ကိုဖြစ်စေ ရှုကြည့်လှည့်ပါ-ဟုနှိုးဆော်တိုက်တွန်းလျှင် ရှုကြည့်သောသူ၏ စိတ်နှလုံးကို ရွှင်စေခြင်း, အံ့ဖွယ်သရဲကိုဖြစ်စေခြင်း, ရှုမြင်ရသည့်အတွက် ကျေးဇူးတင်စွာနှင့် တစ်သက်လျာလုံး မှတ်သား လောက်အောင် စိတ်စွဲ၍သွားခြင်းစသော အကျိုးကို ဖြစ်စေနိုင်မှသာလျှင် ရှုလှည့်ပါဟူသော စီရင်နှိုးဆော်ခြင်းကို ထိုက်လေသကဲ့သို့၊ ထို့အတူ-</p>
<p>၁။ တရားကို ရှုလှည့်ပါဟု နှိုးဆော်တိုက်တွန်းလျှင် ဆန်းကြယ် သော အနက်အရသာ၊ ပါဠိအရသာကို ရရှိစေခြင်း,</p>
<p>၂။ စိတ်သန္တာန်၌ ဓမ္မပီတိ- ကိုရရှိ၍ ငြိမ်သက်ချမ်းသာခြင်း,</p>
<p>၃။ စိတ်၌ရှိသော အညစ်အကြေးတို့ကို ပယ်ရှားနိုင်ခြင်း,</p>
<p>၄။ ဉာဏ်ပညာ၏ တိုးတက်ပွင့်လင်းခြင်း,</p>
<p>၅။ နက်နဲသော တရားသဘောတို့၏ အဖြစ် အပျက်ကို ထိုးထွင်း သိမြင်နိုင်ခြင်း၊</p>
<p>၆။ မိမိ မူလအခြေအနေမှ ထူးသော အခြေအနေသို့ ရောက် ရှိခြင်း၊</p>
<p>စသော သာမညဖလ အကျိုးတို့ကို ရရှိဖြစ်ထွန်းစေနိုင်မှသာလျှင် ရှုလှည့်ပါ ဟူသော နှိုးဆော် တိုက်တွန်းခြင်းကို ထိုက်သည်မည်၏၊ ဗုဒ္ဓဘာသာတရားတော်မြတ်သည်-ကျင့်ဆောင်သောသူ, ဝိပဿနာဉာဏ်, ပစ္စဝေက္ခနာဉာဏ်တို့ဖြင့် ဆင်ခြင် ရှုစားသောသူတို့အား ဆိုခဲ့ပြီးသောအကျိုးတို့ကို ရရှိစေနိုင်၏၊ ထို့ကြောင့်ရှုလှည့်ပါဟူသော စီရင်နှိုးဆော်ခြင်းကို ထိုက်လေသည်။</p>
<p>ဤသို့ လာလှည့်ပါ, ရှုလှည့်ပါ-ဟူသော စီရင်နှိုးဆော်ခြင်းတို့ ထိုက်သောကြောင့် <b>ဧဟိပဿိက</b>-ဟူ၍ ခေါ်ထိုက်လေသည်။</p>
<p>အခြားသောဘာသာ တရားများသည်ကား-ထိုကဲ့သို့လာ လှည့်ပါ, ရှုလှည့်ပါ-ဟူသော အစီအရင်ကို ထိုက်သည် မဟုတ်ချေ။</p>
<p>ထိုသာသနာတော်မှ အပဖြစ်သော တရားများသည်ကား</p>
<p>လာလှည့်ပါ-ဟု ဆို၍ သိမ်းသွင်းခေါ်ဆောင်လျက် ထိုတရား အတွင်းသို့ဝင်ရောက်လျှင် ထိုဗာဟိရ တရားစုတို့၏ သွာက္ခာတ-ဂုဏ် နှင့်ပြည့်စုံသည်မဟုတ်သောကြောင့် အသိမ်းအသွင်း ခံရသောသူ, ဝင်ရောက်သော သူတို့အား အကျိုးမများ စေသည့်ပြင် အပါယ်လားခြင်း တည်းဟူသော အပြစ်ကို ရရှိကြစေကုန်၏၊ ထို့ကြောင့် လာလှည့်ပါဟူ သော စီရင်နှိုးဆော်ခြင်းကို ထိုက်သည်မဟုတ်ချေ။</p>
<p>ရှုလှည့်ပါ-ဆို၍ ကျင့်ကြံရှုစားသောအခါ အနက်အရသာ, ပါဠိအရသာ, ဓမ္မပီတိ-စသော သာမညဖလ အကျိုးများကို မရသည့်ပြင် မိစ္ဆာဒိဋ္ဌိ အမှားဘက်သို့ နက်နက်ကြီး စူးစိုက်သက်ဝင်၍သွားခြင်း, အပါယ်သို့ နက်နက်ကြီးကျရောက်ရန် မျိုးစေ့တို့ကို အောင်အောင်မြင်မြင် ထူထောင်နိုင်ခြင်းစသော အကျိုးယုတ်တို့ကို ရရှိလေ၏၊ ထို့ကြောင့် ထိုမိစ္ဆာတရားများသည် ရှုလှည့်ပါဟူသော အစီအရင်ကို ထိုက်သည် မဟုတ်ချေ။</p>
<p>ဗုဒ္ဓဘာသာ တရားတော်မြတ်ကြီးသည် လာလှည့်, ရှုလှည့်ဟူသော နှိုးဆော်ခြင်းကို ထိုက်သောကြောင့် ထိုအစီအရင် အတိုင်း နှိုးဆော်တိုက်တွန်း, သိမ်းသွင်းခေါ်ဆောင်, ပြသ, သွန်သင်သော ပုဂ္ဂိုလ်တို့အားလည်း ကုသိုလ်ပုည ပွားစည်းခြင်းတည်းဟူသော အကျိုးကို ဖြစ်ပွားစေနိုင်ကုန်သည်၊ သာသနာတော်မှ အပဖြစ်သော တရားတို့ သည်ကား ထိုကဲ့သို့ လာလှည့်ပါ, ရှုလှည့်ပါ,-ဟူသောစီရင်နှိုးဆော်ခြင်းကို မထိုက်သောကြောင့် ထိုတရားအတွင်းသို့ ခေါ်ဆောင်သိမ်းသွင်း ပြသ, သွန်သင်သော ပုဂ္ဂိုလ်တို့အား မကောင်းမှုပွားခြင်း, အပါယ်လားခြင်းစသော အကျိုးယုတ်တို့ကို ဖြစ်ပွားစေနိုင်ကုန်၏၊</p>
<p>ထို့ကြောင့် ဧကင်္ဂုတ္တရပါဠိတော် တေရသမဝဂ်၌--</p>
<p><b>ဒုရက္ခာတေ ဘိက္ခဝေ ဓမ္မဝိနယေ ယော စ သမာဒပေတိ၊ ယဉ္စ သမာဒပေတိ၊ ယော စ သမာဒပိတော တဒတ္ထာယ ပဋိပဇ္ဇတိ၊ သဗ္ဗေ တေ ဗဟုံ အပုညံ ပသဝန္တိ၊ တံ ကိဿ ဟေတု၊ ဒုရက္ခာတတ္တာ ဘိက္ခဝေ ဓမ္မဿ။</b></p>
<p><b>သွာက္ခာတေ ဘိက္ခဝေ ဓမ္မဝိနယေ ဗဟုံ ပုညံ ပသဝန္တိ၊ တံ ကိဿ ဟေတု၊ သွာက္ခာတတ္တာ ဘိက္ခဝေ ဓမ္မဿ။</b></p>
<p>ဟူ၍ဟောတော်မူ၏၊</p>
<p>အနက်ကား။။ <b>ဘိက္ခဝေ</b>၊ ရဟန်းတို့။ <b>ဒုရက္ခာတေ</b>၊ မကောင်းသဖြင့် ဟောကြားအပ်သော။ <b>ဓမ္မဝိနယေ</b>၊ ဟောအပ်သော တရား, ပညတ်အပ်သောအဆုံးအမ၌။ <b>ယော စ</b>၊အကြင်သူသည်လည်း။ <b>သမာဒပေတိ</b>၊ နှိုးဆော်တိုက်တွန်း၏၊ <b>ယဉ္စ</b>၊ အကြင်သူကိုလည်း။ <b>သမာဒပေတိ</b>၊ နှိုးဆော်တိုက်တွင်း၏၊ <b>သမာဒပိတော</b>၊ သိမ်းသွင်း နှိုးဆော်အပ်သော။ <b>ယော စ</b>၊ အကြင်သူသည်လည်း။ <b>တဒတ္ထာယ</b>၊ ထိုနှိုးဆော် တိုက်တွန်းအပ်သော အတိုင်း။ <b>ပဋိပဇ္ဇတိ</b>၊ ကျင့်ကြံအား ထုတ်၏၊ <b>သဗ္ဗေ</b>၊ အလုံးစုံကုန်သော။ <b>တေ</b>၊ ထိုနှိုးဆော် တိုက်တွန်းသောသူ, နှိုးဆော်တိုက်တွန်းအပ်သော သူတို့သည်။ <b>ဗဟုံ</b>၊ များစွာ။ <b>အပုညံ</b>၊ မကောင်းမှုကို။ <b>ပသဝန္တိ</b>၊ ပွားအောင် ဆည်းပူးကြကုန်၏၊ <b>တံ</b>၊ ထိုသို့ဖြစ်ရခြင်းသည်။ <b>ကိဿ ဟေတု</b>၊ အဘယ်အကြောင်း ကြောင့်နည်းဟူမူကား။ <b>ဘိက္ခဝေ</b>၊ ရဟန်းတို့။ <b>ဓမ္မဿ</b>၊ မိစ္ဆာတရားများ၏၊ <b>ဒုရက္ခာတတ္တာ</b>၊ မကောင်းသဖြင့် ဟောကြားအပ်သော တရားများ ဖြစ်လေသောကြောင့်တည်း။</p>
<p><b>ဘိက္ခဝေ</b>၊ ရဟန်းတို့။ <b>သွာက္ခာတေ</b>၊ ကောင်းစွာ ဟောကြားအပ် သော။ <b>ဓမ္မဝိနယေ</b>၊ သုတ်, အဘိဓမ္မာ, ဝိနည်းတော်- ဟုဆိုအပ်သော သာသနာတော်မြတ်၌မူကား။<b>ဧဝံ ကတေ</b>၊ ဤသို့သိမ်းသွင်းနှိုးဆော်ခြင်း, ကျင့် ဆောင်ခြင်းကို ပြုအပ်သည်ရှိသော်။ <b>ဗဟုံ</b>၊ များစွာ။ <b>ပုညံ</b>၊ ကုသိုလ်ကောင်းမှုကို။ <b>ပသဝန္တိ</b>၊ ပွားများကြကုန်၏၊ <b>တံ</b>၊ ထိုသို့ဖြစ်ခြင်း သည်။ <b>ကိဿ ဟေတု</b>၊ အဘယ်အကြောင်းကြောင့်နည်းဟူမူကား။ <b>ဓမ္မဿ</b>၊ သုတ်, ဝိနည်း, အဘိဓမ္မာ-ဟုဆိုအပ်သော တရားတော်မြတ်၏၊ <b>သွာက္ခာတတ္တာ</b>၊ ကောင်းစွာ ဟောကြားအပ်သော သွာက္ခာတ-ဂုဏ်နှင့် ပြည့်စုံသည်၏ အဖြစ်ကြောင့်တည်း။</p>
<p>ဤနေရာ၌ ဆိုဖွယ်ရှိသည်ကား</p>
<p>သာသနာတော်မှ အပဖြစ်သော တိတ္ထိတို့သည် ဧဟိပဿိက ဂုဏ်နှင့် မပြည့်စုံသော မိမိတို့၏ တရား အတွင်းသို့ သွင်းဆောင်ကြကုန်၏၊ မိမိတို့ သာသနာသို့ဝင်ရန် နှိုးဆော်တိုက်တွန်းကြကုန်၏၊</p>
<p>ထိုသို့ သိမ်းသွင်း နှိုးဆော်သောအတိုင်းလည်း ထို မိစ္ဆာ သာသနာသို့ ဝင်ရောက်ကြကုန်ပြီးလျှင် မိစ္ဆာတရား နည်းလမ်းအတိုင်း လိုက်နာပြုကျင့်ကြကုန်၏၊</p>
<p>သို့ရာတွင် ထိုမိစ္ဆာဒိဋ္ဌိသာသနာတို့၌ ချီးမွမ်း, အံ့ဩ, နှစ်သက်, မြတ်နိုးလောက်ဖွယ်ဖြစ်သည့် ဓမ္မသမ္ပတ္တိ ဂုဏ် မရှိခြင်းကြောင့် တရား၏ ဂုဏ်ကျေးဇူးတို့ကို ညွှန်ပြ၍ နှိုးဆော်တိုက်တွန်း သိမ်းသွင်းကြသည် မဟုတ်ကုန်။</p>
<p>စင်စစ်မူကား-လောက မျက်မှောက်၌ အသက်မွေးဝမ်း ကျောင်း လွယ်ကူရန်ဖြစ်သော လောကီ လာဘ်လာဘ ပစ္စည်းပစ္စယ, ဝတ္ထုအာရုံ ကာမဂုဏ်တို့ကို ခုံမင်တွယ်တာလောက်အောင် ဗန်းပြ၍ မိမိတို့၏ သာသနာတွင်းသို့ ဆွဲဆောင် သိမ်းသွင်းကြကုန်၏၊</p>
<p><b>အယဉ္စ လောကော ယေဘုယျေန အာမိသဂရုကောဝ ဟောတိ။</b> ဤလောကကြီးသည် ပစ္စည်းပရိက္ခရာ လာဘ်သပ်ပကာ ၅- ဖြာအာရုံ ကာမဂုဏ်တည်းဟူသော အာမိသ-ကိုသာ အလေးပြုလေ့ ရှိသည်သာလျှင်ဖြစ်၏၊</p>
<p><b>ဧဟိပဿိက ဂုဏ်တော်ပြီး၏၊</b></p>
<p>---</p>
<h3><b>ဩပါနေယျိက ဂုဏ်တော်</b></h3>
<p><b>ဥပေစ္စ နယနံ ဥပနယော။ ဥပေစ္စ၊ ကပ်၍ နယနံ၊ ဆောင်ခြင်း တည်း။ ဥပနယော၊ ကပ်၍ဆောင်ခြင်း။</b></p>
<p>မိမိသို့လည်းကောင်း, သူတစ်ပါးသို့လည်းကောင်း ကပ်၍ တရား ကိုဆောင်ခြင်း, ညွှန်ကြားပြသခြင်းပေတည်း၊ မိမိကိုယ်သို့ တရားနှင့် ကပ်ခြင်း, သူတစ်ပါးကို တရားနှင့်ကပ်ခြင်း ဆိုလိုသည်။</p>
<p><b>အတ္တူပနယံ ဝါ ပရူပနယံ ဝါ ကာတုံ အရဟတီတိ ဩပါနယိကော။</b></p>
<p><b>ယော ဓမ္မော</b>၊ အကြင်တရားသည်။ <b>အတ္တူပနယံ ဝါ</b>၊ မိမိဆီသို့ ကပ်ဆောင်ခြင်းကိုလည်းကောင်း။ <b>ပရူပနယံ ဝါ</b>၊ သူတစ်ပါးဆီသို့ ကပ်ဆောင်ခြင်းကိုလည်းကောင်း။ <b>ကာတုံ</b>၊ ပြုခြင်းငှါ။ <b>အရဟတိ</b>၊ ထိုက်၏၊ <b>ဣတိ-တသ္မာ</b>၊ ထို့ကြောင့်။ <b>သောဓမ္မော</b>၊ ထိုတရားသည်။ <b>ဩပနယျိကော</b>၊ ဩပနယျိကမည်၏၊</p>
<p>မိမိသို့ ကပ်ဆောင်ပုံ-ဤတရားသည် ငါ၏သန္တာန်၌ ထင်ရှား တည်ရှိ၏၊ ငါသည်လည်း ဤတရား၌ တည်ရှိ၏၊ ဤသို့လျှင် မိမိဆီသို့ တရားကိုကပ်ဆောင်ခြင်းငှါ, တရားဆီသို့ မိမိကို ကပ်၍ ဆောင်ခြင်းငှါ လည်း ထိုက်၏၊</p>
<p>သူတစ်ပါးသို့ ကပ်ဆောင်ပုံ-ဤတရားသည် ဤသူ၌ ထင်ရှား တည်ရှိ၏၊ ဤသူသည်လည်း ဤတရား၌ တည်ရှိ၏၊ ဤသို့လျှင် သူတစ်ပါးဆီသို့ တရားကို, တရားဆီသို့ သူတစ်ပါးကို ကပ်၍ဆောင်ခြင်း ငှါလည်း ထိုက်၏၊ ထို့ကြောင့် တရား တော်သည် ဩပါနေယိက မည်၏ဟူ၍ ဆိုလို၏၊</p>
<p><b>မေး။</b> အဘယ့်ကြောင့် ကပ်၍ ဆောင်ခြင်းကို ပြုခြင်းငှါ ထိုက်သနည်း။</p>
<p><b>ဖြေ။</b> မကြည်ညိုသေး, သဒ္ဓါတရားမရှိသေးသောသူတို့၏ သဒ္ဓါတရားကို ဖြစ်ပွားစေသောကြောင့်လည်း, သဒ္ဓါတရား ဖြစ်ပွား ကြည်ညိုပြီးသော သူတို့အားလည်း တရားတော်နည်းလမ်းရှိသောအတိုင်း ကျင့်ကြံအား ထုတ်ခြင်းအမှု၌ ယှဉ်စေတတ်သောကြောင့်လည်းကောင်း တရားတော်သည် ကပ်၍ ဆောင်ခြင်းကို ပြုခြင်းငှါထိုက်၏၊</p>
<p>ထင်ရှားစွာ ပြဦးအံ့</p>
<p>အကြင်သူတို့သည် ဤဗုဒ္ဓဘာသာတရားတော်မြတ်၌ မကြည် ညိုကြကုန်၊ အကြင်သူတို့သည်လည်း ကြည်ညိုကာမတ္တသာလျှင် ဖြစ်ကြကုန်၏၊ တရားတော်နည်းလမ်းရှိသောအတိုင်း မကျင့်ဆောင် မလိုက် ပါကြကုန်၊ ထိုသူတို့သည် ပုဂ္ဂိုလ်နှင့် တရားကိုကပ်၍ ဟောပြ သဖြင့် ကြားနာရသောအခါ မကြည်ညိုသော သူတို့သည်လည်း ဤ တရားတော်၌ သဒ္ဓါတရား ဖြစ်ပွားကြည်ညိုကြကုန်၏၊</p>
<p>ကြည်ညိုရုံမျှသာဖြစ်၍ ကောင်းစွာ မကျင့်ကြံမလိုက်နာကြ သောသူတို့သည်လည်း မိမိသန္တာန်၌ တရားကပ်စေခြင်းငှါ ကျင့်ကြံအား ထုတ်ကြကုန်၏၊ မိမိဆီသို့ တရားကို ဆောင်ကြကုန်၏၊ ထိုစကားမှန်၏၊</p>
<p>မဇ္ဈိမပဏ္ဏာသပါဠိတော် ဒုတိယဝဂ်၌''<b>တံ ကိံ မညတိ အနုရုဒ္ဓ</b>” စသည်ဖြင့်ဟောတော်မူသည်။</p>
<p><b>ပါဠိတော်မြန်မာပြန်</b></p>
<p>အို- အနုရုဒ္ဓါ..ငါဘုရား မိန့်ဆိုလတ္တံ့သော စကားကို သင် အဘယ်သို့ မှတ်ထင်သနည်း။</p>
<p>မြတ်စွာဘုရားသည် အဘယ်အကျိုးကို မြင်၍ တပည့်သား သာဝကတို့ စုတိကွယ်လွန်သောအခါ ဤမည်သော တပည့်သားသည် ဤမည်သောဘုံ၌ ဖြစ်လေ၏၊ ဤမည်သော တပည့်သားသည် ဤမည် သော ဘုံ၌ ဖြစ်လေ၏-ဟူ၍ ဥပပါတ် ဘုံဘဝတို့၌ ဖြစ်ခြင်းကို ပြောကြား မိန့်ဆိုတော်မူသနည်း-ဟူ၍မြတ်စွာ ဘုရားမေးတော်မူ၏၊</p>
<p>အရှင်ဘုရား- တရားတော်တို့သည် မြတ်စွာဘုရားသာလျှင် အကြောင်းရင်းရှိပါကုန်၏၊ မြတ်စွာဘုရားသည် ဖြေကြားတော်မူစေချင် ပါ၏၊ ရဟန်းအပေါင်းတို့သည် မှတ်သားဆောင်ရွက်ကြပါကုန်လတ္တံ့ဟူ၍အရှင်အနုရုဒ္ဓါက လျှောက်ထားလေ၏၊</p>
<p>အို-အနုရုဒ္ဓါ--ကြည်ညိုယုံကြည်စွာ သဒ္ဓါတရားရှိကြကုန်သော, မွန်မြတ်သော နှစ်သက်ခြင်းရှိကြကုန်သော, မွန်မြတ်သော ဝမ်းမြောက် ခြင်းရှိကြကုန်သော အကြင်အမျိုးကောင်းသားတို့သည် ရှိကုန်၏၊</p>
<p>ထိုအမျိုးကောင်းသားတို့သည် ကွယ်လွန်သော တပည့် သာဝက တို့၏ ဥပပါတ်ဘုံ၌ ဖြစ်ကြောင်းကို ပြောကြားတော်မူသော ထိုမြတ်စွာ ဘုရား၏ စကားကို ကြားကြကုန်သည်ရှိသော် ထိုဥပပါတ် ဘုံဘဝသို့ ရောက်ကြောင်းဖြစ်သော တရားဆီသို့ ရှေးရှုဆောင်ကြကုန်၏၊ ကျင့်ကြံ အားထုတ်ကြကုန်၏၊ ထိုအမျိုး ကောင်းသားတို့၏ ထိုသို့စိတ်ကို တရားဆီ သို့ဆောင်ခြင်းသည် ရှည်မြင့်စွာသောကာလပတ်လုံး အကျိုးဖြစ်ခြင်းငှာ, ချမ်းသာခြင်းငှာ, ဖြစ်လတ္တံ့ ဟူ၍ မြတ်စွာဘုရား မိန်ကြားတော်မူ၏၊</p>
<p>ဤသို့ ပုဂ္ဂိုလ်သို့ ကပ်ဆောင်၍ ပုဂ္ဂိုလ်နှင့်ယှဉ်တွဲ၍ ပြအပ်သော တရားတော်သည် သဒ္ဓါမဲ့သော သူတို့အားလည်း သဒ္ဓါတရားကို တိုးပွားစေတတ်၏၊ သဒ္ဓါတရားရှိပါလျက် ထိုတရားကို ကောင်းစွာ မကျင့်ဆောင်သော ပုဂ္ဂိုလ်တို့အားလည်း ကောင်းစွာကျင့်ဆောင် ခြင်းကိစ္စနှင့် ယှဉ်စေ၏၊ ကျင့်ကြံအားထုတ် စေ၏၊ မြတ်စွာဘုရားသည် အလုံးစုံသော သတ္တဝါတို့၏ ရှေးဦးစွာ ဤတရားကို ကိုယ်တော်မြတ်သို့ ကပ်၍ ဆောင်ပြီးမှသာလျှင် သတ္တဝါတို့အား ဟောကြားညွှန်ပြ တော်မူ၏၊</p>
<p><b>မေး။</b> အဘယ်သို့လျှင် အလုံးစုံသော သတ္တဝါတို့၏ ရှေးဦးစွာ ကိုယ်တော်မြတ်ဆီသို့ တရားကိုကပ်၍ ဆောင်ပြီး၍ ဟောကြားပြသ တော်မူပါသနည်း။</p>
<p><b>ဖြေ။</b> မြတ်စွာဘုရားသည် တောထွက်တော်မူသော အခါမှ စ၍ ဓမ္မစကြာတရားကို ဟောကြားတော်မူသည့်တိုင်အောင် အကြင် ဘုရားဖြစ်တော်မူခြင်း၏ အကြောင်းနှင့် ဘုရားဖြစ်တော်မူခြင်းကိုလည်း ကောင်း, ဘုရားဂုဏ်ကျေးဇူးနှင့်စပ်သော များစွာကုန်သော အကျင့်တရား တို့ကိုလည်းကောင်း များစွာသော သုတ္တန်တို့၌ များစွာသောသူတို့၏ အလယ်၌ ဟောကြားတော်မူ၏၊</p>
<p>ထိုမှတပါး ဘုရားဂုဏ်တော်ဖွင့်တွင် ပြဆိုခဲ့ပြီးသောအတိုင်း ဘုရားဂုဏ်ကျေးဇူးတို့ကိုပြု၍ သာသနာ ပြည့်စုံခြင်း၏ အကြောင်းများ ကိုလည်း ဟောကြားတော်မူ၏၊</p>
<p>တစ်ရံတစ်ခါလည်း များစွာသော ပရိသတ်အလယ်၌ ကိုယ်တော် မြတ်၏ အတုမရှိ မြင့်မြတ်သော အကျင့်သီလ တရားတို့ကိုလည်းကောင်း စျာန်, သမာဓိ, သမာပတ္တိတရားတို့ကိုလည်းကောင်း, အဘိညာဉ်တရား တို့ကိုလည်းကောင်း ဟောကြားတော်မူ၏၊ တန်ခိုးပြာဋိဟာ ပြခြင်း တို့ကိုလည်း ပြုတော်မူ၏၊ ထိုဆိုပြီး အလုံးစုံကို ဟောပြပြုလုပ် ဆောင် ရွက်တော်မူခြင်းများသည် မြတ်စွာဘုရားအား “<b>အတ္ထုပနယ</b>” တရား တော်ကို ကိုယ်တော်နှင့် ကပ်ဆောင်၍ပြုတော်မူခြင်း ပြတော်မူခြင်း မည်၏၊</p>
<p><b>မေး။</b> အဘယ်သို့လျှင် တရားတော်ကို သူတစ်ပါးသို့ ကပ်၍ ဆောင်ပြီးမှ ဟောကြား ပြသတော်မူပါ သနည်း။</p>
<p><b>ဖြေ။</b> ပရိသတ် ၄-ပါးတို့၏အလယ်၌ ရှင်သာရိပုတ္တရာ, ရှင်မောဂ္ဂလာန်, ရှင်မဟာကဿပ အစရှိကုန်သော တပည့်သာဝကကြီး တို့၏ အကျင့်သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်တို့ကို ဟောပြောချီး မွမ်းတော်မူ၏၊</p>
<p>ထို့ပြင်လည်း ဟတ္ထာဠာဝက သူကြွယ်, စိတ္တသူကြွယ်, ဥဂ္ဂ သူကြွယ်-အစရှိကုန်သော လူဥပသကာတို့၏ အကျင့်သီလဂုဏ်, သမာဓိ ဂုဏ်, ပညာဂုဏ်များကိုလည်း ဖော်ပြချီးမွမ်းတော်မူ၏၊</p>
<p>ထိုအလုံးစုံသော အချက်များသည် မြတ်စွာဘုရား၏ တရား တော်ကို “<b>ပရူပနယ</b>” သူတစ်ပါးသို့ ကပ်ဆောင်၍ ပြုတော်မူခြင်း ပြတော်မူခြင်းမည်၏၊</p>
<p>နိဒါနဝဂ္ဂ ကဿပသံယုတ်၌--</p>
<p><b>ချစ်သား ရဟန်းတို့--ငါဘုရားသည် အကြင်မျှလောက် အလိုရှိ၏၊ ထိုမျှလောက် ပထမစျာန်ကို ဝင်စား၍ နေနိုင်၏၊ ချစ်သား ရဟန်းတို့ -ကဿပ--သည်လည်း အကြင်မျှလောက် အလိုရှိ၏၊ ထိုမျှ လောက် ပထမစျာန်ကို ဝင်စား၍ နေနိုင်၏</b>၊ ဤသို့ စသည်ဖြင့်ကိုယ် တော်မြတ်နှင့်တကွ ရှင်မဟာကဿပမထေရ်၏ ကိုးဆင့်သော အနုပုဗ္ဗဝိဟာရသမာပတ်တို့၌ ဝင်စား၍ နေနိုင်ကြောင်းကို ဗျာဒိတ် မြွက်ကြားတော်မူသော စကားတော်သည်လည်းရှိ၏၊</p>
<p>ထို့ အတူ-</p>
<p>ရှင်မဟာကဿပမှ တစ်ပါးကုန်သော မထေရ်တို့၏ ထိုထိုဂုဏ် ကျေးဇူးတရားတို့၌ အသီးသီး ထင်ရှားရှိခြင်းကို ဗျာဒိတ်မြွတ်ကြား တော်မူသောစကားတော်သည်လည်းရှိ၏၊ ထိုအလုံးစုံသော စကားတော် များသည် မြတ်စွာဘုရား ကိုယ်တော်မြတ်နှင့် အခြားသော ပုဂ္ဂိုလ်တို့ဆီသို့ တရားကို ကပ်ဆောင်၍ ပြသတော်မူခြင်း ဥဘယူပနယ-ကို ပြုတော် မူခြင်းမည်၏၊</p>
<p>ထို့ အပြင်တစ်ပါး-</p>
<p>မဟာထေရ် အရှင်မြတ်ကြီးများသည်လည်း သင့်လျော် လျောက်ပတ်သောအခါ၌ အချင်းချင်းသော်လည်းကောင်း, မြတ်စွာ ဘုရား၏ ထံတော်ပါး၌သော်လည်းကောင်း ဥတ္တရိမနုဿဓမ္မ စျာန်မဂ် ဖိုလ်တရားတို့ကို ဖွင့်ဆို ပြောကြားကြကုန်၏၊ ဤသို့ပြောကြားခြင်းသည် မဟာထေရ်မြတ်ကြီးတို့၏ မိမိတို့ဆီသို့တရားကို ကပ်၍ ဆောင်ခြင်း, မိမိတို့ကို၌ တရားတော်ထင်ရှားရှိခြင်းကို ပြခြင်းမည်၏၊</p>
<p>ထို့ပြင်တစ်ပါး-</p>
<p>အိမ်ရာတည်ထောင် လူ၏ဘောင်၌ တည်နေကြကုန်သော ဥပါသကာယောကျ်ား, ဥပသိကာ မိန်းမတို့သည်လည်း တရားတော် မြတ်များကို မိမိတို့ဆီသို့ ကပ်ဆောင်၍ ပြဖူးကြလေကုန်၏၊ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် စိတ္တဝဂ်၌-</p>
<p>တစ်ရံသောအခါ စိတ္ထသူကြွယ်သည်” အရှင်--ရဟန်းပြုသော အရှင့်အားနှစ်ပေါင်းမည်မျှကြာပါပြီနည်း” ဟူ၍ အစေဠကကဿပကို မေးမြန်းလေ၏၊ “ရဟန်းပြုသော ငါ့အား နှစ်ပေါင်း ၃၀-မျှ ရှိကုန်ပြီ” ဟူ၍ အစေဠကကဿပ ဖြေကြားလေ၏၊</p>
<p>''အရှင်--ဤ ၃၀-မျှလောက်ကုန်သော နှစ်တို့ဖြင့်ရဟန်းပြု နေခဲ့ရာ အရှင့်သန္တာန်မှာ တစ်စုံတစ်ခုသော စျာန်, အဘိညာဉ်, မဂ်, ဖိုလ်တရားများရှိပါသလော။</p>
<p>အရိယာပုဂ္ဂိုလ်တို့နှင့်သာ ထိုက်တန်သော ဉာဏ်အမြင် အထူး များကို ရရှိပါပြီလော။</p>
<p>ချမ်းသာစွာနေထိုင်ရပါ၏လော''ဟူ၍ မေးမြန်းလေ၏၊</p>
<p>''အို-သူကြွယ်--မရှိပါ” ဟူ၍ ဖြေကြားလေ၏၊</p>
<p>''အို-အချင်းတို့---အံ့ဖွယ်ရှိစွတကား၊ အို-အချင်းတို့-- မဖြစ်စဖူး ဖြစ်ပေစွတကား၊ နှစ်ပေါင်း ၃၀-မျှတို့ဖြင့် ရဟန်းပြု၍ နေပါလျက် တစ်စုံတစ်ခုသောစျာန်, အဘိညာဉ်, မဂ်, ဖိုလ်တရားကို မရဘဲ ရှိဘိ၏၊ အရိယာပုဂ္ဂိုလ်တို့နှင့်သာ ထိုက်တန်သော ဉာဏ်အမြင်ထူးကို မရဘဲရှိ ဘိ၏၊ ချမ်းသာစွာမနေရဘဲ ရှိဘိ၏” ဟူ၍ စိတ္တသူကြွယ် က အံ့ဩသော စကားနှင့် ဆိုလေ၏၊</p>
<p>''အို-သူကြွယ်---ဥပသကာအဖြစ်သို့ ကပ်မရောက်သော အသင့် အား နှစ်ပေါင်းမည်မျှကြာပြီနည်း” ဟူ၍အစေဠက ကဿပက မေးပြန် လေ၏၊</p>
<p>''အရှင်---နှစ်ပေါင်း ၃၀-မျှ ရှိပါကုန်ပြီ” ဟူ၍ ဆိုလေ၏၊ ၁။ “ ဤ ၃၀-မျှလောက်သော နှစ်တို့ဖြင့် ဥပသကာအဖြစ်သို့ ကပ်၍နေခဲ့ရာ သင့်အား တစ်စုံတစ်ခုသော စျာန်, အဘိညာဉ်, မဂ်, ဖိုလ်တရားများ ရှိပါသလော။</p>
<p>၂။ အရိယာပုဂ္ဂိုလ်တို့နှင့်သာ ထိုက်တန်သော ဉာဏ်အမြင် အထူးကို ရအပ်ပါသလော။</p>
<p>၃။ ချမ်းသာစွာ နေရပါ၏လော” ဟူ၍အစေဠက ကဿပကမေးလေ၏၊</p>
<p>''အို-အရှင်-ရှိပါ၏၊ အို-အရှင်...အမှန်အားဖြင့် အကျွန်ုပ် သည် အကြင်မျှလောက် အလိုရှိ၏၊ ထိုမျှလောက် ပထမစျာန်ကို ဝင်စား၍နေနိုင်ပါ၏၊ ဒုတိယစျာန်ကို, တတိယစျာန်ကို, စတုတ္ထစျာန်ကို ဝင်စား၍ နေနိုင်ပါ၏၊</p>
<p>အို-အရှင်... အကျွန်ုပ်သည် အကယ်၍ ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ရှေးဦးစွာ ကွယ်လွန် စုတေခဲ့ပါမူကား မြတ်စွာဘုရား သည် ဤသို့ဗျာဒိတ်စကား မိန့်ကြားတော်မူရာ၏၊</p>
<p>အကြင်သံယောဇဉ်ဖြင့် ငြိတွယ်နှောင်ဖွဲ့အပ်သည်ဖြစ်၍ စိတ္တ သူကြွယ်သည် တစ်ဖန် ဤကာမဘုံသို့ ပဋိသန္ဓေအားဖြင့် ပြန်လာရာ၏၊ ထိုသံယောဇဉ်မျိုး မရှိပြီဟူ၍ ဗျာဒိတ်စကား မိန့်ကြားတော်မူရာ၏” ဟူ၍ပြောကြားလေ၏၊</p>
<p>ထိုအခါ၌ အစေဠက ကဿပ-သည် အံ့ဩဖွယ်စကား ပြော ကြားလေ၏၊</p>
<p>၁။ “ အို- အချင်းတို့... တရားတော်၏ ကောင်းစွာဟော အပ်သော သွာက္ခာတ-ဂုဏ်နှင့် ပြည့်စုံသည်၏ အဖြစ်သည် အံ့ဖွယ်ရှိစွ တကား။</p>
<p>၂။ အို-အချင်းတို့...မဖြစ်ဖူးမြဲ ဖြစ်လေစွတကား။</p>
<p>၃။ အဝတ်ဖြူကို ဆည်း၍ အိမ်၌နေသော လူပင်ဖြစ်ပါသော် လည်း ဤသို့သဘောရှိသော “ဥတ္တရိ မနုဿဓမ္မ” လူတို့ ကျင့်စဉ်တရား ထက် လွန်ကဲမြင့်မြတ်သော စျာန်, မဂ်, ဖိုလ်-တရားကို ရရှိနိုင်လေဘိ ၏တကား။</p>
<p>၄။ အရိယာပုဂ္ဂိုလ်တို့နှင့်သာ ထိုက်တန်သော ဉာဏ်အမြင် အထူးကိုလည်း ရရှိနိုင်လေဘိ၏တကား။</p>
<p>၅။ ချမ်းသာစွာနေခွင့် ရရှိနိုင်လေဘိ၏တကား” ဟူ၍ အံ့ဖွယ် စကားပြောကြားလေ၏၊</p>
<p>ဤစကားရပ်၌ ထိုသူကြွယ်သည် မိမိ၌ ပထမစျာန်စသော စျာန်တရားများထင်ရှားရှိကြောင်းကိုလည်းကောင်း, ဩရမ္ဘာဂိယ သံယောဇဉ် တရားကင်း၍ အနာဂါမ်ဖြစ်ကြောင်းကိုလည်းကောင်း ပြောကြားပြ ဆိုလေ၏၊</p>
<p>စျာန်တရား, မဂ်တရားတို့ကို မိမိဆီသို့ဆောင်၍ မိမိသို့ကပ်၍ ပြလေ၏၊</p>
<p>နန္ဒမာတာမည်သော ဥပါသိကာသည်လည်း သာရိပုတ္တရာ မထေရ်ကို ဖွင့်ဆိုပြောကြား၍ တရားကို မိမိသို့ကပ်၍ ပြဖူးလေ၏၊။</p>
<p>ထိုစကားမှန်၏---</p>
<p>သတ္ထင်္ဂုတ္တရပါဠိတော် သတ္တမ မဟာယည ဝဂ်၌---</p>
<p><b>အရှင်ဘုရား...အကျွန်ုပ်သည် ဤသာသနာတော်မြတ် အတွင်း၌ အကြင်မျှလောက် အလိုရှိ၏၊ ထိုမျှလောက် ပထမစျာန်ကို ဝင်စား၍ နေနိုင်ပါ၏၊ ဒုတိယစျာန်ကို, တတိယစျာန်ကို, စတုတ္ထစျာန်ကို ဝင်စား၍ နေနိုင်ပါ၏၊</b></p>
<p>''<b>အရှင်ဘုရား...ကာမတည်းဟူသော အောက်ဘုံသို့ သက် ဆင်းကျရောက်စေတတ်ကုန်သော အကြင်ဩရမ္ဘာဂိယ သံယောဇဉ် ၅- ပါးတို့သည်ရှိကုန်၏၊ ထိုသံယောဇဉ် ၅-ပါးတို့တွင် တစ်စုံတစ်ခုသော သံယောဇဉ်ကိုမျှ အကျွန်ုပ်၏ သန္တာန်၌ မပယ်အပ်သေးဘဲ ကြွင်းကျန်၍ နေသည်ကို အကျွန်ုပ်မတွေ့မမြင်ရပါ</b>” ဟူ၍လျှောက်ကြားလေ၏၊</p>
<p>ဤစကားရပ်၌လည်း---</p>
<p>နန္ဒမာတာသည် မိမိ၌ စျာန်တရား, အနာဂါမိမဂ်တရားရှိ ကြောင်းကို ဖော်ပြ၏၊ ထိုစျာန်တရား, မဂ်တရားတို့ကို မိမိသို့ကပ်၍ ပြ၏၊</p>
<p><b>မေး။</b> မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်အခါ ဤသို့သဘောရှိသော ဥပသကာယောကျ်ား, ဥပသကာမိန်းမတို့သည် အဘယ်မျှလောက် ရှိပါကုန်သနည်း။</p>
<p><b>ဖြေ။</b> ဇဝနသုတ်ပါဠိတော်၌-</p>
<p>အို-အချင်းတို့--အမှတ်မထင်သော အကြင်ပုဂ္ဂိုလ်တို့သည် ဘုရား၌လည်းကောင်း, တရားတော်၌လည်းကောင်း, သံဃာတော်၌ လည်းကောင်း သက်ဝင်ကြည်ညို ယုံကြည်ခြင်းသဒ္ဓါတရားနှင့် ပြည့် စုံကြကုန်၏၊ မဂဓတိုင်းသား ဘုရားအလုပ်အကျွေးဖြစ်ကြကုန်သော သောတာပန်ဖြစ်ကြကုန်ပြီးသော တရားဖြင့် ယဉ်ကျေးပြီး ဖြစ်ကုန်သော ရှေးလွန်လေပြီးသောကာလက ကွယ်လွန်စုတေ၍ နတ်ပြည်၌ ဖြစ်ကြ ကုန်ပြီးသော ဤဥပပါတ် ပုဂ္ဂိုလ်တို့သည် ၂-သန်း ၄-သိန်း ကျော်ရှိကုန်၏၊</p>
<p>ဤပုဂ္ဂိုလ်တို့၌ သကဒါဂါမ် ပုဂ္ဂိုလ်တို့လည်း ပါရှိကြကုန်၏၊</p>
<p><b>အတ္ထာယံ ဣတရာ ပဇာ၊</b></p>
<p><b>ပုညဘာဂါတိ မေ မနော။</b></p>
<p><b>သင်္ခါတုံ နောပိ သက္ကောမိ၊</b></p>
<p><b>မုသာဝါဒဿ ဩတ္တပံ။</b></p>
<p>အနက်။။ <b>အယံ</b>၊ ဤဆိုအပ်ပြီးသော၂၄၀၀၀၀ဝ (နှစ်သန်း လေးသိန်း)- ကျော်သောပုဂ္ဂိုလ်တို့သည်။ <b>အတ္ထိ</b>=ရှိကုန်၏၊ <b>ဣတရာ</b>၊ ဤ ၂၄၀၀၀၀ဝ-(နှစ်သန်းလေးသိန်း) ကျော်သောပုဂ္ဂိုလ်တို့မှ တစ်ပါး ကုန်သော။ <b>ပဇာ</b>၊လူများအပေါင်းတို့သည်။ <b>ပုညဘာဂါ</b>=သောတာ ပတ္တိယင်္ဂ-တရားနှင့်ပြည့်စုံ၍ အလုံးစုံကုသိုလ်အဖို့ ရှိပြီးသော ပုဂ္ဂိုလ် တို့ချည်းသာတည်း၊ <b>ဣတိ</b>=ဤသို့၊ <b>မေ</b>-အကျွန်ုပ်၏၊ <b>မနော</b>=စိတ် အထင်သည်၊ <b>ဟောတိ</b>=ဖြစ်၏၊ <b>သင်္ခါတုံ</b>၊ ရေတွက်ခြင်းငှါ။ <b>နောပိ သက္ကောမိ</b>၊ တတ်ကားမတတ်နိုင်ပါ၊ <b>မုသာဝါဒဿ</b>၊ ချွတ်ယွင်းစွာ ရေတွက် ပြောဆိုမိခြင်းမှ၊ <b>ဩတ္တပ္ပံ</b>၊ထိတ်လန့်ပါ၏၊</p>
<p>ဤပါဠိတော်ဖြင့် မဂဓတိုင်းမှ စုတေ၍ နတ်ပြည်တို့၌ ဖြစ်ကြ ကုန်သော၊ သောတာပန်,သကဒါဂါမ်တို့သည် ၂၄၀၀၀၀ဝ (နှစ်သန်း လေးသိန်း)ရှိကုန်၏၊ ထိုမှတပါး ဖြည့်ဆည်းပူးအပ်သော ကုသိုလ် ကောင်းမှုရှိကုန်သော ကလျာဏ ပုထုဇဉ်ပုဂ္ဂိုလ်တို့သည် ထိုမဂဓတိုင်း၌ မရေတွက်နိုင်၊ အသင်္ချေယျ ရှိ၏ ဟူ၍ ပြဆိုသည်။</p>
<p>ထိုပြင်လည်း-</p>
<p>နာတိကာမည်သော ရွာငယ်တခု၌ပင်သော်လည်း အနာဂါမ် ပုဂ္ဂိုလ်ပေါင်း ၅-ကျိပ်ကျော်, သကဒါဂါမ် ပုဂ္ဂိုလ်ပေါင်း ၉-ကျိပ်ကျော်, သောတာပန်ပုဂ္ဂိုလ်ပေါင်း ၅၀၀-(ငါးရာ)ကျော် ရှိကုန်၏ ဟူ၍ ထိုထို သုတ္တန်တို့၌ ဆို၏၊</p>
<p>ထိုမှကြွင်းကုန်သော ကာသိတိုင်း, ကောသလတိုင်း, ဝဇ္ဇီတိုင်း, မလ္လာတိုင်း, စေတတိုင်း, ဝံသတိုင်း, ကုရုတိုင်း, ပဉ္စာလတိုင်း, မဇ္ဈတိုင်း, သူရသေနတိုင်း, တို့၌လည်း ရှေးက ကွယ်လွန်ကုန်ပြီး၍၊ ဥပပါတ်ပုဂ္ဂိုလ် ဖြစ်နေကြကုန်သော ဘုရားအလုပ် အကျွေးပေါင်း များစွာတို့ကို မြတ် စွာဘုရား ဟောကြားတော်မူ၏ ဟူ၍ ဆို၏၊</p>
<p>(<b>သုတ္တန်တို့၌ အရေအတွက် သင်္ချာပမာဏကို မည်၍ မည်မျှရှိသည်ဟု အဆိုမရှိချေ။ မိလိန္ဒပဥှာ၌ကား-ကောသလ တိုင်း၌ ၅၀,၃၅၇,ဝဝဝ (ငါးကုဋေ သုံးသိန်း ငါးသောင်း ခုနစ် ထောင်) ရှိ၏ဟူ၍ဆို၏၊</b>)</p>
<p>ဤသို့လျှင် တရားတော်မြတ်သည် မိမိကိုယ်သို့ကပ်၍ ဆောင် ခြင်းကိုပြုခြင်းငှါ ထိုက်သောကြောင့်လည်းကောင်း, သူတစ်ပါးသို့ ကပ်၍ ဆောင်ခြင်းကိုပြုခြင်းငှာ-ထိုက်သောကြောင့်လည်းကောင်း “<b>ဩပ နေယျိက</b>” မည်လေသည်။</p>
<p>(<b>ဩပနေယျိက-ဟူ၍လည်း ရေးသား ရွတ်ဖတ်ကြကုန်၏</b>)</p>
<p><b>လိုရင်း အဓိပ္ပါယ် အကျဉ်းချုပ်</b></p>
<p>ထို'<b>ဩပနေယျိက</b>''ဂုဏ်တော်၏ဆိုလိုရင်းအဓိပ္ပါယ် အကျဉ်းချုပ် မှာ မိမိနှင့်တရားကိုကပ်၍ပြုခြင်းငှါ ထိုက်သောကြောင့်လည်းကောင်း, သူတစ်ပါးနှင့် တရားကို-တရားနှင့် သူတစ်ပါးကိုကပ်၍ ပြုခြင်းငှါ ထိုက်သောကြောင့်လည်းကောင်း “<b>ဩပနေယျိက</b>''မည်၏</p>
<p>(<b>ပုဂ္ဂိုလ်နှင့်တရား- တရားနှင့်ပုဂ္ဂိုလ် ကပ်၍ပြထိုက်သည်-ဟူ၍</b>) စျာန်, အဘိညာဉ်, မဂ်,တရားရှိသောသူသည် ငါ့မှာစျာန် တရားရှိ၏၊ ငါ့မှာအဘိညာဉ်တရားရှိ၏၊ ငါ့မှာမဂ်တရားရှိ၏၊ ငါ့မှာ ဖိုလ်တရားရှိ၏- ဟူ၍ ပုဂ္ဂိုလ်နှင့်တရား ကပ်၍ ပြထိုက်၏၊</p>
<p>ထိုသို့ ပြခြင်းအားဖြင့် သဒ္ဓါးတရား မရှိသောသူသည် တရား တော်၌ သဒ္ဓါတရားဖြစ်ပွား၍လာ၏၊ သဒ္ဓါတရားရှိလျက်နှင့် အားမထုတ် သောသူသည် တရားကပ်သော ပုဂ္ဂိုလ်မြတ်မြင်လျှင် မိမိလည်း ထိုကဲ့သို့ တရားလက်ရှိ ပုဂ္ဂိုလ်ဖြစ်လိုသောကြောင့် အားထုတ်ချင်စိတ်သော်လည်း ပေါ်လာ၏၊ ကိုယ်တိုင်သော်လည်း အားထုတ်ကြိုးစားလေ၏၊ ဤသို့သော အကျိုးတရားများဖြစ် ထွန်းနိုင်လေ၏၊</p>
<p>ဥပစာ။ ။ တိုင်းပြည်ကို အစိုးရခြင်းတည်းဟူသော မင်းအဖြစ် ဂုဏ်ရှိလျှင် ထိုဂုဏ်ကိုမိမိသို့ ကပ်၍ပြောဆိုထိုက်၏၊ ထိုပြင်တစ်စုံတစ်ရာ ရာထူးဂုဏ်သိန်ရှိလျှင် ထိုဂုဏ်သိန်ကို မိမိသို့ကပ်၍ ပြောဆိုထိုက်၏၊ ထိုသို့ပြောဆိုသဖြင့် လူအပေါင်းတို့ ရိုသေကိုင်းညွတ်ခြင်း, ဩဇာအာဏာ ရှိခြင်း စသောအကျိုးများ ဖြစ်ထွန်းလေသကဲ့သို့တည်း။</p>
<p>ပုဂ္ဂိုလ်နှင့်တရားကို ကပ်၍ ပြောဆိုညွန်ပြထိုက်သောကြောင့် မြတ်စွာဘုရား ကိုယ်တော်တိုင်ပင် မိမိ၌ မည်သည့် တရားရှိကြောင်း မည်သည့်ပုဂ္ဂိုလ်၌ မည်သည့်တရားထူး ရှိကြောင်းကို အကြောင်းအခွင့် သင့်သည့် အခါ ပြောကြားညွန်ပြတော်မူလေသည်။</p>
<p><b>ဩပနေယျိက ဂုဏ်တော် ပြီး၏၊</b></p>
<p>---</p>
<h3><b>ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ ဂုဏ်တော်</b></h3>
<p><b>အသီးအသန့် “သင်းသီး“</b> ကို <b>ပစ္စတ္တံ</b> ဆိုသည်။</p>
<p>ပဋိသန္ဓေကပင် ဉာဏ်နှင့် ယှဉ်၍လာသော <b>တိဟိတ်ပုဂ္ဂိုလ်</b>ကို <b>ဝိညူ</b>ဆိုသည်။</p>
<h3><b>ဝိညူနှင့် ပဏ္ဍိတ ၂-ပါးအထူး</b></h3>
<p><b>ပဋိသန္ဓိယံ ဇာတိပညာဝသေန ဝိညူ။</b><br>
<b>ပဝတ္တိယံ ဒိဋ္ဌ, သုတ, စိန္တာ ပညာဝသေန ပဏ္ဍိတော။</b></p>
<p>၁။ ပဋိသန္ဓေအခါ၌ ဇာတိအားဖြင့် ဉာဏ်ပါလာသူကို <b>ဝိညူ</b> ခေါ်သည်။<br>
၂။ ပဝတ္တိအခါမြင်မှု, ကြားမှု, ကြံစည်မှုဖြင့် ပညာရှိ၍ လာသော သူကို <b>ပဏ္ဍိတ</b> ခေါ်သည်။</p>
<p>ဝိညူဇာတ်ရှိ၍ ပဋိသန္ဓေက ဉာဏ်ပါ၍လာသော သူတို့သည်သာလျှင် အသီးအခြား သင်းသီးပြု၍ သိသင့် သိထိုက်၏၊ ပညာမဲ့သော သူတို့နှင့် မတန်မရာ မသက်ဆိုင်၊ ထို့ကြောင့် တရားတော်သည် <b>“ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ”</b> မည်၏။</p>
<p>တစ်တည်းကား-ပညာရှိသူတို့သာလျှင် သင်းသီးပြု၍ သိသင့် သိထိုက်၏အဖြစ်ဖြင့် ကိုယ်တွေ့ လက်တွေ့ ထိထိရောက်ရောက် ခံစားသင့် ခံစားထိုက်ကြောင့် <b>“ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ”</b> မည်၏။</p>
<p>တစ်နည်းကား- ကြည်ညိုကာမျှ ယုံကြည်ကာမျှတွင်သာ မရပ်မူ၍ ပညာရှိတို့သည် ကိုယ်တွေ့ မျက်မှောက်-ဒိဋ္ဌ ဉာဏ်မြင်ထိ၍ သိသင့် သိထိုက်သောကြောင့် <b>“ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ”</b> မည်၏။</p>
<p>ပညာရှိတို့နှင့်သာလျှင် သက်ဆိုင်သည် ပညာမဲ့သူတို့နှင့် မဆိုင်</p>
<p><b>မေး။</b> အဘယ်သို့လျှင် ဤတရားကို ပညာရှိတို့သာလျှင် သင်းသီးအနေအားဖြင့် သိသင့် သိထိုက်သနည်း၊ ပညာမဲ့သော သူတို့နှင့် မတန်မရာ မသက်ဆိုင်ဘဲ ဖြစ်ပါသနည်း။</p>
<p><b>ဖြေ။</b> စျာန်သမာပတ်တရား, မဂ်, ဖိုလ်, နိဗ္ဗာန်-ဟူသော တရားတို့သည် လွန်စွာနက်နဲလှ၏၊ သာမန် လူသားတို့သည် ကိုယ်တိုင် သိမည်ဝေးစွ၊ သေချာစွာ ဟောပြ၍ ကြားနာရသော်လည်း နားလည် ရန်ပင် လွန်စွာခဲယဉ်းလှလေ၏။</p>
<p>ပဋိသန္ဓေကပါရှိသော ဇာတိဉာဏ်နှင့် ပြည့်စုံသူမဟုတ်ပါလျှင် အခြားသော လောကီ အရေးအရာတို့၌ မည်မျှလောက်ပင် ထိုးထွင်း၍ ဉာဏ်သွားစေကာမူ နက်နဲသောတရားနှင့် တွေ့ကြုံသောအခါ ကြက်ဥ တွင် အစရှာ၍ မရသကဲ့သို့ တွေဝေမှိုင်ငေးလျက် နေကြရလေကုန်၏။</p>
<p>နက်နဲသော တရား အာရုံတွင်းသို့ သွင်း၍ ဉာဏ်ကို အလုပ်ပေး သောအခါ ထိုဉာဏ်၏ အရည်အချင်း အတိမ်အနက် အနုံ့ အထက်ကို သိနိုင်လေသည်။</p>
<p>ဇာတိဉာဏ်, ပင်ကိုယ်ဉာဏ်များသည် နက်နဲသော အရာဌနကို သိမြင်မှုဖြင့် တွေ့ကြုံလေလေ အစွမ်းထက် လေလေဖြစ်၏၊ ဇာတိဉာဏ်, ပင်ကိုဉာဏ်မဟုတ်သော ပဝတ္တိဉာဏ်များသည် ရေတိမ်သွား သင်္ဘော ကဲ့သို့ ခပ်တိမ်တိမ် အရေးအရာတွင် လွန်စွာလျင်မြန်စူးရှ၍ နေစေကာမူ နက်နဲသော အရာဌာနကို သိမြင်စူးရှ ထိုးထွင်းရန် ကိစ္စနှင့် တွေ့ကြုံ သည်ရှိသော် အစွမ်းမထက်နိုင်ဘဲ ပျော့ခွေတွန့်ဆုတ်၍သာ နေ လေသည်။</p>
<p>ဥပမာ။ ။သံမဏိ သံကောင်းဖြင့် ပြုလုပ်အပ်သော ဓား, သံညံ့ဖြင့်ပြုလုပ်အပ်သော ဓား ၂-စင်းကို ကျောက်ကောင်းကောင်းဖြင့် သွေး၍ထားရာ အသွေးကောင်းသည့်အတွက် အထက်ချင်းတူမျှသကဲ့သို့ ရှိလေ၏၊ သို့ရာတွင် မာသော သစ်သားတို့ကို ခုတ်ပိုင်း၍ ယှဉ်ကြည့်ရာ တွင်</p>
<p>၁။ သံညံ့ဖြင့်ပြုအပ်သော ဓားသည် အသွားကြွေလိပ်၍ မိမိကိစ္စ ကို မရွက်ဆောင်နိုင်ဘဲ တွန့်ဆုတ်ရလေ၏၊<br>
၂။ သံမဏိဖြင့် ပြုလုပ်အပ်သော ဓားမူကား မာသောသစ်သားကို မိမိအသွားဖြင့် ဝါး၍ ရဲရဲဝံ့ဝံ့ မဆုတ်မနစ် မိမိ၏ ဖြတ်တောက်ခြင်းကိစ္စကို ပြီးစီးအောင် ဆောင်ရွက်လေ၏၊</p>
<p>ဤဥပမာကဲ့သို့ နက်နဲသော တရားသဘောကို ကြံစည်မှု, သိမြင်မှုအရာ၌ ဇာတိဉာဏ်, ပဝတ္တိ ၂-ပါးတို့၏ ခြားနားပုံကို သိအပ်၏။</p>
<p>သို့ဖြစ်၍ နက်နဲသော တရားတော်များသည် ပညာရှိပုဂ္ဂိုလ်တို့သာလျှင် အသီးအခြားပြု၍ သိသင့်သိထိုက်သော အရာဖြစ်၏၊ ပညာမဲ့ပုဂ္ဂိုလ်တို့၏ သိနိုင်သော အရာမဟုတ်ပေ၊ ဤသို့ ပညာရှိတို့သာလျှင် သင်းသီး အဖြစ်ဖြင့် သိသင့် သိထိုက်ကြောင်းကို အင်္ဂုတ္တရပါဠိတော် တတိယဝဂ် မဟာဝိတက္ကသုတ်ဖြင့် သိအပ်၏။</p>
<p>ယောကျ်ားမြတ်တို့သာ ကြံစည်ရာဖြစ်သော မဟာပုရိသ ဝိတက်တို့ကို ကြံစည်၍နေသော အရှင်အနုရုဒ္ဓါအား မြတ်စွာဘုရားသည် ဤသို့မိန့်တော်မူ၏၊</p>
<p>''အို- ချစ်သား အနုရုဒ္ဓါ- ကောင်းပေစွ ကောင်းပေစွ၊ အိုချစ်သား အနုရုဒ္ဓါ-သင်သည် မဟာပုရိသ ဝိတက်တို့ကို ကြံစည်၍ နေ ဘိ၏၊ ကောင်းပေစွတကား” ဟု မိန့်တော်မူ၏။</p>
<h3><b>မဟာပုရိသ ဝိတက် ၈-ပါး</b></h3>
<p>၁။ <b>အပ္ပိစ္ဆဿာယံ ဓမ္မော၊ နာယံ ဓမ္မော မဟိစ္ဆဿ။</b><br>
ဤတရားသည် အလိုနည်းသော ပုဂ္ဂိုလ်မြတ်၏ တရားဖြစ်၏၊<br>
ဤတရားသည် အလိုကြီးသောပုဂ္ဂိုလ်၏ တရားမျိုးမဟုတ်။</p>
<p>၂။ <b>သန္တုဋ္ဌဿာယံ ဓမ္မော၊ နာယံ ဓမ္မော အသန္တုဋ္ဌဿ။</b><br>
ဤတရားသည် ရောင့်ရဲ တင်းတိမ်လွယ်သော ပုဂ္ဂိုလ်မြတ်၏<br>
တရားဖြစ်၏၊ ဤတရားသည် မရောင့်ရဲ မတင်းတိမ်သော ပုဂ္ဂိုလ်၏ တရားမျိုးမဟုတ်။</p>
<p>၃။ <b>ပဝိဝတ္တဿာယံ ဓမ္မော၊ နာယံ ဓမ္မော သင်္ဂဏိကာရာမဿ။</b><br>
ဤတရားသည် ဆိတ်ဆိတ်ငြိမ်ငြိမ် နေလေ့ရှိသော ပုဂ္ဂိုလ်မြတ်၏ တရားဖြစ်၏၊ ဤတရားသည် အပေါင်းအသင်းနှင့် မွေ့လျော်၍ ပြိုးပြွမ်း ရှုတ်ထွေးစွာ နေလေ့ရှိသော ပုဂ္ဂိုလ်၏ တရားမျိုးမဟုတ်။</p>
<p>၄။ <b>အာရဒ္ဓဝီရိယဿာယံ ဓမ္မော၊ နာယံ ဓမ္မော ကုသီတဿ။</b><br>
ဤတရားသည် အားထုတ်ကြိုးစား၍နေသော ပုဂ္ဂိုလ်မြတ်၏ တရားဖြစ်၏၊ ဤတရားသည် ပျင်းရိပေါ့တန်စွာနေသော ပုဂ္ဂိုလ်၏ တရားမျိုးမဟုတ်။</p>
<p>၅။ <b>ဥပဋ္ဌိတဿတိဿာယံ ဓမ္မော၊ နာယံ ဓမ္မော မုဋ္ဌဿတိဿ။</b><br>
ဤတရားသည် အောက်မေ့လက်စွဲ သတိမြဲသော ပုဂ္ဂိုလ်မြတ်၏ တရားဖြစ်၏၊ ဤတရားသည် ပေါ့လျော့ ချွတ်ယွင်း သတိကင်းသော ပုဂ္ဂိုလ်၏ တရားမျိုးမဟုတ်။</p>
<p>၆။ <b>သမာဟိတဿာယံ ဓမ္မော၊ နာယံ ဓမ္မော အသမာဟိတဿ။</b><br>
ဤတရားသည် တည်ကြည်ခိုင်ခံ့သော ပုဂ္ဂိုလ်မြတ်၏ တရား ဖြစ်၏၊ ဤတရားသည် မတည်ကြည် မခိုင်ခံ့သော ပုဂ္ဂိုလ်၏ တရားမျိုး မဟုတ်။</p>
<p>၇။ <b>ပညဝတောယံ ဓမ္မော၊ နာယံ ဓမ္မော ဒုပ္ပညဿ။</b><br>
ဤတရားသည် ပင်ကိုထက်သန် ဇာတိဉာဏ်ရှိသော ပုဂ္ဂိုလ် မြတ်၏ တရားဖြစ်၏၊ ဤတရားသည် ပညာမဲ့သော ပုဂ္ဂိုလ်၏ တရားမျိုး မဟုတ်။</p>
<p>(ဤ ၇-ပါးကား အရှင်အနုရုဒ္ဓါ ကြံစည်၍နေသော မဟာပုရိသ ဝိတက် ၇-ပါးတည်း၊ ဆိုလတ္တံ့သော ၈-ခုမြောက်တရားကို မြတ်စွာဘုရား ဖြည့်စွက်တော်မူ၏၊)</p>
<p>''အို-ချစ်သား အနုရုဒ္ဓါ-ထိုသို့ကြံစည်၍နေလျှင် ၈-ခုမြောက် သော ဤမဟာပုရိသဝိတက်ကိုလည်း ကြံစည်လေဦးလော့။''</p>
<p>၈။ <b>နိပ္ပပဉ္စဿာယံ ဓမ္မော၊ နာယံ ဓမ္မော ပပဉ္စာရာမဿ။</b><br>
ဤတရားသည် သံသရာတခွင်ဝယ် အကျယ်မကြိုက် အကျဉ်း လိုက်သော ပုဂ္ဂိုလ်မြတ်၏ တရားဖြစ်၏၊ ဤတရားသည် သံသရာ တခွင်ဝယ် အကျဉ်းမကြိုက် အကျယ်လိုက်သော ပုဂ္ဂိုလ်၏ တရားမျိုး မဟုတ်။</p>
<p>(ဤမဟာပုရိသအရာ၌ ဓမ္မဆိုသည်ကို မဂ်, ဖိုလ်, နိဗ္ဗာန် တရား၊ စျာန်, သမာဓိ, သမာပတ္တိ တရားများကို ယူအပ်၏၊)</p>
<h3><b>ပဏ္ဍိတဓမ္မ</b></h3>
<p>ထိုမှတပါး ကုသိုလ်ကံမြောက်ကြောင်းဖြစ်သော ကုသလကမ္မ ပထတရား ၁၀-ပါးသည် ပညာရှိတို့ ချီးမွမ်းအပ်သော <b>“ပဏ္ဍိတဓမ္မ”</b> ဖြစ်၏၊ ဒါနသည်လည်း ပညာရှိတို့ ချီးမွမ်းအပ်သော <b>“ပဏ္ဍိတဓမ္မ”</b> ဖြစ်၏၊ သီလ, အဋ္ဌင်္ဂဥပေါသထသည်လည်း ပညာရှိတို့ ချီးမွမ်းအပ်သော <b>“ပဏ္ဍိတဓမ္မ”</b> ပင်ဖြစ်၏၊ ထို့အတူ သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ခြင်း, သူတော် ကောင်းတို့၏ တရားကို ကြားနာခြင်း, အသင့်အတင့် နှလုံးသွင်းခြင်း, တရားတော် အားလျော်သောအကျင့်တို့ကို ကျင့်ခြင်းတို့သည်လည်း ပညာရှိတို့ ချီးမွမ်းအပ်သော <b>“ပဏ္ဍိတဓမ္မ''</b>တို့ပင် ဖြစ်ကုန်၏။</p>
<p>တိကင်္ဂုတ္တရ ပါဠိတော်၌</p>
<p><b>တီဏိမာနိ ဘိက္ခဝေ ပဏ္ဍိတပညတ္တာနိ သပ္ပုရိသ ပညတ္တာနိ၊ ဒါနံ ဘိက္ခဝေ ပဏ္ဍိတပညတ္တံ သပ္ပုရိသပညတ္တံ၊</b></p>
<p><b>ပဗ္ဗဇ္ဇာ။ ပ။ မာတာပိတုဥပဋ္ဌာနံ ပဏ္ဍိတပညတ္တံ သပ္ပုရိသပညတ္တံ။</b></p>
<p><b>အနက်။</b> ။ ဘိက္ခဝေ၊ ရဟန်းတို့။ ပဏ္ဍိတပညတ္တာနိ၊ ပညာရှိတို့ ပညတ်အပ်ကုန်သော။ သပ္ပုရိသ ပညတ္တာနိ၊ သူတော်ကောင်း တို့ ပညတ်အပ်ကုန်သော တရားမျိုးတို့သည်။ ဣမာနိ တီဏိ၊ ဤဆိုလတ္တံ့ သော ၃-ပါးတို့ပေတည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ ဒါနံ၊ အလှူဒါနကို။ ပဏ္ဍိတပညတ္တံ၊ ပညာရှိတို့ ပညတ်အပ်၏၊ သပ္ပုရိသပညတ္တံ၊ သူတော် ကောင်းတို့ ပညတ်အပ်၏၊ ပဗ္ဗဇ္ဇာ၊ ရဟန်းအဖြစ်ကို။ ပဏ္ဍိတ ပညတ္တာ၊ ပညာရှိတို့ ပညတ်အပ်၏၊ သပ္ပုရိသပညတ္တာ၊ သူတော် ကောင်းတို့ ပညတ်အပ်၏၊ မာတာပိတုဥပဋ္ဌာနံ၊ မိခင်, ဖခင်တို့အား လုပ်ကျွေး ခစားခြင်းကို။ ပဏ္ဍိတပညတ္တံ၊ ပညာရှိတို့ ပညတ်အပ်၏၊ သပ္ပုရိသ ပညတ္တံ၊ သူတော်ကောင်းတို့ ပညတ်အပ်၏။</p>
<p>ဤပါဠိတော်၌လာသော အလှူဒါန, ရဟန်းအဖြစ်, မိဘတို့အား လုပ်ကျွေးခြင်း တရား ၃-ပါးတို့ သည်လည်း ပညာရှိတို့ ချီးမွမ်းအပ်သော <b>“ပဏ္ဍိတဓမ္မ”</b> တို့သာ ဖြစ်ကြကုန်၏။</p>
<p>ထို့ပြင်လည်း- <b>“ပဉ္စိမာနိ ဘိက္ခဝေ ဒါနာနိ မဟာဒါနာနိ”</b> စသည် ဖြင့် ၅-ပါးသီလကို ဒါနကြီး ၅-ပါးဟူ၍ မြတ်စွာဘုရား ဟောကြား တော်မူ၏။</p>
<p>ထိုမှတပါး ဉာဏ်ပညာကို ဖြစ်ပွါးစေတတ်သော ကိုသိုလ် အမှုတို့သည်လည်း ရှိကုန်၏၊ ထိုဆိုပြီး အလုံးစုံသော တရားကောင်း, တရားမြတ်တို့သည် ပညာရှိတို့ ချီးမွမ်းအပ်သော <b>“ပဏ္ဍိတဓမ္မ''</b>တို့ ဖြစ်ကုန်၏၊ ထိုတရားတို့သည် ပညာရှိတို့သည် သင်းသီးပိုင်အဖြစ်ဖြင့် သိသင့်သိထိုက်သော တရားတို့သာလျှင် ဖြစ်ကုန်၏၊ <b>“ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ”</b> ပင် မည်ကုန်၏။</p>
<h3><b>တစ်နည်း ပြဆိုချက်</b></h3>
<p>''<b>ဝေဒိတဗ္ဗော</b>” ဟူသောပုဒ်ကို “ခံစားအပ်သည်” ဟူသော အနက်ကြံ၍ တရားတော်၌ရှိသော အနက် အဓိပ္ပါယ်၏ အရသာ, ပါဠိ၏ အရသာများကို ပညာရှိသော ပုဂ္ဂိုလ်တို့သည်သာလျှင် သင်းသီးအဖြစ်ဖြင့် ခံစားသင့် ခံစားထိုက်သောကြောင့် တရားတော်သည် <b>“ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ''</b>မည်၏။</p>
<p>တရားတော်၌ရှိသော အနက်အရသာ, ပါဠိအရသာများကို သာမညကံ, သာမညဉာဏ်, သာမည ပါရမီရှိသော ပုဂ္ဂိုလ်တို့ ခံစားခြင်း ငှါထိုက်သည် မဟုတ်ကြကုန်၊ <b>“သဗ္ဗရသံ ဓမ္မရသံ ဇိနာတိ”</b> ဟူ၍ ဟောတော်မူသော အတိုင်း ၃-ပါးသော လောက၌ ရှိရှိသမျှသော အရသာတို့တွင် တရားအရသာ, ဓမ္မရသသည် အထွတ်အထိပ်ဆုံး အသာလွန်ဆုံးဖြစ်၏၊ ထိုသို့ ထွတ်မြတ်သော သာလွန်သော တရား အရသာသည် သာမည ဗာလပုဂ္ဂိုလ်တို့၏ အရာမဟုတ်၊ ပညာရှိတို့အား အသီးအခြား သက်ဆိုင်သော အရသာ ဖြစ်လေသည်။</p>
<p>(ဤသို့သော အဓိပ္ပါယ်ကို ပဉ္စင်္ဂုတ္တရပါဠိတော် ဗြာဟ္မဏဝဂ်၌ ဆိုလတ္တံ့သော သုတ်ဖြင့် သိအပ်၏)</p>
<h3><b>ပါဠိတော် မြန်မာပြန်</b></h3>
<p>တစ်ရံသောအခါ ဝေသာလီပြည်၌ ကာရဏပါလိ မည်သော ပုဏ္ဏားသည် ပိင်္ဂီယာနိ-မည်သော ပုဏ္ဏားကို မေးမြန်းလေ၏၊ မေးမြန်းပုံ။ အို-အရှင်ပိင်္ဂီယာနိ-အဘယ်ကဲ့သို့ အကျိုးအစွမ်း ကိုမြော်မြင်သောကြောင့် ရဟန်းဂေါတမ၌ ဤမျှလောက် အလွန်ကြည် ညိုပါသနည်း- ဟူ၍ မေးလေ၏၊</p>
<p>ဖြေပုံ။ ။အို-ကာရဏပါလိပုဏ္ဏား- ဥပမာသော်ကား မွန်မြတ် သော အရသာဖြင့်သာလျှင် တင်းတိမ် ရောင့်ရဲလေ့ရှိသော ယောကျ်ား သည် မွန်မြတ်သော အရသာတို့မှတစ်ပါး ယုတ်ညံ့သော အရသာတို့ဖြင့် မနှစ်သက်နိုင်, တင်းမတိမ်နိုင်, မရောင့်ရဲနိုင်ဘိသကဲ့သို့ ထို့အတူပင်လျှင် ထိုအရှင်ဂေါတမ၏ တရား တော်မြတ်ကို အကြင်အကြင်သို့သော</p>
<p>(က) သုတ္တ အားဖြင့်လည်းကောင်း,<br>
(ခ) ဂေယျအားဖြင့်လည်းကောင်း,<br>
(ဂ) ဝေယျာကရဏအားဖြင့်လည်းကောင်း,<br>
(ဃ) အဗ္ဘုတဓမ္မ အားဖြင့်လည်းကောင်း ကြားနာရ၏၊ ထိုထို သို့သော အခြင်းအရာအားဖြင့် တစ်ပါးကုန်သော ရဟန်းပုဏ္ဏား တို့၏ ဟောပြောချက် တရားစကားတို့ကို ရောင့်ရဲတင်းတိမ် နှစ်သက်ခြင်း မဖြစ်နိုင်။</p>
<h3><b>ဥပမာ တစ်နည်းသော်ကား</b></h3>
<p>ငတ်မွတ်ခြင်း, အားနည်းခြင်းဖြင့် နှိပ်စက်အပ်သော ယောကျ်ား သည် ပျားလပို့စိုင်တစ်ခုကို ရလေရာ၏၊ ထိုယောကျ်ားသည် ထိုပျား လပို့စိုင်ကို အကြင်အကြင်နေရာမှ လျက်လေရာ၏၊ ထိုထို လျက်ရာဌာနမှ အရသာတစ်ပါး ပူဖွယ်လောင်ဖွယ်မရှိသော အချိုစင်ဖွယ်မရှိသော ပျားအရသာကို ရရှိသုံးဆောင်ရလေရာ၏၊</p>
<h3><b>ဥပမာ တစ်နည်းသော်ကား</b></h3>
<p>နံ့သာကို အလိုရှိသော ယောကျ်ားတစ်ဦးသည် နံ့သာတုံးတစ်ခုကို ရလေရာ၏၊ ထိုယောကျ်ားသည် ထိုနံ့သာတုံးကို အရင်းမှသော်လည်း ကောင်း, အလယ်မှသော်လည်းကောင်း, အဖျားမှသော်လည်းကောင်း အကြင်အကြင်နေရာဌာနမှ နမ်းရှုပ်လေရာ၏၊ ထိုထိုနမ်းရှုပ်ရာအရပ်မှ အမွှေးတစ်ပါးလောင်းစွက်ဖွယ် မရှိသော ပကတိအနံ့ကောင်းကို ရလေ ရာ၏။</p>
<p>ဤသို့လျှင် ဤတရားတော်ကို ပညာရှိဇာတ်မဟုတ်သော ဗာလ ပုဂ္ဂိုလ်တို့ခံစားသင့် ခံစားထိုက်သည် မဟုတ်၊ စင်စစ်အား ဖြင့်သော်ကားပညာရှိပုဂ္ဂိုလ်တို့သည်သာလျှင် အသီးအခြားအားဖြင့် သိအပ် ခံစား အပ်သောကြောင့် <b>ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ”</b> ဟူ၍ဆိုအပ်ပေသည်။</p>
<h3><b>တနည်းပြဆိုချက်</b></h3>
<p>''<b>ပစ္စတ္တံဝေဒိတဗ္ဗော</b>” ဟူသောပုဒ်၌ ပစ္စတ္တ-သဒ္ဒါကို “ကိုယ်တိုင် မျက်မှောက် ကိုယ်တွေ့ ဒိဋ္ဌ''ဟူသော အနက်ဟောကြံ၍ ပညာရှိပုဂ္ဂိုလ် တို့သည် ယုံကြည်ကာမျှ နှစ်သက်ကာမျှ တစ်ဆင့်စကား ကြားရုံမျှ အခြင်းအရာ ကြံစည်ရုံမျှ အမှတ်အယူဖြင့် ရှုစား၍ သဘောကြိုက်ညီရုံမျှ နှင့်သာ မဟုတ်ဘဲ တရားတော်မြတ်ကို ကိုယ်တွေ့ ဒိဋ္ဌအားဖြင့် သိအပ် သိထိုက်သောကြောင့် <b>“ပစ္စတ္တံဝေဒိတဗ္ဗော-ဝိညူဟိ''</b>ဟူ၍ဆိုအပ်၏။</p>
<p>နိဒါဝဂ္ဂသံယုတ် ပါဠိတော်၌ အရှင်ပဝိဋ္ဌ မထေရ်က အရှင်မုသိလ ကို ပြောဆိုသောစကားရပ်တွင်</p>
<p><b>အညတြေဝ အာဝုသော မုသိလ သဒ္ဓါယ၊ အညတြ</b></p>
<p><b>ရုစိယာ၊ အညတြ အနုဿဝါ၊ ပညတြ အာကာရ ပရိဝိတက္ကာ၊ အညတြ ဒိဋ္ဌိနိဇ္ဈာနခန္တိယာ၊ အတ္ထိ အာယသ္မတော မုသိလဿ ပစ္စတ္တမေဝ ဉာဏံ ဇာတိပစ္စယာ ဇရာမရဏန္တိ။</b></p>
<p>ဟူ၍ ဟောတော်မူချက် ရှိ၏။</p>
<p>ထိုပါဠိတော်၌ ပစ္စတ္တ-သဒ္ဒါသည် ကိုယ်တိုင်လက်တွေ့ ဟူသော အနက်ကိုဟော၏၊ ပစ္စတ္တ-သဒ္ဒါဖြင့် ယုံကြည်ကာမျှဖြစ်သော သဒ္ဓါ အစရှိသည့် တရားငါးပါးတို့ကို နစ်စေ၏၊ မြစ်ပယ်၏။</p>
<p><b>အနက်။</b> အာဝုသော မုသိလ=ငါ့ရှင် မုသိလ၊ သဒ္ဓါယ=ယုံကြည် ကာမျှကို၊ အညတြေဝ=ကြဉ်၍သာလျှင်၊ ရုစိယာ=နှစ်သက်ရုံမျှကို၊ အညတြ=ကြဉ်၍သာလျှင်၊ အနုဿဝါ=တစ်ဆင့်စကား ကြားရခြင်းကို၊ အညတြ=ကြဉ်၍သာလျှင်၊ အာကာရပရိဝိတက္ကာ=အခြင်းအရာ ထွေ ထွေလာလာ ကြံစည်ခြင်းကို၊ အညတြ=ကြဉ်၍သာလျှင်၊ ဒိဋ္ဌိနိဇ္ဈာန ခန္တိယာ=မိမိအထင်ဖြင့် ဆင်ခြင်သဘောကျခြင်းကို၊ အညတြ=ကြဉ်၍ သာလျှင်၊ အာယသ္မတော မုသိလဿ=ငါ့ရှင် မုသိလအား၊ ဇာတိပစ္စယာ= ဇာတိဟူသော အကြောင်းကြောင့်၊ ဇရာ မရဏန္တိ=ဇရာ မရဏဖြစ်၏ ဟူ၍၊ ပစ္စတ္တမေဝ=ကိုယ်တွေ့ဒိဋ္ဌိသာလျှင်ဖြစ်သော၊ ဉာဏံ=အသိဉာဏ် သည်၊ အတ္ထိ=ရှိ၏။</p>
<h3><b>ရှင်မုသိလစကား</b></h3>
<p>ရှင်မုသိလက ပြန်၍ဆိုသော စကားရပ်တွင်လည်း</p>
<p><b>အညတြေဝ အာဝုသော ပဝိဋ္ဌ သဒ္ဓါယ၊ အညတြ ရုစိယာ၊ အညတြ အနုဿဝါ၊ အညတြ အာကာရ ပရိဝိတက္ကာ၊ အညတြ ဒိဋ္ဌိနိဇ္ဈာနခန္တိယာ၊ အဟမေတံ ဇာနာမိ၊ အဟမေတံ ပဿမိ၊ ဇာတိပစ္စယာ ဇရာမရဏန္တိ-ဟူ၍ဟောတော်မူ၏။</b></p>
<p><b>အနက်။</b>။ အာဝုသော ပဝိဋ္ဌ=ငါ့ရှင်ပဝိဋ္ဌ၊ သဒ္ဓါယ=ယုံကြည် ကာမျှကို၊ အညတြေဝ=ကြဉ်၍သာလျှင်၊ ရုစိယာ=နှစ်သက်ရုံမျှကို၊ အညတြ=ကြဉ်၍သာလျှင်၊ အနုဿဝါ=တစ်ဆင့်စကားကြားရခြင်းကို၊ အညတြ=ကြဉ်၍သာလျှင်၊ အာကာရပရိဝိတက္ကာ=အခြင်းအရာ ထွေ ထွေလာလာ ကြံစည်ခြင်းကို၊ အညတြ=ကြဉ်၍သာလျှင်၊ ဒိဋ္ဌိနိဇ္ဈာန ခန္တိယာ=မိမိအထင်ဖြင့် ဆင်ခြင်သဘောကြခြင်းကို၊ အညတြ=ကြဉ်၍ သာလျှင်၊ ဇာတိပစ္စယာ=ဇာတိဟူသောအကြောင်းကြောင့်၊ ဇရာမရဏန္တိ= ဇရာမရဏဖြစ်၏-ဟူ၍၊ ဧတံ=ဤသဘောကို၊ အဟံ=ငါကိုယ်တိုင်၊ ဇာနာမိ=သိ၏၊ ဧတံ=ဤသဘောကို၊ အဟံ=ငါကိုယ်တိုင်၊ ဇာနာမိ=သိ၏၊ ဧတံ=ဤသဘောကို၊ အဟံ=ငါကိုယ်တိုင်၊ ပဿာမိ=မြင်၏၊</p>
<p>ဤပါဠိတော် စကားရပ်၌</p>
<p>''<b>အဟမေတံ ဇာနာမိ</b>” ဟူသော ပါဌ်ဖြင့် <b>ပစ္စတ္တဉာဏ်</b>ကို ပြ၏၊ ကိုယ်တိုင်ဒိဋ္ဌ တွေ့မြင်ရရှိခြင်း မျက်မှောက်ပြုခြင်းကို <b>သစ္ဆိ ကရဏ-</b>ဟူ၍လည်းကောင်း, <b>အတ္တပစ္စက္ခ-</b>ဟူ၍ လည်းကောင်း, <b>ပစ္စတ္တ</b>ဟူ၍လည်းကောင်း ဆို၏၊ ယုံကြည်ကာမျှ နှစ်သက်ကာမျှ တစ်ဆင့်ကြား ကာမျှတို့ကို <b>ကစ္စတ္တ, သစ္ဆိကရဏ, အတ္တပစ္စက္ခ-</b>ဟူ၍ မဆိုနိုင်။</p>
<h3><b>သဒ္ဓါ, ရုစိ, အနုဿဝ, အာကာရ, ပရိဝိတက ဒိဋ္ဌိနိဇ္ဈာနခန္တိ ၅-ပါးတို့၏ သဘောအထူး</b></h3>
<p>၁။ ယုံကြည်ခြင်းမျှသည် <b>သဒ္ဓါ</b> မည်၏၊ ထိုသဒ္ဓါဖြင့် ယုံကြည်၍ နေမှုသည်လည်း အသိညဏ် မဟုတ်၊ ပုဂ္ဂိုလ်ခင်မှ တရားကို မင်-ဆိုသောစကားကဲ့သို့ ပုဂ္ဂိုလ်ကို ယုံကြည်နေလျှင် ထိုပုဂ္ဂိုလ်ပြော သမျှတို့ကို ယုံကြည်၍ နေတတ်၏၊ ထိုသို့ယုံကြည်မှု၌ ထိထိမိမိ အသိဉာဏ် မသက်ဝင်ချေ။</p>
<p>၂။ နှစ်သက်ခြင်းသည် <b>ရုစိ</b> မည်၏၊ သဘောကျခြင်း ပေတည်း၊ ထိုနှစ်သက်ခြင်းသည် မှန်သည်ဖြစ်စေ, မှားသည်ဖြစ်စေ စိတ်ညွတ်ကိုင်းသည်အတိုင်း အဟုတ်ထင်၍ နှစ်သက်တတ်၏၊ ထို့ ကြောင့် ထိုရုစိ-ဟုဆိုအပ်သော နှစ်သက်ခြင်းကိုလည်း ထိထိမိမိ အသိဉာဏ် သဘောမှန်-ဟူ၍ မဆိုနိုင်။</p>
<p>၃။ တစ်ဆင့်စကား ကြားရခြင်းသည် <b>အနုဿဝ-</b>မည်၏၊ ကြားရသောအတိုင်း မှတ်သားခြင်းသည်လည်း အသိဉာဏ်မဟုတ်၊ ကိုယ်တိုင်ဉာဏ်ဖြင့် ထိထိမိမိ ဆုံးဖြတ်နိုင်သောအရာမဟုတ်။</p>
<p>၄။ အခြင်းအရာ ထွေထွေလာလာ ကြံစည်ခြင်းသည် <b>အာကာရပရိဝိတက္က</b>မည်၏၊ ထိုသို့ ထွေထွေလာလာ ကြံစည်၍ ထင်မြင် လာသော အချက်များသည်လည်း အသိဉာဏ်အစစ်မဟုတ်၊ ဝိတက်၏ အရှိန် အစော်ဖြင့် ပေါ်မိပေါ်ရာ, ထင်မိထင်ရာ ဖြစ်ပေါ်လာတတ်သည်၊ ဝိတက်ဖြင့် ထွေထွေလာလာ ကြံစည်ထင်မြင်ချက်နှင့် ဉာဏ်ဖြင့် ကိုယ် တွေ့ဒိဋ္ဌ ထင်မြင်ချက်သည် အလွန်ခြားနား၏။</p>
<p>၅။ မိမိစိတ်သဘော ထင်မြင်ချက်ဖြင့် ကြံစည်တွေးဆ သဘောကျ၍နေခြင်းသည် <b>ဒိဋ္ဌိနိဇ္ဈာနခန္တိ-</b>မည်၏၊ ထို <b>ဒိဋ္ဌိနိဇ္ဈာနခန္တိ</b>သည်လည်း အသိဉာဏ်မဟုတ်၊ စိတ်သန္တာန်၌ ထင်မိထင်ရာ စိတ်ညွတ် ကိုင်းမိရာ ထင်မြင်သဘောကျ၍ လာတတ်သည်။</p>
<p>ဥပမာ။ လောကကို ဣဿရအရှင် ဖန်ဆင်းသည်ဟူ၍ ဣဿရ နိမ္မာနဒိဋ္ဌိ အရင်းခံရှိနေသူသည် ထိုအဟူကို မူလထား၍ ရှုစားဆင်ခြင် သောအခါ ထင်မိထင်ရာ မိမိအယူအားလျော်စွာ ထင်မြင်၍ လာတတ် သည်၊ ထိုကြောင့် <b>ဒိဋ္ဌိနိဇ္ဈာနခန္တိ-</b>သည်လည်း ထိထိမိမိ အသိဉာဏ် မဟုတ်ချေ။</p>
<p><b>ဒိဋ္ဌိနိဇ္ဈာနခန္တိ-</b>ဟူသော စကား၌</p>
<p>(က) ထင်မြင်ချက်သည် <b>ဒိဋ္ဌိ</b>မည်၏၊<br>
(ခ) ကြံဆဆင်ခြင်ချက်သည် <b>နိဇ္ဈာန</b>မည်၏၊<br>
(ဂ) သဘောကျခြင်းသည် <b>ခန္တိ</b>မည်၏၊</p>
<p>(မိမိထင်မြင်ချက်ဖြင့် ကြံစည်၍ သဘောကျမှု ဆိုလိုသည်။) <b>ပစ္စတ္တ- ဉာဏ်, သစ္ဆိကရဏ-ဉာဏ်</b>သည်သာလျှင် ဆိုခဲ့ပြီးသော ယုံကြည်ခြင်း သဒ္ဓါစသည့် အသိဉာဏ် ယောင်ယောင် တရားတို့ကို တွန်းလှန်၍ အမှန်အကန် ထိထိမိမိ နေရာတကျ ကိုယ်တိုင်သိရှိနိုင်သည်။</p>
<p>မြတ်စွာဘုရား၏ တရားတော်သည် ယုံကြည်ကာမျှ နှစ်သက် ကာမျှ သဒ္ဓါ, ရုစိ-အစရှိသည့် တရား ၅-ပါးတို့နှင့် ကင်း၍ ပညာရှိ ပုဂ္ဂိုလ်တို့သည် ကိုယ်တွေ့ဒိဋ္ဌ ထိထိမိမိ သိအပ်သောကြောင့် <b>“ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ”</b> မည်ပေသည်။</p>
<p><b>ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ-ဂုဏ်တော် ပြီး၏၊</b></p>
<p><b>ဓမ္မာနုဿတိ ကမ္မဋ္ဌာန်း ပြီး၏၊</b></p>
---
<h3><b>(ဂ) သံဃာနုဿတိကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ</b></h3>
<p><b>သံဃာနုဿတိ</b> ဟူသည်ကား- မြတ်စွာဘုရား တပည့် သံဃာ တော်မြတ်၏ <b>သုပ္ပဋိပန္နတာ-</b>စသော ဂုဏ်ကျေးဇူးတို့ကို အဖန်ဖန် ဆင်ခြင် အောက်မေ့သော သတိကို ဆိုသည်။</p>
<p>ထိုသံဃာနုဿတိကို ပွားများအားထုတ်လိုသော ယောဂီပုဂ္ဂိုလ် သည် သံဃာတော်မြတ်၏ <b>“သုပ္ပဋိပန္နတာ”</b> စသော ၉-ပါးသော ဂုဏ်တော်တို့ကို ကောင်းစွာသိပြီး၍ မြတ်စွာဘုရား၏ တပည့် သံဃာတော် မြတ်သည် မိစ္ဆာဒိဋ္ဌိ ဆရာကြီး၏ တပည့်တို့လို <b>“ဒုပ္ပဋိပန္န”</b> မကောင်းသဖြင့် ကျင့်အပ်သော ပုဂ္ဂိုလ်မျိုးမဟုတ်၊ <b>သုပ္ပဋိပန္န-</b>ကောင်းစွာ ကျင့်အပ်သော ပုဂ္ဂိုလ်မျိုးတို့ ပေတည်း။</p>
<p>” <b>သုပ္ပဋိပန္န</b>” ပုဂ္ဂိုလ်-ဟု ခေါ်ဆိုရအောင် ကောင်းစွာ ကျင့်ခြင်း သမ္မာပဋိပတ်နှင့် ပြည့်စုံတော်မူကြပေ၏။</p>
<p>ဤသံဃာတော်မြတ်၏ သဒ္ဓါစွမ်း, ဝီရိယစွမ်း, သတိစွမ်း, သမာဓိ စွမ်း, ပညာစွမ်း အစွမ်းသတ္တိတော်တို့သည် အလွန်ထက်မြက် ကြီးမားပေ ၏ဟု ဆင်ခြင်အောက်မေ့အပ်၏။</p>
<h3><b>သံဃာ့ဂုဏ်တော် ၉-ပါး</b></h3>
<p>၁။ <b>သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော။</b></p>
<p>၂။ <b>ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော။</b></p>
<p>၃။ <b>ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော။</b></p>
<p>၄။ <b>သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော။</b></p>
<p>၅။ <b>ယဒိဒံ စတ္တာရိ ပုရိသ-ယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော အာဟုနေယျော။</b></p>
<p>၆။ <b>ပါဟုနေယျော။</b></p>
<p>၇။ <b>ဒက္ခိဏေယျော။</b></p>
<p>၈။ <b>အဉ္စလိကရဏီယော။</b></p>
<p>၉။ <b>အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။</b></p>
<p>၁။ <b>ဘဂဝတော</b>=မြတ်စွာဘုရား၏၊ <b>သာဝက သံဃော</b>=ကလျာဏ ပုထုဇဉ် သီလဝန်, ပညာဝန်, အရှင်မွန် အရှင်မြတ်တို့နှင့်တကွသော အရိယာ ၈-ပါး တပည့်သံဃာတော်မြတ် အပေါင်းသည်၊ <b>သုပ္ပဋိပန္နော</b>= အဓိသီလ, အဓိစိတ္တ, အဓိပညာ သိက္ခာသုံးရပ် လွန်ကောင်းမြတ်သော ပဋိပတ်ဂုဏ်နှင့်လည်း ပြည့်စုံတော်မူပေ၏၊</p>
<p>၂။ <b>ဘဂဝတော</b>=မြတ်စွာဘုရား၏၊ <b>သာဝကသံဃော</b>=ကလျာဏ ပုထုဇဉ် သီလဝန်, ပညာဝန်, အရှင်မွန် အရှင်မြတ်တို့နှင့်တကွသော အရိယာ-၈-ပါးတပည့်သား သံဃာတော်မြတ်အပေါင်းသည်၊ <b>ဥဇုပ္ပဋိ ပန္နော</b>=အဓိသီလ, အဓိစတ္တ, အဓိပညာ, သိက္ခာသုံးရပ် လွန်ဖြောင့် မတ်သော ပဋိပတ်ဂုဏ်နှင့်လည်း ပြည့်စုံတော်မူပေ၏၊</p>
<p>၃။ <b>ဘဂဝတော</b>=မြတ်စွာဘုရား၏၊ <b>သာဝကသံဃော</b>=ကလျာဏ ပုထုဇဉ်သီလဝန်, ပညဝန်, အရှင်မွန် အရှင်မြတ်တို့နှင့်တကွသော အရိယာ-၈-ပါးတပည့်သားသံဃာတော်မြတ်အပေါင်းသည်၊ <b>ဉာယပ္ပဋိ ပန္နော</b>=အဓိသီလ, အဓိစိတ္တ, အဓိပညာ သိက္ခာသုံးရပ် လွန်သင့်မြတ်သော ပဋိပတ်ဂုဏ်နှင့်လည်း ပြည့်စုံတော်မူပေ၏၊</p>
<p>၄။ <b>ဘဂဝတော</b>=မြတ်စွာဘုရား၏၊ <b>သာဝကသံဃော</b>= ကလျာဏ ပုထုဇဉ် သီလဝန်, ပညဝန်, အရှင်မွန် အရှင်မြတ်တို့နှင့်တကွသော အရိယာ ၈-ပါး တပည့်သား သံဃာတော်မြတ် အပေါင်းသည်၊ <b>သာမိစိပ္ပဋိပန္နော</b>=အဓိသီလ, အဓိစိတ္တ, အဓိပညာသိက္ခာသုံးရပ် ရိုသေ အပ်သော ပဋိပတ်ဂုဏ်နှင့်လည်း ပြည့်စုံတော်မူပေ၏၊</p>
<p>၅။ <b>ယဒိဒံ-ယာနိ ဣမာနိ စတ္တာရိ ပုရိသယုဂါနိ</b>=အကြင် ၄- ပါးသော ယောကျ်ားမြတ်အစုံတို့သည်၊ <b>သန္တိ</b>=ရှိကုန်၏၊ <b>ယဒိဒံ-ယေ ဣမေ အဋ္ဌပုရိသပုဂ္ဂလာ</b>=အကြင် ၈-ပါးသော ယောကျ်ားမြတ်တို့သည်၊ <b>သန္တိ</b>= ရှိကုန်၏၊ <b>ဘဂဝတော</b>=မြတ်စွာဘုရား၏၊ <b>ဧသ-ဧသော သာဝက သံဃော</b>= ဤ ၄-စုံ ၈-ပါး တပည်းသား သံဃာတော်မြတ်အပေါင်းသည်၊ <b>အာဟု နေယျော</b>=အာဂန္တုအား ရည်၍ထားအပ်သော အလှူဝတ္ထုမျိုးကိုလည်း ခံယူခြင်းငှာ ထိုက်တန်စွာသော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်နှင့် လည်း ပြည့်စုံတော်မူပေ၏၊</p>
<p>၆။ <b>ပါဟုနေယျော</b>=လက်ဆောင်အလို့ငှာ ယူ၍လာသော အလှူ ဝတ္ထုမျိုးကိုလည်း ခံယူခြင်းငှာ ထိုက်တန်စွာသော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်နှင့်လည်း ပြည့်စုံတော်မူပေ၏၊</p>
<p>၇။ <b>ဒက္ခိဏေယျော</b>=နောက်နောက်ဘဝ အကျိုးရဖို့ မျိုးချ တုံလတ် မြတ်သောအလှူမျိုးကိုလည်း ခံယူခြင်းငှာ ထိုက်တန်စွာသော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်နှင့်လည်း ပြည့်စုံတော်မူပေ၏၊</p>
<p>၈။ <b>အဉ္ဇလိကရဏီယော</b>=လူမင်း, နတ်မင်း, ဗြဟ္မာမင်းတို့၏ လက်အုပ်ချီခြင်းကို ခံထိုက်သော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်နှင့် လည်း ပြည့်စုံတော်မူပေ၏၊</p>
<p>၉။ <b>လောကဿ</b>=လူအပေါင်း၏၊ <b>အနုတ္တရံ</b>=အတုမရှိ မြင့်မြတ် သော၊ <b>ပုညက္ခေတ္တံ</b>=ကုသိုလ်မျိုးကို စိုက်ပျိုးချရာ လယ်ယာမြေကောင်း သဖွယ်လည်းဖြစ်တော်မူပေ၏၊</p>
<p><b>အမှာစကား။</b> ။ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း၌ ပြဆိုခဲ့ပြီးသော ဘုရားဂုဏ် ၉-ပါး, ဓမ္မာနုဿတိ ကမ္မဋ္ဌာန်း၌ ပြဆိုခဲ့ပြီးသော တရားဂုဏ် ၆-ပါး, ဤသံဃာနုဿတိ ကမ္မဋ္ဌာန်း၌ ပြဆိုခဲ့ပြီးသော သံဃာဂုဏ် ၉- ပါး ကို အဓိပ္ပါယ်နှင့်တကွ ရေလည်စွာ မသိသောသောသူသည် ဘုရား, တရား, သံဃာကို ဉာဏ်နှင့် ကြည်ညိုတတ်သော သူမဟုတ်၊ ထိုသူ၌ တိဟိတ်ကုသိုလ်မဖြစ်၊ ဒွိဟိတ်ကုသိုလ်သာဖြစ်၏၊</p>
<p>ထိုကြောင့် ဗုဒ္ဓဘာသာလူမျိုးမှန်လျှင် ဤဂုဏ်တော် ၃-ပါး အနက်ကို နှုတ်တက်ကျေမွ တကယ်ရမှ သင့်မြတ်သတည်း။ ဤဂုဏ်တော်ကြီးကို သုတ္တန်ပိဋကတ်၌ မြတ်စွာဘုရား ကိုယ် တော်တိုင် အဖန်ဖန်ဟောတော်မူ၏၊ရဟန္တာကြီးများလည်း အဖန် ဖန်ဟောတော်မူ၏၊</p>
<p>ဘုရားရှိခိုးပြုလုပ်လိုလျှင်- (<b>တံ</b>=ထိုသုပ္ပဋိပန္န အစ ပုညခေတ္တ အဆုံး ဘဝဂ်ချုံးမျှ ဘုန်းရှိန်ကြီးမား ဂုဏ်ကိုးပါးနှင့် ပြည့်စုံတော်မူပေသော သံဃာတော်မြတ်အပေါင်းကို၊ <b>အဟံ</b>=အကျွန်ုပ်သည်၊ <b>ဝန္ဒာမိ</b>=ရှိခိုးပါ၏ဟု ထည့်၍ဆိုကြလေ၊ ဤဘုရားရှိခိုးကြီးထက် ကြီးမြတ်သော ဘုရားရှိခိုး မရှိပြီ။)</p>
<p>''<b>သုပ္ပဋိပန္န</b>” ဖြစ်အောင် ကျင့်သောပုဂ္ဂိုလ်သည် <b>ဥဇုပ္ပဋိပန္န, ဉာယပ္ပဋိပန္န, သာမိစိပ္ပဋိပန္န-</b>လည်း ဖြစ်တော့၏၊ ဤသမ္မာပဋိပတ် ကိုပင်လျှင် <b>ဥဇုပ္ပဋိပတ်, ဉာယပ္ပဋိပတ်, သာမိစိပ္ပဋိပတ်-</b>ဟုခေါ်၏၊</p>
<h3><b>သမ္မာပဋိပတ် ပုဂ္ဂိုလ်</b></h3>
<p><b>မေး။</b> သမ္မာပဋိပတ်ပုဂ္ဂိုလ် ဆိုသည်ကား မည်ကဲ့သို့သော အကျင့်မျိုးကို ကျင့်သော ပုဂ္ဂိုလ်ကို ခေါ်သနည်း။</p>
<p><b>ဖြေ။</b> <b>ယေဟိ ကေစိ ဘိက္ခဝေ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ဧဝံ ရူပံ အဘိညာယ ဧဝံ ရူပသမုဒယံ- အဘိညာယ ဧဝံ ရူပနိရောဓံ အဘိညာယ ဧဝံ ရူပနိရောဓဂါမနီပဋိပဒံ အဘိညာယ ဧဝံရူပဿ အဿာဒံ အဘိညာယ ဧဝံ ရူပဿ အာဒီနဝံ အဘိညာယ ဧဝံ ရူပဿ နိဿရဏံ အဘိညာယ ရူပဿနိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋိပန္နာ၊ တေ သုပဋိပန္နာ။ ယေ သုပဋိပန္နာ၊ တေ ဣမသ္မိံ ဓမ္မဝိနယေ ဂါမန္တိ။</b></p>
<p>(သံယုတ်ပါဠိတော် သတ္တဋ္ဌာန ကုသလသုတ်)</p>
<p><b>အနက်။</b> ။<b>ဘိက္ခဝေ</b>၊ ရဟန်းတို့။ <b>ယေ ကေစိ</b>၊ အမှတ်မရှိ အလုံးစုံကုန်သော။ <b>သမဏာ ဝါ</b>၊ ရဟန်းတို့သည်လည်းကောင်း။ <b>ဗြဟ္မဏာ ဝါ</b>၊ ပုဏ္ဏားတို့သည်လည်းကောင်း။ <b>ဧဝံ</b>၊ ဤသို့ ငါဘုရားဟောကြားပြီးသော အတိုင်း။ <b>ရူပံ</b>၊ ရုပ်ကို။ <b>အဘိညာယ</b>၊ ဉာတပရိညာဖြင့်သိ၍။ <b>ဧဝံ</b>၊ ဤသို့ ငါဘုရားဟောကြားပြီးသောအတိုင်း။ <b>ရူပသမုဒယံ</b>၊ ရုပ်ဖြစ်ကြောင်းကို။ <b>အဘိညာယ</b>၊ ဉာတပရိညာဖြင့်သိ၍။ <b>ဧဝံ</b>၊ ဤသို့ ငါဘုရား ဟောကြား ပြီးသောအတိုင်း။ <b>ရူပနိရောဓံ</b>၊ ရုပ်ချုပ်ရာဌာနကို။ <b>အဘိညာယ</b>၊ ဉာတပရိညာဖြင့်သိ၍။ <b>ဧဝံ</b>၊ ဤသို့ ငါဘုရား ဟောကြားပြီးသောအတိုင်း။ <b>ရူပ နိရောဓဂါမိနီပဋိပဒံ</b>၊ ရုပ်ချုပ်ရာသို့ ရောက်ကြောင်း အကျင့်ကို။ <b>အဘိညာယ</b>၊ ဉာတပရိညာဖြင့်သိ၍။ <b>ဧဝံ</b>၊ ဤသို့ ငါဘုရား ဟောကြား ပြီးသောအတိုင်း။ <b>ရူပဿ</b>၊ ရုပ်၏၊ <b>အဿာဒံ</b>၊ သာယာဖွယ်ကို။ <b>အဘိညာယ</b>၊ ဉာတပရိညာဖြင့် သိ၍။ <b>ဧဝံ</b>၊ ဤသို့ ငါဘုရားဟော ကြားပြီးသောအတိုင်း။ <b>ရူပဿ</b>၊ ရုပ်၏၊ <b>အာဒီနဝံ</b>၊ အပြစ်ဒေါသကို။ <b>အဘိညာယ</b>၊ ဉာတပရိညာဖြင့် သိ၍။ <b>ဧဝံ</b>၊ ဤသို့ ငါဘုရား ဟောကြား ပြီးသောအတိုင်း။ <b>ရူပဿ</b>၊ ရုပ်၏၊ <b>နိဿရဏံ</b>၊ ကျွတ်လွတ် ထွက်မြောက် ရာကို။ <b>အဘိညာယ</b>၊ ဉာတပရိညာဖြင့် သိ၍၊ <b>ရူပဿ</b>၊ ရုပ်၌။ <b>နိဗ္ဗိဒါယ</b>၊ ပျင်းမုန်းငြီးငွေ့ခြင်းငှာ၊ <b>ဝိရာဂါယ</b>၊ ချစ်ခင် တပ်မက်ခြင်း ကင်းခြင်းငှာ။ <b>နိရောဓာယ</b>၊ ရုပ်၌ စွဲလမ်းသော တဏှာကို ချုပ်စေခြင်းငှာ၊ <b>ပဋိပန္နာ</b>၊ ကျင့်ကြကုန်၏၊ <b>တေ</b>၊ ထိုသို့ကျင့်ကြသော ရဟန်း ပုဏ္ဏားတို့သည်၊ <b>သုပ္ပဋိပန္နာ</b>၊ ကောင်းစွာကျင့်ကြသော ပုဂ္ဂိုလ်တို့ပေတည်း။ ဝါ၊ ကောင်းစွာ ကျင့်ခြင်း သမ္မာပဋိပတ်နှင့် ပြည့်စုံကြသော သုပ္ပဋိပန္န-ပုဂ္ဂိုလ်တို့ပေတည်း။</p>
<p><b>ယေ</b>၊ အကြင်သူတို့သည်၊ <b>သုပဋိပ္ပန္နာ</b>၊ ကောင်းစွာ ကျင့်ကြ ကုန်၏၊ ဝါ=ကောင်းစွာကျင့်ခြင်း သမ္မာ ပဋိပတ်နှင့် ပြည့်စုံကြကုန်၏၊ <b>တေ</b>၊ ထိုကောင်းစွာကျင့်ကြကုန်သော ကောင်းစွာကျင့်ခြင်း သမ္မာ ပဋိပတ်နှင့် ပြည့်စုံကြကုန်သော သူတော်သူမြတ်တို့သည်။ <b>ဣမသ္မိံ ဓမ္မဝိနယေ</b>၊ ဤငါဘုရားသာသနာတော်၌၊ <b>ဂါမန္တိ</b>၊ ထောက်မှီကြကုန်၏၊ ဝါ-ထောက်ရာ, တည်ရာ, မှီရာ-ရကြကုန်၏၊</p>
<p>ခန္ဓာ ၅-ပါး ၇-ပါးသော အရာဌာနတို့၌ သိလိမ္မာ၍ ထိုခန္ဓာ ၅- ပါးတို့ကို ငြီးငွေ့ရွံမုန်းအောင်, ချစ်ခင် တပ်မက်ခြင်း ကင်းအောင်, စွန့်ပစ်နိုင်အောင် ကျင့်သော ပုဂ္ဂိုလ်ကို <b>သမ္မာပဋိပတ်ပုဂ္ဂိုလ်</b>ဟု ခေါ်သည်။</p>
<p>(ဤပုဂ္ဂိုလ်မျိုးကို <b>သုပ္ပဋိပန္န, ဥဇု, ဉာယ, သာမိစိပ္ပဋိပန္န-</b>ဖြစ်သော ပုဂ္ဂိုလ်ဟူ၍ ခေါ်သည်၊ ၎င်းပုဂ္ဂိုလ်သည် အာဟုနေယျ, ပါဟုနေယျ စသော အကျိုး ၅-ပါးနှင့်လည်း ပြည့်စုံနိုင်တော့၏၊)</p>
<p>ထို့ကြောင့်</p>
<p>(က) “<b>စတ္တာရော စ ပဋိပန္နာ စတ္တာရော စ ဖလေ ဋ္ဌိတာ။လ။</b></p>
<p><b>ဧတ္ထဒိန္နံ မဟပ္ဖလံ”</b> ဟူ၍လည်းကောင်း,</p>
<p>(ခ) “<b>သောတာပတ္တိဖလသစ္ဆိကိရိယာယ ပဋိပန္နေ ဒါနံ ဒတွာ အသင်္ချေယျာ အပ္ပမေယျာ</b>” အစရှိသည်ဖြင့်လည်း ကောင်း</p>
<p>ဒက္ခိဏဝိဘင်္ဂသုတ် စသည်တို့၌ ဟောတော်မူသည်။</p>
<h3><b>အာဟုနေယျ စသည်ကို ပြဆိုချက်</b></h3>
<p>၁။ အရပ်ဝေးမှ ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ခဲယဉ်းစွာ ဆောင် ယူခဲ့၍ လှူအပ်သော ဝတ္ထုအလှူကို “<b>အာဟုနေဝတ္ထု အလှူ</b>” ဟု ခေါ်သည်။</p>
<p>၂။ အရပ်လေးမျက်နှာတို့မှ လာလတ္တံ့သော ချစ်ခင်အပ် သော မိတ်ဆွေ ဧည့်သည်တို့အဖို့ ရည်စူး၍ ထားသော ထွတ်ထွတ် မြတ်မြတ် လက်ဆောင်ဝတ္ထုအလှူကို “<b>ပါဟုနဝတ္ထုအလှူ</b>''ဟုခေါ်သည်။</p>
<p>၃။ ကံ,ကံ၏အကျိုးကို ယုံကြည်၍ နောင်သံသရာ၌ အကျိုး မြတ်ခြင်းကို လိုလားတောင့်တ၍ ဘယ်ဝတ္ထုမဆို ယုတ်စွာ့အဆုံး ပန်းတစ်ပွင့်ပင်ဖြစ်စေ လှူသော ဝတ္ထုအလှူကို “<b>ဒက္ခိဏဝတ္ထုအလှူ</b>” ဟုခေါ်သည်။</p>
<p>ဤအလှူ ၃-ပါးတို့ကို သာမညပုဂ္ဂိုလ်တို့ ခံယူသုံးဆောင်၍ အလှူရှင်က စိတ်မကျေချမ်းနိုင်၊ သာမညပုဂ္ဂိုလ်တို့ အလှူမခံထိုက်၊ ဤကဲ့သို့သမ္မာပဋိပတ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့မှသာလျှင် အသင်္ချေယျ အကျိုးကြီး မြတ်ခြင်းကို ဖြစ်စေတတ်သောကြောင့် ခံယူသုံးဆောင် ထိုက်သည်၊ အလှူရှင်ကလည်း စိတ်ကျေချမ်းနိုင်သည်။ သဒ္ဓါနိုင်သည်၊ ဝမ်းမြောက်နိုင်သည်။</p>
<p>ထို့ကြောင့် ဤသမ္မာပဋိပတ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အာဟုနဝတ္ထုအလှူကို ခံထိုက်သော <b>အာဟုနေယျ, ပါဟုနဝတ္ထုအလှူကို ခံထိုက်သော ပါဟုနေယျ, ဒက္ခိဏဝတ္ထု အလှူကို ခံထိုက်သော ဒက္ခိ ဏေယျ-</b>ပုဂ္ဂိုလ်ဖြစ်နိုင်ပေသည်။</p>
<h3><b>မိဘ ၂-ပါးတို့သည် သားသမီးတို့ ဝတ္ထု အလှူကို ခံထိုက် မခံထိုက်</b></h3>
<p>သားသမီးတို့၏ အာဟုနဝတ္ထု, ပါဟုနဝတ္ထု ၂-ပါးကိုကား သမ္မာပဋိပတ်နှင့်ပင် မပြည့်စုံငြားသော်လည်း မိဘ ၂-ပါးတို့သည် ခံထိုက် ကုန်၏၊ အမိအဖတို့သည် သားသမီးတို့၏အပေါ်၌ <b>အာဟုနေယျ, ပါဟုနေယျဂုဏ်</b>တို့နှင့် ပြည့်စုံကြ၏ <b>အာဟုနေယျပုဂ္ဂိုလ်</b> ဖြစ်ကြ၏၊</p>
<p>ထို့ကြောင့် မြတ်စွာဘုရားသည်</p>
<p><b>အာဟုနေယျာစ ပုတ္တာနံ၊ ပဇာယ အနုကမ္ပာယ စသည့်ဖြင့် ဣတိဝုတ်ပါဠိတော် ဟောတော်မူပေ၏၊</b></p>
<p>ဝိသာခါ, အနာထပိဏ်-စသည်တို့လို သမ္မာပဋိပတ်နှင့်ပြသည့် စုံသော <b>သုပ္ပဋိပန္နပုဂ္ဂိုလ်</b>ဖြစ်ခဲ့ပါလျှင် သားသမီးတို့နှင့်တကွ သတ္တဝါ ခပ်သိမ်းတို့၏ <b>ဒက္ခိဏ</b>အလှူကိုလည်း ခံထိုက်၏၊ <b>ဒက္ခိဏေယျပုဂ္ဂိုလ်</b> လည်း ဖြစ်နိုင်ကြ၏၊ သမ္မာပဋိပတ်နှင့် မပြည့်စုံလျှင် <b>ဒက္ခိဏေယျ</b> ပုဂ္ဂိုလ်မဖြစ်နိုင်ကြကုန်၊ ဤအာဟုဏေယျ-စသော ပုဂ္ဂိုလ်ဖြစ်နိုင်မှု သည်ကား သမ္မာပဋိပတ်၏ အစွမ်းသတ္တိပင်လျှင်တည်း။ (ဤသို့လျှင် <b>ပဋိပတ္တိ, ပဋိဝေဓ</b> တရားတော်မြတ်၏ ဂုဏ်ကျေးဇူးကြီးမားပုံ, အာနုဘော် ကြီးမားပုံကို သိကြလေ။)</p>
<h3>သံဃာနုဿတိ၏အကျိုး</h3>
<p>ဤသို့<b>သုပ္ပဋိပန္နတာ</b>- စသောဂုဏ်တို့နှင့် ပြည့်စုံတော်မူကြကုန် သော မြတ်စွာဘုရား၏ တပည့်သား သံဃာတော်မြတ်၏ ဂုဏ်တို့လည်း အဖန်ဖန်ဆင်ခြင်အောက်မေ့ကြရာ၏၊</p>
<p>မြတ်စွာဘုရား၏ တပည့်သား သံဃာတော်မြတ်၌ ဤဂုဏ် ၉- ပါးအပြင် ဂုဏ်ကျေးဇူးတွေသည် “<b>အပ္ပမာဏော သံဃော</b>” ဆိုသော အတိုင်း အသင်္ချေ အနန္တများပြားစွာ ရှိကုန်သည်၊ သံဃာတော်မြတ်၏ ဂုဏ်ကျေးဇူးတွေကို ၁-ပါးထက် ၂-ပါး, ၂-ပါးထက် ၃-ပါး စသည်ဖြင့် များများကြီး သိနိုင်လေ ဆင်ခြင်အောက်မေ့နိုင်လေ အကျိုးသာလွန် ကြီးမြတ်နိုင်လေသည်။</p>
<p>ဤကဲ့သို့ ဆင်ခြင်အောက်မေ့သည်ရှိသော် အလွန်နှစ်သက် ဝမ်းမြောက်ခြင်းဖြစ်၏၊ အလွန်စိတ် ဉာဏ်ကြည်လင်၏၊ အလွန်ဉာဏ် ထက်သန်ကြီးထွား၏၊ အလွန်စိတ်တည်ကြည်၏၊ <b>ဥပစာရစျာန်</b>ကိုရ၏၊</p>
<p>ဤသံဃာနုဿတိ ကမ္မဋ္ဌာန်းသည်လည်း-သံဃာတော်မြတ် ဂုဏ်ကျေးဇူးတွေက အလွန်နက်နဲ သိမ်မွေ့သော <b>ပရမတ္ထဓမ္မ</b>-တွေဖြစ်၍ နိမိတ်ရကောင်းသော တရားမဟုတ်ခြင်းကြောင့် <b>အပ္ပနာစျာန်</b>ကို မဖြစ် စေနိုင်။</p>
<h3>သုပ္ပဋိပန္နဂုဏ်တော်</h3>
<p>(က) သေက္ခပုဂ္ဂိုလ် ၇-ယောက်တို့သည် ကောင်းစွာကျင့်နေ ဆဲဖြစ်သောကြောင့် <b>သုပ္ပဋိပန္န</b>-မည်ကုန်၏၊</p>
<p><b>သုဋ္ဌု ပဋိပဇန္တီတိ သုပ္ပဋိပန္နာ</b>။</p>
<p><b>သုဋ္ဌု</b>=ကောင်းမွန်စွာ၊ <b>ပဋိပဇ္ဇန္တိ</b>=ကျင့်ဆဲဖြစ်ကြကုန်၏၊ <b>ဣတိ တသ္မာ</b>=ထို့ကြောင့်၊ <b>သုပ္ပဋိန္နော</b>=<b>သုပ္ပဋိပန္န</b>-မည်ကုန်၏၊</p>
<p>(ခ) ရဟန္တာပုဂ္ဂိုလ်သည်ကား ကျင်းခြင်းကိစ္စ ပြီးစီးပြီ ဖြစ်သော ကြောင့် <b>သုပ္ပဋိပန္န</b>-မည်၏၊</p>
<p><b>သုဋ္ဌု ပဋိပဇ္ဇိတ္ထာတိ သုပ္ပဋိပန္နော</b>။</p>
<p><b>သုဋ္ဌု</b>=ကောင်းမွန်စွာ၊ <b>ပဋိပဇ္ဇိတ္ထ</b>=ကျင့်ခြင်းကိစ္စပြီးစီးလေပြီ၊ <b>ဣတိတသ္မာ</b>=ထို့ကြောင့်၊ <b>သုပ္ပဋိပန္နော</b>=<b>သုပ္ပဋိပန္န</b> မည်၏၊ အရိယာသံဃာ တော်-၈-ပါးသည် ကောင်းစွာကျင့်ဆဲ ကျင့်ပြီးဖြစ်သောကြောင့် <b>သုပ္ပဋိပန္န</b> မည်တော်မူသည်။</p>
<h3>ဥဇုပ္ပဋိပန္န ဂုဏ်တော်</h3>
<p><b>ဥဇုပ္ပဋိပန္န</b>-စသော ပုဒ်တို့၌လည်း သေက္ခ, ရဟန္တာ-ခွဲ၍ ဝိဂြိုဟ် ပြုရာ၏၊</p>
<p><b>ဥဇုကံ ပဋိပန္နာတိ ဥဇုပ္ပဋိပန္နာ</b>။</p>
<p><b>ဥဇုကံ</b>=ဖြောင့်မှန်တည်တံ့စွာ၊ <b>ပဋိပန္နာ</b>=ကျင့်တော်မူကြကုန်၏၊</p>
<p><b>ဣတိတသ္မာ</b>=ထို့ကြောင့်၊ <b>ဥဇုပ္ပဋိပန္နာ</b>=<b>ဥဇုပ္ပဋိပန္န</b>မည်ကုန်၏၊ ဖြောင့်ဖြောင့်ကျင့်သည်ဆိုသည်ကား-ကာယကံ, ဝစီကံ, မနောကံတည်းဟူသော ကိုယ်, နှုတ်, နှလုံး အကောက်-၃-ပါးတို့နှင့် ကင်း၍ စဉ်းလဲခြင်း, လှည့်ဖြားခြင်းမရှိဘဲ ကျင့်သည်ကိုဆိုသည်။</p>
<h3>ဉာယပ္ပဋိပန္န ဂုဏ်တော်</h3>
<p><b>ဉာယေန ပဋိန္နာတိ ဉာယပ္ပဋိပန္နာ</b>။</p>
<p><b>ဉာယေန</b>=အသင့်လျော်အားဖြင့်၊ <b>ပဋိပန္နာ</b>=ကျင့်တော်မူကြ ကုန်၏၊</p>
<p><b>ဣတိတသ္မာ</b>=ထို့ကြောင့်၊ <b>ဉာယပ္ပဋိပန္နာ</b>= <b>ဉာယပ္ပန္န</b>-မည်ကုန်၏၊</p>
<p>အသင့်အလျော်ကျင့်သည် ဟူသည်ကား-မချွတ်မယွင်း ကျင့် သည်၊ ကျင့်စဉ်နည်းလမ်းအတိုင်း လျော်ညီစွာ ကျင့်သည်ကိုဆိုသည်။</p>
<h3>သာမိစိပ္ပဋိပန္နဂုဏ်တော်</h3>
<p><b>သာမိစိံ ကတွာ ပဋိပန္နာတိ သာမိစိပ္ပဋိပန္နာ</b>။ <b>သာမိစိံ ကတွာ</b>=အရိုအသေပြု၍၊ <b>ပဋိပန္နာ</b>=ကျင့်တော်မူကြ ကုန်၏၊ <b>ဣတိတသ္မာ</b>=ထို့ကြောင့်၊ <b>သာမိစိပ္ပဋိပန္နာ</b>=<b>သာမိစိပ္ပဋိပန္န</b> မည် ကုန်၏၊</p>
<p><b>သာမီစိပ္ပဋိပန္န</b>ဟူသည်ကား-မြတ်စွာဘုရား ဟောကြားနည်း ပြတော်မူသောအတိုင်း မဆန့်ကျင်စေမူ၍ လေးလေးမြတ်မြတ် ဂရုတစိုက် ကျင့်သည်ကို <b>သာမိစိပ္ပဋိပန္န</b>ဆိုသည်။</p>
<p>ပြဆိုအပ်ပြီးသော ဂုဏ်တော် ၄-ပါးသည် သဘောအဓိပ္ပါယ် အားဖြင့်များစွာ ထူးခြားလှသည်မဟုတ်၊ အကျင့်ပဋိပတ်ကို ကောင်းစွာ ကျင့်သည်၊ ဖြောင့်စွာကျင့်သည်၊ သင့်လျော်စွာကျင့်သည်၊ ရိုသေစွာ ကျင့်သည်ဟူ၍ အနည်းငယ်မျှသာ ထူးခြားလေသည်။</p>
<h3>ရဟန်းရှင်လူတို့ တူညီပုံ ထူးခြားပုံ</h3>
<p>တူညီပုံ-ရဟန်းဖြစ်စေ, လူဖြစ်စေ အကြင်အကြင် ပုဂ္ဂိုလ် တို့သည် မြတ်စွာဘုရားဆုံးမ နည်းပေးတော်မူသောအတိုင်း အပြည့်အစုံ စင်စင်ကြယ်ကြယ် ကျင့်ကြံအားထုတ်ကြကုန်၏၊ ထိုထိုပုဂ္ဂိုလ်တို့သည် <b>သုပ္ပဋိပန္န, ဥဇုပ္ပန္န, ဉာယပ္ပဋိပန္န, သာမိစိပ္ပဋိပန္န</b>-တို့မည်ကုန်၏၊ သို့သော် လည်း ဤသံဃာ့ဂုဏ်တော်အရာ၌ “<b>အနုတ္တရ ပုညက္ခေတ္တ</b>” အတုမရှိ သောကုသို၏ စိုက်ပျိုးရာလယ်တာမြေကောင်းကို အလိုရှိအပ်သော ကြောင့် ရဟန်းသံဃာတို့ကိုသာလျှင် <b>သုပ္ပဋိပန္န</b>-စသည်ဖြင့် ဂုဏ်တင်၍ ဆိုအပ်ကုန်၏၊</p>
<p>စင်စစ်အားဖြင့်မူကား သိက္ခာသုံးရပ်တို့တွင် <b>အဓိစိတ္တ, အဓိပညာ</b>ဟုဆိုအပ်သော အထက်ဘာဝနာ အသိက္ခာတို့၌ ကျင့်စဉ်စခန်းသည် ရဟန်း, ရှင်, လူ-ဟူ၍ အထူးအခြားမရှိ၊ အတူအမျှပင်ဖြစ်၏၊</p>
<p>ထူးခြားပုံ-<b>အဓိသီလသိက္ခာ</b> အရာ၌မူကား လူနှင့်ရဟန်းတို့ သည် လွန်စွာခြားနားကြကုန်၏၊ ထိုစကားမှန်၏၊ လူတို့မှာကား ၅-ပါး သီလဟုဆိုအပ်သော သိက္ခာပုဒ် ၅-ပါးတိုပသာလျှင် <b>နိစ္စသီလ</b>ရှိကြ ကုန်၏၊ ရဟန်းတော် အရှင်မြတ်တို့မှာကား အတိုင်းမသိသော သိက္ခာပုဒ် တော်များ ရှိကြကုန်၏</p>
<p>ရဟန်းတော်တို့ သိက္ခာပုဒ်ပေါင်းသည် ဝိနည်း ပိဋကတ်တော်၌ (၉၁၈၀၅၀၃၆၀၀၀)ကုဋေ ကိုးထောင် တရာ့ရှစ်ဆယ် ငါးသန်း သုံးသောင်း ခြောက်ထောင်ရှိသည်။</p>
<p>ဆောင်ပုဒ်သံခိပ်။ ။ကိုးထောင်တရာ၊ ရှစ်ဆယ်သာ၊ သင်္ချာကုဋေထုတ်၊ ငါးသန်းသုံးသောင်း၊ ခြောက် ထောင်ဆောင်း၊ များတောင်း သိက္ခာပုဒ်။</p>
<p>ထို့ကြောင့်</p>
<p>ဥပသမ္ပန္နဘုံ၌ တည်၍ အတိုင်းမသိ များပြားသော သိက္ခာပုဒ် တို့ကို ကျင့်ဆောင်တော်မူကြကုန်သော ရဟန်းတော် အရှင်မြတ်တို့သည် သာလျှင် အတုမရှိသော ကောင်းမှု၏ စိုက်ပျိုးရာ လယ်ယာမြေကောင်း သဖွယ်တို့ ဖြစ်ကြကုန်၏၊</p>
<p>မေး။ ကျင့်ဆောင် ကျိုးစားကြကုန်သော ထိုတပည့်သာဝက တို့သည် အဘယ်သို့လျှင် ကောင်းစွာ ကျင့်ခြင်းကိစ္စ ပြီးစီးကြကုန်သနည်း။</p>
<p>ဖြေ။ အကြင်သို့သော အခြင်းအရာအားဖြင့် မြတ်စွာဘုရား သည် ထိုတပည့်သာဝကတို့အား အကျင့် ပဋိပတ်တို့ကို ဟောကြား တော်မူအပ်ကုန်၏၊ ထိုသို့ ဟောကြားတော်မူသောအတိုင်း ကျင့်ဆောင် ကျိုးစားကြကုန်သည်ရှိသော် ထိုတပည့်သာဝကတို့သည် ကောင်းစွာ ကျင့်ခြင်းကိစ္စ, ဖြောင့်မှတ်စွာ ကျင့်ခြင်းကိစ္စ, သင့်လျော်စွာ ကျင့်ခြင်းကိစ္စ, ရိုသေစွာ ကျင့်ခြင်းကိစ္စ ပြီးစီးကြသည် မည်ကုန်၏၊</p>
<p>မေး။ အဘယ်သို့လျှင် မြတ်စွာဘုရားသည် ထိုတပည့် သာဝကတို့အား အကျင့်ပဋိပတ်ကို ဟောကြားတော် မူပါသနည်း။</p>
<p>ဖြေ။ ဆိုလတ္တံ့သော စကားရပ်ဖြင့် သာဝကတို့အား အကျင့် ပဋိပတ်ဟောကြားပုံကို သိအပ်၏၊</p>
<h3>အရှင်ဥဒါယီအား မြတ်စွာဘုရား ဟောကြားတော်မူအပ်သော သုတ္တန်</h3>
<p>အို-ဥဒါယီ...တဖန်တုံ ငါဘုရားသည် တပည့်သားတို့အား အကျင့်ပဋိပတ်ကို ဟောကြားတော်မူအပ်၏၊</p>
<p>အကြင် ပဋိပတ်အတိုင်း ကျင့်ဆောင်ကြကုန်သော ငါဘုရား၏ တပည့်သားတို့သည် <b>သတိပဋ္ဌာန် ၄</b>-ပါးကို ပွါးများကြကုန်၏၊ ထိုသို့ ပွါးများရာ၌ ငါဘုရား၏ များစွာသော တပည့်သားတို့သည် အထူးသိမြင် အဘိညာဉ်လမ်း ပေါက်ရောက်ကြကုန်လျက် ပါရမီ၏ ပြီးဆုံးခြင်းသို့ ဆိုက်ရောက်ကြကုန်သည်ဖြစ်၍ နေကြကုန်၏၊</p>
<p>ငါဘုရားသည် တပည့်သာဝကတို့အား အကျင့်ပဋိပတ်ကို ဟောကြားတော်မူအပ်ကုန်၏၊</p>
<p>အကြင်ပဋိပတ်အတိုင်း ကျင့်ဆောင်ကြကုန်သော ငါဘုရား၏ တပည့်သားတို့သည် <b>သမ္မပ္ပဓာန် ၄</b>-ပါးတို့ကို ပွားများကြကုန်၏၊ <b>ဣဒ္ဓိပတ် ၄</b>-ပါးတို့ကို ပွားများကြကုန်၏၊ <b>ဣန္ဒြေ ၅</b>-ပါးတို့ကို ပွားများကြကုန်၏၊</p>
<p><b>ဗိုလ် ၅</b>-ပါးတို့ကို ပွားများကြကုန်၏၊ <b>ဗောဇ္ဈင် ၇</b>-ပါးတို့ကို ပွားများကြ ကုန်၏၊ <b>အရိယမဂ္ဂင် ၈</b>-ပါးတို့ကို ပွားများကြကုန်၏၊ ထိုသို့ ပွားများကြ ရာ၌ ငါဘုရား၏များစွာသော တပည့်သားတို့သည် အထူးသိမြင် အဘိညာဉ် လမ်းပေါက်ကြလျက် ပါရမီ၏ ပြီးဆုံးခြင်းသို့ ရောက်ကုန် သည်ဖြစ်၍ နေကြကုန်၏၊ ငါဘုရားသည် တပည့်သာဝကတို့အား အကျင့် ပဋိပတ်တို့ကို ဟောကြားတော်မူအပ်ကုန်၏၊</p>
<p>အကြင် ပဋိပတ်အတိုင်း ကျင့်ဆောင်ကြကုန်သော ငါဘုရားတို့၏ တပည့်သားတို့သည် <b>ဝိမောက္ခစျာန် ၈</b>-ပါးတို့ကို ပွားများကြကုန်၏၊</p>
<p><b>အဘိဘာယတနစျာန် ၈</b>-ပါးတို့ကို ပွားများကြကုန်၏၊ <b>ကသိဏာယတန စျာန် ၁၀</b>-ပါးတို့ကို ပွားများကြကုန်၏၊ <b>စျာန် ၄</b>-ပါးတို့ကို ပွားများကြကုန်၏၊</p>
<p>ထိုသို့ ပွားများရာ၌ ငါဘုရား၏ များစွာသော တပည့်သားတို့သည် အထူးသိမြင် အဘိညာဉ် လမ်းပေါက်ကြကုန်လျက် ပါရမီ၏ ပြီးဆုံးခြင်းသို့ ရောက်၍ နေကြကုန်၏၊</p>
<p>(အထက်ပါစကားရပ်၌ စျာန်လေးပါးဆိုသည်မှာ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန် လေးပါးကိုယူလေ၊ ကသိုဏ်း စျာန်, အသုဘစျာန်, အနုဿတိစျာန်, အပ္ပမညာဗြဟ္မဝိဟာရစျာန်, အာရုပ္ပ စျာန်တို့သည် ဆိုခဲ့ပြီးသော စျာန် ၄-ပါးတို့၌ အကြုံးဝင်ကုန်၏၊)</p>
<h3>အာဟုနေယျဂုဏ်တော်</h3>
<p><b>အာဟုနံ အရဟတီတိ အာဟုနေယျော</b>။</p>
<p><b>အာဟုနံ</b>၊ နိစ္စဘတ်တည်သော အလှူဝတ်ကို၊ <b>အရဟတိ</b>၊ ခံခြင်းငှာထိုက်၏၊ <b>ဣတိတသ္မာ</b>၊ ထို့ကြောင့်၊ <b>အာဟုနေယျော</b>၊ <b>အာဟုနေယျ</b>-မည်၏၊ မိဘ, ဆရာ ပူဇော်ရိုသေထိုက်သူများကို ရည်၍ ရှေးကပြုပေဘူးသော ကျေးဇူးအထူးကို အောက်မေ့ဆင်ခြင်ပြီးလျှင် <b>ကတညုတ,က တဝေဒီ</b>-တရားကို ပွားများဖြည့်ဆည်းပူးသည်၏ အစွမ်း အားဖြင့် အမြဲမပြတ် နိစ္စဘတ်ဝတ်တည်ထားအပ်သော အလှူဝတ်သည် <b>အာဟုန</b>မည်၏၊ ထိုအလှူကို ခံထိုက်သောကြောင့် <b>အာဟုနေယျ</b>မည်သည်။</p>
<p><b>အယံ ခေါ အာယသ္မတော ဗြဟ္မဒေဝဿ မာတာ ဗြဟ္မဏီဗြဟ္မုနော အာဟုတိံ နိစ္စံ ပဂ္ဂဏှာတိ</b>။</p>
<p>ဟူသော <b>ဗြဟ္မသံယုတ်</b> ပါဠိတော်ကို ထောက်၍ <b>အာဟုန</b>ဆိုသည်ကား နိစ္စဘတ်တည်သော အလှူဝတ်ဟူ၍ သိအပ်၏၊ <b>အာဟုဘိ</b> နှင့် <b>အာဟုန</b> အနက်တူ၏၊</p>
<p>(မိဘတို့သည်လည်း သားသမီးတို့၏ ဤသို့ နိစ္စဘတ် တည်ထား ပြုစုအပ်သောဝတ်ကို ခံထိုက်သော ကြောင့် <b>အာဟုနေယျ</b>ပင် မည်ကြပေ ကုန်၏၊)</p>
<h3>ပါဟုနေယျဂုဏ်တော်</h3>
<p><b>ပါဟုနံ အရဟတီတိ ပါဟုနေယျော</b>။</p>
<p><b>ပါဟုနံ</b>၊ ဧည့်သည်အာဂန္တုတို့အလို့ငှာ ရည်စူး၍ ထားအပ်သော အလှူကို။ <b>အရဟတိ</b>၊ ခံထိုက်၏၊ <b>ဣတိတသ္မာ</b>၊ ထို့ကြောင့်။ <b>ပါဟုနေယျော</b>၊ <b>ပါဟုနေယျ</b>မည်၏၊ ဧည့်သည်ကိုလည်းကောင်း, ဧည့်သည်၏အကျိုးငှာ ရည်ညွန်း၍ ထားအပ်သော အလှူဝတ္ထုကိုလည်းကောင်း <b>ပါဟုန</b>ခေါ်သည်။</p>
<h3>ပါဟုန၏အဓိပ္ပါယ်အကျယ်</h3>
<p>ထို <b>ပါဟုန</b>၏ အနက်အဓိပ္ပါယ်ကို ပြဆိုလတ္တံ့သော <b>တေမိယ ဇာတ်</b> ပါဠိတော်ဖြင့် သိအပ်၏၊</p>
<p><b>ဣဒံပိ ပဏ္ဏကံ မယှံ</b>၊<br>
<b>ရန္ဓံ ရာဇ အလောဏကံ</b>။<br>
<b>ပရိဘုဉ္ဇ မဟာရာဇ</b>၊<br>
<b>ပါဟုနော မေ ဣဓာဂတော</b>။</p>
<p>(<b>တေမိယဇာတ် ပါဠိတော်</b>)</p>
<p>အနက်။ <b>ရာဇ</b>၊ ခမည်းတော်မင်းကြီး။ <b>ဣဒံပိ ပဏ္ဏကံ</b>၊ ဤကံပြင်းရွက်ကိုလည်း။ <b>မယှံ</b>၊ အကျွန်ုပ်သည်။ <b>အလောဏကံ</b>၊ ဆား မခတ်ရဘဲ။ <b>ရန္ဓံ</b>၊ ပြုတ်၍ထားအပ်ပါ၏၊ <b>မဟာရာဇ</b>၊ ခမည်းတော် မင်းမြတ်။ <b>ပရိဘုဉ္ဇ</b>၊ သုံးဆောင်တော်မူပါလော့။ <b>မေ</b>၊ အကျွန်ုပ်၏၊ <b>ပါဟုနော</b>၊ ဧည့်သည်တော်ဖြစ်သော အရှင်မင်းကြီးသည်။ <b>ဣဓာဂတော</b>၊ ဤအရပ်သို့ ဆိုက်ရောက်တော်မူလာပေ၏၊</p>
<p>ထို့ကြောင့်</p>
<p><b>ပါဟုန</b>ဆိုသည်ကား -မိမိနေရာဌာနသို့ ဆိုက်ရောက် လာကြ ကုန်သော ဆွေမျိုးမိတ်ဆွေ ဧည့်သည် အာဂန္တုတို့အား သူတော်ကောင်း တို့၏ ရှေးဟောင်းကျင့်ဝတ်ကို မချွတ်မယွင်းစေသောအားဖြင့် စီရင် ဧည့်ခံ ပြုစု လုပ်ကျွေးတည်ထားအပ်သော ဝတ္ထုကို <b>ပါဟုန</b>ဆိုသည်ဟု သိအပ်၏၊ မိမိသည် ဧည့်သည် အာဂန္တုအဖြစ်ဖြင့် ဆွေမျိုးမိတ်ဆွေ စသည်တို့၏ နေရာဌာနသို့ ဆိုက်ရောက်လာသောအခါ မိမိရှေ့သို့ တည်ခင်းဆိုက် ရောက်လာသော ဝတ္ထုပစ္စည်းကိုလည်း <b>ပါဟုန</b>-ဟူ၍ပင် ဆိုအပ်၏၊ ထိုဧည့်သည် အာဂန္တုတို့၏အတွက် ရည်မှန်းလှူဒါန်းအပ်သော အလှူ ဝတ္ထုကို ခံခြင်းငှာထိုက်သောကြောင့် <b>ပါဟုနေယျ</b>-မည်သည်။</p>
<h3>ဒက္ခိဏေယျဂုဏ်တော်</h3>
<p><b>ဒက္ခိဏံ အရဟတီတိ ဒက္ခိဏေယျော</b>။</p>
<p><b>ဒက္ခိဏံ</b>=သဒ္ဒါဖြင့် လှူအပ်သော အလှူဝတ္ထုကို၊ <b>အရဟတိ</b>=ခံစား ခြင်းငှာထိုက်၏၊ <b>ဣတိတသ္မာ</b>=ထို့ကြောင့်၊ <b>ဒက္ခိဏေယျော</b>=<b>ဒက္ခိဏေယျ</b> မည်၏၊</p>
<p><b>ဒက္ခိဏ</b>ဆိုသည်ကား- <b>အာဟုန,ပါဟုန</b>-မျိုး မဟုတ်ဘဲ သက် သက်ကံကိုလည်းကောင်း, ကံ၏အကျိုးကိုလည်းကောင်း ယုံကြည်အား ထား၍ နောင်အခါ အကျိုးထူးကို ခံစားရလိမ့်မည်ဟူ၍လည်းကောင်း, ပါရမီ ကုသိုလ် ပြည့်စိမ့်သောငှာလည်းကောင်း, သီလစသော ဂုဏ်ကျေးဇူး တို့ကို ပူဇော်ချီးမြောက်ခြင်းငှာလည်းကောင်း သဒ္ဓါသဖြင့် စီရင်၍ထား အပ်သော သဒ္ဓါဒေယျ ဒါနသည် <b>ဒက္ခိဏ</b>-မည်၏၊ ထို<b>ဒက္ခိဏ</b>-မည်သော အလှူဝတ္ထုကို ခံထိုက်သောကြောင့် <b>ဒက္ခိဏေယျ</b>-မည်သည်။</p>
<h3>အဉ္ဇလိကရဏီယဂုဏ်တော်</h3>
<p>ဆိုအပ်ပြီးသော ဒါန ၃-မျိုးကို အရိယာသံဃာတော်အား လှူဒါန်း အပ်သည်ရှိသော် အထူးသဖြင့် ကြီးကျယ်ဖွံ့ဖြိုးသော အကျိုးအာနိသင်ကို ဖြစ်စေတတ်၏၊</p>
<p>ထို့ကြောင့်</p>
<p>အရိယာ သံဃာတော်သည် <b>အာဟုနေယျ, ပါဟုနေယျ, ဒက္ခိဏေယျ</b>-ဟူသောဂုဏ်ကို ရရှိတော်မူသည်။</p>
<p>လက်အုပ်ချီခြင်းကို <b>အဉ္ဇလိကမ္မ</b>- ဟူ၍လည်းကောင်း, <b>အဉ္ဇလိ ကရဏ</b>-ဟူ၍လည်းကောင်း ဆိုအပ်၏၊</p>
<p><b>အဉ္ဇလိကရဏံ အရဟတီတိ အဉ္ဇလိကရဏီယော</b>။ <b>အဉ္ဇလိကရဏံ</b>=လက်အုပ်ချီမိုး ရှိခိုးရိုသေခြင်းကို။ <b>အရဟတိ</b>= ခံထိုက်၏၊ <b>ဣတိတသ္မာ</b>=ထို့ကြောင့်။ <b>အဉ္ဇလိကရဏီယော</b>=<b>အဉ္ဇလိ ကရဏီယ</b>-မည်၏၊</p>
<p><b>သုပ္ပဋိပန္န</b>-စသော ဂုဏ်တို့နှင့်ပြည့်စုံ၍ မြတ်သော ပုဂ္ဂိုလ်ဖြစ် သောကြောင့် လက်အုပ်ချီခြင်းကို ခံထိုက်သည်၊ ထို့ကြောင့် <b>အဉ္ဇလိ ကရဏီယ</b>-မည်၏၊</p>
<h3>ရှိခိုးခြင်း၏ အကျိုးကို ဥပမာဖြင့် ပြဆိုချက်</h3>
<p>ဤလောက၌ <b>ဣဿရိယဂုဏ်</b>နှင့်ပြည့်စုံသော မင်းစိုးရာဇာ တို့အား ရှိခိုးလျှင် ထိုက်သည့်အားလျော်စွာ လောကီအကျိုးကို ပေးတတ်သကဲ့သို့၊ <b>သုပ္ပဋိပန္န</b>-စသော ဂုဏ်ကောင်း, ဂုဏ်မြတ်တို့နှင့် ပြည့်စုံသော အရှင်မွန်, အရှင်မြတ်တို့ကို ရှိခိုးလျှင် မရေမတွက်နိုင်သော သံသရာ၏ ကောင်းကျိုး ချမ်းသာတို့ကို ပေးနိုင်လေသည်။</p>
<p>ဤသို့ ရှိရှင်မြတ်နိုး တစ်ကြိမ်ခိုးက ကောင်းကျိုးအသင်္ချေ ပေးနိုင် ပေသောကြောင့် ထိုအရှင်မွန်, အရှင်မြတ်တို့သည် <b>အဉ္ဇလိကရဏီယ</b> ဟူသော ဂုဏ်ထူးကို ရရှိတော်မူကြကုန်သည်။</p>
<p>သံဃာနုဿတိ ကမ္မဋ္ဌာန်းပြီး၏၊</p>
---
<h3>(ဃ) သီလာနုဿတိကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ</h3>
<p><b>သီလာနုဿတိ</b>ဟူသည်ကား-မိမိထိန်းသိမ်း စောင့်ရှောက် အပ်သော သီလကို အဖန်ဖန်ဆင်ခြင်အောက်မေ့သော သတိကို ဆိုသည်။</p>
<p>၁။ လူတို့ စောင့်ရှောက်အပ်သော <b>ဂဟဋ္ဌသီလ</b>ပင် ဖြစ်စေ, ရဟန်းတို့ စောင့်ရှောက်အပ်သော <b>ပဗ္ဗဇိတသီလ</b>ပင်ဖြစ်စေ, ထိုသီလတို့၌ အစ-ကဖြစ်စေ, အဆုံးက ဖြစ်စေ, သိက္ခာပုဒ် ၁-ပါးပါး ပျက်သောသီလ သည် အစွန်အဖြား စုတ်ပြတ်သော ပုဆိုးကဲ့သို့ ပြတ်ကျိုးသော သီလ မည်၏၊</p>
<p>၂။ အလယ်၌ သိက္ခာပုဒ် ၁-ပါးပါး ပျက်သော သီလသည် အလယ်၌ မီးလောင်ပေါက်သော ပုဆိုးကဲ့သို့ ပေါက်သောသီလမည်၏၊</p>
<p>၃။ သိက္ခာပုဒ် ၁-ခုခြား, ၁-ခုခြား အစဉ်အတိုင်းပျက်သော သီလသည် နွားမ ဝါစေ့ပြောက်ကဲ့သို့ ပြောက်သောသီလမည်၏၊</p>
<p>၄။ သိက္ခာပုဒ် ၂-ခု ကျော်, ၃-ခု ကျော် စသည်ဖြင့် ပျက်သော သီလသည် နွားမကျားကဲ့သို့ ကြောင်ကျားသော သီလမည်၏၊</p>
<h3>သီလာနုဿတိကို ပွားများပုံနှင့် အကျိုး</h3>
<p>ထို<b>သီလာနုဿတိ</b>ကို ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် မိမိတို့ထိန်းသိမ်းစောင့်ရှောက်အပ်သော သီလကို မကျိုး, မပေါက်, မပြောက်, မကျားရအောင် ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်၍</p>
<p>၁။ ငါ၏ သီလသည် မကျိုး, မပေါက်, မပြောက်, မကျား ပေပြီ။ ကောင်းစွာ ပြည့်စုံသန့်ရှင်းပေ၏၊ အလွန်ကောင်းပေစွ၊ သံသရာ ဝဋ်ဒုက္ခမှ လွတ်မြောက်ရန် နီးစွာသော အကြောင်းဖြစ်၍ တဏှာ၏ကျွန် အဖြစ်မှ တော်လှန် လွန်မြောက်ကြောင်း ဖြစ်ပေစွ။</p>
<p>၂။ သူတစ်ပါးတို့သည် သင်၏သီလ၌ ဤကဲ့သို့ အပြစ်ဒေါသ ရှိသည်ဟု စွပ်စွဲပြောဆိုခြင်းငှာ မထိုက်အောင် အပြစ်မှ သန့်ရှင်းဖြူစင် ပေ၏၊</p>
<p>၃။ ဘုရားအစရှိသော ပညာရှိသူတော်ကောင်းတို့ ချီးမွမ်း ထိုက်အောင် စိတ်အေးမြချမ်းသာ တည်ကြည်ခြင်း သမာဓိကို ဖြစ်စေ နိုင်လောက်အောင် လွန်စွာအပြစ်တို့မှ သန့်ရှင်းဖြူစင်ပေ၏၊ အလွန် ကောင်းပေစွဟု မိမိသီလကို အဖန်ဖန်ဆင်ခြင်အောက်မေ့အပ်၏၊ အောက်မေ့ရာ၏၊</p>
<p>ဤကဲ့သို့ အောက်မေ့သည်ရှိသော် အလွန်နှစ်သက်ဝမ်းမြောက်ခြင်းဖြစ်၏၊ စိတ်ဉာဏ် ထက်သန်ကြီးထွား၏၊ ကြည်လင်၏၊ တည်ကြည်၏၊ <b>ဥပစာရစျာန်</b>ကို ရ၏၊ ဤသီလာနုဿတိ ကမ္မဋ္ဌာန်းသည်လည်း- သီလဂုဏ် ကျေးဇူးတို့၏ နက်နဲသိမ်မွေ့သည်ဖြစ်၍ နိမိတ်ရကောင်းသော တရား မဟုတ်ခြင်းကြောင့် <b>အပ္ပနာစျာန်</b>ကိုကား မဖြစ်စေနိုင်။</p>
<p>သီလာနုဿတိ ကမ္မဋ္ဌာန်း ပြီး၏၊</p>
---
<h3>(င) စာဂါနုဿတိကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ</h3>
<p><b>စာဂါနုဿတိ</b> ဟူသည်ကား-နှမြောမဖက် သဒ္ဒါသက်သက် ဖြင့် လှူဒါန်းစွန့်ကြဲအပ်သော မိမိ၏ အလှူ<b>စာဂ</b>၏ ဂုဏ်ကျေးဇူးကို အဖန်ဖန်ဆင်ခြင်အောက်မေ့သော သတိကို ဆိုသည်။</p>
<h3>စာဂါနုဿတိကို ပွားများပုံနှင့် အကျိုး</h3>
<p>ထို<b>စာဂါနုဿတိ</b>ကို ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် တရား သဖြင့်ရရှိသော လှူဖွယ်ဝတ္ထုတို့ကို ဂုဏ်ကျေးဇူး ကြီးမြတ်သော ပုဂ္ဂိုလ်တို့၌ မလှူမီ,လှူဆဲ, လှူပြီး ၃-ပါးသော ခဏ၌ စိတ်ကိုကြည်လင် ရွှင်လန်း ဝမ်းမြောက်စေလျက် နှစ်သက်ကြည်ဖြူ စွာ ပေးလှူစွန့်ကြဲပြီး၍ စွန့်ကြဲ ပေးလှူသော စိတ်စေတနာ၏တွန့်မတိုဖြစ်ပုံ အခြင်းအရာ နိမိတ်ကို မှတ်ယူ၍။</p>
<p>ငါသည်မပေးလှုလို ဝန်တိုနှစ်မြောခြင်း <b>မစ္ဆေရ</b>မရှိဘဲ ဝန်တို နှမြောခြင်း <b>မစ္ဆေရ</b> အညစ်အကြေး ကင်းသည်ဖြစ်၍ ကောင်းစွာပေးလှူ စွန့်ကြဲရပေပြီ၊ ကောင်းလေစွ, ကောင်းလေစွ။</p>
<p>ငါသည် ဖြစ်လေရာရာဘဝ၌ အသက်ရှည်ခြင်း အဆင်းလှခြင်း ချမ်းသာများခြင်း ခွန်အားကြီးခြင်း ပညာကြီးခြင်းစသော အကျိုးအာနိသင် လာဘ်တို့ကို ရထိုက်ကုန်စွတကား။</p>
<p>ငါသည် လူဖြစ်ကျိုး နပ်စွတကား၊ သံသရာဝဋ်မှ လွတ်မြောက် ကြောင်း အမှုကို ငါပြုပေစွတကား၊ ဩော်-ကောင်းလေစွတကား၊ ဩော်ကောင်းလေစွတကား-ဟု အဖန်ဖန်ဆင်ခြင်အောက်မေ့ရာ၏၊</p>
<p>ဤသို့ ဆင်ခြင်အောက်မေ့သည်ရှိသော်</p>
<p>အလွန်နှစ်သက် ဝမ်းမြောက်ခြင်းဖြစ်၏၊ စိတ်ဉာဏ်ကြည်လင်၏၊ တည်ကြည်၏၊ <b>ဥပစာရစျာန်</b>ကို ရ၏၊</p>
<p>ဤ<b>စာဂါနုဿတိ ကမ္မဋ္ဌာန်း</b>သည်လည်း- အလှူ<b>စာဂ</b> ဂုဏ် ကျေးဇူးတို့၏ နက်နဲသိမ်မွေ့သည်ဖြစ်၍ နိမိတ်ရကောင်းသော တရား မဟုတ်ခြင်းကြောင့် <b>အပ္ပနာစျာန်</b>ကိုကား မဖြစ်စေနိုင်။</p>
<p>စာဂါနုဿတိ ကမ္မဋ္ဌာန်း ပြီး၏၊</p>
<br>
<h3>(စ) ဒေဝတာနုဿတိကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ</h3>
<p><b>ဒေဝတာနုဿတိ</b> ဟူသည်ကား- နတ်တို့ကို သက်သေထား၍ နတ်တို့ကို တုပြိုင်အားကျ၍ မိမိ၌ရှိသော <b>သဒ္ဓါ</b>-စသော သူတော်ကောင်း ဥစ္စာ, သူတော်ကောင်းတရားတို့ကို အားကိုးအားထား ဝမ်းမြောက် ရွှင်လန်းစွာ ဆင်ခြင်အောင်မေ့သော သတိကို ဆိုသည်။</p>
<h3>ဒေဝတာနုဿတိ ပွားများပုံနှင့် အကျိုး</h3>
<p>ထို<b>ဒေဝတာနုဿတိ</b>ကို ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် အထက်ကောင်းကင်၌- <b>စတုမဟာရာဇ်နတ်, တာဝတိံသာနတ်, ယာမာ နတ်, တုသိတာနတ်, နိမ္မာနရတိနတ်, ပရနိမ္မိတဝသဝတ္တိနတ်</b>တို့သည် ရှိကြကုန်၏</p>
<p>နတ်ပြည် ၆-ထပ် အထက်ဖြစ်သော ဗြဟ္မာဘုံ၌လည်း <b>ပထမစျာန် ဗြဟ္မာ, ဒုတိယစျာန် ဗြဟ္မာ, တတိယ စျာန်ဗြဟ္မာ, စတုတ္ထစျာန် ဗြဟ္မာ</b>စသော ဗြဟ္မာကြီးတို့သည်လည်း ရှိကြကုန်၏၊ ထိုနတ် ဗြဟ္မာကြီးတို့သည် အလွန် ဘုန်းတန်ခိုး ကြီးမားကြကုန်၏၊</p>
<p>ထိုနတ်ဗြဟ္မာကြီးတို့သည် ဤလူ့ ပြည်၌ နေစဉ်အခါ၌ ၁။ <b>သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပ</b>- ဟူသော သူတော်ကောင်း ဥစ္စာ ၇-ပါး,</p>
<p>၂။ <b>သဒ္ဓါ, သတိ, ဟိရီ, ဩတ္တပ္ပ, ဗာဟုဿစ္စ, ဝီရိယ, ပညာ</b>ဟူသော သူတော်ကောင်းတရား ၇-ပါး-တို့နှင့်ပြည့်စုံကြခြင်းကြောင့် ဤလူ့ပြည်မှ စုတေကြသောအခါ ထိုနတ်ပြည်, ဗြဟ္မာပြည်၌ ဖြစ်ကြ ကုန်၏၊</p>
<p>ငါ့မှာလည်း ထိုကဲ့သို့ တန်ခိုးကြီးမားစွာ နတ် ဗြဟ္မာအဖြစ်ကို ဖြစ်စေတတ်သော <b>သဒ္ဓါ, သီလ,သုတ,စာဂ, ပညာ,ဟိရီ, ဩတ္တပ္ပ</b>-ဟူသော အဖိုးတန် သူတော်ကောင်းဥစ္စာ ရတနာတို့သည်လည်းကောင်း၊ <b>သဒ္ဓါ, သတိ, ဟိရီ, ဩတ္တပ္ပ, ဗာသုဿစ္စ, ဝီရိယ, ပညာ</b>-ဟူသော အဖိုးတန် သူတော်ကောင်း တရားတို့သည်လည်းကောင်း ရှိကြကုန်သည်တကား၊ ဩော်-ကောင်းလေစွ ကောင်းလေစွဟု အဖန်ဖန်ဆင်ခြင် အောက်မေ့ ရာ၏၊</p>
<p>ဤသို့ ဆင်ခြင်အောက်မေ့သည်ရှိသော် အလွန်အားရှိ၏ အလွန် နှစ်သက် ဝမ်းမြောက်ခြင်းဖြစ်၏၊ စိတ်ကြည်လင်၏၊ <b>ဥပစာရ စျာန်</b>ကို ရ၏၊</p>
<p>ဤ<b>ဒေဝတာနုဿတိ ကမ္မဋ္ဌာန်း</b>သည်လည်း- <b>သဒ္ဓါ</b> စသော တရားတို့က အလွန်နက်နဲ သိမ်မွေ့သော တရားဖြစ်၍ နိမိတ်ရကောင်း သော တရားမဟုတ်ခြင်းကြောင့် <b>အပ္ပနာစျာန်</b>ကိုကား မဖြစ်စေနိုင်။</p>
<p>ဒေဝတာနုဿတိ ကမ္မဋ္ဌာန်းပြီး၏</p>
<br>
<h3>(ဆ) ဥပသမာနုဿတိကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ</h3>
<p><b>ဥပသမာနုဿတိ</b> ဟူသည်ကား- <b>နိဗ္ဗာန်</b>၏ ဂုဏ်ကျေးဇူးတို့ကို အဖန်ဖန် ဆင်ခြင်အောက်မေ့သော သတိကိုခေါ်သည်။</p>
<p>ထို<b>ဥပသမာနုဿတိ</b>ကို ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် <b>နိဗ္ဗာန်</b>၏ဂုဏ် <b>ဓမ္မာရုံ</b>ကို အာရုံပြု၍ လှည့်ကာ လှည့်ကာ ရှုအပ်ရာ၏၊</p>
<h3>နိဗ္ဗာန်၏ ဂုဏ်ပုဒ်များ</h3>
<p>၁။ <b>မဒနိမ္မဒနော</b>-မာန်မယစ်ရာ နိဗ္ဗာန်။</p>
<p>၂။ <b>ပိပါသဝိနယော</b>-တဏှာကုန်ငြိမ်းရာ နိဗ္ဗာန်။</p>
<p>၃။ <b>အာလယသမုဂ္ဃါဋော</b>-ကာမဂုဏ် အာလယကို အကြွင်းမဲ့ ခွါရာ နိဗ္ဗာန်။</p>
<p>၄။ <b>ဝဋ္ဋုပစ္ဆေဒေါ</b>-ဝဋ် ၃-ပါးမှ ကင်းပြတ်ရာ နိဗ္ဗာန်။</p>
<p>၅။ <b>တဏှာက္ခယော</b>-တဏှာကုန်ငြိမ်းရာ နိဗ္ဗာန်။</p>
<p>၆။ <b>ဝိရာဂေါ</b>-ရာဂ ကင်းလွတ်ရာ နိဗ္ဗာန်။</p>
<p>၇။ <b>နိရောဓော</b>-တဏှာ၏ချုပ်ရာ နိဗ္ဗာန်။</p>
<p>၈။ <b>ဓုဝံ</b>-အမြဲခိုင်ခန့်သော နိဗ္ဗာန်။</p>
<p>၉။ <b>အဇရံ</b>-အိုခြင်းမရှိသော နိဗ္ဗာန်။</p>
<p>၁၀။ <b>နိပ္ပပဉ္စံ</b>- သံသရာချဲ့တတ်သော တရားမရှိသော နိဗ္ဗာန်။</p>
<p>၁၁။ <b>သစ္စံ</b>-မဖောက်မပြန် မှန်ကန်သော နိဗ္ဗာန်။</p>
<p>၁၂။ <b>ပါရံ</b>-သံသရာ၏ ဟိုဘက်ကမ်းမှာ ရှိသော နိဗ္ဗာန်။</p>
<p>၁၃။ <b>သုဒုဒ္ဒသံ</b>-ဉာဏ်နုံ့သူတို့ အလွန်မြင်နိုင်ခဲသော နိဗ္ဗာန်။</p>
<p>၁၄။ <b>သိဝံ</b>-ကိလေသာ ကင်းဝေး ချမ်းအေးသော နိဗ္ဗာန်။</p>
<p>၁၅။ <b>အမတံ</b>-သေခြင်းကင်းရာ နိဗ္ဗာန်။</p>
<p>၁၆။ <b>ခေမံ</b>-ငြိမ်းချမ်းရာ ဘေးကင်းရာ နိဗ္ဗာန်။</p>
<p>၁၇။ <b>အဗ္ဘုတံ</b>-သင်္ခါရကင်းဖွယ် အံ့ဖွယ်သရဲ မဖြစ်ဘူးသော နိဗ္ဗာန်။</p>
<p>၁၈။ <b>အနိတီကံ</b>-အကျိုးမဲ့ယူဘိ ဤတိ-ဘေးမရှိသော နိဗ္ဗာန်။</p>
<p>၁၉။ <b>တာဏံ</b>-ဝဋ်ဆင်းရဲမှ စောင့်ရှောက်ရာ နိဗ္ဗာန်။</p>
<p>၂၀။ <b>လေဏံ</b>-ဘေးရန်လွတ်ရှောင်း ပုန်အောင်းရာ နိဗ္ဗာန်။</p>
<p>၂၁။ <b>ဒီပံ</b>-ဩဃမလွမ်းသော ကျွန်းတည်းဟူသော နိဗ္ဗာန်။</p>
<p>၂၂။ <b>ဝိသုဒ္ဓိ</b>-ကိလေသာမှ စင်စစ် စင်ကြယ်သော နိဗ္ဗာန်။</p>
<p>၂၃။ <b>ဝရံ</b>-သူတော်ကောင်းတို့ တောင်းတအပ်သော နိဗ္ဗာန်။</p>
<p>၂၄။ <b>နိပုဏံ</b>-သိမ်မွေ့နူးညံ့သော နိဗ္ဗာန်။</p>
<p>၂၅။ <b>အသင်္ခတံ</b>-အကြောင်းတရား မပြုပြင်အပ်သော နိဗ္ဗာန်။</p>
<p>၂၆။ <b>မောက္ခော</b>-ကိလေသာမှ လွတ်သော နိဗ္ဗာန်။</p>
<p>၂၇။ <b>သေဋ္ဌော</b>-အထူးသဖြင့် ချီးမွမ်းအပ်သော နိဗ္ဗာန်။</p>
<p>၂၈။ <b>အနုတ္တရော</b>-အတုမရှိ အလွန်မြတ်သော နိဗ္ဗာန်။</p>
<p>၂၉။ <b>လောကဿန္တော</b>-လောကသုံးပါး၏ ဆုံးရာ နိဗ္ဗာန်။</p>
<p><b>နိဗ္ဗာန်</b>၏ ဂုဏ်ကျေးဇူးတို့ကို သိအောင်ပြု၍ အဖန်ဖန် နှလုံးသွင်း ရာ၏၊ ဆင်ခြင်အောက်မေ့ရာ၏၊ ဤသို့ <b>နိဗ္ဗာန်</b>၏ဂုဏ်တို့ကို အသီးသီး ဆင်ခြင်အောက်မေ့သည်ရှိသော် အလွန်စိတ်ကြည်လင်၏၊ ဉာဏ်ကြီး ထွား၏၊ စိတ်အေးချမ်း တည်ကြည်၏၊ <b>ဥပစာရ စျာန်</b>ကိုရ၏၊ ဤ <b>ဥပသမာနုဿတိ ကမ္မဋ္ဌာန်း</b>သည်လည်း <b>ဥပသမာနုဿတိ ကမ္မဋ္ဌာန်း</b>သည်လည်း <b>နိဗ္ဗာန်</b>၏ ဂုဏ်ကျေးဇူးတို့ အလွန်နက်နဲသိမ်မွေ့သဖြင့် နိမိတ်ရကောင်းသော တရား မဟုတ်ခြင်းကြောင့် <b>အပ္ပနာစျာန်</b>ကို မဖြစ်စေနိုင်။</p>
<p>ဥပသမာနုဿတိ ကမ္မဋ္ဌာန်းပြီး၏၊</p>
<br>
<h3>(ဇ) မရဏာနုဿတိကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ</h3>
<p><b>မရဏာနုဿတိ</b> ဟူသည်ကား-သေရခြင်းကို အဖန်ဖန် ဆင်ခြင်အောက်မေ့သော သတိကိုခေါ်သည်။</p>
<p>ထို<b>မရဏာနုဿတိ</b>ကို ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် ဤသို့ဆင်ခြင်အောက်မေ့ရာ၏၊</p>
<p>ငါသည်သေရခြင်းသဘောရှိ၏၊ သေရခြင်းသဘောကို မလွန်နိုင် ချေ၊ ဧကန်မုချ ငါသေရလိမ့်မည်၊ လောက၌ သေစရာအကြောင်းတို့သည် များပြား၏၊</p>
<p>ဆင်ဘေး, ကျားဘေး, ဝံဘေး, မြွေဘေး, ကင်းဘေး, ပင့်ကူဘေး, ငြောင့်ဘေး, သစ်ပင်ဘေး, ရေတွင်း ရေကန်ဘေး, မီးဘေး, ခိုးသူဘေး, မင်းဘေး, ဓားပြဘေး, ရန်သူဘေး, စုန်း-နတ်-တစ္ဆေ မြေဖုတ်ဘီလူးအစိမ်းသူရဲ-ပယောဂဘေး,ပိုးမျိုး ၈၀-ဘေး, အ<b>သပ္ပါယ</b>-မသင့်သော အစာဘေး, အဆိပ်ဘေး, အနာရောဂါဘေး, ဓာတ်ကြီး ၄-ပါးဖောက် ပြန်သောဘေး, <b>ဆနဝုတိ ၉၆</b>-ပါး၊ <b>အဋ္ဌနဝုတိ ၉၈</b>-ပါး များပြားသောဘေး, အရာ အထောင် အသောင်း အသိန်း မကသော ဘေးတို့ဖြင့် ညှင်းဆဲ ထိခိုက်၍ သေရလိမ့်မည်တကား။</p>
<p>သတ္တဝါတို့၏ အသက်သည် ကံကြောင့်ဖြစ်၏၊ ဆိုခဲ့ပြီးသော ဘေးဥပဒ်တို့နှင့် အကယ်၍ မတွေ့မကြုံ၍ နေရငြားသော်လည်း ဤအသက်ကို ဖြစ်စေတတ်သော ကံကုန်လျှင်လည်း အသက်ကင်းပြတ် သေဆုံး၏၊ ကံအားကောင်းလျှင် အသက်ရှည်၏၊ ကံအားညံ့လျှင် အသက်တို၏၊ မည်သူ မည်ဝါ၏အသက်ကို ဖြစ်စေတတ် သောကံသည် မည်မျှအားကောင်း၏၊ အားညံ့၏-ဟူ၍လည်း မသိနိုင်ကြချေ၊ ငါ၏ ကံသည် ဘယ်လောက် အားကောင်း၍ငါ၏အသက်သည်ရှေ့သို့ ဘယ် လောက်ရှည် မည်ကိုလည်းဧကန်မသိရ၊ နောက်ကလည်း ငါ၏ အသက် ကို အခါကာလ စား၍ စား၍ လိုက်ချေ၏၊</p>
<p>၁-ညဉ့်လွန်၍ အားလျှင် ငါ၏အသက် ၁-ပိုင်းကုန်၍ သွား လေပြီ။ ၂-ညဉ့်လွန်၍သွားလျှင် ငါ၏အသက် ၂-ပိုင်း ကုန်၍သွားလေပြီ၊ ဤနေ့ ညဉ့်ကာလသည် ငါ၏အသက်ကို အပိုင်းပိုင်း ကုန်စေ၍ စား၍ စား၍ လိုက်ချေ၏၊</p>
<p>ငါ၏အသက်သည် တို၍ တို၍ ကုန်ပါပြီတကား၊ ငါသည် ၁- နေ့ထက် ၁-နေ့ သေမင်းထံသို့ နီး၍ နီး၍ သွားပါပြီတကား၊ ဩော်.. ငါ၏အသက်ကိုဖြစ်စေတတ်သောကံသည် အကယ်၍ ညဉ့်အိပ်နေဆဲ အခါ၌ ကုန်ခဲ့ငြားအံ့၊ ထိုညဉ့်အိပ်နေဆဲအခါ၌ပင် အသက်လည်းကုန် ဆုံး၍ ငါသည်အိပ်ရာမှ ထနိုင်တော့မည်မဟုတ်။</p>
<p>အကယ်၍ ထိုင်နေဆဲခဏ၌ ကံသည်ကုန်ခဲ့ငြားအံ့၊ ထိုထိုင်နေဆဲ ခဏ၌ပင် အသက်ကုန်ဆုံး၍ ထိုင်ရာမှ ထနိုင်တော့မည်မဟုတ်၊ အကယ် ၍ ထနေဆဲခဏ၌ ကံသည်ကုန်ခဲ့ငြားအံ့၊ ထိုထနေဆဲခဏ၌ပင် အသက် ကုန်ဆုံး၍ ထရာမှ သွားနိုင်တော့မည်မဟုတ်၊ အကယ်၍ ပထမခြေလှမ်း ဆဲခဏ၌ ကံသည်ကုန်ခဲ့ငြားအံ့၊ ထိုပထမခြေလှမ်း၌ပင်အသက် ကုန်ဆုံး၍ တစ်ဖန် ဒုတိယခြေလှမ်းကို လှမ်းနိုင်တော့မည်မဟုတ်။</p>
<p>အကယ်၍ ထမင်းလုတ် ဆွမ်းလုတ် ဝါးနေဆဲ စားနေဆဲခဏ၌ ကံသည်ကုန်ခဲ့ငြားအံ့၊ ထိုဝါးဆဲ စားဆဲခဏ၌ပင် အသက်ကုန်ဆုံး၍ ထိုဝါးပြီး စားပြီးသော ထမင်းလုတ် ဆွမ်းလုတ်ကို မျိုနိုင်တော့မည်မဟုတ်၊ အကယ်၍ ထမင်းလုတ် ဆွမ်းလုတ် မျိုဆဲခဏ၌ ကံသည် ကုန်ခဲ့ငြားအံ့၊ ထိုမျိုဆဲခဏ၌ ကံသည်ကုန်ခဲ့ငြားအံ့၊ ထိုမျိုဆဲခဏ၌ အသက်ကုန်၍ တစ်ဖန် အသစ် ထမင်းလုတ် ဆွမ်းလုတ်ကို ဝါးနိုင်တော့မည် မဟုတ်။</p>
<p>အကယ်၍ ထွက်သက်ရှူခိုက်၌ပင် အသက်ကုန်ဆုံး၍ တစ်ဖန် ဝင်သက်ရှိူက်နိုင်တော့မည် မဟုတ်၊ အကယ်၍ ဝင်သက်ရှိူက်ခိုက်၌ ကံသည်ကုန်ခဲ့ငြားအံ့၊ ထိုဝင်သက်ရှိူက်ခိုက်၌ပင် အသက်ကုန်ဆုံး၍ ငါသည် တစ်ဖန် ထွက်သက် ရှူနိုင်တော့မည် မဟုတ်ပါပြီတကား-ဟု အဖန်ဖန် နှလုံးသွင်းရာ၏၊ အဖန်ဖန်ဆင်ခြင် အောက်မေ့ရာ၏၊ ဤကဲ့သို့ အဖန်ဖန်ဆင်ခြင်အောက်မေ့သော ယောဂီပုဂ္ဂိုလ်အား မိမိသေရမှာကို မြင်၍ လွန်စွာတိုသည်တိုင်အောင်မြင်၍ မိမိသေရမှာ လိုထင်ပြီး စိတ်ငယ်၍ ကြောက်ရွံ့တုန်လှုပ်၍လည်း သွားတတ်၏၊ ထိုသို့မဖြစ် ရအောင် သတိဆောင်၍ ဆင်ခြင်အောက်မေ့ရာ၏၊</p>
<p><b>နခေါ အဟဉ္စေဝေကော မရဏဓမ္မော မရဏံ အနတီတော၊ အထခေါ ယာဝတာ သတ္တာနံ အာဂတိ ဂတိ စုတိ ဥပပတ္တိ၊ သဗ္ဗေသတ္တာ မရဏဓမ္မာ မရဏံ အနတီတော</b>။</p>
<p>(<b>ပဉ္စင်္ဂုတ္တရပါဠိတော် အဘိဏှသုတ်</b>)</p>
<p>အနက်။။<b>အဟဉ္စေဝဧကော</b>၊ ငါတစ်ယောက်တည်းသာလျှင်။ <b>မရဏဓမ္မော</b>၊ သေရခြင်းသဘောရှိသည်။ <b>မရဏံ</b>၊ သေရခြင်းကို။ <b>အနတီတော</b>၊ မလွန်နိုင်သည်။ <b>နခေါ</b>၊ မဟုတ်။ <b>အထခေါ</b>၊ စင်စစ်သော် ကား။ <b>ယာဝတာ</b>၊ အကြင်မျှလောက်။ <b>သတ္တာနံ</b>၊ သတ္တဝါတို့အား။ <b>အာဂတိ</b>၊ ရှေးဘဝမှ ဤပစ္စုပ္ပန်ဘဝသို့ ပဋိသန္ဓေ နေရအောင် လာခြင်းသဘော သည်။ <b>ဂတိ</b>၊ လာပြီး၍ လာပြီး၍ပဋိသန္ဓေနေခြင်းသဘောသည်။ <b>စုတိ</b>၊ ပဋိသန္ဓေနေပြီး၍ ဖွားမြင်ပြီး၍ တဖန်စုတေခြင်းသဘောသည်။ <b>ဥပပတ္တိ</b>၊ ဤပစ္စုပ္ပန်ဘဝ စုတေသေဆုံးပြီး၍ နောက်တဖန် ပဋိသန္ဓေနေပြန်ခြင်း သဘောသည်။ <b>အတ္ထိ</b>၊ ရှိ၏၊ <b>တေ သဗ္ဗေ သတ္တာ</b>၊ ထိုပဋိသန္ဓေနေခြင်း သဘောရှိသော အလုံးစုံသော သတ္တဝါတို့သည်လည်း။ <b>မရဏဓမ္မာ</b>၊ သေခြင်းသဘောရှိကြကုန်၏၊ <b>မရဏံ</b>၊ သေရခြင်းကို။ <b>အနတီတာ</b>၊ မလွန်နိုင်ကြကုန်၊ သေကြရကုန်လတ္တံ့-ဟူ၍လည်း ဆင်ခြင်အောက်မေ့ ကြလေ။</p>
<h3>မရဏာနုဿတိကို ပွါးများသောရဟန်း ၈-ပါး</h3>
<p>မြတ်စွာဘုရား ရွှေလက်ထက်တော် အခါက <b>မရဏာနုဿတိ</b>ကို ပွားများကြသော ရဟန်းရှစ် ၈-ပါး အကြောင်း <b>အဋ္ဌင်္ဂုတ္တရပါဠိတော်</b>၌ လာရှိပေ၏၊</p>
<p>လာရှိပုံကား</p>
<p>၁။ တစ်ပါးမှာ တစ်နေ့နှင့်တစ်ညဉ့်လောက်သော အသက်ရှည်စွာ နေရလိမ့်မည်ဟု ထင်၏၊</p>
<p>၂။ တစ်ပါးမှာ တစ်နေ့လောက်သာ အသက်ရှည်စွာ နေရလိမ့် မည်ဟု ထင်၏၊</p>
<p>၃။ တစ်ပါးမှာ တစ်နေ့ထက်ဝက်လောက်သာ အသက်ရှည်စွာ နေရလိမ့်မည်ဟု ထင်၏၊</p>
<p>၄။ တစ်ပါးမှာ ဆွမ်းဝအောင် တစ်ကြိမ်စားကာမျှလောက်သာ နေရလိမ့်မည်ဟု ထင်၏၊</p>
<p>၅။ တစ်ပါးမှာ ဆွမ်းတစ်ကြိမ်စားထက်ဝက်စာ ကာလမျှလောက် သာ နေရလိမ့်မည်ဟု ထင်၏၊</p>
<p>၆။ တစ်ပါးမှာ ဆွမ်း-၄-၅-လုတ်စားသော ကာလမျှလောက်သာ နေရလိမ့်မည်ဟု ထင်၏၊</p>
<p>၇။ တစ်ပါးမှာ ဆွမ်းတစ်လုတ်စားပြီး၍ မျို၍ ဆွမ်း-၁-လုတ်စားပြီး ကာလမျှလောက်သာ နေရလိမ့်မည်ဟု ထင်၏၊</p>
<p>၈။ တစ်ပါးမှာ ထွက်သက် ရှူခိုက်မျှသာ အသက်ရှည်စွာ နေရလိမ့်မည်ဟု ထင်၏၊ တစ်ဖန်ဝင်သက် ရှိုက်ရလိမ့်မည်ဟု မထင်၊ ဝင်သက်ရှုပြန်လျှင်လည်း ထိုဝင်သက် ရှုခိုက်ဝင်ခိုက်မျှသာ အသက် ရှည်စွာ နေရလိမ့်မည်ဟု ထင်၏၊ တစ်ဖန်ထွက်သက်ရှူရ ထွက်ရလိမ့် မည်ဟု မထင်၊ သို့ကလောက် တိုစွာထင်မြင်၏၊</p>
<p>ဤ ရဟန်း-၈-ပါးတို့တွင် ရှေ့-၆-ပါးကို <b>မရဏာနုဿတိ</b> အထင် လေးသေးအောင် မေ့မေ့လျော့လျော့နေသောသူ, နောက်-၂-ပါးကို အထင်မြန်သော မမေ့မလျော့နေသောသူ-ဟု မြတ်စွာဘုရား မိန့်တော် မူ၏၊</p>
<p>ယခုခေတ်နောက်ပိုင်း သာသနာ၌-ပထမရဟန်းလောက် ထင်မြန်လျှင်ပင် အတော်အသင့် နေသာထိုင်သာ ရှိပေပြီ၊ အဖိုးတန်လှပြီ၊ တိုနိုင်သမျှတိုစွာ ထင်မြင်နိုင်အောင် ဆင်ခြင်အောက်မေ့ရမည်၊ ထိုသို့ တိုစွာ ထင်မြင်အောင် ကံဖြင့် ဆင်ခြင်အေက်မေ့ရသည်၊ ကံဖြင့် ဆင်ခြင် အေက်မေ့သည် ရှိသော်-၈-ယောက်မြောက် နောက်ဆုံး <b>အပ္ပမာဒဝိဟာရီ</b> ရဟန်းကဲ့သို့ ထွက်သက် ဝင်သက် ၁-ရှူထွက် ၁-ရှိုက်ထွက် ကာလမျှ လောက် တိုတောင်းစွာ ထင်မြင်ကြလတ္တံ့။</p>
<p>ဤသို့ တစ်လောကလုံးနှင့်တကွ မိမိသေရလိမ့်မည်ကို အဖန်ဖန် ဆင်ခြင်အောင်းမေ့သော ယောဂီပုဂ္ဂိုလ်သည် မိမိဉာဏ်အားလျော်စွာ သေရမည်ကို ကာလတိုတောင်းစွာ ထင်မြင်ရလေ၏၊ ဤသို့ထင်မြင်၍ <b>မရဏသညာ မရဏဿတိ</b> ကောင်းစွာတည်သည်ရှိသော် အလွန်စိတ် ဉာဏ်ကြည်လင်၏၊ ဉာဏ်ကြီးထွား ထက်သန်၏၊ သေရမှု <b>မရဏတရား</b>၌ စိတ်သည် စွဲမြဲလျက် တည်ကြည်၏၊ <b>ဥပစာရစျာန်</b>ကို ရ၏၊ ဤ<b>မရဏာနုဿတိကမ္မဋ္ဌာန်း</b>သည်လည်း- သေခြင်းသဘောက <b>ဇီဝိတိန္ဒြေ</b>၏ ချုပ်ပြတ်ခြင်း အလွန်နက်နဲ သိမ်မွေ့သော သဘောဖြစ်၍ နိမိတ်ရကောင်းသော တရားမဟုတ်ခြင်းကြောင့် <b>အပ္ပနာစျာန်</b>ကိုကား မဖြစ်စေနိုင်။</p>
<p>မရဏာနုဿတိ ကမ္မဋ္ဌာန်းပြီး၏၊</p>
<br>
<h3>(စျ)ကာယကတာသတိကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ</h3>
<p><b>ကာယကတာသတိ</b>ဟူသည်ကား- ဆံပင်, အမွေး, လက်သည်း ခြေသည်း, သွား, အရေ, အသား, အကြော, အရိုး, ခြင်ဆီ, အညှို့, နှလုံး, အသည်း, အမြှေး, အဖျဉ်း, အဆုတ်, အူမ, အူသိမ်, အစာသစ်, အစာဟောင်း, ဦးနှောက်, သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီခဲ, မျက်ရည်, ဆီကြည်, တံတွေး, နှပ်, အစေး, ကျင်ငယ်၊ ဤ ၃၂-ပါးသော <b>ကောဋ္ဌာသ ကာယ</b>ကို အာရုံပြု၍ ဖြစ်သော သတိကိုခေါ်သည်။</p>
<p>ထို<b>ကာယဂတာသတိ</b>ကို ပွားများအားထုတ်လိုသော ယောဂီ ပုဂ္ဂိုလ်သည် ဤ<b>ဒွတ္တိံသကာယ</b>ကို အဆင်း, သဏ္ဌာန်, တည်ရာဌာန, အပိုင်းအခြား<b>ပရိတစ္ဆေဒ</b>၊ ဤ ၄-ပါးသော အခြင်းအရာတို့ဖြင့်မှတ်၍ ဆံပင်မှသည် ကျင်ငယ်၊ ကျင်ငယ်မှသည် ဆံပင်ကျအောင် <b>အနုလုံ ပဋိလုံ</b> အပြန်အလှန် အားဖြင့် မရပ်မဆိုင်းအပြေးစိုင်း နှုတ်တက်ရအောင် ကျက်မှတ်၍ ရပြီးလျှင် နှုတ်ဖြင့် မရွတ်အံဘဲစိတ်ဉာဏ်ဖြင့်သာလျှင် <b>အနုလုံ ပဋိလုံ</b> အပြန်အလှန် အစဉ်အတိုင်း အဖန်ဖန်ကြည့်ရှုရာ၏၊</p>
<p>ထိုသို့ကြည့်ရှုဖန် များသောအခါ ထို<b>ကောဋ္ဌာသ</b>တို့သည် ပကတိ မံသမျက်စိနှင့်မြင်ရသကဲ့သို့စိတ်ထဲ၌ ထင်မြင်၍ လာကုန်၏၊ ဤကဲ့သို့ ထင်မြင်လျှင် <b>ဥဂ္ဂဟနိမိတ်</b> ထင်ပြီဟုမှတ်၊ <b>ဥဂ္ဂဟနိမိတ်</b> ထင်လာသော အခါ ထိုထင်လာသော <b>ကောဋ္ဌာသ</b>တို့တွင် ကြပ်ကြပ် ထင်ရှားသည့်, စိတ်ထဲဉာဏ်ထဲမှာ ကြပ်ကြပ်ထင်မြင်ရသည့် <b>ကောဋ္ဌာသ</b> တစ်ခုတည်း ကိုသာလျှင်ကြည့်ရှု၍ နေရာ၏၊</p>
<p>ထိုသို့ကြည့်ရှု၍ နေရာမှာလည်း ထို<b>ကောဋ္ဌာသ</b> တစ်ခုတည်းကို သာလျှင်ကြည့်ရှု၍ နေရာ၏၊ ထိုသို့နေရာ မှာလည်း ထို<b>ကောဋ္ဌာသ</b>ကို ကသိုဏ်းဖြစ်အောင် အဆင်းကိုလည်း နှလုံးမသွင်းဘဲ <b>သုညတ</b>-ဖြစ် အောင် ဓာတ်ကိုလည်း နှလုံးမသွင်းဘဲ စက်ဆုပ်ဖွယ်ဟု နှလုံးသွင်း၍ ရှုရာ၏၊ အကယ်၍ စက်ဆုပ်ဖွယ်<b>အသုဘသဘော</b> မထင်တည့်နိုင်လျှင် အဆင်းနေပုံ, အသွင်သဏ္ဌာန်နေပုံ, စက်ဆုပ်ဖွယ်သော အစာသစ်ချေး ဆီကြောင့် အမိအဖတို့၏ ရောနှောသော သွေးဥတုတို့ကြောင့် ဖြစ်မှု, စက်ဆုပ်ဖွယ် ညှီစော်သောအနံ့၊ ဤအကြောင်း ၄-ပါးတို့ဖြင့် စက်ဆုပ်ဖွယ် သော သဘော မပေါ်ပေါ်အောင် ဆင်ခြင်၍နှလုံးသွင်းအပ်၏၊</p>
<p>ဤသို့ ဆင်ခြင်လျှင် စက်ဆုပ်ဖွယ် အခြင်းအရာပေါ်၏၊ ထိုသို့ ပေါ်၍စက်ဆုပ်ဖွယ် အခြင်းအရာအားဖြင့် နှလုံးသွင်း၍ အဖန်ဖန် ကြည့်ရှုသောအခါ ထို<b>ကောဋ္ဌာသ ဥဂ္ဂဟနိမိတ်</b>သည် ပြေပြစ်ချောမွေ့စွာ လှပစွာ နှစ်သက်ဖွယ် <b>ပဋိဘာဂနိမိတ်</b>ဖြစ်၍ ထင်၏၊ ထို<b>ကောဋ္ဌာသ ပဋိဘာဂ နိမိတ်</b>ကိုစက်ဖွယ်ဟု စိတ်ထားလျက် နှလုံးသွင်းလျက် ကြည့်ရှု ဖန်များသောအခါ<b>စျာန်အင်္ဂါ ၅</b>-ပါးနှင့်ပြည့်စုံသော<b>ပထမစျာန် အပ္ပနာ ဇောဝီထိ</b> ကျလာ၏၊ ပထမစျာန်ကို ရ၏၊</p>
<p>ထို<b>ပထမစျာန်</b>ကို ထက်သန်ကြီးထွားအောင် မြဲမြံ ခိုင်ခံ့အောင် <b>ဝသီဘော်</b>နိုင်အောင် ပြုအပ်၏၊ ထိုသို့ ပြုပြီးမှသာလျှင် ဤနည်းအတူ ကြွင်းသော<b>ကောဋ္ဌာသ</b>တို့ကိုလည်း စေ့အောင် နိမိတ်ယူ၍ <b>ပထမစျာန် ဇော</b>ကို ကျစေအပ်၏၊</p>
<p>ဤ<b>ကာယကတာသတိ ကမ္မဋ္ဌာန်း</b>သည်း- <b>အသုဘကမ္မဋ္ဌာန်း</b> ကဲ့သို့ အာရုံရုန့်ရင်းကြမ်းတမ်းခြင်းကြောင့် အထက်၏<b>ဒုတိယစျာန်</b> ကိုကား မဖြစ်စေနိုင်။</p>
<p>ဤသို့<b>ကာယဂတာသတိကမ္မဋ္ဌာန်း ကောဋ္ဌာသ အသုဘ အာရုံ</b>ဖြင့် <b>ပထမစျာန်</b>ကိုရပြီး ထက်သန်အား ကောင်းအောင်, မြဲမြံခိုင်ခံ့ အောင်, <b>ဝသီဘော်</b>နိုင်အောင် ပြုပြီးသော ယောဂီပုဂ္ဂိုလ်သည် အထက်<b>ဒုတိယစျာန်</b> စသည်တို့ကို တက်လို ဖြစ်စေလိုသောအခါ ထို <b>ကောဋ္ဌာသ</b>တို့ကို အဆင်းကို နှလုံးသွင်း၍ <b>ဝဏ္ဏကသိုဏ်း</b> ဖြစ်အောင် ရှု၍ တက်အပ်၏၊ တက်ရာ၏၊။</p>
<p>မဂ် ဖိုလ်ကိုကူးလိုသောအခါ-<b>ပထဝီဓာတ်-၂၀, အာဘော ဓာတ်-၁၂</b>-ပါး ဝေဖန်ပိုင်းခြား၍ ဓာတ် <b>သုညတ</b> အနေရှု၍ တက်အပ်၏၊ တက်ရာ၏၊</p>
<p>ကာယဂတာသတိ ကမ္မဋ္ဌာန်းပြီး၏၊</p>
<br>
<h3>(ည) အာနာပါနဿတိကမ္မဋ္ဌာန်းပွါးများအားထုတ်ပုံ</h3>
<p><b>အာနာပါနဿတိ</b>ဟူသည်ကား- ထွက်သက်ဝင်သက်လေကို အာရုံပြု၍ဖြစ်သော သတိကိုခေါ်သည်၊ ထို<b>အာနာပါနဿတိ</b>ကို ပွားများ အားထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည် စိတ်ကိုသန်သန် ခိုင်ခိုင်ထား၍ ထွက်သက်ဝင်သက် လေကို မနှေး, မမြန်, မပျော့, မပြင်း, မှန်မှန်ဖြစ် စေ၍နှာခေါင်းပေါက်၌စိတ်ထားလျက် ထွက်လေ ဝင်လေကို သတိချပ် လျက် သိမှတ်အပ်၏၊ ထွက်လျှင်ထွက်မှန်း, ဝင်လျှင်ဝင်မှန်း သိအောင် ပြုရမည်၊ အမှုမဲ့ အမှတ်မဲ့ သတိမလစ်စေရ၊ သတိသညာဖြင့် သိလိုက်, မှတ်မိလိုက်၍သာလျှင် ထွက်စေအပ်၏၊ ဝင်စေအပ်၏၊</p>
<h3>ပဌမကဏ္ဍ ပထမခန်း</h3>
<p>၁။ <b>သော သတောဝ အဿာသတိ သတောဝ ပဿာသတိ</b>။</p>
<h3>ဒုတိယကဏ္ဍ- ဒုတိယခန်း</h3>
<p>၂။ <b>ဒီဃံဝါ အဿဿန္တော ဒီဃံ အဿဿာမီတိ ပဇာနာတိ၊ ဒီဃံ ဝါ ပဿဿန္တော ဒီဃံ ပဿဿာမီတိ ပဇာနာတိ၊ ရဿံ ဝါ အဿဿန္တော ရဿံ အဿဿာမီတိ ပဇာနာတိ၊ ရဿံ ဝါ ပဿဿန္တော ရဿံ ပဿဿာမီတိ ပဇာနာတိ</b>။</p>
<h3>တတိယကဏ္ဍ-တတိယခန်း</h3>
<p>၃။ <b>သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ</b>။ <b>သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ</b>။</p>
<h3>စတုတ္ထကဏ္ဍ-စတုတ္ထခန်း</h3>
<p>၄။ <b>ပဿမ္ဘယံ ကာယသင်္ခါရံ အဿာသိဿာမီတိ သိက္ခတိ</b>။ <b>ပဿမ္ဘယံ ကာယသင်္ခါရံ ပဿာသိဿာမီတိ သိက္ခတိ</b>။</p>
<p>(<b>ဥပရိပဏ္ဏာသ ပါဠိတော်</b>) ၁။ <b>သော</b>၊ ထို<b>အာနာပါနဿတိ ကမ္မဋ္ဌာန်း</b>ကို အားထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည်။ <b>သတောဝ</b>၊ မလစ်စေမှုသတိပြု၍သာလျှင်။ <b>အဿာ သတိ</b>၊ ထွက်သက် လွှတ်၏၊ <b>သတောဝ</b>၊ မလွတ်စေမှု သတိပြု၍ သာလျှင်။ <b>ပဿာသတိ</b>၊ ဝင်သက် ရှူ၏၊</p>
<p>၂။ <b>ဒီဃံ ဝါ</b>၊ ရှည်စွာမူလည်း။ <b>အဿဿန္တော</b>၊ ထွက်သက် လွှတ်သည်ရှိသော်။ <b>ဒီဃံ</b>၊ ရှည်စွာ။<b>အဿဿာမီတိ</b>၊ ထွက်သက် ငါ လွှတ်၏ဟူ၍။ <b>ပဇာနာတိ</b>၊ သိ၏၊ <b>ဒီဃံ ဝါ</b>၊ ရှည်စွာမူလည်း။ <b>ပဿဿန္တော</b>၊ သင်သက်ရှူသည်ရှိသော်၊ <b>ဒီဃံ</b>၊ ရှည်စွာ။ <b>ပဿဿာမီတိ</b>၊ ဝင်သက် ငါရှူ၏ဟူ၍။ <b>ပဇာနာတိ</b>၊ သိ၏၊ <b>ရဿံ ဝါ</b>၊ တိုစွာမူလည်း၊ <b>အဿဿန္တော</b>၊ ထွက်သက်လွှတ်သည်ရှိသော်။ <b>ရဿံ</b>၊ တိုစွာ။ <b>အဿဿာမီတိ</b>၊ ထွက်သက် ငါလွှတ်၏ဟူ၍။ <b>ပဇာနာတိ</b>၊ သိ၏၊ <b>ရဿံ ဝါ</b>၊ တိုစွာမူလည်း။ <b>ပဿ ဿန္တော</b>၊ ဝင်သက်ရှူသည်ရှိသော်။ <b>ရဿံ</b>၊ တိုစွာ၊ <b>ပဿဿာမီတိ</b>၊ ဝင်သက်ငါရှူ၏ဟူ၍။ <b>ပဇာနာတိ</b>၊ သိ၏၊</p>
<p>၃။ <b>သဗ္ဗကာယပဋိသံဝေဒီ</b>၊ ထွက်သက်၏ အစ, အလယ်, အဆုံး အကုန်လုံးထင်လင်းသည်။ <b>ဟုတွာ</b>၊ ဖြစ်၍။ <b>အဿ သိဿာမိ</b>၊ ထွက်သက် လွှတ်ပေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ အားထုတ်၏၊ <b>သဗ္ဗကာယ ပဋိသံ ဝေဒီ</b>၊ ဝင်သက်၏ အစ, အလယ်, အဆုံး အကုန်လုံးထင်လင်းသည်။ <b>ဟုတွာ</b>၊ ဖြစ်၍။ <b>ပဿသိဿာမိ</b>၊ ဝင်သက်ရှူပေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ အားထုတ်၏၊</p>
<p>၄။ <b>ကာယသင်္ခါရံ</b>၊ ထွက်သက်ဟူသော <b>ကာယသင်္ခါရ</b>ကို။ <b>ပဿမ္ဘယံ-ပဿမ္ဘယန္တော</b>၊ အစဉ်တိုင်း ချုပ်ငြိမ်းစေလျက်။ <b>အဿာ သိဿာမိ</b>၊ ထွက်သက် လွှတ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ အားထုတ်၏၊ <b>ကာယသင်္ခါရံ</b>၊ ဝင်သက်ဟူသော <b>ကာယသင်္ခါရ</b>ကို။ <b>ပဿမ္ဘယံပဿမ္ဘယန္တော</b>၊ အစဉ်တိုင်း ချုပ်ငြိမ်းစေလျက်။ <b>ပဿသိဿာမိ</b>၊ ဝင်သက် ရှူပေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ အားထုတ်၏၊</p>
<p>ဆောင်ပုဒ်သံခိပ်။ (က) သတိမြဲရာ၊ ပထမာ၊ ဒု-မှာ ရှည်တိုသိ။</p>
<p>(ခ) လုံးစုံလင်းရာ၊ တ-၌သာ၊ စ-မှာ ငြိမ်းစေဘိ။</p>
<p>၁။ ပထမခန်းမှာ ထွက်သက် ဝင်သက်တို့၌ သတိမြဲမှုကို အားထုတ်ရသည်။</p>
<p>၂။ ဒုတိယခန်းမှာ ထွက်သက် ဝင်သက်တို့၌ ရှည်လျှင် ရှည်သည် ဟု, တိုလျှင် တိုသည်ဟု သိအောင် အားထုတ်ရသည်။</p>
<p>၃။ တတိယခန်းမှာ ထွက်သက် ဝင်သက်တို့ကို အစ, အလယ်, အဆုံး ထင်လင်းအောင်အားထုတ်ရသည်။</p>
<p>၄။ စတုတ္ထခန်းမှာ ရုန့်ရင်းသော ထွက်သက် ဝင်သက်တို့ကို အစဉ်အတိုင်းချုပ်ငြိမ်းစေ၍ သိမ်မွေ့၍ သွားအောင် အားထုတ်ရသည်။</p>
<p>(ဤကား <b>စတုက္က ၄</b>-ခု အဓိပ္ပါယ်အကျဉ်းတည်း။)</p>
<h3>အဋ္ဌကထာကြီးတို့နည်း</h3>
<p>ယခုအခါ ဤ<b>ပထမစတုက္က</b>အရာ၌ အဋ္ဌကထာကြီးတို့မှာ လာ သောနည်းလမ်းကို ပြဆိုပေအံ့။</p>
<p><b>ဂဏနာ</b>-အနှေးအမြန်၊ အစဉ်မှန်၊ ၂-တန် ရေတွက်နည်း။</p>
<p><b>အနုဗန္ဓနာ</b>-အမြဲအမြန်၊ အတွယ်သန်၊ တစ်ဖန်ဖွဲ့ထားနည်း။</p>
<p><b>ဌာပနာ</b>-ငြိမ်ဝပ်ပျံ့ပျူး၊ စိတ်စိုက်စူး၊ အထူးစိတ်ထားနည်း။</p>
<p>အဓိပ္ပါယ်ကား-ထွက်သက် ဝင်သက်တို့၏ ထိခိုက်ရာဋ္ဌာနသည် နှာသီးဖျား, အထက်နှုတ်ခမ်းဖျား-ဟူ၍ ၂-ပါးရှိ၏၊ အချို့သောသူတို့အား နှာသီးဖျား၌ ထိခိုက်မှု ထင်ရှား၏၊ မိမိထင်ရှားရာတစ်ခုခုကို အစွဲပြု၍၊ အစ၌ရေတွက်နည်းဖြင့် အားထုတ်ရာ၏၊ အလယ်၌ အစဉ်လိုက်နည်းဖြင့် အားထုတ်ရာ၏၊ အဆုံး၌ ထွက်သက် ဝင်သက်တို့၌ အခိုင်အမြဲ စိတ် ထားနည်းဖြင့် အားထုတ်ရာ၏၊</p>
<p>ထို ၃-ပါးတို့တွင် ရေတွက်နည်းသည် နှေးနှေးရေတွက်နည်း, မြန်မြန်ရေတွက်နည်းဟူ၍ ၂-ပါးရှိ၏၊ ထိုတွင်</p>
<p>နှေးနှေးရေတွက်နည်းဆိုသည်ကား- ဌာန ၂-ပါးတွင် တစ်ပါး ပါး၌ စိတ်ကိုစိုက်ထား၍ ထွက်သက် ဝင်သက် ၂-ပါးကို နှလုံးသွင်းသော အခါ အစ၌ စိတ်မငြိမ်သက်သေးသည့် အတွက်ကြောင့် ထွက်သက် ဝင်သက်တို့သည် အချက်တိုင်း အချက်တိုင်း စိတ်၌ ထင်ရှားကုန်သေး သည်မဟုတ်၊ မထင်ရှားသော အချက်စုလည်း ပါရှိကုန်သေး၏၊ ထို့ကြောင့် မထင်ရှားသော အချက်စုကို မရေတွက်မူ၍ ထင်ရှားသော အချက်စုကိုသာ ရေတွက်ခြင်းကြောင့် နှေးသောရေတွက်နည်း ဖြစ်လေ သတည်း။</p>
<h3>ဝါရ အကြိမ်ပြု၍ ဂဏနာ ရေတွက်နည်း</h3>
<p>ရေတွက်ရာ၌လည်း</p>
<p>၁-၂-၃-၄-၅-တွင် တစ်ဝါရ။</p>
<p>၁-၂-၃-၄-၅-၆-တွင် တစ်ဝါရ။</p>
<p>၁-၂-၃-၄-၅-၆-၇-တွင် တစ်ဝါရ။</p>
<p>၁-၂-၃-၄- ၅-၆-၇-၈-တွင် တစ်ဝါရ။</p>
<p>၁-၂-၃-၄-၅-၆-၇-၈-၉-တွင် တစ်ဝါရ။</p>
<p>၁-၂-၃-၄-၅-၆-၇-၈-၉-၁၀-တွင် တစ်ဝါရ။</p>
<p>ဤသို့ ၆-ဝါရတို့ဖြင့် ရေတွက်ရာ၏၊</p>
<p>(<b>ပထမဝါရ, ဒုတိယဝါရ, တတိယဝါရ, စတုတ္ထဝါရ, ပဉ္စမဝါရ, ဆဋ္ဌမဝါရ</b>-ဟူ၍လည်း အစဉ်အတိုင်း ခေါ်ရ၏၊)</p>
<p>(<b>ဆဋ္ဌမဝါရ ၆</b>-ကြိမ်မြောကြ်ပီးလျှင် ပထမဝါရ အစ ရှေးဦး အကြိမ်သို့ပြန်လေ၊ ၎င်း ၆-ဝါလုံးကိုမှ တစ်ဝါရ-ဟူလည်း ခေါ်ကြ၏၊)</p>
<p>ရှေးဦးစွာ စိတ်ကို နှာခေါင်းဝ၌ စိုက်ထား၍ ထွက်သက် ဝင်သက် ၂-ပါးတွင် ထင်ရှားရာတစ်ခုခုကို ၁-ဟု ရေတွက်ရာ၏၊ ၎င်းနောက် ထွက်သက် ဝင်သက် ၂-ပါးပင် ထင်ရှားသည်ချည်း ဖြစ်၍လာခဲ့လျှင် အစဉ်အတိုင်း ၂-၃-၄-၅-ဟု ရေတွက်ရာ၏၊ မထင်မရှား ပါရှိခဲ့လျှင် ထိုမထင်ရှားသောအချက်ကို မရေတွက်မူ၍ ထင်ရှားသည့်အချက် မတွေ့သေးသမျှ ကာလပတ်လုံး တန့်ရပ်၍ ၁-၁-စသည်ဖြင့် ရေတွက် မတွေ့သေးသမျှ ကာလပတ်လုံး တန့်ရပ်၍ ၁-၁-စသည်ဖြင့် ရေတွက် ဆဲအတိုင်းသာ ထပ်၍နေရာ၏၊ ထင်ရှားသော အချက်ပေါ်လာမှ ၂- စသည်ဖြင့် အထက်ဂဏန်းသို့ တက်၍ ရေတွက်ရာ၏၊ ၅-သို့ကြလျှင် ၁-က ပြန်ရာ၏၊</p>
<p>ဤနည်းတူ <b>ဒသက</b>-<b>ဝါရ ၁၀</b>-ကြိမ်တိုင်အောင် ၆-ဝါရတို့၌ မထင်ရှားသော ထွက်သက် ဝင်သက် အချက်တို့ကို မရေတွက်မူ၍ ထင်ရှားသော ထွက်သက် ဝင်သက်တို့ကိုသာ ရွေးကောက်၍ ရေတွက် သောကြောင့် နှေးသောရေ တွက်နည်းဖြစ်လေသတည်း။ ရေတွက်ဖန်များလတ်သော် ထင်ရှားသောအချက်များ၍ လာလတ္တံ့၊ ၁-၂-စသော ဂဏန်းချက်လည်း စိပ်၍ စိပ်၍ လာလတ္တံ့၊ ထွက်သက်အချက် ဝင်သက်အချက် ထင်ရှားသည်ချည်းဖြစ်သောအခါ၌ ၁-၂-စသော ဂဏန်းချက်သည်လည်း မပြတ်မစဲ မြန်ရ၏၊ တစ်ခုကိုမျှ မလွတ်စေရ၊ ထွက်သက် ဝင်သက် အစဉ်နှင့် ဂဏန်းအစဉ်သည် အခုန် အကျော် အလစ်အလပ် မရှိ အစဉ်မှန်စေရမည်၊ ၁-၂-စသော ဂဏန်းချမှု ကိုလည်း နှုတ်ဖြင့်ရွတ်ဆိုဖွယ်မရှိ၊ စိတ်ဖြင့် ရေတွက်လျှင် ပြီးတော့ သတည်း၊ အချို့သူတို့ကား ၆-ဝါရ အဆုံးအဆုံးတွင် ပုတီးစေ့တစ်လုံး တစ်လုံးချ၍ တစ်နေ့တစ်နေ့လျှင် ပုတီးပတ်ပေါင်း မည်မျှစိပ်မည်ဟု ပိုင်းခြား၍ စိပ်ကြကုန်၏၊ အာရုံမြန်မြန် ထင်နိုင်သည်သာ ပဓာနတည်း။ အကြင်အခါ၌ အရေတွက်သော်လည်း ရေတွက်သည်နှင့် ထပ်တူ ထွက်သက်ဝင်သက်တို့၏ ထိုဌာန၌ ထိတိုင်းထိတိုင်း အသိမြဲစွဲ၏၊ အလုပ်ခွင်သို့ဝင်၍ နှလုံးသွင်းနေသမျှကာလပတ်လုံး တစ်ခုသောထွက် သက်, တစ်ခုသောဝင်သက်မျှ အမှတ်မဲ့လွတ်၍ သွားသည်မရှိပြီ၊ ထို အခါမှစ၍ ရေတွက်မှုကို ရုပ်သိမ်း၍ <b>အနုဗန္ဓနာ</b>-နည်းဖြင့် ရှုရာ၏၊ အနှေးအမြန် အစဉ်မှန် ၂-တန် ရေတွက်နည်း ပြီး၏၊</p>
<h3>အနုဗန္ဓနာနည်း</h3>
<p><b>အနုဗန္ဓနာ</b>နည်း ဆိုသည်ကား- ရေတွက်ခန်းတွင် အစဉ် မှန်ခဲ့သည့်အတိုင်း ထိရာဌာန စိတ်ကိုစိုက်ထား၍ ထွက်မှု ဝင်မှု အကြိမ် စဉ်အတိုင်း တစ်ကြိမ်မျှ မလွတ်စေရဘဲ ထွက်မှု ဝင်မှုအစဉ်နှင့် နှလုံး သွင်းမှု အစဉ် ဖွဲ့တွယ် စွဲမြဲ၍ နေအောင် အားထုတ်မှုသည် <b>အနုဗန္ဓနာ</b>မည်၏၊ ရေတွက်မှုမရှိဘဲလျှက် ရေတွက်နည်းမှာ သိမှုအစဉ် မှန်ခဲ့ သည့်အတိုင်း သိမှုအစဉ်မှန်၍နေအောင် တစ်ဖန်လိုက်စား အားထုတ်မှု ဆိုလိုသည် အဘယ်မျှလောက် ကာလကြာမြင့်အောင် <b>အနုဗန္ဓနာ</b> နည်း ဖြင့် အားထုတ်ရာသနည်း-ဟူမူကား <b>ပဋိဘာဂနိမိတ်</b> ဖြစ်ပေါ်၍လာ သည့်တိုင်အောင် အားထုတ်ရာ၏၊</p>
<h3>ပဋိဘာဂနိမိတ်</h3>
<p><b>ပဋိဘာဂ နိမိတ်</b>ဆိုသည်ကား-ပကတိသော ထွက်သက် ဝင်သက် လေအတိုင်းကိုလွန်၍ အဆင်း သဏ္ဌာန် အရောင်အလက်နှင့်တကွ လဲဝါဂွမ်း အစုကဲ့သို့, လေအယဉ်ကဲ့သို့, မိုးကြယ်ကဲ့သို့, ပတ္တမြားလုံးကဲ့သို့, ပုလဲလုံးကဲ့သို့, ပုလဲသွယ်ကဲ့သို့- အစရှိသည်ဖြင့် တစ်ခုခု ထင်ပေါ် ဖြစ်ထွန်း ၍လာသော <b>ပညတ္တိ ဓမ္မအထူး</b>ကို “<b>ပဋိဘာဂ နိမိတ်</b>” ဆိုသည်။ ထို<b>ပဋိဘာဂ နိမိတ် ပညတ်အာရုံအထူး</b> အထင်အရှား စိတ်အမြင်မှာ နှလုံးသွင်းအတိုင်း ဖြစ်ပေါ် ထင်မြင်လာသောအခါမှ <b>အနုဗန္ဓနာ</b>နည်းကို ရုပ်သိမ်းရမည်၊ <b>ဂဏနာ</b>-နည်း, <b>အနုဗန္ဓနာ</b>-နည်း ၂-ပါးမှာ ထိရာဌာန မလွတ်ရသေး။</p>
<p>အမြဲအမြန် အတွယ်သန် တစ်ဖန်ဖွဲ့ထားနည်းပြီး၏၊</p>
<h3>ဌပနာနည်း</h3>
<p><b>ပဋိဘာဂနိမိတ်</b> ထင်သည်မှစ၍ <b>ဌပနာ</b>နည်းဖြင့် အားထုတ်ရာ၏၊ <b>ဌပနာ</b>နည်းဆိုသည်ကား- <b>ပဋိဘာဂ နိမိတ်</b>မည်သည် ပညတ် အာရုံအထူးဖြစ်၍ အာရုံအသစ်ကဲ့သို့ ဖြစ်ပြန်၏၊ သဘာဝဓမ္မမျိုး မဟုတ် သောကြောင့် ကွယ်ပျောက်လည်း ကွယ်ပျောက်လွယ်၏၊ ကွယ်ပျောက် ပြန်လျှင် တစ်ဖန်ထင်မြင်ရန် အမှုလည်း ခဲခက်၏၊ ထိုကြောင့် ထင်မြင် လာသော<b>ပဋိဘာဂနိမိတ်</b>ကို မကွယ် မပျောက်စေမူ၍ တစ်နေ့တစ်ခြား ထင်ရှားပွင့်လင်း၍သွားအောင် ထိုအာရုံ၌ စူးစူးစိုက်စိုက် အားတိုက်ဖိစီး၍ စိတ်ကိုထားခြင်းသည် <b>ဌပနာ</b>-မည်၏၊</p>
<p>ဤ <b>ဌပနာ</b>-နည်းသို့ ရောက်သောအခါ၌မူကား <b>အသပ္ပါယ ၇</b>- ပါးကိုကြင်ရှောင်၍ <b>သပ္ပါယ ၇</b>-ပါးကို မှီဝဲရာ၏၊ <b>အပ္ပနာကောသလ္လ ၁၀</b>- ပါးကို ပြည့်စုံစေရာ၏</p>
<h3>အသပ္ပါယ ၇-ပါး</h3>
<p>၁။ ဘာဝနာမှု၏ ဆုတ်ယုတ်ကြောင်းဖြစ်သော နေရာဌာန,<br>
၂။ ဆွမ်းခံရွာ,<br>
၃။ စကားများမှု,<br>
၄။ အပေါင်းအဖော်,<br>
၅။ ဘောဇဉ်,<br>
၆။ ဥတု,<br>
၇။ ဣရိယာပုထ်,</p>
<p>(<b>သပ္ပါယ ၇</b>-ပါးဆိုသည်ကား ဘာဝနာမှု၏ တိုးပွားကြောင်းဖြစ်သော ထို ၇-ပါးပင်တည်း။)</p>
<h3>အပ္ပနာကောသလ္လ ၁၀ ပါး</h3>
<p>၁။ ကိုယ်အင်္ဂါနှင့်တကွ အသုံးအဆောင် ဝတ္ထုမျိုး သန့်ရှင်းမှု,<br>
၂။ ထွက်သက် ဝင်သက်ဟူသော အာရုံနိမိတ် လိမ္မာမှု,<br>
၃။ တက်ကြွလွန်းသော စိတ်ကို ဖိနှိပ်မှု,<br>
၄။ ဆုတ်နစ်လွန်းသောစိတ်ကို ချီးပင့်မှု,<br>
၅။ ခြောက်သွေ့လွန်းသော စိတ်ကို ရွှင်စေမှု,<br>
၆။ ညီညွတ်သောစိတ်ကို လျစ်လျူရှုမှု,<br>
၇။ သမာဓိမရှိသော ပုဂ္ဂိုလ်ကို ကြဉ်ရှောင်မှု,<br>
၈။ သမာဓိရှိသော ပုဂ္ဂိုလ်ကို မှီဝဲမှု,<br>
၉။ ဣန္ဒြေ-၅-ပါးကို ညီညွတ်အောင်ပြုမှု,<br>
၁၀။ အ<b>ပ္ပနာစျာန်</b>ကို ရခြင်းငှာ အမြဲညွတ်သော စိတ်ရှိမှု, ပေါင်း ၁၀-ပါးတည်း။</p>
<p>ဤသို့သောအမှုတို့ကို ပြည့်စုံစွာပြု၍ ထို<b>ပဋိဘာဂနိမိတ်</b>၌ စိတ်ကို အစွဲကြီးစွဲ၍ အမြဲကြီးမြဲလေအောင် နေ့ရှည်လများ ရှုသောအားဖြင့် ပွားများစေရာ၏၊</p>
<p>အဘယ်မျှလောက်ကြာမြင့်အောင် ဤ<b>ဌပနာ</b>နည်းအားဖြင့် ပွားများအားထုတ်ရာသနည်း-ဟူမူကား <b>ရူပါဝစရ စတုတ္ထစျာန်</b>တိုင် အောင်သည် <b>ဌပနာခေတ်</b>ပေတည်း။</p>
<p>ငြိမ်ဝပ်ပျံ့ပျူး စိတ်စိုက်စူး အထူးစိတ်ထားနည်းပြီး၏၊</p>
<br>
<h3><b>နိမိတ် ၃-ပါး၊ ဘာဝနာ ၃-ပါးခွဲနည်း</b></h3>
<p>ဂဏနာနည်း၊ အနုဗန္ဓနာနည်း၊ ဌပနာနည်း-ဟူသော နည်းသုံးပါးတို့ဖြင့် အစဉ်အတိုင်း ပွားများဖြစ်ထွန်း၍ သွားရာ၌ နိမိတ် ၃-ပါး၊ ဘာဝနာ သမာဓိ ၃-ပါးခွဲနည်းကား<br><br>၁။ <b>ဂဏနာ အခန်း၌ ထင်မြင်အပ်သော ထွက်သက်ဝင်သက် အာရုံသည် ပရိကမ္မနိမိတ် မည်၏</b>၊<br><br>၂။ <b>အနုဗန္ဓနာခန်း၌ ထင်မြင်အပ်သော ထိုအာရုံသည်ပင်လျှင် ဥဂ္ဂဟနိမိတ် မည်၏</b>၊<br><br>၃။ <b>ဌပနာအခန်း၌ ထင်မြင်အပ်သော ပညတ်အာရုံသည် ပဋိဘာဂနိမိတ် မည်၏</b>၊<br><br><b>ဤကား နိမိတ် ၃-ပါးခြားနားပုံတည်း</b>။<br><br>၁။ <b>ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်နှစ်ပါးခိုက်ရာ၌ ပွားများသော ဘာဝနာသမာဓိသည် ပရိကမ္မဘာဝနာ သမာဓိမည်၏</b>၊<br><br>၂။ <b>ဌပနာခေတ်တွင် အပ္ပနာစျာန်သိုမရောက်မီ အကြား ပဋိဘာဂနိမိတ်ကို အာရုံပြု၍ ပွားများသော သမာဓိသည် ဥပစာရဘာဝနာသမာဓိ မည်၏</b>၊<br><br>၃။ <b>စတုတ္ထနည်းအားဖြင့် ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန်၊ စတုတ္ထစျာန်-ဟု ဆိုအပ်သော ရူပါဝစရစျာန် ၄-ပါးသည် အပ္ပနာဘာဝနာ သမာဓိ မည်၏</b>၊</p>
<p>အာနာပါနအလုပ်ကို အားထုတ်ရာ၌ <b>ဂဏနာ</b>၊ <b>အနုဗန္ဓနာ</b>တို့ အခန်းတွင် ထွက်သက်ဝင်သက်တည်းဟူသော ကမ္မဋ္ဌာန်းအာရုံသည် အဆင့်ဆင့်သိမ်မွေ့၍ သွားသဖြင့် ပျောက်ကွယ်၍ သွားသကဲ့သို့ ဖြစ်တတ်၏၊ ထိုအခါ စိတ်ကို ထိရာဌာန၌သာ ထားမြဲထား၍ အလွန်သိမ်မွေ့လှစွာသော ထိုအာရုံကို ထိုနေရာမှာပင် ရအောင်ယူနိုင်၍ ထိုအာရုံ ထင်ရှားပေါ်ပြန်သည့်နောက် မကြာမီ <b>ပဋိဘာဂနိမိတ်</b> ပေါ်လာလတ္တံ့၊ <b>ဥပစာရစျာန်</b>သို့ ဆိုက်လတ္တံ့၊ <b>နီဝရဏတရား ၅-ပါး</b>ကွာပြီးသော <b>ကာမာဝစရဘာဝနာ ဥပစာရသမာဓိ</b>-ကို <b>ဥပစာရစျာန်</b> ဆိုသည်။ ဤကမ္မဋ္ဌာန်းအာရုံ၏ အဆင့်ဆင့် သိမ်မွေ့၍ ပျောက်ကွယ်မှုမှာ အဋ္ဌကထာနည်းလမ်း၌ သိမ်မွေ့၍သွားအောင် တမင်အားထုတ်မှုကို မဆို၊ သူ့အလိုအလျောက် အဆင့်ဆင့် သိမ်မွေ့၍သွားသည်ကို ဆို၏၊ လောက၌လည်း ဤကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်ကြရာ အဆင့်ဆင့် သိမ်မွေ့၍သွားသဖြင့် ထွက်သက်ဝင်သက် ပျောက်ကွယ်၍ သွားသူများကို တွေ့မြင်ရဖူး၏၊</p>
<p>ရှေ့၌ ထုတ်ပြခဲ့ပြီးသော ပါဠိတော် နောက်ဆုံးဝါရ၌ကား <b>ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သက္ခတိ</b>၊</p>
<p><b>ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သက္ခတိ</b>။</p>
<p>ဟုဟောတော်မူ၏၊</p>
<p><b>ဤပါဠိတော်မြတ်အလိုမူကား</b>-<b>အနုဗန္ဓနာအခန်းသို့ ရောက်သောအခါ၌ ထွက်သက်ဝင်သက်ကို အဆင့်ဆင့် သိမ်မွေ့၍သွားလေအောင် တမင်အားထုတ်ရမည်ပင်ဖြစ်၏</b>၊</p>
<p>(ဤအာရုံ ပျောက်ကွယ်ခန်းမှာ ကမ္မဋ္ဌာန်းအစီအရင်၌ မလိမ္မာသော ယောဂီပုဂ္ဂိုလ်သည် ထွက်သက်ဝင်သက်ပျောက်ကွယ်၍ သွားခဲ့ပြီဟုထင်၏၊ ကမ္မဋ္ဌာန်းအလုပ်ကို လွှတ်၍ပစ်တတ်၏၊ <b>သတိမူကြလေ</b>။)</p>
<p>---</p>
<h3><b>ပါဠိတော်နှင့် အဋ္ဌကထာနှီးနှောပုံ</b></h3>
<p>ထုတ်ပြခဲ့ပြီးသော ပါဠိတော် ၄-ဝါရ၏ အရဖြစ်သော</p>
<p>၁။ <b>သတိမြဲရာ</b>၊ <b>ပထမာ</b>၊ <b>ဒု-မှာ ရှည်တို-သိ</b>။</p>
<p>၂။ <b>လုံးစုံလင်းရာ</b>၊ <b>တ၌သာ</b>၊ <b>စ-မှာ ငြိမ်းစေဘိ</b>။</p>
<p>ဟူသော ၄-ချက်ကို ပြဆိုခဲ့ပြီးသော <b>ဂဏနာ</b>-အစရှိသော အဋ္ဌကထာနည်းလမ်းနှင့် နှီးနှောရာ၏၊</p>
<p>နှီးနှောပုံကား-ထိရာဌာန၌ စိတ်ကို စိုက်ထား၍ <b>ဂဏနာနည်း</b>အားဖြင့်အစဉ်မှန်စွာ ရေတွက်မှုသည် <b>သတိမြဲရာ ပထမာ</b>ဖြစ်၏၊ နာရီအပိုင်းအခြားနှင့်ကမ္မဋ္ဌာန်းအလုပ်ခွင်သို့ဝင်၍ နှလုံးသွင်းရာ အပသို့ ခဏခဏ ထွက်ပြေးသော စိတ်ဝိတက်ကို ချိုးဖျက်ခြင်းငှာ <b>ဂဏနာနည်း</b>ကို ပြုလုပ်ရသည်ဖြစ်၍ <b>ဂဏနာခန်း၌ အရှည်အတို သိမှုကို တမင်အားထုတ်ဖွယ် မရှိသေး</b>၊ “<b>သတောဝအဿသတိ သတောဝ ပဿသတိ</b>” ဟူသော ပါဠိတော်မြတ်နှင့်အညီ ထွက်သက်ဝင်သက်၌ သတိမြဲ၍ အပသို့ ခဏခဏထွက်သော စိတ်ဝိတက်ငြိမ်းမှုကိုသာ ကောင်းစွာ ငြိမ်းအောင် အားထုတ်ရာ၏၊</p>
<p>ထိုကြောင့် အဋ္ဌကထာ၌</p>
<p><b>ဗဟိ ဝိသဋဝိတက္ကဝိစ္ဆေဒံ ကတွာ အဿာသ ပဿာသာရမ္မဏေ သတိသဏ္ဌပနတ္ထံယေဝ ဟိ ဂဏနာ</b>။ ဟူ၍ မိန့်ပြီ။</p>
<p><b>ဂဏနာ</b>၊ ရေတွက်ခန်းမည်သည်။ <b>ဗဟိ</b>၊ မိမိကိုယ်အင်္ဂါမှ အပ၊ အလွတ်၌။ <b>ဝိသဋဝိတက္ကဝိစ္ဆေဒံ</b>၊ ဘဝအဆက်ဆက် ပျံ့နှံ့ပြေးသွား၍ နေသောစိတ်ဝိတက်အလျဉ်၏ ပြတ်ခြင်းကို။ <b>ကတွာ</b>၊ ပြု၍။ <b>အဿာသ ပဿာသာရမ္မဏေ</b>၊ မိမိကိုယ်အင်္ဂါဖြစ်သော ထွက်သက်ဝင်သက်ဖြစ်သော အာရုံ၌။ <b>သတိသဏ္ဌပနတ္ထံယေဝ</b>၊ သတိကို ခိုင်မြဲစွာ ထားခြင်းငှာသာလျှင်။ <b>ဟောတိ</b>၊ ဖြစ်၏၊</p>
<p><b>ဂဏနာခန်း</b>ပြီးစီး၍ <b>အနုဗန္ဓနာခန်း</b>သို့ ရောက်သောအခါ “<b>ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ</b>” အစရှိသော ဒုတိယဝါရပါဠိတော်မြတ်နှင့်အညီ ထိရာဌာန၌ စိတ်ကို ခိုင်မြဲစွာထားမှုနှင့်တကွ အရှည်အတို သိမှုကိုလည်း အစဉ်မှန်စွာသိအောင် သတိပြုရာ၏၊ အရှည်အတိုသိမှုကိုသတိပြုရာ၌ ထွက်သက်ဝင်သက်တို့ကို အစ၊ အလယ်၊ အဆုံး-အစဉ်လိုက်၍ တမင်အာရုံပြုရသည်မဟုတ်၊ စိတ်ကို ထိရာဌာန၌ ခိုင်မြဲစွာ ထားမြဲထား၍ အရှည်အတိုကိုလည်း အစဉ်မှန်စွာ သိအောင် ငါသတိပြုမည်ဟု ဥဿာဟတစ်ခုတိုး၍ ပြုရုံမျှသာတည်း၊ ရှည်သော အကြိမ်မှာ ထိရာဌာန၌ ထိခိုက်မှုတာရှည်၏၊ တိုသော အကြိမ်မှာ ထိရာဌာန၌ ထိခိုက်မှုတာတို၏၊ ထိခိုက်ချက်တာရှည်မှု၊ တာတိုမှုကို သိ၍အရှည်အတိုကို သိ၏၊</p>
<p>စိတ်၏ <b>ဗျာပါရ</b>မည်သည် အလွန်ပျံ့နှံ့နိုင်သော သဘောသတ္တိရှိသောကြောင့် ထိရာဌာန၌ပင် စိုက်၍ ထားငြားသော်လည်း ထိရာဌာနမှ အတွင်း၌ထွက်၍လာသောအလား၊ ဝင်၍သွားသော အလားများသည်လည်း အလိုလို ထင်မြင်လာလတ္တံ့။</p>
<p>အရှည်အတိုသိမှု စွဲမြဲသောအခါ၌</p>
<p><b>သဗ္ဗကာယပ္ပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ</b>၊</p>
<p><b>သဗ္ဗကာယပ္ပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ</b>။</p>
<p>ဟူသော တတိယဝါရ ပါဠိတော်မြတ်နှင့်အညီ ထိရာဌာန၌ စိတ်ကိုခိုင်မြဲစွာစိုက်ထား၍ အရှည်အတို သိမှုနှင့်တကွ ထွက်သက်ကို အစ၊ အလယ်၊ အဆုံး အကုန်လုံး ထင်လင်းစေမှု၊ ဝင်သက်ကို အစ၊ အလယ်၊ အဆုံး အကုန်လုံးထင်လင်းစေမှုကို အထူးအားထုတ်ရာ၏၊ ထွက်သက် လွှတ်မည်ရှိခဲ့လျှင် အမှတ်တမဲ့ မလွတ်မူ၍ ဝမ်းတွင်း၌ ဖြစ်ပေါ်သော အစမှစ၍ ထိရာဌာနတိုင်အောင် ထွက်သက်သဏ္ဌာန်ကို စိတ်၌ ထင်ရှားအောင်ပြု၍ ထွက်သက်လွှတ်မည်ဟု ဥဿာဟပြု၍ပြု၍ လွှတ်ရမည်၊ ထိရာဌာနမှစ၍ ဝမ်းတွင်း၌ ဆုံးရာဌာနတိုင်အောင် ဝင်သက်သဏ္ဌာန်ကို စိတ်၌ထင်ရှားအောင်ပြု၍ ဝင်သက်ရှူမည်ဟု ဥဿာဟပြု၍ ရှူရမည်။</p>
<p>ထိုသို့ပြုရာ၌လည်း နှာသီးဖျားဟု ဆိုအပ်သော ထိရာဌာန၌ စိတ်ကိုခိုင်မြဲစွာ ထားမြဲထား၍သာ ဥဿာဟပြုရမည်၊ ထိရာဌာန၌ စိတ်ထားမှုကိုလွှတ်၍ မလိုက်ရ၊ ထိရာဌာနကို လွှတ်၍ မလိုက်သော်လည်း အစ၊ အလယ်၊ အဆုံး-အကုန်လုံးထင်ရှားစေမည်-ဟူသော ဥဿာဟနှင့်တကွ ထိရာဌာန၌စိတ်ကိုစိုက်၍ထားလျှင်ပင် တစတစ အားဖြင့် ထွက်သက်ဝင်သက်တို့သည် အစ၊ အလယ်၊ အဆုံး-အကုန်လုံး အလိုလို ထင်ရှားလာ ကုန်လတ္တံ့။</p>
<p>အစ၊ အလယ်၊ အဆုံး-အကုန်လုံး ထင်လင်းစွာ ထင်မြင်သောအခါ၌</p>
<p><b>ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ</b>၊</p>
<p><b>ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ</b>။</p>
<p>ဟူသော စတုတ္ထပါဠိတော်နှင့်အညီ အဆင့်ဆင့် ရုန့်ရင်းမှု၏ ချုပ်ငြိမ်းခြင်း၊ အဆင့်ဆင့်သိမ်မွေ့ခြင်း ကွယ်ပျောက်၍ သွားပြီး ထင်ရအောင်သိမ်မွေ့ခြင်းသို့ အလိုအလျောက် မရောက်ခဲ့သည်ရှိသော် ထိုသို့ သိမ်မွေ့ခြင်းသို့ ရောက်အောင်အားထုတ်မည်-ဟူသော ဥဿာဟကိုပြု၍ ထွက်သက်ဝင်သက်ကို ဖြစ်စေရမည်၊ အမှတ်တမဲ့မဖြစ်စေရာ။ အဋ္ဌကထာနည်း၌ကား-ဂဏနာနည်းမှစ၍ပင် အလိုအလျောက် အဆင့်ဆင့် သိမ်မွေ့၍သွားမှု၊ ကွယ်ပျောက်သော အခြင်းအရာသို့ ရောက်မှုကို ပြပေ၏၊ အလိုအလျောက် ကွယ်ပျောက်သူများကိုလည်း ငါတို့တွေ့မြင်ရဖူး၏၊</p>
<p><b>ဂဏနာ ဝသေနေဝပန မနသိကာရကာလတော ပဘုတိ အနုက္ကမတော ဩဠာရိက အဿာသ ပဿာသ နိရောဓဝသေန ကာယဒရထေ ဝူပသန္တေ ကာယောပိ စိတ္တံ လဟုကံ ဟောတိ၊ သရီရံ အာကာသေ လင်္ဃနာ ကာရပ္ပတ္တံဝိယ ဟောတိ</b>။</p>
<p><b>အနက်</b>။။ အထူးဖြစ်တတ်ပုံကို ပြဆိုပေအံ့။ <b>ဂဏနာ ဝသေနေဝ</b>၊ ဂဏနာနည်း၏ အစွမ်းဖြင့်သာလျှင်။ <b>မနသိကာရ ကာလတော</b>၊ နှလုံးသွင်းသောကာလမှ။ <b>ပဘုတိ</b>၊ အစပြု၍။ <b>အနုက္ကမတော</b>၊ အစဉ်အားဖြင့်။ <b>ဩဠာရိက အဿာသပဿာသနိရောဓဝသေန</b>၊ ရုန့်ရင်းသော ထွက်သက်ဝင်သက်တို့၏ အဆင့်အဆင့် ချုပ်ငြိမ်းသည်၏ အစွမ်းဖြင့်။ <b>ကာယဒရထေ</b>၊ ကိုယ်တွင်း သဏ္ဍာန် ပူပန်ချောက်ချားမှုသည်။ <b>ဝူပသန္တေ</b>၊ ငြိမ်းလတ်သော်။ <b>ကာယောပိ</b>၊ ရူပကာယ တစ်ခုလုံးသည်လည်းကောင်း။ <b>စိတ္တံပိ</b>၊ စိတ်သည်လည်းကောင်း။ <b>လဟူကံ</b>၊ ပေါ့ပါးသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊ <b>သရီရံ</b>၊ ကိုယ်ကောင်သည်။ <b>အာကာသေ</b>၊ ကောင်းကင်၌။ <b>လင်္ဃနာကာရပ္ပတ္တံ ဝိယ</b>၊ ပျံတက်လွင့်ပါးတော့မည့်အခြင်းအရာသို့ ရောက်သကဲ့သို့။ <b>ဟောတိ</b>၊ ဖြစ်၏၊</p>
<p>(ထက်ဝယ်ဖွဲ့ခွေ ထိုင်နေရာမှ မြေနှင့် လက်လေးသစ်ခန့် ကွာအောင် ကောင်းကင်သို့ တက်ကြွ၍ နေသူများကို ကြားရဖူး၏၊)</p>
<p>ဤသို့ ကွယ်ပျောက်သော အခြင်းအရာသို့ ရောက်သောအခါ ထိရာဋ္ဌာန၌ စိတ်ကိုခိုင်မြဲစွာ စိုက်ထား၍ ထိုအာရုံကို အရယူသဖြင့် တစ်ဖန်ပေါ်လွင် ထင်ရှား၍ လာသည်ရှိသော် <b>ပဋိဘာဂနိမိတ်</b> ဖြစ်ပေါ်လာ၏၊ ထိုအခါ ကြောက်ခြင်း၊ လန့်ခြင်း၊ အိပ်ခြင်း၊ ပျင်းရိခြင်းစသော <b>နီဝရဏတရား</b>တို့ ကျွတ်ကွာသဖြင့် <b>ဥပစာရစျာန်</b>ကို ရ၏၊</p>
<p>(ဤကား ပထမစတုက္က ပါဠိတော်နည်းနှင့် အဋ္ဌကထာနည်းကို နှီးနှောပြပုံတည်း)</p>
<p>အဋ္ဌကထာ၌ <b>ဂဏနာ</b>၊ <b>အနုဗန္ဓနာ</b>၊ <b>ဖုသနာ</b>၊ <b>ဌပနာ</b>၊ <b>သလ္လက္ခဏာ</b>၊ <b>ဝိဝဋ္ဋနာ</b>၊ <b>ပါရိသုဒ္ဓိ</b> ဟူ၍လာသော <b>အာနာပါန ကမ္မဋ္ဌာန်း ၇-ခန်း</b>တို့တွင် <b>ဖုသနာ</b>-ဟူသော ထိရာဌာနနှင့်တကွ <b>ဂဏနာအခန်း</b>၊ <b>အနုဗန္ဓနာအခန်း</b>၊ <b>ဥပစာရစျာန်</b> ဟုဆိုအပ်သော <b>ဌပနာအခန်းများ</b>ကို ပြဆိုမှုပြီး၏၊ ဤ <b>ပထမ စတုက္ကသည် လိုရင်းပဓာနတည်း</b>၊ ယခုအခါ၌ ဤပထမစတုက္က အလုပ်ပြီးစီးလျှင်ပင် <b>သမထဝိပဿနာ</b> လိုရာအလုပ်ကို လုပ်နိုင်ပြီ။</p>
<p>(ဤကား <b>အာနာပါနဿတိကမ္မဋ္ဌာန်း</b>ပွားများ အားထုတ်ပုံတည်း)</p>
<p><b>အနုဿတိကမ္မဋ္ဌာန်း</b> ပြီး၏၊</p>
<p>---</p>
<h3><b>၇-ဗြဟ္မဝိဟာရ ကမ္မဋ္ဌာန်းကို ပြဆိုခန်း</b></h3>
<h4><b>(က) မေတ္တာဗြဟ္မဝိဟာရ ကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ</b></h4>
<p><b>ဗြဟ္မဝိဟာရ ၄-ပါး</b>တို့တွင် <b>မေတ္တာဗြဟ္မဝိဟာရ</b>ကို ပွားများအားထုတ်လိုသော <b>ယောဂီပုဂ္ဂိုလ်</b>သည် ဤသို့ ပွားများရာ၏၊</p>
<h4><b>ကုသိုလ်ရရုံ ပွားများနည်း</b></h4>
<p><b>မေတ္တာပွားများနည်း</b>သည် <b>ကုသိုလ်ရရုံ ပွားများနည်း</b>၊ <b>စျာန်အပ္ပနာရအောင် ပွားများနည်း</b>ဟု ၂-မျိုးရှိသည်၊ ထို ၂-မျိုးတို့တွင် <b>ကုသိုလ်ရရုံ ပွားများနည်း</b>မှာ တစ်ကျောင်းလုံး၊ တစ်တိုက်လုံး၊ တစ်အိမ်လုံး၊ တစ်ရွာလုံး၊ တစ်မြို့လုံး-စသည်ဖြင့် သတ္တဝါအများကို တစ်လုံးတည်း အာရုံပြု၍ ဤသတ္တဝါတို့သည် ချမ်းသာပါစေ၊ သတ္တဝါခပ်သိမ်း အကုန်လုံး ချမ်းသာပါစေ၊ ကိုယ်ရောစိတ်ရော ချမ်းသာပါစေ ဟု ချမ်းသာစေလိုသော စိတ်ဆန္ဒ အဖန်ဖန် ဖြစ်ရသည်၊ ပွားများရသည်။</p>
<p>ဤသို့ဖြစ်ရာ ပွားများရာမှာလည်း သားငယ်အား အလွန်ချစ်ခင်သောမိခင်သည် အချိန်လွန်ခါနီးမှ ရရှိလာသော တစ်ယောက်တည်းသော သားငယ်ကို အလွန်သနားစောင့်ရှောက် ချစ်ခင်ဘိသကဲ့သို့ တကယ်အမှန် ချမ်းသာစေလိုသော စိတ်ဆန္ဒဖြစ်မှသာ <b>မေတ္တာ</b>တည်း၊ စိတ်ကမပါဘဲနှင့် နှုတ်ကချမ်းသာပါစေ ဟုဆိုရုံနှင့် မေတ္တာမဟုတ်၊ စိတ်ကချမ်းသာစေလိုသော ဆန္ဒမရှိပါဘဲနှင့် “<b>အဝေရာ ဟောန္တု</b>၊ <b>အဗျာပဇ္ဇာ ဟောန္တု</b>” စသည်ကို အနက်ပါဠိရွတ်၍နေငြားသော်လည်း ထိရောက်သော <b>မေတ္တာပို့</b>ဟု မဆိုသာ၊ ကုသိုလ်ရရုံမျှသာ ဖြစ်လေသောကြောင့် <b>ကုသိုလ်ရရုံ မေတ္တာဘာဝနာ</b>ဟု ဆိုရသည်။</p>
<p><b>ကုသိုလ်ရရုံ မေတ္တာပွားများနည်း</b> ပြီး၏၊</p>
<h4><b>စျာန်ရအောင် မေတ္တာပွားများနည်း</b></h4>
<p><b>စျာန်ရအောင် မေတ္တာပွားများလိုသော ယောဂီပုဂ္ဂိုလ်</b>သည် “ငါသည်လည်း ဆင်းရဲဒုက္ခကိုမုန်း၏၊ ချမ်းသာသုခကို အလိုရှိ၏၊ နှစ်သက်၏၊ ခပ်သိမ်းသော သတ္တဝါတို့သည်လည်း ငါကဲ့သို့ ဆင်းရဲဒုက္ခကို မုန်းကြ၏၊ ချမ်းသာသုခကို အလိုရှိကြ၏ နှစ်သက်ကြ၏၊ ငါသည်လည်း ချမ်းသာသုခကို အလိုရှိ၏၊ သတ္တဝါခပ်သိမ်းလည်း ချမ်းသာသုခ ရကြပါစေ” ဟုခပ်သိမ်းသော သတ္တဝါတို့၌ ချမ်းသာစေလိုသော စိတ်ဆန္ဒကို ညွတ်စေ၍-ဤယခုနေ့မှစ၍ ရှေးလွန်ခဲ့ပြီးသော ၂-နှစ် ၃-နှစ်လောက် ကျအောင်သော်လည်းကောင်း၊ ၅-နှစ် ၁၀-နှစ် လောက်ကျအောင်သော်လည်းကောင်း ထို့ထက် အလွန်သော်လည်းကောင်း၊ ဤအတွင်း၌ မိမိသွားဖူးသမျှ၊ ရောက်ဖူးသမျှ၊ နေဖူးသမျှ၊ အရပ်တို့၌ မိမိနှင့်တွေ့ဖူး၊ မြင်ဖူး၊ ကြုံဖူး၊ စကားပြောဖူး၊ အတူနေဖူး၊ အတူထိုင်ဖူး၊ အချင်းချင်း ကျေးဇူးပြုဖူးသမျှသော ပုဂ္ဂိုလ်ကြီးငယ်တို့ကို အကုန်ပြန်၍ စဉ်းစား၍၊ တွေး၍၊ အမှတ်ရ၍၊ ဤယနေ့တွေ့ဖူး၊ ကြုံဖူးသော ပုဂ္ဂိုလ်ကြီးငယ်မှစ၍ နောက်ပြန် အစဉ်အတိုင်း ဤသူသည် ငါကဲ့သို့ အသက်နှင့်သူပဲ၊ ချမ်းသာချင်ရှာတယ်၊ ချမ်းသာပါစေ၊ တစ်စုံတစ်ရာမှ ရောဂါဝေဒနာ ဘေးရန်အန္တရာယ် မတွယ်မငြိပါစေနှင့်။ ချမ်းသာပါစေ၊ ကိုယ်ရောစိတ်ရော ချမ်းသာပါစေ-ဟု မိမိတွေ့ဖူးသမျှ ကြုံဖူးသမျှ၊ ပုဂ္ဂိုလ်ကြီးငယ် သတ္တဝါတို့ကို တစ်ယောက်ချင်း၊ တစ်ယောက်ချင်း နောက်ပြန် အစဉ်အတိုင်း <b>မေတ္တာပို့</b>၍ သွားရာ၏၊ မိမိနှင့် မတွေ့မမြင်ဖူးငြားသော်လည်း အဝေးက လှမ်း၍ မိမိကို ကျေးဇူးပြုဖူးတဲ့သူ-ဆိုလျှင် တိရစ္ဆာန်ကလေးတောင် မကျန်စေနှင့်၊ အကုန်ပါအောင်ပို့။</p>
<p>ဤသို့ နောက်ပြန် အစဉ်အတိုင်း <b>မေတ္တာပို့</b>သွား၍ ၁၀-နှစ်လောက်က တွေ့ကြုံဖူးတဲ့ အဆုံးစွန် ပုဂ္ဂိုလ်သို့ကျလျှင် ထိုသူမှ တစ်ဖန် လှည့်ပြန်၍ ယခုတွေ့ဖူးတဲ့သူကျအောင် <b>အနုလုံ</b> အစဉ်အတိုင်း တစ်ယောက်ချင်း တစ်ယောက်ချင်း ပို့၍လာရာ၏၊ <b>ကာယဂတာသတိ</b> ပွားများရာ၌ <b>ကောဋ္ဌာသ</b>တို့ကို <b>အနုလုံ</b>၊ <b>ပဋိလုံ</b>-အခေါက်ခေါက် အပြန်ပြန် ကြည့်ရှုဘိသကဲ့သို့ မိမိတွေ့ကြုံဖူးသမျှ ပုဂ္ဂိုလ်သတ္တဝါတို့ကို နောက်ပြန် ရှေ့ပြန် <b>ပဋိလုံ</b>၊ <b>အနုလုံ</b>အားဖြင့် တစ်ယောက်ချင်း၊ တစ်ယောက်ချင်း အခေါက်ခေါက် အပြန်ပြန် မေတ္တာပို့၍ပို့၍ သွားသည်ရှိသော် ဤသတ္တဝါတွေထဲ၌ တဏှာပေမ မဖက်ဘဲ ကုသိုလ်မေတ္တာ သက်သက်ဖြင့် ချစ်ခင်နိုင်သော အချစ်ခင်ဆုံး၊ မေတ္တာစိတ် ကြပ်ကြပ်အသက်ဝင်ဆုံး ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့လတ္တံ့။</p>
<p>ထိုပုဂ္ဂိုလ်ကိုသာ စိတ်နှင့် ဉာဏ်နှင့်ကြည့်၍ ဤသူသည် ငါ့အား သနားချစ်ခင်ရှာတယ်၊ ဤမည်သော၊ ဤမည်သော ကျေးဇူးဥပကာရ ပြုရှာဖူးတယ်၊ စောင်မရှာတယ်၊ ဤသူသည် ငါကဲ့သို့ အသက်နှင့်သတ္တဝါ ဖြစ်တယ်၊ ဆင်းရဲကို မုန်းရှာတယ်၊ ချမ်းသာသုခကို နှစ်သက်လိုချင်ရှာတယ်၊ ချမ်းသာချင်ရှာတယ်၊ ချမ်းသာပါစေ၊ တစ်စုံတစ်ခု ရောဂါဝေဒနာ ဘေးရန်အန္တရာယ်မတွယ်မငြိပါစေနှင့်၊ ကိုယ်ရော စိတ်ရော အေးအေးမြမြ ချမ်းသာပါစေ-ဟု ထိုပုဂ္ဂိုလ်ကို ခြေဖျားမှသည် ဦးခေါင်းဦးရေကျအောင်၊ ဦးခေါင်းဦးရေမှသည် ခြေဖျားကျအောင် အပြင်ရော တစ်ကိုယ်လုံး အနှံ့အပြား မေတ္တာစိတ် ဖြန့်ဖြန့်နှံ့နှံ့ ပို့သရာ၏၊ နှလုံးသွင်းရှိ စိတ်ကလေးကိုလည်း မေတ္တာစိတ်နှင့်ဝင်၍ ဤသူ၏စိတ်ကလေးသည် ပူလောင်ခြင်း ဆင်းရဲခြင်းမရှိ ချမ်းသာပါစေဟု ဖြန့်နှံ့ပို့သရာ၏၊</p>
<p>ဤကဲ့သို့ အဖန်ဖန် <b>မေတ္တာစိတ်</b> ဖြန့်နှံ့၍ပို့သနေလျှင် ကြာသောအခါ ထိုပုဂ္ဂိုလ်ကို မျက်စိနှင့် မြင်ရဘိသကဲ့သို့ ထင်မြင်၍၊ အနီး၌ချဉ်းကပ်၍ နေဘိသကဲ့သို့ထင်မြင်၍လာ၏၊ ချစ်ခင်ခြင်း<b>မေတ္တာစိတ်</b>လည်း အလွန်အားကြီး၍လာ၏၊ <b>မေတ္တာစိတ်</b>တွေ တဖွားဖွားဖြစ်၍ ထိုပုဂ္ဂိုလ်၌သာ တွယ်၍နေတော့၏၊ များစွာ မပြေးလွင့်တော့ပြီ၊ ထိုအခါ <b>ဥဂ္ဂဟနိမိတ်</b>ရပြီ-ဟူ၍မှတ်၊ <b>ဥဂ္ဂဟ</b>ဖြစ်အောင် ထင်မြင်ရသောထိုပုဂ္ဂိုလ်ကို အဖန်ဖန်<b>မေတ္တာစိတ်</b> ဖြန့်နှံ့သို့သသည်ရှိသော် ကြာသောအခါ စိတ်သည် ထိုပုဂ္ဂိုလ်၌ တွယ်၍ အလွန်ငြိမ်သက် တည်ကြည်၍ <b>စျာန်အဂါင်္ ၅-ပါး</b>နှင့် ပြည့်စုံသော <b>ပထမစျာန်ဇော အပ္ပနာဝီထိ</b>ကျလာ၏၊ <b>ပထမစျာန်</b>ကို ရ၏၊</p>
<p>ထိုသို့ <b>ပထမစျာန်</b>ကိုရပြီးသော<b>ရောဂီ</b>သည် ပုဂ္ဂိုလ်ကိုပင်လျှင် အာရုံပြု၍ <b>မေတ္တာစိတ်</b> ဖြန့်နှံ့ပို့သ၍ <b>ကသိုဏ်း</b>၌ဆိုခဲ့ပြီးသော နည်းအတိုင်း အထက်<b>ဒုတိယစျာန်</b>၊ <b>တတိယစျာန်</b>၊ <b>စတုတ္ထစျာန်</b>-ကျအောင် တက်အပ်၏၊ ဖြစ်စေအပ်၏၊ ဤသို့တစ်ဦးတည်းသော ပုဂ္ဂိုလ်ကို <b>မေတ္တာစိတ်</b> ဖြန့်နှံ့ပို့သ၍၊ အာရုံပြု၍ <b>စတုတ္ထစျာန်</b>ကျအောင် ရပြီး၍ <b>ဝသီဘော်</b>နိုင်ပြီးသောအခါ မိမိတွေ့ဖူး ကြုံဖူး၍ ပထမ<b>မေတ္တာပို့</b>၍ ချန်ထားခဲ့သော ပုဂ္ဂိုလ်တို့ကိုလည်း တစ်ယောက်ချင်း တစ်ယောက်ချင်း၊ စေ့အောင် ဤနည်းတူ <b>မေတ္တာစိတ်</b> ဖြန့်နှံ့ပို့သ၍ အရုံပြု၍ <b>စတုတ္ထစျာန်</b>ကျအောင် ဖြစ်စေအပ်၏၊</p>
<p>ထို့နောင် မိမိမတွေ့ဖူးသော်လည်း ကြားဖူးသမျှသော အရပ် <b>၁၀-မျက်နှာ</b>ရှိ အလုံစုံသော သတ္တဝါတို့ကို တစ်ယောက်ချင်းသော်လည်းကောင်း၊ အပေါင်းများစွာသတ္တဝါကို တစ်လုံးတည်း အာရုံပြု၍သော်လည်းကောင်း <b>မေတ္တာစိတ်</b> ဖြန့်နှံ့ပို့သ၍ အာရုံပြု၍ <b>စတုတ္ထစျာန်</b>ကျအောင် ဖြစ်စေအပ်၏၊</p>
<h4><b>မိမိ၏ရန်သူပုဂ္ဂိုလ်</b></h4>
<p>ထိုသို့<b>မေတ္တာပို့</b>ရာ၌ ထိုပုဂ္ဂိုလ်အပေါင်းတို့တွင် မိမိမုန်းသော ငြိုးသောရန်သူရန်ဖက်များတွေ့ရှိ၍ ထိုရန်သူ၌ အကယ်၍ <b>မေတ္တာစျာန်</b> မြုဖစ်နိုင်ဘဲ မဝင်စားနိုင်ဘဲ မုန်းသောစိတ်၊ မြင်ပြင်းကပ်သောစိတ်၊ <b>ဒေါသစိတ်များ</b> ဖြစ်ပေါ်လာခဲ့လျှင်</p>
<p>''<b>န သော ဘိက္ခဝေ သတ္တော သုလဘရူပေါ၊ ယော န မာတာဘူတပဗ္ဗော</b>''။</p>
<p>စသောဘုရားရှင် ဟောကြားတော်မူသော <b>အနမတဂ္ဂသုတ်တော်မြတ်</b>အတိုင်း ထိုရန်သူသည် အသင်၏ ရန်သူမဟုတ်၊ ရှေးရှေးဘဝတို့က အမိ-အဖစသည်ဖြစ်၍ အသင့်အား ကျေးဇူးပြုဖူးလှပြီ၊ <b>ဤစိတ်ထဲ၌ ဖြစ်ပေါ်လာသော ဒေါသသည်သာလျှင် အသင်၏ရန်သူတည်း</b>၊ ထိုပုဂ္ဂိုလ်သည် အသင့်ကို စျာန်မှလျော့အောင်လည်း မလုပ်၊ ငရဲသို့ကျအောင်လည်းမချ၊ အသင်၏ရန်သူမဟုတ်၊ <b>ဤဒေါသသည်သာလျှင် အသင့်ကို စျာန်မှလျော့ကျအောင် ညှင်းဆဲသော၊ ငရဲကျအောင်ချသော ရန်သူကြီးတည်း</b>။</p>
<p>အသင်သည် ရန်သူမဟုတ်သောသူကို မမုန်းနှင့်၊ မမြင်ပြင်းနှင့်၊ ရန်သူဖြစ်သော <b>ဒေါသ</b>-ကိုသာမုန်းလော့၊ မြင်ပြင်းလော့၊ ပယ်ဖျက်သတ်ဖြတ်လော့-ဟု မိမိကိုယ်ကိုမိမိဆုံးမ၍ မိမိရန်သူ အစစ်ဖြစ်သော <b>အမျက်ဒေါသ</b>ကိုသာလျှင် သတ်ဖြတ်ပြေငြိမ်းစေ၍ ထိုရန်သူပုဂ္ဂိုလ်၌ ရှေးရှေးက အမိအဖ-စသည်ဖြစ်ဖူးသောအဖြစ်ကို အောက်မေ့ဆင်ခြင်၍ ယခုလည်း အမိရင်း၊ အဖရင်း-စသည်ကဲ့သို့ မှတ်လျက် <b>မေတ္တာစျာန်</b>ကျစေ ဖြစ်စေအပ်၏၊</p>
<p>အကယ်၍ အမိ၊ အဖ-စသည်ကဲ့သို့ မမှတ်နိုင်ဘဲ သူစိမ်းအနေနှင့် ထင်၍နေလျင် ဩ-သူလဲ ငါလိုပဲ၊ အသက်နှင့်အကောင်ပဲ၊ ဆင်းရဲဒုက္ခကို မုန်းရှာတယ်၊ ချမ်းသာသုခကို နှစ်သက်လိုလားရှာတယ်၊ ချမ်းသာချင်ရှာတယ်၊ ချမ်းသာပါစေ-ဟု ကိုယ်ချင်းစာ၍ <b>မေတ္တာစျာန်ဇော</b>ကျစေ၊ ဖြစ်စေအပ်၏၊ အကယ်၍ ဤကဲ့သို့လည်း ကိုယ်ချင်းမစာနိုင်၍ မုန်းစိတ် မပျောက်ခဲ့ဘဲ <b>မေတ္တာစျာန်ဇော</b> ထိုသူ၌ မကျင့်နိုင်ခဲ့ငြားအံ့၊ ထိုသို့ဖြစ်ခဲ့လျှင် သူခပ်သိမ်းတို့၌ <b>မေတ္တာစျာန်</b>ကျစေပြီးမှ နောက်ဆုံးမှ ဤရန်သူလူမုန်း၌ ကျစေအပ်၏၊</p>
<p>ရန်သူမဟုတ်သော သူတို့၌ <b>မေတ္တာစျာန်ဇော</b> ကျဖန် ဖြစ်စ်ဖန် များ၍ <b>မေတ္တာစိတ်</b> ထက်သန်အားကောင်းသောအခါ အလွန်မုန်းသော ရန်သူ၌လည်း <b>မေတ္တာစျာန်</b>ဖြစ်နိုင်တော့၏၊ အကယ်၍ ဤကဲ့သို့ <b>စျာန်ဇော</b> မကျစေနိုင်ငြားအံ့၊ ထိုသို့ဖြစ်ခဲ့လျှင် ထိုရန်သူမုန်းကို နှလုံးမသွင်းအပ်၊ အာရုံမပြုအပ်၊ <b>မေတ္တာ</b>မပို့အပ်၊ တောထဲ၌ရှိသော မြက်မှိုက်၊ ထင်းချောင်းတို့နှင့်အတူသာ ထားအပ်တော့သည်၊ ရှိသည်ဟူ၍ပင် မမှတ်အပ်၊ <b>အနာရမ္မဏဥပေက္ခာ</b> ပြုအပ်၏၊ <b>မေတ္တာစျာန်ဇော</b>ကျစေနိုင်သော ထိုရန်သူမှကြွင်းသော ခပ်သိမ်းသောသတ္တာဝါတို့ကိုသာလျှင် <b>မေတ္တာစျာန်ဇော</b> ဖြန့်နှံ့ပို့သအပ်၏၊</p>
<p><b>မေတ္တာဗြဟ္မဝိဟာရ ပွားများပုံ</b> ပြီး၏၊</p>
<p>---</p>
<h3><b>(ခ-ဂ) ကရုဏာ၊ မုဒိတာ ဗြဟ္မဝိဟာရ ပွားများအားထုတ်ပုံ</b></h3>
<p><b>ကရုဏာ</b>၊ <b>မုဒိတာ</b>-တို့ကို ပွါးများနည်းသည်လည်း <b>မေတ္တာနည်း</b>တူပင် <b>ကုသိုလ်ရရုံ ပွါးများနည်း</b> <b>စျာန်အပ္ပနာ</b>ကိုရအောင် ပွါးများနည်းဟု ၂-မျိုးရှိသည်။</p>
<h4><b>ကုသိုလ်ရရုံ ပွါးများနည်း</b></h4>
<p>ထို ၂-မျိုးတို့တွင် <b>ကုသိုလ်ရရုံ ပွါးများနည်း</b>မှာ သားကိုချစ်ခင်တတ်သော အမိသည် ထိုမိမိသားငယ် ဆင်းရဲဒုက္ခရောက်၍နေလျှင် ထိုဆင်းရဲဒုက္ခမှ အလွန်လွတ်စေခြင်ဘိသကဲ့သို့ အလွန်သနားခြင်း ဖြစ်ဘိသကဲ့သို့ ထိုမိမိသားစည်းစိမ်ချမ်းသာနှင့် ပြည့်ပြည့်စုံစုံ ခံစံ၍ ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင် နေသည်ကို တွေ့မြင်ရလျှင်လည်း ထိုစည်းစိမ်ချမ်းသာမှ မဆုတ်မယုတ် အလွန်ကြာမြင့်စွာ ဤစည်းစိမ်အတိုင်းသာလျှင် တည်စေချင်ဘိသကဲ့သို့ တိုး၍သာ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံစေခြင်ဘိသကဲ့သို့၊ အလွန်နှစ်သက်ဝမ်းမြောက်ခြင်း ဝမ်းသာချင်းဖြစ်ဘိသကဲ့သို့ ထို့အတူ တစ်ယောက်တည်းသော်လည်းဖြစ်စေ၊ အများသော်လည်းဖြစ်စေ ဆင်းရဲဒုက္ခရောက်၍နေသော သတ္တဝါကို ထိုဆင်းရဲဒုက္ခမှ လွတ်စေလိုသော စိတ်ဆန္ဒဖြင့် အလွန်သနားခြင်းဖြစ်ရာ၏၊</p>
<p>စည်းစိမ်ချမ်းသာ ပြည့်ပြည့်စုံစုံနှင့် ခံစံမွေ့လျော်၍ ပျော်ပျော်ရွှင်ရွှင် တင့်တင်တယ်တယ် ချမ်းသာ၍ နေသောသူကို တွေ့မြင်လျှင်လည်း ဤသူသည် ဤစည်းစိမ်ချမ်းသာမှ မဆုတ်မယုတ်ဘဲ ဤစည်းစိမ်ချမ်းသာအတိုင်းသာ တည်ပါစေ၊ တိုးတက်၍သာ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံပါစေ-ဟု တောင့်တလျက် အလွန်နှစ်သက်ဝမ်းမြောက်ခြင်း ဝမ်းသာခြင်းဖြစ်ရာ၏၊ ဝမ်းသာဝမ်းမြောက်သော <b>မုဒိတာစိတ်</b>ကို အဖန်ဖန်ဖြစ်စေရာ၏၊ ပွါးများရာ၏၊ မနာလိုဘဲ ငြူစူစောင်းမြောင်းခြင်း <b>ဣဿာတရား</b>မဖြစ်အပ်။</p>
<p>(ဤကား <b>ကုသိုလ်ရရုံ ကရုဏာ မုဒိတာပွါးများနည်း</b>တည်း။)</p>
<h4><b>စျာန်ရအောင် ပွါးများနည်း</b></h4>
<p><b>မေတ္တာ</b>ကိုမပွါးများသော <b>မေတ္တာစျာန်</b>ကိုမရသောပုဂ္ဂိုလ်သည် ဆင်းရဲဒုက္ခရောက်၍ နေသောသူ၌ သနားသော <b>ကရုဏာစိတ်</b> ကြာမြင့်စွာ အလွန်တည်နိုင်ခဲ၏၊ <b>စျာန်အပ္ပနာ</b>ပေါ်အေင် အလွန်<b>ကရုဏာစိတ်</b> ဖြစ်နိုင်ခဲ၏၊ <b>ကမ္မသကာ</b>-ဟုအောက်ေ့မပြီး ကြောက်ကြမစိုက်ဘဲ၊ အာရုံမပြုဘဲ <b>အနာရမ္မဏဥပေက္ခာ</b>ပြု၍ လျစ်လျူရှု၍သာ နေတတ်၏၊ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံ၍ ချမ်းသာရွှင်လမ်း၍ နေသောသူ၌လည်း နှစ်သက်ဝမ်းမြောက်သော <b>မုဒိတာစိတ်</b>ကား သာလီန်၍ကြာမြင့်စွာ တည်နိုင်ခဲ၏၊ <b>စျာန်အပ္ပနာ</b>ဖြစ်အောင် အလွန်<b>မုဒိတာစိတ်</b>ဖြစ်နိုင်ခဲ၏၊ မနှစ်သက်မနာလိုခြင်း၊ ငြူစူခြင်း <b>ဣဿာတရား</b>သာ ဖြစ်တတ်၏၊ ထို့ကြောင့် <b>စျာန်အပ္ပနာ</b>ကိုရအောင် <b>ကရုဏာ</b>၊ <b>မုဒိတာ</b>ကို ပွါးများလိုသော <b>ယောဂီပုဂ္ဂိုလ်</b>သည် <b>မေတ္တာ</b>ကိုသာလျှင် ပွါးများအပ်၏၊</p>
<p><b>မေတ္တာ</b>ကိုပွါးများ၍ <b>မေတ္တာစျာန်</b>ကိုရပြီးသောအခါမူကား ထိုမိမိ<b>မေတ္တာစျာန်စိတ်</b>သည် အာရုံပြုအပ်သော မိမိအလွန်ချစ်ခင်၍ နေသော သတ္တဝါတို့၌ တစ်ဦးဦး ဆင်းရဲဒုက္ခရောက်၍နေလျှင် ထိုသူ့ကို အလွန်သနားခြင်းဖြစ်တော့၏၊ ဖြစ်သည်နှင့်တစ်ပြိုင်နက် ဤသူသည် ဤဆင်းရဲဒုက္ခမှ လွတ်ပါစေဟု ဆင်းရဲဒုက္ခမှလွတ်စေလိုသော အလွန်သနားသောစိတ်ဆန္ဒဖြစ်လျက် ခဏချင်း <b>ကရုဏာအပ္ပနာဇော</b> ကျလေတော့၏၊ ချစ်ခင်နေရာက သနားသော စိတ်ပြောင်းပေးလိုက်ရုံမျှသာ ဝန်ရှိတော့၏၊ <b>ကရုဏာစျာန်ဇော</b> ကျလာအောင် အထူးကြောင့်ကြစိုက်၍ အားထုတ်၍ မနေရတော့ပြီ ချစ်ခင်အပ်သောသူတို့သည် အလွန်ဆင်းရဲဒုက္ခသို့ပင် မရောက်ငြားသော်လည်း ဤသူတွေ <b>ဇတိဘေး</b>၊ <b>ဇရာဘေး</b>၊ <b>မရဏဘေး</b>တို့မှ မလွတ်ကြရှာသေးပြီ၊ ထိုဘေးတွေ ထဲမှာပင် နစ်မွန်း၍ နေကြရှာ၏-ဟု <b>သံသရာဘေး</b>နှင့်ချီ၍ ဆင်ခြင်အောင့်မေ့ လိုက်လျှင်လည်း အလွန်အကဲအားဖြင့် <b>ပုထုဇဉ် သတ္တဝါတို့သည် ဒုက္ခသည်ချည်း ဖြစ်ကုန်သဖြင့် အလွန်သနားခြင်းဖြစ်၍ ထိုပုထုဇဉ် ပုဂ္ဂိုလ်တိုင်း၌ပင် ကရုဏာစျာန်ဇော ကျနိုင်</b>၊ ဖြစ်နိုင်လေတော့၏၊ မိမိအလွန်<b>မေတ္တာ</b>သက်ဝင် ချစ်ခင်အပ်သော၊ အလွန်သနား ကြင်နာအပ်သော ထိုပုဂ္ဂိုလ်တို့တွင် စည်းစိမ်ချမ်းသာနှင့် ပြည့်စုံခံစံ၍ ရွှင်လန်းချမ်းသာစွာ နေသောသူကို တွေ့မြင်လျှင်လည်း အလွန်နှစ်သက်ဝမ်းမြောက်ခြင်း ဝမ်းသာခြင်း <b>မုဒိတာ</b> ဖြစ်လေတော့၏၊ ဖြစ်သည်နှင့်တပြိုင်နက် ဤသူသည် ဤစည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ပါစေနှင့်၊ ဤစည်းစိမ်ချမ်းသာအတိုင်း နှစ်သက်ရွှင်လန်း ချမ်းသာစွာ တည်ပါစေဟု ထိုရပြီးသော စည်းစိမ်မှ မဆုတ်ယုတ်စေလိုသော ထိုကဲ့သို့ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံ၍နေသည်ကို အလွန်နှစ်သက်ဝမ်းမြောက်ဝမ်းသာသော စိတ်ဆန္ဒဖြစ်လျက် ခဏချင်း <b>မုဒိတာအပ္ပနာစျာန်ဇော</b> ကျလေတော့၏၊</p>
<p>ချစ်နေရာက သနားနေရာက နှစ်သက်ဝမ်းမြောက်သော စိတ်ပြောင်းလဲပေးလိုက်ရုံမျှသာ ဝန်ရှိတော့၏၊ <b>မုဒိတာစျာန်ဇော</b> ကျလာအောင် အထူးကြောင့်ကြစိုက်၍ အားထုတ်၍ မနေရတော့ပြီး၊ ထိုမိမိသနား ချစ်ခင်အပ်သော သူတို့သည် အလွန်ပင် စည်းစိမ်ချမ်းသာသို့ မရောက်ငြားသော်လည်း မျက်နှာရွှင်ရွှင်လန်းလန်း ပြုံးပြုံးကြည်ကြည် နေကြသည်ကို မြင်ရလျှင်ပင် အလွန်နှစ်သက်ဝမ်းမြောက်ခြင်း၊ ဝမ်းသာခြင်းဖြစ်၍ ထိုပုဂ္ဂိုလ်၌ <b>မုဒိတာစျာန်ဇော</b>ကျနိုင်၊ ဖြစ်နိုင်လေတော့၏၊</p>
<p>ဤ <b>ကရုဏာ</b>၊ <b>မုဒိတာ</b>တို့ကိုလည်း <b>မေတ္တာနည်း</b>တူ <b>စတုတ္ထစျာန်</b>သို့ကျအောင် ပွားများအပ်ကုန်၏၊</p>
<p><b>ကရုဏာ</b>၊ <b>မုဒိတာ</b>-<b>ဗြဟ္မဝိဟာရ ၂-ပါး ပွားများပုံ</b> ပြီး၏၊</p>
<p>---</p>
<h3><b>(ဃ) ဥပေက္ခာ ဗြဟ္မဝိဟာရ ပွားများ အားထုတ်ပုံ</b></h3>
<p><b>မေတ္တာ</b>၊ <b>ကရုဏာ</b>၊ <b>မုဒိတာ</b>တို့ဖြင့် <b>စတုတ္ထစျာန်</b>ကို ရပြီးသော <b>ယောဂီပုဂ္ဂိုလ်</b>သည် အထက် <b>ပဉ္စမစျာန်</b>ကို တက်လိုသောအခါ အောက်က <b>ကသိုဏ်း</b>၌ ဆိုခဲ့ပြီးသောနည်းအတိုင်း <b>စတုတ္ထစျာန်</b>ကို <b>သုခ</b>ကို အပြစ်မြင်၍၊ မုန်း၍ <b>ပဉ္စမစျာန်</b>ကို <b>ဥပေက္ခာ</b>ကို သာယာချစ်ခင် လိုချင်တောင့်တ၍ တစ်ဦးဦးသော ပုဂ္ဂိုလ်၌ <b>မေတ္တာစိတ်</b>ဖြင့်သော်လည်းကောင်း၊ <b>ကရုဏာစိတ်</b>ဖြင့်သော်လည်းကောင်း၊ <b>မုဒိတာစိတ်</b>ဖြင့်သော်လည်းကောင်း တစ်ခုခုဖြင့် <b>စတုတ္ထစျာန်</b>ကို ဝင်စား၍ <b>စျာန်</b>မှထပြီးလျှင် ထိုပုဂ္ဂိုလ်ကိုပင်လျှင် အာရုံဖြင့်</p>
<p>ဩော်-ဤပုဂ္ဂိုလ်သည် ငါကချမ်းသာပါစေ ဟု တောင့်တသော်လည်း သူချမ်းသာစရာ အကြောင်းကံရှိမှ ချမ်းသာမည်၊ ငါက ဆင်းရဲဒုက္ခ လွတ်ပါစေ ဟု တောင့်တသော်လည်း သူလွတ်စရာအကြောင်းကံရှိမှ လွတ်မည်၊ ငါက ဤစည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ပါစေနှင့်-ဟု တောင့်တငြားသော်လည်း သူမဆုတ်စရာအကြောင်း ကံရှိမှ မဆုတ်ယုတ်မည်၊ ငါကတောင့်တ၍ ဖြစ်နိုင်သည်မဟုတ်၊ သူ့ကံရှိမှဖြစ်သည်၊ သူ့မှာကံသာလျှင် ကိုးကွယ်မှီခိုရာဥစ္စာရှိသည်၊''<b>ကမ္မဿကာ</b>-တည်း''ဟုစိတ်ထဲ၌ ချမ်းသာစေလိုသော ကြောင့်ကြစိုက်ခြင်း <b>ဗျာပါရ</b>ကို ရုပ်သိမ်း၍ လျစ်လျူ <b>ဥပေက္ခာသဘော</b>နှင့်ဆင်ခြင်ကြည့်ရှုလိုက်လျှင် <b>စျာန်စိတ်</b>ထဲ၌ <b>သုခဝေဒနာ</b> မဟုတ်ဘဲ <b>ဥပေက္ခာဝေဒနာ</b>ဖြစ်၍ <b>ဧကဂ္ဂတာ</b>နှင့်တကွ <b>စျာန်အဂါင်္ ၂-ပါး</b>နှင့် ပြည့်စုံသော <b>ပဉ္စမစျာန် အပ္ပနာဝီထိ</b> ကျလာ၏၊ <b>ပဉ္စမစျာန်</b>ကိုရ၏၊ ထို<b>ပဉ္စမစျာန်</b>ကိုအားကောင်းအောင်၊ မြဲမြံခိုင်ခံ့အောင်၊ <b>ဝသီဘော်</b>နိုင်အောင် ပြုအပ်၏၊</p>
<p>အောက်<b>ဗြဟ္မဝိဟာရ</b>တို့ဖြင့် <b>စတုတ္ထစျာန်</b>ရပြီး၍ အထက်<b>ပဉ္စမစျာန်</b>ကို ဖြစ်စေလိုသောအခါ ဤကဲ့သို့ စိတ်ထဲ၌ သတ္တဝါတို့ကို ချမ်းသာအောင်-စသည်ဖြင့် ကြောင့်ကြစိုက်ခြင်း <b>ဗျာပါရ</b>ကို ရုပ်သိမ်း၍ သူ့မှာ ကံသာလျှင် အပြုအပြင် အစီအရင်ကိုးကွယ်ရာ ဥစ္စာရှိသည်၊ <b>ကမ္မဿကာ</b>-တည်းဟု လျစ်လျူ<b>ဥပေက္ခာ</b>ဖြင့် ဆင်ခြင်ကြည့်ရှုသည်ကို <b>ဥပေက္ခာဗြဟ္မဝိဟာရ</b>-ကို ပွားများသည်ဟု မှတ်ကြ၊ <b>ဥပေက္ခာ</b>ကို ပွားများရမည်ဆိုလို့ သတ္တဝါကို တောထဲမှာရှိနေသော မြက်မှိုက်ထင်းချောင်းတို့လို အမှတ်မရဘဲ အာရုံမပြုဘဲ မေ့လျော့နေရသည်မဟုတ်၊ အမှတ်မရ၊ နှလုံးမသွင်း၊ အာရုံမပြု၊ မေ့လျော့နေရသည့် <b>အနာရမ္မဏ ဥပေက္ခာမျိုး</b>မဟုတ်၊ အောက်<b>ဗြဟ္မဝိဟာရ စတုတ္ထစျာန်စိတ်</b> သက်ဝင်စွဲတွယ်၍ နေသည့် ပုဂ္ဂိုလ်ကိုပင်လျှင် စိတ်နှင့်စွဲတွယ် သက်ဝင်၍၊ အာရုံပြု၍ နေရသည်။</p>
<p>စိတ်ထဲမှာ ချမ်းသာခြင်း-စသည်ဖြစ်စေလိုတဲ့ ကြောင့်ကြစိုက်ခြင်း <b>ဗျာပါရ</b>မျှကိုသာ ရုပ်သိမ်းရသည်၊ <b>ကမ္မဿကာ</b>-အနေနှင့် ကြောင့်ကြစိုက်ခြင်း<b>ဗျာပါရ</b>ကိုရုပ်သမ်း၍ ထိုပုဂ္ဂိုလ်ကိုပင်လျှင် လျစ်လျူ-<b>ဥပေက္ခာစိတ်</b>နှင့် ကြည့်ရှု၍အာရုံပြု၍ စွဲတွယ်၍နေရသည်၊ ဤ<b>ဥပေက္ခာဗြဟ္မဝိဟာရ</b>-မှာ ကုသိုလ်ရရုံ ပွါးများမှုဟူ၍မရှိ၊ အောက်၊ <b>ဗြဟ္မဝိဟာရ စတုတ္ထစျာန်</b>ကိုမရဘဲ သတ္တဝါတို့ကို သူ့ကံနှင့်သူ “<b>ကမ္မဿကာ</b>''တည်းဟု ရှုလို့ကုသိုလ်မဖြစ်၊ အကုသိုလ်လည်း မဖြစ်၊ တောထဲမှာရှိနေသော မြက်မှိုက်၊ ထင်းချောင်းတို့ကို လျစ်လျူရှုတဲ့ <b>အနာရမ္မဏဥပေက္ခာမျိုး</b> တည်း။</p>
<p><b>ဥပေက္ခာဗြဟ္မဝိဟာရ</b>-<b>ကမ္မဋ္ဌာန်း</b>ပြီး၏၊</p>
<p>---</p>
<h3><b>ဗြဟ္မဝိဟာရကမ္မဋ္ဌာန်း၌ မှတ်ဖွယ်</b></h3>
<p><b>မေတ္တာ</b>ကို ပွါးများသော သူအား <b>ကရုဏာ</b>၊ <b>မုဒိတာ</b>၊ <b>ဥပေက္ခာ</b>တို့သည် အထူးများစွာ အားမထုတ်ရဘဲ အလိုလိုပြည့်စုံလာကြတော့၏၊ ထို့ကြောင့် <b>မေတ္တာ</b>ကိုသာလျှင် ရှေးဦစွာအားထုတ်အပ်၏၊ အားထုတ်ရာ၏၊ ဤ<b>မေတ္တာ</b>၏ အကျိုးအာနိသင်သည် အလွန်များ၏၊ ကြီးမားမြင့်မြတ်၏၊ <b>ဘဝသမ္ပတ္တိ</b> အကျိုးပေးသန်သော ကောင်းသောကံ အများတို့တွင် ဤ<b>မေတ္တာကံ</b>သည် အထွတ်အမြတ်ဆုံး အသာဆုံးတည်း၊ <b>မေတ္တာကံ</b>ကို တုပြိုင်နိုင်သောကံ ဟူ၍မရှိ၊ <b>အနုဿတိ</b>တို့တွင် <b>ဗုဒ္ဓါနုဿတိ</b>-ကံသည်<b>ဘဝသမ္ပတ္တိ</b> အကျိုးပေးသန်၏၊ ကြီးမားမြင့်မြတ်၏၊ ထို့ကြောင့် ဘဝများစွာ နေရဦးမည့် ဘုရားဖြစ်လိုသော <b>ဘုရားဆုပန်ပုဂ္ဂိုလ်များ</b>မှာ အထူးအားဖြင့် <b>ဗုဒ္ဓါနုဿတိ</b>နှင့် <b>မေတ္တာ ၂-ပါး</b>ကို လက်ကိုင်ထားကြရာ၏၊ ပွါးများကြရာ၏၊ <b>မေတ္တာ</b>ကိုပွါးများလျှင် ကြွင်းသော <b>ဗြဟ္မဝိဟာရ</b>တို့လည်းပါ၍ လိုက်ကုန်တော့၏၊</p>
<p><b>ဗြဟ္မဝိဟာရကမ္မဋ္ဌာန်း၌ မှတ်ဖွယ်</b>ပြီး၏၊</p>
<p>---</p>
<h3><b>၈-အာရုပ္ပကမ္မဋ္ဌာန်းကို ပြဆိုခန်း</b></h3>
<h4><b>(က) ပဌမအာရုပ္ပကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ</b></h4>
<p><b>အာရုပ္ပ ၄-ပါး</b>ကို ပွါးများလိုသော <b>ယောဂီပုဂ္ဂိုလ်</b>သည် <b>ကသိုဏ်း</b>တို့ဖြင့် <b>ပဉ္စမစျာန်</b>ကိုရ၍ ထက်သန်အားကောင်းအောင်၊ မြဲမြံခိုင်ခံ့အောင်၊ <b>ဝသီဘော်</b>နိုင်အောင်ပြုပြီး၍ ထို<b>ကသိုဏ်း</b>ဟူသော <b>ရုပ်တရား</b>ကိုလည်းကောင်း၊ ထို<b>ရုပ်တရား</b>လျှင် အာရုံရှိသော <b>ရူပစျာန်</b>ကိုလည်းကောင်း၊ အောက်ကျသေးသည်၊ ညံ့ဖျင်းသေးသည်-ဟု အပြစ်မြင်၍ မုန်း၍ အထက်<b>အရူပစျာန်</b>ကို သိမ်မွေ့မွန်မြတ်၏၊ ကောင်း၏-ဟု နှစ်သက်ချစ်ခင် လိုချင်တောင့်တ၍ ထိုအထက်<b>အရူပ အာကာသာနဉ္စာယတန-စျာန်</b>ဖြစ်စေလို၊ ရလိုသောအခါ</p>
<p><b>အာကာသ ကသိုဏ်း</b>မှ ကြွင်းသော<b>ကသိုဏ်း ၉-ပါး</b>တို့တွင်</p>
<p>တစ်ပါးပါးကိုအာရုံပြု၍ <b>ပဉ္စစျာန်</b>ကို ဝင်စား၍ <b>စျာန်</b>မှထပြီးလျှင် ထို<b>ကသိုဏ်းဝန်း</b>ကိုပင်လျှင် အာရုံပြု၍ မျက်နှာရှေး၌ခင်းဖျန့်ထား၍ ထို<b>ကသိုဏ်းဝန်း</b>ကို စေ့စေ့စပ်စပ်ကြည့်၍ ဤနေရာ၌ <b>ကသိုဏ်းဝန်း</b> မဟုတ်၊ မရှိ၊ ကောင်းကင်ဟင်းလင်းတည်း၊ ကောင်းကင်ဟင်းလင်းတည်း ဟု<b>ကသိုဏ်းဝန်း</b>ကို နှလုံးမသွင်းဘဲ ကောင်းကင်ဟင်းလင်းအနေနှင့် အဖန်ဖန်နှလုံးသွင်း၍ ရှုလိုက်သည်ရှိသော် <b>ကသိုဏ်းဝန်း</b>ကွယ်ပျောက်၍ ထို<b>ကသိုဏ်းဝန်း</b>နေရာ၌ ဟင်းလင်းကောင်းကင်ကွက်ဖြစ်၍ ထင်၏၊</p>
<p><b>ဥပမာ</b>-ပြတင်းပေါက်ကို ပုဝါကားကြက် ဆီးတား၍ ကြည့်ရှု၍ နေဆဲ၌ လေတိုက်၍ ပုဝါလွင့်ကျသွားသဖြင့် ပဝါနေရာ၌ ဟင်းလင်းကောင်းကင်ကွက်ဖြစ်၍ ထင်မြင်ရဘိသကဲ့သို့တည်း၊ ဤကောင်းကင်ကွက်ကို <b>ကသိုဏ်း</b>ကိုခွါ၍ ကွယ်ပျောက်စေ၍ ရအပ်သော ကောင်းကင်ဖြစ်၍<b>ကသိဏုဂ္ဃါဋိမ-ကောင်းကင်</b>-ဟုခေါ်၏၊ ဤ “<b>ကသိဏုဂ္ဃါဋိမ-ကောင်းကင်</b>” ကို <b>ဥပါဒ်</b>၊ <b>ဘင်</b>ဟူသော အစအဆုံးမရှိသော ကောင်းကင်ဟင်းလင်း၊ ကောင်းကင်ဟင်းလင်းဟု စိတ်ထဲက မှတ်၍ အဖန်ဖန်ကြည့်ရှုသည်ရှိသော် <b>ဥပေက္ခာ</b>၊ <b>ဧကဂ္ဂတာ</b>-ဟူသော <b>စျာန်အဂါင်္နှစ်ပါး</b>နှင့် ပြည့်စုံသော <b>ပဉ္စမစျာန် အပ္ပနာဝီထိ</b>ကျလာ၏၊</p>
<p>ဤ<b>ပဉ္စမစျာန်</b>ကို <b>ကသိုဏ်း</b>-ဟူသော <b>ရုပ်တရား</b>ကို မုန်းသော၊ လွန်မြောက်သော၊ အာရုံမပြုသော <b>စျာန်</b>ဖြစ်၍ <b>အရူပစျာန်</b>ဟု ခေါ်၏၊ <b>ဥပါဒ်</b>၊ <b>ဘင်</b>-ဟူသော အစအဆုံးမရှိသော ကောင်းကင်လျှင် တည်ရာမှီတွယ်ရာ အာရုံရှိသောကြောင့် <b>အာကာသာနဉ္စာယတန စျာန်</b>-ဟူ၍ ခေါ်၏၊ ဤ<b>အာကာသာနဉ္စာယတန အရူပစျာန်</b>သည်ပင်လျှင် <b>အာကာသာနဉ္စာယတန အာရုပ္ပ</b>မည်၏၊ ပထမ ရအပ်၊ ရောက်အပ်သော <b>အရူပစျာန်</b>ဖြစ်၍ <b>ပဌမာရုပ္ပစျာန်</b>-ဟူ၍လည်းခေါ်၏၊</p>
<p><b>ပဌမာရူပ္ပကမ္မဋ္ဌာန်း</b> ပြီး၏၊</p>
<p>---</p>
<h3><b>(ခ) ဒုတိယာ ရုပ္ပကမ္မဋ္ဌာန်း ပွားများ အားထုတ်ပုံ</b></h3>
<p>ဤ <b>ပဌမာရုပ္ပစျာန်</b>ကို ထက်သန်အားကောင်းအောင် မြဲမြံခိုင်ခံ့အောင် <b>ဝသီဘော်</b>နိုင်အောင်ပြုပြီး၍ အထက်<b>ဒုတိယစျာန်</b>ကို တက်လို ဖြစ်စေလိုသောအခါ အောက်<b>စျာန်</b>ထက် အထက်<b>စျာန်</b>ကို ချစ်ခင်လိုချင်၍ ဤ''<b>ကသိဏုဂ္ဃာဋိမ-ကောင်းကင်</b>” ကိုအာရုံပြု၍ <b>ပဌမာရုပ္ပစျာန်</b>ကို ဝင်စား၍ <b>စျာန်</b>မှထပြီးလျှင် ထိုယခုဝင်စား၍၊ ဖြစ်၍ ချုပ်လေပြီးသော အတိတ် <b>ပဌမာရုပ္ပစျာန်စိတ်ဝိညာဉ်</b>ကို <b>ဥပဒ်</b>၊ <b>ဘင်</b>-အစ အဆုံးမရှိသော ကောင်းကင်ကို အာရုံပြုသော <b>ဝိညာဉ်</b>၊ <b>ဝိညဉ်</b>ဟု စိတ်ထဲက မှတ်လျက် အဖန်ဖန်ကြည့်ရှုသည်ရှိသော် <b>ဥပေက္ခာ</b>၊ <b>ဧကဂ္ဂတာ</b>-<b>စျာန်အင်္ဂါ ၂-ပါး</b>နှင့် ပြည့်စုံသော <b>ပဉ္စမစျာန်ဇော အပ္ပနာဝီထိ</b> ကျလာ၏၊ <b>ပရူပစျာန်</b>ကို ရ၏၊</p>
<p>ဤ<b>စျာန်</b>ကို အနန္တကောင်းကင်ကို အာရုံပြု၍ဖြစ်သဖြင့် အနန္တမည်သော<b>ပဌမာရုပ္ပဝိညာဉ်</b>လျှင် တည်ရာ၊ မှီတွယ်ရာ အာရုံရှိခြင်းကြောင့် <b>ဝိညာဏဉ္စာယတန စျာန်</b>ဟုခေါ်၏၊ ၂-ကြိမ်မြောက် ရအပ် ရောက်အပ်သော <b>အရူပစျာန်</b>ဖြစ်၍ <b>ဒုတိယာရုပ္ပစျာန်</b>-ဟူ၍လည်း ခေါ်၏၊</p>
<p><b>နီဝရဏ</b>ကင်း၍ <b>စိတ်ဉာဏ်</b>ကြည်သော အခါမူကား မိမိ၏ စိတ်ဖြစ်နေပုံကို လင်းလင်းခြင်းခြင်း ထင်မြင်ရသည်၊ စိတ်တွေက ရှေ့စိတ်နောက်စိတ် အဆက်အစပ် အလွန်စေ့လျက် အလွန်မြန်စွာဖြစ်၍ နေကြသည်ဖြစ်ခြင်းကြောင့် ညဉ့်အခါ မီးစကိုယမ်းရာ၌ကဲ့သို့ ထင်မြင်ရသည်။</p>
<p>ထို<b>ပဌမာရုပ္ပဝိညာဉ်</b>ချုပ်၍ သွားပြီးငြားသော်လည်း ဝင်စား၍ နေစဉ်အခါက ကောင်းကင်ဟင်းလင်းကွက်ကို စိပ်ပုတီးကုံးကို ပုတီးစေ့များ ထိုသီထားဘိသကဲ့သို အာရုံပြု၍ စွဲတွယ်ပြီး မတုန်မလှုပ် ငြိမ်သက်စွာ တန်းပြီးဖြစ်၍ နေပုံအတိုင်းကို ဤ<b>ဒုတိယာရုပ္ပဝိညာဉ်</b>သည် လင်းလင်းခြင်းခြင်း ထင်မြင်၍ အာရုံပြု၍ စွဲတွယ်ပြီးဖြစ်သည်။</p>
<p><b>ဒုတိယာရုပ္ပကမ္မဋ္ဌာန်း</b> ပြီး၏၊</p>
<p>---</p>
<h3><b>(ဂ) တတိယာရုပ္ပကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ</b></h3>
<p>ဤ <b>ဒုတိယာရုပ္ပစျာန်</b>ကို ထက်သန်အားကောင်း မြဲမြံခိုင်ခံ့ <b>ဝသီဘော်</b>နိုင်အောင်ပြုပြီး၍ အထက် <b>တတိယာရုပ္ပစျာန်</b>ကို တက်လို၊ ဖြစ်စေလိုသောအခါ</p>
<p>အောက်<b>စျာန်</b>ထက် အထက်<b>စျာန်</b> သာလွန်မြင့်မြတ်၏၊</p>
<p>ကောင်း၏-ဟု အောက်<b>စျာန်</b>ကိုမုန်း၍ အထက်<b>စျာန်</b>ကို ချစ်ခင်လိုချင်၍ <b>ပဌမာရုပ္ပဝိညာဉ်</b>ကို အာရုံပြု၍ <b>ဒုတိယာရုပ္ပစျာန်</b>ကို ဝင်စား၍ <b>စျာန်</b>မှထပြီးလျှင်ယခု ငါအာရုံပြုအပ်သော ကောင်းကင်ကွက်၌ တန်းပြီးဖြစ်နေသည့် ဤ<b>ပထမာရုပ္ပဝိညာဉ်</b>သည် “မရှိဘူး-မရှိဘူး” ဟု <b>ကသိုဏ်း</b>ကို ခွါရာ၌ကဲ့သို့ ထို<b>ဝိညာဉ်</b>ကိုမရှိအောင်၊ ပျောက်အောင်-နှလုံးသွင်း၍ ရှုလိုက်၊ ဖျောက်ဖျက်လိုက်သည်ရှိသော် ကောင်းကင်ကွက်၌ တန်းပြီးဖြစ်နေသည့် ထို<b>ပဌမာရုပ္ပဝိညာဉ်တန်းကြီး</b>ကို မြင်နေရာက မမြင်ဘဲဖြစ်၍ သွား၏၊ ကောင်းကင်ကွက်ထဲ၌ <b>ပဌမာရုပ္ပဝိညာဉ်တန်းကြီး</b> မရှိဘဲဖြစ်၍ သွား၏၊ ကောင်းကင်ကွက်ထဲ၌ ထို<b>ပဌမာရုပ္ပဝိညာဉ်</b>၏ မရှိသည်ကိုသာ မြင်လေတော့၏၊</p>
<p><b>ဥပမာ</b>-သိမ်အပြင်၌ သံဃာအစည်းအဝေးကို မြင်ပြီး၍ တပိုတပါးခဏသွား၍ သံဃာအစည်းအဝေးပျက်၍ ထသွားကြပြီး နောက်မှရောက်လာ၍ ကြည့်လတ်သော် သိမ်အပြင်၌ သံဃာကို မမြင်ဘဲ သံဃာမရှိသည်ကိုသာ မြင်လေဘိသကဲ့သို့တည်း။</p>
<p>ထိုအခါ ထို<b>ပဌမာရုပ္ပဝိညာဉ်</b>၏မရှိခြင်း <b>အဘာဝပညတ်</b>မျှကို အာရုံပြု၍ “<b>နတ္ထိ ကိဉ္စိ</b>'', <b>နတ္ထိ ကိဉ္စိ</b>-<b>ပဌမာရုပ္ပဝိညာဉ်</b> အနည်းငယ်မျှ မရှိဘူး၊ အနည်းငယ်မျှမရှိဘူး-ဟုစိတ်ထဲကမှတ်လျက် ထိုမရှိခြင်း <b>အဘာဝ</b>ကို အဖန်ဖန် နှလုံးသွင်းလတ်၊ ကြည့်ရှုလတ်သော် <b>ဥပေက္ခာ</b>၊ <b>ဧကဂ္ဂတာ စျာန်အင်္ဂါ ၂-ပါး</b>နှင့် ပြည့်စုံသော <b>ပဉ္စမစျာန်ဇော အပ္ပနာဝီထိ</b> ကျလာ၏၊ <b>အရူပပဉ္စမစျာန်</b>ကိုရ၏၊ ဤ<b>စျာန်</b>ကို <b>ပဌမာရုပ္ပဝိညာဉ်</b>၏ အနည်းငယ်စိုးစဉ်းမျှ <b>အဘာဝပညတ်</b>လျှင် တည်ရာမှီတွယ်ရာ အာရုံရှိခြင်းကြောင့် <b>အာကိဉ္စညာယတနစျာန်</b>ဟု ခေါ်၏၊ ၃-ကြိမ်မြောက်ရအပ်၊ ရောက်အပ်သော <b>အရူပစျာန်</b>ဖြစ်၍ <b>တတိယာရုပ္ပစျာန်</b>-ဟူ၍လည်း ခေါ်၏၊</p>
<p><b>တတိယာရုပ္ပကမ္မဋ္ဌာန်း</b>ပြီး၏၊</p>
<h3><b>(ဃ) စတုတ္ထာရုပ္ပကမ္မဋ္ဌာန်း ပွားများအားထုတ်ပုံ</b></h3>
<p>ဤ<b>တတိယာရုပ္ပစျာန်</b>ကို ထက်သန်ခိုင်ခံ့ <b>ဝသသီဘော်</b>နိုင်အောင် ပြုပြီး၍ အထက် <b>စတုတ္ထာရုပ္ပစျာန်</b>ကို တက်လို၊ ဖြစ်စေလိုသောအခါအောက်<b>စျာန်</b>ထက် အထက်<b>စျာန်</b> သာလွန်မြင့်မြတ်၏၊ ကောင်း၏-ဟုအောက်<b>စျာန်</b>ကို မုန်း၍ အထက်<b>စျာန်</b>ကို ချစ်ခင်လိုချင်၍ <b>ပဌမာရုပ္ပဝိညာဉ်</b>၏မရှိခြင်း <b>အဘာဝပညတ်</b>ကို အာရုံပြု၍ <b>တတိယာရုပ္ပစျာန်</b>ကို ဝင်စား၍<b>စျာန်</b>မှထပြီးလျှင် ထိုယခုဝင်စား၍ ဖြစ်၍ချုပ်လေပြီးသော အတိက်<b>တတိယာရုပ္ပစျာန်စိတ်ဝိညာဉ်</b>ကိုပင် ဤ<b>ဝိညာဉ်</b>သည် အလွန်သိမ်မွေ့ငြိမ်သက်၏၊ သိမ်မွေ့ငြိမ်သက်၏-ဟု စိတ်ထဲက မှတ်လျက် အာရုံပြု၍ အဖန်ဖန် နှလုံးသွင်းလတ်၊ ကြည့်ရှု့လတ်သည်ရှိသော် <b>ဥပေက္ခာ</b>၊ <b>ဧကဂ္ဂတာစျာန်အင်္ဂါ ၂-ပါး</b>နှင့် ပြည့်စုံသော <b>ပဉ္စမစျာန်ဇော အပ္ပနာဝီထိ</b> ကျလာ၏၊ <b>အရူပစျာန်</b>ကိုရ၏၊</p>
<p>ဤ<b>စျာန်</b>ကို ပျောက်သလောက်နီးနီး အလွန်သိမ်မွေ့၍သွားသဖြင့် ရုန့်ရင်းသော <b>သညာ</b>ကား မရှိ၊ အလွန်သိမ်မွေ့သော <b>သညာ</b>မျှသာရှိခြင်းကြောင့် <b>နေဝသညာနာသညာယတနစျာန်</b>-ဟု ခေါ်၏၊ ၄-ကြိမ်မြောက် ရအပ် ရောက်အပ်သော <b>အရူပစျာန်</b> ဖြစ်ခြင်းကြောင့် <b>စတုတ္ထာရုပ္ပစျာန်</b>ဟူ၍လည်းခေါ်၏၊ ဤ<b>စျာန်</b>ကိုလည်း ထက်သန်အားကောင်းအောင် မြဲမြံခိုင်ခံ့အောင် <b>ဝသီဘော်</b>နိုင်အောင် ပြုအပ်၏၊</p>
<p><b>စတုတ္ထာရုပ္ပ ကမ္မဋ္ဌာန်း</b> ပြီး၏၊</p>
<p>---</p>
<h3><b>ဝိမောက္ခ ၈-ပါး၊ သမာပတ် ၈-ပါး၊ ၉-ပါး အနုပုဗ္ဗဝိဟာရသမာပတ် ၉-ပါး</b></h3>
<p>၁။ <b>ရူပစျာန်</b>က <b>စတုက္ကနည်း</b>အားဖြင့် ၄-ပါး၊ <b>အရူပစျာန်</b>က ၄-ပါး ဤ ၈-ပါးကို <b>နီဝရဏ</b>စသော ဘေးရန်တို့မှ ကင်းစင်ကျွတ်လွတ်ခြင်းကြောင့် <b>ဝိမောက္ခ ၈-ပါး</b> ဟူ၍လည်း ခေါ်၏၊</p>
<p>၂။ ဝင်စားအပ်ခြင်းကြောင့် <b>သမာပတ် ၈-ပါး</b> ဟူ၍လည်းခေါ်၏၊</p>
<p>၃။ ဤ<b>သမာပတ် ၈-ပါး</b>ထဲသို့ <b>နိရောဓသမာပတ်</b>ကို ထည့်သွင်းလျှင် <b>သမာပတ် ၉-ပါး</b> ဖြစ်၏၊</p>
<p>၄။ ဤ ၉-ပါးသော <b>သမာပတ်</b>ကို အစဉ်အတိုင်း ဝင်စားအပ်သော <b>အနုပုဗ္ဗဝိဟာရ သမာပတ် ၉-ပါး</b> ဟူ၍ ခေါ်၏၊</p>
<p>ဤ <b>သမာပတ် ၉-ပါး</b>ကို <b>ကာမရာဂ</b> ကင်းစဉ်ပြိးသော ရုပ်ရှိသော <b>အနာဂါမ်</b>၊ <b>ရဟန္တာပုဂ္ဂိုလ် ၂-ဦး</b>တို့မှသာလျှင် ဝင်စားနိုင်၏၊</p>
<p>ဝင်စားပုံကား- ရှေးဦးစွာ <b>ပဌမစျာန်</b>ကို တစ်ခဏမျှ ဝင်စား၍ <b>စျာန်</b>မှထပြီးလျှင် ထို<b>ပဌမစျာန်</b>ကို <b>အနိစ္စ</b>၊ <b>ဒုက္ခ</b>၊ <b>အနတ္တ</b>-ဟု <b>တိလက္ခဏာ</b> တင်ရှုအပ်၏၊ ပြီးလျှင် <b>ဒုတိယစျာန်</b>ကို ဝင်စား၍ <b>စျာန်</b>မှ ထ၍ ဤ<b>ဒုတိယစျာန်</b>ကိုလည်း ရှေးနည်းတူ <b>အနိစ္စ</b>၊ <b>ဒုက္ခ</b>၊ <b>အနတ္တ</b>-ဟု <b>တိလက္ခဏာ</b> တင်ရှုအပ်၏၊</p>
<p>ဤနည်းတူ အစဉ်အတိုင်း <b>အာကိဉ္စညာယတန သမာပတ်</b>တိုင်အောင်<b>သမာပတ် ၇-ပါး</b>လုံးကို ဝင်စား၍ <b>အနိစ္စ</b>၊ <b>ဒုက္ခ</b>၊ <b>အနတ္တ</b>-ဟု <b>တိလက္ခဏာ</b>တင်ရှု၍ ပြီးသောအခါ <b>နိရောဓသမာပတ်</b> ဝင်စားရာမှ ထ၍ အလျင်အမြန် <b>စုတိစိတ်များ</b> ကျမသွားရအောင် <b>စုတိစိတ်</b>ကျမည့်အခါများ ဝေးသေး၏လား-ဟုကြည့်မျှော်၍ မိမိအလိုရှိသလောက် ကာလကို မှန်းထား၍</p>
<p>၁။ ဘယ်အခါကျလျှင် ထနိုင်စေသတည်း။</p>
<p>၂။ ထိုကာလ အတွင်းမှာလည်း ဘုရားရှင်ခေါ်လျှင်လည်း ထနိုင်စေသတည်း။</p>
<p>၃။ သံဃာ့ကိစ္စရှိ၍ငါ့ကိုတောင့်တမျှော်လင့်လျှင်လည်း ထနိုင်စေသတည်း။</p>
<p>၄။ ငါ၏ သပိတ်၊ ပရိက္ခရာ၊ ပစ္စည်းဘဏ္ဍာတို့သည်လည်း ဘာတစ်စုံတစ်ခုကြောင့်မှ မပျက်စီးနိုင်စေသတည်းဟု <b>ဓိဋ္ဌာန်ခြင်း ပုဗ္ဗကိစ္စ</b>ကို ပြုပြီးလျှင် <b>နေဝသညာနာသညာ ယတနသမာပတ်</b>ကို ဝင်စားအပ်၏၊ ထို<b>သမာပတ် စျာန်ဇော</b> ၁-ကြိမ်၊ ၂-ကြိမ်လောက် ကျပြီးလျှင် စိတ်မဖြစ်လာဘဲ စိတ်အစဉ် ပြတ်၍ ချုပ်၍ မိမိမှန်းထားသမျှ ကာလအတွင်း စိတ်၊ စေတသိက်-မရှိဘဲ ရုပ်ချည်းသက်သက်ဖြစ်၍နေလေတော့၏၊ ဤကဲ့သို့ စိတ်၊စေတသိက်-ချုပ်ခြင်းသို့ ဆိုက်ရောက်၍နေသည်ကို <b>နိရောဓသမာပတ်</b> ဝင်စားသည်ဟု ခေါ်၏၊ ထချိန်ကျသောအခါ <b>နိဗ္ဗာန်</b>ကို အာရုံပြုလျက် <b>ဖိုလ်စိတ်</b> ဖြစ်ပေါ်လာ၍<b>နိရောဓသမာပတ်</b>မှ၏၊ ဤကဲ့သို့ <b>ဓိဋ္ဌာန်</b>၍ <b>နိရောဓသမာပတ်</b> ဝင်စား၍နေသောပုဂ္ဂိုလ်ကို တတ်နိုင်လျှင် အမြောက်နှင့်ပစ်၊ မလဲတော့ပြီ။ မီးနှင့်ရှို့၊ မလောင်တော့ပြီ၊ သူနေသော ကျောင်းကို ပျက်စီးအောင်၊ မီးမလောင်အောင်မတတ်နိုင်တော့ပြီ၊ ပစ္စည်းဘဏ္ဍာ ပရိက္ခရာနှင့်တကွ <b>ကာယသိဒ္ဓိ</b> ပြီးစီး၍နေတော့၏၊ <b>အဓိဋ္ဌာန်</b>ပြုလုပ်လျှင် သူသာပြီးစီး၏၊ ပရိက္ခရာဘဏ္ဍာ မပြီးစီးပြီ။</p>
<p>(ဤကား <b>အနုပုဗ္ဗဝိဟာရ သမာပတ် ၉-ပါး</b>ကိုဝင်စားပုံတည်း။)</p>
<h4><b>အသညသတ်ဗြဟ္မာ</b></h4>
<p>ဤ <b>သမာပတ် ၈-ပါး</b>တို့တွင် <b>ရူပစတုတ္ထစျာန်</b>ကိုရသော ပုဂ္ဂိုလ်သည် ဤ <b>နာမ်</b>ရှိခြင်းကြောင့် စိုးရိမ်ပူပန်ရ ဒုက္ခရောက်ရသည်၊ <b>နာမ်</b>မရှိဘဲ <b>ရုပ်</b>ချည်းသက်သက်နေရလျှင် ဘာကိုမျှ မသိရဘဲ အေးအေးချမ်းချမ်း နေရ၏၊ ကောင်း၏-ဟုတောင့်တ၍ <b>နာမ်</b>ကိုသာ အပြစ်မြင်၍၊ မုန်း၍ <b>ရုပ်</b>ကို အပြစ်မမြင်ဘဲ မမုန်းဘဲ <b>ရုပ်</b>နှင့် နေလိုသော စိတ်ဆန္ဒရှိလျက် <b>စျာန်</b>မလျော့ဘဲ <b>စုတေ</b>ခဲ့လျှင် <b>နာမ်</b>မရှိသော <b>ရုပ်</b>သာရှိသော <b>အသညသတ်ဗြဟ္မဘုံ</b>သို့ရောက်၍ <b>အသညသတ်ဗြဟ္မာ</b>ဖြစ်ရာ၏၊ <b>ကမ္ဘာကြီး ငါးရာ</b>အသက်ရှည်၏ <b>ကမ္ဘာကြီးငါးရာ</b>စေ့လျှင် <b>စတုတ္ထစျာန် စေတနာကံ</b>ကုန်၍ ထို<b>အသညသတ်ဗြဟ္မကောင် ရုပ်တုံးကြီး</b> ကွယ်ချုပ် <b>စုတေ</b>၍ ရှေးကပြုဖူးသော <b>ကာမကုသိုလ်ကံ</b>ကြောင့် <b>လူ့ဘုံ</b>၌ <b>ရုပ်နာမ် ၂-ပါးစုံ</b>ဖြစ်ပေါ်၍ လူဖြစ်ရပြန်၏၊</p>
<h4><b>အရူပဗြဟ္မာ</b></h4>
<p>ဤ<b>အာရုပ္ပစျာန်</b>ကို ရသောပုဂ္ဂိုလ်သည်လည်း အကယ်၍မိမိက ဤကိုယ်ခန္ဓာ <b>ရုပ်ကောင်ကြီး</b>ရှိလို့သာ အရိုက်ခံရ၊ အထိုးခံရ၊ အနာပေါက်ရ၊ ဖျားရ၊ နာရ၊ ဒုက္ခမျိုးစုံရောက်ရသည်၊ <b>ရုပ်</b>မရှိဘဲ <b>နာမ်</b>ချည်းသက်သက် နေရလျှင် ဘာတစ်စုံတစ်ခုမျှ မထိခိုက်နိုင်ဘဲ အေးအေးချမ်းချမ်း နေရ၏၊ ကောင်း၏-ဟုတောင့်တ၍ <b>ရုပ်</b>ကိုသာ အပြစ်မြင်၍ မုန်း၍ <b>နာမ်</b>ကိုအပြစ်မမြင်ဘဲ မမုန်းဘဲ <b>နာမ်</b>နှင့်နေလိုသော စိတ်ဆန္ဒရှိလျက် <b>စျာန်</b>မလျှောဘဲ <b>စုတေ</b>ခဲ့လျှင် <b>ရုပ်</b>မရှိ<b>နာမ်</b>သာရှိသော <b>အရူပဗြဟ္မာဘုံ</b>သိုရောက်၍ <b>အရူပဗြဟ္မာ</b>ဖြစ်ရ၏၊ အထက်ဆုံး<b>နေဝသညာနာသညာယတနဘုံ</b>၌ <b>ကမ္ဘာကြီး (၈၄၀၀၀)</b>အသက်ရှည်၏ <b>ကမ္ဘာ့သက်တမ်း</b>စေ့လျှင် <b>စုနေ</b>၍ <b>ရုပ်နာမ် ၂-ပါးစုံ</b>ဖြစ်ပေါ်၍ <b>ကာမဘုံ</b>၌ဖြစ်ရပြန်၏၊</p>
<p>အကယ်၍ ဤပုဂ္ဂိုလ်က ထို<b>စတုတ္ထစျာန်</b>၊ <b>အာရုပ္ပစျာန်</b>တို့ကို ရငြားသော်လည်း မိမိ<b>နာမ်</b>ကို၊ မိမိက<b>ရဇရုပ်</b>ကိုမိမိကမမုန်းဘဲ ထိုဘုံတို့ကို မတောင့်တငြားအံ့၊ ထို<b>အသညသတ်</b>၊ <b>အရူပဘုံ</b>တို့မှာမဖြစ်၊ <b>ရုပ်နာမ် ၂-ပါးစုံ</b>သော ကြွင်းသော<b>ဗြဟ္မာဘုံ</b>တို့မှာသာ ဖြစ်၏၊ <b>ကာမဘုံ</b>တို့မှာဖြစ်လိုလျှင်လည်း ဖြစ်၏၊ ဤစကားရပ်ဖြင့် <b>ရူပစျာန်</b>မှ <b>အရူပစျာန်</b>ကို တက်သောအခါ မိမိကိုယ်တောင် <b>ရုပ်ခဲ</b>-ဟူသော <b>ကရဇရုပ်</b>ကို အပြစ်ရှု၍၊ မုန်းရတာမျိုးမဟုတ်၊ <b>အာရုံကသိုဏ်းရုပ်</b>နှင့်တကွ <b>ရူပစျာန်</b>ကိုသာ အောက်ကျသေးသည်၊ ညံ့ဖြင်းသေးသည်-ဟု အပြစ်တင်ရှု၍၊ မုန်းရတာမျိုးတည်းဟူသော အနက်အဓိပ္ပါယ်ကိုလည်းပြ၏၊ သိစေ၏၊</p>
<p><b>အာရုပ္ပကမ္မဋ္ဌာန်း</b>ပြီး၏၊</p>
<h3>(၉) အာဟာရေပဋိကူလသညာ ကမ္မဋ္ဌာန်းကိုပြဆိုခန်း</h3>
<p><b>အာဟာရေပဋိကူလ သညာ</b>-ဟူသည်ကား<br>စားသောက်မျိုသွင်း အပ်သော ကဗဠီကာရ အာဟာရ၌ စက်ဆုပ်ရွံရှာဖွယ်ဟု ကောင်းစွာ ထင်မြင်၍ တည်နေသော သညာကိုခေါ်သည်၊ ထိုသညာကိုရလို,ပွားများ လိုသော ယောဂီပုဂ္ဂိုလ်သည် ဤသို့ပွားများရာ၏၊</p>
<p>ဥပမာဆိုသည်ရှိသော်- ရှေးသောအခါ သားငယ်ကိုချီ၍ ကန္တာရခရီးခဲကို သွားကြသော သမီးခင်ပွန်း ၂-ဦးတို့သည် လမ်းခရီး၌ ရိက္ခာကုန်ပြတ်သဖြင့် <b>ငါတို့အား အသက်ရှက်စွာနေရလျှင် နောင်အခါ သား အစားရလိမ့်မည်၊ ဤသားကိုသတ်၍ အသားကိုစား၍, ရိက္ခာလုပ်၍ ကန္တာရခရီးခဲကို လွန်မြောက်ကြအံ့</b>-ဟု ကြံစည်တိုင်ပင်ပြီးလျှင် သားငယ်ကို သတ်၍သားငယ်၏ အသားကိုစားကြကုန်၏၊ စား၍ကန္တာရခရီးခဲကို လွန်မြောက်ကြကုန်၏၊</p>
<p>ထို မိဘ ၂-ဦးတို့၏ သား၏အသားကိုစားကြရာ၌ ဤသား၏ အသားကို</p>
<p>၁။ <b>ဇာတ်တူသား ဖြစ်ခြင်းကြောင့်</b>လည်းကောင်း,<br>
၂။ <b>ဆွေမျိုး၏အသား ဖြစ်ခြင်းကြောင့်</b>လည်းကောင်း,<br>
၃။ <b>ဆွေမျိုးမှာလည်း အဖျားမဟုတ်၊ မိမိ၏သားရင်း ဖြစ်ခြင်း ကြောင့်</b>လည်းကောင်း,<br>
၄။ <b>အလွန်ချစ်လှစွာသော သား၏အသားဖြစ်ခြင်းကြောင့်</b> လည်းကောင်း,<br>
၅။ <b>အလွန်သနားကျင်နာသော သား၏အသားဖြစ်ခြင်း ကြောင့်</b>လည်းကောင်း,<br>
၆။ <b>မီးမရှိ မဖုတ်မြိုက် မကင်မချက်ရဘဲ အစိမ်းဖြစ်ခြင်း ကြောင့်</b>လည်းကောင်း,<br>
၇။ <b>ကြမ်းကြုတ်၊ ကြောက်မက်ဖွယ်သော လူသား ဖြစ်ခြင်း ကြောင့်</b>လည်းကောင်း,<br>
၈။ <b>ဆားမရှိ ဆားမထည့်ရသောကြောင့်</b>လည်းကောင်း,<br>
၉။ <b>တစ်ပါးသော အရသာမဖက်စွက်ရခြင်းကြောင့်</b>လည်း ကောင်း,</p>
<p>ဤသို့သော အကြောင်းတို့ကြောင့် <b>အလွန်စက်ဆုပ်ဖွယ် ကောင်း၏၊ အလွန်ပင် စက်ဆုပ်ကြ ရွံရှာကြ၏၊ အနည်းငယ်မျှပင် ကောင်းသည်,ကောင်းသည်-ဟုနှစ်သက်သာယာခြင်း မဖြစ်ကြရှာ၊ နှစ်သက်သာယာခြင်းမရှိ၊ အလွန်စက်ဆုပ်လျက်နှင့်ပင် ကန္တာရ ခရီးခဲမှ လွန်မြောက်ခြင်းငှါ စားကြရှာ၏၊</b></p>
<p>ထိုသားငယ်၏ အသားကဲ့သို့ ထို့အတူ ဤစားသောက် မျိုသွင်း အပ်သော ကဗဠီကာရ အာဟာရ-သည်လည်း <b>မိုးစွတ်မရှောင်, နေပူ မရှောင်,ဘေးမရှောင်,ရန်မရှောင်-ဆင်းရဲငြိုငြင်ပင်ပန်းစွာ အရှာသွား, သွား၍ ရအောင်ရှာရသည့် အတွက်ကြောင့်</b>လည်း အလွန်စက်ဆုပ်ဖွယ် ကောင်း၏၊ ရှာမှီးသဖြင့်ရ၍ စားသောက်သောအခါလည်း <b>ခံတွင်း၌ ဝါး၍လျှာရည် တံတွေးချွှဲတို့ဖြင့်ရောလျက် ကောင်းသောအဆင်း သဏ္ဍာန် အနံ့တို့ပျက်၍ ခွေးအံဖတ်ကဲ့သို့ ဖောက်ပြန်၍ နေပုံအခြင်းအရာ အားဖြင့်</b>လည်း ထိုအာဟာရသည် အလွန်စက်ဆုပ်ဖွယ် ကောင်း၏၊ ဝါးပြီး ၍ မျိုသောအခါလည်း <b>သည်းခြေ, သလိပ်ပုပ်-ဟူသော ပြည်, သွေး၊ ဤ၄-ပါးသော အညစ်အကြေး အာသယတို့ဖြင့် ရောနှောလူးလဲအပ်ခြင်း ကြောင့်</b>လည်း ထိုအာဟာရသည် အလွန်စက်ဆုပ်ဖွယ် ကောင်း၏၊ မျိုပြီး၍ အစာသစ်အိမ်သို့ ရောက်သောအခါ၌လည်း ထိုအစာ သစ်အိမ်သည် <b>ဆေးကြော သုတ်သင်ခြင်း မရှိ။ ညစ်ထေး၍နေသော ခွေးစားခွက်ကဲ့သို့ မွေးကတည်းက တစ်ရံတစ်ခါမျှ မဆေးကြော မသုတ် သင်ရဘူးသဖြင့် အလွန်စက်ဆုပ်ဖွယ်ကောင်းအောင် ညစ်ထေး၍နေ၏၊ ဤကဲ့သို့ ညစ်ထေး၍နေသော တည်ရာ အစာသစ်အိမ်အတွက်ကြောင့်</b> လည်း ထိုအစာအဟာရ-သည် အလွန်စက်ဆုပ်ဖွယ်ကောင်း၏၊</p>
<p>အစာသစ်အိမ်သို့ ရောက်ပြီးသောအခါလည်း <b>ဒွန်းစဏ္ဍားရွာနား တန်စီးတွင်းကဲ့သို့ ၃၂-ပါးသော ပိုးမျိုးသံကောင်တို့ဖြင့် ကျိကျိတက်ပြွမ်း လျက် ဓာတ်မီးချက်အပ်သဖြင့် အမြုပ်အပွက်ထလျက် အလွန်စက် ဆုပ်ဖွယ်ကောင်းသော အဆင်းအနံ့ရှိလျက် ဖောက်ပြန်ကြေကျက်၍ နေ၏၊ ဤကဲ့သို့ အစာသစ်အိမ်တွင်း၌ ဖောက်ပြန်ကြေကျက်လျက် တည်နေပုံ အခြင်းအရာအားဖြင့်</b>လည်း ထိုအစာအာဟာရသည် အလွန် စက်ဆုပ်ဖွယ်ကောင်း၏၊</p>
<p>အကယ်၍ မကြေကျက်ပြန်လျှင်လည်း <b>ဝမ်းရောင်ခြင်း, ရင် ပြည့်ခြင်း စသည်ကို ဖြစ်စေ၏၊ ဤသို့ ဝမ်းရောင်ခြင်း, ရင်ပြည့်ခြင်း စသည်ကို ဖြစ်စေတတ်သည့်အတွက်ကြောင့်</b>လည်း ထိုအစာအာဟာရ သည် အလွန်စက်ဆုပ်ဖွယ် ကောင်း၏၊</p>
<p>ကောင်းစွာ ကြေကျက်ပြီးလျှင်လည်း <b>ရွှေ, ငွေ- စသော အဖိုးတန် နှစ်သက်ဖွယ်မဖြစ်၊ စင်စစ် အလွန်စက်ဆုပ်ဖွယ်သော ကျင်ငယ်, ကျင်ကြီး သာ ဖြစ်လေ၏၊ ဤသို့ကျင်ငယ်, ကျင်ကြီးဖြစ်၍ သွားခြင်းကြောင့်</b>လည်း ထိုအစာအဟာရသည် အလွန်စက်ဆုပ်ဖွယ်ကောင်း၏၊</p>
<p>ထို အာဟာရ-ထဲမှ ထွက်သော အဆီတို့သည်လည်း <b>အဖိုးတန် နှစ်သက်ဖွယ်ဝတ္ထုကို မဖြစ်စေ၊ စင်စစ် စက်ဆုပ်ဖွယ်သော ဆံပင်, အမွေး, လက်သည်း ခြေသည်း, သွား, အရိုး, ခြင်ဆီစသော ၃၂-ပါးသော အပုပ်မျိုး တို့ကိုသာ ဖြစ်စေ၏၊ ယားနာ, ပွေးနာ, နှင်းခူနာ-စသော အမျိုးမျိုးသော အနာရောဂါတို့ကိုလည်း ဖြစ်စေ၏၊ ဤသို့မကောင်း စက်ဆုပ်ဖွယ်သော အကျိုးကိုဖြစ်စေသည့် အတွက်ကြောင့်</b>လည်း ထိုအစာအာဟာရသည် အလွန်စက်ဆုပ်ဖွယ် ကောင်း၏၊</p>
<p>ထို အစာအာဟာရကို ဝမ်းတွင်းသို့ မျိုသွင်းပြီးပြန်လျှင်လည်း <b>တစ်ဖန်ပြင်ဖက်သို့ မထုတ်ရ မနနိုင် ထုတ်ပြစ်ရပြန်၏၊ မိုးစွတ်မရှောင်, နေပူမရှောင်, ဘေးမရှောင်, ရန်မရှောင်, ရှက်ရှက်ကြောက်ကြောက် ပုန်းကွယ်လျက် စက်ဆုပ်ပင်ပန်းစွာ ထုတ်ရပြန်၏၊ ဤသို့ မနေသာပဲ တစ်ဖန် စွန့်ထုတ်ရမှုအတွက်ကြောင့်</b>လည်း ထိုအစာအာဟာရ၏ အကျိုးဆက်သည် <b>၉-ပေါက်သော ဒွါရတို့မှ စက်ဆုပ်ဖွယ် ဝတ္ထုဖြစ်လျက် ယိုထွက်၏၊ ဤသို့ ၉-ပေါက်သော ဒွါရတို့မှ စက်ဆုပ်ဖွယ် ယိုထွက်စေ သော အတွက်ကြောင့်</b>လည်း ထိုအစာအာဟာရသည် အလွန်စက်ဆုပ် ဖွယ်ကောင်း ထိုအစာအာဟာရ-သည် <b>စားမည်ဟုပြုသည်မှစ၍ ဒွါရ ၉-ပေါက်မှထွက်သည့်အခါတိုင်အောင် ခွက်ကိုလည်းကောင်း လက်ကို လည်းကောင်း, ပါးစပ်ကိုလည်းကောင်း,ကိုယ်တွင်း တစ်ကိုယ်လုံးကိုလည်း ကောင်း, ဒွါရ ၉-ပေါက်ဝကိုလည်းကောင်း ပေရေညစ်ထပ် လိမ်းကပ် လူးလဲ၏၊ ဤသို့ လိမ်းကပ်လူးလဲမှုကြောင့်</b>လည်း ထိုအစာအာဟာရသည် အလွန်စက်ဆုပ်ဖွယ်ကောင်း၏၊</p>
<p>ထိုအစာအာဟာရသည် ခံတွင်းသို့ ရောက်ကာမျှဖြင့်ပင်လျှင်</p>
<p>၁။ <b>စိတ်ကို ညစ်နွမ်းစေ၏</b>၊<br>
၂။ <b>တုန်လှုပ်ပျံ့လွင့်စေ၏</b>၊<br>
၃။ ဝမ်းတွင်းသို့ ရောက်လျှင်ကား <b>ကိုယ်, စိတ်ကိုပင် ထိုင်းမှိုင်း လေးလံခြင်း, နုံ့ခြင်းကို ဖြစ်စေတတ်၏</b>၊<br>
၄။ <b>စိုးရိမ်ကြောင့်ကြခြင်းကိုလည်း ဖြစ်စေတတ်၏</b>၊<br>
၅။ <b>အနာရောဂါ အမျိုးမျိုးတို့ကိုဖြစ်စေ၍ ပုဂ္ဂိုလ်ကို ဆင်းရဲ ပင်ပန်းစေ၏</b>၊<br>
၆။ <b>အသက်ကိုသော်လည်း သေအောင်သတ်၏</b>၊<br>
၇။ <b>ဗြဟ္မစရိယ သီလကိုသော်လည်း ညှိုးနွမ်းအောင်, ပျက်စီး အောင် ပြုတတ်၏</b>၊<br>
၈။ <b>မိစ္ဆာစာရ ဒုစရိုက်မှုကိုလည်း ဖြစ်စေတတ်၏</b>၊</p>
<p>ဤသို့သော အကြောင်းတို့ကြောင့်လည်း ထိုအစာအာဟာရ သည် အလွန်စက်ဆုပ်ရွံမုန်းဖွယ် ကောင်း၏၊</p>
<p>ထိုအစာအာဟာရကို အကြောင်းပြု၍ <b>အမျိုးမျိုးသော အနာ ရောဂါ ဆင်းရဲဝေဒနာတွေဖြစ်ရ၏၊ အမျိုးမျိုးသော အငြင်းအခုံ ခိုက်ရန်ဒေါသတွေ,အကုသိုလ် ဒုစရိုက်တွေ,ဘေးတွေ, ရန်တွေ, ဒုက္ခတွေ ဖြစ်ရ၏</b>၊ ဤသို့ ဖြစ်သမျှတို့သည် အာဟာရကြောင့် ဖြစ်သည် ချည်းပင် တည်း၊ ဆင်းရဲဒုက္ခ ဟူသမျှသည် ကြွင်း နာမ်အာဟာရ-တို့နှင့်တကွ ဤကဗဠီပာရအာဟာရကြောင့်ဖြစ်သည်ချည်းပင်တည်း၊ လောက၌ရှိရှိ သမျှ အလုံးစုံသော ဘေးဒုက္ခတို့သည် <b>ထိုအာဟာရ ၄-ပါးကြောင့်သာ လျှင်ဖြစ်ရကုန်၏၊ ထိုအာဟာရတို့သည် အလုံးစုံသော ဘေးဒုက္ခတို့ကို ဖြစ်စေနိုင်ကြကုန်၏၊</b></p>
<p>ဤဆိုအပ်ခဲ့ပြီးသော အကြောင်းတို့ကြောင့် <b>ထိုကဗဠီကာရ အာဟာရသည် အလွန်စက်ဆုပ်ဖွယ်ကောင်း၏၊</b></p>
<p>ထိုစက်ဆုပ်ရွံရှာဖွယ် ကောင်းငြားသော်လည်း <b>အနာပျောက်ခြင်း ငှါ အလွန်ခါးသောဆေးခါးကြီးကို စားသောက် သုံးဆောင်ရဘိသကဲ့သို့ ကန္တာရခရီးခဲကို လွန်မြောက်ခြင်းငှါ သား၏ အသားကိုစားရဘိသကဲ့သို့ အသက်ရှည်၍ ဣရိယာပုထ် ၄-ပါးမျှတ ကျန်းမာ၍ ကိလေသာ အနာ ကင်းပျောက်ကြောင်း ကမ္မဋ္ဌာန်းကို ကြိုးပမ်းအားထုတ်နိုင်ခြင်းငှါ, သံသာရာကန္တာရခရီးခဲကို လွန်မြောက်နိုင်ခြင်းငှါ ထိုကဗဠီကာရအာဟာရ ကို စားသောက်မှီဝဲအပ်၏၊ စားသောက်မှီဝဲရာ၏၊ စားသောက်မှီဝဲ ရာသည်။</b></p>
<p>ဤ<b>''အာဟာရ ပဋိကူဠသညာ''</b>ကို ပွားများလိုသော ယောဂီ ပုဂ္ဂိုလ်သည် ဤယခုရေးသားခဲ့ပြီးသောအတိုင်း ထိုကဗဠီကာရ အာဟာရ-၌ <b>စက်ဆုပ်ရွံမုန်းဖွယ် အခြင်းအရာ,စက်ဆုပ်ရွံမုန်းသော အကြောင်းတို့ကို အဖန်ဖန် ဆင်ခြင်အောက်မေ့ရာ၏</b>၊ ဤသို့ဆင်ခြင် အောက်မေ့ဖန် များသောအခါ <b>စားပြီး စားဆဲ စားလတ္တံ့သော အတတ်, အနာဂတ်, ပစ္စုပ္ပန်ကာလ ၃-ပါး၌ တည်သော ထိုကဗဠီကာရအာဟာရ သည် ထိုယောဂီပုဂ္ဂိုလ်၏ စိတ်,ဉာဏ်,သညာ၌ စက်ဆုပ်ဖွယ်ဖြစ်၍ ထင်၏၊ ထိုယောဂီပုဂ္ဂိုလ်၏ စိတ်, ဉာဏ်, သညာသည် ထိုကဗဠီကာရ အာဟာရ၌ စက်ဆုပ်ဖွယ် အဖြစ်ဖြင့် ကောင်းစွာ ထင်မြင်တည်ကြည်၏၊ ဥပစာရစျာန်ကို ရ၏၊</b></p>
<p>ထိုယောဂီပုဂ္ဂိုလ်အား -</p>
<p>၁။ <b>ရသတဏှာ လွန်စွာပါး၏</b>၊<br>
၂။ <b>ကာမဂုဏ် ၅-ပါးလုံး၌ တပ်နှစ်သက်သော တဏှာရာဂ လည်းလွန်စွာပါးတော့၏</b>၊<br>
၃။ အာဟာရကို စားသောက်မှီသောအခါလည်း <b>ကန္တာရခရီး၌ သား၏အသားကို စားကြသော သူတို့ကဲ့သို့ နှစ်သက် သာယာခြင်း ကင်းလျက်သံသရာမှ လွန်မြောက်ခြင်းငှာသာ လျှင် စားသောက် မှီဝဲလေတော့၏</b>၊</p>
<p>(<b>အာဒီနဝဒဿာဝီ နိဿရဏပညော ပရိဘုဉ္ဇတိ</b>- ဆိုသော အတိုင်းပင်တည်း။)</p>
<p>အာဟာရေပဋိကူလသညာ ကမ္မဋ္ဌာန်း ပြီး၏၊</p>
---
<h3>(၁၀)စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်းကို ပြဆိုခန်း</h3>
<p><b>စတုဓာတုဝဝတ္ထာန် ကမ္မဋ္ဌာန်း</b>စီးဖြန်းပွါးများလိုသော ယောဂီ ပုဂ္ဂိုလ်သည် <b>ကာယဝိဝေက အလို့ငှါ ဆိတ်ငြိမ်ရာ အရပ်သို့ ချဉ်းကပ်သဖြင့်</b> လည်းကောင်း, <b>စိတ္တဝိဝေကလို့ငှါအထူးထူးသောအာရုံမှ ဖဲ့စေလျက် ကမ္မဋ္ဌာန်းသို့ စိတ်ကို သွင်းလျက်</b>လည်းကောင်း <b>ဆံဖျားမှ ခြေဖဝါးတိုင် အောင်, ခြေဖဝါးမှ ဆံဖျားတိုင်အောင် မဟာဘုတ်ဖြင့်ပြီးသော မိမိ ရူပကာယကိုဓာတ်အားဖြင့် ကောင်းစွာဆင်ခြင်ရမည်။</b></p>
<p><b>ဆင်ခြင်ပွါးများပုံ</b></p>
<p>ငါ၏ တစ်လံမျှလောက်သော ဤခန္ဓကိုယ်၌</p>
<p>၁။ <b>မြေဓာတ်လွန်သော ကိုယ်အစု</b>,<br>
၂။ <b>ရေဓာတ်လွန်သော ကိုယ်အစု</b>,<br>
၃။ <b>မီးဓာတ်လွန်သော ကိုယ်အစု</b>,<br>
၄။ <b>လေဓာတ်လွန်သော ကိုယ်အစု</b>,</p>
<p>၄-ပုံ ၄-စု ဓာတ်ကွဲအောင် ရှုရမည်။</p>
<p>ထို ၄-ပါးသော ကိုယ်အစုတို့တွင် မြေဓာတ်လွန်သော ကိုယ် အစုဟူသည်ကား</p>
<p><b>မြေဓာတ်လွန်သော ကိုယ်အစု</b></p>
<p>၁။ <b>ကေသာ</b>-၂-ကုဋေ ၄-သန်းမျှသော ဆံပင် ဟူသော မြေအစု။<br>
၂။ <b>လောမာ</b>-၉-သောင်း ၉-ထောင် မျှသော မွေးညင်း ဟူသော မြေအစု။<br>
၃။ <b>နခါ</b>- ၂၀-အရေအတွက်ရှိသော ခြေသည်း လက်သည်း ဟူသောမြေအစု။<br>
၄။ <b>ဒန္တာ</b>-၃၂-အရေအတွက်ရှိသော သွားဟူသော မြေအစု။<br>
၅။ <b>တစော</b>-အရေထူ အရေပါး ၂-မျိုး ပြားသော အရေ ဟူသော မြေအစု။<br>
၆။ <b>မံသံ</b>- ၉-ရာမျှ အရေအတွက်ရှိသော အသားစိုင်ဟူသော မြေအစု။<br>
၇။ <b>နှာရု</b>-၉-ရာမျှ အရေအတွက်ရှိသော အကြော ဟူသော မြေအစု။<br>
၈။ <b>အဋ္ဌိ</b>-၂-ရာမျှအရေအတွက်ရှိသော အရိုး ဟူသောမြေအစု။<br>
၉။ <b>အဋ္ဌိမိဉ္ဇံ</b>- ရိုးတွင်းခြင်ဆီ ဟူသောမြေအစု။<br>
၁၀။ <b>ဝက္ကံ</b>-ကျောက်ကပ်ခေါ်သောအညှို့ဟူသောမြေအစု။<br>
၁၁။ <b>ဟဒယံ</b>-နှလုံးသား ဟူသော မြေအစု။<br>
၁၂။ <b>ယကနံ</b>-အသည်း ဟူသော မြေအစု။<br>
၁၃။ <b>ကိလောမကံ</b>- အမြှေးလွှာ ဟူသော မြေအစု။<br>
၁၄။ <b>ပိဟကံ</b>- သရက်ရွက်ခေါ်သော အဖျဉ်းဟူသောမြေအစု။<br>
၁၅။ <b>ပပ္ဖါသံ</b>- အဆုတ် ဟူသောမြေအစု။<br>
၁၆။ <b>အန္တံ</b>-အူမ ဟူသော မြေအစု။<br>
၁၇။ <b>အန္တံဂုဏံ</b>-အူသိမ် ဟူသောမြေအစု။<br>
၁၈။ <b>ဥဒရိယံ</b>-အစာသစ် ဟူသော မြေအစု။<br>
၁၉။ <b>ကရီသံ</b>- အစာဟောင်း ဟူသောမြေအစု။<br>
၂၀။ <b>မတ္ထလုင်္ဂံ</b>- ဦးနှောက် ဟူသော မြေအစု။</p>
<p>မြေဓာတ်လွန်သော ကိုယ်အစု ပြီး၏၊</p>
<p><b>ရေဓာတ်လွန်သော ကိုယ်အစု</b></p>
<p>၁။ <b>ပိတ္တံ</b>- သည်းခြေ ဟူသော ရေအစု။<br>
၂။ <b>သေမှံ</b>- သလိပ် ဟူသော ရေအစု။<br>
၃။ <b>ပုဗ္ဗော</b>- ပြည် ဟူသော ရေအစု။<br>
၄။ <b>လောဟိတံ</b>- သွေး ဟူသော ရေအစု။<br>
၅။ <b>သေဒေါ</b>- ချွေး ဟူသော ရေအစု။<br>
၆။ <b>မေဒေါ</b>- အဆီပျဉ် အဆီခဲ ဟူသော ရေအစု။<br>
၇။ <b>အဿု</b>- မျက်ရည် ဟူသော ရေအစု။<br>
၈။ <b>ဝသာ</b>- ဆီကြည် ဟူသောရေအစု။<br>
၉။ <b>ခေဠော</b>-လျှာရည် တံတွေး ဟူသော ရေအစု။<br>
၁၀။ <b>သိင်္ဃာဏိကာ</b>- နှာရည်နှပ်စေး ဟူသော ရေအစု။<br>
၁၁။ <b>လသိကာ</b>-အစေးပုပ် ဟူသော ရေအစု။<br>
၁၂။ <b>မုတ္တံ</b>- ကျင်ငယ် ဟူသော ရေအစု။</p>
<p>ရေဓာတ်လွန်သော ကိုယ်အစုပြီး၏၊</p>
<p><b>မီးဓာတ်လွန်သောကိုယ် အစု</b></p>
<p>၁။ <b>သန္တာပေါ</b>-ရက်, ရက်ချန်-ဖျားခြင်းစသော အပူလွန်သော မီးအစု။<br>
၂။ <b>ဒါဟော</b>-ပေါက်နာ,ကျောက်နာ-စသောအသွေးအသားကို အကျက်လောင်သော မီးအစု။<br>
၃။ <b>ပါစကော</b>-အစာကိုကြေကျက်စေတတ်သော မီးအစု။<br>
၄။ <b>ဇီရဏာ</b>-ရင့်ရော် မှည့်ရွမ်း ဟောင်းနွမ်းဆွေးမြေ့စေတတ် သော မီးအစု။</p>
<p>မီးဓာတ်လွန်သော ကိုယ်အစု ပြီး၏၊</p>
<p><b>လေဓာတ်လွန်သော ကိုယ်အစု</b></p>
<p>၁။ <b>ဥဒ္ဓင်္ဂမာဝါတာ</b>-အထက်သို့ ဆန်တက်သော လေအစု။<br>
၂။ <b>အဓောဂမဝါနာ</b>-အောက်သို့ စုံဆင်းသော လေအစု။<br>
၃။ <b>ကုစ္ဆိသဝါတာ</b>-ဝမ်းခေါင်းထဲ၌ ကိန်းသောလေအစု။<br>
၄။ <b>ကောဋ္ဌာသယာဝါတာ</b>- အူမ အူသိမ်အတွင်း၌ ကိန်းသော လေ အစု။<br>
၅။ <b>အင်္ဂမဂါနုသာရိနောဝါတာ</b>- ကိုယ်အင်္ဂါ လှုပ်ရှားမှုတို့၌ အင်္ဂါကြီးငယ်သို့ အစဉ်လျှောက်သော လေအစု။<br>
၆။ <b>အဿာသ ပဿာသာဝါတာ</b>-ထွက်သက်ဝင်သက်ဟူသော လေအစု။</p>
<p>လေဓာတ်လွန်သော ကိုယ်အစုပြီး၏၊</p>
---
<p><b>၂-ကုဋေ ၄-သန်းမျှသော ဆံပင်ဟူသော မြေအစု၌ ဓာတ် ၈-ပါး ခွဲစိတ်ကြည့်ရူ့ခန်း</b></p>
<p>ဆံပင်တစ်ခု၌ <b>ပထဝီကာယ, အာပေါကာယ, တေဇောကာယ, ဝါယောကာယ</b>-ဟူ၍ ကာယကြီး ၄-ပါးရှိ၏၊</p>
<p>၁။ ဆံပင်တစ်ခုလုံး၌ <b>အမာခံဖြစ်သော ခက်မာမှု ကိရိယာ အပေါင်းသည် ပထဝီကာယ မည်၏</b>၊<br>
၂။ <b>ဖွဲ့စေးမှု ကိရိယာအပေါင်းသည် အာပေါကာယ မည်၏</b>၊<br>
၃။ <b>ပူသောအခါ၌ ပူမှုအပေါင်း, အေးသောအခါ၌ အေးမှု အပေါင်း တေဇောကာယ မည်၏</b>၊<br>
၄။ <b>တေဇောကာယ၏ အရှိန်ဖြစ်သော ထောက်ကန်မှု အပေါင်း သည် ဝါယောကာယ မည်၏</b>၊</p>
<p>(ဤဆံပင်၌ <b>ဝဏ္ဏ-အဆင်း, ဂန္ဓ-အနံ့, ရသ-အရသာ, ဩဇာအဆီအဝေး</b>ဟူသော ဥပါဒ်ရုပ် ၄-ပါးကျန်ရှိသေး၏၊)</p>
<p>အချုပ်အားဖြင့် ရေတွက်လျှင်</p>
<p>ဆံပင်တစ်ခု၌ - <b>ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ၊ ဓာတ်ရှစ်ပါး။</b><br>
မွေးညင်း၌- <b>ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ၊ ဓာတ်ရှစ်ပါး။</b><br>
ခြေသည်းလက်သည်း၌- <b>ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ၊ ဓာတ်ရှစ်ပါး။</b></p>
<p>(ကြွင်းသော ကောဋ္ဌာသတို့၌လည်း ဤနည်းအတိုင်း <b>ဓာတ် ၈- ပါး</b>ခွဲလေ။)</p>
<p><b>ဆံပင်၌ ဓာတ် ၈-ပါး မြန်မာလိုခွဲနည်း</b></p>
<p>ဆံပင်၌ ဓာတ် ၈-ပါး ခွဲနည်းကား</p>
<p>၁။ ဆံပင်ကို စမ်းသပ်လျှင် <b>မာသည်ဟု တွေ့ရှိ၏၊ ထိုမာမှုသည် ပထဝီ ဓာတ်</b>တည်း။<br>
၂။ <b>လုံးပတ်သဏ္ဌာန် ဖြစ်နေသည်ကို မြင်၍ ဖွဲ့စေးမှုကို သိရ၏၊ ထိုဖွဲ့စေးမှုသည် အာပေါဓာတ်</b>တည်း။<br>
၃။ <b>ပူသောအခါ ပူမှု, နွေးသောအခါ နွေးမှု, အေးသောအခါ အေးမှုကိုတွေ့ရှိ၏၊ ထိုပူမှု, နွေးမှု, အေးမှု-သည် တေဇောဓာတ်</b>တည်း။<br>
၄။ <b>ပူရှိန်, နွေးရှိန်, အေးရှိန်ကို တွေ့ရှိ၏၊ ထိုအရှိန်စုသည် ဝါယောဓာတ်</b>တည်း။<br>
၅။ <b>မျက်စိနှင့်ကြည့်ရှုလျှင် ဆံပင်၌ အဆင်းကို မြင်၏၊ ထိုအဆင်း သည်ဝဏ္ဏဓာတ်</b>တည်း။<br>
၆။ <b>နှာခေါင်းနှင့် နမ်းလျှင် ဆံပင်၌ အနံ့ကိုနံ၏၊ ထိုအနံ့သည် ဂန္ဓဓာတ်</b>တည်း။<br>
၇။ <b>လျှာနှင့်မြည်းလျှင် အရသာကို သိရ၏၊ ထိုအရသာသည် ရသဓာတ်</b>တည်း။<br>
၈။ ဆံပင်ကို စားသော သတ္တဝါတို့မှာ <b>ရူပကာယကို စောင့် ရှောက်ထောက်ပံ့ခြင်း သဘောရှိသော အဆီအစေးမည်သည် ဆံပင်၌ ရှိ၏၊ ထိုအဆီအစေးသည် ဩဇာခေါ်သော အာဟာရ ဓာတ်</b>တည်း။</p>
<p>ဆံပင်၌ ဓာတ် ၈-ပါးခွဲနည်း ပြီး၏၊</p>
---
<p>မွေးညင်း၌ <b>ဓာတ် ၈-ပါး</b>, ခြေသည်း-လက်သည်း၌ <b>ဓာတ် ၈- ပါး</b>, သွား၌ <b>ဓာတ် ၈-ပါး</b>, အရေ၌ <b>ဓာတ် ၈-ပါး</b>, အသား၌ <b>ဓာတ် ၈-ပါး</b>, အရိုး၌<b>ဓာတ် ၈-ပါး</b>, ခြင်ဆီ၌ <b>ဓာတ် ၈-ပါး</b>, အညှို့၌ <b>ဓာတ် ၈-ပါး</b>, နှလုံး၌ <b>ဓာတ် ၈-ပါး</b>, အသည်း၌ <b>ဓာတ် ၈-ပါး</b>, အမြှေး၌ <b>ဓာတ် ၈-ပါး</b>, အဖျဉ်း၌ <b>ဓာတ် ၈-ပါး</b>, အဆုတ်၌ <b>ဓာတ် ၈-ပါး</b>, အူမ၌ <b>ဓာတ် ၈-ပါး</b>, အူသိမ်၌ <b>ဓာတ် ၈-ပါး</b>, ဤသို့စသည်ဖြင့် ကျင်ငယ်၌ <b>ဓာတ် ၈-ပါး</b>တိုင်အောင် ခွဲခြမ်း၍ သိလေ၊ မြင်လေ၊ ကြွင်းသော တေဇောကာယ ၄-ပါး, ဝါယောကာယ ၆-ပါးတို့၌လည်း <b>ဓာတ် ၈-ပါး</b>စီ ရှိကြသည်။</p>
<p>ဤ <b>ဓာတ် ၈-ပါး</b>ကား <b>အဝိနိဗ္ဘောဂ-ရုပ်</b>ဖြစ်၍ ခပ်သိမ်းသော ရုပ်အစုတို့မှာအရင်းခံဖြစ်ကြ၏၊ ဤ<b>ဓာတ် ၈-ပါး</b>ကိုခွဲခြမ်း၍ မြင်နိုင်လျှင်ပင် ဉာဏ်၌ <b>ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝ, မိန်းမ, ယောကျ်ား, ဦးခေါင်း, ခြေလက်စသည်၊ ဆံပင်,မွေးညင်း၊ ခြေသည်း, လက်သည်း, သွား, အရေ, အသား, အရိုးစသည် ဉာဏ်မျင်စိ၌ အကုန်ကွယ်ပျောက် လတ္တံ့၊ ဓာတ်စု ဓာတ်ခဲကြီးငယ် မျှသာရှိသည် ဟုဉာဏ်မျက်စိ၌ မြင်ရလတ္တံ့။</b></p>
<p><b>စတုဓာတု ဝဝတ္ထာန် ကမ္မဋ္ဌာန်းအကျိုး</b></p>
<p>ဤစတုဓာတု ဝဝတ္ထာန် ကမ္မဋ္ဌာန်းကို အားထုတ်သော ယောဂီ ပုဂ္ဂိုလ်သည်</p>
<p>၁။ <b>ပုဂ္ဂိုလ် သတ္တဝါ-ဟူသော အမှတ်သညာကို ပယ်နိုင်ခြင်း</b>,<br>
၂။ <b>ကြောက်မက်ဖွယ်သော ဘေးကြီး ဘေးငယ်ကို သိခံနိုင်ခြင်း</b>,<br>
၃။ <b>ဣဋ္ဌာရုံ အနိဋ္ဌာရုံတို့၌ တပ်မက်ရွှင်ပြုံး နှလုံးမသာယာခြင်းသို့ မရောက်ခြင်း</b>,<br>
၄။ <b>ကာမဂုဏ်တို့၌ မွေ့လျော်ခြင်း ရတိ, သမထ-ဝိပဿနာ ဆိတ်ငြိမ်ရာတို့၌ မမွေ့မလျော်နိုင်ခြင်း အရတိတို့ကို နှိမ်နှင်းနိုင်ခြင်း</b>,<br>
၅။ <b>ကြီးကျယ်သော ပညာရှိခြင်း</b>,<br>
၆။ <b>ဤပစ္စုပ္ပန်ဘဝ၌ နိဗ္ဗာန်ချမ်းသာကိုရခြင်း</b>,<br>
၇။ <b>တမလွန်ဘဝ၌ သဂတိသို့ လားရခြင်း, အကျိုးရင်း, အကျိုးဖျား တို့ကို ရနိုင်၏</b>-ဟုမှတ်။</p>
<p>စတုဓာတု ဝဝတ္ထာန် ကမ္မဋ္ဌာန်း ပြီး၏၊</p>
---
<h3>(၁၁) အဘိညာဉ်ကို ပြဆိုခန်း</h3>
<p>ဆောင်ပုဒ်သံခိပ်။။ <b>ဣဒ္ဓိဝိဓ၊ ဒိပ္ပနှစ်ထွေ၊ စေတောပရိ၊ ပုဗ္ဗေနိဝါ၊ ယထာကမ္မံ၊ နာဂတံသ၊ ဤသတ္တ၊ မှတ်ကြ အဘိညာ။</b></p>
<p>နေဝသညာတိုင်အောင် သမာပတ် ၉-ပါးကို ရပြီး၍ ထို ၉-ပါးလုံး၌ အသီးသီးဝသီဘော်သို့ ရောက်ပြီးသော ပုဂ္ဂိုလ်သည် သမထ ဘာဝနာ၏ အကျိုးဆက်ဖြစ်သော <b>အဘိညာဣဒ္ဓိ</b>ကို ရလိုပြန်သည်ရှိသော် <b>ရူပါဝစရ ပဉ္စမစျာန် စိတ်ကို စျာနာနုလောမအစရှိသော ၁၄-ပါးသော အခြင်းအရာ တို့ဖြင့် အလွန်ထက်သန်ခြင်းသို့ ရောက်အောင်ဆုံးမရာ၏၊ အလွန် ထက်သန်ခြင်းသို့ ရောက်သောအခါ ထိုရူပပဉ္စမစျာန်စိတ်သည် အဘိညာဉ် အဖြစ်သို့ ရောက်၏</b>၊</p>
<p><b>အဘိညာ ၇-ပါး</b></p>
<p>၁။ <b>ဣဒ္ဓိဝိဓအဘိညာ</b>-ကောင်းကင် မြေမိုး ပျံလျှိုးမှု, တံခိုး အထွေ ထွေဖန်ဆင်းမှု။<br>
၂။ <b>ဒိဗ္ဗစက္ခု အဘိညာ</b>-နတ်မျက်စိကဲ့သို့ အဆင်းအမျိုးမျိုးကို မြင်မှု။<br>
၃။ <b>ဒိပ္ပသောတ အဘိညာ</b>-နတ်နားကဲ့သို့ အသံအမျိုးမျိုး ကိုကြားမှု။<br>
၄။ <b>စေတောပရိယ အဘိညာ</b>-သူတစ်ပါးတို့၏စိတ်အကြံ အစည်ကို သိမှု။<br>
၅။ <b>ပုဗ္ဗေနိဝါသာနုဿတိ အဘိညာ</b>-ရှေးရှေးသော ဘဝအ ဆက်ဆက် ကမ္ဘာအဆက်ဆက်တွေက ဖြစ်ဖူးသောခန္ဓာ အစဉ်ကို သိမှု။<br>
၆။ <b>ယထာကမ္မူပဂ အဘိညာ</b>-ဘယ်နတ်, ဘယ်လူ, ဘယ် သတ္တဝါ, ဘယ်ကံကြောင့် ဤသို့ဖြစ်ရသည်-ဟုကံဟောင်း ကိုသိမှု။<br>
၇။ <b>အနာဂတံသ အဘိညာ</b>-နောက်နောက်ဘဝတွေ, ကမ္ဘာ တွေကို သိမှု။</p>
<p>ဆောင်ပုဒ်သံခိပ်။။<b>ပါဒကစျာန်၊ အဓိဋ္ဌာန်နှင့်၊ တစ်ဖန် ပါဒက၊ စတုတ္ထ၊ ကျတုံအဘိညာ။</b></p>
<p>တစ်ခုတစ်ခုသော အဘိညာကိုဝင်စားလိုသော် ရှေးဦးစွာ <b>အဓိဋ္ဌာန်၏ အခြေပါဒက</b>ပြုရာ၌</p>
<p>၁။ <b>ရူပပဉ္စမစျာန်ကို ဝင်စားမှု</b>တစ်ရပ်။<br>
၂။ ထို့နောင် အလိုရှိရာအခွင့်ကို <b>ဤအမှု ပြီးစေသတည်းဟု ဓိဋ္ဌာန်သော ကာမဇောဝီထိ ကျသည်</b>တစ်ရပ်။<br>
၃။ ထို့နောင် <b>အဘိညာ၏ အခြေပြုရာ၌ ရူပပဉ္စမစျာန်ကိုဝင် စားမှု</b> တစ်ရပ်။<br>
၄။ ထို့နောင် <b>ဘဝင် ၂-ကြိမ်, မနောဒွါရာဝဇ္ဇန်း,ပရိကံ,ဥပစာ, အနုလုံ, ဂေါတြဘု,အဘိညာတစ်ကြိမ်စီ၊ ထို့နောင် ဘဝင် ကျ</b>၏၊</p>
<p><b>အဘိညာဖြစ်သည်နှင့် တပြိုင်နက် ကောင်းကင်မြေမိုး ပျံလျှိုးခြင်း စသော ဣဒ္ဓိကိစ္စပြီးစီး၏</b>၊</p>
<p>ချဲ့ဦးအံ့</p><p>ဤ<b>သမထ ၄၀</b>-တို့တွင် <b>ကသိုဏ်း ၁၀-ပါး</b>တို့၌ရသော စျာန်တို့မှ သာလျှင် <b>အဘိညာ</b>ကို ဖြစ်စေနိုင်၏၊ ကြွင်းသောကမ္မဋ္ဌာန်း၌ ရသောစျာန် တို့သည် <b>အဘိညာ</b>ကိုမဖြစ်စေနိုင်၊ <b>ကသိုဏ်း</b>တို့ဖြင့်<b>ရူပသမာပတ် ၄-ပါး, ၅-ပါး</b> လုံးကိုအကုန်ရလျှင်ပင် အရှင်သာရိပုတ္တရာအလောင်း သုရုစိ ရသေ့ဆရာကြီး၏ တပည့်ရသေ့၂၄၀၀၀-စသည်တို့ကဲ့သို့ ရှေးရှေးသော နီးသောဘဝတို့က <b>အဘိညာ</b>ကိုလေ့လာနိုင်နင်းခဲ့ဖူးသော ဉာဏ်ကြီးသော ပုဂ္ဂိုလ်တို့မှာ <b>အဘိညာ</b>ကိုဖြစ်စေနိုင်၏၊ ရှေးကမလေ့လာခဲ့ဖူးသော ဉာဏ်နုံ့ သောသူမှာကား <b>စျာန်သမာပတ် ၈-ပါး,၉-ပါး</b>လုံးကိုပင်ရမှ <b>အဘိညာ</b>ကို ဖြစ်စေနိုင်သည်။</p>
<p><b>ကသိုဏ်း၁၀-ပါး</b>တို့ဖြင့် <b>သမာပတ် ၈-ပါး,၉-ပါး</b>ကိုရသောယောဂီ ပုဂ္ဂိုလ်သည် <b>ဣဒ္ဓိဝိဓ,ဒိဗ္ဗသောတ, ပရစိတ္တဝိဇာနန, ပုဗ္ဗေနိဝါသာနုဿတိ, ဒိဗ္ဗစက္ခု</b>-ဟူသော <b>အဘိညာငါးပါး</b>တို့ကိုလည်း ရအောင်ပြုရာ၏၊ ဖြစ်စေ ရာ၏၊ ထို<b>အဘိညာ</b>တို့ကိုရလို ဖြစ်စေလိုသော ယောဂီပုဂ္ဂိုလ်သည် <b>တော ခုတ်ခါနီးဓားကို ထက်သည်ထက် ထက်အောင် သွေးဘိသကဲ့သို့ ဝေးစွာ သောအရပ်၌ ဝတ္ထုကိုကြည့်ရှုခါး မှန်ပြောင်းကိုကြည်သည်ထက် ကြည် အောင် ပွတ်တိုက်ဘိသကဲ့သို့ စျာန်စိတ်ကို ဉာဏ်ကို ထက်သည်ထက် ထက်အောင် ကြည်သည်ထက် ကြည်အောင် ဤသို့သွေးရာ၏၊ ပွတ်တိုက် ရာ၏၊ စျာန်ကစားရာ၏</b>၊</p>
<p><b>စျာန် ကစားပုံ</b></p>
<p>၁။ <b>စတုက္ကနည်းမှာ သမာပတ် ၈-ပါး, ပဉ္စကနဉ်းမှာ သမာပတ် ၉-ပါး၊ ထို ၈-ပါးသော သမာပတ်တို့ကို ပထမစျာန်မှသည် နေဝသညာနာသညာယတနစျာန် ကျအောင် အစဉ် အတိုင်း အနုလုံချည်း အကြိမ်များစွာ ဝင်စားရာ၏</b>၊</p>
<p>၂။ တစ်ဖန် <b>နေဝသညာနာသညာယတနစျာန်မှသည် ပဌမ စျာန်ကျအောင် နောက်ပြန်အစဉ် ပဋိလုံချည်း အကြိမ် များစွာရာ၏</b>၊</p>
<p>၃။ တစ်ဖန် <b>အသွားအပြန် အနုလုံ,ပဋိလုံအားဖြင့်လည်း အကြိမ်များစွာဝင်စားရာ၏</b>၊</p>
<p><b>ကသိုဏ်း ၁၀-ပါး</b>လုံးကိုလည်း ထိုနည်းတူ</p>
<p>၁။ <b>ပထဝီကသိုဏ်းမှသည် အာကာသကသိုဏ်းကျအောင် အစဉ်အတိုင်း အနုလုံချည်း အကြိမ်များစွာ ဝင်စားရာ၏</b>၊</p>
<p>၂။ <b>အာကာသ ကသိုဏ်းမှသည် ပထဝီကသိုဏ်းကျအောင် နောက်ပြန်အစဉ်အတိုင်း ပဋိလုံချည်း အကြိမ်များစွာ ဝင်စားရာ၏</b>၊</p>
<p>၃။ တဖန်<b>အသွားအပြန် အနုလုံ ပဋိလုံ အားဖြင့်လည်း အကြိမ် များစွာ ဝင်စားရာ၏</b>၊</p>
<p>၄။ ထိုသို့ <b>စျာန်ကသိုဏ်းတို့ကို အနုလုံအားဖြင့်လည်းကောင်း, ပဋိလုံအားဖြင့်လည်းကောင်း ဝင်စားရာတို့၌ စျာန်ကိုချည်း လည်း တစ်ခုကျော်တစ်ခုကျော် ဝင်စားရာ၏</b>၊</p>
<p>၅။ <b>ကသိုဏ်းကိုချည်းလည်း တစ်ခုကျော်တစ်ခုကျော်ဝင်စား ရာ၏</b>၊</p>
<p>စျာန်ကသိုဏ်း ၂-ပါးစုံရောလျက်လည်း</p>
<p>တစ်ခုကျော်တစ်ခုကျော် ဝင်စားပုံကား</p>
<p>၁။ <b>ပထဝီကသိုဏ်း၌ ပထမစျာန်ကို ဝင်စား၍ ထပြီးလျှင် ဒုတိယစျာန် အာပေါကသိုဏ်းတို့ကို ချန်ထားခဲ့၍ ကျော်၍ တေဇောကသိုဏ်း၌ တတိယစျာန်ကိုဝင်စားအပ်၏</b>၊</p>
<p>၂။ ထို့နောင် <b>စတုတ္ထစျာန် ဝါယောကသိုဏ်းတို့ကို ချန်ထားခဲ့၍ ကျော်၍ နီလကသိုဏ်း၌ ပဉ္စမစျာန် ဝင်စားအပ်၏</b>၊</p>
<p>၃။ ထို့နောင် <b>အာကာသာနဉ္စာယတန စျာန်ကိုချန်ထားခဲ့၍ ကျော်၍ ဝိညာနဉ္စာယတနစျာန်ကို ဝင်စားအပ်၏</b>၊</p>
<p>၄။ ထို့နောင် <b>အာကိဉ္စညာယတနစျာန်ကို ချန်ထားခဲ့၍ ကျော်၍ နေဝသညာနာသညာယတနစျာန်ကို ဝင်စား အပ်၏</b>၊</p>
<p>၅။ ထို့နောင် <b>ထိုစျာန်မှထ၍ နောက်သို့ ပဋိလုံ ပြန်ဆင်း သောအခါ အာကိဉ္စညာယတနစျာန်ကို ဝင်စားအပ်၏</b>၊</p>
<p>၆။ ထို့နောင် <b>ဝိညာဏဉ္စာယတနစျာန်ကို ချန်ထားခဲ့၍ ကျော်၍ ပီတကသိုဏ်းကို ခွါ၍ အာကသာနဉ္စာယတနစျာန်ကို ဝင်စားအပ်၏</b>၊</p>
<p>၇။ ထို့နောင် <b>ပဉ္စစျာန် နီလကသိုဏ်းတို့ကို ချန်ထားခဲ့၍ ကျော်၍ ဝါယောကသိုဏ်း၌ စတုတ္ထစျာန်ကို ဝင်စား အပ်၏</b>၊</p>
<p>၈။ ထို့နောင် <b>တတိယစျာန် တေဇောကသိုဏ်းတို့ကို ချန်ထား ခဲ့၍ ကျော်၍ အာပေါကသိုဏ်း၌ ဒုတိယစျာန်ကို ဝင်စား အပ်၏</b>၊</p>
<p>၉။ ထို့နောင် <b>ပထဝီကသိုဏ်း၌ ပထမစျာန်ကို ဝင်စား၍ ရှေးနည်းတူ အထက်သို့တက်၍ ဝင်စားအပ် ၏</b>၊</p>
<p>၁၀။ ဤကဲ့သို့ပြု၍ <b>အောက်ကသိုဏ်း ၆-ခုလမ်း ကျေပြွန်နိုင်နင်း သောအခါ အထက်ကသိုဏ်း ၆-ခုလမ်းလည်း ကျေပြွန်နိုင် နင်းအောင် နီလကသိုဏ်းမှစ၍ အထက်ကသိုဏ်းတို့၌ ရှေးနည်းတူ ဝင်စားအပ်၏၊ ပြုအပ်၏</b>၊</p>
<p><b>နီလ, ပီတ ၂-ပါး</b>တို့ကား အထက်အောက် ၂-ပါး၌ပင် <b>ကသိုဏ်း ၆-ခု</b>စေ့အောင် အရေအတွက်ပါရမည်၊ အကြင်အမှတ်မရှိ တစ်ခုခုသော <b>ကသိုဏ်း</b>ကို ချန်လှပ်ထား၍ မကျေပြွန် မနိုင်နင်းခဲ့လျှင် ထို<b>ကသိုဏ်း</b>ဖြင့် <b>ခိပ္ပနိသန္တိ</b>ဖြစ်အောင် ပြုအပ်သော ဆရာတို့၌ <b>ခိပ္ပနိသန္တိ</b>မဖြစ်နိုင်ဘဲနေ တတ်သည်။</p>
<p><b>ခိပ္ပနိသန္တိ</b>-ဟူသည်ကား <b>တန်ခိုးဖန်ဆင်းသောအခါ အလျင် အမြန်ဖြစ်စေ ပြီးစီးစေနိုင်မှု</b>ကို ဆိုသည်၊ ထို့ကြောင့် <b>ကသိုဏ်း ၁၀-ပါး လုံး</b>ကိုပင်ကျေပြွန်အောင် နိုင်နင်းအောင်, စေ့အောင်ပြုအပ်၏၊ မကျန် စေအပ်၊ <b>အာကာသာနဉ္စာယတနစျာန်</b>ကို ဝင်စားလိုသောအခါ <b>အာကာ သကသိုဏ်း</b>နှင့် ကြိမ်၍နေလျှင် ကြွင်းသော အမှတ်မရှိ တစ်ခုခုသော <b>ကသိုဏ်း</b>ကိုခွါ၍ ဝင်စားအပ်၏၊ အထက်<b>အရူပစျာန် ၃-ခု</b>တို့သို့ကား <b>ကသိုဏ်း</b>နှင့် မဆိုင်၊ <b>ကသိုဏ်း</b>မလိုက်စေအပ်၊ <b>စျာန်တိုင်း စျာန်တိုင်း</b>ကို ပင်လျှင် ဝင်စား၍ ထပြီးလျှင် <b>စျာန်အင်္ဂါ</b>တို့ကိုလည်း ဆင်ခြင်၍ ဆင်ခြင်၍ပြီးမှ နောက်နောက်<b>စျာန်</b>ကို ဝင်စားအပ်၏၊ ဝင်စားရမည်၊ ဤကဲ့သို့ ပြုမှ <b>ဝသီဘော် ၅-ပါး</b>လုံး နှိင်နင်းသည်။</p>
<p>(ဤပြဆိုခဲ့ပြီးသော <b>စျာန်ဝင်စားပုံ, ကစားပုံ</b>ကား <b>နည်းမျှသာ တည်း</b>၊ အစအဆုံး မဟုတ်ဘဲ၊ အလယ်ကပဲ ဖောက်၍ဝင်စား ဝင်စား၊ ၂-ခုကျော် ၃-ခုကျော်ပဲဝင်စား ဝင်စား <b>မိမိအလိုရှိသလို ဝင်စားအပ်၏၊ ကစားအပ်၏၊ စျာန်ကသိုဏ်းတို့၌ လေ့လာနိုင်နင်းမှုသည်သာ လိုရင်း တည်း။</b>)</p>
<p>စျာန်ကစားပုံပြီး၏၊</p>
---
<p><b>စျာန်တန်ခိုးကြီးကျယ်ပုံ</b></p>
<p>ပြဆိုခဲ့ပြီးသောအတိုင်း <b>၁၈-ပါးသော အခြင်းအရာ</b>တို့ဖြင့် စျာန်ကစားခြင်းကို ပြုသည်ရှိသော် <b>စျာန်စိတ်သည်, ဉာဏ်သည် အလွန်ထက်သန်ကြီးထွား၏၊ အားကောင်း၏၊ မြဲမြံခိုင်ခံ့၏၊ လွန်စွာ ဝသီဘော်နိုင်၏၊ လွန်စွာ တည်ကြည်၏၊ ကြည်လင်၏</b>၊ ထိုအခါ <b>ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ။လ။ ဌိတေ အာနဉ္ဇပ္ပတ္တေ ဣဒ္ဓိဝိဓာယ စိတ္တ အဘိနိဟရတိ အဘိနိန္နာမေတိ၊ သော အနေကဝိဟိတံ ဣဒ္ဓိဝိဓံ ပစ္စနုဘောတိ၊ ဧကောပိ ဟုတွာ ဗဟုဓာ ဟောတိ</b>။ စသည်ဖြင့် ဟောတော်မူသောအတိုင်း <b>တစ်ယောက်တည်း ကိုယူလျက် တစ်ရာ, တစ်ထောင် ဖန်ဆင်းနိုင်ခြင်း, မြေကိုလျှိုးခြင်း, မိုးကိုပျံခြင်း-စသည်ဖြင့် တန်ခိုးအမျိုးမျိုးကို ဖြစ်စေနိုင်တော့</b>။</p>
<p>ထို <b>စေတောဝသီပတ္တ</b>- စိတ်အလိုအတိုင်း ပြီးစီးစေနိုင်ခြင်းသို့ ရောက်သော <b>ဣဒ္ဓိမာ ပုဂ္ဂိုလ်</b>သည် မိမိကိုယ်ကို တစ်ရာ, တစ်ထောင် စသည်ဖြင့်ဖန်ဆင်းလိုလျှင် <b>အကယ်၍ တစ်ရာဖန်ဆင်းလိုအံ့၊ ဝိဇ္ဇာဓိုရ်များ ဆေးနှိုးဘိသကဲ့သို့ တန်ခိုးနှိုးသောအားဖြင့် ရှေးဦးစွာ ပထဝီကသိုဏ်း၌ တန်ခိုးနှိုး ပဉ္စမစျာန်ကို တစ်ခဏမျှ ဝင်စား၍ နှိုး၍ ထပြီးလျှင်-ငါ တစ်ရာဖန်ဆင်းမည်၊ ဖြစ်မည်- ဟုရည်မှန်းဆင်ခြင်ခြင်း ပရိကံကိုပြု၍ အဘိညာပါဒက ပဉ္စမစျာန်ကို တစ်ဖန်တစ်ခဏမျှ ဝင်စား၍ ထပြီးလျှင် “သတံ ဟောမိ-ငါတစ်ရာဖြစ်စေ''ဟု အဓိဋ္ဌာန်ပြုလိုက်အပ်၏၊ ထိုအဓိဋ္ဌာန် အဘိညာဇောကျသည်နှင့်တစ်ပြိုင်နက် “တစ်ရာ” ဖြစ်၍သွား၏</b>၊</p>
<p><b>အဘိညာဇောဝီထိကျပုံ</b></p>
<p>ဤ<b>အဓိဋ္ဌာန် အဘိညာဇော ဝီထိကျပုံ</b>မှာ- <b>တစ်ထောင်</b> ဟူသော<b>နိမ္မိတရုပ်ပွား</b>ကို အာရုံပြု၍ <b>အာဝဇ္ဇန်း, ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူ</b>- ဟုကာမစိတ်ဖြစ်၍ <b>ဂေါတြဘူ</b> အခြားမဲ့၌ <b>ရူပပဉ္စမစျာန် အဘိညာဇော တစ်ကြိမ်</b>ဖြစ်၍ ထို့နောင် ဘဝင်ကျ၍ သွား၏၊</p>
<p>နောက် <b>အဘိညာ ဝီထိ</b>တို့မှာလည်း ထို နည်းတူချည်း မှတ်ကြ လေ၊ အကယ်၍ တစ်ထောင်မဖြစ်လာ သေးမူ ဤနည်းတူ စသည်ဖြင့်ပြု အပ်၏၊ ဖြစ်ပေါ်လာ၏၊</p>
<p>အရှင်စူဠပန်စသည်တို့ကဲ့သို့လည်းကောင်း, ထို့ထက်အလွန် လည်ကောင်း, သဘောတူလည်းကောင်း, သဘောပြားလည်းကောင်း ဖန်ဆင်းလိုမူ</p>
<p>၁။ <b>ဤမျှလောက် ရဟန်းစုက ပထမအရွယ် ဘယ်လို အဆင်း သဏ္ဍာန် အဝတ်သင်္ကန်း, အလုပ်အကိုင်နှင့် နေစေ။</b><br>
၂။ <b>ဤမျှလောက်သော ရဟန်းစုက ဒုတိယအရွယ် ဘယ်လို အဆင်းသဏ္ဍာန်, အဝတ်သင်္ကန်း, အလုပ် အကိုင်နှင့်နေစေ။</b><br>
၃။ <b>မိမိအလိုရှိသလိုါ်ရည်မှန်းဆင်ခြင်ခြင်း ပရိကံပြု၍ အဓိဋ္ဌာန် အပ်၏၊ ဓိဋ္ဌာန်တိုင်း အလိုရှိတိုင်းဖြစ်၏</b>၊</p>
<p>ထိုသို့ ဖန်ဆင်းသောအခါ <b>ငါဘယ်လောက် ကြာအောင် ဖန်ဆင်း ၍ နေမည်ဟူ၍လည်း ကာလအပိုင်းအခြားကို မှတ်ထား၍ ဖန်ဆင်း အပ်၏၊ ထိုမိမိမှန်းထားသော ကာလစေ့လျှင် တန်ခိုးငြိမ်း၍ မိမိ တစ်ယောက်တည်းပင် ဖြစ်၍သွား၏</b>၊ အကယ်၍မှန်းထားသော အချိန် ကာလမတိုင်မီ အကြား၌ တန်ခိုးကို သိမ်းရုပ်လိုအံ့၊ <b>စျာန်</b>ကိုဝင်စား၍ ထ၍ <b>ငါတစ်ယောက်ထည်း အတိုင်းပင် ဖြစ်မည်ဟု ရည်မှန်း ဆင်ခြင်၍ စျာန်ကိုဝင်စားပြီးလျှင် ထ၍ “ဧကော ဟောမီ-ငါတစ်ယောက်တည်း အတိုင်းပင်ဖြစ်စေ နေစေ''ဟု အဓိဋ္ဌာန် ပြုအပ်၏၊ အဓိဋ္ဌာအဘိညာ ဇောကျသည်နှင့် တစ်ပြိုင်နက် နိမ္မိတရုပ်ပွါးတွေ ချုပ်ကွယ်သွား၍ မိမိ တစ်ယောက်တည်း အတိုင်းပင်ဖြစ်၍ ကျန်ရှိ၍ နေတော့၏</b>၊ မည်သည့်ဟာမဆို <b>မိမိအလိုရှိသလို ဖန်ဆင်းလို ပြုပြင်လိုလျှင် ဤနည်းအတူ ရှေးဦးစွာ တန်ခိုးနိုး စျာန်ဝင်စား၍ ထ၍ မိမိအလိုရှိသော အတိုင်း ရည်မှန်းဆင်ခြင်ခြင်း ပရိကံကိုပြု၍ အဘိညာ၏ အခြေခံ တစ်ဖန်စျာန်ကို ဝင်စား၍ ထပြီးလျှင် မိမိအလိုရှိသောအတိုင်း အဓိဋ္ဌာန် ခြင်းကို ပြုအပ်၏၊ စေ-ဟုစေလိုက်အပ်၏၊ ဓိဋ္ဌာန်တိုင်း, စေလိုက်တိုင်း ဖြစ်တော့၊ ပြီးစီးတော့၏၊ ပြည့်စုံတော့၏</b>၊</p>
<p><b>အထူးကား</b></p>
<p>၁။ <b>ရေ၌ငုပ်ချည် ပေါ်ချည် လုပ်ဘိသကဲ့သို့ မြေကြီး၌ ငုပ်ချည် ပေါ်ချည် ပြုလုပ်လိုလျှင် အာပေါကသိုဏ်း၌ ဝင်စား၍ “ဤနေရာ၌ ရေဖြစ်စေ''ဟုဓိဋ္ဌာန်ဖန်ဆင်း၍ ပြုအပ်၏</b>၊</p>
<p>၂။ <b>နံရံကို တံတိုင်းကို မြေကြီးကို ဖောက်ဝင် ငုပ်လျှိုး၍ ကောင်းကင်၌ သွားဘိသကဲ့သို့ မထိမခိုက် သွားလိုလျှင် ကာသကသိုဏ်း၌ ဝင်စား၍ မိမိသွားလိုသောနေရာ၌ “ဤနေရာ၌ ကောင်းကင်ဖြစ်စေ''ဟု ဓိဋ္ဌာန်ဖန်ဆင်း၍ ဖောက်ဝင် ငုပ်လျှိုး၍ သွားအပ်၏</b>၊</p>
<p>၃။ <b>ငှက်ကဲ့သို့ မိုးကောင်းကင်သို့ ပျံတက်၍ ခြေဖြင့်နင်း၍ သွားလိုလျှင် ပထဝီကသိုဏ်း၌ ဝင်စား၍ မိမိသွားလိုသော မိုးကောင်း ကင်၌ “ဤနေရာ၌ မြေဖြစ်စေ''ဟု ဓိဋ္ဌာန် ဖန်ဆင်း၍ သွားအပ်၏</b>၊</p>
<p>၄။ အကယ်၍ ခြေဖြင့်နင်း၍ လှမ်း၍ မသွားလိုပဲ <b>ရုပ်သေးဇာတ် ပွဲထဲ၌ နတ်ရုပ်တွေ ထွက်လာဘိသကဲ့သို့ ငြိမ်ငြိမ်သွားလိုလျှင် ဝါယော ကသိုဏ်း၌ ဝင်စား၍ “ငါသည် ကောင်းကင်သို့ လွင့်တက်စေ” ဟု ဓိဋ္ဌာန် ခြင်းကိုပြု၍ သွားအပ်၏</b>၊</p>
<p>၅။ ထိုသို့သွားရာ၌ <b>ပကတိသွားဘိသကဲ့သို့ ဖြည်းဖြည်း သွားလို လျှင် “ငါ၏စိတ်သည် ကိုယ်ကဲ့သို့ ဖြည်းဖြည်းလေးလေး” ဖြစ်စေဟု စိတ်ကို ရုပ်၌ ထည့်သွင်းခြင်း, ညွတ်စေခြင်းကိုလည်း ပြုအပ်၏</b>၊</p>
<p>၆။ <b>ရောဟိတ ရှင်ရသေ့ ပြေးသွားပုံကဲ့သို့ အလိုရှိရာ အရပ်သို့ အလျင်အမြန် ခဏချင်း ရောက်လိုမှု ငါ၏ကိုယ်သည် စိတ်ကဲ့သို့ ပေါ့ပါး လျင်မြန်စေဟု ရုပ်ကို စိတ်၌ ထည့်သွင်းခြင်း, ညွတ်စေခြင်းကိုလည်း ပြုအပ်၏</b>၊</p>
<p>၇။ <b>သီဟိုဠ်ကျွန်း ဓမ္မဒိန္နမထေရ်</b>သည် <b>အပဏ္ဏကသုတ်</b>ကို ဟောယင်း ပရိသတ်တို့အား <b>မြေကိုခွဲ၍ ငရဲကိုပြဘိသကဲ့သို့</b>လည်းကောင်း, <b>နတ်ပြည်တို့ကိုလည်း ပြဘိသကဲ့သို့</b>လည်းကောင်း, ရှေးက <b>သံကိစ္စ ရသေ့ကြီး ဗြဟ္မဒတ်မင်းအား ငရဲတို့ကို ခွဲ၍ ပြဘိသကဲ့သို့</b>လည်းကောင်း, <b>“သုစိဏ္ဏဿ ဖလံ ပဿ၊ ဣန္ဒာ ဒေဝါ သဗြဟ္မကာ” ဟုနတ်, ဗြဟ္မာပြည်တို့ကိုလည်းမြင်အောင် ပြဘိသကဲ့သို့</b>လည်းကောင်း ပြလိုလျှင် <b>အာကာသကသိုဏ်း၌ ဝင်စား၍ “ဤမျှသော မြေအရပ်တို့သည် ဟင်း လင်းအပြင် ကောင်းကင်၌ဖြစ်စေ၊ ဤဝတ္ထုတို့သည် ထင်မြင်ရစေ” ဟု ဓိဋ္ဌာန်ခြင်းကို ပြုအပ်၏</b></p>
<h3>(က) ဣဒ္ဓိဝိဓ အဘိညာ ကသိုဏ်းတို့၏အစွမ်း</h3>
<p>ပြဆိုခဲ့ပြီးသော <b>တန်ခိုးအမျိုးမျိုး</b>တို့ကို ဖန်ဆင်းရာ, ပြရာ, ဖြစ်စေ ရာတို့၌ <b>ကသိုဏ်းတို့၏ အစွမ်း</b>တို့ကိုသိ၍ မိမိအလိုရှိသလို ပြုရာ၏၊ <b>ကသိုဏ်းတို့၏ အစွမ်း</b>တို့ကား</p>
<p><b>ပထဝီကသိုဏ်း၏အစွမ်း</b></p>
<p><b>ပထဝီကသိုဏ်း၏ အစွမ်းဖြင့် တစ်ရာ, တစ်ထောင် စသည် ဖန်ဆင်းခြင်း, နဂါး, ဂဠုန်-ယောင်စသည် ဖန်ဆင်းခြင်း, ကောင်းကင်၌ လည်းကောင်း၊ ရေပေါ်၌လည်းကောင်း မြေဖန်ဆင်း၍ ခြေဖြင့်နင်း၍ သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ အိပ်ခြင်းတို့ကို ပြုခြင်း, သစ်ပင်၊ တော၊ တောင်၊ မြေ၊ အိမ်၊ ကျောင်း၊ ဗိမာန်စသော အထည်ဝတ္ထုတို့ကို ဖန်ဆင်း ခြင်း, တစ်စုံတစ်ခုသော အထည်ဝတ္ထု မိုးကို ရွာစေခြင်း, ပေါ့သောဝတ္ထုကို လေးစေခြင်း, တစ်စုံတစ်ခုသော ဝတ္ထုကို လေးစေခြင်း, တစ်စုံတစ်ခုသော ဝတ္ထုကို ရွေ့ရှား၍ မရနိုင်အောင် ခိုင်မြဲစေခြင်း-စသည်တို့သည် ဖြစ်ကုန် ပြီးစီးကုန်၏</b>၊</p>
<p><b>အာပေါကသိုဏ်း၏အစွမ်း</b></p>
<p><b>အာပေါ-ကသိုဏ်း၏ အစွမ်းဖြင့် မြေ၌ ငုပ်မှု ပေါ်မှုကို ပြုခြင်း, မိုးရွာစေခြင်း, မြစ်-သမုဒ္ဒရာ စသည်ဖန်ဆင်းခြင်း, ပကတိရေကို ဆီ, ပျား, နို့ရည်-စသည်ဖန်ဆင်းခြင်း, ကိုယ်မှ ရေဆိုင်ထွက်စေခြင်း, မြေတောင်-ပြာသာဒ် စသည်ကိုလှုပ်စေခြင်း-စသည်တို့သည် ဖြစ်ကုန်, ပြီးစီးကုန်၏</b>၊ မြေ, တောင်, ပြာသာဒ်-စသည်ကို လှုပ်စေသောအခါ <b>အာပေါ ကသိုဏ်း၌ ဝင်စား၍ ထိုအာပေါကသိုဏ်းဖြင့် လှုပ်စေလိုသော ဝတ္ထုကို ရေပေါ်၌ ပေါလောပေါ်၍နေသော နွားချေးချပ်ကဲ့သို့နေအောင် ပြု၍ လှုပ်စေသည်။</b></p>
<p>ရှေးက <b>မဟာနာဂမထေရ်</b>၏ တူရင်းဖြစ်သော <b>သံဃရက္ခိတ သာမဏေကလေး</b>သည် သာမဏေပြုသောနေ့ ဆံချစဉ်၌ပင် ရဟန္တာ ဖြစ်၍ <b>တန်ခိုး</b>ပါပြည့်စုံ၍ ထိုနေ့၌ပင် သိကြားမင်း၏ ယူဇနာတစ်ထောင် မြင့်စွာ ကြီးမားသော <b>ဝေဇယန္တာပြသာဒ်</b>ကို လှုပ်စေသောအခါ <b>ပထဝီ ကသိုဏ်း၌ ဝင်စားပြီး လှုပ်၍ မလှုပ်သဖြင့် နတ်သမီးတွေ ဝိုင်းပြီး သရော် လှောင်ပြောင်ကြ၍ ပြန်ပြေးလာပြီးလျှင် ဆရာကိုမေးလျှောက်၍ ထိုကဲ့သို့ အာပေါကသိုဏ်း၌ ဝင်စား၍ လှုပ်မှ ပြာသာဒ်ကြီး လဲလုမတတ် လှုပ် လေသည်၊ နတ်သမီးတွေ ဝိုင်း၍ တောင်းပန်ရသည်။</b></p>
<p><b>တေဇောကသိုဏ်း၏အစွမ်း</b></p>
<p><b>တေဇော-ကသိုဏ်း၏ အစွမ်းဖြင့် မိမိကိုယ်မှလည်းကောင်း, တစ်ပါးသောဝတ္ထုမှလည်းကောင်း အခိုးထွက်စေခြင်း, မီးလျှံထထွက် စေခြင်း, မီးကျီးမိုးရွာစေခြင်း, မိမိတန်ခိုးဖြင့် သူတစ်ပါးတန်ခိုးမီးကို ကုန်စေနိုင်ခြင်း, လောင်စေလိုသော ဝထ္ထုကို လောင်စေနိုင်ခြင်း, ဒိဗ္ဗ စက္ခုရှုရာ၌ အလင်းကိုပြုခြင်း, ပရိနိဗ္ဗာန်စံသောအခါ မိမိကိုယ်ကို တေဇောဓာတ် လောင်စေခြင်း-စသည်တို့သည် ဖြစ်ကုန်, ပြီးစီးကုန်၏</b>၊</p>
<p><b>ဝါယောကသိုဏ်း၏ အစွမ်း</b></p>
<p><b>ဝါယော- ကသိုဏ်း၏ အစွမ်းဖြင့်လေကဲ့သို့ လွင့်ပြေးစေခြင်း, လေးသောဝတ္ထုကို ပေါ့စေခြင်း, လေမုန်တိုင်း ထစေခြင်း- စသည်တို့သည် ဖြစ်ကုန်, ပြီးစီးကုန်၏</b>၊</p>
<p><b>နီလကသိုဏ်း၏ အစွမ်း</b></p>
<p><b>နီလ ကသိုဏ်း၏ အစွမ်းဖြင့် ညိုသောအဆင်း ဝတ္ထုဖန်ဆင်းခြင်း, ပတ္တမြားညို ဖန်ဆင်းခြင်း, မှောင်ချခြင်း- စသည်တို့သည်ဖြစ်ကုန်, ပြီးစီးကုန်၏</b>၊</p>
<p><b>ပီတကသိုဏ်း၏အစွမ်း</b></p>
<p><b>ပီတ-ကသိုဏ်း၏အစွမ်းဖြင့် ဝါရွှေသောအဆင်း ဝတ္ထုဖန် ဆင်းခြင်း, ရွှေအစရှိသော ဝတ္ထုဖန်ဆင်းခြင်း-စသည်တို့သည် ဖြစ်ကုန်, ပြီးစီးကုန်၏</b>၊</p>
<p><b>လောဟိတကသိုဏ်း၏ အစွမ်း</b></p>
<p><b>လောဟိတ-ကသိုဏ်း၏ အစွမ်းဖြင့် နီသောအဆင်း ဝတ္ထုဖန် ဆင်းခြင်း, ပတ္တမြားနီ ဖန်ဆင်းခြင်း- စသည်တို့သည် ဖြစ်ကုန်, ပြီး စီးကုန်၏</b>၊</p>
<p><b>ဩဒါတကသိုဏ်း၏ အစွမ်း</b></p>
<p><b>ဩဒါတ-ကသိုဏ်း၏ အစွမ်းဖြင့် ဖြူသောအဆင်း ဝတ္ထုဖန် ဆင်းခြင်း, ငွေအစရှိသော ဝတ္ထုဖန်ဆင်းခြင်း, အမိုက်မှောင်ကို ပယ် ဖျောက်ခြင်း, ဒိဗ္ဗစက္ခုရှုရာ၌ အလင်းကိုပြုခြင်း- စသည်တို့သည်ဖြစ်ကုန်, ပြီးစီးကုန်၏</b>၊</p>
<p><b>အာလောကကသိုဏ်း၏အစွမ်း</b></p>
<p><b>အာလောက- ကသိုဏ်း၏ အစွမ်းဖြင်း မိမိကိုယ်မှလည်းကောင်း, တစ်ပါးသောဝတ္ထုမှလည်းကောင်း အရောင်ထွက်စေခြင်း, အရောင် တောက်ပသောရုပ်ကို ဖန်ဆင်းခြင်း, အရောင်အလင်းဖြစ်စေခြင်း, အမိုက် မှောင်ကို ပယ်ဖျောက်ခြင်း, ဒိဗ္ဗစက္ခုရှုရာ၌ အလင်းကိုပြုခြင်း-စသည် တို့သည်ဖြစ်ကုန်, ပြီးစီးကုန်၏</b>၊</p>
<p><b>အာကာသကသိုဏ်း၏ အစွမ်း</b></p>
<p><b>အာကာသ- ကသိုဏ်း၏အစွမ်းဖြင့် ဖုံးကွယ်၍နေသော ဝတ္ထုကို ထင်ရှားမြင်ရအောင် ပေါ်အောင်ပြုခြင်း မြေကြီးအတွင်း-တောင် အတွင်းတို့၌ ကောင်းကင်ဖန်ဆင်း၍ ဣရိယာပုထ် ၄-ပါးပြုနိုင်ခြင်း, တံတိုင်းနံရံ တစ်ဖက်သို့ မထိမငြိ ဖောက်ထွင်း၍ သွားနိုင်ခြင်း-စသည် တို့သည် ဖြစ်ကုန်, ပြီးစီးကုန်၏</b>၊</p>
<p><b>ကသိုဏ်း၁၀-ပါးလုံး၏အစွမ်း</b></p>
<p><b>ကသိုဏ်း၁၀-ပါးလုံး၏ အစွမ်းဖြင့် မမြင်စေလိုသော အထည် ဝတ္ထုကို မမြင်ရအောင် ကွယ်ထားခြင်း, ငယ်သောဝတ္ထုကို ကြီးစေခြင်း, ကြီသောဝတ္ထုကိုငယ်စေခြင်း, နီးသောဝတ္ထုကို ဝေးစေခြင်း, ဝေးသော ဝတ္ထုကို နီးစေခြင်း, သူတစ်ပါးတို့အား မေ့စေလိုသော အကြောင်းကို အမှတ်မရဘဲ သတိမေ့အောင် ပြုခြင်း-စသည်တို့ကိုကား ကသိုဏ်း ၁၀- ပါးလုံး၏ အစွမ်းသည်ပင်လျှင် ဖြစ်စေ, ပြီးစီးစေနိုင်၏</b>၊</p>
<p><b>ဣဒ္မိဝိဓအဘိညာ ပြီး၏</b>၊</p>
---
<h3>(ခ) ဒိဗ္ဗသောတ အဘိညာ</h3>
<p><b>ဣဒ္ဓိမာပုဂ္ဂိုလ်</b>သည် နတ်နားကဲ့သို့ သန်း ကမျဉ်းနီတို့၏ မြည် တွန်သံ-အစရှိသော အလွန်သိမ်မွေ့သော အသံ, ဝေးစွာသော အရပ်၌ ရှိသော အသံတို့ကို ကြားလိုသောအခါ အကယ်၍ နတ်ပြည်က ပြော ဆိုသံကို ကြားလိုအံ့၊ ပေါ့ပါးသော ကသိုဏ်းတို့ကို ထိုမိမိကြားလိုသော အသံရှိရာအရပ်သို့ ဖြန့်၍ တန်ခိုးနှိုးစျာန်ကို ဝင်စား၍ ထ၍ ပကတိ လူစကားပြောသံများကို နားကကြားရဘိသကဲ့သိ့ု ဤနတ်တို့အသံကို ငါကြားအံ့ဟု ရည်မှန်းဆင်ခြင်ခြင်း ပရိကံကိုပြု၍ တဖန်ပါဒကစျာန်ကို ဝင်စား၍ ထပြီးလျှင် ဤနတ်တို့၏ အသံကို ငါကြားစေသတည်း-ဟု အဓိဋ္ဌာန်ခြင်းကို ပြုအပ်၏၊ အဓိဋ္ဌာန်အဘိညာဇောကျသည်နှင့် တပြိုင် နက် ကြားရ၏၊ အကယ်၍ မကြားရသေးလျှင် ဤနည်းအတူ အဖန်ဖန် အဓိဋ္ဌာန်အပ်၏၊ ကြားရ၏၊ ကြမ်းပိုး, သန်း, ကမျဉ်းနီ စသည်ဖြင့် အဘယ်အသံကိုမဆို မိမိကြားလိုသောအခါ ဤနည်းတူချည်းပြုအပ်၏၊ ထိုသို့ အသံကိုကြားလိုရာ၌ မိမိနားမလည်သော ဘာသာကွဲ စကားသံ ကိုကြားရလျှင် အသံကိုသာကြားရ၏၊ ဘာကို,ဘယ်လိုဟာကို ပြောသည် ဆိုသည် ဟူသည်ကား မသိ၊ ထိုအခါ <b>ပရစိတ္တဝိဇာနနဉာဏ်</b>ဖြင့် ထိုစကား ပြောသူ၏ စိတ်အလိုကို သိအောင်လုပ်၍ စကားသံကိုစကားသံ၏ အဓိပ္ပါယ်ကိုလည်း သိအပ် နားလည်အပ်၏၊</p>
<p>ဤကဲ့သို့ ပကတိနားဖြင့် မကြားကောင်းသော အသံတို့ကို ကြားနိုင်သော ဉာဏ်ကို နတ်နားကဲ့သို့ ကြားတတ်သဖြင့် နတ်နားနှင့် တူခြင်းကြောင့် <b>ဒိဗ္ဗသောတ အဘိညာ</b>ဟု ခေါ်၏၊</p>
<p><b>ဒိဗ္ဗသောတ အဘိညာ</b> ပြီး၏၊</p>
<hr>
<h3>(ဂ) ပရစိတ္တ ဝိဇာနန အဘိညာ</h3>
<p>ထို<b>ဣဒ္ဓိမာပုဂ္ဂိုလ်</b>သည် သူတစ်ပါး၏ စိတ်အကြံအစည်ကို သိလိုသောအခါ တန်ခိုး၌ မနိုင်နင်းသေးသော <b>အာဒိကမ္မိကပုဂ္ဂိုလ်</b>သည် <b>ဒိဗ္ဗစက္ခု အဘိညာ</b>ဖြင့် သူတစ်ပါး၏ နှလုံးသွေးကို ရှေးဦးစွာကြည့်၍ နှလုံးသွေးနီလျှင် ရာဂစိတ်,မည်းလျှင် ဒေါသစိတ်, ဝါလျှင်သဒ္ဓါစိတ်, ဖြူလျှင်ပညာစိတ်-စသည်ဖြင့် နှလုံးသွေးကို မြင်သဖြင့် စိတ်ကိုလည်း ဘယ်လိုစိတ်ဟု သာမည အနုမာနအားဖြင့် သိ၍ “ဤသူ၏ စိတ်အကြံ အစည်ကို ငါသိအံ့” ဟု ရည်မှန်းဆင်ခြင်ခြင်း ပရိကံကိုပြု၍ အဘိညာ ပါဒကစျာန်ကို ဝင်စား၍ ထပြီးလျှင် “ဤသူ၏ စိတ်အကြံ အစည်ကို ငါသိစေသတည်း” ဟု အဓိဋ္ဌာန်ခြင်းကို ပြုအပ်၏၊ စိတ်အကြံအစည်ကို သိသော အဓိဋ္ဌာန် အဘိညာ ဇောကျလာ၏၊သိ၏၊</p>
<p>အကယ်၍ ပထမတစ်ကြိမ်ဖြင့် မသိသေးငြားအံ့၊ ဤနည်းအတူ အဖန်ဖန်ပြုအပ်၏၊ သိအပ်၏၊ ဤကဲ့သို့ သိနိုင်ဖန်များ၍ နိုင်နင်းသော အခါကျလျှင် နှလုံးသွေးကို ကြည့်နေဖွယ်မရှိ၊ တစ်ခါတည်း စိတ်ကိုပင် ကြည့်၍ သိနိုင်တော့၏၊ နှလုံးသွေးမရှိသော အရူပဘုံ စိတ်တို့ကိုလည်း သိနိုင်တော့၏၊ ၎င်းကို <b>စေတောပရိယ အဘိညာ</b>ဟူ၍လည်း ခေါ်၏၊</p>
<p><b>ပရစိတ္တဝိဇာနန အဘိညာ</b> ပြီး၏၊</p>
<hr>
<h3>(ဃ) ပုဗ္ဗေနိဝါသာနုဿတိ အဘိညာ</h3>
<p>ထို<b>ဣဒ္ဓိမာ ပုဂ္ဂိုလ်</b>သည် မိမိရှေးကဖြစ်ခဲ့ဖူးသော ဘဝအစဉ်ကို သိလို, အောက်မေ့လို့ အမှတ်ရလိုသောအခါ တေဇော, ဩဒါတ, အာလောက-ဟု အလင်းကသိုဏ်း ၃-ခုတို့တွင် တစ်ခုခု၌ တန်ခိုးနှိုးစျာန်ကို ဝင်စား၍, ထ၍ ယခုအခါမှစ၍ မိမိနို့စို့အခါ, မိမိမွေးဖွားသောအခါ ကျအောင် နောက်ပြန် အစဉ်အတိုင်း မိမိနေဖူး, ပြုဖူး, ဆိုဖူးသမျှ အလုံးစုံကို ပရိကံစိတ်ဖြင့်ပင်လျှင် ဆင်ခြင်အောက်မေ့၍, အမှတ်ရ၍ သွားအပ်၏၊ နို့စို့အရွယ်ကျအောင် ပရိကံစိတ်မှာ ထင်ရှားအမှတ်ရနိုင်၏၊</p>
<p>ထို့နောင် အရင်းသို့ ကျအောင် တိုး၍တိုး၍ ဆင်ခြင်အောက် မေ့အပ်၏၊ ထို့နောင် မသိနိုင်သော အရာသိ့ုကျလျှင် “ဤမွေးခါစအခါ, ပဋိသန္ဓေနေသောအခါတိုင်အောင် ငါလာခဲ့သော အစဉ်ကိုသိစေ, အမှတ် ရ စေသတည်း''ဟု အဓိဋ္ဌာန်ကိုပြုအပ်၏၊ သိနိုင်သောအဓိဋ္ဌာန် အဘိညာ ဇောကျလာ၏၊ သိ၏၊</p>
<p>ထို့နောင် ငါသည် ဘယ်ဘဝ ဘယ်အဖြစ်က လာခဲ့လေသနည်း။ “ငါလာခဲ့သော ရှေးဘဝကို သိစေ အမှတ်ရစေသတည်း''ဟု ပရိကံပြုပြီး လျှင် စျာန်ကိုဝင်စား၍ ထ၍ အဓိဋ္ဌာန်ခြင်းကိုပြုအပ်၏၊ ထိုအခါ ပဋိသန္ဓေမှ အရင်းသို့တိုးလျက် ရှေးဘဝကို သိမြင် အမှတ်ရနိုင်သော အဓိဋ္ဌာန် အဘိညာဇောကျလာ၏၊ အကယ်၍ မသိနိုင်, အမှတ်မရနိုင် သေးလျှင် စျာန်ဝင်စား၍ ဝင်စား၍ အဖန်ဖန် အဓိဋ္ဌာန်ခြင်းကို ပြုအပ်၏၊ သိမြင်အမှတ်ရနိုင်တော့၏၊ ဤယခုဘဝ၌ မိမိ၏အဖြစ်အပျက် အကြောင်းခြင်းရာ အလုံးစုံကို အကုန်သိနိုင်ဘိသကဲ့သို့ ရှေးဘဝ၌ မိမိ၏ အဖြစ်အပျက် အကြောင်းခြင်းရာ အလုံးစုံကို အကုန်သိနိုင်, အမှတ်ရနိုင် တော့၏၊</p>
<p>(ဤနည်းတူ ရှေးရှေးဘဝတို့ကိုလည်း သိအောင်, အမှတ်ရ အောင် နောက်ပြန်အောက်မေ့၍ သိအောင် ပြု၍ သွားရာ၏၊)</p>
<p>ထိုသို့သွားသောအခါ မိမိတို့စိတ်ဉာဏ် ထက်သန်သလောက် ဘဝများစွာ, ကမ္ဘာများစွာ အောက်မေ့ အမှတ်ရနိုင်ကြ, သိနိုင်ကြ၏၊ သာသနာပ ရသေ့ရဟန်းတို့ အောက်မေ့ကြသောအခါ ဉာဏ်အကြီးဆုံး ပုဂ္ဂိုလ်သည် ကမ္ဘာကြီး ၄၀-ကုန်အောင် အမှတ်ရနိုင်, သိနိုင်၏၊ ရဟန္တာ ပုဂ္ဂိုလ်တို့ကား မိမိတို့ဆုတောင်းပါရမီ ဖြည့်ခဲ့ရသမျှ ကာလကုန်အောင် အမှတ်ရနိုင်, သိနိုင်ကြ၏၊ သဗ္ဗညုဘုရားရှင်တို့မူကား ကမ္ဘာသင်္ချေ အောက်မေ့အမှတ်ရနိုင်, သိနိုင်ကြ၏၊ စိတ်ဉာဏ်ထက်သန် ကြီးထွားသော ပုဂ္ဂိုလ်တို့သည် မိမိ၏ ဘဝအစဉ်ကိုသာမဟုတ်၊ သူတစ်ပါး၏ ဘဝ အစဉ်ကိုလည်း အောက်မေ့အမှတ်ရနိုင်, သိနိုင်ကြ၏၊</p>
<p><b>ပုဗ္ဗေနိဝါသာနုဿတိ အဘိညာ</b> ပြီး၏၊</p>
<hr>
<h3>(င) ဒိဗ္ဗစက္ခုအဘိညာ</h3>
<p>ထို <b>ဣဒ္ဓိမာပုဂ္ဂိုလ်</b>သည် နတ်မျက်စိကဲ့သို့ ကွယ်ခြားရာ, ဝေးရာ အရပ်တို့၌ရှိသော အဆင်းဝတ္ထုတို့ကို မြင်လိုသောအခါ အကယ်၍ နတ်ပြည်ကို မြင်လိုအံ့ အလင်းကသိုဏ်း၃-ခုတို့တွင် တစ်ခုခုကို ထိုမိမိမြင် လိုသော အရပ်သို့ဖြန့်ခင်း၍, နှိုးစျာန်ကိုဝင်စား၍, ထ၍ ပကတိ မျက်စိဖြင့် ဤအနီးရှိအဆင်းဝတ္ထုတို့ကို မြင်ရဘိသကဲ့သို့ ဤနတ်ပြည်ကို ငါမြင်အံ့ဟု ရည်မှန်းဆင်ခြင်ခြင်းပရိကံကိုပြုပြီးလျှင် အဘိညာပါဒကစျာန်ကို ဝင်စား၍ ထပြီးလျှင် ဤနတ်ပြည်ကို ငါမြင်စေသတည်း-ဟု အဓိဋ္ဌာန်ခြင်းကို ပြုအပ်၏၊ မြင်နိုင်သောအဓိဋ္ဌာန် အဘိညာဇော ကျလာ၏၊ မြင်ရ၏၊ အကယ်၍ ပထမအကြိမ်ဖြင့်မမြင်ရသေးလျှင် ပါဒကစျာန်ကို ဝင်စား၍ ဝင်စား၍ အဖန်ဖန် အဓိဋ္ဌာန်ခြင်းကိုပြုအပ်၏၊ မြင်ရတော့၏၊ ငရဲကို မြင်လိုလျှင်လည်း ဤနည်းတူ ကြည့်ရှုအပ်၏၊ မြင်ရ၏၊ မည်သည့် ဝတ္ထုကိုမဆို မြင်လိုလျှင် ဤနည်းတူ ကြည့်ရှုရ၏၊ မြင်ရ၏၊</p>
<p>၁။ ထိုသတ္တဝါတို့ကို ကြည့်ရှု၍ မြင်၍ ဤသတ္တဝါတို့သည် ဘယ်လိုကံကိုပြု၍ ဤကဲ့သို့ စည်းစိမ် ချမ်းသာကို ရပါလိမ့်မည်နည်း၊ ဒုက္ခကို ခံရပါလိမ့်မည်နည်း- ဟု ကံကို ဆင်ခြင်ကြည့်ရှုလျှင် ကံကိုလည်း သိမြင်နိုင်တော့၏၊ ထိုကံကို သိမြင်နိုင်သည့်ဉာဏ်ကို <b>ယထာကမ္မုပဂ အဘိညာ</b>- ဟုခေါ်၏၊</p>
<p>၂။ ထိုသတ္တဝါတို့ကိုနောင်ဖြစ်လတ္တံ့သည်ကိုလည်း ဆင်ခြင် ကြည့်ရှုလျှင် သိမြင်နိုင်၏၊ ထိုသို့ သိမြင်နိုင်သော ဉာဏ်ကို <b>အနာဂတံသ အဘိညာ</b>ဟုခေါ်၏၊ ဤ အဘိညာ ၂-ပါးတို့ကိုလည်း ဒိဗ္ဗစက္ခုအဘိညာသို့ သွင်း၍ လောကီအဘိညာ ၅-ပါးဟု မိန့်ဆိုကြကုန်၏၊</p>
<p><b>ဒိဗ္ဗစက္ခုအဘိညာ</b> ပြီး၏၊</p>
<p><b>အဘိညာဉ်၌ မှတ်ဖွယ်</b></p>
<p>ဤ အဘိညာ ၅-ပါးထဲသို့ <b>အရဟတ္တဖိုလ်</b>ကို ထည့်၍ အဘိညာ ၆-ပါးဖြစ်၏၊ ဤအဘိညာ ၆-ပါးတို့တွင် <b>ပုဗ္ဗေနိဝါသာနုဿတိ, ဒိဗ္ဗစက္ခု, အရဟတ္တဖိုလ်</b>ဟူသော <b>အာသဝက္ခယ</b>၊ ဤ ၃-ပါးကို <b>ဝိဇ္ဇာ ၃-ပါး</b>ဟု ခေါ်၏၊ အဘိညာ ၆-ပါးထဲကို <b>ဝိပဿနာဉာဏ်, မနောမဟိဒ္ဓိ တန်ခိုး</b>၊ ဤ ၂-ပါးကိုထည့်၊ <b>ဝိဇ္ဇာ ၈-ပါး</b>ဟု ခေါ်၏၊</p>
<p><b>မနောမယိဒ္ဓိ တန်ခိုး</b>ဟူသည်ကား မိမိကိုယ်ထဲကို ကောင်းကင်ဟု ဆင်ခြင် ဖန်ဆင်း၍ ထိုကိုယ် အခေါင်းထဲမှ မိမိကိုယ်ငယ် တစ်ခုကို ဖန်ဆင်း၍ဓားအိမ်မှ ဓားကို ထုတ်နုတ်ဘိသကဲ့သို့ ထုတ်နုတ်၍ ပြသော တန်ခိုးကိုခေါ်သည် <b>ဣဒ္ဓဝိဓ တန်ခိုး</b>ပင်လျှင်တည်း။</p>
<p><b>အဘိညာဉ်၌ မှတ်ဖွယ်</b>ပြီး၏၊</p>
<hr>
<h3>၁၂ -စိတ္တဝိသုဒ္ဓိသည် ဝိပဿနာ၏ အခြေခံဖြစ်ပုံ</h3>
<p>အဘိညာစျာန်လမ်းမှ ဝိပဿနာစခန်းသို့ တက်ရန်</p>
<p>တန်ခိုး အဘိညာတို့နှင့်တကွ စျာန်သမာပတ်တို့ကို ရပြီး၍ စိတ်ဉာဏ်အလွန် ထက်သန်ကြည်လင် လတ်သော်</p>
<p><b>သောဝိဝိစ္စေဝ ကာမေဟိ။လ။ စတုတ္ထံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သောဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ။လ။ ဌိတေ အာနဉ္ဇပ္ပတ္တေ အာသဝါနံ ခယဉာဏာယ စိတ္တံ အဘိနိန္နာမေတိ၊ သော ဣဒံ ဒုက္ခန္တိယထာဘူတံ ပဇာနာတိ။</b></p>
<p>(ပဉ္စင်္ဂုတ္တရပါဠိတော် ယောဓာဇီဝေါပမသုတ်)</p>
<p><b>အာသဝေါတရား</b>တို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော <b>မဂ်ဉာဏ်, ဖိုလ်ဉာဏ်</b>အလို့ငှာ စိတ်ကို ဝိပဿနာလမ်းသို့ ညွတ်စေ, တတ်စေအပ်၏၊ စျာန်၉-ပါးတို့တွင် ၁-ပါးပါးကို ဝင်စား၍ စျာန်သမာပတ်မှ ထပြီးလျှင် ရှေ့ပညာစခန်း၌ ပြလတ္တံ့သော ဓာတ်ကြီး ၄-ပါး, ၆-ပါး စသည်တို့ကို အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာထင်အောင် ရှုရာ၏၊</p>
<p>မျက်မှန်, မှန်ပြောင်းဖြင့် တပ်ချိန်၍ ကြည့်သောအခါ ပကတိ မြင်နိုင်ခဲသော သိမ်မွေ့သော ဝေးသော အာရုံတို့ကိုပင်အလွယ်တကူ ချမ်းသာစွာ ထင်ထင်ရှားရှား မြင်ရဘိသကဲ့သို့ ထို့အတူ စျာန်ကိုဝင်စား၍, စျာန်သမာဓိကို အခြေခံ၍ ဝိပဿနာရှုသည်ရှိသော် အလွန်နက်နဲ သိမ်မွေ့သော အလွန်ဝေးသော အလွန်ထင်မြင်နိုင်ခဲသော အနိစ္စ လက္ခဏာ, ဒုက္ခလက္ခဏာ,အနတ္တလက္ခဏာ အာရုံတို့ကိုလည်း မပင်မပန်း ချမ်းသာ လွယ်ကူစွာ ထင်မြင်နိုင်တော့၏၊ အာသဝေါတရားတို့ကို အကြင်း မဲ့ကုန်စေတတ်သော မဂ်ဉာဏ်, ဖိုလ်ဉာဏ်တို့သည် ဖြစ်ပေါ်လာကြ တော့၏၊ အလွန်နက်နဲ သိမ်မွေ့သောအလွန်ဝေးသော အလွန်ထင် မြင်နိုင်ခဲသော သစ္စာ ၄-ပါး အာရုံ, နိဗ္ဗာန်အာရုံတို့ကို ထင်မြင်နိုင်တော့၏၊</p>
<p><b>လက္ခဏာရေး ၃-ပါး</b>ကို ထင်မြင်မှသာလျှင် နိဗ္ဗာန် ထင်မြင်ရ သည်ဖြစ်၍ လက္ခဏာရေး ၃-ပါးကို ထင်မြင်အောင် ကြည့်ရှုခြင်းသည် လည်း နိဗ္ဗာန်ကို ကြည့်ရှုမှုပင် မည်၏၊ စျာန်သမာပတ်ကို ဝင်စား၍, အခြေခံ၍ အာသဝေါကုန်မှုကို ရည်တော်မူ၍</p>
<p><b>ပဌမံ ပါဟံ ဘိက္ခဝေ စျာနံ နိဿာယ အာသဝါနံ ခယံ ဝဒါမိ။ လ။ နေဝသညာနာသညာယတနံ ပါဟံဘိက္ခဝေ စျာနံ နိဿာယအာသဝါနံ ခယံ ဝဒါမိ။</b></p>
<p>(နဝင်္ဂုတ္တရပါဠိတော်)</p>
<p><b>ဘိက္ခဝေ</b>၊ ရဟန်းတို့။ <b>ပဌမံပိ စျာနံ</b>၊ ပဌမစျာန်ကိုလည်း။ <b>နိသာယ</b>၊ အခြေပါဒပြု၍, အမှီပြု၍၊ <b>အာသဝါနံ</b>၊ အာသဝေါတရားတို့၏၊ <b>ခယံ</b>၊ ကုန်မှုကို။ <b>အဟံ</b>၊ ငါဘုရားသည်။ <b>ဝဒါမိ</b>၊ ဟောတော်မူလေ၏၊ လ။ <b>ဘိက္ခဝေ</b>၊ ရဟန်းတို့။ <b>နေဝသညာနာသညာယတနံပိ စျာနံ</b>၊ နေဝသညာ နာသညာယတနစျာန်ကိုလည်း။ <b>နိဿာယ</b>၊ အခြေပါဒပြု၍။ <b>အာသဝါနံ</b>၊ အာသဝေါတရားတို့၏၊ <b>ခယံ</b>၊ ကုန်မှုကို။ <b>အဟံ</b>၊ ငါဘုရားသည်။ <b>ဝဒါမိ</b>၊ ဟောတြားတော်မူ၏၊</p>
<p>မှတ်ချက်။ ။စျာန်ကို ရှေးဦးစွာ ရအောင်ပြု၍ စျာန်ကို အခြေပါဒ ခံ၍အားထုတ်သဖြင့် ရအပ်သော မဂ်,ဖိုလ်ကို <b>စေတောဝိမုတ္တိ မဂ်,ဖိုလ်</b>၊ ထိုပုဂ္ဂိုလ်ကို <b>စေတောဝိမုတ္တပုဂ္ဂိုလ်</b>ဟုခေါ်သည်။ စျာန်ကိုရအောင် ရှေးဦးစွာမပြုဘဲ, စျာန်ကို အခြေမခံဘဲလျက် ဝိပဿနာမဂ်လမ်းသက်သက်ကိုသာအား ထုတ်ရာ၌လည်း ရှေးရှေးသော နီးသောဘဝကစျာန်သမာပတ်ကို ရခဲဖူးသော အဓိကာရရှိခဲ့လျှင် မဂ်ပေါ် လာသော အခါစျာန်ပါ တစ်ခါတည်း ရ၍ ပါ၍လာ၏၊ ဤကဲ့သို့ စျာန်ပါ ပါ၍လာသောမဂ်,ဖိုလ်ကိုလည်း <b>စေတောဝိမုတ္တိမဂ်,ဖိုလ်</b>၊ ထိုပုဂ္ဂိုလ်ကို လည်း <b>စေတောဝိမုတ္တပုဂ္ဂိုလ်</b>-ဟုခေါ်၏၊</p>
<p>ဤကဲ့သို့ ရှေးဦးစွာ စျာန်ကိုလည်း မရဘဲ, အခြေခံမရဘဲ, မဂ်ပေါ်သောအခါမှာလည်း စျာန်မပါလာဘဲ မဂ်ချည်းသန့်သန့် ဖြစ်ပေါ် လာသော မဂ်,ဖိုလ်ကို <b>ပညာဝိမုတ္တိ မဂ်,ဖိုလ်</b>,ဟု ခေါ်၏၊ ထိုပုဂ္ဂိုလ်ကိုလည်း <b>ပညာဝိမုတ္တ ပုဂ္ဂိုလ်</b>-ဟုခေါ်၏၊ စျာန်သမာဓိ အစေးမှ ခြောက်သွေ့သော <b>သုက္ခဝိပဿကပုဂ္ဂိုလ်</b>-ဟူ၍လည်း ခေါ်၏၊</p>
<p><b>မံသစက္ခုဿ ဥပ္ပါဒေါ၊ မဂ္ဂေါဒိဗ္ဗဿ စက္ခုနော။</b><br>
<b>ယတော စဉာဏံ ဥဒပါဒိ၊ ပညာစက္ခု အနုတ္တရံ။</b><br>
<b>ယဿစက္ခုပဋိလာဘာ၊ သဗ္ဗဒုက္ခာပမုစ္စတိ။</b></p>
<p>(ဣတိဝုတ်ပါဠိတော် တိစက္ခုသုတ်)</p>
<p>အနက်။။<b>ဘိက္ခဝေ</b>၊ ရဟန်းတို့။ <b>မံသစက္ခုဿ</b>၊ ပကတိမံသ စက္ခု၏၊ <b>ဥပ္ပါဒေါ</b>၊ ဖြစ်ပေါ်ပါရှိ၍ လာခြင်းသည်။ <b>ဒိဗ္ဗဿစက္ခုနော</b>၊ ဒိဗ္ဗစက္ခု၏၊ <b>မဂ္ဂေါ</b>၊ ဖြစ်ပေါ်ရရှိနိုင်သော အကြောင်းတည်း။ <b>ယတောစ</b>၊ အကြင်ဒိဗ္ဗ စက္ခုဟူသောအကြောင်းကြောင့်။ <b>ဉာဏံ</b>၊ နိဗ္ဗာန်ကိုသိမြင်နိုင် သော ဉာဏ်သည်။ <b>ဥဒပါဒိ</b>၊ ထင်ရှားဖြစ်ပေါ်နိုင်၏၊ <b>ဧတံ</b>၊ ဤကဲ့သို ဖြစ်ပေါ်သော ဉာဏ်သည်။ <b>အနုတ္တရံ</b>၊ အတုမရှိလွန်မြတ်သော။ <b>ပညာ စက္ခု</b>၊ ပညာစက္ခုပေတည်း။ ပညာမျက်စိပေတည်း။ <b>ယဿစက္ခု ပဋိလာဘာ</b>၊ အကြင်ပညာစက္ခုကိုရခြင်းကြောင့်။ <b>သဗ္ဗဒုက္ခာ</b>၊ အလုံးစုံ သောသံသရာဝဋ်ဒုက္ခမှ။ <b>ပမုစ္စတိ</b>၊ လွတ်၏၊</p>
<p><b>သမထ</b>ဟုဆိုအပ်သော <b>အဓိစိတ္တသိက္ခာသာသနာ-စိတ္တဝိသုဒ္ဓိ</b> အခန်းပြီးပြည့်စုံပြီ။</p>
<p><b>စိတ္တဝိသုဒ္ဓိ</b>သည် ဝိပဿနာ၏အခြေခံဖြစ်ပုံကို ပြဆိုခန်း ပြီး၏၊</p>
<hr>
<h3>၁၃- အဓိပညာသာသနာကို ပြဆိုခန်း</h3>
<h3>(က) ဒိဋ္ဌိဝိသုဒ္ဓိဖြစ်ပုံ</h3>
<p>ဆောင်ပုဒ်သံခိပ်။ <b>(က) လက္ခဏ</b>နှင့်၊ <b>ရသ</b>နှစ်ခု၊ <b>ပစ္စုပဋ္ဌာန်</b>၊ <b>ပဒဋ္ဌာန်</b>၊ သိမ်းရန် နာမ်နှင့်ရုပ်။</p>
<p><b>(ခ) လေးချက်ပိုင်ပိုင်</b>၊ ပိုင်းခြားနိုင်က၊ <b>သတ္တဇီဝ</b>၊ <b>အတ္တအယူ</b>၊ကင်းစင်ဖြူ၊ မှတ်ယူ<b>ဒိဋ္ဌိဝိသုဒ္ဓိ</b>။</p>
<p>စိတ်, ဖဿ, ဝေဒနာ-အစရှိသော နာမ်တရားတို့ကိုလည်း ကောင်း၊ ပထဝီ, အာပေါ-အစရှိသော ရုပ်တရားတို့ကိုလည်းကောင်း၊ ပထဝီ, အာပေါ, အစရှိသော ရုပ်တရားတို့ကိုလည်းကောင်း <b>ဓမ္မဝတ္ထာန ဉာဏ်</b>ဖြင့်အသီးသီး ခြားခြားနားနား ထင်မြင်သိမ်းဆည်းနိုင်ရန် အချက် ကား</p>
<p>(က) <b>လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်</b>,ဟူ၍ ၄-ပါးရှိ၏၊</p>
<p>(ခ) <b>ရသ</b>သည် <b>ကိစ္စရသ, သမ္ပတ္တိရသ</b>-ဟူ၍ ၂-မျိုးရှိ၏၊</p>
<p>(ဂ) <b>ပစ္စုပဒဋ္ဌာန်</b>သည် <b>ဖလပစ္စုပဋ္ဌာန်, ဥပဋ္ဌာနကာရပစ္စုပဒဋ္ဌာန်</b>ဟူ၍ ၂-မျိုးရှိ၏၊</p>
<p>ဥပမာ စံပြုရန်</p>
<p>၁။ ပူခြင်းသဘောရင်းသည် မီိး၏<b>လက္ခဏာ</b>-တည်း။</p>
<p>၂။ ဝတ္ထုတစ်ပါးကို လောင်ခြင်းအမှုသည် မီး၏ <b>ကိစ္စရသ</b> တည်း။</p>
<p>၃။ ထွန်းပခြင်း ဂုဏ်သည် မီး၏<b>သမ္ပတ္တိရသ</b>-တည်း။</p>
<p>၄။ အခိုး အလျှံသည် မီး၏ <b>ဖလပစ္စုပဋ္ဌာန်</b>-တည်း။</p>
<p>၅။ ထွန်းပခြင်း ဟူသော သမ္ပတ္တိရသသည်ပင်လျှင် မီး၏ <b>ဥပဋ္ဌာန ကာရ ပစ္စုပဋ္ဌာန်</b>တည်း။</p>
<p>၆။ ထင်းမီးစာသည်လည်းကောင်း, မီးကိုဖြစ်စေတတ်သော ပယောဂအထူးသည်လည်းကောင်း မီး၏ <b>ပဒဋ္ဌာန်</b>-တည်း။</p>
<p>၁။ အာရုံကို သိခြင်းသည် စိတ်၏ <b>လက္ခဏာ</b>-တည်း။</p>
<p>၂။ စေတသိက်၏ ရှေ့ဆောင် ရှေ့သွားဖြစ်မှုသည် စိတ်၏<b>ရသ</b>တည်း။</p>
<p>၃။ ရှေ့နောက် အစဉ်စပ်မှုသည် စိတ်၏ စိတ်၏ <b>ပစ္စုပဋ္ဌာန်</b>-တည်း။</p>
<p>၄။ နာမ် ၂-ပါးသည် စိတ်၏ <b>ပဒဋ္ဌာန်</b>-တည်း။</p>
<p>(<b>လက္ခဏာ</b>ကား သဘောတည်း၊ <b>ရသ</b>ကား ကိစ္စနှင့်ဂုဏ်တည်း၊ <b>ပစ္စပဋ္ဌာန်</b>ကား ထင်ပေါ်သော တံခွန် တည်း၊ <b>ပဒဋ္ဌာန်</b>ကား အလွန်နီးစပ် သော အကြောင်းတည်း၊ အကျိုးကိုဖြစ်စေမှု၌ မချွတ်မယွင်းနိုင်သော အကြောင်းဟူလို။)</p>
<p>ဤ ၄-ပါးနှင့် ခြားနားစွာ ထင်မြင်သည်ရှိသော် တရား ၁-ပါးနှင့် ထွေးယှက်ခြင်း မရှိစေမူ၍ တစ်ခုတစ်ခုသော နာမ်တရား ရုပ်တရားတိုကို သီးသန့်ခြားစွာ သိမြင်လေ၏၊</p>
<p><b>ဒိဋ္ဌိဝိသုဒ္ဓိ</b> ဖြစ်ပုံ ပြီး၏၊</p>
<hr>
<h3>(ခ) ကင်္ခါဝိတရဏဝိသုဒ္ဓိဖြစ်ပုံ</h3>
<p>ဆောင်ပုဒ်သံခိပ်။။<b>နာမရူပ</b>၊ <b>သင်္ခါရ</b>၏၊ <b>ပဋိစ္စဇာတ်</b>၊ <b>သမုပ္ပါဒ်</b>ကို၊ အထပ်ထပ် ထင်၊ ပိုင်ပိုင်မြင်က၊ <b>ကင်္ခါယုံမှား</b>၊ ၁၆- ပါးနှင့်၊ ရှစ်ပါး <b>ဝိစိ</b>၊ <b>ဒိဋ္ဌိဖြာဖြာ</b> ကင်းစင်ကွာ၊ <b>ကင်္ခါဝိတရဏဝိသုဒ္ဓိ</b>။</p>
<p>ခပ်သိမ်းသော နာမ်ရုပ်တရားတို့၏ <b>ပဋိစ္စသမုပ္ပါဒ်</b>ကို ပိုင်ပိုင် ထင်မြင်နိုင်သည်ရှိသော် သုတ္တန်လာ <b>ဝိစိကိစ္ဆာ ၁၆-ပါး</b>နှင့် အဘိဓမ္မာလာ <b>ဝိစိကိစ္ဆာ ၈-ပါး</b>တို့ကို လွန်မြောက်နိုင်သော <b>ကင်္ခါဝိတရဏဝိသုဒ္ခိ</b> စခန်းသို့ တန်းတန်း မတ်မတ် ဆိုက်ရောက်လေတော့၏၊</p>
<p><b>သုတ္တန်လာ ဝိစိကိစ္ဆာ ၁၆-ပါး</b></p>
<p>အတိတ်၌ ယုံမှားခြင်း ၅-ပါး</p>
<p>၁။ ရှေး၌ ငါဖြစ်ဖူးပြီလော။</p>
<p>၂။ ရှေး၌ ငါမဖြစ်ဖူးသေးဘူးလော။</p>
<p>၃။ အဘယ်အမျိုး အနွယ်အားဖြင့် ဖြစ်ဘူးလေသနည်း။</p>
<p>၄။ အဘယ် အဆင်းသဏ္ဌာန်အားဖြင့် ဖြစ်ဘူးလေသနည်း။</p>
<p>၅။ အဘယ် အမျိုးအနွယ်ဖြစ်၍ အဘယ်အမျိုးအနွယ် ဖြစ်ခဲ့ရ လေသနည်း။</p>
<p>(ဤကား အတိတ်၌ ယုံမှားခြင်း ၅-ပါးတည်း။)</p>
<p>အနာဂတ်၌ ယုံမှားခြင်း ၅-ပါး</p>
<p>၁။ နောင်၌ ငါဖြစ်ရလတ္တံ့လော။</p>
<p>၂။ နောင်၌ ငါမဖြစ်ရလတ္တံ့လော။</p>
<p>၃။ အဘယ်အနွယ်အားဖြင့် ဖြစ်ရလတ္တံ့နည်း။</p>
<p>၄။ အဘယ်အဆင်း သဏ္ဌာန်အားဖြင့် ဖြစ်ရလတ္တ့နည်း။<br>
၅။ အဘယ် အမျိုးအနွယ်ဖြစ်၍ အဘယ်အမျိုးအနွယ် ဖြစ်ရ လတ္တ့နည်း။</p>
<p>(ဤကား အနာဂတ်၌ ယုံမှားခြင်း ၅-ပါးတည်း။)</p>
<p>ပစ္စုပ္ပန်၌ ယုံမှားခြင်း ၆-ပါး</p>
<p>၁။ ယခု ငါသည် ဖြစ်ဆဲလော။</p>
<p>၂။ ယခု ငါသည် ဖြစ်ဆဲမဟုတ်လေသလော။</p>
<p>၃။ အဘယ်အမျိုးအနွယ်အားဖြင့် ဖြစ်လေသနည်း။</p>
<p>၄။ အဘယ် အဆင်းသဏ္ဌာန်အားဖြင့် ဖြစ်လေသနည်း။</p>
<p>၅။ အဘယ်ဘဝမှ လာခဲ့သနည်း။</p>
<p>၆။ အဘယ်ဘဝသို့ သွားရမည်နည်း။</p>
<p>(ဤကား ပစ္စုပ္ပန်၌ယုံမှားခြင်း ၆-ပါးတည်း။)</p>
<p><b>သုတ္တန်လာ ဝိစိကိစ္ဆာ ၁၆-ပါး</b>ပြီး၏၊</p>
<hr>
<p><b>အဘိဓမ္မာလာ ဝိစိကိစ္ဆာ ၈-ပါး</b></p>
<p>၁။ ဘုရား၌ ယုံမှားခြင်း၊</p>
<p>၂။ တရား၌ ယုံမှားခြင်း၊</p>
<p>၃။ သံဃာ၌ ယုံမှားခြင်း၊</p>
<p>၄။ အကျင့်သိက္ခာ၌ ယုံမှားခြင်း၊</p>
<p>၅။ သံသရာ၏ ရှေ့အစွန်း၌ ယုံမှားခြင်း</p>
<p>၆။ သံသရာ၏ နောက်အစွန်း၌ ယုံမှားခြင်း၊</p>
<p>၇။ သံသရာ၏ ရှေ့နောက်အစွန်း ၂-ပါး၌ ယုံမှားခြင်း၊</p>
<p>၈။ ပဋိစ္စသမုပ္ပါဒ်တရား၌ ယုံမှားခြင်း၊</p>
<p>(ဤကား အဘိဓမ္မာလာ ဝိစိကိစ္ဆာ ၈-ပါးတည်း။)</p>
<p>ရုပ်နာမ်ခန္ဓာ သတ္တဝါတို့မှာ ရှေးအကြောင်းဟူ၍မရှိ-ဟုယူသော <b>အဟေတုကဒိဋ္ဌိ</b>, ရုပ်နာမ်ခန္ဓာ သတ္တဝါတို့ကို ထာဝရဘုရား ဖန်ဆင်းသည် ဟူ၍ယူသော <b>ဝိသမဟေတုဒိဋ္ဌိ</b>-အစရှိသော ဒိဋ္ဌိအမျိုးမျိုးတို့ကို လွန် မြောက်သော် <b>ကင်္ခါဝိတရဏဝိသုဒ္ဓိ</b> ဖြစ်၏၊</p>
<p><b>ကင်္ခါဝိတရဏဝိသုဒ္ဓိ</b>ဖြစ်ပုံ ပြီး၏၊</p>
<hr>
<h3>(ဂ) ဝိပဿနာဉာဏ် ၁၀-ပါး</h3>
<p>၁။ <b>သမ္မသနဉာဏ်</b>။</p>
<p>၂။ <b>ဥဒယဗ္ဗယဉာဏ်</b>။</p>
<p>၃။ <b>ဘင်္ဂဉာဏ်</b>။</p>
<p>၄။ <b>ဘယဉာဏ်</b>။</p>
<p>၅။ <b>အာဒိနဝဉာဏ်</b>။</p>
<p>၆။ <b>နိဗ္ဗဒါဉာဏ်</b>။</p>
<p>၇။ <b>မုစ္စိတုကမျတာဉာဏ်</b>။</p>
<p>၈။ <b>ပဒိသင်္ခါဉာဏ်</b>။</p>
<p>၉။ <b>သင်္ခါရုပေက္ခာဉာဏ်</b>။</p>
<p>၁၀။ <b>အနုလောမဉာဏ်</b>။</p>
<p>(ဤကား <b>ဝိပဿနာဉာဏ် ၁၀-ပါး</b> သရုပ်တည်း။)</p>
<p><b>ဝိပဿနာဉာဏ် ၁၀-ပါးအကျယ်</b></p>
<p>ဆောင်ပုဒ်သံခိပ်။ ။ခန္ဓာဝိနည်း၊ ဖွဲ့စည်းပြီးခါ၊ ၃-ဖြာလက္ခဏ၊ သုံးသပ်ရ၊ <b>သမ္မသနဉာဏ်</b>။</p>
<p>ခပ်သိမ်းသောရုပ်နာမ်တရားတို့ကို ခန္ဓာ ၅-ပါးစသည် စုပုံ ဖွဲ့စည်းအပ်၏</p>
<p><b>ရူပံ အနိစ္စံ ခယဋ္ဌေန။</b><br>
<b>ရူပံ ဒုက္ဓံ ဘယဋ္ဌေန။</b><br>
<b>ရူပံ အနတ္တာ အသာရကဋ္ဌေန</b></p>
<p>အစရှိသည်ဖြင့် <b>လက္ခဏာရေး ၃-ပါး</b>တင်၍ အဖန်ဖန် အထပ် ထပ် သုံးသပ်သောဉာဏ်သည် <b>သမ္မသန ဉာဏ်</b>မည်၏၊</p>
<p>ဆောင်ပုဒ်သံခိပ်။ ။ဖြစ်ပွားပျက်မှု၊ အစုံရှု၊ <b>ဥဒယဘယဉာဏ်</b>။</p>
<p>ဦးခေါင်း, ခြေ, လက်, မျက်နှာသဏ္ဌာန်-စသည်တို့၏ ခဏချင်း ဖြစ်ပေါ်မှု, ခဏချင်းပျက်ကွက်မှု, ထင်လင်းအောင် အစုအခဲအားဖြင့် ဖြစ်မှု, ပျက်မှုကို အစုံအစုံရှုသော ဉာဏ်သည် <b>ဥဒယဘယဉာဏ်</b>မည်၏၊</p>
<p>ဆောင်ပုဒ်သံခိပ်။ ။အပျက်ကိုသာ၊ ရှုတုံပါ၊<b>သညာဘင်္ဂဉာဏ်</b>။</p>
<p>အဖြစ်အပြက် ၂-ပါးတွင် အဖြစ်ကားမြင်လွယ်၏၊ အပျက်ကား မြင်ခဲ၏၊ လိုရင်းလည်းဖြစ်၏၊ ထို့ကြောင့် အဖြစ်ကို လွှတ်၍ အပျက်သက် သက်ကိုရှုသောဉာဏ်သည် <b>ဘင်္ဂဉာဏ်</b>မည်၏၊</p>
<p>ဆောင်ပုဒ်သံခိပ်။ ။အပျက်မြင်က၊ ဘယမစ္စု၊ ပျက်မှုခပင်း၊ ဘေးသေမင်းဟု၊ ကြောက်ခင်းထွေထွေ၊ ရှုတုံပေ၊ မှတ်လေ<b>ဘယဉာဏ်</b>။</p>
<p>ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ ပျက်ပုံ, အနိစ္စသဘောကို ထင်မြင်သော အခါ ပျက်ခြင်းနှင့်တကွဖြစ်သော ရုပ်နာမ်တရားတို့၏ အပေါ်၌ သေမင်း ကြီးတမျှ ကြောက်လန့်လှသော ဉာဏ်သည် <b>ဘယဉာဏ်</b>မည်၏၊</p>
<p>ဆောင်ပုဒ်သံခိပ်။ ။ကြောက်ဖွယ်ခပင်း၊ မြင်တုံလျင်းက၊ ဘေး ဘယမျိုး၊ ရုပ်နာမ်ဆိုး၌၊ ကိုးရာမရှိ၊ ခက်မှန်း သိ၊ <b>အာဒိနဝဉာဏ်</b>။</p>
<p>ကြောက်ဖွယ်လန့်ဖွယ်ဟူ၍ ထင်မြင်လာသည်ရှိသော် ဘေး ဘယမျိုးဖြစ်သော ရုပ်ဆိုးနာမ်ဆိုး၌ အားကိုးရာမရှိ၊ အပြစ်အတိပါတကား ဟု ရှုဆင်ခြင်သော ဉာဏ်သည် <b>အာဒိနဝဉာဏ်</b>မည်၏၊</p>
<p>ဆောင်ပုဒ်သံခိပ်။ ။ကိုးရာမထင်၊ ခက်ပုံမြင်က၊ မရွှင်မလန်း၊ စိတ်ကုန်ခန်း၍၊ မချမ်းမမြေ့၊ ငြီးငွေ့သော ထွေ၊ စိတ်အနေ၊ မှတ်လေ<b>နိဗ္ဗိဒံ</b>။</p>
<p>အားကိုးရာမရှိ၊ အပြစ်အတိသာဟု ထင်မြင်သောအခါ ရုပ်နာမ်ဓမ္မ သင်္ခါရတို့၌ မပျော်မွေ့ ငြီးငွေ့လှသော အနေဖြင့် ရှုဆင်ခြင် သော ဉာဏ်သည် <b>နိဗ္ဗိဒါဉာဏ်</b>မည်၏၊</p>
<p>ဆောင်ပုဒ်သံခိပ်။။ငြီးငွေ့ အားသန်၊ စိတ်ပူပန်က၊ လျင်မြန်တစိ၊ လွတ်လိုဘိ၊ <b>မုစ္စိတုကမျတာဉာဏ်</b>။</p>
<p>မပျော်မမွေ့ ငြီးငွေ့လှသောအခါ၌ သင်္ခါရနယ်အတွင်းမှ အတင်း ထွက်မြောက်လိုသောဉာဏ်သည် <b>မုစ္စိတုကမျတာ ဉာဏ်</b>မည်၏၊</p>
<p>ဆောင်ပုဒ်သံခိပ်။ ။ထွက်လိုလှ၍၊ လွတ်ရတဲ့ငှါ၊ <b>ဘာဝနာ ၄၀</b>၊ အကျယ်ဖြန့်ချိ၊ အားတိုက်ဖိ၊ <b>ပဋိသင်္ခါဉာဏ်</b>။</p>
<p>အလွန်တရာ လွတ်လိုလှ၌ လွတ်ခွင့်ရတဲ့ခြင်းငှာ ဘာဝနာ ၄၀- တို့ဖြင့် အကျယ်တဝင့် အပြင်းဆင်ခြင်၍ အားထုတ်မှု ရှုသောဉာဏ်သည် <b>ပဋိသင်္ခါဉာဏ်</b>မည်၏၊</p>
<p>ဆောင်ပုဒ်သံခိပ်။ ။ အားတိုက်ရှု၍၊ လွတ်မှုလွတ်ရန်၊ အမြင်သန်က၊ ရုပ်နာမ်ဓမ္မ၊ သင်္ခါရဝယ်၊ မဖွယ်သမှု၊ လျစ်လျူရှု၊ <b>သင်္ခါရုပေက္ခာဉာဏ်</b>။</p>
<p>ဘာဝနာ ၄၀-တို့ဖြင့် အကျယ်တဝင့် အပြင်းအထန် အားထုတ် သောအခါ ဝိပဿနာဉာဏ် ထက်သန်၍ ရုပ်နာမ်ဓမ္မ သင်္ခါရတို့၌ မုန်းချစ်မပြု လျစ်လျူရှုသောဉာဏ်သည် <b>သင်္ခါရုပေက္ခာဉာဏ်</b>မည်၏၊</p>
<p>(<b>ဘာဝနာ ၄၀</b>-ဆိုသည်ကား တော ၄၀-ပင်တည်း၊ ဤစာအုပ် တစ်နေရာမှာ ကြည့်ပါ။)</p>
<p>ဆောင်ပုဒ်သံခိပ်။ ။ မဂ်ရောက်လိုသော်၊ အဆော်အနှူး၊ မဂ်၄- ဦးအား၊ အထူးလျော်မှု၊ ကျေးဇူးပြု၊ <b>အနုလောမ ဉာဏ်</b>။</p>
<p>ဝိပဿနာဉာဏ်ရင့်သန်ထက်မြက်လေသဖြင့် မဂ် ၄-ခု ပေါ် အောင် နိုးဆော်ဘိသည့်ပမာ လွန်စွာ မဂ် ၄-ခုတို့နှင့်လျော်သော ဉာဏ် သည် <b>အနုလောမဉာဏ်</b>မည်ဧ်။။</p>
<p>(ဂဟေအစပ်ကောင်းလှသောဉာဏ်-ဟူလို) <b>ဝိပဿနာဉာဏ် ၁၀-ပါး</b>ပြီးဧ်။။</p>
<hr>
<p><b>ဝိပဿနာဉာဏ် ၁၀-ပါး၌ မှတ်ဖွယ်</b></p>
<p>ဝိပဿနာဉာဏ် ၁၀-ပါးတွင် <b>သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ်, ဘင်္ဂဉာဏ်</b>၊ ဤဉာဏ် ၃-ပါးသည် <b>တီရဏပရိညာ</b>-မည်၏၊ ထိုဉာဏ်၃-ပါးတို့တွင်-</p>
<p>၁။ <b>သမ္မသနညဏ်</b> ဆိုသည်ကား, ရုပ်တရား နာမ်တရား တို့မည်သည် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှ အသက်ရှည်၍ တည်နေနိုင်သော တရားမျိုး မဟုတ်ကုန်၊ မျက်တောင်တစ်ခတ် လျှပ် တစ်ပြက် အတွင်းမှာပင် အခါများစွာ သေဆုံး ချုပ်ပျက်ရသော အနိစ္စမျိုး, ဒုက္ခမျိုး, အနတ္တမျိုးတို့သည် ဧကန်စင်စစ် ဖြစ်ကြကုန်သည်-ဟု ဉာဏ် အမြင်ပေါ်အောင် အားထုတ်အပ်သော ဝိပဿနာဉာဏ်သည် <b>သမ္မသန ဉာဏ်</b>မည်၏၊ မျက်စိဖြင့် မြင်သကဲ့သို့ ဉာဏ်အမြင်ပေါက်မှ ဝိပဿနာ ဉာဏ်ဖြစ်သည်။</p>
<p>အဘိဓမ္မာ ကျမ်းဂန်တတ်၍ ဓမ္မသဘာဝတို့ကို နေရာကျ သိနိုင် သော သဘောယုတ္တိ ဉာဏ်မျိုးသည် ဝိပဿနာဉာဏ် မဟုတ်၊ <b>သုတမယဉာဏ်</b>သာတည်း၊ ဝိပဿနာ-ဉာဏ်သည်ကား <b>စိန္တာမယ-ဉာဏ်</b>တည်း၊ ယခုကာလ၌ကား <b>သုတမယ-ဉာဏ်</b>အနေနှင့် ထင်မှု, မြင်မှု, နှလုံးသွင်းမှု ကိုပင် ဝိပဿနာဉာဏ်ဟု ထင်မှတ်၍ နေကြသူများ၏၊</p>
<p>၂။ ဆေးသောက်လို၍ မီးခြစ်ရာ၌ ခြစ်မိသော နေရာမှ မုန်ညှင်းစေ့မျှ မီးတောက် ဖြစ်ပေါ်သည်မှစ၍ တိုးပွား၍လာသည်ကိုလည်းကောင်း အတိုးအပွား ရပ်ပြီးနောက် ဆုတ်ယုတ်၍ သွားသည်ကိုလည်းကောင်း, အဆုံးသတ် သေပျောက်၍ သွားသည်ကိုလည်းကောင်း, မျက်စိဖြင့် ပစ္စက္ခ ဒိဋ္ဌမြင်ကြသကဲ့သို့ ကိုယ်ခန္ဓာအတွင်း၌ ရုပ်တရား, နာမ်တရားတို့၏ ထိုထို အခိုက်အတန့်အားလျော်စွာ <b>သန္တတိ-အစဉ်</b>အားဖြင့် ခုတင် တဖွားဖွား ဖြစ်ပေါ် တိုးပွားမှုကိုလည်းကောင်း, အတိုးအပွားရပ်ပြီးနောက် ဆုတ် ယုတ်၍ သွားသည်ကို လည်းကောင်း, အဆုံးမှာ အကုန်ကွယ် ပျောက်၍ သွားသည်ကိုလည်းကောင်း ဒိဋ္ဌပစ္စက္ခအားဖြင့် အသိဉာဏ်တွင် အမြင် ပေါက်အောင် အားထုတ်မှုသည် <b>ဥဒယဗ္ဗယဉာဏ်</b>မည်၏၊</p>
<p>၃။ ကွယ်ပျောက်မှုကိုသာ အထူးကွယ်ပျောက်မှုကိုသာ အထူး ကွက်ခြား၍ ဒိဋ္ဌပစ္စက္ခ အမြင်ပေါက် အောင်ရှုမှုသည် <b>ဘင်္ဂဉာဏ်</b> မည်၏၊ <b>ဝိပဿနာဉာဏ် ၁၀-ပါး၌မှတ်ဖွယ်</b> ပြီး၏၊</p>
<hr>
<p><b>အန္တရာယ် ၁၀-ပါး</b></p>
<p>ဆောင်ပုဒ်သံခိပ်။ ။<b>ဥဒယဉာဏ်</b>၊ ရင့်သန်တုံလတ်၊ ဖြစ်လာတတ်၊ ဆယ်ချက်<b>အန္တရာယ်</b>။</p>
<p><b>အရောင်, ပီတိ</b>၊ <b>ပဿဒ္ဓိ</b>နှစ်ဖြာ၊ <b>သဒ္ဓါ, ဝီရိယ၊ သုခ, ဗုဒ္ဓိ</b>၊ <b>နိကန္တိ</b>နှင့်၊ <b>သတိ</b>နှင့်၊ <b>သတိ,ဥပေက္ခာ</b>၊ ဤ ဆယ်ဖြာ၊ မှတ်ပါ<b>အန္တရာယ်</b>။</p>
<p>ဝိပဿနာဉာဏ် ၁၀-ပါးတို့တွင် <b>ဥဒယဗ္ဗယဉာဏ်</b> ရင့်သန် ထက် မြက်လာသောအခါ ဖြစ်ပေါ်၍လာတတ်သော အန္တရာယ် ၁၀-ပါးကား</p>
<p><b>ဩဘာသ, ပီတိ, ကာယပဒ္ဓိ-စိတ္တပဿဒ္ဓိ, သဒ္ဓါ, ဝီရိယ, သုခ, ဗုဒ္ဓိ, သတိ, ဥပေက္ခာ, နိကန္တိ</b>။</p>
<p>၁။ <b>ဩဘာသ</b>-ဝိပဿနာ၏ အရောင်ဖြစ်ပေါ်လာခြင်း</p>
<p>၂။ <b>ပီတိ</b>-<b>ခုဒ္ဒကာပီတိ, ခဏီကာပီတိ, ဩက္ကန္တိကာပီတိ, ဥဗ္ဗေဂါ ပီတိ</b>,</p>
<p>၃။ <b>ကာယပဿဒ္ဓိ-စိတ္တပဿဒ္ခိ</b>=ကိုယ်စိတ်တို့၏ ငြိမ်းခြင်း,</p>
<p>၄။ <b>သဒ္ဓါ</b> =အလွန်ကြည်စေတတ်သော သဒ္ဓါရှိခြင်း,</p>
<p>၅။ <b>ဝီရိယ</b>=မမေ့မလျော့ဘဲ အားထုတ်ချီးပင့်ခြင်း</p>
<p>၆။ <b>သုခ</b>=ဝိပဿနာနှင့်ယှဉ်သောစေတသိကသုခ-အလွန်ချမ်း သာခြင်း,</p>
<p>၇။ <b>ဗုဒ္ဓိ</b>=ထက်မြက်စူးရှသော ဉာဏ်အမြင် ပေါ်လာခြင်း,</p>
<p>၈။ <b>သတိ</b>=ဝိပဿနာနှင့် ယှဉ်သော ကျောက်စာတိုင်နှင့် တူသော သတိဖြစ်လာခြင်း,</p>
<p>၉။ <b>ဥပေက္ခာ</b>=သင်္ခါရတရားတို့ကို လျစ်လျူရှုခြင်း,</p>
<p>၁၀။ <b>နိကန္တိ</b>=ဝိပဿနာ၌ အာသာငင်းငင်းတွယ်တာခြင်း, <b>အန္တရာယ် ၁၀-ပါး</b> ပြီး၏၊</p>
<hr>
<h3>(ဃ) မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိဖြစ်ပုံ</h3>
<p>ဆောင်ပုဒ်သံခိပ်။။ထိုဆယ်ချက်တွင်၊ မဂ်အထင်ကို၊ ပယ်ထွင် ရှင်းကာ၊ အလင်းသာ၊ <b>မဂ္ဂါမဂ္ဂဉာဏ ဒဿန ဝိသုဒ္ဓိ</b>။</p>
<p><b>ဥဒယဘယဉာဏ်</b> ထက်သန်သောအခါ မကြုံစဘူး အလွန်ထူး သောကိုယ်ရောင် ကိုယ်ဝါ-စသည် ဖြစ်ပေါ်၍ လာတတ်၏၊ ထိုအခါ ထိုကိုယ်ရောင် ကိုယ်ဝါ-စသည်ကို သာယာသော <b>တဏှာနိကန္တိ</b> အတွက် မဂ်ကို ငါရပြီ၊ ဖိုလ်ကို ငါရပြီဟု အထင်ကပ်၍ ဝိပဿနာကို လွှတ်၍ နေတတ်၏၊ ထိုအခါ၍ မဂ်-ဟူ၍ ထင်မိသော ထိုပီတိ, ပဿဒ္ဓီ-စသည်၏ လောကုတ္တရာမဂ် မဟုတ်သေးကြောင်းကို ရှင်းလင်းနိုင်သော ဉာဏ်သည် <b>မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ</b> မည်၏၊</p>
<h3>(င) ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိဖြစ်ပုံ</h3>
<p>ဆောင်ပုဒ်သံခိပ်။ ။<b>ဥဒယဉာဏ်</b>၊ တစ်ဖန်ပျိုးကာ၊ ကိုးဖြာဉာဏ်စဉ်၊ စခန်းထွင်၍၊ အမြင်လင်းဘိ၊ ထိုးထွင်းသိ၊ <b>ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ</b>။</p>
<p>အန္တရာယ်ကို သုတ်သင်းပြီးမှ <b>ဥဒယဗ္ဗယဉာဏ်</b>ကိုပင် တဖန်ပြုစုပျိုးထောင်၍ ယူပြီးလျှင် ထိုဉာဏ်မှစ၍ အားထုတ်လတ်သော် အစဉ်အတိုင်း နေရာကျဖြစ်ပွါး၍စွားသော <b>ဝိပဿနဉာဏ် ၉-ပါး</b>သည် <b>ပဋိပဒါဉာဏ ဒဿန ဝိသုဒ္ဓိ</b>မည်၏၊</p>
<p><b>ပဋိပဒါဉာဏဒဿနဝိသုဒဒ္ဓိဖြစ်ပုံ</b></p>
<p>ဆောင်ပုဒ်သံခိပ်။ ။<b>သင်္ခါရု</b>နှင့်၊ <b>အနုလောမ</b>၊ ဉာဏ်နှစ်ဝ၊ <b>ဝုဋ္ဌာန ဂါမိနီ</b>လည်း ခေါ်သတည်း။</p>
<p>၁၀-ပါးသော ဝိပဿနာဉာဏ်တို့တွင် နောက်ဆုံးဖြစ်သော<b>သင်္ခါရုပေက္ခာဉာဏ်</b>သည်, <b>အနုလောမဉာဏ်</b>၊ ဤဉာဏ်နှစ်ခုကို <b>ဝုဋ္ဌာန ဂါမိနီ</b>-လည်းခေါ်သည်၊ ဝဋ် ၃-ပါးမှကျွတ်လွတ်ထမြောက်ခြင်း အနက် ကြောင့် မဂ်ကို <b>ဝုဋ္ဌာန</b>-ဆိုသည်၊ ထိုမဂ်သို့ မချွတ်မလွဲ ရောက်စေတတ် သောအနက်ကြောင့် ထိုဉာဏ်နှစ်ခုကို <b>ဝုဋ္ဌာနဂါမိနီ</b>-ခေါ်သည်။</p>
<p><b>ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ</b> ပြီး၏၊</p>
<hr>
<h3>(စ) ပထမ မဂ္ဂဉာဏဒဿနဝိသုဒ္ဓိဖြစ်ပုံ</h3>
<p>ဆောင်ပုဒ်သံခိပ်။ ။ <b>ဝုဋ္ဌာနဂါမ်</b>၊ လွန်ရင့်သန်က၊ နိဗ္ဗာန်ပေါက်ခါ၊ မဂ်ရောက်လာ၊ <b>ဉာဏဒဿနဝိသုဒ္ဓိ</b>။</p>
<p><b>ဝုဋ္ဌာနဂါမ်မိနီဝိပဿနာဉာဏ်</b> ရင့်သန်သောအခါ၌ နိဗ္ဗာန်ကို အာရုံပြုသော <b>လောကုတ္တရာမဂ်ဉာဏ်</b> ဖြစ်ပေါ်ပေါက်၍ လာ၏၊ မဂ် ဉာဏ် ၄-ပါးကို <b>ဉာဏဒဿနဝိသုဒ္ဓိ</b> ခေါ်သည်၊ ဤအရာ၌ကား <b>သောတာပတ္တိမဂ် ဉာဏ်</b>တည်း။</p>
<p><b>ဝီထိကျပုံ</b>ကား။။ ဘဝင် ၂-ကြိမ်၊ လက္ခဏာရေး ၃-ပါးတွင်တစ်ပါးပါးလျှင် အာရုံရှိသော မနောဒွါရဝဇ္ဇန်း, ပရိကံ, ဥပစာ, အနုလုံ, ၁-ကြိမ်စီ၊ နိဗ္ဗာန်ကိုအာရုံပြုသော ဂေါတြဘူ ၁-ကြိမ်၊ သောတာပတ္တိ ၁-ကြိမ်၊ သောတာပတ္တိဖိုလ် ၂-ကြိမ်၊ ထိုနောင်ဘဝင်ကျ၏၊</p>
<p>(<b>ဝီထိပိုင်းဆိုင်ရာ</b>တည်း။)</p>
<p><b>မဂ်ကိစ္စ ၄-ပါး</b></p>
<p>ဆောင်ပုဒ်သံခိပ်။ ။သိ, ပယ်,ဆိုက်, ပွါး၊ လေးပါးအချက်၊ တစ်ပြိုင် နက်၊ <b>မဂ်၏ကိစ္စ</b>တည်း။</p>
<p>၁။ ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ ဒုက္ခအမှန်ကို သိခြင်း၊</p>
<p>၂။ သမုဒယအသင်းဖြစ်သော ဒိဋ္ဌိ, ဝိစိကိစ္ဆာတို့ကို အကြွင်းမဲ့ပယ်သတ်ခြင်းကိစ္စ၊</p>
<p>၃။ ဒိဋ္ဌိ, ဝိစိကိစ္ဆာတို့၏လည်းကောင်း, အပါယဒုက္ခတို့၏လည်း ကောင်း တစ်ချက်တည်း အပြီးတိုင် ငြိမ်းမှုသို့ ဆိုက်ရောက် ခြင်း ကိစ္စ၊</p>
<p>၄။ မဂ်ကိုပွါးများမှု တစ်စခန်း ထမြောက်ပြီးစီးခြင်း ကိစ္စ, ဤကိစ္စ ၄-ပါးကိုမဂ်သည် တစ်ပြိုင်နက် ဖြစ်စနိုင်သည်။</p>
<p>ဆောင်ပုဒ်သံခိပ်။ ။ ဒိဋ္ဌိ,ဝိစိ၊ ပယ်သတ်ဘိ၊ <b>အာဒိမဂ်သောတာ</b>။ ဤမဂ်ကိုရသည်နှင့်တပြိုင်နက် ဒိဋ္ဌိ, ဝိစိကိစ္ဆာကို ပယ်သတ်၏၊</p>
<p>ဒုစရိုက်ကံဟောင်း, ကံသစ်, အကုန်ချုပ်ငြိမ်း၏၊ ထိုပုဂ္ဂိုလ်သည် ကာမဘုံ၌ ပဋိသန္တေ ၇-ကြိမ်သာရှိ၏၊</p>
<p><b>ပစ္စဝေက္ခဏာ ၅-ဝီထိဖြစ်ပုံ</b></p>
<p>ဆောင်ပုဒ်သံခိပ်။ ။မဂ်, ဖိုလ်, နိဗ္ဗာန်၊ ပယ်ကြွင်းကျန်၊ နှစ်တန် ကိလေသာ။</p>
<p>အစဉ်သမှု၊ အမြင်ရှု၊ ငါးခု <b>ပစ္စဝေက္ခဏာ</b>။</p>
<p>ထို <b>သောတာပတ္တိမဂ္ဂဝီထိ</b>၏ နောက်၌</p>
<p>၁။ မဂ်ကို ရှုဆင်ခြင်သော ဝီထိ၊</p>
<p>၂။ ဖိုလ်ကို ရှုဆင်ခြင်သော ဝီထိ၊</p>
<p>၃။ နိဗ္ဗာန်ကို ရှုဆင်သော ဝီထိ၊</p>
<p>၄။ ပယ်ပြီး ကိလေသာကို ရှုဆင်ခြင်သော ဝီထိ၊</p>
<p>၅။ ကိလေသာကြွင်းစုကို ရှုဆင်ခြင်သော ဝီထိ၊</p>
<p>ဟူ၍ <b>ပစ္စဝေက္ခဏာ ၅-ဝီထိ</b> ဖြစ်မြဲ။</p>
<p>ဆောင်ပုဒ်သံခိပ်။ ။ထက်မဂ်ကိုလျှင်၊ မရောက်ခင်၊ ဖိုလ်လျှင် လဲလျောင်းရာ။</p>
<p>အထက်မဂ်သို့ မရောက်မီအတွင်း <b>သောတာပန် ပုဂ္ဂိုလ်</b>အဖြစ်ဖြင့် နှစ်လများစွာလည်းကောင်း, ကာမဘုံ၌ ၇-ဘဝ၊ ဗြဟ္မာ့ဘုံ၌ ဘဝကမ္ဘာ များစွာပတ်လုံးလည်းကောင်း <b>သောတာပတ္တိဖိုလ်</b>ကို အလိုရှိတိုင်း ဝင်စား၏၊</p>
<p><b>ဝီထိကျပုံ</b>ကား- ဘဝင် ၂-ကြိမ်၊ ရုပ်နာမ်ဓမ္မ သင်္ခါရလျှင် အာရုံရှိသော မနောဒွါရာဝဇ္ဇန်း၊ အနုလုံ ၃-ကြိမ်လည်းကောင်း, ၄- ကြိမ်လည်းကောင်း၊ ထို့နောင် နိဗ္ဗာန်လျှင် အာရုံရှိသော သောတာပတ္တိ ဖိုလ်ဇော အကြိမ်ပေါင်း အနန္တ အလိုရှိသမျှဖြစ်၏၊ ထို့နောင် ဘဝင်ကျ၏၊</p>
<p>ထိုအခါ၌ ပူအိုက်လှတုန်းအခါ အေးမြစွာသော ရေအိုင်ကြီး ထဲသို့ဆင်း၍ ငုတ်ရဘိသကဲ့သို့ ထို သောတာပန်ပုဂ္ဂိုလ်သည် ဖိုလ်၏ အတွေ့ နိဗ္ဗာန်၏အတွေ့တို့ဖြင့် အလွန်ချမ်းမြေ့လေသတည်း၊ အထက် မဂ်သို့ မရောက်မီ ဘဝများစွာ,ကမ္ဘာများစွာပတ်လုံး ထိုဖိုလ်သည် လဲ လျောင်းရာဖြစ်၏၊</p>
<p>(ဗြဟ္မာပြည်သို့ သွားလတ္တံ့သော <b>ဝဋ္ဋာဘိရတသောတာပန်</b>, ဗြဟ္မာ့ပြည်မှာဖြစ်သော <b>ဗြဟ္မာ သောတာပန်</b>တို့ကို ရည်၍ ကမ္ဘာများစွာဟု ဆိုသည်။)</p>
<p><b>သတ္တက္ခတ္တုပရမ သောတာပန်, ကောလံကောလ သောတာပန်, ဧကဗီဇီသောတာပန်</b>တို့ကား ဤကာမ ဘုံမှာပင် ရဟန္တာဖြစ်၍ ငြိမ်းကြ ကုန်လတ္တံ့။</p>
<p>၁။ ပဋိသန္ဓေ ၇-ကြိမ်မှ ငြိမ်သည်ကား <b>သတ္တက္ခတ္တုပရမ</b>-တည်း။</p>
<p>၂။ ၆-ကြိမ်, ၅-ကြိမ်, ၄-ကြိမ်, ၃-ကြိမ်, ၂-ကြိမ်တွင် ငြိမ်သူတို့ကား <b>ကောလံကောလ</b>-တို့တည်း။</p>
<p>၃။ ၁-ကြိမ်တွင် ငြိမ်သူတို့ကား <b>ဧကဗီဇီ</b>-တို့တည်း။</p>
<p><b>ပဌမမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ</b> ပြီး၏၊</p>
<hr>
<h3><b>ဒုတိယမဂ္ဂဉာဏဒဿနဝိသုဒ္ဓိဖြစ်ပုံ</b></h3>
<p><b>ဆောင်ပုဒ်သံခိပ်။ ။</b> ကာ, ဗျာ-နှစ်ထွေ၊ အကျန်ချွေ၊ ရောက်လေ သကဒါဂါ။</p>
<p>သောတာပန်သည် ဝိပဿနာဉာဏ် ၁၀-တန်ကို တစ်ဖန် အားထုတ်ပြန်သည်ရှိသော် သကဒါဂါမိမဂ်သို့ ရောက်ပြန်၏၊ သောတာ<br>
ပန်အမည် ကွယ်လေ၏၊ သကဒါဂါမိအမည်ကို ရလေ၏၊ ကိလေသာမှာ သောတာပန်အခါ၌ အကျန်ကိလေသာစုတွင် ရုန့်ရင်းလျက်ရှိသေးသော <b>ကာမရာဂ, ဗျာပါဒ</b> ၂-ခုကိုပယ်သတ်၏၊ သိမ်မွေ့သော ကာမရာဂ, ဗျာပါဒ-သည်ကျန်ရှိသေး၏၊ ကာမဘုံမှာ ၁-ကြိမ်သာ ပဋိသန္ဓေ ရှိ၏၊</p>
<p>(ကြွင်းသော အစီရင်စုမှာ ပဌမမဂ္ဂဉာဏဒဿန- နည်းတူသိလေ။) <b>ဒုတိယမဂ္ဂဉာဏဒဿနဝိသုဒ္ဓိပြီး၏၊</b></p>
<hr>
<h3><b>တတိယမဂ္ဂဉာဏဒဿနဝိသုဒ္ဓိဖြစ်ပုံ</b></h3>
<p><b>ဆောင်ပုဒ်သံခိပ်။ ။</b>ကာ, ဗျာ-နှစ်ထွေ။ အကုန်ချွေ၊ ရောင်လေ အနာဂါ။</p>
<p><b>ကာမရာဂ,ဗျာပါဒ</b>-ကို အကြွင်းအကျန်မရှိ အကုန်အစင် ပယ်သတ်မူ, ကာမရာဂ-မရှိသဖြင့် ကာမဘုံမှာ ပဋိသန္ဓေနေရန် ကိစ္စမရှိမူ၊ ဤမျှသာထူး၏၊ အကြွင်းမှာ ရှေးနည်းတူ သိလေ။</p>
<p>ဤ<b>အနာဂါမ်ပုဂ္ဂိုလ်</b>သည်</p>
<p>၁။ ဤဘဝ၌ <b>ရဟန္တာဖြစ်၍ ငြိမ်းသောပုဂ္ဂိုလ်</b>,<br>
၂။ <b>ဗြဟ္မာ့ပြည်သို့ သွားရသောပုဂ္ဂိုလ်</b>,<br>
ဟူ၍ ၂-မျိုး ရှိ၏၊</p>
<p><b>သုဒ္ဓါဝါသဘုံ၌ကား</b></p>
<p>၁။ <b>အန္တရာ ပရိနိဗ္ဗာယီ</b>,<br>
၂။ <b>ဥပဟစ္စ ပရိနိဗ္ဗာယီ</b>,<br>
၃။ <b>သသင်္ခါရ ပရိနိဗ္ဗာယီ</b>,<br>
၄။ <b>အသင်္ခါရ ပရိနိဗ္ဗာယီ</b>,<br>
၅။ <b>ဥဒ္ဓံသောတအကနိဋ္ဌဂါမီ</b>,<br>
ဟူ၍ ၅-မျိုး ရှိ၏၊</p>
<p><b>တတိယမဂ္ဂဉာဏဒဿနဝိသုဒ္ဓိပြီး၏၊</b></p>
<hr>
<h3><b>စတုတ္ထဉာဏဒဿန ဝိသုဒ္ဓိဖြစ်ပုံ</b></h3>
<p><b>ဆောင်ပုဒ်သံခိပ်။။</b>သဗ္ဗကိလေ၊ အကုန်ချွေ၊ ရောက်လေ အရဟတ္ထာ။</p>
<p>အနာဂါမ်ပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ် ၁၀-တန်ကို အားထုတ်<br>
ပြန်သည်ရှိသော် <b>အရဟတ္တမဂ်</b>သို့ ရောက်လေ၏၊ ကိလေသာဓာတ်စု အကုန်သေ၏၊ ဘဝပဋိသန္ဓေ မရှိပြီ၊ ပစ္စဝေက္ခဏာ ဝီထိမှာ ကြွင်း ကိလေသာကို ဆင်ခြင်သော ပဉ္စမဝီထိ မရပြီ၊ ၄-ဝီထိသာ ရှိတော့သည်။</p>
<p><b>စတုတ္ထမဂ္ဂဉာဏ်ဒဿနဝိသုဒ္ဓိ ပြီး၏၊</b></p>
<hr>
<h3><b>မဂ်ပေါ်ပုံကို အစဉ်အားဖြင့်ပြဆိုချက်</b></h3>
<p>အကြောင်းအကျိုး ဆက်စပ်ဖွဲ့စည်း၍နေသော ရုပ်နာမ်ခန္ဓာတို့၏ တစ်ခုသည် တစ်ခုအား ကျေးဇူးပြုကာ နေကြသဖြင့် သံသရာအစဉ်<br>
အမြင်မပြတ်ဘဲ ရုပ်ခဲ နာမ်ခဲတွေ ဖြစ်၍နေ၏၊ ဤရုပ်ခဲ နာမ်ခဲ ပေါင်းစပ်ဖွဲ့ယှက် ကျေးဇူးဆက်၍နေသော တရားအစုကိုပင်လျှင် ရုပ်ခဲ နာမ်ခဲတွေ-ဟု အမှန်သိနိုင်သောဉာဏ်ပညာ မပေါ်ပေါက်နိုင်ရကား ငါ၏ခန္ဓာ ငါ့ဥစ္စာပင် ငါပဲထင်၍ ပြင်ပြင်မှောက်မှား နေကြရုံမျှမက ၎င်းအထင်မှားမှု ဒိဋ္ဌိအတွက်နှင့်ပင် သံသရာအတွင်း ပဋိစ္စသမုပ္ပါဒ် ကျော့ကွင်းမိ၍ စင်စစ်ဒုက္ခနယ်ဖြစ်သော ဝဋ်ဘောင်မှ လွတ်အောင် မတက်နိုင်ကြဘဲ နေရ၏၊</p>
<p>ထိုသို့အကြောင်းအကျိုး အပြန်အလှန်ဖွဲ့စည်း၍နေသော ခန္ဓာအစဉ်,အာယတန အစဉ်သည်ပင်လျှင် သံသရာ အလျဉ့်ကြီးဖြစ်၍ နေ၏၊ ခန္ဓာ,အာယတန,ဓာတ်တို့မှတစ်ပါး သံသရာ-ဟူ၍မရှိ၊ ဤခန္ဓာ ကိုယ်သည် <b>သင်္ခါရ တရားအစု အပုံကြီးမျှသာတည်း</b>၊ ဤခန္ဓာ၌ လူဆိုဖို့ရန်, နတ်ဆိုဖို့ရန်, သတ္တဝါဆိုဖို့ရန်တစ်စုံတစ်ခုသော ဓာတ်မျှ မပါမရှိ၊ ကောက်ရိုး အမှိုက်ထွေးကို လူပုံနှင့်တူစွာစည်းနှော၍ လယ်ခင်းဥယျာဉ်မှာ ထားသည်ကို မြင်သော တောသားသတ္တဝါငှက်များစွာတို့သည် ပညာမှ ကင်းရှင်းသဖြင့် မြင်ရင်းအတိုင်းမှတစ်ပါး မကြံမစည် မတွေးမတော တတ်ဘဲ ဧကန် လူကြီးပင် ထင်မှတ်၍ လန့်ကြကုန်သကဲ့သို့ တဏှာဒိဋ္ဌိ ငြိ၍ ကျော့ကွင်းမိပြီးသော သတ္တဝါတို့ ထိုသင်္ခါရအပုံစု ရုပ်နာမ်သက်သက် အခဲအစိုင်ပေါင်းဖွဲ့၍ နေသည်ကို အပေါ်ရံမြင်သည့် အတိုင်းထက် အပိုထွက်နိုင်သော ပညာအဆင်အခြင် မရှိသဖြင့် ငါ၏ကိုယ်ပင် ငါပဲ ထင်၍ ရွှင်စရာနှင့် တွေ့လျှင်မြူးတူး, ကြောက်စရာနှင့်တွေ့လျှင် ရူးမူး မလောက် အလကား မားမောက်လန့်ထိတ်၍ နေကြရလေသည်၊ စင်စစ်ကား <b>သက်သက်သင်္ခါရတုံး ရုပ်တုံးနာမ်ခဲတွေပင်တည်း</b>။</p>
<p>ဝင်ရိုး, စက်ဘီး-စသော သေးသေးဖွဲ့ဖွဲ့မှ စ၍ ရထား၏ အင်္ဂါအပေါင်းတို့ စပ်ဖွဲ့နေသည်ရှိသော် ၎င်းသစ်အား, သံ, ကြေးအစိတ်စိတ် အစုအပုံကို <b>ရထား</b>ဟူ၍ ခေါ်ဝေါ်ရ၏၊ ဤဝတ္ထုအစုအပုံ၌ ရထား ဘယ်ဟာပါလဲ-ဟု ရှာကြံသော် ဘာတစ်ခုမျှ မတွေ့မရှိဘိသကဲ့သို့ ထို့အတူ သက်သက် သင်္ခါရ ရုပ်နာမ်တို့စုခဲ၍ အတ္ထိပစ္စယသတ္တိဖြင့် တစ်ခုသော ပစ္စုပ္ပန်ရှိဆဲရုပ်နာမ်အား စပ်ဖွဲ့ကျေးဇူးပြု၍ 'ဌီ' အနေ တည်တံ့၍နေသော တရားစုကိုသာလျှင် <b>သတ္တဝါ</b>ဟူ၍ ထင်မြင်စွဲလမ်း၍ နေကြ၏၊ ၎င်းပစ္စုပ္ပန် ရုပ်နာမ်အစုမှာ ဘာတစ်ခုမျှ သတ္တဝါဟူ၍ ရှာလျှင်မရ။</p>
<p>ဤသို့ ရုပ်နာမ်အစုသက်သက်ကို မြင်လျှင် ငါပင် ငါပဲ- ဟု လွှဲမှားသော အထင်ပျောက်၍ <b>ဒိဋ္ဌိဝိသုဒ္ဓိ</b>လမ်းပေါက်၏၊ ထိုသို့ ဒိဋ္ဌိ<br>
ဝိသုဒ္ဓိလမ်းပေါက်က ဆိုခဲ့ပြီးသော ပဋိစ္စသမုပ္ပါဒ်နည်းအတိုင်း အကြောင်းတရားရှိခြင်းကြောင့် အကျိုးတရား ဆက်လက်၍နေသော တရားတို့၏ ပစ္စည်း, ပစ္စယုပ္ပန်-အစဉ်အတန်း ရုပ်နာမ်စခန်း, ရုပ်နာမ် လမ်းမကြီးသာတည်း၊ ဘယ်ဘဝက လာ၍ ဘယ်ဘဝသို့သွားသော ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါး မရှိ-ဟု ပိုင်နိုင်စွာ အသိဉာဏ်ပေါက် သောအခါ အမျိုးမျိုးသော ယုံမှားသင်္ကာ ဝိစိကိစ္ဆာပျောက်၍ <b>ကင်္ခါ ဝိတရဏ ဝိသုဒ္ဓိ</b>-လမ်းပေါက်လေ၏၊</p>
<p>ဤကဲ့သို့ ပေါက်ရောက်အောင် ကြည့်ရှုနည်းသည် အနုဆုံးသော နည်းလမ်းဖြစ်၏၊ ဤသို့ အကြောင်းအတွက် အကျိုးဖြစ်၍ နေရ၏ အကြောင်းကို နုတ်လျှင် ငုတ်တုတ်ပင်ပြိုပျက်၍အကျိုးတရား မဆက်နိုင် ဟု စင်စစ်မြင်လျှင် <b>ဥဒယဗ္ဗယ ဉာဏ်စခန်း</b>သို့လည်း တန်းတန်းမတ်မတ် ပေါက်ရောက်နိုင်လေ၏၊</p>
<p>ပေါက်နိုင်ပုံကား- ဤအကြောင်း ထင်ရှားတင်းလင်းရှိပါမူ ဗြဟ္မာ, သိကြား, ဘုရားသဗ္ဗညုတို့ တားသော်လည်း မနိုင်၊ ဧကန်ဤမည် သော အကျိုးဖြစ်ပွား၏- ဟု အကြောင်းကို ဖော်၍ကြည့်လျှင် အပြစ်ကို မြင်သော <b>ဥဒယဉာဏ်</b> ပေါ်ပေါက်၏၊ ဤအကြောင်း မရှိခဲ့လျှင် ဗြဟ္မာ, သိကြား, ဘုရားသဗ္ဗညုတို့ ပြုပြင်သော်လည်း မရ၊ ဤမည်သော အကျိုးတရား ဧကန် ပျက်ဆုံး၏-ဟု အကြောင်းကို နုတ်၍ကြည့်လျှင် အပျက်ကိုမြင်သော <b>ဝယ-ဉာဏ်</b>ပေါ်ပေါက်၏၊ ထိုဉာဏ် ၂-ပါးကိုပင်လျှင် <b>ဥဒယဗ္ဗယ-ဉာဏ်</b>ခေါ်၏၊ ထိုသို့ နာမ်ရုပ်တရားတို့၏ အကြောင်းနှင့် သာစပ်၍ ဖြစ်လေ့ရှိသည်၏ အဖြစ်ကိုမြင်က ၎င်းတရားတို့၏ <b>အနိစ္စ အချက်</b>ကို ကောင်းကောင်း ထင်မြင်နိုင်၏၊</p>
<p>ရေအပြင်၌ တစ်ခုသော တုတ်လှံတို့ဖြင့် ရေးခြစ်သည်ရှိသော် ရေးခြစ်သောတုတ်လှံတံသည် ရေအပြင်၍ စိုက်ဆဲအခါ၌သာ အရေး အကြောင်းလိုလို ဖြစ်၏၊ တုန်လှံတံရွှေ့သည်နှင့် တစ်ပြိုင်နက် ရေမှာ အရေးသည် တစ်ပါတည်းပျက်ကွယ်လေသကဲ့သို့လည်းကောင်း, ပွတ်<br>
ဆောက်ဖျားပေါ်၌ ချလိုက်သော မုန့်ညင်းစေ့သည် ပွတ်ဆောက်ဖျား ပေါ်၌ တည့်တည့် ကျခိုက်အခါတွင်သာတည်၍ တစ်ခဏချင်း ပျက်စီး လေသကဲ့သို့လည်းကောင်း, ပထဝီဝါယော-လွန်ကဲသော တိမ်ညွန့် ၂- ခုတို့ကို တိုက်ခိုက်ဆဲအခါ လျှပ်စစ် ပြက်၍ပြက်၍ ချက်ချင်းလျှပ်စစ် ကွယ်ပြောက်လေသကဲ့သို့လည်းကောင်း, ထို့အတူ လက်ငင်းပစ္စုပ္ပန် ထင်ရှားသော အကြောင်းတရားသည် ကျေးဇူးပြုခိုက်တွင်သာ လျှပ်<br>
စစ်ပြက်သကဲ့သို့ အကျိုးတရားပေါ်တည့်၍ တစ်ခါတည်း အကြောင်း နှင့်တကွ ပျက်စီးရလေတော့သည်။</p>
<p>ကျေးဇူးပြုသော ပစ္စည်းတရားက ခိုင်မြဲသောတရားဖြစ်ပါမူကား ၎င်း၏အကျိုးလည်းခိုင်မြဲလေရာ၏၊ ထိုသို့ကား မဟုတ်ပါခဲ့။ ပရမတ္ထ<br>
တရားချင်းသာ ကျေးဇူးပြုရလေသည်ဖြစ်၍ သူ့ကို မကယ်သာ, ငါလည်း မကယ်နိုင်ဆိုသကဲ့သို့ သမုဒ္ဒရာအတွင်းမှာ အပြင်းမောပန်း အားစွမ်း လျလျ လက်ပန်းကျသောသူ ၂-ယောက်ပုံကဲ့သို့ အကြောင်းအကျိုး တစ်စုံလုံးပင် စုံးစုံးစုပ်စုပ် ဘင်ခဏတွင် မြုပ်ကြလေတော့သည်၊ ဤ အတိုင်း ဉာဏ်၌ ထင်မြင်လာသောအခါ ထိုရုပ်နာမ်တရားတို့သည် အလေ့ပေါက်ပွား အလကား အမှိုက်သရိုက် မြက်ထွေး မြက်ဆွေးတို့ကဲ့သို့ အားကိုးလောက်ဖွယ် အနှစ်သာရ ဘာတစ်ခုမျှ မရှိ။ ပြင်စင်လွင်ပ <b>အနတ္တ</b>-တို့သာ တကားဟု ကြိုးစားဆင်ခြင်သော ယောဂီပုဂ္ဂိုလ်၏ ဉာဏ်ဝတွင် မှန်ပြသကဲ့သို့ ထင်မြင်နိုင်လေ၏၊ ဤ အဖြစ်အပျက် ၂- ပါးကို ရှုသောဉာဏ်သည် <b>ဥဒယဗ္ဗယ-ဉာဏ်</b>မည်၏၊</p>
<p><b>ဥဒယဗ္ဗယဉာဏ်</b> ရင့်သန်လာသောအခါ အဖြစ်ကို နှလုံး မသွင်းဘဲ အပျက်၌သာ သတိဉာဏ် တည်တော့၏၊ ထို<b>ဘင်္ဂဉာဏ်</b> ထက်သန်လာသောအခါ ပြင်းစွာရိုက်နှက်၍ ကွဲပျက်ဆဲဖြစ်သော အိုးခွက်, လှော်ချက်ဆဲဖြစ်သော နှမ်း, ပရမ်းပတာ မြူတို့ကဲ့သို့လည်းကောင်း၊ မိုးပေါက်ကြီးစွာ မိုးရွာတုန်းအခါ ကမ်းထိပ်ကရပ်၍ ကြည့်သော ယောကျ်ားသည် ရေအပြင်၌ ရှုပ်ယှက်ခတ်ပျက်၍,ပျက်၍ နေသော ဥဖောင်း ရေပွက်တို့ကို မြင်ရသကဲ့သို့လည်းကောင်း ခပ်သိမ်းသော သင်္ခါရတရားတို့၏ ရှုပ်ယှက်ခတ် လျင်စွာ ပျက်စီး၍နေသည်ကို မြင်ရ၏၊</p>
<p><b>ဘင်္ဂဉာဏ်</b> ထက်သန်လာသောအခါ သက်ရှည်ချမ်းသာ အနာ ကင်းလို ဘေးကို ကြောက်တတ်လှသော သူသည် ခြင်္သေ့ သစ်ကျား, သားရဲစွယ်ပြူး, ဘီလူးရက္ခိုသ်, နွားမိုက် ခွေးကြမ်း, မုန်ပြွမ်းသောဆင်, ဆိပ်လျင် သောမြွေဆိုး, မိုးကြိုးကျခြင်း, သင်္ချိုင်းစစ်ပွဲ, ရဲရဲငြိသော ရှားမီးအစုတွေကို တွေ့သောကာလ မှိုင်မေ့ဝေနောက် သေမလောက် ကြောကြ်ခင်းဖြစ်သကဲ့သို့ ခပ်သိမ်းဥဿုံ အလုံးစုံ ပျက်ပြား၍နေသော သင်္ခါရတရားတွေကို သေမင်းဘေးကြီး ထက်ကြပ်လိုက်သောပမာ လွန်စွာကြောက် အားကြီးလှသော<b>ဘယ-ဉာဏ်</b> ထင်မြင်လာ၏၊</p>
<p><b>ဘယဉာဏ်</b> ထက်သန်လာသောအခါ သက်ရှည်ချမ်းသာ အနာကင်းလို ဘေးကိုကြောက်တတ်သော သူသည် သားရဲးနေသော လျို, ကျားခိုသောတောင်ခေါင်း, မိကြောင်းရဲသော ရေ, ဓားပြနေသော တောတောင်, မီးလောင်သော အိမ်, ရွယ်ချိန်လွတ်ပစ် ခုတ်ထစ် တိုက်ခိုက်ဆဲဖြစ်သော စစ်မြေသို့ရောက်၍ ကြောက်ရွံ့ထိတ်လန့် စိတ်မပျော်ရွှင် ထက်ဝန်းကျင်အားဖြင့် အပြစ်<b>အာဒီနဝ</b>ကို မြင်သကဲ့သို့ ခပ်သိမ်းသော ဘဝတို့၌ ကိုးစားရာ ရှာကြံမရ၊ အလုံးစုံသော လောကကြီးကို မီးခဲတွင်း, မီးခဲစုအဟန် အာသီဝိသောပမသုတ္တန်အလာ ဓာတ်လေးဖြာကို အဆိတ်လျင်သော မြွေ, ၅-ထွေသော ခန္ဓာကို ဥက္ခိတ္တာသိက-သန်လျက်ချီမသော သူသတ်ယောကျ်ား, အဇ္ဈတ္တိ ကာယတန ၆-ပါးကို ရွာပျက်ပမာ, ဗာဟိရာယတန ၆-ပါးကို ခိုးသူ ဓားပြကြီးဟုအပြစ်ကြီးစွာ ထင်သော <b>အာဒီနဝဉာဏ်</b>ပေါ်လာ၏၊</p>
<p><b>အာဒီနဝဉာဏ်</b>ထက်သန်သောအခါ အနောတတ်အိုင်၏ အနောက်မျက်နှာရတနာ ၇-ပါးဖြင့်ပြီးသော စိတ္တကုဋ်တောင်ခြေကြာတောဝယ် ရွှင်မောပျော်နေသော ရွှေဟင်္သာသည် ဒွန်းစဏ္ဍား ရွာ၏အထွက် စိမ်းစိုသော ရွှံ့အိုင်ပွက်၌ မနှစ်သက် မပျော်နိုင်သကဲ့သို့ လည်းကောင်း, ယူဇနာ ၃၀၀၀-ဟေဝန်ချောင်နှင့် တောတောင် အကွေ့ ၌သာ ပျော်မွေ့နေကြဖြစ်သော မိဂရာဇာကေသရာသည် လူ့ရွာဝင်းခြံ၌ ပျော်စံမမွေ့ ငြီးငွေ့လေသကဲ့သို့ လည်းကောင်း, ဆဒ္ဒန္တအိုင် အနား၌သာ ပျော်ပါးနေကြဖြစ်သော ဆင်ဖြူဆဒ္ဒန် ကောင်းကင်ပျံသည့် နိုင်ငံမြို့ တွင်း၌ အလျဉ်းပင် မပျော်မွေ့နိုင်သကဲ့သို့လည်းကောင်း, ခပ်သိမ်းသော ဘုံဘဝ ရုပ်နာမ် သင်္ခါရတို့၌ အပြစ်အာဒိနဝကို မြင်ပြီးသော ယောဂီမြတ် တို့သည် ဟင်္သာ, ကေသရာ, ဆဒ္ဒန်-အလား အတန်တန်သော နာမရူပဓမ္မ သင်္ခါရတို့၌ ပျော်ပိုက်ရန် အားမသစ်, မနှစ်ခြိုက်နိုင် ညှိုးမှိုင်နွမ်းချိ ပျင်းရိငြီးငွေ့ခြင်း တည်းဟူသော <b>နိဗ္ဗိဒါ-ဉာဏ်</b> ပေါ်ပေါက်လေ၏၊</p>
<p><b>နိဗ္ဗိဒါ-ဉာဏ်</b> ရင့်သန်ထက်မြက်သောအခါ မြွေမိသော ဖား အယောင်,ချိုင့်လှောင်မိသော တောကြက်, အလမ္ပာယ်၌ မြွေ, ကျော့ကွင်း မိလေသော သမင်, ဂဠုန်လက်တွင်း နဂါး, ကြောင်ဖားလက်၌ ကြွက်သူငယ်, နက်ကျယ်သော ညွန်ပျောင်း၌ ကြွက်သူငယ်, နက်ကျယ် သော ညွန်ပျောင်း၌ ကျသောဆင်အို, ရာဟုမျိုသော လဗိမာန်, ရန်သူ ဝိုင်းသော ယောကျ်ား-စသည်ကဲ့သို့ ဘယ်တစ်စုံတစ်ရာသော သင်္ခါရ၌ ပင်ပျော်ပါးငြိကပ် ဖွဲ့စပ် တပ်စွန်းခြင်းမရှိ၊ လွန်စွာထန်ပြင်း လွတ်ကင်း ထွက်မြောက်လိုသော <b>မုစ္စိတုကမျတာ-ဉာဏ်</b> ပေါ်ပေါက်လာ၏၊</p>
<p>ဤဉာဏ်သို့ ပေါက်ရောက်လာက ငါးဆောင်သော ယောက်ျား သည်မြွေဟောက်ကို အုပ်မိကပီတိရွှင်ပျ ငါးကြီးရပေါ့-ဟု အသော့လျင်စွာ ဖမ်းလိုက်ရာတွင် ကြီးစွာဆိပ်တောက် စိတ်ဒေါသပေါက်သော မြွေဟောက် ကြီးကို မြင်လေရာတွင်မှ ကြောက်လန့်တုန်အေး မြွေဟောက်ဘေးကို ဝေးအောင်ပစ်ဖို့ရန်အတွက် ချက်ကောင်းကို ရှာပြီးမှ ဝေးလှအောင် လွှင့်ပစ်ပြီးခါ လျင်စွာတက်ပြေး၍ မြွေဘေးမှ ငါလွတ်ခဲ့ပေပြီ-ဟု ဝမ်းမြောက်ဝမ်းသာ လှည့်ကာလည့်ကာ တွေးဆဘိသကဲ့သို့ ရုပ်နာမ် တရားတို့၏ အဖြစ်သနစ်ကို မစိစစ် မစုံစမ်း အကန်းပကတိ ဖြစ်၍ နေစဉ်က ၎င်းရုပ်နာမ်၏ အကြောင်းအရာကို တစ်ခါတစ်ရံမျှ မကြံဖန်မိ ဒိဋ္ဌိတဏှာ သည်းစွာ တင်းကြမ်း ငန်းမှန်းသွေးမွန်၍ နေခဲ့မိသမျှကို ဆိုခဲ့ပြီးသောအတိုင်း ပဋိစ္စသမုပ္ပါဒ်နည်းမှ အခြေစ၍ ဥဒယဗ္ဗယဉာဏ်မှ အဆင့်ဆင့်တက်ကာ မုစ္စိတုကမျတာ-ဉာဏ်သို့ရောက်က တွေးထောက် ကြံဖန် ပြန်လှန် စဉ်းစားလိုက်က မြွေဟောက်ကို လက်မှ လွတ်ပြီးသူကဲ့သို့ ငါ့မှာ ရှေးက မသိဘူးသော တရားများကို သိရပေပြီ-ဟု ရှေးကထက်ပင် များစွာ အားတက်ပြန်သဖြင့် လွတ်လိုသော မုစ္စိတုကမျတာဉာဏ် ပေါက်သောအတိုင်း လွတ်ရစိမ့်သောငှာ <b>ဘာဝနာ ၄၀</b>-ဖြင့် ဉာဏ်ဝယ်စူး စိုက် အားတိုက်ဖိနှိပ် ခဲကြိတ်ကြိုးစားလေရာ ရှေးကထက် အထင်အမြင် သာ၍ တဏှာဒိဋ္ဌိတို့ ပါးရှားသည်ထက် ပါးရှားသော <b>ပဋိသင်္ခါဉာဏ်</b> ပေါ်ပေါက်လာ၏၊</p>
<p>လွတ်ထွက်ရန် အားတိုက်ရူသော <b>ပဋိသင်္ခါဉာဏ်</b> ထက်သန်လာ သောအခါရှေးဦး ပထမ-က ချစ်ကြည်လှစွာသော မယားဆိုးကို ရန်ငြိုးမျက်ပွား မုန်းထားပြစ်မြင် ခွါကြဉ် စွန့်ပစ်ပြီးနောက် တစ်စုံတစ်<br>
ယောက်သော ယောက်ျားနှင့်ပျော်ပါးခုန်မင် ရယ်မောရွှင်၍ နေချင်တိုင်း နေသော်လည်း မမုန်းမချစ် လျစ်လျူသာဖြစ်သကဲ့သို့ ခပ်သိမ်းသော ရုပ်နာမ်ဓမ္မ သင်္ခါရတို့၌ ငါပင်ငါပဲ ထင်စွဲစရာ ဉာဏ်ဖြင့် ရှာမရသော ကြောင့် ကြောက်ခြင်း, နှစ်သက်ခြင်းကိုစွန့်ပစ်၍ မမုန်းမချစ် လျစ်လျူဖြစ် သော <b>သင်္ခါရုပေက္ခာ-ဉာဏ်</b> ပေါ်ပေါက်လာ၏၊</p>
<p>သင်္ခါရတရားတို့၌ ကြောင့်ကြဗျာပါဒစိုက်မှု ပြေငြိမ်းသော သင်္ခါရုပေက္ခာဉာဏ် အလွန်ထက်သန်သောအခါ နေထွက်သောအခါ နေထွက်လိုသော် အရုဏ်လာခြင်းကဲ့သို့ မဂ်ဉာဏ် ၄-ပါးပေါ်ရန် လွန်စွာ လျော်လှသော မဂ်ပေါ်ဖို့ကျေးဇူးပြုတတ်သော <b>အနုလောမဉာဏ်</b> ဖြစ်ပေါ်လာ၏၊</p>
<p>ဤ <b>အနုလောမဉာဏ်</b>-ဟူသည်ကား မဂ်ဖြစ်သော ဝီထိမှာ အာဝဇ္ဇန်း,ပရိကံ ဥပစာ-ဇောတို့၏နောက် ဂေါတြဘူ-ဇော၏ရှေ့၌ ဖြစ်<br>
သောအနုလုံဇောပင်လျှင်တည်း။</p>
<p>ဆိုခဲ့ပြီးသော ဝိပဿနာဉာဏ်တို့တွင် သင်္ခါရုပေက္ခာဉာဏ်နှင့် အနုလောမဉာဏ်တို့ကို သံသရာဝဋ် အတွင်းက အတင်းထ၍ ကျွတ်လွတ် သော မဂ်သို့ရောက်စေတတ်သောကြောင့် <b>ဝုဋ္ဌာနဂါမိနီ ဝိပဿနာ</b>ဟူ၍ခေါ်ဝေါ်အပ်၏၊ သင်္ခါရုပေက္ခာဉာဏ်,အနုလောမဉာဏ်, ဂေါတြဘူ ဉာဏ် ၃-ပါးကိုလည်း လောကီတရားတို့၏ အထွတ်အထိတ်ဆုံးသို့ ရောက်သောဉာဏ်တို့ဖြစ်၍ <b>သိခါပတ္တဝိပဿနာဉာဏ်</b>-ဟူ၍ ခေါ်ဝေါ်ရ<br>
၏၊ လောကုတ္တရာမှလွဲလျှင်ဆိုပြီးဉာဏ် ၃-ပါး အထွတ်အထိပ်ဆုံး ဆိုလိုသည်။</p>
<p>ဤ <b>ဝုဋ္ဌာနဂါမိနီဝိပဿနာ</b>သို့ ဆိုက်ရောက်သောအခါ ဧကန် နမဂ်ပေါ်လာတော့မည်ဖြစ်၍ အားထုတ် ကြိုးပမ်း အလုပ်ကိစ္စ စင်ကြယ် ပြီးမြောက်ပြီးဖြစ်၍ <b>ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ</b> ဖြစ်၏၊ ဝုဋ္ဌာနဂါမိနီ ဝိပဿနာ ဉာဏ်ရင့်လာသည်ရှိသော် နိဗ္ဗာန်ကိုအာရုံပြုသော <b>ဂေါတြဘူ</b> စိတ်နှင့်တကွ မဂ်ပေါ်ပေါက်လာ၏၊</p>
<p><b>မဂ္ဂဝီထိဖြစ်ဟန်</b>ကား- ဒိဋ္ဌိဝိသုဒ္ဓိ, ကင်္ခါဝိတရဏဝိသုဒ္ဓိဖြစ်၍ ဥဒယဗ္ဗယ စသော ဝိပဿနာဉာဏ် အဆင့်ဆင့် သင်္ခါရုပေက္ခာဉာဏ် တိုင်အောင် အားတက်ကြိုးမင်း အတင်းဆန်တက်လာသော ယောဂီ<br>
ပုဂ္ဂိုလ်အား မဂ်တည်းဟူသော အပ္ပနာ ဖြစ်လိုလတ်သော် ယောဂီပုဂ္ဂိုလ်၏ တိဟိတ်ဘဝင်သည် ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ- ဟူ၍ ဘဝင် ၂-ကြိမ် ကျ၏၊ ထို့နောင် မနောဒွါရာဝဇ္ဇန်း စိတ်သည် ရုပ် နာမ် တရားတို့၏ အနိစ္စ-စသော လက္ခဏာရေး ၃-ပါးတို့တွင် ၁-ပါးပါးကို အာရုံပြု၍ အာဝဇ္ဇန်းကိစ္စ နှင့် ဖြစ်၍ ချုပ်၏၊ ထို့နောင် မဟာကုသိုလ် သမ္ပယုတ် ၄-ပါးတွင် ၁-ပါး ပါးသည် အာဝဇ္ဇန်းကဲ့သို့ အာရုံပြု၍ <b>ပရိကံ, ဥပစာ, အနုလုံ</b>-အမည်ဖြင့် ဝုဋ္ဌာနဂါမိနီ ဝိပဿနာဇော ၃-ကြိမ်ဖြစ်၍ချုပ်၏၊ ထို့နောင် နိဗ္ဗာန်ကို အာရုံပြု၍ ပုထုဇဉ်၏အနွယ်ကို ဖြတ်သော <b>ဂေါတြဘူ</b> ကိစ္စနှင့် ဇော ၁-ကြိမ်ဖြစ်၍ချုပ်၏၊</p>
<p>ထို့နောင် <b>သောတာပတ္တိ မဂ်စိတ်</b>သည်</p>
<p>၁။ <b>ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ ဒုက္ခအဖြစ်ကို စင်စစ်သိမြင်ခြင်း</b>,<br>
၂။ <b>သမုဒယသစ္စာ၏ အပင်းအသင်းဖြစ်သော ဒိဋ္ဌိသမ္ပယုတ္တ တဏှာ, ဝိစိကိစ္ဆာတို့ကို ပယ်ခြင်း</b>,<br>
၃။ <b>အပါယ်ဒုက္ခမှ အပြီးတိုင်ငြိမ်းမှု ဟု ဆိုအပ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း</b>,<br>
၄။ <b>မဂ္ဂသစ္စာကို ပွားများခြင်း</b>,<br>
ဟု ဆိုအပ်သော ကိစ္စကြီး ၄-ပါးကို တစ်ပြိုင်နက် တစ်ချက်တည်း ပြီးစီးအောင် ဆောင်ရွက်လေ၏၊</p>
<p>ဤ သောတာပတ္တိမဂ်သည် <b>သမုစ္ဆေဒပဟန်</b>ဖြင့် ဒိဋ္ဌိ, ဝိစိကိစ္ဆာတို့ကိုပယ်၏၊ မဂ်ရှေ့ဇောတို့တွင် <b>အနုလုံဉာဏ်ဇော</b>သည် သင်္ခါရလျှင် အာရုံရှိသော ဝိပဿနာအရာ၌ အထွတ်အထိပ် အဆုံးစွန်ဖြစ်၏၊</p>
<p><b>ဂေါတြဘူ ဉာဏ်ဇော</b>သည် ဝုဋ္ဌာနဂါမိနီ ဝိပဿနာအရာ၌ အထွတ်အထိပ် အဆုံးစွန်ဖြစ်၏၊</p>
<p><b>ဝိထိ ပုံစံ</b>ကား<br>
ဘွင် န ဒ မ ကံ စာ နု ဂေါ မဂ် ဖိုလ်<br>
ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ</p>
<p>ဖိုလ် ဘွင်<br>
ဝဝဝ ဝဝဝ</p>
<p>ဤ သောတာပတ္တိမဂ် ဝီထိ၌ ရှေ့နောက်ဘဝင်ကို ပဉ္စဝေါကာရ တိဟိတ် ဘဝင် ၉-ခု ချ၊ မနောဒွါရာဝဇ္ဇန်း အစ အနုလုံ အဆုံးရှိသော စိတ်တို့သည် လက္ခဏာရေး ၃-ပါးတို့တွင် တစ်ပါးပါးကို အာရုံပြုကုန်၏၊ ဂေါတြဘူ, မဂ်,ဖိုလ်တို့သည် နိဗ္ဗာန်ကို အာရုံပြုကုန်၏၊ မဂ်ရှေ့ ဇောတို့ကို မဟာကုသိုလ်သမ္ပယုတ် ၄-ခုတို့တွင် တစ်ခုခုချ၊ သောတာပတ္တိမဂ်သည် ပဉ္စမစျာန်နှင့်ယှဉ်လျှင် မဟာကုသိုလ် တတိယဒွေ ချ၊ ကြွင်းသော အောက်စျာန် ၄-ပါးနှင့်ယှဉ်လျှင် ပထမဒွေ ချ၊ သောတာပတ္တိမဂ်နှင်ဖိုလ် ချ၊ တိက္ခပုဂ္ဂိုလ်ဖြစ်လျှင်ဖိုလ် ၃-ကြိမ် ချ၊ ရှေ့ ကာမဇောတွင် ကရိကံကို ချန်၊ မန္ဒပုဂ္ဂိုလ်ဖြစ်လျှင် ဖိုလ်၂-ကြိမ် ချ၊ ပရိကံကိုလည်း ထည့်။</p>
<p><b>တိက္ခပုဂ္ဂိုလ်၏ ဝီထိပုံစံ</b></p>
<p>ဘွင် န ဒ မ စာ နု ဂေါ မဂ် ဖိုလ် ဖိုလ်<br>
ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ</p>
<p>ဖိုလ် ဘွင်<br>
ဝဝဝ ဝဝဝ</p>
<p>ထို ယောဂီပုဂ္ဂိုလ်သည် ဒုက္ခိတသတ္တဝါ သံသရာခရီးသမား ပုထုဇဉ်အလားမှ ကျွတ်လွတ်ထမြောက်၍ အရိယနွယ်ဝင် နိဗ္ဗာန်သခင် အဖြစ်သို့ရောက်လေ၏၊</p>
<p>ထိုပထမအဆင့် မဂ်လမ်းပွင့်ပြီးသောပုဂ္ဂုလ်သည် အရှင်းသတ် ဒိဋ္ဌိ, ဝိစိကိစ္ဆာကို ပယ်ပြီးဖြစ်၍ နောက် အပါယ်သို့ သွားရဦးမည်လောဟု တွေးတောကြောက်လန့်ဖွယ်သောဘေး, ရုပ်နာမ်ခန္ဓာတို့ကို ငါပင် ငါပဲဟ့ ထင်စွဲလိမ့်သောဘေး, ရတနာ၃-ပါး၌ ယုံမှားလိမ့်သော ဘေးတိုမှ အေးအေးသာသာ တစ်ခါတည်း လွတ်ရ၏၊ အကယ်၍ တစ်ဘဝတည်း နိဗ္ဗာန်သို့ မပေါက်ခဲ့သေးလျှင် အထွတ်အမြတ်ဖြစ်သော ဘုံဘဝတို့၌သာ ဝိသာခါ, အနာထပိဏ်တို့ကဲ့သို့ မြိန်မြိန်ကြီး ပျော်ပါး အငြိမ်းစားပင်စင် ရ၍ ၇-ဘဝထက် မလွန်ရဘဲ နိဗ္ဗာန်မြိုက်ပန်းကို ချွေလှမ်းပန်ဆင်ရ<br>
လေတော့သတည်း။</p>
<p>မဂ်ပေါက်သောအခါ တစ်ဆင့်တစ်တန်း အသိဉာဏ်ကိစ္စ စင်ကြယ်ပြီးစီးပြီ ဖြစ်၍ <b>ဉာဏဒဿနဝိသုဒ္ဓိ</b> ပေါက်၏၊ ဆိုခဲ့ပြီးသော ဥဒယဗ္ဗယ-စသော ဝိပဿနာဉာဏ်အစဉ်မှာ တစ်ဆင့်ထက်တစ်ဆင့် ရင့်ရင့်ကြီး ထူးခြားစွာ ရေးသားပြဆိုခဲ့သော်လည်း အလုပ်စခန်းမှာ ဥဒယဗ္ဗယဉာဏ် ကောင်းကောင်းပေါက်လျှင် ရုပ်နာမ်တရားတို့၏ ပဋိစ္စသမုပ္ပါဒ် နည်းစံနစ်အတိုင်း အကြောင်းအကျိုးတွဲစပ် ကျေးဇူပြုကြ ပုံကို မြင်လျှင်လည်း ဥဒယဗ္ဗယဉာဏ် အလွန်လွယ်လှတော့၏၊ ပထမမဂ်ကို ရပြီးသော ပုဂ္ဂိုလ်သည် သဒ္ဒါစွမ်း, ဝီရိယစွမ်း, ပညာစွမ်း ရှိသလောက် အထက်အဂ် ၃-ပါးသို့ အလျင်နှင့်အနှေး ပေါက်ရောက်<br>
လေတော့သည်၊ ဟိမဝန္တာမှ စီးဆင်း လာသော ဂင်္ဂါရေသည် သမုဒ္ဒရာသို့ အတွင်စီးသကဲ့သို့ ပထမအရိယာလည်း နိဗ္ဗာန်သမုဒ္ဒရာသို့သာ စီးလေ<br>
တော့၏၊</p>
<p><b>ဆောင်ပုဒ်သံခိပ်။ ။</b>လွတ်လိုလှ၍၊ လွတ်ရတဲ့ငှါ၊ ဘာဝနာ-၄၀၊ အကျာယ်ဖြန့်ချိ၊ အားတိုက်ဖိ၊ ပဋိသင်္ခါဉာဏ်။</p>
<p>(ဘာဝနာ ၄၀-ဆိုသည်ကား <b>တော ၄၀</b>-ပင်တည်း။)</p>
<hr>
<h3><b>ဘာဝနာ ၄၀-ဆောင်ပုဒ်</b></h3>
<p>ခန္ဓာ ၅-ပါး ခန္ဓာ၊ ခန္ဓာတို့သည်။</p>
<p>၁။ <b>ရူပက္ခန္ခော</b>၊ ရုပ်အစုဟူသော ရူပက္ခန္ဓာလည်းကောင်း။<br>
၂။ <b>ဝေဒနာက္ခန္ဓော</b>၊ ခံစားမှုအစုဟူသော ဝေဒနာက္ခန္ဓာလည်း ကောင်း။<br>
၃။ <b>သညာက္ခန္ဓော</b>၊ အမှတ်ပြု၍ သိမှုအစုဟူသော သညာက္ခန္ဓာ လည်းကောင်း။<br>
၄။ <b>သင်္ခါရက္ခန္ဓော</b>၊ စိတ်၏ စေ့ဆော်မှု, ပြုပြင်မှုအစုဟူသော သင်္ခါရက္ခန္ဓာလည်းကောင်း။<br>
၅။ <b>ဝိညာဏက္ခန္ဓော</b>၊ အာရုံကို ထွေထွေ ထူးထူး သိမှုအစု ဟူသော ဝိညာဏက္ခန္ဓာလည်းကောင်း။<br>
ဣမေ၊ ဤသည်တို့ကား။ <b>ပဉ္စက္ခန္ဓာ</b>၊ ၅-ပါးသော ခန္ဓာတို့တည်း။</p>
<p><b>အနိစ္စလက္ခဏာ ၁၀-ပါး</b></p>
<p>ဣမေ ပဉ္စက္ခန္ဓာ၊ ဤ ၅-ပါးသော ခန္ဓာတို့သည်။</p>
<p>၁။ <b>အနိစ္စာ</b>၊ မြဲခြင်းသဘော မရှိကုန်။<br>
၂။ <b>အဓုဝါ</b>၊ ခိုင်မာခြင်းသဘော မရှိကုန်။<br>
၃။ <b>အသာရာ</b>၊ အနှစ်သာရ မရှိကုန်။<br>
၄။ <b>စလာ</b>၊ ရွေ့ရှားတတ်ကုန်၏<br>
၅။ <b>ပလောကဓမ္မာ</b>၊ ပျက်စီးခြင်းသဘော ရှိကုန်၏၊<br>
၆။ <b>ဝိပရိဏာမဓမ္မာ</b>၊ ဖောက်ပြန်ခြင်းသဘော ရှိကုန်၏၊<br>
ရ။ <b>မရဏဓမ္မာ</b>၊ သေဆုံးခြင်းသဘော ရှိကုန်၏၊<br>
၈။ <b>ဝိဘဝဓမ္မာ</b>၊ ဆုံးရှုံးခြင်းသဘော ရှိကုန်၏၊<br>
၉။ <b>သင်္ခါတာ</b>၊ အဖန်ဖန် ပြုပြင်အပ်ကုန်၏၊<br>
၁၀။ <b>ပဘင်္ဂုနော</b>၊ ဖရိုဖရဲ ပြိုကွဲခြင်းသသော ရှိကုန်၏၊<br>
<b>အနိစ္စံ</b>၊ အနိစ္စလက္ခဏာ ၁၀-ပါးတည်း။</p>
<p><b>ဒုက္ခလက္ခဏာ ၂၅-ပါး</b></p>
<p>ဣမေ ပဉ္စက္ခန္ဓာ၊ ဤ ၅-ပါးသော ခန္ဓာတို့သည်။</p>
<p>၁။ <b>ဒုက္ခာ</b>၊ ယုတ်မာညစ်ဆိုးဒုက္ခမျိုးတို့သာတည်း။<br>
၂။ <b>ဘယာ</b>၊ ကြောက်ဖွယ်ညစ်ဆိုးဘေးရန်မျိုးတို့သာတည်း။<br>
၃။ <b>ဤတိ</b>၊ ထိတ်လန့်သဖွယ် အန္တရာယ်မျိုးတို့သာတည်း။<br>
၄။ <b>ဥပဒ္ဒဝါ</b>၊ လွန်စွာကပ်ရပ်နှိပ်စက်တတ်သော၊ ဥပဒ်မျိုး တို့သာတည်း။<br>
၅။ <b>ဥပသဂ္ဂါ</b>၊ တွယ်တာစွဲကပ် နှိပ်စက်တတ်သော ဥပဒ်မျိုး တို့သာတည်း။<br>
၆။ <b>ရောဂါ</b>၊ ကြင်နာညစ်ဆိုး ရောဂါမျိုးတို့သာတည်း။<br>
၇။ <b>အာဗာဓာ</b>၊ နှိပ်စက်ညစ်ဆိုး အနာမျိုးတို့သာတည်း။<br>
၈။ <b>ဂဏ္ဍာ</b>၊ မဖွယ်ရုပ်ဆင်း ထွတ်မြင်းအနာမျိုးတို့သာတည်း။<br>
၉။ <b>သလ္လာ</b>၊ စူးဝင်ညစ်ဆိုးမြားငြောင့်မျိုးတို့သာတည်း။<br>
၁၀။ <b>အဃာ</b>၊ အကျိုးယုတ် အကျိုးမဲ့မျိုးတို့သာတည်း။<br>
၁၁။ <b>အတာဏာ</b>၊ စောင့်ရှောက်မဲ့လျဉ်း ဘေး၏အသင်း တို့သာတည်း။<br>
၁၂။ <b>အလေဏာ</b>၊ ကွယ်ကာမဲ့လျဉ်း ဘေး၏ အသင်းတို့သာ တည်း။<br>
၁၃။ <b>အသရဏာ</b>၊ ကိုးရာမဲ့လျဉ်း ဘေး၏ အသင်းတို့သာတည်း။<br>
၁၄။ <b>အာဒီနဝါ</b>၊ ဆိုးဝါးညစ်ကျု အပြစ်စုတို့သာတည်း။<br>
၁၅။ <b>အဃမူလာ</b>၊ ကျိုးမဲ့ခပင်း ဆင်းရဲခြင်း၏ အရင်းအမြစ်တို့ သာတည်း။<br>
၁၆။ <b>ဝဓကာ</b>၊ လူ, နတ်,ဗြဟ္မာ သတ္တဝါကို နာရီမလပ် အတွင် သတ်သည့် လူသတ်မျိုးရိုးတို့သာတည်း။<br>
၁၇။ <b>သာသဝါ</b>၊ အာသဝေါတရား ၄-ပါးတို့၏ အစီးအပွါးတို့ သာတည်း။<br>
၁၈။ <b>မာရာမိသာ</b>၊ ကိလေသာမာရ် မစ္စုမာရ်တို့၏ စားဖတ်, ဝါးဖတ်သုံးသပ်နင်းနယ်ရာတို့သာတည်း။<br>
၁၉။ <b>ဇာတိဓမ္မာ</b>၊ သတ္တဝါကို မညှာမငဲ့ အရွဲ့အစောင်း မကောင်း ဆိုးညစ်ဖြစ်ချင်တိုင်းဖြစ်တတ်သော သဘောရှိကုန်၏၊<br>
၂၀။ <b>ဇရာဓမ္မာ</b>၊ ဆုတ်ယုတ်လျော့ပါးခြင်း သဘောရှိကုန်၏၊<br>
၂၁။ <b>ဗျာဓိဓမ္မာ</b>၊ နာခြင်းသဘောရှိကုန်၏၊<br>
၂၂။ <b>သောကဓမ္မာ</b>၊ စိုးရိမ်ပူပန်ရခြင်း သဘောရှိကုန်၏၊<br>
၂၃။ <b>ပရိဒေဝဓမ္မာ</b>၊ ငိုကြွေးမြည်တမ်းရခြင်း သဘောရှိကုန်၏၊<br>
၂၄။ <b>ဥပါယာသဓမ္မာ</b>၊ သက်ကြီးရှိုက်ငင် ပင်ပန်းရခြင်း သဘောရှိကုန်၏၊<br>
၂၅။ <b>သံကိလေသိကဓမ္မာ</b>၊ တဏှာ, ဒိဋ္ဌိ, ဒုစ္စရိတ-တည်းဟူသော ညစ်နွမ်းခြင်း ၃-ပါးကို ပွားစီးစေတတ်သော သဘောရှိကုန်၏၊<br>
<b>ဒုက္ခံ</b>၊ ဒုက္ခလက္ခဏာ ၂၅-ပါးတည်း။</p>
<hr>
<h3><b>အနတ္တလက္ခဏာ ၅-ပါး</b></h3>
<p>ဣမေ ပဉ္စက္ခန္ဓာ၊ ဤ ၅-ပါးသော ခန္ဓာတို့သည်။<br>
၁။ <b>အနတ္တာ</b>၊ ကိုယ်မဟုတ်ကုန်၊ အစိုးမရကုန်၊ အလိုသို့ မလိုက်ကုန်။<br>
၂။ <b>ပရေ</b>၊ အကျွမ်းဝင်ခြင်း အမြဲကင်းသော သူစိမ်းပြင်ပ တို့သာတည်း။<br>
၃။ <b>ရိတ္တာ</b>၊ အနှစ်သာရ ဟူသမျှနှင့် မြူစမယှဉ် အစဉ်ဆိတ် ကင်းသော တရားတို့သာတည်း။<br>
၄။ <b>တုစ္ဆာ</b>၊ ကောင်းမြတ်ချမ်းသာ မင်္ဂလာသုခ ဟူသမျှနှင့် မြူစမနီး အချီးနှီးသော တရားတို့သာတည်း။<br>
၅။ <b>သုညာ</b>၊ ထောက်ရာတည်ရာ ကိုးကွယ်ရာမျိုး တစ်စိုးတစ်စိ မရှိလုံးလုံး အသုံးမကျသော တရားတို့သာတည်း။<br>
<b>အနတ္တာ</b>၊ အနတ္တလက္ခဏာ ၅-ပါးတည်း။</p>
<p>(က) <b>အနိစ္စလက္ခဏာ ၁၀-ပါး</b>။<br>
(ခ) <b>ဒုက္ခလက္ခဏာ ၂၅-ပါး</b>။<br>
(ဂ) <b>အနတ္တလက္ခဏာ ၅-ပါး</b>။<br>
ပေါင်း<b>ဘာဝနာ ၄၀</b>-ဖြစ်၏၊</p>
<p><b>ဘာဝနာ ၄၀-ဆောင်ပုဒ် ပြီး၏၊</b></p>
<hr>
<h3>ဝိမောက္ခ ၃-ပါး</h3>
<p>၁။ <b>အနိမိတ္တ ဝိမောက္ခ။</b></p>
<p>၂။ <b>အပ္ပဏီဟိတ ဝိမောက္ခ။</b></p>
<p>၃။ <b>သုညတ ဝိမောက္ခ။</b></p>
<p><b>ဆောင်ပုဒ်သံခိပ်။</b> ။ဝိမောက္ခနက်၊ ကျွတ်လွတ်ချက်၊ ဖိုလ်မဂ်မည် သညာ။</p>
<p>ဝိမောက္ခကား ကျွတ်လွတ်ခြင်း အနက်တည်း၊ သံသရာနယ် တစ်ခွင်မှ အစဉ်သဖြင့် ကျွတ်လွတ် တတ်သော အနက်သဘောကြောင့် မဂ် ၄-ပါး, ဖိုလ် ၄-ပါးသည် ဝိမောက္ခမည်၏၊</p>
<h3>ဝိမောက္ခ မုခ ၃-ပါး</h3>
<p>၁။ <b>အနိမိတ္တာနုပဿနာဉာဏ်။</b></p>
<p>၂။ <b>အပ္ပဏိဟိတာနုပဿနာဉာဏ်။</b></p>
<p>၃။ <b>သုညတာနုပဿနာဉာဏ်။</b></p>
<p><b>ဆောင်ပုဒ်သံခိပ်။</b> ။ဝိမောက်-မုခ၊ တံခါးဝ၊ အရ လက္ခဏာ။</p>
<h3>ဝိမောက္ခ မုခ ၃-ပါး အထူး</h3>
<p>၁။ <b>အနိစ္စာနုပဿနာဉာဏ်။</b></p>
<p>၂။ <b>ဒုက္ခာနုပဿနာဉာဏ်။</b></p>
<p>၃။ <b>အနတ္တာနုပဿနာဉာဏ်။</b></p>
<p>ဝိမောက္ခမုခ-ကား မဂ်၏တံခါးဝ, ဖိုလ်၏တံခါးဝတည်း၊ အရ မူကား လက္ခဏာရေး ၃-ပါးတည်း၊ အနုလောမဉာဏ် ၃-ပါးဆို လိုသည်။</p>
<p><b>ဆောင်ပုဒ်သံခိပ်။</b> ။ဝုဋ္ဌာနဂါမိနိ၊ ဉာဏ်ဆိုက်ဘိ၊ ဝိမုနယ်အပါ။</p>
<p>ဝိပဿနာဉာဏ် ၁၀-ပါးတို့တွင် အဆုံးဖြစ်သော ဝုဋ္ဌာနဂါမိနီ အမည်ရှိသော သင်္ခါရုပေက္ခာဉာဏ်, အနုလောမဉာဏ် ၂-ပါးသို့ ဆိုက်ရောက်သောအနုပဿနာဉာဏ် ၃-ပါးသည် မဂ်တံခါးဝမည်သော ဝိမောက္ခမုခ နယ်တွင်းသို့ ပါဝင်ပြီ-ဟူလို။</p>
<p><b>ဆောင်ပုဒ်သံခိပ်။</b> ။အနိမိတ္တ၊ အနိစ္စ၊ ဒုက္ခ ပဏိဟိတာ။<br>အနတ္တမူ၊ သုညဟူ၊ သုံးဆူ နုပဿနာ။</p>
<p>၁။ အနိစ္စာနုပဿနာဉာဏ်သည် <b>အနိမိတ္တာနုပဿနာ</b>-မည်၏၊</p>
<p>၂။ ဒုက္ခာနုပဿနာဉာဏ်သည် <b>အပ္ပဏိဟိနုပဿနာ</b>-မည်၏၊</p>
<p>၃။ အနတ္တာနုပဿနာဉာဏ်သည် <b>သုညတာနုပဿနာ</b>-မည်၏၊</p>
<p><b>ဆောင်ပုဒ်သံခိပ်။</b> ။ပုဂ္ဂိုလ်, သတ္တဝါ၊ အင်္ဂါကြီးငယ်၊ ဆန်းတကြယ်၊ မှတ်ဖွယ်နိမိတ္တာ။</p>
<p>ပုဂ္ဂိုလ်, သတ္တဝါသည် <b>နိမိတ်</b>မည်၏၊ ဦးခေါင်း, ခြေ, လက် စသောအင်္ဂါကြီးစုသည်လည်း <b>နိမိတ်</b>မည်၏၊ မျက်လုံးနား, နှာခေါင်း, ခံတွင်း, နှုတ်ခမ်း, လျှာ, သွား-စသော အင်္ဂါငယ်စု၊ ဆံပင်, မွေးညင်း, ခြေသည်း, လက်သည်း-စသော ၃၂-ပါးသော ကောဋ္ဌာသ-စုသည်လည်း <b>နိမိတ်</b>မည်၏၊</p>
<p><b>ဆောင်ပုဒ်သံခိပ်။</b> ။အကုန်နိမိတ်၊ ပျောက်အောင်ကြိတ်၊ အနိမိတ္တ သာ။</p>
<p>သတ္တဝါတို့၏စိတ်တွင် ဒြဗ်သဏ္ဌာန်နှင့် ကြောင်ကြောင် ထင် မြင်၍ နေကြသော ထိုနိမိတ်တရားတွေကို သဘာဝဉာဏ်, အနိစ္စဉာဏ် နှင့်အဖန်ဖန်ကြိတ်နယ်၍ကွယ်ပျောက်စေနိုင်သော ဉာဏ်ဖြစ်သော ကြောင့် အနိစ္စာနုပဿနာဉာဏ်ကို <b>အနိမတ္တဉာဏ်</b> ဆိုသည်။</p>
<p><b>ဆောင်ပုဒ်သံခိပ်။</b> ။ အတင့်အတယ်၊ အဖွယ်အရာ၊ မင်္ဂလာသုဘ၊ သုခ ဣဋ္ဌ၊ ထင်သမျှ၊ မှတ်ကြ ပဏိဟိတာ။</p>
<p>လူ့လောက,နတ်လောက, ဗြဟ္မာ့လောက, အဇ္ဈတ္တ, ဗဟိဒ္ဓ, တေဘူမက ဓမ္မတို့၏အတွင်း၌ နှစ်သက်ဖွယ် မြတ်နိုးဖွယ် တင့်တယ် ကောင်းမြတ်သည်ကိုတွေ့ရှိထင်မြင်၍ နေကြသောအရာသည် <b>ပဏိဟိတ</b>-မည်၏၊ ထိုပဏိဟိတ-တွေကိုဘေးဘယအစု ထင်အောင် ရှုသောဉာဏ်ဖြစ်၍ ဒုက္ခာနုပဿနာဉာဏ်ကို <b>အပ္ပဏိဟိတဉာဏ်</b> မည်၏၊</p>
<p><b>ဆောင်ပုဒ်သံခိပ်။</b> ။နတ်, လူ,ဗြဟ္မာ၊ ငါ,သူတစ်ပါး၊ ယောကျ်ား, မိန်းမ၊ ပုဂ္ဂလနှင့်၊ စိုးရပိုင်နိုင်၊ ခံ့ခိုင်မြင့်ရှည်၊ သက်ဆုံးတည်ဟု၊ အားစည်သမျှ၊ အနန္တ၊ အတ္တ, ဇီဝသာ။<br>အတ္တ,ဇီဝေ၊ ပျောက်ကင်းစေ၊ မှတ်လေ သုညတာ။</p>
<p>ပစ္စည်း ပစ္စယုပ္ပန္နဓမ္မအစု, သင်္ခါရအစုမျှသာ ဖြစ်သည်ကိုလည်း ကောင်း, ခဏချင်း ခဏချင်း ချုပ်ကွယ် သေဆုံး၍ နေမှုကိုလည်းကောင်း, ရှုမြင်သဖြင့် ထိုအတ္တ ဇီဝ အထင်အမြင်ကို ပျောက်ကွယ်စေတတ်သော ဉာဏ်ဖြစ်၍ အနိစ္စာနုပဿနာဉာဏ်ကို <b>သုညတဉာဏ်</b>-ဆိုသည်။</p>
<p>ဝိမောက္ခ မခု ၃-ပါးအထူးပြီးပြီ။</p>
---
<h3>ဝိမောက္ခ အပြား</h3>
<p><b>ဆောင်ပုဒ်သံခိပ်။</b>။သူ့တံခါးမှ၊ ပေါက်ရောက်က၊ မောက္ခ သူ့မဂ်သာ။</p>
<p>မဂ်သို့ဝင်ရောက်ရန် အနုပဿနာဉာဏ် တံခါး ၃-ပေါက်ရှိ သည်တွင်</p>
<p>၁။ အနိစ္စနုပဿနာ ဉာဏ်ပေါက်မှ ဝင်ရောင်ရရှိသော မဂ် သည် <b>အနိမိတ္တ</b> နည်၏၊</p>
<p>၂။ ဒုက္ခာနုပဿနာ ဉာဏ်ပေါက်မှ ဝင်ရောက်ရရှိသော မဂ် သည် <b>အပ္ပဏိဟိတ</b>-မဂ်မည်၏၊</p>
<p>၃။ အနတ္တာနုပဿနာဉာဏ်ပေါက်မှ ဝင်ရောက်ရရှိသော မဂ်သည် <b>သုညတမဂ်</b>မည်၏၊</p>
<p>ဤသို့ ရောက်ကြောင်းဟူသော ဝီပဿနာ အာဂမမုခ-ကို အစွဲပြု၍ မဂ်သည်အမည် ၃-ပါးတွင် တစ်ပါးပါးကိုရ၏၊ မဂ္ဂဝီထိ၌ကျသော ဖိုလ်သည်လည်း မဂ်ကိုအစွဲပြု၍ မိမိမဂ်ရသော အမည်ကိုရ၏၊ ဖလ သမာပတ္တိ ဝီထိ၌ ကျသောဖိုလ်သည်ကား သူ့ဝိပဿနာကို အစွဲပြု၍ အနိမိတ္တ-စသော အမည်သုံးပါးတွင် တစ်ပါးပါးကို ရ၏၊</p>
<p>(ဤကား <b>အာဂမမုခ</b>-၏ အစွမ်းဖြင့် မဂ်ဖိုလ်တို့၌ အမည် ၃-ပါး ဖြစ်ပုံတည်း။)</p>
<p>တစ်နည်း။ ။ နိဗ္ဗာန်သည် အမည် ၃-ပါးကို ရ၏၊ မဂ်ဖိုလ် တို့သည် ထိုနိဗ္ဗာန်ကို အာရုံပြုသောကြောင့် အာရုံကိုအစွဲပြု၍ အမည် ၃-ပါးလုံးကို အကုန်ရကြ၏၊</p>
<p>တစ်နည်း။။ ရာဂ, ဒေါသ, မောဟ ၃-ပါးသသည် <b>နိမိတ္တ</b>လည်း မည်၏၊ <b>ပဏိဓိ</b>-လည်း မည်၏၊ အလုံးစုံသော မဂ်ဖိုလ်တို့သည် ထိုနိမိတ္တဓမ္မ, ပဏိဓိဓမ္မ-တို့၏ အာရုံအဖြစ်မှ လွတ်ကုန်၏၊ ထိုဓမ္မတို့မှ ဆိတ်ကင်းကုန်၏၊ ထို့ကြောင့် အလုံးစုံသော မဂ်ဖိုလ်တို့သည် မိမိတို့၏ ပကတိသဘောကို အစွဲပြု၍လည်း ၃-ပါးသော အမည်တို့ကိုလည်း ရကြကုန်၏၊</p>
<p>သဗ္ဗညုဘုရားရှင်တို့၏ အဆုံးအမတည်းဟူသော သာသနာ တော်၌ ဤဝိမောက္ခတို့ဖြင့် ကျွတ်လွတ်ကြကုန်သော ပုဂ္ဂိုလ်တို့သည်</p>
<p>၁။ <b>သဒ္ဓါနုသာရီ ပုဂ္ဂိုလ်</b>,</p>
<p>၂။ <b>သဒ္ဓါဓိမုတ္တ ပုဂ္ဂိုလ်</b>,</p>
<p>၃။ <b>ကာယသိက္ခိ ပုဂ္ဂိုလ်</b>,</p>
<p>၄။ <b>ဓမ္မာနုသာရီ ပုဂ္ဂိုလ်</b>,</p>
<p>၅။ <b>ဒိဋ္ဌိပတ္တ ပုဂ္ဂိုလ်</b>,</p>
<p>၆။ <b>ပညာဝိမုတ္တပုဂ္ဂိုလ်</b>,</p>
<p>၇။ <b>ဥဘတောဘာဂဝိမုတ္တိ ပုဂ္ဂိုလ်</b>,</p>
<p>ဟူ၍ <b>ပုဂ္ဂိုလ် ၇-မျိုး</b> ရှိကုန်၏၊</p>
<p>ဝိမောက္ခ အပြားပြီး၏၊</p>
<h3>သမာပတ် အပြား</h3>
<p>ခပ်သိမ်းသော ဖလဋ္ဌပုဂ္ဂိုလ်တို့သည် မိမိတို့၏ဖိုလ်ကို မိမိတို့ အသီးအသီး ဝင်စားနိုင်ကြကုန်၏၊ မဝင်စားနိုင်သူ-ဟူ၍ မရှိကြကုန်၊ ထို့ကြောင့် ဖလသမာပတ်မည်သည် ခပ်သိမ်းသော ဖလဋ္ဌပုဂ္ဂိုလ်တို့နှင့် ဆက်ဆံ၏၊</p>
<p>(ဤကား <b>ဖလသမာပတ် ၄-ပါး</b>တည်း)</p>
<h3>ဒိဋ္ဌဓမ္မ နိဗ္ဗာန်</h3>
<p><b>ဒိဋ္ဌဓမ္မနိဗ္ဗာန်</b>ဟုဆိုအပ်သော <b>နိရောဓသမာပတ်</b>သည်မူကား လောကီစျာန်သမာပတ် ၈-ပါး, ၉-ပါးကို အကုန်ရရှိ၍နေသော ကာမ, ရူပ-အနာဂါမ်, ရဟန္တာ-ပုဂ္ဂိုလ်တို့သည်သာလျှင် ဝင်စားနိုင်ကုန်၏၊</p>
<p>ဝင်စားပုံကား - ရူပ ပထမစျာန် သမာပတ်ကို ရှေးဦးစွာ ဝင်စား၏၊ ထိုမှထ၍ ထိုပထမစျာန် သမာပတ် အတွင်း၌ရှိသော ရုပ်နာမ်တရားတို့ကို လက္ခဏာရေးတင်ရှု၏၊ စျာန်ဝင်စားမှုကား သမထ အလုပ်တည်း၊ လက္ခဏာရေး တင်မှုကား ဝိပဿနာ အလုပ်တည်း။</p>
<p>ဤနည်းအတူ ဒုတိယစျာန်သမာပတ်, တတိယစျာန်သမာပတ်, စတုတ္တစျာန်သမာပတ်, ပဉ္စမစျာန် သမာပတ်, အာကာသာနဉ္စာယတန သမာပတ်, ဝိညာဏဉ္စယတန သမာပတ်, အာကိဉ္စညာယတန သမာပတ်တို့ကိုလည်း အစဉ်အတိုင်း ဝင်စား၍ သွား၏၊ အာကိဉ္စညာယတန သမာပတ်မှထပြီိးသည်၏ အခြားမဲ့၌ ပုဗ္ဗကိစ္စ ၄-ပါးကို ပြုပြီးလျှင် နေဝသညာနာသညာယတန သမာပတ်ကို ဝင်စား၏၊ အနာဂါမ်ပုဂ္ဂိုလ် အား နေဝသညာ ကုသိုလ်ဇော ၂-ကြိမ်, ရဟန္တာ ပုဂ္ဂိုလ်အား နေဝသညာ ကြိယာဇော ၂-ကြိမ်ကျပြီးလျှင် စိတ်အစဉ် ချုပ်ပြတ်ခြင်းဟူသော <b>နိရောဓသမာပတ်</b>သို့ ရောက်လေ၏၊ စိတ်မရှိဘဲ ၇-ရက် ၆-ရက် စသည် တည်နေပြီး နောက် ထိုသမာပတ်မှ ထလိုသော် ရှေးဦးစွာ အနာဂါမ် ပုဂ္ဂိုလ်အား အနာဂါမိဖိုလ်, ရဟန္တာပုဂ္ဂိုလ်အား အရဟတ္တဖိုလ် တစ်ကြိမ် ဖြစ်ပေါ်၍ ဘဝင်ကျလေ၏၊</p>
<p>သမာပတ်အပြား ပြီး၏၊</p>
<p>(ဤတွင်ရွေ့ကား ဒိဋ္ဌိဝိသုဒ္ဓိ, ကင်္ခါဝိကရဏဝိသုဒ္ဓိ, မဂ္ဂါမဂ္ဂဉာဏ ဒဿနဝိသုဒ္ဓိ, ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ, ဉာဏဒဿနဝိသုဒ္ဓိ-ဟူ၍ ဝိသုဒ္ဓိဘေဒ-အားဖြင့် ၅-ပါးအပြားရှိသော <b>အဓိပညာ သာသနာတော်မြတ်ကြီး</b> အပြီးတိုင် အစီအရင် အကျဉ်းချုပ်ပြီး၏၊ ရှေ့၌ပြဆိုခဲ့ပြီး သော အဓိသီလသိက္ခာ သာသနာ, အဓိစိတ္တသိက္ခာ သာသနာ ၂-ပါးနှင့် ပေါင်း သည်ရှိသော် <b>သာသနာတော်မြတ်ကြီး ၃-ပါး, ဝိသုဒ္ဓိကြီး ၇-ပါး</b>ဖြစ်၏၊)</p>
<p>ဝိသုဒ္ဓိ ၇-ပါး ပြီး၏၊</p>
---
<h3>အဋ္ဌကထာကြီးများ မိန့်ဆိုချက်</h3>
<p><b>ဆောင်ပုဒ်သံခိပ်။</b>။ ပိဋကတ် ၂-ပုံ၊ အကျဉ်းချုံ၊ နှုတ်ငုံသူတို့မှာ။</p>
<p>စိတ်ပိုင်း, စေတသိက်ပိုင်း, ပကိဏ်းပိုင်း, ဝီထိပိုင်း, ရုပ်ပိုင်း, ပစ္စည်းပိုင်း-ပေတည်း၊ ဘုံပိုင်း, သမုစ္စည်းပိုင်း, ကမဋ္ဌာန်းပိုင်းတို့သည် သုတ္တန်ပိဋကတ်ကိုလည်း အကျဉ်းချုံးသော အပိုင်းတို့ပေတည်း၊ ၉- ပိုင်းလုံးကို သိမ်းကျုံး မိသော သူတို့သည် အကျဉ်းချုပ်အားဖြင့် <b>ပိဋကတ် ၂-ပုံ</b>ကို နှုတ်ငုံသိမ်းပိုက်မိကြကုန်၏၊</p>
<p>ထိုသူတို့သည် ဤဘဝမှာပင် အကျွတ်တရားရနိုင်ရန် ဓမ္မ အဆောက်အအုံနှင့် ပြည့်စုံကြကုန်၏၊ ဤဘဝ၌ အကျွတ်တရား မရရှိခဲ့ လျှင် နတ်ပြည်၌ ကျွတ်ကြကုန်လတ္တံ၊ ဤသာသနာမှ ကျန်ရှိကြ သော သူတို့သည် သာသနာပ နောက်ကာလ၌ ပစ္စေကဗုဒ္ဓါဖြစ်၍ ကျွတ်ကြ ကုန်လတ္တံ့၊ ကျန်ရှိသော သူတို့သည် နောက်ဘုရား သာသနာ၌ ပညာ ဧတဒဂ်, အဘိညာဧတဒဂ် ထက်မြက်သီးသီး အကျော်အမော်ကြီး ဖြစ်ကြ၍ ကျွတ်ကြကုန်လတ္တံ့။</p>
<p>(ဤကား ဂတပစ္စာဂတ ဝတ်၌လာသော အဋ္ဌကထာကြီးများ မိန့်ဆိုချက်ပေတည်း။)</p>
<p>အဓိပညာသာသနာကို ပြဆိုခန်းပြီး၏၊</p>
----------
<h3>၁၄-နိဗ္ဗာန်ကို ပြဆိုခန်း</h3>
<h3>(က) နိဗ္ဗာန်၏ အေးငြိမ်းသောသဘော</h3>
<p><b>ဆောင်ပုဒ်သံခိပ်။</b>။ဒုက္ခခပ်သိမ်း၊ ချုပ်ပြတ်ငြိမ်း၊ ဇာတ်သိမ်း ပြည်နိဗ္ဗာန်။</p>
<p>ဇာတိချုပ်ငြိမ်းသည်ကို <b>ဇာတ်သိမ်း</b>ဆိုသည်၊ လွန်ခဲ့ပြီးသော အနမတဂ္ဂသံသရာ ကမ္ဘာအဆက်ဆက် ဘဝအဆက်ဆက် ဇာတ်ထွက်၍ လာခဲ့သော ကိလေသာတို့၏ အဖြစ်ငြိမ်းမှု, ဇာတ်သိမ်းမှု, ပုညာ-ပုည သင်္ခါရဟူသော ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အဖြစ်ငြိမ်းမှု, ဇာတ်သိမ်း မှု, ပဋိသန္တေပဝတ္တိဝိပါတ် ရုပ်နာမ်ခန္ဓာတို့၏ အဖြစ်ငြိမ်းမှု, ဇာတ်သိမ်းမှုကို <b>နိဗ္ဗာန်</b>ဆိုသည်-ဟူလို။</p>
<h3>(ခ) အပူနှစ်မျိုး</h3>
<p>ပုထုဇဉ်တို့၏ သန္တန်၌ အဝီစိ-အစရှိသော အပါယ်ဘဝသို့ ပစ်ချရန် အစဉ်ပါရှိ၍နေကုန်သော အကုသိုလ် ကံဟောင်းတို့သည် တစ်ယောက်တစ်ယောက်သောသူမှာပင် အသင်္ချေယျအနန္တ ရှိကြလေ ကုန်၏၊ လူမင်း, နတ်မင်း, ဗြဟ္မာမင်းကြီးပင် ဖြစ်၍နေကြကုန်သော် လည်း စိတ်နှလုံးအတွင်းမှာ အစဉ်ပါရှိ၍ နေကြကုန်သော ထိုအကုသိုလ် ကံဟောင်းတို့အတွက် <b>အပူကောင်ကြီးတွေ</b> သက်သက်သာတည်း။</p>
<p>(ဤကား ကံဟောင်းတွေအတွက်နှင့် အပူကောင်တွေဖြစ်၍ နေကြပုံတည်း။)</p>
<p>ထိုပုထုဇဉ်တို့၏ သန္တန်၌ ရှေ့သို့လည်း ဒုစရိုက်အကုသိုလ် အနန္တတို့သည် ဖြစ်ပွားကြကုန်လတ္တံ့သာတည်း၊ လူမင်း, နတ်မင်း, ဗြဟ္မာမင်းပင်ဖြစ်၍ နေကြကုန်သော်လည်း ရှေ့သို့ ပြုလတ္တံ့ကုန်သော ထိုဒုစရိုက် အကုသိုလ် ကံသစ်တို့အတွက် <b>အပူကောင်ကြီးတွေ</b> သက် သက်သာတည်း။</p>
<p>(ဤကား ကံသစ်တွေအတွက်နှင့် အပူကောင်တွေဖြစ်၍ နေကြပုံတည်း။)</p>
<h3>(ဂ) အပူမှ နိဗ္ဗာန်၏ အေးငြိမ်းပုံ</h3>
<p>သောတာပတ္တိမဂ်သို့ရောက်သောအခါ ထိုအတိတ်ကံ အနန္တတို့ သည် အကုန်ချုပ်ငြိမ်းလေကုန်၏၊ ထိုအနာဂတ်ကံ အနန္တတို့သည် အကုန်ဇာတ်သိမ်းကုန်၏၊ အပ္ပါယ်သံသရာကြီးသည်လည်း ထိုသူတို့ သန္တာန်မှာ အကုန်ဇာတ်သိမ်းလေကုန်၏၊ ဤချုပ်ငြိမ်းမှု, ဇာတ်သိမ်းမှုသည် သောတာပန်သို့ ရောက်ကြ, ရကြ, ခံစံကြသော <b>နိဗ္ဗာန်ကြီး</b>ပေတည်း၊ ထိုသောတာပန်တို့သည် လူ့ဘုံ, နတ်ဘုံ, ဗြဟ္မာဘုံတို့မှာ ဘဝအဆက် ဆက် ကမ္ဘာအဆက်ဆက် ကျင်လည်၍ နေကြရာ ပုထုဇဉ်အပူကောင် တွေကို မြင်တိုင်း မြင်တိုင်းမြင်တိုင်း ငါတို့မှာငြိမ်းပေပြီ၊ အေးပေပြီဟူ၍ အနမတဂ္ဂကြီးကျယ်လှသော ထိုနိဗ္ဗာန်ချမ်းသာကြီးကို ဘဝအ ဆက်ဆက် ကမ္ဘာအဆက်ဆက် အစဉ်ခံစား၍ သွားကြရကုန်၏၊</p>
<p>ပရိနိဗ္ဗာန်စံရာ ဘဝတိုင်အောင် သာသနာပ-သောဘဝ, သာသနာပ-သောကမ္ဘာ-ဟူ၍ ထိုသူတို့မှာ မရှိကြကုန်ပြီး မိမိ၏ ငြိမ်းရန် နိဗ္ဗာန်ဟူသော အကြောင်းနှင့် တစ်ပါးသောဘုရားကိုလည်း တောင့်တ ဖွယ် မရှိကြကုန်ပြီ။ တစ်ပါးသော သာသနာကိုလည်း တောင့်တဖွယ် မရှိကြကုန်ပြီ။ မိမိတို့ရပြီး ရောက်ပြီးနိဗ္ဗာန်ကြီး၏ အတွင်းမှ ဘဝများစွာ ကမ္ဘာအဆက်ဆက် မထွက်ကြရကုန်ပြီ။ ထိုနိဗ္ဗာန်ကြီး၏အတွင်း၌ တည်၍ အလိုရှိရာ လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာ တို့ကို ခံစားစံစားကြကုန်ပြီးမှ အားရကြကုန်သောအခါ ခန္ဓာကို စွန့်ပစ်ကြ ကုန်၏၊</p>
<p>ဥပမာကား- မြင့်မိုရ်တောင်ခြေရှိ ယူဇနာ ၈-သောင်း ၄- ထောင်နက်ကျယ်စွာသော အလွန်အေးမြ ကြည်လင်စွာသော သီတာ သမုဒ္ဒရာကြီး၏ အတွင်းမှာ ရှိနေကြကုန်သော ငါးကြီးအပေါင်းတို့သည် တစ်ပါးသော မြစ်သမုဒ္ဒရာကို တောင့်တဖွယ် မရှိကြကုန်ပြီ။ နှစ်ပေါင်း မည်မျှပင်ကြာကုန်သော်လည်း ရေကုန်မည်, ရေခန်းမည်, ရေနောက်မည်, ရေပူမည်ကိုကြောင့်ဖွယ် မရှိကြကုန်ပြီ၊ ထိုသီတာမဟာသမုဒ္ဒရာကြီး၏ အတွင်း၌သာ အသက်ရှည်ကြသမျှ ကာလပတ်လုံး အလိုရှိတိုင်း မြူးတူး ပျော်ပါးစွာ နေကြကုန်ပြီးမှ ခန္ဓာကို စွန့်ကြကုန်သတည်း။</p>
<p>ထိုစကားမှန်၏၊ ထိုအတိတ် အနာဂတ် ဒုစ္စရိုက်ကံ အနန္တတို့၏ ငြိမ်းခြင်းဟူသော နိဗ္ဗာန်သို့ ရောက်ကြကုန်ပြီးသော ထိုပုဂ္ဂိုလ်တို့သည် ထိုငြိမ်မှုကုန်ဆုံးပြန်၍ ပုထုဇဉ်အဖြစ်သို့ တဖန် ရောက်ကြရပြန်ကုန်သည်။ အပါယ်ဘေးကို ကြောက်ကြရပြန်ကုန်သည်၊ ဘုရားတစ်ပါး, သာသနာ တစ်ပါးကို မျှော်ကြရပြန်ကုန်သည်ဟု မရှိကြကုန်ပြီ၊ သံသရာ၌ ကျင် လည်၍ သွားကြကုန်သော်လည်း သံသရာဝဋ်မှ ကျွတ်လွတ်သော အနေ နှင့် ကျင်လည်ကြရကုန်၊ သံသရာဝဋ်၌ နစ်မွန်းမျောပါး၍ နောက်ကျသော ဝဋ်ကောင်မျိုး, အပူကောင်မျိုး မဟုတ်ကြကုန်ပြီ၊ ပြဆိုခဲ့ပြီသော အနက် တို့ကိုမူကား အဘိသမယသံယုတ် ပါဠိတော်ကြီးကို ထောက်၍ သိအပ် ကုန်၏၊</p>
<p>(ဤသည်ကား ဒိဋ္ဌိ, ဝိစိကိစ္ဆာတို့၏ အဖြစ်ငြိမ်းမှု, ဇာတ်သိမ်းမှု, အဟောင်းအသစ်ဖြစ်ကုန်သော ခပ်သိမ်းကုန်သော ဒုစရိုက်ကံတို့၏ ချုပ် ငြိမ်းမှု, ဇာတ်သိမ်းမှု, အပါယ်သံသရာကြီး၏ချုပ်ငြိမ်းမှု, ဇာတ်သိမ်းမှုဟူသော သောတာပန်တို့သည်ရကြ, ရောက်ကြ, ခံစံကြရသော <b>အသင်္ခတ မဟာနိဗ္ဗာန်ကြီး</b>၏ အခြင်းအရာကို အရိပ်အမြွက်မျှပြဆိုချက်တည်း၊ ကြွင်း သော အရိယာပုဂ္ဂိုလ်တို့မှာလည်း ထိုက်သည်အားလျော်စွာသိလေ။)</p>
<h3>(ဃ) သဥပါဒိသေသ,အနုပါဒိသေသ-နိဗ္ဗာန် ၂-မျိုး</h3>
<p>ကံ၏ အကျိုးဖြစ်သော ခန္ဓာငါးပါးသည် တဏှာ, ဒိဋ္ဌိ-တို့၏ အကျိတ်အခဲစွဲလမ်းရာဖြစ်၍ <b>ဥပါဒိ</b>-မည်၏၊</p>
<p><b>ဆောင်ပုဒ်သံခိပ်။</b>။ သဥပါဒိ၊ သေသ-နိ၊ ကြွင်းရှိ ငါးရပ်ခန်။</p>
<p>နိ-ကား နိဗ္ဗာန်တည်း၊ ဘဝခန္ဓာ သံသရာအကြွင်းအကျန် ရှိနေစဉ်အခါပေါက်ရောက်ရရှိ ခံစံကြရသော နိဗ္ဗာန်သည် <b>သဥပါဒိသေသ နိဗ္ဗာန်</b> မည်၏၊</p>
<p>သောတာပန်တို့၌ ဒိဋ္ဌိ, ဝိစိကိစ္ဆာတို့၏ ချုပ်ငြိမ်းမှု, ခပ်သိမ်းသော ဒုစရိုက်ကံတို့၏ ချုပ်ငြိမ်းမှု, အပါယ်သံသရာကြီး၏ ချုပ်ငြိမ်းမှုကို ဆိုသတည်း၊ ထိုသဥပါဒိသေသနိဗ္ဗာန်သို့ ရောက်ကြ၍ ထိုနိဗ္ဗာန်၌ တည်နေကြကုန်သော သောတာပန် ပုဂ္ဂိုလ်တို့အား အပါယ် ၄-ပါးဟူသော ဒုဂ္ဂတိသံသရာ မရှိကြကုန်ပြီ၊ ဘုန်းတန်ခိုး ကျက်သရေနှင့် ပြည်စုံသော လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာ့ဘဝ-ဟူသော သဥပါဒိတရား ကျန်ရှိသည့် အတွက် <b>သဥပါဒိသေသ</b> ခေါ်ဆိုရသတည်း။</p>
<p>(ကြွင်းသော အရိယာတို့မှာလည်း ထိုက်သည့်အားလျော်စွာ သိလေ။)</p>
<p><b>ဆောင်ပုဒ်သံခိပ်။</b>။ အနုပါဒိ၊ သေသ-နိ၊ မရှိ ငါးရပ်ခန်။</p>
<p>ခန္ဓာကြွင်း, ဘဝကြွင်း, သံသရာကြွင်း အလျဉ်းမရှိသော အဆုံး စွန်သော ပရိနိဗ္ဗာန်စံမှုသည် <b>အနုပါဒိသေသနိဗ္ဗာန်</b> မည်၏၊</p>
<p>ဤ နိဗ္ဗာန် ၂-ပါးသည် ကျန်ရှိသော ဘဝခန္ဓာသံသရာ အတွက် နှင့်အခေါ်သာလွဲကြသည်၊ တစ်ခုတည်းသော <b>အသင်္ခတ မဟာနိဗ္ဗာန်ကြီး</b>ပင်တည်း။</p>
<p>ဥပမာကား- တစ်ခုသော မိုးကောင်းကင်ကြီးကိုပင်လျှင် ရပ်ပေါ် ရွာပေါ်မှာ ရှိသည်ကို ရွာကောင်းကင် ဟူ၍, ရွာမှ ကျွတ်လွတ်ရာ၌ ရှိသည်ကို တောကောင်းကင်ဟူ၍ ဆိုအပ်သကဲ့သို့တည်း၊ သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ အပါယ်သံသရာတို့၏ ချုပ်ငြိမ်းမှုမှစ၍ တစ်ဆက်တည်း, တစ်ခုတည်းသာတည်း။</p>
<h3>(င) သုညတ အနိမိတ္တ, အပ္ပဏီဟိတ နိဗ္ဗာန် ၃-မျိုး</h3>
<p><b>ဆောင်ပုဒ်သံခိပ်။</b>။သုည, နိမိတ်၊ ပဏိဟိတ်၊ ဖြာစိတ် သုံးနိဗ္ဗာန်။</p>
<p>နိဗ္ဗာန်သည် <b>သုညတနိဗ္ဗာန်, အနိမိတ္တနိဗ္ဗာန်, အပ္ပဏိဟိတနိဗ္ဗာန်</b> ဟူ၍ ၃-ပါးပြား၏၊</p>
<p><b>ဆောင်ပုဒ်သံခိပ်။</b>။ပလိဗောဓ၊ ကြောင့်ကြသဗ္ဗံ၊ ကင်းဆိတ်ညံ၊ နိဗ္ဗာန်သုညတ။</p>
<p>သင်္ခတဓမ္မ အပေါင်းတို့တွင် အရဟတ္တဖိုလ် အမြတ်ဆုံးတည်း၊</p>
<p>ထိုအရဟတ္တဖိုလ်သည် ဇာတိရှိသော တရားမျိုးဖြစ်၍ ရရှိပြီးနောက် ဝင်စားလိုပြန်သည်ရှိသော် ဖြစ်ပေါ်ရန် အကြောင်းအခွင့်တွေကို ကြောင့် ကြစိုက်နိုင်မူ ဖြစ်ပေါ်၏၊ ဖြစ်ပေါ်၍ ခံစားစံစားဆဲမှာပင် မတ်တတ်ချုပ် ပျက် ကွယ်ပျောက်၍သွား၏၊ ခံစားလို ပြန်လျှင် တစ်ဖန် ကြောင့်ကြ စိုက်ရပြန်၏၊ ကြောင့်ကြစိုက်မှုပလိဗောဓ-မဆုံးရှိနေ၏၊ ထိုမှကြွင်းသော သင်္ခတ-တရားတို့၌ ဆိုဖွယ်မရှိ။</p>
<p>နိဗ္ဗာန်မူသည်ကား-ထိုကဲ့သို့မဟုတ်၊ ဇာတိကင်းငြိမ်းသော ဇာတ် သိမ်းမှုဖြစ်ပေ၍ သက္ကာယဒိဋ္ဌိ အပြီးချုပ်ငြိမ်းခြင်းကို တစ်ကြိမ်ရရှိ သည့်နောက် ထိုဒိဋ္ဌိငြိမ်းမှု, အပါယ်သံသရာငြိမ်းမှုသည် ဘဝအဆက် ဆက် ကမ္ဘာအဆက်ဆက် အမြဲတည်လေတော့သည်ဖြစ်၍ ထိုငြိမ်းမှု အတွက်နှင့် ကြောင့်ကြစိုက်ဖွယ် ကိစ္စတစ်စုံ တစ်ခုမျှမရှိပြီ၊ သီတာ သမုဒ္ဒရကြီး၏ အတွင်းမှာနေသော ငါးကြီးတို့ကဲ့သို့ ထိုငြိမ်းမှု အနမတဂ္ဂ ကြီးအတွင်းမှာ ကျင်လည်ကာ နေကြရတော့သည်၊ ထို့ကြောင့် <b>သုညတ</b>ဟူ၍ ခေါ်သတည်း။</p>
<p><b>ဆောင်ပုဒ်သံခိပ်။</b>။ ဘေးပေါင်းတစ်ရံ၊ မဆက်ဆံ၊ နိဗ္ဗာန်နိမိတ္တ။</p>
<p>သင်္ခတဓမ္မမည်သည် ဇာတိရှိသောကြောင့် ရုန့်သော အရိပ် နိမိတ်ရှိ၏၊ ရုန့်ရင်းသော အရိပ်နိမိတ်ရှိသောကြောင့် ဘေးအပေါင်းနှင့် တစ်ရံမစဲ အမြဲဆက်ဆံ၏၊ မဇ္ဈတ္တဘေး, ဗဟိတ္တ ဘေးတို့ထိပါးနိုင်၏၊ ကိလေသာတို့ သုံးသပ်နိုင်၏၊ ဇရာ, မရဏမီးတို့လောင်နိုင်၏၊ နိဗ္ဗာန် သည်မူကား ထိုကဲ့သို့မဟုတ်၊ <b>အနိမိတ္တဓမ္မ</b>သာ-ဖြစ်၏၊ ထိုဘေးတို့ မထိပါးနိုင်။</p>
<p>ဥပမာကား- ကောင်းကင်ကြီးသည်ဇာတိနှင့်ဖြစ်ပေါ်သော တရားမျိုးမဟုတ်သောကြောင့် လက်နက်ဘေးတို့ မထိပါးနိုင်၊ မစင်စ သောအညစ်အကြေးတို့ မလိမ်ကျံနိုင်၊ မီးတို့မလောင်နိုင်၊ ဟောင်းနွမ်း ဆွေးမြေ့သည်မရှိ၊ ပြိုပျက်ကွယ်ဆုံးသည်မရှိ၊ အနမတဂ္ဂ သံသရာနှင့်အမျှ နိစ္စ တည်ရှိ၏၊</p>
<p>ထို့အတူ သောပန်ပုဂ္ဂိုလ်တို့၏ ဒိဋ္ဌိ, ဝိစိကိစ္ဆာ-တို့ချုပ်ငြိမ်းမှု, အပါယ်သံသရာ၏ချုပ်ငြိမ်းမှု-ဟူသော နိဗ္ဗာန်သည် ဘေးအပေါင်းတို့ မထိပါးနိုင်၊ ကိလေသာတို့မလိမ်းကျံနိုင်၊ ဇရာမရဏမီးတို့ မလောင်နိုင်၊ ထိုချုပ်ငြိမ်းမှုကို ဘေးထိ၍ ဆွေးမြေ့ကုန်ခန်းမည်ကို ကြောင့်ကြ စိုးရိမ်ဖွယ်မရှိ၊ သောတာပန်သည် ပုထုဇဉ်အဖြစ်သို့ ပြန်၍ရောက်မည်ကို ကြောင့်ကြဖွယ်မရှိ၊ အပါယ်သို့ ကျရောက်ပြန်မည်ကို ကြောင့်ကြဖွယ်မရှိ၊ ထို့ကြောင့် နိဗ္ဗာန်ကို <b>အနိမိတ္တ</b> ဆိုသတည်း။</p>
<p><b>ဆောင်ပုဒ် သံခိပ်။</b>။တောင့်တပူပန်၊ မဆက်ဆံ၊ နိဗ္ဗာန် ပဏိဟိတ။</p>
<p>တောင့်တခြင်းသည် <b>ပဏိဟိတ</b> မည်၏၊ ပူပန်မှုသက်သက်တည်း၊ ဒုက္ခ အများကပွါးများစေတတ်၏၊ သင်္ခတဓမ္မမည်သည် ကောင်းမွန် သောတရားကိုရအောင် အားထုတ်၍ရရှိသော်လည်း ကုန်ခန်းခြင်းသ ဘော ရှိသောကြောင့် မွဲမြဲ မွဲပြန်၏၊ ဆင်းရဲမြဲဆင်းရဲပြန်၏၊ တောင့်တ ပူပန်မှုအဆုံးမရှိ။</p>
<p>သောတာပန်တို့အား ရရှိ၍နေသော ထိုငြိမ်းမှုသည်ကား အဘယ်အခါမှာမှ ပျက်ကွယ်ကုန်ဆုံးခြင်မရှိ၊ တဖန် တောင့်တရန် မရှိ၊ ဒိဋ္ဌိချုပ်ငြိမ်းမှု ပျောက်ကွယ်သွားပြန်၍ ဘုရားကို တောင့်တ-ရပြန်သည် မရှိ၊ တရားကို တောင့်တ-ရပြန်သည်မရှိ၊ ဒုစရိုက်ချုပ်ငြိမ်းမှု ပျောက်ကွယ် သွားပြန်၍ ဒါနကိုအထူးအားထုတ်ရပြန်ပြီ သီလကို အထူးအားထုတ် ရပြန်ပြီ-ဟူ၍မရှိ၊ ထို့ကြောင့် နိဗ္ဗာန်ကို <b>အပ္ပဏိဟိတ</b>-ဟူ၍ဆိုပေသ တည်း။</p>
<p>(ဤအမည် ၃-ပါးသည်လည်း တစ်ခုသောအဖြစ်ငြိမ်းမှု, ဇာတ် သိမ်းမှု၏ အမည်သာတည်း။)</p>
<p>အရိယာပုဂ္ဂိုလ်တို့တွင် သောတာပန်သည် အညံ့ဆုံးဖြစ်၏၊ ထို့ အညံ့ဆုံး၏ ငြိမ်းချမ်းမှုသည်ပင်လျှင် အနမတဂ္ဂ ကြီးကျယ်လှလေ၏၊ ကြွင်းသောပုဂ္ဂိုလ်တို့၏ ငြိုချမ်းမှုမှာ ဆိုဖွယ်မရှိပေ-ဟု သိစေခြင်းငှါ သောတာပန်၏ နိဗ္ဗာန်ကို ထုတ်ဖေါ်၍ ပြဆိုလိုက်သည်။</p>
<p>နိဗ္ဗာန်ကို ပြဆိုခန်း ပြီး၏</p>
ààààà
<h3>၁၅-ဝိပဿနာရှုနည်း ပြဆိုခန်း</h3>
<p>ဖေဏပိဏ္ဍူပမံ ရူပံ၊ ဝေဒနာ ပုပ္ဖုဠူပမာ။<br>မရီစိကူပမာ သညာ၊ သင်္ခါရာ ကဒလူပမာ။<br>မာယူပမဉ္စ ဝိညာဏံ၊ ဒေသိတာဒိစ္စဗန္ဓုနာ။</p>
<p>(သံယုတ်ပါဠိတော်)</p>
<p><b>အနက်။</b> ။ <b>ရူပံ</b>၊ ရူပက္ခန္ဓာကို၊ <b>ဏေ ပိဏ္ဍူပမံ</b>၊ ရေမြှုပ်ဆိုင် ရေမြှုပ်ခဲနှင့်တူစွာ။ <b>ဒဋ္ဌဗ္ဗံ</b>၊ ရှုအပ်၏၊ <b>ဝေဒနာ</b>၊ ဝေဒနက်ခန္ဓာကို။ <b>ပုပ္ဖုဠူပမာ</b>၊ ရေပွက်နှင့်တူစွာ။ <b>ဒဋ္ဌဗ္ဗာ</b>၊ ရှုအပ်၏၊ <b>သညာ</b>၊ သညက္ခန္ဓာကို။ <b>မရီစိကူပမာ</b>၊ တံလှပ်နှင့်တူစွာ။ <b>ဒဋ္ဌဗ္ဗာ</b>၊ ရှုအပ်၏၊ <b>သင်္ခါရာ</b>၊ သင်္ခါရက္ခန္ဓာ ကို။ <b>ကဒလူပမာ</b>၊ ငှက်ပျောတုံး လက်ပန်တုံးနှင့်တူစွာ။ <b>ဒဋ္ဌဗ္ဗာ</b>၊ ရှုအပ် ကုန်၏၊ <b>ဝိညာဏံ</b>၊ ဝိညာနက္ခန္ဓာကို။ <b>မာယူပမံ</b>၊ မျက်လှည့်အမှုနှင့်တူစွာ။ <b>ဒဋ္ဌဗ္ဗာ</b>ရှုအပ်၏၊ <b>ဣတိ</b>၊ဤသို့။ <b>အာဒိစ္စဗန္ဓုနာ</b>၊ နေမင်း၏အနွယ်ဖြစ် တော်မူသော ငါဘုရားသည်။ <b>ဒေသိတ</b>၊ံ ဟောတော်မူအပ်၏၊</p>
<h3>ရူပက္ခန္ဓာ ရှုနည်း</h3>
<p>ကိဉ္စ ဘိက္ခဝေ ရူပံ ဝဒေထ၊ ရုပ္ပတိ ရုပ္ပတီတိ ခေါ ဘိက္ခဝေ တသ္မာ ရူပန္တိ ဝုစ္စတိ။ ကေန ရုပ္ပတိ၊ သီတေနပိ ရုပ္ပတိ၊ ဥဏှေနပိ ရုပ္ပတိ၊ ဇိဃစ္ဆာယပိ ရုပ္ပတိ၊ ပိပါသာယပိ ရုပ္ပတိ၊ ဍံသ မကသ ဝါတာတပ သရီသပ သမ္ဖေဿနပိ ရုပ္ပတိ၊ ရုပ္ပတိ ရုပ္ပတီတိ ခေါ ဘိက္ခ တသ္မာရူပန္တိ ဝုစ္စတိ။။</p>
<p><b>အနက်။</b> ။ <b>ဘိက္ခဝေ</b>၊ ရဟန်းတို့။ <b>ကိဉ္စ</b>၊ အဘယ့်ကြောင့်လျှင်။ <b>ရူပံ</b>၊ ရုပ်ဟူ၍။ <b>ဝဒေထ</b>၊ ဆိုကြကုန်မည်နည်း။<b>ဘိက္ခဝေ</b>၊ ရဟန်းတို့။ <b>ခေါ</b>၊ စင်စစ်လျှင်။ <b>ရုပ္ပတိ</b>၊ အတည်မမြဲ အနည်းနည်းလျှင် ဖောက်လွဲ ဖောက်ပြန် ဖြစ်တတ်၏၊ <b>ရုပ္ပတိ</b>၊ ခဏချင်းလျှင် ယိုယွင်းယိုင်ရွေ့ မြေ့မြေ့ကြေမွ ရွရွကြေကွဲ အနည်းနည်း ဖောက်ပြန်တတ်၏၊ <b>ဣတိ တသ္မာ</b>၊ ထို့ကြောင့်။ <b>ရူပန္တိ</b>၊ ရုပ်ဟူ၍။ <b>ဝုစ္စတိ</b>၊ ဆိုအပ်၏၊</p>
<p><b>ကေန</b>၊ အဘယ်အကြောင်းကြောင့်။ <b>ရုပ္ပတိ</b>၊ ဖောက်ပြန်တတ် သနည်းဟူမူကား။ <b>သီတေနပိ</b>၊ သီတတေဇောနှင့် တွေ့ခြင်းကြောင့်လည်း။ <b>ရုပ္ပတိ</b>၊ ဖောက်ပြန်တတ်၏၊ <b>ဥဏှေနပိ</b>၊ ဥဏှတေဇောနှင့်တွေ့ခြင်း ကြောင့်လည်း။ <b>ရုပ္ပတိ</b>၊ ဖောက်ပြန်တတ်၏၊ <b>ဇိဃစ္ဆာပိ</b>၊ ဆာလောင်ပူပန် သော တေဇောနှောင့်ယှက်ခြင်းကြောင့်လည်း။ <b>ရုပ္ပတိ</b>၊ ဖောက်ပြန် တတ်၏၊<b>ပိပါသာရပိ</b>၊ မွတ်သိပ်ပူပန်သော တေဇော နှောင့်ယှက်ခြင်း ကြောင့်လည်း။ <b>ရုပ္ပတိ</b>၊ ဖောက်ပြန် တတ်၏၊ <b>ဍံသ သမ္ဖေဿနပိ</b>၊ ခြင်ဆိပ် တေဇောနှင့် တွေ့ခြင်းကြောင့်လည်း။ <b>ရုပ္ပတိ</b>၊ ဖောက်ပြန်တတ်၏၊ <b>မကသသမ္ဖေဿနပိ</b>၊ မှက်ဆိပ်တေဇောနှင့် တွေ့ခြင်းကြောင့်လည်း။ <b>ရုပ္ပတိ</b>၊ ဖောက်ပြန်တတ်၏၊ <b>ဝါတ-သမ္ဖေဿနပိ</b>၊ လေစိမ်းမှာပါသော သီတ, ဥဏှ-တေဇောအစိမ်းနှင့်တွေ့ခြင်းကြောင့်လည်း။ <b>ရုပ္ပတိ</b>၊ ဖောက်ပြန် တတ်၏၊ <b>အာတပ သမ္ဖေဿနပိ</b>၊ နေပူ တေဇောနှင့်တွေ့ခြင်းကြောင့် လည်း။ <b>ရုပ္ပတိ</b>၊ဖောက်ပြန်တတ်၏၊ <b>သရီသပ-သမ္ဖေဿနပိ</b>၊ မြွေဆိပ် ကင်းဆိပ်ဟူသော သီတတေဇော ဥဏှ တေဇောနှင့်တွေ့ခြင်းကြောင့် လည်း။ <b>ရုပ္ပတိ</b>၊ ဖောက်ပြန်တတ်၏၊</p>
<p><b>ဘိက္ခဝေ</b>၊ ရဟန်းတို့။ <b>ခေါ</b>၊ စင်စစ်လျှင်။ <b>ရုပ္ပတိ</b>၊ဖရိုဖရဲဖောက်လွဲ ဖောက်ပြန်ဖြစ်တတ်၏၊ <b>ဣတိတသ္မာ</b>= ထို့ကြောင့်။ <b>ရူပန္တိ</b>၊ ရုပ်ဟူ၍။ <b>ဝုစ္စတိ</b>၊ ဆိုအပ်၏၊</p>
<h3>(က) ဝေါဟာရမြေကိုပြဆိုချက်</h3>
<p>ဤပါဠိတော်မြတ်၌ “သီတေနပိ ရုပ္ပတိ၊ ဥဏှေနပိ ရုပ္ပတိ” အရကိုသိသာရုံမျှပြဆိုအံ့။</p>
<p>ရေ, မြေ, လေ, မီး- ဟူသောဓာတ်ကြီး ၄ပါးတို့တွင် မြေဓာတ် သည် လောကဝေါဟာရမြေ, အဘိဓမ္မာ၌ ဟောတော်မူသော ပရမတ် မြေဟူ၍ ၂-မျိုးရှိ၏၊ ထိုတွင်</p>
<p><b>ဝေါဟာရမြေ</b>ဆိုသည်ကား- ပရမာဏုမြူ, အဏုမြူ, တဇ္ဇာရီမြူ, ရထရေဏုမြူ, ကညစ်စာ, သန်းဥ, သန်းဖျ,သန်းမ,နှမ်း,ဆန်, မုယောတို့မှစ၍ မဟာပထဝီ, မြင့်မိုရ်တောင်စသည်တိုင်အောင် အစိုင်အခဲရှိနေ သော ဝတ္တုမျိုးကို <b>ဝေါဟာရမြေ</b>ဆိုသည်။</p>
<p>သတ္တဝါ၏သဏ္ဌာန်၌လည်း ဆံပင်, မွေးညင်း, ခြေသည်း လက် သည်း, သွား, အရေထူအရေပါး-အစရှိသော အထည်သဏ္ဌာန်နှင့် မျက်စိဖြင့် မြင်ကောင်းသော ဝတ္တုမျိုးသည် <b>ဝေါဟာရမြေ</b>သာတည်း။ ဝေါဟာရမြေဟူသမျှသည် မြေအစစ်မဟုတ်သေး၊ မုချမြေ မဟုတ်သေး၊ လက္ခဏာရေးသုံးပါး၏ သက်ဆိုင်ရာ မဟုတ်သေး၊ ဝိပဿနာဉာဏ်မည်သည် ပရမတ္ထဓမ္မကို အာရုံပြု၍ဖြစ်မြဲ၊ ထိုမြေစုကား ပရမတ် မြေအစစ်မဟုတ်၊ <b>ဝေါဟာရပညတ်မြေ</b>မျိုးသာတည်း။ ဝေါဟာရ ပညတ် ဆိုသည်ကားမုချစင်စစ် အမှန်ရှိရင်း တရားကို မထိ၊ အဟုတ်ရှိ ရင်းတရားကို မထိ ဧကန်ရှိရင်းသဘောသို့ မဆိုက်၊ တကယ်ရှိရင်း ဖြစ်သော ဓာတ်ရင်းသို့ မရောက်၊ ထို့ကြောင့် ဝိပဿနာဉာဏ်၏ အရာမဟုတ်။</p>
<p>(ဤကား ဝေါဟာရမြေကို ပြဆိုချက်တည်း။)</p>
<h3>(ခ) ပရမတ်မြေကို ပြဆိုချက်</h3>
<p><b>ပရမတ်မြေ</b>ဆိုသည်ကား- ခက်မာခြင်းကြိယာအမူအရာ သက် သက်သာတည်း။</p>
<p>ထိုထိုဝတ္တုကို ဆုပ်ကိုင်ဖိနှပ် တီးခေါက်၍ စမ်းကြရာ၌ နူးညံ့သည်၊ ခက်မာသည်ဟု-လူတိုင်းပင်သိကြကုန်၏၊ ထိုသို့ သိကြကုန်ရာ၌ ပညတ် သိ, ပရမတ်သိ ၂-မျိုးရှိ၏၊</p>
<p>၁။ နူးညံ့သောဝတ္ထု၌ နူးညံ့မှုကိရိယာနှင့် ထိုဝတ္ထုတစ်ခုလုံးကို တပေါင်းတည်းပြု၍ တစ်ခုတည်းပြု၍ သိကြသည်ကား <b>ပညတ်သိ</b>တည်း၊</p>
<p>ပရမတ်သိမဟုတ်၊ စိတ်သိ, သညာသိတည်း၊ ဉာဏ်သိမဟုတ်။ ၂။ ထိုဝတ္ထု၌ နူးညံ့မှုကိရိယာသက်သက်ကို သီးသန့်ကွက်ခြား၍ သိသည်ကား <b>ပရမတ်သိ</b>တည်း၊ ပညတ်သိ မဟုတ်၊ <b>ဉာဏ်သိ</b>တည်း၊ စိတ်သိ, သညာသိမဟုတ်။</p>
<p>သီးသန့်ကွက်ခြား၍ သိမှုဆိုသည်ကား ထိုဝတ္ထု၌ မြေဓာတ်မှ တစ်ပါး ရေဓာတ်, မီးဓာတ်, လေဓာတ်, အဆင်းဓာတ်, အနံ့ဓာတ်, ရသဓာတ်, ဩဇာဓာတ်-ဟူ၍ ဓာတ် ၇-မျိုး ရှိကြသေး၏၊ ရော၍ မပါရအောင် ဝတ္ထုတစ်ခုလုံးကို အကုန်ခြုံ၍ ဤဝတ္ထုသည် နူးညံ့၏-ဟု ဆိုသည်ရှိသော် ထိုဓာတ် ၇-မျိုးပါ အကုန်နူးညံ့ခြင်းဟူသော မြေဓာတ် တစ်ခုပြု၍ သိမှု, ပြောမှုဖြစ်၏၊</p>
<p>ဤဝတ္ထုသည် ဤအဏုမြူသည်, ဤမွေးညင်းသည် အစရှိ သည်ဖြင့် အထည်ဒြပ်ပညတ်သဏ္ဌာန်ကို စိတ်၌ထင်မြင်၍ သိမှု, ပြောမှု ဖြစ်သည့်အတွက် <b>ပညတ်သိ</b>သာဖြစ်၏၊ ဓာတ် ၇-ပါးကို အဟုတ် ထိသည်လည်းမဟုတ်၊ စမ်းသပ်လိုက်သောအခါ၌ ကာယဝိညာဉ်သည် ကား မြေဓာတ်သက်သက် ကိုသာ ထိ၏၊</p>
<p>ပရမတ်မြေဓာတ်သက်သက်ကို သီးသန့်ကွက်ခြား၍ ယူသေး၏၊</p>
<p>ထိုအခါ ဓာတ် ၇-ပါးတို့ မပါကုန်သေး၊ ပညတ်လည်း မဟုတ်သေး၊ နောက်လိုက် မနောဝိညာဉ်တို့သည်ကား ကာယဝိညာဉ်သိသော မြေ ဓာတ်နူးညံ့မှု သက်သက်ကို ထိုဝတ္ထုဒြပ် ပညတ်အထည် နူးညံ့မှုပြုလုပ်၍ သိကြကုန်၏၊ ကာယဝိညာဉ်သိကား မပြဋ္ဌာန်းနိုင်၊ မနောဝိညာဉ်သိ တို့သည်သာ ပြဋ္ဌာန်း၍နေကုန်၏၊ မနောဝိညာဉ်သိ အတိုင်းသာ လူတို့က အဟုတ်မှတ်ထင် အသိအမြင်ပြု၍ နေကြကုန်၏၊</p>
<p>ဥပမာ-- မီးရထားစီး၍ သွားကြရာ၌ လယ်ကွင်း, ယာကွင်း, သစ်ပင်, ချုံနွယ်, တော, တောင်-တို့ကို မျှော်ရှုကြရာ၌ စက္ခုဝိညာဉ်သည် ကား ထိုဝတ္ထုတို့ တည်ရှိကြသည့်အတိုင်းသာ မြင်ပေ၏၊ နောက်လိုက် မနောဝိညာဉ်တို့ မဟုတ်မယမ်း ဆန်းပြားပွေလီမှုအတွက် ချာချာလည်ဝိုင်း ခုန်စိုင်းပြေးသွား အမှောက်အမှား ထင်မြင်ချက်ပြဋ္ဌာန်းလျက် ရှိနေကြ သကဲ့သို့တည်း။</p>
<p>(စက္ခုဒွါရ၌ လူတိုင်း ဒိဋ္ဌမျက်မြင် ဥပမာတည်း။)</p>
<p>မဟုတ်မှန်းသိလျက်နှင့် မနောဝိညာဉ်တို့ ပြဋ္ဌာန်းလှသည့် အတွက်ကြောင့် ချာချာလည်ဝိုင်း ခုန်စိုင်း ပြေးသွား အမှောက်အမှား ထင်မြင်ချက်ကြီးကို ဖျက်သိမ်း၍ပင် မရကြလေ။ ရထားမစီးမီက သိရင်းဖြစ်ကြ၍သာလျှင် ထိုဝတ္ထုတို့ကား မပြေးမသွားသည်အမှန်၊ ရထားသည်သာ ပြေးသွားသည်-ဟု ဉာဏ်သိပေါ်နိုင်ကြသေး၏၊ ဓာတ် သဘာဝ အရာတို့၌ကား အနမတဂ္ဂသံသရာမှ တစ်ခါမှ သိရှိရင်း မဟုတ် ကြသောကြောင့် ဉာဏ်သိဟူ၍ မပေါ်နိုင်ကြပြီ။</p>
<p>(ဤကား နူးညံ့သောဝတ္ထု, နူးညံ့ခြင်းကိရိယာ-ဟူသော ဆတ် ဆတ်သော ပရမတ်မြေဓာတ်ကို ဝတ္ထုဒြပ် တည်းဟူသောပညတ်မှ ဉာဏ်ဖြင့် အသီးထုတ်၍ သီးသန့်ကွက်ခြား၍ သိမြင်ပုံတည်း။)</p>
<p>ထိုဝတ္ထုမှာ နူးညံ့မှုကိရိယာကို ပရမတ်မြေဓာတ် အစစ်ဆိုရာ ၌လည်း ထိုဝတ္ထုတစ်ခုလုံး၌ နူးညံ့မှုအားလုံးကို တစ်ခုသော ပရမတ်မြေ ဓာတ်ဟု ဆိုသည်မဟုတ်၊ အကယ်၍ တစ်ခုသော မြေဓာတ်ဖြစ်ခဲ့ငြားအံ့၊ အစိတ်အစိတ် ခွဲခြမ်းစိတ်ဖြာခြင်းငှါ မတတ်ကောင်းသည်သာ ဖြစ်ရာ၏၊</p>
<p>တစ်ခုသော ပရမတ္ထတရားမည်သည် အပိုင်းအပိုင်းဖြတ်၍ မရကောင်း၊ အစိတ်အစိတ် ခွဲ၍မရကောင်း၊ မျက်မြင်လက်စမ်း တွေ့ အောင် လှုပ်ရှား၍ အမူအရာပြောင်းလဲသည်-ဟူ၍ မရှိ၊ ရှေးရှေးအမှု ဟောင်း ကွယ်ပျောက် နောက်နောက်အမှုသစ်တစ်မျိုးတစ်မျိုး ဖြစ်ပေါ် သည်ကို လောက၌လှုပ်သည်, ရှားသည်,ကြွသည်, ထသည်,ရွေ့ရှားသည်ဟုခေါ်ဝေါ်ပြောဆိုကြသည်။ ပရမတ္ထတရားမည်သည် ကိရိယာအမူ အရာ သက် သက်မျှဖြစ်၍</p>
<p>၁။ ရှေးရှေး အမှုဟောင်း ကွယ်ပျောက်မှုဆိုသည်ကား <b>ရှေး ပရမတ် ဓာတ်ဟောင်းတို့ ချုပ်ပျက်သေဆုံးမှု</b>ပေတည်း။</p>
<p>၂။ နောက်နောက်အမှုသစ်တစ်မျိုးတစ်မျိုး ဖြစ်ပေါ်မှုဆိုသည် ကား <b>ပရမတ်ဓာတ်သစ်တို့ တစ်မျိုးတစ်မျိုး ဖြစ်ပေါ်မှု</b>ပေ တည်း။</p>
<p>ဓာတ်သစ်, ဓာတ်ဟောင်း, ပရမတ်သစ်, ပရမတ်ဟောင်း ပြောင်း လဲကြရာ၌ အပိုင်းအခြား အာကာသသည်ရှိ၏၊ မျက်စိနှင့်ကားမမြင်ရ၊ ပရမတ်ကိရိယာသဘာဝကို မြင်တတ်သောဉာဏ်နှင့်သာလျှင် ထိုအပိုင်း အခြားကိုမြင်နိုင်၏၊ အပိုင်းအခြားဆိုသည်ကား ရှေးရှေးတရား၏ ဘင်စွန်း နှင့် နောက်နောက်တရား၏ ဥပါဒ်စွန်းအကြားတည်း၊ ကောင်းကောင်းမြင် အောင်ကြည့်ကြကုန်ရာ၏၊</p>
<p>(နူးညံ့မှုပထဝီမြေဓာတ်စစ်ခန်းပြီး၏၊ ခက်မာမှုပထဝီ မြေဓာတ်မှာလည်း ဤနည်းကိုမှီ၍ သိလေ။)</p>
<p>(ဤကား ပရမတ်မြေကို ပြဆိုချက်တည်း။)</p>
<h3>(ဂ)ပရမတ်မြေဓာတ်၌ ဓာတ်မျက်လုံးတည်ထောင်ပုံ</h3>
<p>အလွန်ဆုံးသော ခတ်မာမှု, မာဆတ်သော ပရမတ်ကလာပ်ကို ပြဆိုချက်</p>
<p>အေးမြလှစွာသော သံလုံးသံခဲကို အားကြီးလှစွာသော ရှားမီး ကျီးစုအတွင်း၌ထည့်၍ ဖိုများစွာဆိုင်၍ ပြိုင်အားတိုက်ထိုး၍ အရည် ကျိုရာ၌ သံတုံးသံခဲ၌ နဂိုပကတိ ရှိနေသော ခက်မာမှု အခြင်းအရာ အမူအရာသည် ဥဏှမီးပူ အပြင်းအထန် နှိပ်စက်ဖိစီးမှုကြောင့် ရှေးရှေး အမူအရာ ပျက်၍ပျက်၍ အမူအရာသစ် တစ်မျိုးတစ်မျိုး ဖြစ်ပေါ် ဖြစ်ပေါ်၍အရည်ကြည်ကြည်ဖြစ်ရ၏၊ ခက်မာမှု အမူအရာဟောင်း အဆင့်ဆင့်ချုပ်ပျက် ကွယ်ဆုံးပုံ,နုးညံ့သော အမူအရာသစ် အဆင့် ဆင့်ဖြစ်နေပုံကို မြင်အောင်ကြည့်လေ။</p>
<p>သံတုံးသံခဲအတွင်းအပြင်တစ်ခုလုံး ပျက်မှု, ဖြစ်မှု, ရွရွ ရွရွ နေပုံကိုမြင်လိမ့်မည်၊ ရေမြှုပ်ခဲနှင့် အနှစ်မရှိခြင်း တူလှပုံကို မြင်လိမ့်မည်၊ ဉာဏ်၌အတုံးကြီး,အခဲကြီး-ဟူသောသဏ္ဌာန်ဒြဗ် ပညတ်ကြီးပေါ်ရှိ ခုခံပိတ်ဆီး၍ မနေစေနှင့်၊ အတွင်း၌ခက်မာမှုတွေ တရွရွနေသည်ကို ဉာဏ်နှင့်စူးစိုက်ထိုးထွင်း၍ မြင်အောင်ကြည့်လေ၊ တစ်ဖန် ထိုသံရည်က ရေအေးသီတဥတုနှင့်လောင်း၍အရည်ကြည်ကြည်မှ ပကတိခဲမြဲခဲ, မာမြဲမာပြန်ရာ၌လည်း နူးညံ့သော ပထဝီတွေ အဆင့်ဆင့် ချုပ်ကွယ်သေ ဆုံး၍ ခက်မာသောပထဝီတွေအဆင့်ဆင့် ဖြစ်ပေါ်လာရာ၌လည်း နည်းတူသိအပ်ကုန်ရာ၏၊</p>
<p>ခက်မာမှု-ဟူသော ပရမတ်မြေဓာတ်လက္ခဏာ၌ အမာကြီး အဆင့်ဆင့် အမာနုအဆင့်ဆင့် ရှိပြန်၏၊ အမာနုကို နူးညံ့မှုဆိုသည်၊ မဟာပထဝီမြေကြီး, မြင့်မိုရ်တောင်, စကြာဝဠတောင်, သတ္တရဘန်တောင် ကြီးတွေကို ကမ္ဘာမီးအပြင်းအထန် နှိပ်စက်ဖိစီး၍လောင်ရာ၌ အတွင်း ပရမတ်မြေဓာတ် အမူအရာ ကိရိယာစုကို စူးစိုက် ထိုးထွင်း၍ ကြည့်နိုင် ပါမူ ရေမြှုပ်ခဲကြီးတွေနှင့် တူပုံထင်ရှားပေါ်လာလိမ့်မည်။</p>
<p>(ဤကား အနမတဂ္ဂသံသရာ၌ တစ်ခါမျှ မပေါ်ပေါက်ဖူးသေး သော <b>ဓာတ်မျက်စိ,ဓာတ်မျက်လုံး</b>, ပေါ်ပေါက်အောင် အစစွာထူထောင်ပုံ စနစ်တည်း။)</p>
<p>ဤမျက်စိကို ပါဠိတော်၌"<b>ဓမ္မစက္ခုံ ဥဒပါဒိ</b>"ဟူ၍ဟောတော် မူသည်၊ ဤမျက်စိပေါက်မှသာ 'ဘုရားကို မြင်နိုင်သူ မည်သည်။ တရားကို မြင်နိုင်သူမည်သည်။သာသနာတော်ကို တွေ့ရသူမည်သည်။</p>
<p>ယော ဟိ ဝက္ကလိ ဓမ္မံပဿတိ၊ သော မံ ပဿတိ။</p>
<p>ယော ဓမ္မံ န ပဿတိ၊ သော မံ နပဿတိ- ဟူ၍ ဟော တော်မူသည်။</p>
<p><b>အနက်။</b> ။ <b>ဝက္ကလိ</b>၊ ဝက္ကလိရဟန်း။ <b>ယော</b>၊ အကြင်သူသည်။ <b>ဓမ္မံ</b>၊ သမ္မုတိပညတ် ဒြပ်သဏ္ဌာန်တွင်းမှ ဉာဏ်ဖြင့် သီးသန့်ကွက်ခြား၍ ထုတ်ဖော်ရှုမြင်အပ်သော ပရမတ္ထသဘောကို။ <b>ပဿတိ</b>၊ ဉာဏ်မျက်စိဖြင့် မြင်နိုင်၏၊ <b>သော</b>၊ ထိုသူသည်၊ <b>မံ</b>၊ ငါဘုရားကို။ <b>ပဿတိ</b>၊ တွေ့မြင်ရ သောသူ မည်၏၊ <b>ဝက္ကလိ</b>၊ ဝက္ကလိရဟန်း။ <b>ယော</b>၊ အကြင်သူသည်။ <b>ဓမ္မ</b>၊ သမ္မုတိပညတ် ဒြဗ်သဏ္ဌာန်တွင်းမှ ဉာဏ်ဖြင့် သီးသန့်ကွက်ခြား၍ ထုတ်ဖော် ရှုမြင်အပ်သော ပရမတ္ထသဘောကို။ <b>နပဿတိ</b>၊ ဉာဏ် မျက်စိဖြင့် မမြင်နိုင်။ <b>သော</b>၊ ထိုသူသည်။ <b>မံ</b>၊ ငါဘုရားကို။ <b>နပဿတိ</b>၊ မတွေ့ မမြင်ရသောသူ မည်၏၊</p>
<p>(ဤကား အလွန်ဆိုးသော ခက်မာမှု မာဆက်သော ပရမတ် ကလာပ်ကို ပြဆိုချက်တည်း။)</p>
<h3>အလွန်နူးညံ့သော မုဒုပရမက်မြေဓာတ်ကို ပြဆိုချက်</h3>
<p>ယခုအခါ၌ အလွန် နူးညံ့သိမ်မွေ့သော ပရမတ် ပထဝီကို ပြဆိုပေအံ။</p>
<p>လဝန်းသဏ္ဌာန်မှထွက်၍ မြေအပြင်သို့ရောက်အောင် သက် ဆင်းလွင့်ပါးရွေ့ရှားပြေးသန်း၍ ကျရောက်လာသော လရောင်တို့၌ လည်းကောင်း, ရှိန်ရှိန် ရှိန်ရှိန် လူလူလူလူ တောက်ထ၍နေသော မီးတောက်မီးလျှံတို့၌လည်းကောင်း, ရွေ့ရွေ့ ရွေ့ရွေ့ စီးသွား၍နေသော မြစ်ရေအလျဉ်တို့၌လည်းကောင်း တစ်ခဏမျှ ရပ်တန့်တည် နေခွင့်မရဘဲ ရုပ်ကိရိယာ ရုပ်အမူအရာ အပျက်, အဖြစ် အရွေ့ အပြောင်း လျင်မြန်မူကို မြင်ကြသဖြင့် ထိုဝတ္ထုတို့၌ အလွန်နူးညံ့စွာပါရှိသော ပရမတ်မြေဓာတ် အဖြစ်အပျက်ကို မြင်နိုင်ရာ၏၊</p>
<p>(ဤကား အလွန်သိမ်မွေ့သော ပထဝီကို ပြဆိုချက်တည်း။</p>
<p>အမာဆုံး အနုဆုံး ၂-ချက်ကို ပြဆိုလိုက်သဖြင့် အလယ်အလက်ဖြစ်သော ပထဝီတို့ကိုမူကား သိမြင်နိုင်ကြကုန်ရာ၏၊)</p>
<h3>ဝိကာရရုပ္ပန အပျက်ကို ပြဆိုချက်</h3>
<p>သတ္တဝါတို့၏ သဏ္ဌာန်၌မူကား သီတ, ဥဏှ၊ အတက်, အသက်၊ ခဏမစဲရှိနေ၏၊ ဥတု ၃-ပါး အပွားအဆုတ်,ရတု ၆-ပါး အပွားအဆုတ် ၁၂-ရာသီခေါ်သောဓာတ်မီး ၁၂-ပါး အပွားအဆုတ်, လဆန်း လဆုတ် တနင်္ဂနွေ တနင်းလာ စသော ၇-ပါးဟုဆိုအပ်သော ဓာတ်မီး ၇-ပါးတို့၏ အစဉ်အတိုင်း အတက်, အဆုတ်, နေ့နာရီ ညနာရီခေါ်သော ဥဏှ, သီတဓာတ်တို့၏ အဇ္ဈတ္တသန္တာန်မှာလည်း ရွရွရွရွ ခဏမစဲ မြစ်ရေ အလျဉ်ကဲ့သို့ အစဉ်ထာဝရ အတက်အသက် ရုပ်ကိရိယာ ရုပ်အမူအရာ တွေ ရွေ့ရွေ့ ရွေ့ရွေ့ ပြောင်းလဲ၍ နေကြပုံကိုလည်း မြင်အောင်ရှုရာ၏၊</p>
<p>ဤရိယာပုထ်ကြီး ၄-ပါး ခပ်သိမ်းသောကိုယ်အင်္ဂါ လှုပ်ရှားမှု၌ လည်းကောင်း, အညရဟဓာတ်မီး-အာရဟဓာတ်ဆီတို့၏အတက် အဆုတ်တို့၌လည်းကောင်း ထို့အတူမြင်အောင်ရှုရာ၏၊ မိမိသဏ္ဌာန်မှာ တစ်ခုသော အင်္ဂါ၌ ထင်မြင်အောင်ထူထောင်တစ်ကိုယ်လုံး ဓာတ်မျက်လုံး ပေါက်အောင်စွဲမြဲကြလေ၊ မိမိသသဏ္ဌာန်တစ်ခု၌ ဓာတ်မျက် လုံးလှလှ ပေါက်လျှင် ခပ်သိမ်းသောသတ္တဝါတို့၏ သဏ္ဌာန်၌လည်းကောင်း, သစ်ပင် တောတောင် စသော ဗဟိဒ္ဓ သဏ္ဌာန်တို့၌လည်းကောင်း ဓာတ် မျက်လုံး ပေါက်တော့သည်။</p>
<p>ခပ်သိမ်းသော ရုပ်ဟူသမျှသည် ပထဝီ၌မှီတွယ်၍ ဖြစ်ကြရ ကုန်၏၊ ခပ်သိမ်းသော ပဉ္စဝေါဟာရ နာမ်ခန္ဓာဟူသမျှသည် ရုပ်၌ မှီတွယ်၍ဖြစ်ကြရ၏၊ ပထဝီ၏ဖြစ်မှု ပျက်မှု ဥဒယဗ္ဗယ-အချက်ကို ထင်မြင်နိုင်ပါလျှင် ကြွင်းသော ရုပ်နာမ်တို့၏ ဖြစ်မှု ပျက်မှု ဥယဗ္ဗယ အချက်ကိုလည်း ထင်မြင်ခြင်းငှါလွယ်လှ၏၊</p>
<p>(ဤကား ဝိပကာရရုပ္ပနအပျက်ကို ပြဆိုချက်တည်း။) ပရမတ်မြေဓာတ်၌ ဓာတ်မျက်လုံးတည်ထောင်ပုံ ပြီး၏၊</p>
Ä Ä Ä
<h3>၁၆-မဇ္ဈိမပုဂ္ဂိုလ်တို့ ရှုနည်းကိုပြဆိုခန်း</h3>
<p><b>(က) ပရမတ်နှစ် မြေအစစ်</b></p>
<p>ပရမတ်နှစ် မြေအစစ်ဆိုသည်ကား <b>ခက်မာသော အမူအရာ အခြင်းအရာကိရိယာမျှသာတည်း</b>၊ အဏုမြူကို အစိတ်တစ်သိမ်းစိတ်၍ တစ်စိတ်စာမျှ အခဲအကျိတ် အဆန်အမာ အထည်ဒြဗ်ဟူ၍မရှိ။<br>
အလွန်ကြည်လင်လှစွာသောမြစ်ရေ၊ ချောင်းရေ၊ စိမ့်ရေ၊ စမ်းရေတို့၌လည်းကောင်း၊ နေရောင်၊ လရောင်၊ ကြယ်ရောင်၊ မီးရောင်၊ ပတ္တမြားရောင်တို့၌လည်းကောင်း၊ အနည်းအဝေး ပျံ့နှံ့၍ သွားသော ခေါင်းလောင်းသံ၊ ကုလားတက်သံ၊ တုံးသံ၊ တိုင်သံ၊ ကြေးစည်သံ၊ စည်သံ၊ ဗုံသံ၊ ဆိုင်းသံ၊ အော်သံ၊ ဟစ်သံ-စသည်တို့၌လည်းကောင်း၊ လေပြည်လေညင်း၊ လေပြင်း၊ မုန်တိုင်းတို့၌လည်းကောင်း၊ အဝေးအနီး ပျံ့နှံ့လွင့်ပါး၍သွားသော အမွှေးနံ့၊ အပုပ်နံ့တို့၌လည်းကောင်း ထိုပရမတ် မြေဓာတ်သည် <b>အပြည့် ပါရှိ၏</b>၊</p>
<p><b>ကျမ်းဂန် ယုတ္တိကား</b></p>
<p>၁။ ဓာတ်ကြီး ၄-ပါးတို့၏ တစ်ပါးနှင့်တစ်ပါး <b>အချင်းချင်း အဝိနိဗ္ဘောဂဝုတ္တိ</b> ဖြစ်ကြသည်ကို ထောက်၍လည်းကောင်း,</p>
<p>၂။ <b>ဧကံမဟာဘူတံ ပဋိစ္စ တယော မဟာဘူတာ၊ တယော မဟာဘူတေပဋိစ္စ ဧကံမဟာဘူတံ၊ ဒွေ မဟာဘူတေ ပဋိစ္စ ဒွေ မဟာဘူတာ။</b><br>
<b>ဧကံမဟာဘူတံ</b>၊ ၁-ပါး ၁-ပါးသော မဟာဘုတ်ကို။ <b>ပဋိစ္စ</b>၊ စွဲ၍, မှီတွယ်၍။ <b>တယော မဟာဘူတာ</b>၊ ၃-ပါး ၃-ပါးသော <b>ပဝတ္တန္တိ</b>၊ ဖြစ်ကြရ ကုန်။ <b>တယော မဟာဘူတေ</b>၊ ၃-ပါး ၃-ပါးသော မဟာဘုတ်တို့ကို။ <b>ပဋိစ္စ</b>၊ စွဲ၍,မှီတွယ်၍။ <b>ဧကံ မဟာဘူတံ</b> ၁-ပါး ၁-ပါးသော မဟာဘုတ်သည်။ <b>ပဝတ္တတိ</b>၊ ဖြစ်ရ၏၊ <b>ဒွေ မဟာဘူတေ</b>၊ ၂-ပါး ၂-ပါး,သော မဟာဘုတ် တို့ကို။ <b>ပဋိစ္စ</b>၊ စွဲ၍,မှီတွယ်၍။ <b>ဒွေ မဟာဘူတာ</b>၊ ၂-ပါး ၂-ပါးသော မဟာဘုတ်တို့သည်။ <b>ပဝတ္တန္တိ</b>၊ ဖြစ်ကြကုန်၏, ဟူ၍ ပဋ္ဌာန်းပါဠိတော် မြတ်၌ ဟောတော်မူသည်ကို ထောက်၍လည်းကောင်း</p>
<p>၃။ <b>ပထဝီ</b>၊ မြေဓာတ်သည်။ <b>သမ္ပဋိစ္ဆနရသာ</b>၊ ရေဓာတ်,လေဓာတ်, မီးဓာတ်တို့ကို ခံခြင်းကိစ္စရှိ၏ဟူ၍ အဋ္ဌကထာကတို့၌ မိန့်ဆိုသည်နှင့် အညီအမာခံဖြစ်သော မြေဓာတ်အခံမရှိလျှင် ရေဓာတ်လည်းမရှိနိုင်၊ မီးဓာတ်လည်း မရှိနိုင်၊ လေဓာတ်လည်းမရှိနိုင်သော သဘောကို ထောက်၍လည်းကောင်း ဆိုခဲ့ပြီးသော ရေစသည်တို့၌ မြေဓာတ်အပြည့် ပါရှိကြောင်းကို ဆိုအပ်သတည်း။</p>
<p><b>(ဤကား ကျမ်းဂန်ယုတ္တိတည်း။)</b></p>
<p>---</p>
<p><b>လက္ခဏ ယုတ္တိကား</b></p>
<p>တစ်လုံးတစ်ခဲတည်း ဖြစ်ကြသော ရေတို့၌လည်းကောင်း, လေတို့၌လည်းကောင်း အထက် အထက် နေသော ရေ, လေ-တို့ကို အောက်အောက်နေသော ရေ, လေတို့က အဆင့်ဆင့်ခုခံ၍ နေမှုသည် ထင်ရှား၏၊ ထိုခုခံမှုသည် အာပေါမှုလည်း မဟုတ်၊ ကပ်တွယ်ဖွဲ့စည်းမှုသည်သာ အာပေါပေတည်း၊ ထိုခုခံမှုသည် တေဇောမှုလည်းမဟုတ်၊ ပူမှု, အေးမှုသည်သာ တေဇောပေတည်း၊ ထိုခုခံမှုသည် <b>ပထဝီမှု, ဝါယောမှု ၂-ချက်နှင့် ဆိုင်၏</b>၊ ထိုခုခံမှု၌ <b>ခက်မာကြမ်းတမ်းမှုတစ်ခု</b>, <b>ထောက်ကန်တောင့်တင်းမှုတစ်ခု</b>၊ ဤ ၂-ခုဖက်စပ်မှ ခုခံမှုဖြစ်နိုင်သည်၊ ထို ၂-မှုတို့တွင် <b>ခက်မာကြမ်းတမ်းမှုကိုပင် ပရမတ်မြေဆိုသည်</b>၊ <b>ထောက်ကန်တောင့် တင်းမှုကိုပင် ပရမတ်လေ ဆိုသည်</b>။</p>
<p>ထို ၂-မှုတို့တွင် <b>ထောက်ကန်တောင့်တင်းမှု</b>--ဟူသော လေဓာတ်သည် <b>ခက်မာကြမ်းတမ်းမှု</b>ဟူသော မြေဓာတ်ကိုမှီရသည်၊ မြေဓာတ်ကိုလွှတ်၍ မိမိအလိုလျောက် ဖြစ်နိုင်သည်မဟုတ်၊ ခက်မာကြမ်းတမ်းမှုနှင့် ထောက်ကန်တောင့်တင်းမှုကို ခြားနားအောင်ကြည့်လေ၊ ဤသို့လျှင် ထိုဆိုအပ်ခဲ့ပြီးသော ရေ, လေ-တို့၌ <b>ခက်မာကြမ်းတမ်းမှုဟူသော ပရမတ်မြေ</b> ထင်ရှားရှိကြောင်းကို ထိုရေ, လေ-တို့၌ ရေအားလျော်စွာ, လေအားလျော်စွာ <b>ကက္ခဠလက္ခဏာ</b> ရှိသည်ကို မြင်၍ သိအပ်သတည်း။</p>
<p>ဆိုအပ်ခဲ့ပြီးသော နေရောင်စသည်, ခေါင်းလောင်းသံစသည်, အမွှေးအနံ့ စသည်တို့၌သာ ထိုအားလျော်စွာ <b>ခက်မာကြမ်းတမ်းမှု</b> အသီးအသီးပါရှိငြားသော်လည်း <b>အလွန်တရာအားနည်းလှသော အမှုဖြစ်ချေ၍ လက္ခဏယုတ္တိနှင့် မပြသာချေ</b>။ ကျမ်းဂန်ယုတ္တိနှင့်သာ ပြသာချေသည်၊ ဤကြည်လှစွာသော လေ, လရောင်, အသံ, အနံ့တို့ကို ပြဆိုလိုက်သည်မှာ <b>ကက္ခဠကိရိယာ ခက်မာကြမ်းတမ်းမှု ဟူသော အမူအရာ သက်သက်သည်သာလျှင် ပရမတ်မြေအစစ် မည်သည်</b>၊ အဏုမြူကို အစိတ်တစ်သိန်းစိတ်သော်လည်း တစ်စိတ်စာမျှ အဆန်အမာ အထည်ဝတ္ထု မရှိကြောင်းကို ထင်ရှားစေခြင်းငှာ ပြဆိုလိုက်သည်၊ အထည်ဝတ္ထုဟူ၍မရှိ၊ ခက်မာသော အမူအရာသက်သက်မျှသာ ဖြစ်သော ထိုမြေဓာတ်သည်လည်း လွန်ကဲသော ခက်မာမှုကို ထောက်၍ နုံ့သော ခက်မာမှုတို့ နူးညံ့သည် ဟုဆိုရသည်။</p>
<p>ထို့ကြောင့် ဝဇိရစိန်ကျောက်သွား၌ ရှိသော ခက်မာမှုကို အလွန်ဆုံးထား၍ လ, ရောင်ကလာပ်၌ ရှိသော ခက်မာမှုကို အနုံ့ဆုံးထား၍ စပ်ကြား၌ ခက်မာမှု အဆင့်ဆင့်, နူးညံ့မှု အဆင့်ဆင့် ဖြစ်၍နေသော ထိုမြေဓာတ်၏ သဘောသွားကို သိရမည်၊ ဤမြေဓာတ်၌ <b>ခက်မာခြင်း လက္ခဏာ</b>ဆိုသည်ကို <b>ပရမတ်သဘောနှင့်ကြည့်ရမည်</b>။ ပကတိလူတို့၏ အမှတ်သညာနှင့် မကြည့်ရ။ ပကတိလူတို့၏ အမှတ်သညာနှင့် ကြည့်ခဲ့သော် လရောင် စသည်တို့၌ ခက်မာသောအမှုကို မတွေ့နိုင်ရှိလိမ့်မည်။ ထိုခက်မာသော အခြင်းအရာ ကိရိယာ သဘောသက်သက်မျှသာဖြစ်သော ပရမတ်မြေဓာတ်သည် <b>အာပေါ ဟူသော ပရမတ်စေး ဖွဲ့စည်းမှု</b> ကြောင့် မြေဓာတ်ပေါင်း ကုဋေသိန်းသောင်း ပေါင်းဖွဲ့မိသည်ရှိသော် <b>အနုမြူတစ်ခုဟူသော ဝတ္ထုအထည်ဒြဗ်</b> ဖြစ်၏၊ အနုမြူပေါင်း ကုဋေသိန်းပေါင်း ပေါင်ဖွဲ့မိသည်ရှိသော် <b>သန်း, ကြမ်းပိုးဖြစ်၏</b>၊</p>
<p>ထိုမှ အဆင့်ဆင့်ပွါး၍ သတ္တဝါတွင် ယူဇနာ ၄-ထောင် ၈-ရာ ရှိသော အသူရိန်နတ်ကြီးတိုင်အောင်၊ ဗဟိဒ္ဓသဏ္ဌာန်တွင် ယူဇနာ ၈- သောင်း ၄-ထောင် ၂-ပြန်ဆောင်သော မြင့်မိုရ်တောင်ကြီး, ၂-သိန်း ၄-သောင်း ၄-ထောင် ၂-ပြန်ဆောင်သော မြင့်မိုရ်တောင်ကြီး, ၂-သိန်း ၄-သောင်း အထုရှိသော မဟာပထဝီ မြေကြီးတိုင်အောင် သိလေ၊ သန်း အစရှိသော, အနုမြူအစရှိသော သက်ရှိသက်မဲ့ ရုပ်စု ရုပ်ခဲဟူသမျှတို့၌ <b>ခက်မာခြင်း ဟူသော ဤမြေဓာတ်သည် အထည်ခံ, အမာခံဖြစ်သတည်း</b>၊ ဤမြေဓာတ်မှတစ်ပါး အထည်ဝတ္ထု ရကောင်းသောဓာတ် မရှိ၊ ရေဓာတ်, မီးဓာတ်တို့သည်လည်း မြေဓာတ်၌ တွယ်ကြမှီကြရကုန်သည်။</p>
<p>ဤသို့ မြေဓာတ်၏ကိစ္စ ကြီးကျယ်ဟန်ကို သိရမည်၊ မြင့်မိုရ်တောင်ကြီး တစ်ခုလုံး၌လည်းကောင်း၊ မဟာပထဝီမြေကြီးတစ်ခုလုံး၌လည်းကောင်း၊ ပရမတ်မြေဓာတ်သက်သက်ကို ကြည့်လိုသည်ရှိသော် အနုမြူမျှ အထည်ဒြဗ်မရှိ၊ <b>ခက်မာသော အခြင်းအရာ ကိရိယာသဘော သက်သက်</b>ကို ကွက်ခြား၍ သိရသည်၊ <b>အနုမြူမျှ အထည်ဒြပ်မရှိဘဲ မှန်ထဲ၌ထင်သော အရိပ်ကြီးကဲ့သို့, ရေထဲ၌ ထင်သောအရိပ်ကြီးကဲ့သို့ မြင်ရလိမ့်မည်</b>၊ အနုမြူမျှလောက် အရှည်အတို အကြီးအငယ် အခဲအမာ ထင်၍လာလျှင် ပရမတ်မြေဓာတ် အစစ်မဟုတ်ပြီ၊ <b>သဏ္ဌာနပညတ်ဒြဗ် အထည်နှင့် ရောခဲ့လျှင် ဖြစ်မှုပျက်မှုကို ရှုသောအခါ မထင်နိုင်ဘဲ နေတတ်သည်</b>။</p>
<p>(ဤဓာတ်ကမ္ဓဋ္ဌာန်း၌ ရှင်အာနန္ဒာကို အရှင်ပုဏ္ဏမထေရ် ဆုံးမ သောအခါ မှန်ရိပ်ဥပမာနှင့် ဆုံးမသည်၊ ဤမှန်ရိပ်ဥပမာနှင့်ပင် ရှင် အာနန္ဒာ သောတာပန်ဖြစ်လေသည်။)</p>
<p>မြင့်မိုရ်တောင်, မဟာပထဝီ မြေကြီးတို့ကို အကုန်ခြုံ၍ ကြည့်သောအခါ၌ပင် အခဲအကျိတ် အထည်ဝတ္ထု အနုမြူမျှ မရောမယှက်ဘဲ <b>ပရမတ်အစစ်အမှန်ဖြစ်သော ခက်မာမှုဟူသော မြေဓာတ်သက်သက်</b>ကို ထင်မြင်အောင် ရှုနိုင်သောသူအား ထိုအောက်ငယ်သော သက်ရှိသက်မဲ့ တို့၌ ပရမတ်စစ်ဖြစ်သော မြေဓာတ်ကို ထင်မြင်အောင်ရှုမှု အလွန်လွယ်လှတော့သည်။</p>
<p>မှန်၌ထင်သော အရိပ်, ရေ၌ထင်သောအရိပ်, သစ်ပင်ရိပ်, တောင်ရိပ်တောရိပ် အစရှိသော အရိပ်တို့သည် မြင်းမိုရ်တောင်မျှပင် ကြီးမားစွာထင်မြင်ရငြားသော်လည်း အနုမြူမျှ အထည်ဒြဗ် မရှိသည့် အတွက်ကြောင့် ပျောက်ခွင့်ပျက်ခွင့်ဆိုက်ခဲ့လျှင် <b>မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်အတွင်းမှာပင် အကြိမ်တစ်ရာမက ပျောက်နိုင် ပျက်နိုင် သကဲ့သို့</b> ထို့အတူ ထိုမြင့်မိုရ်တောင်နှင့်အမျှ ပျံ့နှံ့ကြီးကျယ်၍နေသော ထိုပရမတ် မြေဓာတ်သည်လည်း တစ်ခုတည်းသော ပရမတ်ဆန်, ပရမတ်ခဲဟူ၍ အနုမြူမျှ မရှိသည့်အတွက် မျက်ဆောင်တစ်ခတ် လျှပ်တစ်ပြက်အတွင်းမှာပင် <b>အကြိမ်တစ်ရာမက ပျောက်ပျက်ကွယ်ပနိုင်ရာသော အရိပ်နိမိတ် ထင်မြင်နိုင်လိမ့်မည်</b>။</p>
<p>မိမိကိုယ်၌ ထိုပရမတ်စစ်ဖြစ်သော မြေဓာတ်ကို <b>အလင်းပေါက်အောင် ကြည့်ရှုသောအခါ ဉာဏ်ငုံနိုင်လောက်ရုံ, ဉာဏ်ဝါးနိုင်လောက်ရုံ ပိုင်း၍ ပိုင်း၍ကြည့်</b>၊ ဦးခေါင်းကို ပိုင်း၍ကြည့်သောအခါ အတွင်းအပြင် မခြားမနား ထုတ်ချင်းပေါက်အောင်ကြည့်၊ မြေဓာတ်မဟုတ်သော ဆေင်းဓာတ် ခုခံ၍ နေတတ်သည်၊ သဏ္ဌာန ပညက်ဒြဗ် အထည်ကြီးလည်းခုခံ၍ နေတတ်သည်၊ ဉာဏ်ကို ကြပ်ကြပ်လှုပ်၍ပေးလေ၊ ခြေဖဝါးတိုင်အောင်လောက် အဖို့အစုကိုလည်း ဉာဏ်နိုင်ရုံနိုင်ရုံ ပိုင်းကြည့် တစ်ကိုယ်လုံးစပ်မိသောအခါ ဉာဏ်ကိုဦးထိပ်က နေ၍ ရွယ်လိုက်လျှင် ခြေဖဝါးတိုင်အောင် ထုတ်ချင်းပေါက် ထွင်း၍သွားလိမ့်မည်။</p>
<p>မိမိကိုယ်ခန္ဓာတစ်ခု၌ ဓာတ်ပေါက်အောင်မြင်ခဲ့လျှင် <b>စကြဝဠာ အနန္တ, ကမ္ဘာအနန္တ၌ ရှိသမျှသော သတ္တဝါခန္ဓာစု အကုန်လုံးသည် ဓာတ်ဖြင့်ပြီးတော့သည်</b>၊ ဤပရမတ် မြေဓာတ်တစ်ခု ပေါက်၍သွားလျှင် ကြွင်းသော ရေဓာတ်, မီးဓာတ်, လေဓာတ်, စက္ခု-သောတ-စသော အဇ္ဈတ္တိကဓာတ်, ရူပ-သဒ္ဒ-စသော ဗာဟိရ ဓာတ်စုရှုနည်း, ဖောက်နည်း အလွန်လွယ်၍ကုန်တော့သည်။</p>
<p>ပထဝီဟူသော မြေဓာတ်ကို ဓာတ်ပေါက်အောင်ရှုနည်း အမြွက်ပြီး၏၊</p>
---
<h3>(ခ) ပရမတ်နှစ် ရေအစစ်</h3>
<p>ပရမတ်နှစ် ရေအစစ်ကား <b>တွယ်မှု, ကပ်မှု, ဖွဲ့စည်းမှု</b>သည် သာလျှင် ပရမတ်နှစ် ရေဓာတ်အစစ်တည်း၊ ထိုတွယ်မှု, ကပ်မှု, ဖွဲ့စည်းမှု-ဟူသော ပရမတ်ရေဓာတ်သည် <b>ထက်သန်ခြင်းသို့ ရောက်သည်ရှိသော် စိုစွတ်ခြင်း, ယိုစီးခြင်း- ဟူသော ပဂ္ဃရဏ ရေဓာတ်</b> ဖြစ်လေ၏၊ ထိုတွယ်မှု, ကပ်မှု, ဖွဲ့စည်းမှု-ဟူသော <b>အာဗန္ဓနကိရိယာ သက်သက်မျှသာ ဖြစ်သော ပရမတ် ရေအစစ်</b>သည်လည်း အဏုမြူကို အစိတ်တစ်သိန်းစိတ်သော် လည်း တစ်စိတ်စာမျှ အခဲအကျိတ် အဆန်အမာ အထည်ဒြဗ်-ဟူ၍မရှိ၊ တွယ်ကပ်ဖွဲ့စည်းခြင်းကိရိယာ အမူအရာ သက်သက်မျှသာတည်း။</p>
<p>ထိုတွယ်ကပ် ဖွဲ့စည်းမှု-ဟူသော ပရမတ် ရေဓာတ်သည် မြေဓာတ်, မီးဓာတ်, လေဓာတ် ၃-ပါးတို့ကို <b>တစ်ခုတည်း, တစ်သားတည်း ကဲ့သို့နေအောင် ဖွဲ့နှောင်စည်းကြပ်ပေးသည်</b>ဖြစ်၍ ကလာပ်တူ မဟာဘုတ်တို့သည် တစ်ပါးသည် တစ်ပါးအား ကျေးဇူးပြုခွင့်ရကြကုန်သည်၊ တစ်ပါးကိုတစ်ပါး ထောက်ပံခွင့် ရကြကုန်သည်၊ ဖွဲ့နှောင်စည်းကြပ် ချုပ်ထိန်း၍နေသော ရေဓာတ် ချုပ်ကွယ် ပျောက်ပျက်ခဲ့သည်ရှိသော် ထိုဓာတ်ကြီး ၃-ပါးတို့သည် <b>အစည်းပြေပျက်၍ ခဏချင်း ပျောက်ပြေ ကွယ်ဆုံးကြလေကုန်၏</b>၊</p>
<p>(ဤကား ကလာပ်တစ်ခုတည်း၌ ရေဓာတ်၏ ကျေးဇူးကိုဆိုသော စကားရပ်တည်း။)</p>
<p><b>ပရမတ်နှစ် ရေဓာတ်စစ်၏ ကျေးဇူးကြီးမားပုံ</b></p>
<p>လောက၌ ပရမာဏုမြူမှစ၍ သတ္တဝါ၌ အသူရိန်နတ်ကြီးဟု ဆိုအပ်သော ရုပ်လုံး ရုပ်ခဲကြီးတိုင်အောင်၊ ဗဟိဒ္ဓ၌ မြင့်မိုရ်တောင်ကြီး, မဟာပထဝီ မြေကြီးတိုင်အောင် သဏ္ဌာန်ကြီးငယ် အထည်ဒြဗ်အနေနှင့် ရုပ်တရားတို အကျိတ်အခဲ အတုံးအခဲဖြစ်၍ နေကြမှုသည်လည်း <b>ဤရေဓာတ်၏ ကျေးဇူးပင်တည်း</b>၊ ဤရေဓာတ်မှတစ်ပါး <b>အကျိတ်အခဲဖြစ်အောင် ဖွဲ့စည်းသောဓာတ်-ဟူ၍ မရှိပြီ</b>။</p>
<p>၁။ ၈-သောင်း ၄-ထောင် ၂-ပြန်ဆောင်သော မြင့်မိုရ်တောင် ကြီး၌ရှိသော ဖွဲ့စည်းမှုသည် ယခု ခဏချင်း ပျက်ဆုံးခဲ့သည် ဖြစ်အံ့၊ ထိုမြင့်မိုရ်တောင်ကြီးသည် <b>ယခုခဏချင်း ကွယ်ပျောက်ရာ၏</b>၊</p>
<p>၂။ ၈-သောင်း ၂-ထောင် ၂-ပြန်ဆောင်သော စကြဝဠာ တောင်ကြီး၌ရှိသော ဖွဲ့စည်းမှုသည် ယခု ခဏချင်း ပျက်ဆုးံခဲ့သည်ဖြစ်အံ့၊ ထိုစကြဝဠာတောင်ကြီးသည် <b>ယခုခဏချင်း ကွယ်ပျောက်ရာ၏</b>၊</p>
<p>၃။ မဟာပထဝီ မြေကြီး၌ရှိသော ဖွဲ့စည်းမှုသည် ယခုခဏချင်း ပျက်ဆုးံခဲ့သည်ဖြစ်အံ့၊ ဤမဟာပထဝီ မြေကြီးသည် <b>ယခု ချင်းကွယ်ပျောက်၍ ကောင်းကင်အထိသာဖြစ်လေရာ၏</b>၊</p>
<p>အဘယ်ကြောင့်နည်း ဟူမူကား-ဖွဲ့စည်းမှု-ဟူသော ချုပ်ထိန်းမှု မရှိခဲ့သည်ရှိသော် မြင့်မိုရ်တောင်, စကြာဝဠာတောင်, သိလာပထဝီ ဖြစ်၍နေသော တစ်ခဲနက်သော ပရမတ်မြေ,ပရမတ်မီး, ပရမတ်လေ တို့သည် <b>တစ်ပါးကိုတစ်ပါးထောက်ခံ မှီတွယ်မှုမှု အစည်းရုံး ခဏချင်း ကင်းလွတ်ကြလေကုန်၏</b>၊ နိဗ္ဗာန်မှ တစ်ပါးသော သင်္ခတ လက္ခဏာ ရှိသော ပရမတ္ထဓမ္ဓတို့မည်သည် <b>ထောက်ခံမှု, မှီတွယ်မှုကင်း၍ မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှ အသက်ရှည်၍ တည်နေနိုင်သော အရာမည်သည် မရှိလေကုန်</b>။</p>
<p>မြင့်မိုရ်တောင်ကြီး, စကြာဝဠာတောင်ကြီး, မဟာပထဝီ မြေကြီးတို့၌ ပရမတ် ရေဓာတ်သက်သက်ကို ကွက်ခြား၍ ကြည့်လိုသည် ရှိသော် <b>ခက်မာမှု-ဟူသော မြေဓာတ်နှင့် မရောစေမူ၍ ဖွဲ့စည်း-ဟူသော ရေဓာတ် သက်သက်ကို ကွက်ခြား၍ ကြည့်ရသည်</b>၊ အဆင်းသဏ္ဌာန် အထည်ဒြဗ်စုလည်း ခုခံ၍နေတတ်သည်၊ ကြည့်ရှုသော ဓမ္မဝဝတ္ထာဉာဏ်၌ အဆင်းသဏ္ဌာန် အထည်ဒြပ်စု ခုခံ၍နေခဲ့လျှင် နောက်၌ ဖြစ်မှုပျက်မှုကို ရှုသောအခါ မထင်နိုင်ဘဲ နေတတ်သည်၊ <b>ပရမတ်အစစ်ကို အမြင်စင်ကြယ်လှပါမှ အနိစ္စအစစ်, ဒုက္ခအစစ်, အနတ္တအစစ်ကို မြင်နိုင်သည်။</b></p>
<p>မြေဓာတ်၌ ဆိုခဲ့ပြီးသောအတိုင်း ဤရေဓာတ်၌လည်း ဖွဲ့စည်းမှုသက်သက်ဟုဆိုအပ်သော ရေဓာတ်အမြင် စင်ကြယ်သောအခါ မြင့်မိုရ်တောင်, မဟာပထဝီမြေကြီးတစ်ခုလုံး၌ အကျိတ်အခဲ အဆန် အမာ ရှိသည်အတွက် မှန်ထဲ ရေထဲမှာ မြင်ရသော မိုးရိပ်, တိမ်ရိပ်, နေဝန်း လဝန်းအရိပ်, သစ်ပင်ရိပ်တို့ကဲ့သို့ <b>ဖွဲ့စည်းမှုဟူသော အာပေါလက္ခဏာကြီး ထင်မြင်လိမ့်မည်</b>၊ မြင့်မိုရ်တောင်, မဟာပထဝီမြေကြီးတို့၌ ထင်မြင်သောအခါ လူ, နတ်, ဗြဟ္မာ သတ္တဝါခပ်သိမ်းတို့၌ ထင်မှု, မြင်မှု အလွန်လွယ်လှတော့သည်။</p>
<p>သတ္တဝါသဏ္ဌာန်မှာ ထင်မြင်မှုသာ လိုရင်းဖြစ်သည်, မြင့်မိုရ်, မဟာပထဝီမြေကြီးတို့က စချီ၍ပြလိုက်သည်မှာ သတ္တဝါသဏ္ဌာန်၌ ထင်လွယ် မြင်လွယ်အောင် စ၍ ချီလိုက်သည်၊ <b>မိမိသဏ္ဌာန်၌ ဦးခေါင်း ခြေဖဝါး ထုတ်ချင်းအောင် ထင်လင်းပြီးမှ သူတစ်ပါးသဏ္ဌာန်စုကိုလည်း ထို့အတူ ထုတ်ချင်းပေါက်အောင် ရှုလေ</b>။</p>
<p>အာပေါဟူသောရေဓာတ်ကို</p>
<p>ဓာတ်ပေါက်အောင်ရှုနည်းအမြွက်ပြီး၏၊</p>
---
<h3>(ဂ) ပရမတ်နှစ် မီးအစစ်</h3>
<p><b>ပူမှု, အေးမှု ဟူသော အမူရော ကိရိယာမှု သက်သက်</b>သည် ပရမတ်နှစ်မီးဓာတ်စစ်မည်၏၊ ပူမှု အေးမှုဟူသည်လည်း <b>ကလာပ်တူ မဟာဘုတ် ၃-ပါးတို့ကို ရင့်မာသန်စွမ်းအောင် ပေါင်းနွေးမှု</b>ဟူပေတည်း၊ အပူစွမ်း, အအေးစွမ်း, ၂-ပါးစုံသည်ပင်လျှင် ကလာပ်တူ မဟာဘုတ်တို့ကို ရင့်မာအောင်, ထက်သန်အောင်, အသီးသီး အစွမ်းသတ္တိနှင့် ပြည့်စုံအောင် ပေါင်းနွှေးမှု ရှိသည်ချည်း ဖြစ်သည်။</p>
<p>အမိဝမ်းမှ ဥ၍ မြုံ၌တည်ရှိသော ကြက်ဥတို့သည် အမိဖြစ်သူ ကြက်မက မပြတ်ဝပ်၍ အငွေ့ပေးမှ အစဉ်အတိုင်း ရင့်မာသန်စွမ်း၍ ကြက်သူငယ်အဖြစ်သို့ရောက်သဖြင့် ပေါက်ဖွားနိုင်သည်။ အမိကြက်မက မဝပ်ဘဲ၊ အငွေ့မပေးဘဲနေခဲ့သည်ရှိသော် ကြက်သူငယ်အဖြစ်သို့ မရောက်နိုင်ပြီ၊ အမိဝမ်းတွင်းက ထုံခဲ့သော အငွေ့အကုန်တွင် ပုပ်ခြင်းသို့ ရောက်လေတော့သည်။</p>
<p>ဤအတူ <b>တေဇောဟူသော မီးဓာတ်သည် အမိကြက်မနှင့် တူသည်</b>၊ အတူတကွဖြစ်သော မြေဓာတ်, ရေဓာတ်, လေဓာတ်၊ ဤ ဓာတ်ကြီး ၃-ပါးတို့သည် ကြက်ဥနှစ်တို့နှင့် တူကြကုန်သည်။ မီးဓာတ်နှင့်အတူတွဲဖက်ရမှ မြေဓာတ်ဟူသော ခက်မာမှုသည် အောင်မြင်စွာ ဖြစ်နိုင်သည်။ ရေဓာတ်ဟူသော ဖွဲ့စည်းမှုသည်လည်း အောင်မြင်စွာ ဖြစ်နိုင်သည်။ လေဓာတ်ဟူသော အဝှန်အဝါမှုသည်လည်း အောင်မြင်စွာ ဖြစ်နိုင်သည်။ <b>မီးဓာတ်နှင့်ကင်း၍ အောင်မြင်စွာ မဖြစ်နိုင်ကုန်</b>။ မဟာသမုဒ္ဒရာရေ, သီဒါရေ, ကမ္ဘာကိုခံသော ရေတို့သည်လည်း သီတ ဓာတ်မီး၏ အစီးအပွားတို့သာတည်း၊ သီတဓာတ်မီး၏ အုပ်စိုးချက်နှင့် ဆက်လက်ဖြစ်ပွါးကာ နေကြရကုန်သည်၊ မြင့်မိုရ်တောင်, စကြဝဠာတောင်, သိလာပထဝီမြေကြီးတို့သည်လည်း သီတဓာတ်မီး၏ အစီးအပွား တို့သာတည်း၊ တစ်ပါးသောဓာတ်တို့နှင့် မရောနှောစေဘဲ မီးဓာတ် သက်သက်ကို ရှုသောအခါ အေးသောဝတ္ထုတို့၌ အေးမှုသက်သက်ကိုရှုရမည်၊ ပူသော ဝတ္ထု၌ ပူမှုသက်သက်ကိုရှုရမည်၊ <b>အဆင်းသဏ္ဌာန် အထည်ဒြပ် ပညတ်နှင့်ရော၍ မနေစေနှင့်</b>။</p>
<p>ပူမှု အေးမှုဟူသော ဤပရမတ်မီးဓာတ်၏ အဏုမြူမျှမရှိသည်၏အဖြစ်ကြောင့် ဤမီးဓာတ်ကို အမြင် စင်ကြယ်သောအခါလည်း ရေကြည်,မှကြည်စသည်တို့၌ နေဝန်း လဝန်းအရိပ်,တိမ်ရိပ်,မိုးရိပ်တို့ကဲ့သို့ <b>ဉာဏ်အမြင်မှာသာ ကြီးကျယ်၍ အထည်ဒြဗ်မရှိကြောင်း ထင်ရှားလိမ့်မည်</b>၊ မိမိကိုယ်ကိုရှုသောအခါ ဉာဏ်နိုင်ရုံ ပိုင်း၍ပိုင်း၍ရှု၊ <b>မိမိကိုယ်မှာ အလင်းထင်မြင်လျှင် သတ္တဝါအနန္တမှာပင် ထင်တော့သည်</b>။</p>
<p>တေဇောဟူသော-မီးဓာတ်ကို ဓာတ်ပေါက်အောင် ရှုနည်းအမြွက် ပြီး၏၊</p>
---
<h3>(ဃ) ပရမတ်နှစ် လေအစစ်</h3>
<p>မီးတောက် မီးခိုး၏အတွင်း၌မီးဓာတ်၏အာနုဘောကြောင့် မီးဓာတ်ကိုပင် အစဉ်ဖြစ်ပွား၍ သွားနိုင်အောင် <b>လှုံ့ဆော်ချီပင့်မှု ဟူသော ဝါယောဓာတ်</b>သည်ပါရှိ၏၊ ထိုဝါယောဓာတ်အတွက်ကြောင့် မီး၏ပြန့်ပွားခြင်း, မီးရှိန်၏ပြန့်ပွားခြင်း, မီးရောင်၏ပြန့်ပွားခြင်း, မီးတောက်၏ပြန့်ပွားခြင်း, မီးတောက်၏ တလူလူပြန့်ပွားခြင်း အခိုးထွက်ခြင်း, အဆင့်ဆင့်မီးကူးခြင်း အစရှိသောမီးဓာတ်၏ ပြန့်ပွားစီကားမှုတို့သည် ထင်ရှားဖြစ်ကုန်၏သို့ ထို့အတူ <b>ဝါယောမည်သော ဤလေဓာတ်သည်ပူမှု, အေးမှုဟူသော မီးဓာတ်အရှိန်အဝှန်ပေတည်း</b>။</p>
<p>မီးစာရှိရာ၌ အနည်းငယ် ချထားသောမီးသည် ထိုရှိန်အဝှန် ကြောင့် မီးစာရှိသမျှ အကုန်ပွားနိုင်သည်။ မီး၌ အတွင်းအရှိန်အဝှန်ညံ့၍ မပွားတဲ့နိုင်, မတောက်တဲ့နိုင်ရှိလျှင် ယပ်နှင့်ယပ်၍ပြောင်းမှုတ်၍အပက အရှိန်အဝှန် ကူရသေးသည်၊ ပူမှုရှိလျှင် ပူရှိန် ပူဟုန်ရှိမြဲ၊ အေးမှုရှိလျှင် အေးရှိန် အေးဟုန်ရှိမြဲ၊ ပူမှု,အေးမှုကား တခြား၊ အရှိန် အဝှန်ကား တခြား၊ ပူမှု, အေးမှုကား ပရမတ်မီးဓာတ်တည်း၊ <b>အရှိန်အဝှန်ကား ပရမတ် လေဓာတ်တည်း</b>၊ ထိုအရှိန်ဝှန်ဟူသော လေဓာတ်သည် <b>ကလာပ်တူ ဖြစ်သောမြေဓာတ်,ရေဓာတ်, မီးဓာတ်တို့၏ အားခွန်ဗလလည်းမည်၏</b>၊ ထိုအရှိန်ပွားရာ ကလာပ်တူ မဟာဘုတ် ရုပ်ကလာပ်တို့သည် ဖြစ်ပေါ်၍ လိုက်ရကုန်၏၊ ထိုအဟုန်အဝှန်သည် အလွန်ထက်သန်သည်ရှိသော် <b>လေပြင်းမုန်တိုင်း ဖြစ်လေ၏</b>၊ ထိုအဝှန်အဟုန်သည် လေမွေ့ရာ, လေခေါင်းအုံး စသည်တို့၌ကဲ့သို့ <b>ထောင့်ကန် တောင့်တင်းမှု, ချီပင့်ထမ်းဆောင်မှု ဝိတ္ထမ္ဘနလက္ခဏာ</b>ဟု ကျမ်းဂန်၌ဆိုပေသည်၊ မြင့်မိုရ်တောင်, စကြဝဠာတောင်, သိလာပထဝီ စသည်တို့၌ရှိသော သီတဓာတ်မီးသည် ထိုအဟုန်အဝှန်ဟူသော လေဓာတ်၏ အစွမ်းဖြင့် ခဏတိုင်းခဏတိုင်း ပွားများ၍ ကမ္ဘာပျက်သည့်တိုင်အောင်ရုပ်ကလာပ် အဆက်ဆက်တို့ကို ပွားများစေနိုင်သည်။ မြင်အောင်ကြည့်။</p>
<p>ဟဒယဝတ္ထု၌ဖြစ်ပေါ်သော တစ်ခုခုသောစိတ်ကြောင့် ခဏချင်း ခဏချင်းတစ်ကိုယ်လုံး စိတ္တဇရုပ်ကလာပ် ပျံ့နှံ့ဖြစ်ပွားမှု, ဥတုဇရုပ် ကလာပ်တို့ ပျံ့နှံ့ဖြစ်ပါ၏၊ ဝမ်းထဲသို့ ရောက်သောအစာအဟာရ ဓာတ် တို့၏ တစ်ကိုယ်လုံး အနှံ့အပြား ပျံ့နှံ့ဖြစ်ပွားမှု, ကလလရေကြည်မှစ၍ သတ္တဝါတို့၏ အစဉ်အတိုင်း တိုးပွားစည်ကားမှု, အညွန့်အညှောင့် ပေါက်ရောက်သည်မှစ၍ သစ်ပင်ချုံမြက်တို့ အစဉ်အတိုင်း တိုးပွား စည်ကားမှုတို့သည်လည်း <b>ဝါယောလှုံ့ဆော်မှုနှင့် ဖြစ်ကြကုန်သည် သာတည်း</b>။</p>
<p>မြင့်မိုရ်တောင်, စကြာဝဠာတောင် မဟာပထဝီ မြေကြီးမှစ၍ သက်ရှိသက်မဲ့ အလုံးစုံတို့ကို <b>ရွရွရွရွ ထင်အောင်ကြည်လေ</b>။ မိမိကိုယ်မှစ၍ အကုန်လုံးနှံ့အောင်ကြည့်၊ ဦးထိပ်မှစ၍ ခြေဖဝါးတိုင် အလင်းပေါက်အောင်ကြည့်၊ ဤဝါယောဓာတ်ကိုလည်း ဆိုခဲ့ပြီးသော ဓာတ်နည်းတူ <b>အဆန်အမာဟူ၍ အဏုမြူမျှ မရှိသည့် အတွက်ကြောင့် ရေထဲ မှန်ထဲ၌ထင်သော အရိုပ်စသည်ကဲ့သို့ ထင်မြင်လိမ့်မည်</b>၊ မျက်စိတွင်မြင်နေကြဖြစ်သော အဆင်းသဏ္ဌာန်အထည်ဒြပ် ပညတ်ကြီးခုခံ၍ နေတတ်သည်၊ <b>အတုမရှိသော ထိုပညတ်ကို ဉာဏ်ဖြင့် မှုတ်၍ ပစ်လေ</b>။</p>
<p>ဝါယောဟူသော လေဓာတ်ကို ဓာတ်ပေါက်အောင် ရှုနည်း အမြွက်ပြီး၏၊</p>
---
<h3>(င) လောကုတ္တရာ အရိယဝိဇ္ဇာ ထွက်ရပ်လမ်း</h3>
<p>၁။ <b>ခက်မာမှု</b>,</p>
<p>၂။ <b>ဖွဲ့စည်းမှု</b>,</p>
<p>၃။ <b>ပေါင်းနွေးမှု</b>,</p>
<p>၄။ <b>အရိန်အဟုန်မှု</b>,</p>
<p>ဤ ၄-ခုသော အခြင်းအရာ အမူအရာ ကိရိယာကြီးတို့သည် သဘောလဏ္ခဏာအားဖြင့် <b>အသီးအသီး ထင်ရှားရှိကြကုန်၏</b> တည်ရာဌာနအားဖြင့် ခက်မာမှုကို ပထမဦးတည် မ-တည်ပြု၍ တစ်ခုတည်းကဲ့သို့ တည်ကြကုန်၏၊ <b>ဖြစ်အတူ, ပျက်အတူ, တည်အတူ</b>တို့သာတည်း။</p>
<p>၁။ ခက်မာမှုဟူသော မြေဓာတ်ပျက်ဆုံးလျှင် တည်ရာမရှိသည် ဖြစ်၍ ကြွင်းသောဓာတ် ၃-ပါးလည်း <b>ပျက်ဆုံးရတော့သည်</b>။</p>
<p>၂။ ထို့အတူဖွဲ့စည်းမှုဟူသောရေဓာတ်ပျက်ဆုံးလျှင်လည်း အဖွဲ့အစည်းပျက်ဆုံးသဖြင့်တစ်ပါးနှင့်တစ်ပါး ထောက်ပံ့မှုကင်းကြ၍ <b>အကုန်လုံးပျက်ဆုံးကြတော့သည်</b>။</p>
<p>၃။ ပေါင်းနွေး၍ထက်သန်အောင် ပြုမှုဟူသော မီးဓာတ် ပျက်ဆုံးလည်း ကြွင်းသောဓာတ်သုံးပါးတို့သည် မိမိတို့သဘော အတိုင်းပြည့်စုံစွာ မတည်နိုင်ကြ၍ <b>အကုန်လုံးပျက်ဆုံးတော့သည်</b>။</p>
<p>၄။ ကြံ့ခိုင်တောင့်တင်းမှုဟူသော လေဓာတ်ပျက်ဆုံးလျှင်လည်း ကြွင်းသောဓာတ်တို့သည် အားပြတ်၍ <b>ပျက်ဆုံးကြကုန်တော့သည်</b>။ မိုးဟူသော ပူမှုအေးမှုသည် လှုံ့ဆော်တလူလူ ဆောင်ရွက်ခြင်း ဟူသော လေဓာတ်နှင့်တွဲရမှဖြစ်နိုင်သည်၊ လေဓာတ်မရှိလျှင် အားပြတ်၍ ခဏချင်းကွယ်ဆုံးလေ၏၊ ထို့အတူ ခက်မာမှုဟူသော မြေဓာတ်သည် လည်း ခက်မာခြင်း ကိရိယာကိုကြံ့ယံ့ တင်းရင်းအေင် ချီပင့်သော လေဓာတ်မရှိလျှင် အားပြတ်၍ ကွယ်ဆုံးလေ၏၊ ဖွဲ့စည်းခြင်းဟူသော ရေဓာတ်သည်လည်းဖွဲ့တွယ်ခြင်း ကိရိယာကို ကြံ့ယံ့တင်းရင်းအောင် ချီပင့်သောလေဓာတ်မရှိလျှင် အားပြတ်၍ ကွယ်ဆုံးလေ၏၊</p>
<p><b>(ဤကား အခြင်းအရာကြီး ၄-ပါးတို့၏ အချင်းချင်း မှီတွယ်ကြပုံ,တစ်ပါးပျက်လျှင် အကုန်လုံးပျက်ကြပုံကို ပြဆိုလိုက်သော အချက်တည်း။)</b></p>
<p>ထိုဓာတ်ကြီး ၄-ပါးတို့၏ သက်ရှိသက်မဲ့သဏ္ဌာန် ၂-ပါးတို့၌ ဖြစ်ပုံဆန်းကြယ်မှုသည်လည်း <b>အစိန္တေယျ အရာဖြစ်၍ မကြံအပ်မကြံရာ ကြီးကျယ်လှစွာ၏</b>၊ ထိုဓာတ် ၄-ပါးတို့၏တန်ခိုးဣဒ္ဓိပါဒ်သည်လည်း အစိန္တေယျ အရာဖြစ်၍မကြံအပ် မကြံရာ ကြီးကျယ်လှစွာ၏၊ ဤဓာတ် ၄-ပါးကို ဘုရား၏နည်းလမ်းနှင့် အထင်အမြင် ထိုးထွင်း၍ ထမြောက် ပေါက်ရောက်အောင် လုပ်ကြံနိုင်လျှင် <b>လောကုတ္တရာ အရိယာဝိဇ္ဇာ လမ်းပေါက်၏</b>၊ ထိုဓာတ်ကြီး၄-ပါးတို့၌ <b>အချုပ်အခြာ ဦးစီးဦးကိုင်ကား တေဇောပေတည်း</b>၊ စကြာဝဠာကမ္ဘာ, ရေ,မြေနှင့်တကွ ရုပ်သဏ္ဌာန်နှင့် စပ်သော သက်ရှိသက်မဲ့ အလုံးစုံသည် <b>တေဇော၏ အစီးအပွါးချည်းတည်း၊ ဓာတ်မီး၏ အစီးအပွါးချည်းတည်း</b>။</p>
<p><b>တေဇာဟူသောဓာတ်မီး၏ ဣဒိပါဒ်တန်ခိုး အကျိုးသွား</b>ကို ဘုရားသဗ္ဗညုတို့၏ ဉာဏ်တော်သည်သာ မှီနိုင်ရာသတည်း၊ ဓာတ်မျက်လုံးအမြင် စင်ကြယ်စွာပေါက်သောအခါ၌မူကား မိမိ ရူပကာယ ကိုယ်ခန္ဓာ, သူတစ်ပါးတို့၏ ရူပကာယ ကိုယ်ခန္ဓာ, ဗဟိဒ္ဓသဏ္ဌာန်ရုပ်ခန္ဓာကို <b>ဖြစ်မှု, ပျက်မှုတွေ တရွရွ နေသည်ကို မြင်ကြကုန်လတ္တံ့</b>၊ ရုပ်တုံးရုပ်ခဲ ဟူသမျှ သည် <b>အနှစ်သာရမရှိသော ရေမြှုပ်ခဲတွေနှင့် တူလှစွာ၏</b>ဟု မြွက်ဆိုကြရလတ္တံ့၊ ထို့ကြောင့်''<b>ဖေဏပိဏ္ဍူပမံ ရူပံ</b>''ဟူ၍ဟောတော်မူပေသည် တကားဟု မြတ်စွာဘုရားကိုလည်း တွေ့မြင်ကြရလတ္တံ့။</p>
<p>မဇ္ဈိမပုဂ္ဂိုလ်တို့ ရှုနည်းကို ပြဆိုခန်း ပြီး၏၊</p>
---
<h3>၁၇-တိက္ခပုဂ္ဂိုလ်တို့ ရှုနည်းကိုပြဆိုခန်း</h3>
<p><b>(က) အချက်ကြီး ၄-ချက်</b></p>
<p>(၁) စွဲလမ်းတတ်သောတရား ၃-ပါး။</p>
<p>(၂) စွဲလမ်းတတ်သော အခြင်းအရာ ၃-ပါး။</p>
<p>(၃) စွဲလမ်းရာ ဝတ္ထု ၃-ပါး။</p>
<p>(၄) အစွဲအလမ်းကို ဖျောက်ပယ်တတ်သော အနုပဿနာ ဉာဏ် ၃-ပါး။</p>
<p><b>ဆောင်ပုဒ်သံခိပ်။</b><br>
(က) <b>မာနတဏှာ၊ ဒိဋ္ဌိသာ</b>၊ မှတ်ပါ <b>စွဲလမ်းတတ်</b>။</p>
<p>(ခ) <b>ဧသောဟမသ္မိ၊ ဧတံ မမ၊ ဧသော မေ အတ္ထာ</b>၊ ဤ ၃-ဖြာ၊ <b>ခြင်းရာ ၃-ပါးမှတ်</b>။</p>
<p>(ဂ) <b>နိမိတ်, ပဏီဟိတ၊ အတ္တဇီဝါ</b>၊ဤ ၃-ဖြာ၊ <b>စွဲရာဝတ္ထုမှတ်</b>။</p>
<p>(ဃ) <b>အနိမိတ္တ၊ ပဏီဟိတ၊ သုညတာ</b>၊ မှတ်ပါ <b>ဖျောက်ပယ်တတ်</b>။</p>
<p><b>(က) သံပေါက်ရှင်းလင်းချက်</b></p>
<p><b>စွဲလမ်းတတ်သော တရား ၃-ပါး</b></p>
<p>၁။ <b>မညနံ မာနော</b>။ အထင်မှားခြင်း။</p>
<p>၂။ <b>တဿနံ တဏှာ</b>။ တွယ်တာခြင်း။<br>
<b>မညနံ</b>၊ အထင်မှားခြင်း။ <b>မာနော</b>၊ ။ <b>တဿနံ</b>၊ တွယ်တာခြင်း။ <b>တဏှာ</b>၊</p>
<p>၃။ <b>ဒဿနံ ဒိဋ္ဌိ</b>။<br>
<b>ဒဿနံ</b>၊ အမြင်မှားခြင်း။ <b>ဒိဋ္ဌိ</b>၊ အမြင် မှားခြင်း။</p>
<p>စွဲလမ်းတတ်သော တရား ၃-ပါး မှတ်ရန်ပြီး၏၊</p>
---
<p><b>(ခ) သံပေါက်ရှင်းလင်းချက်</b></p>
<p><b>စွဲလမ်းပုံအခြင်းအရာ ၃-ပါး</b></p>
<p>၁။ <b>ဧသောဟမသ္မိ</b>။</p>
<p>၂။ <b>ဧတံ မမ</b>။</p>
<p>၃။ <b>ဧသောမေ အတ္တာ</b>။</p>
<p><b>မာနစွဲလမ်းပုံ</b></p>
<p>၁။ <b>ဧသော</b>၊ ဤသည်ကား။ <b>အဟံ</b>၊ ငါသည်။ <b>အသ္မိ</b>၊ ဖြစ်၏၊</p>
<p><b>တဏှာစွဲလမ်းပုံ</b></p>
<p>၂။ <b>ဧတံ</b>၊ ဤသည်ကား။ <b>မမ</b>၊ ငါ့ဟာတည်း။</p>
<p><b>ဒိဋ္ဌိစွဲလမ်းပုံ</b></p>
<p>၃။ <b>ဧသော</b>၊ ဤသည်ကား။ <b>မေ</b>၊ ငါ၏၊ <b>အတ္တာ</b>၊ အတ္တတည်း။ ဝါ အထည်ခံ အမာခံ အနှစ်အသားတည်း။</p>
---
<p><b>(ဂ) သံပေါက်ရှင်းလင်းချက်</b></p>
<p><b>စွဲလမ်းရာ ဝတ္ထု ၃-ပါး</b></p>
<p><b>နိမိတ္တ</b></p>
<p><b>ဆောင်ပုဒ်သံခိပ်။</b><br>
(၁) <b>ပုဂ္ဂိုလ်, သတ္တဝါ၊ ငါ, သူတစ်ပါး၊ ယောကျ်ား, မိန်းမ၊ ဦးခေါင်းစသား၊ ဒြပ်များ၊ မှတ်သား နိမိတ္တ</b>။</p>
<p><b>ပဏိဟိတ</b></p>
<p>(၂) <b>လှပတင့်တယ်၊ ဆန်းတကြယ်နှင့်၊ ဖွယ်ရာ လျောက်ပတ်၊ ကောင်းမြတ် ချမ်းသာ၊ မင်္ဂလာကျက်သရေ၊ မက်ဖွယ် တွေ၊ မှတ်လေ ပဏိဟိတ</b>။</p>
<p><b>အတ္တဇီဝ</b></p>
<p>(၃) <b>ပြုတတ်, ကြံတတ်၊ ပြောဆိုတတ်နှင့် သိမှတ်, ခံစား။ ပြောင်းသွား ကျင်လည်၊ အတ္ထမည်၏၊ အရှည်နှစ်, လ တည်သမျှ၊ ဇီဝ မှတ်သညာ</b>။</p>
<p><b>သံပေါက်ကဗျာ ၃-ပုဒ် ရှင်းလင်းချက်</b></p>
<p>သစ်ပင်ရှိသည်ရှိသော် သစ်ပင်ကိုစွဲ၍ သစ်ပင်ရိပ် ပေါ်မြဲဖြစ်၏၊ အကိုင်းရိပ်, အခက်ရိပ်, အညွန့်ရိပ်, အရွက်ရိပ်, အပွင့်ရိပ်, အသီးရိပ်အစုံပေါ်မြဲဖြစ်၏၊ ထိုသို့ပေါ်ရာ၌ သစ်ပင်သည်အရိပ်မဟုတ်၊ အရိပ်သည် သစ်ပင်မဟုတ်၊ သစ်ပင်ကိုစွဲ၍ အရိပ်ဖြစ်၏၊ သစ်ပင်, သစ်ကိုင်း, သစ်ခက်, သစ်ညွန့်, သစ်ပွင့်, သစ်သီးတို့သည်လည်း <b>အဋ္ဌကလာပ်ရုပ် အစုတို့ကို စွဲ၍ ပေါ်ကြသော အရိပ်ကြီးငယ်တို့သာတည်း</b>။</p>
<p>အဋ္ဌကလာပ်ရုပ် အစုတို့သည် သစ်ပင်, သစ်ကိုင်း-စသည် မဟုတ်ကုန်၊ သစ်ပင်, သစ်ကိုင်း-စသည်တို့သည် အဋ္ဌကလာပ်ရုပ် အစု မဟုတ်ကြကုန်၊ အဋ္ဌကလာပ်ရုပ် အစုကိုစွဲ၍ သစ်ပင်, သစ်ကိုင်း-စသော အရိပ်သဏ္ဌာန် ကြီးငယ်တိုကို စွဲ၍ သစ်ပင်ရိပ်, သစ်ကိုင်းရိပ်-စသော အရိပ်ကြီးငယ်တိုသည် ပေါ်ကုန်၏၊ ဤသို့လျှင် သစ်ပင်၌ရှိသော အဋ္ဌ ကလာပ်ရုပ်အစုတို့မှ <b>အရိပ် ၂-မျိုးပေါ်၏</b>၊</p>
<p><b>ပထမအရိပ်</b>။ ။ သစ်ပင်သဏ္ဌာန်-စသော ပထမအရိပ်ကား အဋ္ဌကလာပ် ရုပ်အစုတို့ကို မှီ၍ ပေါ်ကုန်၏၊</p>
<p><b>ဒုတိယအရိပ်</b>။<br>
သစ်ပင်, သစ်ကိုင်းရိပ်-စသော ဒုတိယအပင် အရိပ်တို့ကား မြေအပြင်၌ ပေါ်ကုန်၏၊ ပကတိ လူတို့သည် ဤဒုတိယ အရိပ်ကိသာ အရိပ်-ဟူ၍ သိကြကုန်၏၊ ပထမအရိပ်ကိုကား အရိပ်ဟူ၍ မသိကြကုန်။</p>
<p>ထို့အတူ သတ္တဝါတို့၌လည်း ရုပ်ခန္ဓာတို့မှ <b>အရိပ် ၂-မျိုးထွက်၏</b>၊</p>
<p>၁။ <b>ပုဂ္ဂိုလ်အသွင်, သတ္တဝါအသွင်-ဟူသော အရိပ်</b>။</p>
<p>၂။ <b>ဦးခေါင်းသဏ္ဌာန်, ကိုယ်သဏ္ဌာန်, ခြေသဏ္ဌာန်, လက် သဏ္ဌာန်, လည်ပင်းသဏ္ဌာန်-ဟူသော အရိပ်</b>။</p>
<p>ဦးခေါင်း၌လည်း, ဦးထိပ်သဏ္ဌာန်, နဖူးသဏ္ဌာန်, မျက်နှာ သဏ္ဌာန်စသည်၊ မျက်လုံးသဏ္ဌာန်, နှာခေါင်း သဏ္ဌာန်, ခံတွင်းပေါက် သဏ္ဌာန်, မေးသဏ္ဌာန်, နားရွက်သဏ္ဌာန်-စသည် အရိပ်ကြီးငယ် အလွန်များ၏၊ ကိုယ်၌လည်း ရင်သဏ္ဌာန်, ဝမ်သဏ္ဌာန်, ဆီးသဏ္ဌာန်, ကျောက်ကုန်းသဏ္ဌာန်, ခါးသဏ္ဌာန်, နံဘေးသဏ္ဌာန်-စသည် အရိပ်ကြီး ငယ် အလွန်များ၏၊</p>
<p>ထို့အတူ</p>
<p>ဆံပင်သဏ္ဌာန်ပေါင်း <b>၂၄,ဝဝဝ,ဝဝဝ</b></p>
<p>မွေးညင်းသဏ္ဌာန်ပေါင်း <b>၉၉,ဝဝဝ</b></p>
<p>ခြေသည်းသဏ္ဌာန်ပေါင်း <b>၁၀</b></p>
<p>လက်သည်းသဏ္ဌာန်ပေါင်း <b>၁၀</b></p>
<p>သွားသဏ္ဌာန်ပေါင်း <b>၃၂</b></p>
<p>အရေထူ အရေပါး သဏ္ဌာန်ကြီး <b>၂</b></p>
<p>အသားစိုင် အသားခဲ သဏ္ဌာန်ပေါင်း <b>၉၀၀</b></p>
<p>အကြောကြီး အကြောငယ် သဏ္ဌာန်ပေါင်း <b>၉၀၀</b></p>
<p>အရိုးကြီး အရိုးငယ် သဏ္ဌာန်ပေါင်း <b>၃၀၀</b></p>
<p>ဦးနှောက်ခဲသဏ္ဌာန်, ထိုထိုအရိုးတွင်းရှိ ရိုးတွင်းခြင်ဆီ သဏ္ဌာန်, အညှို့သဏ္ဌာန်, နှလုံးသဏ္ဌာန်, အသည်းသဏ္ဌာန်, အဆုတ်သဏ္ဌာန်, အမြှေးသဏ္ဌာန်, အူမသဏ္ဌာန်, အူအိမ်သဏ္ဌာန်-စသည်ဖြင့် အရိပ်ကြီး အရိပ်ငယ်ပေါင်း အလွန်များပြား၏၊ <b>အဏုမြူ, ပရမာဏုမြူမျှ အထည်ဝတ္ထုဒြပ်သဏ္ဌာန် ထင်မြင်ခဲ့လျှင် အရိပ်အသွင်-ဟူ၍သာ မှတ်</b>။</p>
<p><b>(ဤကား ပထမအရိပ်မျိုးတည်း။)</b></p>
<p>နေရောင် မီးရောင်ကိုစွဲ၍ပေါ်သော လူရိပ်, မှန်အပြင်, ရေအပြင်တို့၌ပေါ်သော လူရိပ်တို့ကား <b>ဒုတိယအရိပ် အသွင်မျိုးတည်း</b>။</p>
<p><b>နာမ်ခန္ဓာ အရိပ်</b></p>
<p>နာမ်ခန္ဓာတို့မှ ထွက်သော အရိပ်မျိုးကား <b>မြင်သောအသွင်, ကြားသောအသွင်, ကြံသောအသွင်, သိသော အသွင်, နှလုံးသာယာသော အသွင်, နှလုံးမသာယာသော အသွင်, အလိုရှိသော အသွင်, အလို မရှိသော အသွင်, အမျက်ထွက်သော အသွင်, အမျက်မထွက်သော အသွင်, ကြည်ဖြူသော အသွင်, မကြည်ဖြူသော အသွင်</b>-စသည်တို့သည် နာမ်ခန္ဓာတို့မှ ရုပ်ခန္ဓာတို့၌ထင်သော အရိပ်တို့တည်း။</p>
<p><b>ခန္ဓာ၅-ပါး အရိပ်</b></p>
<p>ခန္ဓာ ၅-ပါး အပေါင်းတို့မှ ထွက်သော အရိပ်ကိုကား <b>ထိုထို ကိုယ်အင်္ဂါကြီးငယ်တို့ လှုပ်သောအသွင်, ထိုင်သော အသွင်, ထသော အသွင်, ရပ်သောအသွင်, သွားသောအသွင်, ကွေးသောအသွင်, ဆန့် သောအသွင်, ထိုထိုအမှုကိုပြု လုပ်သော အသွင်, ပြောဆိုသောအသွင်</b>စသည်ဖြင့် အမှုကိစ္စအမျိုးမျိုး ထင်မြင်ကြသမျှ အလုံးစုံတို့သည် ခန္ဓာစသည်ဖြင့် အမှုကိစ္စအမျိုးမျိုး ထင်မြင်ကြသမျှ အလုံးစုံတို့သည် ခန္ဓာ ၅-ပါး အပေါင်းတို့မှ ထွက်သောအရိပ်တို့တည်း၊ ဤသို့လျှင် ထိုခန္ဓာ ၅-ပါးတို့နှင့် ရောနှော ဖက်စပ်၍ထင်မြင်ကြရသော အလုံးစုံသော အရိပ် အသွင်တို့ကို <b>နိမိတ္တ- ဟူ၍ ဆိုသတည်း</b>။</p>
<p>''<b>ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါး၊ ယောကျ်ား, မိန်းမ၊ ဦးခေါင်း စသား၊ ဒြပ်များ၊ မှတ်သား နိမိတ္တ</b>” ဟူသော သံပေါက်ကဗျာ၏သရုပ်ပြီး၏၊</p>
<p><b>အနိမိတ္တာ နုပဿနာဉာဏ်</b></p>
<p>သစ်ပင်၌ ဧကန်ရှိရင်း, အရှိန်ရှိရင်း, အဟုန်ရှိရင်း ဖြစ်ကြကုန်သော အဋ္ဌကလာပ်ရုပ်တို့ကိုလည်းကောင်း၊ ထိုရုပ်တို့၌ရှိသော <b>အနိစ္စ အချက်ကြီးကိုလည်းကောင်း</b>ဉာဏ်အမြင်ပေါက်ခဲ့သည်ရှိသော်သစ်ပင်, သစ်ကိုင်း, သစ်ခက် သစ်ညွန့်, သစ်ရွက်, သစ်ပွင့်, သစ်သီး-အစရှိကုန်သော ပထမအရိပ်အသွင်တို့သည်ဉာဏ်၌ <b>အကုန်ကွယ်ပျောက်ကုန်၏</b>၊ အမှန်ရှိရင်းမျိုး, အဟုတ်ရှိရင်းမျိုး မဟုတ်ကုန်၊ <b>စိတ်အာရုံထဲမှာသာ မျက်လှည့် အသွင်ကဲ့သို့ ထင်မြင်ရသော အရိပ်မျိုး, အသွင်မျိုး, သဏ္ဌာန်မျိုးတို့သာတည်း</b>- ဟု ဉာဏ်၌ရှင်းလင်းစွာ ထင်မြင်၏၊</p>
<p>ထို့အတူ သတ္တဝါတို့သန္တာန်၌လည်း ဧကန်ရှိရင်း အမှန်ရှိရင်း ဖြစ်ကုန်သော အသီးသီးသော ရုပ်ဓာတ်တို့ကိုလည်းကောင်း၊ နာမ်ဓာတ် တို့ကိုလည်းကောင်း၊ <b>ရုပ်ဓာတ်နာမ်ဓာတ်တို့၏ အနိစ္စအချက်ကြီး</b>ကိုလည်း ကောင်း ဉာဏ်အမြင် ပေါက်ခဲ့သည်ရှိသော် ပုဂ္ဂိုလ်, သတ္တဝါ, အင်္ဂါကြီးငယ်-အစရှိကုန်သော အလုံးစုံသော ရုပ်နိမိတ်, နာမ်နိမိတ်, ရုပ်နာမ် နိမိတ်တို့သည် ဉာဏ်၌<b>အကုန်ကွယ်ပျောက်ကုန်၏</b>၊ ဧကန်အမှန် အဟုတ်ရှိရင်းမျိုး မဟုတ်ကုန်၊ <b>သတ္တဝါတို့၏ စိတ်အာရုံထဲမှာသာ မျက်လှည့်အသွင်ကဲ့သို့ ထင်မြင်ရသော အရိုပ်မျိုး, နိမိတ်မျိုး, အသွင်မျိုး, သဏ္ဌာန်မျိုးတို့သာတည်း</b>-ဟု ဉာဏ်၌ရှင်းလင်းစွာ ထင်မြင်၏၊ ထို့အတူ သတ္တဝါတို့သန္တာတ်၌လည်း ဧကန်ရှိရင်း ဖြစ်ကုန်သော အသီးအသီးသော ရုပ်ဓာန်တို့ကိုလည်းကောင်း၊ နာမ်ဓာတ်တို့ကိုလည်း ကောင်း၊ ရုပ်ဓာတ်နာမ်ဓာတ်တို့၏ <b>အနိစ္စအချက်ကြီး</b>ကိုလည်းကောင်း ဉာဏ်အမြင် ပေါက်ခဲ့သည်ရှိသော် ပုဂ္ဂိုလ်, သတ္တဝါ, အင်္ဂါကြီးငယ်အစရှိ ကုန်သော အလုံးစုံသော ရုပ်နိမိတ်, နာမ်နိမိတ်, ရုပ်နာမ်နိမိတ်တို့သည် ဉာဏ်၌<b>အကုန် ကွယ်ပျောက်ကုန်၏</b>၊ ဧကန်အမှန် အဟုတ်ရှိရင်းမျိုး မဟုတ်ကုန်၊ <b>သတ္တဝါတို့၏ စိတ်အာရုံထဲမှာသာ မျက်လှည့်အသွင်ကဲ့သို့ ထင်ကြရ မြင်ကြရသော အရိပ်မျိုး, နိမိတ်မျိုး, အသွင်သဏ္ဌာန်မျိုးတို့ သာတည်း</b>-ဟု ဉာဏ်၌ထင်ရှားစွာထင်မြင်၏၊</p>
<p>ထိုဒြပ်သဏ္ဌာန်တို့ ကွယ်ပျောက်ကုန်လျှင်လည်း ပုဂ္ဂိုလ်ကြည့်သည်၊ ပုဂ္ဂိုလ်မြင်သည်၊ ပုဂ္ဂိုလ်နံသည်၊ ပုဂ္ဂိုလ်ကြားသည်၊ ပုဂ္ဂိုလ်ထိုင်သည်၊ ပုဂ္ဂိုလ်ထသည်၊ပုဂ္ဂိုလ်ရပ်သည်၊ ပုဂ္ဂိုလ်သွားသည်၊ ပုဂ္ဂိုလ်ရယ်သည်၊ ပုဂ္ဂိုလ်ပြုံးသည် အစရှိသောပုဂ္ဂိုလ် သတ္တဝါနှင့်စပ်သော ကိရိယာဒြဗ် အများတို့လည်း ဉာဏ်၌<b>ကွယ်ပျောက်ကုန်လတ္တံ့</b>၊ ပုဂ္ဂိုလ်ဒြဗ်, ပုဂ္ဂိုလ်အမူ အရာ, သတ္တဝါဒြပ်, သတ္တဝါအမူအရာအလုံးစုံ ကွယ်ပျောက်ကုန်သည်ရှိသော် <b>ငါ, သူတစ်ပါး, ယောကျ်ား, မိန်းမဟူသော အရိပ်ကြီးတို့လည်း အကုန်ကွယ်ပျောက်လတ္တံ့</b>။</p>
<p>ဤဒြဗ်သို့လျှင် ရုပ်နာမ်တို့မှဖြစ်ကြကုန်၍ ရုပ်နာမ်တို့ကို လုံခြုံလှစွာ ဖုံးလွမ်းကွယ်ကာ၍ အပ၌ ထင်ရှားပေါ်ကာ ရှိနေကြကုန်သော ခပ်သိမ်းသော ရုပ်နိမိတ်,နာမ်နိမိတ်, ရုပ်နာမ်နိမိတ်တို့ကို <b>အကုန်ကွယ် ပျောက်စေတတ်သောကြောင့် အနိစ္စာနုပဿနာဉာဏ်ကို အနိမိတ္တာနုပဿနာဉာဏ်ဆိုသတည်း</b>။</p>
<p><b>(ခ) မဟာဘုတ်ကြီး ၄-ပါးတို့၏အလွန်သိမ်မွေ့သေးဖွဲပုံနှင့် အဖြစ်အပျက်အလွန်လျင်မြန်ပုံ</b></p>
<p>ပရာမာဏုမြူ, အနုမြူမျှ အထည်ဝတ္ထု, ဒြဗ်, သဏ္ဌာန်, နိမိတ် အသွင်ထင်မြင်ခဲ့သည်ရှိသော် <b>ဧကန်ရှိ, အမှန်ရှိ, အဟုတ်ရှိမျိုးမဟုတ်ပြီ၊ မျက်လှည့်ဆရာပြသော ရုပ်တု, ရုသွင်မျိုး စင်စစ်မှတ်</b>။</p>
<p>အဘယ့်ကြောင့်နည်းဆိုသော်ကား အနုမြူတစ်ခုဟုခေါ်ဆိုသော ဝတ္ထုကိုကြိတ်နယ်ခဲ့လျှင် <b>အစိတ်အဖြာ ကွဲမှု ဧကန်ရှိ၏</b> အတွင်း၌ ကလာပ်ဖွဲ့များရှိ၏၊ အာကာသ-အခြား အများရှိ၏ဟု သိအပ်၏၊</p>
<p>အစိတ်အဖြာ ကွဲမှုဟူသမျှသည် ကလာပ်အခြားမှ ကွဲမြဲတည်း၊ <b>အနုမြူ ကွယ်ပျောက်လေ၏</b>၊ ပရမာနုမြူတွေ ဖြစ်၍ကုန်၏၊ ထိုပရမာနု မြူတို့ အသီးအသီး အစိတ်အဖြာ ကွဲကြကုန်လျှင် <b>ပရမာနုမြူအမည် ကွယ်ပျောက်ကြကုန်၏</b>၊ တစ်ခုတစ်ခုသော ရုပ်ကလာပ်စိတ်တွေ ဖြစ် ကြကုန်ရာ၏၊ ထိုအခါ <b>အစိတ်အဖြာ ကွဲမှုမရှိပြီ</b>၊ ချုပ်ဆုံး၍သာ သွားကြကုန်လတ္တ့။</p>
<p>ဤသို့လျှင် <b>အနုမြူဓာတ်, အနုမြူကလာပ်-ဟူ၍ စင်စစ်အားဖြင့် မရ၊ နိမိတ္တမျိုးသာ ဖြစ်၏</b>၊ <b>ပရမာနုမြူဓာတ်, ပရမာနုမြူကလာပ်ဟူ၍ စင်စစ်အားဖြင့် မရှိ၊ နိမိတ္တမျိုးသာ ဖြစ်၏</b>၊ ဤပရမာနုမြုကား ပကတိ မျက်စီဖြင့် မမြင်အပ်၊ <b>ဒိဗ္ဗစက္ခုအဘိညာဖြင့်သာ မြင်အပ်သည် ဟူ၏</b>၊ ထိုပရမာနုမြုမှာပင် ရုပ်ကလာပ် ပေါင်းများစွာ, ပထဝီပေါင်းများစွာ, အာပေါပေါင်းများစွာ, တေဇောပေါင်းများစွာ, ဝါယောပေါင်း များစွာ, ကလာပ်ခြားအာကာသပေါင်းများစွာရှိသေး၏၊ ထိုထက်ကြီးသော ဝတ္ထုဒြဗ်တို့၌ ဆိုဖွယ်မရှိ။</p>
<p><b>(ဤကား ပရမတ်ဓာတ်စစ်ကြီးတို့ သိမ်မွေ့ပုံကိုဆ၍သိကြရန် အချက်ကြီးပေတည်း။)</b></p>
<p>ထိုအတူ နေရောင်, လရောင်, ကြယ်ရောင်, မီးရောင်, စိန်ရောင်, မြရောင်, ပတ္တမြားရောင်,လျှပ်ရောင်တို့၌လည်းကောင်း၊ မြေ၌ထင်သော သစ်ပင်ရိပ်, လူရိပ်, မှန်အကြည်,ရေအကြည်တို့၌ ထင်သော နေရိပ်, လရိပ်, တိမ်ရိပ်, လူရိပ် သစ်ပင်ရိပ်တို့၌လည်းကောင်း၊ ညဉ့်မှောင်ရိပ်တို့၌ လည်းကောင်း၊ ကြည်လှစွာသော ရေတို့၌လည်းကောင်း၊ အသံအမျိုးမျိုးတို့၌လည်းကောင်း၊ တောင်လေ,မြောက်လေ အစရှိသော လေအမျိုးမျိုး, ထိုလေဆောင်ရာ ပါရှိကုန်သော အနံအမျိုးမျိုးတို့၌လည်းကောင်း၊ <b>မြေဓာတ်, ရေဓာတ်, မီးဓာတ်, လေဓာတ်-ဟူသော မဟာဘုတ် ရုပ်ကြီး တို့သည် ပါရှိကုန်၏</b>၊ မဟာဘုတ်ကြီးတို့နှင့် ကင်း၍ တစ်ခုတစ်ခုသော ရုပ်မျှဖြစ်ခြင်း မည်သည်မရှိ၊ <b>မဟာဘုတ်ကြီး ရုပ်ကြီးတို့သည် အရိပ်အရောင် အစရှိသော ရုပ်တို့၏ အထည်ခံ အမာခံ ဖြစ်ကြပေကုန်၏</b>၊</p>
<p>အရိပ်အရောင် အစရှိသည်တို့၌ ပါရှိသော မဟာဘုတ် ရုပ်ကြီး တို့နှင့် သတ္တဝါတို့သဏ္ဌာန်တို့၌ အထည်ခံ အမာခံ ဖြစ်ကုန်သော မဟာဘုတ် ရုပ်ကြီးတို့သည်လည်းကောင်း၊ ကျောက်တိုင်, ကျောင်တုံး, သံတိုင်, သံတုံး, သစ်ပ်, သစ်တုံး-စသည်တို့၌ အထည်ခံ အမာခံဖြစ်ကုန် သော မဟာဘုတ်ရုပ်ကြီးတို့သည်လည်းကောင်း <b>အဏုမြူ, ပရမာဏုမြူမျှ ဒြပ်သဏ္ဌာန်မရှိကြ၊ ကိရိယာ အမူအရာမျှသာ ရှိကြမှုတို့သည် တူကြ ကုန်၏</b>၊ ရုပ်ကလာပ်ချင်း အစုအခဲ အပေါင်းအဖွဲ့ စိပ်မှု, ကြဲမှု, ချောင်မှု အမျိုးမျိုးသို့ လိုက်၍သာ အထူးရှိနေကြကုန်၏၊</p>
<p><b>(ဤသည်လည်း မဟာဘုတ်ရုပ်ကြီးတို့၏ သိမ်မွေ့သေးဖွဲ့လှပုံကိုသိမြင်ရန် အချက်စုတည်း။)</b></p>
<p><b>တေဇောဟူသော မီးဓာတ်ကြီး၏ အခွင့်ကိစ္စကြီး ၂-ပါး</b></p>
<p>ထို မဟာဘုတ်ကြီး ၄-ပါးတို့တွင် <b>တေဇောမဟာဘုတ်</b> ဆိုသည်ကား <b>မီးဓာတ်ကြီးပေတည်း</b>၊ ထိုမီးဓာတ်ကြီး၏ အခွင့်ကိစ္စကား</p>
<p>၁။ <b>အတူတကွဖြစ်သော မဟာဘုတ်ကြီးတို့ကို အတွင်လောင်မှု, ကျွမ်းစေမှု, ကုန်ဆုံးစေမှု-အခွင့်ကိစ္စကြီး တစ်ပါး</b>။</p>
<p>၂။ <b>ရုပ်ကလာပ်သစ်တို့ကို အတွင်ပေါက်ဖွားစေမှု, တိုးပွားစေမှုကိစ္စကြီးတစ်ပါး</b>။</p>
<p>ဤအခွင့်ကိစ္စကြီး ၂-ပါးကို <b>မျက်တောင်တစ်ခတ်မျှ မလပ်မစဲ အနိစ္စအားဖြင့် တွင်ကျယ်စွာဆောင်ရွက်၏</b>၊ ထိုကိစ္စကြီး ၂-ပါးတွင် ရုပ်ကလာပ်သစ်ပေါက်ဖွားမှုက သဟဲကောင်းလှသောအခါ သူလောင်၍ ကလာပ်ဟောင်း တစ်ခုကုန်ရာ၌ ကလာပ်များစွာကိုဖြစ်ပေါ်စေ၏၊ သစ်ပင်များတစ်နေ့တစ်ခြား ကြီပွားမှုကိုမျှော်လေ၏၊ ပေါက်ဖွာမှုက သဟဲနည်းလှသော အခါလောင်၍ကုန်ဆုံးမှုက အားကြီး၏၊ တိုးပွားမှုက အားနည်း၏၊ သစ်ပင်များ အို၍ ကျသွားသည်ကိုမျှော်လေ။</p>
<p>လောင်မှု,ပွားစေမှုသဟဲမျှ- တ-၍နေသောအခါ အတိုးအဆုတ် မျှ-တ၍နေ၏၊ ထင်းမီးစာသဟဲ ကောင်းလျှင် မီးတောက်တိုးပွား၏၊ ထင်းမီးစာသဟဲနည်း၍သွားလျှင် မီးတောက်ဆုတ်ယုတ် သွား၏၊ ထင်းမီးစာကုန်လျှင် မီးတောက်ကုန်ပျောက်၏၊</p>
<p>လောက၌ ပကတိမီး၏ အချက်စုကို စေ့စုံစွာကြည့်၍ ပရမတ် တေဇောဓာတ်ကြီး၏ အခွင့်ကြီး ၂-ပါးကို <b>အတတ်သိနိုင်၏</b>၊ သီတ မီးသည်လည်း လောင်မှု, ပွားမှု, ကိစ္စကြီး ၂-ပါး ရှိ၏၊ မြစ်ရေ, သမုဒ္ဒရာရေ, ကမ္ဘာပျက်ရေတို့ကို မျှော်လေ၊ ထိုရေတို့၌ တိုးမှု, ပွားမှု, တည်နေမှု, ဆုတ်ယုတ်မှုတို့သည် <b>သီတဓာတ်မီး၏ အခွင့်ကိစ္စကြီးပေတည်း</b>။</p>
<p><b>(ဤကား တေဇော-ဟူသော မီးဓာတ်ကြီး၏ အခွင့်ကိစ္စကြီး၂-ပါးကို ပြဆိုချက်တည်း။)</b></p>
<p>အထက်ကပြဆိုခဲ့သော ပရမတ်ဓာတ်ကြီးတို့၏ သိမ်မွေ့သေးဖွဲ့မှုနှင့် ဤတေဇောဓာတ်ကြီး၏ အခွင့်ကိစ္စကြီး ၂-ပါးကိုနှီးနှော၍ ကြည့်ခဲ့သည် ရှိသော် ဤခန္ဓာကိုတို့၌ <b>မျက်တောင်တခတ် လျှပ်တစ်ပြက်မျှ မပြတ်မစဲ အမြဲ ကုန်ဆုံးမှုကြီးတစ်ခု ရှိနေသည်ကိုလည်းကောင်း၊ မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှ မပြတ်မစဲ အမြဲဖြစ်ပွားမှု ကြီးတစ်ခု ရှိနေသည် ကိုလည်းကောင်း မုချဆတ်ဆတ် သိမြင်အပ်၏</b>၊ ကုန်ဆုံးမှုကြီးကို ထင်မြင်အောင် ကြည့်ရှုသော အခါ၌ <b>မီးလောင်၍ နေသောဂွမ်းပုံကြီး, ဂွမ်းလုံးကြီး, စက္ကူပုံကြီး, စက္ကူထုပ်ကြီးတို့၏ ကုန်မှုကဲ့သို့ ရှုမြင်ရာ၏</b>၊ ဖြစ်မှု, ပွားမှုကို ကြည့်ရှုသောအခါ၌ <b>ကိုယ်ခန္ဓာအတွင်းမှာ ကောင်းကင်၌ တိမ်တိုက် တိမ်ခဲတွေ ခဏချင်း ပြည့်သကဲ့သို့လည်းကောင်း, ဒီချောင်း၌ ဒီရေတက်သကဲ့သို့လည်းကောင်း ထင်မြင်အောင် ကြည့်လေ</b>၊ ဖြစ်ပွားမှု, ပျက်ဆုံးမှုကြီး ၂-ပါးကို ဉာဏ်နှင့် သန့်ခြား၍ အချက်ကျအောင် ကြည့် တတ်မှ မြင်သာထင်သာ ရှိမည်၊ <b>အချက်ကြအောင် ကြံဖန်၍ မကြည့်တတ်လျှင် ထွေးယှက်၍ နေလိမ့်မည်</b>။</p>
<p><b>(ဤကား မဟာဘုတ်ကြီး ၄-ပါးတို့၏ အလွန်သိမ်မွေ့ သေးဖွဲ့ ပုံနှင့် အဖြစ်အပျက် အလွန်လျင်မြန်ကြပုံကို ရိပ်မိလောက်ရုံ ပြဆိုချက် တည်း။)</b></p>
<h3>(ဂ) အာကာသ ၄-ပါး ကြည့်ရှုရန် ပထဝီ အာကာသ</h3>
<p><b>အာကသဓာတ် အပြိုင်ဖြစ်ကုန်သော ကလာပ်ဖွဲ့တို့၏ အချင်း ချင်းခြားမှု</b>, ရှေ့နောက်အစဉ့် ဖြစ်ကုန်သော <b>ရုပ်ဟောင်း, ရုပ်သစ်တို့၏ ဘင်စွန်း, ဥပါဒ်စွန်း ခြားမှု</b>-ဟူ၍ <b>၂-ပါး</b> ရှိ၏၊ ထိုတွင် အပြိုင်ဖြစ်သော ကလာပ်ဖွဲ့တို့၏ အချင်းချင်း ခြားမှုကို ရှေး၌<b>အဏုမြူ, ပရမာဏုမြူတို့ဖြင့် ခွဲ၍ပြဆိုခဲ့ပြီ</b>။ ရှေ့နောက်အစဉ် ဖြစ်ကုန်သော ရုပ်ဟောင်း, ရုပ်သစ်တို့၏ ဘင်စွန်း, ဥပါဒ်စွန်းခြားမှု၌ ခပ်သိမ်းသော <b>ရုပ်တရား, နာမ်တရားတို့ မည်သည် ကိရိယာမျှသာ ဖြစ်ကြကုန်၏</b>၊ အမူအရာမျှသာ ဖြစ်ကြကုန်၏၊ ထို့ကြောင့် အမူအရာတစ်မျိုးတစ်မျိုးသည် ရုပ်တစ်မျိုးတစ်မျိုး, နာမ်တစ်မျိုး တစ်မျိုးပေတည်း၊ ထိုတွင် ရုပ်အမူအရာတစ်မျိုးနှင့် ရုပ်အမူအရာ တစ်မျိုး ၏အကြား၌ <b>အာကာသ ပရိစ္ဆေဒခြားမြဲတည်း</b>။</p>
<p>ဥပမာကား-လူတို့၌ အရေပါးနှင့် အရေထူ၏ အကြား၌ <b>အာကာသခြား၏</b>၊ အပေါ်ရံအရေပါးကို အသီးအခြား ခွာယူလျှင် ရ၏၊ အရေထူနှင့် အသားမြှေး၏ အကြား၌ <b>အာကာသခြား၏</b>၊ အရေထူကို အသီးအခြား ခွာယူလျှင်ရ၏၊ အရိုးတို့၏ အသားတို့၏ အကြား၌ <b>အာကာသခြား၏</b>၊ အသားကို အသီးအခြားခွာယူလျှင် ရ၏၊ ဤ အာကာသမျိုးကား <b>ဟင်းလင်းမြင်ရသော အာကာသမျိုးမဟုတ်</b>၊ အစွန်း၂-ခု အစ၂-ခု ထိစပ်လျက်ရှိ၏၊ ထိစပ်လျက်ရှိသော်လည်း အကြားအလပ် အပြတ် အပေါက်လည်း ဧကန်ရှိ၏၊ ဤအတူ ချုပ်ကွယ် လေသော ကိရိယာဟောင်း၏ ဘင်စွန်းနှင့် ဖြစ်ပေါ်လာသော ကိရိယာ သစ်၏ ဥပါဒ်စွန်း၏ အကြား၌ <b>အာကာသခြား၏</b>၊</p>
<p><b>ချိပ်ခဲဥပမာ</b></p>
<p>အလွန်ခက်မာ၍ နေသော ချိပ်ခဲကို ပြင်းစွာသော မီးကျီးစု၌ချ၍ အရည်ကြည်စေရာ၌ အလွန်ခက်မာမှုကား အမူအရာကိရိယာတစ်မျိုး, ပထဝီဓာတ်တစ်မျိုး သီတမီးဓာတ်၏ သားသမီးစုပေတည်း၊ ပြင်းစွာ ပူသော မီးကျီးစု၌ ကျရောက်သည်နှင့် တပြိုင်နက် ဥဏှမီးရှိန်သည် အောက်အဖို့မှစ၍ အစဉ်အတိုင်းလောင်၍ သွားလေရာ သီတမီး ဓာတ်သည် အစဉ်အတိုင်း ချုပ်ကွယ်လေ၏၊ သီတမီးဓာတ်နှင့် သဟ ဇာတဖြစ်ကောင်းသော နူးညံ့မှု ကိရိယာအဆင့်ဆင့် ပြောင်းလဲမှု ဖြစ်ပေါ်၍ သွားသဖြင့် <b>ချိပ်ရည်ကြည်ဖြစ်လေ၏</b>၊</p>
<p>စေ့စေ့ကြည့်ရှု၍နေလျှင် <b>ခက်မာမှုကိရိယာ ကြေပျောက်၍ ကြေပျောက်၍ သွားမှု, ပျော့ပျောင်း၍ ပျော့ပျောင်း၍လာမှု, အစိုင်အခဲ ကြေ၍ကြေ၍ သွားမှု, အရည်တွေတွေ ဖြစ်ပေါ်လာမှုတို့ကို ဒိဋ္ဌမြင်ရ၏</b>၊ စကားတစ်မျိုး တစ်မျိုးနှင့် ပြောဆိုရန် အမူအရာတစ်မျိုးတစ်မျိုး ပြောင်း လဲဖြစ်ပေါ်၍လာမှု ထင်ရှား၏၊ ခက်မာမှုထက် ခက်မာမှုအဆင့်ဆင့် ချုပ်ကွယ်၍သွား၏၊ နူးညံ့မှုထက် နူးညံ့မှုအဆင့်ဆင့် ပြောင်းလဲ ဖြစ် ပေါ်လာ၏၊ ရေလောင်း၍ ဥဏှ-မီးဓာတ်ချုပ်ငြိမ်း၍ သီတ-မီးဓာတ် မင်းမူ၍လာပြန်လျှင် နူးညံ့မှု အဆင့်ဆင့်ချုပ်ဆုံး၍သွား၏၊ ခက်မာမှု အဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ်၍လာ၏၊ အလွန်ခက်မာမြဲ ခက်မာပြန်၏၊</p>
<p>ဤ၌<b>ချိပ်ဟူသော, ချိပ်ခဲဟူသော, ချိပ်ပျော့ဟူသော နိမိတ္တဓမ္မကြီး</b> ကို နှလုံးမသွင်းမူ၍ <b>ခက်မာမှုကိရိယာ, နူးညံ့မှု ကိရိယာ-ဟူသော ပထဝီဓာတ်စစ်ကိုသာ ဉာဏ်နှင့်စိုက်၍ကြည့်</b>။</p>
<p><b>ကြည့်ပုံကား</b></p>
<p>ပထမ ခက်မာမှုသည် အရည်ကြည် ဖြစ်သည့်တိုင်အောင် ပကတိ အတိုင်း တည်နေနိုင်၏လော- ဟုကြည့်၊ ထိုသို့ကြည့်ခဲ့လျှင် ထိုပထမ ခက်မာမှုသည် အရည်ကြည်ဖြစ်သည့်တိုင်အောင် ပကတိ အတိုင်း မတည်နိုင်မူ၍ အစမှစ၍ ခက်မာသော ပထဝီအဆင့်ဆင့် ပြိုပျက် ကုန်ဆုံး၍ သွားမှု, နူးညံ့သော ပထဝီစု လှိုင်းပွက် အလိပ်လိပ် ထသကဲ့သို့ အဆင့်ဆင့် ဖြစ်ပေါ်၍ လာမှုသည် ဉာဏ်၌ ထင်ရှားစွာ ထင်မြင်ရ၏၊ <b>ရှေးရှေးပထဝီ မျိုးကွယ်ပျောက်မှု အဆုံးဆုံးနှင့် နောက် နောက်ပထဝီမျိုး အလိပ်လိပ်ဖြစ်ပေါ်မှု အစအစတို့၏ အကြားအကြား၌ အာကာသပရိစ္ဆေဒ အခြားအခြား အသီးသီးရှိကြသည်ကို ဉာဏ်၌ ခြားနားစွာ ထင်မြင်စေရာ၏</b>၊</p>
<p>ဤ၌အာကာသပရိစ္ဆေဒကား <b>အလွန်စိပ်၏</b>၊ မျက်တောင် တစ်ခတ်မှာပင် အရာ, အထောင် -မကစိပ်၏၊ ဉာဏ်၌ ပထဝီကိရိယာ တစ်မျိုးတစ်မျိုးအနေနှင့် ထင်ရှားလှရာကိုသာ အပိုင်းအခြားပြု၍ ကြည့်လေ၊ <b>ခက်မာမှုစု တစ်ပိုင်း, ပျော့ပျောင်းမှုစု တစ်ပိုင်း, အရည်စု တစ်ပိုင်း</b>၊ ဤသို့ ၃ ပိုင်းပိုင်း၍သော်လည်း ကြည့်လေ၊ ပျက်မှုကို ကြည့်သောအခါ တစ်ပိုင်းတစ်ပိုင်း သန့်ခြား၍ အလုံးစုံကုန်သည်တိုင် အောင် စိုက်၍ကြည့်လေ၊ အရည်၌ နူးညံ့လှစွာသော ပထဝီသည် ခက်မာမှုဖြစ်သည်တိုင်အောင် ပကတိအတိုင်း တည်နေနိုင်၏လောဟူသော အပြန်အလှန်၌ ထိုနည်းတူ သိလေ။</p>
<p><b>ပထဝီအာကာသပြီး၏၊</b></p>
---
<p><b>အာပေါအာကာသ</b></p>
<p>အာပေါအာကာသ၌လည်း <b>ပကတိခက်မာသည်မှစ၍ အရည် ကြည်ဖြစ်သည်တိုင်အောင် ဖွဲ့စည်းမှုဟူသော အာပေါ ဓာတ်အဆင့်ဆင့် ပြက်ပျောက်၍ သွားပုံ, ယိုစီးမှုဟူသော အာပေါဓာတ်အဆင့်ဆင့် စမ်းရေပွက်ကဲ့သို့ ဖြစ်ပေါ်၍သွားပုံ, တစ်ဖန် အရည်ကြည်မှာရှိသော ယိုစီးမှုမှစ၍ ပကတိခက်မာမှု ဖြစ်သည်တိုင်အောင် ယိုစီးမှုအဆင့်ဆင့် ချုပ်ပျောက်ပုံ, ဖွဲ့စည်းမှုအဆင့်ဆင့် ဖြစ်ပေါ်ပုံကို အာကာသပရိစ္ဆေဒနှင့် ပိုင်းခြား၍ကြည့်လေ</b>။</p>
<p><b>အာပေါအာကာသ ပြီး၏၊</b></p>
<p><b>တေဇောအာကာသ</b></p>
<p>တေဇောအာကာသ၌ <b>အေးမှုအဆင့်ဆင့်, ပူမှုအဆင့်ဆင့် ပိုင်းခြား၍ ကြည့်လေ</b>။</p>
<p><b>တေဇောအာကာသပြီး၏၊</b></p>
---
<p><b>ဝါယောအာကာသ</b></p>
<p>ဝါယောအာကာသ၌ <b>ထောက်ခံမှုအဆင့်ဆင့် ပိုင်းခြား၍ ကြည့်လေ</b>။</p>
<p><b>ဝါယောအာကာသပြီး၏၊</b></p>
---
<p>ဤချိပ်ခဲတစ်ခု၌ <b>ဓာတ်ကြီး ၄-ပါးတို့၏ ဖြစ်မှု, ပျက်မှုကို အာကာသ ပရိစ္ဆေဒနှင့်တကွ အချက်ကျ ခြားနား ထင်ရှားစွာ ထင်မြင် နိုင်ကြပါလျှင် သတ္တဝါခန္ဓာကိုယ်ကို မဆိုထားဘိ၊ မြင့်မိုရ်တောင်, မဟာပထဝီမြေကြီး တို့၌ပင် မြင်နိုင်ကြကုန်လတ္တံ့</b>၊ ဤချိပ်ခဲ၌ မီးရှိန်ပြင်းစွာ ထိပါးမှုကို အာရုံ ပြုလိုက်သည်နှင့် တစ်ပြိုင်နက် ချိပ်ခဲအမူအရာ တစ်မျိုးပြောင်းလဲမှုကို မျက်စိနှင့် မြင်ရသကဲ့သို့ မြင်၏၊ အမူအရာ ဟောင်းပျက်သည်ကိုလည်း မြင်၏၊ အမူအရာသစ်ပေါ်သည်ကိုလည်း မြင်၏၊ မီး၌ တကယ်ချလျှင် လည်း မျက်စိနှင့်ပင် ကြောင်ကြောင် မြင်၏၊</p>
<p>မျက်စိအမြင်ဆိုသည်ကား- <b>ဌီခဏ-ဌီခဏ-ရောက်ဆဲကိုသာ မြင်၏</b>၊ ပျက်မှုအစွန်း, ဖြစ်မှုအစွန်းတို့ကို မြင်ရိုး မဟုတ်၊ အစွန်း ၂-ခုုတို့၏ကြား အာကာသပရိစ္ဆေဒ-ကိုလည်း မြင်ရိုးမဟုတ်၊ အဟောင်း အသစ် ဌီအချင်းချင်းဖြင့်သာ စပ်ဆက်၍မြင်၏၊</p>
<p>ထိုသို့ မြင်ရာတွင် <b>ဌီရုပ်အချင်းချင်း အမူအရာ မတူကြသည်ကို မြင်၍ မနောဒွါရဖြင့် ရုပ်ပြောင်းမှုကို လောက၌ အလိုလိုသိကြ၏</b>၊ အမူအရာဟောင်း ပျက်သည်ဟု သိကြ၏၊ အမူအရာသစ်တစ်မျိုး ဖြစ်ပေါ် သည်ဟု သိကြ၏၊ အမူအရာခြားသည်ဟု သိကြ၏၊</p>
<p>ထိုတွင်<br>
<b>၁။ အမူအရာဟောင်း ပျက်သည်ဟု သိမှုကား ရုပ်ဟောင်း ၏ ဘင်ကို သိမှုပင်တည်း။</b><br>
<b>၂။ အမူအရာသစ်တစ်မျိုး ဖြစ်ပေါ်သည်ဟု သိမှုကား ရုပ်သစ်၏ဥပါဒ်ကို သိမှုပင်တည်း။</b><br>
<b>၃။ အမူအရာခြားသည်ဟု သိမှုကား အာကာသပရိစ္ဆေဒ ကို သိမှုပင်တည်း။</b></p>
<p>ထိုသို့ သိသော်လည်း <b>ချိပ်ခဲ-ဟူသော သဏ္ဌာန်ဒြပ်, ပညတ် နိမိတ်ကြီးကို စိတ်၌ စွဲလျက်ရှိနေသောကြောင့် စိတ်၌ ထိုသဏ္ဌာန် ကြီးသည်သာ ပြဋ္ဌာန်း၍ နေ၏</b>၊ အမူအရာဟောင်း ပျက်မှု, ပျောက် ကွယ်မှု, ချုပ်ဆုံးမှုကား မရဏဓာတ်ကြီးတစ်ခုတည်းဟု ပျက်မှုကို အသီးအခြားဓာတ်ကြီး ၁-ပါး, ဓမ္မကြီး ၁-ပါးအနေနှင့် မသိကြ၊ စိတ်၌ စွဲမြဲထင်ပေါ်၍နေသော ချိပ်ခဲ၏ အပေါ်ရိက အမူအရာမျှ အနေနှင့်သာ ထင်ကြ၏၊ ထို့အတူ အမူအရာသစ် တစ်မျိုးဖြစ်ပေါ်မှု၊ ပေါက်ဖွားမှု ကိုလည်း အသီးအခြား ဇာတိဓာတ်ကြီးတစ်ပါး, ဇာတိဓမ္မကြီးတစ်ပါးဟု မသိကြ၊ ထို့အတူ အမူအရာခြားမှုကိုလည်း အာကာသပရိစ္ဆေဒဓာတ်ကြီး ၁-ပါး, ဓမ္မကြီး ၁-ပါးဟု မသိကြ။</p>
<p><b>ချိပ်ခဲ-ဟူသော အဟုတ်ရှိ, ဧကန်ရှိ မဟုတ်သော နိမိတ္တကြီးကို ဉာဏ်နှင့်ဖယ်ရှား၍ ခက်မာမှု, ဖွဲ့စည်း မှု,အေးမှု, ပူမှု, ကြွရွမှု-ဟူသော ပရမတ်ဓာတ်စစ်ကို ဉာဏ်စိုက်၍ ကြည့်တတ်မှသာလျှင် ထိုမရဏ ဓာတ်ကြီး, ဇာတိဓာတ်ကြီး, အာကာသဓာတ်ကြီးတို့သည် အမှုအသီး အခြား, ကိရိယာအသီးအခြား, ဓမ္မကြီး ၁-ပါးစီ ၁-ပါးစီ အဖြစ်နှင့် ထင်မြင်နိုင်သည်</b>၊ ဤဓမ္မကြီး ၃-ပါးကို ကြီးကြီးမားမား သီးသီးခြားခြား ဉာဏ်အမြင် ထင်ရှားစွာ ပေါ်၍လာအောင် အားထုတ်ရသည်၊ <b>သတိ အထူးထားကြစေ</b>။</p>
<p>ဤမျှသော စကားရပ်တို့ဖြင့် <b>အနိစ္စဆိုသော တရားသည် ငါတို့ နဂိုပကတိ စိတ်အသိထဲမှာပင် ပါဝင်ပြီးသာတည်း</b>၊ မမီနိုင်သောတရား မဟုတ်၊ ဉာဏ်၌ နိမိတ္တဓမ္မကြီးကို ပယ်ရှားမှု, ဓာတ်ကြီး ၄-ပါးကို ထုတ်ဖော်မှု, ဓမ္မကြီး ၃-ပါးကို ထင်ရှားစေမှု လို၍နေကြသည့်အတွက် ကြောင့်သာ အနိစ္စကို မြင်လျက်နှင့် အနိစ္စမှန်းမသိ ရှိနေကြရကုန်သည်ဟု အားတက်ကြရန်အချက်ကို ပြဆိုသတည်း။</p>
<p><b>အာကာသ ၄-ပါး ကြည့်ရှုရန်ပြီး၏၊</b></p>
---
<h3>(ဃ) အနိစ္စလက္ခဏာ မထင်မြင်နိုင်ပုံ</h3>
<p>ကိဿ အမနသိကာရာ ကေန ပဋိစ္ဆန္နတ္တာ အနိစ္စလက္ခဏံ န ဥပဋ္ဌာတိ၊ ဥဒယဗ္ဗယမ္ပန ပရိဂ္ဂဟေတွာ သန္တတိယာ ဝိကောပိတာယ အနိစ္စလက္ခဏံ ယာထာဝသရသတော ဥပဋ္ဌာတိ။</p>
<p><b>(အဋ္ဌကထာ)</b></p>
<p>အဘယ်ကို နှလုံးမသွင်းခြင်းကြောင့်, အဘယ်သည် ဖုံးလွှမ်းခြင်း ကြောင့် အနိစ္စလက္ခဏာသည် သတ္တဝါတို့၏ ဉာဏ်၌ မထင်လေသနည်း ဟူမူကား <b>ဖြစ်မှုပျက်မှုကို ဓာတ်အသီးအခြား, ဓမ္မအသီးအခြားဟု ထင် ရှားအောင် နှလုံးမသွင်းခြင်းကြောင့်, သန္တတိပညတ်တည်း--ဟူသော နိမိတ္တဓမ္မကြီးသည် ဖုံးလွှမ်း၍ နေခြင်းကြောင့် အနိစ္စလက္ခဏာသည် သတ္တဝါတို့၏ဉာဏ်၌ မထင်လေသည်</b>၊ ဖြစ်မှု ပျက်မှုကို ဓာတ်အသီးအခြား, ဓမ္မအသီးအခြားဟု ထင်ရှားအောင် ဉာဏ်နှင့်သိမ်းဆည်း၍ သန္တတိ ပညတ်တည်းဟူသော နိမိတ္တဓမ္မကြီးကို ဉာဏ်နှင့်ခွာဖျက် ပယ်ရှား မှုတ်လွှင့်၍ ပစ်သည်ရှိသော် အနိစ္စလက္ခဏာသည် ဟုတ်မှန်တိုင်းသော မိမိကိစ္စနှင့်တကွ သတ္တဝါတို့၏ ဉာဏ်၌ ထင်လာ၏၊</p>
<p><b>(ဤကား အဋ္ဌကထာကြီး၏ စကားကို အကျဉ်းချုပ် သိလောက်ရုံ အဓိပ္ပါယ်ဖော်ပြချက်တည်း။)</b></p>
<p><b>ဓာတ်ကြီး ၄-ပါး, ဓမ္မကြီး ၄-ပါးတတို့သည် ဉာဏ်အလိမ္မာတို့၏ ကြီးပွါးစည်ကားရာ ဖြစ်ကုန်၏</b>၊ အနိမိတ္တဓမ္မတို့သည် ကိလေသာတို့၏ ကြီးပွါးစည်ကားရာဖြစ်ကုန်၏၊ <b>အတ္တဒိဋ္ဌိ၏ အမိသဖွယ်ဖြစ်သော သမ္မောဟ-တရားကြီးသည် ဓာတ်ကြီး၄-ပါး, ဓမ္မကြီး ၃-ပါးတို့ကို လုံခြုံစွာ ဖုံးလွမ်းကွယ်ကာ၏</b>၊ စိတ်ဝိညာဉ်-ဟူသောမျက်လှည့်သည်ကြီး အဟုတ် မရှိသော နိမိတ္တဓမ္မကြီးကို အမြဲဖန်ဆင်းတည်ထောင်၍ ပြထား၏၊ ထို့ကြောင့်<b>သတ္တဝါတို့သည် ဓာတ်ကြီး, ဓမ္မကြီးတို့ကို ကြောင်ကြောင်မြင် လျက် မသိကြကုန်၊ ကြောင်ကြောင် သိလျက် မမြင်ကြကုန်</b>၊</p>
<p><b>အဘယ်သို့ ကြောင်ကြောင်မြင်၍ မသိကြကုန်သနည်း</b>-ဟူမူကား လောက၌ <b>ဒိဋ္ဌကိုယ်တွေ့ချည်း ဖြစ်ကြသည်ကို ကြောင်ကြောင်မြင်ဆိုသည်</b>၊ မည်သည့်ဓာတ်ဟူ၍, မည်သည့်ဓမ္မဟူ၍ အသီးအသီးခြားနား၍ မသိကြသည်ကို မသိဆိုသည်။</p>
<p><b>ကြောင်ကြောင်သိလျက်မမြင်ကြကုန်ဆိုသည်ကား</b>- သာသနာ ဓမ္မ၌ ကြားဖူးနားဝရှိကြသူတို့မှာ ဤကိုယ်ခန္ဓာသည် ဓာတ်ကြီး ၄-ပါး အစုသာတည်းဟု သိကြလျက် ကိုယ်ခန္ဓာ တစ်ခုလုံး ၄-စိတ် ကွဲအောင် ခွဲခြမ်း၍ မမြင်ကြ ဆိုလိုသည်။</p>
<p><b>ထို စကား ၂-ရပ်ကိုထင်ရှားစေဦးအံ့</b></p>
<p><b>ခက်မာမှု,ကြမ်းတမ်းမှု,ပျော့ပျောင်းမှု,နူးညံ့မှုတို့သည် ဒိဋ္ဌကိုယ် တွေ့တို့ချည်းသာတည်း</b>၊ ထို့အတူဖွဲ့တွယ်မှု, စေးစေမှု, ယိုစီးမှုတို့သည် လည်းကောင်း၊ <b>ပူမှု,လောင်မှု,နွေးမှု,အေးမှု,ချမ်းမှုတို့သည်လည်းကောင်း</b>၊ ထောက်ကန်မှု, တောင့်တင်းမှု,ကြွရွမှု,လှုပ်ရှားမှု, ရွေ့သွားမှုသည်လည်း ကောင်း၊ <b>ဒိဋ္ဌကိုယ်တွေ့ချည်းသာတည်း</b>၊ ထို့အတူ ထိုအမူအရာတို့၏ <b>အခြေအနေပျက်မှု, အမူအရာပျောင်းလဲမှု, တစ်မျိုးတစ်မျိုးပေါ်လာမှု, အမူအရာမှု, ရှေ့အမှုနောက်အမှု မတူမှုတို့သည် ဒိဋ္ဌကိုယ်တွေ့ ချည်း သာတည်း</b>၊ အမူအရာတစ်ခုတစ်ခုကိုမူကား ဓာတ် ၁-ပါး ၁-ပါးဟူ၍ ဉာဏ်နှင့်ခြား တား၍ကား မမြင်ကြကုန်၊ အလုံးစုံသော အမူအရာစုကို နိမိတ်ကြီးနှင့် တစ်ခုတည်း ပြု၍သာ မြင်ကြကုန်၏၊ ကိုယ်ကိုစမ်းလျှင် <b>ပူမှန်းသိ၏၊ နွေးမှန်းသိ၏၊ အေးမှန်းသိ၏၊ တေဇောဓာတ်ကြီးပေ-ဟူ၍ မသိကြ</b>၊ နိမိတ်နှင့် တစ်ခုတည်းပြု၍ ကိုယ်ပူသည်၊ ကျောပူသည်၊ ဝမ်းပူသည်အစရှိသည်ဖြင့်သိကြ၏၊ <b>အပူပျောက်ပြီ၊ အနွေးပျောက်ပြီ၊ အအေးပျောက်ပြီ-ဟုသိကြ၏</b>၊ ထိပျောက်မှုကို တေဇော၏ သေမှု ချုပ်မှုဟူသော မရဏဓာတ်ကြီးပေ-ဟူ၍မသိကြ၊ ပူလာပြီ၊ အပူဖြစ်ပေါ်၍ လာပြီ၊ အေးလာပြီ၊ အေးမှုဖြစ်ပေါ်၍လာပြီ ဟုသိကြ၏၊ <b>ထိုဖြစ်ပေါ်မှုကို ဇာတိဓမ္မကြီး တစ်မျိုးပေ-ဟုမသိကြ</b>၊ ထိုအလုံးစုံကို ထင်ရှားစေခြင်းငှါ ဒွတ္တိံသာကာရနှင့်စပ်၍ပြဆိုပေအံ့။</p>
<p><b>ပဋိသမ္ဘိဒါမဂ်ပါဠိတော်--</b></p>
<p>ကေသကာယံ၊ လောမကာယံ၊ နခကာသံ၊ ဒန္တကာယံအစရှိသည်ဖြင့်ဟောတော်မူသောကြောင့် တစ်ယောက်သောသူ၏</p>
<p>ကိုယ်ခန္ဓာ၌<b>ကေသကာယ,လောမကာယ-အစရှိသည်ဖြင့် ကာယပေါင်း ၃၂-ပါးရှိ၏</b>၊ ကိုယ်ခန္ဓာပေါင်း ၃၂-ပါးရှိ၏ ဟူလို၊ ဆံပင်ပေါင်း <b>၂-ကုဋေ ၄-သန်း</b> ရှိသည်ဆိုသောကြောင့် ကေသကာယပေါင်း <b>၂-ကုဋေ ၄-သန်း</b> ရှိ၏၊ ဆံပင်ခေါ်သော ကိုယ်ခန္ဓာပေါင်း <b>၂-ကုဋေ ၄-သန်း</b>ရှိ၏ဟူလို၊</p>
<p>ထို့အတူ--<br>
<b>မွေးညင်းခေါ်သောကိုယ်ခန္ဓာပေါင်း-------၉၉၀၀၀-ရှိ၏၊</b><br>
<b>ခြေသည်းလက်သည်းခေါ်သောကိုယ်ခန္ဓာပေါင်း---- ၂၀-ရှိ၏၊</b><br>
<b>သွားခေါ်သောခန္ဓာကိုယ်ပေါင်း------၃၂-ရှိ၏၊</b><br>
<b>အရေခေါ်သောခန္ဓာကိုယ်ပေါင်း-----၂-ရှိ၏၊</b><br>
<b>အသားခေါ်သောခန္ဓာကိုယ်ပေါင်း----၉၀၀-ရှိ၏၊</b><br>
<b>အကြောခေါ်သောန္ဓာကိုယ်ပေါင်း----၉၀၀-ရှိ၏၊</b><br>
<b>အရိုးခေါ်သောခန္ဓာကိုယ်ပေါင်း-----၃၀၀-ရှိ၏၊</b></p>
<p>ဤသို့ စသည်ဖြင့် ခွဲလေဦး။</p>
<p>ဆံပင်တစ်၌လည်း <b>ပထဝီကာယ, အာပေါကာယ, တေဇော ကာယ, ဝါယောကာယ-ဟူ၍ ကာယကြီး၄-ပါးရှိ၏</b>၊</p>
<p><b>၁။ ဆံပင်တစ်ခုလုံး၌ အမာခံဖြစ်သော ခက်မာမှုကိရိယာ အပေါင်းသည် ပထဝီကာယမည်၏၊</b><br>
<b>၂။ ဖွဲ့စည်းမှု ကိရိယာအပေါင်းသည် အာပေါကာယမည်၏၊</b><br>
<b>၃။ ပူသောအခါ၌ ပူမှုအပေါင်း, အေးသောအခါ၌ အေးမှု အပေါင်းသည် တေဇောကာယမည်၏၊</b><br>
<b>၄။ တေဇောကာယ၏ အရှိန်ဖြစ်သော ထောက်ကန်မှု အပေါင်းသည် ဝါယောကာယမည်၏၊</b></p>
<p>ဤသို့ဆိုလျှင် ဆံပင်တစ်ခု၌ <b>ကာယကြီး ၄-ပါးရှိ၏</b>၊ ကိုယ်ခန္ဓာ ကြီး ၄-ပါးရှိ၏-ဟူလိုသည်။</p>
<p>ထိုကာယကြီး ၄-ပါးတို့၏ <b>မစဲဖြစ်ပေါ်မှု, မစဲပျက်ဆုံးမှု, ဟူသော လက္ခဏာဓာတ်ကြီး ၂-ပါးလည်းရှိ၏</b>၊ ကလာပ်ဖွဲ့ ကလာပ်ခဲတို့၏ ထက် ဝန်းကျင် အခြား ရှေ့နောက်အခါဟူသော <b>အာကာသပရိစ္ဆေဒဓာတ်ကြီး လည်းရှိ၏</b>၊ စိတ်ဝိညာဉ် ဖန်ဆင်း၍ပြသဖြင့် ထင်မြင်၍နေကြသော <b>သဏ္ဌာန်နိမိတ်ကြီးလည်းရှိ၏</b>၊ ထိုသဏ္ဌာန်အတိုင်း နှစ်လအရှည် တည်နေ သည်ဟု ထင်မြင်၍နေကြသော <b>သန္တတိနိမိတ်ကြီးလည်းရှိ၏</b>၊ ဤ နိမိတ်ကြီး ၂-ပါးတို့သည်ကား စိတ်ထဲတွင် ထင်မြင်ကြရသော <b>ပညတ် မျှတို့သာတည်း</b>၊ ထိုဆံပင်တစ်သက် ထိုနိမိတ်ကြီးတို့သည်မြဲကုန်၏၊ လူသေ၍မှ မပျက်ကြကုန်သေး။ သုသာန်မြေမ ဗာတထွေးလုံးလုံး တည်ရှိကြကုန်သေး၏၊ ထိုနိမိတ် ၂-ပါးတို့မှာဖြစ်မှုဟူ၍လည်းမရှိ၊ ပျက်မှုဟူ၍လည်းမရှိ၊ <b>ဒုက္ခလည်းမရှိ၊ နိစ္စဓမ္မမျိုးတို့သာတည်း</b>။ ထိုနိမိတ်ကြီး ၂-ပါးတိုမှီရာဖြစ်သော ကာယကြီး၄-ပါးတို့ ထိုဘဝ၌ အစစွာသောဖြစ်ပေါ်မှုကို ထိုနိမိတ်တို့၏ ပျက်မှုဟု သိမြင် ထင်မှတ်၍ နေကြကုန်၏၊ မသေမီအကြား၌ ထိုသူအသက်ရှည်သမျှကာလပတ်လုံး အန္တရာယ်မရှိလျှင် သုသာန်မြေသို့ရောက်သည်တိုင်အောင် ထိုဆံပင် အခါခါဖြစ်သည်၊ အခါခါပျက်သည်ဟူ၍ မရှိပြီ-ဟုသိမြင်ထင်မှတ်၍ နေကြကုန်၏၊ <b>သတ္တဝါ၏ ကိုယ်ခန္ဓာတစ်ခုလုံးသည် နိမိတ္တတုံးကြီး, နိစ္စတုံးကြီး ထင်မြင် စွဲမှတ်၍နေကြကုန်၏</b>၊</p>
<p>ထိုနိမိတ်ကြီး ၂-ပါးတို့တွင် <b>သဏ္ဌာန်နိမိတ်ကြီးသည် ဆံပင်၌ ရှိသော ကာယကြီး ၄-ပါးတို့ကို ဆံပင်ဟု တစ်ခုတည်းပြု၍ ဖုံးလွမ်း၏</b>၊ <b>၁။ ဆံပင်၌ရှိသော ခက်မာမှုကို ပထဝီဓာတ်ဟု ခွဲခြမ်း၍ မသိနိုင် ကုန်၊ ဆံပင်ခက်မာသည်ဟူ၍သာ သိကြကုန်၏</b>၊</p>
<p><b>၂။ ဖွဲ့စည်းမှုကိုအာဗောဓာတ်ဟု ခွဲခြား၍ မသိကြကုန်၊ ဆံပင်ဖွဲ့ စည်းသည်ဟု သိကြကုန်၏၊</b></p>
<p><b>၃။ ပူမှု, အေးမှုကို တေဇောဓာတ်ဟု ခွဲခြား၍ မသိကြကုန်၊ ဆံပင်ပူသည်ဆံပင်အေးသည်ဟု သိကြကုန်၏၊</b></p>
<p><b>၄။ ထောက်ကန်, တောင့်တင်းမှုကို ဝါယောဓာတ်ဟုခွဲခြား၍ မသိကြကုန်၊ ဆံပင်တောင့်တင်းသည်ဟု သိကြကုန်၏၊</b></p>
<p><b>သန္တတိနိမိတ်ကြီးသည် ထိုဓာတ်ကြီး ၄-ပါးတို့၏ ၁-နာရီအတွင်း မှာ အခါ ၁-ရာ အခါ ၁-ထောင်မက တစ်သုတ်တစ်သုတ် ချုပ်ပျက် သေဆုံးမှု, တစ်သုတ်တစ်သုတ် အသစ်သစ်ဖြစ်ပေါ်မှုတို့ကို လုံခြုံလှစွာ ဖုံးကွယ်၍ ရှေ့နောက်အစဉ်ဖြစ်ကုန်သော ထိုတစိသုတ်တစ်သုတ်တို့ကို ဆံပင်တစ်ခုတည်းပြု၍ တစ်သက်လုံး၌ သည်ဆံပင်-ဟုထင်မှတ်မှောက် မှားစေ၏</b>၊ ဓာတ်ကြီး ၄-ပါးတို့ကား <b>အနိစ္စမျိုးတို့တည်း</b>၊ နိမိတ်ကြီး ၂-ပါးတို့ကား <b>နိစ္စမျိုးတို့သာတည်း</b>၊ အဟုတ်ရှိသော တရားမျိုးမဟုတ်သော ကြောင့် ပျက်စရာမရှိသည့်အတွက် နိစ္စမျိုးဖြစ်လေသတည်း။</p>
<p>ထိုဆံပင်၌ ကာယကြီး ၄-ပါးတို့တွင် <b>တေဇောကာယဆိုသည် ကား မီးစုမီခဲတည်း</b>၊ ပူမှု,နွေးမှု,အေးမှု,ချမ်းမှု, အစုအခဲတည်း၊ ပူမှု, အေးမှုတို့၌ ကိစ္စကြီးကား <b>၂-ပါးသာရှိ၏</b>၊</p>
<p><b>၁။ အတူတကွ အနည်းအစပ်ဖြစ်သော ပထဝီကာယ, အာပေါ ကာယ, ဝါယောကာယတို့ကို ခဏမစဲ, ကုန်ဆုံးအောင် အမြဲလောင်မှု ကိစ္စကြီးတစ်ပါး။</b></p>
<p><b>၂။ ထိုကာယကြီး ၃-ပါးတို့ကို လောင်မိ,စွဲမိ,ခဲမိသည်နှင့် တစ်ပြိုင် နက် အမြဲမီးပွါးမှု ကိစ္စကြီးတစ်ပါး။</b></p>
<p>ဤသို့ ပူမှု၌ ကိစ္စကြီး ၂-ပါး, အေးမှု၌ကိစ္စကြီး ၂-ပါး အသီးအသီး ရှိကြ၏၊ ဤစကား၌ မီးပွါးမှုဆိုသည်ကား <b>အပူအဆင့်ဆင့်ပွါးမှု, အအေး အဆင့်ဆင့်ပွါးမှုကိုဆိုသတည်း</b>၊ ပူမှု,အေးမှု အသစ်အသစ်မီးပွါးတိုင်း မီးပွါးတိုင်း ကြွင်းသော ကာယကြီး ၃-ပါးတို့သည် အမြဲပါရှိကြကုန်၏၊</p>
<p><b>မီးပွါးပုံ</b><br>
မီးပွါးပုံအခြင်းအရာကိုကား လောက၌ ရှားမီးခဲရဲရဲကြီးကို စေ့စေ့ကြည့်ရှု၍လည်းကောင်း, မီးတောက်မီးလျှံကို စေ့စေ့ကြည့်ရှု၍ လည်းကောင်း, ဥဏှမီးပွါးမှုကိုသိမြင်ရာ၏၊ မြစ်ရေအလျဉ်,စမ်းရေ အလျင်များ ကိုကြည့်ရှု၍ သီတမီးပွါးမှုကို သိမြင်ရာ၏၊ <b>လှုပ်လှုပ်ရွရွ တစ်ဖွါးဖွါးပေါ်မှု, တက်မှု, တတွေတွေစီးထွက်မှုတို့ကိုဆိုလိုသည်</b>။</p>
<p>အကြင်မျှလောက်သော နေ့,ရက်,လ,နှစ် ကာလပတ်လုံး ထို ဆံပင်၌တေဇောကာယကြီး မီးပွါးမှု အခွင့်ရရှိ၏၊ ထိုမျှလောက်သော ကာလပတ်လုံး ဆံပင်ဟူသော သဏ္ဌာန်နိမိတ် သန္တတိနိမိတ်တို့သည် ထင်မြင်ရ ကုန်၏၊ မီးပွါးမှုကုန်ဆုံးလျှင် အမှီမရှိ၍ ထင်စရာ မြင်စရာမရှိ၊ ကွယ်ပျောက်ကြကုန်၏၊ <b>ဤမီးပွါးမှုကို ဉာဏ်စူးစိုက်မိခဲ့လျှင် ဆံပင် တစ်ခုလုံးအမြဲနိစ္စတရွရွနေသည်ကို ထင်မြင်နိုင်ကြကုန်လတ္တံ့</b>။ ဆံပင် တစ်ခု၌ ကောင်းကောင်းမြင်ခဲ့ပေလျှင် သတ္တဝါတို့၏ ကိုယ်ခန္ဓာရှိ ရုပ်စု ရုပ်ခဲတို့ကိုမဆိုထားဘိ၊ မဟာပထဝီမြေကြီး, မြင့်မိုတောင်ကြီးတို့နှင့် တကွ တော,တောင်, သစ်ပင်-အစရှိသော ရုပ်စုရုပ်ခဲတို့သည် ဉာဏ်၌ <b>တရွရွ တွေဖြစ်၍ ကုန်လတ္တံ့</b>။</p>
<p>တရွရွထင်မြင်ခဲ့လျှင် ထိုတရွရွဆိုသော အမှုမျိုး၌ <b>အကျအတက် အပျက်အဖြစ်တွေကို ဖက်စပ်၍ ဆိုရသော အမှုမျိုးပေတည်း</b>။ ထို့ကြောင့်--</p>
<p><b>၁။ ရှေးရှေးအသုတ်မှ ကာယ ကြီး ၄-ပါး ပျက်ဆုံးမှု အစွန်း,</b><br>
<b>၂။ နောက်နောက်အသုတ်မှ ကာယကြီး ၄-ပါး အသစ်အသစ် ဖြစ်ပေါ်မှုအစွန်း,</b><br>
<b>၃။ ထိုအစွန်း ၂-ပါး, ၂-ပါးတို့၏ အကြား၌ အပြတ်ကြီး အပြတ် ကြီး အနေနှင့် အမြဲပါရှိသောအာကာသ ပရစ္ဆေဒမှု,</b></p>
<p><b>ဤအစွန်း ၂-ပါး,အခြား ၁-ခုကိုလည်း အတတ်သိမြင်နိုင်ကြ ကုန်ရာသတည်း</b>။</p>
<p><b>(ဤကား အစဉ်အမြဲအားဖြင့် သတ္တဝါတို့၏ ကိုယ်ခန္ဓာနှင့်တကွ တစ်လောကလုံး၌ နေ, လ, နက္ခတ်တို့ကို အရင်းပြု၍ တစ်နေ့တစ်နေ့၌ ပင်လျှင် ပဟိုရ်အပိုင်းအခြား, နေ့,ညဉ့် အပိုင်းအခြားအားဖြင့် တက်တုံ့ ဆုတ်တုံ့ ဖြစ်၍နေကြသော ဥဏှဓာတ်မီး, သီတဓာတ်မီးတို့ကို အစွဲပြု၍ ပကတိသော ဆံပင်၌ ကာယကြီး ၄-ပါး, အစွန်းကြီး ၂-ပါး, အခြားကြီး ၁-ပါးတို့ကို ဖော်ပြသော အချက်တည်း၊ ချိပ်ခဲ ဥပမာနှင့်ယှဉ်၍ ကြည့် လေ။)</b></p>
<p>ဤဆံပင်၌ <b>ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ-ဟူသော ဥပါဒါရုပ် ၄-ခု ကျန်ရှိသေး၏</b>၊ ကာယကြီး ၄- ပါး တို့၏ဖြစ်မှုပျက်မှု ထင်မြင်နိုင်ပါလျက် ဥပါဒါရုပ်တို့၏ဖြစ်မှု, ပျက်မှုတို့ကိုလည်းထင်မြင်နိုင်တော့သည်၊ သို့ရာတွင် အဆင်းဟူသော <b>ဝဏ္ဏဓာတ်သည် သဏ္ဌာန်နိမိတ်ကြီးနှင့် အလွန်နီး စပ်လှ၏</b>၊ ဤအဆင်းဟူသော ဝဏ္ဏဓာတ်ကို မှုန့်မှုန့်ညက်ညက်ကြေအောင် ဉာဏ်နှင့် အထူးခြေဖျက်ရလိမ့်မည်၊ ပထဝီကာယကြီး ပျက်မှုကိုရှုခဲ့လျှင် ဝဏ္ဏဓာတ် ပျက်မှုကိုလည်း တပေါင်းတည်းပါအောင်ရှု။</p>
<p>ထို့အတူ <b>အာပေါ ကာယကြီး အဖွဲ့အတွက် ပြုတ်ပျက်မှု, တေ ဇောကာယကြီး အပူအအေး ကုန်ဆုံးမှု, ဝါယောကာယကြီး အရှိန်သေ ပျောက်မှုတို့ကို ရှုခဲ့လျှင် ဝဏ္ဏဓာတ်ပျက်မှုလည်း တပေါင်းတည်း ပါလေ အောင် အထူးအားထုတ်ရမည် ဆိုလိုသည်</b>၊ ဆံပင်၌ မည်းနက်သော အဆင်းကို ကြောင်ကြောင်မြင်ကြလျက် ဓာတ်အသီးအခြား ဟု မသိကြ၊ ဓာတ်အသီးအခြားဟု သိကြလျက် ခြားနား၍ မမြင်ကြ။ အနံ့, အရသာ, ဩဇာတို့၌လည်း ဤနည်းတူဆိုလေ၊ ဤဆံပင်၌ကဲ့သို့ မွေးညင်း, ခြေသည်း လက်သည်း, သွား, အရေ-အစရှိသော ကြွင်းသော ကောဋ္ဌာသ တို့၌လည်း ကာယကြီး ၄-ပါး, အစွန်း ၂-ပါး, အာကာသ ပရိစ္ဆေဒ ၁- ပါး, နိမိတ်ကြီး ၂-ပါးတို့ကို <b>အသီးသီး အထင်အမြင် ပေါက်အောင် အားထုတ်ကြလေ</b>။</p>
<p>ထိုကြွင်းသောကောဋ္ဌာသတို့တွင် မွေးညင်းမှတစ်ပါးသော <b>၁၈- ပါးသော ပထဝီကောဋ္ဌာသတို့၌ နိမိတ်ကြီး ၂-ပါး ကြီးကျယ်လှ၏</b>၊</p>
<p><b>၁။ သဏ္ဌာနနိမိတ်မည်သည် အဏုမြူမျှ အထည်ဝတ္ထုဒြဗ် သဏ္ဌာန် ထင်မြင်လာလျှင် သဏ္ဌာန-နိမိတ်ကြီးပင်တည်း။</b></p>
<p><b>၂။ သန္တတိ-နိမိတ်မည်သည်ကား ဤဝတ္ထုသည် ၁-မိနစ် တည် နေ၏၊ ၁-နာရီ တည်နေ၏ဟု ထင်မြင်လာလျှင် သန္တတိ နိမိတ်ကြီး ပင်တည်း။</b></p>
<p><b>မုန်ညင်းစေ့ငယ်တွေကို တောင်ကြီးဖုံးဖိ၍ ထားဘိသကဲ့သို့ အဟုတ် အမှန်ရှိသော ပရမတ်ဓာတ်တွေက အဟုတ်အမှန်ရှိ မဟုတ်၊ စိတ်ဝိညာဉ် လုပ်ကြံလှည့်စား၍ ပြမှုနှင့် ထင်မြင်၍ နေရသော ထို နိမိတ်ကြီး ၂-ပါးတို့သည် ဖုံးအုပ်ကွယ်ကာ၍ ထားအပ်ကုန်၏</b>၊ ပရမတ် ဓာတ်ကြီးတွေကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်၍ နိမိတ်ကြီးတွေကို ဉာဏ်နှင့် သန်သန်မှုတ်လွှင့်၍ ပစ်ကြလေ၊ အမိုက်မှောင် မည်သည်ကို အရာင်အလင်းသည်သာ ငယ်နိုင်ဖြစ်၏၊ ညဉ့်အခါ တိုက်ခန်း၌ ပြည့်၍ နေသော မှောင်လုံး မှောင်ခဲကြီးကို အရာင်တစ်ခုသည်သာ နိုင်၏၊ အရောင်မှတစ်ပါး ထိုမှောင်ကိုနိုင်သော အရာမရှိ၊ ဗုံးကြီး, အမြောက် ကြီးနှင့် ပစ်ခွင်း၍ ဖျက်စီးသော်လည်း ပျောက်ပျက်အောင် မတတ်နိုင်၊ မီးရောင်လာခဲ့လျှင် အဏုမြူမကျန် ခဏချင်းကွယ် ပျောက်၏၊ <b>ထို့အတူ နိမိတ္တမှောင်ကြီးကိုလည်း ဓာတ်သဘောကို မြင်သော ဉာဏ်ရောင်သည် ငယ်နိုင်ဖြစ်၏၊ ဉာဏ်ရောင်ပေါ်လျှင် အလိုလိုကွယ် ပျောက်၏</b>၊ နိမိတ္တမှောင်ကြီး ဖုံးလွှမ်းမှုဆိုသည်နှင့် အဝိဇ္ဇာ-မောဟ မှောင်ကြီး ဖုံးလွှမ်းမှုသည်ကား <b>အတူတူပင်</b>၊ စိတ်သန္တာန်၌ <b>သမ္မောဟ တရားကြီးရှိနေသောကြောင့် စိတ်ဝိညာဉ်သည် ထိုနိမိတ္တ မှောင်ကြီးတွေ ကို ဖန်ဆင်းနိုင်လေသည်</b>၊ စိတ်သန္တာန်၌ ဓာတ်အမြင်ပေါက်သောဉာဏ် တစ်စတစ်စပေါ်လာလျှင် သံမောဟတရားကြီး တစ်စတစ်စ ပြယ်ပျောက် ၏၊ စိတ်ဝိညာဉ် လှည့်စားမှုလည်း တစ်စတစ်စ ကွယ်ပျောက်၏၊ <b>ထိုသမ္မောဟတရားကြီးကြောင့် စိတ်ဝိညာဉ်အမှုဖြစ်သော နိမိတ္တ မှောင်ကြီး ၂-ပါး အမြဲထင်မြင်၍ နေသဖြင့်</b></p>
<p><b>၁။ နိစ္စဒိဋ္ဌိကြီး,</b><br>
<b>၂။ အတ္တဒိဋ္ဌိကြီး,</b></p>
<p><b>၂-ပါးတို့ မင်းမူ၍နေကုန်၏</b>၊ ထိုဒိဋ္ဌိကြီးတို့မှ <b>ဒုစရိုက် ၁၀- ပါးတို့သည် ထွက်ပေါ်ကြကုန်၏</b>၊ ဒုစရိုက် ၁၀-ပါးတို့မှ <b>အပါယ်ဘဝ, အပါယ်ခန္ဓာတို့သည် ဖြစ်ကုန်၏</b>၊</p>
<p>ဒိဋ္ဌိဘေးကြီး, ဒုစရိုက်ဘေးကြီး, အပါယ်ဘေးကြီးတို့ကို ကြောက် လန့်ကြကုန်မူကား <b>ဓာတ်အမြင်ပေါက်သော ဉာဏ်ရောင်အလင်းက အင်တိုက်အားတိုက် ထူထောင်ကြလေကုန်</b>။</p>
<p><b>တိမ်သလာဖုံးသော မျက်စိ</b></p>
<p>မျက်စိနှစ်ဘက်၌ ပသာဒရုပ်ကြည်ကို <b>တိမ်သလာကြီး ထူထပ်စွာ ဖုံးလွှမ်းလျက်ရှိသောသူသည် နေ့ကြောင်ကြောင်မှာပင် မှောင်ကြီးဝိုင်း၍ နေ၏</b>၊ မှောင်ကြီးကိုသာ မြင်၍ နေ၏၊ ထိုသူထင်မြင်၍နေသော မှောင် ကြီးကား နေ့ကြောင်ကြောင်ဖြစ်၍ အဟုတ်ရှိသော မှောင်မဟုတ်၊ ထိုသူစိတ်ဝိညာဉ် ထင်မိထင်ရာ မြင်မိမြင်ရာ မဟုတ်တရုတ်ကြီး, မတူ တယူကြီး သက်သက်သာတည်း၊ <b>မျက်စဉ်းဆေးဝါးကို အားထုတ်မှီဝဲ၍ တိမ်သလာ ကွာပျောက်သဖြင့် အတွင်း၌ ပသာဒရုပ်ကြည်ပေါ်၍လာ လျှင် ထိုဝိုင်း၍နေသော မှောင်ထုကြီး အလိုလို ပပျောက်လေ၏</b>၊</p>
<p><b>၁။ မျက်စိမမြင်သူနှင့် ဤသတ္တဝါတို့သည် တူကုန်၏၊</b><br>
<b>၂။ မျက်စိနှင့် စိတ်သဏ္ဌာန်သည်တူ၏၊</b><br>
<b>၃။ ပသာဒရုပ်ကြည်နှင့် ပကတိဉာဏ်သည်တူ၏၊</b><br>
<b>၄။ တိမ်သလာနှင့် အဝိဇ္ဇာသမ္မောဟ တရားကြီးသည်တူ၏၊</b><br>
<b>၅။ စိတ်ရှေးရှုရာ အရပ် ၁၀-မျက်နှာဝိုင်း၍ နေသော မှောင်ကြီး နှင့် နိမိတ်ကြီးတို့သည် တူကုန်၏၊</b></p>
<p>သတ္တဝါတို့၏ ပကတိသောစိတ်ဝိညာဉ်မည်သည် အဟုတ်အမှန် ကို ဟုတ်မှန်သည့်အတိုင်း ထင်မြင်၍နေမှု အလွန်နည်းပါး၏၊ မဟုတ် မမှန် ထင်မြင်၍နေမှုကား တစ်ယောက်တစ်ယောက်မှာပင် <b>အနန္တများ ပြား၏</b>၊</p>
<p><b>သည်းခြေပျက်သော အရူး</b></p>
<p>သည်းခြေပျက်၍ အလွန်ကြီး ဖောက်ပြန်၍နေသော အရူး၏ စိတ်သည် <b>မီးကို ရွှေထင်၏၊ ရေပြင်ကို မြေပြင်ထင်၏၊ ကောင်းကင်ကို ရေပြင်ထင်၏၊ သစ်ပင် တောချုံတွေကို ရွှေဘုံရွှေနန်းတွေ ထင်၏</b>၊ ထိုထင်မြင်မှုသည် စိတ်ဝိညာဉ် လှည့်စား သက်သက်သာတည်း၊ <b>ဓာတ် အမြင် မပေါက်သော ပုထုဇဉ်သတ္တဝါတို့၏ စိတ်သည် ထိုအရူးစိတ်နှင့် ထပ်တူပင်တည်း</b>။</p>
<p>အရူး၏ စိတ်မှာ ဘာမှမဟုတ်, ဘာမှမရှိသော ကောင်းကင်ကို ရေပြင်ကြီး, ပင်လည်ပြင်ကြီး အဟုတ်အမှန် ထင်မြင်၍နေမှုနှင့် ပုထုဇဉ် သတ္တဝါတို့၏စိတ်မှာ <b>နိမိတ်ကြီး ၂-ပါး ထင်မြင်၍နေမှု တူလှ၏</b>၊ <b>ရုပ်ဓာတ်, နာမ်ဓာတ်တို့သည်သာ အဟုတ်ရှိ အမှန်ရှိ ဖြစ်၏</b>၊ ထိုအဟုတ်ရှိ အမှန်ရှိ တို့ကား <b>မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှ ခိုင်မြဲသော နိစ္စမျိုး မဟုတ်ကုန်၊ အလိုသို့ လိုက်ပါတတ်သော အတ္တမျိုးမဟုတ်ကုန်၊ အနိစ္စမျိုး, အနတ္တမျိုးတို့သာ ဖြစ်ကုန်၏</b>၊ နိမိတ်ကြီး ၂-ပါးတို့ကား <b>အဟုတ်ရှိ အမှန်ရှိ မဟုတ်</b>၊ စိတ်ဝိညာဉ် ထင်ချင်တတ်တိုင်း ထင်မြင်၍နေသော အထည်ဒြဗ် ကြီးဖြစ်၍ <b>နိစ္စအနေ, အတ္တအနေထင်မြင်၍ နေကြကုန်၏</b>၊</p>
<p><b>နိမိတ်ကြီး ၂-ပါး ဆိုသည်ကား အထည်ဒြပ် မဟုတ်သော ရုပ် ဓာတ်, နာမ်ဓာတ်ကိုပင် အထည်ဒြပ်ပြုလုပ်၍ ထင်မြင်သော အမှုတည်း</b>၊ အရူးသည် ကောင်းကင်ကြီးငယ်ကို ရေဟူ၍ အတပ်ထင်မြင်၏၊ အရူး ထင်သည်အတိုင်း၊ ရေမဟုတ်သည်အတွက်ကြောင့် ရေကိစ္စ၌ အသုံး သက်သက်မကျ၊ ရေဟုထင်မြင်ချက်နှင့် အမက်ကြီး အစွဲကြီး တစ်ခု ဖြစ်နေရုံမျှသာရှိ၏၊ <b>ထို့အတူ သတ္တဝါတို့သည် ရုပ်ဓာတ်, နာမ်ဓာတ်တို့ကို နိမိတ်ကြီး၂-ပါးပြုလုပ်၍ နိစ္စ, အတ္တထင်မြင်၍ နေကြကုန်၏</b>၊ သတ္တဝါတို့ ထင်မြင်သည့်အတိုင်း မဟုတ်သည့် အတွက်ကြောင့် ထိုရုပ်ဓာတ်, နာမ် ဓာတ်တို့သည် နိစ္စကိစ္စ, အတ္တကိစ္စနှင့် သက်သက်အသုံးမကျကုန်။</p>
<p><b>နိစ္စကိစ္စ, အတ္တကိစ္စ ဆိုသည်ကား-စောင့်ရှောက်မှု, ထောက် ပံ့မှု, မွေးမြူပြုပြင်မှုတို့နှင့် အချင်းခပ်သိမ်း လွတ်ကင်း၍ အနှစ် ၁-ရာ, အနှစ် ၁-ထောင်စသည်ဖြင့် သတ္တဝါတို့ အလိုရှိသမျှ ကာလပတ်လုံး မိုးကြိုးပင် ပစ်သော်လည်း ဖောက်ပြန်ခြင်းမရှိပဲ ပကတိအတိုင်း တည်နေမှု သည် နိစ္စကိစ္စ, အတ္တကိစ္စမည်၏</b>၊ ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့၌ ထိုကိစ္စ ၂- ချက် သက်သက်မရှိ။</p>
<p><b>ဆီမီးတောက် ဥပမာ</b></p>
<p>မီးစာ, ဆီ, ရေနံဆီတို့ကို အစွဲပြု၍ ဖြစ်ရ, တည်နေရသော မီးတောက်သည် မီးစာ, ဆီ, ရေနံဆီတို့ လျော့ပါးကုန်လျှင် လျှော့ပါးရ တော့သည်၊ မီးစာ, ဆီ, ရေနံဆီ- တို့ကုန်ဆုံးလျှင် သေဆုံးရတော့သည်၊ <b>မီးစာ, ဆီ, ရေနံဆီတို့နှင့်ကင်း၍ အကတိအနေနှင့် မျက်တောင် တစ်ခတ်စာမျှ တည်တံ့၍ မနေနိုင်၊ သေရလေ၏</b>၊</p>
<p>မီးစာ, ဆီ, ရေနံဆီတို့ပင် အပြည့်အစုံရှိကြကုန်သော်လည်း လေ, ရေ-အစရှိသော အန္တရာယ် ဖျက်ဆီးပြန်လျှင် <b>ခဏချင်း သေဆုံးပြန်သည်</b>။ ထိုနှင့်ထပ်တူ သတ္တဝါတို့ ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့သည် အမိဝမ်း၌, အမိကိုယ်၌ ဖြစ်ကုန်သော <b>ဥတု, အာဟာရတို့ကို အစွဲပြု၍ ဖြစ်ရ, တည်ရကုန်၏</b>၊ ထိုဥတု, အာဟာရ-တို့နှင့်ကင်း၍ မျက်တောင်တစ်ခတ် စာမျှ တည်တံ့စွာမနေနိုင်၊ <b>ပျက်ဆုံးရကုန်၏</b>၊ ဖွားမြင်သည်မှ နောက်၌ လည်း ထမင်းအစာရေစာတို့မှ ဖြစ်ကုန်သော ဥတု, အာဟာရတို့ကို အစွဲပြု၍ ဖြစ်ရတည်ရကုန်၏၊ ထိုဥတု, အာဟာရတို့နှင့်ကင်း၍ မျက် တောင်တစ်ခတ်စာမျှ အဇ္ဈတ္တခန္ဓာတို့သည် တည်တံ့စွာ မနေနိုင်ကုန်၊ <b>ပျက်ဆုံးရကုန်၏</b>၊</p>
<p>ထိုဥတု, အာဟာရတို့ ထောက်ပံ့မှု ရှိနေကုန်သော်လည်း ကိုယ်တွင်း အန္တရာယ်, ကိုယ်ပအန္တရာယ်တို့ အပြင်းအထန် ထိပါးခဲ့ပြန် လျှင် <b>ခဏချင်း ပျက်ဆုံးရပြန်ကုန်၏</b>၊</p>
<p>ကိုယ်တွင်း၌ ထမင်းရေစာတို့မှ ဖြစ်ပွားသော ဥတု- ဟူသော ဓာတ်မီး, အာဟာရ-ဟူသော ဓာတ်ဆီတို့နှင့် ကင်းလျက်လည်းကောင်း, အတွင်းအပအန္တရာယ် ပြင်းထန်စွာ ထိပါးလျက်လည်းကောင်း, ဖောက် ပြန်ခြင်းမရှိဘဲ မိမိတို့၏ နိစ္စဂုဏ်သတ္တိ အစွမ်းနှင့်သော်လည်းကောင်း, သတ္တဝါတို့၏ အလိုသို့လိုက်ပါမူ-ဟူသော အတ္တဂုဏ်-သတ္တိအစွမ်းနှင့် သော်လည်းကောင်း, သတ္တဝါတို့၏အလိုသို့လိုက်ပါမှု-ဟူသော အတ္တဂုဏ်အစွမ်း နှင့်သော်လည်းကောင်း <b>ပကတိအနေအားဖြင့် မျက်တောင် တစ်ခတ်စာမျှ တည်နေနိုင်မှု မရှိကြလေကုန်</b>။</p>
<p>ဤလောကတွင် ရေသတ္တဝါ, ကုန်းသတ္တဝါတို့၌ <b>အသက်မွေးမှု ကိစ္စ အစာအာဟာရ ရှာမှီးစားသောက်မှုကိစ္စ, ကိုယ်တွင်းကိုယ်ပ ဘေးအန္တရာယ်တို့ကို အမြဲသတိပြုမှုကိစ္စ</b>၊ ဤသင်္ခါရဒုက္ခ ကိစ္စကြီးတို့နှင့် နေ့ရက်ရှိသမျှ <b>ကြပ်တည်းစွာ ကြောင့်ကြစိုက်ထုတ်၍ နေကြသည်ကား ဒိဋ္ဌမျက်မြင်ပေတည်း</b>။</p>
<p>ထိုသင်္ခါရဒုက္ခ ကိစ္စကြီးတို့ကို လွှတ်ထား၍ <b>မိမိခန္ဓာတို့၏ နိစ္စဂုဏ်သတ္တိ, အတ္တဂုဏ်သတ္တိ သက်သက်နှင့် တစ်သက်လုံး တည်နေ နိုင်သောသူဟူ၍ လောက၌ တစ်စုံတစ်ယောက်မျှမရှိ</b>၊ တစ်နေ့ တစ်ရက်မျှ မနေနိုင်ကြ၊ တစ်ကြိမ်မှီဝဲသောအစာ အာဟာရဓာတ်စာ၏တစ်ကိုယ် လုံးပျံ့နှံ့ထောက်ပန့်မှုသည် လူတို့၌ ၇-ရက်ဟူ၏၊ နတ်တို့၌ ၁-လ, ၂- လ,ဟူ၏၊ <b>ထိုဓာတ်ဆီ အလျဉ်ပြတ်သည့်နောက် မျက်တောင်တစ်ခတ်မျှ အဇ္ဈတ္တခန္ဓာတို့ မတည်နိုင်ကုန်</b>၊ ဥတုဇရုပ်ကြမ်းတို့သည်သာ သူသေ ကောင်အဖြစ်နှင့် ကျန်ရစ်ကုန်တော့သည်။</p>
<p><b>နိမိတ်ကြီး ၂-ပါးတို့သည် ထိုခန္ဓာတို့၏ ထိုကဲ့သို့သော ပျက်ဆုံးမှု ကိုအဏုမြူမျှ တားမြစ်ခုခံနိုင်ကြသည် မဟုတ်ကုန်</b> ဤသတ္တဝါ အပေါင်း တို့သည်မူကား သင်္ခါရဒုက္ခမှုကြီးတွေနှင့် အကြပ်အတည်းကြောင့်ကြ စိုက်နိုင်လှ၍ ခန္ဓာအစဉ်မပျတ်ဘဲ နှစ်လရှည်ကြာ အသက်ရှည်၍ နေကြရပါသည်ကို နိမိတ်ကြီးတို့၏ <b>နိစ္စအစွမ်း, အတ္တအစွမ်း, ဇီဝအစွမ်းဟုထင်မှတ်မှောက်မှား၍နေကြကုန်၏</b>၊ ခန္ဓာတို့သည်လည်းကောင်း, နိမိတ်တို့သည်လည်းကောင်း အကယ်၍ <b>အလိုလိုက်မှု-ဟူသော အတ္တ အစွမ်းရှိကြကုန်သည်ဖြစ်အံ့</b>၊ ထိုခန္ဓာနိမိတ်တို့ သည်ပြုပြင်မှုနှင့် ကင်၍ပင် သတ္တဝါတို့၏ နေလိုသမျှ နှစ်, လ-များစွာ ၁-ရာ ၁-ထောင် စသည် တည်နေကြကုန်ရာသည်။</p>
<p><b>သတ္တဝါတို့၏ အလိုသက်သက်နှင့် ၁-ရက် ၁-နာရီ တည်နေကြ သည်မဟုတ်ကုန်</b>၊ ထိုကြောင့် <b>အတ္တအစွမ်း ဟူ၍ အဏူမြူမျှ မရှိကြ သည်ကို မုချသိမြင်နိုင်၏</b>၊</p>
<p>အကယ်၍ ၁-နေ့ ၁-ရက် ရှည်နိုင်သော အသက် ဇီဝ ရှိကြကုန် သည်ဖြစ်အံ့၊ <b>၁-နေ့ ၁-ရက် အတွင်းမှာ မိုးကြိုး ၁၀၀-ဆိုင်၍ ပစ်သော် လည်း ထိုခန္ဓာတို့ မပျက်ကုန်ရာ</b>၊ အကယ်၍ ၁-ရက် ၂-ရက် ရှည်နိုင်သော အသက်, ၃-ရက်ရှည်နိုင်သော အသက်, ၁-လရှည်နိုင်သော အသက် စသည်ဆိုလေ၊ အကယ်၍ <b>အနှစ် ၁၀၀-ရှည်နိုင်သော အသက်ဇီဝ ရှိကုန် ဖြစ်အံ့</b>၊ ထိုခန္ဓာ ထိုနိမိတ်တို့သည် ပြုပြင် မွေးမြူမှုနှင့် ကင်း၍ပင် အနှစ် ၁၀၀-ရှည်နိုင်ကုန်ရာ၏၊</p>
<p>အနှစ် ၁၀၀-၏အတွင်းမှာ <b>မိုးကြိုး ၁၀၀-ပင် ဆိုင်၍ ပစ်သော် လည်း မပျက်နိုင်ကြကုန်ရာ</b>၊ ထိုသို့ မပျက်နိုင်ကုန်သည်ကား မဟုတ်၊ အာဟာရအလျဉ် ပြတ်ခဲ့လျှင် <b>ဘယ်အခါမဆို ပျက်ဆုံးကြကုန်၏</b>၊ အန္တရာယ်ပြင်ထန်စွာ ထိခိုက်လျှင်လည်း <b>ဘယ်အခါမဆို ပျက်ဆုံးကြ ကုန်၏</b>၊ ထို့ကြောင့် <b>၁-နာရီ ရှည်နိုင်သော အသက်ဇီဝဟူ၍ အဏုမြူမျှ မရှိ</b>၊ ၁-ရက်စသည် ရည်နိုင်သော အသက်ဇီဝမှာ ဝေးစွ၊ <b>စောင့်ရှောက်မှု, မွေးမြူမှု, ပြုပြင်မှု အစွမ်းသက်သက်နှင့်သာ နေ့, ရက်, လ, နှစ်-အရှည် တည်ရှိနိုင်ကြကုန်သည်ဟု မုချသိရာ၏</b>၊</p>
<p>ခန္ဓာတို့သည် <b>အတ္တဟုတ်ပါကုန်၏၊ အတ္တမှန်ပါကုန်၏</b>၊ ကောင်း ကောင်းပြုပြင်၍ ပေးခဲ့ပါလျှင် အန္တရာယ်လည်း ကင်းခဲ့ပါလျှင် အသက် တမ်း ရှိသမျှပြည့်မီရုံ အလိုသို့လိုက်ပါကုန်၏၊ <b>ခန္ဓာတို့သည် ပုဂ္ဂိုလ် ဟုတ်ပါ ကုန်၏၊ သတ္တဝါ ဟုတ်ပါကုန်၏၊ ငါ ဟုတ်ပါကုန်၏</b>၊ ငါဟုတ်သော ကြောင့်ပင်လျှင် ငါ့အလိုသို့ လိုက်ပါကုန်၏၊ <b>ခန္ဓာတို့ကို ငါအစိုးရပါ၏</b>၊ ငါ့ကိုယ်ဟုတ်ပါ၏၊ ငါနှင့်ခန္ဓာ တစ်ခုတည်းပင်ဖြစ်၏၊ ငါ့အလိုသို့ လိုက် ကြပုံကား တစ်သက်လုံး ငါ၏ခန္ဓာတို့နှင့်ပင် ငါအလိုရှိရာ ပြုလုပ်၍ လာခဲ့သည်၊ ရှေ့အဖို့လည်း အသက်ရှိသမျှ ကာလပတ်လုံး ငါ့ခန္ဓာတို့ နှင့်ပင် ငါအလိုရှိရာ ပြုလုပ်၍ သွားရပါလိမ့် ဦးမည်ဟု ဆိုကြကုန်ငြားအံ့။</p>
<p>ထိုစကား၌ <b>ကောင်းကောင်းပြုပြင်၍ပေးခဲ့လျှင်, အန္တရာယ်လည်း ကင်းခဲ့ပါလျှင် အသက်တမ်းရှိသမျှ ပြည့်မီရုံ အလိုသို့ လိုက်ပါကုန်၏ဟူသောအဆိုမှာ ပြုပြင်၍ပေးပါလျှင် အလိုသို့ လိုက်နိုင်ကြကုန်သည်၊ ပြုပြင်၍ မပေးခဲ့လျှင် အလိုသို့ မလိုက်နိုင်ကြကုန်-ဟု ဆိုရာကြ၏</b>၊ အလို၏အစွမ်းနှင့် အလိုရှိတိုင်း မပြီးစီးနိုင်သောကြောင့် ပြုပြင်မှုကို ပဓာနထား၏၊ အလိုသို့လိုက်သော အခြင်းအရာ ထင်မြင်ရသည်မှာ ပြုပြင်မှု၏ အစွမ်းသက်သက်သာ၊ အလို၏ အစွမ်းမဟုတ်၊ <b>အလိုသို့ လိုက်မှုဆိုသည်မှာ စိတ်ထင် သက်သက်သာဟု ထိုစကားနှင့်ပင် ထင်ရှား ပြီးဖြစ်သတည်း</b>၊ သိမ်မွေ့လှ၏၊</p>
<p>ခန္ဓာတို့သည် <b>ပုဂ္ဂိုလ် ဟုတ်ပါကုန်၏၊ သတ္တဝါ ဟုတ်ပါကုန်၏၊ ငါဟုတ်ပါကုန်၏</b>-ဟူသော စကား၌ <b>နိမိတ်ကြီး ၂-ပါးတို့သည် ခန္ဓာဟုတ် ကြပါကုန်လျှင် ဓာတ်ကြီး ၄-ပါး ဟုတ်ကြပါကုန်လျှင် ခန္ဓာတို့သည်၊ ပုဂ္ဂိုလ်, သတ္တဝါ, ငါဟုတ်ပေ ကုန်ရာ၏</b>၊ နိမိတ်ကြီးတို့သည် ခန္ဓာမဟုတ်၊ ဓာတ်ကြီး ၄-ပါးမဟုတ်၊ <b>ဘာမှမဟုတ်ကုန်</b>၊ ကောင်းကင်ကိုရေပြင်-ဟု အရူး၏စိတ် ဖောက်ပြန်မှုနှင့်ထပ်တူ မိမိတို့ စိတ်ဝိညာဉ် လှည့်စားမှုသက်သက် ဖြစ်ကြောင်းကို ရှေး၌ ထင်ရှားစွာ ပြဆိုခဲ့ပြီ၊ <b>အနိစ္စမျိုးဖြစ်သော ခန္ဓာတို့, ဓာတ်တို့ကို နိစ္စမျိုးဖြစ်သော နိမိတ်ကြီး ၂-ပါးတို့ လွမ်းခြုံ၍ နေကုန်၏</b>၊ နိမိတ်ကြီး ၂-ပါတို့၏အပေါ်မှာ <b>ပုဂ္ဂိုလ်, သတ္တဝါ, ယောက်ျား, မိန်းမဟူသော သတ္တပညတ်ကြီး ထပ်ဆင့်၍ နေ၏</b>၊ သိမ်မွေ့စွ။</p>
<p>မှောင်နှင့်မီးရောင် ဥပမာကဲ့သို့ <b>ဓာတ်ကြီး ၄-ပါးတို့ကို ဥပါဒ်စွန်း, ဘင်စွန်းတို့နှင့်တကွ ထင်ရှားစွာ မြင်နိုင်ကြမှ ထိုနိမိတ္တပညတ်, သတ္တ ပညတ်တို့အလိုလို ကွယ်ပျောက်ကုန်သတည်း</b>၊ ခန္ဓာတို့ ငါဟုတ်သော ကြောင့်ပင်လျှင် ငါ့အလိုသို့ လိုက်ပါကုန်၏၊ ငါတစ်သက်လုံး ငါ့ခန္ဓာတို့နှင့် ပင်လျှင် ငါအလိုရှိရာ ပြုလုပ်၍ လာခဲ့သည်ဟူသော စကား၌ နောက် နောက် နေ့ရက်တို့၌ အလိုရှိရာ ကြံမှု, ဖန်မှု, ပြောမှု, ဆိုမှု, ကိုယ် အင်္ဂါကြီးငယ် လှုပ်ရှား သွားလာပြုလုပ်မှု အလုံးစုံတို့သည် <b>ရှေးရှေးနေ့ ရက်တို့က အစာရေစာ စသည်တို့နှင့် မွေးမြူပြုပြင်မှုတို့၏ အစွမ်း ကြောင့်သာ နောက်နောက်နေ့ရက်တို့မှာ ဖြစ်ပေါ်နိုင်ကုန်၏</b>၊ အလို၏ အစွမ်းသတ္တိကြောင့် အလိုသို့ လိုက်နိုင်ကြသော အစွမ်းရှိကြကုန်၍ နောက်နောက်နေ့ရက်တို့၌ ဖြစ်ပေါ်နိုင်ကုန်သည် မဟုတ်၊ ရှေးရှေး နေ့ရက်တို့၌ <b>မွေးမြူပြုပြင်မှု မရှိပါမူကား အဇ္ဈတ္တခန္ဓာ ၅-ပါးတို့သည် ရှေးရှေး နေ့ရက်တို့၌ အမိဝမ်းက ဖွားမြင်စမှာပင် ချုပ်ပျက် ကုန်ဆုံးကြ ကုန်ရာ၏</b>၊ နောက်နောက်နေ့ရက်သို့ မရောက်လာကြကုန်ရာပြီ၊ မျက်မြင် ကဲ့သို့ပင် ထင်ရှားလှပါ၏၊</p>
<p><b>ဆိုဖွယ်အထူးကား</b></p>
<p>သင်္ခါရတရားမျိုးမည်သည် <b>ဘယ်လိုပြုလျှင် ဘယ်လိုဖြစ်၏-ဟု သိ၍ အလိုရှိရာ ဖြစ်လာရန် ပြုပြင်ပေးလျှင် အလိုရှိရာဖြစ်လာ၏၊ ပြုပြင်မှုနှင့်ကင်း၍ အလိုသက်သက်နှင့် ဖြစ်လာသည်မရှိ</b>၊ မန္ဓာတ်မင်းကြီး သည် လက်ပမ်း ပေါက်ခတ်လိုက်လျှင် ကောင်းကင်မှ ရတနာမိုးရွာလာ ရသည်-ဟူရာ၌ ထိုသို့ဖြစ်နိုင်ရန် ရှေးရှေးဘဝတို့၌ ကံအထူးကိုပြုမှု, လက်ပမ်းပေါက်ခတ်မှု-ဟူသော ပြုပြင်မှုသာ ရတနာမိုးရွာမှု ဖြစ်လာသည်၊ အလိုသက်သက်ဖြင့် ဖြစ်လာနိုင်သည် မဟုတ်။</p>
<p><b>၁။ ဘယ်အမှုကိုပြုလျှင် ဘယ်ဟာဖြစ်လာ၏ဟု သိမှုတို့ကား သညာ, ဝိညာဉ်, ပညာ-တို့ပေတည်း။</b></p>
<p><b>၂။ ပြုပြင်မှုတို့ကား စေတနာ, ဝီရိယ-တို့ပေတည်း</b>။ ထိုတရားတို့သည် <b>နိမိတ္တပညတ်မျိုးလည်း မဟုတ်ကုန်၊ ပုဂ္ဂလ, သတ္တ, အတ္တ, ဇီဝ-ပညတ်မျိုးလည်း မဟုတ်ကုန်</b>၊ တစ်ထိုင်တွင်း, တစ်နာရီ တွင်းမှာပင်အခါ ၁-ရာမက <b>ချုပ်ပျောက် ပြက်ဆုံးမှုအမြဲရှိ နေကြကုန် သော ပရမတ်ဓာတ်မျိုး, အနိစ္စဓာတ်မျိုးတို့သာတည်း</b>၊ ထို့ကြောင့် ထိုဓာတ်တို့လည်း တစ်စုံတစ်ခုကိုမျှ သိတတ် ပြုပြင်တတ်သော <b>ပုဂ္ဂိုလ်, သတ္တဝါ မဟုတ်ကြကုန်</b>၊ ထိုဓာတ်တို့မှ တစ်ပါးလည်း တစ်စုံတစ်ခုကိုမျှ သိတတ် ပြုပြင်တတ်သော<b>ပုဂ္ဂိုလ်, သတ္တဝါ-ဟူ၍ အသီးအခြား မရှိပြီ</b>၊ သိမ်မွေ့လှ၏၊ <b>သညာ, ဝိညာဉ်, ပညာ, စေတနာ, ဝီရိယ-တို့ကို ဓာတ် အသီးအခြားအနေနှင့် ဉာဏ်အမြင်ပေါက်ခဲ့လျှင်ဤ အချက်ကြီး ချော မောလတ္တံ့</b>။</p>
<p><b>(ဤတွင်ရွေ့ကား ဆံပင်မှကြွင်သော ပထဝီကောဋ္ဌာသတို့တွင် အရေ, အသား, အရိုး အစရှိသော ကောဋ္ဌာသကြီးတို့၌ နိမိတ်ကြီး ၂- ပါး ကြီးကျယ်လှသည်ဖြစ်၍ နိစ္စ,ဓုဝ,ပုဂ္ဂလ,သတ္တ,အတ္တ,ဇီဝ-အထင်အမြင် တို့ကို ပယ်ဖျောက်ရန် အလွန်ခဲယဉ်းလှသောကြောင့် ခက်ဆစ်ခက်ပိုင်း တို့နှင့်တကွနိမိတ်ကြီး၂-ပါးပယ်ရှား နည်းကို အထပ်ထပ်ပြ ဆိုလိုက်သည်၊ ရေ, အသား, အရိုး, ဦးနှောက်, အဆုတ်, အသည်း, နှလုံး, အူမ, အူသိမ် ဤ ၉-ပါးသည် လိုရင်းတည်း။)</b></p>
<h3>(င) ဓာတ်ကြီး ၄-ပါးနှင့် ဘာဝနာကိစ္စပြီးနိုင်ပုံ</h3>
<p><b>ရုပ်အဋ္ဌဝီသ-ဟု ဆိုအပ်သော ရူပက္ခန္ဓာတရား အများရှိပါလျက် ဓာတ် ၄-ပါးကိုသာ ပြဆိုသည်မှာ ဓာတ် ၄-ပါးနှင့်ပင် ဝိပဿနာကိစ္စ ပြီးစီးနိုင်ကြောင်းကို စတုက္ကအင်္ဂုတ္တိုရ်၌ ဟောတော်မူချက်ရှိသော ကြောင့်တည်း။</b></p>
<p>(က) အထ ခေါ အာယသ္မာ ရာဟုလော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဧကမန္တံ နိသီဒိ၊ ဧကမန္တံ နိသိန္နံ ခေါ အာယသ္မန္တံ ရာဟုလံ ဘဂဝါ ဧတဒဝေါစ ယာ စ ရာဟုလ အဇ္ဈတ္တိကာ ပထဝီဓာတု၊ ယာ စ ဗာဟိရာ ပထဝီဓာတု၊ ပထဝီဓာတုယေဝ သာ၊ နေတံ မမ၊ နေသောဟမသ္မိ။ နေသော မေ အတ္တာတိ ယထာဘူတံ သမ္မာ ပညာယ ဒဋ္ဌဗ္ဗံ၊ ဧဝ မေတံ ယထာဘူတံ သမ္မာ ပညာယ ဒိသွာ ပထဝီဓာတုယာ နိဗ္ဗိန္ဒတိ၊ ပထဝီ ဓာတုယာ စိတ္တံ ဝိရာဇေတိ။</p>
<p>(ခ) ယာ စ ရာဟုလ အဇ္ဈတ္တိကာ အာပေါဓာတု၊ ယာ စ ဗာဟိရာ အာပေါဓာတု၊ အာပေါဓာတုယေဝ သာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ နေသော မေ အတ္တာတိ ယထာဘူတံ သမ္မာ ပညာယ ဒဋ္ဌဗ္ဗံ၊ ဧဝ မေတံ ယထာဘူတံ သမ္မာ ပညာယ ဒိသွာ အာပေါဓာတုယာ နိဗ္ဗိန္ဒတိ၊ အာပေါဓာတုယာ စိတ္တံ ဝိရာဇေတိ။</p>
<p>(ဂ) ယာ စ ရာဟုလ အဇ္ဈတ္တိကာ တေဇောဓာတု၊ ယာ စ ဗာဟိရာ တေဇောဓာတု၊ တေဇောဓာတုယေဝ သာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ နေသော မေ အတ္တာတိ ယထာဘူတံ သမ္မာ ပညာယ ဒဋ္ဌဗ္ဗံ၊ ဧဝ မေတံ ယထာဘူတံ သမ္မာ ပညာယ ဒိသွာ တေဇောဓာတုယာ နိဗ္ဗိန္ဒတိ၊ တေဇောဓာတုယာ စိတ္တံ ဝိရာဇေတိ။</p>
<p>(ဃ) ယာ စ ရာဟုလ အဇ္ဈတ္တိကာ ဝါယောဓာတု၊ ယာ စ ဗဟိရာ ဝါယောဓာတု၊ ဝါယောဓာတုယေဝ သာ၊ နေသံ မမ၊ နေသောဟ မသ္မိ၊ နေသော မေ အတ္တာတိ ယထာဘူတံ သမ္မာ ပညာယ ဒိသွာ ဝါယောဓာတုယာ နိဗ္ဗိန္ဒတိ၊ ဝါယောဓာတုယာ စိတ္တံ ဝိရာစေတိ။</p>
<p>(င) ယတော ခေါ ရာဟုလဘိက္ခု ဣမာသု စတူသု ဓာတူသု နေဝတ္တာနံ န အတ္တနိယံသမနုပဿတိ၊ အယံဝုစ္စတိ ရာဟုလသမ္မဒသော ဘိက္ခု၊ အစ္ဆဇ္ဇိ တဏှံ၊ သမ္မာ မာနာဘိသမယာ အန္တမကာသိ ဒုက္ခဿာတိ။</p>
<p><b>အနက်ကား</b></p>
<p>(က) <b>အထခေါ</b>=ထိုအခါ၌၊ <b>အာယသ္မာရာဟုလော</b>=အရှင် ရာဟုလာသည်၊ <b>ယေန</b>=အကြင်အရပ်၊ <b>ဘဂဝါ</b>=မြတ်စွာဘုရားသည်၊ <b>အတ္ထိ</b>=ရှိတော်မူ၏၊ <b>တေန</b>=ထိုဘုရားရှိတော်မူသောအရပ်သို့၊ <b>ဥပသင်္ကမိ</b>= ကပ်လေ၏၊ <b>ဥပသင်္ကမိတွာ</b>=ကပ်လေပြီး၍၊ <b>ဧကမန္တံ</b>=သင့်တင့်သော အရပ်၌၊ <b>နိသီဒိ</b>=နေ၏၊ <b>ဧကမန္တံ</b>=သင့်တင့်သောအရပ်၌၊ <b>နိသိန္နံခေါ</b>=နေပြီး သော၊ <b>အာယသ္မန္တံရာဟုလံ</b>=အရှင်ရာဟုကို၊ <b>ဘဂဝါ</b>=မြတ်စွာဘုရားသည်၊ <b>ဧတံ</b>=ဤဆိုလတ္တံ့သော စကားတော်ကို၊ <b>အဝေါစ</b>=မိန့်တော်မူ၏၊ <b>ရာဟုလ</b>= ရာဟုလာ၊ <b>အဇ္ဇတ္တိကာ</b>=အဇ္ဇတ္တိကသန္တာန်၌ဖြစ်သော၊ <b>ယာစပထဝီဓာတု</b>= အကြင် ပထဝီဓာတ်သည်လည်း၊ <b>အတ္ထိ</b>=ရှိ၏၊ <b>ဗာဟိရာ</b>=အပသန္တာန်၌ ဖြစ်သော၊ <b>ယာစပထဝီဓာတု</b>=အကြင်ပထဝီဓာတ်သည်လည်း၊ <b>အတ္ထိ</b>=ရှိ၏၊ <b>ဧသာ</b>=ဤပထဝီဓာတ်၂-မျိုးသည်၊ <b>ပထဝီဓာတုယေဝ</b>=မြေသဘော သက်သက်သာတည်း၊ <b>ဧတံ</b>=ဤပထဝီဓာတ်၂-မျိုးသည်၊ <b>န မမ</b>=ငါပိုင် ဥစ္စာမဟုတ်၊ <b>ဧသော</b>=ဤပထဝီဓာတ်၂-မျိုးသည်၊ <b>န ဟမသ္မိ</b>=ငါမဟုတ်၊ <b>ဧသော</b>=ဤပထဝီဓာတ်၂-မျိုးသည်၊ <b>န မေအတ္တာ</b>=ငါ၏အတ္တမဟုတ်။ <b>ဣတိဧဝံ</b>=ဤသို့၊ <b>ဧတံ</b>=ဤပထဝီဓာတ်၂-မျိုးလုံးကို၊ <b>ယထာဘူတံ</b>= ဟုတ်မှန်သည့် အတိုင်း၊ <b>သမ္မာ</b>=ကေင်းစွာ၊ <b>ပညာယ</b>= ဝိပဿနာ ပညာဖြင့်၊ <b>ဒဋ္ဌဗ္ဗံ</b>=ရှုအပ်၏၊ <b>ဧဝံ</b>=ဤသို့၊ <b>ဧတံ</b>=ဤပထဝီဓာတ်၂-မျိုးလုံးကို၊ <b>ယထာ ဘူတံ</b>=ဟုတ်မှန်သည့်အတိုင်း၊ <b>သမ္မာ</b>=ကောင်းစွာ၊ <b>ပညာယ</b>=ဝိပဿနာ ပညာဖြင့်၊ <b>ဒိသွာ</b>=မြင်၍၊ <b>ပထဝီဓာတုယာ</b>=ပထဝီဓာတ်၌၊ <b>နိဗ္ဗန္ဒတိ</b>= ငြီးငွေ့၏၊ <b>ပထဝီဓာတုယာ</b>=ပထဝီဓာတ်၌၊ <b>စိတ္တံ</b>=စိတ်သည်၊ <b>ဝိရာဇေတိ</b>= တပ်ခြင်းကင်း၏၊</p>
<p><b>(ခ, ဂ, ဃ-နောက်ဓာတ်ကြီး ၃-ဝါကျ၌လည်း ဤနည်းတူ အနက်ပေးလေ။)</b></p>
<p>(င) <b>ရာဟုလ</b>=ရာဟုလာ၊ <b>ယတော</b>=အကြင်အခါ၌၊ <b>ဘိက္ခု</b>=ရဟန်း သည်၊ <b>စတူသု</b>=၄-ပါးကုန်သော၊ <b>ဣမာသာဓာတူသု</b>=ဤဓာတ်တို့၌၊ <b>နေဝတ္တာနံ</b>=အနှစ်သာရအတ္တမဟုတ်သည်ကို၊ <b>နအတ္တနိယံ</b>=ကိုယ်နှင့် မစပ်သည်ကို၊ <b>သမနုပဿတိ</b>=ကောင်းစွာမြင်လေ၏၊ <b>ရာဟုလ</b>=ရာလာ၊ <b>အယံဘိက္ခု</b>=ဤသို့မြင်သော ရဟန်းကို၊ <b>သမ္မဒသော</b>=ကောင်းစွာမြင်သော ရဟန်းဟူ၍၊ <b>ဝုစ္စတိ</b>=ဆိုအပ်၏၊ <b>တဏှံ</b>=တဏှာသည်၊ <b>အစ္ဆဇ္ဇိ</b>=ပြတ်ပြီ၊ <b>သံယောဇနံ</b>=သံယောဇဉ်သည်၊ <b>ဝိဝဋ္ဋယိ</b>=ပြီးပြတ်ပြီ၊ <b>သမ္မာ</b>=ကေင်းစွာ၊ <b>မာနာဘိသမယာ</b>=မာနကိုပယ်နိုင်ခြင်းကြောင့်၊ <b>ဒုက္ခဿ</b>=အမျိုးမျိုးသော ဝဋ်ဆင်းရဲ၏၊ <b>အန္တံ</b>=အဆုံးကို၊ <b>အကာသိ</b>=ပြုနိုင်၏၊</p>
<p><b>ပထဝီဓာတုယေဝေသာ</b>-ပါဌ်၌ အဓိပ္ပါယ်ကား</p>
<p>မြေကြီး,တော,တောင်-စသည်တို့၌ရှိသော <b>ဗာဟိရပထဝီ</b> သည်လည်း ငါပိုင်ဥစ္စာမဟုတ်၊ ငါလည်းမဟုတ်၊ ငါ့အတ္တလည်းမဟုတ်ဟု ထင်ရှား၏သို့ ထို့အတူ မိမိမိမိတို့၏<b>အဇ္ဈတ္တသဏ္ဌာန်</b>၌ရှိသော ခက်မာမှု ကိရိယာကိုလည်း ငါပိုင်ဥစ္စာမဟုတ်၊ ငါလည်းမဟုတ်၊ ငါ၏အတ္တလည်း မဟုတ်-ဟု ဉာဏ်အမြင်၌ ထင်ရှားစေရမည်၊ ပထဝီ ၂-မျိုး ထပ်တူကျ စေရမည်။ <b>အဇ္ဈတ္တပထဝီ</b>ကို ပုဂ္ဂိုလ်, သတ္တဝါ, ငါဖြစ်၍ မနေစေနှင့်၊ ငါ၏ ဥစ္စာဖြစ်၍ မနေစေနှင့်၊ ငါ၏ အတ္တဖြစ်၍ မနေစေနှင့်-ဟု ဧဝ ကျောက်ကန် လျှာလိပ်သံ ပြင်းပြင်းနှင့် ခပ်တင်းတင်း ဟောတော်မူပေ သတည်း။</p>
<p>တစ်နည်းတစ်ဖုံ ဓာတုမနသိကာရ ထူထောင်ရန်</p>
<h3>သီလဝိသုဒ္ဓိ</h3>
<p><b>အာဇီဝဋ္ဌမကသီလ</b>ကို လုံခြုံစေ၍ ရှေးဦးစွာ <b>သီလဝိသုဒ္ဓိ</b>နှင့် ပြည့်စုံရာ၏၊</p>
<p><b>သီလဝိသုဒ္ဓိ</b>ပြီး၏၊</p>
<hr>
<h3>စိတ္တဝိသုဒ္ဓိ</h3>
<p><b>စိတ္တဝိသုဒ္ဓိ</b>မှာ တတ်နိုင်လျှင် အထူးကောင်း၏၊ မတတ်နိုင်လျှင် နေရ၏၊ ဥပစာရဘာဝနာ, အပ္ပဘာဝနာ-ဟူသော <b>စိတ္တဝိသုဒ္ဓိ</b>ကို အသီး အခြားမလုပ်သော ယောဂီပုဂ္ဂိုလ်ကို <b>သုက္ခဝိပဿက-ယောဂီ</b>ဟု ခေါ် သည်၊ <b>သုဒ္ဓဝိပဿက-ယောဂီ</b>လည်းခေါ်၏၊ ယခုကာလသည် <b>သုက္ခ ဝိပဿကခေတ်</b>တည်း၊ ထို့ကြောင့် <b>သီလဝိသုဒ္ဓိ</b> နေရာကျလျှင် <b>ဓာတုမန သိကာရ</b> ထူထောင်ရမည်။</p>
<p>ထူထောင်ပုံကား</p>
<p>ဤကိုယ်၌ <b>ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်</b>ဟူ၍ ဓာတ်ကြီး ၄-ပါး ရှိ၏၊</p>
<p><b>မြေဓာတ်, ရေဓာတ်, မီးဓာတ်, လေဓာတ်</b>-ဟူ၍ ဓာတ်ကြီး၄- ပါးရှိ၏ သော်လည်းဆို။</p>
<h3>မြေ ၃-ပါး</h3>
<p>ဤ၌ မြေသည် <b>လောကမြေ, သုတ္တန်မြေ, ပရမတ်မြေ</b> ဟု ၃-ပါးရှိ၏၊ ထိုတွင်-</p>
<p>၁။ လူအများသိကြသော <b>သိလာပထဝီ, ပံသုပထဝီ</b>၊ ဤမြေ ၂- ပါးသည် <b>လောကမြေ</b>မည်၏၊</p>
<p>၂။ ဆံပင်, မွေးညင်း, ခြေသည်းလက်သည်း-အစရှိသော ပထဝီ ဓာတ် ၂၀-မြေသည် <b>သုသာန်မြေ</b> မည်၏၊</p>
<p>၃။ ဤမြေ ၂-ပါးကား အထည်ဒြပ် ထင်မြင်ရသော မြေမျိုးဖြစ်၍ <b>ပရမတ်မြေ</b> မဟုတ်၊ <b>ပရမာဏုမြူ, အဏုမြူ</b>မျှပင်သော်လည်း အထည်ဒြပ် ထင်မြင်လျက်ရှိခဲ့လျှင် <b>ပရမတ်မြေ</b>ကို ဉာဏ်မထိ၊ ပညတ်သဏ္ဌာန်တွင် ဉာဏ်စိုက်၍နေ၏၊ အထည်ဒြပ် မဟုတ်သော ခက်မာမှုကိရိယာ သက် သက်သည်သာ <b>ပရမတ်မြေ, အဘိဓမ္ဓာမြေ</b> အစစ်တည်း။</p>
<p><b>လောကမြေ, သုတ္တန်မြေ</b> ၂-ပါး၌ <b>အနိစ္စလက္ခဏာရေး</b> အစစ်မ ဝင်နိုင်၊ <b>ပရမတ်မြေ</b> အစစ်၌သာ <b>အနိစ္စ လက္ခဏာရေး</b> အစစ်ဝင်နိုင်သည်၊ <b>အနိစ္စလက္ခဏာရေး အစစ်</b>ဆိုသည်ကား ၁-နာရီအတွင်းမှာပင် အခါများ စွာ ပျက်မှု, ချုပ်မှု, သေဆုံးမှု, ကုန်ခန်းမှုတည်း၊ အထည်ဒြပ် သဏ္ဌာန်ကြီး ဖြစ်သော ဆံပင်မည်သည် ၁-နာရီအတွင်းမှာ အခါများစွာ ချုပ်ပျက် ကုန်ဆုံးမည် ဝေးစွ၊ လူသေ၍မှ ဆံပင်မသေသေး၊ သုသာန်မြေမှာပင် တထွေးလုံးလုံး နေသေး၏၊ ဆံပင်၌ ခက်မာမှု ကိရိယာတစ်မျိုးသည်ရှိ၏၊ ထို ကိရိယာသည်သာလျှင် <b>ပရမတ်မြေ</b> အစစ်တည်း၊ ဆံပင်၌ ထိုမြေဓာတ် အစစ်သည်မူကား ၁-နာရီအတွင်းမှာပင် အခါများစွာ ပျက်ချုပ်၏၊ သေ၏, ဆုံး၏, ကုန်၏, ခန်း၏, ကွယ်ပျောက်၏၊</p>
<p>ပျက်ပုံကား-ထင်ရှားစေခြင်းဌာ ဉာဏ်ဖြင့် ဆံပင်ကိုခွေ၍ကြည့်၊ မြေဓာတ်စစ် မပျက်ခဲ့လျှင် ကိုင်း၍ ညွှတ်၍ပင်မရ၊ ပကတိအတိုင်း တောင့်တင်းခိုင်မာ၍ ခံနေလတ္တံ့၊ ကိုင်း၍ ညွှတ်၍ ရခဲ့လျှင်ဆံပင် အတွင်၌ နဂိုမြေဓာတ်တွေ မြေ့မြေ့ ကြေပျောက် ပျက်ဆုံး၍ ကုန်ပြီဟု သိအပ်၏၊ ဉာဏ်စိုက်မိခဲစွ၊ <b>ပရမတ်မြေဓာတ်စစ်</b>မည်သည် ခက်မာမှုကိရိယာမျှကိုသာ ဆိုသောကြောင့် ဆံပင်ကိုခွေရာ၌ ထိုဆံပင် အတွင်းမှာ ကိရိယာ အပြောင်းအလဲကို မြင်အောင်ကြည့်ရသည်။</p>
<p>ကိရိယာပြောင်းလဲမှု ဆိုသည်ကား။။ မာမှုကိရိယာ အခြေအနေတစ်မျိုး တစ်မျိုး ပျက်၍ ပျက်၍ မာမှုကိရိယာ အသစ်အသစ် ဖြစ်ပေါ်၍ သွားမှုကို <b>ကိရိယာပြောင်းလဲမှု</b>ဆိုသည်။</p>
<p>ကိရိယာပြောင်းလဲမှု ထင်မြင်ခဲ့လျှင် ကိရိယာဟောင်း ပျက်ဆုံးမှု အဆင့်ဆင့် ဧကန်ရှိ၏၊ ပျက်ဆုံးမှု မရှိခဲ့လျှင် ပြောင်းလဲမှုမရှိနိုင်၊ ကိရိယာဟောင်း ပျက်ဆုံးမှု အဆင့်ဆင့်တို့နှင့် ကိရိယာသစ်ဖြစ်ပေါ်မှု အဆင့်ဆင့်တို့၏ အကူး- အကူး-အကြား-အကြားတို့၌ အာကာသ-ဓာတ် အခြားအခြားကိုလည်း ဉာဏ်နှင့် မြင်အောင်ကြည့်၊ အာကာသ-ဓာတ်ကို မြင်တတ်မှ <b>သန္တတိ</b>အမျှင် ပြတ်မည်။</p>
<p>ဤ၌ ကိရိယာဟောင်း အဆင့်ဆင့် ကုန်ဆုံးပျောက်ကွယ်မှုကို <b>အနိစ္စလက္ခဏာအစစ်</b>ဆိုသည်၊ ဤကိစ္စကိုမြင်နိုင်မှ <b>ဝိပဿနာဉာဏ်အစစ်</b>ဖြစ်သည်၊ ဓာတ်၏ပျက်ခြင်း, ဓာတ်၏ချုပ်ခြင်း, ဓာတ်၏သေခြင်း, ဓာတ်၏ဆုံးခြင်း, ဓာတ်၏ကုန်ခန်းခြင်းကို <b>အနိစ္စ</b>ဆိုသည်၊ <b>မရဏအစစ်</b> ပေတည်း၊ ဤ<b>မရဏအစစ်</b>ကိုမြင်မှ <b>ဝိပဿနာဉာဏ်အစစ်</b>ဖြစ်သည်။</p>
<p>(ဤကား ဆံပင်၌ <b>ပရမတ်မြေဓာတ်အစစ်</b>ကို ပြဆိုချက်တည်း၊ ဤနည်းကိုမှီ၍ ရေဓာတ်, မီးဓာတ်, လေဓာတ်တို့၌လည်း လောက, သုတ္တန်, ပရမတ်စစ် ၃-ပါး ၃-ပါးစီထုတ်၍ <b>ပရမတ်ဓာတ်စစ် ခွဲနည်း, အနိစ္စလက္ခဏာစစ် ခွဲနည်း, ဝိပဿနာဉာဏ်စစ် ခွဲနည်း</b>သိလေ။)</p>
<h3>ပရမတ်ဓာတ်စစ် ရေဓာတ်နှစ်မတ်</h3>
<p>ပရမတ် ဓာတ်စစ်မျှကိုသာ ပြဆိုအံ့။။ ထိုဆံပင်၌ ခက်မာမှု ကိရိယာမျှသာဖြစ်သော ထိုမြေဓာတ်စစ် အများကို တစ်ခုနှင့်တစ်ခု ကပ်တွယ်ဖွဲ့စည်းမှုသည် <b>ပရမတ်ရေဓာတ်အစစ်</b>မည်၏၊ ဤရေဓာတ် ဖွဲ့စည်းမှုကြောင့် အထည်ဒြဗ် မရှိသော ခက်မာမှုကိရိယာသည် များစွာ စုမိ ခဲမိကြသဖြင့် ဆံပင်သဏ္ဌာန် အထည်ဒြဗ် ထင်မြင်ရ၏၊ ဤရေ ဓာတ်၏ ပျက်မှုဖြစ်မှုမှာ မိမိ၏မှီရာမြေဓာတ်နှင့် ဖြစ်အတူ, ပျက်အတူ ပါလေတော့သည်။</p>
<p>(ဤကား ဆံပင်၌ <b>ရေဓာတ်အစစ်</b>ကို ပြဆိုချက်တည်း။)</p>
<h3>ပရမတ်ဓာတ်စစ် မီးဓာတ်နှစ်</h3>
<p>ထိုဆံပင်၌ ပူသောအခါ ပူမှုကိရိယာ သက်သက်သည်လည်း ကောင်း, အေးသောအခါ အေးမှုကိရိယာ သက်သက်သည်လည်းကောင်း <b>ပရမတ်မီးဓာတ်အစစ်</b>မည်၏၊ ဤမီးဓာတ်ကိုပင် ကျမ်းဂန်တို့၌ <b>ဥတု</b> ဟုဆိုသည်၊ မှီရာဝတ္ထုကို လောင်မှု အမြဲရှိသောကြောင့် မီးခေါ်သည်၊ မှီရာဝတ္ထုကို စွဲမိလျှင် သားသမီးပေါက်ဖွားမှု အမြဲရှိသောကြောင့် <b>ဥတု</b> ခေါ်သည်၊ လောကမျက်မြင်ကိုကြည့်။</p>
<p>အဘယ်ကိုလောင်သနည်း၊ မိမိမှီရာ မြေဓာတ်ကို အမြဲလောင် သည်၊ မြေဓာတ်ကား <b>တေဇော၏ မီးစာ</b>တည်း၊ <b>စိတ္တက္ခဏ</b> ၁၇-ချက်ရှိလျှင် မီးစာမြေဓာတ်ကား ကုန်မြဲတည်း၊ မီးစာကုန်လျှင် မီးကုန်မြဲ၊ ဥပါဒ်သည် နောက်ဌီသို့ရောက်လျှင် မြေဓာတ်ကို စွဲမိခဲမိ၏၊ စွဲမိခဲမိသည်နှင့် တစ်ပြိုင်နက် သားသမီးပေါက်ဖွား၏၊ ထိုသားသမီး ကလာပ်စုကို <b>ဥတုဇကလာပ်</b> ခေါ်သည်၊ ဤမီးဓာတ်၏ အမြဲလောင်မှု, အမြဲရုပ်သစ် ကလာပ်သစ် ပေါက်ဖွားမှုကို မြင်နိုင်ပါမူကား ပကတိဆံပင်၌ပင်ဖြစ်မှု, ပျက်မှု တရွရွ နေသည်ကို မြင်လိမ့်မည်၊ ဆံပင်၌ မြင်လျှင်လည်း တစ်ကိုယ်လုံး၌ ဖြစ်မှု, ပျက်မှု တရွရွ နေသည်ကို မြင်လိမ့်မည်၊ ဤမီး ဓာတ်၏ ပျက်မှု, ဖြစ်မှုသည်လည်း မီးစာမြေဓာတ်နှင့် ပျက်အတူ, ဖြစ်အတူပင်တည်း။</p>
<p>(ဤကား ဆံပင်၌ <b>မီးဓာတ်အစစ်</b>ကို ပြဆိုချက်တည်း။)</p>
<h3>ပရမတ်ဓာတ်စစ် လေဓာတ်နှစ်</h3>
<p>မီးရှိလျှင် အရှိန်မြဲဖြစ်၍ ထိုဆံပင်၌ မီးဓာတ်၏ အရှိန်ဖြစ်မှု, ကြွရွမှုကိရိယာသက်သက်သည် <b>လေဓာတ်စစ်</b>မည်၏၊ လှုပ်ရှားခြင်းရှိမှ ထင်ရှားသည်၊ ပျက်မှုဖြစ်မှုမှာ တေဇောနှင့် တစ်ချက်တည်းပင်။</p>
<p>(ဤကား ဆံပင်၌ <b>လေဓာတ်အစစ်</b>ကို ပြဆိုချက်တည်း။)</p>
<h3>ဒိဋ္ဌိဝိသုဒ္ဓိ</h3>
<p>လွယ်လည်းလွယ်၏၊ ခက်လည်းခက်လည်း၏၊ ဉာဏ်စိုက်မိလျှင် လွယ်၏၊ ဉာဏ်မစိုက်မိလျှင် ခက်၏၊ ဤသို့လျှင် ဆံပင်၌ အမှုကြီး ၄- ပါး, ကိရိယာကြီး ၄-ပါးကို ၄-စိတ်ကွဲအောင် ဉာဏ်နှင့်ခွဲမှုသည် <b>စတုဓာတု ဝဝတ္ထာန်</b> မည်၏၊ ဆံပင်ခေါ်သော ဒြပ်သဏ္ဌာန် ဉာဏ်၌ ကွယ်ပျောက်၍ သွားအောင် မြင်လေ ဉာဏ်၌ ဆံပင်ဒြပ်သဏ္ဌာန် ကွယ်ပျောက်၍ ဓာတ် အစု သက်သက်သာ၊ မြင်သောအခါ ဆံပင်၌ အတ္တဟူ၍ စွဲလမ်းသော <b>သက္ကာယဒိဋ္ဌိ</b> ကွာလေ၏၊ ဆံပင်၌ <b>ဒိဋ္ဌိဝိသုဒ္ဓိ</b> ဉာဏ်ပေါက်လေ၏၊</p>
<p>(ဤကား ဆံပင်၌ <b>ဒိဋ္ဌိဝိသုဒ္ဓိ</b> ဖြစ်ပုံကို စံပြချက်တည်း။ ဤနည်း ကိုမှီ၍ မိမိကိုယ်တစ်ခုလုံးကို ၄-ဖြာအကွဲကြီး ကွဲအောင်အားထုတ်ကြ လေ။)</p>
<p>မိမိကိုယ်တစ်ခုမှာ ၄-စိတ် ၄-ဖြာ ကွဲလျှင် ရုပ်ခန္ဓာ ရှိသမျှမှာ ကွဲနိုင်လေတော့သည်၊ မိမိကိုယ်မှာ ဆံပင်၌ကဲ့သို့ ဉာဏ်၌ ဒြဗ်သဏ္ဌာန် တွေ အကုန်ကွယ်ပျောက်၍ ဓာတ်ပုံ, ဓာတ်စု, ဓာတ်ခဲ, ဓာတ်တုံးကြီး သက်သက် ထင်မြင်နိုင်သောအခါ <b>သက္ကာယဒိဋ္ဌိ</b>ကြီး ကျွတ်ကွာ၏၊ တစ်ကိုယ်လုံး၌ <b>ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်</b> တည်ထောင်မိ၏၊ “<b>သမ္မောဟဝိနောဒနီ အဘိဓမ္မာ အဋ္ဌကထာကြီး</b>''၌ ဤအနေ ဤစခန်းသို့ ဆိုက်ရောက်သော ပုဂ္ဂိုလ်ကိုပင် <b>စူဠသောတာပန်</b>အဖြစ်သို့ ရောက်ပြီးဟု မိန့်ဆိုတော်မူ၏၊</p>
<p>(ဤကား <b>ဒိဋ္ဌိဝိသုဒ္ဓိ</b> အမြွက်တည်း။)</p>
<h3>ကင်္ခါဝိတရဏဝိသုဒ္ဓိ</h3>
<h3>ကံ, ဥတု, အာဟာရ အချက်ကြီး ၃-ပါး</h3>
<p><b>ပစ္စယပရိဂ္ဂဟ-ဉာဏ်</b>၌ <b>ကံ, စိတ်, ဥတု, အာဟာရ</b>-ဟူ၍ အကြောင်းတရား ၄-ပါးရှိ၏၊ ပဋိသန္ဓေအခါ၌ ခက်မာမှုကိရိယာ, ဖွဲ့စည်းမှုကိရိယာ, ပူနွေးမှုကိရိယာ, ကြွရွခြင်းဟူသော ထောက်ကန် မှုကိရိယာ၊ ဤကိရိယာကြီး ၄-ခုအစုံတို့သည် ကံကြောင့်ဖြစ်ပေါ်ကုန်၏၊</p>
<p>ထို ၄-ခုတို့တွင် ပူဆွေးမှုကိရိယာသည် <b>ဥတု</b>ပေတည်း၊ သား သမီးရုပ်ကလာပ် ပေါက်ဖွားမှု၌ အတုမရှိ စွမ်းနိုင်လှသော ဓာတ်ကြီး ပေတည်း။ မီးတောက်ကိုလည်းကောင်း, မီးခဲကိုလည်းကောင်း စေ့စေ့ ကြည့်ရှု၍ နေလျှင် ရွရွရွရွနေသည်ကို မြင်ရ၏၊ မီးဓာတ်ဟု ဆိုရသော <b>ဥတု</b>၏ သားသမီးပေါက်ဖွားမှုပေတည်း၊ သတ္တဝါတို့၏ သန္တာန်မှာလည်း ကံသည် ရှေးဦးစွာ စ-၍ပေးရုံမျှသာတည်း၊ အစဉ်ထူထောင်၍ ပေးရုံမျှ သာတည်း၊ စ-မိသည်နောက်၌ ကြီးပွားစေရန် ကိစ္စမှာ ဓာတ်မီး၏ တာဝန်ပေတည်း၊ ဓာတ်ကရိယာကြီး ၄-ပါး ပေါ်လာသည်ရှိသော် <b>အာဟာရဩဇာ</b>ဟုဆိုအပ်သော ဓာတ်ဆီသည်လည်း ပါရှိမြဲတည်း။ ဤဓာတ်ဆီသည်လည်း သားသမီးပေါက်ဖွားမှု၌ လွန်စွာ စွမ်းနိုင်သော အရာပေတည်း။</p>
<p>လောက၌မီးသည် အဆီမျိုးနှင့်ပေါင်းမိလျှင် လွန်စွာသား သမီး ပေါက်ဖွား၏၊ မီးတောက်မီးလျှံဖြစ်၍ထ၏၊ အဆီသည်လည်း မီးနှင်း ပေါင်းမိလျှင် လွန်စွာ သားသမီးပေါက်ဖွား၏၊ ဓာတ်မီးနှင့် ဓာတ်ဆီတို့ကား အဖော် အဖက်တို့ပေတည်း၊ ဆီမီး, ရေနံဆီမီး, ဖယောင်းမီးတို့ကို ကြည့်လေ၊ အစစွာ ကံထူထောင်၍ ပေးသည့်နောက် တစ်ခဏတစ်ခြား ရုပ်ကလာပ်ခန္ဓာ ကြီးပွားမှုသည် ဓာတ်ဆီ, ဓာတ်မီးတို့၏ တာဝန်ပေ တည်း။</p>
<h3>ညောင်ပင်ကြီးဥပမာ</h3>
<p>ဥပမာကား- ညောင်ပင်ကြီးဖြစ်ရာ၌ သေးငယ်လှစွာသော ညောင်စေ့သည်-အစစွာ အညှောက်ငယ် ကလေးဖြစ်အောင် ထူထောင် ၍ပေးလေ၏၊ ထူထောင်၍ပေးသည့်နောက် ထိုညောင်စေ့ငယ်သည် ပုပ်ဆွေးပျောက်ကွယ်လေ၏၊ အစဉ်တိုင်းကြီးပွားမှုမှာ <b>မြေဥတု, ရေဥတု</b> ၂-ပါးတို့၏ တာဝန်ပေတည်း၊ မိုးကောင်းလှသောအခါ၌ လစဉ်ရွာ သောမိုးရေ သည် မြေနှင့်ရောနှော၍ တည်နေ၏၊ <b>မြေဥတု, ရေဥတု</b> ၂-ပါးဖြစ်၏၊ ထိုဥတု ၂-ပါးသည် ထိုညောင်ညှောက်ငယ်ကို အပ်ငယ်, အပ်ကြီး, ဝင်ရိုး လက်သန်း, လက်ညှိုး, သဏ္ဌာန်-စသည်ဖြင့် တစ်နေ့ တခြား ကြီးပွားစည်ကားစေ၏၊ သံတောင် ၁-ရာရှိသော ညောင်ပင် ကြီးဖြစ်စေ၍ အနှစ် ၅-ရာ, အနှစ် ၁-ထောင်တိုင်အောင် တည်စေ၏၊</p>
<p>၁။ သတ္တဝါတို့၏ ရုပ်ခန္ဓာ၌ ကံသည် ညောင်စေ့ငယ်နှင့်တူ၏၊</p>
<p>၂။ ဓာတ်ဆီ, ဓာတ်မီးတို့သည် မြေတု, ရေတုတို့နှင့် တူကုန်၏၊</p>
<p>ညောင်ပင်သဏ္ဌာန်တခုလုံး အပြည့်ရှိနေသော ဓာတ်မီးသည် <b>မြေဥတု</b>မျိုးတည်း၊ ညောင်ပင်သဏ္ဌာန် တစ်ခုလုံး၌တည်ရှိသော စိုစွတ်သော အစေးသည် <b>ရေဥတု</b>မျိုးတည်း၊ အတွင်းမြေဥတု, ရေဥတု၂- ပါးတည်း၊ ညောင်ပင်၏တည်ရာ မြေကြီးရှိသော ဥတုသည် <b>အပမြေ ဥတု</b>တည်း၊ လစဉ်မပြတ်ရွာသော မိုးရေမှထြစ်သော မြေတွင်းရှိ စိုစွတ်သော အမှုသည် <b>အပ ရေဥတု</b>တည်း၊ <b>အပရေဥတု</b>၂-ပါးတည်း၊ <b>အပဥတု</b>၂-ပါးက တွင်တွင်ချီးမြှောက်ထောက်ပန့်၊ ညောင်တွင်းရှိ <b>အတွင်းဥတု</b>နှစ်ပါးက အတွင်ကြီးပွါးစေ၏၊ ကြီးပွါးစေသော်လည်း မျိုးစေ့၏ တန်ခိုးအားဖြင့် ညောင်ပင်၏ အခြင်းအရာ အတိုင်းသာ ကြီးပွါးစေ၏၊ အသွေး, ပဆင်း, အကိုင်း, အခက်, အရွက်,သဏ္ဌာန်စသည်အလုံးစုံသည် သရက်ပင်သဏ္ဌာန်, ပိန္နဲပင်သဏ္ဌာန် စသည်ဖြစ်၍ မသွားစေရ၊ သဏ္ဌာန်ကြီးမှု, အရပ်မြင့်မှု, အသက်ရှည်မှု အလုံးစုံသည် မျိုးစေ့၏ တန်ခိုးအားဖြင့် ညောင်ပင်၏ အခြင်းအရာမျိုးအတိုင်းသာ ဖြစ်ရ၏၊ <b>ဗီဇနိယာမ</b> ခေါ်သည်။</p>
<p><b>မြေဥတု, ရေဥတု</b>-ကောင်းရာ၌ ပေါက်ခဲ့လျှင် အလွန်ကြီး ပွါးစည်ကား၏၊ ခြောက်သွေ့ ခေါင်းပါးလှသော မြေ၌ ပေါက်ရောက်ခဲ့ လျှင်ကောင်းစွာ မကြီးပွါးနိုင်၊ ဥတုအတွက်တည်း၊ ခပ်သိမ်းသော သစ်ပင်မျိုး, ချုံမျိုး, နွယ်မျိုး, မြက်မျိုး, ကောက်စပါးမျိုးတို့၌လည်း ဤနည်းတူပင်။</p>
<p>ဤသို့လျှင်ညောင်ပင်ကြီး၌ မျိုးစေ့ဆိုင်ရာအမှု, အတွင်း, မြေဥတု-ရေဥတု၂-ပါး၏ ဆိုင်ရာ အပမြေဥတု ရေဥတု၂-ပါး၏ ဆိုင်ရာ အမှုတို့ကို ခြားနားစွာ ကြည့်မြင်၍ ထားဘိဦး၊ သတ္တဝါတို့၏ ရုပ်ခန္ဓာ၌ ကံ၏ အမှုသည် ညောင်ပင်၌ မျိုးစေ့ငယ်၏ အမှုနှင့်တူလှ၏၊</p>
<p>ပဋိသန္ဓေမှစ၍အစဉ်ပါရှိလာသော အတွင်းဓာတ်ဆီ, ဓာတ်မီး၂- ပါးသည် ညောင်၏ <b>အတွင်းဥတု</b>၂-ပါးနှင့်တူ၏၊ အမိဝမ်း၌ နေစဉ်အခါ အမိကိုယ်မှ ထိုသူငယ်၏ အတွင်းသန္တာန်ကို အတွင်ထောက်ပံ့သော <b>အပဓာတ်ဆီ, ဓာတ်မီး</b>၂-ပါး ဖွါးမြင်သည့်နောက်၌ မျိုအပ်သော အစာ အဟာရတို့မှ ထိုသဏ္ဌာန်ကို အတွင်ထောက်ပံ့သော <b>အပဓာတ်ဆီ, ဓာတ်မီး</b>၂-ပါးသည် ညောင်ပင်တည်ရာ မြေအတွင်းရှိ <b>အပဥတု</b>၂-ပါး နှင့်တူ၏၊ အပမှ နေ့စဉ်မျိုအပ်သော ထမင်း ရေစာတို့သည် လစဉ်ရွာ သောမိုးရေနှင့်တူ၏၊ စေ့စပ်အောင်ကြံလေ။</p>
<p><b>ကံ, ဥတု, အာဟာရအချက်ကြီး၃-ပါး</b>အမြွက်ပြီး၏၊</p>
<hr>
<h3>စိတ်ဓာတ်အချက်</h3>
<p>စိတ်၏ အချက်ကား အထူးအားဖြင့် လှုပ်ရှားမှု, သွားမှု, လာမှု, ထမှု, ထိုင်မှု, ပြောမှု, ဆိုမှု-စသည်တို့၌ အမှုအားလျော်စွာ တစ်ကိုယ်လုံး၌ လည်းကောင်း, ပြုပြင်လိုရာ ကိုယ်အင်္ဂါအစိတ်၌လည်းကောင်း, ပြိုင်းခနဲပြိုင်းခနဲ တစ်ပြိုင်နက် ဓာတ်ကိရိယာ ၄-ပါးဖြစ်ပေါ်ရ၏၊ ညဉ့်အခါ၌ အခန်းတွင်းမှာ မီးထွန်းကြရာ မီးတောက်သည်နှင့် တစ်ပြိုင်နက် တစ်ခန်း လုံး၌ မီးရောင်တွေ အပြည့်ပေါ်လာသကဲ့သို့တည်း၊ စိတ်၏ အစွမ်းမျိုး ဖြင့်၍ အလွန်အဟုန်ပြင်းထန်သန်စွမ်း၏၊ သူ့စိတ်နှင့် သူ့အမှု အသီးသီး ပေတည်း။</p>
<p><b>စိတ်ဓာတ်</b>၏ အချက်ပြီး၏၊</p>
<p>ပဋိသန္ဓေ၌ ရှေးဦးစွာ ဖြစ်ပေါ်လာသည်မှစ၍ တစ်ဘဝလုံး ထိုဓာတ်ကိရိယာ အစုအရုံး အတုံးအခဲကြီးသည် <b>ကံ, စိတ်, ဥတု, အာဟာရ</b>၊ ဤအကြောင်း ၄-ပါးကြောင့် ဖြစ်ရ၏၊ တည်ရ၏၊ ထိုတွင် ပြုပြင်သူ ဆိုင်ရာအကြောင်းကြီး ၄-ပါးကို ခြားနား၍ သိရာ၏၊ တစ်ကိုယ်လုံးသည် ဓာတ်မီးခဲကြီးဆိုလျှင်လည်း ဟုတ်၏၊ ဓာတ်ဆီခဲ ကြီးဆိုလျှင်လည်း ဟုတ်၏၊ လူသဏ္ဌာန်မျှတောက်၍နေသော မီး တောက်ကြီးနှင့် ဤကိုယ်ကြီးသည် တူလှ၏၊ ထိုမီးတောက်ကြီးကို စေ့စေ့ကြည့်နေလျှင် တရွရွ တရှိန်ရှိန် ရုပ်ကလာပ်တွေ ပွား၍နေမှုသည် ထင်ရှားလှ၏၊ စီး၍နေသောမြစ်ရေအလျှဉ်ကို စေ့စေ့ကြည့်၍နေလျှင် လည်း စိပ်စိပ်-စိပ်စိပ်, တရွရွ-ပွားမှုအစဉ်သည် ထင်ရှား၏၊ တရှိန်ရှိန် တရွရွ-မြင်ကြလျှင် ဆံပင်-စသော ခန္ဓာတို့၌ <b>အာကာသ ပရိစ္ဆေဒဓာတ်</b>၏ ခြားနားနေချက်ကိုလည်း ထင်တက် မြင်တတ်ကြစေ။</p>
<p><b>အာကာသ-ဓာတ်</b> အခြားအခြားတွေကို မြင်တတ်မှ ဓာတ် ကိရိယာ အဟောင်းတွေ သေမှု, ဆုံးမှု, အသစ်အသစ်တွေ ဖြစ်ပေါ်မှု <b>အနိစ္စ</b> အချက်ပေါ်နိုင်သည်၊ ထိုမီးတောက်ကြီး မြစ်ရေအလျဉ်တို့၌ မီးတောက် မီးလျှံပွားမှု, မြစ်ရေအလျဉ် ပွားမှုကဲ့သို့ ဤကိုယ်ခန္ဓာ ကြီးမှာလည်း အမြဲပွား၍နေသော <b>ဥတုဓာတ်မီး, ဥတုဇရုပ်ကလာပ်</b> စသည်တို့ကို တရှိန်ရှိန်, တရွရွ-နေကြသည်ကို မျက်စိနှင့် မြင်သကဲ့သို့ ဉာဏ်နှင့် မြင်ကြစေရမည်။</p>
<p>ပဋိသန္ဓေမှစ၍ <b>ကမ္မဇ-ရုပ်ကလာပ်</b> အစဉ်မှာမှုကား ထို<b>ဥတုဇ, အာဟာရဇ</b>- တို့ပွားစီးလျှင် ပွားစီး၍ လိုက်၏၊ ဆုတ်ယုတ်လျှင် ဆုတ်ယုတ်၍ လိုက်၏၊ ရေပွားလျှင် ကြာပွားသကဲ့သို့, ရေဆုတ်လျှင် ကြာဆုတ် သကဲ့သို့တည်း၊ လောက၌ ကိုယ်တွေ့ မျက်မြင်တွေကိုလည်း စေ့စေ့နှံနှံ ကြည့်တတ်, သိတတ်ရသည်။</p>
<p>(ဤကား <b>ကင်္ခါဝိကရဏဝိသုဒ္ဓိ</b> အမြွက်တည်း။)</p>
<p>ဓာတ်ကြီး ၄-ပါးနှင့် <b>ဘာဝနာကိစ္စ</b> ပြီးစီးနိုင်ပုံကို ပြဆိုချက်ပြီး၏၊</p>
<hr>
<h3>(စ) ဓာတ်ဆီ, ဓာတ်မီးတို့ကို အမှီပြု၍ ရုပ်တရားတို့၌ ဝိပသာနာဉာဏ်အမြင် ထိုးထွင်း၍သိပုံ</h3>
<p>ဓာတ်ဆီ ဓာတ်မီးတို့ကို အမှီပြု၍ ရုပ်ဓမ္ဓတို့၌ ထိုးထွင်း၍ သိရသော အချက်စုကို ပြဆိုအံ့။</p>
<p>အထက်အောက် အဖို့အားဖြင့်- <b>အကနိဋ္ဌဘုံ</b>မှ စ၍ <b>မဟာအဝိစိ ငရဲကြီး</b>၊ ထို့အောက် ယူဇနာ ၁-သိန်း၂-သောင်းအထုရှိသော <b>သိလာပထဝီကျောက်ဖျာကြီး</b>၊ ထို့အောက်ယူဇနာ ၄-သိန်း ၈-သောင်း အထုရှသော ရေပြင်ကြီး၊ ထို့အောင် ယူဇနာ ၉-သိန်း ၆-သောင်း အထုရှိသော လေပြင်ကြီး၊ ဤမျှလောက်သော ဩကာသကို ဓာတ်ဆီ, ဓာတ်မီးတို့သည် ဖန်ဆင်းတည်ထောင်အပ်၏၊ ထိုမှ အောက်အဖို့သည် အနန္တ ကောင်းကင် နယ်သာဖြစ်၏၊ ရုပ်ဟူ၍ အဏုမြူမျှမရှိပြီ၊ အကနိဋ္ဌ ဘုံမှ အထက်အဖို့သည်လည်း အနန္တကောင်းကင်နယ်သာ ဖြစ်၍ အဏုမြူမျှ မရှိပြီ။</p>
<p>ဖီလာ အဖို့အားဖြင့်- အောက်လေအပြင်, ရေအပြင်တို့သည် <b>အနန္တစကြာဝဠာ</b> တစ်ပြင်တည်းသာ ဖြစ်ကုန်၏၊ <b>သိလာပထဝီ</b>ခေါ်သော ကျောက်အပြင်သည်လည်း စကြာဝဠာ ၃-ခုဆိုင်ရာ၌ ယူဇနာ ၈-ထောင် အပေါက်ရှိ၏၊ <b>မြင့်မိုရ်တောင်, သတ္တရဘန်တောင်, စကြာဝဠာတောင်</b> တို့သည်လည်း ထိုသိလာပထဝီ၌ အမြစ်စိုက်ကုန်သည်၊ ထိုတောင်တို့၏ တို့သည်လည်း ထိုသိလာပထဝီ၌ အမြစ်စိုက်ကုန်သည်၊ ထိုတောင်တို့၏ အောက်၌ <b>ပံသုပထဝီ</b>အခြားမရှိပြီ မြင်မိုရ်တောင်သည် ရေထဲ၌ ၈- သောင်း ၄-ထောင်မြုပ်သည်ဟူသော စကားမှာ အောက်မြေမှ ပေါ်ရာ သမုဒ္ဒရာအစောက်နှင့် တိုင်း၍ ဟောသောစကားသာဟု ယူရမည်၊ <b>သိလာပထဝီ</b> ခေါ်သော ကျောက်ဖျာအပြင်မှ ပေါ်တက်သည်ကို ဆိုမူကား မြင့်မိုရ်တောင်သည် ရေထဲ, မြေထဲသို့မြှုပ်သည်ကား ပံသုပထဝီအထု ယူဇနာနှင့်အမျှ ၁-သိန်း ၂-ထောင်မြုပ်သည်ဟု ဆိုရပေမည်၊ သမုဒ္ဒရာသည် အောက်မြေပြင်၌ တည်ရှိ၍ထားသကဲ့သို့ဖြစ်သည်မဟုတ်၊ <b>အသုရာပြည်</b> တည်ရာအရပ်မူကား အထူးဖြစ်သောဩကာသပေတည်း။</p>
<p><b>ပံသုပထဝီ</b>မှာမူကား- ကျောက်ခွက်အများ၌ အသီးသီး ထည့်၍ထားသော မြေညက်ကဲ့ကို စကြာဝဠာတစ်ခုစာ အတွင်း၌သာ အသီးအသီး တည်ကြလေသည်၊ စကြာဝဠာ၁-ပါးနှင့် ၁-ပါး <b>ပံသုပထဝီ</b> ချင်း မစပ်ကြ၊ ဆိုအပ်ပြီးသော စကြာဝဠာ အနန္တပင် တစ်ပြင်တည်းဖြစ်၍ ဆောင်ပေသော လေပြင်သည်လည်း ဓာတ်ဆီ, ဓာတ်မီးတို့ ဖန်ဆင်းတည် ထောင်ပေ၍ ယနေ့ထက်ထိ ဖြစ်ထွန်းကာနေပေသည်။</p>
<p><b>ပဋ္ဌာန်းပါဠိတော်</b>၌-<b>ဗဟိဒ္ဓဓာတ်ဆီ</b>သည် <b>ဗဟိဒ္ဓဝတ္ထု</b>၌ ကျေးဇူး ပြုကြောင်းကို မဟောပါသော်လည်း <b>ဗဟိဒ္ဓဝတ္ထု</b>တို့၌ အဆီအင်အား ကောင်းလျှင် ခိုင်ခံ့အားရှိသည်များကို မြင်ကြရသောကြောင့် <b>ဗဟိဒ္ဓဝတ္ထု</b> တို့၌ အဆီအင်အားကောင်းလျှင် ခိုင်ခံ့အားရှိသည်များကို မြင်ကြရသော ကြောင့် <b>ဗဟိဒ္ဓဓာတ်ဆီ</b>သည် လေ, ရေ, မြေ-စသော ဗဟိဒ္ဓဝတ္ထုတို့၌လည်း <b>သုတ္တန်ဥပနိဿယနည်း</b>အားဖြင့် ဓာတ်မီး၏အားကြီးစွာသော အထောက် အပံ့ အဖေါ်သဟဲကြီးတစ်ခုဖြစ်ကြောင်းကို သိရလှတော့သည်။</p>
<p>လောက၌ <b>ဥဏှတေဇော</b> လွန်သော မီးကျီးမှ အဆင့်ဆင့်ဖြစ်ပွား သော မီးတောက်ကို မီးတောက်ဟု ခေါ်ဝေါ်သည်။ ထိုမီးတောက်၏ အဆင့်ဆင့် မီးပွား၍သွားသည်နှင့်အတူတူပင်၊ ထိုလေပြင်ကြီးသည် လည်း ဓာတ်မီးအပြင်ကြီးပင်ဖြစ်၍ အဆင့်ဆင့်မီးပွား၍နေသော မီးသား, မီးမြေး, မီးစု, မီးခဲပင်တည်း၊ မီးစာပင်ကောင်းသော်လည်း နှမ်းဆီ, ရေနံဆီစသော လောင်စာအဆီရှိမှ မီးသည်အရှည်တည်နိုင် ပွားများနိုင်သကဲ့သို့ ထိုလေပြင်၌ ကလာပ်တိုင်းမှာပါသော ဩဇာဟူသော ဓာတ်ဆီကြောင့် သာ ဓာတ်မီးသည်လည်း အရှည်တည်နိုင် ပွားများနိုင်လေသတည်း။</p>
<h3>ဓာတ်ကြီး ၃-ပါးကို ဉာဏ်ဖြင့် နုတ်၍ ကြည့်ရှုရန်</h3>
<p>ထိုလေပြင်ကြီး၌ <b>လေဓာန်</b>သည် ဓာတ်လွန်, ဓာတ်ပေါ်ဖြစ်၏၊ မီးဓာတ်သည် မပေါ်လွန်း, မငုပ်လွန်းသော အလယ်အလတ် <b>မဇ္ဈတ္ထဓာတ်</b>ဖြစ်၏၊ မြေဓာတ်,ရေဓာတ်များသည် ငုပ်ဓာတ်စုများသာဖြစ်၏၊ မြေဓာတ်သည် <b>သဟဇာတ်ဓာတ်</b>တို့၏ အဖွဲ့အစည်းကိစ္စရှိ၏၊ မြေဓာတ်ကို ဉာဏ်ဖြင့် နုတ်ယူ၍ကြည့်လျှင် ထိုလေပြင်ကြီးသည် မီးတောက်လေ သကဲ့သို့ ချုပ်ပျောက်ခွင့်ထင်မည်၊ ရေဓာတ်ကိုလည်း ထို့အတူ ဉာဏ်ဖြင့်နုတ်၍ရှု၊ ဤကဲ့သို့ချည်း အရာတိုင်းမှာပင် ပစ္စည်းကိုနုတ်၍ ကြည့်တတ်မှ <b>တုစ္ဆသဘော, သုညသဘော</b> ပေါ်လေသည်။</p>
<p>ဥပမာ-မီး, ရေ, လေတို့ဖြင့် လှုပ်ရှားသွားလာ၍ နေသော စက်ရုံကြီး, သင်္ဘောကြီး,မီးရထားကြီးများကို မြင်ကြရလေရာ အသက်ရှိ သကဲ့သို့ ထင်မြင်ရသည်၊ အချက်အလကတို့ကို နေရာကျသိ၍ ဉာဏ်ဖြင့် နုတ်ကာ, နုတ်ကာကြည့်ရှုပါလျှင် လှုပ်လှုပ်မြင်သမျှ အားလုံးသည် တုံးလုံးပုံလျက် သက်သက်အသေ ထင်မြင်ပေသည်၊ ယင်းသို့ ထင်သည်ကို <b>တုစ္ဆ, သုည</b>-ခေါ်သည်၊ <b>ပဋိစ္စသမုပ္ပါဒ်နည်း, ပဋ္ဌာန်း နည်း</b>များနှင့် ပစ္စည်း အမျိုးမျိုးတို့ကို ဟောတော်မူသည်မှာလည်း ပစ္စည်းအပြားကို သိစေလို၍ ဟောတော်မူရင်းပင် မဟုတ်၊ ပစ္စည်းတရားကို နေရာကျသိ၍ နုတ်ကာ နုတ်ကာ ရှုတတ်ပါမှ လောကဓာတ်အားလုံး၏ <b>တုစ္ဆသဘော, သုည သဘော</b>ကို သိနိုင်မည်ဟု နှလုံးပြု၍ <b>နိဿတ္တ, နိဇ္ဇီဝ, တုစ္ဆ, သုည</b>-အဖြစ်ကို သိစေလို၍သာ ဟောတော်မူရင်း ဖြစ်ပေသည်။</p>
<p>ဤကဲ့သို့သော သဘောကို မသိကြကုန်သော သူတို့သည် ပဋ္ဌာန်း ၂၄-ကျမ်းကို အသက်ထက်ဆုံး နုတ်ဝယ်ငုံသော်လည်း ဤသတ္တလောက, ဩကာသလောက၏ <b>တုစ္ဆအဖြစ်, သုညအဖြစ်, နိဿတ္တ-နိဇ္ဇီဝ-အနတ္တအသာရအဖြစ်</b>ကို မရိပ်မိကြလေကုန်။</p>
<p>လေဓာတ်သည် <b>သဟဇာတ်</b>တို့၏ အားခွန်ဗလပေတည်း၊ ထို့ကြောင့် လေဓာတ်ကို နုတ်၍ရှုလျှင် လေအပြင်ကြီး ခဏချင်းကွယ်ရာ၌ ဆိုဘွယ်မရှိ၊ မီးဓာတ်မှာမူကား သူမွေးဖွားမှ ဖြစ်ပွားရလေသော လေ အပြင်ကြီး ဖြစ်ပေ၍ သူ့ကိုနုတ်လျှင် လေအပြင်မရှိပြီ၊ ဩဇာ-ဟူသော ဓာတ်ဆီကို နုတ်၍ရှုလျှင်လည်း ဓာတ်မီးသေပျောက်သည်ကို မြင်လတ္တံ့။</p>
<p>ဤကား အထုအားဖြင့် ယူဇနာ ၉-သိန်း ၆-သောင်း, ဖီလာ အားဖြင့် <b>စကြာဝဠာအနန္တ</b> တပြင်တည်း ဖြစ်ပွားနေသော လေပြင်ကြီး၌ <b>ရိတ္တသဘော, တုစ္ဆသဘော, သုညသဘော</b>တို့ကို အလင်းထင်ရှားအောင် ရှုနည်းပေတည်း။</p>
<p>၁။ <b>အနိစ္စလက္ခဏာ</b>ကို <b>သန္တတိ</b>ဖုံးလွမ်းသည်။</p>
<p>၂။ <b>သန္တတိ</b>ကို ခွါ၍ရှုမှ <b>အနိစ္စလက္ခဏာ</b>ပေါ်သည်။</p>
<p>၃။ <b>ဒုက္ခလက္ခဏာ</b>ကို <b>ဣရိယာပထ</b>- ဖုံးလွမ်းသည်။</p>
<p>၄။ <b>ဣရိယာပထ</b>ကို စစ်၍ ကြည့်တတ်မှ <b>ဒုက္ခလက္ခဏာ</b> ပေါ်သည်။</p>
<p>၅။ <b>အနတ္တလက္ခဏာ</b>ကို <b>ဃန</b>-ဖုံးလွမ်းသည်။</p>
<p>၆။ <b>ဃန</b>-ကိုဖွင့်၍ ကြည့်တတ်မှ <b>အနတ္တလက္ခဏာ</b> ပေါ်သည်ဟုလာသော <b>သမ္မောဟဝိနောဒနီ အဘိဓမ္မာအဋ္ဌကထာ, ဝိသုဒ္ဓိမဂ်အဋ္ဌကထာ</b>-တို့ကိုမှီ၍ အနတ္တ၏ ပရိယာယ်ဖြစ်သော <b>တုစ္ဆ, သုည, အသာရ</b>-ကို <b>ပစ္စယသာမဂ္ဂီ</b> ဖုံးလွမ်းသည်ဖြစ်၍ <b>ပစ္စယသာမဂ္ဂီ</b>ကို ဉာဏ်ဖြင့် ပေါက်ခွဲမှုတ်လွင့်၍ <b>တုစ္ဆသဘော</b>ကို ရှုပုံနည်းအမြွက်ပေတည်း။</p>
<h3>ငုတ်ဓာတ်နှင့် ပေါ်ဓာတ်ကိုရှုနည်း</h3>
<p>ငုတ်ဓာတ်ကို ဖေါ်၍ ရှုနည်း, ပေါ်ဓာတ်ကို ငုတ်စေ၍ ရှုနည်း များကို ဆိုပေအံ့။</p>
<p>ဖယောင်းခဲ၌ရှိသော ရေဓာတ်သည် ငုတ်ဓာတ်တည်း၊ ထိုရေ ဓာတ်ကို ပေါ်စေလိုသည်ရှိသော် ဖိစီးလွမ်း မိုး၍နေသော မြေဓာတ်ကို အားထုတ်၍ ငုတ်သွားအောင် မီးဓာတ်တစ်ပါးဖြင့် ထိ၍သိရမည်။ ဌီသို့ ရောက်လာသော ထိုမြေဓာတ်သည် မီးဓာတ်ဖိသဖြင့် အဆင့်ဆင့်ငုတ်လေ၍ ရေဓာတ်သည် အဆင့်ဆင့်ပေါ်၍ လာ၏၊ အရည်ကြည် ဖြစ်၏၊ မီးဓာတ်ခွာစေပြန်လျှင် တစ်ဖန် မြေဓာတ်က အားတိုက် ဖိစီးပြန်၍ ရေဓာတ်ငုတ်သဖြင့် အခဲဖြစ်ပြန်၏၊ မျက်မြင် ချိပ်ခဲ၌ရှိသော မြေဓာတ်ကား ဖယောင်းခဲ၌ရှိသော မြေဓာတ်ထက် အားရှိသည်ဖြစ်၍ အတန်အားရှိသော မီးဓာတ်နှင့်ဖိမှ ဆုတ်ငုတ်သည်၊ ရေဓာတ်သည်လည်း အတန်အားရှိသော မီးဓာတ်နှင့်နိုးမှ ထနိုင်သည်။ ခဲ၌ရှိသော မြေဓာတ်, ရေဓာတ်၊ ရွှေငွေ၌ရှိသော မြေဓာတ်, ရေဓာတ်၊ ကြေးနီ၌ရှိသော မြေဓာတ်, ရေဓာတ်၊ သံတွေခဲ၌ရှိသော မြေဓာတ်, ရေဓာတ်တို့ကို ဆုတ်အောင် ငုတ်အောင် ဖိနည်း, ထအောင် နိုးနည်း များကိုလည်း ချင့်၍သိလေ၊ <b>ဗဟိဒ္ဓ-ကခိုက်တိုက်သော ပယောဂမှု</b> သည်သာ <b>ပဓာဏ</b>ပေတည်း၊ <b>ပယောဂမှု</b>က အားရှိလှလျှင် ဖိ၍ မနိုးသော ဓာတ်, မထသောဓာတ်ဟူ၍မရှိ။</p>
<p>ဖိသော<b>ပယောဂမှု</b>, နိုးသော<b>ပယောဂမှု</b>-ဟူသည်လည်း ဓာတ် အချင်းချင်းလည်း တိုက်ခိုက်၍ ဖိနိုင် နိုးနိုင်ပါ၏၊</p>
<p><b>ဂါထာမန္တရားတန်ခိုး, နတ်-နဂါး-သိကြား-ဗြဟ္မာတို့ ကမ္မဝိပါကဇ တန်ခိုး, ရသေ့ရဟန်းတို့၏ သီလတန်ခိုး, သစ္စာတန်ခိုး, အဘိညာတန်ခိုး</b>စသည်တို့ကိုလည်း မြတ်စွာဘုရား၏ တန်ခိုးဖြင့် နိုးပေးမူကား မြင့်မိုရ် တောင် ဖြစ်၍နေသော မြေဓာတ်စုသော်မှလည်း ငုတ်ရသည်၊ ရေဓာတ် စုသော်မှလည်း ထရ ပေါ်ရသည်၊ မြင့်မိုရ်တောင်သည် ရေအလျင်ဖြစ်၍ စီးသွားရသည်။</p>
<p>(ဤကား အဖိအနိုး၌ မြင်နိုင်စကောင်းသော နည်းအမြွက်ပေတည်း။)</p>
<p>ဤလေပြင်ကြီး၌ကား ဘုရားတန်ခိုးဖြင့် လေဓာတ်ကိုနှိပ်၍ မြေဓာတ်ကိုနိုးခဲ့လျှင် မြေခဲမြေပြင်ကြီး ဖြစ်ပေသည်၊ ရေဓာတ်ကို နိုးပေးလျှင် ရေအလျင်ကြီးဖြစ်၍ စီးသွားပေသည်၊ မီးဓာတ်ကိုနိုးပေးလျှင် မီးတောက်အပြင်ကြီးဖြစ်၍ ကွယ်ပေသည်၊ ဤကား ငုတ်ဓာတ်, ဝပ်ဓာတ် တို့ကို မြင်အောင် မရှုနိုင်သောသူတို့အား ထင်ရှားစွာပြု၍ ရှုနိုင်စေခြင်းငှာ ပြလိုက်သော <b>ဓာတ်ဖေါ်နည်း</b>ပေတည်း၊ ဤနည်းသည် <b>အင်္ဂုတ္တိုရ်ပါဠိ တော်</b>၌လာသော <b>အရှင်သာရိပုတ္တရာ ရှုနည်း</b>ပေတည်း၊ ဤနည်းဖြင့် ဓာတ် ၄-ပါးကို ထင်ရှားစွာ မြင်အောင်ရှုပြီးမှ ရှေး၌ပြအပ်သော <b>သုညတနည်း</b>ကိုရှုရသော် အလွန်ထင်ရှားပေလတ္တံ့။</p>
<p>လေအပြင် ပြီး၏၊</p>
<hr>
<h3>ရေအပြင်</h3>
<p>အထူးအားဖြင့် ယူဇနာ ၄-သိန်း ၈-သောင်း၊ အပြန့်အားဖြင့် <b>စကြဝဠာအနန္တ</b> တစ်ပြင်တည်းတည်နေသော ရေအပြင်ကြီး၌ကား ရေဓာတ်သည် ပေါ်ဓာတ်၊ မီးဓာတ်သည် <b>မဇ္ဈတ္တဓာတ်</b> (အလယ် အလတ်ဓာတ်)၊ မြေဓာတ်, လေဓာတ်သည် ငုတ်ဓာတ်၊ ရေသည် လှုပ် ရှားခြင်း ရှိငြားသော်လည်း အပလေတွန်း၍သာ လှုပ်ရသည်၊ မိမိ၏ သဟဇာတ် ကလာပ်၌ပါသော လေဓာတ်လွန်ကဲ၍ လှုပ်ရသည်မဟုတ်၊ ထို့ကြောင့် ထိုရေပြင်မှာ လေဒာတ်ကို အငုတ်ဓာတ် ဆိုပေသည်။</p>
<p>နိုင်လောက်သော တန်ခိုးဖြင့် မြေဓာတ်ကို နိုးလျှင် မြေပြင် ကျောက်ပြင်ကြီးဖြစ်၍ လာလတ္တံ့၊ မီးဓာတ်ကို နိုးလျှင် မီးတောက် အပြင်ကြီးဖြစ်၍ ချုပ်လတ္တံ့၊ လေဓာတ်ကိုနိုးလျှင် လေပွ၍ ပွင့်လတ္တံ့၊ သဟဇာတ်ပစ္စည်းတို့ကို နုတ်ခွာ၍ကြည့်လျှင် <b>တုစ္ဆ, သုည</b>-အဖြစ် ထင်ရှားလတ္တံ့။</p>
<h3>မြေအပြင်</h3>
<p>ထိုအထက် <b>သိလာပထဝီ</b>-ခေါ်သော ကျောက်ဖျာအပြင် ထိုမှ ပေါ်သောမြင့်မိုရ်, သတ္တရဘန်, စကြဝဠာ-တောင်စုတို့နှင့်တကွ လူတို့ နေရာ <b>ပံသုပထဝီ</b>အပြင်တို့၌ကား <b>သိလာမြေ, ပံသုမြေ</b>ဟူသော မြေဓာတ် ပေါ်သည်၊ မီးဓာတ်လျစ်လျူရှုသည်၊ ရေဓာတ်, လေဓာတ် ငုတ်သည်၊ ပေါ်ဓာတ်တို့ကို နှိပ်၍ ငုတ်ဓာတ်တို့ကို ဖေါ်၍ရှုလေ၊ <b>ပစ္စယသာမဂ္ဂီ</b>တို့ကို နုတ်ခွာ၍ရှုလေ၊ <b>သုညတသဘော</b> ထင်ရှားလာလတ္တံ့။</p>
<p>ဤ မြေဓာတ်နယ်ကား <b>အကနိဋ္ဌ ဗြဟ္မာကြီးသဏ္ဌာန်, နတ်ဝတ် ပုဆိုး, ဘုံဗိမာန်, ဥယျာဉ်, ပဒေသာပင်</b> တိုင်အောင် မြေစု မြေခဲတွေသာ ဖြစ်ပေ၍ အကနိဋ္ဌမှ အောက်တစ်ပြင်ပေတည်း၊ သတ္တလောကအားဖြင့် ကား <b>အဝီစိငရဲကောင်</b>မှစ၍ အထက် <b>အကနိဋ္ဌဗြဟ္မာသဏ္ဌာန်</b>တိုင်အောင် ဤအတွင်း၌ <b>ပရမာဏုမြူနယ်</b> သေးငယ်လှစွာ သတ္တဝါကောင်ဖြစ်၍ နေသော မြေခဲမှစ၍ <b>ရာဟုအသုရိန်</b>၏ ကိုယ်ကောင်သဏ္ဌာန်ဖြစ်သော မြေခဲကြီးတိုင်အောင် မြေနယ်ပေတည်း၊ သတ္တဝါ အနန္တကို နှံ့နိုင်သမျှ နှံ့ပြားအောင် ထိုးချေ၍ရှုလေ။</p>
<h3>ရှေးနည်းကို ပြပေအံ့</h3>
<p><b>အကနိဋ္ဌ ဗြဟ္မာသဏ္ဌာန်</b>၌ မြေဓာတ်ပေါ်၏၊ မီးဓာတ် လျစ်လျူ ရှု၏ရေဓာတ်ငုတ်၏၊ လေဓာတ်မှာ လှုပ်ရှား သွားလာသောအခါ ပေါ်၏၊ ငြိမ်သက်စွာ နေသောအခါ ငုပ်၏၊ ရေဓာတ်ကိုနိုး၍ရှုလျှင် ရေအလျဉ် ဖြစ်၍ စီးသွားလေအံ့၊ မီးဓာတ်ကိုနိုးလျှင် မီးတောက်မီးလျှံဖြစ်၍ ပျောက်လေအံ့၊ လေဓာတ်ကိုနိုးလျှင် ပွရွ၍ လွင့်ပါးလေအံ့၊ <b>ပစ္စယ သာမဂ္ဂီ</b>ကို နုတ်ခွါ၍ကြည့်လျှင် သတ္တဝါမဟုတ်၊ အသက်မဟုတ်၊ <b>တုစ္ဆ, သုည</b>-သဘော ထင်ရှားပေါ်လာလေအံ့၊ <b>စကြာဝဠာအနန္တ</b>တွင် <b>ကာမ ရူပ</b>-ရှိသမျှသော သတ္တဝါအနန္တတွေကို အကုန်ကြိတ် နယ်၍ရှုလေ၊ မိမိကိုယ်ကို ရှေးဦးစွာ တင်၍ရှုလေ။</p>
<p>အထူးမှာကား-<b>ရူပဗြဟ္မာကောင်</b>ဆိုသော မြေခဲစုမှာ ဓာတ်မီး၏ သားမြေစုသာတည်း၊ <b>ကာမသတ္တဝါ</b> ကောင်ခေါ်သော မြေခဲတို့၌ကား ဓာတ်ဆီ၏ သားမြေး,ဓာတ်မီး၏ သားမြေး-ဟူ၍ ၂-ထွေပင်ရှိရလေသည်၊ ကာမသတ္တဝါတို့မှာ မပြတ်မပြတ်ဓာတ်ဆီလောင်း၍လောင်း၍ပေးနိုင်မှ ဓာတ်မီးတောက်နိုင်၍ အကောင်မပြက် အထည်မပျက် ဆက်လက် တည်နေနိုင်သည်၊ လူသတ္တဝါများမှာ တစ်နေ့လျှင်၊ လူသတ္တဝါများမှာ တစ်နေ့လျှင် ၂-ခါ ၂-ခါ ဓာတ်ဆီလောင်း၍ အသက်ကို ဆွဲငင်ရသည် ဓာတ်ဆီလောင်းချိန်ကျလျက် မလောင်းခဲ့လျှင် ထိုအချိန်ကစ၍ <b>အဇ္ဈတ္တ ဓာတ်နု</b>သည် တစ်ကိုယ်လုံးမှာပင် ရေမှဆယ်သော ရေမြှုပ်ဆိုင်ကဲ့သို့ အစဉ်အတိုင်း တဖြုတ်ဖြုတ် ကြေပျက်၍ ၇-ရက်တိုင်လျှင် <b>ကမ္မဇဓာတ်နု</b> ကုန်၍ သေဆုံးရတော့သည်။</p>
<p>ထိုသို့ဖြစ်ရန် အခွင့်ထင်ရှားလေသောကြောင့် မြေတပြင်လုံး မှာပင် လယ်ခင်းတွေ့ ယာခင်းတွေ့ ဥယျာဉ်တို့ကို လုပ်ဆောင်၍ ရေကြောင်း ကုန်းကြောင်း သွားလာ၍ အသက်မွေးမှအမျိုးမျိုးတို့ဖြင့် ဓာတ်ဆီ ဆက်လက်နိုင်မှုကို ကြောင့်ကြစိုက်ရသည်၊ <b>စကြာဝဠာအနန္တ</b>မှာ ပင် နေ့ရှိသမျှ ရွရွ ရွရွ ကြောင့်ကြစိုက်သော အမှုကို အရင်းပေါ်အောင် နေရာကျစစ်ဆေး၍ ကြည့်တတ်ပါလျှင်''<b>အနတ္တာ အသာရကဋ္ဌေန</b>” ဟူသော <b>အနတ္တလက္ခဏာ</b> ထင်လင်းစွာပေါ်ပေမည်။</p>
<p><b>အသာရကဋ္ဌေန</b>၊ မိမိ ပုဂ္ဂလိက အစွမ်းသတ္တိအားဖြင့် အဓွန့် ရှည်ကာ ခိုင်မြဲစွာ တည်နိုင်သော အနှစ်အနာ မရှိခြင်းအနက်ကြောင့်။ <b>အနတ္တာ</b>၊ <b>အနတ္တ</b>မည်၏၊</p>
<p>အနှစ်အမာ မရှိသောကြောင့်ပင်လျှင် <b>ဇရာမီး, မရဏမီး</b>ခဏချင်လောင်ကျွမ်းကုန်ဆုံးသည်ဖြစ်၍''<b>အနိစ္စ ခယဋ္ဌေန</b>” ဟူသော <b>အနိစ္စလက္ခဏာ</b> ထင်လင်းစွာပေါ်ပေမည်။</p>
<p><b>ဇရာမီး, မရဏမီး</b> ခဏချင်း ဖိစီးလောင်ကျွမ်းသဖြင့် ခဏချင်း ခဏချင်း ဟောင်းမြင်းရိရှား နွမ်းပါးညှိုးချုံး ပျက်ဆုံး ကွယ်ပျောက် သည်ဖြစ်၍ ကြောင်ဖွယ် လန့်ဖွယ်တွေသာ ဖြစ်ရလေတကား''<b>ဒုက္ခံ ဘယဋ္ဌေန</b>” ဟူသော <b>ဒုက္ခလက္ခဏာ</b> ထင်လင်းစွာပေါ်ပေမည်။</p>
<p>အနှစ်အမာမရှိ၍ မျက်တောင်တစ်ယှက် လျှပ်တစ်ပြက်မျှ အသက်မရှည်နိုင်သော တရားစုသည် ဘယ်သူ့အလိုကို လိုက်ပါနိုင် မည်နည်း၊ အလိုသို့ မလိုက်သော တရားစုကို “ငါ့ကိုယ်-ငါ့ကိုယ်ဟု အတွင်းထား၍ အားပြုခြင်းအမှုသည် ဟုတ်မှန် သဘောပင် မဟုတ်ပေ။ ပနှစ်မရှိခြင်းသည် <b>လက္ခဏာယာဉ်</b> ၃-ပါး၏ အရင်းမူလ ပေတည်း၊ ထို့ကြောင့် အနှစ်မရှိခြင်းဟူသော <b>တုစ္ဆ, သုည</b>-သဘောကို အနုထက်အနု မြင်အောင်ရှုနိုင်ပါလျှင် <b>လက္ခဏာယာဉ်</b> ၃-ပါးပေါ်လတ္တံ့။</p>
<p>ခရီးသွားမျက်စိလည် တစ်ယောက်သည် ညဉ့်အခါ ဂင်္ဂါမြစ်ရေ၌ မျော၍လာသော ဘော့တိုက်ကိုရ၍ တက်စီးလေရာ ညဉ့်အခါပင် သမုဒ္ဒရာပြင်သို့ မျောထွက်ရာ ပါလေ၏၊ ထိုဘော့တိုက်ကြီးသည် သစ်ကြီး, ဝါးကြီးလည်းမပါ၊ ကြိုးလွန်, ကြိမ်နွယ် အဖွဲ့အယှက်လည်းမရှိ၊ စုမိစုရာ ဆူးအမျိုးမျိုး, ငြောင့်အမျိုးမျိုးနှင့်ယှဉ်သော အမှုက်စုသာဖြစ်၏၊ တွေ့မိ တွေ့ရာက ထွက်၍ပါလာသော အဆိပ်ထန်သော ပိုးအမျိုးမျိုး, မြွေအမျိုး မျိုးနှင့်လည်း ပြည့်၏၊ လေနှင့်လှိုင်းနှင့် ဝဲနှင့် တစ်ချက်တွေ့လျှင်ပင် တစ်ဖျက်တစ်ပါး ပျက်ပြားလတ္တံ့သည်လည်းဖြစ်၏၊ ထိုသူသည် မဟာ သမုဒ္ဒရာ၏ ဆားငန်ရေ အတိဖြစ်၍ ကမ်းမရှိ၊ ကျယ်သည်၊ နက်သည်၊ ငါး,လိပ်,မကန်း-စသောဘေးအန္တရာယ် များပြားသည်ကိုလည်း မသိ။</p>
<p>ထိုသူသည်လည်း ညဉ့်မှောင်တွင်းဖြစ်၍ ထိုဘော့ဖောင်ကိုပင် သိကြားဖန်ဆင်းသော မဟာပစ္စရိ ဖောင်ကြီးနှင့် အတူထင်၍ ချမ်းမြေ့ သဖြင့် ကျွန်းကောင်း, မြိုကကောင်းသို့ ဆိုက်ပေတော့အံ့- ဟုအားရှိ၏ ညဉ့်အခါတွင်း၌ပင်လျှင် လေဟုန်, လှိုင်းဟုန်, ဝဲဟုန်နှင့်တွေ့၍ ဖရိုဖရဲ တစ်ဖျင့်တစ်ပါး ပျက်ပြားလေရာ တွယ်တာရုံမျှ စမ်းမရသဖြင့် ငါး,လိပ် တို့၏ အစာဖြစ်လေ၏၊</p>
<p>ဤဥပမာ၌ ---သာသနာတွင်းဝယ် လူ့အဖြစ်ကိုရသည်နှင့် ဂင်္ဂါမြစ်ကွေ့၌ ဘော့တိုက်ကို ရဝည်နှင့်တူ၏ ညဉ့်မှောင်နှင့် အဝိဇ္ဇာတူ၏၊ ညဉ့်မှောင်မရှိပေလျှင် ဘော့တိုက်ကြီး၏ ကြောက်လန့်ဖွယ်ကိုလည်း ကောင်း, ကမ်းမရှိသော မဟာသမုဒ္ဒရာသို့ သွားရသောဘေးကိုလည်း ကောင်း, ဂင်္ဂါ၏ကမ်းကိုလည်းကောင်း မြင်ရ၍ ဘော့တိုက်ကို ကမ်းရှိရာ သို့ အပါတွန်း၍ ရေဘေး,ဘော့တိုက်ဘေးမှ လွန်တည့်ရန် ကြံဖန်အား ထုတ်ပေလတ္တံ့။</p>
<p>၁။ ဂင်္ဂါကမ်းနှင့် <b>နိဗ္ဗာန်</b>,</p>
<p>၂။ မဟာသမုဒ္ဒရာနှင့် <b>သာသနာပ သံသရာ</b>,</p>
<p>၃။ ငါး, လိပ်, မကာရ်း <b>သံသရာ ဒုက္ခ</b>,</p>
<p>၄။ ဘော့တိုက်နှင့် မိမိ၏ <b>ဥပါဒါနက္ခန္ဓာငါးပါး</b>,</p>
<p>၅။ ဘော့တိုက်၌ ဆူးငြောင့်စုနှင့် <b>ရောဂါအနာမျိုး</b>,</p>
<p>၆။ ဘော့တိုက်၌ခိုကြသော အဆိပ်ထန်သော ပိုးမျိုး မြွေမျိုးနှင့် <b>တစ်ထောင့်ငါးရာကိလေသာ</b>,</p>
<p>၇။ ဘော့တိုက်ကြီး၏ အဖွဲ့အစည်း အားနည်းလျော့လျည်း ပြိုကွဲလုလုနှင့် <b>အနမတဂ္ဂ သံသရာကွင် ခန္ဓာငါးပါး၏ အသာရကဋ္ဌ</b>,</p>
<p>၈။ လေဟုန် လှိုင်းဟုန် ဝဲဟုန်နှင့် လောက၌ရှိသော <b>ဘေးစု</b>,</p>
<p>၉။ ဘော့တိုက်ကို သိကြားဖန်ဆင်းသော ဖောင်ကြီးနှင့် အတူ ထင်သော <b>ပုထုဇဉ်</b>,</p>
<p>၁၀။ ဖောင်ကို အားကိုးမှား၍ ဖောင်သွားရာ သမုဒ္ဒရာပြင်သို့ ရောက်လေသည်နှင့် ယခုဘဝခန္ဓာကို ညှာတာ၍ သေ သည်အခြားမဲ့၌ <b>သာသနာပသို့ ရောက်သွားသောသူ</b>,</p>
<p>၁၁။ ဂင်္ဂါမြစ်ကြီး ကမ်းအနီးဝယ် ရေပြင်လယ်၌ပင် ပျက်၍ သေသူှနှင့် ယခုဘဝ <b>ပုထုဇဉ် အနေသေသူ</b>,</p>
<p>၁၂။ ကမ်းမမြင်ရာ သမုဒ္ဒရာအလယ်မှာ ဖောင်ပျက်၍သေ သူနှင့် <b>သာသနာပ အနမတဂ္ဂ၌ သေကြရသူ</b>-တူလှကုန်၏၊ ထို့ကြောင့် ယခုဘဝ ကမ်းစ-နီးခိုက်တွင် မိမိခန္ဓာ၏ <b>အသာရ, နိဿာရ, တုစ္ဆ, သုည</b>- အဖြစ်များကို မြင်ကြ၍ ခန္ဓာအလိုသို့ မလိုက်ဘဲ ခန္ဓာကိုသာ ကမ်းနီးရာသို့ အပါဆွဲရမည်။ ထင်းစကိုစွဲ၍တောက်ရသော မီးတောက်သည် ထင်းစထက်ပင် အနှစ်သာရ အနှစ်အမာ နည်းလေ သကဲ့သို့ ရုပ်ကိုစွဲ၍ဖြစ်ရသော စိတ်, စေတသိက်-ဟူသော နာမ်တရား သည်လည်း ရုပ်ထက်ပင် အလွန်အနှစ်အမာ နည်းသည်ဟုသိလေ။</p>
<h3>တောတောင် သစ်ပင် ချုံပိတ်ပေါင်းတို့၏ အနိစ္စ, ဒုက္ခ, အနတ္တ</h3>
<p>တော တောင် သစ်ပင် ချုံပိတ်ပေါင်းတို့၏ <b>အနိစ္စ, ဒုက္ခ, အနတ္တ, တုစ္ဆ, သုည</b>ကို မြင်လိုလျှင် နှစ်စဉ်ရွာသော မိုးရေမိုးပေါက် ဟူသော ဓာတ်မီးမြေ၌ မှီသောဓာတ်မီးတို့ကို ဉာဏ်ဖြင့်နှုတ်ပယ်၍ရှု၊ ယခုနှစ်တွင် <b>စကြဝဠာအနန္တ</b> တစ်ပြိုင်တည်း မိုးပြတ်ခဲ့အံ့၊ စကြဝဠာအပြင်သည် နောက်နှစ်မှစ၍ သစ်ရွက်, သစ်ညွန့် ကုန်မည်၊ မကြာမီ သစ်ပင်, တော, တောင်, ချုံပိတ်ပေါင်းတို့ ခြောက်သွေ့ကုန်ခန်းမည်။</p>
<p><b>ဗဟိဒ္ဓ ဓာတ်ဆီ</b>ကို နေ့စဉ်လောင်း၍ သည်ရက်မှနောက်ရက်၊ သည်လမှနောက်လ၊ သည်နှစ်မှနောက်နှစ်၊ သည်အရွယ်မှနောက်အရွယ် ရောက်အောင် ဆွဲနိုင်ငင်နိုင်ပါမှ ပါနိုင်သော လူ, နွား, ကျွဲ, ဆင်, မြင်း, ငါး, လိပ်, မကာရ်း စသော အကောင်အထည်ဟုဆိုအပ်သော ဓာတ်မီး တောက်, ဓာတ်မီးခဲတို့သည်လည်း နောက်နှစ်မှစ၍ <b>စကြဝဠာအနန္တ</b> တစ်ပြင်လုံး အရိုးဖွေးဖွေးမျှ မကျန်အောင် ပျက်ဆုံးကုန်ခန်းမည်၊ ကမ္ဘာတည်သည်မှစ၍ လိုရာနှစ် သက္ကရာဇ်တွင် ဖြတ်၍ကြည့်၊</p>
<h3>မိမိကိုယ်ကို ကွက်၍ ကြည့်ရှုရန်</h3>
<p>သတ္တဝါတစ်ကောင်တွင် ကွက်၍ကြည့်လိုမူကား မိမိကိုယ်ကို ကွက်၍ကြည့်၊ <b>ကလလသတ္တာဟ</b>၌ ဓာတ်မီး အစောင့်အရှောက်နှင့် လာခဲ့၍ <b>အဗ္ဗုဒသတ္တာဟ, ပေသိသတ္တာ</b>သို့ ရောက်သောအခါ အမိမှ ဖြစ်သော ဓာတ်ဆီသည် သူငယ်သို့စိမ့်ဝင်၍ ဓာတ်ကိုပွားစေသည်၊ ဓာတ်ဆီနှင့် မနှံ့ပေမူ ထိုအခါတွင် ချုပ်မည်၊ နေ့စဉ် အတိုင်း ယခုနေ့တိုင် အောင် ဓာတ်ဆီလောင်းကာ လောင်းကာ လာခဲ့ရသည်ကိုလည်း မြင်အောင်ကြည့်၊ မည်သည့်နေ့မှစ၍ မလောင်းပေးလျှင် မည်သည့်နေ့ တွင် သေမည်-ဟု မြင်အောင်ကြည့်။</p>
<p>နာရီတိုင်း, ခဏတိုင်း <b>သေနာရီ, သေခဏ</b>-ချည်း မြင်အောင်ရှု၊ <b>အနမတဂ္ဂသံသရာ</b>က လာခဲ့ရပုံကိုလည်း ရှု၊ နောက်ရက်, နောက်လ, နောက်နှစ်သို့ ရောက်ပါရအောင် ဓာတ်ဆီလောင်းရပုံ၊ မလောင်းလျှင် ကုန်ဆုံးပုံကိုလည်း မြင်အောင်ရှု၊ ဝမ်းတွင်း၌ ရောက်ပြီးသော အစာနွမ်း သည်မှစ၍ ခဏစဉ်အတိုင်း တစ်ကိုယ်လုံး၌ရှိသော ဓာတ်နုတို့၏ အစဉ်အတိုင်း တဖြုတ်ဖြုတ် ပျက်ပြုန်းသည်ကိုလည်း မြင်အောင်ရှု၊ အစာသစ်, ဓာတ်ဆီသစ် ထပ်ခါထပ်ခါလောင်းပါသော်လည်း ဓတ်ဆီ ဟောင်း, ဓာတ်မီးဟောင်း, ဓာတ်မီး၏, သားဟောင်း, မြေးဟောင်း, ရုပ်ဟောင်း, ကလာပ်ဟောင်းတို့သည် ထိုထို ဓာတ်ဆီ ဓာတ်ဟောင်း ဓာတ်မီးဟောင်းတို့နှင့် အတူတကွပင် ကွယ်ပျောက် ချုပ်ဆုံးကာ ပါကြ ရလေကုန်၏၊</p>
<p>၁။ ရှေးရှေးနေ့၌ မျိုအပ်သော အစာရေစာ၌ပါသော <b>ဗဟိဒ္ဓ ဓာတ်ဆီ ဓာတ်မီး</b>၊ ဤ<b>ဗဟိဒ္ဓဓာတ်ဆီ, ဓာတ်မီး</b>တို့နှင့်ဖက်တွဲရမှ ထကြွ တောက်ထွန်း၍ <b>မျက်လုံးခဲ, နားခဲ, အသည်းခဲ, အဆုတ်ခဲ</b>-စသော ကလာပ်စု ကလာပ်ခဲတို့ကို ဖန်ဆင်းကြပေသော <b>ကမ္မဇဓာတ်ဆီ ဓာတ်မီး, စိတ္တဇ ဓာတ်ဆီဓာတ်မီး, ဥတုဇဓာတ်ဆီ ဓာတ်မီး အာဟာရဇ ဓာတ်ဆီ ဓာတ်မီး</b>ဟူသော <b>အဇ္ဈတ္တဓာတ်ဆီမျိုး ဓာတ်မီးမျိုး</b>တို့သည်လည်းကောင်း၊</p>
<p>၂။ ထို<b>ဗဟိဒ္ဓ, အဇ္ဈတ္တဓာတ်ဆီ ဓာတ်မီး</b>တို့မှ ပေါက်ပွားသော ရုပ်ကလာပ်ခဲစုတို့သည်လည်းကောင်း၊ ဤအလုံးစုံတို့သည် နောက် နောက်သို့ သား မြေး မြစ်စွန်းမျှသာ ရောက်ကြကုန်သည်။</p>
<p>၆-သစ် ၈-သစ်ခန့်ရှိသော လျှော်မျှင်တို့ကို အလံ ၁-ရာရှည်သော ကြိုးကြီး လွန်းကြီးဖြစ်အောင် ကျစ်ရာ၌ ကြိုးကျစ်လိမ္မာလှသော ယောကျ်ားသည် မြှုပ်သောအစ, စိုက်သောအစကိုမပေါ်ရအောင် ကျစ်ပေသကဲ့သို့ နောက်နောက်နေ့တို့၌ အလျဉ်မပြတ်ရအောင် ထပ်ကာ ထပ်ကာ လောင်း၍လောင်း၍ သဏ္ဌာန်မပြတ် ဟန်ပန်မပျက်မီ ဆက်လက်ပါမှ ချုပ်လေပျက်လေသော ကလာပ်ဟောင်းတို့နေရာမှာ အစားစေ့ကာ အစဉ်ပါနိုင်လေသတည်း၊ တစ်ရက်အတွင်းမှာလည်း ဉာဏ်မီသမျှ အနုစိတ်လေ၊ အဟောင်းတို့ချုပ်ပျက်ပုံနှင့် အသစ်တို့ဖြစ် ပေါ်ပုံများကို အမျှင်ပြတ်အောင် ခြားနား၍ ရှုရမည်။</p>
<p>ထိုသို့ ရှုမြင်သော သူကိုပင်လျှင်</p>
<p><b>ယော စ ဝဿသတံ ဇီဝေ၊</p>
<p>အပဿံသ ဥဒယဗ္ဗယံ။</p>
<p>ဧကာဟံ ဇီဝိတံ သေယျော။</p>
<p>ပဿတော ဥဒယဗ္ဗယံ။</b></p>
<p>ဟူ၍ <b>ဓမ္မပဒပါဠိတော်</b>၌ ချီးမွမ်းတော်မူပေသည်။</p>
<p>အနက်။။ <b>ယော စ</b>=အကြင်သူသည်လည်း၊ <b>ဥဒယဗ္ဗယံ</b>= ရုပ်နာမ်တရားတို့၏ အသစ်အသစ် မစဲ ဖြစ်ပေါ်ခြင်း, အဟောင်း အဟောင်း မစဲ ချုပ်ကွယ်ခြင်းကို၊ <b>အပဿံ-အပဿန္တော</b>=မမြင်ဖူးရဘဲ၊ <b>ဝဿသတံ</b>= အနှစ်တစ်ရာပတ်လုံး၊ <b>ဇီဝေ</b> အသက်ရှင်၏၊ <b>တဿ</b>=ထိုသူ၏၊ <b>ဇီဝိတံ</b>=အနှစ်တစ်ရာ ခန္ဓာမြင့်ရှည် နေရတတ် သည်ထက်၊ <b>ဥဒယဗ္ဗယံ</b>=ရုပ် နာမ်တရားတို့၏ အသစ်အသစ်မစဲ ဖြစ်ပေါ်ခြင်း, အဟောင်း အဟောင်း မစဲ ချုပ်ကွယ်ခြင်းကို၊ <b>ပဿတော</b>=အတတ်မြင်လျက်၊ <b>ဧကာဟံ</b>=တစ်ရက် မျှ၊ <b>ဇီဝိတံ</b>=အသက်ရှင် ရခြင်းသည်သာ၊ <b>သေယျော</b>=မြတ်လှစွာ။ ဤ<b>ဥဒယဗ္ဗယသဘော</b>ကို မြင်ရသော သူသည်သာ ဘုရားကို တွေ့ရသောသူ မည်၏၊ <b>ဥဒယဗ္ဗယ သဘော</b>ကို မမြင်ဖူးရသောသူသည် ဘုရားကို တွေ့ရသောသူ မဟုတ်သေး။</p>
<p>(ဤကား အာဟာရနှင့်စပ်၍ မိမိ<b>အဇ္ဈတ္တသန္တာန်</b>၌ <b>ဥဒယဗ္ဗယ</b>ကို ရှုပုံတည်း။)</p>
<p><b>အတိတ်သံသရာ</b>က လာခဲ့ရပုံကိုလည်း မြင်အောင် မျှော်လေ။</p>
<p>နောက်ရက်, နောက်လ, နောက်နှစ်သို့ သွားရလတ္တံ့သော ပုံကိုလည်း မြင်အောင် မျှော်လေ၊ ရှိသမျှ သတ္တဝါစုကိုလည်း မိမိသန္တာန်နှင့် အတူမြင် အောင် ရှုလေ၊ ဤအာဟာရနှင့် စပ်၍ ရှုနည်းသည် တစ်ဘဝ တစ်ဘဝ တွင် <b>ပဝတ္တိအခါ</b>၌သာ ရသည်၊ ဘဝအသစ် ထူထောင်ရန်မှာမူကား</p>
<p>၁။ <b>ဒါန, သီလ, ဘာဝနာ</b>-ဟူသော <b>ကုသိုလ်ကံ စေတနာ, ပါဏာတိပါတ</b>-စသော <b>အကုသိုလ်ကံ စေတနာ</b>သည် ဘဝသစ်ဘဝသစ်ကို ပေါက်ဖွားနိုင်သော ဓာတ်မီးပေ တည်း။</p>
<p>၂။ <b>နန္ဒီရာဂ</b>-ခေါ်သော <b>ဘဝတဏှာ</b>သည် ဓာတ်ဆီပေတည်း၊ ဓာတ်ဆီလောင်း၍ပေးမှ ဓာတ်မီး တောက်၍ ဘဝသစ် ပေါ်နိုင်သည်။</p>
<p>၃။ <b>အကုသိုလ် စေတနာ</b> ဟူသော ဓာတ်မီးသည် အပါယ်ဘုံမှာ တောက်၍ ခန္ဓာတွေကို ပေါက်ဖွား စေသည်။</p><p><br>
၄။ <b>ကာမကုသိုလ် စေတနာ</b>- ဟူသော ဓာတ်မီးသည် လူ့ဘုံ, နတ်ပြည် ၆-ထပ်တို့၌ တောက်၍ ခန္ဓာတွေကို ပေါက်ဖွား စေသည်။</p>
<p>၅။ <b>ရူပကုသိုလ်စေတနာ, အရူပကုသိုလ်စေတနာ</b>-ဟူသော အဆင့်ဆင့်သောဓာတ်မီးတို့သည် ရူပ ၁၆-ဘုံ, အရူပ ၄- ဘုံတို့၌ထောက်၍ ခန္ဓာတွေကို ပေါက်ဖွါးစေနိုင်သည်။ အသစ်အသစ်ဖြစ်သည်ကို သာယာသော <b>ဘဝတဏှာ</b>ကို ဓာတ်ဆီပေါ်ပေသည်မှာ “<b>တဏှာ သိနေဟော</b>” ဟူသော ပါဌ်နှင့် အညီတည်း။ ကံကိုဓာတ်မီးခေါ်သည်မှာ ထင်လွယ်ရန်ပေတည်း၊</p>
<p><b>အနမတဂ္ဂသံသရာ</b>တွင် လိုရာဘဝကိုမှတ်၍ ဓာတ်ဆီကိုနုတ်၍ ဓာတ်မီး ကိုသတ်၍ရှု၊ ဘဝအသစ်မပေါ်ဘဲ ချုပ်ကွယ်သော <b>ဝယ-သဘော</b> ထင် လင်းလတ္တံ့၊ ဘဝတိုင်း အသစ်လောင်းရသော <b>တဏှာဓာတ်ဆီ</b>နှင့် <b>စေတနာဓာတ်မီး</b>တို့၏ အချက်တွေကိုမြင်လျှင် ဘဝအသစ်အသစ် ဖြစ်ကာဖြစ်ကာ တက်၍လာသော <b>ဥဒယသဘော</b>ကို မြင်ရလတ္တံ့၊ ဘဝသစ် ထူထောင်မိလျှင် ကာမဘုံမှာ အာဟာရဓာတ်ဆီနှင့် စပ်၍ရှု၊ <b>ရူပ, အရူပဘုံ</b>မှာ <b>ဖဿာဟာရ, ဝိညာဏာဟာရ</b>နှင့်စပ်၍ရှုလေ။</p>
<p>၁။ အတိတ်, အနာဂတ်<b>သံသရာ</b>ကို <b>မဟာကမ္ဘာ</b>နှင့် အပိုင်း အပိုင်းဖြတ်။<br>
၂။ <b>မဟာကမ္ဘာ</b>ကို <b>အသင်္ချေယျကပ်</b>နှင့် အပိုင်းအပိုင်းဖြတ်။<br>
၃။ <b>အသင်္ချေယျကပ်</b>ကို <b>အန္တရကပ်</b>နှင့် အပိုင်းအပိုင်းဖြတ်။<br>
၄။ <b>အန္တရကပ်</b>ကို ထိုထို အသက်တမ်း-ဟူသော <b>အာယုကပ်</b> နှင့်ဖြတ်။<br>
၅။ <b>အာယုကပ်</b>တွင် ရောက်ရာအသက်တမ်းကို နှစ်နှင့် အပိုင်းအပိုင်းဖြတ်။<br>
၆။ နှစ်ကို <b>ဥတု</b>နှင့် အပိုင်းအပိုင်းဖြတ်။<br>
၇။ <b>ဥတု</b>ကို လနှင့် အပိုင်းအပိုင်းဖြတ်။<br>
၈။ လကို <b>ပက္ခ</b>နှင့် အပိုင်းအပိုင်းဖြတ်။<br>
၉။ <b>ပက္ခ</b>ကို ရက်နှင့် အပိုင်းအပိုင်းဖြတ်။<br>
၁၀။ ရက်ကို <b>ပဟိုရ်</b>နှင့် အပိုင်းအပိုင်းဖြတ်။<br>
၁၁။ <b>ပဟိုရ်</b>ကို နာရီနှင့် အပိုင်းအပိုင်းဖြတ်။<br>
၁၂။ နာရီကို <b>ပါဒ်</b>နှင့် အပိုင်းအပိုင်းဖြတ်။<br>
၁၃။ <b>ပါဒ်ဗီဇနာ</b>ကို ပြန်နှင့် အပိုင်းအပိုင်းဖြတ်။<br>
၁၄။ ပြန်ကို <b>ခရာ</b>နှင့် အပိုင်းအပိုင်းဖြတ်။<br>
၁၅။ လက်ဖျစ်တစ်တွက် လျှပ်တစ်ပြက်ခန့်မှာ ကုဋေအရာမက အပိုင်းအပိုင်းဖြတ်ရမည်ပင်၊ <b>ဝိသုဒ္ဓိမဂ် အဋ္ဌကထာ နယ ဝိပဿနာ</b>တွင်လာသော <b>အာဓာနနိက္ခေပ</b>-စသာ အစီ အရင်နှင့်သော်လည်းဖြတ်။</p>
<p>(ဤကား ဓာတ်ဆီ, ဓာတ်မီးတို့ကို အမှီပြု၍ ရုပ်တရားတို့၌ <b>ဝိပဿနာဉာဏ်အမြင်</b> ထိုးထွင်း၍သိပုံ အကြောင်း အမြွက်ပေတည်း။)</p>
<p>ရုပ်တရားတို့ကို နိဿတ္တ, နိဇ္ဇီဝ, တုစ္ဆ, သုည-သဘောများကို ဆိုခဲ့တိုင်းသော အစီအရင်ဖြင့် ထင်မြင်နိုင်ပေမူကား ထိုထိုရုပ်တရား တို့ထက် အဆများစွာအားနည်းပါသော စိတ်-စေတသိက် ဟူသော နာမ်တရားတို့၏လည်း နိသတ္တ, တိဇ္ဇီဝ, တုစ္ဆ,သုည-သဘောများသည် အလိုလိုထင်ရှားလာလတ္တံ့၊ ရိလှ ပုပ်လှစွာသော အနာကြီး၏ တုစ္ဆ, သုညသဘောကို ထင်မြင်ပေလျှင် အနာကြီး၏အတွင်း၌ နာဖို့ကျင်ဖို့ နေသော ငန်းရှိန်ငန်းခိုး, မန်းရှိန်မန်းခိုးတို့၏ တုစ္ဆ,သုည-သဘောသည် ထင်ပေရာ သကဲ့သို့တည်း။</p>
<hr>
<h3>(ဆ) နာမက္ခန္ဓာ ၄-ပါးတို့၌ အနိစ္စလက္ခဏာ ဖော်နည်း ဖွင့်နည်း</h3>
<p><b>ဝိညာနက္ခန္ဓာ၌ အကျဉ်းခွဲနည်း</b></p>
<p>ဝေဒနက္ခန္ဓာစသော နာမက္ခန္ဓာ ၄-ပါးတို့၌ အနိစ္စလက္ခဏာ ဖေါ်နည်း ဖွင့်နည်းကို ပြဆိုမည်။</p>
<p>ဝေဒနက္ခန္ဓာ စသော နာမက္ခန္ဓာ ၄-ပါးတို့တွင် ဝိညာနက္ခန္ဓာသည် အကြီးအမှူးဦးစီးဦးကိုင် အချုပ်အချာ ပဓာနကြီးဖြစ်ပါလျက် ဒေသနာ တော်အစဉ်၌ နောက်ဆုံးထား၍ ဟောတော်မူသည်မှာ သတ္တဝါတို့အား ထင်ရှားရာကို ပဓာနပြုတော်မူသည်မှတ်၊ ရူပက္ခန္ဓာသည် အထင်ရှားဆုံး တည်း။ ရူပက္ခန္ဓာကို စွဲ၍သုခ, ဒုက္ခဖြစ်မှု, သုခ ဒုက္ခနှင့် စပ်သော မှတ်သားမှု, မှတ်သားမိသည်အားလျော်စွာ ကြောင့်ကြစိုက်မှုသည် ထင်ရှားသော အစဉ်ဖြစ်၏၊ အကြား၌ ဝိညာနက္ခန္ဓာ ဝင်ခွင့်မရ၊ ထို့ကြောင့် နောက်ဆုံးထား၍ဟောတော်မူသည်။</p>
<p>ဤကမ္မဋ္ဌာန်းကျမ်းစာအုပ်၌မူကား ပုဗ္ဗင်္ဂမ ကိစ္စကို ပဓာနပြု၍ ဝိညာဏက္ခန္ဓာကိုရှေးထားပေအံ့။</p>
<p>၁။ ထွေထွေလာလာ၊ သိမှုမှာ၊ ခန္ဓာ-ဝိညာဉ်မှတ်။<br>
၂။ ခံသာ, မခံသာ၊ လျစ်လျူမှာ၊ ဝေဒနာဟု-မှတ်။<br>
၃။ မှတ်သိလိမ္မာ၊ မမေ့ရာ၊ သညာ-ဟူ၍မှတ်။<br>
၄။ စေ့ဆော်ကြောင့်ကြ၊ စိုက်သမျှ၊ သင်္ခါရ-ဟုမှတ်။</p>
<p>ဝိညာဏက္ခန္ဓာ၌ ထွေထွေလာလာ သိမှုဆိုသည်ကား--</p>
<p>၁။ မြင်မှုခေါ်သော သိမှု ၁-ပါး<br>
၂။ ကြားမှုခေါ်သော သိမှု ၁-ပါး<br>
၃။ နံမှုခေါ်သော သိမှု ၁-ပါး<br>
၄။ လျက်မှုခေါ်သော သိမှု ၁-ပါး<br>
၅။ တွေ့ထိမှုခေါ်သော သိမှု ၁-ပါး<br>
၆။ အထင်အရှား သိလင်းကြံစည်မှုခေါ်သော သိမှုအချုပ်ကြီး ၁-ပါး ဟူ၍ ၆-ပါရှိ၏၊</p>
<p>ဆောင်ပုဒ်သံခိပ်။ ။မြင်, ကြား, နံ, လျှက်, တွေ့, သိချက်၊ ဆက္က ဝိညာဉ်မှာ။</p>
<p>မြင်ချက်, ကြားချက်, နံချက်, လျှက်ချက်, တွေ့ချက်, သိချက်-ဟူ၍ဝိညာဏဆက္က ပွါး၏၊</p>
<p>၁။ မြင်မှုကား မျက်စိ၌ပေါ်သော ဓာတ်တည်း။<br>
၂။ ကြားမှုကား နား၌ပေါ်သော ဓာတ်တည်း။<
၃။ နံမှုကား နှာခေါင်း၌ပေါ်သော ဓာတ်တည်း။<br>
၄။ လျှက်မှုကား လျှာ၌ပေါ်သော ဓာတ်တည်း။<br>
၅။ တွေ့မှုကား အတွင်းအပ တစ်ကိုယ်လုံး၌ပေါ်သော ဓာတ် တည်း။<br>
၆။ သိမှုကား နှလုံး၌ပေါ်သော ဓာတ်တည်း။</p>
<p>ထိုဝိညာဏဆက္ကတို့တွင် နောက်ဆုံးဖြစ်သော သိမှုကြီး ၅-ပါးမှ အသီးအခြား သိမှုကြီး ၁-ပါးဟူ၍ ပေါင်း၆-ပါးရှိပြန်၏၊</p>
<p>၁။ မြင်-သိ,<br>
၄။ လျက်-သိ,<br>
၂။ ကြား-သိ,<br>
၅။ တွေ့-သိ,<br>
၃။ နံ-သိ,<br>
၆။ အလွတ်-သိ,<br>
ဟူ၍ နောက်ဆုံးအသိ ၆-ပါးရှိပြန်၏-ဟူလို။</p>
<p>ထိုတွင် မြင်, သိ ၂-ချက် ဖြစ်ပုံကား</p>
<p>ထိုထိုအဆင်းမျိုးတို့နှင့် တိုက်ဆိုင်မိကြသောအခါ မျက်စိမြင်မှု ရှေးဦးစွာဖြစ်၏၊ နောက်၌ နှလုံးမှ သိမှုကြီး ဆက်လက်ဖြစ်ပွါး၏၊</p>
<p>သစ်ပင်မြင်၍ သစ်ပင်မှန်းသိရာ၌ မျက်စိ၏ဆိုင်ရာပေတည်း၊ သိမှုကား မနော နှလုံး၏ဆိုင်ရာပေတည်း၊ မြင်မှုအခိုက်၌ ထိုပုဂ္ဂိုလ်ထည် သစ်ပင် ပါတကား ဟူ၍မသိသေး၊ သိမှုအခိုက်သို့ ရောက်မှ ထိုပုဂ္ဂိုလ်အား သစ်ပင်ကြီးဘွားခနဲပေါ်၏၊ ပေါ်သောအခါမှစ၍ ထိုသစ်ပင်မှာ သိမှု ပေါင်းများစွာ ကျယ်ပွါး၍ သွားပေ၏၊ မျက်နှာ မလွဲခြင်း မြင်မှု, သိမှု အထပ်ထပ် အလည်လည်ဖြစ်၍ နေကြ၏၊</p>
<p>ပကတိလူတို့သည်ကား မြင်မှု, သိမှု, ၂-ပါးကို ခြားနား၍ မသိနိုင်ကြကုန်၊ မိမိတို့ကိုယ်၌ ဖြစ်ကြုံ၍ နေကြသော အမှုမျိုးဖြစ်သော ကြောင့် ဉာဏ်နှင့် အချက်ရှာ၍ ကြည့်တတ်သော ပညာရှိတို့သည်ကား ခြားနား၍ သိမြင်နိုင်ကြ၏၊</p>
<p>(ဤကား မြင်-သိ ၂-ချက်ဖက်စပ်ပုံတည်း၊ ဤနည်းကို အမှီပြု၍ ကြား-သိ ၂-ချက်, နံ သိ ၂-ချက်, လျှက် သိ ၂-ချက်, တွေ့သိ ၂-ချက် ဆက်စပ်၍ဖြစ်ပုံကို အကုန်သိကြကုန်ရာ၏၊</p>
<p>ထို ၅-ပါးတို့နှင့် ကင်း၍ အသီးအခြား သိမှုကြီးဆိုသည်ကား မြင်ဆဲ, ကြားဆဲ, နံဆဲ, လျှက်ဆဲ, တွေ့ထိဆဲ,အာရုံတို့မှ အလွတ်ဖြစ်သော အာရုံမျိုးတို့ကို သိမှု,ကြံမှုကြီးပေတည်း၊ ဤသိမှုကြီးကား မနောနှလုံးထဲ တွင် စဲသည်ဟုမရှိသကဲ့သို့ ထင်ရ၏၊ အလွန်ကျက်စားရာ အာရုံနယ် ကြီးကျယ်လှ၏၊</p>
<p>(ဤကား ဝိညာဏက္ခန္ဓာ၌ အကျဉ်းခွဲနည်းတည်း။)</p>
<p><b>ဝေဒနာက္ခန္ဓာ၌ အကျဉ်းခွဲနည်း</b></p>
<p>ဝေဒနာက္ခန္ဓာ၌ ခံသာမှု, မခံသာမှု, လျစ်လျူမှု -ဟူ၍ ၃-ပါးရှိ၏၊<br>
၁။ ခံသာမှု ဆိုသည်ကား သာယာသော ခံသားမှု, ကောင်းသည် ကောင်းသည်-ဟူ၍ ချီးမွမ်းဖွယ်သော ခံစားမှု, ခင်မင်ရသော ခံစားမှု ဆိုလိုသည်။</p>
<p>၂။ မခံသာမှုဆိုသည်ကား မသာယာသော ခံစားမှု, မကောင်း မကောင်း-ဟူ၍ ကဲ့ရဲ့ဖွယ်သော ခံစားမှု, မုန်းရသော ခံစားမှု ဆိုလိုသည်။</p>
<p>၃။ လျစ်လျူ ခံစားမှုဆိုသည်ကား ခံသာသည်, မခံသာသည်ဟူ၍ အမှုမစိုက်လောက်သော မထင်ရှားသော ခံစားမှု ဆိုလိုသည်။ ဤဝေဒနာက္ခန္ဓာကို လောက၌-</p>
<p>၁။ မျက်စိအရသာ ခံစားမှု,<br>
၂။ နားအရသာ ခံစားမှု,<br>
၃။ နှာခေါင်းအရသာ ခံစားမှု,<br>
၄။ လျာအရသာ ခံစားမှု,<br>
၅။ ကိုယ်အင်္ဂါ အရသာ ခံစားမှု,<br>
၆။ စိတ်မနောအရသာ ခံစားမှု,<br>
အားဖြင့် ၆-ပါးပြု၍ ခေါ်ဝေါ်ကြကုန်၏၊ ခပ်သိမ်းသော လူ, နတ်,ဗြဟ္မာ သတ္တဝါအပေါင်းတို့သည် ဤဝေဒနက္ခန္ဓာ-ဟူသော အရသာ ၆-ပါးတို့၌နစ်မွန်း၍ နေကြကုန်၏၊</p>
<p>(ဤကား ဝေဒနာက္ခန္ဓာ၌ အကျဉ်းခွဲနည်းတည်း။)</p>
<p><b>သညာက္ခန္ဓာ၌ အကျဉ်းခွဲနည်း</b></p>
<p>သညာက္ခန္ဓာ၌ မှတ်သိလိမ္မာ မမေ့ရာဆိုသည်ကား အမိဝမ်းမှ မွေးဖွားသည်မှစ၍ ဤကားအမိ, ဤအဖ, ဤကားအရှေ့, ဤကား အနောက်စသည်ဖြင့် လူအများတို့ပြောဆို ပြုလုပ်ကြသမျှတို့ကို မှတ်၍ မှတ်၍ တစ်နေ့တစြ်ခား သိကြားလိမ္မာ၍ လာကြသောအမှု၊ တွေ့ဖူး,ကြုံဖူး, ဆက်ဆံဖူးသမျှကို ထင်ရှားဌာနတို့၌ မမေ့မပျောက် စွဲမြဲထင်ရှား၍ နေမှု အခြင်းအရာများကို သညာခန္ဓာဆိုသည်။</p>
<p><b>အသိအလိမ္မာ ၂-ပါး</b></p>
<p>၁။ မှတ်သိအလိမ္မာ ၁-မျိုး,<br>
၂။ တတ်သိအလိမ္မာ ၁-မျိုး,<br>
ဟူ၍ ၂-မျိုး ရှိ၏၊</p>
<p>၁။ သညာ၏ အသိအလိမ္မာကား မှတ်သိအလိမ္မာတည်း။<br>
၂။ ပညာ၏ အသိအလိမ္မာကား တတ်သိလိမ္မာတည်း။။</p>
<p>အရပ်ဒေသ အမျိုးအရိုးတို့နှင့်ပင် ပြီးစီးနိုင်သော အသိ အလိမ္မာ မျိုးသည် သညာနှင့် ပြီးစီး၏၊ ဆရာသမားထံ သင်ကြားလေ့လာ နာခံမှတ်သားထားမှုနှင့် ပြီးစီးသော အသိအလိမ္မာမျိုးသည်ကား ပညာ ပေတည်း။</p>
<p>(ဤကား အသိ,အလိမ္မာ ၂-ပါး ခွဲနည်းတည်း)</p>
<p>ထိုသညာက္ခန္ဓာသည် အာရုံအပြားအားဖြင့် ၆-ပါးရှိ၏၊</p>
<p>၁။ ရူပသညာ,<br>
၄။ ရသသညာ,<br>
၂။ သဒ္ဒသညာ,<br>
၅။ ဖောဋ္ဌဗ္ဗသညာ,<br>
၃။ ဂန္ဓသညာ,<br>
၆။ ဓမ္မသညာ, ဤ ၆-ပါးတည်း။</p>
<p>အဆင်းသဏ္ဌာန်မျိုး၌ သိမှု, အသံမျိုး၌ သိမှု, အနှံ့မျိုး၌ သိမှု, အရသာမျိုး၌ သိမှု, ပထဝီ-တေဇော-ဝါယော-ဟူသော ဖောဋ္ဌဗ္ဗမျိုးတို့၌ သိမှု, ထို ၅-မျိုးတို့မှ ကြွင်းသော ကုသိုလ်ဓမ္မ-အဗျာကတဓမ္မတို့၌ သိမှုဟူ၍ ၆-ပါးဆိုလိုသည်။</p>
<p>မျက်စိအရသာကို သိမှု, နားအရသာကို သိမှု, နှာခေါင်းအရသာ ကို သိမှု, လျှာအရသာကို သိမှု, ကိုယ်အရသာကို သိမှု, မနောအရသာကို သိမှုဟူ၍လည်း ၆-ပါးဖြစ်၏၊</p>
<p>သတ္တဝါ အပေါင်းတို့သည် ဤသညာနှင့်ပင် နေ့နေ့ ညည ကိစ္စအခွင့် အလုံးစုံမျိုးကို သိ၍ သိ၍ လုပ်ကြံရွက်ဆောင်၍ နေကြရ ကုန်၏၊</p>
<p>(ဤကား သညာက္ခန္ဓာ၌ အကျဉ်းခွဲနည်းတည်း။)</p>
<p><b>သညာသိနှင့် ဝိညာဉ်သိ အထူး</b></p>
<p>ဤအရာ၌ ဝိညာဏက္ခန္ဓာ သိမှုနှင့် သညာက္ခန္ဓာ သိမှုကိုလည်း ခွဲခြမ်းရာ၏၊</p>
<p>၁။ ၆-ဒွါရ၌ဆိုက်တိုက်လာသော အာရုံတို့ကို သင်ကားမြေ, သင်ကားရေ-အစရှိသည်ဖြင့် သိမြင်ဖေါ်ပြ၍ သွားမှုသည် ဝိညာဉ်၏ သိမှုတည်း၊ သညာ၏သိမှုမဟုတ်။</p>
<p>၂။ ဝိညာဉ်ဖေါ်ပြ၍ သွားသမျှကို နောင်မမေ့ရအောင် မှတ်မှုသည် သညာ၏အနမှုတည်း၊ ဝိညာဉ်၏ အမှုမဟုတ်။</p>
<p>ဝိညာဉ်အလိုအားဖြင့် ရှေ့သို့တွေ့ကြုံသမျှကို ထင်မြင်သိမြင်၍ သွားနိုင်ရာ၏၊ တွေ့ကြုံပြီးကိုပြန်၍ တစ်စုံတစ်ခုကိုမျှ သိမြင်မှုမရှိလေရာ။</p>
<p>(ဤကား သညာသိ, ဝိညာဉ်သိ ၂-ပါးတို့၏ အထူးတည်း။</p>
<p><b>သင်္ခါရက္ခန္ဓာ၌ အကျဉ်းခွဲနည်း</b></p>
<p>သင်္ခါရက္ခန္ဓာ၌ အဘိဓမ္မာနည်းအားဖြင့် သင်္ခါရက္ခန္ဓာအပါ အဝင်ဖြစ်သော တရားမျိုးသည် ၅၀-ရှိ၏၊ သုတ္တန်နည်းအားဖြင့် စေတနာ စေတသိက်တစ်ခုကို ပဓာနပြု၍ ပြဆိုရ၏၊ စေတနာ စေတသိက်တစ်ခု၌ အနိစ္စလက္ခဏာရေးပိုင်နိုင်ခဲ့လျှင် ထိုအလုံးစုံတို့၌ ပိုင်နိုင်တော့သည်၊ ဤသင်္ခါရက္ခန္ဓာ၌ စေ့ဆော်မှု, ကြောင့်ကြစိုက်မှုဆိုသည်ကား သတ္တဝါတို့ ၏ စိတ်ကို မျက်တောင်တစ်ခတ်မျှ ကြံမှုစည်မှုကိုလွှတ်၍ ငြိမ်ဝပ်ရပ်နား လျက် နေခွင့်မရအောင် နိုးဆော်မှု, ကြောင့်ကြဗျာပါရ စိုက်ထူ၍ အပူ တိုက်ဆော်ဩမှုပေတည်း။</p>
<p>လွန်လေပြီသော အနမတဂ္ဂသံသရာတွင် အသညသတ်ဘုံ၌ ဖြစ်ခိုက်ကိုချန်လှပ်၍ ဘဝအဆက်ဆက်ကို အကုန်မျှော်လေ၊ စိတ်တ လှုပ်လှုပ်, စိတ်တရွရွ, စိတ်တကြွကြွ, စိတ်တချီချီ, စိတ်တလူလူ နေမှုကိုမြင်ခဲ့လျှင် စေတနာအမှုကို သိမြင်လိမ့်မည်၊ တစ်ခုခုသော ဘဝတွင်စုတိ ကမ္မဇရုပ် ချုပ်ဆုံးရာ၌လည်း မျက်တောင် တစ်ခတ်မျှ ရပ်တန့်ခွင့်မရမူ၍ ဘဝအသစ် အသစ်သို့ ပစ်ချမှုသည် ဤစေတနာ၏ အမှုပေတည်း၊ ဤစေတနာ ဟူသော စေ့ဆော်မှု, ကြောင့်ကြဗျာပါရ စိုက်မှုကို ကုသိုလ်ကံ, အကုသိုလ်ကံ-ဟူ၍ ဆိုအပ်၏၊ ကာယကံ, ဝစီကံ, မနောကံ-ဟူ၍လည်း ဆိုအပ်၏၊</p>
<p>အာရုံအပြားအားဖြင့်</p>
<p>၁။ ရူပသေဉ္စတနာ,<br>
၂။ သဒ္ဒသေဉ္စတနာ,<br>
၃။ ဂန္ဓသေဉ္စတနာ,<br>
၄။ ရသသေဉ္စတနာ,<br>
၅။ ဖောဋ္ဌဗ္ဗသေဉ္စတနာ,<br>
၆။ ဓမ္မသေဉ္စတနာ<br>
ဟူ၍ ၆-ပါးရှိ၏၊</p>
<p>၁။ ရူပါရုံအတွက်နှင့် စေ့ဆော်မှု,<br>
၂။ သဒ္ဒါရုံအတွက်နှင့် စေ့ဆော်မှု,<br>
၃။ ဂန္ဓာရုံအတွက်နှင့် စေ့ဆော်မှု,<br>
၄။ ရသာရုံအတွက်နှင့် စေ့ဆော်မှု,<br>
၅။ ဖောဋ္ဌာဗ္ဗာရုံအတွက်နှင့် စေ့ဆော်မှု,<br>
၆။ ဓမ္မာရုံအတွက်နှင့် စေ့ဆော်မှု</p>
<p>(ဤကား သင်္ခါရက္ခန္ဓာ၌ အကျဉ်းခွဲနည်းတည်း။)</p>
<p>နာမက္ခန္ဓာ ၄-ပါးတို့၌ အနိစ္စလက္ခဏာ ဖော်နည်းဖွင့်နည်း ပြီး၏၊</p>
<hr>
<h3>(ဇ) ဝိညာဉ် ၆-ပါး နာမက္ခန္ဓာ ၄-ပါးကိုပြဆိုချက်</h3>
<p><b>ဒုက္ခသဟဂုတ် ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါး</b></p>
<p>''မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ” ဟူသော ပါဠိတော်နှင့်အညီ နညမက္ခန္ဓာ ၄-ပါးတို့တွင် ဝိညာဏက္ခန္ဓာသည် အချုပ်အခြာ ပဓာနရှေ့သွား ဖြစ်၏၊ ရူပက္ခန္ဓာ၌ ခက်မာမှု ပထဝီသည် ခပ်သိမ်းသော ရုပ်ကလာပ်တို့၏ အမာခံဧရာ တည်ဖြစ်သကဲ့သို့ နာမက္ခန္ဓာ ၄-ပါးတို့၌သိမှုဟူသော ဝိညာဏက္ခန္ဓာသည် ခပ်သိမ်းသော စေတသိက်ခန္ဓာတို့၏ ဧရာတည်ဖြစ်၏၊ သိမှုကိုမှီ၍ ခံစားမှု, မှတ်သားမှု, စေ့ဆော်မှု-စသည်တို့သည် ဖြစ်ပွါးကြကုန်ရာ၏၊ ထို့ကြောင့် နာမက္ခန္ဓာ ၄-ပါးတို့၏ အနိစ္စအချက်ကို ပြဆိုရာ၌ ၆-ပါးကို ပဓာနပြု၍ ဆိုပေအံ့။</p>
<p>ဝိညာဉ် ၆-ပါးတွင်လည်း တစ်ကိုယ်လုံး အနှံ့အပြား ဖြစ်နိုင်သော ကာယဝိညာဉ်ကို၊ ထိုတွင်လည်း အလွန်ထင်ရှားသော ဒုက္ခသဟဂုတ် ကာယဝိညာဉ်ကို ရှေးဦးစွာပြဆိုရာ၏၊ ခြေဖဝါးအပြင်မှ အထက်ငယ်ထိပ် အပြင်တိုင်အောင် အတွင်းအပ တစ်ကိုယ်လုံးသည် ကာယဝိညာဉ်နှင့် တကွသော နာမက္ခန္ဓာ ၄-ပါးတို့၏ ဖြစ်ရာဌာန ချည်းသာတည်း၊ အလွန် ထက်လှစွာသော အပ်သွားဖြင့်ထိုး၍ စမ်းသည်ရှိသော် နာတတ်သော အရပ်ဟူသမျှ, နာမှုပေါ်ရာ အရပ်ဟူသမျှသည် ထိုခန္ဓာ ၄-ပါးဖြစ်ရာ ဌာနချည်းသာတည်း။</p>
<p>ပေါ်လွင်ထင်ရှားအောင်ဆိုဦးအံ့</p>
<p>ကာယဝိညာဉ်ဟူသော ဝေါဟာရသည် မာဂဓဘာသာသို့ လိုက်၍ ခေါ်သောဝေါဟာရတည်း၊ မြန်မာဘာသာနှင့်ခေါ်မူကား တစ်ကိုယ်လုံး၏သိမှုဆိုလိုသည်၊ ခြေဖဝါးအရေကို အပ်သွားဖြင့်ထိုးလျှင် ခြေဖဝါး အရေသည် သိ၏၊ ဤဖြေဝါးအရေ၏ သိမှုကို ကာယဝိညာဉ် ခေါ်၏၊</p>
<p>ထို့အတူ--</p>
<p>၁။ ခြေချောင်းအရေတိုသည် သိတတ်ကြကုန်၏၊<br>
၂။ ခြေဖနောင့်ရေ,ခြေဖမိုးရေတို့သည် သိတတ်ကြကုန်၏၊<br>
၃။ ခြေသလုံးရေ, ဒူးပုဆစ်ရေ,ပေါင်ရေ အစရှိကုန်သော အလုံးစုံသော အရေတို့သည် သိတတ်ကြကုန်၏၊<br>
၄။ ၉၀၀-သော သားတစ်တို့သည်လည်း သိတတ်ကြကုန်၏၊<br>
၅။ ၉၀၀-သော အကြောတို့သည်လည်း သိတတ်ကြကုန်၏၊<br>
၆။ ဦးနှောက်ခဲ, အဆုတ်ခဲ, အသည်းခဲ, နှလုံးခဲ, ကျောက်ကပ် ခဲ,အဖျဉ်းခဲ,အမြှေးလွှာ, အူကြီး, အူငယ်တို့ သည်လည်း သိတတ်ကြကုန်၏၊</p>
<p>ဤအလုံးစုံတို့၏ သိမှုကို ကာယဝိညာဉ်ခေါ်၏၊</p>
<p>ဤ သိမှုတို့၌ ခန္ဓာ ၄-ပါးအစုံ ပါရှိ၏၊ ဤစကား၌ သိမှုဆိုသော် လည်း ပုဂ္ဂိုလ်၏ သိမှုမဟုတ်သေး၊ အရေတို့၏ သိမှု,အသားတို့၏သိမှု, ဦးနှောက်ခဲ,အဆုတ်ခဲ-စသည်တို့၏ သိမှုသာတည်း၊ ဝိညာဉ် ၆-ပါးခွဲခန်း၌ ဤသိမှုကို တွေ့ထိမှုဟူ၍သာ ခေါ်ရသည်၊ မြင်သိ, ကြားသိ, နံသိ, လျက်သိ,တွေ့သိ-ဟူ၍ အစုံအစုံရှိသည်တွင် တွေ့သိဟူသော အစုံ၌ တွေ့မှုသာရှိသေးသည်၊ ဤတွေ့မှုကိုအရေတို့၏သိမှု,အသားတို့၏ သိမှု, အကြော တို့၏သိမှု စသည်ဖြင့်ဆိုခဲ့သည့် ကောဋ္ဌာသ အပြားသို့လိုက်၍ ခွဲမူကား အရေ၏သိမှု,နှလုံး၏သိမှု ၂-ပါးခွဲရာ၏၊ အရေ၏သိမှုကို တွေ့ထိမှုခေါ်၏၊ ကာယဝိညာဉ်ပေတည်း။</p>
<p>နှလုံး၏သိမှုကိုသာ သိမှုခေါ်၏၊ မနောဝိညာဉ်ပေတည်း၊</p>
<p>ပုဂ္ဂိုလ်၏သိမှုကား ဤနှလုံး၏သိမှုသို့ရောက်မှ ပေါ်၏၊ ဤနှလုံး၏ သိမှုပေါ်လာမှသာ ပုဂ္ဂိုလ်သိ သိ၏၊ ဤသို့လျှင် ကောဋ္ဌာသတို့၏ သိမှု, ပုဂ္ဂိုလ်၏ သိမှု ၂-ပါးကို ကိုယ်တွေ့ဒိဋ္ဌအားဖြင့် ခြားနား၍ သိကြကုန်၏၊ ပရမတ္ထအလိုအားဖြင့်မူကား-ပုဂ္ဂိုလ်ဟူ၍မရှိ၊ ခန္ဓာ ၅-ပါးသာ ရှိ၏၊ ထို့ကြောင့်ပုဂ္ဂိုလ်၏ သိမှုမည်သည်ကား နှလုံးအိမ်တွင်း၌ မနော ဝိညာဉ် ဖြစ်ပေါ်မှုသာတည်း၊ ထို့အတူ ပရမတ္ထအားဖြင့် အရေဟူ၍မရှိ၊ အသားဟူ၍မရှိ၊ အကြောဟူ၍မရှိ၊ ဦးနှောက်-စသည်ဟူ၍မရှိ၊ ခန္ဓာ ၅-ပါးသာရှိ၏၊ ထို့ကြောင့် အရေ-စသောကောဋ္ဌာသတို့၏၊ သိမှုမည် သည်ကား ထိုထိုခြေဖဝါးရေ, ခြေချောင်းရေ, ခြေဖနောက်ရေ, ခြေဖမိုးရေ-စသည်တို့၌ ကာယဝိညာဏ ဓာတ်၏ ဖြစ်ပေါ်မှုသာတည်း၊ ဤသို့လျှင် လောကအလိုအားဖြင့် ပုဂ္ဂိုလ်စကားပြောခဲ့လျှင် ပုဂ္ဂိုလ်သည် သိတတ်၏၊ ပုဂ္ဂိုလ်၏ အင်္ဂါဖြစ်ကုန်သော ဦးခေါင်း, ခြေလက်စသည်တို့သည်လည်း သိတတ်ကြကုန်၏၊</p>
<p>အရေ, အသား,အကြော-အစရှိသော ကောဋ္ဌာသတို့သည်လည်း သိတတ်ကြကုန်၏၊ ပုဂ္ဂိုလ်၏ သိမှု, ကိုယ်အင်္ဂါတို့၏ သိမှု,ကောဋ္ဌာသတို့၏ သိမှု အသီးသီးရှိကြကုန်၏-ဟုပြောဆိုရာ၏၊ ပရမတ္ထအလိုအားဖြင့်မူကား ထိုအလုံးစုံကို ပယ်ရှား၍ မြင်မှု-သိမှု, ကြားမှု-သိမှု, နံမှု-သိမှု, လျက်မှုသိမှု, တွေ့မှု-သိမှု, ထွေထွေလာလာကြံမှု-သိမှု, -ဟူသော အလုံးစုံသော သိမှုဟူသမျှသည် ထိုထိုကိုယ်အင်္ဂါ, ထိုထိုကောဋ္ဌာသအရပ်တို့၌ အကြောင်းဆိုက် တိုက်လာရာဖြစ်ပေါ်ကြသောဝိညာဉ် ၆-ပါး၏ အမှု သက်သက်သာတည်း-ဟုပြောဆိုရာ၏၊</p>
<p>သစ်ပင်, ချုံနွယ်,တုံးတိုင်စသော ဗဟိဒ္ဓသဏ္ဌာန်တို့၌ကား ဤ ကဲ့သို့သောသိမှုမရှိ၊ သိမှုမရှိသော ကြောင့်လည်း၊ ခံသာမှုမခံသာမှုမရှိ၊ မှတ်သားမှုမရှိ၊ ကာယကံမှု, ဝစီကံမှု, မနောကံမှုမရှိ၊ ဗဟိဒ္ဓသဏ္ဌာန်နှင့် ယှဉ်စပ်၍ ပြောမူကား နာမက္ခန္ဓာ ၄-ပါး၏ အမှုအသီးအခြား ထင်ရှားဖြစ် ပေါ်လေတော့သည်။</p>
<p>ပြောပုံကား-သစ်ပင်ကို ခုတ်ဖြတ်ခဲ့သော် ဖြတ်မှုသာရှိ၏၊ သိမှု, နာမှု, မှတ်မှု, စိတ်လှုပ်ရှားမှုမရှိ၊ ထိုခြေလက်အင်္ဂါတို့ကို ခုတ်ဖြတ်ခဲ့သော် ပြတ်မှုလည်းမရှိ၊ ထိုခြေလက်အင်္ဂါတို့၏ သိမှု, နာမှု, မှတ်မှု, စိတ်လှုပ်ရှား မှုတို့လည်း ရှိကုန်၏၊ ဤအပိုအမိုမှုတို့ကို နာမက္ခန္ဓာဆိုသည်ဟု ပြော ပြလေ။</p>
<p><b>တွေ့မှု ၂-မျိုး</b></p>
<p>မြန်မာတို့အခေါ်၌ ကာယဝိညာဉ် အတွေ့အထိဟူ၍ ခေါ်သည်၊ အတွေ့အထိ ဟူရာ၌လည်း ရုပ်ခန္ဓာ ချင်း ခိုက်တွေ့ဆဲ၌ ဖြစ်ပေါ်သော သိမှုကို အတွေ့ဟူ၍ ခေါ်သည်၊ ရုပ်ခန္ဓာချင်း ခိုက်ထိဆဲ၌ ဖြစ်ပေါ်သော သိမှုကို အထိ ဟူ၍ ခေါ်သည်၊ ရုပ်ခန္ဓာချင်း တွေ့မှု ထိမှုနှင့် ဤကာယ ဝိညာဉ်ခေါ်သော တွေ့မှု, ထိမှု ထွေးလုံး၍နေကြ၏၊ တွေ့မှု ၂-မျိုးကွဲ အောင် ခွဲခြမ်းကြလေ၊ တွေ့မှုနှင့် ထိမှုကား အတူတူလိုပင်။</p>
<p><b>ဒုက္ခဝေဒနာ မြန်မာလို အခေါ်၌ ကာယဝိညာဉ်နှင့် အတူဖြစ်ပေါ်သော ဒုက္ခဝေဒနာကို</b></p>
<p>၁။ ညောင်းသည် ညာသည်-ဟူ၍ ခေါ်၏၊<br>
၂။ နာသည် ကျင်သည်-ဟူ၍ ခေါ်၏၊<br>
၃။ ယားသည် ယံသည် -ဟူ၍ ခေါ်၏၊<br>
၄။ ထုံသည် ကျင်သည်-ဟူ၍ ခေါ်၏၊<br>
၅။ ကိုက်သည် ခဲသည်-ဟူ၍ ခေါ်၏၊<br>
၆။ အောင့်သည် အင့်သည် နင့်သည် စူးသည်-ဟူ၍ ခေါ်၏၊<br>
၇။ မောသည် ပန်းသည်-ဟူ၍ ခေါ်၏၊<br>
၈။ နွမ်းသည် နယ်သည်-ဟူ၍ ခေါ်၏၊<br>
၉။ ပူသည် အေးသည်-ဟူ၍ ခေါ်၏၊</p>
<p>ဤအခေါ်သည် ရုပ်ပူ, ရုပ်အေးနှင့် ထွေးလျက်ရှိ၏၊ ရုပ်ပူ, ရုပ်အေးထိ၍ မခံသာသည်ကို ပူသည် အေးသည်ဟု ခေါ်၏၊ ဤသို့ အစရှိသည်ဖြင့် မခံသာမှု-ဟူသော ဒုက္ခဝေဒနာက္ခန္ဓာသည် မြန်မာတို့ အခေါ်၌ အလွန်များပြား၏၊ ထိုအလုံးစုံသော ညောင်းမှု, ညာမှု, ကျင်မှုအစရှိသည်တို့ကို အဘိဓမ္မာ၌ ဒုက္ခဝေဒနာဟု ဟောတော်မှု၏၊ ဝေဒနာက္ခန္ဓာကြီးတွေပေတည်း၊ ထိုကာယဝိညာဉ်နှင့်အတူ ဖြစ်ပေါ်လာ သော သညာက္ခန္ဓာ, စေတနာဟူသော သင်္ခါရက္ခန္ဓာတို့ကိုလည်း ရှေး၌ ပြဆိုခဲ့ပြီးသော ခွဲခြမ်းနည်းကို အစဉ်မှီး၍ သိကြလေကုန်၏၊ ယခုအခါ မိစ္ဆာဒိဋ္ဌိအမြင်နှင့် သမ္မာဒိဋ္ဌိအမြင် ၂-ပါးကိုခြားနား၍ ပြဆိုပေအံ့။</p>
<p>ခြေဖဝါးအပြင်၌ မြေ, ရေ, အုတ်, ကျောက်, ဆူး, ငြောင့်, ခလုတ်စသည်ထိ၍ သိမှု, နာမှု-ဖြစ်ပေါ်သောအခါ၌ ခြေဖဝါး အရေပေါ် အရေတွင်းတို့၌ နာမက္ခန္ဓာ ၄-ပါး ဖြစ်ပေါ်၏၊ ခြေဖဝါးအရေကား ရူပက္ခန္ဓာတည်း၊ သိမှု, နာမှုတို့ကား နာမက္ခန္ဓာတို့တည်း၊ ရူပက္ခန္ဓာနှင့် နာမက္ခန္ဓာတို့သည် ဝိပ္ပယုတ္တပစ္စည်း, ပစ္စယုပ္ပန် ဖြစ်ကြကုန်၍ ပိန်းကြာ ဖက်အပြင်၌ ကျရောက်တင်နေသော မိုးရေပေါက်သည် ပိန်းကြာဖက်နှင့် ရောနှောခြင်း မရှိသကဲ့သို့ ရုပ်နာမ် ၂-ပါး ရောနှောခြင်း မရှိကုန်။</p>
<p>အရေ၌ ခက်မာမှု, ဖွဲ့စည်းမှု, ပူမှု, အေးမှု, တောင့်တင်းမှု, အဆင်းမှု,အနံ့မှု, အရသာမှု, ဟုဆိုအပ်ကုန်သော ရုပ်ခန္ဓာမှုတို့ကား တခြား၊ ထိုသိမှု,နာမှု-စသော နာမက္ခန္ဓာမှုတို့ကား တခြားတို့သာတည်း။</p>
<p>ထိုသို့ ဖြစ်ရာ၌ ရုပ်ခန္ဓာ, နာမ်ခန္ဓာခြားနားခြင်း မရှိမူ၍ ခြေဖဝါးနာသည်ဟု သိသည်ကား ဒိဋ္ဌိသိတည်း၊ ခြေဖဝါးဟူ၍ စင်စစ် အားဖြင့်မရှိ၊ ရုပ်ခန္ဓာစုလည်း သိတတ်, နာတတ်သည်မဟုတ်၊ ထိုသိမှု, နာမှုကား စင်စစ်အားဖြင့်နာမ်ခန္ဓာစုပေတည်း-ဟုသိသည်ကား ဉာဏ်သိ တည်း၊ ထိုအသိ ၂-ပါးတို့တွင် ခြေဖဝါးနာသည်-ဟုသိခြင်းကား ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့က နိစ္စ-ဟူ၍ သိခြင်း, သုခ-ဟူ၍ သိခြင်း, အတ္တဟူ၍ သိခြင်းတည်း။</p>
<p>ခြေဖဝါးဟူ၍ မရှိ၊ ရုပ်ခန္ဓာ,နာမ်ခန္ဓာတို့သာရှိကုန်၏၊ ထိုတွင် ခက်မာမှု,ဖွဲ့စည်းမှု-စသော ရုပ်ခန္ဓာစုသည် သိမှု, နာမှု မဟုတ်၊ သာတတ် သည် နာတတ်သည်မဟုတ်၊ နာမှုကိုသိသည်ကား ဝိညာဏက္ခန္ဓာ ပေတည်း၊ နာမှုကား ဝေဒနာက္ခန္ဓာပေတည်း၊ အမှတ်ထားမှုကား သညက္ခန္ဓာပေတည်း၊ မြွေဆိပ်တက်သကဲ့သို့ နာမှု တရွရွရှိနေရသည်ကား သင်္ခါရက္ခန္ဓာ စေတနာပေတည်း-ဟု သိသည်ကား အနိစ္စသိ, ဒုက္ခသိ, အနတ္တသိ-ပေတည်း။</p>
<h3>နိစ္စသိ, သုခသိ, အတ္တသိ</h3>
<p>ခြေဖဝါးနာသည်-ဟု သိမှုသည် အဘယ်သို့လျှင် နိစ္စသိ, သုခသိ, အတ္တသိ ဖြစ်လေသနည်းဟူမူကား</p>
<p>ခြေဖဝါးမည်သည် ပရမတ္ထအားဖြင့် အဟုတ်ရှိ, ဧကန်ရှိမျိုး မဟုတ်၊ ဝိညာဉ်၏ လှည့်ပတ်မှုနှင့် စိတ်ထဲတွင် ထင်မြင်ရသော နိမိတ္တ ဓမ္မမျိုးဖြစ်၍ အသက် ၁၀၀-နေ၍ လူသေသည့်တိုင်အောင် မပျက်သေးမှု ၍သုသာန်၌ မီးရှို့မှု့ မြေမြှုပ်မှုတို့ဖြင့် တမင် ဖျောက်ဖျက်၍ပစ်ရသော နိစ္စမျိုးသာတည်း၊ ပုဂ္ဂိုလ်မျိုးသာတည်း၊ ထို့ကြောင့် ခြေဖဝါး နာသည်ဟု သိခြင်းသည် ခက်မာမှု, နာမှုစသော ထိုရုပ်ခန္ဓာ, နာမ်ခန္ဓာတို့ကို နိစ္စဟု သိခြင်းဖြစ်လေသတည်း။</p>
<p>နာမှုကို နိစ္စဟု မယူသော်လည်း ခြေဖဝါးပြု၍ ယူခြင်းကြောင့် နိစ္စယူ, နိစ္စ-သိဖြစ်လေသည်၊ နိစ္စဟူသည် သတ္တဝါတို့ သာယာဖွယ်သော သုခမျိုး ဖြစ်၏၊ ထို့ကြောင့် သုခ-သိဖြစ်လေသတည်း၊ နိစ္စဟူသည် အတ္တ, သာရမျိုးဖြစ်၏၊ ထို့ကြောင့် အတ္တ-သိ ဖြစ်လေသတည်း။</p>
<p><b>အနိစ္စသိ, ဒုက္ခသိ, အနတ္တသိ</b></p>
<p>နောက် ပုစ္ဆာ၌ကား ခက်မာမှုစသော ရုပ်ခန္ဓာ, နာမှုဟူသော နာမ်ခန္ဓာတို့သည် အနိစ္စမျိုးသာတည်း။</p>
<p>၁။ ခက်မာမှုစသည်တို့သည် အလှုပ်အရှားပင် မခံကုန်၊ ၁- နာရီအဖို့မှာပင် အခါများစွာ ကွယ်ဆုံးပြောင်းလဲနိုင်ကြကုန်၏၊ နာမှု သည်လည်း ခဏချင်းပင် ချုပ်ပျောက်နိုင်၏၊ ထို့ကြောင့် ရုပ်, နာမ်ဟူ၍ သိခြင်းသည် အနိစ္စသိ-ဖြစ်၏၊</p>
<p>၂။ အနိစ္စ-ဟူသည် မရဏဓမ္မမျိုး ဖြစ်၏၊ အမျိုးအားဖြင့် သတ္တဝါတို့ အလွန်ကြောက်လန့်ကြရသော သဘောမျိုးစင်စစ်ဖြစ်၏၊ ထို့ကြောင့် ဒုက္ခ-သိ ဖြစ်၏၊</p>
<p>၃။ အနိစ္စ-ဟူသည် အနှစ်သာရ၏ ဆန့်ကျင်ဘက်ဖြစ်၏၊ ထို ပုဂ္ဂိုလ်တစ်သက် တည်နေနိုင်သော ပုဂ္ဂိုလ်၏ အမာခံအနှစ်သာရ အတ္တမျိုးမဟုတ်၊ ဘေးဘယမျိုး, ဒုက္ခမျိုးဟူသည် သတ္တဝါတို့၏ အလိုနှင့် ဆန့်ကျင်ဘက် မျိုးသာတည်း၊ ထို့ကြောင့် ရုပ်, နာမ်-ခန္ဓာဟူ၍ သိခြင်း သည် အနတ္တ-သိဖြစ်၏၊</p>
<h3>ခဏိကမရဏ, သန္တတိမရဏ</h3>
<p>ဤစကား၌ အနိစ္စ ဟူသည် မရဏ ဓမ္မမျိုးဖြစ်၏၊ အမျိုးအစား အားဖြင့် သတ္တဝါတို့ အလွန်ကြောက်လန့်ကြရသော ဘေးမျိုးစင်စစ် ဖြစ်၏ဟူရာ၌-</p>
<p>၁။ ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့၏ ခဏမစဲ ချုပ်ပျက်မှု ဟူသော ခဏိက မရဏ တစ်ပါး,<br>
၂။ ဝိပဿနာ ယောဂီပုဂ္ဂိုလ်တို့ကို အမြင်ရှုကြရသော သန္တတိ မရဏ တစ်ပါး,<br>
ဤမရဏ ၂-ပါးတို့သည်လည်း သတ္တဝါတို့အလွန်ကြောက်လန့် ကြရသော သေဘေးမျိုး အမှန်စင်စစ် ဖြစ်ကုန်၏၊ သို့သော်လည်း ဘဝ ဆုံးမှုကြီး မဟုတ်သေး၍ သေဘေးမျိုးဟူ၍ပင် မထင်နိုင်ကြကုန်။</p>
<p><b>ဇာတိဓမ္မ, မရဏဓမ္မ</b></p>
<p>ထိုမှတစ်ပါး ပုဂ္ဂိုလ်, သတ္တဝါမျိုးတွင် အပါအဝင်ဖြစ်သော ခြေဖဝါးကို ဖယ်ရှား၍ ရုပ်ခန္ဓာ, နာမ်ခန္ဓာခြား၍ မြင်မှု၌မူကား ဣရိယာ ပုထ် တစ်ခုတစ်ခု အတွင်းမှာပင် အသစ်အသစ် အမျိုးမျိုး ဖြစ်ပေါ်မှု ဟူသော ဇာတိဓမ္မ, ဥဒယဓမ္မကိုလည်း သိမြင်နိုင်သည်၊ ပုဂ္ဂိုလ်၏ရှင်ခြင်း, ပုဂ္ဂိုလ်၏သေခြင်းဟူ၍ပင်မရှိ၊ ဓာတ်တို့၏ဖြစ်ခြင်း, ဓာတ်တို့၏ ပျက်ခြင်း, ဓာတ်တို့၏ရှင်ခြင်း, ဓာတ်တို့၏ သေခြင်းသည်သာ အမှန်ရှိသည်ဟု မြင်နိုင်လေတော့သည်။</p>
<p>ဤခြေဖဝါး၏ နာကျင်မှု၌လည်း ပကတိ လူတို့အားပင်လျှင် ယခုတွင်ရွေ့ပေါ်လာသည်၊ ယခုပင် အနာ အကျင် ပျောက်ပေပြီ-ဟု ပြောဆို သိမြင်ထင်ရှား၏၊ ရုပ်ခန္ဓာ,နာမ်ခန္ဓာ-ဟု ခြားနား၍ သိမှု မရှိကြသည့် အတွက်ကြောင့် ဖြစ်ပေါ်မှုကိုလည်း ဇာတိဓမ္မကြီးဟူ၍ မသိကြကုန်၊ အနာအကျင် ပျောက်မှုကိုလည်း မရဏဓမ္မကြီးဟူ၍ မသိကြကုန်။</p>
<h3>စောဒနာဖွယ်</h3>
<p>စောဒနာရန်ရှိ၏၊ နာမှု ကျင်မှု မည်သည် ဒုက္ခသာတည်း၊ ဒုက္ခ၏ ချုပ်ပျောက်ခြင်းသည်ကား သတ္တဝါတို့အလွန်အလိုရှိကြ, သာယာတောင့်တ ကြရသော ဣဋ္ဌမျိုး သုခမျိုး စင်စစ်တည်း၊ ထို့ကြောင့် မရဏဓမ္မမျိုးပင် ဖြစ်သော်လည်း ဒုက္ခမျိုးမဟုတ်၊ သုခမျိုးသာတည်း၊ ကြောက်လန့် ဖွယ်မျိုးမဟုတ်၊ ဤ မရဏဓမ္မကြီးသည် ဒုက္ခဝေဒနာမျိုးကိုသာ ချုပ် ပျောက်စေတတ်သည်၊ သုခဝေဒနာမျိုးကိုကား အန္တရာယ် မပြုတတ်ဟု ခြားနား ချက်ရှိခဲ့လျှင် ဆိုသင့်ပေ၏၊</p>
<p>ထိုသို့ကားမဟုတ်၊ သုခဝေဒနာ ပေါ်လာလျှင်လည်း အတွင်ချုပ် ပျောက်စေ၏၊ ဒုက္ခဝေဒနာ ပေါ်လာလျှင် လည်း အတွင်ချုပ်ပျောက် စေ၏၊ ဘယ်ရုပ်, ဘယ်နာမ်တစ်ခုကိုမျှ မချန်၊ အတွင် ချုပ်ပျောက်စေ၏၊ ထိုကြောင့် ဒုက္ခဝေဒနာကို ချုပ်ပျောက်စေသော အခါ၌လည်း ထိုမရဏ ဓမ္မကြီးသည် ကြောက်လန့်ဖွယ်သော ဘေးမျိုး သာဖြစ်၏၊ အကျွမ်း ဝင်ဖွယ်, သာယာဖွယ်သော သုခမျိုးမဟုတ်။</p>
<p>ဥပမာကား-မီးသည် မကောင်းသော အမှိုက်ကိုသာ လောင် တတ်သည်၊ ကောင်းမွန်သော ဝတ္ထု, ဘဏ္ဍာ, အိမ်ရာ, ဘုံနန်း, ပြာသာဒ်, သတ္တဝါ, ပုဂ္ဂိုလ်တို့ကို မလောင်တတ်-ဟုခြားနားချက် မရှိ၊ မိမိနှင့် ထိစပ်သမျှကို အကုန်လောင်တတ်၏၊ ထို့ကြောင့် အမှိုက်ကိုလောင်၍ နေသောအခါ၌လည်း ထိုမီးသည် ကြောက်လန့်ဖွယ်သော ဘေးမျိုး ရန်မျိုးသာတည်း၊ မိမိကိုယ်၌အချမ်းကိုပယ်ဖျောက်၍ နေဆဲအခါ ချက်မှု, ပြုတ်မှုတို့ဖြင့် ကျေးဇူးဥပကာရပြု၍ နေဆဲအခါ၌လည်း ကြောက် လန့်ဖွယ်သော ဘေးမျိုး, ရန်သူမျိုးတို့သာတည်း၊ ဤဥပမာအတိုင်း မြင်လေ။</p>
<p>အပါယ်ဘုံသားတို့အား သုဂတိဘဝသို့ ပြောင်းလာခွင့် မရ အောင်ပြုမှုသည်လည်း သူ့အတတ်ပင်၊ လူ, နတ်, ဗြဟ္မာတို့ကို သုဂတိဘုံမှ အတွင်သတ်၍ ချမှုသည်လည်း သူ့အတတ်ပင်၊ လွန်ခဲပြီးသော သံသရာ၌ ဂင်္ဂါသဲမျှမက ပွင့်တော်မူကြကုန်သော လောကသုံးပါးတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူကြပေကုန်သော မြတ်စွာဘုရားတို့ကို အကုန်ကွယ်ဆုံး၍ ကုန်ရအောင်ပြုမှုသည်လည်း သူ့အတတ်ပင်တည်း၊ သမုဒ္ဒရာသဲမျှမက ပွင့်တော်မူကြကုန်သော ပစ္စေကဗုဒ္ဓါ အရိယာသာဝကတို့ကိုလည်း အကုန်ကွယ်ဆုံး၍ ကုန်အောင် ပြုမှုသည်လည်း သူ့အတတ်ပင်တည်း၊ အနန္တစကြဝဠာ လူ, နတ်, ဗြဟ္မာ သက်ရှိ သက်မဲ့ခန္ဓာတို့သည် ကမ္ဘာ မြေကြီးနှင့်တကွ အဆက်ဆက် ကွယ်ဆုံး၍ ကုန်ခဲ့သည်မူလည်း သူ့ အတတ်ပင်တည်း။</p>
<p>ယခုတည်ရှိဆဲဖြစ်သော အနန္တစကြဝဠာ သက်ရှိသက်မဲ့ ခန္ဓာတို့ သည်လည်း ကမ္ဘာမြေကြီးနှင့်တကွ အကုန်ကွယ်ဆုံးကြရကုန်လတ္တံ့၊ နောက် အနမတဂ္ဂသံသရာ၌ ပေါ်လာသမျှကုန်သော သက်ရှိသက်မဲ့ ခန္ဓာတို့သည်လည်း ကမ္ဘာမြေကြီးနှင့်တကွ အကုန်ကွယ်ဆုံး ကြရကုန် လတ္တံ့၊ ဤကား ခြေဖဝါး အပြင်၌ နာကျင်မှုဟု ဆိုအပ်သော နာမ်ခန္ဓာ၏ ချုပ်ပျောက်မှု-ဟူသော မရဏဓာတ်ကြီး၏ အတတ်ကို နှံ့စပ်စွာ မြော်မြင်ကြရန် အချက်ကြီးပေတည်း။</p>
<p><b>ခြေဖဝါးတစ်ပြင်လုံး၌ နာမ်ခန္ဓာ ၄-ပါးပေါ်ပုံ</b></p>
<p>ခြေဖဝါးတစ်ပြင်လုံး၌ တပြိုင်နက် တစ်ချက်တည်း ထိခိုက်မှု ရှိသော် ဤ နာမက္ခန္ဓာ ၄-ပါးတို့သည် ခြေဖဝါးတစ်ပြင်လုံး၌ဖြစ်ပေါ်ကြ ကုန်၏၊ ထိခိုက်မှု ဒဏ်ချက်သည် အသားတွင်းသို့ ၁-သစ်, ၂-သစ် စသည်ဖြင့် စူးဝင်ခဲ့သည်ရှိသော် ခြေဖဝါး အသားတွင်း၌ ၁-သစ်, ၂- သစ် စသည်ဖြင့် အနှံ့အပြား ဖြစ်ပေါ်ကုန်၏၊ ထိခိုက်မှု ဒဏ်ချက်သည် ခြေဖဝါးအပြင်မှ အထက်ခြေဖမိုးသို့ ပေါက်ရောက်တတ်သည်ရှိသော် နာမက္ခန္ဓာတို့သည် ခြေဖဝါး,ခြေဖမိုး အတွင်းအပြင် ခြေတစ်ခုလုံး အနှံ့အပြား တပြိုင်နက် အပြည့်ဖြစ်ပေါ်လာ၍ ဒဏ်မကျေသမျှ ကာလ ပတ်လုံး ၁-နာရီ ၂-နာရီ စသည်ဖြင့် တဖွားဖွားဖြစ်ပေါ်၍နေကုန်၏၊ ဒဏ်ကျေပျောက်မှပင် ချုပ်ပျောက်ကြကုန်၏၊ ကိုယ်တွေ့ဒိဋ္ဌတို့ ချည်း သာတည်း။</p>
<h3>ဖဿပစ္စယာ ဝေဒနာ</h3>
<p>ဖဿပစ္စယာ ဝေဒနာ-ဟူသော ပဋိစ္စသမုပ္ပါဒ်ပါဠိတော်နှင့် အညီ ဒဏ်ချက်၏ ထိခိုက်မှု-ဟူသော ဖဿသည်သာ ပမာဏပေတည်း၊ ဖဿ ဖြစ်ပေါ်လျှင် ဝေဒနာဖြစ်ပေါ်မြဲ၊ ဖဿ နှံ့ပြားသမျှ ဝေဒနာနှံ့ပြား၏၊ ဖဿချုပ်ပျောက်လျှင် ဝေဒနာ လျုပ်ပျောက်၏၊ အတွင်းအပ တစ်ခုလုံး ဒဏ်ထိသမျှ ဖဿဖြစ်ပေါ်၍ ခြေတစ်ခုလုံး ဝေဒနာတွေ အနှံ့အပြား ဖြစ်ပေါ်၍ နေကြကုန်သော်လည်း ရုပ်နှင့်နာမ်သည် ဝိပ္ပယုတ္တ-ဖြစ်ကြ သောကြောင့် ရောယှက်ငြိတွယ်ခြင်း မရှိကြကုန်။</p>
<p>ဥပမာ-ညဉ့်အခါ၌ ထွန်းအပ်သော မီးရောင်တို့သည် ရေခွက် အတွင်း၌ရှိသော ကြည်လင်လှစွာသော ရေတွင်း၌ အကုန်လုံး အနှံ့ အပြား ဖြစ်ပေါ်ကြကုန်သော်လည်း ရေနှင့် ရောယှက်ငြိတွယ်ခြင်း မရှိကုန် သကဲ့သို့တည်း။ ရောယှက်ငြိတွယ်ခြင်း မရှိကြပုံကား ထွန်းအပ်သော မီးတောက်ဖြစ်ပေါ်လျှင် ရေခွက်၌ မီးရောင်တို့ ဖြစ်ပေါ်ကုန်၏၊ မီးတောက်သေပျောက်ခဲ့လျှင် ရေခွက်တွင်းရှိ မီးရောင်တို့သည် တစ်ပြိုင်နက် ပျောက် ကွယ်ကုန်၏၊ လေခတ်၍ မီးတောက်လှုပ်ရှားခဲ့လျှင် ရေ၌မီးရောင်တို့သည်လှုပ်ရှားကုန်၏၊ ရေသည်မူကား မီးရောင်တို့၏ ဖြစ်ပေါ်မှုကြောင့်လည်း အနေမပျက်၊ မီးရောင်တို့၏ လှုပ်ရှားမှုကြောင့် လည်း လှုပ်ရှားခြင်းမရှိ၊ မီးရောင်တို့၏ ပျောက်ကွယ်မှု, ကုန်ခန်းမှု ကြောင့်လည်း အနေမပျက်။</p>
<p>(ဤကား ရေနှင့်မီးရောင် ဝိပ္ပယုတ္တ ဖြစ်ပုံတည်။)</p>
<p>ရေနှင့် ရေ၌ထင်သော လူရိပ်, မှန်နှင့် မှန်၌ထင်သော မျက်နှာ ရိပ်-စသည်တို့လည်း ဝိပ္ပယုတ္တမျိုး တို့ပင်တည်း၊ ထို့ အတူ နာမှု-ဟူသော နာမက္ခန္ဓာ ၄-ပါးတို့သည် ခြေတစ်ခုလုံး အနှံ့အပြား အတွင်းအပြင် ဖြစ်ပေါ်၍ ၁-ရက် ၂-ရက် စသည် ဒဏ်ထိမှု ဖဿ မပြေမပျောက်သမျှ ကာလပတ်လုံး ဖြစ်ပေါ်၍ နေကြကုန်သော်လည်း ဝိပ္ပယုတ္တပစ္စည်း ပစ္စယုပ္ပန်ချင်း ဖြစ်ကြကုန်၍ ခြေဟူသော ရူပက္ခန္ဓာနှင့် ရောယှက်ငြိ တွယ်ခြင်း မရှိကြကုန်၊ ဖဿ ဖြစ်ပေါ်မှု၌လည်း သဠာယတနပစ္စယာ ဖေဿာ-ဟူ၍ ဟောတော်မူ၏၊ ဤကာယဝိညာဉ် နာမက္ခန္ဓာအရာ၌ ကာယာယတနနှင့် ဖောဋ္ဌဗ္ဗာယတန ၂-ပါး ထိခိုက်မှုဒဏ်ချက်ရှိရာ၌ ကာယသမ္ဖဿ ဖြစ်ပေါ်မြဲတည်း၊ ကာယသမ္ဖဿဖြစ်ပေါ်ရာ၌ ဤနာမှု ဟူသော ကာယသမ္ဖဿဇာဝေဒနာ ဖြစ်ပေါ်မြဲတည်း။</p>
<p>ကာယာယတန ဆိုသည်ကား အတွင်းအပဖြစ်သော ခြေတစ်ခု လုံး၌ တည်ရှိသော ကာယပသာဒ ရုပ်ကြည်ပေတည်း၊ ဖောဋ္ဌဗ္ဗာယတန ဆိုသည်ကား ခက်မာမှု, နူးညံ့မှုဟူသော ပထဝီ ၁-ပါး, ပူမှု အေးမှုဟူသော တေဇော ၁-ပါး, ထကြွလှုပ်ရှားမှု-ဟူသော ဝါယော ၁-ပါး၊ ဟူသော တေဇော ၁-ပါး, ထကြွလှုပ်ရှားမှု-ဟူသော ဝါယော ၁-ပါး၊ ဤဓာတ်ကြီး ၃-ပါးကို ဖောဋ္ဌဗ္ဗာယတန ဆိုသတည်း၊ ထိုဓာတ်ကြီး ၃- ပါးသည်လည်း ခြေတစ်ခုလုံး၌ရှိသော အတွင်းဖောဋ္ဌဗ္ဗကြီး ၃-ပါး, ကြမ်းအပြင် ခြေနှင်းပျဉ်အပြင်-စသော အပသန္တာန်၌ ရှိနေသော အပဖောဋ္ဌဗ္ဗကြီး ၃-ပါး ဟူ၍ ၆-ပါးရျိ၏၊ အပဖောဋ္ဌဗ္ဗကြီး ၃-ပါးသည် ခြေဖဝါး အရေပေါ်မှာရှိသော ကာယာယတန၌သာ ထိခိုက်နိုင်၏၊ အရေပေါ်မှာ ထိခိုက်သည်ရှိသော် ထိခိုက်မှု ဒဏ်ဟုန်ကြေင့် အတွင်း ဖောဋ္ဌဗ္ဗတို့နှင့် အတွင်းကာယာယတနတို့သည် အချင်းချင်း သွက်သွက်ခါ ထိခိုက်ကြလေကုန်၏၊</p>
<p>ခြေဖဝါးပေါ်၌ ပေါလောပေါ်ရှိသော ဖဿတရား, ဝေဒနာ တရားတို့သည်ကား အပဖောဋ္ဌဗ္ဗတို့၏ထိခိုက်မှု ဒဏ်ချက်ကြောင့် ဖြစ်ပေါ်ကြကုန်၏၊ အရေ၏အတွင်း ခြေတစ်ခုလုံး၌ ပေါ်ရှိသော ဖဿ တရား, ဝေဒနာတရားတို့သည်ကား အတွင်းဖောဋ္ဌဗ္ဗတို့နှင့် အတွင်း ကာယပသာဒတို့၏ ထိခိုက်မှုဒဏ်ချက်ကြောင့် ဖြစ်ပေါ်ကြကုန်၏၊ ဤအရမျိုး၌ သဠာယတနပစ္စယာ ဖေဿာ, ဖဿပစ္စယာ ဝေဒနာဟူသော ပဋိစ္စသမုပ္ပါဒ်အချက်ကြီးကိုလည်းကောင်း, ဝိပ္ပယုတ္တပစ္စယောဟူသောပဋ္ဌာန်းအချက်ကြီးကိုလည်းကောင်း ကသိုဏ်းကွက်အသွင် ထင်မြင် ကြကုန်ရာ၏၊</p>
<p>ရေ၌ မီးရောင်တို့၏ ဖြစ်ပေါ်တည်နေမှု, ချုပ်ကွယ်မှုတို့သည် ရေနှင့် ရောယှက်ခြင်း မရှိကုန်သကဲ့သို့လည်းကောင်း၊ ရေ၌ထင်သော မျက်နှာရိ့ပ်, မှန်တွင်ထင်သောမျက်နှာရိ့ပ်တို့၏ ဖြစ်ပေါ်မှု, တည်နေမှု, ချုပ်ကွယ်မှုတို့သည် ရေ-မှန်တို့နှင့် ရောယှက်ခြင်း မရှိကုန်သကဲ့သို့ လည်း ကောင်း ခြေ၌ဖြစ်ပေါ်သော နာမက္ခန္ဓာ ၄-ပါးတို့၏ ဖြစ်ပေါ်တည်နေမှု, သေပျောက်ချုပ်ကွယ်မှုတို့သည်လည်း ရူပက္ခန္ဓာနှင့် ရောယှက်ခြင်း မရှိကြ ကုန်။</p>
<p>၁။ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာဟူသော ပါဠိတော်တစ်ရပ်,<br>
၂။ ဝိပ္ပယုတ္တပစ္စယော--ဟူသော ပါဠိတော်တစ်ရပ်,<br>
ဤပါဠိတော် ၂-ရပ်ကို စိတ်၌ အမြဲစွဲထားကြလေကုန်၊ နာမှုဟူသော ဝေဒနာ ထင်ရှားရာ၌ သိမှု-ဟူသော ဝိညာဉ်သည် မထင်ရှား လှပြီ။</p>
<h3>ဖဿဖြစ်ပေါ်ပုံ</h3>
<p>ဖဿဖြစ်ပေါ်မှု၌ကား ကာယာယတန ၁-ပါး, ဖောဋ္ဌဗ္ဗာယတန ၁-ပါ, ကာယဝိညာဉ် ဟူသော မနာယတန ၁-ပါး, ဤအာယတန ၃-ပါး ပေါင်းဆုံလုံးထွေးမှုကြောင့် ကာယသမ္ဖဿ ဖြစ်ပေါ်၏၊ ကာယသမ္ဖဿ ဖြစ်ပေါ်မှုကြောင့် ကာယသမ္ဖဿဇာ ဒုက္ခဝေဒနာ--ဟူသော နာကျင်မှု ဖြစ်ပေါ်၏၊ ကာယဝိညာဉ်ဆိုသည်ကား လူတို့စွဲလမ်းချက် အလိုအားဖြင့် ထိုကိုယအင်္ဂါတို့၏ သိမှုတည်း၊ အရေတို့၏ သိမှု, အသားတို့၏ သိမှု, အကြောတို့၏ သိမှု, အရိုးတို့၏ သိမှု-စသည်တည်း။</p>
<p>ခြေနာသည်၊ ခြေကျဉ်သည်၊ ခြေညောင်းသည်၊ လက်နာသည်၊ လက်ညောင်းသည်၊ ခေါင်းကိုက်သည်၊ ခေါင်းခဲသည်၊ မျက်စိနာသည်၊ နားနာသည်၊ သွားနာသည်၊ သွားကိုက်သည်၊ မေးရိုးကိုက်သည်၊ လက်ချောင်းနာသည်၊ ပခုံးနာသည်၊ ရင်ဘတ်နာသည်-အစရှိသည်တို့ကို ဆိုသတည်း။</p>
<p>အပြင်းအထန် ပူ၍ ဖျားနာရာ၌ အတွင်းအပတစ်ကိုယ်လုံးပင် ဒုက္ခသဟဂုတ် နာမက္ခန္ဓာ ၄-ပါးတို့ဖြင့် ပြည့်သကဲ့သို့ရှိ၏၊ အဖျားကျ ငြိမ်း၍သွားပြန်လျှင် အကုန်လုံး ချုပ်ကွယ်ကြလေကုန်၏၊ ဤကာယ ဝိညာဉ် သိမှုသည်ကား လောက၌ သိမှုဟူ၍ မထင်ရှား၊ ခြေနာသည်၊ ခြေကျင်သည်၊ ခြေညောင်းသည်၊ လက်နာသည်၊ လက်ကျဉ်သည်၊ လက်ညောင်းသည်၊ အစရှိသည်တို့၌ ပါဝင်နေကြ၏၊</p>
<p>ခြေသည်တစ်စုံတစ်ခု ထိခိုက်လာလျှင် နာတတ်၏၊ ကျဉ်တတ် ၏-ဟူ၍ကား သိကြကုန်၏၊ ထိခိုက်သည်ကို ခြေကသိတတ်၏-ဟု မထင်ကြကုန်၊ မနောနှလုံးကသာသိတတ်သည်ဟု ထင်၍နေကြကုန်၏၊ အဘယ့်ကြောင့်နည်းဆိုသော် - မနောနှလုံးသိ ဖြစ်ပေါ်မှသာ</p>
<p>ပုဂ္ဂိုလ်ပေါ်လေသောကြောင့်တည်း၊ ခြေဖဝါး၌ထိခိုက်မှုသည် မနော နှလုံးတိုင်အောင်ထိခိုက်လာမြဲတည်း၊ ခြေသိ, မနောနှလုံးသိ ဟူ၍ ၂- ချက်ဖြစ်၏၊ ခြေသိကို ကာယဝိညာဉ်ခေါ်သည်၊ မနောနှလုံးသိကို မနော ဝိညာဉ်ခေါ်သည်၊ ရှေးသွားနောက်လိုက် ၂-ပါးအစုံတည်း၊ ထိုတွင် နောက်လိုက်ဖြစ်သော မနောနှလုံးသိပေါ်လာမှ ငါ၏ ခြေ၌ထိသည်ဟု ပုဂ္ဂိုလ်သိ ပေါ်လာသည် ပုဂ္ဂိုလ်ကိုသာ လောက၌ အသိဟု မှတ်ထင်ကြ သည်ဟူလို။</p>
<p>(ဤကား ကိုယ်၏သိမှု, ခြေလက်စသော ကိုယ်အင်္ဂါတို့၏ သိမှု, အရေစသောကောဋ္ဌာသတို့၏ သိမှုဟုဆိုအပ်သော ကာယဝိညာဉ်သည် ပရမတ္ထဓမ္မတို့တွင် အလွန်ထင်ရှားသော ဝိညာဉ်တစ်ပါးဖြစ်ပါလျက် လောက၌ လူတို့အသိဉာဏ်တွင် မထင်ရှားရှိနေကြသည်ဖြစ်၍ ထင်ရှား စေခြင်းငှါ အဖန်တလဲလဲပြဆိုလိုက်သည်၊)</p>
<p><b>နာမက္ခန္ဓာ ၄-ပါး ပြဆိုချက်</b></p>
<p>ဧကန်ဟုတ်မှန်သော ပရမတ္ထအလိုအားဖြင့်မူကား ပုဂ္ဂိုလ်ဟူ၍ လည်းမရှိ၊ ပုဂ္ဂိုလ်၏ အင်္ဂါဖြစ်သော ခြေဟူ၍လည်းမရှိ၊ အရေစသော ကောဋ္ဌာသ ဟူ၍လည်းမရှိ၊ ခန္ဓာ ၅-ပါးသာ အမှန်ရှိ၏၊ သိမှုဟူသမျှသည် ရူပက္ခန္ဓာမျိုး မဟုတ်၊ ဝိညာဏက္ခန္ဓာမျိုးသာဖြစ်၏၊ ခြေစသည်တို့၌ အတိုက်အခိုက် ရှိရာမှာ ဖြစ်ပေါ်၏၊ ထိုသိမှု ဖြစ်ပေါ်ရာတိုင်းမှာ ဝေဒနာက္ခန္ဓာ, သညက္ခန္ဓာ, သင်္ခါရက္ခန္ဓာတို့သည်လည်း လက္ခဏာမကွဲ အမြဲဖြစ် ပေါ်ကြကုန်၏၊ ဤကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါးတို့သည် တစ်ကိုယ်လုံးမှာ ဘယ်နေရာ၌ အမြဲရှိနေကြသည်ဟူ၍မရှိကြကုန်။</p>
<p>အတွင်းဖောဋ္ဌဗ္ဗ,အပဖောဋ္ဌဗ္ဗတို့ ထိခိုက်ရာ ထိခိုက်ရာတိုင်း အတွင်းအပ ကိုယ်အင်္ဂါတို့၌ ခဏခဏ ဖြစ်ပေါ်ကြကုန်၏၊ ထိ ခိုက်မှုဒဏ် ပျောက်တိုင်း ခဏခဏချုပ်ပျောက်ကြကုန်၏၊ လောက၌လည်း ဘယ်နေ ရာက ယခုညောင်း၍လာသည်၊ အညောင်းပျောက်ပြီ၊ နာ၍လာသည်၊ အနာပျောက်ပြီ၊ ကိုက်ခဲ၍ ထုံ၍ ကျဉ်၍လာသည်၊ အကိုက်ပျောက်ပြီ၊ အထုံပျောက်ပြီ၊ အကျဉ်ပျောက်ပြီ၊ ဘယ်နေရာက ပူ၍လာသည်၊ နွေး၍လာသည်၊ အေး၍လာသည်၊ ချမ်း၍လာသည်၊ အပူပျောက်ပြီ၊ အနွေးပျောက်ပြီ၊ အအေးပျောက်ပြီ၊ အချမ်းပျောက်ပြီ-စသည်ဖြင့် ဖြစ်ပေါ်မှု, ချုပ်ပျောက်မှု အာဂန္တု အခြင်းအရာသည် သိမြင်ထင်ရှားကြ လျက် ဖြစ်၏၊</p>
<p>နာမက္ခန္ဓာကြီး ၄-ပါးတို့၏ အမှုဟူ၍သာ မသိကြကုန်သည်၊ ထိုသို့ မသိကြကုန်သည့် အတွက်ကြောင့် ရုပ်ခန္ဓာ, နာမ်ခန္ဓာ ကွဲကြကုန် သည်ဖြစ်၍ မျက်လှည့်သည် ဝိညာဉ်လှည့်စားမှု လှလှရသဖြင့် ပုဂ္ဂိုလ်ဟူ၍, သတ္တဝါဟူ၍, ပုဂ္ဂိုလ်၏ အင်္ဂါဟူ၍, နာတတ်သည်၊ ကျဉ်တတ်သည်၊ နာမှန်းသိတတ်သည်၊ ကျဉ်မှန်း သိတတ်သည် ဟူ၍ ခြေကိုပင် အသက်ရှိသည် ဟူ၍, အရှင်ဟူ၍, လက်ကိုပင် အသက်ရှိသည် ဟူ၍, အရှင်ဟူ၍ ထိုထို အင်္ဂါကိုပင် အသက်ရှိသည်သိ၍, အရှင်ဟူ၍ မဟုတ်မမှန် ဖောက်ပြန် စွဲလမ်း၍ နေကြ ကုန်သည်၊ အလွန်ခက်ခဲ နက်နဲလှသော အရာဖြစ်၍ ကောင်းစွာထင်ရှားအောင် အနည်းနည်း အဖုံဖုံ ဖော်ပြလိုက်သည်၊ အဖန်ဖန်တလဲလဲဟု အပြစ်မတင်ကြကုန်လင့်။</p>
<p>(ဤကား ခြေအင်္ဂါ၌ နာမက္ခန္ဓာ ၄-ပါးကို ပြဆိုချက်တည်း။)</p>
<p>ဤသို့လျှင် ခြေအင်္ဂါ၌ ဖော်ပြသည့်အတိုင်း</p>
<p>၁။ ခြေချင်းဝတ်အင်္ဂါ- အရေပေါ် အရေတွင်း, အသားပေါ် အသားတွင်း, အကြောပေါ်အကြောတွင်း, အရိုးပေါ်အရိုးတွင်းတို့၌ လည်းကောင်း၊<br>
၂။ ခြေသလုံးအင်္ဂါ- ဒူးပုဆစ်အင်္ဂါ-ပေါင်အင်္ဂါ- ဓါးအင်္ဂါဝမ်းအင်္ဂါ အရေပေါ် အရေတွင်း, အသားပေါ် အသားတွင်း, အကြော ပေါ်အကြောတွင်း, အရိုးပေါ်အရိုးတွင်း, အအူပေါ်အအူတွင်းတို့၌ လည်းကောင်း၊<br>
၃။ ရင်အင်္ဂါ-ကျောက်ကုန်းအင်္ဂါ- အရေပေါ်အရေတွင်း, အသား ပေါ်အသားတွင်း, အကြောပေါ် အကြောတွင်း, အရိုးပေါ်အရိုးတွင်း, အသည်းပေါ်အသည်းတွင်း, အဆုတ်ပေါ်အဆုတ်တွင်း, နှလုံးပေါ် နှလုံးတွင်းတို့၌လည်းကောင်း၊<br>
၄။ လည်ပင်းအင်္ဂါ- ဦးခေါင်းအင်္ဂါ- ဦးနှောက်အင်္ဂါ- မျက်လုံး အင်္ဂါ-နားအင်္ဂါ-နှာခေါင်းအင်္ဂါ-ခံတွင်းအင်္ဂါ-လျှာအင်္ဂါ-အရေပေါ် အရေတွင်း, အသားပေါ်အသားတွင်း, အကြောပေါ်အကြောတွင်း, အရိုးပေါ် အရိုးတွင်း တို့၌လည်းကောင်း၊<br>
၅။ လက်ရုံးအင်္ဂါ-လက်မောင်းအင်္ဂါ, အရေပေါ်အရေတွင်း, အသားပေါ်အသားတွင်း, အကြောပေါ် အကြောတွင်း, အရိုးပေါ် အရိုးတွင်းတို့၌လည်းကောင်း ညောင်းမှု-ညာမှု, နာမှု, နင့်မှု, ထုံမှု-ကျဉ်မှု, ကိုက်မှု, ခဲမှု, ပင်မှု-ပန်းမှု, နွမ်းမှု-နယ်မှု, ပူမှု-အေးမှု အစရှိသော အလုံးစုံသော ဒုက္ခသဟဂုတ် ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါး တို့၏ဖြစ် ပေါ်မှု, ချုပ်ပျက်သေဆုံးမှုတို့ကို သိကြလေကုန်။</p>
<p>ဒုက္ခသဟဂုတ် ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါးတို့ကို ပြဆိုချက်ပြီး၏၊</p>
<h3>သုခသဟဂုတ် ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါး</h3>
<p>ယခုအခါ သုခသဟဂုတ် ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါးတို့ကို ပြဆိုပေအံ့။ ပူလှတုန်းအခါ၌ အေးမြလှစွာသော ရေ၏ ထိခြင်း, ချမ်းလှတုန်းအခါ၌ ပူနွေးသောမီးရှိန်၏ထိခြင်းတို့ဖြင့် ခြေဖဝါးအပြင်၌ခံ၍ ခံ၍ကောင်းလှသော သုခဝေဒနာနှင့်တကွ နာက္ခန္ဓာ ၄-ပါးဖြစ်ပေါ်၏၊ ခြေဖဝါးအရေ၌ရှိသော ခက်မာမှု စသည်တို့ကား ရူပက္ခန္ဓာတည်း၊ သိမှု, ခံ၍ကောင်းမှုတို့ကား နာမက္ခန္ဓာတို့တည်း၊ ရူပက္ခန္ဓာနှင့် နာမက္ခန္ဓာ တို့သည် ဝိပ္ပယုတ္တပစ္စည်း, ပစ္စယုပ္ပန် ဖြစ်ကြကုန်၏၊ ပိန်းကြာဖက်အပြင်၌ ကျရောက်တင်နေကုန်သော မိုးရေ မိုးပေါက်တို့သည် ပိန်းကြာဖက်နှင့် ရောနှောခြင်းမရှိသကဲ့သို့ ရုပ်နာမ် ၂-ပါးရောနှောခြင်းမရှိကြကုန်၊ အရေ၌ ခက်မာမှု, ဖွဲ့စည်းမှု, နွေးမှု, တောင့်တမှု, အဆင်း, အနံ့, အရသာတို့ကား တခြား၊ သိမှု, ခံ၍ ကောင်းမှုတို့ကား တခြားတို့သာတည်း။</p>
<p>ထိုသို့ဖြစ်ရာ၌</p>
<p>၁။ <b>ရုပ်ဓမ္မကို မသိကုန်သော ဗာလပုထုဇဉ်တို့သည်ကား</b> ခြေဖဝါး နွေးသည်၊ ခြေဖဝါးအေးသည်-ဟု သိကြကုန်၏၊ ဤသို့ သိခြင်းကား <b>ဒိဋ္ဌိ-သိပေတည်း။</b></p>
<p>၂။ <b>ပညာရှိသိတို့သည်ကား</b> စင်စစ်အားဖြင့် ခြေဖဝါး- ဟူ၍မရှိ၊ ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့သည်သာ ရှိကုန်၏၊ ထိုတွင် ရုပ်ခန္ဓာတို့ သိခြင်း ကိစ္စမရှိကြကုန်၊ ထိုသိခြင်း, ခံ၍ကောင်းခြင်းကိုကား နာမ်ခန္ဓာတို့သာ တည်းဟု သိကြကုန်၏၊ ဤသို့ သိခြင်းကား <b>ဉာဏ်သိပေတည်း။</b></p>
<p>ပညာရှိတို့၏ သိမှု၌လည်း <b>သုတမယဉာဏ်သိ, စိန္တာမယ ဉာဏ်သိ-ဟူ၍ ၂-ပါးရှိ၏၊</b></p>
<p>၁။ အဘိဓမ္မာ ကျမ်းဂန်တို့ကို ကောင်းစွာတတ်လှ၍ သဘော သကန် ကြေလည်ချောမောအောင် ပြောတတ်, ဟောတတ်, ချတတ်၊ ပို့တတ်, ဆုံးဖြတ်တတ်မှု, သိမှုကား <b>သုတမယဉာဏ်သာတည်း</b>, ဤ သိမှုကား ဝိပဿာနာဉာဏ်မျိုး မဟုတ်၊ ပရိယတ္တိဉာဏ်မျှသာတည်း။</p>
<p>၂။ ထိုပရိယတ္တိဉာဏ်၌ တည်၍ ထိုဉာဏ်ဖြင့် သိသည့်အတိုင်း ရှုကြည့်ဖန်များလတ်သော် ထိုခြေဖဝါး ပူနွေးမှု, အေးချမ်းမှုတို့၌ မျက်စိဖြင့် မြင်ဘိသကဲ့သို့ ရုပ်ခန္ဓာတခြား, နာမ်ခန္ဓာတခြား ကွဲကွဲပြားပြား ထင်မြင်မှု သည်ကား <b>စိန္တာမယဉာဏ်သိ ဉာဏ်မြင်၏၊ ဘာဝနာမယဉာဏ်လည်း ဆိုရ၏</b>၊ ဤသိမှု, မြင်မှုသည်သာလျှင် <b>ဝိပဿာနာဉာဏ် မည်၏၊</b></p>
<p>ဤ ဘာဝနာအရာ၌ ဤသို့သော စိန္တာမယဉာဏ် အသိအမြင် ကိုသာ လိုအပ်၏၊ ဤစိန္တာမယဉာဏ်အသိ အမြင်သည်သာလျှင် ဒိဋ္ဌိကို ပယ်သတ်နိုင်၏၊</p>
<p>(ဤကား သုတမယဉာဏ်, စိန္တာမယဉာဏ် ၂-ပါးခြားနားချက်တည်း။)</p>
<p>---</p>
<h3>မိစ္ဆာဒိဋ္ဌိနှင့် သမ္မာဒိဋ္ဌိအမြင်</h3>
<p>ထို <b>ဗာလပုထုဇဉ်တို့ သိမှု</b>, ပညာရှိတို့ သိမှု ၂-ပါးတို့တွင် ရုပ်ခန္ဓာ, နာမ်ခန္ဓာ-ဟု မသိမူ၍ ခြေဖဝါးအပြင် ပူသည်၊ နွေးသည်၊ အေးသည်၊ ချမ်းသာသည်-ဟု သိမြင်မှုကား <b>မိစ္ဆာဒိဋ္ဌိသိမျိုး, မိစ္ဆာဒိဋ္ဌိမြင်မျိုးသာဖြစ်၏</b>၊ <b>နိစ္စသိမျိုး, နိစ္စမြင်မျိုး မည်၏</b>၊ <b>သုခသိမျိုး, သုခမြင်မျိုး မည်၏</b>၊ <b>အတ္တသိမျိုး, အတ္တမြင်မျိုးမည်၏</b>၊ ပရမတ္ထအလိုအားဖြင့် ဖောက်ပြန် မှောက်မှားသော အသိမျိုး, အမြင်မျိုး မည်၏၊</p>
<p>ခြေဖဝါးအပြင်-ဟူသော နိမိတ္တဓမ္မကြီးကို ပယ်ရှား၍ ရုပ်ခန္ဓာ, နာမ်ခန္ဓာကို ခြားနား၍ သိမှု, မြင်မှုသည်ကား <b>သမ္မာဒိဋ္ဌိဉာဏ်သိမျိုး, ဉာဏ်မြင်မျိုးမည်၏</b>၊ <b>အနိစ္စသိမျိုး, အနိစ္စမြင်မျိုးမည်၏</b>၊ <b>ဒုက္ခသိမျိုး, ဒုက္ခမြင်မျိုးမည်၏</b>၊ <b>အနတ္တသိမျိုး, အနတ္တမြင်မျိုး မည်၏</b>၊ လောကအလို, ပရမတ္ထအလို ၂-ပါးအားဖြင့် ဖြောင့်မတ်ဟုတ်မှန်သော အသိမျိုး, အမြင်မျိုး ၂-ပါး ရှိ၏၊</p>
<p>လောကအလိုအားဖြင့် ဖြောင့်မတ်ဟုတ်မှန်ပုံကား ခက်မာမှုသည် သိမှုမဟုတ်၊ သိမှုသည် ခက်မာမှု မဟုတ်၊ ခက်မာမှုကား အမှုတခြား၊ သိမှုကား အမှုတခြား၊ ခက်မာမှုကား ရုပ်မှုတည်း၊ စိတ်ဝိညာဉ် မဟုတ်၊ သိမှုကား စိတ်ဝိညာဉ်မှုတည်း၊ ရုပ်မှုမဟုတ်ဟု ပြောဆိုခဲ့လျှင် လောက၌ အမှုတစ်မျိုးစီ မဟုတ်ဟု မငြင်းနိုင်ကြကုန်လတ္တ့။</p>
<p>---</p>
<h3>နိစ္စသိ, သုခသိ, အတ္တသိ</h3>
<p>ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့ကို ဤကားရုပ်ခန္ဓာ, ဤကားနာမ်ခန္ဓာဟု မသိမူ၍ ၂-ပါးစုံကို ခြေဖဝါးပြုလုပ်၍ သိခြင်းသည် အဘယ်သို့လျှင် နိစ္စသိ, သုခသိ, အတ္တသိ ဖြစ်လေသနည်း-ဟူမူကား ခြေဖဝါးမည်သည် နိမိတ္တဓမ္မမျိုးဖြစ်၍ တစ်သက်လုံးခိုင်မြဲသော နိစ္စဓမ္မမျိုးတည်း၊ သုသာန် သို့ရောက်မှ ဆုံး၏၊ ရုပ်ခန္ဓာ, နာမ်ခန္ဓာ ၂-ပါးကို တစ်သက်လုံး ခိုင်မြဲသော နိစ္စမျိုးဟု သိလျက်ရှိ၏၊ နိစ္စဟူသည်သတ္တဝါတို့၏ အလိုရှိအပ်သော သုခမျိုးဖြစ်၍ ရုပ်ခန္ဓာ,နာမ်ခန္ဓာတို့ကို သုခ-ဟုသိလျက်ရှိ၏၊ အတ္တ ဟူသည် တစ်သက်လုံးခိုင်မြဲသော အနှစ်သာရမျိုးဖြစ်၍ ရုပ်ခန္ဓာ, နာမ် ခန္ဓာတို့ကို ခြေဖဝါး၏ အသားအနှစ် အတ္တ,သာရ-ဟုသိလျက်ရှိ၏၊</p>
<p>---</p>
<h3>အနိစ္စသိ, ဒုက္ခသိ, အနတ္တသိ</h3>
<p>ခြေဖဝါးကိုပယ်ရှား၍ ရုပ်ခန္ဓာ နာမ်ခန္ဓာတို့ကို ခွဲခြမ်း၍ သိမှုသည် အဘယ်သို့လျှင် အနိစ္စသိ, ဒုက္ခသိ, အနတ္တသိမှု ဖြစ်လေသနည်းဟူမူကား ခက်မာမှုကို ရုပ်ခန္ဓာ-ဟုသိခဲ့လျှင် အလုပ်အယှက်မခံ ပျက်တတ် ပြောင်းလဲတတ်သောအနိစ္စမျိုးဟုသိတော့သည်။ ပူမှန်းသိခြင်း, နွေးမှန်းသိခြင်း, အေးမှန်းသိခြင်းကို နာမ်ခန္ဓာ-ဟုသိခဲ့လျှင် သူ့အကြောင်း ဆိုက်တိုက်ရာ ဖြစ်ချည် ပျက်ချည် အတည်မရ အနိစ္စမျိုးဟု ထင်ရှား တော့သည်။</p>
<p>အနိစ္စ-ဟူသည် မရဏမျိုး စင်စစ်ဖြစ်၍ကြောက်လန့်ရသော ဒုက္ခမျိုးဟု သိခြင်းဖြစ်တော့သည်၊ အနိစ္စမျိုးဟူသည် အခိုင်အမာ အနှစ်သာရမျိုးမဟုတ်သည်ဖြစ်၍ ခြေဖဝါးကဲ့သို့ တစ်သက်လုံး ပျက်ခြင်း ပြောင်းလဲခြင်းမရှိဘဲ ပကတိအနေနှင့်တည်နေနိုင်သော အနှစ်အသာရ အတ္တ, ဇီဝမျိုးမဟုတ်ဟုသိမြင်နိုင်တော့သည်။</p>
<p>(ဤကား ဒုက္ခသဟဂုတ်၌ ပြဆိုခဲ့သမျှသော အလုံးစုံတို့ကို အကုန်ဆက်၍သိကြလေ။)</p>
<p>---</p>
<p>ခြေကိုသာယာစွာပွတ်မှု, နှိပ်မှု,သပ်မှု,နယ်မှု, ကိုင်မှု,ထိမှု,<br>
ချောမွေ့ညံ့သက်သော အဝတ်အရံထိမှု, ဖျာရိုင်သင်ဖြူး အခင်းအခင်း အနှီး ထိမှု, ချောမွေ့ညံ့သက်သော အေးချမ်းသော လမ်းမြေ, သဲမြေ ရွှံ့မြေထိမှု-စသည်တို့၌လည်း ခံသာမှု, ခံကောင်းမှု-ဟုဆိုအပ်သောခြေ အရသာတို့သည် ဖြစ်ပေါ်ကုန်၏၊ ထိုခြေအရသာတို့သည် သုခသဟဂုတ် ကာယဝိညာဉ်နာမက္ခန္ဓာ ၄-ပါးတို့ပေတည်း၊ ခြေအင်္ဂါအရေပေါ် အရေ တွင်း အသားပေါ်, အသားတွင်း အကြောပေါ်, အကြောတွင်း အရိုး ပေါ်, အရိုးတွင်း အလုံးစုံတို့၌ ဣဋ္ဌဖြစ်ကုန်သော အပဖောဋ္ဌဗ္ဗ, အတွင်း ဖောဋ္ဌဗ္ဗတို့၏ ထိတွေ့မှုတို့ကြောင့် ထင်ရှား, မထင်ရှားသော ခြေအရသာ ဖြစ်ပေါ်မှု, ချုပ်ပျက်မှုတို့ကို အကုန်အစင်သိမြင်ကြလေကုန်၏၊</p>
<p>ထိုနည်းအတူ ခြေချင်းဝတ်အင်္ဂါ အရေ, အသား, အကြော, အရိုး အလုံးစုံတို့၌ သုခသဟဂုတ် ကာယဝိညာဉ် နာမက္ခန္ဓာဟူသော အရသာ ပေါ်မှု၊ ခြေသလုံးအင်္ဂါ-ပေါင်အင်္ဂါ ခါးအင်္ဂါ အရေ,အသား, အကြော, အရိုး, အလုံးစုံတို့၌ သုခသဟဂုတ် ကာယဝိညာဉ်နာမက္ခန္ဓာ-ဟူသော အရသာပေါ်မှု၊ ဝမ်းအင်္ဂါ, ရင်အင်္ဂါ, ကျောက်ကုန်းအင်္ဂါ အအူတွင်း အသည်းတွင်း အဆုတ်တွင်း နှလုံးတွင်းတို့၌ သုခသဟဂုတ် ကာယ ဝိညာဉ် နာမက္ခန္ဓာ-ဟူသော အရသာပေါ်မှု၊ ဦခေါင်းအင်္ဂါ, မျက်နှာအင်္ဂါ, ခံတွင်း,အရေ, အသား, အကြော, အရိုးအလုံးစုံတို့၌ သုခသဟဂုတ် ကာယဝိညာဉ် နာမက္ခန္ဓာ-ဟူသော အရသာပေါ်မှု,ပျက်မှုတို့ကိုလည်း အကုန်မြင်ကြလေ။</p>
<p>---</p>
<h3>ခွေး, ကျီး, လင်းတ - ဥပမာ</h3>
<p>လောက၌ ခွေး, ကျီး, လင်းတတို့သည် မိမိတို့ ကိုယ်တွင်း၌ မကောင်းသော ဝဋ်ဝိပါက် အမြဲတိုက်တွန်းမှုကြောင့် အလွန်စက်ဆုပ် ဖွယ်ရှိသော လူသေပုပ်, နွားသေပုပ်, ခွေးသေပုပ်တို့ကိုပင် အလွန်ခုံမင် စုံမက် မြိန်ရှက်မြတ်နိုးကြကုန်၏၊ ထို့အတူ ဤသတ္တဝါအပေါင်းတို့သည် ထိုကိုယ်အင်္ဂါ အရသာကြီးကို အလွန်ခင်မင် စုံမက်မြိန်ရှက်လှသော ကာမတဏှာ-ဟူသော အကုသိုလ် ဝဋ်ဆိုးကြီး အမြဲတိုက်တွန်းမှုကြောင့် အပုပ်ကောင်, အညှီကောင်,အနံအစော်ကောင်ကြီးမှန်း ကြောင်ကြောင် သိမြင်ကြပါကုန်လျက် အချင်းချင်းအလွန်ခင်မင် မြိန်ရှက်ကြလေကုန်၏၊</p>
<p>---</p>
<h3>နူနာရောဂါသည်ကြီး ဥပမာ</h3>
<p>တစ်ကိုယ်လုံး ရွှဲရွှဲစို ကျိုက်ကျိုက်ဆူ နူနာကြီးရှိသောသူအား တစ်ကိုယ်လုံး ပိုးတွေကိုက်၍ အမြဲယားယံမှု ဒုက္ခကြီး ၁-ပါး၊ ပိုးစား၊ ပိုးချေး၊ သွေးပုပ်ပြည်ပုပ်တို့အတွက် အမြဲချမ်းမှု ဒုက္ခကြီး ၁-ပါး၊ ဤဒုက္ခကြီး ၂-ပါး အမြဲရှိနေ၏၊ အလွန်ပူအိုက်သော ကဆုန် နယုန် ဝါဆို ဝါခေါင်အခါတို့၌ပင် ရဲရဲငြိသော ရှားမီကြီး မီးအိုးကင်းကြီးကို မလွှတ်နိုင်၊ ကိုယ်တွင်းအသဲနှလုံးတွင်းတို့မှ ပိုးတွေလှုပ်ကြွသဖြင့် အလွန်ယားယံမှု, ခိုက်ခိုက်တုန်ချမ်းအေးမှု ဖြစ်လာတိုင်း ရှားမီးကျီးမီး အိုးကင်းသို့ချဉ်ကပ်၍ မီးအိုးကင်းကြီးနှင့် လုံးထွေးမိမှ အယားအယံ အတုန်အချမ်း ပြေ၍ နေသာထိုင်သာ ချမ်းသာသုခကို ရလေ၏၊</p>
<p>ထို့အတူ သတ္တဝါအပေါင်းတို့မှာလည်း ထိုကိုယ်အင်္ဂါအရသာကြီး အနမတဂ္ဂ သံသရာ၌ ဘဝအဆက်ဆက် ရွှဲရွှဲစို ကျိုက်ကျိုက်ဆူပွါး စည်း၍လာခဲ့သော ကာမတဏှာ နူနာစိုကြီးသည် ရှိနေကြ၏၊ ပြဆိုခဲ့ပြီး သောကိုယ်အင်္ဂါ အရသာကြီးမူကား ထိုတဏှာနူနာကို လွန်စွာပွါးစီးစေ နိုင်သော အစာဟာရကြီးပေတည်း၊ ထိုနူနာရောဂါကြီးသည် ရှားမီးကျီး မီးအိုးကင်းကြီးကို အမြဲကိုးကွယ်ရာပြု၍ နေရဘိသကဲ့သို့ ကာမတဏှာ နူနာရောဂါသည်ကြီးတွေဖြစ်၍ နေကြကုန်သော သတ္တဝါတို့သည်လည်း ကာမဝတ္ထု ကာမအထည်ကြီးတွေကို အမြဲကိုးကွယ်ရာပြု၍ ထားကြရ ကုန်၏၊</p>
<p>နွေလအခါ၌ ရှားမီးကျီးမည်သည် မြင်ရုံမျှနှင့်ပင် အလွန်ပူ အိုက်ခြင်း ဒုက္ခကိုသာ ဖြစ်ပွါးစေတတ်၏၊ အေးချမ်းခြင်း သုခကို မဖြစ်စေတတ်၊ ထို့အတူ ထိုကိုယ်အင်္ဂါအရသာကို ခံစားဖက်ဖြစ်သော ကာမဝတ္ထု ကာမအထည်တို့မည်သည် မြင်ရုံမျှနှင့်ပင်ကာမတဏှာ ကိလေသာအပူ အအိုက်ကိုဖြစ်ပွါးစေနိုင်ကုန်၏၊ ကာမတဏှာ ကိလေသာ အပူ၏ အေးငြိမ်းခြင်းကို မဖြစ်စေတတ်ကုန်။</p>
<p>ရှားမီးကျီးမည်သည် ပေါင်းဖက် ရောယှက်လာသော ဝတ္ထုမျိုး တို့ကို အကျိုးမဲ့ အချည်းနှီး ပြာမှုန့်ဖြစ်အောင် အကုန်အပြောင် လောင် ကျွမ်းစေတတ်၏၊ ထို့အတူ ထိုအင်္ဂါအရသာကို ခံစံဖက်ဖြစ်ကုန်သော ကာမဝတ္ထု, ကာမအထည်တို့သည်လည်း ပေါင်းဖက်အပ် ရောယှက် မိသောသူတို့ကို ယခုဘဝတွင်း အလွန်မြင့်မြတ်လှစွာကုန်သော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်ကြီးတို့မှ အပဖြစ်၍ သေသည်၏ အခြားမဲ့၌ ခွေး, ဝက်, ကြက်, ငှက်, သန်း, ကြမ်းပိုး, ပိုးလောက်, ပိုးမွှားစသော သေးနုပ် စုတ်ဖွဲလှသော ဘဝသို့ရောက်လေအောင် အကုန်အပြောင် လောင်ကျွမ်း စေတတ်ကုန်၏၊</p>
<p>(ဤကား ကာမဝတ္ထု, ကာမအထည်တို့နှင့် ရောယှက်မိသော အခါ ကိုယ်အင်္ဂါအတွင်း၌ လျှပ်စစ်ပျက်သကဲ့သို့ ခဏခဏဖြစ်ပေါ်ကြကုန် သော သုခသဟဂုတ် ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါးဟုဆိုအပ်ကုန်သော ကိုယ်အင်္ဂါ အရသာကြီးတို့၏ အပြစ်ဒေါသ အမြွက်မျှပြဆိုချက်တည်း၊)</p>
<p>သုခသဟဂုတ်ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါးကိုပြဆိုချက် ပြီး၏၊</p>
<p>---</p>
<h3>ဇိဝှါဝိညာဉ် နာမက္ခန္ဓာ ၄-ပါး</h3>
<p>ယခုအခါ လျှာ၏သိခြင်း, လျှာ၏သိမှု, လျှာ၏အသိဟုဆိုအပ် သော ဇိဝှါဝိညာဉ်နာမက္ခန္ဓာ ၄-ပါးကို ပြဆိုပေအံ့၊ ချဉ်လှစွာသော အရသာတခုဖြင့် လျှာတစ်ပြင်လုံးကို တို့၍စမ်းသည်ရှိသော် ချဉ်မှန်းသိမှု ဖြစ်ပေါ်လာရာ လျှာအစုသည် ဇိဝှါဝိညာဉ်နှင့်တကွသော နာမက္ခန္ဓာ ၄-ပါးတို့ဖြစ်ရာဌာနပေတည်း။</p>
<p>ဇိဝှါဝိညာဉ်ဆိုသည်ကား လောကအလိုအားဖြင့် လျှာ၏သိမှု ဆိုလိုသည်၊ အဘိဓမ္မာအလိုအားဖြင့် လျှာ၌ဖြစ်ပေါ်သော သိမှုဆို လိုသည်၊ ပုဂ္ဂိုလ်၏ သိမှုကားမဟုတ်သေး၊ ထိုလျှာ၏သိမှုပေါ်သည်မှ နောက်၌ မနောနှလုံး၏ သိမှုကြီးသည် ဆက်လက်၍ ဖြစ်ပေါ်၏၊ ဤမနောနှလုံးသိမှုကြီးဖြစ်ပေါ်သောအခါမှ ပုဂ္ဂိုလ်သိ ဖြစ်ပေါ်လာ၍ ချဉ်သည်၊ ချိုသည်-ဟုပုဂ္ဂိုလ်သိ သိ၏၊ ယောက်မသည် အသက်ထက်ဆုံး ဟင်းအိုးကို မွေ၍နေသော်လည်း ဟင်း၏အရသာကို ချိုသည် ချဉ်သည်ဟူ၍မသိတတ်၊ လျှာသည်တစ်ကြိမ် တစ်ခါမျှပင်ဟင်းနှင့် ပေါင်းမိသော် လည်း ဟင်း၏အရသာကို ချိုသည်၊ ချဉ်သည် ဟုသိတတ်၏ဟူ၍ လာသော ဥပမာစကား၌ လျှာသည်အချို အချဉ် စသောအရသာမျိုးကို သိတတ်၏-ဟု ဟောတော်မူ၏၊ ဤလျှာ၏သိမှုသည် လျှက်မှု၌ အတွင်း ဝင်လျက်ရှိ၏၊</p>
<p>ဇိဝှါဝိညာဉ် နာမက္ခန္ဓ ၄-ပါးနှင့် ကာယဝိညာဉ် နာမက္ခန္ဓာ ၄- ပါးမှာ ဤလျှာအပြင်၌ ထမင်းပူ, ထမင်းအေး စသည်တို့ကို သိသော ကာယဝိညာဉ်သည်လည်း ဖြစ်ပေါ်၏၊ အရသာမျိုးကိုသိသည်ကား ဇိဝှါဝိညာဉ်နာမက္ခန္ဓာ ၄-ပါးတည်း၊ လျှာပေါ်၌ ရောက်လာသော ဝတ္ထုတို့ကို နူးညံ့သည်၊ ကြမ်းတမ်းသည်၊ ပူသည်၊ အေးသည်၊ ရွသည်၊ မွသည်၊ လှုပ်ရှားသည်-အစရှိသော သိမှု, လျှာနာမှု, လျှာယားမှု, လျှာချမ်းသာမှု, လျှာမချမ်းသာမှု-စသည်တို့ကား ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါးတည်း၊ ဤသို့ သိမှုသာကွဲသည်၊ ဖြစ်ရာဌာနကား မကွဲကြ။</p>
<p>ဤသို့လျှင် လျှာသည် နာမက္ခန္ဓာ ၄-ပါး ၂-စုံတို့၏ဖြစ်ပေါ်ရာ ဖြစ်ပေသောကြောင့် လျှာသည် အချို,အချဉ်-စသော အရသာမျိုးတို့ကို လည်းသိတတ်၏၊ အနုအကြမ်း-စသော ဖောဋ္ဌဗ္ဗာမျိုးတို့ကိုလည်း သိတတ်၏-ဟုပြောဆိုကြရာ၏၊ ပရမတ္ထအားဖြင့်မူကား လျှာဟူ၍ပင်မရှိ၊ ခန္ဓငါးပါးသာရှိ၏၊ ခက်မာမှုသည်ရှိ၏၊ ဖွဲ့စည်းမှုသည်ရှိ၏၊ ပူနွေးမှု သည်ရှိ၏၊ တောင့်တင်းမှု,လျော့ရဲမှုသည်ရှိ၏၊ အဆင်းဓာတ်ရှိ၏၊ အနံ့ဓာတ်ရှိ၏၊ အရသာဓာတ်ရှိ၏၊ ဤအမှု ဤဓာတ်စုသည် ရူပက္ခန္ဓာ မည်၏၊ ဤရူပက္ခန္ဓာ၏အမှုသည်ကား အသီးအခြားတည်း၊ ထိုနာမက္ခန္ဓာ တို့၏ကိစ္စတို့ကား အသီးအခြားတို့တည်း၊ အရသာမျိုးကိုသိမှုသည် ထိုထိုအချိုမျိုး, အချဉ်မျိုး-စသော အာဟာရဝတ္ထုတို့ကို လျှာပေါ်သို့တင် သောအခါမှ ဖြစ်ပေါ်လာကြကုန်၏၊ လျှာပေါ်၌ ထိုဝတ္ထုမျိုးတို့ မရှိပြန်လျှင် ချုပ်ပျောက်ကြကုန်၏၊ ဖောဋ္ဌဗ္ဗသိတို့လည်း ထို့အတူတည်း။</p>
<p>ထိုသို့ဖြစ်ရာ၌ ရုပ်ခန္ဓာမှန်း နာမ်ခန္ဓမှန်း မသိကြကုန်သော ဗာလ ပုထုဇဉ်တို့သည်ကား ရုပ်ခန္ဓာစကို လျှာဟု တစ်ခုတည်းပြု၍ ထိုသိမှုကို နာမ်ခန္ဓာဟုမခြားနားဘဲ လျှာ၏ကိစ္စပြု၍ လျှာသိသည်ဟု မြင်ကြကုန်၏၊ ၍အမြင်ကား ဒိဋ္ဌိတည်း၊ နိစ္စအမြင်, သုခအမြင်, အတ္တအမြင်, ဇီဝ အမြင်တည်း၊ လျှာဟူသောအသိကိုပယ်ရှား၍ ရုပ်ခန္ဓာ, နာမ်ခန္ဓာ ခြားနား၍သိမှုကား ဉာဏ်သိ ဉာဏ်မြင်ပေတည်း-အနိစ္စမြင်, ဒုက္ခမြင်, အနတ္တမြင်, နိဇ္ဇီဝ, နိဿတ္တ အမြင်ပေတည်း၊ အကြောင်းယုတ္တိ ကိုကား ကာယဝိညာဉ် ၂-ပါး၌ဆိုခဲ့ပြီ။</p>
<p>ဤ၌လျှာအရသာသည် သုခသဟဂုတ် ကာယဝိညာဉ် နာမက္ခန္ဓာ ဟူသော အရသာတစ်မျိုး, ဇိဝှါဝိညာဉ် နာမက္ခန္ဓာဟူသော အရသာတစ်မျိုး ဟူ၍ ၂-မျိုးရှိ၏၊ ထိုတင်ကာယဝိညာဉ် နာမက္ခန္ဓာဟူသော လျှာအရသာ သည်ကား ကိုယ်အင်္ဂါအရသာကြီး၌ ပါဝင်လေပြီ၊ ဇိဝှါဝိညာဉ် နာမက္ခန္ဓာ ဟူသော အရသာကြီးကားကျန်ရှိ၏၊ ဤအရသာကြီးကိုလည်း သတ္တဝါတို့သည် လွန်စွာလိုက်စားကြကုန်၏၊ ဆေးအပြတ်မခံနိုင်ရှိကြကုန် ၏၊ ရသတဏှာကို ဝဋ်ဆိုးကြီး နူနာကြီးပြု၍ ထိုက်သည်အားလျော်စွာ ဥပမာ ဥပမေယျ ၂-ရပ်တို့ကိုလည်းသိကြလေ။</p>
<p>ဇိဝှါဝိညာဉ် နာမက္ခန္ဓာ ၄-ပါးကိုပြဆိုခန်း ပြီး၏၊</p>
<p>---</p>
<h3>ဃာနဝိညာဉ် နာမက္ခန္ဓာ ၄-ပါး</h3>
<p>နှခေါင်း၏သိခြင်း, နှာခေါင်း၏သိမှု, နှာခေါင်း၏ အသိဟုဆိုအပ် သော ဃာနဝိညာဉ် နာမက္ခန္ဓာ ၄-ပါး၌ နှာခေါင်း၏ အတွင်းဓာတ်သည် ဃာနဝိညာဉ် နာမက္ခန္ဓာ ၄-ပါးဖြစ်ပေါ်ရာဌာနတည်း၊ ဤ၌လည်း ကာယ ဝိညာဉ် နာမက္ခန္ဓာ ၄-ပါး, ဃာနဝိညာဉ် နာမက္ခန္ဓာ ၄-ပါး ၂-စုံရ၏၊ အကြမ်းအနု,အပူအအေး,အလုပ်အရှားတို့နှင့် နှာခေါင်းတို့၏ တွေ့ထိမှု တို့ကြောင့် ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါးဖြစ်ပေါ်လာ၏၊ အတွင်းမှ ဖြစ်သောအနံ့ အပမှဖြစ်သောအနံ့တို့၏ ထိခိုက်မှုကြောင့် ဃာနဝိညာဉ် နာမက္ခန္ဓာ ၄-ပါးဖြစ်ပေါ်၏၊ ဃာနဝိညာဉ်၏ သိမှုကိုကား နံသည်, မွှေးသည်ဟုခေါ်၏၊</p>
<p>ဤသို့ နှာခေါင်းသည် နာမက္ခန္ဓာ ၄-ပါး ၂-စုံတို့၏ ဖြစ်ရာဌာန ဖြစ်သောကြောင့် နှာခေါင်းသည် အနံ့အမျိုးမျိုးကိုလည်း နံတတ်၏၊ အနုအကြမ်းစသော ဖောဋ္ဌဗ္ဗမျိုးကိုလည်း သိတတ်၏ဟု ပြောဆိုရာ၏၊ ပရမတ္ထအားဖြင့်မူကား နှာခေါင်းဟူ၍ပင် မရှိ၊ ထိုနေရာ၌ဖြစ်သော ခန္ဓာ ၅-ပါးသာရှိ၏၊ ဇိဝှါဝိညာဉ် နာမက္ခန္ဓာ၌ကဲ့သို့ ရုပ်ခန္ဓာ, နာမ်ခန္ဓာခွဲနည်း, ဒိဋ္ဌိသိခွဲနည်း, နိစ္စ,သုခ,အတ္တ,၊ အနိစ္စ,ဒုက္ခ, အနတ္တ ခွဲနည်းတို့ကို ခွဲခြမ်း၍ သိကြလေ၊ ဇိဝှါဝိညာဉ်နည်းတူ သိကြလေ။</p>
<p>ဃာနဝိညာဉ် နာမက္ခန္ဓာ ၄-ပါးကို ပြဆိုချက်ပြီး၏၊</p>
<p>---</p>
<h3>သောတသိညာဉ် နာမက္ခန္ဓာ ၄-ပါး</h3>
<p>နား၏သိခြင်း,နား၏သိမှု,နား၏အသိ-ဟူသောသောတဝိညာဉ် နာမက္ခန္ဓ ၄-ပါး၌ နား၏အတွင်းအရပ်သည် ဤနာမက္ခန္ဓာ ၄-ပါး၏ ဖြစ်ရာဌာနတည်း၊ ကာယဝိညာဉ်နာမက္ခန္ဓာ ၄-ပါး၏ ဖြစ်ရာဌာနလည်း ဖြစ်၏၊ နာမက္ခန္ဓာ ၂-စုံရ၏၊ နားသည် ဖောဋ္ဌဗ္ဗမျိုးတို့ကိုလည်း သိတတ်၏၊ အသံအမျိုးမျိုးတို့ကိုလည်း ကြားတတ်၏-ဟုပြောဆိုရာ၏၊ သောတ ဝိညာဉ်ကိုကြားသည်-ဟုခေါ်၏၊ ထိုထိုအသံကို သိကြရာ၌ နားသိ, မနော နှလုံးသိ, ပုဂ္ဂိုလ်သိ ခွဲမြဲခွဲလေ၊ ပရမတ္ထအားဖြင့်မူကား နားဟူ၍ပင်မရှိ၊ ထိုနေရာ၌ ဖြစ်သောခန္ဓာ ၅-ပါးသာရှိ၏၊ ရုပ်ခန္ဓာ နာမ်ခန္ဓာ ခွဲလေ။</p>
<p>ရုပ်ခန္ဓာကား ထိုနေရာ၌ မြစ်ရေအလျဉ်ကဲ့သို့ အစဉ်မပြတ်ဖြစ်၍ နေ၏၊ နာမ်ခန္ဓာ ၄-ပါတို့ကား ထိုထိုအသံမျိုး ထိခိုက်ဆဲအခါ၌သာ ဖြစ်ပေါ်ကြကုန်၏၊ ထိုထိုအသံပြတ်စဲပြန်လျှင် ထိုနေရာ၌ပင်လျှင် နာမ်၏ သေဆုံးခြင်းဖြင့် သေဆုံးချုပ်ပျက်ကြကုန်၏၊ ဓာတ်၏သေဆုံးခြင်း, ဓမ္မ၏ သေဆုံးခြင်းဖြင့် သေဆုံးချုပ်ပျက်ကြလေကုန်၏၊ တစ်နာရီ အတွင်းမှာ အသံအမျိုးမျိုးကို အခါခါကြားရာ၌ သူ့အသံနှင့်သူ့နာမက္ခန္ဓာစု အခါခါဖြစ်ပေါ်၍ အခါခါပျက်ဆုံးကြကုန်၏၊</p>
<p>---</p>
<h3>နမောတဿ--ပြောဆိုချက်</h3>
<p>စကားပြောဆိုသံကိုကြားရာ၌ စကားမည်သည် အက္ခရာတစ်လုံး တစ်လုံး စီစဉ်၍ပြောရာ၏၊ အက္ခတို့သည် အစဉ်အတိုင်း ချုပ်ပျောက် ကုန်၏၊ နောက်နောက်အက္ခရာပေါ်လာလျှင် ရှေးရှေးအက္ခရာမရှိပြီ၊ နား ထောင်သူတို့၏နား၌ သောတဝိညာဉ် နာမက္ခန္ဓာ ၄-ပါးတို့သည် သူ့ူ့ အက္ခရာနှင့်သူ အစဉ်အတိုင်းဖြစ်ပေါ်၍ အစဉ်အတိုင်း ချုပ်ဆုံးကြကုန်၏၊ “နမောတဿ''ဟူသော ရွတ်ဆိုသံကို ကြားနာရာ၌ န-ဟူသောအသံ အက္ခရာသည် နားတွင်း၌ ထိခိုက်၏၊ ထိခိုက်မှု ဒဏ်ကြောင့် သောတ ဝိညာဉ် နာမက္ခန္ဓာ ၄-ပါးဖြစ်ပေါ်ရ၏၊ န-ဟူသော အသံကိုစွဲ၍ ဖြစ်ပေါ် သော နာမက္ခန္ဓာသည် ထိုအသံချုပ်ဆုံးလျှင် ချုပ်ဆုံးမြဲဖြစ်၏၊ န-အသံ ချုပ်ဆုံးလျှင် န-အသံကိုကြားမှုလည်း ပျောက်ကွယ်သည်ဟု လောက၌ လည်း ထင်ရှားပါ၏၊ လောက၌ နား၏ ကိစ္စအခွင့်မည်သည် အလွန်ကြီး ကျယ်၏၊ နား၌ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝ,နိစ္စ, သုခ, အတ္တစွဲလမ်းချက် အလွန်သန်၏၊</p>
<p><b>စောဒနာရန်ရှိသည်ကား</b>--နားကိုပုဂ္ဂိုလ်ဟူ၍,သတ္တဝါဟူ၍ စွဲလမ်းမှုမရှိပါ၊ ပုဂ္ဂိုလ်၏ အင်္ဂါ, သတ္တဝါ၏ အင်္ဂါဟူ၍သာ စွဲလမ်းပါ သည်ဟုဆိုရန်ရှိ၏၊</p>
<p><b>အဖြေကား</b>--ငါကြားသည်ဟုစွဲလမ်းမှု, နားသည်ကြားတတ် သည်ဟုစွဲလမ်းမှုသည် နားကိုပုဂ္ဂိုလ်ဟူ၍, သတ္တဝါဟူ၍ စွဲလမ်းမှုပင် တည်း၊ ထို့အတူ ခြေသန်း, လက်သန်း၌ ထိခိုက်၍နာသည်ရှိသော် ငါ နာသည်ဟုစွဲလမ်းမှုသည် ခြေသန်း, လက်သန်းကို ပုဂ္ဂိုလ်-ဟူ၍ စွဲလမ်းမှုပင်တည်း။</p>
<p>ယုတ်စွအဆုံး မုတ်ဆိတ်ကြင်စွယ်-ဟူသော မွေးညင်းကို နုတ်ပယ်ရာ၌ မွေးညင်း၏ အရင်းအဖို့သည် ကာယပသာဒရုပ်ရှိ၏၊ နာတတ်၏၊ ထိုနာမူ ငါနာသည်ဟုစွဲလမ်းမှုသည် တစ်ခုတစ်ခုသော မွေးညင်းကို ပုဂ္ဂိုလ်ဟူ၍ သတ္တဝါဟူ၍ စွဲလမ်းမှုပင်တည်း၊ မွေးညင်းပေါင်း ၉-သောင်း ၉-ထောင်ရှိသည်ဟူရကား မွေးညင်း အရေအတွက် ပုဂ္ဂိုလ်, သတ္တဝါစွဲလမ်းချက် ၉-သောင်း ၉-ထောင်ရှိ၏၊ မိမိ မိမိစွဲလမ်း၍ နေမှုကိုပင် မိမိ မရေလည်၍ စောဒနာခြင်းသာဖြစ်သည်ဟုဖြေလေ။</p>
<p>ပုဂ္ဂိုလ်၏ အင်္ဂါဖြစ်၍ ပုဂ္ဂိုလ်မဟုတ်ဟု အစိတ်စိတ်နုတ်ပယ်၍ ထားခဲ့လျှင်တစ်ကိုယ်လုံး အင်္ဂါချည်းဖြစ်၍ ကုန်ရာ၏၊ ပုဂ္ဂိုလ်သတ္တဝါပင် မရှိရာပြီ၊ ထို့ကြောင့် ထိုထိုဝိညာဉ်၏ဖြစ်ရာဌာန, သိတတ်ရာဌာန, အသက် ရှိသည်၊ အရှင်ဖြစ်သည်ဟု မှတ်ယူရာဌာန အလုံးစုံသည် ပုဂ္ဂိုလ်လည်း ဟုတ်၏၊ သတ္တဝါ၏ အင်္ဂါလည်းဟုတ်၏၊ အတ္တလည်း ဟုတ်၏၊ ဇီဝလည်း ဟုတ်၏ဟု လောကအလိုကိုသိအပ်၏၊ ပုဂ္ဂိုလ်သတ္တဝါ ဟု စွဲလမ်းမှုသည် နိစ္စ, သုခ, အတ္တ, ဇီဝ-ဟုစွဲလမ်းမှုပင်တည်း၊ တဏှာ, မာန, ဒိဋ္ဌိ ၃-ပါး တို့၏အမှုချည်းသာတည်း၊ ကြားတတ်သောဒြဗ်, နားသဏ္ဌာန်-ဟူ၍မရှိ။</p>
<p>ထိုနေရာ၌ အစဉ်ဖြစ်ပွါး၍ နေသောခက်မာမှုသည်ကား ရူပက္ခန္ဓာသာတည်း၊ ထိုရူပက္ခန္ဓာသည် ကြားတတ် သိတတ်သောတရား မျိုးမဟုတ်၊ ကြားမှု, သိမှုသည်ကား ထိုနေရာ၌ အသံထိခိုက်ဆဲအခါ ဖြစ်ပေါ် လာသော နာမ်ခန္ဓာ ၄-ပါးသာတည်း၊ နား၌ ခန္ဓာ ၅-ပါးသာရှိ၏ဟုသိမှု, မြင်မှုသည် ဉာဏ်သိဖြစ်၏၊ အနိစ္စသိ, ဒုက္ခသိ, အနတ္တသိ, နိဿတ္တ, နိဇ္ဇီဝသိဖြစ်၏၊ အကြောင်းယုတ္တိကိုမူကား ကာယဝိညာဉ်၌ ပြဆိုခဲ့သည့်အတိုင်း သိလေ။</p>
<p>---</p>
<h3>နားအရသာ ၂-မျိုး</h3>
<p>နားအရသာသည်လည်း ၂-မျိုးရှိ၏၊ ထိုတွင် သုခသဟဂုတ် ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါးဟူသော အရသာသည် ကိုယ်အင်္ဂါ အရသာကြီး၌ ပါဝင်လေပြီး၊ သာယာသောအသံကိုလည်းကောင်း, မိမိအလိုရှိသော စကားမျိုးကိုလည်းကောင်း, ကြားသောအခါ၌ ခံစားရ သော နားအရသာသည်ကား သောတဝိညာဉ် နာမက္ခန္ဓာ ၄-ပါးပေတည်း၊ ဤနားအရသာကိုလည်း သတ္တဝါတို့သည် လွန်စွာလိုက်စားကြကုန်၏၊ စကားပြောဖော် စကားပြောဖက်နှင့်ကင်း၍ ဆိပ်ငြိမ်ရာ၌ တစ်ကိုယ်ရေ တစ်ကာယ နေထိုင်ခြင်းငှါပင် မတတ်နိုင်ရှိကြကုန်၏၊ အဖော်နှင့်ကင်း၍ နားဆိတ်ဆိတ်နေရလျှင်ပင် ငြီးတောက်ခြင်း ငြီးငွေ့ခြင်း ဖြစ်ကြကုန်၏၊ ရောက်မိရောက်ရာ စပ်မိစပ်ရာ သမ္ဖပ္ပလာပ စကားမျိုးကိုပင် ကြားနာ၍ နေရမှ အငြီးပြေကြကုန်၏၊ ဤသောတအရသာကြီးသည် လောက၌ အငြီးပြေ ခံစားဖွယ်ကြီး တစ်ပါးပင်တည်း၊ ခွေး, ကျီး, လင်းတ, ဥပမာ နူနာရောဂါသည်ကြီးသည် ဥပမာတို့ကိုလည်း ဤ၌ထိုက်သည့်အားလျော် စွာ သိကြလေ။</p>
<p>သောတဝိညာဉ် နာမက္ခန္ဓာ ၄-ပါးကို ပြဆိုချက်ပြီး၏၊</p>
<p>---</p>
<h3>စက္ခုဝိညာဉ် နာမက္ခန္ဓာ ၄-ပါး</h3>
<p>စက္ခုဝိညာဉ် နာမက္ခန္ဓာ ၄-ပါး၌ မျက်လုံးအရပ်သည် စက္ခုဝိညာဉ် နာမက္ခန္ဓာ ၄-ပါး၏ ဖြစ်ရာ ဌာနပေတည်း၊ ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါး၏ဖြစ်ရာဌာနလည်းဟုတ်၏၊ ဤမျက်စိ၌လည်း နာမက္ခန္ဓာ ၄-ပါး ၂-စုံရ၏၊ မျက်စိသည် အပူအအေးစသော ဖောဋ္ဌဗ္ဗမျိုးတို့ကိုလည်း သိတတ်၏၊ ကျင်တတ်၏၊ ကျိန်းတတ်၏၊ စပ်တတ်၏၊ အဆင်းအမျိုးမျိုးကို လည်းမြင်တတ်၏၊ ပုဂ္ဂိုလ်မျိုးသတ္တဝါမျိုးအမှန်ဖြစ်၏-ဟုဆိုရာ၏၊ စက္ခု ဝိညာဉ်သိကို မြင်သည်ဟူ၍ခေါ်၏၊ ထိုထိုသက်ရှိသက်မဲ့ ဝတ္ထုတို့ကိုမြင်၍ ဘယ်သင်းဘယ်ဟာဟု သိကြရာ၌ မျက်စိသိ, မနောနှလုံးသိ, ပုဂ္ဂိုလ်သိဟု ခွဲမြဲခွဲလေ။</p>
<p>ပရမတ္ထအားဖြင့်မူကား-ပရမတ္ထအားဖြင့်မူကား--မျက်စိဒြဗ် ဟူ၍ပင်မရှိ၊ ထိုနေရာ၌ ဖြစ်သောခန္ဓာ ၅-ပါးသာရှိ၏၊ ထိုတွင် ရူပက္ခန္ဓာ ၁-ပါးသာ ထိုနေရာ၌ အစဉ်မြဲ၏၊ နာမက္ခန္ဓာ ၄-ပါးတို့သည်ကား ထိုထိုအဆင်းအာရုံကို ကြည့်ရှု နေဆဲအခါ၌သာ ဖြစ်ပေါ်ကုန်၏၊ အိပ်ပျော်၍နေဆဲအခါ မှောင်မှိုက် တွင်း၌ နေဆဲအခါ, မျက်စိကိုမှိတ်၍နေဆဲအခါတို့၌ ထိုနေရာမှာချုပ် ကွယ်၍နေကြကုန်၏၊ ကြည့်ရှုနေဆဲအခါမှာလည်း မျက်တောင်ခတ် ပြောင်းတိုင်း ချုပ်ကွယ်ကြရလေကုန်၏၊</p>
<p>မန်ကျည်းပင်အစရှိသော အရွက်စိပ်သစ်ပင်မျိုးတို့ကို မော်၍ ကြည့်ကြရာ၌ အရွက်တစ်ခုတစ်ခုလျှင် နာမက္ခန္ဓာ ၄-ပါးအသီးအသီး ဖြစ်၍ အသီးအသီးချုပ်ကွယ်ကြကုန်၏၊ အရွက်တစ်ခုကိုမြင်မှု သိမှုနှင့် ထို့ပြင် အရွက်တစ်ခုကို မြင်မှုသိမှုတို့သည် အသီးအခြားတို့သာတည်း၊ တစ်ခုပြီးမှတစ်ခု ဖြစ်ကြမြဲပေတည်း၊ ၂-ခုပြိုင်၍ ဖြစ်မြဲမဟုတ်၊ စိတ် မည်သည် အလွန်လျင်မြန်လှ၏၊ တစ်ပင်လုံးကိုပင် တစ်ပြိုင်နက်မြင် သည် ဟုမှတ်ထင်၍ နေကြရကုန်၏၊ အရွက်တစ်ခုတစ်ခု၌ပင် မျက်စိသိ, မနောနှလုံးသိ, ပုဂ္ဂိုလ်သိအသီးသီးစီဖြစ်ကြ၏၊</p>
<p>---</p>
<h3>စက္ခုသိ</h3>
<p>စက္ခုသိဆိုသည်ကား--အဆင်းသက်သက်ကိုမြင်မှုသက်သက် သာတည်း၊ အကြီး,အငယ်,အဝန်း,အလျား-စသောသဏ္ဌာန်ကို သိသည် မဟုတ်၊ မနောနှလုံးသိသို့ရောက်မှ ထိုသဏ္ဌာန်တို့ အသီးအသီးပေါ်၏၊ ဤမနော နှလုံးသိကိုပင် ပုဂ္ဂိုလ်သိဆိုရသည်၊ မန်ကျည်းပင်ကြီးကို မော်၍ကြည့်ရာ၌ အရွက်တွေကို အသီးအသီး သိမှုသည် တပြိုင်နက်ပင် မှတ်ထင်ကြရကုန်၏၊ စိတ်၏ဖြစ်မှု,ပျက်မှုပြောင်းလဲမှု မြန်ပုံကို ရိပ်မိ ရုံပြဆိုလိုက်သည်၊ လောက၌ ဤမျက်စိ၏ အခွင့်မည်သည် အလွန်ကြီး ကျယ်၏၊ နား၏အခွင့်ထက်ပင် သာလွန်၏၊ မျက်စိ၌ ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ,ဇီဝ, နိစ္စ, သုခ, အတ္တစွဲလမ်းမှုအလွန်ထက်သန်၏၊</p>
<p>(ဤစကား၌ စောဒနာချက် ဖြေဆိုချက်တို့ကို သောတ၌ ဆိုခဲ့တိုင်းသိလေ။)</p>
<p>အရသာနှင့် တဏှာအစွမ်းကို ပြဆိုနည်း၌ ဤမျက်စိမှာလည်း အရသာ ၂-မျိုးရ၏၊ ထိုတွင် သုခသဟဂုတ် ကာယဝိညာဉ်နာမက္ခန္ဓာ ၄-ပါးဟူသော အရသာသည် ကိုယ်အင်္ဂါအရသာကြီးတွင် ပါဝင်လေပြီ၊ လှပတင့်တယ်သော အဆင်းသဏ္ဌာန်မျိုး, မိမိအလိုရှိသော ဝတ္ထုမျိုး, မတွေ့စဖူး မမြင်စဖူးသော အာရုံဝတ္ထုမျိုးတို့ကို မြင်ကြရသောအခါ ခံစားကြရသောမျက်စိအရသာသည်ကား စက္ခုဝိညာဉ် နာမက္ခန္ဓာ ၄- ပါးပေတည်း၊ ဤစကားမျိုး၌ မနောနှလုံးအမှုတို့ကိုလည်း အပါအဝင်ပြု၍ ယူကြလေကုန်၊ ပီတိ,သုခ,သောမနဿတို့ကို အရသာဆိုလိုရင်း ဖြစ်ငြားသော်လည်းခန္ဓာ ၄-ပါးတို့၏ ဖြစ်မှုအလားထင်ရှာစေခြင်းငှါ ခန္ဓာ ၄-ပါးဟူ၍ပင် ဆိုလိုက်သည်။</p>
<p>တစ်နည်းကား--ဥပေက္ခာ ဝေဒနာသည်လည်း ပီတိ,သုခ, သောမနဿကို မရသာရာ၌ (မရသောအခါ၌) အငြီးပြေ အရသာမျိုး ပင်ဖြစ်၏၊ မျက်စိမည်သည် ကောင်းသည်ကိုမှသာ ကြည့်လိုသည်မဟုတ်၊ ကြည့်ခွင့်ရှိပါလျက် မကြည့်ရလျှင် သက်သက် မနေနိုင်မှုမျိုးတည်း တစ်သက်လုံး တစ်နေ့တစ်နေ့လျှင် အခါခါမြင်၍နေရသော ဝတ္ထုမျိုးပင် ဖြစ်သော်လည်း မက်စရာဝတ္ထု ၁-ပါးမရှိခဲ့လျှင် ထိုအာရုံကိုပင် တမော့ မော့နေရ၏၊ မကြည့်ဘဲမနေနိုင်။</p>
<p>မကြည့်ဘဲ စက္ခုန္ဒြေကို ချုပ်တည်း၍ နေရမည်ဆိုလျှင် ခဏချင်း ငြီးတောက်၏၊ စိတ်ကျဉ်းကျပ်၏၊ မျက်စိဥပစာ တစ်လုံး ဖွင့်လွတ်၍ ထားမှ အကြိုက်ကျ၏၊ အရသာကောင်း တွေ့သကဲ့သို့ အငြီးအတောက် ပြေပျောက်၏၊ မကောင်းသည်ဖြစ်စေ, ကောင်းသည် ဖြစ်စေ ကြည့်မြင်ရမှုသည်လည်း အငြီးအတောက် ပြေပျောက် စေတတ် သော ဖျော်အဖြေအရသာကြီး တစ်မျိုးပင်ဖြစ်သတည်း၊ ကြွင်းသော သောတ, ဃာန-စသည်တို့၌လည်း ဤနည်းတူသိလေ၊ ထို့ကြောင့် ဥပေက္ခာဝေဒနာကိုလည်း အရသာ ဆိုသင့်၏၊ နာမက္ခန္ဓာ ၄-ပါးလုံးကို လည်း အရသာဆိုသင့်၏-ဟူ၍မှတ်လေ။</p>
<p>တစ်သက်လုံးမြင်၍နေသော အာရုံမျိုး အလယ်၌ပင် စက္ခုန္ဒြေကို ချုပ်ထိန်း၍ မရ၊ မျက်စိ မျက်နှာ ဦးတည်မိရာ မျက်စိဥပစာ၌ မိုးကို မျှော်လိုက်ရ၏၊ တိမ်ကိုမျှော်လိုက်ရ၏၊ မြေအပြင်ကိုမျှော်လိုက်ရ၏၊ ရေအပြင်ကိုမျှော်လိုက်ရ၏၊ တောတခွင်ကိုမျှော်လိုက်ရ၏၊ တောင် တစ်ခွင်ကိုမျှော်လိုက်ရ၏၊ လူကို, နွားကို, ခွေးကို,ဝက်ကို,အိမ်ကို,ယာကို မျှော်လိုက်ရ၏၊ မျှော်ရမှစိတ်ချောင်၏၊ စိတ်ချမ်းသာ၏၊ အရသာကြီး တစ်ပါးပင်ဖြစ်၏၊ ကိုယ်တွေ့ဒိဋ္ဌဖြစ်ကြ၏၊ ဤမှနောက်၌ ဤစက္ခုအရသာ ၌ သာယာသော တဏှာဝဋ်ဆိုးကြီး, တဏှာနူနာကြီးတို့ကို ကာယဝိညာဉ်၌ ပြဆိုခဲ့ပြီးသောနည်းကို အစဉ်မှီး၍သိကြလေ။</p>
<p>မနောနှလုံးသိ, ပုဂ္ဂိုလ်သိခေါ်သော မနောနှလုံး၏ သိခြင်း, မနောနှလုံး၏သိမှု, မနောနှလုံး၏အသိ-ဟုဆို အပ်သော မနောဝိညာဉ် နာမက္ခန္ဓာ ၄-ပါးကိုပြဆိုအံ့။</p>
<p>ရင်တွင်း၌ရှိသော နှလုံးသွေးအတွင်း၌ ဤမနောဝိညာဉ်သည် ဖြစ်၏၊ နှလုံးအိမ်သည်သာ အသားစိုင်, အသားခဲဖြစ်၍ ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါးဖြစ်ရာဌာနဖြစ်၏၊ နှလုံးသွေးမူကား ကာယဝိညာဉ်၏ ဖြစ်ရာဌာန မဆိုသာ၊ နှလုံးသွေး၏ အတွင်း၌ဖြစ်သော ထိုမနောဝိညာဉ် နာမက္ခန္ဓာ ၄-ပါးသည်ကား အလွန် အထွေအပြား များပြား၏၊</p>
<p>၁။ အကုသိုလ်-ဟုဆိုအပ်သော မကောင်းသော အကြံမျိုးသည် လည်း မနောနှလုံးမှဖြစ်၏၊</p>
<p>၂။ ကုသိုလ်-ဟုဆိုအပ်သော ကောင်းသော ဝိညာဏ်မျိုးသည် လည်း မနောနှလုံးမှဖြစ်၏၊</p>
<p>၃။ အိပ်ပျော်သောဘဝင် အဗျာကတဝိညာဉ်မျိုးသည်လည်း မနောနှလုံးမှဖြစ်၏၊</p>
<p>၄။ ကိုယ်အင်္ဂါကြီးငယ်တို့ကို ပြုပြင်ခြင်း-ဟုဆိုအပ်သော ကာယကံမှုမျိုး,ဝစီကံမှုမျိုး, စိတ်နှလုံးထဲတွင် တရှိန်ရှိန်ထ၍နေသော မနောကံမှုမျိုးတို့သည်လည်း မနောနှလုံးမှဖြစ်ကုန်၏၊</p>
<p>၅။ ကုသိုလ်ဇော, အကုသိုလ်ဇောတို့သည် ထိုမနောနှလုံးမှ ဖြစ်ကုန်၏၊</p>
<p>---</p>
<h3>ဇော၏ ဥပမာ</h3>
<p>ဇောဆိုသည်ကား--အလွန်ပြင်းထန်သော အဟုန်ရှိသော စိတ်မျိုးတည်း။</p>
<p>၁။ ဤကိုယ်ခန္ဓာကြီးသည်း မီးရထား, မီးသင်္ဘောနှင့် တူ၏၊</p>
<p>၂။ နှလုံးအိမ်သည် မီးအိုး, ရေနွေးအိုးကြီးနှင့် တူ၏၊</p>
<p>၃။ ဘဝင်စိတ်မျိုးသည် ရေနွေး၌ ရှိသောပြင်းထန်သော အခိုးနှင့်တူ၏၊</p>
<p>၄။ လောဘဇော, ဒေါသဇော- အစရှိသော အမျိုးမျိုးသော ဇောစုသည် ရေနွေးအိုးမှ တစ်ဟုန်တည်း ဆူထသော ရေလှိုင်းပွက် တွေနှင့်တူလှ၏၊</p>
<p>၅။ ဇောအမျိုးမျိုးမှ ဖြစ်သော စိတ္တဇဝါယောတို့သည် ရေလှိုင်း ပွက်တို့မှ ပန်း၍ထွက်သော အဟုန်ပြင်းထန်သော အခိုးတို့နှင့်တူ ကုန်၏၊</p>
<p>၆။ ၉၀၀--သော အကြောတို့သည် အခိုးလျှောက်သွားရာ အခိုးကြောင်းနှင့်တူကုန်၏၊</p>
<p>၇။ အင်္ဂါကြီးငယ်တို့သည် စက်ကိရိယာတို့နှင့် တူကုန်၏၊</p>
<p>၈။ ပုဂ္ဂိုလ် သတ္တဝါ သို့သည်လည်းကောင်း, အဆင်းသဏ္ဌာန်အစ ရှိသော အာရုံ ၆-ပါးတို့သည်လည်းကောင်း ရထား စက်အိုးတို့နှင့် တူကုန်၏</p>
<p>၉။ တဏှာ ၆-ပါးတို့သည် ရထားအစိုးရကြီးနှင့် တူကုန်၏၊</p>
<p>ဘဝင်စိတ်မည်သည် အလွန်နုံ့လှသော စိတ်မျိုးတည်း၊ ဤနုံ့လှ သော ဘဝင်စိတ်မျိုးသည်ပင်လျှင် အလွန်ပျံ့နှံ့သော အရှိန်အဝါရှိ၏၊</p>
<p>---</p>
<h3>ဘဝင်စိတ်သည် ရေနံမီးတောက်ကြီးနှင့်တူပုံ</h3>
<p>ဘဝင်စိတ်သည် ညဉ့်အခါ တိုက်ခန်းတွင်း၌ ထွန်းအပ်သော ရေနံကြမ်းမီးတောက်နှင့်တူ၏၊</p>
<p>တူပုံကား--ထိုမီးတောက်မှ အလွန်လျင်မြန်သော လေသည် ထွက်၏၊ ထိုလေသည် မီးနောက်မှ ထွက်သောမီးရောင်တို့ကို မီးနောက် သည်နှင့် တစ်ပြိုင်နက် တိုက်ခန်းတစ်ခုလုံး ပြည့်အောင် ဖြန့်ဖြူး၏၊ မီးတောက်မှထွက်သော အခိုးကြမ်းတို့ကိုလည်း ဝမ်းအတွင်း, ရင်အတွင်း, ဝမ်းအဖို့, ရင်အဖို့တို့ကို ပြည့်စေ၏၊</p>
<p>ထို့အတူ ဘဝင်စိတ်၏ အဟုန်ကြောင့်ဖြစ်သော စိတ္တဇလေသည် အလွန်လျင်မြန်၏၊ ထိုလေသည် စိတ္တဇရုပ်ကလာပ်တို့ကို ဘဝင်စိတ် ဥပါဒ်သည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံးပြည့်အောင် ဖြန့်ဖြူး၏၊ ထွက် သက် ဝင်သက်တည်းဟူသော စိတ္တဇလေကြမ်းတို့ကို ရင်, ဝမ်းနှင့် အပြည့် ဖြစ်စေ၏၊ အိပ်ပျော်၍နေဆဲအခါ၌ပင်လျှင် ကိုယ်ခန္ဓာ အလယ်ပိုင်း တစ်ခုလုံးကို ရေလှိုင်းထသကဲ့သို့ ကြွချီ လှုပ်ရှားစေလျက် ပြင်းထန်သော ရှူခြင်း ရှိုက်ခြင်းကို ဖြစ်စေ၏၊ ဘဝင်စိတ်ဟူသော နုံ့လှစွာသော ကြံမှု အရှိန်အဝါသည်ပင်လျှင် ဤမျှလောက် ထက်သန်၏၊ ပြင်းထန်လှစွာ သော အဟုန်နှင့်တကွ ယမ်းပုံမီးကျ ဖြစ်ပေါ်၍ ထသော ဇောဟူသော အကြံ ဓာတ်ကြီး အရှိန်အဝါသည် ဆိုဖွယ်ရာမရှိပြီ။</p>
<p>အကြံမှု အကြံဓာတ်ကြီး အရှိန်အဝါမျိုးမည်သည် ဤကဲ့သို့ ပြင်းထန်၏၊ မီးရထား, မီးသင်္ဘောတို့၌ ထိုထိုစက်ခလုတ်တို့ကို ပြုပြင်၍ ပေးလိုက်သည်ရှိသော် ရေအခိုးတို့သည် မိုးကြိုးအဟုန်ကဲ့သို့ ထိုထိုအခိုး အကြောင်းတို့ကို ခဏချင်း ပြည့်ဖြိုး တွန်းဝှေ့တိုက်ခတ်ကာ ထွက်ကြကုန် သကဲ့သို့ ဤကိုယ်ခန္ဓာ၌လည်း ပြုလိုက်သော အမှုအားလျော်စွာ စိတ္တဇဝါယော လေမုန်တိုင်းတို့သည် ထိုထိုအကြောကြီး အကြောငယ် တို့ကို အဟုန်နှင့်တကွ ခဏချင်း ပြည့်ဖြိုးစေကြကုန်၏၊</p>
<p>---</p>
<h3>စိတ္တဇ ဝါယောဓာတ်တို့သည် မြွေနဂါးတို့နှင့်တူပုံ</h3>
<p>အားခွန်ဗလ သန်မြန်လှသော မြွေနဂါးကြီးငယ်တွေ ကခုန်မြူး ထူးကြကုန်သကဲ့သို့ ၆၀-သော အကြောကြီး ၉၀၀-သော အကြောငယ် တို့သည် ခဏချင်းအဟုန်နှင့်တကွ အင်္ဂါကြီးငယ်တို့သည် ချီကြွ၍ ထကြွကွန့်မြူး ကြရကုန်၏၊ ထိုအကြောကြီး အကြောငယ်တို့၏ မြူးထူး ချက်ကြောင့် ဤကိုယ်ခန္ဓာ ကိုယ်အင်္ဂါတို့၏ အဟုန်နှင့်တကွ ထကြွ လှုပ်ရှား သွားခြင်း,လာခြင်း, ကွေးခြင်း, ဆန့်ခြင်း အစရှိသည်တို့သည် ဖြစ်ကြကုန်၏၊</p>
<p>မီးရထား မီးသင်္ဘောတို့၌ အသံ၏ဆိုင်ရာ အပေါက်ကို ဖွင့်လှစ် လိုက်သည်ရှိသော် ထိုဆူပွက်သော ရေအဟုန်တို့မှ အသံနှင့်တကွ ပြင်းထန်သော အခိုး၏ တိုးဝှေ့ထွက်သွားခြင်းဖြင့် ဥဩသံမည်သည် ဖြစ်သကဲ့သို့ စကားစမည် ပြောဆိုမည်ဟု ဇောစိတ် အကြံဓာတ်မျိုး ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် စကားပြောမှုနှင့်ဆိုင်ရာ စိတ္တဇလေတို့ သည်လည်းကောင်း လည်ပင်းကြော,မေးကြော, လျှာကြောတို့သည်လည်း ကောင်း၊ မြွေနဂါးတွေ မြူးထူးကြကုန်သကဲ့သို့ တစ်ပြိုင်နက် လွန့် လက်မြူးထူး ကြွထရကုန်၏၊ ရယ်ဇောဖြစ်ပေါ်ခဲ့လျှင် မျက်နှာပြင်၌ ခဏချင်း ရုပ်ညှိုး ရုပ်နောက်တွေ အပြည့်ဖြစ်ပေါ်မှုတို့၌ကား ညဉ့်အခါ မီးထွန်းသော ဥပမာနှင့် တိုက်ဆိုင်၍ သိလေ။</p>
<p>---</p>
<h3>အကြံဟူသော ပကတိစိတ်ဓာတ်ကြီး၏ အရှိန်အဟုန် ကြီးကျယ်ပုံ</h3>
<p>မျက်နှာအပြင်၌ ရယ်ရုပ်တွေ, ငိုရုပ်တွေ ခဏချင်း အပြည့်ဖြစ် ပေါ်မှုတို့ကို မြင်သဖြင့် ဝမ်းတွင်း, ရင်တွင်း, လည်ပင်း ဦးခေါင်းတွင်း တစ်ခွင်လုံးတို့၌လည်း ထိုရုပ်တို့ပြည့်မှုကို သိကြလေ။</p>
<p>၁။ အာရုံပြုမှု၏အလွန် လျင်မြန်စွာ ပျံ့နှံ့ခြင်း၌လည်း ဆိုင်းသံ, စည်သံ, အမြောက်သံ, မိုးကြိုးသံတို့သည် ဖြစ်ရာအရပ်မှ အလွန်ဝေး စွာသော အရပ်မျက်နှာတို့ကို ခဏချင်း ပျံ့နှံ့ကြလေကုန်ဘိသကဲ့သို့ လည်းကောင်း,</p>
<p>၂။ တိမ်တိုက်မှထွက်သော လျှပ်ရောင်, နေဝန်းမှထွက် သော နေရောင်, လဝန်းမှထွက်သော လရောင် တို့သည် လျင်မြန်လှသော လေဟုန်၏အစွမ်းဖြင့် ထွက်ရာအရပ်မှ ခဏချင်းကောင်းကင်မြေပြင် တစ်ခွင်လုံးပျံ့နှံ့သကဲ့သို့လည်းကောင်း,</p>
<p>စိတ်ခေါ်သောအကြံဓာတ်, အသိဓာတ်မျိုးတို့သည် နေ, လ, နက္ခတ်, တာရာတို့နှင့်တကွ မိုးတစ်ပြင်လုံး, မြေတစ်ပြင်လုံး, တောတစ် ခွင်လုံး, တောင်တစ်ခွင်လုံးတို့ကိုလည်းကောင်း၊ မနောဝိညဉ်ဖြစ်ခဲ့အံ့၊ အသက်ထက်ဆုံး တွေ့ကြုံဆက်ဆံ၍ လာခဲ့သော အရပ်ဒေသဌာန မြို့ရွာ အာရုံဝတ္ထုတို့ကိုလည်းကောင်း ခဏချင်း ပျံ့နှံ့၍ ယူနိုင်၏၊</p>
<p>အကြံဟူသော ပကတိစိတ်ဓာတ်ကြီး၏ အရှိန်အဟုန် ကြီးကျယ် ပုံအချက်ကို အမြွက်မျှပြဆိုလိုက်သည်၊ ဘာဝနာကိစ္စဖြင့် ပွားစီးကြီး ကျယ်ခြင်းသို့ရောက်သော တန်ခိုးဣဒိဟူသော အကြံဓာတ်မျိုး၌ ဆိုဖွယ် မရှိပြီ၊ ဤအချက်ကိုမူကား ဓာတ်တို့၏အစွမ်းကို နှံ့ပြားစွာ မမြင်နိုင်ကြ ကုန်သည်ရှိသော် သတ္တဝါတို့၌ ဖြစ်၍နေကြသော အမှုတို့ကို ဓာတ်တို့နှင့် အကုန်နေရာမချနိုင်ကြကုန်သဖြင့် ပုဂ္ဂိုလ်အစွမ်း, သတ္တဝါအစွမ်းတွေ ထင်မြင်၍ နေမှုကို မဖျောက်ဖျက်နိုင် ရှိနေကြကုန်ရာသောကြောင့် ရိပ်မိရုံပြဆိုလိုက်သည်။</p>
<p>---</p>
<h3>မနောနှလုံး၏ အရေးအခွင့် ကြီးကျယ်ပုံ</h3>
<p>လောကဓမ္မတို့၌ ဤမနောနှလုံး၏ အခွင့်သည် အလွန်တရာ ကြီးကျယ်လှ၏၊ ခပ်သိမ်းသော အလိမ္မာ ဟူသမျှတို့သည်လည်းကောင်း, ခပ်သိမ်းသော အမိုက်အမဲဟူသမျှတို့သည်လည်းကောင်း ဤမနောနှလုံးမှ ဖြစ်ကုန်၏၊</p>
<p>လောကအလိုအားဖြင့့််-့-ဤမနောနှလုံးသည် ဣရိယာပုတ် ၄- ပါးကို ဆောင်တတ်၏, သွားတတ်၏, ရပ်တတ်၏, ထိုင်တတ်၏, လျောင်း တတ်၏, ပြောတတ်၏, ဆိုတတ်၏, ငိုတတ်၏, ရယ်တတ်၏, သူ့အသက် ကို သတ်တတ်၏၊ သူ့ဥစ္စာကို ခိုးယူတတ်၏၊ ဤသို့ အစရှိသည်ဖြင့် ပုဂ္ဂိုလ် သတ္တဝါ၏ ကိစ္စဟူသမျှသသည် မနောနှလုံး၏ ကိစ္စချည်းသာတည်း။</p>
<p>---</p>
<h3>စောဒနာဖွယ်</h3>
<p>စောဒနာရန်ရှိပြန်သည်ကား- သက်သက်သော မနောကံ ကိစ္စမျိုးကိုသာ မနောနှလုံးက ပြုတတ်ပါသည်။ ကာယကံ ကိစ္စမျိုး, ဝစီကံ ကိစ္စမျိုးတို့သည်ကား မနောနှလုံးသက်သက်နှင့် ပြီးစီးကြသည်မဟုတ်ကုန်၊ ကိုယ်အင်္ဂါ, နှုတ်အင်္ဂါတို့မှပါရှိမှ ပြီးစီးကုန်၏၊ ထိုကြောင့် ကာယကံ ကိစ္စမျိုး, ဝစီကံ ကိစ္စမျိုးတို့ကိုမူကား မနောနှလုံးသည် မပြုတတ်၊ ပုဂ္ဂိုလ် သတ္တဝါ သည်သာ ပြုတတ်ပါသည်-ဟု ဆိုရန်ရှိ၏၊</p>
<p>စောဒနာချက်ကို ပြန်၍မေးရန်- ကိုယ်အင်္ဂါ, နှုတ်အင်္ဂါစု သည် သိတတ်, ကြံတတ်, အားထုတ်တတ် သလောဟု ပြန်၍မေးရာ၏၊</p>
<p>ဤလိုဆိုပေလတ္တံ့- ဤလိုဆိုပေလတ္တံ့- ကိုယ်အင်္ဂါ နှုတ်အင်္ဂါစုသည် မသိတတ်, မကြံတတ်, အားမထုတ်တတ်ပါ၊ မနော နှလုံးသည်သာ သိတတ်, ကြံ တတ်, အားထုတ်တတ်ပါသည်-ဟု ဆိုပေလတ္တံ့။</p>
<p>ဤလိုမေးမြန်းပြန်ရာ၏- ဤလိုမေးမြန်းပြန်ရာ၏- ပုဂ္ဂိုလ်, သတ္တဝါဆိုသည်ကား သိတတ်, ကြံတတ်, အားထုတ်တတ်သည်ကို ဆိုသလော၊ မသိတတ်, မကြံတတ်, အားမထုတ်တတ်သည်ကို ဆိုသလော-ဟု မေးမြန်းရာ၏၊ ဤလိုဆိုပေလတ္တံ့--သိတတ်, ကြံတတ်, အားထုတ်တတ်သည် ကို ဆိုပါသည်-ဟုဆိုပေလတ္တံ့။</p>
<p>ထိုအခါ မနောနှလုံးသည်သာ ပုဂ္ဂိုလ်, သတ္တဝါအစစ်ဖြစ်ကြောင်း သည် ထင်ရှားပေါ်၍လာ၏၊ မနောနှလုံး သည်သာ သွားတတ်, လာတတ်, ပြောတတ်, ဆိုတတ်, ကြံတတ်, သိတတ်, သတိတတ်, ခိုးတတ်ကြောင်း သည် ထင်ရှားပေါ်၍လာ၏၊</p>
<p>တစ်နည်းသော်ကား--သတ်မှု,ခိုးမှုမည်သည် မနောနှလုံး၏ သိမှု,ကြံမှု သက်သက်နှင့် ပြီးစီးသည်မဟုတ်။ ကိုယ်အင်္ဂါ,နှုတ်အင်္ဂါတို့၏ လှုပ်ရှားမှုပယောဂလည်း ပါရှိမှ ပြီးစီးသည်ဖြစ်၍ မနောနှလုံးသည်လည်း သတ်တတ်၏၊ ကိုယ်အင်္ဂါ, နှုတ်အင်္ဂါသည်လည်း သတ်တတ်၏၊ မနော နှလုံးသည်လည်း ခိုးတတ်၏၊ ကိုယ်အင်္ဂါ, နှုတ်အင်္ဂါသည်လည်း ခိုးတတ် ၏၊ မနောနှလုံးသည်လည်း ပုဂ္ဂိုလ် သတ္တဝါတည်း၊ ကိုယ်အင်္ဂါ, နှုတ်အင်္ဂါ သည်လည်း ပုဂ္ဂိုလ်သတ္တဝါပင်တည်း၊ လက်ဖြင့်သတ်ရာ၌ မနောနှလုံး သည်လည်း သတ်တတ်သော ပုဂ္ဂိုလ်, သတ္တဝါပင်တည်း၊ လက်သည် လည်း သတ်တတ်သော ပုဂ္ဂိုလ်သတ္တဝါပင်တည်း။</p>
<p>ဤနေရာ၌မူကား မနောနှလုံးကိုပြဆိုရာဖြစ်၍ မနောနှလုံးသည် သတ်တတ်၏၊ ခိုးတတ်၏-ဟုဆိုပေသည်၊ ရှေးနည်းကား မနောနှလုံး ကိုသာ ပုဂ္ဂိုလ်, သတ္တဝါအစစ်ဟု မှတ်ထင်သူတို့၏ အလိုပေတည်း၊ နောက်နည်းကား တစ်ကိုယ်လုံးကိုပင် ပုဂ္ဂိုလ်သတ္တဝါဟု မှတ်ထင်သူတို့၏ အလိုပေတည်း၊ အချို့သူတို့ကား စိတ်ကိုသာ ပုဂ္ဂိုလ် သတ္တဝါ အစစ်ဟု ယူကုန်၏၊ အချို့သူတို့ကား ခန္ဓာ ၅-ပါးလုံးကိုပင် ပုဂ္ဂိုလ် သတ္တဝါအစစ်ဟု ယူကုန်၏၊ အယူ ၂-မျိုးရှိ၏၊</p>
<p>(ဤကား လောကအလိုတည်း)</p>
<p>---</p>
<h3>ပရမတ္ထအလို</h3>
<p>ပရမတ္ထအလိုအားဖြင့်မူကား ပုဂ္ဂိုလ်သတ္တဝါ-ဟူ၍လည်း မရှိ၊ နှလုံးသွေးဟူ၍လည်း မရှိ၊ ထိုနေရာဌာန အကြောင်းအားလျော်စွာ ဖြစ်ကြသော ခန္ဓာ ၅-ပါးသာ ရှိ၏၊ ထိုတွင် ခက်မာမှု, နှူးညံ့မှု, ဖွဲ့စည်းမှု, ယိုစီးမှု, ပူနွေးမှု-စသော ရူပက္ခန္ဓာစသော ထိုနေရာ၌ ဖြစ်ချည် ပျက်ချည် အစဉ်အမြဲ လည်နေ၏၊ နာမက္ခန္ဓာ ၄-ပါးတို့သည်ကား ထိုနေရာ၌ ဖြစ်ပေါ်ခိုက်၌သာ ရှိကုန်၏၊ ထိုနှလုံးဌာနမှတစ်ပါး တစ်ကိုယ်လုံးမှာ ထိုထိုနေရာတွင် ဖြစ်ပေါ်၍နေခိုက် နှလုံးမှာ မရှိကြကုန်။</p>
<p>အရေတစ်ခွင်လုံးမှာ ထိုထိုနေရာ၌ နာမက္ခန္ဓာတို့ ဖြစ်ပေါ်၍ နေခိုက် နှလုံးမှာ ရူပက္ခန္ဓာ ၁-ပါးသာ ရှိ၏၊ သားတစ် ၉၀၀-တို့တွင် ထိုထိုသားတစ်မှာ ဖြစ်ပေါ်၍နေခိုက် နှလုံးမှာ ရူပက္ခန္ဓာ ၁-ပါးသာ ရှိ၏၊ အကြော ၉၀၀-တို့တွင် ထိုထိုအကြောမှာ၊ အရိုး ၃၀၀-တို့တွင် ထိုထိုအရိုးမှာ၊ ၂-ကုဋေ ၄-သန်းသော ဆံပင်တို့တွင် ထိုထိုဆံပင်မြစ်မှာ၊ ၉-သောင်း ၉-ထောင်သော မွေးညင်းတို့တွင် ထိုထိုမွေးညင်းမြစ်မှာ ဖြစ်ပေါ်၍နေခိုက် နှလုံး၌ ရူပက္ခန္ဓာ ၁-ပါးသာ ရှိ၏၊</p>
<p>ထိုသို့ဖြစ်ပါသော်လည်း နာမက္ခန္ဓာ ၄-ပါးတို့၏ ဖြစ်မှု, ပျက်မှု, ဖြစ်ရာဌာန ရွေ့ပြောင်းမှုမည်သည် အလွန်တရာ မြန်လှသည်ဖြစ်၍ ရှေး၌ပြဆိုခဲ့ပြီးသော နေရောင်, လရောင်, ဆိုင်းသံ, စည်သံ, အမြောက်သံ, သေနတ်သံ, မိုးသံ, မိုးကြိုးသံကဲ့သို့ ခြေဖဝါးတစ်ပြင်လုံး၌ အလွန်နာကျင်၍ နေဆဲမှာပင် ထိုနာကျင်မှုကို မနောနှလုံးကလည်း အမြဲသိ၍နေသည်ဟု မှတ်ထင်ကြရကုန်၏၊</p>
<p>ခြေဖဝါးတစ်ပြင်လုံးတွင်လည်း တသုတ်တသုတ် ဖြစ်ပေါ်နေ သော နာမက္ခန္ဓာ-ဟူသောနာမှု၏ ဖြစ်ရာဌာနသည် အဏုမြူမျှ ပမာဏကျယ်သည် မဟုတ်၊ တသုတ်ချုပ်ကွယ်ပြီးမှ တသုတ်ဖြစ်ပေါ်မြဲ ဓမ္မတာတည်း၊ တသုတ်တသုတ်၏ အကြားအကြား၌လည်း နာမှန်းကျင် မှန်းသိသော မနောနှလုံးသိ အသီးအသီး ညှပ်ကာ ညှပ်ကာဖြစ်မြဲ ဓမ္မတာတည်း၊ မညှပ်ခဲ့လျှင် ထိုတသုတ်နာမှုကို နာသည်ဟု ပုဂ္ဂိုလ်သိ ဖြစ်နိုင်သည် မဟုတ်၊ ခြေဖဝါးက နာမှု, မနောနှလုံးက သိမှု အစုံအစုံတို့၏ အကြားအကြား၌လည်း ဘဝင်မနော တသုတ်တသုတ် ခြားမြဲ ဓမ္မတာ တည်း။</p>
<p>ဤသို့ ဖြစ်ပါလျက် ခြေဖဝါးတစ်ပြင်လုံးသည် တစ်ပြိုင်နက် နာ၍နေသည်၊ နာမှုတစ်ပြင်လုံး တစ်ခုတည်း ဖြစ်၍နေသည်ဟု မှတ်ထင် ကြရကုန်၏၊ မနောနှလုံးကလည်း နာမှုနှင့် အပြိုင်သိ၍ နေသည်-ဟု မှတ်ထင်ကြရကုန်၏၊ ခြားနား ရှင်းလင်းစွာ သိမြင်ခြင်းငှာ ထိုက်လှသော အချက်ကြီးတစ်ခုပေတည်း၊ တစ်ကိုယ်လုံးရှိ ထိုထိုအင်္ဂါတို့ကို တစ်ဖက်, မနောနှလုံးကို တစ်ဖက်ထား၍ ဤနည်းအတိုင်း အကုန်သိကြလေ။</p>
<p>မြင်မှုနှင့်သိမှု ခြားနားအောင် ကြည့်၊ မြင်မှုနှင့် သိမှုမှာလည်း ၁-နာရီကြည့်ရှု၍ နေရာ၌ အစအဆုံးတိုင် မြင်မှုလည်း ၁-ခုတည်း၊ မျက်စိက မြင်မှုနှင့် မနောနှလုံးက သိမှုလည်း တစ်ပြိုင်တည်း မှတ်ထင်ကြ ရကုန်၏၊ ကြားမှု-သိမှုအစုံ, နံမှု-သိမှုအစုံ, လျှက်မှု-သိမှုအစုံတို့၌လည်း ထိုနည်းအတူသိကြလေ။</p>
<p>မြင်မှုနှင့် ကြားမှု, မြင်မှုနှင့် နံမှု, မြင်မှုနှင့် လျှက်မှု, မြင်မှုနှင့် တွေ့ထိမှု, ကြားမှုနှင့် နံမှု, ကြားမှုနှင့် လျှက်မှု, ကြားမှုနှင့် တွေ့ထိမှုစသည်တို့၌လည်း ပြိုင်သည်-ဟု ထင်မှတ်ကြရကုန်၏၊ မနောနှလုံးသိ သက်သက်၌လည်း ဝတ္ထုအာရုံ အမျိုးမျိုးတို့ကိုပင် တစ်ပြိုင်တည်း သိနိုင်သည်ဟု မှတ်ထင်ကြရကုန်၏၊</p>
<h3>အက္ခရာတစ်လုံးလျှင် ဇော ၇-ကြိမ်</h3>
<p>စကားပြောဆိုကြရာ၌ အက္ခရာ တစ်လုံး တစ်လုံးလျှင် ဇောစိတ် ၇-ကြိမ်, ၇-ကြိမ် တသုတ်တသုတ်စီ ဖြစ်ရ၏၊ အက္ခရာချင်းလည်း ရှေ့နောက်မရောယှက်၊ အာကာသပရိစ္ဆေဒ ခြားလျက်ရှိကြ၏၊ ဇော အသုတ်ချင်းလည်း ရှေ့နောက်မရောယှက်၊ ဘဝင်စိတ်ခြားလျက် ရှိကြ၏၊ သို့ဖြစ်ပါသော်လည်း စကားလုံး ၁-သောင်း, ၁-သိန်းကိုပင် ဇောစိတ် တစ်ခုဖြင့် ပြောဆို၍နေသည်-ဟု မှတ်ထင်ကြရကုန်၏၊</p>
<h3>ဣရိယာပုထ် ၄-ပါး ထူးခြားချက်</h3>
<p>ဣရိယာပုထ် ၄-ပါးတို့တွင်</p>
<p>၁။ သွားမှု ဥဿာဟဗျာပါရ ခေါ်သော ဇောအခြင်းအရာကား တစ်မျိုး၊<br>
၂။ ရပ်မှု ဥဿာဟ ဗျာပါရ ခေါ်သော ဇောအခြင်းအရာကား တစ်မျိုး၊<br>
၃။ ထိုင်မှု ဥဿာဟ ဗျာပါရ ခေါ်သော ဇောအခြင်းအရာကား တစ်မျိုး၊<br>
၄။ လျောင်းမှု ဥဿာဟ ဗျာပါရ ခေါ်သော ဇောအခြင်း အရာကား တစ်မျိုး၊ အသီးသီး ဖြစ်ကြ၏၊</p>
<p>ဥဿာဟ ဗျာပါရ မတူကြသည်ဖြစ်၍ စိတ္တဇလေတို့၏ ထပုံ, ကြွပုံချင်းမတူကြ၊ စိတ္တဇလေတို့၏ ထပုံ, ကြွပုံချင်း မတူကြသည်ဖြစ်၍ အကြောကြီး, အကြောငယ်တို့ထပုံ, ကြွပုံခြင်းလည်း မတူကြ၊ အကြောကြီး အကြောငယ်တို့၏ ထပုံ, ကြွပုံခြင်း မတူကြသည်ဖြစ်၍ ကိုယ်အင်္ဂါကြီး ငယ်တို့၏ သယ်ပုံ, ပိုးပုံ, လှုပ်ရှားပုံချင်းလည်း မတူကြ၊ သူ့ဥဿာဟ ဗျာပါရနှင့် သူ့ကိရိယာ အသီးအသီးဖြစ်ကြ၏၊ ၂-ခုပြိုင်၍ မရကောင်း၊ ထို့အတူသွားမှု၌လည်း ခြေတစ်လှမ်း တစ်လှမ်းလျှင် မနောနှလုံး၌ ဇော ဥဿာဟ တစ်သုတ် တစ်သုတ်စီ ဖြစ်ကြ၏၊ ကြွင်းသော ဣရိယာပုထ် တို့၌လည်းကောင်း, ထိုထိုဣယာပုထ်တွင်မှာ ထိုထိုကိုယ်အင်္ဂါ လှုပ်ရှားမှု တို့၌လည်းကောင်း အကြံဥဿာဟ ဗျာရ အသီးအသီးဖြစ်ရမှုကိုလည်း သိကြလေ။</p>
<h3>မနောနှလုံးဖြစ်ပေါ်မှု ၃-မျိုး</h3>
<p>၁။ မနောနှလုံး၌ အကုသိုလ်အကြံအစည် နာမက္ခန္ဓာ ၄-ပါး ဖြစ်ပေါ်မှုတစ်မျိုး၊<br>
၂။ ကုသိုလ်အကြံအစည် နာမက္ခန္ဓာ ၄-ပါး ဖြစ်ပေါ်မှုတစ်မျိုး၊<br>
၃။ ဘဝင်နာမက္ခန္ဓာ ၄-ပါး ဖြစ်ပေါ်မှုတစ်မျိုး၊ ဟူ၍ ၃-မျိုးရှိ၏၊</p>
<p>၁။ အကုသိုလ်နာမက္ခန္ဓာ ၄-ပါး ဖြစ်ပေါ်လာလျှင် နှလုံးသွေး တစ်မျိုးပြောင်းလဲ၏၊<br>
၂။ ကုသိုလ်နာမက္ခန္ဓာ ၄-ပါး ဖြစ်ပေါ်လာလျှင် နှလုံးသွေးတစ်မျိုး ပြောင်းလဲ၏၊<br>
၃။ ဘဝင်နာမက္ခန္ဓာ ၄-ပါး ဖြစ်ပေါ်ဆဲအခါ၌ နှလုံးသွေးသည် ပကတိ နီမြန်းသော အဆင်းအတိုင်း ပကတိတိုင်းပင်တည်ရှိ၏၊ ကုသိုလ်ဖြစ်ပေါ်ခိုက်မှာ နှလုံးသွေးသည် ပကတိထက် ကြည် လင်၏၊ အကုသိုလ်ဖြစ်ပေါ်ခိုက်မှာ ပကတိထက် နောက်ကျု၏၊ ကုသိုလ်ဇောတို့တွင်လည်း သဒ္ဓါလွန်ကဲသော အလှည့်မှာ ဝါ၍ကြည်၏၊ ပညာလွန်ကဲသောအလှည့်မှာ အရောင်အလက်နှင့်တကွ ကြည်၏၊ မေတ္တာလွန်ကဲသောအလှည့်မှာ အလွန်ချမ်းမြ၍ ကြည်၏၊ လောဘ လွန်ကဲသော အလှည့်မှာ ပကတိထက်နီလျက် နောက်ကျု၏၊ ဒေါသ လွန်ကဲသောအလှည့်မှာ ညှိလျက် မည်းနက်လျက်နောက်ကျု၏၊ မောဟ လွန်ကဲသော အလှည့်မှာ သားဆေးရေးကဲ့သို့နီပြေပြေ နောက်ကျု၏၊ ဝိဘက်လွန်ကဲသော အလှည့်မှာ ကုလားပဲပြုတ်ရေကဲ့သို့ ဖြော့ တော့သောအဆင်းရှိ၍ နောက်ကျု၏၊ ပီတိသောမနဿ လွန်ကဲသော အလှည့်မှာ ရွှင်သောအဆင်းရှိ၏၊ ဒေါမနဿ လွန်ကဲသောအလှည့်မှာ ညှိုးခြောက်သောအဆင်းရှိလျက် နောက်ကျု၏၊ သောက ပရိဒေဝ လွန်ကဲသော အလှည့်မှာ အလွန်ပူလောင် မည်းညစ်၏၊ ကြောက်ခြင်း, ရွှံ့ခြင်း, ထိတ်ခြင်းဖြစ်သောအလှည့်မှာ အလွန်အေးချမ်း၍ခဲ၏၊ ဤကဲ့သို့ ဇောစိတ္တုပ္ပါဒ် နာမက္ခန္ဓာ အမျိုးမျိုးတို့ အလှည့်အလည် အားဖြင့် ဖြစ်ပေါ်လာသောအခါ နှလုံးသွေးအမျိုးမျိုး အသစ်အဟောင်း ပြောင်းလဲ၏၊ ကိုယ်တွင်းသန္တာန်၌ အထူးထူး အထွေထွေဖြစ်၍ နေကြ သော ခန္ဓာ၅-ပါးတို့၏ အထွေထွေ အလာလာ အမှုသွားတို့ကို မြင်နိုင် သော ဉာဏ်မျက်စိ မရှိကြကုန်မူ၍ အပေါ်ရံပြင်ပ အပေါင်းမျှကိုသာ သိမြင်၍ နေကြကုန်သော သူတို့မူကား စိတ်ဝိညာဉ်ဟူသည် တစ်သက်လုံး အမြဲတည်ရှိ၍ နေသည်ဟု မှတ်ကြကုန်၏၊</p>
<p>ထို့ကြောင့် တစ်ကိုယ်လုံး၌ နာမက္ခန္ဓာတို့၏ဖြစ်ရာဌာနတွေကိုလည်းကောင်း, ဖြစ်ဆဲအခိုက် အလှည့်တွေကို လည်းကောင်း, ဖြစ်ဆဲအခိုက် အလှည့်တွေကိုလည်းကောင်း အထွေထွေ အလာလာ များစွာ ဝေဖန်၍ပြဆိုလိုက်သည်။</p>
<h3>မနောဝိညာဉ် နာမက္ခန္ဓာ ၄-ပါး၌ ဒိဋ္ဌိသိ ဉာဏ်သိခွဲပုံ</h3>
<p>ဤမနောဝိညာဉ်နာမက္ခန္ဓာ ၄-ပါး၌ ဒိဋ္ဌိသိ ဉာဏ်သိခွဲပုံကို ပြဆို ပေအံ့၊ ဤဒိဋ္ဌိ သိမြင်မှုသည် အလွန်များ ပြားလှ၏၊ အကျဉ်းမျှကိုပြဆိုအံ့။<br>
၁။ သတ္တဝါအပေါင်းတို့အား မျက်စိဖြင့်မြင်၍ ထွေထွေလာလာ သိကြရာ၌လည်း ပုဂ္ဂိုလ်မြင်မှု, သတ္တဝါမြင်မှု, ပုဂ္ဂိုလ်သိမှု,သတ္တဝါသိမှုဟုထင်မြင်စွဲယူသော သက္ကာယဒိဋ္ဌိ မရိုးစိုက်ကြီးများသည် ရှိနေကြ၏၊<br>
၂။ နားဖြင့်ကြား၍ ထွေထွေလာလာ သိကြရာ၌လည်း ပုဂ္ဂိုလ် ကြားမှု, သတ္တဝါကြားမှု, ပုဂ္ဂိုလ်သိမှု, သတ္တဝါသိမှု-ဟုထင်မြင်စွဲယူသော သက္ကာယဒိဋ္ဌိ အရိုးစိုက်ကြီးများသည် ရှိနေကြ၏၊</p>
<p>၃။ နှာခေါင်းဖြင့် နံ၍ ထွေထွေလာလာ သိကြရာ၌လည်း ပုဂ္ဂိုလ် နံမှု, သတ္တဝါနံမှု, ပုဂ္ဂိုလ်သိမှု,သတ္တဝါသိမှု -ဟုထင်မြင်စွဲယူသော သက္ကာယ ဒိဋ္ဌိ မရိုးစိုက်ကြီးများသည် ရှိနေကြ၏၊</p>
<p>၄။ လျှာဖြင့် လျှက်၍ ထွေထွေလာလာ သိကြရာ၌လည်း ပုဂ္ဂိုလ်လျှက်မှု, သတ္တဝါလျှက်မှု, ပုဂ္ဂိုလ်သိမှု, သတ္တဝါသိမှု-ဟုထင်မြင်စွဲ ယူသော သက္ကာယဒိဋ္ဌိ မရိုးစိုက်ကြီးများသည် ရှိနေကြ၏၊</p>
<p>၅။ ကိုယ်အင်္ဂါဖြင့် တွေ့၍ ထွေထွေလာလာ သိကြရာ၌ ပုဂ္ဂိုလ်တွေ့မှု, သတ္တဝါတွေ့မှု, ပုဂ္ဂိုလ်သိမှု, သတ္တဝါသိမှု-ဟုထင်မြင်စွဲ ယူသော သက္ကာယဒိဋ္ဌိ မရိုးစိုက်ကြီးများသည် ရှိနေကြ၏၊</p>
<p>၆။ မနောနှလုံးသက်သက်ဖြင့် ထွေထွေလာလာ ကြံကြ သိကြရာ၌ ပုဂ္ဂိုလ်ကြံမှု သိမှု, သတ္တဝါကြံမှု သိမှု-ဟုထင်စွဲသော သက္ကာယ ဒိဋ္ဌိအရိုးစိုက်ကြီးများသည် ရှိနေကြ၏၊</p>
<p>သတ္တဝါတစ်ကောင်လုံးသည် ဒိဋ္ဌိတုံးကြီး, ဒိဋ္ဌိခဲကြီး, ဒိဋ္ဌိ ပဒေသာ ပင်ကြီးတွေဖြစ်၍နေကြလေ၏၊</p>
<p>(ထိုတွင်ရှေး ၅-ချက်တို့သည် ပဉ္စဝိညာဉ် နာမက္ခန္ဓာတို့၏ အခန်း၌ ပါဝင်လေကုန်ပြီ၊ နောက်ဆုံး အချက်သည်ကား ဤမနောဝိညာဉ် နာ မက္ခန္ဓာသက်သက်တို့ကို ပုဂ္ဂိုလ်သတ္တဝါပြု၍ ထင်မြင်စွဲယူမှုပေတည်း။)</p>
<h3>မနောဝိညာဉ်နာမက္ခန္ဓာ ၄-ပါးတို့ကို နိစ္စ, သုခ,အတ္တ စွဲလမ်းချက်</h3>
<p>မနောဝိညာဉ်နာမက္ခန္ဓာ ၄-ပါးတို့ကို နိစ္စဟူ၍, သုခဟူ၍, အတ္တ ဟူ၍စွဲလမ်းမှုပေတည်း။</p>
<p>စွဲလမ်းပုံကား -ပုဂ္ဂိုလ် သတ္တဝါဟူသည် ဖြစ်စရာ ပျက်စရာ သဘာဝအသားမရှိသော နိမိတ္တဓမ္မကြီးဖြစ်၍ နိစ္စမျိုး,ဓုဝမျိုးပေတည်း၊ တစ်ဘဝတစ်ဘဝတွင် တစ်ခါဖြစ် တစ်ခါပျက်သာ ရှိသည်ဖြစ်၍ တစ်သက်တစ်သက် ခိုင်မြဲသော နိစ္စမျိုး ဓုဝမျိုးပေတည်း၊ ရုပ်ခန္ဓာ နာမ်ခန္ဓာတို့ကို ပုဂ္ဂိုလ်ဟူ၍, သတ္တဝါဟူ၍, ငါဟူ၍, သူတစ်ပါးဟူ၍, ယောကျ်ား မိန်းမဟူ၍ ထင်မြင်စွဲလမ်းမှုသည် ထိုရုပ်ခန္ဓာ, နာမ်ခန္ဓာတို့ကို နိစ္စမျိုး, ဓုဝမျိုးဟူ၍ ထင်မြင်စွဲလမ်းမှု ဖြစ်လေသည်။</p>
<p>နိစ္စဓုဝဟူသည်--ဣဋ္ဌမျိုး, သုခမျိုး, သုတမျိုးပေတည်း၊ အနှစ် သာရ အတ္တမျိုးပေတည်း၊ ကြံတတ် သိတတ်သော ပုဂ္ဂိုလ်သတ္တဝါဟူ၍မရှိ၊ ခန္ဓာငါးပါး ရုပ်နာမ်တရားသာရှိ၏၊ ထိုတွင် နှလုံးသွေး၌ရှိသော နူးညံ့မှု ကိရိယာ, ဖွဲ့စည်း ယိုစည်းမှုကိရိယာ, ပူမှု နွေးမှုကိရိယာ,ပွရွ လှုပ်ရှားမှု ကိရိယာ, အဆင်း, အနံ့, အရသာ, ဩဇာတို့ကား ရုပ်ခန္ဓာတို့တည်း၊ ထိုရုပ်ခန္ဓာ ကြံမှုမျိုး သိမှုမျိုးမဟုတ်ကုန်၊ ပုဂ္ဂိုလ်, သတ္တဝါမဟုတ်ကုန်၊ ဗဟိဒ္ဓမှ အာရုံ တိုက်ခိုက်လာသည်ရှိသော် ထိုနှလုံးအတွင်း၌ ရံခါရံခါ မနောဝိညာဉ် နာမက္ခန္ဓာ ၄-ပါးတို့သည် တသုတ်တသုတ် ဖြစ်ပေါ်ကုန်၏၊ ထိုနာမက္ခန္ဓာတို့ကို ကြံမှု, သိမှု ဟုဆိုသတည်း။</p>
<p>နှလုံးသွေး၌လည်း ထိုနာမက္ခန္ဓာတို့၏ ဖြစ်ပေါ်ရာဌာနသည် ၁- ရာမက ၁-ထောင်မက များပြား၏၊ အကြောင်းအခွင့်အထူးသင့်ရာ ဤနေရာ၌ တသုတ်, ထိုနေရာ၌တသုတ် ဖြစ်ပေါ်ကြကုန်၏၊ ၁-နာရီ အတွင်းမှာပင် ဖြစ်ရာဌာနပေါင်း ၁-ရာ ၁-ထောင်မက တစ်ဘဝတွင် တစ်ခါဖြစ်, တစ်ခါသေသာရှိရမည်၊ များပြား၏၊ တသုတ်တသုတ်၏ အကြားအကြား၌ ဘဝင်မနော အသီးအသီး ဖြစ်ပေါ်၍ခြား၏၊ အသုတ် ၂-ခုပြိုင်ရိုးမရှိ၊ ဘဝင် မနောနှင့်လည်း ပြိုင်ရိုးမရှိ၊ တသုတ်ချုပ်ဆုံးမှ ဘဝင်တသုတ်ဖြစ်ပေါ်၏၊ ဘဝင်ချုပ်မှ နောက်မနောဝိညာဉ်တသုတ် ဖြစ်ပေါ်၏၊</p>
<p>နှလုံးသွေးမှတပါး စက္ခု, သောတ-စသောတစ်ကိုယ်လုံးမှာ ထိုထိုနေရာ၌ နာမက္ခန္ဓာ ၄-ပါးတို့ ဖြစ်ပေါ်၍နေခိုက်တို့၌လည်း နှလုံး သွေးမှာ ဘဝင်ဝိညာဉ် မနောဝိညာဉ် နာမက္ခန္ဓာ ၄-ပါးတို့ အကုန်တိတိ ကင်း၍ နေကုန်၏၊ ရူပက္ခန္ဓာ သက်သက်သာရှိနေ၏၊ တသုတ်သုတ်ချုပ်မှု, ပျက်မှု, ကုန်ဆုံးမှုတို့ကြောင့် အနိစ္စ အစစ်ပေတည်း။</p>
<h3>အနိစ္စလက္ခဏာ မရဏဘေးကြီး</h3>
<p>အနိစ္စလက္ခဏာ အမြဲမရှိ၍နေကြကုန်သော ထိုနာမက္ခန္ဓာ ၄-ပါးတို့သည် အနိစ္စမျိုး စင်စစ်တို့သာတည်း၊ အနိစ္စလက္ခဏာဟူသည် မရဏဘေးကြီး ခဏမစဲ မမြဲကပ်လိုက်၍နေကုန်သော ထိုနာမက္ခန္ဓာ ၄-ပါးတို့သည် ငါဟူ၍လည်းကောင်း, ငါ၏ဥစ္စာဟူ၍လည်းကောင်း သိမ်းပိုက်ဝံ့စရာမရှိ၊ ကြောက်မက်ဖွယ်အတိဖြစ်သော ဒုက္ခမျိုး စင်စစ်တို့ သာတည်း၊ မျက်တောင်တစ်ခတ်မျှ ခိုင်မြဲသည်ဟု စိတ်ချရသော အနှစ် သာရမျိုး မဟုတ်ကြကုန်သောကြောင့် ပုဂ္ဂိုလ်, သတ္တဝါ၏ အမာခံ အနှစ် သာရ အတ္တမဟုတ်သော အနတ္တမျိုး စင်စစ်တို့သာတည်း။</p>
<p>ပုဂ္ဂိုလ်, သတ္တဝါ၏အနှစ်သာရမှန်ခဲ့လျှင် ပုဂ္ဂိုလ်သတ္တဝါ အသက် ရှည်သမျှ ခိုင်မြဲရမည်၊ တစ်ဘဝတွင် တစ်ခါဖြစ် တစ်ခါသေသာရှိရမည်၊ ထိုသို့ကား မဟုတ်၊ နာမက္ခန္ဓာ ၄-ပါးတို့သည်ကား ၁-နာရီအတွင်းမှာပင် အခါ ၁-ရာ အခါ ၁-ထောင်မက သေဆုံးကြကုန်၏၊ ပုဂ္ဂိုလ်နှင့်တစ်လမ်းစီ နေကြကုန်၏၊ ထို့ကြောင့်နာမက္ခန္ဓာ ၄-ပါးတို့သည် ပုဂ္ဂိုလ်, သတ္တဝါ၏ အထည်ခံ အမာခံဟူသော အတ္တမဟုတ်ကုန်၊ ပုဂ္ဂိုလ်၏ကိုယ်မဟုတ်၊ သတ္တဝါ၏ကိုယ်မဟုတ်၊ ပုဂ္ဂိုလ် သတ္တဝါ၏ကိုယ်မဟုတ်ခဲ့လျှင် ပုဂ္ဂိုလ် သတ္တဝါသေဆုံးမှ သေဆုံးကြရလိမ့်မည်။-ဟူလိုသည်။</p>
<h3>အနိစ္စသိ, ဒုက္ခသိ, အနတ္တသိ</h3>
<p>ဤသို့သိခြင်း မြင်ခြင်းသည်ကား ထိုနာမက္ခန္ဓာ ၄-ပါးတို့ကို အနိစ္စ ဟူ၍, ဒုက္ခဟူ၍ အနတ္တဟူ၍ သိခြင်း မြင်ခြင်းပေတည်း။ မနောဝိညာဉ်နာမက္ခန္ဓာ ၄-ပါးကို ပြဆိုချက်ပြီး၏၊</p>
---
<h3>(စျ) နိဒ္ဒါရာမတာ-စသော တဏှာ ၄-မျိုးကိုပြဆိုချက်</h3>
<p>အရသာ၌ စိတ်အရသာ မနောအရသာ မည်သည် အလွန်တရာ ကြီးကျယ်၏၊ ဇောစိတ်, ဇောမနော, ဇောဝိညာဉ်တို့၏အရသာကို မဆိုထားဘိဦး၊ အိပ်ပျော်မှုဟူသော ဘဝင်မနော၏ အရသာသည်ပင်လျှင် အလွန်သာယာဖွယ် ခံစားဖွယ်ကြီး တစ်ပါးဖြစ်၏၊ စားသောက်၍ အမြိန် မရှက်ခဲ့လျှင် စိတ်စက်မကြည် မချမ်းရှိကြကုန်၏၊ စားသောက်၍ မမြိန်မရှက် စိတ်စက်မကြည်မချမ်း ရှိကြကုန်သကဲ့သို့ အိပ်စက်၍ မခြိုက် မမြိုက်ရှိခဲ့လျှင် စိတ်စက်မကြည်မချမ်းရှိကြကုန်၏၊ အအိပ်ပျက်မည်၊ အစားအသောက် ပျက်မည်ကို အလိုမရှိကြ၊ အအိပ်ပျက်မခံနိုင်, အစား ပျက်မခံနိုင် ရှိနေကြ၏၊ အိပ်စက်မှုဟူသော ဘဝင်မနော အရသာ၌ သာယာသော တဏှာသည် <b>နိဒ္ဒါရာမတာ တဏှာ</b>မည်၏၊</p>
<p>(ဤသာသနာတော်၌ ဗောဓိပက္ခိယဓမ္မ အစီးအပွါးသည် အထွတ် အမြတ်ဖြစ်၏၊ သတ္တဝါတို့ အိပ်ကြရာ ဆိပ်ငြိမ်သော ညဉ့်နာရီစုသည် ဗောဓိပက္ခိယ ဘာဝနာစီးပွါးကို အားထုတ်ကြရာ မြို့အလယ်, ရွာအလယ် ၌ပင် တောအသွင်ကဲ့သို့ အထူးသင့်လျော်သောအခါဖြစ်၏၊ ယခုအခါ သာသနာဂိုဏ်းဝင် လူရှင်အပေါင်းတို့အား နိဒ္ဒါရာမတာ အပေါက်ရှိနေ သည့်အတွက် ထိုအချိန်နာရီတွေကို အိပ်မှုနှင့် ဖြုန်း၍ ပစ်ကြကုန်၏၊ အန္တရာယ်ကြီး တစ်ပါးဖြစ်၏၊)</p>
<p>ဇောမနောအရသာကို အမြဲလိုက်စားကြကုန်၏၊ မိမိတို့စိတ် ပျော်ရာ အာရုံဝတ္ထု အမှုကိစ္စနှင့်နေရမှ နေနိုင်ကြကုန်၏၊ ဇောမနော အရသာတို့၌သာယာသော တဏှာသည်ကား <b>ကမ္မရာမတာတဏှာ, ဘဿာရာမတာ တဏှာ, သင်္ဂဏိကာရာမတာ တဏှာ</b>-စသည်ဖြင့် အလွန်များ၏၊</p>
<p>၁။ ပရိယတ္တိ, ပဋိပတ္တိ ဗောဓိပက္ခိယ စီးပွါးတို့မှ အပဖြစ်သော လုပ်ကြံမှုတို့ကို မစွန့်နိုင်သောတဏှာသည် <b>ကမ္မာရာမတာ</b> မည်၏၊<br>
၂။ အပေါင်းအဖော်တို့နှင့် စကားပြောမှုကို မစွန့်နိုင်သော တဏှာသည် <b>ဘဿာရာမတာ</b> မည်၏၊<br>
၃။ အဖော်နှင့်ကင်း၍ ဆိပ်ငြိမ်ရာဌာန၌ တကိုယ်ရေတစ်ကာယ မနေနိုင်သောတဏှာသည် <b>သင်္ဂဏိကာရာမတာ</b> မည်၏၊</p>
<p>ဗောဓိပက္ခိယစီးပွါးကို လွန်စွာဖျက်ဆည်းနိုင်သော ဓမ္မန္တရာယ် တို့ပေတည်း၊ ခွေး-ကျီး-လင်းတ-ဥပမာ, နူနာကြီး ဥပမာတို့ကိုလည်း ထိုက် သည်အားလျော်စွာ သိကြလေ။</p>
<p>နိဒ္ဒါရာမတာစသောတဏှာ ၄-မျိုးကိုပြဆိုချက်ပြီး၏၊</p>
---
<h3>(ည) ၂၄-ပစ္စည်းတို့ဖြင့် ထင်သာမြင်သာရှိအောင် ဝေဖန်၍ပြဆိုချက်</h3>
<p>ဤကိုယ်ခန္ဓာအတွင်းမှာ ဘယ်နေရာကလှုပ်ရှားသည်-ဟုသိရ လျှင်ပင် ထိုနေရာ၌ နာမက္ခန္ဓာ မပေါ်ခဲ့လျှင် ထိုနေရာတစ်ခုလုံး ပြတ် ကြွေ၍ပင် သွားသော်လည်း ထိုအခါမသိနိုင်၊ ဦးခေါင်းတစ်ခုလုံး လှုပ်၍ သွားသည် ဟု သိလိုက်သောအခါ၌ ဦးခေါင်းတစ်ခုလုံး နာမက္ခန္ဓာတွေ အပြည့်ဖြစ်ပေါ်၍ သွားသည်ဟုမှတ်၊ ရင်တစ်ခုလုံး လှုပ်၍သွားသည်ဟု သိလိုက်သောအခါ၌ ရင်တစ်ခုလုံး လျှပ်စစ်ပြက်သကဲ့သို့ နာမက္ခန္ဓာ ၄- ပါးတွေ အပြည့် ဖြစ်ပေါ်၍သွားသည်ဟုမှတ်၊ တစ်ကိုယ်လုံးလှုပ်သည်ဟု သိလိုက်သောအခွ၌ အတွင်းအပ တစ်ကိုယ်လုံးမှာ လျှပ်စစ်ပေါ်သကဲ့သို့ နာမက္ခန္ဓာတွေ အပြည့်ဖြစ်ပေါ်၍သွားသည်ဟုမှတ်။</p>
<p>တစ်ကိုယ်လုံးမှာ ထိုထိုနေရာတို့၌ နာမက္ခန္ဓာ ၄-ပါးတို့ဖြစ်ပေါ်၍ နေဆဲအခါမှာ နှလုံးသွေး၌ မနောဝိညာဉ် နာမက္ခန္ဓာ ၄-ပါးတို့ ပြတ်စဲ ကွယ်ပျောက်၍ နေမြဲဓမ္မတာတည်း၊ တစ်ကိုယ်လုံးမှာ ထိုထိုနေရာတို့၌ နာမက္ခန္ဓာ ၄-ပါးတို့ တသုတ်တသုတ် အချုပ်အဆုံးတွင် နှလုံး၌ နာမက္ခန္ဓာ ၄-ပါး ညှပ်ကာညှပ်ကာ ဖြစ်ပေါ်မြဲဓမ္မတာပေတည်း၊ တစ်ယောက်သော သတ္တဝါ၏နာမက္ခန္ဓာ၌ နာမက္ခန္ဓာတို့မည်သည် ၂-ဌာနပြိုင်၍ ဖြစ်ရိုးမရှိ၊ ၁-ဌာန၌ချုပ်မှ ၁-ဌာန၌ဖြစ်ပေါ်မြဲတည်း။</p>
<p>၂၄-ပစ္စည်းတွင်-</p>
<p>၁။ <b>အနန္တရပစ္စည်း</b>၊<br>
၂။ <b>သမနန္တရပစ္စည်း</b>၊<br>
၃။ <b>နတ္ထိပစ္စည်း</b>၊<br>
၄။ <b>ဝိဂတပစ္စည်း</b>၊<br>
ဟူသော ၄-ပါးသော ပစ္စည်းတို့သည် တစ်ယောက်သော သတ္တဝါ တွင် နာမ်တရားတို့ ၂-ဌာနပြိုင်၍ ဖြစ်ခြင်း မရှိသည်ကို ပြဆိုသော ပစ္စည်း တို့တည်း။</p>
<h3>ဟေတုပစ္စည်း</h3>
<p>လောဘ,ဒေါသ, မောဟ, အလောဘ, အဒေါသ, အမောဟ တို့၏ ရုပ်နာမ်ခန္ဓာတို့အား အဖြစ်မူလ ကိစ္စဖြင့် ကျေးဇူးပြုမှုကို <b>ဟေတု ပစ္စည်း</b> ဆိုသတည်း။</p>
<h3>အာရမ္မဏပစ္စည်း</h3>
<p>အာရုံ ၆-ပါးထိခိုက်မှု ရှိမှသာ ထိခိုက်ရာဌာန၌ ဝိညာဉ် ၆-ပါး နာမက္ခန္ဓာ ၄-ပါးတို့ ဖြစ်ပေါ်နိုင်ကြသည်ကို <b>အာရမ္မဏပစ္စည်း</b> ဆိုသ တည်း။</p>
<h3>အဓိပတိပစ္စည်း</h3>
<p>အထူးအားဖြင့် အကြီးအမှူးထား၍ ခင်မင်ကြသော အာရုံမျိုးကို <b>အဓိပတိပစ္စည်း</b> ဆိုသတည်း။</p>
<h3>သဟဇာတပစ္စည်း</h3>
<p>ခက်မာမှု, ဖွဲ့စည်းမှု,ပူမှု, အေးမှု အစရှိသော ရုပ်ခန္ဓာလျှင် ရုပ်ခန္ဓာချင်း၊ သိမှု, ခံစားမှု, မှတ်မှု, စေ့ဆော်မှု- အစရှိသောနာမ်ခန္ဓာလျှင် နာမ်ခန္ဓာချင်း၊ ပြိုင်းခနဲ ပြိုင်းခနဲ အတူတကွဖြစ်ပေါ်ကြသည်ကို <b>သဟဇာတပစ္စည်း, အညမညပစ္စည်း</b> ဆိုသတည်း။</p>
<h3>နိဿယပစ္စည်း</h3>
<p>ရုပ်လျှင်ရုပ်ချင်း၊ နာမ်လျှင်နာမ်ချင်း မှီကြရသည်ကိုလည်း ကောင်း, နာမက္ခန္ဓာတို့သည် ရုပ်ခန္ဓာတို့၌ မှီကြရသည်ကိုလည်းကောင်း <b>နိဿယပစ္စည်း</b> ဆိုသတည်း။</p>
<h3>ဥပနိဿယပစ္စည်း</h3>
<p>အမိကျေးဇူး, အဖကျေးဇူး, သားကျေးဇူး,သမီးကျေးဇူး, အိမ် ကျေဇူး, ယာကျေးဇူး, နွားကျေးဇူး, ကျွဲကျေးဇူး, မြေကျေးဇူး, ရေကျေးဇူး, မီးကျေးဇူး, မိုးကျေးဇူး, လေကျေးဇူး, တောကျေးဇူး, တောင်ကျေးဇူး, ဘုရားကျေးဇူး, တရားကျေးဇူး, သံဃာကျေးဇူး, ဆရာသမားကျေးဇူးအစရှိသော လောကဉာဏ်ရှိသမျှ သိမြင်ကြရသော လောက၌ ကျေးဇူး ကြီးငယ် အနန္တတို့ကို <b>ဥပနိဿယပစ္စည်း</b> ဆိုသတည်း။</p>
<h3>ပုရေဇာတပစ္စည်း</h3>
<p>နှလုံးသွေး၌ ဖြစ်ပေါ်ကြသော နာမက္ခန္ဓာ ၄-ပါးတို့သည်ကား အတိတ် အနာဂတ်ဖြစ်သော ရှေးရှေးနှောင်းနှောင်း အာရုံတို့ကိုလည်း ကောင်း, မိမိတို့နှင့်အပြိုင်ဖြစ်ပေါ်သော အာရုံတို့ကိုလည်းကောင်း၊ အစွဲပြု၍ ဖြစ်နိုင်ကြကုန်၏၊ နှလုံးသွေးမှတစ်ပါး စက္ခု, သောတအစရှိသော တစ်ကိုယ်လုံး တစ်ကောင်လုံး၌ ဖြစ်ပေါ်ကြကုန်သော နာမက္ခန္ဓာ ၄-ပါးတို့သည်မူကား ထိုသို့မဟုတ်ကြကုန်၊ စက္ခု, သောတအစရှိသော ကိုယ်အင်္ဂါတို့၌ အဆင်း, အသံ-အစရှိသော ပစ္စုပ္ပန်အာရုံ တို့၏ ခိုက်မှု, တိုက်မှုကိုသာ စွဲ၍ဖြစ်ပေါ်နိုင်ကြကုန်၏၊ ခိုက်တိုက် လာသော ပစ္စုပ္ပန်အာရုံတို့ကို အာရုံပြုနိုင်ကြကုန်၏၊ အာရုံတို့က ဖြစ်ပေါ်မှု အတန်ငယ် ရှေးကျလိုက်လျှင် တင်ကူး၍လှုံ့ဆော်ကြရကုန်၏၊ ဤသို့ သော ကျေးဇူးကို <b>ပုရေဇာတပစ္စည်း</b> ဆိုသတည်း။</p>
<h3>ပစ္ဆာဇာတပစ္စည်း</h3>
<p>ရှေးရှေးတင်ကူး၍ ပေါက်ရောက်ပြီးသော မြက်, သစ်ပင်တို့အား ကြီးပွါးခြင်းငှါ နောက်နောက်ရွာသော မိုးရေသည် ကျေးဇူးပြုသကဲ့သို့ ရှေးရှေးတင်ကူး၍ ဖြစ်ပေါ်နှင့်ကြကုန်သော ရုပ်ခန္ဓာတို့အား ထက်သန်ကြ စေခြင်းငှါ နောက်နောက်၌ တသုတ်တသုတ်ဖြစ်ပေါ်ကြကုန်သော နာမက္ခန္ဓာ ၄-ပါးတို့သည် ကျေးဇူးပြုကြကုန်၏၊ ဤသို့သော ကျေးဇူးကို <b>ပစ္ဆာဇာတပစ္စည်း</b> ဆိုသတည်း။</p>
<h3>အာသေဝနပစ္စည်း</h3>
<p>စက်ကိရိယာတို့သည် အဆင့်ဆင့် အားပေးကြကုန်သကဲ့သို့ နောက်နောက်သော ဇောနာမက္ခန္ဓာတို့အား ရှေးရှေးသော ဇောနာမက္ခန္ဓာ တို့သည် အဆင့်ဆင့်အားပေးကြကုန်၏၊ ဤသို့သော အားပေးမှုကို <b>အာသေဝန ပစ္စည်း</b>ဆိုသတည်း။</p>
<h3>ကမ္မပစ္စည်း</h3>
<p>ရှေး၌ သင်္ခါရက္ခန္ဓာ အခန်းတွင်ပြဆိုခဲ့ပြီးသော စေတနာ၏ စိတ်ကိုရပ်တည်မရအောင် စေ့ဆော်မှု, လှုံ့ဆော်မှု, အပူတပြင်း တိုက်တွန်း မှုကို <b>ကမ္မပစ္စည်း</b> ဆိုသတည်း။</p>
<p>(သုဂတိဘုံဘဝသို့ရောက်၍ လူဖြစ်ရမှု, နတ်ဖြစ်ရမှု, ဗြဟ္မာဖြစ် ရမှု ချမ်းသာ ၃-ပါးကိုခံစား စံစားကြရမှု, ဒုဂ္ဂတိဘဝသို့ရောက်၍ အပါယ် သတ္တဝါဖြစ်ရမှု, အပါယ်ဒုက္ခ ၄-ပါးကိုခံစားကြရမှုကိုလည်း <b>ကမ္မပစ္စည်း</b> ဆိုသတည်း။)</p>
<h3>ဝိပါကပစ္စည်း</h3>
<p>အိပ်ပျော်၍နေစဉ်အခါ၌ ဘဝင်မနောတို့၏ ငြိမ်သက်မှုကို <b>ဝိပါကပစ္စည်း</b>ဆိုသတည်း။</p>
<h3>အာဟာရပစ္စည်း</h3>
<p>နေ့စဉ်မျိုအပ်သော ထမင်းအစာတို့၏ တစ်ဘဝ,တစ်ဘဝ၌ ရုက်ခန္ဓာကြီးကို ခိုင်မြဲအောင် ထောက်ပံ့မှု, စိတ်, ဖဿ, စေတနာတို့ အနမတဂ္ဂ သံသရာ၌ နာမ်ခန္ဓာအစဉ်ကို ခိုင်မြဲအောင် ထောက်ပံ့မှုသည် <b>အာဟာရ ပစ္စည်း</b>မည်၏၊</p>
<h3>ဣန္ဒြိယပစ္စည်း</h3>
<p>စက္ခုရုပ်သည် စက္ခုဝိညာဉ် နာမက္ခန္ဓာ ၄-ပါးတို့ကို အစိုးရ၏၊ ထိုခန္ဓာ ၄-ပါးတို့သည် စက္ခုရုပ်နုံ့နှေးလျှင် နုံ့နှေးရကုန်၏၊ မျက်စိအမြင် မကြည်မလင်ဖြစ်ရ၏၊ စက္ခုရုပ်ထက်သန်လျှင် ထက်သန်ကြကုန်၏၊ မျက်စိအမြင် ကြည်လင်၏၊ လူတို့၏စက္ခုရုပ် ထက်သန်သည်ထက် နတ်တို့၏ စက္ခုရုပ်သည်ထက်သန်၏၊ ထို့ကြောင့် အမြင် ခန္ဓာတို့သည် သစ်ပင်, တော, တောင်, မြေ,ရေကို ဖောက်ထွင်း၍ မြင်ကြကုန်၏၊</p>
<p>သောတရုပ်, ဃာနရုပ်, ဇိဝှါရုပ်, ကာယရုပ်တို့၌လည်း သူ့ဝိညာဉ် နှင့်သူ ဆိုလေ၊ ဇီဝိတ, စိတ်, ဝေဒနာ, သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာတို့သည် နာမ်ခန္ဓာ ၄-ပါးတို့ကို အသီးအသီး အစိုးရကြကုန်၏၊ မိမိတို့ကိစ္စ၌ မိမိတို့နုံ့ကြလျှင် နာမ်ခန္ဓာ ၄-ပါးတို့နုံ့ကြကုန်၏၊ ထက်လျှင် ထက်ကြကုန်၏၊ ဇီဝိတသက်သက်သည်လည်း ကမ္မဇရုပ်တို့ကို အစိုးရ၏၊ ဇီဝိတနုံ့လျှင် ကမ္မဇရုပ်တို့နုံ့ကြကုန်၏၊ ဇီဝိတထက်သန်လျှင် ထက်သန် ကြကုန်၏၊ အသက်ရှည်၏၊ ဤသို့သော အစိုးရမှုကို <b>ဣန္ဒြိယပစ္စည်း</b> ဆိုသတည်း။</p>
<h3>စျာနပစ္စည်း</h3>
<p>ဝိတက်, ဝိစာရ, ပီတိ, ဝေဒနာ, ဧကဂ္ဂတာ-တို့၏ နာမ်ခန္ဓာတို့ကို အာရုံ၌ စူးစူးစိုက်စိုက် နေနိုင်ကြအောင် ကျေးဇူးပြုမှုသည် <b>စျာနပစ္စည်း</b> မည်၏၊ သေနတ်ဖြင့် ငှက်ကိုပစ်ရာ၌ ဤစျာနပစ္စည်းမပါလျှင် ရွယ်ပင် မရွယ်နိုင်။</p>
<h3>မဂ္ဂပစ္စည်း</h3>
<p>ပညာ,ဝိတက်,ဝိရတီ ၃-ခု, ဝီရိယ, သတိ, ဧကဂ္ဂတာ, ဒိဋ္ဌိတို့၏ နာမက္ခန္ဓာ ၄-ပါးကို ကယကံ, ဝစီကံ, မနောကံ, မြောက်ကြောင်း ဒုဂ္ဂတိ, သုဂတိနိဗ္ဗာန်သို့ ပေါက်ရောက်ကြောင်းအဖြစ်ဖြင့် ကျေးဇူးပြုမှုသည် <b>မဂ္ဂပစ္စည်း</b>မည်၏၊</p>
<h3>သမ္ပယုတ္တပစ္စည်း</h3>
<p>နာမက္ခန္ဓာ ၄-ပါးတို့၏ ဖြစ်တူ, ပျက်တူ ယှဉ်ဖက်မှုသည် <b>သမ္ပယုတ္တပစ္စည်း</b>မည်၏၊ ထိုသမ္ပယုတ္တပစ္စည်းကို ပြဆိုခဲ့ပြီ။</p>
<h3>ဝိပ္ပယုတ္တပစ္စည်း</h3>
<p>နာမက္ခန္ဓာ ၄-ပါးတို့သည် အရေတွင်း, အသားတွင်း, အကြော တွင်း, အရိုးတွင်း, ဦးနှောက်တွင်း, အဆုတ်တွင်း, အသည်းတွင်း, နှလုံးသားတွင်း, နှလုံးသွေးတွင်းတို့၌ တဝင်းဝင်း တလက်လက် မစဲဖြစ်ပေါ်၍ နေကြကုန်သော်လည်း ရုပ်ခန္ဓာတို့ ရောယှက်ငြိတွယ်ခြင်း မရှိကြကုန် သည်ကို <b>ဝိပ္ပယုတ္တပစ္စည်း</b> ဆိုသတည်း။</p>
<h3>အတ္ထိပစ္စည်း, အဝိဂတပစ္စည်း</h3>
<p>ပြဆိုခဲ့ပြီးသော ပစ္စည်းအပေါင်းတို့တွင် အကျိုးဖြစ်သော ပစ္စုပ္ပန်တရားတို့နှင့် ခဏပစ္စုပ္ပန် အပြိုင်ရ ကောင်းသော သဟဇာတ ပစ္စည်း, ပုရေဇာတပစ္စည်း-စသည်ကိုပင် <b>အတ္ထိပစ္စည်း, အဝိဂတပစ္စည်း</b> ဆိုသတည်း။<br>
၂၄-ပစ္စည်းတို့ဖြင့် ထင်သာမြင်သာရှိအောင် ဝေဖန်၍ပြ ဆိုချက်ပြီး၏၊ တိက္ခပုဂ္ဂိုလ်တို့ ရှုနည်းကို ပြဆိုခန်းပြီး၏၊</p>
---
<h3>၁၈-နိဂုံး</h3>
<p>ဤမျှသောစကားအစဉ်ဖြင့် အဘိဓမ္မာဆရာ တပည့်မောင်သဲ လျှောက်ထားတောင်းပန်ချက်အရ ကမ္မဋ္ဌာန်းပိုင်းနှင့်ဆိုင်ရာ သရုပ် သဘောသကန်တို့ကို အကျယ်ဝေဖန်၍ ရေးသားစီရင်အပ်သော <b>ကမ္မဋ္ဌာန်းကျမ်းကြီး</b>သည် ၁၂၆၆-ခု၊ တန်ဆောင်မုန်းလဆန်း ၁၀-ရက် နေ့တွင် ငါတို့စီရင်ရေးသား ပြီးစီးအောင်မြင်လေသတည်း။</p>
<p>ကမ္မဋ္ဌာန်းကျမ်းကြီး ပြီးပြီ။</p>
9zc8d7j26epv3339smv4wdv4sbjzmmd
နိုင်ငံခြားပုစ္ဆာ အဖြေပေါင်းချုပ်
0
5742
18777
2025-06-13T01:49:12Z
Tejinda
173
"{{header | title = [[လယ်တီဆရာတော်ဘုရားကြီး]] | author = လယ်တီဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = <b>နိုင်ငံခြားပုစ္ဆာ အဖြေပေါင်းချုပ်</b> | pr..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18777
wikitext
text/x-wiki
{{header
| title = [[လယ်တီဆရာတော်ဘုရားကြီး]]
| author = လယ်တီဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = <b>နိုင်ငံခြားပုစ္ဆာ အဖြေပေါင်းချုပ်</b>
| previous = [[ကမ္မဋ္ဌာန်းကျမ်းကြီး]]
| previous2 =
| next = [[နိုင်ငံတွင်းပုစ္ဆာအဖြေပေါင်းချုပ်-ပထမတွဲ]]
| next2 =
| year =
| notes =
| edition =
| categories = လယ်တီဆရာတော်
| shortcut =
| portal =
}}
<h3>နိုင်ငံခြားပုစ္ဆာ အဖြေပေါင်းချုပ်</h3>
<h3>ပြင်သစ်ပုစ္ဆာ အဖြေ</h3>
<p>နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ</p>
<p>လျှောက်လွှာ</p>
<p>တပည့်တော်-မန္တလေးမြို့ အထက်မြန်မာနိုင်ငံ တရားဌာနချုပ် ဝန်ကြီးမင်း ရုံးတော်စာရေးကြီး ပြင်သစ်လူမျိုး <b>“ဗိုလ်ရှင်”</b> လျှောက်ထား ပါသည်-လယ်တီဆရာတော်ဘုရား။</p>
<p>ပြင်သစ်ပြည် ပါရစ်မြို့တော် ပညာရှိလူကြီးမင်းများက ဗုဒ္ဓဘာ သာ တရားဓမ္မဒေသနာတော်နှင့် စပ်လျဉ်း၍ ထုတ်ဖော်ရေးသားလိုက် သော အမေးပုစ္ဆာ ၅-ရပ်တို့ကို အဖြေရေးသား ပေးသနားတော်မူပါ ဘုရား။</p>
<p>၁။ သားသမီးတို့၏ ကံ-ကမ္မသည် ၎င်းတို့၏ မိ, ဘများ <b>“ကံ-ကမ္မ”</b> နှင့် တူ, မတူ။</p>
<p>၂။ မိဘက နူသည်ဖြစ်စေ, ရောဂါဆိုးကပ်သည်ဖြစ်စေ, ရူးသည် ဖြစ်စေ၊ ထိုသူတို့မှ ပေါက်ဖွားသော သားသမီးတို့မှာ ဆေးကျမ်း ပညာအရ ကူးတတ်သည်၊ ရူးတတ်သည်-ဆိုကြသည် <b>“ကံ ကမ္မ''</b>ချင်း မတူကြလျှင် မည်သည့် အတွက်ကြောင့် နူနိုင်, ရူးနိုင်, ကူးနိုင်ကြပါသနည်း။</p>
<p>၃။ ဝိညာဉ်သည် အတွယ်ရှိပါမှ ဖြစ်ပါသလား၊ သို့မဟုတ် မတွယ်မီ အလျောက်ဖြစ်နေပါသလား၊ အစိမ်းတစ္ဆေဖြစ်သည် ဆိုကြသော စကား-မှန်ပါသလား။</p>
<p>၄။ <b>“လူဝင်စား”</b> ဟူ၍ လောက၌ ပြောရိုးဆိုရိုး ရှိကြ၏၊ ဝင်စားခြင်း အကြောင်းသည် ဗုဒ္ဓဘာသာတရားတော်တွင် သက်ဝင်ခြင်းရှိပါ သလား။</p>
<p>၅။ အဘိညာငါးပါး</p>
<p>၁။ ဣဒ္ဓိဝိဓ အဘိညာ၊<br>
၂။ ဒိဗ္ဗသောတ အဘိညာ၊<br>
၃။ စေတောပရိယ အဘိညာ၊<br>
၄။ ပုဗ္ဗေနိဝါသ အဘိညာ၊<br>
၅။ ဒိဗ္ဗစက္ခု အဘိညာ၊</p>
<p>ဤငါးပါးတို့သည် မြတ်စွာဘုရားမှတစ်ပါး ရဟန္တာ-အစရှိသော အရိယာသာဝကများနှင့် ဆက်ဆံပါသေး၏လား။</p>
<p>------*------</p>
<h3>လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက် ပထမပုစ္ဆာအဖြေ</h3>
<p>၁။ သား, သမီးတို့ ကံ-ကမ္မ, သည်၊ ၎င်းတို့၏ မိ, ဘများ <b>“ကံကမ္မ”</b> နှင့် တူ, မတူဟူသော မေးချက်မှာ</p>
<p>တူသည်လည်းရှိ၏၊ မတူသည်လည်းရှိ၏၊ တူ, မတူဆိုသည် ကား- အားရှိ, အားမဲ့ချင်း တူ, မတူကို ဆိုလိုသည်၊ ငါတို့ဘုရားအလောင်း သိဒ္ဓတ်မင်းသား၏ ကံ-ကမ္မနှင့် အမိ မယ်တော်မာယာ, အဘသုဒ္ဓေါဒန မင်းကြီးတို့၏ ကံ-ကမ္မသည် မတူကြ၊ သိဒ္ဓတ်မင်းသား၏ ကံ-ကမ္မသည် အလွန်ကြီး၏၊ အလွန်အားရှိ၏၊ ၎င်းသိဒ္ဓတ်မင်းသား၏ ကံ-ကမ္မနှင့် နှိုင်းယှဉ်သော် မယ်တော်, ခမည်းတော်တို့၏ ကံ-ကမ္မသည် အလွန် ငယ်၏၊ အလွန်အားမဲ့၏၊ ဤကား-မတူရာ၌ သက်သေတည်း။ တူရာ၌ သက်သေမူကား- လောက၌ မြော်မြင်ဖွယ် အလွန်ပေါများလေပြီ၊ မျက်မြင်ဘဝ၌ အကျိုးပေးကြပုံချင်း တူ, မတူကို ထောက်မြော်၍ ကံကမ္မချင်း တူ-မတူကို ဆိုနိုင်ခွင့်ရှိလေသတည်း။</p>
<p>ပထမပုစ္ဆာအဖြေပြီး၏၊</p>
<p>----*------</p>
<h3>ဒုတိယပုစ္ဆာအဖြေ</h3>
<p>၂။ မိဘကနူသည်ဖြစ်စေ, ရောဂါဆိုး စွဲကပ်သည်ဖြစ်စေ, ရူးသည်ဖြစ်စေ, ထိုသူတို့မှပေါက်ဖွားသော သားသမီးတို့မှာ ဆေးကျမ်း ပညာအရ ကူးတတ်သည်၊ ရူးတတ်သည်-ဆိုကြသည် <b>'ကံ-ကမ္မ'</b> ချင်း မတူကြလျှင် မည်သည့်အတွက်ကြောင့် နူနိုင်, ရူးနိုင်, ကူးနိုင်ပါသနည်းဟူသော မေးချက်မှာ</p>
<p>အမိ၏ ဥတုအတွက်, အဘ၏ဥတုအတွက်ကြောင့် နုူနိုင်, ရူးနိုင်, ကူးနိုင်လေသည်၊ ဤအရာ၌ ပန်းပင်ငယ် ဥပမာကို ပြဆိုရာ၏၊ အလွန် မြေဩဇာ, ရေဩဇာ ညံ့ဖျင်းလှသော မြေအရပ်တစ်ခု၊ အလွန် မြေဩဇာ, ရေဩဇာကောင်းမွန်လှသော မြေအရပ်တစ်ခုရှိရာ၏၊ တစ်ခုသော ပန်းမျိုးစေ့ကို ရရှိ၍ ညံ့ဖျင်းလှသော မြေအရပ်၌စိုက်မျိုးခဲ့ပါမူ တစ်ထွာ ခန့်မျှရှိလျှင် နာ၍ နူ၍နေတတ်၏၊ ထိုမျိုးစေ့ကိုပင် ကောင်းမွန်သော မြေအရပ်၌ စိုက်မျိုးခဲ့ပါမူကား-တစ်တောင်ခန့်မျှ ကြီးပွား၍ နာမှု, နူမှု ကင်းရှင်းလျက် အလွန်ရွှင်လန်းတတ်၏၊ မျိုးစေ့တစ်ခုတည်းဖြစ်ပါလျက် အဘယ့်ကြောင့် ပန်းပင်ချင်း မတူရှိကြလေသနည်း၊ မြေအတွက်, ရေအတွက်ကြောင့် ပန်းပင်ချင်းမတူရှိကြလေသတည်း။</p>
<h3>နှိုင်းယှဉ်ပြချက်</h3>
<p>၁။ ရှေးကံဟောင်းသည် ပန်းမျိုးစေ့နှင့် တူ၏၊</p>
<p>၂။ အမိ၏ အသွေးအသားစုသည် ပန်းမျိုးစေ့စိုက်ပျိုးရာ မြေအရပ်နှင့်တူ၏၊</p>
<p>၃။ အဘ၏ အသွေးအသားစုသည် ထိုမြေအရပ်၌ ကျရောက်သော ရေနှင့်တူ၏၊</p>
<p>ပန်းမျိုးစေ့၏ အဖို့သည် ပန်းပင်ငယ်မှာ ဆယ်ဖို့တွင် တစ်ဖို့ခန့် ပါဝင်၏၊ မြေ၏အဖို့သည် ပန်းပင်ငယ်မှာ ဆယ်ဖို့တွင် ခြောက်ဖို့ခန့် ပါဝင်၏၊ ရေ၏အဖို့သည် ပန်းပင်ငယ်မှာ ဆယ်ဖို့တွင် သုံးဖို့ခန့် ပါဝင်၏၊ မြေအဖို့, ရေအဖို့ဆိုသည်ကား- ပန်းပင်ငယ်တို့၌ မြေ, ရေတို့မှ လိုက်ပါကြ သော အဆင်း, သဏ္ဌာန်, ရသ, ဩဇာတို့၏ ကောင်းခြင်း, မကောင်းခြင်း တို့ပေတည်း။</p>
<p>[ကံနှင့်မိဘ သာသမီးတို့မှာလည်း ထိုနည်းတူမှတ်လေ။ ]</p>
<p>မိဘတို့၏ အဖို့ဆိုသည်ကား- မိဘတို့သည် လူဖြစ်ကုန်အံ့၊ သား သမီးတို့သည် လူသဏ္ဌာန်ဖြစ်ကြရကုန်၏၊ မိဘတို့သည် နွားဖြစ်ကြရ ကုန်အံ့၊ သားသမီးတို့သည် နွားသဏ္ဌာန်ဖြစ်ကြရကုန်၏၊ လူတို့တွင်လည်း မိဘတို့သည် တရုပ်လူမျိုး ဖြစ်ကြကုန်အံ့၊ သားသမီးတို့သည် တရုပ်လူမျိုး သဏ္ဌာန် ဖြစ်ကြရကုန်၏၊ မိဘတို့သည် ကုလားလူမျိုးဖြစ်ကြကုန်အံ့၊ သားသမီးတို့သည် ကုလားလူမျိုးသဏ္ဌာန် ဖြစ်ကြရကုန်၏၊ အနာရောဂါ တို့သည်လည်း ထိုမိဘတို့၏ အဖို့တွင် ပါဝင်လျက် ရှိကြကုန်၏၊</p>
<p>ထို့ကြောင့် မိဘတို့၏ ကံနှင့် သားသမီးတို့၏ ကံသည် မတူကြ ကုန်ငြားသော်လည်း, အတန်ငယ်မျှ ကြီးမြတ်ကြကုန်ငြားသော်လည်း မိဘတို့၏အဖို့ကို မလွန်ဆန်နိုင်၊ မခုခံနိုင်၊ မိဘနူလျှင် သားသမီး နူတတ်၏၊ မိဘရောဂါသည် ဖြစ်ခဲ့လျှင် သားသမီးလည်း ကြီးလျှင် ရောဂါ သည်ဖြစ်တတ်၏၊ မိဘရူးလျှင် သားသမီးလည်း ကြီးလျှင် ရူးတတ်၏၊ မိဘတို့၏ ကံထက် အလွန်အားကြီးသော ကံမှသာလျှင် သားသမီး သဏ္ဌာန်၌ မိဘတို့မှ လိုက်ပါ သော ဓာတ်ဆိုး ဓာတ်ဝါးတို့၏ ပွားစီးခြင်း ကို လွန်ဆန်နိုင်၏၊ ခုခံနိုင်၏၊ ဆေးကောင်း ဝါးကောင်းတို့ဖြင့် ကိုယ် သဏ္ဌာန်၌ ဓာတ်ကောင်း ဓာတ်မွန်တို့ကို ပွားစီးလေအောင် တည်ထောင် ပြုစုနိုင်ခဲ့ပါမူကား- မိဘနူသော်လည်း မနူရအောင် တတ်နိုင်လေသ တည်း။</p>
<p>အမိဝမ်း၌ ပဋိသန္ဓေကိန်းရသောသတ္တဝါတို့မှာ မျိုးစေ့သုံးပါးနှင့် ဖြစ်ပွါးရကုန်၏၊ ရှေးကံဟောင်းလည်း မျိုးစေ့တစ်ပါး၊ အမိ၏ ရသဓာတ် လည်း မျိုးစေ့တစ်ပါး၊ အဘ၏ ရသဓာတ်လည်း မျိုးစေ့တစ်ပါး၊ ထိုတွင် အမိဓာတ် အဘဓာတ် နှစ်ပါးတို့သည်လည်း အားရှိ, အားမဲ့ချင်း တူ, မတူနှစ်ပါး ရှိကြကုန်၏၊ မိဘနှစ်ပါးစုံ ကျန်းမာမှု, ဆူဖြိုးမှု တူကြလျှင် ရသဓာတ်နှစ်ပါး အားရှိခြင်းတူကြ၏၊ ထိုအခါ ပဋိသန္ဓေတည်နေသော သားသမီးတို့မှာ အဆင်းသဏ္ဌာန်စသည် နှစ်ဖက်မျှတလျက် ရှိတတ် ကြ၏၊ မိဘတို့မှာ ရသဓာတ် တစ်ဖက်ကအားရှိ၍ တစ်ဖက်ကအားနည်း သောအခါ ပဋိသန္ဓေတည်နေသော သားသမီးတို့မှာ အဆင်းသဏ္ဌာန် စသည် တစ်ဖက်ဖက်က သာလွန်တတ်ကြ၏၊</p>
<p>ဒုတိယပုစ္ဆာအဖြေ ပြီး၏၊</p>
<p>-----*------</p>
<h3>တတိယပုစ္ဆာအဖြေ</h3>
<p>၃။ ဝိညာဉ်သည် အတွယ်ရှိမှ ပြုတ်ပါသလား၊ သို့မဟုတ် မတွယ်မီ အလိုအလျောက် ဖြစ်နေပါသလား၊ အစိမ်းတစ္ဆေဖြစ်သည်ဆိုကြသောစကား မှန်ပါသလား-ဟူသောမေးချက်မှာ</p>
<p>အတွယ်ရှိမှပင်ပြုတ်သည်၊ အတွယ်မရှိမီ အကြားမှာ တစ်စုံ တစ်ခုသောအဖြစ်၌ အလွတ်အလျောက်ဖြစ်၍ နေရသည်မဟုတ်၊ အတွယ်မရှိမီ အကြားမှာ တစ်စုံတစ်ခုသောအဖြစ်၌ အလွတ်အလျောက် ဖြစ်၍ နေရသေးသည်ဟူသော အယူသည် အန္တရာဘဝဒိဋ္ဌိ အယူမည်၏၊ ထိုအယူကို ဗုဒ္ဓဘာသာကျမ်းဂန်တို့၌ ပယ်ဖျက်လျက်ရှိကြ၏၊</p>
<p>ထိုအယူဖြစ်ပုံကား။ ဤဘဝမှသေလွန်လျှင် နောက်ဘဝ၌ လူဖြစ်မည့်သူ, နတ်ဖြစ်မည့်သူ, ဗြဟ္မာဖြစ်မည့်သူ, အောက်ငရဲ၌ ဖြစ်မည့်သူ, တိရစ္ဆာန်-ပြိတ္တာတို့၌ဖြစ်မည့်သူ အမျိုးမျိုးရှိကြ၏၊ ထိုသူတို့ သည် ဤလူဘဝ သေလွန်ရာဌာနမှ နောက်လူဘဝသို့, နတ်ဘဝသို့, ဗြဟ္မာဘဝသို့, ငရဲ တိရစ္ဆာန်-ပြိတ္တာဘဝသို့ အဘယ်သို့ ကူးပြောင်း သွား ရောက်နိုင်ကြပါကုန်သနည်း၊ အကြား၌ သွားလွင့်ကူးသန်းမှု ဧကန္တရှိရ လိမ့်မည် မဟုတ်လော၊ သွားလွင့်ကူးသန်းမှုရှိခဲ့သော် ထိုသွားလွင့် ကူးသန်းသူသည် အကောင်အထယ် ရှိသောသူလည်း မဟုတ်သေး၊ နတ်ဗြဟ္မာလည်း မဟုတ်သေး၊ ငရဲ, တိရစ္ဆာန်, ပြိတ္တာလည်း မဟုတ်သေး၊ အလွတ်တစ်မျိုး မဟုတ်လော၊ ထိုသူကို အန္တရာဘဝခေါ်၏၊</p>
<p>ထိုသူသည် ခန္ဓာငါးပါးအပြည့်အစုံရှိသည်ဟူ၍လည်း ယူကြ၏၊ ဝိညာဉ်ချည်းသက်သက် ရှိသည်ဟူ၍လည်း ယူကြ၏၊ ထိုသူသည် နတ်မျက်စိအမြင်နှင့်ပြည့်စုံ၏၊ အလိုရှိရာဘဝသို့ ခဏခြင်းရောက်နိုင် သော တန်ခိုးလည်းရှိ၏၊ ထိုသူသည် ကံတိုက်တွန်းရာ ထွေထွေလာလာ ထင်တတ်၏၊ လူဆင်းရဲဖြစ်ရန် ကံတိုက်တွန်းခဲ့လျှင် လူဆင်းရဲကိုပင် လူချမ်းသာထင်၏၊ ငရဲ၌ကျရောက်ရန် ကံတိုက်တွန်းခဲ့လျှင် ငရဲပြည်ကိုပင် နတ်ပြည်ထင်တတ်၏၊ ထိုအန္တရာဘဝမှတစ်ဆင့် အလိုရှိရာဘဝသို့ ခဏခြင်း သွားရောက်၍ ပဋိသန္ဓေစွဲနေ ဖြစ်ပေါ်လေ၏၊</p>
<p>[ဤကား-အန္တရာဘဝဝါဒီပုဂ္ဂိုလ်တို့၏ အယူတည်း။]</p>
<p>ဤအယူကို ဗုဒ္ဓဘာသာကျမ်းဂန်တို့၌ ပယ်ဖျက်၏၊</p>
<p>ပယ်ဖျက်ပုံကား-အန္တရာဘဝဟူ၍မရှိ၊ ဤဘဝမှ သေလွန်လျှင် နောက်ဘဝ၌ လူဖြစ်မည့်သူသည် လူဖြစ်လေ၏၊ နတ်ဖြစ်မည့်သူသည် နတ်ပြည်၌ နတ်ဖြစ်လေ၏၊ ငရဲ၌ ဖြစ်မည့်သူသည် ငရဲ၌ ဦးတိုက် ဖြစ်လေ၏၊ အကြား၌ အန္တရာဘဝ မရှိခဲ့သော် လူ့ပြည်မှ နတ်ပြည်သို့, လူ့ပြည်မှ ငရဲပြည်သို့ အဘယ်သို့ သွားလိမ့်မည်နည်း ဆိုငြားအံ့ တစ်ဘဝ မှ တစ်ဘဝသို့ သွားသည်၊ လာသည်၊ ကူးသန်းသည်၊ ပြောင်းရွှေ့ သည်၊ ကျင်လည်သည်-ဟူသော စကားမျိုးသည် လောကစကားမျိုးသာ ဖြစ်၏၊ ဓမ္မစကားမျိုး, ဓာတ်စကားမျိုး မဟုတ်။</p>
<p>ဓမ္မစကားမျိုးနှင့် ပြောဆိုသည်ရှိသော် တစ်ခုသောရုပ်ဓမ္မ, နာမ်ဓမ္မသည် တစ်ဘဝမှတစ်ဘဝသို့ သွားသည် လာသည် မရှိ၊ ကူးသန်း ပြောင်းရွှေ့သည်၊ ကျင်လည်သည်-ဟူ၍မရှိ၊ ဤအရာ၌ အရိပ်ဓာတ်ပုံ ပြခန်း၊ ဓာတ်သီချင်းဖွင့်ခန်းများကို စေ့စုံစွာ ထောက်မြော်၍ ရုပ်ဓမ္မ, နာမ်ဓမ္မတို့၏ အစီအစဉ်အားဖြင့် အဆက်ဆက် အဆင့်ဆင့် ဖြစ်ပွား၍ သွားပုံကို ယုံကြည်ထိုက်လှ၏၊</p>
<p>အကြင်သူသည် လူ့ပြည်မှသေ၍ နတ်ပြည်၌ဖြစ်လေ၏၊ ထိုသူ၌ လူ့ဘဝအဆုံးနှင့် နတ်ဘဝအစသည် ဌာနအားဖြင့် ဝေးကွာသော်လည်း ကာလအားဖြင့် အခြားမရှိ၊ တစ်စပ်တည်း, တစ်ဆက်တည်း စပ်ဆက် လျက်ဖြစ်၏၊ အကြင်သူသည် လူ့ပြည်မှ သေ၍ အောက်မဟာအဝီစိ ငရဲကြီး၌ ဖြစ်လေ၏၊ ထိုသူ၌လည်း လူ့ဘဝအဆုံးနှင့် ငရဲဘဝအစသည် ဌာနအားဖြင့် ကွာဝေးသော်လည်း ကာလအားဖြင့် အခြားမရှိ၊ လောက မျက်မြင်အားဖြင့် မဟာပထဝီမြေအထု ခုခံကွယ်ခြား၍ နေသော်လည်း ကံဟူသောနာမ်ဓမ္မ၏ အစွမ်းသတ္တိကို ထိုမဟာပထဝီ မြေအထု ခုခံ ကွယ်ခြားနိုင်သည်မဟုတ်၊ လူ့ဘဝမှာအဆုံး နာမ်ဓမ္မ အဟောင်း ချုပ်လျှင် မဟာအဝီစိငရဲကြီးမှာအစ, နာမ်ဓမ္မအသစ် ဆက်လက်ဖြစ်ပေါ်လေ တော့သည်၊ အကြား၌ မျက်တောင်တစ်ခပ် လျှပ်တစ်ပြက်မျှ ကြံ့ကြာခြင်း မရှိလေပြီ။</p>
<p>အကြောင်းမူကား-အသီးအသီး သူ့ကံနှင့်သူ့ဘုံ၊ သူ့ဘုံနှင့် သူ့ဘဝ သတ်မှတ်ပိုင်းခြားလျက် ရှိလေသောကြောင့်တည်း။</p>
<p>သတ်မှတ်ပိုင်းခြားပုံကား</p>
<p>ကံသည်အမျိုးမျိုးရှိ၏၊ ကံ၏အကျိုးသည် အမျိုးမျိုးရှိ၏၊</p>
<p>၁။ ဒါနဟူသောကုသိုလ်ကံတစ်မျိုးမှာပင် အချို့သောဒါနကံသည် လူ့ဘဝကိုဖြစ်စေနိုင်၏၊ အချို့သောဒါနကံသည် စာတုမဟာရာဇ်နတ်ဘဝကို ဖြစ်စေနိုင်၏၊ အချို့သောဒါနကံသည် တာဝတိံသာနတ်ဘဝကို ဖြစ်စေနိုင်၏၊ နတ်ပြည်ခြောက်ထပ် အဆင့်ဆင့်သွားလေ။</p>
<p>၂။ သီလဟူသောကုသိုလ်ကံတစ်မျိုးမှာလည်း ဒါနကံအတိုင်း ဝေဖန်လေ။</p>
<p>၃။ မဟဂ္ဂုတ်ဘာဝနာကံစုမှာလည်း ပထမစျာန် ကုသိုလ်ကံသည် ပထမစျာန်ဗြဟ္မာ့ဘုံ၌ ပထမစျာန်ဗြဟ္မာ့ဘဝကို ဖြစ်စေနိုင်၏၊ ဒုတိယစျာန်ကုသိုလ်ကံသည် ဒုတိယစျာန် ဗြဟ္မာ့ဘုံ၌ ဒုတိယ စျာန်ဗြဟ္မာ့ဘဝကိုဖြစ်စေနိုင်၏၊ တတိယစျာန်, စတုတ္ထစျာန် စသည်တို့၌လည်း သူ့ကုသိုလ်ကံနှင့် သူ့ဘုံ, သူ့ဘဝ အသီး အသီးရှိကြလေပြီ၊ အထက်ဆုံးဖြစ်သော နေဝသညာနာသညာ ယတနစျာန်ကုသိုလ်ကံသည် အထက်ဆုံးဖြစ်သောယတနစျာန်ကုသိုလ်ကံသည် အထက်ဆုံးဖြစ်သော သညာနာသညာယတနဗြဟ္မာ့ဘုံ၌ နေဝသညာနာသညာယတန ဗြဟ္မာ့ဘဝကို ဖြစ်စေ၏၊</p>
<p>၄။ ပါဏာတိပါတ, ဟူသော အကုသိုလ်ကံတစ်မျိုးမှာပင် အချို့ ကံသည် သဉ္ဇီဝငရဲဘုံ၌ သဉ္ဇီဝငရဲဘဝကို ဖြစ်စေနိုင်၏၊ အချို့ ကံသည် ကာလသုတ္တငရဲဘုံ၌ ကာလသုတ္တငရဲဘဝကို ဖြစ်စေ နိုင်၏၊ ဤနည်းအတူ အောက်ဆုံးဖြစ်သော မဟာအဝီစိငရဲ ဘုံတိုင်အောင်ဆိုလေ၊ အဒိန္နာဒါနကံ, စသည်တို့ကိုလည်း ပါဏာတိပါတကံအတိုင်း ဝေဖန်လေ။</p>
<p>ကံ၏အကျိုး အမျိုးမျိုးဆိုသည်ကား-</p>
<p>လူ့ဘဝ, စာတုမဟာရာဇ်နတ်ဘဝ, တာဝတိံသာနတ်ဘဝ အစရှိ သည်ဖြင့် ဆိုခဲ့ပြီးသော စကားရပ်စု၌ ဘဝဟူသောစကားသည် ကံ၏ အကျိုးကိုဆိုသော စကားပင်တည်း၊ ဘဝအမျိုးမျိုးကို ကံ၏အကျိုး အမျိုးမျိုးဟူ၍ ဆိုပေသည်၊ ဤသို့လျှင် ပကတိအားဖြင့် သူ့ကံနှင့်သူ့ဘုံ၊ သူ့ဘုံနှင့်သူ့ဘဝ၊ အသီးအသီး သတ်မှတ်ပိုင်းခြားလျက်ရှိလေသော ကြောင့် လူ့ပြည်မှသေလွန်လျှင် သေလွန်သူ၌ အားအရှိဆုံးဖြစ်သော ကံတစ်ခုသည် မိမိ၏သက်ဆိုင်ရာဘုံ၌ မိမိသက်ဆိုင်ရာဘဝကိုသာ ဖြစ်စေတတ်၏၊ တစ်ခြားသောဘုံ၌ တစ်ခြားသောဘဝကို မဖြစ်စေတတ်။</p>
<p>[ဤကား-အန္တရာဘဝအယူကို ဗုဒ္ဓဘာသာကျမ်းဂန်တို့၌ ပယ်ဖျက်ပုံပေတည်း]</p>
<p><b>''အစိမ်းတစ္ဆေဖြစ်သည်ဆိုကြသောစကား မှန်ပါသလား”</b> ဟူသော စကားဖြင့် အစိမ်းတစ္ဆေဖြစ်သည်ကိုပင် အန္တရာဘဝ ဖြစ်သည် ဟု အယူ ရှိကြသည်ကို ထုတ်ဖော်၍ပြပေ၏၊ အစိမ်းတစ္ဆေ-ဟူသည် အခြား တစ်ပါးမဟုတ်၊ နတ်ဘဝစုတွင် အယုတ်ဆုံး အညံ့ဆုံးဖြစ်သော စာတု မဟာရာဇ်နတ်ဘဝပေတည်း၊ လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာဘဝ, ငရဲဘဝ, တိရစ္ဆာန်ဘဝ, ပြိတ္တာဘဝတို့မှ အလွတ်အလပ် အသီးအခြား မဟုတ်ပေ၊ ထိုဘဝသို့ရောက်လေသောသူသည်၊ လူနှင့်အလွန်နီးစပ်၏၊ ထိုဘဝ၌ ဆင်းရဲရန် ကံအခွင့်ကုန်လျှင် လူ့ဘုံသို့ပြန်လာနိုင်၏၊ အခွင့်သင့် လျော်ရာ အမိဝမ်းမှာ ပဋိသန္ဓေယူနိုင်၏၊</p>
<p>ထိုဘဝကို ချမ်းသာသော နတ်ဘဝ မဟုတ်သည့်အတွက်ကြောင့် နတ်ဘဝ-ဟူ၍ အယူမရှိကြဘဲ <b>“အန္တရာဘဝ''</b>ဟူ၍ တစ်မျိုးတစ်မည် ထင်မှတ်ကြ၏၊ မြန်မာတို့၌ <b>“အစိမ်း-တစ္ဆေ”</b> ဟူသော အမည်တစ်မျိုးနှင့် ခေါ်ကြ၏၊ ဗုဒ္ဓဘာသာကျမ်းဂန်တို့၌ <b>“ ဝိနိပါတိကအသုရာ”</b> ဟူ၍ခေါ်၏၊ နတ်ဘဝစုတွင် အယုတ်ဆုံးအညံ့ဆုံးသော နတ်ဘဝတစ်မျိုးဖြစ်ပေ သတည်း၊ လူ့ပြည်မှ သေလွန်ကြသူအပေါင်းတို့သည် ထိုဘဝသို့ချည်း ရောက်ကြကုန်သည် မဟုတ်၊ အချို့မျှသာ ရောက်ကြကုန်၏၊ ရုတ်တရက် အခွင့်နှင့် သေဆုံးကြသော သူများသည် ထိုဘဝသို့ ရောက်တတ်ကြ၏၊ မနုဿဂတိ, ဒေဝဂတိ, နိရယဂတိ, တိရစ္ဆာနဂတိ, ပေတဂတိ-ဟူ၍ ဂတိငါးပါးတို့မှ အလွတ်အလပ် အသီးအခြားမဟုတ်ပေ။</p>
<p>တတိယပုစ္ဆာ အဖြေပြီး၏၊</p>
<p>----ဝ------</p>
<h3>စတုတ္ထပုစ္ဆာအဖြေ</h3>
<p>၄။ လူဝင်စား-ဟူ၍ လောက၌ ပြောရိုး, ဆိုရိုးရှိကြ၏၊ ဝင်စား ခြင်း အကြောင်းသည် ဗုဒ္ဓဘာသာတရားတော်တွင် သက်ဝင်ခြင်းရှိပါသ လား- ဟူသောမေးချက်၌--</p>
<p>လူဝင်စား-ဟူသည် အသီးအခြား တစ်ပါးတစ်မျိုးမဟုတ်၊ လူ့ဘဝ သို့ ရောက်လာကြသူအပေါင်းတို့တွင် ရှေးဘဝကို ပြန်၍ သိနိုင်သူ အနည်းငယ်မျှ ရှိကြ၏၊ ထိုသူတို့ကို လူဝင်စား-ဟူ၍ ခေါ်ကြ၏၊ ထိုသူကို ဗုဒ္ဓဘာသာကျမ်းဂန်တို့၌ <b>“ဇာတိသရ”</b> ပုဂ္ဂိုလ်-ဟူ၍ ခေါ်၏၊ ရှေးဘဝကို ပြန်၍ အောက်မေ့နိုင်သောသူ, သိနိုင်သောသူဆိုလိုသည်။</p>
<p>ရှေးဘဝကိုပြန်၍ မသိနိုင်ခြင်း, သိနိုင်ခြင်းအကြောင်းကား</p>
<p>၁။ ဤလူ့ဘဝ၌ နေ့ရက်ရှည်ကြာ အနာရောဂါနှိပ်စက်ညှဉ်းပန်း စိတ်အား ကုန်ခန်း၍ သေရခြင်းတစ်ပါး၊</p>
<p>၂။ နောက်ဘဝ၌ ဂဗ္ဘသေယျကမျိုးဖြစ်၍ အလွန်သေးငယ်လှသော ကလလ ရေကြည် အစတည်လျက် နေ့ရှည်ရက်များ ဖြည်းနှေး စွာ ကြီးပွားရသဖြင့် စိတ်အားသေးနုပ် မှေးတုပ်မိန်းမော၍ နေရခြင်းတစ်ပါး၊</p>
<p>ဤအကြောင်းနှစ်ပါးနှင့် တွေ့ကြုံ၍ လာကြကုန်သော သူတို့သည် ရှေးဘဝကို မေ့ကြကုန်၏၊</p>
<p>ထိုမှတစ်ပါး-</p>
<p>၁။ အလွန်ငယ်ကလေးက သေခဲ့ကြသောသူ, အလွန်အိုမင်း ထိုင်းမှိုင်းလှမှ သေခဲ့ကြသောသူ, ယစ်မျိုးကြူးလှသော သူတို့ သည်လည်းကောင်း၊</p>
<p>၂။ နောက်ဘဝ၌အမိသည်ရောဂါသယ်မ, ဖြစ်ခဲ့သော်လည်း ကောင်း၊</p>
<p>၃။ အလုပ်ကြမ်းအကိုင်ကြမ်း လုပ်ကိုင်ရသူဖြစ်ခဲ့သော်လည်း ကောင်း၊</p>
<p>၄။ ကိုယ်ဝန်ဆောင်မှု၌ အလိမ္မာမရှိသူ၊</p>
<p>၅။ အစောင့်အစည်းမရှိသူ ဖြစ်ခဲ့သော်လည်းကောင်း, အမိဝမ်း တွင်း၌ သူငယ်သည် အလွန်ထိတ်လန့် ချောက်ချားခြင်း များ သဖြင့်လည်း ရှေးဘဝကို မေ့ကြကုန်၏၊</p>
<p>[ဤကား-ရှေးဘဝကို ပြန်၍မသိနိုင်ခြင်း အကြောင်းတည်း။]</p>
<p>၁။ ဤလူ့ဘဝ၌ သေလွန်၍ ဥပပတ်နတ်ဘဝ, ဗြဟ္မာဘဝသို့ ရောက်ကြသောသူ ငရဲဘဝ, ပြိတ္တာဘဝသို့ ရောက်ကြသော သူတို့သည် ရှေးဘဝကိုသိနိုင်ကြကုန်၏၊</p>
<p>၂။ ဤလူ့ဘဝ၌ အားရှိတုန်းအခါမှာ လက်နက်ဘေး, ကပ် ဥပါဒ် ဘေးတို့နှင့် ရုတ်တရက်သေဆုံးကြကုန်၍ နောက်ဘဝ၌ အနာရောဂါကင်း၍ သန့်ရှင်းငြိမ်သက်သော အမိဝမ်း၌ ဖြစ်ရ သော သူများသည် ရှေးဘဝကို သိတတ်ကြကုန်၏၊</p>
<p>၃။ ရှေးဘဝကိုပြန်၍ သိရလို၏-ဟု ကုသိုလ်ကောင်းမှုပြု၍ ဆုတောင်း ပတ္ထနာပြုခဲ့သော သူများသည်လည်း ရှေးဘဝကို ပြန်၍ သိတတ်ကြကုန်၏၊</p>
<p>၄။ ပုဗ္ဗေနိဝါသ အဘိညာဉ်ကို ရကြကုန်သော ရသေ့တို့သည် လည်းကောင်း, ဘုရားပစ္စေကဗုဒ္ဓါ ရဟန္တာတို့သည်လည်း ကောင်း၊ ရှေးဘဝကို သိတတ်ကြကုန်၏၊</p>
<p>[ဤကား- ရှေးဘဝကိုပြန်၍ သိနိုင်ခြင်းအကြာင်းတည်း။]</p>
<p>စတုတ္ထပုစ္ဆာအဖြေ ပြီး၏၊</p>
<p>------*------</p>
<h3>ပဉ္စမပုစ္ဆာအဖြေ</h3>
<p>၅။ အဘိညာငါးပါး</p>
<p>၁။ ဣဒ္ဓိဝိဓအဘိညာ၊</p>
<p>၂။ ဒိဗ္ဗသောတအဘိညာ၊</p>
<p>၃။ စေတောပရိယအဘိညာ၊</p>
<p>၄။ ပုဗ္ဗေနိဝါသ အဘိညာ၊</p>
<p>၅။ ဒိဗ္ဗစက္ခုအဘိညာ၊</p>
<p>ဤငါးပါးတို့သည် မြတ်စွာဘုရားမှတစ်ပါး ရဟန္တာအစရှိသော အရိယာသာဝကများနှင့် ဆက်ဆံပါသေး၏လား-ဟူသောမေးချက်၌ ၎င်းအဘိညာငါးပါးတို့သည် ရဟန္တာအစရှိသော အရိယာသာဝက များနှင့်လည်း ဆက်ဆံပါသေး၏၊ အရိယာသာဝကများနှင့်သာ မဟုတ်သေး၊ သမထဘာဝနာတရားကို ထမြောက်အောင် အားထုတ် နိုင်ကြကုန်သော ပုထုဇဉ်သာဝကများတို့နှင့်လည်းကောင်း၊ ကမ္ဘာဦး အခါတို့၌ စျာန်ရသော သမဏ, ဗြာဟ္မဏ ရသေ့ ရဟန်းတို့နှင့် လည်းကောင်း ဆက်ဆံပါသေး၏၊ ဘုရားမပွင့်မီ ရှေးကမ္ဘာဦးအခါ၌ ကောင်းကင်မြေမိုး ပျံလျှိုးသွားလာ နိုင်ကြကုန်သော သာသနာပစျာန်ရ ရသေ့တို့သည် အလွန်ပေါများ ကုန်၏၊</p>
<p>ယခုအခါ၌လည်း ထိုအဘိညာ ငါးပါးတို့ကို ထမြောက်ပေါက် ရောက်အောင် အားထုတ်ရန် နည်းလမ်းများသည် ဗုဒ္ဓဘာသာကျမ်းဂန် တို့မှာ ထင်လျားစွာလာရှိ၏၊ ယခုအခါမှာလည်း ထိုနည်းလမ်းများအတိုင်း ထမြောက်ပေါက်ရောက်အောင် အားထုတ်နိုင်ကြပါလျှင် ထိုအဘိညာ ငါးပါးတို့ကို ရနိုင်ကြကုန်၏၊ ကာယဗလ, ဝီရိယဗလ နည်းပါးကြ သည် ဖြစ်၍ ယခုကာလ၌ ထိုအဘိညာငါးပါးတို့ကို ပေါက်ရောက်သူ မရှိ ကြလေသည်။</p>
<p>ပဉ္စမပုစ္ဆာအဖြေ ပြီး၏၊</p>
<p>၁၂၇၅-ခု၊ နယုန်လဆုတ် ၁၀-ရက်နေ့တွင် အပြီးအဆုံး နိဂုံးခါးပတ် သတ်သတည်း။</p>
<p>ပြင်သစ်ပုစ္ဆာအဖြေ ပြီး၏၊</p>
<h3>မေးခွန်းပုစ္ဆာများ</h3>
<p>သီရိလင်္ကာ-ကိုလံဗိုပုစ္ဆာ အဖြေ</p>
<p>နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ</p>
<p>၁၉၂၀-ပြည့်နှစ်၊ နိုဝင်ဘာလ ၂၆-ရက်နေ့စွဲပါ Columbo,ကိုလံဗိုမြို့ ဗုဒ္ဓဘာသာ သတင်းစာတွင် ပါလာသော</p>
<p>၁။ ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါး ဟူ၍ ခြားနားခြင်း မရှိလျှင် ဒုစရိုက်အတွက် မည်သို့တာဝန်ရှိနိုင်ပါမည်နည်း။</p>
<p>၂။ ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါး ဟူ၍ ခြားနားခြင်းရှိလျှင်၄င်းသဘောတရားသည် အနိစ္စသဘောတရားနှင့်ညီညွတ်ပါ၏ လား။</p>
<p>၃။ နိဗ္ဗာန်သည် ဘာဝလော, အဘာဝလော၊ အနက် အဓိပ္ပါယ်နှင့် တကွ ဖြေဆိုပါ။</p>
<p>၄။ ခန္ဓာတရားစုကို ရထားဥပမာဖြင့် ခွဲခြားစိတ်ဖြာ၍ ပြခြင်းသည် <b>“ဟယွန်း”</b> အမည်ရှိသောပညာရှိက စိတ်တရားကို ခွဲခြားပြသကဲ့ သို့ ရုပ်သက်သက်နှင့်သာလျှင်ဆိုင်သော ခွဲခြားခြင်းဟုတ်ပါ သလား။</p>
<p>၅။ ၎င်းအချက်တွင် ပညာရှိ <b>“ဟယွန်း”</b> ကို ပညာရှိ <b>“ကန့်”</b> က မှားသည်ဟုဆို၏၊ ပညာရှိ<b>''ကန့်”</b> ဆိုချက်နှင့် သက်ဆိုင် သော အဘိဓမ္မာတရားတို့သည် အဘယ်တရားတို့ပါနည်း။</p>
<p>၆။ စိတ်အစဉ်တို့သည် သေသည့်အခါ၌ ကျိုးပြတ်ခြင်းဖြစ်ပါသလား၊ အနက်အဓိပ္ပါယ်နှင့်တကွဖြေဆိုပါ။</p>
<p>[ဤကား-အမေးတည်း။]</p>
<h3>လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက်</h3>
<p>ဒေသနာအပြား, သာသနာအပြား</p><p>ရှေးဦးစွာ ဗုဒ္ဓဘာသာ၌ ဒေသနာအပြား, သာသနာအပြားကို ပြဆိုရာ၏၊ ဒေသနာသည် ဝေါဟာရဒေသနာ, ပရမတ္ထဒေသနာ-ဟူ၍ နှစ်ပါးအပြားရှိ၏၊ ထိုတွင်</p>
<p>၁။ ဝေါဟာရဒေသနာဆိုသည်ကား<br>
ဝေါဟာရဒေသနာဆိုသည်ကား-လောက၌ပုဂ္ဂိုလ်ရှိသည် သတ္တဝါ ရှိသည်၊ အတ္တရှိသည်၊ ဇီဝရှိသည်ဟု-လောကီဘုံသား လူအများတို့ မှတ်ယူပြောဆိုကြသော စကားမျိုးသည် ဝေါဟာရ မည်၏၊ ထို ဝေါဟာရရှိကြသည့်အတိုင်း ဟောတော်မူသော ဝိနည်းဒေသနာ, သုတ္တန်ဒေသနာတော်များသည် ဝေါဟာရ ဒေသနာမည်၏၊</p>
<p>၂။ ပရမတ္ထဒေသနာဆိုသည်ကား</p>
<p>ပရမတ္ထဒေသနာဆိုသည်ကား လောက၌ ပုဂ္ဂိုလ်ဟူ၍မရှိ၊ သတ္တဝါ ဟူ၍မရှိ၊ အတ္တဟူ၍မရှိ၊ ဇီဝဟူ၍မရှိ၊ ရုပ်ဓာတ်အစု, နာမ်ဓာတ်အစု မျှသာရှိသည်-ဟု ဟောတော်မူသော အဘိဓမ္မာ ဒေသနာတော်သည်၊ ပရမတ္ထဒေသနာမည်၏၊</p>
<p>အဓိသီလသာသနာ, အဓိစိတ္တသာသနာ, အဓိပညာသာသနာဟူ၍ သာသနာအပြား သုံးပါးရှိ၏၊ ထိုတွင်</p>
<p>၁။ သူ၏အသက်ကို မသက်အပ်၊ သူ၏ဥစ္စာကို မခိုးအပ်အစရှိသည်ဖြင့် ဆုံးမတော်မူသော သာသနာသည် အဓိသီလသာသနာမည်၏၊</p>
<p>၂။ သဗ္ဗေသတ္တာ အဝေရာဟောန္တု အဗျာပဇ္ဇာဟောန္တုအစရှိသဖြင့် ပွါးများကြစေရန် ဆုံးမတော်မူသော သာသနာသည် အဓိစိတ္တသာသနာမည်၏၊</p>
<p>၃။ ပုဂ္ဂိုလ်သတ္တဝါ, အတ္တ, ဇီဝ ဟူ၍မရှိ၊ ရုပ်ဓာတ်အစု, နာမ်ဓာတ်အစုမျှသာရှိ၏၊ ထိုရုပ်ဓာတ်အစု, နာမ်ဓာတ် အစုသည်လည်း အနိစ္စသာဖြစ်၏၊ ဒုက္ခသာဖြစ်၏၊ အနတ္တသာဖြစ်၏-ဟု ပွါးများကြစေရန် ဆုံးမတော် မူသော သာသနာသည် အဓိပညာသာသနာအဓိပညာသာသနာမည်၏၊</p>
<p>ထိုတွင် အဓိသီလသာသနာ, အဓိစိတ္တသာသနာနှစ်ပါးသည် ဝေါဟာရဒေသနာ၏ ဆိုင်ရာဖြစ်၏၊ အဓိပညာသာသနာသည် ပရမတ္ထ ဒေသနာ၏ ဆိုင်ရာဖြစ်၏၊</p>
<p>[ဤကား ဒေသနာအပြား-သာသနာအပြား ခွဲခန်းတည်း။]</p>
<p>-----ဝ------</p>
<h3>ပထမပုစ္ဆာ အဖြေ</h3>
<p>အထက်က ကိုလံဗိုပုစ္ဆာ ၆-ချက်တွင်-</p>
<p>၁။ ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါး-ဟူ၍ ခြားနားခြင်းမရှိလျှင် ဒုစရိုက်အတွက် မည်သို့တာဝန်ရှိနိုင်မည်နည်း-ဟူသော ပထမပုစ္ဆာ၌</p>
<p>အဖြေကား။ ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါး-ဟူ၍ ခြားနား ခြင်းမရှိ-ဟူသောစကားသည် ပရမတ္ထဒေသနာ၏ ဆိုင်ရာပေတည်း၊ ဒုစရိုက်အတွက် မည်သို့တာဝန်ရှိနိုင်မည်နည်းဟူသော စကားသည် ဝေါဟာရဒေသနာ၏ဆိုင်ရာပေတည်း၊ အဓိသီလသာသနာ အဓိစိတ္တ သာသနာဟူသော သီလဝိသုဒ္ဓိ, စိတ္တဝိသုဒ္ဓိကို ပြဆိုရာ၌ ဝေါဟာရ ဒေသနာကိုလွှတ်၍ ပြဆိုခြင်းငှာ မတတ်ကောင်း၊ အဓိပညာ သာသနာ ဟူသော ဒိဋ္ဌိဝိသုဒ္ဓိကိုပြဆိုရာ၌ ဝေါဟာရဒေသနာနှင့်ပြဆိုခြင်းငှာ မတတ်ကောင်း၊ ပရမတ္ထဒေသနာ၏ဆိုင်ရာသာ ဖြစ်၏၊ ပုစ္ဆာ၌မူကားဝေါဟာရဒေသနာအရာနှင့် ပရမတ္ထဒေသနာအရာ ထွေးယှက်လျက် ရှိ၏၊ အထက်ကပြဆိုခဲ့သော ဒေသနာအပြား, သာသနာအပြားနှင့် ထောက်ထား၍ယူလေ။</p>
<p>ပထမပုစ္ဆာအဖြေပြီး၏၊</p>
<p>------ဝ------</p>
<h3>ဒုတိယပုစ္ဆာ အဖြေ</h3>
<p>၂။ ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါး-ဟူ၍ခြားနားခြင်းရှိလျှင် ၎င်းသဘောတရားသည် အနိစ္စသဘောတရားနှင့် ညီညွတ်ပါ၏လားဟူသော ဒုတိယပုစ္ဆာ၌</p>
<p>အဖြေကား။ ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါးမည်သည် တစ်ဘဝမှာ တစ်ခါသာသေမြဲဖြစ်၏၊ တစ်ဘဝမှာ အခါခါ သေသည် ဟူ၍မရှိ အနိစ္စမျိုးမည်၏၊ ဗုဒ္ဓဘာသာ၌ အနိစ္စဆိုသည်ကား-ရုပ်တရား, နာမ်တရားတို့၏ ချုပ်ခြင်းကိုဆိုလို၏၊ ထိုရုပ်တရား, နာမ်တရားတို့၏ ချုပ်ခြင်းမည်သည် မျက်တောင်တစ်ခတ်, လျှပ်တစ်ပြက် ခဏအတွင်းမှာ အကြိမ်များစွာ ချုပ်၏၊ ပျက်၏၊ ထိုကြောင့် ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါးဟူ၍ အမှန်မရှိ၊ ဧကန်ရှိယူခဲ့လျှင် အနိစ္စဝိပဿနာဉာဏ်နှင့် ဆန့်ကျင်ဘက် ဖြစ်၏၊ အနိစ္စဝိပဿနာဉာဏ်ကို ပေါက်ရောက်လျှင် ထိုအယူသည် ပျက်၏၊ ထိုအယူပျက်မှပင် မဂ်ဉာဏ်, ဖိုလ်ဉာဏ်သို့ ရောက်နိုင်၏၊</p>
<p>ဒုတိယပုစ္ဆာ အဖြေပြီး၏၊</p>
<p>------ဝ------</p>
<h3>တတိယပုစ္ဆာအဖြေ</h3>
<p>နိဗ္ဗာန်သည်ဘာဝလော, အဘာဝလော၊ အနက်အဓိပ္ပါယ်နှင့် တကွ ဖြေဆိုပါ-ဟူသော တတိယပုစ္ဆာ၌--</p>
<p>အဖြေကား။ နိဗ္ဗာန်သည် ဘာဝလည်းဟုတ်၏၊ အဘာဝ လည်းဟုတ်၏၊ ထိုတွင်ဘာဝဟုတ်ပုံကား-မဂ်ဉာဏ်လေးပါးသို့ ဆိုက် ရောက်သောအခါ ကိလေသာတရားတို့၏ ချုပ်ငြိမ်းမှုမည်သည် ဧကန် ရှိ၏၊ အမှန်ရှိ၏၊ ထိုချုပ်ငြိမ်းမှုကိုပင်လျှင် သန္တိသဘောဟုခေါ်၏၊ ထိုချုပ်ငြိမ်းမှုဧကန်ရှိသောကြောင့် နိဗ္ဗာန်သည် ဘာဝဟုတ်၏၊ အဘာဝ ဟုတ်ပုံကား-နိဗ္ဗာန်၌ ကိလေသာတို့၏ မရှိခြင်းကြောင့် အဘာဝဟုတ်၏၊</p>
<p>အဓိပ္ပါယ်ကား။ ကိလေသာတရား, သင်္ခါရတရားတို့၏ မရှိခြင်းကြောင့် အဘာဝဟုတ်၏၊ ချုပ်ငြိမ်းမှု ဧကန်ရှိခြင်းကြောင့် ဘာဝဟုတ်၏ ဟူလိုသည်။</p>
<p>တတိယပုစ္ဆာ အဖြေပြီး၏၊</p>
<p>---*---</p>
<h3>စတုတ္ထ-ပဉ္စမပုစ္ဆာအဖြေ</h3>
<p>၄။ ခန္ဓာတရားစုကို ရထားဥပမာဖြင့် ခွဲခြားစိတ်ဖြာ၍ ပြခြင်း သည် <b>“ဟယွန်း”</b> အမည်ရှိသော ပညာရှိက စိတ်တရားကို ခွဲခြားပြ သကဲ့သို့ ရုပ်သက်သက်၌သာလျှင်ဆိုင်သော ခွဲခြားခြင်းဟုတ်ပါသလားဟူသောပုစ္ဆာ၊</p>
<p>၅။ ၎င်းအချက်တွင် ပညာရှိ <b>“ဟယွန်း”</b> ကို ပညာရှိ <b>“ကန့်”</b> က မှားသည်ဟုဆို၏၊ ပညာရှိ<b>''ကန့်”</b> ဆိုချက်နှင့် သက်ဆိုင်သော အဘိဓမ္မာတရားတို့သည် အဘယ်တရားတို့ပါနည်း- ဟူသော ပုစ္ဆာ နှစ်ချက်တို့၌</p>
<p>ခန္ဓာတရားကို ရထားဥပမာဖြင့် ခွဲခြားစိတ်ဖြာ၍ ပြပုံအခြင်းအရာလည်း လျှောက်လွာ၌မပါ၊ <b>“ကန့်''</b>ဆိုသူ၏ ပယ်ပုံအခြင်းအရာလည်း မပါသောကြောင့် ဖြေဆိုရန်အခွင့်မသာရှိချေသည်။</p>
<p>စတုတ္ထ-ပဉ္စမပုစ္ဆာအဖြေပြီး၏၊</p>
<h3>အဋ္ဌမပုစ္ဆာအဖြေ</h3>
<p>၆။ စိတ်အစဉ်တို့သည် သေသည့်အခါ၌- ကျိုးပြတ်ခြင်း ဖြစ်ပါ သလား၊ အနက်အဓိပ္ပါယ်နှင့်တကွ ဖြေဆိုပါ- ဟူသော ပုစ္ဆာ၌-</p>
<p>အဖြေကား။ အနမတဂ္ဂသံသရာ၌ ကျင်လည်၍ နေရသော သတ္တဝါ၏ စိတ်အစဉ်သည် အသညသတ်ဘုံမှာ ဖြစ်ခိုက်, နိရောဓ သမာပတ် ဝင်စားခိုက်တို့၌ စိတ်အစဉ်ရပ်တန့်၏၊ ဤမှတစ်ပါး စိတ် အစဉ်တို့သည် သေသည့်အခါ၌ ပြတ်သည်ဟူ၍ မရှိ၊ စုတိနောင် ပဋိသန္ဓေဖြစ်မြဲ အစဉ်အတိုင်းဖြစ်၏၊ ဘုရားရဟန္တာဖြစ်၍ ပရိနိဗ္ဗာန် စံသောအခါမှသာလျှင် စိတ်အစဉ် ပြတ်၏၊</p>
<p>ဆဋ္ဌမပုစ္ဆာ အဖြေပြီး၏၊</p>
<p>သီရိလင်္ကာ-ကိုလံဗိုပုစ္ဆာ အဖြေပြီး၏၊</p>
<p>------*------</p>
<h3>လယ်တီဆရာတော်ဘုရားကြီး ဖြေဆိုချက်</h3>
<p>လန်ဒန်-အက်(ဒ်)မိဂျေမီ(လ်-စ်)၏ပုစ္ဆာအဖြေ</p>
<p>နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ</p>
<p>၁၂၈၂-ခု၊ တပိုတွဲလဆန်း ၁၀ -ရက်။</p>
<p>ကျိုက်ထိုမြို့။</p>
<p>လန်ဒန်မြို့ အက်(ဒ်)မိ ဂျေ မီ(လ်)(စ်)(<b>Edmund J.Mills</b>)၏ အမေးပုစ္ဆာ နှစ်ရပ်သည် ပြာသိုလဆန်း ၂ -ရက်နေ့တွင် ဆရာတော်၏ လက်သို့ ရောက်လာပေသည်၊ ၎င်းပုစ္ဆာ ရောက်လာပေသည့်အတွက် ဆရာတော် ဝမ်းမြောက်ပါ၏၊ လန်ဒန်မြို့ ပါဠိဒေဗစ်ထံမှ မောင်ရွှေစံ အောင် ထံသို့ ပေးပို့လိုက်သည့် အမှာစာတစ်စောင်တွင် ယခု လန်ဒန်မြို့ မှာ <b>“အဘိဓမ္မာ ပဋ္ဌာန ဝဏ္ဏနာ”</b> စာအုပ်ရိုက်ဆဲရှိနေရာ လယ်တီ ဆရာတော်၏ <b>“ပဋ္ဌာန ၂၄-ပစ္စယ”</b> အဖွင့်ကို ၎င်းပဋ္ဌာန ဝဏ္ဏနာ စာအုပ်တွင် နောက်ဆက်တွဲအနေနှင့် တွဲဖက်ထည့်ရိုက်ရန် အလိုရှိ ကြောင်း ပါရှိတွေ့မြင်ရသည်ဖြစ်၍ ၎င်းပဋ္ဌာနပစ္စယ၏ အဖွင့်ကို ပါဠိ ဘာသာနှင့် ဖွင့်ဆိုဆဲ၊ အင်္ဂလိပ်အက္ခရာပြန်ဆဲ ရှိနေသော်လည်း အက်(ဒ်)မိ ဂျေမီ(လ်)(စ်)(<b>Edmund J.Mills</b>) ၏ အမေးပုစ္ဆာ နှစ်ရပ်သည် ဖြေဆိုတဲ့ရန် အလျင်အမြန် ပြီးစီးလွယ်လိမ့်မည်ဖြစ်၍ ပဋ္ဌာန ၂၄- ပစ္စည်းဖွင့်ဆဲ အလုပ်တွင်းမှာ ကြားချပ်၍ ၎င်းပုစ္ဆာနှစ်ရပ်ကိုပင် အလျင်အမြန် ဖြေဆိုလိုက်လေသည်။</p>
<h3>၁-အာကာသပုစ္ဆာအဖြေ</h3>
<p>အာကာသအမျိုးသည် ရူပကလာပ ပရိစ္ဆေဒါကာသတစ်ပါး, သုသိရာကာသတစ်ပါး, ဝိဝရာကာသတစ်ပါး, ကသိဏုဂ္ဃါဋိမာကာသ တစ်ပါး, အဇဋာကာသတစ်ပါး-ဟူ၍ ငါးမျိုးလာရှိ၏၊</p>
<p>ထိုငါးမျိုးတို့တွင်-</p>
<p>၁။ ရူပကလာပ ပရိစ္ဆေဒါကာသ ဆိုသည်ကား</p>
<p>ရူပကလာပ ပရိစ္ဆေဒါကာသ ဆိုသည်ကား- ရုပ်-ကလာပ် တို့၏ တစ်ခုနှင့်တစ်ခု ပိုင်းခြားမှုကို ဆိုသည်၊ ထိုအာကာသသည် ကျောက်တုံး, သံတုံးတို့၏ အတွင်းမှာပင် အပြည့်ရှိနေ၏၊ ထိုအာကာသအပြည့်ရှိနေသည့်အတွက်ကြောင့် ၎င်းကျောက် တုံး, သံတုံးတို့ကို ခွဲစိတ်ခြင်းငှာလည်းကောင်း, အမှုန့်ပြုခြင်းငှာ လည်းကောင်း တတ်ကောင်းလေသတည်း။ ခြောက်သွေ့သော သဲပုံသဲစုတို့၌ သဲလုံးတို့၏အကြား စပါးပုံ စပါးစု, ဆန်ပုံဆန်စုတို့၌ စပါးလုံး, ဆန်လုံးတို့၏အကြား၊ အဝတ် ပုဆိုးတို့၌ ချည်ကြောင်းတို့၏အကြားတို့မှစ၍ စေ့စပ်စွာ စီခင်း၍ ထား အပ်သော အုတ်ချပ်တို့၏အကြား၊ ပျဉ်ချပ်တို့၏အကြား စသည်ဖြင့် နေရောင် မီးရောင်တို့ မဝင်နိုင်လောက်သော အကြားတို့သည် ထိုပရိစ္ဆေဒါကာသ၌ ပါဝင်ကုန်၏၊</p>
<p>[ထိုပရိစ္ဆေ ဒါကာသကို အဘိဓမ္မာ၌ ပရိစ္ဆေဒရုပ်ခေါ်၏၊ ပကတိ မီးရောင်, နေရောင်တို့ မဝင်နိုင်ကြကုန်သော်လည်း မြတ်စွာဘုရားတို့၏ အလောင်း တော်ကြီးများ ဖွားမြင်တော်မူသောအခါ စသည်တို့၌ဖြစ်ပွါးသော အရောင် အလင်းကြီးများတို့သည်မူကား- မဝင်နိုင် မဖေါက်နိုင်သော အရာဟူ၍ တစ်စုံတစ်ခုမျှ မရှိကြကုန်၊ လောက၌ ဖြစ်ပေါ်ကြသော လျှပ်စစ် ဓာတ်မီး ရောင် တို့သည်ပင်လျှင် အတန်အရာ ထွင်းဖေါက်နိုင်ကြကုန်သည်။ ]</p>
<p>၂။ သုသိရာကာသ ဆိုသည်ကား</p>
<p>သုသိရာကာသ ဆိုသည်ကား- ဝါးလုံး စသည်တို့၏ အတွင်း၌ ပကတိအားဖြင့် ပြင်ဖက်သို့မပေါ်သော အခေါင်းမျိုးကို ဆိုသတည်း။</p>
<p>၃။ ဝိဝရာကာသ ဆိုသည်ကား</p>
<p>ဝိဝရာကာသ ဆိုသည်ကား - နေရောင်, မီးရောင်တို့ ဝင်နိုင် လောက်သော ခံတွင်းပေါက်, နှာခေါင်းပေါက်တို့မှစ၍ ကျောင်း, အိမ်တို့၌ နံရံပေါက်, ပြူတင်းပေါက်, တံခါးပေါက် စသည်ကို ဆိုသတည်း။</p>
<p>[ထိုဝိဝရာကာသသည်၊ ကသိုဏ်းဆယ်ပါးတွင် အာကာသကသိုဏ်း၏ အရာ ဖြစ်ပေ၏၊ အာကာသဓာတ်၏ အဖွင့်များမှာလည်း ထိုသုသိရာကာသ၊ ဝိဝရာကာသ တို့ကိုလည်းဟောပါ၏၊]</p>
<p>၄။ ကသိဏုဂ္ဃါဋိမာကာသဆိုသည်ကား</p>
<p>ကသိဏုဂ္ဃါဋိမာကာသဆိုသည်ကား-ကသိုဏ်းဝန်းကို ပယ်ခွါ ရအပ်သော အာကာသကိုဆိုသည်၊ ပထဝီကသိုဏ်း စသော ကသိုဏ်းဝန်းတို့၌ ကသိုဏ်းစျာန်တို့ကို ရရှိပြီးနောက် အရူပ စျာန်တို့ကို ရလိုပြန်သော် စိတ်ထဲတွင် စွဲ၍ ရှိနေသော ကသိုဏ်း ဝန်းအာရုံကို စိတ်နှင့်ပင် ဖျောက်ဖျက်ရလေ၏၊ ထိုကသိုဏ်းဝန်း အာရုံ ပျောက်ကွယ်လေသောအခါ ထိုနေရာမှာ ထိုကသိုဏ်း ဝန်း ပမာဏရှိသော အာကာသအဝန်းကို ရလေ၏၊ ထို အာကာသသည် အာကာသာနဉ္စာယတနစိတ်၏ အရာမှာ လာရှိပေ၏၊</p>
<p>၅။ အဇဋာကာသဆိုသည်ကား- တစ်စုံတစ်ခု ဝတ္ထု ဒြဗ် အထွေး အယှက် မရှိသည်ဖြစ်၍ လဟာပြင်ဟု ဆိုအပ်သော အာကာသ ကြီးကို ဆိုသတည်း၊ ထိုအဇဋာကာသသည်မူကားကမ္ဘာမြေ ရေ လေ၏ အောက်မှာလည်း ဖီလာအဖို့, အောက်အဖို့အားဖြင့် အဆုံးမရှိ အနန္တဖြစ်၏၊ အထက်မှာလည်း အဆုံးမရှိ အနန္တ ဖြစ်၏၊</p>
<p>[ဤကား-အာကာသ ငါးမျိုး ခွဲခန်းတည်း။]</p>
<p>ပကတိသဘောအားဖြင့်မူကား--ထိုအာကာသဟူသော အာရုံ မျိုးသည် တစ်စုံတစ်ခုသော ဓာတ်သားဝထ္ထု, အမှုကိရိယာရှိသော ဓာတ်မျိုး မဟုတ်၊ စိတ်မနောတွင် ဓာတ်သားဝထ္ထု, အမှုကိရိယာ ရှိသ ကဲ့သို့ ထင်ရုံမြင်ရုံမျှ ထင်မြင်ရသော အာရုံမျိုးဖြစ်၏၊ နိစ္စအာရုံမျိုး, ဓုဝ အာရုံမျိုးဖြစ်၏၊ ကျောင်း, အိမ်ပြုတင်းပေါက်တို့၌ ပြူတင်းတံခါးရွက်ကို ဖွင့်လှစ်၍ထားခဲ့သော် ထိုအပေါက်အာကာသသည် လေးထောင့် သဏ္ဌာန်နှင့်တကွ မှန်ချပ် မှန်ပြားကဲ့သို့ စိတ်မနောတွင် ထင်မြင်ရ၏၊ ပြူတင်းတံခါးရွက်ကို ပိတ်၍ထားခဲ့ပြန်လျှင် ထိုအပေါက်အာကာသသည် ကွယ်ပျောက်၍သွားပြီဟု ထင်မြင်ရ၏၊</p>
<p>ထိုအပေါက်၌ရောက်ရှိသော အရောင်ဓာတ်, အလင်းဓာတ် တို့၏ ဖြစ်ပေါ်မှု, ပျောက်ပျက်မှုသည်သာရှိ၏၊ အပေါက် အာကာသ၏ ဖြစ်ပေါ်မှု, ပျောက်ပျက်မှုဟူ၍ မရှိ၊ သက်သက်သော အာကာသဓာတ် မည်သည် အရောင်ဓာတ်, အဆင်းဓာတ်မျိုးမဟုတ်၊ နေရောင်, မီးရောင် စသော အရောင်ဓာတ်မျိုး, အလင်းဓာတ်မျိုးနှင့် ကင်းခဲ့လျှင် ထင်မြင်ရ သည်မဟုတ်၊ ရှိသည်ဟူ၍လည်း မထင်မြင်ရ၊ အရောင်အလင်းသည် အာကာသ၏ ဓာတ်သားဝထ္ထု, အမှုကိရိယာ အရာ၌တည်၍ အာကာသ နှင့် တစ်ခုတည်းကဲ့သို့ ထင်မြင်ရ၏၊</p>
<p>ဤမျှသော စစ်ဆေးချက်တို့ဖြင့် ပရိစ္ဆေဒါကာသနှင့်တကွ အလုံးစုံသော အာကာသမျိုးဟူသမျှသည် မိမိ၏ သဘောအားဖြင့် ဖြစ်ခြင်း ပျက်ခြင်းမှကင်းသော နိစ္စမျိုး, ဓုဝမျိုးသာ အမှန်ဖြစ်၏ဟု ထင်ရှားလေပြီ၊ ထိုသို့ဓာတ်သားဝတ္ထု, အမှုကိရိယာရှိသော အာရုံမျိုး ထင်ရှားလေပြီ၊ ထိုသို့ဓာတ်သားဝတ္ထု, အမှုကိရိယာရှိသော အာရုံမျိုး မဟုတ်လေရကား-တစ်ခုတည်းသာ အမှန်ဖြစ်၏၊ ၂-ခု၊ ၃-ခု၊ ၄-ခု၊ ၅- ခု စသည်များပြားရန်မရှိ၊ သို့ရာတွင်ပြူတင်းတံခါးအများရှိခဲ့လျှင် အပေါက်အာကာသအများပင် ထင်မြင်ခေါ်ဆိုကြရ၏၊ ပြူတင်းတံခါး အကြီး အငယ်ရှိခဲ့ပြန်လျှင် အပေါက်အာကာသ အကြီးအငယ် အများပင် ထင်မြင်ခေါ်ဆိုကြရ၏၊ ထို့အတူ အာကာသ ငါးမျိုးဟူ၍ ခေါ်ဆိုရပြန်၏၊</p>
<p>ပြူတင်းတံခါးကိုဖွင့်လျှင် အပေါက်အာကာသ ဖြစ်ပေါ်လာ၏၊ ပြူတင်းတံခါးကိုပိတ်လျှင် ထိုအပေါက်အာကာသ ပျက်ကွယ်ပြန်၏ဟု ထင်မြင်ပြောဆိုရ၏၊ ထို့အတူ ထိုရှေ့အာကာသလေးပါးတို့မှာ ဖြစ်ပေါ် သည်၊ ပျက်ကွယ်သည်-ဟူ၍ခေါ်ဆိုရပြန်၏၊ သို့သော်လည်း စင်စစ် အားဖြင့်မူကား ရှေ့အာကာသ လေးပါးတို့သည်လည်း ဖြစ်မှု ပျက်မှုမရှိဘဲ မြဲသောအာရုံမျိုးသာ ဖြစ်ကြကုန်၏၊ လဟာပြင်ဟုဆိုအပ်သော အဇဋာကာသ အနန္တ ကောင်းကင်ကြီးသည်မူကား ဖြစ်မှု ပျက်မှုတို့နှင့် ဝေးကွာလျက် အခါခပ်သိမ်း နိစ္စ ဓုဝအသွင် ထင်ရှားလေပြီ၊ ထို့ကြောင့် အင်္ဂုတ္ထိုရ်ပါဠိတော်၌ အာကာသကို နိစ္စ, ဓုဝ, သဿတ, အဝိပရိဏာမ ဓမ္မ-ဟု ဟောတော်မူပေသည်။</p>
<p><b>''ရွှေစံအောင်''</b>-အဘိဓမ္မာကျမ်းစာတွင် ထပ်ကာထပ်ကာ လာသော အာကာသများသည်မူကား-ရှေ့အာကာသများ ဖြစ်ကြပေ သည်။ အနောက်နိုင်ငံပညာရှိကြီးတို့လည်း ဤကဲ့သို့ပင် သဘောကျ၍ ယူနေကြပါသည်-ဟူသော လျှောက်လွှာပါစကားမှာလည်း ၎င်းပညာရှိ ကြီးတို့သည် ပြဆိုခဲ့ပြီးသော အတိုင်းပင်သဘောကျ၍ ယူနေကြသူများ ဖြစ်ပေသည်။</p>
<p>လျှောက်လွှာတွင် <b>“နောက်၌ကျွန်ုပ်၏သဘောအရမှာ လဟာ စင်စစ်မည်သည် ဘာမျှမရှိခြင်း စင်စစ်သာပင်တည်း”</b> ဟု ပါရှိသော ကြောင့် လျှောက်လွှာရှင် <b>“မီ(လ်-စ်)''</b>သည်လည်း အာကာသ ဉာဏ်အမြင်မှာ ၎င်းပညာရှိကြီးများနှင့် ထပ်တူထပ်မျှပင်ဖြစ်ပေသည်၊ အင်္ဂုတ္ထိုရ် ပါဠိတော်ကို အနက်ပြန်ဆိုသူ ရဟန်းတော်တိလောက သည်လည်း ပါဠိတော်ရှိသည့် အတိုင်းသာ ပြန်ဆိုပေသည်၊ တစ်စုံတစ်ရာ အပိုအမို ပြောဆိုသည် မဟုတ်ပေ၊ ထို့ကြောင့် ထိုပါဠိတော်အရ အာကာသဉာဏ် အမြင်မှ ထူးခြားကွဲလွဲခြင်း မရှိကြ-ဟု ဆရာတော် သဘောရရှိပေသည်၊ သို့ရာတွင် လျှောက်လွှာရှင် <b>“မီ(လ်-စ်)”</b> ၏ စိတ်မှာမူကား-<b>''ကေရပ်စသခင်”</b> စီရင်ရေးသားသော ဗုဒ္ဓမြတ်စွာဘုရား၏ အကြောင်းအရာ အတ္ထုပ္ပတ္တိ စာအုပ်၌ အရာဝတ္ထု-ဟူသမျှတို့သည် တစ်ခုတည်းသော မူလသဘာဝမှ ဖြစ်ပွါးလာကြသောကြောင့် တစ်ခု တည်းသော တရားအတိုင်းသာလျှင် ကြီးပွါးဖြစ်ထွန်း၍ လာကြသည်။</p>
<p>၎င်းပြင် <b>“နိဗ္ဗာန်တည်း-ဟူသော ရည်ရွယ်ချက် တစ်ခုတည်း သို့သာလျှင် ရောက်ကြကုန်လတ္တံ့၊ အမှန်သည် တစ်ခုသာလျှင် ရှိသကဲ့သို့ နိဗ္ဗာန်သည်လည်း တစ်ခုသာလျှင်ရှိ၏၊ ၂-ခု၊ ၃-ခုဟူ၍ မရှိချေ။”</b> ဟူ၍ ပါရှိသောစကားကို အစွဲပြု၍ ဝိစိကိစ္ဆာတရား ဖြစ်ပွါးလျက် ရှိနေပြန်၏၊ ဖြစ်ပွါးပုံကား။</p>
<p>အဆုံးသတ်ဖြစ်သော နိစ္စဓုဝတရားသည် တစ်ခု တည်း သာဖြစ်ရာပါသည်၊ သို့ဖြစ်ပါလျက် ထိုပါဠိ တော်မှာ အာကာသလည်း နိစ္စ ဓုဝတရားတစ်ပါး၊ နိဗ္ဗာန်လည်း နိစ္စ ဓုဝတရားတစ်ပါး-ဟူ၍ နိစ္စ ဓုဝ တရားနှစ်ပါးဖြစ်၍ နေပြန်ပါသည်-ဟု ဝိစိကိစ္ဆာ တရားဖြစ်ပွါးလျက် နေပြန်လေသည်။</p>
<p>အဖြေကား။ <b>“ကေရပ်စသခင်”</b> ၏စာအုပ်မှာ အရာဝတ္ထု-ဟူသမျှ တို့သည်-ဟုဆိုသော်လည်း နောက်၌ နိဗ္ဗာန်တည်းဟူ သော ရည်ရွယ်ချက် တစ်ခုတည်းသို့သာလျှင် ရောက်ကြကုန်လတ္တံ့-ဟူ၍ အချုပ်စကား ပါရှိသောကြောင့် နိဗ္ဗာန်နှင့် သက်ဆိုင်သော သတ္တဝါ၏ ကိုယ်ခန္ဓာ အရာဝတ္ထု-ဟူသမျှတို့ကိုသာလျှင် ယူသင့်ပေသည်၊ မြေ, ရေ, တော, တောင်, အဇဋာကာသ ကောင်းကင်တို့သည်ကား- နိဗ္ဗာန်နှင့် သက်ဆိုင်ကြသော အရာဝတ္ထုမျိုးမဟုတ်ကြပေကုန်၊ ဤ မြေ, ရေ, တော, တောင်စသော အရာဝတ္ထု ဟူသမျှတို့သည် အနိစ္စနိုင်ငံသို့ပါကြ၍ အဇဋာကာသ တစ်ခုတည်းသို့သာ ရောက်ကြကုန် လတ္တံ့- ဟု ဆိုသင့် ပေသည်။</p>
<p>ထိုသို့ဆိုခဲ့သော်</p>
<p>၁။ သတ္တဝါတို့၏ ဖြစ်မှု, ပျက်မှု၏ ကုန်ဆုံးရာဌာနသည် ကား- နိဗ္ဗာန်ပေတည်း။</p>
<p>၂။ သတ္တဝါမဟုတ်သောမြေ, ရေ, တော, တောင်စသော ဗဟိဒ္ဓဝတ္ထုတို့၏ ဖြစ်မှု, ပျက်မှု၏ ကုန်ဆုံးရာဌာနသည် ကား- အဇဋာကာသပေတည်း</p>
<p>ဟု ယူရန်အနက်-ပေါ်ထွက်လာသောကြောင့် ၎င်း <b>“ကေရပ်စ''</b>၏ စကားသည်လည်း</p>
<p><b>ဒွေမေ ဘိက္ခဝေ ဓမ္မာ နိစ္စဓုဝါ သဿတာ အဝိပရိဏာမ ဓမ္မာ၊ ကတမေ ဒွေ၊ အာကာသော စ နိဗ္ဗာနဉ္စ။</b> ဟူသော ပါဠိတော်နှင့် ရောနှောမိကြသည်ပင် ဖြစ်သည်၊ နိဗ္ဗာန် သည် တစ်ခုသာ ရှိ၏၊ ၂-ခု၊ ၃-ခုဟူ၍ မရှိချေ-ဟူသော စကားမှာ လည်း စင်စစ်အားဖြင့် တစ်ခုသာရှိသည်မှန်၏၊ သို့ရာတွင် ၂-ခု ၃- ခုပြု၍ ပြောထိုက် ဟောထိုက်သော ပရိယာယ်အကြောင်းနှင့် ဖက်တွဲ၍ နိဗ္ဗာန်သည် နှစ်ပါးရှိသည်၊ သုံးပါးရှိသည်၊ လေးပါး၊ ငါးပါး၊ ဆယ်ပါး ရှိသည်- စသည်ဖြင့် ပြောဟောလိုလျှင် ပြောဟောထိုက်သော အခွင့် ရှိပြန်၏၊ ကောင်းကင်သည် စင်စစ်အားဖြင့် နိစ္စ ဓုဝ-အနေနှင့် တစ်ခုတည်းရှိငြားသော်လည်း ဤပြူတင်းပေါက်မှာ ကောင်းကင်တစ်ခု၊ ထိုပြူတင်းပေါက်မှာ ကောင်းကင်တစ်ခု-ဟူ၍ ပြောဟောထိုက်ပြန်သကဲ့ သို့တည်း။</p>
<p>နောက်၌ <b>“ရှေးအထက်က နှစ်ကြောင်း နှစ်သွယ်ထွက်သော ကိစ္စတို့ကို ဆုံးဖြတ်ကြသော ပုဂ္ဂိုလ်ကျော်များတို့သည် ဤအချက်ကို သွတ်သွင်း၍ ဆုံးဖြတ်ခဲ့ဖို့ ကောင်းပါသည်”</b> ဟူသော လျှောက်လွှာရှင်၏ စကားမှာလည်း <b>“မိလိန္ဒပဥှာမိလိန္ဒပဥှာ”</b> ကျမ်းသည် နှစ်ကြောင်း နှစ်သွယ် ထွက်သော ကိစ္စတို့ကို ဆုံးဖြတ်သောကျမ်းရင်း, ကျမ်းမဖြစ်ပေသည်၊ လျှောက်လွှာရှင်၏ အထက်စကားမှာ <b>“မိလိန္ဒပဥှာမိလိန္ဒပဥှာ”</b> တွင်လည်း ဤကဲ့သို့ပင် ပါပါသည်” ဟု ပါရှိသည့်အတိုင်း အာကာသသည် နိစ္စ ဓုဝ-မျိုးစင်စစ်ဖြစ်ကြောင်းကို ထိုကျမ်းတွင် ဆိုပြီး ဆုံးဖြတ်ပြီးပင်ဖြစ်သည်။ အဘိဓမ္မာရုပ်ပိုင်းတွင်လာသော ပရိစ္ဆေဒါကာသသည်ကား- ရုပ်စိုင် ရုပ်ခဲတို့နှင့် ဖက်စပ်၍ ထင်မြင်ရသော အာကာသမျိုးဖြစ်ချေ၍ ရုပ်စိုင်ရုပ်ခတို့နှင့်အလားတူ အနိစ္စမျိုး, အဓုဝမျိုးဖြစ်သည်ဟု ပြောဆိုရန် ပရိယာယ်အကြောင်းရှိ၏၊ လဟာ-ဟုခေါ်ရသော အဇဋာကာသ အနန္တကြီးမှာမူကား- ရုပ်စိုင်ရုပ်ခဲတို့မှ ဆိတ်ကင်းရာ အနန္တနယ်ကြီးဖြစ်ပေ သည်နှင့် အနိစ္စမျိုး, အဓုဝမျိုးဖြစ်သည်ဟု ပြောဆိုရန် ပရိယာယ် အကြောင်းမျှပင်မရှိဘဲ ကမ္ဘာအစဉ်အဆက်အားဖြင့် နိစ္စရိုးရာကြီး, ဓုဝရိုးရာကြီး ဖြစ်ပေရကား ဘယ်သူ တစ်ဦးတစ်ယောက်မျှ ထိုအာကာသ ကြီးကို အနိစ္စ, အဓုဝ-ဟု ယူဆခြင်း မရှိကြလေ။</p>
<p>[ဤမျှသောဖြေရှင်းချက်တို့ဖြင့် လျှောက်လွှာမှာ ပထမပုစ္ဆာ နောက်ပိုင်းတွင် အစိုင်အခဲနှင့် ဖက်တွဲ၍ အနဲနဲရှုပ်ထွေးချက်များသည်လည်း ဖြေရှင်းပြီး ဖြစ်လေ တော့သည်။ ]</p>
<p>အာကာသပုစ္ဆာ အဖြေပြီး၏၊</p>
<p>------*------</p>
<h3>၂- မာတုဂါမ-ရဟန်းပြုပုစ္ဆာအဖြေ</h3>
<p>ဒုတီယမာတုဂါမ-ရဟန်းပြု ပုစ္ဆာအဖြေကား</p>
<p>၎င်းပုစ္ဆာမှာ</p>
<p>၁။ <b>ခွင့်ပေးခန်း၌</b> ဖြေရှင်းရန်တစ်ချက်,<br>၂။ <b>သာသနာနှစ်အပိုင်းအခြား၌</b> ဖြေရှင်းရန် တစ်ချက်,</p>
<p>ဟူ၍ ဖြေရှင်းရန် နှစ်ချက်ရှိ၏၊</p>
<h3>ခွင့်ပေးခန်း၌ ဖြေရှင်းရန်အချက်</h3>
<p>၁။ <b>ခွင့်ပေးခန်း၌ဖြေရှင်းရန်အချက်ကား</b>-မိထွေးတော် ဂေါတမီသည် မာတုဂါမများ ရဟန်းပြုခွင့်ရကြစေရန် မြတ်စွာဘုရား အား ကပိလဝတ်ပြည်မှာ ပထမအခါ သုံးကြိမ်တိုင်တိုင် ခွင့်တောင်း၏၊ မြတ်စွာဘုရားက သုံးကြိမ်တိုင်တိုင် ပယ်တော်မူ၏၊ ခွင့်မရသည့်အတွက် မိထွေးတော်ဂေါတမီသည် အလွန်ဝမ်းနည်းခြင်း, စိတ်နှလုံးဆင်းရဲ ခြင်းဖြစ်၍ နေရ၏၊ တစ်ဖန် ရဟန်းပြုလိုကြသော သာကီဝင်မ, ပေါင်း ငါးရာတို့နှင့် စိတ်တူသဘောတူ ဆံပင်ရိတ်ခြင်း, ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်ရုံခြင်းတို့ဖြင့် သီလရှင်မ ပြုလုပ်ကြကုန်ပြီးလျှင် ကပိလဝတ် ပြည်မှ ငါးဆယ့်တစ်ယူဇနာ ကွာဝေးသော ဝေသာလီပြည်သို့ ခြေလျင် ခရီးဖြင့် ပင်ပန်းကြီးစွာ လာရောက်ကြရကုန်၏၊ အကြီးအမှူးဖြစ်သူ မိထွေးတော်ဂေါတမီသည် မာတုကာမများ ရဟန်းပြုခွင့် ရကြစေရန် မြတ်စွာဘုရားအား ဝေသာလီပြည်မှာ ဒုတိယအခါ သုံးကြိမ်တိုင်တိုင် ခွင့်တောင်းပြန်၏၊</p>
<p>မြတ်စွာဘုရားက ဝေသာလီပြည်မှာလည်း သုံးကြိမ်တိုင်တိုင် ပယ်တော်မူသည်သာတည်း၊ ထိုအခါမှာလည်း မိထွေးတော်ဂေါတမီ သည် ရှေးအခါကထက် အဆများစွာသာလွန်၍ အလွန်ဝမ်းနည်းခြင်း, စိတ်နှလုံး ဆင်းရဲခြင်း ဖြစ်ရပြန်၏၊ ထိုအကြောင်းကို အရှင်အာနန္ဒာမြင်၍ မိထွေးတော်၏ကိုယ်စား ပြုလုပ်ပြီးလျှင် တတိယအခါ သုံးကြိမ်တိုင်တိုင် ခွင့်တောင်းပြန်၏၊ သုံးကြိမ်တိုင်တိုင်ပင် ပယ်မြဲပယ်တော်မူပြန်၏၊ အခါပေါင်းသုံးခါ၊ အကြိမ်ပေါင်း ၉-ကြိမ်ရှိပြီ။</p>
<p>ထိုအခါမှာ အရှင်အာနန္ဒာသည် ကြီးစွာသောအကြောင်းကြီး နှစ်ပါးကို ထုတ်ဖော်၍ စတုတ္ထအခါ တစ်ကြိမ်တောင်းပန်ပြန်၏၊ <b>အကြောင်းကြီးနှစ်ပါးဆိုသည်ကား</b></p>
<p>၁။ မြတ်စွာဘုရားတို့၏ သာသနာတော်မှာ မာတုဂါမများ ရဟန်းပြု ခဲ့သော် မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ရထိုက်ပါ၏လားဘုရား-ဟု မေးလျှောက်၏၊ ရထိုက်ပါ၏ဟု ဖြေတော်မူရ၏၊ ဤသည်လည်း အကြောင်းတစ်ပါး,<br>၂။ မြတ်စွာဘုရား၏ အပေါ်မှာ မိထွေးတော်၏ ဂုဏ်ကျေးဇူးအနန္တ ကို ဖော်ပြခြင်းသည်လည်း အကြောင်းတစ်ပါး,</p>
<p>ဤအကြောင်း နှစ်ပါးပေတည်း။</p>
<p>ဤအကြောင်း နှစ်ပါးကို ထုတ်ဖေါ်၍ မိထွေးတော်အတွက် ခွင့်တောင်းသောအခါမှာ တစ်ကြိမ်တည်းနှင့်ပင် ခွင့်ပေးတော်မူရ၏၊ သို့ရာတွင် ရှေးရှေးခွင့်တောင်းချက်တို့မှာ အကြောင်းနှစ်ပါး မပါသေး၍ အခွင့်မပေးသည်မဟုတ်၊ ပေါ့လျော့ရန်ရှိသေး၍ အခွင့်မပေးခြင်း ဖြစ်သတည်း၊ အကြောင်းနှစ်ပါး ပါရှိမှ ခွင့်ပေးတော်မူသည်မှာ ပညာရှိ တစ်ပါးတို့ ကျေနပ်ကြစေရန်မျှ ဖြစ်ပေသတည်း၊ ခွင့်ပေးသည့်အခါမှာ လည်း အလွတ်သက်သက်အားဖြင့် ခွင့်ပေးတော်မူသည်မဟုတ်၊ ဂရုဓမ်တရားရှစ်ပါးကို ဖော်ပြတော်မူပြီးမှ ဤဂရုဓမ်တရားရှစ်ပါးကို မိထွေးတော် ဝန်ခံနိုင်ပါလျှင် ရဟန်းပြုရန် ခွင့်ပေး၏၊ ဝန်မခံနိုင်လျှင် အခွင့်မပေး - ဟု အချုပ်စကားနှင့် ခွင့်ပေးတော်မူ၏၊</p>
<p>ထိုအခါ ရှင်အာနန္ဒာသည် မိထွေးတော်အား ပြန်ကြားလေရာ မိထွေးတော်သည် အရှင်အာနန္ဒာအား ဂရုဓမ်တရားရှစ်ပါးကို ရိုသေ လေးမြတ်စွာ ခံယူပါမည်-ဟုလျှောက်လေ၏၊ မိထွေးတော် ပင်ပန်းမှုကို နေ့ရက်ကြံ့ ကြာစွာပြု၍ လျစ်လျူရှုတော်မူခြင်း၏အကျိုးသည် ဤမိထွေး တော် လျှောက်ခန်းမှာ ထင်ရှားစွာပေါ်လာပေ၏၊ ဤကဲ့သို့ မိထွေးတော် ကြီး ပင်ပန်းခွင့်ကို မြင်တော်မူသဖြင့် မိထွေးတော်ကြီး ဆင်းရဲဒုက္ခ မဖြစ်ရ စေရန် တစ်ခါ တစ်ကြိမ် ခွင့်တောင်းခါမျှနှင့် အခွင့်ပေးတော်မူပြန်လျှင် လည်း ဂရုဓမ်တရားကို အလေးဂရုပြုမှု နည်းပါးကြလိမ့်မည် အမှန် ဖြစ်၏၊</p>
<p>၁။ မိထွေးတော်ကြီး၏ ပင်ပန်းမှုသည် ဂရုဓမ်တရားကို အလေး ဂရုပြုကြခြင်း၏ အကြောင်းရင်းစင်စစ်ဖြစ်၏၊<br>၂။ ဂရုဓမ်တရားကို အလေးဂရုပြုကြခြင်းသည် သာသနာ တော်ကြီး ကာလမြင့်ရှည် တည်မြဲ တည်နိုင်ခြင်း၏ အ ကြောင်းဖြစ်၏၊</p>
<p>ထို့ကြောင့် မိထွေးတော်ကြီး၏ ပင်ပန်းမှုသည် သာသနာတော်၏ အကျိုးစီးပွား များမြတ်ရန်အကြောင်းကြီး စင်စစ်ဖြစ်ပေသောကြောင့် မိထွေးတော်ကြီး ထိုမျှလောက် ပင်ပန်းသည်တိုင်အောင် လျစ်လျူ ရှုတော်မူ ရပြန်သတည်း။</p>
<p>ဝိနည်းပိဋကတ် စူဠဝါပါဠိတော် ဘိက္ခုနိက္ခန္ဓက၌ -သစေ အာနန္ဒ နာလဘိဿ မာတုဂါမော တထာဂတပ္ပဝေဒိ တေ ဓမ္မဝိနယေ အဂါရသ္မာ အနာဂါရိယံ ပဗ္ဗဇ္ဇံ၊ စိရဋ္ဌိတိကံ အာနန္ဒ ဗြဟ္မစရိယံ အဘဝိဿ၊ ဝဿသဟဿံ သဒ္ဓမ္မော တိဋ္ဌေယျ။</p>
<p><b>အဓိပ္ပါယ်ကား။</b> အာနန္ဒာ- မာတုဂါမများသည် ငါဘုရား သာသနာ၌ ရဟန်းပြုခွင့်မရပါမူကား- ငါဘုရားသာသနာသည် နှစ်ပေါင်းတစ်ထောင်တိုင်အောင်တည်လေရာ၏၊ ဆိုလိုသည်၊ ဤစကားသည်လည်း ဖြစ်ထိုက်သော အခွင့် ရှိသည့်အတိုင်း ဟောတော်မူသော စကားတော်ပင် ဖြစ်သတည်း။</p>
<p>ယတော စ ခေါ အာနန္ဒ မာတုဂါမော တထာဂတပ္ပဝေဒိ တေ ဓမ္မဝိနယေ အဂါရသ္မာ အနာဂါရိယံ ပဗ္ဗဇိတော၊ န ဒါနိ အာနန္ဒ ဗြဟ္မစရိယံ စိရဋ္ဌိတိကံ ဘဝိဿတိ၊ ပဉ္စေဝ ဒါနိ အာနန္ဒာ ဝဿသတာနိ သဒ္ဓမ္မော ဌဿတိ။</p>
<p><b>အဓိပ္ပါယ်ကား။</b> အာနန္ဒာ- အကြင်အကြောင်းကြောင့် မာတုဂါမများသည် ငါဘုရားသာသနာ၌ ရဟန်းပြုခွင့်ကိုရ၍ ရဟန်းပြု၏၊ ထိုအကြောင်းကြောင့် ယခုအခါ ငါဘုရား သာသနာသည် နှစ်ပေါင်း ငါးရာသာလျှင် တည်တော့လတ္တံ့။</p>
<p>ဆိုလိုသည်၊ ဤစကားသည်လည်း ဖြစ်ထိုက်သော အခွင့်ရှိသည့် အတိုင်း ဟောတော်မူသော စကားတော်ပင် ဖြစ်၏၊</p>
<p>အသက်ရှည်သောကာလ၌ ဖြစ်တော်မူကြသော မြတ်စွာဘုရား တို့၏ လက်ထက်မှာ လူသတ္တဝါတို့အား ကိလေသာတရား အားနည်းကြ ၏၊ ဖြူစင်ဖြောင့်မတ်သောတရား အားကြီးကြ၏၊ ထို့ကြောင့် ထိုဘုရား တို့၏ လက်ထက်မှာ မာတုဂါမများ ရဟန်းပြုကြသော်လည်း သာသနာ တော် ဆုတ်ယုတ်ခွင့် မရှိ။</p>
<p>ငါတို့မြတ်စွာဘုရား ဖြစ်ပွင့်ရာကာလ၌မူကား လူသတ္တဝါတို့အား ကိလေသာတရား အလွန်အားကြီးကြ၏၊ ဖြူစင် ဖြောင့်မတ်သောတရား အလွန်အားနည်းကြ၏၊ ထို့ကြောင့် ငါတို့ဘုရားလက်ထက်မှာ မာတုဂါမ များ ရဟန်းပြုမှုသည် သာသနာတော် ဆုတ်ယုတ်ရန်အခွင့်ကြီး စင်စစ် ဖြစ်လေသတည်း၊ ဤသို့ သာသနာတော် ဆုတ်ယုတ်ရန် အခွင့်ကြီး စင်စစ်ဖြစ်သည့်အတွက် ထိုအခွင့်ကြီးကို တားဆီးကွယ်ကာရန် အရေးကြီး လည်း ကြီးမားလျက်ရှိလေသောကြောင့် ရုတ်တရက် ခွင့်မပေးမူ၍ အလိုတော်ရှိတိုင်း အမှုပါအောင်ကြံ့ကြာစွာ ပြုရလေသတည်း။</p>
<p>ဤစကားနှစ်ရပ်ဖြင့် အခါခါအကြိမ်ကြိမ်ခွင့်တောင်းကြရာ၌ အခါခါ အကြိမ်ကြိမ်ပယ်တော်မူခြင်း၏အကြောင်းကို ထုတ်ဖော်၍ ပြတော်မူ၏၊</p>
<p>သေယျထာပိ အာနန္ဒ ယာနိကာနိစိ ကုလာနိ ဗဟုတ္ထိကာနိ အပ္ပပုရိသကာနိ၊ တာနိ သုပ္ပဓံသိယာနိ ဟောန္တိ စောရေဟိ ကုမ္ဘထေနကေဟိ၊ ဧဝမေဝ။</p>
<p><b>အဓိပ္ပါယ်ကား။</b> အာနန္ဒာ..အကြင်လူမျိုးတို့သည် မိန်းမ တို့သာများကုန်၏၊ ယောကျ်ားတို့ နည်းပါးကုန်၏၊ ထိုလူမျိုးတို့ကို သူခိုး, ဓားပြတို့သည်ဖျက်ဆီးရန် အလွန် လွယ်ကုန်၏၊ ထို့အတူ ဟူ၍ ဟောတော်မူသည် တစ်ချက်။</p>
<p>[ ဤပါဠိ၌ <b>ကုမ္ဘာထေနက</b> ဆိုသည်ကား-ညဉ့်အခါမှာ အိုးအုံတွင်း၌ မီးအလင်း ကိုဆောင်ယူ၍ ခိုးကြ တိုက်ကြသူတို့ကို ဆိုသည်။ ]</p>
<p>သေယျထာပိ အာနန္ဒ သမ္ပန္နေ သာလိက္ခေတ္တေ သေတဋ္ဋိကာနာမ ရောဂဇာတိ နိပတတိ၊ ဧဝံ တံ သာလိက္ခေတ္တံ န စိရဋ္ဌိတိကံ ဟောတိ သေယျထာပိ အာနန္ဒ သမ္ပန္နေ ဥစ္ဆုက္ခေတ္တေ မဉ္ဇဋ္ဌိကာနာမ ရောဂဇာတိ နိပတတိ၊ ဧဝံ တံ ဥစ္ဆုက္ခေတ္တံ န စိရဋ္ဌိတိကံ ဟောတိ၊ ဧဝမေဝ။</p>
<p><b>အဓိပ္ပါယ်ကား။</b> အာနန္ဒာ..ပြည့်စုံစွာသော သလေးစပါးခင်း ကြံခင်းတို့၌ အနာရောဂါဆိုး ကျရောက်ခဲ့ငြားအံ့၊ ထို သလေးစပါးခင်း၊ကြံခင်းများသည် ကြာမြင့်စွာ ပွါးစီး တည်နေ ခြင်းမရှိ၊ အလျင်အမြန် ပျက်စီးရာ၏၊ ထို့အတူ-ဟူ၍ ဟော တော်မူသည်တစ်ချက်။</p>
<p>ဤပါဠိ ၂-ရပ်၌ <b>သေတဋ္ဋိက</b>ဆိုသည်ကား- အဆန်မပါသော စပါးနှံဖြူထွက်အောင် နှိပ်စက်တတ်သော ရောဂါမျိုးကိုဆိုသည်၊ <b>မဉ္ဇဋ္ဌိက</b> ဆိုသည်ကား- ကြံ၏ အရိုးတလျှောက်ကို ဖေါက်စားသော ပိုးရောဂါ မျိုးကို ဆိုသည်၊ ဤစကားရပ်များသည် အထူးမဟုတ်၊ ယောကျ်ားများ ကဲ့သို့ စိတ်မခိုင်မာတတ်သော မာတုဂါမများ ရဟန်းပြုကြသည့်အတွက် သာသနာ အနှစ်ငါးရာ ယုတ်လျော့ခြင်း၏ ဥပမာများ ဖြစ်ကြပေသ တည်း။</p>
<p>သေယျထာပိ အာနန္ဒ ပုရိသော မဟတော တဠာကဿ ပဋိကစ္စေဝ အာဠိံ ဗန္ဓေယျ၊ ယာဝဒေဝ ဥဒကဿ အနတိက္ကမနာယ၊ ဧဝမေဝ ခေါ အာနန္ဒ မယာ ပဋိကစ္စေဝ ဘိက္ခုနီိနံ၊ အဋ္ဌ ဂရုဓမ္မာ ပညတ္တာ၊ ယာဝဇီဝံ အနတိက္ကမနီယာတိ။</p>
<p><b>အဓိပ္ပါယ်ကား။</b> အာနန္ဒာ--ကျိုးပေါက်၍နေသော တစ်ဖက် ဆည်ကန်မှာ ရေမလာမီတင်ကူး၍ ခိုင်လုံစွာ ဆည်ဖို့ထားခဲ့သော် လာသမျှ ရေစုသည် လွန်၍မသွားရဘဲ တစ်ဖက်ဆည်ကန် တွင်းမှာ တည်ရသကဲ့သို့ ထို့အတူ ငါဘုရား သာသနာမှာ မာတုဂါမများ မများပြားမီ တင်ကူး၍ အသက်ထက်ဆုံး မကျူး မလွန်သော ဂရုဓမ္မတရား ရှစ်ပါးတို့ကို ငါဘုရား ပညတ်၍ ထားလေပြီ--</p>
<p>ဟူသော ဤနောက်ဆုံးစကားဖြင့် မာတုဂါမများကို ရဟန်း ပြုကြစေရန် ခွင့်ပြုတော်မူသည့်အတွက် သာသနာအနှစ်ငါးရာ ယုတ် လျော့ရန် အခွင့်ကို ပိတ်ဆို့တားဆီး၍ ထားပြီးရှိလေပြီဟု ပြဆိုတော် မူသဖြင့် မာတုဂါမများ ရဟန်းပြုကြစေရန် ခွင့်ပြုတော်မူရသည့်အတွက် အပြစ်တင်ဆိုဖွယ် ရှိသမျှကို ဖြေရှင်းတော်မူပေ၏၊</p>
<p>သာသနာနှစ်ပေါင်းတစ်ထောင်အတိုင်းပင် အတည်ပြုရာ ရောက်လေ၏၊ ဂရုဓမ္မတရားရှစ်ပါးတို့၏ အလိုမှာလည်း စိတ်မခိုင်မာ တတ်သော မာတုဂါမ ရဟန်းမများတို့ကို ဘုရားသာသနာတော်၌ ဘယ်မျှလောက်ပင် တန်ခိုးဣဒ္ဓိပါဒ် ကြီးမြတ်ငြားသော်လည်း ဘယ်မျှ လောက်ပင် ပရိယတ်, ပဋိပတ်တတ်မြောက်ငြားသော်လည်း အဘယ်မျှ လောက်ပင် အသက်သိက္ခာ ကြီးမြတ်ငြားသော်လည်း သာသနာတော်၌ အကြီးအကဲ အရာဌာနမှ အခြင်းခပ်သိမ်းနှိမ့်ချ၍ ထားတော်မူခြင်း ဖြစ်၏၊ စိတ်ခိုင်မာတတ်သော ယောကျ်ားရဟန်းတော်များတို့ကိုသာ အကြီးအကဲ အမြဲခန့်ထားတော်မူခြင်းဖြစ်၏၊</p>
<p><b>ဥပမာကား။</b> ယခုအခါ အင်္ဂလန်နိုင်ငံမှာပင် မာတုဂါမတို့က အစိုးရဥပဒေပညတ်ကြီးများကို တတ်မြောက်ကြသည့်အတွက် အကြီး အကဲ အရာဌာနကြီးများကို ရလိုကြသည်ဟု အခိုင်အမာ တောင်းဆို၍ နေကြရာ စိတ်မခိုင်မာတတ်သော မာတုဂါမများကို နိုင်ငံအုပ်ချုပ်မှု အကြီးအကဲ အရာများ၌ ခန့်ထားခဲ့သော် အုပ်ချုပ်မှု ရာဇသတ် ဥပဒေ ကြီးများ လျော့ပါး၍ ကုန်သဖြင့် တန်ခိုးအာဏာ ပျက်ပြား၍ကုန်ရာ၏ဟု မြော်မြင်ကြကုန်သကဲ့သို့တည်း။</p>
<p>ထိုစကားမှန်၏၊ မိန်းမတို့မည်သည် မိမိတို့၏အမျိုး သား မြေး ပွါးများစေရန် အလွန်သိမ်မွေ့စွာသော အလိမ်မာမှုမျိုးတို့နှင့်သာ ထိုက်တန်ကြကုန်၏၊ အလွန်ကြမ်းတမ်းစွာသော နိုင်ငံကို စီရင်အုပ်ချုပ်မှု မျိုးတို့နှင့် မထိုက်တန်ကြကုန်၊ ယောကျ်ားဖြစ်သူ အစိုးရမင်းတို့ကလည်း မိမိတို့ အမျိုးအရိုး၌ သား, လင်, ခင်ပွန်းမရှိကြသော မိန်းမများတို့ကို စိတ်အလို မပြည့်သည့်အတွက်နှင့် ခက်ထန်သောင်းကျန်းခြင်း မရှိကြ စေရန်၊ အစိုးရမင်းတို့၏ အကျိုးကျေးဇူးများကို ခံစားကြရစေရန် စီမံအား ထုတ်သင့်လှပေ၏၊ စီမံချက်မှာလည်း မြတ်စွာဘုရားကြီးသည် မိန်းမများ အတွက် အသီးအခြား ဂရုဓမ်တရား ဝိနည်းဥပဒေကြီးများကို ထားတော် မူသကဲ့သို့ မိန်းမများအတွက် အသီးအခြား ရာဇသတ်ဥပဒေကြီးများကို ထားကြကုန်ရာ၏၊</p>
<p>ခွင့်ပေးခန်း၌ ဖြေရှင်းရန်အချက်ပြီး၏၊</p>
<hr>
<h3>သာသနာနှစ်, အပိုင်းအခြား၌ ဖြေရှင်းချက်</h3>
<p>၂။ သစေ အာနန္ဒ န လဘိဿ မာတုဂါမော တထာဂတပ္ပဝေဒိတေ ဓမ္မဝိနယေ အဂါရသ္မာ အနာဂါရိယံ ပဗ္ဗဇ္ဇံ၊ စိရဋ္ဌိတိကံ အာနန္ဒ ဗြဟ္မစရိယံ အဘဝိဿ၊ ဝဿသဟဿံ သဒ္ဓမ္မော တိဋ္ဌေယျ။</p>
<p>ဟူသောပါဠိတော်စကား၌ <b>အဓိပ္ပါယ်ကား</b></p>
<p>အနှစ်တစ်ထောင်တိုင်အောင် ပြည့်စုံစွာ တည်ခြင်းကို <b>“ဝဿသ ဟဿံ တိဋ္ဌေယျ”</b> ဆိုသည်၊ ထိုစကားကို ထင်ရှားစေဦးအံ့၊ ဗုဒ္ဓဘာသာ သာသနာတော်၏ ပြည့်စုံခြင်းမည်သည် အရိယာပုဂ္ဂိုလ်လေးမျိုးတို့နှင့် ပြည့်စုံခြင်းဖြစ်၏၊၊</p>
<p><b>အရိယာပုဂ္ဂိုလ် လေးမျိုးဆိုသည်ကား-</b></p>
<p>၁။ သုက္ခဝိပဿက အရိယာပုဂ္ဂိုလ်မျိုး,<br>၂။ တေဝိဇ္ဇ အရိယာပုဂ္ဂိုလ်မျိုး,<br>၃။ ဆဠာဘိည အရိယာပုဂ္ဂိုလ်မျိုး,<br>၄။ ပဋိသမ္ဘိဒါပတ္တ အရိယာပုဂ္ဂိုလ်မျိုး, ဤလေးမျိုးတို့ပေတည်း။</p>
<p><b>''ဝဿသဟဿံ သဒ္ဓမ္မော တိဋ္ဌေယျ”</b> ဆိုသည်ကား--အနှစ်တစ်ထောင်မျှသာ, ပြည့်စုံစွာတည်ရာ၏၊ အနှစ်တစ်ထောင်မှ နောက်၌ ဆုတ်ယုတ်လျော့ပါး၍ သွားရာ၏-ဟူ၍ ဆိုလို ပေသည်၊ အနှစ်တစ်ထောင်ပြည့်သည့်နေ့ရက်မှာ တစ်ချက်တည်း အကုန်ကွယ်ပျောက်ရာ၏ဟု ဆိုလိုသည်မဟုတ်၊ အနှစ်တစ်ထောင်ပြည့် သည်မှ နောက်၌ ဗုဒ္ဓဘာသာသာသနာမှာ ပဋိသမ္ဘိဒါပတ္တ ပုဂ္ဂိုလ်မျိုးမရှိပြီ ဆုတ်ယုတ်လေ၏၊ ထိုနောက် ကာလကြာညောင်းလတ်သော် ဆဠာဘိည ပုဂ္ဂိုလ်မျိုး ဆုတ်ယုတ်လေ၏၊ ထို့နောက်တေဝိဇ္ဇပုဂ္ဂိုလ်မျိုး၊ ထို့နောက် သုက္ခဝိပဿက အရိယာပုဂ္ဂိုလ်မျိုး၊ အစဉ်အတိုင်းဆုတ်ယုတ်လေ၏၊ ဤသို့လျှင် အနှစ်တစ်ထောင်မျှသာ ပြည့်စုံစွာတည်ရာ၏၊ အနှစ် တစ်ထောင်ကျော်လျှင် ပြည့်စုံစွာ မတည်နိုင်ဘဲ ဆုတ်ယုတ်လျော့ပါး၍ သွားလေရာ၏ဟု ဆိုလိုရင်း အမှန်ဖြစ်၏၊</p>
<p>လောက၌ အချို့သောသူတို့သည်ကား<b>''ဝဿသဟဿံ သဒ္ဓမ္မော တိဋ္ဌေယျ”</b> ဟူသော စကားသည် မြတ်စွာဘုရား ပြဋ္ဌာန်းချက် ထားခဲ့သော ဗျာဒိတ်စကားတော်ကြီးဟု ထင်မှတ်၍ တစ်ထောင်မှနောက်၌ တစ်နေ့ တစ်ရက်မျှ သာသနာသက် မရှိပြီ၊ သာသနာခေတ် မရှိပြီ၊ သာသနာ ခေတ် မရှိကလျှင် သိမ်ဟူ၍မရှိပြီ၊ သိမ်မရှိကလည်း ရဟန်းဟူ၍မရှိပြီ၊ ယခုကာလ ရှိနေကြသော ရဟန်းများသည် ဗုဒ္ဓဘာသာ, သာသနာ ရဟန်းစစ်မဟုတ်ကြ၊ ရဟန်းတု, ရဟန်းယောင်မျှသာ ဖြစ်ကြလေသည် ဟု ခိုင်မြဲစွာယူကြ ပြောဆိုကြကုန်၏၊ ဤ “ဝဿသဟဿံ သဒ္ဓမ္မော တိဋ္ဌေယျ” ဟူသော ပါဠိစကားသည်ကား၊ ပြဋ္ဌာန်းချက်ထားသော စကားတော်မျိုးပင်မဟုတ်၊ ဗျာဒိတ်စကားမျိုး ပင်မဟုတ်၊ ဝိနည်းပညတ် ချက် အာဏာစက် စကားမျိုးလည်းမဟုတ်၊ ဆိုက်တိုက်ရာ အရေးအခွင့် မှ အကြောင်းအားလျော်စွာ ဆက်လက်၍လာသော ဓမ္မကထာဒေသနာ စကားမျိုးသာ ဖြစ်၏၊</p>
<p>သာသနာနှစ်မည်သည်လည်း ပိုင်းပိုင်း-ခြားခြား ပြဋ္ဌာန်းချက်နှင့် ထားရသော အရာမျိုးပင်မဟုတ်၊ ခေတ်ကာလ သမယနှင့် သာသနာ ပြုပုဂ္ဂိုလ် အဆက်ဆက်တို့၏ အစွမ်းသတ္တိအလိုက် တည်ရှိရသော အရာ မျိုးပေတည်း၊</p>
<p><b>ထို့ကြောင့်-</b></p>
<p>၁။ အဆက်ဆက်သင်္ဂါယနာတင်ခြင်း,<br>၂။ သာသနာပြုပုဂ္ဂိုလ်ခန့်ထားခြင်း,<br>၃။ တိုင်းတစ်ပါး နိုင်ငံတစ်ပါးတို့သို့ သာသနာပြုပုဂ္ဂိုလ် စေလွှတ်ခြင်း,</p>
<p>တို့ကို အစဉ်အဆက် ရွက်ဆောင်ကြရလေသတည်း။</p>
<p>ဓမ္မာသောကမင်းကဲ့သို့ သာသနာပြုမင်းကောင်း တစ်ဦးတစ် ယောက် ပေါ်ပေါက်လာလျှင် သာသနာအသစ် ထွန်းကား၏၊ အရှင် မဟိန္ဒမထေရ်ကဲ့သို့ သာသနာပြုပုဂ္ဂိုလ်ကောင်း တစ်ဦးတစ်ယောက် ပေါ်ပေါက်လာလျှင် သာသနာပြန့်ပွား၏၊ ထိုမှတစ်ပါးလည်း သာသနာ မည်သည် ပရိယတ္တိသာသနာ, ပဋိပတ္တိသာသနာ, ပဋိဝေဓ သာသနာဟူ၍ သုံးပါးရှိ၏၊ ထိုသုံးပါးတို့တွင်လည်း ဓမ္မ ဝိနယ-ဟု ဆိုအပ်သော ပိဋကတ်သုံးပုံ ပရိယတ္တိသာသနာတော်မြတ်ကြီးသည် အမြစ်ပင်မ ကြီးဖြစ်၏၊ မြတ်စွာဘုရားကြီးသည် ပရိနိဗ္ဗာန်စံတော်မူခါနီးတွင်</p>
<p>ယော ဝေါ အာနန္ဒ မယာ ဓမ္မော စ ဝိနယော စ ဒေသိတော ပညတ္တော၊ သော ဝေါ မမစ္စယေန သတ္ထာ။</p>
<p>ဟူ၍ ထိုပရိယတ္တိသာသနာတော်မြတ်ကြီးကိုပင်လျှင် ကိုယ် တော်မြတ်၏နေရာ၌ ကိုယ်စားလှယ် ကိုယ်စားခန့်ထား တော်မူခဲ့လေပြီ၊ ထို့ကြောင့် ထိုပရိယတ္တိသာသနာတော်မြတ်ကြီးရှိခဲ့လျှင် မြတ်စွာ ဘုရားကြီးရှိသည်ပင်မည်၏၊ ထိုပရိယတ္တိသာသနာတော်ကြီးသည် ယခုအခါ ဤလောကတွင် နေ လအသွင် မျက်မြင်ဒိဋ္ဌ ထင်ရှားရှိနေ လေပြီ၊ ပဋိပတ္တိသာသနာတော်မြတ်ကြီး ပဋိဝေဓသာသနာတော် မြတ်ကြီးနှစ်ပါးသည် အမြစ်ပင်မကြီးမှ ပေါက်ပွားကြသော အကိုင်း အခက် အရွက်အညွှန့် အပွင့်အသီးများဖြစ်ကြ၏၊ ထိုပရိယတ္တိသာသနာ တော်မြတ်ကြီးမှ ပေါက်ပွားကြသော သီလ, သမာဓိ, ပညာ သိက္ခာသုံးပါးဟူသော ပဋိပတ္တိသာသနာ, ပဋိဝေဓသာသနာကြီးများသည်လည်း ယခုလောကတွင် ယုံကြည်လေးမြတ် ဆည်းကပ်ကျင့်ကြံ ရည်သန်တောင့် တလျက် နေ လ အသွင် ထင်ပေါ်ထင်ရှားလျက်ရှိနေကြ၏၊</p>
<p>အမြစ်ပင်မကြီးနှင့် အကိုင်းအခက်စသည်တို့၌ အမြစ်ပင်မကြီး သည်သာလျှင် ထာဝရခိုင်မြဲတတ်၏၊ အကိုင်းအခက်စသည်တို့မှာကားပြုစုသူ, ဖျက်ဆီးသူတို့၏ အတွက်လည်းကောင်း မိုးကောင်းမှု, မိုးခေါင်မှု အတွက်လည်းကောင်း ဖြစ်လွယ်ပျက်လွယ်ရှိတတ်ကြကုန်၏၊ အနှစ်တစ် ထောင်မှနောက်၌ တစ်နေ့တစ်ရက်မျှ သာသနာသက် မရှိပြီ၊ သာသနာ ခေတ် မရှိပြီ-ဟု ခိုင်မြဲစွာ ပြောဆိုကြသော သူတို့သည်မူကား-ဤ လောက၌ နေကို နေ-ဟူ၍ မသိကြ၊ လ-ကို လ-ဟူ၍ မသိကြသဖြင့် လောကမှာ နေ-ဟူ၍ မရှိပြီ၊ လ-ဟူ၍ မရှိပြီဟု ဆိုကြသူများနှင့် အလား တူကြကုန်၏၊</p>
<p>[ဤကား <b>မိထွေးတော်ဂေါတမီ၏ ရဟန်းပြုရန်ခွင့်တောင်း ခန်းတွင်</b> ယခုကာလ ရှိနေကြသော ပါဠိတော်များအတိုင်း ပါဌ်ရင်း ပါဌ်မှန် ပြု၍ ဖြောင့်ချက် ဖြေရှင်းချက်ပေတည်း၊ ဤဖြောင့်ချက် ဖြေရှင်းချက်ဖြင့်ပင်လျှင် အက်ဒမိ-ဂျေ-မီလစ၏ ဒုတိယပုစ္ဆာကြီးသည် ပြီးပြေနိုင်လောက်ပြီ။]</p>
<p>သို့သော်လည်း အလွန်အရေးကြီးလှသော သာသနာ့အချက် ကြီးဖြစ်ပေ၍ ပြီးပြေသည်ထက် ပြီးပြေစေခြင်းငှါ ပုစ္ဆာစကားရပ်စုကို အစိတ်အစိတ်ထုတ်ဖေါ်၍ အစဉ်အတိုင်းဖြေဆိုပေဦးအံ့။</p>
<p><b>၁-ပုစ္ဆာ။</b> အာနန္ဒာသည် မြတ်စွာဘုရားထံတော်ပါးသို့ ချဉ်း ကပ်၍ မာတုဂါမတို့အား ဘိက္ခုနီမ- ပြုလုပ်နိုင်စေရန် ခွင့်တောင်း၍ အခွင့်ပေးတော်မူရသည်- ဟုကျမ်း အစောင်စောင်တို့၌ ပါ-ပါသည်။</p>
<p><b>အဖြေ။</b> ဤစကားရပ်စုကို ပုစ္ဆာရှင် မယုံကြည်နိုင်၏၊ အကြောင်းမှာ နောက်၌ထင်ရှားလတံ့။</p>
<p><b>၂-ပုစ္ဆာ။</b> မြတ်စွာဘုရားသည် ဤကဲ့သိုခွင့်ပြုရန်ကို သဘော တော် မပါ- ဟူ၍လည်းပြောကြပါသည်။</p>
<p><b>အဖြေ။</b> သဘောတော် မပါ-ဟု ပြောကြသည်မှာ မာတုဂါမ များ ရဟန်းပြုကြသည့်အတွက် နောက်၌ အပြစ် ဖေါ်ပြချက် များစွာပါရှိသောကြောင့် သဘောတော် မပါ-ဟု ယူဆကာ ပြောကြပေသည်၊ ပြောကြသော် လည်း သဘောတော် မပါသည် မဟုတ်၊ သဘော တော် ပါသည်သာဖြစ်၏၊ အကြောင်းမူကား-ခပ်သိမ်း သော မြတ်စွာဘုရားတို့၏ သာသနာတို့မှာ ဘိက္ခု ပရိသတ်, ဘိက္ခုနီပရိသတ်, ဥပသကာပရိတ်သတ်, ဥပါသိကာပရိသတ်- ဟူ၍ ပရိသတ်လေးပါး ရှိမြဲ ဖြစ်၏၊</p>
<p>မာရသံယုတ်ပါဠိတော်၌ ဘုရားဖြစ်တော်မူ၍ အဇပါလ ညောင်ပင်၌ နေတော်မူစဉ်အခါတွင် ပရိနိဗ္ဗာန်စံတော်မူပါ-ဟု မာရ်နတ် လျှောက်ထားရာ၌ပင်လျှင် အကြင်မျှလောက် ငါဘုရား၏ ပရိသတ် လေးပါးတို့သည် ငါဘုရား၏ သာသနာဓမ္မ၌ ကောင်းစွာ မလိမ်မာကြ ကုန်သေး၊ ထိုမျှလောက် ငါဘုရား ပရိနိဗ္ဗာန်မစံသေးဟူ၍ ဟောတော်မူ ချက်ရှိ၏၊ ထိုအခါကပင်လျှင် ဘိက္ခုနီပရိသတ်၏ ပြည့်စုံခြင်းသည် သာသနာတော်မြတ်၏ ပြည့်စုံခြင်း အင်္ဂါတစ်ပါးအဖြစ်ဖြင့် ရည်မှတ်တော် မူရင်းဖြစ်သည်ဟု ယုံကြည်ထိုက်လှ၏၊</p>
<p>ထိုမှနောက်၌ ဥပရိပဏ္ဏာသ ဝစ္ဆသုတ်အစရှိသော ထိုထိုသုတ္တန် ကြီးငယ်တို့မှာလည်း ထိုနည်းတူ လာရှိလျက်ရှိ၏၊ သို့ရာတွင် မာတုဂါမတို့ ၏ အပေါ်မှာ ကြီးမားစွာသော ဥပဒေအချုပ်ကြီးများကို ထားတော်မူရန် အရေး အလွန်ကြီးလှသောကြောင့် ထိုအလွန်ကြီးလှသောအရေးကို အလိုတော်ကျပြုလုပ်လွယ်စေခြင်းငှာ မာတုဂါမများ ရဟန်းပြုကြ သည့်အတွက် ဖြစ်ထိုက်ရာသော အပြစ်ကြီးများကို ထုတ်ဖော်၍ ဟော တော်မူရပြန်သတည်း။</p>
<p><b>၃-ပုစ္ဆာ။</b> အာနန္ဒာသည် တတီယမြောက် လျှောက်ထား မြစ်ပယ် ပြီးနောက် တစ်ဖန်ပယ်ခွင့်မရသာအောင် ကြီးစွာသော အကြောင်းကိုဖော်ပြ၍ စတုတ္ထမြောက် ခွင့် တောင်းပြန်သောအခါ ခွင့်ပြုတော်မူရချေသည်ဟူ၍လည်း ပါဠိတော်စာအုပ်များမှာပါသည်။</p>
<p><b>အဖြေ။</b> ပါသည်မှန်ပေ၏၊ ပါသော်လည်း အလိုတော် မရှိပါဘဲလျက် ပယ်ခွင့်မသာလှ၍ ခွင့်ပေးရသည် မဟုတ် ရှေ့အဖို့ကပင် ဤကဲ့သို့သော လျှောက်ထား ချက်ကြီးသို့ ဆိုက်ရောက်သောအခါမှ ခွင့်ပြုတော် မူမည်ဟု မြော်လင့်စောင့်ဆိုင်း လျက်ရှိကြောင်းကို ၂- ပုစ္ဆာအဖြေ မှာ ဖော်ပြခဲ့သော အကြောင်းများနှင့်ပင် ထင်ရှားလျက် ရှိလေပြီ။</p>
<p><b>၄-ပုစ္ဆာ။</b> ထိုမှတစ်ပါးလည်း အရှင်အာနန္ဒာ လျှောက်ထားဖန် များလှ၍ မြတ်စွာဘုရား မနှစ်သက်သော်လည်း ခွင့်ပြု တော်မူရပြီးနောက် အရှင်အာနန္ဒာအား မိန့်ကြားတော် မူပြန်သည်မှာ အာနန္ဒာ..ယခု ငါဘုရား၏ သာသနာ သည် မာတုဂါမများ ရဟန်းပြုကြသည့်အတွက် အနှစ် ငါးရာသာတည်တော့လတံ့-ဟူ၍ မိန့်တော်မူကြောင်း ပါရှိပါသည်၊ အကျွန်ုပ်တို့၏ ကိုးကွယ်ရာဖြစ်တော်မူ သော မြတ်စွာဘုရားကြီးသည် ဤကဲ့သို့ မိန့်တော်မူလိမ့် မည်-ဟု မထင်ပါ။</p>
<p><b>အဖြေ။</b> မထင်ခြင်း၏အကြောင်းကား- ယခုသာသနာတော် အနှစ် နှစ်ထောင်ကျော်ရှိသည်တိုင်အောင် အမြစ် ပင်မကြီးဖြစ်သော ပိဋကတ်သုံးပုံ-ပရိယတ္တိသာသနာ တော်မြတ်ကြီး ထင်ရှားရှိနေသည်ကို ပုစ္ဆာရှင် မျက်မြင် ဒိဋ္ဌ တွေ့ကြုံရလျက် ရှိနေသည်နှင့် အနှစ်ငါးရာသာ တည်လတ္တံ့-ဟူသောစကားသည် မျက်မြင်ဒိဋ္ဌနှင့် အလွန် ကွာလှမ်းလျက် ရှိနေသောကြောင့်တည်း၊ ထိုစကားသည် ဂရုဓမ်တရားရှစ်ပါး ပညတ်တော်ကြီး များကို မထားခဲ့လျှင် မာတုဂါမများ ရဟန်းပြုကြသည့် အတွက် သက်သက် ဖြစ်ထိုက်သော အပြစ်ကို ပြဆို သော စကားသာတည်း၊ ထိုစကားကိုလည်း နောက်၌ တစ်ဖက်ဆည်ကန်ဥပမာဖြင့် သေချာစွာ ပယ်ဖျက် တော်မူခဲ့လေပြီ၊ ဖြစ်ထိုက်သော အပြစ်ကို ပြဆိုရခြင်း သည်လည်း မာတုဂါမတို့၏အပေါ်၌ အလွန်ဝန်လေး လှစွာသော ဂရုဓမ်တရားကြီးများကို ထားထိုက်လှပေ သည်-ဟု ကျေနပ်သမှု အလေးပြုကြစေရန် အတွက် ပေတည်း။</p>
<p><b>၅-ပုစ္ဆာ။</b> မာတုဂါမတို့ ဘိက္ခုနီမ-မပြုထိုက်ဟု မြတ်စွာဘုရား သဘောရှိတော်မူပါလျှင် ဘိက္ခုနီ ပြုခွင့်ကိုပင် အခွင့် ပေးတော်မူလိမ့်မည် မဟုတ်ဟုထင်ပါသည်။</p>
<p><b>အဖြေ။</b> မာတုဂါမတို့ ဘိက္ခုနီမ-မပြုထိုက်ဟူ၍ သဘောမရှိ သည့်အတွက်ကြောင့်ပင်လျှင် ခွင့်ပေးတော်မူလျက် ရှိလေပြီ။</p>
<p><b>၆-ပုစ္ဆာ။</b> ရုတ်တရက်ခွင့်မပေးဘဲ နေ့ရက်ကြံ့ကြာအောင်ပြု၍ ထားခြင်းကို အကျွနု်တို့နားလည်ပါ၏၊ သဘောကျနိုင် ပါ၏၊</p>
<p><b>အဖြေ။</b> နေ့ရက်ကြံ့ကြာအောင် ပြု၍ထားခြင်းကို သဘော ကျ နိုင်ပါလျှင် ခွင့်တောင်းမှု နေ့ရက်ကြံ့ကြာစေပြီးမှ ခွင့်ပေးမှု, အပြစ်ကြီးများကို ဖော်ပြမှုအလုံးစုံသည် လည်း အကုန်ကျေလယ်လေတော့သည်၊ ခဲယဉ်းစွာ သော အရေးအရာကြီးတို့၌ လူအများတို့ကို မိမိအလိုရှိ ရာသို့ ပိုင်နိုင်စွာပါနိုင်ကြစေရန် ပညာရှိကြီးတို့ အသုံး ပြုကြရိုးဖြစ်သော ပရိယာယ်မှုကြီးပေတည်း။</p>
<p><b>၇-ပုစ္ဆာ။</b> ခေတ်ကလည်းခေတ်ပျက်၊ လျှောက်ထားချက်ကလည်း ကြီးကျယ်သော အချက်ကြီးတစ်ရပ်ဖြစ်ပါသည်၊ ရဟန်း တော်များကလည်း သဘောမကျ၊ ထို့ကြောင့် ကောင်း မွန်သော နည်းလမ်းဥပဒေသတို့ကို သေချာစွာ စဉ်းစား ပြီးမှ ထုတ်ဖော်မေးလျှောက်ရပါသည်။</p>
<p><b>အဖြေ။</b> ဤစကားသည် ဖြေသောသူအားလည်း သတိပေး လိုက်သော စကားဖြစ်ပေသည်။</p>
<p><b>၈-ပုစ္ဆာ။</b> အနှစ်ငါးရာသာ တည်လတံ့ဟု ဗျာဒိတ်စကား ထား တော်မူခဲ့ခြင်းသည် မြတ်စွာဘုရားကြီး၏ ပါရမီတော်, ဉာဏ်တော်, ဘုန်းတန်ခိုးတော်များနှင့် နှိုင်းစာသည်ရှိ သော် မလျော်မသင့်ဟု ထင်ပါသည်။</p>
<p><b>အဖြေ။</b> ဗျာဒိတ်စကား ထားတော်မူခဲ့သော နိယတ စကား မျိုး မဟုတ်ကြောင်း လောက၌အချို့သော သူတို့၏ အယူအပြောကို ဖြေဆိုရာ၌ ပြီးစီးခဲ့လေပြီ၊ ၄-ပုစ္ဆာ အဖြေလည်း ပြီးစီးခဲ့လေပြီ။</p>
<p><b>၉-ပုစ္ဆာ။</b>ထိုမှတစ်ပါးလည်း နောက်နောက်သော အခါတို့၌ ချီးမွမ်းထိုက်သော ဘိက္ခုနီမတို့ကိုလည်း သီးခြား၍, သီးခြား၍ ချီးမွမ်းတော်မူသည်များကိုလည်း တွေ့ရှိရပါ သည်၊ ရဟန်းပြုမှုကို အလိုတော်မရှိခဲ့လျှင် ချီးမွမ်း တော်မူလိမ့်မည် မထင်ပါ။</p>
<p><b>အဖြေ။</b> မြတ်စွာဘုရား အလိုတော်ရှိရင်းပင်ဖြစ်ကြောင်း ရှေး၌ ထင်ရှားခဲ့လေပြီ။</p>
<p><b>၁၀-ပုစ္ဆာ။</b>ဤအနှစ်ငါးရာဟူသောစကားသည် မြတ်စွာဘုရား၏ စကားတော်မဟုတ်၊ ပထမသင်္ဂါယနာပွဲအပြီးတွင် ထိုအစည်းအဝေးမှာပင် အရှင်အာနန္ဒာကို အပြစ် ဆိုကြသော ရဟန်းများထဲက တစ်ပါးပါး၏ စကားသာ ဖြစ်ရာပါသည်။</p>
<p><b>အဖြေ။</b> မြတ်စွာဘုရား၏ စကားတော်ပင်ဖြစ်ကြောင်း၊ ထိုစကားသည်လည်း နိယတဗျာဒိတ်စကားမျိုးမဟုတ်၊ အနိယတ စကားမျိုးသာဖြစ်ကြောင်း-ရှေ့၌ ထင်ရှား ခဲ့ပေပြီ။</p>
<p>[အချို့သောပုစ္ဆာများမှာ အသိဉာဏ်အဖြေ ရှင်းလင်းစေရန် ပြင်ဆင်လိုက် ပေသည်။]</p>
<p>အနှစ်ငါးရာ-ဟူသောစကား၌ ဖြေရှင်းချက်ပြီး၏၊</p>
<p>ဤပုစ္ဆာအဖြေမှာ “အနှစ်တစ်ထောင်တိုင်အောင် အတည်ပြုရာ ရောက်ပြန်၏” ဟူသောစကား၌ ပဋိသမ္ဘိဒါပတ္တ အရိယာပုဂ္ဂိုလ်မျိုး တို့နှင့်တကွ ပြည့်စုံစွာတည်ခြင်းကို မိန့်ဆိုတော်မူသဖြင့် အနှစ်တစ်ထောင် မှနောက်၌ အရိယာပုဂ္ဂိုလ်မျိုး အဆင့်ဆင့် ယုတ်လျော့၍သွားလတံ့ဟူ၍လည်း မိန့်တော်မူရာရောက်၏၊ အမြစ်ပင်မနှင့် အကိုင်းအခက် ဥပမာအတိုင်း ပြုစုသူ, ဖျက်ဆီးသူ, ကောင်းစွာကျင့်ကြသူ, မကျင့်ကြ သူတို့အတွက် သာသနာတော်မြတ်ကြီးသည် ရံခါရံခါ ထွန်းကားခြင်း, ရံခါရံခါ မှေးမှိန်ခြင်း, အရိယာပုဂ္ဂိုလ်မျိုးများ ရံခါရံခါပေါ်ပေါက်ခြင်း, ရံခါရံခါ ပပျောက်ခြင်း ဆုတ်တုံ-တက်တုံ, တက်တုံ-ဆုတ်တုံ သွားလတ္တံ့ဟူ၍ ဟောတော်မူရာကျ၏၊ အဋ္ဌကထာဆရာကြီးတို့ကား- အနှစ်ငါး ထောင်ကို အမှန်ပြုကြကုန်၏၊ ပါဠိတော်နှင့် အလျော်ပင်ဖြစ်၏၊</p>
<p>လိုရင်းအချုပ်မှာမူကား-လောက၌ ပါဠိစကားတတ်ကျွမ်း သူများနှင့် ပိဋကတ်သုံးပုံ ပါဠိတော်ကြီးတည်ရှိသမျှ ကာလပတ်လုံး သာသနာတော်ကြီးသုံးပါး တည်ရှိသည်သာ-ဟု ယုံကြည်ထိုက်၏၊ ငါးထောင်-ဟူသည်လည်း လူ့ပြည်၌ အပိုင်းအခြားပေတည်း၊ အထက် နတ်ပြည်တို့၌မူကား- သာသနာတော်မြတ်ကြီးသည် အနှစ်ငါးထောင် မျှမက ငါးသိန်းမျှမက တည်ရှိပေလတံ့၊ အကြောင်းမူကား-ဘုရား လက်ထက်တော်၌ မဇ္ဈိမတိုက်ကြီးမှာ လူသောတာပန်ပေါင်း ကုဋေများစွာ ဖြစ်ကြကုန်၏၊ ထိုလူတို့သည် ယခုအခါ အထက်နတ်ပြည်တို့မှာ ရှိနေကြကုန်၏၊</p>
<p>နတ်ပြည်တို့မှ သောတာပန်ဖြစ်ကြကုန်သော နေ-နတ်သား, လနတ်သား, စာတုမဟာရာဇ်နတ်မင်းကြီးများ, တာဝတိံသာ သိကြားမင်း, နတ်မင်းကြီးများ, နတ်သား နတ်သမီးပေါင်းလည်း ကုဋေများစွာပင် ရှိကြ၏၊ ထိုနတ်အရိယာတို့ ထိုထိုနတ်ပြည်မှာ ရှိနေကြသမျှ ကာလပတ် လုံး စာတုမဟာရာဇ်စသော အထက်နတ်ပြည်မှာ သာသနာတည်လျက် ပင် ရှိပေလတံ့၊ ဗြဟ္မာ့ပြည်၌မူကား- ဝိပဿီ မြတ်စွာဘုရားမှစ၍ ငါတို့ ဘုရားလက်ထက်တော်တိုင် ဗုဒ္ဓဘာသာ သာသနာသည် သုဒ္ဓါဝါသ နတ်ပြည်မှာ တစ်ဆက်တည်းတည်ရှိ၏၊</p>
<p>ဤအကြောင်းကို မဟာဝါပါဠိတော် မဟာနိဒါနသုတ်, သက္က ပဥှာသုတ်, မဟာဂေါဝိန္ဒသုတ်တို့ကိုမြင်၍ သိကြရကုန်၏၊ ယခုအခါ နတ်ပြည်ခြောက်ထပ်လုံး, ဗြဟ္မာ့ပြည်အလုံးသည် အရိယာတို့ဖြင့် ပြည့်လျက်ရှိကြ၏၊ ယခုအခါ၌ လူ့ပြည်မှသေလွန်၍ နတ်ပြည်သို့ ရောက်ကြသူများသည် နိဗ္ဗာန်နှင့် အလွန်နီးစပ်လျက်ရှိ၏၊ ဘုရားလက် ထက်တော်၌ အလုံးစုံသော အကြောင်းအရာတို့ကို နတ်ပြည်သို့ရောက်မှ စေ့စုံစွာ ကြားသိကြရကုန်လတံ့၊ ဤအကြောင်းကိုမူကား-ဆရာတော် စီရင်သည့် သာသနသမ္ပတ္တိဒီပနီတွင် သတ္ထာဒေဝမနုဿာနံ-ဂုဏ်တော် အဖွင့်မှာ ပြည့်စုံစွာပါရှိလေပြီ။</p>
<p>သာသနာနှစ် အပိုင်းအခြား၌ ဖြေရှင်းချက်ပြီး၏၊</p>
<p>မာတုဂါမ ရဟန်းပြုပုစ္ဆာ အဖြေ ပြီး၏၊</p>
<p>၁၂၇၅-ခု၊ ပြာသိုလဆန်း ၇-ရက်နေ့၊ နံနက်-၈-နာရီ အချိန်တွင် ပြီးဆုံးခြင်းသို့ ရောက်၏၊</p>
<p>လန်ဒန်-အက်(ဒ်)မိ ဂျေမီ(လ်)(စ်)(Edmund J.Mills)၏ ပုစ္ဆာ အဖြေပြီး၏၊</p>
<hr>
<h3>လန်ဒန်ပါဠိဒေဝီက လျှောက်ထားချက်</h3>
<p>လန်ဒန်-ပါဠိဒေဝီ၏ သညာပုစ္ဆာအဖြေ</p>
<p>နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။</p>
<p>ဘုရားတပည့်တော်၏ သင်္ဂြီုဟ်စာအုပ် မျက်နှာနံပါတ် ၄၂-တွင် သညာစေတသိက်သည် နောင်မှတ်မိ သိရှိစေခြင်းငှါ အမှတ်ကိုပြုသည်၊ ၎င်းအမှတ်သညာသည် ရှေးစိတ္တုပ္ပါဒ်နှင့်ချုပ်လေပြီ၊ ပြုအပ်သော အမှတ် သည်လည်း ထိုအာရုံနှင့်တကွချုပ်လေပြီ၊ နောက် အသစ်အသစ်ဖြစ်သော စိတ္တုပ္ပါဒ်သည် အသစ်အသစ်ဖြစ်သောအာရုံကို ချုပ်လေပြီးသော အာရုံ ကဲ့သို့ပင် ထင်မှတ်ခြင်းငှါ အနန္တရာဒိပစ္စည်းလေးပါးကို အရိပ်အမြွက်မျှ ဖော်ပြလျက် ပါရှိလေသည်ကို အကျယ်ချဲ့စေလိုပါကြောင်း။</p>
<hr>
<h3>လယ်တီဆရာတော်ဘုရားကြီး ဖြေဆိုချက်</h3>
<p>သညာစေတသိက်သည် နောင်မှတ်မိ သိရှိစေခြင်းငှါ အမှတ်ကို ပြုသည်၊ ထိုဝတ္ထုကိုနောက်တစ်ခါ တွေ့မြင်လျှင် ဘယ်ဝတ္ထုတဲ့-ဟူ၍ အမည်နှင့်တကွ ပြောနိုင်သည်၊ ဤအရာမှာ ရှေးအမှတ်ပြုစဉ်အခါ ထိုဝတ္ထုရုပ်၌ ရုပ်တရားစုကား တစ်ခြား၊ နောက်တွေ့မြင်စဉ်အခါ ရုပ်တရားစုကား တစ်ခြား၊ ရှေ့ရုပ်တရားစုနှင့် ရှေ့အမှတ်ပြုသောသညာ ရှေ့၌ချုပ်လေပြီ၊ နောက်တစ်ခါတွေ့မြင်၍ ဘယ်ဝတ္ထုတဲ့ - ဟု မှတ်မိ သိရှိစဉ်အခါ ထိုဝတ္ထု၌ရှိနေသော ရုပ်တရားစုနှင့် မှတ်မိသိရှိကြသော စိတ္တုပ္ပါဒ်စုကား-နောက်မှ အသစ်ဖြစ်ပေါ်ကြသော ရုပ်သစ်များ, စိတ္တုပ္ပါဒ်သစ်များဖြစ်ကြ၏၊ ထိုစိတ္တုပ္ပါဒ်သစ်များသည် ရှေ့ရုပ်တရားစုကို မသိနိုင်ရာ၊ ရှေ့ရုပ်တရားစုကို မသိနိုင်လျှင်လည်း ရှေ့ဝတ္ထုကိုပြန်၍ မမှတ်မိ မသိရှိနိုင်ရာ၊ ပြန်၍မမှတ်မိ မသိရှိနိုင်လျှင်လည်း နောင်မှတ်မိ သိရှိစေခြင်းငှါ အမှတ်ပြုသော ရှေ့သညာသည် အကျိုးမရှိ အချည်းနှီး သာဖြစ်ရာ၏၊ ရှေ့သညာ အချည်းနှီးဖြစ်လျှင်လည်း ဤလောကမှာ မိမိ၏ အမည်ကိုပင် မိမိမသိနိုင်သူ-ဟူ၍ တစ်စုံတစ်ယောက်မျှ မရှိလေရာ။</p>
<p>[ဤကား- <b>အမေးစကား၏ အဓိပ္ပါယ်</b>ပေတည်း။]</p>
<p><b>အဖြေကား။</b> လောက၌ အချို့သောသူတို့က ဤအမေးကို ဤသို့ ဖြေကြကုန်၏၊ ရှေ့ရုပ်စုနှင့် ရှေ့ဝတ္ထုကို နောက်ဖြစ် စိတ္တုပ္ပါဒ်စုက ပြန်၍မှတ်မိ သိရှိနိုင်သည်မှာ အတ္တ၏ အစွမ်းပေတည်း၊ ရုပ်တရား, နာမ်တရားစုများမှာ ရှေ့အမှတ်ပြုစဉ် အခါ၌ တစ်ခြား၊ နောက် ထိုအမှတ်အတိုင်း သိရှိစဉ်အခါ၌ တစ်ခြားစီပင် ဖြစ်သော်လည်း အတ္တ သည်မူကား တစ်ခြားစီမဟုတ်၊ ရှေ့အခါ၌လည်း ထိုအတ္တပင်, နောက် အခါ၌လည်း ထိုအတ္တပင် ဖြစ်၍ ထိုအတ္တသည် နောက်အခါ၌ ဒိဋ္ဌသက် သေဖြစ်လေ၏၊ ဤသတ္တဝါတို့၏ ကိုယ်ခန္ဓာ၌ အတ္တဟူ၍ အသီးအခြား ရှိကြောင်းမှာလည်း ဤရှေ့၌ အမှတ်ပြုခဲ့၍ နောက်၌ထိုရှေ့အမှတ် အတိုင်း သိမှုသည် ခိုင်လုံသော သက်သေကြီးပေတည်း ဟူ၍ <b>အတ္တဝါဒီ ပုဂ္ဂိုလ်တို့က ဖြေဆိုကြကုန်၏</b>၊</p>
<p><b>အနတ္တဝါဒီပုဂ္ဂိုလ်တို့ကား-</b> ဤသို့ဖြေဆိုကြကုန်၏၊ ရှေ့၌ အမှတ် ပြုမှုနှင့် နောက်၌ ထိုရှေ့အမှတ်အတိုင်းသိမှုသည် အတ္တ၏အစွမ်း မဟုတ်၊ အတ္တဟူ၍မရှိ၊ အနန္တရာဒိပစ္စည်းအစွမ်းပေတည်း၊ အဘယ်သို့ အနန္တရာဒိ ပစ္စည်း၏အစွမ်းဖြင့် နောက်၌ သိခြင်းကိစ္စ ပြီးစီးနိုင်ပါသနည်း ဟူမူကားအနန္တရာဒိဟူသောစကား၌ အနန္တရူပနိဿယပစ္စည်းလည်း ပါဝင် သည်ဖြစ်၍ ထိုပစ္စည်း၏ အစွမ်းဖြင့်လည်းကောင်း၊ ထိုမှတစ်ပါး ပကတူပနိဿယပစ္စည်း၏အစွမ်းဖြင့်လည်းကောင်း ပြီးစီးနိုင်လေသ တည်း၊ ဤ၌ အနန္တရူပနိဿယပစ္စည်း, ပကတူနိဿယပစ္စည်းတို့အစွမ်း ဖြင့် ပြီးစီးနိုင်ပုံကို ယခုဆရာတော်စီရင်သည့် ပဋ္ဌာနုဒ္ဒေသဒီပနီ ပဋ္ဌာနုဒ္ဒေသဒီပနီ မှာပင် ဖွင့်ဆိုချက်ပါရှိလေ၏၊</p>
<p><b>အဓိပ္ပါယ်ကိုပြဆိုအံ့။</b> ပစ္စည်းနှစ်ပါး၏ အထူးကို ပြဆိုချက်မှာ အနန္တရူပနိဿယပစ္စည်း၏အစွမ်းသည် နောက်အနန္တရ စိတ္တုပ္ပါဒ်၌သာ ပျံ့နှံ့၏၊ သို့ရာတွင် ရှေ့စိတ်, နောက်စိတ်အဆင့်ဆင့် အဆက်ဆက် အမွေပေး, အမွေခံ အနေအားဖြင့် ကာလတစ်ပါးတိုင် အောင် ပျံ့နှံ့၍ သွားသည်သာဖြစ်၏၊ ပကတူပနိဿယပစ္စည်း၏ အစွမ်း သည်မူကား ထိုစိတ်အစဉ်မှာ ရှည်ဝေးစွာတိုင်အောင် ပျံ့နှံ့နိုင်၏၊</p>
<p><b>ထင်ရှားစေအံ့။</b> ယခုဘဝ၌ ရှေးရှေးသော ရက်, လ, နှစ်တို့၌ မြင်ခဲ့ဘူး, ကြားခဲ့ဘူး, နံခဲ့ဘူး, လျက်ခဲ့ဘူး, တွေ့ထိခဲ့ဘူး, သိမှတ်ခဲ့ ဘူးသော အာရုံဟောင်းတို့သည် နောက်ကာလ၌ ထိုအားလျော်သော အကြောင်းဆိုက်တိုက်လာခဲ့သော် အနှစ်တစ်ရာ ကြာမြင့်မှသော်လည်း မနောဒွါရ၌ ထင်လာကုန်၏၊ ငါသည်ရှေးအခါ၌ ဤမည်သော အဆင်းကို မြင်ဘူး၏၊ ဤမည်သော အသံကို ကြားဘူး၏ အစရှိသည်ဖြင့် ဤသတ္တဝါ တို့သည် အမှတ်ရနိုင်ကြကုန်၏၊ နတ်, သိကြား, ဗြဟ္မာ အစရှိသော ဩပပါတိကသတ္တဝါတို့သည်ကား- ရှေးဘဝကိုပင် အမှတ်ရနိုင်ကြ ကုန်၏၊</p>
<p>ထို့အတူ လူတို့တွင်လည်း အချို့ကုန်သော ဇာတိသရဉာဏ်ကို ရကြကုန်သောသူတို့သည် ရှေးဘဝကိုပင် ပြန်၍ သိနိုင်ကြကုန်၏၊ ထိုအတူရှေးအခါ၌ အလွန်ထင်ရှားစွာ မြင်ဘူး, ကြားဘူး, တွေ့ဘူး, ကြုံဘူးကုန်သော အသိန်းမကသော အာရုံတို့ထဲက နောက်ကာလ၌ တစ်ခုခုသောအာရုံကို မြင်ကြရ, ကြားကြရသည်ရှိသော် ထိုစကား၌ ပင်လျှင် ထိုအသိန်းမကသော အာရုံတို့ကို မနောဝိညာဏ်စိတ်သည် တစ်ပြိုင်နက်ကဲ့သို့ ပျံနှံ့နိုင်၏၊</p>
<p><b>ဥပမာကား။</b> ဘိလပ်မြို့ကြီး၌ ကြီးပွားသောသူသည် ရန်ကုန်မြို့သို့ ရောက်လာရာ ရန်ကုန်မြို့၌ ဘိလပ်ဖြစ် အထည်ဝတ္ထု</p>
<p>တစ်ခုခုကို မြင်လိုက်လျှင် ဘိလပ်မြို့ရှိ ဝတ္ထုအာရုံ အသိန်းအသန်းတို့သည် ထိုသူ၏ စိတ်တွင် တစ်ပြိုင်နက်ကဲ့သို့ ထင်လာကုန်၏၊ ဤအတိုင်းပင် တည်း၊ ရှေး၌ ထင်ရှားစွာ မြင်ဖူး, ကြားဖူး, တွေ့ကြုံဖူးရာ၌ပါရှိသော အမှတ် သညာစုသည် ပကတူပနိဿယပစ္စည်း၊ နောက်၌ ပြန်၍ သိနိုင်သော စိတ္တုပ္ပါဒ်စုသည် ၎င်း၏ပစ္စယုပ္ပန်။</p>
<p><b>ပကတူပနိဿယပစ္စည်း</b>ဆိုသည်ကား- ရှေးသညာမှတ်ချက် အားကြီးခဲ့သော် နောင်အနှစ်တစ်ရာတိုင်မှသော်လည်း ထိုစိတ်အစဉ်မှာ ထိုအမှတ်ပေါ်နိုင်၏၊ နောက်ဘဝတစ်ပါးမှာပင် ထိုအမှတ်ပေါ်နိုင်၏၊ နောက်စတုတ္ထအဖြေမှာ ထိုပစ္စည်း၏ ကျေးဇူးအထူး ထင်ရှားလာလတံ့၊ ရှေး၌ အမှတ်သညာများပြားလေလေ- စိတ်အသိ၏ပျံ့နှံ့ခြင်း လျင်မြန် ချက် ထင်ရှားလေလေ ဖြစ်၏၊</p>
<p>ဤလျှောက်ချက်၌ “ရှေ့သညာသည်လည်း ချုပ်လေပြီ” “ရှေ့ရုပ်စုသည်လည်း ချုပ်လေပြီ''-ဟူသော စကားရပ်ဖြင့် ချုပ်ပြီး၍ မရှိသော တရားသည် ဘယ်တရားကို ကျေးဇူးပြုနိုင်မည်နည်းဟု ဆိုလို၏၊ ထိုအဆို မျိုးကို ပယ်ခြင်းငှါ <b>နတ္ထိပစ္စယော, ဝိဂတပစ္စယော</b>ကို ဟောပေ၏၊ ရှေ့သညာနှင့် ရှေ့ရုပ်စုကား တစ်ခြား၊ နောက်စိတ္တုပ္ပါဒ်စုနှင့် နောက်ရုပ် စုကားတစ်ခြား ဟူသောစကားရပ်ဖြင့် ရှေ့နှင့်နောက် တစ်ဦးတစ် ယောက်တည်း ဖြစ်မှသာလျှင် ရှေ့၌တွေ့ကြုံဖူးသည်ကို နောက်၌ပြန်၍ သိနိုင်သည်ဟူသော လောကဒိဋ္ဌကို အခိုင်အမြဲပြု၍ မှတ်သူနှင့်သိသူ ရှေ့နောက်တစ်ခြားစီ ဖြစ်ခဲ့သော် ရှေ့အမှတ်ကို နောက်ကပြန်၍ မသိ နိုင်ရာဟု စောဒနာ လေသည်။</p>
<p>ရှေ့တစ်ခြားနောက်တစ်ခြားဆိုသည်မှာ ပရမတ္ထတရား အလိုနှင့် ဆိုပေသည်၊ လောကသမ္မုတိအလိုအားဖြင့်မူကား- ရှေ့သညာလည်း ထိုသူပင်၊ နောက်စိတ္တုပ္ပါဒ်လည်း ထိုသူပင်၊ ရှေ့နှင့်နောက် တစ်ဦး တစ်ယောက်တည်း ပင်ဖြစ်ပေ၍ ရှေ့နောက် တစ်ခြားစီဟူသော ပရမတ် စကားနှင့် ရှေ့နောက် တစ်ဦးတစ်ယောက်တည်းဟူသော လောက သမ္မုတိစကားသည် ဆန့်ကျင်ကြသည်မဟုတ်၊ အကြောင်းမူကား<b>ပရမတ္ထတရားအလို, လောကသမ္မုတိအလို</b> ဟူ၍ အဖြေဝိသေသန ပါရှိပေပြီ၊ ဤ၌ <b>သမ္မုတိသစ္စာ, ပရမတ္ထသစ္စာ</b>နှစ်ပါး ခွဲနည်းအတိုင်း အကျယ်ချဲ့ရာ၏၊</p>
<p>အတ္တဝါဒီပုဂ္ဂိုလ်တို့၏ အတ္တကိုသက်သေထား၍ ဖြေကြားချက် သည် လောကီဘုံသား, လူအများတို့၏ စွဲလမ်းရင်းအတိုင်းပင်ဖြစ်ချေ၍ ဉာဏ် အထူးနှင့်ကြံရသည်မဟုတ်။</p>
<p>အနတ္တဝါဒီပုဂ္ဂိုလ်တို့၏ ဖြေဆိုချက်၌မူကား ပရမတ်ဓာတ်ခွဲမှုနှင့် ပစ္စည်းနှစ်ပါး၏ အရှိန်အဝါပျံ့နှံ့မှု စိတ်တရား၏ စိန္တနဗျာပါဒလျင်မြန်မှု, ဆန်းကြယ်မှု, ကျယ်ပွားမှုတို့သည် နက်နဲသောဉာဏ်၏ဆိုင်ရာသာ ဖြစ်ကုန်၏၊</p>
<p>လန်ဒန်-ပါဠိဒေဝီ၏ သညာပုစ္ဆာအဖြေ ပြီး၏၊</p>
<hr>
<h3>လန်ဒန်-ပါဠိဒေဝီ၏ နိယာမပုစ္ဆာအဖြေ</h3>
<p>နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ</p>
<p>ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးထံ လျှောက်လွှာ</p>
<p>မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ဝါခေါင်လပြည့်ကျော်(၁၀)ရက်။</p>
<p>ရိုသေလေးမြတ်စွာ ရှိခိုးလျှောက်ထားဝံ့ပါသည်-ကျေးဇူးရှင် ဆရာတော်ဘုရား။</p>
<p>အကြောင်းမှာ ဘိလပ်မှ မစ္စစ် ရီးဒေဗစ် (Mrs C.A.F Rhys Davids)ဒကာမကြီးထံမှ စာတစ်စောင်ရရှိပါကြောင်း၊ ၎င်းစာမှာ နိယာမ ငါးပါးနှင့် စပ်လျဉ်း၍ ဓမ္မနိယာမအတွက် စိတ်မကျေမနပ် ရှိနေ ကြောင်းဖြစ်ပါသည်၊ ဓမ္မနိယာမသဒ္ဒါကို အင်္ဂလိပ်ဘာသာ ပြန်ဆိုကြရာ မူလပထမပြန်ဆိုသူ “မစ္စတာ ဘရူးအား” က (Philosophie order or casual order) အကျိုးတရား၊ သို့မဟုတ် အကြောင်းတရား တို့၏ အစဉ်နိယာမ-ဟုပြန် ဆိုပါသည်၊ ဦးရွှေစံအောင် က (Natural phenomenal scquence) ပြကတေ့ ဖြစ်ပေါ်သောဝတ္ထုဓမ္မတို့၏ အကြောင်း အကျိုးအဆက်ဆက် နိယာမ-ဟု ပြန်ဆိုပါသည်၊ ထိုနှစ်ရပ်ကို သဘော မကျသေး၍ တပည့်တော်၏ ပြန်ဆိုချက်ကို တောင်းပန်ပြန်ပါသည်။</p>
<p>၁။ တပည့်တော်က Natural order of things other than the above mentioned) အထက်နိယာမ လေးပါးတွင် မပါဝင်သေး သော သဘာဝဓမ္မတို့၏ ပြကတေ့အစဉ် နိယာမ-ဟု ပြန်ဆိုပါသည်၊ ဤကဲ့သို့ ပြန်ဆို ပေးလိုက်သည်ကိုလည်း ကျေနပ်ဖွယ် မရှိသေးကြောင်း- ယခု အကျယ်တဝင့်ပြန်စာရေးပါသည်၊ ၎င်းပြန်စာကို မြန်မာပြန်၍ ဆရာတော် ဘုရားကြီးထံ ယခုဆက်သ ပေးပို့လိုက်ပါသည်။</p>
<p>၂။ နိယာမဒီပနီ-အင်္ဂလိပ်စာအုပ် နိဿယ၌လည်း ၎င်းဓမ္မ သဒ္ဒါကို အင်္ဂလိပ်လူမျိုးတို့ သိနိုင်သော ထိထိရောက်ရောက် ကျကျနန အင်္ဂလိပ်စကားအသုံးအစွဲ ဝေါဟာရ မရှိကြောင်းကို “မစ္စစ် ရီးဒေဗစ်” (Mrs C.A.F Rhys Davids)က မှတ်သားချက် ရေးထားသည်ကိုလည်း တွေ့သိရပါသည်။</p>
<p>သို့ဖြစ်ပါ၍ ဤစာနှင့်အတူ ဆက်ကပ်လိုက်သော ၎င်းပြန်စာကို ကြည့်ရှုတော်မူပြီးလျှင် ဓမ္မသဒ္ဒါကို သုံးသင့်မသုံးသင့်၊ ဓမ္မသဒ္ဒါအစား သေသ, ပကိဏ္ဏက-စသော သဒ္ဒါမျိုးကိုသုံးက အကျိုးအပြစ် မည်သို့ ဆိုက်ရောက်ကြောင်း၊ ဗုဒ္ဓနိယာမတစ်ပါးတိုး၍ နိယာမခြောက်ပါး ဆိုသင့် မဆိုသင့်- စသည်ကို ရှင်းလင်းအောင် အမိန့်ရှိတော်မူပါမည့် အကြောင်း ကို ရှိခိုးလျှောက်ထားဝံ့ပါသည်ဘုရား။</p>
<h3>ဦးဉာဏထံ မစ္စစ် ရီးဒေဗစ်၏ ပြန်စာ</h3>
<p><b>တပည့်တော်မ၏သဘောကို ပွင့်ပွင့်လင်းလင်း လျှောက်ထားရ မည်မှန်ပါက ဓမ္မသဒ္ဒါ၏ အနက်အဓိပ္ပါယ် ရှင်းလင်းဖော်ပြချက်များကို မည်သည့်ဟာကိုမျှ သဘောမကျေနပ်သေးပါ</b>၊ တပည့်တော်မတို့၏ အနောက်နိုင်ငံသူ, နိုင်ငံသားတို့ ဉာဏ်အမြင်မှာ အစိတ်စိတ်ဘေဒ တို့သည် အချင်းချင်းဂုဏ်ရည်တူ၍ တစ်သီးတစ်သန့်စီ ဖြစ်ရမည်ဟု သဘောရပါသည်။</p>
<p>ဆိုလိုရင်းမှာ။ ဗီဇနိယာမသည် ဥတုနိယာမနှင့် မရော မယှက်ရ၊ ကမ္မနိယာမနှင့် မရောမယှက်ရ၊ စိတ္တနိယာမနှင့် မရော မယှက်ရ၊ ဓမ္မနိယာမနှင့် မရောမယှက်ရ ဓမ္မနိယာမမျိုး မဖြစ်ရဆိုလိုသည် <b>ဦးဉာဏ</b>။</p>
<p>၁။ ယခုအခါတော့ ဓမ္မသဒ္ဒါကိုထည့်၍ အသုံးပြုခြင်းကြောင့် အထက်နိယာမလေးပါးသည် ဓမ္မနိယာမ နယ်တွင်းက မလွတ်နိုင်ဖြစ်နေပါသည်။ ဗီဇ, ဥတု, စိတ္တ, ကမ္မတို့သည် ဓမ္မပင် ဖြစ်သောကြောင့် ဆိုလိုသည် <b>ဦးဉာဏ</b>။</p>
<p>ဤကဲ့သို့ နိယာမဗီဇကို ခွဲစိတ်ခြင်းသည် တပည့်တော်မတို့ အနောက်နိုင်ငံက ဘေဒခွဲစိတ်ခြင်း နည်းဥပဒေသမျိုးနှင့် ဖြောင့် ဖြောင့်ဆန့်ကျင်ယောင် ဖြစ်နေပါသည်။</p>
<p>၂။ အကယ်၍ အထက်လေးပါး၌ မပါသောတရားတို့၏ နိယာမကို ဆိုလိုရိပ်ရှိ၍၊ <b>သေသနိယာမ</b>-ဟု သုံးစွဲခဲ့ပါလျှင် တပည့် တော်မတို့ ကောင်းကောင်းကြီး စိတ်ကျေနပ်ပါသည်၊ အကယ် စင်စစ် သည်အတိုင်းမှန်လျှင် <b>သေသနိယာမ</b>-ဟုသာ သုံးရမည်၊ <b>ဓမ္မနိယာမ</b>-ဟု မသုံးစွဲသင့်ပါ။ အရှင်ဘုရားတို့ မြန်မာလူမျိုးတို့၏ <b>အာစရိယ လဒ္ဓေါပဒေသ</b>အတိုင်း အမှန်ယူရမည်ဖြစ်လျှင် နိယာမငါးပါးကို <b>ပဉ္စကနိယာမ</b>-ဟု ခေါ်သင့်ပါသည်၊ ယင်းသို့ ခေါ်လျှင်လည်း ပဉ္စမမြောက်နိယာမကို <b>သေသနိယာမ, ပကိဏ္ဏ ကနိယာမ</b>-ဟု တစ်ခုခုသောအမည်ဖြင့် ခေါ်ဝေါ်သုံးစွဲသင့် ပါသည်။</p>
<p>၃။ <b>ဗုဒ္ဓနိယာမ</b> တစ်ပါးတိုး၍ နိယာမခြောက်ပါး ထားမည်ဆိုလျှင် သင့်ပါမည်လော၊ ထားထိုက်သည်-ဟုထင်ပါသည် အရှင်ဘုရား တို့ အာစရိယလဒ္ဓေါ ပဒေသအရ ကောက်ယူပုံကို မကြားသိ ရသေးမီအခါက ဤစကားကို ထောက်သဖြင့် ဓမ္မသဒ္ဒါ၏အရကို ရိပ်မိဟန်တူပါသည် <b>ဦးဉာဏ</b>။</p>
<p>၁၉၁၂-ခုနှစ်တွင် (Buddhism) ဗုဒ္ဓဘာသာအကြောင်း စာတစ်အုပ် တပည့်တော်မ-ရေးသားထုတ်ဝေရာ စာမျက်နှာ ၁၁၇-၌၊ နိယာမအကြောင်းနှင့်စပ်လျဉ်း၍ ဖော်ပြရာတွင် ၎င်းစာအုပ် တပည့် တော်မမှာ မရှိ၍ ဘယ်လိုရေးထားသည်ကို အသေအချာ မသိရသော ကြောင့် ဆရာတော်ဘုရားကြီး သိတော်မူရန် ထည့်သွင်းမဖော်ပြလိုက်ရပါ <b>ဦးဉာဏ</b>။</p>
<p>ပဉ္စမမြောက်နိယာမသည် များစွာသော ဓမ္မတို့၏နိယာမ မဟုတ်၊ တစ်ခုသောဓမ္မ၏ နိယာမမျှသာ-ဟု ရေးသား ဖော်ပြမိခဲ့ပါသည်၊ တပည့်တော်မသည် ဤကဲ့သို့ရေးသားဖော်ပြလိုက်ခြင်းမှာ လောကကြီး၌ ဘုရားဖြစ်ထွန်း ပေါ်လာခြင်း အကြောင်းနှင့် စပ်လျဉ်း၍ <b>ဓမ္မတာသဒ္ဒါ</b>ကို ဖွင့်ဆိုရေးသားသော အရှင်ဗုဒ္ဓဃောသ၏ ပြဆိုချက်များကို တွေ့မြင် မှတ်သားရခြင်းကြောင့် ဖြစ်ပါသည်၊ ဤသို့ တွေ့စဉ်အခါကပင် လောက ကြီး၌ ဖြစ်လျက်ရှိသော နိယာမတရားတို့တွင် အခါကာလ အားလျော်စွာ ဘုရားတွေဖြစ်ခြင်းကို ထည့်သွင်းထားခြင်းသည် ဗုဒ္ဓ ဘာသာလူမျိုးတို့၌ အရေးကြီးသော အချက်တစ်ခု ဖြစ်ဟန်ရှိသည်ကို အံ့ဩမိပါသည်။</p>
<p>ဗုဒ္ဓဘာသာလူမျိုးတို့သည် မိမိတို့အယူဝါဒအားလျော်စွာ ဘုရား ပွင့်ခြင်းကို <b>ဓမ္မတာ</b>-ဟု ခေါ်ဆိုရပေသည်၊ အကယ်၍ <b>ဓမ္မတာ</b>-ဟု မခေါ်လျှင် ဘယ်ကဲ့သို့ အရှင်ဘုရားတို့ ခေါ်ဝေါ်ပြောဆို ပြသကြ ပါမည်နည်း၊ အကယ်၍ <b>ဓမ္မတာ</b>ဖြစ်သောကြောင့် <b>ဗုဒ္ဓနိယာမ</b> တစ်ခုတိုး၍ အထက်နိယာမ လေးပါးနှင့် တန်းတူထား၍ ၆-ပါးလုပ်ပြန်လျှင်လည်း သာ၍ပင် မကျေနပ်ဖွယ်ရှိလိမ့်မည်ထင်ပါသည်။</p>
<p>တပည့်တော်မသည် လယ်တီဆရာတော်ဘုရားကြီးအား အနောက်နိုင်ငံနည်းတွေကိုပြ၍ မြန်မာလိုချေချေငံငံ လျှောက်ထား လိုသော စိတ်ဆန္ဒတွေ ဘယ်လောက်များ အားကြီးတယ်ဆိုတာတွေ မပြောနိုင်အောင်ရှိပါသည်၊ နိယာမငါးပါးကို အရှင်ဗုဒ္ဓဃောသမှတစ်ပါး အခြားသော မည်သည့်ပုဂ္ဂိုလ်များ ရေးသားသေးသည်ကိုလည်း သိလို ပါသည်၊ မဟာပဓာနသုတ် အဋ္ဌကထာမှတစ်ပါး အခြားနေရာ၌ မတွေ့ ဘူးသေးပါ၊ တပည့်တော်မ ၎င်းနိယာမအကြောင်းနှင့်စပ်လျဉ်း၍ စာ တစ်အုပ် ရေးမည်ကြံစည်နေပါကြောင်း ကူညီစေလိုပါသည်။</p>
<p>''<b>မစ္စစ် ရီးဒေဗစ်</b>''</p>
<p>(Mrs C.A.F Rhys Davids)</p>
<p>အထူးလျှောက်ထားရန်မှာ တပည့်တော်မသည် <b>သေသနိယာမ, ပကိဏ္ဏကနိယာမ</b>ခေါ်ဆိုလျှင် အဓိပ္ပါယ်သဘောအားဖြင့် ခေါ်ဆိုသင့် သော်လည်း သဒ္ဒါနေအခေါ်ဝေါဟာရအသုံးအစွဲအားဖြင့် မသင့်ကြောင်း သာမညစာပြန်ရေးလိုက်ပါသည်၊ ဓမ္မာယတန, ဓမ္မဓာတ်, ဓမ္မာရုံ-စသည် သုံးစွဲကြရာ သဒ္ဒါအထူးကို ဥပမာပြ၍ ဓမ္မသဒ္ဒါကို အသုံးပြုခြင်းသည် အရပ်သုံး, လွှတ်သုံး, ကျောင်းသုံး၊ သို့မဟုတ် အရပ်သားသုံး, မင်းသုံး, ကျမ်းဂန်တတ်သုံး သုံးမျိုးတို့တွင် ကျမ်းဂန်သုံးဖြစ်ကြောင်း ရှိရှိသမျှဓမ္မမည် သော်လည်း စက္ခာယတန, စက္ခုဓာတ်, ရူပါရုံစသည်မှာ သဒ္ဒနာမ ဝိသေသ ဖြစ်ကြကုန်သောကြောင့် ဓမ္မသဒ္ဒါ နယ်ကလွတ်ခြင်း ဓမ္မသဒ္ဒါက မလွှမ်းမိုး နိုင်ခြင်းစသည်ကို သာမညရေးသား ပြန်ကြားလိုက်ရပါသည်။</p>
<p><b>ဗုဒ္ဓနိယာမ</b>ကိုလည်း အသီးအခြားမထုတ်သင့်၊ ဘုရားလောင်း များ ပါရမီပြည့်က, အခါသင့်က ပွင့်မြဲဓမ္မတာသာဖြစ်၍ ဓမ္မနိယာမမှာ သွင်းသင့်သည်၊ သို့မဟုတ် ဘုရားဖြစ်ထိုက်သော ကံ-ပါရမီကိုဖြည့်က ထိုကံအားလျော်စွာ ဘုရားဖြစ်နိုင်သောကြောင့် ကမ္မနိယာမမှာ သွင်းသင့် သည်ဟူ၍၎င်း၊ ဥတုနိယာမမျိုး မဟုတ်သောကြောင့် အသီးမထုတ်သင့် ဟူ၍၎င်း စာပြန်လိုက်ပါသည်၊ ဆရာတော်ဘုရားကြီးထံက အသေအချာ ရှင်းလင်းချက်ရမှ ဆရာတော်ဘုရားကြီး၏ အလိုတော်ကျကို ထပ်မံ သေချာစွာ ရေးသားပါဦးမည်ဟု “<b>မစ္စစ် ရီးဒေဗစ်</b>” (Mrs C.A.F Rhys Davids)ထံ စာပြန်ပါသည်၊ သို့ဖြစ်ပါသောကြောင့် သေချာစွာ ရှင်းလင်း ပေးသနားတော်မူပါမည့်အကြောင်းကို ရှိခိုးလျှောက်ထားဝံ့ပါသည် အရှင်ဘုရား။</p>
<p><b>ဦးဉာဏ</b> U, Nyana.</p>
<p><b>ဦးဉာဏ၏ လျှောက်လွှာ ပြီး၏</b>၊</p>
<p><b>မှတ်ချက်</b>။ ။ <b>ဦးဉာဏ၏ လျှောက်လွှာဆိုသည်ကား မန္တလေးမြို့ မစိုးရိမ် ကျောင်းတိုက် ဆရာတော် အရှင်ဉာဏ၏ လျှောက်လွှာဟု မှတ်ပါ</b>။</p>
<p>(တည်းဖြတ်သူ)</p>
<p>------*------</p>
<p><b>ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ပြန်ကြားဖြေဆိုတော်မူချက်</b></p>
<h3>ပထမလျှောက်ချက်အဖြေ</h3>
<p>နိယာမငါးပါးကို အဋ္ဌကထာဆရာကြီးတို့ ပြဆိုခြင်း၏ အကြောင်းကို ရှေးဦးစွာဖော်ပြရာ၏၊ လောက၌ <b>ဣဿရကုဋ္ဋအယူ, ဗြဟ္မကုဋ္ဋ အယူ</b>၊ ဤအယူနှစ်ပါးသည်၊ လူ့ပြည်, နတ်ပြည်တို့၌ အနှံ့ အပြားတည်ရှိ၏၊</p>
<p>ထိုနှစ်ပါးတို့တွင်--</p>
<p>၁။ <b>ဣဿရကုဋ္ဋအယူ</b>ဆိုသည်ကား-လောကသုံးပါးကို ပိုင်ပိုင် နိုင်နိုင်ကြီး အစိုးရသော လောကသုံးပါး၏ အရှင်ကြီး သခင်ကြီးသည် အထက်ကောင်းကင်ဘုံကြီး၌ အစဉ်ထာဝရတည်ရှိ၏၊ လောကသုံးပါးသည်လည်း ထိုအရှင်ကြီး သခင်ကြီး ပြုလုပ်တိုင်း ဖြစ်ရ၏-ဟု ယူခြင်းသည် <b>ဣဿရကုဋ္ဋအယူ</b>မည်၏၊ <b>ဣဿရ နိမ္မာနအယူ</b>-ဟူ၍လည်းခေါ်၏၊ ထိုအရှင်ကြီး, သခင်ကြီး ဖန်ဆင်းတိုင်း ဖြစ်ရ၏-ဟူလိုသည်။</p>
<p>၂။ <b>ဗြဟ္မကုဋ္ဋ အယူ</b>ဆိုသည်ကား လောကသုံးပါးကို ပိုင်ပိုင် နိုင်နိုင် ကြီး အစိုးရသော လောကအဘကြီး, အဘိုးကြီးဖြစ်သော ဗြဟ္မာမင်းကြီးသည် အထက်ကောင်းကင်ဘုံကြီး၌ အစဉ် ထာဝရတည်ရှိ၏-စသည်ဖြင့်ဆိုလေ။ <b>ဣဿရ</b>နှင့် <b>ဗြဟ္မာ</b> မျှသာ ကွဲကြ၏၊</p>
<p>ထိုနှစ်ပါးတို့တွင်<br>၁။ <b>ဗြဟ္မာ</b>အမည်သည် လူ့ဘုံ, နတ်ဘုံ, ဗြဟ္မာဘုံ-ဟူ၍ ကမ္ဘာ အရိုးအစဉ် ထင်ရှားရှိကြသော <b>ဗြာဟ္မဏ ဟိန္ဒူ</b> လူမျိုးတို့၏ အမည်ပေတည်း။</p>
<p>၂။ <b>ဣဿရ</b>အမည်သည်ကား-ကမ္ဘာအရိုးအစဉ်မရှိကြမူ၍ ကမ္ဘာ၏ ဖြစ်ကြောင်းကို တွေးဆယူကြလေသော လူမျိုးခြားတို့၏ အမည် ပေတည်း။</p>
<p>ဤအယူကြီးနှစ်ပါးကို ပယ်ဖျက်ခြင်းငှါ နိယာမငါးပါးကို အဋ္ဌကထာဆရာတို့ ပြဆိုကြပေကုန်၏၊</p>
<p>နိယာမတရားငါးပါးဆိုသည်ကား-<br>၁။ <b>ဥတုနိယာမ</b>,<br>၂။ <b>ဗီဇနိယာမ</b>,<br>၃။ <b>ကမ္မနိယာမ</b>,<br>၄။<b>စိတ္တနိယာမ</b>,<br>၅။ <b>ဓမ္မနိယာမ</b>, ဤငါးပါးတည်း။</p>
<h3>ဓမ္မသဒ္ဒါ၏ အနက်</h3>
<p>ထိုငါးပါးတို့တွင် <b>ဓမ္မနိယာမ</b>၌ ဓမ္မသဒ္ဒါ၏အနက်ကို ရှေးဦးစွာ ဆိုရာ၏၊</p>
<p>နိဒါနဝဂ္ဂသံယုတ် အာဟာရဝဂ် ဒသမသုတ် စာမျက်နှာ နံပါတ်<br>-၁၆၂-၌<br>- <b>ဇာတိပစ္စယာ ဘိက္ခဝေ ဇရာမရဏံ ဥပ္ပါဒါ ဝါ တထာဂတာနံ၊ အနုပ္ပါဒါ ဝါ တထာဂတာနံ ဌိတာဝ သာ ဓာတုဓမ္မဋ္ဌိတတာ ဓမ္မနိယာမတာ၊ ဣဒပ္ပစ္စယတာ ဘဝပစ္စယာ ဘိက္ခဝေ ဇာတိ ဥပ္ပါဒါ ဝါ တထာဂတာနံ။ (လ)။ ဣဒပ္ပစ္စယတာ အဝိဇ္ဇာပစ္စယာ ဘိက္ခဝေ သင်္ခါရာ ဥပ္ပါဒါ ဝါ တထာဂတာနံ။ (လ)။ ဣဒပ္ပစ္စယတာ အယံ ဝုစ္စတိ ဘိက္ခဝေ ပဋိစ္စသမုပ</b> ဤပါဠိတော်၌ <b>အဝိဇ္ဇာ</b>အစရှိသော သဘာဝဓမ္မတို့ကို ရှေးဦးစွာ ထုတ်ပြပြီးမှ <b>နိယာမ</b>သဒ္ဒါ၏အနက်ကို “<b>ဥပ္ပါဒါဝါ တထာဂတာနံ</b>” အစရှိ သည်ဖြင့်ပြတော်မူ၏၊ ထို့ကြောင့် <b>ဓမ္မ</b>သဒ္ဒါသည် အကြောင်းတရား, အကျိုးတရား-ဟူသော သဘာဝဓမ္မကိုဟော၏ <b>နိယာမ</b>သဒ္ဒါသည် ထိုအကြောင်းတရား, အကျိုးတရား အစဉ်မပြတ်ပဲ အမြဲတည်ရှိ၍ နေသည်ကို ဟော၏၊</p>
<p><b>သာ ဓာတု</b>=ထိုဓာတ်သဘောသည်၊ <b>သာ ဓမ္မဋ္ဌိတတာ</b>=ထို အဝိဇ္ဇာစသော သဘာဝဓမ္မတို့၏ အကြောင်းအကျိုး အစဉ်အဆက် တည်မှုသည်၊ <b>သာ ဓမ္မနိယာမတာ</b>=ထိုအဝိဇ္ဇာအစရှိသော သဘာဝ ဓမ္မတို့၏ အကြောင်းအကျိုး အစဉ်အဆက် မြဲမှုသည်၊ <b>သာ ဣဒပ္ပစ္စယတာ</b>= ဤတရားကား ဤအကြောင်းကြောင့်ဖြစ်သည်၊ ဤတရားကား ဤအကြောင်းကြောင့်ဖြစ်သည်-ဟု ညွန်ပြထိုက်သော ထိုပစ္စယာကာရ အခြင်းအရာသည်၊ <b>ဌိတာဝ</b>=သံသရာလောက၌ အစဉ်အမြဲ တည်ရှိသည် သာလျှင်တည်း။</p>
<p>[နောက်ပါဠိအနက်။]</p>
<p>ဤပါဠိ၌ <b>ဓမ္မဋ္ဌိတတာ</b>ပုဒ်သည် <b>ဓမ္မတာ</b>ပုဒ်၏ ပရိယာယ် ပေတည်း၊ <b>ဓမ္မနိယာမတာ</b>-ဟူသောပုဒ်သည် <b>ဓမ္မတာနိယာမော</b>-ဟူသော ပုဒ်၏ ပရိယာယ်ပေတည်း၊ <b>ဓမ္မ</b>သဒ္ဒါ၏အနက်ကို အသီးအသီး ဘာသာပြန်ကြရာ၌ မောင်ရွှေစံအောင်၏ ပြန်ဆိုချက် မောင်ဉာဏ၏ ပြန်ဆိုချက်များသည် ဤပါဠိတော်နှင့်ညီပေ၏၊</p>
<p>[ဤကား-ဓမ္မသဒ္ဒါ၏ အနက်တည်း။]</p>
<h3>နိယာမငါးပါး၌ ပဒသောဓနနည်း</h3>
<p>အဘိဓမ္မာ ယမိုက်ဆယ်ကျမ်းတို့ကို ဟောတော်မူရာ၌ ဆယ် ကျမ်းလုံးမှာပင် <b>ပဒသောဓနနည်း</b>ကို ရှေးဦးစွာ ပြဆိုရသကဲ့သို့ ဤနိယာမ ငါးပါးကို ဝေဖန်ရာ၌လည်း <b>ပဒသောဓန</b>စကားကို ရှေးဦးစွာပြဆိုရာ၏၊</p>
<p>ပြဆိုပုံကား။ ။ <b>ဓမ္မနိယာမ</b>၌ <b>ဓမ္မ</b>သဒ္ဒါသည် အလုံးစုံသော ရုပ်တရား, နာမ်တရားများကို ဟောသည်ဟုမှတ်၊ ထိုကြောင့် ဥတု, ဗီဇ, ကမ္မ, စိတ္တ ဤလေးပါးသည်လည်း ဓမ္မချည်းပင်ဖြစ်၏၊ သို့သော် ဥတုမှာ လည်း ဓမ္မဟူသော သာမညအမည် ဥတုဟူသော ဝိသေသအမည် ၂- ပါးရှိ၏၊ ထို့အတူ ဗီဇ, ကမ္မ, စိတ္တတိ့ု၌လည်း သာမညအမည်, ဝိသေသ အမည် နှစ်ပါးစီရှိကြ၏၊ ထိုနှစ်ပါးတို့တွင် နိယာမအပြား ကိုပြဆိုရာဌာန၌ ဓမ္မဟူသောသာမညအမည်ကို အသုံးမပြုလို၊ ဥတု, ဗီဇ, ကမ္မ, စိတ္တ ဟူသော ဝိသေသအမည်တို့ကိုသာ အသုံးပြုလိုသောကြောင့် နိယာမ အမည်ကို ထိုဝိသေသအမည် လေးပါးနှင့်သာ တွဲဖက်၍ <b>ဥတုနိယာမ, ဗီဇနိယာမ, ကမ္မနိယာမ, စိတ္တနိယာမ</b>-ဟု အထူးထုတ် ဖော်၍ထားပေ၏၊</p>
<p>ထိုလေးပါးမှကြွင်းသော ရုပ်တရား, နာမ်တရား, သဘာဝ တရားများမှာမူကား - ဝိသေသအမည်နှင့် ထုတ်ဖော်ခြင်းကို မပြုသော ကြောင့် <b>ဓမ္မ</b>-ဟူသော သာမညအမည်၌သာ ပါဝင်ကြ၍၊ <b>ဓမ္မနိယာမ</b> အမည်ကိုသာ ရကြလေ၏၊ ထို<b>ဓမ္မနိယာမ</b>-ဟူသော အမည်သည်လည်း ထိုလေးပါးမှအလွတ်ဖြစ်သော ရုပ်တရား, နာမ်တရား သဘာဝတရား တို့၌သာ အတည်ဖြစ်ရလေ၏၊ ဥတုကို နိယာမအရာ၌ဆိုလိုသော် <b>ဥတုနိယာမ</b>- ဟူ၍သာ ဆိုရမည်၊ <b>ဓမ္မနိယာမ</b>-ဟူ၍မဆိုရ၊ မဆိုထိုက် ဆိုခဲ့သည်ရှိသော် ဝိသေသထုတ်ပြမှုသည် အကျိုးမရှိဖြစ်ရာ၏၊ <b>ဗီဇ နိယာမ, ကမ္မနိယာမ, စိတ္တနိယာမ</b>တို့၌လည်း ထိ့ုအတူဆိုလေ။</p>
<p>ဥပမာကား။ သင်္ဘောပေါ်၌ သင်္ဘောအလုပ်ကို လုပ်ကြသော သူများသည် ငါးမျိုးရှိ၏၊ <b>ကပ္ပီတန်</b>-ဟူ၍တစ်မျိုး, <b>မာလိန်</b>-ဟူ၍တစ်မျိုး, <b>ဆလင်</b>-ဟူ၍တစ်မျိုး, <b>ရေကြောင်းပြ</b>-ဟူ၍တစ်မျိုး, <b>သင်္ဘောသား</b>-ဟူ၍ တစ်မျိုး၊ သင်္ဘောသူဌေးဖြစ်သူက ထိုသူတို့ကို အထူးအားရ နှစ်သက် ရှိသည်နှင့် ပစ္စည်းဝတ္ထုနှင့်တကွ တစ်ယောက်သောသူကို စေလွှတ်၍ ဆုပေးစေရာ၌ ကပ္ပီတန်အတွက်မည်မျှ, မာလိန်အတွက်မည်မျှ, ဆလင်အတွက်မည်မျှ, ရေကြောင်းပြအတွက်မည်မျှ, သင်္ဘောသား များမှာလည်း တစ်ယောက်အတွက် မည်မျှစီ-ဟု မှာစာနှင့်တကွ ပေးလေ ရာ၏၊ ထိုသို့ပေးလေရာ၌ ကပ္ပီတန်, မာလိန်, ဆလင်, ရေကြောင်းပြ လေးဦးသားတို့မှာ သင်္ဘောသားဟု သာမညအမည်နှင့် သင်္ဘောသား တစ်စုတွင် ပါဝင်ရန်ရှိသော်လည်း အမည်ဝိသေသ ဆုလာဘ်ဝိသေသ အသီးသီး ထုတ်ဖော်ပြီးဖြစ်၍ သင်္ဘောသားအစုကို မရနိုင်ပြီ၊ ဤဥပမာ ကဲ့သို့ မှတ်လေ။</p>
<p>[ ဤကား နိယာမငါးပါး၌ <b>ပဒသောဓနနည်း</b>ကိုပြဆိုချက်တည်း။]</p>
<p>ထိုမှတစ်ပါးလည်း <b>ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ</b>-အစရှိသော အာရုံ ခြောက်ပါးမှာလည်း ဓမ္မာရုံသည် အဆုံးကျ၏၊၊ <b>စက္ခာယတန, သောတာ ယတန, ဃာနာယတန</b>အစရှိသော အာယတန ၁၂-ပါးမှာလည်း <b>ဓမ္မာ ယတန</b>သည် အဆုံးကျ၏၊၊ <b>စက္ခုဓာတ်, သောတဓာတ်, ဃာနဓာတ်</b> အစရှိသော ဓာတ် ၁၈-ပါးမှာလည်း <b>ဓမ္မဓာတ်</b>သည် အဆုံးကျ၏၊ ဤအာရုံခြောက်ပါး, အာယတန ၁၂-ပါး, ဓာတ်၁၈-ပါးတို့၌လည်း နိယာမငါးပါးမှာကဲ့သို့ <b>ပဒသောဓန</b>စစ်နည်းကို သိလေ။</p>
<p>ဤမျှသောစကားရပ်တို့ဖြင့် လျှောက်လွှာ၌</p>
<p>၁။ ယခုအခါတော့ <b>ဓမ္မသဒ္ဒါ</b>ကိုထည့်၍ အသုံးပြုခြင်းကြောင့် အထက်နိယာမ လေးပါးလည်း <b>ဓမ္မနိယာမ</b>နယ်တွင်းက မလွတ်နိုင်ဖြစ်နေပါသည်၊ ဤကဲ့သို့ နိယာမဘေဒကို ခွဲစိတ်ခြင်းသည် တပည့်တော်မတို့ အနောက်နိုင်ငံက ဘေဒခွဲစိတ်ခြင်း နည်းဥပဒေသမျိုးနှင့် ဖြောင့်ဖြောင့် ဆန့်ကျင်ယောင် ဖြစ်နေပါသည်-ဟူသော လျှောက်ထားချက်၌ အဖြေပြီး၏၊ ဤ၌သာဓကပါဠိတော်ကိုလည်း အနည်းငယ်ထည့်လိုက်ဦးအံ့။ အာယတန ယမိုက်ပါဠိတော်၌--</p>
<p><b>ဓမ္မော ဓမ္မာယတနန္တိ ဓမ္မာယတနံ ဌပေတွာ အဝသေသော ဓမ္မော၊ ဓမ္မော န ဓမ္မာယတနံ၊ ဓမ္မာယတနံ ဓမ္မောစေဝ ဓမ္မာယတနဉ္စ။ ဓမ္မာယတနံ ဓမ္မောတိ အာမန္တာ</b>။</p>
<p>ဓါတုယမိုက်ပါဠိတော်၌လည်း--</p>
<p><b>ဓမ္မော ဓမ္မဓာတူတိ ဓမ္မဓာတုံ ဌပေတွာ အဝသေသော ဓမ္မော၊ ဓမ္မော န ဓမ္မဓာတု၊ ဓမ္မဓာတု ဓမ္မောစေဝ ဓမ္မဓာတုစ။ ဓမ္မဓာတု ဓမ္မောတိ အာမန္တာ</b></p>
<p>ဟူ၍ဟောတော်မူ၏၊</p>
<p><b>ပထမလျှောက်ချက်အဖြေ ပြီး၏</b>၊</p>
<p>------*------</p>
<h3>ဒုတိယလျှောက်ချက်အဖြေ</h3>
<p>ဤမှနောက်၌</p>
<p>၂။ <b>ဓမ္မသဒ္ဒါ</b>ကိုပယ်ထား၍ <b>သေသနိယာမ</b>၊ သို့မဟုတ် <b>ပကိဏ္ဏက နိယာမ</b>ဟု ခေါ်ဝေါ်သုံးစွဲသင့်ပါသည် ဟူသော လျှောက်ထား ချက်အဖြေကား--</p>
<p><b>သေသနိယာမ</b>ဟုဆိုခြင်းသည် ရှေးနိယာမလေးပါးနှင့် မရော ယှက်ရုံမျှသာ အနက်ရှိသည်၊ <b>ပကိဏ္ဏကနိယာမ</b>ဆိုခဲ့လျှင် ရှေးနိယာမ လေးပါးတို့နှင့်လည်း မရောယှက်၊ <b>ဗုဒ္ဓနိယာမ</b>အစရှိသော နိယာမ အမျိုးမျိုးကိုလည်း ထုတ်ဖေါ်နိုင်ရန် အခွင့်ရှိ၏၊ သို့သော် ဗုဒ္ဓဘာသာ၌ <b>ဓမ္မသဒ္ဒါ</b>သည် အလွန်အရေးကြီး၏၊ <b>ဓမ္မသဒ္ဒါ</b>၏ အနက် အဓိပ္ပါယ် အရေးအခွင့်သည် အလွန်ကြီးကျယ်၏၊</p>
<p>အဘယ်သို့ကြီးကျယ်သနည်းဟူမူကား ကမ္ဘာပေါ်၌ ရှိနေကြ သော <b>ဣဿရကုဋ္ဋဒိဋ္ဌိ, ဗြဟ္မကုဋ္ဋဒိဋ္ဌိ, သက္ကာယဒိဋ္ဌိ</b>-အစရှိကုန်သော ခပ်သိမ်းသောဒိဋ္ဌိတို့ကို ဤ<b>ဓမ္မသဒ္ဒါ</b>ဖြင့်ပင်လျှင် တွန်းလှန်ပယ်ဖျက်မှု အရေးအခွင့်ကြီးသည် အလွန်ကြီးကျယ်၏၊ အဘိဓမ္မာခုနစ်ကျမ်း ကြီးသည် <b>ဓမ္မသဒ္ဒါ</b>၏ အနက်သက်သက်ဖြစ်၏၊ အထူးအားဖြင့် ဤ နိယာမတရားငါးပါးကို အဋ္ဌကထာဆရာ ထုတ်ပြခြင်းသည် <b>ဣဿရ ကုဋ္ဋဒိဋ္ဌိ, ဗြဟ္မကုဋ္ဋဒိဋ္ဌိ</b>တို့ကို တွန်းလှန်ပယ်ဖျက်ခြင်းငှါ ထုတ်ပြခြင်းဖြစ်၏၊ တွန်းလှန်ပယ်ဖျက်ပုံကို နောက်၌ဖေါ်ပြလတံ့။</p>
<h3>တန်ခိုးဆိုင်ရာနှင့် နိယာမဆိုင်ရာခြားနားချက်</h3>
<p>ဤအရာ၌ <b>ဣဿရ</b>ခေါ်သော မဟာဗြဟ္မာကြီး၏ တန်ခိုး၏ ဆိုင်ရာနှင့် နိယာမတရားတို့၏ဆိုင်ရာ ခြားနားချက်ကိုပြဆိုရာ၏၊</p>
<p>ထိုမဟာဗြဟ္မာကြီးသည် မိမိနေရာ၌နေ၍ အထောင်မကသော လောကဓာတ်တို့ကို ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းစေနိုင်၏၊ ထိုလောကဓာတ်တို့၌ရှိသော အဆင်းတို့ကိုလည်း မြင်နိုင်၏၊ အသံတို့ကို လည်း ကြားနိုင်၏၊ ကိုယ်တိုင်သွားလိုလျှင် အလိုရှိရာလောကဓာတ်သို့ ခဏချင်းရောက်အောင် သွားနိုင်၏၊ ခဏချင်းပြန်လာနိုင်၏၊ ထို လောကဓာတ်၌ရှိသော လူအပေါင်း, နတ်အပေါင်းတို့၏ စိတ်ကိုသိလို လျှင် သိနိုင်၏၊ တန်ခိုးဖန်ဆင်းရာ၌မူကား သတ္တဝါကို ဖန်ဆင်းသည်ရှိ သော် သတ္တဝါအတုအယောင်ကိုသာ ဆင်တစ်ထောင် မြင်းတစ်ထောင် အစရှိသည်ဖြင့် ဖန်ဆင်းနိုင်၏၊ သတ္တဝါအစစ်ကိုမူကား သန်းကောင် ငယ်တစ်ခု, သန်းဥတစ်လုံးကိုမျှ မဖန်ဆင်းနိုင်။</p>
<p>သစ်ပင် ဥယျာဉ်တို့ကို ဖန်ဆင်းသည်ရှိသော် သစ်ပင်အတု အယောင် ဥယျာဉ်အတုအယောင် အထောင် အသောင်းမက ဖန်းဆင်း နိုင်၏၊ သစ်ပင်အစစ်ကိုမူကား မြတ်ပင်ငယ်တစ်ခုကိုမျှ မဖန်ဆင်းနိုင်၊ အဘယ့်ကြောင့်နည်းဆိုသော် သတ္တဝါအစစ် ဖြစ်ပေါ်မှုများသည် တန်ခိုး ၏ဆိုင်ရာ မဟုတ်၊ <b>ကမ္မနိယာမ, ဗီဇနိယာမ</b>တို့၏ ဆိုင်ရာဖြစ်ပေသော ကြောင့်တည်း၊ အတုအယောင်မည်သည်လည်း ကာလအရှည် တည်နိုင် သည်မဟုတ်၊ မကြာမီကွယ်ပျောက်၍ ကုန်မြဲပေတည်း၊ <b>ဥတုနိယာမ</b> အရာ၌လည်း နွေဥတု, မိုးဥတု, ဆောင်းဥတု အစဉ်အဆက်သည် တန်ခိုး၏ဆိုင်ရာ မဟုတ်၊ <b>ဥတုနိယာမ</b>၏သာ ဆိုင်ရာဖြစ်ပေ၏၊</p>
<p><b>ဓမ္မနိယာမ</b>တရား၌လည်း ထိုဗြဟ္မာကြီးသည် လူ သတ္တဝါတို့ကို ယခုဘဝတွင် မိမိနေရာ အထက်ကောင်းကင်ဘုံကြီးသို့ တင်လိုလျှင် လူပေါင်း ထောင်သောင်းများစွာကိုပင် တင်နိုင်၏၊ ထိုဘုံ၌ နေကြသော လူတို့ကိုမူကား မအိုရအောင် မတတ်နိုင်၊ မသေရအောင် မတတ်နိုင်၊ သေကြပြန်လျှင်လည်း အောက်ဘုံအောက်ဘဝ, အပါယ်ဘုံ အပါယ်ဘဝ သို့ မကျရအောင် မတတ်နိုင်၊ အဘယ့်ကြောင့်နည်းဆိုသော် ထိုလူ အပေါင်းတို့၏ သန္တာန်၌ရှိသော ရုပ်, နာမ်ခန္ဓာတို့သည် <b>ဇာတိ, ဇရာ, မရဏ</b>ဟူသော <b>ဓမ္မနိယာမ</b>တရားကြီးသုံးပါးကို မလွန်နိုင်သောကြောင့် တည်း၊ ထိုဗြဟ္မာကြီးသည် လူသတ္တဝါတို့ကို သေကြသည်၏ အခြားမဲ့၌ ကောင်းကင်ဘုံကြီးသို့ ရောက်အောင်မတတ်နိုင်၊ အဘယ့်ကြောင့် နည်းဆိုသော် သတ္တဝါတို့သေသည်၏အခြားမဲ့၌ ဘဝအသစ် ဖြစ်ပေါ်မှု သည် တန်ခိုး၏ဆိုင်ရာ မဟုတ်၊ <b>ကမ္မနိယာမ</b>၏ ဆိုင်ရာဖြစ်သော ကြောင့်တည်း။</p>
<p>လောက၌ အကြင်သူသည် ကြက်ဥ, ဘဲဥ, ကြက်ကောင်, ဘဲကောင်အစရှိသော တိရစ္ဆာန်တို့ကိုလည်း နေ့စဉ်သတ်၍ စားကြ၏၊ သေရည်သေရက်တို့ကိုလည်း အမြဲသောက်ကြ၏၊ ဘုရားရှိခိုးကျောင်းကို လည်း နေ့စဉ်သွား၍ ရှိခိုးကြ၏၊ ဆုတောင်း၏၊ ဗြဟ္မာမင်းကြီးသည် ထိုသူကို သေသည်၏အခြားမဲ့၌ အပါယ်သို့ မကျရအောင် ဘယ်လိုနည်း နှင့်မှ မတတ်နိုင်၊ အဘယ့်ကြောင့်နည်းဆိုသော် တန်ခိုး၏ ဆိုင်ရာမဟုတ်၊ <b>ကမ္ဘာ့နိယာမ</b>၏ ဆိုင်ရာဖြစ်သောကြောင့်တည်း။</p>
<p>အကြင်သူသည် <b>ဣဿရကုဋ္ဋ, ဗြဟ္မကုဋ္ဋအယူ</b>ကို မယူမူ၍ <b>ကမ္မဝါဒီ</b> အယူကိုသာ ခိုင်မြဲစွာယူပြီးလျှင် ဒုစရိုက်တရားတို့ကို ရှောင်ကြဉ် ၍ ဒါန, သီလ, ဘာဝနာအစရှိသော သုစရိုက်တရားတို့ကို အမြဲအား ထုတ်၏၊ သေသည်၏အခြားမဲ့၌ ထိုသူကို ဗြဟ္မာကြီးသည် အထက် ကောင်းကင်ဘုံသို့ မလာရအောင် မတားဆီးနိုင်၊ အကြောင်းကို ဆိုမြဲ ဆိုလေ၊ ထိုဗြဟ္မာကြီးသည် နိယာမတရားတို့၏ ဆိုင်ရာသို့ကျလျှင် သူတစ်ပါး တို့ကို ကယ်နိုင်မည် ဝေးလေစွ၊ မိမိကိုယ်ကိုမျှ မိမိမကယ်နိုင်ချေ။ [ဤကား-တန်ခိုး၏ဆိုင်ရာနှင့်နိယာမတရားတို့၏ဆိုင်ရာချင်း</p>
<p>ခြားနားချက်ကို အမြွက်မျှ ပြဆိုချက်တည်း။]</p>
<h3>ဒိဋ္ဌိ ၂-ပါးတို့ကို တွန်းလှန်ဖြိုဖျက်ချက်</h3>
<p>ယခုအခါ <b>ဣဿရကုဋ္ဋဒိဋ္ဌိ, ဗြဟ္မကုဋ္ဋဒိဋ္ဌိ</b> နှစ်ပါးတို့ကို တွန်းလှန် ပယ်ဖျက်ပုံကိုပြဆိုရာ၏၊ လောက၌ အကြင်လူမျိုးတို့ သည် ကမ္ဘာဆိုလျှင် ယခုရှိနေသော ဤကမ္ဘာကြီးတစ်ခုသာရှိသည်ဟု မှတ်ယူကြကုန်၏၊ ရှေး၌လည်း ကမ္ဘာကြီးအဆက်ဆက်ရှိသည်ကို မသိကြကုန်၊ နောက်၌ လည်း ကမ္ဘာကြီးအဆက်ဆက်ရှိသည်ဟု အယူမရှိကြကုန်၊ ယခုရှိနေ သော ကမ္ဘာကြီးမှာလည်း အစက အဆုံးသည်ရှိရာ၏ ဟုယူကြကုန်ပြီး လျှင် အစ၌ကမ္ဘာဖြစ်ပေါ်ရန်အကြောင်းကို ရှာကြံမရ ရှိနေကြသည့် အတွင်း ဤသို့အကြံပေါက်ကြကုန်၏၊ လောက၌ တိုက်အိမ်ရှိသည်ကို မြင်ကြသဖြင့် တိုက်အိမ်ဆောက်လုပ်သူရှိသည်ကို အမှန်သိနိုင်သကဲ့သို့ ဤယခုကမ္ဘာကြီး ရှိနေသည်ကို တွေ့မြင်ကြသဖြင့် ကမ္ဘာကို ဖန်ဆင်း သောသူ ရှိသည်ကို အမှန်သိနိုင်၏-ဟု အကြံပေါက်ပြီးလျှင် <b>ဣဿရကုဋ္ဋ</b> အယူ, <b>ဗြဟ္မကုဋ္ဋ</b>အယူကို ခိုင်မြဲစွာယူကြကုန်၏၊</p>
<p>ဗုဒ္ဓဘာသာ၌မူကား- ဤယခုရှိသောကမ္ဘာကြီးမှ ရှေး၌လည်း ကမ္ဘာကြီးအဆက်ဆက်တွေ အသင်္ချေအနန္တ အဆုံးမရှိ ဖြစ်ပွါး၍ သွား လတံ့၊ တစ်ခုခုသော ကမ္ဘာကြီး၌လည်း အစလည်းရှိသည်၊ အဆုံး လည်းရှိသည်ဟုဟောတော်မူ၏၊ ကမ္ဘာ၏ ဖြစ်ပေါ်ကြောင်းဖြစ်သော နိယာမတရားမျိုးသည်လည်း အစမရှိ၊ အဆုံးမရှိ၊ အစဉ်အဆက် တည် ရှိနေ၏၊ ထိုကြောင့် ယခုရှိနေသော ကမ္ဘာကြီး၏အစ၌ <b>ဣဿရကုဋ္ဋ</b> အကြံ, <b>ဗြဟ္မကုဋ္ဋ</b>အကြံကို ကြံယူဖွယ် မရှိလေပြီ။</p>
<p>[ ဤကား--<b>ဣဿရကုဋ္ဋဒိဋ္ဌိ, ဗြဟ္မကုဋ္ဋဒိဋ္ဌိ</b> နှစ်ပါးတို့ကို တွန်းလှန် ပယ်ဖျက် ချက်တည်း။ ]</p>
<p>ဤအကြောင်းကိုလည်း ဆရာတော်စီရင်သော <b>နိယာမဒီပနီ</b> ကျမ်းမှာ လုံလောက်စွာ ပါရှိလေပြီ၊ နိယာမတရား ငါးပါးတို့တွင်လည်း <b>ဓမ္မနိယာမ</b>သည် အရေးအရာ အကြီးကျယ်ဆုံးဖြစ်၏၊ <b>ဒီဃနိကာယ် ပါထေယျဝဂ် စက္ကဝတ္တီသုတ်ကြီး, အဂ္ဂညသုတ်ကြီး</b>များသည် <b>ဓမ္မနိယာမ</b> ၏အရာဖြစ်၏၊ ထိုသုတ်ကြီး၌ <b>ကုသလဓမ္မ, အကုသလဓမ္မ</b>တို့အတွက် အသက်အသင်္ချေတမ်းမှသည် ဆယ်နှစ်တမ်းတိုင်အောင် တစ်ဖန် ဆယ်နှစ်တမ်းမှသည် အသက်အသင်္ချေတမ်းတိုင်အောင် ဆုတ်ချည် တက်ချည် အစဉ်လည်၍နေသော နိယာမကြီးသည် လာရှိ၏၊</p>
<p>ထိုမှတစ်ပါးလည်း ဤ<b>ဓမ္မနိယာမ</b>အချက်သည် ပိဋကတ်တော် တို့၌ များစွာလာရှိသေး၏၊ <b>အဘိဓမ္မာ ဝိဘင်းပါဠိတော်, ဓမ္မဟဒယ ဝိဘင်း</b>၌လည်းကောင်း၊ <b>အဋ္ဌကအင်္ဂုတ္တိုရ် ပါဠိတော် - ဥပေါသထသုတ်</b> တို့၌လည်းကောင်း၊ နတ်ပြည်ခြောက်ထပ်, ဗြဟ္မာ ၂၀-တို့၌ <b>အာယုကပ္ပ နိယာမ</b>တွေကို အသေအချာ ဟောတော်မူ၏၊ ဘာသာတစ်ပါးတို့၌ မကြားဘူးကြသော <b>ဓမ္မနိယာမ</b>တရားမျိုးပင် ဖြစ်၏၊ <b>အာယုကပ္ပနိယာမ</b>ဟူ၍လည်းဆိုအပ်၏၊ <b>ကမ္မနိယာမ</b>နှင့်လည်း လျော်၏၊</p>
<p><b>ဒုတိယလျှောက်ချက် အဖြေပြီး၏</b>၊</p>
<p>----*------</p>
<h3>တတိယလျောက်ချက် အဖြေ</h3>
<p>''<b>ဗုဒ္ဓနိယာမ</b>တစ်ပါးတိုး၍နိယာမခြောက်ပါး ထားမည်ဆိုလျှင် သင့်ပါမည်လော” ဟူသော ပုစ္ဆာ၌ --</p>
<p>သင့်ပါ၏၊ အရေးအလွန်ကြီးလှသော ဗုဒ္ဓ၏ အံ့ဩဖွယ်ကြီး တစ်မျိုး၊ အသီးအခြား ထင်ရှားပေရာ၏၊ ဆရာတော်သည်လည်း သုတ္တ နိပါတ်ပါဠိတော် မဟာဝဂ်ဝါသေဋ္ဌသုတ်၌လာသော <b>ဇာတိနိယာမ</b> တစ်ပါးတိုး၍ နိယာမခြောက်ပါး ထားခွင့်ရှိသည်ကို <b>နိယာမဒီပန</b> စာအုပ်မှာ ရေးလိုက်ပေ၏၊ အကြောင်းမူကား -- ထိုသုတ်၌လာသော တိရစ္ဆာန် သတ္တဝါတို့၏ <b>ဇာတိနိယာမ</b>သည် <b>ဗီဇနိယာမ, ကမ္မနိယာမ</b>တို့မှ အသီးအခြားကဲ့သိ့ုဖြစ်၏၊ <b>ဗုဒ္ဓနိယာမ</b>-ဆိုရာမှာလည်း ကမ္ဘာတိုင်း ကမ္ဘာတိုင်း ဘုရားဖြစ်ခြင်းကို မဆိုနိုင်၊ ဘုရားဖြစ်ပေါ်သော ကမ္ဘာသည် အလွန်တရာ နည်းပါးလှ၏၊ တစ်ဆူသော ဘုရား၏အထံ၌ ရှေးဦးစွာ <b>နိယတဗျာဒိတ်</b>ကို ခံယူသောအခါမှ စ၍၊ ပရိနိဗ္ဗာန်စံယူသည်တိုင်အောင် အသင်္ချေများစွာ ကာလအတွင်း၌ အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာ သော လောကဓာတ်တစ်သောင်း တုန်လှုပ်ခြင်းအစရှိသော <b>အစ္ဆရိယ အဗ္ဘူတဓမ္မ</b>တို့၏ ဖြစ်ခြင်းကို <b>ဗုဒ္ဓနိယာမ</b>ဟု ဆိုရလိမ့်မည်၊ ထို<b>အစ္ဆရိယ အဗ္ဘူတဓမ္မ</b>တို့၏ ဖြစ်ခြင်းသည် <b>ဗုဒ္ဓဝင်ပါဠိတော်</b>တွင် <b>သုမေဓာရသေ့ ဗျာဒိတ်ခံခန်း</b>၌ များစွာလာရှိ၏၊ ထို၌လာသော <b>အစ္ဆရိယအဗ္ဘူတဓမ္မ</b> များသည်</p>
<p>၁။ ပစ္ဆိမဘဝတွင် ပဋိသန္ဓေယူသော အခါ၌၎င်း,<br>၂။ ဖွားမြင်တော်မူသော အခါ၌၎င်း,<br>၃။ ဓမ္မစကြာဟောတော်မူသော အခါ၌၎င်း,<br>၄။ အာယုသင်္ခါရလွတ်တော်မူသော အခါ၌၎င်း,<br>၅။ ပရိနိဗ္ဗာန်စံတော်မူသော အခါ၌၎င်း,</p>
<p>ဖြစ်ပေါ်မြဲ <b>ဓမ္မတာ</b>ဟု အဋ္ဌကထာတို့၌ဆို၏၊ <b>ဒီဃနိကာယ် မဟာဝါပါဠိတော် -- မဟာပဒါနသုတ်</b>၌ <b>ဓမ္မတာ</b>ဟူသော အမည်နှင့် လာသော နိယာမမျိုးလည်း ရှိသေး၏၊ ထိုနိယာမဓမ္မမျိုးကိုပင်လျှင် <b>မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော် တတိယဝဂ် တတိယသုတ်</b>၌ <b>အစ္ဆရိယအဗ္ဘူတဓမ္မ</b>ဟုလာ၏၊ အဋ္ဌကထာတို့၌မူကား-ထို<b>အစ္ဆရိယ အဗ္ဘူတဓမ္မ</b>တို့ကို <b>ဓမ္မနိယာမ</b>၌ဖော်ပြ၏၊ <b>ဗုဒ္ဓနိယာမ</b>ကို အသီးထုတ်ဆို ခဲ့သော် <b>သာဝကနိယာမ</b>ကိုလည်း အသီးထုတ်ဆိုခွင့် ရောက်ပြန်၏၊</p>
<p><b>သာဝကနိယာမ</b>ဆိုသည်ကား-အနမတဂ္ဂသံသရာ၌ ဂင်္ဂါမြစ် ထဲတွင် သဲလုံးအရေအတွက်မျှမက ဖြစ်ပွင့််တော်မူကြကုန်သော ဗုဒ္ဓမြတ် စွာ အပေါင်းတို့တွင် တစ်ဆူတစ်ဆူသော ဗုဒ္ဓမြတ်စွာ၏ ဗုဒ္ဓဘာသာ သာသနာ၌ အကျွတ်တရားကို ရကြသော လူသာဝကအပေါင်း, နတ် သာဝကအပေါင်း, ဗြဟ္မာသာဝကအပေါင်းတို့၏ <b>သီလနိယာမ</b> စသည်ကို <b>သာဝကနိယာမ</b> ဆိုပေသတည်း။</p>
<h3>ပုထုဇဉ်သတ္တဝါတို့၏ ဂတိ ၃-ပါး</h3>
<p>ဤအရာ၌<b>ပုထုဇ္ဇနဘူမိ</b>- <b>ပုထုဇ္ဇနဂတိ</b>ကို ရှေးဦးစွာပြဆိုရာ၏၊ <b>ပုထုဇ္ဇနဘူမိ</b>ဆိုသည်ကား<br>၁။ <b>အတ္တဒိဋ္ဌိ</b>ကို ခိုင်မြဲစွာယူလျက် ရှိကြသဖြင့် ကိလေသာ တို့၏ ထက်သန်ခြင်း,<br>၂။ ဒုစရိုက်ကံတို့၏ များပြားခြင်း,<br>၃။ အပါယ်လေးပါး တံခါးဟင်းလင်းပွင့်လျက် ရှိနေခြင်း သည် <b>ပုထုဇ္ဇနဘူမိ</b>မည်၏၊</p>
<p>ထိုသုံးပါးတို့တွင်<br>၁။ ကိလေသာတို့၏ ထက်သန်ခြင်းဆိုသည်ကား-<b>မာတုဃာတက ကံ, ပိတုဃာတကကံ</b>-အစရှိသော <b>အနန္တရိယကံ</b>ကြီးကို ပြုနိုင် ခြင်း, <b>နတ္ထိကဒိဋ္ဌိ, အဟေတုကဒိဋ္ဌိ, အကြိယဒိဋ္ဌိ</b>တည်းဟူသော <b>နိယတဒိဋ္ဌိ</b>ကြီးများကိုယူနိုင်ခြင်းတည်း။</p>
<p>၂။ ဒုစရိုက်ကံတို့၏ များပြားခြင်းဆိုသည်ကား- တစ်ဦးတစ် ယောက်သော ပုထုဇဉ်ပုဂ္ဂိုလ်၏ သန္တာန်၌ ဒုစရိုက်ကံ ဟောင်း အနန္တတို့သည်လည်း အမြဲဝန်းဝိုင်းလျက်ရှိနေ၏၊ အဘယ်သို့ ရှိနေသနည်း ဟူမူကား-<b>မနုဿတ္တဒုလ္လဘ</b>ကို ထောက်၍ သံသရာ၌ ကျင်လည်၍ နေသော ပုထုဇဉ်သတ္တဝါ မှာ အပါယ်၌ ဘဝပေါင်း အသိန်းများစွာရှိမှ လူ့ဘဝကို တစ်ကြိမ်တစ်ခါမျှ ရနိုင်၏၊ အပါယ်ဘဝ၌ ဘဝပေါင်း များစွာရှိမှ နတ်ကောင်း နတ်မြတ်ဘဝကို တစ်ကြိမ်တစ်ခါမျှ ရနိုင်၏၊ အပါယ်ဘဝတွေ များပြားသမျှသည်လည်း ဒုစရိုက်ကံဟောင်းတွေ များပြားရန် အခွင့်ကြီးဖြစ်၏၊</p>
<p>ထိုဒုစရိုက်ကံဟောင်းတွေလည်း အသင်္ချေအနန္တရှိခဲ့ပြီ၊ အပါယ်၌ အကျိုးပေးခွင့်မရသေး၍ <b>အတ္တဒိဋ္ဌိ</b>၌ တွယ်တာပြီးလျှင် အကျိုးပေးရန် အခွင့်ရသောအခါ၌ အကျိုးပေးခြင်းငှာ ပုထုဇဉ်၏သန္တာန်မှာ <b>အတ္တဒိဋ္ဌိ</b> ရှိနေသမျှ ကာလပတ်လုံး နောင်အသစ်အသစ်ဖြစ်လတံ့သော ဒုစရိုက် ကံတွေ အနန္တလည်းရှိနေ၏၊ ထိုပုထုဇဉ်သန္တာန်မှာ ကုသိုလ်ကံလည်း ရှိ၏၊ သို့သော် ကုသိုလ်ကံသည် လက်ဆုပ်ထဲမှာရှိသော သဲလုံး အရေအတွက်ကဲ့သို့ နည်းပါး၏၊ အကုသိုလ်ကံသည်မူကား-ဂင်္ဂါမြစ်ထဲ မှာ သဲလုံးအရေအတွက်ကဲ့သို့ အလွန်များပြား၏၊</p>
<p>[ဤကား တစ်ဦးတစ်ယောက်သော ပုထုဇဉ်သန္တာန်မှာ <b>အတ္တဒိဋ္ဌိ</b> ရှိနေသည့် အတွက် ဒုစရိုက်ကံတို့၏ များပြားပုံတည်း။]</p>
<p>၃။ အပါယ်လေးပါး တံခါးဟင်းလင်းပွင့်လျက် ရှိနေသည်ဆို သည်ကား-ပုထုဇဉ်သတ္တဝါသည် လူအဖြစ်၌တည်နေသော် လည်း <b>အတ္တဒိဋ္ဌိ</b>နှင့်တကွ အသင်္ချေအနန္တပါရှိနေသည့်အတွက် အပါယ်လေးပါးသို့သာ ကိုင်းရှိုင်းလျက်ရှိနေ၏၊ ပုထုဇဉ် သတ္တဝါမည်သည် လူ့ဘုံ လူ့ဘဝက သေလွန်လျှင် အပါယ် လေးပါးသို့ ကျရောက်သူ အလွန်များကုန်၏၊ ထိုထိုနတ်ဘုံ နတ်ဘဝတို့မှ သေလွန်လျှင်လည်း အပါယ်လေးပါးသို့ ကျ ရောက်သူ အလွန်များကုန်၏၊ ဗြဟ္မာဘုံ ဗြဟ္မာဘဝတို့မှ သေလွန်လျှင်လည်း အဆင့်ဆင့်အားဖြင့် အပါယ်လေးပါးသို့ ကျရောက်သူ အလွန်များကုန်၏၊ အလွန်များကြောင်းကိုလည်း <b>သံယုတ္တနိကာယ် မဟာဝဂ္ဂသံယုတ် ပဉ္စအာမကဓည ပေယျာလ ဝဂ် နခသိခသုတ်</b>တို့၌ ဟောတော်မူ၏၊ အပါယ်လေးပါးသို့ တစ်ကြိမ်ကျရောက်ပြန်လျှင်လည်း လူ့ဘုံလူ့ဘဝသို့ ပြန်လာနိုင် ရန် အလွန်ခဲယဉ်း၏၊ အပါယ်လေးပါး၌ ဘဝပေါင်း အသိန်း များစွာကျပြီးမှ တစ်ကြိမ်တစ်ခါမျှ လူ့ဘုံလူ့ဘဝသို့ ပြန်ခွင့် ရနိုင်၏၊ ဤအကြောင်းကိုလည်း <b>မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသ သုညတဝဂ် ဗာလပဏ္ဍိတသုတ်</b>၌</p>
<p>''<b>သေယျထာပိ ဘိက္ခဝေ ပုရိသော ဧကစ္ဆိဂ္ဂလံ ယုဂံ မဟာသမုဒ္ဒေ ပက္ခိပေယျ</b>” အစရှိသည်ဖြင့် ဟောတော်မူ၏၊</p>
<p>[ဤကား-အနမတဂ္ဂသံသရာ၌ ကျင်လည်၍နေကြကုန်သော ပုထုဇဉ် သတ္တဝါ တို့၏ ဂတိ ၃-ပါးကို ပြဆိုချက်တည်း။]</p>
<h3>သာဝက နိယာမ</h3>
<p>ယခုအခါ <b>သာဝကနိယာမ</b>ကို ပြဆိုရာ၏၊ ဗုဒ္ဓမြတ်စွာ လက်ထက် တော်၌ <b>သုညတဓမ္မဒေသနာ</b>မျိုးကို ကြားနာကြကုန်၍ အမြစ်အရင်း နှင့်တကွ <b>အတ္တဒိဋ္ဌိ</b>ကြီး ကျွတ်လွတ်သည်နှင့်တပြိုင်နက် <b>ပရမတ္ထ အရိယာ</b> အဖြစ်သို့ ရောက်ကြကုန်သဖြင့် ခပ်သိမ်းသော မိစ္ဆာဒိဋ္ဌိတို့၏ ချုပ်ငြိမ်း ခြင်း, ခပ်သိမ်းသော ဒုစရိုက်ကံဟောင်း အနန္တတို့၏ အကုန်ချုပ်ငြိမ်းခြင်း, ခပ်သိမ်းသော ဒုစရိုက်ကံသစ်တို့၏ အကုန်ချုပ်ငြိမ်းခြင်း, ခပ်သိမ်းသော အပါယ်ဘဝအနန္တတို့၏ အကုန်ချုပ်ငြိမ်းခြင်းသည် <b>သာဝကနိယာမဘူမိ</b> မည်၏၊</p>
<p>ထိုဘုံသို့ ရောက်ကြသော လူသာဝက, နတ်သာဝက, ဗြဟ္မာ သာဝကများသည် နောက်ဘဝ နောက်သံသရာတို့၌ ကောင်းမြတ်သော နတ်ဘုံနတ်ဘဝ, ကောင်းမြတ်သော ဗြဟ္မာ့ဘုံ ဗြဟ္မာဘဝတို့၌သာ ကျင်လည်ကြရကုန်တော့သည် ထိုသူတို့မှာ လွတ်ငြိမ်းလေပြီးသော ဒုက္ခနှင့်နှိုင်းစာသော် ကျန်ရှိသောဒုက္ခသည် အလွန်နည်းပါး၏၊ ဤ အကြောင်းကိုလည်း <b>သံယုတ္တနိကာယ် မဟာဝဂ္ဂသံယုတ် အဘိသမယ ဝဂ်</b>၌ ဟောတော်မူ၏၊ ငါတို့ဗုဒ္ဓမြတ်စွာ လက်ထက်တော်၌ ဤကဲ့သို့ အကျွတ်တရားကို ရကြကုန်သော လူသာဝကအပေါင်း, နတ်သာဝက အပေါင်း, ဗြဟ္မာသာဝကအပေါင်းတို့ အဘယ်မျှ များပြားကြသနည်းဆို သော်-<b>မိလိန္ဒပဥှာ</b>ကျမ်း နဝမဝဂ် ဇတင်္ဂပဥှာ၌ ကျွတ်သူပေါင်း တစ်ဆဲ့သုံး အသင်္ချေ, ကုဋေသုံးရာ သုံးဆဲ့ခုနစ်, အစွန်းခြောက်သန်း ငါးသိန်း ခြောက်သောင်းလာရှိ၏၊</p>
<p>ဤ<b>မိလိန္ဒပဥှာ</b>ကျမ်း၌ “<b>ဂဏနပထ မတီတာနံ ဒေဝတာန ဂဏနပထ မတီတာနံ ဒေဝတာနံ</b>” ဟူ၍၎င်း “ <b>အပရိမာဏဒေဝတာယောအပရိမာဏဒေဝတာယော</b>” ဟူ၍၎င်း လာရာတို့၌ အသင်္ချေ အရေအတွက်ကို မှတ်ယူရ၏၊ ဤကျမ်း၌ သောင်းဂဏန်းမှ အထက် ကျွတ်ကိန်းကြီးများကိုသာပြဆို၏၊ ဆယ်, ရာ, ထောင်, ကျွတ်ကိန်းငယ်များ ရှိကြသေး၏၊ ရဟန်းသံဃာမှတစ်ပါး လူနတ်ဗြဟ္မာ တို့၏ ကျွတ်ကိန်းကိုသာပြဆို၏၊ ရဟန်းသံဃာများ ကျွတ်ကိန်းကျန်ရှိသေး ၏၊ ဗုဒ္ဓမြတ်စွာလက်ထက်တော်၌ ကျွတ်ကိန်းကြီးတို့ကိုပြဆို၏၊ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံလွန်ပြီးနောက် ကျွတ်ကိန်းကြီးတွေများစွာ ကျန်ရှိသေး၏၊</p>
<p>အဋ္ဌကထာတို့၌မူကား - ကျန်ရှိသောကျွတ်ကိန်းတွေပါ အကုန် သိမ်းကျုံး၍ နှစ်ဆယ့်လေးသင်္ချေနှင့်-ကုဋေခြောက်ဆယ် အစွန်း တစ်သိန်းဟူ၍ ဆိုကြကုန်၏၊ ဤသို့လာသော ကျွတ်တမ်း အရေအတွက် မှာလည်း လူသတ္တဝါအရေအတွက် အလွန်နည်းပါး၏၊ နတ်ဗြဟ္မာ အရေ အတွက် အလွန်များပြား၏၊ အကြောင်းမူကား - လူသတ္တဝါ ကျွတ်တမ်း သည် ငါတို့လောကဓာတ် တစ်ခု၌သာပါဝင်နိုင်၏၊ ငါတို့ လောကဓာတ် တွင်းမှာလည်း <b>ဇမ္ဗူဒီပါကျွန်း</b>၌သာ ပါဝင်နိုင်၏၊ <b>ဇမ္ဗူဒိပါကျွန်း</b>တွင်မှာ လည်း <b>ဣန္ဒိယ</b>နယ်ပယ်တို့၌သာ ပါဝင်နိုင်၏၊</p>
<p>နတ်, ဗြဟ္မာတို့ကျွတ်တမ်းမှာ မူကား - ဤ ငါတို့ လောကဓာတ် ကို အလယ်ထား၍ အရပ်ရှစ်မျက်နှာတို့၌ ပတ်လည်ဝိုင်းရံ ကာဆီးတည် ရှိကြကုန်သော လောကဓာတ်တို့သည် ငါတို့လောကဓာတ်နှင့်တကွ လောကဓာတ်ပေါင်း တစ်သောင်းအရေအတွက်ရှိကြကုန်၏၊ တစ်ခုခု သော လောကဓာတ်မှာလည်း နတ်ဘုံကြီးခြောက်ဘုံစီ ရှိကြရကားလောကဓာတ်တစ်သောင်းမှာ နတ်ဘုံကြီးခြောက်သောင်း၊ တစ်ခုခုသော လောကဓာတ်မှာ ဗြဟ္မာဘုံကြီး နှစ်ဆယ်စီရှိနေကြရကား-လောကဓာတ် တစ်သောင်းမှာ ဗြဟ္မာဘုံကြီးပေါင်း နှစ်သိန်းရှိ၏၊ ဤအလုံးစုံသော နတ်ဘုံ ဗြဟ္မာဘုံအစုသည် တစ်ခုသော ဗုဒ္ဓခေတ်မည်၏၊ ဇာတိခေတ် လည်းမည်၏်။</p>
<p>ဤလောကဓာတ်တစ်သောင်းအတွင်း၌ ရှိနေကြကုန်သော နတ် သိကြားဗြဟ္မာတို့သည် လူ့ဘုံ လူ့လောက၌ ဗုဒ္ဓမြတ်စွာပေါ်ရန် အရေးကို ကြောင်းကြစိုက်ကြမြဲ ကမ္ဘာအရိုးအစဉ်ကြီးရှိနေကြကုန်၏၊ ထိုနတ်, သိကြား, ဗြဟ္မာတို့၏ အစည်းဝေးကြီးသည်-<br>၁။ အလောင်းတော်နတ်သား <b>တုသိတာဘုံ</b>၌ နေစဉ်အခါ ဗုဒ္ဓဘုရား ဖြစ်ချိန်တိုင်ပါပြီ၊ လူ့ပြည်သို့သက်ဆင်း၍ ဘုရားဖြစ်တော်မူပါဟု တောင်းပန်ကြသော <b>အဘိယာစန အစည်းအဝေးကြီး</b>တစ်ပါး,<br>၂။ အလောင်းတော်သူမြတ် မယ်တော်ဝမ်းမှာ ပဋိသန္ဓေယူသော အခါ၌ <b>ပဋိသန္ဓေအစည်းဝေးကြီး</b>တစ်ပါး,<br>၃။ ဖွားမြင်တော်မူသောအခါ၌ <b>အဘိဇာတ အစည်းအဝေးကြီး</b> တစ်ပါး,<br>၄။ တောထွက်တော်မူသောအခါ၌ <b>အဘိနိက္ခမန အစည်းအဝေး</b> ကြီး တစ်ပါး,<br>၅။ ဗုဒ္ဓမြတ်စွာပွင့်တော်မူသောအခါ၌ <b>အဘိသမ္ဗောဓိ အစည်း အဝေးကြီး</b> တစ်ပါး,</p>
<p>အစရှိသဖြင့် <b>ပရိနိဗ္ဗာန အစည်းအဝေးကြီး</b>သို့ တိုင်ရောက်အောင် အစည်းအဝေးကြီးပေါင်းများစွာရှိ၏၊</p>
<p>ထို့ကြောင့် ကျွတ်တမ်းဝင်ရာ၌လည်း နတ်, ဗြဟ္မာတို့၏ အရေ အတွက်သည် အလွန်များပြား၏၊ အသင်္ချေကျွတ်ကိန်းဟူသမျှသည် နတ်တို့၏ ကျွတ်ကိန်းကြီးဖြစ်၏၊ ကောဋိကျွတ်ကိန်းဟူသမျှသည် လူ, နတ်, ဗြဟ္မာ ကျွတ်ကိန်းဖြစ်၏၊ သာဝတ္ထိပြည်နယ်အတွင်း လူအရိယာ သာဝကပေါင်း ငါးကုဋေ, ငါသန်း, ခုနစ်သိန်း, သုံးသောင်း အရေအတွက် ရှိသည်ဟု <b>မိလိန္ဒပဥှာ</b>၌ လာ၏၊ ရာဇဂြိုဟ်ပြည်နယ်အတွင်း လူအရိယာ သာဝကပေါင်း ငါးသန်း, သုံးသိန်းအရေအတွက်ရှိသည်ဟုလာ၏၊ “နတ်သိကြားဗြဟ္မာတို့သည် လူ့ဘုံလောက၌ ဗုဒ္ဓမြတ်စွာဖြစ် ပေါ်ရန်အရေးကို ကြောင့်ကြစိုက်မြဲ ကမ္ဘာအရိုးအစဉ်ကြီး ရှိနေကြ ကုန်၏” ဟုဆိုရာ၌ အကြောင်းမူကား-</p>
<p>နတ်ပြည်, ဗြဟ္မာပြည်မည်သည် သဗ္ဗညုဗုဒ္ဓမြတ်စွာတို့ ဖြစ်ရာ ဌာနလည်းမဟုတ်၊ သဗ္ဗညုဗုဒ္ဓဖြစ်ရန် ပါရမီပုညသမ္ဘာရတို့၏ ဖြည့်ရာ ဌာနလည်းမဟုတ်၊ ပစ္စေကဗုဒ္ဓါတို့၏ ဖြစ်ရာဌာနလည်းမဟုတ်၊ ပစ္စေက ဗုဒ္ဓါတို့၏ ဖြစ်ရန် ပါရမီပုညသမ္ဗာရတို့၏ ဖြည့်ရာဌာနလည်းမဟုတ်၊ သဗ္ဗညုဗုဒ္ဓမြတ်စွာတို့၏ ကိုယ်စားလှယ်ကိုယ်စား တပည့်သား သံဃာ တော်တို့၏ ဖြစ်ရာဌာနလည်းမဟုတ်၊ ထို နတ်, ဗြဟ္မာတို့၏ နတ်ဘုံ, ဗြဟ္မာဘုံတို့၌ ဖြစ်ရခြင်းသည်လည်း လူ့ပြည်၌ ပြုလုပ်အားထုတ်ခဲ့သော ကုသိုလ်တို့ကြောင့်ဖြစ်ရခြင်းသာများ၏၊ ထို့ကြောင့်နတ်ပြည်, ဗြဟ္မာပြည် တို့၌ သဗ္ဗညုဗုဒ္ဓဖြစ်ခြင်းမရှိ၊ လူ့ဘုံ၌သာ သဗ္ဗညု ဗုဒ္ဓဖြစ်ခြင်းရှိ၏၊ လူ့ဘုံ၌ ဖြစ်ပြီးလျှင် လောကဓာတ်တစ်သောင်းအတွင်းရှိသော နတ်, သိကြား, ဗြဟ္မာအပေါင်းတို့အားလည်း အကျွတ်တရားကိုပေးတော်မူနိုင်၏၊ ထို့ကြောင့် နတ်, သိကြား, ဗြဟ္မာတို့သည် လူ့ဘုံလောက၌ ဗုဒ္ဓမြတ်စွာ ဖြစ်ပေါ်ရန်အရေးကို ကြောင့်ကြစိုက်ကြမြဲ ကမ္ဘာအရ်ိုးအစဉ်ကြီး ရှိနေကြ ကုန်သတည်း။</p>
<p>[ဤကား- <b>သာဝကနိယာမ</b>ကို ပြဆိုချက်တည်း။]</p>
<p><b>တတိယလျှောက်ချက်အဖြေ ပြီး၏</b>၊</p>
<p>-----*------</p>
<h3><b>နောက်ထပ်လျှောက်လွှာ</b></h3>
<p>[<b>၁၂၈၂-ခု၊ ပြာသိုလဆန်း ၇-ရက်နေ့စွဲနှင့် လန်ဒန်ဒေဝီခေါ် C.A.F.Rhys Davids. က နိယာမအကြောင်းနှင့် နောက်ထပ်မေးလိုက်သောမေးခွန်းကို ကျိုက်ထိုမြို့ စံကျောင်းတော်တွင် သီတင်းသုံးနေတော်မူစဉ် ကျေးဇူးရှင်လယ်တီ ဆရာတော်ဘုရားကြီး ဖြေဆိုတော်မူချက်ဖြစ်သည်။</b>]</p>
<p>၁။ ဆရာတော်ဘုရားကြီး ရေးသားဖြေဆိုတော်မူချက် အဦး အစ၌ <b>ဣဿရကုဋ္ဋ, ဗြဟ္မကုဋ္ဋ အယူဝါဒကြီး နှစ်ပါး</b>ကို နှိပ်နင်းပယ်ဖျက် ၍ မိမိပကတိ သဘောအတိုင်း တည်နေသော <b>နိယာမစက်ကြီး</b> သည်သာ ကမ္ဘာလောကကြီး၌ လည်လျက်ရှိနေကြသည်ဟု ဖော်ပြပါရှိရာတွင် ဆရာတော်ဘုရားသည် ဤနိယာမစက်ကြီး မှာ အစ-မရှိ၊ အစ-ကင်းသည် ဟု မှတ်ယူယုံကြည်တော်မူပါ သလော-ဟူသောအမေး၌</p>
<p>အဖြေကား။ ။ ဤနိယာမစက်ကြီးမှာ <b>အစ-မရှိ၊ အစ-ကင်း</b> သည်ဟု ဆရာတော်မှတ်ယူ ယုံကြည်ပေသည်၊ အကြောင်းမူကား ဤ နိယာမစက်ကြီးမှာ ရှေး၌တစ်စုံတစ်ခုမျှ မရှိဘူးသေးမူ၍ တစ်စုံ တစ်ခု မျှသောအခါ၌ အစစွာ ဖြစ်ပေါ်၍လာသည်ဟု ယူခဲ့သည်ရှိသော်</p>
<p>၁။ <b>အဟေတုကဒိဋ္ဌိ</b>မှစ၍ ဒိဋ္ဌိအမျိုးမျိုးသော်လည်း ဖြစ်ပွား၍ သွားလေရာ၏၊</p>
<p>၂။ <b>ဣဿရနိမ္မာနဒိဋ္ဌိ</b>မှစ၍ ဒိဋ္ဌိအမျိုးမျိုးသော်လည်း ဖြစ်ပွား၍ သွားလေရာ၏၊</p>
<p>၃။ အဘိဓမ္မာ <b>ပဋိစ္စသမုပ္ပါဒ်ဒေသနာ ပဋ္ဌာန်းဒေသနာတော်များ</b> နှင့်လည်း ဆန့်ကျင်နေရာ၏၊</p>
<p>၄။ ဤနိယာမစက်ကြီးမှာ အစ - မရှိ၊ အစ - ကင်းသည်ဟု ယူခဲ့သော် ထိုဒိဋ္ဌိအမျိုးမျိုးတို့မှလည်း လွတ်ကင်း၏၊ အဘိဓမ္မာပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ပဋိဌာန်းဒေသနာ တော်ကြီး များနှင့်လည်း ညီညွတ်၏၊</p>
<p>ဤစကား၌</p>
<p>၁။ <b>အဟေတုကဒိဋ္ဌိ</b>မှစ၍ ဒိဋ္ဌိအမျိုးမျိုးဖြစ်ပွါး၍ သွား ပုံကား</p>
<p>၁။ သံသရာလည်းအစ-ရှိ၏၊ ကမ္ဘာလည်းအစ-ရှိ၏၊ သတ္တဝါ လည်းအစ=-ရှိ၏၊ နိယာစက်ကြီးလည်း အစရှိ၏ ဟု ယူခဲ့လျှင် ထိုအစ-သည် အဘယ်သို့ ဖြစ်ပေါ်လာ သနည်း-ဟု မေးခွန်း ဆိုက်လေရာ အချို့သော သူတို့က အကြောင်းမရှိ၊ သူ့ပကတိသဘာဝအလျှောက် ဖြစ်ပေါ် လာသည်ဟု ယူကြကုန်၏၊ <b>အဟေတုကဒိဋ္ဌိ</b> ပေတည်း။</p>
<p>၂။ ဤ<b>အဟေတုကဒိဋ္ဌိ</b>အယူရှိသောသူများသည် ယခုအခါ သတ္တဝါတို့ ဘဝအသစ်အသစ် ဖြစ်ပေါ်ကြရာ၌လည်း ရှေးဘဝကပြုခဲ့ကြသော ကံတည်းဟူသော အကြောင်းမရှိ၊ သူ့ပကတိသဘာဝအလျောက် ဖြစ်ကြကုန်၏၊ သေကြ ပြန်လျှင်လည်း ဘဝတစ်ပါးသို့ ပြောင်းသွားသည်မရှိ၊ သေရာတွင် ဆုံးကြ တုံးကြကုန်၏-ဟု ယူကြကုန်၏၊ <b>ဥစ္ဆေဒ ဒိဋ္ဌိ</b>တည်း။</p>
<p>၃။ ဤ<b>ဥစ္ဆေဒဒိဋ္ဌိ</b>အယူရှိသောသူတို့မှာ နောက်ဘဝဟူ၍ မရှိ သောကြောင့် နောက်ဘဝ၌ ကောင်းကျိုးကို ပေးတတ် သော ကုသိုလ်ကံဟူ၍လည်းမရှိ၊ မကောင်းကျိုးကို ပေး တတ်သော အကုသိုလ်ကံ ဟူ၍လည်း မရှိ-ဟု ယူကြ ကုန်၏၊ <b>နတ္ထိက-ဒိဋ္ဌိ, အကြိယဒိဋ္ဌိ</b>များပေတည်း။</p>
<p>[ဤကား-သံသရာမကောင်းကျိုးကိုပေးတတ်သော အကုသိုလ်ကံ ဟူ၍လည်းမရှိ အစရှိသည်၊ ကမ္ဘာအစရှိသည်၊ သတ္တဝါအစရှိသည်၊ နိယာမစက်ကြီး အစရှိသည်-ဟု ယူကြရာ၌ <b>အဟေတုဒိဋ္ဌိ</b>မှ စ၍ ဒိဋ္ဌိ အမျိုးမျိုး ဖြစ်ပွါး၍ သွားပုံတည်း။]<br></p>
<p>၂။ <b>ဣဿရနိမ္မာနဒိဋ္ဌိ</b>မှစ၍ ဒိဋ္ဌိအမျိုးမျိုးဖြစ်ပွား၍ သွားပုံကား</p>
<p>၁။ ထိုအစသည် အဘယ်သို့ ဖြစ်ပေါ်လာပါသနည်း-ဟု မေးခွင့် ဆိုက်လေရာ အချို့သောသူတို့က အကြောင်းမရှိလျှင် ဖြစ် ပေါ်နိုင်ရန် အခွင့်မရှိ၊ သံသရာ, ကမ္ဘာ, သတ္တဝါ, နိယာမ စက်ကြီးတို့ကို တန်ခိုးဖြင့် ဖန်ဆင်းသောသူ ဧကန်ရှိပြီဟု ယူကြကုန်၏၊ <b>ဣဿရနိမ္မာနဒိဋ္ဌိ</b>တည်း။</p>
<p>၂။ ဤဒိဋ္ဌိအယူရှိသောသူတို့မှာ ကမ္ဘာကို၎င်း, သတ္တဝါကို၎င်း ဖန်ဆင်းနိုင်သော ထိုသူသည် အဘယ်မျှလောက် တန်ခိုး ကြီးလေသနည်းဟု ဆင်ခြင်ခဲ့သော် တန်ခိုးတော်အနန္တ ကြီးကျယ်လှ၏၊ ထိုအနန္တတန်ခိုးတော်ဖြင့် ကမ္ဘာ, သတ္တဝါ တို့အပေါ်၌ သူအလိုရှိတိုင်း ပြုပြင်နိုင်၏၊ သူ့ကို ယုံကြည်စွာ ရှိခိုးကိုးကွယ်ကြသည်ရှိသော် ထိုသူတို့၌ ရှိနေသမျှသော ဒုစရိုက်အပြစ်တို့ကို တန်ခိုးတော်ဖြင့် ပယ်ဖျောက်၍ သေကြသည်မှနောက်၌ အထက်ကောင်းကင်ဘုံသို့ပင် တင်ပို့နိုင်၏-ဟု ယူကြကုန်၏၊ သူ့ကိုမယုံကြည်မူ၍ ရှိခိုးခြင်း, ကိုးကွယ်ခြင်း မပြုကြသောသူတို့မှာ ကယ်တင်သူ မရှိသည့်အတွက် သေသည်မှနောက်၌ သူ့ကိုမယုံကြည် ခြင်း, ရှိမခိုးခြင်း, မကိုးကွယ်ခြင်းဟူသော ဒုစရိုက်ကြောင့် အပါယ်လေးပါးသို့ ကျရောက်ကြလေကုန်၏-ဟု ယူကြကုန် ၏၊ ဤအယူ၌လည်း ထိုကမ္ဘာ, သတ္တဝါတို့ကို ဖန်ဆင်းသော သူ၏ တန်ခိုးတော်မှတစ်ပါး သတ္တဝါကိုကယ်ဆယ်နိုင်သော ကုသိုလ်ကံဟူ၍မရှိ-ဟု ဒါန, သီလ, ဘာဝနာစသော ကုသိုလ်ကံကို တားမြစ်လျက်ရှိ၏၊ <b>နတ္ထိကဒိဋ္ဌိ, အကြိယဒိဋ္ဌိ</b> မျိုးပင်တည်း။</p>
<p>၃။ ထိုကမ္ဘာ, သတ္တဝါကို ဖန်ဆင်းသောသူသည်မူကား အထက် ကောင်းကင်ဘုံကြီး၌ <b>နိစ္စထာဝရ</b>တည်ရှိ၏-ဟု ယူကြကုန် ၏၊ <b>ဧကစ္စသဿတဒိဋ္ဌိ</b>ကြီးပေတည်း။</p>
<p>[ဤကား-သံသရာအစရှိသည်၊ ကမ္ဘာအစရှိသည်၊ သတ္တဝါအစရှိသည်၊ နိယာမစက်ကြီး အစရှိသည်ဟု ယူကြရာ၌ <b>ဣဿရနိမ္မာနဒိဋ္ဌိ</b>မှစ၍ ဒိဋ္ဌိ အမျိုးမျိုးဖြစ်ပွား၍ သွားပုံတည်း]<br></p>
<p>၃။ အဘိဓမ္မာ<b>ပဋိစ္စသမုပ္ပါဒ်ဒေသနာ, ပဋ္ဌာန်းဒေသနာတော်ကြီးများ</b>နှင့် ဆန့်ကျင်ပုံကား</p>
<p>ထိုအယူ၌ ကမ္ဘာ, သတ္တဝါ, နိယာမစက်ကြီးတို့ကို ဖန်ဆင်းသောသူသည် အထက်ကောင်းကင်ဘုံကြီး၌ <b>နိစ္စ ထာဝရ</b>တည်ရှိ၏၊ သူ့ကိုယုံကြည်စွာ ကိုးကွယ်ကြသော လူ အပေါင်း, နတ်အပေါင်းတို့သည် သေသည်မှနောက်၌ ထိုကောင်းကင်ဘုံကြီးသို့ ရောက်ကြကုန်၍ အိုခြင်း, နာခြင်း, သေခြင်းကင်းသော <b>နိစ္စထာဝရချမ်းသာကြီး</b>ကို ရကြကုန်၏ ဟုယူ၏၊ ကောင်းကင်ဘုံကြီး ဆိုသည်ကား-ဗြဟ္မာ့ဘုံကြီးကို ဆို၏၊</p>
<p>ဗုဒ္ဓဘာသာ အဘိဓမ္မာ၌မှာမူကား-ဝိဘင်းပါဠိတော် တွင် နောက်ဆုံးဖြစ်သော <b>ဓမ္မဟဒယဝိဘင်း</b>မျက်နှာ နံပါတ်<b>၃၆၂</b>-၌ ထိုဗြဟ္မာဘုံကြီးသည် နှစ်ဆယ်အရေအတွက်ရှိကြောင်း ဟောတော်မူ၏၊ ထိုဘုံတို့သို့ ရောက်စေတတ်သော <b>အပ္ပနာ စျာန်</b>တည်းဟူသော <b>မဟဂ္ဂုတ်ကံ</b>တို့ကိုလည်း အသီးအသီး ဟောတော်မူ၏၊ ထိုဘုံတို့သို့ ရောက်ကြကုန်သော ဗြဟ္မာတို့၏ အသက်တမ်းတို့ကိုလည်း ဟောတော်မူ၏၊ ထိုဗြဟ္မာတို့သည် လည်း <b>နိစ္စထာဝရ</b> မဟုတ်ကြကြောင်း၊ မိမိတို့ အသက်တမ်း ကုန်လျှင် သေဆုံး၍ အောက်<b>မဟာအဝီစိငရဲ</b>တိုင်အောင် ကျရောက်လာကြရကြောင်း ဟောတော်မူ၏၊ ထိုနှစ်ဆယ်သော ကောင်းကင်ဘုံကြီးတို့တွင် <b>နိစ္စထာဝရချမ်းသာကြီး</b>ကို ရနိုင် သောဘုံဟူ၍ တစ်ဘုံ မျှမရှိချေ၊ ထိုနှစ်ဆယ်သော ကောင်းကင် ဘုံကြီးတို့မှ အလွတ်၌ <b>နိစ္စ ထာဝရချမ်းသာကြီး</b>ကို ရနိုင်သော ကောင်းကင်ဘုံကြီး အသီးအခြား ရှိသေးသည်ဟူ၍လည်း ဟောတော်မမူချေ။</p>
<p>ဤသို့လျှင် ထိုအယူသည်အဘိဓမ္မာနှင့် ဆန့်ကျင်၏၊</p>
<p>အဘိဓမ္မာ၌ <b>ပဋိစ္စသမုပ္ပါဒ်ဒေသနာ ပဋ္ဌာန်းဒေသနာကြီးများ</b>ကို ဟောတော်မူခြင်းသည် ပြဆိုခဲ့ပြီးသော <b>အဟေတုကဒိဋ္ဌိ, ဣဿရ နိမ္မာနဒိဋ္ဌိ</b>ကြီးတို့ကို ပယ်ရှားခြင်းငှါ ဟောတော်မူပေ၏၊ ထိုဒိဋ္ဌိကြီးနှစ်ပါးတို့ကို ပယ်ရှားသဖြင့်လည်း သံသရာ သည် အစ-ရှိ၏၊ ကမ္ဘာသည် အစ-ရှိ၏၊ သတ္တဝါသည် အစရှိ၏၊ နိယာမစက်ကြီးသည်အစ-ရှိ၏ဟု ယူသော အယူကိုလည်း ပယ်ရှားခြင်း ကိစ္စပြီးလေ၏၊ သံသရာသည် အစမရှိ၊ ကမ္ဘာ သည်အစမရှိ၊ သတ္တဝါသည် အစမရှိ၊ နိယာမစက်ကြီးသည် အစမရှိဟူသော ဆုံးဖြတ်ချက်ကြီးသည် ထင်လျားစွာ ပေါ် လေ၏၊ ဤသို့လျှင် ထိုအယူသည် <b>ပဋိစ္စသမုပ္ပါဒ်ဒေသနာ ပဋိဌာန်း ဒေသနာတော်များ</b>နှင့် ဆန့်ကျင်၏၊</p>
<p>၄။ ဤနိယာမစက်ကြီးမှာ အစမရှိ၊ အစ-ကင်းသည်ဟု ယူခဲ့ သော် ထိုဒိဋ္ဌိအမျိုးမျိုးမှလည်း လွတ်ကင်း၏၊ အဘိဓမ္မာ <b>ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်, ပဋိဌာန်းဒေသနာတော်ကြီးများ</b>နှင့်လည်း ညီညွတ်၏ဟူသော စကားမှာ အဓိပ္ပါယ်အကျယ်ပြဆိုဖွယ်မရှိ၊ သိသာထင်ရှား လှလေပြီ၊ လောက၌မှာမူကား- အစရှိသည်ဟူသောအယူ ဖန်ဆင်းသူရှိသည် ဟူသောအယူကို ခိုင်မြဲစေခြင်းငှါ အကြောင်း တု, အကြောင်းယောင်, အကြောင်းသေး, အကြောင်း နုတ်တို့ကို ရှာကြံ၍ ပြောဟော ကြကုန်သေး၏၊ ဉာဏ်ပညာမရှိသော <b>ဗာလသတ္တဝါ</b>တို့ကို မျက်စိလှည့်စား, နားလှည့်စား ထင်ယောင် ထင်မှားရှိကြလေအောင် သွေးဆောင်ဖြားယောင်းကြသော အကြောင်းတု အကြောင်းယောင် အကြောင်းသေး အကြောင်း နုတ်မျှသာတည်း။</p>
<p>ဤအရာ၌ စောဒနာရန်ရှိ၏၊ ရှိပုံကား</p>
<p>အကယ်၍ သံသရာသည်အစမရှိ၊ ကမ္ဘာသည်အစမရှိ၊ သတ္တဝါသည်အစမရှိ၊ နိယာမစက်ကြီးသည် အစမရှိသည် ဖြစ်ခဲ့ငြားအံ့၊ ပါဠိတော်တို့၌ <b>“ပုဗ္ဗကောဋိ နတ္ထိ”</b> ဟူ၍ ဟောတော် မူ သင့်ပါသည်၊ ထိုသို့ကား-ဟောတော်မမူ၊ <b>“ပုဗ္ဗကောဋိ နပညာယတိ”</b> ဟူ၍သာ ဟောတော်မူချေသည်၊ ဤသို့ ဟောတော်မူသောကြောင့် သံသရာ, ကမ္ဘာ, သတ္တဝါ နိယာမ စက်ကြီးတို့မှာ အစမူကား ရှိပါ၏၊ ရှိကြောင်းကိုလည်း <b>သဗ္ဗညုတ ဉာဏ်ရှင်တို့</b> သိကြပါကုန်၏၊ သို့သော်လည်း ထိုအစသည် အလွန်အဝေးကြီး ဝေးလှသည်ဖြစ်၍ သတ္တဝါတို့ဉာဏ်တွင် ထင်နိုင်မြင်နိုင်ကောင်းသောအရာ မဟုတ်သည့်အတွက် ကြောင့် “<b>ပုဗ္ဗကောဋိ နပညာယတိ</b>” ဟူ၍ ဟောတော်မူသည် မဟုတ် ပါလောဟု မေးရန်ရှိ၏၊</p>
<p>အဖြေကား-ဤ<b>''ပုဗ္ဗကောဋိ နပညာယတိ''ဟူသော စကား</b> သည် '<b>ပုဗ္ဗကောဋိ နတ္ထိ</b>'ဆိုသည်နှင့် အဓိပ္ပါယ်အရ တူကြသည်ပင်ဖြစ်၏၊ သဒ္ဒါအနက်မျှသာ ကွဲကြ၏၊ အဓိပ္ပါယ်အရ တူကြကြောင်းကိုလည်း <b>ဒီဃနိကာယ် သုတ်မဟာဝါ မဟာနိဒါနသုတ် ပါဠိတော်ကြီး</b>ကိုထောက်၍ သိအပ်၏၊</p>
<p><b>အတ္ထိ ဣဒပ္ပစ္စယာ ဇရာမရဏန္တိ ဣတိ ပုဋ္ဌေန သတာ အာနန္ဒ အတ္ထီတိဿ ဝစနီယံ၊ ကိံ ပစ္စယာ ဇရာ မရဏန္တိ ဣတိ စေ ဝဒေယျ၊ ဇာတိပစ္စယာ ဇရာမရဏန္တိ ဣစ္စဿ ဝစနီယံ။ (ပ)။ ဇာတိပစ္စယာ ဇရာမရဏန္တိ ဣတိ ခေါပနေတံ ဝုတ္တံ၊ တဒါနန္ဒ ဣမိနာပေတံ ပရိယာယေန ဝေဒိတဗ္ဗံ၊ ယထာ ဇာတိပစ္စယာ ဇရာမရဏံ၊ ဇာတိစ ဟိ အာနန္ဒ နာဘဝိဿ။ (ပ)။ သဗ္ဗသော ဇာတိယာ အသတိ ဇာတိနိရောဓာ အပိ နုခေါ ဇရာမရဏံ ပညာယေထာတိ၊ နောဟေတံ ဘန္တေ။</b></p>
<p>[၎င်းသုတ်ပါဠိတော် စာမျက်နှာနံပါတ်-<b>၄၂, ၄၃</b>။]</p>
<p>အနက်ကား။။ အာနန္ဒ= <b>အာနန္ဒာ</b>၊ ဣဒပ္ပစ္စယာ= ဤမည် သော အကြောင်းကြောင့်၊ ဇရာမရဏံ=<b>ဇရာမရဏ</b>မည်သည်၊ အတ္ထိ= ရှိပါသလော၊ ဣတိ=ဤသို့၊ ပုဋ္ဌေန=မေးအပ်သည်၊ သတာ=ရှိသည် ရှိသော်၊ အတ္ထိ=ရှိပါ၏၊ ဣတိ=ဤသို့၊ အဿ=ထိုမေးသောသူအား၊ ဝစနီယံ=ဖြေဆိုအပ်၏၊ ကိံ ပစ္စယာ=အဘယ်မည်သော အကြောင်း တရားကြောင့်၊ ဇရာမရဏံ= ဇရာမရဏမည်သည်၊ အတ္ထိ=ရှိပါသနည်း၊ ဣတိ= ဤသို့၊ စေ ဝဒေယျ=အကယ်၍ဆိုငြားအံ့၊ ဇာတိပစ္စယာ=<b>ဇာတိ</b> ဟူသော အကြောင်းကြောင့်၊ ဇရာမရဏံ=<b>ဇရာ-မရဏ</b>သည်၊ အတ္ထိ= ရှိ၏၊ ဣတိ=ဤသို့၊ အဿ=ထိုမေးသောသူအား၊ ဝစနီယံ= ဖြေဆိုအပ်၏၊ (ပ)။ ဇာတိပစ္စယာ=<b>ဇာတိ</b>ဟူသောအကြောင်းကြောင့်၊ ဇရာမရဏံ= <b>ဇရာမရဏ</b>သည်၊ အတ္ထိ=ရှိ၏၊ ဣတိခေါ= ဤသို့လျှင်၊ ဧတံ=ဤစကားကို၊ ဝုတ္တံ=ဆိုအပ်ပြီ၊ အာနန္ဒ=<b>အာနန္ဒာ</b>၊ တံ ဧတံ=ထိုစကားကို၊ ဣမိနာပိ ပရိယာယေန=ဤသို့သော အကြောင်းဖြင့်လည်း၊ ဝေဒိတဗ္ဗံ=သိအပ်၏၊ ယထာ=အကြင် အခြင်းအရာအားဖြင့်၊ ဇာတိပစ္စယာ=<b>ဇာတိ</b>ဟူသော အကြောင်းကြောင့်၊ ဇရာမရဏံ=<b>ဇရာမရဏ</b>သည်၊ အတ္ထိ=ရှိ၏၊ တထာ= ထိုအခြင်းအရာအားဖြင့်၊ ဝေဒိတဗ္ဗံ=သိအပ်၏၊ အာနန္ဒ=<b>အာနန္ဒာ</b>၊ ဇာတိစ=<b>ဇာတိ</b>သည်၊ နာဘဝိဿ=မရှိငြားအံ့။ (ပ)။</p>
<p>သဗ္ဗသော=အခြင်းခပ်သိမ်း၊ ဇာတိယာ= <b>ဇာတိ</b>သည်၊ အသတိ= မရှိခဲ့သော်၊ ဇာတိနိရောဓာ=<b>ဇာတိချုပ်ငြိမ်း</b>ခဲ့သော်၊ ဇရာမရဏံ= <b>ဇရာမရဏ</b>သည်၊ ပညာယေထ အပိနုခေါ=ထင်ရှားသေး၏လော။ ဘန္တေ= အရှင်ဘုရား၊ ဧတံ=ဤ<b>ဇရာမရဏ</b>သည်၊ နော ပညာယေထ=မထင် ရှားပါ။</p>
<p>ဤပါဠိတော်၌ ရှေ့စကားမှာ <b>အတ္ထိ</b>-ဟုဆိုခဲ့ပြီး၍ နောက်စကား မှာ <b>အတ္ထိ</b>-နေရာ၌''<b>ပညာယေထ</b>''ဟု <b>ပညာယနကြိယာ</b>နှင့်လာ၏၊ <b>ပညာယေထ</b>-ဟု <b>ပညာယနကြိယာ</b>နှင့်လာသောကြောင့် <b>ပညာယေထ, နောပညာယေထ</b>-ဟူသော ၂-ပုဒ်သည် <b>အတ္ထိ, နတ္ထိပုဒ်</b>တို့၏ <b>ပရိယာယ်</b> မျိုးဖြစ်သည်ကို သိအပ်၏၊ <b>ဇာတိ</b>ရှိခဲ့လျှင် <b>ဇရာမရဏ</b>ဧကန်ရှိ၏၊ <b>ဇာတိ</b>မရှိခဲ့လျှင် <b>ဇရာမရဏ</b>ဧကန်မရှိ-ဟု ဆိုလိုရင်းဖြစ်၏၊</p>
<p>[ဤကား-<b>ပုဗ္ဗကောဋိ နပညာယတိ</b>ဆိုရာ၌၊ <b>ပုဗ္ဗကောဋိနတ္ထိ</b>ဆိုသည်နှင့်အတူတူယူကုန်သည်]<br></p>
<p><b>နေတ္တိပါဠိတော်</b>တို့၌ ဖြေပုံကား--</p>
<p><b>ပုဗ္ဗာ ဘိက္ခဝေ ကောဋိ န ပညာယတိ အဝိဇ္ဇာ နီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သကိံ နိရယံ တိရစ္ဆာနယောနိံ သကိံ ပေတ္တိဝိသယံ သကိံ အသုရယောနိံ သကိံ ဒေဝေ သကိံ မနုေဿ သန္ဓာဝတံ သံသရတံ၊ ကတမာ ပုဗ္ဗကောဋီတိ အဝိဿဇ္ဇနီယံ၊ န ပညာယတီတိ သာဝကာနံ ဉာဏဝေကလ္လေန၊ ဒုဝိဓာ ဗုဒ္ဓါနံ ဘဂဝန္တာနံ ဒေသနာ အတ္တူပနာယိကာစ ပရူပနာယိကာစ၊ န ပညာယတီတိ ပရူပနာယိကာ၊ နတ္ထိ ဗုဒ္ဓါနံ ဘဂဝန္တာနံ အပ္ပဇာနနာတိ အတ္တူပနာယိကာ။</b></p>
<p>[<b>နေတ္တိပါဠိတော်</b> စာမျက်နှာနံပါတ်-<b>၁၄၄</b>။]</p>
<p>၎င်းအဋ္ဌကထာ၌--</p>
<p><b>နပညာယတီတိ အညဿ ဉာဏဝိသယော န ဟောတီ နပညာယတီတိ အညဿ ဉာဏဝိသယော န ဟောတီ</b></p>
<p><b>ကလ္လေနာတိ အာဒိ ဝုတ္တံ၊ တတ္ထ အတ္တူပနာယိကာတိ အတ္တာ ဥပနေတဗ္ဗော ဧတိဿာတိ အတ္တူပနာယိကာ၊ နတ္ထိ ဗုဒ္ဓါနံ ဘဂဝန္တာနံ အပ္ပဇာနနာတိ ဧတေန ပုရိမာယ ကောဋိယာ အဘာဝတောဧဝ နပညာယတိ၊ န တတ္ထ ဉာဏဿ ပဋိဃာတာ-တိ ဒေဿတိ။</b></p>
<p>ဟူ၍ဖွင့်၏၊</p>
<p>[၎င်းအဋ္ဌကထာ စာမျက်နှာနံပါတ်-<b>၂၄၇</b>။]</p>
<p>ပါဠိတော်အနက်ကား။။ <b>ဘိက္ခဝေ</b>=ရဟန်းတို့၊ <b>အဝိဇ္ဇာ နီဝရဏာနံ</b>= အဝိဇ္ဇာနီဝရဏ ရှိနေကြကုန်သည်ဖြစ်၍၊ <b>တဏှာ သံယော ဇနာနံ</b>=တဏှာသံယောဇဉ် ရှိနေကြကုန်သည်ဖြစ်၍၊ <b>သကိံ</b>=တစ်ကြိမ်၊ <b>နိရယံ</b>=ငရဲဘုံသို့၊ <b>သကိံ</b>=တစ်ကြိမ်၊ <b>တိရစ္ဆာနယောနိံ</b>=တိရစ္ဆာန်မျိုးသို့၊ <b>သကိံ</b>=တစ်ကြိမ်၊ <b>ပေတ္တိဝိသယံ</b>=ပြိတ္တာဘုံသို့၊ <b>သကိံ</b>=တစ်ကြိမ်၊ <b>အသုရ ယောနိံ</b>= အသုရကာယ်မျိုးသို့၊ <b>သကိံ</b>= တစ်ကြိမ်၊ <b>ဒေဝေ</b>=နတ်ဘဝတို့သို့၊ <b>သကိံ</b>=တစ်ကြိမ်၊ <b>မနုေဿ</b>=လူ့ဘဝတို့သို့၊ <b>သန္ဓာဝတံ-သန္ဓာဝန္တာနံ</b>= အဖန်ဖန်ပြေးသွား၍နေကြကုန်သော၊ <b>သံသရတံ-သံသရန္တာနံ</b>= အဖန်ဖန်ကျင်လည်၍နေကြကုန်သော၊ <b>သတ္တာနံ</b>=သတ္တဝါတို့အား၊ <b>ပုဗ္ဗကောဋိ</b>=ရှေ့အစွန်းသည်၊ <b>န ပညာယတိ</b>=မထင်။</p>
<p><b>ပုဗ္ဗကောဋိ</b>= ရှေ့အစွန်းသည်၊ <b>ကတမာ</b>=အဘယ်နည်း၊ <b>ဣတိ</b>= ဤသို့ မေးသည်ရှိသော်၊ <b>အဝိဿဇ္ဇနီယံ</b>= မဖြေဆိုအပ်၊ <b>န ပညာယတီတိ</b>= <b>န ပညာယတိ</b>-ဟူသည်ကား၊ <b>သာဝကာနံ</b>=သာဝကတို့အား၊ <b>ဉာဏဝေကလ္လေန</b>=ဉာဏ်၏ချို့တဲ့ခြင်းကြောင့်၊ <b>န ပညာယတိ</b>=မထင်နိုင်၊ <b>ဘဂဝန္တာနံ</b>=ဘုန်းတော်ကြီးကုန်သော၊ <b>ဗုဒ္ဓါနံ</b>=မြတ်စွာဘုရားတို့၏၊ <b>ဒေသနာ</b>= ဒေသနာသည်၊ <b>အတ္တူပနာယိကာစ</b>= မိမိလျှင် ရည်ညွန်းရာ ရှိသောဒေသနာ၎င်း၊ <b>ပရူပနာယိကာစ</b>=သူတစ်ပါးလျှင် ရည်ညွန်းရာ ရှိသောဒေသနာ၎င်း၊ <b>ဣတိ</b>=ဤသို့၊ <b>ဒုဝိဓာ</b>=နှစ်ပါးအပြားရှိ၏၊ <b>န ပညာယတီတိ</b>= <b>န ပညာယတိ</b>-ဟူသော ဒေသနာသည်၊ <b>ပရူပနာယိကာ</b>= သူတစ်ပါးလျှင် ရည်ညွန်းရာရှိသောဒေသနာတည်း၊ <b>အပ္ပဇာနနာတိ နတ္ထိ ဗုဒ္ဓါနံ ဘဂဝန္တာနံ</b>=<b>အပ္ပဇာနနာတိ နတ္ထိ ဗုဒ္ဓါနံ ဘဂဝန္တာနံ</b>-ဟူသော ဒေသနာသည်၊ <b>အတ္တူပနာယိကာ</b>=မိမိလျှင် ရည်ညွန်းရာရှိသော ဒေသနာတည်း။</p>
<p>အဋ္ဌကထာအနက်ကား။။ <b>န ပညာယတီတိ</b>= <b>န ပညာယတိ</b>ဟူသည်ကား၊ <b>အညဿ</b>=သူတစ်ပါး၏၊ <b>ဉာဏဝိသယော</b>= ဉာဏ်၏ အရာသည်၊ <b>န ဟောတိ</b>= မဖြစ်၊ <b>ဣတိပနအတ္ထံ</b>= ဤသို့သောအနက်ကို၊ <b>သန္ဓာယ</b>= ရည်၍၊ <b>န ပညာယတီတိ သာဝကာနံ ဉာဏဝေကလ္လေနာတိ အာဒိ</b>= <b>န ပညာယတီတိ သာဝကာနံ ဉာဏဝေကလ္လေန</b>-အစရှိသော စကားကို၊ <b>ဝုတ္တံ</b>= ဆိုအပ်၏၊ <b>တတ္ထ</b>=ထိုစကား၌၊ <b>အတ္တူပနာယိကာတိ</b>= <b>အတ္တူပနာယိကာ</b>-ဟူသည်ကား၊ <b>ဧတိဿာ</b>=ထိုဒေသနာအား၊ <b>ဥပနေတဗ္ဗော</b>= ရည်ညွန်းအပ်သော၊ <b>အတ္တာ</b>=မြတ်စွာဘုရားတည်းဟူသောမိမိသည်၊ <b>အတ္ထိ</b>= ရှိ၏၊ <b>ဣတိတသ္မာ</b>= ထို့ကြောင့်၊ <b>အတ္တူပနာယိကာ</b>=<b>အတ္တူပနာယိကာ</b>မည်၏၊ <b>နတ္ထိ ဗုဒ္ဓါနံ ဘဂဝန္တာနံ အပ္ပဇာနနာတိ ဧတေန</b>=<b>နတ္ထိ ဗုဒ္ဓါနံ ဘဂဝန္တာနံ အပ္ပဇာနနာ</b>ဟူသော ဤပါဌ်ဖြင့်၊ <b>ပုရိမာယကောဋိယာ</b>=သတ္တဝါတို့၏ ရှေ့အစွန်း၏၊ <b>အဘာဝတောဧဝ</b>= မရှိခြင်းကြောင့်သာလျှင်၊ <b>န ပညာယတိ</b>=မထင်လေသတည်း၊ <b>တတ္ထ</b>= ထိုသတ္တဝါတို့၏ အစ၌၊ <b>ဉာဏဿ</b>=<b>သဗ္ဗညုတဉာဏ်တော်</b>၏၊ <b>ပဋိဃာတာ</b>= မမြင်နိုင်ရန် အခုအခံရှိသောကြောင့်၊ <b>န ပညာယတိ</b>=မထင်နိုင်သည်၊ <b>န</b>=မဟုတ်၊ <b>ဣတိ</b>=ဤသို့၊ <b>ဒေဿတိ</b>=ပြတော်မူ၏၊</p>
<p>ပါဠိအဋ္ဌကထာတို့၌ <b>န ပညာယတိ</b>-ဟူသော ဒေသနာကို <b>ပဥှာပနာယိကဒေသနာ</b>-ဟုဆိုရာ၌ အဓိပ္ပါယ်ကား--</p>
<p>မြတ်စွာဘုရား၏ဉာဏ်တော်အလိုအားဖြင့် <b>ပုဗ္ဗကောဋိ နတ္ထိ</b>ဟူ၍ ဟောတော်မူရမည်ပင်ဖြစ်၏၊ ထိုသို့ဟောခဲ့သော် ထိုစကားကို ကြား နာကြကုန်သော <b>ပုထုဇဉ်သတ္တဝါ</b>တို့မှာ တရားသဘောကို မြင်နိုင်ရန် ဉာဏ်မရှိကြ၊ ဉာဏ်မရှိသည့်အတွက်ကြောင့် ယုံကြည်နိုင်ရန် သဒ္ဓါ တရားလည်း ဖြစ်ခွင့်မရှိ၊ <b>နတ္ထိ</b>-ဟူ၍ ဟောတော်မူသော မြတ်စွာဘုရား၏ ဉာဏ်တော်ကိုပင် မယုံကြည်နိုင်ခြင်း ဖြစ်ရ၏၊ မြတ်စွာဘုရား၏ ဉာဏ်တော်ကို မယုံကြည်ခြင်းသည် ထိုပုထုဇဉ် သတ္တဝါတို့၌ အလွန် အပြစ်ကြီး၏၊ ထိုအပြစ်ကို မဖြစ်ကြစေခြင်းငှါ <b>ပုဗ္ဗကောဋိ နတ္ထိ</b>-ဟု မဟောမူ၍ <b>ပုဗ္ဗကောဋိ န ပညာယတိ</b>-ဟု <b>ပဥှာပနာယိက ဒေသနာ</b>ကို ဟောတော်မူ၏-ဟူလိုသည်။</p>
<p>သတ္တဝါ၏ အစ-ရှိ, မရှိ-ဟူသော အရာသည် လွန်ခဲ့ပြီးသော အရာဖြစ်၍ အရေကြီးတစ်ခု ကြောင့်ကြပြုဖွယ် ကိစ္စမရှိ၊ နောင်လာလတံ့ သော နောက်အစွန်း၌သာ တွေ့ကြုံလတံ့သောအရာဖြစ်၍ အရေးကြီး တစ်ခု ကြောင့်ကြပြုဖွယ်ကိစ္စ ရှိလေသတည်း၊ ကြောင့်ကြပြု ဖွယ်ကိစ္စဆို သည်ကား-ယခုအခါ၌ <b>အပါယ်လေးပါး</b>မှ ကျွတ်လွတ်နိုင်ကြရန် <b>ဒါနမှု, သီလမှု, သမထဘာဝနာ-ဝိပဿနာဘာဝနာမှုများ</b>ကို ဆိုပေသတည်း။</p>
---
<h3><b>ဒိဋ္ဌိ ၆၂-ပါး</b></h3>
<p><b>ဒီဃနိကာယ်သီလက္ခန်ပါဠိတော် ဗြဟ္မဇာလသုတ်ကြီး</b>၌ <b>ပုဗ္ဗန္တကပ္ပိကဒိဋ္ဌိ ၁၈-ပါး, အပရန္တကပ္ပိကဒိဋ္ဌိ ၄၄-ပါး</b>ဟူ၍ ဒိဋ္ဌိပေါင်း <b>၆၂</b>- ပါးလာ၏၊ ထို <b>၆၂</b>-ပါးတို့တွင်</p>
<p>၁။ <b>ပုဗ္ဗန္တကပ္ပိကဒိဋ္ဌိ</b>ဆိုသည်ကား-သတ္တဝါတို့၏ ရှေ့အစ ရှေ့အစွန်းကို ရှာကြံကြရာတွင် ထွေထွေလာလာ ဖြစ်ပွားကြ သော ဒိဋ္ဌိမျိုးပေတည်း။</p>
<p>၂။ <b>အပရန္တကပ္ပိကဒိဋ္ဌိ</b>ဆိုသည်ကား-သေသည်မှနောက်၌ သတ္တဝါ တို့၏ နောက်အစွန်းကို ရှာကြံကြရာတွင် ထွေထွေလာလာ ဖြစ်ပွါးကြသော ဒိဋ္ဌိမျိုးပေတည်း။</p>
---
<h3><b>ဣဿရနိမ္မာနဒိဋ္ဌိဖြစ်ပုံ ပထမဌာန</b></h3>
<p>ထိုနှစ်ပါးတို့တွင် <b>ပုဗ္ဗန္တကပ္ပိကဒိဋ္ဌိ</b>မျိုး၌ <b>ဣဿရနိမ္မာနဒိဋ္ဌိ</b>ဖြစ်ပုံကို ပြဆိုရာ၏၊</p>
<p>ရှေးကမ္ဘာပျက်ပြီး၍ ယခုကမ္ဘာသစ် တည်ထောင်၍ လာသော အခါ <b>ပထမစျာန်ဘုံ</b>သည် ရှေးဦးစွာဖြစ်ပေါ်လာ၏၊ တစ်ဦးသော ဗြဟ္မာကြီးသည် အထက်<b>အာဘဿရာဘုံ</b>မှ စုတေ၍ <b>ပထမစျာန်ဘုံ</b>၌ ရှေးဦးစွာဖြစ်လာ၏၊ ထိုဗြဟ္မာကြီးသည် ဤသို့တောင့်တခြင်းဖြစ်၏၊ တစ်ပါးသောဗြဟ္မာတို့သည်လည်း ဤဘုံ၌ဖြစ်လာသော် ကောင်းလေ၏ဟု တောင့်တ၏၊ ထိုအခါ ဗြဟ္မာအများတို့သည်လည်း အထက် <b>အာဘဿရာဘုံ</b>မှ စုတေ၍ထိုဗြဟ္မာကြီး၏အခြံအရံ ဗြဟ္မာတွေများစွာ ဖြစ်လာကြကုန်၏၊ အထက်<b>အာဘဿရာဘုံ</b>မှ စုတေ၍ လာကြသည် ကို ထိုဗြဟ္မာကြီးသည်လည်း မသိ၊ အခြံအရံဗြဟ္မာများစွာတို့သည်လည်း မသိကြကုန်၊ ထိုအခါ၌ <b>ဣဿရနိမ္မာနဒိဋ္ဌိ</b>အယူသည် ဖြစ်ပေါ်လာ၏၊</p>
<p>ဖြစ်ပေါ်ပုံကား</p>
<p><b>အဟမသ္မိ ဗြဟ္မာ မဟာဗြဟ္မာ အဘိဘူ အနဘိဘူတော အညဒတ္ထုဒသော ဝသဝတ္တီ ဣဿရော ကတ္တာ နိမ္မာတာ သေဋ္ဌော သဇိတာ ဝသီ ပိတာ ဘူတဘဗျာနံ မယာ ဣမေ သတ္တာ နိမ္မိတာ၊ တံ ကိဿ ဟေတု၊ မမံ ဟိ ပုဗ္ဗေ ဧတဒဟောသိ “အဟောဝတ အညေပိ သတ္တာ ဣတ္ထတ္တံ အာဂစ္ဆေယျုန္တိ” ဣတိ မမ စ မနောပဏိဓိ ဣမေ စ သတ္တာ ဣတ္ထတ္တံ အာဂတာတိ၊ ယေပိ တေ သတ္တာ ပစ္ဆာ ဥပပန္နာ၊ တေသံပိ ဧဝံ ဟောတိ၊ အယံ ခေါ ဘဝံ ဗြဟ္မာ မဟာဗြဟ္မာ။ပ။ ပိတာ ဘူတဘဗျာနံ၊ ဣမိနာ မယံ ဘောတာ ဗြဟ္မုနာ နိမ္မိတာ၊ တံ ကိဿ ဟေတု၊ ဣမံ ဟိ မယံ အဒ္ဒသာမ ဣဓ ပထမံ ဥပပန္နံ၊ မယံ ပနမှာ ပစ္ဆာ ဥပပန္နာ။</b></p>
<p>အနက်ကား။ ။ <b>အဟံ</b>=ငါသည်၊ <b>ဗြဟ္မာ</b>=ဗြဟ္မာသည်၊ <b>အသ္မိ</b>= ဖြစ်၏၊ <b>မဟာဗြဟ္မာ</b>=အကြီးဆုံးသောဗြဟ္မာသည်၊ <b>အသ္မိ</b>=ဖြစ်၏၊ <b>အဘိဘူ</b>= တစ်ပါးသောသတ္တဝါတို့ကို မိမိတန်ခိုးဖြင့် လွှမ်းမိုးနိုင်၏၊ <b>အနဘိ ဘူတော</b>=မိမိကို သူတစ်ပါးတို့က မလွှမ်းမိုးနိုင်၊ <b>အညဒတ္ထုဒသော</b>= အလုံးစုံကို အဟုတ်အမှန်အားဖြင့် သိနိုင် မြင်နိုင်၏၊ <b>ဝသဝတ္တီ</b>= အလိုရှိတိုင်းဖြစ်နိုင်၏၊ <b>ဣဿရော</b>=လောကကိုအစိုးရ၏၊ <b>ကတ္တာ</b>= လောကကိုအလိုရှိတိုင်း ပြုလုပ်နိုင်၏၊ <b>နိမ္မာတာ</b>= လောကကိုအလိုရှိတိုင်း ဖန်ဆင်းနိုင်၏၊ <b>သေဋ္ဌော</b>=လောကတွင် အကြီးဆုံးဖြစ်၏၊ <b>သဇိတာ</b>= လောကကိုအလိုရှိတိုင်း စီရင်နိုင်၏၊ <b>ဝသီ</b>=စျာန်တန်ခိုးကို အစိုးရ၏၊ <b>ဘူတဘဗျာနံ</b>=<b>ဘူတ</b>ခေါ်သော ဥပပတ် သတ္တဝါမျိုး, <b>ဘဗျ</b>ခေါ်သော တစ်ပါးသော သတ္တဝါမျိုးတို့၏၊ <b>ပိတာ</b>=အဖကြီးဖြစ်၏၊ <b>မယာ</b>=ငါသည်၊ <b>ဣမေသတ္တာ</b>=ဤသတ္တဝါတို့ကို၊ <b>နိမ္မိတာ</b>=ဖန်ဆင်းအပ်ကုန်၏၊ <b>တံ</b>=ထိုဖန်ဆင်းသည်ဟူသောစကားသည်၊ <b>ကိဿဟေတု</b>= အဘယ့်အကြောင်းကြောင့် ဆိုထိုက်သနည်းဟူမူကား၊ <b>ဟိသစ္စံ</b>=မှန်၏၊ <b>ပုဗ္ဗေ</b>= ရှေး၌၊ <b>မမံ</b>=ငါ့အား၊ <b>ဧတံ</b>= ဤသို့သောအကြံသည်၊ <b>အဟောသိ</b>= ဖြစ်၏၊ <b>အညေပိ</b>=တစ်ပါးလည်းဖြစ်ကုန်သော၊ <b>သတ္တာ</b>= သတ္တဝါတို့ သည်၊ <b>ဣတ္ထတ္တံ</b>=ဤဘုံသို့၊ <b>အာဂစ္ဆေယျုံ</b>=ပေါ်လာကြကုန်မူကား၊ <b>အဟောဝတ</b>= ဩော်ကောင်းလေစွတကား၊ <b>ဣတိ</b>=ဤသို့၊ <b>မမ စ</b>=ငါ၏လည်း၊ <b>မနောပဏိဓိ</b>=စိတ်ဖြင့်တောင့်တခြင်းသည်၊ <b>ဟောတိ</b>=ဖြစ်၏၊ <b>ဣမေစ သတ္တာ</b>=ဤသတ္တဝါတို့သည်လည်း၊ <b>ဣတ္ထတ္တံ</b>=ဤဘုံသို့၊ <b>အာဂတာ</b>= ပေါ်လာကြကုန်၏၊ <b>ဣတိတသ္မာ</b>=ထို့ကြောင့်၊ <b>ဝဒါမိ</b>=ဤသတ္တဝါတို့ကို ငါဖန်ဆင်းသည်-ဟုဆိုပေ၏၊</p>
<p><b>ယေပိ သတ္တာ</b>=အကြင်သတ္တဝါတို့သည်လည်း၊ <b>ပစ္ဆာ</b>=နောက်မှ၊ <b>ဥပပန္နာ</b>=ဖြစ်ပေါ်လာကြကုန်၏၊ <b>တေသံ ပိ</b>=ထိုသတ္တဝါတို့အားလည်း၊ <b>ဧဝံ</b>=ဤသို့သောအကြံသည်၊ <b>ဟောတိ</b>=ဖြစ်၏၊ <b>အယံ ဘဝံ</b>=ဤအရှင် မင်းကြီးသည်၊ <b>ဗြဟ္မာ</b>=ဗြဟ္မာတည်း၊ <b>မဟာဗြဟ္မာ</b>=အကြီးဆုံးသော ဗြဟ္မာတည်း။ ပ။ <b>ဘူတဘဗျာနံ</b>=<b>ဘူတ</b>ခေါ်သော ဥပပတ်သတ္တဝါ မျိုး, <b>ဘဗျ</b>ခေါ် သော တစ်ပါးသောသတ္တဝါမျိုးတို့၏၊ <b>ပိတာ</b>=အဖကြီးပေတည်း၊ <b>ဣမိနာ ဘောတော ဗြဟ္မုနာ</b>=ဤအရှင်ဗြဟ္မာမင်းကြီးသည်၊ <b>မယံ</b>= ငါတို့ကို၊ <b>နိမ္မိတာ</b>=ဖန်ဆင်းအပ်ကုန်၏၊ <b>တံ</b>=ထိုသို့ဖန်ဆင်းသည်-ဟူ၍ဆိုခြင်းသည်၊ <b>ကိဿဟေတု</b>= အဘယ်ကြောင့်ဆိုသနည်းဟူမူကား၊ <b>ဟိသစ္စံ</b>= မှန်၏၊ <b>ဣမံ</b>=ဤဗြဟ္မာကြီးကို၊ <b>ဣဓ</b>=ဤဘုံ၌၊ <b>ပထမံ</b>= ရှေးဦးစွာ။ <b>ဥပပန္နံ</b>=ထင်ရှားဖြစ်နေသည်ကို၊ <b>မယံ</b>=ငါတို့သည်၊ <b>အဒ္ဒသာမ</b>=မြင်ရ ကုန်၏၊ <b>မယံ ပန</b>=ငါတို့သည်မူကား၊ <b>ပစ္ဆာ</b>=နောက်မှ၊ <b>ဥပပန္နာ</b>= ဖြစ်ပေါ် လာကြကုန်သည်၊ <b>အမှာ</b>=ဖြစ်ကြကုန်၏၊ <b>ဣတိတသ္မာ</b>= ထို့ကြောင့်၊ <b>ဝဒါမ</b>= ဤဗြဟ္မာကြီးသည်ပင်လျှင် ငါတို့ကို ဖန်ဆင်းသည်-ဟု ဆိုပေသတည်း။</p>
<p>[ ဤကား- <b>ဗြဟ္မာပြည်</b>၌ <b>ဣဿရနိမ္မာနဒိဋ္ဌိ</b>ရှေးဦးစွာဖြစ်ပုံတည်း။]<br></p>
<h3><b>သဿတဒိဋ္ဌိဖြစ်ပုံ</b></h3>
<p>ဤစကား၌</p>
<p>၁။ <b>ဘူတ</b>ခေါ်သော သတ္တဝါမျိုးဆိုသည်ကား ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် ကြီးပွါးမှု ကိစ္စပြီးစီးလျက်ရှိသော ဗြဟ္မာ, ဥပပတ် <b>နတ်ပြည် ၆-ထပ် နတ်ဥပပတ်မျိုး</b>ကို ဆိုသတည်း။</p>
<p>၂။ <b>ဘဗျ</b>ခေါ်သော သတ္တဝါမျိုးဆိုသည်ကား- ပဋိသန္ဓေအခါ၌ သေးငယ်စွာ ဖြစ်ရ၏၊ နောက်၌ ကြီးပွါးခြင်းကို မြော်လင့်ရသော <b>သံသေဒဇသတ္တဝါမျိုး, အဏ္ဍဇသတ္တဝါမျိုး, ဇလာဗုဇ သတ္တဝါမျိုး</b> ကို ဆိုသတည်း။</p>
<p>ထိုဗြဟ္မာကြီးသည် <b>ပထမစျာန်ဘုံ</b>မှစ၍ နတ်ဘုံ, လူ့ဘုံတို့၌ ထိုအခါ ဖြစ်ပေါ်လာကြသော သတ္တဝါတို့ကို သူ့အလိုနှင့် ဖြစ်ရသည်၊ သူဖန်ဆင်း၍ဖြစ်ရသည်-ဟု အခိုင်အမြဲယူ၏၊ တစ်ပါးသော ဗြဟ္မာတို့က လည်း ဤအတိုင်းယူကြ၏၊ <b>ဣဿရနိမ္မာနဒိဋ္ဌိ</b>ပေတည်း။ <b>ဣဿရကုဋ္ဋ, ဗြဟ္မကုဋ္ဋဒိဋ္ဌိ</b>-ဟူ၍လည်းခေါ်၏၊ ထိုဗြဟ္မာငယ် အပေါင်းတို့တွင် အချို့သောဗြဟ္မာတို့သည် ထိုဘဝမှ စုတေ၍ လူ့ဘုံသို့ ရောက်လာကြ ကုန်ပြီးလျှင် အချို့သောသူတို့သည် ရသေ့ ရဟန်းပြုကြကုန်၍ <b>ဘာဝနာ တရား</b>ကို အားထုတ်ကြကုန်ရာ စျာန်အဘိညာဉ်ကိုရ၍ ရှေ့ဘဝကို ကြည့်ရှုကြကုန်သောအခါ ထိုဗြဟ္မာကြီးကို၎င်း, မိမိတို့ ဘဝကို၎င်း မြင်ကြ ကုန်၍ ထိုဗြဟ္မာကြီးကား-<b>နိစ္စထာဝရ</b> အမြဲတည်၏၊ ဗြဟ္မာငယ် အပေါင်း တို့ကား အမြဲမရှိ၊ <b>အနိစ္စ</b>တို့သာတည်း-ဟု ယူကြကုန်၏၊ <b>ဧကစ္စသဿတဒိဋ္ဌိ</b>တည်း။</p>
<p>ပါဠိတော်ကား--</p>
<p><b>ယော ခေါ သော ဘဝံ ဗြဟ္မာ မဟာဗြဟ္မာ အဘိဘူ အနဘိဘူတော အညဒတ္ထုဒသော ဝသဝတ္တီ ဣဿရော ကတ္တာ နိမ္မာတာ သေဋ္ဌော သဇိတာ ဝသီ ပိတာ ဘူတဘဗျာနံ၊ ယေန မယံ ဘောတာ ဗြဟ္မုနာ နိမ္မိတာ၊ သော နိစ္စော ဓုဝေါ သဿတော အဝိပရိဏာမဓမ္မော သဿတိသမံ တထေဝ ဌဿတိ၊ ယေ ပန မယံ အဟုမှာ တေန ဘောတာ ဗြဟ္မုနာ နိမ္မိတာ၊ တေ မယံ အနိစ္စာ အဓုဝါ အပ္ပါယုကာ စဝနဓမ္မာ ဣတ္ထတ္တံ အာဂတာတိ။</b></p>
<p>[<b>ဗြဟ္မဇာလသုတ်ပါဠိတော်</b> စာမျက်နှာနံပါတ်-<b>၁၆</b>။]</p>
<p>အနက်ကား။ ။ <b>ခေါ</b>=စင်စစ်၊ <b>ယော သော ဘဝံ ဗြဟ္မာ</b>= အကြင် အရှင်ဗြဟ္မာသည်၊ <b>မဟာဗြဟ္မာ</b>=အကြီးဆုံးသော ဗြဟ္မာတည်း။ <b>အဘိဘူ</b>= တစ်ပါးသော သတ္တဝါတို့ကို မိမိတန်ခိုးဖြင့် လွှမ်းမိုးနိုင်၏၊ <b>အနဘိဘူတော</b>=မိမိကို သူတစ်ပါးတို့က မလွှမ်းမိုးနိုင်၊ <b>အညဒတ္ထုဒသော</b>= အလုံးစုံကို အဟုတ်အမှန်အားဖြင့် သိမြင်နိုင်၏၊ <b>ဝသဝတ္တီ</b>=အလိုရှိတိုင်း ဖြစ်နိုင်၏၊ <b>ဣဿရော</b>=လောကကို အစိုးရ၏၊ <b>ကတ္တာ</b>=လောကကို အလိုရှိ တိုင်း ပြုလုပ်နိုင်၏၊ <b>နိမ္မာတာ</b>=လောကကို အလိုရှိတိုင်း ဖန်ဆင်းနိုင်၏၊ <b>သေဋ္ဌော</b>= လောကတွင် အကြီးဆုံးဖြစ်၏၊ <b>သဇိတာ</b>= လောကကို အလိုရှိ တိုင်း စီရင်နိုင်၏၊ <b>ဝသီ</b>=စျာန်တန်ခိုးကို အစိုးရ၏၊ <b>ဘူတဘဗျာနံ</b>= <b>ဘူတ</b>ခေါ်သော ဥပပတ်သတ္တဝါမျိုး, <b>ဘဗျ</b>ခေါ်သော တစ်ပါးသော သတ္တဝါမျိုးတို့၏၊ <b>ပိတာ</b>=အဖကြီးဖြစ်၏၊</p>
<p><b>ဘောတာ</b>=အရှင်သခင်ကြီးဖြစ်သော၊ <b>ယေန ဗြဟ္မုနာ</b>= အကြင် ဗြဟ္မာကြီးသည်၊ <b>မယံ</b>=ငါတို့ကို၊ <b>နိမ္မိတာ</b>=ဖန်ဆင်းအပ်ကုန်၏၊ <b>သော</b>= ထိုဗြဟ္မာမင်းကြီးသည်၊ <b>နိစ္စော</b>=အစဉ်ထာဝရမြဲ၏၊ <b>ဓုဝေါ</b>= ဘဝတစ်ပါးသို့ မရွေ့မယိုင်ခိုင်ခံ့၏၊ <b>သဿတော</b>=မအို မသေ အမြဲနေ၏၊ <b>အဝိပရိဏာမ ဓမ္မော</b>= မဖောက်ပြန်ခြင်း သဘောရှိ၏၊ <b>သဿတိသမံ</b>=ကမ္ဘာ၌အမြဲ တည်သော မြေကြီး မြင်းမိုရ်တောင် နေ လ-တို့နှင့်တူစွာ၊ <b>တထေဝ</b>= ထိုတည်မြဲတိုင်းသာလျှင်၊ <b>ဌဿတိ</b>=နောက်၌လည်း အဆုံးမရှိ တည်နေ လတ္တံ့။</p>
<p><b>ယေ ပန မယံ</b>=အကြင် ငါတို့သည်ကား၊ <b>ဘောတာ</b>= အရှင်သခင် ကြီးဖြစ်သော၊ <b>တေန ဗြဟ္မုနာ</b>= ထိုဗြဟ္မာမင်းကြီးသည်၊ <b>နိမ္မိတာ</b>= ဖန်ဆင်းအပ်ကုန်သည်၊ <b>အဟုမှာ</b>=ဖြစ်ကုန်၏၊ <b>တေ မယံ</b>=ထိုငါတို့သည်၊ <b>အနိစ္စာ</b>=မမြဲကုန်၊ <b>အဓုဝါ</b>= မခိုင်ခံ့ကုန်၊ <b>အပ္ပါယုကာ</b>=တိုသောအသက်ရှိ ကုန်၏၊ <b>စဝန ဓမ္မာ</b>=ဘဝတစ်ပါးသို့ ရွေ့လျောခြင်း သဘောရှိကုန်သည် ဖြစ်၍၊ <b>ဣတ္ထတ္တံ</b>=ဤလူ့ဘဝသို့၊ <b>အာဂတာ</b>=ရောက်လာကြကုန်၏၊ <b>ဣတိဧဝံ</b>=ဤသို့သော <b>ဧကစ္စ သဿတဒိဋ္ဌိအယူ</b>သည်၊ <b>ဟောတိ</b>=ဖြစ်၏၊</p>
<p>ဤအယူသည် လူ့ပြည်မှစ၍ နတ်ပြည်ခြောက်ထပ်တိုင်အောင် ပြန့်နှံ့လေ၏၊ [ ဤကား- <b>ဣဿရနိမ္မာနဒိဋ္ဌိ</b> အရင်းရှိသော <b>သဿတဒိဋ္ဌိ</b>ဖြစ်ပုံတည်း။] <b>ဗြဟ္မာပြည်</b>မှစ၍ဖြစ်သော ပထမဌာနပြီး၏၊</p>
<p>------*------</p>
<h3><b>ဒုတိယဌာန, တတိယဌာန</b></h3>
<p><b>ဒုတိယဌာန, တတိယဌာန</b>တို့သည်ကား-နတ်ပြည်ခြောက်ထပ် နှင့် စပ်၍ဖြစ်ကုန်၏၊ ဖြစ်ပုံကား-အထပ်နတ်ပြည်ကြီးတို့၌ အလွန်အသက် ရှည်သော နတ်တန်ခိုးကြီးတို့သည်လည်း ရှိကြကုန်၏၊ အသက်တိုသော နတ်တို့သည်လည်း များစွာရှိကြကုန်၏၊ ထိုအသက်တိုသော နတ်တို့သည် ထိုဘဝမှ စုတေကြကုန်၍ လူ့ဘုံသို့ ရောက်လာကြကုန်ပြီးလျှင် အချို့သော သူတို့သည် ရသေ့ ရဟန်းပြုကြကုန်၍ <b>ဘာဝနာတရား</b>ကို အားထုတ်ကြ ကုန်ရာ စျာန်အဘိညာဉ်ကိုရ၍ ရှေ့ဘဝသို့ ကြည့်ရှုကြကုန်သောအခါ ထိုနတ်တန်ခိုး ကြီးတို့ကို၎င်း, မိမိတို့ဘဝကို၎င်း မြင်ကြကုန်၍ ထိုနတ် တန်ခိုးကြီးတို့ကား-<b>နိစ္စထာဝရ</b> အမြဲတည်ကုန်၏၊ ငါတို့သည်မူကား အမြဲမရှိ <b>အနိစ္စ</b>တို့သာ တည်းဟု ယူကြကုန်၏၊</p>
<p>[<b>ဒုတိယဌာန, တတိယဌာန</b> ပြီး၏၊]<br></p>
<p>ဤအယူ၌ ထိုအမြဲတည်ရှိကြသော နတ်တန်ခိုးကြီးတို့သည် လောကကိုစောင့်ရှောက်ပြုပြင် စီရင်ဖန်ဆင်းမှုကို ပြုကြကုန်သည်ဟု ယူကြကုန်သောကြောင့် <b>ဣဿရနိမ္မာနဒိဋ္ဌိ</b>နှင့် အလားတူ၏၊ ဤ အကြောင်းကိုလည်း ၎င်းပါဠိတော်၌ <b>ဒုတိယေစ-ဘောန္တော သမဏ ဗြာဟ္မဏာ</b>-အစရှိသည်ဖြင့် ဟော်တော်မူ၏၊</p>
<p>[ဤကား-ကမ္ဘာဦးအခါမှစ၍ <b>ဗြဟ္မာ့ပြည်, နတ်ပြည်, လူ့ပြည်</b>တို့၌ <b>ဣဿရနိမ္မာနဒိဋ္ဌိ</b> အရင်းရှိသော <b>သဿတဒိဋ္ဌိ</b> အမျိုးမျိုး ဖြစ်ပွား၍ သွားပုံတည်း။]<br></p>
<h3><b>ဣဿရကုဋ္ဋ, ဗြဟ္မကုဋ္ဋ, အဂ္ဂည</b>ကို ယူသောသူတို့ အစီးအပွားမဲ့ခြင်းသို့ ရောက်ကြပုံ</h3>
<p>ဤ<b>ဣဿရနိမ္မာနဒိဋ္ဌိ</b>ကို <b>ဣဿရကုဋ္ဋ, ဗြဟ္မကုဋ္ဋ ဒိဋ္ဌိ</b> ဟူ၍လည်း ဟောတော်မူ၏၊</p>
<p>ပါဠိတော်ကား</p>
<p><b>အဂ္ဂညဉ္စဟံ ဘဂ္ဂဝ ပဇာနာမိ၊ တဉ္စ ပဇာနာမိ၊ တတော စ ဥတ္တရိတရံ ပဇာနာမိ၊ တဉ္စ ပဇာနနံ န ပရာမသာမိ၊ အပရာမ သတော စ မေ ပစ္စတ္တညေဝ နိဗ္ဗုတိ ဝိဒိတာ၊ ယဒဘိဇာနံ တထာ ဂတော နော အနယံ အာပဇ္ဇတိ၊ သန္တိ ဘဂ္ဂဝ ဧကေ သမဏ ဗြာဟ္မဏာ ဣဿရကုဋ္ဋံ ဗြဟ္မကုဋ္ဋံ အာစရိယကံ အဂ္ဂညံ ပညပေန္တိ။</b></p>
<p>[<b>ဒီဃနိကာယ် သုတ်ပါထေယျပါဠိတော် ပါထိကသုတ်</b> စာမျက်နှာ နံပါတ်<b>၂၀</b>၊ စာကြောင်းရေ-<b>၂၂</b>။]</p>
<p>အနက်ကား။ ။ <b>ဘဂ္ဂဝ</b>=<b>ဘဂ္ဂဝပရဗိုဇ်</b>၊ <b>အဟံ</b>=ငါသည်၊ <b>အဂ္ဂညဉ္စ</b>=<b>အဂ္ဂည</b>အယူကိုလည်း၊ <b>ပဇာနာမိ</b>=သိ၏၊ <b>တတောစ</b>=ထိုထက် လည်း၊ <b>ဥတ္တရိတရံ</b>=လွန်ကဲသောအရာကို၊ <b>ပဇာနာမိ</b>=သိ၏၊ <b>တဉ္စပဇာနနံ</b>= ထို သိခြင်းကိုလည်း၊ <b>န ပရာမသာမိ</b>=<b>တဏှာ, မာန, ဒိဋ္ဌိ</b>ဖြင့် ငါသိ သည်ဟူ၍ မသုံးသပ်၊ <b>အပရာမသတော-အပရာမသန္တဿ</b>=မသုံး သပ်သော၊ <b>မေ</b>=ငါ့အား၊ <b>ပစ္စတ္တညေဝ</b>=ယခုမျက်မှောက်၌သာလျှင်၊ <b>နိဗ္ဗုတိ</b>= ကိလေသာမီးငြိမ်းခြင်းကို၊ <b>ဝိဒိတာ</b>=သိအပ်၏၊ <b>ယံ</b>=အကြင် <b>အဂ္ဂည အယူ</b>ကို၊ <b>အဘိဇာနံ-အဘိဇာနန္တော</b>=အလွန်သိသော၊ <b>တထာဂတော</b>= ငါဘုရားသည်၊ <b>အနယံ</b>=အစီးအပွားမဲ့ခြင်းသို့၊ <b>နော အာပဇ္ဇတိ</b>=မရောက်၊ <b>ဘဂ္ဂဝ</b>=<b>ဘဂ္ဂဝပရဗုဇ်</b>၊ <b>သန္တိ</b>=လောက၌ရှိကြကုန်၏၊ <b>ဧကေ</b>=အချို့ကုန်သော၊ <b>သမဏဗြာဟ္မဏာ</b>= ရဟန်း ပုဏ္ဏားတို့သည်၊ <b>ဣဿရကုဋ္ဋံ</b>=လောကကို အစိုးရသောသူ ပြုလုပ်ဖန်ဆင်းအပ်သော၊ <b>ဗြဟ္မကုဋ္ဋံ</b>=ဗြဟ္မာကြီး ပြုလုပ်ဖန်ဆင်းအပ်သော၊ <b>အာစရိယကံ</b>=ဆရာစဉ် ဆက်လာသော၊ <b>အဂ္ဂညံ</b>=အစဦးဟူ၍ သိအပ်သော ရှေ့အစွန်းကို၊ <b>ပညပေန္တိ</b>=ပညတ်ကြ ကုန်၏၊</p>
<p>''<b>ယဒဘိဇာနံ တထာဂတော နော အနယံ အာပဇ္ဇတိ</b>” ဟူသောပါဌ်၌ အဓိပ္ပါယ်ကား</p>
<p>လောက၌ ဤ<b>ဣဿရကုဋ္ဋ, ဗြဟ္မကုဋ္ဋ, အဂ္ဂည</b>ကို ယူကြကုန် သော သူတို့သည် အစီးအပွါးမဲ့ခြင်းသို့ ရောက်ကုန်ကြ၏၊ အဘယ်သို့ ရောက်ကုန်ကြသနည်းဟူမူကား-ဤလူ့ဘုံ လူ့ဘဝမည်သည် အလွန်ရ ခြင်းငှါ ခဲယဉ်း၏၊ ဘဝပေါင်း တစ်သိန်းတွင် တစ်ကြိမ်မျှ ရခဲလှ၏၊ ဘဝပေါင်း တစ်သန်း, ဘဝပေါင်းတစ်ကုဋေတွင် တစ်ကြိမ်မျှ ရခဲလှ၏၊ <b>အပါယ်လေးဘုံ</b>၌သာ ဘဝတွေ အလွန်များ၍နေကြ၏၊ နောက်သံသရာ၌ ဘဝပေါင်းများစွာ, ကမ္ဘာပေါင်းများစွာ လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ ချမ်းသာကို ပေးနိုင်သော <b>ဒါနကုသိုလ်အမျိုးမိ်ျုး, သီလကုသိုလ် အမျိုးမျိုး, ဘာဝနာကုသိုလ်အမျိုးမျိုး</b>တို့သည် လူ့ဘုံ လူ့ဘဝ၌သာ ဖြစ်နိုင်ကုန်၏၊</p>
<p>နောင်ဘုရားဖြစ်နိုင်ရန်, ပစ္စေကဗုဒ္ဓါဖြစ်နိုင်ရန်, ရဟန္တာဖြစ်နိုင်ရန် <b>ပါရမီကုသိုလ်မျိုး</b>တို့သည်လည်း လူ့ဘုံ လူ့ဘဝ၌သာ ဖြစ်နိုင်ကုန်၏၊ သေကြသည်မှနောက်၌ နတ်ဘုံ, ဗြဟ္မာ့ဘုံဟူသော အထက်ကောင်းကင် ဘုံသို့ ရောက်ကြခြင်းမည်သည် ကုသိုလ်ကံ၏ဆိုင်ရာသာဖြစ်၏၊ နတ်တန်ခိုး, ဗြဟ္မာတန်ခိုး၏ ဆိုင်ရာမဟုတ်၊ <b>ဣဿရ</b>ခေါ်သော ထိုဗြဟ္မာ မင်းကြီးသည် အလွန်တန်ခိုးကြီးလှ၏ ဆိုသော်လည်း တန်ခိုး၏ အရာ၌ သာ စွမ်းနိုင်၏၊ ကံ၏အရာ၌ မစွမ်းနိုင်၊ ဤ<b>ဣဿရနိမ္မာနဒိဋ္ဌိ</b>ကို ခိုင်မြဲစွာယူကြကုန်သော သူတို့သည်ကား၊ ထို<b>ဣဿရသခင်ကြီး</b>၏ <b>အနန္တ တန်ခိုးတော်</b>ဖြင့် ကယ်တင်မှုကိုသာ ယုံကြည်အားကိုး ပြုကြကုန်၏၊</p>
<p>ထိုကုသိုလ်အမျိုးမျိုး, ပါရမီအမျိုးမျိုးတို့မှ ဆိတ်ကင်းကြကုန်၏၊ တန်ခိုး၏အရာ မဟုတ်သည့်အတွက် ထို<b>ဣဿရ သခင်ကြီး</b>၏ ကယ်တင် မှုမှလည်း ဆိတ်ကင်းကြကုန်၏၊ သေသည်မှနောက်၌ အဘယ်သို့ ဖြစ်လိမ့်မည်နည်း-ဟု စဉ်းစားကြရန် အရေးကြီးလှ၏၊</p>
<p>[ဤကား-<b>ဣဿရကုဋ္ဋ, ဗြဟ္မကုဋ္ဋ, အဂ္ဂည</b>ကို ယူကြကုန်သော သူတို့သည် အစီးအပွားမဲ့ခြင်းသို့ ရောက်ကြပုံတည်း။]<br></p>
<p>အလောင်းတော် <b>သုမေဓာရသေ့</b>အဖြစ်မှစ၍ ဘဝအဆက်ဆက် တို့၌ ထိုကုသိုလ်အမျိုးမျိုး, ပါရမီအမျိုးမျိုးတို့ကိုသာ အားကိုးအားထား ပြု၍ လာခဲ့၏၊ ထို<b>ဣဿရသခင်ကြီး</b>၏ ကယ်တင်မှုကို အားကိုးအားထား မပြုသည်ဖြစ်၍ ငါဘုရားသည်မူကား- ထိုကဲ့သို့ အစီးအပွားမဲ့သို့ မရောက်ဟူလိုသည်။</p>
<p>[ဤကား-<b>ယဒဘိဇာနံ တထာဂတော နော အနယံ အာပဇ္ဇတိ</b>-ဟူသောပါဌ်၏ အဓိပ္ပါယ်တည်း။]<br></p>
<h3><b>ကံ, ဉာဏ်, တန်ခိုး</b>တို့၏ သက်ဆိုင်ရာခြားနားချက်</h3>
<p>ဤအရာ၌ <b>ကံ</b>၏သက်ဆိုင်ရာ, <b>ဉာဏ်</b>၏သက်ဆိုင်ရာ, <b>တန်ခိုး</b>၏ သက်ဆိုင်ရာ သုံးပါးကို ခြားနား၍ သိရာ၏၊</p>
<p>၁။ သေလွန်သည်မှနောက်၌ ဘဝအသစ်အသစ်ဖြစ်ပေါ်ခြင်းသည် <b>ကံ</b>၏ဆိုင်ရာသာတည်း၊ <b>တန်ခိုး</b>၏ ဆိုင်ရာမဟုတ်၊ ရှေး<b>ကံ</b> ကောင်းလျှင် ကောင်းသည့်အလျောက် မြင့်မြတ်ရာ၌ဖြစ် ပေါ်၏၊ ရှေး<b>ကံ</b>မကောင်းလျှင် မကောင်းသည့်အလျောက် ယုတ် နိမ့်ရာ၌ ဖြစ်ပေါ်၏၊ နတ်တန်ခိုး, သိကြားတန်ခိုး, ဗြဟ္မာ တန်ခိုးတို့နှင့် ပြုပြင်နိုင်သောအရာမဟုတ်၊ ကယ်တင်နိုင်သော အရာမဟုတ်။</p>
<p>၂။ သတ္တဝါတို့၏ သဏ္ဌာန်၌ ရှိနေကြသော ဒုစရိုက်အပြစ်တို့ကို ပပျောက်စေခြင်းသည် <b>ဉာဏ်</b>၏ ဆိုင်ရာသာတည်း၊ <b>တန်ခိုး</b>၏ ဆိုင်ရာ မဟုတ်၊ <b>ဝိပဿနာဉာဏ်, မဂ်ဉာဏ်</b>တို့ဖြင့် <b>တဏှာ မာန ဒိဋ္ဌိ ကိလေသာ</b>တို့ကို ပယ်ရှား၍ ပစ်မှသာလျှင် ထိုဒုစရိုက် အပြစ်တို့သည် ပ, ပျောက်ကြလေကုန်၏၊ နတ်တန်ခိုး, သိကြား တန်ခိုး, ဗြဟ္မာတန်ခိုးတို့နှင့် ပြုပြင်နိုင်သော အရာမဟုတ်။</p>
<p>၃။ မြေထဲသို့ ငုတ်လျှိုးခြင်း, မိုးကောင်းကင်သို့ ပျံသွားခြင်း, အတု အယောင် အကောင်အထည် အထူးထူး အထွေထွေ ဖန်ဆင်း ခြင်းတို့သည်သာလျှင် နတ်တန်ခိုး, သိကြားတန်ခိုး, ဗြဟ္မာ တန်ခိုးတို့ အရာပေတည်း၊ ထို့ကြောင့် <b>ဣဿရသခင်ကြီး</b>သည် မိမိကို ယုံကြည်စွာ ကိုးကွယ်သောသူတို့ကို သေကြသည်မှ နောက်၌ မိမိတန်ခိုးဖြင့် အထက်ကောင်းကင်ဘုံသို့ ကယ်တင် နိုင်သည်ဟူသော အယူသည် အမှောက်အမှား ဝါကြွားသော အယူသာ ဖြစ်လေသတည်း။</p>
<p>ဤတွင်ရွေ့ကား-<b>အင်္ဂလန်ပြည် ဆာရေးမြို့ လန်ဒန်ဒေဝီ</b>ခေါ် C.A.F.Rice David.၏လျှောက်လွှာတွင် “<b>ဣဿရကုဋ္ဋ, ဗြဟ္မကုဋ္ဋ အယူဝါဒကြီးနှစ်ပါး</b>ကို နှိပ်နင်းပယ်ဖျက်၍ မိမိပကတိသဘာဝအတိုင်း တည်နေသော <b>နိယာမစက်ကြီး</b>သည်သာ ကမ္ဘာလောကကြီး၌ လည်လျက် ရှိနေသည်-ဟု ဖော်ပြပါရှိရာတွင် ဆရာတော်ဘုရားကြီးသည် ဤနိယာမ စက်ကြီးမှာ အစမရှိ၊ အစကင်းသည်-ဟု မှတ်ယူ ယုံကြည်တော် မူပါသလော၊ သို့တည်းမဟုတ် ဤနိယာမစက်ကြီး၏ အစသည် မထင်၊ “<b>န ပညာယတိ</b>ဟုသာ မှတ်ယူတော်မူပါသလော''ဟူသော <b>ပုစ္ဆာအဖြေ</b>ပြီး၏၊</p>
<p><b>လန်ဒန်-ပါဠိဒေဝီ</b>၏ <b>နိယာမပုစ္ဆာ အဖြေ</b>ပြီး၏၊</p>
<p>------*------</p>
<h3><b>ယမိုက်ပုစ္ဆာ ငါးချက်</b></h3>
<p>လန်ဒန်-ပါဠိဒေဝီ၏ ယမိုက်ပုစ္ဆာအဖြေ</p>
<p>နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ</p>
<p>[လန်ဒန်ပါဠိအသင်းကြီး၏ ပရီစီဒင် ရီးဒေဗစ် (Mrs C.A.F Rhys Davids) က မုံရွာမြို့ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးထံ မေး လျှောက်သော ပုစ္ဆာငါးချက်ဖြစ်သည်။]</p>
<p>၁။ အဘိဓမ္မာ (၇) ကျမ်းကို ဟောတော်မူရာမှာ <b>ဓမ္မသင်္ဂဏီကျမ်း</b>၊ <b>ဝိဘင်းကျမ်း</b>၊ <b>ဓာတုကထာကျမ်း</b>၊ <b>ပုဂ္ဂလပညတ်ကျမ်း</b>၊ <b>ကထာဝတ္ထုကျမ်း</b>၊ <b>ယမိုက်ကျမ်း</b>၊ <b>ပဋ္ဌာန်းကျမ်း</b>-ဟူ၍ (၇) ကျမ်းရှိသည်တွင် ယမိုက်ကျမ်းသည် (၆) ဆင့်မြောက် ဖြစ်၏၊ ကထာဝတ္ထုကျမ်း၏နောက် အခြားမဲ့၌ကျ၏၊ အဘယ့်ကြောင့် ယမိုက်ကျမ်းကို (၆) ဆင့်မြောက်သော နေရာ၌ ဟောတော်မူပါသနည်း၊ အဘယ်အကျိုးကို ရှုမြော်၍ ဟောတော်မူပါသနည်း။</p>
<p>၂။ ထို (၆) ဆင့်မြောက်ဖြစ်သော ယမိုက်ကျမ်းသည်လည်း <b>မူလယမိုက်ကျမ်း</b>၊ <b>ခန္ဓယမိုက်ကျမ်း</b>၊ <b>အာယတနယမိုက်ကျမ်း</b>၊ <b>ဓာတုယမိုက်ကျမ်း</b>၊ <b>သစ္စယမိုက်ကျမ်း</b>၊ <b>သင်္ခါရယမိုက်ကျမ်း</b>၊ <b>အနုသယယမိုက်ကျမ်း</b>၊ <b>စိတ္တယမိုက်ကျမ်း</b>၊ <b>ဓမ္မယမိုက်ကျမ်း</b>၊ <b>ဣန္ဒြိယယမိုက်ကျမ်း</b>ဟူ၍ ဆယ်ကျမ်း ရှိပြန်ရာတွင် မူလယမိုက်ကျမ်းကို ရှေးဦးစွာဟောတော်မူခြင်း၏ အကြောင်းအကျိုးကို၎င်း၊ ၎င်း၏နောက် အခြားမဲ့၌ ခန္ဓယမိုက်ကျမ်းကို (၂) ဆင့်မြောက် ဟောတော်မူခြင်း၏ အကြောင်းအကျိုးကို၎င်း၊ ဤသို့စသည်ဖြင့် ရှေ့ကျမ်း နောက်ကျမ်း စီစဉ်၍ ဟောတော်မူရာ၌ အကြောင်းအသီးသီး၊ အကျိုးအသီးသီးကို သိလိုပါသည်။</p>
<p>၃။ ထိုဆယ်ကျမ်းသော ယမိုက်ကျမ်းတို့မှာ အမာခံတရား၊ အထည်ခံတရား ဆယ်ပါးသာရှိ၏၊ မူလယမိုက်ကျမ်းမှာ <b>လောဘ</b>၊ <b>ဒေါသ</b>၊ <b>မောဟ</b>၊ <b>အလောဘ</b>၊ <b>အဒေါသ</b>၊ <b>အမောဟ</b>-ဟူသော မူလခေါ်သော တရား (၆) ပါးသည် အမာခံအထည်ခံဖြစ်၏၊ ခန္ဓယမိုက်ကျမ်းမှာ ခန္ဓာငါးပါးသည် အမာခံအထည်ခံဖြစ်၏၊ ဤသို့စသည်ဖြင့် ယမိုက် ဆယ်ကျမ်းမှာ တရားဆယ်မျိုးသာရှိကုန်၏၊ စျာန်တရား၊ မဂ်တရား စသည်များစွာကျန်ရှိ၏၊ စျာန်တရားအတွက် စျာနယမိုက်ကျမ်း၊ မဂ်တရားအတွက် မဂ္ဂယမိုက်ကျမ်း စသည်ဖြင့် ဟောတော်မူရန် များစွာကျန်ရှိ၏၊ ထိုသို့ဖြစ်ပါလျက် တရားဆယ်မျိုးအတွက် ယမိုက်ဆယ်ကျမ်းကိုသာ ဟောတော်မူခြင်း၌ အကြောင်းအကျိုးကို ပြဆိုပါ။</p>
<p>၄။ ထိုယမိုက်ဆယ်ကျမ်းတို့မှာလည်း တစ်ခုတစ်ခုသော စကားအချက်၊ တရားအချက်၊ အနက်သဘော ထိုထိုနေရာမှာ အခါခါ အထပ်ထပ် ရှိနေသည်ကား-အလွန်ကြီးများပြား၏၊ အလွန်ကြီးများပြားစွာ အခါခါ အထပ်ထပ် ပါရှိ၍နေခြင်း၏ အကြောင်းအကျိုးကို ပြဆိုပါ။</p>
<p>၅။ ထိုယမိုက်ဆယ်ကျမ်းတို့တွင် အသီးအသီး တစ်ကျမ်းတစ်ကျမ်း၏ လိုရင်းထက်လိုရင်း အကျဉ်းအချုပ် သရုပ်သဘောကို ပြဆိုပါ။</p>
<p>[မြန်မာသက္ကရာဇ် ၁၂၇၃-ခု၊ နတ္တော်လအတွင်း မန္တလေးမြို့တွင် ရပ်တန့် နေထိုင်စဉ်အခါ ငါတို့အထံသို့ရောက်လာသော လန်ဒန်ပုစ္ဆာငါးချက်။]</p>
<p>------*------</p>
<h3><b>လယ်တီဆရာတော်ဘုရားကြီး ဖြေဆိုချက် ပထမယမိုက်ပုစ္ဆာအဖြေ</b></h3>
<p>ယမိုက်ကျမ်းကို (၆) ဆင့်မြောက်ပြု၍ ဟောတော်မူရာ၌ အကြောင်းကား</p>
<p><b>သဗ္ဗညုတဉာဏ်တော်</b>သည် အစွမ်းသတ္တိ သုံးပါးရှိ၏၊</p>
<p>၁။ ခပ်သိမ်းသောတရားတို့ကို အကြွင်းအကျန်မရှိ အကုန်အစင် သိမြင်နိုင်ခြင်းတစ်ပါး။</p>
<p>၂။ ထိုတရားတို့ကို ဘယ်လိုပေါင်းစု၍ ဟောထိုက်သည်၊ ဘယ်လိုစိတ်ဖြာ၍ ဟောထိုက်သည်၊ ဟောပုံမျိုး ဟောနည်းမျိုးတို့ကို အကြွင်းအကျန်မရှိ အကုန်အစင် သိမြင်နိုင်ခြင်းတစ်ပါး။</p>
<p>၃။ တရားနာသူတို့၏ စိတ်သဘော၊ ဉာဏ်၊ ဓာတ်ခံ၊ ဓာတ်ရင်း၊ အတွင်းအခြေအနေတို့ကို အကုန်အစင် သိမြင်နိုင်ခြင်းတစ်ပါး။</p>
<p>ဤသို့လျှင် <b>သဗ္ဗညုတဉာဏ်</b>သည် အစွမ်းသတ္တိ သုံးပါးရှိ၏၊ ထိုသုံးပါးတို့တွင် အဘိဓမ္မာ အောက်ငါးကျမ်းတို့မှာ ခပ်သိမ်းသော တရားဓမ္မ ဟူသမျှ အကြွင်းအကျန်မရှိ ကုန်စင်သိ၏၊ ဟောပုံမျိုး၊ ဟောနည်းမျိုးတို့သည်မူကား မကုန်သေး၊ <b>ယမက ဟောပုံဟောနည်း</b> ကြွင်းကျန်လျက်ရှိ၏၊</p>
<p><b>ယမက ဟောပုံဟောနည်း</b>ဆိုသည်ကား တရားနှစ်ပါး နှစ်ပါးတို့ကို အစုံအစုံတွဲဖက်၍ ဟောနည်းကို <b>ယမကဟောနည်း</b>ဆိုသည်၊ ထိုကြောင့် ထိုငါးကျမ်းတို့၏ နောက်၌ (၆) ဆင့်မြောက်ပြု၍ ယမိုက်ကျမ်းကို ဟောတော်မူသည်။</p>
<p>[ဤကား-အကြောင်းတည်း။]</p>
<p>အကျိုးမှာမူကား-အောက်ငါးကျမ်းတို့၌ မပါသေးသော အထူးအပြားတို့ကို ယမိုက်ကျမ်းမှာမှ ပါရှိသဖြင့် အသိဉာဏ်သစ်လင်းရခြင်း အကျိုးရှိ၏၊</p>
<p>[ဤကား-အကျိုးတည်း။]</p>
<p>ပထမယမိုက်ပုစ္ဆာ အဖြေပြီး၏၊</p>
<p>------*------</p>
<h3><b>ဒုတိယ ယမိုက်ပုစ္ဆာ အဖြေ</b></h3>
<p>ယမိုက်ဆယ်ကျမ်းတို့တွင်လည်း မူလယမိုက်ကျမ်းကို ပထမ၊ ၎င်းနောက် ခန္ဓ၊ ၎င်းနောက် အာယတနစသည်ဖြင့် စီစဉ်၍ ဟောတော်မူရာ၌ အကြောင်းကား</p>
<p>အဘိဓမ္မာ အောက်ငါးကျမ်းတို့၌ အလွန်ကျယ်ဝန်းစွာ ဟောတော်မူအပ်ပြီးသော တရားအပေါင်းတို့၏အတွင်း၌ အလွန်အစွမ်း အာနုဘော်ကြီးမားကြကုန်သော တရား ၉-ပါးတို့သည် ပါရှိကြကုန်၏၊ ထိုကျမ်းတို့၌ ထိုတရားတို့ကို အထူးထုတ်ဖော်၍ မပြရကုန်သေး၊ ဤအခါ၌ ပြခွင့်ဆိုက်၏၊ ထို့ကြောင့် ထိုတရား ၉-ပါးတို့ကို အထူး ထုတ်ဖော်၍ ပြခြင်းငှါ အဘိဓမ္မာ အောက်ငါးကျမ်း၏အခြားမဲ့၌ မူလယမိုက်ကျမ်းကို ရှေးဦးစွာ ဟောတော်မူပေသည်။</p>
<p>[ဤကား-အကြောင်းတည်း။]</p>
<p>အလွန်အစွမ်း အာနုဘော်ကြီးမားသော တရား ၉-ပါး ဆိုသည်ကား</p>
<p>- <b>လောဘ</b>၊ <b>ဒေါသ</b>၊ <b>မောဟ</b>-ဟူသော အကုသိုလ် မူလတရား သုံးပါး။</p>
<p>- <b>အလောဘ</b>၊ <b>အဒေါသ</b>၊ <b>အမောဟ</b>-ဟူသော ကုသိုလ်မူလတရား သုံးပါး။</p>
<p>- ထို့အတူ <b>အလောဘ</b>၊ <b>အဒေါသ</b>၊ <b>အမောဟ</b>-ဟူသော အဗျာကတ မူလတရားသုံးပါး။</p>
<p>ဤ ၉-ပါးတို့ပေတည်း။</p>
<p>ထို့ပြင်လည်း ဗုဒ္ဓဘာသာ သာသနာ၌ အကြီးဆုံးသော အရေးအခွင့်ကြီး သုံးပါးရှိ၏၊ အရေးအခွင့်ကြီး သုံးပါးဆိုသည်ကား-<b>ပရိညာကိစ္စကြီး</b> သုံးပါးပေတည်း၊ <b>ပရိညာကိစ္စကြီး</b> သုံးပါးဆိုသည်ကား အသိဉာဏ်၏ ပိုင်နိုင်ပေါက်ရောက် ပြီးမြောက်အောင်မြင်ခြင်းကိစ္စကြီး သုံးပါးဆိုလိုသည်။</p>
<p>သုံးပါးဟူသည်ကား--</p>
<p>၁။ ပထမ-<b>ဉာတပရိညာ ကိစ္စကြီး</b> တစ်ပါး၊</p>
<p>၂။ ဒုတိယ-<b>တီရဏပရိညာကိစ္စကြီး</b> တစ်ပါး၊</p>
<p>၃။ တတိယ-<b>ပဟာနပရိညာကိစ္စကြီး</b> တစ်ပါး၊</p>
<p>ဤသုံးပါးတို့ပေတည်း။</p>
<h3><b>ပထမဉာတပရိညာကိစ္စကြီး</b></h3>
<p>ထိုသုံးပါးတို့တွင် ပထမဉာတပရိညာကိစ္စကြီးသည်လည်း နှစ်ပါး ရှိပြန်၏၊ နှစ်ပါးဆိုသည်ကား-</p>
<p>၁။ <b>ဓမ္မဝဝတ္ထာနဉာဏ်ကိစ္စကြီး</b> တစ်ပါး၊</p>
<p>၂။ <b>ပစ္စယပရိဂ္ဂဟဉာဏ်ကိစ္စကြီး</b>တစ်ပါး၊</p>
<p>ထိုနှစ်ပါးတွင်</p>
<p>၁။ <b>ဓမ္မဝဝတ္ထာနဉာဏ်ကိစ္စ</b> ဆိုသည်ကား-လောက၌ ပုဂ္ဂိုလ်-ဟူ၍လည်း မရှိ၊ သတ္တဝါ-ဟူ၍လည်း မရှိ၊ ရုပ်တရား နာမ်တရားသာရှိ၏၊ ဘယ်ဟာစုကား-ရုပ်တရားမျိုးပေတည်း၊ ဘယ်ဟာစုကား နာမ်တရားမျိုးပေတည်း၊ ရုပ်တရားသည်လည်း ပုဂ္ဂိုလ်သတ္တဝါ မဟုတ်၊ နာမ်တရားသည်လည်း ပုဂ္ဂိုလ်သတ္တဝါ မဟုတ်၊ ရုပ်တရား၊ နာမ်တရားတို့မှအလွတ် ပုဂ္ဂိုလ်သတ္တဝါဟူ၍လည်း အဏုမြူမျှ မရှိ-ဟု ခြားခြားနားနား သိမြင် ထင်လင်းသော ဉာဏ်ကိစ္စကို <b>ဓမ္မဝဝတ္ထာနဉာဏ်ကိစ္စ</b>ဆိုသတည်း။</p>
<p>[ထို<b>ဓမ္မဝဝတ္ထာနဉာဏ်ကိစ္စ</b>ကို အဘိဓမ္မာ အောက်ငါးကျမ်းတို့ဖြင့် ပြည့်စုံစေ၏၊ ထိုမှနောက်၌ ပစ္စယပရိဂ္ဂဟဉာဏ်ကို ပြည့်စုံစေရန် အခွင့်ဆိုက်၏၊]</p>
<p>၂။ <b>ပစ္စယပရိဂ္ဂဟဉာဏ်</b> ဆိုသည်ကား-ပုဂ္ဂိုလ်မဟုတ်၊ သတ္တဝါ မဟုတ်ကြကုန်သော ထိုရုပ်တရား၊ နာမ်တရားတို့၏ ဖြစ်ပေါ်ရန် အကြောင်းတရားတို့ကို သူ့အကြောင်းနှင့် သူ့အကျိုး ခြားနားစွာ သိမြင်ထင်လင်းသော ဉာဏ်ကိစ္စကိုဆိုသတည်း၊ အကြောင်း တရား အများရှိကြသည်တွင်လည်း မူလတရားကိုးပါးတို့သည် မူလတရားမျိုး ဖြစ်ကြကုန်၏၊ အခြေအမြစ် အရင်းစစ်သော တရားမျိုး ဖြစ်ကြကုန်၏၊ ထို့ကြောင့် ဤနေရာ ဤဌာနမှာ မူလယမိုက်ကျမ်းကို ရှေးဦးစွာ ဟောတော်မူသတည်း။</p>
<p>[ဤကား-အကြောင်းတည်း]</p>
<p>အကျိုးကိုပြဆိုပေအံ့။ အကျိုးကိုပြဆိုပေအံ့။ ထိုရုပ်တရား၊ နာမ်တရားတို့၏ ဖြစ်ပေါ်ရန်အကြောင်းတရား ဟူသည်လည်း ရုပ်တရား၊ နာမ်တရားတို့မှ အလွတ် တခြားတစ်ပါး မဟုတ်ကြကုန်ပြီ၊ ရုပ်တရား၊ နာမ်တရား ချင်းချင်းတွင်သာ အကြောင်းကိစ္စ၊ အကျိုးကိစ္စ ပြီးစီးကြကုန်၏၊ ထိုသို့ပြီးစီးပုံကို ဤမူလယမိုက်ကျမ်းဖြင့် ပြတော်မူသည်၊ ဤသို့ ပြတော်မူခြင်းသည် လောက၏ဖြစ်ပေါ်ရန် အကြောင်းတရား၌ ယူမှားခြင်း အမျိုးမျိုးတို့ကို ပယ်ဖျောက်စေရခြင်း အကျိုးရှိ၏၊</p>
<p>[ ဤကား- အကျိုးတည်း]</p>
<p>လောက၏ဖြစ်ပေါ်ရန် အကြောင်းတရား၌ ယူမှားခြင်း အမျိုးမျိုး ဆိုသည်ကား</p>
<p>၁။ လောက၌ သုခ၊ ဒုက္ခ၊ သုစရိုက်၊ ဒုစရိုက်၊ အမိုက်၊ အလိမ္မာဟူသမျှသည် ရှေးဘဝကပြုခဲ့သော ကံဟောင်းကြောင့်သာဖြစ်၏၊ ရှေးကံဟောင်းမှတစ်ပါး အကြောင်းမရှိ-ဟု ယူမှားခြင်းတစ်ပါး။</p>
<p>၂။ လောက၌ သုခ၊ ဒုက္ခ၊ သုစရိုက်၊ ဒုစရိုက်၊ အမိုက်၊ အလိမ္မာဟူသမျှသည် ထာဝရဘုရားတန်ခိုးတော်ကြောင့်သာဖြစ်၏၊ ထာဝရဘုရားတန်ခိုးတော်မှ တစ်ပါး အကြောင်းမရှိ-ဟု ယူမှားခြင်းတစ်ပါး။</p>
<p>၃။ လောက၌ သုခ၊ ဒုက္ခ၊ သုစရိုက်၊ ဒုစရိုက်၊ အမိုက်၊ အလိမ္မာဟူသမျှသည် အကြောင်းဟူ၍ မရှိ၊ မိမိလျောက်လျားဖြစ်ကြရ၏ဟု ယူမှားခြင်းတစ်ပါး။ ဤသုံးပါးကို <b>တိတ္ထာယတန တရားသုံးပါး</b>ဟူ၍ ဟောတော်မူသည်။</p>
<p><b>တိတ္ထာယတန</b>ဆိုသည်ကား-လောက၌ရှိကြသော မိစ္ဆာဒိဋ္ဌိဟူသမျှတို့၏ သက်ဝင်ရာ ရေဆိပ်ကြီးသဖွယ်ဖြစ်သော ဒိဋ္ဌိကြီးသုံးပါး ဆိုလိုသည်။</p>
<p>ယုံမှားခြင်းအမျိုးမျိုးဆိုသည်ကား</p>
<p>၁။ ဘုရား၌ ယုံမှားခြင်း၊</p>
<p>၂။ တရား၌ ယုံမှားခြင်း၊</p>
<p>၃။ သံဃာ၌ ယုံမှားခြင်း၊</p>
<p>၄။ သိက္ခာသုံးပါး၌ ယုံမှားခြင်း၊</p>
<p>၅။ အတိတ်ဘဝ၌ ယုံမှားခြင်း၊</p>
<p>၆။ အနာဂတ်ဘဝ၌ ယုံမှားခြင်း၊</p>
<p>၇။ ပစ္စုပ္ပန်ဘဝ၌ ယုံမှားခြင်း၊</p>
<p>၈။ <b>ပဋိစ္စသမုပ္ပါဒ်တရား</b>၌ ယုံမှားခြင်း၊ ရှစ်ပါးရှိ၏၊</p>
<p>ဤမူလယမိုက်ကျမ်းဖြင့် သတ္တဝါတို့၏သန္တာန်၌ ပစ္စုပ္ပန်မူလ အကြောင်းရင်းကြီး ကိုးပါးကိုပြသဖြင့် ထို<b>တိတ္ထာယတနကြီး</b>သုံးပါး၊ ယုံမှားခြင်းအမျိုးမျိုးတို့ကို ပယ်ဖျောက်စေရခြင်း အကျိုးရှိ၏၊</p>
<p>ပယ်ဖျောက်ပုံကား။ ။ လောက၌ သုခ၊ ဒုက္ခ၊ သုစရိုက်၊ ဒုစရိုက်၊ အမိုက်၊ အလိမ်မာဟူသမျှသည် ရှေးကံဟောင်းကြီးနှင့် ဖြစ်နိုင် သည် မဟုတ်၊ ယခုပစ္စုပ္ပန်ဘဝမှာလည်း ထိုတရားတို့ ဖြစ်ပေါ်နိုင်ရန် အကြောင်းတရားများစွာရှိကုန်သေး၏၊</p>
<p>လောကတွင် သစ်ပင်၊ နွယ်၊ မြက်၊ ကောက်ပဲ၊ စပါးတို့ ဖြစ်ပေါ် ပေါက်ပွားကြရာ၌ မျိုးစေ့တစ်ခုတည်းနှင့် ဖြစ်နိုင်သည်မဟုတ်၊ မြေဥတု၊ ရေဥတုစသည်ရှိပါမှ ဖြစ်ပေါ်ပေါက်ပွားနိုင်ကြကုန်၏၊ ကောက်ပဲ၊ စပါးတို့မှာ မြေဥတု၊ ရေဥတု ပြုလုပ်ပျိုးထောင်သူ စသည်ရှိပါမှ ဖြစ်ပေါ် ပေါက်ပွားနိုင်ကြကုန်၏၊</p>
<p>* ရှေးကံဟောင်းသည် မျိုးစေ့နှင့် တူ၏၊</p>
<p>* ယခုပစ္စုပ္ပန် အကြောင်းတို့သည် မြေဥတု၊ ရေဥတု၊ လယ်မြေ၊ ယာမြေ၊ မိုးရေမိုးပေါက်၊ ပြုလုပ်ပျိုးထောင်သူ စသည်တို့နှင့် တူကုန်၏၊</p>
<p>* ဤရှေးကံဟောင်းတစ်ခုကိုသာ ယူခြင်းသည် ပစ္စုပ္ပန်အကြောင်းတို့ကို ပစ်ပယ်သည့်အတွက် အမှားဖြစ်ရ၏၊</p>
<p>* ထာဝရဘုရားတန်ခိုးတော်ကြောင့်သာ ဖြစ်နိုင်၏-ဟူသော ဒုတိယအယူသည် ရှေးကံဟောင်းကို၎င်း၊ ပစ္စုပ္ပန်အကြောင်း တို့ကို၎င်း အကုန်ပစ်၍ မစပ်ရာ မဆိုင်ရာ ထာဝရဘုရားတန်ခိုး ကို ယူသည့်အတွက် အမှားကြီးမှား၏၊</p>
<p>* အကြောင်း-ဟူ၍ပင် မရှိ-ဟူသော တတိယအယူသည် မူကားအမှားဆုံးကြီးဖြစ်၏၊</p>
<p>ထိုအယူတို့ကိုလည်း ယူသည်မဟုတ်၊ အမှန်ကိုလည်း နေရာကျ မသိရဘူး၊ စပ်ကြိုစပ်ကြား လူ့ရောင်ဝါးတို့သည်မူကား- မိစ္ဆာဒိဋ္ဌိဖက်သို့ လည်းမပါ၊ သမ္မာဒိဋ္ဌိဖက်သို့လည်း မရောက်ရှိနေကြကုန်၏၊ ထိုသူတို့တွင် မောဟလွန်ကဲကြသော သတ္တဝါတို့မှာ အကြံမရှိ၊ အစည်မရှိ၊ မသိသမား လုံးလုံး မောဟတုံးတွေဖြစ်၍နေကြကုန်၏၊</p>
<p>သတ္တဝါတို့၏ အကြောင်းအရာ၌ တရားမှန်ကို မတွေ့ကြသည့်အတွက် သမ္မာဒိဋ္ဌိဖက်သို့ မသက်ဘဲ ဝိတက်အနေနှင့် ထွေထွေပြားပြား အကြံသမားတို့မှာ ဘုရားကိုမယုံကြည်နိုင်၊ မကြည်ညိုနိုင်၊ ဘုရားဂုဏ်ပုဒ်ကို ထုတ်ဖော်ပြောဟောလျှင် ကြည်လင်ရွှင်လန်းသော စိတ်မျိုးပင် မရှိနိုင်၊ ဝိစိကိစ္ဆာတုံးတွေ ဖြစ်၍နေကြကုန်၏၊</p>
<p>[တရားဂုဏ်စသည်တို့၌လည်း ဤနည်းတူမှတ်လေ။]</p>
<p>ဤသို့လျှင် ဤနေရာဌာန ဤမူလယမိုက်ကျမ်းကို ဟောတော်မူရခြင်းသည် <b>ပစ္စယပရိဂ္ဂဟဉာဏ်</b>ကို တစ်စိတ်တစ်ဒေသအားဖြင့် ပြပြီးလျှင် လောက၏ဖြစ်ရန် အကြောင်းတရား၌ ယူမှားခြင်းအမျိုးမျိုး၊ ယုံမှားခြင်းအမျိုးမျိုးတို့ကို ပယ်ဖျောက်စေရခြင်း အကျိုးရှိ၏၊</p>
<p>ဤကျမ်း၏ အနက်အဓိပ္ပါယ်ကို ပေါက်ရောက်စွာ နာကြကုန်သည်ရှိသော် ထိုမသိသမား၊ ဒိဋ္ဌိသမား၊ ဝိစိကိစ္ဆာသမားတို့ကို ကယ်ချွတ်ရခြင်း အကျိုးရှိ၏၊ ပဋိစ္စသမုပ္ပါဒ်တရားကို ကောင်းစွာသိမြင် ထင်လင်းမှုသည်လည်း ထိုအကျိုးကို ပြီးစေနိုင်၏၊</p>
<p>[ဤကား-ပထမဉာတပရိညာကိစ္စကြီး နှစ်ပါးတည်း။]</p>
<p>------</p>
<h3><b>ဒုတိယ တီရဏ ပရိညာကိစ္စကြီး</b></h3>
<p>ပထမဉာတပရိညာကိစ္စကြီး၏ အခြားမဲ့၌ ဒုတိယ<b>တီရဏပရိညာကိစ္စကြီး</b>ကို ပြည့်စုံစေရန် အခွင့်ဆိုက်၏၊</p>
<p><b>တီရဏပရိညာ ကိစ္စကြီး</b>ဆိုသည်ကား-ရုပ်တရား၊ နာမ်တရားတို့၏အပေါ်၌ အဆုံးတိုင် ပြီးပြတ်အောင် ရွက်ဆောင်ရန် ဉာဏ်ကိစ္စကြီးကို ဆိုသတည်း။</p>
<p>ထို<b>တီရဏပရိညာ ကိစ္စကြီး</b>သည်လည်း</p>
<p>၁။ <b>အနိစ္စပရိညာ ကိစ္စ</b>တစ်ပါး၊</p>
<p>၂။ <b>ဒုက္ခပရိညာ ကိစ္စ</b>တစ်ပါး၊</p>
<p>၃။ <b>အနတ္တပရိညာ ကိစ္စ</b>တစ်ပါး ဟူ၍ သုံးပါးရှိပြန်၏၊</p>
<p>ထို<b>တီရဏပရိညာ ကိစ္စကြီး</b>သုံးပါးကို အားထုတ်လိုသည်ရှိသော် ရုပ်တရား၊ နာမ်တရားတို့ကို အပေါင်းအစုအားဖြင့် ဖွဲ့စည်း၍ အားထုတ်ရာ၏၊ အပေါင်းအစုဆိုသည်ကား-အလုံးစုံသော ရုပ်တရား နာမ်တရားတို့ကို ခန္ဓာအားဖြင့် ငါးပါးအစုပြု၍ ဖွဲ့စည်းခြင်း၊ အာယတနအားဖြင့် တစ်ဆဲ့နှစ်ပါးပြု၍ ဖွဲ့စည်းခြင်း၊ ဓာတ်အားဖြင့် တစ်ဆဲ့ရှစ်ပါးပြု၍ ဖွဲ့စည်းခြင်းပေတည်း။</p>
<p>ထို့ကြောင့် ပထမဉာတ ပရိညာကိစ္စပြီးမြောက်သည်၏ အခြားမဲ့၌ ဒုတိယ<b>တီရဏပရိညာကိစ္စကြီး</b>ကို ပြည့်စုံစေခြင်းငှါ မူလယမိုက်ကျမ်း၏ အခြားမဲ့၌ <b>ခန္ဓယမိုက်ကျမ်း</b>၊ ၎င်း၏အခြားမဲ့၌ <b>အာယတနယမိုက်ကျမ်း</b>၊ ၎င်း၏အခြားမဲ့၌ <b>ဓာတုယမိုက်ကျမ်း</b>ကို ဟောတော်မူ၏၊ ၎င်းနောက် တတိယ<b>ပဟာနပရိညာကိစ္စကြီး</b>ကို ပြည့်စုံစေခြင်းငှါ <b>သစ္စယမိုက်ကျမ်း</b>ကို ဟောတော်မူ၏၊</p>
<p>[ဤကဲ့သို့ ရှေ့နောက်အစီအစဉ်၏ အကြောင်းအကျိုးကို ပြဆိုမှုမည်သည် ပြဆိုဖွယ်ပရိယာယ် အလွန်များပြား၏၊ ထုတ်ဖော်၍ မပြ မဆိုသော်လည်း ထိုထိုအကြောင်းအကျိုး ပြီးစီးလျက်ရှိ၏၊ ထို့ကြောင့် အထက်ငါးကျမ်းတို့၏ အစီအစဉ် အကြောင်းအကျိုးတို့ကို မဆိုလိုက်ပြီ။]</p>
<p>ဒုတိယ ယမိုက်ပုစ္ဆာအဖြေပြီး၏၊</p>
<h3><b>တတိယ ယမိုက်ပုစ္ဆာအဖြေ</b></h3>
<p>မူလတရား ၉-ပါး၊ ခန္ဓာတရားငါးပါးစသည်ဖြင့် ဆယ်ပါးသော တရားမျိုးတို့ကိုသာလျှင် ယမိုက်ဆယ်ကျမ်းပြု၍ ဟောတော်မူ၏၊ စျာနဓမ္မ၊ မဂ္ဂဓမ္မစသည်ဖြင့် ကျန်ရှိသော တရားတို့ကိုမူကား-ယမိုက်ကျမ်းပြု၍ မဟောရာ၌ အကြောင်းကား- ထိုဆယ်ပါးတို့ကို ယမိုက်ဆယ်ကျမ်းပြု၍ ဟောတော်မူသဖြင့်ပင်လျှင် စျာနဓမ္မ၊ မဂ္ဂဓမ္မ စသည်ဖြင့် ကျန်ရှိသော တရားတို့ကို ယမိုက်ကျမ်းပြု၍ ဟောပုံနည်းသည် ပညာရှိပုဂ္ဂိုလ်တို့အား ထင်ရှားသိသာလောက်ပြီဖြစ်၍ မဟောပေသည်။</p>
<p>[ထင်ရှားသိသာပုံ အတန်ငယ်အကျယ်မှာ ထိုအဖြေပါဠိတွင် ပါရှိလေပြီ။] တတိယ ယမိုက်ပုစ္ဆာအဖြေပြီး၏၊</p>
<p>-----*------</p>
<h3><b>စတုတ္ထ ယမိုက်ပုစ္ဆာအဖြေ</b></h3>
<p>ထို ယမိုက်ဆယ်ကျမ်းတို့မှာ တစ်ခုတစ်ခုသော တရားအတွက် အနက်သဘော ထိုထိုနေရာမှာ အထပ်ထပ်အခါခါ အလွန်များစွာပါရှိ၍ နေရာ၌ အကြောင်းကား</p>
<p><b>ဒေသနာဂတိ</b>သည်<br>
၁။ <b>သုတ္တန်ဒေသနာ ဂတိ</b>တစ်မျိုး၊</p>
<p>၂။ <b>အဘိဓမ္မာ ဒေသနာ ဂတိ</b>တစ်မျိုး၊ ဟူ၍ နှစ်မျိုးရှိ၏၊</p>
<p>[သုတ္တန်ဒေသနာ အလားတစ်မျိုး၊ အဘိဓမ္မာဒေသနာ အလားတစ်မျိုး ဆိုလိုသည်။]</p>
<p>ထိုနှစ်မျိုးတို့တွင်</p>
<p>၁။ <b>သုတ္တန်ဒေသနာဂတိ</b>ဆိုသည်ကား-တရားနာပရိသတ်၏သန္တာန်ကို ကြည့်တော်မူ၍ တရားနာပရိသတ်၏ ဉာဏ်နှင့်တော်တန်ရုံ၊ လျော်ကန်ရုံ တိုင်းတာ၍ ဟောခြင်းတည်း။</p>
<p>၂။ <b>အဘိဓမ္မာ ဒေသနာဂတိ</b>ဆိုသည်ကား- တရား၏ သန္တာန်ကို ကြည့်တော်မူ၍ တရား၏အလား ရှိသလောက် လွှတ်၍ ဟောတော်မူခြင်းတည်း။</p>
<p>တရား၏ အလားမည်သည် အလွန်များပြား ကျယ်ဝန်း၏၊ <b>ပထဝီဓာတ်</b>သည် တစ်ခုသောတရား ဖြစ်၏၊ ထိုတစ်ခုသော <b>ပထဝီဓာတ်</b>တရား၏အလားမည်သည် အလွန်များပြား ကျယ်ဝန်း၏၊ မြေအမျိုးမျိုး၊ ကျောက်အမျိုးမျိုး၊ ရွှေအမျိုးမျိုး၊ ငွေအမျိုးမျိုး၊ ကြေးအမျိုးမျိုး၊ သံအမျိုးမျိုး စသည်ဖြင့်၎င်း၊ သစ်အမျိုးမျိုး၊ ဝါးအမျိုးမျိုး၊ အမြစ်ပင်စည်အမျိုးမျိုး၊ အကိုင်းအခက် အရွက်အသီးအမျိုးမျိုး စသည်ဖြင့်၎င်း <b>ဗဟိဒ္ဓပထဝီ</b>မျိုးမှာလည်း အသင်္ချေယျ အနန္တများပြား၏၊ ဆံပင်အမျိုးမျိုး၊ မွေးညှင်းအမျိုးမျိုး၊ ခြေသည်းလက်သည်းအမျိုးမျိုး၊ သွားအမျိုးမျိုး၊ အရေအမျိုးမျိုးစသည်ဖြင့် <b>အဇ္ဈတ္တပထဝီ</b>မျိုးမှာလည်း အလွန်များပြား၏၊</p>
<p><b>လောဘ</b>သည် တစ်ခုသောတရားဖြစ်၏၊ ထိုတစ်ခုသော <b>လောဘ</b>တရား၏ အလားမည်သည် အလွန်များပြား ကျယ်ဝန်း၏၊ အဆင်း၌မက်မောခြင်း အမျိုးမျိုး၊ အသံ၌မက်မောခြင်းအမျိုးမျိုး စသည်တည်း။</p>
<p>သတ္တဝါတို့၏ ကျွတ်လွတ်မှုမည်သည် ဉာဏ်အမြင် ပေါက်နိုင်မှ ကျွတ်နိုင်၏၊ ဉာဏ်အမြင် ပေါက်မှုမည်သည် မိမိဉာဏ်အားနှင့် တန်ရုံမှ ပေါက်နိုင်၏၊ အလွန်များပြားခဲ့သော် အမြင်ပေါက်ရန်ဝေးစွ၊ မှတ်ရုံမျှပင် မမှတ်နိုင်ရှိကြ၏၊ မှတ်ရုံမျှပင် မမှတ်နိုင်လျှင် အမြင်ပေါက်နိုင်ကြရန်၊ အကျွတ်တရား ရနိုင်ကြရန် အလွန်ကွာဝေးကြ၏၊</p>
<p>ထို့ကြောင့် ဝေနေယျသတ္တဝါတို့ကို ယခုကျွတ်လွတ်ကြစေရန် ဟောတော်မူသော <b>သုတ္တန်ဒေသနာ</b>တို့မှာ ထိုသတ္တဝါတို့၏ ဉာဏ်နှင့် တော်တန်ရုံမျှ တိုင်းတာ၍ ဟောတော်မူ၏၊</p>
<p>တရားဓမ္မတို့၏အလား၊ ဉာဏ်တော်၏အလား ဤနှစ်ပါးတို့ကို အလွှတ်ဖွင့်လို၍ ဟောတော်မူသော <b>အဘိဓမ္မာဒေသနာ</b>တို့မှာ တရား၏ သန္တာန်ကို ကြည့်မြော်တော်မူ၍ တရား၏အလားရှိသလောက် လွှတ်၍ ဟောတော်မူ၏၊</p>
<p>ထို့ကြောင့် ယခုကာလ အဘိဓမ္မာ ပါဠိတော်ကြီးများကို ကြည့်ရှု ကြသူ လူပုဂ္ဂိုလ်တို့က အထပ်များလွန်းသည်၊ ကျယ်ပွားလွန်းသည်ဟူ၍ ဆိုခွင့်မရှိ၊ ငါတို့နှင့်တိုင်းတာ၍ ငါတို့ကျွတ်နိုင်ဖို့ ဟောသောဒေသနာ မဟုတ်ပေ၊ အကြောင်းတစ်မျိုး၊ အကျိုးတစ်မျိုးနှင့် ဟောသောဒေသနာ ဖြစ်ပေသည်-ဟု ကျေနပ်ကြရကုန်၏၊</p>
<p>[အကြောင်းတစ်မျိုးကား-ထင်ရှားပြီ။]</p>
<p>------*------</p>
<p>အကျိုးတစ်မျိုးကား။ ။ထိုကဲ့သို့ အကျယ်အပွား ဟောတော်မူရခြင်းသည် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်သို့ ပေါက်ရောက်ကြကုန်သော သာသနာတော်ထမ်း ရဟန်းသံဃာတော်အပေါင်းတို့အား <b>ပဋိသမ္ဘိဒါဉာဏ်</b> ပညာတရား တိုးပွားကြီးကျယ်စေရခြင်း အကျိုးရှိ၏၊ ယခုကာလ ရှိနေကြကုန်၏။</p>
<p>ဘုရားသာသနာတော်၌ အကျွတ်တရားကို ရကြကုန်သော ရဟန်းရှင်လူအပေါင်းတို့တွင် <b>ပဋိသမ္ဘိဒါပတ္တ</b> ဖြစ်ကြသူတို့သည် အထွက်အထိပ် ဖြစ်ကြကုန်၏၊ ရဟန်းယောကျ်ားတို့တွင် <b>အရှင်သာရိပုတ္တရာ</b>၊ <b>အရှင်မဟာမောဂ္ဂလာန်</b>၊ <b>အရှင်အာနန္ဒာ</b> စသည်တို့ပေတည်း၊ ရဟန်းမိန်းမတို့တွင် <b>ရှင်ခေမာ</b>၊ <b>ရှင်ဓမ္မဒိန္နာ</b> စသည်တို့ပေတည်း၊ လူယောကျ်ားတို့တွင် <b>စိတ္တသူကြွယ်</b>၊ <b>ဥဂ္ဂသူကြွယ်</b>၊ <b>ဥပါလိသူကြွယ်</b> စသည် တို့ပေတည်း၊ လူမိန်းမတို့တွင် <b>ဝေဠုကန္တကီ</b>၊ <b>ဥတ္တရာ</b>စသည်တို့ပေတည်း။</p>
<p>[<b>ပဋိသမ္ဘိဒါဉာဏ်</b>ဆိုသည်ကား-မြတ်စွာဘုရားတို့၏ တစ်ခွန်းသော တရားစကားကို ကြားသိရလျှင် နည်းတစ်ရာ နည်းတစ်ထောင်တို့ဖြင့် အကျယ်ဝေဖန်နိုင်သော ဉာဏ်ပညာမျိုးပေတည်း။]</p>
<p>စတုတ္ထ ယမိုက်ပုစ္ဆာအဖြေပြီး၏၊</p>
<p>------</p>
<h3><b>ပဉ္စမ ယမိုက်ပုစ္ဆာ အဖြေ</b></h3>
<p>ယမိုက်ဆယ်ကျမ်းတို့တွင် တစ်ကျမ်းတစ်ကျမ်း၏ လိုရင်းထက် လိုရင်း အကျဉ်းအချုပ် သရုပ်သဘောကို ပြဆိုပါဟူသော အမေး၌ လန်ဒန်သို့ ပေးပို့သည့် အဖြေကျမ်းတွင် လိုရင်းထက် လိုရင်း အကျဉ်းအချုပ် သရုပ်သဘောမျိုး များစွာပါရှိသည်တွင် အချို့အချို့သော သရုပ်သဘောများသည် လန်ဒန်မြို့ရှိ ပါဠိဘာသာ အသင်းသားများကဲ့သို့ အင်္ဂါလေးဆယ်ခန့်ရှိသော ပါဠိယမိုက်ကျမ်းကြီးကို လက်ကိုင်ပြု၍ ကြည့်ရှုနိုင်ကြသူများမှသာလျှင် နားလည်နိုင်ကြမည်ဖြစ်၏၊</p>
<p>ပဉ္စမယမိုက်ပုစ္ဆာပြီး၏၊</p>
<p>------*------</p>
<h3><b>နောက်ဆက်တွဲ သစ္စာနှစ်ပါးပြဆိုခန်း</b></h3>
<p>ထိုကဲ့သို့သော သရုပ်သဘောများကို ချန်လှပ်ပြီးလျှင် ဤမြန်မာနိုင်ငံသူနိုင်ငံသား လူအများတို့ နားလည်နိုင်ကြစေရန် လန်ဒန်မြို့သားတို့ အထူးအားဖြင့် အားရနှစ်သက် ထုတ်ဖော်လျက် ပါရှိသည်များကိုသာ ပြဆိုပေအံ့။</p>
<p>၁။ <b>ပဋိစ္စသမုပ္ပါဒ</b>၊</p>
<p>၂။ <b>အနတ္တ</b>၊</p>
<p>၃။ <b>နိဗ္ဗာန</b>၊</p>
<p>ဤတရား ၃-ပါးတို့ကို သဘောကျကျ နားလည်နိုင်ကြစေရန် ၎င်းအဖြေမှာ ပါရှိသော သစ္စာနှစ်ပါး ခွဲနည်းကို ရှေးဦးစွာ ပြဆိုပေအံ့။</p>
<h3><b>သစ္စာနှစ်ပါး</b></h3>
<p>မဖောက်မပြန် မှန်ကန်သည်ကို <b>သစ္စာ</b>ဟူ၍ဆိုသည်၊ ထို<b>သစ္စာ</b>သည်-</p>
<p>၁။ <b>သမုတိသစ္စာ</b>၊</p>
<p>၂။ <b>ပရမတ္ထသစ္စာ</b></p>
<p>အားဖြင့် နှစ်ပါးအပြားရှိ၏၊</p>
<p>၁။ <b>သမုတိသစ္စာ</b>ဆိုသည်ကား-လောကီလူများအပေါင်းတို့ သမုတ်အပ်သောအတိုင်း လောကအခေါ်အဝေါ် ဝေါဟာရအားဖြင့် ပြီးစီးမှန်ကန်သော <b>သစ္စာ</b>ပေတည်း။ <b>အတ္တ</b>၊ <b>ဇီဝ</b>၊ <b>သတ္တဝါ</b>၊ <b>ပုဂ္ဂိုလ်</b>၊ <b>ယောကျ်ား</b>၊ <b>မိန်းမ</b>၊ <b>ဦးခေါင်း</b>၊ <b>ကိုယ်</b>၊ <b>လက်</b>၊ <b>ခြေ</b>၊ <b>ဆံပင်</b>၊ <b>အမွေး</b>၊ <b>ခြေသည်း</b>၊ <b>လက်သည်း</b>၊ <b>သွား</b>၊ <b>အရေ</b>၊ <b>အသား</b>၊ <b>အကြော</b>၊ <b>အရိုး</b>အစရှိသော ပုဂ္ဂိုလ်သတ္တဝါတို့၏ သဏ္ဌာန်နှင့် ဆိုင်သော အခေါ်အဝေါ် ပညတ်ချက်တို့သည်၎င်း၊ သတ္တဝါတို့၏ ကိုယ်သဏ္ဌာန်မှ အပ၌ <b>သစ်ပင်</b>၊ <b>နွယ်</b>၊ <b>ချုံ</b>၊ <b>အိမ်</b>၊ <b>ကျောင်း</b>၊ <b>ညောင်စောင်း</b>၊ <b>အင်းပျဉ်</b>၊ <b>တော</b>၊ <b>တောင်</b>၊ <b>သမုဒ္ဒရာ</b>စသော အခေါ်အဝေါ်ပညတ်ချက်တို့သည်၎င်း <b>လောကသမ္မုတိ</b>မည်ကုန်၏၊</p>
<p>ထို<b>လောကသမ္မုတိ</b>သည် <b>စိတ်</b>၊ <b>ဝေဒနာ</b>၊ <b>ဖဿ</b>၊ <b>ပထဝီ</b>၊ <b>အာပေါ</b> စသော ပရမတ္ထသဘာဝတို့၏ အမည်နာမများ မဟုတ်ကြကုန်၊ <b>သဏ္ဌာနပညတ်</b>၊ <b>သန္တတိပညတ်</b>တို့၏ အမည်တို့သာတည်း။</p>
<p>ထို<b>လောကသမ္မုတိ</b>အမည်တို့၏ အနက်ဒြဗ်တို့သည်လည်း ပရမတ္ထအားဖြင့် ထင်ရှားရရှိကောင်းသောတရားတို့ မဟုတ်ကုန်၊ <b>သဏ္ဌာနပညတ်</b>၊ <b>သန္တတိပညတ်</b>မျှတို့သာ ဖြစ်ကုန်၏၊ ထို<b>လောကသမ္မုတိ</b>အမည်တို့နှင့် အနက်ဒြဗ်တို့သည်လည်း <b>လောကသမ္မုတိ</b>မျှသာ ဖြစ်၍ စင်စစ်အားဖြင့် သဘာဝဓမ္မများကို မရကောင်းသော ပညတ်မျှတို့သာတည်း၊ ထိုပညတ်မျှသည်ပင်လျှင် <b>လောကသမ္မုတိ</b>မည်လေသည်။</p>
<p>ဥပမာ။ မိန်းမမြုံ၏သား- ဟူသောစကားသည်ရှိ၏၊ စင်စစ် မိန်းမမြုံ၏သား ရှိသလောဆိုလျှင် မုချမရှိလေသကဲ့သို့ တည်း။</p>
<p>မေး။ ထိုသို့ဖြစ်လျှင် <b>လောကသမ္မုတိ</b>အားဖြင့် ပြီးစီးသော အရာကို အဘယ့်ကြောင့် <b>သစ္စာ</b>ဆိုသနည်း။<br>
ဖြေ။ သတ္တဝါရှိ၏၊ ပုဂ္ဂိုလ်ရှိ၏၊ လူရှိ၏၊ ယောကျ်ားရှိ၏၊ မိန်းမရှိ၏၊ နတ်ရှိ၏၊ သစ်ပင်ရှိ၏၊ တောတောင်ရှိ၏ စသည်ဖြင့် လောကီလူတို့ ခေါ်ဝေါ်ပြောဆိုကြမြဲ အတိုင်း သုံးစွဲခေါ်ဝေါ်ပြောဆိုလျှင် မုသာဝါဒမဖြစ်၊ အမှန်ကိုသာ ပြောဆိုသည် မည်သောကြောင့် <b>သစ္စာ</b>မည်၏၊ ပြောဆိုသော ပုဂ္ဂိုလ်သည်လည်း <b>သစ္စာဝါဒီ</b>မည်၏၊ အဘယ့်ကြောင့်နည်းဆိုသော် ထိုသို့ ပြောဆိုခြင်းအားဖြင့် တစ်စုံတစ်ယောက်သော သူအား ပျက်ပြားချွတ်ယွင်းခြင်းကို မဖြစ်စေတတ်သော ကြောင့်တည်း။</p>
<p><b>သမ္မုတိသစ္စာ</b>ကို ပြောဆိုသောအခါ ပရမတ္ထဖက်သို့ မလှည့်ဘဲ လောကလူတို့ အပြောအဆို၊ အခေါ်အဝေါ်၊ အမှတ်အထင်အားဖြင့် သာလျှင် ပြောကြားရာ၏၊ ထို<b>သမ္မုတိသစ္စာ</b>သည် သူ့ဆိုင်ရာဌာန၌ များစွာအကျိုးရှိ၏၊ <b>ဗောဓိလောင်း</b> ဟူသမျှတို့သည် ထို<b>သမ္မုတိသစ္စာ</b>ကို လက်ကိုင်ပြုသဖြင့်သာလျှင် <b>ဗောဓိ</b>ကို ဖြည့်ဆည်းပူးတော်မူကြရကုန်၏၊ <b>လောကသမ္မုတိ</b>အစွမ်း ကြီးကျယ်စွာနှင့် မှန်ကန်ပုံမှာ အမိအဘနှင့် အခြားသူများသည် လူ့ဘုံအချင်းချင်း တူကြ၏၊ အမိအဘဟူ၍ <b>လောကသမ္မုတိ</b>ပညတ်ချက်ရှိလေသောကြောင့် အခြားသောသူကို သတ်လျှင် <b>မာတုဃာတကကံ</b>၊ <b>ပိတုဃာတကကံ</b>ထိုက်၍ အပြစ်လေးသည်မဟုတ်၊ အမိအဘကိုသတ်လျှင်သာ ထိုအပြစ်ကြီးများထိုက်၍ အကျိုးပေး နက်နဲလေသည်၊ အကုသိုလ်တရား၊ ကုသိုလ်တရားတို့၌ <b>သမ္မုတိသစ္စာ</b>နှင့် ဖြန့်၍ နှံ့စပ်အောင်ကြည့်လေ။</p>
<p>[ ဤကား-<b>သမ္မုတိသစ္စာ</b>ကို ပြသောစကားရပ်ပေတည်း။]</p>
<p>၂။ သဘောအားဖြင့် ထင်ရှားပြီးသော <b>သစ္စာ</b>သည် <b>ပရမတ္ထသစ္စာ</b>မည်၏၊</p>
<p>မေး။ <b>ပရမတ္ထ</b>ဟူသည် အဘယ်ကိုခေါ်သနည်း။<br>
ဖြေ။ သဘောအားဖြင့် ထင်ရှားရရှိကောင်းသော တရား</p>
<p>များကို <b>ပရမတ္ထ</b>ဆိုသည်၊ သဘောအားဖြင့် ထင်ရှားရရှိကောင်းသော တရားတို့ကား-<b>စိတ်</b>၊ <b>စေတသိက်</b>၊ <b>ရုပ်</b>၊ <b>နိဗ္ဗာန်</b>၊ <b>ခန္ဓာ</b>၊ <b>အာယတန</b>၊ <b>ဓာတ်</b>တို့ပေတည်း၊ ထိုတရား အပေါင်းတို့သည် ပညတ်မျှမဟုတ်၊ သဘောအားဖြင့် ထင်ရှားသောကြောင့်၎င်း၊ ထိုထက်လွန်ကဲ၍ နူးညံ့သိမ်မွေ့ နက်နဲသောသဘော မရှိသောကြောင့်၎င်း <b>ပရမတ္ထ</b>မည်သည်၊</p>
<p><b>သဘာဝတော ဝိဇ္ဇမာနဋ္ဌေန တတော ဥတ္တရိတရဿ၊ အတ္ထဿ အဘာဝတော ပရမတ္ထော နာမ။</b></p>
<p>အနက်ကား။ ။ <b>သဘာဝတော</b>=သဘောအားဖြင့်၊ <b>ဝိဇ္ဇမာနဋ္ဌေန</b>=ထင်ရှားရှိသောအနက်ကြောင့်၎င်း၊ <b>တတော</b>=ထိုတရား ထက်၊ <b>ဥတ္တရိတရဿ</b>=လွန်ကဲနက်နဲသော တရားမျိုး၏၊ <b>အဘာဝတော</b>=မရှိခြင်းကြောင့်၎င်း၊ <b>ပရမတ္ထောနာမ</b>=<b>ပရမတ္ထ</b>မည်၏၊</p>
<p>မေး။ <b>ပရမတ္ထ</b>အားဖြင့် ပြီးစီးသော<b>သစ္စာ</b>ကား-အဘယ်နည်း။<br>
ဖြေ။ အာရုံကို ကြံတတ်၊ သိတတ်သော <b>စိတ်</b>ရှိ၏၊ တွေ့ထိတတ်သော <b>ဖဿ</b>ရှိ၏၊ ခံစားတတ်သော <b>ဝေဒနာ</b>ရှိ၏၊ ခက်မာခြင်း <b>ပထဝီ</b>ရှိ၏၊ ဖွဲ့စေးခြင်း <b>အာပေါ</b>ရှိ၏၊ ချုပ်ငြိမ်းခြင်း <b>နိဗ္ဗာန်</b>ရှိ၏၊ ဤသို့စသည်ဖြင့် တရားသဘောရှိတိုင်း ပြောဆိုသည်ရှိသော် မှန်ကန်ခြင်းသို့ ရောက်၏၊ ဤသို့စသည်ဖြင့် ပြောဆိုသောပုဂ္ဂိုလ်သည်လည်း <b>သစ္စာဝါဒီ</b>မည်၏၊ ပြောဆိုသောစကားသည်လည်း <b>သစ္စာစကား</b>ဖြစ်၏၊ အဘယ့်ကြောင့် နည်းဟူမူ <b>သညာဝိပလ္လာသ</b>၊ <b>စိတ္တဝိပလ္လာသ</b>၊ <b>ဒိဋ္ဌိဝိပလ္လာသ</b>တို့နှင့် မစပ်မယှက် သက်သက် မှန်ကန်သော သဘောဖြစ်လေသောကြောင့်တည်း။</p>
<p>[ဤကား- <b>ပရမတ္ထသစ္စာ</b>ကို ပြသော စကားရပ်ပေတည်း။]</p>
<p>------</p>
<h3>သမ္မုတိသစ္စာ၏ ဆန့်ကျင်ဖက် မုသာဝါဒ</h3>
<p>* သမ္မုတိသစ္စာသည် <b>မဟုတ်မမှန်ပြောခြင်းတည်း</b>-ဟူ သော မုသာဝါဒနှင့်ဆန့်ကျင်ဖက်ဖြစ်၏၊</p>
<p>* ပရမတ္ထသစ္စာသည် <b>ဖေါက်ပြန်ထင်မှားခြင်းတည်း</b>-ဟူ သော ဝိပလ္လာသတရားနှင့် ဆန့်ကျင်ဖက်ဖြစ်၏၊ သမ္မုတိ သစ္စံ မုသာဝါဒပဋိပက္ခံ၊</p>
<p>ပရမတ္ထသစ္စံ ဝိလ္လာသ ပဋိပက္ခံ။</p>
<p>အနက်ကား။။ <b>သမ္မုတိသစ္စံ</b>=သမ္မုတိသစ္စာသည်၊ <b>မုသာဝါဒပဋိပက္ခံ</b>= မုသာဝါဒနှင့် ဆန့်ကျင်ဖက်ဖြစ်၏၊ <b>ပရမတ္ထသစ္စံ</b>= ပရမတ္ထ သစ္စာသည်၊ <b>ဝိပလ္လာသ ပဋိပက္ခံ</b>=ဝိပလ္လာသနှင့် ဆန့်ကျင်ဖက်ဖြစ်၏၊</p>
<p>ထိုစကားကိုထင်စွာပြဦးအံ့။ ။ သဘောအားဖြင့် မှန်သည် ဖြစ်စေ, မမှန်သည်ဖြစ်စေ, <b>မိစ္ဆာဒိဋ္ဌိ</b> အရာ ပင်ဖြစ်စေ, <b>သမ္မာဒိဋ္ဌိ</b> အရာပင်ဖြစ်စေ, သမ္မုတိသစ္စာဖက်ကနေ၍ အတ္တရှိ၏, ဇီဝရှိ၏, ပုဂ္ဂိုလ်ရှိ၏, သတ္တဝါ ရှိ၏, ယောကျ်ားရှိ၏, မိန်းမရှိ၏၊ ဤသို့စသည်ဖြင့် ပြောဆိုသောသူအား မုသာဝါဒ မဖြစ်နိုင်၊ အဘယ့် ကြောင့်နည်းဆိုသော် တစ်စုံတစ်ယောက်သောသူကိုမျှ လိမ်လည် လှည့်ပတ်၍ ပြောခြင်းမဟုတ်သောကြောင့် တည်း။</p>
<p>ထိုသမ္မုတိ သစ္စာအားဖြင့် ပြောကြားသည်ရှိသော် ဖောက်ပြန် ထင်မှားခြင်း ဝိပလ္လာသမူကား ဖြစ်၏၊ အဘယ့်ကြောင့်နည်းဆိုသော် အတ္တမဟုတ်သော တရားတို့ကို အတ္တစသည်ဖြင့် စွဲလမ်း၍ ပြောဆိုခြင်း ကြောင့်တည်း။</p>
<p>ပရမတ္ထသစ္စာဖက်၌ ကြည့်၍ အတ္တမရှိ, ဇီဝမရှိ, သတ္တဝါမရှိ, ပုဂ္ဂိုလ်မရှိ, ယောကျ်ားမရှိ, မိန်းမမရှိ, သဘာဝဓမ္မတို့သာ ရှိကုန်၏၊ ထိုသဘာဝဓမ္မတို့သည် အတ္တမဟုတ်ကုန်၊ အနတ္တတို့သည်သာလျှင် တည်း-ဟူ၍ ပြောဆိုသည်ရှိသော် မုသာဝါဒလည်း မဖြစ်နိုင်၊ ဝိပလ္လာသ လည်း မဖြစ်နိုင်။</p>
<br>
<h3>ပရမတ္ထသစ္စာ၏ ဆန့်ကျင်ဖက် ဝိပလ္လာသ</h3>
<p><b>မှားယွင်းဖေါက်ပြန်သည်ကို ဝိပလ္လာသ ဆိုသည်</b>။</p>
<p><b>ဝိပရီတတော အသနံ ဥပဂမနံ ဝိပလ္လာသော</b>။ အနက်ကား။ ။ <b>ဝိပရီတတော</b>= မှားယွင်းသောအားဖြင့်၊ <b>အသနံ ဥပဂမနံ</b>= ကပ်ရောက်ခြင်းသည်၊ <b>ဝိပလ္လာသော</b>= ဝိပလ္လာသ မည်၏၊</p>
<p>၁။ အနိစ္စကို <b>နိစ္စ</b>,</p>
<p>၂။ ဒုက္ခကို <b>သုခ</b>,</p>
<p>၃။ အနတ္တကို <b>အတ္တ</b></p>
<p>၄။ အသုဘကို <b>သုဘ</b> ဟူ၍ ဖေါက်ပြန် ထင်မှားခြင်း-ဝိပလ္လာသတရား လေးပါးရှိသည်။</p>
<p>[ဝိပလ္လာသ လေးပါးကို သညာ, စိတ္တ, ဒိဋ္ဌိသုံးပါးနှင့် မြှောက်ပွားသည်ရှိသော် ဝိပလ္လာသတရား <b>၁၂</b>-ပါး ဖြစ်၏၊]</p>
<p>* အမှတ်မထင်ဖေါက်ပြန်မှုကို <b>သညာဝိပလ္လာသ</b>ဆိုသည်။</p>
<p>* အသိအကြံဖေါက်ပြန်မှုကို <b>စိတ္တဝိပလ္လာသ</b>ဆိုသည်။</p>
<p>* အမြင်အယူ ဖေါက်ပြန်မှုကို <b>ဒိဋ္ဌိဝိပလ္လာသ</b>ဆိုသည်။</p>
<p>ရုပ်နာမ်တရားတို့၌ အမှတ်သညာ၏ဖေါက်ပြန်ခြင်း, အသိ အကြံ၏ဖေါက်ပြန်ခြင်း, အမြင်အယူ၏ဖေါက်ပြန်ခြင်း ဆိုလိုသည်။</p>
<p>ပရမတ္ထသက်သက်မျှသာဖြစ်သော ရုပ်နာမ်တရားတို့ကို သတ္တဝါဟူ၍၎င်း, ပုဂ္ဂိုလ်-ဟူ၍၎င်း, ထင်မှတ်စွဲလမ်း၍ ယူသည်ရှိသော် အနိစ္စ၌ နိစ္စ-ဟူ၍ မှတ်ယူစွဲလမ်းသည်မည်၏၊ အဘယ့်ကြောင့် နည်းဆိုသော် သတ္တဝါပုဂ္ဂိုလ်- ဟူသည် ပညတ်မျှသာ ဖြစ်၏၊ စင်စစ်ရှိ သော တရားမျိုးမဟုတ်။</p>
<p>စင်စစ်ထင်ရှား မရှိသော ပညတ်တရားမှာ ပျက်စီးချုပ်ကွယ်ခြင်း သဘောမရှိ၊ ပုဂ္ဂိုလ်သတ္တဝါတစ်ယောက်သည် တစ်ခုသောဘဝ၌ ပထမ ပဋိသန္ဓေတည်နေသောအခါ တစ်ကြိမ်သာလျှင်ဖြစ်၏၊ ဘဝအဆုံး၌ တစ်ကြိမ်သာလျှင်သေ၏၊ သတ္တဝါသည် ထိုဘဝမှလာ၍ ပဋိသန္ဓေတည် နေ၏၊ သေသည်မှ နောက်ကာလ၌ ထိုထိုဘဝသို့ ကူးပြောင်းရလေ၏၊</p>
<p>ဤကား-သတ္တဝါတို့၏ သဘောအလေ့ပေတည်း၊ ထို့ကြောင့် နာမ်, ရုပ်တရားတို့ကို ပုဂ္ဂိုလ်သတ္တဝါ-ဟူ၍ ယူသည်ရှိသော် အနိစ္စ၌ နိစ္စဟူ၍ မှတ်ယူဖောက်ပြန်သည် မည်လေသည်။</p>
<p>ရုပ်, နာမ်တရားသည် မြဲသောသဘောမရှိ၍ အနိစ္စဖြစ်၏၊ ခဏခဏဖြစ်၍ ခဏခဏပျက်စီးတတ်၏၊ သတ္တဝါမှာ ထိုသို့သဘောမရှိ၊ သို့ဖြစ်၍ နာမ် ရုပ်တို့ကို သတ္တဝါ-ဟု မှတ်ယူသောအခါ သဘောချင်း ကန့်လန့်ဆန့်ကျင်၍ ဝိပလ္လာသ မည်လေသည်၊ ဒုက္ခသစ္စာတွင် အကျုံး ဝင်၍ ဖြစ်ပျက်ခြင်းတို့ဖြင့် နှိပ်စက်အပ်သောကြောင့် ချမ်းသာမဖက် သက်သက် ဒုက္ခအတိသာဖြစ်သော ရုပ်, နာမ်တို့ကို ချစ်ခင်ဖွယ်, နှစ်သက်ဖွယ်, သာယာမြတ်နိုးဖွယ်, ချမ်းသာဖွယ်-ဟူ၍ မှတ်ယူစွဲလမ်း သည်ရှိသော် ဒုက္ခ၌သုခဟူ၍ မှတ်ယူဖေါက်ပြန်သည်မည်၏၊ အသုဘ၌ သုဘ-ဟူ၍ မှတ်ယူဖေါက်ပြန်သည်လည်း မည်၏၊</p>
<p>သတ္တဝါမည်သည် ပညတ်မျှသာရှိ၏၊ သဘောအားဖြင့် ထင်ရှား မရှိ၊ ဤကဲ့သို့ ထင်ရှားမရှိသောသတ္တဝါကို ထင်ရှားရှိသကဲ့သို့ စွဲလမ်း မှတ်ယူလျက် နာမ်, ရုပ်တရားကိုပင်လျှင် သတ္တဝါ၏အနှစ်သာရ, အတ္တ, ဇီဝ- ဟူ၍ ပြုလုပ်ပြီးလျှင် နာမ်, ရုပ်တရားသည်ပင်လျှင် သတ္တဝါ ၏အတ္တ, ဇီဝမည်၏၊ ဤနာမ်, ရုပ်တရားသည်ပင်လျှင် သတ္တဝါမည်၏ဟူ၍ မှတ်ယူသည်ရှိသော် အနတ္တ၌ အတ္တ-ဟူ၍ မှတ်ယူစွဲလမ်း ဖေါက်ပြန်သည်မည်၏၊</p>
<p>ယောကျ်ားသည် မျက်စိဖြင့် အဆင်းကိုမြင်၏- ဟူသော စကား၌ မြင်ခြင်းမည်သည်ကား-စက္ခုဝိညာဏ်စိတ်ပင်လျှင်တည်း၊ ထိုစက္ခုဝိညာဏ်စိတ်သည် အဆင်းကိုအာရုံပြု၏၊ အဆင်းမည်သည်လည်း ဝဏ္ဏာယတနခေါ်သော ရူပါရုံဓာတ်တရားဖြစ်၏၊ ပုဂ္ဂိုလ်မဟုတ်, သတ္တဝါမဟုတ်, ပုဂ္ဂိုလ်က မြင်သည်မဟုတ်။</p>
<p>အဆင်းကို မြင်ပြီးသောအခါ တစ်ဖန် မနောဝိညာဏ်စိတ်တို့ဖြင့် သတ္တဝါ-ဟူ၍ မှတ်ထင်၏၊ ယောက်ျား-ဟူ၍, ဦးခေါင်း-ဟူ၍, မျက်နှာ ဟူ၍, ခြေလက်အင်္ဂါ-ဟူ၍, မှတ်ထင်၏၊ သစ်ပင်-ဟူ၍, ရထား-ဟူ၍, အိမ်-ဟူ၍, ကျောင်း-ဟူ၍ မှတ်ထင်၏၊၊ ဤသို့ဖြစ်ရခြင်းကား- မြင်ခြင်း <b>ဒဿန</b>လျှင် အကြောင်းရင်းရှိသော စိတ္တဝိပလ္လာသမျိုးပေတည်း၊ ကြားခြင်း <b>သဝန</b>, နံခြင်း <b>ဃာယန</b>, လျက်ခြင်း <b>သာယန</b>, တွေ့ထိခြင်း <b>ဖုသန</b>လျှင် အရင်းရှိသော စိတ္တဝိပလ္လာသတို့၌လည်း ထိုနည်းအတူ ပင်တည်း၊၊ စိတ်လျှင် အရင်းရှိသော စိတ္တဝိပလ္လာသသည်ကား- လွန်စွာ အရာကျယ်၏၊</p>
<p>အကြင်သို့သော အခြင်းအရာအားဖြင့် မနောဝိညာဏ်စိတ်က မှတ်၍ ထား၏၊ ထိုသို့သော အခြင်းအရာအားဖြင့် သညာက မြဲစွဲစေ၏၊ နောက်အခါ၌ မေ့လျော့ခြင်း ပျက်စီးခြင်းကို မဖြစ်စေ၊ ဤကား-သညာ ဝိပလ္လာသမှုပေတည်း။</p>
<p>ထိုထိုသို့သော အခြင်းအရာအားဖြင့် သညာက အမြဲအစွဲ မှတ်၍ ထားအပ်ကုန်သော သတ္တဝါပုဂ္ဂိုလ်စသည်တို့၌ အတ္တရှိ၏, ဇီဝရှိ၏, ထိုအတ္တ-ဇီဝသည် ဤသို့သဘောရှိ၏, ဤသို့အခြင်းအရာရှိ၏ စသည် ဖြင့် ဒိဋ္ဌိကကြံစည်၏၊ ဤကား- ဒိဋ္ဌိဝိပလ္လာသမှုပေတည်း။</p>
<p>သုတ္တန်တို့၌မူကား- သညာဝိပလ္လာသက သတ္တဝါတို့၌ ထင်ရှား သောကြောင့် ထိုသညာဝိပလ္လာသကို ရှေးဦးစွာ ဟောကြားတော်မူသည်၊ သို့ရာတွင် ထိုသညာဝိပလ္လာသသည် ဒိဋ္ဌိ၏ နောက်သို့ပင် အစဉ်လိုက် လျက် ရှိလေသေး၏၊</p>
<p>ဤဝိပလ္လာသ တရားတို့သည် <b>အဝိဇ္ဇာ</b>လျှင် အကြောင်းရင်း</p>
<p>ရှိကုန်၏၊ အဝိဇ္ဇာကြောင့် ဖြစ်၏၊ သစ္စာလေးတန်ကို မှန်သောအတိုင်း မသိမှုကြောင့် အဖေါက်ဖေါက် အပြန်ပြန် ဝိပလ္လာသတရားတွေဖြစ်၍ နေသည်၊ ထိုဝိပလ္လာသတို့တွင် သညာဝိပလ္လာသနှင့် စိတ္တဝိပလ္လာသ နှစ်ပါးတို့ကို လောကီကုသိုလ် စိတ္တုပ္ပါဒ်တို့၌လည်း ရအပ်ကုန်၏၊ ထိုဝိပလ္လာသတရားတို့ကြောင့် <b>တဏှာ, မာန, ဒိဋ္ဌိ</b>တည်းဟူသော သံသရာနယ်ချဲ့သမား <b>ပပဉ္စတရားတို့</b>ဖြစ်ပေါ်လာကြကုန်၏၊ ပရမတ္ထ သစ္စာ၌ ကြည့်၍ ဆင်ခြင်သည်ရှိသော် ထိုဝိပလ္လာသတရားတို့၏ မှားယွင်းဖေါက်ပြန်ချက်တို့ကို ထင်ရှားစွာ ပိုင်းခြားသိနိုင်ကုန်၏၊ ထိုသို့ ပိုင်းခြား၍သိနိုင်သည်ရှိသော် ထိုဝိပလ္ല്ലാသတရားတို့ကို ပယ်စွန့်နိုင်လေ၏၊</p>
<p>[သစ္စာနှစ်ပါးကို ပြဆိုခန်းပြီး၏၊]</p>
<p>[ဤတွင်ရွေ့ကား-လန်ဒန်မြို့ (Mrs C.A.F Rhys Davids) ရီးဒေဗစ် ပုစ္ဆာ ငါးရပ် အကျဉ်းအားဖြင့် ဖြေဆိုခန်းပြီး၏၊ အကျယ်ဝိတ္ထာရ-အဖြေမှာ-လန်ဒန်ပါဠိ အဖြေမှာ ပါရှိလေ၏၊]</p>
<p>လန်ဒန်ပါဠိဒေဝီ၏ ယမိုက်ပုစ္ဆာအဖြေပြီး၏၊</p>
<p>------*------</p>
<br>
<h3>လန်ဒန်ပါဠိဒေဝီ မေးချက်များ</h3>
<p>လန်ဒန်-ပါဠိဒေဝီ၏ ပဋ္ဌာန်းပုစ္ဆာအဖြေ</p>
<p><b>နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ</b></p>
<p>၁။ ဗုဒ္ဓဘာသာအဘိဓမ္မာ၌- <b>ပစ္စယသဒ္ဒါ၏ အနက်အဓိပ္ပါယ်</b>ကို သိလိုပါသည် တစ်ရပ်။</p>
<p>၂။ ပစ္စည်းတရား <b>၂၄</b>-ပါးတို့သည် ပရမတ်တရားများပါလား၊ သို့မဟုတ် ၎င်း <b>၂၄</b>-ပါးတို့သည် <b>စိတ္တမယ ဓမ္မ</b>များပါလား တစ်ရပ်။</p>
<p>၃။ ၎င်းပစ္စည်းတရား<b>၂၄</b>-ပါးတို့သည် “<b>ဣဒပ္ပစ္စယတာ</b>” အမျိုးမျိုး ပင်ဖြစ်ကြ၍ ရှေးရှေးသော <b>ခဏိကတရား</b>တစ်ခုသည် နောက်နောက်သော <b>ခဏိကတရား</b>တစ်ခုအား ဥပကာရ ဖြစ်ကြပါသလော၊ ရှေးရှေးတရားသည် နောက်နောက် တရား၏ အကြောင်းဟုတ်ပါသလော- မဟုတ်ပါသလောတစ်ရပ်။</p>
<br>
<h3>လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက်</h3>
<p>၁။ “ဗုဒ္ဓဘာသာ အဘိဓမ္မာ၌- ပစ္စယသဒ္ဒါ၏ အနက်အဓိပ္ပါယ် ကို သိလိုပါသည်” ဟူသောမေးချက်၏ အဖြေမှာ မောင်ရွှေစံအောင်၏ မေးချက်အဖြေ၌ ပါရှိလေပြီ၊ ဤမှာလည်း အတန်ငယ် ပြဆိုဦးအံ့။</p>
<br>
<h3>ပစ္စယသဒ္ဒါ၏ဝစနတ္ထ</h3>
<p>ပစ္စယသဒ္ဒါ၏အနက်သည် <b>ဝစနတ္ထအနက်, အဓိပ္ပါယတ္ထအနက်</b> ဟူ၍ နှစ်ပါးရှိ၏၊ ထိုနှစ်ပါးတို့တွင်</p>
<p><b>အတ္တာနံ ပဋိစ္စ အယန္တိ ဂစ္ဆန္တိ ပဝတ္တန္တိ ဖလဓမ္မာ ဧတေနာတိ ပစ္စယော</b> ဟုဝိဂ္ဂဟပြု၍။</p>
<p>အကျိုးတရားတို့၏ မိမိကိုအစွဲပြု၍ ဖြစ်ပေါ်နိုင်ကြရန်, တည်နေ</p>
<p>နိုင်ကြရန် အကြောင်းတရားသည် <b>ပစ္စယမည်၏</b>၊ ဥပမာကား-သစ်ပင် တည်းဟူသော အကျိုးတရားတို့မှာ မျိုးစေ့သည်လည်း ပစ္စယမည်၏၊ မြေသည်လည်းပစ္စယမည်၏၊ မိုးရေသည်လည်း ပစ္စယမည်၏၊ နေဥတုဟူသော မီးသည်လည်း ပစ္စယမည်၏၊ လေသည်လည်း ပစ္စယမည်၏၊ ထိုပစ္စယငါးပါးကို အစွဲပြု၍ သစ်ပင်တို့သည် ဖြစ်ပေါ်ကြကုန်၏၊ ကြီးပွား ကြကုန်၏၊ ကြီးပွားပြီးနောက် အမျိုးဇာတိအားလျော်စွာ ကာလမြင့် ရှည်တည်နေကြကုန်၏၊</p>
<p>ထိုတွင် မျိုးစေ့တို့၏ ပစ္စယကိစ္စသည် သစ်ပင်ငယ်တို့၏ အစစွာ ဖြစ်ပေါ်မှု၌ လွန်ကဲ၏၊ ကြွင်းသော မြေ, ရေ, မီး, လေ-ဟူသော ပစ္စယ တရားလေးပါးတို့သည် အစစွာဖြစ်ပေါ်မှု၌ အကူအညီမျှ ဖြစ်ကြကုန်၍ ကြီးပွားမှု, တည်နေမှုတို့၌ လွန်ကဲကြကုန်၏၊</p>
<p>သို့သော် မျိုးစေ့၏အာနုဘာဝသည် ကြီးပွားရာ, တည်နေရာ တို့၌လည်း အုပ်စိုးလျက်ပါရှိ၏၊ မျိုးစေ့သို့လိုက်၍ အမျိုးဇာတိ အား လျော်စွာသာ ကြီးပွားနိုင်ကြကုန်၏၊ တည်နေနိုင်ကြကုန်၏၊ အပင် သဏ္ဌာန်, အကိုင်း, အခက်, အရွက်, အသီးသဏ္ဌာန် အလုံးစုံတို့သည် လည်း အမျိုးဇာတိသို့ လိုက်ကြကုန်၏၊</p>
<p>မန်ကျည်းမျိုးစေ့မှ ပေါက်ပွါးသည်ရှိသော် မန်ကျည်းပင်သဏ္ဌာန်,</p>
<p>မန်ကျည်းကိုင်း, မန်ကျည်းခက်, မကျည်းရွက်, မန်ကျည်းသီး သဏ္ဌာန်တို့သာ ဖြစ်ကြရကုန်၏၊ မန်ကျည်းမျိုးစေ့မှ သရက်ပင်, သရက်ကိုင်း, သရက်ခက်, သရက်ရွက်, သရက်သီး စသည် မဖြစ်နိုင်ကြ ကုန်-ဟူလို၊ ဤကား-မျိုးစေ့၏ အာနုဘာဝတည်း၊ ဤဥပမာ၌ သစ်ပင် တို့၏ ပေါက်ရောက် ကြီးပွါးကြရန် အကြောင်းတရားငါးပါးတို့ကဲ့သို့ ခပ်သိမ်းသော သင်္ခတတရားတို့၏ ဖြစ်ပေါ်ရန်, ကြီးပွါးရန်, အစဉ်အဆက် အားဖြင့် ကာလမြင့်ရှည် တည်နေနိုင်ကြရန် အကြောင်းတရားမျိုးကို <b>ပစ္စယ</b>ဆိုသည်။</p>
<p>ပစ္စယသဒ္ဒါ၏ ဝစနတ္ထအရကို ပြဆိုချက်ပြီး၏၊</p>
<p>-----*------</p>
<br>
<h3>ပစ္စယသဒ္ဒါ၏ အဓိပ္ပါယတ္ထ</h3>
<p>ပစ္စယသဒ္ဒါ၏ အဓိပ္ပါယတ္ထကို ကျမ်းဂန်တို့၌ “<b>ဥပကာရကော</b>” ဟု ဖွင့်ကြ၏၊ ကျေးဇူးပြုတတ်သည်-ဟု ဘာသာပြန်ဆိုရိုးရှိသည်၊ မျိုးစေ့တို့သည် သစ်ပင်ငယ်တို့ကို ပေါက်ဖွားမှုနှင့် ကျေးဇူးပြုကုန်၏၊ မြေသည်မျိုးစေ့တို့နှင့် သစ်ပင်ငယ်တို့ကို တည်နေနိုင်ကြရန် ထမ်း ဆောင်မှု, မြေကြီး၏အတွင်း၌ရှိသော မြေဩဇာ, ရေဩဇာတို့ကို သစ်ပင်တို့သို့ အမြဲတင်ပို့မှု, မလဲ မပြိုစေမှုတို့ဖြင့် ကျေးဇူးပြု၏၊ မိုးရေ သည် မြေကြီးကို မြေဩဇာ, ရေဩဇာ မယုတ်မလျော့စေမှုဖြင့် သစ်ပင်တို့ကို ကျေးဇူးပြု၏၊ နေဥတုဟူသော မီးသည် မြေကြီးနှင့် သစ်ပင်တို့ကို ဓာတ်ခိုး, ဓာတ်ကင်း ပွင့်လင်းစေမှုဖြင့် ကျေးဇူးပြု၏၊ လေဓာတ်သည် သစ်ပင်တို့၌ရှိသော ဥတုမီးကို ပွါးစီးစေမှုဖြင့် ကျေးဇူး ပြု၏၊ ဤသို့ ကျေးဇူးပြုတတ်သည်ကို “<b>ဥပကာရက</b>” ဆိုသည်။</p>
<p>ပစ္စယသဒ္ဒါ၏ အဓိပ္ပါယတ္တကို ပြဆိုချက်ပြီး၏၊</p>
<p>------*------</p>
<p>၂။ ပစ္စည်းတရား <b>၂၄</b>-ပါးတို့သည် ပရမတ်တရားများပါလော၊ သို့တည်းမဟုတ် ၎င်း<b>၂၄</b>-ပါးတို့သည် စိတ္တနိယာမဓမ္မများပါလောဟူသော မေးခွန်းသည် ပစ္စည်းတရား<b>၂၄</b>-ပါးတို့၏ အမည်နာမများက နာမ်တရား, ရုပ်တရား ပရမတ်တရားတို့၏ မူလအမည်နာမရင်းများ မဟုတ်ကြသည့်အတွက် မေးခွန်းဖြစ်ရလေ</p>
<br>
<h3>ဟေတုပစ္စည်း</h3>
<p>၁။ <b>ဟေတုပစ္စယော</b>။။ ၎င်း <b>၂၄</b>-ပါးတို့တွင် ဟေတုပစ္စည်း သည် အစဆုံး ပစ္စည်းပေတည်း၊ ထိုဟေတုပစ္စည်းသည် အဘယ်တရား များပေနည်း၊ <b>လောဘ, ဒေါသ, မောဟ</b>-ဟူသော အကုသိုလ်စေတသိက် နာမ်တရားသုံးပါး၊ <b>အလောဘ, အဒေါသ, အမောဟ</b>-ဟူသော သောဘဏစေတသိက်နာမ်တရားသုံးပါး ဤစေတသိက် နာမ်တရား ခြောက်ပါးကို ဟေတုပစ္စည်းခေါ်သည်၊ ဟေတုပစ္စည်းဆိုသည်ကားထိုနာမ်တရားခြောက်ပါးတို့ကို ဆိုလိုသည်။ ဤသို့နာမ်တရားတို့၏ အမည်ရင်းနှင့် ဖော်ပြမှသာလျှင် ဟေတုပစ္စည်းဟူသည် နာမ်တရား ခြောက်ပါးပေတည်း-ဟုသိရလေသည်။ ဟေတုပစ္စယော-ဟူသော ပါဠိတော်၌ ဟေတု-ဟူသောအမည်သည် နာမ်တရားခြောက်ပါး၏ အမည်ရင်း မဟုတ်၊ <b>ပစ္စယကိစ္စ</b>၏ အမည်ပေတည်း၊ ပစ္စယဟူသော အမည်သည်လည်း <b>ပစ္စယသတ္တိ</b>၏ အမည်ပေတည်း။</p>
<p>ဥပမာကား။ ညအခါ၌ အနုကြမ်းစီးသော ဓားပြဗိုလ်ကြီး ခြောက်ယောက်တို့ကို ဖမ်းမိသည်-ဟု ပြောကြရာ၏၊ ဤစကားကို ကြားကြသော်လည်း ထိုသူများသည် မည်သူမည်ဝါဖြစ်သည်ဟု လူတိုင်းမသိနိုင်ကြ၊ အဘယ့်ကြောင့်နည်းဟူမူ ဓားပြ-ဟူသော အမည်, ဗိုလ်ကြီး-ဟူသော အမည်များသည် ထိုသူတို့၏ မူလအမည်ရင်း မဟုတ်ကြ၊ ထိုသူတို့၏ ကိစ္စအမည်, သတ္တိအမည်များ ဖြစ်ကြ၏၊ ဓားပြ ဟူသည်ကား-တိုက်ခိုက်လုယက်-သတ်ဖြတ်မှုကိစ္စ၏ အမည်ပေတည်း၊ ဗိုလ်ကြီးဟူသည်ကား-ထိုကိစ္စ၌ သာလွန်သော အစွမ်းသတ္တိ၏ အမည် ပေတည်း၊ ထိုသူခြောက်ယောက်၏ မူလအမည်ရင်းမှာကား- တစ်ခြား တစ်ပါးပေတည်း၊ ဓားပြဗိုလ်ကြီး တစ်ယောက်ဆိုသည်မှာ ဘယ်သူများ ဖြစ်လေသနည်း-ဟု မေးခဲ့လျှင် မည်သူမည်သူများဖြစ်သည်မူလအမည်ရင်းနှင့် ထုတ်ဖော်၍ ပြောသည့်အခါမှ မည်သူမည်ဝါ-ဟု သိကြလေရာ၏၊</p>
<p>ဤဥပမာအတိုင်း ဟေတုပစ္စယော-ဟူသော ပါဠိတော်မှာ <b>ဟေတု</b>ကား-ကိစ္စ၏အမည်ပေတည်း၊ <b>ပစ္စယ</b>ကား-သတ္တိ၏အမည် ပေတည်း၊ ထိုဟေတုကိစ္စ, ထိုပစ္စယသတ္တိသည် လောဘ, ဒေါသ, မောဟ, အလောဘ, အဒေါသ, အမောဟတို့၏ ကိစ္စသတ္တိများဖြစ်ကြ၏၊ <b>ဟေတုကိစ္စ</b>ဆိုသည်ကား-<b>မူလကိစ္စ</b>ပေတည်း၊ <b>မူလကိစ္စ</b>ဆိုသည်ကားပစ္စယုပ္ပန်တရားတို့ကို အာရုံ၌ခိုင်မြဲစွာ တည်နိုင်ကြစေရန် အာရုံ၌ခိုင်မြဲစွာ တည်မှုကိစ္စပေတည်း၊ <b>ပစ္စယသတ္တိ</b>ဆိုသည်ကား-ထိုကိစ္စဖြင့် ပစ္စယုပ္ပန် တရားတို့ကို အာရုံ၌ခိုင်မြဲစွာ တည်နိုင်ကြစေရန် ရွက်ဆောင်ခြင်းငှာ စွမ်းနိုင်သော အစွမ်းသတ္တိပေတည်း။ လောဘသည် ချစ်မှု, သာယာမှု, တပ်စွမ်းမှု, စွဲလမ်းမှုဖြင့် တစ်ခုခုသောအာရုံ၌ ခိုင်မြဲစွာတွယ်တာ တတ်သောတရားဖြစ်၏၊ လောဘ၏ခိုင်မြဲစွာတည်ခြင်းကြောင့် လောဘနှင့် ယှဉ်ဖော်ယှဉ်ဖက်ဖြစ်ကြကုန်သော စိတ်, စေတသိက်ဟူသော နာမ်တရားတို့သည်လည်း ထိုအာရုံ၌ခိုင်မြဲစွာ တွယ်တာကြ ရကုန်၏၊ ခိုင်မြဲစွာဆိုသည်ကား-ထိုအာရုံကို မစွန့်နိုင်, မပစ်နိုင်, ခိုင်မြဲသည် ကိုဆိုသည်။</p>
<br>
<h3>ပစ္စည်း, ပစ္စယုပ္ပန်ဆက်ဆံပုံ</h3>
<p>ဤသတ္တဝါတို့သည် ထိုကဲ့သို့သော တွယ်တာမှုအတွက်နှင့် ရက် များစွာ, လများစွာ, နှစ်များစွာ ထိုအာရုံဝယ် တဝဲလယ်လယ်နေကြ သည်ကား- လောက၌ မျက်မြင်ဒိဋ္ဌ ဖြစ်ကြ၏၊ ထိုသို့နေကြရာ၌ လောဘဟူသော နာမ်တရားသည် ဟေတုပစ္စည်းမည်၏၊ လောဘနှင့် ယှဉ်ဖော် ယှဉ်ဖက်ဖြစ်ကြကုန်သော စိတ်, စေတသိက် နာမ်တရားတို့သည် ဟေတုပစ္စည်း၏ ပစ္စယုပ္ပန်ဖြစ်ကြကုန်၏၊ ထိုအာရုံအတွက်နှင့် ထိုလောဘ လှုံ့ဆော်တိုင်း ကိုယ်အင်္ဂါအမူအရာ, နှုတ်အင်္ဂါအမူအရာ-ဟူသော ရုပ်တရားတို့သည်လည်း ထိုလောဘဟေတုပစ္စည်းတရား၏ ပစ္စယုပ္ပန် မည်ကုန်၏၊ ထိုအာရုံသည်မူကား-ထိုလောဘအား၎င်း၊ ထိုလောဘနှင့် ယှဉ်သော စိတ်, စေတသိက် နာမ်တရားတို့အား၎င်း၊ အာရမ္မဏကိစ္စနှင့် ကျေးဇူးပြုပေ၏၊ ထိုအာရုံ၌ ထိုလောဘတရား ကျွတ်လွတ်၍ သွားသော အခါမှ ထိုပစ္စယုပ္ပန်တရားတို့သည် ထိုအာရုံမှ ကျွတ်လွတ်ကြလေကုန်၏၊</p>
<p>[ ဤကား-လောဘဟူသောဟေတုပစ္စည်းတရားနှင့် ပစ္စယုပ္ပန်တရားတို့၏ ပစ္စည်း, ပစ္စယုပ္ပန်ဆက်ဆံခြင်းကို ပြဆိုချက်တည်း။ ဒေါသ,မောဟ, အလောဘ,အဒေါသ,အမောဟ ဟေတုပစ္စည်းတရားတို့မှာလည်း ဤနည်း တူ-အသီးသီးသူ့ပစ္စည်းနှင့် သူ့ပစ္စယုပ္ပန်-ဆက်ဆံကြပုံကို အကျယ်ဆိုလေ၊ ငါတို့စီရင်သော ပဋ္ဌာနုဒ္ဒေသဒီပနီကျမ်းမှာ စုံလင်စွာပါရှိလေပြီ။]</p>
<p>အကျဉ်းအားဖြင့်မူကား ဒေါသသည်လည်း အာရုံ၌ ခိုက်တိုက်မှု နှင့် ခိုင်မြဲစွာတည်၍ ပစ္စယုပ္ပန်တရားတို့ကို ထိုအာရုံအတွက်နှင့် ပွားများစေတတ်၏၊ မောဟသည်လည်း အာရုံ၌မသိမှုနှင့် ခိုင်မြဲစွာ တည်တတ်၏၊ အလောဘ, အဒေါသ, အမောဟတို့သည်လည်း ကုသိုလ်အရာဌာနတို့မှာ မိမိ မိမိတို့၏ကိစ္စနှင့် ခိုင်မြဲစွာတည်ကြကုန်၍ ကောင်းမြတ်သောသဒ္ဓါ, သတိ, ဟိရီ, ဩတ္တပ္ပအစရှိသော နာမ်တရား တို့ကို၎င်း၊ ကိုယ်အင်္ဂါလှုပ်ရှားမှု, နှုတ်အင်္ဂါလှုပ်ရှားမှုအစရှိသော ရုပ် တရားတို့ကို၎င်း ကောင်းမြတ်သောဒါနမှု, သီလမှု, ဘာဝနာမှုစသည် တို့၌ ခိုင်မြဲစွာတည်စေနိုင်ကြကုန်၏၊ ခိုင်မြဲစွာ-ဆိုသော်လည်း အားရှိအားမဲ့ကို ထောက်၍ယူရမည်။</p>
<p>အလောဘ၏ခိုင်မြဲမှုသည် <b>နိက္ခမပါရမီ</b>ဟူသော တောထွက်မှု တို့နှင့် <b>ကသိုဏ်းဆယ်ပါး, စျာန်တရား</b>ပွားများမှုတို့၌ ထင်လျား၏၊ အဒေါသ၏ခိုင်မြဲမှုသည် <b>ဗြဟ္မဝိဟာရစျာန်တရား</b> ပွားများမှုတို့၌ ထင်လျား၏၊ အမောဟ၏ခိုင်မြဲမှုသည် <b>သုတ္တန်တရား, အဘိဓမ္မာတရား</b> တတ်ကျွမ်းမှုတို့နှင့် <b>သစ္စာလေးပါးထိုးထွင်းမှု</b>တို့၌ ထင်လျား၏၊</p>
<p>[ဤကား-ဟေတုပစ္စည်းတည်း။]</p>
<p>-----*------</p>
<br>
<h3>ဟေတုကိစ္စနှင့်ပစ္စယသတ္တိ</h3>
<p>ထိုဟေတုကိစ္စနှင့် ပစ္စယသတ္တိနှစ်ပါးတို့တွင် ဟေတုကိစ္စဆိုသည်ကား -<b>မူလကိစ္စ</b>ပေတည်း၊ <b>မူလကိစ္စ</b>ဆိုသည် သစ်ပင်တို့မှာ သစ်မြစ်တို့နှင့်တူသောကိစ္စတည်း၊ သစ်မြစ်တို့သည် သစ်ပင်တို့ကို ကိစ္စအမျိုးမျိုးတို့နှင့် ကျေးဇူးပြုပေကုန်၏၊ သစ်မြစ်တို့သည် မြေ၏အတွင်း၌ ခိုင်မြဲစွာတည်နေကြကုန်ပြီးလျှင် မြေဩဇာ, ရေဩဇာ တို့ကို စုပ်ယူ၍ သစ်ပင်ဖျားသို့တိုင်ရောက်အောင် အမြဲတင်ပို့ကြကုန်၏၊ သစ်ပင်တို့သည် ထိုမြေဩဇာ, ရေဩဇာတို့ဖြင့် ကြီးပွားကြရကုန်၏၊ ရေ, လေတို့၏ တိုက်ခိုက်မှု၊ လူသူ, နွား, ကျွဲတို့၏ တိုက်ခိုက်မှုတို့ကြောင့် သစ်ပင်တို့ကို မလဲမပြိုကြစေရန် သစ်မြစ်တို့သည် မြေကြီးအထဲမှ ဆွဲကိုင်၍ထားကြပေကုန်၏၊ သစ်မြစ်တို့အသက်ရှည်၍ စည်ပင်စည်ကား ရှိနေသမျှကာလပတ်လုံး သစ်ပင်တို့သည် အဆက်ဆက်အားဖြင့် ပေါက် ရောက်ကြီးပွား စိမ်းရှင်စည်ကားနိုင်ကြကုန်၏၊</p>
<p>ဤသို့လျှင် သစ်မြစ်တို့သည် သစ်ပင်တို့ကား ကောင်းစွာတည်ရာ မှီရာ, ပွါးစီးရာ အခြေအမြစ်အဖြစ်ဖြင့် ကျေးဇူးပြုကြပေကုန်သည်ဖြစ်၍ ၎င်းသစ်မြစ်တို့ကို “<b>မူလ</b>” ဟူ၍ခေါ်ကြကုန်၏၊ ပရမတ္ထဓမ္မအရာ၌လည်း ထိုခြောက်ပါးသောတရားတို့သည် သစ်မြစ်တို့နှင့်အလားတူလှကုန် သည်ဖြစ်၍ “<b>မူလ</b>” တရားတို့မည်ကုန်၏၊</p>
<br>
<h3>နှိုင်းယှဉ်ပြချက်</h3>
<p>၁။ လောက၌ သတ္တဝါအပေါင်းတို့ပြုလုပ်၍ နေကြကုန်သော အကုသိုလ်မှု, ကုသိုလ်မှုတို့သည် <b>သစ်ပင်တွေ</b>နှင့်တူကြ ကုန်၏၊</p>
<p>၂။ မူလတရား ခြောက်ပါးတို့သည် <b>သစ်မြစ်တွေ</b>နှင့် တူကြ ကုန်၏၊</p>
<p>လောက၌ လှုပ်လှုပ်ရွရွ ပြုလုပ်၍နေကြသော <b>ကာယကံမှု, ဝစီကံမှု, မနောကံမှု</b>တို့သည် ထိုမူလတရားခြောက်ပါးတို့မှချည်း ဖြစ် ပွားကြရကုန်၏၊ ဖြစ်ပွားကြပုံကား- လောက၌ အလုံးစုံသော အကုသိုလ် မှု, ကုသိုလ်မှုတို့၏ အရင်းအမြစ်ကို ရှာသည်ရှိသော် အကုသိုလ်မှု မျိုး ဖက်၌သုံးပါး, ကုသိုလ်မှုမျိုးဖက်၌သုံးပါး-ဟူ၍ အရင်းအမြစ် ခြောက် ပါးသာရှိ၏၊ အလုံးစုံသော အကုသိုလ်မှုမျိုးဖက်၌ သုံးပါးဆိုသည်ကား၁။ <b>လောဘ</b>အမြစ် တစ်ပါး, ၂။ <b>ဒေါသ</b>အမြစ် တစ်ပါး,</p>
<p>၃။ <b>မောဟ</b>အမြစ် တစ်ပါး,</p>
<p>ဤသုံးပါးပေတည်း၊ ခင်တွယ်မှုတစ်ပါး, မုန်းပယ်မှုတစ်ပါး, မသိမှုတစ်ပါး-ဟူလိုသည်။</p>
<p>- အချို့သော အကုသိုလ်မှုတို့သည် <b>ခင်တွယ်မှု</b>ကြောင့် ဖြစ်ပွား ကုန်၏၊</p>
<p>- အချို့သော အကုသိုလ်မှုတို့သည် <b>မုန်းပယ်မှု</b>ကြောင့် ဖြစ်ပွါးကြ ကုန်၏၊</p>
<p>- အချို့သော အကုသိုလ်မှုတို့သည် <b>အကျိုးအပြစ်ကို မသိမှု</b> ကြောင့် ဖြစ်ပွားကြကုန်၏၊</p>
<p>အကုသိုလ်ကံဖက်၌ အမြစ်တရား ဤသုံးပါးသာရှိ၏၊</p>
<p>ကုသိုလ်မှုမျိုးဖက်၌ သုံးပါးဆိုသည်ကား</p>
<p>၁။ <b>အလောဘ</b>အမြစ် တစ်ပါး,</p>
<p>၂။ <b>အဒေါသ</b>အမြစ် တစ်ပါး,</p>
<p>၃။ <b>အမောဟ</b>အမြစ် တစ်ပါး,</p>
<p>ဤသုံးပါးပေတည်း၊ ခင်တွယ်မှုမှ ကျွတ်လွတ်ခြင်းတစ်ပါး, မုန်းပယ်မှုမှ ကျွတ်လွတ်ခြင်းတစ်ပါး, မသိမှုမှ ကျွတ်လွတ်ခြင်းတစ်ပါးဟူလိုသည်၊</p>
<p>- အချို့သော ကုသိုလ်မှုတို့သည် စိတ်၏<b>ခင်တွယ်မှုမှ ကျွတ်လွတ် ခြင်း</b>ကြောင့် ဖြစ်ပွါးလာကုန်၏၊</p>
<p>- အချို့သောကုသိုလ်မှုတို့သည် စိတ်၏ <b>မုန်းပယ်မှုမှ ကျွတ်လွတ် ခြင်း</b>ကြောင့် ဖြစ်ပွါးလာကုန်၏၊</p>
<p>- အချို့သောကုသိုလ်မှုတို့သည် <b>မသိမှုမှ ကျွတ်လွတ်ခြင်း</b>ကြောင့် ဖြစ်ပွါးလာကုန်၏၊</p>
<p>ကုသိုလ်ကံဖက်၌ အမြစ်တရား ဤသုံးပါးသာရှိ၏၊</p>
<p>ထိုကြောင့် အင်္ဂုတ္တရနိကာယ် တိကနိပါတ် တတိယပဏ္ဏာသ ပထမဝဂ်အဆုံး၌-</p>
<p><b>တီဏိမာနိ ဘိက္ခဝေ နိဒါနာနိ ကမ္မာနံ သမုဒယာယ၊ ကတမာနိ တီဏိ၊ လောဘော နိဒါနံ ကမ္မာနံ သမုဒယာယ၊ ဒေါသော နိဒါနံ ကမ္မာနံ သမုဒယာယ၊ မောဟော နိဒါနံ ကမ္မာနံ သမုဒယာယ၊ ယံ ဘိက္ခဝေ လောဘပကတံ ကမ္မံ၊ တံ ကမ္မံ အကုသလံ တံ ကမ္မံ သာဝဇ္ဇံ တံ ကမ္မံ ဒုက္ခဝိပါကံ</b>အစရှိသည်ဖြင့်၎င်း, <b>တီဏိမာနိ ဘိက္ခဝေ နိဒါနာနိ ကမ္မာနံ သမုဒယာယ၊ ကတမာနိ တီဏိ၊ အလောဘော နိဒါနံ ကမ္မာနံ သမုဒယာယ၊ အဒေါသော နိဒါနံ ကမ္မာနံ သမုဒယာယ၊ အမောဟော နိဒါနံ ကမ္မာနံ သမုဒယာယ၊ ယံ ဘိက္ခဝေ အလောဘပကတံ ကမ္မံ တံ ကမ္မံ ကုသလံ တံ ကမ္မံ အနဝဇ္ဇံ တံ ကမ္မံ သုခဝိပါကံ</b>အစရှိသည်ဖြင့်၎င်း-အကျယ်ဟောတော်မူ၏၊</p>
<p>ထိုမှတစ်ပါး ဤဟေတုပစ္စည်း၏ ဆိုင်ရာဖြစ်သော ဒေသနာ တော်တို့သည် သုတ္တန်ပိဋကတ်၌ အလွန်ပင်များပြား၏၊ အဘိဓမ္မာ ပိဋကတ်၌ <b>မူလယမိုက်ကျမ်း</b>သည် ဤဟေတုပစ္စည်းကျမ်းပင် ဖြစ်၏၊ လောဘကြောင့်, တဏှာရာဂကြောင့် ဘယ်အပြစ် ဖြစ်သည်ဟူ၍၎င်း၊ ဒေါသကြောင့်, ဗျာပါဒကြောင့် ဘယ်အပြစ် ဖြစ်သည်ဟူ၍၎င်း၊ မောဟ ကြောင့်, အဝိဇ္ဇာ အညာဏကြောင့် ဘယ်အပြစ် ဖြစ်သည်ဟူ၍၎င်း ဆိုသမျှသည် ဤဟေတုပစ္စည်းစကားချည်းမှတ်၊ လောဘကို ပယ်နိုင်၍ ဘယ်အကျိုးဖြစ်သည်၊ ဒေါသကိုပယ်နိုင်၍ ဘယ်အကျိုး ဖြစ်သည်၊ မောဟကိုပယ်နိုင်၍ဘယ်အကျိုးဖြစ်သည်ဟူ၍ ဆိုသမျှသည်လည်း ဤဟေတုပစ္စည်း စကားချည်းမှတ်။</p>
<p>[ဤကား-ပစ္စည်းတရား <b>၂၄</b>-ပါး တိုတွင် ဟေတုပစ္စည်းသည် နာမ်တရား ခြောက်ပါးဖြစ်သည်-ဟုဖြေဆိုချက်တည်း။]</p>
<p>ဟေတုပစ္စည်းပြီး၏၊</p>
<p>နောက်ကျန်ရှိသော ပစ္စည်းတရား <b>၂၃</b>-ပါးတို့ကိုလည်း၊ ပစ္စယ ကိစ္စ, ပစ္စယသတ္တိတို့နှင့်တကွ ပစ္စည်းတရားတို့ကို အကျဉ်းအားဖြင့် ပြဆို ဦးအံ့။</p>
<br>
<h3>အာရမ္မဏပစ္စည်း</h3>
<p>၂။ <b>အာရမ္မဏပစ္စယော</b>။။ ဤပစ္စည်း၌ <b>အာရမ္မဏ</b>ဟူသော မည်သည်ကား-ပစ္စယကိစ္စ၏အမည်ပေတည်း၊ <b>ပစ္စယ</b>ဟူသော အမည် သည်ကား- ပစ္စယသတ္တိ၏အမည်ပေတည်း၊ ပစ္စည်းတရားကား-အဘယ် နည်း စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်ဟူသော <b>ပရမတ္ထတရား လေးပါး</b> သည်လည်း အာရမ္မဏပစ္စည်းတရားချည်းပင်တည်း၊ <b>ပညတ်တရား</b> ဟူသမျှသည်လည်း အာရမ္မဏပစ္စည်းတရားချည်းပင်တည်း၊ အာရမ္မဏ ပစ္စည်းတရား မဟုတ်သောအရာဟူ၍ တစ်စုံတစ်ခုမျှ မရှိလေ။</p>
<p>၎င်းပစ္စည်းကြောင့်ဖြစ်ပွားသော ပစ္စယုပ္ပန်တရားများမူကားအာရုံကိုသိတတ်သောစိတ်, စေတသိက်ဟူသော ပရမတ္ထတရားနှစ်ပါး သာတည်း၊ အာရုံကို မသိတတ်သော ရုပ်တရား, နိဗ္ဗာန်တရား, ပညတ်တရားများသည် ဤပစ္စည်း၌ ပစ္စယုပ္ပုန်မထိုက်၊ <b>အာရမ္မဏ ကိစ္စ</b>ဆိုသည်ကား-လောက၌ရှိကြသော ဥစ္စာဓနများနှင့် တူ၏၊ စိတ်, စေတသိက်တို့သည် ဥစ္စာဓနရှာကြံကြသူ, သိမ်းပိုက်ကြသူ, သုံးစွဲကြသူ လူတို့နှင့်တူကုန်၏၊ လူတို့သည် ဥစ္စာဓနများကို အလွန်အလိုရှိကြကုန်၏၊ ရှာကြံကြကုန်၏၊ အဘယ့်ကြောင့်နည်းဆိုမူ-ဥစ္စာဓနနှင့်ကင်း၍ မဖြစ်နိုင် ကြခြင်းကြောင့်တည်း၊ ထို့အတူ စိတ်, စေတသိက်တရားတို့သည် အာရုံနှင့်ကင်း၍ မဖြစ်နိုင်ကြကုန်၊ ထို့ကြောင့် အာရုံတရားတို့သည် စိတ်, စေတသိက်တရားတို့၏ တွယ်တာစွဲလမ်းရာ ဥစ္စာဓနကိစ္စရှိကြကုန်၏၊</p>
<p>ထိုအာရမ္မဏပစ္စည်းသည် ခြောက်ပါးရှိ၏၊</p>
<p>၁။ <b>ရူပါရုံ</b> တစ်ပါး,</p>
<p>၃။ <b>ဂန္ဓာရုံ</b> တစ်ပါး,</p>
<p>၅။ <b>ဖောဋ္ဌဗ္ဗာရုံ</b> တစ်ပါး,</p>
<p>၂။ <b>သဒ္ဒါရုံ</b> တစ်ပါး,</p>
<p>၄။ <b>ရသာရုံ</b> တစ်ပါး,</p>
<p>၆။ <b>ဓမ္မာရုံ</b> တစ်ပါး။</p>
<p>ထိုခြောက်ပါးတို့တွင် <b>ဓမ္မာရုံ</b>ဆိုသည်ကား-စိတ်အကုန်၊ စေတသိက် အကုန်၊ <b>စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ</b>-ဟူသော ပသာဒရုပ်ငါးပါး၊ သုခုမရုပ်တစ်ဆယ့်ခြောက်ပါး၊ နိဗ္ဗာန်၊ ပညတ်၊ ဤတရားစုကို ဓမ္မာရုံ ခေါ်သည်၊</p>
<p>ထိုဓမ္မာရုံခြောက်ပါးတို့တွင်</p>
<p>၁။ ပစ္စုပ္ပန်ဖြစ်သော ရူပါရုံသည် <b>စက္ခုဒွါရဝီထိ</b>၌ဖြစ်သော စိတ်, စေတသိက်အပေါင်းတို့အား အာရမ္မဏပစ္စည်းတပ်၏၊ ပစ္စုပ္ပန် ရူပါရုံသည် အာရမ္မဏပစ္စည်းမည်၏၊ ထိုစိတ်, စေတသိက် အပေါင်းသည် အာရမ္မဏပစ္စည်း၏ ပစ္စယုပ္ပန်မည်၏၊</p>
<p>၂။ ဤနည်းအတူ ပစ္စုပ္ပန်ဖြစ်သော သဒ္ဒါရုံသည် အာရမ္မဏပစ္စည်း၊ <b>သောတဒွါရဝီထိ</b>၌ဖြစ်သော စိတ်, စေတသိက် အပေါင်းသည် ၎င်းပစ္စည်း၏ ပစ္စယုပ္ပန်။</p>
<p>၃။ ပစ္စုပ္ပန်ဖြစ်သော ဂန္ဓာရုံသည် အာရမ္မဏပစ္စည်း၊ <b>ဃာနဒွါရဝီထိ</b>၌ ဖြစ်သော စိတ်, စေတသိက်အပေါင်းသည် ပစ္စယုပ္ပန်။</p>
<p>၄။ ပစ္စုပ္ပန်ဖြစ်သော ရသာရုံသည် အာရမ္မဏပစ္စည်း၊ <b>ဇိဝှါဒွါရ ဝီထိ</b>၌ဖြစ်သော စိတ်, စေတသိက်အပေါင်းသည် ပစ္စယုပ္ပန်။</p>
<p>၅။ ပစ္စုပ္ပန်ဖြစ်သော ဖောဋ္ဌဗ္ဗာရုံသည် အာရမ္မဏပစ္စည်း၊ <b>ကာယဒွါရ ဝီထိ</b>၌ဖြစ်သော စိတ်, စေတသိက်အပေါင်းသည် ပစ္စယုပ္ပန်။</p>
<p>၆။ ပြဆိုခဲ့ပြီးသော ဓမ္မာရုံစုတွင် တစ်ပါးပါးသော ဓမ္မာရုံသည် အာရမ္မဏပစ္စည်း၊ <b>မနောဒွါရဝီထိ</b>၌ဖြစ်သော စိတ်, စေတသိက် အပေါင်းသည် ပစ္စယုပ္ပန်။</p>
<p>ရူပါရုံအစရှိသော ရှေ့အာရုံငါးပါးတို့သည်လည်း မနောဒွါရိက စိတ်, စေတသိက်တို့အား အာရမ္မဏပစ္စည်းတပ်သည်သာလျှင်တည်း။</p>
<p>ဤမနောဒွါရိကစိတ်, စေတသိက်တို့မည်သည် ကာမစိတ်, ရူပစိတ်, အရူပစိတ်, လောကုတ္တရာစိတ်, စျာန်စိတ်, အဘိညာစိတ်, မဂ်စိတ်, ဖိုလ်စိတ်-စသည်ဖြင့် အလွန်များပြားကုန်၏၊ ထိုစိတ်, စေတသိက်တို့အား ပစ္စည်းတပ်ကောင်းသော အာရုံတရားတို့သည်လည်း အလွန်များပြားကုန်၏၊ သဗ္ဗညုတဉာဏ်၏အာရုံ အလုံးစုံနှင့် ဆက်ဆံ၏၊ ရှေးရှေးအတိတ်ကာလ, အတိတ်ဘဝ, အတိတ်ကမ္ဘာ, အတိတ်သံသရာ တို့၌ ကွယ်လွန်ကြကုန်ပြီးသော ရုပ်တရား, နာမ်တရားတို့သည်လည်း ယခုပစ္စုပ္ပန်၌ရှိနေကြကုန်သော အဘိညာရ-ရသေ့ ရဟန်းတို့၏ ဉာဏသမ္ပယုတ် စိတ်, စေတသိက်တို့အား အာရမ္မဏပစ္စည်းတပ်၏၊ နောက်နောက်သော အနာဂတ်ကာလ, အနာဂတ်ဘဝ, အနာဂတ်ကမ္ဘာ, အနာဂတ်သံသရာတို့၌ ဖြစ်ပေါ်လတံ့ကုန်သော ရုပ်တရား, နာမ်တရား တို့သည်လည်း ယခုပစ္စုပ္ပန်၌ရှိနေကြကုန်သော အဘိညာရ-ရသေ့ ရဟန်းတို့၏ ဉာဏသမ္ပယုတ်စိတ်, စေတသိက်တို့အား အာရမ္မဏ ပစ္စည်းတပ်၏၊ ယခုရှိနေကြသော လူ့လောက, နတ်လောက, ဗြဟ္မာ့ လောကအာရုံစုမှာ ဆိုဖွယ်ရာမရှိပြီ၊ ဤအာရမ္မဏပစ္စည်းသည် ပိဋကတ် သုံးပုံတွင် အကုန်လုံး ပျံ့နှံ့လျက်တည်၏၊</p>
<p>အာရမ္မဏပစ္စည်ပြီး၏၊</p>
<p>---*--</p>
<h3>အဓိပတိပစ္စည်း</h3>
<p>၃။ <b>အဓိပတိပစ္စယော</b>။ ၃။ အဓိပတိပစ္စယော။ ဤပစ္စည်း၌ <b>အဓိပတိ</b>-ဟူသော အမည် သည် ပစ္စယကိစ္စ၏ အမည်ပေတည်း၊ ပစ္စယ-ဟူသော အမည်သည် ပစ္စယသတ္တိ၏အမည်ပေတည်း၊ <b>အဓိပတိ</b> ဆိုသည်ကား-<b>အတုမရှိသော အကြီးအကဲ</b>ဆိုလိုသည်၊ အတုမရှိသော အကြီးအကဲကိစ္စနှင့် ကျေးဇူးပြု တတ်သောတရားမျိုးကို အဓိပတိပစ္စည်းဆိုသည်။</p>
<br>
<h3>အဓိပတိပစ္စည်း ၂-မျိုး</h3>
<p>ထိုအဓိပတိပစ္စည်းသည် <b>သဟဇာတာဓိပတိပစ္စည်း, အာရမ္မဏာ ဓိပတိပစ္စည်း</b>ဟူ၍ နှစ်မျိုးရှိ၏၊</p>
<p>ထိုနှစ်မျိုးတို့တွင်</p>
<p>၁။ အတူတကွဖြစ်သော <b>သဟဇာတ</b>-တရားတို့၏ အပေါ်၌ အကြီးအကဲဖြစ်သောတရားကို <b>သဟဇာတာဓိပတိပစ္စည်း</b>ခေါ်သည်၊ အဘယ်တရားများပါနည်းဆိုမူ, <b>ဆန္ဒစေတသိက်တစ်ပါး, ဝီရိယ စေတသိက်တစ်ပါး, စိတ်ဝိညာဉ်တစ်ပါး, ဝီမံသာပညာတစ်ပါး</b>၊ ဤလေးပါး ပေတည်း၊ ဟိမဝန္တာတောတွင် တိရစ္ဆာန်သတ္တဝါအပေါင်း တို့၏အပေါ်၌ <b>ကေသရ သီဟရာဇာ</b>ခေါ်သော သားမင်းသည် အဓိပတိ ဖြစ်၏၊ ဘယ် တိရစ္ဆာန်မျိုးမှ သူ့ကိုမခုခံနိုင်၊ ထို့အတူ နာမ်တရားတို့၏ အပေါ်၌လည်း ထိုလေးပါးသောတရားတို့သည် အဓိပတိဖြစ်ကုန်၏၊ ဘယ်နာမ်တရား မျိုးမှ သူတို့ကို မခုခံနိုင်လေ၊ အဓိပတိဖြစ်ကုန်၏ ဆိုသော်လည်း အဓိပတိ ဖြစ်လောက်အောင် အားရှိမှ ဖြစ်နိုင်ကြကုန်သည်၊ လောက၌ သူအများ တို့မလုပ်နိုင်ကြသော အလွန် ကြီးမားသော အတတ်ပညာကြီးများ, အလုပ်အကိုင်ကြီးများ, အကျင့် သိက္ခာကြီးများတို့ကို ပြီးစီးထမြောက် ပေါက်ရောက်လေအောင် လုပ်ကိုင်နိုင်ရန် <b>အခြေခံတရားကြီးလေးပါး</b> တို့ပေတည်း။</p>
<p>၁။ လောက၌၎င်း, ဓမ္မ၌၎င်း, ကုသိုလ်မှု၌၎င်း, အကုသိုလ်မှု၌၎င်း၊ ဘယ်ဟာမဆို အလွန်လိုချင်, အလွန်ရချင်, အလွန်ထမြောက် အောင်မြင်ချင်လှသော <b>ဆန္ဒကြီး</b>တစ်ခု ခိုင်မြဲစွာရှိခဲ့လျှင် ထိုအလိုသည် ပြည့်တတ်၏၊ မြန်မြန်ပြည့်ခြင်း နှေးနှေးပြည့်ခြင်း သာရှိတတ်၏၊ ဤသည်လည်း အဓိပတိကြီးတစ်ပါးတည်း။<br>၂။ ဝီရိယထုတ်နိုင်လျှင် ပြီးစီးကောင်းသော ကုသိုလ်မှု, အကုသိုလ်မှု, အရေးကိစ္စကြီးတို့၌ <b>ဝီရိယထုတ်မှု</b>ကို ဘာလောက်မှ ဝန်မလေး သောသူ ဖြစ်ခဲ့အံ့၊ ထိုအမှု ပြီးစီးတတ်၏၊ ဤသည်လည်း အဓိပတိကြီးတစ်ပါးတည်း။</p>
<p>၃။ ကြီးမားသောကုသိုလ်မှု, အကုသိုလ်မှု အရေးအရာ အမှုကိစ္စကြီး ကို ပြုလုပ်ရာ၌ အလွန်<b>စိတ်ခိုင်မြဲတတ်သောသူ</b> ဖြစ်ခဲ့အံ့၊ ထိုအမှုပြီးစီးတတ်၏၊ ဤသည်လည်း အဓိပတိကြီးတစ်ပါး တည်း။</p>
<p>၄။ ကြီးမားသော, ခက်ခဲသော <b>ပညာမှု</b>အရေးအရာကြီးကို ကြံဖန် ရာ၌ နေရာကျ, အချက်ကျ ပေါက်ရောက်အောင် ကြံနိုင်သူ ဖြစ်ခဲ့အံ့၊ ထိုအမှု ပြီးစီးတတ်၏၊ ဤသည်လည်း အဓိပတိ ကြီးတစ်ပါးတည်း။</p>
<p>ထိုအဓိပတိကြီးလေးပါးတို့နှင့် အတူတကွဖြစ်ကြရကုန်သော နာမ်တရား, ရုပ်တရားတို့သည် ပစ္စယုပ္ပန်တို့ပေတည်း၊ ဤသဟဇာတာ ဓိပတိပစ္စည်းသည် သုတ္တန်ပိဋကတ် မဟာဝဂ္ဂ ဣဒ္ဓိပါဒ သံယုတ်တွင် များစွာလာရှိ၏၊ အဘိဓမ္မာ၌ ဝိဘင်းကျမ်းတွင် <b>ဣဒ္ဓိပါဒဝိဘင်း</b>သည် ဤသဟဇာတာဓိပတိဝိဘင်းပင်ဖြစ်၏၊</p>
<p>သဟဇာတာဓိပတိပစ္စည်းပြီး၏၊</p>
<p>------*------</p>
<br>
<h3>အာရမ္မဏာဓိပတိပစ္စည်း</h3>
<p>၂ ။ <b>အာရမ္မဏာဓိပတိ</b>ဆိုသည်ကား-အာရမ္မဏပစ္စည်း တရားစု ထဲတွင် သတ္တဝါတို့အလွန်ကြိုက်နှစ်သက်လောက်သော <b>ဣဋ္ဌာရုံများ</b>ကိုပင် အာရမ္မဏာဓိပတိပစ္စည်းဆိုသည်၊ ထိုကဲ့သို့သော အာရုံတရားများသည် အာရမ္မဏိကဖြစ်သော စိတ်, စေတသိက်တရားတို့၏အပေါ်၌ လွန်စွာ ဖိစီးနိုင်၏၊ ရွှေကို အလွန်အလိုရှိသောသူကို ထိုရွှေသည် လွန်စွာ ဖိစီးနိုင်၏၊ ထိုသူသည် ထိုရွှေအတွက်နှင့် ဒုက္ခများစွာ ခံရငြားသော်လည်း ထိုရွှေကို မမုန်းနိုင်, မပစ်နိုင်, မစွန့်နိုင်ရှိနေ၏၊ ငွေကို အလွန်အလိုရှိသော သူ-အစရှိသည်ဖြင့် အကုန်ဆိုလေ။</p>
<p>ဒါနကုသိုလ်ကို အလွန်အလိုရှိသောသူကို ထိုဒါနကုသိုလ်မှု သည် လွန်စွာဖိစီးနိုင်၏၊ ထိုသူသည် ထိုဒါနကုသိုလ်မှုအတွက်နှင့် ဒုက္ခများစွာ ခံရငြားသော်လည်း ထိုဒါနမှုကို မမုန်းနိုင်, မပစ်နိုင်, မစွန့်နိုင် ရှိနေ၏၊ သီလကုသိုလ်မှုကို အလွန်အလိုရှိသောသူ အစရှိသည်ဖြင့် အကုန်ဆိုလေ၊ ဤသို့လျှင် အာရမ္မဏိကဖြစ်သော စိတ်, စေတသိက် တရားတို့ကို လွန်စွာဖိစီးနိုင်သော ဣဋ္ဌာရုံမျိုးဖြစ်သော အာရမ္မဏပစ္စည်း တရားအချို့ကိုပင် အာရမ္မဏာဓိပတိပစ္စည်းဆိုသည်၊ ထိုအာရုံမျိုးကို အာရုံပြုကြသော စိတ်, စေတသိက်တရားစုကို ပစ္စယုပ္ပန်ဆိုသည်။</p>
<p>အာရမ္မဏာဓိပတိပစ္စည်းပြီး၏၊</p>
<p>------*------</p>
<br>
<h3>အနန္တရပစ္စည်း</h3>
<p>၄။ <b>အနန္တရပစ္စယော</b>။ ။ ဤပစ္စည်း၌ <b>အနန္တရသဒ္ဒါ</b>သည် <b>အခြားမရှိ</b>ဟူသော အနက်ကိုဟော၏၊ ရှေးဖြစ်သော ပစ္စည်းတရားနှင့် နောက်ဖြစ်သော ပစ္စယုပ္ပန်တရားတို့၏ အလယ်ကြား၌ နာမ်တရား တစ်ပါး အခြားမရှိသည်ကို အနန္တရဆိုသည်၊၊ ဤပစ္စည်းမျိုး၌ စိတ်ဟူ၍ ဆိုလျှင် ထိုစိတ်၌ယှဉ်သော စေတသိက်အပေါင်းလည်း ပါလေပြီဟူ၍မှတ်၊ ပဋိသန္ဓေစိတ်သည် အနန္တရပစ္စည်း၊ ပထမဘဝင်စိတ်သည် ပစ္စယုပ္ပန်၊ ပထမဘဝင်စိတ်သည် အနန္တရပစ္စည်း၊ ဒုတိယဘဝင်စိတ်သည် ပစ္စယုပ္ပန်၊ ဤသို့စသည်ဖြင့် တစ်ဘဝလုံး သွားလေ၏၊ တစ်ဘဝအဆုံး တွင် စုတိစိတ်သည် အနန္တရပစ္စည်း၊ နောက်ဘဝ၌ ပဋိသန္ဓေစိတ်သည် ပစ္စယုပ္ပန်၊ ပဋိသန္ဓေစိတ်သည် အနန္တရပစ္စည်း၊ ပထမဘဝင်စိတ်သည် ပစ္စယုပ္ပန်၊ ဤသို့စသည်ဖြင့် ရဟန္တာပုဂ္ဂိုလ်တို့၏ ပရိနိဗ္ဗာန စုတိစိတ်တိုင် အောင် ဘဝအနန္တ သွားလေ၏၊</p>
<p>ဤအနန္တရပစ္စည်း ပစ္စယုပ္ပန် အစဉ်အဆက်သည် သတ္တဝါ တစ်ယောက်တစ်ယောက်မှာ အနမတဂ္ဂသံသရာကာလ၌ တစ်စဉ်တည်း တစ်ဆက်တည်းဖြစ်၏၊ ပစ္စယကိစ္စ, ပစ္စယသတ္တိတို့၌မူကား- ရှေးရှေး စိတ်သည် အမိနှင့်တူ၏၊ နောက်နောက်စိတ်သည် အမိမှပေါက် ဖွားသော သားသမီးနှင့်တူ၏၊ လောက၌ အမိသည် သား, သမီးပေါက်ဖွားရာ၌ အမိအသက်ဝိညာဉ်ရှိစဉ် ပေါက်ဖွား၏၊ ဤအနန္တရပစ္စည်း၌မူကားရှေးရှေးစိတ်ချုပ်ပြီးမှ နောက်နောက်စိတ်ဖြစ်ပေါ်ရ၏၊၊ ဤမျှသာ ထူး ကြ၏၊ ဤဥပမာဖြင့်ပင် ရှေးရှေးစိတ်၏ကျေးဇူးပြုမှု နောက်နောက် စိတ်၏ကျေးဇူးခံစံရမှု ထင်ရှားလေပြီ၊ သားသမီးသည် အမိ၏ အမွေ ဥစ္စာများကိုလည်း ခံစံရဘိသကဲ့သို့ အကြောင်းထူး, အခွင့်ထူးမရှိခဲ့သော် နောက်နောက်စိတ်သည် ရှေ့ရှေ့စိတ်၏ ကိစ္စအာရုံ အလုံးစုံကိုပင် ခံယူရ ၏၊ အကြောင်းထူး, အခွင့်ထူးရှိခဲ့သော်မူကား-ကိစ္စအာရုံအလုံးစုံ ပြောင်း လဲ၍ သွားနိုင်ပြန်၏၊</p>
<p>အနန္တရပစ္စည်းပြီး၏၊</p>
<p>------*------</p>
<br>
<h3>သမနန္တရပစ္စည်း</h3>
<p>၅။ <b>သမနန္တရပစ္စယော</b>။ ။ ဤပစ္စည်း၌ <b>သံ</b>-သဒ္ဒါမျှ ထူး၏၊ <b>ကောင်းစွာအခြားမဲ့</b>-ဟု ဆိုလို၏၊ ကောင်းစွာ ဆိုသည်ကား- ရုပ်တရား တို့မှာ ရှေးရုပ်နှင့်နောက်ရုပ် အခြားမရှိ ဆက်စပ်ကြသည်-ဟုဆိုရ သော်လည်း အကြား၌ <b>အာကာသပရိစ္ဆေဒ</b>ရှိကြသည်သာဖြစ်၏၊ နာမ်တရားတို့၌ ရှေးစိတ်နှင့်နောက်စိတ် အခြားမရှိ ဆက်စပ်ကြရာ၌ မူကား-အာကာသ ပရိစ္ဆေဒဟူ၍ပင် မရှိပြီ ဤသို့အာကာသပရိစ္ဆေဒမျှ ထင်ရအောင် ဆက်စပ်ကြသည်ကို ကောင်းစွာအခြားမဲ့ဆိုသတည်း၊ ထို့ကြောင့် မိမိသန္တာန်၌ တစ်ခုတစ်ခုသောအာရုံကို အကြံအစည် ပြု၍နေလေရာ ရှေးရှေးဖြစ်သောစိတ်စု ခဏမစဲချုပ်ကွယ်၍ နောက် နောက်ဖြစ်သောစိတ်စု ခဏမစဲ အသစ်အသစ် ဖြစ်ပေါ်ပြောင်းလဲ ခြင်းရှိပါသော်လည်း ရှေ့စိတ်နောက်စိတ် အခြားဟူ၍ မထင်ပြီ၊ တစ်နေ့ လုံးပင် ကြံစည်၍နေသော်လည်း စိတ်တစ်ခုတည်းသာ ထင်ရ၏၊ တစ် သက်လုံးမှာပင် စိတ်တစ်ခုတည်းသာထင်ရ၏၊ ထို့ကြောင့်ပင်လျှင် စိတ်၌ “<b>နိစ္စ-ဒိဋ္ဌိ အယူ</b>” ခိုင်မြဲလျက် ရှိနေကြ၏၊</p>
<p>သမနန္တရပစ္စည်း ပြီး၏၊</p>
<p>----*------</p>
<br>
<h3>၂၂-၂၃။ နတ္ထိပစ္စည်း, ဝိဂတပစ္စည်း</h3>
<p><b>၂၂-၂၃။ နတ္ထိပစ္စယော, ဝိဂတပစ္စယော</b>။ ။ဤပစ္စည်း နှစ်ပါးသည် အခြားမဟုတ်၊ အနန္တရပစ္စည်းပင်ဖြစ်၏၊ အနန္တရ ပစ္စည်းကိုပင် ပစ္စည်းတရား ချုပ်ပျက်ပြီးမှ ပစ္စယုပ္ပန်တရား ဖြစ်ပေါ်ခွင့်ရ သောကြောင့် <b>နတ္ထိပစ္စည်း</b>ခေါ်၏၊ ပစ္စည်းတရား ကင်းပျောက်ပြီးမှ ပစ္စယုပ္ပန်တရား ဖြစ်ပေါ်ခွင့်ရသောကြောင့် <b>ဝိဂတပစ္စည်း</b>ခေါ်၏၊</p>
<p>နတ္ထိပစ္စည်း, ဝိဂတပစ္စည်းပြီး၏၊</p>
<p>---- * ---</p>
<h3>အာသေဝနပစ္စည်း</h3>
<p><b>၁၂။ အာသေဝနပစ္စယော အာသေဝနပစ္စယော</b>။ ။ဤပစ္စည်းသည်လည်း အနန္တရပစ္စည်းမျိုးပင်ဖြစ်၏၊ ဇဝနကိစ္စရှိကြသောစိတ်ချင်းချင်း အခြားမဲ့ ကိစ္စနှင့် ကျေးဇူးပြုကြသည်ကို အာသေဝနပစ္စည်းဆိုသည်၊ ဇဝနကိစ္စဆိုသည်ကား-ယမ်းမီး၏ အဟုန်အားဖြင့် အလွန်ပြင်းထန်စွာ ထွက်သွား သော သေနတ်ကျည်ဆံ အမြောက်ကျည်ဆံတို့၏အဟုန်ကဲ့သို့ အလွန် ပြင်းထန်သော အဟုန်ရှိသည်ကို ဆိုသည်။</p>
<p>အလုံးစုံသောကုသိုလ်, အကုသိုလ်, ကာယကံ, ဝစီကံ, မနောကံဟူသမျှတို့သည်လည်း ဤဇဝနကိစ္စရှိကြကုန်သော စိတ်တို့မှ ဖြစ်ကြ ကုန်၏၊ အလုံးစုံသော အင်္ဂါကြီးငယ်လှုပ်ရှားမှု, ပြောမှု, ဆိုမှုစသည်တို့ သည်လည်း ဤဇဝနကိစ္စရှိကြကုန်သော စိတ်တို့မှဖြစ်နိုင်ကြကုန်၏၊ ဤဇဝနကိစ္စရှိကြကုန်သော စိတ်တို့၏အနန္တရပစ္စည်းအထူးကို <b>အာသေ ဝနပစ္စည်း</b>ခေါ်သည်၊ <b>အာသေဝန</b>ဆိုသည်ကား-<b>ဘာဝနာ</b>ပေတည်း၊ <b>ဘာဝနာ</b>ဆိုသည်ကား-တစ်ခုသောအမှုကို <b>အထပ်ထပ်အခါခါ အကြိမ် များစွာ, အခါများစွာ လေ့ကျက်မှု</b>ပေတည်း၊ စာတစ်ပုဒ်ကို ကြေကြေ ချောချောရအောင် အထပ်ထပ်ရွတ်အံကြရာ၌ တစ်ခေါက်ထက် တစ်ခေါက် ချောမော၍လာ၏၊ ထိုသို့ချောမောခြင်း တိုးတက်၍လာ သည်ကို <b>ပါဂုဏဘာဝ</b>ဟူ၍ခေါ်၏၊ ဤကဲ့သို့ တစ်ဆင့်ထက် တစ်ဆင့် တိုးတက်ကြီးပွါး၍လာသည်ကို ဘာဝနာခေါ်သည်၊ ဤဘာဝနာကို အာသေဝနခေါ်သည်။</p>
<p>ထိုသို့တစ်ဆင့်ထက်တစ်ဆင့် ကြီးပွါး၍လာခြင်းမည်သည် ရှေး</p>
<p>ရှေးစိတ်က ချီးပင့်မြှောက်စားနိုင်သော အားခွန်ဗလရှိမှ ဖြစ်နိုင်၏၊ ထိုကဲ့သို့သော အရှိန်အဟုန်အားခွန်ဗလတို့ဖြင့် ရှေးရှေးစိတ်က နောက်နောက်စိတ်အား အဆင့်ဆင့်ချီးပင့်မြှောက်စား အားပေး၍ သွားမှုကို <b>အာသေဝန ပစ္စည်း</b>ခေါ်သတည်း၊ ထိုသို့တစ်ဆင့်ထက်တစ်ဆင့် တိုးတက်၍ သွားသည်ဆိုငြားသော်လည်း ကာမာဝစရဇဝနစိတ်တို့သည် ဝီထိစိတ်ကိစ္စနှင့် တစ်ခါဖြစ်ပေါ်လျှင် ခုနစ်ကြိမ်မျှသာ ဇဝနအသက် ရှိကြကုန်၏၊ စတုတ္ထအကြိမ်တိုင်အောင် တစ်ဆင့်ထက်တစ်ဆင့် တိုးတက်ပြီးလျှင် စတုတ္ထအကြိမ်မှနောက်၌ လျှောကျ၍ သတ္တမအကြိမ် တွင်ဆုံး၏၊</p>
<p>ဤအာသေဝနပစ္စည်းသည် လောက၌လည်း အလွန်အသုံး ကျ၏၊ လောက၌အတတ်ပညာ သင်ကြားရာတို့၌လည်းကောင်း၊ ကိုယ်အင်္ဂါကို အလေ့အကျင့်ပြု၍ လုပ်ကြရသော အလုပ်မျိုး, အတတ်မျိုး, နှုတ်အင်္ဂါကို အလေ့အကျင့်ပြု၍ လုပ်ကြရသော အလုပ်မျိုး, အတတ်မျိုး, စိတ်ကိုအလေ့အကျင့်ပြု၍ လုပ်ကြရသော အလုပ်မျိုး အတတ်မျိုး အယုတ်သဖြင့် စောင်းတီးသောအတတ်, နှဲ, ပလွေမှုတ်သော အတတ်မျိုး တို့၌ပင်သော်လည်း အကြိမ်များစွာ လေ့လာလေ့ကျက်ခြင်းဟူသော အာသေဝနကိစ္စနှင့် လုပ်နိုင်မှ ဖြစ်မြောက်ကြလေသည်။</p>
<p>ခြောက်ဒွါရ၌ ဖြစ်ပေါ်ကြကုန်သော ဝီထိစိတ်အစဉ်တို့တွင် ဇဝနစိတ်တို့၏အတွင်း၌သာ ဤအာသေဝန,အနန္တရပစ္စည်းတို့ကို ရအပ်၏၊ ပထမဇဝနစိတ်သည် အာသေဝနပစ္စည်း ဒုတိယဇဝနစိတ် သည် ပစ္စယုပ္ပန်၊ ဒုတိယဇဝနစိတ်သည် အာသေဝနပစ္စည်း၊ တတိယ ဇဝနစိတ်သည် ပစ္စယုပ္ပန်- စသည်ဖြင့်ဆိုလေ၊ ဤအာသေဝနပစ္စည်းသည် တစ်နေ့တစ်ရက်တွင် အခါများစွာ အကြိမ်များစွာ ပြုလုပ်နိုင်ပါလျှင် တစ်ခါထက်တစ်ခါ ထိုအလုပ်ကျေလည်၍လာ၏၊ ရှေးရှေးလုပ်မှုက နောက်နောက်လုပ်မှုအား ကျေးဇူးပြုမှု ထင်လျား၏၊ နေ့ရက်များစွာ, လနှစ်များစွာပြုလုပ်ရာ၌ ဆိုဖွယ်မရှိ၊၊ ဘဝများစွာပင် ဆက်လက်နိုင်၏၊</p>
<p>ယခုဘဝတွင် မဂ်ဉာဏ်, ဖိုလ်ဉာဏ်, စျာန်, အဘိညာ, သမာပတ် တို့ကိုရအောင် အားထုတ်မှုသည်လည်း ဤအာသေဝနပစ္စည်းပင်တည်း၊ အလောင်းအလျာတို့သည် နောက်နောက်ဘဝတို့၌ မဂ်ဉာဏ်, ဖိုလ်ဉာဏ် သို့ ပေါက်ရောက်နိုင်ရန် ပါရမီတရားတို့ကို ဖြည့်ကျင့်ဆည်းပူးကြရာ၌ ပါရမီဆယ်ပါးကုသိုလ်တရားတို့သည် တစ်ဘဝထက်တစ်ဘဝ ထက်သန် တိုးပွါး၍ လာမှုသည်လည်း ဤအာသေဝနပစ္စည်းပင်ဖြစ်၏၊</p>
<p>သို့ရာတွင် ဤ <b>၂၄</b>- ပစ္စည်းအရာ၌မူကား- ပဋ္ဌာန်းကျမ်းဖြစ်သည် နှင့်အညီ <b>ပဋ္ဌာနသဒ္ဒါ</b>၏ အနက်အားလျော်စွာ အနန္တရဖြစ်ကြသော ဇဝနစိတ်ချင်းချင်းသာ ပစ္စည်း, ပစ္စယုပ္ပန်ဆက်ဆံမှုကို ဟောတော်မူ၏၊ ပထမဇဝနစိတ်သည် အနန္တရဖြစ်သော ဒုတိယဇဝနစိတ်အားသာ အာသေဝနပစ္စည်းတပ်၏၊ ပထမဇဝနစိတ်သည် အနန္တရမဟုတ်သော တတိယဇဝနစိတ်အား အာသေဝနပစ္စည်း မတပ်၊ ဤသို့စသည်ဖြင့် ဆိုလေ။</p>
<p>ဤကဲ့သို့ အနန္တရ မဟုတ်သော တတိယဇဝနစိတ်, စတုတ္ထဇဝန စိတ်တို့မှစ၍ ပထမဇဝနစိတ်၏ အရှိန်အဝါကို ခံယူကြသမျှကုန်သော နောက်နောက်စိတ်တို့အားမူကား - ပထမဇဝနစိတ်သည် ဥပနိဿယ ပစ္စည်း တပ်သည်ဟုဆိုရ၏၊၊ အာသေဝန အရှိန်အဝါကို ခံယူခြင်းမည် သည် လောဘမူ, လောဘမူချင်း, ဒေါသမူ, ဒေါသမူချင်း, မောဟမူ, မောဟမူချင်း- စသည်ဖြင့် သဘောတူချင်းမှသာ ခံယူနိုင်၏၊ သဘောမတူ လျှင် မခံယူနိုင်၊ ဤအာသေဝနပစ္စည်းကို သုတ္တန်ပိဋကတ်တွင် မဟာဝဂ္ဂ သံယုတ်ကျမ်း၌ များစွာဟောပေ၏၊ “<b>သမ္မာဒိဋ္ဌိံ ဘာဝေတိ'သမ္မာဒိဋ္ဌိံ ဘာဝေတိ</b>” စသည်ဖြင့် ဘာဝနာကိစ္စနှင့် စပ်ဆိုင်သမျှသည် အာသေဝနပစ္စည်းချည်းမှတ်။</p>
<p>အာသေဝန ပစ္စည်းပြီး၏၊</p>
<p>-----*------</p>
<br>
<h3>သဟဇာတပစ္စည်း</h3>
<p><b>သဟဇာတပစ္စယော</b>။။ ဤပစ္စည်း၌ <b>အတူတကွဖြစ်သည်</b>ကို သဟဇာတဆို၏၊ မီးတောက်တစ်ခုပေါ်လာခဲ့လျှင် မီး၏အရှိန်, မီး၏ အရောင်, မီး၏အနံ့တို့သည် မီး၏အစွမ်းသတ္တိကြောင့် ထိုမီးနှင့် အတူ တကွ ဖြစ်ပေါ်ကြရကုန်သကဲ့သို့ မိမိ၏ ပစ္စယုပ္ပန်တရားတို့ကို မိမိနှင့် အတူတကွ ဖြစ်ပေါ်နိုင်ကြစေရန် ကျေးဇူးပြုတတ်သော ရုပ်တရား, နာမ်တရားများတို့ကို သဟဇာတပစ္စည်းဆိုသည်။</p>
<h3><b>သဟဇာတ ၄-ချက်</b></h3>
<p>ဤသဟဇာတပစ္စည်း၌</p>
<p>၁။ <b>နာမ်ပစ္စည်း-နာမ်ပစ္စယုပ္ပန်</b>၊<br>
၂။ <b>နာမ်ပစ္စည်း-ရုပ်ပစ္စယုပ္ပန်</b>၊<br>
၃။ <b>ရုပ်ပစ္စည်း-ရုပ်ပစ္စယုပ္ပန်</b>၊<br>
၄။ <b>ရုပ်ပစ္စည်း-နာမ်ပစ္စယုပ္ပန်</b>၊</p>
<p>ဟူ၍ အချက်လေးခုရှိ၏။</p>
<p>ထိုလေးခုတို့တွင်-</p>
<p>၁။ <b>နာမ်ပစ္စည်း-နာမ်ပစ္စယုပ္ပန်</b>ဆိုသည်ကား-အဘိဓမ္မတ္ထသင်္ဂဟ ကျမ်း စေတသိက်ပိုင်း၌ နာမ်သင်္ဂဟနည်းပေါင်း ၃၃-နည်း လာရှိရာတွင် နာမ်သင်္ဂဟနည်း-တစ်နည်း, တစ်နည်းမှာ ပါရှိကြသော နာမ်အပေါင်းစုသည် သဟဇာတပစ္စည်း ပစ္စယုပ္ပန်ချင်း ဖြစ်ကြ၏၊ ဘယ်နာမ်က ပစ္စည်းမတပ်ဟု ဆိုရန်မရှိ၊ ဘယ်နာမ်ကား-ပစ္စယုပ္ပန်မထိုက်ဟု၍လည်း ဆိုရန်မရှိ။</p>
<p>[ဤကား-<b>နာမ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်</b>ကို ပြဆိုချက်တည်း။]</p>
<p>၂။ <b>နာမ်ပစ္စည်း-ရုပ်ပစ္စယုပ္ပန်</b>ဆိုသည်ကား- ပဋိသန္ဓေခဏ၌ ပဋိသန္ဓေနာမက္ခန္ဓာလေးပါးသည် သဟဇာတပစ္စည်း၊ ၎င်းနှင့် တစ်ပြိုင်နက် အတူတကွဖြစ်ပေါ်ကြသော <b>ကမ္မဇရုပ်စု</b>သည် ပစ္စယုပ္ပန်၊ ပဋိသန္ဓေခဏမှ နောက်ပဝတ္တိကာလ၌ နာမက္ခန္ဓာလေးပါးသည် ပစ္စည်း၊ ၎င်းနာမက္ခန္ဓာလေးပါးကြောင့် ဖြစ်ပေါ်ရသော <b>စိတ္တဇရုပ်စု</b>သည် ပစ္စယုပ္ပန်။</p>
<p>[ဤကား-<b>နာမ်ပစ္စည်း, ရုပ်ပစ္စယုပ္ပန်</b>ကို ပြဆိုချက်တည်း။]</p>
<p>၃။ <b>ရုပ်ပစ္စည်း- ရုပ်ပစ္စယုပ္ပန်</b>ဆိုသည်ကား-၎င်းအဘိဓမ္မတ္ထသင်္ဂဟ ကျမ်း ရုပ်ပိုင်း ကလာပ, ယောဇနာခန်း၌ ရုပ်ကလာပ်ပေါင်း ၂၁-စည်း လာရှိရာတွင် ရုပ်ကလာပ်စည်း တစ်စည်း, တစ်စည်းမှာပါရှိကြသော ရုပ်တရားအပေါင်းအစုသည် သဟဇာတပစ္စည်း ပစ္စယုပ္ပန်ချည်းဖြစ်ကြ၏၊ ထိုရုပ်တရားအပေါင်းစုတွင် <b>မဟာဘုတ်ကြီးလေးပါး</b>သည် ပစ္စည်း၊ ၎င်းမဟာဘုတ်ကြီး လေးပါးနှင့် တကွ <b>ဥပါဒါရုပ်စု</b>သည် ပစ္စယုပ္ပန်၊ ဤ၌ ဥပါဒါရုပ်စုသည် ပစ္စည်းကား-မတပ်၊ ပစ္စယုပ္ပန်မျှသာ ဖြစ်ကြ၏။</p>
<p>[ ဤကား-<b>ရုပ်ပစ္စည်း, ရုပ်ပစ္စယုပ္ပန်</b>ကို ပြဆိုချက်တည်း။]</p>
<p>၄။ <b>ရုပ်ပစ္စည်း-နာမ်ပစ္စယုပ္ပန်</b>ဆိုသည်ကား-ပဋိသန္ဓေခဏ၌ <b>ဟဒယဝတ္ထုရုပ်</b>သည် သဟဇာတပစ္စည်း-ပဋိသန္ဓေနာမက္ခန္ဓာ လေးပါးသည် ပစ္စယုပ္ပန်။</p>
<p>[ဤကား-<b>ရုပ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်</b>ကို ပြဆိုချက်တည်း]</p>
<p>ဤသဟဇာတပစ္စည်း၌လည်း ရုပ်တရားတို့သည် အချင်ချင်း ဖွဲ့စည်းမှုတို့နှင့် ကျေးဇူးပြုကြကုန်လျက် တစ်ပြိုင်နက် တစ်ချက်တည်းအားဖြင့် အလွန်များစွာပင် ဖြစ်ပေါ်ကြကုန်၏၊ အချင်းချင်း အဖွဲ့အစည်း အခြေအနေကောင်းကြသည့်အတွက် အလွန်ကာလရှည်စွာပင် တည်နေနိုင်ကြကုန်၏၊ ရေသတ္တဝါ, ကုန်းသတ္တဝါ, နတ်, ဗြဟ္မာတို့၏ ရုပ်ခန္ဓာကြီးငယ်တို့နှင့် သံတုံး, သံခဲ, ကျောက်တုံးကျောက်ခဲ, မဟာပထဝီမြေကြီး, မြင်းမိုရ်တောင်ကြီးတိုင်အောင် မြှော်လေ။</p>
<p>သို့ရာတွင် ဤ၂၄- ပစ္စည်းအရာ၌မူကား- ပဋ္ဌာန်းကျမ်း ဖြစ်သည်နှင့်အညီ <b>ပဋ္ဌာနသဒ္ဒါ</b>၏ အနက်အားလျော်စွာ တစ်ခုတစ်ခုသော ရုပ်ကလာပ်အတွင်း၌ ပါရှိကြသော ရုပ်တရားအချင်းချင်းတို့၌သာ ပစ္စည်း, ပစ္စယုပ္ပန် ဆက်ဆံမှုကို ဟောတော်မူ၏၊ ထိုသို့ဟောတော်မူသဖြင့်လည်း မဟာပထဝီမြေကြီးတစ်ခုလုံး, မြင်းမိုရ်တောင်ကြီးတစ်ခုလုံး ရုပ်တရားတို့၏ အချင်းချင်း ဖွဲ့စည်းမှုအတွက် အကျိုးကျေးဇူးများကြပုံကို အကုန်မြင်နိုင်ကြရာ၏။</p>
---
<h3><b>သဟဇာတပစ္စည်းမျိုး ၁၅-ပါး</b></h3>
<p>ဤသဟဇာတပစ္စည်းကြီးသည် <b>သဟဇာတပစ္စည်းမျိုး ၁၅- ပါး</b>တို့ကို အကုန်သိမ်းချုံမိ၏။</p>
<p>၁၅- ပါးဆိုသည်ကား</p>
<p>၁။ <b>နိဿယပစ္စည်း</b>တွင် <b>သဟဇာတနိဿယပစ္စည်း</b>တစ်ပါး၊<br>
၂။ <b>အတ္ထိပစ္စည်း</b>တွင် <b>သဟဇာတ္ထိပစ္စည်း</b>တစ်ပါး၊<br>
၃။ <b>အဝိဂတပစ္စည်း</b>တွင် <b>သဟဇာတ အဝိဂတပစ္စည်း</b>တစ်ပါး၊</p>
<p>ဤသုံးပါးသည် အထက်သဟဇာတပစ္စည်းကြီးနှင့် အလုံးစုံ ထပ်တူကြ၏၊ <b>သဟဇာတကြီးလေးပါး</b>ဖြစ်၏။</p>
<p>၄။ <b>အညမညပစ္စည်း</b>တစ်ပါး၊<br>
၅။ <b>ဝိပါကပစ္စည်း</b>တစ်ပါး၊<br>
၆။ <b>သမ္ပယုတ္တပစ္စည်း</b>တစ်ပါး၊<br>
၇။ <b>ဝိပ္ပယုတ္တပစ္စည်း</b>တစ်ပါး၊</p>
<p>ဤလေးပါးသည် အထက်သဟဇာတပစ္စည်းကြီးအထဲမှ ခွဲ၍ထွက်လာသော <b>သဟဇာတအလတ်များ</b>ဖြစ်ကြ၏။</p>
<p>၈။ <b>ဟေတုပစ္စည်း</b>တစ်ပါး၊<br>
၉။ <b>အဓိပတိပစ္စည်း</b>တွင် <b>သဟဇာတာဓိပတိပစ္စည်း</b>တစ်ပါး၊<br>
၁၀။ <b>ကမ္မပစ္စည်း</b>တွင် <b>သဟဇာတကမ္မပစ္စည်း</b>တစ်ပါး၊<br>
၁၁။ <b>အာဟာရပစ္စည်း</b>တွင် <b>နာမ်အာဟာရပစ္စည်း</b>တစ်ပါး၊<br>
၁၂။ <b>ဣန္ဒြိယပစ္စည်း</b>တွင် <b>နာမ်ဣန္ဒြိယပစ္စည်း</b>တစ်ပါး၊<br>
၁၃။ <b>စျာနပစ္စည်း</b>တစ်ပါး၊<br>
၁၄။ <b>မဂ္ဂပစ္စည်း</b>တစ်ပါး၊</p>
<p>ဤခုနစ်ပါးသည် <b>သဟဇာတအငယ်များ</b> ဖြစ်ကြ၏၊ အထက်သဟဇာတပစ္စည်းကြီးနှင့်ပေါင်းသော် <b>သဟဇာတပစ္စည်းမျိုး ၁၅- ပါး</b>ဖြစ်၏။</p>
<p>ထိုတွင် သဟဇာတကြီးသည် ပင်လယ်သင်္ဘောကြီးနှင့်တူ၏၊ သဟဇာတ အလတ်လေးပါး, သဟဇာတ အငယ်ခုနစ်ပါး၊ ဤ ၁၁-ပါးသည် ပင်လယ်သင်္ဘောကြီး၏ အမှုဆောင် လူအမျိုးမျိုး သင်္ဘောကြိယာ အမျိုးမျိုး, စက်ကြိယာအမျိုးမျိုး, ရွက်ကြိယာအမျိုးမျိုးတို့နှင့်တူ၏။</p>
<p>၁။ <b>နာမ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်</b>၊<br>
၂။ <b>နာမ်ပစ္စည်း, ရုပ်ပစ္စယုပ္ပန်</b>၊<br>
၃။ <b>ရုပ်ပစ္စည်း, ရုပ်ပစ္စယုပ္ပန်</b>၊<br>
၄။ <b>ရုပ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်</b>၊</p>
<p>ဟူ၍ <b>သဟဇာတ အချက်လေးခု</b>ကို အတည်ပြု၍ ထားရာ၏။</p>
---
<h3><b>သဟဇာတကြီး ၄-ပါး</b></h3>
<p><b>သဟဇာတပစ္စည်းကြီးလေးပါး</b> ထပ်တူကြပုံကို ပြဆိုရာ၏၊ သဟဇာတပစ္စည်းတရားကိုပင်လျှင် ပစ္စယုပ္ပန်တို့၏ မှီရာသဘောရှိပြန်သည့်အတွက် <b>နိဿယပစ္စည်း</b> ဆိုရပြန်၏၊ ကျေးဇူးပြုဆဲအခါ၌ ပစ္စည်းတရား ထင်ရှားရှိဆဲ ဖြစ်ပြန်သည့်အတွက် <b>အတ္ထိပစ္စည်း, အဝိဂတပစ္စည်း</b> ဆိုရပြန်၏။</p>
<p>[ဤကား- <b>သဟဇာတ ပစ္စည်းကြီးလေးပါး</b> ထပ်မိကြပုံတည်း။]</p>
---
<h3><b>သဟဇာတအလတ် ၄-ပါး</b></h3>
<p><b>သဟဇာတ အလတ်လေးပါး</b>ကို ပြဆိုပေအံ့။<br>
၁။ <b>အညမည ပစ္စည်း</b>ဆိုသည်ကား- သဟဇာတပစ္စည်း တပ်ကြသော ပစ္စည်းတရားအချင်းချင်း အပြန်အလှန် ပစ္စည်းတပ်ကြသည်ကို ဆိုလိုသည်၊ သဟဇာတ အချက်လေးခုတွင် ၁-<b>နာမ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်</b>၊ အကုန်လုံး <b>အညမညပစ္စည်း ပစ္စယုပ္ပန်</b>ချည်း၊ ၃-<b>ရုပ်ပစ္စည်း ရုပ်ပစ္စယုပ္ပန်</b>တွင် <b>မဟာဘုတ်ကြီးလေးပါး</b> အချင်းချင်း <b>အညမညပစ္စည်း ပစ္စယုပ္ပန်</b>ချည်းမှတ်၊ ပဋိသန္ဓေနာမ်နှင့်<b>ဟဒယဝတ္ထုရုပ်</b> အချင်းချင်း <b>အညမညပစ္စည်း ပစ္စယုပ္ပန်</b>။</p>
<p>၂။ <b>ဝိပါကပစ္စည်း</b>ဆိုသည်ကား- ပိန္နဲသီး, သရက်သီးတို့သည် မှည့်ခြင်းသို့ ရောက်ကြသည့်အခါ၌ အကုန်လုံး နူး, နပ်, ပျော့ပျောင်းကြကုန်ဘိသကဲ့သို့ ကုသိုလ်ကံ, အကုသိုလ်ကံတို့၏ အကျိုးဖြစ်ကြကုန်သော <b>ကာမာဝစရဝိပါက်, ရူပါဝစရဝိပါက်, အရူပါဝစရဝိပါက်, လောကုတ္တရာဝိပါက်</b>တရားတို့သည် အကုန်လုံး နူး, နပ်, ငြိမ်သက်ကြကုန်၏၊ ကုသိုလ်, အကုသိုလ်တို့ကဲ့သို့ လှုပ်ရှားထကြွ မရှိကြကုန်၊ ဤသို့သော ငြိမ်သက်မှုကို <b>ဝိပါကပစ္စည်း</b> ဆိုသတည်း၊ ဤသို့သော ငြိမ်သက်မှုကြောင့် အိပ်ပျော်၍ နေကြသောသူတို့မှာ <b>ဘဝင်စိတ်</b>-ဟူသော ဝိပါကပစ္စည်းတရား ဖြစ်ပွား၍ နေစဉ်အခါ အသေကောင်နှင့်တူစွာ ငြိမ်သက်ခြင်းသို့ရောက်၍ နေကြကုန်၏၊ နေ့အခါ၌ <b>စိတ္တဗျာပါရ</b>အတွက် <b>အဇ္ဈတ္တရုပ်</b>တို့၏ ပူလောင်ချောက်ချားမှုတို့သည် ထိုဝိပါကပစ္စည်းဖြင့် ငြိမ်းချမ်းကြကုန်၏၊ ဤဝိပါကပစ္စည်းသည် သဟဇာတပစ္စည်းကြီး၏အထဲမှ ဝိပါက်ဖြစ်သော စိတ်, စေတသိက် နာမ်တရားစုပေတည်း၊ သဟဇာတလေးချက်တွင် ၁- <b>နာမ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်</b>၊ ၂-<b>နာမ်ပစ္စည်း, ရုပ်ပစ္စယုပ္ပန်</b>၊ ဤနှစ်ချက်သာရ၏။</p>
<p>၃။ <b>သမ္ပယုတ္တပစ္စည်း</b>ဆိုသည်ကား-အထက်မြစ်ညာ၌ ချောင်းအမျိုးမျိုး, မြောင်းအမျိုးမျိုး, စိမ့်အမျိုးမျိုး, စမ်းအမျိုးမျိုးတို့မှာ အသီးအသီး စီးဆင်းလာကြကုန်သော ရေအမျိုးမျိုးတို့သည် မြစ်မကြီးသို့ရောက်၍ ပေါင်းဆုံရောနှောကြသောအခါ ဓာတ်ခွဲပညာဖြင့်သော်လည်း ခွဲခြားခြင်းငှါ မတတ်ကောင်းအောင် ရေအချင်းချင်းရောနှောချက် ကောင်းကြသကဲ့သို့ အတူတကွဖြစ်ကြကုန်သော စိတ်, စေတသိက် နာမ်တရားတို့၏ အချင်းချင်း အလွန်ရောနှောချက်ကောင်းသောအားဖြင့် ကျေးဇူးပြုမှုကို <b>သမ္ပယုတ္တပစ္စည်း</b>ဆိုသည်၊ သဟဇာတလေးချက်တွင် ၁-<b>နာမ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်</b> တစ်ချက်သာရ၏။</p>
<p>၄။ <b>ဝိပ္ပယုတ္တပစ္စည်း</b>ဆိုသည်ကား-<b>သတ</b>-ဟူ၍လည်းကောင်း, <b>ရသ</b>-ဟူ၍လည်းကောင်းခေါ်ဆိုကြသော <b>ပြဒါး</b>-ဟူသော ဓာတ်ရည်အထူးသည် အရည်အချင်းချင်းဖြစ်ပါလျက် ရေ၌ထည့်သော်လည်း ရေနှင့်ရောစပ်ခြင်း မရှိ၊ အုန်းရေ၌ထည့်သော်လည်း အုန်းရေနှင့်ရောစပ်ခြင်းမရှိသကဲ့သို့ ရုပ်နှင့်နာမ်, နာမ်နှင့်ရုပ် ရောစပ်ခြင်း မရှိမူ၍ ကျေးဇူးပြုမှုသည် <b>ဝိပ္ပယုတ္တပစ္စည်း</b>မည်၏၊ သဟဇာတလေးချက်တွင် ၂-<b>နာမ်ပစ္စည်း, ရုပ်ပစ္စယုပ္ပန်</b>၊ ၄-<b>ရုပ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်</b> နှစ်ချက်သာရ၏။</p>
---
<h3><b>သဟဇာတငယ် ၇-ပါး</b></h3>
<p><b>သဟဇာတအငယ်-ခုနစ်ပါး</b>ကို ပြဆိုပေအံ့။</p>
<p>၁။ <b>ဟေတုပစ္စည်း</b>ဆိုသည်ကား-ရှေး၌ပြဆိုခဲ့ပြီးသော ဟေတုပစ္စည်းပင်တည်း၊ <b>အဟိတ်စိတ် ၁၈-ခု</b>တို့၌ ယှဉ်သော စေတသိက်တို့ကို ကြဉ်ဖယ်၍ <b>သဟိတ်စိတ် ၇၁-ခု</b>တို့၌ ယှဉ်သော စေတသိက်တို့ကို ကွက်ခြား၍ ယူလေ။ သဟဇာတလေးချက်တွင် ၁-<b>နာမ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်</b>၊ ၂-<b>နာမ်ပစ္စည်း, ရုပ်ပစ္စယုပ္ပန်</b> နှစ်ချက်သာရ၏။</p>
<p>၂။ <b>သဟဇာတာဓိပတိပစ္စည်း</b>ဆိုသည်လည်း ရှေး၌ပြဆိုခဲ့ပြီးသော သဟဇာတာဓိပတိပစ္စည်းပင်တည်း၊ အားခွန်ဗလကြီးမားကြသဖြင့် <b>အဓိပတိအရာမြောက်</b>ကြသော <b>ဆန္ဒ, ဝီရိယ, စိတ်, ပညာ</b>တို့နှင့် ယှဉ်ကြကုန်လျက် <b>ဇဝနကိစ္စ</b>တပ်ကြကုန်သော <b>ဒွိဟိတ်စိတ်, တိဟိတ်စိတ်</b>တို့ကို ယူလေ၊ သဟဇာတလေးချက်တွင် ၁-<b>နာမ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်</b>၊ ၂- <b>နာမ်ပစ္စည်း, ရုပ်ပစ္စယုပ္ပန်</b> နှစ်ချက်သာရ၏။</p>
<p>၃။ <b>သဟဇာတကမ္မပစ္စည်း</b>ဆိုသည်ကား-<b>စေတနာစေတသိက်</b>ပေတည်း၊ ဤ၌ <b>ကမ္မ</b>ဆိုသည်ကား-နာမ်တရား, ရုပ်တရားတို့ကို စေ့ဆော်မှု, လှုံ့ဆော်မှု, ဆော်ဩမှု, စီရင်မှုဟူသော ကြိယာအထူးပေတည်း၊ ကိုယ်အင်္ဂါတို့ကို ထကြွလှုပ်ရှားအောင် လှုံ့ဆော်သောစေတနာကို <b>ကာယကံ</b>ခေါ်၏၊ နှုတ်အင်္ဂါတို့ကို ထကြွလှုပ်ရှားအောင် စေ့ဆော်သော စေတနာကို <b>ဝစီကံ</b>ခေါ်၏၊ စိတ်အင်္ဂါတို့ကို ထကြွလှုပ်ရှားအောင် စေ့ဆော်သော စေတနာကို <b>မနောကံ</b>ခေါ်၏၊ ဤကဲ့သို့ လှုံ့ဆော်မှုနှင့် ကျေးဇူးပြုတတ်သော စေတနာစေတသိက်ကို <b>သဟဇာတကမ္မပစ္စည်း</b>ဆို သတည်း၊ သဟဇာတလေးချက်တွင် ၁-<b>နာမ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်</b>၊ ၂- <b>နာမ်ပစ္စည်း, ရုပ်ပစ္စယုပ္ပန်</b> နှစ်ချက်သာရ၏။</p>
<p><b>နာနက္ခဏိကပစ္စည်း</b>သည်မူကား-ပစ္စယုပ္ပန်တို့က နောက်ကာလမှ ဖြစ်ကြကုန်သောကြောင့် ဤသဟဇာတအရာ၌ မဝင်သာချေ၊ သုတ္တန်ပိဋကတ်၌ <b>သုစရိတဆယ်ပါး, ဒုစ္စရိတဆယ်ပါး, ကုသလကမ္မပထဆယ်ပါး, အကုသလကမ္မပထ ဆယ်ပါး</b>တို့ကို ပြဆိုသော ဒေသနာဟူသမျှသည် ဤသဟဇာတကမ္မပစ္စည်းချည်းမှတ်။</p>
<p>၄။ <b>သဟဇာတ အာဟာရပစ္စည်း</b>ဆိုသည်ကား - <b>ဖဿ စေတသိက်, စေတနာစေတသိက်, ဝိညာဏ်</b>တို့ပေတည်း၊ ဤသုံးပါးတို့ကို <b>နာမ်အာဟာရသုံးပါး</b>ဆိုသည်၊ ဤ၌ <b>အာဟာရ</b>ဆိုသည်ကား-လွန်စွာ ဆောင်ရွက်တတ်သည်ကိုဆိုသည်၊ ထမင်းအစာအာဟာရတို့သည် လူ့တို့၏ကိုယ်ခန္ဓာကို လွန်စွာဆောင်ရွက်တတ်ကုန်၏၊ ထို့အတူ ဤသုံးပါးသော နာမ်တရားတို့သည် မိမိ မိမိတို့၏ ပစ္စယုပ္ပန်တရားတို့ကို လွန်စွာဆောင်ရွက်တတ်ကြကုန်၏။</p>
<p><b>ဖဿ</b>သည် အာရုံကို ခံစားမှုတို့၌ <b>ဝေဒနာအမှူးရှိသော စေတသိက်နာမ်တရား</b>တို့ကို လွန်စွာဆောင်ရွက်တတ်၏၊ <b>စေတနာ</b>သည် <b>ကာယကံ, ဝစီကံ, မနောကံ</b>မှုတို့၌ <b>ဖဿ</b>အစရှိသော <b>စေတသိက်နာမ်တရား</b>တို့ကို လွန်စွာဆောင်ရွက်တတ်၏၊ <b>ဝိညာဏ်</b>သည် အာရုံကိုသိမှု, ယူမှု, ရမှု, ရှာကြံမှုတို့၌ <b>ဖဿ</b>အစရှိသော <b>စေတသိက်နာမ်တရား</b>တို့ကို လွန်စွာဆောင်ရွက်တတ်၏၊ စေတသိက်နာမ်တရားတို့ကို ဆောင်ရွက်လျှင်လည်း သဟဇာတ်ရုပ်တရားတို့သည် ပါကြကုန်တော့သည်၊ ဤသို့ လွန်စွာ ဆောင်ရွက်တတ်သည်ကို <b>အာဟာရ</b>ဆို၏၊ ထိုအာဟာရကိစ္စဖြင့် ကျေးဇူးပြုသည်ကို <b>အာဟာရပစ္စည်း</b>ဆို၏၊ သဟဇာတ လေးချက်တွင် ၁-<b>နာမ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်</b>၊ ၂-<b>နာမ်ပစ္စည်း, ရုပ်ပစ္စယုပ္ပန်</b> နှစ်ချက်သာရ၏။</p>
<p>ထမင်းအစာ-ဟူသော <b>ရုပ်အာဟာရ</b>ကိုမူကား-မိမိသည်ဖြစ်ဆဲ ခဏ၌ ဆောင်ရွက်နိုင်သည် မဟုတ်၊ ဌီသို့ရောက်မှ ဆောင်ရွက်နိုင်၏၊ ထို့ကြောင့် ဤသဟဇာတမျိုးတွင် မပါသော်လည်း အလျော်အားဖြင့် သဟဇာတမျိုးတွင် ထည့်သွင်းရ၏၊ အလုံးစုံသော <b>ကာမဘုံသား</b>တို့၏ <b>ရူပကာယ</b>တို့သည် ဖြစ်စေမှုအတွက်အားဖြင့်၎င်း၊ ထောက်ပံ့မှုအတွက် အားဖြင့်၎င်း၊ ဤရုပ်အာဟာရပစ္စည်း၏ <b>ပစ္စယုပ္ပန်</b>ချည်းသာတည်း၊ ဤအာဟာရပစ္စည်းသည် <b>နိဒါနဝဂ္ဂသံယုတ် သတ္တမဝဂ်</b>၌ အကျယ်လာ၏။</p>
<p>၅။ <b>သဟဇာတဣန္ဒြိယပစ္စည်း</b>ဆိုသည်ကား- <b>ဇီဝိတ, စိတ်, ဝေဒနာ, သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ</b>၊ ဤနာမ်တရား ရှစ်ပါးကို ဆိုသည်၊ <b>ဇီဝိတိန္ဒြေ, မနိန္ဒြေ, သုခိန္ဒြေ, ဒုက္ခိန္ဒြေ, သောမနဿိန္ဒြေ, ဒေါမနဿိန္ဒြေ, ဥပေက္ခိန္ဒြေ, သဒ္ဓိန္ဒြေ, ဝီရိယိန္ဒြေ, သတိန္ဒြေ, သမာဓိန္ဒြေ, ပညိန္ဒြေ</b>၊ ဤနာမ်ဣန္ဒြေတစ်ဆယ်နှစ်ပါးတို့ပင်တည်း၊ ဤ၌<b>ဣန္ဒြေ</b>ဆိုသည်ကား-<b>အစိုးရမှု</b>ပေတည်း။ ထိုနာမ်တရားတို့သည် အသီးအသီး မိမိ မိမိတို့၏ ဆိုင်ရာဌာန၌ ပစ္စယုပ္ပန်တရားတို့၏ အပေါ်မှာ အုပ်ချုပ်နိုင်ကြကုန်၏။</p>
<p><b>ဇီဝိတ</b>သည် <b>သန္တတိ</b>အစဉ်အားဖြင့် နာမ်တရားတို့၏ အသက်ရှည်မှု၌ အစိုးရ၏၊ <b>စိတ်</b>သည် အာရုံကို သိမှု, ယူမှု, ရှာကြံမှု၌ အစိုးရ၏၊ <b>သုခဝေဒနာ</b>သည် ကိုယ်အင်္ဂါချမ်းသာမှု၌၊ <b>ဒုက္ခဝေဒနာ</b>သည် ကိုယ်အင်္ဂါ ဆင်းရဲမှု၌၊ <b>သောမနဿဝေဒနာ</b>သည် ဝမ်းသာမှု, ဝမ်းမြောက်မှု၌၊ <b>ဒေါမနဿဝေဒနာ</b>သည် ဝမ်းနဲမှု, စိတ်နှလုံးဆင်းရဲမှု၌၊ <b>ဥပေက္ခာဝေဒနာ</b>သည် လျစ်လျူရှုမှု၌ အစိုးရ၏၊ <b>သဒ္ဓါ</b>သည် ဘုရားဂုဏ်, တရားဂုဏ်, သံဃဂုဏ်, သီလဂုဏ်ကို ယုံကြည်မှု၌ ပစ္စယုပ္ပန်တရားတို့ကို အစိုးရ၏၊ <b>ဝီရိယ</b>သည် <b>သမ္မပ္ပဓာန်</b>ကိစ္စတို့၌၊ <b>သတိ</b>သည် <b>သတိပဋ္ဌာန်</b>ကိစ္စတို့၌၊ <b>သမာဓိ</b>သည် <b>စျာန်သမာပတ္တိ</b>ကိစ္စတို့၌၊ <b>ပညာ</b>သည် <b>သစ္စာလေးပါး</b>ကို ထိုးထွင်းမှု၌ ပစ္စယုပ္ပန်တရားတို့ကို အစိုးရ၏၊ <b>အစိုးရမှု</b>ဆိုသည်ကား-ပြဆိုခဲ့ပြီးသော ကိစ္စတို့၌ သူတို့သည်သာ ထင်ပေါ်လျက်ရှိကြကုန်တော့သည်၊ သမ္ပယုတ်တရားတို့သည်မူကား- မရှိသကဲ့သို့ မှေးမှိန်၍ နေကြကုန်တော့သည်။</p>
<p>ကိုယ်အင်္ဂါ၌ ပြင်းထန်စွာ ထိခိုက်မိ၍ <b>ဒုက္ခဝေဒနာ</b> ဖြစ်ပွား၍ နေဆဲအခါ၌ နာမှုဟူသော ဒုက္ခဝေဒနာ တစ်ခုတည်းသည်သာ ထင်ပေါ်လျက်ရှိ၏၊ ဒုက္ခဝေဒနာနှင့် ယှဉ်လျက်ပါရှိသော စိတ်, ဖဿ, သညာ, စသောနာမ်တရားများ မှေးမှိန်၍ နေကြရကုန်တော့သည်၊ ဤကား<b>ဒုက္ခဝေဒနာ၏ အစိုးရမှု</b>တည်း၊ ကြွင်းသော <b>ဣန္ဒြေတရား</b>တို့၏ အစိုးရမှုတို့မှာလည်း ဤနည်းအတိုင်းသိလေ၊ ဤသို့ အသီးအသီး မိမိ မိမိတို့၏ ဆိုင်ရာဌာန၌ အစိုးရမှုနှင့် ကျေးဇူးပြုတတ်သည်ကို <b>ဣန္ဒြိယပစ္စည်း</b>ဆိုသတည်း၊ သဟဇာတ လေးချက်တွင် ၁- <b>နာမ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်</b>၊ ၂- <b>နာမ်ပစ္စည်း, ရုပ်ပစ္စယုပ္ပန်</b> နှစ်ချက်သာရ၏။</p>
<p><b>အဓိပတိပစ္စည်း</b>နှင့် <b>ဣန္ဒြိယပစ္စည်း</b>အထူးကား --<br>
၁။ <b>အဓိပတိပစ္စည်း</b>သည် ပြိုင်ဖက်မရှိကြီးမားသည်ဖြစ်၍ ကျွန်းကြီးလေးကျွန်းလုံးကို အစိုးရသော <b>စကြာမင်းကြီး</b>နှင့်တူ၏၊<br>
၂။ <b>ဣန္ဒြိယပစ္စည်း</b>သည် ဣန္ဒြေချင်းပြိုင်ဖက် အများရှိသည်ဖြစ်၍ စကြာမင်းကြီး၏ အောက်၌ မိမိ မိမိတို့၏ဆိုင်ရာ တိုင်းပြည်အသီးသီးတို့ကို အစိုးရကြသော <b>ပဒေသရာဇ်မင်း</b>များနှင့် တူ၏။</p>
<p>တစ်နည်း<br>
၁။ <b>အဓိပတိ</b>သည် တိုင်းပြည်ကို အစိုးရသော <b>ရှင်ဘုရင်</b>နှင့် တူ၏၊<br>
၂။ <b>ဣန္ဒြိယပစ္စည်း</b>သည် ရှင်ဘုရင်၏ အောက်၌ အသီးအသီး အစိုးရကြသော <b>မှူး, မတ်အရာရှိ အစိုးရများ</b>နှင့် တူကြ၏။</p>
<p>၁။ <b>အဓိပတိပစ္စည်း</b>မှာ <b>အဓိပတိတရား</b>နှစ်ပါး ယှဉ်တွဲ၍ ဖြစ်သည်မရှိ။<br>
၂။ <b>ဣန္ဒြိယပစ္စည်း</b>မှာ <b>နာမ်ဣန္ဒြေတရား</b> အများယှဉ်တွဲ၍ ဖြစ်နိုင်၏၊ တစ်ခုသော ဣန္ဒြေတရား၏ ဆိုင်ရာကိစ္စ၌ တစ်ပါးသော ဣန္ဒြေတရားတို့က အကူအညီပြုလုပ်ကြရ၏။</p>
<p>[ဤကား- <b>ပစ္စည်းနှစ်ပါး အထူး</b>တည်း။]</p>
<p><b>ဣန္ဒြိယပစ္စည်း</b>တွင် <b>ပုရေဇာတိန္ဒြိယပစ္စည်း</b>သည် ဤသဟဇာတအရာ၌ မဆိုင်၊ <b>ရူပဇီဝိတိန္ဒြိယပစ္စည်း</b>သည်လည်း ရုပ်အာဟာရပစ္စည်းကဲ့သို့ပင် <b>ဌီခဏ</b>၌သာ <b>ပစ္စယကိစ္စ</b>ပြဋ္ဌာန်းသည်ဖြစ်၍ ဖြစ်ပေါ်မှုမှာ လိုရင်းကျသော ဤသဟဇာတပစ္စည်းအရာ၌ မပါနိုင်သော်လည်း အလျော်အားဖြင့် သဟဇာတမျိုး၌သွင်းရ၏၊ <b>ကမ္မဇရုပ်ကလာပ်</b>ဟူသမျှသည် စောင့်ရှောက်မှုအတွက်အားဖြင့် ဤ<b>ဇီဝိတိန္ဒြိယပစ္စည်း</b>၏ <b>ပစ္စယုပ္ပန်</b>ချည်းသာတည်း၊ ဤ<b>ဣန္ဒြိယပစ္စည်း</b>သည် အဘိဓမ္မာတွင် <b>ဣန္ဒြိယယမိုက်ကျမ်း</b>၌ အလွန်ကျယ်ဝန်းစွာလာ၏၊ သုတ္တန်ပိဋကတ်တွင် <b>မဟာဝဂ္ဂသံယုတ်</b>၌ <b>ဣန္ဒြိယသံယုတ်</b>ရှိလေ၏၊ ရဟန်းတို့၏ ကျင့်ဝတ်တရားတွင် <b>ဣန္ဒြိယသံဝရသီလ</b>သည် ဤ<b>ဣန္ဒြိယပစ္စည်း</b>ပင်ဖြစ်၏။</p>
<p>၆။ <b>စျာနပစ္စည်း</b>ဆိုသည်ကား-<b>ဝိတက်, ဝိစာရ, ပီတိ, ဝေဒနာ, ဧကဂ္ဂတာ</b> ဤစေတသိက်ငါးပါးပေတည်း၊ <b>စျာန</b>ဆိုသည်ကား-တစ်ခုတစ်ခုသောအာရုံ၌ စိုက်၍ရှုခြင်းတည်း၊ သားမုဆိုး, ငှက်မုဆိုးတို့သည် လေးမြားတို့ဖြင့် သားငှက်တို့ကို ပစ်ကြရာ၌ တည့်မတ်စွာ ချိန်ရွယ်မှု, တည့်မတ်ပြန်လျှင်လည်း မြားဦးတည်ငြိမ်စွာ နေစေရန် ထိန်းချုပ်မှုတို့ကို <b>စျာနပစ္စည်း</b>ဆိုသတည်း၊ သမ္ပယုတ်တရားတို့ကို အာရုံသို့ ရှေ့ရှုတင်ခြင်းလက္ခဏာရှိသော <b>ဝိတက်</b>သည် အလိုရှိရာအာရုံသို့ စိတ်ကိုဖြောင့်မတ်စွာ သွားနိုင်ရန် ချိန်ရွယ်မှုမည်၏၊ အာရုံ၌ တရစ်ဝဲဝဲနေတတ်သော <b>ဝိစာရ</b>, အာရုံကို နှစ်သက်တတ်သော <b>ပီတိ</b>, အာရုံ၏အရသာကို ခံစားတတ်သော <b>ဝေဒနာ</b>, အာရုံ၌စိတ်ကိုတည်ငြိမ်စွာ ချုပ်ထားတတ်သော <b>ဧကဂ္ဂတာ</b>တို့သည် အာရုံ၌စိတ်ကို ထိန်းချုပ်မှုများ ဖြစ်ကြရကုန်၏၊ ဒေါသတရားဖြင့် ပြစ်မှားရာ၌လည်း <b>ဒေါမနဿဝေဒနာ</b>သည် အာရုံ၌ မကောင်းစွာ ခံစားမှုနှင့် စိတ်ကို ချုပ်ထိန်းသည်သာဖြစ်၏။</p>
<p>ဤ<b>စျာနပစ္စည်း</b>ရှိပေသည့်အတွက်ကြောင့် ကုသိုလ်တရား, အကုသိုလ်တရားတို့၌ တစ်ခုခုသော <b>ကာယကံမှု, ဝစီကံမှု, မနောကံမှု</b>တို့ကို အစ, အလယ်, အဆုံးတိုင်ရောက်အောင် ပြုလုပ်နိုင်ကြကုန်၏၊ <b>စျာနပစ္စည်း</b> မရှိခဲ့သော် အထက်ကပြဆိုခဲ့သော သားမုဆိုးသည်လည်း သားကောင်ကို မှန်အောင်ပစ်နိုင်မည်မဟုတ်၊ ငှက်မုဆိုးသည်လည်း ငှက်ကောင်ကို မှန်အောင် ပစ်နိုင်လိမ့်မည်မဟုတ်၊ အဆင်းသဏ္ဌာန်တစ်ခုကိုမျှ အကောင်အထည် ဘယ်သူဘယ်ဟာ ပေါ်အောင်ကြည့်နိုင်ကြမည် မဟုတ် ခြေတစ်လှမ်းကိုမျှ တည့်မတ်စွာ လှမ်းနိုင်ကြမည် မဟုတ်၊ အစ၌ အရှေ့ကိုရွယ်၏၊ အလယ်၌ တောင်သို့တိမ်း၏၊ အဆုံး၌ အနောက်သို့ ကျ၏၊ ဤသို့သော်လည်း ဖြစ်၍သွားရာ၏။</p>
<p>ထိုခြေလှမ်းရင်း မတ်တတ်နှင့်ပင် တစ်ခြားတစ်ပါးသော အာရုံသို့ စိတ်ပြောင်းရွေ့သဖြင့် မေ့၍သော်လည်းနေရာ၏ “<b>နမောတဿ</b>” တစ်ခုကိုမျှ ချောမောအောင် မရွတ်ဆိုနိုင် ရှိလေရာ၏၊ စိတ်မည်သည် ဤမျှလောက် လွင့်ပါး ရွေ့ရှားမှု လျင်မြန်၏၊ စိတ်သည် အလွန်ရိုင်းစိုင်းလှသော နွားသားငယ်နှင့်တူ၏၊ <b>စျာနပစ္စည်း</b>သည် ကြိုး, လွန်, ချည်တိုင်, မြက်ရေနှင့်တူ၏၊ သဟဇာတလေးချက်တွင် ၁-<b>နာမ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်</b>, ၂-<b>နာမ်ပစ္စည်း, ရုပ်ပစ္စယုပ္ပန်</b> နှစ်ချက်သာရ၏။</p>
<p><b>ဒွေပဉ္စဝိညာဏ်တစ်ဆယ်</b>တို့၌ ဤ<b>စျာနပစ္စည်း</b>ကို မရအပ်၊ ဒွေပဉ္စဝိညာဏ်တစ်ဆယ်တို့၏ ရှေ့သွား နောက်လိုက်ဖြစ်သော စိတ်တို့၌ မူကား- ရထိုက်၏၊ အဘိဓမ္မာ၌ <b>စျာနဝိဘင်း</b>၊ သုတ္တန်တို့၌ <b>သီလ, သမာဓိ, ပညာ</b>, ဟူသော <b>သာသနာသုံးပါး</b>ကို ဟောတော်မူရာ <b>ပထမစျာန်, ဒုတိယစျာန်</b> အစရှိသော <b>သမာဓိ, ဘာဝနာ, ဒေသနာ</b> အရပ်ရပ်များသည် ဤ<b>စျာနပစ္စည်း</b> အရာချည်းမှတ်။</p>
<p>၇။ <b>မဂ္ဂပစ္စည်း</b>ဆိုသည်ကား - <b>ပညာ, ဝိတက်, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, ဝီရိယ, သတိ, ဧကဂ္ဂတာ, ဒိဋ္ဌိ</b> ဤကိုးပါးသော <b>စေတသိက်နာမ်တရား</b>တို့ပေတည်း၊ <b>ဝိတက်, ဝီရိယ, ဧကဂ္ဂတာ</b>တို့သည် ကုသိုလ်, အကုသိုလ် နှစ်ဖက်နှင့် ဆက်ဆံကြကုန်၏၊ <b>ဒိဋ္ဌိ</b>သည် အကုသိုလ်ဖက်သက်သက်သာ ဖြစ်၏၊ ကြွင်းကျန်သမျှတို့သည် ကုသိုလ်ဖက်တို့သာတည်း၊ အကုသိုလ်ဖက်၌လည်း <b>မိစ္ဆာဝါစာ, မိစ္ဆာကမ္မန္တ, မိစ္ဆာအာဇီဝ, မိစ္ဆာသတိ</b>-ဟူ၍ ရှိကြသည်မဟုတ်လောဟူမူ- ရှိကြ၏၊ ရှိကြသော်လည်း အကုသိုလ်စေတနာနှင့် အကုသိုလ်နာမက္ခန္ဓာလေးပါးလုံး၏ အမည်များဖြစ်ကြ၏၊ <b>မဂ္ဂင်တရား</b> အသီးအခြား မဟုတ်ကြပေကုန်။</p>
<p><b>မဂ္ဂ</b>ဆိုသည်ကား- လမ်းခရီး၏ -အမည်ပေတည်း၊ မိမိနေရာဌာနမှ အနီးအဝေးဖြစ်သော အရပ်လေးမျက်နှာ အရပ်ရှစ်မျက်နှာတို့သို့ သွားကြလာကြရာ၌ တွင်ကျယ်စွာသော လမ်းကြီးလမ်းငယ်တို့၏ ကျေးဇူးသည်ထင်လျား၏၊ အလိုရှိရာအရပ်သို့ သွားလာ ဆောင်ပို့ကြကုန်သော လှည်း, လှေ, သင်္ဘော, မီးရထား, မြင်းရထားတို့သည်လည်း ထိုလမ်း၏ အင်္ဂါတို့ပင်ဖြစ်ကြကုန်၏၊ ထိုအတူ <b>မိစ္ဆာ မဂ္ဂင်တရား, သမ္မာ မဂ္ဂင်တရား</b>တို့သည်လည်း <b>ဒုဂ္ဂတိအရပ်မျက်နှာ သုဂတိအရပ်မျက်နှာ, နိဗ္ဗာန်အရပ်မျက်နှာ</b>တို့သို့ ပို့ဆောင်ကြကုန်သော တရားများဖြစ်ကြကုန်၍ <b>မဂ္ဂင်တရား</b>တို့မည်ကုန်၏။</p>
<p><b>မိစ္ဆာဒိဋ္ဌိ</b>သည် <b>ဒုဂ္ဂတိလမ်းမကြီး</b>ပေတည်း၊ <b>မိစ္ဆာသင်္ကပ္ပ, မိစ္ဆာဝါယာမ, မိစ္ဆာသတိ, မိစ္ဆာသမာဓိ</b>တို့သည် ထိုဒုဂ္ဂတိလမ်းမကြီး၌ အတွင်သွားလာ ပို့ဆောင်၍နေကြကုန်သော လှည်း, လှေ, သင်္ဘော, ရထားတို့ပေတည်း၊ <b>သမ္မာဒိဋ္ဌိ</b>သည် <b>သုဂတိနိဗ္ဗာန် လမ်းမကြီး</b>ပေတည်း၊ <b>သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယာမ သမ္မာသတိ, သမ္မာသမာဓိ</b>တို့သည် ထိုသုဂတိလမ်းမကြီး၌ အတွင်သွားလာပို့ဆောင်၍ နေကြကုန်သော လှည်း, လှေ, သင်္ဘော, ရထားတို့ပေတည်း၊ စိတ်, စေတနာ, အစရှိသော ကြွင်းသော နာမ်တရားတို့သည် မိမိ မိမိတို့၏ ကိစ္စကြီးငယ်အတွက်နှင့် ထိုလမ်းမကြီးတို့၌ ထိုလှည်း, လှေ, သင်္ဘော, ရထားတို့၌ စီး၍ သွားလာနေကြကုန်သော ခရီးသည်တို့ပေတည်း။</p>
<p><b>အနမတဂ္ဂသံသရာ</b>၌ သွားလာ၍နေကြကုန်သော သတ္တဝါတို့ကိုလည်း ထိုလမ်းမကြီး၌ ခရီးသည်တို့- ဟူ၍ဆိုရ၏၊ သဟဇာတ လေးချက်တွင်၊ ၁- <b>နာမ်ပစ္စည်း၊ နာမ်ပစ္စယုပ္ပန်</b>၊ ၂- <b>နာမ်ပစ္စည်း, ရုပ်ပစ္စယုပ္ပန်</b> နှစ်ချက်သာရ၏၊ <b>ဟေတုပစ္စည်း</b>နှင့် <b>မဂ္ဂပစ္စည်း</b>သည် ရှေ့သွားနောက်လိုက်ကဲ့သို့ ဖြစ်ကြသောကြောင့် <b>ဟေတုပစ္စည်း</b>ရကောင်းသော <b>သဟိတ်စိတ်ဧကသတ္တတိ</b>တို့၌သာ ဤ<b>မဂ္ဂပစ္စည်း</b>ကို ရထိုက်၏၊ <b>အဟိတ်စိတ် အဋ္ဌာရသ</b>တို့၌ ဤ<b>မဂ္ဂပစ္စည်း</b>ကို မရထိုက်၊ ဤ<b>မဂ္ဂပစ္စည်း</b>သည်လည်း အဘိဓမ္မာတွင် <b>မဂ္ဂဝိဘင်း</b>၊ သုတ္တန်ပိဋကတ်တွင် <b>မဟာဝဂ္ဂသံယုတ်</b>၌, <b>မဂ္ဂသံယုတ်</b>၊ အင်္ဂုတ္တရနိကာယ်တွင် <b>အဋ္ဌနိပါတ်, နဝနိပါတ်</b>တို့၌ များစွာလာ၏။</p>
<p>ဤတွင်ရွေ့ကား- <b>သဟဇာတပစ္စည်းမျိုး ၁၅-ပါး</b>ကို ပြဆိုချက်ပြီး၏။</p>
<p>------*------</p>
<h3><b>ပုရေဇာတပစ္စည်း</b></h3>
<p><b>ပုရေဇာတပစ္စည်းမျိုး ၉-ပါး</b>ကို ပြဆိုအံ့။</p>
<p>၁၀။ <b>ပုရေဇာတပစ္စယော</b>။ ။ <b>ပုရေဇာတပစ္စည်း</b>ဆိုသည်ကား-ပစ္စည်းတရားက အဖြစ်အလျင်ကျ၍ ရင့်သန်ခြင်းသို့ရောက်မှ ပစ္စယုပ္ပန်တရားတို့ကို ပေါက်ဖွားနိုင်ကြကုန်သောကြောင့် အဖြစ်အလျင်ကျသည်ကို <b>ပုရေဇာတ</b>ဆိုသည်၊ ချုပ်လေပြီး, လွန်လေပြီးကို <b>ပုရေဇာတ</b>ဆိုသည် မဟုတ်၊ ထို<b>ပုရေဇာတပစ္စည်း</b>သည် <b>ဝတ္ထုပုရေဇာတပစ္စည်း, အာရမ္မဏ ပုရေဇာတပစ္စည်း</b>- ဟူ၍ နှစ်မျိုးရှိ၏။</p>
<p>ထိုနှစ်ပါးတွင်</p>
<p>၁။ <b>ဝတ္ထုပုရေဇာတပစ္စည်း</b>ဆိုသည်ကား- <b>စက္ခုဝတ္ထုရုပ်, သောတဝတ္ထုရုပ်, ဃာနဝတ္ထုရုပ်, ဇိဝှါဝတ္ထုရုပ်, ကာယဝတ္ထုရုပ်, ဟဒယဝတ္ထုရုပ်</b>ဟူသော <b>ဝတ္ထုရုပ်ခြောက်ပါး</b>ကို <b>ဝတ္ထုပုရေဇာတပစ္စည်း</b>ဆိုသည်။</p>
<p>၂။ <b>အာရမ္မဏ ပုရေဇာတပစ္စည်း</b>ဆိုသည်ကား-ပစ္စယုပ္ပန်ဖြစ်သော <b>ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ</b>တို့နှင့် ပစ္စုပ္ပန်ဖြစ်သော <b>နိပ္ဖန္နရုပ်တရားစု</b>ကို ဆိုသည်။</p>
<p>ထိုနှစ်ပစ္စည်းတို့ကို <b>ပဉ္စဒွါရဝီထိစိတ်</b>တို့မှာ အမြဲရ၏၊ အမြဲရပုံကား-စောင်းကြိုး၌ စောင်းဒဏ်ဖြင့် တစ်ချက်တီးခတ်လိုက်သည်ရှိသော် စောင်းသံအဆင့်ဆင့်တွေ များစွာဖြစ်၍ သွားလေသကဲ့သို့ <b>ပုရေဇာတ</b>ဖြစ်သော <b>ပဉ္စာရုံ</b>တို့သည် တစ်ကြိမ်ထိခိုက်ကြကုန်သည်ရှိသော် <b>ဘဝင်စိတ်</b>လှုပ်ရှားပြီးလျှင် <b>ပဉ္စဒွါရဝီထိစိတ်</b> အဆင့်ဆင့်တို့သည် ထိုပဉ္စာရုံတို့ကို အာရုံပြုလျက် များစွာဖြစ်ပွား၍ သွားကုန်၏၊ ထိုပဉ္စာရုံတို့ချုပ်ဆုံးမှ ထို<b>ဝီထိစိတ်အစဉ်</b>တို့သည် ချုပ်ဆုံးကုန်၏၊ ထိုတွင် <b>စက္ခုဒွါရဝီထိစိတ်အစဉ်</b>၌ ပုရေဇာတဖြစ်သော <b>စက္ခုဝတ္ထုရုပ်</b>သည် <b>စက္ခုဝိညာဏ်စိတ်</b>အား <b>ဝတ္ထုပုရေဇာတပစ္စည်း</b>တပ်၏၊ ပုရေဇာတဖြစ်သော <b>ရူပါရုံ</b>တို့သည် <b>စက္ခုဝိညာဏ်စိတ်</b>နှင့်တကွ ထိုရူပါရုံတို့ကို အာရုံပြုလျက် အဆင့်ဆင့်ဖြစ်ပွားကြကုန်သော <b>ဝီထိစိတ်</b>တို့အား <b>အာရမ္မဏပုရေဇာတပစ္စည်း</b> တပ်ကြကုန်၏။</p>
<p>ဤစက္ခုဒွါရဝီထိ၌ <b>စက္ခုဝိညာဏ်စိတ်</b>သည် မျက်လုံးတွင်းမှာ ဖြစ်ပေါ်သောကြောင့် <b>စက္ခုဝတ္ထုရုပ်</b>ကို မှီရ၏၊ <b>ဘဝင်စိတ်, အာဝဇ္ဇနစိတ်, သမ္ပဋိစ္ဆနစိတ်, သန္တီရဏစိတ်, ဝေါဋ္ဌဗ္ဗနစိတ်, ဇဝနစိတ်, တဒါရမ္မဏစိတ်</b>တို့သည်မူကား-နှလုံးတွင်းမှာ ဖြစ်ပေါ်လာကြသောကြောင့် စက္ခုဝတ္ထုရုပ်ကို မမှီကြရကုန်၊ မိမိ မိမိတို့၏ရှေ့ <b>အနန္တရစိတ်</b>နှင့် ပြိုင်၍ ဖြစ်ပေါ်သော အသီးအသီးသော <b>ဟဒယဝတ္ထုရုပ်</b>ကိုသာ မှီကြရကုန်၏၊ ထို့ကြောင့် ထိုစိတ်တို့မှာ အသီးအသီးသော <b>ဟဒယဝတ္ထုရုပ်</b>သည် <b>ဝတ္ထုပုရေဇာတပစ္စည်း</b> တပ်၏၊ <b>သောတဝတ္ထု, သဒ္ဒါရုံ, သောတဝိညာဏ်စိတ်</b>နှင့်တကွသော <b>သောတဒွါရဝီထိစိတ်</b>တို့၌လည်းကောင်း၊ <b>ဃာနဝတ္ထု, ဂန္ဓာရုံ, ဃာနဝိညာဏ်စိတ်</b>နှင့်တကွသော <b>ဃာနဒွါရဝီထိစိတ်</b>တို့၌ လည်းကောင်း၊ <b>ဇိဝှါဝတ္ထု, ရသာရုံ, ဇိဝှါဝိညာဏ်စိတ်</b>နှင့်တကွသော <b>ဇိဝှါဒွါရဝီထိစိတ်</b>တို့၌လည်းကောင်း၊ <b>ကာယဝတ္ထု, ဖောဋ္ဌဗ္ဗာရုံ, ကာယဝိညာဏ်စိတ်</b>နှင့်တကွသော <b>ကာယဒွါရဝီထိစိတ်</b>တို့၌လည်းကောင်း၊ သူ့ဝတ္ထုနှင့် သူ့အာရုံ, သူ့ဝီထိစိတ် အသီးသီးထုတ်ဖော်၍ ဆိုလေ။</p>
<p><b>မနောဒွါရ</b>၌ <b>ဝီထိစိတ်</b>တို့သည်မူကား-မိမိ မိမိတို့၏ ရှေ့<b>အနန္တရစိတ်</b>နှင့် ပြိုင်၍ဖြစ်ပေါ်သော အသီးအသီးသော <b>ဟဒယဝတ္ထုရုပ်</b>ကို မှီကြရကုန်၏၊ ဤ<b>မနောဒွါရဝီထိစိတ်</b>တို့၌မူကား-<b>ဝတ္ထုပုရေဇာတပစ္စည်း</b>သာမြဲ၏၊ <b>အာရမ္မဏပုရေဇာတပစ္စည်း</b>ကိုမူကား-ရံခါရံခါ၌သာ ရကြကုန်၏၊ အဘယ့်ကြောင့်နည်းဆိုသော်-ဤ<b>ပုရေဇာတပစ္စည်း</b>မည်သည် <b>စိတ္တက္ခဏတစ်ဆယ့်ခုနစ်ပြန်စာ</b>မျှ အသက်ရှည်ခြင်းရှိကြသော <b>ပစ္စုပ္ပန်</b>ဖြစ်သော <b>နိပ္ဖန္နရုပ်အဋ္ဌာရသ</b>တို့၏ ကိစ္စပေတည်း၊ ထိုမှကြွင်းကျန်သော ရုပ်တရား, နာမ်တရား, နိဗ္ဗာန်တရား, ပညတ်တရားတို့၏ ကိစ္စမဟုတ်ပေ၊ မနောဒွါရ၌ <b>ဝီထိစိတ်</b>တို့သည်မူကား- ထိုအလုံးစုံသော အာရုံတို့ကို ထိုက်သည်အားလျော်စွာ အာရုံပြုကြကုန်၏၊ <b>အတိတ်</b>ကိုလည်း အာရုံပြုကြကုန်၏၊ <b>အနာဂတ်</b>ကိုလည်း အာရုံပြုကြကုန်၏၊ <b>ကာလသုံးပါးမှ လွတ်သော ပညတ်, နိဗ္ဗာန်</b>တို့ကိုလည်း ထိုက်သည့်အားလျော်စွာ အာရုံပြုကြကုန်၏။</p>
<p>ထိုသို့ပြုကြရာတွင် ပစ္စုပ္ပန်ဖြစ်သော <b>နိပ္ဖန္နရုပ်အဋ္ဌာရသ</b>တို့ကို အာရုံပြုကြသည့်အခါ <b>မနောဒွါရဝီထိစိတ်</b>တို့မှာ <b>အာရမ္မဏပုရေဇာတပစ္စည်း</b>ကို ရသည်ဟုဆိုရ၏၊ မိမိ၌ ယခုရှိနေသော <b>ပထဝီ</b>ကို၊ <b>အာပေါ</b>ကို၊ <b>တေဇော-ဝါယော</b>တို့ကို <b>စက္ခု-သောတ</b>တို့ကို <b>ရူပ-သဒ္ဒ</b> စသည်တို့ကို <b>မနောဒွါရဝီထိစိတ်</b>ဖြင့် အာရုံပြုခဲ့သော်လည်းကောင်း, တစ်ခြားတစ်ပါး၌ ယခုရှိနေသော သက်ရှိသက်မဲ့ဝတ္ထုတို့ကို <b>မနောဒွါရဝီထိစိတ်</b>ဖြင့် အာရုံပြုခဲ့သော်လည်းကောင်း <b>အာရမ္မဏပုရေဇာတပစ္စည်း</b>ကို ရသည်ဟုဆိုရ၏၊ ဤ<b>ပုရေဇာတပစ္စည်း</b>၌ <b>ပစ္စည်းတရား</b>ကား <b>ရုပ်တရား</b>ပေတည်း၊ <b>ပစ္စယုပ္ပန်</b>ကား-<b>နာမ်တရား</b> သက်သက်ပေတည်း။</p>
<p>ထို<b>ပုရေဇာတပစ္စည်းနှစ်မျိုး</b>တွင် <b>ဝတ္ထုပုရေဇာတပစ္စည်း</b>၌ <b>ဝတ္ထုရုပ်ခြောက်ပါး</b>တို့သည် နာမ်တရားတို့၏ မှီရာကိစ္စရှိကြသည့်အတွက် <b>နိဿယပစ္စည်း</b>လည်းတပ်ကြကုန်၏၊ မိမိ၌မှီကြသော နာမ်တရားတို့နှင့် ရောယှက်ခြင်းမရှိကြသည့်အတွက် <b>ဝိပ္ပယုတ္တပစ္စည်း</b>လည်း တပ်ကြကုန်၏၊ ပစ္စုပ္ပန်အနေနှင့် ရှိနေဆဲဖြစ်ကြသည့်အတွက် <b>အတ္ထိပစ္စည်း, အဝိဂတပစ္စည်း</b>လည်း တပ်ကြကုန်၏၊ <b>ဟဒယဝတ္ထု</b>မှတစ်ပါးသော <b>ပဉ္စဝတ္ထုရုပ်</b>တို့သည် မိမိတို့မှာမှီသော <b>ပဉ္စဝိညာဏ်နာမ်တရား</b>တို့ကို အစိုးရကြသည့်အတွက် <b>ဣန္ဒြိယပစ္စည်း</b>လည်း တပ်ကြကုန်၏၊ <b>အာရမ္မဏပုရေဇာတပစ္စည်း</b>တို့သည်လည်း <b>အာရမ္မဏပစ္စည်း</b>လည်း တပ်ကြကုန်၏၊ ပစ္စုပ္ပန်အနေနှင့် ရှိနေဆဲဖြစ်ကြသည့်အတွက် <b>အဝိဂတပစ္စည်း</b>လည်း တပ်ကြကုန်၏။</p>
<p>ထို<b>အာရမ္မဏပုရေဇာတပစ္စည်း</b>တို့သည် အလွန်အလိုရှိအပ်သော အာရုံများဖြစ်ခဲ့သော် <b>လောဘတရား</b>နှင့် အလွန်သာယာခြင်းများရှိခဲ့သော် <b>အာရမ္မဏာဓိပတိပစ္စည်း, အာရမ္မဏူပနိဿယပစ္စည်း</b>လည်း တပ်ကြကုန်၏၊ ဤ<b>ပုရေဇာတပစ္စည်း</b>သည် အဘိဓမ္မာ၌ <b>အာယတနဝိဘင်း</b>နှင့် <b>အာယတနယမိုက်ကျမ်း</b>၊ သုတ္တန်၌ <b>သဠာယတနသံယုတ်ကျမ်း</b>တို့မှာ ကျယ်လှစွာ၏။</p>
<p><b>ပုရေဇာတပစ္စည်းမျိုး ၉-ပါး</b>ပြီး၏။</p>
<p>------*------</p>
<h3><b>ပစ္ဆာဇာတပစ္စည်း</b></h3>
<p><b>ပစ္ဆာဇာတပစ္စည်းမျိုး ၄-ပါး</b>ကို ပြဆိုပေအံ့-</p>
<p><b>ပစ္ဆာဇာတပစ္စည်းမျိုး လေးပါး</b>ဆိုသည်ကား</p>
<p>၁။ <b>ပစ္ဆာဇာတပစ္စည်း</b>၊<br>
၂။ <b>ပစ္ဆာဇာတဝိပ္ပယုတ္တပစ္စည်း</b>၊<br>
၃။ <b>ပစ္ဆာဇာတအတ္ထိပစ္စည်း</b>၊<br>
၄။ <b>ပစ္ဆာဇာတအဝိဂတပစ္စည်း</b>၊</p>
<p>ဤလေးပါးပေတည်း။</p>
<p>၁၁။ <b>ပစ္ဆာဇာတပစ္စယော</b>။ ။ ပဋိသန္ဓေခဏ၌ဖြစ်သော <b>ပဋိသန္ဓေစိတ်</b>မှတစ်ပါး ရုပ်ရှိရာဘုံ၌ ဖြစ်ကြသော အလုံးစုံသော စိတ်, စေတသိက် နာမ်တရားများကို <b>ပစ္ဆာဇာတပစ္စည်း</b>ဆိုသည်၊ ထိုနာမ်တရားများသည် မိမိ၏<b>ပစ္စယုပ္ပန်</b>ဖြစ်သော ရုပ်တရားများက အလျင်ဖြစ်၍ <b>ဌီခဏ</b>သို့ရောက်ကြကုန်မှ မိမိတို့က ဖြစ်ပေါ်ကြသည်ဖြစ်၍ <b>ပစ္ဆာဇာတ</b>ဆိုသည်၊ မိုးဦး၌ စိုက်ပျိုးကြကုန်သော ကောက်စပါးတို့မှာ မိုးလယ်, မိုးနှောင်း၌ ရွာသောမိုးများသည် ထိုကောက်စပါးတို့ကို မခြောက်မညှိုး တိုးပွားစည်ကားနိုင်ကြစေရန် ချီးမြှောက်စောင့်ရှောက် ထောက်ပံ့မှုနှင့် ကျေးဇူးပြုပေသကဲ့သို့ နောက်မှဖြစ်ပေါ်သော ထိုနာမ်တရားတို့သည် ရှေ့၌ဖြစ်၍ ဌီသို့ရောက်ကြကုန်သော <b>ကမ္မဇကာယ, စိတ္တဇကာယ, ဥတုဇကာယ, အာဟာရဇကာယ</b> ရုပ်တရားတို့အား ချီးမြှောက်စောင့်ရှောက် ထောက်ပံ့မှုတို့နှင့် ကျေးဇူးပြုသည်ကို <b>ပစ္ဆာဇာတပစ္စည်း</b>ဆိုသည်၊ ဤ<b>ပစ္ဆာဇာတပစ္စည်း</b>၌ <b>ပစ္စည်းတရား</b>ကား-<b>နာမ်တရား</b>သက်သက်ပေတည်း၊ <b>ပစ္စယုပ္ပန်</b>ကား-<b>ရုပ်တရား</b>သက်သက်ပေတည်း။</p>
<p>ဤ<b>ပစ္ဆာဇာတတရားပစ္စည်း</b>တို့သည် ရုပ်တရားတို့ကို ကျေးဇူးပြုဆဲအခါ၌ ရောယှက်ခြင်းမရှိမူ၍ ကျေးဇူးပြုကြသည့်အတွက် <b>ဝိပ္ပယုတ္တပစ္စည်း</b>လည်း တပ်ကြကုန်၏၊ မိမိတို့ရှိနေဆဲ အခါ၌သာ ကျေးဇူးပြုကြသည့်အတွက် <b>အတ္ထိပစ္စည်း, အဝိဂတပစ္စည်း</b>လည်း တပ်ကြကုန်၏၊ ဤ<b>ပစ္ဆာဇာတပစ္စည်း</b>သည် <b>မဇ္ဈိမနိကာယ် မူလပဏ္ဏာသ ပဉ္စမဝဂ်</b>တွင် <b>မဟာဝေဒလ္လသုတ်</b>၌။</p>
<p>၁။ <b>အာယု</b>တစ်ပါး၊<br>
၂။ <b>ဥသ္မာ</b>တစ်ပါး၊<br>
၃။ <b>ဝိညာဏ်</b>တစ်ပါး</p>
<p>ဟူ၍ <b>ကိုယ်စောင့်တရားသုံးပါး</b>တွင် <b>ဝိညာဏ်</b>ဟူသော <b>ကိုယ်စောင့်တရားကြီး</b>ပေတည်း၊ <b>အာယု</b>-ဟူသော ကိုယ်စောင့်တရားသည်ကား- <b>ဣန္ဒြိယပစ္စည်း</b>တွင် <b>ရူပဇီဝိတိန္ဒြိယပစ္စည်း</b>တရားပေတည်း၊ <b>ဥသ္မာ</b>ဟူသောကိုယ်စောင့်တရားသည်ကား- <b>သဟဇာတပစ္စည်း</b>တွင် <b>ကမ္မဇတေဇော</b>-ဟူသော <b>မဟာဘုတ်ရုပ်တရား</b>ပေတည်း။</p>
<p><b>ပစ္ဆာဇာတပစ္စည်းမျိုးလေးပါး</b>ပြီး၏။</p>
<p>------*------</p>
<h3><b>ကမ္မပစ္စည်း</b></h3>
<p><b>ဥပနိဿယပစ္စည်း</b>တစ်စိတ်နှင့် <b>ကမ္မပစ္စည်း</b>တစ်စိတ်ကျန်ရှိ၏၊ ကျန်ရှိပုံကား-ထိုနှစ်ပါးတို့တွင်--</p>
<p>၁၃-<b>ကမ္မပစ္စယော</b>။ ။ <b>ကမ္မပစ္စည်း</b>သည် <b>သဟဇာတကမ္မပစ္စည်း, နာနာက္ခဏိကကမ္မပစ္စည်း</b>-ဟူ၍ နှစ်မျိုးရှိ၏၊ ထိုနှစ်မျိုးတို့တွင် <b>သဟဇာတကမ္မပစ္စည်း</b>သည် <b>သဟဇာတပစ္စည်းမျိုး ၁၅</b>-တွင် ပါဝင်ခဲ့ပြီ၊ <b>နာနာက္ခဏိက ကမ္မပစ္စည်း</b>တစ်မျိုးသာကျန်ရှိ၏၊ <b>နာနာက္ခဏိက ကမ္မပစ္စည်း</b>ဆိုသည်ကား-ထို<b>သဟဇာတကမ္မပစ္စည်း</b>ခေါ်သော <b>စေတနာ</b>တစ်ခုတွင် <b>ကုသိုလ်စေတနာ, အကုသိုလ်စေတနာစု</b>ကို <b>သဟဇာတ ကမ္မပစ္စည်း</b>လည်းဆိုရ၏၊ <b>နာနာက္ခဏိက ကမ္မပစ္စည်း</b>လည်းဆိုရ၏၊ အတူတကွဖြစ်သော နာမ်တရား, ရုပ်တရားတို့ကို စေ့ဆော်မှု, စီရင်မှုဖြင့် ကျေးဇူးပြုပေသည့်အတွက် <b>သဟဇာတကမ္မပစ္စည်း</b>ဆိုရ၏၊ ထိုစေ့ဆော်မှု, စီရင်မှုများသည် ထိုစေတနာချုပ်ကွယ်၍ သွားပြီးနောက် ခဏတစ်ပါး, ကာလတစ်ပါးတို့၌ <b>ဝိပါက်တရား, ကမ္မဇရုပ်တရား</b>တို့ကို ဖြစ်ပေါ်အောင် ကျေးဇူးပြုနိုင်ပြန်သည့်အတွက် <b>နာနာက္ခဏိကကမ္မပစ္စည်း</b>ဆိုရ၏၊ ထို<b>နာနာက္ခဏိကကမ္မပစ္စည်း</b>သည် <b>ဒိဋ္ဌဓမ္မဝေဒနီယကံ, ဥပပဇ္ဇဝေဒနီယကံ, အပရာပရိယဝေဒနီယကံ, အဟောသိကံ</b>-ဟူ၍ လေးပါးရှိ၏၊ ယခုဘဝတွင် အကျိုးပေးနိုင်သော ကုသိုလ်အကုသိုလ် <b>ပထမဇဝနစေတနာကံ</b>သည် <b>ဒိဋ္ဌဓမ္မဝေဒနီယကံ</b>မည်၏၊ အနန္တရဖြစ်သော နောက်ဘဝ၌ ဘဝတစ်ခုဖြစ်ပေါ်အောင် ထူထောင်နိုင်သော ကုသိုလ်အကုသိုလ်<b>သတ္တမဇဝနစေတနာ</b>သည် <b>ဥပပဇ္ဇဝေဒနီယကံ</b>မည်၏၊ အနန္တရဘဝမှ နောက်ဘဝများစွာ သံသရာကာလ၌ အခွင့်ရရာဘဝတို့၌ ဘဝကိုထူထောင်မှု, ဘဝကိုချီးမြောက်မှုတို့ဖြင့် ကျေးဇူးပြုနိုင်သော ကုသိုလ်-အကုသိုလ်<b>အလယ်ဇဝနစေတနာစု</b>သည် <b>အပရာပရိယကံ</b>မည်၏။</p>
<p><b>အဘိဓမ္မတ္ထသင်္ဂဟကျမ်း</b>တွင် <b>ဘုံပိုင်း</b>၌ <b>ကမ္မစတုက္က</b>တစ်ခုလုံးသည် ဤ<b>နာနာက္ခဏိကကမ္မပစ္စည်း</b>၏ <b>စတုက္က</b>ပင်တည်း၊ <b>ဘုမ္မိစတုက္က, ပဋိသန္ဓိစတုက္က, မရဏုပ္ပတ္တိစတုက္က</b>များသည် ဤပစ္စည်း၏ <b>ပစ္စယုပ္ပန်</b>တို့ကို ဝေဖန်ခွဲခြမ်းခန်းများပေတည်း၊ ဤ<b>နာနာက္ခဏိကကမ္မပစ္စည်း</b>သည် <b>အနမတဂ္ဂသံသရာလောက</b>တွင် အလွန်အရေးအရာကြီးကျယ်လှ၏၊ သတ္တဝါအနန္တတို့သည်လည်း ဤပစ္စည်းမှ ဖြစ်ပွား၍ နေကြရကုန်၏၊ သတ္တဝါတို့၏ဖြစ်ရာဌာန ဘုံဘဝတို့သည်လည်း ဤပစ္စည်းမှ ဖြစ်ကြရကုန်၏။</p>
<p>၁။ <b>အကုသိုလ်စေတနာ</b>ဟူသော <b>ကမ္မပစ္စည်း</b>မှ <b>အပါယ်လေးဘုံ</b>နှင့်<b>အပါယ်သတ္တဝါမျိုးအနန္တ</b>ဖြစ်ပွား၏၊<br>
၂။ <b>ကာမာဝစရကုသိုလ်စေတနာ</b>ဟူသော <b>ကမ္မပစ္စည်း</b>မှ <b>လူဘုံ, နတ်ပြည်ခြောက်ထပ်နတ်ဘုံ, လူသတ္တဝါအနန္တ, နတ်သတ္တဝါအနန္တ</b> ဖြစ်ပွား၏၊<br>
၃။ <b>ရူပါဝစရကုသိုလ်စေတနာ</b>ဟူသော <b>ကမ္မပစ္စည်း</b>မှ <b>ရူပါဝစရဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ, ရူပဗြဟ္မာသတ္တဝါအနန္တ</b> ဖြစ်ပွား၏၊<br>
၄။ <b>အရူပကုသိုလ်စေတနာ</b>ဟူသော <b>ကမ္မပစ္စည်း</b>မှ <b>အရူပလေးဘုံ, အရူပဗြဟ္မာအနန္တ</b>ဖြစ်ပွား၏။</p>
<p>ဤ<b>ကမ္မပစ္စည်း</b>၏ <b>နိဿန္ဒအကျိုးဆက်</b>အားဖြင့် ထိုသတ္တဝါတို့၏</p>
<p>ဆင်းရဲချမ်းသာ ခံစား, စံစားကြရန်, ဘုံ, ဗိမာန်, ရေ, မြေ, တော, တောင်, အလုံးစုံဖြစ်ရ၏၊ မြက်သစ်ပင်တို့သည် အသီးအသီးမျိုးစေ့တို့မှ ပေါက်ပွားကြကုန်ဘိသကဲ့သို့ သတ္တဝါအနန္တတို့သည် ဤ<b>ကမ္မပစ္စည်း</b>မှ ပေါက်ပွားကြရကုန်၏၊ <b>ကမ္မပစ္စည်း</b>သည် သတ္တဝါအနန္တတို့၏ <b>မျိုးစေ့အစစ်အမှန်</b>ဖြစ်၏၊ သုတ္တန်ပိဋကတစ်ခွင်လုံးမှာ ဒါန, သီလ, ဘာဝနာကံတို့၏အကျိုး, ဒုစရိုက်သုစရိုက်တရားတို့၏ အကျိူးအပြစ်တို့ကို ပြဆိုသမျှတို့သည် ဤ<b>နာနာက္ခဏိကကမ္မပစ္စည်း ပစ္စယုပ္ပန်</b>တို့ချည်းပင်တည်း။</p>
<p>အထူးအားဖြင့် <b>မဇ္ဈိမနိကာယ မူလပဏ္ဏာသကျမ်း ပဉ္စမဝဂ်</b>တွင် <b>သာလေယျကသုတ်, ဝေရဇ္ဇကသုတ်, စူဠဓမ္မသမာဒါနသုတ်, မဟာဓမ္မသမာဒါနသုတ်</b>၊ <b>ဥပရိပဏ္ဏာသကျမ်း ဒုတိယဝဂ်</b>တွင် <b>ဗာလပဏ္ဍိတသုတ်</b>၊ <b>တတိယဝဂ်</b>တွင် <b>ဒေဝဒူတသုတ်</b>၊ <b>စတုထ္ထဝဂ်</b>တွင် <b>စူဠကမ္မဝိဘင်္ဂသုတ်, မဟာကမ္မဝိဘင်္ဂသုတ်</b>၊ <b>ခုဒ္ဒကနိယာယ်ကျမ်းစု</b>တွင် <b>အပဒါန်ကျမ်း, ဝိမာနဝတ္ထုကျမ်း, ပေတဝတ္ထုကျမ်း</b> ဤသုတ္တန်စုသည် <b>နာနာက္ခဏိက ကမ္မပစ္စည်း, ပစ္စယုပ္ပန်</b>ကို ပြဆိုသောသုတ္တန်များပေတည်း။</p>
<p>ဤ<b>ကမ္မပစ္စည်း</b>ကို အယူမရှိကြသူ, မသိကြသူ ငြင်းပယ်ကြသူတို့သည် <b>အတ္ထိဒိန္နံ အတ္ထိယိဋ္ဌံ</b>အစရှိသော <b>ဆယ်ပါးသော သမ္မာဒိဋ္ဌိ</b>တို့မှ လွတ်ကြကုန်၍ <b>သုံးပါးသောနိယတမိစ္ဆာဒိဋ္ဌိကြီး</b>တို့နှင့် <b>နတ္ထိဒိန္နံ နတ္ထိယိဋ္ဌံ</b> အစရှိသော <b>ဆယ်ပါးသော မိစ္ဆာဒိဋ္ဌိ, ဣဿရနိမ္မနဒိဋ္ဌိ</b>တို့၌ သက်ဝင်ကြလေကုန်၏၊ သို့မဟုတ်-သံသရာအရေး၌ ခွေး, ဝက်, ကြက်, ငှက်-အစရှိသော တိရစ္ဆာန်များကဲ့သို့ နောက်ဘဝဟူ၍၎င်း၊ ကုသိုလ်-အကုသိုလ်, သုဂတိ, ဒုဂ္ဂတိဟူ၍၎င်း မသိကြသော <b>သမ္မောဟတုံး</b>တို့သာ ဖြစ်ကြလေကုန်၏။</p>
<p><b>ကမ္မပစ္စည်း</b>ပြီး၏။</p>
<p>---ဝ------</p>
<h3>ဥပနိဿယပစ္စည်း</h3>
<p>၉။ ဥပနိဿယပစ္စယော။။ ဥပနိဿယပစ္စည်းဆိုသည်ကား <b>အလွန်အားကြီးသော မှီရာဖြစ်သောပစ္စည်း</b>ကို ဆိုလိုသည်၊ ထိုဥပနိဿယ ပစ္စည်းသည် <b>အာရမ္မဏူပနိဿယပစ္စည်း၊ အနန္တရူပနိဿယပစ္စည်း၊ ပကတူပနိဿယပစ္စည်း</b>ဟူ၍ သုံးမျိုးရှိ၏၊</p>
<p>ထိုသုံးမျိုးတို့တွင်-<br>
၁။ <b>အာရမ္မဏူပနိဿယပစ္စည်း</b> ဆိုသည်ကား- <b>အာရမ္မဏာ ဓိပတိ ပစ္စည်း</b>ပင်တည်း။<br>
၂။ <b>အနန္တရူပနိဿယပစ္စည်း</b>ဆိုသည်လည်း <b>အနန္တရပစ္စည်း</b> ပင်တည်း။</p>
<p>[ထိုပစ္စည်းနှစ်ပါးကို ရှေ့၌ပြဆိုခဲ့ပြီ၊ ပကတူပနိဿယပစ္စည်း တစ်မျိုးသာ ကျန်ရှိ၏၊]<br>
၃။ <b>ပကတူပနိဿယ</b>ဆိုသည်ကား- <b>အားကြီးသော မှီခိုရာ</b>ကို ဥပနိဿယဆို၏၊</p>
<p>ထိုဥပနိဿယသည်</p>
<p><b>ပကတော ဟုတွာ ဥပနိဿယော၊ ပကတူပနိဿယော၊ ပကတော=ရှေ့၌မိမိကပြုအပ်ဖူးသည်၊ ဟုတွာ=ဖြစ်၍၊ ဥပ နိဿယော=နောက်၌ မိမိ၏အားကြီးသောမှီရာတည်း၊ ပကတူပ နိဿယော၊ ရှေး၌ ပြုအပ်ဘူးသည်ဖြစ်၍ နောက်၌အားကြီးသော မှီရာ။</b> ဟူသော ဝိဂ္ဂဟနှင့်အညီ ပကတူပနိဿယမည်၏၊</p>
<p>အဓိပ္ပါယ်ကား။ လောက၌ မိတ်ဆွေမည်သည် ရှိကြရ၏၊ ထိုမိတ်ဆွေသည် မိမိအိမ်သို့ရောက်လာသည့်အခါ မိမိက မိတ်ဆွေ ဝတ္တရားကို ကျေကုန်စွာပြုအပ်ဖူး၏၊ ထိုမိတ်ဆွေသည် ပကတ, မည်၏၊ ထိုမိတ်ဆွေသည် နောင်အခါ သူ့အိမ်သို့ မိမိကရောက်သည်ရှိသော် အားကြီးသောမှီရာဖြစ်၏၊ မိမိအိမ်သို့ မိတ်ဆွေရောက်လာသည့်အခါ၌ အလေးမပြုဂရုမစိုက်ခဲ့သော် ပကတ-မဖြစ်၊ ပကတ မဖြစ်ခဲ့သော် နောင် ထိုသူ့အိမ်သို့ မိမိရောက်ရှိသည်ရှိသော် အားကြီးသောမှီရာ မဖြစ်၊ ထိုမိတ်ဆွေကလည်း အလေးပြုမည် မဟုတ်၊ ဂရုစိုက်မည်မဟုတ်၊ မိမိက ကောင်းကောင်းပြုလေလေ နောင်ခါအဖို့ ထိုသူကို မိမိက အားကိုးရ လေလေ ဖြစ်၏၊ အားကြီးသော မှီရာဖြစ်၏၊ အားကြီးသော မှီရာဆိုသော် လည်း ထိုမိတ်ဆွေ၏ အင်အားရှိသမျှကို ဆိုသည်၊ ထိုမိတ်ဆွေသည် သူဆင်းရဲလည်း ရှိ၏၊ သူကြွယ်လည်း ရှိ၏၊ သူဋ္ဌေးလည်း ရှိ၏၊ မင်းစိုး ရာဇာလည်း ရှိ၏၊</p>
<p>အိမ်နှင့်နေရသောသူသည် အိမ်ကို ဆောက်လုပ်သော အခါ၌ ကောင်းမွန်စွာ ဆောက်လုပ်ခဲ့သော် နောင်ထိုအိမ်သည် ထိုသူ၏ အားကြီး သော မှီရာဖြစ်၏၊ ထိုသူ၏သား, မြေး စဉ်ဆက်ပင် အားကြီးသော မှီရာဖြစ်တတ်၏၊ လယ်ယာလုပ်သမားသည် ထိုလယ် ထိုယာကို ကောင်းမွန်စွာ တည်ထောင်ခဲ့သော် နောင်ထိုလယ် ထိုယာသည် ထိုသူ၏ အားကြီးသော မှီရာဖြစ်၏၊ ထိုသူ၏ သား, မြေးစဉ်ဆက်ပင် အားကြီး သော မှီရာဖြစ်တတ်၏၊ အတတ်ပညာသင်ကြားသောသူသည် သင်ကြားစဉ်အခါ၌ ကျေလည်လှစွာ သင်ကြားခဲ့သော် နောင် ထိုအတတ် ပညာသည် ထိုသူ၏ အားကြီးသော မှီရာဖြစ်၏၊ ဒါန, သီလ, ဘာဝနာမှု တို့၌လည်း ပြုစဉ်အခါ၌ ကောင်းမွန်စွာပြုခဲ့သော် နောင်ဘဝ၌ ထိုဒါန, သီလ, ဘာဝနာကုသိုလ်သည် ထိုသူ၏ အားကြီးသော မှီရာဖြစ်၏၊ ဤကုသိုလ်ကံဖက်၌ ကောင်းစွာပွါးများအပ်ပြီးသော မဟဂ္ဂုတ် ကုသိုလ်ကံ, မဂ်ကုသိုလ်ကံများသည် <b>အလွန်အားကြီးသော ပကတူပ နိဿယများ</b> ဖြစ်ကြ၏၊</p>
<p>အကုသိုလ်အရာ၌လည်း သူတစ်ပါးကို အလွန်အကြူးပြုခဲ့သော် နောင်ထိုသူမှာ ခိုက်ရန်ပွါးများဖို့ အားကြီးသော မှီရာဖြစ်၏၊ အားကြီး သော မှီရာဆိုသည်ကား- <b>ပြယ်ပျောက်စေခြင်းငှာ မတတ်ကောင်းအောင် အားကြီးသော အကြောင်းဖြစ်သည်</b>ကို ဆိုသည်၊ ပါဏာတိပါတမှုကို စိတ်ရောကိုယ်ပါ ထက်သန်စွာပြုခဲ့သော် နောင်ထိုသူမှာ အပါယ်ဒုက္ခပွား များဖို့ သာမညအားဖြင့် မတားမဆီးနိုင်အောင် အားကြီးသော မှီရာဖြစ်၏၊ ဤသို့စသည်ဖြင့် လောကဓမ္မ အကုန်မြင်လေ၊၊ မာတုဃာတကကံ, ပိတုဃာတကကံ, အရဟန္တဃာတကကံ, လောဟိတုပ္ပါ ဒကကံ, သံဃဘေဒကကံနှင့် နိယတမိစ္ဆာဒိဋ္ဌိကံကြီး သုံးပါးတို့သည် ဤအကုသိုလ် ဖက်၌ <b>အကြီးဆုံးသော ပကတူပနိဿယကြီး</b> ဖြစ်ကြကုန်၏၊ ထိုသူတို့ကို သေလွန်ကြသည်ရှိသော် အပါယ်သို့ မကျကြစေရန် ဘယ်ကုသိုလ်တစ် ပါးမှ မတားဆီးနိုင်ကြကုန်ပြီ။</p>
<p>ပဋ္ဌာနုဒ္ဒေသဒီပနီ၌ကား-</p>
<p><b>လောကပကတိယာ ပဏ္ဍိတာနံပါကဋော ဥပနိဿယော ပကတူပနိဿယော</b>-ဟု ဝိဂ္ဂဟပြု၍ <b>လောကအရိုးအစဉ်အားဖြင့် ပညာရှိပုဂ္ဂိုလ်တို့အား ထင်ရှား၍နေကြသော ဥပနိဿယမျိုးသည် ပကတူပနိဿယမည်၏</b>-ဟုဖွင့်၏၊ အထက်က ပြဆိုခဲ့ပြီးသော ပကတူပ နိဿယအမှုများသည်လည်း လောက၌ အရိုးအစဉ် ထင်ရှား၍နေကြ သော ဥပနိဿယကြီးများပင် ဖြစ်၏၊ အဓိပ္ပါယ်အားဖြင့် တူကြ၏၊ လောက၌ ဘယ်အမှုမျိုးမဆို ပြုလုပ်စဉ်အခါ၌ နာကြည်းစွာ လေးနက်စွာ ပြုခဲ့သော် နောက်အခါ၌ အကျိုးတရား အားကြီးစွာလာလတံ့-ဟု သိကြ၏၊</p>
<p>ဤပကတူပနိဿယပစ္စည်းသည်-<br>
၁။ <b>ပစ္စုပ္ပန်ပစ္စည်း၊ ပစ္စုပ္ပန် ပစ္စယုပ္ပန်</b>၊<br>
၂။ <b>အတိတ်ပစ္စည်း၊ ပစ္စုပ္ပန် ပစ္စယုပ္ပန်</b>၊<br>
၃။ <b>အနာဂတ်ပစ္စည်း၊ ပစ္စုပ္ပန် ပစ္စယုပ္ပန်</b>၊<br>
၄။ <b>ကာလဝိမုတ်ပစ္စည်း၊ ပစ္စုပ္ပန် ပစ္စယုပ္ပန်</b>, ဟူ၍ လေးပါးရ၏၊</p>
<p>ထိုလေးပါးတို့တွင်<br>
၁။ <b>ပစ္စုပ္ပန် ပစ္စည်း၊ ပစ္စုပ္ပန် ပစ္စယုပ္ပန်</b>ဆိုသည်ကား-လောက၌ မိမိ၏ သဒ္ဓါတရားအားကောင်းသည့်အတွက် မိမိ၌ ကုသိုလ်တရား အဆင့်ဆင့်ဖြစ်ပွားခြင်း၊ မိမိ၏ သဒ္ဓါတရား အားကောင်းသည့်အတွက် မိမိနှင့်စပ်နွယ်သမျှ သူတစ်ပါးတို့၌ ကုသိုလ်တရား ပွါးများခြင်း၊ သူတစ်ပါး တို့၏ သဒ္ဓါတရားအားကောင်းသည့်အတွက် မိမိ၌ ကုသိုလ်တရားပွား များခြင်း၊ ထို့အတူ မိမိ၏သီလတရား, မိမိ၏ဗဟုဿုတတရား, မိမိ၏ အသိအလိမ္မာ ဉာဏ်ပညာတရား စသည်ဖြင့်ချဲ့လေ၊ မိမိ၏တဏှာ, ရာဂ, လောဘတရား အားကြီးသည့်အတွက် မိမိ၌အကုသိုလ်တရား အဆင့် ဆင့်ပွားများခြင်း၊ မိမိ၏ တဏှာ, ရာဂ, လောဘတရား အားကြီးသည့် အတွက် သူတစ်ပါးတို့၌ တဏှာ, ရာဂ, လောဘစသော အကုသိုလ်တရား ပွားများခြင်း၊ ထို့အတူ မိမိ၏ ဒေါသ, မာနတရား အားကြီးသည့်အတွက် မိမိ၏ ဒိဋ္ဌိအယူအမှား အားကြီးသည့်အတွက်-အစရှိသည်ဖြင့် ချဲ့လေ။ သူတစ်ပါးတို့ ဟူသောစကား၌ သဒ္ဓါတရားကောင်းကြသော မိဘတို့၏သားသမီးများသည် သဒ္ဓါတရားကောင်းတတ်ကြ၏၊ အကျင့် သီလရှိကြသော မိဘတို့၏ သားသမီးများသည် အကျင့်သီလကောင်း တတ်ကြ၏၊ ပညာဗဟုဿုတ ကောင်းကြသော မိဘတို့၏ သားသမီးများ သည် ပညာဗဟုဿုတ ကောင်းတတ်ကြ၏၊ မကောင်းသောဖက်၌လည်း အမျိုးအရိုးလိုက်မှုကို အကုန်မြင်လေ၊ ဆရာကောင်း, သမားကောင်း, မိတ်ဆွေကောင်းတို့နှင့် ပေါင်းဖော်ခဲ့လျှင် ကောင်းမြတ်တတ်ကြ၏၊ ယုတ်ညံ့သော ဆရာယုတ်ညံ့သောမိတ်ဆွေတို့နှင့် ပေါင်းဖော်ခဲ့လျှင် ယုတ်ညံ့တတ်ကြ၏၊ ကာလကောင်းနှင့် ကြုံကြိုက်ခဲ့သော် တရားကောင်း ပွားများတက်ကြ၏၊ ကာလဆိုးနှင့် ကြုံကြိုက်ခဲ့သော် တရားယုတ် ပွားများတတ်ကြ၏၊ အရပ်ဒေသ ကောင်းမြတ်ခဲ့သော် အလိမ်မာတရား ပွားများတတ်ကြ၏၊ အရပ်ဒေသ ယုတ်ညံ့ခဲ့သော် အမိုက်တရား ပွားများ တတ်ကြ၏-စသည်ဖြင့် မျက်မြင်ဒိဋ္ဌ ဥပနိဿယပစ္စည်း ပစ္စယုပ္ပန်တို့ကို အကုန်မြင်လေ။</p>
<p>မဟာပထဝီမြေကြီးသည် မြေကိုမှီကြရသော သတ္တဝါခန္ဓာတို့၏ အားကြီးသောမှီရာဖြစ်၏၊ သစ်ပင်, တော, တောင်, ချုံ, မြက်တို့သည် သားငှက်တိရစ္ဆာန် ခန္ဓာအပေါင်းတို့၏ အားကြီးသောမှီရာဖြစ်၏၊ ရေကန်, ရေတွင်း, အိုင်, အင်း, မြစ်, သမုဒ္ဒရာ ရေတို့သည် ရေသတ္တဝါ ခန္ဓာ အပေါင်းတို့၏ အားကြီးသောမှီရာဖြစ်ကုန်၏၊ မိုးရေ မိုးပေါက်တို့သည် မိုးကိုမှီကြရကုန်သော သတ္တဝါတို့၏ အားကြီးသော မှီရာဖြစ်ကုန်၏၊ ကောင်းကင်သည် ကောင်းကင်ပျံငှက်တို့၏လည်းကောင်း, ကောင်းကင် ဘုံသား နတ်သိကြားဗြဟ္မာတို့၏လည်းကောင်း အားကြီးသောမှီရာဖြစ်၏၊ ဤသို့အစရှိသည်ဖြင့် မျက်မြင်ဒိဋ္ဌ ဖြစ်ကြကုန်သော ပစ္စုပ္ပန်ဥပနိဿယ ပစ္စည်း ပစ္စယုပ္ပန်တို့ကို သိကြရကုန်၏၊</p>
<p>၂။ <b>အတိတ်ပစ္စည်း၊ ပစ္စုပ္ပန် ပစ္စယုပ္ပန်</b>ဆိုသည်ကား- ကွယ်လွန် ကြကုန်လေပြီးသော မိဘ ဘိုးဘွားတို့သည် ထိုသူတို့၏ အတွင်းဥစ္စာ, အပဥစ္စာ, အယူဝါဒကို ဆက်ခံရကုန်သော သားမြေးတို့၏ အားကြီးသော မှီရာဖြစ်ကြကုန်၏၊ ကွယ်လွန်ကြကုန်ပြီးသော ငါတို့မြတ်စွာဘုရား၏ တပည့်သား ရဟန်းတော်သင်္ဃာတော်အပေါင်းတို့သည် ငါတို့နောက်ဖြစ် နောက်ပွါး တပည့်သားတို့၏ အားကြီးသော မှီရာဖြစ်ကုန်၏၊ ရှေးရှေး သောဘဝ၌ ပြည့်စုံစွာပြုခဲ့ကြကုန်သော ကုသိုလ်ကံဟောင်း, အကုသိုလ်ကံဟောင်းတို့သည် နောက်ဘဝတို့၌ ချမ်းသာသုခကိုလည်းကောင်း, ဆင်းရဲ ဒုက္ခကိုလည်းကောင်း ခံစားကြရန် အားကြီးသောမှီရာ ဖြစ် ကုန်၏၊</p>
<p>ရှေးရှေးသောဘဝတို့၌ ပြည့်စုံစွာစွဲယူ ကျင့်ဆောင်ခဲ့ကြကုန်သော ကောင်းမြတ်သောအယူအကျင့်, ဆိုးယုတ်သောအယူအကျင့်တို့သည် နောက်ဘဝတို့၌ ထိုအယူ ထိုအကျင့်တို့သို့ သက်ရောက်ခြင်းငှါ အားကြီး သော မှီရာဖြစ်ကုန်၏၊ ရှေးရှေးသောဘဝတို့၌ ဖြည့်ကျင့်ခဲ့ကြကုန်သော ဝါသနာ, ဝသီ, ပါရမီကုသိုလ်မှုတို့သည် တစ်ဘဝထက်တစ်ဘဝ ထက် သန်ရဲရင့် အဆင့်ဆင့် တိုးပွါးကြီးမြင့်၍ သွားခြင်းငှါ အားကြီးသောမှီရာ ဖြစ်ကုန်၏၊ ယခုဘဝတွင်လည်း ရှေးရှေးသော နေ့, ရက်, လ, နှစ်တို့၌ ပြည့်စုံစွာပြုခဲ့ကြကုန်သော ဝီရိယမှုတို့သည် နောက်နောက်သော နေ့, ရက်, လ, နှစ်တို့၌ အားကြီးသော မှီရာဖြစ်ကုန်၏၊ ဤသို့အစရှိသဖြင့် အတိတ်ဥပနိဿယပစ္စည်း, ပစ္စုပ္ပန် ပစ္စယုပ္ပန်ဖြစ်ပုံကို သိမြင်ကြကုန်ရာ ၏၊</p>
<p><b>အနာဂတ်ပစ္စည်း၊ ပစ္စုပ္ပန် ပစ္စယုပ္ပန်</b>ဆိုသည်ကား-ရှေ့သို့တွေ့ လတံ့သော အနာဂတ်အကျိုးသည် ပစ္စည်း၊ တွေ့လတံ့သော အကျိုးကို အားကိုးအားထားပြု၍ ထိုအကျိုးကို အလွန်အလိုရှိသောကြောင့် ယခု ပစ္စုပ္ပန်၌ ထိုအကျိုးကို တွေ့စေတတ်သောအမှုကို အားထုတ်ပြု လုပ်ခြင်းသည် ပစ္စယုပ္ပန်၊ ရှေ့ုသို့ရလတံ့သော အနာဂတ်အကျိုးသည် ပစ္စည်း၊ ရလတံ့သောအကျိုးကို အားကိုးအားထားပြု၍ ထိုအကျိုးကို ရလိုသောကြောင့် ယခုပစ္စုပ္ပန်၌ ထိုအကျိုးကိုရစေတတ်သောအမှုကို အားထုတ်ပြုလုပ်ခြင်းသည် ပစ္စယုပ္ပန်၊ သတ္တဝါအပေါင်းတို့ကို ရှေ့သို့တွေ့ လတံ့, ရလတံ့, ခံစားရလတံ့, စံစားရလတံ့-ဟူ၍ မြော်လင့်ခြင်းသည် အမြဲအုပ်စိုးလျက်ရှိ၏၊ ရှေ့အလားသည် သတ္တဝါအများတို့ကို အမြဲဆွဲ ငင်၍ နေ၏၊ ယခုပစ္စယုပ္ပန်၌ မေ့လျော့ပေါ့စား၍ မနေသာအောင် အမြဲနိုးဆော်တိုက်တွန်း၏၊</p>
<p>ရှေ့သို့တွေ့ရလတံ့သော ကောင်းကျိုး, မကောင်းကျိုးတို့သည် ယခုပစ္စုပ္ပန်၌ သတ္တဝါတို့ကို လွန်စွာဆုံးမနိုင်ကုန်၏၊ အလွန်မကောင်း သည်ကို တွေ့ရလိမ့်မည်ဆိုလျှင် ထိုလမ်းကို မသွားဝံ့ကြကုန်၊ အလွန် ကောင်းသည်ကိုတွေ့ရလိမ့်မည်ဆိုလျှင် ထိုလမ်းကို တားဆီးမရ သွားကြ ကုန်၏၊ ထို့ကြောင့် ရှေ့သို့တွေ့လတံ့, ရလတံ့, ခံစားရလတံ့, စံစားရ လတံ့-ဟူသော အနာဂတ်အကျိုးသည် သတ္တဝါတို့၌ <b>အကြီးဆုံးသော ဥပနိဿယပစ္စည်းကြီး</b>ဖြစ်၏၊ မကောင်းသော ရှေ့အကျိုးမျိုးကို လွတ်ကင်းစေခြင်းငှါ ကောင်းသောရှေ့အကျိုးမျိုးကို ရရှိစေခြင်းငှါ ယခု အားထုတ်ကြသော လူတို့၏ကိစ္စ, ရှင်တို့၏ကိစ္စကြီးငယ် အလုံးစုံသည် ပစ္စုပ္ပန် ပစ္စယုပ္ပန်မည်၏၊</p>
<p>ဤပစ္စုပ္ပန် ပစ္စယုပ္ပန် ကိစ္စကြီးငယ်ကို ပြည့်စုံစွာအားထုတ်ကြ သည့်အတွက် နောက်ရက်, နောက်လ, နောက်နှစ်, နောက်ဘဝတို့၌ အကျိုးကိုရကြပြန်သောအခါ ထိုပစ္စုပ္ပန် ကိစ္စကြီးငယ်များသည် အတိတ် ဥပနိဿယပစ္စည်းဖြစ်ပြန်၏၊ ရရှိကြသော အကျိုးများသည် ပစ္စုပ္ပန် ပစ္စယုပ္ပန် ဖြစ်လာကြပြန်၏၊ ဤသို့အစရှိသည်ဖြင့် လောကတွင် မျက်မြင်ဒိဋ္ဌ ဖြစ်ကြကုန်သော အနာဂတ်ဥပနိဿယပစ္စည်းမျိူး, သမ္မာဒိဋ္ဌိ ပညာရှိကြီးတို့၏ ဟောပြောမှုနှင့် သိရှိကြရကုန်သော အနာဂတ်ဘဝ ဥပနိဿယပစ္စည်းမျိူးတို့ကို သိကြကုန်ရာ၏၊</p>
<p>၄။ <b>ကာလဝိမုတ်ပစ္စည်း၊ ပစ္စုပ္ပန်၊ ပစ္စယုပ္ပန်</b> ဆိုသည်ကား<b>နိဗ္ဗာန်တရား၊ ပညတ်တရား</b>တို့သည် ဖြစ်ခြင်းပျက်ခြင်းမှ ကင်းလွတ်ကြ ကုန်သဖြင့် ကာလသုးံပါး မရှိကြကုန်သည်ဖြစ်၍ ကာလဝိမုတ်မည် ကုန်၏၊ ထိုတွင်နိဗ္ဗာန်တရားသည် သံသရာဘေးမှ ကြောက်လန့်ကြကုန် သော ပညာရှိတို့မှာ ဒါနပါရမီ, သီလပါရမီ-အစရှိသောပါရမီကုသိုလ် တရား, ဝိသုဒ္ဓိခုနစ်ပါး, ဗောဓိပက္ခိယတရားတို့၏ ဖြစ်ပွားခြင်းငှါ <b>အလွန် အားကြီးလှသော ဥပနိဿယကြီး</b>ဖြစ်၏၊ ငြိမ်းမှုမည်သည် ထိုအသင်္ခတ မဟာနိဗ္ဗာန်ကြီးကို မဆိုထားဘိဦး၊ လောက၌ မီးဘေးဟူ၍ ရှိ၏၊ မီးဘေး၏ငြိမ်းမှု-ဟူ၍ ရှိ၏၊ ရေဘေးဟူ၍ ရှိ၏၊ ရေဘေး၏ငြိမ်းမှု-ဟူ၍ ရှိ၏၊ ခိုးသူ, ဓားပြဘေး-ဟူ၍ရှိ၏၊ ခိုးသူ, ဓားပြဘေး၏ ငြိမ်းမှု-ဟူ၍ ရှိ၏၊ ရန်သူဘေး-ဟူ၍ ရှိ၏၊ ရန်သူဘေး၏ ငြိမ်းမှု-ဟူ၍ ရှိ၏၊ ဆင်ဘေး, ကျား ဘေး-စသည်အကုန်သွားလေ၊ ရောဂါဘေး, အနာဘေး-ဟူ၍ရှိ၏၊ ရောဂါဘေး, အနာဘေး၏ ငြိမ်းမှု-ဟူ၍ ရှိ၏၊ ထိုထိုဘေးနှင့် တွေ့ရှိ၍ နေကြသောသူတို့မှာ ထိုထိုဘေး၏ လွတ်ငြိမ်းခြင်းကို လွန်စွာရှာကြံ တောင့်တ အားကိုးကြရကုန်၏၊</p>
<p>အဇဋာကာသကောင်းကင် ပညတ်ကြီးသည် ကောင်းကင်နှင့် စပ်၍ ဖြစ်ပွါးကြရကုန်သော သတ္တဝါ ခန္ဓာအပေါင်းမှာ အားကြီးစွာသော မှီရာကြီးဖြစ်၏၊ အရှေ့, အနောက်, တောင်, မြောက်, အထက်, အောက် ဟူသော ဒိသာပညတ်, ဒေသပညတ်များသည်လည်း အမှတ်သညာထား၍ ကျင်လည်ကြကုန်သော သတ္တဝါ ခန္ဓာအပေါင်းတို့မှာ အားကြီးစွာသော မှီရာနိဿယကြီးဖြစ်၏၊ အထွေထွေသော သဏ္ဌာန်ပညတ်, အထွေထွေ သော သန္တတိပညတ်တို့သည်လည်းကောင်း၊ ထိုပညတ်တို့ကို ခေါ်ဆိုကြ ရန် အထွေထွေသော အမည်သညာ နာမပညတ်တို့သည်လည်းကောင်း၊ ဗေဒင်ကျမ်းတို့၌လာသော အထွေထွေသော ဗေဒင်ပညတ်၊ ဆေးကျမ်း တို့၌လာသော အထွေထွေသော ဆေးပညတ်၊ ထိုမှတစ်ပါး လောကီ အတတ်ပညာကျမ်းမျိုးတို့၌လာသော အထွေထွေသော အတတ်ပညာ၊ ဗုဒ္ဓဘာသာတွင်ဝိနည်းကျမ်းဂန်တို့၌လာသော ဝိနယပညတ်၊ သုတ္တန်တို့၌ လာသော ဓမ္မပညတ်၊ အဘိဓမ္မာတို့၌လာသော အဘိဓမ္မာနာမပညတ် တို့သည်လည်းကောင်း အသိဉာဏ်အရာ အလိမ္မာတရား ဖြစ်ပွားကြရန် <b>အလွန်အားကြီးသော မှီရာနိဿယကြီးတွေ</b> ဖြစ်ကြကုန်၏၊ ဤသို့အစရှိ သည်ဖြင့် ကာလဝိမုတ်ဖြစ်သော နိဗ္ဗာန်တရား, ပညတ်တရား ဥပ နိဿယပစ္စည်းကြီးများတို့ကို သိကြကုန်ရာ၏၊</p>
<p>ကာလအားဖြင့် ဥပနိဿယပစ္စည်း အပြားလေးပါးပြီး၏၊</p>
<p>-----ဝ------</p>
<p>တစ်နည်းကား</p>
<p>၁။ <b>ကုသိုလ်ပစ္စည်း၊ ကုသိုလ်ပစ္စယုပ္ပန်</b>၊<br>
၂။ <b>ကုသိုလ်ပစ္စည်း၊ အကုသိုလ်ပစ္စယုပ္ပန်</b>၊<br>
၃။ <b>ကုသိုလ်ပစ္စည်း၊ အဗျာကတပစ္စယုပ္ပန်</b></p>
<p>ဟူ၍ ၃-ပါး။</p>
<p>၁။ <b>အကုသိုလ်ပစ္စည်း၊ အကုသိုလ်ပစ္စယုပ္ပန်</b>၊<br>
၂။ <b>အကုသိုလ်ပစ္စည်း၊ ကုသိုလ်ပစ္စယုပ္ပန်</b>၊<br>
၃။ <b>အကုသိုလ်ပစ္စည်း၊ အဗျာကတပစ္စယုပ္ပန်</b></p>
<p>ဟူ၍ ၃-ပါး။</p>
<p>၁။ <b>အဗျာကတပစ္စည်း၊ အဗျာကတပစ္စယုပ္ပန်</b>၊<br>
၂။ <b>အဗျာကတပစ္စည်း၊ ကုသိုလ်ပစ္စယုပ္ပန်</b>၊<br>
၃။ <b>အဗျာကတပစ္စည်း၊ အကုသိုလ်ပစ္စယုပ္ပန်</b></p>
<p>ဟူ၍ ၃-ပါး, အားဖြင့် ဥပနိဿယပစ္စည်းအပြား ကိုးပါးရှိ၏၊ ထိုကိုးပါးတို့တွင်</p>
<p>၁။ <b>ကုသိုလ်ပစ္စည်း၊ ကုသိုလ်ပစ္စယုပ္ပန်</b>ဖြစ်ပုံကား-ကုသိုလ်ကံ, အကုသိုလ်ကံတို့၌လည်းကောင်း၊ ထိုကံတို့၏အကျိုးတို့၌လည်းကောင်း ယုံကြည်ခြင်း သဒ္ဓါတရားရှိခဲ့သော် မိမိတို့လည်း အမျိုးမျိုးသော ကုသိုလ်ကောင်းမှုတို့သည် ဖြစ်ပွါးတတ်ကုန်၏၊ မိမိနှင့်စပ်နွယ်သူ အများတို့မှာလည်း ကုသိုလ်တရား ဖြစ်ပွါးတတ်၏၊ ဘုရား၌ ယုံကြည် သော သဒ္ဓါတရား, ဒေသနာတရား၌ယုံကြည်သော သဒ္ဓါတရား, သံဃာ၌ ယုံကြည်သော သဒ္ဓါတရား တစ်ခုခုရှိခဲ့သော် မိမိ၌လည်းကောင်း, သူတစ်ပါးတို့၌လည်းကောင်း အဆင့်ဆင့်သော ကုသိုလ်တရား ဖြစ်ပွါး တတ်၏၊ မိမိ၌ သီလတရားရှိခဲ့သော် ဗဟုဿုတပညာတရားရှိခဲ့သော် စသည်ဖြင့်ဆိုလေ။</p>
<p>[ဤကား-ကုသိုလ်ပစ္စည်း ကုသိုလ်ပစ္စယုပ္ပန်ဖြစ်ပုံတည်း။]</p>
<p>၂။ <b>ကုသိုလ်ပစ္စည်း၊ အကုသိုလ်ပစ္စယုပ္ပန်</b>ဆိုသည်ကား-မိမိ၌ ထိုကဲ့သို့သော သဒ္ဓါဂုဏ်, ဗဟုဿုတဂုဏ်စသည်ရှိခဲ့သော် ထိုဂုဏ် အတွက် မိမိကိုယ်ကို မော်မောက်ခြင်း, သူတစ်ပါးကို ရှုတ်ချခြင်း, ထိုအတွက်နှင့်အမျက်ဒေါသဖြစ်ပွါးခြင်း, ခိုက်ရန်ပွါးခြင်းစသည်ဖြင့် မိမိ၌ လည်းကောင်း, သူတစ်ပါးတို့၌လည်းကောင်း၊ အကုသိုလ်တရား ဖြစ်ပွါး တတ်၏၊</p>
<p>[ဤကား-ကုသိုလ်ပစ္စည်း,အကုသိုလ်ပစ္စယုပ္ပန်ဖြစ်ပုံတည်း။] ၃။ <b>ကုသိုလ်ပစ္စည်း၊ အဗျာကတပစ္စယုပ္ပန်</b>ဖြစ်ပုံကား- ယခုဘဝ၌ ဒါနတရား, သီလတရားကိုအားထုတ်ခဲ့လျှင် နောက်ဘဝတို့၌ လူ့ချမ်းသာ, နတ်ချမ်းသာတို့ကို ရနိုင်သည်ဟူသော ယုံကြည်ခြင်း သဒ္ဓါတရားရှိသည့် အတွက် ထိုထိုကုသိုလ်တရား, အကျင့်တရားတို့ကို ပွါးများအား ထုတ်မှု နှင့် ကိုယ်၏ဆင်းရဲခြင်းဒုက္ခ, ပရိယတ္တိဓမ္မကို သင်ကြားအားထုတ်မှုနှင့် ကိုယ်၏ဆင်းရဲခြင်းဒုက္ခ, ဓုတင်ပဋိပတ်ကို ကျင့်ဆောင်မှုနှင့် ကိုယ်၏ ဆင်းရဲခြင်းဒုက္ခ, သမထဘာဝနာတရားများကို ပွါးများအားထုတ်မှုနှင့် ကိုယ်၏ဆင်းရဲခြင်းဒုက္ခ, ဝိပဿနာဘာဝနာတရားများကို ပွါးများအား ထုတ်မှုနှင့် ကိုယ်၏ဆင်းရဲခြင်းဒုက္ခ, ဘုရားအလောင်းအလျာကြီးများ ကဲ့သို့ အလွန်ကြီးမြတ်သောပါရမီကုသိုလ်ကြီးများကိုပွါးများအား ထုတ်မှုနှင့် အလွန်ကြီးမားသောဒုက္ခကြီးများကို ခံရခြင်းစသည်ဖြင့် ကုသိုလ်ကို ရဖို့ရန်အတွက် ဆင်းရဲဒုက္ခကို ခံကြရသည်ကား-အလွန် များပြား၏၊ ကိုယ်၏ဆင်းရဲခြင်းဒုက္ခတရားမည်သည်ကုသိုလ်, အကုသိုလ်မှ အလွတ်ဖြစ်၍ အဗျာကတတရားမည်၏၊</p>
<p>လောက၌ ကုသိုလ်မှု အလိမ်မာမှုမည်သည် သင်္ခါရမျိုးဖြစ်၏၊ ဆင်းရဲဒုက္ခကို ခံနိုင်မှ ရတတ်၏၊ ယခုလက်ငင်း ဆင်းရဲမည်ကို ကြောက် သောသူသည် ကုသိုလ်အလိမ်မာနှင့် ဝေးကွာတတ်၏၊ ဆင်းရဲဒုက္ခကို အနည်းငယ် ခံနိုင်သောသူသည် အနည်းငယ်မျှသော ကုသိုလ်အလိမ်မာ ကို ရနိုင်၏၊ ဆင်းရဲဒုက္ခကို အလယ်အလတ်မျှ ခံနိုင်သောသူသည် အလယ်အလတ်မျှသော ကုသိုလ်အလိမ်မာကို ရနိုင်၏၊ ဆင်းရဲဒုက္ခကို များများကြီး ခံနိုင်သောသူသည် များများကြီးသော ကုသိုလ်အလိမ်မာကို ရနိုင်၏၊ သဗ္ဗညုဘုရားဖြစ်လိုသောသူများသည် အနည်းဆုးံအားဖြင့် ကမ္ဘာပေါင်း လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီကုသိုလ် တရားတို့ကို ဖြည့်ကျင့်မှုနှင့် အလွန်ကြီးကျယ်သော ဆင်းရဲဒုက္ခကို ခံတော်မူကြရ၏၊ အလွန်ကြီးကျယ်သော ဆင်းရဲဒုက္ခကို ခံနိုင်တော်မူကြ သည့်အတွက် အလွန်ကြီးကျယ်သော ကုသိုလ်အလိမ်မာတို့နှင့် ပြည့်စုံကြ သော သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူကြကုန်၏၊</p>
<p>ထို့အောက် ထက်ဝက်မျှ ဆင်းရဲဒုက္ခကို ခံနိုင်ကြသူများသည် ပစ္စေကဗုဒ္ဓါဖြစ်ကြကုန်၏၊ ထို့အောက် ထက်ဝက်မျှ ဆင်းရဲဒုက္ခကို ခံနိုင်ကြသူများသည် ဘုရားလက်ထက်တော်တွင် အဂ္ဂသာဝကကြီးများ ဖြစ်ကြရ၏၊ ထို့အောက် အလွန်နည်းစွာ ဆင်းရဲဒုက္ခကို ခံနိုင်ကြသူများ သည် မဟာသာဝကများဖြစ်ကြရ၏၊ ထို့အောက် ပါရမီဖြည့်ကျင့်မှုနှင့် ဆင်းရဲဒုက္ခကို အနည်းဆုံး ခံနိုင်ကြသူများသည် ပကတိသာဝကဖြစ်ကြ ရ၏၊</p>
<p>ယခုဘဝတွင် သီလ, ကုသိုလ် ကောင်းသည့်အတွက် လူတို့၏ ဒုက္ခမျိုးတို့မှ လွတ်ကင်း၍ ကိုယ်၏ချမ်းသာခြင်းကို ရကြကုန်၏၊ ကိုယ်၏ ချမ်းသာခြင်းသည် အဗျာကတတရားပေတည်း၊ ယခုဘဝ၌ ကောင်းမွန် စွာ ပြုကြသော ဒါနမှု, သီလမှု, ဘာဝနာမှု ကုသိုလ်ကံတို့ကြောင့် နောက်နောက် ဘဝတို့၌ လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာတို့ကို ရကြကုန်၏၊</p>
<p>[ ဤကား-ကုသိုလ်ပစ္စည်း, အဗျာကတပစ္စယုပ္ပန်ဖြစ်ပုံတည်း။]</p>
<p>၁။ <b>အကုသိုလ်ပစ္စည်း၊ အကုသိုလ်ပစ္စယုပ္ပန်</b>ဖြစ်ပုံကား-မိမိကိုယ် ကို ခင်တွယ်မှု, သားမယားကို ခင်တွယ်မှု တဏှာ ရာဂအတွက်ကြောင့် သူ့အသက်ကို သတ်ခြင်း, သူဥစ္စာကို ခိုးယူခြင်း-စသည်ကို ပြုကြ၏၊ ဤသို့အစရှိသည်ဖြင့် တစ်ခုတစ်ခုသော အကုသိုလ်တရားအတွက် မိမိ၌ လည်းကောင်း, သူတစ်ပါးတို့၌လည်းကောင်း အကုသိုလ်အမျိုးမျိုး အဆင့်ဆင့်ဖြစ်ပွား၍နေကြသည်မှာ လောကမျက်မြင်ထင်ရှား၏၊</p>
<p>[ ဤကား-အကုသိုလ်ပစ္စည်း, အကုသိုလ်ပစ္စယုပ္ပန်ဖြစ်ပုံတည်း။]</p>
<p>၂။ <b>အကုသိုလ်ပစ္စည်း၊ ကုသိုလ်ပစ္စယုပ္ပန်</b>ဖြစ်ပုံကား-အနာ ရောဂါရှိနေသောသူများသည် ထိုအနာရောဂါကို ပျောက်ငြိမ်းစေတတ် သော ဆေးကောင်း ဝါးကောင်းကိုရှာ၍ မှီဝဲကြရသကဲ့သို့, မီးကို ကြောက် ကြရသည့်အတွက် ရေကို ရှာမှီးကြရသကဲ့သို့, ရန်သူ့ဘေးကို ကြောက်ကြ ရသည့်အတွက် လက်နက်ကိရိယာကို ရှာမှီးကြရသကဲ့သို့ သတ္တဝါတို့မှာ လည်း လောဘ, ဒေါသ, မောဟ-အစရှိသော အကုသိုလ်တရားတွေ ရှိနေကြကုန်သည်ဖြစ်၍ ထိုအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါ ထိုအကုသိုလ်တရားတို့အတွက် ဒါန, သီလ-အစရှိသော ကုသိုလ်တရား တို့ကို အားထုတ်ကြရကုန်၏၊ သူ့အသက်ကို သတ်မိသောသူသည် ထိုအပြစ်ကို ပပျောက်စေခြင်းငှါ သီလကို ဖြည့်ကျင့်၏၊ သမာဓိ, ဘာဝနာ တရားကို ပွားများ၏၊ စျာန်အဘိညာဏ် သမာပတ်တရားကို ပွားများ၏၊ အရိယာမဂ်လေးပါးကို ပွားများ၏၊ သူ့အသက်ကို သက်မိသော ပါဏာတိပါတ အကုသိုလ်သည် ပကတူပနိဿယပစ္စည်း၊ သီလကုသိုလ်, စျာန်အဘိညာဏ် သမာပတ်ကုသိုလ်, အရိယာမဂ်လေးပါး ကုသိုလ်များ သည် ပစ္စယုပ္ပန်၊ သူ့ဥစ္စာကို ခိုးယူမိသောသူ-စသည်တို့မှာလည်း ထိုနည်း တူ။</p>
<p>လောက၌ အကြောင်း, အကျိုး, အလုံးစုံကို အကုန်သိနိုင်ကြ ကုန်သော သဗ္ဗညုဘုရားကို ရှာကြံကြကုန်သည်မှာ ထိုကုသိုလ်တရားများ ကို ရလို၍ရှာကြံကြရကုန်၏၊ ထိုကုသိုလ်တရားများကို ရလိုကြရသည်မှာ လည်း မိမိတို့၏သန္တာန်၌ အနမတဂ္ဂသံသရာတွင် မိုက်မှား၍ လာခဲ့ကြ ကုန်သော အကုသိုလ်ကံဟောင်း မကောင်းသောကြွေးဆိုး, မြီဆိုး, အပါယ်မျိုးတို့သည် တစ်ယောက်မှာပင် အသင်္ချေယျအနန္တပါရှိ၍ နေကြ ကုန်၏၊ ယခုဘဝ၌လည်းကောင်း, နောက်နောက် ဘဝတို့၌လည်းကောင်း အမိုက်အမှား အမျိုးမျိုးတို့ကို ဖြစ်ပွားကြစေရန် ကိလေသာဆိုး, အမိုက်မျိုးတို့သည်လည်း ရှိနေကြကုန်၏၊ ထိုကြွေးဆိုး, မြီဆိုး, အပါယ်မျိုး တို့နှင့် ထိုကိလေသာဆိုး, အမိုက်အမှားမျိုးတို့ကို အကုန်အစင် ပယ်ရှင်း ကြရန် သီလ, သမာဓိ, ပညာ, သိက္ခာသုးံပါး ကုသိုလ်တရားတို့ကို ရလိုကြ ကုန်၏၊ ကျင့်ဆောင်ပွားများအားထုတ်ကြရကုန်၏၊ ထို့ကြောင့် ထိုအကုသိုလ်ကံဟောင်းတို့နှင့် ထိုကိလေသာဆိုး, အပါယ်မျိုးတို့သည် ပကတူပနိဿယပစ္စည်း၊ ထိုသိက္ခာသုံးပါး ကုသိုလ်တရားတို့သည် ပစ္စယုပ္ပန်။</p>
<p>[ဤကား- <b>အကုသိုလ်ပစ္စည်း၊ ကုသိုလ်ပစ္စယုပ္ပန်</b>ဖြစ်ပုံတည်း။]</p>
<p>၃။ <b>အကုသိုလ်ပစ္စည်း၊ အဗျာကတပစ္စယုပ္ပန်</b> ဖြစ်ပုံကား- တဏှာ ဖြင့် အလိုရှိရာအာရုံဝတ္ထုတို့ကို ရှာကြံလိုက်စားရာတို့၌ သုခလည်း တွေ့ ကြရ၏၊ ဒုက္ခလည်းတွေ့ကြရ၏၊ တဏှာသည်ကား-ပစ္စည်း သုခ, ဒုက္ခတို့ကား- ပစ္စယုပ္ပန်၊ ဒေါသဖြင့် မိုက်မဲ့မှုကြောင့် ဒုက္ခတွေ့တတ်၏၊ ဒေါသကား-ပစ္စည်း၊ ဒုက္ခကား- ပစ္စယုပ္ပန်၊ မောဟဖြင့် မသိမှုကြောင့် ဒုက္ခတွေ့တတ်၏၊ မောဟက-ပစ္စည်း၊ ဒုက္ခကား-ပစ္စယုပ္ပန်၊ မာနဖြင့် မော်မှု ကြွားမှုကြောင့် ဒုက္ခတွေ့တတ်၏၊ မာနကား-ပစ္စည်း၊ ဒုက္ခကား- ပစ္စယုပ္ပန်၊ ဒိဋ္ဌိဖြင့် အယူမှား၍ အကျိုးမရှိသော အလွန်ဆင်းရဲသော အတ္တကိလ မထာနုယောဂအကျင့်မျိုးတို့ကို ကျင့်၏၊ ဒိဋ္ဌိကား-ပစ္စည်း၊ ထိုဆင်းရဲ ဒုက္ခတို့ကား- အဗျာကတပစ္စယုပ္ပန်၊ ရှေးရှေးသော ဘဝတို့၌ ဒုစရိုက်မှု တို့ကို ပြုကြကုန်၍ နောက်နောက်သောဘဝတို့၌ မကောင်းသော အကျိုးတို့ကို ခံစားကြရာ၌ ရှေးရှေးဒုစရိုက်တို့ကား-ပစ္စည်း၊ နောက် နောက်မကောင်းကျိုးတို့ကား-ပစ္စယုပ္ပန်။</p>
<p>[ဤကား- <b>အကုသိုလ်ပစ္စည်း၊ အဗျာကတ ပစ္စယုပ္ပန်</b>ဖြစ်ပုံတည်း။]</p>
<p>၁။ <b>အဗျာကတပစ္စည်း၊ အဗျာကတပစ္စယုပ္ပန်</b> ဖြစ်ပုံကားမျက်စိရှိသည့်အတွက် ကိုယ်၏ချမ်းသာခြင်းကိုလည်း ရကြ၏၊ ကိုယ်၏ ဆင်းရဲခြင်းကိုလည်း ရကြ၏၊ နားရှိသည့်အတွက်, နှာခေါင်းရှိသည် အတွက်, လျှာရှိသည့်အတွက်, ကိုယ်အင်္ဂါကြီးငယ် ရှိသည့်အတွက် ကိုယ် ၏ ချမ်းသာခြင်း, ဆင်းရဲခြင်းနှစ်ပါးကိုပင် ရကြ၏၊ အဆင်းလှသည့် အတွက်, မလှသည့်အတွက်, အသံကောင်းသည့်အတွက်, မကောင်း သည့်အတွက်, အနံ့ကောင်းသည့်အတွက်, မကောင်းသည့်တွက်, ဆင်းရဲ, ချမ်းသာနှစ်ပါးနှင့် သက်ဆိုင်သည်ချည်းဖြစ်၏၊ အသား, အရသာ ကောင်းကြကုန်သော ဝက်, ကြက်, ငှက်, သား, ငါး တိရစ္ဆာန်တို့အား မိမိတို့၏ အသားတို့သည် မိမိတို့၏ အသက်အန္တရာယ်ကြီး အမြဲဖြစ်ကြ ကုန်၏၊</p>
<p>အမွေးအမျှင် ကောင်းကြသော သားငှက်တို့အား မိမိတို့၏ အမွေးအမျှင်တို့သည် မိမိတို့၏ အသက်အနန္တရာယ်ကြီး အမြဲဖြစ်ကြ ကုန်၏၊ အရေကောင်းသော တိရစ္ဆာန်, အရိုးကောင်းသောတိရစ္ဆာန်, အစွယ်ကောင်းသော တိရစ္ဆာန်, အသွေးအဆီကောင်းသော တိရစ္ဆာန်စသည်တို့မှာလည်း ထိုနည်းတူတည်း၊ ရွှေ, ငွေ, ရတနာစသော အတွင်း ဥစ္စာ၊ အိမ်, တိုက်, လှည်း, လှေ, လယ်ယာ, ဥယျာဉ် အစရှိသော အပ ဥစ္စာ အဗျာကတတို့အတွက် ကိုယ်၏ချမ်းသာခြင်း, ဆင်းရဲခြင်း ရှိနေကြ သည်များလည်း ထင်ရှားလေပြီ။</p>
<p>[ ဤကား-<b>အဗျာကတပစ္စည်း၊ အဗျာကတ ပစ္စယုပ္ပန်</b> ဖြစ်ပုံတည်း။]</p>
<p>၂-၃။ <b>အဗျာကတပစ္စည်း၊ ကုသိုလ်ပစ္စယုပ္ပန်၊ အဗျာကတပစ္စည်း၊ အကုသိုလ်ပစ္စယုပ္ပန်</b> ဖြစ်ပုံကား- မျက်စိရှိနေသည့်အတွက် ကုသိုလ်လည်း အမျိုးမျိုးဖြစ်ကြ၏၊ အကုသိုလ်လည်းအမျိုးမျိုး ဖြစ်ကြ၏၊ နားရှိနေသည့် အတွက်, နှာခေါင်းရှိနေသည့်အတွက်, လျှာခံတွင်းရှိနေသည့်အတွက်, ကိုယ်အင်္ဂါကြီးငယ်ရှိနေသည့်အတွက်, ကုသိုလ်လည်းအမျိုးမျိုး, အကုသိုလ်လည်း အမျိုးမျိုးဖြစ်ကြ၏၊ အဆင်းလှသည့်အတွက်, အဆင်းမလှ သည့်အတွက်- အစရှိသည်ဖြင့် အကျယ်ဆိုလေ။</p>
<p>[ ဤကား-<b>အဗျာကတပစ္စည်း၊ ကုသိုလ်- အကုသိုလ်ပစ္စယုပ္ပန်</b> ဖြစ်ပုံတည်း။]</p>
<p>ဤဥပနိဿယပစ္စည်းကို အကျဉ်းချုပ်အားဖြင့် ပြဆိုမူကားဤဥပနိဿယပစ္စည်းမှတစ်ပါးသော ၂၃-ပစ္စည်းတို့သည် ရှိကြကုန်၏၊ ထို၂၃-ပစ္စည်းတို့၏ အရာအချက်တို့ကို ချန်လှပ်၍ လောက၌ အကြောင်း အကျိုးအဖြစ်ဖြင့် ဆက်ဆံသမျှ အလုံးစုံတို့ကို ဤဥပနိဿယပစ္စည်း၏ အရာအချက်ချည်း-ဟူ၍မှတ်ရာ၏၊ ၂၃-ပစ္စည်းတွင်လည်း အာရမ္မဏာဓိပတိပစ္စည်းမျိုး, အနန္တရပစ္စည်းမျိုး, ဗလဝဖြစ်သော နာနာက္ခဏိက ကမ္မပစ္စည်းမျိုးတို့ကိုလည်း ဤဥပနိဿယပစ္စည်း၌ သိမ်းကြုံးလျက်ရှိကြ ၏၊</p>
<p>[ဤတွင်ရွေ့ကား-ပဋ္ဌာန်းပစ္စည်း၂၄-ပါးတို့ကို ပစ္စယကိစ္စ, ပစ္စယသတ္တိတို့နှင့်တကွ ပြဆိုခြင်းတည်း။]</p>
<p>------*------</p>
<h3>၂၄-ပစ္စည်း ပုံစုနည်း</h3>
<p>၂၄-ပစ္စည်းတို့၏ ပေါင်းစုနည်းကို ပြဆိုပေအံ့--<b>ပစ္စည်း ၇-ပုံစုနည်း</b></p>
<p>၁။ <b>သဟဇာတမျိုး</b>၊<br>
၂။ <b>ပုရေဇာတမျိုး</b>၊<br>
၃။ <b>ပစ္ဆာဇာတမျိုး</b>၊<br>
၄။ <b>အနန္တရမျိုး</b>၊<br>
၅။ <b>နာနာက္ခဏိက ကမ္မမျိုး</b>၊<br>
၆။ <b>အာရမ္မဏမျိုး</b>၊<br>
၇။ <b>ပကတူပနိဿယမျိုး</b>၊</p>
<p>ဟူ၍ ခုနစ်မျိုးရှိ၏၊</p>
<p>ထိုခုနစ်မျိုးတို့တွင် --</p><p>၁။ <b>သဟဇာတမျိုး</b>သည်ကား <b>ပစ္စည်းနှင့်ပစ္စယုပ္ပန် အတူ တကွဖြစ်ကြသော ပစ္စည်းမျိုး</b>ပေတည်း၊ ထိုသဟဇာတပစ္စည်းသည် သဟဇာတကြီးလေးပါး, သဟဇာတလတ်လေးပါး, သဟဇာတငယ် ၇-ပါး-ဟူ၍ ၁၅-ပါးရှိ၏၊ ရုပ်အာဟာရပစ္စည်းနှင့် ရူပဇီဝိတပစ္စည်း နှစ်ပါးတို့ကိုလည်း သဟဇာတမျိုး၌ပင် ထည့်သွင်းခဲ့ပြီ၊ ဤသဟဇာတ မျိုးသည် <b>ပစ္စုပ္ပန်ပစ္စည်းမျိုး</b>ပေတည်း။</p>
<p>၂။ <b>ပုရေဇာတမျိုး</b>ဆိုသည်ကား <b>ပစ္စည်းတရားက အဖြစ် အလျင်ကျ၍ ဌီသို့ရောက်သဖြင့် အားရှိသောအခါမှ ပစ္စယုပ္ပန်တရားကို ဖြစ်ပေါ်စေသော ပစ္စည်းမျိုး</b>ပေတည်း၊ ထိုပုရေဇာတမျိုးသည် ဝထ္ထုဖြစ်ပေါ်စေသော ပစ္စည်းမျိုးပေတည်း၊ ထိုပုရေဇာတမျိုးသည် ဝထ္ထု ပါးရှိ၏၊ ဤပုရေဇာတမျိုးသည်လည်း <b>ပစ္စုပ္ပန်ပစ္စည်းမျိုး</b>ပေတည်း။</p>
<p>၃။ <b>ပစ္ဆာဇာတ မျိုး</b>ဆိုသည်ကား <b>ပစ္စည်းတရားက အဖြစ် နောက်ကျ၍ ရှေးခဏကဖြစ်၍လာခဲ့သော ပစ္စယုပ္ပန်ကို မိမိနှင့်တွေ့ဆုံကြ သောအခါ ထောက်ပံ့မှုနှင့် ကျေးဇူးပြုသော ပစ္စည်း</b>ပေတည်း၊ ထိုပစ္စည်း မျိုးသည် လေးပါးရှိ၏ ဤပစ္ဆာဇာတမျိုးသည်လည်း <b>ပစ္စုပ္ပန်ပစ္စည်း မျိုး</b>ပေတည်း။</p>
<p>၄။ <b>အနန္တရမျိုး</b>ဆိုသည်ကား <b>ရှေးပစ္စည်းတရားနှင့် နောက် ပစ္စယုပ္ပန်တရား၏အကြားမှာ အခြားမရှိစေမှု၍ တစ်စဉ်တည်း, တစ် ဆက်တည်း တစ်ခုချုပ်လျှင်တစ်ခု ဖြစ်ပေါ်စေနိုင်သော ပစ္စည်းမျိုး</b> ပေတည်း၊ ထိုပစ္စည်းမျိုးသည် ခြောက်ပါးရှိ၏၊ ဤအနန္တရမျိုးသည် <b>အတိတ်ပစ္စည်းမျိုး</b>ပေတည်း။</p>
<p>၅။ <b>နာနာက္ခဏိက ကမ္မပစ္စည်း</b>ဆိုသည်ကား- <b>ရှေးရှေးနှစ်မှ ဖြစ်ပြီး ၍ ရင့်မာအောင်မြင်ခဲ့ကြပြီးလျှင် နောက်နောက်နှစ်၌ မိုးဥတုနှင့် ပေါင်းမိမှ အပင်သစ်တို့ကို ပေါက်ဖွားကြကုန်သော မျိုးစေ့တို့ကဲ့သို့ ရှေးရှေးဘဝတို့၌ ဒုစရိုက်ကိစ္စ, သုစရိုက်ကိစ္စတို့နှင့် အောင်မြင်စွာ ဖြစ်ခဲ့ကြကုန်ပြီးလျှင် နောက်နောက်ဘဝတို့၌ မိမိအကျိုးပေးနိုင်ရန် အကြောင်းအခွင့်များနှင့်ပေါင်းမိမှ ဘဝသစ်တို့ကိုဖြစ်စေနိုင်သော ပစ္စည်းမျိုး</b>ပေတည်း၊ ထိုပစ္စည်းသည် ဗလဝဖြစ်ခဲ့သော် ဥပနိဿယ ပစ္စည်း၌လည်း ပါဝင်၏၊ ဒုဗ္ဗလဖြစ်ခဲ့သော် ကမ္မသက်သက်သာဖြစ်၏၊ ဤကမ္မပစ္စည်းလည်း <b>အတိတ်ပစ္စည်းမျိုး</b>ပေတည်း။</p>
<p>၆။ <b>အာရမ္မဏမျိုး</b>ဆိုသည်ကား- ကုန်းရိုး, ကုန်းပြင်ကျသော အရပ်ဒေသတို့၌ နွေလအခါ လိပ်မျိုး, ဖားမျိုးအစရှိကုန်သော သတ္တဝါမျိုး တို့သည် အနည်းငယ်မျှသော ရေအတွင်း, မြေအတွင်းမှာ ကျဉ်းကြပ်စွာ ခိုအောင်း၍ နေကြရကုန်၏၊၊ မိုးဦးကျသောအခါ သည်းထန်စွာရွာသော မိုးရေ မိုးပွင့်တို့သည် ထိုသတ္တဝါမျိုးတို့ကို ကျဉ်းမြောင်းရာမှ ထွက်ပေါ် ကွန့်မြူးပွါးများကြစေရန် လွန်စွာကျေးဇူးပြုနိုင်ကြသကဲ့သို့ <b>စိတ်, စေတသိက်တရားတို့ကို လွန်စွာဖြစ်ပေါ် ကွန့်မြူးပွါးများစေနိုင်သော ပစ္စည်းမျိုး</b>ပေတည်း၊ ထိုပစ္စည်းမျိုးသည် ဂ-ပစ္စည်းဆိုင်၏၊ ဤအာရမ္မဏ မျိုးသည် <b>အတိတ်, အနာဂတ်, ပစ္စုပ္ပန်, ကာလဝိမုတ်- လေးမျိုး</b>ဆိုင်၏၊</p>
<p>၇။ <b>ပကတူပ နိဿယမျိုး</b>ဆိုသည်ကား- <b>တစ်ခြားသော ပစ္စည်း မျိုးတို့မှ အလွတ်ဖြစ်သော အကြောင်းအကျိုး ဆက်ဆံခြင်းတို့ကို အကုန်သိမ်းကျုံးနိုင်သော ပစ္စည်းမျိုး</b>ပေတည်း၊ ဤပကတူပနိဿယ သည်လည်း <b>အတိတ်, အနာဂတ်, ပစ္စုပ္ပန်, ကာလဝိမုတ် လေးပါး</b>ဆိုင်၏၊ ဤသဟဇာတမျိုး အစရှိသည်တို့ကို ရှေး၌လည်း အသီးအသီး ပြဆိုခဲ့ပြီ။</p>
<p>ပစ္စည်း ၇-ပုံ စုနည်းပြီး၏၊</p>
<p>------*------</p><p>တစ်နည်းအကျဉ်းချုံနည်းကား</p>
<p>၁။ <b>အတ္ထိပစ္စည်းမျိုး</b>၊<br>
၂။ <b>နာနာက္ခဏိက ကမ္မပစ္စည်းမျိုး</b>၊<br>
၃။ <b>အာရမ္မဏပစ္စည်းမျိုး</b>၊<br>
၄။ <b>ဥပနိဿယပစ္စည်းမျိုး</b></p>
<p>ဟူ၍ အကျဉ်းအားဖြင့် လေးပါးသာရှိ၏၊ ရှေ့ ၇-မျိုးတို့တွင် သဟဇာတမျိုး, ပုရေဇာတမျိုး, ပစ္ဆာဇာတမျိုး၊ ဤသုးံမျိုးတို့သည် ပစ္စည်း တရားလည်း ရှိနေဆဲ၊ ပစ္စယုပ္ပန်တရားလည်း ရှိနေဆဲ၌သာ ပစ္စည်း ပစ္စယုပ္ပန်ဆက်ဆံကြသော ပစ္စည်းမျိုးဖြစ်ကြ၍ အတ္ထိပစ္စည်း၌ အကုန် သက်ဝင်ကြရကုန်၏၊ ရှေ့ ၇-မျိုးတို့တွင် အနန္တရမျိုးသည် ဥပနိဿယ ၌ဝင်၏၊ ရှေ့ ၇-မျိုးတို့တွင် နောက်ဆုံးသုံးမျိုးတို့သည် ဤစတုက္ကနည်း၌ နောက်သုံးမျိုး ဖြစ်ကြရကုန်၏၊</p>
<p>ပစ္စည်း ၄-ပုံစုနည်းပြီး၏၊</p>
<p>------*------</p>
<h3>ပစ္စည်း ၆-ပုံစုနည်း</h3>
<p>အဘိဓမ္မတ္ထသင်္ဂဟကျမ်း ပစ္စည်းပိုင်း၌-''ဆဓာ နာမန္တု နာမဿ” ချီသော နှစ်ဂါထာအရ-<b>ပစ္စည်း ၆-ပုံစုနည်း</b>ကား</p>
<p>၁။ <b>နာမ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်ခြောက်ပါး</b>၊<br>
၂။ <b>နာမ်ပစ္စည်း, နာမ်ရုပ်ပစ္စယုပ္ပန်ငါးပါး</b>၊<br>
၃။ <b>နာမ်ပစ္စည်း, ရုပ်ပစ္စယုပ္ပန်တစ်ပါး</b>၊<br>
၄။ <b>ရုပ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်တစ်ပါး</b>၊<br>
၅။ <b>နာမ်-ရုပ်-ပညတ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်နှစ်ပါး</b>၊<br>
၆။ <b>နာမ်-ရုပ်ပစ္စည်း, နာမ်-ရုပ်ပစ္စယုပ္ပန်ကိုးပါး</b>၊</p>
<p>ထို ၆-ပုံစုတွင်</p>
<p>၁။ <b>နာမ်ပစ္စည်း, နာမ်ပစ္စယုပ္ပန် ခြောက်ပါး</b>ဆိုသည်ကား<b>အနန္တရ ခြောက်မျိုး</b>ဟုအထက်ကပြဆိုခဲရာ၌ ဥပနိဿယပစ္စည်း မျိုးကိုနုတ်၍ သမ္ပယုတ္တပစ္စည်းကိုထည့်သော် နာမ်ပစ္စည်း, နာမ်ပစ္စယုပ္ပန် ခြောက်ပါးဖြစ်၏၊ ထိုပစ္စည်းခြောက်ပါးတို့မှာ ရုပ်, နိဗ္ဗာန်, ပညတ် မဆိုင်လေပြီ။</p>
<p>၂။ <b>နာမ်ပစ္စည်း, နာမ်ရုပ်ပစ္စယုပ္ပန် ငါးပါး</b>ဆိုသည်ကား-<b>ဟေတုတစ်ပါး, ကမ္မတစ်ပါး, ဝိပါကတစ်ပါး, စျာနတစ်ပါး, မဂ္ဂတစ်ပါး</b>၊ ဤငါးပါးပေတည်း။</p>
<p>၃။ <b>နာမ်ပစ္စည်း, ရုပ်ပစ္စယုပ္ပန် တစ်ပါး</b>ဆိုသည်ကား- <b>ပစ္ဆာဇာတ ပစ္စည်း</b>ပေတည်း။</p>
<p>၄။ <b>ရုပ်ပစ္စည်း, နာမ်ပစ္စယုပ္ပန် တစ်ပါး</b>ဆိုသည်ကား-<b>ပုရေဇာတ ပစ္စည်း</b>ပေတည်း။</p>
<p>၅။ <b>နာမ်, ရုပ်, ပညတ်ပစ္စည်း, နာမ်ပစ္စယုပ္ပန် နှစ်ပါး</b>ဆိုသည်ကား <b>အာရမ္မဏပစ္စည်း, ဥပနိဿယပစ္စည်း</b> ဤနှစ်ပါးပေတည်း။ ၆။ <b>နာမ်ရုပ်ပစ္စည်း, နာမ်ရုပ်ပစ္စယုပ္ပန်ကိုးပါး</b> ဆိုသည်ကား<b>အဓိပတိတစ်ပါး, သဟဇာတတစ်ပါး, အညမညတစ်ပါး, နိဿယတစ်ပါး, အာဟာရတစ်ပါး, ဣန္ဒြိယတစ်ပါး, ဝိပ္ပယုတ္တ တစ်ပါး, အတ္ထိ တစ်ပါး, အဝိဂတတစ်ပါး</b>၊ ဤကိုးပါးပေတည်း၊ ဤကိုးပစ္စည်းတို့သည် အသီးအသီး ပစ္စည်းဖက်၌လည်း နာမ်ရုပ် နှစ်ပါး ရှိကြကုန်၏၊ ပစ္စယုပ္ပန် ဖက်၌လည်း နာမ်ရုပ် နှစ်ပါး ရှိကြကုန်၏၊</p>
<p>ပစ္စည်း ၆-ပုံစုနည်းပြီး၏၊</p>
<p>ဤတွင်ရွေ့ကား <b>၂၄-ပစ္စည်းပုံစုနည်း</b>ပြီး၏၊</p>
<p>-----*------</p>
<h3>မှာထားချက်</h3>
<p>လန်ဒန်ပါဠိဒေဝီ၏ အမေးပုစ္ဆာ ဖြေကြားချက်ကြီးကို ပထမ အကြိမ်ရိုက် “<b>လယ်တီပုစ္ဆာအဖြေ ပေါင်းချုပ်ကျမ်း</b>” ကြီးတွင် ထည့်သွင်း ဖော်ပြခဲ့သည်မှာ တစ်ပိုင်းတစ်ပြစ်မျှသာဖြစ်ကြောင်း၊ ကျေးဇူးရှင် ဆရာတော်ဘုရားကြီး၏ ဖြေကြားချက် ကော်ပီမူများကို ရှာဖွေစစ်ဆေး ကာ အစအဆုံး ဆရာတော်ဘုရားကြီး လက်ရေးကော်ပီမူကို တွေ့ရှိ သည့်အတိုင်း ဤဒုတိယအကြိမ်ရိုက်နှိပ်သော “<b>လယ်တီပုစ္ဆာ အဖြေ ပေါင်းချုပ်</b>” ကျမ်းကြီးတွင် နောက်ထပ်ဖြည့်စွက် ဖော်ပြရသည် ဖြစ် ကြောင်း။</p>
<p><b>လယ်တီဦးဝဏ္ဏိတ</b> ၁၂၈၇-ခု တပေါင်းလဆန်း ၁၅-ရက်နေ <b>လန်ဒန်ပါဠိဒေဝီ၏ ပဋ္ဌာန်းပုစ္ဆာအဖြေ</b>ပြီး၏၊</p>
<p>-----*------</p>
<h3>ဘာတရင်ရာဆယ်၏ စကားလေးခွန်းအဖြေ</h3>
<p><b>နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။</b></p>
<p><b>ဘာတရင်ရာဆယ်၏ စကားလေးခွန်း</b></p>
<p>[လန်ဒန်ပါဠိဒေဝီ၏ မှာစာတွင် ပါရှိသည့် ဘာတရင်ရာဆယ်၏ ပြောဟောချက်များဖြစ်သည်။]</p>
<p>၁။ အဘိဓမ္မာတွင် <b>ပစ္စည်း, ပစ္စယုပ္ပန် ဆက်ဆံခြင်းသည် အထူး အရေးကြီးသော အချက်ကြီး</b>ဖြစ်သည် တစ်ရပ်။</p>
<p>၂။ ၎င်းပစ္စည်း,ပစ္စယုပ္ပန်ဆက်ဆံခြင်း သဘောများသည် <b>နာမ်တရားလည်းမဟုတ်၊ ရုပ်တရားလည်းမဟုတ်၊ သို့သော် လည်း ၎င်းဆက်ဆံခြင်းသဘောတရားသည် နာမ်တရား, ရုပ်တရားတို့ထက်ပင် သာ၍အရင်းကြသော တရားများ</b> ဖြစ်ပေသည် တစ်ရပ်။</p>
<p>၃။ ၎င်းဆက်ဆံခြင်း သဘောတရားများသည် <b>ဂရိတ်လူမျိုး “ပရမတ်ဆရာကြီး-ပလေတိုး” ပြောဟောသော သဒ္ဒ ပညတ် အတ္ထပညတ်များနှင့် အလားတူ</b>၏-တစ်ရပ်။</p>
<p>၄။ ၎င်းဆက်ဆံခြင်း သဘောတရားများသည် <b>နာမ်တရား လည်း မဟုတ်, ရုပ်တရားလည်း မဟုတ်ပဲလျက် အစဉ်အမြဲ တည်၍နေသော တရားများ</b>ဖြစ်ကြသည်-တစ်ရပ်။</p>
<p>[ဤကား-ဘာတရင်ရာဆယ်၏ စကားလေးခွန်းတည်း။]</p>
<h3>ပထမစကားခွန်းအဖြေ</h3>
<p>အထက်က ထုတ်ပြအပ်ပြီးသော ဘာတရင်ရာဆယ်၏ ပြော ဟောချက် ၄-ရပ်တွင်--</p>
<p>၁။ “အဘိဓမ္မာတွင် ပစ္စည်း, ပစ္စယုပ္ပန် ဆက်ဆံခြင်းသည် အထူး အရေးကြီးသော အချက်ကြီးဖြစ်သည်” ဟူသော စကားသည် အလွန် ကောင်းမြတ်ပေ၏၊</p>
<p>ဤစကား၌--</p>
<p>၁။ <b>ပစ္စည်း</b>ဆိုသည်ကား-<b>အကြောင်းတရား</b>ကိုဆိုသည်။<br>
၂။ <b>ပစ္စယုပ္ပန်</b>ဆိုသည်ကား-<b>အကြောင်းတရားမှ ဖြစ်ပွါးသော အကျိုးတရား</b>ကို ဆိုသည်။<br>
၃။ <b>ဆက်ဆံခြင်း</b> ဆိုသည်ကား-<b>အကြောင်းတရားရှိလျှင် အကျိုး တရားဖြစ်မြဲ-ဟူသော သာမညလက္ခဏာ သဘော</b>ကို ဆိုသည်။<br>
၄။ <b>သာမညလက္ခဏာ</b>ဆိုသည်ကား-<b>ရုပ်တရား, နာမ်တရားများ တို့နှင့် ဆက်ဆံသော သဘောမျိုး</b>ကို ဆိုလိုသည်။</p>
<p>ထိုသာမညလက္ခဏာသည်--</p>
<p>၁။ <b>အနိစ္စလက္ခဏာ</b>၊<br>
၂။ <b>ဒုက္ခလက္ခဏာ</b>၊<br>
၃။ <b>အနတ္တလက္ခဏာ</b>၊<br>
၄။ <b>သင်္ခတလက္ခဏာ</b>၊<br>
၅။ <b>ဣဒပ္ပစ္စယတာလက္ခဏာ</b>၊</p>
<p>စသည်ဖြင့် များပြား၏၊</p>
<p>၁။ <b>အနိစ္စလက္ခဏာ</b>ဆိုသည်ကား “ ဤတရားကား-မမြဲတတ် သော တရားတည်း''ဟု အတတ်သိနိုင်ကြောင်းဖြစ်သော <b>အနိစ္စတရား မျိုး၌ ပါရှိနေသော ဇာတိအချက်, ဇရာအချက်, မရဏအချက်များ</b>ပေ တည်း။</p>
<p>၂။ <b>ဒုက္ခလက္ခဏာ</b>ဆိုသည်ကား “ဤတရားကား-ဖြစ်ခြင်း ပျက်ခြင်းတို့ဖြင့် နှိပ်စက်အပ်သောကြောင့် ကြောက်မက်ဖွယ်ကောင်း သော တရားတည်း” ဟု အတတ်သိနိုင်ကြောင်းဖြစ်သော <b>အနိစ္စတရားမျိုး ဖြစ်သော ပထဝီဓာတ်စသည်၌ပါရှိနေသော ဇာတိအချက်, ဇရာအချက်, မရဏအချက်များ</b>ပေတည်း။</p>
<p>၃။ <b>အနတ္တလက္ခဏာ</b>ဆိုသည်ကား “ဤတရားကား-အမာခံ အနှစ်သာရမရှိ၊ မိမိကိုယ်မဟုတ်၊ မိမိအလိုသို့ မလိုက်မပါ၊ သူ့သဘော အတိုင်းသာ ဖြစ်နေသော တရားတည်း” ဟု အတတ်သိနိုင်ကြောင်းဖြစ် သော <b>အနိစ္စ, ဒုက္ခတရားမျိုးဖြစ်သော ပထဝီဓာတ်စသည်၌ပါရှိသော ဇာတိအချက်, ဇရာအချက်, မရဏအချက်များ</b>ပေတည်း။</p>
<p>၄။ <b>သင်္ခတလက္ခဏာ</b>ဆိုသည်ကား “ <b>တီဏိမာနိ ဘိက္ခဝေ သင်္ခတဿ သင်္ခတလက္ခဏာနိ၊ ကတမာနိ တီဏိ၊ ဥပ္ပါဒေါ ပညာ ယတိ, ဝယော ပညာယတိ၊ ဌိတဿ အညထတ္တံ ပညာယတိ</b> “ ဟူသော ပါဠိတော်အရ <b>သင်္ခတတရားတို့၏ ဖြစ်မှု, ပျက်မှု, ဖေါက်ပြန်မှုများ</b> ပေတည်း။</p>
<p>[ ထိုအမှုများသည် အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာတို့ကဲ့သို့ သင်္ခတတရားအများနှင့်ဆက်ဆံသော အမှုများဖြစ်၍ သာမညလက္ခဏာ ဆိုသည်၊ သာမညသဒ္ဒါသည် ဆက်ဆံခြင်းအနက်ရှိ၏၊]</p>
<p>၅။ <b>ဣဒပ္ပစ္စယတာ</b>ဆိုသည်ကား “<b>ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမဿ ဥပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ</b> “ ဟူသော ပါဠိတော်အရ <b>ဤအကျိုးမှာ ဤအကြောင်းရှိသည်၊ ဤအကျိုးမှာ ဤအကြောင်းရှိသည်ဟု ဆိုရသော အကြောင်း,အကျိုး ဆက်ဆံမှု</b>ကိုဆိုသည်၊ ထိုဣဒပ္ပစ္စယ တာ-ဟူသော သာမညလက္ခဏာကြီးတစ်ပါးကို ဘာတရင်ရာဆယ်က ပစ္စည်း, ပစ္စယုပ္ပန် ဆက်ဆံခြင်း-ဟူ၍ ဆိုပေသည်။</p>
<p>[ထိုဣဒပ္ပစ္စယတာ-ဟူသော ပစ္စည်း, ပစ္စယုပ္ပန် ဆက်ဆံခြင်းသဘောသည် အဘိဓမ္မာတွင်သာ အထူးအရေးကြီးသည် မဟုတ်၊ သုတ္တန်၌လည်းကောင်း, ဝိနည်း၌လည်းကောင်း, ခပ်သိမ်းသော လောကအရေးအရာတို့၌လည်း ကောင်း အထူးအရေးကြီးသော အချက်ကြှီးဖြစ်၏၊၊ လောကဓဓ္မတို့၌ ပညာရှိတို့၏ လက်ကိုင်လက်စွဲကြီးဖြစ်သော အချင့်အချိန် အတိုင်းအတာ ချိန်ကြီးတစ်ခု ဖြစ်၏၊]</p>
<p>ချင့်ချိန်ပုံ</p><p>ပစ္စည်း, ပစ္စယုပ္ပန် အကြောင်း, အကျိုး ဆက်ဆံခြင်း၌ လိမ်မာ သောသူသည် အကြောင်းတစ်ခုကို တွေ့မြင်ရလျှင် ဤအမှုကြောင့် ရှေ့သို့ အကျိုးမည်ရွေ့မည်မျှ ဖြစ်ထွန်းလိမ့်မည်ကို သိနိုင်၏၊ အကျိုး တစ်ခုကို တွေ့မြင်ရလျှင် အဘယ်အကြောင်းကြောင့် ဤအကျိုးဖြစ်လာ သည်ဟု ရှေးအကြောင်းကို သိနိုင်၏၊</p>
<p>မိုးကောင်းစွာရွာလျှင် သစ်ပင်, ကောက်ပဲတို့သည် ဖြစ်ထွန်း ကုန်၏၊ မိုးကောင်းစွာမရွာလျှင် သစ်ပင်, ကောက်ပဲတို့သည် မဖြစ်ထွန်း နိုင်ကုန်ဟု သိနိုင်၏၊ သစ်ပင်, ကောက်ပဲဖြစ်ထွန်းလျှင် သတ္တဝါတို့သည် ချမ်းသာဝပြောကြကုန်၏၊ သစ်ပင်, ကောက်ပဲ မဖြစ်ထွန်းလျှင် သတ္တဝါ တို့သည် ဆင်းရဲငတ်မွတ်ကြကုန်၏ဟု သိနိုင်၏၊</p>
<p>ယုတ်စွအဆုံး ထမင်းရှိလျှင် ထမင်းရှိသည့်အတွက် ချမ်းသာသုခ</p>
<p>ရ၏၊ ထမင်းမရှိလျှင် ထမင်းမရှိသည့်အတွက် ဆင်းရဲဒုက္ခရ၏- ဟု သိနိုင်၏၊ တိရစ္ဆာန်သတ္တဝါတို့ပင်သော်လည်း အကြောင်း, အကျိုး ဆက်ဆံမှုကို သိကောင်းသိရာ သိကြ၏၊</p>
<p>[လောကကြီး တစ်ခွင်လုံး၌ မျက်မြင်ဒိဋ္ဌ ရှိနေကြကုန်သော ပစ္စည်း, ပစ္စယုပ္ပန် အကြောင်း, အကျိုး ဆက်ဆံမှုတွေကို အကုန်မြှော်မြင်လေ။ ]</p>
<p>သညာသိနှင့်ပညာသိအထူး</p>
<p>၁။ <b>သညာဖြင့် သိနိုင်သော အကြောင်းအကျိုး ဆက်ဆံမှု</b>၊<br>
၂။ <b>ပညာဖြင့်သာ သိနိုင်သော အကြောင်းအကျိုးဆက်ဆံမှု</b>ဟူ၍နှစ်မျိုးရှိ၏၊</p>
<p>ထိုနှစ်မျိုးတို့တွင်</p>
<p>၁။ “<b>သညာဖြင့် သိနိုင်သော အကြောင်းအကျိုး ဆက်ဆံမှု</b>” ဆိုသည်ကား- <b>အတွေ့အကြုံများလှ၍ ဘယ်လိုပြုလျှင် ဘယ်လိုဖြစ် တတ်သည်ဟု သိခြင်း</b>တည်း၊ ထိုသညာသိကို သတ္တဝါအများတို့ပင် အနည်းအများသိကြ၏၊</p>
<p>၂။ “<b>ပညာဖြင့်သာ သိနိုင်သော အကြောင်းအကျိုးဆက်ဆံမှု</b>” ဆိုသည်ကား-<b>ပညာရှိမှသိ</b>၏၊ အနာရောဂါ, အစာ, ဆေးဝါးနှင့် စပ်ယှဉ်သော အကြောင်းအကျိုးမျိုးကို ဆေးပညာရှိမှသိ၏၊ ဗေဒင်နှင့် စပ်ယှဉ်သော အကြောင်းအကျိုးမျိုးကို ဗေဒင်ပညာရှိမှသိ၏၊ ဓာတ်သတ္တု နှင့်စပ်ယှဉ်သော အကြောင်းအကျိုးမျိုးကို ဓာတ်သတ္တုပညာရှိမှသိ၏၊</p>
<p>[ဤသို့စသည်ဖြင့် ပညာသိ၏ဆိုင်ရာသည်လည်း အလွန်များပြား၏၊]</p>
<p>ထိုပညာသိသည်လည်း</p>
<p>၁။ <b>တိမ်သောအရာ</b>၊<br>
၂။ <b>နက်သောအရာ</b>၊<br>
၃။ <b>အလွန်နက်သောအရာ</b>၊<br>
၄။ <b>အလွန်ထက် အလွန်နက်သောအရာ</b></p>
<p>ဟူ၍ အမျိုးမျိုးရှိ၏၊</p>
<p>အဆုံးတိုင် ပြောသည်ရှိသော်- ဤပဋ္ဌာန်းကျမ်းကြီးသို့ ရောက် လျှင် လောကသုံးပါး၌ အကြောင်းအကျိုးဟူသမျှသည် အလုံးစုံ ကုန် လေ၏၊ သို့ရာတွင် လောကဝေါဟာရနှင့် ဟောတော်မူသည်မဟုတ်၊ ဓမ္မဝေါဟာရနှင့် ဟောတော်မူသောကြောင့် လောကဝေါဟာရနှင့် ထုတ်ဖော်ပြောရန် အလွန်ခက်ခဲ၏၊</p>
<p>[ဤသို့လျှင် ပစ္စည်း, ပစ္စယုပ္ပန်, ဆက်ဆံခြင်းမည်သည် လောကအရေးအရာ တို့၌ပင် အထူးအရေးကြီးသော အချက်ဖြစ်ပေ၏၊]</p>
<p>ဤပစ္စည်း, ပစ္စယုပ္ပန် ဆက်ဆံခြင်းသဘောသည်</p>
<p>၁။ <b>ပဋိစ္စသမုပ္ပါဒ်နည်း</b>၊<br>
၂။ <b>ပဋ္ဌာန်းနည်း</b>၏</p>
<p>ဟူ၍ နှစ်ပါးရှိ၏၊</p>
<p>ထိုနှစ်ပါးတွင်</p>
<p>၁။ “<b>အဝိဇ္ဇာပစ္စယာသင်္ခါရာ၊ သင်္ခါရပစ္စယာဝိညာဏံ</b>” အစရှိ သည်ဖြင့် ဟောတော်မူသောနည်းသည် <b>ပဋိစ္စသမုပ္ပါဒ်နည်း</b>မည်၏၊ ၂။ “<b>ဟေတုပစ္စယော၊ အာရမ္မဏယော</b>” အစရှိသည်ဖြင့် ဤပဋ္ဌာန်းကျမ်းတွင် ဟောတော်မူသောနည်းသည် <b>ပဋ္ဌာန်းနည်း</b>မည်၏၊ ထိုနည်းနှစ်ပါးတို့တွင်</p>
<p>၁။ သာဝကပုဂ္ဂိုလ်တို့မှာ ပဋိစ္စသမုပ္ပါဒ်နည်းအတိုင်း အသိဉာဏ် ပေါက်နိုင်လျှင် ကိစ္စပြီးစီး၏၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ပေါက်ရောက် နိုင်၏၊</p>
<p>၂။ ပဋ္ဌာန်းနည်းမှာမူကား- သက်သက်အားဖြင့် သဗ္ဗညုတဉာဏ် တော်ကို အသုံးချရန် ဟောတော်မူခြင်းသာ ဖြစ်၏၊</p>
<p>[သာဝကတို့မှာမူကား- ပဋိသမ္ဘိဒါဉာဏ်ပွါးစီးရန် အကျိုးရှိ၏၊ ပုထုဇဉ် သတ္တဝါတို့မှာလည်း နောင်ပဋိသမ္ဘိဒါဉာဏ်ကိုရနိုင်ရန် အကြီးဆုံးသော ပညာပါရမီကြီးဖြစ်၏၊]</p>
<p>ပထမစကားခွန်းအဖြေ ပြီး၏၊</p>
<p>------*------</p>
<h3>ဒုတိယစကားခွန်းအဖြေ</h3>
<p>၂။ ၎င်းပစ္စည်း, ပစ္စယုပ္ပန် ဆက်ဆံခြင်းသဘောများသည် နာမ်တရားလည်းမဟုတ်၊ ရုပ်တရားလည်းမဟုတ်၊ သို့သော်လည်း ၎င်းဆက်ဆံခြင်း သဘောတရားများသည် နာမ်တရား, ရုပ်တရားတို့ ထက်ပင် သာ၍အရင်းကျသော တရားများဖြစ်ပေ၏” ဟူသောစကား၌ ပစ္စည်းတရားသည်</p>
<p>၁။ <b>နာမ်ပစ္စည်းတရား</b>၊<br>
၂။ <b>ရုပ်ပစ္စည်းတရား</b>၊<br>
၃။ <b>နိဗ္ဗာန်ပစ္စည်းတရား</b>၊<br>
၄။ <b>ပညတ်ပစ္စည်းတရား</b></p>
<p>ဟူ၍လေးမျိုးရှိ၏၊</p>
<p>ပစ္စယုပ္ပန်တရားသည်မူကား</p>
<p>၁။ <b>ရုပ်ပစ္စယုပ္ပန်တရား</b>၊<br>
၂။ <b>နာမ်ပစ္စယုပ္ပန်တရား</b></p>
<p>ဟူ၍ နှစ်ပါးသာရှိ၏၊</p>
<p>[ဖြစ်ပေါ်ခြင်းဟူသော ဇာတိတရားမှ ရှင်းရှင်းလွတ်ကင်းကြသော နိဗ္ဗာန်တရား, ပညတ်တရားနှစ်ပါးသည် ပစ္စယုပ္ပန်မထိုက်]</p>
<p>ထိုနှစ်ပါးတွင် နာမ်ဖြစ်သော ပစ္စည်းတရား၏ မိမိ၏ဆိုင်ရာ ပစ္စယုပ္ပန်တရားနှင့် ဆက်ဆံခြင်းသဘောသည် နာမ်တရားမဟုတ်ဟု မဆိုရ၊ နာမ်တရား၏ အရှိန်အဝါဖြစ်၍ နာမ်တရား၌ ပါဝင်၏၊ <b>နာမ်တရားဟူ၍ပင် ဆိုရ၏</b>၊</p>
<p>ဥဒါဟရုဏ်ကား။ ။ ရပ်ရွာထဲမှာ လူတစ်ယောက်သည် ဒေါသအမျက် အလွန်ထန်၏၊ ထိုသူကို တစ်ရပ်လုံး တစ်ရွာလုံး မုန်းကြ၏၊ ထိုသူ၏ဒေါသသည် <b>ပစ္စည်းတရား</b>, ရပ်သူရွာသားတို့၏ မုန်းမှုသည် <b>ပစ္စယုပ္ပန်တရား</b>။</p>
<p>လူတစ်ယောက်သည်ကား- မေတ္တာတရား အလွန်ကောင်း၏၊ ထိုသူကို တစ်ရပ်လုံးတစ်ရွာလုံး ချစ်ခင်ကြ၏၊ ထိုသူ၏မေတ္တာသည် <b>ပစ္စည်းတရား</b>, ရပ်သူရွာသားတို့၏ ချစ်ခင်မှုသည် <b>ပစ္စယုပ္ပန်တရား</b>။</p>
<p>ဤဝတ္ထု၌</p>
<p>ဒေါသ၏ အရှိန်အဝါသည် တစ်ရပ်လုံး တစ်ရွာလုံး ပျံ့နှံ့၏၊ ရပ်သူရွာသားတို့၌ မုန်းစိတ်ဖြစ်ပွါးအောင် လှုံ့ဆော်၏၊ ထိုသူသည် ကာယကံ, ဝစီကံဖြင့် ရပ်သူရွာသားတို့ကို မထိပါးသော်လည်း မုန်းကြရ မည် အမှန်ဖြစ်၏၊ ထိပါးခဲ့လျှင် ဆိုဖွယ်မရှိ၊၊ ထိုဒေါသ၏ အရှိန်အဝါသည် ပစ္စည်း, ပစ္စယုပ္ပန် ဆက်ဆံမှုနှင့် တစ်ခုတည်းဖြစ်၏၊ ဒေါသသည် နာမ်တရားအစစ်ဖြစ်၏၊ ထိုဒေါသ၏ အရှိန်အဝါဟူသော ဆက်ဆံမှုသည် နာမ်တရားမဟုတ်ဟု မဆိုရ၊ ဒေါသဟူသော စကား၌ ပါဝင်၏၊ <b>ဒေါသ ဟူ၍ပင် ဆိုရ၏</b>၊</p>
<p>[ <b>မေတ္တာဝတ္ထုမှာလည်း ဤနည်းတူသိလေ</b>။]</p>
<p>ဥပမာ- “ <b>သူရိယော-နေ</b>” ဟူ၍ဆိုလျှင် ထိုနေမှထွက်သော အရောင်အဝါ, ထိုနေမှထွက်သော အပူရှိန်များသည် နေမဟုတ်ဟူ၍ မဆိုရ၊ နေဟူသောစကား၌ ပါဝင်၏၊ <b>နေ- ဟူ၍ပင် ဆိုရ၏</b>၊</p>
<p>[ “<b>စန္ဒော-လ</b>” ဟူသောစကား၌ ထိုလမှထွက်သော အရောင်အဝါ, ထိုလမှ ထွက်သော အအေးရှိန်တို့မှာလည်း <b>ထိုနည်းတူသိလေ</b>]</p>
<p>ဤမျှသောစကားရပ်တို့ဖြင့်</p>
<p>၁။ <b>နာမ်ပစ္စည်း၏ ဆက်ဆံမှုသည် နာမ်တရားပင် ဖြစ်၏</b>၊<br>
၂။ <b>ရုပ်ပစ္စည်း၏ ဆက်ဆံမှုသည် ရုပ်တရားပင်ဖြစ်၏</b>၊<br>
၃။ <b>နိဗ္ဗာန်ပစ္စည်း၏ ဆက်ဆံမှုသည် နိဗ္ဗာန်တရားပင်ဖြစ်၏</b>၊<br>
၄။ <b>ပညတ်ပစ္စည်း၏ ဆက်ဆံမှုသည် ပညတ်တရားပင် ဖြစ်၏</b>၊ ဟူ၍ဖြေဆိုပေသည်။</p>
<p>” ၎င်းဆက်ဆံခြင်း သဘောတရားသည် နာမ်တရား, ရုပ်တရား တို့ထက်ပင် သာ၍အရင်းကျသော တရားများဖြစ်ပေ၏” ဟူသော စကားမှာလည်း</p>
<p>သံသရာလည်းအစ- ဟူ၍ မရှိ၊ သတ္တဝါလည်း အစဟူ၍ မရှိ၊ ကမ္ဘာအစဉ်မှာလည်း အစ- ဟူ၍ မရှိ၊ နာမ်တရား အစဉ်မှာလည်း အစ-ဟူ၍ မရှိ၊ ရုပ်တရားအစဉ်မှာလည်း အစဟူ၍ မရှိ၊ ပစ္စည်းပစ္စုယုပ္ပန် ဆက်ဆံမှုမှာလည်း အစ-ဟူ၍ မရှိလေရကား</p>
<p><b>နာမ်တရား, ရုပ်တရားတို့က နောက်ကျ၍ ထိုဆက်ဆံမှုက အရင်ကျသည်-ဟု ဆိုဖွယ်မရှိပေ</b>။</p>
<p>ဒုတီယစကားခွန်း အဖြေပြီး၏၊</p>
<p>----*------</p>
<h3>တတိယစကားခွန်းအဖြေ</h3>
<p>၃။ ၎င်း ဆက်ဆံခြင်းသဘော တရားများသည် ဂရိတ်လူမျိုး ပရမတ်ဆရာကြီး “ပလေတိုး ပြောဟောသော သဒ္ဒပညတ်, အတ္ထ ပညတ်များနှင့် အလားတူ၏” ဟူသော စကား၌</p>
<p><b>သဒ္ဒပညတ်, အတ္ထပညတ်</b>ဆိုသည်ကား''<b>ဃဋော-ရေအိုး</b>” ဟူ</p>
<p>သော သဒ္ဒပညတ်, အတ္ထပညတ်နှစ်ပါးသည်ရှိ၏၊</p>
<p>ရှိပုံကား။ အိုးမြေရှိရာ မြေနီတွင်းမှ မြေစိုင်ခဲတို့ကို ယူပြီးလျှင် ရွှံ့မြေလုပ်၍ ၎င်းရွှံ့လုံးကို အိုးထိန်းစက်ပေါ်သို့တင်၍ စက်ကိုလှည့်ပြီး လျှင် လက်ဖြင့်အလိုရှိရာ အိုးမျိုးသဏ္ဌာန်ဖြစ်စေရန် ပြုပြင်လေရာ ထိုရွှံ့ခဲသည် ရေအိုးသဏ္ဌာန်ဖြစ်လာ၏၊ ထိုသဏ္ဌာန်သည် <b>အတ္ထပညတ်</b> မည်၏၊ ထိုသဏ္ဌာန်-ဟူသော အတ္ထပညတ်ပေါ်လာသည်နှင့် တစ်ပြိုင် နက် ထိုသဏ္ဌာန်မှာ ဃဋ-ဟူသော <b>သဒ္ဒပညတ်</b>သည်လည်း ကပ်ရောက် လာ၏၊ ထိုအိုးသည် မြေမှုန့်ပကတိပြန်၍မဖြစ်သမျှ ကာလပတ်လုံး ထိုသဏ္ဌာန်သည် မပျက်၊ ထိုသဏ္ဌာန်မပျက်သမျှ ကာလပတ်လုံး ထိုအိုးမှာ ထိုသဒ္ဒပညတ်မပျက်။</p>
<p>အကြင်အခါ၌ ထိုအိုးကိုခွဲ၍ မြေမှုန့်မြေခဲပကတိ ပြန်၍ဖြစ်စေ ရန် ပြုလုပ်သဖြင့် ထိုမြေမှုန့်မှာ အိုးလုပ်သမား၏ ပြုပြင်ချက်သည် ကွယ်ပျောက်၏၊ မြေမှုန့်ပကတိ ပြန်၍ဖြစ်၏၊ ထိုအခါ ထိုအိုးသဏ္ဌာန်ဟူသော အတ္ထပညတ်သည် ကွယ်ပျောက်၏၊ ထိုအတ္ထပညတ် ကွယ် ပျောက်သည်နှင့်တစ်ပြိုင်နက် ဃဋ-ဟူသော သဒ္ဒပညတ်သည်လည်း ထိုမြေမှုန့်မှာ ကွယ်ပျောက်လေ၏၊ မည်သူတစ်ယောက်မျှ ထိုမြေမှုန့်ကို ဃဋ-ဟူ၍ မထင်ကြကုန်ပြီ၊ မခေါ်ကြကုန်ပြီ။</p>
<p>ဤဝတ္ထု၌</p>
<p>မြေမှုန့်သည် အိုးသဏ္ဌာန်မဟုတ်၊ အိုးသဏ္ဌာန်သည် မြေမှုန့် မဟုတ်၊ မြေမှုန့်သည်ကား-တစ်ခြား၊ အိုးသဏ္ဌာန်သည်ကား-တစ်ခြား၊ မြေမှုန့်သည် အိုးထိန်းသမားလုပ်၍ ဖြစ်လာသည်မဟုတ်၊ မဟာပထဝီ မြေကြီးမှဖြစ်လာ၏၊ အိုးသဏ္ဌာန်သည် မဟာပထဝီမြေကြီးမှ ဖြစ်လာ သည်မဟုတ်၊ အိုးထိန်းသမားလုပ်၍ ဖြစ်လာ၏၊</p>
<p>မြေမှုန့်သည် အိုးထိန်းသမားလက်သို့ မရောက်မီကလည်း မြေမှုန့်ပင်ဖြစ်၏၊ အိုးထိန်းသမားလက်သို့ ရောက်၍ ပြုပြင်စဉ် အခါ၌ လည်း မြေမှုန့်ပင်ဖြစ်၏၊ ပြုပြင်ပြီးနောက် အိုးသဏ္ဌာန်ရှိနေစဉ်အခါ၌ လည်း မြေမှုန့်ပင်ဖြစ်၏၊ တစ်ဖန် ထိုအိုးကိုခွဲ၍ ထိုသဏ္ဌာန် ကွယ်ပျောက် သည့် အခါ၌လည်း မြေမှုန့်ပင်ဖြစ်၏၊</p>
<p>မြေမှုန့်သည်<b>ပကတိ သဘာဝမျိုး</b>ဖြစ်၏၊ အိုးသဏ္ဌာန်သည် <b>ပကတိသဘာဝမျိုးမဟုတ်</b>၊ စိတ်သညာတွင် မြေမှုန့်အပေါင်းအဖွဲ့ကို မှီကပ်၍ ထင်မြင်အပ်သော <b>ပညတ်မျိုး</b>သာဖြစ်၏၊ အိုးထိန်းသမား မပြုပြင်မီကလည်း ထိုမြေမှုန့်မှာ ထိုသဏ္ဌာန်ရှိနေသည်မဟုတ်၊ အိုးကိုစွဲ၍ မြေမှုန့်ပကတိ ဖြစ်ပြန်သောအခါ၌လည်း ထိုမြေမှုန့်မှာ ထိုအိုးသဏ္ဌာန်ရှိ နေသည် မဟုတ်၊ ဃဋ-ဟူသော သဒ္ဒပညတ်သည်လည်း ထိုမြေမှုန့်မှာ ထိုအိုးသဏ္ဌာန်ရှိခိုက်၌သာလျှင် ကပ်ရောက်လာ၏၊</p>
<p>ဤမြေမှုန့်ကိုပင် တစ်ဖန်မြေခွက်လုပ်ပြန်လျှင် မြေခွက်သဏ္ဌာန် ပေါ်ပြန်၏၊ အမှုန့်ပြုလုပ်ပြန်လျှင် မြေခွက်သဏ္ဌာန် ကွယ်ပျောက်ပြန်၏၊ မြေမှုန့်အတိုင်းပြန်၍ ဖြစ်ပြန်၏၊ ထိုမြေမှုန့်ကိုပင် လူရုပ်ပြုလုပ်ပြန်လျှင် လူရုပ်သဏ္ဌာန်ပေါ်ပြန်၏၊ အမှုန့်ပြုလုပ်ပြန်လျှင် လူရုပ်သဏ္ဌာန် ကွယ် ပျောက်ပြန်၏၊ မြေမှုန့်အတိုင်းပြန်၍ ဖြစ်ပြန်၏၊</p>
<p>[<b>ဤနည်းအတိုင်း ထိုမြေမှုန့်ကိုပင် အဆင့်ဆင့် အရုပ်မျိုးတစ်ရာ, အရုပ်မျိုး တစ်ထောင် လုပ်၍ကြည့်</b>။]</p>
<p>အဆုံး၌ မြေမှုန့်အတိုင်းပြန်၍ဖြစ်လျှင် ထိုမြေမှုန့်ကို မြေကြီး အတွင်းသို့ ပြန်၍ပို့ထားက မြေကြီးပကတိအတိုင်း အတည်ကျပြန်လေ၏၊ အလယ်၌ပြုလုပ်သမျှသော အိုးသဏ္ဌာန်, ခွက်သဏ္ဌာန်, လူရုပ်သဏ္ဌာန် စသည်တို့သည် မျက်လှည့်ပြရာတွင် ထင်မြင်ရသော အထည်ဝတ္ထု တွေနှင့် <b>တူလှလေကုန်</b>၏၊</p>
<p>[<b>ထို့ကြောင့်ပင်လျှင် စိတ်ဝိညာဏ်ကို မျက်လှည့်သည်ကြီးများနှင့် တူကြောင်း မြတ်စွာဘုရားကြီး ဟောတော်မူပေသည်</b>]</p>
<h3>စိတ်ဝိညာဏ်သည် မျက်လှည့်သည်ကြီးများနှင့် တူပုံ</h3>
<p>မျက်လှည့်သည်ကြီးများသည် မြင့်ရာ၌နေသော သူတို့အား အောက်၌ ကောင်းကင်ကို မြေပြင်ထင်ရအောင် ပြုလုပ်တတ်၏၊ ထိုသူ တို့သည် မြေပြင်ထင်၍ ဆင်းကြကုန်ရာ တည်ရာမရ အောက်သို့ကျ၍ သေဆုံးတတ်ကြကုန်၏၊ ရေပြင်ကို မြေပင်ထင်ရအောင် ပြုလုပ်တတ်ကြ ကုန်၏၊ မြေပြင်ထင်၍ ဆင်း-နင်း ကြကုန်ရာ ရေနစ်၍ သေဆုံးတတ်ကြ ကုန်၏၊</p>
<p>သတ္တဝါတို့၏ စိတ်ဝိညာဏ်သည် ထိုမျက်လှည့်သည်ကြီးများနှင့်</p>
<p>အလွန်တူလှ၏၊ ထိုအိုးဝတ္ထု သဏ္ဌာန်ပညတ်သည် ကောင်းကင်နှင့်တူ၏၊ ကောင်းကင်ကို မြေပြင်ထင်ရအောင် ပြုလုပ်တတ်သော မျက်လှည့်သည် ကြီးကဲ့သို့ သတ္တဝါတို့၏ စိတ်ဝိညာဏ်သည် ထိုသဏ္ဌာန်ပညတ်ကိုပင အထည်ဝတ္ထုကြီးထင်ရအောင် ပြတတ်ကုန်၏၊</p>
<p>စိတ်ဝိညာဏ်၏ အကြီးအကျယ် လှည့်စားမှုကြီးကို မသိကြကုန် သောသူတို့သည် ဘာမျှမှမရှိသောကောင်းကင်ကို မြေပြင်ကြီး ထင်မြင် ကြသော သူတို့ကဲ့သို့ လောက၌ စိတ်ဝိညာဏ်၏ လှည့်စားမှုနှင့် ထင်ပေါ် ထင်ရှား၍ နေကုန်သောသက်ရှိသက်မဲ့ ဝတ္ထုကြီးငယ် အထည်ဒြဗ် ပညတ်သဏ္ဌာန်တို့ကို အဟုတ်အမှန် ထင်မှတ်စွဲလမ်း၍ နေကြကုန်၏၊</p>
<p>[<b>ဤကား-ပရမတ်သဘောမှ အလွတ်ဖြစ်သော သဒ္ဒပညတ်နှင့် အတ္ထပညတ်ကို ပြဆိုခြင်းတည်း</b>။]</p>
<p>----*--</p><h3>ပရမတ်သဘောမှ မလွတ်သော သဒ္ဒပညတ်နှင့် အတ္ထပညတ်</h3>
<p><b>စိတ္တ, ဝိညာဏ, ဖဿ, ဝေဒနာ, ပထဝီ, အာပေါ, စက္ခု, သောတ, ရူပ, သဒ္ဒ</b>-အစရှိသော သဒ္ဒပညတ်တို့သည်မူကား- <b>ကြံခြင်း, သိခြင်း, တွေ့ခြင်း, ခံစားခြင်း, ခက်မာခြင်း, ဖွဲ့စေးခြင်း, မျက်စိမှာရှိသော အကြည် ဓာတ်, နားမှာရှိသော အကြည်ဓာတ်, အဆင်းဓာတ်, အသံဓာတ်-အစရှိ ကုန်သော သဘောအားဖြင့် ထင်ရှားရှိကုန်သော ပရမတ္ထသဘာဝ အနက်တို့ကို ပြဆိုကြပေကုန်သော သဒ္ဒပညတ်တို့</b>ပေတည်း။</p>
<p>၁။ <b>အနက်တို့ကား-ပရမတ်တို့</b>ပေတည်း။<br>
၂။ <b>သဒ္ဒါတို့ကား-ပညတ်တို့</b>ပေတည်း။</p>
<p>သဒ္ဒါဆိုသော်လည်း ဤ “ပလေတိုး” ၏စကား၌ နားဖြင့်ကြား ကောင်းသော ပရမတ်သဒ္ဒါရုံကို ဆိုသည်မဟုတ်၊ စိတ်သညာထဲတွင် သိမှတ်၍နေကြသော နာမပညတ်ကို သဒ္ဒပညတ်ဆိုသတည်း၊ ထိုအတ္ထ ပညတ်, သဒ္ဒပညတ်များသည် <b>နိစ္စမျိုးဖြစ်၍ မြဲသည်ဟုဆိုရ၏</b>၊</p>
<p>အဘယ့်ကြောင့် <b>နိစ္စမျိုး</b>ဖြစ်သနည်းဟူမူ</p>
<p>ဖြစ်သည်, ရင့်သည်, ပျက်သည်ဟူ၍ဆိုရန် ဓာတ်သားဝတ္ထုမျှ မရှိမူ၍ မျက်လှည့်အတတ်၏အစွမ်းဖြင့် ကောင်းကင်ကို မြေပြင်ကြီး ထင်သကဲ့သို့ စိတ်ဝိညာဏ် မျက်လှည့်၏အစွမ်းဖြင့် ထင်ရသော အရာမျိုး ဖြစ်ချေ၍ ကောင်းကင်ကဲ့သို့ <b>မြဲသည်ဟု ဆိုရလေသတည်း</b>။ မြဲပုံကား။ ။အိုးတစ်ခုကွဲပျက်၍ ထိုအိုးအတွက် ဃဋ-သဒ္ဒါ ကွယ်ပျောက်သော်လည်း ရှိနေကြသော အိုးများအတွက် လူတို့၏ စိတ်သညာထဲမှာ ဃဋ-ဟူသော နာမပညတ် အမှတ်အသိ <b>ရှိမြဲရှိကြသည် သာဖြစ်၏</b>၊</p>
<p>[<b>ဤကဲ့သို့ ရှိမြဲရှိသည်ကို မြဲသည်ဟု ဆိုပေသည်</b>။]</p>
<p>ပစ္စည်း,ပစ္စယုပ္ပန် ဆက်ဆံခြင်းသဘောသည်မူကား- ထိုသဒ္ဒ ပညတ်, အတ္ထပညတ်များကဲ့သို့ <b>နိစ္စမျိုးမဟုတ်</b>ပေ၊ အကြောင်းမူကားအထက်ကထုတ်ပြခဲ့သော ဒေါသဝတ္ထု, မေတ္တာဝတ္ထုတို့၌ ဒေါသဟူသော ပရမတ်အစစ်မှ ဖြစ်ပွားသော ဆက်ဆံမှုသည် ထိုဒေါသချုပ်ပျောက် ကင်းငြိမ်း၍သွားလျှင် ထိုဆက်ဆံမှုသည်လည်း <b>ချုပ်ပျောက်သည် သာဖြစ်၏</b>၊</p>
<p>[<b>မေတ္တာဝတ္ထု၌လည်း ထို့အတူတည်း</b>။]</p>
<p>ကြွင်းသောနာမ်ပစ္စည်း, ရုပ်ပစ္စည်းတို့မှာလည်း ထိုထိုနာမ်ပစ္စည်း, ရုပ်ပစ္စည်းတို့မှ ဖြစ်ပွားကြသော ဆက်ဆံမှုတို့သည် အရင်းခံဖြစ်သော ထိုထိုနာမ်ပစ္စည်းတရား, ရုပ်ပစ္စည်းတရားချုပ်ဆုံး၍ သွားကြလျှင် <b>ချုပ်ဆုံးကြကုန်</b>၏၊</p>
<p>သို့သော် <b>အာရမ္မဏပစ္စည်း, ဥပနိဿယပစ္စည်း, ကမ္မပစ္စည်း</b>တို့မှ ဖြစ်ပွားကြကုန်သော ဆက်ဆံမှုတို့သည်ကား-ပစ္စည်းတရားရင်းချုပ်၍ သွားသော်လည်း <b>ကာလမြင့်ကြာ တည်ရှိသည်လည်း ရှိကြကုန်</b>၏၊</p>
<p><b>ပညတ်ပစ္စည်း, နိဗ္ဗာန်ပစ္စည်း</b>တို့မှ ဖြစ်ပွားသော ဆက်ဆံမှုတို့ သည်မူကား-ထိုပညတ်တရား, နိဗ္ဗာန်တရားတို့ကို သိကြသူတို့ <b>ရှိနေခိုက်၌ သာ တည်ရှိနိုင်ကြကုန်</b>၏၊ သိကြသူတို့မရှိကြလျှင် <b>ကွယ်ပျောက်ကြ ရကုန်</b>၏၊</p>
<p>တတီယစကားခွန်း အဖြေပြီး၏၊</p>
<p>------*------</p>
<h3>စတုတ္ထစကားခွန်း အဖြေ</h3>
<p>၄။ “၎င်းဆက်ဆံခြင်း သဘောတရားသည် နာမ်တရားလည်း မဟုတ်၊ ရုပ်တရားလည်းမဟုတ်ပဲလျက် အစဉ်အမြဲ တည်၍နေသော တရားများဖြစ်ကြသည်” ဟူသောစကား၌ တတိယအဖြေတွင် နာမ်ပစ္စည်းမှဖြစ်ပွားသောဆက်ဆံခြင်းကို</p>
<p>နာမ်တရား၌ ထည့်သွင်းခဲ့ပြီ၊ ရုပ်ပစ္စည်းမှဖြစ်ပွားသော ဆက်ဆံခြင်းကို ရုပ်တရား၌ ထည့်သွင်းခဲ့ပြီ၊ နိဗ္ဗာန်ပစ္စည်း, ပညတ်ပစ္စည်းတို့မှ ဖြစ်ပွား သော ဆက်ဆံခြင်းသဘောတို့မှာလည်း <b>ထိုနည်းအတူ ထည့်သွင်းရမည်</b>။</p>
<p>[ “<b>ပစ္စည်း, ပစ္စယုပ္ပန် ဆက်ဆံခြင်း</b>” ဟူသောစကား၌ ပစ္စယုပ္ပန်ဆိုသည် ကား-<b>ရုပ်တရားမျိုးနှင့် သင်္ခတဖြစ်သော နာမ်တရားမျိုးဟူ၍ နှစ်မျိုးသာ ရှိကြောင်းကို ပြဆိုခဲ့ပြီ</b>။]</p>
<p>သင်္ခတတရားတို့၏အထဲမှာ ပစ္စည်းတရားများသည်လည်း <b>အနိစ္စ</b>ဖြစ်ကြ၏၊ ပစ္စယုပ္ပန်တရားများသည်လည်း <b>အနိစ္စ</b>ဖြစ်ကြ၏၊ ပစ္စည်းနှင့် ပစ္စယုပ္ပန်အလယ်၌ ဆက်သွယ်ရသော ဆက်ဆံခြင်းသဘော သည် <b>အဘယ်မှာ အစဉ်အမြဲ တည်နိုင်ချေအံ့နည်း</b>။</p>
<p>စတုတ္ထစကားခွန်း အဖြေပြီး၏၊</p>
<p>ဘာတရင်ရာဆယ်၏စကားလေးခွန်း အဖြေပြီး၏၊</p>
<p>------*------</p>
<h3>အတ္တခွဲနည်း</h3>
<p><b>သီရိလင်္ကာ အတ္တ,အနတ္တပုစ္ဆာအဖြေ</b></p>
<p><b>နမော တဿ ဘဂဂတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ</b>။</p>
<p>သီဟိုဠ်ကျွန်းသား-ကျောင်းဆရာကြီး၏ အတ္တ, အနတ္တ, ပုစ္ဆာကို-ဆရာတော်ဘုရားကြီး ဖြေဆိုတော်မူချက်</p>
<p><b>အတ္တ</b>, ဆိုသည်ကား-<b>သာရတ္ထေန အတ္တာ</b>-ဟူသောပါဌ်နှင့်အညီ ပုဂ္ဂိုလ်၏အထည်ခံ အမာခံဖြစ်သော <b>အနှစ်သာရ-သတ္တဝါ၏ အထည်ခံ အမာခံဖြစ်သော အနှစ်သာရ</b>ကို ဆိုသတည်း။</p>
<h3>ပရမတ်နှင့်ပညတ် နှစ်ပါးခွဲနည်း</h3>
<p>ဤအရာ၌ <b>ပရမတ္ထတရားနှင့် ပညတ်တရားခွဲခန်း</b>ကို ပြဆိုရာ၏</p>
<p>၁။ <b>ပထဝီဓာတ်, အာပေါဓာတ် အစရှိသော ရုပ်ဓာတ်တရားမျိုး တို့သည် လောက၌ ကိုယ့်သဘောနှင့်ကိုယ် အသီးအသီး ဧကန်မုချ ထင်ရှား ရှိကြကုန်</b>၏၊</p>
<p><b>စိတ်ဝိညာဏ်ဟူသော နာမ်ဓာတ်တရား, ဖဿ, ဝေဒနာ, သညာ, စေတနာ- အစရှိသော စေတသိက်ဟူသော နာမ်ဓာတ်တရားတို့ သည်လည်း လောက၌ ကိုယ့်သဘောနှင့်ကိုယ် အသီးအသီး ဧကန်မုချ ထင်ရှားရှိကြကုန်</b>၏၊ ထိုရုပ်ဓာတ်တရား, နာမ်ဓာတ်တရားတို့သည် သာလျှင် ဧကန်မုချ ထင်ရှားရှိကြသောကြောင့် <b>ပရမတ္ထတရားတို့ မည်ကုန်</b>၏၊</p>
<p>၂။ <b>ပုဂ္ဂိုလ်သတ္တဝါ အစရှိသော ပညတ်တရားတို့သည်ကား ကိုယ့်သဘောနှင့်ကိုယ် အသီးအသီး ထင်ရှားမရှိကြကုန်</b>၊ ရုပ်ဓာတ်တရား, နာမ်ဓာတ်တရားတို့၏ အပေါင်းအစုကို အမှီပြု၍ ပုဂ္ဂိုလ်တို့၏ စိတ် သဘောထဲတွင် ထင်မြင်ကြရသော <b>ပညတ်တရားမျှတို့သာ</b>တည်း။</p>
<p>ဥပမာကား။ <b>မြေသပိတ်, သံသပိတ်</b>ဟူသော စကား၌ ပထဝီ ဓာတ်မျိုးဖြစ်သောမြေ, ပထဝီဓာတ်မျိုးဖြစ်သော သံတို့သည် သဘော အားဖြင့် ထင်ရှားရှိကုန်၏၊ <b>သပိတ်</b>ဆိုသည်ကား-<b>သဘောအားဖြင့် ထင်ရှားမရှိ</b>၊ ထိုမြေအစုအခဲ, သံအစုအခဲတို့ကို အမှီပြု၍ သတ္ထဝါတို့၏ စိတ်မနောထဲတွင် အဝန်းအဝိုင်းအနေအားဖြင့် ထင်မြင်ကြရသော <b>သဏ္ဌာန်ပညတ်မျှသာ</b>တည်း။</p>
<p>မြေ, သံတို့သည်ကား- လောက၌ ကမ္ဘာအဆက်ဆက် အရိုး အစဉ်အားဖြင့် ထင်ရှားရှိနေကြကုန်၏၊ <b>သပိတ်</b>သည်မူကား- ထိုကဲ့သို့ အရိုးအစဉ်အားဖြင့် ထင်ရှားရှိနေသည်မဟုတ်၊ သပိတ်လုပ်သောသူ၏ ပြုပြင်ချက်နှင့် အဝန်းအဝိုင်း အနေအားဖြင့် ထင်ရှားမြင်လာရသော <b>အာဂန္တုကသဏ္ဌာန်နိမိတ် အရိပ်အရောင်မျှ</b>သာတည်း၊ တစ်ဖန် ထိုသပိတ် ကိုပင် ထုနှက်ကြိတ်နယ်၍ ဖျက်စီးပြန်သည်ရှိသော် မြေ, သံတို့သည် ပကတိအတိုင်းပင် ရှိနေကြကုန်၏၊ အဝန်းအဝိုင်းသဏ္ဌာန် သည်မူကား<b>ကွယ်ပျောက်လေ</b>၏၊ အဝန်းအဝိုင်း သဏ္ဌာန်ကွယ် ပျောက်ခဲ့လျှင် သပိတ် ဟူသော အမှတ်သညာသည်လည်း <b>ကွယ်ပျောက်လေ</b>၏၊</p>
<h3>နှိုင်းယှဉ်ပြချက်</h3>
<p>၁။ ဤဥပမာ၌ <b>မြေ, သံတို့နှင့် ထိုရုပ်ဓာတ်, နာမ်ဓာတ် ဟူသော ပရမတ္ထတရားတို့သည် တူကုန်</b>၏၊</p>
<p>၂။ ဤဥပမာ၌ <b>သပိတ်ဟူသော အဝန်းအဝိုင်းသဏ္ဌာန်ပညတ် နှင့် ပုဂ္ဂိုလ်သတ္တဝါဟူသော သဏ္ဌာန်ပညတ် နိမိတ် အရိပ်အရောင် တို့သည် တူကြကုန်</b>၏၊</p>
<p>ပုဂ္ဂိုလ်သတ္တဝါတို့၌လည်း ဦးခေါင်း၌ရှိသော ရုပ်ဓာတ်, နာမ်ဓာတ် တို့သည်သာလျှင် <b>အဟုတ်ရှိအမှန်ရှိ</b> ဖြစ်ကုန်၏၊ <b>ဦးခေါင်း</b>သည်မူကား<b>အဟုတ်ရှိအမှန်ရှိ မဟုတ်၊ သဏ္ဌာန်ပညတ်မျှသာ</b>တည်း၊ ကျန်ရှိသော ခြေသဏ္ဌာန်, လက်သဏ္ဌာန် အစရှိသော သဏ္ဌာန်ကြီးငယ်တို့၌လည်း ထို့အတူ ပရမတ်, ပညတ်နှစ်ပါး ခွဲခြမ်းဝေဖန်၍သိလေ။</p>
<p>ဆံပင်, မွေးညင်း- စသည်တို့တွင်လည်း ဆံပင်တို့၌ရှိသော <b>ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ</b>-အစရှိသော ရုပ်ဓာတ်တို့သည်သာလျှင် <b>အဟုတ်အမှန်ရှိ</b> ဖြစ်ကုန်၏၊ <b>ဆံပင်</b>သည်မူ ကား- <b>အဟုတ်ရှိအမှန်ရှိ မဟုတ်</b>၊၊ လုံးလုံးလျားလျား-ဟူသော <b>သဏ္ဌာန် ပညတ်မျှသာ</b>တည်း။</p>
<p>မွေးညင်းတို့၌လည်း ဤအတူတည်း၊ ခြေသည်း, လက်သည်း, သွား, အရေ, အကြော, အရိုး, ရိုးတွင်းခြင်ဆီ, အညို့, နှလုံး, အမြှေး, အဆုတ်, အူမ, အူသိမ်, အစာသစ်, အစာဟောင်း- စသည်တို့၌လည်း <b>ရုပ်ဓာတ်တို့သည်သာလျှင် ဧကန်မုချ အဟုတ်အမှန်ရှိကုန်</b>၏၊ <b>အဝန်း, အဝိုင်း, အလုံး, အပြား</b>- အစရှိသည်တို့သည်ကား- <b>အဟုတ်ရှိ အမှန်ရှိ မဟုတ်ကုန်၊ သဏ္ဌာန် ပညတ်မျှတို့သာ</b>တည်း။</p>
<p>''ပညတ်ပေါ်လျှင် ပရမတ်ငုတ်မြဲ, ပရမတ်ပေါ်လျှင် ပညတ် ကွယ်ပျောက်မြဲ” ဟူသော ဆိုရိုးစကားနှင့်အညီ ဦးခေါင်း သဏ္ဌာန်စသော ပညတ်ပေါ်၍ နေသည့်အခါ ထိုဦးခေါင်းစသည်တို့၌ ရှိကြကုန်သော ရုပ်ဓာတ်တို့သည် <b>ငုတ်မြုပ်၍ နေကြကုန်</b>၏၊ ထိုဦးခေါင်း သဏ္ဌာန် စသည်ကို ထုနှက်ကြိတ်နယ်၍ ဖျက်စီးပြန်သည်ရှိသော် ပရမတ် ပထဝီ ဓာတ်မှုန့်တို့သည် <b>ပေါ်ထွက်၍လာကုန်</b>၏၊ ဦးခေါင်းသဏ္ဌာန် အစရှိသော ပညတ်သဏ္ဌာန်တို့သည် <b>ကွယ်ပျောက်လေကုန်</b>၏၊ ဆံပင်၊ မွေးညင်း-စသော ပညတ်ပေါ်၍နေသည့်အခါ ထိုဆံပင်, မွေးညင်း စသည်တို့၌ ရှိနေကြသော ပရမတ်ရုပ်တရားတို့သည် <b>ငုတ်မြုပ်၍ နေကြ ကုန်</b>၏၊ ထိုဆံပင်, မွေးညင်းသဏ္ဌာန်- စသည်တို့ကို ထုနှက်ကြိတ် နယ်၍ ဖျက်ဆီး ပြန်သည်ရှိသော် ပရမတ် ပထဝီဓာတ်မှုန့်တို့သည် <b>ပေါ်ထွက်၍ လာကုန်</b>၏၊ ဆံပင်, မွေးညင်းအစရှိသော ပညတ်သဏ္ဌာန်တို့သည် <b>ကွယ်ပျောက်လေ</b>၏၊</p>
<p>ပရမတ်, ပညတ်, နှစ်ပါးခွဲနည်းပြီး၏၊</p>
<p>------*------</p>
<h3>နိစ္စ, အနိစ္စ, ခွဲနည်း</h3>
<p><b>နိစ္စ, အနိစ္စ ခွဲနည်း</b>ကို ပြဆိုရာ၏၊ <b>ပညတ်</b>မည်သည် သဘော အားဖြင့် <b>အဟုတ်ရှိမျိုး, အမှန်ရှိမျိုး မဟုတ်</b>, ဖြစ်မှု, ပျက်မှုဟူ၍လည်း <b>အမှန်မရှိ</b>၊ စိတ်မနောတွင် ထင်ခွင့်ရှိနေသောအခါ သပိတ်မှာကဲ့သို့ ထင်ပေါ်၍နေ၏၊ ထင်ခွင့်မရှိသောအခါ သပိတ်ကို အမှုန့်ပြုရာ၌ကဲ့သို့ မထင်ဘဲရှိနေတတ်၏၊ ထို့ကြောင့် ခပ်သိမ်းသော ပညတ်မျိုးတို့သည် <b>နိစ္စမျိုးသာ</b>ဖြစ်ကုန်၏၊၊ <b>ရုပ်ဓာတ်, နာမ်ဓာတ်</b>တို့သည်မူကား- သဘော အားဖြင့် <b>အဟုတ်ရှိ အမှန်ရှိမျိုး</b>ဖြစ် ကြကုန်၏၊ ဖြစ်မှု, ပျက်မှုလည်း <b>အမှန်ရှိကြကုန်</b>၏၊ ထို့ကြောင့် နိဗ္ဗာန်မှတစ်ပါးသော ထိုရုပ်ဓာတ်မျိုး, နာမ်ဓာတ်မျိုးတို့သည် <b>အနိစ္စမျိုးသာ</b>တည်း။</p>
<p>ထင်ရှားအောင်ပြဆိုဦးအံ့</p>
<p>တစ်ယောက်သောလူ၏ ဦးခေါင်း ခြေလက် စသော ပညတ်မျိုး၊ ဆံပင်, မွေးညင်း-စသော ပညတ်မျိုးတို့ သည် အသက်ထက်ဆုံး <b>မြဲကုန်</b>၏၊ ထိုသူသေဆုံး၍ အလောင်းကောင်ဖြစ် သည်တိုင်အောင် ထိုပညတ်မျိုး တိ့ုသည် <b>ရှိနေကြကုန်</b>၏၊ အလောင်းကို မြင်လျှင် မည်သူ့အလောင်းဟူ၍ သိနိုင်ကြကုန်၏၊ ဤကား-ဦးခေါင်း၊ ဤကား-ခြေလက်စသည် ဖြင့်လည်း သိနိုင်ကြကုန်၏၊ ဤကား-ဆံပင်၊ ဤကား-မွေးညင်း၊ စသည် တို့ဖြင့်လည်း သိနိုင်ကြကုန်၏၊ အလောင်းကို မီးမြှိုက်၍ ပြာမှုန့် အစုဖြစ်သောအခါမှသာလျှင် ထိုပညတ်တို့သည် <b>ပျောက်ကွယ်၍ ကုန်လေ</b>၏၊</p>
<p>[<b>ဤကား- ပညတ်တရား၏ နိစ္စမျိုးဖြစ်ပုံကို ပြဆိုချက်</b>တည်း။]</p>
<p>ထိုလူ၌ ရှိနေကြကုန်သော ရုပ်ဓာတ်တရား, နာမ်ဓာတ်တရား တို့သည်မူကား- တစ်နေ့တစ်ရက်အဖို့မှာပင် <b>အကြိမ်တစ်ရာမက ဖြစ်ပျက် ပြောင်းလဲကြရကုန်</b>၏၊ ပြောင်းလဲပုံကား-<b>ဣရိယာပထ ပြောင်းလဲမှု</b>ကို အစဉ်လျှောက်၍ ဆိုပေအံ့၊ ဣရိယာပထသည် လေးပါးရှိ၏၊</p>
<p>၁။ <b>အိပ်ခြင်းတစ်ပါး</b>၊<br>
၂။ <b>ထိုင်ခြင်းတစ်ပါး</b>၊<br>
၃။ <b>ရပ်ခြင်းတစ်ပါး</b>၊<br>
၄။ <b>သွားခြင်းတစ်ပါး</b>၊</p>
<p>ထိုလေးပါးတို့တွင် အိပ်ခြင်းဣရိယာပထ၏ သက်ဆိုင်ရာ ရုပ်ဓာတ်အသင်း, နာမ်ဓာတ်အသင်းတို့ကား-တစ်မျိုး၊ ထိုင်ခြင်း ဣရိယာပထ၏ သက်ဆိုင်ရာရုပ်ဓာတ်အသင်း, နာမ်ဓာတ်အသင်းတို့ ကား-တစ်မျိုး၊ ရပ်ခြင်းဣရိယာပထ၏ သက်ဆိုင်ရာရုပ်ဓာတ်အသင်း, နာမ်ဓာတ်အသင်းတို့ကား-တစ်မျိုး၊ သွားခြင်းဣရိယာပထ၏ သက်ဆိုင် ရာရုပ်ဓာတ်အသင်း, နာမ်ဓာတ်အသင်းတို့ကား-တစ်မျိုး၊ သွားခြင်း ဣရိယာပထ၏ သက်ဆိုင်ရာရုပ်ဓာတ်အသင်း, နာမ်ဓာတ်အသင်းတို့ သည်လည်း ပထမခြေလှမ်း၏သက်ဆိုင်ရာ ရုပ်ဓာတ်အသင်း, နာမ်ဓာတ် အသင်းတို့ကား-တစ်မျိုး၊ ဒုတိယခြေလှမ်း၏ သက်ဆိုင်ရာ ရုပ်ဓာတ် အသင်း, နာမ်ဓာတ်အသင်းတို့ကား-တစ်မျိုးစသည်ဖြင့် ဆိုလေ။ ထိုတွင် အိပ်ခြင်းဣရိယာပထ၏ သက်ဆိုင်ရာ ရုပ်ဓာတ်အသင်း, နာမ်ဓာတ်အသင်းတို့သည် ထိုင်ခြင်း ဣရိယာပထသို့ မရောက်နိုင်ကြ ကုန်၊ အိပ်ခြင်းဣရိယာပထ၌သာ <b>အကုန်ချုပ်ဆုံးကြကုန်</b>၏၊ အိပ်ရာမှ ထ၍ ထိုင်လိုသည်ရှိသော် စိတ်ရောကိုယ်ပါ လှုပ်မှု, ရှားမှု, အားယူမှုတို့ကို အသစ်တစ်မျိုးထူထောင်၍ ထိုင်ခြင်းဣရိယာပထ၏ သက်ဆိုင်ရာ ရုပ်ဓာတ်အသင်း, နာမ်ဓာတ်အသင်းတို့ကို <b>အသစ်တစ်မျိုးဖြစ်ပေါ်စေကြ ကုန်</b>ရာ၏၊ ထိုအခါ အိပ်ခြင်းဣရိယာပထ၏ သက်ဆိုင်ရာ ရုပ်ဓာတ် အသင်း, နာမ်ဓာတ်အသင်းတို့သည် မီးတောက်ကြီး သေပျောက်သကဲ့သို့ <b>ခဏချင်းကွယ်ပျောက်ကြလေကုန်</b>၏၊ ဤသို့အိပ်ခြင်းအမှုနှင့် ထိုင်ခြင်း အမှု၌ ရုပ်ဓာတ်, နာမ်ဓာတ်အသင်းတို့၏ ပြောင်းလဲမှုကြီးသည် လောက၌ ကိုယ်တွေ့ဒိဋ္ဌဖြစ်ကြ၏၊ ထိုင်ခြင်းဣရိယာပထနှင့် ရပ်ခြင်း ဣရိယာ ပထတို့၏ ပြောင်းလဲမှု, ရပ်ခြင်းဣရိယာပထနှင့် သွားခြင်း ဣရိယာ ပထတို့၏ ပြောင်းလဲမှု, သွားခြင်းဣရိယာပထတွင်လည်း ပထမ ခြေလှမ်းနှင့် ဒုတိယခြေလှမ်းတို့၏ ပြောင်းလဲမှု-စသည်တို့၌လည်း <b>ထိုနည်းအတူ ဆိုလေ</b>။</p>
<p>ဣရိယာပထ လေးပါးတို့တွင် တစ်ခုတစ်ခုသော ဣရိယာပထ မှာလည်း အစ, အဆုံး အသီးအသီး ထင်ရှားရှိကြ၏၊ ခြေလှမ်းတို့မှာ လည်း အစ, အဆုံး အသီးအသီး ထင်ရှားရှိကြ၏၊ အသီးအသီးသော ရုပ်ဓာတ်အသင်း, နာမ်ဓာတ်အသင်းတို့၏ <b>ဖြစ်မှု, ပျက်မှု ပြောင်းလဲမှုတို့</b> ပေတည်း၊ ဤသို့လျှင် ရုပ်ဓာတ်, နာမ်ဓာတ်တရားတို့သည်မူကားတစ်နေ့တစ်ရက်အဖို့မှာပင် <b>အကြိမ်တစ်ရာမက ဖြစ်ပျက် ပြောင်းလဲကြ ရကုန်</b>၏၊</p>
<p>နိစ္စ, အနိစ္စ ခွဲနည်းပြီး၏၊</p>
<p>-----*------</p>
<h3>ဒိဋ္ဌိသုံးပါးတို့ကို ပယ်ဖျက်ချက် အတ္တ, အနတ္တ, စစ်တမ်း</h3>
<p><b>အတ္တ</b>ဆိုသည်ကား- <b>သာရတ္ထေန အတ္တာ</b>-ဟူသော ပါဌ်နှင့် အညီ ပုဂ္ဂိုလ်၏အထည်ခံအမာခံဖြစ်သော <b>အနှစ်သာရ</b>၊ သတ္တဝါ၏ အထည် ခံအမာခံဖြစ်သော <b>အနှစ်သာရ</b>တို့ကို ဆိုသတည်း။</p>
<p>ထင်ရှားအောင်ပြဆိုဦးအံ့</p>
<p>ရုပ်ဓာတ်, နာမ်ဓာတ်တို့ကိုလည်းကောင်း၊ ရုပ်ဓာတ်, နာမ်ဓာတ် တို့နှင့် ပညတ်တို့၏ အထူးအပြားကိုလည်းကောင်း မသိကြကုန်သော သတ္တဝါအပေါင်းတို့သည် ရုပ်ဓာတ်, နာမ်ဓာတ်တို့ကို ပုဂ္ဂိုလ်ဘဲ, သတ္တဝါဘဲ, ငါဘဲ, သူဘဲ-ဟု အခိုင်အမြဲ စွဲလမ်းကြကုန်၏၊ ဤသို့ စွဲလမ်းရာ၌ အဟုတ်ရှိအမှန်ရှိဖြစ်သော ရုပ်ဓာတ်, နာမ်ဓာတ်တို့သည် အဟုတ်ရှိ အမှန်ရှိမဟုတ်သော ပညတ်တို့၏ အထည်ခံအမာခံ အနှစ်အသား ဖြစ်ကြရကုန်၏၊ ဤသို့အထည်ခံအမာခံ အနှစ်အသား ဖြစ်ကြသည်ကို <b>အတ္တ</b>ဟူ၍ ဆိုသတည်း။</p>
<p>[<b>ဤကား-သတ္တဝါအများတို့နှင့် သက်ဆိုင်သော အတ္တဒိဋ္ဌိသာမည</b>ပေတည်း။]</p>
<h3>အချို့ယူဆချက်</h3>
<p>၁။ အချို့သော သူတို့သည်ကား-<b>စိတ်ဝိညာဏ်တရားကို သာလျှင် ပုဂ္ဂိုလ်၏ အထည်ခံ အမာခံ အနှစ်သာရ အတ္တ ဟူ၍ စွဲလမ်းကြကုန်</b>၏၊</p>
<p>၂။ အချို့သော သူတို့သည်ကား- <b>ရုပ်ဓာတ်, နာမ်ဓာတ်တို့သည် အတ္တမဟုတ်ကုန်၊ အတ္တ၏တည်နေရာ ခန္ဓာအိမ်မျှသာ ဖြစ်ကြကုန်</b>၏၊ ထိုခန္ဓာအိမ်၌တည်နေ၍ ထိုခန္ဓာအိမ်ကို အုပ်စိုးလျက် မြင်မှု, ကြားမှု-စသည်ကို စီရင်ချက်ရှိနေသော <b>တစ်ခုသော အနှစ်သာရသည် အတ္တ</b>, ဖြစ်၏၊</p>
<p>၃။ အချို့သောသူတို့သည်ကား-<b>ခပ်သိမ်းသောသတ္တဝါတို့၏ အတ္တမည်သည် အထက်ကောင်းကင်ဘုံ၌ရှိသော မဟာ ဗြဟ္မာကြီး၏ ပရမအတ္တမှ ဖြစ်ပွါးကြရကုန်</b>၏၊ ဖြစ်ပွါးပုံ ကားထိုမဟာဗြဟ္မာကြီးသည် ကမ္ဘာဦးအခါ၌ လူ, နတ်, ဗြဟ္မာ သတ္တဝါတို့ကို မိမိတန်ခိုးဖြင့် ဖန်ဆင်းသောအခါ မိမိ၏ပရမအတ္တမှ အတ္တအစိတ်အငယ်တို့ကို လောက၌ ဖြန့်ကြဲလေ၏၊ ထိုအတ္တအစိတ်ငယ်တို့သည် သတ္တဝါတို့၌ အသီးအသီးသော အတ္တဖြစ်ကြကုန်၏၊ ထိုအတ္တရှိနေကြ သည့်အတွက် မြင်မှု, ကြားမှု အစရှိသော သတ္တဝါတို့၏ ကိစ္စကို ပြုလုပ်နိုင်ကြကုန်၏-ဟု မှတ်ယူကြကုန်၏၊</p>
<p>၄။ အချို့သော သူတို့သည်ကား-<b>ထိုအတ္တသည် ဖြစ်ပေါ်ရာ ဘုံဘဝ၌ ပစ္စုပ္ပန်တစ်ဘဝသာရှိ၏၊ တစ်ဘဝသို့ ပြောင်းရွှေ့ သည်ဟူ၍မရှိ၊ သေရာမှပြတ်ဆုံး</b>၏-ဟု ယူကြကုန်၏၊</p>
<p>[<b>ဤကား-ဥစ္ဆေဒ အယူ</b>ပေတည်း။]</p>
<p>၅။ အချို့သောသူတို့သည်ကား-<b>ထိုအတ္တသည် သံသရာ၌ အစဉ်မြဲ၏၊ ဖြစ်သည်, ပျက်သည်ဟူ၍ မရှိ၊ ဘဝအဆက် ဆက် အစဉ်လိုက်ပါ၍နေ၏</b>-ဟုယူကြကုန်၏၊</p>
<p>[<b>ဤကား-သဿတဒိဋ္ဌိ အယူ</b>ပေတည်း။]</p>
<p>အတ္တစစ်တမ်းပြီး၏၊</p>
<p>------*------</p>
<h3>အနတ္တစစ်တမ်း</h3>
<p><b>အနတ္တ</b>ဆိုသည်ကား- <b>အသာရကတ္ထေန အနတ္တာ</b>-ဟူသော ပါဌ်နှင့်အညီ <b>ရုပ်ဓာတ်, နာမ်ဓာတ်တို့သည် ပုဂ္ဂိုလ်၏ အထည်ခံ အမာခံ အနှစ်သာရ မဟုတ်ကြ၊ သတ္တဝါ၏ အထည်ခံအမာခံ အနှစ်သာရ မဟုတ်ကြ</b>သည်ကို ဆိုသည်၊ ထင်ရှားအောင်ပြဆိုဦးအံ့၊ <b>ရုပ်ဓာတ်, နာမ်ဓာတ်တို့သည်ကား-တစ်ခြား၊ ပညတ်တရားတို့သည်ကား-တစ်ခြား</b>၊ ရုပ်ဓာတ်, နာမ်ဓာတ်တို့သည်ကား -တစ်နေ့တစ်ရက် အဖို့မှာပင် အကြိမ်များစွာ ဖြစ်ပျက်ပြောင်းလဲ၍နေကြကုန်သော <b>အနိစ္စတရားတို့ သာ</b>တည်း၊ ပညတ်တရားတို့သည်ကား- ဖြစ်မှု, ပျက်မှု မရှိ၊ တစ်ဘဝတွင် အစဉ်မြဲ၍ ရှိနေကြကုန်သော <b>အနိစ္စတရားတို့သာ</b>တည်း။</p>
<p>အတ္တ, အနတ္တ စစ်တမ်းပြီး၏၊</p>
<p>----*--</p><h3>စက္ခု၌အတ္တ အနတ္တစစ်တမ်း</h3>
<p>ဤအရာ၌ မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော် စာအုပ်နံပါတ် ၃၀၆- တွင် လာရှိသော <b>ဆဆက္ကသုတ်</b>ကို ထုတ်ပြရာ၏၊</p>
<p><b>စက္ခု အတ္တာတိ ယော ဝဒေယျ၊ တံ န ဥပပဇ္ဇတိ စက္ခုဿ ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ၊ ယဿ ခေါ ပန ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ၊ အတ္တာ မေ ဥပ္ပဇ္ဇတိ စ ဝေတိစာတိ ဣစ္စဿ ဧဝမာဂတံ ဟောတိ၊ တသ္မာ တံ န ဥပ္ပဇ္ဇတိ၊ စက္ခု အတ္တာတိ ယော ဝဒေယျ၊ ဣတိ စက္ခု အနတ္တာ။</b></p>
<p>အနက်ကား။ <b>စက္ခု=မျက်စိ</b>သည်၊ <b>အတ္တာ=သတ္တဝါတို့၏ အထည်ခံအမာခံအနှစ်သာရ အတ္တ</b>ပေတည်း၊ <b>ဣတိ=ဤသို့</b>၊ <b>ယော= အကြင်သူသည်</b>၊ <b>ဝဒေယျ=ဆိုငြားအံ့</b>၊ <b>တဿ=ထိုသူ၏</b>၊ <b>ဧတံ=ဤစကား သည်</b>၊ <b>န ဥပပဇ္ဇတိ= မသင့်မြတ်</b>၊ <b>ကသ္မာ= အဘယ့်ကြောင့်နည်း</b>-ဟူမူကား၊ <b>စက္ခုဿ=မျက်စိအား</b>၊ <b>ဥပ္ပါဒေါပိ=ခဏခဏ အသစ်အသစ်ဖြစ်ပေါ် ချုပ်ကွယ်ခြင်းသည်လည်း</b>၊ <b>ပညာယတိ=ထင်ရှား၏</b>၊ <b>ဝယောပိ=ခဏခဏ ချုပ်ကွယ်ခြင်းသည်လည်း</b>၊ <b>ပညာယတိ=ထင်ရှား၏</b>၊ <b>ဣတိ=ထို့ကြောင့်</b>၊ <b>န ဥပပဇ္ဇတိ=မသင့်လေသတည်း</b>။</p>
<p><b>ယဿ ခေါ ပန= အကြင်တရားအားကား</b>၊ <b>ဥပ္ပါဒေါပိ=အဖန်ဖန် ဖြစ်ပေါ်ခြင်းသည်လည်း</b>၊ <b>ပညာယတိ=ထင်ရှား၏</b>၊ <b>ဝယောပိ=အဖန်ဖန် ချုပ်ပျောက်ခြင်းသည်လည်း</b>၊ <b>ပညာယတိ=ထင်ရှား၏</b>၊ <b>တသ္မိံ=ထိုတရား ကို</b>၊ <b>အတ္တာတိ= သတ္တဝါတို့၏ အထည်ခံအမာခံအနှစ်သာရ အတ္တ-ဟူ၍</b>၊ <b>ဂဟိတေ=ယူခဲ့သည်ရှိသော်</b>၊ <b>မေ=ငါ၏</b>၊ <b>အတ္တာ=အမာခံဖြစ်သော အတ္တသည်</b>၊ <b>ဥပ္ပဇ္ဇတိစ=ခဏခဏလည်း အသစ်အသစ်ဖြစ်ပေါ်၏</b>၊ <b>ဝေတိစ= ခဏခဏလည်း ချုပ်ဆုံးသေပျောက်၏</b>၊ <b>ဣတိ=ဤသို့</b>၊ <b>အဿ= ထိုစက္ခုကို အတ္တ-ဟူ၍ ပြောဆိုသူအား</b>၊ <b>ဧဝံ=ဤသို့သောအပြစ်သည်</b>၊ <b>အာဂတံ= ဆိုက်ရောက်သည်</b>၊ <b>ဟောတိ=ဖြစ်၏</b>၊</p>
<p><b>တသ္မာ=ထိုကြောင့်</b>၊ <b>စက္ခု= မျက်စိ</b>သည်၊ <b>အတ္တာ=သတ္တဝါတို့၏</b></p>
<p><b>အထည်ခံအမာခံအနှစ်သာရ အတ္တ</b>-ဟူ၍၊ <b>ယော=အကြင်သူသည်</b>၊ <b>ဝဒေယျ=ဆိုငြားအံ့</b>၊ <b>တဿ=ထိုသူအား</b>၊ <b>ဧတံ=ဤစကားသည်</b>၊ <b>န ဥပပဇ္ဇတိ=မသင့်မြတ်</b>၊ <b>ဣတိတသ္မာ=ထို့ကြောင့်</b>၊ <b>စက္ခု=မျက်စိ</b>သည်၊ <b>အနတ္တာ=အတ္တမဟုတ်, အနတ္တသာ</b>တည်း။</p>
<p>ထိုဥပရိပဏ္ဏာသ ပါဠိတော်ဝယ် အဓိပ္ပါယ်သော်ကားမျက်စိသည် ပုဂ္ဂိုလ်သတ္တဝါ၏အတ္တ-ဟုဆိုခဲ့သော် ထိုစကား သည်မသင့်မြတ်၊ အဘယ့်ကြောင့်နည်း-ဟူမူ မျက်စိသည် တစ်နေ့ တစ်ရက်အဖို့မှာပင် <b>ခဏခဏအသစ်အသစ်ဖြစ်ပေါ်ခြင်း</b>ရှိ၏၊ ဖြစ်ပွါး တိုင်း ဖြစ်ပွါးတိုင်း <b>ခဏခဏပျက်ဆုံးခြင်း</b>ရှိ၏၊ <b>အတ္တ</b>သည်မူကား- <b>ခဏ ခဏအသစ်အသစ်ဖြစ်ပေါ်ခြင်း-ဟူ၍မရှိ၊ ခဏခဏပျက်ဆုံးသည်ဟူ၍လည်း မရှိ၊ တစ်ဘဝလုံး အစဉ်ခိုင်မြဲ</b>၏-ဟု စွဲလမ်းခြင်းရှိကြ၏</p>
<p>ထို့ကြောင့် ထိုစကားသည် မသင့်မြတ်။ အကယ်၍ ခဏခဏဖြစ်ခြင်း, ခဏခဏပျက်ခြင်းရှိသော ထိုတရားကို အတ္တ-ဟူ၍ယူခဲ့သည်ရှိသော် အတ္တသည်လည်း ခဏခဏ ဖြစ်၏၊ ခဏခဏပျက်၏၊ သတ္တဝါသည် တစ်နေ့တစ်ရက်အဖို့မှာပင် အခါများစွာ အသစ်အသစ်ဖြစ်ပေါ်မြဲဖြစ်၏၊ ဖြစ်တိုင်းဖြစ်တိုင်း ခဏခဏ ပျက်ဆုံးမြဲဖြစ်၏-ဟူ၍ အလိုမရှိသော အနက်သည်ရောက်လေရာ၏၊ ထို့ကြောင့်စက္ခုသည် ပုဂ္ဂိုလ်သတ္တဝါတို့၏ အတ္တ-ဟု ယူခြင်းငှါမသင့်မြတ်၊ <b>ထို့ကြောင့်စက္ခုသည် အနတ္တသာ အမှန်ဖြစ်၏</b>-ဟူလိုသည်၊ ဤစကား၌ မျက်စိဖြင့် ဘယ်ဟာကို ငါမြင်သည်-ဟူ၍ စွဲလမ်းပြောဆိုခြင်းများသည် စက္ခုကို အတ္တဟူ၍ ပြောဆိုခြင်းပေတည်း။</p>
<p>ဤအရာ၌ တစ်နေ့တစ်ရက်အဖို့မှာပင် စက္ခု၏ ခဏခဏဖြစ် ပေါ်မှု, ခဏခဏပျက်ဆုံးမှုကို အထက်၌ နိစ္စ အနိစ္စခွဲခန်းတွင် ဣရိယာ ပထပြောင်းလဲမှုနှင့် ပြဆိုခဲ့သော ရုပ်ဓာတ်, နာမ်ဓာတ်အသင်းတို့၌ ဤစက္ခုသည်လည်း ပါဝင်လေပြီ။</p>
<p>လောက၌ ဒိဋ္ဌမျက်မြင်အားဖြင့် လူတို့၏ <b>စက္ခုပသာဒရုပ်</b>သည် ပဋိသန္ဓေနေပြီးသောနောက်၌ ရက်ပေါင်း ၇၇-ရက်မြောက်မှာမှ ဖြစ်ပေါ်သည်ဟု အဋ္ဌကထာတို့၌ ဆို၏၊ ထိုစက္ခုပသာဒရုပ်သည် အမိဝမ်း၌ပင် <b>ပျက်စီး၍ ဝမ်းတွင်းကန်းခေါ်ရသော သူများ</b>လည်းရှိကြ၏၊ ဖွားမြင်ပြီးနောက် ၇-ရက်အတွင်းမှာ <b>ပျက်စီးသောသူ</b>, တစ်လအတွင်းမှာ <b>ပျက်စီးသောသူ</b>, တစ်နှစ်အတွင်းမှာ <b>ပျက်စီးသောသူ</b>-အစရှိသည်ဖြင့် လောကမှာ <b>မျက်စိကန်းသောသူ အမျိုးမျိုးရှိကြ</b>၏၊ ထိုပုဂ္ဂိုလ်ခေါ်ရသော <b>အတ္တ</b>သည်မူကား-ပဋိသန္ဓေမှစ၍ဖြစ်လာ၏၊ ဘဝအဆုံးသို့ရောက်မှ သေဆုံး၏၊ ဤသို့ စက္ခု၏ဖြစ်မှု, ပျက်မှုကား-တစ်လမ်း၊ ထိုပုဂ္ဂိုလ်ခေါ်ရ သော အတ္တ၏ဖြစ်မှု, ပျက်မှုကား-တစ်လမ်း၊ <b>ကွဲပြားခြားနားလျက်ရှိကြ</b>၏၊ ထို့ကြောင့်စက္ခုသည် ထိုပုဂ္ဂိုလ်၏ အတ္တဖြစ်၏၊ ထိုပုဂ္ဂိုလ်ပင် ဖြစ်၏ဟု<b>မယူထိုက်ချေ</b>၊ အဥအတွင်းမှာဖြစ်ကြသော ကြက်, ငှက်တိရစ္ဆာန်သတ္တဝါ တို့၌ သတ္တဝါ၏ဖြစ်ရာကာလ, ပျက်ရာကာလ ခြားနားချက် <b>ဒိဋ္ဌမျက်မြင် ထင်ရှားလှ</b>၏၊</p>
<p>စက္ခု၌ အတ္တ, အနတ္တ, စစ်တမ်းပြီး၏၊</p>
<p>------*------</p>
<h3>ရူပါရုံ၌ အတ္တ, အနတ္တ စစ်တမ်း</h3>
<p><b>ရူပါ အတ္တာတိ ယော ဝဒေယျ တံ န ဥပပဇ္ဇတိ၊ ရူပါနံ ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ၊ ယဿ ခေါ ပန ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ၊ အတ္တာ မေ ဥပ္ပဇ္ဇတိ စ ဝေတိစာတိ ဣစ္စဿ ဧဝ မာဂတံ ဟောတိ၊ တသ္မာ တံ န ဥပပဇ္ဇတိ၊ ရူပါ အတ္တာတိ ယော ဝဒေယျ၊ ဣတိ စက္ခု အနတ္တာ၊ ရူပါ အနတ္တာ။</b></p>
<p>[ဥပရိပဏ္ဏာသပါဠိတော် စာအုပ်နံပါတ်-၃၀၆ ]</p>
<p>အနက်ကား။။ <b>ရူပါ=သတ္တဝါတို့၏ သန္တာန်၌ရှိသော အဆင်း အမျိုးမျိုးတို့သည်</b>၊ <b>အတ္တာ=သတ္တဝါတို့၏ အထည်ခံအမာခံဖြစ်သော အတ္တတို့</b>ပေတည်း၊ <b>ဣတိ=ဤသို့</b>၊ <b>ယော=အကြင်သူသည်</b>၊ <b>ဝဒေယျ= ဆိုငြားအံ့</b>၊ <b>တဿ=ထိုသူ၏</b>၊ <b>ဧတံ=ဤစကားသည်</b>၊ <b>န ဥပပဇ္ဇတိ= မသင့်မြတ်</b>၊ <b>ကသ္မာ=အဘယ့်ကြောင့်နည်း</b>ဟူမူကား၊ <b>ရူပါနံ=အဆင်းတို့၏</b>၊ <b>ဥပ္ပါဒေါပိ=တစ်နေ့အဖို့မှာပင် ခဏခဏ အသစ်အသစ်ဖြစ်ပေါ်ခြင်း သည်လည်း</b>၊ <b>ပညာယတိ=ထင်ရှား၏</b>၊ <b>ဝယောပိ=ဖြစ်တိုင်းဖြစ်တိုင်း ခဏ ခဏချုပ်ကွယ်ခြင်းသည်လည်း</b>၊ <b>ပညာယတိ= ထင်ရှား၏</b>၊ <b>ဣတိတသ္မာ= ထို့ကြောင့်</b>၊ <b>န ဥပပဇ္ဇတိ= မသင့်မြတ်လေသတည်း</b>။</p>
<p><b>ယဿ ခေါပန=အကြင်တရားအားကား</b>၊ <b>ဥပ္ပါဒေါပိ=အဖန်ဖန်ဖြစ် ပေါ်ခြင်းသည်လည်း</b>၊ <b>ပညာယတိ=ထင်ရှား၏</b>၊ <b>ဝယောပိ=အဖန်ဖန်ချုပ် ကွယ်ခြင်းသည်လည်း</b>၊ <b>ပညာယတိ=ထင်ရှား၏</b>၊ <b>တသ္မိံ=ထိုတရားကို</b>၊ <b>အတ္တာတိ=သတ္တဝါတို့၏ အထည်ခံအမာခံ အနှစ်သာရ အတ္တဟူ၍</b>၊ <b>ဂဟိတေ=ယူခဲ့သည်ရှိသော်</b>၊ <b>မေ=ငါ၏</b>၊ <b>အတ္တာ=အမာခံဖြစ်သော အတ္တသည်</b>၊ <b>ဥပ္ပဇ္ဇတိစ=ခဏခဏလည်း အသစ်အသစ်ဖြစ်ပေါ်၏</b>၊ <b>ဝေတိစ=ခဏခဏလည်း ချုပ်ဆုံး၏</b>၊ <b>ဣတိ=ဤသို့</b>၊ <b>အဿ=ထိုအဆင်းကို အတ္တဟူ၍ပြောဆို သောသူအား</b>၊ <b>ဧဝံ=ဤသို့သော အပြစ်ဒေါသသည်</b>၊ <b>အာဂတံ=ဆိုက်ရောက်သည်</b>၊ <b>ဟောတိ=ဖြစ်၏</b>၊</p>
<p><b>တသ္မာ=ထို့ကြောင့်</b>၊ <b>ရူပံ=အဆင်း</b>သည်၊ <b>အတ္တာ=သတ္တဝါတို့၏ အထည်ခံအမာခံ အနှစ်သာရ အတ္တ</b>ဟူ၍၊ <b>ယော=အကြင်သူသည်</b>၊ <b>ဝဒေယျ=ဆိုငြားအံ့</b>၊ <b>တဿ=ထိုသူအား</b>၊ <b>ဧတံ=ဤစကားသည်</b>၊ <b>န ဥပပဇ္ဇတိ=မသင့်မြတ်</b>၊ <b>ဣတိတသ္မာ=ထို့ကြောင့်</b>၊ <b>စက္ခု=မျက်စိ</b>သည်၊ <b>အနတ္တာ=အတ္တမဟုတ်, အနတ္တသာ</b>တည်း၊ <b>ရူပါ=အဆင်းတို့သည်</b>၊ <b>အနတ္တာ=အတ္တမဟုတ် အနတ္တတို့သာ</b>တည်း။</p>
<p>[<b>အဓိပ္ပါယ်မှာ စက္ခုဝါရကိုမှီ၍ဆိုလေ၊ စက္ခုဝိညာဏံ အတ္တာတိ၊ လ၊ စက္ခုသမ္ဖေဿာအတ္တာတိ၊ လ၊ ဝေဒနာအတ္တာတိ၊ တဏှာအတ္တာတိ၊ လ၊ ဤလေးဝါရတို့၌လည်း အနက်အဓိပ္ပါယ်ထင်ရှားပြီ၊ ဤကား-မျက်စိဖြင့် ထိုထိုအဆင်းတို့ကို မြင်ကြရာ၌ မြင်မှု၏ဆိုင်ရာ ရုပ်ဓာတ်, နာမ်ဓာတ်တရား ၆-ပါးတို့၌ အတ္တ, အနတ္တစစ်ချက်</b>ပေတည်း။]</p>
<p>ရူပါရုံ၌ အတ္တ, အနတ္တ စစ်တမ်းပြီး၏၊</p>
<p>------*------</p>
<h3>သဒ္ဒါရုံစသည်၌ အတ္တ, အနတ္တစစ်တမ်း</h3>
<p>၁။ ထို့အတူ လောက၌ နားဖြင့် ထိုထိုအသံတို့ကို ကြားရာမှာလည်း <b>ကြားမှု၏ဆိုင်ရာ ရုပ်ဓာတ်, နာမ်ဓာတ်တရား ၆-ပါး</b>၊<br>
၂။ လောက၌ နှာခေါင်းဖြင့် ထိုထိုအနံ့တို့ကို နံကြရာမှာလည်း <b>နံမှု၏ဆိုင်ရာ ရုပ်ဓာတ်, နာမ်ဓာတ် ၆-ပါး</b>၊</p>
<p>၃။ လောက၌ လျှာဖြင့် ထိုထိုရသာတို့ကို ခံစားကြရာမှာလည်း <b>ခံစားမှုဆိုင်ရာ ရုပ်ဓာတ်, နာမ်ဓာတ် ၆-ပါး</b>၊</p>
<p>၄။ လောက၌ ကိုယ်အင်္ဂါဖြင့် ထိုထိုအတွေ့အထိတို့ကို သိကြရာမှာ လည်း <b>အတွေ့အထိ သိမှု၏ ဆိုင်ရာ ရုပ်ဓာတ်, နာမ်ဓာတ် ၆-ပါး</b>၊</p>
<p>၅။ လောက၌ စိတ်မနောသက်သက်ဖြင့် ထိုထိုကုသိုလ်, အကုသိုလ် အစရှိသောတရားတို့ကို သိကြကြံကြ တွေးဆကြရာမှာလည်း <b>သိမှု ကြံမှု တွေးဆမှု၏ဆိုင်ရာ ရုပ်ဓာတ်, နာမ်ဓာတ် ၆-ပါး</b>၊</p>
<p>ဤသို့လျှင် ၎င်းဥပရိပဏ္ဏာသပါဠိတော်ကြီးမှာ <b>ရုပ်ဓာတ်, နာမ်ဓာတ်ပေါင်း ၃၆-ချက်</b>လာရှိ၏၊ ထို ၃၆-ချက်တို့တွင် <b>ဓမ္မာဟူသော နောက်ဆုံးအချက်၌ ခပ်သိမ်းသော အမိုက်တရားမျိုး, အမိုက်ထက် အမိုက်တရားမျိုး, ခပ်သိမ်းသော အလိမ်မာတရားမျိုး, အလိမ်မာထက် အလိမ်မာတရားမျိုးတို့သည် အကုန်ပါဝင်ကုန်လေ၏</b>၊</p>
<p>အခြားတစ်ပါးသော ပါဠိတော်တို့၌မူကား--</p>
<p>၁။ ရူပသညာ, သဒ္ဒသညာ, ဂန္ဓသညာ, ရသသညာ, ဖောဋ္ဌဗ္ဗ သညာ, ဓမ္မသညာဟူ၍ <b>သညာဓာတ် ၆-ပါး</b>၊</p>
<p>၂။ ရူပသေဉ္စတနာ, သဒ္ဒသေဉ္စတနာ, ဂန္ဓသေဉ္စတနာ, ရသ သေဉ္စတနာ, ဖောဋ္ဌဗ္ဗသေဉ္စတနာ, ဓမ္မသေဉ္စတနာ-ဟူ၍ <b>စေတနာဓာတ် ၆-ပါး</b>၊</p>
<p>၃။ ရူပဝိတက္က, သဒ္ဒဝိတက္က, ဂန္ဓဝိတက္က, ရသဝိတက္က, ဖောဋ္ဌဗ္ဗ ဝိတက္က, ဓမ္မဝိတက္ကဟူ၍ <b>ဝိတက်ဓာတ် ၆-ပါး</b>၊</p>
<p>၄။ ရူပဝိစာရ, သဒ္ဒဝိစာရ, ဂန္ဓဝိစာရ, ရသဝိစာရ, ဖောဋ္ဌဗ္ဗဝိစာရ, ဓမ္မဝိစာရ-ဟူ၍ <b>ဝိစာရဓာတ် ၆-ပါး</b>, ဟူ၍ နာမ်ဓာတ်အပြား <b>၂၄-ပါး</b>လာရှိ၏၊ အတ္တ, အနတ္တ စစ်ချက်မှာမူကား-အထက် ၃၆-ပါးတို့နှင့် ထပ်တူပင်ဖြစ်၏၊ ၂-ရပ်ပေါင်း သော် <b>ရုပ်ဓာတ်, နာမ်ဓာတ်ပေါင်း ၆၀-ရ၏</b>၊ ထို ၆၀-တို့သည်လည်း အယုတ်အညံ့အမျိုးမျိုး, အလတ်အမျိုးမျိုး, အမြတ်အမျိုးမျိုး, အမြတ်ထက် အမြတ်အမျိုးမျိုးရှိကြကုန်၏၊ ထိုတွင် <b>ရုပ်ဓာတ်, နာမ်ဓာတ် အယုတ်အညံ့ အမျိုးမျိုးကို အစွဲပြု၍ ယုတ်ညံ့သောသတ္တဝါအမျိုးမျိုးရှိနေကြကုန်၏</b>၊ <b>ရုပ်ဓာတ်, နာမ်ဓာတ် အလတ်အမျိုးမျိုးတို့ကို အစွဲပြု၍ အလတ်အမျိုးမျိုး ဖြစ်သော သတ္တဝါအမျိုးမျိုးရှိနေကြကုန်၏</b>၊ <b>ရုပ်ဓာတ်, နာမ်ဓာတ်အမြတ် အမျိုးမျိုးတို့ကို အစွဲပြု၍ အမြတ်ဖြစ်သော သတ္တဝါအမျိုးမျိုးရှိနေကြ ကုန်၏</b>၊ <b>ရုပ်ဓာတ်, နာမ်ဓာတ်အမြတ်ထက် အမြတ် အမျိုးမျိုးတို့ကို အစွဲပြု၍ မဟာဗြဟ္မာကြီး, သဗ္ဗညုမြတ်စွာဘုရားကြီးတို့တိုင်အောင် အမြတ်ထက်အမြတ် အမျိုးမျိုးရှိနေကြကုန်၏</b>၊</p>
<p><b>သဒ္ဒါရုံစသည်၌ အတ္တ, အနတ္တ စစ်တမ်းပြီး၏</b>၊</p>
---
<h3>မြင်မှု, ကြားမှုသည် ရုပ်ဓာတ်, နာမ်ဓာတ်တို့၏ အစွမ်းသတ္တိကိုပြခြင်း</h3>
<p>လောက၌ <b>သတ္တဝါအပေါင်းတို့၏ မြင်မှု, ကြားမှု အစရှိကုန်သော ခပ်သိမ်းသော အရေးအခွင့် ကိစ္စကြီးငယ်တို့သည် ထိုရုပ်ဓာတ်, နာမ်ဓာတ် တို့၏ အစွမ်းသတ္တိတို့သာတည်း</b>၊ <b>ပုဂ္ဂိုလ်၏အစွမ်း, သတ္တဝါ၏အစွမ်း, အတ္တ၏အစွမ်း, ဇီဝ၏အစွမ်း-ဟူ၍ တစ်စုံတစ်ခုမျှ မရှိလေ</b>။</p>
<p>လောက၌ အချို့သောသူတို့သည်ကား-<b>ထိုရုပ်ဓာတ်တရား, နာမ်ဓာတ်တရားတို့မည်သည် အနတ္တမျိုးဖြစ်ကြ၍ ကြားမှု, မြင်မှု, ကြံဖန်မှုစသည်တို့တွင် တစ်စုံတစ်ခုကိုမျှ မပြုတတ်ကြကုန်</b>၊ သစ်ရွက် ခြောက် မြက်ခြောက်တို့ကဲ့သို့ အချည်းနှီးသောတရားတို့သာဖြစ်ကြ ကုန်၏၊ သတ္တဝါတို့၏ကိုယ်တွင်း၌ အသီးအသီးရှိနေကြကုန်သော အသီးအသီးသော အတ္တတို့သည်သာလျှင် ထိုမြင်ခြင်း, ကြားခြင်း အစရှိသော ခပ်သိမ်းသော အရေးအခွင့် ကိစ္စကြီးငယ်တို့ကို ဆောင်ရွက် ကြပေကုန်၏-ဟု ပြောဆိုကြကုန်၏၊ <b>ထိုစကားသည် သက်သက်မှားယွင်း သော စကားပေတည်း</b>။</p>
<p><b>စင်စစ်အမှန်မှာမူကား-ထိုအလုံးစုံသော အရေးအခွင့် ကိစ္စကြီး ငယ်တို့ကို ပြုလုပ်ပြီးစီးစေနိုင်သော အစွမ်းသတ္တိတို့သည် ရုပ်ဓာတ်, နာမ်ဓာတ်တို့၌သာရှိကုန်၏</b>၊ ပညတ်မျှသာဖြစ်သောပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝတို့၌ ထိုအစွမ်းသတ္တိမျိုးမရှိ၊ <b>ရုပ်ဓာတ်, နာမ်ဓာတ်တို့ကို ခွဲခြမ်း၍ မသိသောသူတို့သည်မူကား-ထိုအစွမ်းသတ္တိတို့ကို ပုဂ္ဂိုလ်, သတ္တဝါ၏ အစွမ်းသတ္တိဟု အထင်အယူ မှားယွင်း၍ နေကြကုန်၏</b>၊</p>
<p>ဤစကား၌ <b>ဇီဝဆိုသည်ကား-တစ်ခုခုသောဘဝတွင် တစ်သက် လုံးခိုင်မြဲသော အသက်မည်သည် ရှိ၏-ဟု လူအများတို့ မှတ်ယူကြသော အသက်ဇီဝကို ဆိုသတည်း</b>၊ <b>အမှန်အားဖြင့်မူကား-တစ်ဘဝလုံး ခိုင်မြဲ သော အသက်ဇီဝမည်သည် မရှိ</b>၊ <b>ရုပ်၏အသက်, နာမ်၏အသက်မျှ သာရှိ၏</b>၊ ထိုရုပ်၏အသက်, နာမ်၏အသက်သည်လည်း <b>ရုပ်တရား, နာမ်တရားတို့နှင့် ဖြစ်အတူ ပျက်အတူတွဲ၍ နေသောတရားပေတည်း</b>၊ ထိုရုပ်သက်, နာမ်သက်တို့သည် ဖြစ်တုံ ပျက်တုံ အယဉ်မပြတ် ဆက်လက် ရှိနေဆဲအခါ၌ သတ္တဝါသည် အသက်ရှည်၏-ဟု မှတ်ယူကြ၏၊ အယဉ် အဆက်ပြတ်စဲ၍ သွားသောအခါ၌ သတ္တဝါသည် သေ၏-ဟု မှတ်ယူကြ ကုန်၏၊</p>
<p>ဤအရာ၌ <b>ပညတ်မျှသာဖြစ်သော ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝတို့၌ ထိုအစွမ်းသတ္တိမျိုး မရှိ</b>၊ <b>ရုပ်ဓာတ်, နာမ်ဓာတ်တို့၌သာ ထိုအစွမ်း သတ္တိရှိကြောင်းကို ထင်ရှားစေဦးအံ့</b>--</p>
<p>၁။ သတ္တဝါတို့၌ မျက်စိတို့ဖြင့် ထိုထိုအဆင်းတို့ကို မြင်မှု, သိမှု ကြီးတစ်ပါး,<br>
၂။ နားတို့ဖြင့် ထိုထိုအသံတို့ကို ကြားမှု သိမှုကြီးတစ်ပါး,<br>
၃။ နှာခေါင်းတို့ဖြင့် ထိုထိုအနံ့တို့ကို နံမှု သိမှုတစ်ပါး,<br>
၄။ လျှာတို့ဖြင့် ထိုထိုအရသာတို့ကို လျက်မှု သိမှုကြီးတစ်ပါး,<br>
၅။ ကိုယ်အင်္ဂါတို့ဖြင့် ထိုထိုအတွေ့အထိတို့ကို သိမှုကြီးတစ်ပါး,<br>
၆။ နှလုံးအိမ်၌ရှိသော စိတ်မနောတို့ဖြင့် သတ္တဝါအားလျော်စွာ အရာခပ်သိမ်းတို့ကို ကြံမှု, သိမှုကြီး, ဣရိယာပထလေးပါးတို့၌ ကျင်လည်မှုကြီး, အသက်မွေးမှုကြီး, ဒုစရိုက် သုစရိုက် အမိုက် တရား အလိမ်မာတရားတို့ကို ပွါးများစေမှုကြီး တစ်ပါးဟူ၍ <b>ဒွါရ-၆-ပါးမှ ဖြစ်ပွါးကြကုန်သော အရေးအခွင့်ကြီး တို့သည် သတ္တဝါတစ်ယောက်တစ်ယောက်မှာ ၆-ပါး, ၆-ပါးစီ ရှိကြ ကုန်၏</b>၊</p>
<p>ထို ၆-ပါးတို့တွင်--</p>
<p>၁။ ထိုထိုအဆင်းတို့ကို <b>မြင်မှု, သိမှုအစွမ်းသတ္တိသည် စက္ခုဟူသော ရုပ်ဓာတ်, စက္ခုဝိညာဏ်-ဟူသော နာမ်ဓာတ်တို့၏ အစွမ်းသတ္တိသာဖြစ်၏</b>၊ <b>ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝတို့၏ အစွမ်းသတ္တိမဟုတ်</b>၊ မဟုတ်ပုံကား-စက္ခု-ဟူသော ရုပ် ဓာတ်ရှိနေမှသာ ထိုမြင်မှုကြီးသည် ရှိနိုင်၏၊ စက္ခုရုပ်ဓာတ် ပျက်ဆုံး၍ မျက်စိအင်္ဂါ ချို့တဲ့လျက်ရှိသော သူကန်းတို့မှာ ထိုမြင်မှုကြီးသည် မရှိလေပြီ၊ အကယ်၍ သတ္တဝါ၏ကိုယ် တွင်း၌ မြင်ခြင်း, သိခြင်းစသည်ကို စွမ်းနိုင်သော အတ္တမည်သည် ရှိခဲ့ငြားအံ့၊ မျက်စိအင်္ဂါ ချို့တဲ့သောသူကန်းတို့မှာ လည်း ထိုအတ္တ၏ အစွမ်းဖြင့် ထိုမြင်မှုကြီးသည် ရှိနေလေ ရာ၏၊ ထိုသို့မူကား-မရှိ၊ ထို့ကြောင့် <b>ဤမြင်မှု, သိမှု အရေး အခွင့်ကြီး အတွက်မှာလည်း ထိုအတ္တသည် အသုံးမကျ လေ</b>။</p>
<p>၂။ ထို့အတူ ထိုထိုအသံတို့ကို <b>ကြားမှု သိမှုကြီးသည်လည်း သောက-ဟူသော ရုပ်ဓာတ်, သောတဝိညာဏ်-ဟူသော နာမ်ဓာတ်တို့၏ အစွမ်းသတ္တိသာဖြစ်၏</b>၊ <b>ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝတို့၏ အစွမ်းသတ္တိမဟုတ်</b>၊ မဟုတ်ပုံကိုလည်း လောက၌ သောတ-ဟူသော ရုပ်ဓာတ်ပျက်ဆုံး၍ နားပင်း သောသူတို့မှာ ကြားမှု, သိမှု-ဟူ၍ မရှိသည်ကို ဒိဋ္ဌမျက်မြင် ဖြစ်ကြ၏၊ ထို့ကြောင့် <b>ဤကြားမှုကြီးအတွက်မှာလည်း ထိုအတ္တသည် သက်သက်အသုံးမကျလေ</b>။</p>
<p>၃။ ထိုထိုအနံ့တို့ကို <b>နံမှု သိမှုကြီးမှာလည်း ဃာန-ဟူသောရုပ် ဓာတ်ပျက်ဆုံး၍ ဃာနအင်္ဂါချို့တဲ့သောသူ</b>၊</p>
<p>၄။ ထိုထိုအရသာတို့ကို <b>လျှက်မှု သိမှုကြီးမှာလည်း ဇိဝှါ-ဟူသော ရုပ်ဓာတ်ပျက်ဆုံး၍ ဇိဝှါအင်္ဂါချို့တဲ့သောသူ</b>၊</p>
<p>၅။ ထိုထိုအတွေ့အထိတို့ကို <b>သိမှုကြီးမှာလည်း ထိုထို ကိုယ်အင်္ဂါ ကာယ-ဟူသော ရုပ်ဓာတ်ပျက်ဆုံး၍ ကာယချို့တဲ့သော သူတို့ကို ထုတ်ဖော်၍ စက္ခုမှာကဲ့သို့ အကျယ်ထုတ်ဖော်၍ ဆိုလေ</b>။</p>
<p>၆။ နှလုံးအိမ်၌ရှိသော <b>စိတ်မနောအင်္ဂါပျက်ဆုံးသော သူတို့ သည်မူကား-ထိုခဏ၌ သေဆုံးကြရကုန်၏</b>၊ ထိုအင်္ဂါ ဆိုင်ရာဖြစ်သော ကြံမှု သိမှုကြီး၊ ဣရိယာပထလေးပါးတို့၌ ကျင်လည်မှုကြီး၊ အသက်မွေးမှုကြီး၊ ဒုစရိုက်, သုစရိုက်, အမိုက်တရား, အလိမ်မာတရားတို့ကို ပွါးများစေမှုကြီး သည်လည်း <b>အကုန်ကွယ်ဆုံး လေတော့သည်</b>၊ ဤအမှုကြီး အတွက်မှာလည်း <b>ထိုအတ္တသည် သက်သက် အသုံးမကျ ကြောင်း ထင်ရှားလေပြီ</b>။</p>
<p>ဤသို့လျှင် <b>ပညတ်မျှသာဖြစ်သော ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝတို့၌ ထိုအစွမ်းသတ္တိဟူ၍ တစ်စုံတစ်ခုမျှမရှိ</b>၊ <b>ရုပ်ဓာတ်, နာမ်ဓာတ် တို့၌သာ ထိုအစွမ်းသတ္တိတို့သည် ရှိကြကုန်၏</b>၊</p>
<p><b>မြင်မှု, ကြားမှုသည် ရုပ်ဓာတ်, နာမ်ဓာတ်တို့၏ အစွမ်းသတ္တိကို ပြခြင်းပြီး၏</b>၊</p>
---
<h3>အကြီးဆုံးသောတန်ခိုးသည် နာမ်ဓာတ်တို့၏ အစွမ်းသတ္တိကိုပြခြင်း</h3>
<p>ထိုအတူ လောက၌ <b>အကြီးဆုံးဖြစ်သော တန်ခိုးဣဒ္ဓိဟူသော အရေးအခွင့်ကြီး အလုံးစုံအကုန်သိမြင်နိုင်သော ဉာဏ်ပညာဟူသော အရေးအခွင့်ကြီးများသည်လည်း အမြတ်ထက်အမြတ်ဖြစ်သော နာမ်ဓာတ်တရားတို့၌သာ ရှိကုန်၏</b>၊ <b>ပညတ်မျှသာဖြစ်သော ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝတို့၌ မရှိကြကုန်</b>။</p>
<p><b>အကြီးဆုံးဖြစ်သော တန်ခိုးဣဒ္ဓိဆိုသည်ကား-အတုမရှိသော မြတ်စွာဘုရားတို့၏၊ တန်ခိုးတော်ပေတည်း</b>၊ <b>အလုံးစုံ သိစွမ်းနိုင်သော ဉာဏ်ပညာဆိုသည်ကား- မြတ်စွာဘုရားတို့၏ သဗ္ဗညုတဉာဏ်တော် ပေတည်း</b>၊ <b>ထိုတန်ခိုး, ထိုဉာဏ်များသည်လည်း နာမ်ဓာတ်အထူးတို့ ပေတည်း</b>။</p>
<p>ထိုအတူ သံသရာကမ္ဘာအဆက်ဆက်၌ <b>သတ္တလောက, ဩကာသလောက, သင်္ခါရလောကဟုဆိုအပ်သော လောကသုံးပါးတို့ကို တည်ထောင်ဖန်ဆင်းနိုင်သော အစွမ်းသတ္တိသည်လည်း ရုပ်ဓာတ်, နာမ်ဓာတ်တို့၌သာ ရှိကုန်၏</b>၊ <b>ပညတ်မျှသာဖြစ်သော မဟာဗြဟ္မာကြီး အစရှိသော ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝတို့၌ မရှိလေပြီ</b>။</p>
<p>မရှိပုံကို ထင်ရှားရုံမျှပြဆိုဦးအံ့</p>
<p><b>ကမ္ဘာလောကဓာတ်မည်သည် ဖြစ်တုံ ပျက်တုံအစဉ် အဆက် အားဖြင့် အစ မရှိ, အဆုံးမရှိ ဆက်လက်၍ သာနေ၏</b>၊ ရှေးအတိတ် ကာလ၌လည်း အစ, အဆုံးကမ္ဘာဟူ၍ မရှိ၊ နောက်အနာဂတ်ကာလ၌ လည်း အဆုံးဆုံး-ကမ္ဘာဟူ၍မရှိ၊ အရပ်မျက်နှာအားဖြင့်လည်း ကမ္ဘာ လောကဓာတ်တို့ <b>အရှေ့အရပ်၌လည်း အဆုံးမရှိ အနန္တရှိနေကြကုန်၏</b>၊ <b>အနောက်အရပ်၌လည်း အဆုံးမရှိ အနန္တရှိနေကြကုန်၏</b>၊ <b>တောင် အရပ်၌လည်း အဆုံးမရှိ အနန္တရှိ နေကြကုန်၏</b>၊ <b>မြောက်အရပ်၌လည်း အဆုံးမရှိ အနန္တရှိနေကြကုန်၏</b>၊</p>
<p><b>ကမ္ဘာလောကဓာတ်တို့၏ ဖြစ်မှုပျက်မှုမှာလည်း အလှည့် အလည်အားဖြင့် ဖြစ်ကြပျက်ကြကုန်၏</b>၊ အကုန်လုံး တစ်ပြိုင်နက်တည်း ပြိုင်၍ ဖြစ်ကြပျက်ကြသည်မဟုတ်ကုန်၊ <b>သတ္တဝါအပေါင်းတို့သည်လည်း အနန္တလောကဓာတ်တို့၌ အလှည့်အလည်အားဖြင့် ကျင်လည်၍ နေကြ ကုန်၏</b>၊ သူ့လောကဓာတ်နှင့် သူ့လောကဓာတ်၏ဆိုင်ရာ သတ္တဝါ ဟူ၍ အမြဲမရှိကြကုန်၊ <b>တစ်ခုသောလောကဓာတ် ပျက်နေခိုက်၌ မပျက်သော လောကဓာတ်တစ်ပါးသို့ မိမိတို့ကံ၏အစွမ်းဖြင့် ပြောင်း၍ နေကြကုန်၏</b>၊ <b>တစ်ဖန် ထိုပျက်သော လောကဓာတ်သည် တည်ထောင်၍ လာပြန်သော် လောကဓာတ်တစ်ပါးတို့မှ သတ္တဝါအပေါင်းတို့သည် ထိုအသစ်တည် ထောင်သော လောကဓာတ်သို့ ပြောင်း၍လာကြကုန်၏</b>၊</p>
<p>ဤအရာ၌ <b>မဟာပထဝီ, မဟာသမုဒ္ဒရာ-အစရှိသော လောက ဓာတ် အဆောက်အအုံတို့၏ အသစ်အသစ် ဖြစ်ပေါ်နိုင်ရန်အကြောင်း, သတ္တဝါအပေါင်းတို့၏ အသစ်အသစ် ဖြစ်ပေါ်နိုင်ရန်အကြောင်းတို့ကို ပြဆိုရာ၏</b>၊</p>
<p><b>အကြောင်းဆိုသည်ကား- ရုပ်ဓာတ်အပေါင်းတို့တွင် ဥတု ခေါ်သော တေဇောဓာတ်အထူးဟုဆိုအပ်သော ရုပ်ဗီဇဓာတ်ကြီး တစ်ပါး, နာမ်ဓာတ်အပေါင်းတို့တွင် ကံဟူ၍ခေါ်သော ကုသိုလ်စေတနာ, အကုသိုလ်စေတနာ အထူးဟု ဆိုအပ်သော နာမ်ဗီဇဓာတ်ကြီးတစ်ပါးဟူ၍ အကြောင်းတရား နှစ်ပါးရှိ၏</b>၊</p>
---
<h3>ရုပ်ဗီဇတို့၏အစွမ်းသတ္တိကြီးကျယ်ပုံ</h3>
<p>ထိုတွင် <b>ရုပ်ဗီဇဓာတ်ကြီးသည် အဘယ်မျှလောက် အစွမ်းသတ္တိ ကြီးမားသနည်းဟုဆိုသော် လောက၌ ညောင်မျိုးစေ့, သရက်မျိုးစေ့, ပိန္နဲမျိုးစေ့-အစရှိသော မျိုးစေ့ဓာတ်တို့၏ အစွမ်းသတ္တိတို့သည် မျက်မြင် ဒိဋ္ဌဖြစ်ကြကုန်၏</b>၊ အလွန်သေးငယ်သော ညောင်မျိုးစေ့တစ်ခုမှ ညောင်ပင်ကြီးတစ်ပင် ဖြစ်နိုင်၏၊ ထိုညောင်ပင်ကြီးမှ ညောင်သီး ညောင်စေ့တို့သည် တစ်နှစ်တစ်နှစ်အဖို့တွင် အသောင်းအသန်းမက ဖြစ်ပွားကြကုန်၏၊ ထိုအသီးအစေ့တို့သည် အရပ်တစ်ပါးသို့ အနှံ့အပြား ရောက်၍ ညောင်ပင်ငယ်တွေ ပေါက်ပွားကြစေရန် အခွင့်ကို ရကြပါမူ ကား-ထိုပထမညောင်စေ့ငယ်တစ်ခုမှ ဖြစ်ပွားသော ညောင်ပင်တို့သည် အနှစ်ငါးရာ, ခြောက်ရာအတွင်းမှာပင် <b>တစ်ကမ္ဘာလုံး ပြည့်လေရာ၏</b>၊ ကြွင်းကျန်ကုန်သော သရက်ပိန္နဲစသောမျိုးစေ့တို့မှာလည်း ဤနည်းအတိုင်း မြော်လေ မြင်လေ။</p>
<p>[<b>ဤကား-ဥတုခေါ်သော တေဇောဓာတ်အထူးဟု ဆိုအပ်သော ရုပ်ဗီဇ ဓာတ်ကြီး၏အစွမ်းသတ္တိကြီးကျယ်ပုံကို အမြွက်မျှဖော်ပြချက်ပေတည်း</b>။]</p>
---
<h3>ကမ္ဘာသစ်တည်ထောင်ပုံ</h3>
<p><b>ဤရုပ်ဗီဇကြီးသည်ကား-အသက်ဝိညာဏ်နှင့်ယှဉ်သော ဓာတ်မျိုးမဟုတ်သောကြောင့် အသက်ဝိညာဏ်ရှိသော သတ္တဝါကောင် တို့ကိုဖြစ်စေနိုင်သောအစွမ်းသတ္တိမရှိ</b>၊ <b>အသက်ဝိညာဏ်မရှိသော မဟာပထဝီ, မဟာသမုဒ္ဒရာ, နေ, လ, နက္ခတ်, တာရာ-စသော လောကဓာတ် အဆောက်အဦတို့ကိုသာ ဖြစ်စေနိုင်၏</b>၊ <b>ဤရုပ်ဗီဇဓာတ်မျိုးတို့ သည်လည်း လွန်လေပြီးသော ကမ္ဘာအနန္တ, လာလတံ့သော ကမ္ဘာအနန္တ တို့မှာ ပြတ်စဲကုန်ဆုံးသည်ဟူ၍ မရှိ</b>၊ အစဉ်အဆက်အားဖြင့် ဆက်လက် ဖြစ်ပွားလျက် အစဉ်ထာဝရအားဖြင့် ပါရှိ၍နေကြကုန်၏၊ <b>ကမ္ဘာပျက် သောအခါ၌ ထိုရုပ်ဗီဇဓာတ်မျိုးတို့မှ အလွန်သိမ်မွေ့သဖြင့် ပကတိသော မျက်စိတို့နှင့် မမြင်ကောင်းသော ဗီဇဓာတ်စွမ်းကောင်းတို့သည် နောင် ကမ္ဘာသစ် တည်ထောင်ရန် ကျန်ရှိ၍ နေကြကုန်၏</b>၊</p>
<p><b>ကမ္ဘာသစ်တည်ထောင်ပုံကား</b></p>
<p>ပျက်ပြီး၍ ကောင်းကင်အတိ ရှိနေကြကုန်သော လောက ဓာတ်အပြင် တို့၌ <b>ထိုရုပ်ဓာတ်မျိုးစေ့ အထူးတို့မှ အခိုးနု, အခိုးရင့်တို့သည် ဖြစ်ပွားကြကုန်၏</b>၊ ၎င်းတို့မှ ယူဇနာအသိန်း, အသန်းမက ကြီးကျယ် လှစွာသော မိုးတိမ်တိုက်, မိုးတိမ်လွှာတို့သည် ဖြစ်ပွါးကြကုန်၏၊ ၎င်းတို့မှ မိုးရေ, မိုးပေါက်တို့သည် ဖြစ်ပွားကြ၍ <b>ကမ္ဘာပြုမိုးကြီးသည် သည်းထန်စွာ ရွာလေ၏</b>၊ <b>လောကဓာတ်အပြင်တို့သည် ရေပြင်တစ်ခု တည်းဖြစ်၍ တည်လေ၏</b>၊ ကာလကြာညောင်းလတ်သော် ၎င်းရေမှသည် ညွန်နု, ညွန်ကြမ်း, မြေနု, မြေကြမ်း, ကျောက်နု, ကျောက်ကြမ်း ကျောက်ဖျာ ကျောက်လုံး ကျောက်တုံး, ကျောက်ဆောင်, ကျောက်တောင် ကြီးငယ် တို့သည် ဖြစ်ကြကုန်သဖြင့် <b>မဟာပထဝီ, မြင်းမိုရ် သတ္တရဘန်၊ မဟာသမုဒ္ဒရာ, မြစ်ကြီးမြစ်ငယ်၊ အိုင်ကြီးအိုင်ငယ်အစရှိသော ကမ္ဘာ လောက အဆောက်အဦတို့သည် ဖြစ်ပေါ်ကြကုန်၏</b>၊</p>
<p>ထိုရုပ်ဗီဇဟု ဆိုအပ်သော <b>ကမ္ဘာမျိုးစေ့တို့၏အတွင်း၌ ပါရှိကြ ကုန်သော ညောင်မျိုးစေ့, သရက်မျိုးစေ့, ပိန္နဲမျိုးစေ့ အစရှိသော မျိုးဓာတ် အထူးတို့မှလည်း ညောင်ပင်,သရက်ပင်, ပိန္နဲပင် အစရှိသော သစ်ပင် နွယ်မြက်တို့သည်လည်း ထိုမြေရေတို့မှ ပေါ်ပေါက်ကြကုန်၏</b>၊</p>
<p>ထိုအခါ၌ <b>မြေရေတို့သည် အလွန်အဆီအနှစ်ဩဇာနှင့် ပြည့်စုံ ကြကုန်သည်ဖြစ်၍ ညောင်စေ့, သရက်စေ့, ပိန္နဲစေ့-အစရှိသော မျိုးစေ့ အထူးမရှိဘဲပင် မြေရေတို့မှပေါ်ပေါက်နိုင်ကြကုန်၏</b>၊ နောက်အခါ၌ မူကား- လူသတ္တဝါတို့မှာ <b>လောဘ, ဒေါသ, မောဟတရား ပွါးများ၍ လာသဖြင့် မြေ, ရေ, တော, တောင်တို့၌ အဆီအနှစ်ဩဇာတို့သည် အစဉ်အတိုင်း ခန်းခြောက်လေကုန်၏</b>၊ ထိုအခါ၌ ရုပ်ဗီဇတို့သည် အမြစ်, အသီး-စသည်တို့၌ စုဝေးကြကုန်၏၊ ထိုအခါမှစ၍ <b>အချို့သော သစ်ပင်တို့သည် အမြစ်ကို စိုက်မှပေါက်နိုင်ကြကုန်၏</b>၊ <b>အချို့တို့သည် ပင်စည်ကိုစိုက်မှ</b>၊ <b>အချို့တို့သည် အဆစ်ကိုစိုက်မှ</b>၊ <b>အချို့တို့သည် အကိုင်းအခက်ကိုစိုက်မှ</b>၊ <b>အချို့တို့သည် အစေ့ကိုစိုက်မှ ပေါက်ရောက် နိုင်ကြကုန်၏</b>၊</p>
<p>[<b>ဤကား-ရုပ်ဗီဖတို့၏ အစွမ်းသတ္တိကြီးကျယ်ပုံကို အမြွက်မျှပြဆိုချက်ပေတည်း</b>။]</p>
---
<h3>နာမ်ဗီဇဓာတ်တို့၏အစွမ်းသတ္တိကြီးကျယ်ပုံ</h3>
<p><b>နာမ်ဗီဇဓာတ်ကြီးသည် အဘယ်မျှလောက် အစွမ်းသတ္တိကြီးမား သနည်း-ဟု ဆိုသော် ရုပ်ဗီဇဓာတ်ကြီးသည် အသက်ဝိညာဏ်နှင့် မယှဉ်သည် ဖြစ်၍ အသက်ဝိညာဏ်ရှိသော သတ္တဝါကောင်တို့ကို ဖြစ်စေခြင်းငှါ မတတ်နိုင်</b>၊ <b>နာမ်ဗီဇဓာတ်သည်မူကား-အသက်ဝိညာဏ်နှင့်ယှဉ်သည် ဖြစ်၍ အသက်ဝိညာဏ်ရှိသော သတ္တဝါကောင်တို့ကို ဖြစ်စေခြင်းငှါ စွမ်းနိုင်၏</b>၊ <b>ကမ္ဘာအသစ်တည်ထောင်မိသောအခါ ကမ္ဘာမပျက်သော စကြဝဠာတို့မှ အချို့သောသတ္တဝါတို့သည် ကမ္ဘာသစ်အပြင်သို့ ပြောင်း ရွှေ့ဖြစ်ပေါ်လာကြကုန်၏</b>၊ <b>ကမ္ဘာမပျက်သော အထက်ဗြဟ္မာဘုံ တို့မှာလည်း ကမ္ဘာသစ် အပြင်သို့ ပြောင်းရွှေ့ ဖြစ်ပေါ်လာကြကုန်၏</b>၊</p>
<p>ထိုအခါ <b>မိန်းမ, ယောက်ျား-ဟူ၍လည်း အထူးမရှိသဖြင့် အမိ, အဖ-ဟူ၍ မရှိသေး</b>၊ ရှေးအခါ၌ <b>မိမိတို့ပြုခဲ့သော ကုသိုလ်ကံတို့၏ အစွမ်းအားဖြင့်သာလျှင် ဥပပါတ်နတ်, သိကြား, ဗြဟ္မာတို့ကဲ့သို့ ဖြစ်ပေါ် လာကြကုန်၏</b>၊ နောက်အခါ၌မူကား-ထိုသတ္တဝါတို့မှ <b>လောဘ, ဒေါသ, မောဟတရား ပွားများ၍လာသဖြင့် မိန်းမ, ယောကျ်ား ထင်ရှားဖြစ်ပေါ် လာကြကုန်၏</b>၊ <b>မေထုန်သံဝါသတရားလည်း ထင်ရှားဖြစ်ပေါ်လာ၏</b>၊ ထိုအခါမှစ၍ <b>အချို့သောသတ္တဝါတို့သည် အမိအဘကို အစွဲပြုရမှ ဖြစ်ပေါ်နိုင်ကြကုန်၏</b>၊</p>
<p>ထိုတွင် <b>ညောင်မျိုးစေ့, သရက်မျိုးစေ့, ပိန္နဲမျိုးစေ့-စသည်တို့မှ ညောင်ပင်, သရက်ပင်, ပိန္နဲပင်စသည်တို့၏ ဖြစ်ပွားခြင်းသည် လောကမှာ ဒိဋ္ဌမျက်မြင်ဖြစ်ကြ၏</b>၊ <b>ကုသိုလ်ကံ, အကုသိုလ်ကံ-ဟုဆိုအပ်သော နာမ်ဗီဇဓာတ်ကြီးမှ သတ္တဝါကောင်တို့၏ ဖြစ်ပေါ်မှုသည်ကား-မျက်မြင် ဒိဋ္ဌမျိုး မဟုတ်</b>၊ ထိုသို့မဟုတ်သော်လည်း <b>မျက်မြင်ဒိဋ္ဌကဲ့သို့ပင် လောက၌ ထင်ရှားလျက် ရှိနေကြ၏</b>၊</p>
<p>အဘယ်သို့ထင်ရှားသနည်းဟူမူကား-လောက၌ <b>ဇာတိဿရ ဉာဏ်ကိုရသော ပုဂ္ဂိုလ်တို့သည် ရှိကြကုန်၏</b>၊ <b>မိမိဖြစ်၍လာခဲ့သော ရှေးရှေးသောဘဝတို့ကို မြင်နိုင်ကြကုန်၏</b>၊ <b>နတ်, သိကြား, ဗြဟ္မာတို့သည် လည်း မိမိတို့၏လည်းကောင်း, သူတစ်ပါးတို့၏လည်းကောင်း ရှေးဘဝ, နောက်ဘဝတို့ကို မြင်နိုင်ကြကုန်၏</b>၊ <b>ရှေးဘဝ၌ ဘယ်ကုသိုလ်ကိုပြု၍ နောက်ဘဝ၌ ဘယ်ဘုံမှာဖြစ်ရသည်</b>၊ <b>ရှေးဘဝ၌ ဘယ်အကုသိုလ်ကိုပြု၍ နောက်ဘဝ၌ ဘယ်အပါယ်ဘဝသို့ ကျရောက်ရသည်-ဟု ပစ္စက္ခဒိဋ္ဌ ထင်မြင်နိုင်ကြကုန်၏</b>၊ <b>အဘိညာဉ်ကိုရကြသော ရသေ့ရဟန်းတို့သည် လည်း ထို့အတူ ထင်မြင်နိုင်ကြကုန်၏</b>၊ <b>ငရဲဘုံ၌ ကျရောက်သော သတ္တဝါတို့သည်လည်း ငါသည်ရှေးဘဝ၌ ဘယ်အကုသိုလ်ကိုပြုမိ၍ ယခုဘဝ၌ ဤငရဲမှာ ဖြစ်လာရ၏-ဟုသိကြကုန်၏</b>၊</p>
<p>ထို့အတူ <b>ပြိတ္တာဘုံ၌ ကျရောက်ကြသော သတ္တဝါ, အသုရကာယ် ဘုံ၌ ကျရောက်ကြသော သတ္တဝါတို့သည်လည်း ငါသည် ရှေးဘဝ၌ ဘယ်အကုသိုလ်ကို ပြုမိ၍ ယခုဘဝ၌ ဤပြိတ္တာဘဝ, ဤအသုရကာယ် ဘဝမှာဖြစ်လာရ၏-ဟု သိကြကုန်၏</b>၊</p>
<p>ဤသို့<b>ရှေးဘဝ၌ ပြုကြသော ကုသိုလ်ကံ, အကုသိုလ်ကံ၏ အစွမ်းကြောင့် နောက်ဘဝ၌ သုဂတိဘဝ, ဒုဂ္ဂတိဘဝတို့၌ ဖြစ်ကြရကုန် ၏-ဟု ယုံကြည်ခြင်းသည် ကမ္မဿကတာ သမ္မာဒိဋ္ဌိကြီးမည်၏</b>၊ ထို <b>သမ္မာဒိဋ္ဌိအယူရှိကြကုန်သော လူမျိုးတိ့ု၌သာလျှင် ပါဏာတိပါတစသော ဒုစရိုက်မှုတို့ကို ရှောင်ကြဉ်ခြင်း, ပါဏာတိပါတဝိရတီစသော သုစရိုက်မှု တို့ကို ပြုကျင့်ခြင်း ထိုထိုဒါန, သီလ, ဘာဝနာစသော ကုသိုလ်တရားတို့ကို ပွါးများခြင်း-ဟူသော သူတော်ကောင်းလမ်းကြီးသည် ထင်ရှားရှိလေ၏</b>၊</p>
<p><b>ထိုသမ္မာဒိဋ္ဌိအယူ မရှိမူ၍ မဟာဗြဟ္မာကြီးဖန်ဆင်းမှုကို ယုံကြည် ကြသော လူမျိုးတို့၌မူကား-ပါဏာတိပါတအစရှိသော ဒုစရိုက်မှုတို့ကို ကြဉ်ရှောင်ခြင်း, ပါဏာတိပါတဝိရတီအစရှိသော သုစရိုက်မှုတို့ကို ပြုကျင့်ခြင်း, ထိုထိုဒါန, သီလ, ဘာဝနာကုသိုလ်မှုတို့ကို ပြုကျင့်ခြင်းဟူသော သူတော်ကောင်းလမ်းကြီး မရှိကြကုန်ပြီ</b>။</p>
<p>[<b>ဤကား-နာမ်ဗီဇဓာတ်မျိုးတို့၏ အစွမ်းသတ္တိကြီးကျယ်ပုံကို အမြွက်မျှ ပြဆိုချက်ပေတည်း</b>]</p>
<p><b>အကြီးဆုံးသောတန်ခိုးသည်နာမ်ဓာတ်တို့၏ အစွမ်းသတ္တိကို ပြခြင်းပြီး၏</b>၊</p>
---
<h3>မှတ်ချက်</h3>
<p><b>ဤကမ္ဘာလောက၏ အကြောင်းအရာကိုမူကား- ဆရာတော် စီရင်သော''နိယာမဒီပနီ” ခေါ်သော ဥရောပတိုက် အလင်းပြကျမ်း၌ ပညာရှိအပေါင်းတို့ ကျေနပ်လောက်အောင် ပြည့်စုံလုံလောက်သော အကြောင်းယုတ္တိနှင့်တကွ ပါရှိလေ၏</b>၊ ၎င်းကျမ်းသည် ယခုအခါ မြန်မာ နိုင်ငံတွင် မြန်မာဘာသာနှင့် ရှိ၏၊ ပါဠိဘာသာနှင့်ရေး၍ လန်ဒန်မြို့ (Mis Rhys davids) မစ္စစ် ရီးဒေဗစ်-ဆိုသူ ဆရာမကြီးထံသို့ ပေးပို့ လိုက်ရာ <b>ယခုအခါအင်္ဂလိပ် ဘာသာပြန်ဆို၍ (Reviue) ရီဗြူး ခေါ်သော သတင်းစာတွင် ဂရိဘရန်အာယာလံ ဗုဒ္ဓဘာသာ အသင်းကြီးက ကမ္ဘာအနှံ့ဖြန့်ဝေလျက်ရှိ၏</b>၊</p>
<p><b>ဤသည်ကား အထက်ကပြဆိုခဲ့သော ရုပ်ဓါတ်တရား, နာမ် ဓါတ်တရားတို့မည်သည် အနတ္တမျိုးဖြစ်ကြ၍ ကြားမှု, မြင်မှု, ကြံဖန်မှု စသည်တို့တွင် တစ်စုံတစ်ခုကိုမျှ မပြုတတ်ကြကုန်</b>၊ <b>သစ်ရွက်ခြောက်, မြက်ခြောက်တို့ကဲ့သို့ အချည်းနှီးသော တရားတို့သာ ဖြစ်ကြကုန်၏</b>၊ <b>သတ္တဝါတို့၏ ကိုယ်တွင်း၌ အသီးအသီးရှိနေကြကုန်သော အသီး အသီးသော အတ္တတို့သည်သာလျှင် ထိုမြင်ခြင်း, ကြားခြင်း အစရှိသော ခပ်သိမ်းသော အရေးအခွင့်ကိစ္စကြီးငယ်တို့ကို ဆောင်ရွက်ကြပေကုန်၏ဟု ပြောဆိုသော မိစ္ဆာဝါဒကြီးကိုလည်းကောင်း</b>၊ <b>ကမ္ဘာ့ သတ္တဝါတို့ကို မဟာဗြဟ္မာကြီး ဖန်ဆင်းသည်ဟူသော မိစ္ဆာဝါဒကြီးကို လည်းကောင်း တွန်းလှန်ပယ်ဖျက်လိုက်သော အချက်ကြီးပေတည်း</b>။</p>
<p>[<b>ဤတွင်ရွေ့ကား-အထက်ကပြဆိုခဲ့သော သာမညအတ္တဒိဋ္ဌိတစ်ပါး, စိ်တ် ဝိညာဏ်ကိုသာ အတ္တဟုယူသော ဒိဋ္ဌိတစ်ပါး, ရုပ်ဓါတ်, နာမ်ဓါတ်တို့မှ အလွတ် ဖြစ်သော အတ္တကိုယူသော ဒိဋ္ဌိတစ်ပါး, ဤဒိဋ္ဌိသုံးပါးတို့ကို ပယ်ဖျက်ချက် ပြီး၏</b>၊]</p>
---
<h3>ထာဝရဘုရားကို စွပ်စွဲ ဆဲရေးခြင်းသို့ ရောက်ကြောင်းကိုပြခြင်း</h3>
<p>လောက၌ <b>သတ္တဝါအပေါင်းတို့၏ ကိုယ်ခန္ဓာမှာ အသီးအသီး ရှိနေကြသောအတ္တတို့သည် အထက်ကောင်းကင်ဘုံရှိ မဟာဗြဟ္မာ ကြီးတို့၏ ပရမအတ္တ၏အစိတ်ဖြစ်သော အတ္တတို့ပေတည်း</b>။ <b>“အတ္တတို့ပေတည်း” ဟူသော အယူစကားသည်မူကား- ထာဝရ ဘုရားခေါ်သော မဟာဗြဟ္မာကြီးကို အလွန်ကြီးမားသော စွပ်စွဲခြင်းဖြင့် စွပ်စွဲရာရောက်၏</b>၊ <b>အလွန်ကြီးမားသော ဆဲရေးခြင်းဖြင့် ဆဲရေးရာ ရောက်၏</b>၊</p>
<p><b>ရောက်ပုံကား</b>။<br>
ထိုမဟာဗြဟ္မာကြီးသည် တန်ခိုးအနန္တနှင့် ပြည့်စုံသည်၊ အသိအလိမ္မာ ဉာဏ်ပညာ အနန္တနှင့်ပြည့်စုံသည်ဟု ထိုသူတို့ အခိုင်အမြဲ စွဲယူကြ၏၊ လောက၌ မိုက်သောသူ, လိမ္မာသော သူနှစ်မျိုးတို့ တွင် မိုက်သောသူကား-အလွန်များ၏၊ လိမ္မာသောသူကား အလွန် နည်း၏၊ အကယ်၍ <b>ထိုမဟာဗြဟ္မာမင်းကြီး၏ ပရမအတ္တသည် အသိအလိမ္မာဉာဏ်ပညာ အနန္တနှင့်ပြည့်စုံငြားအံ့</b>၊ <b>ခပ်သိမ်းသော သတ္တဝါတို့၏ အတ္တတို့သည်လည်း ထိုပရမအတ္တ၏ အစိတ်အငယ်တို့ အမှန်ဖြစ်ကုန်ငြားအံ့</b>၊ <b>လောက၌ မိုက်သောသူဟူ၍ တစ်စုံတစ်ယောက်မျှ မရှိရာ</b>၊ <b>လိမ္မာသောသူချည်းသာ ဖြစ်ရာ၏</b>၊ လောက၌မှာမူကား-<b>မိုက်သော သူတို့သာ အလွန်များကုန်၏</b>၊</p>
<p>ထိုကြောင့် <b>ထိုဗြဟ္မာကြီး၏ ပရမအတ္တမှာလည်း လိမ္မာသော အစိတ်အလွန်နည်းပါး၏</b>၊ <b>မိုက်သော အစိတ်သည်သာ အလွန်များ၏ဟု ထိုမဟာဗြဟ္မာကြီးကို စွပ်စွဲ, ဆဲရေးရာရောက်၏</b>၊ <b>ခပ်သိမ်းသော တိရစ္ဆာန်သတ္တဝါတို့မှာလည်း မြင်ခြင်း, ကြားခြင်း-အစရှိသော အတ္တ၏ ကိစ္စ, အတ္တ၏အရေးအခွင့်တို့သည်လည်း အသီးအသီးရှိကြကုန်၏</b>၊ ထို့ကြောင့် <b>ထိုအတ္တတို့ကိုလည်း ပရမအတ္တကြီး၏ အစိတ်မဟုတ်ဟု မဆိုသာပေ</b>၊ <b>ထိုတိရစ္ဆာန်သတ္တဝါတို့မှာလည်း အမိုက်ကား-အလွန်များ၏</b>၊ <b>အလိမ္မာကား-အလွန်နည်းကြကုန်၏</b>၊ ထို့ကြောင့် <b>ထိုမဟာဗြဟ္မာကြီး၏ ပရမအတ္တမှာလည်း လိမ္မာသောအစိတ် အလွန်နည်း၏</b>၊ <b>မိုက်သော အစိတ်သည်သာ အလွန်များ၏-ဟု ထိုမဟာဗြဟ္မာကြီးကို စွပ်စွဲ, ဆဲရေး ရာရောက်၏</b>၊ ထို့ကြောင့် <b>ထိုအယူစကားကို အလျင်အမြန် စွန့်ပစ် ကြကုန်ရာ၏</b>၊</p>
<p>ဤအရာ၌ ဆိုဖွယ်ရှိသေး၏၊<br>
<b>အမိုက်တရားမည်သည် လောဘ, ဒေါသ, မောဟ-ဟူသော နာမ်တရား သုံးပါးတို့ပေတည်း</b>၊ <b>သတ္တဝါအများတို့ မိုက်ကြသည်မှာ ပရမအတ္တ၏ အစိတ်ဖြစ်သော အတ္တတွေက မိုက်သည်မဟုတ်</b>၊ <b>စိတ်ရှိသည့်အတွက်ကြောင့် ထိုစိတ်မှ အလိုအလျောက်ဖြစ်ပွါးကြသော အမိုက်တရားတို့၏ အစွမ်းသတ္တိ ပေတည်း-ဟုဆိုရန်ရှိသေး၏</b>၊ <b>ဤသို့ဆိုခဲ့သော် ရုပ်ဓါတ်, နာမ်ဓါတ်တရား တို့မည်သည် အနတ္တမျိုးဖြစ်ကြ၍ တစ်စုံတစ်ခု အစွမ်းသတ္တိမရှိကြဟူသော အထက်စကားနှင့် ဆန့်ကျင်လေရာ၏</b>၊</p>
<p><b>တစ်နည်းကား</b>။<br>
ထိုလောဘ, ဒေါသ, မောဟ-ဟူသော အမိုက်တရားတို့သည် <b>မဟာဗြဟ္မာကြီးဖန်ဆင်း၍ ဖြစ်ကြကုန်သလော</b>၊ သို့တည်း <b>မဟုတ် အလိုအလျောက်ဖြစ်ကြကုန်သလောဟု မေးရာ၏</b>၊ <b>မဟာ ဗြဟ္မာကြီး ဖန်ဆင်း၍ြုဖစ်ကြကုန်သည်-ဟု ဖြေခဲ့သော် မဟာဗြဟ္မာ ကြီးကို စွပ်စွဲ, ဆဲရေးရာရောက်သည်ဟူသော အထက်စကားအတိုင်း ကျရောက်လေ၏</b>၊ သို့တည်းမဟုတ် <b>အလိုလျောက်ဖြစ်ကြကုန်သည်ဟု ဆိုခဲ့သော် ထိုလောဘ, ဒေါသ, မောဟ-ဟူသော အမိုက်တရားတို့ကဲ့သို့ အလောဘ, အဒေါသ, အမောဟ-ဟူသော အလိမ္မာတရားတို့သည် လည်း မဟာဗြဟ္မာကြီးဖန်ဆင်းသည်မဟုတ်</b>၊ <b>လောက၌ လိမ်မာရန် အကြောင်းတို့နှင့် ပေါင်းဆုံမိကြသဖြင့် အလိုအလျောက် ဖြစ်နိုင်ကြ ကုန်သည်သာတည်း-ဟု ဆိုဖွယ်ရှိ၏</b>၊ ထိုသို့ဖြစ်ခဲ့သော် <b>သတ္တဝါတို့မှာ အကြီးအမှူး ဦးစီး ဦးကိုင်ဖြစ်သော ထိုအမိုက်တရား အလိမ်မာတရား တို့သည်ပင်လျှင် မဟာဗြဟ္မာကြီးဖန်ဆင်းသည်မဟုတ်ဘဲ သူ့ အကြောင်း နှင့်သူ အလိုအလျောက် ဖြစ်နိုင်ကြကုန်သည်ရှိသော် ထိုမှ ကြွင်းကျန် သော ရုပ်ဓာတ်, နာမ်ဓာတ်တရားအလုံးစုံတို့သည်လည်း သူ့အကြောင်း နှင့်သူ အလိုအလျောက်ဖြစ်နိုင်ကြကုန်၏ဟု ဆိုခဲ့လျှင် ငြင်းဖွယ်မရှိလေပြီ</b>၊ ထိုသို့ဖြစ်ခဲ့သော် <b>လောကကို မဟာဗြဟ္မာကြီးဖန်ဆင်း သည်-ဟူသော အယူစကားသည် အဝါအကြွားမျှသာ ဖြစ်လေရာ၏</b>၊</p>
<p><b>ဥစ္ဆေဒဒိဋ္ဌိအယူ၌ သတ္တဝါဟုဆိုအပ်သော အတ္တမည်သည် ပစ္စုပ္ပန် တစ်ဘဝသာရှိ၏</b>၊ <b>တစ်ဘဝမှတစ်ဘဝ ပြောင်းသွားခြင်းမရှိဟု အမှန်ယူခဲ့သော် လောက၌ အကုသိုလ်အမှုကို ပြုကြသော်လည်းကောင်း, ကုသိုလ်အမှုကို ပြုကြသော်လည်းကောင်း နောက်ဘဝ မရှိသည်ဖြစ်၍ ကောင်းကျိုး, မကောင်းကျိုးဟူ၍လည်းမရှိဟု ကုသိုလ်ကံ, အကုသိုလ်ကံ ကိုလည်း ပယ်ရာရောက်၏</b>၊ <b>ကံ၏အကျိုးကိုလည်း ပယ်ရာရောက်၏</b>၊ ထို့ကြောင့် <b>ထိုအယူသည် အလွန်အပြစ်ကြီး၏</b>၊</p>
<p><b>သဿတဒိဋ္ဌိ၌ သတ္တဝါခေါ်သော အတ္တသည် ဘဝသံသရာတွင် အစဉ်မြဲ၏</b>၊ <b>ချုပ်သည်, ပျက်သည်, သေဆုံးသည်-ဟူ၍မရှိ</b>၊ <b>ခန္ဓာအိမ် ကြီးငယ်တို့သည်သာလျှင် တစ်ဘဝတစ်ခါ ပျက်ဆုံး ပြောင်းလွဲ ကြကုန်၏ဟု အမှန်ယူခဲ့သော် ထိုအယူမှာ ကုသိုလ်ကံ, အကုသိုလ်ကံ ကိုလည်း ကောင်း၊ ကံ၏အကျိုးကိုလည်းကောင်း၊ ပယ်ဖျက်ခြင်း မရှိ</b>၊ <b>ဒုဂ္ဂတိ, သုဂတိ အလားအလာကိုလည်း ပယ်ဖျက်ခြင်း မရှိ</b>၊ <b>သံသရာမှ ကျွတ်လွတ် ထွက်မြောက်ကြောင်းဖြစ်သော လမ်းကိုမူကား-ပယ်ဖျက်ရာ ရောက်၏</b>၊ <b>သံသရာမှထွက်မြောက်သော သဗ္ဗညုဘုရားဟူ၍ မရှိ</b>၊ <b>ပစ္စေကဗုဒ္ဓါ ဟူ၍လည်း မရှိ</b>၊ <b>အရိယာသာဝကဟူ၍လည်းမရှိ-ဟု ဆိုရာရောက်၏</b>၊ ထို့ကြောင့် <b>ထိုအယူကိုလည်း စွန့်ပစ်ကြကုန်ရာ၏</b>၊</p>
<p><b>ဤတွင်ရွေ့ကား-အတ္တ,အနတ္တ ပုစ္ဆာအဖြေပြီး၏</b>၊</p>
---
<h3>အတ္တစွဲလမ်းမှု၏ အပြစ်, အနတ္တထင်မြင်မှု၏ အကျိုးကိုပြခြင်း</h3>
<p>ဤအရာ၌ <b>အတ္တစွဲလမ်းမှု၏ အပြစ်, အနတ္တထင်မြင်ခြင်း၏ အကျိုးကို အနည်းငယ်ပြဆိုရာ၏</b>၊</p>
<p><b>သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာပဟာနေန ပဟီနာပါယ ဂမနော</b>။</p>
<p>[အဘိဓမ္မတ္ထသင်္ဂဟပါဌ်]</p>
<p>အနက်ကား။ ။ <b>သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာပဟာနေန= သက္ကာယ ဒိဋ္ဌိ ဝိစိကိစ္ဆာကို အကြွင်းမရှိ ပယ်ခြင်းကြောင့်</b>၊ <b>ပဟီနာပါယ ဂမနော= ပယ်အပ်ပြီးသော အပါယ်လားကြောင်း မကောင်းမှုရှိ၏</b>၊</p>
<p><b>ဤပါဌ်ဖြင့် သက္ကာယဒိဋ္ဌိကို ပယ်သည်ရှိသော် အလုံးစုံသော အပါယ်လားကြောင်း မကောင်းမှုဒုစရိုက်တို့သည် ချုပ်ငြိမ်းကုန်၏</b>၊ <b>အပါယ်လေးပါးတို့မှ တစ်ခါတည်းကျွတ်လွတ်လေ၏-ဟူသော အနက်ကို ပြဆိုတော်မူ၏</b>၊ ထိုသို့ပြဆိုသဖြင့်လည်း <b>လောက၌ ခပ်သိမ်းသော အပါယ်လားကြောင်း မကောင်းမှုဒုစရိုက်တို့သည် သက္ကာယဒိဋ္ဌိရှိသည့် အတွက်ကြောင့် လောက၌ ရှိနေကြကုန်၏</b>၊ <b>ထိုဒုစရိုက်တို့ ရှိနေကြသော ကြောင့် အပါယ်လေးပါးတို့သည်လည်း ရှိနေကြကုန်၏-ဟု အမှန် သိရာ၏</b>၊</p>
<p>ဤစကား၌ <b>အပါယ်လားကြောင်း မကောင်းမှုဒုစရိုက်တို့သည် တစ်ယောက်တစ်ယောက်သော သတ္တဝါ၏သန္တာန်မှာ နှစ်မျိုး, နှစ်မျိုးစီ ရှိကြ၏</b>၊</p>
<p><b>ထိုနှစ်မျိုးဆိုသည်ကား</b></p>
<p>၁။ <b>အနမတဂ္ဂသံသရာ၌ ဖြစ်ပွားကြကုန်ပြီးလျှင် ထိုပုဂ္ဂိုလ် သန္တာန်မှာ သွားလေရာရာအစဉ်ပါရှိ၍ နေကြကုန်သော ဒုစရိုက်ဟောင်းတို့လည်း တစ်မျိုး</b>၊</p>
<p>၂။ <b>နောက်နောက်ဘဝတို့၌ အသစ်သစ်ဖြစ်လတံ့ကုန်သော ဒုစရိုက်သစ်တို့လည်း တစ်မျိုး</b>, ဤနှစ်မျိုးတို့ပေတည်း။ <b>ထိုတွင် ဒုစရိုက်ဟောင်းအနန္တတို့သည် သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်း လျှင် အကုန်ချုပ်ငြိမ်းကြကုန်၏</b>၊ <b>တစ်ယောက်သောသူသည် ယမန်နေ့၌ နွားကောင်ရေ တစ်ထောင်တို့ကို ကိုယ်တိုင်သတ်ဖြတ်လေရာ၏</b>၊ <b>ထိုသူ သည် နောက်နေ့၌ ဝိပဿနာ, ဘာဝနာတရားကို အားထုတ်လေရာ အနတ္တဉာဏ်ပေါက်ရောက် ထမြောက်လေ၏</b>၊ <b>သက္ကာယဒိဋ္ဌိချုပ်ငြိမ်းလေ ၏</b>၊ ထိုအခါ <b>ထိုသူမှာ ယမန်နေ့၌ နွားတစ်ထောင်တို့ကို သတ်ဖြတ်ခဲ့သော ပါဏာတိပါတကံတို့သည် သက္ကာယဒိဋ္ဌိချုပ်ငြိမ်းရာတွင် အကုန်ချုပ်ငြိမ်း ကြလေကုန်၏</b>၊ <b>ရှေးရှေးအတိတ်သံသရာမှပါရှိ၍နေကြကုန်သော ဒုစရိုက်ကံဟောင်းတို့သည်လည်း သက္ကာယဒိဋ္ဌိနှင့်အတူချုပ်ငြိမ်းကြ လေကုန်၏</b>၊ <b>ထိုခဏမှ နောက်၌ အသစ်အသစ်ဖြစ်လတံ့ကုန်သော ဒုစရိုက်ကံတို့သည်လည်း တစ်ဖန်ဖြစ်ပေါ်ခြင်း မရှိကြကုန်မူ၍ သက္ကာယ ဒိဋ္ဌိနှင့်တကွ အကုန်ချုပ်ငြိမ်းကြလေကုန်၏</b>၊ <b>ထိုသူတို့သည် ထိုခဏမှစ၍ နိဗ္ဗာန်ရသည့်ဘဝတိုင်အောင် အပါယ်လေးပါးမှ တစ်ခါတည်း ကျွတ် လွတ်လေ၏</b>၊</p>
<p>ဤစကား၌ <b>“သက္ကာယဒိဋ္ဌိဆိုသည်ကား-ရုပ်တရား, နာမ်တရား တို့ကို ငါ၏အတ္တ-ဟုစွဲလမ်းသော အတ္တဒိဋ္ဌိကို ဆိုသတည်း</b>၊ <b>ဤအတ္တဒိဋ္ဌိ ရှိနေကြကုန်သော သတ္တဝါအပေါင်းတို့မှာမူကား-အပါယ်လေးဘုံကြီး သည် ထာဝရနေအိမ်ကြီးသဖွယ် ဖြစ်ကြ၏</b>၊ <b>လူ့ပြည်, နတ်ပြည်ဟူသော သုဂတိဘုံများသို့ ရံခါရံဖန်မျှ ရောက်နိုင်ကြကုန်၏</b>၊ <b>အပါယ်လေးဘုံ၌ ဘဝပေါင်း ထောင်သောင်းများစွာရှိမှ လူ့ဘုံ, နတ်ရွာ-ဟူသော သုဂတိ ဘဝသို့ တစ်ကြိမ်တစ်လှည့်မျှ ရောက်လာကြရကုန်၏</b>၊ <b>ရောက်လာပြီး နောက်၌ အပါယ်လေးဘုံသို့သာ အဖန်တစ်လဲလဲ ကျရောက်ကြပြန် ကုန်၏</b>၊</p>
<p>[<b>ဤကား-အတ္တစွဲလမ်းမှု၏ အပြစ်, အနတ္တဉာဏ် ပေါက်ရောက်မှု၏ အကျိုးပေတည်း</b>။]</p>
<p><b>အတ္တ, အနတ္တအဖြေပြီး၏</b>၊</p>
---
<h3><b>အသက်မွေးမှု၏ အနိစ္စ, ဒုက္ခ, အနတ္တ, ဝိပဿနာ ရှုနည်းကို ပြခြင်း</b></h3>
<p>အသက်မွေးမှုကြီးကို အမှီပြု၍ <b>အနိစ္စ, ဒုက္ခ, အနတ္တ, ဝိပဿနာ</b> ရှုနည်းကို ပြဆိုပေအံ့၊ ရုပ်နာမ်တရားတို့၏ <b>အနိစ္စလက္ခဏာ, ဒုက္ခ လက္ခဏာ, အနတ္တလက္ခဏာ</b>တို့ကို သင်္ခါရအလုပ်ကြီးသည် ဖုံးလွှမ်း၍ နေ၏၊ ထိုသင်္ခါရအလုပ်ကြီးကို ပယ်ခွါခဲ့သည်ရှိသော် ထိုလက္ခဏာရေး သုံးပါးတို့သည် ထင်ရှားစွာပေါ်လာကုန်၏၊ ထိုလက္ခဏာရေးသုံးပါးတို့ကို သင်္ခါရအလုပ်ကြီးသည် အဘယ်သို့ဖုံးလွှမ်း၍ နေသနည်းဟူမူကား<br>အမိဝမ်းတွင်း၌ သူငယ်၏ကိုယ်ခန္ဓာမှာ ရှိနေကြကုန်သော ရုပ်ဓာတ်, နာမ်ဓာတ်တရားတို့သည် အမိ၏ အစာအာဟာရသုံးဆောင်မှု-ဟူသော သင်္ခါရအလုပ်ကြီးရှိနေသည့်အတွက် နေ့ရက်ရှည်ကြာ အစဉ်မပြတ် ဖြစ်ပွားလျက် ရှိနေကြကုန်၏၊ ထိုအတွင်း၌ ဖြစ်မှု, ပျက်မှုဟူသော လက္ခဏာရေးသုံးပါးတို့သည် ထင်ရှားပေါ်ခွင့် မရကြကုန်ပြီ၊ ငုပ်မြုပ်၍ နေကြကုန်၏၊</p>
<p><b>[ဤကား-အမိဝမ်းတွင်း၌ တည်ရှိခိုက် သူငယ်၏ခန္ဓာမှာ လက္ခဏာရေး သုံးပါး တို့ကို အမိ၏သင်္ခါအလုပ်ကြီး ဖုံးလွှမ်းပုံတည်း။]</b></p>
<p>အဘယ်သို့လျှင် ထိုသင်္ခါရအလုပ်ကြီးကို ပယ်ခွါခဲ့သည်ရှိသော် ထိုလက္ခဏာရေးသုံးပါးတို့သည် ထင်ရှားစွာပေါ်လာကုန်သနည်းဟူမူ ကား-ထိုသူငယ်ပဋိသန္ဓေယူသောနေ့မှစ၍ ဘယ်နေရာမှာမဆို အမိသည် အစာ, ရေစာ, စားသောက်မှုကို မပြုမူ၍ ပယ်ဖြတ်ခဲ့သည်ရှိသော် သူငယ်၌ရှိသော ရုပ်နာမ်တရားတို့သည် အမိဝမ်းတွင်း၌ပင် ဧကန်ချုပ်ဆုံး သေကြကုန်လတံ့၊ လက္ခဏာရေးသုံးပါးတို့သည် အသိဉာဏ်တွင် ဧကန် ထင်ရှားစွာပေါ်လာကုန်လတံ့။</p>
<p>ဤစကား၌</p>
<p>၁။ သူငယ်၏ ရုပ်နာမ်တရားတို့သည် ပဋိသန္ဓေအခါမှစ၍ မျက် တောင်တစ်ခတ် လျှက်တစ်ပြက်မျှ ဖြစ်မှုလည်းမစဲ, ချုပ်မှုလည်း မစဲ ဖြစ်တုံပျက်တုံနေကြကုန်၏၊ သို့သော်လည်း အမိမျိုသော အစာ, ရေစာမှ အာဟာရထောက်ပံ့မှုကို ရရှိကြသောကြောင့် အစဉ်အစဉ်, အယဉ်မပြတ် ရှိနေသည်ဖြစ်၍ ချုပ်မှုတို့သည် မထင်မရှား၊ ငုတ်မြုပ်၍ နေသည်ကို <b>သင်္ခါရအလုပ် ဖုံးလွှမ်းမှု</b> ဆိုသတည်း။</p>
<p>၂။ အမိသည် အစာ, ရေစာ, စားသောက်မှုကို မပြုမူ၍ ပယ်ခဲ့ သည်ရှိသော်-ဟု ဉာဏ်ဖြင့် ကြံဖန်၍ကြည့်မှုကို <b>သင်္ခါရအလုပ် ကြီးကို ပယ်ခွါမှု</b>ဆိုသတည်း။</p>
<p>ဤအရာ၌ လက္ခဏာရေးသုံးပါးဆိုသည်ကား<br>၁။ ရုပ်နာမ်တရားတို့၏ ချုပ်မှုပျက်မှုသည် <b>အနိစ္စလက္ခဏာ</b>မည်၏၊</p>
<p>၂။ ထိုချုပ်မှုပျက်မှုဟူသော အနိစ္စလက္ခဏာသည်ပင်လျှင် ဘေး တကာတွင် အကြီးဆုံးသော သေဘေးကြီးဖြစ်၍ ကြောက်မက် ဖွယ်အလွန်ကောင်းသောကြောင့် <b>ဒုက္ခလက္ခဏာ</b>မည်၏၊</p>
<p>၃။ ထိုချုပ်မှုပျက်မှုဟူသော အနိစ္စလက္ခဏာသည်ပင်လျှင် အလိုသို့ မလိုက်, အစိုးမရ, အနှစ်သာရမရှိခြင်းကြောင့် ပုဂ္ဂိုလ်, သတ္တဝါ၏ အမာခံအတ္တပြုလုပ်ခြင်းငှါ မထိုက်လေရကား-<b>အနတ္တလက္ခဏာ</b> မည်၏၊</p>
<p>ဖွားမြင်ပြီးနောက်၌လည်း အမိသည် သူငယ်၏ခန္ဓာနှင့် သက် ဆိုင်သော ရေချိုးမှု, ပွေ့ပိုက်မှု, နို့တိုက်မှု အစရှိသော သင်္ခါရအလုပ်ကြီး ကို အမြဲပြုလုပ်လျက်ရှိသောကြောင့် ထိုသူငယ်၏ခန္ဓာကိုယ်သည် ချုပ်မှု, ပျက်မှုရှိနေသော်လည်း မထင်မရှား ချမ်းသာကြီးပွါး၍ လာလေ၏၊ အမိသည် ထိုသင်္ခါရအလုပ်ကြီးကို တစ်စုံတစ်ခုကိုမျှ မပြုဘဲ စွန့်ပစ်၍ ထားခဲ့သော် ထိုသူငယ်သည် မွေးဖွားသည်မှနောက်၌ ဘယ်နာရီမှာမဆို ဧကန်ချုပ်ပျက်သေဆုံးလတံ့။</p>
<p><b>[ဤကား-သူငယ်၏ ကိုယ်ခန္ဓာ၌ရှိသော ရုပ်နာမ်တရားတို့၏ လက္ခဏာရေးတို့ကို အမိ၏သင်္ခါရအလုပ်ကြီးဖုံးလွှမ်းပုံ, ထိုသင်္ခါရ အလုပ်ကြီးကိုပယ်ခွါမှ လက္ခဏာ ရေးသုံးပါး ထင်ရှားပေါ်ပုံကို ပြဆိုချက်ပေတည်း။]</b></p>
<p>ထိုမှနောက်၌ ထိုသူငယ်သည် အစာရေစာ, စားသောက်မှု, စားသောက်ရန် ရှာကြံလုပ်ဆောင်မှုဟူသော သင်္ခါရအလုပ်ကြီးကို အသက်ထက်ဆုံး လက်ကိုင်လက်စွဲအမြဲလုပ်ဆောင်၍ ရုပ်သစ်, နာမ်သစ် အသက်သစ်တို့ကို အယဉ်မပြတ် ထူထောင်စိုက်ပျိုးမှုဟူသော အသက် မွေးမှုကြီးကို အမြဲလုပ်ဆောင်ရလေ၏၊ တစ်နေ့တစ်နေ့လျှင် ထမင်း အစာ-၂-ကြိမ်ကျ၊ တစ်လလျှင် အကြိမ်ပေါင်း ၆၀-ကျ၊ တစ်နှစ်လျှင် အကြိမ်ပေါင်း ၇၂၀-ကျ စားသောက်၍ မိမိ၏သေပေါက်သေလမ်းတို့ကို ပိတ်ဆို့ဖုံးလွှမ်းရလေသည်၊ ထိုသို့မလုပ်ဘဲ ထိုသင်္ခါရအလုပ်ကြီးကို ပယ်လွတ်၍ ထားခဲ့သော် မွေးဖွားသောနေ့မှစ၍ ဘယ်နေ့ ဘယ်နာရီ၌ မဆို ထိုသူငယ်သည် ဧကန်ချုပ်ပျက်သေဆုံးလတံ့။</p>
<p>ထိုသင်္ခါရ အလုပ်ကြီးကို အမြဲလုပ်ဆောင် မွေးမြူပါသော်လည်း အိုချိန်ကျလျှင် အိုရခြင်း, နာချိန်ကျလျှင် နာရခြင်း, သေချိန်ကျလျှင် သေရခြင်း ဓမ္မတာသဘောကို မလွန်နိုင်၊ သေပြန်လျှင်လည်း ကျန်ရှိသော ဆွေမျိုးတို့က ထိုသူ၏ အလောင်းကို စရိတ်ကြေးငွေအကုန်ခံပြီးလျှင် သုသာန်သို့ထုတ်၍ မီးကြီးထင်းကြီးနှင့် ဖုတ်မြှိုက်ပြီးလျှင် အစွန်းအစ မကျန်ရအောင် ဖျောက်ဖျက်ကြရကုန်၏၊ ထိုသူသည်မူကား-ထိုဘဝတွင် ထိုခန္ဓာအတွက်နှင့်ဖြစ်ပွါးရကုန်သော ကိလေသာမှု, ဒုစရိုက်မှုတို့ကို ယူဆောင်၍ အပါယ်ငရဲသို့ ကျရောက်ရလေ၏၊ ကျရောက်ပြီးလျှင် ထိုဘဝ၌ တပ်ရှိသော ကိလေသာဒဏ်, ဒုစရိုက်ဒဏ်တို့ကို အပါယ်ငရဲ၌ ဘဝပေါင်းထောင်သောင်း ဒုက္ခခံ၍ မဆုံးနိုင်ရှိလေ၏၊</p>
<p><b>[ဤကား-အနတမဂ္ဂသံသရာ၌ အတ္တဒိဋ္ဌိရှိနေကြသောပုထုဇဉ်သတ္တဝါတို့၏ ဓမ္မတာလမ်းရိုးကြီးပေတည်း။]</b></p>
<p>ဤဓမ္မတာလမ်းရိုးကြီးကို သိမြင်ကြသဖြင့် ထိုခန္ဓာ၏<b>အနိစ္စ</b> အချက်, <b>ဒုက္ခ</b>အချက်, အစိုးမရသောအ<b>နတ္တ</b>အချက်တို့သည် ထင်ရှားလေ ကုန်၏၊ ထိုသူသည် အကြင်အခါ၌ အတ္တဒိဋ္ဌိအကြွင်းမဲ့ ပယ်စွန့်နိုင်၏၊ ထိုအခါ၌ ထိုပုထုဇဉ် သတ္တဝါအပေါင်းတို့၏၊ ဓမ္မတာလမ်းရိုးကြီးမှ ကျွတ်လွတ်၍ သောတာပန်အရိယာတို့၏ ဓမ္မတာလမ်းရိုးကြီးသို့ ရောက် လေ၏၊</p>
<p>သောတာပန်အရိယာတို့၏ ဓမ္မတာလမ်းရိုးကြီးဆိုသည်ကား<br>မိမိသန္တာန်၌ အနမတဂ္ဂသံသရာမှ ပါရှိ၍နေသော ဒုစရိုက်ကံဟောင်းတို့မှ ကျွတ်လွတ်ခြင်း, နောက်နောက်သောဘဝတို့၌ ဖြစ်လတံ့သော ဒုစရိုက် ကံသစ်တို့မှ ကင်းရှင်းခြင်း, အပါယ်လေးပါးတို့မှ အချင်းခပ်သိမ်း လွတ် ကင်းခြင်း, ကောင်းမြတ်သော လူ့ဘဝ, ကောင်းမြတ်သော နတ်ဘဝ, ကောင်းမြတ်သော ဗြဟ္မာဘဝတို့သည်သာလျှင် လားရာဂတိရှိခြင်း ဖြစ်လေရာဘဝတို့၌လည်း ထိုသူမှာ သာသနာကွယ်သောဘဝ, သာသနာ ကွယ်သောကမ္ဘာ-ဟူ၍ မရှိခြင်း၊ <b>အနတ္တသမ္မာဒိဋ္ဌိ</b> အမှူးရှိသော <b>မဂ္ဂင် ရှစ်ပါး</b>တည်း-ဟူသော ဗုဒ္ဓဘာသာသာသနာတော်မြတ်ကြီးသည် ထိုသူ၏ စိတ်သန္တာန်မှာ အမြဲပါရှိခြင်း ဖြစ်လေ၏၊</p>
<p><b>[ဤကား-သောတာပန် အရိယာတို့၏ဓမ္မတာလမ်းရိုးကြီးပေတည်း။]</b><br>အသက်မွေးမှု၏ အနိစ္စ, ဒုက္ခ, အနတ္တ ဝိပဿနာရှုနည်းပြီး၏၊<br>သီရိလင်္ကာ အတ္တ, အနတ္တ, ပုစ္ဆာအဖြေ ပြီး၏၊</p>
<p>နိုင်ငံခြားပုစ္ဆာအဖြေပေါင်းချုပ်ကျမ်း ပြီးပြီ။</p>
<p>* * * * *</p><h3><b>အသက်မွေးမှု၏ အနိစ္စ, ဒုက္ခ, အနတ္တ, ဝိပဿနာ ရှုနည်းကို ပြခြင်း</b></h3>
<p>အသက်မွေးမှုကြီးကို အမှီပြု၍ <b>အနိစ္စ, ဒုက္ခ, အနတ္တ, ဝိပဿနာ</b> ရှုနည်းကို ပြဆိုပေအံ့၊ ရုပ်နာမ်တရားတို့၏ <b>အနိစ္စလက္ခဏာ, ဒုက္ခ လက္ခဏာ, အနတ္တလက္ခဏာ</b>တို့ကို သင်္ခါရအလုပ်ကြီးသည် ဖုံးလွှမ်း၍ နေ၏၊ ထိုသင်္ခါရအလုပ်ကြီးကို ပယ်ခွါခဲ့သည်ရှိသော် ထိုလက္ခဏာရေး သုံးပါးတို့သည် ထင်ရှားစွာပေါ်လာကုန်၏၊ ထိုလက္ခဏာရေးသုံးပါးတို့ကို သင်္ခါရအလုပ်ကြီးသည် အဘယ်သို့ဖုံးလွှမ်း၍ နေသနည်းဟူမူကား<br>အမိဝမ်းတွင်း၌ သူငယ်၏ကိုယ်ခန္ဓာမှာ ရှိနေကြကုန်သော ရုပ်ဓာတ်, နာမ်ဓာတ်တရားတို့သည် အမိ၏ အစာအာဟာရသုံးဆောင်မှု-ဟူသော သင်္ခါရအလုပ်ကြီးရှိနေသည့်အတွက် နေ့ရက်ရှည်ကြာ အစဉ်မပြတ် ဖြစ်ပွားလျက် ရှိနေကြကုန်၏၊ ထိုအတွင်း၌ ဖြစ်မှု, ပျက်မှုဟူသော လက္ခဏာရေးသုံးပါးတို့သည် ထင်ရှားပေါ်ခွင့် မရကြကုန်ပြီ၊ ငုပ်မြုပ်၍ နေကြကုန်၏၊</p>
<p><b>[ဤကား-အမိဝမ်းတွင်း၌ တည်ရှိခိုက် သူငယ်၏ခန္ဓာမှာ လက္ခဏာရေး သုံးပါး တို့ကို အမိ၏သင်္ခါအလုပ်ကြီး ဖုံးလွှမ်းပုံတည်း။]</b></p>
<p>အဘယ်သို့လျှင် ထိုသင်္ခါရအလုပ်ကြီးကို ပယ်ခွါခဲ့သည်ရှိသော် ထိုလက္ခဏာရေးသုံးပါးတို့သည် ထင်ရှားစွာပေါ်လာကုန်သနည်းဟူမူ ကား-ထိုသူငယ်ပဋိသန္ဓေယူသောနေ့မှစ၍ ဘယ်နေရာမှာမဆို အမိသည် အစာ, ရေစာ, စားသောက်မှုကို မပြုမူ၍ ပယ်ဖြတ်ခဲ့သည်ရှိသော် သူငယ်၌ရှိသော ရုပ်နာမ်တရားတို့သည် အမိဝမ်းတွင်း၌ပင် ဧကန်ချုပ်ဆုံး သေကြကုန်လတံ့၊ လက္ခဏာရေးသုံးပါးတို့သည် အသိဉာဏ်တွင် ဧကန် ထင်ရှားစွာပေါ်လာကုန်လတံ့။</p>
<p>ဤစကား၌</p>
<p>၁။ သူငယ်၏ ရုပ်နာမ်တရားတို့သည် ပဋိသန္ဓေအခါမှစ၍ မျက် တောင်တစ်ခတ် လျှက်တစ်ပြက်မျှ ဖြစ်မှုလည်းမစဲ, ချုပ်မှုလည်း မစဲ ဖြစ်တုံပျက်တုံနေကြကုန်၏၊ သို့သော်လည်း အမိမျိုသော အစာ, ရေစာမှ အာဟာရထောက်ပံ့မှုကို ရရှိကြသောကြောင့် အစဉ်အစဉ်, အယဉ်မပြတ် ရှိနေသည်ဖြစ်၍ ချုပ်မှုတို့သည် မထင်မရှား၊ ငုတ်မြုပ်၍ နေသည်ကို <b>သင်္ခါရအလုပ် ဖုံးလွှမ်းမှု</b> ဆိုသတည်း။</p>
<p>၂။ အမိသည် အစာ, ရေစာ, စားသောက်မှုကို မပြုမူ၍ ပယ်ခဲ့ သည်ရှိသော်-ဟု ဉာဏ်ဖြင့် ကြံဖန်၍ကြည့်မှုကို <b>သင်္ခါရအလုပ် ကြီးကို ပယ်ခွါမှု</b>ဆိုသတည်း။</p>
<p>ဤအရာ၌ လက္ခဏာရေးသုံးပါးဆိုသည်ကား<br>၁။ ရုပ်နာမ်တရားတို့၏ ချုပ်မှုပျက်မှုသည် <b>အနိစ္စလက္ခဏာ</b>မည်၏၊</p>
<p>၂။ ထိုချုပ်မှုပျက်မှုဟူသော အနိစ္စလက္ခဏာသည်ပင်လျှင် ဘေး တကာတွင် အကြီးဆုံးသော သေဘေးကြီးဖြစ်၍ ကြောက်မက် ဖွယ်အလွန်ကောင်းသောကြောင့် <b>ဒုက္ခလက္ခဏာ</b>မည်၏၊</p>
<p>၃။ ထိုချုပ်မှုပျက်မှုဟူသော အနိစ္စလက္ခဏာသည်ပင်လျှင် အလိုသို့ မလိုက်, အစိုးမရ, အနှစ်သာရမရှိခြင်းကြောင့် ပုဂ္ဂိုလ်, သတ္တဝါ၏ အမာခံအတ္တပြုလုပ်ခြင်းငှါ မထိုက်လေရကား-<b>အနတ္တလက္ခဏာ</b> မည်၏၊</p>
<p>ဖွားမြင်ပြီးနောက်၌လည်း အမိသည် သူငယ်၏ခန္ဓာနှင့် သက် ဆိုင်သော ရေချိုးမှု, ပွေ့ပိုက်မှု, နို့တိုက်မှု အစရှိသော သင်္ခါရအလုပ်ကြီး ကို အမြဲပြုလုပ်လျက်ရှိသောကြောင့် ထိုသူငယ်၏ခန္ဓာကိုယ်သည် ချုပ်မှု, ပျက်မှုရှိနေသော်လည်း မထင်မရှား ချမ်းသာကြီးပွါး၍ လာလေ၏၊ အမိသည် ထိုသင်္ခါရအလုပ်ကြီးကို တစ်စုံတစ်ခုကိုမျှ မပြုဘဲ စွန့်ပစ်၍ ထားခဲ့သော် ထိုသူငယ်သည် မွေးဖွားသည်မှနောက်၌ ဘယ်နာရီမှာမဆို ဧကန်ချုပ်ပျက်သေဆုံးလတံ့။</p>
<p><b>[ဤကား-သူငယ်၏ ကိုယ်ခန္ဓာ၌ရှိသော ရုပ်နာမ်တရားတို့၏ လက္ခဏာရေးတို့ကို အမိ၏သင်္ခါရအလုပ်ကြီးဖုံးလွှမ်းပုံ, ထိုသင်္ခါရ အလုပ်ကြီးကိုပယ်ခွါမှ လက္ခဏာ ရေးသုံးပါး ထင်ရှားပေါ်ပုံကို ပြဆိုချက်ပေတည်း။]</b></p>
<p>ထိုမှနောက်၌ ထိုသူငယ်သည် အစာရေစာ, စားသောက်မှု, စားသောက်ရန် ရှာကြံလုပ်ဆောင်မှုဟူသော သင်္ခါရအလုပ်ကြီးကို အသက်ထက်ဆုံး လက်ကိုင်လက်စွဲအမြဲလုပ်ဆောင်၍ ရုပ်သစ်, နာမ်သစ် အသက်သစ်တို့ကို အယဉ်မပြတ် ထူထောင်စိုက်ပျိုးမှုဟူသော အသက် မွေးမှုကြီးကို အမြဲလုပ်ဆောင်ရလေ၏၊ တစ်နေ့တစ်နေ့လျှင် ထမင်း အစာ-၂-ကြိမ်ကျ၊ တစ်လလျှင် အကြိမ်ပေါင်း ၆၀-ကျ၊ တစ်နှစ်လျှင် အကြိမ်ပေါင်း ၇၂၀-ကျ စားသောက်၍ မိမိ၏သေပေါက်သေလမ်းတို့ကို ပိတ်ဆို့ဖုံးလွှမ်းရလေသည်၊ ထိုသို့မလုပ်ဘဲ ထိုသင်္ခါရအလုပ်ကြီးကို ပယ်လွတ်၍ ထားခဲ့သော် မွေးဖွားသောနေ့မှစ၍ ဘယ်နေ့ ဘယ်နာရီ၌ မဆို ထိုသူငယ်သည် ဧကန်ချုပ်ပျက်သေဆုံးလတံ့။</p>
<p>ထိုသင်္ခါရ အလုပ်ကြီးကို အမြဲလုပ်ဆောင် မွေးမြူပါသော်လည်း အိုချိန်ကျလျှင် အိုရခြင်း, နာချိန်ကျလျှင် နာရခြင်း, သေချိန်ကျလျှင် သေရခြင်း ဓမ္မတာသဘောကို မလွန်နိုင်၊ သေပြန်လျှင်လည်း ကျန်ရှိသော ဆွေမျိုးတို့က ထိုသူ၏ အလောင်းကို စရိတ်ကြေးငွေအကုန်ခံပြီးလျှင် သုသာန်သို့ထုတ်၍ မီးကြီးထင်းကြီးနှင့် ဖုတ်မြှိုက်ပြီးလျှင် အစွန်းအစ မကျန်ရအောင် ဖျောက်ဖျက်ကြရကုန်၏၊ ထိုသူသည်မူကား-ထိုဘဝတွင် ထိုခန္ဓာအတွက်နှင့်ဖြစ်ပွါးရကုန်သော ကိလေသာမှု, ဒုစရိုက်မှုတို့ကို ယူဆောင်၍ အပါယ်ငရဲသို့ ကျရောက်ရလေ၏၊ ကျရောက်ပြီးလျှင် ထိုဘဝ၌ တပ်ရှိသော ကိလေသာဒဏ်, ဒုစရိုက်ဒဏ်တို့ကို အပါယ်ငရဲ၌ ဘဝပေါင်းထောင်သောင်း ဒုက္ခခံ၍ မဆုံးနိုင်ရှိလေ၏၊</p>
<p><b>[ဤကား-အနတမဂ္ဂသံသရာ၌ အတ္တဒိဋ္ဌိရှိနေကြသောပုထုဇဉ်သတ္တဝါတို့၏ ဓမ္မတာလမ်းရိုးကြီးပေတည်း။]</b></p>
<p>ဤဓမ္မတာလမ်းရိုးကြီးကို သိမြင်ကြသဖြင့် ထိုခန္ဓာ၏<b>အနိစ္စ</b> အချက်, <b>ဒုက္ခ</b>အချက်, အစိုးမရသောအ<b>နတ္တ</b>အချက်တို့သည် ထင်ရှားလေ ကုန်၏၊ ထိုသူသည် အကြင်အခါ၌ အတ္တဒိဋ္ဌိအကြွင်းမဲ့ ပယ်စွန့်နိုင်၏၊ ထိုအခါ၌ ထိုပုထုဇဉ် သတ္တဝါအပေါင်းတို့၏၊ ဓမ္မတာလမ်းရိုးကြီးမှ ကျွတ်လွတ်၍ သောတာပန်အရိယာတို့၏ ဓမ္မတာလမ်းရိုးကြီးသို့ ရောက် လေ၏၊</p>
<p>သောတာပန်အရိယာတို့၏ ဓမ္မတာလမ်းရိုးကြီးဆိုသည်ကား<br>မိမိသန္တာန်၌ အနမတဂ္ဂသံသရာမှ ပါရှိ၍နေသော ဒုစရိုက်ကံဟောင်းတို့မှ ကျွတ်လွတ်ခြင်း, နောက်နောက်သောဘဝတို့၌ ဖြစ်လတံ့သော ဒုစရိုက် ကံသစ်တို့မှ ကင်းရှင်းခြင်း, အပါယ်လေးပါးတို့မှ အချင်းခပ်သိမ်း လွတ် ကင်းခြင်း, ကောင်းမြတ်သော လူ့ဘဝ, ကောင်းမြတ်သော နတ်ဘဝ, ကောင်းမြတ်သော ဗြဟ္မာဘဝတို့သည်သာလျှင် လားရာဂတိရှိခြင်း ဖြစ်လေရာဘဝတို့၌လည်း ထိုသူမှာ သာသနာကွယ်သောဘဝ, သာသနာ ကွယ်သောကမ္ဘာ-ဟူ၍ မရှိခြင်း၊ <b>အနတ္တသမ္မာဒိဋ္ဌိ</b> အမှူးရှိသော <b>မဂ္ဂင် ရှစ်ပါး</b>တည်း-ဟူသော ဗုဒ္ဓဘာသာသာသနာတော်မြတ်ကြီးသည် ထိုသူ၏ စိတ်သန္တာန်မှာ အမြဲပါရှိခြင်း ဖြစ်လေ၏၊</p>
<p><b>[ဤကား-သောတာပန် အရိယာတို့၏ဓမ္မတာလမ်းရိုးကြီးပေတည်း။]</b><br>အသက်မွေးမှု၏ အနိစ္စ, ဒုက္ခ, အနတ္တ ဝိပဿနာရှုနည်းပြီး၏၊<br>သီရိလင်္ကာ အတ္တ, အနတ္တ, ပုစ္ဆာအဖြေ ပြီး၏၊</p>
<p>နိုင်ငံခြားပုစ္ဆာအဖြေပေါင်းချုပ်ကျမ်း ပြီးပြီ။</p>
<p>* * * * *</p>
2sv49ty7gkunlsak08hkhyhqeqs3h9f
နိုင်ငံတွင်းပုစ္ဆာအဖြေပေါင်းချုပ်-ပထမတွဲ
0
5743
18778
2025-06-13T04:27:08Z
Tejinda
173
"{{header | title = [[လယ်တီဆရာတော်ဘုရားကြီး]] | author = လယ်တီဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = <b>နိုင်ငံတွင်းပုစ္ဆာအဖြေပေါင်းချုပ်-ပထ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
18778
wikitext
text/x-wiki
{{header
| title = [[လယ်တီဆရာတော်ဘုရားကြီး]]
| author = လယ်တီဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = <b>နိုင်ငံတွင်းပုစ္ဆာအဖြေပေါင်းချုပ်-ပထမတွဲ</b>
| previous = [[နိုင်ငံခြားပုစ္ဆာ အဖြေပေါင်းချုပ်]]
| previous2 =
| next = [[နိုင်ငံတွင်းပုစ္ဆာအဖြေပေါင်းချုပ်-ဒုတိယတွဲ]]
| next2 =
| year =
| notes =
| edition =
| categories = လယ်တီဆရာတော်
| shortcut =
| portal =
}}
<h3>နိုင်ငံတွင်းပုစ္ဆာအဖြေပေါင်းချုပ်-ပထမတွဲ</h3>
<p>နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ</p>
<h3>ကမ္ဗောဇပုစ္ဆာအဖြေ</h3>
<p>တောင်ပိုင်းရှမ်းပြည်-စကားမြို့ ဒကာတော် စော်ဘွားကြီးက ကျေးဇူးတော်ရှင် မုံရွာမြို့ လယ်တီဆရာတော်ဘုရားကြီးထံ လျှောက်လွှာ</p>
<p>ဘုရားတပည့်တော်-စကားမြို့ ဒကာတော် စော်ဘွားကြီးက ရိုသေလေးမြတ်စွာ လျှောက်ထားပါသည်၊ ကျေးဇူးတော်ရှင် ဆရာ တော်မြတ်ကြီးဘုရား၊ လျှောက်ထားရန်အကြောင်းထူးမှာ ကျေးဇူးရှင် ဆရာတော်ဘုရားကြီး ရေးထုတ်နုတ်တော်မူသည့် အမျိုးမျိုးသော ကျမ်းစာများကို ဘုရားတပည့်တော် ဝါသနာအလျောက် လေ့လာကြည့်ရှု ရာ ဆရာတော်ဘုရားကြီး၏ ဂုဏ်ကျေးဇူးကြောင့် အနည်းငယ် သိရှိရိပ်မိပါ၏ဘုရား၊ ဉာဏ်မမီ၍ ဝိဝါဒမကွဲသည့် အချက်မှာ အောက်ပါ အချက်များဖြစ်ပါသောကြောင့်ဘုရား၊ တပည့်တော်တို့ စိတ်ဒွိဟ ကင်းရှင်းပါရအောင် သနားတော်မူပါသဖြင့် ဥပမာအမျိုးမျိုးနှင့် ဖြေကြားတော်မူပါမည့်အကြောင်းကို ရိုသေစွာ လျှောက်ထား အသနား တော် မြတ်ခံပါသည်၊ ကျေးဇူးတော်သခင် အရှင်မြတ်ကြီးဘုရား။</p>
<p>၁။ ငယ်စဉ်အခါကလည်း ကံ,စိတ်,ဥတု, အာဟာရနှင့် ဖြစ်ကြ ပါသည်၊ ကြီးလာလည်း ၎င်းအတိုင်းပင် ဖြစ်ကြပါသည်။</p>
<p>၂။ ငယ်စဉ်အခါကလည်း ဓာတ်လေးပါး, အဋ္ဌကလာပ် ရုပ် ရှစ်ပါးနှင့်ဖြစ်ကြပါသည်၊ ကြီးလာလည်း ၎င်းအတိုင်းပင် ဖြစ်ကြပါသည်။</p>
<p>၃။ ငယ်စဉ်အခါကလည်း ခဏိကဇာတိ,ဇရာ,မရဏ, ဥပါဒ်, ဌီ,ဘင်နှင့်ဖြစ်ကြပါသည်၊ ကြီးလာလည်း ၎င်းအတိုင်းပင် ဖြစ်ကြပါသည်။</p>
<p>၄။ သို့ပါလျက် တပည့်တော်တို့ လူများသည် မည်သည့် အတွက်ကြောင့် အိုရကြောင်းကို သိလိုပါသည်ဘုရား။</p>
<p>ဒကာတော်စကားစော်ဘွားကြီး လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက် သတ္တဝါတို့၌ တေဇောဓာတ်လေးပါးရှိကြောင်းကို ပါဠိတော်၌ လာရှိ၏၊</p>
<p>လေးပါးဆိုသည်ကား<br>
၁။ <b>သန္တပ္ပနတေဇော</b>၊<br>
၂။ <b>ဒါဟတေဇော</b>၊<br>
၃။ <b>ဇိရဏတေဇော</b>၊<br>
၄။ <b>ပါစကတေဇော</b>၊<br>
ဤလေးပါးတည်း။</p>
<p>၁။ <b>သန္တပ္ပနတေဇော</b>-ဆိုသည်ကား ရက်ဆက် ရက်ခြားဖျားခြင်း အစရှိသည်ဖြင့် အလွန်ပူသော တေဇောပေတည်း။</p>
<p>၂။ <b>ဒါဟတေဇော</b>-ဆိုသည်ကား ကျောက်နာ, ဝက်သက်နာ, ဝက်ခြင်နာအစရှိသည်ဖြင့် ပကတိအသွေး အသားတို့ကို သွေးပုပ်,ပြည်ပုပ်ဖြစ်အောင် လောင်တတ်သော တေဇော ပေတည်း။</p>
<p>၃။ <b>ဇိရဏတေဇော</b>-ဆိုသည်ကား ဆံဖြူခြင်း,သွားကျိုးခြင်း, အရေတွန့်ခြင်း,မျက်စိနာစသော အင်္ဂါတို့၏ ဆုတ်ယုတ်ခြင်း, အားခွန်ဗလလျော့ပါးခြင်း-စသည်ဖြင့် အိုချိန်ကျလျှင် အိုရုပ် ပေါ်အောင် လောင်တတ်သော တေဇောပေတည်း။</p>
<p>၄။ <b>ပါစကတေဇော</b>-ဆိုသည်ကား စားအပ်,မျိုအပ်သော အစာ အာဟာရတို့ကို ကြေကျက်စေတတ်သော တေဇောပေ တည်း။</p>
<p>အထက်လျှောက်လွှာတွင်</p>
<p>၁။ ငယ်စဉ်အခါကလည်း ကံ,စိတ်,ဥတု,အာဟာရနှင့် ဖြစ်ကြ ပါသည်၊ ကြီးလာလည်း ၎င်းအတိုင်းပင် ဖြစ်ကြပါသည်။</p>
<p>၂။ ငယ်စဉ်အခါကလည်း ဓာတ်လေးပါး,အဋ္ဌကလာပ်ရုပ်ရှစ်ပါး နှင့်ဖြစ်ကြပါသည်၊ ကြီးလာလည်း ၎င်းအတိုင်းပင် ဖြစ်ကြပါသည်။</p>
<p>၃။ ငယ်စဉ်အခါကလည်း ခဏိကဇာတိ,ဇရာ,မရဏ,ဥပါဒ်,ဌီ, ဘင်နှင့်ဖြစ်ကြပါသည်၊ ကြီးလာလည်း ၎င်းအတိုင်းပင် ဖြစ်ကြပါသည်။</p>
<p>၄။ သို့ပါလျက် တပည့်တော်တို့ လူများသည် မည်သည့် အတွက်ကြောင့် အိုရကြောင်းကို သိလိုပါသည်-ဟူသော ပုစ္ဆာလေးချက်၌အဖြေကား။။ ပြဆိုခဲ့ပြီးသော တေဇောလေးပါးတို့တွင် <b>ဇိရဏ တေဇော</b>လောင်မှုကြောင့် အိုရသည်-ဟု မှတ်ရမည်၊ ထိုတေဇောသည် ဇာတိမီး,ဇရာမီး,မရဏမီး-ဟူသော သုံးပါးတို့တွင် သန္တတိဇရာမီးကို လွန်စွာ တောက်ပစေနိုင်၏၊ မြက်ပင်မျိုး, ကောက်စပါးမျိုး, သစ်ပင်မျိုး, ချုံနွယ်မျိုးတို့၌ ချင့်ချိန်ကျလျှင် ရင့်ရခြင်း, အိုချိန်ကျလျှင် အိုရခြင်း များသည်လည်း ထို<b>ဇိရဏတေဇော</b>၏ လောင်မှုပေတည်း၊ မီးနှစ်ပါးတို့၏ အထူးကား- ပူလောင်မှုသည် <b>ဇိရဏတေဇော</b>မီးပေတည်း၊ ပူလောင် သည့်အတွက် အပူလောင်ခံရသော ဝတ္ထုတို့၌ ဆုတ်ယုတ် လျော့ပါး ဖောက်ပြန်၍ သွားမှုသည် ဇရာမီးပေတည်း။</p>
<p>ကံ,စိတ်,ဥတု,အာဟာရ-ဟူသော အကြောင်းတရားလေးပါးရှိ သည်တွင် အကြင်အခါ ကမ္ဘာနေလူအပေါင်းတို့၌ ကောင်းသောစိတ် သည် ပွါးစီး၏၊ ထိုအခါ ဗဟိဒ္ဓသန္တာန်၌ မြေ,ရေ,တော,တောင်,နေ,လ, နက္ခတ်,တာရာတို့မှ ဖြစ်ကုန်သော ဥတု,အာဟာရတို့သည် အလွန်အဆီ အနှစ်ဩဇာနှင့် ပြည့်စုံကုန်၏၊ သတ္တဝါတို့သန္တာန်၌ ဥတု,အာဟာရတို့၏ အထောက်အပံ့ကိုခံရသော ဇီဝိတိန္ဒြေစသော ကမ္မဇရုပ်တရားတို့သည် အလွန်ထက်သန် ရွှင်လန်းကုန်၏၊ <b>ဇိရဏတေဇော</b> မပွါးစီးနိုင်ရှိ၏၊ သတ္တဝါတို့ အသက်ရှည်ကြကုန်၏၊ တက်ကပ်အလားပေတည်း။ အကြင်အခါ ကမ္ဘာနေလူအပေါင်းတို့၌ မကောင်းသော စိတ်သည် ပွါးစီး၏၊ ထိုအခါ ဗဟိဒ္ဓသန္တာန်၌ မြေ,ရေ,တော,တောင်, နေ,လ,နက္ခတ်,တာရာတို့မှ ဖြစ်ကုန်သော ဥတု,အာဟာရတို့သည် အဆီအနှစ်ကုန်ခန်း ကြမ်းတမ်းကုန်၏၊ သတ္တဝါတို့၏သန္တာန်၌ ထိုဥတု, အာဟာရတို့၏ အထောက်အပံ့ကိုခံရသော ဇီဝိတိန္ဒြေစသော ကမ္မဇရုပ် တရားတို့သည် အလွန်နုံ့နဲ့ညှိုးနွမ်းကုန်၏၊ <b>ဇိရဏတေဇော</b>ပွါးစီးနိုင်ရှိ၏၊ သတ္တဝါတို့ အသက်တိုကြကုန်၏၊ ဆုတ်ကပ်အလားပေတည်း။ သတ္တဝါတို့ အရွယ်သုံးပါးရှိသည်တွင် ပထမအရွယ်၌ ရုပ်တရား တို့သည် တိုးပွါးကုန်၏၊ ဒုတိယအရွယ်၌ တိုးပွါးပြီးသည့်အတိုင်း တည်နေ ကုန်၏၊ တတိယအရွယ်၌ ဆုတ်ယုတ်၍ သွားကုန်၏၊</p>
<p>[ဤကား-ဓမ္မတာပေတည်း။]</p>
<p>ထိုသုံးပါးတို့တွင်</p>
<p>၁။ တိုးပွါးသောအခါ၌ အစစွာတစ်ခုသောဥတု, တစ်ခုသော အာဟာရမှ ရုပ်ကလာပ်ပေါင်းအနည်းငယ် မျှသာပွါးစီး၏၊ ထို့ထက် အားရှိလာသောအခါ တစ်ခုသောဥတု, တစ်ခုသောအာဟာရမှ ရုပ်ကလာပ်ပေါင်း အမြောက်အမြားပွါးစီး၍လာ၏၊ အဆင့်ဆင့်အားရှိ သည်ထက် အားရှိလေလေ ရုပ်ကလာပ်အပွါးများသည်ထက် များလေ လေဖြစ်၏၊</p>
<p>[ဤကား ပထမအရွယ်၌ ရုပ်တရားတို့၏ တိုးပွါးပုံတည်း။]</p>
<p>၂။ ဒုတိယအရွယ်၌ကား အတိုးအပွါးရပ်၍ တိုးပွါးပြီးသော အတိုင်း အစဉ်ဖြစ်ပွါး၍ နေလေ၏၊</p>
<p>၃။ တတိယအရွယ်၌ကား တိုးပွါးမြဲတိုင်း အစဉ်ပွါး၍နေရာမှ အစဉ်အတိုင်း ရုပ်ကလာပ်ပွါးမှုဆုတ်ယုတ်၍ သွားလေ၏၊ ရုပ်ကလာပ် ပွါးမှု ကုန်ဆုံး၍သွားသောအခါ ထိုအစဉ်ချုပ်ကွယ်၍သွားလေ၏၊ စိတ္တဇရုပ်,ကမ္မဇရုပ်တို့ သည်လည်း ဥတုဇရုပ်,အာဟာရဇရုပ်တို့နှင့်အတူ တိုးပွါးလျှင်တိုးပွါးခြင်း, တည်လျှင်တည်ခြင်း, ဆုတ်ယုတ်လျှင် ဆုတ်ယုတ် ခြင်းရှိကြကုန်၏၊</p>
<p>[ဤကား မည်သည့်အတွက်ကြောင့် ဆိုရကြောင်းကို သိလိုပါသည်-ဟူသော အမေးကို ဖြေဆိုချက်တည်း။] <b>ဇိရဏတေဇော</b>ကို အဘယ်ဆေးဝါးဓာတ်စာများနှင့်ကွယ်ကာ တားဆီးနိုင်ပါသနည်းဟူမူ ငွေဓာတ်, ရွှေဓာတ်,သံဓာတ်,ပြဒါးဓာတ်တို့ကို ဝိဇ္ဇာမယလုပ်ရတ်လမ်းတို့ဖြင့် ကောင်းစွာစီရင်အောင်မြင်ထမြောက် ပြီးသော ဓာတ်ပြာဆေးဝါးများသည် ထို<b>ဇိရဏတေဇော</b>ကို တားဆီး ကာကွယ်နိုင်၏၊</p>
<p>ထို့ကြောင့် နေတ္တိပါဠိတော်၌</p>
<p><b>သက္ကတေဝ ဇရာယ ပဋိကမ္မံ ကာတုံ</b>။</p>
<p>ဟု လာ၏၊</p>
<p>အနက်ကား။။ <b>ဇရာယ</b>=အိုခြင်းတရားကို၊ <b>ပဋိကမ္မံ</b>=မအိုရ အောင်တားဆီးကာကွယ်မှုကို၊ <b>ကာတုံ</b>=ပြုခြင်းငှါ၊ <b>သက္ကတေဝ</b>=တတ် ကောင်းသည်သာလျှင်တည်း။</p>
<p>ဝိသုဒ္ဓိမဂ် မဟာဋီကာ၌လည်း</p>
<p><b>သာယနဘေသဇ္ဇံ ပန သုစိရံပိ ကာလံ ဇီဝိတံ ပဝတ္တေတုံ သက္ကောတိ</b>။</p>
<p>ဟူ၍လည်း လာ၏၊</p>
<p>အနက်ကား။။ <b>ရသာယနဘေသဇ္ဇံ ပန</b>=ရသာယနဆေးမျိုး သည်ကား၊ <b>သုစိရံပိ ကာလံ</b>=အလွန်ရှည်မြင့်စွာသော ကာလတိုင် အောင်လည်း၊ <b>ဇီဝိတံ</b>=အသက်ကို၊ <b>ပဝတ္တေတုံ</b>=တည်စေခြင်းငှါ၊ <b>သက္ကောတိ</b>=တတ်နိုင်၏၊</p>
<p>တစ်ရာတမ်းမှာပင် တစ်ထောင်ရှည်အောင်, တစ်သောင်းရှည် အောင်တတ်နိုင်၏-ဟူလို၊ ရသာယနဆေးဆို သည်ကား အထက်၌ပြ ဆိုခဲ့ပြီးသော ဓာတ်ပြာကြီးပွါးမှုပေတည်း၊ ဒဗ္ဗဂုဏဆေးကျမ်းများ, သာရကောမုဒိဆေးကျမ်း များတွင်လည်း ရသာယနဆေးအမျိုးမျိုးတို့ လာရှိ၏၊ ဓာတ်ပြာကြီးလုပ်လမ်းများသည် သာသနာတော်ထမ်းရဟန်း တော်များ၏ လုပ်ငန်းမဟုတ်၊ ကံထူး,ဉာဏ်ထူး,ဝီရိယထူးများ၏ အလုပ် ပေတည်း။</p>
<p>ကမ္ဗောဇပုစ္ဆာအဖြေပြီး၏၊</p>
<p>---</p>
<h3>ဓားဝယ်ပုစ္ဆာအဖြေ</h3>
<p>လျှောက်လွှာ</p>
<p>ဘုရားတပည့်တော်တို့ စိတ်ဒွိဟမကင်း၍ အလင်းကိုမသိရသော ဒါယကာ,ဒါယိကာမတစ်စုတို့က လက်စုံမိုး၍ ရှိခိုးလျှောက်ထား တောင်း ပန်ကြပါသည် လယ်တီဆရာတော်ကြီးဘုရား။</p>
<p>တပည့်တော်,တပည့်တော်မတို့အား အစဉ်သနားသည်ကို အကြောင်းပြု၍ အောက်၌ဖော်ပြထားသော အချက်များကို ငဲ့ကွက်ခြင်း မရှိ၊ ဝိနည်းသိက္ခာပုဒ်တော်နှင့်အညီ အကျိုးအပြစ်ကို ထင်ရှားသိသာကြ စေရန် အလုံးစုံအကုန် အတ္ထုပ္ပတ္တိနှင့်တကွရှင်းလင်းအောင် အတိုကောက် ရေးသား၍ ဖြေကြားဟောတော်မူမှ စိတ်ဒွိဟ ကင်းကြပါမည်ဖြစ်ပါသော ကြောင့် မနှောင့်မနှေးပြေရှင်းအောင် အမြိုက်ဆေးတိုက်ကျွေးတော် မူခဲ့စေလိုပါကြောင်း တောင်းပန်လျှောက်ထားကြပါသည် အရှင်ဘုရား။</p>
<p>၁။ လောကမာရဇိန် ဘုရားကြီးဝတ်တော်အတွင်း ရဟန်းများ ဝါကပ်သော် မည်သို့အပြစ်၊ အာပတ်သင့် မသင့်ကို သိလိုပါ ကြောင်း။</p>
<p>၂။ လောကမာရဇိန် ဘုရားကြီးဝတ်အတွင်း ရုပ်ပွါး ဆင်းတု တော်နှင့် ပလ္လင်ချင်းကျောခိုင်း၍ ရဟန်းတော်များ သင်္ကန်း ဝတ်ရုံလျက် တရားဟောသော် မည်သို့အပြစ် အာပတ်သင့် ပါမည်နည်း။</p>
<p>၃။ သာသနာမြေအပေါ်တွင် ဂိုဏ်း,ဂဏ,သံဃာကြီးများထံ ကိုဖြစ်စေ, မြို့လူကြီးများထံကိုဖြစ်စေ မပန်ကြားဘဲ မည်သည့် အဆောက်အအုံမျိုးမဆို ရဟန်းသံဃာတို့ ဆောက်လုပ်အပ် မအပ်ကို သိလိုပါကြောင်း။</p>
<p>၄။ ၎င်းဆောက်လုပ်သော အဆောက်အအုံသည် ရဟန်း, သံဃာတော်ကိုယ်တိုင် တောင်းရမ်းပြုပြင် စီမံဆောက် လုပ်ပါက ဆောက်လုပ်သောရဟန်းမှာဘယ်လို, နေထိုင်မိ သောရဟန်းသံဃာတော်များမှာ ဘယ်လိုအပြစ် ရှိမည်ကို သိလိုပါကြောင်း။</p>
<p>၅။ အလှူဝတ်ဆယ်မျိုးအတွက် အသုံးချရန်ဝတ္ထုကြေးငွေများကို ဒါယကာ,ဒါယိကာမတို့က ရေစက်သွန်းချ၍ လှူဒါန်း ထားခဲ့ ကြသော ဝတ္ထုကြေးငွေများကို ရဟန်းသံဃာတို့က သိမ်းပိုက် က်ခံ ထားပြီးနောက် ထိုငွေများကို အလှူဆယ်မျိုးစေ့ အောင်သုံးစွဲခြင်း မပြုခဲ့ပါက ထိုရဟန်းသံဃာများမှာ ဘယ်လို အပြစ်,ဘယ်လို အာပတ်ထိုက်သင့်ပါမည်နည်း။</p>
<p>၆။ ရဟန်းသံဃာဖြစ်ပါလျက် ဝိသုဒ္ဓိနတ်မင်းကြီးလေးပါးမှတစ်ပါး အခြားသောနတ်ကို ရှိခိုးထိုက်ပါသေး သလော၊ အကယ်၍ ရှိခိုးငြားအံ့၊ ရှိခိုးသောရဟန်းသံဃာများမှာ မည်သို့အပြစ် အာပတ်များ ရှိပါသနည်း။</p>
<p>၇။ ရဟန်းသားမြေးဖြစ်ပါလျက် ရပ်ရွာရှိ နတ်ကွန်း, နတ်ကန္နား များကို အသစ်ဆောက်လုပ်စီမံအားထုတ်ခြင်း၊ မိမိကိုယ်တိုင် နတ်ရုပ်ကြီးများ ကံကျွေးလက်ခပေး၍ ထုလုပ်ခြင်း၊ ၎င်းနတ် ရုပ်ကြီးများအား အသက်သွင်းသည်ဆို၍ ပွဲတင်မြှောက် ပူဇော်ခြင်း၊ ဤသို့စသည်ဖြင့် ပြုလုပ်ခြင်းများသည် ဝိနည်း သိက္ခာပုဒ်တော်အတိုင်း ထိုသံဃာ၌ အပြစ်ရှိသည်မရှိသည်ကို သိလိုပါကြောင်း။</p>
<p>၈။ ဉာတိပဝါရိတမဟုတ်သော ဒါယကာ,ဒါယိကာမတို့အား တောင်းရမ်းပြောဆို၍ရအပ်သောပစ္စည်းနှင့် အခြားသော သံဃာတို့အား ကျွေးမွေးလှူဒါန်းခဲ့ပါလျှင် ထိုသုံးစားသော ရဟန်းတို့အား အပ်မအပ်ပြုလုပ် တောင်းရမ်းသော ရဟန်း တို့အား အဘယ်ကဲ့သို့သော အပြစ်ဟူ၍သေချာစွာ သိချင်ပါ ကြောင်း။</p>
<p>၉။ ပစ္စည်းလေးပါးဒါယကာ,ဒါယိကာမတို့ထံဖြစ်စေ၊ ပစ္စည်းလေး ပါး မဟုတ်သော ဒါယကာ,ဒါယိကာမတို့ ထံဖြစ်စေ၊ ခေတ္တ ကြေးငွေများကို ချေးငှါးပြီးတစ်ခုခုတွင် အသုံးချလိုက်ပြီး နောက် ထိုဝတ္ထုငွေများကို ပြန်၍မပေးနိုင်သော ရဟန်းတော် များမှာ ဘယ်လိုအပြစ်, ဘယ်လိုအာပတ်သင့်မည်ကို သိချင် ပါကြောင်း။</p>
<p>၁၀။ ဒါယကာ,ဒါယိကာမတစ်ဦးတစ်ယောက်ထံက အကြွေး ငွေ ကျပ် ၁၀၀ိ-ဖိုးလောက် ဝယ်ခြမ်းသုံးစွဲပြီး ထိုအကြွေးကို မဆပ်ပေးနိုင်ခဲ့ပါမူ ထိုရဟန်းမှာ ဘယ်လိုကံ,ဘယ်လို အာ ပတ်ဟု သိလို ပါကြောင်း။</p>
<p>၎င်းအထက်က ဖော်ပြထားသော အမေးပုစ္ဆာဆယ်ချက်ကို ရွာထောင်အာလံမြဝတီဆရာတော်ထံ ဖြေရှင်းပေးတော်မူပါမည့် အကြောင်း ၁၂၈၂-ခု၊ တပို့တွဲလဆန်း ၅-ရက်၊ စနေနေ့ ၁၀-နာရီအချိန် လျှောက်ထားတောင်းပန်ရာ အဖြေမပြ တုဏှိဘာဝဖြစ်နေသောကြောင့် ကမ္ဘာသူကမ္ဘာသားတို့၏ တကယ့်မှီခိုရာ ကမ္ဘာ့မဏ္ဍိုင်ကြီးဖြစ်တော်မူ သော ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးထံ ဤအမေးပုစ္ဆာ ဆယ်ချက်လျှောက်လွှာကြီး ဆိုက်ရောက်လာပြန်ရာ အောက်ပါအတိုင်း အဖြေရေးသားပေးသနားတော်မူပါကြောင်း။</p>
<p>လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက်</p>
<p>၁။ “လောကမာရဇိန် ဘုရားကြီးဝတ်တော်အတွင်း ရဟန်းတော် များဝါကပ်သော် မည်သို့အပြစ်၊ အာပတ်သင့် မသင့်ကို သိလိုပါကြောင်း” ဟူသော ပုစ္ဆာ၌</p>
<p>အဖြေကား။။ ဘုရားကြီးဝတ်တော်အတွင်း ဝါကပ်သော်</p>
<p>ဝတ်နိဗဒ်ဆောင်ရွက်၍နေပေက မည်သည့် အာပတ်မျှမသင့်၊ ဝါဆို၍ နေအပ်ပါ၏၊ ဝါတွင်းအခါ အရှင်အာနန္ဒာသည် မြတ်စွာဘုရားကိန်းဝပ် တော်မူရာ ဂန္ဓကုဋိတိုက်တော်အတွင်း၌ ဝါကပ်ရလေသကဲ့သို့တည်း။</p>
<p>၂။ “လောကမာရဇိန် ဘုရားကြီးဝတ်အတွင်း ရုပ်ပွါးဆင်းတု တော်နှင့်ပလ္လင်ချင်းကျောခိုင်း၍ ရဟန်းတော်များ သင်္ကန်းဝတ်ရုံလျက် တရားဟောသော် မည်သို့အာပတ်သင့်ပါမည်နည်း''ဟူသော ပုစ္ဆာ၌အဖြေကား။။ ဘုရားကြီးဝတ်အတွင်း ရုပ်ပွါးဆင်းတုတော်နှင့်</p>
<p>ပလ္လင်ချင်းကျောခိုင်း၍ ရဟန်းတော် များသင်္ကန်းဝတ်ရုံလျက် တရား ဟောသော် ကန့်လန့်ကာ အကွယ်အကာရှိသည်ဖြစ်အံ့၊ မည်သည့် အာပတ်မျှမသင့်၊ ကန့်လန့်ကာ အကွယ်အကာမရှိသည်ဖြစ်အံ့၊ ဗုဒ္ဓ အဂါရဝ ဒုက္ကဋ်အာပတ်သင့်တတ်၏၊ ရဟန်းတော်များနေရာ ကျောင်း ခန်းတွင်း၌ စာတိုက်ပလ္လင်နှင့် ရုပ်ပွါးဆင်းတုတော်များရှိနေခဲ့သော် ရုပ်ပွါးဆင်းတုတော်၏ရှေ့၌ ကန့်လန့်ကာ ကာရံ၍နေကြမြဲ ထုံးစံဖြစ်၏၊</p>
<p>၃။ “သာသနာမြေအပေါ်တွင် ဂိုဏ်း,ဂဏ,သံဃာကြီးများထံ ကိုဖြစ်စေ, မြို့လူကြီးများထံကိုဖြစ်စေ မပန်ကြားဘဲ မည်သည့် အဆောက် အအုံမျိုးမဆို ရဟန်းသံဃာတို့ဆောက်လုပ်အပ်မအပ်ကို သိလိုပါ ကြောင်း” ဟူသော ပုစ္ဆာ၌</p>
<p>အဖြေကား။။ ဆောက်လုပ်သောရဟန်းသည် မိမိနေထိုင်ရန်</p>
<p>အဖို့ဆောက်လုပ်သည်လည်းရှိရာ၏၊ ဘုရားရုပ်ပွါးတည်ထားရန် အဖို့ကိုလည်း ဆောက်လုပ်သည်လည်းရှိရာ၏၊ ရောက်လာသမျှသော ရဟန်းသံဃာများ နေထိုင်ရန် ဆောက်လုပ်သည်လည်းရှိရာ၏၊ ထိုတွင် သာသနာမြေပေါ်တွင် ရဟန်းသံဃာတော်ကြီးများထံကို ဖြစ်စေ, မြို့ လူကြီးများထံကိုဖြစ်စေ မပန်ကြားဘဲ မိမိနေထိုင်ဖို့ရန် ဆောက်လုပ် သည်ဖြစ်အံ့၊ မပန်ကြားဘဲ ဆောက်လုပ်သည့်အတွက် စောင့်ရှောက်သူ တို့ကို မရိုမသေမှုအပြစ်ရှိ၏၊ ဘုရားရုပ်ပွါးတည်ထားရန်အဖို့ ဆောက်လုပ်ခဲ့သော်လည်းကောင်း, ရောက်လာသမျှသော ရဟန်း သံဃာများ နေထိုင်ရန်အဖို့ ဆောက်လုပ်ခဲ့သော်လည်းကောင်း အပြစ်မရှိ၊ သို့သော် ထိုသာသနာမြေကို စောင့်ရှောက်သော ဂိုဏ်း,ဂဏ, သံဃာကြီး များ, မြို့လူကြီးများထံကို တိုင်ကြားပြောဆို၍ ထိုသူတို့က အခွင့်ပေးရာ၌ ဆောက်လုပ်ခြင်းငှါ သင့်လျော်၏၊</p>
<p>၄။ “၎င်းဆောက်လုပ်သော အဆောက်အအုံသည် ရဟန်း, သံဃာတော်ကိုယ်တိုင် တောင်းရမ်းပြုပြင် စီမံဆောက်လုပ်ပါက ဆောက် လုပ်သောရဟန်းမှာ ဘယ်လို, နေထိုင်မိသောရဟန်းသံဃာတော်များမှာ ဘယ်လို အပြစ်ရှိမည်ကို သိလိုပါကြောင်း''ဟူသော ပုစ္ဆာ၌အဖြေကား။။ ရွှေငွေစသော အကပ္ပိယဝတ္ထုများကို အကပ္ပိယ</p>
<p>စကားဖြင့် ခံယူဆောက်လုပ်ခဲ့သော် ခံယူဆဲအခါ၌ ခံယူမှုအတွက် <b>နိဿဂ္ဂိယပါစိတ်အာပတ်</b>သင့်၏၊ ထိုရဟန်းနေထိုင်ခဲ့သော် နေထိုင်သည့် အတွက် <b>ဒုက္ကဋ်အာပတ်</b>သင့်၏၊ နေထိုင်မိသော ရဟန်းသံဃာများမှာ အကပ္ပိယအဆောက်အအုံမှန်းသိလျက် နေထိုင်ခဲ့သော် <b>ဒုက္ကဋ်အာပတ်</b> သင့်၏၊ မသိ၍ နေထိုင်ခဲ့သော် အာပတ်လွတ်၏၊ ဤပုစ္ဆာ၌ အကျယ် ဖြေဆိုရန် နည်းလမ်းကိုမူကား “ပဏ္ဍိတ''ဆရာဖြေဆိုလိုက်သော ဝိသဇ္ဇနာမှာ ပြည့်စုံစွာ ပါရှိလေ၏၊</p>
<p>၅။''အလှူဝတ်ဆယ်မျိုးအတွက် အသုံးချရန်ဝတ္ထုကြေးငွေများကို ဒါယကာ,ဒါယိကာမတို့က ရေစက်သွန်းချ ၍လှူဒါန်းထားခဲ့ကြသော ဝတ္ထုကြေးငွေများကို ရဟန်းသံဃာတို့က သိမ်းပိုက်လက်ခံထားပြီးနောက် ထိုငွေများကို အလှူဆယ်မျိုးစေ့အောင်သုံးစွဲခြင်းမပြုခဲ့ပါက ထိုရဟန်း သံဃာများမှာဘယ်လိုအပြစ်,ဘယ်လိုအာပတ်ထိုက် သင့်ပါမည်နည်း” ဟူသော ပုစ္ဆာ၌</p>
<p>အဖြေကား<br>
၁။ <b>အန္နံ</b>=ဆွမ်းတည်းဟူသော အလှူဝတ္ထု၊<br>
၂။ <b>ပါနံ</b>=အဖျော်တည်းဟူသော အလှူဝတ္ထု၊<br>
၃။ <b>ဃရံ</b>=ရဟန်းသံဃာတို့နေရန် ကျောင်းတည်းဟူသော အလှူဝတ္ထု၊<br>
၄။ <b>ဝတ္ထံ</b>=အဝတ်သင်္ကန်းတည်းဟူသော အလှူဝတ္ထု၊<br>
၅။ <b>မာလာ</b>=ပန်းတည်းဟူသော အလှူဝတ္ထု၊<br>
၆။ <b>ဂန္ဓော</b>=နံ့သာတည်းဟူသော အလှူဝတ္ထု၊<br>
၇။ <b>ဝိလေပနံ</b>=နံ့သာပျောင်းတည်းဟူသော အလှူဝတ္ထု၊<br>
၈။ <b>သေယျာ</b>=ညောင်စောင်းဖထိုင်၊ ဖျာယိုင်သင်းဖြူးစသော အိပ်ရာထိုင်ရာတည်းဟူသော အလှူဝတ္ထု၊<br>
၉။ <b>အာဝါသထော</b>=ဧည့်သည်တို့ တည်းခိုရန် ဇရပ် တန် ဆောင်းဟူသော အလှူဝတ္ထု၊<br>
၁၀။ <b>ပဒီပေယျံ</b>=ဆီမီးထွန်းရန် အဆောက်အအုံဟူသော အလှူဝတ္ထု၊</p>
<p>ဤကား-အလှူဝတ္ထုဆယ်ပါးတည်း၊ ဤဆယ်ပါးကို လှူရာ မှာလည်း<br>
၁။ စေတီတော်အဖို့ လှူသည်လည်းရှိ၏၊<br>
၂။ စာတုဒ္ဒိသာသံဃာအဖို့ သံဃိကလှူသည်လည်းရှိ၏၊<br>
၃။ ပုဂ္ဂိုလ်အဖို့ ပုဂ္ဂလိကလှူသည်လည်းရှိ၏၊</p>
<p>ထိုသုံးပါးလုံး၌ပင် လှူဒါန်းသူဒါယကာမှာ စေတနာပြဋ္ဌာန်း၍ လှူဒါန်းပြီးသောကြောင့် တောင်းရမ်းပြောဆို နိုင်ခွင့် မရှိပြီ၊ စေတီအဖို့ လှူဒါန်းသောအရာ ဖြစ်ခဲ့အံ့၊ <b>စေတိယသန္တက</b>ဖြစ်၏၊ စာတုဒ္ဒိသာသံဃာ အဖို့ လှူဒါန်းသည်ဖြစ်အံ့ <b>သံဃိက</b>ဖြစ်၏၊ ပုဂ္ဂိုလ်အဖို့ လှူဒါန်းသည်ဖြစ်အံ့ <b>ပုဂ္ဂလိက</b>ဖြစ်၏၊</p>
<p>ထိုသုံးပါးတို့တွင်<br>
၁။ <b>စေတိယသန္တက</b>၌ ထိုစေတီမှာ စေတီစောင့်များ, ဘုရား ဘဏ္ဍာတော်ထိန်းလူကြီးများရှိခဲ့သော် ထိုဝတ္ထုများကို သိမ်းပိုက်၍ ထားသော ရဟန်းတော်များကို ထိုစေတီဘဏ္ဍာတော်ထိန်းများက တောင်းရမ်းပြောဆိုနိုင်၏၊ မပေးမဆပ်ဘဲ သုံးစွဲ၍နေခဲ့သော် ထိုရဟန်းမှာ စေတီနှင့်စပ်သော ဘဏ္ဍာစားထိုက်၏၊</p>
<p>၂။ <b>သံဃိကသန္တက</b>၌ ထိုဝတ္ထုများကို သိမ်းပိုက်၍ထားသော ရဟန်းတော်များကို သံဃာက တောင်းရမ်း ပြောဆိုနိုင်၏၊ မပေးမဆပ်ဘဲ သုံးစွဲ၍နေခဲ့သော် ထိုရဟန်းမှာ သံဃာနှင့်စပ်သော ဘဏ္ဍာစားထိုက်၏၊</p>
<p>၃။ <b>ပုဂ္ဂလိကသန္တက</b>၌ ထိုပုဂ္ဂိုလ်အား လှူဒါန်း၍ထားသော အရာဖြစ်သောကြောင့် အလှူဆယ်မျိုးစေ့အောင် သုံးစွဲခြင်း မပြုသော် လည်း ဘဏ္ဍာစားအဖြစ်မဆိုသာပြီ၊ မစွန့်ထိုက်သောအရာ၌ စွန့်ခဲ့သော် လည်းကောင်း၊ မသုံးထိုက်သောအရာ၌ သုံးခဲ့သော်လည်းကောင်း၊ ထိုရဟန်းမှာ <b>သဒ္ဓါဒေယျဝိနိပါတနဒုက္ကဋ် အာပတ်</b>သင့်၏၊ အလှူဆယ် မျိုးအတွက် အသုံးချရန် လှူဒါန်းရာ၌လည်း ပြည့်စုံလုံလောက်ရှိရန် အသုံးမချ၌ မပြည့်စုံမလုံလောက် ရှိရာ၌ အသုံးချလျှင် အသုံးချထိုက်၏၊ အထူးမှာမူကား- <b>ဃရ,သေယျ,အာဝါသထ</b>-ဟူသော အလှူဝတ္ထု များသည် ထာဝရမျိုးဖြစ်၍ ထိုဝတ္ထုများအတွက်ကို ထိုဝတ္ထုများ၌သာ အသုံးပြုထိုက်၏၊</p>
<p>၆။ “ရဟန်းသံဃာဖြစ်ပါလျက် ဝိသုဒ္ဓိနတ်မင်းကြီးလေးပါးမှ တစ်ပါး အခြားသောနတ်ကို ရှိခိုးထိုက်ပါသေးသလော၊ အကယ်၍ ရှိခိုးငြားအံ့၊ ရှိခိုးသောရဟန်းသံဃာများမှာ မည်သို့အပြစ်အာပတ်များ ရှိပါသနည်း''ဟူသော ပုစ္ဆာ၌</p>
<p>အဖြေကား။။ <b>ဝိသုဒ္ဓိနတ်မင်းကြီး</b>မှတစ်ပါး အခြားသောနတ်ကို ရှိမခိုးအပ်၊ ရှိခိုးခဲ့သော် ရှိခိုးသောရဟန်း မှာ <b>ဒုက္ကဋ်အာပတ်</b>သင့်၏၊</p>
<p>၇။ “ရဟန်းသားမြေးဖြစ်ပါလျက် ရပ်ရွာရှိနတ်ကွန်း,နတ်ကန္နား များကို အသစ်ဆောက်လုပ်စီမံအား ထုတ်ခြင်း၊ မိမိကိုယ်တိုင် နတ်ရုပ် ကြီးများ ကံကျွေးလက်ခပေး၍ ထုလုပ်စေခြင်း၊ ၎င်းနတ်ရုပ်ကြီးများအား အသက်သွင်းသည်ဆို၍ ပွဲတင်မြှောက်ပူဇော်ခြင်း၊ ဤသို့စသည်ဖြင့် ပြုလုပ်ခြင်းများသည် ဝိနည်းသိက္ခာပုဒ်တော်အတိုင်း ထိုသံဃာ၌ အပြစ်ရှိ သည် မရှိသည်ကို သိလိုပါကြောင်း''ဟူသော ပုစ္ဆာ၌</p>
<p>အဖြေကား။။ လူဖြစ်သူတို့မှာ နတ်တို့၌ ပြုသင့်ပြုထိုက်သော အမှုကို ရှေးဦးစွာပြဆိုရာ၏၊ အင်္ဂုတ္တိုရ်ပါဠိတော် ပဉ္စကနိပါတ် မုဏ္ဍရာဇဝဂ် ပထမသုတ်၌ အနာထပဏ်သူဌေးကြီးအား ဤသို့ဟောတော်မူ၏၊ <b>ပုနစပရံ ဂဟပတိ အရိယသာဝကော ဥဋ္ဌာနဝီရိယာဓိ ဂတေဟိ ဘောဂေဟိ ဗာဟာဗလပ ရိစိတေဟိ သေဒါဝက္ခိတ္တေဟိ ဓမ္မိကေဟိ ဓမ္မလဒ္ဓေဟိ ပဉ္စဗလိံ ကတ္တာ ဟောတိ ဉာတိဗလိံ အတိထိဗလိံ ပုဗ္ဗပေတဗလိံ ရာဇဗလိံ ဒေဝတာဗလိံ၊ အယံ စတုတ္ထော ဘောဂါနံ အာဒိယော</b>။ [၎င်းပါဠိတော်] အနက်ကား။။ <b>ဂဟပတိ</b>=သူကြွယ်၊ <b>ပုနစပရံ</b>=ထိုမှတစ်ပါးလည်း၊ <b>အရိယသာဝကော</b>=တပည့်သားဖြစ်သောသူသည်၊ <b>ဥဋ္ဌာနဝီရိယာဓိ ဂတေဟိ</b>=ထကြွ,လုံ့လ,ဝီရိယတို့ဖြင့် ရအပ်ကုန်သော၊ <b>ဗာဟာဗလ ပရိစိတေဟိ</b>=လက်ရုံးအားဖြင့် စုဆောင်းအပ်ကုန်သော၊ <b>သေဒါ ဝက္ခိတ္တေဟိ</b>=ချွေးထွက်စာဖြစ်ကုန်သော၊ <b>ဓမ္မိကေဟိ</b>=တရားနှင့် လျော်ကုန်သော၊ <b>ဓမ္မလဒ္ဓေဟိ</b>=တရားသဖြင့်ရအပ်ကုန်သော၊ <b>ဘောဂေဟိ</b>=စည်းစိမ်ဥစ္စာတို့ဖြင့်၊ <b>ပဉ္စဗလိံ</b>=ငါးပါး သောပူဇော်ခြင်းကို၊ <b>ကတ္တာ</b>=ပြုလေ့ရှိသည်၊ <b>ဟောတိ</b>=ဖြစ်၏၊ <b>ဉာတိဗလိံ</b>=ယခုဘဝတွင် အသက်ဝိညာဉ်ထင်ရှားရှိသော မိဘဘိုးဘွားစသော ဆွေမျိုးတို့အား ကျွေးမွေးပံ့ထောက် ချီးမြှောက်ပူဇော်ခြင်းကို၊ <b>ကတ္တာ</b>=ပြုလေ့ရှိသည်၊ <b>ဟောတိ</b>=ဖြစ်၏၊ <b>အတိထိဗလိံ</b>=မိမိနေရာသို့ရောက်လာသော ဧည့်သည် အာဂန္တုတို့အား ကျွေးမွေးပံ့ထောက် ချီးမြှောက် ပူဇော်ခြင်းကို၊ <b>ကတ္တာ</b>= ပြုလေ့ရှိသည်၊ <b>ဟောတိ</b>=ဖြစ်၏၊ <b>ပုဗ္ဗပေတဗလိံ</b>=တမလွန်ဘဝသို့ ပြောင်းသွားလေပြီးသော မိဘ ဘိုးဘွာတို့အား မိမိပြုသော ကုသိုလ်အဖို့ကို အမျှပေးဝေခြင်းတည်းဟူသော ပူဇော်မှုကို၊ <b>ကတ္တာ</b>=ပြုလေ့ရှိသည်၊ <b>ဟောတိ</b>=ဖြစ်၏၊ <b>ရာဇဗလိံ</b>=အစိုးရမင်းတို့အား မိမိ၌ကျရောက်သော အခွန်ဘဏ္ဍာတို့ကို ကျေကုန်စွာ ဆောင်ရွက်ခြင်းဟူသော ပူဇော်မှုကို၊ <b>ကတ္တာ</b>=ပြုလေ့ရှိသည်၊ <b>ဟောတိ</b>=ဖြစ်၏၊ <b>ဒေဝတာဗလိံ</b>=ကိုယ်စောင့်နတ်, အိမ်စောင့်နတ်,ရပ်စောင့်နတ်,မိရိုးဖလာ ကိုးကွယ်ရာပြုကြသော နတ်အပေါင်းတို့အား ပြုလုပ်တင်သမြဲဖြစ်သော ပူဇော်မှုကို၊ <b>ကတ္တာ</b>=ပြုလေ့ ရှိသည်၊ <b>ဟောတိ</b>=ဖြစ်၏၊ <b>အယံ</b>=ဤသည်ကား၊ <b>စတုတ္ထော</b>=လေးခုမြောက် သော၊ <b>ဘောဂါနံ</b>=စည်းစိမ်တို့၏၊ <b>အာဒိယော</b>=ယူထိုက်ရထိုက်သော အကြောင်းအရာများ ပေတည်း။</p>
<p>ဤငါးပါးတို့တွင် “<b>ဒေဝတာဗလိံ</b>''ဟူသော ပုဒ်အရကို မဟာ ပရိနိဗ္ဗာနသုတ်၌ ဤသို့ဟောတော်မူ၏၊</p>
<p><b>ကိန္တိ တေ အာနန္ဒ သုတံ၊ ဝဇ္ဇီ ယာနိ တာနိ ဝဇ္ဇီနံ</b></p>
<p><b>ဝဇ္ဇီစေတိယာနိ အဗ္ဘန္တရာနိစေဝ ဗာဟိရာနိစ၊ တာနိ သက္ကရောန္တိ ဂရုံကရောန္တိ မာနေန္တိ ပူဇေန္တိ၊ တေသဉ္စ ဒိန္နိပုဗ္ဗံ ကတပုဗ္ဗံ ဓမ္မိကံ ဗလိံ နောပရိဟာပေန္တီတိ</b>။</p>
<p><b>သုတမေတံ ဘန္တေ ဝဇ္ဇီ ယာနိတာနိ ဝဇ္ဇီစေတိယာနိ အဗ္ဘန္တရာနိစေဝ ဗာဟိရာနိစ၊ တာနိ သက္ကရောန္တိ ဂရုံကရောန္တိ မာနေန္တိ ပူဇေန္တိ၊ တေသဉ္စ ဒိန္နိပုဗ္ဗံ ကတပုဗ္ဗံ ဓမ္မိကံ ဗလိံ နောပရိဟာပေန္တီတိ</b>။</p>
<p><b>ယာဝကီဝဉ္စ အာနန္ဒ ဝဇ္ဇီ ယာနိတာနိ ဝဇ္ဇီစေတိယာနိ အဗ္ဘန္တရာနိစေဝ ဗာဟိရာနိစ၊ တာနိ သက္ကရိဿန္တိ ဂရုံကရိဿန္တိ မာနေဿန္တိ ပူဇေဿန္တိ၊ တေသဉ္စ ဒိန္နိပုဗ္ဗံ ကတပုဗ္ဗံ ဓမ္မိကံ ဗလိံ နောပရိဟာပေဿန္တိ၊ ဝုဒ္ဓိယေဝ အာနန္ဒ ဝဇ္ဇီနံ ပါဋိကင်္ခါ၊ နောပရိဟာနိ</b>။</p>
<p>[၎င်းပါဠိတော်] အနက်ကား။။ <b>အာနန္ဒ</b>=အာနန္ဒာ၊ <b>ကိန္တိ</b>=အသို့လျှင်၊ <b>တေ</b>=သင်သည်၊ <b>သုတံ</b>=ကြားဖူးသနည်း၊ <b>ဝဇ္ဇီ</b>=ဝေသာလီပြည်ဝဇ္ဇီမင်း တို့သည်၊ <b>ဝဇ္ဇီနံ</b>=ဝဇ္ဇီမင်းအစဉ်အဆက်တို့၏၊ <b>အဗ္ဘန္တရာနိစေဝ</b>=မြို့တွင်း၌ လည်းဖြစ်ကုန်ထသော၊ <b>ဗာဟိရာနိစ</b>=မြို့ပ၌လည်းဖြစ်ကုန်ထသော၊ <b>ယာနိတာနိဝဇ္ဇီစေတိယာနိ</b>=အကြင်ဝဇ္ဇီတိုင်းတို့၏ ပူဇော်ရာဖြစ်သော နတ်စင်,နတ်ကွန်း,နတ်နန်း,နတ်နေရာသစ်ပင်တည်းဟူသော နတ်စေတီ တို့သည်၊ <b>သန္တိ</b>=ရှိကုန်၏၊ <b>တာနိ</b>=ထိုနတ်စေတီတို့ကို၊ <b>သက္ကရောန္တိ</b>= အရိုအသေပြုမြဲပြုကြကုန်၏လော၊ <b>ဂရုံကရောန္တိ</b>=အလေးအမြတ် ပြုမြဲပြုကြကုန်၏လော၊ <b>မာနေန္တိ</b>=အမြတ်တနိုးပြုမြဲ ပြုကြကုန်၏လော၊ <b>ပူဇေန္တိ</b>=ပူဇော်မြဲ ပူဇော်ကြကုန်၏လော၊ <b>တေသဉ္စ</b>=ထိုနတ်စေတီတို့အား လည်း၊ <b>ဒိန္နိပုဗ္ဗံ</b>=ရှေးတင်မြဲ ပသမြဲ အရိုးအစဉ်ဖြစ်ထသော၊ <b>ကတပုဗ္ဗံ</b>= ရှေးပြုလုပ်မြဲ အရိုးအစဉ်ဖြစ်ထသော၊ <b>ဓမ္မိကံ</b>=သတ်မှုဖြတ်မှုဒုစရိုက်မှ လွတ်ကင်းသည်ဖြစ်၍ တရားနှင့်လျော်သော၊ <b>ဗလိံ</b>=ပူဇော်မှုကို၊ <b>နော ပရိဟာပေန္တိ</b>=မဆုတ်မယုတ်စေဘဲ ပြုမြဲပြုကြကုန်၏လော၊ <b>ဣတိ</b>=ဤသို့၊ <b>ပုစ္ဆိ</b>=မေးတော်မူ၏၊ <b>ဘန္တေ</b>=အရှင်ဘုရား၊ <b>ဧတံ</b>=ဤအကြောင်း အရာကို၊ <b>မေ</b>=အကျွန်ုပ်သည်၊ <b>သုတံ</b>=ကြားဖူးပါ၏၊ <b>ဝဇ္ဇီ</b>=ဝေသာလီပြည် ဝဇ္ဇီမင်း တို့သည်၊ <b>ဝဇ္ဇီနံ</b>=ဝဇ္ဇီမင်းအစဉ်အဆက်တို့၏၊ <b>အဗ္ဘန္တရာနိစေဝ</b>=မြို့တွင်း၌ လည်းဖြစ်ကုန် ထသော၊ <b>ဗာဟိရာနိစ</b>=မြို့ပ၌လည်းဖြစ်ကုန်ထသော၊ <b>ယာနိတာနိဝဇ္ဇီစေတိယာနိ</b>=အကြင်ဝဇ္ဇီတိုင်းတို့၏ ပူဇော်ရာဖြစ်သော နတ်စင်,နတ်ကွန်း,နတ်နန်း,နတ်နေရာသစ်ပင်တည်းဟူသော နတ် စေတီတို့သည်၊ <b>သန္တိ</b>=ရှိကုန်၏၊ <b>တာနိ</b>=ထိုနတ်စေတီတို့ကို၊ <b>သက္ကရောန္တိ</b>= အရိုအသေပြုမြဲပြုကြကုန်၏၊ <b>ဂရုံကရောန္တိ</b>=အလေးအမြတ် ပြုမြဲပြုကြ ကုန်၏၊ <b>မာနေန္တိ</b>=အမြတ်တနိုးပြုမြဲ ပြုကြကုန်၏၊ <b>ပူဇေန္တိ</b>=ပူဇော်မြဲ ပူဇော်ကြကုန်၏၊ <b>တေသဉ္စ</b>=ထိုနတ် စေတီတို့အားလည်း၊ <b>ဒိန္နိပုဗ္ဗံ</b>= ရှေးတင်မြဲ ပသမြဲ အရိုးအစဉ်ဖြစ်ထသော၊ <b>ကတပုဗ္ဗံ</b>=ရှေးပြုလုပ်မြဲ အရိုးအစဉ်ဖြစ်ထသော၊ <b>ဓမ္မိကံ</b>=သတ်မှုဖြတ်မှုဒုစရိုက်မှ လွတ်ကင်း သည်ဖြစ်၍ တရားနှင့်လျော်သော၊ <b>ဗလိံ</b>=ပူဇော်မှုကို၊ <b>နောပရိဟာပေန္တိ</b>= မဆုတ်မယုတ်စေဘဲ ပြုမြဲပြုလုပ်ကြကုန်၏၊ <b>ဣတိ</b>=ဤသို့၊ <b>သုတံ</b>=ကြား ဖူးပါ၏၊ <b>အာနန္ဒ</b>=အာနန္ဒာ၊ <b>ယာဝကီဝဉ္စ</b>=အကြင်မျှလောက်လည်း၊ <b>ဝဇ္ဇီ</b>=ဝေသာလီပြည်ဝဇ္ဇီမင်းတို့သည်၊ <b>ဝဇ္ဇီနံ</b>=ဝဇ္ဇီမင်း အစဉ်အဆက်တို့၏၊ <b>အဗ္ဘန္တရာနိစေဝ</b>=မြို့တွင်း၌လည်းဖြစ်ကုန်ထသော၊ <b>ဗာဟိရာနိစ</b>= မြို့ပ၌လည်းဖြစ်ကုန်ထသော၊ <b>ယာနိတာနိဝဇ္ဇီစေတိယာနိ</b>=အကြင် ဝဇ္ဇီတိုင်းတို့၏ ပူဇော်ရာဖြစ်သော နတ်စင်,နတ်ကွန်း,နတ်နန်း,နတ် နေရာသစ်ပင် တည်းဟူသော နတ်စေတီတို့သည်၊ <b>သန္တိ</b>=ရှိကုန်၏၊ <b>တာနိ</b>=ထိုနတ်စေတီတို့ကို၊ <b>သက္ကရိဿန္တိ</b>=အရိုအသေပြုမြဲ ပြုကြကုန်လတံ့၊ <b>ဂရုံကရိဿန္တိ</b>=အလေးအမြတ် ပြုမြဲပြုကြကုန်လတံ့၊ <b>မာနေဿန္တိ</b>= အမြတ်တနိုးပြုမြဲ ပြုကြကုန်လတံ့၊ <b>ပူဇေဿန္တိ</b>=ပူဇော်မြဲ ပူဇော်ကြ ကုန်လတံ့၊ <b>တေသဉ္စ</b>=ထိုနတ်စေတီတို့အားလည်း၊ <b>ဒိန္နိပုဗ္ဗံ</b>=ရှေးတင်မြဲ ပသမြဲ အရိုးအစဉ်ဖြစ်ထသော၊ <b>ကတပုဗ္ဗံ</b>=ရှေးပြုလုပ်မြဲ အရိုးအစဉ် ဖြစ်ထသော၊ <b>ဓမ္မိကံ</b>=သတ်မှုဖြတ်မှုဒုစရိုက်မှ လွတ်ကင်းသည်ဖြစ်၍ တရားနှင့်လျော်သော၊ <b>ဗလိံ</b>=ပူဇော်မှုကို၊ <b>နောပရိဟာပေဿန္တိ</b>=မဆုတ် မယုတ်စေဘဲ ပြုမြဲပြုလုပ်ကြကုန်လတံ့၊ <b>အာနန္ဒ</b>=အာနန္ဒာ၊ <b>ဝဇ္ဇီနံ</b>=ဝဇ္ဇီမင်း ဆက်တို့၏၊ <b>ဝုဒ္ဓိယေဝ</b>=ပစ္စုပ္ပန်သံသရာ ချမ်းသာနှစ်ပါးပွါးများခြင်းကို သာလျှင်၊ <b>ပါဋိကင်္ခါ</b>=အလိုရှိအပ်၏၊ <b>ပရိဟာနိ</b>=ဆုတ်ယုတ်ခြင်းကို၊ <b>နောပါဋိကင်္ခါ</b>=အလိုမရှိအပ်။</p>
<p>ဤပါဠိတော်ကိုထောက်၍ လူဖြစ်သောသူတို့မှာ ပစ္စုပ္ပန်အကျိုး အတွက် <b>လောကပါလနတ်များ</b>ကို ရှိခိုးကောင်း၏၊ ပူဇော်ကောင်း၏၊ နတ်ကွန်း,နတ်ကန္နားကို ဆောက်လုပ်ကောင်း၏၊ စီမံကောင်း၏၊ မိမိကိုယ်တိုင် နတ်ရုပ်ကြီးများ ကံကျွေးလက်ခပေး၍ ထုလုပ်ကောင်း၏၊ ပွဲတင်မြှောက် ပူဇော်ခြင်းကို ပြုလုပ်ကောင်း၏၊ ရဟန်းဖြစ်သော သူတို့မှာမူကား- နတ်များကို ရှိခိုးခြင်းငှါမပအ်၊ နတ်ကွန်း,နတ်ကန္နားများကို ကိုယ်တိုင်မဆောက်ကောင်း၊ လူများကို ဆောက်လုပ်ကြစေရန် စေ့ဆော်ကောင်း၏၊ နတ်ရုပ်ကြီးများကို ရဟန်းကိုယ်တိုင် မထုလုပ် ကောင်း၊ လက်ခကံကျွေးပေး၍ လူများကို ထုလုပ်စေအပ်၏၊ ၎င်းနတ်ရုပ် ကြီးများအား ပွဲတင်မြှောက်ပူဇော်ခြင်းကို ရဟန်းကိုယ်တိုင်မပြုအပ်၊ လူများကို ပြုလုပ်စေအပ်၏၊ ဤအလုံးစုံကိုလည်း ယခုဘဝ၌ အန္တရာယ် ကင်း၍ ချမ်းသာသုခကိုရခြင်းငှါ ပြုအပ်၏၊ ရတနာသုံးပါးကိုလည်း အမြတ်တနိုး ကိုးကွယ်လျက်ရှိသောကြောင့် နတ်များကို ထိုသို့ပြုသော် လည်း သရဏဂုံမပျက်။</p>
<p>၈။ ဉာတိပဝါရိတမဟုတ်သော ဒါယကာ,ဒါယိကာမတို့အား တောင်းရမ်းပြောဆို၍ရအပ်သော ပစ္စည်းနှင့် အခြားသောသံဃာတို့အား ကျွေးမွေးလှူဒါန်းခဲ့ပါလျှင် ထိုသုံးစားသော ရဟန်းတို့အား အပ်မအပ်၊ ပြုလုပ် တောင်းရမ်းသော ရဟန်းတို့အား အဘယ်ကဲ့သို့သော အပြစ်ဟူ၍ သေချာစွာ သိချင်ပါကြောင်း။</p>
<p>၉။ ပစ္စည်းလေးပါးဖိတ်ကြားသူ ဒါယကာ,ဒါယိကာမတို့ထံဖြစ်စေ၊ ပစ္စည်းလေးပါးမဖိတ်ကြားသူ ဒါယကာ,ဒါယိကာမတို့ထံဖြစ်စေ၊ ခေတ္တ ကြေးငွေများကို ချေးငှါးပြီးတစ်ခုခုတွင် အသုံးချလိုက်ပြီးနောက် ထိုဝတ္ထုငွေများကို ပြန်၍မပေးနိုင်သော ရဟန်းတော်များမှာ ဘယ်လိုအပြစ်,ဘယ်လိုအာပတ်သင့်မည်ကို သိချင်ပါကြောင်း။</p>
<p>၁၀။ ဒါယကာ,ဒါယိကာမတစ်ဦးတစ်ယောက်ထံက အကြွေး ငွေကျပ် ၁၀၀ိ-ဖိုးလောက် ဝယ်ခြမ်းသုံးစွဲပြီး ထိုအကြွေးကို မဆပ်ပေးနိုင်ခဲ့ပါမူ ထိုရဟန်းမှာ ဘယ်လိုကံ,ဘယ်လိုအာ ပတ်ဟု သိလိုပါကြောင်း။ [ဤအမေး ၃-ချက်မှာ “ပဏ္ဍိတ''ဆရာ အဖြေရှိလေပြီ။]</p>
<p>၁၂၈၂-ခု၊ တပေါင်းလဆန်း ၁၅-ရက်နေ့ ၃-နာရီ မိနစ်-၃၀ အချိန်တွင် ပဲခူးဒိစတြိတ် ကဝမြို့ ငါးထပ်ဘုရားကြီး ပရဝဏ်အတွင်း ခေတ္တလယ်တီစံကျောင်း၌ သီတင်းသုံးတော်မူစဉ် ဖြေဆိုတော်မူအပ်သော ဓားဝယ်ပုစ္ဆာအဖြေ ပြီး၏၊</p>
<h3>ပဏ္ဍိတဆရာဖြေဆိုချက်</h3>
<p><b>ဇယတု</b>။။ မြဝတီဆရာတော်ဘုရားထံလျှောက်ထားသော ပုစ္ဆာဆယ်ချက်ကို မဖြေမကြားဘဲနေသည့်အတွက် ဒါယကာတို့က စိတ်ဒွိဟမကင်း ရှင်းလင်းဖြေဆိုစေလိုကြောင်းနှင့် လျှောက်ထား တောင်းပန်ကြရာ ဆရာ<b>ပဏ္ဍိတ</b>က အကျဉ်းသင်္ခေပဖြင့် အများသိကြ စေရန် ပါဌ်သံပါဠိမရှိမပါ ကျမ်းလာအဟုတ် စကားပြင်ဖြင့် ဖြေထုတ်လိုက် သော ဝိသဇ္ဇနာကား</p>
<p>ဆယ်ချက်သောပုစ္ဆာတို့တွင် အစဉ်ကိုမပြဘဲ မိဿကရော ယှဉ်တွဲ၍ ကွဲကွဲပြားပြား ခြားနားသိသာအောင် ဖြေဆိုပေတော့အံ့။</p>
<p>ကောသလအိပ်မက်ခန်းတွင် ဘုရားသခင် ဟောကြားတော်မူခဲ့ သည်မှာ</p>
<p>''ငါဘုရားသာသနာဆုတ်ယုတ်သောအခါ <b>ပါပမင်း</b>လက်ထက် <b>လောလုပ္ပတဏှာ</b>အတွက်ကြောင့် ပစ္စည်းများကို ငဲ့ကွက်ခြင်းသဘော ထား၍ ငါဘုရားတရားကို သာယာစွာအသံနေအသံထားနှင့် ဟောကြား ပြသကုန်လတံ့၊ ထိုရောအခါ ၎င်း<b>သဒ္ဒတဏှာကာမဂုဏ်</b>အဟုန်သံကို ကြားနာရ၍ များစွာသောပစ္စည်း, များစွာသောရွှေငွေတို့ကို လှူကြကုန် လတံ့၊ ထိုသို့ဟောပြောသော <b>အလဇ္ဇီပါပဘိက္ခု</b>ရဟန်းစုတို့သည် အဖိုးနဂ္ဃ ထိုက်သော စန္ဒကူးနံ့သာများကို မစင်ဘင်ပုပ်နှင့်လဲ၍ စားဘိသကဲ့သို့ အဖိုအနဂ္ဃထိုက်သော လောကုတ္တရာတရားကို မစင်ဘင်ပုပ်နှင့်တူသော ရွှေငွေပစ္စည်းဘဏ္ဍာတို့ဖြင့် လဲ၍စားသော <b>အလဇ္ဇီပါပဘိက္ခု</b>ရဟန်း တို့သည် ပေါ်ပေါက်လတံ့''</p>
<p>ဟု ဟောတော်မူသော <b>ပါရာဇိကဏ်အဋ္ဌကထာ, တေရသကဏ် ဋီကာ</b>တွင် လာသည်ကိုထောက်ထား၍ သာသနာတော်မရွေ့ရှားရအောင် သတိထားကြရမည်။</p>
<p>[ဤကား-ပထမသာသနာပြုစာတမ်းတည်း။]</p>
<p>၈။ ရဟန်းတို့မှာ <b>ဉာတိပဝါရိတ</b>မဟုတ်သောသူတို့ထံ <b>ဝစီဝိညတ်</b> ဖြင့်တောင်းခံ၍ရသော ပစ္စည်းများကို သုံးစွဲစားသောက်ခဲ့လျှင် <b>အာပတ်</b> သင့်ကြောင့်၊ ရွှေငွေတို့ကို ကိုယ်တိုင်ခံခြင်း, သူတစ်ပါးကိုခံစေခြင်း, အနီး၌ ထားသည်ကို သာယာခြင်းကြောင့် <b>နိဿဂ္ဂိပါစိတ်အာပတ်</b>သင့်ခြင်း, ၎င်းရွှေငွေတို့ဖြင့် ရောင်းဝယ်၍ရသော ပစ္စည်းများနှင့်ဇရပ်,တန်ဆောင်း, ကျောင်း,ကန်,အာဝါသပြုလုပ်ခြင်း, ၎င်းဇရပ်,တန်ဆောင်း,ကျောင်း,ကန်, အာဝါသတို့၏ အရိပ်ကိုပင်မခိုအပ်ကြောင်း၊ ၎င်းရွှေငွေတို့ဖြင့် ရောင်းဝယ်၍ရအပ်သောပစ္စည်းရပ်ဟူသမျှကိုပင် မသုံးဆောင်အပ် ကြောင်း၊ ထိုဝတ္ထုပစ္စည်းဖြင့် တူးအပ်သောရေတွင်း,ရေကန်စသည်တို့မှ ထွက်သော ရေကိုပင် မသောက်အပ်ကြောင်း၊ ၎င်းဝတ္ထုတို့ဖြင့် ဝယ်၍ရအပ်သောမျိုးစေ့တို့ကို စိုက်၍ရအပ်သော သစ်သီးများကိုလည်း မစားကောင်း၊ ဤသို့စသည်ဖြင့် မအပ်ကြောင်းကို <b>ပါရာဇိကဏ် အဋ္ဌကထာ</b>တို့၌ များစွာပင်လာသည် မယုံလျှင် ကြည့်ကြပါလေ။</p>
<p>သီတင်းသုံးဘော်ငါးယောက်တို့မှာကား အကြင်မျှလောက် သောကာလပတ်လုံး မသိသေး၊ ထိုမျှလောက်သောကာလပတ်လုံး သုံးဆောင်ခဲ့လျှင် အာပတ်မှလွတ်ပါသေး၏၊ သိသောအခါကစ၍ သုံးဆောင်ခဲ့လျှင် အာပတ်သင့်တော့သည်၊ ၎င်းမအပ်သောအမှုတို့ကို ပြုကျင့်သောရဟန်းတို့ကို တစ်ပါးသောသူတို့က ချီးမွမ်းထောမနာခြင်း, တရားဟောတိုက်တွန်းခြင်း-စသည်တို့ကိုပြုလုပ်သော ရှင်လူရဟန်း တို့ကိုလည်း သာသနာတော်ကို ကွယ်စေသောဟူ၍ မှတ်ကြရမည်ဟု ၎င်းအဋ္ဌကထာတွင်လာသည်၊ မယုံလျှင် လှန်၍ကြည့်ကြလေ။ [ဤကား-ဒုတိယသာသနာပြုစာတမ်းတည်း။]</p>
<p>၃-၄။ မအပ်မရာသော သင်္ကန်းသပိတ်ပရိက္ခရာတို့ကို ဝတ်ရုံ သုံးစွဲသောရဟန်းတို့ကို မြင်ခဲ့ပါလျှင် ၎င်းသင်္ကန်းသပိတ်ပရိက္ခရာတို့ကို ဖျက်ဆီးဖြိုခွဲခြင်းကိုပြုကြသော ရဟန်းများမှာ အပြစ်မရှိဟုလာ သည်တစ်ရပ်၊ တစ်ပါးသောသူတို့ စိုးပိုင်းသောသိမ်တွင်း,အရာမ်တွင်း၌ မင်းကျွမ်းဝင်သော ရဟန်းတို့က အသင်းအပင်းကိုရ၍ အတင်းအဓမ္မ ဆောက်လုပ်ထားသော ဝတ္ထုများကို သုံးကြိမ်တိုင်တိုင် ပြောဆို၍မရခဲ့လျှင် အစဉ်အတိုင်းအမိုးအကာများကို ဖျက်ဆီး၍ပုံထား၊ တိုင်,အုတ်စသော ဝတ္ထုများကို ဖျက်ဆီး၍ပုံထားပြီးလျှင် ဥစ္စာရှင်တို့ကို လာ၍ယူကြပါဟု စေခိုင်းရမည်၊ လာ၍မယူဘဲပျောက်ပျက်သွားခဲ့သော်လည်း ဖျက်ဆီးဖြိုခွဲ သောသူမှာ အပြစ်မရှိကြောင်းကို ၎င်းအဋ္ဌကထာ <b>အဒိန္နာဒါန်သိက္ခာ ပုဒ်</b>မှာ ကြည့်ကြပါလေ၊ တွေ့ပါလိမ့်မည်။</p>
<p>[ဤကား-တတိယသာသနာပြုစာတမ်းတည်း။] ၆-၇။ နတ်တို့ကိုကိုးကွယ်သောအရာမှာ နတ်ဝင်မ(နတ်ကတော်) တစ်ယောက်သည် နတ်တို့၏နေရာ နတ်ကွန်း,နတ်တဲ၌နေပြီးလျှင် လာလာသမျှသောသူတို့ကို နတ်တို့အား ပူဇော်ကိုးကွယ်သောသူတို့မှာ အကျိုးစီးပွါး များလတံ့-ဟု အယူမှားအောင်ပြုလုပ်ခြင်း, လှည့်ဖြား၍ စားသောက်ခြင်းကြောင့် ပြိတ္တာဘုံ၌ကြီးစွာသောဒုက္ခကို ခံစား၍နေ ရကြောင်းကို <b>ပါရာဇိကဏ်အဋ္ဌကထာ စတုတ္ထသိက္ခာပုဒ်</b>တွင် လာသည် ကိုထောက်၍ အလွန်ကြောက်အပ်ကြောင်း၊ ရှိခိုးကိုးကွယ်အပ်သော ပုဂ္ဂိုလ်ထဲတွင်မပါခြင်းကြောင့် ရဟန်းတို့မှာနတ်တို့ကို ရှိခိုးကိုးကွယ်လျှင် <b>အာပတ်</b>သင့်ကြောင်းကို သိကြလေ။</p>
<p>[ဤကား-စတုတ္ထသာသနာပြုစာတမ်းတည်း။]</p>
<p>၉-၁၀။ ရဟန်းတို့မှာ တစ်စုံတစ်ယောက်သော သူတို့ထံ ဝတ္ထုကြေးငွေကို ချေးငှား၍မပေးနိုင်လျှင် ဘဏ္ဍာ စားထိုက်ကြောင်း ဘဏ္ဍာစားဆိုသည်မှာ ဥစ္စာရှင်ကတောင်း၍မရလျှင် ငါတို့ဥစ္စာမရပြီ ဟုဝန်ချခြင်း၊ ရဟန်းကလည်း မပေးပြီဟုဝန်ချခြင်း၊ နှစ်ပါးစုံဝန်ချလျှင် ရဟန်းတို့မှာ <b>အဒိန္နာဒါန်ကံ</b>ထိုက်၍ <b>ပါရာဇိကကျ</b>ကြောင်း ကို <b>အဒိန္နာဒါန် သိက္ခာပုဒ်</b>အဖွင့် <b>ပါရာဇိကဏ် အဋ္ဌကထာ</b>၌လာသည်၊ မယုံလျှင်ကြည့်ကြ ပါလေ။</p>
<p>[ဤကား-ပဉ္စမသာသနာပြုစာတမ်းတည်း။]</p>
<p>၅။ အလှူဆယ်ပါးတို့တွင် တစ်ပါးပါးကိုရည်မှတ်၍ လှူလိုက် သောပစ္စည်းတို့ကို အလှူဆယ်ပါးတို့တွင် တစ်ပါးပါးကိုမျှ မပြုလုပ်ဘဲ သုံးစွဲစားသောက်ခဲ့လျှင် ရှေးနည်းအတူ ဘဏ္ဍာစားထိုက်၍ နှစ်ဦးနှစ်ဝ ဝန်ချခဲ့လျှင် ရဟန်းမှာ <b>ပါရာဇိကကျ</b>ကြောင်း၊ ၎င်းအဋ္ဌကထာတွင် လာပြန်သည်၊ မယုံလျှင်ကြည့်ကြပါလေ။</p>
<p>[ဤကား-ဆဋ္ဌမသာသနာပြုစာတမ်းတည်း။]</p>
<p>ဤမျှလောက်အကျဉ်းအားဖြင့် <b>ပဏ္ဍိတ</b>-ဆရာဖြေဆိုလိုက်သော ဝိသဇ္ဇနာကို ယခုထင်ရှားရှိသော မြဝတီဆရာတော်၊ လယ်တီဆရာ တော်၏ တပည့်<b>ဦးပညာသီလ, အောင်မင်္ဂလာဆရာတော်ကလေး</b> ဓားဝယ်မြို့ ပညာရှိတို့ထံ ဟုတ်-မဟုတ်၊ မှန်မမှန်ကို ဧကန်-ဧကသိကြလို လျှင် မြန်မြန်ပင် ပုံနှိပ်တင်၍ပြကြလေ။</p>
<p>[၁၂၈၂-ခု၊ တပို့တွဲလပြည့်ကျော် ၅-ရက်နေ့တွင် ပဏ္ဍိတဆရာ ဖြေဆိုလိုက်သော</p>
<p>ဝိသဇ္ဇနာ-သာသနာပြုစာတမ်းတည်း။]</p>
<h3>ဆောင်ပုဒ်လင်္ကာ</h3>
<p>၁။ ရပ်ရပ်ရွာရွာ၊ သာသနာ၊ ရောင်ဝါဧကန်ညှိုးလတံ့။<br>
၂။ အသံသာသာ၊ တရားစာ၊ ဆွဲခါ-ငင်ခါဟောလတံ့။<br>
၃။ တရားနာလာ၊ ထိုသူမှာ၊ တဏှာဧကန်ပွါးလတံ့။<br>
၄။ တဏှာပွါးလျှင်၊ ဒုက္ခပင်၊ လျင်လျင်ခံရပေလတံ့။<br>
၅။ တဏှာကိုပင်၊ ကုသိုလ်ထင်၊ အမြင်မှားလတံ့။<br>
၆။ တရားမှန်းမသိ၊ လူဒုဗ္ဗိ၊ ပေါ်ရှိထိုခါ များလတံ့။<br>
၇။ တရားဆိုတာ၊ ဘယ်လိုဟာ၊ မသိရှာထိုခါ များလတံ့။<br>
၈။ တရားအမှန်၊ ဟောကြပြန်၊ မနာခံသူများလတံ့။<br>
၉။ များသောအခါ၊ သာသနာပ၊ ကွယ်ကြသည်ပဲဗျို့။ “ပဏ္ဍိတ''ဆရာ-ဖြေဆိုချက်ပြီး၏၊</p>
<p>ဓားဝယ်ပုစ္ဆာအဖြေပြီး၏၊</p>
<p>***</p>
<h3>ဓညဝတီပုစ္ဆာအဖြေ</h3>
<p>လျှောက်လွှာ</p>
<p>ဓညဝတီရဟန်းတော်များက အောက်ပါအမေးပုစ္ဆာ ၈-ချက်ကို ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးထံ အဖြေရေးသား ပေးသနား တော်မူပါမည့်အကြောင်း ရိုသေစွာလျှောက်ပါသည် ဆရာတော်ဘုရား။</p>
<p>၁။ ရဟန်းတို့၏ဥစ္စာဖြစ်သော ကျောင်းပစ္စည်းများကို ခိုးသူတို့ ခိုးယူရာ၌ ဥစ္စာရှင်ဖြစ်သောရဟန်းမူကား အစိုးရတရားသူကြီးများထံ တရားစွဲဆိုခြင်းကိုမပြု၊ ၎င်းရဟန်းအား အမြဲကိုးကွယ်နေသူ လူဒါယကာ တို့ကသာ တရားစွဲဆိုခြင်းကို ပြုသည့်အတွက် အစိုးရတရားသူကြီးများ သည် ၎င်းခိုးသူအား အမှုအားလျော်စွာ ရာဇဒဏ်ကိုပေးအံ့၊ ဥစ္စာရှင်ဖြစ် သောရဟန်းအား အာပတ်မှလွတ်ကင်းပါမည်လော။</p>
<p>၂။ ရဟန်းတို့သည် ရွှေငွေစသည်များကို ရွာနေသူလူဒါယကာ တို့အား ချေးငှားအပ်နှံထားရာ၌ ၎င်းဒါယကာသည် ဥစ္စာရှင်ရဟန်း အားပြန်၍ မပေးမဆပ်ခြင်းကြောင့် ဆိုင်ရာတရားသူကြီးများထံ တောင်းခံရာ တရားသူကြီးများက ချေးရင်းငွေနှင့်ကုန်ကျသော စရိတ်ငွေ တို့ပါပေးလျော်စေ-ဟု စီရင်ချက်ချပေးသောကြောင့် ၎င်းဒါယကာသည် ချေးရင်းငွေနှင့်ကုန်ကျသောစရိတ်ငွေတို့ပါ တရားလိုဖြစ်သောရဟန်းအား ပေးလျော်ရငြားအံ့၊ ချေးရင်းငွေထက်ပိုမိုသော စရိတ်ငွေကို “ဒဏ်''ဟူ၍ ဆိုသင့်ပါမည်လော။</p>
<p>၃။ ဟောင်းနွမ်းယွင်းယိုကွဲပြိုပျက်စီးရှိနေပြီးသော စေတီတော် ကိုဖြိုဖျက်၍ မဟာရာမ်တံတိုင်းနှင့်ဘုရား ရုပ်ပွါးဆင်းတုမျှကိုသာ ချန်ထားပြီးလျှင် ၎င်းအုတ်ကျောက်အင်္ဂတေများကို အခြားတစ်ရပ်သို့ ရွေ့ပြောင်းစုပုံထား၍ ၎င်းအရံအတွင်း၌ ဘုရားသိမ်တော်ဆောက်လုပ် ကောင်းပါမည်လော။</p>
<p>၄။ လူဖြစ်သောဒါယကာတို့သည် ကာလပိုင်းခြား၍ရှစ်ပါး, ဆယ်ပါးသီလများကို ခံယူဆောက်တည်၍နေရာ မသာအသုဘအလှူ ဇရပ်စသည်၌ ငါးပါးသီလကိုခံယူသော်လည်း သီလမပျက်ခံယူကောင်း ၏-ဟု အချို့အယူရှိကြ၏၊ ၎င်းစကားသည် ကျမ်းဂန်များနှင့်ညီညွတ် ပါမည်လော။</p>
<p>၅။ ရဟန်းသံဃာတော်များထင်ရှားရှိလျက် ဘုရားရုပ်ပွါး ဆင်းတု တော်ထံမှာ သီလခံယူသော်လည်း သီလမရ-ဟု အချို့သော ပုဂ္ဂိုလ်တို့ ထုတ်ဆိုမိန့်ဟပြောဆိုကြ၏၊ ထိုစကားသည် ဘုရားအလိုတော်ကျ ဗုဒ္ဓမတ္တညုကျမ်း ပြုလိမ်မာ အဋ္ဌကထာဆရာ၏ အယူနှင့်တူပါမည်လော။</p>
<p>၆။ ချောမောဆန်းကြယ်တင့်တယ်လျောက်ပတ်သော စေတီ တော်မြတ်၏ အရံအကာမဟာရာမ်တံတိုင်းကို ဖြိုဖျက်၍ ၎င်းဘုရား အတွင်းအောက်မြေအပြင်၌ သမံတလင်းအခင်းပြုလုပ် ကောင်းပါ မည်လော။</p>
<p>၇။ ဝေရီဝိသဘာဂ-ဝဂ္ဂဖြစ်သောသံဃာသည် ကျောင်းတိုက် အနီးရှိလျက် ၎င်းပုဂ္ဂိုလ်တို့အား ဝတ်ကိုမကြားဘဲ ပရိဝတ် မာနတ်ဆောက် တည်ရာ စူဠဝါပါဠိအဋ္ဌကထာတို့နှင့် ညီညွတ်ပါမည်လော။</p>
<p>၈။ လူအဖြစ်သို့ရောက်ပြီးသောပုဂ္ဂိုလ်တို့သည် မိမိနေထိုင်ခဲ့သော ကျောင်းကို ငါပိုင်ဆိုင်သောကျောင်း-ဟုပြောဆိုကြရာ ထိုသူတို့ပိုင်ဆိုင် ထိုက်, မပိုင်ဆိုင်ထိုက်ကြောင်းများကို သိလိုပါသည်ဘုရား။</p>
<p>---</p>
<h3>လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက်</h3>
<p>၁၂၈၂-ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁၀-ရက်နေ့</p>
<p>ပထမပုစ္ဆာအဖြေ</p>
<p>လျှောက်လွှာပါ ၈-ချက်တို့တွင်</p>
<p>၁။ ရဟန်းတို့၏ဥစ္စာဖြစ်သော ကျောင်းပစ္စည်းများကို ခိုးသူတို့ ခိုးယူရာ၌ ဥစ္စာရှင်ဖြစ်သောရဟန်းမူကား အစိုးရတရား သူကြီးများထံ တရားစွဲဆိုခြင်းကိုမပြု၊ ၎င်းရဟန်းအား အမြဲကိုးကွယ်နေသူ လူဒါယကာ တို့ကသာ တရားစွဲဆိုခြင်းကို ပြုသည့်အတွက် အစိုးရတရားသူကြီး များသည် ၎င်းခိုးသူအား အမှုအားလျော်စွာ ရာဇဒဏ်ကိုပေးအံ့၊ ဥစ္စာ ရှင်ဖြစ်သောရဟန်းအား အာပတ်မှလွတ်ကင်းပါမည်လော။ [ဤကား-အမေး။]</p>
<p>အဖြေကား။။ ရဟန်းအား အမြဲကိုးကွယ်နေသူ လူဒါယကာ တို့ကသာ တရားစွဲဆိုရာ၌ (၁)ပစ္စည်းရှင် ရဟန်းတော်၏ စေခိုင်းခြင်း <b>ပယောဂ</b>နှင့်လွတ်ကင်း၍ လူဒါယကာတို့က အလိုအလျောက်စွဲဆိုခြင်း တစ်ပါး၊ (၂) ပစ္စည်းရှင် ရဟန်းတော်က သင်တို့တရားစွဲကြကုန်လော့ဟု တိုက်တွန်း၍ လူဒါယကာတို့စွဲဆိုခြင်းတစ်ပါး-ဟူ၍ နှစ်ပါးရှိ၏၊</p>
<p>ထိုနှစ်ပါးတို့တွင်<br>
၁။ လူဒါယကာတို့ အလိုအလျောက်တရားစွဲဆိုရာ၌ လူဒါယကာ တို့က တရားစွဲဆိုခြင်းကို ပြုသည့်အတွက် အစိုးရတရားသူကြီးများက ၎င်းခိုးသူအား အမှုအားလျော်စွာ ရာဇဒဏ်ကိုပေးသော်လည်း ပစ္စည်းရှင် ရဟန်းတော်မှာ တစ်စုံတစ်ခုမှုပြစ်မရှိ၊ လွတ်ကင်းလေ၏၊ ၂။ ရဟန်းတော်၏ တိုက်တွန်းချက်နှင့် လူဒါယကာတို့ စွဲဆိုရာ၌မူကား- ရဟန်းတော်ကိုယ်တိုင်စွဲဆိုသည်နှင့် အတူတူပင်ဖြစ်၏၊</p>
<p>ရဟန်းတော်၏ တိုက်တွန်းချက်သည်လည်း <b>ဥဒ္ဒိဿ,အနုဒ္ဒိဿ</b>ဟူ၍နှစ်ပါးရှိ၏၊ ထိုနှစ်ပါးတို့တွင်<br>
၁။ <b>ဥဒ္ဒိဿ</b>ဆိုသည်ကား- ခိုးသူ၏နာမည်ကို ထုတ်ဖော် ပြော ကြား၍ တိုက်တွန်းခြင်းတည်း။<br>
၂။ <b>အနုဒ္ဒိဿ</b>ဆိုသည်ကား- ခိုးသူ၏နာမည်ကို ထုတ်ဖော် ပြောကြားခြင်းကိုမပြုမူ၍ တိုက်တွန်းခြင်းတည်း။</p>
<p>ထိုတွင် <b>ဥဒ္ဒိဿ</b>၌ အစိုးရတရားသူကြီးတို့ ငွေဒဏ်,ကြေး ဒဏ်တပ်ခဲ့သော် ပစ္စည်းရှင်ရဟန်းတော်မှာ <b>ဘဏ္ဍာစားထိုက်</b>၏၊ <b>အနုဒ္ဒိဿ</b>မှာမူကား- အစိုးရတရားသူကြီးတို့က ခိုးသူအား ငွေဒဏ်, ကြေးဒဏ်တပ်ခဲ့သော်လည်း ဘဏ္ဍာစားမထိုက်၊ တစ်စုံတစ်ခု မှုပြစ် မရှိဟု-မှတ်လေ။</p>
<p>ပထမပုစ္ဆာအဖြေပြီး၏၊</p>
<p>---</p>
<h3>ဒုတိယပုစ္ဆာအဖြေ</h3>
<p>၂။ ဒုတိာအချက်၌-ရဟန်းတို့သည် ရွှေငွေစသည်များကို ရွာနေသူလူဒါယကာတို့အား ချေးငှားအပ်နှံ ထားရာ၌ ၎င်းဒါယကာသည် ဥစ္စာရှင်ရဟန်းအား ပြန်၍မပေးမဆပ်ခြင်းကြောင့် ဆိုင်ရာတရားသူကြီး များထံ တောင်းခံရာ တရားသူကြီးများက ချေးရင်းငွေနှင့်ကုန်ကျသော စရိတ်ငွေတို့ပါ ပေးလျော်စေဟု စီရင်ချက်ချပေးသောကြောင့် ၎င်း ဒါယကာသည် ချေးရင်းငွေနှင့်ကုန်ကျသောစရိတ်ငွေတို့ပါ တရားလို ဖြစ်သောရဟန်းအား ပေးလျော်ရငြားအံ့၊ ချေးရင်းငွေထက် ပိုမိုသော စရိတ်ငွေကို <b>“ဒဏ်”</b>ဟူ၍ ဆိုသင့်ပါမည်လော။</p>
<p><b>[ဤကား-အမေး။]</b></p>
<p>အဖြေကား။။ ချေးရင်းငွေထက် အပိုအမိုကုန်ကျသော စရိတ် ငွေကို<b>ဒဏ်</b>ဟူ၍ မဆိုသင့်၊ အကြောင်းမူကား ရာဇဝတ်မှုစုကို ကျူးလွန်မှု အတွက် ထောင်ဒဏ်ဖြစ်စေ, ကြိမ်ဒဏ်ဖြစ်စေ, ငွေဒဏ်ဖြစ် စေတပ်ရာ ၌သာ<b>ဒဏ်</b>ဟူ၍ ဆိုသင့်သည်၊ ဤအရာ၌ကား တရားနိုင်သူ တရားလို၌ အပိုအမိုကုန်ကျသော တရားစရိတ်ကို တရားရှုံးသူ တရားခံက ကျခံစေ ဟူ၍ ဆုံးဖြတ်ခြင်းသည် မြန်မာဓမ္မသတ်တို့၌လည်းကောင်း၊ အိန္ဒိယ ရာဇသတ်တို့၌လည်းကောင်း ဆုံးဖြတ်မြဲအရိုးအစဉ်ဖြစ်ပေသည်၊ သို့သော် တရားနိုင်သူ ရဟန်းတော်က အပိုအမိုကုန်ကျသော စရိတ်လျော်ကြေး များကို ခံယူခြင်းငှါမအပ်၊ ချေးငှါးအပ်နှံရင်းဖြစ်သောငွေကိုသာ ကပ္ပိယ နည်းလမ်းအားဖြင့် ခံယူအပ်၏၊</p>
<p>ဒုတိယပုစ္ဆာအဖြေပြီး၏၊</p>
<p>--------</p>
<h3>တတိယပုစ္ဆာအဖြေ</h3>
<p>၃။ တတိယအချက်၌-ဟောင်းနွမ်းယွင်းယိုကွဲပြိုပျက်စီးရှိ နေပြီးသော စေတီတော်ကိုဖြိုဖျက်၍ မဟာရာမ် တံတိုင်းနှင့်ဘုရား ရုပ်ပွါး ဆင်းတုမျှကိုသာ ချန်ထားပြီးလျှင် ၎င်းအုတ်ကျောက်အင်္ဂတေများကို အခြားတစ်ရပ် သို့ရွေ့ပြောင်းစုပုံထား၍ ၎င်းအရံအတွင်း၌ ဘုရားသိမ် တော်ဆောက်လုပ်ကောင်းပါမည်လော၊ သို့မဟုတ်-ခဏ္ဍသိမ် ဆောက် လုပ်ကောင်းပါမည်လော။</p>
<p><b>[ဤကား-အမေး။]</b> အဖြေကား။။ အဖိုးတန်ခြင်း,အကျိုးကျေးဇူးများခြင်း နှိုင်း ယှဉ်ရာ၏၊ နောက်လုပ်သော အဆောက်အအုံကအဖိုးတန် အကျိုး ကျေးဇူးလည်းမများခဲ့သော် မဆောက်လုပ်ကောင်း၊ နောက်လုပ်သော အဆောက်အအုံက အဖိုးသာတန်ခဲ့သော်လည်းကောင်း၊ အကျိုးကျေးဇူး သာ၍များခဲ့သော်လည်းကောင်း ဆောက်လုပ်ကောင်း၏၊</p>
<p>တတိယပုစ္ဆာအဖြေပြီး၏၊</p>
<p>--------</p>
<h3>စတုတ္ထပုစ္ဆာအဖြေ</h3>
<p>၄။ စတုတ္ထအချက်၌-လူဖြစ်သောဒါယကာတို့သည် ကာလ ပိုင်းခြား၍ရှစ်ပါး,ဆယ်ပါးသီလများကို ခံယူဆောက်တည်၍နေရာ မသာအသုဘအလှူဇရပ်စသည်၌ ငါးပါးသီလကိုခံယူသော်လည်း သီလမပျက်ခံယူ ကောင်း၏-ဟု အချို့အယူရှိကြ၏၊ ၎င်းစကားသည် ကျမ်းဂန်များနှင့်ညီညွတ်ပါမည်လော။</p>
<p><b>[ဤကား-အမေး။]</b></p>
<p>အဖြေကား။။ ခံယူပြီးသော ရှစ်ပါး,ဆယ်ပါးသီလများပျက်ရန် အကြောင်းနှစ်ပါးသာ ကျမ်းဂန်များလာ၏၊ နှစ်ပါးဆိုသည်ကားကာလအပိုင်းအခြားအတွင်း၌ သိက္ခာပုဒ်ကိုလွန်ကျူး၍ ပျက်ခြင်းတစ်ပါး၊ ကာလအပိုင်းအခြား လွန်၍ ပျက်ခြင်းတစ်ပါး-ဟူ၍ နှစ်ပါးတည်း၊ ဆယ်ပါးသီလကို ခံယူပြီးသောသူသည် ရှစ်ပါးသီလ,ငါးပါးသီလများကို တစ်ဖန်ခံယူခဲ့သော်လည်းကောင်း၊ ရှစ်ပါးသီလကို ခံယူပြီးသောသူသည် ငါးပါးသီလကိုခံယူခဲ့သော်လည်းကောင်း ခံယူပြီးသော သီလပျက်သည် ဟူ၍ သီလပျက်အင်္ဂါ၌မလာ၊ စင်စစ်မူကား နောက်ထပ်မံ၍ခံသော ငါးပါးသီလသည် ဆယ်ပါး,ရှစ်ပါးသီလတို့၌ အတွင်းဝင်လျက်ရှိသော ကြောင့် ဆယ်ပါး,ရှစ်ပါးတို့ကို တစ်စိတ်တစ်ဒေသအားဖြင့် ထောက်ပံ့ သကဲ့သို့ ဖြစ်ပေ၏၊</p>
<p>စတုတ္ထပုစ္ဆာအဖြေပြီး၏၊</p>
<p>--------</p>
<h3>ပဉ္စမပုစ္ဆာအဖြေ</h3>
<p>၅။ ပဉ္စမအချက်၌-ရဟန်းသံဃာတော်များထင်ရှားရှိလျက် ဘုရားရုပ်ပွါးဆင်းတုတော်ထံမှာ သီလခံယူ သော်လည်း သီလမရ-ဟု အချို့သောပုဂ္ဂိုလ်တို့ထုတ်ဆိုမိန့်ဟပြောဆိုကြ၏၊ ထိုစကားသည် ဘုရားအလိုတော်ကျ ဗုဒ္ဓမတ္တညုကျမ်းပြုလိမ်မာ အဋ္ဌကထာဆရာ၏ အယူနှင့်တူပါမည်လော။</p>
<p><b>[ဤကား-အမေး။]</b></p>
<p>အဖြေကား။။ လူတို့သီလ၌ သီလခံယူသူ၏ နှုတ်ပဋိညာဉ် အတွက်ရသည်မဟုတ်၊ လူတို့အား သီလပေးမှု မည်သည် သိက္ခာပုဒ် အစဉ်ကို ကျေပွန်စွာရရှိခဲ့သော် ရဟန်းများအထံသို့မသွားမူ၍, စေတီရှိရာ သို့မသွားမူ၍ မိမိနေရာ၌ပင်လျှင် မိမိအလိုအလျောက်နှုတ်မြွက်၍ ဆောက်တည်လျှင်လည်း ရတော့သည်သာဖြစ်၏၊ ဘုရားရုပ်ပွါး ဆင်းတု တော်ထံမှာ ခံယူရာ၌ဆိုဖွယ်မရှိ၊ သီလလည်းရ၏၊ ဘုရားကို ရိုသေမှု ကုသိုလ်လည်းပွါးများ၏၊ ထို့ကြောင့် ရဟန်းသံဃာတော်များ ထင်ရှားရှိ လျက်ဘုရားရုပ်ပွါးဆင်းတုတော်ထံမှ ခံယူသော်လည်း သီလမရဟုဆိုကြသောပုဂ္ဂိုလ်များ၏စကားသည် ကျမ်းဂန်မရှိ၊ ယုတ္တိမရ၊ မန္ဒပုဂ္ဂိုလ်တို့၏စကားသာတည်း။</p>
<p>ပဉ္စမပုစ္ဆာအဖြေပြီး၏၊</p>
<h3>ဆဋ္ဌမပုစ္ဆာအဖြေ</h3>
<p>၆။ ဆဋ္ဌမပုစ္ဆာ၌-ချောမောဆန်းကြယ်တင့်တယ် လျောက် ပတ်သော စေတီတော်မြတ်၏ အရံအကာ မဟာရာမ်တံတိုင်းကို ဖြိုဖျက်၍ ၎င်းဘုရားအတွင်းအောက်မြေအပြင်၌ သမံတလင်း အခင်းပြုလုပ် ကောင်းပါမည်လော။</p>
<p><b>[ဤကား-အမေး။]</b></p>
<p>အဖြေကား။။ အကျိုးကျေးဇူးချင်းနှိုင်းယှဉ်ရာ၏ မဟာရာမ် တံတိုင်းရှိနေသည့် အကျိုးကျေးဇူးအောက် သမံတလင်းအကျိုးကျေးဇူးက နည်းပါးခဲ့လျှင် မလုပ်ကောင်း၊ သမံတလင်းအကျိုးကျေးဇူးက များမြတ် ခဲ့လျှင် လုပ်ကောင်း၏၊</p>
<p>ဆဋ္ဌမပုစ္ဆာအဖြေပြီး၏၊</p>
<p>--------</p>
<h3>သတ္တမပုစ္ဆာအဖြေ</h3>
<p>၇။ သတ္တမပုစ္ဆာ၌-ဝေရီဝိသဘာဂ-ဝဂ္ဂဖြစ်သောသံဃာသည် ကျောင်းတိုက်အနီးရှိလျက် ၎င်းပုဂ္ဂိုလ်တို့အား ဝတ်ကိုမကြားဘဲ ပရိဝတ် မာနတ်ဆောက်တည်ရာ စူဠဝါပါဠိအဋ္ဌကထာတို့နှင့် ညီညွတ်ပါမည်လော။</p>
<p><b>[ဤကား-အမေး။]</b></p>
<p>အဖြေကား။။ ကြားထိုက်သော အရပ်ဒေသဌာနဥပစာ အတွင်း၌ရှိနေခဲ့သော် ဝေရီဝိသဘာဂဖြစ်ခဲ့ပါလျှင် အပြစ်မရှိဟု ပါဠိ အဋ္ဌကထာတို့၌အနုတ်မရှိ၊ ထို့ကြောင့် ကြားထိုက်သော အရပ်ဒေသဌာန ဥပစာအတွင်း ဖြစ်ခဲ့သော် ဝေရီဝိသဘာဂဖြစ်သော်လည်း ကြားရမည်၊ မကြားလျှင် အနာရောစနဒုက္ကဋ်ရတ္တိစ္ဆေဒဖြစ်လိမ့်မည်။</p>
<p>ကြားထိုက်သော ဥပစာဆိုသည်ကား ရဟန်းတို့၏အဆင်းကို မြင်သော်လည်းကောင်း၊ အသံကိုကြားသော်လည်းကောင်း နီးသည် ဖြစ်စေ၊ ဝေးသည်ဖြစ်စေ ဟစ်အော်၍သော်လည်း ကြားအပ်၏၊ အဆင်းကိုမမြင်ရာ၊ အသံကို မကြားရာ၌မူကား ကျောင်းတိုက်မှ အပ၌ဖြစ်ခဲ့သော် တစ်ဆယ့်နှစ်တောင်ဥပစာလည်း ကြားထိုက်သော ဥပစာဖြစ်၏၊ ကျောင်းတိုက်တွင်း၌ဖြစ်ခဲ့သော် ထိုကျောင်းတိုက်တစ်ခု လုံးသည် ကြားထိုက်သောဥပစာဖြစ်၏၊ ဤဥပစာအတွင်း၌ ရဟန်းရှိမှန်း သိလျက်နှင့် မကြားမူ၍ အရုဏ်တက်ခဲ့သော် ဝတ္တဘေဒကဒုက္ကဋ် လည်းသင့်၏၊ ရတ္တိစ္ဆေဒလည်းဖြစ်၏၊ ရဟန်းရှိမှန်းမသိ၍ မကြားခဲ့သော် ဝတ္တဘေဒကဒုက္ကဋ်ကား လွတ်၏၊ ရတ္တိစ္ဆေဒမူကားဖြစ်တော့သည် သာလျှင်တည်း။</p>
<p>ဋီကာတို့၌မူကား နိက္ခတ္တဝတ်သားဖြစ်ခဲ့သော် ကျောင်းတိုက် အတွင်း၌ဖြစ်ခဲ့သော်လည်း တစ်ဆယ့်နှစ်တောင်မျှသာ အာရောစန ခေတ်ဖြစ်သည်-ဟု ရှင်ပဒုမဝါဒတွင် ဖွင့်ဆိုကြ၏၊ ဆင်ခြင်ကြလေ။</p>
<p>သတ္တမပုစ္ဆာအဖြေပြီး၏၊</p>
<p>--------</p>
<h3>အဋ္ဌမပုစ္ဆာအဖြေ</h3>
<p>၈။ အဋ္ဌမပုစ္ဆာ၌-လူအဖြစ်သို့ရောက်ပြီးသောပုဂ္ဂိုလ်တို့သည် မိမိနေထိုင်ခဲ့သောကျောင်းကို ငါပိုင်ဆိုင်သော ကျောင်း-ဟုပြောဆိုကြရာ ထိုသူတို့ပိုင်ဆိုင်ထိုက်, မပိုင်ဆိုင်ထိုက်ကြောင်းများကို သိလိုပါသည်ဘုရား။</p>
<p><b>[ဤကား-အမေး။]</b></p>
<p>အဖြေကား။။ ထိုကျောင်းသည် ထိုရဟန်း၏ပုဂ္ဂလိက အဖြစ်နှင့်ရေစက်ချ၍ လှူသောကျောင်းဖြစ်ခဲ့အံ့၊ လှူထွက်၍သွားသော် လည်း ထိုသူ၏ သန္တကပင်ဖြစ်၏၊ သို့သော် ထိုလူထွက်သည် ထိုကျောင်း သည် ငါ၏သန္တက ဖြစ်သည်ဟု ရောင်းချစားခြင်းငှါလည်း မအပ်၊ သဒ္ဓါဒေယျ ဝိနိပါတဖြစ်၏၊</p>
<p>သဒ္ဓါဒေယျဝိနိပါတဆိုသည်ကား ပစ္စည်းရှင်ဒါယကာတို့က နောင်သံသရာအကျိုးကို ယုံကြည်အားကိုး၍ လှူဒါန်းသော ပစ္စည်း လေးပါးတို့ကို သံဃာအကျိုး,သာသနာအကျိုးမှ တစ်ပါးသောအရာ၌ ပေးစွန့်ရောင်းချခြင်းကို ပြုခြင်းတည်း၊ လောက၌ အလွဲသုံးစားမှု ဟုခေါ်၏၊ ဝိနည်းတော်၌ ဒုက္ကဋ်အာပတ်သင့်သည်ဟုလာ၏၊ သုတ္တန်တို့၌ မူကား အလွန်အပြစ်ကြီးသည်ဟုလာ၏၊ ထို့ကြောင့် သဒ္ဓါဒေယျလှူဒါန်း ၍ထားသော ကျောင်းပစ္စည်းမျိုး,ပရိက္ခရာ ဘဏ္ဍာမျိုး,ဘုရားဆင်းတု, စာထုပ်,စာအုပ်စသည်တို့ကို ငါ၏ပုဂ္ဂလိကသန္တကဖြစ်သည်ဟု အလွဲ သုံးစားမှုကို ပြုခြင်းငှါ မထိုက်ဆင်ခြင်ကြလေကုန်။</p>
<p>အဋ္ဌမပုစ္ဆာအဖြေပြီး၏၊</p>
<p>--------</p>
<p>ဓညဝတီပုစ္ဆာအဖြေပြီး၏၊</p>
<p>--------</p>
<h3>ရန်ကုန်ပုစ္ဆာအဖြေ</h3>
<p>လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက်</p>
<p><b>[မုံရွာမြို့၊ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးသည် ၁၂၈၀- ပြည့်နှစ်၊ ကဆုန်လပြည့်ကျော် ၃-ရက်နေ့ စစ်ကိုင်းတောင်ရိုး စိတ္တသုခ ချောင်၌ သီတင်သုံးတော်မူစဉ် ရန်ကုန်မြို့၊ သရက်တော ကျောင်းတိုက် ဘုန်းကြီးဦးရဝိန္ဒ မေးလျှောက်ချက်ကို အောက်ပါအတိုင်း ဖြေဆိုတော်မူ သည်။]</b></p>
<p>၁။ သက္ကာယဒိဋ္ဌိ-ဟူသောပုဒ်၌ <b>သက္ကာယ</b>-ဟူသောပုဒ် တစ်စိတ် အရ မည်သည့်တရားကို တရားကိုယ် အဖြစ်ဖြင့် ကောက်သင့်ကြောင်းဟူသော အမေး၌</p>
<p>အဖြေကား။။ ကတမော စ ဘိက္ခဝေ သက္ကာယော၊</p>
<p>ပဉ္စုပါဒါနက္ခန္ဓာ တိဿ ဝစနီယံ၊ ကတမေ ပဉ္စ၊ သေယျထိဒံ၊ ရူပုပါဒါနက္ခန္ဓော ဝေဒနုပါဒါနက္ခန္ဓော သညုပါဒါနက္ခန္ဓော သင်္ခါရုပါဒါနက္ခန္ဓော ဝိညာဏုပါဒါနက္ခန္ဓော၊ အယံ ဝုစ္စတိ ဘိက္ခဝေ သက္ကာယော။</p>
<p>ဘိက္ခဝေ သက္ကာယော။</p>
<p><b>ဟံသာဝတီရိုက် စာအုပ်မျက်နှာနံပါတ် ၁၁၆-ကြောင်းရေ-၁၂။]</b> သက္ကာယော သက္ကာယောတိ အာဝုသော သာရိပုတ္တ ဝုစ္စတိ၊ ကတမော နုခေါ အာဝုသော၊ သက္ကာယောတိ ပဉ္စိမေ အာဝုသော ဥပါဒါနက္ခန္ဓာ သက္ကာယော ဝုတ္တော ဘဂဝတာ၊ သေယျထိဒံ၊ ရူပုပါဒါနက္ခန္ဓော ဝေဒနုပါဒါနက္ခန္ဓော သညုပါဒါ နက္ခန္ဓော သင်္ခါရုပါဒါနက္ခန္ဓော ဝိညာဏုပါဒါနက္ခန္ဓော၊ ဣမေ ခေါ အာဝုသော ပဉ္စုပါဒါနက္ခန္ဓာ သက္ကာယော ဝုတ္တော ဘဂဝတာတိ။</p>
<p><b>[သဠာယတနသံယုတ်ပါဠိတော် ပေါင်-၅၀ ဟံသာဝတီရိုက်</b></p>
<p><b>စာအုပ်မျက်နှာနံပါတ်-၁၈၈၊ ကြောင်းရေ-၉။]</b></p>
<p>ဤပါဠိတော်များကိုထောက်၍ ပထမပုစ္ဆာအရ <b>သက္ကာယ</b>ဆို သည်ကား- ဥပါဒါနက္ခန္ဓာငါးပါးကိုဆိုသည်-ဟု သိအပ်၏၊ <b>သက္ကာယ</b> ဟူသောပုဒ်အနက်မှာလည်း <b>“သက္ကာယဒိဋ္ဌီတိ ဝိဇ္ဇမာနဋ္ဌေန သတိ ခန္ဓပဉ္စကသင်္ခါတေ ကာယေဒိဋ္ဌိ”</b>-ဟူသော အဋ္ဌသာလိနီပါဌ်နှင့် အညီ <b>“သန္တော သံဝိဇ္ဇမာနော ကာယောတိ သက္ကာယော”</b>ဟု ဝိဂြိုဟ်ပြု။ အနက်ကား။။ <b>သန္တော သံဝိဇ္ဇမာနော</b>=ပရမတ္ထအားဖြင့် ထင်ရှားရှိသော၊ <b>ကာယော</b>=ရုပ်အပေါင်းအစု, နာမ်အပေါင်းအစုတည်း၊ <b>ဣတိ</b>=ထို့ကြောင့်၊ <b>သက္ကာယော</b>=သက္ကာယမည်၏-ဟု ၎င်းပုဒ်အနက် ကိုမှတ်လေ။</p>
<p>ပထမပုစ္ဆာအဖြေပြီး၏၊</p>
<p>--------</p>
<h3>ဒုတိယပုစ္ဆာအဖြေ</h3>
<p>၁။ <b>“ဘုရားရဟန္တာအရိယာအရှင်မြတ်တို့၌ မဂ်ပယ်ပြီးမှ ကြွင်းကျန်ရှိနေသော ပစ္စုပ္ပန်လောကီခန္ဓာစုသည် သက္ကာယမည် မမည်”</b>ဟူသော အမေး၌</p>
<p>အဖြေကား။။ ဘုရားရဟန္တာအရှင်မြတ်တို့၌ မဂ်ပယ်ပြီးမှ</p>
<p>ကြွင်းကျန်ရှိနေသော ပစ္စုပ္ပန်လောကီခန္ဓာ စုသည် ပရမတ္ထအားဖြင့် ထင်ရှားရှိသောရုပ်အပေါင်း, နာမ်အပေါင်းပင်ဖြစ်လေသောကြောင့် <b>သက္ကာယမည်</b>သည်သာလျှင်ဖြစ်၏၊ <b>သက္ကာယမမည်</b>ဟု မဆိုထိုက်၊ သို့သော် <b>“ကတမော စ ဘိက္ခဝေ သက္ကာယော ပဉ္စုပါဒါနက္ခန္ဓာ တိဿ ဝစနီယံ”</b>ဟူသည်နှင့်အညီ ဥပါဒါန်လေးပါးတို့၏အာရုံဖြစ်သော လောကီ ခန္ဓာစုသည်သာလျှင် <b>သက္ကာယမည်</b> သင့်ပါသည်၊ ဘုရား ရဟန္တာတို့၌ ဥပါဒါန်တို့ကိုပယ်ပြီးဖြစ်လေသောကြောင့် ဘုရားရဟန္တာတို့၏ခန္ဓာစုသည် ဥပါဒါနက္ခန္ဓာမဟုတ်ပြီဆိုငြားအံ့၊ ဘုရားရဟန္တာတို့၌ ဥပါဒါန်လေးပါး မရှိငြားသော်လည်း ဘုရားရဟန္တာတို့၏ခန္ဓာစုသည် မယ်တော်, ခမည်း တော်, ဆွေတော်,မျိုးတော်-အစရှိသော သူတစ်ပါးတို့၏ ဥပါဒါန်တို့၏ စွဲလမ်းရာအာရုံဖြစ်ကောင်းလျက်ရှိသောကြောင့် ဥပါဒါနက္ခန္ဓာမည် သည်သာလျှင်တည်း။</p>
<p>ဥပမာကား။။ ရွှေ,ငွေ,ပုလဲ,ပတ္တမြား,ဝတ်စား တန်ဆာ အစရှိသည်တို့သည် ထိုဝတ္ထုတို့၌ အဇ္ဈတ္တဥပါဒါန် မရှိကုန်ငြားသော်လည်း လူတို့၌ရှိသော ဥပါဒါန်တို့၏စွဲလမ်းရာ အာရုံဖြစ်လေသောကြောင့် ဥပါဒါနက္ခန္ဓာတို့ချည်းသာတည်း၊ ရဟန္တာရှင်မဟာကစ္စည်း၏ ကိုယ်ခန္ဓာ၌ စွဲလမ်းသော သောရေယျသူဌေးသားဝတ္ထု၊ ဥပ္ပလဝဏ်ရဟန္တာ မဟာ ထေရ်မ၏ ကိုယ်ခန္ဓာ၌စွဲလမ်းသော နန္ဒလုလင် သူဌေးသားဝတ္ထုများကို ထောက်လေ၊ အချို့သောသူတို့သည် မြတ်စွာဘုရား၏ ခန္ဓာတော်၌ ကေသာ,လောမာ-စသော ဒွတ္တိံသာကာရအစုတို့သည်လည်း လောကီ မဟုတ်ကုန်၊ လောကုတ္တရာသာဖြစ်ကုန်၏-ဟု ယူကြကုန်၏၊ ထိုအယူ မူကား အင်္ဂုတ္တိုရ်အဋ္ဌကထာ၌ တိုက်ရိုက်ပယ်ဖျက်လျက် ရှိလေ၏၊</p>
<p>ဒုတိယပုစ္ဆာအဖြေပြီး၏၊</p>
<p>--------</p>
<h3>တတိယပုစ္ဆာအဖြေ</h3>
<p>၃။ သဗ္ဗေ သတ္တာ မရိဿန္တိ၊</p>
<p>မရဏံ တံ ဟိ ဇီဝိတံ။</p>
<p>ယထာကမ္မံ ဂမိဿန္တိ၊</p>
<p>ပုညပါပဖလူပဂါ။</p>
<p>ဟူသော ဂါထာ၏ အဖွင့်နေတ္တိပါဠိတော်၌</p>
<p>သဗ္ဗေ သတ္တာတိ အရိယာ စ အနရိယာ စ သက္ကာယ ပရိယာပန္နာ စ သက္ကာယ ဝီတိဝတ္တာ စ-ဟူသောပါဌ်၌ <b>သက္ကာယ ပရိယာပန္နပုဂ္ဂိုလ်</b>ဟူသည် မည်သည့်ပုဂ္ဂိုလ်မျိုး, <b>သက္ကာယဝီတိဝတ္တပုဂ္ဂိုလ်</b> ဟူသည် မည်သည့် ပုဂ္ဂိုလ်မျိုးကို ကောက်ယူရမည်ကိုလည်းကောင်း၊ <b>မရိဿန္တီတိ ဒွီဟိ မရဏေဟိ ဒန္ဓမရဏေနစ အဒန္ဓမရဏေနစ</b>ဟူသောပါဌ်၌ <b>ဒန္ဓမရဏ,အဒန္ဓမရဏသေခြင်း</b>ဟူသည် မည်သည့်ပုဂ္ဂိုလ် တို့၏ သေခြင်းမျိုးဖြစ်မည်ကိုလည်းကောင်း သိလိုပါသည်”ဟူသော တတိယအမေး၌</p>
<p>အဖြေကား။။ ယေ ပိ တေ ဘိက္ခဝေ ဒေဝါ ဒီဃာယုကာ ဝဏ္ဏဝန္တော သုခဗဟုလာ ဥစ္စေသု ဝိမာနေသု စိရဋ္ဌိတိကာ တေပိ တထာဂတဿ ဓမ္မဒေသနံ သုတွာ ယေဘုယျေန ဘယံ သံဝေဂသန္တာသံ အာပဇ္ဇန္တိ <b>“အနိစ္စာဝ ကိရ ဘော မယံ သမာနာ နိစ္စမှာတိ အမညိမှ အဒ္ဓုဝါဝ ကိရ ဘော မယံ သမာနာဓုဝမှာတိ အမညိမှ၊ အသဿတာဝ ကိရ ဘော မယံ သမာနာသဿ တမှာတိ အမညိမှ၊ မယံပိ ကိရ ဘော အနိစ္စာ အဒ္ဓုဝါ အသဿတာ သက္ကာယပရိယာပန္နာ“တိ ဧဝံ မဟိဒ္ဓိကော ခေါ ဘိက္ခဝေ တထာဂတော သဒေဝကဿ လောကဿ ဧဝံ မဟေသက္ခော ဧဝံ မဟာနုဘာဝေါတိ။ ယဒါ ဗုဒ္ဓေါ အဘိညာယ၊ ဓမ္မစက္ကံ ပဝတ္တယိ။ သဒေဝကဿ လောကဿ၊ သတ္ထာ အပ္ပဋိပုဂ္ဂလော။ သက္ကာယဿ နိရောဓံ စ၊ သက္ကာယဿ စ သမ္ဘဝံ။ အရိယံ စဋ္ဌင်္ဂီကံ မဂ္ဂံ၊ ဒုက္ခူပသမဂါမီနံ။ ယေပိ ဒီဃာယုကာ ဒေဝါ၊ ဝဏ္ဏဝန္တော ယသဿိနော။ ဘိတာ သန္တာ သမာပါဒုံ၊ သီဟေဿဝိတ ရေမိဂါ။ အဝီတိဝတ္တာ သက္ကာယံ၊ အနိစ္စာ ကိရ ဘော မယံ။ သုတွာ အရဟတော ဝါကျံ၊ ဝိပ္ပမုတ္တဿ တာဒိနောတိ။ [ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်၊ ခဇ္ဇနိယဝဂ်၊ စတုတ္ထသုတ်၊ နံပါတ်-၆၁။]</b></p>
<p>ဤပါဠိတော်ကိုထောက်၍ သက္ကာယဒိဋ္ဌိရှိနေကြသော ပုထုဇဉ်ပုဂ္ဂိုလ်တို့ကို <b>သက္ကာယပရိယာပန္နပုဂ္ဂိုလ်တို့</b> ဟူ၍, သက္ကာယဒိဋ္ဌိ ကျွတ်လွတ်ပြီးသော အရိယာပုဂ္ဂိုလ်တို့ကို <b>သက္ကာယဝီတိဝတ္တ ပုဂ္ဂိုလ် တို့</b>ဟူ၍ မှတ်လေ။</p>
<p><b>[မရဏမေးခွန်း၌လည်း ကာလမရဏကို ဒန္ဓမရဏဆိုသည်၊ အကာလမရဏကို အဒန္ဓမရဏဆိုသည်-ဟု မှတ်ယူလေ။]</b> တတိယပုစ္ဆာအဖြေပြီး၏၊</p>
<p>--------</p>
<h3>စတုတ္ထပုစ္ဆာအဖြေ</h3>
<p>၄။ <b>“လူများနှင့် ခွေး,ဝက်,ကြက်,ငှက်-စသော တိရစ္ဆာန်တို့၏ ပဋိသန္ဓေတည်နေပုံ သတ္တာဟအစဉ်ကို ကျမ်းဂန်များ၌ ခွဲခြမ်း၍ပြသည်ကို မတွေ့မိသဖြင့် အတူတူပင် ယူရမည်၊ သို့တည်းမဟုတ်၊ တခြားစီပင် ယူရမည်ကို သိလိုပါသည်”</b>ဟူသော စတုတ္ထအမေး၌</p>
<p>အဖြေကား။။ ၎င်းသတ္တာဟအစဉ်မှာ လူတို့၌လည်းကောင်း၊</p>
<p>လူနှင့်အသက်တမ်းတူမျှသော တိရစ္ဆာန်တို့၌ လည်းကောင်း မှတ်ရမည်၊ လူတို့မှာလည်း ယခုကာလ တစ်ရာ့တမ်း၌သာ မှတ်ရမည်၊ ထို့ထက် အသက်အလွန် ရှည်သောတမ်း,အလွန်တိုသောတမ်းများ၌မှာမူကားထိုထိုတမ်းအားလျော်စွာယူသင့်သည်။</p>
<p>စတုတ္ထပုစ္ဆာအဖြေပြီး၏၊</p>
<p>--------</p>
<h3>နောက်ထပ်ပုစ္ဆာအဖြေ</h3>
<p>၁၂၈၄-ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈-ရက်နေ့စွဲနှင့် ထပ်မံ လျှောက်ထားလိုက်သော စကားအချက်စုတွင် တတိယပုစ္ဆာအရမှာ သက္ကာယပရိယာပန္နပုဂ္ဂိုလ်, ၎င်းဝီတိဝတ္တပုဂ္ဂိုလ်ဟု နှစ်စုဒုကပြု၍ ဟော တော်မူရကား <b>သက္ကာယပရိယာပန္န</b>ဟူသော ပထမပုဒ်ကို ဝတ္တမီတပ္ပုရိသ် သမာသ်ပြုလုပ်၍ ပရမတ္ထအားဖြင့်ထင်ရှားရှိသော ရုပ်အပေါင်း, နာမ်အပေါင်းဟု အနက်ပေး၍ ၎င်း၌ အကျုံးဝင်ရကား ဘုရားရဟန္တာ အရိယာအရှင်များကိုလည်း <b>သက္ကာယပရိယာပန္န</b>ဟူသော ပထမပုဒ်သို့ သွင်းမည်ဆိုလျှင် ဤနေတ္တိပါဠိတော်၌ မည်ကဲ့သို့သွင်းသင့်ကြောင်းကို ထပ်မံလျှောက်ထားအသနားခံပါသည်ဟူသော စကား၌<b>“ဘုရားရဟန္တာအရိယာအရှင်များကိုလည်း သက္ကာယ ပရိယာပန္န</b></p>
<p><b>ဟူသော ပထမပုဒ်သို့ သွင်းမည်ဆိုလျှင်”</b> ဟူသော စကားသည်မသင့်၊ အကြောင်းမူကား ထိုထိုဘုရားရဟန္တာအရိယာအရှင်များကိုသည် <b>သက္ကာယပရိယာပန္န</b> ပုဂ္ဂိုလ်များ မဟုတ်၊ <b>သက္ကာယဝီတိဝတ္တ</b> ပုဂ္ဂိုလ်များ ဖြစ်ပေသောကြောင့် <b>သက္ကာယပရိယာပန္နပုဂ္ဂိုလ်များ</b> မဟုတ်၊ <b>သက္ကာယ ဝီတိဝတ္တပုဂ္ဂိုလ်များ</b>ဖြစ်ပေသောကြောင်းတည်း။</p>
<p>ဤအရာ၌ ပရိယာပန္နဖြစ်ပုံ,ဝီတိဝတ္တဖြစ်ပုံကို ပြဆိုလိုက်ဦးအံ့၊ ဝေါဟာရသည် ဓမ္မဝေါဟာရ,ပုဂ္ဂလ ဝေါဟာရ-ဟူ၍ နှစ်ပါးအပြားရှိ၏၊ ထိုနှစ်ပါးတို့တွင်</p>
<p>၁။ <b>ဓမ္မဝေါဟာရ</b>ဆိုသည်ကား ပရမတ္ထဓမ္မတို့၏ အမည်ပေ<br>
တည်း။</p>
<p>၂။ <b>ပုဂ္ဂလဝေါဟာရ</b>ဆိုသည်ကား ပုဂ္ဂိုလ်တို့၏ အမည်ပေတည်း။ ထိုနှစ်ပါးတို့တွင်</p>
<p>၁။ <b>“သက္ကာယပရိယာပန္နဟူသော ပထမပုဒ်ကို သတ္တမီ</b></p>
<p><b>တပ္ပုရိသ်သမာသ်ပြုလုပ်၍ မရမတ္ထအားဖြင့်ထင်ရှားရှိသော ရုပ်အပေါင်း, နာမ်အပေါင်း၌ အကျုံးဝင်သောခန္ဓာဟု အနက်ပေး၍”</b>ဟူသော စကား သည် ဓမ္မဝေါဟာရ စကားမျိုးဖြစ်၏၊ ဤဓမ္မဝေါဟာရအလိုမှာ ဘုရား ရဟန္တာအရှင်မြတ်တို့၏သန္တာန်၌ မဂ်စိတ္တုပ္ပါဒ်,ဖိုလ်စိတ္တုပ္ပါဒ်များကိုချန် လှပ်၍ ကျန်ရှိနေသမျှသော ခန္ဓာတော်တစ်ခုလုံးသည် တေဘုမ္မကဓမ္မ ချည်းဖြစ်၏၊ လောကိယဓမ္မချည်း ဖြစ်၏၊ <b>သက္ကာယဓမ္မ</b>ချည်းဖြစ်၏၊</p>
<p><b>[ဤကား ဓမ္မဝေါဟာရအလိုပေတည်း။]</b></p>
<p>၂။ ပုဂ္ဂလဝေါဟာရအလိုမှာမူကား ထိုဘုရားရဟန္တာ အရှင်များ သည် တေဘုမ္မကဓမ္မ၌ အကျုံးမဝင်သော လောကုတ္တရာဘုံ၌ အကျုံးဝင်သော မဂ်စိတ္တုပ္ပါဒ်,ဖိုလ်စိတ္တုပ္ပါဒ်တို့ကို အစွဲပြု၍ ထိုဘုရား ရဟန္တာအရှင်မြတ်များသည် တေဘုမ္မကဘုံသားမဟုတ်၊ အနာသဝ စတုတ္ထဘုံသားများဖြစ်ကြ၏၊ လောကိယဘုံသားများမဟုတ်၊ လောကုတ္တရာ ဘုံသားများဖြစ်ကြ၏၊</p>
<p><b>[ဤကားပုဂ္ဂလဝေါဟာရအလိုပေတည်း။]</b></p>
<p>ဥပမာကား။။ ရူပါဝစရဗြဟ္မာ့သန္တာန်၌ ဘဝင်စိတ္တုပ္ပါဒ်, စျာန်စိတ္တုပ္ပါဒ်များကို ချန်လှပ်၍ ကျန်ရှိသမျှသော ဗြဟ္မာ့ခန္ဓာ တစ်ခု လုံးသည် ကာမာဝစရခန္ဓာချည်းဖြစ်၏၊</p>
<p><b>[ဤကား ဓမ္မဝေါဟာရအလိုပေတည်း။]</b></p>
<p>ပုဂ္ဂလဝေါဟာရအလိုမှာမူကား ထိုရူပါဝစရဗြဟ္မာများသည် ကာမာဝစရဘုံ၌အကျုံးမဝင်သော ဘဝင်စိတ္တုပ္ပါဒ်,စျာန်စိတ္တုပ္ပါဒ်တို့ကို အစွဲပြု၍ ထိုရူပါဝစရဗြဟ္မာများသည် ကာမာဝစရပုဂ္ဂိုလ်မဟုတ်၊ ရူပါဝစရဘုံသားများသာဖြစ်ကြ၏၊</p>
<p><b>[ဤကား ပုဂ္ဂလဝေါဟာရအလိုပေတည်း။]</b></p>
<p>ဤဥပမာအတူ ဘုရားရဟန္တာအရိယာဟူသော ဝေါဟာရများ သည်လည်း တေဘုမ္မကဓမ္မဟူသော သက္ကာယ၌ အကျုံးမဝင်သော မဂ်စိတ္တုပ္ပါဒ်,ဖိုလ်စိတ္တုပ္ပါဒ်တို့ကို အစွဲပြု၍ ခေါ်ဝေါ်ကြရသော ပုဂ္ဂလ ဝေါဟာရများ ဖြစ်ကြ၍ <b>သက္ကာယပရိယာပန္နဝေါဟာရ</b>မျိုးမဟုတ်၊ <b>သက္ကာယဝီတိဝတ္တဝေါဟာရ</b>မျိုးသာ အမှန်ဖြစ်ပေသတည်း၊ ဘုရား ရဟန္တာအရိယာဟူသော လျှောက်ချက်စကားတွင်လည်း အရိယာဟူသော စကားဖြင့် သောတာပန်, သကဒါဂါမ်,အနာဂါမ်ပုဂ္ဂိုလ်တို့ကို ယူရမည်၊ ထိုပုဂ္ဂိုလ်များသည်လည်း <b>သက္ကာယပရိယာပန္နပုဂ္ဂိုလ်များ</b>မဟုတ်၊ <b>သက္ကာယဝီတိဝတ္တပုဂ္ဂိုလ်များ</b>သာဖြစ်ကြ၏၊</p>
<p>ဖြစ်ကြပုံကား။။ သောတာပန်ပုဂ္ဂိုလ်ဟူသော ဝေါဟာရများ သည် တေဘုမ္မကဓမ္မဟူသော သက္ကာယ၌ အကျုံးမဝင်သော သောတာ ပတ္တိမဂ်စိတ္တုပ္ပါဒ်,ဖိုလ်စိတ္တုပ္ပါဒ်တို့ကို အစွဲပြု၍ ခေါ်ဝေါ်ကြရသော ပုဂ္ဂလဝေါဟာရများ ဖြစ်ကြ၍ <b>သက္ကာယပရိယာပန္နဝေါဟာရ</b>မျိုးမဟုတ်၊ <b>သက္ကာယဝီတိဝတ္တဝေါဟာရ</b>မျိုးသာ အမှန်ဖြစ်ပေသတည်း။</p>
<p><b>[သကဒါဂါမ်,အနာဂါမ်ပုဂ္ဂိုလ်တို့၌လည်း ဤနည်းအတူသိလေ။]</b> ဤသို့ဆိုလျှင် ဓမ္မဝေါဟာရနှင့် ပုဂ္ဂလဝေါဟာရခြားနားပုံကို နေရာကျသိပြီးမှ ပုဂ္ဂလဝေါဟာရ၌ သက္ကာယပရိယာပန္နပုဂ္ဂိုလ်မျိုး၊ သက္ကာယဝီတိဝတ္တပုဂ္ဂိုလ်မျိုး ၂-ပါးခြားနားပုံကိုလည်း ရှင်းလင်းစွာ သိနိုင်လေသတည်း၊ ထို့ကြောင့် ယခင်အထက်ဖြေဆိုချက်တွင် ပါရှိ သည့်အတိုင်း သက္ကာယဒိဋ္ဌိရှိနေကြသော ပုထုဇဉ်ပုဂ္ဂိုလ်တို့ကို <b>သက္ကာယ ပရိယာပန္နပုဂ္ဂိုလ်တို့</b>ဟူ၍ သက္ကာယဒိဋ္ဌိကျွတ်လွတ်ပြီးသော အရိယာ ပုဂ္ဂိုလ်တို့ကို <b>သက္ကာယဝီတိဝတ္တပုဂ္ဂိုလ်တို့</b>ဟူ၍ မှတ်လေ။</p>
<p>နောက်ထပ်ပုစ္ဆာအဖြေပြီး၏၊</p>
<p><b>[ဆရာတော်မှာ မကျန်းမမာရှိသည်နှင့် စာပေကျမ်းဂန်ကြည့်ရှုမှု အခွင့်မရသေးရှိနေသောကြောင့် အကျယ်ဝိတ္ထာရမဖြေလိုက်ရ၊ အကျဉ်း သင်္ခေပမျှသာဖြေလိုက်ရပေသည်။]</b></p>
<p>အမိန့်ရ-လယ်တီဝဏ္ဏိတ ခေတ္တစစ်ကိုင်း စိတ္တသုခချောင် ကဆုန်လပြည့်ကျော် ၁၀-ရက်၊ ၁၂၈၀-ပြည့်နှစ်</p>
<p>ရန်ကုန်ပုစ္ဆာအဖြေပြီး၏၊</p>
<p>--------</p>
<h3>ဆပဂံပုစ္ဆာအဖြေ</h3>
<p>လျှောက်လွှာ</p>
<p>ဆပဂံ-ဒါယကာ မောင်စံဦး အထူးဂါရဝအဘိယာစကတရားဖြင့် လျှောက်ထားတောင်းပန်ပါသည်-ကျေးဇူးရှင်လယ်တီဆရာတော် မဟာထေရ်မြတ်ကြီးဘုရား။</p>
<p>လျှောက်ထားရန်မှာ မြတ်စွာဘုရားသာသနာ တော်မြတ်နှင့် တွေ့ကြုံကြိုက်သည့်အားလျော်စွာ ပြုသင့်ပြုထိုက်သောဒါန, ကျင့်သင့် ကျင့်ထိုက်သောသီလတို့ကို ပြုကျင့်လုပ်ကိုင်ကြသည်မှာ လွန်စွာ များပြားကြ ပါသည်။</p>
<p>သို့ပြုကျင့်လုပ်ကိုင်ကြသော်လည်း ဒါနအပြား,သီလအပြား, ပေးလှူပုံနည်းလမ်း,ဆောက်တည်ပုံနည်းလမ်း စည်းကမ်းတို့မှာမူ သိရှိကြသူ လွန်စွာနည်းပါးကြပါသည်၊ သို့ပါ၍ ဒါနအပြား, သီလ အပြားခြားနားစွာသိမြင်နိုင်ကြစေရန် အကျဉ်းချုပ်ရေးသား ပေးသနား တော်မူပါမည့်အကြောင်း ရိုသေစွာလျှောက်ထား တောင်းပန်ပါသည်ကျေးဇူးရှင်လယ်တီဆရာတော် မဟာထေရ်မြတ်ကြီးဘုရား။</p>
<p>မောင်စံဦး၊ ဆပဂံရွာ။</p>
<p>လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက်</p>
<p>ဆပဂံရွာ-ဒါယကာမောင်စံဦး၏ ဒါနကထာ, သီလကထာ အမေးလျှောက်လွှာသည် ဆပဂံတောရငါတို့ ထံသို့ကောင်းစွာ ဆိုက် ရောက်လာသောကြောင့် ထိုအမေးလျှောက်လွှာကို ကျေလည်စေရန် ပါဠိ, အဋ္ဌကထာ,ဋီကာ, ဂန္ထန္တရတို့၌လာရှိသော သဘောသကံတို့ကို ကျန သေချာစွာ ရေးသားဖြေဆိုပေအံ့။</p>
<p>လယ်တီဆရာတော်၊ ဆပဂံတောရ။</p>
<h3>ဒါနကထာ-ဒါနခန်း</h3>
<p><b>(အရကျက်ရန်)</b></p>
<p><b>၂-ပါးစုမာတိကာ</b></p>
<p>၁။ ဒါနံ=ဒါနသည်</p>
<p>(က) <b>အာမိသ ဓမ္မတော</b>=ပစ္စည်းဝတ္ထုကိုပေးလှူသော <b>“အာမိသ ဒါနဒါန”</b>၊ မိမိသိသော တရားကျမ်းဂန် ပညာသိပ္ပကို သူတစ်ပါး တို့အား ဖြန့်ဖြူးသော <b>“ဓမ္မဒါနဓမ္မဒါန”</b> ဟူ၍လည်းကောင်း။</p>
<p>(ခ) <b>သက္ကစ္စ အသက္ကတော</b>=အရိုအသေပြု၍လှူသော <b>“သက္ကစ္စ ဒါနဒါန”</b>၊ အရိုအသေမရှိပဲ လှူသော <b>“အသက္ကစ္စဒါနအသက္ကစ္စဒါန”</b> ဟူ၍ လည်းကောင်း။</p>
<p>(ဂ) <b>ပူဇာနုဂ္ဂဟတော</b>=မြတ်သောသူကို ပူဇော်မှုဖြင့် လှူဒါန်းသော <b>“ပူဇာဒါန'ပူဇာဒါန”</b>၊ ယုတ်ညံ့သောသူကို ချီးမြှင့်မှုဖြင့် လှူဒါန်းသော <b>“အနုဂ္ဂဟ ဒါနအနုဂ္ဂဟ ဒါန”</b> ဟူ၍လည်းကောင်း။</p>
<p>(ဃ) <b>သာဟတ္ထိက အာဏတ္တိကတော</b>=ကိုယ်တိုင်လှူသော <b>“သာဟတ္ထိကဒါနသာဟတ္ထိကဒါန”</b>၊ သူတစ်ပါးကို စေခိုင်း၍လှူ သော <b>“အာဏတ္တိကဒါန” အာဏတ္တိကဒါန”</b> ဟူ၍လည်းကောင်း။</p>
<p>(င) <b>ထာဝရ အထာဝရတော</b>=စေတီပုထိုး စရပ်တန်ဆောင်း ဂူကျောင်း ဘုရား တံတား စောင်းတန်း ရေတွင်း ရေကန် အာရာမ် ဥယျာဉ် သစ်ပင်တောစိုး အစရှိသော <b>“ထာဝရ ဒါနဒါန”</b>၊ ဆွမ်းသင်္ကန်းစသော <b>“အထာဝရဒါနအထာဝရဒါန”</b> ဟူ၍လည်း ကောင်း။</p>
<p>(စ) <b>သပရိဝါရ အပရိဝါရတော</b>=အမွမ်းအမံ အခြံအရံ ဝတ္ထုတို့နှင့် အစုံအလင်ပြု၍ လှူသော <b>“သပရိဝါရဒါနသပရိဝါရဒါန”</b>၊ အခြံအရံမပါဘဲလှူသော <b>“အပရိဝါရဒါနအပရိဝါရဒါန”</b> ဟူ၍လည်း ကောင်း။</p>
<p>(ဆ) <b>နိစ္စ အနိစ္စတော</b>=အမြဲဝတ်တည်၍လှူသော <b>“နိစ္စဒါနနိစ္စဒါန”</b>၊ ရံခါ ရံဖန်လှူသော <b>“အနိစ္စဒါနအနိစ္စဒါန”</b> ဟူ၍ လည်းကောင်း။</p>
<p>(ဇ) <b>သသင်္ခါရ အသင်္ခါရတော</b>=သူတစ်ပါးတို့ နှိုးဆော်တိုက်တွန်း ၍ လှူသော <b>“သသင်္ခါရဒါနသသင်္ခါရဒါန”</b>၊ မိမိစိတ်သဘော သက်သက် နှင့် လှူသော <b>“အသင်္ခါရဒါနအသင်္ခါရဒါန”</b> ဟူ၍လည်းကောင်း။</p>
<p>(စျ) <b>ဇာန အဇာနတော</b>=အကျိုးကို သိ၍ပြုသော <b>“ဇာနဒါနဇာနဒါန”</b>၊ အကျိုးကို မသိဘဲပြုသော <b>“အဇာနဒါနအဇာနဒါန”</b>ဟူ၍လည်း ကောင်း။</p>
<p>(ည) <b>ဝဋ္ဋ ဝိဝဋ္ဋတော</b>=လောကီချမ်းသာကို တောင့်တ၍လှူသော <b>“ဝဋ္ဋနိဿိတဒါန'ဝဋ္ဋနိဿိတဒါန”</b>၊ လောကုတ္တရာ ချမ်းသာကို တောင့်တ ၍လှူသော <b>“ဝိဝဋ္ဋ နိဿိတဒါနဝိဝဋ္ဋ နိဿိတဒါန”</b> ဟူ၍လည်းကောင်း။</p>
<p>(ဋ) <b>ဓမ္မ အဓမ္မတော</b>=ထမင်း အဖျော်စသော လှူထိုက်သော ဝတ္ထုကိုလှူသော <b>“ဓမ္မဒါနဓမ္မဒါန”</b>၊ မကောင်းမှုကို လိုလား သောသူတို့အား သေရည်သေရက် လက်နက်ကိရိယာ စသော မလှူထိုက်သော ဝတ္ထုတို့ကို ပေးလှူသော <b>“အဓမ္မ ဒါနဒါန”</b> ဟူ၍လည်းကောင်း။</p>
<p>(ဌ) <b>ဓမ္မိက အဓမ္မိကတော</b>=ရည်စူးရင်း ပုဂ္ဂိုလ် သံဃာ, စေတီ ပုထိုးကိုလှူသော <b>“ဓမ္မိကဒါန ၉-ပါးဓမ္မိကဒါန ၉-ပါး”</b>၊ နဂိုရည်စူးရင်းမှ ပြောင်းလွှဲ၍ လှူသော <b>“အဓမ္မိကဒါန ၉-ပါးအဓမ္မိကဒါန ၉-ပါး”</b> ဟူ၍ လည်းကောင်း။</p>
<p>(ဍ) <b>ဝတ္ထုဒါန အဘယဒါနတော</b>=ပစ္စည်းဝတ္ထုကို ပေးလှူသော <b>“ဝတ္ထုဒါန'ဝတ္ထုဒါန”</b>၊ အသက်စည်းစိမ် ဘေးမဲ့ ချမ်းသာကို ပေးလှူ သော ငါးပါးသီလ စသော <b>“အဘယဒါနအဘယဒါန”</b> ဟူ၍လည်း ကောင်း။</p>
<p>(¡) <b>အဇ္ဈတ္တိက ဗာဟိရတော</b>=အသက်ခန္ဓာ ကြီးငယ်ကိုလှူသော <b>“အဇ္ဈတ္တိကဒါနအဇ္ဈတ္တိကဒါန”</b>၊ အပဝတ္ထုကိုလှူသော <b>“ဗာဟိရဒါနဗာဟိရဒါန”</b> ဟူ၍လည်းကောင်း။</p>
<p>(ဏ) <b>သာဝဇ္ဇ အနဝဇ္ဇတော</b>=သမင် ငါး သား နွား ကျွဲ ကြက် ဝက်တို့ကို သတ်ဖြတ် ညှင်းပန်းမှုနှင့် ရော၍ အပြစ်မကင်း သော <b>“သာဝဇ္ဇဒါနသာဝဇ္ဇဒါန”</b>၊ အသက်သတ်ခြင်း ညှဉ်းဆဲခြင်းမှ ကင်း၍ သန့်ရှင်းစင်ကြယ်သော <b>“အနဝဇ္ဇဒါန'အနဝဇ္ဇဒါန”</b> ဟူ၍လည်း ကောင်း။</p>
<p>(တ) <b>အဂ္ဂ ဥစ္ဆိဋ္ဌတော</b>=အဦးအဖျား အမွန်အမြတ်ကိုလှူသော <b>“အဂ္ဂဒါနအဂ္ဂဒါန”</b>၊ အယုတ်အညံ့ အကြွင်းအကျန်ကို လှူသော <b>“ဥစ္ဆိဋ္ဌဒါနဥစ္ဆိဋ္ဌဒါန”</b> ဟူ၍လည်းကောင်း။</p>
<p>(ထ) <b>ဟီန ပဏီတတော</b>=မိမိ သုံးဆောင်သည့်အောက် အယုတ် အညံ့ကိုလှူသော <b>“ဟီနဒါနဟီနဒါန”</b>၊ မိမိသုံး ဆောင်သည်ထက် အကောင်းအမွန်ကိုလှူသော <b>“ပဏီတဒါန'ပဏီတဒါန”</b>ဟူ၍လည်း ကောင်း။</p>
<p>ဒုဝိဓံ=အယုတ်, အမြတ်အားဖြင့် ၂-ပါး အပြားရှိ၏၊။ ၂-ပါးစု မာတိကာပြီး၏၊</p>
<p>--------*--------</p>
<p>၂။ ဒါနံ=ဒါနသည်</p>
<p>(က) <b>ဟီန မဇ္ဈိမ ပဏီတတော</b>=ယုတ်ညံ့သော <b>“ဟီနဒါန”</b>၊ အလယ် အလတ်ရှိသော <b>“မဇ္ဈိမဒါန”</b>၊ အထွတ်အမြတ်ဖြစ်သော <b>“ပဏီတဒါန”</b> ဟူ၍လည်းကောင်း။</p>
<p>(ခ) <b>ဒါသ သဟာယ သာမိတော</b>=မိမိသုံးဆောင်သည့်အောက် ယုတ်ညံ့သောဝတ္ထုကို လှူသည်ဖြစ်၍ ကျွန်နှင့်တူသော <b>“ဒါသဒါန'ဒါသဒါန”</b>၊ မိမိသုံးဆောင်သည်နှင့် တူရုံရှိသော ဝတ္ထုကို လှူသည်ဖြစ်၍ အပေါင်းအဖေါ်နှင့်တူသော <b>“သဟာယဒါန”</b>၊ မိမိသုံးဆောင်သည်ထက် ကောင်းမွန်သော ဝတ္ထုကို လှူသည် ဖြစ်၍ အရှင်သခင်နှင့်တူသော <b>“သာမိဒါန”</b> ဟူ၍လည်း ကောင်း။</p>
<p>(ဂ) <b>ဝတ္ထု အဘယ ဓမ္မတော</b>=ပစ္စည်းဝတ္ထုကို ပေးလှူသော <b>“ဝတ္ထု ဒါန”</b>၊ သူတစ်ပါးအသက် သူတစ်ပါးဥစ္စာကို ကယ်ဆယ်သော <b>“အဘယဒါန”</b>၊ တရားကျမ်းဂန်ကို ပြောဟောပြသသော <b>“ဓမ္မဒါန”</b> ဟူ၍လည်းကောင်း။</p>
<p>(ဃ) <b>လောက အတ္တ ဓမ္မတော</b>=လောကကို အလေးပြု၍လှူသော <b>“လောကာဓိပတေယျဒါန”</b>၊ မိမိဂုဏ်ကို အလေးပြု၍ လှူသော <b>“အတ္တာ ဓိပတေယျဒါန““အတ္တာ ဓိပတေယျဒါန”</b>၊ သူတော်ကောင်း တရားကို အလေးပြု၍လှူသော <b>“ဓမ္မာဓိပတေယျဒါန”</b> ဟူ၍လည်းကောင်း။</p>
<p>တိဝိဓံ=အယုတ်, အလတ်, အမြတ်အားဖြင့် ၃-ပါးအပြားရှိ၏၊ ၃-ပါးစု မာတိကာ-ပြီး၏၊</p>
<p>၃။ ဒါနံ=ဒါနသည်</p>
<p>(က) <b>စတုပစ္စယတော</b>=အဝတ်သင်္ကန်းကို လှူသော <b>“စီဝရဒါန”</b>၊ အစာအာဟာရကိုလှူသော <b>“ပိဏ္ဍပါတဒါန”</b>၊ စရပ် တန်ဆောင်း ကျောင်း အရိပ်အာဝါသကိုလှူသော <b>“သေနာ သနဒါန”</b>၊ ဆေးဝါး ဓာတ်စာကိုလှူသော <b>“နဘေသဇ္ဇဒါန”</b> ဟူ၍လည်းကောင်း။</p>
<p>(ခ) <b>ဒက္ခိဏဝိသုဒ္ဓိတော</b>=လှူသူ သီလရှိ၍ ခံသူ သီလမရှိသော ဒါန, ခံသူ သီလရှိ၍ လှူသူ သီလမရှိသော ဒါန, လှူသူ ခံသူ ၂-ပါး သီလမရှိသော ဒါန, လှူသူ ခံသူ ၂-ပါး သီလ ရှိသော ဒါနဟူ၍လည်းကောင်း။</p>
<p>စတုဗ္ဗိဓံ၊ ၄-ပါးအပြားရှိ၏၊။</p>
<p>၄-ပါးစု မာတိကာ-ပြီး၏၊</p>
<p>--------*--------</p>
<h3>၅-ပါးစု မာတိကာ</h3>
<p>၄။ ဒါနံ=ဒါနသည်</p>
<p>၁။ <b>အဓမ္မဒါနတော</b>=မူးယစ်စေတတ်သော သေရည်သေရက်ကို လှူသော <b>“အဓမ္မဒါန”</b> တစ်ပါး။</p>
<p>၂။ ရုပ်သေး အငြိမ့်စသော ကချေသည်ကိုလှူသော <b>“အဓမ္မဒါန”</b> တစ်ပါး။</p>
<p>၃။ ကာမဂုဏ်အတွက် နွားလားဥသဘကိုလှူသော <b>“အဓမ္မ ဒါန“</b>တစ်ပါး။</p>
<p>၄။ ကာမဂုဏ်အတွက် မိန်းမတို့ကိုလှူသော <b>“အဓမ္မဒါန”</b> တစ်ပါး။</p>
<p>၅။ မိန်းမယောကျ်ား ရွှင်ခြင်းအစရှိသော ကိလေသာတို့ကို ဖြစ်စေတတ်သော ပန်းချီဆေးရေးရုပ်လှူသော <b>“အဓမ္မဒါန”</b> တစ်ပါး-ဟူ၍ အဓမ္မဒါန အပြားအားဖြင့်။ ပဉ္စဝိဓံ= ၅- ပါး အပြားရှိ၏၊ ။</p>
<p>၅-ပါးစုမာတိကာပြီး၏၊</p>
<p>--------*--------</p>
<h3>၆-ပါးစု မာတိကာ</h3>
<p>၅။ ဒါနံ=ဒါနသည်</p>
<p>(က) ၁။ <b>ဝဏ္ဏဒါနံ</b>=အဆင်းအရောင်ကောင်းသော ပန်းမျိုး, အဝတ် အထည်မျိုးဟူသော <b>“ ရူပါရုံအလှူ”</b>။</p>
<p>၂။ <b>သဒ္ဒဒါနံ</b>=အသံ သာယာသော ကြေးစည် ခေါင်းလောင်း စောင်း ပတ္တလားစသော <b>“သဒ္ဒါရုံအလှူ”</b>။</p>
<p>၃။ <b>ဂန္ဓဒါနံ</b>=အနံ့အထုံကောင်းသော ပန်းမျိုး နံ့သာမျိုးဟူသော <b>“ဂန္ဓာရုံအလှူ”</b>။</p>
<p>၄။ <b>ရသဒါနံ</b>=လျှာအရသာကောင်းသော ခဲဘွယ် ဘောဇဉ် ဟူသော <b>“ရသာရုံအလှူ”</b>။</p>
<p>၅။ <b>ဖောဋ္ဌဗ္ဗဒါနံ</b>=အတွေ့ကောင်းသော အခင်းမျိုး, အရုံမျိုး ဟူသော <b>“ဖောဋ္ဌဗ္ဗာရုံအလှူ”</b>။</p>
<p>၆။ <b>ဓမ္မဒါနံ</b>=အသက်ရှည်ကြောင်း ဩဇာကောင်းသော ဆီဦး ထောပတ် ဆေးမျိုး ဝါးမျိုးဟူသော <b>“ဓမ္မာရုံအလှူ”</b> ဟူ၍လည်းကောင်း။</p>
<p>တစ်နည်း<br>
(ခ) ၁။ <b>အာရာမော</b>=လူအများသုံးဆောင်ရန် သစ်သီးအာရာမ် ပန်း အာရာမ်ဟူသော <b>“ထာဝရအလှူ”</b>။</p>
<p>၂။ <b>သေတု</b>=တံတား နင်းကြမ်း စောင်းတန်းလှေကား ဟူသော <b>“ထာဝရအလှူ”</b>။</p>
<p>၃။ <b>ဝနပ္ပတိ</b>=အရိပ်ကောင်းသော တောစိုးသစ်ပင်ကြီး ဟူသော <b>“ထာဝရအလှူ”</b>။</p>
<p>၄။ <b>ပပါ</b>=အမြဲ ရေချမ်းစင်တည်သော <b>“ထာဝရအလှူ”</b>။</p>
<p>၅။ <b>ဥဒပါနံ</b>=သောက်ရေကန် သောက်ရေတွင်းဟူသော <b>“ထာဝရ အလှူ”</b>။</p>
<p>၆။ <b>ဥပဿယော</b>=စရပ်တန်ဆောင်း ဂူကျောင်း ဥမင်ဟူသော <b>“ထာဝရ အလှူ”</b>ဟူ၍လည်းကောင်း၊ ဆဗ္ဗိဓံ=၆-ပါးအပြား ရှိ၏၊</p>
<p>၆-ပါးစု မာတိကာ ပြီး၏၊</p>
<p>--------*--------</p>
<h3>၇-ပါးစု မာတိကာ</h3>
<p>၆။ ဒါနံ=ဒါနသည်</p>
<p>၁။ <b>သံဃိကတော</b>=ဘုရားအမှူးရှိသော ဘိက္ခုသံဃာ, ဘိက္ခုနီသံဃာ နှစ်ပါးစုံအား လှူသော သံဃိကဒါန တစ်ပါး။</p>
<p>၂။ သက်သက်သော ဘိက္ခုသံဃာ, ဘိက္ခုနီသံဃာ နှစ်ပါးစုံ အား လှူသော သံဃိကဒါနတစ်ပါး။</p>
<p>၃။ ဘိက္ခုသံဃာ သက်သက်အားလှူသော သံဃိကဒါန တစ်ပါး။</p>
<p>၄။ ဘိက္ခုနီသံဃာ သက်သက်အားလှူသော သံဃိကဒါန တစ်ပါး။</p>
<p>၅။ ဘိက္ခုသံဃာ, ဘိက္ခုနီသံဃာ နှစ်ပါးစုံတို့မှ ညွှန်း၍ရသော သံဃာအားလှူသော သံဃိကဒါနတစ်ပါး။</p>
<p>၆။ ဘိက္ခုသံဃာမှ ညွှန်း၍ရသော သံဃာအားလှူသော သံဃိက ဒါနတစ်ပါး။</p>
<p>၇။ ဘိက္ခုနီသံဃာမှ ညွှန်း၍ရသော သံဃာအားလှူသော သံဃိကဒါနတစ်ပါး။</p>
<p>ဟူ၍ သံဃိကဒါန အပြားအားဖြင့်၊ သတ္တဝိဓံ=၇-ပါး အပြား ရှိ၏၊</p>
<p>၇-ပါးစု မာတိကာပြီး၏၊</p>
<p>--------*--------</p>
<h3>၈-ပါးစု မာတိကာ</h3>
<p>၇။ ဒါနံ=ဒါနသည်</p>
<p>၁။ <b>ဒါနုပပတ္တိ</b>=လူ့ချမ်းသာကို တောင့်တ၍ ပြုသော ဒါနသည် လူ့ချမ်းသာ၌သာဖြစ်သော ဒါနတစ်ပါး။</p>
<p>၂။ နတ်ချမ်းသာကို အသီးအသီး တောင့်တ၍ပြုသော ဒါနသည် နတ်ပြည်ခြောက်ထပ်၌သာဖြစ်သော ဒါန ၆- ပါး။</p>
<p>၃။ ဗြဟ္မာ့ချမ်းသာကို တောင့်တ၍ပြုသောဒါနသည် ဗြဟ္မာ့ ချမ်းသာ၌သာဖြစ်သော စျာနလာဘီပုဂ္ဂိုလ်တို့၏ ဒါန တစ်ပါး-ဟူ၍။ အဋ္ဌဝိဓံ=၈-ပါး အပြားရှိ၏၊ ၈-ပါးစု မာတိကာ-ပြီး၏၊</p>
<p>--------*--------––</p>
<h3>၉-ပါးစုမာတိကာ</h3>
<p>၈။ ဒါနံ=ဒါနသည်</p>
<p>၁။ <b>အဓမ္မိကတော</b>=တစ်ပါးသောပုဂ္ဂိုလ် ညွတ်ပြီးမှ တခြား သော ပုဂ္ဂိုလ်ကိုလှူသော အဓမ္မိကဒါနတစ်ပါး။</p>
<p>၂။ ပုဂ္ဂိုလ်ကိုညွတ်ပြီးမှသံဃာကိုလှူသော အဓမ္မိကဒါန တစ်ပါး။</p>
<p>၃။ ပုဂ္ဂိုလ်ကိုညွတ်ပြီးမှစေတီကိုလှူသော အဓမ္မိကဒါန တစ်ပါး။</p>
<p>၄။ သံဃာကိုညွတ်ပြီးမှပုဂ္ဂိုလ်ကိုလှူသော အဓမ္မိကဒါန တစ်ပါး။</p>
<p>၅။ တစ်ပါးသောသံဃာကိုညွတ်ပြီးမှ တခြားသောသံဃာကို လှူသော အဓမ္မိကဒါနတစ်ပါး။</p>
<p>၆။ သံဃာကိုညွတ်ပြီးမှစေတီကိုလှူသော အဓမ္မိကဒါန တစ်ပါး။</p>
<p>၇။ စေတီကိုညွတ်ပြီးမှပုဂ္ဂိုလ်ကိုလှူသော အဓမ္မိကဒါန တစ်ပါး။</p>
<p>၈။ စေတီကိုညွတ်ပြီးမှ သံဃာကိုလှူသော အဓမ္မိကဒါန</p>
<p>၉။ တစ်ပါးသောစေတီကိုညွတ်ပြီးမှ တခြားသောစေတီကို လှူသော အဓမ္မိကဒါနတစ်ပါး-ဟူ၍ အဓမ္မိကဒါန အပြားအားဖြင့်၊ နဝဝိဓံ=၉-ပါး အပြားရှိ၏၊ ၉-ပါးစု မာတိကာ ပြီး၏၊</p>
<p>--------*--------</p>
<h3>၁၀-ပါးစု မာတိကာ</h3>
<p>၉။ ဒါနံ=ဒါနသည်</p>
<p>၁။ <b>အန္နံ</b>=ထမင်းအစာမျိုးကိုလှူသော <b>“အန္နဒါန”</b> တစ်ပါး။</p>
<p>၂။ <b>ပါနံ</b>=အဖျော်မျိုးကိုလှူသော <b>“ပါနဒါန“</b>တစ်ပါး။</p>
<p>၃။ <b>ဃရံ</b>=နေရာ အိမ် ကျောင်းကိုလှူသော <b>“ဃရဒါန“</b>တစ်ပါး။</p>
<p>၄။ <b>ဝတ္ထံ</b>=အဝတ် အထည်မျိုးကိုလှူသော <b>“ဝတ္ထဒါန“</b>တစ်ပါး။</p>
<p>၅။ <b>မာလာ</b>=ပန်းမျိုးကိုလှူသော <b>“မာလာဒါန“</b>တစ်ပါး။</p>
<p>၆။ <b>ဂန္ဓော</b>=နံ့သာမျိုးကိုလှူသော <b>“ဂန္ဓဒါန“</b>တစ်ပါး။</p>
<p>၇။ <b>ဝိလေပနံ</b>=အညက်ကြိတ်ပြီးသော နံ့သာပျောင်းကို လှူသော <b>“ဝိလေပနဒါန“</b>တစ်ပါး။</p>
<p>၈။ <b>သေယျံ</b>=ညောင်စောင်း ခုတင် အင်းပျဉ် ကွပ်ပျစ် ဖျာ ယိုင် သင်ဖြူး အခင်းအနှီးမျိုးကိုလှူသော <b>“သေယျဒါန”</b> တစ်ပါး။</p>
<p>၉။ <b>အာဝါသထော</b>=ဧည့်သည်တို့ တည်းခိုရန် စရပ် တန် ဆောင်းကို လှူသော <b>“အာဝသထဒါန“</b>တစ်ပါး။ ၁၀။ <b>ပဒီပေယျံ</b>=အရောင်အလင်း အဆောက်အဦးကို လှူသော <b>“ပဒီပေယျဒါန“</b>တစ်ပါး၊ ဣတိ=ဤသို့၊ <b>ဝတ္ထုတော</b>=ဝတ္ထု အားဖြင့်၊ ဒသဝိဓံ=၁၀-ပါး အပြားရှိ၏၊</p>
<p>၁၀-ပါးစု မာတိကာ-ပြီး၏၊</p>
<p>--------*--------</p>
<h3>၁၄-ပါးစု မာတိကာ</h3>
<p>၁၀။ ဒါနံ=ဒါနသည်</p>
<p>၁။ <b>ပုဂ္ဂလိကတော</b>=<b>“တိရစ္ဆာန်”</b>သတ္တဝါအား ပေးလှူသော ပုဂ္ဂလိကဒါနတစ်ပါး။</p>
<p>၂။ မူဆိုး, တံငါစသော <b>“ဒုဿီလ”</b>တို့အား ပေးလှူသော ပုဂ္ဂလိက ဒါနတစ်ပါး။</p>
<p>၃။ သရဏဂုံမရှိသော သာသနာပ <b>“လူသီလဝန္တ”</b>တို့အား ပေးလှူသော ပုဂ္ဂလိကဒါနတစ်ပါး။</p>
<p>၄။ သာသနာပ <b>“စျာန်ရ ရသေ့”</b>တို့အား ပေးလှူသော ပုဂ္ဂလိကဒါနတစ်ပါး။</p>
<p>၅။ သရဏဂုံ သီလရှိသော <b>“လူ, သာမဏေ”</b>တို့မှစ၍ <b>“သောတာပတ္တိမဂ်ပုဂ္ဂိုလ်”</b>အား ပေးလှူသော ပုဂ္ဂလိကဒါနတစ်ပါး။</p>
<p>၆။ <b>“သောတာပတ္တိဖိုလ် ပုဂ္ဂိုလ်”</b>အား ပေးလှူသော ပုဂ္ဂလိက ဒါန တစ်ပါး။</p>
<p>၇။ <b>“သကဒါဂါမိမဂ် ပုဂ္ဂိုလ်”</b>အားပေးလှူသော ပုဂ္ဂလိကဒါန</p>
<p>၈။ <b>“သကဒါဂါမိဖိုလ် ပုဂ္ဂိုလ်”</b>အား ပေးလှူသော ပုဂ္ဂလိက ဒါနတစ်ပါး။</p>
<p>၉။ <b>“အနာဂါမိမဂ်ပုဂ္ဂိုလ်”</b>အား ပေးလှူသော ပုဂ္ဂလိက ဒါနတစ်ပါး။</p>
<p>၁၀။ <b>“အနာဂါမိဖိုလ် ပုဂ္ဂိုလ်”</b>အား ပေးလှူသော ပုဂ္ဂလိကဒါန တစ်ပါး။</p>
<p>၁၁။ <b>“အရဟတ္တမဂ် ပုဂ္ဂိုလ်”</b>အား ပေးလှူသော ပုဂ္ဂလိကဒါန တစ်ပါး။</p>
<p>၁၂။ <b>“အရဟတ္တဖိုလ် ပုဂ္ဂိုလ်”</b>အား ပေးလှူသော ပုဂ္ဂလိကဒါန တစ်ပါး။</p>
<p>၁၃။ <b>“ပစ္စေကဗုဒ္ဓါ”</b> အား ပေးလှူသော ပုဂ္ဂလိကဒါနတစ်ပါး။</p>
<p>၁၄။ <b>“သဗ္ဗညုတဘုရား”</b> အား ပေးလှူသော ပုဂ္ဂလိကဒါန တစ်ပါး- ဟူ၍ ပုဂ္ဂလိကဒါန အပြားအားဖြင့်၊ စုဒ္ဒသဝိဓံ= ၁၄-ပါးအပြားရှိ၏၊။</p>
<p>၁၄-ပါးစု မာတိကာပြီး၏၊</p>
<p><b>[အလှူခံပုဂ္ဂိုလ် ၁၄-ယောက်]</b></p>
<p>ဒါနကထာ-ဒါနခန်း၌ မာတိကာပြီး၏၊</p>
<p>--------*--------</p>
<h3>အရကျက်ရန်</h3>
<p>၁။ <b>သုဿုသာ လဘတေ ပညံ၊ ဥဋ္ဌာတာ ဝိန္ဒတေ ဓနံ။</b><br>
<b>သုဿုသာ</b> = ပညာရှိတို့စကားကို ရိုသေလေးမြတ်စွာ နာခံမှ၊ <b>ပညံ</b> = အသိပညာ အလိမ္မာကို၊ <b>လဘတေ</b> = ရတတ်၏၊ <br>
<b>ဥဋ္ဌာတာ</b> = နေ့နေ့ ညည ထကြွပေါ့ပါး အလကား မနေတတ်မှ၊ <b>ဓနံ</b> = ဥစ္စာကို၊ <b>ဝိန္ဒတေ</b> = ရတတ်၏။</p>
<p>[ပါဠိတော်ရစေ။]</p>
<p>၂။ <b>သုဝိဇာနော ဘဝံ ဟောတိ၊ ဒုဗ္ဗိဇာနော ပရာဘဝေါ။</b><br>
<b>သုဝိဇာနော</b> = ကောင်းကောင်း လိမ်မာသောသူသည်၊ <b>ဘဝံ</b> = ပစ္စုပ္ပန်, သံသရာ နှစ်ဖြာကောင်းကျိုး တိုးပွားစည်ကားသည်၊ <b>ဟောတိ</b> = ဖြစ်၏၊ <br>
<b>ဒုဗ္ဗိဇာနော</b> = အသိအလိမ္မာ ပညာနည်းပါးသောသူသည်၊ <b>ပရာဘဝေါ</b> = ဘဝအဆက်ဆက် ပျက်စီးယုတ်ညံ့သည်၊ <b>ဟောတိ</b> = ဖြစ်၏။</p>
<p>[ပါဠိတော်ရစေ]</p>
<p>၃။ <b>ဓမ္မကာမော ဘဝံ ဟောတိ၊ ဓမ္မဒေဿီ ပရာဘဝေါ။</b><br>
<b>ဓမ္မကာမော</b> = အသိတရား အကျင့်တရားကို လိုလားသော သူသည်၊ <b>ဘဝံ</b> = ပစ္စုပ္ပန်, သံသရာ ချမ်းသာစီးပွား များမြတ်သည်၊ <b>ဟောတိ</b> = ဖြစ်၏၊ <br>
<b>ဓမ္မဒေဿီ</b> = အသိတရား အကျင့်တရားကို မလိုလားသောသူသည်၊ <b>ပရာဘဝေါ</b> = ဘဝအဆက်ဆက် ပျက်စီး ဆုံးရှုံးသည်၊ <b>ဟောတိ</b> = ဖြစ်၏။</p>
<p>[ပါဠိတော်ရစေ။]</p>
<p>၄။ <b>ကလျာဏကာရီ ကလျာဏံ၊ ပါပကာရီစ ပါပကံ။</b><br>
<b>ကလျာဏကာရီ</b> = အကောင်းအမွန်ကို ပြုလေ့ရှိသောသူသည်၊ <b>ကလျာဏံ</b> = အကောင်းအမွန်ကို၊ <b>လဘတေ</b> = ရတတ်၏၊ <br>
<b>ပါပကာရီ</b> = မကောင်းမှုကို ပြုလေ့ရှိသောသူသည်၊ <b>ပါပကံ</b> = မကောင်းမှုကို၊ <b>လဘတေ</b> = ရတတ်၏။</p>
<p>ယခုဘဝ အကောင်းကိုပြုမှ နောက်နောက်ဘဝ အကောင်းကို ရသည်၊ ယခုဘဝ မကောင်းသည်ကိုပြုလျှင် နောက်နောက်ဘဝ မကောင်းသည်ကို ရသည်။</p>
<p>[ပါဠိတော်ရစေ။]</p>
<p>၅။ <b>ယာဒိသံ ဝပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ။</b><br>
<b>ယာဒိသံ</b> = အကြင်သို့သဘောရှိသော၊ <b>ဗီဇံ</b> = မျိုးစေ့ကို၊ <b>ဝပတေ</b> = စိုက်ပျိုး၏၊ <br>
<b>တာဒိသံ</b> = ထိုသို့သဘောရှိသော၊ <b>ဖလံ</b> = အသီးကို၊ <b>ဟရတေ</b> = ဆောင်၏။</p>
<p>ဆန်ဖြူ ဆန်ကောင်းမျိုးကို စိုက်ပျိုးမှ ဆန်ဖြူစပါး, ဆန်ကောင်း စပါး ဖြစ်ထွန်းသည်၊ ဆန်နီ, ဆန်ကြမ်းမျိုးကို စိုက်ပျိုးလျှင် ဆန်နီစပါး, ဆန်ကြမ်းစပါး ဖြစ်ထွန်းသည်၊ အချဉ်မျိုး, အခါးမျိုးကိုစိုက်လျှင် အချဉ်သီး, အခါးသီးသာသီးသည်၊ အချိုမျိုး, အဆိမ့်မျိုးကိုစိုက်မှ အချိုသီး, အဆိမ့် သီးကို သီးသည်၊ လောကမျက်မြင် ဥပမာ။</p>
<p>[ပါဠိတော်ရစေ။]</p>
<p>၆။ <b>သဒိသံ ပါကံ ဇနေတိ။</b><br>
<b>သဒိသံ</b> = အကြောင်းကံနှင့် တူသော၊ <b>ပါကံ</b> = အကျိုးကို၊ <b>ဇနေတိ</b> = ဖြစ်စေတတ်၏။</p>
<p>ကုသိုလ်ကံ, အကုသိုလ်ကံကျိုးတို့မည်သည် များသောအားဖြင့် ကံနှင့် အလားတူတတ်သည်။</p>
<p>[အဋ္ဌကထာ ရစေ။]</p>
<p>၇။ <b>မနာပဒါယီ လဘတေ မနာပံ။</b><br>
<b>မနာပဒါယီ</b> = အလှူခံပုဂ္ဂိုလ် နှစ်သက်ဖွယ်ကို လှူဒါန်းလေ့ရှိသော သူသည်၊ <b>မနာပံ</b> = နှစ်သက်ဖွယ်သော အကျိုးကို၊ <b>လဘတေ</b> = ရတတ်၏၊ [ပါဠိတော် ရစေ။]</p>
<p>တစ်နည်းကား။ ။ <b>မနာပဒါယီ</b> = မိမိနှစ်သက်သော ဝတ္ထုကို လှူဒါန်းသော သူသည်၊ <b>မနာပံ</b> = နှစ်သက်ဖွယ်သော အကျိုးကို၊ <b>လဘတေ</b> = ရတတ်၏၊</p>
<p>မိမိနှစ်သက်မှ သူတစ်ပါးလည်း နှစ်သက်မည်, အလှူခံနှစ်သက်မှ အလှူလည်း အကျိုးကြီးမည်-ဟုသိ၍ မိမိနှစ်သက် လောက်မှ သူတစ်ပါး ကိုလည်း ပေးလှူသူသည် မနာပဒါယီမည်၏၊ အလှူခံနှစ်သက်သည်သာ လိုရင်း။</p>
<p>[သည်ကနောက်ကို စကားပြင်သက်သက်စုမှာ အရမကျက်နှင့်၊ မှတ်မိအောင်ကြည့်၊ ပါဠိအနက်ဖြစ်လျှင် အရကျက်။]</p>
<hr>
<p>ကျက်မှတ်ကြည့်ရှုရန်</p>
<h3>၂-ပါးစုအဓိပ္ပါယ်</h3>
<p>၁။ ဒါနနှစ်ပါးစုတို့တွင်</p>
<p>(က) အာမိသဒါန, ဓမ္မဒါနနှစ်ပါးတွင် ဓမ္မဒါန မြတ်သည်။<br>
<b>သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ။</b><br>
<b>သဗ္ဗဒါနံ</b> = အလုံးစုံသော အာမိသအလှူကို၊ <b>ဓမ္မဒါနံ</b> = တရားအလှူက၊ <b>ဇိနာတိ</b> = အောင်၏၊</p>
<p>[ပါဠိတော်ရစေပါဠိတော်ရစေ။]</p>
<p>အာမိသအလှူ, ဓမ္မအလှူ နှစ်ပါးပြိုင်ကြလျှင် ဓမ္မအလှူက နိုင်သည်သာ-ဟူလို၊ အာမိသအလှူကား ဥစ္စာစည်းစိမ်ကို ပေးတတ်သည်၊ ဓမ္မအလှူကား အသိအလိမ္မာ ဉာဏ်ပညာကို ပေးတတ်သည်။</p>
<p>(ခ) သက္ကစ္စဒါန, အသက္ကစ္စဒါန နှစ်ပါးတွင် သက္ကစ္စဒါနမြတ်သည်၊</p>
<p>သက္ကစ္စမမြောက်သော အလှူသည် အကျိုးပေးသောအခါ ထိုသူကို မိမိ၏ သားမယား ကျေးကျွန်တို့ကပင် ရိုသေခြင်းမရှိကုန်၊ သက္ကစ္စမြောက်သော အလှူသည် အကျိုးပေးသောအခါ ထိုသူကို အများရိုသေရသည်။</p>
<p>[<b>သဒိသံ ပါကံ ဇနေတိ။</b> ]</p>
<p>(ဂ) ပူဇာဒါန, အနုဂ္ဂဟဒါန နှစ်ပါးတွင် ပူဇာဒါနမြတ်သည်၊ သို့သော်လည်း အနုဂ္ဂဟဒါနကိုလည်း အလေးပြုရသည်ပင်၊ အနုဂ္ဂဟ ဒါနပင်ဖြစ်သော်လည်း စေတနာထက်ထက်နှင့် သက္ကစ္စမြောက်အောင် လှူရမည်။</p>
<p>ခွေး, ဝက်, ကြက်, ငှက်ကိုပင် ကျွေးမွေးသော်လည်း ကောင်းမွန်စွာ စီစဉ်၍ ကျွေးမွေးလျှင် သက္ကစ္စဒါနဖြစ်၍၊ မြေအလူးလူး ရွှံ့အလူးလူး ပုံ၍ ကျွေးလျှင် အသက္ကစ္စဒါနဖြစ်၏၊</p>
<p>(ဃ) သာဟတ္ထိကဒါန, အာဏတ္တိကဒါန နှစ်ပါးတွင် သာဟတ္ထိကဒါန မြတ်၏၊ ကိုယ်တိုင်ပင်မထပဲ သူတစ်ပါးကိုသာ ခိုင်းစေ၍ လှူသော ဒါနသည် အကျိုးပေးသောအခါ အခြွေအရံ နည်းတတ်သည်၊ ရာဇညမင်းကြီးသည် အာဏတ္တိကဒါနအတွက် စာတုမဟာရာဇ် နတ်ပြည်တွင် ဘုံဟောင်း ဗိမာန်ဟောင်းကြီးတစ်ခု၌ အခြွေအရံမရှိဘဲ တစ်ယောက်အထီးတည်း နတ်ကြီးဖြစ်ရသည်-ဟု ကျမ်းဂန်ရှိသည်၊ ထို့ကြောင့် တတ်နိုင်လျက်နှင့် အထပျင်းသည့်အတွက် သူတစ်ပါးကိုသာ မခိုင်းကြနှင့်၊ သာဟတ္ထိက မြောက်အောင်ပြုကြ။</p>
<p>(င) ထာဝရဒါန, အထာဝရဒါန အကျိုးပေးခိုင်မြဲသည်၊ နေ့စဉ် ဝတ်တည်၍ပြုသော ဆွမ်းစသော နိစ္စဘတ်ဒါနသည်လည်း ထာဝရဒါန အလားရှိ၏၊</p>
<p><b>တေသံ ဒိဝါစ ရတ္တောစ၊ သဒါ ပုညံ ပဝဍ္ဎတိ။</b><br>
<b>တေသံ</b> = ထိုထာဝရဒါန, နိစ္စဘတ်ဒါန ရှိကြကုန်သော သူတို့အား၊ <b>ဒိဝါစ</b> = နေ့၌လည်းကောင်း၊ <b>ရတ္တောစ</b> = ညဉ့်၌လည်းကောင်း။ <b>သဒါ</b> = အခါ ခပ်သိမ်း၊ <b>ပုညံ</b> = ကုသိုလ်သည်၊ <b>ပဝဍ္ဎတိ</b> = မြစ်ရေ အယဉ်ကဲ့သို့ ပွားစီး၏၊</p>
<p>[ပါဠိတော်ရစေ။ပါဠိတော်ရစေ။]</p>
<p>(စ) သပရိဝါရဒါန, အပရိဝါရဒါနနှစ်ပါးတွင် သပရိဝါရဒါန မြတ်၏၊</p>
<p>၁။ သင်္ကန်းကိုလှူလျှင် သင်္ကန်းသက်သက် လှူသည်ကား အပရိဝါရ ဒါနမည်၏၊</p>
<p>၂။ သင်္ကန်းကိုလှူလျှင် သင်္ကင်္နးနှင့်စပ်သော အခြံအရံစုကို အစုံအလင်ပြု၍ လှူသည်ကား သပရိဝါရ ဒါနမည်၏၊</p>
<p>[အလုံးစုံသော အလှူဝတ္ထုတို့မှာလည်း ဤနည်းချည်း။]</p>
<p>၁။ အပရိဝါရဒါနသည် အကျိုးပေးသောအခါ ထမင်းကိုလိုလျှင် ထမင်းသက်သက်ကိုသာ ရတတ်၏၊ “ပျားရှိ၍ ဖက်မရှိ, ဖက်ရှိ၍ ပျားမရှိ” ဆိုဘိသကဲ့သို့ ဖြစ်တတ်၏၊</p>
<p>၂။ သပရိဝါရဒါနမှာ အကျိုးပေးသောအခါ ထမင်းကိုအလိုရှိလျှင် ထမင်း၏ အခြံအရံဖြစ်သော ဟင်းကျွေး ဟင်းလျာ အစုံအလင် ဘောဇဉ်ခဲဘွယ် ပန်းကန်အုပ်ခွက် လက်ဘက် ဆေးကွမ်းနှင့် တကွ ရတတ်၏၊</p>
<p>[<b>သဒိသံ ပါကံ ဇနေတိ။</b>]</p>
<p>(ဆ) နိစ္စဒါန, အနိစ္စဒါန နှစ်ပါးသည် ထာဝရဒါန, အထာဝရဒါနနှင့် အလားတူ၏၊</p>
<p>နိစ္စဒါန, ထာဝရဒါန တစ်ခုခုရှိသောသူသည် သောတာပန်နှင့် အလားတူ၏၊ သေလျှင် နတ်ရွာသုဂတိ ဘဝမြဲ၏-ဟု အင်္ဂုတ္တိုရ် အဋ္ဌကထာမှာဆို၏၊ ထို့ကြောင့် လူဖြစ်သောသူသည် တစ်ခုခုသော နိစ္စဒါန, တစ်ခုခုသော ထာဝရဒါန ရှိသင့်လှတော့သည်။</p>
<p>(ဇ) သသင်္ခါရဒါန, အသင်္ခါရဒါန နှစ်ပါးတွင် အသင်္ခါရဒါန မြတ်၏၊</p>
<p>၁။ သူတစ်ပါးတိုက်တွန်း၍ ပြုရသော အလှူသည် အကျိုးပေး သောအခါ လူလည်း ထိုင်းမှိုင်းတတ်၏၊ ပစ္စည်းဥစ္စာ အကျိုးပေးလည်း ထိုင်းမှိုင်း တတ်၏၊</p>
<p>၂။ အသင်္ခါရအလှူသည် အကျိုးပေးသောအခါ လူလည်း သွက်လက် တတ်၏၊ ပစ္စည်းဥစ္စာ အကျိုးပေးလည်း သွက်လက်တတ်၏၊ [<b>သဒိသံ ပါကံ ဇနေတိ။</b>]</p>
<p>(စျ) ဇာနကတ, အဇာနကတနှစ်ပါးတွင် ဇာနကတမြတ်၏၊</p>
<p>၁။ အကျိုးအာနိသင်ကို မသိဘဲ လှူသောဒါနသည် အကျိုးပေးသော အခါ ဒွိဟိတ်အကျိုးကိုသာ ပေး၏၊ ဉာဏ်ပညာ နုံ့တတ်၏၊</p>
<p>၂။ အကျိုး အာနိသင်ကိုသိ၍ လှူသောဒါနသည် တိဟိတ်အကျိုး ကို ပေးတတ်၏၊ ဉာဏ်ပညာ ထက်တတ်၏၊ ။</p>
<p>[<b>သဒိသံ ပါကံ ဇနေတိ။</b>]</p>
<p>[ဤ “သဒိသံပါကံဇနေတိ” ပါဠိနှင့် ဆိုင်သမျှမှာ “<b>ယာဒိသံ ဝပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ</b>”ဟူသော ပါဠိနှင့်လည်းဆိုင်လေ၏၊]</p>
<p>(ည) ဝဋ္ဋနိဿိတဒါန, ဝိဝဋ္ဋနိဿိတဒါန နှစ်ပါးတွင်</p>
<p>၁။ ဝဋ္ဋနိဿိတ ဒါနကား ပါရမီဆယ်ပါးတွင် မဝင်၊ လူ, နတ် ချမ်းသာကိုသာပေးနိုင်၏၊ နိဗ္ဗာန် မဂ်ဖိုလ်ကိုမဆောင်နိုင်။</p>
<p>၂။ ဝိဝဋ္ဋနိဿိတ ဒါနသည်သာ ပါရမီဆယ်ပါးတွင် ဒါန ပါရမီမည်၏၊ လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာ တည်းဟူသော ချမ်းသာသုံးပါးကို ဆောင်နိုင်၏၊ <br>
၁။ ဒါနပါရမီ၊ <br>
၂။ သီလပါရမီ၊ <br>
၃။ နိက္ခမပါရမီ၊ <br>
၄။ ပညာပါရမီ၊ <br>
၅။ ဝီရိယပါရမီ၊ <br>
၆။ ခန္တီပါရမီ၊ <br>
၇။ သစ္စာပါရမီ၊ <br>
၈။ အဓိဋ္ဌာန်ပါရမီ၊ <br>
၉။ မေတ္တာပါရမီ၊ <br>
၁၀။ ဥပေက္ခာပါရမီ။</p>
<p>[ပါရမီဆယ်ပါးရစေ။]</p>
<p>(ဋ) ဓမ္မဒါန, အဓမ္မဒါန နှစ်ပါးတွင် အဓမ္မဒါနသည် ကုသိုလ် ရသော ဒါနမဟုတ်၊ အကုသိုလ်ဖြစ်သော ဒါနသာတည်း၊ အထက်၌ အဓမ္မဒါန ၅-ပါး လာလိမ့်မည်။</p>
<p>(ဌ) ဓမ္မိကဒါန, အဓမ္မိကဒါန နှစ်ပါးတွင် အဓမ္မိကဒါနသည် ကုသိုလ်မရဟု ဆိုကြ၏၊ ကုသိုလ်မရ လုံးလုံးမဟုတ်၊ အရနည်းသည်ဟု ဆိုကြကုန်၏၊ အဓမ္မိကဒါန ၉-ပါး အထက်မှာလာလတ္တံ့။</p>
<p>(ဍ) ဝတ္ထုဒါန, အဘယဒါနနှစ်ပါးတွင် အဘယဒါနမြတ်သည်၊ ငါးပါးသီလများသည် အဘယဒါနမျိုးတွင် ဝင်၏၊</p>
<p>(ဎ) အဇ္ဈတ္တိကဒါန, ဗာဟိရဒါနနှစ်ပါးတွင် မွန်မြတ်သော ကိုယ်အင်္ဂါကိုလှူသော အဇ္ဈတ္တိကဒါနမြတ်၏၊</p>
<p>(ဏ) သာဝဇ္ဇဒါန, အနဝဇ္ဇဒါနနှစ်ပါးတွင် အနဝဇ္ဇဒါနမြတ်၏၊ သာဝဇ္ဇဒါနသည် အကျိုးပေးသောဘဝ၌ ကိုယ်တွင်းရန် ကိုယ်ပရန် များတတ်၏၊ စည်းစိမ်ဥစ္စာအတွက် အသက်ခန္ဓာ ဆုံးရတတ်၏၊</p>
<p>(တ) အဂ္ဂဒါန, ဥစ္ဆိဋ္ဌဒါနနှစ်ပါးတွင် အဂ္ဂဒါနမြတ်၏၊</p>
<p>သို့သော်လည်း အလှူခံပုဂ္ဂိုလ် နှစ်သက်လျှင် အကြွင်းအကျန် အယုတ်အညံ့ပင်ဖြစ်သော်လည်း အကျိုးကြီးပါ၏၊ စေတနာထက်ထက်နှင့် သက္ကစ္စမြောက်အောင်သာပြု၊ ချမ်းသာသောသူတို့၏ အကြွင်း အကျန် သည် ဆင်းရဲလှသောသူတို့မှာ အကောင်းအမွန်ပင်ဖြစ်၏၊ လူတို့၏ အကြွင်းအကျန်သည် ခွေးဝက်ကြက်ငှက်တို့မှာ အကောင်းအမွန်ပင် ဖြစ်ပေ၏၊</p>
<p>(ထ) ဟီနဒါန, ပဏီတဒါနနှစ်ပါးတွင် ပဏီတဒါနမြတ်၏၊ သို့သော်လည်း အလှူခံပုဂ္ဂိုလ်မှာ အကျိုးများ ခဲ့သော်လည်းကောင်း, အလှူခံပုဂ္ဂိုလ် နှစ်သက်ခဲ့သော်လည်းကောင်း ယုတ်ညံ့သော အလှူဝတ္ထု ပင်ဖြစ်သော်လည်း စေတနာထက်ထက်နှင့် သက္ကစ္စမြောက်အောင်လှူလျှင် အကျိုးကြီးပါ၏၊</p>
<p>၂-ပါးစုအဓိပ္ပါယ်-ပြီး၏၊</p>
<hr>
<h3>၃-ပါးစု အဓိပ္ပါယ်</h3>
<p>၂။ သုံးပါးစုတို့၌</p>
<p>(က) <br>
၁။ အကျော်အစောကို တောင့်တ၍လှူသော ဒါနသည် <b>ဟီနဒါန</b> ဖြစ်၏၊ <br>
၂။ လူချမ်းသာ နတ်ချမ်းသာဟူသောအကျိုးကို တောင့်တ၍ လှူသောဒါနသည် <b>မဇ္ဈိမဒါန</b>ဖြစ်၏၊ <br>
၃။ အရိယာတို့၏ အလေ့အကျက် အလောင်းအလျာတို့၏ အလေ့အကျက်ကို အလေးဂရုပြု၍ လှူသော ဒါနသည် <b>ပဏီတဒါန</b>မည်၏၊</p>
<p>တစ်နည်းကား</p>
<p>၁။ လူချမ်းသာ နတ်ချမ်းသာဟူသော အကျိုးကို တောင့်တ၍လှူသော ဒါနသည် <b>ဟီန</b>၊ <br>
၂။ သာဝကဗောဓိ,ပစ္စေကဗောဓိကို တောင့်တ၍ပြုသော ဒါနသည် <b>မဇ္ဈိမ</b>၊ <br>
၃။ သဗ္ဗညုဗောဓိကို တောင့်တ၍ပြုသောဒါနသည် <b>ပဏီတ</b>၊<br>
ထို့ကြောင့် ကုသိုလ်ကောင်းမှုကို ပြုလျှင် အမှတ်တမဲ့မပြုရ၊ ဗောဓိသုံးပါးတွင် တစ်ပါးပါးကိုရည်သန်ရမည်, တောင့်တရမည်ဟု ပြောဆိုလေ့ ရှိကြပေကုန်၏၊ ဗောဓိ-ဆိုသည်ကား မဂ်ဉာဏ်ပေတည်း။ <br>
<b>ဗောဓိ ဝုစ္စတိ စတူသု မဂ္ဂေသု ဉာဏံ။</b><br>
<b>စတူသု မဂ္ဂေသု</b> = မဂ်လေးပါးတို့၌၊ <b>ဉာဏံ</b> = ဉာဏ်ကို၊ <b>ဗောဓိ</b> = ဗောဓိ ဟူ၍၊ <b>ဝုစ္စတိ</b> = ဆိုအပ်၏၊<br>
[ပါဠိတော်။]</p>
<p>၁။ ဗောဓိဆိုသည်- သာဝကဗောဓိ, ပစ္စေကဗောဓိ, သဗ္ဗညု ဗောဓိ-ဟူ၍ သုံးပါးရှိ၏၊</p>
<p>၂။ သာဝကဗောဓိသည် အဂ္ဂသာဝကဗောဓိ, မဟာသာဝက ဗောဓိ, ပကတိသာဝကဗောဓိဟူ၍ သုံးပါးရှိပြန်၏၊ <br>
၃။ သဗ္ဗညုဗောဓိသည်လည်း- ပညာဓိက, သဒ္ဓါဓိက, ဝီရိယာ ဓိက ဟူ၍ သုံးမျိုးရှိပြန်၏၊</p>
<p>၁။ ပညာဓိကမှာ- လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်သည်။</p>
<p>၂။ ဝီရိယာဓိကမှာ- ရှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း။ <br>
၃။ သဒ္ဓါဓိကမှာ- တစ်ဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတစ်သိန်း။ <br>
၄။ ပစ္စေကဗောဓိမှာ- နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း။ <br>
၅။ ရှင်သာရိပုတ္တရာ, ရှင်မောဂ္ဂလာန် နှစ်ပါးတို့ကဲ့သို့ အမြတ်ဆုံး ဖြစ်သော လကျ်ာရံကြီး လက်ဝဲရံကြီးနှစ်ပါးသည် “<b>အဂ္ဂသာဝက</b>” မည်၏၊ ထိုအဂ္ဂသာဝကဗောဓိမှာ တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှရသည်။</p>
<p>၆။ ရှင်အာနန္ဒာ, ရှင်အနုရုဒ္ဓါ, ရှင်မဟာကဿပ အစရှိကုန် သော လကျ်ာရံ ၄-ကျိပ်, လက်ဝဲရံ ၄-ကျိပ် ဤ ၈-ကျိပ် သော ပုဂ္ဂိုလ်တို့သည် “<b>မဟာသာဝက</b>” မည်ကုန်၏၊ ထိုမဟာသာဝကဗောဓိသည် ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှရ သည်။</p>
<p>၇။ သည်မှကြွင်းသော ဘုရားတပည့်သား အရိယာသာဝက ဟူသမျှသည် လူဖြစ်စေ, ရဟန်းဖြစ်စေ, နတ်ဗြဟ္မာဖြစ်စေ “<b>ပကတိသာဝက</b>” မည်၏၊ ထိုပကတိသာဝက ဗောဓိမှာ ကမ္ဘာတစ်ရာ, ကမ္ဘာတစ်ထောင် ပါရမီဖြည့်ရသည် ဟုဆို ကြ၏၊ ပကတိသာဝကဆုကိုမူကား ကောင်းကောင်း ပါရမီဖြည့်နိုင်လျှင် နှစ်ဘဝသုံးဘဝနှင့်ပင် ရပါ၏ဟူ၍လည်း ဆိုကြကုန်၏၊</p>
<p>(ခ) ဒါနဒါသ, ဒါနသဟာယ, ဒါနသာမိသုံးရပ်တွင် ဒါနသာမိ မြတ်၏၊ သို့သော်လည်း အလှူခံပုဂ္ဂိုလ်အားလျော်စွာရှိသေး၏၊ အလှူခံ ပုဂ္ဂိုလ်မှာ အကျိုးများ၍ အလှူခံနှစ်သက်၍ရှိလျှင် ဒါသ, သဟာယပင် ဖြစ်သော်လည်း အကျိုးကြီးပါ၏၊ စေတနာထက်ထက်နှင့် သက္ကစ္စမြောက် အောင်သာလိုသည်။</p>
<p>(ဂ) ဝတ္ထု, အဘယ, ဓမ္မဒါနမှာ ထင်ရှားပြီ။</p>
<p>(ဃ) <br>
၁။ လူကဲ့ရဲ့မည်စိုး၍ လှူသောဒါနသည် <b>လောကာဓိပတေယျ ဒါန</b>မည်၏၊ ရံခါရံဖန် စေတနာသဒ္ဓါ မရှိလှဘဲနှင့် လူကဲ့ရဲ့ မည်စိုး၍ ပေးလှူရသော ဒါနလည်း ရှိကြ၏၊ ထိုဒါနကို လောကာဓိပတေယျဒါန ဆိုသည်။</p>
<p>၂။ စေတနာသဒ္ဓါ မရှိလှပါဘဲလျက် မိမိဂုဏ်သိရ် အရှိန်အဝါနှင့် ပေးလှူမှပင် လျော်မည်ဟု ပေးလှူကြသော အရာလည်း ရှိကြသည်၊ ထိုအလှူသည် <b>အတ္တာဓိပတေယျ ဒါန</b> မည်၏၊</p>
<p>၃။ ဆိုက်ရောက်လာသော အလှူခံပုဂ္ဂိုလ်အလိုရှိ၍ တောင်းရမ်း သော သူတို့အား တတ်နိုင်သမျှ ဝေငှပေးကမ်း လှူဒါန်း စွန့်ကြဲ ကျွေးမွေး ထောက်ပံ့မှုသည် ဘုရားအလောင်း, ပစ္စေကအလောင်း, အဂ္ဂသာဝက, မဟာသာဝက, ပကတိ သာဝကအလောင်း သူတော်ကောင်းတို့၏ အမှုပေတည်းဟု သူတော်ကောင်းတရားကို အလေးပြု၍ ပေးလှူသော ဒါနသည် <b>ဓမ္မာဓိပတေယျဒါန</b>မည်၏၊ ဤဓမ္မာဓိပတေယျ ဒါနသည် မြတ်၏၊ ။</p>
<p>၃-ပါးစုအဓိပ္ပါယ်-ပြီး၏၊</p>
<hr>
<h3>၄-ပါးစုအဓိပ္ပါယ်</h3>
<p>၃။ (က) စတုပစ္စယဒါန၌ ပစ္စည်းဝတ္ထု အလှူစုတွင် သံဃိက ကျောင်း အလှူသည် အမြတ်ဆုံးပေတည်း။</p>
<p><b>ဝိဟာရဒါနံ သံဃဿ၊ အဂ္ဂံ ဗုဒ္ဓေန ဝဏ္ဏိတံ။</b><br>
<b>သံဃဿ</b> = စတုဒိသာ လာလာသမျှသော သင်္ဃာအား၊ <b>ဝိဟာရ ဒါနံ</b> = ကျောင်းအလှူကို၊ <b>အဂ္ဂံ</b> = အမြတ်ဆုံး ဟူ၍၊ <b>ဗုဒ္ဓေန</b> = ငါဘုရားသည်၊ <b>ဝဏ္ဏိတံ</b> = ချီးမွမ်းအပ်၏၊</p>
<p>[ပါဠိတော်ရစေ။]</p>
<p>တခြားတစ်ပါးသော အလှူတို့မှာ “<b>သဒိသံ ပါကံ ဇနေတိ</b>” ဟူသည်နှင့်အညီ အလှူနှင့် လျော်ရာလျော်ရာ ပေးကြသည်သာများ သည်၊ ကျောင်းအလှူမှာမူကား အလုံးစုံကိုပေးနိုင်သည်ဟု ဟောတော် မူသည်လည်းရှိ၏၊</p>
<p><b>သောစ သဗ္ဗဒဒေါ ဟောတိ၊ ယော ဒဒါတိ ဥပဿယံ။</b><br>
<b>ယော</b> = အကြင်သူသည်၊ <b>ဥပဿယံ</b> = ကျောင်းအလှူကို၊ <b>ဒဒါတိ</b> = ဆောက်လုပ်လှူဒါန်း၏၊ <b>သောစ</b> = ထိုသူသည်လည်း၊ <b>သဗ္ဗဒဒေါ</b> = အလုံးစုံကို ပေးလှူသည်မည်သည်၊ <b>ဟောတိ</b> = ဖြစ်၏၊</p>
<p>[ပါဠိတော်ရစေ။]</p>
<p>(ခ) ဒက္ခိဏဝိသုဒ္ဓိလေးပါးတွင် အလှူပေး, အလှူခံ ၂-ပါး သီလ ရှိသော အလှူသည် မြတ်သည်။ တစ်ပါးပါး ပါရှိလျှင်လည်း သင့်ရုံရှိ၏၊ <br>
၄-ပါးစုအဓိပ္ပါယ်-ပြီး၏၊</p>
<hr>
<h3>၅-ပါးစုအဓိပ္ပါယ်</h3>
<p>၂။ ၅-ပါးစုတို့၌</p>
<p>၁။ သေလိုသောသူကို သူ့အလိုပြည့်ပါစေဟု အဆိပ်ဆေးကို ပေးလှူအံ့, ကြိုးကိုပေးလှူအံ့, ဓားလက်နက်ကို ပေးလှူအံ့, သေတဲ့ရန် နည်းကို ပြောဟောအံ့- ကုသိုလ်မဖြစ်၊ ပါဏာတိပါတကံသာဖြစ်၏၊ သူတစ်ပါးကို သတ်လိုသော သူကို သူ့အလိုပြည့်စေခြင်းငှာ ပေးလှူ ရာ၌လည်း ဤအတူမှတ်၊ အဆိပ်ဆေးနှင့်မှ ပျောက်ငြိမ်းမည့် အနာရောဂါ ရှိသူကို အနာရောဂါ ပျောက်ငြိမ်းစေခြင်းငှါ စင်ကြယ်စွာသောစိတ်ဖြင့် အဆိပ်ဆေးကို ပေးလှူရာ၌ကား ကုသိုလ်ဒါနဖြစ်ရပါသေး၏၊ <br>
၂။ ပိုက်ကွန်, လေး, မြှားစသော လက်နက်ကိရိယာမျိုးကို အထည် ပျက်အောင် ဖျက်ဆီး၍ ကျောင်း, ဘုရားကိစ္စမှာ လှူဒါန်းလျှင်လည်း ကုသိုလ်ဒါန ဖြစ်ရပါသေး၏၊</p>
<p>၃။ သေရည် သေရက်စသော ယစ်မျိုးများကိုလည်း မူးလောက် ယစ်လောက်အောင် မဟုတ်ဘဲ အနည်းငယ်မျှ ဆေးဖေါ် ဝါးဖက် အနေနှင့် ပေးလှူရာ၌လည်းကောင်း, နူနာစသော အပဗာဟိရအနာမျိုး ကို ပျောက်ငြိမ်းစေခြင်းငှါ လိမ်းကျံရန်ပေးလှူရာတို့၌လည်းကောင်း ကုသိုလ်ဒါန ဖြစ်ရပါသေး၏၊</p>
<p>၄။ ကချေသဘင်အလှူ၌ ကိလသာတရား ပွားများရန် သက် သက်ဖြစ်သော အကအခုန်, အဆို, အဖွဲ့, ဇာတ်, ရုပ်သေးကို ပေး လှူရာ၌သာ အကုသိုလ်ဒါန အဓမ္မအလှူဖြစ်သည်၊ တီးသော အဆောက် အဦ, မှုတ်သော အဆောက်အဦ ကိရိယာမျိုးကိုလှူရာ၌လည်းကောင်း, တီးစေ, မှုတ်စေ၍ တီးသော အသံမျိုး မှုတ်သောအသံမျိုးကို လှူရာ၌ လည်းကောင်း, ရတနာသုံးပါးနှင့် သင့်လျော်လောက်သော အသံမျိုးကို မိမိကိုတိုင်ပင် တီး၍မှုတ်၍ လှူရာ၌လည်းကောင်း ကုသိုလ်မဖြစ် မဆိုသာ၊ လှူရိုးထုံးစံလည်း ကျမ်းဂန်များ တွင်လာပေသည်။</p>
<p>၅။ အထီး, အမအလှူတို့မှာလည်း ကာမဂုဏ်မှုကိုမငဲ့ဘဲ အလုပ် အကျွေးကိစ္စနှင့်လှူလျှင် အဓမ္မဒါန မဆိုသာ။</p>
<p>၅-ပါးစုအဓိပ္ပါယ်ပြီး၏၊</p>
<hr>
<p>၅။ ခြောက်ပါးစု ထင်ရှားပြီ။</p>
<hr>
<h3>၇-ပါးစုအဓိပ္ပါယ်</h3>
<p>၆။ ခုနစ်ပါးစု၌- ညွှန်း၍ရသော သင်္ဃာဆိုသည်ကား မိမိက ဘယ်ပုဂ္ဂိုလ်ဟု မရည်စူးဘဲ သင်္ဃာအများထဲကို “တပည့်တော်ကို သင်္ဃာ တစ်ပါး ပေးပါ, နှစ်ပါးပေးပါ”ဟု မိမိအလိုရှိသလောက် မထေရ်ကြီး များကို လျှောက်ထားလေရာ မထေရ်ကြီးများက စာရင်းစဉ်ကျရာ ပုဂ္ဂိုလ်ကို ညွှန်ပြပေ၏၊ မထေရ်ကြီးများညွှန်ပြ၍ ကျရာပုဂ္ဂိုလ်ကို လှူသော အလှူပေတည်း။</p>
<p>၇-ပါးစုအဓိပ္ပါယ် ပြီး၏၊</p>
<hr>
<h3>၈-ပါးစုအဓိပ္ပါယ်</h3>
<p>၇။ ရှစ်ပါးစု၌- ဒါနုပပတ္တိရှစ်ပါးသည် ဝဋ္ဋနိဿိတ ဒါနစုသာ တည်း၊ ဟီနဒါနဟူ၍ပင် ဟောတော်မူသည်။</p>
<p><b>တဿ တံ စိတ္တံ ဟီနာဓိမုတ္တံ ဟောတိ။</b><br>
<b>တဿ</b> = ထိုအလှူဒါယကာ၏၊ <b>တံစိတ္တံ</b> = ထိုစိတ်သည်၊ <b>ဟီနာဓိ မုတ္တံ</b> = အယုတ်အညံ့သို့ညွတ်သည်၊ <b>ဟောတိ</b> = ဖြစ်၏၊</p>
<p>[ပါဠိတော်ရစေ။]</p>
<p>လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာချမ်းသာမျှတောင့်တသော စိတ်သည် အယုတ်အညံ့သို့ ညွတ်သော စိတ်မည်၏၊ နောက်ဆုံး၌ ဗြဟ္မာ ချမ်းသာလာသည်မှာ ဒါနနှင့်ဗြဟ္မာချမ်းသာကို ရနိုင်သည်မဟုတ်၊ ဈာန်ရသော အလှူဒါယကာဖြစ်၍ ဗြဟ္မာချမ်းသာ လာလေသည်။</p>
<p>၈-ပါးစုအဓိပ္ပါယ်-ပြီး၏၊</p>
<hr>
<h3>၉-ပါးစုအဓိပ္ပါယ်</h3>
<p>၈။ ကိုးပါးစု၌- တစ်ပါးသောပုဂ္ဂိုလ်ကို ညွတ်ပြီးမှ တစ်ခြားသော ပုဂ္ဂိုလ်အားသော်၎င်း, သင်္ဃာအားသော်၎င်း, စေတီအား သော်လည်း ကောင်း လှူသော ဒါနသုံးပါးသည် အဓမ္မိကဒါနမည်၏-ဟူရာ၌ မည်သည့်ပုဂ္ဂိုလ်အား လှူမည်, မည်သည့်ပုဂ္ဂိုလ်ဖို့ ဆောက်လုပ်မည်ဟု နှုတ်မြွက်ပြောကြားပြီးသော အလှူထည်ကို ညွတ်ပြီးဆိုသည်။</p>
<p><b>ပရိဏတံနာမ ဒဿာမ ကရိဿာမာတိ ဝါစာ ဘိန္နာ ဟောတိ။</b><br>
<b>ပရိဏတံနာမ</b> = ညွတ်ပြီးသော ဝတ္ထုမည်သည်ကား၊ <b>ဒဿာမ</b> = လှူကုန်အံ့။ <b>ကရိဿာမ</b> = ဆောက်လုပ်ကုန်အံ့၊ <b>ဣတိ</b> = ဤသို့၊ <b>ဝါစာ</b> = နှုတ်ကို၊ <b>ဘိန္နာ</b> = မြွက်ပြီးသည်၊ <b>ဟောတိ</b> = ဖြစ်၏၊</p>
<p>[ပါဠိတော်ရစေ။]</p>
<p>စိတ်ထဲကရည်စူးရုံမျှကို ညွတ်ပြီးမဆိုရ၊ စိတ်ထဲကရည်စူးရုံမျှ ရှိသေးသော အလှူဝတ္ထုကို တစ်ခြားတစ်ပါးသို့ ပြောင်းလွှဲ၍ လှူရာ၌ အဓမ္မိကဒါန ဖြစ်သည်မဆိုသာပေ၊ နောက်နောက် သုံးပါး, သုံးပါးတို့၌ လည်း ဤနည်းအတူမှတ်၊ အဓမ္မိကဒါနဖြစ်ခဲ့လျှင် ကုသိုလ်မရဟု ဆိုကြ၏၊ မရလုံးလုံး မဟုတ်၊ ပုဗ္ဗစေတနာကတစ်လမ်း, မုဉ္စစေတနာအပရ စေတနာတို့က တစ်လမ်းစီနေ၍ စေတနာထောင့်သည့်အတွက် အဓမ္မိကဒါနဆိုသည်။ ကုသိုလ်မှာ ဖြစ်ပါ၏ဟူ၍လည်း ဆိုကြကုန်၏၊ မည်သည့်ပုဂ္ဂိုလ်ကို လှူမည်, မည်သည့်ပုဂ္ဂိုလ်ဖို့ ဆောက် လုပ်မည်ဟု နှုတ်မြွက်ပြီးသောဝတ္ထုသည် နှုတ်မြွက်သည့်အတွက် ထိုပုဂ္ဂိုလ်ဖက်သို့ တစ်ဝက်ပါပြီးသကဲ့သို့ ဖြစ်၏၊ ထို့ကြောင့် ရွှေ့ပြောင်း၍လှူခြင်းငှါ မထိုက်ပေပြီ၊ ရွှေ့ပြောင်း၍လှူခဲ့လျှင် ဝစီသစ္စာလည်းပျက်၏၊ ထိုပုဂ္ဂိုလ် ဖက်သို့ တစ်ဝက်ပါပြီးသော အဖို့ကိုလုယက်၍ တစ်ပါးသောပုဂ္ဂိုလ်အား ပေးသည်လည်းမည်၏၊ ထို့ကြောင့် အဓမ္မိကဒါနဟူ၍ ဟောတော်မူသည်။</p>
<p>ထိုဝတ္ထုကို အလှူခံသောအမှုသည်လည်း အဓမ္မိကပဋိဂ္ဂဟ ကိုးပါးဟူ၍ ဟောတော်မူသည်၊ မတရားသော အလှူခံကိုးပါးဆိုလိုသည်။ ထိုကဲ့သို့သောဝတ္ထုများကို လှူသောသူကပင် လှူသော်လည်း ခံသော ပုဂ္ဂိုလ်ကသိလျှင် အလှူမခံရ၊ စေတီတော်မူကား အသက်မရှိ၍ ကိစ္စမရှိ၊ နှုတ်မြွက်ပြီးသည့်အတွက် ထိုပုဂ္ဂိုလ်ဖက်သို့ တစ်ဝက်ပါပြီး ဟူသော ယုတ္တိမှာ ထိုဝတ္ထုသည် သင်္ဃာကိုမြွက်ဆို ပြောကြားပြီးဖြစ်၍ သံဃိက ဟူ၍ပင် ပါဠိတော်၌ဟောတော်မူသည်၊ ဤသံဃိကဟူသော ပုဒ်၏အဖွင့် အဋ္ဌကထာကို ကြည့်ကြလျှင် နှုတ်မြွက်သည့်အတွက် ထိုပုဂ္ဂိုလ်ဖက်သို့ တစ်ဝက်တစ်စိတ်ပါပြီးရောက်ပြီးဟူသောစကား ထင်ရှားလိမ့်မည်။</p>
<p>ဒုစ္စရိုက်မှုနှင့်ရရှိသော ပစ္စည်းဝတ္ထုကို လှူဒါန်းသော အလှူသည် ကုသိုလ်ပင် ဖြစ်ငြားသော်လည်း ပစ္စည်းမစင်ကြယ် သည့်အတွက် ကဲ့ရဲ့ဖွယ်သောအလှူပင် ဖြစ်ပြန်သကဲ့သို့ ထို့အတူ နှုတ်မြွက်ပြီး၍ ညွတ်ပြီး ကိုင်းပြီး ထိုရသောဝတ္ထုကို တစ်ပါးသောပုဂ္ဂိုလ်, သင်္ဃာ, စေတီသို့ ပြောင်းရွှေ့၍ လှူသော အလှူကိုးပါးသည်လည်း ကုသိုလ်ပင်ဖြစ်သော် လည်း ကဲ့ရဲ့ဖွယ်သော အလှူပင်ဖြစ်ခဲ့၍ အဓမ္မိကဒါနဟူ၍ ဟောတော် မူသည်၊ ကုသိုလ်မဖြစ်ဟူ၍ကား မဆိုသာပေ၊ ညွတ်မိသောပုဂ္ဂိုလ်ကို ကြေကြေချမ်းချမ်းပြော၍ ပြောင်းရွှေ့မှ သင့်တင့်ပါ၏၊</p>
<p><b>မေးမြန်းဖွယ်</b></p>
<p><b>မေး။</b> လဇ္ဇီ သူတော်ကောင်းထင်၍ လှူမည်, ဒါန်းမည် ဆိုပြီးနောက်မှ ထိုပုဂ္ဂိုလ် အလဇ္ဇီဒုဿီလဖြစ်၍ နေသည်ကိုသိ၍ ပြောင်းရွှေ့လျှင် အဓမ္မိကဖြစ်ဦး မည်လော-ဟု မေးရန်ရှိ၏၊</p>
<p><b>ဖြေ။</b> အဓမ္မိကပင်ဖြစ်မည်၊ သို့သော်လည်း လဇ္ဇီ ပုဂ္ဂိုလ်သို့ ပြောင်းရွှေ့သည့်အတွက် အကျိုးပေးသာ၍ပေးရန်ရှိ၏၊ အဓမ္မိကဖြစ် သည့်အတွက်လည်း အကျိုးပေး မချောမောရှိ၏၊</p>
<p>၉-ပါးစု အဓိပ္ပါယ်-ပြီး၏၊</p>
<hr>
<h3>၁၀-ပါးစု အဓိပ္ပါယ်</h3>
<p>၉။ ဆယ်ပါးစု၌- အစာအာဟာရကို လှူသောအလှူသည် အားခွန် ဗလကို အထူးအကျိုးပေး၏၊</p>
<p><b>အန္နဒေါ ဗလဒေါ ဟောတိ။</b><br>
<b>အန္နဒေါ</b> = အစာထမင်းကို ပေးလှူသောသူသည်၊ <b>ဗလဒေါ</b> = အားခွန်ဗလကို ပေးလှူသည်မည်သည်၊ <b>ဟောတိ</b> = ဖြစ်၏၊</p>
<p>[ပါဠိတော်ရစေ]</p>
<p>အဝတ်တန်ဆာကို ပေးလှူသောသူသည် အဆင်းအရောင်၏ ကောင်းခြင်းကို အထူးအကျိုးပေးတတ်၏၊</p>
<p><b>ဝတ္ထဒေါ ဝဏ္ဏဒေါ ဟောတိ။</b><br>
<b>ဝတ္ထဒေါ</b> = အဝတ်သင်္ကန်းကို ပေးလှူသောသူသည်၊ <b>ဝဏ္ဏဒေါ</b> = အဆင်းအရောင်ကို ပေးလှူသည်မည်သည်၊ <b>ဟောတိ</b> = ဖြစ်၏၊</p>
<p>[ပါဠိတော်ရစေ။]</p>
<p>“<b>ယာနံ</b> = ယာဉ်အလှူ” မည်သည်ကား ဘိနပ်, ခြေစွပ်ကိုလှူသည်၊ ယာဉ်မျိုး, ရထားမျိုးကိုလှူသည်၊ လှည်း, လှေ, ဖောင်, သင်္ဘောကိုလှူသည်၊ ဆင်, မြင်းကိုလှူသည်၊ မိမိ၌ရှိသော လှည်း, လှေတို့နှင့် သူတပါးတို့ကို လိုရာအရပ်သို့ ချမ်းသာစွာ ရောက်ပါစေခြင်းငှါ လှေကူးတို့, လှည်းကူးတို့ ပို့သည်၊ လှေခ, လှည်းခ, ရထားခ, သင်္ဘောခပေးလှူသည်၊ ဤအလှူစု သည် ယာဉ်အလှူမည်၏၊ ဤယာဉ်အလှူကို လှူသောဒါနသည် ဖြစ်လေ ရာဘဝတို့၌ ရောဂါခပ်သိမ်း အန္တရာယ်ခပ်သိမ်း ကင်းငြိမ်း၍ ဣရိယာပုထ် လေးပါးတို့၌ ချမ်းသာခြင်းကို အထူးပေးတတ်၏၊</p>
<p><b>ယာနဒေါ သုခဒေါ ဟောတိ။</b><br>
<b>ယာနဒေါ</b> = ယာဉ်အလှူကို လှူသောသူသည်၊ <b>သုခဒေါ</b> = ဣရိယာ ပုထ် လေးပါး ချမ်းသာခြင်းကို ပေးလှူသည်မည်သည်၊ <b>ဟောတိ</b> = ဖြစ်၏၊ [ပါဠိတော်ရစေ။]</p>
<p>ဆီမီးအရောင်အလင်းကို ပေးလှူသောဒါနသည် ဖြစ်လေရာ ဘဝတို့၌ မျက်စိအမျိုးမျိုးတို့ကို အထူးပေးတတ်၏၊ ပသာဒစက္ခု, ဒိဗ္ဗစက္ခု, ဓမ္မစက္ခု, ပညာစက္ခု, သမန္တစက္ခု, မျက်စိ အမျိုးမျိုး၊ မျက်စိအမြင်ထက် ကောင်းမြတ်သော အကျိုးမရှိပြီ။</p>
<p>ဇရပ်, တန်ဆောင်း, ကျောင်း, အရိပ်အာဝါသအလှူသည် အားခွန် ဗလ အဆင်းအရောင် ဣရိယာပထ သုခ အစရှိသော အလုံးစုံကို ပေးတတ်၏၊</p>
<p><b>သောစ သဗ္ဗဒဒေါ ဟောတိ၊ ယော ဒဒါတိ ဥပဿယံ။</b><br>
<b>ယော</b> = အကြင်သူသည်၊ <b>ဥပဿယံ</b> = သူအများမှီခိုရာ စရပ်, တန်စောင်း, ကျောင်း, အရိပ်, အာဝါသကို၊ <b>ဒဒါတိ</b> = ပေးလှူ၏၊ <b>သောစ</b> = ထိုသူသည်လည်း၊ <b>သဗ္ဗဒဒေါ</b> = အလုံးစုံကို ပေးလှူသည်မည်သည်၊ <b>ဟောတိ</b> = ဖြစ်၏၊</p>
<p>[ပါဠိတော်ရစေ။]</p>
<p>ဝတ္ထုပစ္စည်းအလှူစုတွင် သံဃိကကျောင်းအလှူထက် အကျိုးကြီး သောအလှူ မရှိပြီ။</p>
<p>၁၀-ပါးစု အဓိပ္ပါယ် ပြီး၏၊</p>
<hr>
<h3><b>၁၄-ပါးစုအဓိပ္ပါယ်</b></h3>
<p>၁၀။ ၁၄-ပါးစု၌- ပုဂ္ဂလိကအလှူ ၁၄-ပါးတို့တွင်<br>
၁။ <b>တိရစ္ဆာန် သတ္တဝါတို့အား</b> တစ်နပ်စာဝအောင် ကျွေးမွေး သောအလှူသည် ဘဝတစ်ရာတို့၌ <b>အာယု, ဝဏ္ဏ, သုခ, ဗလ, ပဋိဘာနဟူသော ကောင်းကျိုး ငါးပါးတို့ကို ပေး နိုင်၏</b>၊<br>
၂။ <b>လူဒုဿီလအား</b> တနပ်စာဝအောင် ပေးလှူလျှင် <b>ဘဝ တစ်ထောင်</b>,<br>
၃။ <b>သရဏဂုံမရှိသော သာသနာပ လူသီလဝန္တတို့အား</b> တစ်နပ်စာပေးလှူလျှင် <b>ဘဝတစ်သိန်း</b>,<br>
၄။ <b>စျာန်ရ ရသေ့တိုအား</b> တစ်နပ်စာပေးလှူလျှင် <b>ဘဝကုဋေ တစ်သိန်း</b>,<br>
၅။ <b>သရဏဂုံသီလရှိသော လူ-သာမဏေမှစ၍ သောတာ ပတ္တိမဂ်ပုဂ္ဂိုလ်တို့အား</b> ပေးလှူလျှင် <b>ဘဝအသင်္ချေ</b>, [သည်ကအထက် ဘဝအသင်္ချေချည်း၊ အသင်္ချေတွေကိုသာ အဆင့်ဆင့်ကြီးလေ။]<br>
ဤအလှူခံ ၁၄-ပါးတွင် ရဟန်းဒုဿီလပုဂ္ဂိုလ် မပါသောကြောင့် <b>ရဟန်းဒုဿီလသည် အလှူခံ ပုဂ္ဂိုလ်မထိုက်၊ လှူသူမှာကုသိုလ်မရဟု ဆိုကြကုန်၏</b>၊ ရဟန်းဒုဿီလသည် လူဒုဿီလထက် ဆယ်ပါးသော အကြောင်းတို့ဖြင့် ဆယ်ဆသာကြောင်း <b>မိလိန္ဒပဥှာ</b>တွင် လာသည်။ ဝေလာမသုတ်ပါဠိတော်၌ကား<br>
၁။ ခုနစ်နှစ်, ခုနစ်လ, ခုနစ်ရက် ပတ်လုံး ဇမ္ဗူဒီပါတကျွန်းလုံးကို ဘိတ်၍လှူဒါန်းသော ဝေလာမပုဏ္ဏား၏ အလှူထက် <b>သောတာပန် တစ်ယောက်အား ဆွမ်းတစ်နပ်စာ ကျွေးရသော အလှူသည် အကျိုးကြီး၏</b>၊<br>
၂။ သောတာပန်တစ်ရာအား ဆွမ်းကျွေးရသည်ထက် <b>သကဒါ ဂါမ်တစ်ယောက်အား ကျွေးမွေးရသော အလှူသည် အကျိုးကြီး၏</b>၊<br>
၃။ သကဒါဂါမ်တစ်ရာအား ကျွေးမွေးရသည်ထက် <b>အနာဂါမ် တစ်ယောက်အား ကျွေးမွေးရသောအလှူသည် အကျိုးကြီး၏</b>၊<br>
၄။ အနာဂါမ်တစ်ရာအား ကျွေးမွေးရသည်ထက် <b>ရဟန္တာ တစ်ပါးအား ကျွေးမွေးရသောအလှူသည် အကျိုးကြီး၏</b>၊<br>
၅။ ရဟန္တာတစ်ရာအား ဆွမ်းတစ်နပ်စာ ကျွေးမွေးရသည်ထက် <b>ပစ္စေကဗုဒ္ဓါတစ်ပါးအား ကျွေးမွေးရသော အလှူသည် အကျိုးကြီး၏</b>၊<br>
၆။ ပစ္စေကဗုဒ္ဓါတစ်ရာအား ကျွေးမွေးရသည်ထက် <b>သဗ္ဗညုတ ဘုရားတစ်ပါးအား ကျွေးမွေးရသော အလှူသည် အကျိုးကြီး၏</b>၊<br>
၇။ သဗ္ဗညုတဘုရားတစ်ပါးအား ကျွေးမွေးရသည်ထက် <b>ဘုရား အမှူးရှိသော သံဃာတော်တို့အား ကျွေးမွေး ရသောအလှူသည် အကျိုး ကြီး၏</b>၊<br>
၈။ ဘုရားအမှူးရှိသော သံဃာတော်တို့အား ကျွေးမွေးရသည် ထက် <b>စတုဒိသာ သံဃိကကျောင်းတစ်ခုကို ဆောက်လုပ်လှူဒါန်းမှုသည် အကျိုးကြီး၏</b>၊<br>
၉။ စတုဒိသာ သံဃိကကျောင်းကို ဆောက်လုပ်လှူဒါန်းရသည် ထက် <b>သရဏဂုံသုံးပါးကို ဆောက်တည်ရခြင်းသည် အကျိုးကြီး၏</b>၊<br>
၁၀။ သရဏဂုံသုံးပါး ဆောက်တည်ရခြင်းထက် <b>သရဏဂုံနှင့် တကွ ငါးပါးသီလ ဆောက်တည်ရခြင်းသည် အကျိုးကြီး၏</b>၊<br>
၁၁။ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလကို ဆောက်တည်ရခြင်း ထက် <b>နွားနို့တညှစ်ခန့် ကာလမျှပင် မေတ္တာတရားကို ပွားများရခြင်းသည် အကျိုးကြီး၏</b>၊<br>
၁၂။ မေတ္တာတရားကို ပွားများရသည်ထက် <b>အနိစ္စဘာဝနာတရား ပွားများရခြင်းသည် အကျိုးကြီးမြတ်လှ၏-ဟု ဟောတော်မူသည်</b>။ ဒါနကထာ အဓိပ္ပါယ်ပြီး၏၊<br>
ဒါနကထာ-ဒါနခန်းပြီး၏၊</p>
<hr>
<h3><b>သီလကထာ-သီလခန်း</b></h3>
<p><b>အယုတ်,အလတ်,အမြတ်ဖြစ်ပုံ<br>
သီလအဆင့်တန်း ခြားနားပုံ</b><br>
(က) ၁။ <b>ဟီနေန ဆန္ဒေန စိတ္တေန ဝီရိယေန ဝီမံသာယ ပဝတ္တိတံ ဟီနံ</b>။<br>
၂။ <b>မဇ္ဈိမေဟိ ဆန္ဒာဒီဟိ ပဝတ္တိတံ မဇ္ဈိမံ</b>။<br>
၃။ <b>ပဏီတေဟိ ပဏီတံ</b>။<br>
(ခ) ၁။ <b>ယသကာမတာယ ဝါ သမာဒိန္နံ ဟီနံ</b>။<br>
၂။ <b>ပုညဖလကာမတာယ မဇ္ဈိမံ</b>။<br>
၃။ <b>ကတ္တဗ္ဗမေဝိဒန္တိ အရိယဘာဝံ နိဿာယ သမာဒိန္နံ ပဏီတံ</b>။<br>
(ဂ) ၁။ <b>အဟမသ္မိ သီလသမ္ပန္နော၊ ဣမေ ပန ဘိက္ခူ ဒုဿီလာ ပါပဓမ္မာတိ ဧဝံ အတ္တုက္ကံသန ပရဝမ္ဘနာဒီဟိ ဥပက္ကိလိဋ္ဌံ ဝါ ဟီနံ</b>။<br>
၂။ <b>အနုပက္ကိလိဋ္ဌံ လောကိယသီလံ မဇ္ဈိမံ</b>။<br>
၃။ <b>လောကုတ္တရံ ပဏီတံ</b>။<br>
(ဃ) ၁။ <b>တဏှာဝသေန ဝါ ဘဝဘောဂတ္ထာယ ပဝတ္တိတံ ဟီနံ</b>။<br>
၂။ <b>အတ္တနော ဝိမောက္ခတ္ထာယ ပဝတ္တိတံ မဇ္ဈိမံ</b>။<br>
၃။ <b>သဗ္ဗသတ္တ ဝိမောက္ခတ္ထာယ ပဝတ္တိတံ ပါရမိတာ သီလံ ပဏီတံ</b>။<br>
<b>အပိစ ခေါ အညတရံ ဒေဝနိကာယံ ပဏိဓာယ ဗြဟ္မစရိယံ စရတိ၊ “ဣမိနာဟံ သီလေနဝါ ဝတေနဝါ တပေနဝါ ဗြဟ္မစရိယေနဝါ ဒေဝေါဝါ ဘဝိဿာမိ ဒေဝညတရောဝါ တိ” သော တဒဿာဒေတိ တန္နိကာမေတိ၊ တေနစ ဝိတ္တိံ အာပဇ္ဇတိ၊ ဣဒမ္ပိ ခေါ ဗြဟ္မဏ ဗြဟ္မစရိယဿ ခဏ္ဍမ္ပိ ဆိဒ္ဒမ္ပိ သဗလမ္ပိ ကမ္မာသမ္ပိ</b>။<br>
[သီလ၌ ဟီနဖြစ်ရန် အကြောင်းစုသည် ဒါနမှာလည်း ဟီနဖြစ်ရန်ပင် ဖြစ်၏၊ မဇ္ဈိမ ပဏီတ အတူတူ။]<br>
<b>အယုတ်,အလတ်,အမြတ်ဖြစ်ပုံပြီး၏</b>၊</p>
<hr>
<h3><b>၂-ပါးစုမာတိကာ</b></h3>
<p><b>အရကျက်ရန်</b><br>
၁။ <b>သီလံ</b>=သီလသည်<br>
(က) <b>ဂဟဋ္ဌ ပဗ္ဗဇိတတော</b>=<b>လူတို့သီလ, ရဟန်းတို့သီလ</b> ဟူ၍လည်းကောင်း။<br>
(ခ) <b>ဂဟဋ္ဌေ</b>=လူတို့၏ဂဟဋ္ဌသီလ၌၊ <b>နိစ္စာနိစ္စတော</b>=<b>အမြဲထိန်း ရသော ငါးပါးသီလ, အာဇီဝဋ္ဌမကသီလ, ဆယ်ပါးသီလဟူသော “နိစ္စ သီလ“၊ အမြဲတတ်နိုင်လျှင် အမြဲ, ရံခါတတ်နိုင်လျှင် ရံခါထိန်းရသော အဋ္ဌင်္ဂဥပုသ်ဟူသော “အနိစ္စသီလ”ဟူ၍လည်းကောင်း</b>။<br>
(ဂ) <b>စာရိတ္တ ဝါရိတ္တတော</b>=<b>ထိန်းနိုင်လျှင် အကျိုးရှိ၍၊ မထိန်း နိုင်လျှင် အပြစ်မရှိသော ဝိကာလဘောဇန သိက္ခာပုဒ်စသော “စာရိတ္တသီလ“၊ ထိန်းနိုင်လျှင် အကျိုးကြီးလှ၍ မထိန်းနိုင်လျှင် အပြစ်ကြီး လှသော ပါဏာတိပါတ သိက္ခာပုဒ်စသော “ဝါရိတ္တ သီလ” ဟူ၍လည်း ကောင်း</b>။<br>
(ဃ) <b>နိဿိတာ နိဿိတတော</b>=<b>တဏှာဒိဋ္ဌိနှင့်ယှဉ်သော “နိဿိတသီလ“၊ တဏှာ, ဒိဋ္ဌိနှင့်မယှဉ်သော “အနိဿိတသီလ” ဟူ၍ လည်းကောင်း</b>။<br>
(င) <b>လောကိယ လောကုတ္တရတော</b>=<b>“လောကိယသီလ, လောကုတ္တရာသီလ” ဟူ၍လည်းကောင်း</b>။<br>
<b>ဒုဝိဓံ</b>= <b>၂-ပါး, ၂-ပါး အပြားရှိ၏</b>၊<br>
<b>နှစ်ပါးစု မာတိကာပြီး၏</b>၊</p>
<hr>
<h3><b>၃-ပါးစုမာတိကာ</b></h3>
<p>၂။ <b>သီလံ</b>=သီလသည်<br>
(က) <b>ဟီန မဇ္ဈိမ ပဏီတတော</b>=<b>ယုတ်ညံ့သော “ဟီနသီလ“၊ အလယ်ဖြစ်သော “မဇ္ဈိမသီလ“၊ အမြတ်ဖြစ်သော “ပဏီတ သီလ”ဟူ၍ လည်းကောင်း</b>။<br>
(ခ) <b>အတ္တ လောက ဓမ္မာဓိပတေယျတော</b>=<b>ဒါန၌ကဲ့သို့ မိမိ ကိုယ်ကို အလေးပြု၍ဖြစ်သော “အတ္တာဓိပတေယျသီလ“၊ လောကကို အလေးပြု၍ဖြစ်သော “လောကာဓိပတေယျသီလ“၊ သူတော်ကောင်း တရားကို အလေးပြု၍ဖြစ်သော “ဓမ္မာဓိပတေယျသီလ” ဟူ၍ လည်း ကောင်း</b>။<br>
(ဂ) <b>ပရာမဋ္ဌာဒိတော</b>=<b>တဏှာ, ဒိဋ္ဌိသုံးသပ်သော “ပရာမဋ္ဌသီလ“၊ တဏှာ, ဒိဋ္ဌိမသုံးသပ်သော “အပရာမဋ္ဌသီလ“၊ ကိလေသာငြိမ်းပြီးသော “ပဋိပဿဒ္ဓိသီလ”ဟူ၍လည်းကောင်း</b>။<br>
<b>တိဝိဓံ</b>= <b>၃-ပါး, ၃ပါးအပြားရှိ၏</b>၊<br>
<b>၃-ပါးစု မာတိကာ-ပြီး၏</b>၊</p>
<hr>
<p>၃။ <b>သီလံ</b>=သီလသည်<br>
(က) <b>ဟာန ဘာဂိယာဒိတော</b>=<b>ဆုတ်ယုတ်ခြင်း အဖို့ရှိသော “ဟာနဘာဂိယသီလ“၊ တည်တံ့ခြင်း အဘို့ရှိသော “ဌိတိ ဘာဂိယသီလ“၊ တိုးတက်ခြင်း အဖို့ရှိသော “ဝိသေသဘာဂိယသီလ“၊ ထိုးထွင်း၍သိခြင်း အဖို့ရှိသော “နိဗ္ဗေဓဘာဂိယသီလ”ဟူ၍လည်းကောင်း</b>။<br>
(ခ) <b>ပကတိယာဒိတော</b>= <b>ပကတိသီလ, အာစာရသီလ, ဓမ္မတာ သီလ, ပုဗ္ဗဟေတုကသီလဟူ၍ လည်းကောင်း</b>။<br>
<b>စတုဗ္ဗိဓံ</b>= <b>၄-ပါး, ၄-ပါး အပြားရှိ၏</b>၊<br>
<b>၄-ပါးစုမာတိကာ-ပြီး၏</b>၊</p>
<hr>
<h3><b>၅-ပါးစုမာတိကာ</b></h3>
<p>၄။ <b>သီလံ</b>=သီလသည်<br>
(က) <b>ဝေရမဏိယာဒိတော</b>=<b>ဝိရတိသီလ, စေတနာသီလ, စေတသိကသီလ, သံဝရသီလ, အဝီတိက္ကမသီလ ဟူ၍ လည်းကောင်း</b>။<br>
(ခ) <b>ပဉ္စင်္ဂတော</b>=<b>သတ်မှုမှ ကြဉ်ရှောင်ခြင်း, ခိုးမှုမှ ကြဉ်ရှောင်ခြင်း, မလွန်ကျူးအပ်သော နှစ်ကျိပ်သော မိန်းမမှ ကြဉ်ရှောင်ခြင်း, မုသားမှ ကြဉ်ရှောင်ခြင်း, ယစ်မျိုးမှ ကြဉ်ရှောင်ခြင်းဟူသော အင်္ဂါအားဖြင့်လည်း ကောင်း</b>။<br>
၅။ (က) ၁။ <b>ပါဏာတိပါတာ</b>=အသက်သတ်မှုမှ၊ <b>ဝေရမဏီ</b>=ကြဉ်ရှောင် ခြင်း လည်းတစ်ပါး။<br>
၂။ <b>အဒိန္နာဒါနာ</b>=အရှင်မပေးသော ဥစ္စာကို ခိုးယူမှုမှ၊ <b>ဝေရ မဏီ</b>=ကြဉ်ရှောင်ခြင်းလည်းတစ်ပါး။<br>
၃။ <b>ကာမေသုမိစ္ဆာစာရာ</b>=ဗောဋ္ဌဗ္ဗအာရုံ ကာမဂုဏ်တို့၌ မှား ယွင်းသောအကျင့်မှ၊ <b>ဝေရမဏီ</b>=ကြဉ်ရှောင်ခြင်းလည်း တစ်ပါး။<br>
၄။ <b>မုသာဝါဒါ</b>=မဟုတ်စကားပြောဆိုခြင်းမှ၊ <b>ဝေရမဏီ</b>=ကြဉ် ရှောင်ခြင်းလည်းတစ်ပါး။<br>
၅။ <b>ပိသုဏဝါစာ</b>=ကုန်းတိုက်စကားပြောဆိုခြင်းမှ၊ <b>ဝေရမဏီ</b>= ကြဉ်ရှောင်ခြင်းလည်းတစ်ပါး။<br>
၆။ <b>ဖရုသဝါစာ</b>=အကြမ်းအတန်း ပြောဆိုမှုမှ၊ <b>ဝေရမဏီ</b>=ကြဉ် ရှောင်ခြင်းလည်းတစ်ပါး။<br>
၇။ <b>သမ္ဖပ္ပလာပါ</b>=ပစ္စုပ္ပန်အကျိုး သံသရာအကျိုး မရှိသော ရာမ, အီနောင်, ငွေတောင်, ဘာရတ စသော ဒဏ္ဍာရီစကား မျိုးကို ပြောဆိုမှုမှ၊ <b>ဝေရမဏီ</b>=ကြဉ်ရှောင်ခြင်းလည်း တစ်ပါး။<br>
၈။ <b>မိစ္ဆာဇီဝါ</b>=ယုတ်မာသော အသက် မွေးမှုမှ၊ <b>ဝေရမဏီ</b>=ကြဉ် ရှောင်ခြင်းလည်းတစ်ပါး။<br>
<b>ဣတိ</b>=ဤသို့၊ <b>အာဇီဝဋ္ဌမကဝသေန</b>=အာဇီဝလျှင် ရှစ်ခုမြောက် ရှိသော နိစ္စသီလ၏ အစွမ်းအားဖြင့်လည်းကောင်း။<br>
(ခ) <b>ဥပေါသထဝသေန</b>=အင်္ဂါရှစ်ပါးရှိသော ဥပေါသထသီလ၏ အစွမ်းအားဖြင့်လည်းကောင်း၊ <b>အဋ္ဌဝိဓံ</b>=<b>၈-ပါး, ၈-ပါး အပြားရှိ၏</b>၊<br>
(ဂ) <b>ပုန</b>=တစ်ဖန်၊ <b>ဥပေါသထေ</b>=အဋ္ဌင်္ဂဥပုသ်၌၊ <b>ပါကတိကံ</b>= ပကတိ ဥပုသ်နေ့၌ စောင့်ထိန်းသော <b>“အဋ္ဌင်္ဂဥပုသ်”</b> ဟူ၍လည်းကောင်း၊ <b>ပါဋိဟာရိယံ</b>=လေးလတန်သည် သုံးလတန်သည် နှစ်လတန်သည် တစ်လ တန်သည် တစ်ပက္ခတန်သည် အမြဲစောင့်ထိန်းသော <b>“ပါဋိဟာရိယ ဥပုသ်”</b> ဟူ၍လည်းကောင်း၊ <b>ပဋိဇာဂရံ</b>=အကြိုရက် အပိုရက်တို့၌ စောင့်ထိန်းသော <b>“ပဋိဇာဂရဥပုသ်”</b>ဟူ၍လည်းကောင်း၊ <b>အဋ္ဌဝိဓံ</b>= <b>၈- ပါး, ၈-ပါး အပြားရှိ၏</b>၊<br>
(ဃ) <b>ပုန</b>=တစ်ဖန်၊ <b>ဂေါပါလကံ</b>=နွားငှါးကျောင်းသော သူ၏ အမှုနှင့်အလားတူသော <b>“ဂေါပါလဥပုသ်”</b> ဟူ၍လည်းကောင်း၊ <b>နိဂဏ္ဌကံ</b>= နိဂဏ္ဌတက္ကတွန်းတို့၏ ဥပုသ်နှင့်တူသော <b>“နိဂဏ္ဌဥပုသ်”</b> ဟူ၍လည်း ကောင်း၊ <b>အရိယကံ</b>=အရိယာတို့၏ ဥပုသ်နှင့်တူသော အရိယာတို့၏ဥပုသ် ဟူ၍လည်းကောင်း၊ <b>အဋ္ဌဝိဓံ</b>=<b>၈-ပါး, ၈-ပါး အပြားရှိ၏</b>၊<br>
<b>ပဉ္စဝိဓံ</b>= <b>၅-ပါး, ၅-ပါး အပြားရှိ၏</b>၊ <b>၅-ပါးစုမာတိကာ-ပြီး၏</b>၊</p>
<hr>
<p><b>၈-ပါးစုမာတိကာ-ပြီး၏</b>၊</p>
<hr>
<h3><b>၉-ပါးစုမာတိကာ</b></h3>
<p>၆။ <b>နဝင်္ဂုပေါသထဝသေန</b>=မေတ္တာဘာဝနာနှင့်တကွ အင်္ဂါကိုးပါး ရှိသော နဝင်္ဂဥပုသ်၏ အစွမ်းအားဖြင့်၊ <b>နဝဝိဓံ</b>=<b>ကိုးပါး အပြားရှိ၏</b>၊<br>
<b>၉-ပါးစုမာတိကာ-ပြီး၏</b>၊</p>
<hr>
<p>၇။ <b>ဒသန္နံ</b>=ဆယ်ပါးကုန်သော၊ <b>ဒုစ္စရိတာနံ</b>=ဒုစ္စရိုက်တို့ကို၊ <b>ပဟာန ဝသေန</b>=ပယ်စွန့်သည်၏ အစွမ်းအားဖြင့်၊ <b>စတ္တာလီသဝိဓံ</b>= <b>လေးဆယ် အပြားရှိ၏</b>၊ <b>တံ</b>=ထိုဂဟဋ္ဌသီလအပြားကို၊ <b>ဒေသေန္တံ</b>=ဟောတော်မူသော မြတ်စွာဘုရားကို၊ <b>အဟံ</b>=အကျွန်ုပ်သည်၊ <b>နမာမိ</b>=ရှိခိုးပါ၏၊<br>
[ဒုစ္စရိုက်တို့၌ မနောကံသုံးပါးကို သီလအပြား၌ သွင်းလိုက်သည်ကား သီလအစစ်ဖြစ်၍ သွင်းသည်မဟုတ်၊ မနောကံ သီလဟူ၍မရှိ၊ ဒုစ္စရိုက်တို့ကို အစုံအလင် ထုတ်ပြ၍ သွင်းလိုက်သည်၊ ဒုစ္စရိုက်လေးဆယ်ဆိုသည်ကား ဒုစ္စရိုက်ဆယ်ပါးတွင် တစ်ပါးပါး၌ ကိုယ်တိုင်ပြုခြင်း, သူတစ်ပါးကိုစေခိုင်းခြင်း, ထိုဒုစ္စရိုက်မှုကို ချီးမွှမ်းခြင်း, ထိုဒုစ္စရိုက်မှုကို နှစ်သက်ခြင်းဟူ၍ ၄-ပါး, ၄-ပါး စီပွား၍ ဒုစ္စရိုက်လေးဆယ် ဖြစ်သတည်း။]<br>
<b>၄၀-ပါးစုမာတိကာပြီး၏</b>၊<br>
<b>သီလကထာ-သီလခန်းပြီး၏</b>၊</p>
<hr>
<h3><b>ဓမ္မဝိနယစာတမ်းရှင်းလင်းချက်</b></h3>
<p><b>ဇယတု</b>။ ဓမ္မဝိနယကျမ်းစာ ၁၉-နံပါတ်တွင်ပါဝင်သော ဒါနသည်<br>
၁။ <b>အကျိုးဖလကိုသာ ရသောဒါန</b>,<br>
၂။ <b>အကျိုးဖလကို မရသောဒါန</b>,<br>
၃။ <b>အကျိုးဖလကိုမျှ မရသည့်ပြင် အလှူခံ, အလှူပေးနှစ်ပါးလုံး သာသနာဖျက်ဖြစ်၍ အဝီစိငရဲသို့ သွားကြရသော ဒါန-ဟူ၍ သုံးပါး အပြားရှိသည် ဆိုပြီးလျှင်</b><br>
<b>ဒုတိယဒါနစိစစ်ပုံ</b><br>
အကျိုးဖလမျှ မရသောဒုတိယဒါန၏ အကျယ်သရုပ်ကို ထုတ်ပြရာ၌<br>
၁။ <b>အလှူခံပုဂ္ဂိုလ်က အလဇ္ဇီလည်းဖြစ်စေ</b>,<br>
၂။ <b>အလှူပေးဒါယကာကလည်း မိစဉ်ဘဆက်ပင် မဟာဂီရိ နတ်ကို ကိုးကွယ်ဘိသကဲ့သို့ မိမိတို့အစဉ်အဆက် ကိုးကွယ်ရင်းဖြစ်၍ အမှတ်တမဲ့ လှူဒါန်းသည်လည်း ဖြစ်စေ, ထိုဒါနသည် အနည်းငယ်သော အကျိုးဖလမျှကို မရသောဒါန မှတ်ရမည်</b>”<br>
ဟု ပြပေ၏၊ ထိုစကားသည် ကျမ်းဂန်တို့၌အဆိုမရှိ၊ <b>အတ္တနော မတိ မိမိသဘောအရကို ပြဆိုချက်သာဖြစ်သည်</b>၊ အတ္တနောမတိပင် ဖြစ်သော်လည်း ကျမ်းဂန်တို့နှင့် နှီးနှော၍ညီညွတ်ပေလျှင် ယူထိုက် မှတ်ထိုက်ပါ၏၊</p>
<hr>
<h3><b>မိရိုးဖလာနတ်ကိုးကွယ်မှု</b></h3>
<p>ကျမ်းဂန်တို့နှင့် ညီညွတ်သည် မညီညွတ်သည်ကို စစ်တမ်း ထုတ်၍ ပြလိုက်အံ့။<br>
၁။ <b>မဟာဂီရိအစရှိသော မိရိုးဘလာ ကိုးကွယ်ကြသော နတ်များ ကို အရိုးအစဉ်မပျက် ကိုးကွယ်ခြင်းအမှုသည် လူတို့၌ ကောင်းကျိုးစီးပွား ဖြစ်ထွန်းရန် အမှုတစ်ခု ဖြစ်ကြောင်းကို အင်္ဂုတ္တိုရ်ပါဠိတော်တွင် ဟော တော်မူသည် တစ်ချက်</b>။<br>
၂။ <b>ရွာစောင့်နတ်, မြို့စောင့်နတ်, တိုင်းစောင့်နတ်, ပြည်စောင့် နတ်တို့ကို အစဉ်အလာမပျက်ရအောင် ကိုးကွယ်ကြသော မြို့ရွာတိုင်း ပြည်များသည် အကျိုးစီးပွား မဆုတ်မယုတ်နိုင်သော “အပရိဟာနိယဓမ္မ” တစ်ပါးဖြစ်ကြောင်းကို မဟာပရိနိဗ္ဗာနသုတ်၌ ဟောတော်မူသည် တစ်ချက်</b>။<br>
၃။ <b>တသ္မာ ဟိ ဘူတာ နိသာမေထ သဗ္ဗေ၊<br>
မေတ္တံ ကရောထ မာနုသိယာ ပဇာယ၊<br>
ဒိဝါစ ရတ္တောစ ဟရန္တိ ယေ ဗလိံ</b><br>
ဟူ၍ <b>နေ့နေ့ညည ပူဇော်သက္ကာရများကို ဆောင်ယူပူဇော်ကြ ပေကုန်သောလူတို့အား နတ်အပေါင်းတို့ သည် ချစ်ခြင်း မေတ္တာကို ပြုကြပေကုန်လော့-ဟု ရတနသုတ်တွင် ဟောတော်မူသည်တချက်</b>။<br>
၄။ <b>ယာ တတ္ထ ဒေဝတာ အာသုံ၊ တာသံ ဒက္ခိဏမာဒိသေ</b>။<br>
<b>တာ ပူဇိတာ ပူဇယန္တိ၊ မာနိတာ မာနယန္တိ နံ</b>။<br>
<b>ဒေဝတာနုကမ္ပိတော ပေါသော၊ သဒါ ဘဒြာနိ ပဿတိ</b><br>
ဟူ၍ <b>လူတို့သည် အိမ်သစ်တက်သောအခါ ရဟန်းသံဃာ တော်များကို လှူဒါန်းကျွေးမွေးရာ မဟာဂီရိအစရှိသော အိမ်စောင့် နတ်များကို အမျှဝေရမည်၊ ငါတို့ကို အမျှဝေပေသည်ဟူ၍ ထိုအိမ်ရှင် တို့ကို အိမ်စောင့်နတ်က ဘေးကင်းအောင်, အန္တရာယ်ကင်းအောင် စောင့်ရှောက်ခြင်းဖြင့် ထိုအိမ်ရှင်တို့ကို တစ်ဖန် ပူဇော်ကြကုန်သည်၊ မြတ်နိုးတနာ ပြုကြကုန်သည်၊ ထိုနတ်တို့သည် ချစ်ကြင်သနား၍ စောင့်ရှောက်ကုန်သည်ရှိသော် ထိုအိမ်ရှင်တို့သည် အခါခပ်သိမ်း ကောင်းမြတ်သောမင်္ဂလာ ကျက်သရေတို့ကိုသာ မြင်ရတွေ့ရ ကြုံရကုန် သည်ဟု ဟောတော်မူသည်-တစ်ချက်</b>။<br>
<b>ဤသို့လျှင် လူတို့၏ကောင်းကျိုးစီးပွား များမြတ်ရာသော တရားတို့ကို ဟောတော်မူသော မြတ်စွာဘုရား သည် မဟာဂီရိစသော မိရိုးဘလာ ကိုးကွယ်ကြသောနတ်များကို အစဉ်အလာ မပျက်ရအောင် ကိုးကွယ်ပူဇော်ကြသောအမှုကို သုတ္တန်အရပ်ရပ်တို့၌ ချီးမွမ်းတော်မူသည်၊ အစဉ်အလာ ကိုးကွယ်မြဲတိုင်း မကိုးကွယ်ကြသော လူတို့အား အကျိုး စီးပွား ဆုတ်ယုတ်ရန် အကြောင်းတစ်ခု ဖြစ်ကြောင်းကိုလည်း “မဟာ ပရိနိဗ္ဗာနသုတ်“၌ ဟောတော်မူသည်</b>။<br>
<b>မဟာဂီရိစသောနတ်တို့ကို အစဉ်အလာ မပျက်ရအောင် ကိုးကွယ်မှု-ဟူသည်လည်း ထိုနတ်တို့သည် သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်တို့နှင့် ပြည်စုံကြပေကုန်သည်-ဟု ဒက္ခိဏေယျအနေနှင့် ကိုးကွယ်ရသည်လည်း မဟုတ်၊ ကံကိုလုံးလုံး လွှတ်၍ ထိုနတ်တို့သည်သာ ကောင်းကျိုး, မကောင်းကျိုးကို ပေးနိုင်သည်-ဟု ကိုးကွယ်ရသည်လည်း မဟုတ်၊ လောက၌ အနာရောဂါ မကပ်မရောက်ပါစေခြင်းအကျိုးငှာ ဆေးသမားကြီးများကို ကိုးကွယ်ကြရသကဲ့သို့, ဥစ္စာပစ္စည်း ပေါများစေခြင်း အကျိုးငှာ သူဌေးကြီး သူကြွယ်ကြီးများကို ကိုးကွယ်ကြရသကဲ့သို့, ခပ်သိမ်းသောစည်းစိမ် ကြက်သရေတို့ကို ရပါစေခြင်းငှာ မင်းစိုးရာဇာ တို့ကို ကိုးကွယ်ကြရသကဲ့သို့ ကိုးကွယ်သည်သာ ဖြစ်သတည်း</b>။<br>
<b>ကောင်းကောင်းတတ်ပေသော ဆေးသမားကြီးများကို ကောင်းစွာကိုးကွယ်လျှင် ရောဂါပျောက်ငြိမ်းမှု, သူဌေးကြီး သူကြွယ်ကြီး များကို ကောင်းစွာကိုးကွယ်ဆည်းကပ်လျှင် ပစ္စည်းဥစ္စာဖြစ်ထွန်းမှု, မင်းစိုးရာဇာတို့ကို ကောင်းစွာကိုးကွယ်လျှင် ခစားလျှင် စည်းစိမ် ကျက်သရေတို့ကို ခံစံရမှုများသည်လည်း လောကမျက်မြင်ပင် ဖြစ်ကြ သည်၊ မင်းစိုးရာဇာတို့ကို မရိုမသေ ပြုကျင့်လျှင် စည်းစိမ်ဥစ္စာ ပျက်စီးမှု, အသက်ခန္ဓာ ပျက်စီးမှုများသည်လည်း လောက၌ မျက်မြင်ပင်ဖြစ် ကြသည်</b>။<br>
<b>အချို့သောလူပြိန်းတို့သည် ထိုအစဉ်အလာ ကိုးကွယ်ရိုးဖြစ်သော နတ်များကို ကိုးကွယ်ရမည်, ရိုသေရ မည်ဆိုလျှင် ကံကိုသာအားကိုး၍ ထိုသို့သော ကိုးကွယ်ရိုသေမှုများကို လုံးလုံးပစ်ပယ်ကြကုန်၏၊ ထိုသူ တို့သည် မင်းစိုးရာဇာတို့ အမိန့်အာဏာ နှင့်စပ်လျှင် ကံကိုသာ အားကိုး၍ မနေဝံ့၊ ယခု သေရတော့မည်လောက်ကြောက်ရွံ့ကြကုန်၏</b>၊<br>
<b>အကြောင်းမှာမူကား မင်းစိုးရာဇာတို့ အမျက်ထွက်၍ အသက် ခန္ဓာ ဆုံးရှုံးမှု, စည်းစိမ်ဥစ္စာ ဆုံးရှုံးမှုများကို မျက်မြင်ဖြစ်၍ ကြောက်ရွံ့ကြ ကုန်သည်၊ နတ်တို့အမျက်ထွက်၍ အသက်ခန္ဓာ ဆုံးရှုံးမှု, စည်းစိမ်ဥစ္စာ ဆုံးရှုံးမှုများကိုမူကား နတ်ကောင်နှင့်တကွ မမြင်ရ၍ ထိုလူပြိန်းတို့ မကြောက်ကြကုန်သည်</b>။<br>
[ဤစကားရပ်တို့ကား ဤကျမ်းစာ၌ အကျိုးမရှိသော ဒါနကိုပြရာဝယ် မိရိုးဘလာ ကိုးကွယ်သော မဟာဂီရိနတ်ကို ကိုးကွယ်မှုကို ဥပမာပြု၍လာသောကြောင့် ဤကျမ်းစာကို ကြည့်ရှုသော လူပြိန်းတို့သည် ထိုမဟာဂီရိနတ်များကို မရိုမသေ ပြုမိကြချေလျှင် မိမိတို့ အသက်ခန္ဓာ, သားငယ် မြေးငယ်တို့ အသက်ခန္ဓာ, ဥစ္စာစည်းစိမ် ဆုံးပါးခြင်းသို့ ရောက်ရာ သော အချက်ကြီးတစ်ခုဖြစ်ချေ၍ အသေအချာပြလိုက်သော စကားရပ်တည်း။]</p>
<hr>
<h3><b>အလဇ္ဇီပုဂ္ဂိုလ်ကို လှူဒါန်းမှု</b></h3>
<p>“<b>မိမိတို့အစဉ်အလာ ကိုးကွယ်ရင်းဖြစ်၍ အလဇ္ဇီပုဂ္ဂိုလ်ကိုပင် အမှတ်တမဲ့ လှူဒါန်းခဲ့သည်လည်းဖြစ်စေ</b>”ဟု အကျိုးမရှိသော အင်္ဂါ တစ်ပါးကို ပြရာ၌<br>
<b>အလဇ္ဇီမှန်းသိလျက် လှူဒါန်း၍နေလျှင်သာ အကျိုးမရှိ ဆိုလျှင် ဆိုရမည်၊ အလဇ္ဇီမှန်းမသိဘဲ အမှတ်တမဲ့ လှူဒါန်း၍နေသည်မှာ အဘယ့်ကြောင့် အကျိုးမရှိဘဲ ရှိအံ့နည်း၊ အလဇ္ဇီမှန်းသိလျက်ပင် လှူဒါန်း စေဦးတော့၊ တစ်ပါးသော လဇ္ဇီရဟန်းတို့နှင့် ဘက်ပြိုင်နိုင်စေခြင်းငှာ တစ်ပါးသော လဇ္ဇီရဟန်းတို့၏ အနှိပ်အကြိတ်ကို ခုခံနိုင်စေခြင်း အကျိုးငှာ ဟု မသင့်သောနှလုံးသွင်းခြင်းဖြင့် လှူဒါန်း၍နေလျှင်သာ အကျိုးမရှိ အပြစ်သာရှိသည်-ဟု ဆိုခွင့်ရှိသည်</b>။<br>
<b>ဤရဟန်းသည် မည်သည့် သိက္ခာပုဒ်ကို သိလျက်နှင့်လွန်ကျူး၍ နေသောကြောင့် ထိုသိက္ခာပုဒ်အတွက် အလဇ္ဇီဧကန်ဖြစ်၍နေ၏၊ သို့သော်လည်း မလွန်ကျုးဘဲ အမြဲတည်၍နေသော သိက္ခာပုဒ်တို့သည် လည်း ထိုပုဂ္ဂိုလ်မှာ အရာမကများလျက်ရှိပေသေးသည်၊ ထိုရှိ၍နေသော သိက္ခာပုဒ်တို့တွင်လည်း တစ်ခုခုသောသိက္ခာပုဒ်တော်သည်ပင်လျှင် အဘိုးအနဂ္ဃထိုက်တန်လှပေသေးလျက်ရှိသည်-ဟု မြတ်စွာဘုရား ပညတ်တော်မူသော တစ်ခုခုသော သိက္ခာပုဒ်ဂုဏ်ကျေးဇူးကိုသိ၍ ထိုမလွန်ကျူးဘဲတည်နေသော သိက္ခာပုဒ်တို့၏အတွက် သဒ္ဓါတရား မပျက် လှူဒါန်း၍နေပေမူကား အသင်္ချေယျ, အပ္ပမေယျအကျိုးပေး မည်ပင် ဖြစ်သတည်း</b>။<br>
<b>ဥပမာကား</b>။ အညာမိုးကုတ် ကျောက်တွင်း၌ အချို့သော မြကျောက်ကြီးများသည် အပေါ်ရံပြင်ပ၌ အကာဖုံးအုပ်၍နေ၏၊ အတွင်း၌ကား အဘိုးအနဂ္ဃထိုက်တန်သော အရည်အသွေးရှိ၏၊ မျက်စိ အားနည်းသော ပါဒရက်သည် ကျောက်တူးသမားသည် ထိုကျောက်ကို တွေ့လျှင် အပေါ်ရံအကာသက်သက်ကိုသာမြင်၍ အတွင်း၌ရှိသော အရည်အသွေးတို့ကို မမြင်ခြင်းကြောင့် အဘိုးမတန်ထင်မှတ်လျက် လွတ်ရာသို့ဖယ်ရှား၍ ထား၏၊ မျက်စိအမြင်ကောင်းသော ကျောက်တူး သမားသည် ထိုကျောက်ကိုတွေ့မြင်၍ ကြည့်ရှုလေရာ အပေါ်ရံ အကာကို ဖောက်ပြီးလျှင် အတွင်း၌ပြည့်သော အရည်အသွေးတို့ကို တွေ့မြင်၍ ဆောင်ယူခွဲစိတ် ရောင်းချလေရာ များစွာသော ရွှေ, ငွေ, ဥစ္စာတို့ကိုရ၍ ကြွယ်ဝချမ်းသာလေ၏၊<br>
<b>ဤအတူ ရဟန်းတို့မှာ “နဝကောဋိသဟဿာနိ“အစရှိသော ဝိသုဒ္ဓိမဂ်အဋ္ဌကထာပါဌ်နှင့်အညီ ကုဋေကိုးထောင်မျှမကသော သိက္ခာပုဒ်တော်တို့သည် ဉတ်ကမ္မဝါစာဘတ်ရွတ်၍ ပြီးဆုံးသည်နှင့် တပြိုင်နက် တည်ကုန်၏၊ ပညာမျက်စိ အားနည်းလှသော လူရှင်တို့သည် မြကျောက်မှအကာနှင့်တူသော ပျက်စီး၍နေသော သိက္ခာပုဒ် ငယ်များ တွင်သာ မျက်စိဆုံး၍ မပျက်မစီးတည်နေသော ကုဋေကိုးထောင်မျှ မကသော သိက္ခာပုဒ်တော်တို့ကိုမူကား မမြင်ကြကုန်။ သဒ္ဓါဗလ, ပညာဗလနှင့်ပြည့်စုံသော သူတို့သည်မူကား မြင်နိုင်ကြကုန်သည် ဖြစ်၍ ထိုအလဇ္ဇီကိုပင် ကြည်ညိုသောစိတ်ဖြစ်နိုင်ကြကုန်၏</b>၊<br>
<b>တစ်နည်းလည်း</b>။ <b>အလဇ္ဇီကို လှူသောဒါနသည် အကျိုးမကြီး၊ လဇ္ဇီ ပုဂ္ဂိုလ်ကိုလှူမှ အကျိုးကြီးသည်ဟု အကျိုးကိုခင်မင်၍ ရွေးချယ်ချက် နှင့် တကွလှူဒါန်းသောဒါနသည် “ပုညဖလကာမတာယ ဟီနံ”ဟူသော ဝိသုဒ္ဓိ မဂ်အဋ္ဌကထာပါဌ်နှင့်အညီ သီလမှာကဲ့သို့ ဟီနဒါနသာဖြစ် ချေသည်၊ ပါရမီမြောက်သော ဒါနပင်မဟုတ်ချေ၊ ပုညာဘိသင်္ခါရအစစ် ဖြစ်ချေသည်၊ သံသရာဝဋ်မှ ထွက်မြောက်အောင် ဆောင်နိုင်သောဒါန မဟုတ်ချေ- ဟု အလိမ္မာဉာဏ် အမြင်သန်၍ လဇ္ဇီ, အလဇ္ဇီဟူ၍လည်း အမှုမစိုက်၊ အကျိုးကြီးသည်, မကြီးသည်ဟူ၍လည်း အမှုမစိုက်၊ အလှူခံပုဂ္ဂိုလ်ဆိုလျှင် အယုတ်အလတ် အမြတ်မရွေး လှူနိုင်စွန့်နိုင်သော ပါရမီဒါနကိုသာ အလေးပြုလျက် အမှတ်တမဲ့ လှူဒါန်း၍နေသော ဒါနသည် အလောင်းအလျာတို့၏ အလေ့အလာ ပါရမီမြောက်သော ဒါနပင်ဖြစ်ပေရကား အကျိုးမရှိ မဆိုသာပေ</b>။<br>
<b>ထိုစကားမှန်၏၊ ပုညဖလ-ဟု ဆိုအပ်သောအကျိုးကို အလိုရှိ လှ၍ လှူကြသော ဟီနဒါနရှင်တို့မှာသာ လဇ္ဇီ, အလဇ္ဇီ အမှုစိုက်ဘွယ် ရှိကြသည်၊ အကျိုးကြီးမှုအတွက်နှင့် လဇ္ဇီ, အလဇ္ဇီရွေးချယ်၍ လဇ္ဇီပုဂ္ဂိုလ် ကို လှူဒါန်းကြသောဒါနစုသည် ဟီနဒါနချည်းသာတည်း၊ ပါရမီမြောက် သော ဒါနစုပင် မဟုတ်၊ သံသရာဝဋ်မှ ကျွတ်လွတ်စေတတ်သော ဒါနစုပင် မဟုတ်၊ “ပုည ဖလကာမတာယ ဟီနံ”ဟူသော ဝိသုဒ္ဓိမဂ် သီလနိဒ္ဒေသ ကို ရှုကြလေ</b>။<br>
<b>ပုညဖလကာမတာယ</b>=ကောင်းမှုအကျိုးကို အလိုရှိခြင်းကြောင့်၊ <b>သမာဒိန္နံ</b>=ဆောက်တည်အပ်သော သီလသည်၊ <b>ဟီနံ</b>=ဟီနသီလမည်၏၊<br>
[အနက်နှင့်သီလ အတူတူပင်]<br>
<b>ယခုကာလ အချို့သောလူ- ရှင်တို့သည် ဤဝိသုဒ္ဓိမဂ်အဋ္ဌ ကထာကို သတိမထားမိကြကုန်သည်ဖြစ်၍ အကျိုးကြီး မကြီးအတွက်နှင့် လဇ္ဇီ, အလဇ္ဇီ ရွေးချယ်မှုများကို အလွန်အလေးပြုကြကုန်၏၊ ဟီနဒါနကို အားပြုမှုသာ ဖြစ်သတည်း၊ ထို့ကြောင့် သံသရာဝဋ်မှ ကျွတ်လွတ်တဲ့ရန် ပါရမီဒါနမြောက် လှူသောသူတို့သည် ဒါနအတွက် အကျိုးကြီးမှု, မကြီး မှုကို အကြောင်းပြု၍လဇ္ဇီ, အလဇ္ဇီရွေးချယ်မှုများကို ဝေးစွာကြဉ်ရှောင်၍ ဖလအကျိုးကို မငြိမတွယ်ဘဲ ကျွတ်ကျွတ်လွတ်လွတ် ဝံ့ဝံ့ရဲရဲ စွန့်ကြဲ ပေးကမ်း လှူဒါန်းဝေငှခြင်းငှါ စွမ်းနိုင်ရာသော အမှုကိုသာ ကောင်းစွာ အလေးပြုကုန်ရာသတည်း</b>။<br>
“<b>ဝိစေယျ ဒါနံ ဒါတဗ္ဗံ၊ ယတ္ထ ဒိန္နံ မဟပ္ဖလံ</b>”ဟူ၍ အကျိုးကြီး ရာကိုရွေးချယ်၍ လှူရမည်-ဟု ဟောတော်မူသည်မှာ <b>ပါရမီမြောက် မမြောက်ကို ပဓာနမပြုဘဲ ပုဂ္ဂလဇ္ဈာသယ အားလျော်စွာ အကျိုးကို ပဓာနပြု၍ ဟောတော်မူသော ဒေသနာဟု မှတ်ရမည်</b>။<br>
[ဤစကားရပ်တို့ဖြင့်- အလဇ္ဇီပုဂ္ဂိုလ်ကိုပင် မိရိုးဘလာအားဖြင့် အမှတ်တမဲ့ လှူဒါန်း၍နေသောဒါနသည် အကျိုးသက်သက်မရှိသော ဒါနမည်၏-ဟု ပြအပ် သော ဒုတိယနည်းကို အမှန်အားဖြင့် မယူသာကြောင်းကို ထင်လင်းစွာ ပြလိုက် သတည်း-တစ်ရပ်။]<br>
<b>ဒုတိယဒါန စိစစ်ပုံပြီး၏</b></p>
<hr>
<h3><b>တတိယဒါနစိစစ်ပုံ</b></h3>
<p>“<b>အကျိုးဖလကို မရသည့်ပြင် အလှူခံ, အလှူပေးနှစ်ပါးလုံး သာသနာဖျက်ဖြစ်၍ အဝီစိငရဲသို့ သွားကြသောဒါန</b>” ဟူသော တတိယ ဒါန အကျယ်သရုပ်ကို ထုတ်ပြရာ၌<br>
<b>အလှူခံပုဂ္ဂိုလ်က အလဇ္ဇီဒုဿီလဖြစ်စေ, အလှူပေး ဒါယကာ ကလည်း ထိုအလဇ္ဇီဒုဿီလ ပုဂ္ဂိုလ်တို့၏ အမူအရာဟု ဆိုအပ် သော ဆေးကုခြင်း, ဗေဒင်ဟောခြင်း, အစေအပါးခံခြင်း, သစ်သီးပေးခြင်း, ပန်းပေးခြင်း, စသောအမူအရာ အလ့အကျက် တို့ကို ကြိုက်နှစ်သက်၍ လှူဒါန်းသည်လည်းဖြစ်စေ, သာသနာ တော်ကို ဖျက်ဆီးလိုသော စေတနာမပါသော်လည်း ဧကန် သာသနာဖျက်ဖြစ်သော အလဇ္ဇီတို့ အပြောအဟော အမူအရာ ဒိဋ္ဌာနုဂတိသို့ အစဉ်လိုက်မှားခြင်းကြောင့် အလှူခံပုဂ္ဂိုလ် အလှူပေးဒါယကာ နှစ်ဦးလုံးပင် သာသနာဖျက်ဖြစ်ဖြစ်သော ကြောင့် ဒါယကာဆရာ ထိုထက်,အောက်အဝီစိငရဲကြီး၌ ခံကြရမည်</b><br>
ဟု ဆုံးမတော်မူသည်- ဟူသောစကားသည် <b>ကျမ်းမမြင် ဂန်မမြင် ဆိုချင်အားကြီး အချည်းနှီးသက်သက် နောက်လှ၍ ထွက်လိုက် သော အယူပျက်စကားသာတည်း</b>။<br>
<b>လင်း၍ပြအံ့</b>။ အလဇ္ဇီဆိုသည်ကား ရဟန်းတို့မှာ သီလဆောက်တည်မှုသည် လူကဲ့သို့နှုတ်မြွက်၍ ဆောက်တည်ရတော့သည်မဟုတ်၊ ဉတ်ကမ္မဝါစာဖတ်ရွတ်၍ပြီးဆုံးလျှင် အလုံးစုံ ရဟန်းသီလတို့သည် ဆောက် တည်ခြင်း သမာဒါနကိစ္စမြောက်ကုန်တော့သည်၊ ထိုသမာဒါန ကိစ္စသည် သိက္ခာချ၍ လူ,သာမဏေအရာ၌ တည်ခဲ့သော်လည်းကောင်း, ပါရာဇိကကျ၍ ရဟန်းပဋိညာဉ်ကိုစွန့်ပြီးလျှင် လူ,သာမဏေအရာ၌ တည်ခဲ့သော် လည်းကောင်း, ဉတ်ကမ္မဝါစာမှု အကုန်ငြိမ်း၍ သီလ သမာဒါနကိစ္စအကုန်ပျက်၏၊ ထိုပုဂ္ဂိုလ်ကို <b>အလဇ္ဇီဟူ၍လည်းကောင်း, ဒုဿီလဟူ၍လည်းကောင်းမဆိုရပေ</b>၊ ပါရာဇိကကျပြီးဖြစ်လျက် ရဟန်းဟုပဋိညာဉ်ဝန်ခံ၍နေသော ပုဂ္ဂိုလ်ကိုမူကား <b>အလဇ္ဇီဟူ၍၎င်း, ဒုဿီလဟူလည်းကောင်းဆိုရသည်</b>။<br>
<b>ပါရာဇိက မကျမရောက်မူ၍ သံဃာဒိသိသ်စသော သိက္ခာပုဒ် ငယ်များကိုသိလျက် စိတ်စေတနာနှင့်တကွ လွန်ကျူးသောပုဂ္ဂိုလ်မှာမူကား ထိုလွန်ကျူးသော သိက္ခာပုဒ်မှာပင် သမာဒါနကိစ္စပျက်သည်မဟုတ်၊ ထိုသိက္ခာပုဒ်အတွက် ဉတ်ကမ္မဝါထပ်၍ဘတ်ဘွယ်ကိစ္စမရှိ၊ စောင့် ရှောက်ခြင်းဟူသော သံဝရဓမ္မမျှသာပျက်ပေသည်၊ သမာဒါနကိစ္စ မပျက်ပေ၍လည်း ထိုပုဂ္ဂိုလ်ကို ဒုဿီလ ဟူ၍ မဆိုရ၊ အလဇ္ဇီဟူ၍သာ ဆိုရသည်၊ အာယတိံ သံဝရ၌တည်၍ ဝုဋ္ဌာနကံ ဒေသနာကံတို့ဖြင့် ကုစားလျှင် သံဝရဓမ္မ၌တည်ပြန်၍ လဇ္ဇီ ပုဂ္ဂိုလ်ဖြစ်ပြန်၏၊ ဤသို့ အလဇ္ဇီနှင့် ဒုဿီလတို့၏ အထူးအပြားကို ခြားနားအောင် မှတ်ရမည်</b>။<br>
<b>ဤဓမ္မဝိနယ ကျမ်းစာဆရာကား အလဇ္ဇီနှင့် ဒုဿီလ ခြားနား ချက်ကို မသိရှာသောကြောင့် အလဇ္ဇီအမူအရာမျှသာဖြစ်သော ဆေးကုခြင်း, ဗေဒင်ဟောခြင်း, အစေအပါးခံခြင်း, သစ်သီးပေးခြင်း, ပန်း ပေးခြင်းအစရှိသော သိက္ခာပုဒ်ငယ်များကိုပင် အလဇ္ဇီ, ဒုဿီလတို့၏ အမူအရာဟု မှောက်မှားစွာ ဆိုမိလေသည်-တစ်ချက်</b>။<br>
<b>သာသနာဖျက်ဆိုသည်ကား</b>။ အလဇ္ဇီပုဂ္ဂိုလ်ကို အားပေး အားမြှောက်ထောက်ပံ့ချီးမြှင့်သော သူတယောက်ကို ရူပိယသိက္ခာပုဒ် အဋ္ဌကထာ၌ သာသနာဖျက်ပုဂ္ဂိုလ်-ဟူ၍လာသည်၊ ဝိနည်း,သုတ္တန်, အဘိဓမ္မာ ကောင်းစွာလှလှ ကျကျနန မတတ်ပါဘဲလျက် ဤဓမ္မဝိနယ ကျမ်းစာကို ရေးသားသောဆရာကဲ့သို့ တရားကျမ်းဂန် အသံပေး၍ တရားကျမ်းဂန်ကိုမကျွမ်းရှာသော လူ,ရှင်,ရဟန်းတို့ကို တရားအမှန် ကျမ်းဂန်အထွက်ဘဲ-ဟု ထင်ရှားကြလေအောင် တရားယောင် တရားတု တို့ကို ရေးသား၍ ကျမ်းစာထုတ်ကြသောသူတို့ကို သာသနာဖျက် ဟူ၍ ကဿပသံယုတ်ပါဠိတော်-၌ ဟောတော်မူသည်၊ ဤကဲ့သို့သော သူများကို <b>သာသနာဖျက်- ဟူ၍လာသည်</b>။<br>
<b>အစောင့်အစည်းမရှိသည်ဖြစ်၍ မိမိနေရာ၌ မိမိဘာသာ သိက္ခာပုဒ်တော်များကို လွန်ကျူး၍နေသော ပုဂ္ဂိုလ်များကို မိမိကိုယ်ကို မိမိသတ်သောသူ-ဟူ၍သာ ဆိုရသည်၊ သာသနာဖျက်-ဟူ၍ မဆိုရ၊ ဤဓမ္မဝိနယ ကျမ်းစာဆရာကား သာသနာဖျက်-ဟူ၍ ကျမ်းဂန်တို့၌ လာသည်ကို ခြားခြားနားနား မသိရှာသောကြောင့် ဆေးကုခြင်း, ဗေဒင် ဟောခြင်းအစရှိသော အမှုကိုပြုကျင့်သော အလဇ္ဇီမျှကိုသာ သာသနာ ဖျက်-ဟူ၍ ဆိုမှားလေသည်</b>။<br>
“<b>ထိုပုဂ္ဂိုလ်၏ အမူအရာကိုကြိုက်၍ လှူဒါန်းကာနေသော ဒါယကာကို သာသနာဖျက်</b>”ဟူ၍ ဆိုရာ၌လည်း<br>
<b>ထိုဒါယကာသည် မိမိကိုယ်ကိုသာ မိမိဖျက်သည် သာသနာ ဖျက်မဆိုရ၊ ဤကဲ့သို့ မိမိကိုယ်ကို မိမိဖျက်သောရဟန်းသည် အပါယ်သို့ ကျတတ်သည်ဟူ၍သာ ကျမ်းဂန်တို့၌ လာသည်၊ “အဝီစိငရဲကြီးသိ့ု ကျသည်” ဟု ကျမ်းဂန်မရှိ၊ ထိုရဟန်းကို လှူဒါန်းသော ဒါယကာမှာလည်း အကျိုးများစွာ မကြီးကြောင်းကိုသာ ကျမ်းဂန်၌ လာသည်၊ အဝီစိငရဲမှာ ကျရမည်-ဟု ကျမ်းဂန်၌မရှိ၊ ကဿပဘုရားလက်ထက် ကပိလရဟန်း သည် အမိ, နှမတို့နှင့်တကွ အဝီစိငရဲ၌ကျကြောင်းကို လာသည်မှာလည်း ရဟန္တာ,ရဟန်းကောင်းတို့ကို ကြမ်းတန်းစွာသော ဝစီကံတို့ဖြင့် ပြစ်မှား မှုဖြစ်သည်၊ ဆေးကုမှု ဗေဒင်ဟောမှုမျိုး မဟုတ်၊ ပေတဝတ္တု၌ ကျောင်း ဒါယကာနှင့် ကျောင်းနေဆရာနှစ်ဦး ကုဋီအိမ်အတွင်းမှာ အထက်, အောက် နှစ်ယောက်သား ပြိတ္တာဖြစ်၍ နေကြသည်မှာလည်း မစ္ဆေရမှုသာ ဖြစ်သည်</b>။<br>
<b>ဓမ္မဝိနယ ကျမ်းစာဆရာကား ဤပေတဝတ္ထုကို သူပြော, လူပြော ရိပ်ဖမ်း သံဖမ်းကြားဘူးသည်ကို အဝီစိငရဲ အမှတ်လွဲရှာ၍ “ဒါယကာ, ဆရာ အထက်,အောက် အဝီစိငရဲကြီး၌ ခံကြရသည်- ဟု ဆုံးမတော်မူ သည်”-ဟု ဆိုမှားဟန်ရှိသည်၊ ကျမ်းဂန် လာသည်လည်း မဟုတ်၊ ယုတ္တိ ယုတ္တာလည်း သက်သက်မရှိပါဘဲနှင့် အဝီစိငရဲကြီး၌ ခံကြရမည်ဟု ဝန်ခံပေသော ဤဆရာသည် နောက်၌သူဆိုလတ္တံ့သော “အလိကံ ဘဏံ”ဟူသော ရဟန်းပျက် အင်္ဂါနှင့် ညီရှာလျက်ရှိချေ၏</b>၊<br>
<b>နောက်၌လည်း တစ်ရပ်တစ်ကျေးကလာသော အလဇ္ဇီကို လဇ္ဇီ ထင်မှတ်၍ လှူဒါန်းမှုသည် အကျိုးမရှိ-ဟု ဆိုသောအချက်၊ “ဓာတ်တော် မဟုတ်သည်ကို ဓာတ်တော်ဟု ထင်မှတ်၍ ရှိခိုးခြင်း၊ ဓာတ်တော်မရှိသော စေတီပျက် ကို ဓာတ်တော်ရှိသည်မှတ်၍ ရှိခိုးခြင်းများကဲ့သို့”ဟုဆိုသော စကားစုသည်လည်း ပရမတ္ထသဘောသကန်တို့၌ ဉာဏ်အလိမ္မာ သက်သက်ကင်း၍ မှောက်မှားခြင်းစုသာတည်း</b>၊<br>
<b>မှောက်မှားပုံကို အကုန်လင်း၍ ပြလိုက်အံ့</b>၊ ဆေးကုခြင်း, ဗေဒင်ဟောခြင်းစသော သိက္ခာပုဒ်ငယ် များအတွက်နှင့် အလဇ္ဇီဖြစ်ခါမျှ သော ရဟန်းကို ဦးပြည်းကာ သင်္ကန်းဝတ်ကာမျှ အကာသာရှိ၍ အနှစ်သာရဟုဆိုအပ်သော အကျင့်သိက္ခာအား ထိုအလဇ္ဇီပုဂ္ဂိုလ်၏ သန္တာန်၌ အလျဉ်းပင် မရှိ-ဟု ဆိုသည်ကား အလွန်ကြည်လင်သော ကောင်းကင်၌ရှိသော တန်ဆောင်မုန်းလပြည့်နေ့တွင် လွင်တီးခေါင်၌ ပက်လက်အိပ်ပျော်၍နေသော ဒူလာပါဒရက်သည်ကြီး တစ်ယောက် သည် ဝမ်းတွင်းရင်တွင်းမှ သလိပ်ခိုးတို့သည် ထ၍ မျက်လုံးနှစ်ခု အပြည့်ဖုံးလေ၏၊<br>
<b>ဖုံးသည်ကိုလည်း ရုတ်တရက်မသိတဲ့၍ ကောင်းကင်သို့ မျှော် ကြည့်လေရာ ကောင်းကင်အပြင်မှာ လဝန်းကြီးလည်း ကွယ်ပျောက် သည်၊ နက္ခတ် တာရာတို့လည်း အကုန် ကွယ်ပျောက်ကုန်လေသည်၊ အလွန်မဲလှ မိုက်လှစွာသော တိမ်ပုပ် အတိ ဖုံးလွမ်းခဲ့သည်၊ မှောင်ကြီး အတိ မိုက်ခဲ့ပြီ၊ တန်ဆောင်မုန်းလ မိုဃ်းကြီးသည်းထန်စွာ ရွာတော့မည်ဟု မြည်တွန် တောက်တီးသောသူနှင့် အလားတူစွာ ထိုအလဇ္ဇီသန္တာန်မှာ ကုဋေကိုးထောင်မျှမက ရှိနေသော သိက္ခာပုဒ်တွေကို ဓမ္မဝိနယဆရာ မမြင်ရှာလေ</b>။<br>
“<b>အလဇ္ဇီပုဂ္ဂိုလ်ကို လှူဒါန်း၍အကျိုးမရှိ</b>” ဆိုသောစကားသည် ပုဂံပြည်တွင် တူရွင်းတောင်ခြေ တောရကျောင်းနေ ရဟန်းသိက္ခာပျက် လူထွက်ဆရာ ရေးသားစီရင်သည်ဟု အစဉ်အလာပြောရိုးရှိကြသော <b>စူဠဂဏ္ဌိကျမ်းတွင်သာ လာရှိသည်</b>၊ ကျမ်းကောင်း ဂန်ကောင်းတို့မှာ တထွာ လေးသစ် မလာမရှိ၊ <b>ဒုဿီလပုဂ္ဂိုလ်ကို လှူဒါန်းလျှင် အကျိုးမကြီး ကြောင်းကိုသာ ကျမ်းကောင်း,ဂန်ကောင်းများ၌ လာပေသည်</b>။<br>
“<b>ဓာတ်တော်အစစ် မဟုတ်သည်ကို ဓာတ်တော်အစစ်ထင်မှတ်၍ ရှိခိုးလျှင် အကျိုးမရှိ</b>”ဟု ဆိုခြင်းသည်လည်း မဟုတ်၊ <b>အတုမရှိသော သဗ္ဗညုဘုရားကြီးကို အထူးကြည်ညိုလှသော သဒ္ဓါမှန် သဒ္ဓါစစ်နှင့်ပြည့်စုံ ပြီးသော လူမျိုးအပေါင်းတို့သည် ကျောက်ခဲ, ကြေးခဲ, ရွှေခဲ, အမြုတေ, ဂေါရာဇဉ်းတို့ကိုပင် ဓာတ်တော်စစ် ထင်မှတ်၍ ရှိခိုးကိုးကွယ်သော်လည်း ထိုလူမျိုးတို့၏ စိတ်စေတနာ သဒ္ဓါပညာတို့သည် သဗ္ဗညုမြတ်စွာဘုရား ကြီး၌ ဆိုက်၍တည်ကုန်သည်သာ ဖြစ်ပေရကား ကုသိုလ်အစစ်အမှန် ဖြစ်၏</b>၊<br>
<b>ဓာတ်တော်မရှိသော စေတီပျက်ကို မဆိုထားဘိ တောင်ပို့ပျက် ကိုပင် ရှိခိုးငြားသော်လည်း သည်တောင်ပို့ မြေမျိုးသည် သဗ္ဗညုတ ဉာဏ်တော်ရှိသော မြေမျိုးဖြစ်သည်ဟု ရှိခိုးသည်မဟုတ်၊ စေတီထင် မှတ်၍ ရှိခိုးခြင်းသာ ဖြစ်ပေရကား သဗ္ဗညုမြတ်စွာဘုရားကြီးသို့ဆိုက်၍ တည်သည်သာဖြစ်၏၊ ကပိလဝတ်ပြည်တော်မှ တောထွက် တော်မူ၍ ဗောဓိမဏ္ဍိုင်၌ ဘုရားအဖြစ်သို့ ရောက်တော်မူကာ ကုသိနာရုံပြည်၌ ပရိနိဗ္ဗာန်စံတော်မူသော သဗ္ဗညု မြတ်ဘုရားကြီးသည်သာလျှင် သဗ္ဗညု အစစ်အမှန် ဖြစ်သည်ဟု အတပ်သိပြီး ကြည်ညိုပြီးသော လူမျိုးအပေါင်း တို့မှာ ဘယ်သင်း ဘယ်ဟာကိုပင် ကိုးကွယ်သော်လည်း မမှားနိုင်ပြီ၊ ဘုရား မလွဲနိုင်ပြီ</b>။<br>
“<b>သဒ္ဓါဓိကော</b>=သဒ္ဓါလွန်ကဲသော၊ <b>မန္ဒပညော</b>=နုံ့သောပညာ ရှိသောသူသည်၊ <b>အဝတ္ထုသ္မိံ</b>=မကြည်ညိုထိုက် သောဝတ္ထု၌၊ <b>ပသီဒတိ</b>= ကြည်ညိုမိတတ်၏” ဟုလာသည်မှာ <b>ဘုရားအမှန်, တရားအမှန်, သံဃာ အမှန်ကို မသိဘူးကြ၍ ပူရာဏကဿပ, မက္ခလိဂေါသာလစသော တိတ္ထိကြီးတို့ကိုသာ ဘုရား-ဟူ၍ ကြည်ညိုကြသော သူတို့ကိုသာ ဆို သည်</b>။ ဘုရားတပည့်သားဖြစ်လျက် ဘုရားကို မကြည်ညိုမူ၍ တိတ္ထိ တို့ကိုသာ ကြည်ညိုကြသော လိစ္ဆဝီမင်းမျိုးဖြစ်သော သုနက္ခတ္တ ရဟန်း လိုဟာကို ဆိုသည်တစ်ရပ်။<br>
<b>ဆေးကုခြင်း,ဗေဒင်ဟောခြင်းစသော သိက္ခာပုဒ်ငယ်များ အတွက် အလဇ္ဇီဖြစ်၍နေသောရဟန်းကို လှူဒါန်း၍ အကျိုးမရှိကြောင်း ကို ပါဠိသာဓကပြသည်ကား</b><br>
<b>န မုဏ္ဍကေန သမဏော၊ အဗ္ဗတော အလိကံ ဘဏံ</b>။<br>
<b>ဣစ္ဆာလောဘသမာပန္နော၊ သမဏော ကိံ ဘဝိဿတိ</b>။<br>
ဟူသော <b>ဓမ္မပဒပါဠိတော်ကိုပြပေ၏</b>၊<br>
<b>ထိုပါဠိတော်၏ပါဌ်လျှောက်အဓိပ္ပါယ်ကား</b><br>
<b>ဦးပြည်းကာမျှဖြင့် ရဟန်းသမဏ မဟုတ်သေး၊ သိက္ခာသီလ အကျင့်, ဓုတင်အကျင့်လည်းမရှိသော မဟုတ်မမှန်သောစကားကိုလည်း ပြောဟောလေ့ရှိသေစကား, မရောက်သေးသော ဝတ္ထုအာရုံကာမဂုဏ်ကို တောင့်တသော ဣစ္ဆာတရား, ရပြီး,ရောက်ပြီးသောဝတ္ထုအာရုံ ကာမဂုဏ် တို့၌ သာယာသော လောဘတရားတို့နှင့် ပြည့်စုံသောသူသည် အဘယ် မှာရဟန်း ဟုတ်ပချေအံ့နည်း</b>။<br>
<b>ဓမ္မဝိနယကျမ်းဆရာသည် “အဝီစိငရဲကြီး၌ကျရမည်-ဟု ဆုံးမ တော်မူသည်”ဟု မဟုတ်မမှန်သော စကားကိုပြောသော သူဖြစ်ပေရကားဤဒေသနာတော်တွင် သူလည်း အပါအဝင်ဖြစ်လေတော့သည်</b>။</p>
<h3><b>ရဟန်း ၃-မျိုး</b></h3>
<p><b>အလင်္ကတောပိ စေ သမံ စရေယျ၊<br>
သန္တော ဒန္တော နိယတော ဗြဟ္မစာရီ</b>။<br>
<b>သဗ္ဗေသု ဘူတေသု နိဓာယ ဒဏ္ဍံ၊<br>
သသမဏော သဗြာဟ္မဏော သဘိက္ခု</b>။<br>
ဟူသော <b>ဓမ္မပဒပါဠိတော်နှင့်အညီ ရဟန်းသည် ဝိနည်း ရဟန်း, သုတ္တန်ရဟန်း, ပရမတ်ရဟန်း-ဟူ၍ သုံးမျိုးရှိသည်</b>။<br>
၁။ <b>ဉတ်ကမ္မဝါစာနှင့် ဘတ်ရွတ် သမုတ်၍ဖြစ်သော သမ္မုတိ ရဟန်းသည် လာဠုဒါယီမထေရ်ကြီးတို့ကဲ့သို့ အလွန်ပင် ပညာနည်းစွာ သောသူပင် ဖြစ်ငြားသော်လည်း ဝိနည်းရဟန်းပေတည်း၊ ထိုဝိနည်း ရဟန်းသည်လည်း မြတ်စွာဘုရား၏ ဉတ်ကမ္မဝါစာဖြင့် ရဟန်းဖြစ်လေ သောကြောင့် မြတ်စွာဘုရား၏ သမ္မုတိသားတော်မည်၏၊ ထိုသမ္မုတိ ရဟန်းသည် အရိယာအစစ်သို့ရောက်သောအခါ ပရမတ်ရဟန်း မည်ပြန်၏၊ မြတ်စွာဘုရား၏ ပရမတ္ထ သားတော်အစစ်လည်းမည်၏၊ သမ္မုတိသံဃာ, ပရမတ္ထသံဃာ-ဟူသည်လည်း ဤအတူပင်မှတ်</b>။<br>
[ဤကား <b>ဝိနည်းရဟန်း</b>တည်း။]<br>
၂။ <b>သုတ္တန်ရဟန်း-ဆိုသည်ကား ဆိုခဲ့ပြီးသောဝိနည်း ပညတ် တော်၏အစွမ်းအားဖြင့် သမ္မုတိရဟန်း ဖြစ်ပြီးသော လာဠုဒါယီမထေရ်, န မုဏ္ဍကေန သမဏော-ဟူသောဂါထာ၏ ဝတ္ထုတွင်လာသော ဟတ္ထက မထေရ်, အဿဇိ, ပုနဗ္ဗသုက အစရှိသော ဆဗ္ဗဂ္ဂီရဟန်းတို့ကဲ့သို့သော လောဘတထောင်ထောင်၊ ဒေါသ, မောဟ တထောင်ထောင် ရုန့်ရင်း ကြမ်းတန်းသော ကာယကံ, ဝစီကံ, မနောကံ အပြည့်နှင့်နေသော သူတို့ကို သုတ္တန်ပရိယာယ် အလိုအားဖြင့် သမဏမဆိုအပ်ကုန်၊ လူပုထုဇ္ဇန်ပင် ဖြစ်ငြားသော်လည်း ကိလေသာတရားတို့ ငြိမ်သက်၍ ဣန္ဒြေ ၆-ပါး၊ ဒွါရ ၃-ပါး ငြိမ်သက်ကြပေမူကား သမဏဟူ၍ပင် ဆိုရ၏</b>၊<br>
[ဤကား <b>သုတ္တန်ရဟန်း</b>တည်း။]<br>
၃။ <b>ပရမတ်ရဟန်း- ဆိုသည်ကား- သုဒ္ဓေါဒနမင်းကြီး, သန္တတိ အမတ်ကြီး တို့ကဲ့သို့ မင်းမြောက်တန်ဆာ ဆင်ယင်လျက်ရှိသော လူပင် ဖြစ်ငြားသော်လည်း, နတ်ပင်ဖြစ်ငြားသော်လည်း, သိကြား, ဗြဟ္မာပင် ဖြစ်ငြားသော်လည်း အရိယာမဂ်ကို ရသောအခါမှစ၍ သမဏော=ရဟန်း လည်းမည်၏၊ ဗြဟ္မဏော=ဗြဟ္မဏလည်းမည်၏၊ ဘိက္ခု=ဘိက္ခုလည်း မည်၏</b>၊<br>
[ဤကား <b>ပရမတ္ထ ရဟန်း</b>တည်း။]<br>
<b>ထိုသုံးပါးသော ရဟန်းတို့တွင် သုတ္တန်ရဟန်း, အဘိဓမ္မာရဟန်း အစစ်ပင် မဖြစ်တတ်သေးသော်လည်း ဝိနည်း ရဟန်းဟုဆိုအပ်သော သမ္မုတိရဟန်း သမ္မုတိသံဃာဖြစ်ပေလျှင်ပင် အခိုက်အတန့်အားဖြင့် တစ်ခုသော, နှစ်ခုသော, သုံးခုသော သိက္ခာပုဒ်ငယ်တို့ကို ကျူးလွန်မှုနှင့် အလဇ္ဇီပုဂ္ဂိုလ်ပင် ဖြစ်စေဦးတော့ အလှူခံမြတ်တွင် ပါဝင်ပေသည်သာ ဖြစ်၏</b>၊<br>
“<b>န မုဏ္ဍကေန သမဏော</b>”ဟူသော ထိုဂါထာသည်ကား <b>သုတ္တန်ဂါထာ,သုတ္တန်ဒေသနာ ဖြစ်ပေရကား ဣန္ဒြေခြောက်ပါး, ဒွါရသုံးပါး-မငြိမ်သက်သော ဝိနည်းရဟန်းမျှကိုသာ ရဟန်းဟူ၍ မဆိုလို၊ ထို့ကြောင့် “သမဏော ကိံ ဘဝိဿတိ” ဟူ၍ ကဲ့ရဲ့တော်မူသည်</b>။<br>
<b>ကိလေသေ သမေတီတိ သမဏော</b>။ <b>ယော</b>=အကြင်သူသည်၊ <b>ကိလေသေ</b>=ကိလေသာတို့ကို၊ <b>သမေတိ</b>=ငြိမ်းစေနိုင်၏၊ <b>ဣတိ</b>= ထို့ ကြောင့်၊ <b>သော</b>=ထိုသူသည်၊ <b>သမဏော</b>=သမဏမည်၏၊ <b>ဝါ</b>=ရဟန်း မည်၏၊<br>
<b>ဤသို့သော အနက်သွားနှင့် ညီညွတ်သောသူကိုမှ သုတ္တန်အလို ရဟန်းဆိုသည်</b>။ ထို့ကြောင့် မဟုတ်လော နောက်ဂါထာ၌<b>ယော စ သမေတိ ပါပါနိ၊ အဏုံ ထူလာနိ သဗ္ဗသော၊ သမိတတ္တာ ဟိ ပါပါနံ၊ သမဏောတိ ပဝုစ္စတိ</b>။<br>
ဟူ၍ <b>ဟောတော်မူသည်တကား</b><br>
[ ဤကား <b>ရဟန်းတို့ကို ခြားနားသိသာအောင် ပြလိုက်သောအချက်</b>တည်း။]<br>
<b>ထိုသုံးပါးတွင် အလဇ္ဇီရဟန်း, ဒုဿီလရဟန်းဟူသော ရဟန်းစု သည် ဝိနည်းသိက္ခာပုဒ်နှင့် စပ်၍ဖြစ်ရသောအရာဖြစ်ရလေကား ဝိနည်း ရဟန်းအရာ၌သာရှိပေသည်၊ သုတ္တန်ရဟန်း, အဘိဓမ္မာရဟန်းတို့မှာ အလဇ္ဇီဟူ၍ မရှိ၊ ဒုဿီလဟူ၍ မရှိကြပေ၊ ဤဓမ္မဝိနယကျမ်း ဆရာကား ယခုခြားနား၍ပြခဲ့သော ရဟန်းဟူသော ဝေါဟာရ အထူးအပြားကို သက်သက်မသိဘူး,မကြားဘူးရှာသောကြောင့် ဆေးကုခြင်း, ဗေဒင် ဟောခြင်းစသော အပြစ်ငယ်စုနှင့် အလဇ္ဇီဖြစ်သော ရဟန်းအား လှူဒါန်း၍ အကျိုးမရှိကြောင်းကို သုတ္တန်ရဟန်း အခြေအနေကို ဟောသော ဂါထာကို သက်သေလုပ်၍ ပြလေသည်တစ်ရပ်</b>။<br>
<b>သံဃေ စိတ္တိကာရံ ကာတုံ သက္ကောန္တဿ ဟိ ခီဏာသဝေ ဒိန္နဒါနတော ဥဒ္ဒိသိတွာ ဂဟိတ ဒုဿီလေပိ ဒိန္နံ မဟပ္ဖလတရမေဝ</b>။<br>
ဟူသော ဒက္ခိဏဝိဘင်္ဂသုတ်အဋ္ဌကထာ၌လည်း မြတ်စွာဘုရားလက်ထက်တော်မှာပင်ဖြစ်စေ သံဃာမှ ညွှန်းချ၍ရအပ်သော ဒုဿီလရဟန်းကို သံဃာ၌တည်သော ရိုသေခြင်းဖြင့် လှူဒါန်းသော အလှူသည် ရဟန္တာပုဂ္ဂိုလ်ကို ပုဂ္ဂလိကလှုသောအလှူထက် အကျိုးကြီး ၏ဟု အဘယ်ကာလမဆို သာဓာရဏအားဖြင့် သံဃိကအလှူ အကျိုး ကြီးကြောင်းကို ပြတော်မူသည်။<br>
<b>ဓမ္မဝိနယကျမ်းဆရာကား</b>။ <b>သံဃတော ဥဒ္ဒိသိတွာ ဂဟိတ ဒုဿီလေပိ</b>”ဟူသောပါဌ်ကို ကြောင်ကြောင် မြင်လျက်နှင့် အနက်သွား အဓိပ္ပါယ်သွားကို သက်သက် မသိရှာသည့်အတွက်ကြောင့် ထိုအဋ္ဌကထာ ပါဌ်၏ အဓိပ္ပါယ်ကို သီလသိက္ခာ သာသနာကွယ်၍ သံဃာအစစ်မရှိသော လိင်္ဂသာသနာမျှသာရှိသော နောက်ကာလ၌ ကာသာဝကဏ္ဌ ဒုဿီလ ရဟန်းတို့ကို ထုတ်၍ ပြဘိသည်၊ ထိုအခါမှာ <b>“သံဃတော ဥဒ္ဒိသိတွာ” သံဃာအစစ် အဘယ်မှာရှိတော့အံ့နည်း၊ ထိုအအခါ၌ သံဃာအစစ်တို့၏ ဂုဏ်ကျေးဇူးကို ကြားဘူးရုံမျှ ရှိကြသေးသော လူပညာရှိတို့သည် ကြားဘူးသော သံဃာကို ရည်မှတ်၍ ထိုအခါတွင်ရှိသော ဒုဿီလ ဂေါတြဘူ ရဟန်းတုတို့ကို လှူဒါန်းသည်, သံဃာမှ ညွှန်းချသည်ဟုဆိုရန် ညွှန်းချသော သံဃာအစစ်ဟူ၍ ထိုအခါမရှိပြီ</b>။<br>
[သင်္ဂဇာဆရာတော်ဘုရား ဆုံးမချက်ပြီး၏”ဟု ပါရှိသည်ကား အဟုတ်အမှန်ကို သိ၍ ဆိုခဲ့သောအချက်-ဟူ၍ တချက်မျှ လှလှမပါ, စိတ်ထင်ရာကို ဆိုခဲ့သောအရာစုကြီး ဖြစ်၍ ဆရာတော်ဘုရားကြီးကို ကျောက်ကြီးငါးခို နံပါတ်တင်၍ ထားလေသည်။]<br>
<b>တတိယဒါနစိစစ်ပုံပြီး၏</b>၊<br>
<b>ဆပဂံပုစ္ဆာအဖြေပြီး၏</b>၊</p>
<hr>
<h3>ပရမတ္ထဒီပနီဋီကာပုစ္ဆာအဖြေ</h3>
<p>၁၂၈၀-ပြည့်နှစ်၊ တန်ခူးလဆန်း ၁၅-ရက်၊ မုံရွာမြို့၊ လယ်တီတိုက်၊ နိုင်ငံခြားဗုဒ္ဓသာသနာပြု အသင်းကြီးတွင် ဒုတိယနာယက နယ်လှည့်ဓမ္မကထိက လယ်တီဦးဝဏ္ဏိတထံမှ ကျေးဇူးရှင်လယ်တီ ဆရာတော် မဟာထေရ်မြတ်ကြီးထံသို့ လျှောက်လွှာ</p>
<p>တပည့်တော် ဝဏ္ဏိတ အတိသက္ကစ္စဂါရဝတရားဖြင့် ရိုသေ လေးမြတ်စွာ လျှောက်ထားဝံ့ပါသည် မဟာမေရု နှိုင်းတုမမြင် အနန္တ ဂုဏ်အင် ကျေးဇူးရှင် မဟာထေရ်မြတ်ကြီးဘုရား။</p>
<p>လျှောက်ထားရန်မှာ- သင်္ခါရစု ဖြစ်ပျက်မှုကို မရှုမကြံ လိမ္မာ ဉာဏ်မဝင် ပုထုဇဉ်အပေါင်းတို့အား တရားအမှန် ရရန်အကျိုး မျှော်ကိုး ရည်ဆ ဉာတ,တိဂုဏ် ပဟာနံဟု သုံးတန်ပိုင်းခြား ပရိညာတရားတို့ဖြင့် သဘာဝဓမ္မ ပစ္စုပဋ္ဌာန်အခန်း နည်းဆန်းနာကြယ် သွယ်သွယ်ဝဝ ဓိပ္ပါယ် ပြရာ “မဟာဉာဏံ ဝတဘော” အံ့ဩမမီ ဂမ္ဘီရတိက္ခာ ပညာဝါအစစ် ဖြစ်တော်မူသော ကျေးဇူးရှင် မဟာထေရ်မြတ်ကြီးသည် သုဒုဒ္ဒသ သုနိပုဏ သုဂမ္ဘီရ အတက္ကာဝစရ အတိစိတြကထာ ယထာဓမ္မသာသနာ ပရမတ္ထဒေသနာတော်၏ အရာ၌</p>
<p>အစိန္တေယျ ဝါစော ဗုဒ္ဓေါ၊<br>မူလဘာသာယ ဒေသယိ။<br>နာနာဘာသာ ဇနာ သေသာ၊<br>သကံသကာယ ဗုဇ္ဈရေ။။</p>
<p><b>ဗုဒ္ဓေါ</b>=မြတ်စွာဘုရားသည်၊ <b>အစိန္တေယျ ဝါစော</b>=မကြံအပ် မကြံနိုင် သောစကား ရှိတော်မူသည်ဖြစ်၍၊ <b>ဝါ</b>=မကြံအပ် မကြံနိုင်သောစကား ရှိတော်မူသော၊ <b>ဗုဒ္ဓေါ</b>=မြတ်စွာဘုရားသည်၊ <b>မူလဘာသာယ</b>=မာဂဓ ဘာသာ တစ်ခုဖြင့်၊ <b>ဒေသယိ</b>=ထိုထိုများတောင်း ဝေဏေယျသတ္တဝါ အပေါင်းတို့အား ကောင်းစွာဟောကြားတော်မူ၏၊ <b>နာနာဘာသာ</b>=ထူးထူး အပြား ဘာသာများကုန်သော၊ <b>ဇနာ</b>=အမျိုးမတူ ထိုထိုသူတို့သည်၊ <b>အသေသာ</b>=အကြွင်းအကျန်မရှိကုန်ဘဲ၊ <b>သကံသကာယ</b>=မိမိတို့၏ ဘာသာစကား အလေ့အကျက်အားဖြင့်၊ <b>ဗုဇ္ဈရေ</b>=ပိုင်းပိုင်းခြားခြား သိကြား နားလည်ကြကုန်၏၊</p>
<p>မြတ်စွာဘုရားသည် အလုံးစုံသော သတ္တဝါအမျိုးဘာသာ အပေါင်းအစုတို့အား တစ်ခုတည်းသော “မာဂဓ” ဘာသာဖြင့် ဟောကြား ပြသတော်မူငြားလည်း မကြံအပ်,မကြံစည်နိုင်သော တန်ခိုးတော်၏ အစွမ်းအားဖြင့် အကြွင်းအကျန်မရှိ မိမိတို့ဘာသာစကားနှင့် မှတ်ယူ နားလည်နိုင်ရန်အခွင့်ကို ရရှိကြကုန်၏၊ ယခုအခါ ထိုပရမတ္ထ ဒေသနာ တော်ကြီး၏ အရာ၌ တတ်သိလိမ္မာနိုင်ရန်</p>
<p>၁။ ပါဠိဘာသာ၏ ခက်ခဲခြင်းကြီးတစ်ပါး၊<br>၂။ အနက်ဘာသာ၏ ခက်ခဲခြင်းကြီးတစ်ပါး၊<br>၃။ အဓိပ္ပါယတ္ထ၏ ခက်ခဲခြင်းကြီးတစ်ပါး၊</p>
<p>ဤကဲ့သို့ ခက်ခဲခြင်းကြီးသုံးပါးခုခံကာကွယ်နေသည့်အတွက်</p>
<p>သာမညပုဂ္ဂိုလ်တို့သည် ထိုအရာ၌ အသိအလိမ္မာဉာဏ်ပညာပွင့်လင်း ထက်သန်ခြင်းငှါ မစွမ်းနိုင်ကြသည်ကို လွန်စွာထောက်ထား ညှာတာ သနား ကြည့်ရှုတော်မူသဖြင့် နက်နဲခက်ခဲကျယ်ဝန်းလှစွာသော ဉာဏ သာဂရ ဉာဏသမုဒ္ဒရာ အဘိဓမ္မာ သဘောသကံများကို ယောကျ်ား, မိန်းမ,ကလေး,သူငယ်,လူမမယ်ကလေးများမှစ၍ သက်ရွယ်ကြီးမြင့် ဇရာရင့်၍ အိုခွင့်,ကြီးခွင့်ဆိုက်ရောက်လျက်ရှိကြကုန်သော ပုဂ္ဂိုလ်ကြီးများ တိုင်အောင်</p>
<p>သရုပ်အဓိပ္ပါယ်နှင့်တကွ အလွယ်တကူ သင်ယူတတ်မြောက်နိုင်</p>
<p>ရန်ကြံဖန်ကြိုးကုတ်၍ မြန်မာဘာသာဖြင့် ထုတ်ဖော်ရေးသားတော်မူသော “ပရမတ္ထသံခိပ်ကျမ်း“ကို လွယ်ကူစွာ သင်ယူတတ်မြောက်ကြရသဖြင့် အထက် အောက်မြန်မာ များပြားသော မြို့ရွာဒေသတို့၌ ခန္ဓာ,အာယတန, ဓာတ်, သစ္စာ, ပဋိစ္စသမုပ္ပါဒ်, ဗောဓိပက္ခိယ တရားများနှင့် ရုပ်ကလာပ် အဖွဲ့အစည်းတို့ကို တတ်မြောက်လိမ္မာမှုကို ရရှိကြပါသည်၊ ထိုသို့ ရုပ်နာမ်ဓမ္မနှစ်ဌာနတို့ကို သဘာဝဓမ္မကျနပိုင်နိုင်ရန် အဘိဓမ္မဉာဏ်ပညာ အလင်းရောင်ကြီးကို ပေးသနားတော်မူသည်လည်း-တစ်ရပ်။</p>
<p>ပိဋကတ်သုံးပုံကျမ်းအကုန်တို့ကို လုံခြုံစွာစောင့်ရှောက်သဖြင့် ပျောက်ပျက်မှားယွင်း အပြစ်ကင်းခြင်း အရာ၌ လွန်စွာအသုံးပြုကြရသော ကစ္စည်းသဒ္ဒါကျမ်းကြီးကိုလည်း ပင်ပန်းခြင်းမရှိစေဘဲ တတ်သိလိမ္မာ သဒ္ဒါဉာဏ် ပွင့်လင်းရန်အခွင့်ကို မျှော်လင့်တော်မူပြီးကာ “သဒ္ဒသံခိပ်” ဟူသော “ပိဋကပါလက-ပိဋကတ်စောင့်ကျမ်း“ကိုလည်း ကြိုးပမ်း အားထုတ်တော်မူသည်လည်း-တစ်ဖြာ။</p>
<p>မြတ်စွာဘုရားသာသနာတော်မြတ်ကြီး၌ “ဝိနယောနာမ သာသနဿ အာယု”ဟူသည်နှင့်အညီ ထိုဝိနည်း တရားတော်မြတ်သည် သာသနာတော်၌ “မူလ အာယု သုခ နိဒါန“၊ အစစ်ကြီးဖြစ်သဖြင့် စင်စစ်တတ်မြောက်အပ်သော တရားပင်မှန်ငြားသော်လည်း ဝိနည်း ငါးကျမ်း နက်ကျယ်ဝန်း၍ သိခြင်းငှါမစွမ်းနိုင်သော ရဟန်းရှင်လူတို့ အတွက်လိုရင်းအချက် ပဓာနစတုပစ္စယမှီရာလေးပါးနှင့်တကွ များပြားစွာအသုံးပြုကြရသော ဌာနဆိုင်ရာဘုရား ဥပဒေတော်တို့ကို ထုတ်ကွက်နုတ်ယူရေးသားတော်မူပြီးကာ-“ဝိနယသံခိပ်”ဟူသော “သာသနပါလက-သာသနာတော်စောင့်ကျမ်း“ကိုလည်း ကြိုးပမ်း အားထုတ်တော်မူသည်လည်း-တစ်ဌာန။</p>
<p>နာနာသတ္ထာရာနံ မုခံ ဥလ္လောကေန္တီတိ ပုထုဇ္ဇနာ။။ ကျင်လည်များစွာ သံသရာ၌ ရောက်ရာရောက်ရာသော ဘာသာတရား အမျိုးမျိုးတို့ကို အားကိုးကျင့်ကြံကြရပြန်သည်နှင့်ညီစွာ မိစ္ဆာမှောင်ကြီး အမိုက်ဆီး၍ “နာနာသတ္ထာရ ဥလ္လောကန” ဘေးကြီးနှင့်တွေ့ကြိမ် လျက်ရှိကြသော အမျိုးဘာသာအတွက်လည်း ပဋိစ္စသမုပ္ပါဒ်, မဂ္ဂင်္ဂနိယာမ, မူလပရိယာယ, သမ္မာဒိဋ္ဌိ,ဥတ္တမပုရိသ, အနတ္တာနိသံသ, ကမ္မဋ္ဌာန, ဗောဓိပက္ခိယ, ဝိဇ္ဇာမဂ္ဂ, နိဗ္ဗာနဝိဿဇ္ဇနာ, ဘာဝနာဒီပနီ, ရူပဒီပနီ-စသော ဒီပနီကျမ်းပေါင်းတစ်ရာကျော်တို့ကိုလည်း မာဂဓမဖက် မြန်မာဘာသာ သက်သက်ဖြင့် စီရင်ရေးသားကြိုးစား အားထုတ်တော်မူသည်လည်းတစ်ဝ။</p>
<p>ဤကဲ့သို့ ဝေနေယျ သတ္တဝါအပေါင်းတို့၏ အကျိုးစီးပွါး, သာသနာတော်မြတ်ကြီး၏အကျိုးစီးပွါး များရာများကြောင်းကောင်း မြတ်သော ဒီပနီကျမ်းစာတို့ကို ထုတ်ဖော်ရေးသား၍ သနားဖြန့်ဖြူး တော်မူပေသော “မဟာဂန္ထကာရ“အရှင် ကျေးဇူးတော်သခင် မဟာ ထေရ်မြတ်ကြီးဘုရား။</p>
<p>လျှောက်ထားတောင်းပန်လိုသော အချက်ကြီးတစ်ခုမှာ-မဟာ ထေရ်မြတ်ကြီး စီရင်ရေးသားတော်မူအပ်သော “ပရမတ္ထဒီပနီ မဟာ ဋီကာ“သစ်ကျမ်းကြီးသည် မာဂဓဘာသာဖြစ်၍ ပါဠိဘာသာ သိကျွမ်း နားလည်ကြသော ပုဂ္ဂိုလ်တို့သာလျှင် ဓမ္မရသ,အတ္ထရသများကို လွယ် ကူစွာ ခံစားရသည် ဖြစ်ပါသည်၊ ပါဠိဘာသာနှင့်ဝေးကြသော ပုဂ္ဂိုလ်တို့မှာ ထိုအရသာများကို ခံစားမှုအရေးသည် လွန်စွာဝေးကွာကြပါသည်။</p>
<p>သို့ပါ၍ ပါဠိဘာသာတတ်မြောက်ခြင်းမရှိကြကုန်သော (ပါဠိဘာ သာနှင့်ဝေးကြကုန်သော) ပုဂ္ဂိုလ်တို့အတွက် ထိုပရမတ္ထဒီပနီမဟာဋီကာ သစ်ကျမ်းကြီး၏ သဘောသကံများကို ပါဠိမဖက်မြန်မာစကားပြင် သက်သက်ဖြင့် ရေးသားတော်မူပါမည့်အကြောင်း ရိုသေလေးမြတ်စွာ လျှောက်ထားတောင်းပန်အပ်ပါသည်-တစ်နိုင်ငံလုံး၏ ကျေးဇူးတော် အရှင်ဆရာတော်မဟာထေရ်မြတ်ကြီးဘုရား။</p>
<p>လယ်တီဝဏ္ဏိတ နယ်လှည့်ဓမ္မကထိက နိုင်ငံခြားဗုဒ္ဓဘာသာ သာသနာပြုအသင်းကြီး ဒုတိယနာယက လယ်တီတိုက်၊ မုံရွာမြို့။</p>
<hr>
<h3>ဘူမိဘေဒ လေးပါး</h3>
<p>လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက်</p>
<p>နမော ဗုဒ္ဓဿ။။ လေးပါးသော အဘိဓမ္မတ္ထတို့တွင် စိတ်သည် ဘူမိဘေဒအားဖြင့် ကာမာဝစရစိတ်, ရူပါဝစရစိတ်, အရူပါဝစရစိတ်, လောကုတ္တရာစိတ်-ဟူ၍လေးပါး၊ ဘူမိဘေဒဟူရာ၌ ဘုံသည် အာရမ္မဏဘုံ, သဟဇာတဘုံ, ဌာနဘုံ, အဝတ္ထာဘုံ-ဟူ၍ လေးပါးရှိပါသည်။</p>
<p>၁။ မခွါအပ်သေးသော အနုသယကိလေသာ တို့၏လည်း ကောင်း, ဝိပဿနာဉာဏ်တို့၏လည်းကောင်း, အာရုံပြုရာ ဖြစ်သော ခန္ဓာငါးပါးသည် <b>အာရမ္မဏဘူမိ</b>မည်၏၊</p>
<p>၂။ သုခဘူမိယံ ကာမာဝစရ-စသည်ဖြင့်လာသော သုခဝေဒနာ ဖြစ်ရာဖြစ်သော သုခသဟဂုတ် ၆၃-ခုစသည်သည် <b>သဟ ဇာတဘုံ</b>မည်၏၊</p>
<p>၃။ အပါယ်ဘုံ,မနုဿဘုံ-စသော ဩကာသလောကသည် <b>ဌာနဘုံ</b>မည်၏၊</p>
<p>၄။ တစ်ရာတမ်း၌ ပထမဆယ်နှစ်ရွယ်သည် မန္ဒဘူမိမည်၏၊ ဒုတိယဆယ်နှစ်ရွယ်သည် ခိဋ္ဋါဘူမိမည်၏၊ တတိယ ဆယ်နှစ်ရွယ်သည် ဝဏ္ဏဘူမိမည်၏၊ ထို့အတူ ဗလဒသက အရွယ်သည် ဗလဘူမိမည်၏၊ ပညာဒသက အရွယ်သည် ပညာဘူမိမည်၏-စသည်ဖြင့်ဆိုလေ။</p>
<p>လူအဖြစ်သည် ဂဟဋ္ဌဘူမိ၊ သာမဏေအဖြစ်သည်ကား သာမဏေရဘူမိ၊ ထိုနှစ်ပါးစုံသည် အနုပသမ္ပန္နဘူမိ၊ ရဟန်း အဖြစ်သည် ဥပသမ္ပန္နဘူမိမည်၏၊ ပုထုဇဉ်အဖြစ်သည် ပုထုဇ္ဇနဘူမိမည်၏၊ အရိယာအဖြစ်သည် အရိယာဘူမိ မည်၏၊ သေက္ခပုဂ္ဂိုလ်အဖြစ်သည် သေက္ခဘူမိမည်၏၊ ရဟန္တာအဖြစ်သည် အသေက္ခဘူမိမည်၏၊ သောတာပန် အရိယာအဖြစ်သည် ပထမဘူမိမည်၏၊ သကဒါဂါမ်အဖြစ် သည် ဒုတိယဘူမိ၊ အနာဂါမ်အဖြစ်သည် တတိယဘူမိ၊ ရဟန္တာအဖြစ်သည် စတုတ္ထဘူမိမည်၏၊ ဤသို့လျှင် အဆင့် ဆင့်ဖြစ်ပေါ်ကူး ပြောင်း၍ ရောက်အပ်သော ပရမတ္ထဓမ္မ တို့၏ အခိုက်အတန့်ကို စွဲ၍ခေါ်သောဘုံသည် <b>အဝတ္ထာဘုံ</b> မည်၏၊</p>
<p>[မဂ်တရား,ဖိုလ်တရားများသည် တဏှာသုံးပါး၏ အုပ်စိုးခြင်းမှ လွတ်၍ အဝတ္ထာဘုံခေါ်သည်၊ နိဗ္ဗာန်သည် တဏှာသုံးပါး၏အုပ်စိုးခြင်းမှ လည်းကောင်း, သင်္ခတအဖြစ်မှလည်း လွတ်၍ အဝတ္ထာဘုံခေါ်သည်၊ ကာမဘုံ,ရူပဘုံ, အရူပဘုံခေါ်သည်မှာ ဌာနဘုံ,အဝတ္ထာဘုံနှစ်ချက်သင့်၏၊ ဌာနလည်း ခြားနားလျက်ရှိပေ၍ ဌာနဘုံလည်း သင့်ပေသည်၊ အုပ်စိုးသော တဏှာသုံးပါးလည်း ခြားနားလျက်ရှိပေ၍ အဝတ္ထာဘုံလည်း သင့်ပေ သည်။]</p>
<h3>ကာမာဝစရပုဒ်စစ်ချက်</h3>
<p><b>ကာမာဝစရ</b>ပုဒ်၌-<b>ကာမ</b>ပုဒ်, <b>အဝစရ</b>ပုဒ်၊ ကာမသည် <b>ကိလေသာ ကာမ</b>, <b>ဝတ္ထုကာမ</b>-ဟူ၍ နှစ်ပါး။</p>
<p>၁။ မဟာနိဒ္ဒေသပါဠိ၌ ဝေဖန်သောသုတ္တန်နည်းအားဖြင့် ကာမတဏှာ, ရူပတဏှာ, အရူပတဏှာဟူ၍ တဏှာရာဂလောဘ အားလုံးသည် <b>ကိလေသာကာမ</b>မည်၏၊</p>
<p>၂။ တေဘူမက ဓမ္မအားလုံးသည် <b>ဝတ္ထုကာမ</b>မည်၏၊ ကာမာဝစရံပုဒ်ကိုဖွင့်ကြသော အဋ္ဌကထာဋီကာကြီးငယ်တို့၌ ဤသုတ္တန်နည်းအတိုင်းသာ ဖွင့်ကြကုန်သည်၊ ဖွင့်ကြသော်လည်း စိတ်ကို ဘူမိဘေဒအားဖြင့် ပိုင်းခြားဝေဖန်ရာဌာန၌ ထိုသုတ္တန်နည်းကို မလိုအပ်၊ ရူပ,အရူပ တရားများကို ကာမဆိုသော အဘိဓမ္မာပါဠိမရှိ၊ ထို့ကြောင့် ဤအရာ၌ အဘိဓမ္မာနည်းအားဖြင့်</p>
<p>၁။ ကာမစိတ်စတုပညာသ, စေတသိက်ဒွေပညာသ, ရုပ်အဋ္ဌ ဝီသကိုသာ <b>ဝတ္ထုကာမ</b>ဆိုရမည်။</p>
<p>၂။ ထိုကာမကို သာယာသောတဏှာ လောဘကိုသာ <b>ကိလေ သာကာမ</b>ဆိုရမည်။</p>
<p>ထိုနှစ်ပါး၏ဖြစ်ထွန်းရာဖြစ်သော ကာမဘုံသည် <b>ကာမဿ</b>= နှစ်ပါးသောကာမ၏၊ <b>ဘဝေါ</b>=ဖြစ်ပွါးရာတည်း၊ <b>ဣတိ</b>=ဤအကြောင်း ကြောင့်၊ <b>ကာမော</b>=ကာမမည်၏-ဟု ဝိဂြိုဟ်ပြု၍ ကာမမည်၏၊ ထိုကာမ ဘုံသည် ဌာနဘုံ, အဝတ္ထာဘုံဟူ၍ နှစ်ပါးရှိ၏၊</p>
<p>၁။ အပါယ်လေးဘုံ,လူ့ဘုံ,နတ်ပြည်ခြောက်ထပ်,နတ်ဘုံသည် <b>ဌာန ကာမဘုံ</b>မည်၏၊</p>
<p>၂။ ရူပါဝစရဗြဟ္မာဘုံအတွင်းတွင် ပါဝင်ကုန်သော ဘုံဗိမာန်, ရေကန်ဥယျာဉ်-စသည်တို့သည်လည်းကောင်း၊ ရူပဗြဟ္မာတို့၏ ရုပ်ခန္ဓာအစုတို့သည်လည်းကောင်း၊ ထိုဗြဟ္မာတို့၏ သန္တာန်၌ ဖြစ်သော လောဘမူ,မောဟမူ, စက္ခုဝိညာဉ်,သောတဝိညာဉ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, အာဝဇ္ဇန်းဒွေ, ဟသိတုပ္ပါဒ်, မဟာကုသိုလ်, မဟာကြိယာစိတ်အစု စိတ်အစဉ်တို့သည်လည်းကောင်း <b>အဝတ္ထာကာမဘုံ</b>မည်ကုန်၏၊ အရူပဗြဟ္မာတို့၏ သန္တာန်၌ ဖြစ်သော လောဘမူ, မောဟမူ, မနောဒွါရာဝဇ္ဇန်း, မဟာကုသိုလ်, မဟာကြိယာစိတ်အစု စိတ်အစဉ်တို့သည် <b>အဝတ္ထာကာမဘုံ</b> မည်ကုန်၏၊</p>
<p>ဌာနဘုံ,အဝတ္ထာဘုံနှစ်ပါးတို့တွင်လည်း အဝတ္ထာဘုံသည်သာ ပဓာနပေတည်း။</p>
<p><b>ကာမ</b>ပုဒ်စစ်ချက်ပြီး၏၊</p>
<hr>
<h3>အဝစရံပုဒ်စစ်ချက်</h3>
<p><b>အဝစရံ</b>ဟူသော <b>အဝ</b>သဒ္ဒါသည် ရောနှောပေါင်းယှဉ်အကျုံး ဝင်ခြင်းအနက်ကို ဟော၏၊ <b>စရ</b>သဒ္ဒါသည် ကျင်လည်ခြင်း, ဖြစ်ခြင်း အနက်ကိုဟော၏၊</p>
<p>ကာမေ အဝစရတီတိ ကာမာဝစရံ။</p>
<p>အနက်ကား။ ။ <b>ယံစိတ္တံ</b>=အကြင်စိတ်သည်၊ <b>ကာမေ</b>=ဌာန ကာမဘုံ, အဝတ္ထာကာမဘုံ-နှစ်ပါးစုံ၌၊ <b>အဝစရတိ</b>= တစ်မျိုးတည်း, တစ်နွယ်တည်းရောနှောသက်ဝင်၍ ကျင်လည်တတ်ဖြစ်တတ်၏၊ <b>ဣတိ</b>= ဤသို့သောအကြောင်းကြောင့်၊ <b>တံစိတ္တံ</b>=ထိုစိတ်သည်၊ <b>ကာမာဝစရံ</b>= ကာမာဝစရစိတ်မည်၏၊</p>
<p>ဌာနဘုံ,အဝတ္ထာဘုံဖြစ်သော ကာမတရားတို့နှင့် ကာမတစ်မျိုး တည်း, ကာမတစ်နွယ်တည်းဖြစ်အောင် ရောနှော၍ဖြစ်သောစိတ်ကိုသာ ကာမာဝစရဆိုရမည်၊ ကာမပုဂ္ဂိုလ်သန္တာန်၌ ဥပါဒ်ကာမျှဖြစ်ကာမျှနှင့် ကာမာဝစရ မဆိုရ-ဟူလိုသည်။</p>
<p>ရူပစိတ်,အရူပစိတ်,လောကုတ္တရာစိတ်များသည် ကာမပုဂ္ဂိုလ် သန္တာန်၌ဖြစ်ပါသော်လည်း ကာမဘဝင်တို့နှင့် တစ်မျိုးတည်း, တစ်နွယ် တည်းဖြစ်အောင် ရောနှောသက်ဝင်၍ ဖြစ်ကြမည် မဟုတ်ပေ၊ ကာမမျိုး, ကာမနွယ်မှ ကျွတ်လွတ်၍ အဝတ္ထာဘုံအသီးတည်ထောင်ကာ ဖြစ်ကြပေသည်၊ ထို့ကြောင့် ထိုစိတ်များကို “ကာမေ အဝစရတိ” အနက်နှင့်သက်သက်မဆိုင်ပေရကား-<b>ကာမာဝစရ</b>မခေါ်ရပေ။</p>
<p>ကာမပုဂ္ဂိုလ်သန္တာန်မှာ အသီးတည်ထောင်ကာဖြစ်လာသော ထိုအဝတ္ထာဘုံသည် ရူပဘုံ,အရူပဘုံ, လောကုတ္တရာဘုံသာဖြစ်ပေရကားထိုစိတ်များသည် “ရူပေ အဝစရတိ၊ အရူပေ အဝစရတိ၊ အနုတ္တရေ အဝစရတိ” အနက်၌သာ သက်ဝင်သင့်ပေသောကြောင့် <b>ရူပါဝစရစိတ်</b>, <b>အရူပါဝစရစိတ်</b>,<b>လောကုတ္တရာစိတ်</b>ဟူ၍သာ ခေါ်ခွင့်သာ ရှိပေသည်။</p>
<p>ရူပဘုံ,အရူပဘုံတို့၌ဖြစ်ကြသော လောဘမူစိတ်, မောဟမူစိတ် စသည်များသည်လည်း ရူပဘဝင်, အရူပဘဝင်တို့နှင့်တစ်မျိုးတည်း, တစ်နွယ်တည်းဖြစ်အောင် ရောနှောသက်ဝင်၍ ဖြစ်ကြသည်မဟုတ်ပေ၊ မဟဂ္ဂုတ်မျိုး, မဟဂ္ဂုတ်နွယ်မှ ကျွတ်လွတ်၍ အဝတ္ထာဘုံ အသီးတည် ထောင်ကာဖြစ်ကြပေသည်၊ ထို့ကြောင့် ထိုစိတ်များကို “ရူပေ အဝစရတိ၊ အရူပေ အဝစရတိ“အနက်တို့နှင့် သက်သက်မဆိုင်ပေရကား ရူပါဝစရ, အရူပါဝစရမခေါ်ရပေ၊ “ကာမေ အဝစရတိ“အနက်၌သာ ဆိုက်တိုက်လာ သည်နှင့် <b>ကာမာဝစရ</b>သာခေါ်ရပေသည်။</p>
<p>[ကာမမျိုး,ကာမနွယ်မှ ကျွတ်လွတ်သည်ဟူရာ၌ ကာမတဏှာ၏ ကျက်စားရာ အာရုံအဖြစ်မှ လွတ်သည်ကိုယူ၊ မဟဂ္ဂုတ်မျိုး,မဟဂ္ဂုတ်နွယ်မှ ကျွတ်လွတ်သည် ဟူရာ၌လည်း ရူပတဏှာ,အရူပတဏှာတို့၏ ကျက်စားရာအာရုံအဖြစ်မှ လွတ်သည်ကိုယူ။]</p>
<p><b>ကာမာဝစရံ</b>ပုဒ်စစ်ချက်ပြီး၏၊</p>
<h3>ရူပါဝစရံ,အရူပါဝစရံပုဒ်စစ်ချက်</h3>
<p><b>ရူပါဝစရံ</b>ပုဒ်, <b>အရူပါဝစရံ</b>ပုဒ်တို့၌လည်း ဤနည်းအတိုင်း ဝေဖန်လေ၊ ရူပသဒ္ဒါ,အရူပသဒ္ဒါများသည် ကသိုဏ်းစသော အာရုံကို လည်းကောင်း, စျာန်ကိုလည်းကောင်း, စျာန်၌သာယာသော တဏှာကို သော်လည်းကောင်း, ထိုတဏှာ၏ကျက်စားရာဘုံကိုလည်းကောင်း ဟောသတည်း။</p>
<p>၁။ ရူပစိတ် ၁၅-ခုသည် <b>ဝတ္ထုရူပ</b>မည်၏၊</p>
<p>ထိုဝတ္ထုကို သာယာသောတဏှာသည် <b>ကိလေသရူပ</b>မည်၏၊ <b>ရူပဿ</b>=နှစ်ပါးသောရူပ၏၊ <b>ဘဝေါ</b>=ဖြစ်ပွါးရာတည်း၊ <b>ရူပံ</b>=နှစ်ပါး</p>
<p>သောရူပ၏ဖြစ်ပွါးရာ၊ ရူပ ၁၆-ဘုံရ၏၊</p>
<p>၁။ ထိုရူပ ၁၆-ဘုံသည် <b>ဌာနရူပဘုံ</b>မည်၏၊</p>
<p>၂။ ပုဂ္ဂိုလ်သန္တာန်မှာဖြစ်ခိုက်သော ရူပစျာန်တရားသည် <b>အဝတ္ထာရူပဘုံ</b>မည်၏၊</p>
<p>[အရူပမှာလည်း ဤနည်းအတိုင်းခွဲလေ၊ ကာမပုဂ္ဂိုလ်,ရူပပုဂ္ဂိုလ်တို့၌ဖြစ်ခိုက်သော အရူပစျာန်စုကို <b>အဝတ္ထာ အရူပဘုံ</b>ယူလေ၊ အဝစရသဒ္ဒါ၏အနက်ကိုလည်း ဆိုခဲ့ပြီးသော အတိုင်း ကျနအောင်ယူလေ။]</p>
<h3>ဋီကာကျော်ဝါဒ</h3>
<p>ဋီကာကျော်တို့၌ကား</p>
<p>ထိုထိုဘုံ,ပုဂ္ဂိုလ်သန္တာန်၌ ဖြစ်လာကာမျှကို အဝစရအနက်ပြု၍ ဖွင့်ကြကုန်၏၊ ပါဠိတော်ကို သတိမရ၍ ဖွင့်ကြကုန်သည်။</p>
<p>ကတမေ ဓမ္မာ ကာမာဝစရာ၊ ဟေဋ္ဌတော အဝီစိနိရယံ ပရိယန္တံ ကရိတွာ ဥပရိတော ပရနိဓမ္မိတဝသဝတ္တိ ဒေဝေ အန္တော ကရိတွာ ယံ ဧတသ္မိံ အန္တရေ ဧတ္ထာဝစရာ ဧတ္ထာပရိယာပန္နာ ခန္ဓ။ လ။ ဣမေဓမ္မာ ကာမာဝစရာ။</p>
<p>ကတမေ ဓမ္မာ ရူပါဝစရာ၊ ဟေဋ္ဌတော ဗြဟ္မာလောကံ ပရိယန္တံ ကရိတွာ ဥပရိတော အကနိဋ္ဌေ ဒေဝေ အန္တော ကရိတွာ ယံ ဧတသ္မိံ အန္တရေ ဧတ္ထာဝစရာ ဧတ္ထာပရိယာပန္နာ ခန္ဓ။ လ။ ဣမေဓမ္မာ ရူပါဝစရာ။</p>
<p>ကတမေ ဓမ္မာ ရူပါဝစရာ၊ ဟေဋ္ဌတော အာကာသာနဉ္စာ ယတနုပဂေ ဒေဝေ ပရိယန္တံ ကရိတွာ ဥပရိတော နေဝသညာ နာသညာယတနုပဂေ ဒေဝေ အန္တော ကရိတွာ ယံ ဧတသ္မိံ အန္တရေ ဧတ္ထာဝစရာ ဧတ္ထာပရိယာပန္နာ ခန္ဓ။ လ။ ဣမေဓမ္မာ ရူပါဝစရာ။</p>
<p>[ဓမ္မဟဒယဝိဘင်းပါဠိတော်။]</p>
<p>ပါဠိသုံးရပ်တို့တွင် ရှေ့ပါဠိ၌ “အန္တောကရိတွာ” တိုင်အောင်သော ပါဌ်တို့ဖြင့် ကာမ၏အရ ဌာနဘုံကိုပိုင်းခြား၍ ပြတော်မူသည်၊ “ဧတ္ထာဝစရာ”ဟူသောပါဌ်ဖြင့် သတ္တမီတပ္ပုရိသ်သမာသ်ကို ပြတော်မူ သည်၊ “ဧတ္ထပရိယာပန္နာ”ဟူသောပါဌ်ဖြင့် အဝစရသဒ္ဒါ၏အနက်သွားကို ပြတော်မူသည်၊ ဖြစ်ကာမျှသော ဥပ္ပန္နအနက်ကို မလိုအပ်၊ ဖြစ်ရာ ဘုံ၌ရှိသော တရားတို့နှင့်အမျိုးတူအနွယ်တူဖြစ်အောင် ရောနှောဖက် ယှဉ်အကျုံးဝင်သော ပရိယာပန္နအနက်ကိုယူလေ-ဟူလိုသည်၊ နောက် ပါဠိနှစ်ချက်တို့၌လည်း ဤနည်းတူယူလေ၊ ပါဠိနှင့်မညီရုံတွင်မက အတ္ထယုတ္တိလည်း မရှိသောကြောင့် အဗျာပိတဒေါသ, အတိဗျာပိတ ဒေါသဆိုထိုက်လေ၍ ယေဘုယျဝုတ္တိနည်းနှင့် အပြီးသတ်ရလေသည်။</p>
<p>[ပယ်ချက်-၂။]</p>
<p><b>ရူပါဝစရံ</b>,<b>အရူပါဝစရံ</b>ပုဒ်စစ်ချက်ပြီး၏၊</p>
<h3>လောကုတ္တရံပုဒ်စစ်ချက်</h3>
<p><b>လောကုတ္တရံ</b>ပုဒ်၌- <b>လောက</b>ပုဒ်, <b>ဥတ္တရ</b>ပုဒ်၊ <b>လုဇ္ဇတိ ပလုဇ္ဇတီတိ</b></p>
<p><b>လောကော</b>၊ ဖရိုဖရဲပြိုကွဲပျက်ပြားဆုံးပါး ကွယ်ပျောက်တတ်သော အနက်ကြောင့် ကာမ,ရူပ,အရူပဟူသော ဥပါဒါနက္ခန္ဓာတရားငါးပါးကို လောကဆိုသည်။</p>
<p>လုဇ္ဇတိ ပလုဇ္ဇတီတိ ခေါ ဘိက္ခု တသ္မာ လောကောတိ ဝုစ္စတိ၊ “သံယုတ်ပါဠိတော်“၊ လုဇ္ဇတီတိ ဘိဇ္ဇတိ၊ “အဋ္ဌကထာ“၊ လောကသဒ္ဒါ အနိစ္စပရိယာယ်။</p>
<p>နိစ္စဟူသောမိစ္ဆာသည် ဥပါဒါနက္ခန္ဓာတို့၌သာ ရောက်နိုင်</p>
<p>လေရကား- ထိုမိစ္ဆာကိုပယ်ခြင်းငှါ ဥပါဒါနက္ခန္ဓာကိုသာ လောကဟု ဆိုအပ်သည်၊ ဥပါဒ်,ဌီ,ဘင် အထင်အရှားရှိ၍ ပျက်စီးခြင်းသဘောရှိပါ သော်လည်း လောကုတ္တရာစိတ်များကို လောကဟု မဆို့ရပေ၊ တစ်ယောက်သောပုဂ္ဂိုလ်၏သန္တာန်၌ ခန္ဓာငါးပါးသည် လောက ငါးခုမည်၏၊ လူငါးယောက်မည်၏၊</p>
<p>စက္ခုသည် တစ်လောကတည်း, လူတစ်ယောက်တည်း၊ သောတသည် တစ်လောက,လူတစ်ယောက်-စသည်ဖြင့် အာယတန လောက ၁၂-ပါး, လူ ၁၂-ယောက်၊ ဓာတ်လောက ၁၈-ပါး, လူ ၁၈- ယောက်၊ ရုပ်ကလာပ်တစ်ခုကို တစ်လောကပြု၍ ရေတွက်သော် သတ္တဝါ တစ်ကောင်ဟူရာမှာ လူပေါင်းလောကပေါင်း အနန္တ၊ ပထဝီသည် တစ်လောက၊ အာပေါသည် တစ်လောက-စသည်ဖြင့် ရေတွက်သော် ရုပ်ကလာပ်တစ်ခုတွင် ပင် လူပေါင်းလောကပေါင်း ရှစ်ခု,ကိုးခု,ဆယ်ခုစသည်ဖြစ်၏၊</p>
<p>ဖဿသည် တစ်လောက၊ ဝေဒနာသည် တစ်လောက၊</p>
<p>သညာသည်, စေတနာသည်, ဝိတက်သည်, ဝိစာရသည်, မောဟသည်, လောဘသည်, ဒေါသသည်, သဒ္ဓါသည်, သတိသည် တစ်လောကစသည် ဝေဖန်လေ၊ လူပေါင်းအနန္တစုမိကြမှ လူတစ်ယောက်သာ ခေါ်သည်၊ တစ်ယောက်တည်းအမှန်ဖြစ်၍ ခေါ်သည်မဟုတ်၊ ဤဥပါဒါ နက္ခန္ဓာငါးပါးဟူသော လောကသုံးပါးသည်ကား အာသဝတရားလေးပါး တို့၏ဖြစ်ပွါးရာ အာရုံအစုဖြစ်ခဲ့၍ အာသဝမျိုး,သာသဝနွယ်သာတည်း။</p>
<p><b>လောက</b>ပုဒ်စစ်ချက်ပြီး၏၊</p>
<hr>
<h3>ဥတ္တရပုဒ်စစ်ချက်</h3>
<p><b>ဥတ္တရ</b>သဒ္ဒါသည် လွန်မြောက်ခြင်းအနက်ကို ဟော၏၊ သဘာဝ ဓမ္မတို့၏ သန္တာန်၌ဖြစ်ကုန်ငြားသော်လည်း ထိုသဘာဝဓမ္မတို့၏ သာသဝမျိုး,သာသဝနွယ်ကိုလွန်၍ အနာသဝဟူသော အဝတ္ထာဘုံသည် အသီးတည်ထောင်၍ ဖြစ်ကြပေကုန်ရကား- <b>လောကတော</b>=လောက သုံးပါးမှ၊ <b>ဥတ္တရံ</b>=လွန်မြောက်သည်တည်း-ဟု ဝိဂြိုဟ်ပြု၍ မဂ်စိတ်, ဖိုလ်စိတ်တို့ကို <b>လောကုတ္တရာ</b>ခေါ်သည်။</p>
<p>[ယခုဆိုခဲ့ပြီးသော ပါဠိတော်နည်းမှတစ်ပါး ဉာဏ်ရှိတိုင်းဆိုကြသော ဝိဂြိုဟ် များကို ဋီကာတို့မှယူလေ။]</p>
<p>သာသပ္ပမုခဋ္ဌော မံသော၊ ဇေဂုစ္ဆောဝ ယထာတထာ။ သာသဝါပိ ဓမ္မာ တသ္မာ၊ နာသဝတ္ထံ ပရိဗ္ဗဇေ။။ ဂါထာအနက်ကား။။ <b>သာသပ္ပမုခဋ္ဌော</b>=ခွေး၏ခံတွင်း၊</p>
<p>အဆိပ်ထန်သောမြွေ၏ ခံတွင်း၌တည်သော၊ <b>မံသော</b>=အသားဟင်းလျာ တုံးသည်၊ <b>ဇေဂုစ္ဆောဧဝယထာ</b>=စက်ဆုပ်အပ်သည်သာလျှင်ဖြစ်သကဲ့သို့၊ <b>တထာ</b>=ထို့အတူ၊ <b>သာသဝါဓမ္မာပိ</b>=ခွေးမြွေတမျှ အာသဝတို့၏ခံတွင်း၌ တည်ကုန်သော တေဘူမကတရားတို့သည်လည်း၊ <b>ဇေဂုစ္ဆော ဧဝ</b>=စက်ဆုပ် အပ်ကုန်သည်သာလျှင်တည်း၊ <b>တသ္မာ</b>=ထို့ကြောင့်၊ <b>ဝိညူ</b>=ပညာရှိသည်၊ <b>အနာသဝတ္ထံ</b>=အနာသဝ တရားကို ရခြင်းအကျိုးငှါ၊ <b>ပရိဗ္ဗဇေ</b>=ကျင့်ရာ၏၊</p>
<p>ခွေးငုံ၍ထားသော အမဲသားသည် ခွေး၏လျှာရည်တံတွေးနှင့် ရောနှောသည်ဖြစ်၍ စက်ဆုပ်ဖွယ်သာ ဖြစ်၏၊ အဆိပ်ထန်သော မြွေငုံ၍ထားသော အမဲသားသည် မြွေ၏လျှာရည်တံတွေးနှင့်လည်း ကောင်း, မြွေဆိပ်နှင့်လည်းကောင်း ရောသည်ဖြစ်၍ စက်ဆုပ်ဖွယ်သာ ဖြစ်၏၊ ထို့အတူ သာသဝတရား၏အာရုံဖြစ်၍ ခံတွင်းတည်သည် ဟု ဆိုအပ်ကုန်သော လူ့ဘဝ,လူ့စည်းစိမ်, နတ်ဘဝ,နတ်စည်းစိမ်, ဗြဟ္မာ့ဘဝ, ဗြဟ္မာ့စည်းစိမ်တို့သည်လည်း အရိယာ မျက်စိအမြင်ရှိကုန်သော သူတို့၏ စက်ဆုပ်ဖွယ်တို့သာတည်း၊ ထို့ကြောင့် ထိုတရားတို့ကိုစွန့်၍ အနာသဝ တရား တို့ကိုရခြင်းငှါ လွန်စွာအားထုတ်ရာ၏-ဟူလိုသည်။</p>
<p><b>လောကုတ္တရံ</b>ပုဒ်စစ်ချက်ပြီး၏၊</p>
<p>ဘူမိဗေဒ လေးပါးပြီး၏၊</p>
<hr>
<p>အကုသိုလ်စိတ် ၁၂-ခု</p>
<h3>အကုသိုလ်စိတ်စစ်ချက်</h3>
<p>အကုသိုလ်စိတ်၌- မောဟစသည်တို့သည် သဒ္ဓါစသည်တို့နှင့် ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ဖြစ်ကြကုန်၏၊ ထို့ကြောင့် ထိုမောဟစသော စေတသိက် ၁၄-ပါးတို့သည်သာ <b>အကုသိုလ်အစစ်</b>တို့မည်ကုန်၏၊ စိတ်မှာ ထိုအကုသိုလ်အစစ်တို့နှင့်ယှဉ်မိ၍သာ အကုသိုလ်မည်သတည်း၊ ဖဿစသော အညသမာန်း ၁၃-ခုတို့၏ အမူအရာသည် သာဝဇ္ဇလည်းမဟုတ်၊ အနဝဇ္ဇလည်းမဟုတ်၊ ထို့အတူ စိတ်၏စိန္တန အမူအရာသည်လည်း သာဝဇ္ဇလည်းမဟုတ်၊ အနဝဇ္ဇလည်းမဟုတ်၊ ရှေး၌ဆိုခဲ့ပြီးသော ရေဥပမာ ကဲ့သို့ မောဟစသော ဧကန္တသာဝဇ္ဇဓမ္မတို့နှင့် ပေါင်းမိသောအခါ ထိုသာဝဇ္ဇဓမ္မတို့၏ အကြီးအမှူးဦးစီးဦးကိုင်ဖြစ်၏၊ သဒ္ဓါစသော ဧကန္တအနဝဇ္ဇဓမ္မတို့နှင့် ပေါင်းမိသောအခါ ထိုအနဝဇ္ဇဓမ္မတို့၏ အကြီး အမှူးဦးစီးဦးကိုင်ဖြစ်၏၊ ထို့ကြောင့် စိန္တနကြိယာဖြစ်သော ဤစိတ်သည် ဖဿစသည်တို့ကဲ့သို့ အညသမာန်းသက်သက်သာတည်း။</p>
<p>[ဝေဒနာ,ဒိဋ္ဌိ,လောဘ,ပဋိဃ,မောဟ,ဝိစိကိစ္ဆာ,ဥဒ္ဓစ္စတို့၏ ဝစနတ္ထလက္ခဏာ စသည်ကို နောက်မှ ဆိုပေအံ့။]</p>
<hr>
<h3>သသင်္ခါရိကံ,အသင်္ခါရိကံပုဒ်အနက်စစ်ချက်</h3>
<p><b>အသင်္ခါရိကံ</b>ပုဒ်၌ <b>န</b>သဒ္ဒါမြစ်ခြင်းအနက်ဟော၊ <b>သင်္ခါရ</b>သဒ္ဒါ ဥပါယအနက်, ပယောဂအနက်ဟော၊ <b>ဣက</b>သဒ္ဒါဥပ္ပန္နအနက်ဟော၊ <b>သသင်္ခါရိကံ</b>ပုဒ်၌ <b>သဟ</b>သဒ္ဒါတကွဟူသော သမဝါယအနက်ဟော၊ <b>သင်္ခါရ</b>သဒ္ဒါဥပါယအနက်, ပယောဂအနက်, <b>ဣက</b>သဒ္ဒါ ဥပ္ပန္န အနက် ဟော၊ ဖြစ်ခွင့်ဆိုက်ပါလျက် ဖြစ်ခြင်းငှါမဝံ့ဘဲ တွန့်၍နေသော စိတ် အစဉ်ကို မတွန့်မနစ်ဖြစ်စေခြင်းငှါ ဖြစ်ထိုက်သောအကြောင်းနှင့် နှိုးဆော် တိုက်တွန်းခြင်းအမှုသည် ပယောဂလည်းမည်၏၊ ဥပါယလည်းမည်၏၊ ထိုအမှုကို သင်္ခါရဆိုပေသည်၊ တရားကိုယ်အားဖြင့်-စေတနာလည်း သင့်ပါ၏၊ ဝါယာမလည်းသင့်ပါ၏၊</p>
<p>ထိုသင်္ခါရသည် နောက်၌ဖြစ်သော သသင်္ခါရိကစိတ်နှင့် သန္တာန်တူလည်းရှိ၏၊ သန္တာန်ကွဲလည်းရှိ၏၊</p>
<p>၁။ ကောင်းမှုအရာ၌လည်းကောင်း, မကောင်းမှုအရာ၌လည်း ကောင်း ပြုခွင့်ဆိုက်ပါလျက် မပြုလိုဘဲ တွန့်တိုဆုတ်နစ်၍နေသောအခါ မိမိကိုယ်ကို မိမိတိုက်တွန်းမှ ထမြောက်သည်ကား-<b>သန္တာန်တူ</b>ပေတည်း။</p>
<p>၂။ သူတစ်ပါးတိုက်တွန်းမှ ထမြောက်သည်ကား-<b>သန္တာန်ကွဲ</b> ပေတည်း။</p>
<p>သဟသင်္ခါရေန ယော ဝတ္တတီတိ သသင်္ခါရော။။</p>
<p><b>ယောပစ္စယဂဏော</b>=အကြင်စိတ်ဖြစ်ရန်အကြောင်း အပေါင်း သည်၊ <b>သင်္ခါရေန</b>=ပုဗ္ဗပယောဂဟုဆိုအပ်သော သင်္ခါရနှင့်၊ <b>သဟ</b>=တကွ၊ <b>ဝတ္တတိ</b>=ဖြစ်၏၊ <b>ဣတိ</b>=ထို့ကြောင့်၊ <b>သောပစ္စယဂဏော</b>=ထိုစိတ်ဖြစ်ရန် အကြောင်းအပေါင်းသည်၊ <b>သသင်္ခါရော</b>=သသင်္ခါရမည်၏၊</p>
<p>အကြောင်းအပေါင်းဟူသည်ကား- ကုသိုလ်အရာ၌ သပ္ပုရိသူပ နိဿယ စသော အကြောင်းအပေါင်း, အကုသိုလ်အရာ၌ အသပ္ပုရိသူပ နိဿယစသော အကြောင်းအပေါင်းပေတည်း၊ ဤအကြောင်းအပေါင်း သည် ရံခါသင်္ခါရမတူဘဲနှင့်ပင် ကုသိုလ်စိတ်, အကုသိုလ်စိတ်တို့ကို ဖြစ်စေနိုင်သည်၊ ရံခါမူကား- သင်္ခါရကူပါမှ ကုသိုလ်စိတ်, အကုသိုလ်စိတ် တို့ကို ဖြစ်စေနိုင်သည်။</p>
<p>၁။ သင်္ခါရကူပါမှဖြစ်စေနိုင်သောအခါ ထိုအကြောင်းအပေါင်း သည် <b>သသင်္ခါရ</b>မည်၏၊</p>
<p>၂။ သင်္ခါရမကူဘဲ သက်သက်အားဖြင့်ပင် ကုသိုလ်စိတ်, အကုသိုလ်စိတ်တို့ကို ဖြစ်စေနိုင်သောအခါ <b>အသင်္ခါရ</b>မည်၏၊</p>
<p>နတ္ထိ သင်္ခါရော ဧတဿာတိ အသင်္ခါရော။။ <b>ဧတဿ</b>=ထိုစိတ်ဖြစ်ရန်အကြောင်းအပေါင်းအား၊ <b>သင်္ခါရော</b>= အကူအပံ့ဖြစ်သော သင်္ခါရသည်၊ <b>နတ္ထိ</b>=မရှိ၊ <b>ဣတိ</b>=ထိုကြောင့်၊ <b>အသင်္ခါရော</b>=အသင်္ခါရမည်၏၊ (ဝိဂြိုဟ်။) ဤသို့လျှင် ပုဗ္ဗပယောဂ ဟုဆိုအပ်သော သင်္ခါရနှင့်တကွဖြစ်သည်, မဖြစ်သည်ဟူသောအချက်၊ သင်္ခါရရှိသည်, မရှိသည်ဟူသော အချက်များသည် ပကတိအကြောင်း အပေါင်း၌သာ ဆိုထိုက်သော အချက်စုပေတည်း။</p>
<p>သက်သေကား</p>
<p>သဟ သင်္ခါရေနာတိ သသင်္ခါရော၊ တေန သသင်္ခါရေန သပ္ပယောဂေန သဥပါယေန ပစ္စယဂဏေနာတိ အတ္ထော။</p>
<p>[အဋ္ဌသာလိနီ။]</p>
<p>သသင်္ခါရေန ဥပ္ပန္နံ သသင်္ခါရိကံ။။ <b>ယံစိတ္တံ</b>=အကြင်စိတ်သည်၊ <b>သသင်္ခါရေန</b>=အကူအပံ့ သသင်္ခါရနှင့်တကွ ဖြစ်သော အကြောင်းအပေါင်း ကြောင့်၊ <b>ဥပ္ပန္နံ</b>=ဖြစ်ပေါ်လာသည်တည်း၊ <b>ဣတိ</b>=ထို့ကြောင့်၊ <b>တံစိတ္တံ</b>= ထိုစိတ်သည်၊ <b>သသင်္ခါရိကံ</b>=သသင်္ခါရိကမည်၏၊</p>
<p>အသင်္ခါရေန ဥပ္ပန္နံ အသင်္ခါရိကံ။။ <b>ယံစိတ္တံ</b>=အကြင်စိတ်သည်၊ <b>အသင်္ခါရေန</b>=အကူအမသင်္ခါရမဖက်သက်သက်သော အကြောင်း အပေါင်းကြောင့်၊ <b>ဥပ္ပန္နံ</b>=ဖြစ်ပေါ်သည်တည်း၊ <b>ဣတိ</b>=ထို့ကြောင့်၊ <b>တံစိတ္တံ</b>=ထိုစိတ်သည်၊ <b>အသင်္ခါရိကံ</b>=အသင်္ခါရိကမည်၏၊။ ဤသို့ ဣကပစ္စည်းကို အသီးထုတ်၍ ဥပ္ပန္နတဒ္ဓိတ်ဆိုမှ စိတ်ကိုရထိုက်ပေ သတည်း။</p>
<p>သက်သေကား</p>
<p>ယသ္မိံ သမယေ ကာမာဝစရံ။ လ။ စိတ္တံ ဥပ္ပန္နံ ဟောတိ သသင်္ခါရေန။</p>
<p>[ဓမ္မသင်္ဂဏီပါဠိတော်။]</p>
<h3>ဋီကာဝါဒများ</h3>
<p>ဋီကာတို့၌ကား-ဤအဋ္ဌကထာပါဠိများကို သတိမမူကြကုန်မူ၍ သဟနှင့်သင်္ခါရ-ပထမဝိဂြိုဟ်တွင်ပင် စိတ်ကိုအရပြုခြင်း၊ နောက်၌ဖြစ် သော စိတ်နှင့်ရှေ့၌လည်းကောင်း၊ သန္တာန်ကွဲ၌လည်းကောင်းဖြစ်သော ပုဗ္ဗပယောဂကို သဟအနက် အပြိုင်ခက်သောကြောင့် နောက်စိတ်၏ ထက်သည်၏ အဖြစ်တည်းဟူသော တိက္ခဘာဝကို သင်္ခါရအမည်ပေးခြင်း၊ ဣကပစ္စည်းကို အနက်မရှိပြုခြင်းများသည် ဋီကာဆရာသုံးပါးတို့ ဉာဏ်သွား ချော်ချက်စုသာတည်း။</p>
<p>[ပယ်ချက်-၃။]</p>
<p><b>သသင်္ခါရိကံ</b>,<b>အသင်္ခါရိကံ</b>ပုဒ်အနက်စစ်ချက်ပြီး၏၊</p>
<hr>
<h3>သမ္ပယုတ်,ဝိပ္ပယုတ်စစ်ချက်</h3>
<p>လောဘမူစိတ်၌ စေတသိက် ၂၂-ယှဉ်၏၊ ဒေါသမူစိတ်၌လည်း ၂၂-ပင်၊ မောဟမူဒွေ၌ ၁၆၊ လောဘမူယှဉ် ၂၂-တွင် ပီတိ,ဒိဋ္ဌိ,မာန, ထိန,မိဒ္ဓ၊ ဤငါးခုသည် အချို့ယှဉ်သည်သာတည်း၊ အကြွင်း ၁၇-ခုသည် အကုန်ယှဉ်ပေတည်း၊ အချို့ငါးခုတွင်လည်း မာန,ထိန,မိဒ္ဓ၊ ဤသုံးခုသည် ရံခါယှဉ်သတည်း၊ အမြဲယှဉ်မဟုတ်၊ ဒေါသမူယှဉ် ၂၂-တွင်လည်း ဣဿ, မစ္ဆရိယ,ကုက္ကုစ္စ,ထိန,မိဒ္ဓ၊ ဤငါးခုသည် ရံခါယှဉ်သတည်း။</p>
<p>အချို့ယှဉ်, ရံခါယှဉ်ဟူသမျှသည် စိတ်ကို အထွေအပြား များအောင် အထူးပြုနိုင်သည်ချည်းတည်း။</p>
<p>ပြုပုံကား</p><p>၁။ ဒိဋ္ဌိသည် အချို့ယှဉ်ဖြစ်၍ ယှဉ်သောစိတ်သည် <b>ဒိဋ္ဌိဂတသမ္ပ ယုတ်</b>, မယှဉ်သောစိတ်သည် <b>ဒိဋ္ဌိဂတဝိပ္ပယုတ်</b> နှစ်ထွေထုတ်ရ သကဲ့သို့ အချို့ယှဉ်ပြန်သော ပီတိအတွက်နှင့်လည်း <b>ပီတိ သမ္ပယုတ်</b>, <b>ပီတိဝိပ္ပယုတ်</b> နှစ်ထွေထုတ်ခွင့်ရှိသည်။</p>
<p>၂။ အချို့ယှဉ်,ရံခါယှဉ်ဖြစ်သော မာန,ထိန,မိဒ္ဓတို့အတွက်နှင့်လည်း <b>မာနသမ္ပယုတ်</b>, <b>မာနဝိပ္ပယုတ်</b>, <b>ထိနမိဒ္ဓသမ္ပယုတ်</b>, <b>ထိနမိဒ္ဓ ဝိပ္ပယုတ်</b>နှစ်ထွေထုတ်ခွင့်ရှိသည်။</p>
<p>၃။ ဒိဋ္ဌိဝိပ္ပယုတ်လေးခုသည်ပင် <b>မာနသမ္ပယုတ်</b>လေးခု၊ <b>မာန ဝိပ္ပယုတ်</b>လေးခုဖြစ်ပေလတံ့။</p>
<p>၄။ သသင်္ခါရိကလေးခုသည်ပင် <b>ထိန,မိဒ္ဓသမ္ပယုတ်</b>လေးခု၊ <b>ထိန,မိဒ္ဓ ဝိပ္ပယုတ်</b>နှစ်ခုဖြစ်လာလတံ့။</p>
<p>၅။ ဒေါသမူဒွေသည်လည်း <b>ဣဿာသမ္ပယုတ်</b>နှစ်ခု၊ <b>ဣဿာ ဝိပ္ပယုတ်</b>နှစ်ခု၊ <b>မစ္ဆရိယသမ္ပယုတ်</b>နှစ်ခု၊ <b>မစ္ဆရိယဝိပ္ပယုတ်</b>နှစ်ခု၊ <b>ကုက္ကုစ္စသမ္ပယုတ်</b>နှစ်ခု၊ <b>ကုက္ကုစ္စဝိပ္ပယုတ်</b>နှစ်ခုဖြစ်လာလတံ့။</p>
<p>၆။ သသင်္ခါရိကတစ်ခုပင်လျှင် <b>ထိန,မိဒ္ဓ-သမ္ပယုတ်</b>တစ်ခု၊ <b>ထိန,မိဒ္ဓ ဝိပ္ပယုတ်</b>တစ်ခုဖြစ်လာလတံ့။</p>
<p>မေးမြန်းဖွယ်</p>
<p>မေး။ ဤသို့စိတ်ကို အထွေအပြားများအောင် အထူးပြုတတ် ကုန်သော သမ္ပယုတ်တရားတို့သည် များစွာရှိကြပါကုန် လျက် အဘယ့်ကြောင့် လောဘမူမှာ ဝေဒနာနှင့်ဒိဋ္ဌိကိုသာ၊ ဒေါသမူမှာ ဝေဒနာနှင့် ပဋိဃကိုသာ၊ မောဟမူမှာ ဝေဒနာ, ဝိစိကိစ္ဆာ,ဥဒ္ဓစ္စတို့ကိုသာ သဟဂုတ်သံ, သမ္ပယုတ်သံနှင့် ဝေဖန် ထုတ်ဆိုလေသနည်း-မေးရန်။</p>
<p>ဖြေ။ ဝေဒနာသည် ခံမှုစံမှုဖြစ်ပေ၍ အလွန်ထင်ရှားသဖြင့် ခန္ဓာငါးပါးအသီးထား၍ ရှုရန်တရားလည်း ဖြစ်ပေသည်၊ သူမှပြားသော သုခသဘော, ဒုက္ခသဘောစသည်တို့သည် လည်း အသီးအသီး ထင်ရှားကုန်သည်၊ ထို့ကြောင့် စိတ်ကို ဝေဒနာအပြားနှင့်ဖက်တွဲ၍ အထွေအပြားဝေဖန်ပေသည်၊ ဝေဒနာသင်္ဂဟ, တသင်္ဂဟထုတ်ရလေသည်၊ ဒိဋ္ဌိ,ဝိစိကိစ္ဆာ တို့သည် မဂ်ဖြင့်ပယ်ခန်းသို့ရောက်သောအခါ ပထမမဂ်၏ အသီးဝေပုံကျဖြစ်၍ မဂ်တို့၏အစွမ်း အထူးကိုပြရာ၌ အစဉ်ထင်ရှားကြပေကုန်သည်၊ ထို့ကြောင့် ပဟာတဗ္ဗဖြစ် သော အကုသိုလ်စိတ်ကို ဒိဋ္ဌိ,ဝိစိကိစ္ဆာတို့နှင့်အသီး ဝေဖန် ပေသည်။</p>
<p>ပဋိဃသည်လည်း တတိယမဂ်၏ ဝေပုံကျပေတည်း၊ ဥဒ္ဓစ္စမှာ မူကား အကုသိုလ်အကုန်နှင့် ဆက်ဆံသည် ဖြစ်၍လည်းကောင်း, အကြွင်းမရှိပယ်ခန်းသို့ရောက်မှ ပယ်ရာပါလေသည်ဖြစ်လည်းကောင်း, ယှဉ်ခန်း,ပယ်ခန်းတို့၌ အထူးထွက်သော တရားမဟုတ်ပေ၊ ထိုသို့မဟုတ် သော်လည်း အထူးအားရှိရာအတွက်ကိုပြလို၍ ဥဒ္ဓစ္စသမ္ပယုတ် အသီးထုတ်လေသည်။</p>
<p>ပီတိ, မာန, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, ထိန, မိဒ္ဓ၊ ဤခုနစ်ပါး တို့တွင် ပီတိသည် သောမနဿ၏ နောက်လိုက်ဖြစ်ပေသည်၊ ထို့ကြောင့် ဝေဒနာဘေဒနှင့်ပင် ပြီးတော့သည်၊ မာန,ထိန,မိဒ္ဓတို့အတွက်နှင့် သမ္ပယုတ်, ဝိပ္ပယုတ် နှစ်ထွေထုတ်သင့်ပါသော်လည်း သမ္ပယောဂ အစီအရင်တွင် မာနဝိပ္ပယုတ်, ထိန,မိဒ္စဝိပ္ပယုတ်တွင် ဘယ်တရားယှဉ် သည်ဟု အထူးစီရင်မှုလည်းမရှိ၊ မဂ်ဖြင့်ပယ်ခန်းတွင် သမ္ပယုတ်ကို ဘယ်မဂ်ပယ်သည်၊ ဝိပ္ပယုတ်ကို ဘယ်မဂ်ပယ်သည်-ဟု အထူးပယ် ချက်လည်းမရှိ၊ ထို့ကြောင့် ထိုတရားတို့ကို အပြားဘေးဒအမှု၌ ဂရုမစိုက် လေသည်။</p>
<p>ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စတို့သည်ကား- အာရုံအများနှင့် ဆက်ဆံသော တရားစုမဟုတ်၊ မိမိတို့ဆိုင်ရာ အာရုံအနည်းငယ်မျှသာ ဆက်ဆံကြကုန်သည်၊ ထို့ကြောင့် ထိုတရားတို့ကို အပြားဘေဒမှု၌ ဂရုမစိုက်လေသည်၊ ဆိုခဲ့ပြီးသော အကြောင်းတို့ကြောင့်ပင်လျှင် ပါဠိတော်၌လည်း ထိုမာန,ဣဿာ,မစ္ဆရိယ,ကုက္ကုစ္စ,ထိန,မိဒ္ဓတို့ကို “ယေဝါ ပနက“အဖြစ်နှင့်ဟောတော်မူသည်။</p>
<p>မေးမြန်းဖွယ်</p>
<p>မေး။ စိတ်တို့ကို မည်သည့်စိတ်, မည်သည့်စိတ်ဟု အမည်တစ်ခု ထားရန် အထွေအပြားပြု၍ ဝေဖန်သော အမှုသည် အရာတစ်ပါး, ဌာနတစ်ပါးသို့ရောက်လျှင်လည်း ဝေဖန် ခွဲခြမ်းမှုအစဉ်၌ တွင်ကျယ်လောက်မှ ဝေဖန်ရသည်၊ မာနစသည်တို့သည် အမြဲယှဉ်သော နိယတယောဂီ မဟုတ် ကြ၍ သမ္ပယောဂမှု၌ မထွက်ရကုန်သည် မဟုတ်လောဟူမူ။</p>
<p>ဖြေ။ ဒိဋ္ဌိသမ္ပယုတ်အသီးထုတ်ချက်ရှိ၍သာ ဒိဋ္ဌိသည် သမ္ပယုတ် မြဲသည်-ဟု ဆိုရသည်၊ ထို့အတူ မာနသမ္ပယုတ်အသီး ထုတ်ပေလျှင် မာနသည် မာနသမ္ပယုတ်စိတ်၌ အမြဲယှဉ် သည်-ဟု ဆိုရသည်ပင်၊ ဣဿာ စသည်တို့၌လည်း ဤအတူ၊</p>
<h3>ဋီကာကျော်ဝါဒ</h3>
<p>ဋီကာကျော်၌ကား</p>
<p>“ဝေဒနာ, ဒိဋ္ဌိ, ပဋိဃ, သင်္ခါရ, ဝိစိကိစ္ဆာတို့သည်သာလျှင် အချို့စိတ်၌ယှဉ်ခြင်း၊ အချို့စိတ်၌ မယှဉ်ခြင်း အထူးရှိကြကုန်၍ စိတ်ကို အထွေအပြားပြုနိုင်ကြကုန်၏၊ သည်မှ တစ်ပါးသော တရားတို့သည် မပြုနိုင်ကြကုန်၊ ယှဉ်ခြင်း, မယှဉ်ခြင်းအထူးရှိ ကြကုန်သည်မှာလည်း ယှဉ်ဖို့အကြောင်း, မယှဉ်ဖို့အကြောင်း အသီးအသီးဖြစ်ကြ၍ အထူးရှိကြကုန်သည်”</p>
<p>ဟု အကျယ်ဆိုပေ၏၊ ပီတိ,မာန,ထိန,မိဒ္ဓ-စသည်တို့သည်လည်း</p>
<p>အချို့စိတ်၌ယှဉ်ခြင်း, အချို့စိတ်၌မယှဉ်ခြင်း အထူးရှိကြကုန်သည်ပင်၊ အကြောင်းလည်း အသီးအသီးအထူးရှိကြကုန်သည်ပင်၊ စိတ်ကိုလည်း မာနသမ္ပယုတ္တ,မာနဝိပ္ပယုတ္တစသည်ဖြင့် အထူးပြုနိုင်ကြကုန်သည်ပင်၊ ထို့ကြောင့် ဋီကာကျော်အဖွင့်ကို အသင့်ဟု မယူသာချေ။</p>
<p>[ပယ်ချက်-၄။]</p>
<p>ဒေါသမူဒွေမှာလည်း ဝေဒနာအတွက်, သမ္ပယုတ်အတွက် အထွေအပြားမရှိပါဘဲလျက် ဒေါမနဿ သဟဂတံ ပဋိဃသမ္ပယုတ္တံဆိုရပြန်သည်မှာ</p>
<p>၁။ မင်းတို့သည် ပျော်မြူးကုန်လျက် အသက်သတ်မှုကို စေခိုင်းသောအခါ၌လည်းကောင်း, လုလင်ပျိုတို့ သည် ပျော်မြူးကုန်လျက် သူ့အသက်သတ်မှုကို ပြုကြကုန်သော အခါ၌လည်းကောင်း, မိစ္ဆာအယူရှိသော သူတို့သည် အသက်ကို သတ်ညှစ်၍ ယဇ်ပူဇော်ရာနှစ်သက်ကြသော အခါ၌လည်းကောင်း, သောမနဿဇောတိုအလယ်၌ အနည်းငယ်မျှဖြစ်ကြကုန်သော ပါဏာတိပါတမှုတို့သည် သောမနဿ နှင့်သော်လည်းကောင်း, ဥပေက္ခာနှင့်သော် လည်းကောင်း ယှဉ်ကုန်ရာသည်-ဟု ယူရန်ရှိသည်လည်း တစ်ကြောင်း၊</p>
<p>၂။ ဆိုခဲ့ပြီးသော မိစ္ဆာလူညစ်တို့ ယဇ်ပူဇော်မှု၌လည်းကောင်း, အချို့သော ကုလားလူမျိုးတို့ကဲ့သို့ တိရစ္ဆာန်ကို သတ် ကောင်း၏၊ ချွတ်သည်မည်၍ ကောင်းမှုအထူးဖြစ်၏ဟူသော မိစ္ဆာအယူနှင့်ကုသိုလ် ရအောင် သင်ကြားရာ၌ လည်းကောင်း, ပါဏာတိပါတမှုသည် မိစ္ဆာဒိဋ္ဌိယှဉ် လေရာသည်-ဟု ယူရန်ရှိသည်လည်းတစ်ကြောင်း၊</p>
<p>၃။ သေခွင့်ဆိုက်ပြီ၊ ဒုက္ခကြီးစွာမြင်ရရာ၌ ကြင်နာလှထွေ မြန်မြန်သေမှု ကောင်းလေ၏-ဟု အကြံဖြစ်ရာ လည်း ကောင်း, သေတည့်စိမ့်ငှါ ဝါစာကာယ ပယောဂမှု လုလ္လ ပြုရာ၌လည်းကောင်း ကရုဏာဇောတို့၏အလယ်၌ အနည်းငယ်ဖြစ်လေသော ဝိဟေသဇောစုသည် ကရုဏာ နှင့်ပင် ယှဉ်လေရာသည်-ဟု ယူရန်ရှိသည်လည်း တစ် ကြောင်း၊</p>
<p>သို့အကြောင်းများကြောင့် ထိုသောမနဿဝေဒနာ-ဥပေက္ခာ ဝေဒနာတို့ကိုလည်းကောင်း, ထိုမိစ္ဆာဒိဋ္ဌိ ကရုဏာတို့ကိုလည်းကောင်း ပယ်ခြင်း-နစ်စေခြင်းငှါ ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ်တို့ကို ဖော်ထုတ်၍ ဆိုပြန်ရသတည်း။</p>
<p>ဒေါမနဿနှင့်ပဋိဃတို့၏ အဝိနာဘာဝကိုပြလို၍ဆိုသည်ဟူသော ဋီကာကျော်၌လည်း ဤနည်းနှင့် လိုက်အောင်ယူလေ၊ စင်စစ် အားဖြင့်မူကား- စိတ်ကို အထူးပြုခွင့်ရှိသည်ဖြစ်စေ, မရှိသည်ဖြစ်စေ ဝေဒနာမည်သည် အစွဲအလမ်း အလွန်ကြီးရာဌာနဖြစ်၍ အသီးရှုထိုက် သော တရားဖြစ်ပေရကား- စိတ်တိုင်းမှာပင် ဝေဒနာယောဂကို မလွှတ်ရရှိသည်နှင့်ဒေါမနဿသဟဂုတ်ကို ထုတ်ရလေသည်၊ ထို့ကြောင့် မဟုတ်လော၊ မောဟမူဒွေ,စက္ခုဝိညာဉ်ဒွေ စသော စိတ်တကာတိုင်းမှာ ပင် ဝေဒနာကိုမလွှတ်နိုင်ဘဲအမြဲမူတည်ရလေသည်။</p>
<p>ဒေါသသည် ပူပြင်းသောတရားဖြစ်ခဲ့၍ ဒေါသနှင့်ယှဉ်သော စိတ်၌ ဝေဒနာသည် ဥပေက္ခာသဘောအနေ နှင့်ပင် မတည်နိုင်၊ သောမနဿအနေမှာ ဝေးလှစွာ၏၊ ထို့ကြောင့် ဤစိတ်၌ ဒေါမနဿ ဝေဒနာမြဲလေသတည်း။</p>
<p>၁။ မောဟမူဒွေ၌ကား- ရှေးစိတ်တို့၌ လောဘ, ဒေါသမင်းမူ ရာဖြစ်၍ မောဟသည် မော်ခွင့်မရ၊ ဤစိတ်နှစ်ခု၌သာ မော်ခွင့်ရသည်နှင့်အဆမတန်တွေဝေ ထိုင်းမှိုင်းသော မောဟနှင့်ယှဉ်သည်လည်း တစ်ကြောင်း၊</p>
<p>၂။ အာရုံ၌တည်တံ့ခြင်းမရှိဘဲ အမြဲလှုပ်ရှား လွင့်ပါး၍နေသော</p>
<p>ဝိစိကိစ္ဆာဥဒ္ဓစ္စတို့နှင့် ယှဉ်ရသည်လည်း တစ်ကြောင်း။ သို့အကြောင်းများကြောင့်နှစ်ပါးသော ဤစိတ်သည် ဣဋ္ဌ, အနိဋ္ဌ၌ပင် ရွှင်ခြင်းညှိုးခြင်းကင်းတုံသမှု လျစ်လျူရှုသော ဥပေက္ခာ ဝေဒနာနှင့်သာ ယှဉ်လေသည်။</p>
<p><b>သမ္ပယုတ်</b>,<b>ဝိပ္ပယုတ်</b>စစ်ချက်ပြီး၏၊</p>
<hr>
<h3>သင်္ခါရစစ်ချက်</h3>
<p>သင်္ခါရအပြားကိုမဆိုသည်မှာ ပါဠိတော်၌မလာ၍ မဆိုသည်၊ ပါဠိတော်၌ လောဘမူစိတ်, မဟာကုသိုလ် စိတ်တို့မှာပင် အသင်္ခါရဟူ၍ အဟောမရှိ၊ နောက်နောက်စိတ်၌ သသင်္ခါရေန-ဟု ဟောတော်မူသည် ကိုထောက်၍ ရှေးရှေးစိတ်ကို အဝုတ္တသိဒ္ဓိနည်းအားဖြင့် အသင်္ခါရိက ခေါ်ကြရသည်။</p>
<p>မောဟမူဒွေသည်လည်း ထိုအဝုတ္တသိဒ္ဓိနည်းအဝင် အသင်္ခါရိက သက်သက်ဟုယူရမည်၊ သင်္ခါရဝိမုတ်ဟု မယူသင့်။</p>
<p>သက်သေကား</p>
<p>ပဋိစ္စသမုပ္ပါဒနိဒ္ဒေသ၌ အဝိဇ္ဇာ၏အပြားကိုဆိုရာဝယ် သသင်္ခါရ, အသင်္ခါရအားဖြင့် နှစ်ပါးရှိကြောင်းကိုသာ အဋ္ဌကထာတို့၌ဆိုပေသည်၊ သသင်္ခါရ,အသင်္ခါရ,သင်္ခါရဝိမုတ်အားဖြင့် သုံးပါးရှိကြောင်းကို မဆိုပေ။</p>
<p>ခန္ဓဝိဘင်းအဋ္ဌကထာ၌လည်း အကုသိုလ်စိတ်တို့၏ ဩဠာရိက, သုခုမကိုဝေဖန်ရာ၌ သသင်္ခါရိက, အသင်္ခါရိကနှစ်ထွေသာလာပေသည်၊ သင်္ခါရဝိမုတ်ဟူ၍ မလာပေ၊ ဤသက်သေဖြင့်လည်း မောဟမူဒွေကို သသင်္ခါရိကပေ-ဟု ပုံသေမှတ်အပ်၏၊</p>
<h3>ဋီကာကျော်ဝါဒ</h3>
<p>ဋီကာကျော်၌ကား</p>
<p>ဤမောဟမူဒွေသည် မိမိသဘောအားဖြင့် ထက် သန်ခြင်းမရှိလေသောကြောင့် အသင်္ခါရိကလည်း မမည်၊ မတိုက်တွန်းဘဲပင် အဖြစ်များလှ၍ တိုက်တွန်းအပ်သော သဘောမရှိသောကြောင့်လည်း သသင်္ခါရိကလည်းမမည်၊ နှစ်ပါးစုံမှလွတ်သော သင်္ခါရဝိမုတ်သာတည်းဟု-ဆို၏၊ လောဘမူ,ဒေါသမူတို့ကဲ့သို့ အမှင်နှင့် ရဲရဲထက်မှသာ တိက္ခဘာဝဆိုရသည်မဟုတ်၊ မတိုက်တွန်း ဘဲနှင့် ဖြစ်ပေါ်နိုင် ခါမျှကိုလည်း တိက္ခဘာဝဆိုရပါ၏၊ တွေဝေခြင်းကိစ္စရှိသော မောဟမူမှာ အတိုင်းထက်အလွန် တွေဝေခြင်းကိုပင် တိက္ခဆို ရမည်၊ ထို့ကြောင့် ထိုဋီကာကျော်စကားကို အမြတ်အားဖြင့် မယူအပ်။</p>
<p>[ပယ်ချက်-၅။]</p>
<p><b>သင်္ခါရ</b>စစ်ချက်ပြီး၏၊</p>
<hr>
<h3>အကုသိုလ်စိတ်တို့၏အကြောင်း</h3>
<p>သမ္ပတ္တိစက်လေးပါးသည် ကုသိုလ်စိတ်တို့၏ အကြောင်းတည်း၊ ဝိပ္ပတ္တိစက်လေးပါးသည် အကုသိုလ်စိတ် တို့၏ အကြောင်းတည်း။</p>
<p>၁။ <b>အပ္ပဋိရူပဒေသဝါသော</b>=သူတော်ကောင်းတရား ရှစ်ပါး ခြောက်တပ် မလျောက်ပတ်သော အရပ်ဒေသ၌ နေခြင်းတစ်ပါး၊</p>
<p>၂။ <b>အသပ္ပုရိသူပနိဿယော</b>=သူတော်မဟုတ် သူယုတ်သူမာ သူမိစ္ဆာတို့ကို မှီရာမှီကြောင်း အပေါင်းအသင်း အရင်းပြု၍ နေရခြင်း တစ်ပါး၊</p>
<p>၃။ <b>ပုဗ္ဗေအကတပုညတာ</b>=ပြုဖူးသော ရှေးဘုန်းရှေးကံ အခံသေး နုတ်ခြင်းတစ်ပါး၊</p>
<p>၄။ <b>အတ္တမိစ္ဆာပဏီဓိ</b>=စိတ်ထားသဘောထား ယွင်းမှားတိမ်း စောင်း မကောင်းသော အလေ့အကျက်ရှိခြင်း တစ်ပါး၊</p>
<p>[ဝိပ္ပတ္တိစက် ၄-ပါး။]</p>
<p><b>အယောနိသောမနသိကာရ</b>သည်လည်း အကုသိုလ်စိတ်တို့၏ နည်းစွာသော အကြောင်းပင်တည်း။</p>
<p><b>အယောနိသော ဘိက္ခဝေ မနသိကရောတော အနုပ္ပန္နာစေဝ အကုသလာဓမ္မာ ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာစ အကုသလာ ဓမ္မာ အဘိဝဍ္ဎန္တိ၊ အနုပ္ပန္နာစ ကုသလာဓမ္မာ န ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာစ ကုသလာဓမ္မာ ပရိဟာယန္တိ။</b></p>
<p>[ပါဠိတော်။]</p>
<p>အနက်ကား။<br>
<b>ဘိက္ခဝေ</b>=ရဟန်းတို့၊<br>
<b>အယောနိသော</b>=မသင့် သောအကြောင်းအားဖြင့်၊<br>
<b>မနသိကရောတော</b>=နှလုံးသွင်းသောသူအား၊<br>
<b>အနုပ္ပန္နာစေဝ အကုသလာဓမ္မာ</b>=ဖြစ်နေကျမဟုတ်သော အကုသိုလ် တရားတို့သည်လည်း၊<br>
<b>ဥပ္ပဇ္ဇန္တိ</b>=ဖြစ်ပေါ်လာကုန်၏၊<br>
<b>ဥပ္ပန္နာစ အကုသလာ ဓမ္မာ</b>=ဖြစ်နေကျဖြစ်သော အကုသိုလ်တရားတို့သည်လည်း၊<br>
<b>အဘိဝဍ္ဎန္တိ</b>= တိုးပွါးကုန်၏၊<br>
<b>အနုပ္ပန္နာစ ကုသလာဓမ္မာ</b>=မဖြစ်ဘူးသေးသော ကုသိုလ်တို့ သည်လည်း၊<br>
<b>န ဥပ္ပဇ္ဇန္တိ</b>=ဖြစ်ခွင့်မရကုန်၊<br>
<b>ဥပ္ပန္နာစ ကုသလာဓမ္မာ</b>= ဖြစ်မိသမျှသောကုသိုလ်တရားတို့သည်လည်း၊<br>
<b>ပရိဟာယန္တိ</b>=ဆုတ်ယုတ် ရကုန်၏၊</p>
<p>လောကအလုံးစုံသော သက်ရှိသက်မဲ့ ဣဋ္ဌ, အနိဋ္ဌဝတ္ထုစု၊ အလုံးစုံသော ဖြစ်မှု,ပျက်မှုစုသည် နှလုံးထားလိမ္မာလျှင် ကုသိုလ်ဖြစ် ဖို့ချည်း၊ နှလုံးထားမလိမ္မာလျှင် အကုသိုလ်ဖြစ်ဖို့ချည်း၊ အကုသိုလ် လွတ်ဖို့လမ်း သည် <b>ယောနိသောလမ်း</b>မည်၏၊ အကုသိုလ်ဖြစ်ဖို့လမ်းသည် <b>အယောနိသောလမ်း</b>မည်၏၊ သက်တော်ထင်ရှား ဘုရားနှင့်ပင်တွေ့သော် လည်း အယောနိသောလမ်းသို့ စိတ်ဦးလှည့်ခဲ့လျှင် အကုသိုလ်ဖြစ်ဖို့ သာဖြစ်၏၊ မိမိအလိုသို့ လိုက်ပါသော တာဝတိံသာနတ်သမီးနှင့်ပင် တွေ့သော်လည်းကောင်း, မိမိအသက်ကို ဖျက်ဆီးမည့်သူနှင့်ပင် တွေ့ သော်လည်းကောင်း၊ ယောနိသောလမ်းသို့ ဦးလှည့်ခဲ့လျှင် ကုသိုလ်ဖြစ်၏၊</p>
<p><b>အဇ္ဈတ္တဝိသဋံ ဝိသံ၊<br>
အဇ္ဈုပေက္ခေယျ ပဏ္ဍိတော။<br>
နတွေ ဝုဗ္ဗထ မနက္ကာရံ၊<br>
သောဟာပါယပထော ဥဇု။။</b></p>
<p>အနက်ကား။<br>
<b>ပဏ္ဍိတော</b>=ပညာရှိသည်၊<br>
<b>အဇ္ဈတ္တဝိသဋံ</b>=ကိုယ် တွင်း မဆန့်ပျံ့နှံ့ပူလောင်၍နေသော၊<br>
<b>ဝိသံ</b>=မြွေပွေးဆိပ်ကို၊<br>
<b>အဇ္ဈု ပေက္ခေယျ</b>=ကြောင့်ကြမပြု လျစ်လျူရှုသော်လည်း ရှုရာသေး၏၊<br>
<b>ဥဗ္ဗထ မနက္ကာရံ</b>=ကိုယ်တွင်းမှထ၍လာသော အယောနိသောမနသိကာရကို၊<br>
<b>နတွေဝ-အဇ္ဈုပေက္ခေယျ</b>=လျစ်လျူရှုကာ မနေရာသည်သာလျှင်တည်း၊<br>
<b>ဟိကသ္မာ</b>=ဘယ်အတွက်ကြောင့်ဟူမူကား၊<br>
<b>သော</b>=ထိုအယောနိသော မနသိကာရမည်သည်၊<br>
<b>ဥဇု</b>=မသွေမထောင့် အလွန်ဖြောင့်သော၊<br>
<b>အပါယပထော</b>=အပယ်လမ်းကြောင်းပေတည်း။</p>
<hr>
<h3>လောဘမူစိတ်၏အကြောင်း</h3>
<p>၁။ လောဘခြံရံသော ကံနှင့်ရသော ပဋိသန္ဓေရှိခြင်းတစ်ပါး၊</p>
<p>၂။ လောဘအဖြစ်များသော မင်းစိုးရာဇာဘဝ, နတ်ဘဝတို့မှ လာခဲ့သောသူ ဖြစ်ခြင်းတစ်ပါး၊</p>
<p>၃။ ဣဋ္ဌာရုံနှင့်တွေ့ကြုံခြင်းတစ်ပါး၊</p>
<p>၄။ သာယာဖွယ်ဟု ရှုလေ့ရှိခြင်းတစ်ပါး၊</p>
<p>ဤလေးပါးသည် လောဘမူစိတ်၏ ဝိသေသအကြောင်းစု ပေတည်း။</p>
<hr>
<h3>ဒေါသမူစိတ်၏အကြောင်း</h3>
<p>၁။ ဒေါသခြံရံသော ကံနှင့်ရသော ပဋိသန္ဓေရှိခြင်းတစ်ပါး၊</p>
<p>၂။ ဒေါသအဖြစ်များသော အချို့သော ငရဲဘဝ,ပြိတ္တာဘဝ, ကြောင်,ကျားစသော တိရစ္ဆာန်ဘဝတို့မှလာခဲ့သောသူ ဖြစ်ခြင်းတစ်ပါး၊</p>
<p>၃။ အနိဋ္ဌာရုံနှင့်တွေ့ကြုံခြင်းတစ်ပါး၊</p>
<p>၄။ ရန်ပေါက်တွေမှာ မသာယာဖွယ်ဟု ရှုလေ့ရှိခြင်းတစ်ပါး, ဤလေးပါးသည် ဒေါသမူစိတ်၏ ဝိသေသအကြောင်းစု ပေတည်း။</p>
<hr>
<h3>မောဟမူစိတ်၏အကြောင်း</h3>
<p>၁။ မောဟခြံရံသော ကံနှင့်ရသော ပဋိသန္ဓေရှိခြင်းတစ်ပါး၊</p>
<p>၂။ မောဟအဖြစ်များသော အချို့သော လူ့ဘဝ, တိရစ္ဆာန် ဘဝတို့မှ လာခဲ့သောသူ ဖြစ်ခြင်းတစ်ပါး၊</p>
<p>၃။ မဇ္ဈတ္တာရုံနှင့် တွေ့ကြုံခြင်းတစ်ပါး၊</p>
<p>၄။ မညီမညွတ် တရားလွတ်၍ စွပ်မိစွပ်ရာ ဗလဖွာ လျောက် လျားထင်တိုင်းအားဖြင့်ရှုလေ့ရှိခြင်းတစ်ပါး, ဤလေးပါးသည် မောဟမူစိတ်၏ ဝိသေသအကြောင်းစုပေ တည်း။</p>
<p><b>ဣဋ္ဌာရုံ, အနိဋ္ဌာရုံ, မဇ္ဈတ္တာရုံ</b>ဟူရာ၌ <b>သဘာဝ,ပရိကပ္ပ</b> နှစ်ပါးစီခွဲ၍ယူ၊ ဝိပါက်အကြိုက်မှာ သဘာဝ,ဇောအကြိုက်မှာ ပရိကပ္ပ၊ မိစ္ဆာဒိဋ္ဌိတို့မှာ ဘုရားတည်းဟူသော အာရုံသည် ပရိကပ္ပအနိဋ္ဌာရုံမည်၏၊ ခွေး,ကျီး,လင်းတတို့မှာ မစင်ခွေးကောင်ပုပ်များသည် ပရိကပ္ပဣဋ္ဌာရုံ မည်၏၊</p>
<p><b>ပါပဟေတုပရိက္ခိတ္တံ၊<br>
ပုညံ ယဿ ဒုမေဓိနော။<br>
ပုညပါက မနုဘောန္တိံ၊<br>
တေဝ မာရေန္တိ ဟောတဝေါ။။</b></p>
<p>အနက်ကား။<br>
<b>ဒုမေဓိနော</b>=ပညာနည်းသော၊<br>
<b>ယဿ</b>=အကြင် သူ၏၊<br>
<b>ပုညံ</b>=ကုသိုလ်ကံသည်၊<br>
<b>ပါပဟေတုပရိက္ခိတ္တံ</b>= အကုသိုလ် ဟိတ်ခြံရံ၏၊<br>
<b>ပစ္စ</b>=တမလွန်ဘဝသို့ရောက်၍၊<br>
<b>ပုညပါကံ</b>=ထိုကုသိုလ်ကံ၏ အကျိုးကို၊<br>
<b>မနုဘောန္တိံ</b>=ခံစားစေ၍နေသော၊<br>
<b>တံ</b>=ထိုသူကို၊<br>
<b>တေ ဟေတဝေါ</b>=ကံပြုစဉ်က ခြံရံကြသော ထိုတိဟိတ်တရားတို့သည် ပင်လျှင်၊<br>
<b>မာရေန္တိ</b>=သတ်တတ်ကုန်၏၊</p>
<p>အကုသိုလ်စိတ်တို့၏အကြောင်းပြီး၏၊</p>
<hr>
<h3>ဝေဒနာသုံးပါးတို့အကြောင်း</h3>
<h3>သောမနဿ၏အကြောင်း</h3>
<p>၁။ သောမနဿဝိပါက်စိတ်နှင့် ပဋိသန္ဓေနေခြင်းတစ်ပါး၊</p>
<p>၂။ မနက်နဲသောသဘော ရှိခြင်းတစ်ပါး၊</p>
<p>၃။ သဘာဝဣဋ္ဌာရုံ, ပရိကပ္ပဣဋ္ဌာရုံတို့နှင့် တွေ့ကြုံခြင်းတစ်ပါး၊</p>
<p>၄။ နှောင့်ယှက်ပူပန်ခြင်းမှ ကင်းခြင်းတစ်ပါး၊</p>
<p>ဤလေးပါးသည် သောမနဿ၏အကြောင်းတည်း။</p>
<hr>
<h3>ဥပေက္ခာ၏အကြောင်း</h3>
<p>၁။ ဥပေက္ခာစိတ်နှင့် ပဋိသန္ဓေနေခြင်းတစ်ပါး၊</p>
<p>၂။ နက်နဲသောသဘော ရှိခြင်းတစ်ပါး၊</p>
<p>၃။ မဇ္ဈတ္တာရုံတို့နှင့် တွေ့ကြုံခြင်းတစ်ပါး၊</p>
<p>ဤသုံးပါးသည် ဥပေက္ခာ၏အကြောင်းတည်း။</p>
<p>[ဆိုခဲ့ပြီးသော မောဟမူစိတ်၏ အကြောင်းလေးပါးသည်လည်း ဥပေက္ခာ၏ အကြောင်းပင်၊ ဆိုခဲ့ပြီးသော ဒေါသမူစိတ်၏ အကြောင်းလေးပါးသည်ပင် ဒေါမနဿ၏ အကြောင်းဖြစ်၏၊]</p>
<p>ဝေဒနာသုံးပါးတို့၏အကြောင်းပြီး၏၊</p>
<hr>
<h3>သမ္ပယုတ်လေးပါးအကြောင်း ဒိဋ္ဌိ၏အကြောင်း</h3>
<p>၁။ ဒိဋ္ဌိကျမ်း,ဒိဋ္ဌိတရားကို ကြားနာဖန်များခြင်း၊</p>
<p>၂။ ဒိဋ္ဌိအယူရှိသောသူနှင့် အပေါင်းအသင်းပြုခြင်း၊</p>
<p>၃။ သူတော်ကောင်းတရားတို့နှင့် ကွာဝေးခြင်း၊</p>
<p>၄။ နှလုံးသွင်းချော်ချွတ်ခြင်း၊</p>
<p>[အဋ္ဌကထာတွင်လာသော ဒိဋ္ဌိအကြောင်း။]</p>
<p>[ဋီကာကျော်၌ <b>သသတုစ္ဆေဒါသယတာ</b>ဟု အပိုလာ၏၊ မိစ္ဆာဒိဋ္ဌီဘဝ အဆက်နီးခဲ့၍ ဒိဋ္ဌာနုသယတရား အထူးအားကြီးသောသူသည် <b>သသတုစ္ဆေဒါသယပုဂ္ဂိုလ်</b> မည်၏၊ <b>ပဋိဃ</b>၏အကြောင်းမှာ ဒေါသမူ၏အကြောင်းစုပင်။]</p>
<hr>
<h3>ဝိစိကိစ္ဆာ၏အကြောင်း</h3>
<p>၁။ ပညာရှိတို့ကို မေးမြန်းလေ့မရှိခြင်း၊</p>
<p>၂။ မိမိဉာဏ်နှင့် မတန်သောအရာ၌ မိစ္ဆာဝိတက်များခြင်း</p>
<p>များသည် ဝိစိကိစ္ဆာ၏ အကြောင်းတည်း။</p>
<hr>
<h3>ဥဒ္ဓစ္စ၏အကြောင်း</h3>
<p>၁။ မောဟလွန်ကဲခြင်း၊</p>
<p>၂။ မတည်မကြည်သောသူတို့နှင့် အပေါင်းအသင်းများခြင်း၊</p>
<p>၃။ အတ္တဟိတမှု,ပရဟိတမှုဟူ၍ အလျဉ်းမရှိခြင်းများသည် ဥဒ္ဓစ္စသမ္ပယုတ်၏အကြောင်း။</p>
<p>သမ္ပယုတ်လေးပါးအကြောင်းပြီး၏၊</p>
<hr>
<h3>သင်္ခါရတို့၏အကြောင်း</h3>
<p>လျောက်ပတ်သော ဥတုဘောဇဉ်စသည်သည် အသင်္ခါရိက၏ အကြောင်း- ဋီကာကျော်၌ ဤမျှသာလာ၏၊ အဋ္ဌကထာကြီး၌ လောဘမူ ဒုတိယစိတ်၌ သမ္မာဒိဋ္ဌိအမျိုးသားတည်း၊ မိစ္ဆာဒိဋ္ဌိအမျိုးသမီးကို ယူလို၍ တောင်းရမ်းပြောဆိုကြလေရာ အယူမတူ၍ မပေးနေ၏၊ သင်တို့ပြု တိုင်းပြုပါစေမည်ဆိုမှ ပေးလေ၏၊ ထိုသမ္မာဒိဋ္ဌိအမျိုးသားသည် ထိုသူ တို့နှင့်အတူ တိတ္ထိဆရာတို့သို့ကပ်လေရာ အစ၌မယုံနိုင်သေး၊ ကြာမြင့် လတ်သော် နှစ်သက်ခြင်းဖြစ်၍ ထိုမိစ္ဆာကိုယူလေ၏၊ ဤကဲ့သို့နေရာ၌ ဤဒုတိယစိတ်ဖြစ်၏-ဟု လာ၏၊</p>
<p><b>သင်္ခါရိကတ္တာ သပ္ပယောဂေန သဥပါယေန ဥပ္ပဇ္ဇနတော</b>ဟူ၍လည်း ယုတ္တိအကြောင်းကိုဆို၏၊ ဤကိုထောက်၍ ယခုအခါ ဘုရားတရားကို ကြားဖူးနာဝရှိကြကုန်သော သမ္မာဒိဋ္ဌိလူမျိုးတို့အား သဒ္ဓါ၏အစွမ်းဖြင့်ပင် ဒိဋ္ဌိကိုပွါးနိုင်ကြသည်ဖြစ်၍ ဒိဋ္ဌိဂတသမ္ပယုတ် ဖြစ်ခြင်းမရှိဟုသိရမည်၊ ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်သို့ရောက်မှ ဒိဋ္ဌိကွာသည် ဟုဆိုသည်မှာ အကွာကြီးကွာသည်ကို ဆိုလိုသည်။</p>
<p>သမ္မာဒိဋ္ဌိလူမျိုးဖြစ်ပါလျက် ပုဂ္ဂိုလ်,သတ္တဝါ,ငါ့ကိုယ်,ငါဟု စွဲယူထင်မှတ်လျက်ရှိကြသည်မှာ <b>သညာစိတ္တဝိပ္ပလ္လာသ</b>အတွက်သာတည်း၊ <b>ဒိဋ္ဌိဝိပ္ပလ္လာသ</b>အတွက် မဟုတ်ပေ၊ ဤစိတ်၌ ဒိဋ္ဌိဆရာတို့က အခါခါဖြား ယောင်းသွေးဆောင်မှုသည်ပင် သင်္ခါရမည်၏၊</p>
<p>အထက်အောက်နေ၍ ပွဲသဘင်ကြည့်ကြရာ၌ အထက်မှမြေမှုန့် တံတွေးကျမည်ကို ကြောင့်ကြတစ်ခု လုံ့လပြုလျက် ကြည့်ရှုကြသော အောက်လူတို့အားလည်းကောင်း၊ ပြည့်ရှင်မင်းထွက်တော်မူလာရာ ပုန်းကွယ်ခိုအောင်း၍ ကျဉ်းမြောင်းလှစွာသော နံရံပေါက်စသည်မှ ကြည့်ကြကုန်သော သူတို့အားလည်းကောင်း၊ ဤသို့သောအခါ၌ သသင်္ခါရိကစတုတ္ထစိတ်ဖြစ်သည်ဟု လာပေ၏၊</p>
<p>ဤစကားရပ်ဖြင့် ကောင်းမြတ်သောဣဋ္ဌာရုံကိုတွေ့ပါလျက် အနှောင့်အယှက်တစ်ဖက်နီးလှ၍ ကျီးလန့်စာစား ခံစားရသူတို့အား လည်းကောင်း၊ ကြောင့်ကြဗျာပါရတစ်ဖက်နှင့် ဝိတက်ရှုပ်ထွေးအရေ တင်းလင်း အခင်းနီးကြပ် ကတ်ကတ်သတ်သတ်ခံစားရသော ဤသူတို့ အားလည်းကောင်း၊ သသင်္ခါရိကစိတ်သာဖြစ်သည်- ဟုသိလေ၊ ဤ၌ ခံစားသောအာရုံကိုမလွှတ်နိုင်လှ၍ ကြောင့်ကြဗျာပါရထဲမှစိတ်ကို အာရုံ၌ အခါခါထားရခြင်း အမှုကိုပင် သင်္ခါရယူ၊ ဆဋ္ဌစိတ်,အဋ္ဌမစိတ်တို့မှာ ဒုတိယစိတ်,စတုတ္ထစိတ်တို့နှင့် အလားတူကုန်၏၊</p>
<p>ဒေါသမူသသင်္ခါရိကစိတ်၌</p>
<p><b>ဒသမံ သသင်္ခါရတ္တာ ပရေဟိ ဥဿာဟိတဿဝါ, ပရေသံ ဝါ အပရာမံ သာရိတဿ, သယမေဝ ဝါ ပရေသံ အပရာမံ အနုဿရိတွာ ကုဇ္ဈမာနဿ ဥပ္ပဇ္ဇတိ</b>ဟုလာ၏၊</p>
<p>အနက်ကား။<br>
<b>ဒသမံ</b>=ဒသမစိတ်သည်၊<br>
<b>သသင်္ခါရတ္တာ</b>=သင်္ခါရနှင့် တကွဖြစ်လေသောကြောင့်၊<br>
<b>ပရေဟိ</b>=တစ်ပါးသောသူတို့သည်၊<br>
<b>ဥဿာဟိတဿဝါ</b>=တိုက်တွန်းအပ်သောသူအားလည်းကောင်း၊<br>
<b>ပရေသံ</b>=တစ်ပါးသောသူတို့၏၊<br>
<b>အပရာဓံ</b>=မိမိအားပြုဖူးသောအပြစ်ကို၊<br>
<b>သာရိတဿဝါ</b>=သူတစ်ပါးတို့က အမှတ်ရစေသောသူအား လည်းကောင်း၊<br>
<b>ပရေသံ</b>=တစ်ပါးသောသူတို့၏၊<br>
<b>အပရာဓံ</b>=ပြုဖူးသောအပြစ်ကို၊<br>
<b>သယမေဝ</b>= မိမိသည်ပင်လျှင်၊<br>
<b>အနုဿရိတွာ</b>=အမှတ်ရ၍၊<br>
<b>ကုဇ္ဈမာနဿဝါ</b>=ဒေါသ အမျက်ထွက်၍လာသောသူအားလည်းကောင်း၊<br>
<b>ဥပ္ပဇ္ဇတိ</b>=ဖြစ်၏၊</p>
<p>ဤသုံးနည်းတို့တွင် နောက်နှစ်နည်း၌ ပယောဂမထင်ရှား၊ သူတစ်ပါးတို့က အမှတ်ရအောင်ပြောမှု, မိမိကိုယ်ကိုမိမိ လည်လည် ပတ်ပတ်အမှတ်ရအောင် အောက်မေ့မှုဟုဆိုအပ်သော ဥပါယသည်ပင် သင်္ခါရမည်သာတည်း။</p>
<p>[ဤကား အဋ္ဌကထာ၌လာသော အသင်္ခါရိကစိတ်ငါးခုတို့၏ ဖြစ်ပုံတည်း။]</p>
<p>လောဘမူရှစ်ခုတို့တွင် စတုတ္ထစိတ်အားအနည်းဆုံး၊ စတုတ္ထထက် အဋ္ဌမသာသည်၊ အဋ္ဌမထက် တတိယသာသည်၊ တတိယထက် သတ္တမသာသည်၊ သတ္တမထက် ဒုတိယသာသည်၊ ဒုတိယထက် ဆဋ္ဌသာသည်၊ ဆဋ္ဌထက် ပထမသာသည်၊ ပထမထက် ပဉ္စမသာသည်ဟု ဋီကာတို့၌ဆိုပေ၏၊</p>
<p>ဖြစ်ပုံအစီအရင်များကို ဝိသုဒ္ဓိမဂ်အဋ္ဌကထာ, ဋီကာကျော် တို့မှယူ။</p>
<p>သင်္ခါရတို့၏အကြောင်းပြီး၏၊</p>
<hr>
<h3>အကုသိုလ်များ မီးတောက်မီးလျှံနှင့်တူပုံ</h3>
<p>၁။ <b>ဧတေ မာရဿ ဒါဟဂ္ဂီ၊<br>
ဟဒယမှိ နိပါတိနော။<br>
နိပစ္စ ဆဟိ ဒွါရေဟိ၊<br>
သဒ္ဓမ္မသာရဒါဟိနော။။</b></p>
<p>၂။ <b>န စ ဇ္ဇ ဇလာ ဝုဋ္ဌန္တိ၊<br>
ဘသ္မာ ဆန္နာဝ တိဋ္ဌရေ။<br>
ပစ္စ ဇာလာ သမ္ပဇ္ဇန္တိ၊<br>
ပေတေသု နိရယောသုစ။။</b></p>
<p>၃။ <b>သုဂုတ္တဒွါရိနော ဟောထ၊<br>
အပါယဂ္ဂိသုဘာယိနော။<br>
အမှိဘူတာဝ တေ အဇ္ဇ၊<br>
ပစ္စ ဇာလာ ဘဝန္တိ တေ။။</b></p>
<h4>အနက်ကား</h4>
<p>၁။ <b>ဧတေ</b>=ဤ ၁၂-ပါးသောတရားတို့သည်၊<br>
<b>မာရဿ</b>= မာရ်မင်း၏၊<br>
<b>ဒါဟဂ္ဂီ</b>=လောင်မီးလက်နက်တို့ပေတည်း၊<br>
<b>ဟဒယမှိ</b>=နှလုံး အိမ်၌သာလျှင်၊<br>
<b>နိပါတိနော</b>=ကျရောက်စွဲငြိတတ်ကုန်၏၊<br>
<b>ဆဟိ ဒွါရေဟိ</b>= မျက်စိပေါက်,နားပေါက်စသော အပေါက်ခြောက်ပါးတို့မှ၊<br>
<b>နိပစ္စ</b>= ဝင်ရောက်ကျစွဲ၍၊<br>
<b>သဒ္ဓမ္မသာရဒါဟိနော</b>=သူတော်ဥစ္စာ ခုနစ်ဖြာတည်း ဟူသော ရတနာအစစ်အနှစ်အဆီတို့ကို ပြာမကြွင်းအောင် အလျဉ်းဥဿုံ အကုန်အပြောင်လောင်တတ်ကုန်၏၊</p>
<p>၂။ <b>စ</b>=သို့ပင်လောင်ကုန်သော်လည်း၊<br>
<b>တေ</b>=ထိုအကုသိုလ်၁၂- ပါးတရားလောင်မီးတို့သည်၊<br>
<b>အဇ္ဇ</b>=ဤဘဝ၌၊<br>
<b>ဇာလာ</b>=မီးတောက် မီးလျှံကြီးတို့သည်၊<br>
<b>ဟုတွာ</b>=ဖြစ်၍၊<br>
<b>နဝုဋ္ဌန္တိ</b>=မထကုန်သေး၊<br>
<b>ဘသ္မာ ဆန္နာဝ</b>=ပြာဖုံးသောမီးတို့ကဲ့သို့၊<br>
<b>တိဋ္ဌရေ</b>=တည်နေကုန်၏၊<br>
<b>ပစ္စ</b>=နောင်ဘဝ ၌မူကား၊<br>
<b>တေ</b>=ထိုအကုသိုလ်ဓမ္မတို့သည်၊<br>
<b>ပေတေသု</b>=ပြိတ္တာဘုံတို့၌ လည်းကောင်း၊<br>
<b>နိရယေသုစ</b>=ငရဲဘုံတို့၌လည်းကောင်း၊<br>
<b>ဇာလာ</b>=မီး တောက်မီးလျှေံတို့သာ၊<br>
<b>သမ္ပဇ္ဇန္တိ</b>=ကောင်းစွာဖြစ်လာကုန်၏၊</p>
<p>၃။ <b>အပါယဂ္ဂိသုဘာယိနော</b>=အပါယ်မီးကိုကြောက်ကြကုန်မူကား၊<br>
<b>သုဂုတ္တဒွါရိနော</b>=အလွန်လုံခြုံသောတံခါး ခြောက်မျက်နှာရှိကြကုန်သည်၊<br>
<b>ဟောထ</b>=ဖြစ်ကြကုန်လော့၊<br>
<b>တေဓမ္မာ</b>=ထိုအကုသိုလ် ၁၂-ပါးတို့သည်၊<br>
<b>အဇ္ဇ</b>=ဤဘဝ၌၊<br>
<b>အမှိဘူတာဝ</b>=ငါ့ရုပ်-ငါ့ဟန် ငါ့သဏ္ဌာန်ဖြစ်ကြကုန်၍ သာလျှင်၊<br>
<b>ပစ္စ</b>=နောက်ဘဝ၌၊<br>
<b>တေ</b>=ထိုအကုသိုလ်ဓမ္မတို့သည်၊<br>
<b>ဇာလာ</b>= ငရဲမီးတောက်,ပြိတ္တာမီးတောက်တို့သည်၊<br>
<b>ဘဝန္တိ</b>=ဖြစ်ကုန်၏၊</p>
<p>ယခုဘဝ၌မူကား- အကုသိုလ်ဓမ္မတို့ကိုပင် ငါပြုကြကုန်သည်၊ ငါ့ကိုယ်ပြုကြကုန်သည်၊ နောက်ဘဝ၌ ဤဓမ္မတို့သည်ပင် ငရဲမီး, ပြိတ္တာမီးတွေဖြစ်လာကုန်သည်-ဟူလိုသည်။</p>
<p>အကုသိုလ်များမီးတောက်မီးလျှံနှင့်တူပုံပြီး၏၊</p>
<hr>
<h3>အဟိတ်စိတ် ၁၈-ခု အကုသလဝိပါက်</h3>
<p>အဟိတ်စိတ်၌ စက္ခုဝိညာဉ်၌</p>
<p><b>စက္ခု</b>သည် ဝိညာဉ်၏မှီရာပသာဒရုပ်ပေတည်း၊ ယင်းကို ဒွါရသင်္ဂဟ၌ <b>စက္ခုဒွါရ</b>ခေါ်သည်၊ ဝတ္ထုသင်္ဂဟ၌ <b>စက္ခုဝတ္ထု</b>ခေါ်သည်၊ ယင်းစက္ခုသည် မိမိကိုမှီသောဝိညာဉ်အား <b>ဝတ္ထုပုရေဇာတပစ္စည်း, ဝတ္ထုပုရေဇာတနိဿယပစ္စည်း, ဝတ္ထုပုရေဇာတိန္ဒြိယပစ္စည်း, ဝတ္ထု ပုရေဇာတဝိပ္ပယုတ္တပစ္စည်း, ဝတ္ထုပုရေဇာတတ္ထိပစ္စည်း, ဝတ္ထုပုရေဇာတ အဝိဂတပစ္စည်း</b>၊ ဤခြောက်ပစ္စည်းတို့နှင့်ကျေးဇူးပြုပေသည်၊ ပစ္စုပ္ပန် ရူပါရုံသည် ဤဝိညာဉ်အား <b>အာရမ္မဏပစ္စည်း, ပုရေဇာတပစ္စည်း, အတ္ထိ ပစ္စည်း, အဝိဂတပစ္စည်း</b>၊ ဤလေးပစ္စည်းတို့နှင့်ကျေးဇူးပြုပေသည်။ <b>သောတဝိညာဉ်, ဃာနဝိညာဉ်, ဇိဝှါဝိညာဉ်, ကာယဝိညာဉ်</b> တို့၌လည်း <b>သောတ,ဃာန,ဇိဝှါ,ကာယ</b>တို့သည် ဝိညာဉ်၏မှီရာပသာဒ ရုပ်တို့ပေတည်း၊ <b>သောတဒွါရ,သောတဝတ္ထု၊ ဃာနဒွါရ,ဃာနဝတ္ထု၊ ဇိဝှါဒွါရ,ဇိဝှါဝတ္ထု၊ ကာယဒွါရ,ကာယဝတ္ထု</b>-ဆိုမြဲ၊ ဝတ္ထုခြောက်ပစ္စည်းဆိုမြဲ၊ ပစ္စုပ္ပန်ဖြစ်သော <b>သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ</b>တို့သည် ဤဝိညာဉ် အား လေးပစ္စည်းဆိုမြဲ၊ <b>ပဉ္စဒွါရာဝဇ္ဇန်းစိတ်</b>သည် ပဉ္စဝိညာဉ်အား <b>အနန္တရပစ္စည်း, သမနန္တရပစ္စည်း, ဥပနိဿယပစ္စည်း, နတ္ထိပစ္စည်း, ဝိဂတပစ္စည်း</b>၊ ဤငါးပစ္စည်းတို့နှင့် ကျေးဇူးပြုပေသည်။</p>
<hr>
<h3>လက္ခဏာ,ရသ,ပစ္စုပဋ္ဌာန်,ပဒဋ္ဌာန်</h3>
<p><b>စက္ခုဝိညာဏံ</b>=စက္ခုဝိညာဉ်သည်</p>
<p>၁။ <b>စက္ခုသန္နိဿိတရူပဝိဇာနနလက္ခဏံ</b>=စက္ခု၌မှီ၍ ရူပါရုံကို သိခြင်းလက္ခဏာရှိ၏၊</p>
<p>၂။ <b>ရူပမတ္တာရမ္မဏရသံ</b>=ရူပါရုံမျှလျှင် အာရုံပြုခြင်းကိစ္စရှိ၏၊</p>
<p>၃။ <b>ရူပါဘိမုခဘာဝပစ္စုပဋ္ဌာနံ</b>=ရူပါရုံသို့ရှေးရှုသည်၏ အဖြစ်လျှင် ထင်သောအခြင်းအရာရှိ၏၊</p>
<p>၄။ <b>ရူပါရမ္မဏာယ</b>=ရူပါရုံလျှင် အာရုံရှိသော၊<br>
<b>ကြိယာမနော ဓာတုယာ</b>=ပဉ္စဒွါရာဝဇ္ဇန်း၏၊<br>
<b>အပဂမပဒဋ္ဌာနံ</b>=ကင်းခြင်း,ချုပ်ခြင်းလျှင် နီးစွာသောအကြောင်းရှိ၏၊</p>
<p>[အဋ္ဌသာလိနီ။]</p>
<p>သောတဝိညာဉ်စသည်တို့၌ ဝတ္ထုအာရုံလဲ၍ဆိုလေ၊ ရသမှာ<b>ရူပဒဿနရသံ</b>=ရူပါရုံကိုမြင်ခြင်းကိစ္စ၊ <b>သဒ္ဒသဝနရသံ</b>= သဒ္ဒါရုံကို ကြားခြင်းကိစ္စ၊ <b>ဂန္ဓဃာယနရသံ</b>=ဂန္ဓာရုံကိုနံခြင်းကိစ္စ၊ <b>ရသသာယနရသံ</b>= ရသာရုံကိုလျက်ခြင်းကိစ္စ၊ <b>ဖောဋ္ဌဗ္ဗဖုသနရသံ</b>=ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိခြင်း ကိစ္စရှိ၏-ဟူ၍လည်း သင့်ပါ၏၊</p>
<hr>
<h3>စက္ခုဝိညာဉ်၏အကြောင်း</h3>
<p>၁။ စက္ခုဝတ္ထုရုပ်လည်း အကြည်အလင် ထင်ရှားရှိသည်ဖြစ်စေ၊</p>
<p>၂။ ရူပါရုံလည်း မြင်လောက်သောအရပ်၌ ထင်ရှားရှိ သည်ဖြစ်စေ၊</p>
<p>၃။ ထိုရူပါရုံမှာ နေရောင်,လရောင်, ကြယ်ရောင်, မီးရောင်, ပတ္တမြားရောင်စသော ထွန်းပြနိုင်သော အရောင်အလင်း ဝန်းဝိုင်းခြံရံ လျက်ရှိသည်လည်းဖြစ်စေ၊</p>
<p>၄။ ထိုရူပါရုံလျှင် အာရုံရှိသော ပဉ္စဒွါရာဝဇ္ဇန်းဖြစ်ပေါ်သည် လည်းဖြစ်စေ, ဤအင်္ဂါလေးပါးစုံမှ စက္ခုဝိညာဉ်ဖြစ်နိုင်သည်။ အရောင်အလင်းမှာ ရူပါရုံကိုခြံရံသော အရောင်အလင်း, စက္ခုဝတ္ထုကိုခြံရံသော အရောင်အလင်းနှစ်ပါးပင် သင့်ရာ၏၊ တောတောင်အခြားမရှိ၊ မှောင်အခြားမရှိ၊ နေ့စဉ်မရွေး ဝေးလှစွာ သော ရူပါရုံကိုပင်မြင်နိုင်သော နတ်ဗြဟ္မာ တို့၏မျက်စိ၊ ညဉ့်အခါပင် ဝန်းကျင်တစ်ယူဇနာအတွင်းမြင်နိုင်သော ဘုရားမျက်စိ၊ ကျား,ကြောင်, မိန်ကောင်,ခင်ပုပ်-စသော ညဉ့်၌ကျက်စားသော သတ္တဝါတို့၏ မျက်စိများ သည် စက္ခုဝတ္ထုတွင်ခြံရံသော အရောင်အလင်း၏ ကျေးဇူးပေတည်း၊ ညဉ့်ကိုစာမြင်သော မျက်မှန်, နေ့ကိုအဝေးအသေးမြင်သော မျက်မှန်မှ စ၍ မြင်သောအရာများသည်လည်း စက္ခု၌ခြံရံသော အရောင်အလင်း ကျေးဇူးပေတည်း။</p>
<p>သန်းခေါင်လကွယ်, တောင်အုပ်လယ်၌နေ၍လည်း အဝေး၌ တည်သော ကြယ်တို့ကိုလည်းကောင်း၊ တောင်ထိပ်မီးတို့ကိုလည်းကောင်း၊ ထိုကြယ်,ထိုမီးတို့၏ အနီးအပါး၌ရှိသော ဝတ္ထုတို့ကိုလည်းကောင်း မြင်ရခြင်းများသည် ရူပါရုံတွင်ခြံရံသော အရောင်းအလင်း၏ ကျေးဇူး ပေတည်း၊ အလွန်ကြည်လှစွာသော ဝေဘူလပတ္တမြားသည် အလင်း တစ်ပါးမရှိသော်လည်း မိမိအတွင်း၌တည်သော အကြည်၏တန်ခိုး ကြောင့် မြေ,မိုး,ကောင်းကင်, တောင်စဉ်ခုနစ်ထပ်, နတ်ဘုံနတ်နန်း အခမ်းအနားအလုံးစုံအလင်းအထင်ရသကဲ့သို့ သမ္ဘာရစက္ခု၏အတွင်း၌ တည်ရှိသော အကြည်သည်လည်း အစွမ်းအားလျော်စွာ ပြနိုင်ပါသည်။ အဋ္ဌကထာဝါဒ</p>
<p>ဤအရာတွင် အဋ္ဌကထာ၌</p>
<p><b>စက္ခုသ္မိံ</b>=စက္ခုဝတ္ထုသည်၊<br>
<b>အသမ္ဘိန္နေပိ</b>=မပျက်မပြား ထင်ရှား ရှိပါသော်လည်း၊<br>
<b>ဗဟိဒ္ဓါ</b>=အပက၊<br>
<b>ရူပါရမ္မဏေ</b>=ရူပါရုံသည်၊<br>
<b>အာပါထံ</b>= ထင်ခြင်းသို့၊<br>
<b>အနာဂစ္ဆန္တေ</b>=မရောက်ခဲ့သည်ရှိသော်၊<br>
<b>စက္ခုဝိညာဏံ</b>=စက္ခု ဝိညာဉ်သည်၊<br>
<b>နုပ္ပဇ္ဇတိ</b>=မဖြစ်နိုင်။</p>
<p><b>တသ္မိံ</b>=ထိုရူပါရုံသည်၊<br>
<b>အပါထံ</b>=ထင်ခြင်းသို့၊<br>
<b>အာဂစ္ဆန္တေပိ</b>= ရောက်ပါသော်လည်း၊<br>
<b>အာလောကသန္နိဿယေ</b>=အရောင်အလင်း ဟူသောမှီရာသည်၊<br>
<b>အသတိ</b>=မရှိပြန်သော်၊<br>
<b>စက္ခုဝိညာဏံ</b>=စက္ခုဝိညာဉ် သည်၊<br>
<b>နုပ္ပဇ္ဇတိ</b>=မဖြစ်နိုင်။</p>
<p><b>တသ္မိံ</b>=ထိုအရောင်အလင်းဟူသောမှီရာသည်၊<br>
<b>သန္တေပိ</b>=ရှိပါသော် လည်း၊<br>
<b>ကြိယာမနောဓာတုယာ</b>=ပဉ္စဒွါရာ ဝဇ္ဇန်းစိတ်သည်၊<br>
<b>ဘဝင်္ဂေ</b>=ဘဝင် ကို၊<br>
<b>အနာဝဋ္ဋိတေ</b>=မလည်စေအပ်သည်ရှိသော်၊<br>
<b>စက္ခုဝိညာဏံ</b>=စက္ခု ဝိညာဉ်သည်၊<br>
<b>နုပ္ပဇ္ဇတိ</b>=မဖြစ်နိုင်-ဟု လာ၏၊</p>
<hr>
<h3>စဉ်းစားဖွယ်</h3>
<p>ဤစကားတွင် ရူပါရုံပင် ထင်ပါသော်လည်း အရောင်အလင်း မရှိပြန်သော် စက္ခုဝိညာဉ်မဖြစ်နိုင်-ဟူသော စကားသည် စဉ်းစားရန် ရှိချေ၏၊ အာရုံခြောက်ပါးတို့တွင် ရူပါရုံ,သဒ္ဒါရုံ,ဓမ္မာရုံ-ဤသုံးပါးတို့သည် အရိပ်ခိုက် အရိပ်ထင်တို့သာတည်း၊ ဝတ္ထုခိုက် ဝတ္ထုထင်မဟုတ်ပေကုန်၊ ဃာနဒွါရ,ဇိဝှါဒွါရ,ကာယဒွါရ၌ ခိုက်ကြ ထင်ကြသော ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ၊ ဤသုံးပါးတို့သည်ကား ဝတ္ထုခိုက်တို့ပေတည်း၊ အရိပ်ခိုက်မျှ မကပေကုန်၊ ဤသုံးပါးတို့သည်လည်း မနောဒွါရတွင်ထင်သောအခါ အရိပ်ခိုက်အရိပ်ထင်သာတည်း၊ ထို့ကြောင့် အရိပ်ခိုက် သက်သက်သာ ဖြစ်သော ရူပါရုံသည် အလင်းရောင်ခြံရံလျက် နှစ်ပါးတွင် တစ်ပါးပါး ကိုရမှသာ ပသာဒအကြည်တွင် အရိပ်ထင်နိုင်သည်၊ မှန်အပြင် ရေအပြင်စသော အကြည်ဟူသမျှ၌ ထင်ကြခိုက်ကြသော မျက်နှာရိပ် စသည် များသည်လည်း အမိုက်ကင်း၍ အလင်းတစ်ပါးကိုရမှ ထင်နိုင်ကြ ခိုက်နိုင်ကြကုန်သည်၊ ဤနှင့်မခြားအလားထပ် တူသာဖြစ်သင့်ရာသည်။</p>
<p>အဋ္ဌကထာအဆိုမှာ-မှောင်ကြီးစွာ၌ ဖွင့်ကာထားခဲ့လျှင် အနား အနီးရှိ ဝတ္ထုစုသည် စက္ခု၌ထင်သည်သာဖြစ်၏၊ အလင်းမရှိ၍ ဝီထိမူကား-မကျသည်-ဟု ရောက်ချသည်၊ ကြံကြလေကုန်၊ မျက်စိ မမှိတ်ဘဲ အိပ်ပျော်သောသူအား မျက်နှာပေါ်၌ ထွန်းထားသော မီးရောင် အဆင်း, မီးတောက်အဆင်းသည် အလင်းသူပင်ဖြစ်ခဲ့၍ မျက်စိအကြည် တွင် တထင်တည်းထင်သည်ပင်၊ ဘဝင်အယဉ်ထန်လှ၍ စလနမဖြစ် သောကြောင့် အာဝဇ္ဇန်းမထွက်သည်နှင့် စက္ခုဝိညာဉ်မပေါ်လေသတည်း။</p>
<p>စက္ခုဝိညာဉ်၏အကြောင်းပြီး၏၊</p>
<hr>
<h3>သောတဝိညာဉ်၏အကြောင်း</h3>
<p>သောတဝတ္ထုသည်</p>
<p>၁။ အကြည်အလင် ထင်ရှားရှိသည်ဖြစ်စေ၊</p>
<p>၂။ သဒ္ဒါရုံအများလည်း ကြားနိုင်လောက်အောင်အရပ်အတွင်း၌ ဖြစ်ဆဲရှိသည်ဖြစ်စေ၊</p>
<p>၃။ သောတဝတ္ထု, သဒ္ဒါရုံနှစ်ပါးစုံသည်ပင် အကုန်ပိတ်ခြင်း အမှုကင်း၍ အလင်းအာကာသ နှစ်ဖက်ရသည်လည်းဖြစ်စေ, ၄။ ထိုသဒ္ဒါရုံလျှင်အာရုံရှိသော ပဉ္စဒွါရာဝဇ္ဇန်း-ဟူသော မနသိကာရပေါ်ခွင့်ရသည်လည်းဖြစ်စေ၊</p>
<p>လေးထွေအင်္ဂါစုံလင်ပါမှ သောတဝိညာဉ်ဖြစ်ပေသည်။ ဤ၌ကား- သောတဝတ္ထုမှာလည်း အာကာသလင်းမှ, သဒ္ဒါရုံမှာ လည်း အာကာသလင်းမှ၊ တစ်ဖက်လင်းမျှနှင့် မရပေ၊ ကြွင်းသောစကား ရပ်မှာ အသမ္ပတ္တဝါဟချင်း, အရိပ်ခိုက်ခြင်း တူပေမှုကြောင့် စက္ခုအတိုင်း အကုန်ချဲ့၍ပြောလေ။</p>
<p>အထူးမူကား။<br>
စက္ခုမှာ အာလောက၏ ဆန့်ကျင်ဘက် ဖြစ်သောအမိုက်ဓာတ်,အမှောင်ဓာတ်သည်သာ ပိတ်ဆီးနိုင်သည်၊ ပထဝီသဘော,အာပေါသဘောများသည် မပိတ်ဆီးနိုင်၊ ထို့ကြောင့် အတောင်တစ်ရာထူလှစွာသော ဖန်တိုက်မှန်တိုက်ခြားရာ၌ လည်း ကောင်း, အတောင်တစ်ရာနက်ကြည်လှစွာသော ရေ၏အတွင်း၌ လည်း ကောင်း၊ မှောင်နှင့်ကင်းသဖြင့်ဖောက်ထွင်းကာမြင်နိုင်သည်၊ သောတမှာ အာကာသ၏ ဆန့်ကျင်ဘက်ဖြစ်သော ပထဝီဓာတ်,အာပေါဓာတ် တို့သည်သာ ပိတ်ဆီးနိုင်သည်၊ မှောင်ဓာတ်တို့ကို မပိတ်ဆီးနိုင်။ မှောင်ဓာတ်ဟူသည်ကား-အကြည်မျိုး, အလင်းမျိုးမဟုတ်၊ မဲပုပ်မည်းညစ်ပစ်ထိုင်းနောက်ကျုသော ရူပါရုံမျိုးတို့ပင်တည်း၊ ထို့ကြောင့် အလွန်ပါးသော သစ်ရွက်ခြောက်ကိုမျှဖောက်၍ မမြင်နိုင်ရှိကြသည်၊ နတ်မျက်စိမှာမူကား- သမ္ဘာရဓာတ်သဟဇာတ် အကြည်အလွန်အား ကောင်းလှ၍ အန္ဓကာရခေါ်သော အမိုက်ဓာတ်အစု, အမှောင်ဓာတ်စုတို့ မခုခံနိုင်ကုန်။</p>
<p>သောတဝိညာဉ်၏အကြောင်းပြီး၏၊</p>
<p>အရိပ်ခိုက်နှစ်ပါးပြီး၏၊</p>
<hr>
<h3>အထည်ခိုက်သုံးပါး</h3>
<h4>ဃာန,ဇိဝှါ,ကာယဝိညာဉ်တို့၏အကြောင်း</h4>
<p>ဃာနဝတ္ထုသည်</p>
<p>၁။ အကြည်အလင် ထင်ရှားရှိသည်ဖြစ်စေ၊</p>
<p>၂။ ဂန္ဓာရုံအပေါင်းလည်း အနီးအပါးထင်ရှားရှိသည်ဖြစ်စေ၊</p>
<p>၃။ ပသာဒကလာပ်နှင့်ထိစပ်မိအောင် ဂန္ဓာရုံကိုဆောင်၍ ဝင်ပေ သောလေဓာတ်လည်းရှိစေ၊</p>
<p>၄။ ဘဝင်အယဉ်ကို တွန်းဖဲ့ကန့်ကွက်၍ ပေါ်ထွက်လာသော အာဝဇ္ဇန်းမနသိကာရလည်းရှိစေ, လေးထွေ အင်္ဂါစုံလင်ပါမှ ဃာန ဝိညာဉ်ဖြစ်သတည်း။</p>
<p>ဇိဝှါဝတ္ထုလည်း</p>
<p>၁။ အကြည်အလင် ထင်ရှားရှိသည်ဖြစ်စေ၊</p>
<p>၂။ ရသာရုံလည်း ရှိသည်ဖြစ်စေ၊</p>
<p>၃။ လျှာအပြင်ကို စိမ့်စိုနူးနှံ့ခိုင်သော အရည်အစက်လည်း ရှိသည်ဖြစ်စေ၊</p>
<p>၄။ ဘဝင်အယဉ်ကို အစဉ်ဖြတ်တောက်နိုင်သော အာဝဇ္ဇန်း မနသိကာရလည်းရှိစေ, လေးထွေအင်္ဂါ စုံလင်ပါမှ ဇိဝှါဝိညာဉ်ဖြစ် သတည်း။</p>
<p>[ဤ၌ အရည်အစက်ဟူသော အာပေါမှာ လျှာမှထွက်သော အရည်, ရသ ဝတ္ထုမှာပါရှိသော အရည် နှစ်မည်ပင်ရှိ၏၊]</p>
<p>ကာယဝတ္ထုလည်း</p>
<p>၁။ အကြည်အလင် ထင်ရှားရှိသည်ဖြစ်စေ၊</p>
<p>၂။ ပထဝီ,တေဇာ,ဝါယော-ဟူသော ဖောဋ္ဌဗ္ဗာရုံ ၃-ပါးတွင် တစ်ပါးပါးလည်း ထင်ရှားရှိသည်ဖြစ်စေ၊</p>
<p>၃။ ကာယဝတ္ထုမှာလည်း ထိခိုက်ခြင်းငှါ တတ်ကောင်းရာအောင် ခက်မာသော ပထဝီအခံရှိသည်လည်းဖြစ်စေ၊</p>
<p>၄။ မနသိကာရဖြစ်ခွင့်ရသည်လည်းဖြစ်စေ, လေးထွေအင်္ဂါစုံလင် ပါမှ ကာယဝိညာဉ်ဖြစ်သတည်း။</p>
<p>ကြမ်းသည်နုသည်ကား- ပထဝီဖောဋ္ဌဗ္ဗတည်း၊ ပူသည် အေးသည်ကား- တေဇောဖောဋ္ဌဗ္ဗတည်း၊ တောင့်တင်းသည်, လျော့ရဲ သည်ကား- ဝါယောဖောဋ္ဌဗ္ဗတည်း၊ ဤသို့ နှစ်မျိုးနှစ်မျိုးစီခွဲ၍ ခြောက် ထွေဖြစ်၏၊ ဤခြောက်ထွေတွင်မှ တစ်ခုခုမျှကို ကာယဝိညာဉ်ယူနိုင်သည်၊ နှစ်ခုပြိုင်၍မယူနိုင်။</p>
<p>အလွန်သေးနုသော မြူမျိုး,အရိပ်မျိုး,အရောင်မျိုး, အသံကလာပ်, အနံ့ကလာပ်မျိုးတို့သည် ကိုယ်ကိုထိပါး၍ သွားသော်လည်း မြေဓာတ် အထုသေးငယ်မှုကြောင့် ထိမှန်းမသိရှိသည်များကိုထောက်၍ အချို့သော ဖောဋ္ဌဗ္ဗာရုံသည်လည်း မိမိတွင်ရံသော အခံပထဝီကောင်းမှ ထင်နိုင် သည်ဟု သိသာ၏၊ အဝီစိငရဲမီး-စသော အပူတေဇော, လောကန္တရိက် ရေစသော အအေးတေဇောများမှာမူကား- ပကတိနေပူ,မီးပူ, လေအေး, ရေအေးများမှာပင် သဟဇာတ်ပထဝီအခံများစွာ အားမကြီးဘဲပင် ထင်နိုင်သည်။</p>
<p>[ဤဃာန,ဇိဝှါ,ကာယ,ဂန္ဓ,ရသ,ဖောဋ္ဌဗ္ဗတို့သည်ကား- <b>သမ္ပတ္တဂါဟ</b>ဖြစ်ကုန်ကြ၍ အရိပ်မျှနှင့်မပြီးကုန်၊ အထည်ချင်းချင်းထိရ, ခိုက်ရမှထင်နိုင်ကြ၍ <b>ဝိသယဝိသယီကိစ္စ</b> ပြီးစီးကြလေသတည်း။]</p>
<p>ဃာန,ဇိဝှါ,ကာယဝိညာဉ်တို့၏အကြောင်းပြီး၏၊</p>
<p>အထည်ခိုက်သုံးပါးပြီး၏၊</p>
<hr>
<h3>ဝတ္ထုဘေဒဝိညာဉ်ငါးပါး</h3>
<p>ကြွင်းကျန်သော သဘောသကံ၌ ဝေဖန်စိတ်ဖြာမှုတို့မှာ <b>ဝတ္ထုသင်္ဂဟ,ဝီထိသင်္ဂဟ,ရူပသင်္ဂဟ</b>တို့မှာ လာလတံ့၊ တစ်ခုတည်းသာ ဖြစ်သောဝိညာဏ်သည် မှီရာဝတ္ထု ၅-ခုအပြားကြောင့် ငါးပါးဖြစ်ရလေ သတည်း၊ အရေးပိုင်တစ်ယောက်တည်းပင်လျှင် မန္တလေးရုံးမှာထိုက်ခိုက် မန္တလေးအရေးပိုင်၊ အဝမြို့ရုံးမှာထိုင်ခိုက် အဝအရေးပိုင်၊ စစ်ကိုင်းမြို့ ရုံးမှာထိုင်ခိုက် စစ်ကိုင်းအရေးပိုင်၊ လှေကူးမြို့ရုံးမှာထိုင်ခိုက် လှေကူး အရေးပိုင်၊ တပယင်းမြို့ရုံးမှာထိုင်ခိုက် တပယင်းအရေးပိုင်-ဆိုသည်၊ ဤအတူမှတ်။</p>
<p>၁။ <b>ဗလဝါမုခိယော ဧတာ၊<br>
ပဉ္စဝိညာဏဓာတုယော။<br>
ဧတာသု သတ္တာ သီဒန္တာ၊<br>
သဗ္ဗဒုက္ခာ န မုစ္စရေ။။</b></p>
<p>၂။ <b>တသ္မာ ပဏ္ဍိတော ဧတေ၊<br>
ဒဠှံ ဝိဓေယျ ဘေရဝေ။<br>
သံဝရေ နာတိမညေယျ၊<br>
နော သိယာ မုတ္တသံဝရော။။</b></p>
<h4>အနက်ကား</h4>
<p>၁။ <b>ဧတာပဉ္စဝိညာဏဓာတုယော</b>=ဤငါးခုသော ပဉ္စဝိညာဉ်ဓာတ် တို့သည်၊<br>
<b>ဗလဝါမုခိယော</b>=ဗလဝါမုခ ဝဲပေါက်ကြီးပါးခုတို့ပေတည်း၊<br>
<b>ဧတေသု</b>=ဤဝဲကြီးငါးခုတို့၌၊<br>
<b>သတ္တာ</b>=သတ္တဝါတို့သည်၊<br>
<b>သီဒန္တာ</b>=နစ်ကာ မြောကာနေကြ ရကုန်သည်ဖြစ်၍၊<br>
<b>သဗ္ဗဒုက္ခာ</b>=ဒုက္ခခပ်သိမ်းမှ၊<br>
<b>န မုစ္စရေ</b>= မလွတ်နိုင်ကြကုန်။</p>
<p>၂။ <b>တသ္မာ</b>=ထို့ကြောင့်၊<br>
<b>ပဏ္ဍိတော</b>=လိမ္မာသောပညာရှိသည်၊</p>
<p><b>ဘေရဝေ</b>=စေ့စေ့တွေးက အရေးကြီးကျယ် ကြောက်မက်ဖွယ်ကောင်း လှကုန်သော၊<br>
<b>ဧတေ</b>=ဤငါးပေါက်တို့ကို၊<br>
<b>ဒဠှံ</b>=အတင်းအကျပ်၊<br>
<b>ဝိဓေယျ</b>= ပိတ်ဆို့ရာ၏၊<br>
<b>သံဝရေ</b>=သံဝရတရားငါးပါးတို့ကို၊<br>
<b>နာတိမညေယျ</b>=မလေး မစားမပြုရာ၊<br>
<b>မုတ္တသံဝရော</b>=စွန့်လွှတ်သောသံဝရတရား ရှိသည်၊<br>
<b>နောသိယာ</b>=မဖြစ်လေသင့်။</p>
<p>၁။ သမုဒြာဝယ် စကြဝဠာတောင်ခြေမှ အဝီစိနယ်သို့ ကျအောင် ထင်သော ဝဲကြီးတို့ကို <b>ဗလဝါမုခ ဝဲ</b>ဆိုသတတ်။</p>
<p>၂။ ထိုဝဲဂယက်နယ်သည် ယူဇနာ အရာမက ကျယ်သတတ်။</p>
<p>၃။ လမ်းမှားသော လှေသင်္ဘောတို့သည် အစွန်အဖျားမိခဲ့လျှင် ဂယက်ငင်ရာဝဲသို့ပါ၍ ဗလဝါပေါက် အောက်အဝီစိထိ သွားရ လေတော့သတတ်။</p>
<p>ယခု အဝီစိငရဲ၌ရှိကြသော သူအပေါင်းတို့သည် ပဉ္စဝိညာဉ်ဟူသော ဗလဝါမုခဝဲကြီးစုပ်ရာပါ၍ ကျရောက်သောသူတို့သာတည်း။</p>
<p>ဝတ္ထုဘေဒဝိညာဉ် ၅-ပါးပြီး၏၊</p>
<hr>
<h3>ကိစ္စဘေဒစိတ်</h3>
<p><b>သမ္ပဋိစ္ဆန</b>ပုဒ်၌- <b>သံ</b>ပုဒ်, <b>ပဋိ</b>ပုဒ်, <b>ဣသု</b>ဓာတ်, <b>ယု</b>ပစ္စည်း သုကို စ္ဆပြု၊ ယုကိုအနပြု၊ လောက၌ပေးအပ်လွှဲပုံသော ပစ္စည်းဝတ္ထု, အမှုအခင်း တို့ကို ဝန်ခံသိမ်းပိုက်ခြင်းသည် <b>သမ္ပဋိစ္ဆန</b>မည်၏၊ ဤ၌လည်း ပဉ္စဝိညာဉ် တို့၏ အာရုံကို ထိုပဉ္စဝိညာဉ်တို့ချုပ်သည်နောက် မပျောက်မကွယ်အောင် တွယ်တာဆက်လက်၍ လက်ခံသိမ်းပိုက်မှုကိုပင် <b>သမ္ပဋိစ္ဆိုင်း</b>ဆိုသည်။ <b>သန္တီရဏ</b>ပုဒ်၌- သံပုဒ်, ဓာတ်, ယုပစ္စည်း၊ ယုကို အနပြု၊ နငယ်ကို</p>
<p>ဏကြီးပြု၊ လောက၌ စုံစမ်းစစ်ဆေး ဖွယ်ရှိသော ပစ္စည်းဝတ္ထု, အမှုအခင်း တို့ကို အလင်းသိသာအောင် စုံစမ်းစစ်ဆေးမှုသည် <b>သန္တီရဏ</b>မည်၏၊ ဤ၌လည်း သမ္ပဋိစ္ဆိုင်းခံယူသိမ်းပိုက်၍ထားသော ပဉ္စာရုံကို ဣဋ္ဌ, အနိဋ္ဌ သိသာရအောင် စုံစမ်းစစ်ဆေးမှုကိုပင် <b>သန္တီရဏ</b>ဆိုသည်။</p>
<p>ထို့ကြောင့် ဤနှစ်ပါးသောစိတ်သည် ကိစ္စများ၍နှစ်ပါးဖြစ် လေသတည်း၊ ပညာအများတတ်သော လူတစ်ယောက်သည် ပန်းပဲ အလုပ်နှင့်နေခိုက် ပန်းပဲဆရာခေါ်ရသတည်း၊ ပန်းတိမ်အလုပ်နှင့်နေခိုက် ပန်းတိမ်ဆရာခေါ်ရသည်၊ ဤအတူမှတ်။</p>
<p>ကိစ္စဘေဒစိတ်ပြီး၏၊</p>
<p>အကုသုလဝိပါက်ပြီး၏၊</p>
<hr>
<h3>ကုသလဝိပါက်</h3>
<p>ကုသလဝိပါက်နှစ်ပါးမှာလည်း ဝတ္ထုဘေဒငါးပါး, ကိစ္စဘေဒ နှစ်ပါး၊ ဝတ္ထုဘေဒငါးပါးမှာလည်း အရိပ်ခိုက်နှစ်ပါး, အထည်ခိုက်သုံးပါး၊ ကိစ္စဘေဒနှစ်ပါးတွင် သန္တီရဏကိစ္စမှာ ဝေဒနာဘေဒအားဖြင့် နှစ်ပါး။</p>
<p>ကုသလဝိပါက်ပြီး၏၊</p>
<hr>
<h3>အဟိတ်ကြိယာ</h3>
<p><b>အာဝဇ္ဇန</b>ပုဒ်၌- <b>အာ</b>ပုဒ်,<b>ဝဇ္ဇ</b>ဓာတ်,<b>ယု</b>ပစ္စည်း၊ ယုကိုအနပြု၊ လောက၌ အညာမှလာသောမြစ်ရေသည် ရေကြောင်းလိုက် တစ်ကြောင်း တည်းသွားရမည်ကို မသွားဘဲနှင့် ဝဲကြီးဝဲငယ်နှင့် တွေ့သောအခါ လာခဲ့သော အစဉ်မှဖဲ၍ ဝဲသို့သက်ကာ ချာချာပတ်ပတ် ချားရဟတ် ကဲ့သို့လှည့်လည်ခြင်းသည် <b>အာဝဇ္ဇန</b>မည်၏၊ <b>အာဝဋ္ဋန</b>မည်၏၊ <b>အာဘောဂ</b> မည်၏၊</p>
<p>ဤ၌လည်း- ကံ,ကမ္မနိမိတ်,ဂတိနိမိတ်တည်း- ဟူသော အာရုံ၌တည်၍ မြစ်ရေအယဉ်ကဲ့သို့ ဘဝင်ကိစ္စနှင့် သွားမြဲ သွားရပါ မည်ကို မသွားလေဘဲ လမ်းမှဖဲကာ အာရုံဟောင်းကိုလွှတ်ပစ်၊ အာရုံသစ် ကိုတွယ်တာလျက် ချာကနဲလှည့်ဝဲလည်၏သို့ အတည်မသုံးဖဲ၍ရုန်း သည်ကို <b>အာဝဇ္ဇန်း</b>ဆိုသည်၊ ထိုအာဝဇ္ဇန်းသည် ကိစ္စအားဖြင့် တစ်ပါး တည်းသာ၊ ဒွါရဘေဒအားဖြင့် နှစ်ပါးဖြစ်၏၊</p>
<p><b>ဟသိတုပ္ပါဒ</b>၌- <b>ဟသိတ</b>ပုဒ်,<b>ဥပ္ပါဒ</b>ပုဒ်၊ ပြုံးခြင်းကိစ္စကို ဖြစ်စေ နိုင်သောစိတ်ဆိုလိုသည်၊ ပြုံးခြင်းကိစ္စဆိုသည်မှာလည်း ကာမဂုဏ်နှင့် စပ်၍ပြုံးမှု, အချော်အသောနှင့်စပ်၍ပြုံးမှု မဟုတ်ပေ၊ မရုန့်မရင်း အပြစ်ကင်း၍ သန့်ရှင်းသိမ်မွေ့သော <b>အနောဠာရိက</b>အာရုံ၌ တစ်စုံ တစ်ခုသောအချက်နှင့်မျက်နှာဣန္ဒြေ အနေစွင့်စွင့်ပွင့်ကာမျှသာတည်း၊ ရှေ့သွားသော ဘုရားပြုံးတော်မူသည်ကို နောက်နေအာနန္ဒာသိ သည်မှာ ကား- နှုတ်ခမ်းတော်စဉ်းငယ်အဖွင့်ဝယ် စွယ်တော်လေးဆူမှ တူယူအရပ် သို့ ထန်းလုံးသဏ္ဌာန်သောက်ရှူးကြယ်ပြန်သကဲ့သို့ အလျှံဝင်းဝင်း တောလုံးလင်းမျှ ထွက်သွားသောရောင်ခြည်တော်တို့ကို မြင်ပေ၍ နောက်နေ အာနန္ဒာ သိနိုင်ပါသတည်း။</p>
<p>[ဤကိုထောက်၍ ဘုရားရဟန္တာတို့ပြုံးမှုဝယ် အနည်းငယ်သွားပေါ် သည်လည်း ရှိ၏-ဟုသိသာရန်။]</p>
<p>အလင်္ကာ၌လည်း ရယ်ခြင်းခြောက်ပါးတွင် သွားပေါ်ရုံ ရယ်ခြင်း ဟူသော <b>ဟသိတ</b>ကို ဇေဋ္ဌပုဂ္ဂိုလ်၌ သွင်းပေသည်၊ အဟိတ်ကြိယာသည် ကိစ္စအားဖြင့်နှစ်ပါးသာ၊ ဒွါရဘေဒနှင့်မှသုံးပါးရသည်၊ ဆိုရန်ကြွင်းကျန် သမျှကို အထက်မှာမှ ဆိုလတံ့။</p>
<p>အဟိတ်ကြိယာပြီး၏၊</p>
<hr>
<h3>စိစစ်ဖွယ်</h3>
<h4>ပဉ္စဝိညာဉ်</h4>
<p>ယခုအခါ အဟိတ်စိတ်ဝယ် စိစစ်ဖွယ်တို့ကို ရွေးချယ်ထုတ်နုတ်၍ သရုပ်ထင်အောင်ဆိုအံ့။</p>
<p>ပဉ္စဝိညာဉ်ငါးခုတွင် ရှေ့လေးခုမှာ ဥပေက္ခာမြဲကြောင်းကား</p>
<p>စက္ခု,ရူပါရုံနှစ်ပါးစုသည် အားနည်းလှစွာသော ဥပါဒါရုပ်စု သာတည်း၊ ဂွမ်းစိုင်,ဂွမ်းလုံးခြင်းတိုက်သော်လည်း မခိုက်မနာသကဲ့သို့ ဥပါဒါရုပ်ချင်းတိုက်မှုသည်လည်း မခိုက်မနာ၊ မနာခြင်းကြောင့် အခံဝတ္ထုမှ ပွင့်သောဝိညာဉ်သည် အလွန်အားနည်း၏၊ <b>ဖဿ</b>သည် အလွန်အား နည်း၏၊ ဖဿတရားအားနည်းသည့်အတွက်ကြောင့် စက္ခုသမ္ဖဿဇာ ဝေဒနာသည် ဥပေက္ခာအမှုနှင့် လျစ်လျူသာခံစားနိုင်လေသတည်း၊ ဝေဒနာတရားအားရှိအားမဲ့, သုခဒုက္ခဖြစ်ရသည်မှာ ဖဿသည်သာ မူလတည်း။</p>
<p><b>ဖဿပစ္စယာ ဝေဒနာ</b>၊ (ပါဠိ)</p>
<p><b>ယထာ ဖဿံ ဝေဒနာ ဝဝတ္ထာနတော</b>၊ (အဋ္ဌကထာ)</p>
<p>(အနက်)-<b>ယထာဖဿံ</b>=ဖဿအားလျော်စွာ၊<br>
<b>ဝေဒနာဝဝတ္ထန တော</b>=ဝေဒနာအစားခြားနားစွာဖြစ်ပေါ်ခြင်းကြောင့်။</p>
<p>ဖဿသည် ကပ္ပိယနှင့်တူသည်၊ ဝေဒနာသည် ကြောင့်ကြ မစိုက်အလိုက်နှင့်ပြီးသော ဘုန်းကြီးနှင့်တူသည်၊ အချို,အချဉ်,အလေး, အပေါ့, အကောင်းအဆိုးမှာ ကပ္ပိယဖြစ်သူပြုလုပ် ချက်ပြုတ်စီမံ၍ ပေးရာ ခံစားရတော့သည်။</p>
<p>[နောက်ဝိညာဉ် သုံးပါးလည်းနည်းတူ။]</p>
<p>ကာယဝိညာဉ်ဒွေတို့၌ ဥပေက္ခာမဟုတ် ဒုက္ခသုခဖြစ် ကြောင်းကား</p>
<p>အမှီမှာ ကာယဝတ္ထုဟူသော ဥပါဒါရုပ်ပင်၊ အာရုံမှာမူကားမဟာဘုတ်ကြီးတို့ပေတည်း၊ ဂွမ်းလုံးကို ပေပေါ်မှာတင်၍ တူနှင့်အလွှတ် ထုရာ၌ တူချက်သည် အထုခံအားမတန်၍ ဂွမ်းတွင်မနေ၊ ပေအပြင်၌ တူချက်ရိုက်သဖြင့် အရိုက်ပြင်းထန် အသံပြင်းပြစွာဖြစ်သကဲ့သို့ ထို့အတူ မဟာဘုတ်တို့သည် ကာယဝတ္ထု၌ ခိုက်သောအခါ ကာယဝတ္ထုတွင်မက ကာယဝတ္ထု၏ မှီရာမဟာဘုတ်၌ အာရုံဆိုက်သဖြင့် အခိုက်ပြင်းထန် လေ၏၊</p>
<p>ဘယ်အခါ၌ ခိုက်သနည်း၊ ခိုက်သောအခါ သာယာဖွယ်ဖြစ်မှုအံ့၊ ဝတ္ထုမှီရာ မဟာဘုတ်တို့သည် အေးမြသောရေနှင့် တွေ့သောကြာပန်း တို့ကဲ့သို့ ချမ်းမြေ့သောအခြင်းအရာသို့ရောက်သဖြင့် နောက်ကာယ ဝိညာဉ်ပေါ်သော <b>ကာယသုခဝေဒနာ</b>ဖြင့်ပေါ်လာရန် ဧကန္တအကြောင်း ဖြစ်ကြပေကုန်၏၊</p>
<p>မသာယာဖွယ်မှုဖြစ်အံ့၊ ပွက်ပွက်ကြိုက်ဆူပူသော ရေနှင့် တွေ့သော ကြာပန်းတို့ကဲ့သို့ မချမ်းမြေ့သောအခြင်း အရာသို့ရောက် သဖြင့် နောက်ကာယဝိညာဉ်ပေါ်သော <b>ကာယဒုက္ခဝေဒနာ</b>ဖြင့် ပေါ်လာ ရန် ဧကန္တအကြောင်းဖြစ်ကြပေကုန်၏၊ ဤ၌လည်း ခိုက်မှုနှင့်လျော်စွာ ဖဿထူးပေါ်သည်၊ ဖဿနှင့်လျော်စွာ ဝေဒနာထူးပေါ်သည်။</p>
<p>ပဉ္စဝိညာဉ်ပြီး၏၊</p>
<hr>
<h3>သမ္ပဋိစ္ဆိုင်း</h3>
<p>ပဉ္စဝိညာဉ်တို့သည်ကား- ပဉ္စဝတ္ထုကိုမှီကုန်သည်၊ သမ္ပဋိစ္ဆိုင်း တို့ကား- ဟဒယဝတ္ထုကိုမှီကုန်သည်၊ ဝိညာဉ်တို့ကား- အနန္တရပစ္စည်း၊ သမ္ပဋိစ္ဆိုင်းတို့ကား- ပစ္စယုပ္ပန်၊ ဤသို့မှီရာကွဲပြားတရားတို့မှ အနန္တရပစ္စည်း၊ သမ္ပဋိစ္ဆိုင်းတို့ကား-ပစ္စယုပ္ပန်၊ ဤသို့မှီရာ ကွဲပြားသောတရားတို့မှ အနန္တရ ပစ္စည်းကို အားယူ၍ ထူထောင်ရသောကြောင့် သမ္ပဋိစ္ဆိုင်းဒွေတို့မှာလည်း ဥပေက္ခာဝေဒနာသာ မှန်သည်ဟုလာ၏၊</p>
<p>ဟဒယဝတ္ထုသည် အာရုံထကောင်းသော အကြည်မျိုးမှာကားမဟုတ်ပေ၊ ရွှေစင်ပကတိ, ဘော်စင်ပကတိတို့ကဲ့သို့ အနှစ်အတံ အားအင် ရှိသော ဓာတ်ပေတည်း၊ ပဉ္စဝတ္ထုတို့သည်ကား- အနှစ်ရှိသောဓာတ် မျိုးမဟုတ်၊ ဖန်ဓာတ်မှန်ဓာတ်တို့ကဲ့သို့ အကြည်ဓာတ်သက်သက်သာ တည်း၊ ထိုဝိညာဏဓာတ်သည်မူကား- ဝေဘူလပတ္တမြား ကဲ့သို့ အကြည် လည်းဖြစ်၊ အနှစ်လည်းမှန်ပေ၏၊ ဤတွင် အနှစ်မျိုးမဟုတ်သော ပဉ္စဝတ္ထု ကိုမှီရ၍ အားနွဲ့လှသော ပဉ္စဝိညာဉ်တို့မှ အနန္တရပစ္စည်းမှုကို အားယူ၍ ထူထောင်ရသောကြောင့် ဣဋ္ဌ,အနိဋ္ဌမှာပင် ဥပေက္ခာသာမှန်သည်ဟု ဆိုသင့်ပါ၏၊</p>
<p>သမ္ပဋိစ္ဆိုင်းပြီး၏၊</p>
<hr>
<h3>သန္တီရဏ</h3>
<p>သုခဒုက္ခဝေဒနာတို့မှာ အချင်းချင်းထိခိုက်ကြသော ဣဋ္ဌ,အနိဋ္ဌ မဟာဘုတ်တို့၏တန်ခိုးကြောင့် တစ်မျိုးပေါ်လာသော ဝေဒနာစုဖြစ် ပေ၏၊ ကာယဝတ္ထု၌မှီကြသော ကာယဝိညာဉ်ဒွေတို့မှတစ်ပါး တခြားသောစိတ်တို့နှင့် မဆိုင်ကုန်၊ ဒေါမနဿဝေဒနာမှာလည်း ပကတိ သောရေသည် မီးနှင့်ပေါင်းခိုက် ကြိုက်ကြိုက်ပွက်ဆူ ရေပူရေနွေး ဖြစ်ရသကဲ့သို့ ဒေါသဟူသော ဓာတ်ပူဓာတ်လောင်နှင့်ပေါင်းရမှ ဒေါမနဿဝေဒနာဟူ၍ဖြစ်နိုင်သည်၊ ထို့ကြောင့် ဒေါသမူဒွေမှ တစ်ပါး တခြားသောစိတ်တို့နှင့် မဆိုင်ကုန်၊ အနိဋ္ဌာရုံ၌သာဖြစ်ရသော အကုသလ ဝိပါက်စိတ်တို့ကား သောမနဿနှင့်မထိုက်၊ ထို့ကြောင့် အကုသလ ဝိပါက်သန္တီရဏမှာလည်း ဥပေက္ခာသာယှဉ်လေသည်၊ ကုသလဝိပါက်၌ မူကား-ဣဋ္ဌမဇ္ဈတ္တာရုံ,အတိဣဋ္ဌာရုံတို့၏ တန်ခိုးကြောင့် နှစ်မျိုးဖြစ် ရလေသည်။</p>
<h4>မေးမြန်းဖွယ်</h4>
<p>မေး။ အကုသလဝိပါက်၌လည်း အနိဋ္ဌမဇ္ဈတ္တာရုံ, အတိဣဋ္ဌာရုံ တို့၏တန်ခိုးကြောင့် နှစ်မျိုးပင်ရှိကောင်းသည်မဟုတ်လော-ဟူမူ။</p>
<p>ဖြေ။ နှစ်မျိုးလုပ်လိုလျှင် ဒုက္ခဝေဒနာနှင့်သော်လည်း လုပ်ရလိမ့် မည်၊ ဒေါမနဿဝေဒနာနှင့်သော်လည်း လုပ်ရလိမ့်မည်၊ ဒုက္ခဝေဒနာ သည် ကာယဝိညာဉ်စိတ်မှ ရွှေ့နိုင်သောအခွင့်မရှိ၊ ဒေါမနဿသည် ဒေါသနှင့်ခွဲနိုင်သောအခွင့်မရှိ၊ ဒေါသ၌ အဗျာကတလည်း ဖက်၍မရ။</p>
<p>သန္တီရဏပြီး၏၊</p>
<hr>
<h3>အာဝဇ္ဇန်း</h3>
<p>ပဉ္စဒွါရာဝဇ္ဇန်းမှာ အာရုံခုနစ်ချက်လက်ဦး ဆုံးကျခဲ့၍ ခံစားခွင့် မသာသောကြောင့် ဥပေက္ခာယှဉ်လေသည်၊ <b>ဝုဋ္ဌော</b>ခေါ် မနောဒွါရာ ဝဇ္ဇန်းမှာလည်း ဝိပါက်အစဉ်ကိုဖြတ်၍ ဇောအစဉ်လာအောင် ပဲ့ပြင်မှု ကိစ္စနှင့်ကြောင့်ကြ ဖွယ်ရှိနေ၍ ခံစားမှုမှာ ဥပေက္ခာမျှဖြစ်ရလေသည်ဟု ဆိုကြ၏၊</p>
<p>အာဝဇ္ဇန်းပြီး၏၊</p>
<hr>
<h3>ဝိပါက်မည်ခြင်း</h3>
<p><b>ဝိပါက်</b>မည်ခြင်းကား- စိတ်သန္တာန်၌ဖြစ်သော စေတနာတည်း ဟူသောကံသည် ဘင်ခဏနှင့်ချုပ်သည်ရှိသော် တစ်ခုသောအခြင်း အရာကို ထိုစိတ်သန္တာန်၌ ထားခဲ့၍ချုပ်သည်၊ ထိုအခြင်းအရာကို <b>အဟိတဝိသေသ</b>လည်း ခေါ်သည်၊ <b>ဗီဇဘာဝ</b>လည်းခေါ်သည်၊ ထိုဗီဇ ဘာဝသည် အကြင်မျှလောက် ပရမတ္ထဓမ္မအသီးဖြစ်၍မပေါ်သေး၊ ထိုမျှလောက် ထိုစိတ်သန္တာန်တွင် အစဉ်လိုက်ရော၍သာနေ၏၊ ကုသိုလ်, အကုသိုလ်,ဝိပါက်,ကြိယာအားလုံးနှင့်ပင် မခြားမနားရောနိုင်၏၊</p>
<p><b>ဗဟိဒ္ဓသန္တာန်</b>မှ ရင့်ရန်အကြောင်းနှင့်ဆိုက်တိုက်မိသောအခါ ထိုဗီဇဘာဝသည် ပရမတ္ထအသီးဖြစ်၍ပေါ်ပေမူ ထိုပရမတ္ထကို “<b>ဝိပစ္စတိ ပရိဏတဘာဝံ ဂစ္ဆတီတိ ဝိပါကော</b>”ဟူသောအနက်နှင့် ဝိပါက်ခေါ်ပေ သတည်း၊ <b>ဝိပစ္စတိ</b>=ရင့်တတ်၏၊ <b>ပရိဏတဘာဝံ</b>=ရင့်မာသောအဖြစ်သို့၊ <b>ဂစ္ဆတိ</b>=ရောက်တတ်၏၊ <b>ဣတိတသ္မာ</b>=ထို့ကြောင့်၊ <b>ဝိပါကော</b>=ဝိပါက် မည်၏၊ ပရမတ္ထဓမ္မအသီးအခြားအနေနှင့် မပေါ်သေးသမျှကာလပတ်လုံး နုသောအခိုက်ဖြစ်ခဲ့၍ ဝိပါကမဆိုရ၊ <b>ကမ္မဇရုပ်</b>တရားများသည်မူကားထိုဗီဇဓာတ်မှ ဆက်လက်ဖြောင့်တက်၍ ဖြစ်ပေါ်သည်မဟုတ်၊ ဗီဇဓာတ် ၏အရှိန်အဝါကြောင့် ဝိပါကဓာတ်၏ အခြံအရံအသုံး အဆောင်အလို့ငှါ ဖြစ်လာသော <b>အာနိသံသဖလ</b>စုသာတည်း၊ ထို့ကြောင့် နုသည်,ရင့်သည်ဟု ဆိုခွင့်မရှိ၍ ဝိပါကမခေါ်ရ။</p>
<p>[ဤအနက်ကို အထက်သို့ရောက်မှ အကျယ်ဆိုမည်၊ ဝိပါကပုဒ်ကို ဖွင့်ကြသော ဆရာတို့ကား-<b>ရုဠှီ</b>အလိုနှင့် ဖွင့်ဆိုကြကုန်၏၊ ရုဠှီမဟုတ်ပေ။]</p>
<p>ဝိပါကမည်ဖြင်းပြီး၏၊</p>
<hr>
<h3>ကြိယာမည်ခြင်း</h3>
<p><b>ကြိယာ</b>မည်ခြင်းကား နှစ်ပါးရှိ၏</p>
<p>၁။ <b>အနုသယ</b>မရှိ၍ဖြစ်လာသော ကြိယာတစ်မျိုး၊</p>
<p>၂။ ကိစ္စမအောင်မြင်၍ဖြစ်လာသော ကြိယာတစ်မျိုး၊</p>
<p>၁။ လောကီကုသိုလ်တို့သည် အနုသယဓာတ်အစေးပြတ်သော အခါ အကျိုးပေးမှုငြိမ်းကြကုန်၏၊ ကြီးငယ်ကိစ္စဆောင်ဖို့မျှသာ ဖြစ် နေကြကုန်၏၊ ထိုကုသိုလ်တို့ကိုလည်း ရဟန္တာအဖြစ်သို့ရောက်သောအခါ ကြိယာခေါ်သည်တစ်မျိုး၊</p>
<p>၂။ ဝိပါက်မည်သည် သူ့ဗျာပါရနှင့်သူ ထူထောင်၍ထနိုင်သော တရားစုမဟုတ်၊ ကဆုန်,နယုန်တွင် မြေမှထ၍တက်သော ဓာတ်ခိုးတို့ သည် မိုးရည်မိုးပေါက်အဖြစ်သို့ရောက်သောအခါ လှုပ်ဖို့,ပွါးဖို့အား အစွမ်းလမ်းဆုံးသဖြင့် ဓာတ်ဆုံးဓာတ်သေဖြစ်၍ မြေ၌ကျဖို့သာဖြစ် ကြကုန်သကဲ့သို့ ကံစေတနာဖြစ်ခဲ့ရာမှ ထိုသန္တာန်တွင် အစဉ်တက်ပွါး၍ လာသော ထိုဗီဇဘာဝဓာတ်နုသည် ဝိပါက်အဖြစ်သို့ရောက်သောအခါ လှုပ်ဖို့,ပွါးဖို့အားအစွမ်းလမ်း ဆုံးသဖြင့် ဓာတ်ဆုံးဓာတ်သေ ဖြစ်ကြ လေကုန်၏၊ အနုသယရှိသောသန္တာန်၌ အောင်မြင်သော ကိုယ်စွမ်း ကိုယ်ရေး နှင့်ထကြ၍ ချုပ်ပြီးကာလလည်း ဗီဇဘာဝမျိုးဆက်ချနိုင်သော တရားစုကို ကုသိုလ်,အကုသိုလ်ခေါ်သည်။</p>
<p><b>ဝုဋ္ဌောအာဝဇ္ဇန်း</b>တို့သည်ကား- သူတို့အစွမ်းနှင့်သူ ထူထောင်၍ ထကြကုန်၏၊ ကံ၏အစက်အနက်မဟုတ်ကြပေကုန်၊ ထို့ကြောင့် ဝိပါက်လည်း မဟုတ်ကြလေကုန်၊ ဓာတ်ဆုံးဓာတ်သေဖြစ်ကြကုန်သော ဘဝင်သန္တီရဏတို့မှ ဆက်လက်ရကုန်သည်ဖြစ်၍လည်း ဗီဇဘာဝ မျိုးဆက်ချဖို့ လှလှအောင်မြင်သော ကိစ္စလည်းမရှိကြကုန်၊ ကုသိုလ်, အကုသိုလ်အဖြစ်သို့လည်း မရောက်ကြကုန်၊ <b>ဝီထိစိတ်,ဇောစိတ်</b>တို့ကို ရှေးဦးစွာအစထူထောင်ရသော ကိစ္စကြိယာမျှသာဖြစ်ကြကုန်၍ ကြိယာ မျှသာခေါ်ရကုန်သည်။</p>
<p>[ဤအနက်သည် အထက်၌လည်းလာလတံ့။]</p>
<p>ကြိယာမည်ခြင်းပြီး၏၊</p>
<hr>
<h3>အဟိတ်မည်ခြင်း</h3>
<p><b>အဟိတ်</b>မည်ခြင်းကား အထူးယှဉ်သော သမ္ပယုတ်ဟိတ်-ဟူ၍ မရှိခြင်းပင်တည်း၊ အဘယ့်ကြောင့် သမ္ပယုတ်ဟိတ်မရှိသနည်း၊ ကိစ္စ ဌာနသေးနုတ်လှ၍ မရှိသည်ဟုတ်၏၊</p>
<p>၁။ ဟိတ်တို့မည်သည် အရှိန်အဝါကြီးလှစွာသော <b>မဟာသာလ နာမ</b>မည်တွင် အင်ကြင်းပင်တို့နှင့် တူကုန်၏၊</p>
<p>၂။ <b>အာဝဇ္ဇန, ဒဿန, သဝန, ဃာယန, သာယန, ဖုသန, သမ္ပဋိစ္ဆန, သန္တီရဏ, ဝဝတ္ထာပန</b>၊ ဤကိစ္စ, ဤဌာနတို့သည် ရပ်နီးရွာနီး ကျတ်တီးမြေကြော အင်တိုင်းတောတို့နှင့်တူကုန်၏၊</p>
<p>၃။ <b>ဇော</b>စသော ကိစ္စကြီး,ဌာနကြီးတို့သည် ဟိမဝန္တာတောကြီးနှင့်တူကုန်၏၊</p>
<p>အင်တိုင်းတော၌ပေါက်သော သစ်ပင်လည်း မဟာသာလ မဖြစ်နိုင်၊ မဟာသာလဖြစ်သော သစ်ပင်သည်လည်း အင်တိုင်းတော၌ မပေါက်နိုင်၊ ဟိမဝန္တာ၌သာ ပေါက်လေသတည်း၊ ဟိမဝန္တာ၌ပေါက်မှသာ မဟာသာလကြီး ဖြစ်နိုင်လေသတည်း။</p>
<p>သန္တီရဏသုံးခုသည် တဒါရုံဌာန, ပဋိသန္ဓိဌာန, ဘဝင်ဌာနဟူသော ဌာနကြီးတို့၌ဖြစ်ပါကုန်သော်လည်း ဇနကကံအားမသန်၍ အဟိတ်ဖြစ်ရကုန်သည်၊ တိဟိတ်ဥက္ကဋ္ဌကံပင်ဖြစ်သော်လည်း ဆိုခဲ့ပြီး သောကိစ္စသေး, ဌာနသေးတို့၌ ပေးရသောအခါ အဟိတ်ဝိပါက်ကိုသာ ပေးရလေသည်၊ ကိစ္စဌာနပင်ကြီးသော်လည်း ချို့တဲ့သော အကြောင်း ရှိပြန်လျှင် အဟိတ်သာဖြစ်ရသည်။</p>
<p>ဟသိတုပ္ပါဒ်စိတ်သည် ဇောကိစ္စရှိပါသော်လည်း အကြံအဖန် နှင့်မဖက်သော သက်သက်ပြုံးမှု၏ သေးနုသောကိစ္စဖြစ်၍ ဟိတ်တို့ မယှဉ်သည်၊ သဟိတ်ဝိပါက်တို့သည် အကြံအဖန်ပင် မရှိကုန်သော်လည်း ဇနကကံ၏အစွမ်းကြောင့် ဟိတ်ယှဉ်ကုန်သည်။</p>
<p>အဟိတ်မည်ခြင်းပြီး၏၊</p>
<h3>သမ္ဘဝ</h3>
<p>မေး။ ကုသိုလ်ဝိပါက်အရာ၌-<b>တိဟိတ်ကံ</b>ကြောင့် <b>တိဟိတ်ဝိပါက်</b>လည်း ဖြစ်လာသည်၊ <b>ဒွိဟိတ်ဝိပါက်</b>လည်း ဖြစ် လာသည်၊ <b>အဟိတ်ဝိပါက်</b>လည်း ဖြစ်လာသည်၊ <b>ဒွိဟိတ်ကံ</b>ကြောင့် <b>ဒွိဟိတ်ဝိပါက်</b>လည်း ဖြစ်လာသည်၊ <b>အဟိတ် ဝိပါက်</b>လည်း ဖြစ်လာသည်၊ ထို့အတူ <b>ဒွိဟိတ်ဖြစ်သော အကုသိုလ်ကံစု</b>ကြောင့် <b>ဒွိဟိတ်ဖြစ်သော သဟိတ်အကု သလဝိပါက်စိတ်</b>သည်လည်း ဖြစ်ကောင်းသေးသည် မဟုတ်ပါလော၊ အဘယ့်ကြောင့် <b>အကုသလဝိပါက်</b>မှ <b>အဟိတ်</b>သာရှိလေသနည်း-မေးရန်။</p>
<p>ဖြေ။ <b>အကုသိုလ်ဟိတ်တို့နှင့် ယှဉ်သောစေတနာ</b>သည် လွန်စွာ လှုပ်ရှား၏၊ <b>ကံ</b>ဖြစ်၍ချုပ်ပြီးနောက် <b>ဗီဇဘာဝအနေ</b>မှ တက်၍ <b>ဝိပါက်</b>ဖြစ်ပေါ်သောအခါ ကောင်းစွာ တည်တံ့ခြင်း ကိစ္စရှိသော <b>ဟိတ်နှင့်ယှဉ်၍ မပေါ်နိုင်</b>၊ <b>အကုသိုလ်စေတနာ</b>ကို မဆိုထားဘိ <b>တိဟိတ်စသော ကုသိုလ်စေတနာစု</b>သည်ပင် <b>အကုသိုလ်ဟိတ်</b>ခြံရံခဲ့လျှင် အကျိုးပေးသော အခါ <b>ကံနှင့်တူစွာ ဟိတ်မပါနိုင်</b> ရှိရချေသည်၊ ထို့ကြောင့် <b>အကုသုလဝိပါက်စိတ်</b>မှာ <b>သဟိတ်ဟူ၍ မရှိပေ</b>သည်။</p>
<p><b>ဋီကာကျော်ဝါဒ</b></p>
<p><b>ဋီကာကျော်နည်း</b>နှင့် ဖြေလျှင်လည်း ပြေပါ၏၊ <b>သကုသလ ဝိပါက်စိတ်စု</b>သည် <b>အဗျာကတဧကန်</b>၊ <b>အသောဘနဟိတ်စု</b>သည် <b>အကုသိုလ်ဧကန်</b>၊ ထို့ကြောင့် <b>အကုသိုလ်ဟိတ်တို့နှင့်လည်း ယှဉ်ခွင့်မရှိ</b>၊ <b>အကုသိုလ်၏ အကျိုးဖြစ်သော ထိုဝိပါက်စု</b>၌ <b>ကုသိုလ်၏အကျိုးဖြစ်သော အလောဘစသော ဟိတ်တို့</b>သည်လည်း <b>မယှဉ်ထိုက်ကုန်</b>၊ ထို့ကြောင့် <b>အကုသလဝိပါက်စိတ်</b>မှာ <b>အဟိတ်သာရှိလေသတည်း</b>။</p>
<p>[ဋီကာကျော်ဝါဒ]</p>
<p><b>သမ္ဘဝ</b>, <b>ဗျဘိစာရ</b>ဟူရာ၌</p>
<p>၁။ လောက၌ ရေမှာအေးရန်, ပူရန်အကြောင်းနှစ်ပါး ထင်ရှားရှိနေသည်ကား-<b>သမ္ဘဝ</b>၊<br>
၂။ ယင်း<b>သမ္ဘဝ</b>ကြောင့် ရေဆိုလျှင်အအေးသာဟူ၍လည်းမကျ၊ အပူသာဟူ၍လည်းမကျ၊ နှစ်ဖက်ရဖြစ်နေသည်ကား <b>ဗျဘိစာရ</b>၊<br>
၃။ မီးမှာ မီးအေး,မီးပူဖြစ်ရန် အကြောင်းနှစ်ပါးထင်ရှား မရှိသည်ကား-<b>အသမ္ဘဝ</b>၊<br>
၄။ ယင်း<b>အသမ္ဘဝ</b>ကြောင့် မီးဆိုလျှင်ပင် အပူသာဟုဆိုကြ သည်ကား-<b>အဗျဘိစာရ</b>၊</p>
<p>ထို့ကြောင့် မီးယူခဲ့ရာ၌ ပူသောမီးယူခဲ့ဟု ထည့်ဖွယ်မရှိ၊ ရေယူခဲ့ ဟူရာ၌ ပူသောရေယူခဲ့၊ အေးသောရေယူခဲ့ဟု ထည့်သင့်သောအခါ၌ ထည့်မှသာ ကွဲပြားသည်၊ ဤအတူ</p>
<p>၁။ <b>အကုသလဝိပါက်စိတ်စု</b>မှာ <b>ဟိတ်နှင့်ယှဉ်ရန် အကြောင်း မရှိသည်ကား-သမ္ဘဝ မရှိခြင်း</b>တည်း။<br>
၂။ <b>အကုသလဝိပါက်</b>ဆိုလျှင် <b>အဟိတ်သာ</b>ဟုဆိုကြသည်ကား <b>ဗျဘိစာရကင်းရှင်းခြင်း</b>တည်း။<br>
၃။ <b>ကုသလဝိပါက်စိတ်</b>မှာ <b>ဟိတ်နှင့်ယှဉ်ရန် အကြောင်းတရား ထင်ရှားရှိနေသည်ကား-သမ္ဘဝရှိခြင်း</b>တည်း။<br>
၄။ ယင်း<b>သမ္ဘဝ</b>ကြောင့် <b>ကုသလဝိပါက်</b>ဆိုကာမျှနှင့် <b>အဟိတ်သာ ဟူ၍လည်းမကျ</b>၊ နှစ်ဖက်ရဖြစ်နေသည်ကား- <b>ဗျဘိစာရရှိခြင်း</b>တည်း။</p>
<p>ထို့ကြောင့် <b>အကုသလဝိပါက်</b>ဟူရာ၌ <b>အဟေတုက သဒ္ဒါထည့် ခွင့်မရှိ</b>၊ <b>ကုသလဝိပါက်</b>ဟူရာ,<b>ကြိယာ</b>ဟူရာ၌သာ <b>အဟေတုကသဒ္ဒါထည့် ရလေသည်</b>။</p>
<p><b>သမ္ဘဝ</b>ပြီး၏၊</p>
<hr>
<h3>သင်္ခါရစစ်ချက်</h3>
<p>မေး။ <b>အဟိတ်စိတ်အဋ္ဌာရသ</b>ကို <b>သသင်္ခါရိက</b>ဆိုမည်လော၊ <b>အသင်္ခါရိက</b>ဆိုမည်လော၊ နှစ်ပါးဆိုရမည်လော၊ နှစ်ပါးမှ အလွတ်ဆိုရမည်လော-မေးရန်။</p>
<p>ဖြေ။ <b>ဋီကာကျော်အလို</b>နှင့်ဆိုပေမူ-ထက်မြက်သော <b>တိက္ခသဘော မရှိကြသောကြောင့် အသင်္ခါရိက မဆိုသာ</b>၊ တိုက်တွန်းလောက်သော ကိစ္စမနွယ်ကြ၍ တိုက်တွန်းဖွယ် ကိစ္စ မရှိကြသောကြောင့်လည်း <b>သသင်္ခါရိက မဆိုသာ</b>၊ <b>အလွတ်သာတည်း</b>ဟုဆိုရပေမည်၊ <b>အချို့ဆရာတို့ကား အသင်္ခါရိက ယူကြကုန်၏</b>၊</p>
<p>စင်စစ်မူကား။။ <b>ပဋိသန္ဓေ</b>,<b>ဘဝင်</b>,<b>စုတိကိစ္စ</b>ရှိသော <b>မဟာဝိပါက်</b>တို့မှာ သေခါနီးတွင် တိုက်တွန်း၍ထင်ရသော <b>ကံ</b>,<b>ကမ္မနိမိတ်</b>,<b>ဂတိနိမိတ်</b>ကို ယူ၍ဖြစ်ကြလျှင် <b>သသင်္ခါရိက</b>, <b>ကံ၏အစွမ်းဖြင့် အလိုလိုထင်သော နိမိတ်</b>ကိုယူ၍ ဖြစ်ကြလျှင် <b>အသင်္ခါရိကမှတ်ကြရမည်</b>၊ <b>တဒါရုံကိစ္စ</b>ရှိသော <b>မဟာဝိပါက်စု</b>မှာ လျောက်ပတ်သော <b>ဥတု</b>,<b>အာဟာရ</b>-စသည်နှင့်ဖြစ် ရလျှင် <b>အသင်္ခါရိက</b>၊ မလျောက်ပတ်စုနှင့်ဖြစ်ရလျှင် <b>သသင်္ခါရိက မှတ်ကြရသည်</b>။</p>
<p>၁။ <b>ပဋိသန္ဓေ</b>,<b>ဘဝင်</b>,<b>စုတိကိစ္စ</b>ရှိသော <b>သန္တီရဏနှစ်ခု</b>၊ <b>တဒါရုံ ကိစ္စ</b>ရှိသော <b>သန္တီရဏသုံးခု</b>တို့ကို ထို<b>မဟာဝိပါက်</b>နှင့်တစ်ချက်တည်းဆိုခွင့် မဆိုက်လော။<br>
၂။ ရှေးအဖို့၌ဖြစ်သော<b>သင်္ခါရ</b>နှင့် <b>သသင်္ခါရ</b>ခေါ်သော အကြောင်း စုကြောင့် ယခုဖြစ်လာသော <b>ဆဒွါရိကဇော</b>တို့ကို <b>သသင်္ခါရိက</b>ဆိုရသဖြင့် ထို<b>ဇော</b>တို့၏ ရှေ့သွားနောက်လိုက်ဖြစ်ကြသော <b>ဆဒွါရိကအဟိတ် စိတ်</b>တို့ကို <b>သသင်္ခါရိက</b>ဆိုခွင့် မဆိုက်လော။<br>
၃။ <b>အသင်္ခါရိကဇော</b>တို့၏ ရှေ့သွားနောက်လိုက်ဖြစ်ကြသော <b>ဆဒွါရိကအဟိတ်စိတ်</b>တို့ကို <b>အသင်္ခါရိက</b>ဆိုခွင့် မဆိုက်လော။<br>
၄။ <b>ဟသိတုပ္ပါဒ်</b>မှာလည်း ဖြစ်ခွင့်နှင့်ယှဉ်၍ပေးလျှင်ဖြစ်မည်၊ မယှဉ်လျှင်လည်း မဖြစ်ပေရကား- နှစ်ပါးဆိုခွင့် ရှိသည်ပင်။ ထို့ကြောင့် <b>အဟိတ်စိတ်အဋ္ဌာရသ</b>ကို နှစ်ပါး၌ပင်ထည့် ခွင့်မြင် သည်၊ <b>ဓမ္မသင်္ဂဏီ</b>၌ မဟောသည်မှာ သူတို့အတွက်နှင့် အသီးထွက် လောက်သော <b>သင်္ခါရကိစ္စမရှိကြ၍ မဟောသည်</b>ဆိုရမည်။</p>
<p><b>သင်္ခါရစစ်ချက်</b>ပြီး၏၊</p>
<p><b>အဟိတ်စိတ် ၁၈-ခု</b>ပြီး၏၊</p>
<hr>
<h3>ကာမာဝစရစိတ် ၂၄-ခု သောဘဏမည်ခြင်း</h3>
<p><b>သဒ္ဓါ</b>,<b>သတိ</b>,<b>ဟိရီ</b>,<b>ဩတ္တပ္ပ</b>-စသော <b>၂၅-ပါးသော စေတသိက်တို့</b>သည်သာလျှင် စင်ကြယ်ကောင်းမြတ် ချီးမွမ်းအပ်သော <b>ကိစ္စလက္ခဏာ</b> ရှိကြပေကုန်သည်ဖြစ်၍ စင်စစ်အားဖြင့် <b>သောဘဏ</b>မည်ကုန်၏၊ ထို<b>စေတသိက်တို့နှင့်ယှဉ်ကုန်သော တရားတို့</b>သည်လည်း အလားတူ ကောင်းမြတ်ကြကုန်သည်ဖြစ်၍ <b>သောဘဏ</b>မည်ကုန်၏၊ <b>အဟိတ်တရား</b>သည် ထို<b>သောဘဏအစစ်တို့နှင့် ယှဉ်ခြင်းမရှိကုန်</b>၊ <b>အကုသိုလ်စိတ်တို့</b>သည်ကား-ထို<b>သောဘဏအစစ်တို့နှင့် ဆန့်ကျင်ဘက်ဖြစ် ကုန်သော မောဟ</b>,<b>အဟိရိက</b>,<b>အနောတ္တပ္ပ</b>-စသည်တို့နှင့် ယှဉ်ကြကုန် သည်၊ ထို့ကြောင့် ထိုနှစ်ပါးတို့ကို <b>အသောဘဏ</b>ဆိုရကုန်သည်။</p>
<p><b>သောဘဏမည်ခြင်း</b>ပြီး၏၊</p>
<hr>
<h3>လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်</h3>
<p><b>ကာမာဝစရံ</b>=<b>ကာမာဝစရစိတ်</b>သည်၊ <b>ပရိတ္တလက္ခဏံ</b>=သေးငယ်နုတ်ဖွဲ့သော<b>လက္ခဏာ</b>ရှိ၏၊ <b>ကာမတဏှာယ</b>=<b>ကာမတဏှာ</b>၏၊ <b>ဂေါစရဘာဝရသံ</b>=ကျက်စားကျင်လည်ရာဖြစ်ခြင်း<b>ကိစ္စ</b>ရှိ၏၊ <b>စဉ္စလပစ္စုပဋ္ဌာနံ</b>=တုန်လှုပ်လွယ်သောအဖြစ်လျှင် ထင်ရသောအခြင်းအရာရှိ၏၊ အကုန် နှံ့စပ်အောင် <b>ပဒဋ္ဌာန်</b>ရှာလေ။</p>
<p><b>လက္ခဏ</b>,<b>ရသ</b>,<b>ပစ္စုပဋ္ဌာန်</b>,<b>ပဒဋ္ဌာန်</b>ပြီး၏၊</p>
<hr>
<h3>ကုသလသဒ္ဒါ၏အနက်</h3>
<p>ဆောင်။ ။<b>အနာကင်းလစ်</b>၊ <b>အပြစ်ကင်းကွာ</b>၊ <b>အလိမ္မာ</b>နှင့်၊ <b>ချမ်းသာကောင်းကျိုး</b>၊ <b>လေးမျိုးအချက်</b>၊ <b>ကုသိုလ်နက်</b>။</p>
<p><b>ကုသလသဒ္ဒါ</b>သည် <b>အနာကင်းသည်</b>ကိုလည်းဟော၏၊ <b>ကောင်း ကျိုးပေးသည်</b>ကိုလည်းဟော၏-ဟူလိုသည်၊ <b>အနိဋ္ဌရုပ်စု</b>သည် <b>ရုပ်၏ ရောဂါ</b>မည်၏၊ <b>ကိလေသာစု</b>သည် <b>နာမ်၏ရောဂါ</b>မည်၏၊ စိတ်သန္တာန်၌ နာမ်ရောဂါစွဲ၍ အပါယ်ငရဲ၌ တလူးလဲလဲခံနေကြရသည်၊ <b>ဘုရား</b>ကားနာမ်ရောဂါကို ကုသသော<b>ဆေးသမားကြီး</b> ပင်တည်း။</p>
<p><b>တိကိစ္ဆကောတိ ခေါ ဘိက္ခဝေ တထာဂတေဿတံ အဓိဝစနံ။</b> အနက်ကား။။ <b>ဘိက္ခဝေ</b>=ရဟန်းတို့၊ <b>တိကိစ္ဆကောတိ ဧတံ</b>= ဆေးသမား ဆေးသမားဆိုသည်ကား၊ <b>ခေါ</b>=ဧကန်စင်စစ်၊ <b>တထာဂတဿ</b>= ငါဘုရား၏၊ <b>အဓိဝစနံ</b>=အမည်တည်း။</p>
<h3>အနာကင်းခြင်းအနက်</h3>
<p>ငါဘုရားမှ ဆေးသမားအစစ်၊ သည့်ပြင်-သမားတုသမား ယောင်သာ-ဟူလိုသည်၊ သည့်ပြင်ဆေးဆရာတို့မှာ ရုပ်နာမ်ကိုသာ ကုနိုင်သည်၊ ရုပ်နာမ်တွင်လည်း တစ်ဘဝတွင်သာ ကုနိုင်သည်၊ နာမ် နာမငြိမ်းလျှင် ရုပ်နာတလဲလဲသာနေ၏၊ ဘုရားမှာ နာမ်နာကိုကုသည်၊ နာမ်နာငြိမ်းလျှင် ရုပ်နာလည်း အမြစ်ပြတ်တော့သည်၊ အမြစ်ပြတ်အောင် ကုနိုင်မှ ဆေးသမားလမ်းဆုံး, ကမ်းဆုံးရောက်သည်၊ ဆေးသမားလမ်း ဆုံး,ကမ်းဆုံးရောက်အောင်တတ်မြောက်ပေသည်ကား-ဘုရားရှင်ပင် တည်း၊ ထို့ကြောင့် ငါဘုရားသာလျှင် ဆေးသမားအစစ်ဖြစ်သည်-ဟု ဟောပေသည်၊ <b>ကုသိုလ်တရားတို့</b>ကား- <b>နာမ်နာကို ပယ်ရှားသော ဆေးဝါးဓာတ်စာတို့</b>ပေတည်း။</p>
<p><b>အနာကင်းခြင်းအနက်</b>ပြီး၏၊</p>
<hr>
<h3>အပြစ်ကင်းခြင်းအနက်</h3>
<p>သံကိုဖျက်သည်ကား-<b>သံချေး</b>တည်း၊ <b>သံချေး၏ကိစ္စ</b>ကားမှီရာသံကို မကျန်မကြွင်း, အတင်းစားမှုပေတည်း၊ စားဖန်များလျှင် သံသားကုန်းဆုံး, သံသက်ပြုန်း၍ လုံးလုံးဖွဲပြာဖြစ်လေ၏၊ ဤကား<b>အညစ်အကြေးအချေးအညှော်တို့၏ ဓမ္မတာ</b>တည်း၊ ထို<b>အညစ်အကြေး</b> ဟူသော <b>ဓာတ်ချေး</b>သည် စင်စစ်အားဖြင့် <b>နိဗ္ဗာန်တစ်ခု</b>၌သာ <b>အရှင်း လွတ်၏</b>၊ <b>မဂ်ဖိုလ်တို့</b>မှာပင် <b>ဇရာ</b>,<b>မရဏ</b>-ဟူသော <b>ဓာတ်ချေး</b>, <b>ဓာတ်လောင်</b> ရှိကြကုန်၏၊ <b>တေဘူမကဓမ္မတို့ဝယ် ဆိုဖွယ်မရှိ</b>၊ ဤအရာ၌ကား ဖြူစင်သောစိတ်သန္တာန်ကို <b>သံချေးအလား အကုန်စားတတ်သော ကိလေသာတို့ကိုအပြစ်</b>ဆိုသည်၊ ထိုအပြစ်ကို ပယ်မှုကြောင့် <b>ကုသိုလ်</b> ခေါ်သည်။</p>
<p><b>အပြစ်ကင်းခြင်းအနက်</b>ပြီး၏၊</p>
<p>[<b>အလိမ္မာကောင်းကျိုးပေးတို့</b>မှာ သိသာပြီ၊ အစဉ်အလာ မှန်လှစွာ သော ဤ<b>အနက်လေးဦး</b>တို့ကို <b>အထူးမြတ်နိုးရမည်</b>။]</p>
<p><b>သတလိင်္ဂဿ အတ္ထဿ၊<br>
သတလက္ခဏဓာရိနော။<br>
ဧကင်္ဂဒဿီ ဒုမ္မေဓော၊<br>
သတဒဿီ စ ပဏ္ဍိတော။။</b></p>
<p>အနက်ကား။။ <b>ဒုမ္မေဓော</b>=<b>ပညာနည်းသောသူ</b>သည်၊</p>
<p><b>သတလိင်္ဂဿ</b>=အရာမကသော <b>ပဝတ္တနိမိတ်</b>ရှိ ထသော၊ <b>သတလက္ခဏ ဓာရိနော</b>=အရာမကသော <b>သဘောလက္ခဏာ</b>ကို ဆောင်ပေထသော၊ <b>အတ္ထဿ</b>=<b>အနက်ဒြဗ်</b>၏၊ <b>ဧကင်္ဂဒဿီ</b>=တစ်ခုသောအစိတ်ကိုသာ မြင်နိုင်၏၊ <b>ပဏ္ဍိတောစ</b>=<b>ပညာရှိ</b>သည်သာလျှင်၊ <b>သတဒဿီ</b>=အရာမကကို မြင်နိုင်၏</p>
<p>ဟု လာသော <b>ထေရဂါထာပါဌ်</b>နှင့်အညီ-<b>သတဒဿီ</b>ဖြစ်တော် မူကြပေကုန်သော <b>ဆရာမြတ်တို့၏ ဉာဏ်စွမ်း</b> ပြဆိုကြသော <b>ဝိဂြိုဟ်လက်သစ်</b>များကို လျစ်လျူရှုအံ့။</p>
<p>[<b>ကုသိုလ်၏ လက္ခဏာဒိ</b>ကို ရှေး၌ဆိုခဲ့ပြီ။]</p>
<p><b>ကုသလသဒ္ဒါ၏အနက်</b>ပြီး၏၊</p>
<hr>
<h3>ကုသိုလ်၏အကြောင်း</h3>
<p>၁။ <b>ပဋိရူပဒေသဝါသ</b>=သူတော်ကောင်းတရား ထွန်းကားပေလတ် လျောက်ပတ်သင့်တင့်သော မြို့ရွာဒေသ၌ နေထိုင်ခြင်းတစ်ပါး၊<br>
၂။ <b>ပုဗ္ဗေစကတပုညတာ</b>=ပြုခဲ့ဖူးသော ဘုန်းကံ ပါရမီရှိခြင်း တစ်ပါး၊<br>
၃။ <b>သပ္ပုရိသူပနိဿယော</b>=သူတော်ကောင်းတို့ ကြည်ညို လေး မြတ် ဆည်းကပ်မှီတွယ်ခြင်းတစ်ပါး၊<br>
၄။ <b>အတ္တသမာပဏိဓိ</b>=စိတ်ထား, သဘောထား ကောင်းခြင်း တစ်ပါး၊</p>
<p><b>ကုသိုလ်ဖြစ်ရန်အကြောင်းလေးပါး</b>၊ ဤလေးပါးသည် တစ်ခုခု သောဘဝ၌ တစွန်းတစ ထူထောင်မိသည်ရှိသော် အဆက်ဆက် အဆင့်ဆင့် အပြန်ပြန်လည်၍ သွားတတ်သော<b>ကြောင်းစက်လေးပါး</b>မည်၏၊</p>
<p><b>ကုသိုလ်၏အကြောင်း</b>ပြီး၏၊</p>
<hr>
<h3>သောမနဿ၏အကြောင်း</h3>
<p>၁။ <b>သောမနဿပဋိသန္ဓိကတာ</b>=<b>သောမနဿ ဝိပါက်စိတ်</b>ဖြင့် ပဋိသန္ဓေနေခဲ့ခြင်း၊<br>
၂။ <b>သဒ္ဓါဗဟုလတာ</b>=<b>သဒ္ဓါစရိုက်</b>ပြောခြင်း၊<br>
၃။ <b>ဝိသုဒ္ဓဒိဋ္ဌိ</b>=<b>သမ္မာအယူ</b>ဖြူစင်ခြင်း၊<br>
၄။ <b>အာနိသံသဒဿာဝိတာ</b>=<b>ကံတို့၏ အကျိုးအာနိသင်</b>ကို မြင်နိုင်ခြင်း၊<br>
၅။ <b>ဣဋ္ဌာရမ္မဏသမာယောဂေါ</b>=အလိုရှိအပ်သော အလှူဝတ္ထု, အလှူခံပုဂ္ဂိုလ်စသော <b>ဣဋ္ဌာရုံ</b>နှင့်တွေ့ကြုံခြင်း၊<br>
၆။ <b>ကဿစိ ပိဠာဘာဝေါ</b>=အနှောင့်အယှက်မှကင်းခြင်း, [<b>သောမနဿဖြစ်ရန်အကြောင်းစု</b>။]</p>
<p>ဆောင်။။ <b>သန္ဓေ</b>,<b>သဒ္ဓါ</b>၊ <b>သမာ</b>, <b>နိသင်</b>၊ <b>လိုအင်ပြည့်နက်</b>၊ <b>နှောင့်ယှက်မသန်း</b>၊ <b>ဤခြောက်ခန်း</b>၊ <b>ဝမ်းမြောက်ကုသိုလ်ချက်</b>။</p>
<p>၁။ <b>ဗုဒ္ဓါနုဿတိ</b>=ဘုရားဂုဏ်၌သက်ဝင်ခြင်း၊<br>
၂။ <b>ဓမ္မာနုဿတိ</b>=တရားဂုဏ်၌သက်ဝင်ခြင်း၊<br>
၃။ <b>သံဃာနုဿတိ</b>=သံဃာဂုဏ်၌သက်ဝင်ခြင်း၊<br>
၄။ <b>သီလာနုဿတိ</b>=မိမိသီလဂုဏ်၌သက်ဝင်ခြင်း၊<br>
၅။ <b>စာဂါနုဿတိ</b>=မိမိ၏ဒါနဂုဏ်၌သက်ဝင်ခြင်း၊<br>
၆။ <b>ဒေဝတာနုဿတိ</b>=နတ်မျိုးစေ့,သိကြားမျိုးစေ့ဖြစ်ပေသော မိမိလက်ရှိ သူတော်ကောင်းဥစ္စာရတနာ ခုနစ်ပါးတို့၏ ဂုဏ်ကျေးဇူး၌သက်ဝင်ခြင်း၊<br>
၇။ <b>ဥပသမာနုဿတိ</b>=နိဗ္ဗာန်၏ဂုဏ်ကျေးဇူး, ယခုဘဝတွင် ကိလေသာတို့မှ ငြိမ်းခွင့်ရဖူးသော ကျေးဇူးကို အောက် မေ့ခြင်း၊<br>
၈။ <b>လူခပုဂ္ဂလပရိဝဇ္ဇနံ</b>=သဒ္ဓါနည်း၍မွဲခြောက်သော စိတ်နှလုံး ရှိသော သူကို ဝေးစွာရှောင်ကွင်းခြင်း၊<br>
၉။ <b>သိနိဒ္ဓပုဂ္ဂလသေဝနာ</b>=သဒ္ဓါပို၍ယိုယွင်းသော စိတ်နှလုံး ရှိသော သူနှင့်အတူ ပေါင်းသင်းခြင်း၊<br>
၁၀။ <b>ပသာဒနိယသုတ္တန္တပစ္စဝေက္ခနာ</b>=အထူးကြည်ညိုဖွယ် ကောင်းလှသော သုတ္တန်တရားများကို ကြားနာသက်ဝင် ဆင်ခြင်မှုများခြင်း၊<br>
၁၁။ <b>တဒဝိမုတ္တတာ</b>=ပီတိသောမနဿဖြစ်လိုလှသော စိတ် သဘောအမြဲညွတ်ခြင်း၊</p>
<p>ဤ<b>ပီတိသမ္ဗောဇ္ဈင်ပွါးရန် တရား ၁၁-ပါး</b>သည်လည်း <b>သော မနဿအကြောင်းစု</b>ပင် လာ၏၊</p>
<p>ဆောင်။။ <b>ဗုဓ်</b>, <b>ဓံ</b>, <b>သံ</b>, <b>သီ</b>၊ <b>စာဂီ</b>, <b>ဒေဝ</b>၊ <b>သတ္တဓနိ</b>၊ <b>ကြဉ်ဘိ လူခြောက်</b>၊ <b>ပေါင်းမြောက်လူစို</b>၊ <b>ကြည်ညိုဖွယ်မှု</b>၊ <b>သုတ်စုလေ့ကျက်</b>၊ <b>နှစ်သက်ဆန္ဒ</b>၊ <b>လိုလှစွဲလမ်း</b>၊ <b>ဆယ့်တစ်ခန်း</b>၊ <b>ဝမ်းမြောက်ကုသိုလ်ချက်</b>။</p>
<p>[ဤ၌ ရှေးခုနစ်ခုမှ တစ်ခုတစ်ခုနှင့် နောက်လေးခုကိုတွဲ၊ ၅-ခု ၇-လီဖြစ်၏၊] <b>သောမနဿ၏အကြောင်း</b>ပြီး၏၊</p>
<h3>ဥပေက္ခာ၏အကြောင်း</h3>
<p>၁။ <b>ဥပေက္ခာပဋိသန္ဓိကတာ</b>=<b>ဥပေက္ခာဝိပါက်စိတ်</b>ဖြင့် ပဋိသန္ဓေနေခဲ့ခြင်း၊<br>
၂။ <b>အပ္ပသဒ္ဓတာ</b>=သဒ္ဓါနည်ပါးခြင်း၊<br>
၃။ <b>အဝိသုဒ္ဓဒိဋ္ဌိတာ</b>=အယူမစင်ကြယ်ခြင်း၊<br>
၄။ <b>အာနိသံသအဒဿာဝိတာ</b>=ကံ၏အကျိုးအာနိသင်ကို အမြင်နည်းပါးခြင်း၊<br>
၅။ <b>မဇ္ဈတ္တာရမ္မဏသမာယောဂေါ</b>=မမြတ်နိုးလောက်သော <b>မဇ္ဈတ္တာရုံ</b>နှင့်တွေ့ကြုံခြင်း၊<br>
၆။ <b>ပိဠိကတာ</b>=အနှိပ်အစက်အနှောင့် အယှက်မကင်းခြင်း၊</p>
<p>[<b>ဥပေက္ခာဖြစ်ရန်အကြောင်းစု</b>။]</p>
<p>ဤ<b>ဥပေက္ခာကုသိုလ်စု</b>သည်ကား- <b>သောမနဿကုသိုလ်</b>အောက်ယုတ်ညံ့၏၊ အချို့သူတို့ကား သမ္ပယုတ်သင်္ခါရတူခဲ့ကြလျှင် <b>သောမနဿ</b>ထက် <b>ဥပေက္ခာ</b>ကသာရမည်-ဟူကြကုန်၏၊ <b>သဒ္ဓါနည်းလှ၍ ဖြစ်ရသော ဥပေက္ခာကုသိုလ်စု</b>, <b>အယူမစင်ကြယ်၍ဖြစ်ရသော ဥပေက္ခာကုသိုလ်စု</b>, <b>အကျိုးအာနိသင်ကို အမြင်နည်းပါး၍ဖြစ်ရသော ဥပေက္ခာကုသိုလ်စု</b>သည် <b>ချို့ငဲ့မှုကြောင့်ဖြစ်ပေရကား အလွန်ယုတ်ညံ့သော ဥပေက္ခာကုသိုလ်စု</b>သာတည်း။</p>
<p><b>မောဟစရိုက်အားကြီးသောသူ</b>အားလည်း <b>ကုသိုလ်</b>ဖြစ်သည် ရှိသော် <b>ဥပေက္ခာကုသိုလ်</b>သာ ဖြစ်ခွင့်ရှိသည်၊ ဤသို့စသည်ဖြင့် <b>အဇ္ဈတ္တသန္တာန်မပြူစင်၍ ဥပေက္ခာအနေမျှဖြစ်ရသော ကုသိုလ်မှု</b>, <b>ဗဟိဒ္ဓအတွက်နှင့်နှောင့်ယှက် ခြင်းရှိနေ၍ ဥပေက္ခာအနေမျှဖြစ်ရသော ကုသိုလ်မှု</b>, <b>အလှူဝတ္ထုမစင်ကြယ်၍ ဥပေက္ခာအနေမျှဖြစ်ရသော ကုသိုလ်မှု</b>, <b>အလှူခံပုဂ္ဂိုလ်ယုတ်ညံ့လှ၍ ဥပေက္ခာအနေမျှဖြစ်ရသော ကုသိုလ်မှု</b>, <b>ပစ္စည်းဝတ္ထုကို စွန့်မှုငြိတွယ်သည် ဖြစ်၍ ဥပေက္ခာအနေမျှဖြစ်ရသော ကုသိုလ်မှု</b>, <b>မိမိပြုကျင့်ရင်းမဟုတ်ဘဲနှင့် မလွဲသာ၍ပြုရသော ဥပေက္ခာမှု</b>ဟူသမျှသည် <b>ဥပေက္ခာယုတ်</b>,<b>ဥပေက္ခာညံ့</b>သာတည်း။</p>
<p><b>သောမနဿ</b>ထက် <b>မြတ်သောဥပေက္ခာ</b>မူကား <b>သမာဓိကြီးလှ ၍ဖြစ်သောဥပေက္ခာ</b>, <b>ဉာဏ်ပညာအမြင်ကြီးလှ၍ဖြစ်သောဥပေက္ခာ</b>, <b>အဇ္ဈာသယကြီးမြတ်လှ၍ဖြစ်သောဥပေက္ခာစု</b>သည်သာလျှင် <b>သမ္ပယုတ်သင်္ခါရ</b>တူမျှပါလျက် <b>သောမနဿ</b>ထက် <b>ဥပေက္ခာ</b>အတွက် <b>သာလွန်မြင့်မြတ်ပေသတည်း</b>၊ <b>အပ္ပနာအရာ</b>၌ <b>သမာဓိကြီးသည်</b> အတွက်ကြောင့် အထက်အထက်သော <b>ဥပေက္ခာစျာန်စုမြတ်ပေသတည်း</b>၊ <b>ဉာဏ်ပညာအမြင်ကြီးလှသောသူတို့</b>မှာ ဒါနစသော အောက်အောက်သော ကုသိုလ်မှု နယ်များသည် အားရဖွယ်မဖြစ် လျစ်လျူရှုမှုသာဖြစ်သတည်း။</p>
<p>ဘုရားအမှူးရှိသော သံဃာလေးသိန်းကို သိကြားဖန်ဆင်းသော မဏ္ဍပ်၌ ခုနစ်ရက်ဃနာဆွမ်းလှူသော် လည်း လျစ်လျူမျှသာဖြစ်သော <b>မဟာသင်္ခပုဏ္ဏား</b>, အသက်ထက်ဆုံး တစ်နေ့တစ်နေ့လျှင် ငါးသိန်း ငါးသိန်းကုန်အမြဲ လှူသော်လည်း လျစ်လျူမျှသာဖြစ်သော <b>မဟာသီဝလိ မင်းကြီး</b>တို့မှာကား <b>အဇ္ဈာသယကြီးမြတ်လှသော အတွက်</b>ပေတည်း။</p>
<p><b>ဥပေက္ခာသမ္ဗောဇ္ဈင်အရာ</b>၌</p>
<p>၁။ <b>သတ္တမဇ္ဈတ္တတာ</b>=သတ္တဝါ၌ လျစ်လျူရှုနိုင်ခြင်းတစ်ပါး၊<br>
၂။ <b>သင်္ခါရမဇ္ဈတ္တတာ</b>=ပစ္စည်းဝတ္ထုသင်္ခါရအစုတို့၌ လျစ်လျူရှုနိုင် ခြင်းတစ်ပါး၊<br>
၃။ <b>သတ္တသင်္ခါရ ကေလာယန ပုဂ္ဂလပရိဝဇ္ဇနတာ</b>=သတ္တဝါနှင့် ပျော်တတ်သောသူ, ပစ္စည်းဝတ္ထုတို့နှင့် ပျော်တတ်သောသူ, သတ္တဝါကို စုံမက်ခင်မင်တတ်သောသူတို့ကို ဝေးစွာရှောင်ကွင်းခြင်းတစ်ပါး၊<br>
၄။ <b>သတ္တသင်္ခါရမဇ္ဈတ္တ ပုဂ္ဂလသေဝနတာ</b>=သတ္တဝါ, သင်္ခါရနှစ်ပါး တို့၌ လျစ်လျူအားကြီးသောသူှနှင့် ပေါင်းဖက်ခြင်းတစ်ပါး၊<br>
၅။ <b>တဒဝိမုတ္တာ</b>=ထို<b>ဥပေက္ခာသမ္ဗောဇ္ဈင်</b>၌ ညွတ်သောစိတ်ရှိခြင်း တစ်ပါး၊</p>
<p>ဤငါးပါးသည်လည်း <b>ဥပေက္ခာဖြစ်ကြောင်း</b>-ဟုလာ၏၊ ဤ <b>ဥပေက္ခာ</b>သည်ကား <b>အထွတ်အမြတ်</b>ပေတည်း။</p>
<p><b>ဥပေက္ခာ၏အကြောင်း</b>ပြီး၏၊</p>
<hr>
<h3>ဉာဏသမ္ပယုတ်၏အကြောင်း</h3>
<p>၁။ <b>ဉာဏသမ္ဘာရကုသိုလ်ကံအကျိုးပေးသော ပဋိသန္ဓေ</b>ရှိခြင်း၊<br>
၂။ စိုးရိမ်မှု,ကြောင့်ကြမှုကင်းရှင်းသော ဘဝဖြစ်ခြင်း၊<br>
၃။ <b>ဣန္ဒြေကြီးသောအရွယ်</b>သို့ရောက်ခြင်း၊<br>
၄။ <b>ကိလေသာနိုင်ငံ</b>သို့ အလိုက်အစားနည်းပါးခြင်း, [ဤလေးပါးသည် <b>ဉာဏသမ္ပယုတ်၏အကြောင်း</b>တည်း။] <b>ကမ္မတော ဥပပတ္တိတော ဣန္ဒြိယပရိပါကတော ကိလေသဒူရိဘာဝတော။</b></p>
<p>[<b>အဋ္ဌသာလိနီ</b>။]</p>
<p><b>ကုသိုလ်</b>သည် <b>ပုညသမ္ဘာရ ကုသိုလ်</b>, <b>ဉာဏသမ္ဘာရ ကုသိုလ်</b> နှစ်ပါး၊ လောက၌ အပြစ်ကင်းသော အတတ်မျိုး, ပညာမျိုး, ဝိဇ္ဇာမျိုး, သာသနာ၌ တရားကျမ်းဂန်မျိုးတို့ကို လေ့လာအားထုတ်ခြင်းအမှု, သူတစ်ပါးတို့ကို သင်ကြားပြောဟောသောအမှု, အများတတ်ရန် ကျမ်းဂန်စာအုပ် ပြုလုပ်စီရင်သောအမှု၊ ဤအမှုများသည် <b>ဉာဏသမ္ဘာရ ကုသိုလ်မှု</b>ပေတည်း။</p>
<p>မိမိမလေ့လာနိုင်ရှိရသည်ကို ရှုတ်ချ၍ သူတစ်ပါးလေ့လာ သည်ကို ကြည်ညိုမှု, ရိုသေမှု, ချီးမွမ်းမှု, ပူဇော်မှု, ချီးမြှောက်မှု, ထောက်ပံ့မှု, ပြုစုပျိုးထောင်မှု, ကျမ်းစာဆောင်တို့ကို အရှည်စည်ကား ပွါးများဖြစ် ထွန်းအောင် ကြေးငွေပေး၍ ရေးသားထူထောင်မှုများသည်လည်း ကောင်း၊ အလိမ်အမာဉာဏ်ပညာကို တောင့်တ၍ ပြအပ်သောဒါနမှု, သီလမှု, ဝေယျာဝစ္စမှုစသည်များသည်လည်းကောင်း <b>ဉာဏသမ္ဘာရ</b>တွင် အဝင်အပါဖြစ်၏၊</p>
<p><b>ယော ဟိ ပရေသံ ဓမ္မံ ဒေသေတိ၊ အနဝဇ္ဇာနိ သိပ္ပါယတနကမ္မာယတနဝိဇ္ဇာဌာနာနိ သိက္ခာပေတိ၊ ဓမ္မကထိကံ သက္ကာရံ ကတွာ ဓမ္မံ ကထာပေတိ၊ အာယတိံ ပညဝါ ဘဝိဿာမီတိ ပတ္ထနံ ပဋ္ဌပေတွာ နာနပ္ပကာရကံ ဒါနံ ဒေတိ၊ တဿ ဧဝရူပံ ကမ္မံ ဥပနိဿာယ ကုသလံ ဥပ္ပဇ္ဇမာနံ ဉာဏသမ္ပယုတ္တံ ဥပ္ပဇ္ဇတိ။</b></p>
<p>[<b>အဋ္ဌသာလိနီ</b>။]</p>
<p>အနက်ကား။။ <b>ယော</b>=အကြင်သူသည်၊ <b>ပရေသံ</b>=သူတစ်ပါး တို့အား၊ <b>ဓမ္မံ</b>=တရားကို၊ <b>ဒေသေတိ</b>=ဟောပေ၏၊ (တရားကျမ်းဂန် ဟောပြောပို့ချသည်ကိုယူ။) <b>အနဝဇ္ဇာနိ</b>=အပြစ်ကင်းကုန်သော၊ <b>သိပ္ပါယတန ကမ္မာယတန ဝိဇ္ဇာဌာနာနိ</b>=အသက်မွေးကျောင်းဖြစ်သော အတတ်မျိုး, အမှုမျိုး, ပညာမျိုးတို့ကို၊ <b>သိက္ခာပေတိ</b>=သင်ကြားပြသ၏၊ (ပန်းရန်,ပန်းပု,ပန်းပဲ,ပန်းတိမ်စသည်ကား-<b>သိပ္ပ</b>၊ ကုန်သွယ်မှု, လယ်လုပ်မှု စသည်ကား-<b>ကမ္မ</b>၊ ပကတိလူတို့၏ ကြံဖန်ပြုလုပ်ခြင်းငှါ မတတ်ကောင်း သော ဂါထာမန္တရား ဆေးဝါးအင်းအိုင်ပညာမျိုး, ဗေဒင်ပညာမျိုး စသည်ကား-<b>ဝိဇ္ဇာ</b>၊ ဤ<b>သိပ္ပ</b>,<b>ကမ္မ</b>,<b>ဝိဇ္ဇာ</b>တို့ကို စင်ကြယ်သောစိတ်ဖြင့် သူတစ်ပါးတို့အား သင်ကြားပြသခြင်းသည် <b>ဉာဏသမ္ဘာရ ကုသိုလ်</b>မည်၏ဟူလိုသည်။) <b>ဓမ္မကထိကံ</b>=တရားဟောပုဂ္ဂိုလ်ကို၊ <b>သက္ကာရံကတွာ</b>= ပူဇော်သက္ကာရပြု၍၊ <b>ဓမ္မံ</b>=တရားကို၊ <b>ပရေသံ</b>=သူတစ်ပါးတို့အား၊ <b>ကထာပေတိ</b>=ဟောပြောစေ၏၊ (မိမိကပစ္စည်းဝတ္ထုစိုက်ပျိုးလျှင် လူပညာရှိ, ရဟန်း ပညာရှိတို့ကိုပင့်ခေါ်၍ ပရိသတ်အများအားတရားနာ အစည်း အဝေးပြု၍ပေးသည်။) <b>အာယတိံ</b>=နောင်သောအခါ၌၊ <b>ပညဝါ</b>= ပညာရှိသည်၊ <b>ဘဝိဿာမိ</b>=ဖြစ်ရလတံ့၊ <b>ဣတိ</b>=ဤသို့၊ <b>ပတ္ထနံ</b>=ဆုတောင်း ခြင်းကို၊ <b>ပဋ္ဌပေတွာ</b>=ဖြစ်စေ၍၊ <b>နာနပ္ပကာရကံ</b>=အထူးထူးအပြား ပြားသော၊ <b>ဒါနံ</b>=ကုသိုလ်ကောင်းမှုကို၊ <b>ဒေတိ</b>=ပေးလှူ၏၊ <b>တဿ</b>= ထိုပုဂ္ဂိုလ်အား၊ <b>ဧဝရူပံ</b>=ဤသို့သဘောရှိသော၊ <b>ကမ္မံ</b>=ကံကို၊ <b>ဥပနိဿာယ</b>= မှီ၍၊ <b>ကုသလံ</b>=<b>ကုသိုလ်</b>သည်၊ <b>ဥပ္ပဇ္ဇမာနံ</b>=ပြုသည်ရှိသော်၊ <b>ဉာဏ သမ္ပယုတ္တံ</b>=<b>ဉာဏ်ပညာ</b>သည်၊ <b>ဥပ္ပဇ္ဇတိ</b>=ဖြစ်ပေါ်လာ၏၊</p>
<p>တရားကျမ်းဂန်မျိုးဆိုခဲ့ပြီးသော <b>သိပ္ပ</b>,<b>ကမ္မ</b>,<b>ဝိဇ္ဇာ</b>တို့ကို ဆိုသောလောကီကျမ်းဂန်မျိုးတို့ကို လက်ခကံကျွေးပေး၍ ရေးသား ပြုစုမှုများသည် ဆိုဖွယ်မရှိ၊ <b>ဉာဏသမ္ဘာရ ကုသိုလ်အထူး</b>ဖြစ်သည်၊ <b>ပုညသမ္ဘာရ ကုသိုလ်</b>မည်သည်ကား <b>ပညာကို အထူးမရည်စူးမူ၍ ပြုအပ်သောဒါနမှု</b>,<b>သီလမှု</b>စသည်တို့တည်း။</p>
<h3>ပုညသမ္ဘာရနှင့်ဉာဏသမ္ဘာရအထူး</h3>
<p>၁။ ဤ<b>ပုညသမ္ဘာရကုသိုလ်</b>သည် ဘဝ၏မြင့်မြတ်ခြင်း, ဘောဂ၏ မြင့်မြတ်ခြင်းကိုသာ သန်သန်ပေးနိုင်သည်၊ အလိမ္မာကို သန်သန်မပေးနိုင်။<br>
၂။ သင်ကြားပို့ချမှုဟူသော <b>ဉာဏသမ္ဘာရကုသိုလ်</b>သည် အလိမ္မာကိုသာ သန်သန်ပေးနိုင်သည်၊ ဘဝဘောဂကို လွန်စွာမပေးနိုင်။ <b>မဟောသဓာ</b>နှင့်<b>ဝိဒေဟရာဇ်မင်း</b>ကိုရှု၊ <b>မဟောသဓာ</b>သည် ထိုဘဝ၌ <b>ဉာဏသမ္ဘာရ အကျိုးသက်သက်</b>ပေ တည်း၊ <b>ဝိဒေဟရာဇ်</b>မှာ <b>ပုညသမ္ဘာရ အကျိုးသက်သက်</b>ပေတည်း၊ ထို့ကြောင့် <b>ဉာဏသမ္ဘာရ ကုသိုလ် အထူး</b>ဆိုခဲ့ ပေသည်။</p>
<p>၁။ <b>ပရိပုစ္ဆကထာ</b>=ပညာရှိထံချဉ်းကပ်၍ မေးလေ့မြန်းလေ့ ရှိခြင်း၊<br>
၂။ <b>ဝတ္ထုဝိသဒကရိယာ</b>=ကိုယ်အင်္ဂါနှင့်တကွ အတွင်းအပ ဖြစ်သော ဝတ္ထုတို့ကို အသန့်အရှင်းဖြစ်စေခြင်း၊<br>
၃။ <b>ဣန္ဒြိယသမတ္တပဋိပါဒနာ</b>=<b>သဒ္ဓါ</b>စသော <b>ဣန္ဒြေငါးပါး</b>တို့ကို အယုတ်အလွန် မရှိစေရအောင် မျှတညီညွတ် စေခြင်း၊<br>
၄။ <b>ဒုပ္ပည ပုဂ္ဂလ ပရိဝဇ္ဇနာ</b>=ပညာနည်းပါးလှသော ပုဂ္ဂိုလ်ကို ကြဉ်ရှောင်ခြင်း၊<br>
၅။ <b>ပညာဝန္တပုဂ္ဂလသေဝနာ</b>=ပညာရှိပုဂ္ဂိုလ်ကို မှီဝဲခြင်း၊<br>
၆။ <b>ဂမ္ဘီရဉာဏစရိယ ပစ္စဝေက္ခဏာ</b>=နက်နဲသောဉာဏ်၏ ကျက်စားရာဖြစ်သော တရားကျမ်းဂန်များကို ဆင်ခြင်ခြင်း၊<br>
၇။ <b>တဒဝိမုတ္တတာ</b>=<b>ဓမ္မဝိစယဉာဏ်</b>ဖြစ်ရန်အမှု၌ အမြဲညွတ် သောစိတ်ရှိခြင်း၊</p>
<p>ဤ<b>ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ရန် တရားခုနစ်ပါး</b>သည်လည်း <b>ဉာဏသမ္ပယုတ် အကြောင်းစု</b>ပင်တည်း။</p>
<p><b>ဉာဏသမ္ပယုတ်၏အကြောင်း</b>ပြီး၏၊</p>
<p>[<b>ဉာဏဝိပ္ပယုတ်</b>မှာ <b>ဉာဏသမ္ပယုတ်</b>မှ ပြန်လှန်လေ။]</p>
<p><b>ဉာဏဝိပ္ပယုတ်၏အကြောင်း</b>ပြီး၏၊</p>
<h3>သင်္ခါရစစ်ချက်</h3>
<p>ရှေး၌ဆိုခဲ့ပြီးပင်ဖြစ်ငြားသော်လည်း <b>အဋ္ဌကထာ</b>မှာ ဤ<b>မဟာ ကုသိုလ်</b>တွင် ဖွင့်ဆိုရင်းဖြစ်ပေ၍ အဆင့်ဆင့် ထင်လင်းစေခြင်းငှါ <b>သင်္ခါရအဖြစ်</b>ကို ဆိုဦးအံ့။</p>
<p><b>သသင်္ခါရိက</b>ကို အလျင်ဆိုမည်။</p>
<p><b>ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ သောမနဿသဟဂတံ ဉာဏသမ္ပယုတ္တံ သသင်္ခါရေန၊</b> [<b>ဓမ္မသင်္ဂဏီပါဠိတော်</b>။]</p>
<p><b>သဟသင်္ခါရေနာတိ သသင်္ခါရော၊ တေန သသင်္ခါရေန သပ္ပယောဂေန သဥပါယေန ပစ္စယဂဏေနာတိ အတ္ထော၊ ယေနဟိ အာရမ္မဏာဒိနာ ပစ္စယဂဏေန ပထမံ မဟာစိတ္တံ ဥပ္ပဇ္ဇတိ၊ တေနေဝ သပ္ပယောဂေန သဥပါယေန ဣဒံ ဥပ္ပဇ္ဇတိ။</b> [<b>အဋ္ဌသာလိနီ</b>။]</p>
<p>ဤ<b>အဋ္ဌကထာ</b>၌ <b>အာရမ္မဏ</b>စသော <b>သာမညအကြောင်းစု</b>ကို <b>ပစ္စယဂဏ</b>-ဟူ၏၊ <b>ကုသိုလ်၏ ဝိသေသအကြောင်းစု</b>ကိုယူမှ ပါကဋ ဖြစ်သည်။</p>
<p><b>သဟသင်္ခါရေနာတိ သသင်္ခါရော</b>၊ <b>သပ္ပုရိသူပနိဿယ</b>စသော <b>ပစ္စည်းအပေါင်း</b>ရ၏၊ ယင်း<b>ပစ္စည်းအပေါင်း</b>သည်ပင် <b>ပယောဂ</b>-ဟုဆိုအပ် သော <b>သင်္ခါရအထောက်အကူ</b>ရှိမှ စိတ်ကိုဖြစ်စေနိုင်သောအခါ <b>သသင်္ခါရ</b>မည်၏၊ <b>သသင်္ခါရေန ဥပ္ပန္နံ သသင်္ခါရိကံ</b>၊ <b>သင်္ခါရကူရသော အကြောင်းအပေါင်းကြောင့် ဖြစ်ပေါ်သောစိတ်</b>-ဟူလိုသည်။ <b>နတ္ထိ သင်္ခါရော ဧတဿာတိ အသင်္ခါရော</b>၊ <b>သင်္ခါရမကူဘဲနှင့် စိတ်ကိုဖြစ်စေနိုင်သော ယခင်အကြောင်း အပေါင်းပင် ရ၏</b>၊ <b>အသင်္ခါရေ ဥပ္ပန္နံ အသင်္ခါရိကံ</b>၊ ထို<b>သုဒ္ဓအကြောင်းအပေါင်းကြောင့် ဖြစ်သောစိတ်</b>ရ၏၊ အသို့နည်းဟူမူ</p>
<p>၁။ လူလူရှင်ရှင် နေ့စဉ်ထပ်ထပ် ဝတ်ကပ်မှု၌ အချိန်ကျ၍ ကြေးစည်ခေါင်းလောင်းထိုးလျှင် ပကတိသောစိတ်ဖြင့် ပေါ့ပေါ့ပါးပါးသွားရောက် ဖြည့်ကျင့်သောအခါ <b>ပယောဂ</b> မကူဘဲ သွားမြဲသွား၍ဖြစ်သော ကုသိုလ်သည် <b>အသင်္ခါရိက</b> မည်၏၊<br>
၂။ ရံခါတစ်စုံတစ်ခု အတွက်ကြောင့် စိတ်အခြေပျက်၍ နေ၏၊ ကြေးစည်လောင်းသံ ကြားသော်လည်း သွားချင်စိတ် အလွန် နုံ့၏၊ မသွက်မသံရှိ၏၊ မသွားအံ့သောအခွင့်ကို ရှေးရှု၏၊ ထိုအခါ မိမိစိတ်ကို မိမိသော်လည်း ပြုပြင်၍သွားရသည်၊ အဖော်အပေါင်းဆိုမည် ကဲ့ရဲ့မည်ကို ကြောက်၍သော်လည်း သွားရသည်၊ အဖော်အပေါင်း မရိုမသေမည်ကို ကြောက်၍ သော်လည်း သွားရသည်၊ လာဘ်သပ်ပကာကို အကြောင်း ပြု၍သော်လည်း သွားရသည်၊ အကျော်အစောရမည်ကို အရင်းပြု၍သော်လည်း သွားရသည်၊ မသွားလျှင် အများ အစည်းအဝေးပျက်မည်ကို အကြောင်းပြု၍ သွားရသည်၊ ဤသို့သွား၍ဖြစ်သော ကုသိုလ်သည် <b>သသင်္ခါရိက</b>မည်၏၊<br>
၁။ အစ၌ ထိုဝတ်မှုဖြစ်လာခြင်း၏ အကြောင်းကား<b>သပ္ပုရိသူပနိဿယ</b>၊ <b>သဒ္ဓမ္မသဝန</b>-စသော အကြောင်းပေ တည်း၊ ထိုအကြောင်းစုသည် <b>ပကတိပစ္စည်း အပေါင်း</b>မည်၏၊ ထိုအကြောင်းစု အနေအတိုင်းနှင့်မတွန့်မတောင့် အဖြောင့် သွား၍ဖြစ်သော ကုသိုလ်သည် <b>အသင်္ခါရိက</b> မည်၏၊<br>
၂။ ရံခါ ထိုအကြောင်းစုအနေအားဖြင့် သွားဖြစ်တော့မည်မဟုတ်၊ မိမိစိတ်ကို မိမိတိုက်တွန်းခြင်း, သူတစ်ပါး တို့ခေါ်ငင်ဆော် ဩခြင်း-ဟူသော <b>အကူအမပယောဂမှု</b>, အပေါင်းအဖော်တို့ ဆိုမည် ကဲ့ရဲ့မည်ကို ကြံစည်ခြင်းစသော <b>အကူအမဥပါယမှု</b>တို့နှင့်ဖက်၍သာ သွားဖြစ်ပြုဖြစ်သော ကုသိုလ်သည် <b>သ သင်္ခါရိက</b> မည်၏၊</p>
<p>[<b>ကုသိုလ်တိုင်း</b>မှာ ဝတ်တက်မှုနှင့်ယှဉ်၍ယူလေ။]</p>
<p><b>ဣဓ</b>=ဤလောက၌၊ <b>ဧကစ္စော</b>=အချို့သော၊ <b>ဘိက္ခု</b>=ရဟန်းသည်၊ <b>ဝိဟာရပစ္စန္တေ</b>=အစွန်းအဖျားဖြစ်သောကျောင်း၌၊ <b>ဝသမာနော</b>=နေလျက်၊ <b>စေတိယင်္ဂဏသမ္မဇ္ဇနဝေလာယဝါ</b>=စေတီပြင်တွင် တံမြက်လှည်းသော အခါသည်လည်းကောင်း၊ <b>ထေရုပဋ္ဌာနဝေလာယဝါ</b>=ထေရ်ကြီးတို့အား ခစားသောအခါသည်လည်းကောင်း၊ <b>သမ္ပတ္ထာယ</b>=ရောက် လတ်သည် ရှိသော်၊ <b>ဓမ္မသဝနဒိဝသေ</b>=တရားနာနေ့သည်၊ <b>သမ္ပတ္တေ</b>=ရောက်လတ် သည်ရှိသော်၊ <b>မယိ</b>=ငါသည်၊ <b>ဂန္တွာ</b>=သွားပြီး၍၊ <b>ပစ္စာဂစ္ဆန္တေ</b>=ပြန်သည် ရှိသော်၊ <b>အတိဒူရံ</b>=အလွန်ဝေးသည်၊ <b>ဘဝိဿတိ</b>=ဖြစ်လတံ့၊ <b>နဂမိဿတိ</b>= မသွားတော့အံ့၊ <b>ဣတိ</b>=ဤသို့၊ <b>စိန္တေတွာ</b>=ကြံပြီး၍၊ <b>ပုန</b>=တစ်ဖန်၊ <b>စိန္တေတိ</b>= ကြံပြန်၏၊ <b>ဘိက္ခုဿနာမ</b>=ရဟန်းအားမည်သည်၊ <b>စေတိယင်္ဂဏံဝါ</b>= စေတီပြင်သို့လည်းကောင်း၊ <b>ထေရုပဋ္ဌာနံဝါ</b>=ထေရ်ကြီးတို့အား ခစားရာ အစည်းအဝေးသို့လည်းကောင်း၊ <b>ဓမ္မသဝနံဝါ</b>=တရားနာ အစည်းအဝေးသို့ လည်းကောင်း၊ <b>အဂန္တုံ</b>=မသွား မလာနေခြင်းငှါ၊ <b>အသာရုပ္ပံ</b>=မလျောက် ပတ်ပေ၊ <b>ဂမိဿာမတိ</b>=သွားပေမှလျော်မည်ဟူ၍၊ <b>ဂစ္ဆာတိ</b>=သွားပြန်၏၊ <b>ဧဝံ</b>=ဤသို့၊ <b>အတ္တနော</b>=မိမိ၏၊ <b>ပယောဂေနဝါ</b>=ပယောဂဖြင့်</p>
<p>လည်းကောင်း၊ <b>ပရေန</b>=သူတစ်ပါးသည်၊ <b>ဝတ္တာဒီနိ</b>=ဝတ်စသည်တို့ကို၊ <b>အကရဏေစ</b>=မပြုဘဲနေခြင်း၌လည်း၊ <b>အာဒီနဝံ</b>=အပြစ်ကို၊ <b>ကရဏေစ</b>= ပြုကျင့်သည်၌ လည်း၊ <b>အာနိသံသံ</b>=အကျိုးအာနိသင်ကို၊ <b>ဒေဿတွာ</b>= ဟောပြ၍၊ <b>ဩဝဒိယမာနဿဝါ</b>=ဆုံးမအပ်သည်ဖြစ်၍လည်းကောင်း၊ <b>နိဂ္ဂဟဝသေနဝါ</b>=အနိုင်အနင်းနှိပ်သည်၏ အစွမ်းဖြင့်လည်း၊ <b>ဧဟိ</b>=လာ လော့၊ <b>ဣဒံ</b>=ဤအမှုကို၊ <b>ကရောဟိ</b>=ပြုလော့၊ <b>ဣတိ</b>=ဤသို့၊ <b>ကာရိယ မာနဿဝါ</b>=အပြုခိုင်းအပ်သည်ဖြစ်၍လည်းကောင်း၊ <b>ဥပ္ပန္နံ</b>=ဖြစ်ရသော၊ <b>ကုသလစိတ္တံ</b>=<b>ကုသိုလ်</b>သည်၊ <b>သသင်္ခါရေန</b>=<b>သင်္ခါရ</b>နှင့်တကွသော၊ <b>ပစ္စယ ဂဏေန</b>= အကြောင်းအပေါင်းကြောင့်၊ <b>ဥပ္ပန္နံနာမ</b>=ဖြစ်သည်မည်သည်၊ <b>ဟောတိ</b>=ဖြစ်၏၊</p>
<p>[<b>အဋ္ဌသာလိနီ</b>။]</p>
<p>အချိန်အခါ ဆိုက်ရောက်လာ၍ပင်ဖြစ်စေ, သူတစ်ပါးတို့ဆော်ဩ ဖိတ်ကြားလာ၍ပင်ဖြစ်စေ၊ ကြားသည်, သိသည်မှစ၍ <b>ကုသိုလ်</b>ကို လိုလားမှု, ပြဋ္ဌာန်း၍သွားရောက်ပြုကျင့်အပ်သော <b>ကုသိုလ်</b>သည်သာလျှင် <b>အသင်္ခါရိက</b>ဖြစ် ပေသတည်း။</p>
<h3>အသင်္ခါရိကနှင့်သသင်္ခါရိကအထူး</h3>
<p>၁။ <b>အသင်္ခါရိက</b>နှင့် လူဖြစ်သောသူသည် ခပ်သိမ်းသော အမှု၌ နုံ့နှေးသောမည်သည်မရှိ၊ ရှေ့သွားရှေ့ ဆောင် သာဖြစ်၏၊ လျင်မြန်ပေါ့ပါး၏၊ ရဲရင့်၏၊ ရက်စက်၏၊ ကျွတ်ကျွတ်လွတ်လွတ်ပြုလေ့ရှိ၏၊ အကျိုးပေးလည်း သန်သန်ရဲရဲပေးတတ်၏၊<br>
၂။ <b>သသင်္ခါရိက</b>နှင့် လူဖြစ်သောသူသည် ခပ်သိမ်းသော အမှု၌ နုံ့နှေး၏၊ သူတစ်ပါးနောက်လိုက်သာဖြစ်၏၊ လေးလံ၏၊ ရွံ့၏၊ တွန့်တို၏၊ ချွဲနွဲ၏၊ အကျိုးပေးလည်း နှောင့်နှောင့်ယှက်ယှက် ရှိတတ်၏၊</p>
<h3>အသင်္ခါရိက၏အကြောင်း</h3>
<p>၁။ <b>အသင်္ခါရိကကံ</b>နှင့်ရသော ပဋိသန္ဓေရှိသည်လည်းဖြစ်စေ၊<br>
၂။ ရှေးရှေးဘဝ၌ လေ့ကျင့်ဖူးသော အထုံနည်းသည် လည်း ဖြစ်စေ၊<br>
၃။ လျောက်ပတ်သော ဥတုဘောဇနအခါသမယနှင့် ပြည့်စုံ သဖြင့် ကိုယ်စိတ်နှစ်ဖြာချမ်းသာခိုက်လည်းဖြစ်စေ၊<br>
၄။ မြော်မြင်တတ်သောအရွယ်သို့ ရောက်သည်လည်းဖြစ်စေ၊<br>
၅။ သဒ္ဓါပညာနှင့်ပြည့်စုံသည်လည်းဖြစ်စေ၊<br>
၆။ ကြည်လင်ဖွယ်သော အပေါင်းအာဘော်, အလှူဝတ္ထု, အလှူခံ ပုဂ္ဂိုလ်စသည်နှင့် ပြည့်စုံသည်လည်းဖြစ်စေ၊</p>
<p>[<b>အသင်္ခါရိကဖြစ်ကြောင်း</b>။]</p>
<p>တစ်နည်း။။ <b>ဝီရိယသမ္ဗောဇ္ဈင်ဖြစ်ကြောင်းတရား ၁၀-ပါး</b>၊ <b>ပဿဒ္ဓိသမ္ဗောဇ္ဈင်ဖြစ်ကြောင်းတရား ၇-ပါးတို့</b>သည်လည်း <b>အသင်္ခါရိက</b>နှင့် လျောက်ပတ်၏၊ ဝိဘင်းအဋ္ဌကထာမှာယူ။</p>
<p><b>အသင်္ခါရိက၏အကြောင်း</b>ပြီး၏၊</p>
<p>[<b>သသင်္ခါရိကအကြောင်း</b>မှာ <b>အသင်္ခါရိက</b>မှပြန်၍ယူလေ။] <b>မဟာကုသိုလ်</b>ပြီး၏၊</p>
<hr>
<h3>မဟာဝိပါက်</h3>
<p><b>ဝိပါကသဒ္ဒါ၏အနက်</b>ကို ဆိုခဲ့ပြီးသော်လည်း အသစ်အသစ်ထင် လင်းစေခြင်းငှါ ဥပမာနှင့်တကွ ပြဆိုဦးအံ့။</p>
<p>ဒါနပြုရာ၌ ဇော ၇-ကြိမ်ဖြစ်၍ ချုပ်လေသောအခါ ထိုစိတ် သန္တာန်မှာ <b>အာဟိတဝိသေသ ဗီဇဘာဝ</b>ကို ထားခဲ့၍ချုပ်သည်၊ ထို<b>ဗီဇဘာဝ</b>သည် <b>ဝိပါက်</b>ဖြစ်ရန်ကိစ္စ, <b>အာသေဝနကိစ္စ</b>, <b>ဥပနိဿယကိစ္စ</b>, <b>ဝသီဝါသနာကိစ္စ</b>, <b>အနုသယကိစ္စ</b>, <b>စရိုက်ကိစ္စ</b>, <b>အဇ္ဈာသယကိစ္စ</b>, <b>အဓိမုတ္တိကိစ္စ</b>, <b>ပါရမီသမ္ဘာရကိစ္စ</b>ဟူ၍ ချုပ်လေသော တရားအားလျော်စွာ များစွာသော <b>ကိစ္စစွမ်းရည်</b>ရှိ၏၊ ယင်း<b>ကိစ္စစွမ်းရည်တို့</b>ကိုဆောင်လျက် ထိုစိတ်သန္တာန်တွင် အစဉ်လိုက်ပါ၍နေ၏၊</p>
<p><b>မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။<br>
မနသာ စေ ပသန္နေန၊ ဘာသတိ ဝါ ကရောတိ ဝါ။<br>
တတော နံ သုခ မနွေတိ၊ ဆာယာဝ အနုပါယိနီ။။</b></p>
<p><b>မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။<br>
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ဝါ ကရောတိ ဝါ။<br>
တတော နံ ဒုက္ခ မနွေတိ၊ စက္ကံဝ ဝဟတော ပဒံ။။</b></p>
<p><b>န ဟိ ပါပံ ကတံ ကမ္မံ၊ သဇ္ဇုခီရံဝ မုစ္စတိ။<br>
ဒဟန္တံ ဗာလ မနွေတိ၊ တသ္မာ ဆန္နောဝ ပါဝကော။။</b></p>
<p>[<b>ဓမ္မပဒ</b>။]</p><p>ချုပ်လေပြီးသော <b>စိတ္တုပ္ပါဒ်</b>၌ <b>သမ္ပယုတ်တရားစု</b>မှ <b>ဗီဇဘာဝအသီး အသီး</b>ကျန်ရှိကြ၏၊ ထိုတွင် <b>စေတနာဗီဇ ဘာဝ</b>သည် <b>ကုသိုလ်သဘော</b> ဖြစ်အံ့၊ <b>သုဂတိဘုံ</b>၌ <b>ပဋိသန္ဓေဝိပါက်</b>, <b>ပဝတ္တိဝိပါက်</b>ဖြစ်၍ထွက်၏၊ <b>အကုသိုလ်သဘော</b> ဖြစ်အံ့၊ <b>ဒုဂ္ဂတိ</b>၌ ထွက်ပေါ်၏၊ <b>ပညာဗီဇဘာဝ</b>သည် နောင်ပညာကြီးမြတ်ဖို့<b>အာသေဝနကိစ္စ</b>, <b>ဥပနိဿယကိစ္စ</b>-စသည်ကို ဆောင်ပေ၏၊ <b>မောဟဗီဇဘာဝ</b>သည် နောင်မောဟထက်သန်ဖို့ <b>အာသေဝနကိစ္စ</b>စသည်ကို ဆောင်ပေ၏၊ <b>သမ္ပယုတ်တရား</b>ကုန်အောင် ဝေဖန်၍ဆိုလေ။</p>
<p>အထူးကား။။ <b>ဝိပါက်</b>ဖြစ်ရန်ကိစ္စမှာ <b>စေတနာ၏ ကိစ္စအသီးသီး</b> ပေတည်း၊ <b>အနုသယကိစ္စ</b>မှာ <b>အကုသိုလ်</b>နှင့်သာယှဉ်၊ <b>ပါရမီကိစ္စ</b>မှာ <b>ကုသိုလ်</b>နှင့်သာယှဉ်၊ ကြွင်း<b>ကိစ္စစု</b>မှာ <b>ကုသိုလ်</b>,<b>အကုသိုလ်</b>နှစ်ဖက်ရ၊ အထူး တစ်ခုမှာလည်း <b>လောဘ</b>တွင် <b>သမုဒယသစ္စာ ကိစ္စ</b>လွန်၏၊ ထို<b>သမုဒယကိစ္စ</b> နှင့်ဖက်တွဲရမှ <b>စေတနာ</b>သည် <b>ဝိပါကကိစ္စ</b>ကို စွမ်းနိုင်သည်၊ <b>ပညာဗီဇ</b> ထက်သန်လှသောသူအား <b>ပညာ</b>ဖြစ်ရန်အခွင့်နှင့် တွေ့တိုင်းတွေ့တိုင်း <b>ပညာတောက်ထွန်း</b>၏၊ <b>လောဘဗီဇ</b>ထက်သန်သောသူအား <b>လောဘ</b>ဖြစ် ပေါ်ရန်အခွင့်နှင့်တွေ့တိုင်းတွေ့တိုင်း <b>လောဘတောက်ထွန်း</b>၏၊ ရံခါ သူတော်ကောင်းတရားနှင့်တွေ့ပြန်၍ <b>အလောဘ</b>ကို မွေးမြူပြန်လျှင် <b>လောဘမှိန်</b>ပြန်၏၊ <b>အဒေါသ</b>ကိုမွေးမြူပြန်လျှင် <b>ဒေါသမှိန်</b>ပြန်၏၊ <b>အမောဟ</b>ကို မွေးမြူပြန်လျှင် <b>မောဟမှိန်</b>ပြန်၏၊ <b>ကုသိုလ်ပက္ခ</b>နှင့်ဝေးပြန် လျှင် အဆင့်ဆင့်အားကြီး၍ သွားပြန်၏၊ <b>မဂ်ကုသိုလ်</b>နှင့်တွေ့ကြမှ ထို <b>အကုသိုလ်ဗီဇတို့</b>သည် <b>ဓာတ်သက်ကုန်၍ မျိုးဆက်ဆုံးကြကုန်သည်</b>။</p>
<p><b>အကုသိုလ်မျိုးဆက်</b> ဆုံးသည်နှင့်တစ်ပြိုင်နက် တစ်ချက်တည်း၊ <b>ကုသိုလ်ဗီဇတို့</b>သည်လည်း <b>မျိုးဆက်ဆုံးကြကုန်၍ ကြိယာအကျိုးငှါ ဖြစ်ကြကုန်၏</b>၊ ထို<b>ဗီဇဓာတ်နုတို့</b>သည် <b>ဗီဇဘာဝအခိုက်</b>၌ <b>အောင်မြင်သော ကုသိုလ်အဖြစ်</b>လည်း မရှိကုန်၊ <b>အောင်မြင်သော အကုသိုလ်အဖြစ်</b>လည်း မရှိကုန်၊ ထို့ကြောင့် <b>ကုသိုလ်</b>,<b>အကုသိုလ်</b>,<b>အဗျာကတ</b>တို့နှင့်မကွဲမပြား ရောနှောကာလိုက်ပါ၍ နေကြကုန်သည်၊ ထိုသို့နေကြကုန်သော်လည်း <b>ဥပါဒ်</b>,<b>ဌီ</b>,<b>ဘင်</b>နှင့် အောင်မြင်စွာပေါ်ကြသော <b>စိတ္တုပ္ပါဒ်အစုတို့</b>၌ <b>ဝိညာဉ်</b> လည်း <b>ဓာတ်အသီး</b>, <b>ဖဿ</b>လည်း <b>ဓာတ်အသီး</b>, <b>ဝေဒနာ</b>လည်း <b>ဓာတ် အသီး</b>၊ ဤသို့ အသီးအသီးဓာတ်တွဲ၍ ပေါ်ကြကုန်သကဲ့သို့ ထို<b>ဗီဇဓာတ် တို့</b>မူကား <b>ဓာတ်မကွဲကြကုန်</b>။</p>
<p>ထို့ကြောင့် ထို<b>ဗီဇဓာတ်တို့</b>အတွက်နှင့် <b>သမ္ပယောဂနည်း</b>, <b>သင်္ဂဟနည်းတို့</b>၌ အရေအတွက် မထွက်ရကုန်၊ <b>ပရမတ္ထအရာ</b>၌ အကြံအဖန်အလေ့ပြုသော သူတို့ကို အကြံပွါးရန် နည်းပြလိုက်သည်၊ <b>ကုသိုလ်စေတနာ</b>စသည်မှဖြစ်သော <b>ဗီဇဓာတ်</b>သည်လည်း <b>ဗလဝ</b>, <b>ဒုဗ္ဗလ</b>နှစ်ပါး <b>ဥက္ကဋ္ဌ</b>,<b>ဩမက</b>-ဆိုလိုသည်၊ <b>ဥက္ကဋ္ဌ</b>မှာလည်း <b>ဥက္ကဋ္ဌ</b>ထက် <b>ဥက္ကဋ္ဌအရာ</b> အထောင်မကဆင့်လေ၊ <b>ဩမက</b>မှာလည်း <b>ဩမက</b>အောက် <b>ဩမကအရာ</b>မကဆုတ်လေ၊ <b>ကံ</b>ကိုပြုစဉ်အခါအားရှိ အားမဲ့အတိုင်း သန္တာန်၌အစဉ်ပါသော <b>ဗီဇဓာတ်</b>သည် အားရှိအားမဲ့ဖြစ်၏၊</p>
<p>၁။ <b>ဝိပါက်</b>ဖြစ်၍ ထွက်ပေါ်သောအခါ <b>အားရှိသောဗီဇဓာတ်</b> ဖြစ်ပေလျှင် ဖြစ်ပေါ်ရာဘာဝသည် မြင့်မြတ်၏၊ အရှိန်အဝါတောက် ထွန်း၍ <b>ကမ္မဇအစဉ်</b>,<b>ဘဝင်အစဉ်ခိုင်ခံ့</b>၏၊ အသက်တမ်းအားလျော်စွာ <b>ဘဝင်သန္တာန်ရှည်</b>၊ ခြောက်ဒွါရတို့၌ <b>ဣဋ္ဌဝိပါက်တို့</b>သည် စည်ကားကုန်၏၊ ထို<b>ဝိပါက်တို့</b>စည်ကားရန် ရွှေငွေစသော စည်းစိမ်အဆောက်အအုံတို့သည် ဖြစ်ထွန်းလာရကုန်၏၊<br>
၂။ <b>အားနွဲ့သော ဗီဇဓာတ်</b>ဖြစ်ပေလျှင် ဖြစ်ပေါ်ရာဘာဝသည် ယုတ်နိမ့်၏၊ အရှိန်အဝါ သေးနုတ်၏၊ <b>ကမ္မဇအစဉ်</b>, <b>ဘဝင်အစဉ် လျော့ရဲ</b>၏၊ <b>ဘဝင်သန္တာန်တို့</b>၏ ခြောက်ဒွါရတို့၌ <b>ဣဋ္ဌဝိပါက်တို့</b>သည် ပါးရှားကုန်၏၊ အသုံးအဆောင်မရှိ၊ တစ်နေ့စာကို တစ်နေ့လုံး ပင်ပန်းမှရ၏၊ ပဝတ္တိ၌ ထောက်ပံ့သော <b>ဗီဇဓာတ်မရှိလျှင် တစ်သက် လုံးမွဲ</b>၏၊</p>
<h3>လေးဥပမာ</h3>
<p>ဒူးလေးတွင် မြားတင်၍ပစ်ရာ၌</p>
<p>၁။ အသားလည်း မှန်စေ၊<br>
၂။ အလုပ်လည်း ကောင်းစေ၊<br>
၃။ လေးမှု၌လည်း ကျွမ်းကျင်စေ၊<br>
၄။ မြားလမ်းလည်း သာစေ၊<br>
၅။ လေမိုးလည်း ကောင်းစေ၊</p>
<p>ပစ်လျှင် တစ်ဥသဘနှစ်ဥသဘသွား၏၊</p>
<p>နှိုင်းယှဉ်ပြချက်</p>
<p>၁။ လေးကိုယ်နှင့်လူကိုယ်တူ၏၊<br>
၂။ လေးကိုင်းနှင့်<b>ကမ္မဒွါရ</b> သုံးပါးတူ၏၊<br>
၃။ လေးကြိုးနှင့်<b>ဇောခုနစ်ကြိမ်</b>, <b>စေတနာခုနစ်ချက်</b>တူ၏၊<br>
၄။ မြားနှင့်စိတ်သန္တာန်တူ၏၊<br>
၅။ မြားတွင်ပါသော<b>အဟုန်</b>နှင့် <b>ဗီဇဓာတ်</b>တူ၏၊<br>
၆။ မြားလမ်းနှင့်စိတ်သန္တာန်တူ၏၊<br>
၇။ အသားမှန်နှင့်<b>တိဟိတ်</b>,<b>ဒွိဟိတ်ဘဝင်</b>တူ၏၊<br>
၈။ အလုပ်ကောင်းနှင့် <b>ကုသိုလ်မှု</b>စင်ကြယ်ချက်တူ၏၊<br>
၉။ လေးမှု၌ကျွမ်းကျင်သည်နှင့် တရားကျမ်းဂန် ဗဟုသုတ တူ၏၊<br>
၁၀။ မြားလမ်းသာသည်နှင့် <b>သမာအာဇီဝ</b>တူ၏၊<br>
၁၁။ လေမိုးကင်းသည်နှင့် ဘဝဘဝ၌ <b>ကံကြီးမထိုက် အပြစ်ကြီး ကင်းမှု</b>တူ၏၊</p>
<p>လေးကိုင်းအချက်သည် လေးကြိုး၌ခိုက်၏၊ လေးကြိုးအချက် သည် မြား၌ခိုက်၏၊ လေးကြိုးအခိုက် အရိုက်သံလျှင် မြားအားသံ၏၊ မြားလမ်းသာလျှင် အဟုန်ကုန်မှကျ၏၊ မြားလမ်းမသာလျှင် ခိုက်မိ တိုက်မိရာ၌ ကျ၏၊ လေကြမ်းမိုးကြမ်းတွေ့လျှင် တွေ့ရာတွင် အသွား ပျက်၏၊ လေးကြိုးသည် တစ်ချက်ရိုက်ပြီးလျှင် ပြီး၏၊ မြားသွားရာသို့ ထက်ကြပ်မလိုက်၊ မလိုက်သော်လည်း တစ်ကြိမ်ရိုက်သော <b>အဟုန်အရှိန်</b> သည် တစ်ဥသဘ, နှစ်ဥသဘတိုင် မြားတွင်ပါလေ၏၊ အဟုန်ကုန်ရာ၌ မြားကျ၏၊</p>
<p>စိတ်သန္တာန်မှာမူကား-ကျသည်ဟူမရှိ၊ <b>ပရိဗ္ဗာန်စိတ်</b>တွင် မှကျသည်၊ <b>ဗီဇဓာတ်ဟုန်</b>မှာကား-အကြင်အခါ အခွင့်ပေါ်ဖို့အကြောင်း ကိုရ၏၊ ထိုအခါ <b>ဝိပါက်</b>ခေါ်ရသော <b>ဓာတ်စု</b>,<b>ဓာတ်ခဲအဖြစ်</b>နှင့် အသီး ပေါ်ထွက်၍ စိတ်သန္တာန်တစ်မျိုးထူထောင်၍ မြစ်ရေအလျဉ်ကဲ့သို့ အဟုန်နှင့်တကွ ပြေးသွား၍ အဟုန်သေလျှင် <b>စုတိ</b>ဖြစ်၍ ဆုံး၏၊ အဟုန်သေရသည်မှာလည်း အချိန်ရောက်၍ သေရသည်လည်းရှိ၏၊ တိုက်မိခိုက်မိ၍ ကျရသောမြားကဲ့သို့ အကြောင်းတစ်ပါးနှိပ်စက်၍ သေရ သည်လည်းရှိ၏၊ <b>စုတိ</b>ကျ၍ တစ်ဘဝဆုံးလျှင် <b>ပဋိသနှေ</b>အတွက်နှင့် <b>စေတနာတစ်ချက်စာ</b>ငြိမ်း၏၊ <b>ပဝတ္တိဝိပါက်</b>အတွက်မှာ ဘဝတစ်ရာ, ဘဝတစ်ထောင်မကသွားနိုင်၏၊</p>
<p>[ဤကား လေးဥပမာတည်း။]</p>
<h3>မီးခြစ်ဥပမာ</h3>
<p>မီးခြစ်နှင့်လည်းတူပါ၏၊ မီးကိုတောက်စေနိုင်သော ဓာတ်ဆေး တို့ကိုစု၍ မီးခြစ်ဖြစ်၏၊ ထိုမီးခြစ်၌ပါသော <b>အဂ္ဂိဗီဇဓာတ်</b>သည် ကော်ပတ် နှင့်မတွေ့သမျှကာလပတ်လုံး ယမ်းတိုက်ထဲမှာပင် ထားသော်လည်း မီးတောက်ဖြစ်၍ မထွက်သေး၊ ကော်ပတ်နှင့်တိုက်မှသာ မီးတောက် မီးလျှံဖြစ်၍ ထွက်ပေါ်သည်။</p>
<p>နှိုင်းယှဉ်ပြချက်</p>
<p>၁။ မီးခြစ်တံနှင့် စိတ်သန္တာန်တူ၏၊<br>
၂။ ကော်ပတ်တိုက်သည်နှင့် ဆိုက်တိုက်လာသော <b>အကြောင်း စု</b>တူ၏၊</p>
<p>[<b>ပဋိသန္ဓေတို့</b>မှာ <b>ကံ</b>,<b>ကမ္မနိမိတ်</b>,<b>ဂတိနိမိတ်</b>၏ ထင်လာခြင်းများ ကိုယူ၊ <b>ပဝတ္တိဆဒွါရိကဝိပါက်တို့</b>မှာ ခြောက်ဒွါရတွင် <b>ဣဋ္ဌာရုံတို့</b>၏ ထင် လာခြင်းများကိုယူ။]</p>
<p>၃။ ကော်ပတ်အတိုက်တွင်မှ ထို<b>အဂ္ဂိဗီဇဓာတ်</b> မီးတောက် မီးလျှံဖြစ်၍ ထွက်ပေါ်သည်နှင့်ထင်လာသော ထို<b>အာရုံတို့</b>ကိုစွဲ၍ ထို<b>ကုသိုလ်ဗီဇဓာတ်</b>သည် <b>ဝိပါက်နာမ်ကလာပ်</b>ဖြစ်၍ ထွက်ပေါ်မှုတူ၏၊ မီးတောက်မီးလျှံဖြစ်၍ထွက်ပေါ်ပြီးလျှင် မီးတောက်မီးလျှံ အချုပ်တွင် <b>အဂ္ဂိဗီဇဓာတ်</b>သက်ဆုံး၏၊ မီးစနှင့်တို့သော်လည်း မ တောက်ပြီ။</p>
<p>ထို့အတူ <b>ကုသိုလ်စေတနာ ဗီဇဓာတ်</b>သည်လည်း ဓာတ်အသီး ဖြစ်၍ မထွက်ရသေးသမျှကာလပတ်လုံး <b>ငုတ်ဓာတ်</b>,<b>ဝပ်ဓာတ်အနေ</b> နှင့်သာ ကမ္ဘာအထောင်မကလိုက်၍ အစွမ်းရှိသလောက် <b>ပဋိသန္ဓေ ဝိပါက်</b>,<b>ပဝတ္တိဝိပါက်</b> အနေနှင့်ထွက်ပေါ်ရညပီးနောက် <b>ဓာတ်သက်ကုန် ဆုံး၏</b>၊ ထွက်ပေါ်ခွင့်မရခဲ့လျှင် <b>ပရိနိဗ္ဗာန်စံမှဆုံးသည်</b>၊ ဓာတ်အသီးဖြစ်၍ မထွက်သေးသမျှကာလပတ်လုံး <b>ငုတ်ဓာတ်အစု</b>၊ <b>ဝပ်ဓာတ်အစုအနု အကင်းအခိုက်</b>၌ တည်လျက်ရှိသေး၍ <b>ဝိပါက်မဆိုရကုန်သေး</b>၊ <b>ဥပါဒ်</b>,<b>ဌီ</b>, <b>ဘင်အသီး</b>နှင့်<b>ဓာတ်အသီး</b>ဖြစ်၍ <b>ပေါ်ဓာတ်</b>,<b>ပွင့်ဓာတ်</b>,<b>ထွက် ဓာတ်အဖြစ်</b> သို့ ရောက်သောအခါမှ၊ <b>ဝိပစ္စတိ</b>=ရင့်သောအဖြစ်သို့ ရောက်တတ်၏၊ <b>ဣတိ</b>=ထို့ကြောင့်၊ <b>ဝိပါကော</b>=မည်၏-ဆိုရသော <b>ဝိပါကအဖြစ်</b>ဖြင့်လာကုန် သတည်း၊ လောက၌ဖြစ်ပေါ်သမျှသော သက်ရှိသက်မဲ့စုမှာ <b>ဗီဇဘာဝအသီးသီး</b>ရှိကြသည်ချည်း။</p>
<h3>သောမနဿစသည်တို့၏အကြောင်း</h3>
<p><b>သောမနဿ</b>,<b>ဥပေက္ခာ</b>ဖြစ်ကြောင်းမှာ <b>အတိဣဋ္ဌာရုံ</b>, <b>ဣဋ္ဌ မဇ္ဈတ္တာရုံ</b>နှင့်ယှဉ်လေ၊ <b>ပဋိသန္ဓေ</b>, <b>ဘဝင်</b>, <b>စုတိကိစ္စတပ်သော ဝိပါက်တို့</b>မှာ <b>တိဟိတ်ဥက္ကဋ္ဌကံ</b>သည် <b>သမ္ပယုတ်ဖြစ်ကြောင်း</b>, <b>တိဟိတ်ဩမကကံ</b>သည် <b>ဝိပ္ပယုတ်ဖြစ်ကြောင်း</b>၊ <b>တဒါရုံကိစ္စ</b>မှာ <b>တိဟိတ်ဥက္ကဋ္ဌကံ</b>, <b>တိဟိတ်</b>တွင် <b>တိဟိတ်ဇောတို့</b>သည် <b>သမ္ပယုတ်ဝိပါက်ဖြစ် ကြောင်း</b>၊ <b>တိဟိတ်ဩမကကံ</b>, <b>ဒွိဟိတ်ဘဝင်</b>, <b>ဒွိဟိတ်ဇော</b>, <b>အဟိတ်ဇော</b>, <b>အကုသိုလ်ဇောများ</b>သည် <b>ဝိပ္ပယုတ်ဝိပါက် ဖြစ်ကြောင်း</b>၊ <b>သင်္ခါရ</b>မှာ-<b>ပဋိသန္ဓေ</b>,<b>ဘဝင်ကိစ္စတို့</b>၌ <b>ကံ၏အစွမ်းသက်သက်</b>နှင့် <b>အလိုလိုထင်သောကံ</b>, <b>ကမ္မနိမိတ်</b>, <b>ဂတိနိမိတ်</b> နှင့်ဖြစ်ရလျှင် <b>အသင်္ခါရိက</b>၊ <b>ပယောဂစိုက်၍ ထင်သော နိမိတ်</b>နှင့်ဖြစ် ရလျှင် <b>သသင်္ခါရိက</b>။</p>
<p><b>သောမနဿစသည်တို့၏အကြောင်း မဟာဝိပါက်</b>ပြီး၏၊ [<b>မဟာကြိယာရှစ်ခု</b>မှာ အထူးဆိုဖွယ်မရှိပြီ။]</p>
<h3><b>မဟာကုသိုလ်နှင့် မဟာကြိယာအထူး</b></h3>
<p>မဟာကုသိုလ်နှင့်မဟာကြိယာတို့၏ အထူးကိုဆိုအံ့။ သရက်,ပိန္နဲတို့၏အစေ့မှာ <b>ဟာရိတမည်သော အစေးနု</b>သည် ရှိသည်ရှိ၏၊ ထိုအစေးနုရှိသမျှကာလပတ်လုံး မြေဥတု,ရေဥတုတည်းဟူသော ထူတတ်,နှိုးတတ်,ထကြွစေတတ်သော အကြောင်းတို့နှင့် ပေါင်းယှဉ်မိလျှင် အပင်အညှောက် ပေါက်ရောက်ဖြစ်ပွါး၏၊ မီး၌လှော်၍ ဖုတ်၍ပြုတ်၍ ထိုအစေးအနုကုန်ခန်းလျှင် မြေဥတုစသည်တို့နှင့် ပေါင်းယှဉ်ရသော်လည်း အပင်အညှောက်ပေါက်ခြင်းမရှိပြီ၊ ထိုအစေးတို့ကိုသာ အလိုရှိရာ အသုံးချရတော့သည်၊ ထိုအစေးတို့ဆွေး၍ အောက်၌ ပျောက်ပျက်လျှင်ပြီးတော့သည်။</p>
<p>ထိုအတူ စိတ်သန္တာန်၌ <b>တဏှာနုသယဟူသော အစေးနု</b>ရှိ၏၊</p>
<p>ထိုအစေးနု၏ရသကား အဇ္ဈတ္တခန္ဓာတို့ကို <b>ငါ့ကိုယ်,ငါ့ဟာ,ငါ့ဥစ္စာ</b>-ဟု တွယ်တာဖွဲ့စည်းခြင်းပေတည်း၊ ထိုအစေးနုရှိသမျှကာလပတ်လုံး လောကီကုသိုလ် စေတနာတို့သည် ငါ့ကိုယ်ခုပျက်ပြန်လျှင် ငါ့ကို ယခု အသစ်တည်ထောင်မှု, ငါ့ဥစ္စာတစ်ခု ထူထောင်မှု၌ ဥဿာဟ ဗျာပါရ တင်းလင်းနှင့်သာဖြစ်ကြချုပ်ကြ၏၊ ယင်းဥဿဟကို <b>အာယုဟန ဓာတ်</b>ခေါ်သည်၊ အရဟတ္တမဂ်ကိုရသောအခါ ထိုတဏှာနုသယဟူသော အစေးနုသည် အကြွင်းမဲ့ချုပ်လေ၏၊</p>
<p>အစေးနုချုပ်သည်နှင့်တစ်ပြိုင်နက် ထိုစိတ်သန္တာန်၌ အာယုဟန ဓာတ်လည်း ကွယ်ဆုံးလေ၏၊ ထိုအခါ ထိုလောကီကုသိုလ်စေတနာတို့သည် မီးပူအပြင်းထည့်၍ ဟရိတဓာတ်စေးကုန်ပြီးသော သရက်စေ့, ပိန္နဲစေ့တို့နှင့်အတူ <b>ဗီဇကိစ္စ</b>မှငြိမ်းကြကုန်၏၊ ပရိနိဗ္ဗာန်မစံမီအတွင်း ကိုယ်နှင့်ဆောင်ရွက်ဖွယ်အမှု, နှုတ်နှင့်ဆောင်ရွက်အမှု, နှလုံးနှင့် ဆောင်ရွက်ဖွယ်အမှုတို့ကို ဆောင်ရွက်ရုံသာ <b>ကြိယာကိစ္စ</b>ဖြင့် ဖွင့်ဖြစ်ကြလေကုန်၏၊</p>
<p>၁။ သစ်စေ့နှင့် ကုသိုလ်၊<br>
၂။ ဟရိတဓာတ်နုနှင့် အနုသယဓာတ်စေး၊<br>
၃။ မဂ္ဂင်ရှစ်ပါးနှင့် ပူပြင်းလှသော မီးဓာတ်စပ်လေ။</p>
<p>ယထာပိ မူလေ အနုပဒ္ဒဝေ၊<br>
ဆိန္နောပိ ရုက္ခော ပုနဒေဝ ရုဟတိ။<br>
ဧဝံ တဏှာနုသယေ အသမူဟတေ၊<br>
နိဗ္ဗတ္တတိ ဒုက္ခမိဒံ ပုနပ္ပုနံ။။</p>
<p>[ဓမ္မပဒ။]</p>
<p>အနက်ကား။။ <b>မူလေ</b>=ရေသောက်မြစ်သည်၊ <b>အနုပဒ္ဒဝေ</b>= ဘေးရန်မရှိ ပကတိစိမ်းရှင်လျက် ရှိနေသည်ရှိသော်၊ <b>ရုက္ခော</b>=သစ်ပင်သည်၊ <b>ဆိန္နောပိ</b>=ပြတ်ပါသော်လည်း၊ <b>ပုနဒေဝ</b>=တစ်ဖန်သာလျှင်၊ <b>ရုဟတိယထာပိ</b>=ပေါက်မြဲပေါက် စည်မြဲစည်ပြန်သကဲ့သို့၊ <b>ဧဝံ</b>=ဤအတူ၊ <b>တဏှာနုသယေ</b>=သတ္တဝါတို့၏ စိတ်သန္တာန်ထဲတွင် အမြဲကိန်းဝပ် စိုစွတ်စေးနဲ၍နေသော တဏှာနုသယဓာတ်ဆေးကို၊ <b>အသမူဟတေ</b>= အဆုံးပယ်နုတ်၍ မပစ်သေးသည်ရှိသော်၊ <b>ဣဒံဒုက္ခံ</b>=ဤလူနတ်ဗြဟ္မာ ခန္ဓာငါးခု ဓာတ်အစုတည်းဟူသော ဒုက္ခသစ္စာသည်၊ <b>ပုနပ္ပုနံ</b>=အဖန်တလဲလဲ၊ <b>နိဗ္ဗတ္တတိ</b>=ဖြစ်ပေါ်ကာနေ၏၊</p>
<p>၁။ မံသဂိဒ္ဓါ ဗဟူ မစ္ဆာ၊<br>
ဒဠှံ ဗလိသလဂ္ဂိတာ။<br>
ဖန္ဒမာနာ ဝိဝတ္တန္တိ၊<br>
မစ္ဆာဗန္ဓဝသံ ဂတာ။။</p>
<p>၂။ ကာမဂိဒ္ဓါ ဣမေ သတ္တာ၊<br>
ဒဠှံ သေနဟလဂ္ဂိတာ။<br>
ဖန္ဒမာနာ ဝိဝတ္တန္တိ၊<br>
မစ္စုရာဇ ဝသံ ဂတာ။။</p>
<p>၃။ ဗန္ဓနံ မစ္စုနော ဧတံ၊<br>
ယေန ဗဒ္ဓေါ န မုစ္စတိ။<br>
ဒါဌာပေသာ မရဏဿ၊<br>
ယာယ ဒဋ္ဌော န ဇီဝတိ။။</p>
<p>၄။ ဝဇိရဂ္ဂေါ သရောစေသော၊<br>
ယေန ဝိဒ္ဓေါ ဝိရုပ္ပတိ။<br>
ဝိသံပေတံ ဟလာဟလံ၊<br>
ယေန ဖုဋ္ဌော ဝိဝတ္တတိ။။</p>
<p>၅။ မစ္စုဝေသော ဂုဟာသယော၊<br>
ယေနာ ဝိဋ္ဌော သဒါ မတော။<br>
သေနဟံ တံ ဝိဝဇ္ဇေယျ၊<br>
ပဿန္တော မစ္စုနော ဘယံ။။</p>
<p>အနက်ကား</p>
<p>၁။ <b>မံသဂိဒ္ဓါ</b>=သားတစ်၌မက်မောကုန်သည်ဖြစ်၍၊ <b>ဒဠှံ</b>=ပြင်းစွာ၊ <b>ဗလိသလဂ္ဂိတာ</b>=အဦ,အသည်း၌ ငါးမြားချိတ်ငြိကုန်သော၊ <b>ဗဟူ</b>=များစွာကုန်သော၊ <b>မစ္ဆာ</b>=ငါးမိုက်တို့သည်၊ <b>မစ္ဆာဗန္ဓဝသံ</b>=တံငါယောကျ်ား၏ အလိုသို့၊ <b>ဂတာ</b>=ရောက်ကြကုန်၍၊ <b>ဖန္ဒမာနာ</b>=တုန်လှုပ်ကုန်လျက်၊ <b>ဝိဝတ္တန္တိ</b>=တလူးလဲလဲနေကြကုန်၏၊</p>
<p>၂။ <b>ဧဝံ</b>=ဤအတူ၊ <b>ကာမဂိဒ္ဓါ</b>=ကာမတရားတို့၌ မက်မောကြကုန်သည်ဖြစ်၍၊ <b>ဒဠှံ</b>=မြဲစွာ၊ <b>သေနဟလဂ္ဂိတာ</b>=နှလုံး၌ချစ်ခြင်းဟူသော တဏှာနုသယငြိကြကုန်သော်၊ <b>ဣမေသတ္တာ</b>=ဤသတ္တဝါတို့သည်၊ <b>မစ္စုရာဇဝသံ</b>=သေမင်း၏အလိုသို့၊ <b>ဂတာ</b>=လိုက်ကြရကုန်သည်ဖြစ်၍၊ <b>ဖန္ဒမာနာ</b>=တုန်လှုပ်ကုန်လျက်၊ <b>ဝိဝတ္တန္တိ</b>=တလူးလဲလဲနေကြကုန်၏၊</p>
<p>၃။ <b>ဧတံ</b>=ဤချစ်ခြင်းအမှုသည်၊ <b>မစ္စုနော</b>=သေမင်း၏၊ <b>ဗန္ဓနံ</b>= နှောင်ကြိုးပေတည်း၊ <b>ယေန</b>=အကြင်နှောင်ကြိုးနှင့်၊ <b>ဗဒ္ဓေါ</b>=ချည်မိသော သူသည်၊ <b>နမုစ္စတိ</b>=ကမ္ဘာစဉ်ဆက် သေမင်းလက်မှ မလွတ်ရလေ၊ <b>ဧသာ</b>=ဤချစ်ခြင်းအမှုသည်၊ <b>မရဏဿ</b>=သေမင်း၏၊ <b>ဒါဌာပိ</b>=အစွယ်လည်းမည်၏၊ <b>ယာယ</b>=အကြင်အစွယ်ဖြင့်၊ <b>ဒဋ္ဌော</b>=ကိုက်အပ်သော သူသည်၊ <b>နဇီဝတိ</b>=သုဂတိသက်မရှင်နိုင်။</p>
<p>၄။ <b>ဧသော</b>=ဤချစ်ခြင်းအမှုသည်၊ <b>ဝဇိရဂ္ဂေါ</b>=ဝရဇိန်စင်းသွားတတ်သော၊ <b>သရောစ</b>=သေမင်း၏မြားလည်းမည်၏၊ <b>ယေန</b>=အကြင်မြားဖြင့်၊ <b>ဝိဒ္ဓေါ</b>=စူးသောသူသည်၊ <b>ဝိရုပ္ပတိ</b>=အထူးထူးအထွေထွေဖောက်ပြန်၏၊ <b>ဧတံ</b>=ဤချစ်ခြင်းအမှုသည်၊ <b>ဟလာဟလံ</b>=လတ်တလော သေစေတတ်သော၊ <b>ဝိသံပိ</b>=အဆိပ်စေလည်းမည်၏၊ <b>ယေန</b>=အကြင် အဆိပ်စေးဖြင့်၊ <b>ဖုဋ္ဌော</b>=တွေ့ထိပျံ့နှံ့သောသူသည်၊ <b>ဝိဝတ္တတိ</b>=ဖြတ်ဖြတ်လူးကာ နေရလေ၏၊</p>
<p>၅။ <b>ဧသော</b>=ဤချစ်ခြင်းအမှုသည်၊ <b>ဂုဟောသယော</b>=သတ္တဝါတို့၏ ကိုယ်တည်းဟူသော လိုဏ်ဂူ၌ ကိန်းအောင်းသော၊ <b>မစ္စုဝ</b>=သေမင်းပင် တည်း၊ <b>ယေန</b>=အကြင်သေမင်းသည်၊ <b>အာဝိဋ္ဌော</b>=အမြဲပူးသောသူသည်၊ <b>သဒါ</b>=အခါခပ်သိမ်း၊ <b>မတော</b>=သေပြီးသာမည်၏၊ <b>မစ္စုနော</b>=သေမင်း၏၊ <b>ဘယံ</b>=ဘေးကို၊ <b>ပဿန္တော</b>=သိမြင်သော ပညာရှိသည်၊ <b>တံသေနဟံ</b>= ထိုကာမတရားတို့၌ဖြစ်သော ချစ်ခြင်းကို၊ <b>ဝိဝဇ္ဇေယျ</b>=ဝေးစွာရှောင်ကြဉ်ရာ၏၊</p>
<p>ကာမာဝစရတရားတို့ကို အစာအာဟာရပြု၍ ကြီးပွါးကာ နေသော ချစ်ခြင်းခင်ခြင်းဟူသော ကာမတဏှာ၏ အပြစ်ကိုဆိုလိုသည်၊ ကာမတဏှာသည် <b>မီး</b>တည်း၊ ကာမစိတ်စတုပညာသသည် <b>မီးစာထင်း</b>တည်း၊ ထင်းကောင်းလေလေ မီးတောက်လေလေ၊ ထင်းမှလွတ်လျှင် မီးငြိမ်း၏၊ အထူးအားဖြင့် <b>ကာမသုခသောမနဿ</b>သည် ထင်းကောင်းပင်တည်း၊ လူကာမထက် နတ်ကာမ၊ နတ်တွင်မှာလည်း အထက်အထက် နတ်ကာမသုခ သောမနဿများသည် အလွန်ထက်, အလွန်အနှစ်အဆီ အားကြီးလှသော ထင်းကောင်းမီးစာကောင်းပေတည်း။</p>
<p>ကာမာဝစရစိတ် ၂၄-ခုပြီး၏၊</p>
---
<h3><b>ရူပါဝစရစိတ် ၁၅-ခု</b></h3>
<p>ရူပစိတ်ကိုဆိုအံ့၊ လက္ခဏာအားဖြင့် တစ်ခုတည်းသောစိတ်ကိုပင်လျှင် အခိုက်အတန့်အထူးကို အစွဲပြု၍ ကာမစိတ်,ရူပစိတ်, အရူပစိတ်, လောကုတ္တရာစိတ်ဆိုရသည်၊ အသို့နည်းဟူမူ-ကာမတဏှာအာရုံပြုနိုင်လောက်အောင် ရုန်းရင်းပေါ်လွင်သောအခိုက်ကို <b>ကာမစိတ်</b>သည် ကာမတဏှာအာရုံ မပြုနိုင်လောက်အောင် သိမ်မွေ့နက်နဲခြင်းသို့ ရောက်သောအခိုက်ကို <b>မဟဂ္ဂုတ်</b>ခေါ်သည်၊ ထိုမဟဂ္ဂုတ်မှာလည်း ရူပတဏှာအာရုံပြုနိုင်အောင် ရုန်းရင်းသောအခိုက်ကို <b>ရူပစိတ်</b>ခေါ်သည်၊ ရူပတဏှာကား- အာရုံမပြုနိုင်ပြီ၊ အရူပတဏှာသာ အာရုံပြုနိုင်လောက်အောင် သိမ်မွေ့နက်နဲခြင်းသို့ ရောက်သောအခိုက်ကို <b>အရူပစိတ်</b>ခေါ်သည်၊ တဏှာသုံးပါးအာရုံပြုနိုင်လောက်အောင် ရုန်းရင်းသော အခိုက်မှ ကျွတ်လွတ်၍အတုမရှိ သိမ်မွေ့နက်နဲခြင်းသို့ ရောက်သော အခိုက်ကို <b>လောကုတ္တရာစိတ်</b>ခေါ်သည်။</p>
<p>[ဝိတက်,ဝိစာရ,ပီတိ,သုခ,ဥပေက္ခာ,ဧကဂ္ဂတာတို့၏ အခြင်းအရာကို နောက်ပိုင်းသို့ရောက်မှ ဆိုမည်။]</p>
---
<h3><b>စျာန်မည်ကြောင်း</b></h3>
<p><b>မေး။</b> စေတသိက်တို့ကိုသာ အဘယ့်ကြောင့် စျာန်ခေါ်သနည်း။<br>
<b>ဖြေ။</b> အာရုံခြောက်ပါး၌ မတန့်မနား လွင့်ပါးချောက်ချား၍ နေသောစိတ်ကို တစ်ခုတည်းသောအာရုံ၌ စိုက်၍ထားရန် ကိစ္စထူး ရှိကြ၍ စျာန်ခေါ်ပေသည်။</p>
<p>အသို့နည်းဟူမူ-လောက၌ အဆင့်ဆင့်မြင့်မြတ်၍သွားဖို့, အဆင့်ဆင့်ယုတ်နိမ့်၍သွားဖို့ အာရုံဝတ္ထုအမှုကိစ္စသည်ရှိ၏၊ အပြစ် အညစ်အဆင့်ဆင့် စင်ကြယ်၍သွားဖို့ဖြစ်သော အာရုံဝတ္ထုအမှု ကိစ္စများသည် မြင့်မြတ်ဆန်တက်သော လမ်းပေတည်း၊ အပြစ်အညစ် အဆင့်ဆင့် ထူပြောသိမ်ဖျင်း၍သွားဖို့ အာရုံဝတ္ထုအမှုကိစ္စများသည် ယုတ်နိမ့် စုံမျောသောလမ်းပေတည်း။</p>
<p>နှိုင်းယှဉ်ပြချက်</p>
<p>၁။ ကိလေသာအာသဝေါစုသည် နိမ့်ရာသို့ အမြဲကျဆင်းစီးသွားသော <b>မြစ်ရေ</b>နှင့်တူ၏၊<br>
၂။ မိစ္ဆာဝိတက်စုသည် အောက်အကျေသို့ ရေကိုအပြင်းတိုက်ပို့သော <b>လေကြမ်း</b>နှင့်တူ၏၊<br>
၃။ စိတ်သည် <b>လှေ</b>နှင့်တူ၏၊<br>
၄။ ပညာသည် <b>ပဲ့ကြီး</b>နှင့်တူ၏၊<br>
၅။ ယောနိသောမနသိကာရသည် <b>ပဲ့တက်မကြီး</b>နှင့်တူ၏၊<br>
၆။ ဝီရိယသည် <b>လှော်ခတ်သော ယောကျ်ား</b>နှင့်တူ၏၊<br>
၇။ သမ္မာဝိတက်သည် <b>လှော်တက်ခတ်တက်</b>နှင့်တူ၏၊</p>
<p>ထင်ရှားစေအံ့</p>
<p>၁။ စိတ်မည်သည် သမ္မာဝိတက်နှင့် တက်သုတ်ရိုက်၍ အပြင်း လှော်နိုင်ခတ်နိုင်မှ အပြစ်အညစ်စင်ဖို့ရာ အာရုံဝတ္ထုအမှုကိစ္စ သို့တက်သည်၊ မလှော်မခတ်လျှင် မိစ္ဆာဝိတက် လေဟုန်လှိုင်းဟုန်နှင့် အာသဝေါ မျောရာ အလွတ်ပါမှု တစ်လမ်းသာရှိသည်။</p>
<p>၂။ ဝိတက်လှော်ခတ်၍ ကသိုဏ်းအာရုံသို့ ရှေးရှုဆန်တက်သောစိတ်ကို ထိုအာရုံမှဆုတ်ခွါလွင့်ပါး၍ မသွားရအောင် ဖွဲ့နှောင်ချုပ်တဲမှုကား-<b>ဝိစာရ</b>ပေတည်း၊ ဖွဲ့နှောင်ချုပ်တဲသူ မရှိမှုကား-ဝိတက်ပင် လှော်သော်လည်း လိပ်အိုတောင်ပေါ်သို့ တက်သကဲ့သို့ အထက်ကို တစ်လှမ်း အောက်ကိုနှစ်လှမ်းနေမည်။</p>
<p>၃။ ထိုအာရုံအမှုတို့၌ ထိုစိတ်ကိုမငြီးမငွေ့ ပျော်မွေ့ပျော်ပါးအောင်ဖြေဖျော်မှုကား-<b>ပီတိ</b>ပေတည်း၊ ဖျော်ဖြေသူမရှိ၍ ချောက်ချား သွေ့သွေ့ ငြီးငွေ့ခြင်းဖြစ်ခဲ့လျှင် ဖွဲ့နှောင်ချုပ်တဲသော်လည်း မနိုင်မနေ အတင်းဆုတ်ခွါ လွင့်ပါးသွားမည်။</p>
<p>၄။ မငြီးမငွေ့ပျော်မွေ့ခြင်းရှိသောစိတ်ကို ထိုအာရုံ,ထိုအမှုတို့မှ လေးလေးနက်နက် မြိန်မြိန်ယှက်ယှက် မလွှတ်ရက်,မခွါရက်သော အရသာကို ထုတ်၍ပေးသည်ကား-<b>သုခ</b>ပေတည်း၊ အဖျော်အဖြေပင် ကောင်းပါသော်လည်း ခင်ခင်မက်မက် မလွှတ်ရက်အောင် လေးနက်သော အရသာကို မခံစားရလျှင် နဝံပိယံမျှသာဖြစ်၍ မကြာခင်ငြီးငွေ့၍ ခွါဆုတ်မည်။</p>
<p>၅။ ပကတိအခါက ရွာသူတို့၏မစင်နှင့် ကြီးပွါးခဲ့သောခွေးသည် နောက်အခါ၌ မင်းစိုးရာဇာတို့မွေးမြူ၍ သားပြွမ်းထမင်းအရသာကို စိတ်ရှိတိုင်းစားကာနေရပါသော်လည်း ဇာတိငယ်ကြိုက်ကို မမေ့နိုင်၊ အစော်အနံ့ရလျှင် သားပြွမ်းထမင်းကိုစွန့်၍ ဇာတိငယ်ကြိုက်သို့ပါမည်၊ မပါစေခြင်းငှါ သံကြိုးနှင့်ဖွဲ့ထားမှ နေမည်၊ ထို့အတူ ဘဝအဆက်ဆက်၌ ကာမဂုဏ်မစင်တောကြီး၌ ကြီးပွါး၍လာခဲ့သော ဤစိတ်သည် ယခုအခါမှ ဘာဝနာအာရုံ, ဘာဝနာမှုတို့၌ အလွန်မြတ်သော သုခအရသာကို ခံစားရပါသော်လည်း ဇာတိငယ်ကြိုက်ကိုသာ အမှတ်ရ၍ တကြွကြွနေ ဦးမည်၊ ထို့ကြောင့် မလှုပ်မကြွစေခြင်းငှါ ထိုအာရုံ,ထိုအမှုတို့၌ အမြစ် စိုက်၍ထားခဲ့ကာ-<b>ဧကဂ္ဂတာ</b> ပေတည်း။</p>
<p>ဝိတက်သည် အာရုံသို့ <b>ရှေးရှုထင်ခြင်းကိစ္စ</b>, ဝိစာရသည် အာရုံ၌ <b>အစဉ်ဖွဲ့ခြင်းကိစ္စ</b>, ပီတိသည် စိတ်ကို<b>ပျို့စေခြင်းကိစ္စ</b>,သုခသည် စိတ်ကို<b>ပွါးစေခြင်းကိစ္စ</b>, သမာဓိသည် <b>ကောင်းစွာထားခြင်းကိစ္စ</b>-ဟူ၍ လာသော ကိစ္စငါးပါးကို ထင်ရှားအောင်ပြလိုက်သည်။</p>
<p>ဤသို့လျှင် ဤငါးပါးသောတရားတို့သည် ဘာဝနာအာရုံ၌ စိတ်ကိုနှစ်နှစ်ခြိုက်ခြိုက် အမြစ်စိုက်၍နေ အောင် ဆောင်ရွက်ကြသော တရားစုဖြစ်ပေ၍ <b>စျာန</b>-ဟုခေါ်ရပေသည်။</p>
<p><b>စျာနသဒ္ဒါ</b>သည် တစ်ခုခုသောအာရုံ၌ မတုန်မလှုပ်မငဲ့မတိမ်း စိမ်းစိမ်းစိုက်၍ရှုခြင်း အနက်ဟော ထိုသို့ရှု၍ နေသောအခါ စိတ်သန္တာန် တွင် အစဉ်ထုံစွဲ၍နေကုန်သော အကြမ်းအထော် အစော်အပြစ် အညစ်အကြေး အခိုးအကင်းတို့သည် တစ်နာရီထက်တစ်နာရီ, တစ်နေ့ ထက်တစ်နေ့ တရွေ့ရွေ့ကျွတ်ငြိမ်းကုန်သဖြင့် ထိုစိတ်အစဉ်သည် ဆွတ်ဆွတ်ဖြူစင် ကြည်လင်ထွန်းတောက်၍လာ၏၊</p>
<p>[ဤကား-စျာနသဒ္ဒါ၏အာရုံ၌ စိုက်ထားခြင်း-ဟူသောအနက်မှ ထွက်သော မျောလမ်းပေတည်း။]</p>
<p>စျာနသဒ္ဒါသည် <b>လောင်ခြင်း, ကျွမ်းခြင်း, ဖုတ်မြိုက်ခြင်း</b>အနက်ကိုလည်း ဟောပြန်၏၊ အသို့နည်းဟူမူ</p>
<p>၁။ စိတ်ကိုအာရုံ၌ အတင်းစိုက်၍ထားပေသော <b>ဧကဂ္ဂတာ</b>သည် ထကြွလှုပ်ရှားတတ်သော <b>ကာမစ္ဆန္ဒ</b>အခိုးအကင်းကို အတင်းသတ်ပေ၏၊<br>
၂။ စိတ်ကို ရွှမ်းစိုရွှင်လန်းအောင် ဖျော်ဖြေပေသော <b>ပီတိ</b>သည် စိတ်ကိုငြီးငွေ့ခြောက်သွေ့အောင် ပြုတတ်သော<b>ဗျာပါဒ</b>အခိုးအကင်းကို အတင်းသတ်ပေ၏၊<br>
၃။ ဘာဝနာ၏အာရုံသို့ စိတ်ကိုအတင်းမောင်းနှင် ရိုက်ခိုင်းပေသော <b>ဝိတက်</b>သည် ပျင်းရိလိမ်လစ်ဆုတ်နစ် ထိုင်းမှိုင်းစေတတ်သော <b>ထိန,မိဒ္ဓ</b>အခိုးအကင်းကို အတင်းသတ်ပေ၏၊<br>
၄။ ငြိမ်းချမ်းခြင်းကိုပြုတတ်သော <b>သုခ</b>သည် မငြိမ်မသက် မအေးမချမ်းခြင်းကိုပြုတတ်သော <b>ဥဒ္ဓစ္စ,ကုက္ကုစ္စ</b>အခိုးအကင်းတို့ကို အတင်းသတ်ပေ၏၊<br>
၅။ အဖန်ဖန်သုံးသပ်ခြင်းကိစ္စကိုပြုသဖြင့် ဘာဝနာမှု၌ အဆင့်ဆင့်ကြည်လင်၍သွားအောင် ရွက်ဆောင်ပေသော <b>ဝိစာရ</b>သည် စိတ်ကို နှစ်ခွပြု၍ နောက်ကျုစေတတ်သော <b>ဝိစိကိစ္ဆာ</b>,တွေဝေမှိန်မှေးစေတတ်သော <b>အဝိဇ္ဇာ</b>အခိုးအကင်းတို့ကို အတင်းသတ်ပေ၏၊</p>
<p>ဤသို့သတ်သည်ကိုပင် ထိုအညစ်အကြေးတို့ကို လောင်ကျွမ်း ဖုတ်မြိုက်မှု ဆိုရသည်။</p>
<p>ကုသိုလ်စိတ်အစဉ်မှာ ထိုနီဝရဏတရားတို့ မယှဉ်ကြကုန်သော် လည်း အခိုးအကင်းမှာ အပြည့်အနက် ပါရှိသည်သာတည်း၊ ထိုအခိုး အကင်းအညစ်အကြေးတို့ကို သတ်သည်ကိုပင် ထိုနီဝရဏတို့ကို အသတ်-ဆိုရကုန်သည်။</p>
<p>သမာဓိ ကာမစ္ဆန္ဒဿ ပဋိပက္ခော၊ ပီတိ ဗျာပါဒဿ၊ ဝိတက္ကော ထိနမိဒ္ဓဿ၊ သုခံ ဥဒ္ဓစ္စ ကုက္ကုစ္စဿ၊ ဝိစာရော ဝိစိကိစ္ဆာယ။</p>
<p>[ပေတကောပဒေသကျမ်း။]</p>
<p>စျာန်မည်ကြောင်းပြီး၏၊</p>
---
<h3><b>ဥပစာရဘုံအခန်း</b></h3>
<p>နီဝရဏတို့၏အခိုက်သည် <b>ဝီတိက္ကမအခိုက်, ပရိယုဋ္ဌာနအခိုက်, အနုသယအခိုက်</b>-ဟူ၍ သုံးပါးရှိသည်။</p>
<p>၁။ ကာယကံမှု,ဝစီကံမှုကို လွန်ကျူးသော အခိုက်သည် <b>ဝီတိက္ကမအခိုက်</b>မည်၏၊<br>
၂။ ကာယဒွါရ,ဝစီဒွါရတို့၌ ထကြွသောင်းကျန်းသော အခိုက်သည် <b>ပရိယုဋ္ဌာနအခိုက်</b>မည်၏၊ မနောဒုစရိုက်မှုစုပေ တည်း။<br>
၃။ ဒွါရသုံးပါးတို့၌ ထကြွခြင်းမရှိမူ၍ ကုသိုလ်,အကုသိုလ်, အဗျာကတစိတ် အစဉ်၌သာ အကျပ်အတည်း အမြဲကိန်းဝပ်၍ နေသောအခိုက်သည် <b>အနုသယအခိုက်</b>မည်၏၊ ဥပမာ</p>
<p>၁။ ရင့်ပြီးသော အုန်းသီး၏အုန်းဆံ၌ ကိန်းဝပ်သော <b>ဗီဇဓာတ်နု</b>နှင့်<b>အနုသယအခိုက်</b>သည် တူ၏၊<br>
၂။ ထိုဓာတ်နုဖြစ်သော <b>ဆံခြည်ထွေး</b>ခေါ်သောအခဲနှင့် <b>ပရိယုဋ္ဌာနအခိုက်</b>သည် တူ၏၊<br>
၃။ ထိုအခဲမှဖြစ်၍ထွက်သော <b>အညှောက်အပင်</b>နှင့် <b>ဝီတိက္ကမအခိုက်</b>သည် တူ၏၊</p>
<p><b>သီလဝိသုဒ္ဓိ</b>သို့ရောက်လျှင် ဝီတိက္ကမအပြစ်ဒေါသငြိမ်း၏၊ ထိုအခါ မဟာကုသိုလ်သည် <b>သီလဘုံ</b>မည်၏၊ သီလဘုံ၌တည်၍ ဘာဝနာဘုံကိုကူးရာ ပရိကမ္မဘာဝနာအခိုက်၌ ပရိယုဋ္ဌာနသည် မငြိမ်းသေး၊ အားနည်းရုံမျှသာ ရှိသေးသည်၊ နိမိတ်ထင်၍ နီဝရဏလည်းကွာ, စျာန်အင်္ဂါလည်းပေါ်သော ဥပစာရဘာဝနာသို့ရောက်မှ နီဝရဏတို့၏ ပရိယုဋ္ဌာနအပြစ်ဒေါသငြိမ်းသည်၊ ထိုအခါ မဟာကုသိုလ်သည် <b>ဥပစာရ</b>မည်၏၊ နီဝရဏကွာသည်၊ စျာန်အင်္ဂါပေါ်သည်-ဟူသော စကား၌ ဘာဝနာဘုံသို့ မတက်မီကာလ၌လည်း နီဝရဏတို့၏ မင်းမူရာနယ်ပေ တည်း၊ ထိုအခါ ဧကဂ္ဂတာသည် ကာမစ္ဆန္ဒဖိစီးချက်ကို မလှန်သာလှ၍ ကာမစ္ဆန္ဒ၏အမှုဆောင်ဖြစ်နေရသတည်း။</p>
<p>ဘာဝနာဘုံသည်ကား-စျာန်အင်္ဂါတို့၏ မင်းမူရာနယ်ပေတည်း၊ ကသိုဏ်းစသည်တို့တွင် တစ်ခုခုသော အာရုံနှင့်စိုက်ထားသော ဘာဝနာဘုံသို့ရောက်သောအခါ ဧကဂ္ဂတာသည် တစ်နာရီထက် တစ်နာရီကြီးပွါးထွားကျိုင်း၍လာ၏၊ ကာမဂုဏ်တည်းဟူသော အစာရေစာမှဝေးသော ကာမစ္ဆန္ဒသည် တစ်နာရီထက်တစ်နာရီ ကြုံလှီလျောပါး၍သွား၏၊ နိမိတ်ထင်၍ ထိုအာရုံ၌ စိတ်အခြေစိုက်မိသောအခါ ကာမစ္ဆန္ဒ၏ ပရိယုဋ္ဌာနအကင်းသည် ကျွတ်လွတ်ကာလွင့်လေ၏၊ ရှေးအခါ၌ မိုးတိမ်ဖုံးသောလဝန်းနှင့်တူသော ဧကဂ္ဂတာသည် ထိုအခါတွင် အရောင်အဝါရွှန်းစက်စွာပေါ်ပေ၏၊ ငါ၏စိတ်သည် တည်ကြည်လေစွဟု ယောဂီပုဂ္ဂိုလ်၏ဉာဏ်တွင်ထင်ပေါ်လာ၏၊</p>
<p>[ဤကား-ကာမစ္ဆန္ဒတည်းဟူသောမိုးတိမ်လွင့်ကွာ၍ ဧကဂ္ဂတာစျာန်အင်္ဂါလဝန်း ထွက်ပေါ်လာပုံကို ဆိုသောအချက်တည်း။]</p>
<p>ကာမစ္ဆန္ဒကွာလျှင်ပင် ထိန,မိဒ္ဓနီဝရဏတည်းဟူသော မိုးတိမ် လည်းလွင့်ကွာ၏၊ ဝိတက်တည်းဟူသော စျာန်အင်္ဂါလဝန်းလည်း ထွန်းပေါ်၍လာ၏၊ ယောဂီပုဂ္ဂိုလ်၏ဉာဏ်မှာ ငါ၏စိတ်သည် နိမိတ်အာရုံကိုသာ ကိုင်းရှိုင်း၏-ဟုထင်ရှားလာ၏-ဟူလိုသည်၊ ဝိစိကိစ္ဆာနီဝရဏလည်းကွာ၏၊ ဝိစာရစျာန်အင်္ဂါလည်း ပေါ်လာ၏၊ ငါ၏စိတ်သည် နိမိတ်အာရုံ၌သာ ရစ်ဝဲကာနေတော့သည်-ဟု ဉာဏ်၌ထင်လာ၏ဆိုလိုသည်၊ ဗျာပါဒနီဝရဏလည်း ကွာ၏၊ ပီတိစျာန်အင်္ဂါလည်းပေါ်၏၊ မကြုံဖူးသောနှစ်သက်ခြင်းကို ယခုအခါ ငါရလာပေ၏-ဟု သိသည်ဟူလို၊ ဥဒ္ဓစ္စ,ကုက္ကုစ္စလည်းကွာ၏၊ သုခစျာန်အင်္ဂါလည်း ပေါ်လာ၏၊ သိသာပြီ။</p>
<p>နီဝရဏကွာ၏ဟူသော်လည်း ဗျာပါဒနီဝရဏ, ကုက္ကုစ္စနီဝရဏ တို့သာ အရှင်းကွာကုန်သည်၊ ကာမစ္ဆန္ဒမှာမူကား-ရုန့်ရင်းသော ကာမဂုဏ်၌သာ သာယာသော ကာမစ္ဆန္ဒအစေးအညှော်သာကွာသည်၊ ငါ့ကိုယ်ဟုသာယာသောလောဘ၊ ငါ့စိတ်,ငါ့ပရိက္ခရာ-ဟု သာယာသော လောဘတို့မှာမူကား-ရှိနေသည်သာဖြစ်၏၊ ဥဒ္ဓစ္စလည်း လောဘအတူ၊ ထိန,မိဒ္ဓ,ဝိစိကိစ္ဆာတို့လည်း ရုန့်ရင်းသော အဖို့သာကွာကုန်သည်။</p>
<p>[ဤကား-ဥပစာရဘုံသို့ရောက်သောအခါ နီဝရဏကွာပုံ,စျာန်အင်္ဂါပေါ်ပုံတည်း။]</p>
<p>ဤဥပစာရဘုံမှာ နီဝရဏကွာ၍ စျာန်အင်္ဂါပေါ်သော်လည်း <b>အပ္ပနာ</b>မဆိုက်သေး၍ ကာမဘုံမှ မပြောင်းနိုင်သေး၊ အပ္ပနာမဆိုက်ကြောင်းကား-ဥပစာရဘုံခေါ်ရသော ထိုကာမကုသိုလ်စိတ္တုပ္ပါဒ်၌ နီဝရဏ အစေးအညှော်တို့ပင် ကွာပါကုန်သော်လည်း ထိုနီဝရဏတရားတို့နှင့် မပြားမထူးရူးဖော်ရူးဖက် နောက်ဖော်နောက်ဖက် မိုက်ဖော် မိုက်ဖက် အဆက်များစွာ ကျင်လည်၍လာကုန်သော ဖဿ,ဝေဒနာ-စသော အညသမာန်းတရားတို့သည်ရှိကုန်၏၊ တည်ကြည်မှု၌ ရုတ်တရက် ကြိုးမကျတဲ့နိုင်ရှိနေသော ထိုတရားတို့အတွက်ကြောင့် စိတ်သည် ထိုအာရုံ၌ စေ့သားကိုက်သို့ ချိုက်ချိုက်မကျ ကြွစောင်းစောင်းပင်ရှိသေးသည်၊ ထို့ကြောင့် ခုနစ်ကြိမ်ထက်ဇောသက်မရှည်နိုင်လေသည်၊ ဂေါတြဘုစိတ်တိုင်အောင်ပင် ထိုအခြင်းအရာဖြင့် ရုန့်ရင်းပေါ်လွင့်၍ စျာန်အင်္ဂါမသိမ်မွေ့သောကြောင့် ကာမနွယ်ကို မလွန်နိုင်သေးရှိလေသည်၊ စိတ္တုပ္ပါဒ်၌ပါသော စေတနာသည် ကာမဘုံတွင်း၌သာ ပဋိသန္ဓေကို ပေးနိုင်သည်။</p>
<p>ဥပစာရဘုံအခန်းပြီး၏၊</p>
---
<h3><b>ပထမစျာန်</b></h3>
<p>ထိုအခြင်းအရာစုသည် <b>ဂေါတြဘု</b>တွင်ဆုံး၏,ပြတ်၏၊ ဂေါတြဘု၏ဘင်၌ ရုန့်ရင်းရိုင်းပျသော ကာမနွယ်, ကာမမျိုး,အခိုင်းအကင်း အကုန်ငြိမ်းကုန်၏၊ ထို့ကြောင့်ပင်လျှင် “<b>ဂေါတ္တံ</b>=ကာမနွယ်,ကာမမျိုးကို၊ <b>အဘိဘဝတိ</b>=နှိပ်စက်တတ်၏၊ <b>ဣတိ</b>=ထို့ကြောင့်၊ <b>ဂေါတြဘု</b>=ဂေါတြဘုမည်၏”ဟုဆိုရသည်၊ ထိုဂေါတြဘုစိတ်၏ အခြားမဲ့၌ကား- အလုံးစုံသော စိတ္တုပ္ပါဒ်တို့သည် သစ်သားစို၌ သံမှိုနက်စိုက် တစ်သားတည်းကိုက်သကဲ့သို့ အာရုံနိမိတ်၌ ခြိုက်ခြိုက်ချပ်ချပ် ပြားပြားဝပ်လျက် နှံ့စပ်သက်ဝင်၍ တည်ခြင်းဟူသော <b>အပ္ပနာကိစ္စ</b>သို့ ဆိုက်ကြပေကုန်၏၊</p>
<p>ထိုအခါ စျာန်အင်္ဂါတို့သည် ကာမမျိုးရိုး အခိုးမသန်း လွန်အေး ချမ်းသဖြင့် ဆဒ္ဒန်အိုင်ကြီး၌ လှည်းဘီးရှိ ပေါက်လာသော ပဒုမာကြာပန်းကဲ့သို့ သန်စွမ်းရွှင်ကြည် စည်ပင်ထွားကျိုင်းကြပေကုန်၏၊ ထိုပုဂ္ဂိုလ်သည် လည်း အပူကြီးမားငရဲသားကို ပတ္တမြားရည် လွန်ချမ်းကြည်သော သီတာမြစ်၌ နှစ်လိုက်ဘိသကဲ့သို့ ပီတိဖရဏာ ကိုယ်လုံးဖြာ၍ ချမ်းသာ သုခ အနဂ္ဃကိုရလေ၏၊ ဤစိတ္တုပ္ပါဒ်၌ပါသော စေတနာသည်ကားကာမအခိုးအကင်းမှ အရှင်းလွတ်စင်၍ မုဆိုး၏ ချိုင့်တွင်းမှလွတ်ရသော ရွှေဟင်္သာမင်းသည် စိတ်ရွှင်လက်ရွှင် ကောင်းကင်တိမ်ထဲသို့ အလွှတ်ပျံတက်လေဘိသကဲ့သို့ ကာမဘုံမှလွန်၍ ရူပပထမစျာန်ပဋိသန္ဓေဝိပါက်ဖြစ်၍ ထွက်နိုင်သော အစွမ်းထိအောင် မြင့်မြတ်လေ၏၊ ဤအပ္ပနာကုသိုလ်ကား-<b>မဟဂ္ဂုတ်ဘုံ</b>ပေတည်း။</p>
<p>ရွှေဟင်္သာငှက်သည် နေလသွားရာကောင်းကင်သို့ ဆိုက်အောင် ပျံနိုင်-ဟူသော်လည်း အတောင်ဟုန်တို့၏ အစွမ်းဖြင့်သာပျံနိုင်သည်၊ အတောင်မခတ် အဟုန်သတ်ပြန်လျှင် မြေအပြင်မှာ တမားမားနေပြန်၏၊ ထို့အတူ ဤစိတ်သန္တာန်၏ အပ္ပနာအခိုက်မည်သည် ပရိကံဘာဝနာဟုန်၏အစွမ်းဖြင့်သာ ပျံတက်ဆိုက်ထိရသော အမှုပေတည်း၊ ပရိကံဘာဝနာဟုန် စဲပြန်,ငြိမ်းပြန်လျှင် ကာမအခိုက် တလဲလဲဖြစ်မြဲတည်း၊ မဟဂ္ဂုတ်ဝိပါက်စုမှ တစ်ပါးလောကီ,လောကုတ္တရာအပ္ပနာဟူသမျှ ဤနည်းချည်း၊ ထို့ကြောင့် အပ္ပနာအခိုက်မှ လျောပြန်လျှင် ထိုပုဂ္ဂိုလ်သည်လည်း ကာမစိတ်တို့နှင့်သာ နေရပြန်၏၊</p>
<p>[ဤကား-ဂေါတြဘုစိတ်တည်းဟူသော ကာမဘုံ ကာမဘာဝမှ ပထမစျာန်စိတ် တည်းဟူသော မဟဂ္ဂုတ်ဘုံ မဟဂ္ဂုတ်ဘဝသို့ တဆင့်ကူးပုံကိုဆိုသော စကားရပ်တည်း။] ပထမစျာန်ပြီး၏၊</p>
---
<h3><b>ဒုတိယစျာန်</b></h3>
<p>ယခုအခါ ဂေါတြဘုတည်းဟူသော ကာမဘုံမှ ဒုတိယစျာန် စသော အပ္ပနာဘုံသို့ကူးပုံများကို အကျဉ်းမျှဆို လိုက်အံ့၊ ဘုံကူးသည်ဟူရာမှာ မဟဂ္ဂုတ်ဘုံ,မဟဂ္ဂုတ်ဘုံအချင်းချင်း ကူးသည်ဟူ၍မရှိ၊ မဟဂ္ဂုတ်ဘုံမှ လောကုတ္တရာ ဘုံသို့ ကူးသည်လည်းမရှိ၊ လောကုတ္တရာဘုံလောကုတ္တရာဘုံချင်းချင်း ကူးသည်ဟူ၍လည်းမရှိ၊ အနုလုံ,ဂေါတြဘု, ဝေါဒါန်-ဟူသော ကာမဘုံမှသာ မဟဂ္ဂုတ်ဘုံအမျိုးမျိုး, လောကုတ္တရာဘုံအမျိုးမျိုးသို့ ကူးနိုင်သည်။</p>
<p><b>မဟာကုသိုလ်</b>ဟူသော ကာမဘုံကြီးသည် သိကြားဖန်ဆင်းသော <b>ပဒေသာပင်ကြီး</b>နှင့်တူပေ၏၊ ပထမစျာန်သည်လည်း သူမှထွက်သော အညွန့်သာတည်း၊ ဒုတိယစျာန်သည်လည်း သူမှထွက်သော အညွန့်သာတည်း၊ နေဝသညာနာသညာသည်လည်း သူမှထွက်သော အညွန့်သာတည်း၊ အဘိညာဉ်အမျိုးမျိုးတို့သည်လည်း သူမှထွက်သော အညွန့်အဖူးတို့သာတည်း၊ သောတာပတ္တိမဂ်သည်လည်း သူမှပင်ထွက်သည်။ လ။ အရဟတ္တမဂ်သည်လည်း သူမှပင်ထွက်သည်၊ သမာပတ္တိဝီထိ၌ ဖိုလ်လေးခုသည်လည်း သူမှထွက်သော အညွန့်အဖူးတို့သာတည်း၊ ထို့ကြောင့် <b>မဟာသဒ္ဒါ</b>နှင့် မဟာကုသိုလ်ဆိုရပေသည်။</p>
<p><b>မဟာကြိယာ</b>ဟူသည်ကား-ကျွတ်ပြီးသော မဟာကုသိုလ်ပင်တည်း၊ ထိုပထမစျာန်၌ သာယာစွဲလမ်းသော <b>နိကန္တိ</b>သည် အလွန်အားကြီး၏၊ ထိုနိကန္တိကို <b>ရူပတဏှာ</b>လည်းခေါ်သည်၊ <b>ရူပရာဂ</b>လည်းခေါ်သည်၊ <b>ဘဝတဏှာ</b>လည်းခေါ်သည်၊ <b>ဘဝရာဂ</b>လည်းခေါ်သည်၊ ထိုပုဂ္ဂိုလ်စိတ်သန္တာန်မှာ ထိုတဏှာသည် အပြစ်ဒေါသကြီးတစ်ခုပင် ဖြစ်၏၊ စျာန်အင်္ဂါငါးပါးတို့တွင် အကြီးအမှူးဦးစီးဦးကိုင်ဖြစ်သော ဝိတက်သည်လည်း အလွန်ငြိမ်သက်သော တရားပင်မဟုတ်၊ ထို့ကြောင့် ထိုဝိတက်သည်လည်း အပြစ်ဒေါသတစ်ပါးပင် ဖြစ်ပြန်၏၊</p>
<p>ဤအပြစ်နှစ်ပါးတို့လက်၌တည်ရှိသော ဧကဂ္ဂတာများသည် လေပေါင်းလေဆုံ၌ ထွန်းထားသော <b>မီးတောက်</b>နှင့်တူ၏၊ စေတနာသည် ထိုမီး၏ <b>အရောင်</b>နှင့်တူ၏၊ အသင်္ချေယျကပ်မှ အသက်တမ်းရှိသော ပထမစျာန်ဘုံထက်လွန်၍ တတ်နိုင်သော အစွမ်းမရှိ၊ ဝင်စားဖန်ဆင်းကြိမ်ဖန်များလှသောအခါ ထိုဝိတက်လှုပ်လှက်လှုပ်လှက် ပြုသည်ကိုပင် မနှစ်သက်ခြင်းဖြစ်ပြန်၏၊ ထိုအခါမှ ထိုနိကန္တိအစေး ပြည်ပြန်၍ ဝိတက်မပါသောစျာန်ကို ရပြန်လိုသော သဘောဆန္ဒဖြစ်လာလေ သတည်း၊ ရှေး၌ထင်ပြီးသော နိမိတ်မှာ ဝိတက်မပါသော စျာန်ကိုဝင်စားလို၍ မဟာကုသိုလ်-ဟူသော <b>ပရိကမ္မဘုံ,ဥပစာရဘုံ</b>တို့ကို အသစ်တည်ထောင်ရပြန်သည်။</p>
<p>၁။ ပထမစျာန်နိကန္တိစင်ကြယ်စွာ မကွာမီအတွင်းကို <b>ပရိကမ္မဘုံ</b>ခေါ်သည်။<br>
၂။ စင်ကြယ်စွာကွာသည်မှစ၍ ဂေါတြဘုတိုင်အောင် <b>ဥပစာရဘုံ</b>ခေါ်သည်။</p>
<p>ဂေါတြဘု၏ဘုံတွင် ကာမမျိုး,ကာမနွယ်ပြတ်ပြန်၍ ဝိတက်မပါ၊ ဝိစာရ,ပီတိ,သုခ,ဧကဂ္ဂတာ-ဟူသော စျာန်အင်္ဂါလေးပါးသာပါသော စျာန်သည် အပ္ပနာဆိုက်လာ၏၊ ကြွင်းသမျှကို ရှေးကဆိုခဲ့ပြီးနှင့်ယှဉ်လေ၊ ပထမ စျာန်စေတနာမှ အသင်္ချေယျကပ်ငယ်တစ်ကပ်မျှ အသက်တမ်းရှိသော ပထမစျာန်ဘုံ၌သာ ရောက်နိုင်သည်၊ ဤဒုတိယစျာန်စေတနာမှာ မဟာကပ်ကြီးရှစ်ကပ် အသက်တမ်းရှိသော ဒုတိယစျာန်ဘုံ၌ရောက်နိုင်သည်၊ နိကန္တိကြမ်း,အင်္ဂါကြမ်းတည်းဟူသော အပြစ်ဒေါသတို့ကို ချွတ်မှုကြောင့် တိုးတက်သော ဆုံပေတည်း။</p>
<p>ဒုတိယစျာန်ပြီး၏၊</p>
<p>[နောက်နောက် စျာန်တို့ကိုလည်း ဆိုခဲ့ပြီးသောနည်းနှင့် နှိုင်းယှဉ်၍သိလေ၊ ကျယ်မည်စိုး၍မရေးပြီ၊ မရေးသော်လည်း သိနိုင်လောက်ပြီ။]</p>
<p>ဝိစာရ,ပီတိ,သုခတို့၏ အပြစ်ဒေါသဖြစ်ကြောင်းထည့်ရန် စျာန်ငါးပါး ဘုံဆင့်ဆင့် ဖြစ်သွားပုံပြီး၏၊</p>
---
<h3><b>ဝေဒနာစသည်စစ်ချက်</b></h3>
<p>ဤရူပစိတ် ၁၅-ပါးတွင် ပဉ္စမစျာန်သုံးခုကား-<b>ဥပေက္ခာသဟဂုတ်</b>တည်း၊ ကြွင်း ၁၂-ခုကား-<b>သောမနဿသဟဂုတ်</b>တည်း၊ ၁၅-ခုလုံးသည်ပင် <b>ဉာဏသမ္ပယုတ်</b>ပေတည်း၊ ဝိပ္ပယုတ်မရှိ။</p>
<p><b>အသင်္ခါရိက-သသင်္ခါရိက</b>နှစ်ပါးမှာ အဘယ်နည်း။</p>
<p>၁။ အသင်္ခါရိကသာ-သသင်္ခါရိက မဟုတ် ဆိုမည်လော။<br>
၂။ သသင်္ခါရိကသာ-အသင်္ခါရိက မဟုတ် ဆိုမည်လော။<br>
၃။ နှစ်ပါးစုံပင် မဟုတ်၊ သင်္ခါရဝိမုတ်သာ ဆိုမည်လော။<br>
၄။ နှစ်ပါးစုံပင် ဟုတ်၏-ဆိုမည်လော။</p>
<p>[အမေး လေးချက်။]</p>
<p>စျာန်အပြားကို ရှေးဦးစွာဆိုမည်၊ <b>ဘဝသိဒ္ဓစျာန်,မဂ္ဂသိဒ္ဓစျာန်, ယောဂသိဒ္ဓစျာန်</b>-ဟူ၍ သုံးပါးရှိသည်။</p>
<p>၁။ ဗြဟ္မာဘုံ၌ဖြစ်သောသူသည် အတီတာနန္တရဘဝ၌ ရခဲ့ဖူးသောစျာန်တို့ကို ထိုနောက်ဘဝ၌ အသစ်အားထုတ်ဖွယ်ကိစ္စမရှိ၊ ရပြီးဖြစ်၍ နေ၏၊ ဝင်စားလိုသောအခါ ပထဝီ,ပထဝီ-ဟုနှလုံးပြုရုံမျှနှင့် ပေါ်လာ၏၊ အရူပဘုံ၌ကား-အောက်စျာန်ကိုလွှတ်၍ တက်ရသောကြောင့် အထက်အရိယာပုဂ္ဂိုလ်မှာ အောက်မဂ်,အောက်ဖိုလ်မဖြစ်လာသည်နှင့်တူ၏၊</p>
<p>[ဤကား-<b>ဘဝသိဒ္ဓစျာန်</b>ပေတည်း။]</p>
<p>၂။ ပါရမီအထူးရှိသော အရိယာပုဂ္ဂိုလ်တို့အား စျာန်ကို တခြားအားမထုတ်ရ၊ မဂ်ကိုရလျှင်ပင် စျာန်ရ, အဘိညာဉ်ရဖြစ်တော့သည်၊ ဝင်စားလိုသောအခါ ကသိုဏ်းစသည်ကို နှလုံးသွင်းကာမျှနှင့် ဝင်စားနိုင်သည်။</p>
<p>[ဤကား-<b>မဂ္ဂသိဒ္ဓစျာန်</b>ပေတည်း။]</p>
<p>၃။ ပရိကမ္မဘာဝနာ,ဥပစာရဘာဝနာအစဉ်တို့ဖြင့် တမင်အားထုတ်၍ဖြစ်လာသော စျာန်စုသည် <b>ယောဂသိဒ္ဓစျာန်</b>မည်၏၊</p>
<p>[ဤကား-စျာန်အပြားတည်း။]</p>
<p><b>ဋီကာကျော်ဝါဒ</b></p>
<p>ရှေးပုစ္ဆာလေးချက်၌ ဋီကာကျော်အဖြေကို ဆိုပေအံ့၊ ရူပစိတ်, အရူပစိတ်,လောကုတ္တရာစိတ်များသည် <b>သသင်္ခါရိကလည်းမဟုတ်၊ အသင်္ခါရိကလည်းမဟုတ်၊ သင်္ခါရဝိမုတ်သာတည်း</b>၊ တစ်နည်းမှာ<b>သသင်္ခါရိကသာတည်း</b>၊ နှစ်ချက်ဖြေသည်။</p>
<p>ယုတ္တိကား။။ စျာန်မည်သည် မဂ္ဂသိဒ္ဓစျာန်, ဘဝသိဒ္ဓစျာန်ပင်ဖြစ်စေဦးတော့၊ ဝင်စားလိုသောအခါ၌ ပထဝီ,ပထဝီ-စသည်ဖြင့် မနသိကာရပရိကံကိုပြုမှသာ ဖြစ်လာသည်၊ မနသိကာရပရိကံနှင့်ကင်း၍ အလိုလိုဖြစ်လာသော စျာန်-ဟူ၍မရှိ၊ ဤမနသိကာရပရိကံမှုသည်လည်း ပုဗ္ဗပယောဂမှု, သင်္ခါရမှုပင်ဖြစ်သည်၊ ထို့ကြောင့် စျာန်-ဟူသမျှသည် အသင်္ခါရိကဆိုရရန် အခွင့်မရှိ၊ မနသိကာရပရိကံမှုကို အစွဲပြု၍ သသင်္ခါရိကသာ-ဟုဆိုမည်လည်း ထိုမနသိကာရပရိကံကို ပြုရုံမျှနှင့် ဖြစ်ပေါ်လာသည်မဟုတ်၊ ရှေးရှေးဘဝတို့ကပြုခဲ့ဖူးသော အဓိကာရ, ဥပနိဿယလည်း အခံရှိဖူးမှဖြစ်ပေါ်လာသည်၊ ထို့ကြောင့် သသင်္ခါရိကဆိုရရန် အခွင့်လည်းမရှိ၊ နှစ်ပါးစုံမှ အလွတ်သာဖြစ်သည်။</p>
<p>[ပထမဖြေဆိုချက်၌ယုတ္တိ။]</p>
<p>ဒုတိယဖြေချက်ကား-စျာန်ဟူသမျှသည် မနသိကာရပရိကံကို ပြုမှသာဖြစ်ပေါ်လာသည်၊ ထို့ကြောင့် သသင်္ခါရိကချည်းသာတည်း၊ အသင်္ခါရိကဟူ၍မရှိ၊ ဖော်၍မဆိုသည်မှာ သသင်္ခါရိကအဖြစ် အလွန်ထင်ရှားလှ၍ အသင်္ခါရိကဟု သင်္ဂြီုဟ်၌မဆိုလေသည်။</p>
<p>[ဒုတိယဖြေဆိုချက်၌ယုတ္တိ။]</p>
<p>နှစ်ချက်လုံးသည်ပင်လျှင် မဟုတ်ကြောင်းကို ယုတ္တိသာဓက နှင့်ပြလိုက်အံ့၊ စျာန်အရာ၌ ပရိကံသည် <b>ဘာဝနာပရိကံ, မနသိကာရပရိကံ</b>ဟူ၍ နှစ်ပါးရှိ၏၊</p>
<p>၁။ မရဖူးသေးသော စျာန်ကိုရလို၍ အစမှစ၍ အားထုတ်သော <b>အာဒိကမ္မိကပုဂ္ဂိုလ်</b>အား ဂေါတြဘုတိုင်အောင်သော ဘာဝနာမှုသည် <b>ဘာဝနာပရိကံ</b>မည်၏၊<br>
၂။ ရပြီးသောစျာန်ကို ဝင်စားရုံမျှကိစ္စနှင့် ပထဝီ,ပထဝီ-စသည်ဖြင့် နှလုံးသွင်းကာမျှသော ပရိကံသည် <b>မနသိကာရပရိကံ</b>မည်၏၊</p>
<p>ဋီကာကျော်ဆရာသည် ဤပရိကံနှစ်ပါးကိုပင် <b>ပုဗ္ဗပယောဂပြုဘိ၏၊ သင်္ခါရပြုဘိ၏</b>၊</p>
<p>ဤပရိကံနှစ်ပါးသည် စျာန်၏<b>ရိုးရာပရိကံမှု</b>သာတည်း၊ ဒုက္ခ, အနတ္တ-ဟုပွါးများခြင်း,နှလုံးသွင်းခြင်းများသည် မဂ်,ဖိုလ်တို့၏ ရိုးရာပရိကံမှုသာတည်း၊ ဤကဲ့သို့သော ရိုးရာအမှုများကို ပယောဂမှု,သင်္ခါရမှု မဆိုရ၊ ဘာဝနာအရာ၌သာ မဟုတ်သေး၊ ခပ်သိမ်းသောဒါနမှု, သီလမှုတို့၌လည်းကောင်း၊ ဒုစရိုက်မှုတို့၌လလည်းကောင်း၊ အကြီးအငယ်ဖြစ်သော အမှုအားလျော်စွာ <b>ပုဗ္ဗာဘိသင်္ခါရ</b>ဟူသော ပရိကံမှုရှိမြဲပေတည်း၊ ကွမ်းတစ်ယာကို လှူဒါန်းလိုလျှင် အလှူဝတ္ထုကိုရှာရခြင်း, စီစဉ်ရခြင်း,အလှူခံပုဂ္ဂိုလ်သို့ ရှေးရှုဆောင်ရခြင်း-စသော ပုဗ္ဗာဘိသင်္ခါရသည် ရှိသည်သာဖြစ်၏၊ ကြီးသောအမှုတို့၌ ဆိုဖွယ်မရှိ၊ ဤကဲ့သို့သော ရိုးရာမှုများကို ပယောဂမှု,သင်္ခါရမှုမဆိုရ၊ ဆိုချေသော် ခပ်သိမ်းသော ကုသိုလ်,အကုသိုလ်သည် အသင်္ခါရိကဟူ၍ပင် မရှိရာပြီ၊ သသင်္ခါရိကချည်းရှိတော့သည်။</p>
<p>ပယောဂမှု,သင်္ခါရမှုဆိုရသည်မှာ ရိုးရာပရိကံမှုတို့နှင့် မထမြောက်နိုင်ဘဲ တွန့်တိုဆုတ်နစ်၍ နေရာ၌ မနေရအောင်ထူထောင် ထမြောက်အောင် ပေါင်မြှောင်ကူပံ့ရသော အမှုကိုသာဆိုရမည်၊ ထို့ကြောင့် ထိုရိုးရာပရိကံမှုကို ပုဗ္ဗပယောဂသင်္ခါရပြု၍ ထိုနှင့်မကင်းနိုင်သော စျာန်စိတ်ကို သသင်္ခါရိကဆိုသော ထိုဋီကာကျော် စကားကို အမှားစင်စစ်မှတ်ရမည်။</p>
<p>[ပယ်ချက်-၇။]</p>
<p>စျာန်ကို ရှေးရှေးဘဝ၌ ပြုအပ်သော အဓိကာရရှိမှ ရနိုင်သည်ဟူသော စကားသည်လည်း အဋ္ဌကထာများနှင့် မညီလေ၊ အဋ္ဌကထာများ၌ကား</p>
<p>သမထမှု၌ အဓိကာရ မရှိခဲ့ဖူးသောသူအား <b>သုခပဋိပဒါစျာန်</b>ကိုရသည်၊ ဝိပဿနာ၌ အဓိကာရ မရှိခဲ့ဖူးသောသူအား <b>ဒန္ဓာဘိညာဉ်စျာန်</b>ကိုရသည်၊ ရှိခဲ့ဖူးသောသူအား <b>ခိပ္ပါဘိညာဉ်စျာန်</b>ကိုရသည်-ဟု လာပေသည်၊ ရှေးဘဝက အဓိကာရရှိခဲ့ဖူးမှ စျာန်ကိုရသည်-ဟု မလာပေ၊ မဂ်ဉာဏ်,ဖိုလ်ဉာဏ်အစု၌သာလျှင် ပါရမီမရှိလျှင်မရ၊ ပါရမီရှိမှရသည်ဟု လာပေသည်။</p>
<p>ထို့ကြောင့် ထိုဋီကာကျော်စကားကို အမြတ်အားဖြင့် မယူအပ်။</p>
<p>[ပယ်ချက်-၈။]</p>
<p>စင်စစ်အမှန်အားဖြင့်ကား-ဤရူပ,အရူပ, လောကုတ္တရာ စိတ်သည် သင်္ခါရဘေဒအားဖြင့် <b>သသင်္ခါရိက, အသင်္ခါရိက</b>ဟူ၍ နှစ်ပါးအပြားရှိသည် အမှန်ဖြစ်၏၊ ထို့ကြောင့် နေတ္တိပါဠိတော်၌ <b>ဒုဝိဓော သမာဓိ သသင်္ခါရော သမာဓိ အသင်္ခါရော သမာဓိ</b>ဟူ၍ ဟောတော်မူသည်။</p>
<p>နေတ္တိအဋ္ဌကထာဋီကာတို့၌လည်း</p>
<p>၁။ <b>သသင်္ခါရသမာဓိ</b>ဆိုသည်ကား-ဒုက္ခပဋိပဒါဒန္ဓာဘိညာဉ်စျာန်တစ်ပါး, ဒုက္ခပဋိပဒါခိပ္ပါဘိညာဉ်စျာန် တစ်ပါး၊ ဤဒုက္ခပဋိပဒါစျာန်နှစ်ပါးကို ဖွင့်ပေသည်။<br>
၂။ <b>အသင်္ခါရသမာဓိ</b>ဆိုသည်ကား-သုခပဋိပဒါဒန္ဓာဘိညာဉ်စျာန်တစ်ပါး, သုခပဋိပဒါခိပ္ပါဘိညာဉ်စျာန် တစ်ပါး၊ ဤသုခပဋိပဒါစျာန်နှစ်ပါးကို ဖွင့်ပေသည်။</p>
<p>ပဋိပဒါအဘိညာဉ်တို့ကို ဆိုကြသော အဘိဓမ္မာအဋ္ဌကထာတို့၌လည်း</p>
<p>ယော အာဒိတော ကိလေသေ ဝိက္ခမ္ဘေန္တော ဒုက္ခေန သသင်္ခါရေန သပ္ပယောဂေန ကိလမန္တော ဝိက္ခမ္ဘေတိ၊ တဿ ဒုက္ခာ ပဋိပဒါနာမ ဟောတိ၊ ယော ကိလေသေ ဝိက္ခမ္ဘေန္တော သုခေန အကိလမန္တော ဝိက္ခမ္ဘေတိ၊ တဿ သုခါ ပဋိပဒါနာမ ဟောတိ။</p>
<p>[အဋ္ဌသာလိနီ။]</p>
<p>ဉာဏဝိဘင်းအဋ္ဌကထာ, ဝိသုဒ္ဓိမဂ်အဋ္ဌကထာတို့၌လည်း ဤနည်းအတူလာသည်၊ ဤသို့လျှင် သုတ္တန်, အဘိဓမ္မာတသန်တည်းလာသောကြောင့် ဒုက္ခပဋိပဒါစျာန်ဟူသမျှတို့ကို သသင်္ခါရိကတို့ပေ-ဟု, သုခပဋိပဒါစျာန်ဟူသမျှတို့ကို အသင်္ခါရိကတို့ပေ-ဟု, ပုံသေမုချမှတ်အပ်၏၊</p>
<p>ထိုသို့ဖြစ်ပါလျက် မဟဂ္ဂုတ်,လောကုတ္တရာစိတ်တို့၌ သင်္ခါရဘေဒကို ဓမ္မသင်္ဂဏီ၌ မဟောသည်မှာမူကား-ဤမဟဂ္ဂုတ်,လောကုတ္တရာဓမ္မတို့သည် ဘာဝနာတည်းဟူသော ပဋိပဒါဖြင့်သာရအပ်ပြီးစေအပ်သောတရားတို့ ဖြစ်ပေ၍ ထိုအားလျော်သော ပဋိပဒါဘေဒကို ဟောတော်မူသဖြင့် သင်္ခါရဘေဒသည်လည်း <b>အန္တောဂဓ</b>ဖြစ်လေ၍ အသီးအခြားမဟောလေသည်။</p>
<p>ဒုက္ခပဋိပဒါ-ဟုဆိုအပ်သော သသင်္ခါရိကစျာန်, သုခပဋိပဒါဟုဆိုအပ်သော အသင်္ခါရိကစျာန်တို့ကို ခြားနားအောင်ဆိုဦးအံ့။</p>
<p><b>ပရိကမ္မဘုံ, ဥပစာရဘုံ, အပ္ပနာဘုံ</b>၊ ဤဘုံသုံးပါးကို ပိုင်းခြားလေဦး။</p>
<p>၁။ <b>ပရိကမ္မဘုံ</b>ဆိုသည်ကား-ကောင်းစွာထူထောင်ပြီးသော သီလဘုံ၌တည်၍ တစ်ခုတည်းသောအာရုံ၌ ဘာဝနာကိုရှေးရှုသည်မှစ၍ ပဋိဘာဂနိမိတ်မထင်မီ,နီဝရဏမကွာမီ,စျာန်အင်္ဂါမပေါ်မီအတွင်း၌ ပွါးများသောကိစ္စနှင့်ဖြစ်သမျှသော မဟာကုသိုလ်စုသည် ပရိကမ္မဘုံမည်၏၊<br>
၂။ <b>ပဋိဘာဂနိမိတ်</b>ထင်သည်နှင့်တစ်ပြိုင်နက် နီဝရဏလည်းကွာ, စျာန်အင်္ဂါလည်းပေါ်သည်မှစ၍ ဂေါတြဘုတိုင်အောင် ဤအတွင်း၌ ပွါးများခြင်းကိစ္စနှင့် ဖြစ်သမျှသော မဟာကုသိုလ်စုသည် <b>ဥပစာရဘုံ</b>မည်၏၊<br>
၃။ အပ္ပနာစျာန်သည် <b>အပ္ပနာဘုံ</b>မည်၏၊</p>
<p>ဒုတိယစျာန်ကို ရဖို့ပွါးများရာ၌ကား-ပထမစျာန် နိကန္တိမကွာမီ အတွင်းသည် ပရိကမ္မဘုံမည်၏၊ ထိုနိကန္တိ ကွာသည်မှစ၍ ဒုတိယစျာန်၏ ဂေါတြဘုတိုင်အောင်သည် ဥပစာရဘုံမည်၏၊ နောက်နောက်စျာန်တို့၌လည်း ဤနည်းအတိုင်း ပိုင်းခြားလေ။</p>
<p>[ဤကား-ဘုံသုံးပါး ပိုင်းခြားချက်ပေတည်း။]</p>
<p>(က) ၁။ ပရိကမ္မဘုံသည် ပဋိပဒါ၏နယ်တည်း။<br>
၂။ ဥပစာရဘုံ,အပ္ပနာဘုံသည် အဘိညာဉ်၏နယ်တည်း။</p>
<p>(ခ) ၁။ ပရိကမ္မဘုံအတွင်း၌ ပယောဂမကူဘဲ ထမြောက်၍သွားပေလျှင် အပ္ပနာစျာန်သည် <b>သုခပဋိပဒါစျာန်</b>ဖြစ်ပေ၍ <b>အသင်္ခါရိကစျာန်</b>မည်၏၊<br>
၂။ ပရိကမ္မဘုံအတွင်း၌ မချောမောရှိ၍ ပယောဂကူမှ ထမြောက်၍သွားခဲ့လျှင် အပ္ပနာစျာန်သည် <b>ဒုက္ခပဋိပဒါစျာန်</b>ဖြစ်၍ <b>သသင်္ခါရိကစျာန်</b>မည်၏၊</p>
<p>(ဂ) ၁။ ပရိကမ္မဘုံမဟာကုသိုလ်သည် သသင်္ခါရိကဖြစ်အံ့၊<br>
နောက် ဥပစာရဘုံ,အပ္ပနာဘုံ အလုံးစုံ တို့သည် သသင်္ခါရိကချည်းဖြစ်ကုန်တော့သည်-ဟူလိုသည်။</p>
<p>(ဃ) ၁။ ဥပစာရဘုံအတွင်း၌ နေ့ရက်ကြန့်ကြာ၍ အပ္ပနာ အဆိုက်နှောင်းလျှင် <b>ဒန္ဓာဘိညာဉ်စျာန်</b>မည်၏၊<br>
၂။ မကြန့်ကြာဘဲ အပ္ပနာအဆိုင်မြန်လျှင် <b>ခိပ္ပါဘိညာဉ်စျာန်</b>မည်၏၊</p>
<p>[အကျယ်ကို အဋ္ဌကထာမှာ ယူလေ။]</p>
<p>ရူပါဝစရစိတ် ၁၅-ခုပြီး၏၊</p>
<h3>အရူပါဝစရစိတ် ၁၂-ခု သာသနာပ,သာသနာတွင်းရနိုင်ပုံ</h3>
<p><b>အရူပါဝစရစိတ်၌ အရူပစျာန်ကိုရအောင် အားထုတ်ကြသော သူတို့သည် သာသနာပရသေ့တို့လည်း အားထုတ်ကြကုန်၏၊ သာသနာတွင်း၌ ဘုရားတပည့်သားရဟန်းတော်တို့လည်း အားထုတ်ကြကုန်၏၊</b></p>
<p>အထူးကား။ ။ သာသနာပတို့မှာ ရုပ်နာမ်ကိုလွန်ခြင်းငှါ အားထုတ်ကြကုန်သည်၊ ရုပ်တရားတို့မည်သည် အလွန်ရုန့်ရင်းသော ကိလေသာတို့၏ အာရုံဖြစ်၏၊ မွေးမြူရသော ပရိကံမှု အလွန်ကြီးကျယ်၏၊ အလွန်ကြမ်းတမ်းသော အတွင်းဘေး, အပဘေးတို့နှင့်ဆက်ဆံ၏၊ အနှစ်အမာမရှိ၊ အရှည်မခိုင် ယိုယွင်းလွယ်၏၊ အပါယ်ဘေးနှင့်နီး၏၊ ရုပ်တရားကိုမှီတွယ်သော ဤဝိညာဉ်သည် ကမ်းနားသစ်ပင်နှင့်တူ၏၊ မျက်မှိုက်ကောက်ရိုးမှတောက်သော မီးနှင့်တူ၏၊ ရူပါဝစရစျာန်စုသည် ရုပ်နိမိတ်မှ တွယ်တာသော စျာန်စုဖြစ်၍ အနှစ်မရှိသော ကြက်ဆူပင် ငယ်ကို တွယ်တာ၍ပေါက်သော ရုက္ခစိုးဗိမာန်ကဲ့သို့ အရှည်တည်နိုင်သော အခွင့်မရှိ၊ ရုပ်၌သာယာသော နိကန္တိတဏှာ တည်းဟူသော သံကြိုး သံလွန်အနှောင်အဖွဲ့ရှိနေသည်ဖြစ်၍လည်း ရုပ်နယ်ကိုလွန်နိုင်သော အစွမ်းမရှိ၊ ထို့ကြောင့် ရုပ်နိမိတ်နှင့် မစပ်မယှက်သက်သက်သော ကောင်းကင်၌ရအပ်သောစျာန်ကို ရပါမူကောင်းလေ၏-ဟု အားထုတ်ကြ ကုန်သည်။</p>
<p><b>[ဤသို့-အမြော်အမြင်များသည် သာသနာတွင်း၌ မဆက်ဆံ၊ သာသနာပ ရသေ့တို့၏ အမှုသာတည်း။]</b></p>
<p>သာသနာတွင်း၌ကား-အရူပစျာန်များသည် အထူးသိမ်မွေ့ သည်၊ အထူးအားရှိသည်ဖြစ်၍ ဝိပဿနာ အခြေပြုရန်, အဘိညာဉ် အခြေပြုရန်, ရံခါရံဖန်ဝင်စားဖို့သာ အားထုတ်ကြကုန်သည်၊ “ရှေးရှေး စျာန်၌ အပြစ်ကိုမြင်မှ နောက်နောက် စျာန်ကိုရနိုင်သည်”ဟူသော စကားများကိုလည်း <b>ယေဘုယျသာ မှတ်ရမည်။</b></p>
<p>“<b>ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ</b>” ဟူသည်နှင့်အညီ ဖြူစင်သောအဖို့၌ တည်ပေသော ယောကျ်ားမြတ်တို့၏ အလိုဆန္ဒသည် တောင့်တတိုင်းပြီးစီးမြဲဖြစ်ပေရကား- ပထမစျာန်ကို ရပြီးနောက် ဒုတိယစျာန်ကိုရလိုသော ဆန္ဒနှင့်အားထုတ်လျှင် ဒုတိယ စျာန်ပင်ဖြစ်လာပေသည်၊ နောက်နောက်စျာန်တို့၌လည်း ဤအတူ ဝသီပေါ်သို့ရောက်ပြီးသော ရူပပဉ္စမစျာန်၌တည်၍ ကသိုဏ်းကိုခွါ၍ ပွါးများလျှင် ပထမာရုပ္ပစျာန်ဖြစ်လာမည်၊ “ရုပ်၌အပြစ်ကိုမြင်၍ ပဉ္စမ စျာန်၌ နိကန္တိကိုစွန့်ခြင်းဖြစ်မှ အရူပစျာန်ကိုရသည်“အဆိုမှာ <b>ပုဂ္ဂိုလ် သာမန်၌သာမှတ်။</b></p>
---
<h3>ပထမာရုပ္ပစျာန်</h3>
<p>ဤအရူပစျာန်၌လည်း</p>
<p><b>(က)</b><br>၁။ ကသိုဏ်းကိုးပါးတွင် တစ်ပါးပါးကိုခွါ၍ ကောင်းကင် နိမိတ်ကိုရပြီးနောက် ထိုကောင်းကင် နိမိတ်ကိုရှု၍ “အနန္တံ အာကာသံ, အနန္တံ အာကာသံ”ဟု စီးဖြန်းသည်မှစ၍ ရူပပဉ္စမစျာန်၌ သာယာသော နိကန္တိတဏှာ မကွာမီအတွင်း၌ဖြစ်သော မဟာကုသိုလ်သည် <b>ပရိကမ္မ ဘုံမည်၏၊</b></p>
<p>၂။ တဏှာနိကန္တိကွာသည်မှစ၍ ဂေါတြဘုတိုင်အောင် ဤ အတွင်း၌ ပွါးများသော မဟာကုသိုလ်သည် <b>ဥပစာရဘုံမည်၏၊</b></p>
<p>၃။ ဂေါတြဘု၏နောက်၌ ကျရောက်လာသော ပထမာရုပ္ပ စျာန်သည် <b>အပ္ပနာဘုံမည်၏၊ မဟဂ္ဂုတ်ဘုံမည်၏၊ အရူပဘုံမည်၏၊ ပထမာရုပ္ပဘုံမည်၏၊</b></p>
<p><b>(ခ)</b><br>၁။ ဤစျာန်သည်လည်း ပရိကမ္မဘုံအတွင်းက မချော မမော၍ ပယောဂကူခဲ့ရလျှင် <b>ဒုက္ခပဋိပဒါစျာန် မည်၏၊ သသင်္ခါရိက စျာန်မည်၏၊</b></p>
<p>၂။ ပရိကမ္မဘုံအတွင်း၌ ချောမော၍ ပယောဂလွတ်ခဲ့လျှင် <b>သုခပဋိပဒါစျာန်မည်၏၊ အသင်္ခါရိကစျာန် မည်၏၊</b></p>
<p><b>(ဂ)</b><br>၁။ ဥပစာရဘုံတွင် ကာလကြာမြင့်၍နေခဲ့လျှင် <b>ဒန္ဓာ ဘိညာဉ်စျာန်မည်၏၊</b></p>
<p>၂။ မကြာလှဘဲ တစ်လျောက်ထဲတတ်လာခဲ့လျှင် <b>ခိပ္ပါဘိညာဉ် စျာန်မည်၏၊</b></p>
<p>ဥပစာရဘုံ၌ကွာခဲ့ပြီးသော ရူပတဏှာသည် ဂေါတြဘု၏ ဘင်တွင် အကြွင်းမဲ့ချုပ်၏၊ ထို့ကြောင့် ထိုရူပတဏှာ၏လက်မှ ထွက် မြောက်သော ဥပေက္ခာ,ဧကဂ္ဂတာ-ဟူသော ဤပထမာရုပ္ပစျာန်သည် ရာဟု အသုရိန်၏ ခံတွင်းမှလွတ်သော လဝန်းကဲ့သို့ အလွန်ကြည် လင်လှ၏၊ အားခွန်ဗလထက်သန်လှ၏ ဝသီဘာဝပြု၍ ဤစျာန်ကို ဝင်စားကာနေသောသူအား ပဉ္စဒွါရတွင် ရုန့်ရင်းပြင်းထန်သော အာရုံပင် ထင်လာခိုက်လာသော်လည်း စျာန်ဇောအစဉ် အယိမ်းအယိုင်မရှိသော ကြောင့် “<b>နဣဉ္ဇတိ=မတုန်မလှုပ်တတ်၊ ဣတိ=ထို့ကြောင့်၊ အာနဉ္ဇံ= အာနဉ္ဇသမာပတ်ခေါ်ဝေါ်အပ်သတည်း။</b></p>
<p>ဤဥပေက္ခာ,ဧကဂ္ဂတာ-ဟူသော စျာန်နှင့်ယှဉ်သော စေတနာ သည်လည်း ရာဟုလက်မှ ကျွတ်လွတ်သော လဝန်း၏ အရောင်အဝါကဲ့သို့ အလွန်တရာကြည်လင်၍ အားအင်ကောင်းလှလေသောကြောင့် အကနိဋ္ဌဘုံမှ အထက်ယူဇနာငါးသောင်း,ရှစ်ထောင်မြင့်သော ကောင်း ကင်၌ မဟာကပ်တစ်သောင်း အသက်တမ်းရှိသော ပထမာရုပ္ပဘုံ၌ ပထမာရုပ္ပဝိပါက်အဖြစ်နှင့် ဖြစ်ပေါ်ပြီးလျှင် မဟာကပ်နှစ်သောင်း တိုင်အောင် ဘဝင်အယဉ်အစဉ် ရှည်ကြာဖြစ်ပွါးကာနေပေ၏၊</p>
<p>အာကာသာနဉ္စာယတနပုဒ်၌- အာကာသပုဒ်, အနန္တပုဒ်, အာယတနပုဒ်အားဖြင့် အာကာသသည် <b>လေးမျိုး ရှိ၏၊</b></p>
<p>၁။ အနန္တကောင်းကင်ကြီးသည် <b>အဇဋာကာသမည်၏၊</b></p>
<p>၂။ လေသာပြတင်းပေါက်စသော ကသိုဏ်းဆယ်ပါးတွင်ပါ ဝင်သော ကောင်းကင်သည် <b>ပရိစ္ဆိန္နာကာသ မည်၏၊</b></p>
<p>၃။ အာကာသကသိုဏ်းမှတစ်ပါးသော ကသိုဏ်းကိုးပါးကိုခွါ၍ ရအပ်သော ကောင်းကင်သည် <b>ကသိဏုဂ္ဃ ဋိမာကာသမည်၏၊</b></p>
<p>၄။ ရုပ် ၂၈-ခုတွင် အတွင်းဝင်သော အာကာသဓာတ်သည် <b>ပရိစ္ဆေဒါကာသမည်၏၊</b></p>
<p>ဤနေရာဝယ် ကသိဏုဂ္ဃဋိမာကာသကိုယူ၊ ဤကောင်းကင်သည် ဥပါဒ်ခြင်း,ချုပ်ခြင်းဟူသော ရှေ့အဆုံး, နောက်အဆုံးမရှိခြင်းကြောင့် <b>အနန္တမည်၏</b>-ဟု ဖွင့်ကြ၏၊ <b>အာယတနသဒ္ဒါသည် တည်ရာအနက်ဟော</b>၊ အဆုံးမရှိသော ကောင်းကင်လျှင်တည်ရာ အာရုံရှိသောစျာန်သည် <b>အာကာသာနဉ္စာယတနစျာန်မည်၏</b>၊ ဤစျာန်၌ <b>လွန်အပ်စွန့်အပ်သော အာရုံတစ်ပါး, ပြုအပ်သောအာရုံတစ်ပါး။</b></p>
<p>၁။ ဘာဝနာစိတ်ဖြင့် မှုတ်လွှင့်ဖျောက်ဖျက်၍ပစ်ခဲ့သော ကသိုဏ်းအာရုံသည် <b>လွန်အပ်စွန့်အပ်သော အာရုံမည်၏၊</b></p>
<p>၂။ တွယ်တာကိုင်ဖက်၍လာခဲ့သော ကောင်းကင်အာရုံသည် <b>ပြုအပ်ယူအပ်သော အာရုံမည်၏၊</b></p>
<p>အကယ်၍ အာရုံမပြောင်းဘဲ ကသိုဏ်းနှင့်သာ အားထုတ်၍ နေခဲ့အံ့၊ ရူပစျာန်သာ တလဲလဲနေမည်၊ ကမ္ဘာငါးရာမျှ အသက်တမ်း ရှိသော ဝေဟပ္ဖိုလ်ထက်လွန်နိုင်သော အစွမ်းမလာ၊ ကသိုဏ်းမပြောင်း၍ ကောင်းကင်၌တွယ်တာသော စျာန်သည်မူကား-ကမ္ဘာနှစ်သောင်း အသက်တမ်းရှိသော ပထမာရုပ္ပဘုံသို့ ဆောင်နိုင်သောအစွမ်းရှိသည်၊ ဤသို့ အာရုံကောင်းချက်ကြောင့် တိုးတက်သောအစွမ်းကို သိအပ်၏၊</p>
<p><b>ပထမာရုပ္ပစျာန်ပြီး၏၊</b></p>
---
<h3>ဒုတိယာရုပ္ပစျာန်</h3>
<p>တစ်ဖန် ထိုကောင်းကင်ကို လွှတ်ပြန်၍ ထိုကောင်းကင်ကို တွယ်တာသော အာကာသာနဉ္စာယတနစိတ်ကို အာရုံပြု၍ <b>ဒုတိယာရုပ္ပစျာန်ဖြစ်သည်။</b></p>
<p>ဤ၌လည်း</p>
<p><b>(က)</b><br>၁။ ပထမာရုပ္ပဝိညာဉ်ကို အာရုံပြု၍ “<b>ဝိညာဏံ အနန္တံ</b>”ဟု<br>စီးဖြန်းသည်မှစ၍ ပထမာရုပ္ပဝိညာဉ်၌ သာယာသော တဏှာနိကန္တိ မကွာမီအတွင်း၌ ပွါးများသော မဟာကုသိုလ်သည် <b>ပရိကမ္မဘုံမည်၏၊</b><br>၂။ နိကန္တိကွာသည်မှစ၍ ဂေါတြဘုတိုင်အောင် ဤအတွင်း၌ ပွါးများသော မဟာကုသိုလ်သည် <b>ဥပစာရဘုံ မည်၏၊</b></p>
<p>၃။ ဂေါတြဘု၏အခြားမဲ့၌ ကျရောက်လာသော ဝိညာဏဉ္စာ ယတနစျာန်သည် <b>အပ္ပနာဘုံမည်၏၊</b></p>
<p><b>(ခ)</b><br>၁။ ဤစျာန်သည်လည်း ပရိကမ္မဘုံအတွင်းက ဆင်းရဲ ငြိုငြင်ခဲ့လျှင် <b>ဒုက္ခပဋိပဒါစျာန်မည်၏၊ သသင်္ခါရိကစျာန်မည်၏၊</b></p>
<p>၂။ မငြိုငြင်ခဲ့လျှင် <b>သုခပဋိပဒါစျာန်မည်၏၊ အသင်္ခါရိကစျာန် မည်၏၊</b></p>
<p><b>(ဂ)</b><br>၁။ ဥပစာရဘုံတွင် ကာလကြာမြင့်ခဲ့လျှင် <b>ဒန္ဓာဘိညာဉ် စျာန်မည်၏၊</b></p>
<p>၂။ မကြာမြင့်ခဲ့လျှင် <b>ခိပ္ပါဘိညာဉ်စျာန်မည်၏၊</b></p>
<p>ဥပစာရဘုံ၌ ကွာခဲ့ပြီးသော ပထမာရုပ္ပတဏှာသည် ဂေါတြဘု၏ ဘင်၌ အကုန်ချုပ်၏၊ ထို့ကြောင့် ဤဒုတိယာရုပ္ပစျာန်သည် ရုန့်ရင်းသော ပထမာရုပ္ပတဏှာမှ ကျွတ်လွတ်သည်ဖြစ်၍လည်းကောင်း၊ အလွန် ကောင်းမြတ်သော ပထမာရုပ္ပဝိညာဉ်ဟူသောအာရုံ၌ တွယ်ရသည်ဖြစ်၍ လည်းကောင်း၊ ပထမာရုပ္ပစျာန်ထက် အလွန်ထက်သန်ကြည်လင် အားအင်ဗလကောင်းပေသည်နှင့် မဟာကပ်လေးသောင်းရှည်သော ဒုတိယာရုပ္ပဘုံ၌ အကျိုးဖြစ်၍ ပေါင်းနိုင်လေသည်။</p>
<p>ဝိညာဏဉ္စာယတနပုဒ်၌-<b>ဝိညာဏပုဒ်,အနန္တပုဒ်,အာယတနပုဒ်</b>၊ ကြို့ပင်၌စောင့်နတ်ကို ကြို့ဟူ၍, ထိန်ပင်၌စောင့်သောနတ်ကို ထိန်ဟူ၍ ခေါ်ရသကဲ့သို့ အနန္တအမည်ရှိသော ကောင်းကင်၌ဖြစ်သော ပထမာရုပ္ပ ဝိညာဉ်ကို အနန္တဝိညာဉ်ခေါ်သည်၊ ထိုအနန္တဝိညာဉ်ကို တွယ်တာသမှု အာရုံပြု၍ဖြစ်သော ဤဒုတိယာရုပ္ပဝိညာဉ်သည် <b>ဝိညာဏဉ္စာယတနမည်၏၊</b></p>
<p>၁။ ဤစျာန်၌ လွန်အပ်စွန့်အပ်သော အာရုံကား-<b>အနန္တကောင်း ကင်ပေတည်း။</b></p>
<p>၂။ ပြောင်းရွေ့တွယ်တာသော အာရုံကား-<b>ပထမာရုပ္ပဝိညာဉ် ပေတည်း။</b></p>
<p><b>ဒုတိယာရုပ္ပစျာန်ပြီး၏၊</b></p>
---
<h3>တတိယာရုပ္ပစျာန်</h3>
<p>တစ်ဖန် ထိုပထမာရုပ္ပဝိညာဉ်ကို လွှတ်ပြန်၍ ထိုပထမာရုပ္ပ ဝိညာဉ်၏ မရှိခြင်း-ဟူသော နတ္ထိဘော ပညတ်ကို အာရုံပြု၍ <b>တတိယာ ရုပ္ပစျာန်ဖြစ်လာသည်။</b></p>
<p>ဤ၌လည်း</p>
<p>၁။ ပထမာရုပ္ပဝိညာဉ်ကိုလွတ်ပြန်၍ ထိုဝိညာဉ်၏မရှိခြင်း ဟူသော နတ္ထိဘောပညတ်ကိုအာရုံပြု၍ “<b>နတ္ထိ ကိဉ္စိ နတ္ထိ ကိဉ္စ</b>”ဟု စီးဖြန်းသည်မှစ၍ ဒုတိယာရုပ္ပစျာန်ကို သာယာသော တဏှာ နိကန္တိ မကွာမီအတွင်းဖြစ်ပွါးသော မဟာကုသိုလ်ကံသည် <b>ပရိကမ္မဘုံမည်၏၊</b><br>၂။ နိကန္တိကွာသည်မှစ၍ ဂေါတြဘုတိုင်အောင်ဖြစ်ပွါးသော မဟာကုသိုလ်ကံသည် <b>ဥပစာရဘုံမည်၏၊</b></p>
<p>၃။ ဂေါတြဘုနောက်၌ကျရောက်လာသော အာကိဉ္စညာယတန စျာန်သည် <b>အပ္ပနာဘုံမည်၏၊</b></p>
<p><b>[ပဋိပဒါ,အဘိညာသင်္ခါရခွဲမြဲ၊ အကြွင်းဆိုမြဲ။]</b></p>
<p>အာကိဉ္စညာယတနပုဒ်၌ <b>နပုဒ်, ကိဉ္စနပုဒ်, အာယတနပုဒ်</b>၊ အာကိဉ္စနသဒ္ဒါ-အနည်းငယ်ဟော၊ နနှင့်ကိဉ္စန ဖက်၍ ပထမာရုပ္ပ ဝိညာဉ်၏ အနည်းငယ်မျှအကြွင်းမရှိသော နတ္ထိဘောပညတ်ဟု အနက် ထွက်သည်၊ ထိုနတ္ထိဘောပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဥပေက္ခာ, ဧကဂ္ဂတာကို <b>အာကိဉ္စညာယတနစျာန်ခေါ်သည်။</b></p>
<p>၁။ ဤစျာန်၌ လွန်အပ်စွန့်အပ်သော အာရုံကား- <b>ပထမာရုပ္ပ ဝိညာဉ်ပေတည်း။</b></p>
<p>၂။ ပြောင်းရွေ့တွယ်တာသော အာရုံကား-<b>နတ္ထိဘောပညတ် ပေတည်း။</b></p>
<p><b>တတိယာရုပ္ပစျာန်ပြီး၏၊</b></p>
---
<h3>စတုတ္ထာရုပ္ပစျာန်</h3>
<p>တစ်ဖန် ထိုတတိယာရုပ္ပစျာန်ကို လွှတ်ပြန်၍ ထိုတတိယာ ရုပ္ပစျာန်ကိုပင် အာရုံပြု၍ <b>စတုတ္ထာရုပ္ပစျာန် ဖြစ်လာလေသည်။</b></p>
<p>ဤ၌လည်း</p>
<p>၁။ နတ္ထိဘောပညတ်ကို လွှတ်ပြန်၍ ထိုတတိယာရုပ္ပစျာန်ကိုပင် အာရုံပြု၍ “<b>သန္တမေတံ,ပဏီတမေတံ</b>”ဟု စီးဖြန်းသည်မှစ၍ တတိယာရုပ္ပ စျာန်ကိုသာ သာယာသော တဏှာနိကန္တိမကွာမီအတွင်းဖြစ်ပွါးသော မဟာကုသိုလ်သည် <b>ပရိကမ္မမည်၏၊</b></p>
<p>၂။ နိကန္တိကွာသည်မှစ၍ ဂေါတြဘုတိုင်အောင်ဖြစ်ပွါးသော မဟာကုသိုလ်သည် <b>ဥပစာရဘုံမည်၏၊</b></p>
<p>၃။ ဂေါတြဘု၏နောက်၌ကျရောက်လာသော ဥပေက္ခာ, ဧကဂ္ဂတာ-ဟူသော နေဝသညာနာသညာ ယတနစျာန်သည် <b>အပ္ပနာ ဘုံမည်၏၊</b></p>
<p><b>[ပဋိပဒါ,အဘိညာသင်္ခါရခွဲမြဲ၊ အကြွင်းဆိုမြဲ။]</b></p>
<p>နေဝသညာနာသညာယတနပုဒ်၌-<b>နေဝပုဒ်, သညာပုဒ်, နပုဒ်, နပုဒ်, သညာပုဒ်, အာယတနပုဒ်</b>၊ ၆-ပုဒ်၊ သညာသဒ္ဒါဖြင့် ဤစျာန်၌ရှိ အလုံးစုံသော စိတ်, စေတသိက်တို့ကို အကုန်ယူ၊ ပကတိသော ကာမာဝစရစိတ်, စေတသိက်သည် အလွန်ရုန့်ရင်း၏၊ ထို့ထက် ဥပစာရဘုံ အဖြစ်သို့ရောက်သော ကာမာဝစရသည် သိမ်မွေ့၏၊ ထို့ထက် ပထမ စျာန်သည် အလွန်သိမ်မွေ့၏၊ ထို့ထက် ဒုတိယစျာန်။ လ။ ထို့ထက် အာကိဉ္စညာယတနစျာန်သည် အလွန်သိမ်မွေ့၏၊ ဤသို့ အလွန့်ထက် အလွန်အဆင့်ဆင့်သိမ်မွေ့၍လာခဲ့သဖြင့် နေဝသညာနာသညာယတန စျာန်သို့ ဆိုက်သောအခါ စိတ်,စေတသိက်အပေါင်းသည် အထွတ်အထိပ် သိမ်မွေ့သောအဖြစ်သို့ရောက်၏၊ သည့်ထက်သိမ်မွေ့ရန် မရှိပြီ၊ သည့်ထက်တိုးလျှင် အကြွင်းမဲ့ချုပ်သော <b>နိရောဓသမာပတ်သို့ ရောက်လေ တော့သည်။</b></p>
<p>ထို့ကြောင့် ဤစျာန်၌ ရှိသောတရားစုသည် လက္ခဏာ,ရသ, ပစ္စုပဋ္ဌာန်,ပဒဋ္ဌာန်တို့နှင့် နာမ်တရားတို့ကို သိမ်းဆည်းသော ယောဂီ ပုဂ္ဂိုလ်၏ဉာဏ်၌ မိမိရရထင်လောက်အောင် မရှိလေရကား-<b>နေဝသညာ မည်၏</b>၊ မရှိသည်လုံးလုံးလည်း မဟုတ်လေရကား-<b>နနသညာမည်၏</b>၊ ထိုတရားစုသည် အချို့မနာယတန,အချို့ဓမ္မာယတန ဖြစ်ကြ၍ <b>အာယတနမည်၏</b>၊ သုံးပါးသောအနက်ကိုပေါင်း၍ <b>နေဝသညာနာသညာ ယတနမည်၏</b>၊ ဤအရာ၌ကား-ဥပေက္ခာ,ဧကဂ္ဂတာ-ဟူသော ဤစျာန်နှင့် ယှဉ်သော စိတ်သည် <b>နေဝသညာနာသညာယတနစိတ်မည်၏၊</b></p>
<p>၁။ <b>နတ္ထိဘောပညတ်သည် လွန်သောအာရုံပေတည်း။</b><br>၂။ <b>တတိယာရုပ္ပဝိညာဉ်သည် ယူအပ်သော အာရုံပေတည်း။</b></p>
<p><b>[အကြွင်းကို ရှေး၌ဆိုခဲ့ပြီးသောအတိုင်း စေ့စုံအောင်ဆောင်၍ သိလေ။]</b><br><b>စတုတ္ထာရုပ္ပစျာန်ပြီး၏၊</b></p>
<p><b>အရူပါဝစရစိတ် ၁၂-ခုပြီး၏၊</b></p>
<p><b>ပရမတ္ထဒီပနီဋီကာ ပုစ္ဆာအဖြေပြီး၏၊</b></p>
---
<h3>မောင်လူကလေး၏ပုစ္ဆာအဖြေ</h3>
<h4>လျှောက်လွှာ</h4>
<p>နယ်ပိုင်ဝန်ထောက် မောင်လူကလေးက ဥတ္တမပုရိသဒီပနီကျမ်း စာမျက်နှာနံပါတ် ၁၀၉-၌ “<b>ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ</b>“ဆိုရာ <b>မိ-အက္ခရာ</b>တွင် <b>မဟာကုသိုလ်ဉာဏသမ္ပယုတ် ဥက္ကဋ္ဌတိဟိတ်ဇော ၇-ကြိမ်ဖြစ်သည်</b>-ဟု ရေးသားပါရှိပါသည်ဘုရား။</p>
<p>ဤတွင် <b>မိ-ဟူသော အက္ခရာကိုအဆုံးထား၍ ရေးသားတော်မူ သောကြောင့် အထက်ဇော ၆-ခုတို့၏ အထောက်အပံ့ကိုရသော သတ္တမဇောကြောင့်ဖြစ်သော ပထဝီဓာတ်မှာမှဖြစ်သော၁ ၂ ၃ ၄ ၅ ၆ ၇ ၈</b></p>
<p>“<b>ဗု ဒ္ဓံ သ ရ ဏံ ဂ စ္ဆာ မိ</b>”</p>
<p>အထိ ရှစ်လုံးသောအက္ခရာတို့၏ အပေါင်းဟူသော အသံဖြစ် သည်ဟူ၍-ယူရမည်လားဘုရား၊ သို့တည်းမဟုတ် တစ်ခုတစ်ခုသော သတ္တမဇောကြောင့်ဖြစ်သော ပထဝီဓာတ် တစ်ခုတစ်ခုစီမှာမှဖြစ်သော <b>ဗု-ဟူသော, ဒ္ဓံ-ဟူသော, သ-ဟူသော, ရ-ဟူသော, ဏံ-ဟူသော, ဂဟူသော, စ္ဆာ-ဟူသော, မိ-ဟူသော၊ အက္ခရာ တစ်လုံးတစ်လုံးစီတို့၏ အသံတစ်ခုစီဟူ၍ပင် ယူရမည်လော</b>-ဟု ဝါဒပြားလျက်ရှိနေပါသော် ကြောင့် မည်ကဲ့သို့ မှတ်ယူရမည်-ဟု အမိန့်တော်ကို နာခံလိုပါသော ကြောင့် ၎င်းဝီထိမျိုးနှင့်စပ်သော ပါဠိအနက်များကို ချီးမြှင့်တော်မူပါရန် လျှောက်ထားတောင်းပန်ပါသည်-ကျေးဇူးတော်သခင် အရှင်မြတ်ကြီး ဘုရား။</p>
<h4>လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက်</h4>
<p>“<b>ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ</b>“၌ အက္ခရာရှစ်လုံးသည်တွင် <b>တစ်လုံး တစ်လုံးမှာပင် ဇော ၇-ကြိမ်စီဖြစ်၍ ရှေးအက္ခရာ ၇-လုံးတို့မှာလည်း မဟာကုသိုလ်ဉာဏသမ္ပယုတ် ဥက္ကဋ္ဌတိဟိတ်ဇော ၇-ကြိမ်ပင်ဖြစ်၏</b>၊ သို့သော်လည်း ရှေးအက္ခရာတို့၌ ကြိယာကာရက စကားဝါကျ မပြီးဆုံးသေးသောကြောင့် ဝစီဘေဒသရဏဂုံကိစ္စ မပြီးမြောက်သေး၊ <b>မိ-အက္ခရာသို့ရောက်မှ ကြိယာကာရက စကားဝါကျပြီးဆုံးသောကြောင့် ဝစီဘေဒသရဏဂုံကိစ္စ ပြီးမြောက်လေသည်။</b></p>
<p>ထို့ကြောင့် ဥတ္တမပုရိသဒီပနီကျမ်းစာမှာ <b>မိ-အက္ခရာတွင်ပါ ရှိသော မဟာကုသိုလ်ဉာဏသမ္ပယုတ် ဥက္ကဋ္ဌတိဟိတ်ဇော ၇-ကြိမ်ကိုသာ ဝိသေသထုတ်ဖော်၍ ဆိုပေသည်</b>၊ အက္ခရာရှစ်လုံးရှိရာ၌ တစ်လုံး တစ်လုံးသော အက္ခရာမှာပင် ဇော ၇-ကြိမ်စီ ဖြစ်ကြောင်းကိုလည်း <b>ဤပြဆိုလတံ့သော အဋ္ဌသာလိနီ အဋ္ဌကထာပါဌ်ကိုထောက်၍ သိအပ် ၏၊</b></p>
<p><b>ဣဒံ ဝက္ခာမိ၊ ဧတံ ဝက္ခာမီတိ ဥပ္ပဇ္ဇမာနံ ပန စိတ္တံ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတု ဝဏ္ဏော ဂန္ဓော ရသော ဩဇာတိ အဋ္ဌ ရူပါနိ သမုဋ္ဌာပေတိ၊ တေသံ အဗ္ဘန္တရေ စိတ္တသမုဋ္ဌာနာ ပထဝီဓာတု ဥပါဒိဏ္ဏကံ ဃဋ္ဋယမာနာဝ ဥပ္ပဇ္ဇတိ၊ တေန ဓာတုသံဃဋ္ဋနေန သဟေဝ သဒ္ဒေါ ဥပ္ပဇ္ဇတိ၊ အယံ စိတ္တသမုဋ္ဌာန သဒ္ဒေါနာမ။ ဣဒံ=ဤစကားကို၊ ဝက္ခာမိ=ဆိုအံ့၊ ဧတံ=ထိုစကားကို၊ ဝက္ခာမိ=</b></p>
<p>ဆိုအံ့၊ ဣတိ=ဤသို့၊ ဥပ္ပဇ္ဇမာနံ= ဖြစ်ပေါ်လာသော၊ စိတ္တံ=ဇောစိတ်သည်၊ ပထဝီဓာတု=ပထဝီဓာတ်လည်းကောင်း၊။ လ။ ဩဇာ=လည်းကောင်း၊ ဣတိအဋ္ဌရူပါနိ=ဤရှစ်ပါးသောရုပ်တို့ကို၊ သမုဋ္ဌာပေတိ=ဖြစ်စေ၏၊ တေသံ=ထိုရှစ်ပါးသောရုပ်တို့၏၊ အဗ္ဘန္တရေ=အတွင်း၌၊ စိတ္တသမုဋ္ဌာနာ= ထိုဇောစိတ်ကြောင့်ဖြစ်သော၊ ပထဝီဓာတု=စိတ္တဇပထဝီဓာတ်သည်၊ ဥပါဒိဏ္ဏကံ=ကမ္မဇပထဝီဓာတ်ကို၊ ဃဋ္ဋယမာနာဝ=ထိခိုက်လျက်သာလျှင်၊ ဥပ္ပဇ္ဇတိ=ဖြစ်၏၊ တေန ဓာတုသံဃဋ္ဋနေန=ထိုပထဝီဓာတ် နှစ်ပါး တို့၏ထိခိုက်ခြင်းနှင့်၊ သဟေဝ=တကွသာလျှင်၊ သဒ္ဒေါ=သည်၊ ဥပ္ပဇ္ဇတိ=၏၊ အယံ=ဤအသံသည်၊ စိတ္တသမုဋ္ဌာနသဒ္ဒေါနာမ=<b>စိတ္တဇအသံမည်၏၊</b></p>
<p>ဤအဋ္ဌကထာပါဌ်မှာ <b>အက္ခရာတစ်လုံးတစ်လုံး၌ ဇော ၇-ကြိမ် ဖြစ်သည်-ဟု အသေအချာမပါသော်လည်း ဤစကား၏အဆုံး၌- “ပူရိမ စိတ္တ သမုဋ္ဌာနာယ ဥတ္ထမ္ဘနကိစ္စံပိ နတ္ထိ”ဟူ၍ ပါရှိ၏၊</b></p>
<p>အဓိပ္ပါယ်ကား။ ။ ဤဝစီဝိညတ်အရာမှာ ကာယဝိညတ်၌ ဤကဲ့သို့ရှေးရှေးစိတ်ကြောင့်ဖြစ်သော စိတ္တဇပထဝီဓာတ်ကို ထောက်ပံ့မှု, နောက်နောက်စိတ်ကြောင့်ဖြစ်သော စိတ္တဇပထဝီဓာတ်ကို ထောက်ပံ့မှု ကိစ္စလည်း မရှိ၊ <b>ဇော ၇-ကြိမ်တို့မှာပင် သူ့ဇောနှင့် သူ့အက္ခရာ အသီးသီး ဖြစ်နိုင်ကြသည် ချည်းဖြစ်သည်-ဟူလို</b>၊ သူ့ဇောနှင့် သူ့အက္ခရာဟူရာမှာ လည်း ဗုဒ်-ဟု ရွတ်ဆိုဆဲအခါ၌ ဇော ၇-ကြိမ်ပင် ဗုဒ်သံ ၇-ကြိမ်ဖြစ် သည်ကိုဆိုသည်၊ ဓံ,သ, ရ,ဏံ,ဂစ်,ဆာ,မိ-တို့၌လည်း ထိုနည်းတူ၊ ဤအရာဌာနသည် အလွန်သိမ်မွေ့သောအရာဖြစ်၍ ဋီကာ,အနု,မဓု, လက်သန်း-ကျမ်းဆရာတို့သည် အဆအယူမတူကွဲပြား အဆိုများပြား လျက်ရှိကြကုန်၏၊ ငါတို့စီရင်သော ပရမတ္ထဒီပနီဋီကာရုပ်ပိုင်း ဝစီဝိညတ် အဖွင့်မှာလည်း ငါတို့သဘောသက်သာရာကိုသေချာစွာ ဆိုလျက်ရှိလေ၏၊ သို့ရာတွင် ဆရာတော်မှာ ယခုအခါသည် နိုင်ငံခြားသာသနာပြု အရေး ကိစ္စနှင့်စပ်လျဉ်း၍ အရေးကိစ္စအလွန်များ ပြားလျက်ရှိနေသောကြောင့် မောင်လူကလေး အမေးပြေလောက်ရုံမျှကိုသာရေးပေးလိုက်သည်။</p>
<p>မန္တလေးမြို့၊ ၁၂၇၆-ခုနှစ်၊ ဝါခေါင်လဆုတ် ၁၃-ရက်၊<br><b>မောင်လူကလေး၏ပုစ္ဆာအဖြေပြီး၏၊</b></p>
---
<h3>မောင်သာတိုး၏ပုစ္ဆာအဖြေ</h3>
<h4>လျှောက်လွှာ</h4>
<p>စကုမြို့၊ နေ့စွဲ- ၁၅ - ၄ - ၁၄၊ ဘုရားတပည့်တော် စကုမြို့ ဒုတိယတန်း အမိန့်တော်ရရှေ့နေ မောင်သာတိုး ခြေတော်ဦးခိုက် ရိုသေစွာ လျှောက်ထားဝံ့ပါသည်-ကိုယ် တော်အရှင်သူမြတ်ကြီးဘုရား။</p>
<p>တပည့်တော်သည် ဗုဒ္ဓဘာသာကျမ်းဂန်များကို အလေ့အထ ပြု၍ကြည်ရှုသင်ကြားရာ သတ္တဝါတို့၏ တည်နေရာဘုံဌာနကို “<b>ဩကာသ လောက</b>“၊ ၎င်းလောကသည်လည်း <b>ဘုံ-၃၁-ကိုပင်ဆိုကြောင်း သိရပါ သည်</b>၊ “<b>လောက</b>“ဆိုသော အနက်စကားမှာ <b>ဖြစ်တတ် ပျက်တတ်ခြင်း သဘောတရား</b>ဟုလည်း သိရပါသည်။</p>
<p>ထို့ကြောင့် “<b>လောက</b>”ဟုဆိုသော ဘုံ ၃၁-၏ ဖြစ်ပုံ,ပျက်ပုံကို ကြည့်ရှုစုံစမ်းသောအခါ “<b>မီး,ရေ,လေ</b>“တို့ကြောင့် <b>တတိယစျာန်သုံး ဘုံအထိသာ ဖြစ်ပုံ,ပျက်ပုံကို သိရပါသည်</b>၊ အထက်အထက်သော ဗြဟ္မာ့ဘုံတို့၏ ဖြစ်ပုံ,ပျက်ပုံကို မတွေ့မသိရပါ၊ “<b>လောက</b>“ဆိုလျှင် <b>ဖြစ်ပုံ,ပျက်ပုံမည်</b>-ဟု သဘောရပါသည်။</p>
<p>သို့အတွက် ထိုအချက်ကို ပညာအမြော်အမြင်နှင့်ပြည့်စုံ၏-ဟု အထင်ရသော “ရဟန်း,ရှင်,လူ“တို့ကိုပင် လျှောက်ထားမေးမြန်းကြည့်ရာ ကျမ်းဂန်၌ တိုက်ရိုက်ရှိမည်မထင်၊ “<b>သဗ္ဗေ သင်္ခါရာ အနိစ္စာ</b>”ဟူသော တရားတော်အရဖြင့် မပျက်ဘဲမနေနိုင်၊ အမှန်ပျက်မည်ဖြစ်မည် အထင်ရကြောင်းနှင့် ထင်မြင်ချက်ကိုသာ ပေးနိုင်ကြပါသည်။ တပည့်တော်၏စိတ်ထင်မှာ “<b>သဗ္ဗေ သင်္ခါရာ အနိစ္စာ</b>”ဟူသော</p>
<p>တရားတော်အရ-တတိယစျာန်သုံးဘုံအထိ၊ မီး,ရေ,လေတို့ကြောင့် ဖြစ်ပုံ,ပျက်ပုံကို အနိစ္စတရားထင်ရှားဖို့ရာ မြတ်စွာဘုရားဟောထားခဲ့ ပါလျှင် အထက်အထက်သော ဘုံဌာနတို့၏ ဖြစ်ပုံ,ပျက်ပုံကိုလည်း သဗ္ဗညုတရွှေဉာဏ်တော်ရသော ဘုရားဖြစ်၍ မဟောခဲ့ဘဲဖြင့် ရှိနေတော့မည်မဟုတ်-ဟု သဘောရပါသည်။</p>
<p>တပည့်တော်၏အထင်အတိုင်း တိုက်ရိုက်ဟောထားချက် မရှိခဲ့ပါလျှင် အခြားဘာသာကွဲတို့က <b>ကောင်းကင်ဘုံသည် ဘယ်အခါမှ မပျက်မစီးထာဝရအမြဲပင်တည်လျက်ရှိ၏</b>-ဟုဆိုသော စကားကို ငြင်းဆန်နိုင် တော့မည်မဟုတ်ပါ။</p>
<p>သို့ပါ၍ <b>တတိယစျာန်သုံးဘုံ၏ အထက်က ရှိရှိသမျှသော ဘုံဌာနအသီးအသီးတို့မှာ ဘာသာခြားလူမျိုးများ အယူတရားအတိုင်း မပျက်ဘဲအမြဲတည်လျက်နေသည်ဆိုသော စကားမှန်ပါသလား။</b></p>
<p>သို့တည်းမဟုတ်လျှင် <b>တတိယစျာန်သုံးဘုံ၏ အထက်အထက်က ရှိရှိသမျှသော ဘုံဌာနအသီးအသီးတို့၏ ဖြစ်ပုံ,ပျက်ပုံကို ခိုင်မာသော ကျမ်းဂန်အထောက်အထား အကိုးအကားနှင့်တကွ တပည့်တော်အား ခြားနားစွာသိသာရန် ကိုယ်တော်တိုင်ဖြေဆိုချက်ကို ကယ်မပေးသနာ းတော်မူပါမည့်အကြောင်း ခြေတော်ဦးခိုက်၍ ရိုသေစွာလျှောက်ထားဝံ့ ပါသည်ဘုရား။</b></p>
<p>ဖြေဆိုချက်ပေးသနားလိုက်စေလိုသော နေရာဌာနမှာ<br>မောင်သာတိုး<br>ဒုတိယအမိန့်တော်ရရှေ့နေ၊<br>စကုမြို့ အထက်နိုင်ငံ<br>မင်းဘူးစီရင်စု</p>
<h4>လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက်</h4>
<p>စကုမြို့ ဒုတိယတန်းရှေ့နေ မောင်သာတိုး၏ လျှောက်လွှာ ဆရာတော်၏ထံသို့ရောက်လာ၍ ၎င်းလျှောက်လွှာကို အကျဉ်းဖြေဆို ပြန်ကြားချက်ကား</p>
<p>ဩကာသလောက၏အရ- ၃၁-ဘုံတို့တွင် <b>ဝေဟပ္ဖိုလ်ဘုံ, အသညသတ်ဘုံ, သုဒ္ဓါဝါသဘုံ,အရူပလေးဘုံ၊ ဤ ၁၁-ဘုံတို့သည် ကမ္ဘာပျက်မှုနှင့်ပျက်ခြင်း မရှိကြကုန်၊ ကမ္ဘာပျက်မှုနှင့်ပျက်ခြင်း မရှိကြသည့်အတွက် နိစ္စဘုံ,ထာဝရဘုံ-ဟူ၍ပင် ဆိုထိုက်ကြကုန်၏</b>၊ သင်္ခါရဓမ္မတို့၏ ဖြစ်မှု,ပျက်မှုနှင့်ပြောဆိုမူကား-ထိုဘုံတို့၌ ရှိရှိသမျှသော ရုပ်နာမ်ဓမ္မသင်္ခါရတို့သည် တစ်နာရီမျှအသက်ရှည်၍ တည်နေနိုင်သည် မရှိကြကုန်၊ ထိုဘုံသားတို့သည်လည်း မိမိတို့ဘုံမှာ ထာဝရအမြဲ တည်နေ ကြရသည် မဟုတ်ကုန်၊ အသက်တမ်းရှိသမျှသာလျှင် တည်နေကြကုန် သည်၊ အသက်တမ်းကုန်ဆုံးလျှင် သေဆုံးကြရကုန်သည်။</p>
<p>အရူပလေးဘုံတို့၌ ထိုကောင်းကင်အရပ်ကိုပင် အရူပဘုံခေါ် ရသည်၊ ထိုကောင်းကင်ဟူသည် အထည်အသားရှိတော့သည်မဟုတ်၊ ဖြစ်မှု,ပျက်မှုရှိတော့သည်မဟုတ်၊ ထိုအရူပဘုံခေါ်သော ဩကာသ လောက၌ တည်ရှိကြကုန်သော နာမ်တရားအစုဟူသော သင်္ခါရလောက, ထိုနာမ်တရားအစုကိုအစွဲပြု၍ အရူပဗြဟ္မာဟူ၍ ခေါ်ဆိုရသော ကမ္ဘာလောက ဤလောကနှစ်ပါးတို့သည်မူကား ဖြစ်မှု,ပျက်မှုအစဉ်ရှိ သည်သာ ဖြစ်ကုန်၏၊ ထို့ကြောင့် ထိုအရူပဘုံတို့မှာ ကမ္ဘာပျက်မှုနှင့် ဖြစ်ခြင်း,ပျက်ခြင်း မရှိကြကုန်ငြားသော်လည်း သင်္ခါရအတွက်နှင့် ဖြစ်ခြင်း,ပျက်ခြင်းတို့သည်မူကား- <b>ဧကန္တရှိကြကုန်တော့သည်</b>၊ ကြွင်းသော ဘုံတို့မှာလည်း ဤနည်းအလားတူ ဆင်ခြင်လေ၊ ဤမျှလောက်သော ဖြေချက်နှင့်ပင် မောင်သာတိုး၏စိတ်သဘောကျေနပ်လောက်သင့်လေပြီ။</p>
<p>မုံရွာမြို့၊ ၁၂၇၆-ခု၊ ကဆုန်လဆုတ် ၃-ရက်၊<br><b>မောင်သာတိုး၏ပုစ္ဆာအဖြေပြီး၏၊</b></p>
---
<h3>မောင်သာထွန်း၏ပုစ္ဆာအဖြေ</h3>
<h4>လျှောက်လွှာ</h4>
<p>စစ်ကိုင်းမြို့ စီရင်စု ကျားမင်းကြီးရွာနေ မောင်သာထွန်း ရှိခိုးနားတော်လျှောက်ပါသည် ဆရာတော်အရှင် သူမြတ်ဘုရား။</p>
<p><b>၁။ ဘုံသုံးပါးမှာ ဗျာဓိတရားသည် မကင်းဘဲလျက် မီးတစ် ဆယ့်တစ်ပါးတွင် ၎င်းတရားမပါ၊ ကြွင်းကျန်ရှိသည်ကို ကျမ်းဂန်အညီ သိရပါမည့်အကြောင်း။</b></p>
<p><b>၂။ စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်, ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ဣန္ဒြေ, ဗိုလ်, မဂ္ဂင်, စျာနင်-စသော အဘိဓမ္မာကျမ်းကို တတ်ကျွမ်း သည်နှင့်မဂ်လမ်းကိုပိုင်တော့မည်-ဟု နေထိုင်သူတစ်ရပ်၊ ပဋိပတ် ကျင့်စဉ်ကို ကုန်စင်အောင် သိကျွမ်းမှ မဂ်လမ်းကိုရမည်-ဟု ဘာဝနာမယ ကို အားကျသူတစ်မျိုး၊ မတိုးသာမရှောင်သာ လူနှစ်ဦးတို့ ဆည်းပူး ကြသည့်အရာမှာ ဂင်္ဂါဝါဠု၊ သဲစုမကပွင့်ကြတော်မူကြသော ဘုရားရှင် တို့လက်ထက် အာသဝေါကင်းကွာ၍ ရဟန္တာယောကျ်ား,ရဟန္တာမိန်းမ ဖြစ်ကြသည်အနက်မည်သည့်တရားကထက်မြက်၍ ဖိုလ်မဂ်ကို လျင်စွာ ရသည်ဟုမ-စ ချီးမြှင့်တော်မူပါမည့်အကြောင်းကိုလည်း ရှိခိုးနားတော် လျှောက်ပါသည်-ဆရာတော်အရှင်သူမြတ်ဘုရား။</b></p>
<h4>လယ်တီဆရာတော်ကြီးဖြေဆိုချက်</h4>
<h4>ပထမပုစ္ဆာအဖြေ</h4>
<p>၁။ ဘုံသုံးပါးမှာ ဗျာဓိတရားသည် မကင်းဘဲလျက် မီးတစ်ဆယ့် တစ်ပါးတွင် ၎င်းတရားမပါ၊ ကြွင်းကျန်ရှိသည်ကို ကျမ်းဂန်အညီသိရ ပါမည့်အကြောင်း-ဟူသော ပထမပုစ္ဆာ၌</p>
<p>အဖြေကား။ ။ ဇရာမီး၌ပါဝင်သည်-ဟူ၍ ကျမ်းဂန်နှင့်အညီ မှတ်ရမည်၊ အကြောင်းမှာမူကား-သစ်လွင်ရွှင် လန်းသော ရုပ်တရား,နာမ် တရားတို့ကို ဟောင်းနွမ်းညှိုးခြောက်စေမှုကို <b>ဇရာမီးလောင်သည်</b>-ဟု ဆိုရသည်၊ ဗျာဓိ-ဟူသည်လည်း ခံ့ကျန်းရွှင်လန်းသော ရုပ်တရား, နာမ် တရားတို့ကို ကုန်ခန်းညှိုးနွမ်းစေမှုမျိုးဖြစ်၍ <b>ဇရာမီးသဘော ရှိလေသည်။</b></p>
<p><b>ပထမပုစ္ဆာအဖြေပြီး၏၊</b></p>
---
<h4>ဒုတိယပုစ္ဆာအဖြေ</h4>
<p>၂။ အဘိဓမ္မာတတ်ကျွမ်းလှ၍ မဂ်လမ်းကိုပိုင်တော့မည်-ဟု နေထိုင်သူတစ်ရပ်၊ ပဋိပတ်ကျင့်စဉ်ကို ကုန်စင်အောင် သိကျွမ်းမှ မဂ်လမ်းကိုရမည်-ဟု ဘာဝနာမယကို အားကိုးသူတစ်မျိုး၊ ၎င်းနှစ်မျိုး တို့တွင် ဘယ်အမျိုးက သာလွန်ထက်မြက်၍ ဖိုလ်မဂ်ကို မြန်မြန်ရနိုင်မည်ဟု သိလိုပါကြောင်း-ဟူသော ဒုတိယပုစ္ဆာ၌</p>
<p>အဖြေကား။ ။ <b>သဗ္ဗညုဗုဒ္ဓပါရမီမျိုးနှင့် ပစ္စေကဗုဒ္ဓပါရမီမျိုးကဲ့သို့မှတ်ရမည်</b>၊ အဘိဓမ္မာတတ်ကျွမ်းလှသော သူ၏အမှုသည် သဗ္ဗညုဗုဒ္ဓပါရမီဖြည့်မှုနှင့် အလားတူ၏၊ <b>မဂ်ဉာဏ်,ဖိုလ်ဉာဏ်ကို ဖြည်း ဖြည်းနှေးနှေးသာရောက်တတ်၏၊ ရောက်သောအခါ၌ ကြီးကျယ်စွာ ဖြစ်တတ်၏</b>၊ အဘိဓမ္မာမတတ်ကျွမ်းလှဘဲ မိမိ၏အတ္တဟိတအကျိုးမျှကို ရွယ်ကိုး၍ ဘာဝနာမယကို အားကျသောသူသည် ဖြောင့်မတ်စွာသွားပါမူ <b>မဂ်ဉာဏ်,ဖိုလ်ဉာဏ်ကို မြန်မြန်ရောက်နိုင်၏၊ ရောက်သောအခါ၌ ကြီးကျယ်စွာမဖြစ်တတ်</b>၊ အဘိဓမ္မာတတ်ကျွမ်းလှသူ၏ အမှုသည် သရက် ဥယျာဉ်ကြီး, ပိန္နဲဥယျာဉ်ကြီးကို စိုက်ပျိုးသူနှင့်တူ၏၊ ဘာဝနာမယသမား၏ အမှုသည် ဘူးခင်း,ဖရုံခင်း,မုန်လာခင်းစိုက်ပျိုး နှင့်တူ၏၊</p>
<p><b>ဒုတိယပုစ္ဆာအဖြေပြီး၏၊</b></p>
<p><b>မောင်သာထွန်း၏ပုစ္ဆာအဖြေပြီး၏၊</b></p>
---
<h3>ဥက္ကံပုစ္ဆာအဖြေ</h3>
<p>မြန်မာသက္ကရာဇ် ၁၂၈၁-ခု၊ တန်ဆောင်မုန်းလဆန်း ၅-ရက်နေ့၊ ဥက္ကံ ဘုရားကြီးကျောင်းဘုန်းကြီး တောင်းပန်လျှောက်ထားချက်။ ပုစ္ဆာ-<b>ငါးရပ်</b></p>
<p><b>၁။ သဟဇာတာဓိပတိပစ္စည်း၌ မောဟမူဒွေ, ဟသိတုပ္ပါဒ် တို့သည် အဘယ့်ကြောင့် ပစ္စည်းမထိုက်ပါသနည်း။</b></p>
<p><b>၂။ ဝတ္ထာရမ္မဏပုရေဇာတနိဿယ၌ အဘိညာဉ်ဒွေ ရသင့် မရသင့်၊ ရသော် ဝီထိနှင့်တကွ ပစ္စည်းတပ်ပုံကို သိလိုပါသည်။</b></p>
<p><b>၃။ ပကတူပနိဿယ၌ ဗလဝဖြစ်သောစိတ်ကိုသာ ပစ္စည်း ကောက်ပါသည်၊ ဒုဗ္ဗလဖြစ်သောစိတ်သည် ပစ္စည်းတပ်သင့်မတပ်သင့်။</b></p>
<p><b>၄။ ၎င်းပစ္စည်း၌-ပစ္စည်းထိုက်သော အချို့သော ပညတ်ဟူ၍သာ ဆိုပါသည်၊ အဘယ်ကဲ့သို့သော ပညတ်သည် ပစ္စည်းထိုက်သည်၊ အဘယ် ကဲ့သို့သော ပညတ်သည် ပစ္စည်းမထိုက်သည်-ဟု ခွဲခြမ်းဝေဖန်၍ မိန့် တော်မူပါ။</b></p>
<p><b>၅။ ကမ္ဘာပျက်ရာတွင် သုဒ္ဓါဝါသငါးဘုံ၏ ဖြစ်ပုံ,တည်ပုံအခြင်း အရာကို သိလိုပါသည်ဘုရား။</b></p>
<h4>လယ်တီဆရာတော်ကြီးဖြေဆိုချက်</h4>
<p>မြန်မာသက္ကရာဇ် ၁၂၈၁-ခု၊ တန်ဆောင်မုန်းလဆန်း ၅-ရက်နေ့၊ ဥက္ကံဘုန်းကြီး တောင်းပန်လျှောက်ထား ချက် ပုစ္ဆာငါးရပ်ကို အစဉ်အတိုင်း သိသာထင်ရှားရုံ အကျဉ်းအားဖြင့် ဖြေဆိုပေအံ့။</p>
<p><b>၁-အမေး။ ။ သဟဇာတာဓိပတိပစ္စည်း၌ မောဟမူဒွေ, ဟသိတုပ္ပါဒ်တို့သည် အဘယ့်ကြောင့် ပစ္စည်းမထိုက်ပါ သနည်း။</b></p>
<p>အဖြေ။ ။ <b>မောဟမူဒွေ</b>သည် လောဘ,ဒေါသ-ဟူသော မူလ တစ်ပါးမှကင်းသဖြင့် ရအပ်သောအခွင့်ရှိ သည်ဖြစ်၍ အလွန်အားကြီး သော မောဟနှင့်ယှဉ်သည်တစ်ကြောင်း၊ သိုလော,သိုလော တွေးတော သောအားဖြင့် ရွေ့လျားတတ်သော ဝိစိကိစ္ဆာအာရုံ၌ အလွန်ပျံ့လွင့် တတ်သော ဥဒ္ဓစ္စနှင့်ယှဉ်သည်တစ်ကြောင်း၊ ထိုအကြောင်းများ ကြောင့် <b>အလွန်တုန်လှုပ်ခြင်းရှိ၏</b>၊ အလွန်တုန်လှုပ်ခြင်းရှိသောကြောင့် ဤစိတ် နှစ်ပါး၌ယှဉ်သော ဝီရိယသည်လည်း ဝီရိယာအဓိပတိကိစ္စ မတပ်နိုင်၊ စိတ်သည်လည်း စိတ္တာအဓိပတိကိစ္စမတပ်နိုင်၊ <b>ဟသိတုပ္ပါဒ်</b>သည် ဘုရား ရဟန္တာတို့အား တွေ့ရှိရာအရေးထူး အခွင့်ထူးတို့၌ ဉာဏ်အထူးဖြစ် ပေါ်မှုကို အစွဲပြု၍ <b>ရုတ်တရက်အားဖြင့် ပြုံးရွှင်မှုမျှသာ ဖြစ်ချေ၍ အာရုံ၌ အနက်အနဲ သက်ဝင်မှုမရှိ</b>၊ ထို့ကြောင့် ထိုစိတိ၌ရှိသော ဝီရိယသည် ဝီရိယာဓိပတိ မတပ်၊ စိတ်သည်လည်း စိတ္တာဓိပတိမတပ်၊ ထို့ကြောင့် <b>သဟဇာတာဓိပတိပစ္စည်း၌ မောဟမူဒွေ, ဟသိတုပ္ပါဒ်တို့သည် သဟ ဇာတာဓိပတိပစ္စည်းကို မရထိုက်ကြလေကုန်။</b></p>
<p><b>၂-အမေး။ ။ ဝတ္ထာရမ္မဏပုရေဇာတနိဿယ၌ အဘိညာဉ်ဒွေ ရသင့်မရသင့်၊ ရသော် ဝီထိနှင့်တကွ ပစ္စည်းတပ်ပုံကို သိလိုပါသည်။</b><br>အဖြေ။ ။အချို့သော နောက်ဖြစ် သုံးချက်စု ဇယား၌ ဝတ္ထာရမ္မဏပုရေဇာတနိဿယ၊ ပစ္စယုပ္ပန်တွင် အဘိညာဉ်ဒွေမပါ၊ <b>မပါခြင်းအကြောင်းကား- ဝတ္ထာရမ္မဏပုရေဇာတပစ္စည်းမည်သည် မရဏာသန္နအခါသာရ နိုင်၏၊ အဘိညာဉ်ဒွေသည် မရဏာသန္နဇော ကိစ္စမတပ်နိုင်၊ မရဏာသန္နဇောသည် ကာမဇောများ၌သာဖြစ်နိုင်၏</b>ဟု နှလုံးပိုက်၍ ထိုသုံးချက်စုများ၌ ဝတ္ထာရမ္မဏပုရေဇာတနိဿယ ပစ္စယုပ္ပန်တွင် အဘိညာဉ်ဒွေမပါဝင်လေ သတည်း။</p>
<p>ရှေးရှေးသော သုံးချက်စုဟောင်းများ၌ကား- ၎င်းပစ္စယုပ္ပန်တွင် အဘိညာဉ်ဒွေသည် ပါရှိ၏၊ <b>ပါရှိခြင်းအကြောင်းကား- မရဏာသန္နဇော မည်သည် ကာမဇော၌သာ ဖြစ်သင့်သည်မဟုတ်၊ စျာန်ဇော,အဘိညာဉ် ဇောများသည်လည်း မရဏာသန္နဇောဖြစ်နိုင်၏</b>၊ အထောက်ကားအထခေါ <b>အာယသ္မာ ဒဗ္ဗော မလ္လပုတ္တော ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ဝေဟာသံ အဗ္ဘုဂ္ဂန္တွာ အာကာသေ အန္တလိက္ခေ ပလ္လင်္ကေန နိသီဒိတွာ တေဇော ဓာတုံ သမာပဇ္ဇိတွာ ဝုဋ္ဌဟိတွာ ပရိနိဗ္ဗာယိ။</b></p>
<p><b>[ဥဒါန်းပါဠိတော် စာအုပ်နံပါတ်-၁၁၁၊ ကြောင်းရေ ၂၉။]</b></p>
<p><b>ဝုဋ္ဌဟိတွာ ပရိနိဗ္ဂာယီတိ ဣဒ္ဓိစိတ္တတော ဝုဋ္ဌဟိတွာ ဘဝင်္ဂစိတ္တေန ပရိနိဗ္ဗာယိ။</b></p>
<p><b>[၎င်းအဋ္ဌကထာ။]</b></p>
<p>ဤပါဠိအဋ္ဌကထာများကိုထောက်၍ <b>အဘိညာဉ်ဇောသည် မရဏာသန္နဇော ဖြစ်နိုင်ကြောင်းကို သိအပ်၏၊</b></p>
<p>၁။ ကောင်းကင်၌ ဒဗ္ဗမထေရ်ထက်ဝက်ဖွဲ့ခွေနေရာ၌ <b>အဘိညာဉ် ဝီထိတစ်ခန်း၊</b></p>
<p>၂။ တေဇောကသိုဏ်းစျာန်ကို ဝင်စား၍ ထိုစျာန်မှထ၍ ပရိနိဗ္ဗာန်စံရာ၌ <b>အဘိညာဉ်ဝီထိတစ်ခန်း၊</b></p>
<p>ထိုတွင် နောက်အခန်း၌ ရှေးဦးစွာ အဓိဋ္ဌာန်၏ အဓိဋ္ဌာန်ပါဒ ကစျာနဝီထိတစ်၊ ဆောက်တည်မှု-ဟူသော အဓိဋ္ဌာန်ဝီထိနှစ်၊ အဘိညာဉ်၏ ပါဒကစျာနဝီထိသုံး၊ အဘိညာဉ်ဝီထိလေး။</p>
<p>ထိုတွင်</p>
<p>၁။ အဓိဋ္ဌာန်၏ ပါဒကစျာနဝီထိဖြစ်ပုံကား- <b>ဘဝင်္ဂ စလန, ဘဝင်္ဂုပစ္ဆေဒနှစ်ကြိမ်, မနောဒွါရာဝဇ္ဇန်း, ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘု, ရူပါဝစရပထမစျာန်ဇောများစွာ။</b></p>
<p>၂။ ထိုနောင်ဘဝင် အဓိဋ္ဌာန်ဝီထိဖြစ်ပုံကား-<b>ဘဝင်္ဂ စလန, ဘဝင်္ဂုပစ္ဆေဒနှစ်ကြိမ်, မနောဒွါရာဝဇ္ဇန်း, မဟာကြိယာ ဉာဏသမ္ပယုတ် ဇော ၇-ကြိမ်, ထိုနောင်ဘဝင်</b>၊ ဤဝီထိဖြင့် ငါ၏ကိုယ်မှ တေဇောဓာတ် သည် မီးတောက်မီးလျှံထ၍ ဤခန္ဓာကိုယ်ကို လောင်စေသတည်း-ဟု အဓိဋ္ဌာန်၏၊</p>
<p>၃။ အဘိညာဉ်၏ ပါဒကစျာနဝီထိမှာ <b>ရှေးပါဒကစျာနဝီထိ အတိုင်းပင်။</b></p>
<p>၄။ အဘိညာဉ်ဝီထိဖြစ်ပုံကား- <b>ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ နှစ်ကြိမ်, မနောဒွါရာဝဇ္ဇန်း, ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘု, မဟာ ကြိယာပရိကံဇော လေးကြိမ်, ထိုနောင် ဣဒ္ဓိဝိဓအဘိညာဉ်ဇောတစ်ကြိမ်, ထိုနောင်ဘဝင်တစ်ကြိမ်, ထိုနောင် ပရိနိဗ္ဗာနစုတိတစ်ကြိမ်။</b></p>
<p><b>[ဤကား-အဘိညာဉ်ဝီထိဖြစ်ပုံတည်း။]</b></p>
<p>ပစ္စည်းတပ်ပုံကား။ ။ ဤဝီထိ၌ အလုံးစုံသောစိတ်သည် စုတိစိတ် မှ ပြန်၍ရေသည်ရှိသော် <b>၁၇-ချက်မြောက်သော ဘဝင်စိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထုတစ်ခုကိုသာ မှီကြကုန်၏</b>၊ ဤဝီထိ၌ အလုံးစုံသော စိတ်တို့သည် ဟဒယဝတ္ထုတစ်ခု၌သာ မှီကြကုန်၏၊ အဘိညာဉ်နှင့်တကွသော ဝီထိစိတ်တို့သည်လည်း ရှေးအဓိဋ္ဌာန်ချက် အတိုင်း ရူပကာယခန္ဓာကိုယ်ကို အာရုံပြုကြကုန်၏၊ ထိုဟဒယဝတ္ထုသည် ရူပကာယခန္ဓာကိုယ်၌ အတွင်းဝင်လျက်ရှိ၏၊ ထို့ကြောင့် ထိုဟဒယ ဝတ္ထုသည် ရှေး၌ဖြစ်၍ အဘိညာဉ်နှင့်တကွသော ထိုဝီထိစိတ်တို့မှီရာ ဝတ္ထုလည်းဖြစ်, အာရုံပြုရာလည်းဖြစ်သောကြောင့် <b>ဝတ္ထာရမ္မဏပုရေဇာတ ပစ္စည်းမည်၏၊</b></p>
<p><b>၃-အမေး။ ။ ပကတူပနိဿယ၌ ဗလဝဖြစ်သောစိတ်ကိုသာ ပစ္စည်းကောက်ပါသည်၊ ဒုဗ္ဗလဖြစ်သော စိတ်သည် ပစ္စည်းတပ်သင့် မတပ်သင့်။</b></p>
<p>အဖြေ။ ။ <b>ဒုဗ္ဗလဖြစ်သောစိတ်သည် ပစ္စည်းမတပ်သင့်</b>၊ မတပ် နိုင်ပုံကား- လမ်းခရီးသွားရာ၌ ထိုလမ်းတစ်လျှောက်တွင် အဆင်းအမျိုး မျိုး, အသံအမျိုးမျိုး-အစရှိသော အာရုံတို့သည် ထိုပုဂ္ဂိုလ်၏ ခြောက်ဒွါရ တို့၌ ထိုက်သည်အားလျော်စွာ ထင်ခြင်း, ထိခိုက်ခြင်းသို့ ရောက်ကြကုန်၏၊ ဝီထိစိတ်တို့သည်လည်း ဘဝင်ခြားလျက် မစဲအောင် ဖြစ်ကြုန်၏၊ ထိုပုဂ္ဂိုလ်သည်လည်း မိမိနေရာသို့ ရောက်သောအခါ၌ ထိုအာရုံတို့တွင် အချို့ကိုသာ အမှတ်ရနိုင်၏၊ အချို့ကို အမှတ်မရနိုင်၊ <b>ဤကား-ကိုယ်တွေ့ဒိဋ္ဌပေတည်း။</b></p>
<p>ဤ၌ပြန်၍ အမှတ်ရနိုင်ခြင်း,မရနိုင်ခြင်းသည် ရှေး၌ဖြစ်ခဲ့သော ဝီထိစိတ်များ၏ ဗလဝ,ဒုဗ္ဗလအထူးကို အစွဲပြု၍ ဖြစ်ရလေသတည်း၊ ထိုတွင် <b>ဗလဝဖြစ်သော စိတ်သည်သာလျှင် နောက်၌အမှတ်ရသော စိတ်အား ပကတူပနိဿယပစ္စည်းတပ်၏</b>၊ ရှေး၌ ဒုဗ္ဗလဖြစ်သော စိတ်သည်ကား- နောက်၌အမှတ်ရသောစိတ်ကို မဖြစ်စေနိုင်သောကြောင့် <b>ပကတူပနိဿယပစ္စည်းမတပ်</b>၊ ဤယုတ္တိကိုထောက်၍ လောက၌ ပကတူပနိဿယပစ္စည်း ဖြစ်ပုံအလုံးစုံကို မြင်လေ။</p>
<p><b>၄-အမေး။ ။ ၎င်းပစ္စည်း၌-ပစ္စည်းထိုက်သော အချို့သော ပညတ်ဟူ၍သာ ဆိုပါသည်၊ အဘယ်ကဲ့သို့သော ပညတ်သည် ပစ္စည်း ထိုက်သည်၊ အဘယ်ကဲ့သို့သော ပညတ်သည် ပစ္စည်းမထိုက်သည်-ဟု ခွဲခြမ်းဝေဖန်၍ မိန့် တော်မူပါ။</b></p>
<p>အဖြေ။ ။ <b>ကသိုဏ်းပဋိဘာဂနိမိတ်တည်းဟူသော ပညတ် အထူးသည် အထက်အရူပစျာန်ကိုရခြင်းငှါ ကျေးဇူးပြုနိုင်သော ပညတ် အထူးဖြစ်၍ ထိုကသိုဏ်းပဋိဘာဂနိမိတ် ပညတ်မျိုးကို ပစ္စည်းထိုက်သော အချို့သောပညတ်ဟု ပြောရိုးဆိုရိုးရှိကြ၏</b>၊ “<b>ပုဂ္ဂလောပိ ဥတုပိ ဘောဇနံပိ သေနာသနံပိ ဥပနိဿယပစ္စယေန ပစ္စယော</b>”ဟူ၍ ဟောတော်မူသော ကြောင့် <b>သဗ္ဗညုဗုဒ္ဓဟူသော ပညတ်အထူး, အရိယသံဃ-ဟူသော ပညတ်အထူး, မာတာပိတုအာစရိယ-ဟူသော ပညတ်အထူး၊ ဤသို့စ သော ပုဂ္ဂလပညတ်များသည်လည်း ပစ္စည်းထိုက်သော ပညတ်ပင်ဖြစ် သည်ဟု ဆိုရန်ရှိ၏</b>၊ ပိဋကသုံးပုံတည်းဟူသော အက္ခရာဝဏ္ဏနာမပညတ် သည်လည်း အနက်ကိုသိသောဉာဏ်အား လွန်စွာကျေးဇူးပြုနိုင်၏၊ လောက၌ ပြောဆို၍နေကြသော နာမပညတ်များသည် ထို့အတူပင် တည်း။</p>
<p><b>၅-အမေး။ ။ ကမ္ဘာပျက်ရာတွင် သုဒ္ဓါဝါသငါးဘုံ၏ ဖြစ်ပုံ, တည်ပုံအခြင်းအရာကို သိလိုပါသည်ဘုရား။</b></p>
<p>အဖြေ။ ။ ကမ္ဘာပျက်ရာ၌ မီးဖျက်သောကမ္ဘာ၌ ပထမစျာန်ဘုံ တိုင်အောင် ပါဝင်လေ၏၊ ရေဖျက်သောကမ္ဘာ၌ ဒုတိယစျာန်သုံး ဘုံတိုင်အောင် ပါဝင်လေ၏၊ လေဖျက်သောကမ္ဘာ၌ တတိယစျာန်သုံးဘုံ တိုင်အောင် ပါဝင်လေ၏၊ <b>ဝေဟပ္ဖိုလ်ဘုံ, အသညသတ်ဘုံ, သုဒ္ဓါဝါသ ငါးဘုံတို့သည် ကမ္ဘာပျက်ဘေးမှ အခါခပ်သိမ်းလွတ်ကြ ကုန်၏</b>၊ ထို့ကြောင့် ထိုဘုံများသည် ကမ္ဘာပျက်, ကမ္ဘာတည်မှုနှင့်စပ်၍ ဖြစ်ပုံ,တည်ပုံအထူးကို ဆိုဖွယ်မရှိ။</p>
<h4>မေးမြန်းဖွယ်</h4>
<p>အထူးကိုဆိုဖွယ်ရှိသည်မှာမူကား- ဘုရားပွင့်ခြင်းမရှိသော သုညကမ္ဘာတွေ အသင်္ချေကြုံကြိုက်၍ နေသောအခါ၌ ထိုသုဒ္ဓါဝါသ ဘုံများသည် အဘယ်သို့ပြု၍ နေပါသနည်း-ဟု မေးရန်ရှိ၏၊</p>
<p>ဖြေ။ ။ သုဒ္ဓါဝါသငါးဘုံတို့တွင် အကနိဋ္ဌဘုံသည် ကမ္ဘာတစ် သောင်းခြောက်ထောင် အသက်တမ်းရှိ၏၊ လောက၌ ကမ္ဘာတစ်သောင်း ခြောက်ထောင်လွန်၍ သုညကမ္ဘာတွေကြုံကြိုက်သောအခါ၌ ထို သုဒ္ဓါဝါသဘုံမှာ <b>ဘုံများသာရှိ၍ ဗြဟ္မာမရှိကြကုန်ပြီ၊ မင်းတို့၏ စံနန်း ဟောင်းများကဲ့သို့ ဖြစ်၍နေသည်</b>-ဟု အဋ္ဌကထာတို့၌ ဆိုပေ၏၊</p>
<p>ဤသုဒ္ဓါဝါသပြဿနာသည် ရှေးအခါ၌ သီဟိုဠ်ကျွန်းမှာဖြစ်ဖူး၏၊ ဖြစ်ဖူးပုံကား-မြတ်စွာဘုရားတို့၏ ပွင့်တော်မူကြရာ ဇာတိခေတ်ဖြစ်သော စကြဝဠာတစ်သောင်း၌ သုဒ္ဓါဝါသငါးဘုံနှင့်တကွ ၃၁-ဘုံအသီးအသီးရှိကြ သကဲ့သို့ ဇာတိခေတ်မှအလွတ်ဖြစ်သော စကြဝဠာအနန္တတို့မှာ သုဒ္ဓါဝါသ ငါးဘုံနှင့်တကွ ၃၁-ဘုံအသီးအသီး ရှိကြလိမ့်မည်လော၊ မရှိကြလိမ့် မည်လော-ဟု အမေးပုစ္ဆာဖြစ်ဖူး၏၊ ထိုပုစ္ဆာပြဿနာသည် မန္တလေးမြို့ တည်နန်းတည် ပဉ္စမသင်္ဂါယနာတင် မင်းတရားကြီးထံသို့ ရောက်လေ၏၊ မင်းတရားကြီးက ငါတို့ကျေးဇူးရှင် စံကျောင်းဆရာတော်ဘုရားကြီးကို ဖြေဆိုရန်လွဲအပ်၏၊ ဆရာတော်ဘုရားကြီးသည် <b>အဘိဓမ္မတ္ထဝိဘာဝနီ အမည်ရှိသော အဘိဓမ္မာဝတာရဋီကာအဆိုနှင့် ဖြေဆိုလိုက်လေသည်</b>။</p>
<p>၎င်းဋီကာအဆိုကား</p>
<p>“<b>ထိုစကြဝဠာ အနန္တတို့မှာလည်း သုဒ္ဓါဝါသငါးဘုံ နှင့်တကွ ၃၁-ဘုံ အသီးအသီးရှိကြ၏၊ သို့သော် သုဒ္ဓါဝါသငါးဘုံ မည်သည် အရိယာပုဂ္ဂိုလ်တို့သာ နေရာဖြစ်၏၊ ထို့ကြောင့် စကြဝဠာအနန္တတို့မှာ အရိယာပုဂ္ဂိုလ်ဟူ၍ မရှိ၊ ထိုသုဒ္ဓါဝါသ ဘုံတို့မှာ အရိယာပုဂ္ဂိုလ် အဘယ်မှာရနိုင်မည်နည်း-ဟု ဆိုရန် ရှိ၏၊ ဤဇာတိခေတ်စကြဝဠာ တစ်သောင်းမှ အရိယာဗြဟ္မာ များသည် ဝိဝေဂသုခအကျိုးငှါ သွား၍နေကြသည်</b>”ဟု ၎င်းဋီကာ အဆိုရှိ၏၊</p>
<p>အချို့ကဆိုကြပြန်၏၊ စကြဝဠာသည် အနန္တဖြစ်၍ သုဒ္ဓါဝါသ ဘုံသည်လည်း အနန္တဖြစ်၏၊ ဤဇာတိခေတ် စကြဝဠာတစ်သောင်းမှ အရိယာဗြဟ္မာများသည် ထိုသုဒ္ဓါဝါသအနန္တတို့၌ အနှံ့အပြားရောက် နိုင်ခွင့်မရှိ၊ ထို့ကြောင့် <b>ဤဇာတိခေတ် စကြဝဠာတစ်သောင်း၌သာ သုဒ္ဓါဝါသငါးဘုံနှင့်တကွ ၃၁-ဘုံအသီးအသီးရှိကြ၏၊ ထိုစကြဝဠာ အနန္တ တို့၌မူကား-သုဒ္ဓါဝါသဘုံဟူ၍ မရှိကြပြီ၊ ပုထုဇဉ်တို့၏နေရာ ၂၆- ဘုံသာရှိကြ၏</b>-ဟု ယူသင့်ကြောင်းကို ဆိုကြကုန်၏၊</p>
<p>အချို့ကလည်း ဤသို့ဆိုကြကုန်သေး၏၊ ထိုစကြဝဠာ အနန္တ တို့မှာလည်း ဘုရားပွင့်ရာ ဇာတိခေတ်ပေါင်း တစ်သောင်းစီ အသီး အသီးရှိကြ၏၊ ဘုရားလည်း အသီးအသီးပွင့်ကြ၏၊ <b>အရိယာပုဂ္ဂိုလ်နှင့် တကွ, သုဒ္ဓါဝါသငါးဘုံနှင့်တကွ ၃၁-ဘုံအသီးအသီးရှိကြ၏</b>-ဟုဆိုကြ ကုန်သေး၏၊</p>
<p>အဋ္ဌကထာတို့၌မူကား- ဤဇာတိခေတ်မှတစ်ပါး စကြဝဠာ အနန္တတို့၌ <b>ဘုရားတို့၏ပွင့်ခြင်း မရှိကြောင်းကို ဆိုကြ၏</b>၊ ကြိုက်ရာယူကြ လေကုန်၏၊</p>
<p><b>ဥက္ကံပုစ္ဆာအဖြေပြီး၏၊</b></p>
---
<h3><b>ကျွန်းကုန်းကြီးပုစ္ဆာအဖြေ</b></h3>
<p>လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက်</p>
<p>သင်္ခတပရမတ်, အသင်္ခတပရမတ် နှစ်ပါးကိုခွဲပြခြင်း</p>
<p>သင်္ခတပရမတ်, အသင်္ခတပရမတ်၊ ဤပရမတ်နှစ်ပါး ခွဲနည်းကို မေးလျှောက်ချက်၌</p>
<p><b>အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သလာယတနံ၊ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနာ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။</b></p>
<p>[ဤဒေသနာသည် သင်္ခပရမတ် အဆက်ပွါး၍နေပုံကို ဟောတော်မူသော ဒေသနာတော်ပေတည်း။]</p>
<p>အနက်ကား။။ <b>အဝိဇ္ဇာပစ္စယာ</b>=သစ္စာလေးပါးတရားတို့ကို မသိမမြင် မထင်မလင်းတည်းဟူသော အကြောင်းတရား အဝိဇ္ဇာတရား ထင်ရှားရှိနေခြင်းကြောင့်၊ <b>သင်္ခါရာ</b>=ဘဝကိုပြုပြင်တတ်သော ကုသိုလ်ကံ, အကုသိုလ်ကံ-ဟူသောသင်္ခါရမှုတို့သည်၊ <b>သမ္ဘဝန္တိ</b>=ထင်ရှားဖြစ် ပေါ်ကုန်၏၊ <b>သင်္ခါရပစ္စယာ</b>=သင်္ခါရတရား ထင်ရှားရှိနေခြင်းကြောင့်၊ <b>ဝိညာဏံ</b>=နောက်ဘဝသစ်တွင် ပဋိသန္ဓေဝိညာဉ်, ပဝတ္တိဝိညာဉ်တည်း ဟူသော ဝိညာဉ်ခြောက်ပါး အကျိုးတရားသည်၊ <b>သမ္ဘဝတိ</b>=ထင်ရှားဖြစ် ပေါ်၏၊ <b>ဝိညာဏပစ္စယာ</b>၊ ဝိညာဏ်ခြောက်ပါး ထင်ရှားဖြစ်ပေါ်ခြင်း ကြောင့်၊ <b>နာမရူပံ</b>=ဝိညာဉ်၏အဲခံအရံဖြစ်သော ဖဿ,ဝေဒနာ-အစရှိ သောနာမ်တရား၊ ပထဝီ,အာပေါ-အစရှိသောရုပ်တရား ဤနာမကာယ, ရူပကာယတရားနှစ်ပါးသည်၊ <b>သမ္ဘဝတိ</b>=ထင်ရှားဖြစ်ပေါ်၏၊</p>
<p><b>နာမရူပပစ္စယာ</b>=နာမကာယ,ရူပကာယ တရားနှစ်ပါး ထင်ရှား ဖြစ်ပေါ်ဖြင်းကြောင့်။ <b>သဠာယတနံ</b>=လူအများတို့၏ သက်ရောက်ရာ ရေဆိပ်ကြီးသဖွယ်ဖြစ်သော စက္ခာယတန, သောတာယန, ဃာနာယတန, ဇိဝှါယတန, ကာယာယတန, မနာယတန-ဟု ဆိုအပ်သော ခြောက်ပါး သော အာယတနတရားသည်၊ <b>သမ္ဘဝတိ</b>=ထင်ရှားဖြစ်ပေါ်၏၊ <b>သဠာယတနပစ္စယာ</b>=အာယတနတရား ခြောက်ပါး ထင်ရှားဖြစ် ပေါ်ခြင်းကြောင့်၊ <b>ဖေဿာ</b>=အာရုံကို ထိခိုက်ခြင်း တည်းဟူသော ဖဿတရားခြောက်ပါးသည်၊ <b>သမ္ဘဝတိ</b>=ထင်ရှားဖြစ်ပေါ်၏၊ <b>ဖဿ ပစ္စယာ</b>=ဖဿတရားခြောက်ပါး ထင်ရှားဖြစ်ပေါ်ခြင်းကြောင့်၊ <b>ဝေဒနာ</b>= အရုံ၏ အရသာကိုခံစားခြင်းတည်းဟူသော ဝေဒနာခြောက်ပါးသည်၊ <b>သမ္ဘဝတိ</b>=ထင်ရှားဖြစ်ပေါ်၏၊</p>
<p><b>ဝေဒနာပစ္စယာ</b>=ဝေဒနာခြောက်ပါးထင်ရှားဖြစ်ပေါ်ခြင်းကြောင့်၊ <b>တဏှာ</b>=အာရုံ၌ တပ်မက်မောခြင်းဟူသော ရူပတဏှာအစရှိသော တဏှာခြောက်ပါးသည်၊ <b>သမ္ဘဝတိ</b>=ထင်ရှားဖြစ်ပေါ်၏၊ <b>တဏှာပစ္စယာ</b>= တဏှာခြောက်ပါး ထင်ရှားဖြစ်ပေါ်ခြင်းကြောင့်၊ <b>ဥပါဒါနံ</b>=အပြင်းအထန် စွဲလမ်းခြင်းဟူသော ကာမုပါဒါန်, ဒိဋ္ဌုပါဒါန်, သီလဗ္ဗတုပါဒါန်, အတ္တဝါဒု ပါဒါန်-ဟုဆိုအပ်သော ဥပါဒါန်တရားလေးပါးသည်၊ <b>သမ္ဘဝတိ</b>=ထင်ရှား ဖြစ်ပေါ်၏၊ <b>ဥပါဒါနပစ္စယာ</b>=ဥပါဒါန်တရားလေးပါး ထင်ရှားဖြစ်ပေါ်ခြင်း ကြောင့်၊ <b>ဘဝေါ</b>=သံသရာ၏အကျိုးစီးပွားဖြစ်သော သုစရိုက်တရား, ဒုစရိုက်တရားဟူသော ကာမတရား၊ ဝိပါက်နာမက္ခန္ဓာ ကမ္မဇရုပ်ဟုဆို အပ်သော ဥပပတ္တိဘဝတရား၊ ဤဘဝတရားနှစ်ပါးသည်၊ <b>သမ္ဘဝတိ</b>=ထင် ရှားဖြစ်ပေါ်၏၊ <b>ဘဝပစ္စယာ</b>=ဘဝတရားနှစ်ပါးထင်ရှား ဖြစ်ပေါ်ခြင်း ကြောင့်။ <b>ဇာတိ</b>=ပဋိသန္ဓေအဖန်ဖန် နေရခြင်းတည်းဟူသော ဇာတိ တရားသည်၊ <b>သမ္ဘဝတိ</b>=ထင်ရှားဖြစ်ပေါ်၏၊</p>
<p><b>ဇာတိပစ္စယာ</b>=ဇာတိတရားထင်ရှားဖြစ်ပေါ်ခြင်းကြောင့်၊ <b>ဇရာမရဏံ</b>=အဖန်ဖန်အိုရခြင်း တည်းဟူသော ဇရာတရား, အဖန်ဖန် သေရခြင်းတည်းဟူသော မရဏတရား၊ ဤဇရာ,မရဏတရား နှစ်ပါးသည်လည်းကောင်း၊ <b>သောက ပရိဒေဝ ဒုက္ခ ဒေါမနဿု ပါယာသာ</b>=စိုးရိမ်ပူပန်ရခြင်းအမျိုးမျိုးတည်းဟူသော သောကတရား, ငိုကြွေးမြည်တမ်းရခြင်းတည်းဟူသော ပရိဒေဝတရား, ကိုယ်၏ဆင်းရဲခြင်း တည်းဟူသော ဒုက္ခတရား, စိတ်၏ဆင်းရဲခြင်း တည်းဟူသော ဒေါမနဿ တရား, သက်ကြီးရှိုက်တငင်ငင် ပင်ပန်းရခြင်း တည်းဟူသော ဥပါယာသ တရားတို့သည်လည်းကောင်း၊ <b>သမ္ဘဝန္တိ</b>=ထင်ရှားဖြစ်ပေါ်ကုန်၏၊ <b>ဧဝံ</b>=ဤသို့၊ <b>ကေဝလဿ</b>=ချမ်းသာသုခနှင့် မရောမယှက်သက်သက်သော၊ <b>ဧတဿဒုက္ခက္ခန္ဓဿ</b>=ဤဒုက္ခသစ္စာတရားအစု၏၊ <b>သမုဒယော</b>=မပြတ်မစဲအမြဲဖြစ်ပွါးရခြင်းသည်၊ <b>ဟောတိ</b>=ဖြစ်၏၊ <b>အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော၊ သင်္ခါရနိရောဓာ ဝိညာဏ နိရောဓော၊ ဝိညာဏ နိရောဓာ နာမရူပနိရောဓော၊ နာမရူပနိရောဓာ သဠာယတန နိရောဓော၊ သဠာယတနနိရောဓာ ဖဿနိရောဓော၊ ဖဿ နိရောဓာ ဝေဒနာနိရောဓော၊ ဝေဒနာနိရောဓာ တဏှာ နိရောဓော၊ တဏှာနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါန နိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊ ဇာတိ နိရောဓာ ဇရာမရဏံ သောကပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ နိရုစ္ဈန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။</b></p>
<p>[ဤဒေသနာသည် အသင်္ခတပရမတ်ကို ဟောတော်မူသော ဒေသနာပေတည်း။]</p>
<p>အနက်ကား။။ <b>အဝိဇ္ဇာယတွေဝ</b>=အဝိဇ္ဇာ၏သာလျှင်။ <b>အသေသ ဝိရာဂနိရောဓာ</b>=နောင်တစ်ဖန် ဖြစ်ပေါ်ရန် အကြွင်းအကျန်မရှိဘဲ အရိယာမဂ်ဖြင့် ချုပ်ငြိမ်းခြင်းကြောင့်၊ <b>သင်္ခါရနိရောဓော</b>=နောင်ဘဝ အသစ်အသစ်ကို ပြုပြင်တတ်သော ကုသိုလ်ကံ, အကုသိုလ်ကံသင်္ခါတ တရား၏ချုပ်ငြိမ်းခြင်းသည်၊ <b>ဟောတိ</b>=ဖြစ်၏၊ <b>သင်္ခါရနိရောဓာ</b>=သင်္ခါရ တရားတို့၏ ချုပ်ငြိမ်းခြင်းကြောင့်၊ <b>ဝိညာဏနိရောဓော</b>=နောင်ဘဝသစ်ဟု ဆိုအပ်သော ပဋိသန္ဓေဝိညာဉ်၏ ချုပ်ငြိမ်းခြင်းသည်၊ <b>ဟောတိ</b>=ဖြစ်၏၊ <b>ဝိညာဏနိရောဓာ</b>=ဝိညာဏ်၏ချုပ်ခြင်းကြောင့်၊ <b>နာမ ရူပနိရောဓော</b>= နာမကာယ, ရူကကာယတရားနှစ်ပါးတို့၏ ချုပ်ငြိမ်းခြင်းသည်၊ <b>ဟောတိ</b>=ဖြစ်၏၊</p>
<p><b>နာမရူပနိရောဓာ</b>=နာမကာယ,ရူကကာယတရားနှစ်ပါးတို့၏ ချုပ်ငြိမ်းခြင်းကြောင့်၊ <b>သဠာယတန နိရောဓော</b>=အာယတနတရား ခြောက်ပါးတို့၏ ချုပ်ငြိမ်းခြင်းသည်၊ <b>ဟောတိ</b>=ဖြစ်၏၊ <b>သဠာယတန နိရောဓာ</b>=အာယတနတရားခြောက်ပါးတို့၏ ချုပ်ငြိမ်းခြင်းကြောင့်၊ <b>ဖဿနိရောဓော</b>=ဖဿတရားခြောက်ပါးတို့၏ ချုပ်ငြိမ်ခြင်းသည်၊ <b>ဟောတိ</b>=ဖြစ်၏၊ <b>ဖဿနိရောဓာ</b>=ဖဿတရား ခြောက်ပါးတို့၏ ချုပ်ငြိမ်း ခြင်းကြောင့်၊ <b>ဝေဒနာနိရောဓော</b>=ဝေဒနာ တရားခြောက်ပါးတို့၏ ချုပ်ငြိမ်း ခြင်းသည်။ <b>ဟောတိ</b>=ဖြစ်၏၊</p>
<p><b>ဝေဒနာနိရောဓာ</b>=ဝေဒနာတရားခြောက်ပါးတို့၏ ချုပ်ငြိမ်းခြင်း ကြောင့်၊ <b>တဏှာနိရောဓော</b>=တဏှာတရား ခြောက်ပါးတို့၏ ချုပြ်ငိမ်းခြင်း သည်၊ <b>ဟောတိ</b>=ဖြစ်၏၊ <b>တဏှာနိရောဓာ</b>=တဏှာတရား ခြောက်ပါးတို့၏ ချုပ်ငြိမ်းခြင်းကြောင့်၊ <b>ဥပါဒါနနိရောဓော</b>=ဥပါဒါန်တရား လေးပါးတို့၏ ချုပ်ငြိမ်းခြင်းသည်၊ <b>ဟောတိ</b>=ဖြစ်၏၊</p>
<p><b>ဥပါဒါနနိရောဓာ</b>၊ ဥပါဒါန်တရားလေးပါးတို့၏ ချုပ်ငြိမ်းခြင်း ကြောင့်၊ <b>ဘဝနိရောဓော</b>=ဘဝတရားနှစ်ပါးတို့၏ ချုပ်ငြိမ်းခြင်းသည်၊ <b>ဟောတိ</b>=ဖြစ်၏၊ <b>ဘဝနိရောဓာ</b>=ဘဝတရားနှစ်ပါးတို့၏ ချုပ်ငြိမ်းခြင်း ကြောင့်၊ <b>ဇာတိနိရောဓော</b>=ပဋိသန္ဓေအသစ်အသစ်ဖြစ် ပေါ်မှု၏ ချုပ်ငြိမ်း ခြင်းသည်၊ <b>ဟောတိ</b>=ဖြစ်၏၊</p>
<p><b>ဇာတိနိရောဓာ</b>=ပဋိသန္ဓေအသစ်အသစ်ဖြစ်ပေါ်မှု၏ ချုပ်ငြိမ်း ခြင်းကြောင့်၊ <b>ဇရာမရဏံ</b>=အဖန်ဖန်အိုရခြင်း, အဖန်ဖန်သေရခြင်း ဟူသောဇရာ,မရဏတရားနှစ်ပါးသည်လည်းကောင်း၊ <b>သောကပရိဒေဝ ဒုက္ခ ဒေါမနဿုပါ ယာသာ</b>=အဖန်ဖန်စိုးရိမ်ရခြင်း, အဖန်ဖန်ငိုကြွေးရခြင်း, အဖန်ဖန်ကိုယ်၏ဆင်းရဲရခြင်း, အဖန်ဖန်စိတ်၏ ဆင်းရဲရခြင်း, အဖန်ဖန် သက်ကြီးရှိုက်တငင်ပင်ပန်းရခြင်းတို့သည်လည်းကောင်း၊ <b>နိရုစ္ဈန္တိ</b>= အရဟတ္တမဂ် ဖြစ်ပေါ်ဆဲခဏ၌ အဝိဇ္ဇာနှင့်တကွ ချုပ်ငြိမ်းကြလေကုန်၏၊</p>
<p><b>ဧဝံ</b>=ဤသို့၊ <b>ကေဝလဿ</b>=ချမ်းသာသုခနှင့်မဖက် သက်သက် သော၊ <b>ဧတဿ ဒုက္ခက္ခန္ဓဿ</b>=ထိုဒုက္ခသစ္စာ တရားအစု၏၊ <b>နိရောဓော</b>= ချုပ်ငြိမ်းခြင်းသည်၊ <b>ဟောတိ</b>=ဖြစ်၏၊</p>
<p>ဤဒေသနာ၌</p>
<p>၁။ <b>အဝိဇ္ဇာ</b>သည် <b>သင်္ခတပရမတ်</b>မည်၏၊ အဘယ်ကြောင့် သင်္ခတ ပရမတ်မည်သနည်း-ဟူမူ “<b>အာသဝသမုဒယာ အဝိဇ္ဇာ သမုဒယော</b>” ဟူသော ပါဌ်နှင့်အညီ အာသဝတည်းဟူသော အကြောင်း တရားတို့၏ ဖြစ်ပွါးမှုကြောင့် အဝိဇ္ဇာသည် အသစ်အသစ်ဖြစ် ပေါ်မှုထင်ရှား ရှိနေသောကြောင့် သင်္ခတပရမတ်ခေါ်ပေသည်။</p>
<p>၂။ ထို<b>အဝိဇ္ဇာ</b>၏ နောင်တစ်ဖန်ဖြစ်ပေါ်ရန် အကြွင်းအကျန်မရှိ၊ အရိယာမဂ်၏အစွမ်းဖြင့် အကုန်အစင် ချုပ်ငြိမ်းခြင်းသည် <b>အသင်္ခတ ပရမတ်</b>မည်၏၊ အဘယ့်ကြောင့် အသင်္ခတဓာတ်ပရမတ်မည်သနည်းဟူမူ “<b>အာသဝနိရောဓာ အဝိဇ္ဇာနိရောဓော</b>”ဟူသော ပါဌ်နှင့်အညီ အာသဝတည်းဟူသော အကြောင်းတရားတို့၏ ချုပ်ငြိမ်းခြင်းကြောင့် အဝိဇ္ဇာ၏ အသစ်အသစ်ဖြစ်ပေါ်မှုမရှိသော ချုပ်ငြိမ်းမှုဖြစ်လေသော ကြောင့် ထိုချုပ်ငြိမ်းမှုကို အသင်္ခတပရမတ်ခေါ်ပေသတည်း။</p>
<p>သင်္ခတပရမတ်,အသင်္ခတပရမတ်နှစ်ပါးကို ခွဲပြခြင်းပြီး၏၊</p>
---
<h3><b>နိဗ္ဗာန်၏ ဘာဝ,သဘာဝကိုပြဆိုခြင်း</b></h3>
<p>ဤသို့လျှင် <b>အဝိဇ္ဇာ</b>ဟူသော <b>သင်္ခတပရမတ်</b>၏ အသစ်အသစ် ဖြစ်ပေါ်မှုမရှိခြင်းဟူသော <b>အဝိဇ္ဇာ</b>၏<b>အဘာဝ</b>သည် <b>အသင်္ခတဓာတ် ပရမတ်</b>မည်၏၊ ဤစကား၌ အဘာဝဆိုသော်လည်း အဝိဇ္ဇာ၏ မရှိခြင်း ကိုဆို၏၊ <b>သန္တိလက္ခဏာ</b>အားဖြင့်မူကား- အရိုးအစဉ်ထင်ရှားရှိသော <b>ဘာဝကြီးတစ်ပါး</b>ပင်ဖြစ်၏၊</p>
<p>[သင်္ခါရချုပ်ငြိမ်းမှုစသည်တို့၌လည်း ဤနည်းအတူ အဘာဝနှင့်ဘာဝနှစ်ပါးကို ခြားနား၍သိလေ။]</p>
<p>ဤဒေသနာ၌ <b>အဝိဇ္ဇာ</b>ချုပ်ခြင်းကြောင့် <b>သင်္ခါရ</b>ချုပ်သည်၊ <b>သင်္ခါရ</b>ချုပ်ခြင်းကြောင့် <b>ဝိညာဉ်</b>ချုပ်သည်၊ အစရှိသည်ဖြင့် အဆင့်ဆင့် ဟောတော်မူရသည်မှာလည်း အကြောင်း, အကျိုးဖြစ်ထိုက်သော တရားအစဉ်သို့လိုက်၍ ဟောတော်မူခြင်းမျှသာတည်း၊ ထိုတရားတို့၏ ချုပ်ငြိမ်းမှုကား- <b>အရဟတ္တမဂ်ခဏ</b>၌ <b>အဝိဇ္ဇာ</b>ချုပ်ငြိမ်းမှုတွင် တစ်ပေါင်း တစ်စုတည်းပါလေ၏၊ <b>အဝိဇ္ဇာ</b>ချုပ်ငြိမ်းမှုနှင့်တစ်စုတည်းသော ချုပ်ငြိမ်း မှုဖြစ်လေ၏၊ ထိုချုပ်ငြိမ်းမှုသည် ထိုပုဂ္ဂိုလ်<b>ခန္ဓပရိနိဗ္ဗာန်</b>စံသည်မှ နောက်၌ <b>အနမတဂ္ဂသံသရာ</b>နှင့်အမျှ <b>နိစ္စထာဝရ</b>တည်ရှိလေ၏၊</p>
<p>ထိုချုပ်ငြိမ်းမှုတွင်</p>
<p>၁။ ငရဲဘဝအဆက်ဆက် အနန္တချုပ်ငြိမ်းမှုလည်း ပါဝင်လေ၏၊<br>
၂။ တိရစ္ဆာန်ဘဝအဆက်ဆက် အနန္တချုပ်ငြိမ်းမှု၊<br>
၃။ ပြိတ္တာဘဝအဆက်ဆက် အနန္တချုပ်ငြိမ်းမှု၊<br>
၄။ အသုရကာယ်ဘဝအဆက်ဆက် အနန္တချုပ်ငြိမ်းမှုလည်း ပါဝင်လေ၏၊<br>
၅။ ထို့အတူ လူ့ဘဝအဆက်ဆက် အနန္တချုပ်ငြိမ်းမှု၊<br>
၆။ နတ်ဘဝအဆက်ဆက် အနန္တချုပ်ငြိမ်းမှု၊<br>
၇။ ဗြဟ္မာဘဝအဆက်ဆက် အနန္တချုပ်ငြိမ်းမှုတို့သည်လည်း ပါဝင်လေကုန်၏၊</p>
<p><b>အဝိဇ္ဇာ</b>၏ ချုပ်ငြိမ်းမှုဟူသောစကားတွင်</p>
<p>ဤမျှလောက်ကြီးကျယ်သော <b>အသင်္ခတဓာတ် ပရမတ်နယ်ကြီး</b> သည် <b>အဘိညာဏ်</b>တွင် ထင်မြင်ထင်ရှား ရှိလေ၏၊ ထိုပုဂ္ဂိုလ်တို့၏ သန္တာန်တွင် ရှေ့သို့အစဉ်ဖြစ်ပွါးလတံ့သော သင်္ခတတရားတို့၏ ချုပ်ငြိမ်းမှု သည်သာလျှင် တစ်ခုတည်းဖြစ်သည်မဟုတ်သေး၊ လွန်လေပြီးသော အတိတ်သံသရာ၌ <b>ပရိနိဗ္ဗာန်</b>စံကြကုန်ပြီးသော ခပ်သိမ်းသော<b>ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာ</b>တို့၏ <b>အသင်္ခတဓာတ် ပရမတ်နိဗ္ဗာန်ကြီး</b>နှင့်လည်း တစ်ခုတည်းရောမိလေ၏၊ ယခုဘုရား သာသနာတော်မှာ <b>ပရိနိဗ္ဗာန်</b>စံကြ သော ပုဂ္ဂိုလ်တို့၏ <b>အသင်္ခတဓာတ် ပရမတ်ကြီး</b>, နောင်<b>အနမတဂ္ဂ သံသရာ</b>တွင် <b>ပရိနိဗ္ဗာန်</b>စံကြကုန်လတံ့သော <b>ဘုရား,ပစ္စေကဗုဒ္ဓါ, ရဟန္တာ</b> တို့၏ <b>အသင်္ခတဓာတ် ပရမတ်နိဗ္ဗာန်ကြီး</b>နှင့်လည်း တစ်ခုတည်းဖြစ် လေ၏၊</p>
<p>ဥပါဒ်စွန်း,ဘင်စွန်း, ရှေ့အစွန်း,နောက်အစွန်း, အောက်အစွန်း, အထက်အစွန်း,လက်ဝဲအစွန်း, လက်ယာအစွန်းမရှိသော <b>အနိမိတ္တ တရား</b>ဖြစ်၍ ပစ္စုပ္ပန်,အတိတ်,အနာဂတ် ကာလအပြားအားဖြင့် လည်း ကွဲပြားခြင်းမရှိ၊ ပုဂ္ဂိုလ်သန္တာန်အားဖြင့်လည်း ကွဲပြားခြင်းမရှိလေ။</p>
<p>[ဤကား-<b>အနမတဂ္ဂသံသရာ</b>တွင်အစဉ်ထာဝရတည်ရှိသော <b>အသင်္ခတဓာတ် ပရမတ်နိဗ္ဗာန်ကြီး</b>၏ <b>သန္တိသဘော</b>ဟူသော <b>ပရမတ္ထသဘာဝ</b>အားဖြင့် ထင်ရှားရှိနေပုံကို ပြဆိုခန်းတည်း။]</p>
<p><b>နိဗ္ဗာန်</b>၏ဘာဝ,အဘာဝကိုပြဆိုခြင်းပြီး၏၊</p>
---
<h3><b>နိဗ္ဗာန်၏ အမေးလေးချက်</b></h3>
<p>၁။ <b>အဝိဇ္ဇာ</b>၏မရှိခြင်းတည်းဟူသော <b>အဘာဝ</b>ကို <b>နိဗ္ဗာန်</b>ဟူ၍ ဆိုခဲ့သော် ထို<b>နိဗ္ဗာန်</b>သည် အဘယ်သို့လျှင် <b>ပရမတ္ထ</b>အားဖြင့် ထင်ရှား ရှိပါသနည်း။</p>
<p>၂။ အဘယ်သို့လျှင် <b>ပရမသုခ</b>ဖြစ်နိုင်ပါသနည်း။</p>
<p>၃။ အဘယ်သို့လျှင် <b>အနန္တဂုဏ်ကျေးဇူး</b>နှင့် ပြည့်စုံနိုင်ပါသနည်း။</p>
<p>၄။ အဘယ်သို့လျှင် <b>အပ္ပမေယျဂမ္ဘီရ</b> ဖြစ်နိုင်ပါသနည်း။ [အမေးလေးချက်။]</p>
<h3><b>နိဗ္ဗာန်သည် ပရမတ္ထအားဖြင့် ထင်ရှားရှိပုံ</b></h3>
<p>၁။ ထို<b>အဝိဇ္ဇာ</b>၏ <b>အဘာဝ</b>ဟုဆိုအပ်သော <b>နိဗ္ဗာန်</b>သည် <b>သန္တိ လက္ခဏာ</b>အားဖြင့် အရိုးအစဉ်ထင်ရှားသော <b>ဘာဝကြီးတစ်ပါး</b>ဖြစ်ပေ၍ <b>ပရမတ္ထ</b>အားဖြင့် ထင်ရှားရှိပေ၏၊</p>
<p>ထင်ရှားရှိပုံကား။။ ခပ်သိမ်းသော <b>မြတ်စွာဘုရား</b>တို့သည် ဘုရားအဖြစ်သို့မရောက်မီ ရှေးကာလ၌ <b>သစ္စာလေးပါးတရား</b>ကို ထိုးထွင်း၍ မသိခြင်းတည်းဟူသော <b>အဝိဇ္ဇာ</b>တရားရှိနေကြကုန်၏၊ <b>အဝိဇ္ဇာ</b> တရားရှိနေသည့် အတွက်ကြောင့် <b>သင်္ခါရ</b>အစရှိသော <b>သံသရာဝဋ်တရား</b> တို့သည်လည်း ရှိနေကြကုန်၏၊ အဆုံးဘဝသို့ရောက်၍ <b>အရဟတ္တမဂ် ဉာဏ်ကြီး</b>ကို ရကြသောအခါ၌ ထို<b>အဝိဇ္ဇာ</b>တရားသည် အကြွင်းအကျန်မရှိ ချုပ်ငြိမ်းကွယ်ပျောက် <b>အဘာဝ</b>အဖြစ်သို့ ရောက်လေ၏၊</p>
<p><b>အဘာဝ</b>ဟူသော်လည်း <b>အဇဋာကာသ</b> ကောင်းကင်ကဲ့သို့ အချည်းအနှီး,<b>တုစ္ဆ,နိရတ္ထက,အဘာဝမျိုး</b>မဟုတ်၊ ထို<b>မြတ်စွာဘုရား</b>တို့မှာ ထိုခဏမှစ၍ ခပ်သိမ်းသော<b>ကိလေသာ</b>တို့၏ ချုပ်ငြိမ်းခြင်း, ဒုတိယ ဘဝမှစ၍ ခပ်သိမ်းသော ဝဋ်ဒုက္ခတို့၏ချုပ်ငြိမ်းခြင်းဟူသော <b>သန္တိ လက္ခဏာ</b>နှင့်တကွ <b>အနမတဂ္ဂသံသရာ</b>တွင် အရိုးအစဉ်အားဖြင့် ထင်ရှား လျက်ရှိနေသော <b>ပရမတ္ထဘာဝကြီးတစ်ပါး</b>ဖြစ်ပေ၏၊ ထို<b>နိဗ္ဗာန်</b>သည် ဤသို့လျှင် <b>ပရမတ္ထ</b>အားဖြင့် ထင်ရှားရှိ၏၊</p>
<h3><b>နိဗ္ဗာန်သည် ပရသုခဖြစ်ပုံ</b></h3>
<p>၂။ ထို<b>နိဗ္ဗာန်</b>သည် အဘယ်သို့လျှင် <b>ပရမသုခ</b>ဖြစ်နိုင်ပါသနည်းလူ့ချမ်းသာအပေါင်းတို့တွင် လေးကျွန်းလုံးကို အစိုးရသော <b>စကြာမင်း</b> တို့၏ချမ်းသာသည် အကြီးအကျယ်ဆုံးသော ချမ်းသာဖြစ်၏၊ ထို<b>စကြာမင်း</b> ချမ်းသာသည် <b>အနိစ္စ</b>မျိုးစင်စစ်ဖြစ်၏၊ ပျက်စီးခြင်းသည်လျှင် အဆုံးရှိ၏၊ ထို<b>စကြာမင်း</b>သည်လည်း <b>အဝိဇ္ဇာ</b>အစရှိသော <b>ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်</b>တို့မှ ကျွတ်လွတ်ခြင်း မရှိသေးသောကြောင့် ယခုနေ့ <b>စကြာမင်း</b>, နောက်နေ့၌ ခွေးဘဝ, ဘက်ဘဝ-အစရှိသော အပါယ်ဘဝသို့ ကျရောက် ရန် <b>ဝဋ်ဒုက္ခဘေးကြီး</b> တင်းလင်းရှိနေ၏၊</p>
<p>ထို<b>အဝိဇ္ဇာ</b>၏ ချုပ်ငြိမ်းခြင်းတည်းဟူသော <b>နိဗ္ဗာနသုခ</b>သည် မူကား-<b>နိစ္စ</b>မျိုးဖြစ်၏၊ <b>အနမတဂ္ဂသံသရာ</b>တွင် ဘယ်အခါမှ ပျက်ဆုံး ခြင်းမရှိ၊ <b>မြတ်စွာဘုရား</b>တို့သည်လည်း <b>အဝိဇ္ဇာ</b>အစရှိသော <b>ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်</b>တို့မှ ကျွတ်လွတ်လေကုန်သောကြောင့် ခွေးဘဝ, ဘက်ဘဝ-အစရှိသော အပါယ်ဘဝတို့နှင့်တကွ ခပ်သိမ်းသော ဘဝသို့ ကျရောက်ခြင်း မရှိကြကုန်ပြီ၊ ဤသို့လျှင် လေးကျွန်းလုံးကို အစိုးရသော <b>စကြာမင်း</b>၏ အကြီးအကျယ်ဆုံးသော လူ့ချမ်းသာထက် ဤ<b>အဝိဇ္ဇာ</b>၏ ချုပ်ငြိမ်းခြင်းတည်းဟူသော <b>နိဗ္ဗာန်သုခ</b>သည် အဆသိန်းသန်းမက သာလွန်မြင့်မြတ်သော <b>ပရမသုခကြီး</b>ဖြစ်ပေ၏၊</p>
<p>နတ်ချမ်းသာအပေါင်းတို့တွင်လည်း <b>သိကြားမင်းကြီး, နတ်မင်းကြီး</b>တို့၏ချမ်းသာသည် အကြီးအကျယ်ဆုံးသောချမ်းသာဖြစ်၏၊ ဗြဟ္မာချမ်းသာအပေါင်းတို့တွင်လည်း <b>မဟာဗြဟ္မာမင်းကြီး</b>တို့၏ ချမ်းသာ သည် အကြီးအကျယ်ဆုံးသောချမ်းသာဖြစ်၏၊ ဤ<b>နတ်မင်းကြီး, ဗြဟ္မာ မင်းကြီး</b>တို့၏ ချမ်းသာသည် <b>အနိစ္စ</b>စင်စစ်သာဖြစ်ကုန်၏၊ ပျက်စီးခြင်းလျှင် အဆုံးရှိကြကုန်၏၊ ထို<b>သိကြားမင်းကြီး, နတ်မင်းကြီး, မဟာဗြဟ္မာမင်းကြီး</b> တို့သည်လည်း <b>အဝိဇ္ဇာ</b>အစရှိသော <b>ကိလေသဝဋ်, ကမ္မဝဋ်,ဝိပါကဝဋ်</b>တို့မှ ကျွတ်လွတ်ခြင်း မရှိကြသေးသောကြောင့် ယခုနေ့ <b>သိကြားမင်းကြီး, နတ်မင်းကြီး, မဟာဗြဟ္မာမင်းကြီး</b>၊ နောက်နေ့ ခွေးဘဝ,ဝက်ဘဝအစ ရှိကုန်သော အပါယ်ဘဝသို့ကျရောက်ရန် <b>ဝဋ်ဒုက္ခဘေးကြီး</b>တင်းလင်း ရှိနေကြကုန်၏၊</p>
<p><b>အဝိဇ္ဇာ</b>၏ ချုပ်ငြိမ်းခြင်းတည်းဟူသော <b>နိဗ္ဗာနသုခ</b>သည်မူကား<b>နိစ္စ</b>မျိုးဖြစ်၏၊ <b>အနမတဂ္ဂသံသရာ</b>တွင် ဘယ်အခါမှပျက်ဆုံးခြင်းမရှိ၊ <b>မြတ်စွာဘုရား</b>တို့သည်လည်း <b>အဝိဇ္ဇာ</b>အစရှိသော <b>ကိလေသဝဋ်,ကမ္မဝဋ်, ဝိပါကဝဋ်</b>တို့မှ ကျွတ်လွတ်ကြလေကုန်သော ကြောင့် ခွေးဘဝ,ဝက်ဘဝ- အစရှိသော အပါယ်ဘဝတို့နှင့်တကွ ခပ်သိမ်းသောဘဝသို့ ကျရောက် ခြင်း မရှိကြကုန်ပြီ။</p>
<p>ဤသို့လျှင် <b>သိကြားမင်းကြီး, နတ်မင်းကြီး, မဟာဗြဟ္မာ မင်းကြီး</b> တို့၏ အကြီးအကျယ်ဆုံးသော နတ်ချမ်းသာ, ဗြဟ္မာချမ်းသာထက် ဤ <b>အဝိဇ္ဇာ</b>၏ ချုပ်ငြိမ်းခြင်းတည်းဟူသော <b>နိဗ္ဗာနသုခ</b>သည် အဆသိန်းသန်း မက သာလွန်မြင့်မြတ်သော <b>ပရမသုခကြီး</b>ဖြစ်ပေ၏၊ ဤသို့လျှင် <b>ပရမ သုခ</b>ဖြစ်နိုင်၏၊</p>
<h3><b>နိဗ္ဗာန်သည် အနန္တဂုဏ်ကျေးဇူးနှင့်ပြည့်စုံပုံ</b></h3>
<p>၃။ ထို<b>နိဗ္ဗာန်</b>သည် အဘယ်သို့လျှင် <b>အနန္တဂုဏ်ကျေးဇူး</b> နှင့်ပြည့် စုံနိုင်ပါသနည်း၊ <b>အနမတဂ္ဂသံသရာ</b>၌ တစ်ထောင့်ငါးရာ <b>ကိလေသာ</b> တို့တွင် တစ်ခုတစ်ခုသော <b>ကိလေသာဓမ္မ</b>၏ အကျိုးယုတ်, အကျိုးမဲ့ကြီး သည် အနန္တကြီးကျယ်ကုန်၏၊ <b>အဝိဇ္ဇာ</b>ချုပ်ငြိမ်းခဲ့သည်ရှိသော် ထို တစ်ထောင့်ငါးရာ<b>ကိလေသာ</b>တို့၏ ချုပ်ငြိမ်းမှုသည် အကုန်လုံးပါ ဝင်လေ ၏၊ ထို့တစ်ခုတစ်ခုသော <b>ကိလေသာဓမ္မ</b>၏ အကျိုးယုတ်, အကျိုးမဲ့ကြီး အနန္တတို့သည်လည်း အကုန်ချုပ်ငြိမ်းကြလေကုန်၏၊ ထိုအကျိုးယုတ်, အကျိုးမဲ့ကြီးအနန္တတို့၏ ချုပ်ငြိမ်းမှုသည် <b>နိဗ္ဗာန်</b>၏<b>အနန္တဂုဏ်ကျေးဇူး</b> ဖြစ်လေ၏၊</p>
<p><b>ကမ္မဝဋ်အနန္တ</b>တို့၏ ချုပ်ငြိမ်းမှု, <b>ဝိပါကဝဋ် အနန္တ</b>တို့၏ ချုပ်ငြိမ်း မှုတို့ကို အစွဲပြု၍လည်း <b>နိဗ္ဗာန်</b>၏<b>အနန္တဂုဏ် ကျေးဇူး</b>တို့ကို ဆိုလေ၊ ဤသို့လျှင် <b>နိဗ္ဗာန်</b>သည် <b>အနန္တဂုဏ်ကျေးဇူး</b>နှင့် ပြည့်စုံနိုင်၏၊</p>
<h3><b>နိဗ္ဗာန်၏ အပ္ပမေယျ ဂမ္ဘီရ ဖြစ်ပုံ</b></h3>
<p>၄။ <b>ရူပသင်္ခါ ဝိမုတ္တော ခေါ မဟာရဇ တထာဂတော အပ္ပမေယျော ဂမ္ဘီရော၊ သေယျထာပိ မဟာသမုဒ္ဒေါ၊ ဝေဒနာသင်္ခါဝိမုတ္တော။ လ။ သညာသင်္ခါဝိမုတ္တော။ လ။ သင်္ခါရ သင်္ခါဝိမုတ္တော။ လ။ ဝိညာဏ သင်္ခါဝိမုတ္တော။ လ။ သေယျထာပိ မဟာသမုဒ္ဒေါ။</b></p>
<p>ဟူသော <b>ကောသလသံယုတ်ပါဠိတော်</b>၌ အဓိပ္ပါယ်ကား<b>ရဟန္တာပုဂ္ဂိုလ်</b>၏သန္တာန်၌ သတ္တဝါ-ဟူသောပညတ်သည် သဘောအားဖြင့်ရှိသည်မဟုတ်၊ သဘောအားဖြင့်ရှိသော <b>ပရမတ္ထတရား</b> ကို အမှီပြု၍ သိအပ်,ခေါ်ဝေါ်အပ်သော <b>ပညတ်တရား</b>မျှသာဖြစ်၏၊ ထို<b>ပညတ်</b>သည်လည်း <b>ခန္ဓပရိနိဗ္ဗာန်</b>မစံမီရှေ့အဖို့၌ သင်္ခတဖြစ်သော ရုပ်နာမ်တို့၏အပေါ်၌သာလျှင် ထင်မြင်နိုင်၏၊ ပညတ်နိုင်၏၊</p>
<p><b>ခန္ဓပရိနိဗ္ဗာန်</b>စံပြီးသည်နောက်၌ <b>အသင်္ခတ</b>ဖြစ်သော<b>နိဗ္ဗာန်</b>ဟူသော <b>ပရမတ္ထတရား</b>သည်ကား-အလွန်သိမ် မွေ့သော တရားဖြစ်ချေ၍ ထိုတရား၏အပေါ်၌ မထင်မြင်နိုင်၊ <b>မဟာသမုဒ္ဒရာ</b>အတွင်းသို့ သက် ဆင်းသောသူသည် ထောက်ရာတည်ရာ-ဟူ၍ တစ်စုံတစ်ခုကိုမျှ မရနိုင် သကဲ့သို့ ထို<b>နိဗ္ဗာန်</b>သို့ ဆိုက်ရောက်သော သတ္တဝါသည် ထို<b>နိဗ္ဗာန်</b> ၌ ပုဂ္ဂိုလ်,သတ္တဝါ-ဟူသော ပညတ်၏တည်ရာမှီရာ တစ်စုံတစ်ခုသော ထောက်ရာတည်ရာကိုမရလေပြီ၊ <b>နိဗ္ဗာန်</b>သည် <b>မဟာသမုဒ္ဒရာ</b>သဖွယ် နက်နဲသကဲ့သို့ ထို<b>ပညတ်</b>သည်လည်း <b>မဟာသမုဒ္ဒရာ</b>သဖွယ် နက်နဲ လေ၏၊ ထို့ကြောင့် <b>အပ္ပမေယျော ဂမ္ဘီရော သေယျထာပိ</b>-ဟူ၍ ဟော တော်မူသည်-မှတ်ရမည်။</p>
<p><b>နိဗ္ဗာန်</b>၏ အမေးလေးချက်အဖြေကို ပြခြင်းပြီး၏၊</p>
---
<h3><b>နိဗ္ဗာန်မှာ ရုပ်ထူး,နာမ်ထူး မရှိကြောင်းကိုပြခြင်း</b></h3>
<p><b>နိဗ္ဗာနံ သုခုမရူပ ပကတိကန္တိ ဝိညာယတိ</b>-ဟူသော <b>အနုဋီကာပါဌ်</b> မှာလည်း <b>နိဗ္ဗာန်</b>ကို သုခုမရုပ် ၁၆-ခုနှင့် ဓမ္မယတန,ဓမ္မဓာတ်၌ အကျုံးဝင် ခြင်းတူသောကြောင့် <b>နိဗ္ဗာနံ သုခုမ ရူပ ဂတိတံ</b>-ဟုဆိုသည်၊ <b>နိဗ္ဗာန်</b>လည်း အလွန်သိမ်မွေ့သောရုပ်နှင့် အလားတူသောကြောင့် ဆိုသည်မဟုတ်။</p>
<p><b>နိဗ္ဗာန်</b>ကို နာမ်ဟုခေါ်ရသည်မှာလည်း စိတ်နာမ်,စေတသိက် နာမ်မျိုးဖြစ်၍ ခေါ်ရသည်မဟုတ်၊ ရုပ်တရားကဲ့သို့ စမ်းသပ်တွေ့ထိ၍ သိနိုင်သောတရားမျိုးမဟုတ်၊ အမည်နာမကို အစဉ်မှီးပြီးလျှင် အနက် သဘောကို ဆင်ခြင်၍ သိရသောကြောင့် နာမ်ဟူ၍ခေါ်လေသည်။</p>
<p><b>နိဗ္ဗာန်</b>မှာ အမှန်အားဖြင့် <b>ဝဋ်ဒုက္ခဘေး</b>တို့မှ ငြိမ်းအေးခြင်း တည်းဟူသော <b>သန္တိသဘော</b>သည်သာလျှင် <b>အသင်္ခတနိဗ္ဗာန်</b>အမည် ဖြစ်၏၊ ထို<b>နိဗ္ဗာန်</b>မှာ ခန္ဓာဟူ၍ တစ်စုံတစ်ခုမျှမရှိပြီ၊ ခန္ဓာမရှိသည့် အတွက်ကြောင့် <b>ပရိနိဗ္ဗုတ</b> ဟူ၍လည်း ခေါ်စရာပညတ်လည်း မရှိပြီ။</p>
<p><b>နိဗ္ဗာန်</b>မှာ ရုပ်ထူး,နာမ်ထူးမရှိကြောင်းကို ပြခြင်းပြီး၏၊</p>
---
<h3><b>မိစ္ဆာဒိဋ္ဌိဖြစ်ပုံကိုပြခြင်း</b></h3>
<h4><b>သဿတဒိဋ္ဌိဖြစ်ပုံ</b></h4>
<p>အကယ်၍ ထို<b>နိဗ္ဗာန်</b>မှာ ထိုခန္ဓာသည်လည်ကောင်း, ထို<b>ပရိနိဗ္ဗုတ ပုဂ္ဂိုလ်</b>သည်လည်းကောင်း ဧကန်ရှိသည်ဆိုငြားအံ့၊ <b>သဿတဒိဋ္ဌိ</b> အမှန် ဖြစ်၏၊ <b>သဿတဒိဋ္ဌိ</b>ဆိုသည်ကား- ထိုခန္ဓာကိုပင် ထိုပုဂ္ဂိုလ်၏<b>အတ္တ</b>ပြု၍ ထို<b>အတ္တ</b>နှင့်ထိုပုဂ္ဂိုလ်သည် <b>ခန္ဓပရိနိဗ္ဗာန်</b>စံရာ၌ ချုပ်ဆုံးခြင်းမရှိဟူ၍ <b>အနုပါဒိသေသနိဗ္ဗာန်</b>ဘက်သို့ ကူးပြောင်းတည်နေသည်-ဟု ယူခြင်းသည် <b>သဿတဒိဋ္ဌိ</b>မည်၏၊</p>
<h4><b>ဥစ္ဆေဒဒိဋ္ဌိဖြစ်ပုံ</b></h4>
<p><b>ဥစ္ဆေဒဒိဋ္ဌိ</b>ဆိုသည်ကား-<b>ခန္ဓပရိနိဗ္ဗာန်</b>မစံမီ ရှေးအဖို့၌ ထိုခန္ဓာ ကိုပင် ထိုပုဂ္ဂိုလ်၏<b>အတ္တ</b>ဟူ၍ စွဲယူခဲ့ပြီးလျှင် ထို<b>အတ္တ</b>နှင့်ထိုပုဂ္ဂိုလ်သည် <b>ခန္ဓပရိနိဗ္ဗာန်</b>စံရာတွင် အကုန်ချုပ်ဆုံးလေ၏-ဟုယူခြင်းသည် <b>ဥစ္ဆေဒဒိဋ္ဌိ</b> ဖြစ်၏၊</p>
<p><b>ဥစ္ဆေဒဒိဋ္ဌိ</b>ဖြစ်ပုံကို ပြခြင်းပြီး၏၊</p>
---
<h3><b>သမ္မာဒိဋ္ဌိဖြစ်ပုံကိုပြခြင်း</b></h3>
<p>ဤအရာ၌ <b>သဿိဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ</b>-ဟူသော <b>အယုတ်တရားနှစ်ပါး</b>နှင့် <b>သမ္မာဒိဋ္ဌိ</b>ဟူသော <b>မဇ္ဈိမပဋိပဒါ</b>တို့၏ အထူးကိုပြဆိုရာ၏၊ အထူးဆိုသည်ကား-<b>ခန္ဓပရိနိဗ္ဗာန်</b>စံခြင်းသို့ မရောက်မီ ရှေး ကာလ၌ ခန္ဓာကိုပင် ပုဂ္ဂိုလ်သတ္တဝါ၏ <b>အတ္တ</b>ပြု၍ ပုဂ္ဂိုလ်သည် အမှန်ရှိ၏၊ သတ္တဝါသည် အမှန်ရှိ၏၊ <b>အတ္တ</b>သည်အမှန်ရှိ၏-ဟု ခိုင်မြဲစွာယူရှိကြသော သူတို့၏အယူမှာ <b>ခန္ဓပရိနိဗ္ဗာန်</b>နှင့်စပ်လျှင် <b>သဿတဒိဋ္ဌိ</b>သော်လည်း ဖြစ်ရာ၏၊ သို့မဟုတ် <b>ဥစ္ဆေဒဒိဋ္ဌိ</b>သော်လည်း ဖြစ်ရာ၏၊ ထို<b>အယုတ်တရား နှစ်ပါး</b>ဟူသော လမ်းလွဲလမ်းမှားကို ဘယ်လိုနည်းနှင့်မှ မရှောင်သာပြီ၊ အဘယ့်ကြောင့်နည်းဆိုသော် <b>ခန္ဓပရိနိဗ္ဗာန်</b>မစံမီ နောက်ကာလကပင် ခန္ဓာကိုပင် ပုဂ္ဂိုလ်သတ္တဝါ၏ <b>အတ္တ</b>ပြု၍ ပုဂ္ဂိုလ်သည်အမှန်ရှိ၏၊ သတ္တဝါ သည် အမှန်ရှိ၏၊ <b>အတ္တ</b>သည်အမှန်ရှိ၏-ဟု ခိုင်မြဲသော ယူခြင်းဟူသော <b>အတ္တဒိဋ္ဌိကြီး</b>အရင်း ခံရှိနေသောကြောင့်တည်း၊ ထို<b>အတ္တဒိဋ္ဌိ</b>အရင်းခံရှိ နေသော သူတို့မှာ သေသောအခါနှင့်စပ်လျှင် <b>သဿတဒိဋ္ဌိ,ဥစ္ဆေဒဒိဋ္ဌိ</b> နှစ်ပါးတွင် တစ်ပါးပါးသို့ ရောက်လေတော့သည်။</p>
<p>ထို့ကြောင့် <b>ကထာဝတ္ထုပါဠိတော်</b>၌</p>
<p><b>ပရိနိဗ္ဗုတော ပုဂ္ဂလော အတ္ထတ္တမှီတိ အတ္ထတ္တမှီ၊ ပရိနိဗ္ဗုတော ပုဂ္ဂလော သဿတောတိ နဟေဝံ ဝတ္တဗ္ဗေ</b>-ဟူ၍လည်းကောင်း, <b>နတ္ထတ္တမှီတိ အာမန္တာ၊ ပရိနိဗ္ဗုတော ပုဂ္ဗလော ဥစ္ဆိန္နောတိ နဟေဝံ ဝတ္တဗ္ဗေ</b>ဟူ၍လည်းကောင်း။ အစွန်းနှစ်ဖက် မလွတ်နိုင်ချက်ကို ဟောတော်မူပေ၏၊ <b>ခန္ဓပရိနိဗ္ဗာန်</b>မစံမီ ရှေးကာလကပင် ထိုခန္ဓာသည် ပုဂ္ဂိုလ်, သတ္တဝါမဟုတ်၊ ပုဂ္ဂိုလ်, သတ္တဝါ၏ <b>အတ္တ</b>လည်း မဟုတ်၊ <b>သဘာဝဓမ္မ</b> သက်သက်သာဖြစ်၏၊ ထိုခန္ဓာမှအလွတ်ပုဂ္ဂိုလ်ဟူ၍, သတ္တဝါဟူ၍, <b>အတ္တ</b>ဟူ၍သဘောအားဖြင့် မရှိပြီ-ဟု သိမြင်သောဉာဏ်သည် <b>သမ္မာဒိဋ္ဌိ</b> မည်၏၊ ထို<b>သမ္မာဒိဋ္ဌိဉာဏ်အမြင်</b>ရှိသော သူတို့မှာ <b>အတ္တဒိဋ္ဌိ</b>အရင်းခံ မရှိသည့်အတွက်ကြောင့် <b>ခန္ဓပရိနိဗ္ဗာန်</b>နှင့်စပ်၍ <b>သဿတဒိဋ္ဌိ, ဥစ္ဆေဒ ဒိဋ္ဌိ</b>သို့ ရောက်ဖွယ်မရှိပြီ၊ <b>မဇ္ဈိမပဋိပဒါ</b>၌ တည်လေ၏၊</p>
<p><b>သမ္မာဒိဋ္ဌိ</b>ဖြစ်ပုံပြီး၏၊</p>
---
<h3><b>မဇ္ဈိမပဋိပဒါကိုပြခြင်း</b></h3>
<p><b>မဇ္ဈိမပဋိပဒါ</b>ဆိုသည်ကား- <b>အဝိဇ္ဇာ</b>သည်ရှိသော် <b>သင်္ခါရ</b>စသော <b>ဝဋ်တရား</b>တို့သည် ဘဝအဆက်ဆက် ဆက်လက်ဖြစ်ပွါး၍သာ နေ ကုန်၏၊ <b>ဥစ္ဆေဒ</b>သို့ရောက်သည်မရှိ၊ <b>အရဟတ္တမဂ်</b>သို့ရောက်၍ <b>အဝိဇ္ဇာ</b> အကုန်ချုပ်ငြိမ်းလျှင် <b>သင်္ခါရ</b>စသော<b>ဝဋ်တရား</b>တို့သည် ထိုဘဝမှ နောက်၌ဖြစ်ပေါ်ခြင်း မရှိကြကုန်ပြီ။</p>
<p>[ဤကား-<b>မဇ္ဈိမပဋိပဒါ</b>တည်း။]</p>
<p>ဤ<b>မဇ္ဈိမပဋိပဒါ</b>လမ်း၌ <b>အတ္တဒိဋ္ဌိ</b>ဟူသော အရင်းခံမရှိသည့် အတွက်ကြောင့် သေကြသောအခါနှင့် စပ်လျဉ်း၍သော်လည်းကောင်း, <b>ခန္ဓပရိနိဗ္ဗာန်</b>စံမှုနှင့် စပ်လျဉ်း၍လည်းကောင်း၊ <b>သဿတဒိဋ္ဌိ,ဥစ္ဆေဒဒိဋ္ဌိ</b> ဟူသော အကိုင်းအခက် ဒိဋ္ဌိနှစ်ပါးဖြစ်ဖွယ် မရှိပြီ။</p>
<p><b>မဇ္ဈိမပဋိပဒါ</b>ပြီး၏၊</p>
<p>ဤတွင်ရှေ့ကား- အထူးထူးအထွေထွေမေးခြင်းကို ဖြေဆိုချက်ပြီး၏၊</p>
<p>ဤမျှလောက်သောစကားအစဉ်ဖြင့် လူ,ရှင်,ရဟန်းတို့၏ ဉာဏ် အလင်းပေါက်မြောက်ရန် ဖြေကြားသော အဖြေကျမ်းသည် ၁၂၇၉-ခုနှစ်၊ တန်ဆောင်မုန်းလအတွင်း ပြီးစီးအောင်မြင်ခြင်းသို့ရောက်၏၊</p>
<h3><b>ပြည်သူတို့အတွက် နှိုးဆော်ချက်</b></h3>
<p><b>သဗ္ဗကောဝိဒ ကိစ္စေသု၊</b><br>
<b>ဇနိစ္ဆန္တံ ယထာ ပန။</b><br>
<b>သမ္မာဆန္ဒော မဟာထေရော၊</b><br>
<b>ပဿန္တုတ္တိ တထာ ပန။။</b></p>
<p>အနက်ကား။။ <b>သဗ္ဗကောဝိဒကိစ္စေသု</b>=အလုံးစုံသော လိမ္မာရေး ကိစ္စကြီးတို့၌၊ <b>မဟာထေရော</b>=ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး သည်၊ <b>ယထာပနသမ္မာဆန္ဒော</b>=အကြင်သို့မူကား-အလိမ္မာဉာဏ်ရကြောင်း အလိုကောင်း ဆန္ဒတော်ကြီးသည်၊ <b>အတ္ထိ</b>=အမြဲပင်ရှိတော်မူ၏၊ <b>တထာပန ဣစ္ဆန္တံ</b>=ထိုသို့မူကား အလိမ္မာဉာဏ်ရကြောင်း အလိုကောင်းဆန္ဒကြီးရှိတော် မူသည့်အတိုင်း၊ <b>ဇနာ</b>=တိုင်းသူပြည်သား လူများအပေါင်းတို့သည်၊ <b>ကောဝိဒါယ</b>=အရာရာတို့၌ အလိမ္မာဉာဏ်ရောင် ဝင်းပြောင်ထိန်လင်း ကြစေခြင်းအကျိုးငှါ၊ <b>ပဿန္တု</b>=ပေါက်ရောက်ထင်မြင်အောင် ကြည့်ရှုနိုင် စေကုန်သတည်း။</p>
<p><b>ကျွန်းကုန်းကြီးပုစ္ဆာအဖြေ</b>ပြီး၏၊</p>
---
<p>နိုင်ငံတွင်းပုစ္ဆာအဖြေပေါင်းချုပ်ကျမ်း ပဌမတွဲ ပြီးပြီ။</p>
<p>* * *</p>
rwgicocsioysvw4vzix91ifpmsf8ceu