ဝီကီရင်းမြစ်
mywikisource
https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC
MediaWiki 1.47.0-wmf.6
first-letter
မီဒီယာ
အထူး
ဆွေးနွေးချက်
အသုံးပြုသူ
အသုံးပြုသူ ဆွေးနွေးချက်
ဝီကီရင်းမြစ်
ဝီကီရင်းမြစ် ဆွေးနွေးချက်
ဖိုင်
ဖိုင် ဆွေးနွေးချက်
မီဒီယာဝီကီ
မီဒီယာဝီကီ ဆွေးနွေးချက်
တမ်းပလိတ်
တမ်းပလိတ် ဆွေးနွေးချက်
အကူအညီ
အကူအညီ ဆွေးနွေးချက်
ကဏ္ဍ
ကဏ္ဍ ဆွေးနွေးချက်
မုခ်ဝ
မုခ်ဝ ဆွေးနွေးချက်
စာရေးသူ
စာရေးသူ ဆွေးနွေးချက်
ဘာသာပြန်
ဘာသာပြန် ဆွေးနွေးချက်
စာမျက်နှာ
စာမျက်နှာ ဆွေးနွေးချက်
အညွှန်း
အညွှန်း ဆွေးနွေးချက်
TimedText
TimedText talk
မော်ဂျူး
မော်ဂျူး ဆွေးနွေးချက်
Event
Event talk
မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေ
0
5840
22060
21173
2026-06-12T16:45:54Z
Pho Sai
204
[[Special:Contributions/~2025-35025-24|~2025-35025-24]] ([[User talk:~2025-35025-24|ဆွေးနွေး]]) ၏ တည်းဖြတ်မူ [[Special:Diff/21173|21173]] ကို ပြန်လည်ပယ်ဖျက်လိုက်သည်
22060
wikitext
text/x-wiki
{{Header
| title = မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေ
| author =
| translator =
| section =
| previous = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄၀/၂၀၂၅]]
| next = [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄၂/၂၀၂၅]]
| year = ၂၀၂၅
| portal = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
| wikipedia = မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေ
| notes = [https://www.mlis.gov.mm/lsScPop.do?lawordSn=22461#SEC_0000.00:0004.00:0008.00:0000.00:0000.00:0000.00 မြန်မာဘာသာဖြင့် မူရင်းစာသားအပြည့်အစုံ (မြန်မာဥပဒေသတင်းအချက်အလက်စနစ်)]။
| override_author = နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
}}
<big>{{Ct|'''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'''}}
{{Ct|'''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ'''}}
{{Ct|'''မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေ'''}}
{{Ct|'''(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၄၁ /၂၀၂၅)'''}}
{{Ct|'''၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၈ ရက်'''}}
{{Ct|'''(၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်)'''}}</big>
: နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
=== <center>အခန်း(၁) <br>အမည်၊ သက်ဆိုင်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်</center> ===
: ၁။ ဤဥပဒေကို '''မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေ''' ဟု ခေါ်တွင်စေရမည်။
: ၂။ ဤဥပဒေသည် ရေပြင်နယ်နိမိတ်အတွင်းတွင်ရှိသော အောက်ပါ တို့နှင့် သက်ဆိုင်စေရမည် –
::: (က) ပြည်တွင်းပြည်ပမှ ရေယာဉ်နှင့် လေယာဉ်၊
::: (ခ) ပင်လယ်ဆိပ်ကမ်းအပါအဝင် ပင်လယ်ရေကြောင်းဆိုင်ရာ အဆောက်အအုံ၊
::: (ဂ) စီးပွားရေးလုပ်ငန်း။
: '''ခြွင်းချက်'''။ ပြည်တွင်း စစ်ရေယာဉ်၊ စစ်လေယာဉ်များနှင့် သက်ဆိုင်ခြင်းမရှိစေရ။
: ၃။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည် –
::: (က) '''နိုင်ငံတော်''' ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ကို ဆိုသည်။
::: (ခ) '''အစိုးရအဖွဲ့''' ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဆိုသည်။
::: (ဂ) '''ဝန်ကြီးဌာန''' ဆိုသည်မှာ ပြည်ထောင်စုအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကို ဆိုသည်။
::: (ဃ) '''ကမ်းခြေစောင့်တပ်ဖွဲ့''' ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းထားသော မြန်မာနိုင်ငံကမ်းခြေစောင့် တပ်ဖွဲ့ကို ဆိုသည်။
::: (င) '''ကမ်းခြေစောင့်တပ်ဖွဲ့အကြီးအကဲ''' ဆိုသည်မှာ ကမ်းခြေစောင့်တပ်ဖွဲ့အား ကြီးကြပ်ကွပ်ကဲရသူကို ဆိုသည်။
::: (စ) '''တပ်ဖွဲ့ဝင်အရာရှိ''' ဆိုသည်မှာ ကမ်းခြေစောင့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သော ပြန်တမ်းဝင် အရာရှိကို ဆိုသည်။
::: (ဆ) '''အရပ်ဘက်အရာရှိ''' ဆိုသည်မှာ ကမ်းခြေစောင့်တပ်ဖွဲ့တွင် တွဲဖက်၍ဖြစ်စေ၊ ဌာနကူးပြောင်း၍ ဖြစ်စေ တာဝန်ထမ်းဆောင်သော သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ပြန်တမ်းဝင် အရာရှိကိုဆိုသည်။ ယင်းစကားရပ်တွင် စတင်ခန့်ထားသည့် ပြန်တမ်းဝင်အရာရှိနှင့် အမှုထမ်းမှ ပြန်တမ်းဝင်အရာရှိအဆင့် ရရှိသူများလည်း ပါဝင်သည်။
::: (ဇ) '''တပ်ဖွဲ့ဝင်''' ဆိုသည်မှာ ကမ်းခြေစောင့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်အရာရှိ၊ အရပ်ဘက်အရာရှိ၊ တပ်ဖွဲ့ဝင်အမှုထမ်း သို့မဟုတ် အရပ်ဘက်အမှုထမ်းကို ဆိုသည်။
::: (ဈ) '''အခြေခံမျဉ်းများ''' ဆိုသည်မှာ မြန်မာနိုင်ငံပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေ၏ နောက်ဆက်တွဲ(က)တွင် သတ်မှတ်ထားသည့် အခြေခံမျဉ်းများကို ဆိုသည်။
::: (ည) '''အတွင်းပိုင်းရေပြင်''' ဆိုသည်မှာ ပိုင်နက်ပင်လယ်ကို စတင်သတ်မှတ်သည့် အခြေခံမျဉ်းမှ ကုန်းတွင်းဘက်ရှိ ရေပိုင်နက်ကိုဆိုသည်။ ယင်းစကားရပ်တွင် ပင်လယ်ဆိပ်ကမ်းမဟုတ်သည့် အခြားဆိပ်ကမ်း၊ ချောင်းနှင့်မြစ်များ မပါဝင်။
::: (ဋ) '''ပင်လယ်ဆိပ်ကမ်း''' ဆိုသည်မှာ အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ထားသော ဆိပ်ကမ်းကိုဆိုသည်။ ယင်းစကားရပ်တွင် အဓိကဆိပ်ကမ်း သို့မဟုတ် ပင်လယ်ရေနက်ဆိပ်ကမ်းလည်း ပါဝင်သည်။
::: (ဌ) '''ပိုင်နက်ပင်လယ်''' ဆိုသည်မှာ အခြေခံမျဉ်းများမှ ပင်လယ်ဘက်သို့ ရေမိုင် ၁၂ မိုင်အထိ ကျယ်ဝန်းသော ဇုန်ကို ဆိုသည်။
::: (ဍ) '''ဆက်စပ်ဇုန်''' ဆိုသည်မှာ ပိုင်နက်ပင်လယ်၏ပြင်ပတွင် တည်ရှိပြီး ပိုင်နက်ပင်လယ်နှင့် တစ်ဆက်တည်းဖြစ်သည့်ပြင် အခြေခံမျဉ်းမှ ပင်လယ်ဘက်သို့ ရေမိုင် ၂၄ မိုင်အထိ ကျယ်ဝန်းသောဇုန်ကို ဆိုသည်။
::: (ဎ) '''သီးသန့်စီးပွားရေးဇုန်''' ဆိုသည်မှာ ပိုင်နက်ပင်လယ်၏ ပြင်ပတွင်တည်ရှိပြီး ပိုင်နက်ပင်လယ်နှင့် တစ်ဆက်တည်း ဖြစ်သည့်ပြင် အခြေခံမျဉ်းမှ ပင်လယ်ဘက်သို့ ရေမိုင် ၂၀၀ အထိ ကျယ်ဝန်းသောဇုန်ကို ဆိုသည်။
::: (ဏ) '''ရေပြင်နယ်နိမိတ်''' ဆိုသည်မှာ နိုင်ငံတော်၏အတွင်းပိုင်း ရေပြင်မှစ၍ သီးသန့်စီးပွားရေးဇုန်အထိ တစ်ဆက်တည်းရှိသောရေပြင်ကိုဆိုသည်။ ဤစကားရပ်တွင် ကမ်းရိုးတန်းလည်း ပါဝင်သည်။
::: (တ) '''ရေယာဉ်''' ဆိုသည်မှာ ရေပေါ် သို့မဟုတ် ရေအောက်တွင် ရွေ့လျားသွားလာနိုင်သော စက်တပ် ရေယာဉ်၊ စက်မဲ့ရေယာဉ် သို့မဟုတ် မောင်းသူမဲ့ရေယာဉ်တစ်မျိုးမျိုးကို ဆိုသည်။ ယင်းစကားရပ်တွင် တွဲတွန်း၊ တွဲဆွဲရေယာဉ်၊ စက်မဲ့ကုန်တွဲ၊ ရေနံတွဲ၊ ရေတွင်ပေါ်သော အခြားတွဲယာဉ်၊ လေကူရှင်သုံးရေယာဉ်၊ ရေယာဉ်ပျံ၊ အပျော်စီးရေယာဉ်၊ ဖောင် သို့မဟုတ် ရွက်လှေတို့ ပါဝင်သည်။
::: (ထ) '''လေယာဉ်''' ဆိုသည်မှာ လေထဲတွင်မောင်းနှင်သော စက်တပ် ယာဉ် သို့မဟုတ် စက်မဲ့ယာဉ်ကို ဆိုသည်။ ယင်းစကား ရပ်တွင် ရဟတ်ယာဉ်၊ စက်မဲ့လေယာဉ် (Glider)၊ မောင်းသူမဲ့လေယာဉ် (Drone)၊ မီးပုံးပျံ (Air Balloon) သို့မဟုတ် လေထဲတွင်ပျံသန်းနိုင်သော အခြားယာဉ်တစ်မျိုးမျိုး လည်း ပါဝင်သည်။
::: (ဒ) '''နိုင်ငံခြားရေယာဉ်''' ဆိုသည်မှာ ပြည်ပတွင်မှတ်ပုံတင်ထားသော ရေယာဉ်ကို ဆိုသည်။
::: (ဓ) '''ရေယာဉ်ပိုင်ရှင်''' ဆိုသည်မှာ ရေယာဉ်ကိုပိုင်ဆိုင်သည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။ ယင်းစကား ရပ်တွင် ရေယာဉ်နှင့် သက်ဆိုင်သည့်လုပ်ငန်းကို ရေယာဉ် ပိုင်ရှင် ကိုယ်စားဆောင်ရွက်ရန် တာဝန်လွှဲအပ်ခြင်းခံထား ရသော ကိုယ်စားလှယ်လည်း ပါဝင်သည်။
::: (န) '''ပင်လယ်ရေကြောင်းဆိုင်ရာအဆောက်အအုံ''' ဆိုရာတွင် နိုင်ငံတော်၏ ရေပြင်နယ်နိမိတ်အတွင်း ပင်လယ်ရေကြောင်းဆိုင်ရာအကျိုးစီးပွားအတွက် လူသားတို့ ဖန်တီးသောကျွန်း၊ ကမ်းလွန်စခန်း၊ အဏ္ဏဝါသိပ္ပံဆိုင်ရာသုတေသနစခန်း၊ ရေနံတူးစင်၊ အထိုင်တွင်းတူးစင်၊ ရေပေါ်တွင်းတူးစင်၊ သိုလှောင်ရုံ၊ ဖြန့်ဖြူးသိုလှောင်ရုံ၊ ရေအောက်ကေဘယ်ကြိုး၊ ပိုက်လိုင်း၊ စွန့်ပစ်ပစ္စည်းများလက်ခံရာနေရာ၊ ပင်လယ်ပြင် အခြေပြုပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်ယူရေးစခန်း သို့မဟုတ် စစ်ဘက်နှင့်မသက်ဆိုင်သည့် ရေကြောင်းဆိုင်ရာအခြေခံအဆောက်အအုံနှင့် ပစ္စည်းကိရိယာများ ပါဝင်သည်။
::: (ပ) '''အဏ္ဏဝါသဘာဝသယံဇာတ''' ဆိုသည်မှာ ပင်လယ်ကြမ်းပြင်၊ ပင်လယ်ကြမ်းပြင်အောက်ခံမြေထု၊ ပင်လယ်ကြမ်းပြင်အထက်ရှိရေထု သို့မဟုတ် ပင်လယ်ရေမျက်နှာပြင်တွင်ရှိသော သက်ရှိသက်မဲ့ သယံဇာတတစ်မျိုးမျိုးကို ဆိုသည်။ ယင်းစကားရပ်တွင် ဒီရေတောနှင့် သန္တာကျောက်တန်းများလည်း ပါဝင်သည်။
::: (ဖ) '''ရှားပါးမျိုးစိတ်''' ဆိုသည်မှာ ရေပြင်နယ်နိမိတ်အတွင်း ပုံမှန်တွေ့ရလေ့မရှိသော၊ ရှားပါးသော သို့မဟုတ် မျိုးသုဉ်းရန် အန္တရာယ်နှင့်ရင်ဆိုင်နေရသောအပင် သို့မဟုတ် တိရစ္ဆာန်မျိုးစိတ်တစ်ခုခုကို ဆိုသည်။
::: (ဗ) '''အဏ္ဏဝါပတ်ဝန်းကျင်''' ဆိုသည်မှာ ရေပြင်နယ်နိမိတ်အတွင်း အဏ္ဏဝါဂေဟစနစ်၏ လည်ပတ်မှု အခြေအနေနှင့် အရည်အသွေးတို့ကို အပြန်အလှန်အကျိုးသက်ရောက်စေသည့် ရုပ်ပိုင်းဆိုင်ရာ၊ မြေထု၊ ရေထု၊ လေထုဆိုင်ရာ သို့မဟုတ် ဇီဝဆိုင်ရာအခြေအနေကို ဆိုသည်။
::: (ဘ) '''အဏ္ဏဝါဂေဟစနစ်''' ဆိုသည်မှာ ရေပြင်နယ်နိမိတ်အတွင်း နေထိုင်ကျက်စားသော သို့မဟုတ် ရှင်သန် ပေါက်ပွားသော ကျွန်းနေဇီဝမျိုးစုံမျိုးကွဲ၊ အပင်၊ တိရစ္ဆာန်နှင့် သက်မဲ့ရုပ်ဝတ္ထုများ သဟဇာတဖြစ်လျက် တည်ရှိနေသည့် သဘာဝစနစ် သို့မဟုတ် ယင်းစနစ်ကြောင့် ဖြစ်ပေါ်ပြောင်းလဲနေသော အဏ္ဏဝါ ပတ်ဝန်းကျင်ကို ဆိုသည်။
::: (မ) '''ညစ်ညမ်းမှု''' ဆိုသည်မှာ ဘေးအန္တရာယ်ရှိပစ္စည်း၊ ညစ်ညမ်း ပစ္စည်း သို့မဟုတ် စွန့်ပစ်ပစ္စည်းကို စွန့်ပစ်ခြင်း၊ ထုတ်လွှတ်ခြင်း သို့မဟုတ် စုပုံခြင်းကြောင့် အဏ္ဏဝါပတ်ဝန်းကျင်၏ အစိတ်အပိုင်း တစ်ရပ်ရပ်ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြောင်းလဲစေခြင်း သို့မဟုတ် သက်ရောက်စေခြင်းကို ဆိုသည်။
::: (ယ) '''ပင်လယ်ဓားပြမှု''' ဆိုသည်မှာ နိုင်ငံတကာပင်လယ်ပြင်အတွင်း ရောက်ရှိနေသော ပုဂ္ဂလိကပိုင် ရေယာဉ် သို့မဟုတ် လေယာဉ်ပေါ်ရှိ လူပုဂ္ဂိုလ်တစ်ဦးဦးက အခြားသောရေယာဉ် သို့မဟုတ် လေယာဉ် ပေါ်ရှိ လူပုဂ္ဂိုလ် သို့မဟုတ် ပစ္စည်းအပေါ် ပုဂ္ဂလိကအကျိုးအလို့ငှာ အကြမ်းဖက်ခြင်း၊ တရားမဝင် ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းကို ဆိုသည်။ ယင်းစကားရပ်တွင် ထိုသို့ ပြုလုပ်ရန် ပူးပေါင်းကြံစည်ခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း သို့မဟုတ် အားပေးကူညီခြင်းလည်း ပါဝင်သည်။
::: (ရ) '''တရားမဝင်ဖြတ်ကျော်ဝင်ရောက်မှု''' ဆိုသည်မှာ ဥပဒေနှင့်အညီ ထုတ်ပေးထားသော ပြည်တွင်း ဝင်ရောက်ခွင့် လက်မှတ်နှင့် သက်ဆိုင်ရာနိုင်ငံက နည်းလမ်းတကျ ထုတ်ပေးထားသော နိုင်ငံကူး လက်မှတ်တို့မပါရှိဘဲ နိုင်ငံတော်၏ပိုင်နက်ပင်လယ်ကို ဖြတ်သန်း၍ အတွင်းပိုင်းရေပြင်သို့လည်းကောင်း၊ ပင်လယ်ဆိပ်ကမ်းတစ်ခုခုသို့လည်းကောင်း ဝင်ရောက်ခြင်း သို့မဟုတ် ဝင်ရောက်ရန် အားထုတ်ခြင်းကို ဆိုသည်။
::: (လ) '''ပင်လယ်ပြာစီးပွားရေး (Blue Economy)''' ဆိုသည်မှာ ရေပြင်နယ်နိမိတ်အတွင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်နှင့် လူမှုစီးပွားဖူလုံရေးမြှင့်တင်ရန် အဏ္ဏဝါဂေဟစနစ်ကိုမထိခိုက်စေဘဲ အဏ္ဏဝါသဘာဝ သယံဇာတများကို ရေရှည်တည်တံ့စေသည့် နည်းလမ်းများအသုံးပြု၍ လုပ်ကိုင်သောစီးပွားရေးကို ဆိုသည်။
::: (ဝ) '''အဏ္ဏဝါသဘာဝသယံဇာတဆိုင်ရာပြစ်မှု''' ဆိုသည်မှာ အဏ္ဏဝါသဘာဝသယံဇာတများကို ညစ်ညမ်းမှု ဖြစ်စေရန် သို့မဟုတ် ထိခိုက်စေရန်လုပ်ဆောင်ခြင်း၊ တရားမဝင်ရှာဖွေတူးဖော်ခြင်း၊ ထုတ်လုပ်ခြင်း သို့မဟုတ် သယ်ယူရွှေ့ပြောင်းခြင်းကို ဆိုသည်။
::: (သ) '''ပင်လယ်ရေကြောင်းဆိုင်ရာ ဆိုက်ဘာခြိမ်းခြောက်မှု (Maritime Cyber Threat)''' ဆိုသည်မှာ ပင်လယ်ရေကြောင်းဆိုင်ရာ လုပ်ငန်းတစ်ရပ်ရပ်ကို နှောင့်ယှက်ဟန့်တားရန်အလို့ငှာ ဆိုက်ဘာ အရင်းအမြစ်တစ်ခုခုကိုအသုံးပြု၍ ခြိမ်းခြောက်မှုတစ်ရပ်ရပ်ကို ကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်း၊ အားပေးကူညီခြင်း၊ လှုံ့ဆော်ခြင်း သို့မဟုတ် ကြံရာပါအဖြစ်ဆောင်ရွက်ခြင်းကို ဆိုသည်။
::: (ဟ) '''နိုင်ငံတကာသဘောတူစာချုပ်များ''' ဆိုရာတွင် နိုင်ငံတော်ကအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လက်မှတ် ရေးထိုးထားသည့် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းချုပ်ဆို ထားသော စာချုပ်များနှင့် ယင်းစာချုပ်များ၏ နောက်ဆက်တွဲ သဘောတူညီချက်များအားလုံး ပါဝင်သည်။
=== <center>အခန်း(၂) <br>ရည်ရွယ်ချက်များ</center> ===
: ၄။ ဤဥပဒေ၏ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် –
::: (က) ရေပြင်နယ်နိမိတ်အတွင်း နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ကာကွယ် စောင့်ရှောက်ရန်၊
::: (ခ) ရေပြင်နယ်နိမိတ်အတွင်း ပင်လယ်ရေကြောင်းကိုအသုံးပြု၍ ဆောင်ရွက်နေသည့် တရားမဝင် လုပ်ငန်းများ၊ တရားမဝင် ဖြတ်ကျော်ဝင်ရောက်မှုအပါအဝင် တရားမဝင်ဝင်ရောက် အခြေချနေထိုင်မှု များကို တားဆီးနှိမ်နင်းရန်နှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများဆောင်ရွက်ရန်၊
::: (ဂ) ပင်လယ်ရေကြောင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးတို့ကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊
::: (ဃ) ပင်လယ်ရေကြောင်းဆိုင်ရာ အမျိုးသားအကျိုးစီးပွား၊ ပင်လယ်ပြာစီးပွားရေး၊ အဏ္ဏဝါပတ်ဝန်း ကျင်နှင့် အဏ္ဏဝါဂေဟစနစ်တို့ကို ကာကွယ်စောင့်ရှောက်ရန်၊
::: (င) ပင်လယ်ရေကြောင်းဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင် နိုင်ငံတကာသဘောတူစာချုပ်များ နှင့်အညီ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာကမ်းခြေ စောင့်တပ်ဖွဲ့များ၊ ပြည်တွင်းပြည်ပမှ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်။
=== <center>အခန်း(၃) <br>ဖွဲ့စည်းခြင်း</center> ===
: ၅။ မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကို ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်၊ ယင်း၏ကွပ်ကဲမှု အောက်ရှိ ကမ်းခြေစောင့်တပ်ဖွဲ့ရေယာဉ်စုများ၊ ကမ်းခြေစောင့်တပ်ဖွဲ့ ရေယာဉ်အုပ်များ၊ အခြား လိုအပ်သောဌာနများဖြင့် တည်ဆဲဖွဲ့စည်းပုံနှင့်အညီ ဖွဲ့စည်းရမည်။
: ၆။ ဝန်ကြီးဌာနသည် ကမ်းခြေစောင့်တပ်ဖွဲ့၏ဖွဲ့စည်းပုံကို လိုအပ်ပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ တိုးချဲ့ဖွဲ့စည်းနိုင်သည်။
: ၇။ ကမ်းခြေစောင့်တပ်ဖွဲ့သည် ကိုယ်ပိုင်အလံနှင့် ကိုယ်ပိုင်တံဆိပ်တို့ကို အသုံးပြုခွင့်ရှိသည်။
=== <center>အခန်း(၄) <br>တာဝန်နှင့်လုပ်ပိုင်ခွင့်များ</center> ===
: ၈။ ကမ်းခြေစောင့်တပ်ဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် –
::: (က) ရေပြင်နယ်နိမိတ်အတွင်း နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ထိပါးနှောင့်ယှက်မှု မရှိစေရန် ရေကြောင်းလုံခြုံရေးတာဝန်ဆောင်ရွက်ခြင်း၊
::: (ခ) ရေပြင်နယ်နိမိတ်အတွင်း ပင်လယ်ရေကြောင်းကို အသုံးပြု၍ ဆောင်ရွက်နေသည့် တရားမဝင် လုပ်ငန်း၊ မူးယစ်ဆေးဝါး သို့မဟုတ် လက်နက်ကို သယ်ဆောင်မှု သို့မဟုတ် ရောင်းဝယ်မှု၊ လူကုန်ကူးမှု၊ နိုင်ငံတကာ အကြမ်းဖက်မှုစသည့်နိုင်ငံဖြတ်ကျော်ပြစ်မှုများ၊ တရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုနှင့် ပင်လယ်ဓားပြမှုများကို စုံစမ်းစစ်ဆေးခြင်းနှင့် အရေးယူခြင်း၊
::: (ဂ) ပင်လယ်ရေကြောင်းဆိုင်ရာအဆောက်အအုံ၊ ပင်လယ်ပြာစီးပွားရေးနှင့် ပင်လယ်ဆိပ်ကမ်းများ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏ တာဝန်ခံဌာနအဖြစ် တာဝန်ယူဆောင်ရွက်ခြင်း၊
::: (ဃ) ရေပြင်နယ်နိမိတ်အတွင်း ရေလမ်းကြောင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ရေယာဉ် ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို ဆောင်ရွက်ခြင်း၊
::: (င) အဏ္ဏဝါပတ်ဝန်းကျင်နှင့် အဏ္ဏဝါဂေဟစနစ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးတားဆီးကာကွယ်ခြင်း၊
::: (စ) နိုင်ငံတော်၏ကမ်းရိုးတန်းနိုင်ငံဆိုင်ရာလုပ်ငန်းတာဝန်များကို တာဝန်ခံဌာနအဖြစ်ဆောင်ရွက်ခြင်းနှင့် ဆိပ်ကမ်းနိုင်ငံဆိုင်ရာ လုပ်ငန်းတာဝန်များကို ပြည်တွင်းပြည်ပ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများ၊ ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
::: (ဆ) ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
::: (ဇ) လူသားချင်းစာနာထောက်ထားမှု အကူအညီပေးခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
::: (ဈ) နိုင်ငံတော်၏အရေးပေါ်အခြေအနေတွင် တပ်မတော်(ရေ)နှင့်ပူးပေါင်း၍ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ခြင်း၊
::: (ည) ကမ်းခြေစောင့်တပ်ဖွဲ့နှင့် သက်ဆိုင်သည့် ပညာရပ်များလေ့ကျင့်သင်ကြားနိုင်သော သင်တန်း များနှင့် နိုင်ငံတကာရေကြောင်းဆိုင်ရာအဖွဲ့အစည်းများ၏ စံချိန်စံညွှန်းနှင့် ညီသောကျောင်းများ ဖွင့်လှစ်ခြင်း၊
::: (ဋ) အဏ္ဏဝါပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ရေထုညစ်ညမ်းမှုကာကွယ်တားဆီးခြင်းတို့နှင့် စပ်လျဉ်း၍ အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
::: (ဌ) ဝန်ကြီးဌာနက အခါအားလျော်စွာပေးအပ်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း။
: ၉။ ကမ်းခြေစောင့်တပ်ဖွဲ့အကြီးအကဲသည်–
::: (က) ကမ်းခြေစောင့်တပ်ဖွဲ့ကို တာဝန်ခံကြီးကြပ်ကွပ်ကဲရမည်။
::: (ခ) ကမ်းခြေစောင့်တပ်ဖွဲ့၏ ဖွဲ့စည်းပုံကိုပြင်ဆင်ရန် လိုအပ်ပါက ဝန်ကြီးဌာနသို့ အဆိုပြုတင်ပြနိုင်သည်။
::: (ဂ) ကမ်းခြေစောင့်တပ်ဖွဲ့၏လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် လိုအပ်သောစီမံချက်များနှင့် စီမံကိန်းများကို ဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ ရေးဆွဲချမှတ်ဆောင်ရွက်ရမည်။
::: (ဃ) မိမိ၏ လုပ်ပိုင်ခွင့်တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ သင့်လျော်သည့် တပ်ဖွဲ့ဝင် အရာရှိတစ်ဦးဦးအား သတ်မှတ်ချက်များနှင့်အညီ လွှဲအပ်ဆောင်ရွက်နိုင်သည်။
::: (င) တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည် မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာ၊ စီမံကိန်းနှင့်လေ့ကျင့်ရေးစီမံချက်များကို ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရမည်။
=== <center>အခန်း(၅) <br>ပင်လယ်ရေကြောင်းဆိုင်ရာလုံခြုံရေး</center>===
: ၁၀။ နိုင်ငံခြားရေယာဉ်သည် မြန်မာနိုင်ငံပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေနှင့်အညီ အပြစ်ကင်းသော ဖြတ်သန်းမှုကို ကျင့်သုံးခွင့်ရှိသည်။
: ၁၁။ ကမ်းခြေစောင့်တပ်ဖွဲ့သည် အောက်ပါတာဝန်တို့ကို ဆောင်ရွက်ရမည် –
::: (က) နိုင်ငံတော်၏အတွင်းပိုင်းရေပြင်မှစ၍ ပိုင်နက်ပင်လယ်အထိ တစ်ဆက်တည်းရှိသော နယ်နိမိတ် အတွင်းနှင့် ကမ်းရိုးတန်းတစ်လျှောက်တွင် –
::::: (၁) နိုင်ငံခြားရေယာဉ်၏ အပြစ်ကင်းသောဖြတ်သန်းသွားလာခွင့်ကို မထိခိုက်စေဘဲ နိုင်ငံတော်၏ လုံခြုံရေး သို့မဟုတ် ပင်လယ်ရေကြောင်းဆိုင်ရာ လုံခြုံရေးနှင့်စပ်လျဉ်း၍ လိုအပ်ပါက ဖြတ်သန်းသည့် ရေယာဉ်ကို ရပ်တန့်စေခြင်း၊ စုံစမ်းစစ်ဆေး ခြင်း သို့မဟုတ် တက်ရောက်ရှာဖွေခြင်း၊
::::: (၂) နိုင်ငံခြားရေယာဉ်၏ အပြစ်ကင်းသောဖြတ်သန်းသွားလာခွင့်ကို မထိခိုက်စေဘဲ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း မသင်္ကာဖွယ် တွေ့ရှိရသည့် သို့မဟုတ် သတင်းရရှိသည့် ရေယာဉ်ကို ရပ်တန့်စေခြင်း၊ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် တက်ရောက်ရှာဖွေခြင်း၊
::::: (၃) ပင်လယ်ရေကြောင်းကိုအသုံးပြု၍ ဆောင်ရွက်နေသည့် တရားမဝင်လုပ်ငန်းများနှင့် ပင်လယ် ရေကြောင်းဆိုင်ရာ ဆိုက်ဘာခြိမ်းခြောက်မှုများကို စုံစမ်းစစ်ဆေးခြင်း၊
::::: (၄) နိုင်ငံတော်၏ ပိုင်နက်ပင်လယ်အတွင်း အပြစ်ကင်းသော ဖြတ်သန်းသွားလာခွင့်အရ ဖြတ်သန်း သွားလာသည့် နိုင်ငံခြားရေယာဉ်က ဝန်ဆောင်မှုလုပ်ငန်းတစ်ခုခုကို သီးခြားဆောင်ရွက်ပေးရန် တောင်းဆိုလျှင် အဆိုပါဝန်ဆောင်မှုလုပ်ငန်းအတွက် သတ်မှတ်ထားသော အခကြေးငွေကို ပေးသွင်းစေပြီး ဆောင်ရွက်ပေးခြင်း၊
::::: (၅) နိုင်ငံတော်၏အတွင်းပိုင်းရေပြင်၌ တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခဲ့ပြီး ပိုင်နက် ပင်လယ်ကို ဖြတ်သန်းသွားလာသော နိုင်ငံခြား ရေယာဉ်ကို ရပ်တန့်စေခြင်း၊ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် တက်ရောက်ရှာဖွေခြင်း၊
::::: (၆) ရေယာဉ်၏အမှတ်အသား သို့မဟုတ် အလံကို အတုပြုလုပ်မှု သို့မဟုတ် ပုံစံတူဆင့်ပွားပြုလုပ်မှု ကျူးလွန်ကြောင်း မသင်္ကာဖွယ်တွေ့ရှိသည့် ရေယာဉ်ပေါ်သို့ တက်ရောက်စစ်ဆေးခြင်း၊
::::: (၇) နိုင်ငံတော်၏ ပိုင်နက်ပင်လယ်အတွင်း အပြစ်ကင်းသော ဖြတ်သန်းသွားလာခြင်း မဟုတ်သည့် ဖြတ်သန်းသွားလာခြင်းကို သတ်မှတ်ချက်များနှင့်အညီ တားဆီးကာကွယ်ခြင်း၊
::::: (၈) နိုင်ငံတော်၏ အတွင်းပိုင်းရေပြင်သို့ ခုတ်မောင်းနေသည့် ရေယာဉ်များ စည်းကမ်းလိုက်နာမှုရှိစေရန် ဆောင်ရွက်ခြင်း၊
::::: (၉) လုံခြုံရေးဆိုင်ရာအရေးပေါ်အခြေအနေအရဖြစ်စေ၊ ဘေးအန္တရာယ်ကင်းရှင်းရေးအရဖြစ်စေ၊ ရေယာဉ်တွင်စီးနင်းလိုက်ပါသူများ၏ ကျန်းမာရေးဆိုင်ရာအရေးပေါ်အခြေအနေအရဖြစ်စေ၊ ရာသီဥတု အခြေအနေအရဖြစ်စေ၊ အခြားသော အရေးပေါ်အခြေအနေတစ်ရပ်ရပ်အရဖြစ်စေ ဝင်ရောက်လာသော နိုင်ငံခြားရေယာဉ်ကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီးရပ်နားခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊ အတွင်းပိုင်း ရေပြင်သို့ဝင်ခွင့်ပြုခြင်း သို့မဟုတ် ဝင်ခွင့်ပြုရန် ငြင်းပယ်ခြင်း၊
::::: (၁၀) ပုံမှန်ကင်းလှည့်ခြင်းနှင့် နိုင်ငံတော်၏ တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်း မသင်္ကာ ဖွယ်တွေ့ရှိသည့် သို့မဟုတ် သတင်းရရှိသည့် ရေယာဉ်ကို ရပ်တန့်စေခြင်း၊ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် တက်ရောက်ရှာဖွေခြင်း၊
::::: (၁၁) တရားမဝင်ဖြတ်ကျော်ဝင်ရောက်သည့် ရေယာဉ်ကို ရပ်တန့်စေခြင်း၊ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် တက်ရောက်ရှာဖွေခြင်း၊
::::: (၁၂) တရားမဝင်ဖြတ်ကျော်ဝင်ရောက်သည့် လူပုဂ္ဂိုလ်ကို တားဆီးခြင်း သို့မဟုတ် အရေးယူခြင်း၊
::::: (၁၃) လူနေထိုင်သောကျွန်းများ၏ ဘေးကင်းလုံခြုံရေးကို ဆောင်ရွက်ခြင်းနှင့် လူနေထိုင်ခြင်းမပြုရန် သတ်မှတ်ထားသည့်ကျွန်းများတွင် တရားမဝင် ဝင်ရောက်နေထိုင်မှုမရှိစေရန် တားဆီးခြင်း။
::: (ခ) ဆက်စပ်ဇုန်အတွင်း နိုင်ငံတကာ သဘောတူစာချုပ်များအရ ပေးအပ်ထားသော လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ကို မထိခိုက်စေဘဲ နိုင်ငံတော်၏ အကောက်ခွန်၊ ငွေကြေး၊ တရားမဝင်ဖြတ်ကျော် ဝင်ရောက်မှုအပါအဝင် လူဝင်မှုကြီးကြပ်ရေး သို့မဟုတ် ကျန်းမာသန့်ရှင်းရေးဆိုင်ရာဥပဒေများပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း မသင်္ကာဖွယ်တွေ့ရှိသည့် သို့မဟုတ် သတင်းရရှိသည့် ရေယာဉ်ကို ရပ်တန့်စေခြင်း၊ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် တက်ရောက်ရှာဖွေခြင်း၊
::: (ဂ) သီးသန့်စီးပွားရေးဇုန်အတွင်း –
::::: (၁) နိုင်ငံတကာသဘောတူစာချုပ်များအရ ပေးအပ်ထားသော လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ကို မထိခိုက်စေဘဲ အဏ္ဏဝါသဘာဝသယံဇာတဆိုင်ရာ ပြစ်မှုတစ်ရပ်ရပ်ကိုကျူးလွန်ကြောင်း မသင်္ကာဖွယ် တွေ့ရှိသည့် သို့မဟုတ် သတင်းရရှိသည့် ရေယာဉ်ကို ရပ်တန့်စေခြင်း၊ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် တက်ရောက်ရှာဖွေခြင်း၊
::::: (၂) ပင်လယ်ရေကြောင်းဆိုင်ရာ အဆောက်အအုံ၊ ပင်လယ်ပြာစီးပွားရေး သို့မဟုတ် ပင်လယ်ဆိပ်ကမ်း အပေါ်ကျူးလွန်သော အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှု သို့မဟုတ် နှောင့်ယှက်မှုကို တားဆီးနှိမ်နင်းခြင်း၊
::::: (၃) ပင်လယ်ရေကြောင်းဆိုင်ရာ အဆောက်အအုံ၊ ပင်လယ်ပြာစီးပွားရေးလုပ်ငန်းဆောင်ရွက်ရာနေရာ သို့မဟုတ် ပင်လယ်ဆိပ်ကမ်းတွင် လုံခြုံရေး ချိုးဖောက်ကြောင်း သို့မဟုတ် ပြစ်မှုကျူးလွန်သူတစ်ဦးဦးက ပင်လယ်ရေကြောင်းဆိုင်ရာ အဆောက်အအုံ သို့မဟုတ် ပင်လယ်ပြာစီးပွားရေးလုပ်ငန်းဆောင်ရွက်ရာ နေရာအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ကြောင်း မသင်္ကာဖွယ်တွေ့ရှိပါက သို့မဟုတ် သတင်းရရှိပါက ဝင်ရောက်ရှာဖွေစစ်ဆေးခြင်း၊
::::: (၄) ပင်လယ်ရေကြောင်း လုံခြုံရေးခြိမ်းခြောက်မှုကို တပ်မတော်(ရေ)နှင့်ပူးပေါင်း၍ ကာကွယ် တားဆီးခြင်း၊
::::: (၅) ပင်လယ်ဆိပ်ကမ်း၊ ရေယာဉ်၊ လူပုဂ္ဂိုလ်၊ ကုန်ပစ္စည်း သို့မဟုတ် ပင်လယ်ပြာစီးပွားရေး၏လုံခြုံရေးကို ထိခိုက်နိုင်သည့်အခြေအနေတွင် ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ တပ်မတော်(ရေ) နှင့် ပူးပေါင်း၍ အမျိုးသားအဆင့် လုံခြုံရေးအဆင့်နှင့် ဧရိယာများသတ်မှတ်ခြင်းနှင့် သက်ဆိုင်သူများထံသို့ အသိပေး ကြေညာခြင်း။
=== <center>အခန်း(၆) <br>ပင်လယ်ရေကြောင်းဆိုင်ရာဘေးအန္တရာယ်ကင်းရှင်းရေး</center> ===
: ၁၂။ ကမ်းခြေစောင့်တပ်ဖွဲ့သည် ပင်လယ်ရေကြောင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်စပ်လျဉ်း၍ အောက်ပါတာဝန်တို့ကို ဆောင်ရွက်ရမည် –
::: (က) နိုင်ငံတော်၏အတွင်းပိုင်းရေပြင်မှစ၍ ပိုင်နက်ပင်လယ်အထိ တစ်ဆက်တည်းရှိသော နယ်နိမိတ် အတွင်းနှင့် ကမ်းရိုးတန်းတစ်လျှောက် –
::::: (၁) ရေယာဉ်များ ပင်လယ်ရေကြောင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
::::: (၂) ရေနံတင်ရေယာဉ်များ၊ အဏုမြူစွမ်းအင်သုံးရေ ယာဉ်များနှင့် အဏုမြူသဘောအရဖြစ်စေ၊ ပင်ကိုသဘောအရဖြစ်စေ အန္တရာယ်ဖြစ်စေသည့်၊ အခြားသောအန္တရာယ်ဖြစ်စေသည့် သို့မဟုတ် အဆိပ်အတောက်ဖြစ်စေသည့် ပစ္စည်းတစ်မျိုးမျိုးကို သယ်ဆောင်လာသော ရေယာဉ်များသည် နိုင်ငံတော်က ကန့်သတ်ထိန်းချုပ်ပြီး သတ်မှတ်ပေးထားသော ရေလမ်းကြောင်းအတိုင်း သွားလာခြင်း ရှိ မရှိ စောင့်ကြည့်စစ်ဆေးခြင်း၊ နိုင်ငံတကာသဘောတူစာချုပ်များနှင့်အညီ သတ်မှတ်ထားသည့် ကြိုတင်ကာကွယ်ခြင်းအစီအမံများကို လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ စောင့်ကြည့်စစ်ဆေးခြင်းနှင့် လိုအပ်သည့် စာရွက်စာတမ်းများ သယ်ဆောင်လာခြင်း ရှိ မရှိစစ်ဆေးခြင်း။
::: (ခ) နိုင်ငံတော်၏ အတွင်းပိုင်းရေပြင်မှစ၍ သီးသန့်စီးပွားရေးဇုန်အထိ တစ်ဆက်တည်းရှိသော နယ်နိမိတ်အတွင်းနှင့် ကမ်းရိုးတန်းတစ်လျှောက်တွင် –
::::: (၁) နျူကလီးယားစွမ်းအင် ဘေးကင်းလုံခြုံစွာ အသုံးချရေးနှင့်စပ်လျဉ်းသည့် နိုင်ငံတော်၏တည်ဆဲ ဥပဒေများ၊ နိုင်ငံတကာသဘောတူစာချုပ်များ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency) ၏ ဘေးအန္တရာယ်ကင်းရှင်းရေး စံချိန်စံညွှန်းများကို နျူကလီးယားစွမ်းအင်သုံး ရေပေါ်လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများက လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ စစ်ဆေးခြင်း၊
::::: (၂) စွန့်ပစ်ခံရေယာဉ် သို့မဟုတ် အန္တရာယ်ရှိသော ရေယာဉ်ပျက်တစ်စီးစီးကို တွေ့ရှိပါက သတ်မှတ် ချက်များနှင့်အညီ စုံစမ်းစစ်ဆေးခြင်း၊ ဆယ်တင်ခြင်းနှင့် ရှင်းလင်းဖယ်ရှားခြင်း။
::: (ဂ) ပင်လယ်ဆိပ်ကမ်းသို့ ဝင်ရောက်လာသော ရေယာဉ်အား ပင်လယ်ရေကြောင်း ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ မရှိရေယာဉ်ပေါ်သို့ တက်ရောက်စစ်ဆေးခြင်း၊
::: (ဃ) ရေလမ်းကြောင်းပြ အထောက်အကူပြုပစ္စည်းများကို ကာကွယ်စောင့်ရှောက်ခြင်း။
: ၁၃။ နိုင်ငံတော်၏ပိုင်နက်ပင်လယ်အတွင်းသို့ ခုတ်မောင်းလာသည့် ရေယာဉ်သည် အောက်ပါ သတင်းအချက်အလက်များကို ရေယာဉ် သတင်းအချက်အလက်အစီရင်ခံစနစ်အရ ကမ်းခြေစောင့်တပ်ဖွဲ့ သို့ သတ်မှတ်ချက်များနှင့်အညီပေးပို့ရမည် –
::: (က) ခရီးစဉ်အစီအစဉ်၊
::: (ခ) တည်နေရာသတင်းပို့ချက်၊
::: (ဂ) ဦးတည်လမ်းကြောင်းပြောင်းလဲမှုသတင်းပို့ချက်၊
::: (ဃ) ရောက်ရှိမှုသတင်းပို့ချက်၊
::: (င) သယ်ဆောင်လာသော ကုန်စည်အမျိုးအစားစာရင်း၊ ခရီးသည်စာရင်းနှင့် ရေယာဉ်အမှုထမ်းစာရင်း၊
::: (စ) ကမ်းခြေစောင့်တပ်ဖွဲ့က အခါအားလျော်စွာ သတ်မှတ်ထားသော အချက်အလက်များ။
=== <center>အခန်း(၇) <br>အဏ္ဏဝါပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ညစ်ညမ်းမှုတုံ့ပြန်ခြင်း</center> ===
: ၁၄။ ကမ်းခြေစောင့်တပ်ဖွဲ့သည် ရေပြင်နယ်နိမိတ်အတွင်း အဏ္ဏဝါပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက် ခြင်းနှင့် ညစ်ညမ်းမှုတုံ့ပြန်ခြင်းတို့နှင့်စပ်လျဉ်း၍ အောက်ပါတာဝန်များကို ဆောင်ရွက်ရမည် –
::: (က) နိုင်ငံတကာသဘောတူစာချုပ်များအရ ပေးအပ်ထားသည့် လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်ကို မထိခိုက်စေဘဲ ပင်လယ်ကြမ်းပြင်၊ ပင်လယ်ကြမ်းပြင်အောက်ခံမြေထု၊ ပင်လယ်ကြမ်းပြင်အထက်ရှိ ရေထုနှင့် ပင်လယ်ရေမျက်နှာပြင်တို့တွင်ရှိသော အဏ္ဏဝါသဘာဝသယံဇာတများကို တရားမဝင်စူးစမ်း ရှာဖွေခြင်း၊ ဖမ်းယူခြင်း သို့မဟုတ် တူးဖော်ထုတ်လုပ်ခြင်းတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း မသင်္ကာဖွယ် တွေ့ရှိသည့် သို့မဟုတ် သတင်းရရှိသည့်ရေယာဉ်ကို ရပ်တန့်စေခြင်း၊ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် တက်ရောက်ရှာဖွေခြင်း၊
::: (ခ) အဏ္ဏဝါပတ်ဝန်းကျင်၊ အဏ္ဏဝါဂေဟစနစ်၊ ရှားပါးမျိုးစိတ်များကို ညစ်ညမ်းစေသည့် သို့မဟုတ် ပျက်စီးဆုံးရှုံးစေသည့် ပြုလုပ်မှုတစ်ခုခုကို ကျူးလွန်ကြောင်း မသင်္ကာဖွယ် တွေ့ရှိသည့် သို့မဟုတ် သတင်းရရှိသည့်ရေယာဉ် သို့မဟုတ် လူပုဂ္ဂိုလ်ကိုစစ်ဆေးခြင်း၊
::: (ဂ) စက်မှုလုပ်ငန်း၊ ပင်လယ်ရေကြောင်းဆိုင်ရာ အဆောက်အအုံ၊ ပင်လယ်ပြာစီးပွားရေးနှင့် သက်ဆိုင်သောလုပ်ငန်း၊ နျူကလီးယားစွမ်းအင်သုံး ရေပေါ်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ စွမ်းအင်တစ်ခုခုကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်သော ရေပေါ်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း၊ ပင်လယ်ဆိပ်ကမ်း သို့မဟုတ် ရေယာဉ်က ဘေးအန္တရာယ်ဖြစ်စေသော သို့မဟုတ် အဆိပ်အတောက်ဖြစ်စေသော အငွေ့၊ အရည် သို့မဟုတ် အစိုင်အခဲကို နည်းလမ်းတကျ စွန့်ပစ်ခြင်းမပြု ကြောင်း မသင်္ကာဖွယ်တွေ့ရှိပါက သို့မဟုတ် သတင်းရရှိပါက ထိုလုပ်ငန်းရှင်ကိုဖြစ်စေ၊ တာဝန်ရှိသူကိုဖြစ်စေ စစ်ဆေးခြင်း၊
::: (ဃ) ပင်လယ်ရေကြောင်းဆိုင်ရာအဆောက်အအုံ သို့မဟုတ် ပင်လယ်ပြာစီးပွားရေးနှင့်သက်ဆိုင်သော အောက်ပါလုပ်ငန်းတစ်ရပ်ရပ်ကို တရားမဝင်လုပ်ကိုင်ကြောင်း မသင်္ကာဖွယ်တွေ့ရှိပါက သို့မဟုတ် သတင်းရရှိပါက စစ်ဆေးခြင်း –
::::: (၁) ငါးလုပ်ငန်း၊
::::: (၂) ပုလဲထုတ်လုပ်ရေးလုပ်ငန်း၊
::::: (၃) အဏ္ဏဝါသဘာဝသယံဇာတတူးဖော်ထုတ်လုပ်ရေးလုပ်ငန်း၊
::::: (၄) အဏ္ဏဝါခရီးသွားလုပ်ငန်း သို့မဟုတ် ပင်လယ်ပြင်ကိုအခြေခံသော ခရီးသွားလုပ်ငန်း၊
::::: (၅) ကမ်းလွန်ရေနံ၊ သဘာဝဓာတ်ငွေ့နှင့်ဓာတ်သတ္တုသယံဇာတတူးဖော်ရေးလုပ်ငန်း၊
::::: (၆) ပင်လယ်ရေကြောင်းဆိုင်ရာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်း၊
::::: (၇) ပင်လယ်ရေကြောင်းကုန်သွယ်ရေးလုပ်ငန်း၊
::::: (၈) အဏ္ဏဝါသိပ္ပံဆိုင်ရာသုတေသနလုပ်ငန်း၊
::::: (၉) အဏ္ဏဝါသဘာဝသယံဇာတများ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်း၊
::::: (၁၀) ပင်လယ်ရေအောက် သမိုင်းအမွေအနှစ် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်း။
::: (င) ပင်လယ်ပြာစီးပွားရေးလုပ်ငန်း သို့မဟုတ် ပင်လယ်ရေကြောင်းဆိုင်ရာ အဆောက်အအုံလုပ်ငန်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းကတောင်းခံပါက သဘောထားမှတ်ချက်ပေးခြင်း၊
::: (စ) အဏ္ဏဝါအရင်းအမြစ် ထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ခြင်းနှင့် ယင်းနယ်မြေများအတွင်း အဏ္ဏဝါ သဘာဝသယံဇာတများ၊ အဏ္ဏဝါဝတ်ဝန်းကျင်၊ အဏ္ဏဝါဂေဟစနစ်များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်း၊
::: (ဆ) ရေပြင်နယ်နိမိတ်အတွင်းရှိ ရှေးဟောင်းဝတ္ထုပစ္စည်းများနှင့် သမိုင်းဝင်ပစ္စည်းများကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ခြင်း၊
::: (ဇ) အဏ္ဏဝါပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပင်လယ်ရေကြောင်းဆိုင်ရာလုံခြုံရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးတို့နှင့်စပ်လျဉ်း၍ အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
::: (ဈ) ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ အမျိုးသားအဆင့် ရေထုညစ်ညမ်းမှုတုံ့ပြန် ဆောင်ရွက်ရေးစီမံချက်နှင့်အညီ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ခြင်း၊
::: (ည) အဏ္ဏဝါပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ညစ်ညမ်းမှုတုံ့ပြန်ခြင်းတို့နှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊
::: (ဋ) အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှုအတွက် နိုင်ငံတော်ကိုယ်စား လျော်ကြေးတောင်းခံခြင်းဆိုင်ရာ လုပ်ငန်းများကို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
::: (ဌ) အဏ္ဏဝါပတ်ဝန်းကျင်၊ အဏ္ဏဝါဂေဟစနစ်၊ ရှားပါးမျိုးစိတ်များကို ထိခိုက်စေသည့်ဖြစ်ရပ် သို့မဟုတ် ညစ်ညမ်းမှုတစ်ခုခုပေါ်ပေါက်ကြောင်း သတင်းပေးသူ သို့မဟုတ် တုံ့ပြန်ဆောင်ရွက်သည့်အဖွဲ့အစည်းကို ဆုကြေးပေးနိုင်ရန် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခြင်း၊
::: (ဍ) ရေထုညစ်ညမ်းမှု တုံ့ပြန်ရေးဆောင်ရွက်ရာတွင် လေကြောင်းပျံသန်းမှုလိုအပ်ပါက သက်ဆိုင်ရာသို့ လေယာဉ်တောင်းခံခြင်း။
=== <center>အခန်း(၈) <br>ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး</center> ===
: ၁၅။ ကမ်းခြေစောင့်တပ်ဖွဲ့သည် ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးနှင့်စပ်လျဉ်း၍ အောက်ပါတာဝန်တို့ကို ဆောင်ရွက်ရမည် –
::: (က) အမျိုးသားအဆင့် ရှာဖွေကယ်ဆယ်ရေးစီမံချက်နှင့်အညီ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
::: (ခ) အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းပင်လယ်ရေကြောင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့အစည်းများ၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး သတင်းအချက် အလက်များဖလှယ်ခြင်း၊
::: (ဂ) ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ကင်းလှည့်စစ်ဆေးခြင်း သို့မဟုတ် ရှာဖွေကယ်ဆယ်ခြင်းဆိုင်ရာလေ့ကျင့်မှုကို နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊
::: (ဃ) ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများကို အသင့်အနေအထားဖြစ်စေရန် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
::: (င) ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ရာတွင် လေကြောင်းပျံသန်းမှုလိုအပ်ပါက သက်ဆိုင်ရာသို့ လေယာဉ်တောင်းခံခြင်း။
=== <center>အခန်း(၉) <br>ပူးပေါင်းဆောင်ရွက်ခြင်း</center> ===
: ၁၆။ ကမ်းခြေစောင့်တပ်ဖွဲ့သည် –
::: (က) ဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် တာဝန်ပေးအပ်ပါက နိုင်ငံတကာပင်လယ်ပြင် (High Seas) တွင် ဖြစ်စေ၊ နိုင်ငံတော်၏စီရင်ပိုင်ခွင့်အာဏာပြင်ပရှိ နေရာတစ်ခုခုတွင်ဖြစ်စေ ပင်လယ်ဓားပြမှုတားဆီး နှိမ်နင်းခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းတို့ကို တပ်မတော်(ရေ)၊ သက်ဆိုင်ရာ ပြည်တွင်းပြည်ပအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။
::: (ခ) နိုင်ငံတော်၏ကုန်းတွင်းပိုင်းတစ်နေရာရာတွင် လူပုဂ္ဂိုလ်တစ်ဦးဦးက တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပြီး ရေပြင်နယ်နိမိတ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ကြောင်း သတင်းရရှိပါက ယင်းပြစ်မှုကျူးလွန်သူကို ဖမ်းဆီးခြင်းနှင့် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသို့ လွှဲပြောင်း ပေးခြင်းပြုနိုင်သည်။
::: (ဂ) ပြစ်မှုတစ်ရပ်ရပ်ကိုကျူးလွန်ပြီး ရေပြင်နယ်နိမိတ်ပြင်ပသို့ ထွက်ပြေးတိမ်းရှောင်သည့် ပြစ်မှု ကျူးလွန်သူ သို့မဟုတ် ရေယာဉ်ကိုဖမ်းဆီးရန် ပြည်တွင်းပြည်ပသက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများထံသို့ အကူအညီတောင်းခံခြင်း သို့မဟုတ် အခွင့်အာဏာလွှဲအပ်ခြင်းပြုနိုင်သည်။
::: (ဃ) ရေယာဉ်ပိုင်ရှင်၊ ရေယာဉ်မှူး သို့မဟုတ်သက်ဆိုင်ရာအလံတင်နိုင်ငံ၏ တောင်းဆိုချက်အရ နိုင်ငံတကာပင်လယ်ပြင်တွင် ရောက်ရှိနေသော ရေယာဉ်ပေါ်ရှိ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီး၍ အရေးယူနိုင်ရန် သက်ဆိုင်ရာနိုင်ငံ၏အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။
::: (င) ရေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပင်လယ်ရေကြောင်းဆိုင်ရာအဆောက်အအုံ ကာကွယ်စောင့်ရှောက်ရေးတို့ကို ဆောင်ရွက်ရမည်။
::: (စ) တပ်မတော်(ရေ)နှင့်ပူးပေါင်း၍ အဏ္ဏဝါသိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းများကို ဥပဒေနှင့်အညီ စစ်ဆေးနိုင်သည်။
::: (ဆ) ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး သို့မဟုတ် ရေထုညစ်ညမ်းမှုတုံ့ပြန်ရေးတာဝန်ကို ထမ်းဆောင် ရာတွင် လေကြောင်းပျံသန်းမှု လိုအပ်ပါက လေယာဉ်ရရှိရေးအတွက် သက်ဆိုင်ရာသို့တင်ပြခြင်း သို့မဟုတ် တောင်းခံခြင်းဆောင်ရွက်နိုင်သည်။
: ၁၇။ ကမ်းခြေစောင့်တပ်ဖွဲ့သည် ပုဒ်မ ၁၆ ပါ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို နိုင်ငံတော်ကသတ်မှတ်ထားသည့် မူဝါဒများနှင့်အညီ ဆောင်ရွက်နိုင်သည်။
: ၁၈။ ကမ်းခြေစောင့်တပ်ဖွဲ့သည် ဤဥပဒေပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် လိုအပ်သည့် ပင်လယ်ရေကြောင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသော သတင်းအချက်အလက်များကို ပြည်တွင်း ပြည်ပအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အခြားအဖွဲ့အစည်းများထံမှ တောင်းခံရယူခွင့်ရှိသည်။
: ၁၉။ ကမ်းခြေစောင့်တပ်ဖွဲ့သည် –
::: (က) ရေပြင်နယ်နိမိတ်အတွင်း နိုင်ငံခြားရေယာဉ်ပေါ်တွင် လူပုဂ္ဂိုလ်တစ်ဦးဦးက ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း သို့မဟုတ် ပြည်ပတွင် ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူက နိုင်ငံခြား ရေယာဉ်တစ်စီးစီးတွင် စီးနင်းလိုက်ပါလာကြောင်း သတင်းရရှိပါက ထိုသူကိုအရေးယူနိုင်ရန် ပြည်တွင်း ပြည်ပအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်။
::: (ခ) ပြည်ပတွင် ပြစ်မှုကျူးလွန်ခဲ့သည့် နိုင်ငံခြားရေယာဉ် တစ်စီးစီးသည် ရေပြင်နယ်နိမိတ်အတွင်း ဝင်ရောက်လာကြောင်း ကိုယ်တိုင်သိရှိပါက သို့မဟုတ် သတင်းရရှိပါက အဆိုပါရေယာဉ်ကို စစ်ဆေးခြင်း၊ ထိန်းသိမ်းခြင်း သို့မဟုတ် လွှဲပြောင်းခြင်းဆောင်ရွက်ရန် သက်ဆိုင်ရာပြည်တွင်းပြည်ပ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။
: ၂၀။ ကမ်းခြေစောင့်တပ်ဖွဲ့သည် ရေပြင်နယ်နိမိတ်အတွင်း အဏ္ဏဝါပတ်ဝန်းကျင်၊ အဏ္ဏဝါဂေဟစနစ်နှင့် ရှားပါးမျိုးစိတ်များ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း၊ ညစ်ညမ်းမှုကာကွယ်တားဆီးခြင်း၊ ညစ်ညမ်းမှု တုံ့ပြန်ခြင်းဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာကမ်းခြေစောင့်တပ်ဖွဲ့များ၊ ပြည်တွင်းပြည်ပမှ သက်ဆိုင်ရာအစိုးရဌာနများ၊ အခြားအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်။
: ၂၁။ ကမ်းခြေစောင့်တပ်ဖွဲ့သည် ပင်လယ်ရေကြောင်းဆိုင်ရာလုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် ကင်းလှည့်စစ်ဆေးခြင်း သို့မဟုတ် ရှာဖွေကယ်ဆယ်ခြင်းဆိုင်ရာလေ့ကျင့်မှုများကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။
=== <center>အခန်း(၁ဝ) <br>တားမြစ်ချက်များ</center> ===
: ၂၂။ (က) မည်သူမျှ သို့မဟုတ် မည်သည့်ရေယာဉ်မျှ နိုင်ငံတော်၏အတွင်းပိုင်းရေပြင်မှစ၍ သီးသန့် စီးပွားရေးဇုန်အထိတစ်ဆက်တည်းရှိသော နယ်နိမိတ်အတွင်းနှင့် ကမ်းရိုးတန်းတစ်လျှောက်တွင် ပင်လယ်ပြာစီးပွားရေးကို ထိခိုက်ပျက်စီးစေမည့်ပြုလုပ်မှုတစ်ခုခုကိုမပြုရ။
::: (ခ) မည်သူမျှ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဥပဒေအရ သတ်မှတ်သည့် ဆိပ်ကမ်းနယ်နိမိတ်ပြင်ပရှိ ရေပြင် နယ်နိမိတ်အတွင်းတွင် အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ ရေလမ်းကြောင်းပိတ်ဆို့စေနိုင်သော သို့မဟုတ် ရေကြောင်းသွားလာမှုကို ဟန့်တားခြင်းဖြစ်ပေါ်စေနိုင်သော သို့မဟုတ် တစ်နည်းနည်းဖြင့် ထိခိုက်စေနိုင်သော ရေယာဉ်ကိုဖြစ်စေ၊ ပစ္စည်းတစ်မျိုးမျိုးကိုဖြစ်စေ၊ ရေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေနိုင် သော ပစ္စည်းတစ်မျိုးမျိုးကိုဖြစ်စေ စွန့်ပစ်ခြင်း၊ တစ်နည်းနည်းဖြင့်ရောက်ရှိစေခြင်း သို့မဟုတ် တည်ဆောက်ခြင်းမပြုရ။
::: (ဂ) မည်သူမျှ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတ်မှတ်ထားသည့် ဆိပ်ကမ်းနယ်နိမိတ်ပြင်ပရှိ ရေပြင်နယ်နိမိတ်အတွင်းတွင် အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ ဆိပ်ကမ်းတံတားတစ်မျိုးမျိုးကို သော်လည်းကောင်း၊ သင်္ဘောကျင်း၊ ရေလုံသင်္ဘောကျင်းနှင့် လွန်းလမ်းတစ်မျိုးမျိုးကိုသော်လည်းကောင်း တည်ဆောက်ခြင်းမပြုရ။
::: (ဃ) မည်သူမျှ လူနေထိုင်ခြင်းမပြုရန် သတ်မှတ်ထားသည့် ကျွန်းများတွင် ဝင်ရောက်နေထိုင်ခြင်းမပြုရ။
::: (င) မည်သူမျှညစ်ညမ်းမှုတုံ့ပြန်ရေး အထောက်အကူပြုပစ္စည်း သို့မဟုတ် ပင်လယ်ပြင်ရှာဖွေ ကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းကိုဖယ်ရှားခြင်း၊ ရွှေ့ပြောင်းခြင်း၊ ဖျက်ဆီးခြင်း၊ ပျက်စီးစေခြင်း၊ ရေတွင်မျှောခြင်း သို့မဟုတ် ခိုးယူခြင်း မပြုရ။
::: (စ) မည်သူမျှ သို့မဟုတ် မည်သည့်ရေယာဉ်မျှ နိုင်ငံတော်၏ အတွင်းပိုင်းရေပြင်မှစ၍ ပိုင်နက်ပင်လယ် အထိတစ်ဆက်တည်းရှိသော နယ်နိမိတ်အတွင်းနှင့် ကမ်းရိုးတန်းတစ်လျှောက်တွင် မမှန်ကန်သောအမှတ် အသားကိုဖော်ပြခြင်း၊ တရားမဝင်အလံလွှင့်ထုခြင်း သို့မဟုတ် အတုပြုလုပ်ထားသော စာရွက်စာတမ်းကို သယ်ဆောင်ခြင်း မပြုရ။
::: (ဆ) နိုင်ငံတော်၏ပိုင်နက်ပင်လယ်အတွင်းသို့ ခုတ်မောင်းလာသည့် မည်သည့်ရေယာဉ်မျှ ပုဒ်မ ၁၃ အရ သတ်မှတ်ထားသော သတင်းအချက်အလက်ကို ပေးပို့ရန် ပျက်ကွက်ခြင်း မရှိစေရ သို့မဟုတ် မမှန်မကန် သတင်းပို့ခြင်းမပြုရ။
::: (ဇ) မည်သည့် ရေပေါ်လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမျှ ရေပြင်နယ်နိမိတ်အတွင်းတွင် အဏ္ဏဝါ ပတ်ဝန်းကျင်နှင့် အဏ္ဏဝါဂေဟစနစ်အပေါ် ညစ်ညမ်းမှုဖြစ်စေသည့် သို့မဟုတ် ထိခိုက်ပျက်စီးစေသည့် ပြုလုပ်မှုတစ်ခုခုကို မပြုရ။
=== <center>အခန်း(၁၁) <br>ပြစ်မှုနှင့် ပြစ်ဒဏ်များ</center> ===
: ၂၃။ (က) မည်သူမဆို သို့မဟုတ် မည်သည့်ရေယာဉ်မဆို ပုဒ်မ ၂၂ ပုဒ်မခွဲ (က) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ကျူးလွန်သူ သို့မဟုတ် ရေယာဉ်ပိုင်ရှင် သို့မဟုတ် ရေယာဉ်မှူးကို အနည်းဆုံး ထောင်ဒဏ်သုံးနှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
::: (ခ) မည်သူမဆို ပုဒ်မ ၂၂ ပုဒ်မခွဲ (ခ) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်။ ထို့ပြင် အဆိုပါပြုလုပ်မှုကြောင့် ပေါ်ပေါက်လာသည့် နစ်နာဆုံးရှုံးမှုကို လည်းကောင်း၊ အဆိုပါ အရာဝတ္ထုများကို ဖယ်ရှားရှင်းလင်းရသည့် ကုန်ကျစရိတ်ကိုလည်းကောင်း ပြစ်မှုကျူးလွန်သူက ပေးလျော်စေရမည်။
::: (ဂ) မည်သူမဆို –
::::: (၁) ပုဒ်မ ၂၂ ပုဒ်မခွဲ (ဂ) ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် အဆိုပါ တည်ဆောက်ထားသည့် အရာများကို ပြစ်မှုကျူးလွန်သူက မိမိစရိတ်ဖြင့် သတ်မှတ် ကာလအတွင်း မူလအနေအထားသို့ ပြန်လည်ရောက်ရှိစေရန် ဖယ်ရှားရှင်းလင်းစေရမည်။
::::: (၂) ပုဒ်မခွဲငယ် (၁) ပါ သတ်မှတ်ကာလအတွင်း ဖယ်ရှားရှင်းလင်းခြင်းမပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ပုဒ်မခွဲငယ် (၁) ပါ သတ်မှတ်ကာလစေ့ရောက်သည့်နေ့မှစ၍ အဆိုပါ တည်ဆောက်ထားသည့်အရာများ ဖယ်ရှားရှင်းလင်းပြီးသည့်နေ့အထိ နေ့စဉ် ငွေဒဏ် ကျပ်သိန်း ၁ဝဝ စီ ပေးဆောင်စေရမည်။
::: (ဃ) မည်သူမဆို ပုဒ်မ ၂၂ ပုဒ်မခွဲ (ဃ) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည်။
::: (င) မည်သူမဆို ပုဒ်မ ၂၂ ပုဒ်မခွဲ (င) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
::: (စ) မည်သူမဆို သို့မဟုတ် မည်သည့်ရေယာဉ်မဆို ပုဒ်မ ၂၂ ပုဒ်မခွဲ (စ) ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ကျူးလွန်သူ သို့မဟုတ် ရေယာဉ်ပိုင်ရှင် သို့မဟုတ် ရေယာဉ်မှူးကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ကျပ်သိန်း ၁,၀၀၀ အောက် မလျော့သည့် ငွေဒဏ်ချမှတ်ရမည်။
::: (ဆ) မည်သည့်ရေယာဉ်မဆို ပုဒ်မ ၂၂ ပုဒ်မခွဲ(ဆ) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ရေယာဉ်ပိုင်ရှင် သို့မဟုတ် ရေယာဉ်မှူးကို အနည်းဆုံး ကျပ်သိန်း ၅၀၀ မှ အများဆုံး ကျပ် သိန်း ၁,၀၀၀ အထိ ငွေဒဏ်ချမှတ်ရမည်။
::: (ဇ) ပုဒ်မ ၂၂ ပုဒ်မခွဲ (ဇ) ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုလုပ်ငန်းပိုင်ရှင်ကိုဖြစ်စေ၊ တာဝန်ရှိသူကိုဖြစ်စေ၊ ကိုယ်စားလှယ်လွှဲအပ်ခံရသူကို ဖြစ်စေ ညစ်ညမ်းမှု သို့မဟုတ် ထိခိုက်ပျက်စီးမှုပမာဏအလိုက် ဆုံးရှုံးမှုတန်ဖိုးငွေ၏ လေးဆကို ငွေဒဏ်အဖြစ် ချမှတ်ရမည်။
: ၂၄။ မည်သူမဆို –
::: (က) ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။ ထို့အပြင် ဖောက်ဖျက်မှုကြောင့် ပေါ်ပေါက်လာသည့် ထိခိုက်နစ်နာ ဆုံးရှုံးမှုများအတွက် ပြစ်မှုကျူးလွန်သူက မိမိစရိတ်ဖြင့် သတ်မှတ်ကာလအတွင်း မူလအနေအထားသို့ ရောက်ရှိစေရန် ဆောင်ရွက်ပေးစေရမည်။
::: (ခ) ပုဒ်မခွဲ (က) ပါ သတ်မှတ်ကာလအတွင်း မူလအနေအထားသို့ ရောက်ရှိစေရန် ဆောင်ရွက်ခြင်း မပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ပုဒ်မခွဲ(က)ပါ သတ်မှတ်ကာလ စေ့ရောက်သည့် နေ့မှစ၍ အဆိုပါ ထိခိုက်နစ်နာဆုံးရှုံးမှုများ မူလအနေအထားသို့ ရောက်ရှိရန်ဆောင်ရွက်ပြီးသည့်နေ့အထိ နေ့စဉ်ငွေဒဏ်ကျပ်သိန်း ၁၀၀ စီ ပေးဆောင်စေရမည်။
=== <center>အခန်း(၁၂) <br>ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်းနှင့် လွှဲပြောင်းခြင်း</center> ===
: ၂၅။ ကမ်းခြေစောင့်တပ်ဖွဲ့သည် နိုင်ငံတော်၏အတွင်းပိုင်းရေပြင်မှစ၍ သီးသန့်စီးပွားရေးဇုန်အထိ တစ်ဆက်တည်းရှိသော နယ်နိမိတ်အတွင်းနှင့် ကမ်းရိုးတန်းတစ်လျှောက်တွင် အောက်ပါတားမြစ်ချက် သို့မဟုတ် ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ ဖောက်ဖျက်ကျူးလွန်ရန် အားထုတ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း ပြစ်မှုတစ်ရပ်ရပ်ကျူးလွန်သူကို ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်းနှင့် တည်ဆဲဥပဒေများနှင့်အညီ ဆက်လက်အရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းထံသို့ လွှဲပြောင်းပေးခြင်းတို့ကို နှောင့်နှေးကြန့်ကြာခြင်းမရှိစေဘဲ ဆောင်ရွက်ရမည် –
::: (က) သက်ဆိုင်ရာတည်ဆဲဥပဒေများပါ တားမြစ်ချက်များ၊
::: (ခ) နိုင်ငံတကာသဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်များ။
: ၂၆။ ကမ်းခြေစောင့်တပ်ဖွဲ့သည် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးချုပ်နှောင်ပြီး ပြစ်မှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းများကို သိမ်းဆည်း၍ ထိုပြစ်မှုကျူးလွန်သူကို သက်သေခံပစ္စည်းနှင့်တကွ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းထံသို့ သတ်မှတ်ပုံစံဖြင့် လွှဲပြောင်းခြင်း သို့မဟုတ် နီးစပ်ရာရဲစခန်းသို့ သတင်းပေးတိုင်ကြားခြင်း ပြုနိုင်သည်။
: ၂၇။ ကမ်းခြေစောင့်တပ်ဖွဲ့သည် ပုဒ်မ ၂၅ သို့မဟုတ် ၂၆ အရ ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်းခံရသူက နာမကျန်းသည့်အခြေအနေတွင် သက်ဆိုင်ရာမှတ်ပုံတင်ဆရာဝန်၏ထောက်ခံချက်ဖြင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု သို့မဟုတ် ဆေးကုသမှုခံယူခွင့်ပြုနိုင်သည်။
: ၂၈။ ကမ်းခြေစောင့်တပ်ဖွဲ့သည် ပုဒ်မ ၂၅ သို့မဟုတ် ၂၆ အရ ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်းခံရသူကို တစ်နေရာမှတစ်နေရာသို့ ပို့ဆောင်ရာတွင် ထိုသူ၏ လုံခြုံရေးအရဖြစ်စေ၊ ကျန်းမာရေးအရဖြစ်စေ လိုအပ် ပါက မိမိ၏အစီအစဉ်ဖြင့် ပို့ဆောင်နိုင်သည်။
: ၂၉။ ဤဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း စွပ်စွဲခံရသူသည် နိုင်ငံခြား သားဖြစ်ပါက ဤဥပဒေအရသော်လည်းကောင်း တရားခံလွှဲပြောင်းရေးဥပဒေအရသော်လည်းကောင်း အရေးယူဆောင်ရွက်နိုင်သည်။
: ၃၀။ ကမ်းခြေစောင့်တပ်ဖွဲ့သည် –
::: (က) ပြည်ပတွင်ပြစ်မှုကျူးလွန်ပြီး ရေပြင်နယ်နိမိတ်အတွင်းသို့ ဝင်ရောက်နေသော နိုင်ငံခြားသား တစ်ဦးဦးကို စစ်ဆေးတွေ့ရှိပါက တရားခံလွှဲပြောင်းရေးဥပဒေနှင့်အညီ ဆောင်ရွက်နိုင်သည်။
::: (ခ) ပြည်ပတွင် ပြစ်မှုကျူးလွန်ခဲ့သည့် နိုင်ငံခြားရေယာဉ်တစ်စီးစီးသည် ရေပြင်နယ်နိမိတ်အတွင်း ဝင်ရောက်နေကြောင်း ကိုယ်တိုင်သိရှိလျှင်ဖြစ်စေ၊ သတင်းရရှိလျှင်ဖြစ်စေ အဆိုပါရေယာဉ်ကို စစ်ဆေးခြင်း သို့မဟုတ် ထိန်းသိမ်းခြင်း သို့မဟုတ် လွှဲပြောင်းခြင်းကိစ္စရပ်များ ဆောင်ရွက်နိုင်သည်။
=== <center>အခန်း (၁၃) <br>အထွေထွေ</center> ===
: ၃၁။ ကမ်းခြေစောင့်တပ်ဖွဲ့သည် –
::: (က) တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်သော သို့မဟုတ် ဖောက်ဖျက်ကျူးလွန်သည်ဟု ယုံကြည်ရန် အကြောင်းရှိသော နိုင်ငံခြားရေယာဉ်ကို ထက်ကြပ်မကွာ လိုက်လံဖမ်းဆီးခွင့်ရှိသည်။
::: (ခ) ပုဒ်မခွဲ(က)အရ ထက်ကြပ်မကွာ လိုက်လံဖမ်းဆီးရာတွင် သင့်လျော်သည့် အင်အားသုံးခွင့်ရှိသည်။
: ၃၂။ ကမ်းခြေစောင့်တပ်ဖွဲ့ သို့မဟုတ် တပ်ဖွဲ့ဝင်က တာဝန်အရ ရေယာဉ်ကို ရပ်တန့်စေခြင်း၊ စစ်ဆေးခြင်း သို့မဟုတ် တက်ရောက် ရှာဖွေခြင်းအား ဟန့်တားသူကို ရာဇသတ်ကြီးနှင့်အညီ အရေးယူခွင့်ရှိသည်။
: ၃၃။ ကမ်းခြေစောင့်တပ်ဖွဲ့သည် အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှု တုံ့ပြန်ရေးဆောင်ရွက်ရာတွင် ကျိုးကြောင်းဆီလျော်စွာ ဆောင်ရွက်ရသည့်ကိစ္စရပ်များအတွက် ကုန်ကျစရိတ်များကို ညစ်ညမ်းမှု ဖြစ်ပေါ်စေသူထံမှ သတ်မှတ်ချက်နှင့်အညီ ပြန်လည်တောင်းခံခွင့်ရှိသည်။
: ၃၄။ ဤဥပဒေပါပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။
: ၃၅။ ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို အရေးယူဆောင်ရွက်ခြင်းသည် တရားမကြောင်းအရ တရားစွဲဆို ခြင်းကို ထိခိုက်ခြင်းမရှိစေရ။
: ၃၆။ ကမ်းခြေစောင့်တပ်ဖွဲ့သည် ရေပြင်နယ်နိမိတ်အတွင်း တရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုအပါအဝင် ပင်လယ်ရေကြောင်းကို အသုံးပြု၍ ကျူးလွန်သောပြစ်မှုများကို တားဆီးနှိမ်နင်းခြင်း၊ သက်သေခံ ပစ္စည်းများသိမ်းဆည်းခြင်း၊ သက်သေခံပစ္စည်းများကို တရားရုံးသို့တင်ပြခြင်းတို့ဆောင်ရွက်ရာတွင် ရာဇဝတ်ကျင့်ထုံးဥပဒေပါ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဆီလျော်သရွေ့ ကျင့်သုံး ဆောင်ရွက်ခွင့်ရှိသည်။
: ၃၇။ ကမ်းခြေစောင့်တပ်ဖွဲ့သည် စွန့်ပစ်ခံရေယာဉ် သို့မဟုတ် အန္တရာယ်ရှိသော ရေယာဉ်ပျက်ကို ဆယ်တင်ခြင်းနှင့် ရှင်းလင်းဖယ်ရှားခြင်းတို့တွင် ဆယ်တင်သူ၏ အခွင့်အရေးကို ရယူခွင့်ရှိသည်။
: ၃၈။ တပ်ဖွဲ့ဝင်များသည် ဤဥပဒေပါ ကမ်းခြေစောင့်တပ်ဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပြည်ပနိုင်ငံများတွင် သွားရောက်တာဝန်ထမ်းဆောင်ခွင့် ရှိသည်။
: ၃၉။ ကမ်းခြေစောင့်တပ်ဖွဲ့သည် –
::: (က) ဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် ပင်လယ်ရေကြောင်းဆိုင်ရာကိစ္စရပ်များတွင်ဖြစ်စေ၊ နိုင်ငံတော် လုံခြုံရေးတွင်ဖြစ်စေ လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ အမှုထမ်း၊ အရာထမ်းများကို ကမ်းခြေစောင့်တပ်ဖွဲ့ဝင်အဖြစ် တွဲဖက်တာဝန်ထမ်းဆောင်နိုင်စေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည်။
::: (ခ) ဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် ပင်လယ်ရေကြောင်းဆိုင်ရာကိစ္စရပ်တွင်ဖြစ်စေ၊ နိုင်ငံတော် လုံခြုံရေးတွင်ဖြစ်စေ လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ အမှုထမ်း၊ အရာထမ်း များကို ကမ်းခြေစောင့်တပ်ဖွဲ့ဝင်အဖြစ် ဌာနကူးပြောင်းတာဝန်ထမ်းဆောင်နိုင်စေရန် နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့်အညီ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည်။
: ၄၀။ ကမ်းခြေစောင့်တပ်ဖွဲ့သည် မိမိ၏လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် လိုအပ်သည့် ပြည်တွင်း ပြည်ပအထောက်အပံ့ သို့မဟုတ် နည်းပညာဆိုင်ရာ အကူအညီများကို ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ရယူနိုင်သည်။
: ၄၁။ တပ်ဖွဲ့ဝင်စည်းကမ်းထိန်းသိမ်းရေးနှင့်စပ်လျဉ်း၍ တပ်ဖွဲ့ဝင်အရာရှိများ၊ တပ်ဖွဲ့ဝင်အမှုထမ်းများ၊ အရပ်ဘက်အရာရှိများနှင့် အရပ်ဘက်အမှုထမ်းများသည် ၎င်းတို့နှင့်သက်ဆိုင်သည့် တည်ဆဲဥပဒေ များကို လိုက်နာရမည်။
: ၄၂။ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များသည် ဤဥပဒေပါလုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် နိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့် နိုင်ငံတကာသဘောတူစာချုပ်များအပြင် ကမ်းခြေစောင့်တပ်ဖွဲ့အကြီးအကဲက ထုတ်ပြန်သည့် တပ်ဖွဲ့တွင်းအမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရမည်။
: ၄၃။ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရာတွင်သော်လည်းကောင်း၊ ရေယာဉ် သို့မဟုတ် အခြားသက်သေခံ ပစ္စည်းများကို သိမ်းဆည်းရာတွင်သော်လည်းကောင်း စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့သော တပ်ဖွဲ့ဝင်ကို ဖြစ်စေ၊ သတင်းပေးသည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို လုပ်ဆောင်မှုဆိုင်ရာ ဆုကြေး သို့မဟုတ် ဆုတံဆိပ်များပေးအပ်နိုင်သည်။
: ၄၄။ ကမ်းခြေစောင့်တပ်ဖွဲ့သည် နိုင်ငံတကာစည်းမျဉ်းများ၊ လမ်းညွှန်ချက်များ၊ ဆက်သွယ်ရေးဥပဒေ နှင့်အညီ သတ်မှတ်ထားသည့် လှိုင်းနှုန်းခွင် (Frequency Band) များကို အသုံးပြုခွင့်ရှိသည်။
: ၄၅။ ဤဥပဒေအရ သဘောရိုးဖြင့်ဆောင်ရွက်သော ကိစ္စတစ်ရပ်ရပ်အတွက် တပ်ဖွဲ့ဝင်တစ်ဦးဦးကို တရားမကြောင်းအရသော်လည်းကောင်း၊ ရာဇဝတ်ကြောင်းအရသော်လည်းကောင်း တရားစွဲဆိုခြင်း မပြုရ။
: ၄၆။ ဤဥပဒေအရချမှတ်သည့်ငွေဒဏ်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထားသည့် ငွေပေးချေမှုနည်းလမ်းများအတိုင်း ပေးဆောင်စေရမည်။
: ၄၇။ ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် –
::: (က) ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို အစိုးရအဖွဲ့၏ သဘောတူညီ ချက်ဖြင့် ထုတ်ပြန်နိုင်သည်။
::: (ခ) ဝန်ကြီးဌာနနှင့် ကမ်းခြေစောင့်တပ်ဖွဲ့တို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
: ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုး သည်။
{{Right|(ပုံ) [[w:my:မင်းအောင်လှိုင်|မင်းအောင်လှိုင်]]<br />
ဗိုလ်ချုပ်မှူးကြီး<br />
ဥက္ကဋ္ဌ<br />
[[w:my:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ|နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ]]}}
{{PD-Myanmar-exempt|category=မြန်မာနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေများ}}
[[ကဏ္ဍ:မြန်မာဘာသာ]]
[[ကဏ္ဍ:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်]]
ptj13xa2f1f621d6wfihjmbguf0ucr2
ဓမ္မနှင့်အဓမ္မတရားတော်
0
6344
22059
22058
2026-06-12T15:01:04Z
Tejinda
173
22059
wikitext
text/x-wiki
{{header
| title = ဓမ္မနှင့်အဓမ္မတရားတော်
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[စျာနသုတ်]]
| previous2 =
| next = [[ဒါရုက္ခန္ဓောပမသုတ်]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =
}}
<h3>ဓမ္မနှင့်အဓမ္မတရားတော်</h3>
<h3>ပထမပိုင်း</h3>
<p>(ဩကာသကန်တော့ချိုးနှင့်ဆုပေး)</p>
<p>ဒီနေ့ ဟောကြားမယ့် တရားကတော့ ပိဋကတ်တိုက်မှာ ပိဋကတ်သုံးပုံနဲ့ ဆက်စပ်နေတဲ့ အရပ်ရပ်သော ကျမ်းစာများအလှူဒါန၊ ထုတ်ဝေဆဲဖြစ်တဲ့ နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရှိသော ကျမ်းစာအတွက် ဓမ္မပူဇာအဖြစ်ဖြင့် လှူဒါန်းပူဇော်အပ်သော ဓမ္မဒါန၊ ဤဓမ္မဒါန ကုသိုလ်အရပ်ရပ်တို့အတွက် ဟောကြားအပ်တဲ့ အနုမောဒနာတရားလို့ ဒီလိုပဲမှတ်ပါနော်။</p>
<p>ဒီအနုမောဒနာတရားကတော့ ဘုန်းကြီး သုတ္တန် တော်တော်ခပ်များများကို ညွှန့်ပေါင်းအနေနဲ့ ဟောကြားရမှာ ဖြစ်ပါတယ်၊ ထိုသုတ္တန် ခပ်များများထဲမှာ အထူးသဖြင့် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် အင်္ဂုတ္တိုရ် ဧကနိပါတ် ဒုတိယ ပမာဒါဒိဝဂ်၌ ဟောကြားတော်မူအပ်တဲ့ <b>ဓမ္မ</b>။ <b>အဓမ္မ</b> နှင့် ဆက်စပ်နေတဲ့ သုတ္တန်နှစ်ခု၊ အဓမ္မဝဂ်မှာ <b>ဓမ္မ</b>။ <b>အဓမ္မ</b> နှင့် အလားတူပဲ ဆက်စပ်နေတဲ့ သုတ္တန်က နှစ်ခု၊ ပေါင်း ဒီသုတ္တန်လေးခုကို ဦးတည်ပြီးတော့ အနုမောဒနာတရား ဟောဖို့ ရည်ရွယ်ထားပါတယ်။</p>
<p>ဒီသုတ္တန်တွေကို ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားပြသ ဆိုဆုံးမ ထားတော်မူတဲ့အတွက် ဒေသက ဖြစ်တော်မူသော ဘုရားရှင်အား ရှေးဦးစွာ ရှိခိုးပူဇော် ကန်တော့ကြရအောင်နော်။</p>
<p>ဒီနေ့ လှူမယ့် ကျမ်းစာတွေထဲမှာ မဟာနမက္ကာရ ဘုရားရှိခိုး ဆိုပြီးတော့ ဘားအံက ဒေါ်ခေမိကာတို့မိသားစုက လှူဒါန်းပူဇော်ကြပါတယ်၊ ထိုမဟာနမက္ကာရ ဘုရားရှိခိုးထဲမှာ ဂါထာတစ်ခုအဖြစ် ပါဝင်နေတဲ့ ဘုရားရှိခိုး ဂါထာတစ်ခု။ ထိုဂါထာဖြင့် ရှိခိုးကြရအောင်နော်။</p>
<p><b>‘‘မုနိန္ဒက္ကော ယေကော ဒယုဒယရုဏော ဉာဏဝိတ္ထိဏ္ဏဗိမ္ဗော။<br>
ဝိနေယျပ္ပါဏောဃံ ကမလကထိတံ ဓမ္မရံသိဝရေဟိ၊<br>
သုဗောဓေသိ သုဒ္ဓေ တိဘဝကုဟရေ ဗျာပိတက္ကိတ္တိနဉ္စ။<br>
တိလောကေကစ္စက္ခုံ ဒုခမသဟနံ တံ မဟေသိံ နမာမိ’’</b></p>
<p><b>ဒယုဒယရုဏော</b>၊ မဟာကရုဏာတော်သမာပတ်တည်းဟူသော တက်သစ်စ နေအရုဏ်လည်း ရှိတော်မူထသော။ <b>ဉာဏဝိတ္ထိဏ္ဏဗိမ္ဗော</b>၊ သဗ္ဗညုတဉာဏ်တော်မြတ်တည်းဟူသော ကျယ်ပြန့်သော စက်ဝန်းတော်လည်း ရှိတော်မူထသော။ <b>ဧကော</b>၊ သောင်းလောကဓာတ် တစ်ခွင်ဝယ် တုဘက်မပြူ တစ်ဆူတည်းသာ ပွင့်ထွန်း ပေါ်ပေါက်၍ လာတော်မူပေသော။ <b>ယော မုနိန္ဒက္ကော</b>၊ အကြင် ဘုရားတည်းဟူသော နေမင်းသည်။ <b>သုဒ္ဓေ</b>၊ သန့်ရှင်းဖြူစင် အေးမြကြည်လင်လှပေသော။ <b>တိဘဝကုဟရေ</b>၊ ကာမ-ရူပ-အရူပတည်းဟူသော ဘဝသုံးထပ် ဘုံသုံးရပ်ကြာအိုင်၌၊ (<b>နိဗ္ဗတ္တံ</b>၊ ပါရမီကံ စီမံလှုံ့ဆော်သဖြင့် အသင့်ဖြစ်ထွန်း ပေါ်ပေါက်၍ နေပေသော၊) <b>ကမလကထိတံ</b>၊ ကြာဟူ၍ ခေါ်ဆိုသမုတ်အပ်သော။ <b>ဝိနေယျပ္ပါဏောဃံ</b>၊ ကျွတ်ထိုက်သသူ လူနတ်ဗြဟ္မာ ဝေနေယျကြာ သတ္တဝါအပေါင်းကို။ <b>ဓမ္မရံသိဝရေဟိ</b>၊ မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်ကို မြင်သိစေတတ်သည့် သူတော်ကောင်းတရားတည်းဟူသော မြတ်သော ဒေသနာ ရောင်ခြည်တော်တို့ဖြင့်။ <b>သုဗောဓေသိ</b>၊ သစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက် သိမြင်စေလျက် ကောင်းစွာ ပွင့်စေတော်မူခဲ့လေပြီ။</p>
<p><b>ဗျာပိတက္ကိတ္တိနဉ္စ</b>၊ သောင်းလောကဓာတ် တစ်ခွင်ဝယ် သူမတူသော သီလ-သမာဓိ-ပညာဂုဏ်သကတ်ကြောင့် ဗြဟ္မာ့ဘုံတိုင် ပြန့်လှိုင်ကျော်ကြား ထင်ရှားတော်မူပေထသော။ <b>တိလောကေကစ္စက္ခုံ</b>၊ ဗြဟ္မာနတ်လူ သုံးဘုံသူတို့၏ တစ်လုံးတည်းသော မျက်စိသဖွယ် ဖြစ်တော်မူပေထသော။ <b>ဒုခမသဟနံ</b>၊ မဟာပထဝီမြေကြီးနှင့် တူစွာ သည်းခံနိုင်ခဲသောအရာကို သည်းခံတော်မူတတ်ထသော။ <b>မဟေသိံ</b>၊ သီလက္ခန္ဓ သမာဓိက္ခန္ဓ ပညာက္ခန္ဓ ဝိမုတ္တိက္ခန္ဓ ဝိမုတ္တိဉာဏဒဿနက္ခန္ဓတည်းဟူသော ဂုဏ်ကျေးဇူး အထူးတို့ကို ဆည်းပူးရှာမှီး လေ့ကျက်တော် မူပြီးသော။ <b>တံ မုနိန္ဒက္ကံ</b>၊ ထို ဘုရားတည်းဟူသော နေမင်းကို။ <b>အဟံ</b>၊ တရားဟော, တရားနာဟု ခေါ်ဆိုသမုတ်အပ်သော တပည့်တော်သည်။ <b>နမာမိ</b>၊ ကာယဝစီ မနောချီလျက် အဉ္စလီညွတ်ကျိုး လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးဦးညွတ်ပါ၏ မြတ်စွာဘုရားတည်း။</p>
<p>(သာဓု - သာဓု - သာဓု)</p>
<p><b>‘‘ယေ တေ ဘိက္ခဝေ ဘိက္ခူ အဓမ္မံ ဓမ္မောတိ ဒီပေန္တိ၊ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနအဟိတာယ ပဋိပန္နာ ဗဟုဇနအသုခါယ ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ’’</b> (အံ၊၁၊၁၈။)</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>ယေ တေ ဘိက္ခူ</b>၊ အကြင်ရဟန်းတို့သည်ကား။ <b>အဓမ္မံ</b>၊ အဓမ္မကို။ <b>ဓမ္မောတိ</b>၊ ဓမ္မဟူ၍။ <b>ဒီပေန္တိ</b>၊ ထင်ရှားပြ၍ နေကြလေကုန်၏။ <b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>တေ ဘိက္ခူ</b>၊ ထိုရဟန်းတော်တို့သည်ကား။ <b>ဗဟုဇနအဟိတာယ</b>၊ လူသတ္တဝါအပေါင်း၏ လူများအပေါင်း၏ အကျိုးစီးပွားမဲ့ခြင်းငှာ။ <b>ဗဟုဇနအသုခါယ</b>၊ များစွာသော လူအပေါင်း၏ ချမ်းသာမဲ့ခြင်းငှာ။ <b>ဗဟုနော ဇနဿ</b>၊ များစွာသော လူအပေါင်း၏။ <b>အနတ္ထာယ</b>၊ အကျိုးမဲ့ခြင်းငှာ။ <b>အဟိတာယ</b>၊ အကျိုးစီးပွား မရှိခြင်းငှာ။ <b>ဒုက္ခာယ</b>၊ ဆင်းရဲခြင်းငှာ။ <b>ဒေဝမနုဿာနံ</b>၊ နတ်လူတို့၏။ <b>ပဋိပန္နာ</b>၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေတဲ့ပုဂ္ဂိုလ်တို့သည်။ <b>ဟောန္တိ</b>၊ ဖြစ်ကြလေကုန်၏။</p>
<p>ရဟန်းတော်တစ်ချို့ ဆိုကြစို့နော်၊ ထိုရဟန်းတွေက အဓမ္မကို ဓမ္မလို့ ထင်ရှားဟောပြနေကြတယ်၊ အဲ့ဒီလို အဓမ္မကို ဓမ္မလို့ ထင်ရှားဟောပြနေတဲ့ ရဟန်းတော်တွေသည် သတ္တဝါအပေါင်း, လူများအပေါင်း, အကျိုးစီးပွားမဲ့ဖို့ရန်အတွက်, ချမ်းသာသုခ မရှိဖို့ရန်အတွက်, လူများအပေါင်းရဲ့ အကျိုးမဲ့ခြင်းငှာ နတ်လူတို့ရဲ့ အကျိုးစီးပွား မရှိဖို့ရန်, ဆင်းရဲဒုက္ခ ရောက်ဖို့ရန်အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေဖြစ်ကြတယ်၊</p>
<p>နောက်ထပ် မြတ်စွာဘုရား ဘာဆက်ဟောသလဲ၊</p>
<p><b>‘‘ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ အပုညံ ပသဝန္တိ။’’</b> (အံ၊၁၊၁၈။)</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>တေ ဘိက္ခူ</b>၊ ထိုရဟန်းတော်တို့သည်ကား။ <b>ဗဟုဉ္စ အပုညံ</b>၊ များပြားလှစွာသော မကောင်းမှုကိုလည်း။ <b>ပသဝန္တိ</b>၊ ဖြစ်ပေါ်စေကြကုန်၏။</p>
<p>ဒီလို ဟောနေတဲ့ ရဟန်းတွေက နတ်လူတို့ ဆင်းရဲဒုက္ခရောက်ဖို့, အကျိုးမရှိဖို့, ချမ်းသာကင်းဖို့အတွက်သာ မကဘူး၊ ကြားနာရတဲ့ ပရိသတ်တွေရဲ့သန္တာန်မှာ အကုသိုလ်တရားတွေ ဖြစ်ပွားအောင် များစွာသော အကုသိုလ်တရားတွေကို ဖြစ်ပေါ်စေတတ်တဲ့ ရဟန်းတွေလည်း ဖြစ်ကြတယ်တဲ့၊ ဒီလောက်တွင်လားဆိုတော့ မကသေးဘူး၊</p>
<p><b>‘‘တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တိ’’</b> (အံ၊၁၊၁၈။)</p>
<p><b>တေ စ</b>၊ ထိုရဟန်းတော်တို့သည်လည်း။ <b>ဣမံ သဒ္ဓမ္မံ</b>၊ ဤသဒ္ဓမ္မငါးဖြာ သာသနာတော်မြတ်ကြီးကို။ <b>အန္တရဓာပေန္တိ</b>၊ ကွယ်ပစေကြကုန်၏။</p>
<p>အဲ့ဒီ ရဟန်းတွေဟာ ဘုရားရှင်ရဲ့ သဒ္ဓမ္မငါးဖြာ သာသနာတော်ကြီးကို ကွယ်ပအောင်လုပ်နေတဲ့ ရဟန်းတွေဖြစ်ကြတယ်တဲ့၊ ဒါက သုတ္တန်လေးတစ်ခုပဲနော်၊ ဒုတိယ ပမာဒါဒိဝဂ်မှာ လာတဲ့ နံပါတ် (၁၃၀)မြောက်ဖြစ်တဲ့ သုတ္တန်တစ်ခုပဲ၊ နောက်သုတ္တန်တစ်ခု မြတ်စွာဘုရား ဆက်ဟောပြန်တယ်၊</p>
<p><b>‘‘ယေ တေ ဘိက္ခဝေ ဘိက္ခူ ဓမ္မံ အဓမ္မောတိ ဒီပေန္တိ၊ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနအဟိတာယ ပဋိပန္နာ ဗဟုဇနအသုခါယ ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ’’</b> (အံ၊၁၊၁၈-၁၉။)</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>ယေ တေ ဘိက္ခူ</b>၊ အကြင်ရဟန်းတော်တို့သည်ကား။ <b>ဓမ္မံ</b>၊ ဓမ္မကို။ <b>အဓမ္မောတိ</b>၊ အဓမ္မဟူ၍။ <b>ဒီပေန္တိ</b>၊ ထင်ရှားပြ၍ နေကြကုန်၏။ <b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>တေ ဘိက္ခူ</b>၊ ထို ဓမ္မကို အဓမ္မဟူ၍ ထင်ရှားပြနေတဲ့ ရဟန်းတော်တို့သည်ကား။ <b>ဗဟုဇနအဟိတာယ</b>၊ လူများအပေါင်း၏ အကျိုးစီးပွားမဲ့ခြင်းငှာ။ <b>ဗဟုဇနအသုခါယ</b>၊ လူအများအပေါင်း၏ ချမ်းသာမဲ့ခြင်းငှာ။ <b>ဗဟုနော ဇနဿ</b>၊ များစွာသော လူအပေါင်း၏။ <b>အနတ္ထာယ</b>၊ အကျိုးမဲ့ခြင်းငှာ။ <b>အဟိတာယ</b>၊ အကျိုးစီးပွားမဲ့ခြင်းငှာ။ <b>ဒုက္ခာယ</b>၊ ဆင်းရဲဒုက္ခ ရောက်ဖို့ရန်အလို့ငှာ။ <b>ဒေဝမနုဿာနံ</b>၊ နတ်လူတို့၏။ <b>ပဋိပန္နာ</b>၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍နေတဲ့ ပုဂ္ဂိုလ်တို့သည်။ <b>ဟောန္တိ</b>၊ ဖြစ်ကြလေကုန်၏။</p>
<p>ဒီပုဂ္ဂိုလ်တွေက ခုနကပုဂ္ဂိုလ်ကတော့ အဓမ္မကို ဓမ္မလို့ထင်ရှားပြတယ်၊ အခု ဒီသုတ္တန်နံပါတ် (၁၃၁)ခုမြောက် သုတ္တန်ကျတော့ ဓမ္မကို အဓမ္မလို့ ထင်ရှားပြတဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒီ ပုဂ္ဂိုလ်တွေဟာလည်း သတ္တဝါတွေ အကျိုးစီးပွားမဲ့ဖို့ ဆင်းရဲဒုက္ခရောက်ဖို့, နတ်လူတွေအကျိုးစီးပွားမဲ့ဖို့, ဆင်းရဲဒုက္ခရောက်ဖို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေဖြစ်ကြတယ်တဲ့၊ ဒါတွင်လားဆိုတော့ မကသေးဘူး၊</p>
<p><b>‘‘ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ အပုညံ ပသဝန္တိ။ တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တိ’’</b> (အံ၊၁၊၁၉။)</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>တေ ဘိက္ခူ</b>၊ ထိုရဟန်းတော်တို့သည်။ <b>ဗဟုဉ္စ အပုညံ</b>၊ များပြားလှစွာသော မကောင်းမှုအကုသိုလ်ကိုလည်းပဲ။ <b>ပသဝန္တိ</b>၊ ဖြစ်ပေါ်စေတတ်ကြကုန်၏။ <b>တေ စ</b>၊ ထိုဓမ္မကို အဓမ္မဟု ထင်ရှားပြနေတဲ့ ရဟန်းတော်တို့သည်လည်းပဲ။ <b>ဣမံ သဒ္ဓမ္မံ</b>၊ ဤသဒ္ဓမ္မငါးဖြာ သာသနာတော်မြတ်ကြီးကို။ <b>အန္တရဓာပေန္တိ</b>၊ ကွယ်ပျောက် စေကြလေကုန်၏။</p>
<p>သတ္တဝါတို့ရဲ့သန္တာန်မှာ အကုသိုလ်တရားတွေ တိုးပွားအောင်လည်း ဒီရဟန်းတွေဟာ ကျင့်နေကြတယ်၊ ငါဘုရားရှင်ရဲ့ သဒ္ဓမ္မငါးဖြာ သာသနာတော်မြတ်ကြီးကိုလည်း ဒီရဟန်းတွေဟာ ကွယ်ပျောက်အောင် လုပ်နေကြတယ်တဲ့၊ ကဲ ဒါက သုတ္တန်နှစ်ခု အလားတူပဲ၊ နောက်ထပ် အဓမ္မဝဂ်မှာ မြတ်စွာဘုရားကို နံပါတ် (၁၄၀)နှင့် နံပါတ် (၁၄၁)ခုမြောက် သုတ္တန် နှစ်ခု ဆက်ဟောထားပြန်တယ်၊ ဘယ်လိုဟောလဲ?</p>
<p><b>‘‘ယေ တေ ဘိက္ခဝေ ဘိက္ခူ အဓမ္မံ အဓမ္မောတိ ဒီပေန္တိ၊ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနဟိတာယ ပဋိပန္နာ ဗဟုဇနသုခါယ ဗဟုနော ဇနဿ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ’’</b> (အံ၊၁၊၁၉။)</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>ယေ တေ ဘိက္ခူ</b>၊ အကြင်ရဟန်းတော်တို့သည်ကား။ <b>အဓမ္မံ</b>၊ အဓမ္မကို။ <b>အဓမ္မောတိ</b>၊ အဓမ္မဟူ၍။ <b>ဒီပေန္တိ</b>၊ ထင်ရှားပြ၍ နေကြကုန်၏။ <b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>တေ ဘိက္ခူ</b>၊ ထိုရဟန်းတော်တို့သည်ကား။ <b>ဗဟုဇနဟိတာယ</b>၊ လူများအပေါင်း၏ အကျိုးစီးပွားအလို့ငှာ။ <b>ဗဟုဇနသုခါယ</b>၊ လူများအပေါင်း၏ ချမ်းသာအလို့ငှာ။ <b>ဗဟုနော ဇနဿ</b>၊ များစွာသောလူအပေါင်း၏။ <b>အတ္ထာယ</b>၊ အကျိုးငှာ။ <b>ဟိတာယ</b>၊ အစီးအပွားအလို့ငှာ။ <b>သုခါယ</b>၊ ချမ်းသာအလို့ငှာ။ <b>ဒေဝမနုဿာနံ</b>၊ နတ်လူတို့၏။ <b>ပဋိပန္နာ</b>၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေတဲ့ ပုဂ္ဂိုလ်တို့သည်။ <b>ဟောန္တိ</b>၊ ဖြစ်ကြလေကုန်၏။</p>
<p>ဆန့်ကျင်ဘက်ပဲ၊ ခုနက သုတ္တန်နှစ်ခုနဲ့ ဆန့်ကျင်ဘက် သုတ္တန်ပဲနော်၊ ဘာပြောလဲ? ဒီရဟန်းတော်တစ်ချို့က အဓမ္မကို အဓမ္မလို့ ထင်ရှားဟောပြနေကြတယ်တဲ့၊ အဲဒီရဟန်းတွေဟာ လူများအပေါင်း အကျိုးရှိဖို့, လူများအပေါင်း ချမ်းသာဖို့, လူများအပေါင်းရဲ့ အကျိုးစီးပွားတွေ တိုးတက်လာဖို့အတွက် နတ်လူတွေ အကျိုးရှိဖို့ ချမ်းသာသုခ ရရှိဖို့အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတော်တွေ ဖြစ်ကြတယ်တဲ့၊</p>
<p><b>‘‘ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ ပုညံ ပသဝန္တိ။ တေ စိမံ သဒ္ဓမ္မံ ဌပေန္တိ’’</b> (အံ၊၁၊၁၉။)</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>တေ ဘိက္ခူ</b>၊ ထိုအဓမ္မကို အဓမ္မဟု ထင်ရှားပြောပြနေကြတဲ့ ရဟန်းတော်တို့သည်။ <b>ဗဟုဉ္စ ပုညံ</b>၊ များစွာသော ကောင်းမှုကုသိုလ်တို့ကိုလည်းပဲ။ <b>ပသဝန္တိ</b>၊ ဖြစ်ပေါ်စေကြကုန်၏။ <b>တေ စ</b>၊ ထိုအဓမ္မကို အဓမ္မဟု ထင်ရှားပြနေတဲ့ ရဟန်းတော်တို့သည်လည်းပဲ။ <b>ဣမံ သဒ္ဓမ္မံ</b>၊ ဤသဒ္ဓမ္မငါးဖြာ သာသနာတော်မြတ်ကြီးကို။ <b>ဌပေန္တိ</b>၊ တည်တံ့အောင်ထား၍ နေကြပါကုန်၏။</p>
<p>အချို့ ရဟန်းတော်တွေက အဓမ္မကို အဓမ္မလို့ ထင်ရှားဟောပြနေကြတယ်တဲ့၊ ဒီလို အဓမ္မကို အဓမ္မလို့ ထင်ရှားဟောပြနေကြတဲ့ ရဟန်းတွေဟာ လူများအပေါင်း အကျိုးစီးပွားရှိဖို့အတွက်, ချမ်းသာသုခရရှိဖို့အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်၊ လူများအပေါင်း အကျိုးရှိဖို့, နတ်လူတွေ အကျိုးရှိဖို့, ချမ်းသာသုခရရှိဖို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်၊ ဒါတွင်လားဆိုတော့ မကသေးဘူး၊ ဒီရဟန်းတွေဟာ ကုသိုလ်တရားတွေကို များစွာ ဖြစ်ပေါ်လာအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေလည်းဖြစ်တယ်၊ ငါဘုရားရှင်ရဲ့ ဒီသဒ္ဓမ္မငါးဖြာ သာသနာတော်မြတ်ကြီးကို အရှည်ခိုင်ခံ့တည်တံ့အောင် ထားနေတဲ့ ရဟန်းတော်တွေလည်း ဖြစ်ကြတယ်တဲ့၊ နောက်ထပ် (၁၄၁)မြောက်ဖြစ်တဲ့ သုတ္တန်တစ်ခု၊</p>
<p><b>‘‘ယေ တေ ဘိက္ခဝေ ဘိက္ခူ ဓမ္မံ ဓမ္မောတိ ဒီပေန္တိ၊ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနဟိတာယ ပဋိပန္နာ ဗဟုဇနသုခါယ ဗဟုနော ဇနဿ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ’’</b> (အံ၊၁၊၁၉။)</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>ယေ တေ ဘိက္ခူ</b>၊ အကြင်ရဟန်းတော်တို့သည်ကား။ <b>ဓမ္မံ</b>၊ ဓမ္မကို။ <b>ဓမ္မောတိ</b>၊ ဓမ္မဟူ၍။ <b>ဒီပေန္တိ</b>၊ ထင်ရှားပြ၍ နေကြကုန်၏။ <b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>တေ ဘိက္ခူ</b>၊ ထိုဓမ္မကို ဓမ္မဟုထင်ရှားပြနေတဲ့ ရဟန်းတော်တို့သည်ကား။ <b>ဗဟုဇနဟိတာယ</b>၊ လူများအပေါင်း၏ ချမ်းသာအလို့ငှာ။ <b>ဗဟုဇနသုခါယ</b>၊ လူများအပေါင်း၏ ချမ်းသာအလို့ငှာ။ <b>ဗဟုနော ဇနဿ</b>၊ များစွာသောလူအပေါင်း၏။ <b>အတ္ထာယ</b>၊ အကျိုးငှာ။ <b>ဟိတာယ</b>၊ အကျိုးစီးပွားအလို့ငှာ။ <b>သုခါယ</b>၊ ချမ်းသာအလို့ငှာ။ <b>ဒေဝမနုဿာနံ</b>၊ နတ်လူတို့၏။ <b>ပဋိပန္နာ</b>၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍နေတဲ့ ပုဂ္ဂိုလ်တို့သည်။ <b>ဟောန္တိ</b>၊ ဖြစ်ကြလေကုန်၏။</p>
<p>အချို့ ရဟန်းတွေက ဓမ္မကို ဓမ္မလို့ထင်ရှားဟောပြနေကြတယ်၊ ဒီလို ဓမ္မကို ဓမ္မလို့ ထင်ရှားဟောပြနေတဲ့ ရဟန်းတွေဟာ လူများအပေါင်း အကျိုးစီးပွားရှိဖို့, ချမ်းသာဖို့, လူများပေါင်းရဲ့ အကျိုးတွေ ကြီးပွားတိုးတက်လာဖို့, နတ်လူတို့ရဲ့ အကျိုးစီးပွားတွေ တိုးတက်လာဖို့, ချမ်းသာသုခတွေ တိုးတက်လာဖို့အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်တဲ့၊</p>
<p><b>‘‘ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ ပုညံ ပသဝန္တိ။ တေ စိမံ သဒ္ဓမ္မံ ဌပေန္တိ’’</b> (အံ၊၁၊၁၉။)</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>တေ ဘိက္ခူ</b>၊ ထိုဓမ္မကို ဓမ္မဟု ထင်ရှားပြနေတဲ့ ရဟန်းတော်တို့သည်ကား။ <b>ဗဟုဉ္စ ပုညံ</b>၊ များပြားစွာသော ကောင်းမှုကုသိုလ်တရားတို့ကိုလည်းပဲ။ <b>ပသဝန္တိ</b>၊ ဖြစ်ပေါ်စေကြကုန်၏။ <b>တေ စ</b>၊ ထိုဓမ္မကို ဓမ္မဟု ထင်ရှားပြနေတဲ့ ရဟန်းတော်တို့သည်လည်း။ <b>ဣမံ သဒ္ဓမ္မံ</b>၊ ဤသဒ္ဓမ္မငါးဖြာ ဘုရားရှင်၏ သာသနာတော်မြတ်ကြီးကို။ <b>ဌပေန္တိ</b>၊ အရှည်ခိုင်ခံ့ တည်တံ့အောင် ထားကြပါကုန်၏။</p>
<p>အကျိုးရှိဖို့ ချမ်းသာဖို့တွင်မကဘူး၊ ဒီရဟန်းတွေဟာ ကုသိုလ်တရားတွေ များပြားစွာ တိုးပွားလာဖို့အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေလည်း ဖြစ်ကြတယ်၊ သဒ္ဓမ္မငါးဖြာ ငါဘုရားရှင်ရဲ့ သာသာနာတော်မြတ်ကြီး အရှည်ခိုင်ခံ့ တည်တံ့အောင်ထားနေတဲ့ ရဟန်းတော်တွေလည်း ဖြစ်ကြတယ်ဆိုပြီးတော့ ဒီလိုသုတ္တန် လေးခု တန်းစီပြီးတော့ လာပါတယ်နော်၊ ဒီတော့ ဒီသုတ္တန်တွေမှာ အဓမ္မကို ဓမ္မလို့ထင်ရှားပြတာ ဓမ္မကို အဓမ္မလို့ ထင်ရှားပြတာက သုတ္တန် နှစ်ခု၊ နောက်သုတ္တန် နှစ်ခုကတော့ အဓမ္မကို အဓမ္မလို့ပဲ ထင်ရှားဟောပြတယ်၊ ဓမ္မကို ဓမ္မလို့ပဲ ထင်ရှားဟောပြတယ်၊ ဒါက သုတ္တန် နှစ်ခု၊</p>
<p>ဒီတော့ ဒီနေရာမှာ ဓမ္မနဲ့ အဓမ္မဆိုတာ ဘာလဲလို့ ဒီလိုတော့ မေးစရာရှိတယ်၊ သုတ္တန္တပရိယာယနည်း၊ ဝိနယပရိယာယနည်း စသည်ဖြင့် အဋ္ဌကထာက နည်းအမျိုးမျိုးနဲ့ ဖွင့်ဆိုထားတော်မူပါတယ်နော်၊ ဖွင့်ဆိုထားတော့ ဒီအပိုင်းမှာ ဘုန်းကြီးကတော့ သုတ္တန်နည်း တစ်ခုလောက်ကိုပဲ လိုရင်းကွက်ပြီး ဒီနေရာမှာ ပြောဖို့ ရည်ရွယ်ပါတယ်။</p>
<p>သုတ္တန်နည်းအရ ဓမ္မဆိုတာကတော့ <b>ဗောဓိပက္ခိယ ဓမ္မအပြား (၃၇)ပါး</b> ဖြစ်ပါတယ်၊ ဗောဓိပက္ခိယတရား (၃၇)ပါးဆိုတာ သိတဲ့ပရိသတ် ဒီထဲမှာ များပါလိမ့်မယ်နော်၊ သို့သော် ဘုန်းကြီး နည်းနည်း အကျဉ်းချုပ်ပြီး ထပ်ပြောမယ်၊ သတိပဋ္ဌာန်ဘယ်နှစ်ပါးရှိလဲ? သတိပဋ္ဌာန် လေးပါး၊ အားလုံး သိကြတယ်၊ ကာယာနုပဿနာသတိပဋ္ဌာန်၊ ဝေဒနာနုပဿနာသတိပဋ္ဌာန်၊ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာသတိပဋ္ဌာန်-ဆိုပြီး သတိပဋ္ဌာန်ဘယ်နှစ်ပါးလဲ? လေးပါး၊</p>
<p>ဒီတော့ သတိပဋ္ဌာန် လေးပါးထဲမှာ ဘုရားရှင် ဟောကြားသွားတော်မူတဲ့စနစ်ကို လှမ်းကြည့်လိုက်ရင် <b>ကာယာနုပဿနာသတိပဋ္ဌာန်</b>ပိုင်းမှာ အာနာပါနကဲ့သို့ စတုတ္ထဈာန် သမာဓိဆိုက်အောင် ရှုပွားသုံးသပ်ရမယ့် <b>သမထ ကမ္မဋ္ဌာန်း</b>တွေကိုလည်း ကာယာနုပဿနာပိုင်းမှာ ထည့်သွင်းပြီး ဘုရားရှင် ဟောကြားထားတော်မူပါတယ်၊ (၃၂)ကောဋ္ဌာသကဲ့သို့ ပထမဈာန်သမာဓိဆိုက်အောင် ရှုပွားသုံးသပ်ရမယ့် ပဋိကူလမနသိကာရကမ္မဋ္ဌာန်းတွေကိုလည်း ထည့်သွင်းပြီး ဟောကြားထားတော်မူခဲ့တယ်၊</p>
<p>ရှေးရှေး အဋ္ဌကထာတို့ရဲ့ သတ်မှတ်ချက်အရ ပြောရမယ်ဆိုရင် နဝသီဝထိကပဗ္ဗကဲ့သို့ အသုဘဘာဝနာကမ္မဋ္ဌာန်းကို ပထမဈာန်သမာဓိဆိုက်အောင် ပွားများအားထုတ်ရမယ့် သမထကမ္မဋ္ဌာန်းတွေကိုလည်း ထည့်သွင်းပြီး ဘုရားရှင် ဟောကြားထားတော်မူပါတယ်နော်၊ ကာယဂတာသတိ သုတ္တန်နည်းအရ ပြောရမယ်ဆိုရင်တော့ ကသိုဏ်း တစ်ဆယ်ပါး၊ သမာပတ် ရှစ်ပါးတွေဟာလည်း ကာယဂတာသတိ၊ ကာယာနုပဿနာသတိပဋ္ဌာန်ရဲ့ အောက်မှာပဲ ရှိနေပါတယ်၊ ဒါကြောင့် ဆိုလိုတာကတော့ ဥပလက္ခဏနည်း၊ နိဒဿနည်းအားဖြင့် ဘုရားရှင်က အာနာပါနကမ္မဋ္ဌာန်းစတဲ့ ဒီကမ္မဋ္ဌာန်းတွေကို မဟာသတိပဋ္ဌာနသုတ္တန်မှာ ကာယာနုပဿနာသတိပဋ္ဌာန်ပိုင်းမှာ ဟောကြားထားခြင်း ဖြစ်ပါတယ်၊</p>
<p>ဥပလက္ခဏနည်း၊ နိဒဿနည်း ဆိုတာကတော့ အရိပ်ပြလျှင် အကောင်ထင်အောင် ပုံစံ တစ်ခု၊ နှစ်ခုလောက် ထုတ်နုတ်ပြီး မြတ်စွာဘုရားက သမထကမ္မဋ္ဌာန်းတွေကို ဟောကြားထားတော်မူခြင်းဖြစ်တယ်၊ ဒါကြောင့် သမထကမ္မဋ္ဌာန်း အားလုံးလိုလို ဒီကာယာနုပဿနာသတိပဋ္ဌာန်ရဲ့အောက်မှာ အကျုံးဝင်နေပါတယ်၊ ဒါက သမထပိုင်း၊ ဒီသမာဓိတွေကို စနစ်တကျ ထူထောင်ပြီးတဲ့ ယောဂီသူတော်ကောင်းက ရှေ့တစ်ဆင့် တက်ပြီးတော့ လုပ်ငန်းခွင် ပြုလုပ်ပုံကို ဘုရားရှင်က အစီအစဉ်တကျ ဟောထားတယ်၊ ဘယ်လိုဟောလဲ?</p>
<p><b>‘‘ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။<br>
ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။<br>
အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ’’</b> (မ၊၁၊၇၁။)</p>
<p>ဒီလိုဟောထားတယ်၊ အဇ္ဈတ္တမှာလည်း ကာယကို ကာယလို့ အဖန်ဖန် အထပ်ထပ်ရှုပါ၊ ဗဟိဒ္ဓမှာလည်း ကာယကို ကာယလို့ အဖန်ဖန် အထပ်ထပ် ရှုပါ၊ အဇ္ဈတ္တ၊ ဗဟိဒ္ဓ နှစ်မျိုးလုံးမှာလည်း ကာယကို ကာယလို့ အဖန်ဖန် အထပ်ထပ် ရှုပါဆိုပြီး ဒီလိုညွှန်ကြားထားတယ်၊</p>
<p>ဒီ ညွှန်ကြားချက် အပိုင်းကိုတော့ ပဋိသမ္ဘိဒါမဂ်ပါဠိတော်မှာ အရှင်သာရိပုတ္တရာမထေရ်မြတ်က ကာယအရ <b>ရူပကာယ</b>။ <b>နာမကာယ</b> နှစ်မျိုးလုံးကိုပဲ ရည်ညွှန်းထားတယ်ဆိုပြီးတော့ ဒီလို ဖွင့်ဆိုထားပါတယ်၊ ဆိုလိုတာကတော့ ရုပ်သက်သက်ကို ဝိပဿနာ ရှုပွားသုံးသပ်ရုံမျှဖြင့်လည်း အရိယာမဂ်ဖိုလ် မဆိုက်နိုင်ဘူး၊ နာမ်တရား သက်သက်ကို ဝိပဿနာရှုပွားရုံဖြင့်လည်း အရိယာမဂ်ဖိုလ် မဆိုက်နိုင်တဲ့အတွက် ယောဂီပုဂ္ဂိုလ်က ရုပ်တရား နာမ်တရား နှစ်မျိုးလုံးကို ရှုရမှာဖြစ်တယ်၊ ရုပ်တရားတွေကို ရူပကာယလို့ခေါ်တယ်၊ နာမ်တရားတွေကို နာမကာယလို့ခေါ်တယ်၊ ကာယဆိုတာက အပေါင်းအစုကို ဆိုလိုပါတယ်။</p>
<p>ဘာအပေါင်းအစုလဲ။ <b>ရုပ်တရားအပေါင်းအစု</b>, <b>နာမ်တရားအပေါင်းအစု</b>၊ ဘာဖြစ်လို့ ဒီလို အပေါင်းအစုဆိုတဲ့ စကားလုံးသုံးပြီး ဟောနေရသလဲလို့ မေးရင်တော့ ရုပ်တရားတို့မည်သည်မှာ အုပ်စုခေါ်တဲ့ အပေါင်းအစုအလိုက် အုပ်စုအလိုက်သာ ဖြစ်တယ်၊ နာမ်တရားတို့မည်သည်မှာလည်း အပေါင်းအစုခေါ်တဲ့ အုပ်စုအလိုက်သာဖြစ်တယ်၊ ဒီအုပ်စုလေးတွေကို ဝိသုဒ္ဓိမဂ္ဂ မဟာဋီကာဆရာတော်ကတော့ <b>ရူပါရူပကလာပုပ္ပါဒနံ</b>၊ (မဟာဋီ၊၂၊၂၃၅။) ဆိုပြီးတော့ <b>ရုပ်ကလာပ်</b>, <b>နာမ်ကလာပ်</b>ဆိုပြီး ဒီလိုပဲ သုံးထားပါတယ်နော်၊</p>
<p>ဒီတော့ ရုပ်တို့မည်သည်မှာ ရုပ်ကလာပ်ခေါ်တဲ့ အမှုန်ကလေးတွေ အနေနဲ့ဖြစ်တယ်၊ ဒီ ကလာပ်အမှုန်တစ်ခု တစ်ခုကို ဓာတ်ခွဲကြည့်ရင် အောက်ထစ်ဆုံး ပမာဏအားဖြင့် <b>ပထဝီ</b>, <b>အာပေါ</b>, <b>တေဇော</b>, <b>ဝါယော</b>, <b>အဆင်း</b>, <b>အနံ့</b>, <b>အရသာ</b>, <b>ဩဇာ</b>ဆိုပြီး သဘောတရား ရှစ်ခုရှိပါတယ်၊ အဲဒီ ရှစ်ခုထက် လျော့နည်းနေပြီး ဖြစ်နိုင်တဲ့ စွမ်းအားမရှိဘူး၊ ဒီလို အုပ်စုအလိုက် ဖြစ်တဲ့အတွက် ကာယဆိုတဲ့ စကားလုံးကိုသုံးပြီး ဘုရားရှင်က ရူပကာယစသည်ဖြင့် ဒီလို ခေါ်ဝေါ်သုံးစွဲထားတယ်၊ ကာယာနုပဿနာသတိပဋ္ဌာန်စသည်ဖြင့် ခေါ်ဝေါ်ထားတယ်၊ အလားတူပဲ၊ နာမ်တရားတို့မည်သည်မှာလည်း တစ်လုံးချင်း ဖြစ်နိုင်တဲ့ စွမ်းအားမရှိဘူး၊ ဒွေပဉ္စဝိညာဏ် စိတ္တက္ခဏ စေတသိက် ခုနစ်လုံးလို့ ခေါ်ဆိုအပ်တဲ့ စေတသိက် ခုနစ်လုံးနဲ့ အသိစိတ် တစ်လုံး၊ ပေါင်း ရှစ်လုံးပေါင်းမှ ဖြစ်နိုင်တဲ့ စွမ်းအားရှိတယ်၊ ဒါက အနည်းဆုံးပဲ၊</p>
<p>တစ်ချို့ စိတ္တက္ခဏတွေမှာ မဟာကုသိုလ်ဇော စိတ္တက္ခဏဖြစ်လို့ ဉာဏသမ္ပယုတ်လည်းဖြစ်မယ်၊ သောမနဿဝေဒနာနှင့်လည်း ယှဉ်မယ်ဆိုရင် စိတ် စေတသိက် သုံးဆယ့်လေးလုံးလောက်အထိ ယှဉ်တွဲပြီး ဖြစ်ကြပါတယ်၊ ဒီလို စိတ္တက္ခဏတစ်ခုအတွင်းမှာ အတူယှဉ်တွဲပြီး ဖြစ်ပေါ်သွားတဲ့ စိတ်စေတသိက်တရားစုတွေကို <b>နာမကာယ</b>၊ နာမ်ကလာပ်ဆိုပြီး ဒီလို ခေါ်ဝေါ်သုံးစွဲထားပါတယ်နော်၊ အဲဒီ ရူပကာယ, နာမကာယတွေကို ယောဂီပုဂ္ဂိုလ်က အဇ္ဈတ္တမှာရော၊ ဗဟိဒ္ဓမှာရော အဇ္ဈတ္တ, ဗဟိဒ္ဓနှစ်မျိုးလုံးကိုပဲ စနစ်တကျ ပရမတ်ဆိုက်အောင် သိမ်းဆည်းပါတဲ့၊ ဒါက ဘုရားရှင်ရဲ့ ညွှန်ကြားချက်နော်၊ အဲဒီညွှန်ကြားချက်ပြီးတော့ နောက်တစ်ဆင့်တက်ပြီး ဘုရားရှင်က ဘာညွှန်ကြားလဲ?</p>
<p>‘‘<b>သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။</b>’’ (ဒီ၊၂၊၂၃၂။)</p>
<p>အကြောင်းတရားတွေ ထင်ရှားဖြစ်ရင် အကျိုးတရား အကျိုးရူပကာယ နာမကာယတွေ ထင်ရှားဖြစ်ပုံကိုလည်း မြင်အောင်ရှုဖို့ ဟောတယ်၊ အကြောင်းတရားတွေ အနုပ္ပါဒနိရောဓ သဘောအားဖြင့် နောင်တစ်ဖန် ဘယ်တော့မှ မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းပုံကိုလည်း မြင်အောင်ရှုဖို့ ဟောတယ်၊</p>
<p>နောက်တစ်ခု - အကြောင်း-အကျိုး နှစ်ရပ်လုံးတို့ရဲ့ ဖြစ်ပြီးပျက်နေတဲ့ <b>နိဗ္ဗတ္တိလက္ခဏာ</b>နှင့် <b>ဝိပရဏာမလက္ခဏာ</b>ခေါ်တဲ့ ဖြစ်မှု, ပျက်မှုကိုလည်း ဉာဏ်နဲ့မြင်အောင်ကြည့်ပြီး အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီး ဝိပဿနာရှုဖို့ ဒီအပိုင်းမှာ ဟောလိုက်တယ်၊ ဟောပြီးတော့ နောက်တစ်ဆင့်တက်ပြီး ဘုရားရှင်က ဘာဟောလဲ၊</p>
<p>‘‘<b>အတ္ထိ ကာယောတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။</b>’’ (ဒီ၊၂၊၂၃၂။)</p>
<p>ကာယ, ရူပကာယ, နာမကာယသက်သက်ပဲရှိတယ်၊ ထိုရူပကာယ, နာမကာယထက် လွန်ပြီးတော့ ဘာမှ မရှိတော့ဘူး၊ သင်္ခါရနိမိတ်ဆိုတာ လုံးလုံး မရှိတော့ဘူး၊ အဲဒီလို သိတဲ့ အဆင့်ထိရောက်အောင် ဆက်ပြီးတော့ ကျင့်ပါ၊ ကျင့်ခဲ့ရင် ဒီအသိဉာဏ်က ဘာလုပ်မလဲ? "<b>ယာဝဒေဝ ဉာဏမတ္တာယ</b>" ဝိပဿနာဉာဏ်တွေ အဆင့်ဆင့် တိုးပွားလာအောင် ဆောင်ရွက်ပေးမယ်၊ "<b>ယာဝဒေဝ ပဋိဿတိမတ္တာယ</b>" ဒီဝိပဿနာဉာဏ်နဲ့ ယှဉ်တွဲနေတဲ့ သတိတွေ အဆင့်ဆင့် တိုးပွားလာအောင် အားကောင်းလာအောင် ဒီအသိဉာဏ်က ဆောင်ရွက်ပေးမယ်ဆိုပြီးတော့ ဒီလို ဆက်ဟောတယ်၊</p>
<p>ဟောလိုက်တော့ ဒီဟောကြားချက်ကတော့ ရူပကာယခေါ်တဲ့ ရုပ်တရားသက်သက်, နာမကာယခေါ်တဲ့ နာမ်တရားသက်သက် အစုအပုံသာ ရှိတယ်လို့ သိအောင် ရှုရတော့မယ်၊ အဲဒီ အချိန်အခါမှ ယောဂီက ရုပ်ကလာပ်တွေကို ဓာတ်ခွဲလို့ ရုပ်ပရမတ်နယ်မြေကို အသိဉာဏ် ဆိုက်နေပြီး ဖြစ်ပါတယ်၊ အဲဒီလို အသိဉာဏ် ဆိုက်တဲ့အခါမှာ အခုလို ဖြစ်မှု, ပျက်မှုတွေကို ရှုရာကနေပြီးတော့ ဖြစ်ပျက်တွေက မြန်လာတဲ့အခါ ယောဂီပုဂ္ဂိုလ်က အဖြစ်ကို မကြည့်တော့ဘဲ၊ အပျက်ကို နှလုံးသွင်းလိုက်တဲ့အခါ ဉာဏ်တွေကလည်း ထက်လာပြီဆိုရင် ထိုရူပကာယ, နာမကာယခေါ်တဲ့ ရုပ်တရား, နာမ်တရားတို့ရဲ့ အဖြစ်ကို အဖြစ်ကို မမြင်တော့ဘဲ အပျက်သက်သက်ကိုပဲ ကွက်ပြီး မြင်လာပြီး၊ ဉာဏ်ကလည်း အလွန်ထက်လာပြီဆိုရင် ထိုအချိန်အခါမှာ ကလာပ်တောင် မမြင်တော့ဘဲ၊ ရုပ်သဘောသက်သက် နာမ်သဘောသက်သက်တို့ရဲ့ အပျက်သက်သက်ကို တစ်ဖက်သက် နှလုံးသွင်းပြီး ဆက်ရှုပွားခဲ့မယ်ဆိုရင် အဆင့်ဆင့် ဝိပဿနာဉာဏ်တွေလည်း တိုးတက်လာမယ်၊ ဝိပဿနာဉာဏ်နဲ့ ယှဉ်တွဲနေတဲ့ သတိတွေလည်း အားကောင်းလာလိမ့်မယ်၊ ဒီအပိုင်းကတော့ <b>ဘင်္ဂဉာဏ်</b>ကနေစပြီးတော့ ဟို<b>သင်္ခါရုပေက္ခာဉာဏ်</b>အထိ အထက်ပိုင်း ဝိပဿနာဉာဏ်စဉ်အားလုံးကို ရည်ညွှန်းထားပါတယ်၊</p>
<p>အဲဒီ ဉာဏ်စဉ်ကို ရင့်ကျက်အောင် ကြိုးစားအားထုတ်ပြီးတဲ့အခါ နောက်တစ်ဆင့် ဘာဆက်လုပ်ရမလဲ? ဘာဖြစ်သွားမလဲ?</p>
<p>‘‘<b>အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။</b>’’ (ဒီ၊၂၊၂၃၂။)</p>
<p>တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် ခန္ဓာငါးပါးအပေါ်၌ ငါ, ငါ့ဟာလို့ အမှီပြုပြီးတော့ မနေတော့ဘဲ တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲ အစွဲတွေ ခန္ဓာငါးပါးအပေါ်မှာ လုံးဝ ပြုတ်သွားလိမ့်မယ်၊ ဒီအပိုင်းကတော့ <b>အရိယာမဂ်ဉာဏ်</b>တွေ အဆင့်ဆင့်ပေါ်လာပြီး <b>အရဟတ္တမဂ်</b>ဆိုက်တဲ့အထိ ဒီအဆင့်က ရည်ညွှန်းထားပါတယ်၊ အရဟတ္တမဂ်ဆိုက်ပြီဆိုရင် ခန္ဓာငါးပါးတို့အပေါ်၌ စွဲလမ်းနေတဲ့ တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲ အစွဲဟူသမျှ ကိလေသာဟူသမျှ အားလုံး ကင်းစင်သွားပြီ၊ အဲဒီ အဆင့်ရောက်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ ဆိုပြီးတော့ ဒါ သတိပဋ္ဌာန်ကျင့်စဉ်ပိုင်းမှာ ဘုရားရှင်က ဒီလို နည်းစနစ် အဆင့်ဆင့် ဟောပေးထားပါတယ်နော်၊</p>
<p>ဒီတော့ ဒီရှုကွက်ကိုကြည့်မယ်ဆိုရင် မူလ အခြေခံတည်ထားတာက ရူပကာယကို အခြေခံတည်ထားသော်လည်း၊ ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံဖြင့် အရိယာမဂ်သို့ မဆိုက်နိုင်၊ နာမ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယာမဂ်သို့ မဆိုက်နိုင်၊ မဆိုက်နိုင်တဲ့အတွက် ရူပကာယ, နာမကာယ နှစ်မျိုးလုံးကိုပဲ ရှုရပါတယ်၊ ဒီအဆုံးအဖြတ်ကတော့ ဘုန်းကြီးတို့ အဋ္ဌသာလိနီ အဋ္ဌကထာ စာမျက်နှာ (၂၇၀-၂၇၁)မှာ ဝုဋ္ဌာနဂါမိနိဝိပဿနာ ကိုးမျိုးကို ရှင်းလင်းတဲ့ ဖွင့်ဆိုချက်ထဲမှာ ပါပါတယ်နော်၊</p>
<p>‘‘<b>ယသ္မာ ပန န သုဒ္ဓရူပဒဿနမတ္တေနေဝ ဝုဋ္ဌာနံ ဟောတိ၊ အရူပမ္ပိ ဒဋ္ဌဗ္ဗမေဝ။</b>’’ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၃၀၀။)</p>
<p><b>ယသ္မာ ပန</b>၊ အကြင်ကြောင့်ကား။ <b>သုဒ္ဓရူပဒဿနမတ္တေနေဝ</b>၊ ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်ပင်လျှင်။ <b>ဝုဋ္ဌာနံ</b>၊ အရိယာမဂ်သို့ ထမြောက်ဖြစ်ပေါ်လာခြင်းသည် (ဝါ) ဝုဋ္ဌာနဂါမိနိဝိပဿနာသည်။ <b>န ဟောတိ</b>၊ မဖြစ်နိုင်။ <b>အရူပမ္ပိ</b>၊ နာမ်တရားကိုလည်းပဲ။ <b>ဒဋ္ဌဗ္ဗမေဝ</b>၊ ဝိပဿနာရှုပွားသုံးသပ်ရမည်သာလျှင်တည်း။</p>
<p>ပုဂ္ဂိုလ်တစ်ယောက်က ရုပ်တရား, နာမ်တရား နှစ်မျိုးရှိတဲ့အနက်က ရုပ်တရားကို စပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုတယ်၊ အဲဒီလို ရှုလိုက်တဲ့အပိုင်းမှာ ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့် အရိယာမဂ်သို့ မဆိုက်နိုင်တဲ့အတွက် နာမ်တရားကိုလည်း ရှုရမယ်တဲ့၊ ရှုလိုက်တဲ့အခါ ဘယ်နာမ်တရားတွေ ရှုမလဲ?</p>
<p>‘‘<b>တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ သညံ သင်္ခါရေ ဝိညာဏဉ္စ ‘ဣဒံ အရူပ’န္တိ အရူပံ ပဿတိ။</b>’’ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၃၀၀။)</p>
<p><b>တသ္မာ</b>၊ ထိုသို့ ရုပ်တရားသက်သက်ရှုရုံဖြင့် မဆိုက်နိုင်သောကြောင့်။ <b>တံ ရူပံ</b>၊ ထိုရုပ်တရားကို။ <b>အာရမ္မဏံ</b>၊ အာရုံ။ <b>ကတွာ</b>၊ ပြု၍။ <b>ဥပ္ပန္နံ</b>၊ ဖြစ်ပေါ်လာသော။ <b>ဝေဒနံ</b>၊ ဝေဒနာကိုလည်းကောင်း။ <b>သညံ</b>၊ သညာကိုလည်းကောင်း။ <b>သင်္ခါရေ</b>၊ သင်္ခါရတို့ကိုလည်းကောင်း။ <b>ဝိညာဏဉ္စ</b>၊ ဝိညာဏ်ကိုလည်းကောင်း။ <b>ဣဒံ</b>၊ ဤသည်ကား။ <b>အရူပံ</b>၊ နာမ်တရားတည်း။ <b>ဣတိ</b>၊ ဟု။ <b>အရူပံ</b>၊ နာမ်တရားကို။ <b>ပဿတိ</b>၊ ရှု၏ (ဝါ) ဉာဏ်ဖြင့် ပိုင်းခြားယူ၏။</p>
<p>ဒီရုပ်တရားကို အာရုံယူပြီးတော့ ဖြစ်ပေါ်လာတဲ့ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ခေါ်တဲ့ နာမ်တရားတွေကို ဤကား နာမ်တရားလို့ ရှေးဦးစွာဉာဏ်နဲ့ ပိုင်းခြားယူပါ၊ ပိုင်းခြားယူပြီးတဲ့အခါ ဒီ နာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုပါဆိုပြီး ဒီလိုဆုံးဖြတ်ထားတယ်၊</p>
<p>ဘာကြောင့် အဋ္ဌကထာဆရာတော်က ဒီလိုအဆုံးအဖြတ်တွေ ပေးနေရသလဲလို့ မေးတော့ ဒီသတိပဋ္ဌာနသုတ္တန်ကျဉ်းစဉ်ကိုကြည့်ရင် ဘုရားရှင်ကလည်း ရူပကာယ, နာမကာယ နှစ်မျိုးလုံးကိုပဲ ဟောဖို့ရန် ရှုကွက်တွေက အပြည့်အစုံ ဟောကြားထားပါတယ်။ <b>ဝေဒနာနုပဿနာသတိပဋ္ဌာန်</b>, <b>စိတ္တာနုပဿနာသတိပဋ္ဌာန်</b>, <b>ဓမ္မာနုပဿနာသတိပဋ္ဌာန်</b>ဆိုပြီး သတိပဋ္ဌာန်တွေ ဆက်ပြီးဟောမှာ ဖြစ်တယ်၊ ဒါက အကြောင်းတစ်ခု၊ နောက်အကြောင်းတစ်ခုပြောဦးမယ်၊ အဋ္ဌကထာဆရာတော်တွေ, ဋီကာဆရာတော်တွေ ခဏခဏ ကိုးကားနေတဲ့ သုတ္တန်တစ်ခု ဖြစ်ပါတယ်၊</p>
<p>‘‘<b>သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ၊ ... ပ ... သဗ္ဗံ စ ခေါ ဘိက္ခဝေ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ။</b>’’ (သံ၊၃၊၂၄၉-၂၅၀။)</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>သဗ္ဗံ</b>၊ အလုံးစုံသော ခန္ဓာငါးပါး ရုပ်တရား နာမ်တရားကို။ <b>အနဘိဇာနံ</b>၊ ဉာတပရိညာပညာဖြင့် ထိုးထွင်း၍ မသိခဲ့သည်ရှိသော်။ <b>အပရိဇာနံ</b>၊ တီရဏပရိညာပညာဖြင့် ပိုင်းခြား၍ မသိခဲ့သည်ရှိသော်။ <b>အဝိရာဇယံ</b>၊ ထိုခန္ဓာငါးပါး, ရုပ်တရား, နာမ်တရားတို့အပေါ်၌ တွယ်တာမက်မော၍နေသော တဏှာတရားကို ကင်းပြတ် ရုပ်သိမ်း ချုပ်ငြိမ်းအောင် မကျင့်နိုင်ခဲ့သည်ရှိသော်။ <b>အပ္ပဇဟံ</b>၊ ပဟာနပရိညာပညာဖြင့် မပယ်စွန့်နိုင်ခဲ့သည်ရှိသော်။ <b>ဒုက္ခက္ခယာယ</b>၊ သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ။ <b>အဘဗ္ဗော</b>၊ မထိုက်တန်ပေ။</p>
<p>သံယုတ္တနိကာယ် သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်မှာ ဘုရားရှင်က <b>အပရိဇာနနသုတ္တန်</b>ဆိုပြီးတော့ သုတ္တန်နှစ်ခု ဟောကြားထားတော်မူပါတယ်၊ ထို သုတ္တန်တွေမှာ အလုံးစုံသော ခန္ဓာငါးပါး, ရုပ်တရား, နာမ်တရား သို့မဟုတ် အာယတန တစ်ဆယ့်နှစ်ပါး, ဓာတ် တစ်ဆယ့်ရှစ်ပါးဆိုတဲ့ ရုပ်တရား နာမ်တရားတွေကို ပရိညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား မသိခဲ့ဘူးဆိုရင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ကို ဘယ်လိုမှ မရနိုင်ဘူးဆိုပြီး ဒီလို အတိအကျ ဟောထားတယ်၊ ဒီလို ဟောကြားထားတော်မူတဲ့ သုတ္တန်တွေကို ကိုးကားပြီး အဋ္ဌကထာဆရာတော်များကလည်း ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယာမဂ်ဉာဏ်, ဖိုလ်ဉာဏ်သို့ မဆိုက်ရောက်နိုင်ဘူး ဆိုပြီးတော့ ဆုံးဖြတ်ထားတယ်၊</p>
<p>ဘုရားဟောပါဠိတော်နဲ့ အဋ္ဌကထာရဲ့ ဆုံးဖြတ်ချက်တို့သည် ဂင်္ဂါရေနှင့် ယမုနာရေ ရောသကဲ့သို့ တစ်သားတည်း ညီညွတ်နေပါတယ်၊ ကွဲပြားမှု ဘာမှ မရှိပါဘူးနော်၊ ဒါကြောင့် ဘုရားရှင် ဟောကြားတော်မူတဲ့ ဓမ္မခေါ်တဲ့ တရားတွေကို ဓမ္မလို့ထင်ရှားပြခဲ့ရင် ထိုဟောနေတဲ့ ရဟန်းတွေသည် လူ, နတ်, ဗြဟ္မာ, သတ္တဝါအားလုံးတို့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ အကျိုးစီးပွားတွေ ရရှိဖို့ရာအတွက် မဂ်ချမ်းသာ, ဖိုလ်ချမ်းသာ, နိဗ္ဗာန်ချမ်းသာခေါ်တဲ့ ချမ်းသာသုခကြီးတွေ ရရှိဖို့ရာအတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်လို့ ဒီလိုဘုရားက ဟောတာနော်၊</p>
<p>ဒီတော့ နည်းနည်းလေး ဘုန်းကြီး ပြန်ပြီးတော့ ပြောဦးမယ်၊ စကားနည်းနည်း ရှည်သွားတယ်နော်၊ ဒီတော့ သတိပဋ္ဌာန်လေးပါးမှာ - နံပါတ်တစ်က ကာယာနုပဿနာသတိပဋ္ဌာန်၊ ကာယာနုပဿနာသတိပဋ္ဌာန်မှာ သမထပိုင်းလည်းပါတယ်၊ ဝိပဿနာပိုင်းလည်းပါတယ်၊ ဝိပဿနာရှုကွက်မှာ ရုပ်တရားကို ဦးတည်ပြီးတော့ ပထမ ရှုတယ်၊ ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့် အရိယမဂ်သို့ မဆိုက်နိုင်တဲ့အတွက် နာမ်တရားကို နောက်မှ ရှုတယ်၊ ဒီတော့ ဆိုလိုတာက ရုပ်တရား ဦးတည်၍ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို သိမ်းဆည်းပြီး အကြောင်းတရားနှင့်တကွသော ထိုရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုတဲ့ အနုပဿနာကို <b>ကာယာနုပဿနာသတိပဋ္ဌာန်</b>လို့ ခေါ်ပါတယ်၊</p>
<p>သို့သော် ဒီ ကာယာနုပဿနာသတိပဋ္ဌာန်ကို ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်က သမထကမ္မဋ္ဌာန်းတစ်ခုခုကို အားထုတ်ရင်လည်း ကာယာနုပဿနာသတိပဋ္ဌာန်ကို ပွားများအားထုတ်နေသည်ပင်မည်တယ် ဆိုတာကိုတော့ သဘောပေါက်ဖို့ လိုတယ်နော်၊ ဒီတော့ ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့် အရိယာမဂ်သို့ မဆိုက်နိုင်တော့ နာမ်တရားတွေကိုလည်း ဆက်လက်ပြီး ဝိပဿနာရှုရတယ်၊ ရှုလိုက်တဲ့ အပိုင်းမှာ ဝေဒနာကို ဦးတည်ပြီး နာမ်တရားတွေကို သိမ်းဆည်း၊ သိမ်းဆည်းပြီးတဲ့ အချိန်အခါကျတော့မှ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေရဲ့ အကြောင်းတရားတွေကို ရှာဖွေပြီး အကြောင်းတရားတွေနဲ့တကွသော ထိုရုပ်နာမ်တွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ရှုပွားသုံးသပ်ခဲ့ရင် ဒါ <b>ဝေဒနာနုပဿနာသတိပဋ္ဌာန်</b>သို့ သက်ဝင်တယ်၊</p>
<p>ဒီနာမ်တရားတွေကို သိမ်းဆည်းတဲ့အပိုင်းမှာ အချို့ယောဂီပုဂ္ဂိုလ်က အသိစိတ် = ဝိညာဏ်ကို ဦးတည်ပြီးတော့ သိမ်းဆည်းတယ်၊ အသိစိတ် = ဝိညာဏ်ကို ဦးတည်ပြီး သိမ်းဆည်းတဲ့အပိုင်းမှာလည်း အသိစိတ်တစ်ခုလုံး ရှုရတာ မဟုတ်ဘူး၊ ဝေဒနာကို ဦးတည် သိမ်းဆည်းတဲ့အပိုင်းမှာလည်း ဝေဒနာတစ်ခုတည်း ရှုရတာတော့ မဟုတ်ဘူး၊ ဝေဒနာနှင့်ယှဉ်ဖက် စိတ်စေတသိက်အားလုံး အသိစိတ်နှင့် ယှဉ်ဖက် စိတ်စေတသိက် အားလုံးကိုလည်း ရှုရမယ်၊</p>
<p>ရှုပြီးတဲ့ အချိန်အခါမှာ ဒီဝေဒနာဦးဆောင်နေတဲ့ နာမ်တရား၊ အသိစိတ် ဦးဆောင်နေတဲ့ နာမ်တရားတို့ရဲ့ မှီရာဝတ္ထုရုပ်တွေကိုလည်း ရှုရမယ်၊ အာရုံရုပ်တွေကိုလည်း ရှုရမယ်၊ ရုပ်နာမ်တွေကို သိမ်းဆည်းပြီးတဲ့အခါ အကြောင်းတရားတွေကို တစ်ဆင့်တက်ပြီး ရှာဖွေရတယ်၊ ဘာဖြစ်လို့လဲ?</p>
<p>‘‘<b>သမုဒယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ။</b>’’ (ဒီ၊၂၊၂၃၇။)</p>
<p>စသည်ဖြင့် အကြောင်းတရားတွေ ထင်ရှားဖြစ်ခဲ့ရင် အကျိုးဝေဒနာတွေ ချုပ်ငြိမ်းပုံကိုလည်း ရှုဖို့ စသည်ဖြင့် မြတ်စွာဘုရားက ဆက်ပြီး ဟောထားပါတယ်၊ ဒါကြောင့် ဝေဒနာကို ဦးတည်၍ ရုပ်နာမ် အကြောင်းအကျိုး သင်္ခါရတရားတွေကို သိမ်းဆည်းပြီးတော့ ထိုသင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ရှုပွားသုံးသပ်တဲ့ အနုပဿနာကို <b>ဝေဒနာနုပဿနာသတိပဋ္ဌာန်</b>လို့ ခေါ်တယ်၊</p>
<p>အလားတူပဲ၊ အသိစိတ်ကို ဦးတည်ပြီးတော့ ရုပ်, နာမ်အကြောင်းအကျိုး သင်္ခါရတရားတွေကို သိမ်းဆည်းပြီး အကြောင်းတရားနှင့်တကွသော ထိုရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို လက္ခဏာရေးသုံးတန်တင်ပြီး ရှုပွားသုံးသပ်တဲ့ အနုပဿနာကိုတော့ <b>စိတ္တာနုပဿနာသတိပဋ္ဌာန်</b>လို့ ဒီလို ခေါ်ပါတယ်၊</p>
<p>နောက်တစ်ခု - နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း သုံးနည်းထဲက ဖဿကို ဦးတည်ပြီး သိမ်းဆည်းတဲ့ နည်းစနစ်တစ်ခုလည်း ရှိတယ်၊ အဲဒီ ဖဿကို ဦးတည်ပြီး နာမ်တရားတွေကို သိမ်းဆည်း မှီရာဝတ္ထုရုပ်နှင့် အာရုံတွေကိုသိမ်းဆည်းပြီး အကြောင်းတရားတွေကို ရှာဖွေလျက် အကြောင်းတရားနှင့်တကွသော ထိုရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ရှုပွားသုံးသပ်တဲ့ အပိုင်းကိုတော့ <b>ဓမ္မာနုပဿနာသတိပဋ္ဌာန်</b>ပိုင်းလို့ ဒီလိုခေါ်ပါတယ်၊</p>
<p>အဲဒီ ဓမ္မာနုပဿနာသတိပဋ္ဌာန်ပိုင်းမှာကတော့ ဘုရားရှင်က <b>ခန္ဓာငါးပါး ရှုကွက်</b>, <b>အာယတန တစ်ဆယ့်နှစ်ပါး ရှုကွက်</b>, <b>သစ္စာလေးပါး ရှုကွက်</b>, <b>ဗောဇ္ဈင်ခုနစ်ပါး ရှုကွက်</b>, <b>နီဝရဏငါးပါး ရှုကွက်</b> စသည်ဖြင့် ရှုကွက်တွေ တော်တော် ခပ်စုံစုံ ဟောကြားထားတော်မူပါတယ်နော်၊</p>
<p>ဒီတော့ ပြန်ပြီး ပြောမယ်၊ သတိပဋ္ဌာန် ဘယ်နှစ်ပါးလဲ? လေးပါး၊ ကာယာနုပဿနာသတိပဋ္ဌာန်, ဝေဒနာနုပဿနာသတိပဋ္ဌာန်, စိတ္တာနုပဿနာသတိပဋ္ဌာန်, ဓမ္မာနုပဿနာသတိပဋ္ဌာန် ဆိုပြီးတော့ <b>သတိပဋ္ဌာန်လေးပါး</b> ရှိပါတယ်လို့ ရဟန်းတော်တစ်ပါးက ခုလို အစီအစဉ်တကျ ဟောပြောပြခဲ့မယ် ဆိုရင်တော့ - ထိုရဟန်းတော်သည် ဓမ္မကို ဓမ္မလို့ ထင်ရှားပြနေတဲ့ ရဟန်းတော်ဖြစ်တယ်၊ ဒါပေမယ့် ရဟန်းတော်တစ်ပါးက သတိပဋ္ဌာန်ဟာ လေးပါး မဟုတ်ဘူး၊ တစ်ပါးပဲ၊ ဘယ်လို တစ်ပါးလဲ? တစ်ချို့ တချို့ အယူအဆလေးတွေပေါ့နော်၊ ရုပ်ဓာတ်တစ်လုံး ရှုရုံနဲ့လည်း မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဆိုက်နိုင်တယ်လို့ ပြောတယ်၊ သတိပဋ္ဌာန်တစ်ပါး ရှိတယ်လို့ ပြောတာနဲ့ အတူတူပဲ၊ ဓာတ်တစ်လုံးရှုရုံနဲ့လည်း နိဗ္ဗာန်ကို ပေါက်ပါတယ်ဆိုပြီး တစ်ချို့က ဒီလို ဟောကြ, ပြောကြတယ်၊ ပြောလိုက်တဲ့ အချိန်အခါကျတော့ သတိပဋ္ဌာန် တစ်ပါးပဲ ရှိပါတယ်လို့ ပြောတာနဲ့ အဓိပ္ပာယ် တူမနေဘူးလား? တူနေတယ်နော်၊ ဒီတော့ ဆိုလိုတာက သတိပဋ္ဌာန်လေးပါးကို လေးပါးလို့ ထင်ရှားပြခဲ့ရင် ဓမ္မကို ဓမ္မလို့ ထင်ရှားပြနေတာဖြစ်တယ်၊ သတိပဋ္ဌာန်ကို သုံးပါးပဲ ရှိတယ်၊ နှစ်ပါးပဲရှိတယ်၊ တစ်ပါးပဲရှိတယ်လို့ ထင်ရှားပြခဲ့ရင် ဓမ္မကို အဓမ္မလို့ ထင်ရှားပြတာလည်း ဖြစ်တယ်၊ အဓမ္မကို ဓမ္မလို့ ထင်ရှားပြနေတာလည်း ဖြစ်တယ်တဲ့၊</p>
<p>အလားတူပဲ၊ နောက်တစ်ခု - သမ္မပ္ပဓာန် ဘယ်နှစ်ပါးလဲ? လေးပါး။ <b>သမ္မပ္ပဓာန်လေးပါး</b>က နံပါတ်တစ် မဖြစ်ပေါ်သေးတဲ့ အကုသိုလ်တွေကို မဖြစ်အောင်၊ နံပါတ်နှစ်က ဖြစ်ပေါ်ပြီးတဲ့ အကုသိုလ်တွေကို ပယ်နိုင်အောင်၊ နံပါတ်သုံး မဖြစ်ပေါ်သေးတဲ့ ကုသိုလ်တရားတွေ ဖြစ်ပေါ်လာအောင်၊ နံပါတ်လေး ဖြစ်ပေါ်လာပြီးတဲ့ ကုသိုလ်တရားတွေကို မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဆိုက်သည်အထိ အတိုင်းထက်အလွန် တိုးပွားအောင် ကြိုးစားအားထုတ်ခြင်းကို သမ္မပ္ပဓာန်လေးပါးလို့ခေါ်တယ်၊ ဒီသမ္မပ္ပဓာန် လုံ့လဝီရိယက ခုလိုကြိုးစားတဲ့အပိုင်းမှာ အရိုးကြွင်းစေ၊ အရေကြွင်းစေ၊ အကြောကြွင်းစေ၊ အသားအသွေးတွေ အကုန် ခန်းခြောက်ချင် ခန်းခြောက်ပါစေ ယောကျ်ားတို့ရဲ့ ဇွဲလုံ့လဝီရိယ၊ မိန်းမမြတ်တို့ရဲ့ ဇွဲလုံ့လဝီရိယဖြင့် ရောက်နိုင်တဲ့ အရာဌာနသို့ မရောက်မချင်း ငါ့ရဲ့ ကြိုးစားအားထုတ်မှု လုံ့လဝီရိယရဲ့ နောက်ကို ဆုတ်သွားခြင်း၊ နောက်တွန့်သွားခြင်းမည်သည် ဘယ်တော့မှ မဖြစ်စေရလို့ ဒီလို အပြင်းအထန် ကြိုးစားအားထုတ်တဲ့ လုံ့လဝီရိယမျိုးကို ဆိုလိုပါတယ်၊ တပည့်တော်က ဆယ်ရက်ပဲ ဓိဋ္ဌာန်ထားတယ်တဲ့၊ မနက်က ဘုန်းကြီး တစ်ပါးက လာလျှောက်တယ်၊ ဟော သိဒ္ဓတ္ထမင်းသား တောထွက်တုန်းက ဒီလိုပါပဲ ဆယ်ရက်ပဲ ဓိဋ္ဌာန်ပြီးတော့ ထွက်သလားလို့ ဘုန်းကြီးက မေးလိုက်ပါတယ်နော်၊ အဲဒီလို ဝီရိယမျိုး ဟုတ်သလား? မဟုတ်ဘူးနော်၊ ခု - အရိုးပဲ ကျန်သလား? မကျန်သေးပါဘူး၊ အကြောပဲ ကျန်လား? မကျန်သေးဘူး၊ ဟုတ်တယ် မဟုတ်လား၊ အကုန်လုံး ပြည့်နေတယ်။</p>
<p>ဒါကြောင့် နည်းနည်းလေး <b>လုံ့လဝီရိယ</b>ဆိုတာက ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်တဲ့ <b>လုံ့လဝီရိယ</b>လေးတွေ ရှိဖို့လိုတယ်၊ အဲဒီမှာလည်း <b>သမ္မပ္ပဓာန်</b>က လေးပါး ရှိပါလျက်နဲ့ <b>သမ္မပ္ပဓာန်</b>က တစ်ပါးပဲရှိတယ်၊ နှစ်ပါးပဲရှိတယ်၊ သုံးပါးပဲရှိတယ် သို့မဟုတ် ငါးပါးပဲ ရှိတယ်လို့ပြောရင် ဒါက <b>အဓမ္မ</b>ပဲနော်။ <b>သမ္မပ္ပဓာန်</b> လေးပါး ရှိပါတယ်လို့ ပြောရင် ဒါ <b>ဓမ္မ</b>။ <b>ဓမ္မ</b>ကို <b>ဓမ္မ</b>လို့ ထင်ရှားပြနေခြင်းဖြစ်တယ်။ <b>သမ္မပ္ပဓာန်</b> ငါးပါးဟာ မဟုတ်ပါဘူးလို့ ပြောရင်လည်း <b>အဓမ္မ</b>ကို <b>အဓမ္မ</b>လို့ ထင်ရှားပြောခြင်းဖြစ်တယ်၊ သို့သော် ပုဂ္ဂိုလ်တစ်ယောက်က <b>သမ္မပ္ပဓာန်</b>ဟာ ငါးပါးပဲ ရှိပါတယ်၊ သုံးပါးပဲရှိပါတယ်၊ နှစ်ပါးပဲရှိပါတယ်၊ တစ်ပါးပဲရှိပါတယ်လို့ ပြောင်ခံပြီး ငြင်းမယ်ဆိုရင်တော့ သူက <b>အဓမ္မ</b>ကို <b>အဓမ္မ</b>လို့ ထင်ရှားပြနေတယ်၊ တစ်နည်းတော့ <b>ဓမ္မ</b>ကိုလည်း <b>အဓမ္မ</b>လို့ ထင်ရှားပြတယ်။ <b>အဓမ္မ</b>ကိုလည်း <b>ဓမ္မ</b>လို့ ထင်ရှားပြနေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်တဲ့၊</p>
<p>နောက်တစ်ခု - <b>ဣဒ္ဓိပါဒ်</b> လေးပါး။ <b>ဆန္ဒိဒ္ဓိပါဒ်</b>။ <b>ဝီရိယိဒ္ဓိပါဒ်</b>။ <b>စိတ္တိဒ္ဓိပါဒ်</b>။ <b>ဝီမံသိဒ္ဓိပါဒ်</b>ဆိုပြီး ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသဆိုပြီးတော့ <b>ဣဒ္ဓိပါဒ်</b>က လေးမျိုးရှိတယ်။ <b>ဣဒ္ဓိ</b>ဆိုတာက မိမိရဲ့ အလိုဆန္ဒ တန်ခိုးအမျိုးမျိုးကို ပြီးစီးပြည့်စုံစေနိုင်တဲ့ အကြောင်းအရင်းတွေကို <b>ဣဒ္ဓိပါဒ်</b>လို့ ခေါ်တယ်၊ အဲဒီ အခြေခံ အကြောင်းရင်းက ဘာတွေလဲ? နံပါတ် တစ် <b>ဆန္ဒ</b>၊ လိုလားတောင့်တမှု မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ကို လိုလားတောင့်တနေတဲ့ ဆန္ဒဓာတ်က အလွန် ပြင်းထန်ရမယ်။ <b>ဝီရိယ</b>၊ ကြိုးစားအားထုတ်နေတဲ့ ဝီရိယကလည်း ပြင်းထန်ရမယ်။ <b>စိတ္တ</b>၊ အသိစိတ်ဓာတ်တွေကလည်း ခိုင်ခံ့နေရမယ်၊ တော်ကြာ စိတ်ဓာတ်က လျှောကျသွားလိုက်၊ တော်ကြာ ပြန်ရရင် ကောင်းမယ် ထင်တယ်၊ တပည့်တော် နည်းနည်းလေး မကျန်းမာဘူးလေ၊ ခဏပြန်ပြီး အိမ်နားရရင် ကောင်းမယ်ထင်တယ်၊ နောက်ပြီးတော့မှ နောက်တော့ ပြန်လာတာပေါ့၊ ဟုတ်တယ် မဟုတ်လား? အဲဒီလို စိတ်ဓာတ်မျိုးနဲ့ အားထုတ်လို့ ရမလား? မရဘူးနော်။ <b>ဝီမံသ</b>၊ ပညာဉာဏ်တွေကလည်း အစွမ်းထက်ရမယ်တဲ့နော်၊ ဆန္ဒရှိတဲ့ပုဂ္ဂိုလ် မပြီးစီးတဲ့အရာ ဘာမှမရှိဘူး၊ ဝီရိယရှိတဲ့ပုဂ္ဂိုလ်အတွက် မပြီးစီးနိုင်တာ ဘာမှမရှိဘူး၊ အသိစိတ် ခိုင်မာနေတဲ့၊ စိတ်ဓာတ်တွေ ခိုင်မာနေတဲ့ ပုဂ္ဂိုလ်အတွက် မပြီးစီးနိုင်တာ ဘာမှမရှိဘူး၊ ပညာဉာဏ် အဆင့်မြင့်နေတဲ့ ပုဂ္ဂိုလ်အတွက် မပြီးစီးနိုင်တာလည်း ဘာမှ မရှိဘူး၊ ဒါက တန်ခိုးအမျိုးမျိုးတို့ ပြည့်စုံခြင်းရဲ့ အခြေခံအကြောင်းရင်း ပါဒ လေးမျိုး ဖြစ်ပါတယ်၊ အဲဒီ <b>ဣဒ္ဓိပါဒ်</b> လေးမျိုးကိုလည်း သုံးမျိုးပဲရှိတယ်၊ ငါးမျိုးရှိပါတယ် စသည်ဖြင့် ပြောခဲ့ရင် ဒါ <b>အဓမ္မ</b>ပဲနော်၊ လေးမျိုးရှိပါတယ်လို့ ပြောခဲ့ရင်တော့ <b>ဓမ္မ</b>ပဲ၊</p>
<p>ကဲ အလားတူပဲ နောက်ထပ် <b>ဣန္ဒြေ</b>က ဘယ်နှစ်ပါးလဲ? ငါးပါး၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာဆိုပြီး <b>ဣန္ဒြေ</b> ငါးပါး ရှိတယ်၊ မိမိ ပွားများအားထုတ်နေတဲ့ သမထပဲဖြစ်ဖြစ်၊ ဝိပဿနာပဲဖြစ်ဖြစ် သမထကမ္မဋ္ဌာန်းလုပ်ငန်းခွင် ဝိပဿနာဘာဝနာလုပ်ငန်းခွင်အပေါ်၌ ယုံကြည်ချက် အပြည့်အဝ ရှိဖို့တော့ လိုတယ်၊ ခုခေတ်က ဈာန်ရနိုင်တဲ့ခေတ်တော့ မဟုတ်ပါဘူး၊ စိတ်က လျှော့ချထားတယ်နော်၊ ဒီရုပ်တွေ ဒီနာမ်တွေဆိုတာက ဘုရား ရဟန္တာတွေသာ သိတာပါ၊ သာဝကတွေ မသိနိုင်ပါဘူးဆိုပြီး စိတ်က လျှော့ချထားတယ်၊ အဲဒီလို သဒ္ဓါတရားက ယုံကြည်ချက် မရှိဘူး ဆိုလို့ရှိရင် ဒီလုပ်ငန်းခွင်လုပ်ဖို့ အောင်မြင်ပါ့မလား? မအောင်မြင်ဘူးနော်၊</p>
<p><b>ဝီရိယ</b>၊ ကြိုးစားအားထုတ်မှုကလည်း ရှိရမယ်။ <b>သတိ</b>၊ မိမိ ရှုပွားသုံးသပ်နေတဲ့ ကမ္မဋ္ဌာန်းအာရုံကို အမြဲအမှတ်ရနေတဲ့ သတိကလည်း အားကောင်းရမယ်။ <b>သမာဓိ</b>၊ မိမိရှုပွားနေတဲ့ ကမ္မဋ္ဌာန်းအာရုံပေါ်၌ စိတ်ဓာတ်က ခိုင်ခိုင်မြဲမြဲနဲ့ တည်ကြည်နေရမယ်။ <b>ပညာ</b>၊ မိမိရှုပွားနေတဲ့ ကမ္မဋ္ဌာန်းအာရုံ သို့မဟုတ် ဝိပဿနာအာရုံကို ရှင်းရှင်းလင်းလင်း ထိုးထွင်းသိနေရမယ်၊ ဒီ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာဆိုပြီးတော့ <b>ဣန္ဒြေ</b> ငါးပါး၊ ဒီ <b>ဣန္ဒြေ</b> ငါးပါးက မိမိသွားလိုတဲ့ သမထလမ်းကြောင်း၊ ဝိပဿနာလမ်းကြောင်းပေါ်က မိမိရဲ့ စိတ်ဓာတ်အစဉ်ကို ဘေးကို တိမ်းချော်ပြီး ကျမသွားအောင် ထိန်းချုပ်ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ တရားကြီး ငါးမျိုး ဖြစ်ပါတယ်။ <b>ဣန္ဒြေ</b> ငါးပါး စွမ်းအားကြီး ငါးရပ် ဆိုတာလည်း ဒီတရား ငါးပါးပဲ၊ အတူတူပဲ၊ ဒီတော့ ပုဂ္ဂိုလ်တစ်ယောက်က <b>ဣန္ဒြေ</b> ငါးပါး ရှိပါတယ်။ <b>ဗိုလ်</b> ငါးပါး ရှိပါတယ်လို့ပြောရင် ဒါ <b>ဓမ္မ</b>ကို <b>ဓမ္မ</b>လို့ ထင်ရှားပြနေတာဖြစ်တယ်။ <b>ဣန္ဒြေ</b>က လေးပါးရှိတာပါ။ <b>ဗိုလ်</b> ခြောက်ပါးရှိတာပါ စသည်ဖြင့် အပိုအလိုတွေ ပြောခဲ့မယ် ဆိုရင်တော့ <b>အဓမ္မ</b>ဖြစ်သွားပြီ၊ ရဟန်းတော်တစ်ပါးက <b>ဓမ္မ</b>ကို <b>ဓမ္မ</b>လို့ပဲ ပြောရမယ်။ <b>အဓမ္မ</b>ကို <b>အဓမ္မ</b>လို့ပဲ ပြောရမယ်၊ ဒါပေမဲ့ <b>အဓမ္မ</b>ကို <b>ဓမ္မ</b>လို့ပြောမယ်။ <b>ဓမ္မ</b>ကို <b>အဓမ္မ</b>လို့ ပြောမယ်ဆိုရင်တော့ ထိုပုဂ္ဂိုလ်က သတ္တဝါတွေ အကျိုးယုတ်ဖို့၊ ဆင်းရဲဒုက္ခ ရောက်ဖို့အတွက် ကျင့်နေတာတဲ့၊ အကုသိုလ်တရားတွေကို တိုးပွားအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်၊ သာသနာကွယ်အောင် လုပ်နေတဲ့ ပုဂ္ဂိုလ်ပဲဆိုပြီး ဒီသုတ္တန်က ဟောနေတယ်နော်၊</p>
<p>နောက်တစ်ခု - <b>ဗောဇ္ဈင်</b> ဘယ်နှစ်ပါးလဲ? ခုနစ်ပါး။ <b>ဓမ္မဝိစယသမ္ဗောဇ္ဈင်</b> ဆိုတာကတော့ မိမိရှုပွားသုံးသပ်နေတဲ့ သမထအာရုံဖြစ်ရင် သမထအာရုံကို ထိုးထွင်းသိတဲ့ဉာဏ်ကို <b>ဓမ္မဝိစယ</b>လို့ ခေါ်တယ်၊ မိမိက ဝိပဿနာရှုခဲ့ရင် ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့ ရုပ်နာမ် ကြောင်းကျိုး သင်္ခါရတရားတွေ အထူးသဖြင့် ကုသိုလ်တရား၊ အကုသိုလ်တရားစတဲ့ ဒီတရားတွေကို ရှင်းရှင်းလင်းလင်း ထိုးထွင်းသိအောင် ပညာနှင့် ယှဉ်တွဲပြီးတော့ ကြိုးစားအားထုတ်တဲ့ သဘော။ <b>ဝီရိယသမ္ဗောဇ္ဈင်</b>က မိမိရှုပွားနေတဲ့ သမထအာရုံ၊ ဝိပဿနာအာရုံတွေပေါ်၌ စိတ်ဓာတ်ခိုင်မြဲပြီးတော့ တည်ကြည်နေတဲ့သဘော။ <b>ပီတိသမ္ဗောဇ္ဈင်</b> ဆိုတာကတော့ <b>ဓမ္မဝိစယ</b>၊ ဝီရိယတို့နဲ့ ယှဉ်တွဲပြီးတော့ ဒီသမထကမ္မဋ္ဌာန်းအာရုံ၊ ဝိပဿနာကမ္မဋ္ဌာန်းအာရုံတို့အပေါ်၌ နှစ်သက် ကျေနပ်နေတဲ့သဘော။ <b>ပဿဒ္ဓိသမ္ဗောဇ္ဈင်</b> ဆိုတာကတော့ ဒီ<b>ဓမ္မဝိစယသမ္ဗောဇ္ဈင်</b> အစရှိတဲ့ ဒီ<b>သမ္ဗောဇ္ဈင်</b>တရားတွေနဲ့ယှဉ်တွဲပြီးတော့ မိမိရှုပွားသုံးသပ်နေတဲ့ သမထကမ္မဋ္ဌာန်းအာရုံနှင့် ဆက်စပ်ပြီးတော့ စိတ်စေတသိက်တို့ရဲ့ အေးချမ်းနေတဲ့သဘော။ <b>သမာဓိသမ္ဗောဇ္ဈင်</b>၊ ဒီသမထကမ္မဋ္ဌာန်းအာရုံ သို့မဟုတ် ဝိပဿနာကမ္မဋ္ဌာန်းအာရုံပေါ်၌ စိတ်တည်ကြည်နေတဲ့သဘော။ <b>ဥပေက္ခာသမ္ဗောဇ္ဈင်</b>ဆိုတာက ဒီသမထကမ္မဋ္ဌာန်းအာရုံ သို့မဟုတ် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းအာရုံပေါ်၌ စိတ်ကိုအညီအမျှ လျစ်လျူရှုထားနိုင်တဲ့သဘော တတြမဇ္ဈတ္တတာ စေတသိက်ဖြစ်ပါတယ်၊ ပေါင်းလိုက်တော့ <b>ဗောဇ္ဈင်</b>ဘယ်နှစ်ပါးလဲ? ခုနစ်ပါး၊ အဲဒီ <b>ဗောဇ္ဈင်</b> ခုနစ်ပါးလို့ ပြောရင်တော့ ဒါ<b>ဓမ္မ</b>ကို <b>ဓမ္မ</b>လို့ ထင်ရှားပြနေတာပဲ၊ ဒါပေမဲ့ ပုဂ္ဂိုလ်တစ်ယောက်က <b>ဗောဇ္ဈင်</b>က ငါးပါးပဲရှိပါတယ်၊ ခြောက်ပါးပဲရှိပါတယ်၊ ရှစ်ပါးပဲရှိပါတယ် စသည်ဖြင့် ဒီလိုပြောခဲ့ရင် <b>အဓမ္မ</b>ကို <b>အဓမ္မ</b> လုပ်နေတာပဲနော်။ <b>ဓမ္မ</b>ကို <b>အဓမ္မ</b>လို့ ထင်ရှားပြတယ်။ <b>အဓမ္မ</b>ကိုလည်း <b>ဓမ္မ</b>လို့ ထင်ရှားပြနေသည် မည်တယ်၊</p>
<p>နောက်တစ်ခု - <b>မဂ္ဂင်</b>ဘယ်နှစ်ပါးလဲ? အားလုံး သိပြီးပြီ။ <b>မဂ္ဂင်</b>ဘယ်နှစ်ပါးရှိလဲ? ရှစ်ပါး၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဆိုပြီးတော့ <b>မဂ္ဂင်</b>ဘယ်နှစ်ပါးလဲ? ရှစ်ပါး။ <b>မဂ္ဂင်</b>က ခုနစ်ပါးပဲရှိတယ်လို့ပြောရင် ဒါ <b>အဓမ္မ</b>ပဲ။ <b>မဂ္ဂင်</b> ရှစ်ပါးဆိုတော့ <b>ဓမ္မ</b>။ <b>မဂ္ဂင်</b>က ခြောက်ပါးပဲရှိပါတယ်လို့ ပြောရင်လဲ <b>အဓမ္မ</b>ပဲ။ <b>အဓမ္မ</b>ကို <b>ဓမ္မ</b>လို့ထင်ရှားပြတယ်နော်။ <b>မဂ္ဂင်</b> ကိုးပါးရှိပါတယ် ဆိုရင်လည်း ဒါ <b>အဓမ္မ</b>ပဲ၊ အဲဒီအပိုင်းကိုတော့ ဘုန်းကြီး နောက်မှပဲ ထပ်ပြီး ရှင်းပါ့မယ်နော်၊ ဒီတော့ ဒီလို <b>ဓမ္မ</b>ကို <b>ဓမ္မ</b>လို့ ထင်ရှားပြရင် <b>အဓမ္မ</b>ကိုလည်း <b>အဓမ္မ</b>လို့ ထင်ရှားပြောရင် ဒီပြောနေတဲ့ ရဟန်းတွေဟာ သတ္တဝါတွေ အကျိုးစီးပွားရှိဖို့၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ဆိုတဲ့ အကျိုးစီးပွားရရှိဖို့၊ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာဆိုတဲ့ ချမ်းသာသုခတွေ ရရှိဖို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်၊ သို့သော် <b>ဓမ္မ</b>ကို <b>အဓမ္မ</b>လို့။ <b>အဓမ္မ</b>ကို <b>ဓမ္မ</b>လို့ ထင်ရှားပြကြမယ် ဆိုရင်တော့ ထိုရဟန်းတွေသည် ဘာလုပ်သလဲ? သတ္တဝါတွေ အကျိုးစီးပွား ဆုတ်ယုတ်ပျက်စီးဖို့၊ ဆင်းရဲဒုက္ခရောက်ဖို့၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်တဲ့၊ ဒါတွင်လားဆိုတော့ မကသေးဘူး၊ များစွာသော အကုသိုလ်တရားတွေကို လည်းပဲ တိုးပွားစေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်။ <b>သဒ္ဓမ္မငါးဖြာ သာသနာတော်မြတ်ကြီး</b>ကိုလည်း ကွယ်ပစေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်၊ ကွယ်ပျောက်စေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်တဲ့၊</p>
<p>အဲဒီမှာ <b>သာသနာကွယ်ခြင်း</b> ငါးမျိုးကို အဋ္ဌကထာဆရာတော်က ဖွင့်ထားပါတယ်နော်၊ ဒီအပိုင်းလေးကိုတော့ ဘုန်းကြီး ပြောချင်လို့ပါနော်၊ ဒီတော့ <b>အဓိဂမအန္တရဓာန</b>။ <b>ပဋိပတ္တိအန္တရဓာန</b>။ <b>ပရိယတ္တိအန္တရဓာန</b>။ <b>လိင်္ဂအန္တရဓာန</b>။ <b>ဓာတုအန္တရဓာန</b> ဆိုပြီးတော့ <b>သာသနာကွယ်ပခြင်း</b> ငါးမျိုး ရှိသလို၊ သာသနာတော်ဟာလည်း ငါးမျိုး ရှိတယ်လို့ ပြောနိုင်တယ်။ <b>အဓိဂမသာသနာ</b>။ <b>ပဋိပတ္တိသာသနာ</b>။ <b>ပရိယတ္တိသာသနာ</b>။ <b>လိင်္ဂသာသနာ</b>။ <b>ဓာတုသာသနာ</b>ဆိုပြီး သာသနာ ငါးရပ်၊</p>
<p><b>အဓိဂမသာသနာ</b> ဆိုတာကတော့ သူတော်ကောင်းတို့ ရအပ်၊ ရောက်အပ်တဲ့အတွက် <b>အဓိဂမ</b>လို့ ခေါ်ပါတယ်၊ သူတော်ကောင်းတို့ ရအပ်၊ ရောက်အပ်တဲ့ တရားတွေဆိုတာက ဘာတရားတွေလဲမေးတော့ မဂ် လေးပါး၊ ဖိုလ် လေးပါး၊ နိဗ္ဗာန်၊ ပဋိသမ္ဘိဒါဉာဏ် လေးပါး၊ အဘိဉာဏ် ခြောက်ပါး၊ ဝိဇ္ဇာ သုံးပါးဆိုပြီးတော့ အဋ္ဌကထာက ဒီလို ဖွင့်ဆိုထားပါတယ်နော်၊ အဲဒီ တရားတွေသည် သူတော်ကောင်းတို့ ရအပ်၊ ရောက်အပ်တဲ့အတွက် <b>အဓိဂမသာသနာ</b> မည်တယ်တဲ့၊ အဲဒီ သူတော်ကောင်းတို့ရအပ်၊ ရောက်အပ်တဲ့ <b>အဓိဂမသာသနာတော်ကြီး</b>ကို တစ်ချို့နေရာမှာ <b>ပဋိဝေဓသာသနာ</b>လို့လည်း ဒီလို သုံးစွဲထားပါတယ်၊ အတူတူပဲနော်၊</p>
<p>အဲဒီ <b>အဓိဂမသာသနာတော်ကြီး</b>ဟာ တစ်ချိန်မှာ ကွယ်သွားတယ်၊ ဘယ်လိုကွယ်လဲဆိုတော့ သာသနာကွယ်ပုံနဲ့ ပတ်သက်ပြီးတော့ ရှေးဦးစွာ <b>ပဋိသမ္ဘိဒါဉာဏ်</b> လေးပါးကတော့ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးတဲ့နောက် နှစ်ပေါင်း တစ်ထောင်အတွင်းမှာပဲ <b>ပဋိသမ္ဘိဒါဉာဏ်</b>ကို ရရှိတဲ့ သူတော်ကောင်းတွေ ရှိနိုင်တယ်လို့ အဋ္ဌကထာက ဒီလို ဖော်ပြထားတယ်၊ နှစ်ပေါင်း တစ်ထောင်ရဲ့ နောက်ပိုင်းမှာ <b>ပဋိသမ္ဘိဒါဉာဏ်</b> လေးပါးကို ရရှိတဲ့ သူတော်ကောင်းတွေ မရှိနိုင်တော့ဘူး၊ ဆိုလိုတာက ဘုရားရှင်လက်ထက်တော်တုန်းက (အထူးသဖြင့်ပေါ့နော်) အရှင်အာနန္ဒာဆိုရင် သောတာပတ္တိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ဆိုက်သည်နှင့် တစ်ပြိုင်နက်တည်း <b>ပဋိသမ္ဘိဒါဉာဏ်</b> လေးပါးကိုပါ ပူးတွဲ ရရှိတော်မူပါတယ်၊</p>
<p>အလားတူပဲ၊ စိတ္တသူကြွယ်တို့လည်း အနာဂါမိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ဆိုက်သည်နှင့် တစ်ပြိုင်နက်တည်း <b>ပဋိသမ္ဘိဒါဉာဏ်</b> လေးပါးကို ရရှိတယ်၊ ခုဇ္ဇုတ္တရာလည်း သောတာပတ္တိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဆိုက်သည်နှင့် တစ်ပြိုင်နက်တည်း <b>ပဋိသမ္ဘိဒါဉာဏ်</b> လေးပါးကို ပူးတွဲရရှိတယ်၊ ဒါကတော့ သေက္ခပဋိသမ္ဘိဒါဉာဏ်လို့ခေါ်ပါတယ်၊ ယေဘုယျအားဖြင့်တော့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကို ဆိုက်သည်နှင့် တစ်ပြိုင်နက်တည်း <b>ပဋိသမ္ဘိဒါဉာဏ်</b> လေးပါး ရရှိရေးအတွက် သီးသန့် ဒီဘဝမှာတော့ ကြိုးစားအားထုတ်မှုဆိုတာ မရှိတော့ဘူး၊ အတိတ်ကတော့ ရှိခဲ့တယ်နော်၊ အတိတ်က ရှိခဲ့တယ် ဆိုတာကတော့ တစ်ဆူဆူသော ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ - <b>ပရိယတ္တိ</b>၊ ပိဋကတ်ပါဠိတော်တွေကို သင်ယူခြင်း။ <b>ပရိပုစ္ဆာ</b>၊ အဋ္ဌကထာကို သင်ယူခြင်း၊ ပါဠိတော်မှာလာရှိတဲ့ အနက်အဓိပ္ပာယ်တွေကို မေးမြန်း လျှောက်ထားခြင်း။ <b>ဓမ္မသဝန</b>၊ တရားတော်ကို အရိုအသေ အလေးဂရုပြုပြီးတော့ နာယူခဲ့ခြင်း။ <b>ပုဗ္ဗယောဂ</b>၊ ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမံ ဂဟေတဗ္ဗသမီပံ၊ တာဝ ဝိပဿနာနုယောဂေါ၊ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ ခုနစ်ဆယ့်နှစ်မှာ ဖွင့်ဆိုထားပါတယ်၊</p>
<p><b>ပုဗ္ဗယောဂ</b> ဆိုတာကတော့ - ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ ဂတပစ္စာဂတဝတ်၊ ဆွမ်းခံသွားရင်လည်း ကမ္မဋ္ဌာန်းကို ဆောင်ယူလျက် ဆွမ်းခံရွာသို့သွားခြင်း၊ ဆွမ်းခံရွာမှ ကျောင်းသို့ပြန်လာတဲ့ အပိုင်းမှာလည်းပဲ ကမ္မဋ္ဌာန်းကို ဆောင်ယူလျက် ဆွမ်းခံရွာမှ ကျောင်းသို့ ပြန်လာခြင်းဆိုတဲ့ ဂတပစ္စာဂတဝတ်ကို ဖြည့်ကျင့်လျက် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူလိုက်တာ သင်္ခါရုပေက္ခာဉာဏ်သို့ ဆိုက်သည့်တိုင်အောင် ကြိုးစားအားထုတ်ခဲ့ဖူးခြင်းဆိုတဲ့ ဒီအင်္ဂါ လေးခုကို ဖြည့်ကျင့်ရပါတယ်၊ နောက်ဆုံးဘဝမှာတော့ <b>အဓိဂမ</b>ခေါ်တဲ့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ဆိုက်သည့်တိုင်အောင် တစ်ဖန်ပြန်ပြီး အားထုတ်ရတယ်၊ ပေါင်းလိုက်တော့ အင်္ဂါ ငါးရပ်၊ အဲဒီ အင်္ဂါ ငါးချက် စုံညီနေတဲ့ သူတော်ကောင်းတွေသာလျှင် <b>ပဋိသမ္ဘိဒါဉာဏ်</b>ကို ရရှိကြပါတယ်၊ အဲဒီ <b>ပဋိသမ္ဘိဒါဉာဏ်</b>ကို ရရှိတဲ့ သူတော်ကောင်းတွေဟာလည်း ယေဘုယျအားဖြင့် ဘုရားရှင်ရဲ့ သာသနာတော် နှစ်ပေါင်း တစ်ထောင်အတွင်းမှာသာ ဖြစ်နိုင်တယ်ဆိုပြီး အဋ္ဌကထာက ဒီလို သတ်မှတ်ပေးထားတယ်၊</p>
<p>အဲဒီ နောက်ပိုင်းကာလရောက်လာတဲ့ အချိန်အခါမှာ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ဆိုက်ရောက်ပြီဆိုရင် <b>အဘိညာဏ်</b> ခြောက်ပါးလုံး ပူးတွဲရရှိတဲ့ ခေတ်ပဲ၊ အဲဒီ ခေတ်ကတော့ နှစ်ပေါင်း နှစ်ထောင်အတွင်း ဆိုပြီး အဲဒီကနေ နောက်ပိုင်းကာလ ရောက်လာတဲ့ အချိန်အခါမှာ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်၊ ဒိဗ္ဗစက္ခုအဘိညာဏ်၊ အာသဝက္ခယဉာဏ်ဆိုတဲ့ <b>ဝိဇ္ဇာ</b> သုံးပါးသာ ရရှိတဲ့ခေတ်၊ အဲဒီ ခေတ်ကတော့ နှစ်ပေါင်း သုံးထောင်အတွင်း၊ ခုလို အချိန်အခါမျိုး ဆိုကြစို့နော်၊ ဒါ<b>ဝိဇ္ဇာ</b> သုံးပါးကို ရရှိနိုင်သေးတယ်၊ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ဆိုက်ခဲ့မယ်ဆိုရင် ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်၊ ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်တွေကိုပါ ပူးတွဲ ရရှိနိုင်သေးတယ်လို့ အဲဒီကနေပြီးတော့ နှစ်ပေါင်း သုံးထောင်ကျော်သွားပြီ၊ နှစ်ပေါင်း လေးထောင်အတွင်းမှာကတော့ ဈာန်အစေး ခန်းခြောက်တဲ့ <b>သုက္ခဝိပဿကခေတ်</b> ရောက်ရှိသွားပြီတဲ့၊ ဈာန်ကို မရနိုင်တော့ဘဲ ဝိပဿနာကိုသာ ပွားများအားထုတ်တဲ့အတွက် <b>သုက္ခဝိပဿကရဟန္တာ</b>လောက် ဖြစ်နိုင်တဲ့ အဆင့်လောက်ပဲ ရှိတော့တယ်တဲ့၊</p>
<p>အဲဒီကနေ ရှေ့တစ်ဆင့် တက်လိုက်မယ်ဆိုရင် နှစ်ပေါင်း ငါးထောင်နော်၊ အဲဒီမှာကတော့ ဈာန်အစေး ခန်းခြောက်နေတဲ့ ရဟန္တာတောင် မဖြစ်နိုင်တော့ဘဲ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်အဆင့်လောက်ပဲ ရောက်နိုင်တဲ့ခေတ် ဖြစ်ပါတယ်တဲ့၊ ပေါင်းလိုက်တော့ သာသနာ ငါးထောင် ဆိုကြပါစို့နော်၊ အဆင့်ဆင့် ဒါ ကွယ်သွားပုံပဲ၊</p>
<p>အဲဒီလို ကွယ်သွားတဲ့အခါ နောက်ဆုံး သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ် လူ့လောကမှာ ကွယ်လွန်သွားပြီးပြီ ဆိုရင်တော့ ဒါ <b>အဓိဂမသာသနာတော်ကြီး</b> လူ့ပြည်၊ လူ့လောကကနေ လုံးဝ ကွယ်သွားပြီ ဖြစ်ပါတယ်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့မှာတော့ ရှိပါသေးတယ်၊ ဒါလူ့လောကမှာ ကွယ်ပသွားပုံကိုသာ ကွက်ပြီး ပြောတာပါနော်၊ ဘာဖြစ်လို့လဲ? လွန်ခဲ့သော ခုနစ်ဆူသော ဘုရားရှင်တို့ရဲ့ တပည့်သာဝကတွေဟာ သုဒ္ဓါဝါသဗြဟ္မာ့ပြည်မှာ ယနေ့တိုင်အောင် ထင်ရှားရှိနေကြပါသေးတယ်နော်၊ ကဲ ဒါက <b>အဓိဂမအန္တရဓာန</b>၊</p>
<p>နောက်တစ်ခု - နံပါတ် နှစ်ကတော့ <b>ပဋိပတ္တိအန္တရဓာန</b>၊ ပဋိပတ်ကျင့်စဉ်ရဲ့ ကွယ်ပခြင်းပဲ၊ အဲဒီလို သာသနာတွေ အဆင့်ဆင့် ကွယ်သွားပြီးတဲ့ နောက်ပိုင်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရနိုင်တဲ့ သူတော်ကောင်းတွေ မရှိတော့ သီလကျင့်စဉ်လောက်ကိုပဲ ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်တဲ့ သူတော်ကောင်းတွေလောက်ပဲ ရှိကြတော့တယ်၊ တို့ဟာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းသော်လည်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရနိုင်တဲ့ခေတ်တော့ မရှိကြတော့ဘူး၊ ဈာန်တရားတွေလည်း ရနိုင်တဲ့ခေတ်တော့ တို့မရှိကြတော့ဘူး ဆိုပြီးတော့ သမထလည်း အားမထုတ် ဝိပဿနာလည်း အားမထုတ်ဘဲ လုံ့လဝီရိယတွေ လျှော့ချပြီး သီလလောက်ပဲ ပြည့်ပြည့်စုံစုံလေး ဖြည့်ကျင့်တဲ့ခေတ် ရောက်သွားပြီ၊ အဲဒီခေတ်မှာလည်း တဖြည်းဖြည်း သီလပိုင်းက လျော့လျော့၊ လျော့လျော့၊ လျော့လျော့လာလိုက်တာ ငယ်ကုန်၊ ငယ်ကုန်သော သိက္ခာပုဒ်တွေကို တဖြည်းဖြည်းနဲ့ လျှော့ချလိုက်တယ်၊</p>
<p>လျှော့ချလိုက်တော့ နောက်ဆုံး <b>ပါရာဇိက</b> လေးပါးလောက်ပဲ ထိန်းသိမ်းစောင့်ရှောက်တဲ့ ပုဂ္ဂိုလ်တွေ ရှိကြတော့တယ်။ <b>ပါရာဇိက</b> လေးပါးလောက် လုံခြုံအောင်နေထိုင်တဲ့ ပုဂ္ဂိုလ်တွေကလည်း နောက်ဆုံး <b>ပါရာဇိက</b> လေးပါးတောင် မစောင့်ရှောက်တော့တဲ့အတွက် နောက်ဆုံးရဟန်းတော်က <b>ပါရာဇိကသိက္ခာပုဒ်</b>ကို လွန်ကျူးလိုက်ပြီ ဆိုရင်တော့ အဲဒီမှာ <b>ပဋိပတ္တိသာသနာတော်ကြီး</b> ကွယ်ပသွားပြီ၊</p>
<p>နောက်တစ်ခု နံပါတ် သုံး <b>ပရိယတ္တိအန္တရဓာန</b>၊ ပရိယတ်တရားတော်ကို သင်ယူတဲ့ပုဂ္ဂိုလ်တွေ အရေအတွက်က အားပျော့လာတယ်၊ အားပျော့လာတဲ့ နောက်ပိုင်းကာလ ရောက်ပြီ၊ သာသနာနောက်ပိုင်းကာလမှာ သဒ္ဓါတရားတွေက ခေါင်းပါးလာပြီးဖြစ်တဲ့အတွက် ပိဋကတ်တော်တွေ နှုတ်ငုံဆောင်နိုင်တဲ့ ပုဂ္ဂိုလ်ဆိုတာက အလွန် ရှာရခက်သွားပြီ၊ ရှာရခက်သွားတော့ ပရိယတ်ကို လေ့လာဆည်းပူးတဲ့ ပုဂ္ဂိုလ်တွေ အရေအတွက်က နည်းသထက် နည်းလာတဲ့ အပိုင်းမှာ နောက်ဆုံး တစ်ဖြည်းဖြည်း ပဋ္ဌာန်းကျမ်းကနေစပြီး <b>အဘိဓမ္မာ</b>တွေ ကွယ်တော့တယ်။ <b>အဘိဓမ္မာ</b>တွေ ကွယ်ရာကနေ နောက်ပိုင်းကျတော့ <b>သုတ္တန်</b>လောက်ပဲ ဆောင်ထားရာကနေ <b>သုတ္တန်</b>တွေလည်း တဖြည်းဖြည်း ကွယ်ပြီးတော့ နောက်ဆုံး <b>ဇာတ်တော်</b>လောက်ပဲ ရှိတော့တယ်၊</p>
<p><b>ဇာတ်တော်</b>ကလေးလောက်ပဲ ဟောပြောပြီးတော့ နေရာကနေ နောက်ဆုံး <b>ဇာတ်တော်</b>တောင် မဟောနိုင်တော့ဘူး၊ မဟောနိုင်တော့ ဘာတွေကျန်လဲဆိုတော့ <b>ဝိနည်းဒေသနာတော်</b>လောက်ပဲ နည်းနည်းပါးပါး ကျန်တယ်၊ အဲဒီ <b>ဝိနည်းဒေသနာတော်</b>ကနေပြီးတော့ပဲ တစ်ဖြည်းဖြည်း ကွယ်သွားလိုက်တာ နောက်ဆုံး <b>ပါရာဇိက</b> လေးပါးတောင် အလွတ်ရတဲ့ပုဂ္ဂိုလ် မရှိတော့ဘူးတဲ့၊ တစ်နေ့ကပဲ ဆရာတော်တစ်ပါးနဲ့ စပ်မိတော့ လျှောက်တော့ ဆရာတော်တစ်ပါးက အမိန့်ရှိသွားတယ်၊ သူ့ကျောင်းဝင်လာတဲ့ ကိုယ်တော်ကိုတဲ့ <b>ပါရာဇိက</b> လေးပါး အနည်းဆုံးတော့ အရွတ်ခိုင်းလိုက်တယ်၊ မရဘူးဆိုရင် လက်မခံဘူးတဲ့၊ ဟုတ်တယ်၊ မဟုတ်လား၊ ခေတ်က ဆုတ်လာပုံလေးတွေပဲနော်၊ အဲဒီကျောင်းမှာလည်း အဲဒီစည်းကမ်းလေးတွေက တစ်ဖြည်းဖြည်း လုပ်ရမယ့် ပုံစံတော့ ဖြစ်လာတယ်၊ ဝိနည်း နှစ်စောင်မှ မရဘူး ဆိုလို့ရှိရင်တော့ တစ်ဖြည်းဖြည်း လျှော့ချရမယ့် ပုံစံမျိုးတော့ ဖြစ်လာပြီနော်၊</p>
<p>နောက်ဆုံး အဲဒီဘုရားရှင်ဟောတဲ့ တရားကို ဆင်ကျောက်ကုန်းမှာ ထောင်ထုပ်တင်ပြီးတော့ လှည့်လည်ပြီးတော့ တစ်ပုဒ်တစ်ဂါထာ ဟောနိုင်တဲ့ ပုဂ္ဂိုလ်ရှိရင် ဒီထောင်ထုပ်ယူစေဆိုပြီး လှည့်လည်ပြီး တိုင်းပြည်ကို စည်ကြေညာသော်လည်းပဲ ဘုရားဟောတဲ့ ဂါထာတစ်ပုဒ်ကို ဟောပြနိုင်တဲ့ ပုဂ္ဂိုလ်ရှာလို့ မတွေ့တော့ဘူးဆိုရင်တော့ <b>ပရိယတ်တရားတော်ကြီး</b> ကွယ်သွားပြီ။ <b>ပရိယတ်သာသနာ</b> ကွယ်တာပဲနော်၊</p>
<p>နောက် နံပါတ် (၄) - <b>လိင်္ဂအန္တရဓာန</b>ဆိုတာကတော့။ တစ်ဖြည်းဖြည်းနဲ့ နောက်ပိုင်းရောက်လာရင် တစ်ဖြည်းဖြည်း လူလို ဝတ်ရုံလာကြတယ်၊ သဒ္ဓါတရားတွေက လျော့နည်းလာပြီး ဝတ်တာတွေကလည်း လူလို ဝတ်လာရာကနေပြီးတော့ တစ်ဖြည်းဖြည်း လျော့နည်းသွားလိုက်တာ နောက်ဆုံးတော့ အဝါရောင်ဆိုရင် လည်ပင်းမှာပတ်ထားတဲ့ အစပိုင်းလေးလောက်ပဲ ကျန်တယ်၊ နောက်ဆုံးတော့ ရှုပ်ပါတယ်ဆိုပြီး အကုန်လုံးဖြုတ်ချလိုက်တော့ အဲဒီမှာ သာသနာ့ အသွင်အပြင်တွေ ကွယ်ပြီးတော့ ဘာလဲ? ဝတ်ဖြူစင်ကြယ်တွေပဲ ဝတ်ကြတော့တယ်တဲ့၊ အဲဒါ ယောနကတိုင်းမှာ အဝတ်ဖြူဝတ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ကဿပဘုရားရှင် သာသနာနောက်ပိုင်းမှာ ရဟန်းပျက်တို့ရဲ့ အလေ့အကျင့်ဖြစ်တယ်ဆိုပြီး အဋ္ဌကထာကတော့ ဖော်ပြထားတယ်နော်၊</p>
<h3>ဒုတိယပိုင်း</h3>
<p>ကဲ နောက်တစ်ခုကတော့ <b>ဓာတုအန္တရဓာန</b>၊ ဘုရားရှင်ရဲ့ ဓာတ်တော်, မွေတော်များ ကွယ်ပခြင်းပဲ၊ ခုလို လူ့ပြည်, လူ့လောကမှာ ဘုရားရှင်ရဲ့ သာသနာတော်ကို ကိုးကွယ်ဆည်းကပ်မယ့်ပုဂ္ဂိုလ်ဆိုတာ တစ်ဦးတစ်ယောက်မျှ မရှိတော့ဘူးဆိုရင် ဓာတ်တော်, မွေတော်တွေဟာ အားလုံး <b>ဗောဓိမဏ္ဍိုင်</b>မှာ စုရုံးကြမှာ ဖြစ်တယ်၊ ဒီတော့ ဘုရားရှင်ရဲ့ ဓာတ်တော်က နည်းနည်း ဗဟုသုတလေးတစ်ခု ညှပ်ပြီးတော့ နည်းနည်းလေး ပြောမယ်နော်၊ သုံးမျိုးပဲ ရှိပါတယ်၊</p>
<p>နံပါတ် (၁)က မုန်ညှင်းစေ့ ပမာဏခန့်ရှိတယ်၊ မုန်ညှင်းစေ့လောက် ရှိနေတဲ့ ဓာတ်တော်လေးတွေရဲ့ အရောင်အဆင်းက မြတ်လေးပန်း အငုံလေး ပွင့်ထားတဲ့ မြတ်လေးပန်း မဟုတ်ဘူး၊ အငုံရောင် မမြင်ဖူးဘူးဆိုရင်တော့ ဘုန်းကြီးကျောင်းအနားမှာ လလာကြည့်လှည့်နော်၊ အဲဒီ မြတ်လေးပန်း အငုံရောင်လေး ရှိတယ်ဆိုတော့ ဆင်စွယ်ရောင်နဲ့ နည်းနည်းလေး ခပ်ဆင်ဆင်ပဲ၊ အရောင်အဆင်းက မြတ်လေးပန်းအငုံရဲ့ အရောင်ပဲ၊ ပမာဏက မုန်ညှင်းစေ့ ပမာဏ၊ ဒါကတစ်ခု၊</p>
<p>နံပါတ် (၂)ကတော့ ဆန်ကွဲခန့်၊ ဆန်ကို ထက်ပိုင်းချိုးထားတဲ့ ဆန်ကွဲပဲ၊ အဲဒီ ဆန်ကွဲခန့်ရှိတဲ့ ဓာတ်တော်ကတစ်ခု၊ ဆန်ကွဲခန့် ပမာဏရှိနေတဲ့ ဓာတ်တော်က အရောင်အဆင်းကြည့်လိုက်မယ် ဆိုလို့ရှိရင် ပုလဲအရောင်အဆင်း၊ ဒါကတော့ မြင်ဖူးကြတယ်နော်၊</p>
<p>နံပါတ် (၃)ကတော့ အလယ်မှာ ကွဲအက်နေတဲ့ ပဲနောက်စေ့ခန့်ရှိတဲ့ ဓာတ်တော်တဲ့၊ အလယ်မှာ ကွဲအက်နေတဲ့ ပဲနောက်စေ့ခန့်လောက်ရှိတဲ့ ဓာတ်တော်တွေရဲ့ အရောင်အဆင်းက ရွှေအဆင်း ဖြစ်ပါတယ်၊ ဒီတော့ ဓာတ်တော် အချိုးအစားက သုံးမျိုး။ အရောင်အဆင်းကလည်း သုံးမျိုးပဲနော်၊ တခြားအရောင်တွေဟာ ဓာတ်တော်ဟုတ်သလား၊ မဟုတ်ဘူးနော်၊ ပမာဏ တွေကလည်း ဓာတ်တော်ဟုတ်သလား၊ မဟုတ်ဘူး၊ ခု- ဘုန်းကြီးကျောင်းမှာပဲ ရှိနေပါတယ်၊ သူများတွေက ဓာတ်တော်ဆိုပြီး လာလှူထားတာပေါ့လေ၊ ဘုန်းကြီးကတော့ မလွှဲသာ မရှောင်သာတော့လည်း ဓာတ်တော်ဆိုတော့လည်း "အေး-ပေါ့လေ ဓာတ်တော်ပေါ့” ဆိုပြီး ယူထားလိုက်တာပဲ၊ အဲဒီမှာ အရောင်အဆင်းတွေက ဒီပုံစံနဲ့တော့ မကိုက်တာတွေ အများကြီးရှိပါတယ်၊ ဒါက ဗဟုသုတပဲ၊</p>
<p>အဲဒီဓာတ်တော်များသည် လူ့ပြည်, လူ့လောကမှာ ကိုးကွယ်ဆည်းကပ်မဲ့ ပုဂ္ဂိုလ် မရှိတော့ဘူးဆိုရင် တစ်နေ့ ကွယ်မယ်၊ ကွယ်လိုက်တဲ့ အချိန်အခါမှာ ဓာတ်တော်ဆိုတာကို ဘုန်းကြီးတို့ <b>ဓာတ်ကမ္မဋ္ဌာန်း</b>လမ်းစဉ်က <b>ဓာတ်လေးပါး</b> သိမ်းဆည်းနိုင်ခဲ့လို့ရှိရင် ရုပ်ကလာပ်တို့ရဲ့ အပေါင်းအစုပဲလို့ သဘောပေါက်နိုင်ပါတယ်၊ အဲဒီရုပ်ကလာပ်တွေက ကလာပ်တစ်ခုမှာ တည်ရှိတဲ့ <b>တေဇောဓာတ်</b>က နောက်ထပ် ကလာပ်တစ်ခု ဖြစ်ပေါ်လာအောင် ဆင့်ကဲဆင့်ကဲ ကျေးဇူးဆက်ကာ, ဆက်ကာ ပြုနေတယ်၊ အရှည်ခိုင်ခံ့ တည်တံ့အောင် ပြုနေသမျှ ကာလပတ်လုံး ဓာတ်တော်တွေ ထင်ရှားရှိတယ်၊ ခုတော့ အဲဒီလို ကျေးဇူးမပြုတော့ဘူး၊ အဲဒီ ဓာတ်တော်တွေထဲမှာ ရှိနေတဲ့ တေဇောဓာတ်ကနေပြီးတော့ အရှိန်အဝါသတ္တိတွေ အားကောင်းလာပြီးတော့ ကလာပ်တူ ရုပ်တရားတွေကို လောင်ကျွမ်းပစ်လိုက်တယ်၊ အဲဒီလို လောင်ကျွမ်းလိုက်တဲ့ အချိန်အခါမှာ တစ်ဖြည်းဖြည်း ဓာတ်တော်, မွေတော်တွေဟာ ဘာမှ မကျန်ဘဲနဲ့ အစအနမရှိ အားလုံး ပျောက်ကွယ်သွားတယ်၊ ဒါက ဓာတုအန္တရဓာန ဓာတ်တော်မွေတော်တို့ရဲ့ ကွယ်ပျောက်သွားခြင်းဖြစ်တယ်၊</p>
<p>ပေါင်းလိုက်တော့ သာသနာတော်ကြီး ကွယ်ပပုံ ဘယ်နှစ်မျိုးရှိသလဲ၊ ငါးမျိုး၊ နံပါတ် (၁)က <b>အဓိဂမအန္တရဓာန</b>, နံပါတ် (၂)က <b>ပဋိပတ္တိအန္တရဓာန</b>, နံပါတ် (၃)က <b>ပရိယတ္တိအန္တရဓာန</b>, နံပါတ် (၄)က <b>လိင်္ဂအန္တရဓာန</b>, နံပါတ် (၅)က <b>ဓာတုအန္တရဓာန</b>ဆိုပြီး သာသနာကွယ်ပခြင်း ငါးမျိုးရှိတယ်၊</p>
<p>အဲဒီ ကွယ်ပခြင်း ငါးမျိုးထဲမှာ သာသနာတော် မကွယ်အောင် တည်တံ့အောင် ထိန်းရှိမ်းစောင့်ရှောက်ချင်တဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်သာသနာတော်ကို တည်တံ့အောင် ထိန်းသိမ်း စောင့်ရှောက်ရမလဲလို့ မေးစရာရှိတယ်၊ ဒီအချက်နဲ့ပတ်သက်ပြီးတော့နော် <b>ပရိယတ္တိသာသနာတော်</b>က အရင်းမူလ ဖြစ်သလား။ <b>ပဋိပတ္တိသာသနာတော်</b>ကပဲ အရင်းမူလဖြစ်သလား ဆိုပြီးတော့ ရှေးရှေး မထေရ်ကြီးတွေ ဆွေးနွေးပွဲလေးတစ်ခု ဖြစ်ခဲ့ဖူးပါတယ်၊</p>
<p>ဘာကို အကြောင်းခံပြီး ဖြစ်ခဲ့သလဲဆိုတော့ တစ်ချိန်က သီဟိုဠ်ကျွန်းမှာ <b>ဗြဟ္မဏတိဿ</b> အမည်ရတဲ့ သူပုန်ဘေးကြီး တစ်ဆယ့်နှစ်နှစ် တိုင်တိုင် ထခဲ့တယ်၊ သီဟိုဠ်ကျွန်းက တစ်ချို့ မထေရ်ကြီးတွေက ဇမ္ဗူဒိပ်ကျွန်းလို့ ခေါ်ဆိုအပ်တဲ့ အိန္ဒိယဖက်ကိုကူးပြီးတော့ အိန္ဒိယဘက်မှာ ဒီပိဋကတ်တွေကို အဋ္ဌကထာနှင့်တကွ နှုတ်ငုံဆောင်ပြီးတော့ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြတယ်၊ တစ်ချို့ မထေရ်ကြီးတွေကတော့ သီဟိုဠ်မှာပဲ ကျန်ရစ်ပြီးတော့ ဒီပိဋကတ်တော်တွေကို အဋ္ဌကထာနှင့်တကွ မပျောက်အောင် သစ်ရွက်, သစ်ဥ, သစ်ခွံလေးတွေ စားပြီးတော့ ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပါတယ်၊ အဲဒီလို စောင့်ရှောက်ခဲ့ရာကနေပြီးတော့ ဒီဗြဟ္မဏတိဿ သူပုန်ဘေးကြီးငြိမ်းအေးသွားတဲ့ အချိန်အခါမှာ အိန္ဒိယဖက်ကို ကူးလာတဲ့ မထေရ်ကြီးတွေကို တွေ့ဆုံဖို့သွားပြီး နှုတ်ဆက်ကြတယ်၊ တွေ့ဆုံနှုတ်ဆက်ပြီးတော့ ဆွေးနွေးကြတယ်၊ ပိဋကတ်တွေကို နှီးနှောကြည့်ကြတယ်၊ ကြည့်လိုက်တဲ့ အချိန်အခါမှာ ပိဋကတ်တော်ချင်း, ပါဠိတော်ချင်း, အဋ္ဌကထာချင်း, ကွဲလွဲချက် တစ်ပိုဒ်တစ်ပါဒမျှ မတွေ့ရဘူး၊ အားလုံး တူညီနေတာကို တွေ့ရတဲ့အတွက် သိပ်ဝမ်းသာသွားကြတယ်တဲ့၊</p>
<p>အဲဒီ ဝမ်းသာသွားတဲ့ ဆွေးနွေးပွဲမှာ မထေရ်ကြီးအတွင်းမှာ ဆွေးနွေးပွဲလေးတစ်ခု ထပ်ပြီးဖြစ်ခဲ့တယ်၊ ဘာတွေဖြစ်သလဲ? ပရိယတ္တိသာသနာတော်က အရင်းမူလ ဖြစ်သလား? ပဋိပတ္တိသာသနာတော်သည်သာလျှင် အရင်းမူလ ဖြစ်သလား? သာသနာတော်အရှည် ခိုင်ခံ့တည်တံ့ရေးအတွက် ဘယ်ဒင်းက အရင်းအမြစ် ဖြစ်လေသလဲဆိုပြီးတော့ ဆွေးနွေးကြတော့ ပံ့သကူဆောင် မထေရ်ကြီးတွေကနေပြီးတော့ ဘယ်လို ဆုံးဖြတ်ချက်ပေးသလဲ? ပဋိပတ္တိသာသနာတော်သည်သာလျှင် သာသနာတော် အရှည်ခိုင်ခံ့တည်တံ့ရေးအတွက် အရင်းမူလ ဖြစ်တယ်ဆိုပြီးတော့ အဆိုပြုကြတယ်၊</p>
<p>ဓမ္မကထိက မထေရ်ကြီးတွေကလည်း ပရိယတ္တိသာသနာတော်ကသာလျှင် သာသနာတော် အရှည်ခိုင်ခံ့တည်တံ့ရေးအတွက် အရင်းမူလ ဖြစ်ပါတယ်ဆိုပြီးတော့ အဆိုပြုပြန်တယ်၊ တစ်ဖက်နဲ့ တစ်ဖက် အချေအတင် ဖြစ်လာပြီ၊ ဖြစ်လာတဲ့ အချိန်အခါမှာ ဘေးက နားထောင်နေတဲ့ မထေရ်ကြီးတွေက ဘာတွေ အမိန့်ရှိကြသလဲ? ကဲ အရှင်ဘုရားတို့ အုပ်စု နှစ်ခုတော့ ကွဲနေပြီ၊ အရှင်ဘုရားတို့ ပြောကြားချက် သက်သက်မျှဖြင့် တပည့်တော်တို့ကတော့ အရှင်ဘုရားတို့ရဲ့ အဆိုအမိန့်တွေကို လက်မခံနိုင်ဘူး၊ ဒါကြောင့် အရှင်ဘုရားတို့ သုတ္တအမည်ရတဲ့ ဘုရားဟောပါဠိတော်ကို ထုတ်ဆောင်ပြီး ပြကြပါဆိုပြီး တိုက်တွန်းကြတယ်၊ တိုက်တွန်းလိုက်တဲ့ အချိန်အခါမှာ ပံ့သကူဆောင် မထေရ်ကြီးတွေက ဘယ်သုတ္တန်ကို ကိုးသလဲ?</p>
<p>‘‘<b>ဣမေ စ သုဘဒ္ဒ ဘိက္ခူ သမ္မာ ဝိဟရေယျုံ၊ အသုညော လောကော အရဟန္တေဟိ အဿ။</b>’’ (ဒီ၊၂၊၂၁၄။)</p>
<p><b>သုဘဒ္ဒ</b>၊ ချစ်သားသုဘဒ္ဒ။ <b>ဣမေ စ ဘိက္ခူ</b>၊ ဤရဟန်းတော်တို့သည်ကား။ <b>သမ္မာ</b>၊ ကောင်းမွန် မှန်ကန်စွာ။ <b>ဝိဟရေယျုံ</b>၊ နေထိုင်ကြပါကုန်မူကား။ <b>လောကော</b>၊ လောကကြီးသည်။ <b>အရဟန္တေဟိ</b>၊ ရဟန္တာပုဂ္ဂိုလ်တို့ဖြင့်။ <b>အသုညော</b>၊ မဆိတ်သုဉ်းသွားနိုင်သည်။ <b>အဿ</b>၊ ဖြစ်လေရာ၏။</p>
<p>ချစ်သား သုဘဒ္ဒ ဒီရဟန်းတွေဟာ ကောင်းမွန်စွာ နေထိုင်သွားကြမယ်ဆိုရင် ဒီလောကကြီးဟာ ရဟန္တာပုဂ္ဂိုလ်တို့ဖြင့် ဘယ်တော့မှ ဆိတ်သုဉ်းပြီး မသွားနိုင်ဘူးလို့ ဒီလိုဘုရားရှင်က ဟောထားတယ်၊ ဘယ်မှာ ဟောထားလဲမေးတော့ <b>မဟာပရိနိဗ္ဗာနသုတ္တန်</b>မှာ နောက်ဆုံးည ပရိနိဗ္ဗာန် မစံမီမှာ သုဘဒ္ဒပရိဗိုဇ်က ဘုရားရှင်ကိုမေးတဲ့ မေးခွန်းတွေနဲ့ ဆက်စပ်ပြီးတော့ မြတ်စွာဘုရားက ဒီတရားကို ဟောသွားခြင်း ဖြစ်ပါတယ်၊ ဟောသွားတဲ့ ဒီသုတ္တန်ကို ပံ့သကူဆောင် မထေရ်ကြီးတွေက ကိုးကားပြီး တင်ပြကြတယ်၊ တင်ပြလိုက်တော့ ဒီနေရာမှာ -</p>
<p><b>သမ္မာ ဝိဟရေယျုံ</b>၊ ကောင်းမွန်စွာ နေထိုင်တယ်ဆိုတာက ဘယ်လို နေထိုင်နည်းစနစ်ကို ကောင်းမွန်စွာ နေထိုင်သလဲလို့ မေးစရာရှိတယ်၊ ကောင်းမွန်စွာ နေထိုင်တဲ့ နည်းစနစ်နဲ့ ပတ်သက်လို့ အဋ္ဌကထာက ဖွင့်ဆိုထားတာကတော့ ပုဂ္ဂိုလ် တစ်ဆယ့်နှစ်မျိုး ဖွင့်ထားပါတယ်၊</p>
<p>ပုဂ္ဂိုလ် တစ်ဆယ့်နှစ်မျိုးမှာ အုပ်စု သုံးခုရှိတယ်၊ နံပါတ် (၁)အုပ်စုက ပုဂ္ဂိုလ် လေးမျိုး၊ ဘာလဲလို့မေးတော့ သောတာပတ္တိမဂ်ဉာဏ် ရရှိရေးအတွက် အပြင်းအထန် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်ကတစ်မျိုး, သကဒါဂါမိမဂ်ဉာဏ် ရရှိရေးအတွက် အပြင်းအထန် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်ကတစ်မျိုး, အနာဂါမိမဂ်ဉာဏ် ရရှိရေးအတွက် အပြင်းအထန် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်ကတစ်မျိုး, အရဟတ္တမဂ်ဉာဏ် ရရှိရေးအတွက် အပြင်းအထန် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်ကတစ်မျိုးဆိုပြီးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပြင်းအထန် ကြိုးစားအားထုတ်နေတဲ့ ပုဂ္ဂိုလ်က လေးမျိုး၊ ဒါက တစ်အုပ်စု၊</p>
<p>သောတာပတ္တိမဂ်ဆိုက်နေတဲ့ပုဂ္ဂိုလ်, သကဒါဂါမိမဂ်ဆိုက်နေတဲ့ပုဂ္ဂိုလ်, အနာဂါမိမဂ်ဆိုက်နေတဲ့ပုဂ္ဂိုလ်, အရဟတ္တမဂ်ဆိုက်နေတဲ့ပုဂ္ဂိုလ် ဆိုပြီးတော့ မဂ်ဆိုက်တဲ့ ပုဂ္ဂိုလ် လေးမျိုး၊</p>
<p>သောတာပတ္တိဖိုလ်, သကဒါဂါမိဖိုလ်, အနာဂါမိဖိုလ်, အရဟတ္တဖိုလ်ဆိုတဲ့ အရိယာဖိုလ်သို့ ဆိုက်ရောက်နေတဲ့ သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဆိုတဲ့ အရိယာသူတော်ကောင်း လေးမျိုး ပေါင်းလိုက်တော့ ပုဂ္ဂိုလ် တစ်ဆယ့်နှစ်မျိုး၊</p>
<p>အဲဒီ တစ်ဆယ့်နှစ်မျိုးထဲမှာ သောတာပတ္တိမဂ် ရရှိရေးအတွက် အပြင်းအထန် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနေတဲ့ ပုဂ္ဂိုလ်ကလည်း အခြားပုဂ္ဂိုလ်တစ်ဦးကို သောတာပတ္တိမဂ်ဉာဏ် ရရှိရေးအတွက် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ နည်းလမ်းစနစ်ကို စနစ်တကျ ညွှန်ကြားပြသလျက် ဒီသာသနာတော်မှာ နေထိုင် သွားခဲ့မယ်ဆိုရင်။ <b>သမ္မာ ဝိဟရေယျုံ</b>၊ ကောင်းမွန် မှန်ကန်စွာ သာသနာတော်မှာ နေထိုင်နေသည်မည်တယ်၊ ဒါက တစ်ခု၊</p>
<p>အလားတူပဲ၊ သကဒါဂါမိမဂ်ဆိုက်ရေး, အနာဂါမိမဂ်ဆိုက်ရေး, အရဟတ္တမဂ်ဆိုက်ရေးအတွက် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပြင်းအထန် အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေကလည်း အခြားပုဂ္ဂိုလ်တွေကို သကဒါဂါမိမဂ် ရရှိအောင်, အနာဂါမိမဂ် ရရှိအောင်, အရဟတ္တမဂ် ရရှိအောင် ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းစီးဖြန်းပုံ နည်းစနစ်တွေကို တစ်ဆင့် ညွှန်ကြားပြသလျက် သာသနာတော်မှာ နေထိုင်သွားခဲ့မယ်ဆိုရင် ဒါဟာ <b>သမ္မာ ဝိဟရေယျုံ</b>၊ ကောင်းမွန်မှန်ကန်စွာ သာသနာတော်မှာ နေထိုင်သည် မည်တယ်၊</p>
<p>အလားတူပဲ၊ သောတာပတ္တိမဂ်ပုဂ္ဂိုလ်, သကဒါဂါမိမဂ်ပုဂ္ဂိုလ်, အနာဂါမိမဂ်ပုဂ္ဂိုလ်, အရဟတ္တမဂ်ပုဂ္ဂိုလ်, သောတာပတ္တိဖိုလ်ပုဂ္ဂိုလ်, သကဒါဂါမိဖိုလ်ပုဂ္ဂိုလ်, အနာဂါမိဖိုလ်ပုဂ္ဂိုလ်, အရဟတ္တဖိုလ်ပုဂ္ဂိုလ်ဆိုတဲ့ ဒီမဂ်ပုဂ္ဂိုလ်, ဖိုလ်ပုဂ္ဂိုလ်တွေဟာလည်း အခြားအခြားသော ပုဂ္ဂိုလ်တွေကို သောတာပတ္တိမဂ်ဖိုလ်ရအောင်, သကဒါမိမဂ်ဖိုလ်ရအောင်, အနာဂါမိမဂ်ဖိုလ်ရအောင်, အရဟတ္တမဂ်ဖိုလ်ရအောင် တစ်လက် ဆင့်ကမ်းပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် နည်းလမ်းကောင်းတွေ ညွှန်ကြားလျက် ဒီသာသနာတော်မှာ နေထိုင်ကြမယ်ဆိုရင် <b>သမ္မာ ဝိဟရေယျုံ</b>၊ ကောင်းမွန်မှန်ကန်စွာ နေထိုင်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်ဆိုပြီး ဒီလို အဋ္ဌကထာက ဖွင့်ထားတယ်၊ အဲဒီလို နေထိုင်သွားမယ် ဆိုလို့ရှိရင် ဒီလောကကြီးသည် ရဟန္တာပုဂ္ဂိုလ်တို့ဖြင့် ဘယ်တော့မှ ဆိတ်သုဉ်းမသွားနိုင်ပါဘူး ဆိုပြီးတော့ မြတ်စွာဘုရားဟောထားတဲ့သုတ္တန်ကို ကိုးကားပြီး တင်ပြကြတယ်၊ ဒါတွင်လားဆိုတော့ မကသေးဘူး၊</p>
<p>‘‘<b>ပဋိပတ္တိမူလကံ မဟာရာဇ သတ္ထုသာသနံ ပဋိပတ္တိသာရကံ၊ ပဋိပတ္တိယာ ဓရန္တာယ တိဋ္ဌတိ။</b>’’ (မိ။ပ။၄၊၁၊၇)</p>
<p>ဒကာတော် မိလိန္ဒမင်းကြီး၊ သာသနာတော်ဟာ ပဋိပတ္တိသာသနာတော်သာလျှင် အရင်းမူလဖြစ်တယ်၊ ဘုရားရှင်ရဲ့ အဆုံးအမသည် ပဋိပတ္တိသာသနာသာလျှင် အနှစ်သာရဖြစ်တယ်၊ ပဋိပတ္တိသာသနာတော်ကြီး ထင်ရှားရှိမယ်ဆိုရင် သာသနာတော်သည် ထင်ရှား တည်တံ့ခိုင်ခံ့နေပါတယ် ဆိုပြီး ဒီလို <b>မိလိန္ဒပဥှာ</b>မှာ အရှင်နာဂသေနမထေရ် ဟောထားတဲ့ သုတ္တန်တစ်ခုလည်း ရှိတယ်ဆိုပြီး ကိုးကားကြတယ်၊</p>
<p>အဲဒီလို ကိုးကားတင်ပြလိုက်တဲ့ အချိန်အခါမှာ ဓမ္မကထိကမထေရ်တွေက ဘာတင်ပြသလဲ? နောက်ထပ် သုတ္တန်တစ်ခု သူတို့က တင်ပြတယ်၊ အဲဒီ သုတ္တန်ကတော့ ဒီနေ့ ဘုန်းကြီးတို့ ပိဋကတ်ပါဠိတော်မှာ ရှာကြည့်သော်လည်း ရှာလို့တော့ မတွေ့ဘူး၊ သို့သော် သံယုတ်ပါဠိတော်မှာ ဋီကာဆရာတော်နှင့် အဋ္ဌကထာဆရာတော်တို့ ရေတွက်ပြနေတဲ့ နည်းစနစ်အရကြည့်မယ်ဆိုရင် သုတ္တန်တွေ တော်တော်များများ ထောင်နဲ့ချီပြီးတော့ ပျောက်ဆုံးနေပါတယ်၊</p>
<p>အလားတူပဲ၊ ခန္ဓဝဂ္ဂ သံယုတ်ပါဠိတော် တစ်ခုတည်းမှာကိုက သီဟိုဠ်မူနဲ့ မြန်မာမူမှာ သုတ္တန်ပေါင်း ငါးဆယ်ကျော်လောက် ကွာဟနေပါတယ်၊ ဒါကြောင့် တစ်ချို့တစ်ချို့ ခုလို ပျောက်ဆုံးနေတဲ့ သုတ္တန်တွေထဲမှာ ဒီတော့ ပံ့သကူဆောင် မထေရ်ကြီးတွေ ကိုးကားပြနေတဲ့ သုတ္တန်က ဘာသုတ္တန်လဲလို့မေးတော့-</p>
<p>‘‘<b>ယာဝ တိဋ္ဌန္တိ သုတ္တန္တာ၊ ဝိနယော ယာဝ ဒိပ္ပတိ။ တာဝ ဒက္ခန္တိ အာလောကံ၊ သူရိယေ အဗ္ဘုဋ္ဌိတေ ယထာ။</b>’’</p>
<p><b>သုတ္တန္တာ</b>၊ သုတ္တန်တရားတော်တို့သည်။ <b>ယာဝ</b>၊ အကြင်မျှလောက်သော ကာလပတ်လုံး။ <b>တိဋ္ဌန္တိ</b>၊ တည်၍နေကြကုန်လတ္တံ့။ <b>ဝိနယော</b>၊ ဝိနည်းသာသနာတော်သည်လည်းပဲ။ <b>ယာဝ</b>၊ အကြင်မျှလောက်သော ကာလပတ်လုံး။ <b>ဒိပ္ပတိ</b>၊ ထွန်းလင်းတောက်ပ၍ နေငြားအံ့။ <b>တာဝ</b>၊ ထိုမျှလောက်သော ကာလပတ်လုံး။ <b>သူရိယေ</b>၊ နေသည်။ <b>အဗ္ဘုဋ္ဌိတေ ယထာ</b>၊ ရှေ့ရှုတက်လာသကဲ့သို့။ <b>အာလောကံ</b>၊ အရောင်အလင်းကို။ <b>ဒက္ခန္တိ</b>၊ တွေ့မြင်နိုင်ကြလေကုန်၏။</p>
<p>လောကမှာ သုတ္တန်တရားတော်ကြီး သုတ္တန်ဆိုတာကတော့ အဘိဓမ္မာလည်း ပါပါတယ်၊ သုတ္တန်ဒေသနာတော်တွေဟာ လောကမှာ တည်ရှိနေသမျှ ကာလပတ်လုံး, ဝိနည်းဒေသနာတော် လောကမှာ တည်ရှိနေသမျှ ကာလပတ်လုံး, အရောင်အလင်းကြီးဟာ လောကမှာ တည်ရှိနေပါတယ်၊ အရောင်အလင်းကို သတ္တဝါတွေသည် တွေ့မြင်နိုင်ကြတယ်တဲ့၊ နေတက်လာတဲ့ အချိန်အခါမှာ အလင်းရောင်ကို တွေ့ရသလို သုတ္တန်ဒေသနာတော်တွေ ထွန်းလင်းတောက်ပနေသမျှ ကာလပတ်လုံး မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ အရောင်အလင်းကြီးကို သတ္တဝါတွေ တွေ့မြင်နိုင်ကြပါတယ်ဆိုပြီးတော့ ဒီလိုဟောထားတဲ့သုတ်၊ နောက်တစ်ခု -</p>
<p>‘‘<b>သုတ္တန္တေသု အသန္တေသု၊ ပမုဋ္ဌေ ဝိနယမှိ စ။ တမော ဘဝိဿတိ လောကေ၊ သူရိယေ အတ္ထင်္ဂတေ ယထာ။</b>’’ (ဧကနိပါတ် အဋ္ဌကထာ။)</p>
<p><b>သုတ္တန္တေသု</b>၊ သုတ္တန်တရားဒေသနာတော်တို့သည်။ <b>အသန္တေသု</b>၊ ထင်ရှား မရှိကြကုန်လတ်သော်။ <b>ဝိနယမှိ စ</b>၊ ဝိနည်းဒေသနာတော်သည်လည်းပဲ။ <b>ပမုဋ္ဌေ</b>၊ ပျောက်ပျက်၍ သွားခဲ့သည်ရှိသော်။ <b>သူရိယေ</b>၊ နေသည်။ <b>အတ္ထင်္ဂတေ ယထာ</b>၊ ဝင်သွားသော အခါ၌ကဲ့သို့။ <b>လောကေ</b>၊ လောက၌။ <b>တမော</b>၊ အမိုက်မှောင်သည်။ <b>ဘဝိဿတိ</b>၊ ထင်ရှားဖြစ်ပေါ်၍ လာပေလတ္တံ့။</p>
<p>လောကမှာ သုတ္တန်တရားဒေသနာတော်တွေလည်း ပျောက်ကွယ်သွားပြီး၊ ဝိနည်းဒေသနာတော်တွေလည်း ပျောက်ကွယ်သွားပြီး ဆိုလို့ရှိရင်တော့ နေဝင်သွားတဲ့အခါမှာ အမိုက်မှောင်ကြီး ထင်ရှားဖြစ်ပေါ်လာသလို လောကမှာ အရောင်အလင်း လုံးဝ မရှိတော့ဘဲ အမိုက်မှောင်ကြီးအတိ ဖြစ်ပေါ်သွားလိမ့်မယ်၊</p>
<p>‘‘<b>သုတ္တန္တေ ရက္ခိတေ သန္တေ၊ ပဋိပတ္တိ ဟောတိ ရက္ခိတာ။ ပဋိပတ္တိယံ ဌိတော ဓီရော၊ ယောဂက္ခေမာ န ဓံသတိ။</b>’’ (ဧကနိပါတ် အဋ္ဌကထာ။)</p>
<p><b>သုတ္တန္တေ</b>၊ သုတ္တန်တရားတော်မြတ်ကို။ <b>ရက္ခိတေ</b>၊ ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့သည်ရှိသော်။ <b>ပဋိပတ္တိ</b>၊ ပဋိပတ္တိသာသနာတော်ကို။ <b>ရက္ခိတာ</b>၊ ထိန်းသိမ်းစောင့်ရှောက်အပ်ပြီးသည်။ <b>ဟောတိ</b>၊ ဖြစ်ပေ၏။ <b>ပဋိပတ္တိယံ</b>၊ ပဋိပတ္တိသာသနာတော်၌။ <b>ဌိတော</b>၊ ရပ်တည်လျက်ရှိသော။ <b>ဓီရော</b>၊ ပညာရှိသည်။ <b>ယောဂက္ခေမာ</b>၊ ယောဂလေးပါးတို့၏ ကုန်ခြင်းကြောင့်။ <b>န ဓံသတိ</b>၊ မပျက်စီးနိုင်တော့ပေ။</p>
<p>ထင်ရှားရှိနေတဲ့ သုတ္တန်တရားတွေကို ထိန်းသိမ်းစောင့်ရှောက် ထားနိုင်မယ်ဆိုရင် ပဋိပတ္တိသာသနာတော်ကြီးကိုလည်း ထိန်းသိမ်းစောင့်ရှောက်ပြီးပဲ ဖြစ်သွားပါတယ်၊ ပဋိပတ္တိသာသနာတော်ကို လက်တွေ့ကျင့်နေတဲ့ ပဋိပတ္တိသာသနာတော်မှာ ရပ်တည်နေတဲ့ ပညာရှိသူတော်ကောင်းဟာ တစ်ချိန်မှာ သူ့သန္တာန်မှာ ယောဂ လေးပါးတွေ ကုန်ဆုံးသွားမယ်၊ ကိလေသာတွေ ကုန်ဆုံး ပျက်စီးတည်းဟူသော အကြောင်းကြောင့် ဒီပဋိပတ္တိသာသနာတော်မှာ ရပ်တည်နေတဲ့ သူတော်ကောင်းအဖို့ သူရရှိထားတဲ့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ တရားထူးတရားမြတ်သည် ဘယ်တော့မှ ပျက်စီးပြီး မသွားနိုင်တော့ပါဘူးဆိုပြီး ဒီလိုဟောထားတဲ့ သုတ္တန်တစ်ခုရှိတယ်၊ အဲဒီသုတ္တန်ကို ဓမ္မကထိက မထေရ်မြတ်ကြီးတွေက ကိုးကားဆောင်ပြကြပါတယ်၊</p>
<p>အဲဒီ ဆောင်ပြလိုက်တဲ့ အချိန်အခါမှာ ပံ့သကူဆောင်မထေရ်ကြီးတွေက ရှေ့ဆက်ပြီး ဘာမှမပြောတဲ့အတွက် ပံ့သကူဆောင်မထေရ်ကြီးတွေက အရှုံးပေးလိုက်တဲ့သဘော ဖြစ်သွားတဲ့အတွက် ဓမ္မကထိကမထေရ်တို့ရဲ့ စကားသာလျှင် ရှေ့တန်းကို တက်သွားတယ်နော်၊ ဒီနေရာမှာ အဋ္ဌကထာ ဆရာတော်က ဥပမာလေးနဲ့ ဖွင့်ဆိုထားပါတယ်၊ ဘယ်လို ဥပမာလဲ?</p>
<p>‘‘<b>ယထာ ဟိ ဂဝသတဿ ဝါ ဂဝသဟဿဿ ဝါ အန္တရေ ပဝေဏိပါလိကာယ ဓေနုယာ အသတိ သော ဝံသော သာ ပဝေဏိ န ဃဋီယတိ။</b>’’ (ဧကနိပါတ် အဋ္ဌကထာ။)</p>
<p><b>ဂဝသတဿ ဝါ</b>၊ နွားအရာ၏သော်လည်းကောင်း။ <b>ဂဝသဟဿဿ ဝါ</b>၊ နွားအထောင်၏သော်လည်းကောင်း။ <b>အန္တရေ</b>၊ အတွင်း၌။ <b>ပဝေဏိပါလိကာယ</b>၊ နွားအစဉ်အဆက်ကို စောင့်ရှောက်ပေးတတ်သော။ <b>ဓေနုယာ</b>၊ နွားမသည်။ <b>အသတိ</b>၊ မရှိလတ်သော်။ <b>သော ဝံသော</b>၊ ထိုနွားအနွယ်သည်။ <b>သာ ပဝေဏိ</b>၊ ထို နွားအစဉ်အဆက်သည်။ <b>န ဃဋီယတိ ယထာ</b>၊ ဆက်စပ်တည်တံ့မှု မဖြစ်နိုင်သကဲ့သို့၊</p>
<p>‘‘<b>ဧဝမေဝံ အာရဒ္ဓဝိပဿကာနံ ဘိက္ခူနံ သတေပိ သဟဿေပိ သံဝိဇ္ဇမာနေ ပရိယတ္တိယာ အသတိ အရိယမဂ္ဂပဋိဝေဓေါ နာမ န ဟောတိ။</b>’’ (ဧကနိပါတ် အဋ္ဌကထာ။)</p>
<p><b>ဧဝမေဝံ</b>၊ ဤဥပမာ အတူသာလျှင်။ <b>အာရဒ္ဓဝိပဿကာနံ</b>၊ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပြင်းအထန် ကြိုးစားအားထုတ်လျက် ရှိကြကုန်သော။ <b>ဘိက္ခူနံ</b>၊ ရဟန်းတော်တို့၏။ <b>သတေပိ</b>၊ အရာသည်လည်းကောင်း။ <b>သဟဿေပိ</b>၊ အထောင်သည်သော်လည်းကောင်း။ <b>သံဝိဇ္ဇမာနေပိ</b>၊ ထင်ရှားရှိကြသော်လည်းပဲ။ <b>ပရိယတ္တိယာ</b>၊ ပရိယတ္တိတရားတော်သည်။ <b>အသတိ</b>၊ ထင်ရှားမရှိလတ်သော်။ <b>အရိယမဂ္ဂပဋိဝေဓေါ နာမ</b>၊ အရိယာမဂ်ကို ထိုးထွင်းသိမြင်ခြင်းသည်။ <b>န ဟောတိ</b>၊ မဖြစ်နိုင်။</p>
<p>အလားတူပဲတဲ့နော်။ <b>ပရိယတ်တရားတော်ကြီး</b> ထင်ရှား မရှိတော့ဘူးဆိုရင် <b>ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း</b>ကို အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်း အရာ, အထောင်ရှိပင် ရှိသော်လည်းပဲ <b>အရိယမဂ်ဉာဏ်, ဖိုလ်ဉာဏ်</b>ကို ထိုးထွင်းသိမှုဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့လဲ? ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အားတော့ အားထုတ်တယ်။ နည်းက မမှန်ဖြစ်နေတယ်၊ ဘယ်လို နည်းမမှန်လဲလို့ မေးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေက ဒီပရိယတ္တိသာသနာတော်မှာ ပြည့်ပြည့်စုံစုံ ရှိတယ်၊ တစ်နည်းပြောရင်တော့ ခုနက ဘုန်းကြီး ဟောခဲ့တဲ့ <b>မဂ္ဂင် (၈)ပါး</b>ပဲနော်၊</p>
<p>မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမယ်ဆိုတာကို ပရိယတ်တရားတော်မှာ ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်၊ ဒါပေမယ့် ပုဂ္ဂိုလ်တွေက ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတော့ အားထုတ်တာမှန်တယ်၊ ဒါပေမယ့် ဒီပရိယတ်တရားတော်မှာ ညွှန်ကြားပြသနေတဲ့ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတွေကို စနစ်တကျ နားမလည်ဘူး၊ နားမလည်တဲ့အတွက် ပရိယတ်တရားတော်မှာ ညွှန်ကြားထားတဲ့ ဒီမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတွေကို စနစ်တကျ မကျင့်နိုင်ဘူးဆိုရင် ထိုပုဂ္ဂိုလ်တွေသည် မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ထိုးထွင်းသိနိုင်ပါ့မလား? မသိနိုင်ဘူးတဲ့၊ ဘာဖြစ်လို့လဲ? ကျင့်စဉ်က မမှန် ဖြစ်နေတယ်နော်၊</p>
<p>ပရိယတ်တရားတော်က ကျင့်စဉ်တွေကို ပြည့်ပြည့်စုံစုံ ဖော်ပြနေတာဖြစ်တော့ ပရိယတ်တရားတော်မှာ ညွှန်ကြားထားတဲ့ ကျင့်စဉ်အတိုင်း လက်တွေ့ တကယ် ကျကျနန မကျင့်ဘူးဆိုရင် ထိုပုဂ္ဂိုလ်တွေဟာ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ထိုးထွင်းသိနိုင်ပါ့မလား? မသိနိုင်ဘူးတဲ့၊ ဒီအချက်ကို ပြောတယ်၊ ဥပမာလေးနဲ့ ဆက်ဖွင့်တယ်၊</p>
<p>‘‘<b>ယထာ စ နိဓိကုမ္ဘိယာ ဇာနနတ္ထာယ ပါသာဏပိဋ္ဌေ အက္ခရေသု ဌပိတေသု ယာဝ အက္ခရာနိ ဓရန္တိ၊ တာဝ နိဓိကုမ္ဘီ နဋ္ဌာ နာမ န ဟောတိ၊</b>’’ (ဧကနိပါတ် အဋ္ဌကထာ။)</p>
<p><b>နိဓိကုမ္ဘိယာ</b>၊ မြှုပ်နှံ၍ ထားအပ်သော ရွှေအိုးကို။ <b>ဇာနနတ္ထာယ</b>၊ သိစေခြင်းငှာ။ <b>ပါသာဏပိဋ္ဌေ</b>၊ ကျောက်ဖျာထက်၌။ <b>အက္ခရေသု</b>၊ အက္ခရာတို့ကို။ <b>ဌပိတေသု</b>၊ ထွင်းထားအပ်ကုန်သည်ရှိသော်။ <b>ယာဝ</b>၊ အကြင်မျှလောက်သော ကာလပတ်လုံး။ <b>အက္ခရာနိ</b>၊ အက္ခရာတို့သည်။ <b>ဓရန္တိ</b>၊ ထင်ရှား၍ တည်ရှိကြလေကုန်၏။ <b>တာဝ</b>၊ ထိုမျှလောက်သော ကာလပတ်လုံး။ <b>နိဓိကုမ္ဘီ</b>၊ မြှုပ်နှံ၍ ထားအပ်သော ရွှေအိုးကြီးသည်။ <b>နဋ္ဌာ နာမ</b>၊ ပျောက်ပျက်၍ သွားသည်မည်သည်။ <b>န ဟောတိ ယထာ</b>၊ မဖြစ်သကဲ့သို့၊</p>
<p>ရွှေအိုးကြီးကို ဘယ်နေရာမှာ တူးဖော်ရမယ်ဆိုပြီး ကျောက်ဖျာထက်မှာ အက္ခရာတွေ ရေးထွင်းပြီးထားတယ်၊ ကျောက်ဖျာထက်မှာ ထွင်းထားတဲ့ အက္ခရာတွေသည် ပျောက်ပျက် မသွားသေးသမျှ ကာလပတ်လုံး မြှုပ်နှံထားတဲ့ ရွှေအိုးကြီးဟာလည်း ပျောက်ပျက်သွားတယ်လို့ မပြောနိုင်ဘူးနော်၊ အဲဒီအတိုင်းပဲ၊</p>
<p>‘‘<b>ဧဝမေဝံ ပရိယတ္တိယာ ဓရမာနာယ သာသနံ အန္တရဟိတံ နာမ န ဟောတိ။</b>’’ (ဧကနိပါတ် အဋ္ဌကထာ။)</p>
<p><b>ဧဝမေဝံ</b>၊ ဤဥပမာအတူသာလျှင်။ <b>ပရိယတ္တိယာ</b>၊ ပရိယတ်တရားတော်သည်။ <b>ဓရမာနာယ</b>၊ ထင်ရှားရှိလတ်သော်။ <b>သာသနံ</b>၊ သာသနာတော်သည်။ <b>အန္တရဟိတံ နာမ</b>၊ ကြွယ်ပ၍ ကွယ်ပျောက်သွားသည်မည်သည်။ <b>န ဟောတိ</b>၊ မဖြစ်နိုင်၊</p>
<p>ပရိယတ်တရားတော်ကြီး ထင်ရှားရှိနေသမျှ ကာလပတ်လုံး သာသနာတော်ကြီး ကွယ်ပျောက်သွားသည်ဆိုတာ မဖြစ်နိုင်ပါဘူးလို့ ဆိုပြီးတော့ ဒီလို ဖွင့်ဆိုထားတယ်၊</p>
<p>ဖွင့်ဆိုထားလိုက်တော့ ဘုန်းကြီးတို့ ဒီပရိယတ်တရားတော်ဆိုတာက မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ ရွှေအိုးကြီးတွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် တူးဖော်ရမယ် ဆိုပြီးတော့ ကျောက်ဖျာထက်မှာ ရေးထွင်းထားတဲ့ အညွှန်းသိုက်စာတွေ ဖြစ်ပါတယ်၊ အဲဒီ အညွှန်းသိုက်စာတွေနဲ့ ဆက်စပ်ပြီးတော့ ဘုန်းကြီး ဒီည တရားဟောမလို့ ရည်ရွယ်ထားပါတယ်နော်၊ သို့သော် အဲဒီတရားကို မဟောမီ ခေတ္တခဏ အနားယူကြရအောင်နော်၊ (သာဓု - သာဓု - သာဓု)<br>
တရား နည်းနည်း ပြန်စကြရအောင်နော်၊ ခုနက ပြောခဲ့ပြီးပြီ၊ ပရိယတ်တရားတော်ဆိုတာက မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ ရတနာ ရွှေအိုးကြီးတွေ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် တူးဖော်ရမယ် ဆိုတာကို ညွှန်ကြားပြသနေတဲ့ အညွှန်းသိုက်စာတွေ ဖြစ်တယ်ဆိုပြီး ပြောခဲ့တယ်၊ ဒီတော့ ဒီအချက်နဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီး ဒီည <b>ဓမ္မ အဓမ္မ</b>နဲ့ ဆက်စပ်နေတဲ့ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကို ဦးတည်ပြီး ပြောဖို့ ရည်ရွယ်ထားပါတယ်၊</p>
<p>မဂ္ဂင် (၈)ပါး ရှိပါတယ်၊ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကို ဘုရားရှင်ကလည်း <b>ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စံ</b>၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ဖြစ်တဲ့ အရိယသစ္စာ တရားဖြစ်တယ်လို့ ဒီလို ဟောထားတယ်၊<br>
ဒီတော့ ဒုက္ခချုပ်ရာဖြစ်တဲ့ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်အဖြစ် ဟောကြားထားတဲ့ မဂ္ဂင်တရားဘယ်နှစ်ပါးရှိလဲ? မဂ္ဂင် (၈)ပါး။ မဂ္ဂင် (၈)ပါး ထင်ရှားရှိပါတယ်လို့ ရဟန်းတော်တစ်ပါးက ဟောခဲ့ရင် ထိုရဟန်းတော်သည် ဓမ္မကို ဓမ္မလို့ ထင်ရှားဟောပြနေတဲ့ ရဟန်းတော် ဖြစ်တယ်၊ အကယ်၍ ထိုရဟန်းတော်က မဂ္ဂင်ဆိုတာ (၈)ပါး မရှိပါဘူး, မဂ္ဂင် (၇)ပါးပဲ ရှိပါတယ်လို့ ဟောခဲ့ရင် ထိုရဟန်းတော်သည် ဓမ္မကို အဓမ္မလို့ ထင်ရှားပြနေသည်လည်းမည်တယ်၊ အဓမ္မကို ဓမ္မလို့ ထင်ရှားပြနေသည်လည်း မည်တယ်တဲ့၊ သို့သော် များသောအားဖြင့် အခု မျက်မှောက်ခေတ်မှာတော့ မဂ္ဂင်ဘယ်နှစ်ပါး ရှိသလဲလို့ မေးရင်တော့ အများစုက ဘယ်လိုဖြေကြသလဲ? မဂ္ဂင် (၈)ပါး ရှိပါတယ်ဆိုပြီး ဒီလိုတော့ ဖြေတယ်၊<br>
အဲဒီ (၈)ပါးရှိပါတယ်ဆိုပြီးတော့ ဒီလိုဖြေတဲ့ အဖြေတွေထဲမှာ မဂ္ဂင် (၇)ပါးသာ ရှိပါတယ်လို့ မပြောသော်လည်း ပြောနေတဲ့ အဓိပ္ပာယ်မျိုးတွေ အခုခေတ်မှာ ခေတ်စားနေကြပါတယ်နော်၊ ခေတ်စားနေတာက ဘုန်းကြီး <b>သမ္မာသမာဓိ</b>ဆိုတဲ့ မဂ္ဂင်ကနေစပြီးတော့ နည်းနည်း ပြောပါ့မယ်၊ မဂ္ဂင် (၈)ပါးထဲမှာ နောက်ဆုံးမဂ္ဂင်က သမ္မာသမာဓိဖြစ်ပါတယ်၊ ဘာကို သမ္မာသမာဓိလို့ ခေါ်ဆိုသလဲ?၊</p>
<p>‘‘<b>ကတမော စ ဘိက္ခဝေ သမ္မာသမာဓိ၊ ဣဓ ဘိက္ခဝေ ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ၊</b>’’ (မ၊၁၊၈၉။)</p>
<p>ဒါက မဟာသတိပဋ္ဌာနသုတ္တန်မှာ ဘုရားရှင်ကိုယ်တော်တိုင်က ဘာကို သမ္မာသမာဓိခေါ်ဆိုပါသလဲလို့ မေးခွန်းထုတ်ပြီး ဘုရားရှင်ကိုယ်တော်တိုင်က ပြန်ပြီး အဖြေပေးထားတဲ့ အဖြေဖြစ်ပါတယ်၊ ဒီအဖြေက ဘာဆိုလိုသလဲလို့မေးတော့ ပထမဈာန်သမာဓိ, ဒုတိယဈာန်သမာဓိ, တတိယဈာန်သမာဓိ, စတုတ္ထဈာန်သမာဓိတွေကို သမ္မာသမာဓိလို့ခေါ်ဆိုတယ်ဆိုပြီး ဘုရားရှင်က မဟာသတိပဋ္ဌာနသုတ္တန်မှာ အတိအကျ ဟောထားတယ်၊</p>
<p>ဒီတော့ ဒီပထမဈာန်သမာဓိ, ဒုတိယဈာန်သမာဓိ, တတိယဈာန်သမာဓိ, စတုတ္ထဈာန်သမာဓိဆိုတာက <b>ရူပါဝစရသမာဓိ</b> (၄)မျိုး ဖြစ်ပါတယ်၊ ဒီလို ဟောကြားတော်မူတဲ့ နည်းစနစ်ကို ဘုန်းကြီးတို့ စာပေနယ်သုံး ဝေါဟာရက <b>မဇ္ဈေဒီပကနည်း</b>လို့ ဒီလိုခေါ်ဆိုပါတယ်၊ မဇ္ဈေဒီပကနည်းဆိုတာက ရွှေမတစ်ကောင်ကို ခါးလယ်ကနေ ကိုင်ပြီး မြှောက်ပြလိုက်ရင် ရွှေမကိုသာ သိရှိသည်မဟုတ်၊ တစ်ကောင်လုံးကို မမြင်နိုင်ဘူးလား? မြင်နိုင်တယ်၊ အဲဒီပုံစံအတိုင်းပဲ၊ သမာဓိက (၃)မျိုး ရှိပါတယ်၊ အထွတ်အထိပ်သို့ ရောက်နေတဲ့ ဥပစာရသမာဓိလို့ ခေါ်ဆိုအပ်တဲ့ ကာမာဝစရသမာဓိက တစ်မျိုး။ ပထမဈာန်သမာဓိ, ဒုတိယဈာန်သမာဓိ, တတိယဈာန်သမာဓိ, စတုတ္ထဈာန်သမာဓိလို့ ခေါ်ဆိုအပ်တဲ့ ရူပါဝစရသမာဓိကတစ်မျိုး။ အာကာသာနဉ္စာယတနဈာန်သမာဓိ, ဝိညာဏဉ္စာယတနဈာန်သမာဓိ, အာကိဉ္စညာယတနဈာန်သမာဓိ, နေဝသညာနာသညာယတနဈာန်သမာဓိခေါ်တဲ့ အရူပါဝစရဈာန်သမာဓိကတစ်မျိုး၊ ပေါင်းလိုက်တော့ ကာမာဝစရသမာဓိ, ရူပါဝစရသမာဓိ, အရူပါဝစရသမာဓိဆိုပြီး သမာဓိ (၃)မျိုး ရှိပါတယ်၊</p>
<p>ထိုသမာဓိ (၃)မျိုးထဲက အလယ်ခေါင်ဖြစ်တဲ့ ရူပါဝစရသမာဓိကို ကိုင်ပြီး မြှောက်ပြလိုက်လျှင် အစဖြစ်တဲ့ ကာမာဝစရသမာဓိ (အထွတ်အထိပ်သို့ရောက်တဲ့ ဥပစာရသမာဓိလို့ခေါ်ဆိုအပ်တဲ့ ကာမာဝစရသမာဓိ)နှင့် အဆုံးဖြစ်တဲ့ အရူပါဝစရသမာဓိတွေကိုပါ သိမ်းကျုံးရေတွက်ရတဲ့ နည်းစနစ် ဖြစ်ပါတယ်၊ အဲဒီလို နည်းစနစ်အားဖြင့် ဟောတာကို မဇ္ဈေဒီပကနည်းအားဖြင့် ဟောတယ်လို့ ဒီလို စာပေနယ်က သုံးတယ်၊ ဒါကြောင့် ဝိသုဒ္ဓိမဂ်အဋ္ဌကထာဆရာတော်က ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဒုတိယတွဲ။ စာမျက်နှာ (၂၂၂)မှာ ဘယ်လို ဖွင့်ဆိုထားလဲ?</p>
<p>‘‘<b>စိတ္တဝိသုဒ္ဓိ နာမ သဥပစာရ အဋ္ဌသမာပတ္တိယော၊</b>’’ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၂၂၂။)</p>
<p>စိတ္တဝိသုဒ္ဓိဆိုတာ ဥပစာရသမာဓိနှင့်တကွ သမာပတ် (၈)ပါးလို့ ခေါ်ဆိုပါတယ်ဆိုပြီး ဒီလို ရှင်းထားတယ်၊ ဝိသုဒ္ဓိ (၇)ပါး ကျင့်စဉ်မှာ စိတ္တဝိသုဒ္ဓိလို့ ခေါ်ဆိုပြီး မဂ္ဂင် (၈)ပါးမှာ သမ္မာသမာဓိမဂ္ဂင်လို့ ခေါ်ဆိုခြင်း ဖြစ်တယ်၊ အတူတူပဲ၊ ဒီတော့ ဥပစာရသမာဓိနှင့်တကွ သမာပတ် (၈)ပါးသည် သမ္မာသမာဓိ မည်ပါတယ်၊ ဒါက မြတ်စွာဘုရားကိုယ်တော်တိုင် ဟောထားတဲ့ မဟာသတိပဋ္ဌာနသုတ္တန်မှာလာရှိတဲ့ အညွှန်းသိုက်စာတစ်ခု ဖြစ်ပါတယ်၊</p>
<p>ဒါပေမယ့် ဒီနေ့ မျက်မှောက်ခေတ်ကတော့ ဘာပြောလဲ? သမာဓိသည် သာသနာတွင်းတရား မဟုတ်ဘူး။ သာသနာပတရားသာ ဖြစ်တယ်၊ သမထသည် သာသနာတွင်းတရား မဟုတ်။ သာသနာပတရား ဖြစ်တယ်၊ ဝိပဿနာ သည်သာလျှင် သာသနာတွင်းတရား ဖြစ်တယ်ဆိုပြီး ဒီလို ပြောကြတယ်၊ ပြောလိုက်တော့ သမာဓိဆိုတဲ့ မဂ္ဂင်တစ်ခု လျှော့မသွားဘူးလား? မဂ္ဂင် (၈)ပါးထဲမှာ မဂ္ဂင် (၁)ပါး ပြုတ်ထွက် မသွားဘူးလား၊ ပြုတ်ထွက်သွားတယ်၊ မဂ္ဂင်ဘယ်နှစ်ပါးကျန်လဲ? မဂ္ဂင် (၇)ပါး၊</p>
<p>ဒီတော့ သူတို့ အကြောင်းပြချက်ကလေးကိုတော့ ဘုန်းကြီးဘက်ကလည်း ပြောဖို့ တာဝန်ရှိပါတယ်၊ ဘာကို သူတို့ အကြောင်းပြကြသလဲလို့မေးတော့ အဿဇိသုတ္တန်မှာ ရှင်အဿဇိမထေရ်မြတ်က စာအရ အတိအကျ ပြောရင်တော့ ‘‘ပဿမ္ဘေတွာ ကာယသင်္ခါရေ’’ ဆိုတဲ့ စကားလုံးကို ကာယသင်္ခါရေတိ အဿာသပဿာသာ ဆိုပြီး အဋ္ဌကထာကဖွင့်ထားတော့ ခန့်မှန်းခြေအရကတော့ အဿာသပဿာသ = အာနာပါနကမ္မဋ္ဌာန်းကို ပွားများ အားထုတ်တော်မူတယ်လို့တော့ ခန့်မှန်းလို့တော့ ရပါတယ်၊</p>
<p>သို့သော် စတုတ္ထဈာန်ဆိုတာကတော့ ဘယ်စတုတ္ထဈာန်မဆို အဿာသ ပဿာသ ချုပ်ငြိမ်းတဲ့ ဈာန်တွေချည်း ဖြစ်ပါတယ်၊ ဒါကြောင့် စတုတ္ထဈာန်အထိတော့ သူက သမာဓိ ထူထောင်နေတယ်၊ ထူထောင်လိုက်တဲ့ အချိန်အခါကျတော့ တစ်ချိန်မှာ သူက အကြီးအကျယ် ရောဂါဝေဒနာ ဖြစ်တယ်၊ ရောဂါဝေဒနာ ဖြစ်လိုက်တဲ့ အချိန်အခါကျတော့ ဒီစတုတ္ထဈာန်သမာဓိကို ပြန်ပြီး ထူထောင်လို့ မရနိုင်ဘူး၊ သို့သော် စတုတ္ထဈာန်သမာဓိကို အခြေခံပြီးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို သူက စီးဖြန်းနေကျပုဂ္ဂိုလ် ဖြစ်ပါတယ်၊</p>
<p>တစ်ချိန်မှာ အကြီးအကျယ် ဖျားနာလာတဲ့အခါမှာ စတုတ္ထဈာန်သမာဓိကို ပြန်ပြီးထူထောင်လို့ မရတဲ့အတွက် သူက စိတ်ဓာတ်တွေ တော်တော်လေး ကျဆင်းနေတယ်၊ ထိုအချိန်အခါမှာ ဘုရားရှင်က ကြွလာပါတယ်၊ ကြွလာတဲ့ အချိန်အခါမှာ ခမည်းဇာတ်ပါရဲ့လား, ကျန်းမာပါရဲ့လား? စသည်ဖြင့် အောက်မေ့ဖွယ်, အမှတ်ရဖွယ် စကားတွေကို ပြောဆိုပြီးတဲ့ အချိန်အခါမှာ အရှင်အဿဇိမထေရ်က တပည့်တော်မှာ မခမည်းဇာတ်ပါဘူး စသည်ဖြင့် သူက ပြန်လည် လျှောက်ထားပြန်တယ်၊ ပြန်လည် လျှောက်ထားလိုက်တဲ့ အချိန်အခါမှာ သူ့မှာ စိတ်မချမ်းမသာ ဖြစ်နေတဲ့အကြောင်းကို ပြန်လည် လျှောက်ထားတော့ ဘာအတွက် စိတ်မချမ်းမသာဖြစ်သလဲဆိုတာကို သိချင်လို့ ဘုရားရှင်က သူ့ကို မေးကြည့်တယ်၊<br>
သင့်မှာ သီလနဲ့ ပတ်သက်ပြီးတော့ မိမိကိုယ်ကို မိမိက ငါ့သီလတွေ မစင်ကြယ်ဘူးလို့ ပြန်လည်ပြီး စွပ်စွဲမှုများ ရှိနေပါသလားလို့ မေးကြည့်လိုက်တော့ တပည့်တော်ဟာ သီလနဲ့ပတ်သက်လို့လည်း တပည့်တော်ကိုယ်ကို တပည့်တော် ပြန်လည် စွပ်စွဲမှုဆိုတာ မရှိပါဘူး ဆိုပြီး သူက အဖြေပေးတယ်၊ အဲဒီလို အဖြေပေးလိုက်တဲ့ အချိန်အခါမှာ ဒီလိုဆိုရင် သင်က ဘာအတွက် စိတ်မချမ်းမသာ ဖြစ်နေရတာလဲလို့ ဆက်ပြီး မေးလိုက်တဲ့ အချိန်အခါမှာ သူက ဘာပြန်လျှောက်ထားလဲ?</p>
<p>‘‘<b>ပုဗ္ဗေ ခွါဟံ, ဘန္တေ, ဂေလညေ ပဿမ္ဘေတွာ ပဿမ္ဘေတွာ ကာယသင်္ခါရေ ဝိဟရာမိ၊ သောဟံ သမာဓိံ နပ္ပဋိလဘာမိ၊</b>’’ (သံ၊၂၊၁၀၂။)</p>
<p><b>ဘန္တေ</b>၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား။ <b>အဟံ</b>၊ ဘုရားတပည့်တော်သည်။ <b>ပုဗ္ဗေ</b>၊ ရှေးအခါ၌။ <b>ဂေလညေ</b>၊ အနာရောဂါကို။ <b>ပဿမ္ဘေတွာ ပဿမ္ဘေတွာ</b>၊ ငြိမ်းစေငြိမ်းစေ၍။ <b>ကာယသင်္ခါရေ</b>၊ အဿာသပဿာသဟုခေါ်ဆိုအပ်သော ကာယသင်္ခါရတရား၌။ <b>ဝိဟရာမိ</b>၊ နေထိုင်နိုင်ခဲ့ပါ၏၊</p>
<p>ရှေးယခင်တုန်းကတော့ တပည့်တော်က ဒီအနာရောဂါကို ကျော်လွှား လွန်မြောက်ပြီးတော့ အဿာသပဿာသခေါ်တဲ့ ကာယသင်္ခါရတရားမှာ နေထိုင်နိုင်ခဲ့တယ်၊ စတုတ္ထဈာန်သမာဓိအထိ ဆိုက်အောင် ပွားများအားထုတ်နိုင်ခဲ့တယ်လို့ ဆိုလိုတယ်၊</p>
<p>‘‘<b>သောဟံ သမာဓိံ နပ္ပဋိလဘာမိ၊</b>’’ (သံ၊၂၊၁၀၂။)</p>
<p><b>ဘန္တေ</b>၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား။ <b>သောဟံ</b>၊ ထိုဘုရားတပည့်တော်သည်။ <b>သမာဓိံ</b>၊ သမာဓိကို။ <b>နပ္ပဋိလဘာမိ</b>၊ တစ်ဖန်ပြန်၍ မရနိုင်တော့ပါ၊</p>
<p>တပည့်တော် အခု သမာဓိ ပြန်လည်ထူထောင်လိုက်တဲ့ အချိန်အခါမှာ ဒီသမာဓိကို တပည့်တော် တစ်ဖန် ပြန်မရ ဖြစ်နေတယ်၊</p>
<p>‘‘<b>တဿ မယှံ, ဘန္တေ, တံ သမာဓိံ အပ္ပဋိလဘတော ဧဝံ ဟောတိ — ‘နော စဿာဟံ ပရိဟာယာမီ’တိ၊</b>’’ (သံ၊၂၊၁၀၂။)</p>
<p><b>ဘန္တေ</b>၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား။ <b>တဿ မယှံ</b>၊ ထိုဘုရားတပည့်တော်၏။ <b>တံ သမာဓိံ</b>၊ ထိုသမာဓိကို။ <b>အပ္ပဋိလဘတော</b>၊ မရခြင်းကြောင့်။ <b>ဧဝံ</b>၊ ဤသို့သော စိတ်အကြံအစည်သည်။ <b>ဟောတိ</b>၊ ဖြစ်ပေါ်၍ နေပါ၏၊<br>
<b>ဘန္တေ</b>၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား။ <b>တံ သမာဓိံ</b>၊ ထိုသမာဓိကို။ <b>အပ္ပဋိလဘတော</b>၊ မရရှိသော။ <b>တဿ မယှံ</b>၊ ထိုဘုရားတပည့်တော်၏ သန္တာန်၌။ <b>ဧဝံ</b>၊ ဤသို့သော စိတ်အကြံအစည်သည်။ <b>ဟောတိ</b>၊ ထင်ရှားဖြစ်ပေါ်၍ နေပါသည်မြတ်စွာဘုရား၊</p>
<p>ဪ ဒီသမာဓိကို ပြန်ထူထောင်လိုက်တဲ့ အချိန်အခါမှာ တပည့်တော်သန္တာန်မှာ ဒီသမာဓိကို မရရှိတဲ့အတွက် ဒီလို စိတ်အကြံအစည်တွေ ဖြစ်နေတယ်၊ ဘယ်လို အကြံအစည်လဲ?</p>
<p>‘‘<b>နော စဿာဟံ ပရိဟာယာမိ၊</b>’’</p>
<p><b>အဟံ</b>၊ ငါသည်။ <b>နော စဿာဟံ ပရိဟာယာမိ</b>၊ သာသနာတော်မှ မဆုတ်ယုတ်ဘဲ ရှိပါအံ့လောဟူသော။ <b>ဧဝံ</b>၊ ဤသို့သော စိတ်အကြံအစည်သည်။ <b>ဟောတိ</b>၊ ထင်ရှားဖြစ်ပေါ်၍ နေပါ၏၊</p>
<p>ငါဟာ သာသနာတော်မှ မဆုတ်ယုတ်ဘဲ ရှိပါရဲ့လားဆိုတဲ့ ဒီလို စိတ်အကြံအစည်တွေ တပည့်တော်မှာ ဖြစ်နေပါတယ်ဘုရား၊ ဒါကြောင့် တပည့်တော်ဟာ စိတ်မချမ်းသာ ဖြစ်နေပါတယ်ဆိုပြီး သူက လျှောက်တယ်၊ အဲဒီအခါမှာ ဘုရားရှင်က ဘာအမိန့်ရှိသလဲ?</p>
<p>‘‘<b>ယေ တေ, အဿဇိ, သမဏဗြဟ္မဏာ သမာဓိသာရကာ သမာဓိသာမညာ၊ တေသံ တံ သမာဓိံ အပ္ပဋိလဘတံ ဧဝံ ဟောတိ — ‘နော စဿု မယံ ပရိဟာယာမာ’တိ၊</b>’’ (သံ၊၂၊၁၀၂။)</p>
<p><b>အဿဇိ</b>၊ ချစ်သား အဿဇိ။ <b>ယေ တေ သမဏဗြဟ္မဏာ</b>၊ အကြင် သမဏဗြဟ္မဏတို့သည်။ <b>သမာဓိသာရကာ</b>၊ သမာဓိသည်သာလျှင် အနှစ်သာရရှိကုန်၏။ <b>သမာဓိသာမညာ</b>၊ သမာဓိသည်သာလျှင် ရဟန်းအဖြစ် ရှိကြကုန်၏။ <b>တေသံ</b>၊ ထိုရဟန်းတော်တို့အား။ <b>တံ သမာဓိံ</b>၊ ထိုသမာဓိကို။ <b>အပ္ပဋိလဘတံ</b>၊ မရရှိကြကုန်သော်။ <b>တေသံ</b>၊ ထိုရဟန်းတော်တို့၏ သန္တာန်၌။ <b>ဧဝံ</b>၊ ဤသို့သော စိတ်အကြံအစည်သည်။ <b>ဟောတိ</b>၊ ထင်ရှားဖြစ်ပေါ်၍ နေတတ်ပါပေ၏၊</p>
<p>ဘယ်လိုဖြစ်သလဲ?</p>
<p>‘‘<b>နော စဿု မယံ ပရိဟာယာမာတိ၊</b>’’ (သံ၊၂၊၁၀၂။)</p>
<p><b>မယံ</b>၊ ငါတို့သည်။ <b>နော စဿု ပရိဟာယာမ</b>၊ သာသနာတော်မှ မဆုတ်ယုတ်ဘဲ ရှိကြကုန်အံ့လောဟု။ <b>ဧဝံ</b>၊ ဤသို့သော စိတ်အကြံအစည်သည်။ <b>ဟောတိ</b>၊ ထင်ရှားဖြစ်ပေါ်၍ နေတတ်ပါပေ၏၊</p>
<p>ငါတို့ဟာ သာသနာတော်မှ မဆုတ်ယုတ်ဘဲ ရှိကြပါရဲ့ဆိုပြီးတော့ ဒီလို စိတ်အကြံအစည်တွေ ဖြစ်နေပါတယ် ဆိုပြီးတော့ မြတ်စွာဘုရားက ဟောတယ်၊ ဟောလိုက်တော့ ဒီနေရာမှာ ‘‘သမာဓိသာရကာ’’ ‘‘သမာဓိသာမညာ’’ ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး အဋ္ဌကထာဆရာတော်က ဘယ်လိုဖွင့်ထားသလဲလို့ မေးတော့ -</p>
<p>‘‘<b>သမာဓိသာရကာ သမာဓိသာမညာတိ သမာဓိံယေဝ သာရဉ္စ သာမညဉ္စ မညန္တိ၊</b>’’ (သံ၊ဋ္ဌ၊၂၊၂၈၉။)</p>
<p><b>သမာဓိသာရကာ သမာဓိသာမညာတိ</b>၊ သမာဓိသာရကာ သမာဓိသာမညာ ဟူသည်ကား။ <b>သမာဓိံ ယေဝ</b>၊ သမာဓိကိုသာလျှင်။ <b>သာရဉ္စ</b>၊ အနှစ်သာရဟူ၍လည်းကောင်း။ <b>သာမညဉ္စ</b>၊ ရဟန်းအဖြစ်ဟူ၍လည်းကောင်း။ <b>မညန္တိ</b>၊ အောက်မေ့မှတ်ထင်ကြကုန်၏၊</p>
<p>(အထူးသဖြင့်) သာသနာပ အယူအဆရှိနေကြတဲ့ သမဏ, ဗြဟ္မဏ အချို့တွေဟာ သမာဓိကိုသာလျှင် အနှစ်သာရ သမာဓိကိုသာလျှင် ရဟန်းအဖြစ်လို့ ဒီလိုအောက်မေ့ မှတ်ထင်နေကြတယ်နော်၊</p>
<p>‘‘<b>မယှံ ပန သာသနေ န ဧတံ သာရံ၊</b>’’ (သံ၊ဋ္ဌ၊၂၊၂၈၉။)</p>
<p><b>မယှံ ပန သာသနေ</b>၊ ငါဘုရားရှင်၏ သာသနာတော်မြတ်အတွင်း၌ကား။ <b>ဧတံ</b>၊ ဤသမာဓိသည်ကား။ <b>န သာရံ</b>၊ အနှစ်သာရ မဟုတ်ပါ၊</p>
<p>ငါဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ ဒီသမာဓိကတော့ အနှစ်သာရ မဟုတ်ပါဘူး၊</p>
<p>‘‘<b>ဝိပဿနာမဂ္ဂဖလာနိ သာရံ၊</b>’’ (သံ၊ဋ္ဌ၊၂၊၂၈၉။)</p>
<p><b>ဝိပဿနာမဂ္ဂဖလာနိ</b>၊ ဝိပဿနာ မဂ်ဉာဏ်, ဖိုလ်ဉာဏ်တို့သည်သာလျှင်။ <b>သာရံ</b>၊ အနှစ်သာရဖြစ်ပါပေ၏၊</p>
<p>ငါဘုရားရှင်ရဲ့ သာသနာတော်မှာ ဝိပဿနာဉာဏ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ်တွေကသာလျှင် အနှစ်သာရ ဖြစ်ပါတယ်ဆိုပြီးတော့ ဒီလိုဟောထားတယ်၊ အဲဒီဟောကြားချက်ကို ကိုးကားပြီးတော့ သမထသည် သာသနာတွင်းတရားမဟုတ်, သာသနာပတရား ဖြစ်သည်၊ ဝိပဿနာသာလျှင် သာသနာတွင်းတရားဖြစ်သည် ဆိုပြီးတော့ သူတို့က ဘေးဖယ်လိုက်ကြတယ်၊ ဘေးဖယ်လိုက်ကြတော့ နောက်တစ်ခု သူတို့ အကြောင်းပြချက်တစ်ခု ရှိလာပြန်သေးတယ်၊ ဘာလဲဆိုတော့ <b>သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်</b> ဆိုတာတွေဟာ လောကမှာ ရှိပါတယ်၊ ဒီသုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တွေဟာ ဘယ်မှာ သမာဓိ ထူထောင်လို့လဲဆိုပြီး ဒီလိုလဲ အကြောင်းပြကြပြန်တယ်၊<br>
ဒီတော့ ဒီသုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ဟာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို တိုက်ရိုက် စီးဖြန်းချင်တယ်ဆိုရင် ဘာကို စအားထုတ်ရသလဲ? ဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၂၂)မှာ အဋ္ဌကထာဆရာတော်က ဘယ်လိုရေးထားသလဲ?</p>
<p>‘‘<b>သုဒ္ဓဝိပဿနာယာနိကော ပန အယမေဝ ဝါ သမထယာနိကော စတုဓာတုဝဝတ္ထာနေ ဝုတ္တာနံ တေသံ တေသံ ဓာတုပရိဂ္ဂဟမုခါနံ အညတရမုခဝသေန သင်္ခေပတော ဝါ ဝိတ္ထာရတော ဝါ စတဿော ဓာတုယော ပရိဂ္ဂဏှာတိ၊</b>’’ (ဝိသုဒ္ဓိ၊၂၊၂၂၂။)</p>
<p>သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ရုပ်ကမ္မဋ္ဌာန်းကနေ စအားထုတ်လိုတဲ့ ဒီသမထယာနိကပုဂ္ဂိုလ်ပဲဖြစ်ဖြစ် အဲဒီပုဂ္ဂိုလ်ဟာ ဝိပဿနာကို ကူးပြီးဆိုရင် ဘာလုပ်ရသလဲ? စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်းအပိုင်းမှာ ဖွင့်ဆိုထားတဲ့ <b>ဓာတ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း</b> နည်းအမျိုးမျိုး ရှိကြတယ်၊ အကျဉ်းနည်းကိုပဲဖြစ်စေ, အကျယ်နည်းကိုပဲ ဖြစ်စေ, တစ်နည်းနည်းဖြင့် ဓာတ်ကြီးလေးပါးကို စတင် သိမ်းဆည်းပါဆိုပြီး ဒီလို ညွှန်ကြားထားတယ်၊ ဒီတော့ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်က ဒီအဋ္ဌကထာရဲ့ ညွှန်ကြားချက်အရ ပြောမယ်ဆိုရင် သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်သည် ဘာကို စပြီး အားထုတ်ရမလဲ? ဓာတ်ကမ္မဋ္ဌာန်းက စအားထုတ်ရမယ်၊ ဘာကြောင့်လဲ ယေဘုယျ စည်းကမ်းက ရုပ်ကမ္မဋ္ဌာန်းကနေစပြီး ဝိပဿနာကူးတယ်ဆိုတဲ့ လုပ်ငန်းရပ်က သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တို့ရဲ့ လုပ်ငန်းရပ်ဖြစ်တယ်၊ ဒါ ယေဘုယျ စည်းကမ်းပဲနော်၊</p>
<p>```<br>
သမထယာနိကပုဂ္ဂိုလ်ကတော့ ဝိပဿနာကူးတဲ့အခါမှာ ဈာန်နာမ်တရားတွေကစပြီး သိမ်းဆည်းပြီးတော့ ဝိပဿနာကူးလိုကလည်း ကူးနိုင်တယ်၊ သို့မဟုတ် ရုပ်ကမ္မဋ္ဌာန်းကနေ စတင်ပြီးတော့ ဝိပဿနာကို ကူးလိုကလည်း ကူးနိုင်ပါတယ်၊ သူက နှစ်နည်းရှိတယ်၊ အကယ်၍ ရုပ်ကမ္မဋ္ဌာန်းကနေ စတင်ပြီးတော့ ဝိပဿနာကူးချင်တယ်ဆိုလို့ရှိရင်တော့ ဘာကို စရှုရသလဲ? ဓာတ်ကမ္မဋ္ဌာန်း စရှုရတယ်၊ ဘာကြောင့်လဲ? သမထပိုင်းမှာ ကမ္မဋ္ဌာန်း (၄၀)ရှိတယ် ဆိုတာကတော့ မှန်ပါတယ်၊ သို့သော် ဝိပဿနာပိုင်းရောက်လာပြီဆိုရင် ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်း ဆိုပြီးတော့ ကမ္မဋ္ဌာန်းက နှစ်မျိုးပဲ ရှိပါတယ်၊ ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးရှိတဲ့အနက်က မြတ်စွာဘုရားက ရုပ်ကမ္မဋ္ဌာန်းရှုကွက်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဟောလဲ?</p>
<p>‘‘<b>တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ</b>’’။ (မ၊ဋ္ဌ၊၁၊၂၈၀)</p>
<p>ဒါက <b>မဟာသတိပဋ္ဌာနသုတ္တန်</b> မဟာသတိပဋ္ဌာနဝိဘင်းကို ဖွင့်ဆိုတော်မူကြတဲ့ ဒီဃနိကာယ်အဋ္ဌကထာ, မဇ္ဈိမနိကာယ်အဋ္ဌကထာနဲ့ အဘိဓမ္မာ သမ္မောဟဝိနောဒနီ အဋ္ဌကထာတို့မှာ လာရှိတဲ့စကားဖြစ်ပါတယ်၊ ရုပ်ကမ္မဋ္ဌာန်းရှုကွက်နဲ့ ပတ်သက်လို့ မြတ်စွာဘုရားက ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနှလုံးသွင်းနည်း, ဓာတ်ကမ္မဋ္ဌာန်း အကျယ်နှလုံးသွင်းနည်း ဆိုပြီးတော့ ဒီ နှစ်နည်းပဲ ဟောထားတယ်၊ ဟောတော်မူရိုး ဓမ္မတာရှိတဲ့အတွက် ရုပ်ကမ္မဋ္ဌာန်းကို စရှုတော့မယ့်ပုဂ္ဂိုလ်က ဘာကို စရှုရလဲ? ဓာတ်ကမ္မဋ္ဌာန်းကို စရှုရမယ်တဲ့၊ အဲဒါက <b>မဂ်ဉာဏ်</b>, <b>ဖိုလ်ဉာဏ်</b>, <b>နိဗ္ဗာန်</b>ဆိုတဲ့ ရတနာရွှေအိုးကြီးတွေကို တူးဖော်ချင်တယ်ဆိုရင် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် တူးဖော်ရမယ်လို့ ညွှန်ကြားနေတဲ့ အညွှန်းသိုက်စာ ရတနာကြီးတွေဖြစ်တယ်၊</p>
<p>အဲဒီ ရတနာသိုက်စာ အညွှန်းအတိုင်း လိုက်နာပြီး မကျင့်ခဲ့ဘူးဆိုရင် ဘုရားဟောတဲ့ ဒီရုပ်နာမ်ကို သိနိုင်ပါ့မလား? မသိနိုင်ဘူး၊ ဒါဟာ အညွှန်းသိုက်စာအတိုင်း မကျင့်တာဘဲ၊ သို့သော် ဒီဓာတ်ကမ္မဋ္ဌာန်းသည် ကမ္မဋ္ဌာန်း (၄၀)ထဲမှာ <b>ဥပစာရသမာဓိ</b>ကို ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ ကမ္မဋ္ဌာန်းအဖြစ် အဋ္ဌကထာဆရာတော်က ထည့်သွင်းပြီး ဖွင့်ဆိုထားပါတယ်၊ သို့သော် ဋီကာဆရာတော်ကတော့ ဒီနေရာမှာ အဋ္ဌကထာဆရာတော် ဖွင့်ဆိုနေတဲ့ ဥပစာရသမာဓိဆိုတာကတဲ့ ရုဠှီအစွမ်းအားဖြင့် ဖွင့်ဆိုသွားခြင်းဖြစ်တယ်၊ တင်စားပြီး ဖွင့်ဆိုခြင်းသာဖြစ်တယ်၊ ဘယ်လိုတင်စားလဲ? ဈာန်နားကပ်နေတဲ့ သမာဓိကိုသာလျှင် ဥပစာရသမာဓိလို့ခေါ်ဆိုရတယ်၊</p>
<p>ဒီ ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်ကနေ ဘယ်လိုပဲ အားထုတ်အားထုတ် ယောဂါဝစရပုဂ္ဂိုလ်က ဈာန်ကို ဘယ်တော့မှ မရနိုင်ဘူး၊ ဈာန်မရနိုင်တဲ့အတွက် ဒီဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်က အထွတ်အထိပ်သို့ ရောက်ရှိသွားတဲ့ သမာဓိကို ဥပစာရသမာဓိလို့ အဋ္ဌကထာဆရာတော်က ပြောနေခြင်းသည် သမာဓိလက္ခဏာချင်း တူညီနေလို့ တင်စားပြီး ပြောတဲ့စကားသာ ဖြစ်ပါတယ် ဆိုပြီး အဋ္ဌကထာက ရှင်းထားတယ်၊ ဘယ်လို သမာဓိလက္ခဏာချင်း တူညီသလဲလို့မေးတော့ ဈာန်နားကပ်နေတဲ့ ဥပစာရသမာဓိအဆင့်နှင့် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်ကနေပြီးတော့ အထွတ်အထိပ်သို့ ရောက်ရှိသွားတဲ့ သမာဓိသည် သမာဓိလက္ခဏာချင်း တူညီနေတယ်၊ သမာဓိ ဒီဂရီစံချိန်ချင်း တူညီနေတဲ့အတွက်ကြောင့် ရုဠှီအားဖြင့် တင်စားပြီး ဥပစာအားဖြင့် တင်စားပြီးတော့ သဒိသူပစာရအားဖြင့် ဥပစာရသမာဓိလို့ အဋ္ဌကထာက ဖွင့်ဆိုသွားခြင်း ဖြစ်တယ်ဆိုပြီး ဒီလို ရှင်းထားတယ်၊</p>
<p>ဒီတော့ ဒီအထွတ်အထိပ်သို့ ရောက်ရှိလာတဲ့ <b>ကာမာဝစရသမာဓိ</b>ဆိုတာက ဘယ်လိုသမာဓိလဲဆိုတော့ ဓာတ်ကြီး (၄)ပါးကို စနစ်တကျ အဆင့်ဆင့် သိမ်းဆည်းလိုက်ရင် နောက်ဆုံး ခန္ဓာကိုယ်ကြီးကို မတွေ့တော့ဘဲနဲ့ ရေခဲတုံး, ဖန်တုံး, မှန်တုံးလိုကြည်နေတဲ့ အကြည်အတုံးအခဲကြီးကို သွားတွေ့ပါတယ်၊ ဘာအကြည် အတုံးအခဲလဲလို့ မေးရင်တော့ ဘုန်းကြီးတို့ ‘‘<b>စက္ခာဒိပဉ္စဝိဓံ ရူပါဒီနံ ဂဟဏပစ္စယဘာဝေန အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ</b>’’။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၈၁။) ဆိုပြီး ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ခန္ဓနိဒ္ဒေသပိုင်း ရူပက္ခန္ဓာပိုင်းမှာ ဖွင့်ဆိုထားပါတယ်၊ ဘာဆိုလိုတာလဲလို့မေးတော့ ရုပ်လောကမှာ။ <b>စက္ခုပသာဒ</b>၊ မျက်စိအကြည်။ <b>သောတပသာဒ</b>၊ နားအကြည်။ <b>ဃာနပသာဒ</b>၊ နှာအကြည်။ <b>ဇိဝှာပသာဒ</b>၊ လျှာအကြည်။ <b>ကာယပသာဒ</b>၊ ကိုယ်အကြည် ဆိုပြီး အကြည်ရုပ် ငါးခုရှိပါတယ်၊</p>
<p>ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်က ဓာတ်လေးပါးကို သိမ်းဆည်းလျက် သမာဓိကို အဆင့်ဆင့် ထူထောင်သွားလိုက်တဲ့ အချိန်အခါမှာ ကလာပ်ခေါ်တဲ့ <b>ရုပ်ကလာပ်</b>တွေကို မမြင်သေးမီ, ဃနခေါ်တဲ့ ရုပ်တုံးရုပ်ခဲတွေကို ဉာဏ်နဲ့ မဖြိုခွဲနိုင်မီမှာ ယောဂီပုဂ္ဂိုလ်အနေနဲ့ ဒီအကြည်ပြင် အကြည် အတုံးအခဲကြီးအနေနဲ့ ရေခဲတုံး, ဖန်တုံး, မှန်တုံးလို သွားတွေ့တယ်၊ အဲဒီ အတုံးအခဲဟာ ဘာတွေလဲလို့မေးတော့ မျက်စိအကြည်, နားအကြည်, နှာခေါင်းအကြည်, လျှာအကြည်, ကိုယ်အကြည်လို့ခေါ်ဆိုအပ်တဲ့ ဒီ<b>ပသာဒရုပ်</b> (၅)ပါးတို့ရဲ့ အကြည်ဖြစ်တယ်၊ အဲဒီ အကြည်ဓာတ်သည် ‘‘<b>အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ</b>’’ ကြေးမုံမှန်အပြင်လိုကြည်နေတဲ့အတွက်ကြောင့် သူတို့ကို ပသာဒရုပ်လို့ခေါ်တယ်ဆိုပြီး ဝိသုဒ္ဓိမဂ်အဋ္ဌကထာက ရှင်းထားတယ်၊</p>
<p>ဒီတော့ ဃနခေါ်တဲ့ ရုပ်တုံး ရုပ်ခဲတွေကို ဉာဏ်နဲ့ မဖြိုခွဲနိုင်မီ အတုံးလိုက်, အခဲလိုက်ကြီးသွားတွေ့တဲ့အကြည်ဓာတ်ပဲ၊ အဲဒီ အကြည်အတုံးအခဲမှာ <b>အာကာသဓာတ်</b>ကို မြင်အောင်ဆက်ပြီး ရှုလိုက်မယ်ဆိုလို့ရှိရင် ဟို မဟာရာဟုလောဝါဒသုတ္တန်စတဲ့ ထိုထိုသုတ္တန်တွေမှာ ညွှန်ကြားထားတဲ့အတိုင်း အာကာသဓာတ်ကို မြင်အောင် ရှုလိုက်မယ်ဆိုရင် ရုပ်ကလာပ်အမှုန်လေးတွေ သွားတွေ့ပါတယ်၊</p>
<p>အဲဒီ ရုပ်ကလာပ်အမှုန်လေးတွေကို တွေ့ပြီဆိုရင် အဲဒီ ရုပ်ကလာပ် တစ်ခု တစ်ခုမှာ တည်ရှိနေတဲ့ ပထဝီ, အာပေါ, တေဇော, ဝါယောခေါ်တဲ့ ဓာတ် (၄)ပါးကို သိမ်းဆည်းနိုင်ပြီဆိုရင် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတဲ့ ဥပစာရသမာဓိဖြစ်တယ်၊ သမထပိုင်းမှာ အဆုံးဖြစ်ပြီး ဝိပဿနာပိုင်းမှာ အစဖြစ်ပါတယ်။ <b>ဒိဋ္ဌိဝိသုဒ္ဓိ</b>စခန်းရဲ့ အစလည်းဖြစ်တယ်၊ အဲဒီ သမာဓိမျိုးကိုတော့ ထူထောင်ရပါတယ်၊ သို့သော် ဒီနေ့ မျက်မှောက်ခေတ်ကတော့ သမာဓိမှန်သမျှ ဘာမှ မထူထောင်နဲ့၊ ဝိပဿနာသာ တိုက်ရိုက်သွား ဆိုပြီးတော့ သူတို့က ရှုပွားကြတယ်၊ ဒီတော့ မဂ္ဂင်က (၈)ပါး ပြည့်သေးလား? မပြည့်တော့ဘူး၊ ဘယ်နှစ်ပါးရှိလဲ? (၇)ပါး၊ မဂ္ဂင် (၈)ပါးကို မဂ္ဂင် (၇)ပါးလို့ပြောရင် ဓမ္မကို အဓမ္မလို့ ထင်ရှားပြနေကြတာ ဖြစ်တယ်၊ ဓမ္မကို အဓမ္မလို့ ထင်ရှားပြနေတဲ့ ပုဂ္ဂိုလ်တွေသည် <b>မဂ်ဉာဏ်</b>, <b>ဖိုလ်ဉာဏ်</b>, <b>နိဗ္ဗာန်</b>ဆိုတဲ့ သတ္တဝါတွေရဲ့ အကျိုးစီးပွားတွေကို ဆုတ်ယုတ်ပျက်စီးအောင် ပြုလုပ်နေတယ်၊ သာသနာတော်ကို ကွယ်အောင်ပြုလုပ်နေတဲ့ ပုဂ္ဂိုလ်တွေလည်းဖြစ်တယ်၊ သတ္တဝါတွေရဲ့သန္တာန်မှာ အကုသိုလ်တရားတွေကို တိုးပွားအောင် များပြားအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေလည်းဖြစ်တယ်၊ ဒါ ဒီသုတ္တန်က ဟောတာနော်၊ ဘုန်းကြီး ဟောတာတော့ မဟုတ်ဘူး၊</p>
<p>```</p>
<h3>တတိယပိုင်း</h3>
<p>```<br>
နောက်တစ်ခု - မဂ္ဂင် တစ်ပါး ထပ်ပြောဦးမယ်၊ နောက်မဂ္ဂင် တစ်ခုကတော့ <b>သမ္မာဒိဋ္ဌိ</b> ဖြစ်ပါတယ်၊ ဘာကို သမ္မာဒိဋ္ဌိ ခေါ်ဆိုသလဲ၊ မဟာသတိပဋ္ဌာနသုတ္တန်မှာပဲ ဘုရားရှင် ကိုယ်တော်တိုင်က အတိအကျ မေးခွန်းထုတ်ပြီးတော့ အဖြေပေးထားပါတယ်၊</p>
<p>‘‘<b>ကတမာ စ ဘိက္ခဝေ သမ္မာဒိဋ္ဌိ</b>’’။ (မ၊၁၊၈၈)</p>
<p><b>ဘိက္ခဝေ</b>၊ ရဟန်းတို့။ <b>သမ္မာဒိဋ္ဌိ</b>၊ သမ္မာဒိဋ္ဌိဆိုတာက။ <b>ကတမာ စ</b>၊ ဘာလဲ? ဒါဘုရားရှင် ကိုယ်တော်တိုင်က မေးတယ်၊ မေးပြီးတော့ ဘယ်လိုဖြေလဲ?</p>
<p>‘‘<b>ယံ ခေါ ဘိက္ခဝေ ဒုက္ခေ ဉာဏံ၊ ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ၊ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဒိဋ္ဌိ</b>’’။ (မ၊၁၊၈၈)</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>ယံ ခေါ ဉာဏံ</b>၊ အကြင်သိသောဉာဏ်သည်။ <b>ဒုက္ခေ</b>၊ ဒုက္ခသစ္စာ၌ (ရှိ၏)။ <b>ယံ ဉာဏံ</b>၊ အကြင်သိသောဉာဏ်သည်။ <b>ဒုက္ခသမုဒယေ</b>၊ သမုဒယသစ္စာ၌ (ရှိ၏)။ <b>ယံ ဉာဏံ</b>၊ အကြင်သိသောဉာဏ်သည်။ <b>ဒုက္ခနိရောဓေ</b>၊ နိရောဓသစ္စာ၌ (ရှိ၏)။ <b>ယံ ဉာဏံ</b>၊ အကြင်သိသောဉာဏ်သည်။ <b>ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ</b>၊ ဒုက္ခချုပ်ရာ နိရောဓနိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့ မဂ္ဂသစ္စာ၌ (ရှိ၏)။ <b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>အယံ</b>၊ ဤဉာဏ်သည်။ <b>သမ္မာဒိဋ္ဌိ</b>၊ သမ္မာဒိဋ္ဌိမည်၏။ <b>ဝုစ္စတိ</b>၊ ဟု ဆိုအပ်၏။ ဒီလို ဘုရားရှင်က ရှင်းထားတယ်၊ ဒီတော့ သမ္မာဒိဋ္ဌိ ဘယ်နှစ်မျိုးရှိလဲ? (၄)မျိုး၊ ဒုက္ခသစ္စာ၌ သိသောဉာဏ်သည် သမ္မာဒိဋ္ဌိ၊ သမုဒယသစ္စာ၌ သိသောဉာဏ်သည် သမ္မာဒိဋ္ဌိ၊ နိရောဓသစ္စာ၌ သိသောဉာဏ်သည် သမ္မာဒိဋ္ဌိ၊ ဒုက္ခချုပ်ရာ နိရောဓ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်ဖြစ်တဲ့ မဂ္ဂသစ္စာ၌ သိသောဉာဏ်သည် သမ္မာဒိဋ္ဌိ၊ ပေါင်းလိုက်တော့ ဘယ်နှစ်မျိုးလဲ? (၄)မျိုး၊</p>
<p>အဲဒီ (၄)မျိုးထဲမှာ နံပါတ် (၁) ဒုက္ခသစ္စာ၌သိသော သမ္မာဒိဋ္ဌိဉာဏ်သည်လည်း ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်လို့ခေါ်ဆိုအပ်တဲ့ မဂ္ဂသစ္စာစာရင်းဝင် မဂ္ဂင်တရားကိုယ် တစ်ပါးပဲဖြစ်ပါတယ်၊ နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်တစ်ခုပဲ ဖြစ်တယ်နော်၊</p>
<p>သမုဒယသစ္စာကို သိတဲ့ဉာဏ်ဟာလည်း နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်တစ်ခု မဂ္ဂင်တစ်ခုပဲဖြစ်တယ်၊ နိရောဓသစ္စာ, မဂ္ဂသစ္စာတွေကို သိနေတဲ့ ဉာဏ်ဟာလည်း နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်တစ်ခု မဂ္ဂင်တစ်ခုပဲ ဖြစ်ပါတယ်၊ ဒီအချက်နဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီး နောက်ထပ် အညွှန်းသိုက်စာလေးတစ်ခု ရွတ်ပြမယ်နော်၊ သစ္စသံယုတ်မှာ အာသဝက္ခယသုတ္တန်ဆိုတဲ့ သုတ္တန်တစ်ခု ရှိပါတယ်၊ ထိုသုတ္တန်မှာ ဘုရားရှင်က ဘယ်လိုဟောလဲ?</p>
<p>‘‘<b>ဇာနတောဟံ ဘိက္ခဝေ ပဿတော အာသဝါနံ ခယံ ဝဒါမိ၊ နော အဇာနတော နော အပဿတော</b>’’။ (ခု၊၁၊၂၆၅၊ ဣတိဝုတ္တက။)</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>ဇာနတော</b>၊ သိသောသူအား။ <b>ပဿတော</b>၊ မြင်သောသူအား။ <b>အာသဝါနံ</b>၊ အာသဝေါတရားတို့၏။ <b>ခယံ</b>၊ ကုန်ခြင်းကို။ <b>အဟံ</b>၊ ငါဘုရားသည်။ <b>ဝဒါမိ</b>၊ ဟောတော်မူ၏။ <b>အဇာနတော</b>၊ မသိသောသူအား။ <b>အပဿတော</b>၊ မမြင်သောသူအား။ <b>အာသဝါနံ</b>၊ အာသဝေါတရားတို့၏။ <b>ခယံ</b>၊ ကုန်ခြင်းကို။ <b>နော ဝဒါမိ</b>၊ ဟောတော်မမူ။</p>
<p>ချစ်သားရဟန်းတို့၊ သိတဲ့ပုဂ္ဂိုလ်အား မြင်တဲ့ပုဂ္ဂိုလ်အား အာသဝေါတရားတို့ရဲ့ ကုန်ခြင်းကို ငါဘုရား ဟောတော်မူတယ်၊ မသိတဲ့ပုဂ္ဂိုလ် မမြင်တဲ့ပုဂ္ဂိုလ်ကို ငါဘုရား အာသဝေါတရားတို့ ကုန်ခြင်းကို ဘယ်တော့မှ မဟောဘူး၊ ကဲ ဘာတွေကိုသိမှလဲ, ဘာတွေကို မြင်မှလဲ? ဘုရားရှင် ကိုယ်တော်တိုင်က မေးခွန်းထုတ်ပြီးတော့ ပြန်အဖြေပေးထားတယ်၊</p>
<p>‘‘<b>ကိဉ္စ ဘိက္ခဝေ ဇာနတော ကိံ ပဿတော အာသဝါနံ ခယော ဟောတိ</b>’’။ (ခု၊၁၊၂၆၅၊ ဣတိဝုတ္တက။)</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>ကိဉ္စ</b>၊ အဘယ်တရားကိုလျှင်။ <b>ဇာနတော</b>၊ သိသောသူအား။ <b>ပဿတော</b>၊ မြင်သောသူအား။ <b>အာသဝါနံ</b>၊ အာသဝေါတရားတို့၏။ <b>ခယော</b>၊ ကုန်ခြင်းသည်။ <b>ဟောတိ</b>၊ ထင်ရှား ဖြစ်ပေါ်၍ လာပါသနည်း၊</p>
<p>ဘာတွေကို သိမယ်, ဘာတွေကို မြင်မယ်, ဘယ်တရားတွေကို သိမယ်, ဘယ်တရားတွေကို မြင်မယ်ဆိုရင် အာသဝေါတရားတွေရဲ့ ကုန်ခြင်းသည် ထင်ရှားဖြစ်ပေါ်၍ လာပါသလဲ?</p>
<p>‘‘<b>ဣဒံ ဒုက္ခန္တိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ၊ အယံ ဒုက္ခသမုဒယောတိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ၊ အယံ ဒုက္ခနိရောဓောတိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ၊ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ</b>’’။</p>
<p>ဤကား <b>ဒုက္ခသစ္စာ</b>လို့ သိမယ်မြင်မယ်ဆိုရင် အာသဝေါတရားတွေကုန်မယ်၊ ဤကား ဒုက္ခဖြစ်ကြောင်း <b>သမုဒယအရိယသစ္စာ</b>တရားလို့ သိမယ်, မြင်မယ်ဆိုရင် အာသဝေါတရားတွေကုန်မယ်၊ ဤကား ဒုက္ခချုပ်ရာ <b>နိရောဓသစ္စာ</b>တရားလို့ သိမယ်မြင်မယ်ဆိုရင် အာသဝေါတရားတွေကုန်မယ်၊ ဤကား ဒုက္ခချုပ်ရာနိရောဓနိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့ <b>မဂ္ဂသစ္စာ</b>တရားလို့ သိမယ် မြင်မယ်ဆိုရင် အာသဝေါတရားတွေ ကုန်မယ်၊</p>
<p>ဒီလို သိခဲ့မယ်, ဒီလိုမြင်ခဲ့မယ်, ဒီသစ္စာ (၄)ပါးကို ဒီလိုသိမယ်, ဒီလိုမြင်မယ်ဆိုရင် အာသဝေါတရားတွေကုန်မယ်လို့ ဒီလို ဘုရားရှင်က ဟောထားတယ်၊ အဲဒါက နိဗ္ဗာန်ဆိုတဲ့ ရွှေမြို့တော်ကြီး ရတနာရွှေအိုးကြီးကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် တူးဖော်ရမယ်ဆိုတဲ့ တူးဖော်ပုံ နည်းစနစ်ကို ညွှန်ကြားနေတဲ့ အညွှန်းသိုက်စာတစ်ခု ဖြစ်တယ်၊ ဒီတော့ ဆိုလိုတာက သစ္စာ (၄)ပါးကို မသိခဲ့ဘူးဆိုလို့ရှိရင် အာသဝေါတရားတွေ ကုန်မလား? မကုန်ဘူး၊ အာသဝေါတရား ဘယ်အခါ ကုန်သလဲလို့မေးတော့ <b>အရဟတ္တမဂ်ဉာဏ်</b>ရတဲ့အခါမှာ ကုန်မှာ ဖြစ်ပါတယ်၊ အာသဝေါတရားတွေ မကုန်ဘူးဆိုတော့ အရဟတ္တမဂ်ဉာဏ် ရနိုင်မလား? မရနိုင်ဘူး၊ ဒါ ဆိုလိုတာကနော်၊ ဒီတော့ အရဟတ္တမဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို မရနိုင်ဘူး၊ နိဗ္ဗာန်ကို မရနိုင်ဘူး၊ သစ္စာ (၄)ပါးကိုသိမှ အာသဝေါတရားတွေ ကုန်မယ်၊ အရဟတ္တမဂ်, အရဟတ္တဖိုလ် နိဗ္ဗာန်ကိုရမယ်လို့ ဒီလို ဘုရားက ဟောတယ်၊ ဟောထားလိုက်တော့ အဲဒီ သစ္စာ (၄)ပါးထဲမှာ နံပါတ် (၁)သစ္စာက ဘာလဲ? ဒုက္ခသစ္စာ၊ ဘာကို ဒုက္ခသစ္စာလို့ ခေါ်သလဲ?</p>
<p>‘‘<b>သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ</b>’’ တဲ့၊ ဓမ္မစကြာ ဒေသနာတော်မှာလည်း ဒီပုံစံအတိုင်း ဟောတယ်၊ မဟာသတိပဋ္ဌာနသုတ္တန်စတဲ့ ထိုထိုသုတ္တန်တွေမှာလည်း တော်တော်ခပ်များများ မြတ်စွာဘုရား ဒီပုံစံအတိုင်း ဟောထားပါတယ်၊ လိုရင်းတိုရှင်းကို ပြောမယ်ဆိုရင် <b>ဥပါဒါနက္ခန္ဓာ (၅)ပါး</b>သည် ဒုက္ခသစ္စာ</p>
<p>အဲဒီ ဒုက္ခသစ္စာ အမည်ရနေတဲ့ ခန္ဓာ (၅)ပါးထဲမှာ <b>ရူပုပါဒါနက္ခန္ဓာ</b> ဆိုတာက ဘာကိုခေါ်လဲ? ဒီအချက်နဲ့ ပတ်သက်ပြီးတော့ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ခန္ဓသုတ္တန်မှာ ဘုရားရှင်က —</p>
<p>‘‘<b>ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော</b>’’။ (သံ၊၂၊၃၉၊ ခန္ဓသုတ္တန်။) စသည်ဖြင့် ဒီလိုရှင်းထားတယ်၊</p>
<p>အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိကခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ရုပ်တရား, သုခုမခေါ်တဲ့ သိမ်မွေ့နူးညံ့တဲ့ ရုပ်တရား, ဟီနခေါ်တဲ့ ယုတ်ညံ့တဲ့ရုပ်တရား, ပဏီတခေါ်တဲ့ မွန်မြတ်တဲ့ရုပ်တရား, ဒူရခေါ်တဲ့ ဝေးတဲ့ရုပ်တရား, သန္တိကခေါ်တဲ့ နီးတဲ့ရုပ်တရား ပေါင်းလိုက်တော့ (၁၁)မျိုး၊</p>
<p>အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိကခေါ်တဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ရုပ်တရားအစုအပုံသည် အာသဝေါတရားတို့ရဲ့ အာရုံယူရာ (၃၁)ဘုံ နယ်မြေအတွင်းမှာ တည်ရှိတဲ့ တဏှာ, ဒိဋ္ဌိတို့ဖြင့် ငါ, ငါ့ဟာလို့ စွဲစွဲလမ်းလမ်း ဆုပ်ကိုင်စရာဖြစ်တယ်ဆိုရင် ထို (၁၁)မျိုးသော အခြင်းအရာ အားဖြင့် တည်နေတဲ့ ရုပ်တရားအစုအပုံကို <b>ရူပုပါဒါနက္ခန္ဓာ</b>လို့ ခေါ်တယ်ဆိုပြီး ရှင်းထားတယ်၊</p>
<p>ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာတွေလည်း ပုံစံတူပဲ ရှင်းထားပါတယ်၊ ရှင်းထားလိုက်တော့ ဆိုလိုတာက ဒုက္ခသစ္စာအမည်ရနေတဲ့ ဥပါဒါနက္ခန္ဓာ (၅)ပါးထဲမှာ အတိတ်ခန္ဓာ (၅)ပါးလည်း မပါဘူးလား? ပါတယ်၊ ပစ္စုပ္ပန်ခန္ဓာ (၅)ပါးလည်း ပါတယ်၊ အနာဂတ်ခန္ဓာ (၅)ပါးလည်း ပါတယ်၊ အဇ္ဈတ္တခန္ဓာ (၅)ပါးလည်း ပါတယ်၊ ဗဟိဒ္ဓခန္ဓာ (၅)ပါးလည်း ပါတယ်၊ ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိကခေါ်တဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ခန္ဓာ (၅)ပါး အားလုံးပါတယ်၊</p>
<p>အဲဒီ ခန္ဓာ (၅)ပါးကို သိနေတဲ့ဉာဏ်သည် <b>သမ္မာဒိဋ္ဌိ</b> ဖြစ်တယ်၊ ဒီတော့ ခုနကလည်း ပြောခဲ့ပြီးပြီ၊ ရုပ်တရားတို့မည်သည်မှာ ကလာပ်ခေါ်တဲ့ အမှုန်လေးတွေအနေနဲ့ ဖြစ်ပါတယ်၊ အဲဒီ ရုပ်ကလာပ်အမှုန်လေးတွေသည် ရုပ်တရားအစစ်လားဆိုတော့ မဟုတ်သေးဘူး၊ အဲဒီ ရုပ်ကလာပ်တစ်ခု တစ်ခုမှာ တည်ရှိနေတဲ့ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာအစရှိတဲ့ သဘောတရားလေးတွေကသာလျှင် <b>ရုပ်ပရမတ်</b>အစစ်ဖြစ်တယ်၊ အဲဒီ ရုပ်ပရမတ်အစစ်ကို ထိုးထွင်းသိတဲ့ ဉာဏ်ကသာလျှင် သမ္မာဒိဋ္ဌိ ဖြစ်ပါတယ်၊</p>
<p>နောက်တစ်ခု နာမ်တရားတို့မှာလည်း <b>ဝီထိစိတ်</b>နဲ့ <b>ဝီထိမုတ်စိတ်</b>လို့ နှစ်မျိုးရှိတယ်၊ ဝီထိစိတ်တွေကလည်း ဝီထိစိတ်လို့ခေါ်ဆိုအပ်တဲ့ <b>စိတ္တနိယာမ</b> လမ်းကြောင်းအတိုင်း စိတ်တစ်ခုပြီး တစ်ခုဖြစ်သွားတယ်၊ ဖြစ်တဲ့အခါမှာ စိတ်တို့မည်သည် စေတသိက် မပါဘဲ ဖြစ်နိုင်တဲ့ စွမ်းအား မရှိ၊ စိတ္တက္ခဏ တစ်ခုအတွင်း အောက်ထစ်ဆုံးအားဖြင့် အသိစိတ်တစ်လုံးနဲ့ သဗ္ဗစိတ္တသာဓာရဏ စေတသိက် (၇)လုံး ဖြစ်တယ်၊</p>
<p>တစ်ချို့ စိတ္တက္ခဏတွေမှာ (၁၁)လုံး, (၁၂)လုံး, တစ်ချို့ စိတ္တက္ခဏတွေမှာ (၃၃), (၃၄)စသည်ဖြင့် ဖြစ်တယ်၊ ဒီလိုစိတ်တွေဟာ အသီးအသီး ယှဉ်တွဲပြီး ဝီထိခေါ်တဲ့ စိတ္တနိယာမ လမ်းကြောင်းအတိုင်း ဖြစ်တာတွေလည်း ရှိတယ်၊</p>
<p>ဝီထိမုတ်စိတ်တွေကလည်း ဝီထိမုတ်စိတ်တွေရဲ့ လမ်းကြောင်းအတိုင်း ဖြစ်နေကြပါတယ်၊ အဲဒီ စိတ်, စေတသိက်တွေက ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာဖြစ်တယ်၊ အဲဒီ နာမ်ခန္ဓာ (၄)ပါး <b>နာမ်တရား</b>ဖြစ်ကြပါတယ်၊</p>
<p>အဲဒီ ရုပ်တရား, နာမ်တရားတွေကို သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိဖြစ်တယ်၊ ထိုသမ္မာဒိဋ္ဌိသည် <b>မဂ္ဂင် (၈)ပါး</b>ထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်၊ ဒုက္ခနိရောဓဂါမိနိပဋိပဒါလို့ ခေါ်ဆိုအပ်တဲ့ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်အဖြစ် ဘုရားရှင်ဟောကြားထားတဲ့ မဂ္ဂင် (၈)ပါးထဲမှာ တစ်ခုအပါအဝင်ဖြစ်တယ်၊</p>
<p>ဒါပေမယ့် ဒီနေ့ မျက်မှောက်ခေတ်မှာ တစ်ချို့ ဘာတွေပြောကြလဲ? ဘုရားဟောတဲ့ ရုပ်တရားက ဘုရားသာ သိတာ၊ သာဝကတွေ မသိနိုင်ဘူး၊ ဘုရားဟောတဲ့ နာမ်တရားက ဘုရားသာ သိတာ၊ သာဝကတွေ မသိနိုင်ဘူးလို့ ဒီလိုပြောလိုက်တော့ သမ္မာဒိဋ္ဌိမဂ္ဂင်က တစ်ခြမ်းထပ်ပြီး ပဲ့မသွားဘူးလား? ပဲ့သွားပြန်ပြီ၊ ခုနက သမ္မာသမာဓိမဂ္ဂင်က ပဲ့ထွက်သွားတယ်၊ ခု သမ္မာဒိဋ္ဌိမဂ္ဂင်က ပဲ့မထွက်သွားဘူးလား? ပဲ့ထွက်သွားပြန်ပြီ၊ ဘုရားဟောတဲ့ ရုပ်တရား, နာမ်တရားကို ဘုရားသာသိတယ်၊ သာဝကတွေ မသိနိုင်ဘူးဆိုတော့ ဘုရားရှင်ဘက်ကလည်း သာဝကတွေသိနိုင်တဲ့ ရုပ်တရားက ဒီရုပ်တရား, နာမ်တရားဖြစ်တယ်၊ ငါဘုရားရှင်သိတဲ့ ရုပ်တရားက ဒီရုပ်တရား, ဒီနာမ်တရားဖြစ်တယ်လို့ နှစ်မျိုး ခွဲဟောသွားတယ်ဆိုရင်တော့ ပြောဖို့ သိပ်အားရှိတာပေါ့၊ ခု အဲဒီလို နှစ်မျိုးခွဲ ဟောထားတာလည်း ပိဋကတ်ပါဠိတော် အညွှန်းသိုက်စာတွေမှာ ရှိသလား? မရှိပြန်ဘူး၊</p>
<p>ဒီတော့ မရှိတဲ့ အချိန်အခါကျတော့ ဘုရားဟောတဲ့ ရုပ်နာမ်ကို မသိခဲ့ရင် ဘယ်ရုပ်နာမ်ကို သိရမလဲလို့ သူတို့မေးတော့ တိတိကျကျ မယ်မယ်ရရ ပြောနိုင်တဲ့ စွမ်းအားတော့ မရှိပါဘူး၊ မရှိပေမယ့်လို့ ဘုရားဟောထားတဲ့ ရုပ်နာမ်ကို မသိနိုင်ဘူးဆိုတာကတော့၊ ဘူးခံပြီး ငြင်းနေကြတယ်၊ ငြင်းလိုက်တဲ့အတွက် သမ္မာဒိဋ္ဌိဆိုတဲ့ မဂ္ဂင်တစ်ခုက လျော့မသွားဘူးလား? လျော့သွားပြန်တယ်၊ မဂ္ဂင် ဘယ်နှစ်ပါးဖြစ်သွားလဲ? (၆)ပါးပဲ ရှိတော့တယ်နော်၊</p>
<p>ဒီတော့ မဂ္ဂင် (၈)ပါးကို မဂ္ဂင် (၆)ပါးလို့ ထင်ရှားပြနေရင် ထိုပုဂ္ဂိုလ်တွေသည် ဓမ္မကို အဓမ္မလို့ ထင်ရှားပြနေတာ ဖြစ်တယ်တဲ့၊ ဓမ္မကို အဓမ္မလို့ ထင်ရှားပြနေတာဟာ ဘာဖြစ်သလဲ?</p>
<p><b>‘‘တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနအဟိတာယ ပဋိပန္နာ ဗဟုဇနအသုခါယ ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ’’</b> (အံ၊၁၊၁၉။)</p>
<p>ထိုရဟန်းတွေဟာ သတ္တဝါအပေါင်း ဆင်းရဲဒုက္ခရောက်ဖို့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ အကျိုးစီးပွားတွေ ပျက်စီးဖို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေဖြစ်ကြတယ်တဲ့၊ ဒါတွင်လားဆိုတော့ မကသေးဘူး၊</p>
<p><b>‘‘ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ အပုညံ ပသဝန္တိ’’</b> (အံ၊၁၊၁၉။)</p>
<p>အကုသိုလ်တရားတွေကို များပြားအောင် ကျင့်နေတဲ့ ရဟန်းတွေလည်းဖြစ်တယ်၊</p>
<p><b>‘‘တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တိ’’</b> (အံ၊၁၊၁၉။)</p>
<p>ငါဘုရားရှင်ရဲ့ ဒီသာသနာတော်ကြီးကိုလည်း ကွယ်ပအောင် လုပ်နေတဲ့ ရဟန်းတွေဖြစ်ကြတယ်၊ ဘာကြောင့်လဲ၊ ဘုရားရှင်ရဲ့ သာသနာတော်က <b>မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်</b>ကို အထွတ်တပ်လျက် အမြဲတမ်း ရှိပါတယ်။ <b>သစ္စာလေးပါး</b>ကို ဦးတိုက်လျက်ရှိတယ်၊ သစ္စာလေးပါး ထိုးထွင်း သိမြင်ရေးအတွက်သာလျှင် ဘုရားရှင်က ဟောတယ်။ <b>အာသဝေါတရား</b>တွေ ကုန်ရေးအတွက်သာလျှင် ဟောနေတယ်၊ ဒီလိုဟောပါလျက်နဲ့ အာသဝေါတရားလေးပါးတို့ ကုန်ရာကုန်ကြောင်းဖြစ်တဲ့ ကျင့်စဉ်ပိုင်းမှာ <b>သမ္မာဒိဋ္ဌိမဂ္ဂင်</b>တစ်ခုကို ဘေးဖယ်လိုက်တယ်၊ ဒီသမ္မာဒိဋ္ဌိက ဒုက္ခသစ္စာကို သိတဲ့ သမ္မာဒိဋ္ဌိကို ဘေးဖယ်ခြင်းဖြစ်တယ်၊</p>
<p>နောက်တစ်ခု - ဒုက္ခသစ္စာကို သိတဲ့ သမ္မာဒိဋ္ဌိလည်းဖြစ်တယ်၊ သမုဒယသစ္စာကို သိတဲ့ သမ္မာဒိဋ္ဌိလည်းဖြစ်တယ်၊ နောက်ထပ် သမ္မာဒိဋ္ဌိတစ်ခု ဘုန်းကြီး ထပ်ပြောဦးမယ်၊ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ နှစ်ခုရှိတယ်၊ ဒုက္ခသစ္စာက အကျိုးတရား, သမုဒယသစ္စာက အကြောင်းတရား, အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှားဖြစ်ပေါ်လာရတယ်ဆိုရင် အကြောင်းနဲ့အကျိုး နှစ်ရပ်တို့က ဘယ်သူအရင်ဖြစ်မလဲ၊ အကြောင်းက အရင်ဖြစ်မလား၊ အကျိုးက အရင်ဖြစ်မလား၊ အကြောင်းက အရင်ဖြစ်မယ်၊</p>
<p>အဲဒီအကြောင်းက အရင်ဖြစ်မယ်ဆိုရင် ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ နှစ်မျိုး ရှိတဲ့အနက်က ဘယ်သစ္စာက အရင်ဖြစ်မလဲ? သမုဒယသစ္စာက အရင်ဖြစ်မယ်နော်၊ ဒါ သဘာဝလေး မှတ်ထား၊ ခေတ်ကတော့ ဘာပြောလဲ? သမုဒယသစ္စာဆိုတာ တဏှာပါ၊ တဏှာကို သမုဒယသစ္စာလို့ ခေါ်တယ်၊ တဏှာကို သိရင် သမုဒယသစ္စာကို သိတာပဲ ဆိုပြီးတော့ ဖြီးဖြန်းပြီး ပြောတယ်ဆိုတာ ဘုန်းကြီးက နည်းနည်း အဓိပ္ပာယ်ရှိရှိ ပြောတာပါနော်၊ နည်းနည်းလေး ဘုန်းကြီး ထပ်ပြီး ဆန်းစစ်ပြမယ်၊</p>
<p>မြတ်စွာဘုရားက <b>သစ္စဝိဘင်းပါဠိတော်</b>မှာ တဏှာကိုလည်း သမုဒယသစ္စာလို့ ဟောတယ်။ ကိလေသာတစ်ဆယ်ပါးကိုလည်း သမုဒယသစ္စာလို့ဟောတယ်။ အကုသိုလ်တရား အားလုံးကိုလည်း သမုဒယသစ္စာလို့ ဟောတယ်၊ သံသရာဝဋ်ကို လည်ပတ်စေတတ်တဲ့ ကုသလမူလတရား သုံးပါးနဲ့ အကုသိုလ်တရား အားလုံးကိုလည်း သမုဒယသစ္စာလို့ ဟောတယ်၊ နောက်ပိတ်ဆုံး ပဉ္စမနည်းမှာတော့ သံသရာဝဋ်ကို လည်ပတ်စေတတ်တဲ့ ကုသိုလ်ကံ, အကုသိုလ်ကံ မှန်သမျှကို သမုဒယသစ္စာလို့ ဟောတယ်၊ ဒါကြောင့် <b>ဝိသုဒ္ဓိမဂ် အဋ္ဌကထာ</b> ဒုတိယတွဲနဲ့ <b>သမ္မောဟဝိနောဒနီ အဋ္ဌကထာ</b>တို့က ပဋိစ္စသမုပ္ပါဒ်ကို ဖွင့်ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် ဝိဘင်းပိုင်းမှာ---</p>
<p><b>‘‘တတ္ထ ယသ္မာ ကုသလာကုသလကမ္မံ အဝိသေသေန သမုဒယသစ္စန္တိ သစ္စဝိဘင်္ဂေ ဝုတ္တံ’’</b> (အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၆။)</p>
<p>ဆိုပြီးတော့ ဒီလို ဖွင့်ဆိုထားတယ်၊ (သာမညအားဖြင့် ပြောမယ် ဆိုလို့ရှိရင်တော့) ကုသိုလ်ကံ, အကုသိုလ်ကံမှန်သမျှကို စေတနာ၊ စေတနာနှင့် ယှဉ်ဖက် သမ္ပယုတ်တရားလို့ အထူးမပြောတော့ဘဲ သာမညအားဖြင့် ပြောမယ်ဆိုရင် ကုသိုလ်ကံ, အကုသိုလ်ကံ မှန်သမျှကို သမုဒယသစ္စာလို့ သစ္စဝိဘင်း ပါဠိတော်မှာ ဟောထားပါတယ်ဆိုပြီး ဒီလို ရှင်းထားတယ်၊ နည်းနည်းလေးတော့ ဘုန်းကြီး ထပ်ပြောပါ့မယ်၊ ဒီလို ကုသိုလ်ကံ, အကုသိုလ်ကံ မှန်သမျှကို သမုဒယသစ္စာဆိုရင် ဘာကြောင့် ဘုရားရှင်က တဏှာကို သမုဒယသစ္စာဆိုပြီး ဒီလိုဟောလဲလို့ မေးတော့ ပဓာနအားဖြင့် ဟောခြင်း ဖြစ်ပါတယ်၊ တဏှာ အစိုဓာတ် အစေးဓာတ်ရှိတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာသာလျှင် ထူထောင်နေတဲ့ ကုသိုလ်ကံ, အကုသိုလ်ကံတို့က အကျိုးကို ဖြစ်စေနိုင်တဲ့ ခန္ဓာငါးပါးကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတယ်၊</p>
<p>တဏှာ အစိုဓာတ် အစေးဓာတ် ခန်းခြောက်သွားတဲ့ <b>ရဟန္တာ အရှင်မြတ်</b>တို့လည်း ဒါနပြုခြင်း, သီလဆောက်တည်ခြင်း, သမထ ဝိပဿနာ ဘာဝနာကိုပွားများ အားထုတ်ခြင်းဆိုတဲ့ လုပ်ငန်းရပ်တွေ ရှိကြပါတယ်၊ ဒါပေမယ့် သူတို့ ပြုစုပျိုးထောင်နေတဲ့ ဒီလုပ်ငန်းရပ်တွေကို ပြုလုပ်ကာမတ္တ<b>ကြိယာတရား</b>တွေလို့ခေါ်တယ်၊ ကုသိုလ်လို့ မခေါ်တော့ဘူး၊ ဘာဖြစ်လို့လဲ? နောက်ထပ်တစ်ဖန် အကျိုးကို ဖြစ်စေနိုင်တဲ့ စွမ်းအားတွေ လုံးဝ မရှိခြင်းကြောင့် ဒီသူတို့ ပြုစုပျိုးထောင်နေတဲ့ ဒါန, သီလ, သမထ, ဝိပဿနာ လုပ်ငန်းရပ်တွေက အကျိုးမပေးနိုင်သလဲမေးရင် တဏှာအစိုဓာတ် အစေးဓာတ်ဆိုတဲ့ အဖော်သဟဲ အထောက်အပံ့ကို မရရှိတဲ့အတွက် အကျိုးမပေးနိုင်ခြင်း ဖြစ်တယ်၊</p>
<p>အကယ်၍သာ တဏှာအစိုဓာတ်, အစေးဓာတ်ရှိနေတဲ့ ပုဂ္ဂိုလ်တွေက ဒီဒါန, သီလ, သမထ, ဝိပဿနာ မျိုးစေ့တွေကို ထူထောင်ခဲ့မယ်ဆိုရင် တဏှာ အစိုဓာတ် အစေးဓာတ်က မခန်းခြောက်သေးသမျှ အကျိုးက ဖြစ်နေမှာပဲ၊</p>
<p>ဒါကြောင့် ပဓာနနည်းအားဖြင့် တဏှာကိုလည်း သမုဒယသစ္စာလို့ ဘုရားက ဟောခြင်းဖြစ်တယ်၊ အလားတူပဲ၊ ကိလေသာတစ်ဆယ်ပါးကိုလည်း သမုဒယသစ္စာလို့ဟောခြင်း, အကုသိုလ်တရား အားလုံးကိုလည်း သမုဒယသစ္စာလို့ဟောခြင်း သံသရာဝဋ်လည်ပတ်စေတတ်တဲ့ ကုသလမူလသုံးပါးနှင့် အကုသိုလ်တရားအားလုံးကိုလည်း သမုဒယသစ္စာလို့ ဟောခြင်းတွေဟာ ပဓာနနည်းပဲ၊ အကျဉ်းနှင့်တကွ ဟောတယ်၊ ဒါပေမယ့် ပဉ္စမနည်းမှာကျတော့ ဘုရားရှင်က သံသရာဝဋ်ကို လည်ပတ်စေတတ်တဲ့ ကုသိုလ်ကံ, အကုသိုလ်ကံ မှန်သမျှကို သမုဒယသစ္စာလို့ဟောတယ်၊ အဲဒီလို ဟောနည်းကတော့ <b>နိပ္ပဒေသနည်း</b> သမုဒယသစ္စာကို အကြွင်းအကျန်မရှိ ကုန်စင်အောင် ဟောကြားတော်မူတဲ့ နည်းလို့ခေါ်ဆိုပါတယ်၊</p>
<p>ဒီတော့ ကုသိုလ်ကံ, အကုသိုလ်ကံ မှန်သမျှသည် သမုဒယသစ္စာဆိုရင် ဒီနေ့ ဒကာကြီးတွေ ကောင်းမှုကုသိုလ်တွေ ထူထောင်ကြတယ်၊ ကျမ်းစာတွေအတွက်လည်း လှူဒါန်းကြတယ်၊ ပိဋကတ်သုံးပုံတွေကို တည်ထားကိုးကွယ်ဖို့အတွက် လှူဒါန်းပူဇော်ကြတယ်၊ ဆွမ်းတွေလည်း လှူဒါန်းပူဇော်ကြတယ်၊ သင်္ကန်းတွေလည်း လှူဒါန်းပူဇော်ကြတယ်၊ ပန်းတွေ, ဆီမီးတွေလည်း လှူဒါန်းပူဇော်ကြတယ်၊ ဘာလုပ်ကြတာလဲ? ကုသိုလ်ကံတွေကို ထူထောင်ကြတာပဲ၊</p>
<p>အဲဒီ ကုသိုလ်ကံတွေကြောင့် ဒကာကြီးတွေရဲ့ လက်ရှိသန္တာန်မှာ တည်ရှိနေတဲ့ ခန္ဓာငါးပါး ထင်ရှားဖြစ်ပါသလားလို့ မေးရင် ဘယ်လိုဖြေမလဲ? အဲဒီအချက်နဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီး <b>နာနက္ခဏိက ကမ္မပစ္စည်း</b>ပိုင်းမှာ ပဋ္ဌာန်းအဋ္ဌကထာက ဖွင့်ဆိုထားတာလေး နည်းနည်းဖတ်ပြမယ်နော်၊</p>
<p><b>‘‘ကမ္မပစ္စယေနာတိ အနေကာနမ္ပိ ကပ္ပကောဋီနံ မတ္ထကေ အတ္တနော ဖလံ ဥပ္ပါဒေတုံ သမတ္ထေန နာနာက္ခဏိကကမ္မပစ္စယေနာတိ အတ္ထော’’</b> (အဘိ၊ဋ္ဌ၊၃၊၃၇၄။)</p>
<p>ကမ္မပစ္စည်း, ကမ္မပစ္စယသတ္တိဖြင့် ကုသိုလ်ကံ, အကုသိုလ်ကံတွေက ဝိပါက် ကမ္မဇရုပ်တွေနဲ့ ဝိပါက်နာမ်တရားတွေကို ဖြစ်စေတယ်ဆိုပြီးတော့ ပဋ္ဌာန်းပါဠိတော်မှာ ဘုရားရှင်က ဟောထားတယ်၊ အဲဒီဟောထားတဲ့ ကမ္မပစ္စည်းပိုင်းမှာလာတဲ့ ကုသိုလ်ကံ, အကုသိုလ်ကံဆိုတာတွေဟာ ဘာတွေလဲလို့မေးတော့ "အနေကာနမ္ပိ ကပ္ပကောဋီနံ မတ္ထကေ အတ္တနော ဖလံ ဥပ္ပါဒေတုံ သမတ္ထေန"၊</p>
<p>ကမ္ဘာကုဋေပေါင်းများစွာ အထက်က ပြုစုပျိုးထောင်ခဲ့တဲ့ ကံဖြစ်ချင်လည်း ဖြစ်ပါစေတဲ့၊ အဲဒီကံမှာ မိမိရဲ့ အကျိုးကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ရှိနေတယ်၊ အဲဒီ စွမ်းအင်လေးကို နာနက္ခဏိက ကမ္မစွမ်းအင်သတ္တိလို့ ဆိုပြီး ဒီလိုခေါ်တယ်၊ နာနက္ခဏိက ဆိုတာကတော့ အကြောင်းအရာကို ထူထောင်ခဲ့တဲ့ အချိန်အခါကာလနှင့် အကျိုးဖြစ်ပေါ်လာရာ အချိန်အခါကာလ, ကာလနှစ်ခု နှိုင်းယှဉ်လိုက်တဲ့အခါမှာ အချိန်ကာလ ခဏချင်း မတူညီကြဘူး၊ ကွဲပြားနေတယ်၊ အကြောင်းအကျိုး နှစ်ရပ်မှာ အကြောင်းဖြစ်တဲ့ အချိန်နဲ့ အကျိုးဖြစ်တဲ့ အချိန် မတူညီဘဲ ကွဲပြားနေတာကို နာနက္ခဏိက လို့ခေါ်တယ်၊ အချိန်ကာလ မတူတော့ဘူး၊ ခဏမတူဘူး၊ ခဏချင်း မတူတဲ့ အကြောင်းတရားတွေ၊ ဒီတော့ ဒီနေရာမှာ အဋ္ဌကထာဆရာတော်က နည်းနည်းလေး ထပ်ပြီးရှင်းထားတယ်၊</p>
<p><b>‘‘ကုသလာကုသလဉှိ ကမ္မံ အတ္တနော ပဝတ္တိက္ခဏေ ဖလံ န ဒေတိ’’</b></p>
<p><b>ကုသလာကုသလဉှိ ကမ္မံ</b>၊ ကုသိုလ်ကံ အကုသိုလ်ကံသည်။ <b>အတ္တနော</b>၊ မိမိ၏။ <b>ပဝတ္တိက္ခဏေ</b>၊ ဖြစ်ပေါ်ဆဲခဏ၌။ <b>ဖလံ</b>၊ အကျိုးကို။ <b>န ဒေတိ</b>၊ မပေး၊</p>
<p>ကုသိုလ်ကံ, အကုသိုလ်ကံဟာ မိမိဖြစ်နေဆဲအခါမှာ ဘယ်တော့မှ အကျိုးမပေးဘူးတဲ့၊</p>
<p><b>‘‘ယဒိ ဒဒေယျ’’</b></p>
<p><b>ယဒိ</b>၊ အကယ်၍။ <b>ဒဒေယျ</b>၊ အကျိုးပေးငြားအံ့၊ အကယ်၍သာ အကျိုးပေးမယ်ဆိုရင်၊</p>
<p><b>‘‘ယံ မနုဿော ဒေဝလောကူပဂံ ကုသလကမ္မံ ကရောတိ၊ တဿာနုဘာဝေန တသ္မိံယေဝ ခဏေ ဒေဝေါ ဘဝေယျ’’</b></p>
<p><b>မနုဿော</b>၊ လူသားတစ်ဦးသည်။ <b>ဒေဝလောကူပဂံ</b>၊ နတ်ပြည်သို့ ကပ်ရောက်ကြောင်းဖြစ်သော။ <b>ယံ ကုသလကမ္မံ</b>၊ အကြင်ကုသိုလ်ကံကို။ <b>ကရောတိ</b>၊ ပြုစုပျိုးထောင်၏။ <b>တဿ</b>၊ ထိုကုသိုလ်ကံ၏။ <b>အာနုဘာဝေန</b>၊ တန်ခိုးရှိန်စော် အာနုဘော်ကြောင့်။ <b>တသ္မိံယေဝ ခဏေ</b>၊ ထိုကံကို ပြုစုပျိုးထောင်ဆဲ ခဏ၌ပင်လျှင်။ <b>ဒေဝေါ</b>၊ နတ်သည်။ <b>ဘဝေယျ</b>၊ ဖြစ်လေရာ၏၊</p>
<p>ကဲ ဒကာကြီးတွေ နည်းနည်း ဆုတောင်းကြည့်စမ်း! ဒီနေ့ ပြုစုပျိုးထောင်လိုက်တဲ့ ကုသိုလ်ကံကြောင့် နတ်ဖြစ်ပါစေ, နတ်သားဖြစ်ပါစေ ဆုတောင်းကြည့်ပါ၊ နတ်သမီး ဖြစ်ပါစေလို့တော့ ဘုန်းကြီး ဆုမတောင်းခိုင်းပါဘူးနော်၊ နတ်သားဖြစ်ပါစေလို့ ဆုတောင်းကြည့်စမ်း! ချက်ချင်း နတ်သားဖြစ်သလား၊ ပစ္စုပ္ပန်ကံက ပစ္စုပ္ပန်အကျိုးကို ဆက်ဆက် ချက်ချင်း အကျိုးပေးတယ်ဆိုလို့ ရှိရင်တော့ ချက်ချင်း နတ်သား ဖြစ်ရမှာပေါ့၊ ဖြစ်သလား? မဖြစ်ဘူးနော်၊ အဲဒီတော့ ဆိုလိုတာလေးက နွားနို့ကို ညှစ်လိုက်တာနဲ့ ချက်ချင်း ထောပတ်ဖြစ်မလား? မဖြစ်ဘူး၊ စပါးက ချက်ချင်း စိုက်လိုက်တာနဲ့ အသီး ချက်ချင်း သီးမလား? မသီးဘူး၊ ရင့်ကျက်ဖို့ အချိန်ကာလဆိုတာ မစောင့်ဆိုင်းရဘူးလား? စောင့်ဆိုင်းရတယ်၊ အလားတူပဲ၊ ကံတစ်ခုကို ပြုစုပျိုးထောင်ရင် ချက်ချင်း ဒီကံက အကျိုးပေးသလား? မပေးဘူး၊ ကံရင့်ကျက်ဖို့ဆိုတဲ့ အချိန်ကာလကိုတော့ စောင့်ဆိုင်းရတဲ့ သဘောရှိပါတယ်၊ ဒိဋ္ဌဓမ္မဝေဒနီယကံလို့ခေါ်တဲ့ မျက်မှောက်သော ဘဝမှာ အကျိုးပေးတဲ့ ကံပဲ ဖြစ်ချင် ဖြစ်ပါစေ။ အဲဒီ ကံကို ပြုစုပျိုးထောင်တဲ့ အချိန်ကာလနဲ့ အကျိုးပေးတဲ့ အချိန်ကာလက အနည်းဆုံး မိနစ်ပိုင်း, နာရီပိုင်းလောက်တော့ မကွာခြားဘူးလား? ကွာခြားရမယ်နော်၊</p>
<p>ဆိုလိုတာက ဒကာကြီးတွေရဲ့ လက်ရှိသန္တာန်မှာ တည်ရှိနေတဲ့ ခန္ဓာငါးပါး ရုပ်တရား, နာမ်တရားသည် အခု ဒကာကြီးတွေ ကျမ်းစာအတွက် လှူဒါန်းပူဇော်နေတဲ့ ဒါနကုသိုလ်ကံကြောင့် ဖြစ်တာတော့ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲ? ဒါနကုသိုလ်ကံက ခုမှ ထူထောင်တာ၊ အခု ဒကာကြီးတွေ ကံကိုထူထောင်တဲ့ အချိန်အခါမှာ အသက်ငါးဆယ်ရှိပြီ ထားပါတော့၊ ဒကာကြီးတွေ သန္တာန်မှာ တည်ရှိနေတဲ့ ခန္ဓာငါးပါးက ဒီဘဝမှာ အနေနဲ့ ကွက်ပြောမယ်ဆိုရင် ဘယ်အချိန်အခါက စဖြစ်ခဲ့သလဲ၊ ဟိုလွန်ခဲ့တဲ့ အနှစ်ငါးဆယ်ကျော် အမိဝမ်းတွင်းမှာ ပဋိသန္ဓေတည်နေတဲ့ အချိန်အခါက စပြီးဖြစ်ခဲ့တယ်၊ ဒီတော့ အကြောင်းတရားနဲ့ အကျိုးတရား နှစ်ခုရှိတဲ့ အနက်က အကြောင်း သမုဒယသစ္စာက အရင်ဖြစ်ရပါ့မယ် ဆိုတာကို လက်ခံနိုင်ခဲ့ရင် အမိဝမ်းတွင်း ကလလရေကြည် တည်စမှာ ဖြစ်ပေါ်နေတဲ့ ခန္ဓာငါးပါး ရုပ်တရား, နာမ်တရားသည် ဒီဘဝထူထောင်တဲ့ ကုသိုလ်ကံကြောင့် ဖြစ်တာတော့ မဟုတ်ဘူး။ အတိတ်က ထူထောင်ခဲ့တဲ့ သမုဒယသစ္စာဆိုတဲ့ ကုသိုလ်ကံကြောင့် ဖြစ်တယ်ဆိုတာတော့ လက်မခံနိုင်ဘူးလား? လက်ခံရမယ်၊</p>
<p>အကယ်၍ လက်မခံနိုင်ဘူး ဆိုလို့ရှိရင် ဒီကနေ့ ဒကာကြီးတွေ ကံထူထောင်နေတာဟာ ဘာအကျိုးရှိမလဲ? အတိတ်က ကုသိုလ်ကံက ဒီဘဝမှာ အကျိုးမပေးဘူးဆိုရင် ဒီဘဝ ထူထောင်နေတဲ့ ကုသိုလ်ကံတွေလည်း နောင်အနာဂတ်မှာ အကျိုးပေးမယ်လို့ ဘယ်လိုလုပ် ပြောနိုင်မလဲ? စဉ်းစားလေနော်၊ ဒီတော့ ဆိုလိုတာက ဒီသမုဒယသစ္စာဆိုတာက အတိတ်က ထူထောင်ခဲ့တဲ့ သမုဒယသစ္စာတရားကြောင့်သာလျှင် ဒီဘဝမှာ ဒုက္ခသစ္စာတရားက ဖြစ်တယ်၊ ဒါကို ဘုန်းကြီးတို့ စာပေနယ်သုံး ဝေါဟာရက <b>ပဋိသမ္ဘိဒါမဂ် ပါဠိတော်ကြီး</b>ကို ကိုးကားပြီး ဘယ်လိုပြောသလဲ?</p>
<p><b>‘‘အတီတေ ဟေတဝေါ ပဉ္စ၊ ဣဒါနိ ဖလပဉ္စကံ၊ ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိံ ဖလပဉ္စကံ’’</b> (အဘိ၊ဋ္ဌ၊၂၊၁၈၂။ ဝိသုဒ္ဓိ၊၂၊၂၁၄။)</p>
<p>ဒါက ဘုန်းကြီးတို့ ငယ်စဉ်အခါထဲက ဆရာသမားရှေ့မှာ ဒူးထောက်ပြီး သင်ခဲ့ရတဲ့ သင်္ဂြိုဟ်ကျမ်းလေးထဲမှာလည်း ဒီဂါထာလေးကို အရှင်အနုရုဒ္ဓါမထေရ်က အဋ္ဌကထာကြီးတွေကနေ ယူပြီးတော့ ရေးထားပါတယ်၊ သမ္မောဟဝိနောဒနီအဋ္ဌကထာနဲ့ ဝိသုဒ္ဓိမဂ် အဋ္ဌကထာတို့ ပဋိစ္စသမုပ္ပါဒ်ကို ဖွင့်ဆိုတဲ့အပိုင်းမှာ ဒီဂါထာလေးကို ရေးသားသွားကြတာဖြစ်တယ်၊ ဒီဂါထာလေးကလည်း သူတို့ရဲ့ အဋ္ဌကထာရဲ့ အလိုအတိုင်း ရေးထားတာတော့ မဟုတ်ဘူး၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကြီးကို ကိုးကားပြီး ရေးသွားကြပါတယ်၊</p>
<p>ဒီတော့ဆိုလိုတာက အတိတ်ကပြုစုပျိုးထောင်ခဲ့တဲ့ <b>အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ</b>ဆိုတဲ့ သမုဒယသစ္စာတရားကြောင့် ဒီဘဝမှာ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာခေါ်တဲ့ ခန္ဓာငါးပါး အကျိုးတရားတွေ ထင်ရှားဖြစ်ပေါ်လာတယ်၊ ဒီဘဝမှာပြုစုပျိုးထောင်လိုက်တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့အကြောင်းတရားတွေကြောင့် နောင်အနာဂတ်ကာလမှာ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာခေါ်တဲ့ ဝိပါကဝဋ် ခန္ဓာငါးပါးဒုက္ခ သစ္စာတရားတွေ ထင်ရှားဖြစ်ပေါ်လာမယ်တဲ့၊</p>
<p>အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ သမုဒယသစ္စာတရားကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာတရားဖြစ်တယ်၊ ဒီဘဝမှာ ပြုစုပျိုးထောင်လိုက်တဲ့ သမုဒယသစ္စာကြောင့် နောင်အနာဂတ်မှာ ဒုက္ခသစ္စာဖြစ်မယ်၊ အတိတ်ကို မရှုဘူးတဲ့၊ အတိတ်က သမုဒယသစ္စာကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာဖြစ်တာ သိမလား? မသိပြန်ဘူး၊ ဝိပဿနာဆိုတာက ပစ္စုပ္ပန်သာ ရှုရတယ်၊ အတိတ်, အနာဂတ် မရှုကောင်းဘူး၊ ပစ္စုပ္ပန်တည့်တည့်သာ ရှုရတယ်ဆိုပြီး ပုံသေယူထားလိုက်တော့ အတိတ်ကို မရှုတော့ အတိတ်က သမုဒယသစ္စာကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာဖြစ်တာ သိမလား? မသိဘူး၊ အနာဂတ်လည်း မရှုတော့၊ ဒီဘဝထူထောင်လိုက်တဲ့ သမုဒယသစ္စာကြောင့် နောင်အနာဂတ်မှာ ဒုက္ခသစ္စာဖြစ်တာလဲ သိဦးမလား? မသိတော့ဘူး၊ ဒီလိုဆိုရင် သမုဒယသစ္စာကိုသိနေတဲ့ သမ္မာဒိဋ္ဌိဉာဏ်ကိုရော ရဦးမလား? မရတော့ပြန်ဘူးတဲ့၊ မဂ္ဂင်က ဘယ်နှစ်ပါး ထပ်ဖြစ်သွားပြန်ပြီလဲ? ထပ်မလျော့ကောင်းတော့ပါဘူး၊ ခြောက်ပါးပဲ ပြန်ဖြစ်သွားပြန်တယ်နော်၊</p>
<p>ဒုက္ခသစ္စာကိုသိတဲ့ သမ္မာဒိဋ္ဌိကလည်း ပဲ့ထွက်သွားတယ်၊ သမုဒယသစ္စာကိုသိတဲ့ သမ္မာဒိဋ္ဌိကလည်း ပဲ့ထွက်ပြန်တယ်၊ မဂ္ဂင်ရှစ်ပါး ပြည့်သေးလား? မပြည့်တော့ဘူး၊ မဂ္ဂင်ဘယ်နှစ်ပါး ဖြစ်နေလဲ၊ ခြောက်ပါးဖြစ်နေပြီနော်၊ ဒီတော့ ဒီအချက်နဲ့ ပတ်သက်ပြီး ဘုန်းကြီးဘက်က ရှင်းပြဖို့ တာဝန်က ရှိလာပြန်တယ်၊ ရှင်းပြဖို့ တာဝန်ရှိတယ်ဆိုတာက အတိတ်, အနာဂတ်ကို မရှုကောင်းဘူး ဆိုတာက ဘာကို အခြေခံပြီး ပြောနေသလဲဆိုတာ <b>ဘဒ္ဒေကရတ္တသုတ္တန်</b>ကို လက်ညှိုးထိုးကြပါတယ်နော်၊ ဘဒ္ဒေကရတ္တသုတ္တန်မှာ ဘုန်းကြီး ဒီနေရာနဲ့ သက်ဆိုင်တဲ့ အချက်လေးကိုပဲ ကွက်ပြီးပြောပါမယ်၊</p>
<p><b>‘‘အတီတံ နာနွာဂမေယျ၊ နပ္ပဋိကင်္ခေ အနာဂတံ၊ ယဒတီတံ ပဟီနံ တံ၊ အပ္ပတ္တဉ္စ အနာဂတံ’’</b> (မ၊၃၊၂၂၆။)</p>
<p>ဓမ္မကထိက တော်တော်များများ လျှာသွက်အာသွက်နဲ့ အာဘောင်အာရင်းသန်သန်နဲ့ ဟောကြားနေကျ ဂါထာလေးပါနော်၊ ဘုန်းကြီးလည်း အာဘောင်အာရင်းသန်သန်နဲ့ပဲ ပြန်ဟောရမှာပေါ့၊ ဟုတ်တယ် မဟုတ်လား? သူများတောင် အာရင်းသန်သန်နဲ့ ဟောနိုင်ရင် ကိုယ့်ဖက်ကလည်း ပြန်ဟောနိုင်ဖို့တော့ မကြိုးစားရဘူးလား၊ ဒါပေမယ့် ဘုန်းကြီးက သိပ်ပြီးတော့ အာဘောင်အာရင်း မသန်ဘူး ထင်တယ်နော်၊ အသံက ခြောက်ကပ်ကပ် ဖြစ်နေတယ်၊ ဘာပြောတာလဲ?</p>
<p><b>အတီတံ</b>၊ အတိတ်ဖြစ်သော။ <b>ယံ</b>၊ အကြင်ခန္ဓာငါးပါးသည်။ <b>အတ္ထိ</b>၊ ရှိ၏။ <b>တံ</b>၊ ထိုခန္ဓာငါးပါးသည်။ <b>ပဟီနံ</b>၊ ချုပ်ဆုံးပျက်ပြုန်းခဲ့လေပြီ။ <b>တသ္မာ</b>၊ ထို့ကြောင့်။ <b>အတီတံ</b>၊ အတိတ်ဖြစ်သော ခန္ဓာငါးပါးကို။ <b>နာနွာဂမေယျ</b>၊ တဏှာဒိဋ္ဌိတို့ဖြင့် အစဉ်မလိုက်လေရာ၊</p>
<p>နာနွာဂမေယျ ဆိုတာကို အဋ္ဌကထာဆရာတော်က "နာနွာဂမေယျာတိ တဏှာဒိဋ္ဌိဟိ နဥပဂစ္ဆေယျ" လို့ ဒီလိုဖွင့်ထားတယ်၊ တဏှာဒိဋ္ဌိတွေဖြင့် မလိုက်ပါနဲ့လို့ ဖွင့်ထားတယ်၊ ဘာကြောင့် ဒီလိုဖွင့်ရတယ်ဆိုတာကို ဘုန်းကြီးပြီးတော့မှ ထပ်ပြောပါမယ်၊</p>
<p><b>အတီတံ</b>၊ အတိတ်ဖြစ်သော။ <b>ယံ</b>၊ အကြင်ခန္ဓာငါးပါးသည်။ <b>အတ္ထိ</b>၊ ရှိ၏။ <b>တံ</b>၊ ထိုခန္ဓာငါးပါးသည်။ <b>ပဟီနံ</b>၊ ချုပ်ဆုံးပျက်ပြုန်းခဲ့လေပြီ။ <b>တသ္မာ</b>၊ ထို့ကြောင့်။ <b>အတီတံ</b>၊ အတိတ်ဖြစ်သော ခန္ဓာငါးပါးကို။ <b>နာနွာဂမေယျ</b>၊ တဏှာဒိဋ္ဌိတို့ဖြင့် ငါ, ငါ့ဟာဟူ၍ အစဉ်မလိုက်လေရာ။ <b>အနာဂတံ</b>၊ အနာဂတ်ဖြစ်သော။ <b>ယံ</b>၊ အကြင်ခန္ဓာငါးပါးသည်။ <b>အတ္ထိ</b>၊ ရှိ၏။ <b>တမ္ပိ</b>၊ ထိုအနာဂတ်ဖြစ်သော ခန္ဓာငါးပါးသည်လည်းပဲ။ <b>အပ္ပတ္တံ</b>၊ မဖြစ်ပေါ်လာသေး မရောက်ရှိလာသေး။ <b>တသ္မာ</b>၊ ထို့ကြောင့်။ <b>အနာဂတံ</b>၊ အနာဂတ်ဖြစ်သော ခန္ဓာငါးပါးကို။ <b>နပ္ပဋိကင်္ခေ</b>၊ တဏှာဒိဋ္ဌိတို့ဖြင့် မမျှော်လင့် မတောင့်တလေရာ၊</p>
<p>နပ္ပဋိကင်္ခေ = တဏှာဒိဋ္ဌိဟိ နပတ္ထေယျ ဆိုပြီးတော့ ဒီလို အဋ္ဌကထာက ဖွင့်ထားတယ်၊ တဏှာ, ဒိဋ္ဌိတွေဖြင့် လှမ်းပြီး မတောင့်တပါနဲ့တဲ့၊ မရှုနဲ့လို့ ပြောတာဟုတ်လား? မဟုတ်ဘူးနော်၊ တဏှာ, ဒိဋ္ဌိဖြင့်လှမ်းပြီးမလိုက်နဲ့၊ တဏှာ, ဒိဋ္ဌိဖြင့် လှမ်းပြီး မမျှော်နဲ့၊ ဒီလိုသာပြောတာ၊ ဒီတော့ တဏှာ, ဒိဋ္ဌိဖြင့် လှမ်းပြီးတော့ အတိတ် မလိုက်နဲ့၊ တဏှာ, ဒိဋ္ဌိနဲ့ လှမ်းပြီးတော့ အနာဂတ်ကို မမျှော်နဲ့ဆိုတာ အဋ္ဌကထာက သူ့ရဲ့စိတ်ကူးနဲ့သူ ဖွင့်ဆိုသလားလို့ ဒီလိုတော့ မေးစရာ ရှိတယ်၊ မဟုတ်ပါဘူး၊ အဲဒီ သုတ္တန်မှာ ဒီဂါထာလေးတွေကို ဥဒ္ဒေသလို့ ခေါ်ပါတယ်၊</p>
<p>အဲဒီ ဥဒ္ဒေသဂါထာလေးတွေကို ဥဒ္ဒေသပါဠိတော်ကြီးလည်း အောက်မှာတန်းပြီးတော့ ပါလျက်ပါပဲ၊ ဒါပေမယ့် အာဘောင်အာရင်းသန်သန်နဲ့ ဟောနေတဲ့ ဓမ္မကထိက တော်တော် များများကတော့ အဲဒီ နိဒ္ဒေသပါဠိတော်ကိုတော့ သေသေချာချာကြည့်ပုံတော့ မပေါ်ဘူးနော်၊ ဘုရားရှင်က အဲဒီမှာ ဘယ်လိုဟောထားလဲ?</p>
<p><b>‘‘ကထဉ္စ ဘိက္ခဝေ အတီတံ အနွာဂမေတိ’’</b> (မ၊၃၊၂၂၆။)</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>ကထဉ္စ</b>၊ အဘယ်သို့လျှင်။ <b>အတီတံ</b>၊ အတိတ်ကို။ <b>အနွာဂမေတိ</b>၊ အစဉ်လိုက်၍ နေလေသနည်း၊</p>
<p>အတိတ်ကို လိုက်တယ်ဆိုတာ ဘယ်လို လိုက်တာလဲတဲ့၊</p>
<p><b>‘‘ဧဝံရူပေါ အဟောသိံ အတီတမဒ္ဓါနန္တိ တတ္ထ နန္ဒိံ သမနွာနေတိ’’</b></p>
<p><b>အတီတမဒ္ဓါနံ</b>၊ အတိတ်အချိန်ကာလက။ <b>ဧဝံရူပေါ</b>၊ ဤကဲ့သို့သော ရုပ်တရားသည်။ <b>အဟောသိံ</b>၊ ဖြစ်ခဲ့ဖူးလေပြီ။ <b>ဣတိ</b>၊ ဤသို့လျှင်။ <b>တတ္ထ</b>၊ ထို အတိတ်၌ဖြစ်သော ရုပ်တရား၌။ <b>နန္ဒိံ</b>၊ နှစ်သက်မြတ်နိုးခြင်း နန္ဒီတရားကို။ <b>သမနွာနေတိ</b>၊ ဖြစ်စေ၏၊</p>
<p>အတိတ်က ဒီလို ရုပ်တရား ငါဖြစ်ခဲ့ဖူးတယ်ဆိုပြီးတော့ အတိတ်ဖြစ်တဲ့ ရုပ်တရားအပေါ်၌ နှစ်သက်မှု နန္ဒီတရားကို ဖြစ်စေတယ်။ <b>ဝေဒနာ</b>, <b>သညာ</b>, <b>သင်္ခါရ</b>, <b>ဝိဉာဏ်</b>ခေါ်တဲ့ <b>နာမ်ခန္ဓာ</b>တွေလည်း ပုံစံတူပဲ ဟောထားပါတယ်၊</p>
<p>‘‘<b>ဧဝံ ခေါ ဘိက္ခဝေ အတီတံ အနွာဂမေတိ</b>’’ (မ၊၃၊၂၂၆၊)</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>ဧဝံ ခေါ</b>၊ ဤသို့လျှင်။ <b>အတီတံ</b>၊ အတိတ်ခန္ဓာငါးပါးကို။ <b>အနွာဂမေတိ</b>၊ အစဉ်လိုက်သည် မည်၏၊</p>
<p>ဒါ ဘုရားရှင်ကိုယ်တော်တိုင်က ဟောထားတာ၊ ဒီတော့ <b>အတိတ်ခန္ဓာငါးပါး</b>အပေါ်မှာ ငါ့ရဲ့ အတိတ်တုန်းက ဒီလိုဖြစ်ခဲ့ဖူးတယ်လို့ နှစ်သက်မှု <b>နန္ဒီတရား</b>ကို ဖြစ်စေခဲ့ရင် အတိတ်ကို အစဉ်လိုက်နေသည်မည်တယ်လို့ ဒီလို ဘုရားက ဟောထားတယ်၊ ဘုရားဟောထားတဲ့အတိုင်း <b>အဋ္ဌကထာဆရာတော်</b>များကလည်း —</p>
<p>"<b>အတီတာ ဂမေယျာတိ အတီတံ တဏှာဒိဋ္ဌိဟိ နာနုဂစ္ဆေယျ</b>” ဆိုပြီး ဒီလိုဖွင့်ထားတာပါ၊ ဘုရားဟောနဲ့ အဋ္ဌကထာအဖွင့်ဟာ လွဲချော်များနေသလား? မလွဲပါဘူးနော်၊ ဒီတော့ <b>အတိတ်ခန္ဓာငါးပါး</b>အပေါ်၌ <b>တဏှာ</b>, <b>ဒိဋ္ဌိ</b>နဲ့ မလိုက်ပါနဲ့ဆိုတာက ရှင်းလင်းနေတဲ့ စကားလုံးတစ်မျိုးနဲ့ ထပ်ပြောရင် အတိတ်, အနာဂတ်</p>
<p>‘‘<b>ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ။ တတ္ထ တတ္ထ ဝိပဿတိ၊</b><br>
<b>အသံဟီရံ အသံကုပ္ပံ။ တံ ဝိဒွါ မနုဗြူဟယေ</b>’’</p>
<p><b>ယော</b>၊ အကြင်ယောဂါဝစရ ရဟန်းတော်သည်။ <b>ပစ္စုပ္ပန္နဉ္စ</b>၊ ပစ္စုပ္ပန်ဖြစ်သော။ <b>ဓမ္မံ</b>၊ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားကိုလည်းပဲ။ <b>တတ္ထ တတ္ထ</b>၊ ထိုထိုဖြစ်ဆဲခဏ၌။ <b>တတ္ထ တတ္ထ</b>၊ ထိုထိုတရားအစုအပုံ၌။ <b>တတ္ထ တတ္ထ</b>၊ ထိုထိုနေရာ၌၊</p>
<p><b>တတ္ထ တတ္ထ</b>ကို သုံးချက်ဖွင့်ဆိုထားပါတယ်၊ အဋ္ဌကထာဆရာတော်က-</p>
<p>"<b>တတ္ထ တတ္ထာတိ ပစ္စုပ္ပန္နမ္ပိ ဓမ္မံ ယတ္ထ ယတ္ထေဝ ဥပ္ပန္နော။ တတ္ထ တတ္ထေဝ စ နံ အနိစ္စာနုပဿနာဒီဟိ သတ္တဟိ အနုပဿနာဟိ ယော ဝိပဿတိ</b>” (မ၊ဋ္ဌ၊၄၊၁၇၀၊)</p>
<p>ဆိုပြီး ဒီလို ဖွင့်ထားတယ်၊ ဒါက ဘာကို ဆိုလိုတာလဲလို့ မေးတော့ "<b>ယတ္ထ ယတ္ထာတိ ယသ္မိံ ယသ္မိံ ခဏေ</b>” (မ။ဋီ၊၃၊၃၆၆၊) ဆိုပြီး<b>ဋီကာဆရာတော်</b>က ဖွင့်ထားတယ်၊ ဒီတော့ <b>တတ္ထ တတ္ထ</b> ဒီအဖွင့်အရကြည့်ရင် <b>တတ္ထ တတ္ထ</b> ဆိုတာက ထိုထိုဖြစ်ဆဲခဏ၌, ထိုထိုဖြစ်ဆဲခဏမှာ ရှုတဲ့အပိုင်းမှာဋီကာဆရာတော်က "<b>ယသ္မိံ ယသ္မိံ ဝါ ဓမ္မပုေဉ္ဇ</b>” ဆိုပြီး ဒီလိုထပ်ပြီး တစ်နည်းဖွင့်တယ်၊ တရားတွေဟာ ဖြစ်တဲ့အချိန်အခါမှာ အုပ်စုအလိုက်သာဖြစ်တယ်၊ အုပ်စုအလိုက် အပုံအလိုက်ဖြစ်တယ်၊ တစ်လုံးစီ ဖြစ်နိုင်တဲ့ စွမ်းအား မရှိဘူး။ <b>ရုပ်တရား</b>တို့လည်း <b>ရုပ်ကလာပ်</b>ခေါ်တဲ့ အုပ်စုအလိုက်သာ ဖြစ်တယ်။ <b>နာမ်တရား</b>တွေလည်း <b>နာမ်ကလာပ်</b>ခေါ်တဲ့ အုပ်စုအလိုက်သာဖြစ်တော့ ထိုထိုဖြစ်တဲ့တရား အစုအပုံအတိုင်း ရှုပါလို့ ဆိုလိုတယ်၊ ဒါကြောင့် <b>တတ္ထ တတ္ထ</b>၊ ထိုထိုခဏ၌ (ဝါ) ထိုထိုတရားအစုအပုံ၌၊ အဲဒီလို ရှုတဲ့အပိုင်းမှာ ဘယ်မှာရှုရမလဲလို့မေးတော့ "<b>အရညာဒီသု ဝါ တတ္ထ တတ္ထေဝ ဝိပဿတိ</b>” ဆိုပြီး နောက်တစ်နည်း ဖွင့်တယ်၊</p>
<p>တောမှာပဲဖြစ်စေ, ရွာမှာပဲဖြစ်စေ, ဘယ်နေရာမှာမဆို <b>အနိစ္စာနုပဿနာ</b>စတဲ့ <b>အနုပဿနာဉာဏ်ခုနစ်ပါး</b>တို့ဖြင့် ထိုထိုရုပ်တရား နာမ်တရားတွေကို <b>ဝိပဿနာ</b>ရှုပါဆိုပြီး ဒီလို ညွှန်ကြားထားတယ်၊ အဲဒီလို ညွှန်ကြားချက်ကို နည်းနည်းလေး ထပ်မံပြီး ဘုန်းကြီး ပြန်ပြီး ဂါထာလေးနဲ့ ဆက်စပ်ပြီး ပြောမယ်၊</p>
<p>‘‘<b>ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ။ တတ္ထ တတ္ထ ဝိပဿတိ၊</b><br>
<b>အသံဟီရံ အသံကုပ္ပံ။ တံ ဝိဒွါ မနုဗြူဟယေ</b>’’</p>
<p><b>ယော</b>၊ အကြင်ယောဂါဝစရ ရဟန်းတော်သည်။ <b>ပစ္စုပ္ပန္နဉ္စ</b>၊ ပစ္စုပ္ပန်လည်းဖြစ်သော။ <b>ဓမ္မံ</b>၊ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားကို။ <b>တတ္ထ တတ္ထ</b>၊ ထိုထိုဖြစ်ဆဲခဏ၌။ <b>တတ္ထ တတ္ထ</b>၊ ထိုထိုတရားအစုအပုံ၌။ <b>တတ္ထ တတ္ထ</b>၊ ထိုထိုနေရာ၌။ <b>ဝိပဿတိ</b>၊ အနိစ္စာနုပဿနာစသော ဝိပဿနာဉာဏ်တို့ဖြင့် အဖန်ဖန် အထပ်ထပ် ဝိပဿနာရှုပွားသုံးသပ်၍ နေပေ၏။ <b>အသံဟီရံ</b>၊ တဏှာ,ဒိဋ္ဌိတို့သည် မဆွဲငင်အပ် မဆွဲငင်နိုင်သော။ <b>အသံကုပ္ပံ</b>၊ တဏှာ,ဒိဋ္ဌိတို့ကြောင့် ပျက်စီးမှု မရှိသော။ <b>တံ</b>၊ ထိုဝိပဿနာဉာဏ်ကို။ <b>ဝိဒွါ</b>၊ သိသော ပညာရှိသည်။ <b>အနုဗြူဟယေ</b>၊ အဖန်ဖန် အထပ်ထပ် ပွားများ အားထုတ်လေရာ၏၊</p>
<p>ဒါက ပထမ အဖွင့်ပဲ၊ ဆိုလိုတာက ဘာပြောလဲ? ပစ္စုပ္ပန်ဖြစ်တဲ့ <b>ခန္ဓာငါးပါး</b> ရုပ်တရား နာမ်တရားကိုလည်း ထိုထိုဖြစ်ဆဲခဏ ထိုထိုတရား အစုအပုံအတိုင်း ဘယ်နေရာမှာမဆို <b>အနိစ္စာနုပဿနာဉာဏ်</b>စတဲ့ <b>ဝိပဿနာဉာဏ်</b>တို့ဖြင့် အဖန်ဖန်အထပ်ထပ် ဝိပဿနာရှုနေပါ၊ အဲဒီလို ရှုနေခဲ့ရင် ဒီဝိပဿနာဉာဏ်ကို <b>တဏှာ</b>,<b>ဒိဋ္ဌိ</b>တို့က ဘယ်တော့မှ မဆွဲငင်နိုင်ဘူး၊ ဒီဝိပဿနာဉာဏ်ဟာ <b>တဏှာ</b>,<b>ဒိဋ္ဌိ</b>ကြောင့်လည်း ပျက်စီးမှု မရှိနိုင်ဘူး၊ အဲဒီ ဝိပဿနာဉာဏ်ကို အဖန်ဖန် အထပ်ထပ် ပွားနေပါဆိုပြီး ဒီလို ဟောထားတယ်၊</p>
<p>အဲဒီ ဟောကြားချက် စကားလုံးကို ဘုန်းကြီးတို့ ရှင်းရှင်းလေးထပ်ပြီး ပြောမယ်ဆိုရင် <b>ပစ္စုပ္ပန်ခန္ဓာငါးပါး</b> အပေါ်မှာလည်း <b>တဏှာ</b>, <b>ဒိဋ္ဌိ</b>တွေ မဖြစ်အောင် <b>အနိစ္စာနုပဿနာဉာဏ်</b>တို့ဖြင့် အဖန်ဖန် အထပ်ထပ် ဝိပဿနာ ရှုနေပါလို့ ဆိုလိုတယ်၊ ဒီတော့ <b>ပစ္စုပ္ပန်ခန္ဓာငါးပါး</b>အပေါ်မှာ <b>တဏှာ</b>, <b>ဒိဋ္ဌိ</b> မဖြစ်အောင် ဘာလုပ်ရမလဲ။ <b>ပစ္စုပ္ပန်ခန္ဓာငါးပါး</b>ကို ဝိပဿနာရှုရမယ်၊ ဒီလိုဆိုရင် <b>အတိတ်ခန္ဓာငါးပါး</b>အပေါ်မှာ <b>တဏှာ</b>, <b>ဒိဋ္ဌိ</b>မဖြစ်အောင် ဘာလုပ်ရမလဲ? ရှင်းရှင်းလေးပဲနော်၊ ဒါ နားလည်တတ်မယ်ဆိုရင်တော့ တော်တော်လေး ရှင်းနေတဲ့စကားပါ။ <b>ပစ္စုပ္ပန်ခန္ဓာငါးပါး</b>အပေါ်မှာ <b>တဏှာ</b>, <b>ဒိဋ္ဌိ</b>မဖြစ်ရေးအတွက် <b>ပစ္စုပ္ပန်ခန္ဓာငါးပါး</b>ကို <b>အနိစ္စာနုပဿနာ</b>စတဲ့ <b>အနုပဿနာဉာဏ်</b>တို့ဖြင့် အဖန်ဖန် အထပ်ထပ် ဝိပဿနာရှုရမယ်ဆိုတဲ့ စကားကို လက်ခံနိုင်ခဲ့ရင် <b>အတိတ်ခန္ဓာငါးပါး</b>အပေါ်မှာ <b>တဏှာ</b>, <b>ဒိဋ္ဌိ</b> မဖြစ်ရေးအတွက်လည်း <b>အတိတ်ခန္ဓာငါးပါး</b>ကို <b>အနိစ္စာနုပဿနာ</b>စတဲ့ <b>ဝိပဿနာဉာဏ်</b>တို့ဖြင့် အဖန်ဖန် အထပ်ထပ် ဝိပဿနာရှုရမယ်။ <b>အနာဂတ်ခန္ဓာငါးပါး</b>အပေါ်မှာ <b>တဏှာ</b>, <b>ဒိဋ္ဌိ</b> မဖြစ်ရေးအတွက်လည်း <b>အနာဂတ်ခန္ဓာငါးပါး</b>ကို <b>အနိစ္စာနုပဿနာ</b>စတဲ့ <b>အနုပဿနာဉာဏ်</b>တို့ဖြင့် အဖန်ဖန် အထပ်ထပ် ဝိပဿနာရှုရမယ်ဆိုတဲ့ ဒီစကားသည် ရှင်းနေပါတယ်နော်၊ ဒါပေမယ့် ခေတ်ကတော့ ဘာပြောလဲ။ <b>အတိတ်ခန္ဓာငါးပါး</b>အပေါ်မှာ <b>တဏှာ</b>, <b>ဒိဋ္ဌိ</b> မဖြစ်ရေးအတွက် အတိတ်ကို မရှုနဲ့။ <b>အနာဂတ်ခန္ဓာငါးပါး</b>အပေါ်မှာ <b>တဏှာ</b>, <b>ဒိဋ္ဌိ</b> မဖြစ်အောင် အနာဂတ်ကို မရှုနဲ့။ <b>ပစ္စုပ္ပန်ခန္ဓာငါးပါး</b> တည့်တည့်ကိုသာ ရှုနေပါဆိုပြီး ဒီလိုညွှန်ကြားတယ်၊</p>
<p>ဒီညွှန်ကြားချက်ကို လက်ခံမယ်ဆိုရင်ပေါ့ - <b>အတိတ်ခန္ဓာငါးပါး</b>ပေါ်မှာ <b>တဏှာ</b>, <b>ဒိဋ္ဌိ</b> မဖြစ်ရေးအတွက် အနာဂတ်ကို မရှုရဘူးဆိုတာ လက်ခံနိုင်ခဲ့ရင် <b>ပစ္စုပ္ပန်ခန္ဓာငါးပါး</b>အပေါ်မှာ <b>တဏှာ</b>, <b>ဒိဋ္ဌိ</b> မဖြစ်အောင်လည်း <b>ပစ္စုပ္ပန်ခန္ဓာငါးပါး</b>ကိုလည်း မရှုနဲ့လို့ ပြောဖို့ မကောင်းဘူးလား? မပြောဘူး၊ တည့်တည့်ရှုလို့ပြောတယ်၊ အဲဒီလို ဖြစ်နေတယ်နော်၊ ဒီတော့ ဒီစကားတွေက ဘာပြောချင်တာလဲလို့မေးတော့ ခုနက <b>ဒုက္ခသစ္စာ</b>ထဲကလည်း တစ်ခြမ်းပဲ့ထွက်သွားတယ်။ <b>သမုဒယသစ္စာ</b>ထဲကလည်း တစ်ခြမ်းပဲ့ထွက်သွားတယ်၊ ဘယ်လိုလဲ? ခုနက ဘုန်းကြီး ပြောခဲ့ပြီးပြီ။ <b>ဒုက္ခသစ္စာ</b>စာရင်းထဲမှာ <b>အတိတ်ခန္ဓာငါးပါး</b>လည်း မပါဘူးလား? ပါနေတယ်။ <b>အနာဂတ်ခန္ဓာငါးပါး</b>လည်း ပါတယ်၊ အတိတ်, အနာဂတ် မရှုရဘူးဆိုတော့ <b>ဒုက္ခသစ္စာ</b>ထဲကလည်း ထပ်ပြီး တစ်ခြမ်း ပဲ့ထွက်မသွားဘူးလား? သွားပြန်တယ်၊</p>
<p>ခုနက ဘုန်းကြီး ပြောတဲ့အတိုင်းပဲ။ <b>သမုဒယသစ္စာ</b>ဆိုတာက အတိတ်က ထူထောင်ခဲ့တဲ့ <b>အဝိဇ္ဇာ</b>, <b>တဏှာ</b>, <b>ဥပါဒါန်</b>, <b>သင်္ခါရ</b>, <b>ကံ</b>ဆိုတဲ့ တစ်နည်း ပြောရရင်တော့ <b>အဝိဇ္ဇာ</b>, <b>တဏှာ</b>, <b>ဥပါဒါန်</b>တို့ခြံရံပြီး ထူထောင်ခဲ့တဲ့ <b>သင်္ခါရ</b>, <b>ကံ</b>ဆိုတဲ့ <b>သမုဒယသစ္စာ</b>တရားကြောင့်သာလျှင် ဒီဘဝမှာ <b>ခန္ဓာငါးပါး</b> <b>ဒုက္ခသစ္စာ</b>တရားက လာပြီး ထင်ရှားဖြစ်တယ်၊ အတိတ်ကို မရှုကောင်းဘူးဆိုတဲ့ ပုံသေမူကို ဆွဲကိုင်ထားတဲ့ ပုဂ္ဂိုလ်အဖို့ အတိတ်က ထူထောင်ခဲ့တဲ့ <b>သမုဒယသစ္စာ</b>ကြောင့် ဒီဘဝ <b>ဒုက္ခသစ္စာ</b>ဖြစ်တာ သိဦးမလား? မသိတော့ဘူး၊</p>
<p>ဒီဘဝ ထူထောင်တဲ့ <b>သမုဒယသစ္စာ</b>ကြောင့်ကော, နောင်အနာဂတ် <b>ဒုက္ခသစ္စာ</b> ဖြစ်ပုံကိုတော့ မရှုတဲ့အတွက် သိဦးမလား? မသိတော့ပြန်ဘူး၊ မသိတော့ <b>သမုဒယသစ္စာ</b>လည်းမသိ, <b>ဒုက္ခသစ္စာ</b>လည်းမသိတဲ့ ပုဂ္ဂိုလ်က ဘယ်လိုလုပ် <b>ဝိပဿနာ</b>ရှုမလဲ, ဘာဖြစ်လို့လဲ? <b>သစ္စာလေးပါး</b>မှာ <b>ဒုက္ခသစ္စာ</b>နဲ့ <b>သမုဒယသစ္စာ</b>က <b>ဝဋ္ဋသစ္စာ</b>ဖြစ်တယ်။ <b>နိရောဓသစ္စာ</b>နဲ့ <b>မဂ္ဂသစ္စာ</b>က <b>ဝိဝဋ္ဋသစ္စာ</b>ဖြစ်တယ်၊ အဲဒီ <b>ဝဋ္ဋသစ္စာ</b>, <b>ဝိဝဋ္ဋသစ္စာ</b>ဆိုတဲ့ သစ္စာနှစ်မျိုးအနက်က -</p>
<p>‘‘<b>တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ။ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော</b>’’ (အဘိ-ဋ္ဌ-၂-၁၀၉၊)</p>
<p>မှန်သွားတယ်နော်၊</p>
<p><b>ဝဋ္ဋသစ္စာ</b>ဖြစ်တဲ့ <b>ဒုက္ခသစ္စာ</b>, <b>သမုဒယသစ္စာ</b> တရားနှစ်မျိုးမှာသာလျှင် <b>ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း</b> နှလုံးသွင်းရပါတယ်။ <b>ဝိဝဋ္ဋသစ္စာ</b>ဖြစ်တဲ့ <b>နိရောဓသစ္စာ</b>နဲ့ <b>မဂ္ဂသစ္စာ</b> ဒီတရားနှစ်ပါးကို <b>ဝိပဿနာ</b> မရှုရပါဘူးတဲ့၊ ဒါက လောကုတ္တရာ <b>နိရောဓသစ္စာ</b>နဲ့ လောကုတ္တရာ <b>မဂ္ဂသစ္စာ</b>ကို ရည်ညွှန်းပြီး ပြောတဲ့စကားပါ၊</p>
<p><b>ဝိဝဋ္ဋသစ္စာ</b>ဖြစ်တဲ့ လောကုတ္တရာ <b>နိရောဓသစ္စာ</b> တရားတော်မြတ်နှင့် လောကုတ္တရာ <b>မဂ္ဂသစ္စာ</b>ခေါ်တဲ့ <b>မဂ္ဂင်တရားကိုယ်ရှစ်ပါး</b>ဦးဆောင်နေတဲ့ <b>မဂ်စိတ်</b>။ <b>စေတသိက်</b>တွေဟာ <b>ဝိပဿနာ</b>ရှုရမယ့် အရှုခံအာရုံထဲမှာ မပါဘူး။ <b>ဝိပဿနာ</b>ရှုရမယ့်တရားက <b>ဒုက္ခသစ္စာ</b>တရားနဲ့ <b>သမုဒယသစ္စာ</b>တရား နှစ်မျိုးသာလျှင် ဖြစ်တယ်၊ ယောဂီပုဂ္ဂိုလ်တစ်ယောက်က <b>ဒုက္ခသစ္စာ</b>လည်း မသိဘူး။ <b>သမုဒယသစ္စာ</b>လည်းမသိဘူး၊ အဲ့ဒီပုဂ္ဂိုလ်က <b>ဝိပဿနာ</b>ရှုမယ်ဆိုရင် အဲဒီ ပုဂ္ဂိုလ်သည် ဘုရားဟောနေတဲ့ တကယ့် <b>ဝိပဿနာ</b>အစစ် ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး၊ နိဗ္ဗာန်ဆိုတဲ့ ရွှေအိုးကြီးကို ဘယ်လို တူးဖော်ရမလဲဆိုတာကို ဘုရားက ဟောနေတာနော်၊</p>
<p>‘‘<b>ဇာနတော အဟံ ဘိက္ခဝေ ပဿတော အာသဝါနံ ခယံ ဝဒါမိ။</b>’’ (ခု၊၁၊၂၆၅၊ ဣတိဝုတ္တက၊)</p>
<p>သိတဲ့ပုဂ္ဂိုလ်, မြင်တဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ <b>အာသဝေါတရား</b>တွေ ကုန်မယ်လို့ ငါဘုရားဟောတယ်တဲ့၊ ဘာတွေသိရမလဲ?</p>
<p>"<b>ဣဒံ ဒုက္ခန္တိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ။ အယံ ဒုက္ခသမုဒယောတိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ။ အယံ ဒုက္ခနိရောဓောတိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ။ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ</b>၊"</p>
<p>ဤကား <b>ဒုက္ခသစ္စာ</b>လို့ သိမယ်၊ မြင်မယ်, <b>အာသဝေါတရား</b>တွေ ကုန်မယ်၊ ဤကား <b>သမုဒယသစ္စာ</b>လို့ သိမယ်, မြင်မယ်, <b>အာသဝေါတရား</b>တွေ ကုန်မယ်၊ ဤကား <b>နိရောဓသစ္စာ</b>, ဤကား <b>မဂ္ဂသစ္စာ</b>လို့ သိမယ်, မြင်မယ်, <b>အာသဝေါတရား</b>တွေ ကုန်မယ်တဲ့၊ ဒီလိုဟောတယ်၊</p>
<p>သိတိုင်းလည်း ဘာတွေသိရမယ်ဆိုတာလေးတော့ နည်းနည်းလေး ဆန်းစစ်ဖို့ မလိုဘူးလား? အဲ သိနေရင်တော့ပြီးတာပဲ၊ အေး ဘာတွေသိရမလဲ? ဒါတော့ မေးဖို့ မလိုဘူးလား? ဘယ်နှယ့်တုန်း ဒကာကြီးတွေ, ဒကာမကြီးတွေ မေးဖို့ မလိုဘူးလား? လိုတယ်၊ သိရင်ပြီးတာပဲဆိုတော့ ဘာတွေသိရမလဲလို့တော့ မေးဖို့တော့ မလိုဘူးလား?</p>
<p>အဲ! ဘာတွေ သိရမလဲ? <b>ဒုက္ခသစ္စာ</b> သိရမယ်, <b>သမုဒယသစ္စာ</b> သိရမယ်, <b>နိရောဓသစ္စာ</b> သိရမယ်, <b>မဂ္ဂသစ္စာ</b> သိရမယ်၊ ဒီပြင် တခြားသိရမယ်လို့ ဘုရားဟောလား? မဟောပါဘူး။ <b>ဒုက္ခသစ္စာ</b>လည်း မသိဘူး, <b>သမုဒယသစ္စာ</b>လည်း မသိဘူး၊ ထိုပုဂ္ဂိုလ် <b>ဝိပဿနာ</b>ရှုပါတယ်ဆိုတော့ တကယ့် <b>ဝိပဿနာ</b>ရော ဖြစ်မလား? မဖြစ်ဘူး၊</p>
<p><b>မဂ်ဉာဏ်</b>, <b>ဖိုလ်ဉာဏ်</b>, <b>နိဗ္ဗာန်</b>ဆိုတဲ့ ရတနာရွှေအိုးကြီးကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် တူးဖော်ရမယ်ဆိုတာကို ဘုရားရှင်က အတိအကျ ညွှန်ကြားနေတဲ့ ရတနာသိုက်စာတွေ <b>ပိဋကတ်စာပေ</b>မှာ ထင်ရှား မရှိဘူးလား? ရှိတယ်။ <b>ပရိယတ်တရားတော်</b>မှာ ထင်ရှားရှိနေတဲ့အတွက် ဒီ<b>ပရိယတ်တရားတော်</b>မှာလာတဲ့ ရတနာသိုက်စာအတိုင်း ရတနာရွှေအိုးကို မတူးဖော်ခဲ့ရင် <b>မဂ်ဉာဏ်</b>, <b>ဖိုလ်ဉာဏ်</b>, <b>နိဗ္ဗာန်</b>ဆိုတဲ့ <b>နိရောဓသစ္စာ</b>, <b>မဂ္ဂသစ္စာ</b> အမည်ရနေတဲ့ ရတနာရွှေအိုးကြီးတွေ ထွက်ပေါ်လာနိုင်ပါ့မလား? မလာနိုင်ဘူး၊</p>
<p>ဒါကြောင့် <b>ပဋိပတ္တိသာသနာတော်</b>သည် <b>ပရိယတ္တိသာသနာတော်</b>လျှင် အရင်းအမြစ် မူလရှိပါတယ် ဆိုပြီးတော့ ဒါက <b>အဋ္ဌကထာဆရာတော်</b>များ ရှေးရှေး မထေရ်ကြီးများက ဖြတ်ထုံးလေးတစ်ခု ပေးထားပါတယ်၊ ဒီတော့ ဒီနေရာမှာ တစ်ချို့က စောဒနာချက်လေးတစ်ခု ဝင်လာပြန်တယ်၊</p>
<p>အတိတ်ကို ရှုတယ်ဆိုတာက <b>အဘိညာဏ်</b>ရဲ့အရာသာ ဖြစ်ပါတယ်တဲ့။ <b>ဝိပဿနာဉာဏ်</b>ရဲ့ အရာမဟုတ်ပါဘူး။ <b>အဘိညာဏ်</b>ရတဲ့ ပုဂ္ဂိုလ်တွေသည်သာလျှင် အတိတ်, အနာဂတ်ကို ရှုနိုင်ပါတယ်ဆိုပြီး ဒီလို စကားကွန့်လာကြပြန်တယ်၊ ဒီအချက်နဲ့ ပတ်သက်လို့လည်း ဘုန်းကြီးက နည်းနည်းလေး ထပ်ပြီး ပြောချင်ပါတယ်နော်၊ ဘုန်းကြီးတို့ <b>ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်</b>မှာ <b>ခဇ္ဇနိယသုတ္တန်</b> ဆိုတဲ့ သုတ္တန်တစ်ခု ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတော်မူခဲ့ပါတယ်၊ ထိုသုတ္တန်မှာ ဘုရားရှင်က ဘယ်လိုဟောလဲ?</p>
<h3>စတုတ္ထပိုင်း</h3>
<p>‘‘<b>ယေဟိ ကေစိ ဘိက္ခဝေ သမဏာ ဝါ ဗြာဟ္မဏာ ဝါ အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရမာနာ အနုဿရန္တိ။ သဗ္ဗေတေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရန္တိ။ ဧတေသံ ဝါ အညတရံ</b>’’ (သံ၊၂၊၇၁၊ ခဇ္ဇနိယသုတ္တန်၊)</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>ယေ ကေစိ သမဏာ ဝါ ဗြာဟ္မဏာ ဝါ</b>၊ အကြင်အလုံးစုံသော သမဏ သို့မဟုတ် ဗြာဟ္မဏတို့သည်။ <b>အနေကဝိဟိတံ</b>၊ အထူးထူးအပြားပြားများစွာသော။ <b>ပုဗ္ဗေနိဝါသံ</b>၊ ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို။ <b>အနုဿရမာနာ</b>၊ ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်သည်ဖြစ်၍။ <b>အနုဿရန္တိ</b>၊ အောက်မေ့ကြကုန်၏။ <b>သဗ္ဗေ တေ</b>၊ ထိုအလုံးစုံသော သမဏ ဗြာဟ္မဏတို့သည်။ <b>ပဉ္စုပါဒါနက္ခန္ဓေ</b>၊ ဥပါဒါနက္ခန္ဓာငါးပါးတို့ကို။ <b>အနုဿရန္တိ</b>၊ ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ကြကုန်၏။ <b>ဧတေသံ ဝါ</b>၊ ထိုဥပါဒါနက္ခန္ဓာငါးပါးတို့တွင်လည်းကောင်း။ <b>အညတရံ</b>၊ တစ်ပါးပါးသော ခန္ဓာကိုလည်းကောင်း၊ အနုဿရန္တိ = ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ကြကုန်၏၊</p>
<p>ချစ်သားရဟန်းတို့၊ သမဏ, ဗြဟ္မဏအချို့ ရှိကြတယ်။ <b>ပုဗ္ဗေနိဝါသ</b>၊ ရှေး၌ နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်တဲ့ သမဏ, ဗြဟ္မဏအချို့ ရှိကြတယ်၊ အဲဒီ သမဏ, ဗြဟ္မဏ အချို့တွေဟာ အတိတ်ကနေခဲ့ဖူးတဲ့ <b>ပုဗ္ဗေနိဝါသ</b> ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ ပြန်လည်အောက်မေ့ခဲ့သော် <b>ဥပါဒါနက္ခန္ဓာငါးပါး</b>ကိုသော်လည်းကောင်း ထို<b>ဥပါဒါနက္ခန္ဓာငါးပါး</b>တို့တွင် တစ်ပါးပါးကိုသော်လည်းကောင်း ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြပါတယ် ဆိုပြီးတော့ ဒီ<b>ခဇ္ဇနိယသုတ္တန်</b>မှာ ဘုရားရှင်က ဟောထားတယ်၊</p>
<p>ဟောထားတော့ အဲဒီသုတ္တန်မှာ <b>ပုဗ္ဗေနိဝါသ</b>ဆိုတဲ့ စကားလုံးကို သုံးထားပါတယ်၊ ရှေး၌နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ဆိုပြီး ဒီစကားလုံးလေးကို ထည့်သုံးထားတဲ့အတွက် <b>အဋ္ဌကထာဆရာတော်</b>ကတော့ ဒီစကားလုံးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဖွင့်ဆိုထားလဲ? သံယုတ် အဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၆၆) မှာ အဋ္ဌကထာက ဘယ်လိုဖွင့်ထားသလဲ?</p>
<p>‘‘<b>ပုဗ္ဗေနိဝါသန္တိ ဣဒံ န အဘိညာဝသေန အနုဿရဏံ သန္ဓာယ ဝုတ္တံ။</b>’’ (သံ၊ဋ္ဌ၊၂၊၂၆၆၊)</p>
<p><b>ပုဗ္ဗေနိဝါသန္တိ ဣဒံ</b>၊ ပုဗ္ဗေနိဝါသဟူသော ဤစကားလုံးကို။ <b>အဘိညာဝသေန</b>၊ အဘိညာဏ်၏အစွမ်းဖြင့်။ <b>အနုဿရဏံ</b>၊ ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ခြင်းကို။ <b>သန္ဓာယ</b>၊ ရည်ရွယ်တော်မူ၍။ <b>န ဝုတ္တံ</b>၊ ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သည်ကား မဟုတ်ပါပေ၊</p>
<p>ဒီ<b>ပုဗ္ဗေနိဝါသ</b>ဆိုတဲ့ စကားလုံးကို ဘုရားရှင်က <b>အဘိညာဏ်</b>၏အစွမ်းဖြင့် ရှေး၌နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ခြင်းကို ရည်ရွယ်တော်မူပြီး ဟောတာ မဟုတ်ပါဘူးတဲ့နော်၊</p>
<p>‘‘<b>ဝိပဿနာဝသေန ပန ပုဗ္ဗေနိဝါသံ အနုဿရန္တေ သမဏဗြာဟ္မဏေ သန္ဓာယေတံ ဝုတ္တံ၊</b>’’ (သံ၊ဋ္ဌ၊၂၊၂၆၆၊)</p>
<p><b>ဝိပဿနာဝသေန</b>၊ ဝိပဿနာ၏အစွမ်းဖြင့်။ <b>ပုဗ္ဗေနိဝါသံ</b>၊ ရှေး၌ နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို။ <b>အနုဿရန္တေ</b>၊ ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ကြကုန်သော။ <b>သမဏဗြဟ္မဏေ</b>၊ သမဏ, ဗြဟ္မဏတို့ကို။ <b>သန္ဓာယ</b>၊ ရည်ရွယ်တော်မူ၍။ <b>ဧတံ</b>၊ ဤပုဗ္ဗေနိဝါသဟူသော စကားလုံးကို။ <b>ဝုတ္တံ</b>၊ ဟောကြားပြသ ဆိုဆုံးမတော်မူအပ်ပါပေ၏၊</p>
<p><b>ဝိပဿနာဉာဏ်</b>၏အစွမ်းဖြင့် ရှေး၌ နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ကြတဲ့ သမဏ, ဗြဟ္မဏတွေကို ရည်ရွယ်ပြီးတော့ မြတ်စွာဘုရားက ဒီ<b>ပုဗ္ဗေနိဝါသ</b>ဆိုတဲ့ စကားလုံးလေးကို ဟောကြားတော်မူခြင်း ဖြစ်တယ်တဲ့၊ ဘာကို အကြောင်းပြသလဲလို့မေးတော့၊</p>
<p>‘‘<b>တေနေဝါဟ "သဗ္ဗေတေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရန္တိ ဧတေသံ ဝါ အညတရံ"၊</b>’’ (သံ၊ဋ္ဌ၊၂၊၂၆၆၊)</p>
<p>ဒီသုတ္တန်မှာ ဘုရားရှင်ကိုယ်တိုင်က <b>ဥပါဒါနက္ခန္ဓာငါးပါး</b>ကိုသော်လည်းကောင်း, <b>ဥပါဒါနက္ခန္ဓာငါးပါး</b>တို့တွင် တစ်မျိုးမျိုးကိုသော်လည်းကောင်း ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ပါတယ်လို့ ဘုရားရှင်ကိုယ်တော်တိုင်က ဟောကြားထားတယ်တဲ့၊ ဘာကြောင့်လဲ?</p>
<p>‘‘<b>အဘိညာဝသေန ဟိ သမနုဿရန္တဿ ခန္ဓာပိ ဥပါဒါနက္ခန္ဓာပိ ခန္ဓပဋိဗဒ္ဓါပိ ပဏ္ဏတ္တိပိ အာရမ္မဏံ ဟောတိယေဝ၊</b>’’ (သံ၊ဋ္ဌ၊၂၊၂၆၆၊)</p>
<p><b>ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်</b>နှင့် အတိတ်က နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့မယ်ဆိုရင် ခန္ဓာတွေဟာလည်း <b>ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်</b>ရဲ့ အာရုံဖြစ်နိုင်တယ်။ <b>ဥပါဒါနက္ခန္ဓာငါးပါး</b>ဟာလည်း <b>ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်</b>ရဲ့ အာရုံတွေဖြစ်နိုင်တယ်၊ ခန္ဓာနှင့် ဆက်စပ်နေတဲ့ ဆင်းရဲချမ်းသာ အဝဝတွေ, သုခဒုက္ခအဝဝတွေ, အမျိုးအနွယ် စသည်တို့ဟာလည်းပဲ (မြို့ရွာ၊ ဒေသ၊ အမျိုးအနွယ်အားလုံးပေါ့) အဲဒီ ခန္ဓာနှင့်ဆက်စပ်နေတဲ့ အကြောင်းအရာတွေဟာလည်း <b>ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်</b>ရဲ့ အာရုံ ဖြစ်နိုင်တယ်၊</p>
<p><b>ပဏ္ဏတ္တိပိ</b>၊ နာမည်အမျိုးမျိုးဟာလည်း <b>ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်</b>ရဲ့ အာရုံဖြစ်နိုင်တယ်တဲ့၊ နာမည်တွေ ဆိုတာကတော့ ငါ့နာမည် ဘယ်လို, ငါ့အမေနာမည်က ဘယ်လို, ငါ့အဖေနာမည်က ဘယ်လို စသည်ပေါ့၊ ခန္ဓာနှင့် ဆက်စပ်တယ်ဆိုတာက ဘယ်လို ချမ်းသာခဲ့တယ်, ဘယ်လို ဆင်းရဲခဲ့တယ်, ဘယ်မြို့ရွာမှာ ဖြစ်ခဲ့တယ်, ဘယ်အမျိုးအနွယ်မှာ ဖြစ်ခဲ့တယ် စသည်ဖြင့် ဒီလိုအကြောင်းအရာတွေကို သိခြင်းပဲ၊ ဒီတော့ <b>ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်</b>ရဲ့ အာရုံက ဘယ်နှစ်ပါးရှိလဲ? လေးမျိုး၊ ခန္ဓာလည်းရှိတယ်, ဥပါဒါနက္ခန္ဓာလည်းရှိတယ်, ခန္ဓာနှင့် ဆက်စပ်နေတဲ့ သုခ, ဒုက္ခစတဲ့ အကြောင်းအရာတွေလည်းရှိတယ်, နာမည်အမျိုးမျိုးလည်း ရှိတယ်တဲ့၊ ပေါင်းလိုက်တော့ လေးမျိုး၊</p>
<p>အဲဒီမှာ ခန္ဓာနဲ့ ဥပါဒါနက္ခန္ဓာအကြောင်းလေးတော့ ဘုန်းကြီး နည်းနည်း ထပ်ပြောချင်ပါတယ်၊ ဘုန်းကြီးတို့ ဒီဥစ္စာက အထူးသဖြင့် မြတ်စွာဘုရားဘက်ကနေ လှည့်ပြောမှ ပိုပြီး သဘောပေါက်မယ်၊ မြတ်စွာဘုရား <b>ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်</b>ရရှိတော်မူတဲ့ အချိန်အခါမှာ အတိတ်ကိုလှမ်းပြီး အာရုံယူလိုက်တဲ့အခါမှာ အတိတ် ဒီပင်္ကရာမြတ်စွာဘုရားသန္တာန်မှာ တည်ရှိနေတဲ့ <b>ခန္ဓာငါးပါး</b>ကိုလည်း အာရုံယူလို့ရတယ်၊ ဒီပင်္ကရာမြတ်စွာဘုရားရဲ့ ရှေ့တော်မှောက်မှာ နိယတဗျာဒိတ်ပန်းကို ဆင်မြန်းဖို့ရန်အတွက် ကြိုးစားနေတဲ့ သုမေဓာရှင်ရသေ့ရဲ့သန္တာန်မှာ တည်ရှိနေတဲ့ <b>ဥပါဒါနက္ခန္ဓာ</b>တွေကိုလည်း လှမ်းသိမ်းဆည်း, သိမ်းဆည်းလို့ရတယ်၊</p>
<p>အဲဒီမှာ ဒီပင်္ကရာဘုရားရှင်ရဲ့ သန္တာန်မှာက <b>လောကုတ္တရာခန္ဓာ</b>တွေပါ ပါဝင်နေတယ်၊ သုမေဓာရှင်ရသေ့က ထိုစဉ်အခါက အရိယာသူတော်ကောင်း မဖြစ်သေးတဲ့အတွက် ပုထုဇဉ်သာ ရှိသေးတဲ့အတွက် သူ့သန္တာန်မှာက <b>လောကုတ္တရာခန္ဓာငါးပါး</b> ရှိသလား? မရှိဘူး။ <b>ဥပါဒါနက္ခန္ဓာ</b>ပဲရှိတယ်၊ ဒီပင်္ကရာဘုရားရှင်ရဲ့ <b>ခန္ဓာငါးပါး</b>နှင့် သုမေဓာရဲ့ <b>ခန္ဓာငါးပါး</b> တူသလား? မတူဘူး၊ ဒီပင်္ကရာဘုရားရှင်သန္တာန်မှာ တည်ရှိတဲ့ လောကုတ္တရာတရားများ ပါဝင်နေတဲ့ ခန္ဓာတွေကိုတော့ ခန္ဓာလို့ခေါ်တယ်၊ သုမေဓာရှင်ရသေ့ရဲ့ သန္တာန်မှာ တည်ရှိနေတဲ့ ခန္ဓာကျတော့ <b>ဥပါဒါနက္ခန္ဓာ</b>လို့ ဒီလိုခေါ်တာပါနော်၊</p>
<p><b>ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်</b>က အဲဒီခန္ဓာကို လှမ်းရှုလည်းရတယ်။ <b>ဥပါဒါနက္ခန္ဓာ</b>ကို လှမ်းရှုလည်းရတယ်၊ နောက်တစ်ခု၊ ခန္ဓာနှင့် ဆက်စပ်နေတဲ့ သုခဒုက္ခအဝဝတွေ, ဆင်းရဲချမ်းသာအမျိုးမျိုးတွေ, အနွယ်တွေ, မြို့ရွာဒေသတွေ, အမေအဖေတွေ လှမ်းရှုလည်း ရတယ်၊ အဲဒီ အမည်နာမ ပညတ်တွေကိုလည်းရှု အကုန်ရတယ်တဲ့၊</p>
<p>ခု ဒီသုတ္တန်မှာကျတော့ ဘုရားရှင်က အဲဒီ လေးမျိုးလုံးကို မဟောဘဲ <b>ဥပါဒါနက္ခန္ဓာ</b>တစ်ခုကိုသာ ကွက်ပြီး ဟောထားတဲ့အတွက် ဒီ<b>ဥပါဒါနက္ခန္ဓာငါးပါး</b>ကို <b>ဝိပဿနာဉာဏ်</b>ဖြင့် ရှုပွားသုံးသပ်ခြင်းကို ဘုရားရှင်က ရည်ညွှန်းထားပါတယ် ဆိုပြီးတော့ အဋ္ဌကထာက ဒီလို ရှင်းလင်းတင်ပြထားပါတယ်၊</p>
<p>ဒီတော့ ဆိုလိုတာက ဘုန်းကြီးပြောချင်တဲ့ အဓိပ္ပာယ်ကတော့ အတိတ်ကို ရှုခြင်း၊ အနာဂတ်ကို ရှုခြင်းသည် အဘိညာဏ်ရမှ ရှုလို့ရတာမျိုး ဟုတ်သလား? မဟုတ်ဘူး။ <b>ဝိပဿနာဉာဏ်</b>နဲ့လည်း ရှုလို့ မရဘူးလား? ရတယ်၊ ရတယ်ဆိုတဲ့ ကျမ်းဂန်အထောက်အထားတွေလည်း၊ ရတနာသိုက်စာတွေလည်း စာပေကျမ်းဂန်မှာ အထင်အရှား မရှိဘူးလား? ရှိနေပါတယ်တဲ့၊ အဲဒီ သိုက်စာတွေလာတဲ့အတိုင်း အတိအကျ တူးဖော်မယ်ဆိုရင် မိမိတို့ မျှော်လင့်တောင့်တနေတဲ့ <b>မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်</b>ဆိုတဲ့ ရတနာရွှေအိုးကြီးတွေကို ထုတ်ယူအသုံးပြုလို့ မရနိုင်ဘူးလား? ရနိုင်ပါတယ်တဲ့နော်၊</p>
<p>ဒီတော့ ဒီ<b>သစ္စာလေးပါး</b>ကို ထိုးထွင်းသိရေးအတွက် သိမှ၊ မြင်မှသာလျှင် အာသဝေါတရားတွေက ကုန်မှာဖြစ်တဲ့အတွက် သစ္စာလေးပါးကို သိချင်တဲ့ပုဂ္ဂိုလ် ဘာလုပ်ရမလဲ?</p>
<p>‘‘<b>သမာဓိံ ဘိက္ခဝေ ဘာဝေထ။ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ</b>’’ (သံ၊၃၊၃၆၃။)</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>သမာဓိံ</b>၊ သမာဓိကို။ <b>ဘာဝေထ</b>၊ ပွားများကြကုန်လော့။ <b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>သမာဟိတော</b>၊ သမာဓိရှိသော ရဟန်းသည်။ <b>ယထာဘူတံ</b>၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ <b>ပဇာနာတိ</b>၊ ကွဲကွဲပြားပြားသိ၏၊</p>
<p>ချစ်သားရဟန်းတို့ သမာဓိကို ထူထောင်ကြပါ၊ သမာဓိရှိနေတဲ့ ရဟန်းတော်သည် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိပါတယ် ဆိုပြီးတော့ ဒီလို ဘုရားရှင်က ဟောထားတယ်၊ ဘာတွေကို သိမလဲ?</p>
<p>‘‘<b>‘‘ဣဒံ ဒုက္ခ’’န္တိ ယထာဘူတံ ပဇာနာတိ၊ ‘‘အယံ ဒုက္ခသမုဒယော’’တိ ယထာဘူတံ ပဇာနာတိ၊ ‘‘အယံ ဒုက္ခနိရောဓော’’တိ ယထာဘူတံ ပဇာနာတိ၊ ‘‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’’တိ ယထာဘူတံ ပဇာနာတိ</b>’’ (သံ၊၃၊၃၆၃။)</p>
<p>ဤကား <b>ဒုက္ခသစ္စာ</b>လို့ ဟုတ်တိုင်းမှန်စွာ သိမယ်၊ မြင်မယ်၊ ဤကား ဒုက္ခဖြစ်ကြောင်း <b>သမုဒယအရိယသစ္စာ</b>တရားလို့ ဟုတ်တိုင်းမှန်စွာ သိမယ်၊ မြင်မယ်၊ ဤကား ဒုက္ခချုပ်ရာ <b>နိရောဓသစ္စာ</b>တရားလို့ ဟုတ်တိုင်းမှန်စွာ သိမယ်၊ မြင်မယ်၊ ဤကား ဒုက္ခချုပ်ရာ နိရောဓနိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်ဖြစ်တဲ့ <b>မဂ္ဂအရိယသစ္စာ</b>တရားလို့ ဟုတ်တိုင်းမှန်စွာ သိမယ်၊ မြင်မယ်၊ အဲဒီလို သိဖို့၊ မြင်ဖို့အတွက် သင်ချစ်သားတို့ သမာဓိထူထောင်ပါဆိုပြီး ဒီလို တိုက်တွန်းထားတယ်နော်၊</p>
<p>အဲဒီ တိုက်တွန်းတော်မူတဲ့အတိုင်းပဲ ဘုန်းကြီးတို့ <b>နိဗ္ဗာနဂါမိနိပဋိပဒါကျမ်း</b> ပထမတွဲမှာတော့ အာနာပါနဿတိ သမာဓိလမ်းစဉ်က အာနာပါနလမ်းစဉ်ကနေပြီးတော့ စတုတ္ထဈာန်သမာဓိ ဆိုက်ပုံအထိ သမာဓိထူထောင်ပုံ နည်းစနစ်တွေလည်း ဘုန်းကြီးတို့ ပြည့်ပြည့်စုံစုံ ရေးသားထားပါတယ်၊ အလားတူပဲ၊ အာနာပါန စတုတ္ထဈာန်သမာဓိလောက်နဲ့တွင် ကျေနပ်မှု မရဘဲ တခြားတခြား ကသိုဏ်းတစ်ဆယ်ပါး၊ သမာပတ်ရှစ်ပါး အစရှိတဲ့ <b>သမထကမ္မဋ္ဌာန်း</b>တွေကိုပါ ဆက်လက် ပွားများချင်တယ်ဆိုရင်လည်း ထိုပွားများလိုတဲ့ပုဂ္ဂိုလ်တွေ အတွက်ရည်ညွှန်းပြီးတော့ นိဗ္ဗာနဂါမိနိပဋိပဒါ ပဉ္စမတွဲမှာ သမထကမ္မဋ္ဌာန်းပိုင်း ဆိုပြီးတော့ ကမ္မဋ္ဌာန်းတစ်ခုအဖြစ်နဲ့ သီးသန့် ရေးသားထားပါတယ်နော်၊</p>
<p>နောက်တစ်ခု - <b>ဒုက္ခသစ္စာ</b> အမည်ရနေတဲ့ ရုပ်တရားတွေ ဟုတ်တိုင်းမှန်စွာ သိရေးအတွက် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ရမလဲ? ဒီကျင့်စဉ်ပိုင်းကိုလည်း นိဗ္ဗာနဂါမိနိပဋိပဒါ ပထမတွဲမှာ ရုပ်ကမ္မဋ္ဌာန်းပိုင်းဆိုတဲ့ အမည်နဲ့ ဟောထားပါတယ်၊ အလားတူပဲ၊ ဒုက္ခသစ္စာစာရင်းထဲမှာ အကျုံးဝင်နေတဲ့ နာမ်တရားတွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ရှုပွားသုံးသပ်ရမလဲ? ဒီအပိုင်းကိုလည်း นိဗ္ဗာနဂါမိနိပဋိပဒါ ဒုတိယတွဲမှာ နာမ်ကမ္မဋ္ဌာန်းပိုင်းဆိုတဲ့နာမည်နဲ့ ပြည့်ပြည့်စုံစုံ ရေးသားထားပါတယ်နော်၊</p>
<p>ခုနက <b>သမုဒယသစ္စာ</b>ပိုင်းမှာ အကျုံးဝင်နေတဲ့ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို ဟုတ်တိုင်းမှန်စွာသိရှိရေးအတွက် ကြောင်းကျိုးဆက်နွယ်မှု <b>ပဋိစ္စသမုပ္ပါဒ်</b>သဘောတရားတွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ရှုပွား သုံးသပ်ရမလဲတဲ့၊ ဒီအပိုင်းကိုလည်း နိဗ္ဗာနဂါမိနိပဋိပဒါအမည်ရတဲ့ တတိယတွဲမှာ ပဋိစ္စသမုပ္ပါဒ်ပိုင်းဆိုတဲ့အမည်နဲ့ ပြည့်ပြည့်စုံစုံ ရေးသားတင်ပြထားပါတယ်၊ ဒုက္ခသစ္စာ၊ သမုဒယသစ္စာအမည်ရနေတဲ့ ဒီသစ္စာနှစ်ပါးက ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံ ဖြစ်ပါတယ်၊ ထိုဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့တရားတွေကို လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းရမယ်ဆိုပြီးတော့ အဋ္ဌကထာများက ပြည့်ပြည့်စုံစုံ ညွှန်ကြားထားပါတယ်၊ အဲဒီညွှန်ကြားချက်အတိုင်း <b>လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်</b>နည်းအရ သိမ်းဆည်းပုံ စနစ်ကိုလည်း ပြည့်ပြည့်စုံစုံ နိဗ္ဗာနဂါမိနိပဋိပဒါ စတုတ္ထတွဲမှာ ဖော်ပြထားပါတယ်၊</p>
<p>ဒီ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ နှစ်ပါးက ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့အတွက် အရှုခံအာရုံဖြစ်တဲ့ ဒီဒုက္ခသစ္စာတရား၊ သမုဒယသစ္စာတရားတွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် <b>ဝိပဿနာ</b> ရှုပွားသုံးသပ်ရမယ်ဆိုတဲ့အပိုင်းကို နိဗ္ဗာနဂါမိနိပဋိပဒါ ပဉ္စမတွဲမှာ ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်၊ ဒါကြောင့် ကျင့်စဉ်ပိုင်းတွေကို ပြည့်ပြည့်စုံစုံ တတ်သိနားလည်ချင်တယ် ဆိုရင်တော့ ထိုနိဗ္ဗာနဂါမိနိပဋိပဒါကျမ်းမှာ ပြည့်ပြည့်စုံစုံပဲ ပြန်ပြီးကြည့်ကြပါလို့ တိုက်တွန်းပါတယ်နော်၊</p>
<p>ဒီနေ့ အလှူရှင်အပေါင်းတို့က ဒီ<b>နိဗ္ဗာနဂါမိနိပဋိပဒါကျမ်းစာ</b> ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းပြီးတော့ လှူဒါန်းပူဇော်ကြတဲ့ အလှူဒါနပွဲ ဖြစ်ပါတယ်၊ ဒီတော့ ဒီအလှူဒါနပွဲမှာ ဘုန်းကြီးဖက်ကလည်း နိဗ္ဗာနဂါမိနိပဋိပဒါကျမ်းစာသည် ဘယ်ကဲ့သို့သော ကျမ်းစာမျိုး ဖြစ်တယ်ဆိုတာကို ခုလို အခါအခွင့်သင့်တုန်း ဟောကြားပြသခွင့်ရတဲ့အတွက် ဘုန်းကြီးလည်း ဝမ်းမြောက်ပါတယ်၊ အလှူရှင်အပေါင်းတို့လည်း ဘုန်းကြီးကဲ့သို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်၊</p>
<p>အဲဒီတော့ ဒီကျင့်စဉ်ပိုင်းတွေမှာ ဘုန်းကြီးက <b>သမာဓိပိုင်းကျင့်စဉ်</b>နှင့် <b>ဝိပဿနာပိုင်းကျင့်စဉ်</b>လောက်ပဲ ဖော်ပြထားတော့ သီလပိုင်းကျင့်စဉ် မပါဖြစ်နေတယ်၊ သီလကျင့်စဉ်ကို ဒီည သုတ္တန်လေးတစ်ခု အတိုချုပ်ပြီးတော့ ဘုန်းကြီးဟောဖို့ ရည်ရွယ်ထားပါတယ်နော်၊</p>
<p>အဲဒီ သုတ္တန်လေးကတော့ အင်္ဂုတ္တိုရ် စတုက္ကနိပါတ်မှာ လာရှိတဲ့ <b>သပ္ပုရိသသုတ္တန်</b>ဖြစ်ပါတယ်နော်၊ အဲဒီ သုတ္တန်မှာ မြတ်စွာဘုရားက ဒီ<b>သီလကျင့်စဉ်</b>ပိုင်းမှာ ဘယ်လိုဟောထားလဲ?</p>
<p>‘‘<b>စတူဟိ ဘိက္ခဝေ ဓမ္မေဟိ သမန္နာဂတော အသပ္ပုရိသော ဝေဒိတဗ္ဗော</b>’’ (အံ၊၁၊၃၈၉။)</p>
<p><b>စတူဟိ</b>၊ လေးမျိုးကုန်သော။ <b>ဓမ္မေဟိ</b>၊ တရားတို့နှင့်။ <b>သမန္နာဂတော</b>၊ ပြည့်စုံနေသော ပုဂ္ဂိုလ်ကို။ <b>အသပ္ပုရိသော</b>၊ မသူတော်ဟူ၍။ <b>ဝေဒိတဗ္ဗော</b>၊ သိအပ်၏၊</p>
<p>စသည်ဖြင့် တရားလေးမျိုးနှင့်ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်ကို၊ အသပ္ပုရိသ = မသူတော်လို့ သိပါဆိုပြီး ဒီလိုဟောထားတယ်၊ အဲဒီတော့ ဒီဟောကြားချက်ကလေးကို ဘုန်းကြီးက ခုလို ရိပ်သာတွေမှာ အများစုပေါင်းပြီး နေထိုင်တဲ့ အချိန်အခါမှာ တစ်ဦးနဲ့တစ်ဦး တော်တော်လေးကို သတိပြုသင့်တဲ့ သုတ္တန်ပိုင်းဆိုင်ရာ သီလကျင့်စဉ်လေးတွေ ဖြစ်ပါတယ်နော်၊ ဒီတော့ ဒီကျင့်စဉ်လေးတွေကို ခဏခဏ နာကြားကြရမယ်ဆိုရင် စိတ်ဓာတ်ကလေးတွေကို မိမိတို့ ချို့ယွင်းချက်ကလေးတွေကို ခဏခဏ ပြင်လို့ရလိမ့်မယ်လို့ ဘုန်းကြီးက မျှော်လင့်ပါတယ်၊</p>
<p>မသူတော်ဆိုတာက ဘယ်လိုပုဂ္ဂိုလ် ဖြစ်တယ်၊ သူတော်ကောင်းဆိုတာက ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်တယ်ဆိုတာကို နည်းနည်းလေး နားလည်ထားစေချင်တယ်၊ ဒီတော့ တရားလေးမျိုးနဲ့ ပြည့်စုံနေတဲ့ပုဂ္ဂိုလ်ကို မသူတော်လို့ သိပါဆိုတော့ ဒီတရားလေးမျိုးဟာ ဘာတွေလဲလို့မေးတော့?</p>
<p>‘‘<b>ဣဓ ဘိက္ခဝေ အသပ္ပုရိသော ယော ဟောတိ ပရဿ အဝဏ္ဏော တံ အပုဋ္ဌောပိ ပါတု ကရောတိ</b>’’ (အံ၊၁၊၃၈၉။)</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>ဣဓ</b>၊ ဤသာသနာတော်၌။ <b>ယော အသပ္ပုရိသော</b>၊ အကြင်မသူတော်သည်။ <b>ဟောတိ</b>၊ ဖြစ်၏။ <b>ပရဿ</b>၊ သူတစ်ပါး၏။ <b>အဝဏ္ဏော</b>၊ ဂုဏ်ကျေးဇူးမဲ့ အပြစ်သည်။ <b>ယော ဟောတိ</b>၊ အကြင်အပြစ်ရှိ၏။ <b>တံ</b>၊ ထိုအပြစ်ကို။ <b>အပုဋ္ဌောပိ</b>၊ မမေးအပ်သော်လည်း။ <b>ပါတု ကရောတိ</b>၊ ထင်ရှားစွာ ပြောပြတတ်၏၊</p>
<p>ချစ်သားရဟန်းတို့ ဒီသာသနာတော်မှာ သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးမဲ့အပြစ်တွေကို မမေးဘဲနှင့်တောင်မှ သူက ထင်ရှားပြောပြတတ်တယ်တဲ့၊ သူတစ်ပါး မကောင်းကြောင်းပေါ့၊ တစ်ဖက်က မမေးသေးဘူးလေ၊ သူက ဦးအောင် အရင်ဆုံး ပြောပြလိုက်တယ်၊ အဲဒီလို ပြောပြလိုက်တဲ့ ပုဂ္ဂိုလ်ဟာ သူတော်ကောင်းလား၊ မသူတော်လား? ဟင်! အဲဒါ ဘယ်သူပြောတာလဲ? ဘုန်းကြီးပြောတာ မဟုတ်ပါဘူးနော်၊ ဘုန်းကြီးကို ရန်မတွေ့နဲ့၊ ရန်မတွေ့နဲ့၊ အဲဒါ မြတ်စွာဘုရား ဟောနေတာ၊ သူတစ်ပါးအပြစ်ကို မမေးဘဲနဲ့ အရင်ပြောပြတဲ့ပုဂ္ဂိုလ်ဟာ သူတော်ကောင်းလား? မသူတော်တဲ့၊ ဘယ်နှယ့်တုန်း သီလရှင်တွေကြားကြရဲ့လား? ဟိုနောက်က ယောဂီတွေရောကြားကြရဲ့လား၊ အေး အေး မသူတော်ဖြစ်ချင်သလား၊ သူတော်ကောင်း ဖြစ်ချင်သလား? ဒါကတော့ ပြောမှာပဲ၊ ဒီပွဲထဲမှာ တပည့်တော်က မသူတော်ဖြစ်ချင်ပါတယ် ဆိုရင်တော့ ဒါက အရှက်ကွဲပြီ၊ ဟုတ်တယ် မဟုတ်လား? သူတော်ကောင်း ဖြစ်ချင်တယ်လို့တော့ ပြောမှာပေါ့၊ သူတော်ကောင်း ဖြစ်ချင်ရင် သူတစ်ပါးရဲ့ အပြစ်ကို မမေးဘဲနဲ့ ပြောရမလား၊ မပြောရဘူးလား?</p>
<p>‘‘<b>ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော အဟာပေတွာ အလမ္ဗိတွာ ပရိပူရံ ဝိတ္ထာရေန ပရဿ အဝဏ္ဏံ ဘာသိတာ ဟောတိ</b>’’ (အံ၊၁၊၃၈၉။)</p>
<p><b>ပုဋ္ဌော ခေါ ပန</b>၊ လှမ်း၍ မေးအပ်သည်ရှိသော်မူလည်းကောင်း။ <b>ပဥှာဘိနီတော</b>၊ ပြဿနာ အမေးထုတ်၍ ဆောင်အပ်သည်ရှိသော်။ <b>အဟာပေတွာ</b>၊ တစ်လုံးတစ်ပါဒမျှ မလျော့စေဘဲ။ <b>အလမ္ဗိတွာ</b>၊ နည်းငယ်မျှ ဆိုင်းတွခြင်း မရှိဘဲ။ <b>ပရိပူရံ</b>၊ ပြည့်ပြည့်စုံစုံ။ <b>ဝိတ္ထာရေန</b>၊ အကျယ်ချဲ့၍။ <b>ပရဿ</b>၊ သူတစ်ပါး၏။ <b>အဝဏ္ဏံ</b>၊ ဂုဏ်ကျေးဇူးမဲ့ကို။ <b>ဘာသိတာ ဟောတိ</b>၊ ပြောဆိုတတ်သည် ဖြစ်၏၊</p>
<p>လှမ်းပြီး မေးလိုက်မယ်၊ ဟိုကောင်မ ဘာတွေလုပ်လဲ၊ ဟိုကိုယ်တော်က ဘာတွေလုပ်လဲ? နည်းနည်းလေး မေးလိုက်တယ်၊ မေးသာမေးမယ် ဆိုလို့ရင်ရှိရင်နော်၊ ပြဿနာတစ်ခုက ပေါ်လာလို့ မေးခွန်းလေးတစ်ခု မေးလိုက်တာနဲ့ ဘာဖြစ်လဲ၊ အဟာပေတွာတဲ့၊ တစ်လုံးတစ်ပါဒမှ မလျော့စေရဘူး၊ အလမ္ဗိတွာ = နည်းနည်းမှ ဆိုင်းတွမှု မရှိဘူးတဲ့၊ ဟုတ်လား? ခပ်သွက်သွက်ပေါ့၊ ပရိပူရံ = ပြည့်ပြည့်စုံစုံ၊ ဝိတ္ထာရေန = အကျယ်ချဲ့ပြီးတော့၊ ပရဿ အဝဏ္ဏံ ဘာသိတာ ဟောတိ = သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးမဲ့တွေကို ပြောတယ်တဲ့၊ နည်းနည်းလေးမှ မဆိုင်းတွဘူး၊ ဟုတ်လား၊ ခပ်သွက်သွက်ပေါ့၊ တစ်လုံးမှလည်း ချန်မထားဘူး၊ ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့်ကို သူတစ်ပါးရဲ့ မကောင်းကြောင်းကို ပြောတယ်တဲ့၊ အဲဒီလို ပုဂ္ဂိုလ်ဟာ သူတော်ကောင်းလား၊ မသူတော်လား? (မသူတော်ပါဘုရား) အဲ ဘယ်သူပြောတာလဲ၊ မြတ်စွာဘုရား ဟောတာနော်၊ ဘုန်းကြီးဟောတာ မဟုတ်ဘူးနော်၊ တော်ကြာ ဘုန်းကြီးကို ရန်ထောင်မနေနဲ့၊ ကဲ —</p>
<p>‘‘<b>ဝေဒိတဗ္ဗမေတံ ဘိက္ခဝေ၊ အသပ္ပုရိသော အယံ ဘဝန္တိ</b>’’ (အံ၊၁၊၃၈၉။)</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>ဧတံ</b>၊ ထိုသို့သော ပုဂ္ဂိုလ်မျိုးကို။ <b>အသပ္ပုရိသော အယံ ဘဝန္တိ</b>၊ ဤပုဂ္ဂိုလ်သည် မသူတော်ဖြစ်၏ဟူ၍။ <b>ဝေဒိတဗ္ဗံ</b>၊ သိအပ်၏၊</p>
<p>အဲဒီလို ပုဂ္ဂိုလ်မျိုးကို မသူတော်လို့ သိပါတဲ့၊ ဒါက နံပါတ်တစ်၊ နံပါတ်နှစ် ပုဂ္ဂိုလ်က -</p>
<p>‘‘<b>ပုန စပရံ ဘိက္ခဝေ အသပ္ပုရိသော ယော ဟောတိ ပရဿ ဝဏ္ဏော တံ ပုဋ္ဌောပိ န ပါတု ကရောတိ</b>’’ (အံ၊၁၊၃၈၉။)</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>ပုန စပရံ</b>၊ ထို့ပြင်တစ်ပါး။ <b>ယော အသပ္ပုရိသော</b>၊ အကြင်မသူတော်သည်။ <b>ဟောတိ</b>၊ ဖြစ်၏။ <b>ပရဿ</b>၊ သူတစ်ပါး၏။ <b>ဝဏ္ဏော</b>၊ ဂုဏ်ကျေးဇူး ချီးမွမ်းခြင်းသည်။ <b>ယော ဟောတိ</b>၊ အကြင်ကောင်းကြောင်းရှိ၏။ <b>တံ</b>၊ ထိုကောင်းကြောင်းကို။ <b>ပုဋ္ဌောပိ</b>၊ လာ၍ မေးအပ်သော်လည်း။ <b>န ပါတု ကရောတိ</b>၊ ထင်ရှားစွာ ပြောပြလေ့မရှိ၊</p>
<p>သူတစ်ပါးရဲ့ ကောင်းကြောင်း ဂုဏ်ကျေးဇူးတွေကို လာပြီးမေးတယ် ဆိုလို့ရှိရင် မေးတာတောင်မှ သူက ထင်ထင်ရှားရှား သိပ်မပြောချင်ဘူးတဲ့၊ ပြောရမှာ သူက စိတ်မပါဘူး၊ သူတစ်ပါး ကောင်းတဲ့အကြောင်းကို သိပ်မပြောချင်ဘူး၊ အမလေး ဒီးဒုတ်လောက်တော့ ငှက်တိုင်းလှပါတယ်၊ ဟုတ်တယ် မဟုတ်လား၊ ဇီးကွက်လောက်တော့ ငှက်တိုင်းလှတယ်၊ ဒီးဒုတ်လောက်တော့ ငှက်တိုင်းလှတယ် စသည်ဖြင့် ဒီလို မြင်လာတယ်၊ နောက်တစ်ခု -</p>
<p>‘‘<b>ကော ပန ဝါဒေါ အပုဋ္ဌဿ</b>’’ (အံ၊၁၊၃၈၉။)</p>
<p><b>အပုဋ္ဌဿ</b>၊ မမေးအပ်သော ပုဂ္ဂိုလ်အား။ <b>ကော ပန ဝါဒေါ</b>၊ အဘယ်မှာ ပြောဆိုခြင်း ရှိအံ့နည်း၊</p>
<p>မမေးသာ မမေးဘူးဆိုရင် သူတစ်ပါး ကောင်းတဲ့အကြောင်း ဘယ်တော့မှ မပြောဘူး၊ မေးတာတောင်မှ သူက ထင်ရှားအောင် မပြောချင်ဘူးတဲ့နော်၊</p>
<p>‘‘<b>ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော ဟာပေတွာ လမ္ဗိတွာ အပရိပူရံ အဝိတ္ထာရေန ပရဿ ဝဏ္ဏံ ဘာသိတာ ဟောတိ</b>’’ (အံ၊၁၊၃၈၉။)</p>
<p><b>ပုဋ္ဌော ခေါ ပန</b>၊ မေးမြန်းအပ်သည်ရှိသော်မူလည်းကောင်း။ <b>ပဥှာဘိနီတော</b>၊ ပြဿနာထုတ်၍ မေးမြန်းအပ်သည်ရှိသော်။ <b>ဟာပေတွာ</b>၊ လျှော့၍။ <b>လမ္ဗိတွာ</b>၊ ဆိုင်းဆိုင်းတွတွ ပြု၍။ <b>အပရိပူရံ</b>၊ မပြည့်မစုံ။ <b>အဝိတ္ထာရေန</b>၊ အကျယ်မချဲ့ဘဲ။ <b>ပရဿ</b>၊ သူတစ်ပါး၏။ <b>ဝဏ္ဏံ</b>၊ ကောင်းသောဂုဏ်ကို။ <b>ဘာသိတာ ဟောတိ</b>၊ ပြောဆိုတတ်သည် ဖြစ်၏၊</p>
<p>အကြောင်းအရာ တစ်ခုရှိလို့ ပြဿနာထုတ်ပြီးတော့ လှမ်းပြီး မေးလိုက်မယ် ဆိုလို့ရှိရင်တော့ လျှော့လျှော့ပေါ့ပေါ့ ပြောတတ်တယ်၊ သူတစ်ပါးရဲ့ ကောင်းတဲ့အကြောင်း လျှော့လျှော့ပေါ့ပေါ့ ပြောတယ်၊ လမ္ဗိတွာ = လျှော့လျှော့ပေါ့ပေါ့နဲ့ ဆိုင်းဆိုင်းတွတွလေးနဲ့နော်၊ ငါတော့ကွယ် သူများအကြောင်း သိပ်ပြီး မပြောချင်ပါဘူး၊ သူက ဒီလိုဒီလို။ ခပ်ဆိုင်းဆိုင်းတွတွလေးနဲ့နော်၊ အပရိပူရံ = သူတစ်ပါး ကောင်းတဲ့အကြောင်းကို မပြည့်မစုံ ပြောတယ်၊ အဝိတ္ထာရေန = အကျယ်ချဲ့ပြီး ဘယ်တော့မှ မပြောဘူး၊ ခပ်တိုတိုပဲ ပြောလိုက်တယ်တဲ့နော်၊ သူတစ်ပါး ကောင်းတဲ့ဂုဏ်သတင်းကို အဲဒီလို မပြောပြချင်တဲ့ ပုဂ္ဂိုလ်၊ အဲဒီလို ပုဂ္ဂိုလ်ဟာ သူတော်ကောင်းလား၊ မသူတော်လား? မသူတော်ပဲ၊ အဲဒါကလည်း မြတ်စွာဘုရား ဟောတာပဲနော်၊ နောက်တစ်ခု နံပါတ်သုံး မသူတော်၊</p>
<p>‘‘<b>ပုန စပရံ ဘိက္ခဝေ အသပ္ပုရိသော ယော ဟောတိ အတ္တနော အဝဏ္ဏော တံ ပုဋ္ဌောပိ န ပါတု ကရောတိ</b>’’ (အံ၊၁၊၃၈၉။)</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>ပုန စပရံ</b>၊ ထို့ပြင်တစ်ပါး။ <b>ယော အသပ္ပုရိသော</b>၊ အကြင်မသူတော်သည်။ <b>ဟောတိ</b>၊ ဖြစ်၏။ <b>အတ္တနော</b>၊ မိမိ၏။ <b>အဝဏ္ဏော</b>၊ မကောင်းသော အပြစ်သည်။ <b>ယော ဟောတိ</b>၊ အကြင်အပြစ်ရှိ၏။ <b>တံ</b>၊ ထိုအပြစ်ကို။ <b>ပုဋ္ဌောပိ</b>၊ လာ၍ မေးအပ်သော်လည်း။ <b>န ပါတု ကရောတိ</b>၊ ထင်ရှားစွာ ဝန်ခံပြောပြလေ့မရှိ၊</p>
<p>နောက်ထပ် မသူတော်တစ်ဦး၊ မိမိရဲ့ မကောင်းတဲ့ကြောင်း ဂုဏ်ကျေးဇူးမဲ့တဲ့အချက် အကြောင်းအရာတွေ ရှိတယ်၊ အဲဒီ အကြောင်းအရာတွေကို သူတစ်ပါးတွေကနေပြီးတော့ လာမေးပြီ၊ အရှင်ဘုရား ဒီလို ဒီလို အာပတ်တွေ လွန်ကျူးနေတယ်ဆိုတာ ဟုတ်သလား? မေးလိုက်တယ်၊ မေးလိုက်တဲ့ အချိန်အခါကျတော့ သူက ဘာပြောလဲ?</p>
<p>န ပါတု ကရောတိ တဲ့၊ ထင်ထင်ရှားရှား သူဘယ်တော့မှ ဝန်မခံဘူး၊ ဝေ့လည်ကြောင်ပတ် လုပ်နေတယ်နော်၊ ဟုတ်သလိုလို၊ မဟုတ်သလိုလိုနဲ့ မဟုတ်ဘူး ပြောရင်လည်း သူက ဟို လိမ်တဲ့အဓိပ္ပာယ်က ပေါ်သွားမှာစိုးလို့၊ ဟုတ်သလိုလို၊ မဟုတ်သလိုလို၊ ဘာလိုလို၊ ညာလိုလိုနဲ့ ဟိုလွှဲလိုက် ဒီလွှဲလိုက် လုပ်နေတယ်၊ နောက်တစ်ခု၊</p>
<p>‘‘<b>ကော ပန ဝါဒေါ အပုဋ္ဌဿ</b>’’ (အံ၊၁၊၃၈၉။)</p>
<p><b>အပုဋ္ဌဿ</b>၊ မမေးအပ်သော ပုဂ္ဂိုလ်အား။ <b>ကော ပန ဝါဒေါ</b>၊ အဘယ်မှာ ပြောဆိုခြင်း ရှိအံ့နည်း၊</p>
<p>မမေးသာ မမေးဘူးဆိုရင် သူက ဘယ်တော့မှ မိမိရဲ့ မကောင်းကြောင်းကို မပြောဘူး၊</p>
<p>‘‘<b>ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော ဟာပေတွာ လမ္ဗိတွာ အပရိပူရံ အဝိတ္ထာရေန အတ္တနော အဝဏ္ဏံ ဘာသိတာ ဟောတိ</b>’’ (အံ၊၁၊၃၈၉။)</p>
<p><b>ပုဋ္ဌော ခေါ ပန</b>၊ မေးမြန်းအပ်သည်ရှိသော်မူလည်းကောင်း။ <b>ပဥှာဘိနီတော</b>၊ ပြဿနာထုတ်၍ မေးမြန်းအပ်သည်ရှိသော်။ <b>ဟာပေတွာ</b>၊ လျှော့၍။ <b>လမ္ဗိတွာ</b>၊ ဆိုင်းဆိုင်းတွတွ ပြု၍။ <b>အပရိပူရံ</b>၊ မပြည့်မစုံ။ <b>အဝိတ္ထာရေန</b>၊ အကျယ်မချဲ့ဘဲ။ <b>အတ္တနော</b>၊ မိမိ၏။ <b>အဝဏ္ဏံ</b>၊ မကောင်းသော အပြစ်ကို။ <b>ဘာသိတာ ဟောတိ</b>၊ ပြောဆိုတတ်သည် ဖြစ်၏၊</p>
<p>မေးမြန်းခဲ့မယ်၊ အကြောင်းအရာတစ်ခုရှိလို့ မေးခွန်းထုတ်ပြီး မေးမြန်းခဲ့မယ်ဆိုရင် လျှော့လျှော့ပေါ့ပေါ့၊ ဆိုင်းဆိုင်းတွတွလေးနဲ့ မိမိရဲ့ မကောင်းကြောင်းကို အကျယ်မချဲ့ဘဲ ခပ်ကျဉ်းကျဉ်း ခပ်တိုတိုလေး ပြောတတ်တယ်တဲ့၊ မှန်တဲ့အတိုင်း တိတိကျကျ ပြန်ပြီးတော့ မပြောဘူး၊ အဲဒီလို ပုဂ္ဂိုလ်ကလည်းပဲ သူတော်ကောင်းလား၊ မသူတော်လား? မသူတော်ပဲတဲ့၊ ကဲ နောက်တစ်ခု၊</p>
<p>‘‘<b>ပုန စပရံ ဘိက္ခဝေ အသပ္ပုရိသော ယော ဟောတိ အတ္တနော ဝဏ္ဏော တံ အပုဋ္ဌောပိ ပါတု ကရောတိ</b>’’ (အံ၊၁၊၃၈၉။)</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>ပုန စပရံ</b>၊ ထို့ပြင်တစ်ပါး။ <b>ယော အသပ္ပုရိသော</b>၊ အကြင်မသူတော်သည်။ <b>ဟောတိ</b>၊ ဖြစ်၏။ <b>အတ္တနော</b>၊ မိမိ၏။ <b>ဝဏ္ဏော</b>၊ ကောင်းသောဂုဏ်ကျေးဇူးသည်။ <b>ယော ဟောတိ</b>၊ အကြင်ဂုဏ်ရှိ၏။ <b>တံ</b>၊ ထိုဂုဏ်ကို။ <b>အပုဋ္ဌောပိ</b>၊ မမေးအပ်သော်လည်း။ <b>ပါတု ကရောတိ</b>၊ ထင်ရှားစွာ ထုတ်ဖော်ပြောဆိုတတ်၏၊</p>
<p>နောက်တစ်မျိုးကတော့ ပုဂ္ဂိုလ်တစ်ယောက်က မိမိရဲ့ ဂုဏ်ကျေးဇူးတွေ ရှိတယ်၊ မိမိရဲ့ ကောင်းတဲ့ အကြောင်းပေါ့လေ၊ ငါစာမေးပွဲ ဘာတွေ အောင်ခဲ့တယ်၊ ဘယ်မှာ ဘီအေ အောင်ခဲ့တယ်၊ ဘယ်မှာ ဓမ္မာစရိယ ဘယ်လို အောင်ခဲ့တယ်ပေါ့၊ ဟုတ်တယ် မဟုတ်လား? ကောင်းတဲ့အကြောင်းတွေ၊ ကောင်းတဲ့အကြောင်းတွေ၊ အဲဒီ ကောင်းတဲ့အကြောင်းတွေကို "အပုဋ္ဌောပိ ပါတုကရောတိ" သူတစ်ပါးက မမေးရသေးဘူး၊ ကိုယ်က အရင်စပြီး ပြောပြီ၊ ဟုတ်တယ် မဟုတ်လား? သူတစ်ပါး မမေးရသေးဘဲနဲ့ ကိုယ်က အရင်စပြီး ပြောပြလိုက်တယ်၊ ငါကဘယ်လို ဘယ်လူ့သမီး၊ ဘယ်သူဋ္ဌေးသမီး၊ ငါငယ်ငယ်တုန်းက ဘယ်လောက် ချမ်းသာတယ်၊ ငါ့အမေက ဘယ်လောက် ချမ်းသာတယ်၊ ငါ့အဖေက ဘယ်လောက် ချမ်းသာတယ်ပေါ့၊ ဟုတ်တယ် မဟုတ်လား? အဲဒီ ပုံစံဖြင့် မိမိရဲ့ ကောင်းတဲ့အကြောင်းတွေကို သူတစ်ပါး မမေးဘဲနဲ့ အရင်စပြီး ထုတ်ဖော်ပြောတယ်တဲ့၊ ပြောလိုက်တဲ့ အချိန်အခါမှာ-</p>
<p>‘‘<b>ကော ပန ဝါဒေါ ပုဋ္ဌဿ</b>’’ (အံ၊၁၊၃၈၉။)</p>
<p><b>ပုဋ္ဌဿ</b>၊ မေးမြန်းအပ်သော ပုဂ္ဂိုလ်အား။ <b>ကော ပန ဝါဒေါ</b>၊ အဘယ်မှာ ပြောဆိုခြင်း ရှိအံ့နည်း၊</p>
<p>မေးသာမေးမယ် ဆိုလို့ရှိရင်တော့ ပြောပြလို့ မကုန်ဘူး၊ ပြောမဆုံးပေါင် တောသုံးထောင်၊ ဟို ဘုန်းကြီးတို့ ငယ်ငယ်က ပြောနေကျ စကားလုံးနဲ့ ပြောမယ်ဆိုရင်တော့ ဟိမဝန္တာ ချီးမွမ်းခန်း ဖွင့်တယ်ပေါ့၊ မဒ္ဒီဒေဝီက ဝေဿန္တရာမင်းကြီးနဲ့အတူ ဟိမဝန္တာတော မထွက်ခင်မှာ ဝေဿန္တရာမင်းကြီးက သူ့နောက်ကို မလိုက်ဘဲနဲ့ သားငယ်၊ သမီးငယ်ဖြစ်တဲ့ ဇာလီ၊ ကဏှာဇိန်တို့နဲ့အတူ ဒီနန်းတွင်းမှာ နေခဲ့ဖို့ ပြောလိုက်တဲ့အခါမှာ မဒ္ဒီဒေဝီက သူမမြင်ဘူးတဲ့ ဟိမဝန္တာကို အင်မတန် ချီးမွမ်းတယ်၊ အင်မတန် ကျယ်ကျယ်ပြန့်ပြန့် ချီးမွမ်းတယ်၊ အဲဒီဟာကို စာပေနယ်က ဟိမဝန္တာချီးမွမ်းခန်း ဖွင့်တယ်တဲ့ ဟုတ်လား? ခုလည်း ဒီအတိုင်းပဲ၊ မိမိရဲ့ ကောင်းတဲ့အကြောင်း ဆိုလို့ရှိရင် သူတစ်ပါးက ဘာမှ မမေးရသေးဘူး၊ ဟိမဝန္တာချီးမွမ်းခန်း ဖွင့်လိုက်ပြီနော်၊ မေးသာ မေးလိုက်မယ် ဆိုလို့ရှိရင်တော့ ပြောလို့ မကုန်တော့ဘူးတဲ့၊</p>
<p>‘‘<b>ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော အဟာပေတွာ အလမ္ဗိတွာ ပရိပူရံ ဝိတ္ထာရေန အတ္တနော ဝဏ္ဏံ ဘာသိတာ ဟောတိ</b>’’ (အံ၊၁၊၃၈၉။)</p>
<p><b>ပုဋ္ဌော ခေါ ပန</b>၊ မေးမြန်းအပ်သည်ရှိသော်မူလည်းကောင်း။ <b>ပဥှာဘိနီတော</b>၊ ပြဿနာထုတ်၍ မေးမြန်းအပ်သည်ရှိသော်။ <b>အဟာပေတွာ</b>၊ တစ်လုံးတစ်ပါဒမျှ မလျော့စေဘဲ။ <b>အလမ္ဗိတွာ</b>၊ နည်းငယ်မျှ ဆိုင်းတွခြင်း မရှိဘဲ။ <b>ပရိပူရံ</b>၊ ပြည့်ပြည့်စုံစုံ။ <b>ဝိတ္ထာရေန</b>၊ အကျယ်ချဲ့၍။ <b>အတ္တနော</b>၊ မိမိ၏။ <b>ဝဏ္ဏံ</b>၊ ကောင်းသောဂုဏ်ကို။ <b>ဘာသိတာ ဟောတိ</b>၊ ပြောဆိုတတ်သည် ဖြစ်၏၊</p>
<p>မေးသာမေးမယ် ဆိုလို့ရှိရင်တော့ မိမိရဲ့ကောင်းတဲ့ဂုဏ်သတင်းတွေကို နည်းနည်းလေးမှ လျှော့မပြောဘူး၊ နည်းနည်းမှလည်း ဆိုင်းတွမှု မရှိဘူး၊ ပြည့်ပြည့်စုံစုံ၊ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ကျကျနန မိမိရဲ့ ဂုဏ်ကျေးဇူးတွေကို ထုတ်ဖော်ပြီး ပြောပြတတ်တယ်တဲ့၊ ကဲ ဘယ်လိုတုန်း? အဲဒီ ပုဂ္ဂိုလ်ဟာလည်း သူတော်ကောင်းလား၊ မသူတော်လား? မသူတော်ပဲတဲ့နော်၊ အားလုံး ဘယ်နှစ်ယောက် ရှိသွားလဲ? လေးဦး၊ မှတ်မိပြီးလား? ဘုန်းကြီးက ထပ်ပြောချင်လို့မေးတာ၊ ဟုတ်တယ်မဟုတ်လား?</p>
<p>နံပါတ်တစ်က ဘာလဲ? နံပါတ်တစ်ပုဂ္ဂိုလ်က သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးမဲ့တွေကို မမေးဘဲနဲ့ ပြောပြတတ်တယ်၊ မေးရင်တော့ အကျယ်ချဲ့ပြီးတော့ ပြည့်ပြည့်စုံစုံ ဆိုင်းဆိုင်းတွတွ မရှိဘဲ အကုန်လုံး အပြည်အစုံ ပြောပြလိုက်တယ်၊ ဒါကတစ်ခု၊</p>
<p>နံပါတ်နှစ်ပုဂ္ဂိုလ်ကျတော့ သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးကို ထင်ထင်ရှားရှား မပြောချင်ဘူး၊ မလွှဲသာမရှောင်သာလို့ မေးရင်လည်း လျှော့လျှော့ပေါ့ပေါ့လေး ပြောတတ်တယ်၊ ပြည့်ပြည့်စုံစုံ ဘယ်တော့မှ မပြောဘူး၊ ဆိုင်းဆိုင်းတွတွနဲ့ ပြောတယ်၊</p>
<p>နံပါတ်သုံးကတော့ မိမိရဲ့ ဂုဏ်ကျေးဇူးမဲ့၊ မိမိရဲ့မကောင်းတဲ့ သတင်းတွေ ဒီအကြောင်းကို ဘယ်တော့မှ မပြောဘူး၊ အမြဲတမ်း ဖုံးအုပ်ထားတယ်၊ မလွှဲသာ မရှောင်သာလို့ လာပြီးတော့မေးမယ် ဆိုလို့ရှိရင်လည်း (မမေးရင်တော့ ဘယ်တော့မှ မပြောဘူး) မလွှဲသာ မရှောင်သာလို့ မေးခဲ့မယ်ဆိုရင်လည်း ဆိုင်းဆိုင်းတွတွနဲ့ လျှော့လျှော့ပေါ့ပေါ့ မပြည့်မစုံဘဲနဲ့ ပြောပြတတ်တယ်၊</p>
<p>နံပါတ်လေးကတော့ မိမိရဲ့ ဂုဏ်ကျေးဇူးပဲ၊ မိမိရဲ့ ဂုဏ်ကျေးဇူး မမေးတောင်မှ သူက ပြောတယ်၊ မေးမယ်ဆိုရင်တော့ ပြောစရာတောင် မလိုဘူး၊ ဟိမဝန္တာ ချီးမွမ်းခန်း အကြီးအကျယ် ဖွင့်တော့တာပဲနော်၊ ကဲ နောက်တစ်ခု- သူတော်ကောင်းအကြောင်း ပြောမယ်၊</p>
<p>‘‘<b>စတူဟိ ဘိက္ခဝေ ဓမ္မေဟိ သမန္နာဂတော သပ္ပုရိသော ဝေဒိတဗ္ဗော</b>’’</p>
<p><b>စတူဟိ</b>၊ လေးမျိုးကုန်သော။ <b>ဓမ္မေဟိ</b>၊ တရားတို့နှင့်။ <b>သမန္နာဂတော</b>၊ ပြည့်စုံနေသော ပုဂ္ဂိုလ်ကို။ <b>သပ္ပုရိသော</b>၊ သူတော်ကောင်းဟူ၍။ <b>ဝေဒိတဗ္ဗော</b>၊ သိအပ်၏၊</p>
<p>တရားလေးမျိုးနှင့် ပြည့်စုံနေတဲ့ပုဂ္ဂိုလ်ကို သူတော်ကောင်းလို့ သိရမယ်၊ ဘာလေးမျိုးလဲ?</p>
<p>‘‘<b>ဣဓ ဘိက္ခဝေ သပ္ပုရိသော ယော ဟောတိ ပရဿ အဝဏ္ဏော တံ ပုဋ္ဌောပိ န ပါတု ကရောတိ။ ကော ပန ဝါဒေါ အပုဋ္ဌဿ</b>’’ (အံ၊၁၊၃၈၉။)</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>ဣဓ</b>၊ ဤသာသနာတော်၌။ <b>ယော သပ္ပုရိသော</b>၊ အကြင်သူတော်ကောင်းသည်။ <b>ဟောတိ</b>၊ ဖြစ်၏။ <b>ပရဿ</b>၊ သူတစ်ပါး၏။ <b>အဝဏ္ဏော</b>၊ မကောင်းသော အပြစ်သည်။ <b>ယော ဟောတိ</b>၊ အကြင်အပြစ်ရှိ၏။ <b>တံ</b>၊ ထိုအပြစ်ကို။ <b>ပုဋ္ဌောပိ</b>၊ လာ၍ မေးအပ်သော်လည်း။ <b>န ပါတု ကရောတိ</b>၊ ထင်ရှားစွာ ပြောပြလေ့မရှိ။ <b>အပုဋ္ဌဿ</b>၊ မမေးအပ်သော ပုဂ္ဂိုလ်အား။ <b>ကော ပန ဝါဒေါ</b>၊ အဘယ်မှာ ပြောဆိုခြင်း ရှိအံ့နည်း၊</p>
<p>လောကမှာ မသူတော်တွေ တစ်ခြားပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဂုဏ်ကျေးဇူးမဲ့တွေရှိတယ်၊ မကောင်းသတင်းတွေ ရှိတယ်၊ အဲဒီ မကောင်းသတင်းတွေကို လာပြီး မေးမယ်ဆိုရင်တောင်မှ သူက ပေါ်ပေါ်လွင်လွင် သိပ်မပြောဘူး၊ သူတစ်ပါး မကောင်းကြောင်းကို သိပ်မပြောဘူး၊ ထင်ထင်ရှားရှား သိပ်မပြောချင်ဘူး၊ အကယ်၍ မမေးဘူး ဆိုလို့ရှိရင်တော့ ဘာမှကို သူတစ်ပါး မကောင်းကြောင်း ဘယ်တော့မှ မပြောဘူး၊ နောက်တစ်ခု-</p>
<p>‘‘<b>ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော ဟာပေတွာ လမ္ဗိတွာ အပရိပူရံ အဝိတ္ထာရေန ပရဿ အဝဏ္ဏံ ဘာသိတာ ဟောတိ</b>’’ (အံ၊၁၊၃၈၉။)</p>
<p><b>ပုဋ္ဌော ခေါ ပန</b>၊ မေးအပ်သည်ဖြစ်၍သာလျှင်မူလည်းကောင်း။ <b>ပဥှာဘိနီတော</b>၊ ပြဿနာတစ်ခုခု ထုတ်ဆောင်၍ မေးအပ်သည်ဖြစ်၍၎င်း။ <b>ဟာပေတွာ</b>၊ ချန်လှပ်၍။ <b>လမ္ဗိတွာ</b>၊ ဆိုင်းဆိုင်းတွတွ ပြု၍။ <b>အပရိပူရံ</b>၊ မပြည့်မစုံ။ <b>အဝိတ္ထာရေန</b>၊ အကျယ်မချဲ့ဘဲ။ <b>ပရဿ</b>၊ သူတစ်ပါး၏။ <b>အဝဏ္ဏံ</b>၊ မကောင်းကြောင်းကို။ <b>ဘာသိတာ ဟောတိ</b>၊ ပြောဆိုတတ်သည် ဖြစ်၏။</p>
<p>အကြောင်းကိစ္စ တစ်ခုခုရှိလို့ပေါ့နော်၊ သက်သေအရာမှ တည်ပြီးတော့ လာပြီးမေးမယ် ဆိုရင်တောင်မှ သူတစ်ပါးရဲ့ မကောင်းကြောင်းကို ဆိုင်းဆိုင်းတွတွလေးနဲ့ လျှော့လျှော့ပေါ့ပေါ့လေးနဲ့ ပြောတယ်၊ မပြည့်မစုံပြောတယ်၊ ဘယ်တော့မှ အကျယ်ချဲ့ပြီးတော့ မပြောဘူး၊ လိုရင်းလောက်ကလေးပဲ တစ်ခွန်းစ နှစ်ခွန်းစ ဒီလောက်ပဲ ပြောတယ်၊ ဒီတော့ သူတစ်ပါး မကောင်းကြောင်းကို သူက အမြဲတမ်း မပြောချင်ဘူးတဲ့ ပုဂ္ဂိုလ်တစ်မျိုး၊ အဲဒီလို ပုဂ္ဂိုလ်မျိုးကိုလည်း ဘုရားရှင်က <b>သပ္ပုရိသ</b>၊ သူတော်ကောင်းဆိုပြီးတော့ ဟောတယ်၊ နောက်တစ်ခု -</p>
<p>‘‘<b>ပုန စပရံ ဘိက္ခဝေ သပ္ပုရိသော ယော ဟောတိ ပရဿ ဝဏ္ဏော တံ အပုဋ္ဌောပိ ပါတု ကရောတိ။ ကော ပန ဝါဒေါ ပုဋ္ဌဿ</b>’’ (အံ၊၁၊၃၉၀။)</p>
<p>သူတစ်ပါးရဲ့ ကောင်းနေတဲ့ ဂုဏ်ကျေးဇူးတွေရှိတယ်၊ အဲဒီ ဂုဏ်ကျေးဇူးတွေကိုကျတော့ သူက မမေးဘဲနဲ့သော်လည်း ပြောပြတတ်တယ်၊ မေးသာမေးမယ် ဆိုလို့ရှိရင်တော့ ဘာမှ ပြောဖွယ်ရာ မလိုတော့ဘူးတဲ့နော်၊</p>
<p>‘‘<b>ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော အဟာပေတွာ အလမ္ဗိတွာ ပရိပူရံ ဝိတ္ထာရေန ပရဿ ဝဏ္ဏံ ဘာသိတာ ဟောတိ</b>’’ (အံ၊၁၊၃၉၀။)</p>
<p><b>ပုဋ္ဌော ခေါ ပန</b>၊ မေးအပ်သည်ဖြစ်၍သာလျှင်မူလည်းကောင်း။ <b>ပဥှာဘိနီတော</b>၊ ပြဿနာတစ်ခုခု ထုတ်ဆောင်၍ မေးအပ်သည်ဖြစ်၍၎င်း။ <b>အဟာပေတွာ</b>၊ မချန်မလှပ်ဘဲ။ <b>အလမ္ဗိတွာ</b>၊ မဆိုင်းမတွဘဲ။ <b>ပရိပူရံ</b>၊ ပြည့်ပြည့်စုံစုံ။ <b>ဝိတ္ထာရေန</b>၊ အကျယ်ချဲ့၍။ <b>ပရဿ</b>၊ သူတစ်ပါး၏။ <b>ဝဏ္ဏံ</b>၊ ဂုဏ်ကျေးဇူးကို။ <b>ဘာသိတာ ဟောတိ</b>၊ ပြောဆိုတတ်သည် ဖြစ်၏။</p>
<p>မေးသာ မေးခဲ့မယ် ဆိုလို့ရှိရင်တော့ သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးတွေကို ဘယ်တော့မှ မဆိုင်းမတွဘဲနဲ့ အကျယ်ချဲ့ပြီးတော့ ပြည့်ပြည့်စုံစုံ သူက ပြောပြတတ်တယ်၊ ဒီလို ပုဂ္ဂိုလ်ကိုလည်း <b>သပ္ပုရိသ</b>၊ သူတော်ကောင်းလို့ခေါ်တယ်၊ နောက်တစ်ခု -</p>
<p>‘‘<b>ပုန စပရံ ဘိက္ခဝေ သပ္ပုရိသော ယော ဟောတိ အတ္တနော အဝဏ္ဏော တံ အပုဋ္ဌောပိ ပါတု ကရောတိ။ ကော ပန ဝါဒေါ ပုဋ္ဌဿ</b>’’ (အံ၊၁၊၃၉၀။)</p>
<p>ပုဂ္ဂိုလ်တစ်ယောက် မိမိရဲ့ မကောင်းတဲ့ ဂုဏ်ကျေးဇူးတွေ မိမိရဲ့ အပြစ်တွေ ရှိတယ်၊ အဲဒီ အပြစ်တွေ မမေးဘဲနဲ့သော်လည်း သူက ပြောပြတတ်တယ်၊ အဲဒီတော့ ငါတော့ကွယ် ဒီအပြစ် ဒီအပြစ်တွေကို လွန်ကျူးမိတယ်၊ အဲဒီတော့ ဒီအပြစ် ဒီအပြစ်တွေကို တပည့်တော် တောင်းပန်ပါတယ်၊ နောင်အခါ တပည့်တော် ဘယ်တော့မှ မလွန်ကျူးပါဘူး ဆိုပြီးတော့ အခု ဘုန်းကြီးတွေ ဒေသနာကြားတယ်ပေါ့၊ ဆောင့်ကြောင့်လေးတွေ ထိုင်တယ်၊ တစ်ပါးနဲ့ တစ်ပါး လက်အုပ်ချီလို့၊ ဟုတ်တယ်မဟုတ်လား? အဲဒါ ဘာလုပ်တာလဲ? ဒါ အပြစ်ကို ဝန်ခံနေတာ၊ တပည့်တော် ဒီအပြစ် ဒီအပြစ် လွန်ကျူးမိတယ်၊ အဲဒါကြောင့် အရှင်ဘုရား တပည့်တော်ကို ဒီအပြစ်ကို လက်ခံတော်မူပါ၊ နောင်အခါ တပည့်တော် ဒီအပြစ်ကို ဘယ်တော့မှ မလွန်ကျူးဘူး၊ စောင့်စည်းပါ့မယ်၊ အဲဒီလို ပြောတာ၊ အဲဒါ နားမလည်တဲ့ ပုဂ္ဂိုလ်ကတော့ ဒါမျိုး ဘာလုပ်တယ်မှန်းတော့ သိချင်မှ သိမယ်နော်၊ နားလည်တဲ့ ပုဂ္ဂိုလ်ကတော့ စိတ်ထဲမှာ စိတ်ပါလက်ပါနဲ့ တကယ်ဝန်ချ တောင်းပန်တာပဲ၊ ဒါသူတော်ကောင်းတို့ရဲ့ သဘောပဲ၊ မိမိမှာ အပြစ်ရှိခဲ့ရင် ဒီအပြစ်ကို ထင်ရှားပြတယ်၊ ဘယ်တော့မှ မလျှို့ဝှက်ထားဘူး၊ ထင်ရှားပြောပြီးတော့ အကယ်၍များ မေးခဲ့မယ်ဆိုရင် -</p>
<p>‘‘<b>ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော အဟာပေတွာ အလမ္ဗိတွာ ပရိပူရံ ဝိတ္ထာရေန အတ္တနော အဝဏ္ဏံ ဘာသိတာ ဟောတိ</b>’’ (အံ၊၁၊၃၉၀။)</p>
<p><b>ပုဋ္ဌော ခေါ ပန</b>၊ မေးအပ်သည်ဖြစ်၍သာလျှင်မူလည်းကောင်း။ <b>ပဥှာဘိနီတော</b>၊ ပြဿနာတစ်ခုခု ထုတ်ဆောင်၍ မေးအပ်သည်ဖြစ်၍၎င်း။ <b>အဟာပေတွာ</b>၊ မချန်မလှပ်ဘဲ။ <b>အလမ္ဗိတွာ</b>၊ မဆိုင်းမတွဘဲ။ <b>ပရိပူရံ</b>၊ ပြည့်ပြည့်စုံစုံ။ <b>ဝိတ္ထာရေန</b>၊ အကျယ်ချဲ့၍။ <b>အတ္တနော</b>၊ မိမိ၏။ <b>အဝဏ္ဏံ</b>၊ မကောင်းကြောင်း အပြစ်ကို။ <b>ဘာသိတာ ဟောတိ</b>၊ ပြောဆိုတတ်သည် ဖြစ်၏။</p>
<p>ပြဿနာတစ်ခုခု ထုတ်ဆောင်ပြီးတော့ မေးခဲ့မယ် ဆိုလို့ရှိရင်တော့ မိမိရဲ့ အပြစ်ကို ခြွင်းချက်မရှိ မဆိုင်းမတွဘဲနဲ့ ပြည့်ပြည့်စုံစုံပြောတယ်၊ ဝန်ခံတယ်၊ မှားရင် မှားတဲ့အတိုင်း ကျကျနန ဝန်ခံလိုက်တယ်၊ အဲဒီလို ဝန်ခံတဲ့ ပုဂ္ဂိုလ်မျိုးကိုလည်း ဘုရားရှင်က သူတော်ကောင်းအဖြစ် သတ်မှတ်တယ်၊ ဒါ ကိုယ့်အပြစ်ကို ကိုယ်ကျကျနန ဝန်ခံတာ ဒါဘုရားရှင်က နှစ်ခြိုက်တယ်၊ နောက်တစ်ခု -</p>
<p>‘‘<b>ပုန စပရံ ဘိက္ခဝေ သပ္ပုရိသော ယော ဟောတိ အတ္တနော ဝဏ္ဏော တံ ပုဋ္ဌောပိ န ပါတု ကရောတိ။ ကော ပန ဝါဒေါ အပုဋ္ဌဿ</b>’’ (အံ၊၁၊၃၉၀။)</p>
<p>နောက်တစ်မျိုး၊ သူတော်ကောင်းဆိုတာက မိမိရဲ့ ဂုဏ်ကျေးဇူးတွေ ရှိတယ်၊ အဲဒီ ဂုဏ်ကျေးဇူးကို ဘယ်တော့မှ ထင်ရှားမပြဘူး၊ ဘုန်းကြီးတို့ <b>အပ္ပိစ္ဆပုဂ္ဂိုလ်</b>တွေရဲ့ ဂုဏ်ကျေးဇူးနော်၊ မိမိဟာ အလိုနည်းပါးတဲ့ ပုဂ္ဂိုလ်ဖြစ်တယ် ဆိုတာကို သူတစ်ပါး သိမှာ သိပ်ရှက်တယ်၊ မိမိ ဘာတရားတွေ ရနေတယ်, မိမိက ဈာန်တွေမှာ သမထမှာ ဘယ်လိုအောင်မြင်တယ်, ဝိပဿနာ ဘယ်လိုအောင်မြင်တယ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဘယ်လိုရတယ်၊ ဘယ်တော့မှ မပြောချင်ဘူး၊ လျှို့ဝှက်ထားတယ်၊ ရှက်တာ, ရှက်တာနော်၊ အဲဒီတော့ မိမိရဲ့ ဂုဏ်ကျေးဇူးတွေကို ဘယ်တော့မှ ထင်ရှား မပြောပြဘူး၊</p>
<p><b>ကော ပန ဝါဒေါ အပုဋ္ဌဿ</b>၊ မမေးအပ်သည်ဖြစ်၍ မထင်ရှားပြခြင်း၌ကား အဘယ်ပြောဖွယ်ရာ ရှိအံ့နည်း။ မမေးသာ မမေးရင် ဘာမှမပြောဘူး၊</p>
<p>ဘုန်းကြီးတို့ စာမှာ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ ဝတ္ထုလေးတစ်ခု လာပါတယ်၊ ရဟန္တာ မထေရ်မြတ်ကြီးတစ်ပါးနဲ့ တောထွက် ကိုယ်တော်မြတ်ကြီးတစ်ပါး ကျောင်းတစ်ကျောင်းမှာ သီတင်းသုံးတော့ ဆွမ်းခံကြွတယ်၊ တစ်နေ့ ဆွမ်းခံကြွရင်းနဲ့ တောထွက်ကိုယ်တော်ကြီးက နောက်ကနေ လိုက်လာရင်း အရှေ့က ရဟန္တာမထေရ်ကြီးကို သူက မသိဘဲကိုး၊ မသိတော့ မေးတယ်၊ အရှင်ဘုရား ရဟန္တာမထေရ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်လဲတဲ့၊ ဒီတော့ ရှေ့က ရဟန္တာမထေရ်ကြီးက ဘာပြန်ပြောလဲ၊ ငါ့ရှင် တစ်ချို့ အသက်ကြီးမှ သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာတဲ့ ပုဂ္ဂိုလ်တွေဟာ ရဟန္တာနဲ့ အတူနေတာတောင်မှ ဒါဟာ ရဟန္တာလို့ သိဖို့ အင်မတန် ခက်ခဲပါတယ်ဆိုပြီး ဒီလောက် ပြောလိုက်တယ်၊ အဲဒါတောင်မှ ဒီကိုယ်တော် မရိပ်မိဘူးနော်၊ အဲဒီ ပုံစံမျိုးပဲ၊ မိမိရဲ့ ဂုဏ်ကျေးဇူးကို ဘယ်တော့မှ ထုတ်ဖော်ပြီး မပြောဘူး၊ ငါဟာ ရဟန္တာပဲလို့ ဘယ်တော့မှ သွားပြီး မကြေညာဘူး၊ မလွှဲသာ မရှောင်သာလို့ ခုလိုမေးခဲ့မယ်ဆိုရင်လည်း -</p>
<p>‘‘<b>ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော ဟာပေတွာ လမ္ဗိတွာ အပရိပူရံ အဝိတ္ထာရေန အတ္တနော ဝဏ္ဏံ ဘာသိတာ ဟောတိ</b>’’ (အံ၊၁၊၃၉၀။)</p>
<p><b>ပုဋ္ဌော ခေါ ပန</b>၊ မေးအပ်သည်ဖြစ်၍သာလျှင်မူလည်းကောင်း။ <b>ပဥှာဘိနီတော</b>၊ ပြဿနာတစ်ခုခု ထုတ်ဆောင်၍ မေးအပ်သည်ဖြစ်၍၎င်း။ <b>ဟာပေတွာ</b>၊ ချန်လှပ်၍။ <b>လမ္ဗိတွာ</b>၊ ဆိုင်းဆိုင်းတွတွ ပြု၍။ <b>အပရိပူရံ</b>၊ မပြည့်မစုံ။ <b>အဝိတ္ထာရေန</b>၊ အကျယ်မချဲ့ဘဲ။ <b>အတ္တနော</b>၊ မိမိ၏။ <b>ဝဏ္ဏံ</b>၊ ဂုဏ်ကျေးဇူးကို။ <b>ဘာသိတာ ဟောတိ</b>၊ ပြောဆိုတတ်သည် ဖြစ်၏။</p>
<p>မိမိရဲ့ ဂုဏ်ကျေးဇူးအကြောင်းကို ခုလို မေးခွန်းထုတ်ပြီးတော့ လာမေးတာတောင်မှ ပြည့်ပြည့်စုံစုံ ဘယ်တော့မှ မပြောပြဘူး၊ ဒါ - သူတော်ကောင်းတို့ရဲ့ သဘောပဲ၊ ပေါင်းလိုက်တော့ သူတော်ကောင်းက လေးမျိုး, မသူတော်က လေးမျိုး၊ သာသနာမှာ နေပြီဆိုရင် အဲဒီ စိတ်ထားလေးတွေရှိဖို့ လိုပါတယ်နော်၊ ဒီစိတ်ထား ရှိစေချင်တဲ့အတွက် ဘုရားရှင်က ဘာဆက်ဟောလဲ၊ အဲဒါလေး ဘုန်းကြီးက ဒီည နိဂုံးချုပ်ချင်တာနော်၊</p>
<p>‘‘<b>သေယျထာပိ ဘိက္ခဝေ ဝဓုကာ ယညဒေဝ ရတ္တိံ ဝါ ဒိဝံ ဝါ အာနီတာ ဟောတိ၊ တာဝဒေဝဿာ တိဗ္ဗံ ဟိရောတ္တပ္ပံ ပစ္စုပဋ္ဌိတံ ဟောတိ သဿုယာပိ သသုရေပိ သာမိကေပိ အန္တမသော ဒါသကမ္မကရပေါရိသေသု</b>’’ (အံ၊၁၊၃၉၀။)</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>သေယျထာပိ</b>၊ ဖြစ်သင့် ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသည်ကား။ <b>ယညဒေဝ ရတ္တိံ ဝါ</b>၊ အကြင်ည၌သော်လည်းကောင်း။ <b>ယညဒေဝ ဒိဝံ ဝါ</b>၊ အကြင်နေ့၌သော်လည်းကောင်း။ <b>ဝဓုကာ</b>၊ ချွေးမကို။ <b>အာနီတာ</b>၊ ခေါ်ဆောင်လာအပ်သည်။ <b>ဟောတိ</b>၊ ဖြစ်၏။</p>
<p>ညမှာပဲ ဖြစ်စေ, နေ့မှာပဲ ဖြစ်စေ, ချွေးမကို ယောက်ျားအိမ်ကို ခေါ်ဆောင်လာခဲ့ပြီ ဆိုကြစို့၊</p>
<p><b>တာဝဒေဝ</b>၊ ထိုမျှလောက်သော ကာလပတ်လုံး။ <b>အဿာ</b>၊ ထိုချွေးမ၏ သန္တာန်၌။ <b>သဿုယာပိ</b>၊ ယောက္ခမ မိန်းမသူအပေါ်၌လည်းကောင်း။ <b>သသုရေပိ</b>၊ ယောက္ခမ ယောက်ျားသူအပေါ်၌ လည်းကောင်း။ <b>သာမိကေပိ</b>၊ အိမ်ရှင်ယောက်ျားအပေါ်၌သော်လည်းကောင်း။ <b>အန္တမသော</b>၊ အောက်ထစ်ပိုင်းခြား အယုတ်ဆုံးအားဖြင့်။ <b>ဒါသကမ္မကရပေါရိသေသုပိ</b>၊ ကျွန်ယောက်ျား ကျွန်မိန်းမ, အလုပ်သမားတို့အပေါ်၌လည်းကောင်း။ <b>တိဗ္ဗံ</b>၊ လွန်ကဲထက်မြက်သော။ <b>ဟိရောတ္တပ္ပံ</b>၊ ရှက်ခြင်း ကြောက်ခြင်း ဟီရိဩတ္တပ္ပတရားသည်။ <b>ပစ္စုပဋ္ဌိတံ</b>၊ ရှေးရှုတည်နေသည်။ <b>ဟောတိ</b>၊ ဖြစ်၏။</p>
<p>ချွေးမအသစ်ကလေး ဒီနေ့မှ ရောက်လာတယ်, ဒီညမှ ရောက်လာတယ်၊ ရောက်လာတဲ့ အချိန်အခါမှာ ဒီချွေးမအသစ်ကလေးက ဘယ်လိုဖြစ်နေလဲ? ယောက္ခမ မိန်းမသူအပေါ်မှာ, ယောက္ခမ ယောက်ျားသူအပေါ်မှာ၊ အိမ်ရှင်ယောက်ျားအပေါ်မှာ, အောက်ထစ်ဆုံးအားဖြင့် အိမ်မှာ ခိုင်းစေနေတဲ့ ကျွန်တွေ အလုပ်သမားတွေ အပေါ်မှာသော်လည်းပဲ အလွန် ပြင်းထန်တဲ့ ရှက်မှု, ကြောက်မှု ရှိနေတယ်တဲ့၊ သူ့သန္တာန်မှာ ရှက်မှု, ကြောက်မှု ရှေးရှုတည်နေတယ်တဲ့နော်၊</p>
<p>‘‘<b>သာ အပရေန သမယေန သံဝါသမနွာယ ဝိဿာသမနွာယ သဿုမ္ပိ သသုရမ္ပိ သာမိကမ္ပိ ဧဝမာဟ - အပေထ၊ ကိံ ပန တုမှေ ဇာနာထာတိ</b>’’ (အံ၊၁၊၃၉၀။)</p>
<p><b>သာ</b>၊ ထိုချွေးမသည်။ <b>အပရေန သမယေန</b>၊ နောက်ပိုင်း အချိန်အခါကာလ၌။ <b>သံဝါသံ</b>၊ ပေါင်းဖော်ယှဉ်တွဲခြင်းကို။ <b>အနွာယ</b>၊ အစွဲပြု၍။ <b>ဝိဿာသံ</b>၊ ချစ်ကျွမ်းဝင်ခြင်းကို။ <b>အနွာယ</b>၊ အစွဲပြု၍။ <b>သဿုမ္ပိ</b>၊ ယောက္ခမ မိန်းမသူအပေါ်၌သော်လည်းကောင်း။ <b>သသုရမ္ပိ</b>၊ ယောက္ခမ ယောက်ျားသူအပေါ်၌လည်းကောင်း။ <b>သာမိကမ္ပိ</b>၊ အိမ်ရှင်ယောက်ျားအပေါ်၌ သော်လည်းကောင်း။ <b>ဧဝံ</b>၊ ဤသို့။ <b>အာဟ</b>၊ ပြောဆိုတတ်၏။</p>
<p>တစ်ဖြည်းဖြည်းကြာလာတော့ နည်းနည်းလေး ရင်းနှီးလာပြီး၊ ပေါင်းသင်း ဆက်ဆံမှုတွေကများတော့ ချစ်ကျွမ်းဝင်လာကြပြီ၊ အဲဒီ အချိန်အခါကျမှ ဒီချွေးမက ဘာလုပ်သလဲ? ယောက္ခမ ယောက်ျားသူကို, ယောက္ခမ မိန်းမသူကို အိမ်ရှင်ယောက်ျားကို သူက ဘယ်လိုပြောလာသလဲ?</p>
<p><b>အပေထ</b>၊ ဖယ်ကြကုန်လော့။ <b>တုမှေ</b>၊ သင်တို့သည်။ <b>ကိံ ပန ဇာနာထ</b>၊ ဘာကို သိကြပါကုန်သနည်း။</p>
<p>သင်တို့ ဘာသိလို့လဲ, ဖယ်စမ်း, သွားစမ်း၊ နောက်ပိုင်းကျတော့ ဘာဖြစ်လာပြီတဲ့၊</p>
<p>‘‘<b>ဧဝမေဝံ ခေါ ဘိက္ခဝေ ဣဓေကစ္စော ဘိက္ခု ယညဒေဝ ရတ္တိံ ဝါ ဒိဝံ ဝါ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော ဟောတိ</b>’’ (အံ၊၁၊၃၉၀။)</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>ဧဝမေဝ ခေါ</b>၊ ဤဥပမာ အတူသာလျှင်မူလည်းကောင်း။ <b>ဣဓ</b>၊ ဤသာသနာတော်မြတ်အတွင်း၌။ <b>ဧကစ္စော ဘိက္ခု</b>၊ အချို့သော ရဟန်းသည်။ <b>ယညဒေဝ ရတ္တိံ ဝါ</b>၊ အကြင် ည၌သော်လည်းကောင်း။ <b>ယညဒေဝ ဒိဝံ ဝါ</b>၊ အကြင် နေ့၌သော်လည်းကောင်း။ <b>အဂါရသ္မာ</b>၊ အိမ်ရာတည်ထောင် လူ့ဘောင်မှ။ <b>အနဂါရိယံ</b>၊ အိမ်ရာမထောင်သည့် ရဟန်းဘောင်သို့။ <b>ပဗ္ဗဇိတော</b>၊ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသည်ဖြစ်၏။</p>
<p>တစ်ချို့ တစ်ချို့ ရဟန်းတော်တွေ ဒီညမှာ ဖြစ်စေ, ဒီနေ့မှာ ဖြစ်စေ အိမ်ရာတည်ထောင် လူ့ဘောင်မှ ခွာရှောင်ပြီး အိမ်ရာမထောင်တဲ့ ရဟန်းဘောင်သို့ ရောက်လာပြီ၊</p>
<p>‘‘<b>တာဝဒေဝဿ တိဗ္ဗံ ဟိရောတ္တပ္ပံ ပစ္စုပဋ္ဌိတံ ဟောတိ ဘိက္ခူသု ဘိက္ခုနီသု ဥပါသကေသု ဥပါသိကာသု အန္တမသော အာရာမိကသမဏုဒ္ဒေသေသု</b>’’ (အံ၊၁၊၃၉၀။)</p>
<p><b>တာဝဒေဝ</b>၊ ထိုခဏ၌ပင်လျှင်။ <b>အဿ</b>၊ ထိုရဟန်းတော်၏ သန္တာန်၌။ <b>ဘိက္ခူသု</b>၊ ရဟန်းယောက်ျားတို့ အပေါ်၌။ <b>ဘိက္ခုနီသု</b>၊ ရဟန်းမိန်းမတို့အပေါ်၌။ <b>ဥပါသကေသု</b>၊ ဥပါသကာ ဒါယကာတို့အပေါ်၌။ <b>ဥပါသိကာသု</b>၊ ဥပါသိကာ ဒါယကာမတို့အပေါ်၌။ <b>အန္တမသော</b>၊ အောက်ထစ်ပိုင်းခြား အယုတ်ဆုံးအားဖြင့်။ <b>အာရာမိကသမဏုဒ္ဒေသေသု</b>၊ အာရာမ်စောင့် သာမဏေတို့ အပေါ်၌သော်လည်းပဲ။ <b>တိဗ္ဗံ</b>၊ ပြင်းထန်ထက်မြက်သော။ <b>ဟိရောတ္တပ္ပံ</b>၊ ဟီရိဩတ္တပ္ပတရားသည်။ <b>ပစ္စုပဋ္ဌိတံ</b>၊ ရှေးရှုတည်နေသည်။ <b>ဟောတိ</b>၊ ဖြစ်၏။</p>
<p>ရဟန်းအသစ်ကလေး ဒီနေ့မှ ရှင်ရဟန်းပြုလာပြီဆိုရင် ရဟန်းယောက်ျားတွေအပေါ် ရဟန်းမိန်းမတွေအပေါ် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေတဲ့ ဥပါသကာဒါယကာတွေ, ဥပါသိကာမတွေအပေါ်မှာ ယုတ်စွအဆုံး သာမဏေတို့အပေါ်၌သော်လည်းပဲ ထက်မြက်တဲ့ ပြင်းထန်တဲ့ ကြောက်ရွံ့မှု, ရှက်မှု, ကြောက်မှု ရှိနေတယ်တဲ့၊</p>
<p>‘‘<b>သော အပရေန သမယေန သံဝါသမနွာယ ဝိဿာသမနွာယ အာစရိယမ္ပိ ဥပဇ္ဈာယမ္ပိ ဧဝမာဟ</b>’’ (အံ၊၁၊၃၉၀။)</p>
<p><b>သော</b>၊ ထိုရဟန်းသည်။ <b>အပရေန သမယေန</b>၊ တစ်ပါးသောအခါ၌။ <b>သံဝါသံ</b>၊ ပေါင်းဖော်ယှဉ်တွဲခြင်းကို။ <b>အနွာယ</b>၊ အစွဲပြု၍။ <b>ဝိဿာသံ</b>၊ ချစ်ကျွမ်းဝင်ခြင်းကို။ <b>အနွာယ</b>၊ အစွဲပြု၍။ <b>အာစရိယမ္ပိ</b>၊ ဆရာကိုသော်လည်းကောင်း။ <b>ဥပဇ္ဈာယမ္ပိ</b>၊ ဥပဇ္ဈာယ်ကိုသော်လည်းကောင်း။ <b>ဧဝံ</b>၊ ဤသို့။ <b>အာဟ</b>၊ ပြောဆိုတတ်၏။</p>
<p>နောက်ပိုင်းကြာလာတဲ့အချိန်အခါမှာ တစ်ပါးနဲ့တစ်ပါး ပေါင်းဖော်ယှဉ်တွဲမှုကို အစွဲပြုပြီးတော့ ဘုန်းကြီးတစ်ပါးနဲ့တစ်ပါး, သီလရှင် တစ်ပါးနဲ့တစ်ပါးပေါ့နော်၊ ကြာကြာနေလာတဲ့ အခါကျတော့ ဘာဖြစ်လဲ?</p>
<p><b>အာစရိယမ္ပိ</b>၊ ဆရာသမားကိုသော်လည်းကောင်း။ <b>ဥပဇ္ဈာယမ္ပိ</b>၊ ဥပဇ္ဈာယ်ကိုသော်လည်းကောင်း။ <b>ဧဝံ</b>၊ ဤသို့။ <b>အာဟ</b>၊ ပြောဆိုတတ်၏။</p>
<p>ဆရာသမားကိုရော ဥပဇ္ဈာယ်ကိုရော ဒီလို ပြောတတ်ပြီတဲ့၊ ဘယ်လိုလဲ?</p>
<p><b>အပေထ</b>၊ ဖယ်ကြကုန်လော့။ <b>တုမှေ</b>၊ အရှင်ဘုရားတို့သည်။ <b>ကိံ ပန ဇာနာထ</b>၊ အဘယ်ကို သိကြပါကုန်သနည်း။</p>
<p>ကဲ ဖယ်စမ်း, ဖယ်စမ်း အရှင်ဘုရားတို့ ဘာနားလည်လို့လဲ? ဆရာလေးတွေ ဖယ်လိုက်၊ သွား ရှင်တို့ ဘာနားလည်လို့လဲ? ဆရာလေးတွေ ဘာနားလည်လို့လဲ? ဟော ဟော သူက ဖြစ်လာပြန်ပြီ၊ ကြာလာရင် အဲဒီလို ဖြစ်ကြတယ်တဲ့၊ ဘယ့်နှယ့်တုန်း ဟုတ်သလား?ရဟန်းတွေ, သီလရှင်တွေရော ဟုတ်ကြသလား? ဟင် အဲဒီလို ပုဂ္ဂိုလ်မျိုးတွေကို ဘုရားရှင်က သာသနာမှာ ရှိစေချင်သလား? မရှိစေချင်ဘူး၊</p>
<p>‘‘<b>တသ္မာတိဟ ဘိက္ခဝေ ဧဝံ သိက္ခိတဗ္ဗံ</b>’’</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>တသ္မာ</b>၊ ထို့ကြောင့်။ <b>ဣဟ</b>၊ ဤသာသနာတော်မြတ်အတွင်း၌။ <b>တုမှေ</b>၊ သင်ချသားတို့သည်။ <b>ဧဝံ</b>၊ ဤသို့။ <b>သိက္ခိတဗ္ဗံ</b>၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်အပ်၏။</p>
<p>သာသနာတော်မှာ ဒီလိုကျင့်စမ်းပါတဲ့၊ ဘယ်လို ကျင့်ရမလဲ?</p>
<p>‘‘<b>အဓုနာဂတဝဓုကာသမေန စေတသာ ဝိဟရိဿာမာတိ၊ ဧဝဥှိ ဝေါ ဘိက္ခဝေ သိက္ခိတဗ္ဗံ</b>’’ (အံ၊၁၊၃၉၀။)</p>
<p><b>အဓုနာဂတဝဓုကာသမေန</b>၊ ရောက်ကာစဖြစ်သော ချွေးမနှင့်တူနေသော။ <b>စေတသာ</b>၊ စိတ်ဓာတ်ဖြင့်။ <b>ဝိဟရိဿာမ</b>၊ နေထိုင်ကြပါကုန်အံ့။ <b>ဣတိ</b>၊ ဤသို့။ <b>ဧဝဥှိ</b>၊ ဤသို့လျှင်။ <b>ဝေါ</b>၊ သင်ချစ်သားတို့သည်။ <b>သိက္ခိတဗ္ဗံ</b>၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်အပ်၏။</p>
<p>ချွေးမနဲ့တူနေတဲ့ စိတ်ဓာတ်ဖြင့် သာသနာတော်မှာ နေထိုင်မယ်၊ ချွေးမ။ ဘယ်လို ချွေးမလဲ? ရောက်ကာစ ချွေးမ သို့မဟုတ် ချွေးမ အသစ်စက်စက်ကလေး၊ ချွေးမအသစ်စက်စက်နှင့် တူညီနေတဲ့ စိတ်ဓာတ်ဖြင့် သာသနာတော်မှာနေထိုင်ပါတဲ့၊ အဲဒီလို နေထိုင်နိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါဆိုပြီး ဘုရားရှင်က တိုက်တွန်းတယ်၊ ဒီတော့ ဒီနေရာမှာ မေးချင်လည်းမေးကြမယ်၊</p>
<p>အရှင်ဘုရား တပည့်တော်တို့က ချွေးမ မဖြစ်ဖူးဘူး၊ ဘယ်နှယ့်လုပ်မလဲ? ဟုတ်တယ်မဟုတ်လား? ဒီလိုမေးချင်လဲ မေးကြမယ်၊ ဒီတော့ ဘုန်းကြီးဖက်ကလည်း ပြန်ဖြေစရာတော့ ရှိပါတယ်၊ ဘယ်လိုဖြေမလဲ? မြတ်စွာဘုရားလည်း လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းအတွင်းထဲမှာ တစ်ခါမှ ချွေးမ မဖြစ်ဖူးဘူး၊ ဘာဖြစ်လို့လဲ? လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းအတွင်းထဲမှာ သူက တစ်ခါမှ အမျိုးသမီး မဖြစ်ဘူး, တစ်ခါမှ အမျိုးသမီးဘဝ မရောက်ခဲ့ဖူးတဲ့အတွက် တစ်ခါမှလည်း ချွေးမ မဖြစ်ခဲ့ဖူးဘူး၊ ချွေးမ မဖြစ်ဖူးပေမယ့်လို့ ဘုရားရှင်က ချွေးမအသစ်လေးဟာ ဘယ်လိုစိတ်ထားရှိတယ်ဆိုတာ မသိဘူးလား? သိနေတယ်၊ သိနေတဲ့အတွက် မြတ်စွာဘုရားက ဒီလို ဟောတာပါနော်၊ အဲဒီတော့ တရားနာနေတဲ့ ပုဂ္ဂိုလ်တွေလည်းပဲ ရောက်ကာစ ချွေးမအသစ်နှင့် တူညီတဲ့ စိတ်ဓာတ်ဖြင့် သာသနာမှာ နေထိုင်ကြစမ်းပါဆိုပြီး ဒီလို ဟောနေတယ်၊ ဘယ်လိုစိတ်ထားလဲ?</p>
<p>မိမိတို့ရဲ့ သီတင်းသုံးဖော် အချင်းချင်းပေါ်၌ ပြင်းထန်ထက်မြက်နေတဲ့ ရှက်မှု, ကြောက်မှု ရှိကြပါတဲ့၊ တစ်ပါးကို တစ်ပါး ရိုသေကြပါ, လေးစားကြပါ, ရှက်ကြပါ, ကြောက်ကြပါ၊ တစ်ပါးကိုတစ်ပါး ရှက်မှု, ကြောက်မှု, ချစ်ခင်လေးစားမှု, ရိုသေမှု, လေးစားမှု မရှိကြတော့ဘူးဆိုရင် ဒီသာသနာမှာ နေထိုင်ရတာ စိတ်ချမ်းသာမှု ရှိဦးမလား? မရှိတော့ဘူး၊</p>
<p>ဆရာလေးက ဘာနားလည်လို့လဲ, အရှင်ဘုရားက ဘာနားလည်လို့လဲ? ဒီပုံစံဖြင့် သာသနာမှာ နေထိုင်ရမလား? မနေထိုင်ရဘူး၊ ရောက်ကာစ ချွေးမစိတ်ထားနှင့် တူညီနေတဲ့ စိတ်ဓာတ်ဖြင့် သာသနာမှာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပြီးတော့ အရှက်, အကြောက် ပြည့်ပြည့်ဝဝဖြင့် နေထိုင်ကြပါ ဆိုပြီးတော့ ဒီလို ဘုရားရှင် တိုက်တွန်းထားပါတယ်နော်၊ အဲဒီလို တိုက်တွန်းတဲ့အတိုင်း ဘုရားရှင် လက်ထက်တော်က ရောက်ကာစ ချွေးမနှင့် တူညီတဲ့စိတ်ဓာတ်ဖြင့် နေထိုင်ကာ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေကို အဆင့်ဆင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြတဲ့အတွက် အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်ကို ရရှိသွားတဲ့ သူတော်ကောင်းတွေ ဂဏန်းချပြီး ရေတွက်မယ်ဆိုရင် ရေတွက်လို့ မရနိုင်အောင် များပြားခဲ့ပါတယ်၊</p>
<p>ဒါကြောင့် ထိုသူတော်ကောင်းတို့ရဲ့ သာသနာတော်မှာ နေထိုင်သွားတဲ့ ထုံးကို နှလုံးမူပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေလို့ တိုက်တွန်းရင်းဖြင့် တရားသိမ်းကြရအောင်နော်၊</p>
<p>‘‘<b>ဟိတွာ ကာမေ ပဗ္ဗဇိံသု သန္တော ဂမ္ဘီရစိန္တကာ၊<br>
တေ တုမှေပျနုသိက္ခဝှေါ ပဗ္ဗဇိတာ သုပေသလာ</b>’’</p>
<p><b>သန္တော</b>၊ ဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့သည်၊<br>
<b>ဂမ္ဘီရစိန္တကာ</b>၊ နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာကြံဆင် အကြံကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍၊<br>
<b>ကာမေ</b>၊ ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက်ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်နှောယူ ကိုယ်တော်တို့ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို၊<br>
<b>ဟိတွာ</b>၊ ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့်ဆက်ဆံ ဘေးတွေကဝန်းရံ ရန်တွေကမြောက်များ တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော်ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည်ဖြစ်၍၊<br>
<b>ပဗ္ဗဇိံသု</b>၊ ဃရာဝါသသဗ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ်နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ်သက်ရွှင်လန်း ရှင်ရဟန်းပြု၍ တောထွက်တော်မူကြလေကုန်ပြီ၊<br>
<b>တုမှေပိ</b>၊ မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင်သူတော်ကောင်းတို့သည်လည်းပဲ၊<br>
<b>ပဗ္ဗဇိတာ</b>၊ ဝတ္ထုကာမဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန်ထွက်ကြကုန်သည်ဖြစ်၍၊<br>
<b>သုပေသလာ</b>၊ စာမရီသားမြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလကိုယ်စီကိုယ်ငှ ရှိကြကုန်သည်ဖြစ်၍၊<br>
<b>တေ</b>၊ ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟိုတို့ရှေ့က သူတော်ကောင်းတို့ကို၊<br>
<b>အနုသိက္ခဝှေါ</b>၊ အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ အားထုတ်နိုင်ကြပါစေကုန်သတည်း။</p>
<p>သာဓု- သာဓု- သာဓုပါဘုရား</p>
<p>ဖားအောက်တောရဆရာတော်</p>
63vujktsabdi9n2gl5yatwehexvi3uf
ဒါရုက္ခန္ဓောပမသုတ်
0
6345
22061
2026-06-12T22:00:20Z
Tejinda
173
"{{header | title = ဒါရုက္ခန္ဓောပမသုတ် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = ဓမ္မနှင့်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22061
wikitext
text/x-wiki
{{header
| title = ဒါရုက္ခန္ဓောပမသုတ်
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[ဓမ္မနှင့်အဓမ္မတရားတော်]]
| previous2 =
| next = [[စေတောခိလသုတ်]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =
}}
<h3>ဒါရုက္ခန္ဓောပမသုတ္တန်</h3>
<h3>ပထမပိုင်း</h3>
<p>ဒီတရားဒေသနာတော်ကို ဘုရားရှင်သည် ရဟန်းတော်တို့ နိဗ္ဗာန် ရောက်ရှိရေးအတွက် ရည်ရွယ်တောင့်တပြီးတော့ ဟောကြားတော်မူတဲ့ ဒေသနာတော် ဖြစ်ပါတယ်။ ဒီနေ့ ကျိုက်သုတ်ဘုရား ဓမ္မာရုံအတွင်းမှာ တရားနာယူနေတဲ့ ပရိသတ်ဖြစ်တဲ့ ဒါယိကာကြီးတွေ, ဒါယိကာမကြီးတွေရော နိဗ္ဗာန်ကို မလိုချင်ကြဘူးလားလို့မေးရင် ဘယ်လိုဖြေမလဲ? ဟုတ်ကော ဟုတ်ရဲ့လား? ကဲ တကယ်လိုချင်ရင် ဘာလုပ်ရမလဲဆိုတာ ဒီသုတ္တန် နာကြည့်ကြရအောင် -</p>
<p>‘‘<b>ဧကံ သမယံ ဘဂဝါ ကောသမ္ဗိယံ ဝိဟရတိ ဂင်္ဂါယ နဒိယာ တီရေ။</b>’’<br>
<b>ဧကံ သမယံ</b>၊ အခါတစ်ပါး၌။ <b>ဘဂဝါ</b>၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ <b>ကောသမ္ဗိယံ</b>၊ ကောသမ္ဗီပြည်၌။ <b>ဝိဟရတိ</b>၊ သီတင်းသုံး စံနေတော်မူဆဲ ဖြစ်ပေ၏၊ <b>ဂင်္ဂါယ နဒိယာ</b>၊ ဂင်္ဂါမြစ်၏၊ <b>တီရေ</b>၊ ကမ်းပါး၌။</p>
<p>ခရီးဒေသစာရီ ကြွချီခိုက်လည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကောသမ္ဗီပြည်အနီးရှိတဲ့ ဂင်္ဂါမြစ်ကမ်းပါးတစ်နေရာ တောအုပ်တစ်ခုအတွင်းမှာ ဘုရားရှင်နှင့်တကွ ရဟန်းသံဃာတော်တွေ ခေတ္တခဏ ယာယီ သီတင်းသုံး စံနေတော်မူခိုက်ဖြစ်တယ်။ ဘုရားရှင်က ဂင်္ဂါမြစ်ဖက်ကို မျက်နှာမူပြီး ထိုင်၍ သီတင်းသုံး နေတော်မူပါတယ်။ တရားနာပရိသတ် ဖြစ်တော်မူကြတဲ့ ရဟန်းသံဃာတော်အပေါင်းကလည်း ဘုရားရှင်ကို ခြံရံပြီးတော့ ဂင်္ဂါမြစ်ဖက်ကိုပဲ အတန်ငယ် မျက်မှာမူပြီးတော့ ထိုင်၍ သီတင်းသုံးနေကြတယ်။ ထိုအချိန်ခါမှာ မြတ်စွာဘုရားက ဘာကို မြင်သလဲဆိုတော့ —</p>
<p>‘‘<b>အဒ္ဒသာ ခေါ ဘဂဝါ မဟန္တံ ဒါရုက္ခန္ဓံ ဂင်္ဂါယ နဒိယာ သောတေန ဝုယှမာနံ။</b>’’<br>
<b>ဘဂဝါ</b>၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ <b>ဂင်္ဂါယ နဒိယာ</b>၊ ဂင်္ဂါမြစ်၏၊ <b>သောတေန</b>၊ ရေယဉ်ကြောဖြင့်။ <b>ဝုယှမာနံ</b>၊ မျောပါ၍လာသော။ <b>မဟန္တံ</b>၊ ကြီးစွာသော၊ <b>ဒါရုက္ခန္ဓံ</b>၊ သစ်တုံးကြီးကို။ <b>အဒ္ဒသာ ခေါ</b>၊ မြင်တော်မူသည်သာလျှင်တည်း။</p>
<p>ဂင်္ဂါမြစ်ထဲ မျောလာတဲ့ သစ်တုံးကြီးတစ်တုံး ဆိုတာကတော့ <b>အပြစ်ရှစ်ပါး</b> လွတ်မြောက်နေတယ်။ ဟို တောအထပ်ထပ် တောင်အထပ်ထပ် ဖြတ်ကျော်ပြီးတော့ စီးဆင်းလာတဲ့ ဂင်္ဂါမြစ်ရေယဉ်ကြောမှာ အန္တရာယ် ကင်းကင်းရှင်းရှင်းဖြင့် လေးဘက်ပုပ်ထားတဲ့ အင်မတန် ချောမောတဲ့ သစ်တုံးကြီး တစ်ခုပါ။ အဲဒီ သစ်တုံးကြီးတစ်ခု ဂင်္ဂါမြစ်ရေယဉ်ကြောထဲကို မျောပါလာတာကို မြတ်စွာဘုရား မြင်တော်မူလို့ ဒီသစ်တုံးကြီးကို စံထားပြီးတော့ ရဟန်းသံဃာတော်တွေကို ငါဘုရား တရားတစ်ခုကို ဆိုဆုံးမမယ်လို့ ရည်ရွယ်တော်မူပြီးတဲ့ အချိန်အခါ တရားနာယူဖို့ရန် အသင့် စောင့်ဆိုင်းနေတော်မူတဲ့ ရဟန်းသံဃာတော်ဘက်ကို လှမ်းပြီးတော့ မြတ်စွာဘုရား ဘာမေးသလဲ?</p>
<p>‘‘<b>ဒိသွာန ဘိက္ခူ အာမန္တေသိ –</b>’’<br>
<b>ဒိသွာန</b>၊ မြင်တော်မူသည်ဖြစ်၍။ <b>ဘိက္ခူ</b>၊ ရဟန်းတော်တို့ကို။ <b>အာမန္တေသိ</b>၊ မိန့်ကြားတော်မူပြီ။</p>
<p>ဘယ်လို မိန့်ကြားလဲ?</p>
<p>‘‘<b>ပဿထ နော တုမှေ, ဘိက္ခဝေ, အမုံ မဟန္တံ ဒါရုက္ခန္ဓံ ဂင်္ဂါယ နဒိယာ သောတေန ဝုယှမာနံ’’?</b><br>
<b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဂင်္ဂါယ နဒိယာ</b>၊ ဂင်္ဂါမြစ်၏၊ <b>သောတေန</b>၊ ရေယဉ်ကြောဖြင့်။ <b>ဝုယှမာနံ</b>၊ မျောပါ၍လာသော။ <b>အမုံ</b>၊ ဟိုရှေ့က၊ <b>မဟန္တံ</b>၊ ကြီးစွာသော၊ <b>ဒါရုက္ခန္ဓံ</b>၊ သစ်တုံးကြီးကို။ <b>တုမှေ</b>၊ သင်ချစ်သားတို့သည်။ <b>ပဿထ နော</b>၊ မြင်ကြပါကုန်လော။</p>
<p>ချစ်သားတို့ ဟို ဂင်္ဂါမြစ်ရေယဉ်ကြောမှာ မျောပါလာတဲ့ သစ်တုံးကြီးကို သင်ချစ်သားတို့ မြင်ကြပါရဲ့လားလို့ ဒီလို မြတ်စွာဘုရားက မေးတော်မူလိုက်တယ်။ အဲဒီ အချိန်ခါမှာ ရဟန်းသံဃာတော်များကလည်း — ဧဝံဘန္တေ = တပည့်တော်တို့ မြင်ပါတယ် မြတ်စွာဘုရား ...ဆိုပြီး ပြန်လည် လျှောက်ထားကြတယ်။ အဲဒီ အချိန်အခါမှာ မြတ်စွာဘုရား ဘာတရားဟောလဲ?</p>
<p>‘‘<b>သစေ သော, ဘိက္ခဝေ, ဒါရုက္ခန္ဓော န ဩရိမံ တီရံ ဥပဂစ္ဆတိ, န ပါရိမံ တီရံ ဥပဂစ္ဆတိ, န မဇ္ဈေ သံသီဒိဿတိ, န ထလေ ဥဿီဒိဿတိ, န မနုဿဂ္ဂါဟော ဂဟေဿတိ, န အမနုဿဂ္ဂါဟော ဂဟေဿတိ, န အာဝဋ္ဋဂ္ဂါဟော ဂဟေဿတိ, န အန္တောပူတိ ဘဝိဿတိ၊ ဧဝဉှိ သော, ဘိက္ခဝေ, ဒါရုက္ခန္ဓော သမုဒ္ဒနိန္နော ဘဝိဿတိ သမုဒ္ဒပေါဏော သမုဒ္ဒပဗ္ဘာရော။</b>’’<br>
<b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဒါရုက္ခန္ဓော</b>၊ သစ်တုံးကြီးသည်။ <b>ဩရိမံ တီရံ</b>၊ ဤမှာဘက်ကမ်းသို့။ <b>သစေ န ဥပဂစ္ဆတိ</b>၊ အကယ်၍ မကပ်ရောက်သည်ဖြစ်ငြားအံ့။ <b>ပါရိမံ တီရံ</b>၊ ထိုမှာဘက်ကမ်းသို့လည်းပဲ။ <b>သစေ န ဥပဂစ္ဆတိ</b>၊ အကယ်၍ မကပ်ရောက်သည်ဖြစ်ငြားအံ့။ <b>မဇ္ဈေ</b>၊ ရေလည်ခေါင်၌။ <b>န သံသီဒိဿတိ</b>၊ အကယ်၍ နစ်မြုပ်မသွားသည် ဖြစ်ငြားအံ့။ <b>ထလေ</b>၊ ကြည်းကုန်းထက် သောင်ပေါ်၌။ <b>န ဥဿီဒိဿတိ</b>၊ အကယ်၍ မတင်လေငြားအံ့။ <b>မနုဿဂ္ဂါဟော</b>၊ ဆယ်ယူတတ်တဲ့ လူသားသည်။ <b>န ဂဟေဿတိ</b>၊ အကယ်၍ ဆယ်ယူမသွားသည်ဖြစ်ငြားအံ့။ <b>အမနုဿဂ္ဂါဟော</b>၊ ဆယ်ယူတတ်တဲ့ နတ်သည်။ <b>န ဂဟေဿတိ</b>၊ အကယ်၍ ဆယ်ယူမသွားသည်ဖြစ်ငြားအံ့။ <b>အာဝဋ္ဋဂ္ဂါဟော</b>၊ စုပ်ယူတတ်တဲ့ ဝဲသည်။ <b>န ဂဟေဿတိ</b>၊ အကယ်၍ စုပ်ယူမသွားသည်ဖြစ်ငြားအံ့။ <b>အန္တောပူတိ</b>၊ အတွင်း၌ ပုပ်ဆွေးလျက် ရှိသည်။ <b>န ဘဝိဿတိ</b>၊ အကယ်၍ မဖြစ်ငြားအံ့။ <b>ဧဝဉှိ</b>၊ ဤသို့ အပြစ်ရှစ်ပါး လွတ်မြောက်၍ သွားခဲ့ပါမူ။ <b>သော ဒါရုက္ခန္ဓော</b>၊ ထိုသစ်တုံးကြီးသည်။ <b>သမုဒ္ဒနိန္နော</b>၊ သမုဒ္ဒရာသို့ ညွတ်သည်။ <b>သမုဒ္ဒပေါဏော</b>၊ သမုဒ္ဒရာသို့ ကိုင်းသည်။ <b>သမုဒ္ဒပဗ္ဘာရော</b>၊ သမုဒ္ဒရာသို့ ရှိုင်းသည်။ <b>ဘဝိဿတိ</b>၊ ဖြစ်ပေလိမ့်မယ်။</p>
<p>ချစ်သားရဟန်းတို့ ... ဒီဂင်္ဂါမြစ်ရေယဉ်ကြောမှာ မျောပါလာတဲ့ ဒီသစ်တုံးကြီးသည် — (၁) ဒီဘက်ကမ်းလည်း ကပ်ပြီး မနေဘူးဆိုရင်၊ (၂) ဟိုဘက်ကမ်းလည်း ကပ်၍ မနေဘူးဆိုရင်၊ (၃) ရေလည်ခေါင်မှာလည်း နစ်မြုပ်၍ မသွားဘူးဆိုရင်၊ (၄) ရေလည်ခေါင်မှာ ရှိနေတဲ့ ကြည်းကုန်းထက် သောင်မှာလည်း တင်ပြီး မနေဘူးဆိုရင်၊ (၅) ဆယ်ယူတတ်တဲ့ လူသားကလည်း ဆယ်ယူမသွားခဲ့ဘူးဆိုရင်။ (၆) ဆယ်ယူတတ်တဲ့ နတ်ကလည်း ဆယ်ယူမသွားခဲ့ဘူးဆိုရင်၊ (၇) စုပ်ယူတတ်တဲ့ ဝဲကလည်း စုပ်ယူမသွားခဲ့ဘူးဆိုရင်၊ (၈) ဒီသစ်တုံးကြီးမှာ အတွင်းကလည်း မပုပ်ခဲ့ဘူးဆိုရင် ဤသစ်တုံးကြီးသည် သမုဒ္ဒရာသို့ ညွတ်သည် ကိုင်းသည် ရှိုင်းသည် ဖြစ်ပေလိမ့်မယ်။</p>
<p>ဘာကြောင့်လဲ?</p>
<p>‘‘<b>တံ ကိဿ ဟေတု? သမုဒ္ဒနိန္နော, ဘိက္ခဝေ, ဂင်္ဂါယ နဒိယာ သောတော သမုဒ္ဒပေါဏော သမုဒ္ဒပဗ္ဘာရော။</b>’’<br>
<b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>တံ</b>၊ ထိုကဲ့သို့ ဖြစ်ခြင်းသည်။ <b>ကိဿ ဟေတု</b>၊ အဘယ်အကြောင်းကြောင့်နည်းဟူမူကား။ <b>ဂင်္ဂါယ နဒိယာ</b>၊ ဂင်္ဂါမြစ်၏၊ <b>သောတော</b>၊ ရေယဉ်ကြောသည်။ <b>သမုဒ္ဒနိန္နော</b>၊ သမုဒ္ဒရာသို့ ညွတ်လျက်ရှိသည်။ <b>သမုဒ္ဒပေါဏော</b>၊ သမုဒ္ဒရာသို့ ကိုင်းလျက်ရှိသည်။ <b>သမုဒ္ဒပဗ္ဘာရော</b>၊ သမုဒ္ဒရာသို့ ရှိုင်းလျက်ရှိသည်။ <b>ဟောတိ</b>၊ ဖြစ်ပေ၏၊ <b>တသ္မာ</b>၊ ထို့ကြောင့်။ <b>သော ဒါရုက္ခန္ဓော</b>၊ ထိုသစ်တုံးကြီးသည်။ <b>သမုဒ္ဒနိန္နော</b>၊ သမုဒ္ဒရာသို့ ညွတ်သည်။ <b>သမုဒ္ဒပေါဏော</b>၊ သမုဒ္ဒရာသို့ ကိုင်းသည်။ <b>သမုဒ္ဒပဗ္ဘာရော</b>၊ သမုဒ္ဒရာသို့ ရှိုင်းသည်။ <b>ဘဝိဿတိ</b>၊ ဖြစ်ပါပေလိမ့်မယ်။</p>
<p>အကြောင်းကို ကြည့်လိုက်မယ်ဆိုရင် ဒီသစ်တုံးကြီးကို သယ်ဆောင်လာနေတဲ့ ဂင်္ဂါမြစ်ရေယဉ်ကြောကိုယ်တိုင်က သမုဒ္ဒရာသို့ ညွတ်ကိုင်းရှိုင်းနေသည့်အတွက်ကြောင့် ဒီဂင်္ဂါမြစ်ရေယဉ်ကြောမှာ မျောပါလာတဲ့ ဒီသစ်တုံးကြီးဟာလည်း အပြစ် ရှစ်ပါးသာ လွတ်မြောက်သွားခဲ့မယ်ဆိုရင် သမုဒ္ဒရာသို့ ညွတ်ကိုင်းရှိုင်းမှာ သေချာတယ်။ သမုဒ္ဒရာသို့ ရောက်မှာ သေချာတယ်လို့ ဒီလို ဘုရား ဟောတယ်။ အဲဒီလို ဘုရားဟောပြီးတဲ့ အချိန်ခါကျတော့မှ မြတ်စွာဘုရား ဒီဥပမာလေးကို ဆောင်ယူပြီးတော့ ရဟန်းတွေဘက်ကို လှည့်ပြီး ဆိုဆုံးမတယ်။</p>
<p>‘‘<b>ဧဝမေဝ ခေါ, ဘိက္ခဝေ, သစေ တုမှေပိ န ဩရိမံ တီရံ ဥပဂစ္ဆထ, န ပါရိမံ တီရံ ဥပဂစ္ဆထ၊ န မဇ္ဈေ သံသီဒိဿထ, န ထလေ ဥဿီဒိဿထ, န မနုဿဂ္ဂါဟော ဂဟေဿတိ, န အမနုဿဂ္ဂါဟော ဂဟေဿတိ, န အာဝဋ္ဋဂ္ဂါဟော ဂဟေဿတိ, န အန္တောပူတီ ဘဝိဿထ၊ ဧဝံ တုမှေ, ဘိက္ခဝေ, နိဗ္ဗာနနိန္နာ ဘဝိဿထ နိဗ္ဗာနပေါဏာ နိဗ္ဗာနပဗ္ဘာရာ။</b>’’<br>
<b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဧဝမေဝ ခေါ</b>၊ ဤဥပမာ အတူသာလျှင်။ <b>တုမှေပိ</b>၊ သင်ချစ်သားတို့သည်လည်းပဲ။ <b>ဩရိမံ တီရံ</b>၊ ဤမှာဘက်ကမ်းသို့။ <b>သစေ န ဥပဂစ္ဆထ</b>၊ အကယ်၍ ကပ်ရောက် မနေကြကုန်သည်ဖြစ်ငြားအံ့။ <b>ပါရိမံ တီရံ</b>၊ ထိုမှာဘက်ကမ်းသို့လည်းပဲ။ <b>သစေ န ဥပဂစ္ဆထ</b>၊ အကယ်၍ ကပ်ရောက် မနေကြကုန်သည်ဖြစ်ငြားအံ့။ <b>မဇ္ဈေ</b>၊ ရေလည်ခေါင်၌။ <b>န သံသီဒိဿထ</b>၊ အကယ်၍ နစ်မြုပ်မနေကြကုန်သည် ဖြစ်ငြားအံ့။ <b>ထလေ</b>၊ ကြည်းကုန်းထက် သောင်ပေါ်၌။ <b>န ဥဿီဒိဿထ</b>၊ အကယ်၍ တင်မနေကြကုန်သည် ဖြစ်ငြားအံ့။ <b>မနုဿဂ္ဂါဟော</b>၊ ဆယ်ယူတတ်တဲ့ လူသားသည်။ <b>န ဂဟေဿတိ</b>၊ အကယ်၍ ဆယ်ယူမသွားသည်ဖြစ်ငြားအံ့။ <b>အမနုဿဂ္ဂါဟော</b>၊ ဆယ်ယူတတ်တဲ့ နတ်သည်။ <b>တုမှေ</b>၊ သင်ချစ်သားတို့ကို။ <b>န ဂဟေဿတိ</b>၊ အကယ်၍ ဆယ်ယူမသွားသည်ဖြစ်ငြားအံ့။ <b>အာဝဋ္ဋဂ္ဂါဟော</b>၊ စုပ်ယူတတ်တဲ့ ဝဲသည်။ <b>တုမှေ</b>၊ သင်ချစ်သားတို့ကို။ <b>န ဂဟေဿတိ</b>၊ အကယ်၍ စုပ်ယူမသွားသည်ဖြစ်ငြားအံ့။ <b>တုမှေ</b>၊ သင်ချစ်သားတို့သည်။ <b>အန္တောပူတီ</b>၊ အတွင်း၌ ပုပ်ဆွေးလျက် ရှိကြတဲ့ ပုဂ္ဂိုလ်မျိုးတို့သည်။ <b>န ဘဝိဿထ</b>၊ အကယ်၍ မဖြစ်ကြကုန်ငြားအံ့။ <b>ဧဝံ</b>၊ ဤသို့ အပြစ်ရှစ်ပါး လွတ်မြောက်၍ သွားခဲ့ပါမူ။ <b>တုမှေ</b>၊ သင်ချစ်သားတို့သည်လည်းပဲ။ <b>နိဗ္ဗာနနိန္နာ</b>၊ နိဗ္ဗာန်သို့ ညွတ်ကြကုန်သည်။ <b>နိဗ္ဗာနပေါဏာ</b>၊ နိဗ္ဗာန်သို့ ကိုင်းကြကုန်သည်။ <b>နိဗ္ဗာနပဗ္ဘာရာ</b>၊ နိဗ္ဗာန်သို့ ရှိုင်းကြကုန်သည်။ <b>ဘဝိဿထ</b>၊ ဖြစ်ကြပါကုန်လိမ့်မယ်။</p>
<p>သစ်တုံးကြီး စံထားပြီး မြတ်စွာဘုရားကလည်းပဲ ရဟန်းတော်တွေဘက် လှည့်ပြီးတော့ အင်္ဂါရပ် ရှစ်ချက်ကို ဆိုဆုံးမပါတယ်။ ဒီတော့ (၁) သင်ချစ်သားတို့သည် ဒီဘက်ကမ်းလည်း ကပ်ပြီး မနေကြဘူးဆိုရင်၊ (၂) သင်ချစ်သား သင်ချစ်သမီးတို့သည် ဟိုမှာဘက်ကမ်းကိုလည်း ကပ်ပြီး မနေကြဘူးဆိုရင်၊ (၃) ရေလည်ခေါင်မှာလည်း နစ်မြုပ်ပြီး မသွားကြဘူးဆိုရင်၊ (၄) ရေလယ်ခေါင် သောင်ပေါ်မှာလည်းတင်ပြီး မနေကြဘူးဆိုရင်၊ (၅) ဆယ်ယူတတ်တဲ့ လူသားသည် သင်ချစ်သားတို့ကို သင်ချစ်သမီးတို့ကို အကယ်၍ မဆယ်ယူသွားခဲ့ဘူးဆိုရင်၊ (၆) ဆယ်ယူတတ်တဲ့ နတ်သည် သင်ချစ်သားတို့ကို သင်ချစ်သမီးတို့ကို အကယ်၍ ဆယ်ယူမသွားခဲ့ဘူးဆိုရင်၊ (၇) စုပ်ယူတတ်တဲ့ ဝဲသည် သင်ချစ်သားတို့ကို, သင်ချစ်သမီးတို့ကို အကယ်၍ စုပ်ယူမသွားခဲ့ဘူးဆိုရင်၊ (၈) သင်ချစ်သားတို့တတွေ, သင်ချစ်သမီးတို့တတွေလည်း အတွင်းမှာ ပုပ်ဆွေးခြင်းရှိတဲ့ ပုဂ္ဂိုလ်မျိုးတို့ မဖြစ်ကြပါဘူးဆိုရင် သင်ချစ်သားတို့တတွေ, သင်ချစ်သမီးတို့တတွေလည်း ဒီလို အပြစ် ရှစ်ပါး လွတ်မြောက်သွားခဲ့မယ်ရင် နိဗ္ဗာန်သို့ ညွတ်ကြသည်, နိဗ္ဗာန်သို့ ကိုင်းကြသည်, နိဗ္ဗာန်သို့ ရှိုင်းကြသည် ဖြစ်ကြပါလိမ့်မယ်, နိဗ္ဗာန်သို့ ဧကန်ထုတ်ချောက် ရောက်ကြပါလိမ့်မယ်လို့ ဒီလို မြတ်စွာဘုရားက ဆိုဆုံးမတယ်။ ဘာကြောင့်လဲဆိုတော့ အကြောင်းပြချက်ကို မြတ်စွာဘုရား ဆက်ဟောတယ်။</p>
<p>‘‘<b>တံ ကိဿ ဟေတု? နိဗ္ဗာနနိန္နာ, ဘိက္ခဝေ, သမ္မာဒိဋ္ဌိ နိဗ္ဗာနပေါဏာ နိဗ္ဗာနပဗ္ဘာရာ’။</b>’’<br>
<b>တံ</b>၊ ထိုကဲ့သို့ ဖြစ်ခြင်းသည်။ <b>ကိဿ</b>၊ အဘယ်အကြောင်းကြောင့်နည်းဟူမူကား။ <b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>သမ္မာဒိဋ္ဌိ</b>၊ သင်ချစ်သားတို့ကိုယ်တိုင် ပွားများအားထုတ်၍ ရရှိထားအပ်သော သမ္မာဒိဋ္ဌိဉာဏ်ပညာသည်။ <b>နိဗ္ဗာနနိန္နာ</b>၊ နိဗ္ဗာန်သို့ ညွတ်လျက်ရှိသည်။ <b>နိဗ္ဗာနပေါဏာ</b>၊ နိဗ္ဗာန်သို့ ကိုင်းလျက်ရှိသည်။ <b>နိဗ္ဗာနပဗ္ဘာရာ</b>၊ နိဗ္ဗာန်သို့ ရှိုင်းလျက်ရှိသည်။ <b>ဟောတိ</b>၊ ဖြစ်ပေ၏၊ <b>တသ္မာ</b>၊ ထို့ကြောင့်။ <b>တုမှေပိ</b>၊ သင်ချစ်သားတို့သည်လည်းပဲ။ <b>နိဗ္ဗာနနိန္နာ</b>၊ နိဗ္ဗာန်သို့ ညွတ်ကြကုန်သည်။ <b>နိဗ္ဗာနပေါဏာ</b>၊ နိဗ္ဗာန်သို့ ကိုင်းကြကုန်သည်။ <b>နိဗ္ဗာနပဗ္ဘာရာ</b>၊ နိဗ္ဗာန်သို့ ရှိုင်းကြကုန်သည်။ <b>ဘဝိဿထ</b>၊ ဖြစ်ကြပါကုန်လိမ့်မယ်။</p>
<p>သင်ချစ်သားတို့, သင်ချစ်သမီးတို့ ကိုယ်တိုင် ပွားများအားထုတ်လို့ ရရှိထားအပ်တဲ့ ဒီ<b>သမ္မာဒိဋ္ဌိဉာဏ်ပညာ</b>ကိုယ်တိုင်က နိဗ္ဗာန်သို့ ညွတ်နေတယ်, နိဗ္ဗာန်သို့ ကိုင်းနေတယ်, နိဗ္ဗာန်သို့ ရှိုင်းနေတယ်။ ဒါကြောင့် သင်ချစ်သားတို့တတွေ သင်ချစ်သမီးတို့တတွေလည်း နိဗ္ဗာန်သို့ ဧကန်ထုတ်ချောက် ရောက်ရှိကြပါလိမ့်မယ်လို့ ဒီလို မြတ်စွာဘုရား ဟောထားတယ်။ ဒီတော့ ဒီနေရာလေးမှာ ခေတ္တရပ်တန့်ပြီးတော့ သမ္မာဒိဋ္ဌိအကြောင်း နည်းနည်း ပြောဖို့တော့ လိုအပ်လာလိမ့်မယ် ထင်တယ်။ ထိုအချိန်အခါမှာ ဒီဒါရုက္ခန္ဓောပမသုတ္တန်ကို နာယူနေတဲ့ တရားနာပရိသတ် ဖြစ်တော်မူကြတဲ့ ရဟန်းတွေက သမ္မာဒိဋ္ဌိဉာဏ်ပညာနဲ့ ပြည့်စုံနေတဲ့ သူတော်ကောင်းတွေ ဖြစ်နေကြတယ်။ လမ်းခုလတ် တစ်နေရာကိုတော့ ရောက်ရှိနေကြပြီ ဖြစ်ပါတယ်နော်။ ခုတော့ ဒီကျိုက်သုတ်မှာ တရားနာယူနေတဲ့ တရားနာပရိသတ် ဖြစ်ကြတဲ့ ပုဂ္ဂိုလ်တွေကတော့ သမ္မာဒိဋ္ဌိဉာဏ်ပညာနဲ့ ပြည့်စုံနေတဲ့ သူတော်ကောင်းတွေလည်း ဒီထဲ ပါချင်ပါမယ်၊ သမ္မာဒိဋ္ဌိဉာဏ်ပညာကို မရရှိသေးတဲ့ သူတော်ကောင်းတွေလည်း ပါချင်ပါမယ်။ သို့သော် ဘာကို သမ္မာဒိဋ္ဌိ ခေါ်ဆိုတယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့တော့ ဒီနေ့ နည်းနည်း ရှင်းလင်းတင်ပြဖို့တော့ လိုအပ်လိမ့်မယ် ထင်တယ်။</p>
<p>ဒီတော့ ဒီလုပ်ငန်းခွင်တစ်ခု ပြုလုပ်တဲ့ အချိန်ခါလေးမှာ မိမိတို့ ဘာသာတရား ကိုယ်းကွယ်ဆည်းကပ်တယ် ဆိုတာက တခြားတခြား ဘာသာတွေကိုတော့ ထားပါ။ ဦးပဉ္ဇင်းတို့ ဒီဗုဒ္ဓဘာသာကို ကိုယ်းကွယ်ဆည်းကပ်တယ် ဆိုတာက ဘာကို အဓိကထားပြီး ကိုယ်းကွယ်ဆည်းကပ်ကြသလဲ? <b>သမ္မာဒိဋ္ဌိဉာဏ်ပညာ</b> ရရှိရေးကို အဓိက အားထားပြီးတော့ ကိုယ်းကွယ်ဆည်းကပ်ကြတယ်။ ဘာဖြစ်လို့ ဒီသမ္မာဒိဋ္ဌိဉာဏ်ပညာကြီးကို လိုချင်ပါသလဲလို့ မေးရင်လည်း ဒီသမ္မာဒိဋ္ဌိဉာဏ်ပညာကိုယ်တိုင်က သမ္မာဒိဋ္ဌိဉာဏ်ပညာ ရှိနေတဲ့ ရုပ်နာမ်သန္တာန်အစဉ်လို့ ခေါ်ဆိုအပ်တဲ့ သတ္တဝါတစ်ဦးကို နိဗ္ဗာန်သို့ရောက်အောင် ပို့ဆောင်ပေးနိုင်တဲ့ စွမ်းအင် အပြည့်အဝ ရှိတယ်နော်။ ဒီစွမ်းအင်ထူးကြီးကြောင့် နိဗ္ဗာန်ကို လိုလားတောင့်တတဲ့ သူတော်ကောင်းတွေက ဒီသမ္မာဒိဋ္ဌိဉာဏ်ပညာကြီးကို လိုလားတောင့်တကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဦးပဉ္ဇင်းတို့ ဒီသမ္မာဒိဋ္ဌိဉာဏ်ပညာ ရရှိရေးအတွက် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမယ် ဒါလည်း သိဖို့ လိုတယ်၊ ဒီသမ္မာဒိဋ္ဌိဉာဏ်ပညာ ဆိုတာက ဘာတွေဘာတွေကို ခေါ်တယ် ဒါလည်း သိဖို့လိုတယ်။</p>
<p>ဒီတော့ ဘုရားရှင် ကိုယ်တော်တိုင်က <b>သတိပဋ္ဌာန်ကျင့်စဉ်</b>ဆိုပြီးတော့ ဝန်ခံပြီးတော့ ဟောထားတဲ့ မဟာသတိပဋ္ဌာနသုတ္တန်မှာ ကာယာနုပဿနာသတိပဋ္ဌာန်, ဝေဒနာနုပဿနာသတိပဋ္ဌာန်, စိတ္တာနုပဿနာသတိပဋ္ဌာန်, ဓမ္မာနုပဿနာသတိပဋ္ဌာန်ဆိုပြီး သတိပဋ္ဌာန်လေးပါး ဟောသွားပါတယ်။ အဲဒီ <b>သတိပဋ္ဌာန်လေးပါး</b>ထဲမှာ ဟိုဓမ္မာနုပဿနာပိုင်း ဆိုလို့ရှိရင် နီဝရဏပဗ္ဗ နီဝရဏတရားတွေကို ဦးတည်ပြီးတော့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို သိမ်းဆည်းပြီး ဝိပဿနာ ရှုပွားပုံစနစ်တွေကို ဟောထားတယ်။ အာယတနပဗ္ဗမှာဆိုရင် အာယတန တစ်ဆယ့်နှစ်ပါးနည်းအားဖြင့် ဝိပဿနာ ရှုပွားပုံစနစ်တွေ ဟောထားတယ်။ ဗောဇ္ဈင်္ဂပဗ္ဗဆိုရင်လည်း ဗောဇ္ဈင် ခုနစ်ပါးနည်းဖြင့် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းပုံတွေကို မြတ်စွာဘုရား ဟောထားတယ်။ ခန္ဓပဗ္ဗ ဆိုလို့ရှိရင်လည်း ခန္ဓာငါးပါးနည်းနဲ့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းပုံတွေကို ဟောကြားထားတော်မူပါတယ်။ သစ္စပဗ္ဗဆိုရင်လည်း သစ္စာလေးပါးနည်းဖြင့် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းပုံတွေကို မြတ်စွာဘုရား ဟောကြားထားတော်မူပါတယ်။ ထိုသစ္စပဗ္ဗမှာ သစ္စာလေးပါး ဟောထားတယ်နော်။</p>
<p>အားလုံးတော့ ကြားဖူးကြမယ် သိဖူးကြမယ်။ ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာဆိုပြီး သစ္စာဘယ်နှစ်ပါး ရှိလဲ? လေးပါး။ အဲဒီ သစ္စာလေးပါးထဲမှာ မဂ္ဂသစ္စာအရ <b>မဂ္ဂင်တရားကိုယ် ရှစ်ပါး</b> အားလုံး ကြားဖူးကြလိမ့်မယ်နော်။ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ။ အားလုံးပေါင်းလိုက်တော့ မဂ္ဂင် ဘယ်နှစ်ပါးလဲ? မဂ္ဂင် ရှစ်ပါး။ နိဗ္ဗာန်ကို လိုလားတောင့်တနေတဲ့ သူတော်ကောင်း မှန်ခဲ့မယ် ဆိုလို့ရှိရင် ဒီမဂ္ဂင် ရှစ်ပါး အကျင့်မြတ်တရားတွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့တော့ လိုအပ်ပါတယ်။ အဲဒီ မဂ္ဂင် ရှစ်ပါးထဲမှာ တစ်ပါးအဖြစ် ပါဝင်နေတာက နံပါတ်(၁)က ဘာလဲ? သမ္မာဒိဋ္ဌိ။ ဒီသမ္မာဒိဋ္ဌိဆိုတဲ့ စကားလုံးလေးကို ဘုရားရှင် ကိုယ်တော်တိုင်က ဘယ်လို ရှင်းထားလဲ? အဲဒီ မဟာသတိပဋ္ဌာနသုတ္တန်မှာပါပဲနော်။</p>
<p>‘‘<b>ကတမာ စ ဘိက္ခဝေ သမ္မာဒိဋ္ဌိ? ယံ ခေါ ဘိက္ခဝေ ဒုက္ခေ ဉာဏံ၊ ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ။ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဒိဋ္ဌိ။</b>’’ (မ၊၁၊၈၈။)<br>
<b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ကတမာ စ</b>၊ အဘယ်နည်းဟူမူကား။ <b>ယံ ခေါ ဉာဏံ</b>၊ အကြင်သိတတ်သော ဉာဏ်ပညာသည်။ <b>ဒုက္ခေ</b>၊ ဒုက္ခအရိယသစ္စာတရား၌၊ <b>အတ္ထိ</b>၊ ရှိ၏၊ <b>ယံ ဉာဏံ</b>၊ အကြင်သိတတ်သော ဉာဏ်ပညာသည်။ <b>ဒုက္ခသမုဒယေ</b>၊ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရား၌၊ <b>အတ္ထိ</b>၊ ရှိ၏၊ <b>ယံ ဉာဏံ</b>၊ အကြင်သိတတ်သော ဉာဏ်ပညာသည်။ <b>ဒုက္ခနိရောဓေ</b>၊ ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရား၌၊ <b>အတ္ထိ</b>၊ ရှိ၏၊ <b>ယံ ဉာဏံ</b>၊ အကြင်သိတတ်သော ဉာဏ်ပညာသည်။ <b>ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ</b>၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ပဋိပတ်ဟု ဆိုအပ်သော မဂ္ဂအရိယသစ္စာတရား၌၊ <b>အတ္ထိ</b>၊ ရှိ၏၊ <b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>အယံ</b>၊ ဤသစ္စာလေးပါးကို သိတတ်သော ဉာဏ်ပညာကို။ <b>သမ္မာဒိဋ္ဌိ</b>၊ သမ္မာဒိဋ္ဌိဟူ၍။ <b>ဝုစ္စတိ</b>၊ ခေါ်ဆိုအပ်ပါပေ၏၊</p>
<p><b>ဒုက္ခသစ္စာ</b>ကို သိနေတဲ့ဉာဏ်, <b>သမုဒယသစ္စာ</b>ကို သိနေတဲ့ဉာဏ်, <b>နိရောဓသစ္စာ</b>ကို သိနေတဲ့ဉာဏ်, <b>မဂ္ဂသစ္စာ</b>ကို သိနေတဲ့ဉာဏ်။ အဲဒီ လေးမျိုးသောဉာဏ်ကို ဘာလို့ခေါ်လဲ? <b>သမ္မာဒိဋ္ဌိ</b>။ အဲဒီ သမ္မာဒိဋ္ဌိဉာဏ်ပညာနဲ့ ပြည့်စုံမှ <b>မဂ္ဂင်ရှစ်ပါး</b> ပြည့်စုံမယ်ပေါ့နော်။ ဒီသမ္မာဒိဋ္ဌိဉာဏ်ပညာ ရရှိရေးအတွက် ယောဂီသူတော်ကောင်းက သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဆိုတဲ့ <b>သီလမဂ္ဂင်သုံးပါး</b>ကို ရှေးဦးစွာ ဖြည့်ကျင့်ရပါတယ်။ သီလမဂ္ဂင်သုံးပါးကို လုံခြုံအောင် စောင့်ထိန်းပြီးတဲ့အခါ ဒကာကြီးတွေ ဒကာမကြီးတွေအဖို့တော့ အောက်ထစ်ဆုံးပေါ့ ငါးပါးသီလပေါ့နော်။ အဲဒီလို သီလလုံခြုံပြီးတဲ့ အချိန်ခါမှ ဒုတိယ တစ်ဆင့်တက်ပြီး ဘာလုပ်ရမလဲ? သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိလို့ ခေါ်ဆိုအပ်တဲ့ <b>သမာဓိမဂ္ဂင်သုံးပါး</b>နဲ့ ပြည့်စုံအောင် ကြိုးစားရတယ်။ အဲဒီ သမာဓိမဂ္ဂင်သုံးပါးနဲ့ ပြည့်စုံပြီးတဲ့ သူတော်ကောင်းက သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပဆိုတဲ့ <b>ပညာမဂ္ဂင်နှစ်ပါး</b>နဲ့ ပြည့်စုံအောင် တစ်ဆင့်တက်ပြီး ကြိုးစားရပြန်တယ်နော်။</p>
<p>ဒီတော့ သမ္မာဒိဋ္ဌိဆိုတာက ဒုက္ခသစ္စာကို သိနေတဲ့ဉာဏ်, သမုဒယသစ္စာကို သိနေတဲ့ဉာဏ်, နိရောဓသစ္စာကို သိနေတဲ့ဉာဏ်, မဂ္ဂသစ္စာကို သိနေတဲ့ဉာဏ်။ ဒီဉာဏ်ကိုသာ သမ္မာဒိဋ္ဌိခေါ်ဆိုတော့ အဲဒီ <b>သစ္စာလေးပါး</b>ထဲမှာ ဒုက္ခသစ္စာပါတယ်, သမုဒယသစ္စာပါတယ်။ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာကို <b>ဝဋ္ဋသစ္စာ</b>လို့ ခေါ်တယ်။ နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာတရားနှစ်ပါးကျတော့ <b>ဝိဝဋ္ဋသစ္စာ</b>လို့ ခေါ်ပါတယ်။ ယောဂါဝစရပုဂ္ဂိုလ်က ဘယ်မှာ ကမ္မဋ္ဌာန်းနှလုံးသွင်း စီးဖြန်းရသလဲဆိုတော့ -</p>
<p>‘‘<b>တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။</b>’’ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)</p>
<p><b>တေသု</b>၊ ထိုဝဋ္ဋသစ္စာ, ဝိဝဋ္ဋသစ္စာတရားတို့တွင်။ <b>ဘိက္ခုနော</b>၊ သံသရာဘေးကို ရှုမြင်တတ်သော ရဟန်းတော်အား (သို့မဟုတ်) ယောဂါဝစရပုဂ္ဂိုလ်အား။ <b>ဝဋ္ဋေ</b>၊ ဝဋ္ဋသစ္စာအမည်ရနေသော ဒုက္ခသစ္စာတရား, သမုဒယသစ္စာတရား၌။ <b>ကမ္မဋ္ဌာနာဘိနိဝေသော</b>၊ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနှလုံးသွင်းခြင်းသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊ <b>ဝိဝဋ္ဋေ</b>၊ ဝိဝဋ္ဋသစ္စာအမည်ရနေသော နိရောဓသစ္စာတရား, မဂ္ဂသစ္စာတရား၌။ <b>အဘိနိဝေသော</b>၊ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနှလုံးသွင်းခြင်းသည်။ <b>နတ္ထိ</b>၊ မရှိ။</p>
<p>ဆိုပြီး အဋ္ဌကထာများက ဖွင့်ထားတယ်။ ဝဋ္ဋသစ္စာအမည်ရနေတဲ့ ဒုက္ခသစ္စာတရား, သမုဒယသစ္စာတရားနှစ်ပါး၌ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းပေးရတယ်။ အဲဒီလို စီးဖြန်းလိုက်တဲ့ အချိန်ခါကျတော့မှ ဝိပဿနာဉာဏ်တို့ရဲ့ အဆုံးမှာ နိရောဓသစ္စာပေါ်လာမယ်။ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို အရိယာမဂ်ဉာဏ်ဖိုလ်ဉာဏ်တို့က လှမ်းပြီး အာရုံယူမယ်။ ထိုအသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကြီးက နိရောဓသစ္စာ။ ထိုအသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို လှမ်းအာရုံယူနေတဲ့ အရိယာမဂ်ဉာဏ်နဲ့ ယှဉ်တွဲနေတဲ့ မဂ္ဂင်တရားကိုယ်ရှစ်ပါးက မဂ္ဂသစ္စာ။ ပေါင်းလိုက်တော့ သစ္စာဘယ်နှစ်ပါး ဖြစ်သွားမလဲ? လေးပါး။ အဲဒီ အခါကျမှ သမ္မာဒိဋ္ဌိဉာဏ်နဲ့ ပြည့်စုံမယ်။</p>
<p>ဒီတော့ သမ္မာဒိဋ္ဌိဉာဏ်ပညာ ရရှိရေးအတွက် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းပွားများရမယ့် သစ္စာတွေက ဘာသစ္စာတွေလဲ? ဒုက္ခသစ္စာ, သမုဒယသစ္စာ။ ဘာကို ဒုက္ခသစ္စာ ခေါ်သလဲ? ဒကာကြီးတွေ ဘယ်လို သဘောပေါက်ကြလဲ? အားလုံးပဲ ဒီမှာ ဓမ္မစကြာ အမျိုးသမီးအဖွဲ့တို့ ဘာတို့ ရှိကြပါတယ်နော်။ ဓမ္မစကြာထဲမှာ လွယ်လွယ်လေးပါနေတဲ့ စကားတစ်လုံး ရှိတယ်။ <b>သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ</b>။ ဒါဘုရား ကိုယ်တော်တိုင် ဟောထားတဲ့ တရားပဲ။ ဥပါဒါန်နဲ့ ခန္ဓာငါးပါးသည် ဘာသစ္စာလဲ? ဒုက္ခသစ္စာ။ ဥပါဒါန်နဲ့ ခန္ဓာငါးပါး ဆိုတာက ဘာတွေလဲ? ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာဆိုပြီး ဥပါဒါန်နဲ့ ခန္ဓာဘယ်နှစ်ပါး ရှိလဲ? ငါးပါး။ ဒါကို လွယ်လွယ်တိုတို ပြောရင်တော့ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဆိုပြီး ငါးခု ရှိတယ်။ အဲဒီ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ခေါ်တဲ့ ဥပါဒါန်နဲ့ ခန္ဓာငါးပါးကို ဘာသစ္စာလို့ ခေါ်လဲ? ဒုက္ခသစ္စာ။ အဲဒီ ဒုက္ခသစ္စာတရားကို ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ဘာလုပ်ရမလဲ? သိအောင် ကြိုးစားအားထုတ်ရမယ်။ ကောင်းပြီ။</p>
<p>ရူပုပါဒါနက္ခန္ဓာအရ ရူပက္ခန္ဓာ သို့မဟုတ် ရူပုပါဒါနက္ခန္ဓာလို့ ခေါ်တဲ့ ရုပ်တရား အစုအပုံပေါ့။ ခန္ဓာဆိုတာက အစုအပုံ ပြောတာနော်။ ရုပ်တရား အစုအပုံ ဆိုတာက ဘာတွေကို စုပုံထားလို့ ဒီရုပ်တရား အစုအပုံလို့ ခေါ်သလဲ? ဟိုခန္ဓဝဂ္ဂသံယုတ် ပါဠိတော်မှာ ဘုရားရှင် ကိုယ်တော်တိုင် ဟောထားတယ်နော်။</p>
<p>‘‘<b>ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော။</b>’’ (သံ၊၂၊၃၉။)</p>
<p><b>ဘိက္ခဝေ</b>၊ ရဟန်းတို့။ <b>အတီတာနာဂတပစ္စုပ္ပန္နံ</b>၊ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်း ဖြစ်သော။ <b>အဇ္ဈတ္တံ ဝါ</b>၊ အဇ္ဈတ္တသန္တာန်၌ ဖြစ်သော်လည်းကောင်း။ <b>ဗဟိဒ္ဓါ ဝါ</b>၊ ဗဟိဒ္ဓသန္တာန်၌ ဖြစ်သော်လည်းကောင်း။ <b>ဩဠာရိကံ ဝါ</b>၊ ရုန့်ရင်းကြမ်းတမ်းသော်လည်းကောင်း။ <b>သုခုမံ ဝါ</b>၊ သိမ်မွေ့နူးညံ့သော်လည်းကောင်း။ <b>ဟီနံ ဝါ</b>၊ ယုတ်ညံ့သော်လည်းကောင်း။ <b>ပဏီတံ ဝါ</b>၊ မွန်မြတ်သော်လည်းကောင်း။ <b>ယံ</b>၊ အကြင်။ <b>ဒူရေ</b>၊ အသိဉာဏ်မှ ဝေးသော အရပ်၌ ဖြစ်သော်လည်းကောင်း။ <b>သန္တိကေ ဝါ</b>၊ အသိဉာဏ်မှ နီးသော အရပ်၌ ဖြစ်သော်လည်းကောင်း ဖြစ်သော။ <b>သာသဝံ</b>၊ အာသဝေါတရားတို့၏ အာရုံဖြစ်သော။ <b>ဥပါဒါနိယံ</b>၊ ဥပါဒါန်တရားတို့ဖြင့် စွဲလမ်းအပ်သော။ <b>ယံ ကိဉ္စိ ရူပံ</b>၊ အလုံးစုံသော အကြင်ရုပ်တရားသည်။ <b>အတ္ထိ</b>၊ ရှိ၏၊ <b>အယံ</b>၊ ဤရုပ်တရားအစုအပုံကို။ <b>ရူပုပါဒါနက္ခန္ဓော</b>၊ ရူပုပါဒါနက္ခန္ဓာဟူ၍။ <b>ဝုစ္စတိ</b>၊ ဆိုအပ်၏၊</p>
<p>အတိတ် ရုပ်တရား, ပစ္စုပ္ပန် ရုပ်တရား, အနာဂတ် ရုပ်တရား, အဇ္ဈတ္တ ရုပ်တရား, ဗဟိဒ္ဓ ရုပ်တရား, ဩဠာရိကခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ရုပ်တရား, သုခုမခေါ်တဲ့ သိမ်မွေ့နူးညံ့တဲ့ ရုပ်တရား, ဟီနခေါ်တဲ့ ယုတ်ညံ့တဲ့ ရုပ်တရား, ပဏီတခေါ်တဲ့ မွန်မြတ်တဲ့ ရုပ်တရား, ဒူရခေါ်တဲ့ ရှုနေတဲ့ ယောဂါဝစရပုဂ္ဂိုလ်အဖို့ ရှုရခက်လို့ အသိဉာဏ်နဲ့ နည်းနည်းလေး ဝေးနေတဲ့ ရုပ်တရား, သန္တိကခေါ်တဲ့ ရှုနေတဲ့ ယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်နဲ့ နီးနေတဲ့ ရုပ်တရား။ ပေါင်းလိုက်တော့ တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဒီရုပ်တရား အစုအပုံကို ဘာခန္ဓာလို့ ခေါ်လဲ? ရူပုပါဒါနက္ခန္ဓာ။ ဒီလိုဆိုရင် ရူပက္ခန္ဓာပေါ့။ လွယ်လွယ်နော်။ ရူပက္ခန္ဓာ ရုပ်တရား အစုအပုံ ဆိုလို့ရှိရင် အဲဒီ ရုပ်တရားတွေထဲမှာ အတိတ်ရုပ်တရား ပါနေသလား, မပါဘူးလား? ပါနေတယ်။ အတိတ်ရုပ်တရား ပါတယ်, ပစ္စုပ္ပန်ရုပ်တရား ပါတယ်, အနာဂတ်ရုပ်တရား ပါတယ်, မိမိ အဇ္ဈတ္တမှာ ရှိနေတဲ့ ရုပ်တရား ပါတယ်, ဗဟိဒ္ဓမှာရှိတဲ့ ရုပ်တရားအားလုံး ပါနေတယ်။ အဲဒီ ရုပ်တရား အစုအပုံကို ရူပုပါဒါနက္ခန္ဓာ။</p>
<p>အလားတူပဲ။ တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဝေဒနာတရား အစုအပုံကိုလည်း ဝေဒနုပါဒါနက္ခန္ဓာ၊ တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ မှတ်သားမှု သညာတရား အစုအပုံကိုလည်း သညုပါဒါနက္ခန္ဓာ၊ တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ စေတသိက် သင်္ခါရ ကြွင်းကျန်နေတဲ့ စေတသိက် အလုံးငါးဆယ် ရှိပါတယ်နော်။ အဲဒီ စေတသိက် သင်္ခါရတရား အစုအပုံတွေကိုလည်း ဘာလို့ ခေါ်သလဲ? သင်္ခါရုပါဒါနက္ခန္ဓာ၊ တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ အသိစိတ် ဝိညာဏ်တရား အစုအပုံကိုလည်း ဝိညာဏုပါဒါနက္ခန္ဓာလို့ ဒီလို ခေါ်ပါတယ်။ အဲဒီ တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဒီဥပါဒါနက္ခန္ဓာငါးပါးသည် သစ္စာဒေသနာတော်နည်းအရ ဘာသစ္စာလဲ? ဒုက္ခသစ္စာ။ အဲဒီ ဒုက္ခသစ္စာကို ယောဂါဝစရသည် ရှေးဦးစွာ သိအောင် ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်နော်။ အဲဒီ ဒုက္ခသစ္စာကို မသိရင် မဂ်ဖိုလ်နိဗ္ဗာန် ရမလား? မရဘူး။ ဒါတစ်ချက်နော်။</p>
<p>သမုဒယသစ္စာ ဆိုတာက ဘာကို သမုဒယသစ္စာ ခေါ်သလဲလို့မေးရင်တော့ တဏှာကို သမုဒယသစ္စာခေါ်တယ်။ ဒါကတော့ ပဓာနနည်းပေါ့နော်။ ကိလေသာတစ်ဆယ်ပါးကိုလည်း သမုဒယသစ္စာလို့ ခေါ်တယ်။ အကုသိုလ်တရား အားလုံးကိုလည်း သမုဒယသစ္စာလို့ခေါ်တယ်။ အကုသိုလ်တရား အားလုံးနဲ့ သံသရာဝဋ်ကို လည်ပတ်စေတတ်တဲ့ ကုသလမူလတရားသုံးပါးကိုလည်း သမုဒယသစ္စာလို့ ဟောထားတယ်။ နောက်ဆုံး ကုသိုလ်ကံ, အကုသိုလ်ကံ မှန်သမျှ ဝဋ်နိဿိတဖြစ်နေတဲ့ ကုသိုလ်ကံ, အကုသိုလ်ကံ မှန်သမျှကိုလည်း သမုဒယသစ္စာလို့ ဟောတယ်။ ပုံစံတူပါပဲ။ ဦးပဉ္ဇင်းတို့ ဟိုအင်္ဂုတ္ထိုရ်တိကနိပါတ် တိတ္ထာရတနသုတ္တန်ကျတော့ ကြောင်းကျိုးဆက်နွယ်နေတဲ့ <b>ပဋိစ္စသမုပ္ပါဒ်</b>သဘောတရားတွေကို မြတ်စွာဘုရားက ဘာလို့ဟောလဲ? သမုဒယသစ္စာလို့ ဟောထားပါတယ်။</p>
<p>အဲဒီ ဒုက္ခသစ္စာတရား, သမုဒယသစ္စာတရား နှစ်ပါးကို ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ သိအောင် ကြိုးစားအားထုတ်ရပါတယ်။ ဒီကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရား ဆိုတာက အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံ၊ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပုံ စသည်ဖြင့် ဒီလို ကြောင်းကျိုးဆက်နွယ်မှုသဘောတွေကို မြင်အောင် ရှုရမှာ ဖြစ်တယ်။ ဖြစ်တော့ အရှင်ဘုရားဟာ အဘိဓမ္မာတရားတွေပဲ။ ဒီအဘိဓမ္မာတရားတွေဟာ တပည့်တော်တို့နဲ့ ဆိုင်ပါသလားလို့ ဒီလိုတော့ မေးစရာ မလိုဘူးလား? အဲဒီအချက်နဲ့ ပတ်သက်ပြီး သံသယ နည်းနည်းကင်းသွားအောင် ဘုန်းကြီး ဒီနေ့ နည်းနည်းလေး ကောက်နုတ်ချက်ကလေးတစ်ခုတော့ ဖတ်ပြမယ်နော်။</p>
<p>အဋ္ဌသာလိနီ အဋ္ဌကထာ အဘိဓမ္မာ အဋ္ဌကထာပေါ့နော်။ စာမျက်နှာ (၃၀)မှာ နည်းနည်းကလေး အဋ္ဌကထာက သတိပေးထားတဲ့ အချက်ပဲနော်။</p>
<p>‘‘<b>အဘိဓမ္မံ ပဋိဗာဟေန္တော ဣမသ္မိံ ဇိနစက္ကေ ပဟာရံ ဒေတိ၊</b>’’ (အဘိ၊ဋ္ဌ၊၁၊၃၀။)</p>
<p><b>အဘိဓမ္မံ</b>၊ အဘိဓမ္မာတရားဒေသနာတော်ကို။ <b>ပဋိဗာဟေန္တော</b>၊ တားမြစ်ကန့်ကွက်၍နေသော ပုဂ္ဂိုလ်သည်ကား။ <b>ဣမသ္မိံ</b>၊ ဤ။ <b>ဇိနစက္ကေ</b>၊ ဘုရားရှင်၏ တရားဓမ္မစက်တည်းဟူသော သာသနာတော်၌။ <b>ပဟာရံ</b>၊ ပုတ်ခတ်စော်ကားခြင်းကို။ <b>ဒေတိ</b>၊ ပေး၍နေသည်။</p>
<p>အဘိဓမ္မာကို ကန့်ကွက်တားမြစ်နေတဲ့ပုဂ္ဂိုလ် မှန်ခဲ့ရင် ဘုရားရှင်ရဲ့ တရားဓမ္မစက်ကို ပုတ်ခတ်စော်ကားနေတဲ့ပုဂ္ဂိုလ်တွေပဲ။ အဘိဓမ္မာကို ကန့်ကွက်တားမြစ်တယ်ဆိုတာက ဘာပြောတာလဲ? ဒကာကြီးတွေ ဘယ်လို နားလည်ကြလဲ? ဟာ ဒီအဘိဓမ္မာတွေက သာဝကတွေ ဘယ်လိုမှ ရှုလို့ မရဘူး။ သွားပြီး ရှုမနေနဲ့ ရူးသွားလိမ့်မယ်တဲ့။ တချို့ကလည်း ဒီလို ပြောတယ်။ ဒီအဘိဓမ္မာမှာလာတဲ့ ရုပ်တွေ နာမ်တွေ ဆိုတာက သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ရဲ့အရာသာ ဖြစ်တယ်။ သာဝကတွေ ဘယ်လိုမှ ရှုလို့ မရဘူး။ တချို့ကလည်း ဒီလို ပြောကြတယ်။ အဲဒီလို ပြောနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာကို ကိုးကားထောက်ထားပြီးတော့ ပြောနေသလဲလို့ သေသေချာချာ ဆန်းစစ် မေးမြန်းကြည့်လိုက်တဲ့အခါ ကိုးကားထောက်ထားပြီး တိတိကျကျ ခိုင်ခိုင်လုံလုံနဲ့ ပြောပြနေတဲ့ ကျမ်းဂန်အထောက်အထား တစ်ခုမှ မရှိကြဘူး။ မိမိတို့ ထင်ရာ မြင်ရာ ပြောနေတဲ့ သဘောသာ ဖြစ်တယ်။ ဒီတော့ ဒီအဘိဓမ္မာကို ကန့်ကွက်နေတဲ့ပုဂ္ဂိုလ်, တားမြစ်နေတဲ့ပုဂ္ဂိုလ်တွေသည် ဘယ်လိုပုဂ္ဂိုလ်တွေလဲ? သာသနာတော်ကို ပုတ်ခတ်စော်ကားနေတဲ့ပုဂ္ဂိုလ်တွေပဲ ဒါက ဦးပဉ္ဇင်းပြောတာ ဟုတ်သလား? မဟုတ်ပါဘူး။ အဋ္ဌသာလိနီ အဋ္ဌကထာ စာမျက်နှာ (၃၀)မှာ အတိအကျ ရှိနေတယ်။ ဒကာကြီးတွေ, ဒကာမကြီးတွေ အကျိုးရှိမယ်ထင်လို့ ဦးပဉ္ဇင်းက ဒီစကားလေးကို ပြောတာပါနော်။ ဒကာကြီးတွေလည်း အကယ်၍ ဒီရုပ်တွေ နာမ်တွေ ရှုလို့ မရနိုင်ဘူး၊ ဒီခန္ဓာငါးပါး ဘယ်လိုမှ ရှုလို့ မရနိုင်ဘူးဆိုရင် နည်းနည်းလေးတော့ ပြန်စဉ်းစားကြည့်စမ်း! ဘုရားရှင်သည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီ ဒီလောက်တောင် ဖြည့်ပြီးတော့, အပင်ပန်းခံပြီးတော့ ဟောထားတဲ့ တရားတွေဟာ သာဝကတွေ ဘယ်လိုမှ ရှုလို့ မရပါဘူးဆိုရင် ဘုရားပွင့်ပြီးတော့ တရားဟောရတာ ဘာများ အကျိုးရှိဦးမလဲ? စဉ်းစားကြည့်။ ဘာမှ အကျိုးမရှိတော့ဘူး။ ဘုရားရှင်သည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတွေ ဖြည့်ပြီးတော့ သာဝကတွေ ဘယ်လိုမှ မသိနိုင်တဲ့ ရုပ်တွေ နာမ်တွေကို ဟောသွားတယ်လို့ မပြောသော်လည်း ပြောပြီး ဖြစ်နေတယ်။ ဒါ သိပ်သတိထားဖို့ ကောင်းတယ်နော်။ အဲဒီလောက်တင်လားတော့ မဟုတ်သေးဘူး။</p>
<p>‘‘<b>သတ္ထု ဝေသာရဇ္ဇဉာဏံ ပဋိနိဝတ္တေတိ၊</b>’’ (အဘိ၊ဋ္ဌ၊၁၊၃၀။)</p>
<p><b>သတ္ထု</b>၊ ဘုရားရှင်၏။ <b>ဝေသာရဇ္ဇဉာဏံ</b>၊ ရဲရင့်ခြင်း၏ အကြောင်းဖြစ်သော ဝေသာရဇ္ဇဉာဏ်တော်မြတ်ကို။ <b>ပဋိနိဝတ္တေတိ</b>၊ ဆုတ်နစ်စေ၏၊</p>
<p>ဘုရားရှင်မှာ ဝေသာရဇ္ဇဉာဏ်တော် လေးပါးရှိပါတယ်နော်။ အဲဒီ ဝေသာရဇ္ဇဉာဏ်တော် လေးပါးထဲက ဒီနေ့ ဒီနေရာမှာ တိုက်ရိုက် ဦးပဉ္ဇင်း ပြောလိုတဲ့ ဉာဏ်တော်ကတော့ တစ်ခုပေါ့နော်။ ဘုရားရှင်က နိယာနိကတရားကောင်းအဖြစ် ဟောကြားထားတယ်။ သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း နိယာနိကတရားကောင်းအဖြစ် ဟောကြားထားတဲ့ တရားတွေကို အရှင်ဘုရား ဟောနေတဲ့ တရားဟာ သံသရာဝဋ်ဆင်းရဲဒုက္ခမှ မထွက်မြောက်တတ်ပါဘူးလို့ လာပြီး ပြောပြမဲ့ တစ်စုံတစ်ယောက်သော နတ် လူ ဗြဟ္မာ သတ္တဝါကို မြတ်စွာဘုရား လှမ်းကြည့်တော့ ဘယ်တော့မှ မမြင်ဘူး။ အကြောင်း ယုတ္တိနှင့်တကွ လာပြီး ပြောမဲ့ပုဂ္ဂိုလ် သတ္တဝါတစ်စုံတစ်ယောက်ကို မြင်တော်မမူသည်ဖြစ်၍ ရဲဝံ့စွာဖြင့် ချမ်းချမ်းသာသာ မြတ်စွာဘုရား နေထိုင်တော်မူနိုင်တဲ့ ဉာဏ်စွမ်း ဉာဏ်စကို <b>ဝေသာရဇ္ဇဉာဏ်တော်</b>တစ်ပါးလို့ ခေါ်ပါတယ်။</p>
<p>ခု ဒီဘုရားရှင်က သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယာနိကတရားကောင်းအဖြစ်နဲ့ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကို ချပြသွားတယ်။ အဲဒီ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတွေထဲမှာ အစိတ်အပိုင်း တစ်ခုအဖြစ်နဲ့ ပါဝင်နေတာက သမ္မာဒိဋ္ဌိနော်။ သမ္မာဒိဋ္ဌိ အစိတ်အပိုင်းတစ်ခုအဖြစ်နဲ့ ပါဝင်နေတာက သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ထွင်းဖောက်သိမြင်ရမဲ့ ဒုက္ခသစ္စာတရား, သမုဒယသစ္စာတရား။ ဒီဒုက္ခသစ္စာတရား, သမုဒယသစ္စာတရားတွေကို သာဝကတွေ ဘယ်လိုမှ ရှုလို့ မရပါဘူးဆိုတော့ ဘုရားရှင်သည် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယာနိကတရားကောင်းအဖြစ်နဲ့ ဟောထားတဲ့ ဒီတရားတွေကို လာပြီး ကန့်ကွက်နေတဲ့သဘော မဖြစ်ဘူးလား? ဖြစ်နေပြီ။ ဒါ စဉ်းစားကြနော်။ နောက်တစ်ခု - အဲဒီလို ကန့်ကွက်တော့ ဘာဖြစ်လဲ?</p>
<p>‘‘<b>သောတုကာမံ ပရိသံ ဝိသံဝါဒေတိ၊ အရိယမဂ္ဂေ အာဝရဏံ ဗန္ဓတိ။</b>’’ (အဘိ၊ဋ္ဌ၊၁၊၃၀။)</p>
<p><b>သောတုကာမံ</b>၊ တရားနာကြားလိုသော ကျင့်ကြံပွားများလိုသော။ <b>ပရိသံ</b>၊ ပရိသတ်ကို။ <b>ဝိသံဝါဒေတိ</b>၊ ချွတ်ယွင်းစေ၏၊ ချွတ်လွဲစေ၏၊ <b>အရိယမဂ္ဂေ</b>၊ အရိယာမဂ်တရား၌။ <b>အာဝရဏံ</b>၊ အတားအဆီး အပိတ်အပင်ကို။ <b>ဗန္ဓတိ</b>၊ နှောင်ဖွဲ့၍ ထား၏၊</p>
<p>ကျင့်လိုတဲ့ ပရိသတ်တွေ ရှိကြတယ်။ ဩော် ဒီရုပ်တွေ ဒီနာမ်တွေ ရှုလို့ရတယ် ပြောတယ်၊ တို့ ရှုကြည့်ချင်တယ်, နာကြားကြည့်ချင်တယ်။ အဲဒီလို နာကြားလိုတဲ့ ပရိသတ်, ရှုလိုတဲ့ ပရိသတ်တွေကို နင်တို့ သွားမလုပ်နဲ့ ရူးသွားလိမ့်မယ်၊ ဟော ပြောပြီ။ ဒီရုပ်တွေ နာမ်တွေဟာ သာဝကတွေ ဘယ်လိုမှ ရှုလို့ရတာ မဟုတ်ဘူးဆိုပြီးတော့ ဒီလို ချွတ်ချွတ်ယွင်းယွင်း ဖြစ်စေတဲ့သဘောလည်း ဒီမှာ မပါဘူးလား? ပါလာပြီ။ ဒါကြောင့် အရိယာမဂ်ရဖို့ရန် ကျင့်စဉ်အဖြစ်နဲ့ ဒီသစ္စာလေးပါး (သို့မဟုတ်) မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတွေကို ဘုရားက ချမှတ်ပေးထားတယ်။ အဲဒီ ကျင့်စဉ်သည် ကျင့်လို့ မရဘူး ဆိုလို့ရှိရင် ဘာလုပ်တာလဲ? ဒီမဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားဆိုတဲ့ ကျင့်စဉ်၏ အတားအဆီး အပိတ်အပင်ကို နှောင်ဖွဲ့၍ ထားသည်မည်၏၊ အရိယာသူတော်ကောင်းတို့ရဲ့ နိဗ္ဗာန်သွားရာ လမ်းကြောင်းဖြစ်တဲ့ အရိယာမဂ်တရား၌ အတားအမြစ် အပိတ်အပင်ကြီးတစ်ခုကို ရှေ့ကနေလာပြီး နှောင်ဖွဲ့ထားတာနဲ့ မတူဘူးလား? အတူတူပဲ။</p>
<p>‘‘<b>အဋ္ဌာရသသု ဘေဒကရဝတ္ထူသု ဧကသ္မိံ သန္ဒိဿတိ၊</b>’’ (အဘိ၊ဋ္ဌ၊၁၊၃၀။)</p>
<p><b>အဋ္ဌာရသသု</b>၊ တစ်ဆယ့်ရှစ်ခုကုန်သော။ <b>ဘေဒကရဝတ္ထူသု</b>၊ သံဃာသင်းခွဲကြောင်း ဝတ္ထုတို့တွင်။ <b>ဧကသ္မိံ</b>၊ တစ်ခုသော ဝတ္ထု၌။ <b>သန္ဒိဿတိ</b>၊ ထင်ရှားပြသသည်နှင့် တူ၏၊</p>
<p>ဦးပဉ္ဇင်းတို့ သံဃာသင်းခွဲကြောင်း ဝတ္ထု တစ်ဆယ့်ရှစ်ပါး ရှိပါတယ်နော်။ ဓမ္မကို အဓမ္မ၊ အဓမ္မကို ဓမ္မစသည်ဖြင့် ဒီလို ငြင်းခုံကြတယ်။ အဲဒီ ငြင်းခုံမှုတွေကို လာပြီးတော့ ထင်ရှားပြတာနဲ့လည်း အတူတူပဲ။</p>
<p>‘‘<b>ဥက္ခေပနီယကမ္မတဇ္ဇနီယကမ္မာရဟော ဟောတိ။</b>’’ (အဘိ၊ဋ္ဌ၊၁၊၃၀။)</p>
<p><b>ဥက္ခေပနီယကမ္မတဇ္ဇနီယကမ္မာရဟော</b>၊ ဥက္ခေပနီယကံ တဇ္ဇနီယကံတို့အား ထိုက်သည်လည်း။ <b>ဟောတိ</b>၊ ဖြစ်၏၊</p>
<p>ဒီလိုပြောနေတဲ့ ပုဂ္ဂိုလ်ကို သံဃာ့ဘောင်က နေပြီးတော့ နှင်ထုတ်ပစ်ရတယ်။ သာသနာတော်မှာ မြတ်စွာဘုရားက ထားခွင့်မပေးဘူး။ အဲဒီလို -</p>
<p>‘‘<b>တံ တံ ကမ္မံ ကတွာ ဥယျောဇေတဗ္ဗော</b>’’ (အဘိ၊ဋ္ဌ၊၁၊၃၀။)</p>
<p><b>တံ တံ ကမ္မံ</b>၊ ထိုထိုဥက္ခေပနီယကံ တဇ္ဇနီယကံကို။ <b>ကတွာ</b>၊ ပြု၍။ <b>ဥယျောဇေတဗ္ဗော</b>၊ သံဃာ့ဘောင်မှ နှင်ထုတ်အပ်၏၊</p>
<p>အဲဒီ ဥက္ခေပနီယကံ တဇ္ဇနီယကံဆိုတဲ့ သံဃာ့ဘောင်ကနေ နှင်ထုတ်တဲ့ ကံတွေကို ပြုပြီးတော့ ဒီပုဂ္ဂိုလ်ကို နှင်ထုတ်တဲ့အခါ ဘယ်လိုပြောပြီး နှင်ထုတ်ရမလဲ?</p>
<p>‘‘<b>ဂစ္ဆ ဝိဃာသာဒေါ ဟုတွာ ဇီဝိဿတိ။</b>’’ (အဘိ၊ဋ္ဌ၊၁၊၃၀။)</p>
<p><b>ဂစ္ဆ</b>၊ သွားလော့။ <b>ဝိဃာသာဒေါ</b>၊ စားကြွင်းစားလုပ်၍။ <b>ဟုတွာ</b>၊ ဖြစ်၍။ <b>ဇီဝိဿတိ</b>၊ အသက်မွေးပေတော့။</p>
<p>စားကြွင်းစားလုပ်ပြီးတော့ နင်သွား အသက်မွေးပေတော့လို့ ဒီလို ပြောပြီးတော့ကို နင့်နင့်နာနာ ပြောပြီးတော့ကို နှင်ထုတ်ပါ ဆိုပြီးတော့ ဒီလို အဋ္ဌကထာက သတိပေးထားတယ်။</p>
<p>ဒါကြောင့် ဦးပဉ္ဇင်းတို့ အဘိဓမ္မာမှာလာနေတဲ့ ရုပ်တွေ နာမ်တွေကို သာဝကတွေ ရှုလို့ မရပါဘူး ဒီလို ပြောခြင်းသည် အရိယာမဂ်တရားကို လိုလားတောင့်တနေတဲ့ သူတော်ကောင်းတို့ရဲ့ အရိယာမဂ်လမ်းကြောင်းမှ အဆီးအတား အပိတ်အပင်ကြီးတစ်ခုကို လာပြီး နှောင်ဖွဲ့ထားတာနဲ့ မတူဘူးလား? တူနေပြီ။ ဒါ သတိရှိကြပေတော့နော်။ ဘုရားရှင်ရဲ့ သာသနာတော်ကို ပုတ်ခတ်စော်ကားနေတာနဲ့လည်း မတူဘူးလား? အတူတူပဲ။ ခုဒီမှာ သစ္စာလေးပါးထဲမှာ သမ္မာဒိဋ္ဌိဉာဏ်အရ ယောဂါဝစရပုဂ္ဂိုလ်တို့ ခေါင်ဆုံး သိအောင် ကြိုးစားအားထုတ်ရမဲ့တရားက ဘာသစ္စာလဲ? ဒုက္ခသစ္စာ။ အဲဒီ ဒုက္ခသစ္စာတရားသည် ဘာတွေလဲ? ဥပါဒါန်နဲ့ ခန္ဓာငါးပါး။</p>
<p>ဥပါဒါန်နဲ့ ခန္ဓာငါးပါးဆိုတာက ဘာပြောတာလဲ? ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာ။ ပေါင်းလိုက်တော့ ဘယ်နှစ်ပါးလဲ? ငါးပါး။ ရူပုပါဒါနက္ခန္ဓာဆိုတာက - အတိတ်ရုပ်တရား နှစ်ဆယ့်ရှစ်ပါးနော်။ အတိတ်ရုပ်တရား နှစ်ဆယ့်ရှစ်ပါး, ပစ္စုပ္ပန်ရုပ်တရား နှစ်ဆယ့်ရှစ်ပါး, အနာဂတ်ရုပ်တရား နှစ်ဆယ့်ရှစ်ပါး, အဇ္ဈတ္တရုပ်တရား နှစ်ဆယ့်ရှစ်ပါး, ဗဟိဒ္ဓရုပ်တရား နှစ်ဆယ့်ရှစ်ပါး။ ဒါ မခွဲဘဲနဲ့ ပြောရင်ပေါ့နော်။ ယောက်ျား မိန်းမ ခွဲခြားပြီးတော့ ပြောမယ်ဆိုရင်တော့ - ယောက်ျားမှာ အဇ္ဈတ္တမှာ နှစ်ဆယ့်ခုနစ်ပါး အမျိုးသမီးမှာလည်း နှစ်ဆယ့်ခုနစ်ပါးပဲနော်။ အဲဒီ ရုပ်နှစ်ဆယ့်ရှစ်ပါး ဩဠာရိက၊ သုခုမ၊ ဟီန၊ ပဏီတ၊ ဒူရ၊ သန္တိက ပေါင်းလိုက်တော့ တစ်ဆယ့်တစ်မျိုး။ အဲဒီ တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ရုပ်တရား အစုအပုံကို ဘာခန္ဓာ ခေါ်သလဲ? ရူပုပါဒါနက္ခန္ဓာ။</p>
<p>အလားတူပဲ - တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဝေဒနာ အစုအပုံ, သညာ အစုအပုံ, သင်္ခါရ အစုအပုံ, ဝိညာဏ် အစုအပုံတွေကို ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာလို့ အသီးသီး ခေါ်တယ်။ အဲဒီ ဥပါဒါနက္ခန္ဓာငါးပါးကို ယောဂါဝစရပုဂ္ဂိုလ်သည် ဘာလုပ်ရမလဲ? သိအောင် ကြိုးစားအားထုတ်ရမယ်။ ကဲ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် သိအောင် ကြိုးစားအားထုတ်ရမလဲနော်။ ခုနက သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝခေါ်တဲ့ သီလမဂ္ဂင်သုံးပါး ပထမ ဖြည့်ကျင့်ရမယ်။ အနည်းဆုံး ငါးပါးသီလ မြဲရမယ်။ အဲဒီ သီလမဂ္ဂင်သုံးပါး ဖြည့်ကျင့်ပြီးတဲ့အခါ ဒုတိယ ဖြည့်ကျင့်ရမဲ့ မဂ္ဂင်က ဘာလဲ? သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ ပေါင်းလိုက်တော့ မဂ္ဂင်ဘယ်နှစ်ပါးလဲ? သုံးပါး။ အဲဒီမှာ ဦးဆောင်နေတာက <b>သမ္မာသမာဓိ</b>ပဲနော်။ ဒီသမ္မာသမာဓိဆိုတဲ့ မဂ္ဂင်ကို ဘာဖြစ်လို့ ဖြည့်ကျင့်ရလဲ?</p>
<p><b>‘‘သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။’’</b> (သံ၊၂၊၁၂။ သံ၊၃၊၃၆၃။)<br>
<b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>သမာဓိံ</b>၊ သမာဓိကို။ <b>ဘာဝေထ</b>၊ ပွားများကြကုန်လော့။ <b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>သမာဟိတော</b>၊ သမာဓိရှိသော။ <b>ဘိက္ခု</b>၊ ရဟန်းသည်။ <b>ယထာဘူတံ</b>၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ <b>ပဇာနာတိ</b>၊ သိ၏။</p>
<p>ချစ်သားရဟန်းတို့ ... သမာဓိ ထူထောင်ကြ။ သမာဓိရှိရင် ဟုတ်တိုင်းမှန်စွာသိတဲ့ ဉာဏ်အမြင် ပေါ်ချင်တယ်ဆိုလို့ရှိရင် ဘာလုပ်ရမလဲ? သမာဓိထူထောင်ရပါတယ်နော်။ အဲဒီ သမာဓိထူထောင်တဲ့အပိုင်းမှာ ကမ္မဋ္ဌာန်း (၄၀) ရှိတယ်။ မိမိတို့ နှစ်ခြိုက်တဲ့ ကမ္မဋ္ဌာန်းနဲ့ သမာဓိထူထောင်နိုင်ခွင့် ရှိတယ်နော်။ ဒီနေ့တော့ ဘုန်းကြီး ဓာတ်ကမ္မဋ္ဌာန်းနဲ့ပဲ အကျဉ်းချုပ်ပြီး ပြောဖို့ ရည်ရွယ်ထားပါတယ်နော်။ အဲဒီတော့ ဒီခန္ဓာငါးပါးကို သိချင်နေတဲ့ ယောဂီသူတော်ကောင်းက ဓာတ်ကမ္မဋ္ဌာန်းကို စတယ်။ အဲဒီ ဓာတ်ကမ္မဋ္ဌာန်း စတဲ့အပိုင်းမှာ ဦးပဉ္ဇင်းတို့ ဝိပဿနာပိုင်း <b>ဒိဋ္ဌိဝိသုဒ္ဓိပိုင်း</b> ကူးမယ်ဆိုရင် ရုပ်ကမ္မဋ္ဌာန်းကစ သိမ်းဆည်းတဲ့နည်း, နာမ်ကမ္မဋ္ဌာန်းကစ သိမ်းဆည်းတဲ့နည်းဆိုပြီး နှစ်နည်းရှိတယ်။ အဲဒီ နှစ်နည်းထဲက ရုပ်ကမ္မဋ္ဌာန်းကနေစပြီး သိမ်းဆည်းတဲ့နည်းကို ဒီနေ့ ပြောမယ်နော်။ နာမ်ကမ္မဋ္ဌာန်းကနေစပြီး သိမ်းဆည်းတဲ့နည်းကတော့ ယေဘုယျအားဖြင့် သမထယာနိကပုဂ္ဂိုလ်လို့ ခေါ်ဆိုအပ်တဲ့ ဈာန်ရတဲ့ ပုဂ္ဂိုလ်တွေအတွက် ဖြစ်ပါတယ်။</p>
<p>ခုရုပ်ကမ္မဋ္ဌာန်းက စသိမ်းဆည်းတဲ့ နည်းစနစ်ကတော့ သုဒ္ဓဝိပဿနာယာနိကခေါ်တဲ့ ဈာန်မရတဲ့ ပုဂ္ဂိုလ်တွေအတွက် ဖြစ်တယ်။ ထိုသုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်က ဒိဋ္ဌိဝိသုဒ္ဓိစခန်းလို့ ခေါ်ဆိုအပ်တဲ့ ရုပ်နာမ်ကို ဟုတ်တိုင်းမှန်စွာ သိနေတဲ့ ဉာဏ်အမြင် သန့်ရှင်းစင်ကြယ်မှု ရှိချင်တယ်ဆိုရင် ဒီပုဂ္ဂိုလ်သည် ဘာလုပ်ရလဲ? ရှေးဦးစွာ ဓာတ်ကမ္မဋ္ဌာန်းကို စအားထုတ်ရတယ်။ ဘာဖြစ်လို့လဲ? သမထပိုင်းမှာ ကမ္မဋ္ဌာန်း (၄၀) ရှိသော်လည်း ဝိပဿနာပိုင်း ရောက်လာပြီဆိုရင် ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်းဆိုပြီး ကမ္မဋ္ဌာန်းနှစ်မျိုး ရှိတယ်။ အဲဒီ နှစ်မျိုးထဲက ဒီရုပ်ကမ္မဋ္ဌာန်း ရှုပုံနည်းစနစ်နဲ့ ပတ်သက်လို့ မြတ်စွာဘုရား ဘယ်လိုဟောလဲ? နှစ်မျိုးပဲ ဟောတယ်။</p>
<p><b>‘‘တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ။’’</b> (အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋ္ဌ၊၁၊၂၈၀။)<br>
<b>တတ္ထ</b>၊ ထိုရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးတို့တွင်။ <b>ဘဂဝါ</b>၊ ဘုရားရှင်သည်။ <b>ရူပကမ္မဋ္ဌာနံ</b>၊ ရုပ်ကမ္မဋ္ဌာန်းကို။ <b>ကထေန္တော</b>၊ ဟောကြားတော်မူသည်ရှိသော်။ <b>သင်္ခေပမနသိကာရဝသေန ဝါ</b>၊ အကျဉ်းနှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း၊ <b>ဝိတ္ထာရမနသိကာရဝသေန ဝါ</b>၊ အကျယ်နှလုံးသွင်းနည်း၏ အစွမ်းအားဖြင့်သော်လည်းကောင်း <b>စတုဓာတုဝဝတ္ထာနံ</b>၊ စတုဓာတုဝဝတ္ထာန် အမည်ရတဲ့ ဓာတ်ကမ္မဋ္ဌာန်းကို။ <b>ကထေသိ</b>၊ ဟောကြားတော်မူမြဲ ဖြစ်တယ်။</p>
<p>ဒီတော့ ရုပ်ကမ္မဋ္ဌာန်း ရှုကွက်နဲ့ ပတ်သက်ရင် ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း, ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းဆိုပြီးတော့ ရှုပုံနည်းစနစ် ဘယ်နှစ်မျိုး ရှိလဲ? နှစ်မျိုး။ အဲဒီ နည်းစနစ် နှစ်မျိုးရှိတဲ့ အတွက်ကြောင့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်က သမာဓိကို ခုနက ဈာန်သမာဓိကို အခြေမခံဘဲ ဝိပဿနာကို တိုက်ရိုက်သွားချင်တယ်ဆိုရင် ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း ကြိုက်ရင် အကျဉ်းနည်းက စရှု၊ အကျယ်နည်း ကြိုက်ရင် အကျယ်နည်းက စရှုပေတော့။ ဒါပြောတာ။ ဒါက ဘုရားဟောတဲ့ စနစ်ကလေးတွေပဲ။</p>
<p>အဲဒီတော့ အဲဒီစနစ်အရ အားထုတ်ချင်တယ် ဆိုလို့ရှိရင် ဦးပဉ္ဇင်းတို့ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းပဲ ဆိုကြစို့နော်။ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းမှာ စပြီး သိအောင် ကြိုးစားအားထုတ်ရမဲ့ တရားတွေက ဓာတ်ကြီး ဘယ်နှစ်ပါးရှိလဲ? လေးပါး။ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်။ ပထဝီဓာတ်ကို မာတယ်ဆိုပြီးတော့ ကက္ခလ ဆိုပြီးတော့ ဒီလို ရိုးရိုးပဲ ဘာသာပြန်ပါတယ်နော်။ သို့သော်လည်း ဓမ္မသင်္ဂနီပါဠိတော်ကျတော့ ဘုရားရှင်က ပထဝီဓာတ်ကို မာတဲ့သဘော, ကြမ်းတဲ့သဘော, လေးတဲ့သဘော, ပျော့တဲ့သဘော, ချောတဲ့သဘော, ပေါ့တဲ့သဘောဆိုပြီး သဘော ခြောက်မျိုး ဟောထားတယ်နော်။ တရားနာယူနေတဲ့ ထိုထိုပရိသတ်တွေကို ပရိသတ်တို့ရဲ့ အဇ္ဈာသယဓာတ်ခံကို ကြည့်ပြီးတော့ မြတ်စွာဘုရား ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။</p>
<p>နောက် - အာပေါဓာတ် ဆိုတာက ယိုစီးတဲ့သဘော, ဖွဲ့စည်းတဲ့သဘော၊ တေဇောဓာတ် ဆိုတာက ပူတဲ့သဘော, အေးတဲ့သဘော၊ ဝါယောဓာတ်ဆိုတာက ထောက်ကန်တဲ့သဘော, တွန်းကန်တဲ့သဘောဆိုပြီး ပေါင်းလိုက်တော့ သဘောတရား ဘယ်နှစ်ခု ရှိလဲ? <b>ဓာတ်ကြီးလေးပါး</b> နော်။ ပထဝီဓာတ်မှာ ခြောက်ခု၊ အာပေါဓာတ်မှာ ယိုစီး, ဖွဲ့စည်း နှစ်ခု၊ တေဇောဓာတ်မှာ ပူ, အေး နှစ်ခု၊ ဝါယောဓာတ်မှာ ထောက်, တွန်း နှစ်ခု။ စုပေါင်းလိုက်တော့ သဘောတရား တဆယ့်နှစ်ခု။ အဲဒီ တဆယ့်နှစ်မျိုးကို ယောဂါဝစရပုဂ္ဂိုလ်က ပထမ ရှေးဦးစွာ သိအောင် ကြိုးစားအားထုတ်ရတယ်။ ဘယ်ဒင်းက စမလဲ? ပထဝီကြိုက်ရင် ပထဝီက စနိုင်တယ်။ ဝါယောကြိုက်ရင်လည်း ဝါယောက စနိုင်ပါတယ်။ ထင်ရှားရာ ဓာတ်တစ်ခုက စကြိုးစားအားထုတ်ရတယ်။</p>
<p>အဲဒီတော့ ဥပမာ - မာမှုသဘော ဆိုကြပါစို့နော်။ တင်ပါးနဲ့ ကြမ်းနဲ့ ထိထားတဲ့နေရာ၊ အရိုး အရိုးခြင်း ထိတဲ့နေရာလေးတွေကို နည်းနည်း အာရုံစိုက်ကြည့်ပါ။ မာနေတဲ့သဘော ထင်ရှားတယ်။ အဲဒီ မာမှုထင်ရှားတဲ့ တစ်နေရာကစပြီး မာတဲ့သဘော တစ်ကိုယ်လုံး ပြန့်အောင်ရှု။ လက်နဲ့ အဝတ်ကလေးနဲ့ ထိထားတဲ့နေရာ နည်းနည်းလေး စိုက်ကြည့်ပါ ကြမ်းနေတယ်နော်။ ကြမ်းမှုထင်ရှားတဲ့ တစ်နေရာကနေ စပြီး ကြမ်းတဲ့သဘော တစ်ကိုယ်လုံး မြင်အောင်ရှု။ ခန္ဓာကိုယ်အောက်ပိုင်းပေါ့ တင်ပါးနဲ့ ကြမ်းနဲ့ ထိတဲ့အပိုင်းလောက်ကို ဦးစားပေး စိုက်ကြည့်၊ လေးတဲ့သဘောတွေ ထင်ရှားနေတယ်နော်။ လေးမှုထင်ရှားတဲ့ တစ်နေရာကစ၍ လေးတဲ့သဘော တစ်ကိုယ်လုံး မြင်အောင်ရှု။</p>
<p>မာတဲ့သဘော, ကြမ်းတဲ့သဘော, လေးတဲ့သဘော သုံးခုရရင် အောက်အတွင်း နှုတ်ခမ်းသားလေးပေါ့ - လျှာလေးနဲ့ ထိထားကြည့် ပျော့နေတယ်နော်။ အဲဒီလို ပျော့တဲ့နေရာ ဘယ်နေရာကပဲ ဖြစ်ဖြစ်ပေါ့၊ ပျော့မှုထင်ရှားရာ တစ်နေရာကစပြီး ပျော့တဲ့သဘော တစ်ကိုယ်လုံး မြင်အောင်ရှု၊ အောက်အတွင်း နှုတ်ခမ်းသားလေး လျှာလေးနဲ့ ပွတ်ကြည့် ချောနေတယ်။ အဲဒီ ချောမှုထင်ရှားတဲ့ တစ်နေရာကစပြီး ချောတဲ့သဘော တစ်ကိုယ်လုံး မြင်အောင်ရှု၊ ပျော့ရင် ချောရင် ပေါ့တာတစ်ခု ပေါ်လာတယ်။ မထင်ရှားရင် လေးတာ စိုက်လိုက်၊ လေးသွားတဲ့ အချိန်ခါမှာ လက်ညှိုးတစ်ချောင်း အသာလေး မကြည့်၊ ပေါ့တဲ့သဘော ထင်ရှားမယ်။ အဲဒီ ပေါ့မှုထင်ရှားတဲ့ တစ်နေရာကစပြီး ပေါ့တဲ့သဘော မြင်အောင်ကြည့်။ ပေါင်းလိုက်တော့ မာ, ကြမ်း, လေး ပျော့, ချော, ပေါ့ <b>ပထဝီသဘောတရား</b> ခြောက်ခုနော်။</p>
<p>အဲဒီ ခြောက်ခုကို သွက်သွက်လေး ခြေဆုံးခေါင်းဆုံး ရှုလို့ရပြီး ဆိုရင်ပေါ့နော်။ ရှုနည်းကတော့ အသားကြား အရိုးကြား အရေကြား စိုက်ပြီး တဖြည်းဖြည်း လိုက်ကြည့်ရပါတယ်။ ကြည့်လိုက်လို့ ခပ်သွက်သွက်ကလေး ရှုလို့ရပြီ ဆိုလို့ရှိရင် နည်းနည်း ကျော်လိုက် အာပေါဓာတ်က နည်းနည်း ခက်တယ်။ ပူမှု ထင်ရှားတဲ့ တစ်နေရာကစပြီး ပူတဲ့သဘော၊ ဥပမာ - လက်လက်ခြင်း ထပ်ထားတဲ့နေရာ စိုက်ကြည့်၊ တင်ပါးနဲ့ ကြမ်းတဲ့ ထိတဲ့နေရာတွေ စိုက်ကြည့် ပူတာတွေ ထင်ရှားတယ်။ အဲဒီလို ပူမှုထင်ရှားတဲ့ တစ်နေရာကစပြီး ပူတဲ့သဘော တစ်ကိုယ်လုံး မြင်အောင်ကြည့်။ ပူတာက လွယ်ပါတယ်။ ပြန့်သွားပြီဆိုရင် ဝင်လေ နှာသီးဖျားမှာ စိုက်ကြည့် အေးတဲ့သဘော ထင်ရှားတယ်။ ခုလို လေတိုက်နေတဲ့ အချိန်ခါမှာ အေးတဲ့ တစ်နေရာလေး စိတ်ကလေး ဖမ်းစိုက်ကြည့်၊ အေးမှု ထင်ရှားတယ်။ အေးမှုထင်ရှားတဲ့ တစ်နေရာကစပြီး အေးတဲ့သဘော တစ်ကိုယ်လုံး မြင်အောင်ကြည့်၊ ပူတဲ့သဘော အေးတဲ့သဘောက <b>တေဇောဓာတ်</b>။ အဲဒီ နှစ်ခုကို တစ်ကိုယ်လုံး မြင်ပြီဆိုရင်ပေါ့ နောက်တစ်ခု -</p>
<p>ထောက်တဲ့သဘော၊ ထောက်တယ်ဆိုတာက အိမ်တစ်အိမ် ပြိုတော့မယ် ကြံရင် ကျားခေါ်တဲ့ တုတ်တစ်ချောင်းနဲ့ ထောက်ထားသလို ဒီခန္ဓာကိုယ် မလဲအောင် ထိန်းထားတဲ့သဘောပဲ။ မထင်ရှားရင် နည်းနည်းလေး မတ်ကြည့်၊ နည်းနည်းလေး ခါးလေး ပြန်အောက်ချကြည့်၊ ခါးလေး ပြန်ဆန့်ကြည့်။ အဲဒီ ထောက်ကန်ထားတဲ့သဘော, ငြိမ်အောင် ထိန်းထားတဲ့သဘောလေးပဲ။ ငြိမ်အောင် မထိန်းနိုင်ရင် ဒီခန္ဓာအိမ်က လဲသွားတာပဲ။ အဲဒီ ထောက်ကန်တဲ့သဘောကို မြင်အောင်ကြည့်။ အဲဒါမှ မထင်ရှားရင် တွန်းကန်တာက စကြည့်၊ တွန်းကန်တယ် ဆိုတာက ဦးပဉ္ဇင်းတို့ အရာဝတ္ထုတစ်ခုကို ရွေ့သွားအောင်, လှုပ်သွားအောင် လုပ်တဲ့သဘောပဲ။ လူတစ်ယောက်ကို လက်နဲ့ ပိတ်တွန်းလိုက်သလို လက်အတွင်းဘက်မှာ စိုက်ကြည့်၊ တွန်းတဲ့ စွမ်းအားရှိတယ်။ အဲဒီပုံစံအတိုင်းပဲ တွန်းကန်မှု ထင်ရှားတဲ့ တစ်နေရာကစပြီးတော့ တွန်းတဲ့သဘော တစ်ကိုယ်လုံး မြင်အောင် ကြည့်ရတယ်။</p>
<p>မထင်ရှားရင်တော့ အသက်ရှုလမ်းကြောင်းက စလို့ ရပါတယ်။ အမြဲတမ်း အသက်ရှုနေတဲ့အတွက် အသက်ရှုလမ်းကြောင်းမှာ လေအပြင်ထွက်အောင်, အထဲဝင်အောင် တွန်းနေတဲ့သဘော ရှိတယ်။ အဲဒီကနေ စပြီး တွန်းကန်အားကို တစ်ကိုယ်လုံး မြင်အောင် လိုက်ကြည့်ရတယ်။ ထောက်ကန်တဲ့သဘော, တွန်းကန်တဲ့သဘောက <b>ဝါယောဓာတ်</b> နှစ်ပါး ပေါင်းလိုက်တော့ ပထဝီဓာတ်က ခြောက်ပါး၊ တေဇောဓာတ်က နှစ်ပါး၊ ဝါယောဓာတ်က နှစ်ပါး။ သဘောတရား ဘယ်နှစ်ခု ဖြစ်သွားလဲ? ဆယ်ခု။ အဲဒီ ဆယ်ခုကို ထပ်ခါထပ်ခါ ရှုမယ်ဆိုရင် ဖွဲ့စည်းတဲ့ တစ်ကိုယ်လုံးကို ကြိုးနဲ့ စည်းထားသလို တင်းကျပ်နေတဲ့သဘော ပေါ်လာမယ်။ မထင်ရှားရင်တော့ တွန်းတာနဲ့ မာတာ နှစ်မျိုး ဦးစားပေး စိုက်လိုက်လို့ရှိရင် ဖွဲ့စည်းတဲ့သဘော ပေါ်လာမယ်။ အဲဒီ ဖွဲ့စည်းတာ ရပြီဆိုရင် သွားအရင်း တစ်နေရာ, လျှာအရင်း တစ်နေရာ, လျှာဖျားတစ်နေရာ စတဲ့ ယိုစီးမှု ထင်ရှားတဲ့ တစ်နေရာကစပြီး ယိုစီးတဲ့သဘောကို တစ်ကိုယ်လုံး မြင်အောင် စိုက်တော့ အဲဒီ ယိုစီးတဲ့သဘောက <b>အာပေါဓာတ်</b>, ဖွဲ့စည်းတဲ့သဘောလည်း အာပေါဓာတ်။ အဲဒီ ယိုစီး, ဖွဲ့စည်း နှစ်ခု ရပြီဆိုရင် ဓာတ်လေးပါး စုံသွားပြီ။</p>
<p>ဓာတ်လေးပါးစုံရင် ဘုရားဟောအတိုင်းပေါ့ - မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့, ယိုစီး, ဖွဲ့စည်း, ပူ, အေး, ထောက်, တွန်းဆိုပြီး ဓာတ်လေးပါး အစဉ်အတိုင်း သွက်အောင် ရှုရတယ်။ ခြေဆုံး ခေါင်းဆုံး သွက်ပြီဆိုရင် မိမိ ထိုင်နေတာကို အပေါ်က ခြုံကြည့်တဲ့ပုံစံဖြင့် ငုံကြည့်လိုက်၊ အဲဒီလို ငုံကြည့်လိုက်ပြီ ဆိုလို့ရှိရင် ဒီဓာတ်တွေက တစ်ခုရှုသော်လည်း လေးငါးခုလောက် တွေ့နေမယ်။ အားလုံးလိုလို ပြိုင်တူတွေ့နေပြီဆိုရင် ထိုအချိန်ခါ ဉာဏ်ထက်လာပြီ။ အဲဒီ ဉာဏ်ထက်လာတဲ့ အချိန်ခါမှာ မိမိရဲ့ တစ်ကိုယ်လုံးပေါ့ - ဂုတ်လောက်ကနေ စပြီး တစ်ကိုယ်လုံး ငုံကြည့်ရတယ်။ ခေါင်းသက်သက် မကြည့်နဲ့, ဂုတ်သက်သက် မကြည့်နဲ့၊ ခေါင်းတွေက ခဲသွားတတ်တယ်, ဂုတ်တွေက ခဲသွားတတ်တယ်နော်။</p>
<p>အဲဒီတော့ တစ်ကိုယ်လုံး ခြုံကြည့်လိုက်တဲ့ အချိန်ခါမှာ ဒီဓာတ်တွေက လွယ်လွယ်ကူကူနဲ့ ဉာဏ်ထဲမှာ တစ်ခုပြီးတစ်ခု ထင်ထင်ရှားရှား တွေ့ပြီဆိုရင် အဲဒီမှာ မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့ကို ကြည့်ပြီး <b>ပထဝီဓာတ်</b>၊ ယိုစီး, ဖွဲ့စည်းကို ကြည့်ပြီး <b>အာပေါဓာတ်</b>၊ ပူ, အေးကို ကြည့်ပြီး <b>တေဇောဓာတ်</b>၊ ထောက်, တွန်းကိုကြည့်ပြီး <b>ဝါယောဓာတ်</b>၊ လေးချက်ရှု။ အဲဒီလို ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်၊ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်၊ အဲဒီလို ဓာတ်လေးပါးအပေါ်မှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရတယ်။ အဲဒီလို ကြိုးစားလိုက်ပြီဆိုရင် နောက်ဆုံး စိတ်ကလေးက မပြေးတော့ဘဲနဲ့ ဓာတ်အာရုံမှာ တော်တော်လေး ငြိမ်သွားပြီဆိုရင် ဒီခန္ဓာကိုယ်ပျောက်ပြီးတော့ ဓာတ်ကြီးလေးပါး အစုအပုံပဲ ကျန်လိမ့်မယ်။</p>
<p>အဲဒီ ဓာတ်အစုအပုံမှာ စိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး ထားနိုင်ရင် ခေါင်ဆုံး အများအားဖြင့် ယောဂီတွေမှာ အဖြူ စတွေ့တတ်ပါတယ်။ မီးခိုးရောင်လို, ဝါဂွမ်းပုံလို ဖြူနေတဲ့ တိမ်လိုပေါ့နော် အဖြူကို စတွေ့တတ်တယ်။ အဲဒီ အဖြူမှာလည်း ဓာတ်လေးပါးကို မြင်အောင် စိုက်ရပါတယ်။ စိုက်လိုက်ပြီ ဆိုလို့ရှိရင် ကြည်နေတဲ့ အကြည်ဓာတ်တွေ သွားတွေ့တယ်။ တစ်ကိုယ်လုံး ဖန်တုံး မှန်တုံးလို ကြည်နေလိမ့်မယ်။ အဲဒီ ဖန်တုံး မှန်တုံးလို ကြည်နေတာတွေက ဘာတွေလဲလို့ မေးရင်တော့ တစ်ကိုယ်လုံးမှာ ဦးပဉ္ဇင်းတို့ ရုပ်အကြည်ဓာတ် ငါးခု ရှိပါတယ်။ မျက်စိအကြည်, နားအကြည်, လျှာအကြည်, နှာခေါင်းအကြည်, ကိုယ်အကြည်ဆိုပြီး <b>အကြည်ရုပ်ငါးခု</b> ရှိတော့ ဒီအကြည်ရုပ်တွေကို အတုံးအခဲကြီးတွေအလိုက် <b>ဃန</b>ခေါ်တဲ့ အတုံးအခဲ မပြိုခင် အတုံးလိုက် အခဲလိုက် သွားတွေ့နေခြင်းဖြစ်တယ်။ အဲဒီ အကြည်ပြင်မှာလည်း ဓာတ်လေးပါးကို စိုက်နိုင်ပြီ ဆိုလို့ရှိရင်တော့ ယောဂီပုဂ္ဂိုလ်က ဒီနေရာမှာ အောင်မြင်မှု တော်တော်လေး ရသွားပြီ၊ အကြည်ပြင်မှာ ဓာတ်လေးပါးကို မြင်အောင် စိုက်နိုင်ပြီ ဆိုလို့ရှိရင် လင်းရောင်ခြည်တွေ ဒီအချိန်ခါမှာ တဖြတ်ဖြတ် ထွက်လာတတ်ပါတယ်။ အဲဒီ အချိန်အခါမှာ ၃၂-ကောဋ္ဌာသကနေ ကသိုဏ်းဘက် ကူးမယ်ဆိုရင်လည်း ကူးလို့ရတယ်။</p>
<p>ဒီနေ့တော့ အဲဒီလမ်း မပြောတော့ဘူး။ မကူးဘဲနဲ့ ဒီအကြည်ပြင်ကို ဓာတ်လေးပါး စိုက်လိုက်ရင် တချို့ ပါရမီရှိတဲ့ သူတော်ကောင်းများ <b>ကလာပ်မှုန်လေးတွေ</b> အားလုံး ကွဲထွက်သွားတာ တွေ့တတ်တယ်။ အကယ်၍ မကွဲထွက်ဘူးဆိုရင်တော့ အဲဒီ အကြည်ပြင်ကလည်း ခိုင်နေပြီ ဆိုလို့ရှိရင် အကြည်ပြင်မှာ <b>အာကာသ</b>ခေါ်တဲ့ အကြားအပေါက်ကို မြင်အောင် စိုက်လိုက်ရင် ကလာပ်အမှုန်လေးတွေ ဖြစ်ပြီ။ အဲဒီ ကလာပ်အမှုန်လေးတွေ စတွေ့ပြီ ဆိုလို့ရှိရင် ကလာပ်လေးတွေ ခွဲတမ်းချလိုက်တဲ့အခါ ကြည်တဲ့အမှုန်, မကြည်တဲ့အမှုန်ဆိုပြီး နှစ်မျိုး ရှိတယ်။ အဲဒီ ကြည်တဲ့အမှုန်, မကြည်တဲ့အမှုန် နှစ်မျိုး ရှိတဲ့အနက် ကြည်တဲ့အမှုန်မှာ ဓာတ်လေးပါး၊ မကြည်တဲ့အမှုန်မှာ ဓာတ်လေးပါး မြင်အောင်စပြီး စိုက်ရပါတယ်။ အဲဒီလို စိုက်လိုက်လို့ အောင်မြင်မှု ရပြီဆိုရင်တော့ မျက်စိ, နား, နှာ, လျှာ, ကိုယ်, နှလုံး ခြောက်ဌာနလုံးမှာရှိတဲ့ ကြည်တဲ့အမှုန်မှာ ဓာတ်လေးပါး၊ မကြည်တဲ့အမှုန်မှာ ဓာတ်လေးပါး အဲဒီလို လှည့်လှည့်ပြီး ရှုလိုက်လို့ အောင်မြင်မှု ရပြီဆိုရင်တော့ ကျန်တဲ့ ဥပါဒါရုပ်ကလေးတွေ ဆက်သိမ်းဆည်းရတယ်နော်။</p>
<p>အဲဒီ ရုပ်တရားတွေကို သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ ထိုယောဂီသူတော်ကောင်းက ဒီရုပ်တရားကို မှီပြီးတော့ ရုပ်တရားကို အာရုံပြုပြီး ဖြစ်ပေါ်နေတဲ့ နာမ်တရားတွေကို ဆက်လက်သိမ်းဆည်းရတယ်။ အဲဒီလို ရုပ်တရား နာမ်တရားတွေကို အဇ္ဈတ္တမှာ သိမ်းဆည်းရတယ်။ အဲဒီလို ရုပ်တရား နာမ်တရားတွေကို အဇ္ဈတ္တမှာ သိမ်းဆည်းမှု အောင်မြင်တဲ့ အချိန်အခါမှာ ဗဟိဒ္ဓသို့ ကူးရတယ်။ ဗဟိဒ္ဓမှာလည်း ရုပ်တွေ နာမ်တွေကို စနစ်တကျ သိမ်းဆည်းတတ်ပြီ ဆိုလို့ရှိရင်တော့ ရုပ်ကို သိမ်းဆည်းခြင်း, နာမ်ကို သိမ်းဆည်းခြင်း, ရုပ်နာမ် ခွဲခြားခြင်း, ရုပ်နာမ် ပိုင်းခြားခြင်းဆိုတဲ့ ဒီလုပ်ငန်း လေးခုကို အစဉ်အတိုင်း ပြုလုပ်ရပါတယ်။</p>
<p>အဲဒီလို ပြုလုပ်လို့ အောင်မြင်ပြီဆိုတဲ့ အချိန်ခါကျတော့မှ ထိုယောဂီပုဂ္ဂိုလ်က ဒီရုပ်တရား နာမ်တရားတွေ ဘာကြောင့်ဖြစ်သလဲဆိုတဲ့ အကြောင်းတရားတွေကို တစ်ဆင့်တက်ပြီးတော့ ရှာဖွေရတယ်။ အဲဒီလို ရှာဖွေတဲ့အပိုင်းမှာ အတိတ်က အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံလို့ ခေါ်ဆိုအပ်တဲ့ အကြောင်းတရားတွေကို မြင်အောင် ဆက်ပြီး ရှာဖွေရပါတယ်။ အဲဒီလို ရှာဖွေတဲ့ အပိုင်းလေးတွေမှာ ယောဂီပုဂ္ဂိုလ် အများစုကတော့ ပစ္စုပ္ပန် ရုပ်နာမ်တွေကနေ စပြီးတော့ အတိတ်ဘက် တာစူပြီး ရုပ်နာမ်တွေ သိမ်းဆည်းသွားတဲ့ စနစ်ပေါ့။ <b>ပဋိစ္စသမုပ္ပါဒ်</b>ကို အလယ်ခေါင်ကနေ ဖောက်ပြီးတော့ အရင်းဘက်ကို ပြန်တဲ့ နည်းစနစ်နဲ့ သင်ပေးလိုက်လို့ရှိရင် အောင်မြင်မှု တော်တော်များများတော့ ရတတ်ပါတယ်။</p>
<p>အဲဒီစနစ်နဲ့ ရုပ်နာမ်တွေကို သိမ်းဆည်းလိုက်တဲ့အပိုင်းမှာ ဟိုဘက်က ပဋိသန္ဓေ ကာလလရေကြည်မှာရှိတဲ့ ရုပ်တွေ နာမ်တွေ အဲဒီကနေပြီးတော့ ဟိုဘက် စုတိအခိုက် စုတိမတိုင်မီအတွင်းမှာ ဖြစ်ပေါ်နေတဲ့ ရုပ်တွေ နာမ်တွေကို တစ်စ တစ်စ သိမ်းဆည်းလိုက်လို့ရှိရင် ဟိုဘက် အတိတ်ဘဝ သေခါနီးကာလ မရဏသန္နဇောအချိန်ခါမှာ ဘဝင်မနောအကြည်မှာ ထင်နေတဲ့ အာရုံတွေကိုပါ လှမ်းသိမ်းဆည်းလို့ရတယ်။ အဲဒီ အာရုံတွေက ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ဆိုပြီး နိမိတ် သုံးမျိုးထဲက တစ်မျိုးမျိုး ဖြစ်တယ်လို့ စာပေကျမ်းဂန်များမှာ အတိအကျ ဖော်ပြထားပါတယ်။ အဲဒီ နိမိတ် သုံးခုထဲက တစ်ခုခုကို အာရုံယူလို့ ထင်နေတဲ့ နိမိတ်ကို အာရုံယူလို့ရအောင်တော့ လှမ်းသိမ်းဆည်းရတယ်။</p>
<p>ဥပမာဆိုကြပါစို့ - သံဃာတော်တွေကို ဆွမ်းလောင်းလှူနေတဲ့ အာရုံတစ်ခု သေခါနီးကာလမှာ ထင်နေပြီဆိုရင်ပေါ့ - အသစ်တစ်ဖန် သေခါနီးကာလမှာ သံဃာတော်တွေကို ဆွမ်းလောင်းနေသလို ထင်နေပြီဆိုရင် ဒါ <b>ကံအာရုံ</b> ထင်တယ်လို့ ဆိုပါတယ်။ အဲဒီ အချိန်အခါမှာ ဒီဆွမ်းလောင်းနေတဲ့ ပုံလေးမှာ ပြောင်းပြီး ဓာတ်လေးပါးစိုက် ရုပ်နာမ် ခွဲပြီးတော့ ဆွမ်းလောင်းနေစဉ် အချိန်အခါမှာ ဘာဆုတွေ တောင်းသလဲ? ဒါကို သေသေချာချာ ရုပ်တွေ နာမ်တွေကို ဓာတ်ခွဲရပါတယ်။ အဲဒီမှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံကို ရှာဖွေရတယ်။ ဥပမာ - နိဗ္ဗာန်ရနိုင်တဲ့ ရဟန်းဘဝကို ဆုတောင်းတယ်ပဲ ဆိုကြပါစို့။ ရဟန်းလို့ အသိမှားနေတဲ့သဘောလေးက <b>အဝိဇ္ဇာ</b>, အဲဒီ ရဟန်းဘဝကို တွယ်တာတပ်မက်နေတဲ့သဘောက <b>တဏှာ</b>, စိတ်ကပ်ပြီး စွဲနေတဲ့သဘောက <b>ဥပါဒါန်</b>။ အဲဒီ အဝိဇ္ဇာ, တဏှာ, ဥပါဒါန် သုံးခုခြံရံပြီးတော့ သံဃာတော်တွေကို ဆွမ်းလှူဒါန်းနေတဲ့ ကုသိုလ်စေတနာအုပ်စုက <b>သင်္ခါရ</b>။ ထိုသင်္ခါရတရားတွေက အနိစ္စဖြစ်နေတဲ့အတွက် ဖြစ်ပြီးရင် ပျက်သွားတယ်။ ဒါပေမဲ့ တစ်ချိန်မှာ သူမျှော်လင့်တောင့်တနေတဲ့ ရဟန်းဘဝ ခန္ဓာငါးပါးကို ဖြစ်ပေါ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိလေးကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံပြီးမှ ချုပ်ပျက်သွားတယ်။ အဲဒီ စွမ်းအင်ကမ္မသတ္တိလေးကိုတော့ ဘာလို့ခေါ်လဲ? <b>ကံ</b>လို့ ခေါ်ပါတယ်။</p>
<p>အဲဒီ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ <b>အကြောင်းတရားငါးပါး</b>ကို ရှာဖွေတွေ့ရှိတဲ့ အချိန်အခါမှာ ဒီကမ္မသတ္တိစွမ်းအင်ကြောင့် ဒီပစ္စုပ္ပန်ဘဝ ပဋိသန္ဓေမှာ တည်ရှိနေတဲ့ ရုပ်တွေ နာမ်တွေ ထင်ရှား ဖြစ်တယ်, မဖြစ်တယ် ဉာဏ်ဖြင့် မြင်အောင် တစ်ဆင့်တက်ပြီး ကြည့်ရတယ်။ ကြည့်လိုက်တဲ့အခါမှာ ဒီကံရဲ့ စွမ်းအင်ကမ္မသတ္တိကြောင့် ပဋိသန္ဓေအခိုက်မှာ ရုပ်တွေ နာမ်တွေ ထင်ရှား ဖြစ်တာကို မြင်ပြီဆိုတဲ့ အချိန်အခါကျတော့မှ အဝိဇ္ဇာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊ အဝိဇ္ဇာက အကြောင်းတရား ရူပက္ခန္ဓာက အကျိုးတရား စသည်ဖြင့် ဒီလို အကြောင်းအကျိုး သိမ်းဆည်းရပါတယ်။ အဲဒီလို အကြောင်းအကျိုးတွေ သိမ်းဆည်းလိုက်တဲ့အပိုင်းမှာ ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့် သိမ်းဆည်းရသလဲဆိုတော့ အဋ္ဌကထာကြီးများက ဖော်ပြထားတယ်နော်။</p>
<p><b>‘‘အတီတေပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ အနာဂတေပိ ဧตရဟိပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ’’</b> (အဘိ၊ဋ္ဌ၊၂၊၂၄၁-၂၄၂။)<br>
အတိတ်ကြည့်လိုက်တော့လည်း အကြောင်းတရားနဲ့ အကျိုးတရား၊ ပစ္စုပ္ပန်ကြည့်လည်း အကြောင်းတရားနဲ့ အကျိုးတရား၊ အနာဂတ်ကြည့်လည်း အကြောင်းတရားနဲ့ အကျိုးတရားပဲ ရှိတယ်လို့ ဒီလို သိအောင်တော့ ကြိုးစားပါဆိုပြီး တိုက်တွန်းထားတယ်။ အတိတ်ကြည့်လိုက်လည်း အကြောင်းတရားနဲ့ အကျိုးတရားပဲ ရှိတယ်လို့ သိချင်တယ်ဆိုရင် နောက်ထပ် အတိတ်တစ်ခု ထပ်ရှုဖို့ မလိုဘူးလား? လိုအပ်နေတယ်။ နောက်ထပ်လည်း အကြောင်းတရားနဲ့ အကျိုးတရားပဲ အတိတ်မှာ ရှိတယ်လို့ သိချင်ရင် နောက်ထပ် အတိတ်အဆက်ဆက်လည်း ထပ်ရှုဖို့ မလိုဘူးလား? လိုအပ်တယ်။ အလားတူပဲ။ အနာဂတ်မှာလည်း အကြောင်းတရားနဲ့ အကျိုးတရားပဲ ရှိတယ်လို့ သိချင်ရင် အနာဂတ်ကို လှမ်းရှုဖို့လည်း မလိုဘူးလား? လိုအပ်ပါတယ်။ အဲဒီ အချိန်အခါမှာ အတိတ်, အနာဂတ်, ပစ္စုပ္ပန် ရှုကွက်တွေ ဝင်လာတယ်။ ဒါကြောင့် မြတ်စွာဘုရားက ခုနက အနတ္တလက္ခဏသုတ္တန်စတဲ့ ထိုထိုသုတ္တန်တွေမှာ ပဉ္စဝဂ္ဂီငါးဦးကို ဝိပဿနာရှုကွက် သင်ပေးတဲ့အပိုင်းမှာ ဘယ်လို သင်ပေးလဲ?</p>
<p><b>‘‘ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ “နေတံ မမ၊ နေသော ဟမသ္မိ၊ န မေသော အတ္တာ”တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ’’</b> (သံ၊၂၊၅၅-၅၆။ ဝိနည်းမဟာဝါ၊၁၈-၂၀။)<br>
ဒီလို သင်ပေးတယ်နော်။ အတိတ်ရုပ်တရား, ပစ္စုပ္ပန်ရုပ်တရား, အနာဂတ်ရုပ်တရား, အဇ္ဈတ္တရုပ်တရား, ဗဟိဒ္ဓရုပ်တရား, ဩဠာရိကခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ရုပ်တရား, သုခုမခေါ်တဲ့ သိမ်မွေ့နူးညံ့တဲ့ ရုပ်တရား, ဟီနခေါ်တဲ့ ယုတ်ညံ့တဲ့ရုပ်တရား, ပဏီတခေါ်တဲ့ မွန်မြတ်တဲ့ ရုပ်တရား, ဒူရခေါ်တဲ့ ဝေးတဲ့ ရုပ်တရား, သန္တိကခေါ်တဲ့ နီးတဲ့ ရုပ်တရား။ ပေါင်းလိုက်တော့ တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ရုပ်တရား။ အဲဒီ ရုပ်တရားတွေကို ဘယ်နှစ်လုံးလောက် ရှုရမယ်ပြောသလဲ? <b>သဗ္ဗံ ရူပံ</b>၊ ရုပ်တရား အကုန်လုံးကို ရှုပါတဲ့။ တစ်လုံး တစ်လေ ရှုရမယ် ပြောလား? မပြောဘူး။</p>
<p>ဒါ ဘုရားဟောတွေ သေချာ စေ့စေ့စပ်စပ် လုပ်ငန်းခွင်မှာ သေချာပေါက် အရေးကြီးတဲ့အတွက် သေသေချာချာ နာယူဖို့ သိပ်လိုအပ်ပါတယ်။ အဲဒီ ရုပ်တရားအားလုံးကို <b>နေတံ မမ၊ နေသော ဟမသ္မိ၊ န မေသော အတ္တာတိ</b>၊ ငါ့ဟာမဟုတ်, ငါမဟုတ်, ငါ့ရဲ့ အတ္တမဟုတ်။ ဒါက ဘာပြောတာလဲ? <b>အနိစ္စ</b>လို့ ရှုပါ, <b>ဒုက္ခ</b>လို့ ရှုပါ, <b>အနတ္တ</b>လို့ ရှုပါလို့ ဒီလို ညွှန်ကြားတယ်။ အလားတူပဲ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တွေကိုလည်း အဲဒီလိုပဲ ညွှန်ကြားနေပါတယ်။ အလားတူပဲ။ ကြောင်းကျိုးဆက် <b>ပဋိစ္စသမုပ္ပါဒ်</b> သဘောတရားတွေကိုလည်း ဒီအတိုင်းပဲ အနိစ္စ, ဒုက္ခ, အနတ္တ <b>လက္ခဏာရေးသုံးတန်</b> တင်ပြီးတော့ ရှုရတယ်။ အဲဒီလို ရှုတဲ့အပိုင်းမှာ ထိုယောဂါဝစရရဟန်းတော်ရဲ့ သန္တာန်မှာ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိကခေါ်တဲ့ တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ <b>ဥပါဒါနက္ခန္ဓာငါးပါး</b>ကို ထွင်းဖောက်သိနေတဲ့ ဉာဏ်ကို ဘာလို့ခေါ်လဲ? <b>ဒုက္ခသစ္စာ</b>ကို သိနေတဲ့ <b>သမ္မာဒိဋ္ဌိ</b>လို့ ဒီလို ခေါ်ပါတယ်နော်။</p>
<p>အလားတူပဲ။ ခုနက အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံအစရှိတဲ့ အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးရုပ်တွေ နာမ်တွေ ထင်ရှားဖြစ်ပုံကို အတိတ်, အနာဂတ်, ပစ္စုပ္ပန် ကာလသုံးပါးမှာ ထွင်းဖောက်သိနေတဲ့ ဉာဏ်ကိုတော့ ဘာဉာဏ်လို့ခေါ်လဲ? <b>သမုဒယသစ္စာ</b>ကို ထိုးထွင်းသိတဲ့ ဉာဏ်လို့ခေါ်တယ်။ ပေါင်းလိုက်တော့ ဒုက္ခသစ္စာကို သိနေတဲ့ သမ္မာဒိဋ္ဌိ, သမုဒယသစ္စာကို သိနေတဲ့ သမ္မာဒိဋ္ဌိ။ သမ္မာဒိဋ္ဌိ ဘယ်နှစ်ခုရှိလဲ? နှစ်ခု။ အဲဒီ နှစ်ခုကို ပထမရအောင် ကြိုးစားလိုက်တဲ့ အချိန်ခါမှာ ထိုယောဂီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ နောက်ဘာဖြစ်လာလဲ?</p>
<p>ဒီပုဂ္ဂိုလ်က ဒီဒုက္ခသစ္စာတရား၊ သမုဒယသစ္စာတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို ထိုးထွင်းသိရာကနေ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုရာကနေ နောက်ဆုံး ဖြစ်တာကို လွှတ်ပြီးတော့ အပျက်သက်သက်ကို တစ်ဖက်သတ် လှမ်းပြီး ရှုတယ်။ အဲဒီလို ရှုလိုက်တဲ့ အချိန်ခါမှာ ဒီဒုက္ခသစ္စာ အမည်ရနေတဲ့ ဥပါဒါနက္ခန္ဓာငါးပါး၊ သမုဒယသစ္စာတရား အမည်ရနေတဲ့ ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ရဲ့ အပျက်သက်သက်ကိုပဲ တွေ့ပြီ။ အဲဒီ အချိန်အခါမှာ ထိုပုဂ္ဂိုလ်သည် တဒင်္ဂအားဖြင့် ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေ အပေါ်၌ တွယ်တာတပ်မက်နေတဲ့ ကိလေသာတွေကို ပယ်စွန့်နိုင်တဲ့ စွမ်းအားတွေ ပေါ်လာတယ်။ ဒါက စွမ်းအားကြီးမားတဲ့အပိုင်း ပြောတာပါ။</p>
<p>အဲဒီလို တဒင်္ဂအားဖြင့် ကိလေသာတွေကို ပယ်စွန့်နိုင်တဲ့ အချိန်ခါမှာ ထိုပုဂ္ဂိုလ်သည် ဘာအာရုံယူနေသလဲလို့ မေးတော့ ဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရနေတဲ့ သင်္ခါရတရားတို့ရဲ့ ခဏမစဲ တသဲသဲ ချုပ်ပျက်နေတဲ့သဘောကို အာရုံယူနေတယ်။ အဲဒီလို ခဏမစဲ တသဲသဲ ချုပ်ပျက်နေတဲ့ သင်္ခါရတရားတွေရဲ့ အပျက်ကို အာရုံယူနေတဲ့အပိုင်းမှာ ကိလေသာတွေကိုလည်း တဒင်္ဂအားဖြင့် ပယ်စွန့်နေတဲ့အတွက် ထိုအချိန်ခါမှာ <b>လောကီ နိရောဓသစ္စာ</b>ကို သိပြီလို့ ခေါ်ရတယ်။ လောကုတ္တရာ နိရောဓသစ္စာ အဖြစ်တော့ မဟုတ်သေးဘူး။ လောကီ နိရောဓဆိုတာက ဘာလဲ? သင်္ခါရတရားတို့ရဲ့ ပျက်ခြင်း ဘင်ကို ရှုနေတဲ့သဘော ပြောတာနော်။ အဲဒီ လောကီ နိရောဓသစ္စာတရားကို ထွင်းဖောက်သိနေတဲ့ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိခေါ်တဲ့ မဂ္ဂင် ငါးပါးက ဘာသစ္စာလဲ? <b>လောကီမဂ္ဂသစ္စာ</b>။ ပေါင်းလိုက်တော့ သစ္စာဘယ်နှစ်ပါးလဲ? လေးပါး။</p>
<p>အဲဒီ သစ္စာလေးပါးကို ထိုးထွင်းသိနေတဲ့ဉာဏ်ကို ဘာလို့ခေါ်လဲ? သမ္မာဒိဋ္ဌိလို့ ခေါ်ပါတယ်။ ဒါအကြမ်းစားနော်။ ခု ဒီဒါရုက္ခန္ဓောပမသုတ္တန်ကို နာယူနေတဲ့ ဒီရဟန်းတော်တွေက အဲဒီ သမ္မာဒိဋ္ဌိဉာဏ်ပညာနဲ့ သူတို့က ပြည့်စုံနေတဲ့ ရဟန်းတော်တွေ ဖြစ်ကြတယ်နော်။ အဲဒီ ရဟန်းတော်တွေကို မြတ်စွာဘုရားက ခုနက သစ်တုံးကြီးကို စံထားပြီးတော့ ဟောတယ်။ နည်းနည်းလေး တရားပြန်ဆက်စပ် ကြည့်ရအောင်နော်။</p>
<p><b>‘‘ဧဝမေဝ ခေါ, ဘိက္ခဝေ, သစေ တုမှေပိ န ဩရိမံ တီရံ ဥပဂစ္ဆထ, န ပါရိမံ တီရံ ဥပဂစ္ဆထ၊ န မဇ္ဈေ သံသီဒိဿထ, န ထလေ ဥဿီဒိဿထ, န မနုဿဂ္ဂါဟော ဂဟေဿတိ, န အမနုဿဂ္ဂါဟော ဂဟေဿတိ, န အာဝဋ္ဋဂ္ဂါဟော ဂဟေဿတိ, န အန္တောပူတီ ဘဝိဿထ၊ ဧဝံ တုမှေ, ဘိက္ခဝေ, နိဗ္ဗာနနိန္နာ ဘဝိဿထ နိဗ္ဗာနပေါဏာ နိဗ္ဗာနပဗ္ဘာရာ။ တံ ကိဿ ဟေတု? နိဗ္ဗာနနိန္နာ, ဘိက္ခဝေ, သမ္မာဒိဋ္ဌိ နိဗ္ဗာနပေါဏာ နိဗ္ဗာနပဗ္ဘာရာ’’</b><br>
<b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဧဝမေဝ ခေါ</b>၊ ဤဥပမာအတူသာလျှင်။ <b>တုမှေပိ</b>၊ သင်ချစ်သားတို့သည်လည်းပဲ၊ သင်ချစ်သမီးတို့သည်လည်းပဲ။ <b>ဩရိမံ တီရံ</b>၊ ဤမှာဘက်ကမ်းသို့။ <b>သစေ န ဥပဂစ္ဆထ</b>၊ အကယ်၍ ကပ်ရောက်မနေကြကုန်သည် ဖြစ်ငြားအံ့။ <b>ပါရိမံ တီရံ</b>၊ ထိုမှာဘက်ကမ်းသို့လည်းပဲ။ <b>သစေ န ဥပဂစ္ဆထ</b>၊ အကယ်၍ ကပ်ရောက်မနေကြကုန်သည် ဖြစ်ငြားအံ့။ <b>မဇ္ဈေ</b>၊ ရေလယ်ခေါင်၌။ <b>န သံသီဒိဿထ</b>၊ အကယ်၍ နစ်မြုပ်မသွားကြကုန်သည် ဖြစ်ငြားအံ့။ <b>ထလေ</b>၊ ကြည်းကုန်းထက် သောင်ပေါ်၌။ <b>န ဥဿီဒိဿထ</b>၊ အကယ်၍ တင်မနေကြကုန်သည် ဖြစ်ငြားအံ့။ <b>မနုဿဂ္ဂါဟော</b>၊ ဆယ်ယူတတ်တဲ့လူသားသည်။ <b>တုမှေ</b>၊ သင်ချစ်သားတို့ကို၊ သင်ချစ်သမီးတို့ကို။ <b>န ဂဟေဿတိ</b>၊ အကယ်၍ ဆယ်ယူမသွားခဲ့သည် ဖြစ်ငြားအံ့။ <b>အမနုဿဂ္ဂါဟော</b>၊ ဆယ်ယူတတ်တဲ့နတ်သည်။ <b>တုမှေ</b>၊ သင်ချစ်သားတို့ကို၊ သင်ချစ်သမီးတို့ကို။ <b>န ဂဟေဿတိ</b>၊ အကယ်၍ ဆယ်ယူမသွားခဲ့သည် ဖြစ်ငြားအံ့။ <b>အာဝဋ္ဋဂ္ဂါဟော</b>၊ စုပ်ယူတတ်တဲ့ ဝဲသည်။ <b>တုမှေ</b>၊ သင်ချစ်သားတို့ကို၊ သင်ချစ်သမီးတို့ကို။ <b>န ဂဟေဿတိ</b>၊ အကယ်၍ စုပ်ယူမသွားခဲ့သည် ဖြစ်ငြားအံ့။ <b>တုမှေ</b>၊ သင်ချစ်သားတို့သည်၊ သင်ချစ်သမီးတို့သည်။ <b>အန္တောပူတီ</b>၊ အတွင်း၌ ပုပ်ဆွေးလျက် ရှိကြတဲ့ ပုဂ္ဂိုလ်မျိုးတို့သည်။ <b>န ဘဝိဿထ</b>၊ အကယ်၍ မဖြစ်ကြကုန်ငြားအံ့။ <b>ဧဝံ ဟိ</b>၊ ဤသို့ အပြစ် ရှစ်ပါး လွတ်မြောက်၍ သွားခဲ့ပါမူ။ <b>တုမှေပိ</b>၊ သင်ချစ်သားတို့သည်လည်းပဲ၊ သင်ချစ်သမီးတို့သည်လည်းပဲ။ <b>နိဗ္ဗာနနိန္နာ</b>၊ နိဗ္ဗာန်သို့ ညွတ်လျက်ရှိသည်။ <b>နိဗ္ဗာနပေါဏာ</b>၊ နိဗ္ဗာန်သို့ ကိုင်းလျက်ရှိသည်။ <b>နိဗ္ဗာနပဗ္ဘာရာ</b>၊ နိဗ္ဗာန်သို့ ရှိုင်းလျက်ရှိသည်။ <b>ဘဝိဿထ</b>၊ ဖြစ်ကြပါကုန်လိမ့်မယ်။ <b>တံ</b>၊ ထိုကဲ့သို့ ဖြစ်ခြင်းသည်။ <b>ကိဿ ဟေတု</b>၊ အဘယ်အကြောင်းကြောင့်နည်းဟူမူကား။<br>
<b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>သမ္မာဒိဋ္ဌိ</b>၊ သင်ချစ်သားတို့ကိုယ်တိုင် ပွားများအားထုတ်သဖြင့် ရရှိ၍ ထားအပ်သော သမ္မာဒိဋ္ဌိဉာဏ်ပညာသည်။ <b>နိဗ္ဗာနနိန္နာ</b>၊ နိဗ္ဗာန်သို့ ညွတ်လျက်ရှိသည်။ <b>နိဗ္ဗာနပေါဏာ</b>၊ နိဗ္ဗာန်သို့ ကိုင်းလျက်ရှိသည်။ <b>နိဗ္ဗာနပဗ္ဘာရာ</b>၊ နိဗ္ဗာန်သို့ ရှိုင်းလျက်ရှိသည်။ <b>တသ္မာ</b>၊ ထို့ကြောင့်။ <b>တုမှေပိ</b>၊ သင်ချစ်သားတို့သည်လည်းပဲ၊ သင်ချစ်သမီးတို့သည်လည်းပဲ။ <b>နိဗ္ဗာနနိန္နာ</b>၊ နိဗ္ဗာန်သို့ ညွတ်ကြကုန်သည်။ <b>နိဗ္ဗာနပေါဏာ</b>၊ နိဗ္ဗာန်သို့ ကိုင်းကြကုန်သည်။ <b>နိဗ္ဗာနပဗ္ဘာရာ</b>၊ နိဗ္ဗာန်သို့ ရှိုင်းကြကုန်သည်။ <b>ဘဝိဿထ</b>၊ ဖြစ်ကြပါကုန်လိမ့်မယ်။</p>
<p>သစ်တုံးကြီးဟာ အပြစ် ရှစ်ပါး လွတ်မြောက်ခဲ့ရင် သမုဒ္ဒရာသို့ ဧကန်ရောက်မှာဖြစ်သလို အလားတူပဲ သင်ချစ်သားတို့တတွေ, သင်ချစ်သမီးတို့တတွေလည်းပဲ ဤမှာဘက်ကမ်းကိုလည်း ကပ်ပြီး မနေကြဘူးဆိုရင်, ဟိုမှာဘက်ကမ်းကိုလည်း ကပ်ပြီး မနေကြဘူးဆိုရင်, ရေလယ်ခေါင်မှာလည်း နစ်မြုပ် မသွားဘူးဆိုရင်, ကြည်းကုန်းထက် သောင်ပေါ်မှာလည်း တင်မနေကြဘူးဆိုရင်, ဆယ်ယူတတ်တဲ့ လူသားက သင်ချစ်သားတို့ကို သင်ချစ်သမီးတို့ကို မဆယ်ယူခဲ့ဘူးဆိုရင်, ဆယ်ယူတတ်တဲ့ နတ်ကလည်း သင်ချစ်သားတို့ကို သင်ချစ်သမီးတို့ကို မဆယ်ယူခဲ့ဘူးဆိုရင်, စုပ်ယူတတ်တဲ့ ဝဲကလည်းပဲ သင်ချစ်သားတို့ကို သင်ချစ်သမီးတို့ကို မစုပ်ယူသွားခဲ့ဘူးဆိုရင်, သင်ချစ်သားတို့ သင်ချစ်သမီးတို့သည်လည်းပဲ အတွင်းပုပ်နေတဲ့ ပုဂ္ဂိုလ်တွေ မဖြစ်ကြဘူးဆိုရင် သင်ချစ်သားတို့ သင်ချစ်သမီးတို့ နိဗ္ဗာန်သို့ ရောက်ကြလိမ့်မယ်။ ဘာကြောင့်လဲ?</p>
<p>သင်ချစ်သားတို့ သင်ချစ်သမီးတို့တတွေ ပွားများအားထုတ်၍ ထားအပ်တဲ့ ဒီသမ္မာဒိဋ္ဌိဉာဏ်ပညာသည် နိဗ္ဗာန်သို့ ညွတ်နေတယ်, နိဗ္ဗာန်သို့ ကိုင်းနေတယ်, နိဗ္ဗာန်သို့ ရှိုင်းနေတယ်။ ဒါကြောင့် သင်ချစ်သားတို့ သင်ချစ်သမီးတို့ နိဗ္ဗာန်သို့ ရောက်ကြလိမ့်မယ်လို့ ဒီလို မြတ်စွာဘုရား ဟောပါတယ်နော်။ အဲဒီလို ဟောပြီး ဘုရားရှင် တရား ခေတ္တခဏ ရပ်တန့်တော်မူပါတယ်။ ထိုအချိန်ခါမှာ ပရိသတ်ထဲမှာ ထပြီး မေးနိုင်တဲ့ စွမ်းအားရှိတဲ့ ရဟန်းတော်တစ်ပါးလည်း ပါတယ်။ မေးဖို့ရန်လည်းပဲ ဘုရားရှင်က ခွင့်ပြုချင်တယ်။ ရဟန်းတော်ကလည်း မေးမြန်းချင်တယ်။ မေးမြန်းလျှောက်ထားနိုင်တဲ့ စွမ်းအားလည်း ရှိနေတဲ့အတွက် ထိုရဟန်းတော်က ထပြီးတော့ မြတ်စွာဘုရားကို မေးမြန်းလျှောက်ထားတယ်နော်။ ဘယ်လိုမေးသလဲ?</p>
<p><b>‘‘ကိံ နု ခေါ, ဘန္တေ, ဩရိမံ တီရံ, ကိံ ပါရိမံ တီရံ, ကော မဇ္ဈေ သံသီဒေါ, ကော ထလေ ဥဿီဒေါ, ကော မနုဿဂ္ဂါဟော, ကော အမနုဿဂ္ဂါဟော, ကော အာဝဋ္ဋဂ္ဂါဟော, ကော အန္တောပူတိဘာဝေါ’’တိ?</b><br>
<b>ဘန္တေ</b>၊ မြတ်စွာဘုရား ...။ <b>ဩရိမံ တီရံ</b>၊ ဤမှာဘက်ကမ်းဟူသည်ကား။ <b>ကိံ နု ခေါ</b>၊ အဘယ်ပါနည်း။ <b>ပါရိမံ တီရံ</b>၊ ထိုမှာဘက်ကမ်းဟူသည်ကား။ <b>ကိံ နု ခေါ</b>၊ အဘယ်ပါနည်း။ <b>မဇ္ဈေ သံသီဒေါ</b>၊ ရေလယ်ခေါင်၌ နစ်မြုပ်ခြင်းဟူသည်ကား။ <b>ကိံ နု ခေါ</b>၊ အဘယ်ပါနည်း။ <b>ထလေ ဥဿီဒေါ</b>၊ ကြည်းကုန်းထက် သောင်ပေါ်၌ တင်နေခြင်းဟူသည်ကား။ <b>ကိံ နု ခေါ</b>၊ အဘယ်ပါနည်း။ <b>မနုဿဂ္ဂါဟော</b>၊ ဆယ်ယူတတ်တဲ့လူသား ဟူသည်ကား။ <b>ကိံ နု ခေါ</b>၊ အဘယ်ပါနည်း။ <b>အမနုဿဂ္ဂါဟော</b>၊ ဆယ်ယူတတ်တဲ့နတ်ဟူသည်ကား။ <b>ကိံ နု ခေါ</b>၊ အဘယ်ပါနည်း။ <b>အာဝဋ္ဋဂ္ဂါဟော</b>၊ စုပ်ယူတတ်တဲ့ ဝဲဟူသည်ကား။ <b>ကိံ နု ခေါ</b>၊ အဘယ်ပါနည်း။ <b>အန္တောပူတိဘာဝေါ</b>၊ အတွင်း၌ ပုပ်ဆွေးသည်၏ အဖြစ်ဟူသည်ကား။ <b>ကော</b>၊ အဘယ်ပါနည်း။ <b>ဣတိ</b>၊ ဤသို့။ <b>အဝေါစ</b>၊ လျှောက်ထားလိုက်လေ၏၊</p>
<p>မြတ်စွာဘုရား ဒီမှာဘက်ကမ်းဆိုတာက ဘာလဲ? ဟိုမှာဘက်ကမ်းဆိုတာက ဘာလဲ? ရေလယ်ခေါင်၌ နစ်မြုပ်တယ်ဆိုတာက ဘာလဲ? ကြည်းကုန်းထက် သောင်ပေါ်မှာ တင်နေတယ် ဆိုတာက ဘာလဲ? ဆယ်ယူတတ်တဲ့ လူရဲ့ အဆယ်ခံရတယ် ဆိုတာက ဘာလဲ? ဆယ်ယူတတ်တဲ့ နတ်ရဲ့ အဆယ်ခံရတယ် ဆိုတာကလည်း ဘာလဲ? စုပ်ယူတတ်တဲ့ ဝဲရဲ့ အစုပ်ခံရတယ် ဆိုတာကလည်း ဘာလဲ? သို့မဟုတ် ဆယ်ယူတတ်တဲ့ လူသားဆိုတာက ဘာလဲ? ဆယ်ယူတတ်တဲ့ နတ်ဆိုတာက ဘာလဲ? စုပ်ယူတတ်တဲ့ ဝဲဆိုတာက ဘာလဲ? အတွင်းပုပ်တယ်ဆိုတာက ဘာပါလဲ? မြတ်စွာဘုရား ဆိုပြီးတော့ ဒီမေးခွန်းတွေ မေးတယ်။ အဲဒီ အချိန်ခါကျတော့မှ မြတ်စွာဘုရား အဖြေ စပြီးတော့ ပေးပါတယ်နော်။</p>
<h3>ဒုတိယပိုင်း</h3>
<p><b>‘‘‘ဩရိမံ တီရ’န္တိ ခေါ, ဘိက္ခု, ဆန္နေတံ အဇ္ဈတ္တိကာနံ အာယတနာနံ အဓိဝစနံ။ ‘ပါရိမံ တီရ’န္တိ ခေါ, ဘိက္ခု, ဆန္နေတံ ဗာဟိရာနံ အာယတနာနံ အဓိဝစနံ။’’</b><br>
<b>ဘိက္ခု</b>၊ ချစ်သားရဟန်း ...။ <b>ဩရိမံ တီရံ ဣတိ ခေါ ဧတံ</b>၊ ဤမှာဘက်ကမ်းဟူသော ဤအမည်သည်ကား။ <b>ဆန္နံ</b>၊ ခြောက်ပါးကုန်သော။ <b>အဇ္ဈတ္တိကာနံ အာယတနာနံ</b>၊ အတွင်းအာယတနတို့၏၊ <b>အဓိဝစနံ</b>၊ အမည်ပါပေတည်း။ <b>ဘိက္ခု</b>၊ ချစ်သားရဟန်း ...။ <b>ပါရိမံ တီရံ ဣတိ ဧတံ</b>၊ ထိုမှာဘက်ကမ်းဟူသော အမည်သည်ကား။ <b>ဆန္နံ</b>၊ ခြောက်ပါးကုန်သော။ <b>ဗာဟိရာနံ အာယတနာနံ</b>၊ အပြင်အာယတနတို့၏၊ <b>အဓိဝစနံ</b>၊ အမည်ပါပေတည်း။</p>
<p>ဒီမှာဘက်ကမ်းဆိုတာက <b>အတွင်းအာယတနခြောက်ပါး</b>။ ဟိုမှာဘက်ကမ်း ဆိုတာက <b>အပြင်အာယတနခြောက်ပါး</b>တဲ့။ ဦးပဉ္ဇင်းတို့ ခုနက ပြောခဲ့တဲ့ ဒုက္ခသစ္စာတရားနော်။ ဒုက္ခသစ္စာထဲမှာ ခန္ဓာဘယ်နှစ်ပါးရှိလဲ? ငါးပါး။ အဲဒီ ခန္ဓာငါးပါးမှာ ရူပက္ခန္ဓာက ရုပ်တရား၊ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တွေက နာမ်တရား။ ရုပ်နာမ်နှစ်ပါးပေါ့။ အဲဒီ ရုပ်နာမ်နှစ်ပါးနည်းနဲ့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းလို့ ကျွတ်တမ်းဝင်မဲ့ ပုဂ္ဂိုလ်တွေကို ဘုရားရှင်က ရုပ်နာမ်နှစ်ပါးနည်းနဲ့ ဟောပေးတယ်။</p>
<p>အကယ်၍ ဒီသာဝကတစ်ဦးက ခန္ဓာငါးပါးနည်းနဲ့ ကျွတ်တမ်းဝင်မယ်ဆိုရင် ခန္ဓာငါးပါးနည်းနဲ့ ဝိပဿနာရှုမှ ကျွတ်တမ်းဝင်မယ်ဆိုရင်လည်း ထိုသာဝကကို ဘုရားရှင်သည် ခန္ဓာငါးပါးနည်းနဲ့ ဝိပဿနာရှုဖို့ရန် ညွှန်ကြားပေးပါတယ်။ ဥပမာ - ပဉ္စဝဂ္ဂီငါးဦးတို့ကို အနတ္တလက္ခဏာ ဟောပေးတဲ့ပုံစံပဲနော်။ အကယ်၍ အာယတန တစ်ဆယ့်နှစ်ပါးနည်းနဲ့ ကျွတ်တမ်းဝင်မယ် ဆိုရင်တော့ ထိုပုဂ္ဂိုလ်တွေကို မြတ်စွာဘုရားက အာယတန တစ်ဆယ့်နှစ်ပါးနည်းနဲ့ ဟောပေးတယ်။</p>
<p>ဒီတော့ ရုပ်နာမ်နှစ်ပါး ဆိုတာကလည်း ဦးပဉ္ဇင်းတို့ ပရမတ္ထတရား ဘယ်နှစ်ပါး ရှိလဲ? စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်။ ပရမတ်တရား ဘယ်နှစ်ပါးရှိလဲ? လေးပါး။ အဲဒီထဲမှာ ဝိပဿနာရဲ့ အရှုခံအာရုံက လောကီ စိတ်, စေတသိက်, ရုပ်ပဲနော်။ အဲဒီ စိတ်, စေတသိက်, ရုပ်တရားတွေကို ရုပ်က ရုပ်တရား၊ စိတ်နဲ့ စေတသိက်က နာမ်တရား။ ရုပ်နာမ်နှစ်ပါးဆိုတာက ဘာလဲလို့မေးရင် စိတ်, စေတသိက်, ရုပ်တရားပဲနော်။ နှစ်ပုံ ပုံလိုက်တော့ ရုပ်နာမ်နှစ်ပါးဖြစ်တယ်။ ဒီစိတ်, စေတသိက်, ရုပ်တရားတွေကို နှစ်ပုံပုံရင် ရုပ်နာမ်နှစ်ပါးနည်း။</p>
<p>တစ်ခါ ရုပ်က တစ်ပုံ၊ စိတ်နဲ့ စေတသိက်ကို လေးပုံ ပုံရင် ခန္ဓာငါးပါးနည်း။ ဒီတော့ ခန္ဓာငါးပါးဆိုတာနဲ့ စိတ်, စေတသိက်, ရုပ်တရားဆိုတာနဲ့ အတူတူပဲ မကျဘူးလား? ကျပါတယ်။ အဲဒီပုဂ္ဂိုလ်တွေကို ဘယ်လိုအတွက် ဟောလဲလို့မေးရင်တော့ ဦးပဉ္ဇင်းတို့ ရုပ်တရား၌ အသိဉာဏ်သန့်ရှင်းပြီး နာမ်တရားမှာ အသိဉာဏ် မသန့်ရှင်းတဲ့ ပုဂ္ဂိုလ် သို့မဟုတ် ဉာဏ်ထက်မြက်တဲ့ တိက္ခပညဝါပုဂ္ဂိုလ်။ အဲဒီလို ပုဂ္ဂိုလ်တွေကို မြတ်စွာဘုရား ခန္ဓာငါးပါးနည်းနဲ့ ဟောပေးပါတယ်။ တချို့တချို့ပုဂ္ဂိုလ်တွေကျတော့ ရုပ်တရားနဲ့ ပတ်သက်ပြီးတော့ အသိဉာဏ်က မသန့်ရှင်းဘူး။ နာမ်တရားနဲ့ ပတ်သက်လို့ တွေဝေတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေကျတော့ ရုပ်တရားမှာ အသိဉာဏ် မသန့်ရှင်းတဲ့အတွက် အာယတန တစ်ဆယ့်နှစ်ပါးနည်းနဲ့နော်၊ နာမ်တရားမှာ အသိဉာဏ် သန့်ရှင်းနေတဲ့အတွက် အဲဒီ အာယတန တစ်ဆယ့်နှစ်ပါးနည်းနဲ့ မြတ်စွာဘုရား ရုပ်တွေကို ဆယ်ပုံခွဲ နာမ်တွေကို တစ်ပုံခွဲပေါ့၊ ပေါင်းလိုက်ရင် တစ်ဆယ့်နှစ်ပုံပဲ။ တစ်ဆယ့်နှစ်ပုံ ပုံပြီးတော့ ဝိပဿနာ ရှုဖို့ ဟောပေးပါတယ်။</p>
<p>ခုဒီသုတ္တန်မှာ ဒီရဟန်းတော်တွေကို ဘုရားရှင်က ဒီစိတ်, စေတသိက်, ရုပ်တရားတွေကို အာယတန တစ်ဆယ့်နှစ်ပါးနည်းနဲ့ ဟောပေးတယ်။ ဝိပဿနာရှုကွက်ပဲနော်။ အဲဒီတော့ အာယတန တစ်ဆယ့်နှစ်ပါးမှာ - အတွင်းအာယတနက ခြောက်ပါး၊ အပြင်အာယတန ခြောက်ပါး။ အတွင်းအာယတန ခြောက်ပါးဆိုတာက ဘာတွေလဲ? စက္ခာယတန, သောတာယတန, ဃာနာယတန, ဇိဝှာယတန, ကာယာယတန, မနာယတန။ ပေါင်းလိုက်တော့ အတွင်းအာယတန ဘယ်နှစ်ပါးလဲ? ခြောက်ပါး။ စက္ခာယတနဆိုတာက စက္ခုအကြည်ဓာတ်ပဲ, သောတာယတနဆိုတာက သောတအကြည်ဓာတ်ပဲ, ဃာနာယတနဆိုတာက ဃာနအကြည်ဓာတ်ပဲ, ဇိဝှာယတနဆိုတာက လျှာအကြည်ဓာတ်ပဲ, ကာယာယတနဆိုတာက ကိုယ်အကြည်ဓာတ်ပဲ, မနာယတနဆိုတာက ဘဝင်မနောအကြည်ဓာတ်နှင့်တကွ အသိစိတ်အားလုံးပဲ။ ပေါင်းလိုက်တော့ အဲဒီ ခြောက်ပါးကို အတွင်းအာယတန ခြောက်ပါးလို့ ခေါ်ပါတယ်။</p>
<p>အပြင်အာယတနဆိုတာကတော့ ရူပါယတန, သဒ္ဒါယတန, ဂန္ဓာယတန, ရသာယတန, ဖောဋ္ဌဗ္ဗာယတန, ဓမ္မာယတနဆိုပြီး အပြင်အာယတန ဘယ်နှစ်ပါးလဲ? ခြောက်ပါး။ အဲဒီ အတွင်းအာယတန ခြောက်ပါး၊ အပြင်အာယတန ခြောက်ပါး။ ပေါင်းလိုက်မယ်ဆိုရင် စိတ်, စေတသိက်, ရုပ်တရားတွေ ကုန်သွားတယ်။ ဘာဖြစ်လို့ သူတို့ကို အာယတနလို့ ခေါ်လဲလို့မေးတော့ ဦးပဉ္ဇင်းတို့ သူတို့ကို စိတ်, စေတသိက်တွေကို ကျယ်ပြန့်အောင် ချဲ့ထွင်ပေးတတ်တဲ့ ကိရိယာတွေဖြစ်လို့ သူတို့ကို အာယတနလို့ ဒီလို ခေါ်ဝေါ်သုံးစွဲထားတာ။ ဓာတ်ပုံဆိုင်တွေမှာ ပုံကြီးချဲ့တဲ့ ကိရိယာတစ်မျိုး မရှိဘူးလား? ရှိတယ်။ အဲဒီ ပုံကြီးချဲ့တဲ့ ကိရိယာဟာ ပုံကြီးချဲ့တတ်သလိုပဲ ဒီအတွင်းအာယတန, အပြင်အာယတနတွေကလည်း စိတ်, စေတသိက်, ရုပ်တရားတွေကို ကျယ်ပြန့်အောင် ချဲ့ထွင်ပေးတတ်တယ်။ ကြည့်ပေါ့ - အာရုံတစ်ခု မြင်လိုက်တယ် ဆိုကြပါစို့။ ဒီအာရုံက ကိုယ်သဘောကျတဲ့ အာရုံဖြစ်ခဲ့ရင် ပြုံးပြီးတော့ ပုံကြီးချဲ့နေတယ်။ ဒီအာရုံက ကိုယ်သဘောမကျတဲ့ အာရုံဖြစ်ခဲ့ရင် မဲ့ပြီးတော့ ပုံကြီးချဲ့နေတယ်။ မကျေနပ်ချက်တွေ တစ်ပုံကြီး ဖြစ်မနေဘူးလား? ဖြစ်နေတတ်တယ်နော်။ ဒါကြောင့် စိတ်, စေတသိက်, ရုပ်တရားတွေက ဒီအာရုံတွေ အာယတနတွေကို အကြောင်းပြုပြီးတော့ ကျယ်ပြန့်မသွားဘူးလား? ကျယ်ပြန့်သွားတယ်။</p>
<p>ဥပမာ - <b>စက္ခာယတန</b>နဲ့ <b>ရူပါယတန</b>ကို အကြောင်းခံပြီးတော့ စက္ခုဒွါရဝီထိ စိတ်, စေတသိက်တွေ၊ မနောဒွါရဝီထိ စိတ်, စေတသိက်တွေ များစွာ ဖြစ်သွားတယ်နော်။ အဲဒီပုံစံပဲ။ စိတ်, စေတသိက်တွေကို ကျယ်ပြန့်အောင် ချဲ့ထွင်ပေးနေတယ်။ တစ်နည်းအားဖြင့် သံသရာခရီးကိုလည်း ကျယ်ပြန့်အောင် ချဲ့ထွင်ပေးနေတဲ့တရားတွေ ဖြစ်ခြင်းကြောင့် သူတို့ကို <b>အာယတန</b>လို့ခေါ်တယ်။ အဲဒီ အာယတနထဲမှာ <b>အတွင်းအာယတန ၆-ပါး</b>ကို ဘုရားရှင်က ဒီသုတ္တန်မှာ ဒီမှာဘက်ကမ်း, <b>အပြင်အာယတန ၆-ပါး</b>ကို ဟိုမှာဘက်ကမ်းဆိုပြီးတော့ သတ်မှတ်ထားတယ်။ ဒီတော့ နိဗ္ဗာန်ကို အလိုရှိနေတဲ့ သူတော်ကောင်းတစ်ဦးက ဒီမှာဘက်ကမ်းကိုလည်း မကပ်ရဘူး၊ ဟိုမှာဘက်ကမ်းလည်း မကပ်ရဘူး။ ဒီမှာဘက်ကမ်းကို ကပ်တယ်ဆိုတာက ဘာလဲ? နည်းနည်းလေး နားထောင်ကြည့်နော်။</p>
<p>ဒီမှာဘက်ကမ်းလို့ခေါ်တဲ့ အတွင်းအာယတန ၆-ပါးအပေါ်မှာ နှစ်သက်မှု တွယ်တာမှုရာဂတွေ ဖြစ်နေတယ်ဆိုရင် ဒီမှာဘက်ကမ်းကို ကပ်နေတယ်။ အပြင်အာယတန ၆-ပါးလို့ ခေါ်ဆိုအပ်တဲ့ အဆင်း, အနံ့, အရသာ, အတွေ့အထိ, ဓမ္မသဘောလို့ ခေါ်ဆိုအပ်တဲ့ အပြင်အာယတနတွေ အပေါ်မှာ တွယ်တာတပ်မက်မှုရာဂ ဖြစ်နေရင်လည်း ဒါ ဟိုမှာဘက်ကမ်းကို ကပ်နေတယ်။ နောက်တစ်ခု - အတွင်းအာယတနနဲ့ ပတ်သက်ပြီး မကျေနပ်ချက်တွေ ဖြစ်လည်း ဒီမှာဘက်ကမ်း ကပ်တာပဲ။ အပြင်အာယတနနဲ့ ပတ်သက်ပြီး မကျေနပ်ချက်တွေ ဖြစ်နေရင်လည်း ဟိုမှာဘက်ကမ်း ကပ်နေတယ်။ ကိလေသာတွေ တိုးပွားနေပြီ ဆိုလို့ရှိရင် ရာဂ ဒေါသ မောဟတွေ ဖြစ်နေပြီဆိုရင် ဟိုဘက်ကမ်း ကပ်တယ်။ ဒီဘက်ကမ်း ကပ်တယ်လို့ ခေါ်ရတယ်။ ဘာဖြစ်လို့လဲ?</p>
<p>ဦးပဉ္ဇင်းတို့ မျက်စိအကြည်ဓာတ်ကလေးတစ်ခု ဆိုကြစို့။ အဲဒီ မျက်စိအကြည်ဓာတ်လေးတစ်ခု မိမိမှာ ရှိတယ်။ <b>လောကသမုတိသစ္စာ</b>နယ်က ပြောရင်တော့ မျက်စိပေါ့နော်။ ဒီမျက်စိအပေါ်မှာ တွယ်တာတပ်မက်မှု ရာဂတွေ တချို့ မဖြစ်ဘူးလား? ဖြစ်တယ်။ မိမိမျက်စိက ကြည့်လို့ကောင်းရင် “ဩော် ငါ့မျက်စိတွေ သိပ်ကောင်းတာပဲ၊ သေးငယ်နေတဲ့ ဒီအပ်ပေါက်ကလေးကိုတောင် ထိုးလို့ရတယ်” ဆိုပြီးတော့ ကိုယ့်မျက်စိအပေါ်မှာ ကိုယ် တွယ်တာတပ်မက်တဲ့ တဏှာတွေ မပေါ်ဘူးလား? ပေါ်တယ်။ အဲဒီလို ဆိုလို့ရှိရင် ဘာဖြစ်တာလဲ? ဒီမှာဘက်ကမ်းကပ်တာပဲ။ နောက်တစ်ခု မျက်စိမှာ တခြား တွယ်တာနည်းတွေကော မရှိဘူးလား? ရှိပါတယ်။ မျက်လုံးကို နည်းအမျိုးမျိုးနဲ့ လှအောင် တန်ဆာမဆင်ဘူးလား? ဆင်ကြတယ်။ ရှေးတုန်းကတော့ အဉ္စနလို့ခေါ်တဲ့ မျက်ရေးကွင်းတဲ့ ကျောက်လေးတွေကို အသုံးပြုတယ်။ ဒီကျောက်ညွန့်လေးတွေကို သွေးပြီးတော့ မျက်လုံးကို ကွင်းကြတယ်။ ခုတော့ ဆေးတွေ ပုံစံအမျိုးမျိုး ပေါ်နေတယ်နဲ့ တူတယ်။ ဒီမျက်လုံးလေးကို ဆေးဆိုးတယ်ပေါ့။ လိုင်နာခေါ်တဲ့ နည်းနဲ့တူပါတယ်။ အဲဒီပုံစံလို ပုံစံအမျိုးမျိုးနဲ့ မျက်လုံးကို ဆေးဆိုးပေးတာက ဘာလုပ်တာလဲ? မျက်လုံးအပေါ်မှာ တွယ်တာတပ်မက်မှု ရာဂ ဖြစ်မနေဘူးလား? ဖြစ်နေပြီ။ ဒီတွယ်တာတပ်မက်မှု ရာဂ ဖြစ်နေပြီ ဆိုလို့ရှိရင် ဘာလုပ်တာလဲ? ဒီမှာ ဘက်ကမ်းကို ကပ်တယ်။ အလားတူပဲ။ ဟိုဘက် ရူပါရုံတွေကို တွယ်တာတပ်မက်မှု ဖြစ်နေမယ်ဆိုရင်ကော ဟိုမှာဘက်ကမ်း ကပ်တယ်။</p>
<p>အလားတူပဲ။ ဦးပဉ္ဇင်းတို့ ကျန်နေတဲ့ အာယတနတွေ, ကျန်နေတဲ့ အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိခေါ်တဲ့ အပြင်အာယတနတွေကို တွယ်တာတပ်မက်မှုတွေ ဖြစ်နေမယ် သို့မဟုတ် မကျေနပ်ချက်တွေ ဖြစ်နေမယ်ဆိုရင်ကော ဟိုမှာဘက်ကမ်း ကပ်တယ်ခေါ်ရတယ်။ တစ်ခါတလေ ကိုယ့်မျက်စိတွေက ကြည့်လို့မကောင်းဘူး ဆိုလို့ရှိရင်လည်း မျက်စိကို အကြောင်းပြုပြီးတော့ စိတ်မချမ်းသာမှုတွေ မဖြစ်ဘူးလား? ဖြစ်တယ်။ မျက်လုံးကို တစ်ခုခု ထိခိုက်သွားလို့ ဒဏ်ရာရပြီးဆိုရင် ဒီမျက်လုံးလေးကို အကြောင်းပြုပြီးတော့ စိတ်မချမ်းသာမှုတွေ ဖြစ်နေကြပြန်တယ်။ နားတို့, နှာခေါင်းတို့လည်း ဒီအတိုင်းပဲ။ ဒါကြောင့် သူက အတွင်းအာယတန, အပြင်အာယတနတွေကို အကြောင်းပြုပြီးတော့ ရာဂ ဒေါသ မောဟတွေ ဖြစ်နေမယ်ဆိုရင် ဒီမှာ ဘက်ကမ်းကို ကပ်တယ်, ဟိုမှာဘက်ကမ်းကို ကပ်တယ်လို့ ခေါ်ရတယ်။ အကယ်၍ ဒီအတွင်းအာယတန, အပြင်အာယတနတွေ အကြောင်းပြုပြီးတော့ မိမိတို့က ရာဂ ဒေါသ မောဟ မဖြစ်ချင်ဘူးဆိုရင် ဘာလုပ်ရမလဲ? အဲဒီ အတွင်းအာယတန, အပြင်အာယတနလို့ ခေါ်ဆိုအပ်တဲ့ <b>ရုပ်တရား နာမ်တရား</b>တွေကို ပထမ ပရမတ်ဆိုက်အောင် သိအောင် ကြိုးစားရတယ်။ ရုပ်တို့မည်သည် ကလာပ်ခေါ်တဲ့ အမှုန်အနေနဲ့ဖြစ်တော့ ဒီအမှုန်လေးတွေကို မြင်အောင် အမှုန်လေး တစ်ခုတစ်ခုမှာ ပထဝီ, အာပေါ, တေဇော, ဝါယောစသည်ဖြင့် <b>ရုပ်ပရမတ်</b>သဘောလေးတွေကို ခွဲခြမ်းစိတ်ဖြာသိအောင် ရှုရပါတယ်။ ရှုပြီးတဲ့ အချိန်အခါကျတော့မှ ဘာလုပ်ရမလဲ?</p>
<p>‘‘<b>အနိစ္စံ ဒုက္ခံ အနတ္တာတိ တိဏ္ဏံ လက္ခဏာနံ ဝသေန ဝိပဿန္တော ပန န ဥပဂစ္ဆတိ နာမ</b>’’</p>
<p><b>အဋ္ဌကထာ</b>က ဖွင့်ထားတယ်။ အဲဒီ ရုပ်တရား နာမ်တရားတွေကို ဖြစ်ပြီး ပျက်တာကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး <b>အနိစ္စ</b>လို့ တွင်တွင်ရှုမယ်။ ဖြစ်ခြင်း ပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ သဘောတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး <b>ဒုက္ခ</b>လို့ တွင်တွင်ရှုမယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ သဘောတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး <b>အနတ္တ</b>လို့ တွင်တွင်ရှုမယ်။ အဲဒီလို ရှုခဲ့မယ်ဆိုရင် ဘာဖြစ်မလဲ? “န ဥပဂစ္ဆတိ” ဟိုဘက်ကမ်းလည်း ကပ်သည် မမည်ဘူး၊ ဒီဘက်ကမ်းလည်း ကပ်သည် မမည်ဘူးလို့ ဒီလို ဟောထားတယ်။ ဒီတော့ ဦးပဉ္ဇင်းတို့က နိဗ္ဗာန်ကို လိုချင်တယ် ဆိုလို့ရှိရင် ဘာလုပ်ရမလဲ? ဒီအတွင်းအာယတန, အပြင်အာယတနလို့ ခေါ်ဆိုအပ်တဲ့ ရုပ်တရား နာမ်တရားတွေကို အကြောင်းတရားနဲ့တကွ ရှာဖွေပြီးတော့ အကြောင်းတရားနဲ့တကွ ဒီရုပ်နာမ်တွေကို အနိစ္စ, ဒုက္ခ, အနတ္တ <b>လက္ခဏာရေးသုံးတန်</b> တင်ပြီးတော့ တွင်တွင်ကြီး <b>ဝိပဿနာ</b> ရှုဖို့ မလိုဘူးလား? လိုအပ်တယ်။ အဲဒီလို ဝိပဿနာ ရှုနိုင်လို့ရှိရင် ဒီအတွင်းအာယတန, အပြင်အာယတနလို့ ခေါ်ဆိုတဲ့ ရုပ်တရားတွေ နာမ်တရားတွေ အပေါ်၌ တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲဆိုတဲ့ ကိလေသာတွေ ဖြစ်ဦးမလား? မဖြစ်တော့ဘူး။ တဒင်္ဂအားဖြင့် မဖြစ်တော့ဘူးနော်။ အဲဒီလို ကိလေသာတွေ မဖြစ်အောင် ကျင့်နိုင်တယ်ဆိုရင် ဟိုဘက်ကမ်းလည်း မကပ်သည်မည်တယ်, ဒီဘက်ကမ်းလည်း မကပ်သည် မမည်တယ်လို့ ဒီလို ဟောထားတယ်။</p>
<p>နောက် နံပါတ်(၃)က <b>မဇ္ဈေ သံသီတော</b>၊ ရေလယ်ခေါင်မှာ နစ်တယ်။ ရေလယ်ခေါင်မှာ နစ်တယ်ဆိုတာ ဘာလဲဆိုတဲ့ ဒီမေးခွန်းကို ဘုရားရှင်က-</p>
<p>‘‘<b>‘မဇ္ဈေ သံသာဒေါ’တိ ခေါ, ဘိက္ခု, နန္ဒီရာဂဿေတံ အဓိဝစနံ</b>’’</p>
<p>ရေလယ်ခေါင် နစ်တယ်, နစ်တယ်ဆိုတာက <b>နန္ဒီရာဂ</b>ရဲ့ အမည်ဖြစ်တယ်လို့ ဒီလို မြတ်စွာဘုရား ဟောထားတယ်။ နန္ဒီရာဂဆိုတာက ဘာလဲ? ထိုထိုအာရုံတွေအပေါ်မှာ တွယ်တာတပ်မက်နေတဲ့ ရာဂ, ထိုထိုဘဝတွေ အပေါ်မှာ တွယ်တာတပ်မက်နေတဲ့ ရာဂကို ဘာလို့ခေါ်လဲ? နန္ဒီရာဂလို့ခေါ်တယ်။ ထိုထိုအာရုံ ထိုထိုဘဝတွေ အပေါ်မှာ တွယ်တာတပ်မက်နေတဲ့ ရာဂတွေ သိပ်အားကောင်းပြီဆိုရင်တော့ ထိုပုဂ္ဂိုလ်သည် ဘာလဲ? ရေလယ်ခေါင်မှာ နစ်နေပြီ။ အဲဒီတော့ ထိုထိုအာရုံဆိုတဲ့ အထဲမှာ သက်ရှိသက်မဲ့ အားလုံး ပါပါတယ်နော်။ ထိုထိုဘုံဘဝဆိုတာကတော့ ဘဝတစ်ခုကို မျှော်လင့်ချက်နဲ့ ကောင်းမှုကုသိုလ်တွေ ပြုတယ်, အကုသိုလ်တွေပြုတယ်။ ထိုထိုအာရုံတွေကို တွယ်တာတပ်မက်တယ် ဆိုတာကတော့ ပစ္စုပ္ပန်မှာ မိမိတို့ တွေ့ရှိနေတဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတွေ အပေါ်၌ တွယ်တာတပ်မက်နေတဲ့ ရာဂတွေ ထင်လင်းဖြစ်နေတယ်။ အဲဒီ ရာဂတွေကို အကြောင်းခံပြီးတော့ အစွဲကြီး စွဲနေမယ် ဆိုလို့ရှိရင် <b>မဇ္ဈေ သံသီတော</b>၊ ရေလယ်ခေါင်မှာ နစ်သွားတတ်တယ်။ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဒီရာဂက ရေလယ်ခေါင်မှာ သတ္တဝါတစ်ဦးလို့ ခေါ်ဆိုအပ်တဲ့ ရုပ်နာမ်အစဉ်ကို နစ်မြုပ်သွားအောင် ဆွဲခေါ်သွားနိုင်သလဲ? ဒီအပိုင်းက နည်းနည်း ကြားဖူးကြလိမ့်မယ် ထင်တယ်။</p>
<p>ဘုန်းကြီး ဒီနေ့ နာမည်ကျော်ဖြစ်တဲ့ ဒကာတော်ကောသလအကြောင်းနဲ့ ဆက်စပ်ပြီးတော့ နည်းနည်းပြောဖို့ ရည်ရွယ်ထားပါတယ်။ နာမည်ကျော်ဖြစ်တဲ့ <b>ကောသလမင်းကြီး</b>က တစ်နေ့ တိုင်းခန်းလှည့်လည်ရင်းနဲ့ပေါ့ - မြို့ထဲမှာ အမျိုးသမီးတစ်ဦးကို တွေ့တယ်။ အမျိုးသမီးတစ်ဦး တွေ့တဲ့အချိန်ခါ ဒီအမျိုးသမီးအပေါ်၌ တွယ်တာတပ်မက်တဲ့ ရာဂတွေက သိပ်ပြင်းထန်လာတဲ့ အခါကျတော့ မင်းချင်းယောက်ျားတစ်ယောက်ကို သွားပြီး စေခိုင်းလိုက်တယ်။ “ကဲ သွားကြည့်စမ်း ... ဒီအမျိုးသမီးမှာ ပိုင်ရှင်ရှိသလား, မရှိဘူးလား?” သွားမေးကြည့်လို့ အမေးခိုင်းလိုက်တော့ အဖြေက ဘာထွက်လာသလဲ? ပိုင်ရှင်ရှိတယ်ဆိုတဲ့ အဖြေထွက်လာတယ်။ ပိုင်ရှင်ရှိတယ် အဖြေထွက်လာတဲ့ အခါကျတော့ သူက ဘာလုပ်သလဲ?</p>
<p>ဒီအမျိုးသမီးကို လိုချင်တော့ သူ့ပိုင်ရှင်ယောက်ျားကို မင်းအမိန့်အာဏာနဲ့ ခေါ်လိုက်တယ်။ ခေါ်ပြီးတဲ့ အချိန်ခါကျတော့ ဒီနေ့ နေ့ချင်းပြန် တစ်ယူဇနာလောက် ဝေးပါတယ်။ အဲဒီ ယူဇနာလောက် မြို့နဲ့ဝေးကွာနေတဲ့ အိုင်တစ်အိုင်က ကြာနဲ့ မြေတွေကို သယ်ဆောင်ယူခဲ့ရမယ်ဆိုပြီး ချက်ချင်း အမိန့်ဆင့်လိုက်တယ်။ ဒီလောက်ဝေးတဲ့ခရီး မသွားနိုင်ကြောင်း ဒီပုဂ္ဂိုလ်က ပြန်ပြီး သံတော်ဦး တင်တဲ့အခါ မင်းအမိန့်အာဏာဖြစ်တယ်၊ မသွားမနေရ အမိန့်ထုတ်လိုက်တယ်။ ပြေးရတာပဲနော်။ ပြေးလိုက်တဲ့ အချိန်ခါကျတော့ မြို့ตံခါးစောင့်နေတဲ့ ပုဂ္ဂိုလ်ကို ခေါ်ပြီးတော့ အမိန့်ပေးလိုက်တယ်။ ဤယောက်ျား မြို့ပြင်ထွက်သည်နှင့် တစ်ပြိုင်နက်တည်း မြို့တံခါး ပိတ်ထားစေ၊ မြို့တံခါး အစောကြီး ပိတ်လိုက်တယ်။ ဟိုပုဂ္ဂိုလ်ကလည်း အတင်း ပြေးပါတယ်နော်။ သူခိုင်းလိုက်တဲ့အတိုင်း ကြာပွင့်တွေနဲ့ ရွံ့တွေပေါ့ မြေနီတွေ ယူပြီး သယ်ဆောင်ပြီး ပြေးအလာ၊ ဒီကလည်း တံခါးပိတ်တော့ မြို့ထဲ ဘယ်လိုမှ ဝင်လို့မရ ဖြစ်သွားတယ်။ ဝင်လို့မရ ဖြစ်တဲ့ အချိန်ခါကျတော့ မင်းအမိန့်ကလည်း ခိုင်းလိုက်တော့ ပေါ်နေပြီ။ ပြဿနာပေါ်ရင် ဒကာစိုးဝင်း ဘယ်သွားမလဲ? အဲဒီလို ပြဿနာပေါ်တော့မှ ဘုန်းကြီးကျောင်း တန်းသွားတာပဲ။</p>
<p>မြတ်စွာဘုရားရှင်ရှိရာ <b>ဇေတဝန်ကျောင်းတိုက်</b>ကို ပြေးပြီ၊ ဇေတဝန်ကျောင်းတိုက် ပြေးတဲ့အခါ အဲဒီည ဇေတဝန်ကျောင်းတိုက်မှာပဲ သူက စခန်းချလိုက်တယ်။ ဒီည မြတ်စွာဘုရားက အကျိုးအကြောင်းတွေကို ဉာဏ်တော်နဲ့ ဆင်ခြင်ကြည့်လိုက်တော့ သိတော်မူတဲ့အတွက် ထိုညမှာ ကောသလမင်းကြီးကို ကြားအောင် မြတ်စွာဘုရား ဓိဋ္ဌာန်ထားပါတယ်။ ဓိဋ္ဌာန်ထားတယ်ဆိုတာကတော့ ဦးပဉ္ဇင်းတို့ ကောသလမင်းကြီးကလည်း ဒီအမျိုးသမီးအပေါ်မှာ စွဲလမ်းတဲ့ စိတ်ထားနဲ့ အဲဒီည တစ်ညလုံး အိပ်မပျော်တော့ ငုတ်တုတ်ပဲ ထိုင်နေတယ်။ ထိုင်နေတဲ့ အချိန်ခါမှာ ဟိုငရဲက အားလုံး ကြားဖူးကြတယ်။ <b>ဒု-သ-န-သော</b>ဆိုတဲ့ ငရဲသားတွေရှိတယ်။ အဲဒီ ငရဲသားတွေ အော်တဲ့အသံကို ကြားပါစေဆိုပြီး မြတ်စွာဘုရားကလည်း ဓိဋ္ဌာန်ထားပါတယ်။ ဒီအသံကြီးတွေ ကြားလည်း ကြားတယ်။</p>
<p>ကြားလိုက်တော့ ခပ်တိုတို ပြောကြရင်တော့၊ မနက်မိုးလင်းတဲ့အခါမှာ <b>မလ္လိကာမိဖုရား</b>ရဲ့ တိုက်တွန်းချက်နဲ့ မြတ်စွာဘုရားထံလာပြီး ဒီအသံကြီးတွေ သူကြားရတဲ့အကြောင်း လျှောက်ထားတယ်။ သူ့မှာ အန္တရာယ် ရှိ, မရှိ လာပြီး မေးမြန်းတယ်။ အဲဒီအချိန်ခါမှာ မြတ်စွာဘုရားက သင့်မှာ အန္တရာယ် မရှိပါဘူး။ ဒီအသံတွေက ဘယ်လို အသံဖြစ်တယ်ဆိုတာကို မြတ်စွာဘုရားက ဟောပြတယ်နော်။ အဲဒီမှာ ငရဲသားလေးဦးတို့က ဘာတွေလဲဆိုတော့ လူ့ဘဝတုန်းက သူတို့က ပျော်ချင်တိုင်း ပျော်ပြီးတော့ နန္ဒီရာဂဆိုတဲ့ ဝဲထဲမှာ နစ်မြုပ်နေတဲ့ ပုဂ္ဂိုလ်တွေပဲ။ သားနဲ့ ပျော်တယ်, သမီးနဲ့ ပျော်တယ်, ပစ္စည်းတွေနဲ့ ပျော်တယ်။ ဒါတွင်လားဆိုတော့ မကသေးဘူး။ မိမိ သားမယားနဲ့တွင် ပျော်လို့ အားမရနိုင်တဲ့အတွက် သူတစ်ပါးရဲ့ သားမယားတွေကိုလည်း လိုက်ပြီး ပျော်ပါးနေတဲ့ နန္ဒီရာဂဝဲ အစုပ်ခံနေရတဲ့ ပုဂ္ဂိုလ်တွေပဲနော်။ သေလိုက်တဲ့ အချိန်ခါကျတော့ ဒီနန္ဒီရာဂဝဲ စုပ်သွားလိုက်တဲ့အခါ ဒီနန္ဒီရာဂခေါ်တဲ့ တွယ်တာတပ်မက်မှု တဏှာက အပါယ်ငရဲရောက်အောင် ဆွဲခေါ်သွားတယ်။</p>
<p><b>လောဟကုမ္ဘီငရဲ</b>ရောက်တဲ့အခါမှာ လောဟကုမ္ဘီငရဲအိုးထဲကို ကျသွားတယ်။ အနှစ်သုံးသောင်း။ အောက်ကိုကျသွားတာ အနှစ်သုံးသောင်း၊ အောက်ကနေ တစ်ခါ အပေါ်ပြန်တက်လာတာ ထမင်းအိုး ဆူသလိုပေါ့နော်။ ပွက်ပွက်ဆူနေတဲ့ ဒီငရဲအိုးထဲကနေပြီးတော့ အပေါ်ပြန်တက်လာတာက အနှစ်သုံးသောင်းကြာတယ်။ အနှစ်ခြောက်သောင်း ပြည့်လောက်တဲ့အခါ ငရဲအိုး အပေါ်နှုတ်ခမ်းဝ ရောက်တဲ့အခါ သူတို့ ပြောချင်တာတွေကို ဒီည ပြောကြတယ်။ ပြောလိုက်တော့ ပြောလို့ မဆုံးသေးဘူးနော်။ ဒု-ဆိုတဲ့ ပုဂ္ဂိုလ်က ဂါထာလေးတစ်ခု သူရွတ်ချင်တယ်။ အဲဒီ ရွတ်ချင်တဲ့ ဂါထာလေး မဆုံးခင်မှာ သူက ချက်ချင်း ပြန်မြုပ်သွားတယ်။ ဒု-ဆိုတဲ့ အသံလေးတစ်ခုပဲ ကြားလိုက်ရတယ်။ သ-ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း အဲဒီမှာ ဂါထာလေးတစ်ခု ရွတ်ချင်တယ်၊ သ-ဆိုတဲ့ အက္ခရာလေးတစ်လုံး ရွတ်ပြီးတာနဲ့ သူက ပြန်မြုပ်သွားတယ်။ န-ဆိုတဲ့ ပုဂ္ဂိုလ်, သော-ဆိုတဲ့ပုဂ္ဂိုလ်တွေလည်း အလားတူပဲ။ န-တစ်လုံး, သော-တစ်လုံး ရွတ်လိုက်ရုံနှင့် သူတို့က ပြန်ပြီး မြုပ်သွားတယ်။ သူတို့က ဘာမှ ရှေ့ဆက်ပြီး ပြောနိုင်တဲ့ စွမ်းအား မရှိကြဘူး။</p>
<p>အဲဒီလို မြုပ်သွားတဲ့ အချိန်ခါကျတော့မှ ဒီအသံကြီးတွေကို သင်မင်းကြီး ကြားရတဲ့အကြောင်းကို မြတ်စွာဘုရားက အဲဒီမှာ ဟောပြပါတယ်။ ဟောပြလိုက်တဲ့ အချိန်ခါကျတော့မှ ဒီငရဲသားတွေ ပြောချင်တဲ့ စကားအဓိပ္ပာယ် ဘယ်လိုရှိသလဲလို့ မေးမြန်းလျှောက်ထားလို့ မြတ်စွာဘုရား ပြန်ဖြေထားတဲ့ ဂါထာလေး။</p>
<p>‘‘<b>ဒုဇ္ဇီဝိတမဇီဝိမှီ, ယေ သန္တေ န ဒဒမှသေ။ ဝိဇ္ဇမာနေသု ဘောဂေသု, ဒီပံ နာကရုမှ အတ္တနော</b>’’</p>
<p><b>သန္တေ</b>၊ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့သည်။ လောကေ = လောက၌၊ <b>ယေ သန္တေ</b>၊ အကြင် ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့သည်။ <b>ဘောဂေသု</b>၊ စည်းစိမ်ဥစ္စာတို့သည်။ <b>ဝိဇ္ဇမာနေသု</b>၊ ထင်ရှားရှိကြပါကုန်သော်လည်းပဲ၊ <b>န ဒဒမှသေ</b>၊ တစ်ကြိမ်တစ်ခါမှ မပေးလှူခဲ့ကြဖူးပါကုန်၊ <b>ဒုဇ္ဇီဝိတံ</b>၊ မကောင်းသော အသက်မွေးခြင်းဖြင့် အသက်မွေးမှုကို၊ <b>အဇီဝိမှီ</b>၊ အသက်မွေးခဲ့ကြရပါကုန်၏၊ <b>အတ္တနော</b>၊ မိမိ၏၊ <b>ဒီပံ</b>၊ ကိုးကွယ်အားထားရာ မှီခိုရာ ကိုင်းကျွန်းသဖွယ်ဖြစ်သော ကုသိုလ်ကောင်းမှုကို၊ <b>န အကရုမှ</b>၊ မပြုခဲ့မိကြပါလေကုန်။</p>
<p>သူ့ရဲ့စကားအဓိပ္ပာယ်နော်။ လူ့လောက တို့နေထိုင်စဉ်အခါတုန်းက မကောင်းသဖြင့် တို့ အသက်မွေးမိခဲ့တယ်။ တို့မှာ စည်းစိမ်ဥစ္စာတွေ ထင်ရှားရှိတယ်။ လောကမှာလည်း သန္တလို့ခေါ်ဆိုအပ်တဲ့ ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတွေ သို့မဟုတ် သာသနာပဖြစ်ခဲ့ရင်လည်း သူတော်ကောင်းတွေ အမျိုးမျိုး ရှိကြတယ်။ အဲဒီ သူတော်ကောင်းတွေကို ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်းဆိုတဲ့ ဒီလုပ်ငန်းခွင်ကိုလည်း တစ်ခုမှ မပြုခဲ့ဘူး။ မိမိရဲ့ မှီခိုအားထားရာ ကိုင်းကျွန်းကြီးသဖွယ်ဖြစ်နေတဲ့ ကောင်းမှုကုသိုလ်လည်း တစ်ခါမှ မပြုမိခဲ့ကြဘူးလို့ ဒီလို သူက သူ့ရဲ့မိတ်ဆွေတွေကို လှမ်းပြီး ပြောချင်တာပဲ။ အဲဒီလို ပြောချင်တဲ့စကားလေး ကုန်အောင် ပြောနိုင်လား? မပြောနိုင်ဘူး။ ဘာဖြစ်လို့လဲ? နန္ဒီရာဂဆိုတဲ့ ဝဲက ပြန်ပြီးတော့ စုပ်သွားတယ်။ ငရဲအိုးထဲကို ပြန်ကျသွားတဲ့အတွက် ဒီစကားကို ကုန်ဆုံးအောင် ပြောနိုင်တဲ့ စွမ်းအားမရှိ ဖြစ်သွားတယ်။ အဲဒီ အဓိပ္ပာယ်ကို မြတ်စွာဘုရားက ဂါထာလေးနဲ့ ပြန်ဟောတယ်။</p>
<p>‘‘<b>သဋ္ဌိဝဿသဟဿာနိ, ပရိပုဏ္ဏာနိ သဗ္ဗသော။ နိရယေ ပစ္စမာနာနံ, ကဒါ အန္တော ဘဝိဿတိ</b>’’</p>
<p><b>သဗ္ဗသော</b>၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့်၊ <b>သဋ္ဌိဝဿသဟဿာနိ</b>၊ နှစ်ပေါင်းခြောက်သောင်းတို့သည်။ <b>ပရိပုဏ္ဏာနိ</b>၊ ပြည့်၍သွားခဲ့ကြလေကုန်ပြီ။ <b>နိရယေ</b>၊ ငရဲ၌၊ <b>ပစ္စမာနာနံ</b>၊ ကျက်၍နေကြကုန်သော ငါတို့အဖို့၊ <b>အန္တော</b>၊ အဆုံးအပိုင်းအခြားသည်ကား၊ <b>ကဒါ</b>၊ ဘယ်သောအခါ၌၊ <b>ဘဝိဿတိ</b>၊ ဖြစ်ပါလိမ့်အံ့နည်း။</p>
<p>ငရဲမှာ တို့ခံနေရတာ နှစ်ပေါင်း ခြောက်သောင်းပြည့်သွားပြီ။ ဘယ်တော့မှ ဒီငရဲဒုက္ခမှ ကုန်ဆုံးပါ့မလဲလို့ ဒီစကားလေး သူက ပြောချင်တာ။ အဲဒီစကားလည်း သူဆုံးအောင် ပြောနိုင်လား? မပြောနိုင်ဘူး။</p>
<p>‘‘<b>နတ္ထိ အန္တော ကုတော အန္တော, န အန္တော ပဋိဒိဿတိ။ တဒါ ဟိ ပကတံ ပါပံ, မမ တုယှဉ္စ မာရိသ</b>’’</p>
<p><b>အန္တော</b>၊ ငရဲသံသရာခရီး၏ အဆုံးအပိုင်းအခြားသည်ကား၊ <b>နတ္ထိ</b>၊ မရှိပါပေ (ဝါ) မမြင်နိုင်ပါပေ။ <b>အန္တော</b>၊ ငရဲသံသရာခရီး၏ အဆုံးအပိုင်းအခြားသည်ကား၊ <b>ကုတော</b>၊ အဘယ်မှာ ရှိနိုင်တော့အံ့နည်း။</p>
<p>ငရဲဘယ်တော့ ဆုံးမလဲလို့ လှမ်းကြည့်တော့လည်း မမြင်ဘူး။ ဘယ်တော့ ဆုံးမယ်ဆိုတာလည်း သူတို့ မသိနိုင် ဖြစ်နေပြီ။</p>
<p><b>အန္တော</b>၊ ငရဲသံသရာခရီး၏ အဆုံးအပိုင်းအခြားသည်။ <b>န ပဋိဒိဿတိ</b>၊ မထင်ရှား တွေ့မြင်နိုင်တော့ပေ။</p>
<p>ဘယ်တော့ ဒီဒုက္ခကုန်ဆုံးမယ်ဆိုတာ လှမ်းကြည့်လည်း မြင်နိုင်လား? မမြင်နိုင်ဘူး။</p>
<p><b>မာရိသ</b>၊ အို အချင်းယောက်ျား။ <b>မမ စ</b>၊ ငါ၏လည်းကောင်း၊ <b>တုယှဉ္စ</b>၊ သင်အပေါင်းအဖော်တို့၏လည်းကောင်း၊ <b>တဒါ</b>၊ ထိုလူ့ဘဝဖြစ်စဉ် ထိုအချိန်ခါကာလ၌၊ <b>ပကတံ</b>၊ ပြုကျင့်ခဲ့မိသော၊ <b>ပါပံ</b>၊ မကောင်းမှုပါပေတည်း (ဝါ) မကောင်းမှု၏ အကျိုးဆက်ပါပေတည်း။</p>
<p>တို့ လူဘဝတုန်းက မင်းတို့ကော ငါတို့ကော ညီတူညာတူ တို့လေးယောက် ပြုလုပ်ခဲ့မိတဲ့ မကောင်းမှုအကုသိုလ်ကံရဲ့ အကျိုးပဲ။ ဒီအကျိုး ဘယ်တော့ ဆုံးမယ်ဆိုတာ တို့လှမ်းကြည့်တော့ မြင်လည်း မမြင်နိုင် ဖြစ်နေပြီလို့ ဒီစကားလေး သူက ပြောချင်တယ်။ အဲဒီစကားလည်း ကုန်အောင် ပြောနိုင်သလား? မပြောနိုင်ဘူး။</p>
<p>နောက်တစ်ခု သော-ဆိုတာက ဘာပြောတာလဲ?</p>
<p><b>‘‘သောဟံ နူန ဣတော ဂန္တွာ၊ ယောနိံ လဒ္ဓါန မာနုသိံ။ ဝဒညူ သီလသမ္ပန္နော၊ ကာဟာမိ ကုသလံ ဗဟုံ။’’</b></p>
<p><b>သောဟံ</b>၊ ထိုငါသည်။ <b>နူန</b>၊ ဧကန်စင်စစ်။ <b>ဣတော</b>၊ ဤငရဲမှ။ <b>ဂန္တွာ</b>၊ ကျွတ်လွတ်ထွက်မြောက်၍ သွားခဲ့ရသည်ရှိသော်။ <b>မာနုသိံ</b>၊ လူ၌ဖြစ်သော။ <b>ယောနိံ</b>၊ ပဋိသန္ဓေကို။ <b>လဒ္ဓါန</b>၊ ရရှိခဲ့သည်ရှိသော်။ <b>ဝဒညူ</b>၊ ဆိုဆုံးမလွယ်ကူသော ပုဂ္ဂိုလ်မျိုးသည်။ <b>သီလသမ္ပန္နော</b>၊ သီလနှင့် ပြည့်စုံသော ပုဂ္ဂိုလ်မျိုးသည်။ ဟုတွာ = ဖြစ်ရ၍။ <b>ဗဟုံ</b>၊ များစွာသော။ <b>ကုသလံ</b>၊ ကောင်းမှုကုသိုလ်ကို။ <b>ကာဟာမိ</b>၊ ပြုချင်ပါလိမ့်တကား။</p>
<p>သိပ်ပြုချင်တယ်နော်။ ဒီငရဲကနေ ကျွတ်သွားရင် ငါလူ့ဘဝ ပဋိသန္ဓေ တည်နေရမယ်ဆိုရင် သိပ်ကောင်းမယ်။ လူ့ဘဝ ပဋိသန္ဓေတည်ရတဲ့ အချိန်ခါမှာ ပြောဆိုဆုံးမရ လွယ်ကူတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်ရလျှင်လည်း သိပ်ကောင်းမယ်။ ပြောဆိုဆုံးမလို့ လွယ်ကူတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်ပြီး သီလနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ရလျှင် သိပ်ကောင်းမယ်။ ကောင်းမှုကုသိုလ်တွေကို အများကြီး ငါသိပ်ပြီးတော့ ပြုချင်ပါတယ်လို့ ဒီလို သူက ပြောချင်တယ်။ ဒီတော့ ဒကာကြီးတွေ နည်းနည်း စဉ်းစားကြည့်ပါ။ ခုလို လူ့ဘဝရစဉ် အချိန်ခါတုန်းကတော့ ပြောဆိုဆုံးမတဲ့ စကားတွေကို နာယူလိုတဲ့ စိတ်ထားမရှိဘူး။ သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တွေကို လက်တွေ့ ဖြည့်ကျင့်လိုတဲ့ စိတ်ထားမရှိဘူး။ အာရုံငါးပါး ကမဂုဏ်တရားလို့ ခေါ်ဆိုအပ်တဲ့ သို့မဟုတ် အာရုံငါးပါး ကာမဂုဏ်တရားတွေအပေါ် တွယ်တာတပ်မက်နေတဲ့ ရာဂတွေကို မွေးမြူပြီးတော့ <b>နန္ဒီရာဂ</b>ခေါ်တဲ့ ဒီရေထဲမှာပဲ နစ်မြုပ်ပြီးတော့ ဘဝကို အဆုံးသတ်သွားတယ်။ အဲဒီလို အဆုံးသတ်မိလို့ ခုလို ငရဲရောက်တဲ့ အချိန်ခါကျတော့မှ တို့ကောင်းမှုကုသိုလ် ပြုချင်လိုက်ပါဘိလို့ လှမ်းပြီး အော်နေသော်လည်း အကျိုးရှိဦးမလား? မရှိတော့ဘူး။ ဒါ ဒကာကြီးတွေ စဉ်းစားကြနော်။</p>
<p>ဟာ ... ဒီ ဒု-သ-န-သောဆိုတဲ့ ပုဂ္ဂိုလ်တွေက သူတစ်ပါး သားမယားတွေကို ဖျက်ဆီးတဲ့ ဒီအကုသိုလ်ကံတွေကြောင့် ငရဲရောက်သွားတာပဲ။ တပည့်တော်တို့က ဒီလို ဖျက်ဆီးတဲ့ပုဂ္ဂိုလ်တွေမှ မဟုတ်တာဘဲလို့ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ နည်းနည်း ဆင်ခြင်မပေးကြနဲ့။ ဆင်ခြေပေးမယ် ဆိုလို့ရှိရင် နောက်သုတ္တန်လေးတစ်ခု ရှိတယ်။ <b>အာဒိတ္တပရိယာယ သုတ္တန်</b>ဆိုတဲ့ သုတ္တန်လေးတစ်ခုပါနော်။</p>
<p>ဦးပဉ္ဇင်းတို့ ဒီ<b>နန္ဒီရာဂ</b>က မိမိ၏ သားမယားအပေါ်မှာ တွယ်တာတပ်မက်တာလည်း <b>နန္ဒီရာဂ</b>ပဲ၊ မိမိရဲ့ ပစ္စည်းဥစ္စာတွေအပေါ်မှာ တွယ်တာတပ်မက်တာလည်း <b>နန္ဒီရာဂ</b>ပဲ၊ သူတစ်ပါးရဲ့ သားမယားတွေ, သူတစ်ပါးရဲ့ ဥစ္စာတွေအပေါ်မှာ တွယ်တာတပ်မက်တာလည်း <b>နန္ဒီရာဂ</b>ပဲ။ တွယ်တာတပ်မက်ပုံ အချင်းအရာချင်း မတူပေမဲ့လို့ <b>နန္ဒီရာဂ</b>ဆိုတဲ့ သဘောတရား စွမ်းအင်ချင်းကတော့ အတူတူပဲ။ အတူတူ ဖြစ်တယ်ဆိုတာကို အဲဒီ သုတ္တန်လေးမှာ ဘုရားဟောထားတယ်။</p>
<p><b>‘‘ဝရံ ဘိက္ခဝေ တတ္တာယ အယောသလာကာယ အာဒိတ္တာယ သမ္ပဇ္ဇလိတာယ သဇောတိဘူတာယ စက္ခုန္ဒြိယံ သမ္ပလိမဋ္ဌံ၊ န တွေဝ စက္ခုဝိညေယျေသု ရူပေသု အနုဗျဉ္ဇနသော နိမိတ္တဂ္ဂါဟော။’’</b></p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>တတ္တာယ</b>၊ လောလောပူသော။ <b>အာဒိတ္တာယ</b>၊ ရဲရဲငြီသော။ <b>သမ္ပဇ္ဇလိတာယ</b>၊ တပြောင်ပြောင်တောက်ပ၍နေသော။ <b>သဇောတိဘူတာယ</b>၊ မီးတောက်မီးလျှံနှင့်တကွဖြစ်သော။ <b>အယောသလာကာယ</b>၊ သံချောင်းဖြင့်။ <b>စက္ခုန္ဒြိယံ</b>၊ မျက်စိအကြည်ဓာတ် ‘စက္ခုန္ဒြေ’ ကို။ <b>သမ္ပလိမဋ္ဌံ</b>၊ ထိုးဖောက်လိုက်ခြင်းသည်။ <b>ဝရံ</b>၊ မြတ်သေး၏၊ <b>န တွေဝ</b>၊ မမြတ်သည်သာလျှင်တည်း။ <b>စက္ခုဝိညေယျေသု</b>၊ စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော။ <b>ရူပေသု</b>၊ အဆင်းရူပါရုံ အမျိုးမျိုးတို့အပေါ်၌။ <b>အနုဗျဉ္ဇနသော</b>၊ လက်, ခြေစသော အသေးစိတ် ကိုယ်အမူအရာအားဖြင့်။ <b>နိမိတ္တဂ္ဂါဟော</b>၊ ယောက်ျား, မိန်းမ၊ လှ, မလှ စသော အမှတ်နိမိတ်ကို စွဲယူခြင်းသည်ကား။ <b>န တွေဝ ဝရံ</b>၊ မမြတ်သည်သာလျှင်တည်း။</p>
<p>ရဟန်းတို့ ... သင်ချစ်သား သင်ချစ်သမီးတို့ရဲ့ မျက်လုံးအစုံကို ပက်လက်လှန်ထားလိုက်နော်။ အဲဒီလို ပက်လက်လှန်ပြီးတော့ အိပ်နေတဲ့ ဒီမျက်လုံးအစုံကို အင်မတန် မီးရဲရဲတောက်ပြီး လောလောပူနေတဲ့ သံချောင်းကြီးနဲ့ ထုတ်ချင်းပေါက်သွားအောင် ဟိုဘက်ဒီဘက် ခေါင်းကို ပေါက်သွားအောင် ထိုးဖောက်လိုက်တာက မြတ်သေးတယ်၊ စက္ခုဝိညာဏ်ဖြင့် သိမြင်အပ်တဲ့ ရူပါရုံ အမျိုးမျိုးတို့အပေါ်၌ အနုဗျဇ္ဇနဂ္ဂါဟ နိမိတ္တဂ္ဂါဟလို့ ခေါ်ဆိုအပ်တဲ့ စွဲယူနည်း နှစ်နည်းဖြင့် စွဲယူခြင်းဟာ ဘယ်တော့မှ မမြတ်ဘူးတဲ့။ <b>အနုဗျဇ္ဇနဂ္ဂါဟ</b> နိမိတ္တဂ္ဂါဟဆိုတာက ဒါက မျက်လုံးပဲ, ဒါက မျက်ခုံးပဲ, ဒါက နှာခေါင်းပဲ, ဒါက ခေါင်းပဲ, ဒါက လက်ပဲ, ဒါက ခြေပဲ စသည်ဖြင့် ဒီလို စွဲယူတာကို <b>အနုဗျဇ္ဇနဂ္ဂါဟ</b>လို့ ခေါ်တယ်။</p>
<p>ဒါက ယောက်ျားပဲ, ဒါက မိန်းမပဲ, ဒါက လှတယ်, ဒါက မလှဘူး စသည်ဖြင့် ဒီလို စွဲယူတာကိုတော့ <b>နိမိတ္တဂ္ဂါဟ</b>လို့ ခေါ်တယ်။ အဲဒီလို အနုဗျဇ္ဇနဂ္ဂါဟ နိမိတ္တဂ္ဂါဟလို့ ခေါ်ဆိုအပ်တဲ့ စွဲယူနည်း နှစ်နည်းတို့တွင် ဘယ်နည်းနဲ့ပဲ စွဲယူစွဲယူ အဲဒီလို စွဲယူတာက မမြတ်ဘူး။ မျက်လုံးအစုံကို မီးရဲရဲတောက်နေတဲ့ သံချောင်းနဲ့ ထိုးဖောက်လိုက်တာက မြတ်သေးတယ်။ ဘာကြောင့်လဲ?</p>
<p><b>‘‘နိမိတ္တဿာဒဂထိတံ ဝါ ဘိက္ခဝေ ဝိညာဏံ တိဋ္ဌမာနံ တိဋ္ဌေယျ, အနုဗျဉ္ဇနဿာဒဂထိတံ ဝါ။’’</b></p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>နိမိတ္တဿာဒဂထိတံ ဝါ</b>၊ ယောက်ျားမိန်းမ၊ လှ, မလှ စသော အမှတ်နိမိတ်၌ သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသည်မူလည်းဖြစ်သော။ <b>ဝိညာဏံ</b>၊ နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေ အကျိုးကို ပေးခြင်းငှာ စွမ်းနိုင်သော ကာမဝိညာဏ်ဟု ခေါ်ဆိုအပ်သော စိတ်အစဉ်သည်။ <b>တိဋ္ဌမာနံ တိဋ္ဌေယျ</b>၊ ဖြစ်ပေါ်တည်နေလေရာ၏၊ <b>အနုဗျဉ္ဇနဿာဒဂထိတံ ဝါ</b>၊ လက်ခြေ သဏ္ဌာန် ပြုံးဟန် ရယ်ဟန် စသော အမှတ် နိမိတ်ငယ်၌ သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသည်မူလည်းဖြစ်သော။ <b>ဝိညာဏံ</b>၊ နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးခြင်းငှာ စွမ်းနိုင်သော ကာမဝိညာဏ်ဟု ခေါ်ဆိုအပ်သော စိတ်အစဉ်သည်။ <b>တိဋ္ဌမာနံ တိဋ္ဌေယျ</b>၊ ဖြစ်ပေါ်တည်နေလေရာ၏၊</p>
<p>ဒါက ယောက်ျား, ဒါက မိန်းမ, ဒါက သား, ဒါက သမီး, ဒါက အဖိုးကြီး, ဒါက အဖွားကြီး စသည်ဖြင့် ဒီလို စွဲယူလိုက်တယ်။ အဲဒီလို စွဲယူလိုက်တယ်ဆိုရင် ဒီယောက်ျား, မိန်းမ, သား, သမီးစတဲ့ ဒီပုဂ္ဂိုလ်တွေအပေါ်မှာ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်သော်လည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ဒါက မျက်လုံးပဲ, ဒါက မျက်ခုံးပဲ စသည်ဖြင့် ဒီလို စွဲယူခဲ့မယ် ဆိုလို့ရှိရင် ထိုမျက်လုံး, မျက်ခုံးစတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုခုအပေါ်မှာ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်သော်လည်း ဖြစ်ချင်ဖြစ်နေမယ်။ အဲဒီလို ဖြစ်နေခဲ့ရင် ဒီစိတ်အစဉ်က နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးခြင်းငှာ စွမ်းနိုင်တဲ့ <b>ကာမဝိညာဏ်</b>လို့ ခေါ်ဆိုအပ်တဲ့ စိတ်အစဉ်ပဲနော်။ အဲဒီ <b>ကာမဝိညာဏ်</b>ခေါ်တဲ့ စိတ်အစဉ် ဖြစ်ပေါ်တည်နေခဲ့မယ်ဆိုရင် ဘာဖြစ်လဲ?</p>
<p><b>‘‘တသ္မိဉ္စေ သမယေ ကာလံ ကရေယျ၊ ဌာနမေတံ ဝိဇ္ဇတိ, ယံ ဒွိန္နံ ဂတီနံ အညတရံ ဂတိံ ဂစ္ဆေယျ -- နိရယံ ဝါ တိရစ္ဆာနယောနိံ ဝါ။’’</b></p>
<p><b>တသ္မိံ သမယေ</b>၊ ထိုကဲ့သို့သော နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသည့် ထိုအချိန်ခါမျိုး၌။ <b>စေ ကာလံ ကရေယျ</b>၊ အကယ်၍ သေသွားငြားအံ့။ ဧဝံ သတိ = ဤသို့ သေသွားခဲ့သည်ရှိသော်။ <b>နိရယံ ဝါ</b>၊ ငရဲသို့မူလည်းကောင်း၊ <b>တိရစ္ဆာနယောနိံ ဝါ</b>၊ တိရစ္ဆာန်မျိုး၌မူလည်းကောင်း၊ <b>ဒွိန္နံ ဂတီနံ</b>၊ နှစ်မျိုးသော ဂတိတို့တွင်။ <b>ယံ အညတရံ ဂတိံ</b>၊ အကြင် တစ်ပါးပါးသော ဂတိသို့။ <b>ဂစ္ဆေယျ</b>၊ ရောက်လေရာ၏၊ <b>ဧတံ ဌာနံ</b>၊ ဤငရဲ တိရစ္ဆာန်ဟု ခေါ်ဆိုအပ်သော နှစ်မျိုးသော ဂတိတို့တွင် တစ်မျိုးမျိုးသော ဂတိသို့ လားရောက်ရန် ဤအကြောင်းရာမျိုးသည်။ <b>ဝိဇ္ဇတိ</b>၊ ထင်ရှားဧကန် ရှိသည်အမှန်သာလျှင်တည်း။</p>
<p>ငရဲနှင့် တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝကို ရောက်မယ်ဆိုတဲ့ ဒီအကြောင်းတရားက ထင်ရှားရှိနေတယ်။ ဘယ်အချိန်ခါလဲ? နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ ထိုအချိန်ခါမှာ ဗြုန်းကနဲ သေသွားခဲ့မယ်ဆိုရင် မရဏသန္နဇောက နှစ်သက်သာယာမှု ရာဂ ဦးဆောင်နေတဲ့ လောဘဇောတွေ ဖြစ်ခဲ့မယ်ဆိုရင် ငရဲနှင့် တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝကို ရောက်မယ်ဆိုတဲ့ ဒီအကြောင်းတရားသည် ထင်ရှားဧကန် ရှိနေတယ်။ ဒါကြောင့် သင်ချစ်သားတို့ သင်ချစ်သမီးတို့ရဲ့ မျက်လုံးအစုံကို မီးဟုန်းဟုန်းတောက်နေတဲ့ သံချောင်းကြီးနဲ့ ထိုးဖောက်လိုက်တာက မြတ်သေးတယ်။ ဒါက ယောက်ျားပဲ, ဒါက မိန်းမပဲ, ဒါက သားပဲ, ဒါက သမီးပဲ ဒီလို စွဲယူတာဟာ မမြတ်ဘူး။ မျက်လုံးပဲ, မျက်ခုံးပဲ စသည်ဖြင့် ဒီလို ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုကို လှမ်းပြီး စွဲယူလိုက်တာကလည်း မမြတ်ပါဘူးလို့ ဒီလို ဟောထားတယ်။</p>
<p>ဒီလိုဆိုရင် အဲဒီမှာ သူတစ်ပါးရဲ့ သားမယားတွေကို ဖျက်ဆီးနေတဲ့ သဘောတရားတွေပါလား? မပါဘူးနော်။ ဒါကြောင့် သူတစ်ပါး သားမယားကို ဖျက်ဆီးသည်ဖြစ်စေ၊ မိမိ သားမယားအပေါ်မှာပဲ တွယ်တာတပ်မက်မှု ဖြစ်သည်ဖြစ်စေ၊ ဒီ<b>နန္ဒီရာဂ</b>ခေါ်တဲ့တရားသည် အပါယ်ကို ပစ်ချနိုင်တဲ့စွမ်းအား မရှိဘူးလား? ရှိနေတယ်။ ဒီလိုဆိုရင် ဒီနေ့ ဒကာကြီးတွေ ဒကာမကြီးတွေ နိဗ္ဗာန်ကို လိုချင်ကြတယ်ဆိုရင် ဘာလုပ်ရမလဲ? အဲဒါ <b>နန္ဒီရာဂ</b>ဆိုတဲ့ ရေထဲမှာ နစ်မြုပ်ပြီး နေရမလား? မနေရဘူး။ ဒီရေထဲကနေ လွတ်သွားအောင် ကြိုးစားဖို့ မလိုဘူးလား? လိုအပ်တယ်။ နောက်တစ်ခု -</p>
<p><b>‘‘ထလေ ဥဿာဒေါ’တိ ခေါ, ဘိက္ခု, အသ္မိမာနဿေတံ အဓိဝစနံ။’’</b></p>
<p>သောင်ပေါ်မှာ တင်နေတယ်ဆိုတာက ဘာပြောတာလဲ? <b>အသ္မိမာန</b>၊ ငါငါလို့ ထောင်လွှားနေတဲ့ မာန်မာနတရားကို ပြောတာနော်။ ငါငါလို့ ထောင်လွှားနေတဲ့ ဒီမာန်မာနတရား ထင်ရှားရှိနေခဲ့ရင်လည်း ဒီမာန်မာနတရားက ဘယ်ကို ပို့ဆောင်နိုင်တဲ့ စွမ်းအားရှိလဲ?</p>
<p>ငါငါတက်ကြွ မာန်မာနနှင့် လောဘ ဒေါသ အစဖြာသား မိုက်မာလှစွာ အဓမ္မကို ဝေးကမလာ ကင်းရှင်းကွာအောင် ခါခါမပွား အပျင်းများမူ လေးပါးပါယ်ရွာ နင့်အိမ်သာဟု စိတ်မှာစွဲkပ် သတိချပ်လော့</p>
<p><b>လယ်တီဆရာတော်ဘုရား</b> ဆုံးမထားတယ်။ ငါငါလို့ ထောင်လွှားနေတဲ့ ဒီမာန်မာနတရားကလည်း ဘယ်ကို ပစ်ချနိုင်တဲ့ စွမ်းအားရှိလဲ? အပါယ်လေးဘုံကို ပစ်ချနိုင်တဲ့ စွမ်းအားရှိတယ်။ “ငါလိုပုဂ္ဂိုလ်မျိုး လောက ရှိရိုးလားနော်” ။ ရဟန်းဖြစ်မယ် ဆိုလို့ရှိရင်ပေါ့နော် - ရဟန်းဖြစ်မယ် ဆိုလို့ရှိရင် သူများ ပံ့သကူဓူတင် ဆောင်တယ်ဆိုရင် ငါလည်း ပံ့သကူဓူတင်ဆောင်တယ်, သူများ အရညကင်ဓူတင် ဆောင်တယ်ဆိုရင် ငါလည်း အရညကင်ဓူတင် ဆောင်လိုက်တာပဲနော်။ အဲ သူများကနေပြီးတော့ ပိဏ္ဍပတ်ဓူတင် ဆောင်တယ်ဆိုရင် ငါလည်း ပိဏ္ဍပတ်ဓူတင် ဆောင်တာပဲ။ သူတစ်ပါးက ဆေးကုတယ်ဆိုရင် ကိုယ်လည်း ဆေးကုလိုက်တယ်။ သူတစ်ပါးက ဗေဒင်ဟောတယ်ဆိုရင် ကိုယ်လည်း ဗေဒင်ဟောလိုက်တာပဲ။ နောက်တစ်ခု ဘာလုပ်သေးလဲ? သူများက ချဲပေးတယ်ဆိုရင် ကိုယ်လည်း ချဲပေးတာပဲ။ ဟုတ်တယ်မဟုတ်လား? နေရာတကာမှာ သူက ဝင်ပြီး ယှဉ်ပြိုင်တယ်။ သူများ မုသားပြောရင်လည်း ကိုယ်လည်း ဝင်ပြီးတော့ မုသားပြောလိုက်တာပဲ။ အပြောက ခပ်ကောင်းကောင်း သူများက သူများအကြောင်းတွေ မတရားလာပြီး ကုန်းချောပြီး ပြောရင်၊ ကိုယ်ကလည်း သူများအကြောင်း ပိုပြီးလို့တောင် ပြောလိုက်သေးတယ်။ ပြောလိုက်တဲ့ အချိန်ခါကျတော့ ဘာဖြစ်လာလဲ?</p>
<p>ဘေးကနေ ကြည့်နေတဲ့ပုဂ္ဂိုလ်က ဒီပုဂ္ဂိုလ်ကြည့်ပြီးတော့ “ဩော် ... ဒီပုဂ္ဂိုလ်မှာ အတွင်းမှာ သီလရှိမှ ရှိပါ့မလား” လို့ သံသယဖြစ်လောက်တဲ့ သဘော မရှိဘူးလား? ရှိတယ်။ ခုနက သောင်ပေါ်မှာ တင်နေတဲ့ သစ်တုံးကြီး တစ်ပိုင်း ကြည့်လိုက်ရင် ရေထဲမြုပ်နေတယ်, တစ်ပိုင်းကြည့်လိုက်တော့ အပေါ်က ပေါ်နေတယ်။ အဲဒီ ပေါ်နေတဲ့ သစ်တုံးက မိုးရွာလိုက် နေပူလိုက်၊ မိုးရွာလိုက် နေပူလိုက်ဆိုတော့ ဒီသစ်တုံးက ကြာတော့ ဘာဖြစ်လာလဲ? ရေညှိတွေ တက်ပြီးတော့ ရေညှိတွေ တက်လာတဲ့ အချိန်ခါကျတော့ ဒီသစ်တုံးကို မြင်ရတဲ့ ပုဂ္ဂိုလ်က ဒါကြီးက ဘာလဲ? စိတ်ထဲမှာ ဇဝေဇဝါ ဖြစ်မသွားဘူးလား? ဖြစ်သွားတယ်။ အဲဒီအတိုင်းပဲ။ မာနကြီးတဲ့ပုဂ္ဂိုလ်ဆိုတာ ဒီပုဂ္ဂိုလ်ကို လှမ်းပြီး ဘေးကတွေ့လိုက်ရင် ဒီပုဂ္ဂိုလ်ဟာ သီလ ရှိမှရှိပါ့မလားလို့ ဘေးက သံသယဖြစ်စရာတွေ ဝင်မလာဘူးလား? ဝင်လာတယ်။ မိမိကိုယ်ကိုတော့ မိမိ ကြည့်လိုက်ရင် ဟန်နေတာပဲ။</p>
<p>မာနက ဒကာကြီးတွေ ဒကာမကြီးတွေဘက်က ပြောရင်ပေါ့ - အိမ်ချင်း ပြိုင်တယ်၊ စိန်နားကပ်ချင်း ပြိုင်တယ်၊ ကားချင်း ပြိုင်တယ်၊ လင်ချင်း ပြိုင်တယ်၊ မယားချင်း ပြိုင်တယ်၊ သားချင်း ပြိုင်တယ်ပေါ့။ ဟုတ်တယ်မဟုတ်လား? အဲဒီလို ပြိုင်နေတာတွေဟာ တစ်ဖက်က ကြည့်လိုက်ရင်တော့ ဟန်သလိုလိုပဲ။ တစ်ဖက်ကတော့ ရာဂတည်းဟူသော မိုးတွေကလည်း တစ်ဖက်က စွတ်မနေဘူးလား? စွတ်နေတယ်။ တစ်ဖက်ကြည့်လိုက်တော့လည်း ထောင်ထောင်, ထောင်ထောင်နဲ့ နေလိုက်တဲ့အတွက် မာနတရားတွေက လွှမ်းမိုးနေတယ်။ အဲဒီလို မာနတရားတွေ လွှမ်းမိုးနေပြီ ဆိုလို့ရှိရင်လည်း ဒါကြည်းကုန်းထက် သောင်ပေါ်မှာ တင်နေပြီ။ အဲဒီလို သောင်ပေါ်တင်နေတဲ့ ပုဂ္ဂိုလ်တွေ နိဗ္ဗာန် ရမလား? မရနိုင်ဘူး။</p>
<p>ဒီလိုဆိုရင် ဒကာကြီးတွေ ဒကာမကြီးတွေ နိဗ္ဗာန်လိုချင်တယ် ဆိုရင် ဘာလုပ်ရမလဲ? သောင်ပေါ်မှာ တင်မနေနဲ့။ ဘာပြောတာလဲ? မာနမကြီးပါနဲ့လို့ ပြောတာ။ နှိမ်ချတဲ့ စိတ်ဓာတ်ကလေး ရှိဖို့ မလိုဘူးလား? လိုအပ်တယ်။ ဘာကို အကြောင်းပြုပြီး မာနတွေ ကြီးသလဲ? သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတွေကို အကြောင်းပြုပြီး မာနကြီးခဲ့တယ်ဆိုရင် ဘုန်းကြီးတို့ ဝိပဿနာနယ်ကတော့ ဘာလုပ်ရလဲ? ဒီသက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတွေကို ဖမ်းပြီး ဓာတ်လေးပါးစိုက်၊ သက်ရှိအရာဝတ္ထု ဖြစ်ခဲ့ရင် ရုပ်တရား နာမ်တရားတွေ သိမ်းဆည်းပြီးတော့ ဒီရုပ်နာမ်တွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုရတယ်။ သက်မဲ့ ရွှေငွေ အိုးအိမ် အစရှိတဲ့ သက်မဲ့ပစ္စည်း ဝတ္ထုအစုစု ဖြစ်ခဲ့ရင် ထိုသက်မဲ့ဝတ္ထုတွေကို ဖမ်းပြီး ဓာတ်လေးပါးစိုက်ကြည့်။ အားလုံး ကလာပ်အမှုန်လေးတွေပဲနော်။ ဒီအမှုန်လေးတွေကို ဓာတ်ခွဲလိုက်ရင် တစ်မှုန်တစ်မှုန်မှာ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာဆိုပြီး သဘောတရား ရှစ်ခုရှိတယ်။ ကလာပ်တစ်ခုမှာရှိတဲ့ တေဇောဓာတ်ကြောင့် နောက်ကလာပ်တွေ ဆင့်ကဲဆင့်ကဲ ထပ်ခါထပ်ခါ ဖြစ်နေတဲ့ ရုပ်တရား အစုအပုံတွေပဲ အဲဒီ ရုပ်တရား အစုအပုံတွေကို သိမ်းဆည်းပြီးတော့ ဒီရုပ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုရတယ်။ ရုပ်တရား နာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုတဲ့အပိုင်းမှာ <b>အနိစ္စနုပဿနာဉာဏ်</b>သည် မာနစွဲကို ဖြိုခွဲနိုင်တဲ့ စွမ်းအားရှိတယ်။ <b>ဒုက္ခနုပဿနာဉာဏ်</b>က ရာဂစွဲကို ဖြိုခွဲနိုင်တဲ့ စွမ်းအားရှိတယ်။ <b>အနတ္တနုပဿနာဉာဏ်</b>က အတ္တဒိဋ္ဌိစွဲကို ဖြိုခွဲနိုင်တဲ့ စွမ်းအားရှိတယ်။</p>
<p>ဒါကြောင့် ဦးပဉ္ဇင်းတို့ ရုပ်တရား နာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းသည် <b>နန္ဒီရာဂ</b>ခေါ်တဲ့ တဏှာကို တိုက်ဖျက်တဲ့ လုပ်ငန်းခွင်လည်း ဖြစ်တယ်။ အတ္တနိမာနလို့ခေါ်ဆိုအပ်တဲ့ ငါငါလို့ ထောင်လွှားတက်ကြွနေတဲ့ မာန်မာနတရားတွေကို ဖြိုခွဲနိုင်တဲ့ လက်နက်ကောင်းတစ်ခု ဖြစ်တယ်။ စွမ်းအားကြီးတစ်ခု ဖြစ်ပါတယ်နော်။ ဒါကြောင့် ရုပ်နာမ်တွေကို သိခြင်း, အကြောင်းတရား အကျိုးတရားတွေကို သိခြင်း, အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုခြင်းသည် ရေလည်ခေါင်မှာလည်း မမြုပ်ခြင်း၊ သောင်ပေါ်မှာလည်း မတင်ခြင်းဘဲ ဖြစ်တယ်။ နောက်တစ်ခု -</p>
<p><b>မနုဿဂ္ဂါဟ</b> - လူဆယ်တယ်တဲ့။ နံပါတ်လေးနော်။</p>
<p><b>‘‘ကတမော စ, ဘိက္ခု, မနုဿဂ္ဂါဟော? ဣဓ, ဘိက္ခု, ဂိဟီဟိ သံသဋ္ဌော ဝိဟရတိ, သဟနန္ဒီ သဟသောကီ, သုခိတေသု သုခိတော, ဒုက္ခိတေသု ဒုက္ခိတော, ဥပ္ပန္နေသု ကိစ္စကရဏီယေသု အတ္တနာ တေသု ယောဂံ အာပဇ္ဇတိ။’’</b></p>
<p><b>ဘိက္ခု</b>၊ ချစ်သားရဟန်းတို့ ...။ <b>မနုဿဂ္ဂါဟော</b>၊ ဆယ်ယူတတ်တဲ့ လူသားဟူသည်ကား (ဝါ) လူအဆယ်ခံရ၏ဟူသည်ကား။ <b>ကတမော</b>၊ အဘယ်နည်း။ <b>ဘိက္ခု</b>၊ ချတ်သားရဟန်း။ <b>ဣဓ</b>၊ ဤသာသနာတော်မြတ်အတွင်း၌။ <b>ဘိက္ခု</b>၊ ယောဂါဝစရရဟန်းတော်သည်။ <b>ဂိဟီဟိ</b>၊ လူ ဒကာ, ဒကာမတို့နှင့်။ <b>သံသဋ္ဌော</b>၊ ရောရောနှောနှော။ <b>ဝိဟရတိ</b>၊ နေထိုင်လေ့ရှိ၏၊ <b>သဟနန္ဒီ</b>၊ လူဒကာ, ဒကာမတို့နှင့် အတူရော၍ နှစ်သက်ဝမ်းမြောက်ခြင်း ရှိသည်လည်းဖြစ်၏၊ <b>သဟသောကီ</b>၊ လူဒကာ, ဒကာမတို့ သောကဖြစ်ခဲ့သော် မိမိလည်း အတူရော၍ သောက ဖြစ်တတ်သည်လည်းဖြစ်၏၊ <b>သုခိတေသု</b>၊ လူဒကာ, ဒကာမတို့ စိတ်ချမ်းသာ, ကိုယ်ချမ်းသာခြင်းသို့ ရောက်ရှိလာသော်။ <b>သုခိတော</b>၊ မိမိလည်း အတူရော၍ ကိုယ်ချမ်းသာခြင်း, စိတ်ချမ်းသာခြင်း ရှိသည်ဖြစ်၏၊ <b>ဒုက္ခိတေသု</b>၊ လူဒကာ, ဒကာမတို့သည် ကိုယ်စိတ်ဆင်းရဲခြင်းသဘော ရောက်ရှိ၍ နေကြကုန်သည်ရှိသော်။ <b>ဒုက္ခိတော</b>၊ မိမိလည်း အတူရော၍ ကိုယ်ဆင်းရဲခြင်း, စိတ်ဆင်းရဲခြင်းရှိသည်ဖြစ်၏၊ <b>ဥပ္ပန္နေသု</b>၊ ဖြစ်ပေါ်လာလတ်ကုန်သည်ရှိသော်။ <b>ကိစ္စကရဏီယေသု</b>၊ ကိစ္စကြီးငယ် အသွယ်သွယ်တို့၌။ <b>အတ္တနာ</b>၊ ကိုယ်တိုင်။ <b>တေသု</b>၊ ထိုကိစ္စကြီးငယ် အသွယ်သွယ်တို့၌။ <b>ယောဂံ အာပဇ္ဇတိ</b>၊ ဝင်ရောက်၍ ကြိုးစားအားထုတ်ခြင်းသို့ ရောက်တတ်၏၊</p>
<p>လူဒကာ, ဒကာမနဲ့လည်း ရော၍ နေထိုင်တယ်။ လူဒကာ, ဒကာမတို့ ဝမ်းသာရင် ကိုယ်လည်း အတူရောပြီး ဝမ်းသာတယ်။ လူဒကာ, ဒကာမတွေက စိုးရိမ်ပူဆွေး ငိုကြွေးနေပြီဆိုရင် မိမိလည်း အတူရောပြီး စိုးရိမ်ပူဆွေး ငိုကြွေးတယ်။ လူဒကာ, ဒကာမတွေ စိတ်ဆင်းရဲ, ကိုယ်ဆင်းရဲ ရောက်နေရင် မိမိလည်း အတူရောပြီး စိတ်ဆင်းရဲ, ကိုယ်ဆင်းရဲ ရောက်နေတယ်။ လူဒကာ, ဒကာမတွေ စိတ်ချမ်းသာ, ကိုယ်ချမ်းသာ ဖြစ်နေခဲ့ရင်လည်း မိမိလည်း အတူရောပြီး စိတ်ချမ်းသာ, ကိုယ်ချမ်းသာ ဖြစ်တယ်။ လူဒကာ, ဒကာမတွေမှာ ကိစ္စကြီးငယ် အသွယ်သွယ်တွေ ဖြစ်ပေါ်လာပြီဆိုရင် ထိုကိစ္စကြီးငယ် အသွယ်သွယ်တွေကို မိမိကိုယ်တိုင် ဝင်ရောက်ပြီး ဆောင်ရွက်ပေးတတ်တယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးကို လူဆယ်ခံရတယ်လို့ ခေါ်တယ်။ ဒကာကြီးတွေ, ဒကာမကြီးတွေမှာလည်း အဲဒီလို ကိစ္စလေးတွေ မရှိကြဘူးလား? ရှိကြပါတယ်နော်။</p>
<p>သားတွေ, သမီးတွေ ဝမ်းသာရင် ကိုယ်လည်း အတူရောပြီး ဝမ်းသာတယ်၊ သားတွေ, သမီးတွေ စိုးရိမ်ပူဆွေး ငိုကြွေးနေပြီဆိုရင် ကိုယ်လည်း အတူရောပြီး စိုးရိမ်ပူဆွေး ငိုကြွေးတယ်၊ မဖြစ်ဘူးလား? ဖြစ်ကြတယ်။ သူတို့ ချမ်းသာရင် ကိုယ်လည်း ချမ်းသာတယ်၊ သူတို့ ဆင်းရဲရင် ကိုယ်လည်း အတူရောပြီး ဆင်းရဲကြတယ်။ သားကိစ္စ, သမီးကိစ္စ, မြေးကိစ္စဆိုရင် ကိုယ်တိုင် ဝင်ပြီး ရွက်ဆောင်ပေးရမှ ကျေနပ်တယ်။ အဲဒီလို ဖြစ်နေပြီဆိုရင်တော့ ဘာလုပ်တာလဲ? လူအဆယ်ခံရတာပဲ။ အဲဒီ လူဆယ်ခံနေရတဲ့ ပုဂ္ဂိုလ်တွေ နိဗ္ဗာန်ရောက်ပါ့မလား? မရောက်နိုင်ဘူး။</p>
<p>ထုံးလေးတစ်ခု ရှိပါတယ်နော်။ ခဏခဏတော့ ဟောဖူးပါတယ်။ နာဖူးထပ်မံပေါ့။ ဦးပဉ္ဇင်းတို့ ရဟန်းတော်တစ်ပါး သူက ရာဇဂြိုဟ်မြို့သားဖြစ်ပါတယ်။ ရာဇဂြိုဟ်မှာ ကုဋေလေးဆယ်လောက် ကြွယ်ဝချမ်းသာနေတဲ့ မိဘနှစ်ပါးတို့ရဲ့ တစ်ဦးတည်းသော သားဖြစ်တယ်။ ဘုရားရှင်ရဲ့ တရားတော်တွေကို နာကြားခွင့် ရတဲ့အချိန်ခါမှာ သဒ္ဒါတရား အပြည့်အဝနဲ့ သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာတယ်။ မိဘတွေကလည်း သဘောမတူပါဘူးနော်။ သဘောမတူပေမဲ့လို့ သဘောတူအောင် ဆန္ဒယူပြီးတော့ နောက်ဆုံး သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်း ပြုလာတယ်။ ရှင်ရဟန်းပြုပြီး မကြာခင် တစ်ဆယ့်ငါးရက်ခန့်လောက်အကြာ ဘုရားရှင် သာဝတ္ထိသို့ ကြွတော်မူတဲ့ အချိန်အခါ သာဝတ္ထိသို့ လိုက်ပါသွားပါတယ်။ မိဘတွေလည်း စိတ်မကောင်း ဖြစ်နေတယ်။</p>
<p>ဒီလို စိတ်မကောင်း ဖြစ်နေတာကို အမျိုးသမီးတစ်ဦးပေါ့ ပြည့်တန်ဆာမလို့ ရှေးတုန်းက ခေါ်ပါတယ်နော်။ အဲဒီ အမျိုးသမီးက သိတဲ့ အချိန်ခါကျတော့ ဒီမိဘတွေထံ သွားပြီးတော့ အကျိုးအကြောင်း တိုင်ပင်တယ်။ အကယ်၍များ ရှင်တို့ရဲ့သားသည် လူ့လောကကို တစ်ဖန် ပြန်လာခဲ့မယ်ဆိုရင် သူ့ကို ဘယ်လို စဉ်းစားမလဲဆိုတဲ့အကြောင်းပေါ့။ အဲဒီ အချိန်ခါမှာ သင့်ကို ချွေးမရာထူး ထားမယ်လို့ ပြောလိုက်တော့၊ ငွေတစ်ထောင် တောင်းပြီး သာဝတ္ထိကို သူကလည်း လိုက်သွားတယ်။ သာဝတ္ထိမှာ ဒီကိုယ်တော် ဘယ်လမ်းကနေ ဆွမ်းခံကြွသလဲ? ဒါကို သူက လိုက်ကြည့်တယ်။ ဆွမ်းခံကြွတဲ့လမ်းမှာ အကောင်းဆုံး အိမ်တစ်လုံးကို ငှားလိုက်တယ်။ အခြွေရံပရိသတ်တွေနဲ့ ကျကျနန နေပြီးတော့ သူက ဒီကိုယ်တော် ဆွမ်းခံလာတဲ့ အချိန်ခါမှာ ကျကျနန မွန်မြတ်တဲ့ ဒီကိုယ်တော် ကြိုက်တတ်တဲ့ အစားအစာတွေကို ချက်ပြီး လောင်းလှူလိုက်တယ်။ အပြည့်ပဲ။ ကျေနပ်သွားပြီနော်။ ကိုယ်တော်ကလည်း သူက နည်းနည်းလေး မလွေးရတာ ကြာပြီနဲ့ တူတယ်။ ဒီလို တွေ့လိုက်တဲ့ အချိန်ခါကျတော့ ဒီလမ်းကို သူက ဆွမ်းခံ မသွားဘဲ မနေနိုင်ဖြစ်နေတယ်။ အဲဒီလိုနေရာကနေ ရက်တော်တော် ကြာညောင်းလာတဲ့ အချိန်ခါကျတော့ ဘာလုပ်သလဲ?</p>
<p>အမျိုးသမီးကနေပြီးတော့ ဆွမ်းမမှီတဲ့ပုံ ဟန်ဆောင်ပြီးတော့ ဆင်းလာတယ်။ အရှင်ဘုရား ဒီနေ့အိမ်မှာ ခိုင်းထားတဲ့ပုဂ္ဂိုလ်တွေကလည်း ဘယ်လို ဘယ်လို ပေါ့လေနော်။ အကြောင်းအမျိုးမျိုး ပြပြီးတော့ ဆွမ်းက မမှီဖြစ်နေတယ်။ ခေတ္တ သည်းခံပြီးတော့ အိမ်ပေါ် ကြွတော်မူပါ။ ပင့်လိုက်တယ်။ မနေနိုင်ဘူးနော်။ မနေနိုင်တော့ ဒီကိုယ်တော်က အိမ်ပေါ် ကြွပြန်တယ်။ အိမ်ပေါ်ကြွပြီးတော့ တော်တော်လေး ရင်းနှီးလာပြီ။ ရင်းနှီးလာတော့ တစ်နေ့ကျတော့ ဘာလုပ်သလဲ? အမျိုးသမီးလေးက နေမကောင်းချင် ယောင်ဆောင်ပြီး အိပ်ခန်းထဲမှာ ဝင်နေလိုက်တယ်။ ကိုယ်တော်ကလည်း ကြွလာပြီး။ အိမ်ပေါ်မှာ ထိုင်နေပြီ။ ဆွမ်းလောင်းမဲ့ ဆွမ်းဒကာမကလည်း မရှိဘူး။ မရှိတော့ အိမ်မှာ စေခိုင်းထားတဲ့ အစေအပါးတွေက ဘာပြောလဲ? အရှင်ဘုရား ... အရှင်ဘုရားရဲ့ ဥပါသိကာမတော့ နေမကောင်း ဖြစ်နေပါတယ်။ အိပ်ခန်းထဲမှာ ဖျားနေပါတယ်။ အရှင်ဘုရားကို အင်မတန် ဖူးမြော်ကန်တော့ချင်နေပါတယ်။ ဒါကြောင့်မို့ အရှင်ဘုရား အိပ်ခန်းထဲ ကြွပါပေါ့။ ဘယ့်နှယ်တုန်း ဒကာစိုးဝင်း ခုနေများ အဲဒီလို ပင့်မယ်ဆိုရင် ဘယ်နဲ့ နေမလဲ? အဲဒါ ကိုယ်တော်ကလည်း မနေနိုင်ဘူး။ ကြွပြန်တယ်။ ခက်ပုံကနော်။ ကြွပြန်တော့ အဲဒီမှာ အမျိုးသမီးတို့ရဲ့ နည်းပရိယာယ်နဲ့ ဆွဲဆောင်လိုက်တာ ဘာဖြစ်သွားလဲ? လူဝတ်လဲပြီးတော့ ရာဇဂြိုဟ် ပြန်ပါသွားတဲ့ အဆင့်အထိ ရောက်သွားတယ်နော်။ ရောက်သွားတဲ့ အချိန်ခါကျတော့ ဒါက လူဆယ်ခံရတာ သူနိဗ္ဗာန် ရဦးမလား? မရဘူး။ ဒါပေမဲ့ ဒီအကြောင်းက မဆုံးဖြစ်နေတယ်။ မဆုံးဖြစ်တာက ဒီလိုပါ။</p>
<p>ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရဟန်းပရိသတ်ထဲမှာ အချီအချစကား ဖြစ်လာတော့ မြတ်စွာဘုရားကို လျှောက်ထားတော့ မြတ်စွာဘုရားက သူ့ရဲ့ အတိတ်ဇာတ်ကြောင်းလေး ဟောပေးတယ်။ အဲဒီ အတိတ်ဇာတ်ကြောင်းက ဦးပဉ္ဇင်း စိတ်ဝင်စားတဲ့ အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီရဟန်းတော်က ဒီဘဝမှာတွင် ဒီလို <b>ရသတဏှာ</b>ရဲ့ အလိုဆန္ဒကို လိုက်လျောမိတဲ့အတွက် ဒီလို ဒုက္ခရောက်တာ မဟုတ်သေးဘူး။ နောက် အတိတ်ဘဝ တစ်ခုတုန်းကလည်း ဒီလိုပဲ ရသတဏှာကို အကြောင်းခံပြီး ဒုက္ခရောက်ခဲ့ဖူးတယ် ဆိုတဲ့အကြောင်း မြတ်စွာဘုရား ပြန်ဟောပြတယ်။ ဘဝတစ်ခုမှာပေါ့ - အမျိုးသမီးက သူက ဥယျာဉ်မှူး ဖြစ်တယ်။ ဒီကိုယ်တော်လေးက သမင်တစ်ကောင် ဖြစ်နေတယ်။ သမင်က ဘာသမင်လဲလို့မေးတော့ ဝါသမိဂခေါ်တဲ့ <b>လေသမင်</b>တစ်ကောင်ပါပဲ။ လေသမင်ဆိုတာကတော့ လေကဲ့သို့ လျင်မြန်တဲ့ အဟုန်နဲ့ ပြေးသွားနိုင်တဲ့ စွမ်းအားရှိတဲ့ သမင်တစ်မျိုးပဲ။ အဲဒီ သမင်တို့ရဲ့ ဓမ္မတာက လူကို တစ်ခါမြင်ဖူးတဲ့နေရာ မှန်ခဲ့ရင် ခုနစ်ရက် နောက်ထပ် ဒီနေရာ ဘယ်တော့မှ မလာဘူး။ အကယ်၍ ကြောက်လန့်ပြီးတော့ ဒီနေရာက ပြေးခဲ့ဖူးတယ်ဆိုရင် အဲဒီနေရာမျိုးကို နောက်ထပ် တစ်သက် ဘယ်တော့မှ မလာဘူး။ အဲဒီလောက် လူနဲ့ ဝေးဝေးကွာကွာ ရှောင်ရှားပြီးနေတဲ့ သမင်မျိုးပဲ။ ဒါပေမဲ့ ဒီသမင်က တစ်နေ့ ဘာဖြစ်လာလဲ?</p>
<p>အဲဒီ ဗာရာဏသီမင်းဥယျာဉ်မှာရှိတဲ့ မြက်ကလေးတွေကို လာပြီး စားတယ်။ စားလိုက်တာကို ဥယျာဉ်မှူးကလည်း သတိ အမှတ်ထားလိုက်တယ်။ အမှတ်ထားလိုက်တော့ ရှင်ဘုရင်ကလည်း ဥယျာဉ်မှူးကို မေးတယ်။ ဥယျာဉ်မှူး ဥယျာဉ်ထဲမှာ ဘာများ ထူးထွေဆန်းပြားတဲ့ သတင်းစကားတွေ ရှိသလဲ? အရှင်မင်းကြီး တစ်ခြား ထူးထူးထွေထွေ အကြောင်းအရာတော့ မရှိပါဘူး။ ဒါပေမဲ့ သမင်တစ်ကောင်တော့ ဒီဥယျာဉ်အတွင်းမှာလာပြီး ကျက်စားနေတာကို ခဏခဏ တွေ့နေရတယ်။ ဒီလိုဆိုရင် ဒီသမင်ကို သင် ဖမ်းနိုင်တဲ့စွမ်းအား ရှိလား? မေးကြည့်တယ်။ မေးကြည့်လိုက်တဲ့ အချိန်ခါကျတော့မှ ဥယျာဉ်မှူးက ဘာပြန်ပြီး သံတော်ဦးတင်သလဲ? အရှင်မင်းကြီး ပျားရည်များ ရခဲ့မယ် ဆိုလို့ရှိရင်တော့ အကျွန်တော်မျိုး ဒီသမင်ကို ဖမ်းနိုင်တဲ့ စွမ်းအား ရှိနိုင်ပါလိမ့်မယ်။ ပြန်လျှောက်ထားတယ်။ ကဲ ပျားရည် အလိုရှိသလောက်ယူစေ အမိန့်ချလိုက်တယ်နော်။</p>
<p>ပျားရည်တွေ ယူသွားပြီးတဲ့ အချိန်ခါကျတော့ ဒီဥယျာဉ်မှူး ဘာလုပ်သလဲ? ဒီသမင်လေး လာပြီး ကျက်စားနေကျ နေရာမှာရှိတဲ့ မြက်တွေကို သွားပြီး ပျားရည်လူးပေးလိုက်တယ်။ <b>ပျားလူးမြက်</b>ကို စားလိုက်ရတဲ့ အချိန်ခါမှာ ဒီသမင်ဟာ ဒီနေရာ မလာဘဲ မနေနိုင်တဲ့သဘော ဖြစ်သွားပြီး။ ပျားလူးမြက်ကို သိပ်စွဲသွားတယ်နော်။ စွဲသွားတဲ့ အခါကျတော့ နောက်ဆုံး တဖြည်းဖြည်း ဥယျာဉ်မှူးက ဘာလုပ်သလဲ? ကောင်းပေ့ဆိုတဲ့ မြက်လေးတွေကို ရိတ်ရိတ်ပြီးတဲ့အခါ ဒီမြက်လေးတွေကို ပျားရည်နဲ့ လူးပြီးတော့ အဲဒီ မြက်လေးတွေကို သမင်လေးကို သွားသွားပြီး ကျွေးတယ်။ တဖြည်းဖြည်း သမင်က ယဉ်ပါးလာလိုက်တာ နောက်ဆုံး လက်ပေါ်တင်ထားတဲ့ မြက်ကိုတောင် လာပြီးတော့ စားတယ်။ စားလိုက်တဲ့ အချိန်ခါကျတော့ တစ်နေ့ သူ ဘာလုပ်သလဲ?</p>
<p>ဥယျာဉ်တော်ကနေ နန်းတော်အထိ ဘေးပတ်ပတ်လည်မှာ လမ်းဘေး တစ်ဖက်တစ်ချက်ပေါ့နော်။ လမ်းဘေး တစ်ဖက်တစ်ချက်မှာ အကာအရံတွေ အားလုံးကာပြီး အပေါ်က သစ်ခက်တွေ မိုးတောရိပ်အသွင် ဖန်ဆင်းပြီးတော့ လက်ထဲမှာ ပျားလူးမြက်ကလေးတွေ ကိုင်ပြီးတော့ ဒီသမင်ကို တဖြည်းဖြည်း ခေါ်သွားလိုက်တာ၊ နောက်ဆုံး နန်းတွင်းရောက်။ နန်းတွင်းလည်းရောက်ရော အဲဒီမှာ မင်းတုပ်တံခါးတွေ ချပြီးတော့ ဒီသမင်ကို ဖမ်းလိုက်တာ မိသွားခဲ့ဖူးတယ်။ ရှေးတုန်းက ဒီလို ရသတဏှာကို အကြောင်းပြုပြီးတော့ ဒီသမင် အဖမ်းခံခဲ့ရဖူးတယ်။ အခုလည်း ဒီအတိုင်းပဲ။ ဒီရဟန်းတော်က ဒီရဟန်းဘဝ ရောက်ရှိလာတဲ့ အချိန်ခါမှာလည်း ဒီရသတဏှာကို အကြောင်းပြုပြီးတော့ ဒီဥယျာဉ်မှူးရဲ့အဖမ်းကို မခံသွားရဘူးလား? ခံသွားရတယ်။</p>
<p>ကဲ ... ဒကာကြီးတွေ အဲဒီစကား နည်းနည်းလေး ပြန်စဉ်းစားကြည့်စမ်း! ဒကာကြီးတွေလည်း ပျားလူးမြက် ကျွေးမဲ့ပုဂ္ဂိုလ် မရှိဘူးလား? အဲဒီလိုသာဆိုရင်တော့ ဒကာကြီးတွေ ခက်ပြီထင်တယ်နော်။ ဒီပျားလူးမြက် တစ်ခါစားမိလို့ ဒီလိုသာ စွဲပြီးတော့ နေကြမယ် ဆိုလို့ရှိရင် ဒီနိဗ္ဗာန် ရဦးမလား? မရနိုင်ဘူး။ ဒါကြောင့် သူက ဒီပျားလူးမြက်က တော်တော်လေး ခက်တယ်။ ခက်တာက ဘယ်လောက်ထိ ခက်သလဲလို့ မေးရင်ပေါ့။</p>
<p>ဦးပဉ္ဇင်းတို့ ရဟန်းတော်အပါး သုံးဆယ်လောက် ဆိုကြစို့။ ရဟန်းတော် အပါးသုံးဆယ်လောက်က တစ်ချိန် ကလျာဏီမှာ မဟာစေတီတော်ကို ဖူးမြော်အပြီး တောလမ်းခရီးတစ်ခုကို ကြွပြီးလာတော်မူကြပါတယ်။ ရဟန်းတော် သုံးဆယ်ရဲ့ နောက်စွယ်မှာ ရှင်သာမဏေငယ်လေးတွေလည်း ပါလာကြတယ်။ အဲဒီလို တောလမ်းခရီးတစ်ခုကို လာလိုက်တဲ့ အချိန်ခါကျတော့ တောင်ယာတစ်ခုကို မီးလောင်ထားတဲ့အတွက် အဲဒီ တောင်ယာကွက်ထဲမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ဦးက မိမိတောင်ယာထဲမှ လောင်ထားတဲ့ သစ်ပိုင်းတွေပေါ့။ မီးတစ်ပိုင်းတစ်စ လောင်ထားတဲ့ သစ်သားတွေ လိုက်စုဆောင်းတယ်။ စုဆောင်းပြီးတော့ သူက ထမ်းလာတယ်။ အဲဒီတော့ ဒီသစ်သားတွေကို စုဆောင်းစဉ် အချိန်ခါမှာလည်း မီးလောင်ထားတဲ့ တောင်ယာလယ်ထဲမှာ ရှိနေတဲ့ လုပ်ငန်းခွင်ကို တစ်နေ့လုံး ဆင်းသက်နေရတဲ့အတွက် သူ့ကိုယ်မှာလည်း မီးသွေးတွေ အားလုံး လိမ်းနေတော့ အသားတွေက အားလုံးမဲတယ်။ ဝတ်ထားတဲ့ အဝတ်အစားတွေလည်း မီးသွေးတွေ ပေကျံနေတဲ့အတွက် အကုန်လုံး မဲနေတယ်။ ထမ်းလာတဲ့ ထင်းတွေကလည်း တစ်ပိုင်းတစ်စ မီးလောင်ထားတဲ့အတွက် အားလုံး မဲနေတယ်။</p>
<p>မဲနေတော့ ထမ်းလာတဲ့ တစ်ပိုင်းတစ်စ လောင်ကျွမ်းထားတဲ့ ထင်းရယ်, မိမိရဲ့ အသားရောင်ရယ်, မိမိ ဝတ်ထားတဲ့ အဝတ်အစားအရောင်ရယ်။ ဒီသုံးခု ခြုံပြီး ကြည့်လိုက်ရင် တစ်ရောင်ထဲ ဖြစ်နေတယ်။ အဲဒီ တစ်ရောင်ထဲ ဖြစ်နေတာကို လမ်းခုလတ် တစ်နေရာမှာ ရဟန်း သုံးဆယ်နဲ့ သွားဆုံလိုက်တော့ နောက်ကပါလာတဲ့ ကိုရင်ငယ်လေးတွေက ဘာလုပ်ကြလဲ? တစ်ပါးနဲ့တစ်ပါး ဟိုမှာ မင်းအဖေ လာပြီ၊ ဟိုမှာ မင်းအဖိုး လာပြီ၊ ဟိုမှာ မင်းဦးကြီးလာပြီ စသည်ဖြင့် တစ်ပါးနဲ့တစ်ပါး စကြတယ်။ အဲဒီလို စ,စပြီး ပြောရင်းမတ်တပ်ကနေ ဒီထမ်းလာတဲ့ လူနားကပ်ပြီးတော့ ဒကာကြီးနာမည် ဘယ်လိုခေါ်သလဲလို့ မေးကြတယ်။ အဲဒီလို မေးလိုက်တဲ့ အချိန်ခါကျတော့မှ ဒီဒကာကြီးက စိတ်နည်းနည်း မကောင်းဖြစ်သွားတယ်။ စိတ်မကောင်းဖြစ်ပြီးတော့ သူထမ်းလာတဲ့ ထင်းတွေ ခဏချပြီးတော့ မထေရ်ကြီးတွေ ရှိခိုးပြီး အရှင်ဘုရားတို့ ခေတ္တ ဆိုင်းငံ့တော်မူပါဆိုပြီး လျှောက်ထားတယ်။ လျှောက်ထားပြီးတဲ့ အချိန်ခါကျတော့မှ ဒီကြွလာတဲ့ ရဟန်း သုံးဆယ်နဲ့တကွ နောက်ပါ ရှင်သာမဏေတွေက သူက ဘာလျှောက်ထားလဲ?</p>
<p>‘‘<b>ဘန္တေ, တုမှေ မံ ပဿိတွာ ပရိဟသထ</b>’’</p>
<p><b>ဘန္တေ</b>၊ အရှင်ဘုရားတို့ ...။ <b>တုမှေ</b>၊ အရှင်ဘုရားတို့သည်။ <b>မံ</b>၊ ဘုရားတပည့်တော်ကို။ <b>ပဿိတွာ</b>၊ တွေ့မြင်ရသည်ဖြစ်၍။ <b>ပရိဟသထ</b>၊ ပျက်ရယ်ပြုကြပါကုန်သည်။</p>
<p>အရှင်ဘုရားတို့သည် တပည့်တော်ကို မြင်ရတော့ အရှင်ဘုရားတို့က ပျက်ရယ်ပြုကြတယ်နော်။</p>
<p>‘‘<b>ဧတ္တကေနေဝ မတ္ထကံ ပတ္တမှာတိ မာ သလ္လက္ခေထ။</b>’’</p>
<p><b>ဧတ္တကေနေဝ</b>၊ ဤမျှလောက်သော ကျင့်ဝတ်ပဋိပတ်ဖြင့်ပင်လျှင်။ <b>မတ္ထကံ</b>၊ ရဟန်းကိစ္စ၏ အထွတ်အထိပ်သို့။ <b>ပတ္တမှာ</b>၊ ရောက်ရှိနေကြကုန်ပြီ။ <b>ဣတိ</b>၊ ဤသို့။ <b>မာ သလ္လက္ခေထ</b>၊ မိမိတို့ကိုယ်ကို မိမိတို့ အောက်မေ့မှတ်ထင်၍ပင် မနေကြပါကုန်လင့်။</p>
<p>ဩော် ဒီလောက်ကလေးနဲ့ အရှင်ဘုရားတို့က တို့ဟာ ရဟန်းကိစ္စ အထွတ်အထိပ် ရောက်နေပြီလို့ မိမိကိုယ်ကို မိမိတို့ ထင်နေကြတယ်နော်။</p>
<p>‘‘<b>အဟမ္ပိ ပုဗ္ဗေ တုမှာဒိသောဝ သမဏော အဟောသိံ။</b>’’</p>
<p><b>အဟမ္ပိ</b>၊ ဘုရားတပည့်တော်သည်လည်းပဲ။ <b>ပုဗ္ဗေ</b>၊ ဟိုရှေးယခင်အခါတုန်းက။ <b>တုမှာဒိသောဝ</b>၊ အရှင်ဘုရားတို့နှင့် တူသည်သာလျှင်ဖြစ်သော။ <b>သမဏော</b>၊ ရဟန်းသည်။ <b>အဟောသိံ</b>၊ ဖြစ်ခဲ့ဖူးပါပြီ။</p>
<p>တပည့်တော်လည်း တစ်ချိန် ရှေးတုန်းက အရှင်ဘုရားတို့လိုပဲ ရဟန်း ဖြစ်ခဲ့ဖူးပါတယ်။</p>
<p>‘‘<b>တုမှာကံ ပန စိတ္တေကဂ္ဂတာမတ္တမ္ပိ နတ္ထိ</b>’’</p>
<p><b>တုမှာကံ ပန</b>၊ အရှင်ဘုရားတို့၏ သန္တာန်၌ကား။ <b>စိတ္တေကဂ္ဂတာမတ္တမ္ပိ</b>၊ စိတ်တည်ရုံ သမာဓိမျှသော်လည်းပဲ။ <b>နတ္ထိ</b>၊ မရှိပါ။</p>
<p>ခု အရှင်ဘုရားတို့ကို ကြည့်လိုက်မယ် ဆိုရင် အရှင်ဘုရားတို့၏ သန္တာန်မှာ စိတ်တည်မှု သမာဓိလေးတောင်မှ မရှိကြသေးပါဘူး။</p>
<p>‘‘<b>အဟံ ဣမသ္မိံ သာသနေ မဟိဒ္ဓိကော မဟာနုဘာဝေါ အဟောသိံ</b>’’</p>
<p><b>အဟံ</b>၊ ဘုရားတပည့်တော်သည်ကား။ <b>ဣမသ္မိံ သာသနေ</b>၊ ဤဂေါတမ ရှင်တော်မြတ်ဘုရား၏ သာသနာတော်မြတ်အတွင်း၌။ <b>မဟိဒ္ဓိကော</b>၊ ကြီးသော တန်ခိုးရှိသည်။ <b>မဟာနုဘာဝေါ</b>၊ ကြီးသော အာနုဘော်ရှိသည်။ <b>အဟောသိံ</b>၊ ဖြစ်ခဲ့ဖူးလေပြီ။</p>
<p>တပည့်တော်ဟာ ဒီဂေါတမမြတ်စွာဘုရားရဲ့ သာသနာတော်တွင်းမှာ တစ်ချိန်က အလွန် တန်ခိုးကြီးခဲ့တဲ့, အလွန် အာနုဘော်ကြီးခဲ့တဲ့ စိတ်စွမ်းအားနဲ့ ပြည့်စုံတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ခဲ့ဖူးပါတယ်နော်။</p>
<p>‘‘<b>အာကာသံ ဂဟေတွာ ပထဝိံ ကရောမိ, ပထဝိံ အာကာသံ။</b>’’</p>
<p><b>အာကာသံ</b>၊ ကောင်းကင်ကို။ <b>ဂဟေတွာ</b>၊ ယူ၍ (အာရုံပြု၍)။ <b>ပထဝိံ</b>၊ မြေကြီးကို။ <b>ကရောမိ</b>၊ ပြုနိုင်၏၊ <b>ပထဝိံ</b>၊ မြေကြီးကို။ <b>အာကာသံ</b>၊ ကောင်းကင်ကို (ပြုနိုင်၏)။</p>
<p>ကောင်းကင်ကို တပည့်တော်က မြေကြီးဖြစ်အောင် ပြုလုပ်နိုင်တဲ့ စွမ်းအားရှိတယ်၊ မြေကြီးကိုလည်း ကောင်းကင်ဖြစ်အောင် ပြုလုပ်နိုင်တဲ့ စွမ်းအားရှိတယ်။ ဒကာကြီးတွေ ဒါ စိတ်ရဲ့စွမ်းအားပဲ။ ကဲ ဒကာကြီးတွေ, ဒကာမကြီးတွေမှာ ဒီစိတ် မရှိဘူးလား? ရှိပါတယ်။ ဒီစိတ်ကို လေ့ကျင့်ပေးလို့ရှိရင် အောင်မြင်မှု မရနိုင်ဘူးလား? ရနိုင်တယ်။ ဒီစိတ်က သူများသားသမီးကို တစ်သက်လုံး ကျွန်ခံမယ် ဆိုလို့ရှိရင်လည်း ကျွန်ခံလို့ မရဘူးလား? ရတာပဲ။ ဒီစိတ်က ကောင်းကင်ကို မြေကြီးဖြစ်အောင် လုပ်မယ်ဆိုလည်း မရဘူးလား? ရတယ်။ မြေကြီးကို ကောင်းကင်ဖြစ်အောင် လုပ်မယ်ဆိုလည်း မရဘူးလား? ရတယ်။ ဘယ်လိုလုပ်မလဲ? နမူနာလေး နည်းနည်း ပြောရအောင်။</p>
<p>စိတ်ဝင်စားဖွယ်အချက် ဒါဗုဒ္ဓရဲ့ တရားတော်တွေပဲနော်။ ဦးပဉ္ဇင်းတို့ <b>ပထဝီကသိုဏ်း</b> အစရှိတဲ့ <b>ကသိုဏ်းတစ်ဆယ်ပါး</b> ရှိပါတယ်။ ဒီကသိုဏ်းတစ်ဆယ်ပါးကို တစ်ဆယ့်လေးမျိုးသော အခြင်းအရာအားဖြင့် ကြိတ်ချေပေးရပါတယ်။ သမာဓိစွမ်းအင်ပဲနော်။ ကသိုဏ်းတစ်ပါးတစ်ပါးမှာ သမာပတ်ရှစ်ပါး ပေါက်အောင် ပထမ လေ့ကျင့်ပေးရတယ်။ လေ့ကျင့်ပြီးတဲ့ အချိန်ခါမှာ ကသိုဏ်းတစ်ဆယ်ပါးကို တစ်ဆယ့်လေးမျိုးသော အခြင်းအရာ၊ ကသိုဏ်းတစ်ဆယ်ပါး သမာပတ်ရှစ်ပါးကိုပေါ့နော်။ တစ်ဆယ့်လေးမျိုးသော အခြင်းအရာအားဖြင့် ကျိတ်ချေပြီးတဲ့ အချိန်ခါမှာ ဒီပုဂ္ဂိုလ်က မိမိစိတ်ကို တော်တော်လေး နိုင်နင်းလာပြီဆိုရင် အဲဒီအချိန်ခါမှာ ကောင်းကင်ကို မြေကြီးဖြစ်ချင်တယ်ဆိုရင် ဘာလုပ်ရသလဲ?</p>
<p>ပထဝီကသိုဏ်းကို ပြန်ဝင်စားရတယ်နော်။ ပထဝီကသိုဏ်းကို အနန္တစကြဝဠာတိုင်အောင် ဖြန့်ကျက်ပြီးတော့ ပြန်ဝင်စားလိုက်၊ ဝင်စားပြီးတဲ့ အချိန်ခါမှာ ဒီပထဝီကသိုဏ်းကို အနန္တစကြဝဠာတိုင်အောင် ဖြန့်ပြီးတဲ့ အချိန်ခါမှာ ဒီပထဝီကသိုဏ်းကို အကြင် ဤမျှကာလပတ်လုံးပေါ့ - မိမိ ပိုင်းခြားထားတဲ့ အချိန်ခါကာလအထိ တည်နေစေသတည်းဆိုပြီးတော့ ဒီမှာ ဓိဋ္ဌာန်တယ်နော်။ ဒါက စိတ်ရဲ့စွမ်းအင်ပဲ။ အဲဒီလို ဓိဋ္ဌာန်လိုက်သည်နှင့် တစ်ပြိုင်နက်ထဲ ဒီကောင်းကင်သည် ဒီသူတော်ကောင်းအဖို့ စိတ်ရဲ့ တန်ခိုးရှင် ဖြစ်နေတဲ့အတွက် ဒီသူတော်ကောင်းအဖို့ အားလုံး မြေကြီးဖြစ်သွားတယ်။ အဲဒီမြေကြီးပေါ်မှာ လျှောက်သွား၊ သွားလို့ရတယ်။ သူ့ရဲ့စိတ်စွမ်းအင်ပဲ။ အကယ်၍ ဒီမြေကြီးကို ကောင်းကင်လုပ်ချင်တယ် ဆိုလို့ရှိရင် ဘာလုပ်ရမလဲ? ဒီခုနက ကသိုဏ်းတွေကို တစ်ဆယ့်လေးမျိုးသော အခြင်းအရာအားဖြင့် ကသိုဏ်းတစ်ပါးတစ်ပါးမှာ သမာပတ်ရှစ်ပါးစီပေါ့။ တစ်ဆယ့်လေးမျိုးသော အခြင်းအရာအားဖြင့် ကျိတ်ချေပြီးတဲ့ အချိန်ခါမှာ ထိုပုဂ္ဂိုလ်က <b>အာကာသကသိုဏ်း</b>ဆိုတဲ့ ကသိုဏ်းတစ်ခုကို သီးသန့် ဝင်စားရပါတယ်နော်။ အဲဒီ ကသိုဏ်းတစ်ခုကို ဝင်စားပြီးတဲ့ အချိန်ခါမှာ ဒီအာကာသခေါ်တဲ့ အကြားအပေါက် အာကာသကသိုဏ်းကို အရပ်ဆယ်မျက်နှာတိုင်အောင် ဖြန့်ကျက်ရတယ်။ ဖြန့်ကျက်ပြီးတဲ့ အချိန်ခါမှာ မိမိ သတ်မှတ်ထားတဲ့ နယ်မြေဘက်ကို စူးစိုက်ပြီးတော့ ဤအရပ်အတွင်း၌ မိမိ ပိုင်းခြားထားသလောက်ပေါ့နော်။ အာကာသဖြစ်စေသတည်းလို့ ဓိဋ္ဌာန်လိုက်တယ်။ ဓိဋ္ဌာန်လိုက်လို့ရှိရင် အဲဒီ မိမိ ဓိဋ္ဌာန်ထားတဲ့ အာရုံယူထားတဲ့ နယ်ဘက်။ အဲဒီမြေကြီးသည် အာကာသ ဟင်းလင်း အပေါက်အကြား ဖြစ်သွားတယ်။ ဘေးက ပုဂ္ဂိုလ်အဖို့တော့ အာကာသ မဟုတ်ပါ။ သူ့အဖို့တော့ အာကာသပဲ။ အဲဒီ အာကာသထဲမှာ သူက လျှောက်သွားတာ ဘေးကပုဂ္ဂိုလ်ရဲ့ အနေနဲ့ ကြည့်မယ်ဆိုရင် မြေကြီးထဲ ဝင်သွားတယ်လို့ ထင်ရတယ်။ တောင်ထဲ ဝင်သွားတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ သူ့အနေနဲ့ကတော့ ဒီလို မဟုတ်ဘူး။ ကောင်းကင်ထဲမှာ သွားနေတာပဲ။ ဒါ စိတ်ရဲ့စွမ်းအားလေးတွေနော်။ ဒါပေမဲ့ ဒီသူတော်ကောင်းက ဘာလဲ?</p>
<p>‘‘<b>အာကာသံ ဂဟေတွာ ပထဝိံ ကရောမိ, ပထဝိံ အာကာသံ။</b>’’</p>
<p><b>အာကာသံ</b>၊ ကောင်းကင်ကို။ <b>ဂဟေတွာ</b>၊ ယူ၍။ <b>ပထဝိံ</b>၊ မြေကြီးကို။ <b>ကရောမိ</b>၊ ပြုနိုင်၏၊ <b>ပထဝိံ</b>၊ မြေကြီးကို။ <b>အာကာသံ</b>၊ ကောင်းကင်ကို (ပြုနိုင်၏)။</p>
<p>ကောင်းကင်ကို မြေကြီးဖြစ်အောင်လည်း သူက လုပ်နိုင်တဲ့ စွမ်းအားရှိခဲ့တယ်။ မြေကြီးကို ကောင်းကင်ဖြစ်အောင်လည်း လုပ်နိုင်တဲ့ စွမ်းအားတွေ ရှိခဲ့တယ်။ လေ့ကျင့်နိုင်ရင် ရနိုင်ပါတယ်နော်။</p>
<p>‘‘<b>ဒူရံ ဂဏှိတွာ သန္တိကံ ကရောမိ, သန္တိကံ ဒူရံ။</b>’’</p>
<p><b>ဒူရံ</b>၊ အဝေးကို။ <b>ဂဏှိတွာ</b>၊ ယူ၍။ <b>သန္တိကံ</b>၊ အနီးကို။ <b>ကရောမိ</b>၊ ပြုနိုင်၏၊ <b>သန္တိကံ</b>၊ အနီးကို။ <b>ဒူရံ</b>၊ အဝေးကို (ပြုနိုင်၏)။</p>
<p>အဝေးကိုလည်း အနီးဖြစ်အောင် လုပ်နိုင်တဲ့ စွမ်းအား ရှိတယ်။ အနီးကိုလည်း အဝေးဖြစ်အောင် လုပ်နိုင်တဲ့ စွမ်းအား ရှိတယ်။ ကြားဖူးကြမှာပါ။ အင်္ဂုလိမာလကြီး မြတ်စွာဘုရားကို လိုက်တဲ့ အချိန်ခါမှာ မြတ်စွာဘုရားက အနီးကို အဝေးဖြစ်အောင် ဓိဋ္ဌာန်ထားတော်မူတယ်။ အလားတူပဲ။ အဝေးကိုလည်း အနီးဖြစ်အောင် ဓိဋ္ဌာန်ရင် ရတယ်။ ရှင်မဟာကဿပကြီး နောက်လိုက် သံဃာတော်တွေနဲ့ ဆွမ်းခံကြွတဲ့ အချိန်ခါမှာ ပင်လယ်သမုဒ္ဒရာခြားနေတဲ့ ကျွန်းတစ်ကျွန်းကို ဆွမ်းခံကြွလိုတယ်ဆိုရင် ဒီသမုဒ္ဒရာကို နီးနီးလေး မြောင်းလေးတစ်ခုဖြစ်အောင် ဓိဋ္ဌာန်လိုက်ရင် အဝေးကို အနီးဖြစ်အောင် ဓိဋ္ဌာန်လို့ရတယ်။ ဒါ စိတ်ရဲ့ စွမ်းအင်တွေပဲ။ နောက်တစ်ခု -</p>
<p><b>‘‘စက္ကဝါဠသတသဟဿံ ခဏေန ဝိနိဝိဇ္ဈာမိ’’</b></p>
<p><b>စက္ကဝါဠသတသဟဿံ</b>၊ စကြဝဠာတိုက် တစ်သိန်းတို့ကို။ <b>ခဏေန</b>၊ တစ်ခဏချင်းအတွင်း၌ပင်လျှင်။ <b>ဝိနိဝိဇ္ဈာမိ</b>၊ ထုတ်ချင်းပေါက် ထွင်းဖောက်၍ သွားနိုင်ပေ၏၊</p>
<p>စကြဝဠာပေါင်း <b>တိုက်တစ်သိန်း</b> ဦးပဉ္ဇင်းတို့ ၃၁-ဘုံ အဖွဲ့အစည်း တစ်ခုကို စကြဝဠာတစ်ခု ခေါ်ပါတယ်။ ထိုစကြဝဠာပေါင်း ထောင်နဲ့, သောင်းနဲ့ ချီနေတဲ့ နေရာတွေကို တစ်ခဏအတွင်းလေးမှာ တပည့်တော် ထွင်းဖောက်ပြီး သွားနိုင်တဲ့ စွမ်းအားရှိတယ်။ ဒီလိုဆိုရင် ဒီနေ့ ဒုံးပျံထက် မမြန်ဘူးလား? မြန်ပါတယ်။ ဂြိုဟ်တုတို့, ဒုံးပျံတို့ဟာ ဒီလောက် မြန်မလား? မမြန်ဘူး။ ဒါ စိတ်ရဲ့ စွမ်းအားလေးတွေပဲနော်။ မိမိတို့ရဲ့ စိတ်ဟာ မီးဖိုချောင်မှာပဲ အသုံးချနေရင် ဒီမီးဖိုချောင်မှာပဲ <b>သံသရာ</b> လည်နေမှာပဲ။ ခုလိုပေါ့ မိမိတို့ရဲ့ စိတ်ကို တန်ခိုးအာနိသင် ထက်မြက်စူးရှနေတဲ့ စိတ်ဓာတ်တစ်ခုဖြစ်အောင် ပြုပြင်ဖန်တီးမယ်ဆိုရင်လည်း ဖန်တီးလို့ မရဘူးလား? ရပါတယ်။ ဒါ စိတ်ရဲ့ စွမ်းအင်လေးတွေပဲ။ နောက်တစ်ခု -</p>
<p><b>‘‘ဟတ္ထေ မေ ပဿထ’’</b></p>
<p><b>မေ</b>၊ ဘုရားတပည့်တော်၏၊ <b>ဟတ္ထေ</b>၊ လက်တို့ကို။ <b>ပဿထ</b>၊ ကြည့်ရှုတော်မူကြပါ။</p>
<p>သူ့လက်ကလေးတွေ သူက ဖြန့်ပြတယ်။</p>
<p><b>‘‘ဣဒါနိ မက္ကဋဟတ္ထသဒိသာ’’</b></p>
<p><b>ဣဒါနိ</b>၊ ဤယခုအခါ၌ကား။ <b>မေ</b>၊ ဘုရားတပည့်တော်၏၊ <b>ဟတ္ထ</b>၊ လက်တို့သည်။ <b>မက္ကဋဟတ္ထသဒိသာ</b>၊ မျောက်၏လက်နှင့် တူ၍ နေကြကုန်သည်။ <b>ဟောန္တိ</b>၊ ဖြစ်ကြပါကုန်၏၊</p>
<p>တပည့်တော်ရဲ့ လက်ကလေးတွေကို လှမ်းကြည့်ပါ။ ယခုအခါမှာ တပည့်တော်ရဲ့ လက်တွေဟာ မျောက်တွေရဲ့ လက်နဲ့ သိပ်ပြီးတော့ တူနေတယ်။</p>
<p><b>‘‘အဟံ ဣမေဟေဝ ဟတ္ထေဟိ ဣဓ နိသိန္နောဝ စန္ဒိမသူရိယေ ပရာမသိံ၊ ဣမေသံယေဝ ပါဒါနံ စန္ဒိမသူရိယေ ပါဒကထလိကံ ကတွာ နိသီဒိံ’’</b></p>
<p><b>အဟံ</b>၊ ဘုရားတပည့်တော်သည်။ <b>ဣမေဟေဝ ဟတ္ထေဟိ</b>၊ ဤလက်တို့ဖြင့်ပင်လျှင်။ <b>ဣဓ</b>၊ ဤနေရာ၌။ <b>နိသိန္နောဝ</b>၊ ထိုင်လျက်သာလျှင်။ <b>စန္ဒိမသူရိယေ</b>၊ လ,နေတို့ကို။ <b>ပရာမသိံ</b>၊ သုံးသပ်ကိုင်တွယ်ခဲ့ဖူးလေပြီ။ <b>ဣမေသံယေဝ ပါဒါနံ</b>၊ ဤခြေတို့၏။ <b>စန္ဒိမသူရိယေ</b>၊ လ,နေတို့ကို။ <b>ပါဒကထလိကံ</b>၊ ခြေပွတ်အိုးခြမ်းကွဲ ဖြစ်သည်ကို။ <b>ကတွာ</b>၊ ပြု၍။ <b>နိသီဒိံ</b>၊ ထိုင်နေခဲ့ဖူးလေပြီ။</p>
<p>တပည့်တော်က ဒီနေရာမှာလေး။ ခုပြောနေတဲ့ နေရာလေးပေါ့နော်။ ခုပြောနေတဲ့ နေရာလေးမှာ ထိုင်ပြီးတော့ “လ” တွေ “နေ” တွေကို တပည့်တော်ရဲ့ ခြေထောက်ကို ပွတ်တဲ့ ခြေပွတ်အိုးခြမ်းကလေး ပြုလုပ်ပြီးတော့ တပည့်တော် အသုံးပြုပြီး နေထိုင်နိုင်ခဲ့တယ်။ ဘယ်လောက် စိတ်ရဲ့ စွမ်းအားမကြီးဘူးလား? ကြီးပါတယ်။ ဒါပေမဲ့လို့ -</p>
<p><b>‘‘ဧဝရူပါ မေ ဣဒ္ဓိ ပမာဒေန အန္တရဟိတာ’’</b></p>
<p><b>မေ</b>၊ ဘုရားတပည့်တော်၏၊ <b>ဧဝရူပါ</b>၊ ဤကဲ့သို့သော။ <b>ဣဒ္ဓိ</b>၊ တန်ခိုးအာနိသင်သည်။ <b>ပမာဒေန</b>၊ မေ့လျော့ပေါ့ဆခြင်း ပမာဒတရားကြောင့်။ <b>အန္တရဟိတာ</b>၊ ကွယ်ပျောက်၍ သွားခဲ့လေပြီ။</p>
<p>တပည့်တော်ရဲ့ ဒီလောက်တောင် ကြီးမားနေတဲ့ စိတ်ရဲ့စွမ်းအား တန်ခိုးအာနိသင်သည် ကုသိုလ်တရားတို့၌ မေ့လျော့ခြင်းဆိုတဲ့ ပမာဒတရားရဲ့ နှိပ်စက်လွှမ်းမိုးမှု ဒဏ်ချက်ကြောင့် ကွယ်သွားခဲ့ပြီ။</p>
<p><b>‘‘တုမှေ မာ ပမဇ္ဇိတ္ထ’’</b></p>
<p><b>တုမှေ</b>၊ အရှင်ဘုရားတို့သည်။ <b>မာ ပမဇ္ဇိတ္ထ</b>၊ မမေ့လျော့ကြပါကုန်လင့်။</p>
<p>အရှင်ဘုရားတို့ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ မနေကြပါနဲ့။ တပည့်တော်ရဲ့ ဒီလောက်ကြီးမားနေတဲ့ တန်ခိုးအာနိသင်ရှိနေတဲ့ စိတ်ဓာတ်သည် ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့ခြင်းဆိုတဲ့ ပမာဒတရားကြောင့် ကွယ်ပျောက်သွားခဲ့ရပြီ။ ဘာကြောင့်လဲ? ခုနက လူဆယ်ခံရတဲ့အတွက်ကြောင့် ကုသိုလ်တရားတွေ - သူက သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ ဒီကုသိုလ်တရားတွေမှာ ဆက်လက် ကြိုးပမ်းဖို့ရန်အတွက် မေ့လျော့ခဲ့တယ်။ မေ့လျော့ပြီး လူဆယ်တဲ့နောက်ကို မိမိတို့က လိုက်သွားမိတယ်။ အလွန် တန်ခိုးအာနိသင် ကြီးမားနေတဲ့ စိတ်ရဲ့စွမ်းအင်တွေ အားလုံး ပျောက်ဆုံးသွားတယ်။ ဒီလိုဆိုရင် ဒကာကြီးတွေလည်း လူဆယ်ခံရမယ် ဆိုလို့ရှိရင် တန်ခိုးအာနိသင် ထက်မြက်နေတဲ့ စိတ်တွေ ပျောက်ဆုံးပြီး မသွားနိုင်ဘူးလား? သွားနိုင်တယ်။ ဒါသတိထားနော်။</p>
<p><b>‘‘ပမာဒေန ဟိ ဧဝရူပံ ဗျသနံ ပါပုဏန္တိ’’</b></p>
<p><b>ပမာဒေန</b>၊ မေ့လျော့ပေါ့ဆခြင်း ပမာဒတရား လွှမ်းမိုးနှိပ်စက်ခံရတဲ့ ပုဂ္ဂိုလ်မျိုးသည်ကား။ <b>ဧဝရူပံ</b>၊ ဤကဲ့သို့သော။ <b>ဗျသနံ</b>၊ ပျက်စီးခြင်းသို့။ <b>ပါပုဏန္တိ</b>၊ ရောက်ရှိ၍ နေနိုင်ကြပါကုန်၏၊</p>
<p>ကုသိုလ်ကောင်းမှုတို့၌ သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို ဖြည့်ကျင့်ခြင်းဆိုတဲ့ ကုသိုလ်တရားတို့၌ မေ့လျော့ပေါ့ဆနေတဲ့ ပုဂ္ဂိုလ်မှန်ရင် ဒီလို ပျက်စီးတတ်တယ်။ ဒီလို ပျက်စီးတတ်တယ်ဆိုတာက ဘာပြောတာလဲ? မီးသွေးထမ်းရလိမ့်မယ်လို့ ပြောတာ။ ဟုတ်တယ်မဟုတ်လား? ဒကာကြီးတွေ, ဒကာမကြီးတွေ မီးသွေး မထမ်းချင်ဘူးလား? မီးသွေးထမ်းရတဲ့ဘဝအထိ ပျက်စီးပြီး သွားနိုင်တယ်။ စိတ်ရဲ့တန်ခိုးရှင်တွေပဲနော်။</p>
<h3>တတိယပိုင်း</h3>
<p><b>‘‘အပ္ပမတ္တာ ဝိဟရန္တာ ဇာတိဇရာမရဏဿ အန္တံ ကရောန္တိ’’</b></p>
<p><b>အပ္ပမတ္တာ</b>၊ မမေ့မလျော့ မပေါ့မဆကြကုန်ဘဲ။ <b>ဝိဟရန္တာ</b>၊ သာသနာတော်တွင်း၌ နေထိုင်ကြတဲ့ ပုဂ္ဂိုလ်တို့သည်ကား။ <b>ဇာတိဇရာမရဏဿ</b>၊ ပဋိသန္ဓေ နေရခြင်း ဇာတိတရား၊ အိုရခြင်း ဇရာတရား၊ သေရခြင်း မရဏတရား၏၊ <b>အန္တံ</b>၊ အဆုံးအပိုင်းအခြားကို။ <b>ကရောန္တိ</b>၊ ပြုလုပ်နိုင်ကြပါကုန်၏၊</p>
<p>မမေ့မလျော့ဘဲနဲ့ <b>အပ္ပမာဒတရား</b> လက်ကိုင်ထားပြီးတော့ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေကို လက်တွေ့ ကျင့်ပြီး နေထိုင်နိုင်တဲ့ ဒီသာသနာတော်မှာ နေထိုင်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာ ပဋိသန္ဓေ နေရတဲ့ဒုက္ခ, အိုရတဲ့ဒုက္ခ, သေရတဲ့ဒုက္ခဆိုတဲ့ ဒီဒုက္ခတို့ရဲ့ အဆုံးအပိုင်းအခြားကို ပြုလုပ်နိုင်တဲ့ စွမ်းအားရှိပါတယ်။ ဒါလည်း ဘာစွမ်းအားလဲ? စိတ်ရဲ့စွမ်းအားပဲ။</p>
<p>ဒီတော့ ပဋိသန္ဓေ နေရတဲ့ဒုက္ခကြီး ကုန်ရမယ်ဆိုပြီးတော့ ဒီစိတ်ကို စွမ်းအားတွေ အပြည့်အဝဖြစ်အောင် မြှင့်တင်ပြီး ကျင့်မယ်ဆိုရင် ကျင့်လို့ မရဘူးလား? ရတယ်။ အိုရတဲ့ဒုက္ခမှ လွတ်အောင်, သေရတဲ့ဒုက္ခမှ လွတ်အောင် ငါသည် စိတ်ဓာတ်တွေကို ပြုပြင်ထိန်းသိမ်းပေးမယ် ဆိုပြီးတော့ စိတ်ဓာတ်ကို ပြုပြင်ပြီး ကျင့်မယ်ဆိုရင် မရနိုင်ဘူးလား? ရနိုင်တယ်။ ဒါ မိမိတို့ရဲ့ စိတ်စွမ်းအင်တွေပဲနော်။</p>
<p><b>‘‘တသ္မာ တုမှေ မညေဝ အာရမ္မဏံ ကရိတွာ အပ္ပမတ္တာ ဟောထ, ဘန္တေ’’</b></p>
<p><b>တသ္မာ</b>၊ ထိုကြောင့်။ <b>ဘန္တေ</b>၊ အရှင်မြတ်တို့ဘုရား ...။ <b>တုမှေ</b>၊ အရှင်ဘုရားတို့သည်။ <b>မညေဝ</b>၊ တပည့်တော်ကိုသာလျှင်။ <b>အာရမ္မဏံ ကရိတွာ</b>၊ အာရုံအရာထား၍၊ အာရုံပြု၍။ <b>အပ္ပမတ္တာ</b>၊ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ခြင်း အပမာဒတရား လက်ကိုင်ထားကြကုန်သည်ဖြစ်၍။ <b>ဟောထ</b>၊ နေထိုင်တော်မူကြပါကုန်ဘုရား။</p>
<p>ဒါကြောင့် တပည့်တော်ကိုပဲ အာရုံပြုပြီးတော့ အရှင်ဘုရားတို့ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ် ခေါ်ဆိုအပ်တဲ့ ကုသိုလ်ကောင်းမှုတရားတွေမှာ မမေ့လျော့ခြင်း အပမာဒတရား လက်ကိုင်ထားပြီးတော့ သာသနာတော်မှာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပြီး နေထိုင်ကြပါဆိုပြီးတော့ သူက လျှောက်ထားတယ်နော်။ အဲဒီလို လျှောက်ထားလိုက်တဲ့ အချိန်ခါမှာ ဘာဖြစ်လာလဲ?</p>
<p><b>‘‘တေ တဿ ကထေန္တဿေဝ သံဝေဂံ အာပဇ္ဇိတွာ ဝိပဿမာနာ တိံသဇနာ တတ္ထေဝ အရဟတ္တံ ပါပုဏိံသု’’</b></p>
<p><b>တေ</b>၊ ထိုရဟန်းတော်တို့သည်။ <b>တဿ</b>၊ ထိုဒါယကာ၏။ <b>ကထေန္တဿေဝ</b>၊ လျှောက်ထား၍ နေစဉ်အတွင်းမှာပင်လျှင်။ <b>သံဝေဂံ</b>၊ ထိတ်လန့်ခြင်း သံဝေဂတရားသို့။ <b>အာပဇ္ဇိတွာ</b>၊ ရောက်ရှိကြကုန်သည်ဖြစ်၍။ <b>ဝိပဿမာနာ</b>၊ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းတော်မူကြကုန်သည်ရှိသော်။ <b>တိံသဇနာ</b>၊ သုံးဆယ်ကုန်သော ရဟန်းတော်တို့သည်။ <b>တတ္ထေဝ</b>၊ ထိုနေရာ၌ပင်လျှင်။ <b>အရဟတ္တံ</b>၊ အရဟတ္တဖိုလ်သို့။ <b>ပါပုဏိံသု</b>၊ ဆိုက်ရောက်တော်မူကြလေကုန်ပြီ။</p>
<p>အဲဒီ ဒကာ လျှောက်ထားတဲ့ အချိန်ခါကျတော့ ရဟန်းတော်တွေလည်း ထိတ်လန့်တဲ့ <b>သံဝေဂဉာဏ်</b>တွေ ဖြစ်သွားတော်မူကြပါတယ်။ အဲဒီအချိန်ခါမှာ ဒီနေရာလေးမှာပဲ မတ်တပ်ရပ်ပြီးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းတော်မူလိုက်တာ ရဟန်းတော်သုံးဆယ်တို့ အဲဒီနေရာမှာပဲ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားတယ်။ ဒါက ဘာပြောတာလဲ? စိတ်ကို မိမိတို့ တန်ခိုးအာနိသင် ထက်မြက်အောင် သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တွေဖြင့် ထုံမွှမ်းပေးလိုက်တာပဲ။ ထုံမွှမ်းလိုက်လို့ရှိရင် ဒီစိတ်သည် ရာဂ, ဒေါသ, မောဟဆိုတဲ့ ကိလေသာ အညစ်အကြေးတွေမှ လွတ်မြောက်သွားနိုင်တဲ့ စွမ်းအား မရှိဘူးလား? ရှိတယ်။</p>
<p>အကယ်၍ ဒီလို မိမိတို့ရဲ့ စိတ်ကို တန်ခိုးအာနိသင် ထက်မြက်သွားအောင် ထုံမွှမ်းနိုင်တဲ့စွမ်းအား မရှိဘူး ဆိုလို့ရှိရင်တော့ ဘာဖြစ်မလဲ? လူဆယ် ခံရလိမ့်မယ်။ ဒကာကြီးတွေကို ဒကာမကြီးတွေက ဆယ်ထားတယ်။ ဒကာမကြီးတွေကိုလည်း ဒကာကြီးတွေက ဆယ်ထားတယ်၊ သားတွေ, သမီးတွေကို မိဘတွေက ဆယ်ထားတယ်၊ မိဘတွေကိုလည်း သားတွေ, သမီးတွေက ဆယ်ထားတယ်။ မနေ့ကဘဲ ဒကာတစ်ဦး ဆိုကြပါစို့။ ကျောင်းလာပြီးတော့ လျှောက်တယ်။ ကလေးမလေးတစ်ဦးကို ဒီမှာ တရားအားထုတ်ဖို့ရန်အတွက် လာပြီး ပို့မလို့ဟာ သူ့အဖေက သဘောမတူလို့ မပို့ရဘူးတဲ့။ ဘာဖြစ်လို့ သဘောမတူလဲ မေးကြည့်တယ်နော်။ ဒကာကြီးတွေ ဘယ်လိုများ သဘောပေါက်လဲ? သူသဘောမတူရတဲ့ အကြောင်းရင်းလေး ဘုန်းကြီးက မေးကြည့်လိုက်တော့ သူ့သမီး ခြင်ကိုက်မှာ စိုးလို့တဲ့။ ဟော ကြည့်စမ်း ကြည့်စမ်း ဒါကာကြီးတွေနော်။ ခြင်ကိုက်မှာ စိုးတာနဲ့ သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တွေကို ဖြည့်ကျင့်ဖို့ရန်အတွက် မခိုင်းရက်ဘူး။ ဘာလုပ်တာလဲ? ဆယ်ထားလိုက်တာ၊ ဆယ်ထားလိုက်တာ။ ဟုတ်တယ်မဟုတ်လား? ဆယ်ထားလိုက်တဲ့ အချိန်ခါကျတော့ ဒီလို အဆယ်ခံနေရမယ် ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ် နိဗ္ဗာန် ရောက်ပါ့ဦးမလား? မရောက်နိုင်ဘူး။ ကဲ ဒကာကြီးတွေ တရားအားထုတ်မယ်ဆိုရင်ကော ဒကာမကြီးတွေက ဘာလုပ်မှာလဲ? ဆယ်ထားကြတာပဲ။ ဒကာမကြီးတွေ တရားသွားအားထုတ်မယ်ဆိုရင်ကော ဒကာကြီးတွေက ဆယ်ထားလိုက်တာပဲ။ မရှိရင် မဖြစ်ဘူးပေါ့။ ဟုတ်တယ်မဟုတ်လား? အဲဒီလို အဆယ်ခံနေရမယ် ဆိုလို့ရှိရင် နိဗ္ဗာန်ရမလား? မရနိုင်ဘူး။ ကဲ နောက်တစ်ခု นတ်ဆယ်တယ်။</p>
<p><b>‘‘ကတမော စ, ဘိက္ခု, အမနုဿဂ္ဂါဟော?’’</b></p>
<p>နတ်ဆယ်တယ်ဆိုတာ ဘယ်လိုဟာလဲ?</p>
<p><b>‘‘ဣဓ, ဘိက္ခု, ဧကစ္စော အညတရံ ဒေဝနိကာယံ ပဏိဓာယ ဗြဟ္မစရိယံ စရတိ – ‘ဣမိနာဟံ သီလေန ဝါ ဝတေန ဝါ တပေန ဝါ ဗြဟ္မစရိယေန ဝါ ဒေဝေါ ဝါ ဘဝိဿာမိ ဒေဝညတရော ဝါ’တိ။ အယံ ဝုစ္စတိ, ဘိက္ခု, အမနုဿဂ္ဂါဟော’’</b></p>
<p><b>ဘိက္ခူ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဣဓ</b>၊ ဤသာသနာတော်မြတ်အတွင်း၌။ <b>ဧကစ္စော</b>၊ အချို့သော ရဟန်းတော်သည်။ <b>အဟံ</b>၊ ငါသည်။ <b>ဣမိနာ သီလေန ဝါ</b>၊ ဤစတုပါရိသုဒ္ဓိသီလဖြင့်လည်းကောင်း။ <b>ဝတေန ဝါ</b>၊ ဤဓုတင်ကျင့်ဝတ်ပဋိပတ်ဖြင့်လည်းကောင်း။ <b>တပေန ဝါ</b>၊ ဤခြိုးခြံစွာ ကျင့်ခြင်း “တပ” အကျင့်တရားဖြင့်လည်းကောင်း။ <b>ဗြဟ္မစရိယေန ဝါ</b>၊ ဤမြတ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်ခြင်းတည်းဟူသော “ဗြဟ္မစရိယ” ဖြင့်လည်းကောင်း။ <b>ဒေဝေါ ဝါ</b>၊ ထင်ရှားတဲ့နတ်သည်မူလည်း။ <b>ဘဝိဿာမိ</b>၊ ဖြစ်ရပါလို၏၊ <b>ဒေဝညတရော ဝါ</b>၊ မထင်ရှားတဲ့ နတ်သားတစ်မျိုးမျိုးသည်မူလည်း။ <b>ဘဝိဿာမိ</b>၊ ဖြစ်ရပါလို၏၊ <b>ဣတိ</b>၊ ဤသို့လျှင်။ <b>အညတရံ ဒေဝနိကာယံ</b>၊ တစ်မျိုးမျိုးသော နတ်ပြည်လောကသို့။ <b>ပဏိဓာယ</b>၊ လိုလားတောင့်တသည်ဖြစ်၍။ <b>ဗြဟ္မစရိယံ</b>၊ သာသနာတော်၌ ကျင့်သင့် ကျင့်ထိုက်သည့် သီလ, သမာဓိ, ပညာ သိက္ခာတို့ဖြင့် သိမ်းကြုံးရေတွက်အပ်သော ဗြဟ္မစရိယကျင့်စဉ်ကို။ <b>စရတိ</b>၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေပေ၏၊ <b>ဘိက္ခု</b>၊ ချစ်သားရဟန်း ...။ <b>အယံ</b>၊ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို။ <b>အမနုဿဂ္ဂါဟော</b>၊ နတ်ဆယ်၏ဟူ၍။ <b>ဝုစ္စတိ</b>၊ ခေါ်ဆိုအပ်ပေ၏၊</p>
<p>နတ်ဆယ်တယ်ဆိုတာက သာသနာတော်မှာ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေကို လက်တွေ့ကျင့်တယ်။ ဘာရည်ရွယ်ချက်နဲ့ ကျင့်သလဲလို့မေးရင် ထင်ရှားတဲ့နတ်သား တစ်ဦးဦးသော်လည်းကောင်း၊ မထင်ရှားတဲ့နတ်သား တစ်ဦးဦးသော်လည်းကောင်း ဖြစ်ရပါလို၏ဆိုတဲ့ ဒီဦးတည်ချက်ဖြင့် သာသနာတော်မှာ ဗြဟ္မစရိယခေါ်တဲ့ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေကို လက်တွေ့ကျင့်နေတယ်။ အဲဒီလို ကျင့်နေတဲ့ ပုဂ္ဂိုလ်သည် ဒါ နတ်အဆယ်ခံရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ နတ်ပြည်ကို ရည်ရွယ်တောင့်တလို့ပေါ့နော်။</p>
<p>ပုံစံလေး ပြောရရင်တော့ - ဥပေါသထနတ်သမီးပေါ့။ သာကေတမြို့သူ ဖြစ်ပါတယ်။ သူက သောတာပန် အရိယာသူတော်ကောင်း တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လို့ သူ့စိတ်ထဲမှာ စွဲနေတာကတော့ ဓမ္မကထိကတွေကလည်း တော်တော်လေး အဟောအပြော ကောင်းတယ်နဲ့ တူပါတယ်။ နတ်ပြည်နတ်လောကမှာ ရှိနေတဲ့ နန္ဒဝန်ဥယျာဉ်ကို သူက သိပ်စိတ်ဝင်စားတယ်။ နန္ဒဝန်ဥယျာဉ်ရဲ့ သာယာပုံ ပျော်မွေ့ဖွယ်ကောင်းပုံတွေကို ခဏခဏ ကြားရတော့ နတ်ပြည်နတ်လောကက နန္ဒဝန်ဥယျာဉ်ရှိတဲ့ နေရာမှာ ရောက်ရဖို့ရန်အတွက် သူ့စိတ်ဓာတ်ကို သူက ဆောက်တည်ထားမိတယ်။ ကွယ်လွန်သွားပြီ။ ကွယ်လွန်တော့ ဘယ်ရောက်သွားလဲ? သူ မျှော်လင့်တောင့်တနေတဲ့ ဒီနတ်ပြည် နတ်လောက နန္ဒဝန်ဥယျာဉ်ရှိရာ အရပ်ကိုပဲ ရောက်ရှိသွားတယ်။ นန္ဒဝန်ဥယျာဉ် ဆိုတာက (၂၄)နာရီပေါ့။ လူလိုပြောရင်ပေါ့နော် - တစ်နေ့ ကာလပတ်လုံး နေ့ရော ညရော တူရိယာမျိုးစုံ အကမျိုးစုံဖြင့် ပျော်ရွှင်နေတဲ့ ဌာနတစ်ခု ဖြစ်ပါတယ်။</p>
<p>အဲဒီလို ပျော်ရွှင်နေတာကို နေ့ရောညရော အဆက်မပြတ် အမြဲတမ်း မြင်တွေ့နေရတော့ ဒကာကြီးတွေ ဘယ်လိုနေမလဲ? ရက်ပေါင်းများစွာ ကြာလာပြီဆိုတော့ ဘာဖြစ်မလဲ? ငြီးငွေ့လာပြီ။ အဲဒီအခါကျတော့မှ မှားမှန်းသိတယ်။ မှားမှန်းသိတဲ့ အကြောင်းကို ရှင်မဟာမောဂ္ဂလာန် နတ်ပြည်ရောက်တဲ့အခါမှာ သူက ရှင်မဟာမောဂ္ဂလာန်ကို ပြန်လည် လျှောက်ထားပါတယ်။ အရှင်ဘုရား တပည့်တော်ဟာ ဘုရားရှင်ရဲ့ အဆုံးအမကို မလိုက်နာမိတဲ့ အလွန် မိုက်မဲတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ရပါတယ်လို့ လျှောက်ထားတယ်။ ဘုရားရှင်က ဘယ်လို ဆုံးမထားလဲ?</p>
<p>မစင်ဟူသမျှ အနည်းငယ်ပင် ဖြစ်ချင်ဖြစ်ပါစေ၊ ရွံရှာစက်ဆုပ်ဖွယ်သဘောသာ ဧကန်ရှိသလို ဘဝဟူသမျှသည် အနည်းငယ်ပင် ဖြစ်ချင်ဖြစ်ပါစေ၊ ရွံရှာစက်ဆုပ်ဖွယ်သဘောသာ ဧကန်ရှိတယ်လို့ ဘုရားက ဟောထားတယ်။ ဘာကြောင့်လဲ? ဘယ်ဘဝမှာပဲဖြစ်ဖြစ်၊ ပဋိသန္ဓေ နေရတဲ့ ဒုက္ခရှိတယ်, အိုရတဲ့ ဒုက္ခရှိတယ်, နာရတဲ့ ဒုက္ခရှိတယ်, သေရတဲ့ ဒုက္ခရှိတယ်, စိုးရိမ်ပူဆွေး ငိုကြွေးရတဲ့ ဒုက္ခရှိနေတယ်။ ဒါကြောင့် ဒီလို ဒုက္ခတွေနဲ့ မကင်းတဲ့ဘဝ မှန်ရင် ဒီဘဝမျိုးကို ကောင်းတယ်လို့ ပြောမလား? မပြောနိုင်ဘူးနော်။ ကဲ ဒါက နတ်ဆယ်တာ။ နောက်တစ်ခု -</p>
<p><b>‘‘‘အာဝဋ္ဋဂ္ဂါဟော’တိ ခေါ, ဘိက္ခု, ပဉ္စန္နေတံ ကာမဂုဏာနံ အဓိဝစနံ’’</b></p>
<p><b>ဘိက္ခူ</b>၊ ချစ်သားရဟန်း ...။ <b>အာဝဋ္ဋဂ္ဂါဟောတိ ခေါ ဧတံ</b>၊ ဝဲစုပ်ခံရ၏ဟူသော ဤအမည်သည်ကား။ <b>ပဉ္စန္နံ ကာမဂုဏာနံ</b>၊ အာရုံငါးပါး ကာမဂုဏ်တရားတို့၏၊ <b>အဓိဝစနံ</b>၊ အမည်ပါပေတည်း။</p>
<p>ဝဲစုပ်တယ် ဝဲစုပ်တယ် ဆိုတာက အာရုံငါးပါး ကာမဂုဏ်တရားတွေကို ပြောတာ။ အာရုံငါးပါး ကာမဂုဏ်တရားဆိုတဲ့ ဝဲအစုပ်ခံရတာကို ပြောတာ။ အာရုံငါးပါး ကာမဂုဏ်တရားက အဘိဓမ္မာနည်းနဲ့ ပြောရင်တော့ အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ အာရုံ ဘယ်နှစ်ခုလဲ? ငါးခု။ အဲဒီ အာရုံတွေအပေါ်မှာ တွယ်တာတပ်မက်နေတဲ့ ရာဂဖြင့် ရစ်ပတ်နှောင်ဖွဲ့ ခံနေရပြီဆိုရင် ထိုပုဂ္ဂိုလ်သည် ဒါကာမဂုဏ်ဝဲကို အစုပ်ခံရတာပဲ။ သမုတိသစ္စာနယ်ဘက်က ပြောမယ်ဆိုလို့ရှိရင်တော့ သားကာမဂုဏ်, သမီးကာမဂုဏ်, ဆွေကာမဂုဏ်, မျိုးကာမဂုဏ်နော်။ ယောက်ျားကာမဂုဏ်, မိန်းမကာမဂုဏ်, ရွှေကာမဂုဏ်, ငွေကာမဂုဏ်စသည်ဖြင့် သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတွေကို လိုချင်စရာလို့ ခေါ်ပါတယ်။ ထိုလိုချင်စရာ ကာမဝတ္ထုအစုစုတို့အပေါ်၌ လိုလားတပ်မက်နေတဲ့ နန္ဒီရာဂဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး အထားခံရပြီဆိုရင် ထိုပုဂ္ဂိုလ်သည် ဘာဖြစ်လဲ? ကာမဂုဏ်ဝဲ စုပ်ခံရပြီ။ အဲဒီလို ကာမဂုဏ်ဝဲ စုပ်ခံရတဲ့ပုဂ္ဂိုလ်ရော နိဗ္ဗာန် ရနိုင်မလား? မရနိုင်ဘူး။</p>
<p>ဦးပဉ္ဇင်းတို့ နာမည်ကျော်ဖြစ်တဲ့ သာကီဝင်မင်းသား ဥပနန္ဒပေါ့နော်။ ဦးပဉ္ဇင်းတို့ သာသနာတော်မှာ ရဟန်းတော်များ ရွှေငွေကို အလှူမခံရဘူးလို့ သိက္ခာပုဒ် ပညတ်ထားပါတယ်။ ဒီရှင်ဥပနန္ဒကိုပဲ အကြောင်းပြုပြီး ပညတ်ရတယ်။ ခုလို ဝါတွင်းကာလမှာ ရဟန်းတော်များ ဝါဆိုကျောင်းရှိရမယ်ဆိုပြီး သတ်မှတ်ထားတယ်။ အဲဒီလို သတ်မှတ်ချက်မှာလည်း ရဟန်းတော်တစ်ပါးသည် ဝါဆိုကျောင်း နှစ်ကျောင်း သုံးကျောင်းကို ခွပြီးတော့ ဝါမဆိုရဘူးလို့ မြတ်စွာဘုရား ပညတ်ထားတယ်။ ဘာဖြစ်လို့လဲ? ဒီအရှင်ဥပနန္ဒကိုပဲ အကြောင်းပြုပြီး ပညတ်ရတယ်။ ဘာကြောင့်လဲ? အရှင်ဥပနန္ဒက သာသနာတော်ဘက်ကနေ ပြောရင်တော့ အဋ္ဌကထာများကတော့ သူ့ကို “လောလုပ္ပစာရ” ပစ္စည်းလေးပါးမှာ လျှပ်ပေါ်လော်လည်နေတဲ့ ပုဂ္ဂိုလ်ဆိုပြီးတော့ ဒီလို သတ်မှတ်ထားတယ်။ ဒါဟာ ပစ္စည်းလေးပါးဆိုတာ ဘာလဲ? ကာမဂုဏ်ပဲနော်။ လိုချင်စရာတွေပဲ။ ဒီလိုချင်စရာ ကာမဂုဏ်နဲ့ ပတ်သက်ပြီးတော့ သူက အင်မတန် လျှပ်ပေါ်လော်လည်တဲ့ပုဂ္ဂိုလ်။</p>
<p>ဒီတော့ ရှေးခေတ်ကပေါ့။ ဝါဆိုကျောင်းလေးတွေ မိမိတို့ တတ်နိုင်သမျှ ကျောင်းလေးတွေ ဆောက်ပြီး လှူဒါန်းကြတယ်။ ကျောင်းဒါယိကာတွေဘက်က ဘယ်လိုသဘော ရှိလဲ? ဝါဆိုရင် ဝါဆိုသင်္ကန်း လှူတယ်။ ဝါကျွတ်ရင်လည်း ဝါကျွတ်သင်္ကန်း လှူကြတယ်။ တခြားတခြား လှူဖွယ်ဝတ္ထုတွေလည်း လှူကြတယ်ဆိုကြစို့။ ဒီတော့ သူက လေးကျောင်းလောက် ခွပြီးတော့ ဝါဆိုမယ်ဆိုရင် လေးကျောင်းစာ ရမယ်။ တစ်ကျောင်းပဲ ဝါဆိုရင် တစ်ကျောင်းစာပဲ ရမယ်။ အဲဒီလို ရည်ရွယ်ချက် ရှိနေတဲ့ အချိန်ခါကျတော့ သူက ကျောင်း လေး ငါးကျောင်းလောက် ခွပြီးတော့ ဝါဆိုတယ်။ ဒီကျောင်းမှာ သူ့ရဲ့ သပိတ် ထားထားတယ်၊ ဟိုကျောင်းကျတော့ သင်္ကန်းထားထားတယ်၊ ဟိုကျောင်းကျတော့ ထီးထားထားတယ်၊ ဒီကျောင်းကျတော့ ဖိနပ်ထားထားတယ်။ အဲဒီပုံစံစနစ်နဲ့ဆိုတော့ မြတ်စွာဘုရား သွားတင်ပြလျှောက်ထားတော့ ရဟန်းတစ်ပါးမှာ ဝါဆိုကျောင်း တစ်ကျောင်းပဲရှိစေဆိုပြီး မြတ်စွာဘုရား သိက္ခာပုဒ် ပညတ်ယူရတယ်။</p>
<p>အဲဒီတော့ ဒီလို သူက ပစ္စည်းလေးပါးနဲ့ ပတ်သက်ပြီးတော့ ဒီလို လျှပ်ပေါ်လော်လည်နေတဲ့အတွက် သာကီဝင်မင်းသားလည်း ဖြစ်တယ်, ဘုရားရှင်နဲ့လည်း တွေ့ရတယ်, ဘုရားတရားတွေလည်း နာကြားခွင့် ရတယ်။ ဒါပေမဲ့လို့ သူ တရားထူး တရားမြတ် ရရှိသလား? မရရှိဘူးနော်။ နောက်တစ်ခု ပြဿနာလေးတစ်ခု ရှိသေးတယ်။ ဦးပဉ္ဇင်းတို့ တစ်ချိန်ပေါ့ - သူက တောရကျောင်းတစ်ကျောင်းမှာ သွားပြီး ဝါဆိုတယ်။ အဲဒီ တောရကျောင်းမှာလည်း သံဃာတွေက သုံးလေးဆယ်လောက် ရှိတယ်။ သူက တရားအဟောအပြောလည်း ကောင်းတယ်။ ဥပဓိရုပ်ကလည်း ကောင်းတယ်။ ကောင်းလိုက်တဲ့ အချိန်ခါကျတော့ ဒီတောကျောင်းသွားပြီးတော့ ဒီသံဃာတော်တွေကို သူက ဘာတရားဟောလဲ?</p>
<p>အရိယာသာဝကကထာလို့ ခေါ်ဆိုအပ်တဲ့ ရှေးရှေး ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ ပစ္စည်းလေးပါးကို သုံးစွဲပုံ နည်းစနစ်နဲ့ ပတ်သက်ပြီးတော့ သူက အကျယ်ချဲ့ပြီးတော့ ဝေဖန် ဟောကြားလိုက်တော့ ရဟန်းတွေက သူ့တရား သိပ်သဘောကျသွားကြတယ်။ ရှေးရှေး ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့သည် ပစ္စည်းလေးပါးမှာ ဘယ်လောက် ခြိုးခြံပြီးတော့ သုံးစွဲတယ်ဆိုတာကို သူက အင်မတန် သဘောပေါက်အောင် ပြောတတ်တယ်။ ပြောတတ်တဲ့ အခါကျတော့ သူက ဘာလုပ်သလဲ? အဲဒီကိုယ်တော်တွေ သူ့တရားကို သဘောကျတာနဲ့ သင်္ကန်းကောင်းပေ့ဆိုတာတွေ အကုန်လုံးစွန့်၊ ညံ့ပေ့ဆိုတဲ့ သင်္ကန်းတွေဝတ်၊ ကောင်းပေ့ဆိုတဲ့ သပိတ်တွေ အကုန်စွန့်၊ ညံ့ပေ့ဆိုတဲ့ သပိတ်တွေပဲ သုံးတော့တယ်။</p>
<p>သုံးလိုက်တော့ သူက ဘာလုပ်သလဲ? အဲဒီ ကောင်းပေ့ဆိုတဲ့ သင်္ကန်းတွေ အကုန်သိမ်း၊ ကောင်းပေ့ဆိုတဲ့ သပိတ်တွေလည်း သူ အကုန်သိမ်း၊ သူပိုင် သိမ်းထားလိုက်တယ်။ သိမ်းပြီးတော့ ဝါကျွတ်တော့ အဲဒီ သပိတ်တွေ၊ သင်္ကန်းတွေ လှည်းကြီးနဲ့ တင်ပြီးတော့ သူက သာဝတ္ထိသွားပြီ။ သာဝတ္ထိသွားတဲ့ အချိန်ခါကျတော့ လမ်းခုလတ်တစ်နေရာရောက်တော့ ဘာဖြစ်လဲ? သူ့ခြေထောက်ကို နွယ်လေးတစ်ပင်က သွားငြိတယ်။ ငြိလိုက်တဲ့ အချိန်ခါကျတော့ ဒကာကြီးတွေ ခုနေ ခြေထောက်များ နွယ်ငြိရင် ဘယ်လို စိတ်ထဲ ဖြစ်မလဲ? သူ စိတ်ဖြစ်ပုံလေးကို ပြောပါတယ်။ နွယ်ငြိတော့ သူက ဘာတွက်သလဲ? ခုကာလ ချဲနံပါတ် ကောက်တဲ့ပုံစံနဲ့ တူတယ်နော်။ သူက ဘာတွက်လိုက်သလဲဆိုတော့ အင်းဧကန္တ ဒီနေရာမှာ လာဒ်လာဘ ရမယ်နဲ့ တူတယ်။ ဩော် နိမိတ်ကောက်တာနော်။ အဲဒီ နိမိတ်ကောက်တဲ့ဟာ ဘာမှ မဖြစ်ဘူး မဟုတ်ဘူးနော်။ ဖြစ်တယ်။ ဒကာကြီးတွေ ပြီးတော့မှ ပြောမယ်။</p>
<p>အဲဒီလို နိမိတ်ကောက်ပြီးတဲ့ အချိန်ခါကျတော့ သူက ဟိုကြည့် ဒီကြည့် လှမ်းကြည့်လိုက်တဲ့ အချိန်ခါမှာ မလှမ်းမကမ်းမှာ တောကျောင်းတစ်ခု တွေ့တယ်။ တောကျောင်းလေးတစ်ခု တွေ့တော့ ကဲ ငါသည် တောကျောင်း ဝင်ဦးမယ်ဆိုပြီးတော့ ကျောင်းထဲ ဝင်သွားလိုက်တော့ အဲဒီမှာ တောထွက် ဦးပဉ္ဇင်းကြီးနှစ်ပါး ဝါဆိုကြတယ်။ တောထွက် ဦးပဉ္ဇင်းကြီးနှစ်ပါးနဲ့ တွေ့တော့ တောထွက် ဦးပဉ္ဇင်းကြီးနှစ်ပါးက လျှောက်တယ်။</p>
<p>အရှင်ဘုရား ... ကဲ တပည့်တော်တို့လည်း ဒီမှာ တစ်ဝါတွင်းလုံး ပြဿနာ မပြေလည် ဖြစ်နေတယ်။ အရှင်ဘုရား တပည့်တော်တို့ကို ဝိနည်းဓိုရ် လုပ်ပြီးတော့ အဆုံးအဖြတ်တစ်ခု ပေးပါ။ ဘယ်လို ဖြစ်သလဲ? တပည့်တော်တို့ ဝါဆိုတုန်းက သင်္ကန်း သုံးစုံ ရတယ်ဘုရား။ ကဗ္ဗလာသင်္ကန်းက တစ်စုံ၊ ပိတ်ကြမ်းသင်္ကန်းက နှစ်စုံ၊ အားလုံး သုံးစုံရတယ်။ အဲဒီ သုံးစုံကို တပည့်တော်တို့နှစ်ပါး တစ်ဝါတွင်း ဝေနေတာ အဝေမတဲ့ ဖြစ်နေတယ်။ ဟုတ်မဟုတ်လား? တစ်ဝါတွင်းလုံး ဝေလို့မရဘူး။ အဲဒါကြောင့် အရှင်ဘုရား ဝိနည်းဓိုရ် လုပ်ပြီးတော့ တပည့်တော်တို့ကို ဆုံးဖြတ်ပေးပါ။ ဟာ အရှင်ဘုရား မပူနဲ့ တပည့်တော်က ဒီလို အမှုတွဲတွေကို ဆုံးဖြတ်လာတာ များပြီ။ ဟော ဒီပုံစံနဲ့ သင်္ကန်းတွေ ယူလာခဲ့တာဆိုပြီး သူက သင်္ကန်းတွေ ရှေ့ပုံခိုင်း။ ပုံခိုင်းပြီးတော့ ပိတ်ကြမ်းသင်္ကန်း နှစ်စုံပေါ့။ ကဲ အရှင်ဘုရားက ဒီတစ်စုံယူ၊ အရှင်ဘုရားက ဒီတစ်စုံယူ။ ဟောဒီ ကဗ္ဗလာသင်္ကန်းကတော့ ဝိနည်းဓိုရ်ဖြစ်တဲ့ တပည့်တော်နဲ့ ဆိုင်တယ်ဆိုပြီး သူယူပြီး ပြန်ရော။ ဟော လျှပ်ပေါ်လော်လည်ပုံပဲ။ ကာမဂုဏ်ဝဲ စုပ်နေတဲ့သဘောပဲနော်။</p>
<p>အဲဒီ စနစ်နဲ့ ခုနက ဦးပဉ္ဇင်းကြီး နှစ်ပါးကလည်း မကျေနပ်လို့ နောက်ကနေ ထပ်ကြပ်မကွာ လိုက်လာတယ်။ သာဝတ္ထိရောက်ပြီ။ သာဝတ္ထိရောက်တဲ့ အချိန်ခါကျတော့ ဒီသတင်းက မြတ်စွာဘုရား ရွှေနားတော်ထိ ပေါက်ကြားသွားတယ်။ ပေါက်ကြားတဲ့ အချိန်ခါကျတော့မှ မြတ်စွာဘုရားက သူ့ရဲ့ အတိတ်ဇာတ်ကြောင်းလေး ပြန်ဟောပြတယ်။ အဲဒီ အတိတ်ဇာတ်ကြောင်းလေးက ဒကာကြီးတွေ၊ ဒကာမကြီးတွေ အားလုံး ကြားဖူးကောင်း ကြားဖူးလိမ့်မယ်လို့ ယူဆရပါတယ်။</p>
<p>ဦးပဉ္ဇင်းတို့ ငယ်စဉ်က ဖတ်စာအုပ်တွေထဲမှာ ပါနေတယ်။ မြေခွေးနဲ့ ဖျံအကြောင်းပဲ။ ဟုတ်တယ်မဟုတ်လား? အဲဒီဝတ္ထုက သူတို့ရဲ့ ပြဿနာပဲ။ အဲဒီမြေခွေးနဲ့ ဖျံအကြောင်းကို ပြန်ပြီးတော့ ဖတ်စာအုပ်ထဲမှာ ပါတာနဲ့၊ ဇာတ်တော်မှာ ပါတာနဲ့တော့ တူချင်မှ တူမယ်နော်။ ဦးပဉ္ဇင်း နည်းနည်း ပြောပြမယ်။ တစ်ချိန်က ဥပနန္ဒက မြေခွေး ဖြစ်တယ်။ အဲဒီ တောထွက်ဦးပဉ္ဇင်းကြီး နှစ်ပါးကလည်း ဖျံနှစ်ကောင် ဖြစ်နေတယ်။ ဂင်္ဂါမြစ်ထဲမှာနော်။ ဘာဖြစ်လာသလဲဆိုတော့ တစ်နေ့မှာ ဒီအရှင်ဥပနန္ဒ အလောင်းဖြစ်တဲ့ မြေခွေးမှာ မာယာဝီလို့ခေါ်တဲ့ သူ့မှာ အိမ်ရှင်မတစ်ယောက် ရှိပြန်တယ်။ ခက်ပုံက ခက်ပုံကနော်။</p>
<p>အဲဒီ မာယာဝီအမည်ရှိတဲ့ အိမ်ရှင်မက ဘာလုပ်သလဲ? ငါးကြင်းသား စားချင်ပါတယ်ဆိုပြီး ချင်ခြင်းတပ်ပြန်တယ်။ အဲဒါ ငါးကြင်းသား စားချင်ပါတယ်ဆိုပြီး သူ့မြေခွေးထီးကို သူက ပူဆာတဲ့အခါကျတော့ မြေခွေးထီးက ဘာပြောလဲ? ခုနက အရှင်ဥပနန္ဒအလောင်း မြေခွေးက အရှင်မ ဘာမှမပူနဲ့။ ဒီငါးကြင်းသားကို ငါရအောင် ရှာပေးမယ်ဆိုပြီးတော့ သူက ကတိပေးလိုက်တယ်။ ဒကာကြီးတွေကို စိန်နားကပ်ဝတ်ချင်တယ်လို့ ပူဆာတဲ့ပုံစံမျိုးနဲ့ တူတယ်နော်။ အဲဒီလို သူက ပူဆာလိုက်တဲ့ အချိန်ခါကျတော့ အာမခံချက်နဲ့ သူက ငါးကြင်းသား အရှာထွက်လာတာ ငါးကြင်းသား ရှာထွက်လာတဲ့ အချိန်ခါကျတော့ လမ်းခုလတ် တစ်နေရာရောက်တော့ သူ့ရဲ့ ခြေထောက်ကို နွယ်လေးတစ်ခု လာငြိတယ်။ နွယ်ငြိတဲ့ အချိန်ခါကျတော့ သူက ဘာအတိတ် ကောက်သလဲ? ဧကန္တ ဒီနေရာမှာ ငါ လာဘ်ကောင်းလာဘ်မြတ်တော့ ရလိမ့်မယ်၊ သူက ဒီလို အတိတ်ကောက်တယ်။ ကြည့်! ဘဝတစ်ခုမှာ အတိတ်ကောက်မှုဟာ နောက်ဘဝအထိ ကပ်မပါဘူးလား? ပါတယ်။ ဒကာကြီးတွေ ဒါ သတိထားကြ။ ဒါခုနက ဦးပဉ္ဇင်းက ပြောတာနော်။</p>
<p>နောက်တစ်ခု သူက လာဘ်ရမယ်ထင်ပြီးတော့ ဂင်္ဂါမြစ်ဘက်ကို သူက ဆင်းသွားလိုက်တဲ့ အချိန်ခါကျတော့ အဲဒီထဲမှာ ဖျံနှစ်ကောင်ကလည်း ဘာဖြစ်နေလဲ? ငါးကြင်းတစ်ကောင်ကို သူက ဆွဲပြီး ဖမ်းလိုက်တော့ ဖျံတစ်ကောင်က ဖမ်းလိုက်တယ်။ တစ်ကောင်ထဲ မနိုင်ဖြစ်နေတယ်။ မနိုင်ဖြစ်တော့ အဖော်ဖျံတစ်ကောင်ကို အကူအညီတောင်းလိုက်တော့ နှစ်ကောင်ဆွဲပြီး တင်လိုက်တော့ ဒီငါးကြင်းက ကုန်းပေါ်ရောက်လာပြီ။ ကုန်းပေါ်ရောက်လာတဲ့ အချိန်အခါကျတော့မှ ဒီငါးကြင်းကို ဖျံနှစ်ကောင်က ဝေနေတာ အဝေမတဲ့ ဖြစ်နေတယ်။ အဝေမတဲ့ ဖြစ်နေချိန် မြေခွေးက ရောက်သွားတဲ့ အချိန်ခါကျတော့မှ အဲဒီမှာ မြေခွေးကို တရားသူကြီး လုပ်ခိုင်းတော့ ဒကာကြီးတွေ ကြားဖူးတဲ့အတိုင်းပဲနော်။ အဲဒီမြေခွေးက သုံးပိုင်းပိုင်းပြီးတော့ ခေါင်းပိုင်းကို ဖျံတစ်ကောင် ပေးတယ်၊ အမြီးပိုင်းကို ဖျံတစ်ကောင် ပေးပြီး၊ အလယ်ပိုင်းကတော့ ငါတရားသူကြီးနဲ့ ဆိုင်တယ်ဆိုပြီး ချီပြေးတာပဲ။ အဲဒီ ဓာတ်ငွေ့ကြည့် ဒကာကြီးတွေနော်။ ဘဝတစ်ခုမှာ ခေါင်းပုံဖြတ်ခဲ့တဲ့ ဓာတ်ငွေ့ ရဟန်းဘဝအထိ ကပ်မပါလာဘူးလား? ပါလာတယ်။</p>
<p>ဟိုတောထွက် ဦးပဉ္ဇင်းကြီး နှစ်ပါးကို ကြည့်လိုက်၊ ဖျံဖြစ်တုန်းကလည်း သူတို့က လုခဲ့တယ်။ ငါးကြင်းသားကို လုခဲ့တယ်။ ရဟန်းဖြစ်တော့လည်း သင်္ကန်းကို လုခဲ့တယ်။ ဓာတ်ငွေ့တွေ ကပ်မပါဘူးလား? ပါနေတယ်။ ဒီလိုဆိုရင် အဲဒီဓာတ်ငွေ့မျိုးသည် သံသရာတစ်လျှောက် ကပ်ပြီး ပါတတ်တယ်ဆိုရင် ဒကာကြီးတွေ ဒီလို ဓာတ်ငွေ့မျိုးတွေ အသုံးချဖို့ ကောင်းမလား? မကောင်းဘူးနော်။ ဒီဥစ္စာက ဘာပြောတာလဲ? ကာမဂုဏ်ဝဲ စုပ်နေတာပဲ။ ဒီတော့ ဘဝတစ်ခုမှာသာ ဒီလို ခေါင်းပုံဖြတ်တတ်တဲ့စနစ်က နောင်ဘဝတွေကိုသာလိုက်ပြီး ကပ်ပါတတ်တယ်ဆိုရင် သို့မဟုတ် ဘဝတစ်ခုအပေါ်မှာ ပစ္စည်းလေးပါးအပေါ်၌ အာရုံငါးပါး ကာမဂုဏ်တရားတို့ အပေါ်၌ လျှပ်ပေါ်လော်လည်မှုဆိုတဲ့ စိတ်ထားတွေ နောက်ဘဝထိ ကပ်ပါတတ်တယ်ဆိုရင် ဒီစိတ်ထားမျိုးတွေ ဒကာကြီးတွေ ရှောင်ဖို့ မလိုဘူးလား? သိပ်လိုတယ်။</p>
<p>အခု အရှင်ဥပနန္ဒကြည့်ပေါ့ ... ဘုရားရှင်နဲ့လည်း တွေ့ရတယ်၊ ဘုရားတရားလည်း ကြားနာရတယ်၊ သာကီဝင်မင်းသားလည်း ဖြစ်တယ်၊ တရားထူး တရားမြတ် ရသွားလား? မရဘူး။ ဘာဖြစ်လို့လဲ? ပစ္စည်းလေးပါးကို လျှပ်ပေါ်လော်လည်နေတဲ့ ကာမဂုဏ်ဝဲ စုပ်ခံနေရတဲ့အတွက်ကြောင့် ဖြစ်တယ်နော်။ အလားတူပဲ။ နောက်ပုဂ္ဂိုလ်တစ်ဦးကတော့ ဦးပဉ္ဇင်းတို့ အရှင်ကောကာလိကပဲ။ ဒီပုဂ္ဂိုလ်အတွက်ကျတော့ ကာမဂုဏ်ဝဲ စုပ်လိုက်တာက ဟိုငရဲထိ ရောက်သွားတယ်။ ဘယ်လိုဖြစ်သွားသလဲဆိုတော့ -</p>
<p>ဦးပဉ္ဇင်းတို့ တစ်ချိန်မှာ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန် နှစ်ပါးတို့ တိုင်ပင်ကြတယ်။ ကဲ ငါ့ရှင် ... ဒီဝါတွင်းတော့ တို့ နှစ်ပါး တိတ်ဆိတ်တဲ့ တောကျောင်း တောင်ကျောင်း တစ်နေရာမှာ သွားပြီး ဝါဆို ဝါကပ်ကြရရင် ကောင်းမယ်ဆိုပြီးတော့ တိုင်ပင်ကြတော့ သူတို့ တောကျောင်း တစ်ကျောင်း ကြွသွားကြတယ်။ သာဝတ္ထိနဲ့ တော်တော်လေး ဝေးပါတယ်နော်။ အဲဒီတောကျောင်း တစ်ကျောင်းမှာက ဒီအရှင်ကောကာလိကက ကျောင်းထိုင်ဘုန်းကြီး ဆိုကြပါစို့။ ခုခေတ်အပြောနဲ့ ပြောရင်နော်။ အဲဒီတော့ တောကျောင်းမှာ သူက အမြဲနေတဲ့ကိုယ်တော်ပဲ။ ဒီတော့ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့က ဒီအရှင်ကောကာလိကထံ ချဉ်းကပ်ပြီးတော့ ဘာအကူအညီ တောင်းလဲ?</p>
<p>အရှင်ဘုရား ... အရှင်ဘုရားကို အမှီပြုပြီးတော့ ဒီဝါတွင်း တပည့်တော်တို့နှစ်ပါး ချမ်းချမ်းသာသာ နေထိုင်ပါရစေ။ ဒီလို အကူအညီ တောင်းတယ်။ အဲဒီလို အကူအညီ တောင်းလိုက်တဲ့ အချိန်အခါကျတော့ အရှင်ကောကာလိကက ဘာပြန်မေးလဲ? တပည့်တော်ကို အမှီပြုပြီး အရှင်ဘုရားတို့ ဘယ်လိုချမ်းသာမလဲ မေးကြည့်တယ်။ တခြားဟာတော့ မဟုတ်ပါဘူး။ တပည့်တော်တို့နှစ်ပါးသည် ဘုရားရှင်ရဲ့ အဂ္ဂသာဝကကြီးတွေ ဖြစ်တယ်ဆိုတာကို အရှင်ဘုရားက ဒကာ၊ ဒကာမတွေကို အသိမပေးပါနဲ့။ အဲဒီလို အသိမပေးခြင်းသည်ပင်လျှင် တပည့်တော်တို့အတွက် ချမ်းသာမှုတစ်ခု ဖြစ်ပါလိမ့်မယ်။ ဒီလို လျှောက်ထားကြတယ်။ အဲဒါကို အရှင်ကောကာလိကလည်း သဘောတူလိုက်ပါတယ်။ သဘောတူပြီးတော့ သုံးပါး ဝါဆိုဝါကပ်ပြီးတော့ ရဟန်းတရားတွေကို ပွားများအားထုတ်ပြီး နေထိုင်လိုက်ကြတော့ ဝါလည်းကျွတ်ရော - အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့က အရှင်ကောကာလိကကို သွားပြီး နှုတ်ဆက်ကြတယ်။</p>
<p>ကဲ ငါ့ရှင် ငါ့ရှင်ကို အမှီပြုပြီးတော့ တပည့်တော်တို့နှစ်ပါးလည်း ဒီဝါတွင်း ချမ်းချမ်းသာသာနဲ့ နေထိုင်ရပါတယ်။ ဒါကြောင့် တပည့်တော်တို့လည်း ဝါကျွတ်တော့ ဘုရားရှင်ကို ဖူးမြော်ကန်တော့ဖို့ရန်အတွက် ပြန်ကြွဦးမယ်ဆိုပြီး သွားနှုတ်ဆက်ကြတယ်။ နှုတ်ဆက်လိုက်တဲ့ အချိန်ခါကျတော့မှ အရှင်ကောကာလိကက ခပ်မြန်မြန် သူက ဦးအောင် ရွာထဲသွား၊ သွားပြီးတော့ ဒကာ၊ ဒကာမတွေကို သွားလှုံ့ဆော်တယ်။ ကဲ ဒကာ၊ ဒကာမတွေ ကြည့်စမ်း။ နင်တို့ ဘုရားရှင်ရဲ့ အဂ္ဂသာဝကကြီး နှစ်ပါး တစ်ဝါတွင်းလုံး ဒီကျောင်းမှာ လာပြီး နေထိုင်တာ နင်တို့ ဘာမှအရေးမစိုက်ကြဘူး။ ဘာပဲ ညာပဲ စသည်ဖြင့်ပေါ့လေ။ သွားပြီး ပြောဆို ကျိန်းမောင်းတယ်။</p>
<p>ဩော် ... အရှင်ဘုရား နဂိုတုန်းကတော့ တပည့်တော်တို့ကို မပြောဘဲကိုး။ ခုမှ ဘာကြောင့် အရှင်ဘုရား လာပြောရသလဲဆိုပြီး အပြစ်တင်ပြီးတော့ အဲဒီမှာ ခပ်မြန်မြန် ဒကာ၊ ဒကာမတွေက တစ်နေရာမှာ ပစ္စည်းတွေ စုပြီးတော့ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့ ကြွလာတဲ့ အချိန်ခါကျတော့မှ လှူဒါန်းကြတာပေါ့။ လှူဒါန်းတဲ့ အချိန်ခါကျတော့ အရှင်ကောကာလိကလည်း အနားမှာ ရှိနေတယ်။ အဲဒီအခါမှာ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့က အလှူမခံပါဘူး။ ဘာဖြစ်လို့ အလှူမခံသလဲဆိုတော့ ဦးပဉ္ဇင်းတို့ ရဟန်းတော်များမှာ သိက္ခာပုဒ် တစ်ခု ရှိပါတယ်။ <b>ပရုတ္တဝါစာ</b>လို့ ခေါ်ပါတယ်။ ခုလို ပစ္စည်းလေးပါးနဲ့ စပ်ယှက်ပြီးတော့ လှူချင်တန်းချင်လာအောင် နီးနီးကပ်ကပ် ပြောနေတဲ့ စကားမျိုးကို <b>ပရုတ္တဝါစာ</b>လို့ ခေါ်ပါတယ်။ အဲဒီလို <b>ပရုတ္တဝါစာ</b>ကြောင့် ရရှိတဲ့ပစ္စည်း မှန်ခဲ့ရင် ရဟန်းတော်များ မသုံးစွဲကောင်းဘူး။ သုံးစွဲခဲ့ရင် အာပတ်သင့်စေဆိုပြီး မြတ်စွာဘုရားလည်း ပညတ်ထားတယ်။ ဒီပစ္စည်းတွေကို စွန့်ရမယ်လို့လည်း သိက္ခာပုဒ် ပညတ်ထားပါတယ်။</p>
<p>ဒါကြောင့် ဒီသိက္ခာပုဒ်အရ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့က သိက္ခာပုဒ်ကို ရိုသေလေးစားသည်လည်း အကြောင်းတစ်ခုပေါ့။ မိမိတို့ကိုယ်တိုင်က ရဟန္တာဖြစ်နေတဲ့အတွက် <b>သလ္လေခ ခေါင်းပါးတဲ့ ကျင့်စဉ်</b>တွေကို လက်တွေ့ ကျင့်နေတဲ့ သူတော်ကောင်းတွေ ဖြစ်ခြင်းကြောင့် ဒီပစ္စည်းတွေကို အလိုမရှိတာလည်း အကြောင်းတစ်ခု။ အဲဒီ အကြောင်းတွေကြောင့် ဒီပစ္စည်းကို အလှူမခံဘူး။ အလှူမခံဘဲ ပြန်ကြွသွားပြီ ဆိုကြစို့နော်။</p>
<p>အရှင်ကောကာလိကဘက်က ဘယ်လို စဉ်းစားလဲ? အရှင်ကောကာလိကက သူစဉ်းစားတာက ကြည့်စမ်း? ဒီကိုယ်တော်ကြီးတွေ သူတို့ အလိုမရှိဘူး ဆိုလို့ရှိရင်လည်း ဒီပစ္စည်းတွေ ငါ့ပေးဖို့ ကောင်းတယ်။ ငါ့လည်း မပေးဘူး။ သူတို့လည်း အလှူမခံဘူး။ ဒီတော့ သူလည်း မရဘူး၊ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့လည်း ယူမသွားဘူး။ ဒါကို သူက တော်တော်လေး မကျေမနပ် ဖြစ်နေတယ်။ အကယ်၍ သူတို့ အလှူမခံဘဲ နေခဲ့မယ်ဆိုရင်၊ ငါ့ကို ပေးခဲ့ဖို့ သိပ်ကောင်းတယ်။ သူက ဒီလို တွက်တယ်။ မပေးဘဲနဲ့ ဟိုက ပြန်သွားတယ်။ ဘာဖြစ်လို့လဲ? ဒီလို <b>ပရုတ္တဝါစာ</b>လို့ ခေါ်တဲ့ ပစ္စည်းလေးပါးကို လှူချင်လာအောင် ပါးစပ်က ထုတ်ပြောလို့ လှူဒါန်းနေတဲ့ ပစ္စည်းပေါ့။ မအပ်သော နည်းဖြင့် မအပ်တဲ့ ဒကာ၊ ဒကာမတွေထံက ဒီလိုပစ္စည်းတွေက အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့သာ မအပ်သည် မဟုတ်ဘူး၊ တခြားတခြား သံဃာတွေလည်း မအပ်ပါဘူး။ မအပ်တော့ သူ့ကို စွန့်လည်း သူ မအပ်ဘူး။ သူ့မှာလည်း အာပတ်သင့်မှာပဲ။ ဒါကြောင့် အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့က မစွန့်ဘူး။ အဲဒီသဘောနဲ့ သွားတာကို သူက သဘောမပေါက်ဘူး။ သဘောမပေါက်တော့ ဘာပြဿနာပေါ်လာလဲ? သူက တေးထားတယ်။</p>
<p>တစ်ချိန်ပေါ့လေ - တော်တော်လေး ကြာသွားပုံရတယ်။ တော်တော်ကြာသွားတဲ့ အချိန်ခါကျတော့ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့က ရဟန်းငါးရာနဲ့ အတူတကွ အဲဒီ အရှင်ကောကာလိက နေထိုင်ခဲ့တဲ့ ဒီရွာလေးကို နောက်တစ်ပတ် ပြန်ရောက်လာကြပြန်တယ်။ ရောက်လာတဲ့ အချိန်ခါမှာ ဒီပုဂ္ဂိုလ်တွေက လူဒကာ၊ ဒကာမတွေက အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့ကို တစ်ချိန်က မြင်ဖူးထားတော့ မှတ်မိနေကြပြီ။ မှတ်မိနေတဲ့အတွက် ပစ္စည်းတွေပေါ့။ နောက်တစ်နေ့ကျတော့ လှူလိုက် တန်းလိုက်ကြတာ အများကြီးပဲ။ အဲဒီ လှူဖွယ်ဝတ္ထုတွေကျတော့ ဒါ အရှင်ကောကာလိက နှုတ်သရမ်းမှုနဲ့ မသက်ဆိုင်တဲ့အတွက် အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့က သူတို့ရဲ့ တပည့်သားမြေးတွေနဲ့ ခွဲခြမ်းဝေဖန်ပြီး သုံးစွဲလိုက်ကြပါတယ်။ ဒါပေမဲ့ အရှင်ကောကာလိကကိုတော့ ထည့်ပြီးတော့ မဝေဖန်မိဘူး။</p>
<p>ဘာဖြစ်လို့ မဝေဖန်မိသလဲဆိုတော့ ဦးပဉ္ဇင်းတို့ စာမှာတော့ အကြောင်းပြထားတာ မပါသော်လည်း ဟိုဝိနည်းသိက္ခာပုဒ်တစ်ခု ရှိတာက ဦးပဉ္ဇင်းတို့ <b>လဇ္ဇီသူတော်ကောင်း</b>ပေါ့။ ခုန ဝိနည်းသိက္ခာပုဒ်တွေကို သိလျက်နဲ့ မလွန်ကျူးတဲ့ပုဂ္ဂိုလ်၊ မတော်တဆ သတိလက်လွတ် လွန်ကျူးခဲ့မိရင်လည်း အချိန်မီ ဖုံးလွှမ်းမထားဘဲနဲ့ ကုစားတဲ့ပုဂ္ဂိုလ်တွေကို <b>လဇ္ဇီသူတော်ကောင်း</b>လို့ ခေါ်တယ်။ တစ်ဖက်က ကြည့်လိုက်ရင်တော့ သိလျက်နဲ့ အာပတ်ကိုလည်း လွန်ကျူးတယ်။ ဒီအာပတ်ကိုလည်း ဖုံးကွယ်ထားတယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေကျတော့ <b>အလဇ္ဇီ</b>လို့ ခေါ်တယ်။ အဲဒီ လဇ္ဇီနဲ့ အလဇ္ဇီက ဒီလို သူ့ပစ္စည်း ကိုယ့်လှူ၊ ကိုယ့်ပစ္စည်း သူ အလှူခံတဲ့ပုံစံမျိုး မလုပ်ရဘူးဆိုတာ မြတ်စွာဘုရား နောက်ထပ် သိက္ခာပုဒ်တစ်ခု ပညတ်ထားတယ်။ အဲဒီ သိက္ခာပုဒ်ကြောင့်လို့ ယူဆရပါတယ်။ အရှင်ကောကာလိကက ဝိနည်းသိက္ခာပုဒ်ကို မရိုသေတဲ့ပုဂ္ဂိုလ် ဖြစ်နေတော့ သူ့ကို မပေးခိုင်းတော့ဘူး။ အဲဒါကို အရှင်ကောကာလိကက အကြီးအကျယ် မကျေနပ်တာ။</p>
<p>ကြည့်စမ်း! တစ်ချိန်တုန်းကတော့ သူတို့ပစ္စည်းတွေ လှူတယ်၊ အလှူမခံဘူး။ ခုကျတော့လည်း သူတို့ အလှူခံတယ်။ အလှူခံပြီးတော့လည်း ငါ့လည်း မပေးဘူး။ ဒင်းတို့ အင်မတန် စိတ်ထားယုတ်မာတယ်။ ဒီလို သူက စွဲချက်တင်တယ်။ စွဲချက်တင်ပြီးတဲ့အခါ နောက်ဆုံး အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့ ရဟန်းတွေနဲ့ ပြန်ကြွသွားတဲ့အခါ သူလည်း လိုက်သွားတယ်။ လိုက်သွားပြီး သာဝတ္ထိရောက်တဲ့ အချိန်ခါကျတော့ မြတ်စွာဘုရားကို သူက တိုက်ရိုက်သွားပြီး လျှောက်ထားတယ်။</p>
<p>“မြတ်စွာဘုရား ... သာရိပုတ္တရာနဲ့ မဟာမောဂ္ဂလာန်တို့ဟာ အင်မတန် စိတ်ထား ယုတ်မာကြတယ်ဘုရား” သွားလျှောက်တယ်။ “ဟာ ... ကောကာလိက သင်ဒီလို မပြောနဲ့။ သာရိပုတ္တရာနဲ့ မဟာမောဂ္ဂလာန်တို့အပေါ်၌ သင့်ရဲ့စိတ်ကို ကြည်လင်ပါ။ ကြည်ကြည်လင်လင် ထားစမ်းပါ” မြတ်စွာဘုရား သုံးကြိမ်တိုင်တိုင် တိုက်တွန်းတယ်။ သုံးကြိမ်တိုင်တိုင်ပဲ သူက ပြန်လျှောက်ထားတော့ မြတ်စွာဘုရားလည်း နှုတ်ဆိတ်ပြီး နေလိုက်တယ်။ နေပြီးတဲ့ အချိန်ခါကျတော့မှ မြတ်စွာဘုရား နှုတ်ဆိတ်နေပြီဆိုတော့ သူလည်း မနေရဲတော့ဘူး။ ထပြီးအသွား ဘုရားရှင် မျက်ကွယ်လောက် ရောက်တယ်ဆိုရင်ပဲ သူ့ခန္ဓာကိုယ်မှာ အနာလေးတွေ စပြီး ပေါက်လာတယ်။ အဲဒီ အနာလေးတွေက တဖြည်းဖြည်းပဲ နောက်စေ့လောက်ကနေ တဖြည်းဖြည်း ကြီးလာလိုက်တာ နောက်ဆုံး ဥသျှစ်သီးမှည့်လောက်အထိ ဖြစ်လာတယ်။ အဲဒီလောက်လည်း ဖြစ်ရော ခုနစ်ရက်လောက်လည်း ကြာရော၊ ဒီအနာ ပေါက်ကွဲပြဲပြီးတော့ နောက်ဆုံး သေရတာပဲ။ သေတဲ့အခါ အဝီစိငရဲ ရောက်သွားတယ်။ ရောက်သွားတဲ့အချိန်ခါမှာ ဒီအရှင်ကောကာလိကကို အကြောင်းပြုပြီးတော့ မြတ်စွာဘုရား တရားလေးတွေ ဟောပါတယ်။ အဲဒီဟောတဲ့အထဲမှာ နည်းနည်း မှတ်သားစေချင်တဲ့ ဂါထာလေးတစ်ခုကတော့ ဘာလဲ?</p>
<p>‘‘<b>ပုရိသဿ ဟိ ဇာတဿ, ကုဌာရီ ဇာယတေ မုခေ၊ ယာယ ဆိန္ဒတိ အတ္တာနံ, ဗာလော ဒုဗ္ဘာသိတံ ဘဏံ။</b>’’</p>
<p>ပြောလိုရင်းက ဘာလဲ? မွေးလာတဲ့ ယောက်ျားရဲ့ ပါးစပ်ထဲမှာ ဓားမကြီးတစ်လက် ပါလာတယ်။ ယင်းဓားမကြီးဖြင့် လူမိုက်သည် မကောင်းပြောလျက် မိမိကိုယ်ကို မိမိ ပိုင်းဖြတ်တတ်တယ်လို့ ဒီလို ဘုရားဟောထားတယ်နော်။ ဒကာကြီးတွေ, ဒကာမကြီးတွေရဲ့ ပါးစပ်ထဲမှာ ဓားမကြီး မပါဘူးလား? ပါနေတယ်။ အဲဒီ ဓားမကြီးက အသုံးမချတတ်ဘူးဆိုရင်ပေါ့ အခုလိုပေါ့ မပြောသင့်တဲ့နေရာမှာ သွားပြီး ပြောခဲ့မယ်ဆိုရင် ဘာဖြစ်မလဲ? မိမိကိုယ်ကို မိမိ ပိုင်းဖြတ်သွားလိမ့်မယ်။ သူ ငရဲရောက်သွားတယ်။ အဲဒီငရဲ အရှင်ကောကာလိက ရောက်သွားခြင်းသည် ဘာကို အကြောင်းခံသလဲလို့မေးတော့ အာရုံငါးပါး <b>ကာမဂုဏ်တရား</b>တွေကို အခြေခံခဲ့တယ်။ ဒီကာမဂုဏ်ဝဲက အစုပ်ခံရတဲ့အတွက် ဒီပုဂ္ဂိုလ် ငရဲရောက်သွားတယ်ဆိုရင် ဒီပုဂ္ဂိုလ် နိဗ္ဗာန် ရသေးလား? မရဘူး။ ကဲ ဒကာကြီးတွေ, ဒကာမကြီးတွေမှာကော ကာမဂုဏ်တွေ မရှိကြဘူးလား? အဲဒီ ဝဲတွေ အစုပ်ခံနေရမယ် ဆိုရင်တော့ ဘယ်ရောက်ကြမလဲ? အဲဒါ သတိထားကြတော့။ နိဗ္ဗာန်ကို လိုချင်ရင် ဒီဝဲစုပ်ခံရလား? မခံရဘူး။ ကဲ နောက်တစ်ခု နောက်ဆုံးကတော့ ဘာလဲ? <b>အန္တောပူတိ</b>။</p>
<p>‘‘<b>ကတမော စ, ဘိက္ခု, အန္တောပူတိဘာဝေါ?</b>’’</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>အန္တောပူတိဘာဝေါ</b>၊ အတွင်း၌ ပုပ်ဆွေးခြင်းဟူသည်ကား။ <b>ကတမော</b>၊ အဘယ်နည်း။</p>
<p>အတွင်းပုပ်တယ် အတွင်းပုပ်တယ် ဆိုတာက ဘာပြောတာလဲ?</p>
<p>‘‘<b>ဣဓ, ဘိက္ခု, ဧကစ္စော ဒုဿီလော ဟောတိ ပါပဓမ္မော အသုစိသင်္ကဿရသမာစာရော ပဋိစ္ဆန္နကမ္မန္တော အဿမဏော သမဏပဋိညော အဗြဟ္မစာရီ ဗြဟ္မစာရိပဋိညော အန္တောပူတိ အဝဿုတော ကသမ္ဗုဇာတော။</b>’’</p>
<p><b>ဘိက္ခု</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဣဓ</b>၊ ဤသာသနာတော်မြတ်အတွင်း၌။ <b>ဧကစ္စော</b>၊ အချို့သော ပုဂ္ဂိုလ်သည်ကား။ <b>ဒုဿီလော</b>၊ ကိုယ်ကျင့်သီလ မရှိသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊</p>
<p>သီလ လုံးလုံး မရှိဘူး။ ဦးပဉ္ဇင်းတို့ ရဟန်းတော်ဘက်က ဆိုရင်တော့ ပါရာဇိကကျတယ်။ ဒကာကြီးတွေ, ဒကာမကြီးတွေဘက်က ပြောရင်တော့ ငါးပါးသီလ ကျိုးပေါက်ပျက်စီးနေတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေကို ဘာခေါ်လဲ? ဒုဿီလ = သီလမရှိတဲ့ပုဂ္ဂိုလ်လို့ ခေါ်တယ်။</p>
<p><b>ဒုဿီလော</b>၊ ကိုယ်ကျင့်သီလ မရှိသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊ <b>ပါပဓမ္မော</b>၊ ယုတ်မာသော စိတ်ထားရှိသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊</p>
<p>စိတ်နေစိတ်ထား ကြည့်လိုက်ရင်လည်း သိပ်ပြီးတော့ ယုတ်မာတယ်။ ရာဂ, ဒေါသ, မောဟတို့ရဲ့ စွမ်းအားတွေပဲ။ တစ်ဖက်သားကို အနိုင်ယူလိုတဲ့စိတ်ထား။ ဟုတ်တယ်မဟုတ်လား? မကောင်းတဲ့ စိတ်ထားအမျိုးမျိုးမှန်ရင် သူ့သန္တာန်မှာ အကုန်လုံး ရှိနေတယ်။</p>
<p><b>အသုစိ</b>၊ မစင်ကြယ်သော ကာယကံ, ဝစီကံ, မနောကံရှိသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊</p>
<p>ကာယကံ, ဝစီကံ, မနောကံတွေ ကြည့်လိုက်ရင်လည်း စင်ကြယ်မှု လုံးလုံး မရှိကြဘူး။</p>
<p><b>အသုစိ သမာစာရော</b>၊ သူတစ်ပါးတို့သည် ယုံမှားခြင်း တွေးတောအပ်သော ကိုယ်ကျင့်တရားရှိသည် (ဝါ) သူတစ်ပါးတို့ကို ယုံမှားခြင်းဖြင့် တွေးတောအပ်သော ကိုယ်ကျင့်တရား ရှိသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊</p>
<p>တစ်ဖက်ပုဂ္ဂိုလ်တွေက သူ့အပေါ်မှာ လှမ်းကြည့်လိုက်ရင် ဒီပုဂ္ဂိုလ် သီလ ရှိမှရှိပါလေရဲ့လား ဆိုပြီးတော့ ဒီလို သံသယရှိလောက်တဲ့ ကိုယ်ကျင့်တရားတွေ သူ့မှာ ရှိနေတယ်။ နောက်တစ်နည်း ပြောမယ်ဆိုရင်တော့ တစ်ဖက်ပုဂ္ဂိုလ်တွေကိုလည်း သူကိုယ်တိုင်က ပြန်ပြီး သံသယရှိနေတဲ့ ကိုယ်ကျင့်တရားတွေ ရှိနေတယ်။ သူက မကောင်းတာလုပ်ထားပြီ။ မကောင်းတာ လုပ်ထားတဲ့ အချိန်ခါကျတော့ တစ်ချိန် ဟိုဘက်က ကိုယ်တော်နှစ်ပါး (သို့မဟုတ်) သုံးပါးလောက်ပေါ့ စုပြီး စကားပြောနေပြီ။ စကားပြောနေတာကို သူက မြင်လို့ရှိရင် သူ့စိတ်ထဲ ဘယ်လို ဖြစ်လာသလဲ? ဩော် ... ဒီကိုယ်တော်တွေ ငါ့အကြောင်း ပြောနေတယ်နဲ့ တူတယ်။ ဟော သူတစ်ပါးတို့ကို မိမိက ယုံမှားသံသယ ဖြစ်လောက်တဲ့ ကိုယ်ကျင့်တရားတွေက မိမိမှာ ရှိနေပြီနော်။ ဒါကြောင့် သူတော်ကောင်းမှန်လို့ရှိရင် အဲဒီလို သူတစ်ပါး ယုံမှားသံသယ ဖြစ်လောက်တဲ့ ကိုယ်ကျင့်တရား ရှိရမလား, မရှိရဘူးလား? မရှိရဘူး။ သိပ်ဖြူစင်ရမယ်။ ကိုယ်ကျင့်သီလ မြဲရမယ်။ စိတ်နေစိတ်ထား ကောင်းမွန်ရမယ်။ ကာယကံမှု စင်ကြယ်ရမယ်, ဝစီကံမှု စင်ကြယ်ရမယ်, မနောကံမှု စင်ကြယ်ရမယ်။ သူတစ်ပါးတို့ ယုံမှားသံသယ ဖြစ်လောက်တဲ့ ကိုယ်ကျင့်တရားတွေ ရှိရမလား? မရှိရဘူး။ နောက်တစ်ခု -</p>
<p><b>ပဋိစ္ဆန္နကမ္မန္တော</b>၊ ဖုံးလွှမ်းထားအပ်သော အမှုကြီးငယ်ရှိသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊</p>
<p>သူ့မှာ မကောင်းမှုတွေ လုပ်ထားတာရှိတယ်။ မကောင်းမှုတွေ လုပ်ထားတာ ရှိတဲ့အတွက် သူတစ်ပါးတို့ မသိအောင် သူက ဘာလုပ်ထားလဲ? ဖုံးထားတယ်။ ဖုံးပေမဲ့ ရမလား? မရပါဘူး။</p>
<p>‘‘<b>နတ္ထိ လောကေ ရဟော နာမ၊ ပါပကမ္မံ ပကုဗ္ဗတော။</b>’’</p>
<p>ဇာတ်တော်တစ်ခုပေါ့ — လောကမှာ မကောင်းမှုပြုတဲ့ပုဂ္ဂိုလ်တို့အဖို့ ဆိတ်ကွယ်ရာဆိုတာ ရှိမလား? မရှိဘူး။ မိမိကိုယ်တိုင် သိနေတယ်။ နတ်တွေသိတယ်။ ဆိတ်ကွယ်ရာဆိုတာ လောကမှာ မရှိနိုင်ဘူး။ ဒါပေမဲ့ သူကတော့ သူတစ်ပါးတို့ မသိအောင်တော့ မိမိရဲ့ မကောင်းတဲ့ လုပ်ငန်းရပ်တွေကို ဖုံးလွှမ်းထားတဲ့စိတ်ထား ရှိနေတယ်။ ဒီလိုဆိုရင် နိဗ္ဗာန်လိုချင်တဲ့ ပုဂ္ဂိုလ်က အဲဒီလို မိမိရဲ့ မကောင်းမှုတွေကို ဖုံးလွှမ်းတဲ့ စိတ်ထား ရှိရမလား? မရှိရဘူး။ ဒါ ရှောင်ရမယ်။ နောက်တစ်ခု -</p>
<p><b>အဿမဏော</b>၊ ရဟန်းမဟုတ်ပါဘဲလျက်။ <b>သမဏပဋိညော</b>၊ ရဟန်းဟု ဝန်ခံသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊</p>
<p>ရဟန်းမဟုတ်ဘဲနဲ့ ရဟန်းလို့ ဝန်ခံတယ်။ ဘယ်လိုလဲဆိုတော့ — ဦးပဉ္ဇင်းတို့ အဲဒီနေ့ပဲ မဟာဒုတ်ပေါ့နော်။ မဟာဒုတ်တွေ ခုနက မဲဖောက်မယ် သံဃာတွေခေါ်မယ် ဆိုလို့ရှိရင် သူလည်း သံဃာဘက်ကို ဝင်ပြီးတော့ စာရင်းပေးလိုက်တယ်။ ဟော အဲဒါ ရဟန်းမဟုတ်ဘဲနဲ့ ဒါ ရဟန်းလို့ ဝန်ခံတာပဲ။ နောက်တစ်ခု -</p>
<p><b>အဗြဟ္မစာရီ</b>၊ မမြတ်သောအကျင့်ကို ကျင့်လေ့ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ပါလျက်။ <b>ဗြဟ္မစာရိပဋိညော</b>၊ မြတ်သော အကျင့်ကို ကျင့်လေ့ရှိတဲ့ ပုဂ္ဂိုလ်ဟု ဝန်ခံ၏၊</p>
<p>မမြတ်တဲ့ အကျင့်ကို ကျင့်နေတဲ့ ပုဂ္ဂိုလ်ဖြစ်ပါလျက် မြတ်တဲ့ အကျင့်ကို ကျင့်တဲ့ပုဂ္ဂိုလ်လို့ ဝန်ခံတယ်။ ဦးပဉ္ဇင်းတို့ ရဟန်းတော်ဘက်က ပြောရင်ပေါ့။ ကံကြီး, ကံငယ်တွေ သိမ်ထဲမှာ ဆောင်ကြတယ်။ ဒါဟာ ပါရာဇိက မကျတဲ့ သီလစင်ကြယ်နေတဲ့ ပုဂ္ဂိုလ်တို့ရဲ့ လုပ်ငန်းရပ်သာ ဖြစ်တယ်။ သူလည်း ရောပြီး ပါရာဇိက ကျနေပါလျက်နဲ့ ဝိုင်းပြီးတော့ ကံဆောင်လိုက်မယ်ဆိုရင် ဒါက မြတ်တဲ့ အကျင့်ကို မကျင့်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါလျက်နဲ့ မြတ်တဲ့ အကျင့်ကို ကျင့်တဲ့ ပုဂ္ဂိုလ်လို့ ဝန်ခံရာ ရောက်တယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုး မဖြစ်စေရဘူး။</p>
<p><b>အဝဿုတော</b>၊ ရာဂ, ဒေါသ, မောဟတည်းဟူသော ကိလေသာ မိုးဖြင့် စိုစွတ်သော စိတ်ထားရှိသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊</p>
<p>သူ့စိတ်နေစိတ်ထား ကြည့်လိုက် ရာဂတွေက သိပ်အားကောင်းတယ်။ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုအပေါ်မှာ တွယ်တာတပ်မက်တဲ့ စိတ်ထားတွေက သိပ်အားကောင်းပြီးတော့ ဒီရာဂမိုးတွေက သူ့စိတ်မှာ စွတ်စိုပြီး နေတယ်။ ဒီလိုဆိုရင် ဒကာကြီးတွေ, ဒကာမကြီးတွေ နိဗ္ဗာန်လိုချင်တယ် ဆိုလို့ရှိရင် ရာဂမိုး စိုစွတ်နေတဲ့ စိတ်ထားမျိုး ရှိရမလား? မရှိရဘူး။ ရှောင်ရမဲ့ လုပ်ငန်းတွေပဲနော်။ နောက်တစ်ခု -</p>
<p><b>ကသမ္ဗုဇာတော</b>၊ ရွံရှာစက်ဆုတ်ဖွယ် အမှိုက်သရိုက်သဖွယ် ဖြစ်၍နေသော စိတ်နေစိတ်ထား ရှိသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊</p>
<p>အိမ်မှာ မလိုချင်လို့ စွန့်ပစ်လိုက်တဲ့ အမှိုက်တွေ အသုံးချလို့ ရသေးလား? မရဘူး။ ဒီအတိုင်းပဲ။ သူ့ရဲ့ စိတ်နေစိတ်ထားကို ကြည့်လိုက်ရင် ရာဂ, ဒေါသ, မောဟဆိုတဲ့ အညစ်အကြေးတွေ လူးလည်းပေကျံနေတဲ့ စွန့်ပစ်ထိုက်တဲ့ အမှိုက်သရိုက်နဲ့ တူတဲ့ စိတ်ထားတွေ ရှိနေပြီနော်။ အဲဒီလို ပုဂ္ဂိုလ်မျိုးကို ဘာလဲ?</p>
<p><b>ဘိက္ခု</b>၊ ချစ်သားရဟန်း ...။ <b>အယံ</b>၊ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို။ <b>အန္တောပူတိတိ</b>၊ အတွင်းပုပ်ဆွေး၍ နေတဲ့ပုဂ္ဂိုလ်မျိုးဟူ၍။ <b>ဝုစ္စတိ</b>၊ ခေါ်ဆိုအပ်ပေ၏၊</p>
<p>အတွင်းပုပ်တဲ့ ပုဂ္ဂိုလ်လို့ ခေါ်ဆိုပါတယ်။ ပေါင်းလိုက်တော့ အင်္ဂါ ဘယ်နှစ်ချက် ရှိသွားပြီလဲ? <b>ရှစ်ချက်</b>။ အဲဒီထဲမှာ ဒီလို အတွင်းပုပ်ပြီ ဆိုလို့ရှိရင်လည်း ဒီပုဂ္ဂိုလ်သည် နိဗ္ဗာန်ရောက်မလား? မရောက်နိုင်ဘူး။ မရောက်နိုင်တဲ့ ထုံးတွေ ရှိပါတယ်နော်။</p>
<p>ဦးပဉ္ဇင်းတို့ ကဿပဘုရားရှင် သာသနာတော် နောက်ပိုင်းတုန်းက ရဟန်းတွေ သီလ, သမာဓိ, ပညာ <b>သိက္ခာသုံးရပ်</b> အကျင့်မြတ်တွေကို လက်တွေ့ မကျင့်ဘဲ ကိုယ်ကျင့်သီလတွေ ပျက်စီးလာကြတယ်။ ရဟန်းယောက်ျားတွေ, ရဟန်းမိန်းမတွေ, သာမဏေမတွေ, သိက္ခမန်မတွေ။ အဲဒီလို ပုဂ္ဂိုလ်တွေ ကွယ်လွန်သွားတဲ့ အချိန်ခါ ငရဲရောက်။ ငရဲက ကျွတ်လာတဲ့ အချိန်ခါကျတော့ ဦးပဉ္ဇင်းတို့ ဂေါတမ မြတ်စွာဘုရား သာသနာတော်တွင်းလောက် ရောက်လာတဲ့အခါ ကောင်းကင်မှာ ရဟန်းပြိတ္တာတွေ လာဖြစ်ကြတယ်။ အလျှံတပြောင်ပြောင် မီးဟုန်းဟုန်း တောက်နေတဲ့ သင်္ကန်းတွေ ဝတ်နေကြရတယ်။ သံပြားကြီးတွေ အလျှံတပြောင်ပြောင် မီးဟုန်းဟုန်း တောက်နေတဲ့ သင်းပိုင်တွေ ဝတ်နေကြရတယ်။ သံပြားတွေပဲ အလျှံတပြောင်ပြောင် မီးဟုန်းဟုန်း တောက်နေတဲ့ ခါးပန်းကြိုးတွေ ပတ်ထားရတယ်။ အလျှံတပြောင်ပြောင် မီးဟုန်းဟုန်း တောက်နေတဲ့ သံသပိတ်လုံးကြီးတွေကို ပိုက်ထားကြရတယ်။ ချွတ်ချလို့ မရဘူး။ ဘာကြောင့်လဲ?</p>
<p>တစ်ချိန်တုန်းက သီလ မစင်ကြယ်ဘဲနဲ့ ဒကာ, ဒကာမတွေရဲ့ ပစ္စည်းတွေကို, သင်္ကန်းတွေကို ဝတ်ရုံခဲ့တယ်။ သပိတ်တွေကို သုံးဆောင်ခဲ့တယ်။ ဆွမ်းတွေကို သုံးဆောင်ခဲ့တယ်။ တစ်ချိန်တုန်းက သီလ မစင်ကြယ်ဘဲနဲ့ ဒီသင်္ကန်းတွေကို ချွတ်မချဘဲ ဆက်လက်ပြီးတော့ သာသနာတော်မှာ နေထိုင်ခဲ့တဲ့အတွက် ခုလို ရဟန်းပြိတ္တာဖြစ်တဲ့ အချိန်ခါမှာရော ဒီသင်္ကန်းတွေ ချွတ်ချလို့ ရသေးလား? မရဘူး။ သိပ်ကြောက်ဖို့ ကောင်းတယ်နော်။ ဒါက သီလ မစင်ကြယ်ဘဲနဲ့ လောကမှာ နေထိုင်ခဲ့မယ်ဆိုရင် သီလ မစင်ကြယ်ခြင်းတည်းဟူသော <b>အတွင်းပုပ်နေတဲ့ သဘောတရား</b>က ငရဲရောက်အောင် ပို့ဆောင်သွားတယ်။ ငရဲက ကျွတ်လွတ်လာတော့လည်း ခုလို ပြိတ္တာဘဝမှာ ဆင်းရဲဒုက္ခ အမျိုးမျိုးတွေ ခံစားနေကြရတယ်။ အတွင်းပုပ်နေပြီ ဆိုလို့ရှိရင် နိဗ္ဗာန်ရောက်နိုင်မလား? မရောက်နိုင်ဘူး။ ဒါကြောင့် ဒကာကြီးတွေ, ဒကာမကြီးတွေ နိဗ္ဗာန်လိုချင်ကြတယ်ဆိုရင် အတွင်းပုပ်ရမလား, မပုပ်ရဘူးလား? မပုပ်ရဘူး။ ပေါင်းလိုက်တော့ အင်္ဂါ ရှစ်ချက် စုံလင်သွားပြီနော်။ စုံသွားတော့ ဘာဖြစ်လာလဲ?</p>
<p>မြတ်စွာဘုရား တရားဟောနေတာက ဂင်္ဂါမြစ်ကမ်းပါး တစ်နေရာနော်။ အဲဒီ မြစ်ကမ်းပါး တစ်နေရာမှာ တရားဟောနေတာဖြစ်တော့ အဲဒီ တောအုပ်ကလေးနဲ့ မလှမ်းကမ်း တစ်နေရာမှာ နန္ဒဆိုတဲ့ နွားကျောင်းသားလေးက နွားကျောင်းရင်းနဲ့ မြတ်စွာဘုရား ရဟန်းတော်တွေကို ဟောနေတဲ့ ဒီတရားကို နာနေတယ်။ တရားလည်း ပြီးဆုံးရော ဒီနန္ဒနွားကျောင်းသားလေးက ဘာလုပ်သလဲ?</p>
<p>အထ ခေါ နန္ဒော ဂေါပါလကော ဘဂဝန္တံ ဧတဒဝေါစ –</p>
<p>မြတ်စွာဘုရားရှိရာ ချဉ်းကပ်တယ်။ ချဉ်းကပ်ပြီးတော့ မြတ်စွာဘုရားကို သူက လျှောက်ထားတယ်။ ဘယ်လို လျှောက်ထားလဲ?</p>
<p>‘‘<b>အဟံ ခေါ, ဘန္တေ, န ဩရိမံ တီရံ ဥပဂစ္ဆာမိ, န ပါရိမံ တီရံ ဥပဂစ္ဆာမိ, န မဇ္ဈေ သံသီဒိဿာမိ, န ထလေ ဥဿီဒိဿာမိ, န မံ မနုဿဂ္ဂါဟော ဂဟေဿတိ, န အမနုဿဂ္ဂါဟော ဂဟေဿတိ, န အာဝဋ္ဋဂ္ဂါဟော ဂဟေဿတိ, န အန္တောပူတိ ဘဝိဿာမိ။ လဘေယျာဟံ, ဘန္တေ, ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ, လဘေယျံ ဥပသမ္ပဒံ</b>’’။</p>
<p><b>ဘန္တေ</b>၊ မြတ်စွာဘုရား ...။ <b>အဟံ</b>၊ ဘုရားတပည့်တော်သည်။ <b>ဩရိမံ တီရံ</b>၊ ဤမှာဘက်ကမ်းသို့လည်းပဲ။ <b>န ဥပဂစ္ဆာမိ</b>၊ မကပ်ရောက်တော့သည် ဖြစ်ပါအံ့။ <b>ပါရိမံ တီရံ</b>၊ ထိုမှာဘက်ကမ်းသို့လည်းပဲ။ <b>န ဥပဂစ္ဆာမိ</b>၊ မကပ်ရောက်တော့သည် ဖြစ်ပါအံ့။ <b>မဇ္ဈေ</b>၊ ရေလည်ခေါင်၌။ <b>န သံသီဒိဿာမိ</b>၊ မနစ်မြုပ်ပါအံ့။ <b>ထလေ</b>၊ ကြည်းကုန်းထက် သောင်ပေါ်၌။ <b>န ဥဿီဒိဿာမိ</b>၊ တည်၍ မနေပါအံ့။ <b>မနုဿဂ္ဂါဟော</b>၊ ဆယ်ယူတတ်တဲ့လူသားသည်။ <b>မံ</b>၊ ဘုရားတပည့်တော်ကို။ <b>န ဂဟေဿတိ</b>၊ မဆယ်ယူပါလတ္တံ့။ <b>အမနုဿဂ္ဂါဟော</b>၊ ဆယ်ယူတတ်တဲ့ နတ်သည်။ <b>မံ</b>၊ ဘုရားတပည့်တော်ကို။ <b>န ဂဟေဿတိ</b>၊ မဆယ်ယူပါလတ္တံ့။ <b>အာဝဋ္ဋဂ္ဂါဟော</b>၊ စုပ်ယူတတ်တဲ့ ဝဲသည်။ <b>မံ</b>၊ ဘုရားတပည့်တော်ကို။ <b>န ဂဟေဿတိ</b>၊ မစုပ်ယူပါလတ္တံ့။ <b>အဟံ</b>၊ ဘုရားတပည့်တော်သည်။ <b>အန္တောပူတိ</b>၊ အတွင်းပုပ်နေတဲ့ပုဂ္ဂိုလ်သည်။ <b>န ဘဝိဿာမိ</b>၊ မဖြစ်ပါအံ့။ <b>ဘန္တေ</b>၊ မြတ်စွာဘုရား။ <b>အဟံ</b>၊ ဘုရားတပည့်တော်သည်။ <b>ဘဂဝတော</b>၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်၏၊ <b>သန္တိကေ</b>၊ ထံတော်မှောက်၌။ <b>ပဗ္ဗဇ္ဇံ</b>၊ ရှင်အဖြစ်ကို။ <b>လဘေယျံ</b>၊ ရချင်ပါ၏၊ <b>ဥပသမ္ပဒံ</b>၊ ရဟန်းပဉ္ဇင်းအဖြစ်ကို။ <b>လဘေယျံ</b>၊ ရချင်ပါ၏၊</p>
<p>မြတ်စွာဘုရား ... တပည့်တော်ဟာ ဒီမှာဘက်ကမ်းလည်း မကပ်ပါဘူး, ဟိုမှာဘက်ကမ်းလည်း မကပ်တော့ပါဘူး, ရေလည်ခေါင်မှာလည်း မနစ်မြုပ်တော့ပါဘူး, ကြည်းကုန်းထက် သောင်ပေါ်မှာလည်း တင်မနေတော့ပါဘူး။ တပည့်တော်ကို လူလည်း မဆယ်ပါစေနဲ့။ တပည့်တော် လူအဆယ်လည်း မခံတော့ဘူး, နတ်အဆယ်လည်း မခံတော့ဘူး, ဝဲအစုပ်လည်း မခံတော့ပါဘူး။ အတွင်းလည်း မပုပ်တော့ပါဘူး မြတ်စွာဘုရား ...။ ဒါကြောင့် ဘုရားတပည့်တော်ကို မြတ်စွာဘုရားရဲ့ ထံတော်မှောက်၌ ရှင်အဖြစ်, ရဟန်းအဖြစ်ကို ရချင်ပါတယ်။ ရှင်ပြုပေးတော်မူပါ, ရဟန်းပြုပေးတော်မူပါဆိုပြီး လျှောက်ထားတယ်။ ကဲ ဒကာကြီးတွေ, ဒကာမကြီးတွေ ဘက်ကရော ဘယ်နှစ်ယောက်လောက်များ လျှောက်ထားမလဲ? ကဲ အဲဒီအခါမှာ မြတ်စွာဘုရားက ဘာအမိန့်ရှိလဲ?</p>
<p>‘‘<b>တေန ဟိ တွံ, နန္ဒ, သာမိကာနံ ဂါဝေါ နိယျာတေဟိ</b>’’။</p>
<p><b>နန္ဒ</b>၊ ချစ်သားနန္ဒ ...။ <b>တေန ဟိ</b>၊ ထိုသို့ ဖြစ်ခဲ့ပါမူကား။ <b>တွံ</b>၊ သင်ချစ်သားသည်။ <b>သာမိကာနံ</b>၊ နွားရှင်တို့အား။ <b>ဂါဝေါ</b>၊ နွားတို့ကို။ <b>နိယျာတေဟိ</b>၊ အပ်နှင်းလိုက်ပါ။</p>
<p>ကဲ ဒီလိုဆိုရင်တော့ သင်ချစ်သားသည် နွားတွေကို နွားရှင်ကို သွားပြီး ပြန်အပ်ပေတော့။ အဲဒီအခါမှာ နန္ဒက ဘာလျှောက်ထားလဲ?</p>
<p>‘‘<b>ဂမိဿန္တိ, ဘန္တေ, ဂါဝေါ ဝစ္ဆဂိဒ္ဓိနိယော</b>’’။</p>
<p><b>ဘန္တေ</b>၊ မြတ်စွာဘုရား ...။ <b>ဝစ္ဆဂိဒ္ဓိနိယော</b>၊ နွားသားငယ်တို့အပေါ်၌ တွယ်တာတပ်မက်တဲ့ စိတ်ထားရှိတဲ့။ <b>ဂါဝေါ</b>၊ မိခင်နွားမကြီးတို့သည်။ <b>ဂမိဿန္တိ</b>၊ သူတို့အလိုလို ပြန်သွားကြပါကုန်လိမ့်မည် မြတ်စွာဘုရား။</p>
<p>တပည့်တော် သွားအပ်နေဖို့တောင် မလိုပါဘူး မြတ်စွာဘုရား ...။ နွားသားငယ်တို့အပေါ်၌ တွယ်တာတပ်မက်တဲ့ စိတ်ထားရှိနေတဲ့ ဒီနွားမကြီးတွေ သူတို့ဟာသူတို့ အလိုအလျောက် ပြန်သွားကြပါလိမ့်မယ်။ ကဲ ဒကာကြီးတွေ, ဒကာမကြီးတွေ ဘယ်လိုတုန်း ဟုတ်လား, မဟုတ်ဘူးလား? ဘုန်းကြီးလိုက်ပြီး အပ်ပေးရဦးမလား? မအပ်ရတော့ဘူးနဲ့ တူတယ်နော်။ အဲဒီအချိန်ခါကျတော့မှ မြတ်စွာဘုရားက ဘာအမိန့်ရှိလဲ?</p>
<p>‘‘<b>နိယျာတေဟေဝ တွံ, နန္ဒ, သာမိကာနံ ဂါဝေါ</b>’’။</p>
<p><b>နန္ဒ</b>၊ ချစ်သားနန္ဒ ...။ <b>တွံ</b>၊ သင်သည်။ <b>သာမိကာနံ</b>၊ နွားရှင်တို့အား။ <b>ဂါဝေါ</b>၊ နွားတို့ကို။ <b>နိယျာတေဟေဝ</b>၊ သွား၍ အပ်သာအပ်လိုက်ပါ။</p>
<p>သွားသာ အပ်လိုက်ပါ။ ဘာဖြစ်လို့လဲ? ရဟန်း ဖြစ်လာပြီးတဲ့ အချိန်ခါကျတော့မှ အရှင်ဘုရား နွားက ဘယ်နှစ်ကောင် လိုသေးတယ်။ ဘာက ဘယ်နှစ်ကောင် လိုသေးတယ်လို့ လာပြောနေလို့ရှိရင် ပြဿနာတွေ ရှုပ်ထွေးပြီး တရားအားထုတ်နိုင်ပါ့မလား? အားမထုတ်နိုင်ဘူး။ ဒါကြောင့် သွားသာ အပ်လိုက်ပေတော့ ဆိုပြီး ခိုင်းလိုက်တော့ နန္ဒလည်း နွားရှင်တွေကို သွားပြီးတော့ နွားတွေအပ်၊ အပ်ပြီးတော့ မြတ်စွာဘုရားထံ တစ်ဖန် ချဉ်းကပ်ပြီးတော့ မြတ်စွာဘုရားကို လျှောက်ထားတယ်။</p>
<p>‘‘<b>နိယျာတိတာ, ဘန္တေ, သာမိကာနံ ဂါဝေါ။</b>’’</p>
<p><b>ဘန္တေ</b>၊ မြတ်စွာဘုရား ...။ <b>အဟံ</b>၊ ဘုရားတပည့်တော်သည်။ <b>ဂါဝေါ</b>၊ နွားတို့ကို။ <b>သာမိကာနံ</b>၊ နွားရှင်တို့အား။ <b>နိယျာတိတာ</b>၊ အပ်နှင်း၍ ပြီးခဲ့ပါလေပြီ။</p>
<p>တပည့်တော် နွားရှင်တွေကို နွားတွေ ပြန်အပ်ပြီးပါပြီဘုရားတဲ့။</p>
<p>‘‘<b>လဘေယျာဟံ, ဘန္တေ, ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ, လဘေယံ ဥပသမ္ပဒံ</b>’’။</p>
<p><b>ဘန္တေ</b>၊ မြတ်စွာဘုရား ...။ <b>ပဗ္ဗဇ္ဇံ</b>၊ ရှင်အဖြစ်ကို။ <b>လဘေယျံ</b>၊ ရချင်ပါ၏၊ <b>ဥပသမ္ပဒံ</b>၊ ရဟန်းအဖြစ်ကို။ <b>လဘေယျံ</b>၊ ရချင်ပါ၏၊</p>
<p>လျှောက်ထားလိုက်ပြီ။ လျှောက်ထားလိုက်တော့ ဘာဖြစ်လဲ? ရှင်အဖြစ်, ရဟန်းအဖြစ်ကို ရရှိသွားပါတယ်။ မြတ်စွာဘုရားလည်း ခွင့်ပြုလိုက်ပါတယ်နော်။ ခွင့်ပြုလိုက်ပြီးတဲ့ အချိန်ခါကျတော့ ဒီနန္ဒရဟန်းသစ်က ဘာလုပ်သလဲနော်။</p>
<p>‘‘<b>အစိရူပသမ္ပန္နော စ ပနာယသ္မာ နန္ဒော ဧကော ဝူပကဋ္ဌော…ပေ… အညတရော စ ပနာယသ္မာ နန္ဒော အရဟတံ အဟောသိ။</b>’’</p>
<p><b>အစိရူပသမ္ပန္နော စ ပန</b>၊ ရဟန်းဖြစ်၍ မကြာမြင့်သေးသော။ <b>အာယသ္မာ နန္ဒော</b>၊ အရှင်နန္ဒ ကိုယ်တော်မြတ်သည်။ <b>ဧကော</b>၊ အဖော်မမှီး တစ်ယောက်ထီးတည်း။ <b>ဝူပကဋ္ဌော</b>၊ ဆိတ်ငြိမ်ရာအရပ်သို့ ချဉ်းကပ်သည်ဖြစ်၍။ <b>အပ္ပမတော</b>၊ မမေ့မလျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားသည်ဖြစ်၍။ <b>အညတရော စ ပနာယသ္မာ နန္ဒော အရဟတံ အဟောသိ</b>၊ အရှင်နန္ဒ ကိုယ်တော်မြတ်သည် ရဟန္တာအရှင်မြတ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်တော်မူလေပြီ။</p>
<p>ကဲဒီနေ့ တရားနာနေတဲ့ ပရိသတ်အပေါင်းသူတော်ကောင်းတို့လည်း အရှင်နန္ဒ ကိုယ်တော်မြတ်ကဲ့သို့ <b>အရဟတ္တဖိုလ်</b>သို့ ဆိုက်ချင်တယ် ဆိုလို့ရှိရင်တော့ ဘာလုပ်ရမလဲ? အင်္ဂါ ရှစ်ချက်နဲ့ ပြည့်စုံအောင် ကြိုးစားရမယ်။ နောက်တစ်ခု ဘာလုပ်ရမလဲ? နွားတွေကို နွားရှင်ကို ပြန်ပြီးတော့ အပ်ရမယ်တဲ့။ ဟုတ်တယ်မဟုတ်လား? ဟာ ဘုန်းကြီးကလည်း တို့ကို နွားလို့ ပြောသွားတယ် ဒီလိုတော့ မထင်နဲ့နော်။ စကားဆိုတာက တင်စားပြီးတော့ ပြောကြတာပါပဲ။ ဟုတ်တယ်မဟုတ်လား? အဲဒါကြောင့် အရှင်နန္ဒ ကိုယ်တော်မြတ်ကို အတုယူပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေလို့ တိုက်တွန်းရင်း ကဲ တရားသိမ်းကြစို့။</p>
a8sbrym4q362bcry4crt04n9riru5qz
22062
22061
2026-06-12T22:01:32Z
Tejinda
173
22062
wikitext
text/x-wiki
{{header
| title = ဒါရုက္ခန္ဓောပမသုတ်
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[ဓမ္မနှင့်အဓမ္မတရားတော်]]
| previous2 =
| next = [[စေတောခိလသုတ်]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =
}}
<h3>ဒါရုက္ခန္ဓောပမသုတ္တန်</h3>
<h3>ပထမပိုင်း</h3>
<p>ဒီတရားဒေသနာတော်ကို ဘုရားရှင်သည် ရဟန်းတော်တို့ နိဗ္ဗာန် ရောက်ရှိရေးအတွက် ရည်ရွယ်တောင့်တပြီးတော့ ဟောကြားတော်မူတဲ့ ဒေသနာတော် ဖြစ်ပါတယ်။ ဒီနေ့ ကျိုက်သုတ်ဘုရား ဓမ္မာရုံအတွင်းမှာ တရားနာယူနေတဲ့ ပရိသတ်ဖြစ်တဲ့ ဒါယိကာကြီးတွေ, ဒါယိကာမကြီးတွေရော နိဗ္ဗာန်ကို မလိုချင်ကြဘူးလားလို့မေးရင် ဘယ်လိုဖြေမလဲ? ဟုတ်ကော ဟုတ်ရဲ့လား? ကဲ တကယ်လိုချင်ရင် ဘာလုပ်ရမလဲဆိုတာ ဒီသုတ္တန် နာကြည့်ကြရအောင် -</p>
<p>‘‘<b>ဧကံ သမယံ ဘဂဝါ ကောသမ္ဗိယံ ဝိဟရတိ ဂင်္ဂါယ နဒိယာ တီရေ။</b>’’<br>
<b>ဧကံ သမယံ</b>၊ အခါတစ်ပါး၌။ <b>ဘဂဝါ</b>၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ <b>ကောသမ္ဗိယံ</b>၊ ကောသမ္ဗီပြည်၌။ <b>ဝိဟရတိ</b>၊ သီတင်းသုံး စံနေတော်မူဆဲ ဖြစ်ပေ၏။ <b>ဂင်္ဂါယ နဒိယာ</b>၊ ဂင်္ဂါမြစ်၏။ <b>တီရေ</b>၊ ကမ်းပါး၌။</p>
<p>ခရီးဒေသစာရီ ကြွချီခိုက်လည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကောသမ္ဗီပြည်အနီးရှိတဲ့ ဂင်္ဂါမြစ်ကမ်းပါးတစ်နေရာ တောအုပ်တစ်ခုအတွင်းမှာ ဘုရားရှင်နှင့်တကွ ရဟန်းသံဃာတော်တွေ ခေတ္တခဏ ယာယီ သီတင်းသုံး စံနေတော်မူခိုက်ဖြစ်တယ်။ ဘုရားရှင်က ဂင်္ဂါမြစ်ဖက်ကို မျက်နှာမူပြီး ထိုင်၍ သီတင်းသုံး နေတော်မူပါတယ်။ တရားနာပရိသတ် ဖြစ်တော်မူကြတဲ့ ရဟန်းသံဃာတော်အပေါင်းကလည်း ဘုရားရှင်ကို ခြံရံပြီးတော့ ဂင်္ဂါမြစ်ဖက်ကိုပဲ အတန်ငယ် မျက်မှာမူပြီးတော့ ထိုင်၍ သီတင်းသုံးနေကြတယ်။ ထိုအချိန်ခါမှာ မြတ်စွာဘုရားက ဘာကို မြင်သလဲဆိုတော့ —</p>
<p>‘‘<b>အဒ္ဒသာ ခေါ ဘဂဝါ မဟန္တံ ဒါရုက္ခန္ဓံ ဂင်္ဂါယ နဒိယာ သောတေန ဝုယှမာနံ။</b>’’<br>
<b>ဘဂဝါ</b>၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ <b>ဂင်္ဂါယ နဒိယာ</b>၊ ဂင်္ဂါမြစ်၏။ <b>သောတေန</b>၊ ရေယဉ်ကြောဖြင့်။ <b>ဝုယှမာနံ</b>၊ မျောပါ၍လာသော။ <b>မဟန္တံ</b>၊ ကြီးစွာသော။ <b>ဒါရုက္ခန္ဓံ</b>၊ သစ်တုံးကြီးကို။ <b>အဒ္ဒသာ ခေါ</b>၊ မြင်တော်မူသည်သာလျှင်တည်း။</p>
<p>ဂင်္ဂါမြစ်ထဲ မျောလာတဲ့ သစ်တုံးကြီးတစ်တုံး ဆိုတာကတော့ <b>အပြစ်ရှစ်ပါး</b> လွတ်မြောက်နေတယ်။ ဟို တောအထပ်ထပ် တောင်အထပ်ထပ် ဖြတ်ကျော်ပြီးတော့ စီးဆင်းလာတဲ့ ဂင်္ဂါမြစ်ရေယဉ်ကြောမှာ အန္တရာယ် ကင်းကင်းရှင်းရှင်းဖြင့် လေးဘက်ပုပ်ထားတဲ့ အင်မတန် ချောမောတဲ့ သစ်တုံးကြီး တစ်ခုပါ။ အဲဒီ သစ်တုံးကြီးတစ်ခု ဂင်္ဂါမြစ်ရေယဉ်ကြောထဲကို မျောပါလာတာကို မြတ်စွာဘုရား မြင်တော်မူလို့ ဒီသစ်တုံးကြီးကို စံထားပြီးတော့ ရဟန်းသံဃာတော်တွေကို ငါဘုရား တရားတစ်ခုကို ဆိုဆုံးမမယ်လို့ ရည်ရွယ်တော်မူပြီးတဲ့ အချိန်အခါ တရားနာယူဖို့ရန် အသင့် စောင့်ဆိုင်းနေတော်မူတဲ့ ရဟန်းသံဃာတော်ဘက်ကို လှမ်းပြီးတော့ မြတ်စွာဘုရား ဘာမေးသလဲ?</p>
<p>‘‘<b>ဒိသွာန ဘိက္ခူ အာမန္တေသိ –</b>’’<br>
<b>ဒိသွာန</b>၊ မြင်တော်မူသည်ဖြစ်၍။ <b>ဘိက္ခူ</b>၊ ရဟန်းတော်တို့ကို။ <b>အာမန္တေသိ</b>၊ မိန့်ကြားတော်မူပြီ။</p>
<p>ဘယ်လို မိန့်ကြားလဲ?</p>
<p>‘‘<b>ပဿထ နော တုမှေ, ဘိက္ခဝေ, အမုံ မဟန္တံ ဒါရုက္ခန္ဓံ ဂင်္ဂါယ နဒိယာ သောတေန ဝုယှမာနံ’’?</b><br>
<b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဂင်္ဂါယ နဒိယာ</b>၊ ဂင်္ဂါမြစ်၏။ <b>သောတေန</b>၊ ရေယဉ်ကြောဖြင့်။ <b>ဝုယှမာနံ</b>၊ မျောပါ၍လာသော။ <b>အမုံ</b>၊ ဟိုရှေ့က။ <b>မဟန္တံ</b>၊ ကြီးစွာသော။ <b>ဒါရုက္ခန္ဓံ</b>၊ သစ်တုံးကြီးကို။ <b>တုမှေ</b>၊ သင်ချစ်သားတို့သည်။ <b>ပဿထ နော</b>၊ မြင်ကြပါကုန်လော။</p>
<p>ချစ်သားတို့ ဟို ဂင်္ဂါမြစ်ရေယဉ်ကြောမှာ မျောပါလာတဲ့ သစ်တုံးကြီးကို သင်ချစ်သားတို့ မြင်ကြပါရဲ့လားလို့ ဒီလို မြတ်စွာဘုရားက မေးတော်မူလိုက်တယ်။ အဲဒီ အချိန်ခါမှာ ရဟန်းသံဃာတော်များကလည်း — ဧဝံဘန္တေ = တပည့်တော်တို့ မြင်ပါတယ် မြတ်စွာဘုရား ...ဆိုပြီး ပြန်လည် လျှောက်ထားကြတယ်။ အဲဒီ အချိန်အခါမှာ မြတ်စွာဘုရား ဘာတရားဟောလဲ?</p>
<p>‘‘<b>သစေ သော, ဘိက္ခဝေ, ဒါရုက္ခန္ဓော န ဩရိမံ တီရံ ဥပဂစ္ဆတိ, န ပါရိမံ တီရံ ဥပဂစ္ဆတိ, န မဇ္ဈေ သံသီဒိဿတိ, န ထလေ ဥဿီဒိဿတိ, န မနုဿဂ္ဂါဟော ဂဟေဿတိ, န အမနုဿဂ္ဂါဟော ဂဟေဿတိ, န အာဝဋ္ဋဂ္ဂါဟော ဂဟေဿတိ, န အန္တောပူတိ ဘဝိဿတိ၊ ဧဝဉှိ သော, ဘိက္ခဝေ, ဒါရုက္ခန္ဓော သမုဒ္ဒနိန္နော ဘဝိဿတိ သမုဒ္ဒပေါဏော သမုဒ္ဒပဗ္ဘာရော။</b>’’<br>
<b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဒါရုက္ခန္ဓော</b>၊ သစ်တုံးကြီးသည်။ <b>ဩရိမံ တီရံ</b>၊ ဤမှာဘက်ကမ်းသို့။ <b>သစေ န ဥပဂစ္ဆတိ</b>၊ အကယ်၍ မကပ်ရောက်သည်ဖြစ်ငြားအံ့။ <b>ပါရိမံ တီရံ</b>၊ ထိုမှာဘက်ကမ်းသို့လည်းပဲ။ <b>သစေ န ဥပဂစ္ဆတိ</b>၊ အကယ်၍ မကပ်ရောက်သည်ဖြစ်ငြားအံ့။ <b>မဇ္ဈေ</b>၊ ရေလည်ခေါင်၌။ <b>န သံသီဒိဿတိ</b>၊ အကယ်၍ နစ်မြုပ်မသွားသည် ဖြစ်ငြားအံ့။ <b>ထလေ</b>၊ ကြည်းကုန်းထက် သောင်ပေါ်၌။ <b>န ဥဿီဒိဿတိ</b>၊ အကယ်၍ မတင်လေငြားအံ့။ <b>မနုဿဂ္ဂါဟော</b>၊ ဆယ်ယူတတ်တဲ့ လူသားသည်။ <b>န ဂဟေဿတိ</b>၊ အကယ်၍ ဆယ်ယူမသွားသည်ဖြစ်ငြားအံ့။ <b>အမနုဿဂ္ဂါဟော</b>၊ ဆယ်ယူတတ်တဲ့ နတ်သည်။ <b>န ဂဟေဿတိ</b>၊ အကယ်၍ ဆယ်ယူမသွားသည်ဖြစ်ငြားအံ့။ <b>အာဝဋ္ဋဂ္ဂါဟော</b>၊ စုပ်ယူတတ်တဲ့ ဝဲသည်။ <b>န ဂဟေဿတိ</b>၊ အကယ်၍ စုပ်ယူမသွားသည်ဖြစ်ငြားအံ့။ <b>အန္တောပူတိ</b>၊ အတွင်း၌ ပုပ်ဆွေးလျက် ရှိသည်။ <b>န ဘဝိဿတိ</b>၊ အကယ်၍ မဖြစ်ငြားအံ့။ <b>ဧဝဉှိ</b>၊ ဤသို့ အပြစ်ရှစ်ပါး လွတ်မြောက်၍ သွားခဲ့ပါမူ။ <b>သော ဒါရုက္ခန္ဓော</b>၊ ထိုသစ်တုံးကြီးသည်။ <b>သမုဒ္ဒနိန္နော</b>၊ သမုဒ္ဒရာသို့ ညွတ်သည်။ <b>သမုဒ္ဒပေါဏော</b>၊ သမုဒ္ဒရာသို့ ကိုင်းသည်။ <b>သမုဒ္ဒပဗ္ဘာရော</b>၊ သမုဒ္ဒရာသို့ ရှိုင်းသည်။ <b>ဘဝိဿတိ</b>၊ ဖြစ်ပေလိမ့်မယ်။</p>
<p>ချစ်သားရဟန်းတို့ ... ဒီဂင်္ဂါမြစ်ရေယဉ်ကြောမှာ မျောပါလာတဲ့ ဒီသစ်တုံးကြီးသည် — (၁) ဒီဘက်ကမ်းလည်း ကပ်ပြီး မနေဘူးဆိုရင်၊ (၂) ဟိုဘက်ကမ်းလည်း ကပ်၍ မနေဘူးဆိုရင်၊ (၃) ရေလည်ခေါင်မှာလည်း နစ်မြုပ်၍ မသွားဘူးဆိုရင်၊ (၄) ရေလည်ခေါင်မှာ ရှိနေတဲ့ ကြည်းကုန်းထက် သောင်မှာလည်း တင်ပြီး မနေဘူးဆိုရင်၊ (၅) ဆယ်ယူတတ်တဲ့ လူသားကလည်း ဆယ်ယူမသွားခဲ့ဘူးဆိုရင်။ (၆) ဆယ်ယူတတ်တဲ့ နတ်ကလည်း ဆယ်ယူမသွားခဲ့ဘူးဆိုရင်၊ (၇) စုပ်ယူတတ်တဲ့ ဝဲကလည်း စုပ်ယူမသွားခဲ့ဘူးဆိုရင်၊ (၈) ဒီသစ်တုံးကြီးမှာ အတွင်းကလည်း မပုပ်ခဲ့ဘူးဆိုရင် ဤသစ်တုံးကြီးသည် သမုဒ္ဒရာသို့ ညွတ်သည် ကိုင်းသည် ရှိုင်းသည် ဖြစ်ပေလိမ့်မယ်။</p>
<p>ဘာကြောင့်လဲ?</p>
<p>‘‘<b>တံ ကိဿ ဟေတု? သမုဒ္ဒနိန္နော, ဘိက္ခဝေ, ဂင်္ဂါယ နဒိယာ သောတော သမုဒ္ဒပေါဏော သမုဒ္ဒပဗ္ဘာရော။</b>’’<br>
<b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>တံ</b>၊ ထိုကဲ့သို့ ဖြစ်ခြင်းသည်။ <b>ကိဿ ဟေတု</b>၊ အဘယ်အကြောင်းကြောင့်နည်းဟူမူကား။ <b>ဂင်္ဂါယ နဒိယာ</b>၊ ဂင်္ဂါမြစ်၏။ <b>သောတော</b>၊ ရေယဉ်ကြောသည်။ <b>သမုဒ္ဒနိန္နော</b>၊ သမုဒ္ဒရာသို့ ညွတ်လျက်ရှိသည်။ <b>သမုဒ္ဒပေါဏော</b>၊ သမုဒ္ဒရာသို့ ကိုင်းလျက်ရှိသည်။ <b>သမုဒ္ဒပဗ္ဘာရော</b>၊ သမုဒ္ဒရာသို့ ရှိုင်းလျက်ရှိသည်။ <b>ဟောတိ</b>၊ ဖြစ်ပေ၏။ <b>တသ္မာ</b>၊ ထို့ကြောင့်။ <b>သော ဒါရုက္ခန္ဓော</b>၊ ထိုသစ်တုံးကြီးသည်။ <b>သမုဒ္ဒနိန္နော</b>၊ သမုဒ္ဒရာသို့ ညွတ်သည်။ <b>သမုဒ္ဒပေါဏော</b>၊ သမုဒ္ဒရာသို့ ကိုင်းသည်။ <b>သမုဒ္ဒပဗ္ဘာရော</b>၊ သမုဒ္ဒရာသို့ ရှိုင်းသည်။ <b>ဘဝိဿတိ</b>၊ ဖြစ်ပါပေလိမ့်မယ်။</p>
<p>အကြောင်းကို ကြည့်လိုက်မယ်ဆိုရင် ဒီသစ်တုံးကြီးကို သယ်ဆောင်လာနေတဲ့ ဂင်္ဂါမြစ်ရေယဉ်ကြောကိုယ်တိုင်က သမုဒ္ဒရာသို့ ညွတ်ကိုင်းရှိုင်းနေသည့်အတွက်ကြောင့် ဒီဂင်္ဂါမြစ်ရေယဉ်ကြောမှာ မျောပါလာတဲ့ ဒီသစ်တုံးကြီးဟာလည်း အပြစ် ရှစ်ပါးသာ လွတ်မြောက်သွားခဲ့မယ်ဆိုရင် သမုဒ္ဒရာသို့ ညွတ်ကိုင်းရှိုင်းမှာ သေချာတယ်။ သမုဒ္ဒရာသို့ ရောက်မှာ သေချာတယ်လို့ ဒီလို ဘုရား ဟောတယ်။ အဲဒီလို ဘုရားဟောပြီးတဲ့ အချိန်ခါကျတော့မှ မြတ်စွာဘုရား ဒီဥပမာလေးကို ဆောင်ယူပြီးတော့ ရဟန်းတွေဘက်ကို လှည့်ပြီး ဆိုဆုံးမတယ်။</p>
<p>‘‘<b>ဧဝမေဝ ခေါ, ဘိက္ခဝေ, သစေ တုမှေပိ န ဩရိမံ တီရံ ဥပဂစ္ဆထ, န ပါရိမံ တီရံ ဥပဂစ္ဆထ၊ န မဇ္ဈေ သံသီဒိဿထ, န ထလေ ဥဿီဒိဿထ, န မနုဿဂ္ဂါဟော ဂဟေဿတိ, န အမနုဿဂ္ဂါဟော ဂဟေဿတိ, န အာဝဋ္ဋဂ္ဂါဟော ဂဟေဿတိ, န အန္တောပူတီ ဘဝိဿထ၊ ဧဝံ တုမှေ, ဘိက္ခဝေ, နိဗ္ဗာနနိန္နာ ဘဝိဿထ နိဗ္ဗာနပေါဏာ နိဗ္ဗာနပဗ္ဘာရာ။</b>’’<br>
<b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဧဝမေဝ ခေါ</b>၊ ဤဥပမာ အတူသာလျှင်။ <b>တုမှေပိ</b>၊ သင်ချစ်သားတို့သည်လည်းပဲ။ <b>ဩရိမံ တီရံ</b>၊ ဤမှာဘက်ကမ်းသို့။ <b>သစေ န ဥပဂစ္ဆထ</b>၊ အကယ်၍ ကပ်ရောက် မနေကြကုန်သည်ဖြစ်ငြားအံ့။ <b>ပါရိမံ တီရံ</b>၊ ထိုမှာဘက်ကမ်းသို့လည်းပဲ။ <b>သစေ န ဥပဂစ္ဆထ</b>၊ အကယ်၍ ကပ်ရောက် မနေကြကုန်သည်ဖြစ်ငြားအံ့။ <b>မဇ္ဈေ</b>၊ ရေလည်ခေါင်၌။ <b>န သံသီဒိဿထ</b>၊ အကယ်၍ နစ်မြုပ်မနေကြကုန်သည် ဖြစ်ငြားအံ့။ <b>ထလေ</b>၊ ကြည်းကုန်းထက် သောင်ပေါ်၌။ <b>န ဥဿီဒိဿထ</b>၊ အကယ်၍ တင်မနေကြကုန်သည် ဖြစ်ငြားအံ့။ <b>မနုဿဂ္ဂါဟော</b>၊ ဆယ်ယူတတ်တဲ့ လူသားသည်။ <b>န ဂဟေဿတိ</b>၊ အကယ်၍ ဆယ်ယူမသွားသည်ဖြစ်ငြားအံ့။ <b>အမနုဿဂ္ဂါဟော</b>၊ ဆယ်ယူတတ်တဲ့ နတ်သည်။ <b>တုမှေ</b>၊ သင်ချစ်သားတို့ကို။ <b>န ဂဟေဿတိ</b>၊ အကယ်၍ ဆယ်ယူမသွားသည်ဖြစ်ငြားအံ့။ <b>အာဝဋ္ဋဂ္ဂါဟော</b>၊ စုပ်ယူတတ်တဲ့ ဝဲသည်။ <b>တုမှေ</b>၊ သင်ချစ်သားတို့ကို။ <b>န ဂဟေဿတိ</b>၊ အကယ်၍ စုပ်ယူမသွားသည်ဖြစ်ငြားအံ့။ <b>တုမှေ</b>၊ သင်ချစ်သားတို့သည်။ <b>အန္တောပူတီ</b>၊ အတွင်း၌ ပုပ်ဆွေးလျက် ရှိကြတဲ့ ပုဂ္ဂိုလ်မျိုးတို့သည်။ <b>န ဘဝိဿထ</b>၊ အကယ်၍ မဖြစ်ကြကုန်ငြားအံ့။ <b>ဧဝံ</b>၊ ဤသို့ အပြစ်ရှစ်ပါး လွတ်မြောက်၍ သွားခဲ့ပါမူ။ <b>တုမှေ</b>၊ သင်ချစ်သားတို့သည်လည်းပဲ။ <b>နိဗ္ဗာနနိန္နာ</b>၊ နိဗ္ဗာန်သို့ ညွတ်ကြကုန်သည်။ <b>နိဗ္ဗာနပေါဏာ</b>၊ နိဗ္ဗာန်သို့ ကိုင်းကြကုန်သည်။ <b>နိဗ္ဗာနပဗ္ဘာရာ</b>၊ နိဗ္ဗာန်သို့ ရှိုင်းကြကုန်သည်။ <b>ဘဝိဿထ</b>၊ ဖြစ်ကြပါကုန်လိမ့်မယ်။</p>
<p>သစ်တုံးကြီး စံထားပြီး မြတ်စွာဘုရားကလည်းပဲ ရဟန်းတော်တွေဘက် လှည့်ပြီးတော့ အင်္ဂါရပ် ရှစ်ချက်ကို ဆိုဆုံးမပါတယ်။ ဒီတော့ (၁) သင်ချစ်သားတို့သည် ဒီဘက်ကမ်းလည်း ကပ်ပြီး မနေကြဘူးဆိုရင်၊ (၂) သင်ချစ်သား သင်ချစ်သမီးတို့သည် ဟိုမှာဘက်ကမ်းကိုလည်း ကပ်ပြီး မနေကြဘူးဆိုရင်၊ (၃) ရေလည်ခေါင်မှာလည်း နစ်မြုပ်ပြီး မသွားကြဘူးဆိုရင်၊ (၄) ရေလယ်ခေါင် သောင်ပေါ်မှာလည်းတင်ပြီး မနေကြဘူးဆိုရင်၊ (၅) ဆယ်ယူတတ်တဲ့ လူသားသည် သင်ချစ်သားတို့ကို သင်ချစ်သမီးတို့ကို အကယ်၍ မဆယ်ယူသွားခဲ့ဘူးဆိုရင်၊ (၆) ဆယ်ယူတတ်တဲ့ နတ်သည် သင်ချစ်သားတို့ကို သင်ချစ်သမီးတို့ကို အကယ်၍ ဆယ်ယူမသွားခဲ့ဘူးဆိုရင်၊ (၇) စုပ်ယူတတ်တဲ့ ဝဲသည် သင်ချစ်သားတို့ကို, သင်ချစ်သမီးတို့ကို အကယ်၍ စုပ်ယူမသွားခဲ့ဘူးဆိုရင်၊ (၈) သင်ချစ်သားတို့တတွေ, သင်ချစ်သမီးတို့တတွေလည်း အတွင်းမှာ ပုပ်ဆွေးခြင်းရှိတဲ့ ပုဂ္ဂိုလ်မျိုးတို့ မဖြစ်ကြပါဘူးဆိုရင် သင်ချစ်သားတို့တတွေ, သင်ချစ်သမီးတို့တတွေလည်း ဒီလို အပြစ် ရှစ်ပါး လွတ်မြောက်သွားခဲ့မယ်ရင် နိဗ္ဗာန်သို့ ညွတ်ကြသည်, နိဗ္ဗာန်သို့ ကိုင်းကြသည်, နိဗ္ဗာန်သို့ ရှိုင်းကြသည် ဖြစ်ကြပါလိမ့်မယ်, နိဗ္ဗာန်သို့ ဧကန်ထုတ်ချောက် ရောက်ကြပါလိမ့်မယ်လို့ ဒီလို မြတ်စွာဘုရားက ဆိုဆုံးမတယ်။ ဘာကြောင့်လဲဆိုတော့ အကြောင်းပြချက်ကို မြတ်စွာဘုရား ဆက်ဟောတယ်။</p>
<p>‘‘<b>တံ ကိဿ ဟေတု? နိဗ္ဗာနနိန္နာ, ဘိက္ခဝေ, သမ္မာဒိဋ္ဌိ နိဗ္ဗာနပေါဏာ နိဗ္ဗာနပဗ္ဘာရာ’။</b>’’<br>
<b>တံ</b>၊ ထိုကဲ့သို့ ဖြစ်ခြင်းသည်။ <b>ကိဿ</b>၊ အဘယ်အကြောင်းကြောင့်နည်းဟူမူကား။ <b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>သမ္မာဒိဋ္ဌိ</b>၊ သင်ချစ်သားတို့ကိုယ်တိုင် ပွားများအားထုတ်၍ ရရှိထားအပ်သော သမ္မာဒိဋ္ဌိဉာဏ်ပညာသည်။ <b>နိဗ္ဗာနနိန္နာ</b>၊ နိဗ္ဗာန်သို့ ညွတ်လျက်ရှိသည်။ <b>နိဗ္ဗာနပေါဏာ</b>၊ နိဗ္ဗာန်သို့ ကိုင်းလျက်ရှိသည်။ <b>နိဗ္ဗာနပဗ္ဘာရာ</b>၊ နိဗ္ဗာန်သို့ ရှိုင်းလျက်ရှိသည်။ <b>ဟောတိ</b>၊ ဖြစ်ပေ၏။ <b>တသ္မာ</b>၊ ထို့ကြောင့်။ <b>တုမှေပိ</b>၊ သင်ချစ်သားတို့သည်လည်းပဲ။ <b>နိဗ္ဗာနနိန္နာ</b>၊ နိဗ္ဗာန်သို့ ညွတ်ကြကုန်သည်။ <b>နိဗ္ဗာနပေါဏာ</b>၊ နိဗ္ဗာန်သို့ ကိုင်းကြကုန်သည်။ <b>နိဗ္ဗာနပဗ္ဘာရာ</b>၊ နိဗ္ဗာန်သို့ ရှိုင်းကြကုန်သည်။ <b>ဘဝိဿထ</b>၊ ဖြစ်ကြပါကုန်လိမ့်မယ်။</p>
<p>သင်ချစ်သားတို့, သင်ချစ်သမီးတို့ ကိုယ်တိုင် ပွားများအားထုတ်လို့ ရရှိထားအပ်တဲ့ ဒီ<b>သမ္မာဒိဋ္ဌိဉာဏ်ပညာ</b>ကိုယ်တိုင်က နိဗ္ဗာန်သို့ ညွတ်နေတယ်, နိဗ္ဗာန်သို့ ကိုင်းနေတယ်, နိဗ္ဗာန်သို့ ရှိုင်းနေတယ်။ ဒါကြောင့် သင်ချစ်သားတို့တတွေ သင်ချစ်သမီးတို့တတွေလည်း နိဗ္ဗာန်သို့ ဧကန်ထုတ်ချောက် ရောက်ရှိကြပါလိမ့်မယ်လို့ ဒီလို မြတ်စွာဘုရား ဟောထားတယ်။ ဒီတော့ ဒီနေရာလေးမှာ ခေတ္တရပ်တန့်ပြီးတော့ သမ္မာဒိဋ္ဌိအကြောင်း နည်းနည်း ပြောဖို့တော့ လိုအပ်လာလိမ့်မယ် ထင်တယ်။ ထိုအချိန်အခါမှာ ဒီဒါရုက္ခန္ဓောပမသုတ္တန်ကို နာယူနေတဲ့ တရားနာပရိသတ် ဖြစ်တော်မူကြတဲ့ ရဟန်းတွေက သမ္မာဒိဋ္ဌိဉာဏ်ပညာနဲ့ ပြည့်စုံနေတဲ့ သူတော်ကောင်းတွေ ဖြစ်နေကြတယ်။ လမ်းခုလတ် တစ်နေရာကိုတော့ ရောက်ရှိနေကြပြီ ဖြစ်ပါတယ်နော်။ ခုတော့ ဒီကျိုက်သုတ်မှာ တရားနာယူနေတဲ့ တရားနာပရိသတ် ဖြစ်ကြတဲ့ ပုဂ္ဂိုလ်တွေကတော့ သမ္မာဒိဋ္ဌိဉာဏ်ပညာနဲ့ ပြည့်စုံနေတဲ့ သူတော်ကောင်းတွေလည်း ဒီထဲ ပါချင်ပါမယ်၊ သမ္မာဒိဋ္ဌိဉာဏ်ပညာကို မရရှိသေးတဲ့ သူတော်ကောင်းတွေလည်း ပါချင်ပါမယ်။ သို့သော် ဘာကို သမ္မာဒိဋ္ဌိ ခေါ်ဆိုတယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့တော့ ဒီနေ့ နည်းနည်း ရှင်းလင်းတင်ပြဖို့တော့ လိုအပ်လိမ့်မယ် ထင်တယ်။</p>
<p>ဒီတော့ ဒီလုပ်ငန်းခွင်တစ်ခု ပြုလုပ်တဲ့ အချိန်ခါလေးမှာ မိမိတို့ ဘာသာတရား ကိုယ်းကွယ်ဆည်းကပ်တယ် ဆိုတာက တခြားတခြား ဘာသာတွေကိုတော့ ထားပါ။ ဦးပဉ္ဇင်းတို့ ဒီဗုဒ္ဓဘာသာကို ကိုယ်းကွယ်ဆည်းကပ်တယ် ဆိုတာက ဘာကို အဓိကထားပြီး ကိုယ်းကွယ်ဆည်းကပ်ကြသလဲ? <b>သမ္မာဒိဋ္ဌိဉာဏ်ပညာ</b> ရရှိရေးကို အဓိက အားထားပြီးတော့ ကိုယ်းကွယ်ဆည်းကပ်ကြတယ်။ ဘာဖြစ်လို့ ဒီသမ္မာဒိဋ္ဌိဉာဏ်ပညာကြီးကို လိုချင်ပါသလဲလို့ မေးရင်လည်း ဒီသမ္မာဒိဋ္ဌိဉာဏ်ပညာကိုယ်တိုင်က သမ္မာဒိဋ္ဌိဉာဏ်ပညာ ရှိနေတဲ့ ရုပ်နာမ်သန္တာန်အစဉ်လို့ ခေါ်ဆိုအပ်တဲ့ သတ္တဝါတစ်ဦးကို နိဗ္ဗာန်သို့ရောက်အောင် ပို့ဆောင်ပေးနိုင်တဲ့ စွမ်းအင် အပြည့်အဝ ရှိတယ်နော်။ ဒီစွမ်းအင်ထူးကြီးကြောင့် နိဗ္ဗာန်ကို လိုလားတောင့်တတဲ့ သူတော်ကောင်းတွေက ဒီသမ္မာဒိဋ္ဌိဉာဏ်ပညာကြီးကို လိုလားတောင့်တကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဦးပဉ္ဇင်းတို့ ဒီသမ္မာဒိဋ္ဌိဉာဏ်ပညာ ရရှိရေးအတွက် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမယ် ဒါလည်း သိဖို့ လိုတယ်၊ ဒီသမ္မာဒိဋ္ဌိဉာဏ်ပညာ ဆိုတာက ဘာတွေဘာတွေကို ခေါ်တယ် ဒါလည်း သိဖို့လိုတယ်။</p>
<p>ဒီတော့ ဘုရားရှင် ကိုယ်တော်တိုင်က <b>သတိပဋ္ဌာန်ကျင့်စဉ်</b>ဆိုပြီးတော့ ဝန်ခံပြီးတော့ ဟောထားတဲ့ မဟာသတိပဋ္ဌာနသုတ္တန်မှာ ကာယာနုပဿနာသတိပဋ္ဌာန်, ဝေဒနာနုပဿနာသတိပဋ္ဌာန်, စိတ္တာနုပဿနာသတိပဋ္ဌာန်, ဓမ္မာနုပဿနာသတိပဋ္ဌာန်ဆိုပြီး သတိပဋ္ဌာန်လေးပါး ဟောသွားပါတယ်။ အဲဒီ <b>သတိပဋ္ဌာန်လေးပါး</b>ထဲမှာ ဟိုဓမ္မာနုပဿနာပိုင်း ဆိုလို့ရှိရင် နီဝရဏပဗ္ဗ နီဝရဏတရားတွေကို ဦးတည်ပြီးတော့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို သိမ်းဆည်းပြီး ဝိပဿနာ ရှုပွားပုံစနစ်တွေကို ဟောထားတယ်။ အာယတနပဗ္ဗမှာဆိုရင် အာယတန တစ်ဆယ့်နှစ်ပါးနည်းအားဖြင့် ဝိပဿနာ ရှုပွားပုံစနစ်တွေ ဟောထားတယ်။ ဗောဇ္ဈင်္ဂပဗ္ဗဆိုရင်လည်း ဗောဇ္ဈင် ခုနစ်ပါးနည်းဖြင့် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းပုံတွေကို မြတ်စွာဘုရား ဟောထားတယ်။ ခန္ဓပဗ္ဗ ဆိုလို့ရှိရင်လည်း ခန္ဓာငါးပါးနည်းနဲ့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းပုံတွေကို ဟောကြားထားတော်မူပါတယ်။ သစ္စပဗ္ဗဆိုရင်လည်း သစ္စာလေးပါးနည်းဖြင့် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းပုံတွေကို မြတ်စွာဘုရား ဟောကြားထားတော်မူပါတယ်။ ထိုသစ္စပဗ္ဗမှာ သစ္စာလေးပါး ဟောထားတယ်နော်။</p>
<p>အားလုံးတော့ ကြားဖူးကြမယ် သိဖူးကြမယ်။ ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာဆိုပြီး သစ္စာဘယ်နှစ်ပါး ရှိလဲ? လေးပါး။ အဲဒီ သစ္စာလေးပါးထဲမှာ မဂ္ဂသစ္စာအရ <b>မဂ္ဂင်တရားကိုယ် ရှစ်ပါး</b> အားလုံး ကြားဖူးကြလိမ့်မယ်နော်။ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ။ အားလုံးပေါင်းလိုက်တော့ မဂ္ဂင် ဘယ်နှစ်ပါးလဲ? မဂ္ဂင် ရှစ်ပါး။ နိဗ္ဗာန်ကို လိုလားတောင့်တနေတဲ့ သူတော်ကောင်း မှန်ခဲ့မယ် ဆိုလို့ရှိရင် ဒီမဂ္ဂင် ရှစ်ပါး အကျင့်မြတ်တရားတွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့တော့ လိုအပ်ပါတယ်။ အဲဒီ မဂ္ဂင် ရှစ်ပါးထဲမှာ တစ်ပါးအဖြစ် ပါဝင်နေတာက နံပါတ်(၁)က ဘာလဲ? သမ္မာဒိဋ္ဌိ။ ဒီသမ္မာဒိဋ္ဌိဆိုတဲ့ စကားလုံးလေးကို ဘုရားရှင် ကိုယ်တော်တိုင်က ဘယ်လို ရှင်းထားလဲ? အဲဒီ မဟာသတိပဋ္ဌာနသုတ္တန်မှာပါပဲနော်။</p>
<p>‘‘<b>ကတမာ စ ဘိက္ခဝေ သမ္မာဒိဋ္ဌိ? ယံ ခေါ ဘိက္ခဝေ ဒုက္ခေ ဉာဏံ၊ ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ။ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဒိဋ္ဌိ။</b>’’ (မ၊၁၊၈၈။)<br>
<b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ကတမာ စ</b>၊ အဘယ်နည်းဟူမူကား။ <b>ယံ ခေါ ဉာဏံ</b>၊ အကြင်သိတတ်သော ဉာဏ်ပညာသည်။ <b>ဒုက္ခေ</b>၊ ဒုက္ခအရိယသစ္စာတရား၌။ <b>အတ္ထိ</b>၊ ရှိ၏။ <b>ယံ ဉာဏံ</b>၊ အကြင်သိတတ်သော ဉာဏ်ပညာသည်။ <b>ဒုက္ခသမုဒယေ</b>၊ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရား၌။ <b>အတ္ထိ</b>၊ ရှိ၏။ <b>ယံ ဉာဏံ</b>၊ အကြင်သိတတ်သော ဉာဏ်ပညာသည်။ <b>ဒုက္ခနိရောဓေ</b>၊ ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရား၌။ <b>အတ္ထိ</b>၊ ရှိ၏။ <b>ယံ ဉာဏံ</b>၊ အကြင်သိတတ်သော ဉာဏ်ပညာသည်။ <b>ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ</b>၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ပဋိပတ်ဟု ဆိုအပ်သော မဂ္ဂအရိယသစ္စာတရား၌။ <b>အတ္ထိ</b>၊ ရှိ၏။ <b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>အယံ</b>၊ ဤသစ္စာလေးပါးကို သိတတ်သော ဉာဏ်ပညာကို။ <b>သမ္မာဒိဋ္ဌိ</b>၊ သမ္မာဒိဋ္ဌိဟူ၍။ <b>ဝုစ္စတိ</b>၊ ခေါ်ဆိုအပ်ပါပေ၏၊</p>
<p><b>ဒုက္ခသစ္စာ</b>ကို သိနေတဲ့ဉာဏ်, <b>သမုဒယသစ္စာ</b>ကို သိနေတဲ့ဉာဏ်, <b>နိရောဓသစ္စာ</b>ကို သိနေတဲ့ဉာဏ်, <b>မဂ္ဂသစ္စာ</b>ကို သိနေတဲ့ဉာဏ်။ အဲဒီ လေးမျိုးသောဉာဏ်ကို ဘာလို့ခေါ်လဲ? <b>သမ္မာဒိဋ္ဌိ</b>။ အဲဒီ သမ္မာဒိဋ္ဌိဉာဏ်ပညာနဲ့ ပြည့်စုံမှ <b>မဂ္ဂင်ရှစ်ပါး</b> ပြည့်စုံမယ်ပေါ့နော်။ ဒီသမ္မာဒိဋ္ဌိဉာဏ်ပညာ ရရှိရေးအတွက် ယောဂီသူတော်ကောင်းက သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဆိုတဲ့ <b>သီလမဂ္ဂင်သုံးပါး</b>ကို ရှေးဦးစွာ ဖြည့်ကျင့်ရပါတယ်။ သီလမဂ္ဂင်သုံးပါးကို လုံခြုံအောင် စောင့်ထိန်းပြီးတဲ့အခါ ဒကာကြီးတွေ ဒကာမကြီးတွေအဖို့တော့ အောက်ထစ်ဆုံးပေါ့ ငါးပါးသီလပေါ့နော်။ အဲဒီလို သီလလုံခြုံပြီးတဲ့ အချိန်ခါမှ ဒုတိယ တစ်ဆင့်တက်ပြီး ဘာလုပ်ရမလဲ? သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိလို့ ခေါ်ဆိုအပ်တဲ့ <b>သမာဓိမဂ္ဂင်သုံးပါး</b>နဲ့ ပြည့်စုံအောင် ကြိုးစားရတယ်။ အဲဒီ သမာဓိမဂ္ဂင်သုံးပါးနဲ့ ပြည့်စုံပြီးတဲ့ သူတော်ကောင်းက သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပဆိုတဲ့ <b>ပညာမဂ္ဂင်နှစ်ပါး</b>နဲ့ ပြည့်စုံအောင် တစ်ဆင့်တက်ပြီး ကြိုးစားရပြန်တယ်နော်။</p>
<p>ဒီတော့ သမ္မာဒိဋ္ဌိဆိုတာက ဒုက္ခသစ္စာကို သိနေတဲ့ဉာဏ်, သမုဒယသစ္စာကို သိနေတဲ့ဉာဏ်, နိရောဓသစ္စာကို သိနေတဲ့ဉာဏ်, မဂ္ဂသစ္စာကို သိနေတဲ့ဉာဏ်။ ဒီဉာဏ်ကိုသာ သမ္မာဒိဋ္ဌိခေါ်ဆိုတော့ အဲဒီ <b>သစ္စာလေးပါး</b>ထဲမှာ ဒုက္ခသစ္စာပါတယ်, သမုဒယသစ္စာပါတယ်။ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာကို <b>ဝဋ္ဋသစ္စာ</b>လို့ ခေါ်တယ်။ နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာတရားနှစ်ပါးကျတော့ <b>ဝိဝဋ္ဋသစ္စာ</b>လို့ ခေါ်ပါတယ်။ ယောဂါဝစရပုဂ္ဂိုလ်က ဘယ်မှာ ကမ္မဋ္ဌာန်းနှလုံးသွင်း စီးဖြန်းရသလဲဆိုတော့ -</p>
<p>‘‘<b>တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။</b>’’ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)</p>
<p><b>တေသု</b>၊ ထိုဝဋ္ဋသစ္စာ, ဝိဝဋ္ဋသစ္စာတရားတို့တွင်။ <b>ဘိက္ခုနော</b>၊ သံသရာဘေးကို ရှုမြင်တတ်သော ရဟန်းတော်အား (သို့မဟုတ်) ယောဂါဝစရပုဂ္ဂိုလ်အား။ <b>ဝဋ္ဋေ</b>၊ ဝဋ္ဋသစ္စာအမည်ရနေသော ဒုက္ခသစ္စာတရား, သမုဒယသစ္စာတရား၌။ <b>ကမ္မဋ္ဌာနာဘိနိဝေသော</b>၊ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနှလုံးသွင်းခြင်းသည်။ <b>ဟောတိ</b>၊ ဖြစ်၏။ <b>ဝိဝဋ္ဋေ</b>၊ ဝိဝဋ္ဋသစ္စာအမည်ရနေသော နိရောဓသစ္စာတရား, မဂ္ဂသစ္စာတရား၌။ <b>အဘိနိဝေသော</b>၊ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနှလုံးသွင်းခြင်းသည်။ <b>နတ္ထိ</b>၊ မရှိ။</p>
<p>ဆိုပြီး အဋ္ဌကထာများက ဖွင့်ထားတယ်။ ဝဋ္ဋသစ္စာအမည်ရနေတဲ့ ဒုက္ခသစ္စာတရား, သမုဒယသစ္စာတရားနှစ်ပါး၌ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းပေးရတယ်။ အဲဒီလို စီးဖြန်းလိုက်တဲ့ အချိန်ခါကျတော့မှ ဝိပဿနာဉာဏ်တို့ရဲ့ အဆုံးမှာ နိရောဓသစ္စာပေါ်လာမယ်။ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို အရိယာမဂ်ဉာဏ်ဖိုလ်ဉာဏ်တို့က လှမ်းပြီး အာရုံယူမယ်။ ထိုအသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကြီးက နိရောဓသစ္စာ။ ထိုအသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို လှမ်းအာရုံယူနေတဲ့ အရိယာမဂ်ဉာဏ်နဲ့ ယှဉ်တွဲနေတဲ့ မဂ္ဂင်တရားကိုယ်ရှစ်ပါးက မဂ္ဂသစ္စာ။ ပေါင်းလိုက်တော့ သစ္စာဘယ်နှစ်ပါး ဖြစ်သွားမလဲ? လေးပါး။ အဲဒီ အခါကျမှ သမ္မာဒိဋ္ဌိဉာဏ်နဲ့ ပြည့်စုံမယ်။</p>
<p>ဒီတော့ သမ္မာဒိဋ္ဌိဉာဏ်ပညာ ရရှိရေးအတွက် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းပွားများရမယ့် သစ္စာတွေက ဘာသစ္စာတွေလဲ? ဒုက္ခသစ္စာ, သမုဒယသစ္စာ။ ဘာကို ဒုက္ခသစ္စာ ခေါ်သလဲ? ဒကာကြီးတွေ ဘယ်လို သဘောပေါက်ကြလဲ? အားလုံးပဲ ဒီမှာ ဓမ္မစကြာ အမျိုးသမီးအဖွဲ့တို့ ဘာတို့ ရှိကြပါတယ်နော်။ ဓမ္မစကြာထဲမှာ လွယ်လွယ်လေးပါနေတဲ့ စကားတစ်လုံး ရှိတယ်။ <b>သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ</b>။ ဒါဘုရား ကိုယ်တော်တိုင် ဟောထားတဲ့ တရားပဲ။ ဥပါဒါန်နဲ့ ခန္ဓာငါးပါးသည် ဘာသစ္စာလဲ? ဒုက္ခသစ္စာ။ ဥပါဒါန်နဲ့ ခန္ဓာငါးပါး ဆိုတာက ဘာတွေလဲ? ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာဆိုပြီး ဥပါဒါန်နဲ့ ခန္ဓာဘယ်နှစ်ပါး ရှိလဲ? ငါးပါး။ ဒါကို လွယ်လွယ်တိုတို ပြောရင်တော့ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဆိုပြီး ငါးခု ရှိတယ်။ အဲဒီ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ခေါ်တဲ့ ဥပါဒါန်နဲ့ ခန္ဓာငါးပါးကို ဘာသစ္စာလို့ ခေါ်လဲ? ဒုက္ခသစ္စာ။ အဲဒီ ဒုက္ခသစ္စာတရားကို ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ဘာလုပ်ရမလဲ? သိအောင် ကြိုးစားအားထုတ်ရမယ်။ ကောင်းပြီ။</p>
<p>ရူပုပါဒါနက္ခန္ဓာအရ ရူပက္ခန္ဓာ သို့မဟုတ် ရူပုပါဒါနက္ခန္ဓာလို့ ခေါ်တဲ့ ရုပ်တရား အစုအပုံပေါ့။ ခန္ဓာဆိုတာက အစုအပုံ ပြောတာနော်။ ရုပ်တရား အစုအပုံ ဆိုတာက ဘာတွေကို စုပုံထားလို့ ဒီရုပ်တရား အစုအပုံလို့ ခေါ်သလဲ? ဟိုခန္ဓဝဂ္ဂသံယုတ် ပါဠိတော်မှာ ဘုရားရှင် ကိုယ်တော်တိုင် ဟောထားတယ်နော်။</p>
<p>‘‘<b>ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော။</b>’’ (သံ၊၂၊၃၉။)</p>
<p><b>ဘိက္ခဝေ</b>၊ ရဟန်းတို့။ <b>အတီတာနာဂတပစ္စုပ္ပန္နံ</b>၊ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်း ဖြစ်သော။ <b>အဇ္ဈတ္တံ ဝါ</b>၊ အဇ္ဈတ္တသန္တာန်၌ ဖြစ်သော်လည်းကောင်း။ <b>ဗဟိဒ္ဓါ ဝါ</b>၊ ဗဟိဒ္ဓသန္တာန်၌ ဖြစ်သော်လည်းကောင်း။ <b>ဩဠာရိကံ ဝါ</b>၊ ရုန့်ရင်းကြမ်းတမ်းသော်လည်းကောင်း။ <b>သုခုမံ ဝါ</b>၊ သိမ်မွေ့နူးညံ့သော်လည်းကောင်း။ <b>ဟီနံ ဝါ</b>၊ ယုတ်ညံ့သော်လည်းကောင်း။ <b>ပဏီတံ ဝါ</b>၊ မွန်မြတ်သော်လည်းကောင်း။ <b>ယံ</b>၊ အကြင်။ <b>ဒူရေ</b>၊ အသိဉာဏ်မှ ဝေးသော အရပ်၌ ဖြစ်သော်လည်းကောင်း။ <b>သန္တိကေ ဝါ</b>၊ အသိဉာဏ်မှ နီးသော အရပ်၌ ဖြစ်သော်လည်းကောင်း ဖြစ်သော။ <b>သာသဝံ</b>၊ အာသဝေါတရားတို့၏ အာရုံဖြစ်သော။ <b>ဥပါဒါနိယံ</b>၊ ဥပါဒါန်တရားတို့ဖြင့် စွဲလမ်းအပ်သော။ <b>ယံ ကိဉ္စိ ရူပံ</b>၊ အလုံးစုံသော အကြင်ရုပ်တရားသည်။ <b>အတ္ထိ</b>၊ ရှိ၏။ <b>အယံ</b>၊ ဤရုပ်တရားအစုအပုံကို။ <b>ရူပုပါဒါနက္ခန္ဓော</b>၊ ရူပုပါဒါနက္ခန္ဓာဟူ၍။ <b>ဝုစ္စတိ</b>၊ ဆိုအပ်၏၊</p>
<p>အတိတ် ရုပ်တရား, ပစ္စုပ္ပန် ရုပ်တရား, အနာဂတ် ရုပ်တရား, အဇ္ဈတ္တ ရုပ်တရား, ဗဟိဒ္ဓ ရုပ်တရား, ဩဠာရိကခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ရုပ်တရား, သုခုမခေါ်တဲ့ သိမ်မွေ့နူးညံ့တဲ့ ရုပ်တရား, ဟီနခေါ်တဲ့ ယုတ်ညံ့တဲ့ ရုပ်တရား, ပဏီတခေါ်တဲ့ မွန်မြတ်တဲ့ ရုပ်တရား, ဒူရခေါ်တဲ့ ရှုနေတဲ့ ယောဂါဝစရပုဂ္ဂိုလ်အဖို့ ရှုရခက်လို့ အသိဉာဏ်နဲ့ နည်းနည်းလေး ဝေးနေတဲ့ ရုပ်တရား, သန္တိကခေါ်တဲ့ ရှုနေတဲ့ ယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်နဲ့ နီးနေတဲ့ ရုပ်တရား။ ပေါင်းလိုက်တော့ တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဒီရုပ်တရား အစုအပုံကို ဘာခန္ဓာလို့ ခေါ်လဲ? ရူပုပါဒါနက္ခန္ဓာ။ ဒီလိုဆိုရင် ရူပက္ခန္ဓာပေါ့။ လွယ်လွယ်နော်။ ရူပက္ခန္ဓာ ရုပ်တရား အစုအပုံ ဆိုလို့ရှိရင် အဲဒီ ရုပ်တရားတွေထဲမှာ အတိတ်ရုပ်တရား ပါနေသလား, မပါဘူးလား? ပါနေတယ်။ အတိတ်ရုပ်တရား ပါတယ်, ပစ္စုပ္ပန်ရုပ်တရား ပါတယ်, အနာဂတ်ရုပ်တရား ပါတယ်, မိမိ အဇ္ဈတ္တမှာ ရှိနေတဲ့ ရုပ်တရား ပါတယ်, ဗဟိဒ္ဓမှာရှိတဲ့ ရုပ်တရားအားလုံး ပါနေတယ်။ အဲဒီ ရုပ်တရား အစုအပုံကို ရူပုပါဒါနက္ခန္ဓာ။</p>
<p>အလားတူပဲ။ တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဝေဒနာတရား အစုအပုံကိုလည်း ဝေဒနုပါဒါနက္ခန္ဓာ၊ တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ မှတ်သားမှု သညာတရား အစုအပုံကိုလည်း သညုပါဒါနက္ခန္ဓာ၊ တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ စေတသိက် သင်္ခါရ ကြွင်းကျန်နေတဲ့ စေတသိက် အလုံးငါးဆယ် ရှိပါတယ်နော်။ အဲဒီ စေတသိက် သင်္ခါရတရား အစုအပုံတွေကိုလည်း ဘာလို့ ခေါ်သလဲ? သင်္ခါရုပါဒါနက္ခန္ဓာ၊ တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ အသိစိတ် ဝိညာဏ်တရား အစုအပုံကိုလည်း ဝိညာဏုပါဒါနက္ခန္ဓာလို့ ဒီလို ခေါ်ပါတယ်။ အဲဒီ တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဒီဥပါဒါနက္ခန္ဓာငါးပါးသည် သစ္စာဒေသနာတော်နည်းအရ ဘာသစ္စာလဲ? ဒုက္ခသစ္စာ။ အဲဒီ ဒုက္ခသစ္စာကို ယောဂါဝစရသည် ရှေးဦးစွာ သိအောင် ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်နော်။ အဲဒီ ဒုက္ခသစ္စာကို မသိရင် မဂ်ဖိုလ်နိဗ္ဗာန် ရမလား? မရဘူး။ ဒါတစ်ချက်နော်။</p>
<p>သမုဒယသစ္စာ ဆိုတာက ဘာကို သမုဒယသစ္စာ ခေါ်သလဲလို့မေးရင်တော့ တဏှာကို သမုဒယသစ္စာခေါ်တယ်။ ဒါကတော့ ပဓာနနည်းပေါ့နော်။ ကိလေသာတစ်ဆယ်ပါးကိုလည်း သမုဒယသစ္စာလို့ ခေါ်တယ်။ အကုသိုလ်တရား အားလုံးကိုလည်း သမုဒယသစ္စာလို့ခေါ်တယ်။ အကုသိုလ်တရား အားလုံးနဲ့ သံသရာဝဋ်ကို လည်ပတ်စေတတ်တဲ့ ကုသလမူလတရားသုံးပါးကိုလည်း သမုဒယသစ္စာလို့ ဟောထားတယ်။ နောက်ဆုံး ကုသိုလ်ကံ, အကုသိုလ်ကံ မှန်သမျှ ဝဋ်နိဿိတဖြစ်နေတဲ့ ကုသိုလ်ကံ, အကုသိုလ်ကံ မှန်သမျှကိုလည်း သမုဒယသစ္စာလို့ ဟောတယ်။ ပုံစံတူပါပဲ။ ဦးပဉ္ဇင်းတို့ ဟိုအင်္ဂုတ္ထိုရ်တိကနိပါတ် တိတ္ထာရတနသုတ္တန်ကျတော့ ကြောင်းကျိုးဆက်နွယ်နေတဲ့ <b>ပဋိစ္စသမုပ္ပါဒ်</b>သဘောတရားတွေကို မြတ်စွာဘုရားက ဘာလို့ဟောလဲ? သမုဒယသစ္စာလို့ ဟောထားပါတယ်။</p>
<p>အဲဒီ ဒုက္ခသစ္စာတရား, သမုဒယသစ္စာတရား နှစ်ပါးကို ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ သိအောင် ကြိုးစားအားထုတ်ရပါတယ်။ ဒီကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရား ဆိုတာက အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံ၊ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပုံ စသည်ဖြင့် ဒီလို ကြောင်းကျိုးဆက်နွယ်မှုသဘောတွေကို မြင်အောင် ရှုရမှာ ဖြစ်တယ်။ ဖြစ်တော့ အရှင်ဘုရားဟာ အဘိဓမ္မာတရားတွေပဲ။ ဒီအဘိဓမ္မာတရားတွေဟာ တပည့်တော်တို့နဲ့ ဆိုင်ပါသလားလို့ ဒီလိုတော့ မေးစရာ မလိုဘူးလား? အဲဒီအချက်နဲ့ ပတ်သက်ပြီး သံသယ နည်းနည်းကင်းသွားအောင် ဘုန်းကြီး ဒီနေ့ နည်းနည်းလေး ကောက်နုတ်ချက်ကလေးတစ်ခုတော့ ဖတ်ပြမယ်နော်။</p>
<p>အဋ္ဌသာလိနီ အဋ္ဌကထာ အဘိဓမ္မာ အဋ္ဌကထာပေါ့နော်။ စာမျက်နှာ (၃၀)မှာ နည်းနည်းကလေး အဋ္ဌကထာက သတိပေးထားတဲ့ အချက်ပဲနော်။</p>
<p>‘‘<b>အဘိဓမ္မံ ပဋိဗာဟေန္တော ဣမသ္မိံ ဇိနစက္ကေ ပဟာရံ ဒေတိ၊</b>’’ (အဘိ၊ဋ္ဌ၊၁၊၃၀။)</p>
<p><b>အဘိဓမ္မံ</b>၊ အဘိဓမ္မာတရားဒေသနာတော်ကို။ <b>ပဋိဗာဟေန္တော</b>၊ တားမြစ်ကန့်ကွက်၍နေသော ပုဂ္ဂိုလ်သည်ကား။ <b>ဣမသ္မိံ</b>၊ ဤ။ <b>ဇိနစက္ကေ</b>၊ ဘုရားရှင်၏ တရားဓမ္မစက်တည်းဟူသော သာသနာတော်၌။ <b>ပဟာရံ</b>၊ ပုတ်ခတ်စော်ကားခြင်းကို။ <b>ဒေတိ</b>၊ ပေး၍နေသည်။</p>
<p>အဘိဓမ္မာကို ကန့်ကွက်တားမြစ်နေတဲ့ပုဂ္ဂိုလ် မှန်ခဲ့ရင် ဘုရားရှင်ရဲ့ တရားဓမ္မစက်ကို ပုတ်ခတ်စော်ကားနေတဲ့ပုဂ္ဂိုလ်တွေပဲ။ အဘိဓမ္မာကို ကန့်ကွက်တားမြစ်တယ်ဆိုတာက ဘာပြောတာလဲ? ဒကာကြီးတွေ ဘယ်လို နားလည်ကြလဲ? ဟာ ဒီအဘိဓမ္မာတွေက သာဝကတွေ ဘယ်လိုမှ ရှုလို့ မရဘူး။ သွားပြီး ရှုမနေနဲ့ ရူးသွားလိမ့်မယ်တဲ့။ တချို့ကလည်း ဒီလို ပြောတယ်။ ဒီအဘိဓမ္မာမှာလာတဲ့ ရုပ်တွေ နာမ်တွေ ဆိုတာက သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ရဲ့အရာသာ ဖြစ်တယ်။ သာဝကတွေ ဘယ်လိုမှ ရှုလို့ မရဘူး။ တချို့ကလည်း ဒီလို ပြောကြတယ်။ အဲဒီလို ပြောနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာကို ကိုးကားထောက်ထားပြီးတော့ ပြောနေသလဲလို့ သေသေချာချာ ဆန်းစစ် မေးမြန်းကြည့်လိုက်တဲ့အခါ ကိုးကားထောက်ထားပြီး တိတိကျကျ ခိုင်ခိုင်လုံလုံနဲ့ ပြောပြနေတဲ့ ကျမ်းဂန်အထောက်အထား တစ်ခုမှ မရှိကြဘူး။ မိမိတို့ ထင်ရာ မြင်ရာ ပြောနေတဲ့ သဘောသာ ဖြစ်တယ်။ ဒီတော့ ဒီအဘိဓမ္မာကို ကန့်ကွက်နေတဲ့ပုဂ္ဂိုလ်, တားမြစ်နေတဲ့ပုဂ္ဂိုလ်တွေသည် ဘယ်လိုပုဂ္ဂိုလ်တွေလဲ? သာသနာတော်ကို ပုတ်ခတ်စော်ကားနေတဲ့ပုဂ္ဂိုလ်တွေပဲ ဒါက ဦးပဉ္ဇင်းပြောတာ ဟုတ်သလား? မဟုတ်ပါဘူး။ အဋ္ဌသာလိနီ အဋ္ဌကထာ စာမျက်နှာ (၃၀)မှာ အတိအကျ ရှိနေတယ်။ ဒကာကြီးတွေ, ဒကာမကြီးတွေ အကျိုးရှိမယ်ထင်လို့ ဦးပဉ္ဇင်းက ဒီစကားလေးကို ပြောတာပါနော်။ ဒကာကြီးတွေလည်း အကယ်၍ ဒီရုပ်တွေ နာမ်တွေ ရှုလို့ မရနိုင်ဘူး၊ ဒီခန္ဓာငါးပါး ဘယ်လိုမှ ရှုလို့ မရနိုင်ဘူးဆိုရင် နည်းနည်းလေးတော့ ပြန်စဉ်းစားကြည့်စမ်း! ဘုရားရှင်သည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီ ဒီလောက်တောင် ဖြည့်ပြီးတော့, အပင်ပန်းခံပြီးတော့ ဟောထားတဲ့ တရားတွေဟာ သာဝကတွေ ဘယ်လိုမှ ရှုလို့ မရပါဘူးဆိုရင် ဘုရားပွင့်ပြီးတော့ တရားဟောရတာ ဘာများ အကျိုးရှိဦးမလဲ? စဉ်းစားကြည့်။ ဘာမှ အကျိုးမရှိတော့ဘူး။ ဘုရားရှင်သည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတွေ ဖြည့်ပြီးတော့ သာဝကတွေ ဘယ်လိုမှ မသိနိုင်တဲ့ ရုပ်တွေ နာမ်တွေကို ဟောသွားတယ်လို့ မပြောသော်လည်း ပြောပြီး ဖြစ်နေတယ်။ ဒါ သိပ်သတိထားဖို့ ကောင်းတယ်နော်။ အဲဒီလောက်တင်လားတော့ မဟုတ်သေးဘူး။</p>
<p>‘‘<b>သတ္ထု ဝေသာရဇ္ဇဉာဏံ ပဋိနိဝတ္တေတိ၊</b>’’ (အဘိ၊ဋ္ဌ၊၁၊၃၀။)</p>
<p><b>သတ္ထု</b>၊ ဘုရားရှင်၏။ <b>ဝေသာရဇ္ဇဉာဏံ</b>၊ ရဲရင့်ခြင်း၏ အကြောင်းဖြစ်သော ဝေသာရဇ္ဇဉာဏ်တော်မြတ်ကို။ <b>ပဋိနိဝတ္တေတိ</b>၊ ဆုတ်နစ်စေ၏၊</p>
<p>ဘုရားရှင်မှာ ဝေသာရဇ္ဇဉာဏ်တော် လေးပါးရှိပါတယ်နော်။ အဲဒီ ဝေသာရဇ္ဇဉာဏ်တော် လေးပါးထဲက ဒီနေ့ ဒီနေရာမှာ တိုက်ရိုက် ဦးပဉ္ဇင်း ပြောလိုတဲ့ ဉာဏ်တော်ကတော့ တစ်ခုပေါ့နော်။ ဘုရားရှင်က နိယာနိကတရားကောင်းအဖြစ် ဟောကြားထားတယ်။ သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း နိယာနိကတရားကောင်းအဖြစ် ဟောကြားထားတဲ့ တရားတွေကို အရှင်ဘုရား ဟောနေတဲ့ တရားဟာ သံသရာဝဋ်ဆင်းရဲဒုက္ခမှ မထွက်မြောက်တတ်ပါဘူးလို့ လာပြီး ပြောပြမဲ့ တစ်စုံတစ်ယောက်သော နတ် လူ ဗြဟ္မာ သတ္တဝါကို မြတ်စွာဘုရား လှမ်းကြည့်တော့ ဘယ်တော့မှ မမြင်ဘူး။ အကြောင်း ယုတ္တိနှင့်တကွ လာပြီး ပြောမဲ့ပုဂ္ဂိုလ် သတ္တဝါတစ်စုံတစ်ယောက်ကို မြင်တော်မမူသည်ဖြစ်၍ ရဲဝံ့စွာဖြင့် ချမ်းချမ်းသာသာ မြတ်စွာဘုရား နေထိုင်တော်မူနိုင်တဲ့ ဉာဏ်စွမ်း ဉာဏ်စကို <b>ဝေသာရဇ္ဇဉာဏ်တော်</b>တစ်ပါးလို့ ခေါ်ပါတယ်။</p>
<p>ခု ဒီဘုရားရှင်က သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယာနိကတရားကောင်းအဖြစ်နဲ့ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကို ချပြသွားတယ်။ အဲဒီ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတွေထဲမှာ အစိတ်အပိုင်း တစ်ခုအဖြစ်နဲ့ ပါဝင်နေတာက သမ္မာဒိဋ္ဌိနော်။ သမ္မာဒိဋ္ဌိ အစိတ်အပိုင်းတစ်ခုအဖြစ်နဲ့ ပါဝင်နေတာက သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ထွင်းဖောက်သိမြင်ရမဲ့ ဒုက္ခသစ္စာတရား, သမုဒယသစ္စာတရား။ ဒီဒုက္ခသစ္စာတရား, သမုဒယသစ္စာတရားတွေကို သာဝကတွေ ဘယ်လိုမှ ရှုလို့ မရပါဘူးဆိုတော့ ဘုရားရှင်သည် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယာနိကတရားကောင်းအဖြစ်နဲ့ ဟောထားတဲ့ ဒီတရားတွေကို လာပြီး ကန့်ကွက်နေတဲ့သဘော မဖြစ်ဘူးလား? ဖြစ်နေပြီ။ ဒါ စဉ်းစားကြနော်။ နောက်တစ်ခု - အဲဒီလို ကန့်ကွက်တော့ ဘာဖြစ်လဲ?</p>
<p>‘‘<b>သောတုကာမံ ပရိသံ ဝိသံဝါဒေတိ၊ အရိယမဂ္ဂေ အာဝရဏံ ဗန္ဓတိ။</b>’’ (အဘိ၊ဋ္ဌ၊၁၊၃၀။)</p>
<p><b>သောတုကာမံ</b>၊ တရားနာကြားလိုသော ကျင့်ကြံပွားများလိုသော။ <b>ပရိသံ</b>၊ ပရိသတ်ကို။ <b>ဝိသံဝါဒေတိ</b>၊ ချွတ်ယွင်းစေ၏၊ ချွတ်လွဲစေ၏။ <b>အရိယမဂ္ဂေ</b>၊ အရိယာမဂ်တရား၌။ <b>အာဝရဏံ</b>၊ အတားအဆီး အပိတ်အပင်ကို။ <b>ဗန္ဓတိ</b>၊ နှောင်ဖွဲ့၍ ထား၏၊</p>
<p>ကျင့်လိုတဲ့ ပရိသတ်တွေ ရှိကြတယ်။ ဩော် ဒီရုပ်တွေ ဒီနာမ်တွေ ရှုလို့ရတယ် ပြောတယ်၊ တို့ ရှုကြည့်ချင်တယ်, နာကြားကြည့်ချင်တယ်။ အဲဒီလို နာကြားလိုတဲ့ ပရိသတ်, ရှုလိုတဲ့ ပရိသတ်တွေကို နင်တို့ သွားမလုပ်နဲ့ ရူးသွားလိမ့်မယ်၊ ဟော ပြောပြီ။ ဒီရုပ်တွေ နာမ်တွေဟာ သာဝကတွေ ဘယ်လိုမှ ရှုလို့ရတာ မဟုတ်ဘူးဆိုပြီးတော့ ဒီလို ချွတ်ချွတ်ယွင်းယွင်း ဖြစ်စေတဲ့သဘောလည်း ဒီမှာ မပါဘူးလား? ပါလာပြီ။ ဒါကြောင့် အရိယာမဂ်ရဖို့ရန် ကျင့်စဉ်အဖြစ်နဲ့ ဒီသစ္စာလေးပါး (သို့မဟုတ်) မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတွေကို ဘုရားက ချမှတ်ပေးထားတယ်။ အဲဒီ ကျင့်စဉ်သည် ကျင့်လို့ မရဘူး ဆိုလို့ရှိရင် ဘာလုပ်တာလဲ? ဒီမဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားဆိုတဲ့ ကျင့်စဉ်၏ အတားအဆီး အပိတ်အပင်ကို နှောင်ဖွဲ့၍ ထားသည်မည်၏၊ အရိယာသူတော်ကောင်းတို့ရဲ့ နိဗ္ဗာန်သွားရာ လမ်းကြောင်းဖြစ်တဲ့ အရိယာမဂ်တရား၌ အတားအမြစ် အပိတ်အပင်ကြီးတစ်ခုကို ရှေ့ကနေလာပြီး နှောင်ဖွဲ့ထားတာနဲ့ မတူဘူးလား? အတူတူပဲ။</p>
<p>‘‘<b>အဋ္ဌာရသသု ဘေဒကရဝတ္ထူသု ဧကသ္မိံ သန္ဒိဿတိ၊</b>’’ (အဘိ၊ဋ္ဌ၊၁၊၃၀။)</p>
<p><b>အဋ္ဌာရသသု</b>၊ တစ်ဆယ့်ရှစ်ခုကုန်သော။ <b>ဘေဒကရဝတ္ထူသု</b>၊ သံဃာသင်းခွဲကြောင်း ဝတ္ထုတို့တွင်။ <b>ဧကသ္မိံ</b>၊ တစ်ခုသော ဝတ္ထု၌။ <b>သန္ဒိဿတိ</b>၊ ထင်ရှားပြသသည်နှင့် တူ၏၊</p>
<p>ဦးပဉ္ဇင်းတို့ သံဃာသင်းခွဲကြောင်း ဝတ္ထု တစ်ဆယ့်ရှစ်ပါး ရှိပါတယ်နော်။ ဓမ္မကို အဓမ္မ၊ အဓမ္မကို ဓမ္မစသည်ဖြင့် ဒီလို ငြင်းခုံကြတယ်။ အဲဒီ ငြင်းခုံမှုတွေကို လာပြီးတော့ ထင်ရှားပြတာနဲ့လည်း အတူတူပဲ။</p>
<p>‘‘<b>ဥက္ခေပနီယကမ္မတဇ္ဇနီယကမ္မာရဟော ဟောတိ။</b>’’ (အဘိ၊ဋ္ဌ၊၁၊၃၀။)</p>
<p><b>ဥက္ခေပနီယကမ္မတဇ္ဇနီယကမ္မာရဟော</b>၊ ဥက္ခေပနီယကံ တဇ္ဇနီယကံတို့အား ထိုက်သည်လည်း။ <b>ဟောတိ</b>၊ ဖြစ်၏၊</p>
<p>ဒီလိုပြောနေတဲ့ ပုဂ္ဂိုလ်ကို သံဃာ့ဘောင်က နေပြီးတော့ နှင်ထုတ်ပစ်ရတယ်။ သာသနာတော်မှာ မြတ်စွာဘုရားက ထားခွင့်မပေးဘူး။ အဲဒီလို -</p>
<p>‘‘<b>တံ တံ ကမ္မံ ကတွာ ဥယျောဇေတဗ္ဗော</b>’’ (အဘိ၊ဋ္ဌ၊၁၊၃၀။)</p>
<p><b>တံ တံ ကမ္မံ</b>၊ ထိုထိုဥက္ခေပနီယကံ တဇ္ဇနီယကံကို။ <b>ကတွာ</b>၊ ပြု၍။ <b>ဥယျောဇေတဗ္ဗော</b>၊ သံဃာ့ဘောင်မှ နှင်ထုတ်အပ်၏၊</p>
<p>အဲဒီ ဥက္ခေပနီယကံ တဇ္ဇနီယကံဆိုတဲ့ သံဃာ့ဘောင်ကနေ နှင်ထုတ်တဲ့ ကံတွေကို ပြုပြီးတော့ ဒီပုဂ္ဂိုလ်ကို နှင်ထုတ်တဲ့အခါ ဘယ်လိုပြောပြီး နှင်ထုတ်ရမလဲ?</p>
<p>‘‘<b>ဂစ္ဆ ဝိဃာသာဒေါ ဟုတွာ ဇီဝိဿတိ။</b>’’ (အဘိ၊ဋ္ဌ၊၁၊၃၀။)</p>
<p><b>ဂစ္ဆ</b>၊ သွားလော့။ <b>ဝိဃာသာဒေါ</b>၊ စားကြွင်းစားလုပ်၍။ <b>ဟုတွာ</b>၊ ဖြစ်၍။ <b>ဇီဝိဿတိ</b>၊ အသက်မွေးပေတော့။</p>
<p>စားကြွင်းစားလုပ်ပြီးတော့ နင်သွား အသက်မွေးပေတော့လို့ ဒီလို ပြောပြီးတော့ကို နင့်နင့်နာနာ ပြောပြီးတော့ကို နှင်ထုတ်ပါ ဆိုပြီးတော့ ဒီလို အဋ္ဌကထာက သတိပေးထားတယ်။</p>
<p>ဒါကြောင့် ဦးပဉ္ဇင်းတို့ အဘိဓမ္မာမှာလာနေတဲ့ ရုပ်တွေ နာမ်တွေကို သာဝကတွေ ရှုလို့ မရပါဘူး ဒီလို ပြောခြင်းသည် အရိယာမဂ်တရားကို လိုလားတောင့်တနေတဲ့ သူတော်ကောင်းတို့ရဲ့ အရိယာမဂ်လမ်းကြောင်းမှ အဆီးအတား အပိတ်အပင်ကြီးတစ်ခုကို လာပြီး နှောင်ဖွဲ့ထားတာနဲ့ မတူဘူးလား? တူနေပြီ။ ဒါ သတိရှိကြပေတော့နော်။ ဘုရားရှင်ရဲ့ သာသနာတော်ကို ပုတ်ခတ်စော်ကားနေတာနဲ့လည်း မတူဘူးလား? အတူတူပဲ။ ခုဒီမှာ သစ္စာလေးပါးထဲမှာ သမ္မာဒိဋ္ဌိဉာဏ်အရ ယောဂါဝစရပုဂ္ဂိုလ်တို့ ခေါင်ဆုံး သိအောင် ကြိုးစားအားထုတ်ရမဲ့တရားက ဘာသစ္စာလဲ? ဒုက္ခသစ္စာ။ အဲဒီ ဒုက္ခသစ္စာတရားသည် ဘာတွေလဲ? ဥပါဒါန်နဲ့ ခန္ဓာငါးပါး။</p>
<p>ဥပါဒါန်နဲ့ ခန္ဓာငါးပါးဆိုတာက ဘာပြောတာလဲ? ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာ။ ပေါင်းလိုက်တော့ ဘယ်နှစ်ပါးလဲ? ငါးပါး။ ရူပုပါဒါနက္ခန္ဓာဆိုတာက - အတိတ်ရုပ်တရား နှစ်ဆယ့်ရှစ်ပါးနော်။ အတိတ်ရုပ်တရား နှစ်ဆယ့်ရှစ်ပါး, ပစ္စုပ္ပန်ရုပ်တရား နှစ်ဆယ့်ရှစ်ပါး, အနာဂတ်ရုပ်တရား နှစ်ဆယ့်ရှစ်ပါး, အဇ္ဈတ္တရုပ်တရား နှစ်ဆယ့်ရှစ်ပါး, ဗဟိဒ္ဓရုပ်တရား နှစ်ဆယ့်ရှစ်ပါး။ ဒါ မခွဲဘဲနဲ့ ပြောရင်ပေါ့နော်။ ယောက်ျား မိန်းမ ခွဲခြားပြီးတော့ ပြောမယ်ဆိုရင်တော့ - ယောက်ျားမှာ အဇ္ဈတ္တမှာ နှစ်ဆယ့်ခုနစ်ပါး အမျိုးသမီးမှာလည်း နှစ်ဆယ့်ခုနစ်ပါးပဲနော်။ အဲဒီ ရုပ်နှစ်ဆယ့်ရှစ်ပါး ဩဠာရိက၊ သုခုမ၊ ဟီန၊ ပဏီတ၊ ဒူရ၊ သန္တိက ပေါင်းလိုက်တော့ တစ်ဆယ့်တစ်မျိုး။ အဲဒီ တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ရုပ်တရား အစုအပုံကို ဘာခန္ဓာ ခေါ်သလဲ? ရူပုပါဒါနက္ခန္ဓာ။</p>
<p>အလားတူပဲ - တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဝေဒနာ အစုအပုံ, သညာ အစုအပုံ, သင်္ခါရ အစုအပုံ, ဝိညာဏ် အစုအပုံတွေကို ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာလို့ အသီးသီး ခေါ်တယ်။ အဲဒီ ဥပါဒါနက္ခန္ဓာငါးပါးကို ယောဂါဝစရပုဂ္ဂိုလ်သည် ဘာလုပ်ရမလဲ? သိအောင် ကြိုးစားအားထုတ်ရမယ်။ ကဲ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် သိအောင် ကြိုးစားအားထုတ်ရမလဲနော်။ ခုနက သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝခေါ်တဲ့ သီလမဂ္ဂင်သုံးပါး ပထမ ဖြည့်ကျင့်ရမယ်။ အနည်းဆုံး ငါးပါးသီလ မြဲရမယ်။ အဲဒီ သီလမဂ္ဂင်သုံးပါး ဖြည့်ကျင့်ပြီးတဲ့အခါ ဒုတိယ ဖြည့်ကျင့်ရမဲ့ မဂ္ဂင်က ဘာလဲ? သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ ပေါင်းလိုက်တော့ မဂ္ဂင်ဘယ်နှစ်ပါးလဲ? သုံးပါး။ အဲဒီမှာ ဦးဆောင်နေတာက <b>သမ္မာသမာဓိ</b>ပဲနော်။ ဒီသမ္မာသမာဓိဆိုတဲ့ မဂ္ဂင်ကို ဘာဖြစ်လို့ ဖြည့်ကျင့်ရလဲ?</p>
<p><b>‘‘သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။’’</b> (သံ၊၂၊၁၂။ သံ၊၃၊၃၆၃။)<br>
<b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>သမာဓိံ</b>၊ သမာဓိကို။ <b>ဘာဝေထ</b>၊ ပွားများကြကုန်လော့။ <b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>သမာဟိတော</b>၊ သမာဓိရှိသော။ <b>ဘိက္ခု</b>၊ ရဟန်းသည်။ <b>ယထာဘူတံ</b>၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ <b>ပဇာနာတိ</b>၊ သိ၏။</p>
<p>ချစ်သားရဟန်းတို့ ... သမာဓိ ထူထောင်ကြ။ သမာဓိရှိရင် ဟုတ်တိုင်းမှန်စွာသိတဲ့ ဉာဏ်အမြင် ပေါ်ချင်တယ်ဆိုလို့ရှိရင် ဘာလုပ်ရမလဲ? သမာဓိထူထောင်ရပါတယ်နော်။ အဲဒီ သမာဓိထူထောင်တဲ့အပိုင်းမှာ ကမ္မဋ္ဌာန်း (၄၀) ရှိတယ်။ မိမိတို့ နှစ်ခြိုက်တဲ့ ကမ္မဋ္ဌာန်းနဲ့ သမာဓိထူထောင်နိုင်ခွင့် ရှိတယ်နော်။ ဒီနေ့တော့ ဘုန်းကြီး ဓာတ်ကမ္မဋ္ဌာန်းနဲ့ပဲ အကျဉ်းချုပ်ပြီး ပြောဖို့ ရည်ရွယ်ထားပါတယ်နော်။ အဲဒီတော့ ဒီခန္ဓာငါးပါးကို သိချင်နေတဲ့ ယောဂီသူတော်ကောင်းက ဓာတ်ကမ္မဋ္ဌာန်းကို စတယ်။ အဲဒီ ဓာတ်ကမ္မဋ္ဌာန်း စတဲ့အပိုင်းမှာ ဦးပဉ္ဇင်းတို့ ဝိပဿနာပိုင်း <b>ဒိဋ္ဌိဝိသုဒ္ဓိပိုင်း</b> ကူးမယ်ဆိုရင် ရုပ်ကမ္မဋ္ဌာန်းကစ သိမ်းဆည်းတဲ့နည်း, နာမ်ကမ္မဋ္ဌာန်းကစ သိမ်းဆည်းတဲ့နည်းဆိုပြီး နှစ်နည်းရှိတယ်။ အဲဒီ နှစ်နည်းထဲက ရုပ်ကမ္မဋ္ဌာန်းကနေစပြီး သိမ်းဆည်းတဲ့နည်းကို ဒီနေ့ ပြောမယ်နော်။ နာမ်ကမ္မဋ္ဌာန်းကနေစပြီး သိမ်းဆည်းတဲ့နည်းကတော့ ယေဘုယျအားဖြင့် သမထယာနိကပုဂ္ဂိုလ်လို့ ခေါ်ဆိုအပ်တဲ့ ဈာန်ရတဲ့ ပုဂ္ဂိုလ်တွေအတွက် ဖြစ်ပါတယ်။</p>
<p>ခုရုပ်ကမ္မဋ္ဌာန်းက စသိမ်းဆည်းတဲ့ နည်းစနစ်ကတော့ သုဒ္ဓဝိပဿနာယာနိကခေါ်တဲ့ ဈာန်မရတဲ့ ပုဂ္ဂိုလ်တွေအတွက် ဖြစ်တယ်။ ထိုသုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်က ဒိဋ္ဌိဝိသုဒ္ဓိစခန်းလို့ ခေါ်ဆိုအပ်တဲ့ ရုပ်နာမ်ကို ဟုတ်တိုင်းမှန်စွာ သိနေတဲ့ ဉာဏ်အမြင် သန့်ရှင်းစင်ကြယ်မှု ရှိချင်တယ်ဆိုရင် ဒီပုဂ္ဂိုလ်သည် ဘာလုပ်ရလဲ? ရှေးဦးစွာ ဓာတ်ကမ္မဋ္ဌာန်းကို စအားထုတ်ရတယ်။ ဘာဖြစ်လို့လဲ? သမထပိုင်းမှာ ကမ္မဋ္ဌာန်း (၄၀) ရှိသော်လည်း ဝိပဿနာပိုင်း ရောက်လာပြီဆိုရင် ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်းဆိုပြီး ကမ္မဋ္ဌာန်းနှစ်မျိုး ရှိတယ်။ အဲဒီ နှစ်မျိုးထဲက ဒီရုပ်ကမ္မဋ္ဌာန်း ရှုပုံနည်းစနစ်နဲ့ ပတ်သက်လို့ မြတ်စွာဘုရား ဘယ်လိုဟောလဲ? နှစ်မျိုးပဲ ဟောတယ်။</p>
<p><b>‘‘တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ။’’</b> (အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋ္ဌ၊၁၊၂၈၀။)<br>
<b>တတ္ထ</b>၊ ထိုရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးတို့တွင်။ <b>ဘဂဝါ</b>၊ ဘုရားရှင်သည်။ <b>ရူပကမ္မဋ္ဌာနံ</b>၊ ရုပ်ကမ္မဋ္ဌာန်းကို။ <b>ကထေန္တော</b>၊ ဟောကြားတော်မူသည်ရှိသော်။ <b>သင်္ခေပမနသိကာရဝသေန ဝါ</b>၊ အကျဉ်းနှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း။ <b>ဝိတ္ထာရမနသိကာရဝသေန ဝါ</b>၊ အကျယ်နှလုံးသွင်းနည်း၏ အစွမ်းအားဖြင့်သော်လည်းကောင်း <b>စတုဓာတုဝဝတ္ထာနံ</b>၊ စတုဓာတုဝဝတ္ထာန် အမည်ရတဲ့ ဓာတ်ကမ္မဋ္ဌာန်းကို။ <b>ကထေသိ</b>၊ ဟောကြားတော်မူမြဲ ဖြစ်တယ်။</p>
<p>ဒီတော့ ရုပ်ကမ္မဋ္ဌာန်း ရှုကွက်နဲ့ ပတ်သက်ရင် ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း, ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းဆိုပြီးတော့ ရှုပုံနည်းစနစ် ဘယ်နှစ်မျိုး ရှိလဲ? နှစ်မျိုး။ အဲဒီ နည်းစနစ် နှစ်မျိုးရှိတဲ့ အတွက်ကြောင့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်က သမာဓိကို ခုနက ဈာန်သမာဓိကို အခြေမခံဘဲ ဝိပဿနာကို တိုက်ရိုက်သွားချင်တယ်ဆိုရင် ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း ကြိုက်ရင် အကျဉ်းနည်းက စရှု၊ အကျယ်နည်း ကြိုက်ရင် အကျယ်နည်းက စရှုပေတော့။ ဒါပြောတာ။ ဒါက ဘုရားဟောတဲ့ စနစ်ကလေးတွေပဲ။</p>
<p>အဲဒီတော့ အဲဒီစနစ်အရ အားထုတ်ချင်တယ် ဆိုလို့ရှိရင် ဦးပဉ္ဇင်းတို့ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းပဲ ဆိုကြစို့နော်။ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းမှာ စပြီး သိအောင် ကြိုးစားအားထုတ်ရမဲ့ တရားတွေက ဓာတ်ကြီး ဘယ်နှစ်ပါးရှိလဲ? လေးပါး။ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်။ ပထဝီဓာတ်ကို မာတယ်ဆိုပြီးတော့ ကက္ခလ ဆိုပြီးတော့ ဒီလို ရိုးရိုးပဲ ဘာသာပြန်ပါတယ်နော်။ သို့သော်လည်း ဓမ္မသင်္ဂနီပါဠိတော်ကျတော့ ဘုရားရှင်က ပထဝီဓာတ်ကို မာတဲ့သဘော, ကြမ်းတဲ့သဘော, လေးတဲ့သဘော, ပျော့တဲ့သဘော, ချောတဲ့သဘော, ပေါ့တဲ့သဘောဆိုပြီး သဘော ခြောက်မျိုး ဟောထားတယ်နော်။ တရားနာယူနေတဲ့ ထိုထိုပရိသတ်တွေကို ပရိသတ်တို့ရဲ့ အဇ္ဈာသယဓာတ်ခံကို ကြည့်ပြီးတော့ မြတ်စွာဘုရား ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။</p>
<p>နောက် - အာပေါဓာတ် ဆိုတာက ယိုစီးတဲ့သဘော, ဖွဲ့စည်းတဲ့သဘော၊ တေဇောဓာတ် ဆိုတာက ပူတဲ့သဘော, အေးတဲ့သဘော၊ ဝါယောဓာတ်ဆိုတာက ထောက်ကန်တဲ့သဘော, တွန်းကန်တဲ့သဘောဆိုပြီး ပေါင်းလိုက်တော့ သဘောတရား ဘယ်နှစ်ခု ရှိလဲ? <b>ဓာတ်ကြီးလေးပါး</b> နော်။ ပထဝီဓာတ်မှာ ခြောက်ခု၊ အာပေါဓာတ်မှာ ယိုစီး, ဖွဲ့စည်း နှစ်ခု၊ တေဇောဓာတ်မှာ ပူ, အေး နှစ်ခု၊ ဝါယောဓာတ်မှာ ထောက်, တွန်း နှစ်ခု။ စုပေါင်းလိုက်တော့ သဘောတရား တဆယ့်နှစ်ခု။ အဲဒီ တဆယ့်နှစ်မျိုးကို ယောဂါဝစရပုဂ္ဂိုလ်က ပထမ ရှေးဦးစွာ သိအောင် ကြိုးစားအားထုတ်ရတယ်။ ဘယ်ဒင်းက စမလဲ? ပထဝီကြိုက်ရင် ပထဝီက စနိုင်တယ်။ ဝါယောကြိုက်ရင်လည်း ဝါယောက စနိုင်ပါတယ်။ ထင်ရှားရာ ဓာတ်တစ်ခုက စကြိုးစားအားထုတ်ရတယ်။</p>
<p>အဲဒီတော့ ဥပမာ - မာမှုသဘော ဆိုကြပါစို့နော်။ တင်ပါးနဲ့ ကြမ်းနဲ့ ထိထားတဲ့နေရာ၊ အရိုး အရိုးခြင်း ထိတဲ့နေရာလေးတွေကို နည်းနည်း အာရုံစိုက်ကြည့်ပါ။ မာနေတဲ့သဘော ထင်ရှားတယ်။ အဲဒီ မာမှုထင်ရှားတဲ့ တစ်နေရာကစပြီး မာတဲ့သဘော တစ်ကိုယ်လုံး ပြန့်အောင်ရှု။ လက်နဲ့ အဝတ်ကလေးနဲ့ ထိထားတဲ့နေရာ နည်းနည်းလေး စိုက်ကြည့်ပါ ကြမ်းနေတယ်နော်။ ကြမ်းမှုထင်ရှားတဲ့ တစ်နေရာကနေ စပြီး ကြမ်းတဲ့သဘော တစ်ကိုယ်လုံး မြင်အောင်ရှု။ ခန္ဓာကိုယ်အောက်ပိုင်းပေါ့ တင်ပါးနဲ့ ကြမ်းနဲ့ ထိတဲ့အပိုင်းလောက်ကို ဦးစားပေး စိုက်ကြည့်၊ လေးတဲ့သဘောတွေ ထင်ရှားနေတယ်နော်။ လေးမှုထင်ရှားတဲ့ တစ်နေရာကစ၍ လေးတဲ့သဘော တစ်ကိုယ်လုံး မြင်အောင်ရှု။</p>
<p>မာတဲ့သဘော, ကြမ်းတဲ့သဘော, လေးတဲ့သဘော သုံးခုရရင် အောက်အတွင်း နှုတ်ခမ်းသားလေးပေါ့ - လျှာလေးနဲ့ ထိထားကြည့် ပျော့နေတယ်နော်။ အဲဒီလို ပျော့တဲ့နေရာ ဘယ်နေရာကပဲ ဖြစ်ဖြစ်ပေါ့၊ ပျော့မှုထင်ရှားရာ တစ်နေရာကစပြီး ပျော့တဲ့သဘော တစ်ကိုယ်လုံး မြင်အောင်ရှု၊ အောက်အတွင်း နှုတ်ခမ်းသားလေး လျှာလေးနဲ့ ပွတ်ကြည့် ချောနေတယ်။ အဲဒီ ချောမှုထင်ရှားတဲ့ တစ်နေရာကစပြီး ချောတဲ့သဘော တစ်ကိုယ်လုံး မြင်အောင်ရှု၊ ပျော့ရင် ချောရင် ပေါ့တာတစ်ခု ပေါ်လာတယ်။ မထင်ရှားရင် လေးတာ စိုက်လိုက်၊ လေးသွားတဲ့ အချိန်ခါမှာ လက်ညှိုးတစ်ချောင်း အသာလေး မကြည့်၊ ပေါ့တဲ့သဘော ထင်ရှားမယ်။ အဲဒီ ပေါ့မှုထင်ရှားတဲ့ တစ်နေရာကစပြီး ပေါ့တဲ့သဘော မြင်အောင်ကြည့်။ ပေါင်းလိုက်တော့ မာ, ကြမ်း, လေး ပျော့, ချော, ပေါ့ <b>ပထဝီသဘောတရား</b> ခြောက်ခုနော်။</p>
<p>အဲဒီ ခြောက်ခုကို သွက်သွက်လေး ခြေဆုံးခေါင်းဆုံး ရှုလို့ရပြီး ဆိုရင်ပေါ့နော်။ ရှုနည်းကတော့ အသားကြား အရိုးကြား အရေကြား စိုက်ပြီး တဖြည်းဖြည်း လိုက်ကြည့်ရပါတယ်။ ကြည့်လိုက်လို့ ခပ်သွက်သွက်ကလေး ရှုလို့ရပြီ ဆိုလို့ရှိရင် နည်းနည်း ကျော်လိုက် အာပေါဓာတ်က နည်းနည်း ခက်တယ်။ ပူမှု ထင်ရှားတဲ့ တစ်နေရာကစပြီး ပူတဲ့သဘော၊ ဥပမာ - လက်လက်ခြင်း ထပ်ထားတဲ့နေရာ စိုက်ကြည့်၊ တင်ပါးနဲ့ ကြမ်းတဲ့ ထိတဲ့နေရာတွေ စိုက်ကြည့် ပူတာတွေ ထင်ရှားတယ်။ အဲဒီလို ပူမှုထင်ရှားတဲ့ တစ်နေရာကစပြီး ပူတဲ့သဘော တစ်ကိုယ်လုံး မြင်အောင်ကြည့်။ ပူတာက လွယ်ပါတယ်။ ပြန့်သွားပြီဆိုရင် ဝင်လေ နှာသီးဖျားမှာ စိုက်ကြည့် အေးတဲ့သဘော ထင်ရှားတယ်။ ခုလို လေတိုက်နေတဲ့ အချိန်ခါမှာ အေးတဲ့ တစ်နေရာလေး စိတ်ကလေး ဖမ်းစိုက်ကြည့်၊ အေးမှု ထင်ရှားတယ်။ အေးမှုထင်ရှားတဲ့ တစ်နေရာကစပြီး အေးတဲ့သဘော တစ်ကိုယ်လုံး မြင်အောင်ကြည့်၊ ပူတဲ့သဘော အေးတဲ့သဘောက <b>တေဇောဓာတ်</b>။ အဲဒီ နှစ်ခုကို တစ်ကိုယ်လုံး မြင်ပြီဆိုရင်ပေါ့ နောက်တစ်ခု -</p>
<p>ထောက်တဲ့သဘော၊ ထောက်တယ်ဆိုတာက အိမ်တစ်အိမ် ပြိုတော့မယ် ကြံရင် ကျားခေါ်တဲ့ တုတ်တစ်ချောင်းနဲ့ ထောက်ထားသလို ဒီခန္ဓာကိုယ် မလဲအောင် ထိန်းထားတဲ့သဘောပဲ။ မထင်ရှားရင် နည်းနည်းလေး မတ်ကြည့်၊ နည်းနည်းလေး ခါးလေး ပြန်အောက်ချကြည့်၊ ခါးလေး ပြန်ဆန့်ကြည့်။ အဲဒီ ထောက်ကန်ထားတဲ့သဘော, ငြိမ်အောင် ထိန်းထားတဲ့သဘောလေးပဲ။ ငြိမ်အောင် မထိန်းနိုင်ရင် ဒီခန္ဓာအိမ်က လဲသွားတာပဲ။ အဲဒီ ထောက်ကန်တဲ့သဘောကို မြင်အောင်ကြည့်။ အဲဒါမှ မထင်ရှားရင် တွန်းကန်တာက စကြည့်၊ တွန်းကန်တယ် ဆိုတာက ဦးပဉ္ဇင်းတို့ အရာဝတ္ထုတစ်ခုကို ရွေ့သွားအောင်, လှုပ်သွားအောင် လုပ်တဲ့သဘောပဲ။ လူတစ်ယောက်ကို လက်နဲ့ ပိတ်တွန်းလိုက်သလို လက်အတွင်းဘက်မှာ စိုက်ကြည့်၊ တွန်းတဲ့ စွမ်းအားရှိတယ်။ အဲဒီပုံစံအတိုင်းပဲ တွန်းကန်မှု ထင်ရှားတဲ့ တစ်နေရာကစပြီးတော့ တွန်းတဲ့သဘော တစ်ကိုယ်လုံး မြင်အောင် ကြည့်ရတယ်။</p>
<p>မထင်ရှားရင်တော့ အသက်ရှုလမ်းကြောင်းက စလို့ ရပါတယ်။ အမြဲတမ်း အသက်ရှုနေတဲ့အတွက် အသက်ရှုလမ်းကြောင်းမှာ လေအပြင်ထွက်အောင်, အထဲဝင်အောင် တွန်းနေတဲ့သဘော ရှိတယ်။ အဲဒီကနေ စပြီး တွန်းကန်အားကို တစ်ကိုယ်လုံး မြင်အောင် လိုက်ကြည့်ရတယ်။ ထောက်ကန်တဲ့သဘော, တွန်းကန်တဲ့သဘောက <b>ဝါယောဓာတ်</b> နှစ်ပါး ပေါင်းလိုက်တော့ ပထဝီဓာတ်က ခြောက်ပါး၊ တေဇောဓာတ်က နှစ်ပါး၊ ဝါယောဓာတ်က နှစ်ပါး။ သဘောတရား ဘယ်နှစ်ခု ဖြစ်သွားလဲ? ဆယ်ခု။ အဲဒီ ဆယ်ခုကို ထပ်ခါထပ်ခါ ရှုမယ်ဆိုရင် ဖွဲ့စည်းတဲ့ တစ်ကိုယ်လုံးကို ကြိုးနဲ့ စည်းထားသလို တင်းကျပ်နေတဲ့သဘော ပေါ်လာမယ်။ မထင်ရှားရင်တော့ တွန်းတာနဲ့ မာတာ နှစ်မျိုး ဦးစားပေး စိုက်လိုက်လို့ရှိရင် ဖွဲ့စည်းတဲ့သဘော ပေါ်လာမယ်။ အဲဒီ ဖွဲ့စည်းတာ ရပြီဆိုရင် သွားအရင်း တစ်နေရာ, လျှာအရင်း တစ်နေရာ, လျှာဖျားတစ်နေရာ စတဲ့ ယိုစီးမှု ထင်ရှားတဲ့ တစ်နေရာကစပြီး ယိုစီးတဲ့သဘောကို တစ်ကိုယ်လုံး မြင်အောင် စိုက်တော့ အဲဒီ ယိုစီးတဲ့သဘောက <b>အာပေါဓာတ်</b>, ဖွဲ့စည်းတဲ့သဘောလည်း အာပေါဓာတ်။ အဲဒီ ယိုစီး, ဖွဲ့စည်း နှစ်ခု ရပြီဆိုရင် ဓာတ်လေးပါး စုံသွားပြီ။</p>
<p>ဓာတ်လေးပါးစုံရင် ဘုရားဟောအတိုင်းပေါ့ - မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့, ယိုစီး, ဖွဲ့စည်း, ပူ, အေး, ထောက်, တွန်းဆိုပြီး ဓာတ်လေးပါး အစဉ်အတိုင်း သွက်အောင် ရှုရတယ်။ ခြေဆုံး ခေါင်းဆုံး သွက်ပြီဆိုရင် မိမိ ထိုင်နေတာကို အပေါ်က ခြုံကြည့်တဲ့ပုံစံဖြင့် ငုံကြည့်လိုက်၊ အဲဒီလို ငုံကြည့်လိုက်ပြီ ဆိုလို့ရှိရင် ဒီဓာတ်တွေက တစ်ခုရှုသော်လည်း လေးငါးခုလောက် တွေ့နေမယ်။ အားလုံးလိုလို ပြိုင်တူတွေ့နေပြီဆိုရင် ထိုအချိန်ခါ ဉာဏ်ထက်လာပြီ။ အဲဒီ ဉာဏ်ထက်လာတဲ့ အချိန်ခါမှာ မိမိရဲ့ တစ်ကိုယ်လုံးပေါ့ - ဂုတ်လောက်ကနေ စပြီး တစ်ကိုယ်လုံး ငုံကြည့်ရတယ်။ ခေါင်းသက်သက် မကြည့်နဲ့, ဂုတ်သက်သက် မကြည့်နဲ့၊ ခေါင်းတွေက ခဲသွားတတ်တယ်, ဂုတ်တွေက ခဲသွားတတ်တယ်နော်။</p>
<p>အဲဒီတော့ တစ်ကိုယ်လုံး ခြုံကြည့်လိုက်တဲ့ အချိန်ခါမှာ ဒီဓာတ်တွေက လွယ်လွယ်ကူကူနဲ့ ဉာဏ်ထဲမှာ တစ်ခုပြီးတစ်ခု ထင်ထင်ရှားရှား တွေ့ပြီဆိုရင် အဲဒီမှာ မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့ကို ကြည့်ပြီး <b>ပထဝီဓာတ်</b>၊ ယိုစီး, ဖွဲ့စည်းကို ကြည့်ပြီး <b>အာပေါဓာတ်</b>၊ ပူ, အေးကို ကြည့်ပြီး <b>တေဇောဓာတ်</b>၊ ထောက်, တွန်းကိုကြည့်ပြီး <b>ဝါယောဓာတ်</b>၊ လေးချက်ရှု။ အဲဒီလို ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်၊ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်၊ အဲဒီလို ဓာတ်လေးပါးအပေါ်မှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရတယ်။ အဲဒီလို ကြိုးစားလိုက်ပြီဆိုရင် နောက်ဆုံး စိတ်ကလေးက မပြေးတော့ဘဲနဲ့ ဓာတ်အာရုံမှာ တော်တော်လေး ငြိမ်သွားပြီဆိုရင် ဒီခန္ဓာကိုယ်ပျောက်ပြီးတော့ ဓာတ်ကြီးလေးပါး အစုအပုံပဲ ကျန်လိမ့်မယ်။</p>
<p>အဲဒီ ဓာတ်အစုအပုံမှာ စိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး ထားနိုင်ရင် ခေါင်ဆုံး အများအားဖြင့် ယောဂီတွေမှာ အဖြူ စတွေ့တတ်ပါတယ်။ မီးခိုးရောင်လို, ဝါဂွမ်းပုံလို ဖြူနေတဲ့ တိမ်လိုပေါ့နော် အဖြူကို စတွေ့တတ်တယ်။ အဲဒီ အဖြူမှာလည်း ဓာတ်လေးပါးကို မြင်အောင် စိုက်ရပါတယ်။ စိုက်လိုက်ပြီ ဆိုလို့ရှိရင် ကြည်နေတဲ့ အကြည်ဓာတ်တွေ သွားတွေ့တယ်။ တစ်ကိုယ်လုံး ဖန်တုံး မှန်တုံးလို ကြည်နေလိမ့်မယ်။ အဲဒီ ဖန်တုံး မှန်တုံးလို ကြည်နေတာတွေက ဘာတွေလဲလို့ မေးရင်တော့ တစ်ကိုယ်လုံးမှာ ဦးပဉ္ဇင်းတို့ ရုပ်အကြည်ဓာတ် ငါးခု ရှိပါတယ်။ မျက်စိအကြည်, နားအကြည်, လျှာအကြည်, နှာခေါင်းအကြည်, ကိုယ်အကြည်ဆိုပြီး <b>အကြည်ရုပ်ငါးခု</b> ရှိတော့ ဒီအကြည်ရုပ်တွေကို အတုံးအခဲကြီးတွေအလိုက် <b>ဃန</b>ခေါ်တဲ့ အတုံးအခဲ မပြိုခင် အတုံးလိုက် အခဲလိုက် သွားတွေ့နေခြင်းဖြစ်တယ်။ အဲဒီ အကြည်ပြင်မှာလည်း ဓာတ်လေးပါးကို စိုက်နိုင်ပြီ ဆိုလို့ရှိရင်တော့ ယောဂီပုဂ္ဂိုလ်က ဒီနေရာမှာ အောင်မြင်မှု တော်တော်လေး ရသွားပြီ၊ အကြည်ပြင်မှာ ဓာတ်လေးပါးကို မြင်အောင် စိုက်နိုင်ပြီ ဆိုလို့ရှိရင် လင်းရောင်ခြည်တွေ ဒီအချိန်ခါမှာ တဖြတ်ဖြတ် ထွက်လာတတ်ပါတယ်။ အဲဒီ အချိန်အခါမှာ ၃၂-ကောဋ္ဌာသကနေ ကသိုဏ်းဘက် ကူးမယ်ဆိုရင်လည်း ကူးလို့ရတယ်။</p>
<p>ဒီနေ့တော့ အဲဒီလမ်း မပြောတော့ဘူး။ မကူးဘဲနဲ့ ဒီအကြည်ပြင်ကို ဓာတ်လေးပါး စိုက်လိုက်ရင် တချို့ ပါရမီရှိတဲ့ သူတော်ကောင်းများ <b>ကလာပ်မှုန်လေးတွေ</b> အားလုံး ကွဲထွက်သွားတာ တွေ့တတ်တယ်။ အကယ်၍ မကွဲထွက်ဘူးဆိုရင်တော့ အဲဒီ အကြည်ပြင်ကလည်း ခိုင်နေပြီ ဆိုလို့ရှိရင် အကြည်ပြင်မှာ <b>အာကာသ</b>ခေါ်တဲ့ အကြားအပေါက်ကို မြင်အောင် စိုက်လိုက်ရင် ကလာပ်အမှုန်လေးတွေ ဖြစ်ပြီ။ အဲဒီ ကလာပ်အမှုန်လေးတွေ စတွေ့ပြီ ဆိုလို့ရှိရင် ကလာပ်လေးတွေ ခွဲတမ်းချလိုက်တဲ့အခါ ကြည်တဲ့အမှုန်, မကြည်တဲ့အမှုန်ဆိုပြီး နှစ်မျိုး ရှိတယ်။ အဲဒီ ကြည်တဲ့အမှုန်, မကြည်တဲ့အမှုန် နှစ်မျိုး ရှိတဲ့အနက် ကြည်တဲ့အမှုန်မှာ ဓာတ်လေးပါး၊ မကြည်တဲ့အမှုန်မှာ ဓာတ်လေးပါး မြင်အောင်စပြီး စိုက်ရပါတယ်။ အဲဒီလို စိုက်လိုက်လို့ အောင်မြင်မှု ရပြီဆိုရင်တော့ မျက်စိ, နား, နှာ, လျှာ, ကိုယ်, နှလုံး ခြောက်ဌာနလုံးမှာရှိတဲ့ ကြည်တဲ့အမှုန်မှာ ဓာတ်လေးပါး၊ မကြည်တဲ့အမှုန်မှာ ဓာတ်လေးပါး အဲဒီလို လှည့်လှည့်ပြီး ရှုလိုက်လို့ အောင်မြင်မှု ရပြီဆိုရင်တော့ ကျန်တဲ့ ဥပါဒါရုပ်ကလေးတွေ ဆက်သိမ်းဆည်းရတယ်နော်။</p>
<p>အဲဒီ ရုပ်တရားတွေကို သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ ထိုယောဂီသူတော်ကောင်းက ဒီရုပ်တရားကို မှီပြီးတော့ ရုပ်တရားကို အာရုံပြုပြီး ဖြစ်ပေါ်နေတဲ့ နာမ်တရားတွေကို ဆက်လက်သိမ်းဆည်းရတယ်။ အဲဒီလို ရုပ်တရား နာမ်တရားတွေကို အဇ္ဈတ္တမှာ သိမ်းဆည်းရတယ်။ အဲဒီလို ရုပ်တရား နာမ်တရားတွေကို အဇ္ဈတ္တမှာ သိမ်းဆည်းမှု အောင်မြင်တဲ့ အချိန်အခါမှာ ဗဟိဒ္ဓသို့ ကူးရတယ်။ ဗဟိဒ္ဓမှာလည်း ရုပ်တွေ နာမ်တွေကို စနစ်တကျ သိမ်းဆည်းတတ်ပြီ ဆိုလို့ရှိရင်တော့ ရုပ်ကို သိမ်းဆည်းခြင်း, နာမ်ကို သိမ်းဆည်းခြင်း, ရုပ်နာမ် ခွဲခြားခြင်း, ရုပ်နာမ် ပိုင်းခြားခြင်းဆိုတဲ့ ဒီလုပ်ငန်း လေးခုကို အစဉ်အတိုင်း ပြုလုပ်ရပါတယ်။</p>
<p>အဲဒီလို ပြုလုပ်လို့ အောင်မြင်ပြီဆိုတဲ့ အချိန်ခါကျတော့မှ ထိုယောဂီပုဂ္ဂိုလ်က ဒီရုပ်တရား နာမ်တရားတွေ ဘာကြောင့်ဖြစ်သလဲဆိုတဲ့ အကြောင်းတရားတွေကို တစ်ဆင့်တက်ပြီးတော့ ရှာဖွေရတယ်။ အဲဒီလို ရှာဖွေတဲ့အပိုင်းမှာ အတိတ်က အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံလို့ ခေါ်ဆိုအပ်တဲ့ အကြောင်းတရားတွေကို မြင်အောင် ဆက်ပြီး ရှာဖွေရပါတယ်။ အဲဒီလို ရှာဖွေတဲ့ အပိုင်းလေးတွေမှာ ယောဂီပုဂ္ဂိုလ် အများစုကတော့ ပစ္စုပ္ပန် ရုပ်နာမ်တွေကနေ စပြီးတော့ အတိတ်ဘက် တာစူပြီး ရုပ်နာမ်တွေ သိမ်းဆည်းသွားတဲ့ စနစ်ပေါ့။ <b>ပဋိစ္စသမုပ္ပါဒ်</b>ကို အလယ်ခေါင်ကနေ ဖောက်ပြီးတော့ အရင်းဘက်ကို ပြန်တဲ့ နည်းစနစ်နဲ့ သင်ပေးလိုက်လို့ရှိရင် အောင်မြင်မှု တော်တော်များများတော့ ရတတ်ပါတယ်။</p>
<p>အဲဒီစနစ်နဲ့ ရုပ်နာမ်တွေကို သိမ်းဆည်းလိုက်တဲ့အပိုင်းမှာ ဟိုဘက်က ပဋိသန္ဓေ ကာလလရေကြည်မှာရှိတဲ့ ရုပ်တွေ နာမ်တွေ အဲဒီကနေပြီးတော့ ဟိုဘက် စုတိအခိုက် စုတိမတိုင်မီအတွင်းမှာ ဖြစ်ပေါ်နေတဲ့ ရုပ်တွေ နာမ်တွေကို တစ်စ တစ်စ သိမ်းဆည်းလိုက်လို့ရှိရင် ဟိုဘက် အတိတ်ဘဝ သေခါနီးကာလ မရဏသန္နဇောအချိန်ခါမှာ ဘဝင်မနောအကြည်မှာ ထင်နေတဲ့ အာရုံတွေကိုပါ လှမ်းသိမ်းဆည်းလို့ရတယ်။ အဲဒီ အာရုံတွေက ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ဆိုပြီး နိမိတ် သုံးမျိုးထဲက တစ်မျိုးမျိုး ဖြစ်တယ်လို့ စာပေကျမ်းဂန်များမှာ အတိအကျ ဖော်ပြထားပါတယ်။ အဲဒီ နိမိတ် သုံးခုထဲက တစ်ခုခုကို အာရုံယူလို့ ထင်နေတဲ့ နိမိတ်ကို အာရုံယူလို့ရအောင်တော့ လှမ်းသိမ်းဆည်းရတယ်။</p>
<p>ဥပမာဆိုကြပါစို့ - သံဃာတော်တွေကို ဆွမ်းလောင်းလှူနေတဲ့ အာရုံတစ်ခု သေခါနီးကာလမှာ ထင်နေပြီဆိုရင်ပေါ့ - အသစ်တစ်ဖန် သေခါနီးကာလမှာ သံဃာတော်တွေကို ဆွမ်းလောင်းနေသလို ထင်နေပြီဆိုရင် ဒါ <b>ကံအာရုံ</b> ထင်တယ်လို့ ဆိုပါတယ်။ အဲဒီ အချိန်အခါမှာ ဒီဆွမ်းလောင်းနေတဲ့ ပုံလေးမှာ ပြောင်းပြီး ဓာတ်လေးပါးစိုက် ရုပ်နာမ် ခွဲပြီးတော့ ဆွမ်းလောင်းနေစဉ် အချိန်အခါမှာ ဘာဆုတွေ တောင်းသလဲ? ဒါကို သေသေချာချာ ရုပ်တွေ နာမ်တွေကို ဓာတ်ခွဲရပါတယ်။ အဲဒီမှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံကို ရှာဖွေရတယ်။ ဥပမာ - နိဗ္ဗာန်ရနိုင်တဲ့ ရဟန်းဘဝကို ဆုတောင်းတယ်ပဲ ဆိုကြပါစို့။ ရဟန်းလို့ အသိမှားနေတဲ့သဘောလေးက <b>အဝိဇ္ဇာ</b>, အဲဒီ ရဟန်းဘဝကို တွယ်တာတပ်မက်နေတဲ့သဘောက <b>တဏှာ</b>, စိတ်ကပ်ပြီး စွဲနေတဲ့သဘောက <b>ဥပါဒါန်</b>။ အဲဒီ အဝိဇ္ဇာ, တဏှာ, ဥပါဒါန် သုံးခုခြံရံပြီးတော့ သံဃာတော်တွေကို ဆွမ်းလှူဒါန်းနေတဲ့ ကုသိုလ်စေတနာအုပ်စုက <b>သင်္ခါရ</b>။ ထိုသင်္ခါရတရားတွေက အနိစ္စဖြစ်နေတဲ့အတွက် ဖြစ်ပြီးရင် ပျက်သွားတယ်။ ဒါပေမဲ့ တစ်ချိန်မှာ သူမျှော်လင့်တောင့်တနေတဲ့ ရဟန်းဘဝ ခန္ဓာငါးပါးကို ဖြစ်ပေါ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိလေးကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံပြီးမှ ချုပ်ပျက်သွားတယ်။ အဲဒီ စွမ်းအင်ကမ္မသတ္တိလေးကိုတော့ ဘာလို့ခေါ်လဲ? <b>ကံ</b>လို့ ခေါ်ပါတယ်။</p>
<p>အဲဒီ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ <b>အကြောင်းတရားငါးပါး</b>ကို ရှာဖွေတွေ့ရှိတဲ့ အချိန်အခါမှာ ဒီကမ္မသတ္တိစွမ်းအင်ကြောင့် ဒီပစ္စုပ္ပန်ဘဝ ပဋိသန္ဓေမှာ တည်ရှိနေတဲ့ ရုပ်တွေ နာမ်တွေ ထင်ရှား ဖြစ်တယ်, မဖြစ်တယ် ဉာဏ်ဖြင့် မြင်အောင် တစ်ဆင့်တက်ပြီး ကြည့်ရတယ်။ ကြည့်လိုက်တဲ့အခါမှာ ဒီကံရဲ့ စွမ်းအင်ကမ္မသတ္တိကြောင့် ပဋိသန္ဓေအခိုက်မှာ ရုပ်တွေ နာမ်တွေ ထင်ရှား ဖြစ်တာကို မြင်ပြီဆိုတဲ့ အချိန်အခါကျတော့မှ အဝိဇ္ဇာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊ အဝိဇ္ဇာက အကြောင်းတရား ရူပက္ခန္ဓာက အကျိုးတရား စသည်ဖြင့် ဒီလို အကြောင်းအကျိုး သိမ်းဆည်းရပါတယ်။ အဲဒီလို အကြောင်းအကျိုးတွေ သိမ်းဆည်းလိုက်တဲ့အပိုင်းမှာ ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့် သိမ်းဆည်းရသလဲဆိုတော့ အဋ္ဌကထာကြီးများက ဖော်ပြထားတယ်နော်။</p>
<p><b>‘‘အတီတေပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ အနာဂတေပိ ဧตရဟိပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ’’</b> (အဘိ၊ဋ္ဌ၊၂၊၂၄၁-၂၄၂။)<br>
အတိတ်ကြည့်လိုက်တော့လည်း အကြောင်းတရားနဲ့ အကျိုးတရား၊ ပစ္စုပ္ပန်ကြည့်လည်း အကြောင်းတရားနဲ့ အကျိုးတရား၊ အနာဂတ်ကြည့်လည်း အကြောင်းတရားနဲ့ အကျိုးတရားပဲ ရှိတယ်လို့ ဒီလို သိအောင်တော့ ကြိုးစားပါဆိုပြီး တိုက်တွန်းထားတယ်။ အတိတ်ကြည့်လိုက်လည်း အကြောင်းတရားနဲ့ အကျိုးတရားပဲ ရှိတယ်လို့ သိချင်တယ်ဆိုရင် နောက်ထပ် အတိတ်တစ်ခု ထပ်ရှုဖို့ မလိုဘူးလား? လိုအပ်နေတယ်။ နောက်ထပ်လည်း အကြောင်းတရားနဲ့ အကျိုးတရားပဲ အတိတ်မှာ ရှိတယ်လို့ သိချင်ရင် နောက်ထပ် အတိတ်အဆက်ဆက်လည်း ထပ်ရှုဖို့ မလိုဘူးလား? လိုအပ်တယ်။ အလားတူပဲ။ အနာဂတ်မှာလည်း အကြောင်းတရားနဲ့ အကျိုးတရားပဲ ရှိတယ်လို့ သိချင်ရင် အနာဂတ်ကို လှမ်းရှုဖို့လည်း မလိုဘူးလား? လိုအပ်ပါတယ်။ အဲဒီ အချိန်အခါမှာ အတိတ်, အနာဂတ်, ပစ္စုပ္ပန် ရှုကွက်တွေ ဝင်လာတယ်။ ဒါကြောင့် မြတ်စွာဘုရားက ခုနက အနတ္တလက္ခဏသုတ္တန်စတဲ့ ထိုထိုသုတ္တန်တွေမှာ ပဉ္စဝဂ္ဂီငါးဦးကို ဝိပဿနာရှုကွက် သင်ပေးတဲ့အပိုင်းမှာ ဘယ်လို သင်ပေးလဲ?</p>
<p><b>‘‘ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ “နေတံ မမ၊ နေသော ဟမသ္မိ၊ န မေသော အတ္တာ”တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ’’</b> (သံ၊၂၊၅၅-၅၆။ ဝိနည်းမဟာဝါ၊၁၈-၂၀။)<br>
ဒီလို သင်ပေးတယ်နော်။ အတိတ်ရုပ်တရား, ပစ္စုပ္ပန်ရုပ်တရား, အနာဂတ်ရုပ်တရား, အဇ္ဈတ္တရုပ်တရား, ဗဟိဒ္ဓရုပ်တရား, ဩဠာရိကခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ရုပ်တရား, သုခုမခေါ်တဲ့ သိမ်မွေ့နူးညံ့တဲ့ ရုပ်တရား, ဟီနခေါ်တဲ့ ယုတ်ညံ့တဲ့ရုပ်တရား, ပဏီတခေါ်တဲ့ မွန်မြတ်တဲ့ ရုပ်တရား, ဒူရခေါ်တဲ့ ဝေးတဲ့ ရုပ်တရား, သန္တိကခေါ်တဲ့ နီးတဲ့ ရုပ်တရား။ ပေါင်းလိုက်တော့ တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ရုပ်တရား။ အဲဒီ ရုပ်တရားတွေကို ဘယ်နှစ်လုံးလောက် ရှုရမယ်ပြောသလဲ? <b>သဗ္ဗံ ရူပံ</b>၊ ရုပ်တရား အကုန်လုံးကို ရှုပါတဲ့။ တစ်လုံး တစ်လေ ရှုရမယ် ပြောလား? မပြောဘူး။</p>
<p>ဒါ ဘုရားဟောတွေ သေချာ စေ့စေ့စပ်စပ် လုပ်ငန်းခွင်မှာ သေချာပေါက် အရေးကြီးတဲ့အတွက် သေသေချာချာ နာယူဖို့ သိပ်လိုအပ်ပါတယ်။ အဲဒီ ရုပ်တရားအားလုံးကို <b>နေတံ မမ၊ နေသော ဟမသ္မိ၊ န မေသော အတ္တာတိ</b>၊ ငါ့ဟာမဟုတ်, ငါမဟုတ်, ငါ့ရဲ့ အတ္တမဟုတ်။ ဒါက ဘာပြောတာလဲ? <b>အနိစ္စ</b>လို့ ရှုပါ, <b>ဒုက္ခ</b>လို့ ရှုပါ, <b>အနတ္တ</b>လို့ ရှုပါလို့ ဒီလို ညွှန်ကြားတယ်။ အလားတူပဲ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တွေကိုလည်း အဲဒီလိုပဲ ညွှန်ကြားနေပါတယ်။ အလားတူပဲ။ ကြောင်းကျိုးဆက် <b>ပဋိစ္စသမုပ္ပါဒ်</b> သဘောတရားတွေကိုလည်း ဒီအတိုင်းပဲ အနိစ္စ, ဒုက္ခ, အနတ္တ <b>လက္ခဏာရေးသုံးတန်</b> တင်ပြီးတော့ ရှုရတယ်။ အဲဒီလို ရှုတဲ့အပိုင်းမှာ ထိုယောဂါဝစရရဟန်းတော်ရဲ့ သန္တာန်မှာ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိကခေါ်တဲ့ တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ <b>ဥပါဒါနက္ခန္ဓာငါးပါး</b>ကို ထွင်းဖောက်သိနေတဲ့ ဉာဏ်ကို ဘာလို့ခေါ်လဲ? <b>ဒုက္ခသစ္စာ</b>ကို သိနေတဲ့ <b>သမ္မာဒိဋ္ဌိ</b>လို့ ဒီလို ခေါ်ပါတယ်နော်။</p>
<p>အလားတူပဲ။ ခုနက အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံအစရှိတဲ့ အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးရုပ်တွေ နာမ်တွေ ထင်ရှားဖြစ်ပုံကို အတိတ်, အနာဂတ်, ပစ္စုပ္ပန် ကာလသုံးပါးမှာ ထွင်းဖောက်သိနေတဲ့ ဉာဏ်ကိုတော့ ဘာဉာဏ်လို့ခေါ်လဲ? <b>သမုဒယသစ္စာ</b>ကို ထိုးထွင်းသိတဲ့ ဉာဏ်လို့ခေါ်တယ်။ ပေါင်းလိုက်တော့ ဒုက္ခသစ္စာကို သိနေတဲ့ သမ္မာဒိဋ္ဌိ, သမုဒယသစ္စာကို သိနေတဲ့ သမ္မာဒိဋ္ဌိ။ သမ္မာဒိဋ္ဌိ ဘယ်နှစ်ခုရှိလဲ? နှစ်ခု။ အဲဒီ နှစ်ခုကို ပထမရအောင် ကြိုးစားလိုက်တဲ့ အချိန်ခါမှာ ထိုယောဂီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ နောက်ဘာဖြစ်လာလဲ?</p>
<p>ဒီပုဂ္ဂိုလ်က ဒီဒုက္ခသစ္စာတရား၊ သမုဒယသစ္စာတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို ထိုးထွင်းသိရာကနေ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုရာကနေ နောက်ဆုံး ဖြစ်တာကို လွှတ်ပြီးတော့ အပျက်သက်သက်ကို တစ်ဖက်သတ် လှမ်းပြီး ရှုတယ်။ အဲဒီလို ရှုလိုက်တဲ့ အချိန်ခါမှာ ဒီဒုက္ခသစ္စာ အမည်ရနေတဲ့ ဥပါဒါနက္ခန္ဓာငါးပါး၊ သမုဒယသစ္စာတရား အမည်ရနေတဲ့ ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ရဲ့ အပျက်သက်သက်ကိုပဲ တွေ့ပြီ။ အဲဒီ အချိန်အခါမှာ ထိုပုဂ္ဂိုလ်သည် တဒင်္ဂအားဖြင့် ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေ အပေါ်၌ တွယ်တာတပ်မက်နေတဲ့ ကိလေသာတွေကို ပယ်စွန့်နိုင်တဲ့ စွမ်းအားတွေ ပေါ်လာတယ်။ ဒါက စွမ်းအားကြီးမားတဲ့အပိုင်း ပြောတာပါ။</p>
<p>အဲဒီလို တဒင်္ဂအားဖြင့် ကိလေသာတွေကို ပယ်စွန့်နိုင်တဲ့ အချိန်ခါမှာ ထိုပုဂ္ဂိုလ်သည် ဘာအာရုံယူနေသလဲလို့ မေးတော့ ဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရနေတဲ့ သင်္ခါရတရားတို့ရဲ့ ခဏမစဲ တသဲသဲ ချုပ်ပျက်နေတဲ့သဘောကို အာရုံယူနေတယ်။ အဲဒီလို ခဏမစဲ တသဲသဲ ချုပ်ပျက်နေတဲ့ သင်္ခါရတရားတွေရဲ့ အပျက်ကို အာရုံယူနေတဲ့အပိုင်းမှာ ကိလေသာတွေကိုလည်း တဒင်္ဂအားဖြင့် ပယ်စွန့်နေတဲ့အတွက် ထိုအချိန်ခါမှာ <b>လောကီ နိရောဓသစ္စာ</b>ကို သိပြီလို့ ခေါ်ရတယ်။ လောကုတ္တရာ နိရောဓသစ္စာ အဖြစ်တော့ မဟုတ်သေးဘူး။ လောကီ နိရောဓဆိုတာက ဘာလဲ? သင်္ခါရတရားတို့ရဲ့ ပျက်ခြင်း ဘင်ကို ရှုနေတဲ့သဘော ပြောတာနော်။ အဲဒီ လောကီ နိရောဓသစ္စာတရားကို ထွင်းဖောက်သိနေတဲ့ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိခေါ်တဲ့ မဂ္ဂင် ငါးပါးက ဘာသစ္စာလဲ? <b>လောကီမဂ္ဂသစ္စာ</b>။ ပေါင်းလိုက်တော့ သစ္စာဘယ်နှစ်ပါးလဲ? လေးပါး။</p>
<p>အဲဒီ သစ္စာလေးပါးကို ထိုးထွင်းသိနေတဲ့ဉာဏ်ကို ဘာလို့ခေါ်လဲ? သမ္မာဒိဋ္ဌိလို့ ခေါ်ပါတယ်။ ဒါအကြမ်းစားနော်။ ခု ဒီဒါရုက္ခန္ဓောပမသုတ္တန်ကို နာယူနေတဲ့ ဒီရဟန်းတော်တွေက အဲဒီ သမ္မာဒိဋ္ဌိဉာဏ်ပညာနဲ့ သူတို့က ပြည့်စုံနေတဲ့ ရဟန်းတော်တွေ ဖြစ်ကြတယ်နော်။ အဲဒီ ရဟန်းတော်တွေကို မြတ်စွာဘုရားက ခုနက သစ်တုံးကြီးကို စံထားပြီးတော့ ဟောတယ်။ နည်းနည်းလေး တရားပြန်ဆက်စပ် ကြည့်ရအောင်နော်။</p>
<p><b>‘‘ဧဝမေဝ ခေါ, ဘိက္ခဝေ, သစေ တုမှေပိ န ဩရိမံ တီရံ ဥပဂစ္ဆထ, န ပါရိမံ တီရံ ဥပဂစ္ဆထ၊ န မဇ္ဈေ သံသီဒိဿထ, န ထလေ ဥဿီဒိဿထ, န မနုဿဂ္ဂါဟော ဂဟေဿတိ, န အမနုဿဂ္ဂါဟော ဂဟေဿတိ, န အာဝဋ္ဋဂ္ဂါဟော ဂဟေဿတိ, န အန္တောပူတီ ဘဝိဿထ၊ ဧဝံ တုမှေ, ဘိက္ခဝေ, နိဗ္ဗာနနိန္နာ ဘဝိဿထ နိဗ္ဗာနပေါဏာ နိဗ္ဗာနပဗ္ဘာရာ။ တံ ကိဿ ဟေတု? နိဗ္ဗာနနိန္နာ, ဘိက္ခဝေ, သမ္မာဒိဋ္ဌိ နိဗ္ဗာနပေါဏာ နိဗ္ဗာနပဗ္ဘာရာ’’</b><br>
<b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဧဝမေဝ ခေါ</b>၊ ဤဥပမာအတူသာလျှင်။ <b>တုမှေပိ</b>၊ သင်ချစ်သားတို့သည်လည်းပဲ၊ သင်ချစ်သမီးတို့သည်လည်းပဲ။ <b>ဩရိမံ တီရံ</b>၊ ဤမှာဘက်ကမ်းသို့။ <b>သစေ န ဥပဂစ္ဆထ</b>၊ အကယ်၍ ကပ်ရောက်မနေကြကုန်သည် ဖြစ်ငြားအံ့။ <b>ပါရိမံ တီရံ</b>၊ ထိုမှာဘက်ကမ်းသို့လည်းပဲ။ <b>သစေ န ဥပဂစ္ဆထ</b>၊ အကယ်၍ ကပ်ရောက်မနေကြကုန်သည် ဖြစ်ငြားအံ့။ <b>မဇ္ဈေ</b>၊ ရေလယ်ခေါင်၌။ <b>န သံသီဒိဿထ</b>၊ အကယ်၍ နစ်မြုပ်မသွားကြကုန်သည် ဖြစ်ငြားအံ့။ <b>ထလေ</b>၊ ကြည်းကုန်းထက် သောင်ပေါ်၌။ <b>န ဥဿီဒိဿထ</b>၊ အကယ်၍ တင်မနေကြကုန်သည် ဖြစ်ငြားအံ့။ <b>မနုဿဂ္ဂါဟော</b>၊ ဆယ်ယူတတ်တဲ့လူသားသည်။ <b>တုမှေ</b>၊ သင်ချစ်သားတို့ကို၊ သင်ချစ်သမီးတို့ကို။ <b>န ဂဟေဿတိ</b>၊ အကယ်၍ ဆယ်ယူမသွားခဲ့သည် ဖြစ်ငြားအံ့။ <b>အမနုဿဂ္ဂါဟော</b>၊ ဆယ်ယူတတ်တဲ့နတ်သည်။ <b>တုမှေ</b>၊ သင်ချစ်သားတို့ကို၊ သင်ချစ်သမီးတို့ကို။ <b>န ဂဟေဿတိ</b>၊ အကယ်၍ ဆယ်ယူမသွားခဲ့သည် ဖြစ်ငြားအံ့။ <b>အာဝဋ္ဋဂ္ဂါဟော</b>၊ စုပ်ယူတတ်တဲ့ ဝဲသည်။ <b>တုမှေ</b>၊ သင်ချစ်သားတို့ကို၊ သင်ချစ်သမီးတို့ကို။ <b>န ဂဟေဿတိ</b>၊ အကယ်၍ စုပ်ယူမသွားခဲ့သည် ဖြစ်ငြားအံ့။ <b>တုမှေ</b>၊ သင်ချစ်သားတို့သည်၊ သင်ချစ်သမီးတို့သည်။ <b>အန္တောပူတီ</b>၊ အတွင်း၌ ပုပ်ဆွေးလျက် ရှိကြတဲ့ ပုဂ္ဂိုလ်မျိုးတို့သည်။ <b>န ဘဝိဿထ</b>၊ အကယ်၍ မဖြစ်ကြကုန်ငြားအံ့။ <b>ဧဝံ ဟိ</b>၊ ဤသို့ အပြစ် ရှစ်ပါး လွတ်မြောက်၍ သွားခဲ့ပါမူ။ <b>တုမှေပိ</b>၊ သင်ချစ်သားတို့သည်လည်းပဲ၊ သင်ချစ်သမီးတို့သည်လည်းပဲ။ <b>နိဗ္ဗာနနိန္နာ</b>၊ နိဗ္ဗာန်သို့ ညွတ်လျက်ရှိသည်။ <b>နိဗ္ဗာနပေါဏာ</b>၊ နိဗ္ဗာန်သို့ ကိုင်းလျက်ရှိသည်။ <b>နိဗ္ဗာနပဗ္ဘာရာ</b>၊ နိဗ္ဗာန်သို့ ရှိုင်းလျက်ရှိသည်။ <b>ဘဝိဿထ</b>၊ ဖြစ်ကြပါကုန်လိမ့်မယ်။ <b>တံ</b>၊ ထိုကဲ့သို့ ဖြစ်ခြင်းသည်။ <b>ကိဿ ဟေတု</b>၊ အဘယ်အကြောင်းကြောင့်နည်းဟူမူကား။<br>
<b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>သမ္မာဒိဋ္ဌိ</b>၊ သင်ချစ်သားတို့ကိုယ်တိုင် ပွားများအားထုတ်သဖြင့် ရရှိ၍ ထားအပ်သော သမ္မာဒိဋ္ဌိဉာဏ်ပညာသည်။ <b>နိဗ္ဗာနနိန္နာ</b>၊ နိဗ္ဗာန်သို့ ညွတ်လျက်ရှိသည်။ <b>နိဗ္ဗာနပေါဏာ</b>၊ နိဗ္ဗာန်သို့ ကိုင်းလျက်ရှိသည်။ <b>နိဗ္ဗာနပဗ္ဘာရာ</b>၊ နိဗ္ဗာန်သို့ ရှိုင်းလျက်ရှိသည်။ <b>တသ္မာ</b>၊ ထို့ကြောင့်။ <b>တုမှေပိ</b>၊ သင်ချစ်သားတို့သည်လည်းပဲ၊ သင်ချစ်သမီးတို့သည်လည်းပဲ။ <b>နိဗ္ဗာနနိန္နာ</b>၊ နိဗ္ဗာန်သို့ ညွတ်ကြကုန်သည်။ <b>နိဗ္ဗာနပေါဏာ</b>၊ နိဗ္ဗာန်သို့ ကိုင်းကြကုန်သည်။ <b>နိဗ္ဗာနပဗ္ဘာရာ</b>၊ နိဗ္ဗာန်သို့ ရှိုင်းကြကုန်သည်။ <b>ဘဝိဿထ</b>၊ ဖြစ်ကြပါကုန်လိမ့်မယ်။</p>
<p>သစ်တုံးကြီးဟာ အပြစ် ရှစ်ပါး လွတ်မြောက်ခဲ့ရင် သမုဒ္ဒရာသို့ ဧကန်ရောက်မှာဖြစ်သလို အလားတူပဲ သင်ချစ်သားတို့တတွေ, သင်ချစ်သမီးတို့တတွေလည်းပဲ ဤမှာဘက်ကမ်းကိုလည်း ကပ်ပြီး မနေကြဘူးဆိုရင်, ဟိုမှာဘက်ကမ်းကိုလည်း ကပ်ပြီး မနေကြဘူးဆိုရင်, ရေလယ်ခေါင်မှာလည်း နစ်မြုပ် မသွားဘူးဆိုရင်, ကြည်းကုန်းထက် သောင်ပေါ်မှာလည်း တင်မနေကြဘူးဆိုရင်, ဆယ်ယူတတ်တဲ့ လူသားက သင်ချစ်သားတို့ကို သင်ချစ်သမီးတို့ကို မဆယ်ယူခဲ့ဘူးဆိုရင်, ဆယ်ယူတတ်တဲ့ နတ်ကလည်း သင်ချစ်သားတို့ကို သင်ချစ်သမီးတို့ကို မဆယ်ယူခဲ့ဘူးဆိုရင်, စုပ်ယူတတ်တဲ့ ဝဲကလည်းပဲ သင်ချစ်သားတို့ကို သင်ချစ်သမီးတို့ကို မစုပ်ယူသွားခဲ့ဘူးဆိုရင်, သင်ချစ်သားတို့ သင်ချစ်သမီးတို့သည်လည်းပဲ အတွင်းပုပ်နေတဲ့ ပုဂ္ဂိုလ်တွေ မဖြစ်ကြဘူးဆိုရင် သင်ချစ်သားတို့ သင်ချစ်သမီးတို့ နိဗ္ဗာန်သို့ ရောက်ကြလိမ့်မယ်။ ဘာကြောင့်လဲ?</p>
<p>သင်ချစ်သားတို့ သင်ချစ်သမီးတို့တတွေ ပွားများအားထုတ်၍ ထားအပ်တဲ့ ဒီသမ္မာဒိဋ္ဌိဉာဏ်ပညာသည် နိဗ္ဗာန်သို့ ညွတ်နေတယ်, နိဗ္ဗာန်သို့ ကိုင်းနေတယ်, နိဗ္ဗာန်သို့ ရှိုင်းနေတယ်။ ဒါကြောင့် သင်ချစ်သားတို့ သင်ချစ်သမီးတို့ နိဗ္ဗာန်သို့ ရောက်ကြလိမ့်မယ်လို့ ဒီလို မြတ်စွာဘုရား ဟောပါတယ်နော်။ အဲဒီလို ဟောပြီး ဘုရားရှင် တရား ခေတ္တခဏ ရပ်တန့်တော်မူပါတယ်။ ထိုအချိန်ခါမှာ ပရိသတ်ထဲမှာ ထပြီး မေးနိုင်တဲ့ စွမ်းအားရှိတဲ့ ရဟန်းတော်တစ်ပါးလည်း ပါတယ်။ မေးဖို့ရန်လည်းပဲ ဘုရားရှင်က ခွင့်ပြုချင်တယ်။ ရဟန်းတော်ကလည်း မေးမြန်းချင်တယ်။ မေးမြန်းလျှောက်ထားနိုင်တဲ့ စွမ်းအားလည်း ရှိနေတဲ့အတွက် ထိုရဟန်းတော်က ထပြီးတော့ မြတ်စွာဘုရားကို မေးမြန်းလျှောက်ထားတယ်နော်။ ဘယ်လိုမေးသလဲ?</p>
<p><b>‘‘ကိံ နု ခေါ, ဘန္တေ, ဩရိမံ တီရံ, ကိံ ပါရိမံ တီရံ, ကော မဇ္ဈေ သံသီဒေါ, ကော ထလေ ဥဿီဒေါ, ကော မနုဿဂ္ဂါဟော, ကော အမနုဿဂ္ဂါဟော, ကော အာဝဋ္ဋဂ္ဂါဟော, ကော အန္တောပူတိဘာဝေါ’’တိ?</b><br>
<b>ဘန္တေ</b>၊ မြတ်စွာဘုရား ...။ <b>ဩရိမံ တီရံ</b>၊ ဤမှာဘက်ကမ်းဟူသည်ကား။ <b>ကိံ နု ခေါ</b>၊ အဘယ်ပါနည်း။ <b>ပါရိမံ တီရံ</b>၊ ထိုမှာဘက်ကမ်းဟူသည်ကား။ <b>ကိံ နု ခေါ</b>၊ အဘယ်ပါနည်း။ <b>မဇ္ဈေ သံသီဒေါ</b>၊ ရေလယ်ခေါင်၌ နစ်မြုပ်ခြင်းဟူသည်ကား။ <b>ကိံ နု ခေါ</b>၊ အဘယ်ပါနည်း။ <b>ထလေ ဥဿီဒေါ</b>၊ ကြည်းကုန်းထက် သောင်ပေါ်၌ တင်နေခြင်းဟူသည်ကား။ <b>ကိံ နု ခေါ</b>၊ အဘယ်ပါနည်း။ <b>မနုဿဂ္ဂါဟော</b>၊ ဆယ်ယူတတ်တဲ့လူသား ဟူသည်ကား။ <b>ကိံ နု ခေါ</b>၊ အဘယ်ပါနည်း။ <b>အမနုဿဂ္ဂါဟော</b>၊ ဆယ်ယူတတ်တဲ့နတ်ဟူသည်ကား။ <b>ကိံ နု ခေါ</b>၊ အဘယ်ပါနည်း။ <b>အာဝဋ္ဋဂ္ဂါဟော</b>၊ စုပ်ယူတတ်တဲ့ ဝဲဟူသည်ကား။ <b>ကိံ နု ခေါ</b>၊ အဘယ်ပါနည်း။ <b>အန္တောပူတိဘာဝေါ</b>၊ အတွင်း၌ ပုပ်ဆွေးသည်၏ အဖြစ်ဟူသည်ကား။ <b>ကော</b>၊ အဘယ်ပါနည်း။ <b>ဣတိ</b>၊ ဤသို့။ <b>အဝေါစ</b>၊ လျှောက်ထားလိုက်လေ၏၊</p>
<p>မြတ်စွာဘုရား ဒီမှာဘက်ကမ်းဆိုတာက ဘာလဲ? ဟိုမှာဘက်ကမ်းဆိုတာက ဘာလဲ? ရေလယ်ခေါင်၌ နစ်မြုပ်တယ်ဆိုတာက ဘာလဲ? ကြည်းကုန်းထက် သောင်ပေါ်မှာ တင်နေတယ် ဆိုတာက ဘာလဲ? ဆယ်ယူတတ်တဲ့ လူရဲ့ အဆယ်ခံရတယ် ဆိုတာက ဘာလဲ? ဆယ်ယူတတ်တဲ့ နတ်ရဲ့ အဆယ်ခံရတယ် ဆိုတာကလည်း ဘာလဲ? စုပ်ယူတတ်တဲ့ ဝဲရဲ့ အစုပ်ခံရတယ် ဆိုတာကလည်း ဘာလဲ? သို့မဟုတ် ဆယ်ယူတတ်တဲ့ လူသားဆိုတာက ဘာလဲ? ဆယ်ယူတတ်တဲ့ နတ်ဆိုတာက ဘာလဲ? စုပ်ယူတတ်တဲ့ ဝဲဆိုတာက ဘာလဲ? အတွင်းပုပ်တယ်ဆိုတာက ဘာပါလဲ? မြတ်စွာဘုရား ဆိုပြီးတော့ ဒီမေးခွန်းတွေ မေးတယ်။ အဲဒီ အချိန်ခါကျတော့မှ မြတ်စွာဘုရား အဖြေ စပြီးတော့ ပေးပါတယ်နော်။</p>
<h3>ဒုတိယပိုင်း</h3>
<p><b>‘‘‘ဩရိမံ တီရ’န္တိ ခေါ, ဘိက္ခု, ဆန္နေတံ အဇ္ဈတ္တိကာနံ အာယတနာနံ အဓိဝစနံ။ ‘ပါရိမံ တီရ’န္တိ ခေါ, ဘိက္ခု, ဆန္နေတံ ဗာဟိရာနံ အာယတနာနံ အဓိဝစနံ။’’</b><br>
<b>ဘိက္ခု</b>၊ ချစ်သားရဟန်း ...။ <b>ဩရိမံ တီရံ ဣတိ ခေါ ဧတံ</b>၊ ဤမှာဘက်ကမ်းဟူသော ဤအမည်သည်ကား။ <b>ဆန္နံ</b>၊ ခြောက်ပါးကုန်သော။ <b>အဇ္ဈတ္တိကာနံ အာယတနာနံ</b>၊ အတွင်းအာယတနတို့၏။ <b>အဓိဝစနံ</b>၊ အမည်ပါပေတည်း။ <b>ဘိက္ခု</b>၊ ချစ်သားရဟန်း ...။ <b>ပါရိမံ တီရံ ဣတိ ဧတံ</b>၊ ထိုမှာဘက်ကမ်းဟူသော အမည်သည်ကား။ <b>ဆန္နံ</b>၊ ခြောက်ပါးကုန်သော။ <b>ဗာဟိရာနံ အာယတနာနံ</b>၊ အပြင်အာယတနတို့၏။ <b>အဓိဝစနံ</b>၊ အမည်ပါပေတည်း။</p>
<p>ဒီမှာဘက်ကမ်းဆိုတာက <b>အတွင်းအာယတနခြောက်ပါး</b>။ ဟိုမှာဘက်ကမ်း ဆိုတာက <b>အပြင်အာယတနခြောက်ပါး</b>တဲ့။ ဦးပဉ္ဇင်းတို့ ခုနက ပြောခဲ့တဲ့ ဒုက္ခသစ္စာတရားနော်။ ဒုက္ခသစ္စာထဲမှာ ခန္ဓာဘယ်နှစ်ပါးရှိလဲ? ငါးပါး။ အဲဒီ ခန္ဓာငါးပါးမှာ ရူပက္ခန္ဓာက ရုပ်တရား၊ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တွေက နာမ်တရား။ ရုပ်နာမ်နှစ်ပါးပေါ့။ အဲဒီ ရုပ်နာမ်နှစ်ပါးနည်းနဲ့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းလို့ ကျွတ်တမ်းဝင်မဲ့ ပုဂ္ဂိုလ်တွေကို ဘုရားရှင်က ရုပ်နာမ်နှစ်ပါးနည်းနဲ့ ဟောပေးတယ်။</p>
<p>အကယ်၍ ဒီသာဝကတစ်ဦးက ခန္ဓာငါးပါးနည်းနဲ့ ကျွတ်တမ်းဝင်မယ်ဆိုရင် ခန္ဓာငါးပါးနည်းနဲ့ ဝိပဿနာရှုမှ ကျွတ်တမ်းဝင်မယ်ဆိုရင်လည်း ထိုသာဝကကို ဘုရားရှင်သည် ခန္ဓာငါးပါးနည်းနဲ့ ဝိပဿနာရှုဖို့ရန် ညွှန်ကြားပေးပါတယ်။ ဥပမာ - ပဉ္စဝဂ္ဂီငါးဦးတို့ကို အနတ္တလက္ခဏာ ဟောပေးတဲ့ပုံစံပဲနော်။ အကယ်၍ အာယတန တစ်ဆယ့်နှစ်ပါးနည်းနဲ့ ကျွတ်တမ်းဝင်မယ် ဆိုရင်တော့ ထိုပုဂ္ဂိုလ်တွေကို မြတ်စွာဘုရားက အာယတန တစ်ဆယ့်နှစ်ပါးနည်းနဲ့ ဟောပေးတယ်။</p>
<p>ဒီတော့ ရုပ်နာမ်နှစ်ပါး ဆိုတာကလည်း ဦးပဉ္ဇင်းတို့ ပရမတ္ထတရား ဘယ်နှစ်ပါး ရှိလဲ? စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်။ ပရမတ်တရား ဘယ်နှစ်ပါးရှိလဲ? လေးပါး။ အဲဒီထဲမှာ ဝိပဿနာရဲ့ အရှုခံအာရုံက လောကီ စိတ်, စေတသိက်, ရုပ်ပဲနော်။ အဲဒီ စိတ်, စေတသိက်, ရုပ်တရားတွေကို ရုပ်က ရုပ်တရား၊ စိတ်နဲ့ စေတသိက်က နာမ်တရား။ ရုပ်နာမ်နှစ်ပါးဆိုတာက ဘာလဲလို့မေးရင် စိတ်, စေတသိက်, ရုပ်တရားပဲနော်။ နှစ်ပုံ ပုံလိုက်တော့ ရုပ်နာမ်နှစ်ပါးဖြစ်တယ်။ ဒီစိတ်, စေတသိက်, ရုပ်တရားတွေကို နှစ်ပုံပုံရင် ရုပ်နာမ်နှစ်ပါးနည်း။</p>
<p>တစ်ခါ ရုပ်က တစ်ပုံ၊ စိတ်နဲ့ စေတသိက်ကို လေးပုံ ပုံရင် ခန္ဓာငါးပါးနည်း။ ဒီတော့ ခန္ဓာငါးပါးဆိုတာနဲ့ စိတ်, စေတသိက်, ရုပ်တရားဆိုတာနဲ့ အတူတူပဲ မကျဘူးလား? ကျပါတယ်။ အဲဒီပုဂ္ဂိုလ်တွေကို ဘယ်လိုအတွက် ဟောလဲလို့မေးရင်တော့ ဦးပဉ္ဇင်းတို့ ရုပ်တရား၌ အသိဉာဏ်သန့်ရှင်းပြီး နာမ်တရားမှာ အသိဉာဏ် မသန့်ရှင်းတဲ့ ပုဂ္ဂိုလ် သို့မဟုတ် ဉာဏ်ထက်မြက်တဲ့ တိက္ခပညဝါပုဂ္ဂိုလ်။ အဲဒီလို ပုဂ္ဂိုလ်တွေကို မြတ်စွာဘုရား ခန္ဓာငါးပါးနည်းနဲ့ ဟောပေးပါတယ်။ တချို့တချို့ပုဂ္ဂိုလ်တွေကျတော့ ရုပ်တရားနဲ့ ပတ်သက်ပြီးတော့ အသိဉာဏ်က မသန့်ရှင်းဘူး။ နာမ်တရားနဲ့ ပတ်သက်လို့ တွေဝေတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေကျတော့ ရုပ်တရားမှာ အသိဉာဏ် မသန့်ရှင်းတဲ့အတွက် အာယတန တစ်ဆယ့်နှစ်ပါးနည်းနဲ့နော်၊ နာမ်တရားမှာ အသိဉာဏ် သန့်ရှင်းနေတဲ့အတွက် အဲဒီ အာယတန တစ်ဆယ့်နှစ်ပါးနည်းနဲ့ မြတ်စွာဘုရား ရုပ်တွေကို ဆယ်ပုံခွဲ နာမ်တွေကို တစ်ပုံခွဲပေါ့၊ ပေါင်းလိုက်ရင် တစ်ဆယ့်နှစ်ပုံပဲ။ တစ်ဆယ့်နှစ်ပုံ ပုံပြီးတော့ ဝိပဿနာ ရှုဖို့ ဟောပေးပါတယ်။</p>
<p>ခုဒီသုတ္တန်မှာ ဒီရဟန်းတော်တွေကို ဘုရားရှင်က ဒီစိတ်, စေတသိက်, ရုပ်တရားတွေကို အာယတန တစ်ဆယ့်နှစ်ပါးနည်းနဲ့ ဟောပေးတယ်။ ဝိပဿနာရှုကွက်ပဲနော်။ အဲဒီတော့ အာယတန တစ်ဆယ့်နှစ်ပါးမှာ - အတွင်းအာယတနက ခြောက်ပါး၊ အပြင်အာယတန ခြောက်ပါး။ အတွင်းအာယတန ခြောက်ပါးဆိုတာက ဘာတွေလဲ? စက္ခာယတန, သောတာယတန, ဃာနာယတန, ဇိဝှာယတန, ကာယာယတန, မနာယတန။ ပေါင်းလိုက်တော့ အတွင်းအာယတန ဘယ်နှစ်ပါးလဲ? ခြောက်ပါး။ စက္ခာယတနဆိုတာက စက္ခုအကြည်ဓာတ်ပဲ, သောတာယတနဆိုတာက သောတအကြည်ဓာတ်ပဲ, ဃာနာယတနဆိုတာက ဃာနအကြည်ဓာတ်ပဲ, ဇိဝှာယတနဆိုတာက လျှာအကြည်ဓာတ်ပဲ, ကာယာယတနဆိုတာက ကိုယ်အကြည်ဓာတ်ပဲ, မနာယတနဆိုတာက ဘဝင်မနောအကြည်ဓာတ်နှင့်တကွ အသိစိတ်အားလုံးပဲ။ ပေါင်းလိုက်တော့ အဲဒီ ခြောက်ပါးကို အတွင်းအာယတန ခြောက်ပါးလို့ ခေါ်ပါတယ်။</p>
<p>အပြင်အာယတနဆိုတာကတော့ ရူပါယတန, သဒ္ဒါယတန, ဂန္ဓာယတန, ရသာယတန, ဖောဋ္ဌဗ္ဗာယတန, ဓမ္မာယတနဆိုပြီး အပြင်အာယတန ဘယ်နှစ်ပါးလဲ? ခြောက်ပါး။ အဲဒီ အတွင်းအာယတန ခြောက်ပါး၊ အပြင်အာယတန ခြောက်ပါး။ ပေါင်းလိုက်မယ်ဆိုရင် စိတ်, စေတသိက်, ရုပ်တရားတွေ ကုန်သွားတယ်။ ဘာဖြစ်လို့ သူတို့ကို အာယတနလို့ ခေါ်လဲလို့မေးတော့ ဦးပဉ္ဇင်းတို့ သူတို့ကို စိတ်, စေတသိက်တွေကို ကျယ်ပြန့်အောင် ချဲ့ထွင်ပေးတတ်တဲ့ ကိရိယာတွေဖြစ်လို့ သူတို့ကို အာယတနလို့ ဒီလို ခေါ်ဝေါ်သုံးစွဲထားတာ။ ဓာတ်ပုံဆိုင်တွေမှာ ပုံကြီးချဲ့တဲ့ ကိရိယာတစ်မျိုး မရှိဘူးလား? ရှိတယ်။ အဲဒီ ပုံကြီးချဲ့တဲ့ ကိရိယာဟာ ပုံကြီးချဲ့တတ်သလိုပဲ ဒီအတွင်းအာယတန, အပြင်အာယတနတွေကလည်း စိတ်, စေတသိက်, ရုပ်တရားတွေကို ကျယ်ပြန့်အောင် ချဲ့ထွင်ပေးတတ်တယ်။ ကြည့်ပေါ့ - အာရုံတစ်ခု မြင်လိုက်တယ် ဆိုကြပါစို့။ ဒီအာရုံက ကိုယ်သဘောကျတဲ့ အာရုံဖြစ်ခဲ့ရင် ပြုံးပြီးတော့ ပုံကြီးချဲ့နေတယ်။ ဒီအာရုံက ကိုယ်သဘောမကျတဲ့ အာရုံဖြစ်ခဲ့ရင် မဲ့ပြီးတော့ ပုံကြီးချဲ့နေတယ်။ မကျေနပ်ချက်တွေ တစ်ပုံကြီး ဖြစ်မနေဘူးလား? ဖြစ်နေတတ်တယ်နော်။ ဒါကြောင့် စိတ်, စေတသိက်, ရုပ်တရားတွေက ဒီအာရုံတွေ အာယတနတွေကို အကြောင်းပြုပြီးတော့ ကျယ်ပြန့်မသွားဘူးလား? ကျယ်ပြန့်သွားတယ်။</p>
<p>ဥပမာ - <b>စက္ခာယတန</b>နဲ့ <b>ရူပါယတန</b>ကို အကြောင်းခံပြီးတော့ စက္ခုဒွါရဝီထိ စိတ်, စေတသိက်တွေ၊ မနောဒွါရဝီထိ စိတ်, စေတသိက်တွေ များစွာ ဖြစ်သွားတယ်နော်။ အဲဒီပုံစံပဲ။ စိတ်, စေတသိက်တွေကို ကျယ်ပြန့်အောင် ချဲ့ထွင်ပေးနေတယ်။ တစ်နည်းအားဖြင့် သံသရာခရီးကိုလည်း ကျယ်ပြန့်အောင် ချဲ့ထွင်ပေးနေတဲ့တရားတွေ ဖြစ်ခြင်းကြောင့် သူတို့ကို <b>အာယတန</b>လို့ခေါ်တယ်။ အဲဒီ အာယတနထဲမှာ <b>အတွင်းအာယတန ၆-ပါး</b>ကို ဘုရားရှင်က ဒီသုတ္တန်မှာ ဒီမှာဘက်ကမ်း, <b>အပြင်အာယတန ၆-ပါး</b>ကို ဟိုမှာဘက်ကမ်းဆိုပြီးတော့ သတ်မှတ်ထားတယ်။ ဒီတော့ နိဗ္ဗာန်ကို အလိုရှိနေတဲ့ သူတော်ကောင်းတစ်ဦးက ဒီမှာဘက်ကမ်းကိုလည်း မကပ်ရဘူး၊ ဟိုမှာဘက်ကမ်းလည်း မကပ်ရဘူး။ ဒီမှာဘက်ကမ်းကို ကပ်တယ်ဆိုတာက ဘာလဲ? နည်းနည်းလေး နားထောင်ကြည့်နော်။</p>
<p>ဒီမှာဘက်ကမ်းလို့ခေါ်တဲ့ အတွင်းအာယတန ၆-ပါးအပေါ်မှာ နှစ်သက်မှု တွယ်တာမှုရာဂတွေ ဖြစ်နေတယ်ဆိုရင် ဒီမှာဘက်ကမ်းကို ကပ်နေတယ်။ အပြင်အာယတန ၆-ပါးလို့ ခေါ်ဆိုအပ်တဲ့ အဆင်း, အနံ့, အရသာ, အတွေ့အထိ, ဓမ္မသဘောလို့ ခေါ်ဆိုအပ်တဲ့ အပြင်အာယတနတွေ အပေါ်မှာ တွယ်တာတပ်မက်မှုရာဂ ဖြစ်နေရင်လည်း ဒါ ဟိုမှာဘက်ကမ်းကို ကပ်နေတယ်။ နောက်တစ်ခု - အတွင်းအာယတနနဲ့ ပတ်သက်ပြီး မကျေနပ်ချက်တွေ ဖြစ်လည်း ဒီမှာဘက်ကမ်း ကပ်တာပဲ။ အပြင်အာယတနနဲ့ ပတ်သက်ပြီး မကျေနပ်ချက်တွေ ဖြစ်နေရင်လည်း ဟိုမှာဘက်ကမ်း ကပ်နေတယ်။ ကိလေသာတွေ တိုးပွားနေပြီ ဆိုလို့ရှိရင် ရာဂ ဒေါသ မောဟတွေ ဖြစ်နေပြီဆိုရင် ဟိုဘက်ကမ်း ကပ်တယ်။ ဒီဘက်ကမ်း ကပ်တယ်လို့ ခေါ်ရတယ်။ ဘာဖြစ်လို့လဲ?</p>
<p>ဦးပဉ္ဇင်းတို့ မျက်စိအကြည်ဓာတ်ကလေးတစ်ခု ဆိုကြစို့။ အဲဒီ မျက်စိအကြည်ဓာတ်လေးတစ်ခု မိမိမှာ ရှိတယ်။ <b>လောကသမုတိသစ္စာ</b>နယ်က ပြောရင်တော့ မျက်စိပေါ့နော်။ ဒီမျက်စိအပေါ်မှာ တွယ်တာတပ်မက်မှု ရာဂတွေ တချို့ မဖြစ်ဘူးလား? ဖြစ်တယ်။ မိမိမျက်စိက ကြည့်လို့ကောင်းရင် “ဩော် ငါ့မျက်စိတွေ သိပ်ကောင်းတာပဲ၊ သေးငယ်နေတဲ့ ဒီအပ်ပေါက်ကလေးကိုတောင် ထိုးလို့ရတယ်” ဆိုပြီးတော့ ကိုယ့်မျက်စိအပေါ်မှာ ကိုယ် တွယ်တာတပ်မက်တဲ့ တဏှာတွေ မပေါ်ဘူးလား? ပေါ်တယ်။ အဲဒီလို ဆိုလို့ရှိရင် ဘာဖြစ်တာလဲ? ဒီမှာဘက်ကမ်းကပ်တာပဲ။ နောက်တစ်ခု မျက်စိမှာ တခြား တွယ်တာနည်းတွေကော မရှိဘူးလား? ရှိပါတယ်။ မျက်လုံးကို နည်းအမျိုးမျိုးနဲ့ လှအောင် တန်ဆာမဆင်ဘူးလား? ဆင်ကြတယ်။ ရှေးတုန်းကတော့ အဉ္စနလို့ခေါ်တဲ့ မျက်ရေးကွင်းတဲ့ ကျောက်လေးတွေကို အသုံးပြုတယ်။ ဒီကျောက်ညွန့်လေးတွေကို သွေးပြီးတော့ မျက်လုံးကို ကွင်းကြတယ်။ ခုတော့ ဆေးတွေ ပုံစံအမျိုးမျိုး ပေါ်နေတယ်နဲ့ တူတယ်။ ဒီမျက်လုံးလေးကို ဆေးဆိုးတယ်ပေါ့။ လိုင်နာခေါ်တဲ့ နည်းနဲ့တူပါတယ်။ အဲဒီပုံစံလို ပုံစံအမျိုးမျိုးနဲ့ မျက်လုံးကို ဆေးဆိုးပေးတာက ဘာလုပ်တာလဲ? မျက်လုံးအပေါ်မှာ တွယ်တာတပ်မက်မှု ရာဂ ဖြစ်မနေဘူးလား? ဖြစ်နေပြီ။ ဒီတွယ်တာတပ်မက်မှု ရာဂ ဖြစ်နေပြီ ဆိုလို့ရှိရင် ဘာလုပ်တာလဲ? ဒီမှာ ဘက်ကမ်းကို ကပ်တယ်။ အလားတူပဲ။ ဟိုဘက် ရူပါရုံတွေကို တွယ်တာတပ်မက်မှု ဖြစ်နေမယ်ဆိုရင်ကော ဟိုမှာဘက်ကမ်း ကပ်တယ်။</p>
<p>အလားတူပဲ။ ဦးပဉ္ဇင်းတို့ ကျန်နေတဲ့ အာယတနတွေ, ကျန်နေတဲ့ အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိခေါ်တဲ့ အပြင်အာယတနတွေကို တွယ်တာတပ်မက်မှုတွေ ဖြစ်နေမယ် သို့မဟုတ် မကျေနပ်ချက်တွေ ဖြစ်နေမယ်ဆိုရင်ကော ဟိုမှာဘက်ကမ်း ကပ်တယ်ခေါ်ရတယ်။ တစ်ခါတလေ ကိုယ့်မျက်စိတွေက ကြည့်လို့မကောင်းဘူး ဆိုလို့ရှိရင်လည်း မျက်စိကို အကြောင်းပြုပြီးတော့ စိတ်မချမ်းသာမှုတွေ မဖြစ်ဘူးလား? ဖြစ်တယ်။ မျက်လုံးကို တစ်ခုခု ထိခိုက်သွားလို့ ဒဏ်ရာရပြီးဆိုရင် ဒီမျက်လုံးလေးကို အကြောင်းပြုပြီးတော့ စိတ်မချမ်းသာမှုတွေ ဖြစ်နေကြပြန်တယ်။ နားတို့, နှာခေါင်းတို့လည်း ဒီအတိုင်းပဲ။ ဒါကြောင့် သူက အတွင်းအာယတန, အပြင်အာယတနတွေကို အကြောင်းပြုပြီးတော့ ရာဂ ဒေါသ မောဟတွေ ဖြစ်နေမယ်ဆိုရင် ဒီမှာ ဘက်ကမ်းကို ကပ်တယ်, ဟိုမှာဘက်ကမ်းကို ကပ်တယ်လို့ ခေါ်ရတယ်။ အကယ်၍ ဒီအတွင်းအာယတန, အပြင်အာယတနတွေ အကြောင်းပြုပြီးတော့ မိမိတို့က ရာဂ ဒေါသ မောဟ မဖြစ်ချင်ဘူးဆိုရင် ဘာလုပ်ရမလဲ? အဲဒီ အတွင်းအာယတန, အပြင်အာယတနလို့ ခေါ်ဆိုအပ်တဲ့ <b>ရုပ်တရား နာမ်တရား</b>တွေကို ပထမ ပရမတ်ဆိုက်အောင် သိအောင် ကြိုးစားရတယ်။ ရုပ်တို့မည်သည် ကလာပ်ခေါ်တဲ့ အမှုန်အနေနဲ့ဖြစ်တော့ ဒီအမှုန်လေးတွေကို မြင်အောင် အမှုန်လေး တစ်ခုတစ်ခုမှာ ပထဝီ, အာပေါ, တေဇော, ဝါယောစသည်ဖြင့် <b>ရုပ်ပရမတ်</b>သဘောလေးတွေကို ခွဲခြမ်းစိတ်ဖြာသိအောင် ရှုရပါတယ်။ ရှုပြီးတဲ့ အချိန်အခါကျတော့မှ ဘာလုပ်ရမလဲ?</p>
<p>‘‘<b>အနိစ္စံ ဒုက္ခံ အနတ္တာတိ တိဏ္ဏံ လက္ခဏာနံ ဝသေန ဝိပဿန္တော ပန န ဥပဂစ္ဆတိ နာမ</b>’’</p>
<p><b>အဋ္ဌကထာ</b>က ဖွင့်ထားတယ်။ အဲဒီ ရုပ်တရား နာမ်တရားတွေကို ဖြစ်ပြီး ပျက်တာကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး <b>အနိစ္စ</b>လို့ တွင်တွင်ရှုမယ်။ ဖြစ်ခြင်း ပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ သဘောတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး <b>ဒုက္ခ</b>လို့ တွင်တွင်ရှုမယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ သဘောတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး <b>အနတ္တ</b>လို့ တွင်တွင်ရှုမယ်။ အဲဒီလို ရှုခဲ့မယ်ဆိုရင် ဘာဖြစ်မလဲ? “န ဥပဂစ္ဆတိ” ဟိုဘက်ကမ်းလည်း ကပ်သည် မမည်ဘူး၊ ဒီဘက်ကမ်းလည်း ကပ်သည် မမည်ဘူးလို့ ဒီလို ဟောထားတယ်။ ဒီတော့ ဦးပဉ္ဇင်းတို့က နိဗ္ဗာန်ကို လိုချင်တယ် ဆိုလို့ရှိရင် ဘာလုပ်ရမလဲ? ဒီအတွင်းအာယတန, အပြင်အာယတနလို့ ခေါ်ဆိုအပ်တဲ့ ရုပ်တရား နာမ်တရားတွေကို အကြောင်းတရားနဲ့တကွ ရှာဖွေပြီးတော့ အကြောင်းတရားနဲ့တကွ ဒီရုပ်နာမ်တွေကို အနိစ္စ, ဒုက္ခ, အနတ္တ <b>လက္ခဏာရေးသုံးတန်</b> တင်ပြီးတော့ တွင်တွင်ကြီး <b>ဝိပဿနာ</b> ရှုဖို့ မလိုဘူးလား? လိုအပ်တယ်။ အဲဒီလို ဝိပဿနာ ရှုနိုင်လို့ရှိရင် ဒီအတွင်းအာယတန, အပြင်အာယတနလို့ ခေါ်ဆိုတဲ့ ရုပ်တရားတွေ နာမ်တရားတွေ အပေါ်၌ တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲဆိုတဲ့ ကိလေသာတွေ ဖြစ်ဦးမလား? မဖြစ်တော့ဘူး။ တဒင်္ဂအားဖြင့် မဖြစ်တော့ဘူးနော်။ အဲဒီလို ကိလေသာတွေ မဖြစ်အောင် ကျင့်နိုင်တယ်ဆိုရင် ဟိုဘက်ကမ်းလည်း မကပ်သည်မည်တယ်, ဒီဘက်ကမ်းလည်း မကပ်သည် မမည်တယ်လို့ ဒီလို ဟောထားတယ်။</p>
<p>နောက် နံပါတ်(၃)က <b>မဇ္ဈေ သံသီတော</b>၊ ရေလယ်ခေါင်မှာ နစ်တယ်။ ရေလယ်ခေါင်မှာ နစ်တယ်ဆိုတာ ဘာလဲဆိုတဲ့ ဒီမေးခွန်းကို ဘုရားရှင်က-</p>
<p>‘‘<b>‘မဇ္ဈေ သံသာဒေါ’တိ ခေါ, ဘိက္ခု, နန္ဒီရာဂဿေတံ အဓိဝစနံ</b>’’</p>
<p>ရေလယ်ခေါင် နစ်တယ်, နစ်တယ်ဆိုတာက <b>နန္ဒီရာဂ</b>ရဲ့ အမည်ဖြစ်တယ်လို့ ဒီလို မြတ်စွာဘုရား ဟောထားတယ်။ နန္ဒီရာဂဆိုတာက ဘာလဲ? ထိုထိုအာရုံတွေအပေါ်မှာ တွယ်တာတပ်မက်နေတဲ့ ရာဂ, ထိုထိုဘဝတွေ အပေါ်မှာ တွယ်တာတပ်မက်နေတဲ့ ရာဂကို ဘာလို့ခေါ်လဲ? နန္ဒီရာဂလို့ခေါ်တယ်။ ထိုထိုအာရုံ ထိုထိုဘဝတွေ အပေါ်မှာ တွယ်တာတပ်မက်နေတဲ့ ရာဂတွေ သိပ်အားကောင်းပြီဆိုရင်တော့ ထိုပုဂ္ဂိုလ်သည် ဘာလဲ? ရေလယ်ခေါင်မှာ နစ်နေပြီ။ အဲဒီတော့ ထိုထိုအာရုံဆိုတဲ့ အထဲမှာ သက်ရှိသက်မဲ့ အားလုံး ပါပါတယ်နော်။ ထိုထိုဘုံဘဝဆိုတာကတော့ ဘဝတစ်ခုကို မျှော်လင့်ချက်နဲ့ ကောင်းမှုကုသိုလ်တွေ ပြုတယ်, အကုသိုလ်တွေပြုတယ်။ ထိုထိုအာရုံတွေကို တွယ်တာတပ်မက်တယ် ဆိုတာကတော့ ပစ္စုပ္ပန်မှာ မိမိတို့ တွေ့ရှိနေတဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတွေ အပေါ်၌ တွယ်တာတပ်မက်နေတဲ့ ရာဂတွေ ထင်လင်းဖြစ်နေတယ်။ အဲဒီ ရာဂတွေကို အကြောင်းခံပြီးတော့ အစွဲကြီး စွဲနေမယ် ဆိုလို့ရှိရင် <b>မဇ္ဈေ သံသီတော</b>၊ ရေလယ်ခေါင်မှာ နစ်သွားတတ်တယ်။ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဒီရာဂက ရေလယ်ခေါင်မှာ သတ္တဝါတစ်ဦးလို့ ခေါ်ဆိုအပ်တဲ့ ရုပ်နာမ်အစဉ်ကို နစ်မြုပ်သွားအောင် ဆွဲခေါ်သွားနိုင်သလဲ? ဒီအပိုင်းက နည်းနည်း ကြားဖူးကြလိမ့်မယ် ထင်တယ်။</p>
<p>ဘုန်းကြီး ဒီနေ့ နာမည်ကျော်ဖြစ်တဲ့ ဒကာတော်ကောသလအကြောင်းနဲ့ ဆက်စပ်ပြီးတော့ နည်းနည်းပြောဖို့ ရည်ရွယ်ထားပါတယ်။ နာမည်ကျော်ဖြစ်တဲ့ <b>ကောသလမင်းကြီး</b>က တစ်နေ့ တိုင်းခန်းလှည့်လည်ရင်းနဲ့ပေါ့ - မြို့ထဲမှာ အမျိုးသမီးတစ်ဦးကို တွေ့တယ်။ အမျိုးသမီးတစ်ဦး တွေ့တဲ့အချိန်ခါ ဒီအမျိုးသမီးအပေါ်၌ တွယ်တာတပ်မက်တဲ့ ရာဂတွေက သိပ်ပြင်းထန်လာတဲ့ အခါကျတော့ မင်းချင်းယောက်ျားတစ်ယောက်ကို သွားပြီး စေခိုင်းလိုက်တယ်။ “ကဲ သွားကြည့်စမ်း ... ဒီအမျိုးသမီးမှာ ပိုင်ရှင်ရှိသလား, မရှိဘူးလား?” သွားမေးကြည့်လို့ အမေးခိုင်းလိုက်တော့ အဖြေက ဘာထွက်လာသလဲ? ပိုင်ရှင်ရှိတယ်ဆိုတဲ့ အဖြေထွက်လာတယ်။ ပိုင်ရှင်ရှိတယ် အဖြေထွက်လာတဲ့ အခါကျတော့ သူက ဘာလုပ်သလဲ?</p>
<p>ဒီအမျိုးသမီးကို လိုချင်တော့ သူ့ပိုင်ရှင်ယောက်ျားကို မင်းအမိန့်အာဏာနဲ့ ခေါ်လိုက်တယ်။ ခေါ်ပြီးတဲ့ အချိန်ခါကျတော့ ဒီနေ့ နေ့ချင်းပြန် တစ်ယူဇနာလောက် ဝေးပါတယ်။ အဲဒီ ယူဇနာလောက် မြို့နဲ့ဝေးကွာနေတဲ့ အိုင်တစ်အိုင်က ကြာနဲ့ မြေတွေကို သယ်ဆောင်ယူခဲ့ရမယ်ဆိုပြီး ချက်ချင်း အမိန့်ဆင့်လိုက်တယ်။ ဒီလောက်ဝေးတဲ့ခရီး မသွားနိုင်ကြောင်း ဒီပုဂ္ဂိုလ်က ပြန်ပြီး သံတော်ဦး တင်တဲ့အခါ မင်းအမိန့်အာဏာဖြစ်တယ်၊ မသွားမနေရ အမိန့်ထုတ်လိုက်တယ်။ ပြေးရတာပဲနော်။ ပြေးလိုက်တဲ့ အချိန်ခါကျတော့ မြို့ตံခါးစောင့်နေတဲ့ ပုဂ္ဂိုလ်ကို ခေါ်ပြီးတော့ အမိန့်ပေးလိုက်တယ်။ ဤယောက်ျား မြို့ပြင်ထွက်သည်နှင့် တစ်ပြိုင်နက်တည်း မြို့တံခါး ပိတ်ထားစေ၊ မြို့တံခါး အစောကြီး ပိတ်လိုက်တယ်။ ဟိုပုဂ္ဂိုလ်ကလည်း အတင်း ပြေးပါတယ်နော်။ သူခိုင်းလိုက်တဲ့အတိုင်း ကြာပွင့်တွေနဲ့ ရွံ့တွေပေါ့ မြေနီတွေ ယူပြီး သယ်ဆောင်ပြီး ပြေးအလာ၊ ဒီကလည်း တံခါးပိတ်တော့ မြို့ထဲ ဘယ်လိုမှ ဝင်လို့မရ ဖြစ်သွားတယ်။ ဝင်လို့မရ ဖြစ်တဲ့ အချိန်ခါကျတော့ မင်းအမိန့်ကလည်း ခိုင်းလိုက်တော့ ပေါ်နေပြီ။ ပြဿနာပေါ်ရင် ဒကာစိုးဝင်း ဘယ်သွားမလဲ? အဲဒီလို ပြဿနာပေါ်တော့မှ ဘုန်းကြီးကျောင်း တန်းသွားတာပဲ။</p>
<p>မြတ်စွာဘုရားရှင်ရှိရာ <b>ဇေတဝန်ကျောင်းတိုက်</b>ကို ပြေးပြီ၊ ဇေတဝန်ကျောင်းတိုက် ပြေးတဲ့အခါ အဲဒီည ဇေတဝန်ကျောင်းတိုက်မှာပဲ သူက စခန်းချလိုက်တယ်။ ဒီည မြတ်စွာဘုရားက အကျိုးအကြောင်းတွေကို ဉာဏ်တော်နဲ့ ဆင်ခြင်ကြည့်လိုက်တော့ သိတော်မူတဲ့အတွက် ထိုညမှာ ကောသလမင်းကြီးကို ကြားအောင် မြတ်စွာဘုရား ဓိဋ္ဌာန်ထားပါတယ်။ ဓိဋ္ဌာန်ထားတယ်ဆိုတာကတော့ ဦးပဉ္ဇင်းတို့ ကောသလမင်းကြီးကလည်း ဒီအမျိုးသမီးအပေါ်မှာ စွဲလမ်းတဲ့ စိတ်ထားနဲ့ အဲဒီည တစ်ညလုံး အိပ်မပျော်တော့ ငုတ်တုတ်ပဲ ထိုင်နေတယ်။ ထိုင်နေတဲ့ အချိန်ခါမှာ ဟိုငရဲက အားလုံး ကြားဖူးကြတယ်။ <b>ဒု-သ-န-သော</b>ဆိုတဲ့ ငရဲသားတွေရှိတယ်။ အဲဒီ ငရဲသားတွေ အော်တဲ့အသံကို ကြားပါစေဆိုပြီး မြတ်စွာဘုရားကလည်း ဓိဋ္ဌာန်ထားပါတယ်။ ဒီအသံကြီးတွေ ကြားလည်း ကြားတယ်။</p>
<p>ကြားလိုက်တော့ ခပ်တိုတို ပြောကြရင်တော့၊ မနက်မိုးလင်းတဲ့အခါမှာ <b>မလ္လိကာမိဖုရား</b>ရဲ့ တိုက်တွန်းချက်နဲ့ မြတ်စွာဘုရားထံလာပြီး ဒီအသံကြီးတွေ သူကြားရတဲ့အကြောင်း လျှောက်ထားတယ်။ သူ့မှာ အန္တရာယ် ရှိ, မရှိ လာပြီး မေးမြန်းတယ်။ အဲဒီအချိန်ခါမှာ မြတ်စွာဘုရားက သင့်မှာ အန္တရာယ် မရှိပါဘူး။ ဒီအသံတွေက ဘယ်လို အသံဖြစ်တယ်ဆိုတာကို မြတ်စွာဘုရားက ဟောပြတယ်နော်။ အဲဒီမှာ ငရဲသားလေးဦးတို့က ဘာတွေလဲဆိုတော့ လူ့ဘဝတုန်းက သူတို့က ပျော်ချင်တိုင်း ပျော်ပြီးတော့ နန္ဒီရာဂဆိုတဲ့ ဝဲထဲမှာ နစ်မြုပ်နေတဲ့ ပုဂ္ဂိုလ်တွေပဲ။ သားနဲ့ ပျော်တယ်, သမီးနဲ့ ပျော်တယ်, ပစ္စည်းတွေနဲ့ ပျော်တယ်။ ဒါတွင်လားဆိုတော့ မကသေးဘူး။ မိမိ သားမယားနဲ့တွင် ပျော်လို့ အားမရနိုင်တဲ့အတွက် သူတစ်ပါးရဲ့ သားမယားတွေကိုလည်း လိုက်ပြီး ပျော်ပါးနေတဲ့ နန္ဒီရာဂဝဲ အစုပ်ခံနေရတဲ့ ပုဂ္ဂိုလ်တွေပဲနော်။ သေလိုက်တဲ့ အချိန်ခါကျတော့ ဒီနန္ဒီရာဂဝဲ စုပ်သွားလိုက်တဲ့အခါ ဒီနန္ဒီရာဂခေါ်တဲ့ တွယ်တာတပ်မက်မှု တဏှာက အပါယ်ငရဲရောက်အောင် ဆွဲခေါ်သွားတယ်။</p>
<p><b>လောဟကုမ္ဘီငရဲ</b>ရောက်တဲ့အခါမှာ လောဟကုမ္ဘီငရဲအိုးထဲကို ကျသွားတယ်။ အနှစ်သုံးသောင်း။ အောက်ကိုကျသွားတာ အနှစ်သုံးသောင်း၊ အောက်ကနေ တစ်ခါ အပေါ်ပြန်တက်လာတာ ထမင်းအိုး ဆူသလိုပေါ့နော်။ ပွက်ပွက်ဆူနေတဲ့ ဒီငရဲအိုးထဲကနေပြီးတော့ အပေါ်ပြန်တက်လာတာက အနှစ်သုံးသောင်းကြာတယ်။ အနှစ်ခြောက်သောင်း ပြည့်လောက်တဲ့အခါ ငရဲအိုး အပေါ်နှုတ်ခမ်းဝ ရောက်တဲ့အခါ သူတို့ ပြောချင်တာတွေကို ဒီည ပြောကြတယ်။ ပြောလိုက်တော့ ပြောလို့ မဆုံးသေးဘူးနော်။ ဒု-ဆိုတဲ့ ပုဂ္ဂိုလ်က ဂါထာလေးတစ်ခု သူရွတ်ချင်တယ်။ အဲဒီ ရွတ်ချင်တဲ့ ဂါထာလေး မဆုံးခင်မှာ သူက ချက်ချင်း ပြန်မြုပ်သွားတယ်။ ဒု-ဆိုတဲ့ အသံလေးတစ်ခုပဲ ကြားလိုက်ရတယ်။ သ-ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း အဲဒီမှာ ဂါထာလေးတစ်ခု ရွတ်ချင်တယ်၊ သ-ဆိုတဲ့ အက္ခရာလေးတစ်လုံး ရွတ်ပြီးတာနဲ့ သူက ပြန်မြုပ်သွားတယ်။ န-ဆိုတဲ့ ပုဂ္ဂိုလ်, သော-ဆိုတဲ့ပုဂ္ဂိုလ်တွေလည်း အလားတူပဲ။ န-တစ်လုံး, သော-တစ်လုံး ရွတ်လိုက်ရုံနှင့် သူတို့က ပြန်ပြီး မြုပ်သွားတယ်။ သူတို့က ဘာမှ ရှေ့ဆက်ပြီး ပြောနိုင်တဲ့ စွမ်းအား မရှိကြဘူး။</p>
<p>အဲဒီလို မြုပ်သွားတဲ့ အချိန်ခါကျတော့မှ ဒီအသံကြီးတွေကို သင်မင်းကြီး ကြားရတဲ့အကြောင်းကို မြတ်စွာဘုရားက အဲဒီမှာ ဟောပြပါတယ်။ ဟောပြလိုက်တဲ့ အချိန်ခါကျတော့မှ ဒီငရဲသားတွေ ပြောချင်တဲ့ စကားအဓိပ္ပာယ် ဘယ်လိုရှိသလဲလို့ မေးမြန်းလျှောက်ထားလို့ မြတ်စွာဘုရား ပြန်ဖြေထားတဲ့ ဂါထာလေး။</p>
<p>‘‘<b>ဒုဇ္ဇီဝိတမဇီဝိမှီ, ယေ သန္တေ န ဒဒမှသေ။ ဝိဇ္ဇမာနေသု ဘောဂေသု, ဒီပံ နာကရုမှ အတ္တနော</b>’’</p>
<p><b>သန္တေ</b>၊ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့သည်။ လောကေ = လောက၌။ <b>ယေ သန္တေ</b>၊ အကြင် ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့သည်။ <b>ဘောဂေသု</b>၊ စည်းစိမ်ဥစ္စာတို့သည်။ <b>ဝိဇ္ဇမာနေသု</b>၊ ထင်ရှားရှိကြပါကုန်သော်လည်းပဲ။ <b>န ဒဒမှသေ</b>၊ တစ်ကြိမ်တစ်ခါမှ မပေးလှူခဲ့ကြဖူးပါကုန်။ <b>ဒုဇ္ဇီဝိတံ</b>၊ မကောင်းသော အသက်မွေးခြင်းဖြင့် အသက်မွေးမှုကို။ <b>အဇီဝိမှီ</b>၊ အသက်မွေးခဲ့ကြရပါကုန်၏။ <b>အတ္တနော</b>၊ မိမိ၏။ <b>ဒီပံ</b>၊ ကိုးကွယ်အားထားရာ မှီခိုရာ ကိုင်းကျွန်းသဖွယ်ဖြစ်သော ကုသိုလ်ကောင်းမှုကို။ <b>န အကရုမှ</b>၊ မပြုခဲ့မိကြပါလေကုန်။</p>
<p>သူ့ရဲ့စကားအဓိပ္ပာယ်နော်။ လူ့လောက တို့နေထိုင်စဉ်အခါတုန်းက မကောင်းသဖြင့် တို့ အသက်မွေးမိခဲ့တယ်။ တို့မှာ စည်းစိမ်ဥစ္စာတွေ ထင်ရှားရှိတယ်။ လောကမှာလည်း သန္တလို့ခေါ်ဆိုအပ်တဲ့ ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတွေ သို့မဟုတ် သာသနာပဖြစ်ခဲ့ရင်လည်း သူတော်ကောင်းတွေ အမျိုးမျိုး ရှိကြတယ်။ အဲဒီ သူတော်ကောင်းတွေကို ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်းဆိုတဲ့ ဒီလုပ်ငန်းခွင်ကိုလည်း တစ်ခုမှ မပြုခဲ့ဘူး။ မိမိရဲ့ မှီခိုအားထားရာ ကိုင်းကျွန်းကြီးသဖွယ်ဖြစ်နေတဲ့ ကောင်းမှုကုသိုလ်လည်း တစ်ခါမှ မပြုမိခဲ့ကြဘူးလို့ ဒီလို သူက သူ့ရဲ့မိတ်ဆွေတွေကို လှမ်းပြီး ပြောချင်တာပဲ။ အဲဒီလို ပြောချင်တဲ့စကားလေး ကုန်အောင် ပြောနိုင်လား? မပြောနိုင်ဘူး။ ဘာဖြစ်လို့လဲ? နန္ဒီရာဂဆိုတဲ့ ဝဲက ပြန်ပြီးတော့ စုပ်သွားတယ်။ ငရဲအိုးထဲကို ပြန်ကျသွားတဲ့အတွက် ဒီစကားကို ကုန်ဆုံးအောင် ပြောနိုင်တဲ့ စွမ်းအားမရှိ ဖြစ်သွားတယ်။ အဲဒီ အဓိပ္ပာယ်ကို မြတ်စွာဘုရားက ဂါထာလေးနဲ့ ပြန်ဟောတယ်။</p>
<p>‘‘<b>သဋ္ဌိဝဿသဟဿာနိ, ပရိပုဏ္ဏာနိ သဗ္ဗသော။ နိရယေ ပစ္စမာနာနံ, ကဒါ အန္တော ဘဝိဿတိ</b>’’</p>
<p><b>သဗ္ဗသော</b>၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့်။ <b>သဋ္ဌိဝဿသဟဿာနိ</b>၊ နှစ်ပေါင်းခြောက်သောင်းတို့သည်။ <b>ပရိပုဏ္ဏာနိ</b>၊ ပြည့်၍သွားခဲ့ကြလေကုန်ပြီ။ <b>နိရယေ</b>၊ ငရဲ၌။ <b>ပစ္စမာနာနံ</b>၊ ကျက်၍နေကြကုန်သော ငါတို့အဖို့။ <b>အန္တော</b>၊ အဆုံးအပိုင်းအခြားသည်ကား။ <b>ကဒါ</b>၊ ဘယ်သောအခါ၌။ <b>ဘဝိဿတိ</b>၊ ဖြစ်ပါလိမ့်အံ့နည်း။</p>
<p>ငရဲမှာ တို့ခံနေရတာ နှစ်ပေါင်း ခြောက်သောင်းပြည့်သွားပြီ။ ဘယ်တော့မှ ဒီငရဲဒုက္ခမှ ကုန်ဆုံးပါ့မလဲလို့ ဒီစကားလေး သူက ပြောချင်တာ။ အဲဒီစကားလည်း သူဆုံးအောင် ပြောနိုင်လား? မပြောနိုင်ဘူး။</p>
<p>‘‘<b>နတ္ထိ အန္တော ကုတော အန္တော, န အန္တော ပဋိဒိဿတိ။ တဒါ ဟိ ပကတံ ပါပံ, မမ တုယှဉ္စ မာရိသ</b>’’</p>
<p><b>အန္တော</b>၊ ငရဲသံသရာခရီး၏ အဆုံးအပိုင်းအခြားသည်ကား။ <b>နတ္ထိ</b>၊ မရှိပါပေ (ဝါ) မမြင်နိုင်ပါပေ။ <b>အန္တော</b>၊ ငရဲသံသရာခရီး၏ အဆုံးအပိုင်းအခြားသည်ကား။ <b>ကုတော</b>၊ အဘယ်မှာ ရှိနိုင်တော့အံ့နည်း။</p>
<p>ငရဲဘယ်တော့ ဆုံးမလဲလို့ လှမ်းကြည့်တော့လည်း မမြင်ဘူး။ ဘယ်တော့ ဆုံးမယ်ဆိုတာလည်း သူတို့ မသိနိုင် ဖြစ်နေပြီ။</p>
<p><b>အန္တော</b>၊ ငရဲသံသရာခရီး၏ အဆုံးအပိုင်းအခြားသည်။ <b>န ပဋိဒိဿတိ</b>၊ မထင်ရှား တွေ့မြင်နိုင်တော့ပေ။</p>
<p>ဘယ်တော့ ဒီဒုက္ခကုန်ဆုံးမယ်ဆိုတာ လှမ်းကြည့်လည်း မြင်နိုင်လား? မမြင်နိုင်ဘူး။</p>
<p><b>မာရိသ</b>၊ အို အချင်းယောက်ျား။ <b>မမ စ</b>၊ ငါ၏လည်းကောင်း။ <b>တုယှဉ္စ</b>၊ သင်အပေါင်းအဖော်တို့၏လည်းကောင်း။ <b>တဒါ</b>၊ ထိုလူ့ဘဝဖြစ်စဉ် ထိုအချိန်ခါကာလ၌။ <b>ပကတံ</b>၊ ပြုကျင့်ခဲ့မိသော။ <b>ပါပံ</b>၊ မကောင်းမှုပါပေတည်း (ဝါ) မကောင်းမှု၏ အကျိုးဆက်ပါပေတည်း။</p>
<p>တို့ လူဘဝတုန်းက မင်းတို့ကော ငါတို့ကော ညီတူညာတူ တို့လေးယောက် ပြုလုပ်ခဲ့မိတဲ့ မကောင်းမှုအကုသိုလ်ကံရဲ့ အကျိုးပဲ။ ဒီအကျိုး ဘယ်တော့ ဆုံးမယ်ဆိုတာ တို့လှမ်းကြည့်တော့ မြင်လည်း မမြင်နိုင် ဖြစ်နေပြီလို့ ဒီစကားလေး သူက ပြောချင်တယ်။ အဲဒီစကားလည်း ကုန်အောင် ပြောနိုင်သလား? မပြောနိုင်ဘူး။</p>
<p>နောက်တစ်ခု သော-ဆိုတာက ဘာပြောတာလဲ?</p>
<p><b>‘‘သောဟံ နူန ဣတော ဂန္တွာ၊ ယောနိံ လဒ္ဓါန မာနုသိံ။ ဝဒညူ သီလသမ္ပန္နော၊ ကာဟာမိ ကုသလံ ဗဟုံ။’’</b></p>
<p><b>သောဟံ</b>၊ ထိုငါသည်။ <b>နူန</b>၊ ဧကန်စင်စစ်။ <b>ဣတော</b>၊ ဤငရဲမှ။ <b>ဂန္တွာ</b>၊ ကျွတ်လွတ်ထွက်မြောက်၍ သွားခဲ့ရသည်ရှိသော်။ <b>မာနုသိံ</b>၊ လူ၌ဖြစ်သော။ <b>ယောနိံ</b>၊ ပဋိသန္ဓေကို။ <b>လဒ္ဓါန</b>၊ ရရှိခဲ့သည်ရှိသော်။ <b>ဝဒညူ</b>၊ ဆိုဆုံးမလွယ်ကူသော ပုဂ္ဂိုလ်မျိုးသည်။ <b>သီလသမ္ပန္နော</b>၊ သီလနှင့် ပြည့်စုံသော ပုဂ္ဂိုလ်မျိုးသည်။ ဟုတွာ = ဖြစ်ရ၍။ <b>ဗဟုံ</b>၊ များစွာသော။ <b>ကုသလံ</b>၊ ကောင်းမှုကုသိုလ်ကို။ <b>ကာဟာမိ</b>၊ ပြုချင်ပါလိမ့်တကား။</p>
<p>သိပ်ပြုချင်တယ်နော်။ ဒီငရဲကနေ ကျွတ်သွားရင် ငါလူ့ဘဝ ပဋိသန္ဓေ တည်နေရမယ်ဆိုရင် သိပ်ကောင်းမယ်။ လူ့ဘဝ ပဋိသန္ဓေတည်ရတဲ့ အချိန်ခါမှာ ပြောဆိုဆုံးမရ လွယ်ကူတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်ရလျှင်လည်း သိပ်ကောင်းမယ်။ ပြောဆိုဆုံးမလို့ လွယ်ကူတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်ပြီး သီလနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ရလျှင် သိပ်ကောင်းမယ်။ ကောင်းမှုကုသိုလ်တွေကို အများကြီး ငါသိပ်ပြီးတော့ ပြုချင်ပါတယ်လို့ ဒီလို သူက ပြောချင်တယ်။ ဒီတော့ ဒကာကြီးတွေ နည်းနည်း စဉ်းစားကြည့်ပါ။ ခုလို လူ့ဘဝရစဉ် အချိန်ခါတုန်းကတော့ ပြောဆိုဆုံးမတဲ့ စကားတွေကို နာယူလိုတဲ့ စိတ်ထားမရှိဘူး။ သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တွေကို လက်တွေ့ ဖြည့်ကျင့်လိုတဲ့ စိတ်ထားမရှိဘူး။ အာရုံငါးပါး ကမဂုဏ်တရားလို့ ခေါ်ဆိုအပ်တဲ့ သို့မဟုတ် အာရုံငါးပါး ကာမဂုဏ်တရားတွေအပေါ် တွယ်တာတပ်မက်နေတဲ့ ရာဂတွေကို မွေးမြူပြီးတော့ <b>နန္ဒီရာဂ</b>ခေါ်တဲ့ ဒီရေထဲမှာပဲ နစ်မြုပ်ပြီးတော့ ဘဝကို အဆုံးသတ်သွားတယ်။ အဲဒီလို အဆုံးသတ်မိလို့ ခုလို ငရဲရောက်တဲ့ အချိန်ခါကျတော့မှ တို့ကောင်းမှုကုသိုလ် ပြုချင်လိုက်ပါဘိလို့ လှမ်းပြီး အော်နေသော်လည်း အကျိုးရှိဦးမလား? မရှိတော့ဘူး။ ဒါ ဒကာကြီးတွေ စဉ်းစားကြနော်။</p>
<p>ဟာ ... ဒီ ဒု-သ-န-သောဆိုတဲ့ ပုဂ္ဂိုလ်တွေက သူတစ်ပါး သားမယားတွေကို ဖျက်ဆီးတဲ့ ဒီအကုသိုလ်ကံတွေကြောင့် ငရဲရောက်သွားတာပဲ။ တပည့်တော်တို့က ဒီလို ဖျက်ဆီးတဲ့ပုဂ္ဂိုလ်တွေမှ မဟုတ်တာဘဲလို့ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ နည်းနည်း ဆင်ခြင်မပေးကြနဲ့။ ဆင်ခြေပေးမယ် ဆိုလို့ရှိရင် နောက်သုတ္တန်လေးတစ်ခု ရှိတယ်။ <b>အာဒိတ္တပရိယာယ သုတ္တန်</b>ဆိုတဲ့ သုတ္တန်လေးတစ်ခုပါနော်။</p>
<p>ဦးပဉ္ဇင်းတို့ ဒီ<b>နန္ဒီရာဂ</b>က မိမိ၏ သားမယားအပေါ်မှာ တွယ်တာတပ်မက်တာလည်း <b>နန္ဒီရာဂ</b>ပဲ၊ မိမိရဲ့ ပစ္စည်းဥစ္စာတွေအပေါ်မှာ တွယ်တာတပ်မက်တာလည်း <b>နန္ဒီရာဂ</b>ပဲ၊ သူတစ်ပါးရဲ့ သားမယားတွေ, သူတစ်ပါးရဲ့ ဥစ္စာတွေအပေါ်မှာ တွယ်တာတပ်မက်တာလည်း <b>နန္ဒီရာဂ</b>ပဲ။ တွယ်တာတပ်မက်ပုံ အချင်းအရာချင်း မတူပေမဲ့လို့ <b>နန္ဒီရာဂ</b>ဆိုတဲ့ သဘောတရား စွမ်းအင်ချင်းကတော့ အတူတူပဲ။ အတူတူ ဖြစ်တယ်ဆိုတာကို အဲဒီ သုတ္တန်လေးမှာ ဘုရားဟောထားတယ်။</p>
<p><b>‘‘ဝရံ ဘိက္ခဝေ တတ္တာယ အယောသလာကာယ အာဒိတ္တာယ သမ္ပဇ္ဇလိတာယ သဇောတိဘူတာယ စက္ခုန္ဒြိယံ သမ္ပလိမဋ္ဌံ၊ န တွေဝ စက္ခုဝိညေယျေသု ရူပေသု အနုဗျဉ္ဇနသော နိမိတ္တဂ္ဂါဟော။’’</b></p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>တတ္တာယ</b>၊ လောလောပူသော။ <b>အာဒိတ္တာယ</b>၊ ရဲရဲငြီသော။ <b>သမ္ပဇ္ဇလိတာယ</b>၊ တပြောင်ပြောင်တောက်ပ၍နေသော။ <b>သဇောတိဘူတာယ</b>၊ မီးတောက်မီးလျှံနှင့်တကွဖြစ်သော။ <b>အယောသလာကာယ</b>၊ သံချောင်းဖြင့်။ <b>စက္ခုန္ဒြိယံ</b>၊ မျက်စိအကြည်ဓာတ် ‘စက္ခုန္ဒြေ’ ကို။ <b>သမ္ပလိမဋ္ဌံ</b>၊ ထိုးဖောက်လိုက်ခြင်းသည်။ <b>ဝရံ</b>၊ မြတ်သေး၏။ <b>န တွေဝ</b>၊ မမြတ်သည်သာလျှင်တည်း။ <b>စက္ခုဝိညေယျေသု</b>၊ စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော။ <b>ရူပေသု</b>၊ အဆင်းရူပါရုံ အမျိုးမျိုးတို့အပေါ်၌။ <b>အနုဗျဉ္ဇနသော</b>၊ လက်, ခြေစသော အသေးစိတ် ကိုယ်အမူအရာအားဖြင့်။ <b>နိမိတ္တဂ္ဂါဟော</b>၊ ယောက်ျား, မိန်းမ၊ လှ, မလှ စသော အမှတ်နိမိတ်ကို စွဲယူခြင်းသည်ကား။ <b>န တွေဝ ဝရံ</b>၊ မမြတ်သည်သာလျှင်တည်း။</p>
<p>ရဟန်းတို့ ... သင်ချစ်သား သင်ချစ်သမီးတို့ရဲ့ မျက်လုံးအစုံကို ပက်လက်လှန်ထားလိုက်နော်။ အဲဒီလို ပက်လက်လှန်ပြီးတော့ အိပ်နေတဲ့ ဒီမျက်လုံးအစုံကို အင်မတန် မီးရဲရဲတောက်ပြီး လောလောပူနေတဲ့ သံချောင်းကြီးနဲ့ ထုတ်ချင်းပေါက်သွားအောင် ဟိုဘက်ဒီဘက် ခေါင်းကို ပေါက်သွားအောင် ထိုးဖောက်လိုက်တာက မြတ်သေးတယ်၊ စက္ခုဝိညာဏ်ဖြင့် သိမြင်အပ်တဲ့ ရူပါရုံ အမျိုးမျိုးတို့အပေါ်၌ အနုဗျဇ္ဇနဂ္ဂါဟ နိမိတ္တဂ္ဂါဟလို့ ခေါ်ဆိုအပ်တဲ့ စွဲယူနည်း နှစ်နည်းဖြင့် စွဲယူခြင်းဟာ ဘယ်တော့မှ မမြတ်ဘူးတဲ့။ <b>အနုဗျဇ္ဇနဂ္ဂါဟ</b> နိမိတ္တဂ္ဂါဟဆိုတာက ဒါက မျက်လုံးပဲ, ဒါက မျက်ခုံးပဲ, ဒါက နှာခေါင်းပဲ, ဒါက ခေါင်းပဲ, ဒါက လက်ပဲ, ဒါက ခြေပဲ စသည်ဖြင့် ဒီလို စွဲယူတာကို <b>အနုဗျဇ္ဇနဂ္ဂါဟ</b>လို့ ခေါ်တယ်။</p>
<p>ဒါက ယောက်ျားပဲ, ဒါက မိန်းမပဲ, ဒါက လှတယ်, ဒါက မလှဘူး စသည်ဖြင့် ဒီလို စွဲယူတာကိုတော့ <b>နိမိတ္တဂ္ဂါဟ</b>လို့ ခေါ်တယ်။ အဲဒီလို အနုဗျဇ္ဇနဂ္ဂါဟ နိမိတ္တဂ္ဂါဟလို့ ခေါ်ဆိုအပ်တဲ့ စွဲယူနည်း နှစ်နည်းတို့တွင် ဘယ်နည်းနဲ့ပဲ စွဲယူစွဲယူ အဲဒီလို စွဲယူတာက မမြတ်ဘူး။ မျက်လုံးအစုံကို မီးရဲရဲတောက်နေတဲ့ သံချောင်းနဲ့ ထိုးဖောက်လိုက်တာက မြတ်သေးတယ်။ ဘာကြောင့်လဲ?</p>
<p><b>‘‘နိမိတ္တဿာဒဂထိတံ ဝါ ဘိက္ခဝေ ဝိညာဏံ တိဋ္ဌမာနံ တိဋ္ဌေယျ, အနုဗျဉ္ဇနဿာဒဂထိတံ ဝါ။’’</b></p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>နိမိတ္တဿာဒဂထိတံ ဝါ</b>၊ ယောက်ျားမိန်းမ၊ လှ, မလှ စသော အမှတ်နိမိတ်၌ သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသည်မူလည်းဖြစ်သော။ <b>ဝိညာဏံ</b>၊ နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေ အကျိုးကို ပေးခြင်းငှာ စွမ်းနိုင်သော ကာမဝိညာဏ်ဟု ခေါ်ဆိုအပ်သော စိတ်အစဉ်သည်။ <b>တိဋ္ဌမာနံ တိဋ္ဌေယျ</b>၊ ဖြစ်ပေါ်တည်နေလေရာ၏။ <b>အနုဗျဉ္ဇနဿာဒဂထိတံ ဝါ</b>၊ လက်ခြေ သဏ္ဌာန် ပြုံးဟန် ရယ်ဟန် စသော အမှတ် နိမိတ်ငယ်၌ သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသည်မူလည်းဖြစ်သော။ <b>ဝိညာဏံ</b>၊ နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးခြင်းငှာ စွမ်းနိုင်သော ကာမဝိညာဏ်ဟု ခေါ်ဆိုအပ်သော စိတ်အစဉ်သည်။ <b>တိဋ္ဌမာနံ တိဋ္ဌေယျ</b>၊ ဖြစ်ပေါ်တည်နေလေရာ၏၊</p>
<p>ဒါက ယောက်ျား, ဒါက မိန်းမ, ဒါက သား, ဒါက သမီး, ဒါက အဖိုးကြီး, ဒါက အဖွားကြီး စသည်ဖြင့် ဒီလို စွဲယူလိုက်တယ်။ အဲဒီလို စွဲယူလိုက်တယ်ဆိုရင် ဒီယောက်ျား, မိန်းမ, သား, သမီးစတဲ့ ဒီပုဂ္ဂိုလ်တွေအပေါ်မှာ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်သော်လည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ဒါက မျက်လုံးပဲ, ဒါက မျက်ခုံးပဲ စသည်ဖြင့် ဒီလို စွဲယူခဲ့မယ် ဆိုလို့ရှိရင် ထိုမျက်လုံး, မျက်ခုံးစတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုခုအပေါ်မှာ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်သော်လည်း ဖြစ်ချင်ဖြစ်နေမယ်။ အဲဒီလို ဖြစ်နေခဲ့ရင် ဒီစိတ်အစဉ်က နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးခြင်းငှာ စွမ်းနိုင်တဲ့ <b>ကာမဝိညာဏ်</b>လို့ ခေါ်ဆိုအပ်တဲ့ စိတ်အစဉ်ပဲနော်။ အဲဒီ <b>ကာမဝိညာဏ်</b>ခေါ်တဲ့ စိတ်အစဉ် ဖြစ်ပေါ်တည်နေခဲ့မယ်ဆိုရင် ဘာဖြစ်လဲ?</p>
<p><b>‘‘တသ္မိဉ္စေ သမယေ ကာလံ ကရေယျ၊ ဌာနမေတံ ဝိဇ္ဇတိ, ယံ ဒွိန္နံ ဂတီနံ အညတရံ ဂတိံ ဂစ္ဆေယျ -- နိရယံ ဝါ တိရစ္ဆာနယောနိံ ဝါ။’’</b></p>
<p><b>တသ္မိံ သမယေ</b>၊ ထိုကဲ့သို့သော နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသည့် ထိုအချိန်ခါမျိုး၌။ <b>စေ ကာလံ ကရေယျ</b>၊ အကယ်၍ သေသွားငြားအံ့။ ဧဝံ သတိ = ဤသို့ သေသွားခဲ့သည်ရှိသော်။ <b>နိရယံ ဝါ</b>၊ ငရဲသို့မူလည်းကောင်း။ <b>တိရစ္ဆာနယောနိံ ဝါ</b>၊ တိရစ္ဆာန်မျိုး၌မူလည်းကောင်း။ <b>ဒွိန္နံ ဂတီနံ</b>၊ နှစ်မျိုးသော ဂတိတို့တွင်။ <b>ယံ အညတရံ ဂတိံ</b>၊ အကြင် တစ်ပါးပါးသော ဂတိသို့။ <b>ဂစ္ဆေယျ</b>၊ ရောက်လေရာ၏။ <b>ဧတံ ဌာနံ</b>၊ ဤငရဲ တိရစ္ဆာန်ဟု ခေါ်ဆိုအပ်သော နှစ်မျိုးသော ဂတိတို့တွင် တစ်မျိုးမျိုးသော ဂတိသို့ လားရောက်ရန် ဤအကြောင်းရာမျိုးသည်။ <b>ဝိဇ္ဇတိ</b>၊ ထင်ရှားဧကန် ရှိသည်အမှန်သာလျှင်တည်း။</p>
<p>ငရဲနှင့် တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝကို ရောက်မယ်ဆိုတဲ့ ဒီအကြောင်းတရားက ထင်ရှားရှိနေတယ်။ ဘယ်အချိန်ခါလဲ? နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ ထိုအချိန်ခါမှာ ဗြုန်းကနဲ သေသွားခဲ့မယ်ဆိုရင် မရဏသန္နဇောက နှစ်သက်သာယာမှု ရာဂ ဦးဆောင်နေတဲ့ လောဘဇောတွေ ဖြစ်ခဲ့မယ်ဆိုရင် ငရဲနှင့် တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝကို ရောက်မယ်ဆိုတဲ့ ဒီအကြောင်းတရားသည် ထင်ရှားဧကန် ရှိနေတယ်။ ဒါကြောင့် သင်ချစ်သားတို့ သင်ချစ်သမီးတို့ရဲ့ မျက်လုံးအစုံကို မီးဟုန်းဟုန်းတောက်နေတဲ့ သံချောင်းကြီးနဲ့ ထိုးဖောက်လိုက်တာက မြတ်သေးတယ်။ ဒါက ယောက်ျားပဲ, ဒါက မိန်းမပဲ, ဒါက သားပဲ, ဒါက သမီးပဲ ဒီလို စွဲယူတာဟာ မမြတ်ဘူး။ မျက်လုံးပဲ, မျက်ခုံးပဲ စသည်ဖြင့် ဒီလို ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုကို လှမ်းပြီး စွဲယူလိုက်တာကလည်း မမြတ်ပါဘူးလို့ ဒီလို ဟောထားတယ်။</p>
<p>ဒီလိုဆိုရင် အဲဒီမှာ သူတစ်ပါးရဲ့ သားမယားတွေကို ဖျက်ဆီးနေတဲ့ သဘောတရားတွေပါလား? မပါဘူးနော်။ ဒါကြောင့် သူတစ်ပါး သားမယားကို ဖျက်ဆီးသည်ဖြစ်စေ၊ မိမိ သားမယားအပေါ်မှာပဲ တွယ်တာတပ်မက်မှု ဖြစ်သည်ဖြစ်စေ၊ ဒီ<b>နန္ဒီရာဂ</b>ခေါ်တဲ့တရားသည် အပါယ်ကို ပစ်ချနိုင်တဲ့စွမ်းအား မရှိဘူးလား? ရှိနေတယ်။ ဒီလိုဆိုရင် ဒီနေ့ ဒကာကြီးတွေ ဒကာမကြီးတွေ နိဗ္ဗာန်ကို လိုချင်ကြတယ်ဆိုရင် ဘာလုပ်ရမလဲ? အဲဒါ <b>နန္ဒီရာဂ</b>ဆိုတဲ့ ရေထဲမှာ နစ်မြုပ်ပြီး နေရမလား? မနေရဘူး။ ဒီရေထဲကနေ လွတ်သွားအောင် ကြိုးစားဖို့ မလိုဘူးလား? လိုအပ်တယ်။ နောက်တစ်ခု -</p>
<p><b>‘‘ထလေ ဥဿာဒေါ’တိ ခေါ, ဘိက္ခု, အသ္မိမာနဿေတံ အဓိဝစနံ။’’</b></p>
<p>သောင်ပေါ်မှာ တင်နေတယ်ဆိုတာက ဘာပြောတာလဲ? <b>အသ္မိမာန</b>၊ ငါငါလို့ ထောင်လွှားနေတဲ့ မာန်မာနတရားကို ပြောတာနော်။ ငါငါလို့ ထောင်လွှားနေတဲ့ ဒီမာန်မာနတရား ထင်ရှားရှိနေခဲ့ရင်လည်း ဒီမာန်မာနတရားက ဘယ်ကို ပို့ဆောင်နိုင်တဲ့ စွမ်းအားရှိလဲ?</p>
<p>ငါငါတက်ကြွ မာန်မာနနှင့် လောဘ ဒေါသ အစဖြာသား မိုက်မာလှစွာ အဓမ္မကို ဝေးကမလာ ကင်းရှင်းကွာအောင် ခါခါမပွား အပျင်းများမူ လေးပါးပါယ်ရွာ နင့်အိမ်သာဟု စိတ်မှာစွဲkပ် သတိချပ်လော့</p>
<p><b>လယ်တီဆရာတော်ဘုရား</b> ဆုံးမထားတယ်။ ငါငါလို့ ထောင်လွှားနေတဲ့ ဒီမာန်မာနတရားကလည်း ဘယ်ကို ပစ်ချနိုင်တဲ့ စွမ်းအားရှိလဲ? အပါယ်လေးဘုံကို ပစ်ချနိုင်တဲ့ စွမ်းအားရှိတယ်။ “ငါလိုပုဂ္ဂိုလ်မျိုး လောက ရှိရိုးလားနော်” ။ ရဟန်းဖြစ်မယ် ဆိုလို့ရှိရင်ပေါ့နော် - ရဟန်းဖြစ်မယ် ဆိုလို့ရှိရင် သူများ ပံ့သကူဓူတင် ဆောင်တယ်ဆိုရင် ငါလည်း ပံ့သကူဓူတင်ဆောင်တယ်, သူများ အရညကင်ဓူတင် ဆောင်တယ်ဆိုရင် ငါလည်း အရညကင်ဓူတင် ဆောင်လိုက်တာပဲနော်။ အဲ သူများကနေပြီးတော့ ပိဏ္ဍပတ်ဓူတင် ဆောင်တယ်ဆိုရင် ငါလည်း ပိဏ္ဍပတ်ဓူတင် ဆောင်တာပဲ။ သူတစ်ပါးက ဆေးကုတယ်ဆိုရင် ကိုယ်လည်း ဆေးကုလိုက်တယ်။ သူတစ်ပါးက ဗေဒင်ဟောတယ်ဆိုရင် ကိုယ်လည်း ဗေဒင်ဟောလိုက်တာပဲ။ နောက်တစ်ခု ဘာလုပ်သေးလဲ? သူများက ချဲပေးတယ်ဆိုရင် ကိုယ်လည်း ချဲပေးတာပဲ။ ဟုတ်တယ်မဟုတ်လား? နေရာတကာမှာ သူက ဝင်ပြီး ယှဉ်ပြိုင်တယ်။ သူများ မုသားပြောရင်လည်း ကိုယ်လည်း ဝင်ပြီးတော့ မုသားပြောလိုက်တာပဲ။ အပြောက ခပ်ကောင်းကောင်း သူများက သူများအကြောင်းတွေ မတရားလာပြီး ကုန်းချောပြီး ပြောရင်၊ ကိုယ်ကလည်း သူများအကြောင်း ပိုပြီးလို့တောင် ပြောလိုက်သေးတယ်။ ပြောလိုက်တဲ့ အချိန်ခါကျတော့ ဘာဖြစ်လာလဲ?</p>
<p>ဘေးကနေ ကြည့်နေတဲ့ပုဂ္ဂိုလ်က ဒီပုဂ္ဂိုလ်ကြည့်ပြီးတော့ “ဩော် ... ဒီပုဂ္ဂိုလ်မှာ အတွင်းမှာ သီလရှိမှ ရှိပါ့မလား” လို့ သံသယဖြစ်လောက်တဲ့ သဘော မရှိဘူးလား? ရှိတယ်။ ခုနက သောင်ပေါ်မှာ တင်နေတဲ့ သစ်တုံးကြီး တစ်ပိုင်း ကြည့်လိုက်ရင် ရေထဲမြုပ်နေတယ်, တစ်ပိုင်းကြည့်လိုက်တော့ အပေါ်က ပေါ်နေတယ်။ အဲဒီ ပေါ်နေတဲ့ သစ်တုံးက မိုးရွာလိုက် နေပူလိုက်၊ မိုးရွာလိုက် နေပူလိုက်ဆိုတော့ ဒီသစ်တုံးက ကြာတော့ ဘာဖြစ်လာလဲ? ရေညှိတွေ တက်ပြီးတော့ ရေညှိတွေ တက်လာတဲ့ အချိန်ခါကျတော့ ဒီသစ်တုံးကို မြင်ရတဲ့ ပုဂ္ဂိုလ်က ဒါကြီးက ဘာလဲ? စိတ်ထဲမှာ ဇဝေဇဝါ ဖြစ်မသွားဘူးလား? ဖြစ်သွားတယ်။ အဲဒီအတိုင်းပဲ။ မာနကြီးတဲ့ပုဂ္ဂိုလ်ဆိုတာ ဒီပုဂ္ဂိုလ်ကို လှမ်းပြီး ဘေးကတွေ့လိုက်ရင် ဒီပုဂ္ဂိုလ်ဟာ သီလ ရှိမှရှိပါ့မလားလို့ ဘေးက သံသယဖြစ်စရာတွေ ဝင်မလာဘူးလား? ဝင်လာတယ်။ မိမိကိုယ်ကိုတော့ မိမိ ကြည့်လိုက်ရင် ဟန်နေတာပဲ။</p>
<p>မာနက ဒကာကြီးတွေ ဒကာမကြီးတွေဘက်က ပြောရင်ပေါ့ - အိမ်ချင်း ပြိုင်တယ်၊ စိန်နားကပ်ချင်း ပြိုင်တယ်၊ ကားချင်း ပြိုင်တယ်၊ လင်ချင်း ပြိုင်တယ်၊ မယားချင်း ပြိုင်တယ်၊ သားချင်း ပြိုင်တယ်ပေါ့။ ဟုတ်တယ်မဟုတ်လား? အဲဒီလို ပြိုင်နေတာတွေဟာ တစ်ဖက်က ကြည့်လိုက်ရင်တော့ ဟန်သလိုလိုပဲ။ တစ်ဖက်ကတော့ ရာဂတည်းဟူသော မိုးတွေကလည်း တစ်ဖက်က စွတ်မနေဘူးလား? စွတ်နေတယ်။ တစ်ဖက်ကြည့်လိုက်တော့လည်း ထောင်ထောင်, ထောင်ထောင်နဲ့ နေလိုက်တဲ့အတွက် မာနတရားတွေက လွှမ်းမိုးနေတယ်။ အဲဒီလို မာနတရားတွေ လွှမ်းမိုးနေပြီ ဆိုလို့ရှိရင်လည်း ဒါကြည်းကုန်းထက် သောင်ပေါ်မှာ တင်နေပြီ။ အဲဒီလို သောင်ပေါ်တင်နေတဲ့ ပုဂ္ဂိုလ်တွေ နိဗ္ဗာန် ရမလား? မရနိုင်ဘူး။</p>
<p>ဒီလိုဆိုရင် ဒကာကြီးတွေ ဒကာမကြီးတွေ နိဗ္ဗာန်လိုချင်တယ် ဆိုရင် ဘာလုပ်ရမလဲ? သောင်ပေါ်မှာ တင်မနေနဲ့။ ဘာပြောတာလဲ? မာနမကြီးပါနဲ့လို့ ပြောတာ။ နှိမ်ချတဲ့ စိတ်ဓာတ်ကလေး ရှိဖို့ မလိုဘူးလား? လိုအပ်တယ်။ ဘာကို အကြောင်းပြုပြီး မာနတွေ ကြီးသလဲ? သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတွေကို အကြောင်းပြုပြီး မာနကြီးခဲ့တယ်ဆိုရင် ဘုန်းကြီးတို့ ဝိပဿနာနယ်ကတော့ ဘာလုပ်ရလဲ? ဒီသက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတွေကို ဖမ်းပြီး ဓာတ်လေးပါးစိုက်၊ သက်ရှိအရာဝတ္ထု ဖြစ်ခဲ့ရင် ရုပ်တရား နာမ်တရားတွေ သိမ်းဆည်းပြီးတော့ ဒီရုပ်နာမ်တွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုရတယ်။ သက်မဲ့ ရွှေငွေ အိုးအိမ် အစရှိတဲ့ သက်မဲ့ပစ္စည်း ဝတ္ထုအစုစု ဖြစ်ခဲ့ရင် ထိုသက်မဲ့ဝတ္ထုတွေကို ဖမ်းပြီး ဓာတ်လေးပါးစိုက်ကြည့်။ အားလုံး ကလာပ်အမှုန်လေးတွေပဲနော်။ ဒီအမှုန်လေးတွေကို ဓာတ်ခွဲလိုက်ရင် တစ်မှုန်တစ်မှုန်မှာ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာဆိုပြီး သဘောတရား ရှစ်ခုရှိတယ်။ ကလာပ်တစ်ခုမှာရှိတဲ့ တေဇောဓာတ်ကြောင့် နောက်ကလာပ်တွေ ဆင့်ကဲဆင့်ကဲ ထပ်ခါထပ်ခါ ဖြစ်နေတဲ့ ရုပ်တရား အစုအပုံတွေပဲ အဲဒီ ရုပ်တရား အစုအပုံတွေကို သိမ်းဆည်းပြီးတော့ ဒီရုပ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုရတယ်။ ရုပ်တရား နာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုတဲ့အပိုင်းမှာ <b>အနိစ္စနုပဿနာဉာဏ်</b>သည် မာနစွဲကို ဖြိုခွဲနိုင်တဲ့ စွမ်းအားရှိတယ်။ <b>ဒုက္ခနုပဿနာဉာဏ်</b>က ရာဂစွဲကို ဖြိုခွဲနိုင်တဲ့ စွမ်းအားရှိတယ်။ <b>အနတ္တနုပဿနာဉာဏ်</b>က အတ္တဒိဋ္ဌိစွဲကို ဖြိုခွဲနိုင်တဲ့ စွမ်းအားရှိတယ်။</p>
<p>ဒါကြောင့် ဦးပဉ္ဇင်းတို့ ရုပ်တရား နာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းသည် <b>နန္ဒီရာဂ</b>ခေါ်တဲ့ တဏှာကို တိုက်ဖျက်တဲ့ လုပ်ငန်းခွင်လည်း ဖြစ်တယ်။ အတ္တနိမာနလို့ခေါ်ဆိုအပ်တဲ့ ငါငါလို့ ထောင်လွှားတက်ကြွနေတဲ့ မာန်မာနတရားတွေကို ဖြိုခွဲနိုင်တဲ့ လက်နက်ကောင်းတစ်ခု ဖြစ်တယ်။ စွမ်းအားကြီးတစ်ခု ဖြစ်ပါတယ်နော်။ ဒါကြောင့် ရုပ်နာမ်တွေကို သိခြင်း, အကြောင်းတရား အကျိုးတရားတွေကို သိခြင်း, အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုခြင်းသည် ရေလည်ခေါင်မှာလည်း မမြုပ်ခြင်း၊ သောင်ပေါ်မှာလည်း မတင်ခြင်းဘဲ ဖြစ်တယ်။ နောက်တစ်ခု -</p>
<p><b>မနုဿဂ္ဂါဟ</b> - လူဆယ်တယ်တဲ့။ နံပါတ်လေးနော်။</p>
<p><b>‘‘ကတမော စ, ဘိက္ခု, မနုဿဂ္ဂါဟော? ဣဓ, ဘိက္ခု, ဂိဟီဟိ သံသဋ္ဌော ဝိဟရတိ, သဟနန္ဒီ သဟသောကီ, သုခိတေသု သုခိတော, ဒုက္ခိတေသု ဒုက္ခိတော, ဥပ္ပန္နေသု ကိစ္စကရဏီယေသု အတ္တနာ တေသု ယောဂံ အာပဇ္ဇတိ။’’</b></p>
<p><b>ဘိက္ခု</b>၊ ချစ်သားရဟန်းတို့ ...။ <b>မနုဿဂ္ဂါဟော</b>၊ ဆယ်ယူတတ်တဲ့ လူသားဟူသည်ကား (ဝါ) လူအဆယ်ခံရ၏ဟူသည်ကား။ <b>ကတမော</b>၊ အဘယ်နည်း။ <b>ဘိက္ခု</b>၊ ချတ်သားရဟန်း။ <b>ဣဓ</b>၊ ဤသာသနာတော်မြတ်အတွင်း၌။ <b>ဘိက္ခု</b>၊ ယောဂါဝစရရဟန်းတော်သည်။ <b>ဂိဟီဟိ</b>၊ လူ ဒကာ, ဒကာမတို့နှင့်။ <b>သံသဋ္ဌော</b>၊ ရောရောနှောနှော။ <b>ဝိဟရတိ</b>၊ နေထိုင်လေ့ရှိ၏။ <b>သဟနန္ဒီ</b>၊ လူဒကာ, ဒကာမတို့နှင့် အတူရော၍ နှစ်သက်ဝမ်းမြောက်ခြင်း ရှိသည်လည်းဖြစ်၏။ <b>သဟသောကီ</b>၊ လူဒကာ, ဒကာမတို့ သောကဖြစ်ခဲ့သော် မိမိလည်း အတူရော၍ သောက ဖြစ်တတ်သည်လည်းဖြစ်၏။ <b>သုခိတေသု</b>၊ လူဒကာ, ဒကာမတို့ စိတ်ချမ်းသာ, ကိုယ်ချမ်းသာခြင်းသို့ ရောက်ရှိလာသော်။ <b>သုခိတော</b>၊ မိမိလည်း အတူရော၍ ကိုယ်ချမ်းသာခြင်း, စိတ်ချမ်းသာခြင်း ရှိသည်ဖြစ်၏။ <b>ဒုက္ခိတေသု</b>၊ လူဒကာ, ဒကာမတို့သည် ကိုယ်စိတ်ဆင်းရဲခြင်းသဘော ရောက်ရှိ၍ နေကြကုန်သည်ရှိသော်။ <b>ဒုက္ခိတော</b>၊ မိမိလည်း အတူရော၍ ကိုယ်ဆင်းရဲခြင်း, စိတ်ဆင်းရဲခြင်းရှိသည်ဖြစ်၏။ <b>ဥပ္ပန္နေသု</b>၊ ဖြစ်ပေါ်လာလတ်ကုန်သည်ရှိသော်။ <b>ကိစ္စကရဏီယေသု</b>၊ ကိစ္စကြီးငယ် အသွယ်သွယ်တို့၌။ <b>အတ္တနာ</b>၊ ကိုယ်တိုင်။ <b>တေသု</b>၊ ထိုကိစ္စကြီးငယ် အသွယ်သွယ်တို့၌။ <b>ယောဂံ အာပဇ္ဇတိ</b>၊ ဝင်ရောက်၍ ကြိုးစားအားထုတ်ခြင်းသို့ ရောက်တတ်၏၊</p>
<p>လူဒကာ, ဒကာမနဲ့လည်း ရော၍ နေထိုင်တယ်။ လူဒကာ, ဒကာမတို့ ဝမ်းသာရင် ကိုယ်လည်း အတူရောပြီး ဝမ်းသာတယ်။ လူဒကာ, ဒကာမတွေက စိုးရိမ်ပူဆွေး ငိုကြွေးနေပြီဆိုရင် မိမိလည်း အတူရောပြီး စိုးရိမ်ပူဆွေး ငိုကြွေးတယ်။ လူဒကာ, ဒကာမတွေ စိတ်ဆင်းရဲ, ကိုယ်ဆင်းရဲ ရောက်နေရင် မိမိလည်း အတူရောပြီး စိတ်ဆင်းရဲ, ကိုယ်ဆင်းရဲ ရောက်နေတယ်။ လူဒကာ, ဒကာမတွေ စိတ်ချမ်းသာ, ကိုယ်ချမ်းသာ ဖြစ်နေခဲ့ရင်လည်း မိမိလည်း အတူရောပြီး စိတ်ချမ်းသာ, ကိုယ်ချမ်းသာ ဖြစ်တယ်။ လူဒကာ, ဒကာမတွေမှာ ကိစ္စကြီးငယ် အသွယ်သွယ်တွေ ဖြစ်ပေါ်လာပြီဆိုရင် ထိုကိစ္စကြီးငယ် အသွယ်သွယ်တွေကို မိမိကိုယ်တိုင် ဝင်ရောက်ပြီး ဆောင်ရွက်ပေးတတ်တယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးကို လူဆယ်ခံရတယ်လို့ ခေါ်တယ်။ ဒကာကြီးတွေ, ဒကာမကြီးတွေမှာလည်း အဲဒီလို ကိစ္စလေးတွေ မရှိကြဘူးလား? ရှိကြပါတယ်နော်။</p>
<p>သားတွေ, သမီးတွေ ဝမ်းသာရင် ကိုယ်လည်း အတူရောပြီး ဝမ်းသာတယ်၊ သားတွေ, သမီးတွေ စိုးရိမ်ပူဆွေး ငိုကြွေးနေပြီဆိုရင် ကိုယ်လည်း အတူရောပြီး စိုးရိမ်ပူဆွေး ငိုကြွေးတယ်၊ မဖြစ်ဘူးလား? ဖြစ်ကြတယ်။ သူတို့ ချမ်းသာရင် ကိုယ်လည်း ချမ်းသာတယ်၊ သူတို့ ဆင်းရဲရင် ကိုယ်လည်း အတူရောပြီး ဆင်းရဲကြတယ်။ သားကိစ္စ, သမီးကိစ္စ, မြေးကိစ္စဆိုရင် ကိုယ်တိုင် ဝင်ပြီး ရွက်ဆောင်ပေးရမှ ကျေနပ်တယ်။ အဲဒီလို ဖြစ်နေပြီဆိုရင်တော့ ဘာလုပ်တာလဲ? လူအဆယ်ခံရတာပဲ။ အဲဒီ လူဆယ်ခံနေရတဲ့ ပုဂ္ဂိုလ်တွေ နိဗ္ဗာန်ရောက်ပါ့မလား? မရောက်နိုင်ဘူး။</p>
<p>ထုံးလေးတစ်ခု ရှိပါတယ်နော်။ ခဏခဏတော့ ဟောဖူးပါတယ်။ နာဖူးထပ်မံပေါ့။ ဦးပဉ္ဇင်းတို့ ရဟန်းတော်တစ်ပါး သူက ရာဇဂြိုဟ်မြို့သားဖြစ်ပါတယ်။ ရာဇဂြိုဟ်မှာ ကုဋေလေးဆယ်လောက် ကြွယ်ဝချမ်းသာနေတဲ့ မိဘနှစ်ပါးတို့ရဲ့ တစ်ဦးတည်းသော သားဖြစ်တယ်။ ဘုရားရှင်ရဲ့ တရားတော်တွေကို နာကြားခွင့် ရတဲ့အချိန်ခါမှာ သဒ္ဒါတရား အပြည့်အဝနဲ့ သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာတယ်။ မိဘတွေကလည်း သဘောမတူပါဘူးနော်။ သဘောမတူပေမဲ့လို့ သဘောတူအောင် ဆန္ဒယူပြီးတော့ နောက်ဆုံး သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်း ပြုလာတယ်။ ရှင်ရဟန်းပြုပြီး မကြာခင် တစ်ဆယ့်ငါးရက်ခန့်လောက်အကြာ ဘုရားရှင် သာဝတ္ထိသို့ ကြွတော်မူတဲ့ အချိန်အခါ သာဝတ္ထိသို့ လိုက်ပါသွားပါတယ်။ မိဘတွေလည်း စိတ်မကောင်း ဖြစ်နေတယ်။</p>
<p>ဒီလို စိတ်မကောင်း ဖြစ်နေတာကို အမျိုးသမီးတစ်ဦးပေါ့ ပြည့်တန်ဆာမလို့ ရှေးတုန်းက ခေါ်ပါတယ်နော်။ အဲဒီ အမျိုးသမီးက သိတဲ့ အချိန်ခါကျတော့ ဒီမိဘတွေထံ သွားပြီးတော့ အကျိုးအကြောင်း တိုင်ပင်တယ်။ အကယ်၍များ ရှင်တို့ရဲ့သားသည် လူ့လောကကို တစ်ဖန် ပြန်လာခဲ့မယ်ဆိုရင် သူ့ကို ဘယ်လို စဉ်းစားမလဲဆိုတဲ့အကြောင်းပေါ့။ အဲဒီ အချိန်ခါမှာ သင့်ကို ချွေးမရာထူး ထားမယ်လို့ ပြောလိုက်တော့၊ ငွေတစ်ထောင် တောင်းပြီး သာဝတ္ထိကို သူကလည်း လိုက်သွားတယ်။ သာဝတ္ထိမှာ ဒီကိုယ်တော် ဘယ်လမ်းကနေ ဆွမ်းခံကြွသလဲ? ဒါကို သူက လိုက်ကြည့်တယ်။ ဆွမ်းခံကြွတဲ့လမ်းမှာ အကောင်းဆုံး အိမ်တစ်လုံးကို ငှားလိုက်တယ်။ အခြွေရံပရိသတ်တွေနဲ့ ကျကျနန နေပြီးတော့ သူက ဒီကိုယ်တော် ဆွမ်းခံလာတဲ့ အချိန်ခါမှာ ကျကျနန မွန်မြတ်တဲ့ ဒီကိုယ်တော် ကြိုက်တတ်တဲ့ အစားအစာတွေကို ချက်ပြီး လောင်းလှူလိုက်တယ်။ အပြည့်ပဲ။ ကျေနပ်သွားပြီနော်။ ကိုယ်တော်ကလည်း သူက နည်းနည်းလေး မလွေးရတာ ကြာပြီနဲ့ တူတယ်။ ဒီလို တွေ့လိုက်တဲ့ အချိန်ခါကျတော့ ဒီလမ်းကို သူက ဆွမ်းခံ မသွားဘဲ မနေနိုင်ဖြစ်နေတယ်။ အဲဒီလိုနေရာကနေ ရက်တော်တော် ကြာညောင်းလာတဲ့ အချိန်ခါကျတော့ ဘာလုပ်သလဲ?</p>
<p>အမျိုးသမီးကနေပြီးတော့ ဆွမ်းမမှီတဲ့ပုံ ဟန်ဆောင်ပြီးတော့ ဆင်းလာတယ်။ အရှင်ဘုရား ဒီနေ့အိမ်မှာ ခိုင်းထားတဲ့ပုဂ္ဂိုလ်တွေကလည်း ဘယ်လို ဘယ်လို ပေါ့လေနော်။ အကြောင်းအမျိုးမျိုး ပြပြီးတော့ ဆွမ်းက မမှီဖြစ်နေတယ်။ ခေတ္တ သည်းခံပြီးတော့ အိမ်ပေါ် ကြွတော်မူပါ။ ပင့်လိုက်တယ်။ မနေနိုင်ဘူးနော်။ မနေနိုင်တော့ ဒီကိုယ်တော်က အိမ်ပေါ် ကြွပြန်တယ်။ အိမ်ပေါ်ကြွပြီးတော့ တော်တော်လေး ရင်းနှီးလာပြီ။ ရင်းနှီးလာတော့ တစ်နေ့ကျတော့ ဘာလုပ်သလဲ? အမျိုးသမီးလေးက နေမကောင်းချင် ယောင်ဆောင်ပြီး အိပ်ခန်းထဲမှာ ဝင်နေလိုက်တယ်။ ကိုယ်တော်ကလည်း ကြွလာပြီး။ အိမ်ပေါ်မှာ ထိုင်နေပြီ။ ဆွမ်းလောင်းမဲ့ ဆွမ်းဒကာမကလည်း မရှိဘူး။ မရှိတော့ အိမ်မှာ စေခိုင်းထားတဲ့ အစေအပါးတွေက ဘာပြောလဲ? အရှင်ဘုရား ... အရှင်ဘုရားရဲ့ ဥပါသိကာမတော့ နေမကောင်း ဖြစ်နေပါတယ်။ အိပ်ခန်းထဲမှာ ဖျားနေပါတယ်။ အရှင်ဘုရားကို အင်မတန် ဖူးမြော်ကန်တော့ချင်နေပါတယ်။ ဒါကြောင့်မို့ အရှင်ဘုရား အိပ်ခန်းထဲ ကြွပါပေါ့။ ဘယ့်နှယ်တုန်း ဒကာစိုးဝင်း ခုနေများ အဲဒီလို ပင့်မယ်ဆိုရင် ဘယ်နဲ့ နေမလဲ? အဲဒါ ကိုယ်တော်ကလည်း မနေနိုင်ဘူး။ ကြွပြန်တယ်။ ခက်ပုံကနော်။ ကြွပြန်တော့ အဲဒီမှာ အမျိုးသမီးတို့ရဲ့ နည်းပရိယာယ်နဲ့ ဆွဲဆောင်လိုက်တာ ဘာဖြစ်သွားလဲ? လူဝတ်လဲပြီးတော့ ရာဇဂြိုဟ် ပြန်ပါသွားတဲ့ အဆင့်အထိ ရောက်သွားတယ်နော်။ ရောက်သွားတဲ့ အချိန်ခါကျတော့ ဒါက လူဆယ်ခံရတာ သူနိဗ္ဗာန် ရဦးမလား? မရဘူး။ ဒါပေမဲ့ ဒီအကြောင်းက မဆုံးဖြစ်နေတယ်။ မဆုံးဖြစ်တာက ဒီလိုပါ။</p>
<p>ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရဟန်းပရိသတ်ထဲမှာ အချီအချစကား ဖြစ်လာတော့ မြတ်စွာဘုရားကို လျှောက်ထားတော့ မြတ်စွာဘုရားက သူ့ရဲ့ အတိတ်ဇာတ်ကြောင်းလေး ဟောပေးတယ်။ အဲဒီ အတိတ်ဇာတ်ကြောင်းက ဦးပဉ္ဇင်း စိတ်ဝင်စားတဲ့ အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီရဟန်းတော်က ဒီဘဝမှာတွင် ဒီလို <b>ရသတဏှာ</b>ရဲ့ အလိုဆန္ဒကို လိုက်လျောမိတဲ့အတွက် ဒီလို ဒုက္ခရောက်တာ မဟုတ်သေးဘူး။ နောက် အတိတ်ဘဝ တစ်ခုတုန်းကလည်း ဒီလိုပဲ ရသတဏှာကို အကြောင်းခံပြီး ဒုက္ခရောက်ခဲ့ဖူးတယ် ဆိုတဲ့အကြောင်း မြတ်စွာဘုရား ပြန်ဟောပြတယ်။ ဘဝတစ်ခုမှာပေါ့ - အမျိုးသမီးက သူက ဥယျာဉ်မှူး ဖြစ်တယ်။ ဒီကိုယ်တော်လေးက သမင်တစ်ကောင် ဖြစ်နေတယ်။ သမင်က ဘာသမင်လဲလို့မေးတော့ ဝါသမိဂခေါ်တဲ့ <b>လေသမင်</b>တစ်ကောင်ပါပဲ။ လေသမင်ဆိုတာကတော့ လေကဲ့သို့ လျင်မြန်တဲ့ အဟုန်နဲ့ ပြေးသွားနိုင်တဲ့ စွမ်းအားရှိတဲ့ သမင်တစ်မျိုးပဲ။ အဲဒီ သမင်တို့ရဲ့ ဓမ္မတာက လူကို တစ်ခါမြင်ဖူးတဲ့နေရာ မှန်ခဲ့ရင် ခုနစ်ရက် နောက်ထပ် ဒီနေရာ ဘယ်တော့မှ မလာဘူး။ အကယ်၍ ကြောက်လန့်ပြီးတော့ ဒီနေရာက ပြေးခဲ့ဖူးတယ်ဆိုရင် အဲဒီနေရာမျိုးကို နောက်ထပ် တစ်သက် ဘယ်တော့မှ မလာဘူး။ အဲဒီလောက် လူနဲ့ ဝေးဝေးကွာကွာ ရှောင်ရှားပြီးနေတဲ့ သမင်မျိုးပဲ။ ဒါပေမဲ့ ဒီသမင်က တစ်နေ့ ဘာဖြစ်လာလဲ?</p>
<p>အဲဒီ ဗာရာဏသီမင်းဥယျာဉ်မှာရှိတဲ့ မြက်ကလေးတွေကို လာပြီး စားတယ်။ စားလိုက်တာကို ဥယျာဉ်မှူးကလည်း သတိ အမှတ်ထားလိုက်တယ်။ အမှတ်ထားလိုက်တော့ ရှင်ဘုရင်ကလည်း ဥယျာဉ်မှူးကို မေးတယ်။ ဥယျာဉ်မှူး ဥယျာဉ်ထဲမှာ ဘာများ ထူးထွေဆန်းပြားတဲ့ သတင်းစကားတွေ ရှိသလဲ? အရှင်မင်းကြီး တစ်ခြား ထူးထူးထွေထွေ အကြောင်းအရာတော့ မရှိပါဘူး။ ဒါပေမဲ့ သမင်တစ်ကောင်တော့ ဒီဥယျာဉ်အတွင်းမှာလာပြီး ကျက်စားနေတာကို ခဏခဏ တွေ့နေရတယ်။ ဒီလိုဆိုရင် ဒီသမင်ကို သင် ဖမ်းနိုင်တဲ့စွမ်းအား ရှိလား? မေးကြည့်တယ်။ မေးကြည့်လိုက်တဲ့ အချိန်ခါကျတော့မှ ဥယျာဉ်မှူးက ဘာပြန်ပြီး သံတော်ဦးတင်သလဲ? အရှင်မင်းကြီး ပျားရည်များ ရခဲ့မယ် ဆိုလို့ရှိရင်တော့ အကျွန်တော်မျိုး ဒီသမင်ကို ဖမ်းနိုင်တဲ့ စွမ်းအား ရှိနိုင်ပါလိမ့်မယ်။ ပြန်လျှောက်ထားတယ်။ ကဲ ပျားရည် အလိုရှိသလောက်ယူစေ အမိန့်ချလိုက်တယ်နော်။</p>
<p>ပျားရည်တွေ ယူသွားပြီးတဲ့ အချိန်ခါကျတော့ ဒီဥယျာဉ်မှူး ဘာလုပ်သလဲ? ဒီသမင်လေး လာပြီး ကျက်စားနေကျ နေရာမှာရှိတဲ့ မြက်တွေကို သွားပြီး ပျားရည်လူးပေးလိုက်တယ်။ <b>ပျားလူးမြက်</b>ကို စားလိုက်ရတဲ့ အချိန်ခါမှာ ဒီသမင်ဟာ ဒီနေရာ မလာဘဲ မနေနိုင်တဲ့သဘော ဖြစ်သွားပြီး။ ပျားလူးမြက်ကို သိပ်စွဲသွားတယ်နော်။ စွဲသွားတဲ့ အခါကျတော့ နောက်ဆုံး တဖြည်းဖြည်း ဥယျာဉ်မှူးက ဘာလုပ်သလဲ? ကောင်းပေ့ဆိုတဲ့ မြက်လေးတွေကို ရိတ်ရိတ်ပြီးတဲ့အခါ ဒီမြက်လေးတွေကို ပျားရည်နဲ့ လူးပြီးတော့ အဲဒီ မြက်လေးတွေကို သမင်လေးကို သွားသွားပြီး ကျွေးတယ်။ တဖြည်းဖြည်း သမင်က ယဉ်ပါးလာလိုက်တာ နောက်ဆုံး လက်ပေါ်တင်ထားတဲ့ မြက်ကိုတောင် လာပြီးတော့ စားတယ်။ စားလိုက်တဲ့ အချိန်ခါကျတော့ တစ်နေ့ သူ ဘာလုပ်သလဲ?</p>
<p>ဥယျာဉ်တော်ကနေ နန်းတော်အထိ ဘေးပတ်ပတ်လည်မှာ လမ်းဘေး တစ်ဖက်တစ်ချက်ပေါ့နော်။ လမ်းဘေး တစ်ဖက်တစ်ချက်မှာ အကာအရံတွေ အားလုံးကာပြီး အပေါ်က သစ်ခက်တွေ မိုးတောရိပ်အသွင် ဖန်ဆင်းပြီးတော့ လက်ထဲမှာ ပျားလူးမြက်ကလေးတွေ ကိုင်ပြီးတော့ ဒီသမင်ကို တဖြည်းဖြည်း ခေါ်သွားလိုက်တာ၊ နောက်ဆုံး နန်းတွင်းရောက်။ နန်းတွင်းလည်းရောက်ရော အဲဒီမှာ မင်းတုပ်တံခါးတွေ ချပြီးတော့ ဒီသမင်ကို ဖမ်းလိုက်တာ မိသွားခဲ့ဖူးတယ်။ ရှေးတုန်းက ဒီလို ရသတဏှာကို အကြောင်းပြုပြီးတော့ ဒီသမင် အဖမ်းခံခဲ့ရဖူးတယ်။ အခုလည်း ဒီအတိုင်းပဲ။ ဒီရဟန်းတော်က ဒီရဟန်းဘဝ ရောက်ရှိလာတဲ့ အချိန်ခါမှာလည်း ဒီရသတဏှာကို အကြောင်းပြုပြီးတော့ ဒီဥယျာဉ်မှူးရဲ့အဖမ်းကို မခံသွားရဘူးလား? ခံသွားရတယ်။</p>
<p>ကဲ ... ဒကာကြီးတွေ အဲဒီစကား နည်းနည်းလေး ပြန်စဉ်းစားကြည့်စမ်း! ဒကာကြီးတွေလည်း ပျားလူးမြက် ကျွေးမဲ့ပုဂ္ဂိုလ် မရှိဘူးလား? အဲဒီလိုသာဆိုရင်တော့ ဒကာကြီးတွေ ခက်ပြီထင်တယ်နော်။ ဒီပျားလူးမြက် တစ်ခါစားမိလို့ ဒီလိုသာ စွဲပြီးတော့ နေကြမယ် ဆိုလို့ရှိရင် ဒီနိဗ္ဗာန် ရဦးမလား? မရနိုင်ဘူး။ ဒါကြောင့် သူက ဒီပျားလူးမြက်က တော်တော်လေး ခက်တယ်။ ခက်တာက ဘယ်လောက်ထိ ခက်သလဲလို့ မေးရင်ပေါ့။</p>
<p>ဦးပဉ္ဇင်းတို့ ရဟန်းတော်အပါး သုံးဆယ်လောက် ဆိုကြစို့။ ရဟန်းတော် အပါးသုံးဆယ်လောက်က တစ်ချိန် ကလျာဏီမှာ မဟာစေတီတော်ကို ဖူးမြော်အပြီး တောလမ်းခရီးတစ်ခုကို ကြွပြီးလာတော်မူကြပါတယ်။ ရဟန်းတော် သုံးဆယ်ရဲ့ နောက်စွယ်မှာ ရှင်သာမဏေငယ်လေးတွေလည်း ပါလာကြတယ်။ အဲဒီလို တောလမ်းခရီးတစ်ခုကို လာလိုက်တဲ့ အချိန်ခါကျတော့ တောင်ယာတစ်ခုကို မီးလောင်ထားတဲ့အတွက် အဲဒီ တောင်ယာကွက်ထဲမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ဦးက မိမိတောင်ယာထဲမှ လောင်ထားတဲ့ သစ်ပိုင်းတွေပေါ့။ မီးတစ်ပိုင်းတစ်စ လောင်ထားတဲ့ သစ်သားတွေ လိုက်စုဆောင်းတယ်။ စုဆောင်းပြီးတော့ သူက ထမ်းလာတယ်။ အဲဒီတော့ ဒီသစ်သားတွေကို စုဆောင်းစဉ် အချိန်ခါမှာလည်း မီးလောင်ထားတဲ့ တောင်ယာလယ်ထဲမှာ ရှိနေတဲ့ လုပ်ငန်းခွင်ကို တစ်နေ့လုံး ဆင်းသက်နေရတဲ့အတွက် သူ့ကိုယ်မှာလည်း မီးသွေးတွေ အားလုံး လိမ်းနေတော့ အသားတွေက အားလုံးမဲတယ်။ ဝတ်ထားတဲ့ အဝတ်အစားတွေလည်း မီးသွေးတွေ ပေကျံနေတဲ့အတွက် အကုန်လုံး မဲနေတယ်။ ထမ်းလာတဲ့ ထင်းတွေကလည်း တစ်ပိုင်းတစ်စ မီးလောင်ထားတဲ့အတွက် အားလုံး မဲနေတယ်။</p>
<p>မဲနေတော့ ထမ်းလာတဲ့ တစ်ပိုင်းတစ်စ လောင်ကျွမ်းထားတဲ့ ထင်းရယ်, မိမိရဲ့ အသားရောင်ရယ်, မိမိ ဝတ်ထားတဲ့ အဝတ်အစားအရောင်ရယ်။ ဒီသုံးခု ခြုံပြီး ကြည့်လိုက်ရင် တစ်ရောင်ထဲ ဖြစ်နေတယ်။ အဲဒီ တစ်ရောင်ထဲ ဖြစ်နေတာကို လမ်းခုလတ် တစ်နေရာမှာ ရဟန်း သုံးဆယ်နဲ့ သွားဆုံလိုက်တော့ နောက်ကပါလာတဲ့ ကိုရင်ငယ်လေးတွေက ဘာလုပ်ကြလဲ? တစ်ပါးနဲ့တစ်ပါး ဟိုမှာ မင်းအဖေ လာပြီ၊ ဟိုမှာ မင်းအဖိုး လာပြီ၊ ဟိုမှာ မင်းဦးကြီးလာပြီ စသည်ဖြင့် တစ်ပါးနဲ့တစ်ပါး စကြတယ်။ အဲဒီလို စ,စပြီး ပြောရင်းမတ်တပ်ကနေ ဒီထမ်းလာတဲ့ လူနားကပ်ပြီးတော့ ဒကာကြီးနာမည် ဘယ်လိုခေါ်သလဲလို့ မေးကြတယ်။ အဲဒီလို မေးလိုက်တဲ့ အချိန်ခါကျတော့မှ ဒီဒကာကြီးက စိတ်နည်းနည်း မကောင်းဖြစ်သွားတယ်။ စိတ်မကောင်းဖြစ်ပြီးတော့ သူထမ်းလာတဲ့ ထင်းတွေ ခဏချပြီးတော့ မထေရ်ကြီးတွေ ရှိခိုးပြီး အရှင်ဘုရားတို့ ခေတ္တ ဆိုင်းငံ့တော်မူပါဆိုပြီး လျှောက်ထားတယ်။ လျှောက်ထားပြီးတဲ့ အချိန်ခါကျတော့မှ ဒီကြွလာတဲ့ ရဟန်း သုံးဆယ်နဲ့တကွ နောက်ပါ ရှင်သာမဏေတွေက သူက ဘာလျှောက်ထားလဲ?</p>
<p>‘‘<b>ဘန္တေ, တုမှေ မံ ပဿိတွာ ပရိဟသထ</b>’’</p>
<p><b>ဘန္တေ</b>၊ အရှင်ဘုရားတို့ ...။ <b>တုမှေ</b>၊ အရှင်ဘုရားတို့သည်။ <b>မံ</b>၊ ဘုရားတပည့်တော်ကို။ <b>ပဿိတွာ</b>၊ တွေ့မြင်ရသည်ဖြစ်၍။ <b>ပရိဟသထ</b>၊ ပျက်ရယ်ပြုကြပါကုန်သည်။</p>
<p>အရှင်ဘုရားတို့သည် တပည့်တော်ကို မြင်ရတော့ အရှင်ဘုရားတို့က ပျက်ရယ်ပြုကြတယ်နော်။</p>
<p>‘‘<b>ဧတ္တကေနေဝ မတ္ထကံ ပတ္တမှာတိ မာ သလ္လက္ခေထ။</b>’’</p>
<p><b>ဧတ္တကေနေဝ</b>၊ ဤမျှလောက်သော ကျင့်ဝတ်ပဋိပတ်ဖြင့်ပင်လျှင်။ <b>မတ္ထကံ</b>၊ ရဟန်းကိစ္စ၏ အထွတ်အထိပ်သို့။ <b>ပတ္တမှာ</b>၊ ရောက်ရှိနေကြကုန်ပြီ။ <b>ဣတိ</b>၊ ဤသို့။ <b>မာ သလ္လက္ခေထ</b>၊ မိမိတို့ကိုယ်ကို မိမိတို့ အောက်မေ့မှတ်ထင်၍ပင် မနေကြပါကုန်လင့်။</p>
<p>ဩော် ဒီလောက်ကလေးနဲ့ အရှင်ဘုရားတို့က တို့ဟာ ရဟန်းကိစ္စ အထွတ်အထိပ် ရောက်နေပြီလို့ မိမိကိုယ်ကို မိမိတို့ ထင်နေကြတယ်နော်။</p>
<p>‘‘<b>အဟမ္ပိ ပုဗ္ဗေ တုမှာဒိသောဝ သမဏော အဟောသိံ။</b>’’</p>
<p><b>အဟမ္ပိ</b>၊ ဘုရားတပည့်တော်သည်လည်းပဲ။ <b>ပုဗ္ဗေ</b>၊ ဟိုရှေးယခင်အခါတုန်းက။ <b>တုမှာဒိသောဝ</b>၊ အရှင်ဘုရားတို့နှင့် တူသည်သာလျှင်ဖြစ်သော။ <b>သမဏော</b>၊ ရဟန်းသည်။ <b>အဟောသိံ</b>၊ ဖြစ်ခဲ့ဖူးပါပြီ။</p>
<p>တပည့်တော်လည်း တစ်ချိန် ရှေးတုန်းက အရှင်ဘုရားတို့လိုပဲ ရဟန်း ဖြစ်ခဲ့ဖူးပါတယ်။</p>
<p>‘‘<b>တုမှာကံ ပန စိတ္တေကဂ္ဂတာမတ္တမ္ပိ နတ္ထိ</b>’’</p>
<p><b>တုမှာကံ ပန</b>၊ အရှင်ဘုရားတို့၏ သန္တာန်၌ကား။ <b>စိတ္တေကဂ္ဂတာမတ္တမ္ပိ</b>၊ စိတ်တည်ရုံ သမာဓိမျှသော်လည်းပဲ။ <b>နတ္ထိ</b>၊ မရှိပါ။</p>
<p>ခု အရှင်ဘုရားတို့ကို ကြည့်လိုက်မယ် ဆိုရင် အရှင်ဘုရားတို့၏ သန္တာန်မှာ စိတ်တည်မှု သမာဓိလေးတောင်မှ မရှိကြသေးပါဘူး။</p>
<p>‘‘<b>အဟံ ဣမသ္မိံ သာသနေ မဟိဒ္ဓိကော မဟာနုဘာဝေါ အဟောသိံ</b>’’</p>
<p><b>အဟံ</b>၊ ဘုရားတပည့်တော်သည်ကား။ <b>ဣမသ္မိံ သာသနေ</b>၊ ဤဂေါတမ ရှင်တော်မြတ်ဘုရား၏ သာသနာတော်မြတ်အတွင်း၌။ <b>မဟိဒ္ဓိကော</b>၊ ကြီးသော တန်ခိုးရှိသည်။ <b>မဟာနုဘာဝေါ</b>၊ ကြီးသော အာနုဘော်ရှိသည်။ <b>အဟောသိံ</b>၊ ဖြစ်ခဲ့ဖူးလေပြီ။</p>
<p>တပည့်တော်ဟာ ဒီဂေါတမမြတ်စွာဘုရားရဲ့ သာသနာတော်တွင်းမှာ တစ်ချိန်က အလွန် တန်ခိုးကြီးခဲ့တဲ့, အလွန် အာနုဘော်ကြီးခဲ့တဲ့ စိတ်စွမ်းအားနဲ့ ပြည့်စုံတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ခဲ့ဖူးပါတယ်နော်။</p>
<p>‘‘<b>အာကာသံ ဂဟေတွာ ပထဝိံ ကရောမိ, ပထဝိံ အာကာသံ။</b>’’</p>
<p><b>အာကာသံ</b>၊ ကောင်းကင်ကို။ <b>ဂဟေတွာ</b>၊ ယူ၍ (အာရုံပြု၍)။ <b>ပထဝိံ</b>၊ မြေကြီးကို။ <b>ကရောမိ</b>၊ ပြုနိုင်၏။ <b>ပထဝိံ</b>၊ မြေကြီးကို။ <b>အာကာသံ</b>၊ ကောင်းကင်ကို (ပြုနိုင်၏)။</p>
<p>ကောင်းကင်ကို တပည့်တော်က မြေကြီးဖြစ်အောင် ပြုလုပ်နိုင်တဲ့ စွမ်းအားရှိတယ်၊ မြေကြီးကိုလည်း ကောင်းကင်ဖြစ်အောင် ပြုလုပ်နိုင်တဲ့ စွမ်းအားရှိတယ်။ ဒကာကြီးတွေ ဒါ စိတ်ရဲ့စွမ်းအားပဲ။ ကဲ ဒကာကြီးတွေ, ဒကာမကြီးတွေမှာ ဒီစိတ် မရှိဘူးလား? ရှိပါတယ်။ ဒီစိတ်ကို လေ့ကျင့်ပေးလို့ရှိရင် အောင်မြင်မှု မရနိုင်ဘူးလား? ရနိုင်တယ်။ ဒီစိတ်က သူများသားသမီးကို တစ်သက်လုံး ကျွန်ခံမယ် ဆိုလို့ရှိရင်လည်း ကျွန်ခံလို့ မရဘူးလား? ရတာပဲ။ ဒီစိတ်က ကောင်းကင်ကို မြေကြီးဖြစ်အောင် လုပ်မယ်ဆိုလည်း မရဘူးလား? ရတယ်။ မြေကြီးကို ကောင်းကင်ဖြစ်အောင် လုပ်မယ်ဆိုလည်း မရဘူးလား? ရတယ်။ ဘယ်လိုလုပ်မလဲ? နမူနာလေး နည်းနည်း ပြောရအောင်။</p>
<p>စိတ်ဝင်စားဖွယ်အချက် ဒါဗုဒ္ဓရဲ့ တရားတော်တွေပဲနော်။ ဦးပဉ္ဇင်းတို့ <b>ပထဝီကသိုဏ်း</b> အစရှိတဲ့ <b>ကသိုဏ်းတစ်ဆယ်ပါး</b> ရှိပါတယ်။ ဒီကသိုဏ်းတစ်ဆယ်ပါးကို တစ်ဆယ့်လေးမျိုးသော အခြင်းအရာအားဖြင့် ကြိတ်ချေပေးရပါတယ်။ သမာဓိစွမ်းအင်ပဲနော်။ ကသိုဏ်းတစ်ပါးတစ်ပါးမှာ သမာပတ်ရှစ်ပါး ပေါက်အောင် ပထမ လေ့ကျင့်ပေးရတယ်။ လေ့ကျင့်ပြီးတဲ့ အချိန်ခါမှာ ကသိုဏ်းတစ်ဆယ်ပါးကို တစ်ဆယ့်လေးမျိုးသော အခြင်းအရာ၊ ကသိုဏ်းတစ်ဆယ်ပါး သမာပတ်ရှစ်ပါးကိုပေါ့နော်။ တစ်ဆယ့်လေးမျိုးသော အခြင်းအရာအားဖြင့် ကျိတ်ချေပြီးတဲ့ အချိန်ခါမှာ ဒီပုဂ္ဂိုလ်က မိမိစိတ်ကို တော်တော်လေး နိုင်နင်းလာပြီဆိုရင် အဲဒီအချိန်ခါမှာ ကောင်းကင်ကို မြေကြီးဖြစ်ချင်တယ်ဆိုရင် ဘာလုပ်ရသလဲ?</p>
<p>ပထဝီကသိုဏ်းကို ပြန်ဝင်စားရတယ်နော်။ ပထဝီကသိုဏ်းကို အနန္တစကြဝဠာတိုင်အောင် ဖြန့်ကျက်ပြီးတော့ ပြန်ဝင်စားလိုက်၊ ဝင်စားပြီးတဲ့ အချိန်ခါမှာ ဒီပထဝီကသိုဏ်းကို အနန္တစကြဝဠာတိုင်အောင် ဖြန့်ပြီးတဲ့ အချိန်ခါမှာ ဒီပထဝီကသိုဏ်းကို အကြင် ဤမျှကာလပတ်လုံးပေါ့ - မိမိ ပိုင်းခြားထားတဲ့ အချိန်ခါကာလအထိ တည်နေစေသတည်းဆိုပြီးတော့ ဒီမှာ ဓိဋ္ဌာန်တယ်နော်။ ဒါက စိတ်ရဲ့စွမ်းအင်ပဲ။ အဲဒီလို ဓိဋ္ဌာန်လိုက်သည်နှင့် တစ်ပြိုင်နက်ထဲ ဒီကောင်းကင်သည် ဒီသူတော်ကောင်းအဖို့ စိတ်ရဲ့ တန်ခိုးရှင် ဖြစ်နေတဲ့အတွက် ဒီသူတော်ကောင်းအဖို့ အားလုံး မြေကြီးဖြစ်သွားတယ်။ အဲဒီမြေကြီးပေါ်မှာ လျှောက်သွား၊ သွားလို့ရတယ်။ သူ့ရဲ့စိတ်စွမ်းအင်ပဲ။ အကယ်၍ ဒီမြေကြီးကို ကောင်းကင်လုပ်ချင်တယ် ဆိုလို့ရှိရင် ဘာလုပ်ရမလဲ? ဒီခုနက ကသိုဏ်းတွေကို တစ်ဆယ့်လေးမျိုးသော အခြင်းအရာအားဖြင့် ကသိုဏ်းတစ်ပါးတစ်ပါးမှာ သမာပတ်ရှစ်ပါးစီပေါ့။ တစ်ဆယ့်လေးမျိုးသော အခြင်းအရာအားဖြင့် ကျိတ်ချေပြီးတဲ့ အချိန်ခါမှာ ထိုပုဂ္ဂိုလ်က <b>အာကာသကသိုဏ်း</b>ဆိုတဲ့ ကသိုဏ်းတစ်ခုကို သီးသန့် ဝင်စားရပါတယ်နော်။ အဲဒီ ကသိုဏ်းတစ်ခုကို ဝင်စားပြီးတဲ့ အချိန်ခါမှာ ဒီအာကာသခေါ်တဲ့ အကြားအပေါက် အာကာသကသိုဏ်းကို အရပ်ဆယ်မျက်နှာတိုင်အောင် ဖြန့်ကျက်ရတယ်။ ဖြန့်ကျက်ပြီးတဲ့ အချိန်ခါမှာ မိမိ သတ်မှတ်ထားတဲ့ နယ်မြေဘက်ကို စူးစိုက်ပြီးတော့ ဤအရပ်အတွင်း၌ မိမိ ပိုင်းခြားထားသလောက်ပေါ့နော်။ အာကာသဖြစ်စေသတည်းလို့ ဓိဋ္ဌာန်လိုက်တယ်။ ဓိဋ္ဌာန်လိုက်လို့ရှိရင် အဲဒီ မိမိ ဓိဋ္ဌာန်ထားတဲ့ အာရုံယူထားတဲ့ နယ်ဘက်။ အဲဒီမြေကြီးသည် အာကာသ ဟင်းလင်း အပေါက်အကြား ဖြစ်သွားတယ်။ ဘေးက ပုဂ္ဂိုလ်အဖို့တော့ အာကာသ မဟုတ်ပါ။ သူ့အဖို့တော့ အာကာသပဲ။ အဲဒီ အာကာသထဲမှာ သူက လျှောက်သွားတာ ဘေးကပုဂ္ဂိုလ်ရဲ့ အနေနဲ့ ကြည့်မယ်ဆိုရင် မြေကြီးထဲ ဝင်သွားတယ်လို့ ထင်ရတယ်။ တောင်ထဲ ဝင်သွားတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ သူ့အနေနဲ့ကတော့ ဒီလို မဟုတ်ဘူး။ ကောင်းကင်ထဲမှာ သွားနေတာပဲ။ ဒါ စိတ်ရဲ့စွမ်းအားလေးတွေနော်။ ဒါပေမဲ့ ဒီသူတော်ကောင်းက ဘာလဲ?</p>
<p>‘‘<b>အာကာသံ ဂဟေတွာ ပထဝိံ ကရောမိ, ပထဝိံ အာကာသံ။</b>’’</p>
<p><b>အာကာသံ</b>၊ ကောင်းကင်ကို။ <b>ဂဟေတွာ</b>၊ ယူ၍။ <b>ပထဝိံ</b>၊ မြေကြီးကို။ <b>ကရောမိ</b>၊ ပြုနိုင်၏။ <b>ပထဝိံ</b>၊ မြေကြီးကို။ <b>အာကာသံ</b>၊ ကောင်းကင်ကို (ပြုနိုင်၏)။</p>
<p>ကောင်းကင်ကို မြေကြီးဖြစ်အောင်လည်း သူက လုပ်နိုင်တဲ့ စွမ်းအားရှိခဲ့တယ်။ မြေကြီးကို ကောင်းကင်ဖြစ်အောင်လည်း လုပ်နိုင်တဲ့ စွမ်းအားတွေ ရှိခဲ့တယ်။ လေ့ကျင့်နိုင်ရင် ရနိုင်ပါတယ်နော်။</p>
<p>‘‘<b>ဒူရံ ဂဏှိတွာ သန္တိကံ ကရောမိ, သန္တိကံ ဒူရံ။</b>’’</p>
<p><b>ဒူရံ</b>၊ အဝေးကို။ <b>ဂဏှိတွာ</b>၊ ယူ၍။ <b>သန္တိကံ</b>၊ အနီးကို။ <b>ကရောမိ</b>၊ ပြုနိုင်၏။ <b>သန္တိကံ</b>၊ အနီးကို။ <b>ဒူရံ</b>၊ အဝေးကို (ပြုနိုင်၏)။</p>
<p>အဝေးကိုလည်း အနီးဖြစ်အောင် လုပ်နိုင်တဲ့ စွမ်းအား ရှိတယ်။ အနီးကိုလည်း အဝေးဖြစ်အောင် လုပ်နိုင်တဲ့ စွမ်းအား ရှိတယ်။ ကြားဖူးကြမှာပါ။ အင်္ဂုလိမာလကြီး မြတ်စွာဘုရားကို လိုက်တဲ့ အချိန်ခါမှာ မြတ်စွာဘုရားက အနီးကို အဝေးဖြစ်အောင် ဓိဋ္ဌာန်ထားတော်မူတယ်။ အလားတူပဲ။ အဝေးကိုလည်း အနီးဖြစ်အောင် ဓိဋ္ဌာန်ရင် ရတယ်။ ရှင်မဟာကဿပကြီး နောက်လိုက် သံဃာတော်တွေနဲ့ ဆွမ်းခံကြွတဲ့ အချိန်ခါမှာ ပင်လယ်သမုဒ္ဒရာခြားနေတဲ့ ကျွန်းတစ်ကျွန်းကို ဆွမ်းခံကြွလိုတယ်ဆိုရင် ဒီသမုဒ္ဒရာကို နီးနီးလေး မြောင်းလေးတစ်ခုဖြစ်အောင် ဓိဋ္ဌာန်လိုက်ရင် အဝေးကို အနီးဖြစ်အောင် ဓိဋ္ဌာန်လို့ရတယ်။ ဒါ စိတ်ရဲ့ စွမ်းအင်တွေပဲ။ နောက်တစ်ခု -</p>
<p><b>‘‘စက္ကဝါဠသတသဟဿံ ခဏေန ဝိနိဝိဇ္ဈာမိ’’</b></p>
<p><b>စက္ကဝါဠသတသဟဿံ</b>၊ စကြဝဠာတိုက် တစ်သိန်းတို့ကို။ <b>ခဏေန</b>၊ တစ်ခဏချင်းအတွင်း၌ပင်လျှင်။ <b>ဝိနိဝိဇ္ဈာမိ</b>၊ ထုတ်ချင်းပေါက် ထွင်းဖောက်၍ သွားနိုင်ပေ၏၊</p>
<p>စကြဝဠာပေါင်း <b>တိုက်တစ်သိန်း</b> ဦးပဉ္ဇင်းတို့ ၃၁-ဘုံ အဖွဲ့အစည်း တစ်ခုကို စကြဝဠာတစ်ခု ခေါ်ပါတယ်။ ထိုစကြဝဠာပေါင်း ထောင်နဲ့, သောင်းနဲ့ ချီနေတဲ့ နေရာတွေကို တစ်ခဏအတွင်းလေးမှာ တပည့်တော် ထွင်းဖောက်ပြီး သွားနိုင်တဲ့ စွမ်းအားရှိတယ်။ ဒီလိုဆိုရင် ဒီနေ့ ဒုံးပျံထက် မမြန်ဘူးလား? မြန်ပါတယ်။ ဂြိုဟ်တုတို့, ဒုံးပျံတို့ဟာ ဒီလောက် မြန်မလား? မမြန်ဘူး။ ဒါ စိတ်ရဲ့ စွမ်းအားလေးတွေပဲနော်။ မိမိတို့ရဲ့ စိတ်ဟာ မီးဖိုချောင်မှာပဲ အသုံးချနေရင် ဒီမီးဖိုချောင်မှာပဲ <b>သံသရာ</b> လည်နေမှာပဲ။ ခုလိုပေါ့ မိမိတို့ရဲ့ စိတ်ကို တန်ခိုးအာနိသင် ထက်မြက်စူးရှနေတဲ့ စိတ်ဓာတ်တစ်ခုဖြစ်အောင် ပြုပြင်ဖန်တီးမယ်ဆိုရင်လည်း ဖန်တီးလို့ မရဘူးလား? ရပါတယ်။ ဒါ စိတ်ရဲ့ စွမ်းအင်လေးတွေပဲ။ နောက်တစ်ခု -</p>
<p><b>‘‘ဟတ္ထေ မေ ပဿထ’’</b></p>
<p><b>မေ</b>၊ ဘုရားတပည့်တော်၏။ <b>ဟတ္ထေ</b>၊ လက်တို့ကို။ <b>ပဿထ</b>၊ ကြည့်ရှုတော်မူကြပါ။</p>
<p>သူ့လက်ကလေးတွေ သူက ဖြန့်ပြတယ်။</p>
<p><b>‘‘ဣဒါနိ မက္ကဋဟတ္ထသဒိသာ’’</b></p>
<p><b>ဣဒါနိ</b>၊ ဤယခုအခါ၌ကား။ <b>မေ</b>၊ ဘုရားတပည့်တော်၏။ <b>ဟတ္ထ</b>၊ လက်တို့သည်။ <b>မက္ကဋဟတ္ထသဒိသာ</b>၊ မျောက်၏လက်နှင့် တူ၍ နေကြကုန်သည်။ <b>ဟောန္တိ</b>၊ ဖြစ်ကြပါကုန်၏၊</p>
<p>တပည့်တော်ရဲ့ လက်ကလေးတွေကို လှမ်းကြည့်ပါ။ ယခုအခါမှာ တပည့်တော်ရဲ့ လက်တွေဟာ မျောက်တွေရဲ့ လက်နဲ့ သိပ်ပြီးတော့ တူနေတယ်။</p>
<p><b>‘‘အဟံ ဣမေဟေဝ ဟတ္ထေဟိ ဣဓ နိသိန္နောဝ စန္ဒိမသူရိယေ ပရာမသိံ၊ ဣမေသံယေဝ ပါဒါနံ စန္ဒိမသူရိယေ ပါဒကထလိကံ ကတွာ နိသီဒိံ’’</b></p>
<p><b>အဟံ</b>၊ ဘုရားတပည့်တော်သည်။ <b>ဣမေဟေဝ ဟတ္ထေဟိ</b>၊ ဤလက်တို့ဖြင့်ပင်လျှင်။ <b>ဣဓ</b>၊ ဤနေရာ၌။ <b>နိသိန္နောဝ</b>၊ ထိုင်လျက်သာလျှင်။ <b>စန္ဒိမသူရိယေ</b>၊ လ,နေတို့ကို။ <b>ပရာမသိံ</b>၊ သုံးသပ်ကိုင်တွယ်ခဲ့ဖူးလေပြီ။ <b>ဣမေသံယေဝ ပါဒါနံ</b>၊ ဤခြေတို့၏။ <b>စန္ဒိမသူရိယေ</b>၊ လ,နေတို့ကို။ <b>ပါဒကထလိကံ</b>၊ ခြေပွတ်အိုးခြမ်းကွဲ ဖြစ်သည်ကို။ <b>ကတွာ</b>၊ ပြု၍။ <b>နိသီဒိံ</b>၊ ထိုင်နေခဲ့ဖူးလေပြီ။</p>
<p>တပည့်တော်က ဒီနေရာမှာလေး။ ခုပြောနေတဲ့ နေရာလေးပေါ့နော်။ ခုပြောနေတဲ့ နေရာလေးမှာ ထိုင်ပြီးတော့ “လ” တွေ “နေ” တွေကို တပည့်တော်ရဲ့ ခြေထောက်ကို ပွတ်တဲ့ ခြေပွတ်အိုးခြမ်းကလေး ပြုလုပ်ပြီးတော့ တပည့်တော် အသုံးပြုပြီး နေထိုင်နိုင်ခဲ့တယ်။ ဘယ်လောက် စိတ်ရဲ့ စွမ်းအားမကြီးဘူးလား? ကြီးပါတယ်။ ဒါပေမဲ့လို့ -</p>
<p><b>‘‘ဧဝရူပါ မေ ဣဒ္ဓိ ပမာဒေန အန္တရဟိတာ’’</b></p>
<p><b>မေ</b>၊ ဘုရားတပည့်တော်၏။ <b>ဧဝရူပါ</b>၊ ဤကဲ့သို့သော။ <b>ဣဒ္ဓိ</b>၊ တန်ခိုးအာနိသင်သည်။ <b>ပမာဒေန</b>၊ မေ့လျော့ပေါ့ဆခြင်း ပမာဒတရားကြောင့်။ <b>အန္တရဟိတာ</b>၊ ကွယ်ပျောက်၍ သွားခဲ့လေပြီ။</p>
<p>တပည့်တော်ရဲ့ ဒီလောက်တောင် ကြီးမားနေတဲ့ စိတ်ရဲ့စွမ်းအား တန်ခိုးအာနိသင်သည် ကုသိုလ်တရားတို့၌ မေ့လျော့ခြင်းဆိုတဲ့ ပမာဒတရားရဲ့ နှိပ်စက်လွှမ်းမိုးမှု ဒဏ်ချက်ကြောင့် ကွယ်သွားခဲ့ပြီ။</p>
<p><b>‘‘တုမှေ မာ ပမဇ္ဇိတ္ထ’’</b></p>
<p><b>တုမှေ</b>၊ အရှင်ဘုရားတို့သည်။ <b>မာ ပမဇ္ဇိတ္ထ</b>၊ မမေ့လျော့ကြပါကုန်လင့်။</p>
<p>အရှင်ဘုရားတို့ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ မနေကြပါနဲ့။ တပည့်တော်ရဲ့ ဒီလောက်ကြီးမားနေတဲ့ တန်ခိုးအာနိသင်ရှိနေတဲ့ စိတ်ဓာတ်သည် ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့ခြင်းဆိုတဲ့ ပမာဒတရားကြောင့် ကွယ်ပျောက်သွားခဲ့ရပြီ။ ဘာကြောင့်လဲ? ခုနက လူဆယ်ခံရတဲ့အတွက်ကြောင့် ကုသိုလ်တရားတွေ - သူက သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ ဒီကုသိုလ်တရားတွေမှာ ဆက်လက် ကြိုးပမ်းဖို့ရန်အတွက် မေ့လျော့ခဲ့တယ်။ မေ့လျော့ပြီး လူဆယ်တဲ့နောက်ကို မိမိတို့က လိုက်သွားမိတယ်။ အလွန် တန်ခိုးအာနိသင် ကြီးမားနေတဲ့ စိတ်ရဲ့စွမ်းအင်တွေ အားလုံး ပျောက်ဆုံးသွားတယ်။ ဒီလိုဆိုရင် ဒကာကြီးတွေလည်း လူဆယ်ခံရမယ် ဆိုလို့ရှိရင် တန်ခိုးအာနိသင် ထက်မြက်နေတဲ့ စိတ်တွေ ပျောက်ဆုံးပြီး မသွားနိုင်ဘူးလား? သွားနိုင်တယ်။ ဒါသတိထားနော်။</p>
<p><b>‘‘ပမာဒေန ဟိ ဧဝရူပံ ဗျသနံ ပါပုဏန္တိ’’</b></p>
<p><b>ပမာဒေန</b>၊ မေ့လျော့ပေါ့ဆခြင်း ပမာဒတရား လွှမ်းမိုးနှိပ်စက်ခံရတဲ့ ပုဂ္ဂိုလ်မျိုးသည်ကား။ <b>ဧဝရူပံ</b>၊ ဤကဲ့သို့သော။ <b>ဗျသနံ</b>၊ ပျက်စီးခြင်းသို့။ <b>ပါပုဏန္တိ</b>၊ ရောက်ရှိ၍ နေနိုင်ကြပါကုန်၏၊</p>
<p>ကုသိုလ်ကောင်းမှုတို့၌ သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို ဖြည့်ကျင့်ခြင်းဆိုတဲ့ ကုသိုလ်တရားတို့၌ မေ့လျော့ပေါ့ဆနေတဲ့ ပုဂ္ဂိုလ်မှန်ရင် ဒီလို ပျက်စီးတတ်တယ်။ ဒီလို ပျက်စီးတတ်တယ်ဆိုတာက ဘာပြောတာလဲ? မီးသွေးထမ်းရလိမ့်မယ်လို့ ပြောတာ။ ဟုတ်တယ်မဟုတ်လား? ဒကာကြီးတွေ, ဒကာမကြီးတွေ မီးသွေး မထမ်းချင်ဘူးလား? မီးသွေးထမ်းရတဲ့ဘဝအထိ ပျက်စီးပြီး သွားနိုင်တယ်။ စိတ်ရဲ့တန်ခိုးရှင်တွေပဲနော်။</p>
<h3>တတိယပိုင်း</h3>
<p><b>‘‘အပ္ပမတ္တာ ဝိဟရန္တာ ဇာတိဇရာမရဏဿ အန္တံ ကရောန္တိ’’</b></p>
<p><b>အပ္ပမတ္တာ</b>၊ မမေ့မလျော့ မပေါ့မဆကြကုန်ဘဲ။ <b>ဝိဟရန္တာ</b>၊ သာသနာတော်တွင်း၌ နေထိုင်ကြတဲ့ ပုဂ္ဂိုလ်တို့သည်ကား။ <b>ဇာတိဇရာမရဏဿ</b>၊ ပဋိသန္ဓေ နေရခြင်း ဇာတိတရား၊ အိုရခြင်း ဇရာတရား၊ သေရခြင်း မရဏတရား၏။ <b>အန္တံ</b>၊ အဆုံးအပိုင်းအခြားကို။ <b>ကရောန္တိ</b>၊ ပြုလုပ်နိုင်ကြပါကုန်၏၊</p>
<p>မမေ့မလျော့ဘဲနဲ့ <b>အပ္ပမာဒတရား</b> လက်ကိုင်ထားပြီးတော့ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေကို လက်တွေ့ ကျင့်ပြီး နေထိုင်နိုင်တဲ့ ဒီသာသနာတော်မှာ နေထိုင်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာ ပဋိသန္ဓေ နေရတဲ့ဒုက္ခ, အိုရတဲ့ဒုက္ခ, သေရတဲ့ဒုက္ခဆိုတဲ့ ဒီဒုက္ခတို့ရဲ့ အဆုံးအပိုင်းအခြားကို ပြုလုပ်နိုင်တဲ့ စွမ်းအားရှိပါတယ်။ ဒါလည်း ဘာစွမ်းအားလဲ? စိတ်ရဲ့စွမ်းအားပဲ။</p>
<p>ဒီတော့ ပဋိသန္ဓေ နေရတဲ့ဒုက္ခကြီး ကုန်ရမယ်ဆိုပြီးတော့ ဒီစိတ်ကို စွမ်းအားတွေ အပြည့်အဝဖြစ်အောင် မြှင့်တင်ပြီး ကျင့်မယ်ဆိုရင် ကျင့်လို့ မရဘူးလား? ရတယ်။ အိုရတဲ့ဒုက္ခမှ လွတ်အောင်, သေရတဲ့ဒုက္ခမှ လွတ်အောင် ငါသည် စိတ်ဓာတ်တွေကို ပြုပြင်ထိန်းသိမ်းပေးမယ် ဆိုပြီးတော့ စိတ်ဓာတ်ကို ပြုပြင်ပြီး ကျင့်မယ်ဆိုရင် မရနိုင်ဘူးလား? ရနိုင်တယ်။ ဒါ မိမိတို့ရဲ့ စိတ်စွမ်းအင်တွေပဲနော်။</p>
<p><b>‘‘တသ္မာ တုမှေ မညေဝ အာရမ္မဏံ ကရိတွာ အပ္ပမတ္တာ ဟောထ, ဘန္တေ’’</b></p>
<p><b>တသ္မာ</b>၊ ထိုကြောင့်။ <b>ဘန္တေ</b>၊ အရှင်မြတ်တို့ဘုရား ...။ <b>တုမှေ</b>၊ အရှင်ဘုရားတို့သည်။ <b>မညေဝ</b>၊ တပည့်တော်ကိုသာလျှင်။ <b>အာရမ္မဏံ ကရိတွာ</b>၊ အာရုံအရာထား၍၊ အာရုံပြု၍။ <b>အပ္ပမတ္တာ</b>၊ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ခြင်း အပမာဒတရား လက်ကိုင်ထားကြကုန်သည်ဖြစ်၍။ <b>ဟောထ</b>၊ နေထိုင်တော်မူကြပါကုန်ဘုရား။</p>
<p>ဒါကြောင့် တပည့်တော်ကိုပဲ အာရုံပြုပြီးတော့ အရှင်ဘုရားတို့ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ် ခေါ်ဆိုအပ်တဲ့ ကုသိုလ်ကောင်းမှုတရားတွေမှာ မမေ့လျော့ခြင်း အပမာဒတရား လက်ကိုင်ထားပြီးတော့ သာသနာတော်မှာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပြီး နေထိုင်ကြပါဆိုပြီးတော့ သူက လျှောက်ထားတယ်နော်။ အဲဒီလို လျှောက်ထားလိုက်တဲ့ အချိန်ခါမှာ ဘာဖြစ်လာလဲ?</p>
<p><b>‘‘တေ တဿ ကထေန္တဿေဝ သံဝေဂံ အာပဇ္ဇိတွာ ဝိပဿမာနာ တိံသဇနာ တတ္ထေဝ အရဟတ္တံ ပါပုဏိံသု’’</b></p>
<p><b>တေ</b>၊ ထိုရဟန်းတော်တို့သည်။ <b>တဿ</b>၊ ထိုဒါယကာ၏။ <b>ကထေန္တဿေဝ</b>၊ လျှောက်ထား၍ နေစဉ်အတွင်းမှာပင်လျှင်။ <b>သံဝေဂံ</b>၊ ထိတ်လန့်ခြင်း သံဝေဂတရားသို့။ <b>အာပဇ္ဇိတွာ</b>၊ ရောက်ရှိကြကုန်သည်ဖြစ်၍။ <b>ဝိပဿမာနာ</b>၊ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းတော်မူကြကုန်သည်ရှိသော်။ <b>တိံသဇနာ</b>၊ သုံးဆယ်ကုန်သော ရဟန်းတော်တို့သည်။ <b>တတ္ထေဝ</b>၊ ထိုနေရာ၌ပင်လျှင်။ <b>အရဟတ္တံ</b>၊ အရဟတ္တဖိုလ်သို့။ <b>ပါပုဏိံသု</b>၊ ဆိုက်ရောက်တော်မူကြလေကုန်ပြီ။</p>
<p>အဲဒီ ဒကာ လျှောက်ထားတဲ့ အချိန်ခါကျတော့ ရဟန်းတော်တွေလည်း ထိတ်လန့်တဲ့ <b>သံဝေဂဉာဏ်</b>တွေ ဖြစ်သွားတော်မူကြပါတယ်။ အဲဒီအချိန်ခါမှာ ဒီနေရာလေးမှာပဲ မတ်တပ်ရပ်ပြီးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းတော်မူလိုက်တာ ရဟန်းတော်သုံးဆယ်တို့ အဲဒီနေရာမှာပဲ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားတယ်။ ဒါက ဘာပြောတာလဲ? စိတ်ကို မိမိတို့ တန်ခိုးအာနိသင် ထက်မြက်အောင် သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တွေဖြင့် ထုံမွှမ်းပေးလိုက်တာပဲ။ ထုံမွှမ်းလိုက်လို့ရှိရင် ဒီစိတ်သည် ရာဂ, ဒေါသ, မောဟဆိုတဲ့ ကိလေသာ အညစ်အကြေးတွေမှ လွတ်မြောက်သွားနိုင်တဲ့ စွမ်းအား မရှိဘူးလား? ရှိတယ်။</p>
<p>အကယ်၍ ဒီလို မိမိတို့ရဲ့ စိတ်ကို တန်ခိုးအာနိသင် ထက်မြက်သွားအောင် ထုံမွှမ်းနိုင်တဲ့စွမ်းအား မရှိဘူး ဆိုလို့ရှိရင်တော့ ဘာဖြစ်မလဲ? လူဆယ် ခံရလိမ့်မယ်။ ဒကာကြီးတွေကို ဒကာမကြီးတွေက ဆယ်ထားတယ်။ ဒကာမကြီးတွေကိုလည်း ဒကာကြီးတွေက ဆယ်ထားတယ်၊ သားတွေ, သမီးတွေကို မိဘတွေက ဆယ်ထားတယ်၊ မိဘတွေကိုလည်း သားတွေ, သမီးတွေက ဆယ်ထားတယ်။ မနေ့ကဘဲ ဒကာတစ်ဦး ဆိုကြပါစို့။ ကျောင်းလာပြီးတော့ လျှောက်တယ်။ ကလေးမလေးတစ်ဦးကို ဒီမှာ တရားအားထုတ်ဖို့ရန်အတွက် လာပြီး ပို့မလို့ဟာ သူ့အဖေက သဘောမတူလို့ မပို့ရဘူးတဲ့။ ဘာဖြစ်လို့ သဘောမတူလဲ မေးကြည့်တယ်နော်။ ဒကာကြီးတွေ ဘယ်လိုများ သဘောပေါက်လဲ? သူသဘောမတူရတဲ့ အကြောင်းရင်းလေး ဘုန်းကြီးက မေးကြည့်လိုက်တော့ သူ့သမီး ခြင်ကိုက်မှာ စိုးလို့တဲ့။ ဟော ကြည့်စမ်း ကြည့်စမ်း ဒါကာကြီးတွေနော်။ ခြင်ကိုက်မှာ စိုးတာနဲ့ သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တွေကို ဖြည့်ကျင့်ဖို့ရန်အတွက် မခိုင်းရက်ဘူး။ ဘာလုပ်တာလဲ? ဆယ်ထားလိုက်တာ၊ ဆယ်ထားလိုက်တာ။ ဟုတ်တယ်မဟုတ်လား? ဆယ်ထားလိုက်တဲ့ အချိန်ခါကျတော့ ဒီလို အဆယ်ခံနေရမယ် ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ် နိဗ္ဗာန် ရောက်ပါ့ဦးမလား? မရောက်နိုင်ဘူး။ ကဲ ဒကာကြီးတွေ တရားအားထုတ်မယ်ဆိုရင်ကော ဒကာမကြီးတွေက ဘာလုပ်မှာလဲ? ဆယ်ထားကြတာပဲ။ ဒကာမကြီးတွေ တရားသွားအားထုတ်မယ်ဆိုရင်ကော ဒကာကြီးတွေက ဆယ်ထားလိုက်တာပဲ။ မရှိရင် မဖြစ်ဘူးပေါ့။ ဟုတ်တယ်မဟုတ်လား? အဲဒီလို အဆယ်ခံနေရမယ် ဆိုလို့ရှိရင် နိဗ္ဗာန်ရမလား? မရနိုင်ဘူး။ ကဲ နောက်တစ်ခု นတ်ဆယ်တယ်။</p>
<p><b>‘‘ကတမော စ, ဘိက္ခု, အမနုဿဂ္ဂါဟော?’’</b></p>
<p>နတ်ဆယ်တယ်ဆိုတာ ဘယ်လိုဟာလဲ?</p>
<p><b>‘‘ဣဓ, ဘိက္ခု, ဧကစ္စော အညတရံ ဒေဝနိကာယံ ပဏိဓာယ ဗြဟ္မစရိယံ စရတိ – ‘ဣမိနာဟံ သီလေန ဝါ ဝတေန ဝါ တပေန ဝါ ဗြဟ္မစရိယေန ဝါ ဒေဝေါ ဝါ ဘဝိဿာမိ ဒေဝညတရော ဝါ’တိ။ အယံ ဝုစ္စတိ, ဘိက္ခု, အမနုဿဂ္ဂါဟော’’</b></p>
<p><b>ဘိက္ခူ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဣဓ</b>၊ ဤသာသနာတော်မြတ်အတွင်း၌။ <b>ဧကစ္စော</b>၊ အချို့သော ရဟန်းတော်သည်။ <b>အဟံ</b>၊ ငါသည်။ <b>ဣမိနာ သီလေန ဝါ</b>၊ ဤစတုပါရိသုဒ္ဓိသီလဖြင့်လည်းကောင်း။ <b>ဝတေန ဝါ</b>၊ ဤဓုတင်ကျင့်ဝတ်ပဋိပတ်ဖြင့်လည်းကောင်း။ <b>တပေန ဝါ</b>၊ ဤခြိုးခြံစွာ ကျင့်ခြင်း “တပ” အကျင့်တရားဖြင့်လည်းကောင်း။ <b>ဗြဟ္မစရိယေန ဝါ</b>၊ ဤမြတ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်ခြင်းတည်းဟူသော “ဗြဟ္မစရိယ” ဖြင့်လည်းကောင်း။ <b>ဒေဝေါ ဝါ</b>၊ ထင်ရှားတဲ့နတ်သည်မူလည်း။ <b>ဘဝိဿာမိ</b>၊ ဖြစ်ရပါလို၏။ <b>ဒေဝညတရော ဝါ</b>၊ မထင်ရှားတဲ့ နတ်သားတစ်မျိုးမျိုးသည်မူလည်း။ <b>ဘဝိဿာမိ</b>၊ ဖြစ်ရပါလို၏။ <b>ဣတိ</b>၊ ဤသို့လျှင်။ <b>အညတရံ ဒေဝနိကာယံ</b>၊ တစ်မျိုးမျိုးသော နတ်ပြည်လောကသို့။ <b>ပဏိဓာယ</b>၊ လိုလားတောင့်တသည်ဖြစ်၍။ <b>ဗြဟ္မစရိယံ</b>၊ သာသနာတော်၌ ကျင့်သင့် ကျင့်ထိုက်သည့် သီလ, သမာဓိ, ပညာ သိက္ခာတို့ဖြင့် သိမ်းကြုံးရေတွက်အပ်သော ဗြဟ္မစရိယကျင့်စဉ်ကို။ <b>စရတိ</b>၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေပေ၏။ <b>ဘိက္ခု</b>၊ ချစ်သားရဟန်း ...။ <b>အယံ</b>၊ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို။ <b>အမနုဿဂ္ဂါဟော</b>၊ နတ်ဆယ်၏ဟူ၍။ <b>ဝုစ္စတိ</b>၊ ခေါ်ဆိုအပ်ပေ၏၊</p>
<p>နတ်ဆယ်တယ်ဆိုတာက သာသနာတော်မှာ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေကို လက်တွေ့ကျင့်တယ်။ ဘာရည်ရွယ်ချက်နဲ့ ကျင့်သလဲလို့မေးရင် ထင်ရှားတဲ့နတ်သား တစ်ဦးဦးသော်လည်းကောင်း၊ မထင်ရှားတဲ့နတ်သား တစ်ဦးဦးသော်လည်းကောင်း ဖြစ်ရပါလို၏ဆိုတဲ့ ဒီဦးတည်ချက်ဖြင့် သာသနာတော်မှာ ဗြဟ္မစရိယခေါ်တဲ့ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေကို လက်တွေ့ကျင့်နေတယ်။ အဲဒီလို ကျင့်နေတဲ့ ပုဂ္ဂိုလ်သည် ဒါ နတ်အဆယ်ခံရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ နတ်ပြည်ကို ရည်ရွယ်တောင့်တလို့ပေါ့နော်။</p>
<p>ပုံစံလေး ပြောရရင်တော့ - ဥပေါသထနတ်သမီးပေါ့။ သာကေတမြို့သူ ဖြစ်ပါတယ်။ သူက သောတာပန် အရိယာသူတော်ကောင်း တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လို့ သူ့စိတ်ထဲမှာ စွဲနေတာကတော့ ဓမ္မကထိကတွေကလည်း တော်တော်လေး အဟောအပြော ကောင်းတယ်နဲ့ တူပါတယ်။ နတ်ပြည်နတ်လောကမှာ ရှိနေတဲ့ နန္ဒဝန်ဥယျာဉ်ကို သူက သိပ်စိတ်ဝင်စားတယ်။ နန္ဒဝန်ဥယျာဉ်ရဲ့ သာယာပုံ ပျော်မွေ့ဖွယ်ကောင်းပုံတွေကို ခဏခဏ ကြားရတော့ နတ်ပြည်နတ်လောကက နန္ဒဝန်ဥယျာဉ်ရှိတဲ့ နေရာမှာ ရောက်ရဖို့ရန်အတွက် သူ့စိတ်ဓာတ်ကို သူက ဆောက်တည်ထားမိတယ်။ ကွယ်လွန်သွားပြီ။ ကွယ်လွန်တော့ ဘယ်ရောက်သွားလဲ? သူ မျှော်လင့်တောင့်တနေတဲ့ ဒီနတ်ပြည် နတ်လောက နန္ဒဝန်ဥယျာဉ်ရှိရာ အရပ်ကိုပဲ ရောက်ရှိသွားတယ်။ นန္ဒဝန်ဥယျာဉ် ဆိုတာက (၂၄)နာရီပေါ့။ လူလိုပြောရင်ပေါ့နော် - တစ်နေ့ ကာလပတ်လုံး နေ့ရော ညရော တူရိယာမျိုးစုံ အကမျိုးစုံဖြင့် ပျော်ရွှင်နေတဲ့ ဌာနတစ်ခု ဖြစ်ပါတယ်။</p>
<p>အဲဒီလို ပျော်ရွှင်နေတာကို နေ့ရောညရော အဆက်မပြတ် အမြဲတမ်း မြင်တွေ့နေရတော့ ဒကာကြီးတွေ ဘယ်လိုနေမလဲ? ရက်ပေါင်းများစွာ ကြာလာပြီဆိုတော့ ဘာဖြစ်မလဲ? ငြီးငွေ့လာပြီ။ အဲဒီအခါကျတော့မှ မှားမှန်းသိတယ်။ မှားမှန်းသိတဲ့ အကြောင်းကို ရှင်မဟာမောဂ္ဂလာန် နတ်ပြည်ရောက်တဲ့အခါမှာ သူက ရှင်မဟာမောဂ္ဂလာန်ကို ပြန်လည် လျှောက်ထားပါတယ်။ အရှင်ဘုရား တပည့်တော်ဟာ ဘုရားရှင်ရဲ့ အဆုံးအမကို မလိုက်နာမိတဲ့ အလွန် မိုက်မဲတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ရပါတယ်လို့ လျှောက်ထားတယ်။ ဘုရားရှင်က ဘယ်လို ဆုံးမထားလဲ?</p>
<p>မစင်ဟူသမျှ အနည်းငယ်ပင် ဖြစ်ချင်ဖြစ်ပါစေ၊ ရွံရှာစက်ဆုပ်ဖွယ်သဘောသာ ဧကန်ရှိသလို ဘဝဟူသမျှသည် အနည်းငယ်ပင် ဖြစ်ချင်ဖြစ်ပါစေ၊ ရွံရှာစက်ဆုပ်ဖွယ်သဘောသာ ဧကန်ရှိတယ်လို့ ဘုရားက ဟောထားတယ်။ ဘာကြောင့်လဲ? ဘယ်ဘဝမှာပဲဖြစ်ဖြစ်၊ ပဋိသန္ဓေ နေရတဲ့ ဒုက္ခရှိတယ်, အိုရတဲ့ ဒုက္ခရှိတယ်, နာရတဲ့ ဒုက္ခရှိတယ်, သေရတဲ့ ဒုက္ခရှိတယ်, စိုးရိမ်ပူဆွေး ငိုကြွေးရတဲ့ ဒုက္ခရှိနေတယ်။ ဒါကြောင့် ဒီလို ဒုက္ခတွေနဲ့ မကင်းတဲ့ဘဝ မှန်ရင် ဒီဘဝမျိုးကို ကောင်းတယ်လို့ ပြောမလား? မပြောနိုင်ဘူးနော်။ ကဲ ဒါက နတ်ဆယ်တာ။ နောက်တစ်ခု -</p>
<p><b>‘‘‘အာဝဋ္ဋဂ္ဂါဟော’တိ ခေါ, ဘိက္ခု, ပဉ္စန္နေတံ ကာမဂုဏာနံ အဓိဝစနံ’’</b></p>
<p><b>ဘိက္ခူ</b>၊ ချစ်သားရဟန်း ...။ <b>အာဝဋ္ဋဂ္ဂါဟောတိ ခေါ ဧတံ</b>၊ ဝဲစုပ်ခံရ၏ဟူသော ဤအမည်သည်ကား။ <b>ပဉ္စန္နံ ကာမဂုဏာနံ</b>၊ အာရုံငါးပါး ကာမဂုဏ်တရားတို့၏။ <b>အဓိဝစနံ</b>၊ အမည်ပါပေတည်း။</p>
<p>ဝဲစုပ်တယ် ဝဲစုပ်တယ် ဆိုတာက အာရုံငါးပါး ကာမဂုဏ်တရားတွေကို ပြောတာ။ အာရုံငါးပါး ကာမဂုဏ်တရားဆိုတဲ့ ဝဲအစုပ်ခံရတာကို ပြောတာ။ အာရုံငါးပါး ကာမဂုဏ်တရားက အဘိဓမ္မာနည်းနဲ့ ပြောရင်တော့ အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ အာရုံ ဘယ်နှစ်ခုလဲ? ငါးခု။ အဲဒီ အာရုံတွေအပေါ်မှာ တွယ်တာတပ်မက်နေတဲ့ ရာဂဖြင့် ရစ်ပတ်နှောင်ဖွဲ့ ခံနေရပြီဆိုရင် ထိုပုဂ္ဂိုလ်သည် ဒါကာမဂုဏ်ဝဲကို အစုပ်ခံရတာပဲ။ သမုတိသစ္စာနယ်ဘက်က ပြောမယ်ဆိုလို့ရှိရင်တော့ သားကာမဂုဏ်, သမီးကာမဂုဏ်, ဆွေကာမဂုဏ်, မျိုးကာမဂုဏ်နော်။ ယောက်ျားကာမဂုဏ်, မိန်းမကာမဂုဏ်, ရွှေကာမဂုဏ်, ငွေကာမဂုဏ်စသည်ဖြင့် သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတွေကို လိုချင်စရာလို့ ခေါ်ပါတယ်။ ထိုလိုချင်စရာ ကာမဝတ္ထုအစုစုတို့အပေါ်၌ လိုလားတပ်မက်နေတဲ့ နန္ဒီရာဂဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး အထားခံရပြီဆိုရင် ထိုပုဂ္ဂိုလ်သည် ဘာဖြစ်လဲ? ကာမဂုဏ်ဝဲ စုပ်ခံရပြီ။ အဲဒီလို ကာမဂုဏ်ဝဲ စုပ်ခံရတဲ့ပုဂ္ဂိုလ်ရော နိဗ္ဗာန် ရနိုင်မလား? မရနိုင်ဘူး။</p>
<p>ဦးပဉ္ဇင်းတို့ နာမည်ကျော်ဖြစ်တဲ့ သာကီဝင်မင်းသား ဥပနန္ဒပေါ့နော်။ ဦးပဉ္ဇင်းတို့ သာသနာတော်မှာ ရဟန်းတော်များ ရွှေငွေကို အလှူမခံရဘူးလို့ သိက္ခာပုဒ် ပညတ်ထားပါတယ်။ ဒီရှင်ဥပနန္ဒကိုပဲ အကြောင်းပြုပြီး ပညတ်ရတယ်။ ခုလို ဝါတွင်းကာလမှာ ရဟန်းတော်များ ဝါဆိုကျောင်းရှိရမယ်ဆိုပြီး သတ်မှတ်ထားတယ်။ အဲဒီလို သတ်မှတ်ချက်မှာလည်း ရဟန်းတော်တစ်ပါးသည် ဝါဆိုကျောင်း နှစ်ကျောင်း သုံးကျောင်းကို ခွပြီးတော့ ဝါမဆိုရဘူးလို့ မြတ်စွာဘုရား ပညတ်ထားတယ်။ ဘာဖြစ်လို့လဲ? ဒီအရှင်ဥပနန္ဒကိုပဲ အကြောင်းပြုပြီး ပညတ်ရတယ်။ ဘာကြောင့်လဲ? အရှင်ဥပနန္ဒက သာသနာတော်ဘက်ကနေ ပြောရင်တော့ အဋ္ဌကထာများကတော့ သူ့ကို “လောလုပ္ပစာရ” ပစ္စည်းလေးပါးမှာ လျှပ်ပေါ်လော်လည်နေတဲ့ ပုဂ္ဂိုလ်ဆိုပြီးတော့ ဒီလို သတ်မှတ်ထားတယ်။ ဒါဟာ ပစ္စည်းလေးပါးဆိုတာ ဘာလဲ? ကာမဂုဏ်ပဲနော်။ လိုချင်စရာတွေပဲ။ ဒီလိုချင်စရာ ကာမဂုဏ်နဲ့ ပတ်သက်ပြီးတော့ သူက အင်မတန် လျှပ်ပေါ်လော်လည်တဲ့ပုဂ္ဂိုလ်။</p>
<p>ဒီတော့ ရှေးခေတ်ကပေါ့။ ဝါဆိုကျောင်းလေးတွေ မိမိတို့ တတ်နိုင်သမျှ ကျောင်းလေးတွေ ဆောက်ပြီး လှူဒါန်းကြတယ်။ ကျောင်းဒါယိကာတွေဘက်က ဘယ်လိုသဘော ရှိလဲ? ဝါဆိုရင် ဝါဆိုသင်္ကန်း လှူတယ်။ ဝါကျွတ်ရင်လည်း ဝါကျွတ်သင်္ကန်း လှူကြတယ်။ တခြားတခြား လှူဖွယ်ဝတ္ထုတွေလည်း လှူကြတယ်ဆိုကြစို့။ ဒီတော့ သူက လေးကျောင်းလောက် ခွပြီးတော့ ဝါဆိုမယ်ဆိုရင် လေးကျောင်းစာ ရမယ်။ တစ်ကျောင်းပဲ ဝါဆိုရင် တစ်ကျောင်းစာပဲ ရမယ်။ အဲဒီလို ရည်ရွယ်ချက် ရှိနေတဲ့ အချိန်ခါကျတော့ သူက ကျောင်း လေး ငါးကျောင်းလောက် ခွပြီးတော့ ဝါဆိုတယ်။ ဒီကျောင်းမှာ သူ့ရဲ့ သပိတ် ထားထားတယ်၊ ဟိုကျောင်းကျတော့ သင်္ကန်းထားထားတယ်၊ ဟိုကျောင်းကျတော့ ထီးထားထားတယ်၊ ဒီကျောင်းကျတော့ ဖိနပ်ထားထားတယ်။ အဲဒီပုံစံစနစ်နဲ့ဆိုတော့ မြတ်စွာဘုရား သွားတင်ပြလျှောက်ထားတော့ ရဟန်းတစ်ပါးမှာ ဝါဆိုကျောင်း တစ်ကျောင်းပဲရှိစေဆိုပြီး မြတ်စွာဘုရား သိက္ခာပုဒ် ပညတ်ယူရတယ်။</p>
<p>အဲဒီတော့ ဒီလို သူက ပစ္စည်းလေးပါးနဲ့ ပတ်သက်ပြီးတော့ ဒီလို လျှပ်ပေါ်လော်လည်နေတဲ့အတွက် သာကီဝင်မင်းသားလည်း ဖြစ်တယ်, ဘုရားရှင်နဲ့လည်း တွေ့ရတယ်, ဘုရားတရားတွေလည်း နာကြားခွင့် ရတယ်။ ဒါပေမဲ့လို့ သူ တရားထူး တရားမြတ် ရရှိသလား? မရရှိဘူးနော်။ နောက်တစ်ခု ပြဿနာလေးတစ်ခု ရှိသေးတယ်။ ဦးပဉ္ဇင်းတို့ တစ်ချိန်ပေါ့ - သူက တောရကျောင်းတစ်ကျောင်းမှာ သွားပြီး ဝါဆိုတယ်။ အဲဒီ တောရကျောင်းမှာလည်း သံဃာတွေက သုံးလေးဆယ်လောက် ရှိတယ်။ သူက တရားအဟောအပြောလည်း ကောင်းတယ်။ ဥပဓိရုပ်ကလည်း ကောင်းတယ်။ ကောင်းလိုက်တဲ့ အချိန်ခါကျတော့ ဒီတောကျောင်းသွားပြီးတော့ ဒီသံဃာတော်တွေကို သူက ဘာတရားဟောလဲ?</p>
<p>အရိယာသာဝကကထာလို့ ခေါ်ဆိုအပ်တဲ့ ရှေးရှေး ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ ပစ္စည်းလေးပါးကို သုံးစွဲပုံ နည်းစနစ်နဲ့ ပတ်သက်ပြီးတော့ သူက အကျယ်ချဲ့ပြီးတော့ ဝေဖန် ဟောကြားလိုက်တော့ ရဟန်းတွေက သူ့တရား သိပ်သဘောကျသွားကြတယ်။ ရှေးရှေး ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့သည် ပစ္စည်းလေးပါးမှာ ဘယ်လောက် ခြိုးခြံပြီးတော့ သုံးစွဲတယ်ဆိုတာကို သူက အင်မတန် သဘောပေါက်အောင် ပြောတတ်တယ်။ ပြောတတ်တဲ့ အခါကျတော့ သူက ဘာလုပ်သလဲ? အဲဒီကိုယ်တော်တွေ သူ့တရားကို သဘောကျတာနဲ့ သင်္ကန်းကောင်းပေ့ဆိုတာတွေ အကုန်လုံးစွန့်၊ ညံ့ပေ့ဆိုတဲ့ သင်္ကန်းတွေဝတ်၊ ကောင်းပေ့ဆိုတဲ့ သပိတ်တွေ အကုန်စွန့်၊ ညံ့ပေ့ဆိုတဲ့ သပိတ်တွေပဲ သုံးတော့တယ်။</p>
<p>သုံးလိုက်တော့ သူက ဘာလုပ်သလဲ? အဲဒီ ကောင်းပေ့ဆိုတဲ့ သင်္ကန်းတွေ အကုန်သိမ်း၊ ကောင်းပေ့ဆိုတဲ့ သပိတ်တွေလည်း သူ အကုန်သိမ်း၊ သူပိုင် သိမ်းထားလိုက်တယ်။ သိမ်းပြီးတော့ ဝါကျွတ်တော့ အဲဒီ သပိတ်တွေ၊ သင်္ကန်းတွေ လှည်းကြီးနဲ့ တင်ပြီးတော့ သူက သာဝတ္ထိသွားပြီ။ သာဝတ္ထိသွားတဲ့ အချိန်ခါကျတော့ လမ်းခုလတ်တစ်နေရာရောက်တော့ ဘာဖြစ်လဲ? သူ့ခြေထောက်ကို နွယ်လေးတစ်ပင်က သွားငြိတယ်။ ငြိလိုက်တဲ့ အချိန်ခါကျတော့ ဒကာကြီးတွေ ခုနေ ခြေထောက်များ နွယ်ငြိရင် ဘယ်လို စိတ်ထဲ ဖြစ်မလဲ? သူ စိတ်ဖြစ်ပုံလေးကို ပြောပါတယ်။ နွယ်ငြိတော့ သူက ဘာတွက်သလဲ? ခုကာလ ချဲနံပါတ် ကောက်တဲ့ပုံစံနဲ့ တူတယ်နော်။ သူက ဘာတွက်လိုက်သလဲဆိုတော့ အင်းဧကန္တ ဒီနေရာမှာ လာဒ်လာဘ ရမယ်နဲ့ တူတယ်။ ဩော် နိမိတ်ကောက်တာနော်။ အဲဒီ နိမိတ်ကောက်တဲ့ဟာ ဘာမှ မဖြစ်ဘူး မဟုတ်ဘူးနော်။ ဖြစ်တယ်။ ဒကာကြီးတွေ ပြီးတော့မှ ပြောမယ်။</p>
<p>အဲဒီလို နိမိတ်ကောက်ပြီးတဲ့ အချိန်ခါကျတော့ သူက ဟိုကြည့် ဒီကြည့် လှမ်းကြည့်လိုက်တဲ့ အချိန်ခါမှာ မလှမ်းမကမ်းမှာ တောကျောင်းတစ်ခု တွေ့တယ်။ တောကျောင်းလေးတစ်ခု တွေ့တော့ ကဲ ငါသည် တောကျောင်း ဝင်ဦးမယ်ဆိုပြီးတော့ ကျောင်းထဲ ဝင်သွားလိုက်တော့ အဲဒီမှာ တောထွက် ဦးပဉ္ဇင်းကြီးနှစ်ပါး ဝါဆိုကြတယ်။ တောထွက် ဦးပဉ္ဇင်းကြီးနှစ်ပါးနဲ့ တွေ့တော့ တောထွက် ဦးပဉ္ဇင်းကြီးနှစ်ပါးက လျှောက်တယ်။</p>
<p>အရှင်ဘုရား ... ကဲ တပည့်တော်တို့လည်း ဒီမှာ တစ်ဝါတွင်းလုံး ပြဿနာ မပြေလည် ဖြစ်နေတယ်။ အရှင်ဘုရား တပည့်တော်တို့ကို ဝိနည်းဓိုရ် လုပ်ပြီးတော့ အဆုံးအဖြတ်တစ်ခု ပေးပါ။ ဘယ်လို ဖြစ်သလဲ? တပည့်တော်တို့ ဝါဆိုတုန်းက သင်္ကန်း သုံးစုံ ရတယ်ဘုရား။ ကဗ္ဗလာသင်္ကန်းက တစ်စုံ၊ ပိတ်ကြမ်းသင်္ကန်းက နှစ်စုံ၊ အားလုံး သုံးစုံရတယ်။ အဲဒီ သုံးစုံကို တပည့်တော်တို့နှစ်ပါး တစ်ဝါတွင်း ဝေနေတာ အဝေမတဲ့ ဖြစ်နေတယ်။ ဟုတ်မဟုတ်လား? တစ်ဝါတွင်းလုံး ဝေလို့မရဘူး။ အဲဒါကြောင့် အရှင်ဘုရား ဝိနည်းဓိုရ် လုပ်ပြီးတော့ တပည့်တော်တို့ကို ဆုံးဖြတ်ပေးပါ။ ဟာ အရှင်ဘုရား မပူနဲ့ တပည့်တော်က ဒီလို အမှုတွဲတွေကို ဆုံးဖြတ်လာတာ များပြီ။ ဟော ဒီပုံစံနဲ့ သင်္ကန်းတွေ ယူလာခဲ့တာဆိုပြီး သူက သင်္ကန်းတွေ ရှေ့ပုံခိုင်း။ ပုံခိုင်းပြီးတော့ ပိတ်ကြမ်းသင်္ကန်း နှစ်စုံပေါ့။ ကဲ အရှင်ဘုရားက ဒီတစ်စုံယူ၊ အရှင်ဘုရားက ဒီတစ်စုံယူ။ ဟောဒီ ကဗ္ဗလာသင်္ကန်းကတော့ ဝိနည်းဓိုရ်ဖြစ်တဲ့ တပည့်တော်နဲ့ ဆိုင်တယ်ဆိုပြီး သူယူပြီး ပြန်ရော။ ဟော လျှပ်ပေါ်လော်လည်ပုံပဲ။ ကာမဂုဏ်ဝဲ စုပ်နေတဲ့သဘောပဲနော်။</p>
<p>အဲဒီ စနစ်နဲ့ ခုနက ဦးပဉ္ဇင်းကြီး နှစ်ပါးကလည်း မကျေနပ်လို့ နောက်ကနေ ထပ်ကြပ်မကွာ လိုက်လာတယ်။ သာဝတ္ထိရောက်ပြီ။ သာဝတ္ထိရောက်တဲ့ အချိန်ခါကျတော့ ဒီသတင်းက မြတ်စွာဘုရား ရွှေနားတော်ထိ ပေါက်ကြားသွားတယ်။ ပေါက်ကြားတဲ့ အချိန်ခါကျတော့မှ မြတ်စွာဘုရားက သူ့ရဲ့ အတိတ်ဇာတ်ကြောင်းလေး ပြန်ဟောပြတယ်။ အဲဒီ အတိတ်ဇာတ်ကြောင်းလေးက ဒကာကြီးတွေ၊ ဒကာမကြီးတွေ အားလုံး ကြားဖူးကောင်း ကြားဖူးလိမ့်မယ်လို့ ယူဆရပါတယ်။</p>
<p>ဦးပဉ္ဇင်းတို့ ငယ်စဉ်က ဖတ်စာအုပ်တွေထဲမှာ ပါနေတယ်။ မြေခွေးနဲ့ ဖျံအကြောင်းပဲ။ ဟုတ်တယ်မဟုတ်လား? အဲဒီဝတ္ထုက သူတို့ရဲ့ ပြဿနာပဲ။ အဲဒီမြေခွေးနဲ့ ဖျံအကြောင်းကို ပြန်ပြီးတော့ ဖတ်စာအုပ်ထဲမှာ ပါတာနဲ့၊ ဇာတ်တော်မှာ ပါတာနဲ့တော့ တူချင်မှ တူမယ်နော်။ ဦးပဉ္ဇင်း နည်းနည်း ပြောပြမယ်။ တစ်ချိန်က ဥပနန္ဒက မြေခွေး ဖြစ်တယ်။ အဲဒီ တောထွက်ဦးပဉ္ဇင်းကြီး နှစ်ပါးကလည်း ဖျံနှစ်ကောင် ဖြစ်နေတယ်။ ဂင်္ဂါမြစ်ထဲမှာနော်။ ဘာဖြစ်လာသလဲဆိုတော့ တစ်နေ့မှာ ဒီအရှင်ဥပနန္ဒ အလောင်းဖြစ်တဲ့ မြေခွေးမှာ မာယာဝီလို့ခေါ်တဲ့ သူ့မှာ အိမ်ရှင်မတစ်ယောက် ရှိပြန်တယ်။ ခက်ပုံက ခက်ပုံကနော်။</p>
<p>အဲဒီ မာယာဝီအမည်ရှိတဲ့ အိမ်ရှင်မက ဘာလုပ်သလဲ? ငါးကြင်းသား စားချင်ပါတယ်ဆိုပြီး ချင်ခြင်းတပ်ပြန်တယ်။ အဲဒါ ငါးကြင်းသား စားချင်ပါတယ်ဆိုပြီး သူ့မြေခွေးထီးကို သူက ပူဆာတဲ့အခါကျတော့ မြေခွေးထီးက ဘာပြောလဲ? ခုနက အရှင်ဥပနန္ဒအလောင်း မြေခွေးက အရှင်မ ဘာမှမပူနဲ့။ ဒီငါးကြင်းသားကို ငါရအောင် ရှာပေးမယ်ဆိုပြီးတော့ သူက ကတိပေးလိုက်တယ်။ ဒကာကြီးတွေကို စိန်နားကပ်ဝတ်ချင်တယ်လို့ ပူဆာတဲ့ပုံစံမျိုးနဲ့ တူတယ်နော်။ အဲဒီလို သူက ပူဆာလိုက်တဲ့ အချိန်ခါကျတော့ အာမခံချက်နဲ့ သူက ငါးကြင်းသား အရှာထွက်လာတာ ငါးကြင်းသား ရှာထွက်လာတဲ့ အချိန်ခါကျတော့ လမ်းခုလတ် တစ်နေရာရောက်တော့ သူ့ရဲ့ ခြေထောက်ကို နွယ်လေးတစ်ခု လာငြိတယ်။ နွယ်ငြိတဲ့ အချိန်ခါကျတော့ သူက ဘာအတိတ် ကောက်သလဲ? ဧကန္တ ဒီနေရာမှာ ငါ လာဘ်ကောင်းလာဘ်မြတ်တော့ ရလိမ့်မယ်၊ သူက ဒီလို အတိတ်ကောက်တယ်။ ကြည့်! ဘဝတစ်ခုမှာ အတိတ်ကောက်မှုဟာ နောက်ဘဝအထိ ကပ်မပါဘူးလား? ပါတယ်။ ဒကာကြီးတွေ ဒါ သတိထားကြ။ ဒါခုနက ဦးပဉ္ဇင်းက ပြောတာနော်။</p>
<p>နောက်တစ်ခု သူက လာဘ်ရမယ်ထင်ပြီးတော့ ဂင်္ဂါမြစ်ဘက်ကို သူက ဆင်းသွားလိုက်တဲ့ အချိန်ခါကျတော့ အဲဒီထဲမှာ ဖျံနှစ်ကောင်ကလည်း ဘာဖြစ်နေလဲ? ငါးကြင်းတစ်ကောင်ကို သူက ဆွဲပြီး ဖမ်းလိုက်တော့ ဖျံတစ်ကောင်က ဖမ်းလိုက်တယ်။ တစ်ကောင်ထဲ မနိုင်ဖြစ်နေတယ်။ မနိုင်ဖြစ်တော့ အဖော်ဖျံတစ်ကောင်ကို အကူအညီတောင်းလိုက်တော့ နှစ်ကောင်ဆွဲပြီး တင်လိုက်တော့ ဒီငါးကြင်းက ကုန်းပေါ်ရောက်လာပြီ။ ကုန်းပေါ်ရောက်လာတဲ့ အချိန်အခါကျတော့မှ ဒီငါးကြင်းကို ဖျံနှစ်ကောင်က ဝေနေတာ အဝေမတဲ့ ဖြစ်နေတယ်။ အဝေမတဲ့ ဖြစ်နေချိန် မြေခွေးက ရောက်သွားတဲ့ အချိန်ခါကျတော့မှ အဲဒီမှာ မြေခွေးကို တရားသူကြီး လုပ်ခိုင်းတော့ ဒကာကြီးတွေ ကြားဖူးတဲ့အတိုင်းပဲနော်။ အဲဒီမြေခွေးက သုံးပိုင်းပိုင်းပြီးတော့ ခေါင်းပိုင်းကို ဖျံတစ်ကောင် ပေးတယ်၊ အမြီးပိုင်းကို ဖျံတစ်ကောင် ပေးပြီး၊ အလယ်ပိုင်းကတော့ ငါတရားသူကြီးနဲ့ ဆိုင်တယ်ဆိုပြီး ချီပြေးတာပဲ။ အဲဒီ ဓာတ်ငွေ့ကြည့် ဒကာကြီးတွေနော်။ ဘဝတစ်ခုမှာ ခေါင်းပုံဖြတ်ခဲ့တဲ့ ဓာတ်ငွေ့ ရဟန်းဘဝအထိ ကပ်မပါလာဘူးလား? ပါလာတယ်။</p>
<p>ဟိုတောထွက် ဦးပဉ္ဇင်းကြီး နှစ်ပါးကို ကြည့်လိုက်၊ ဖျံဖြစ်တုန်းကလည်း သူတို့က လုခဲ့တယ်။ ငါးကြင်းသားကို လုခဲ့တယ်။ ရဟန်းဖြစ်တော့လည်း သင်္ကန်းကို လုခဲ့တယ်။ ဓာတ်ငွေ့တွေ ကပ်မပါဘူးလား? ပါနေတယ်။ ဒီလိုဆိုရင် အဲဒီဓာတ်ငွေ့မျိုးသည် သံသရာတစ်လျှောက် ကပ်ပြီး ပါတတ်တယ်ဆိုရင် ဒကာကြီးတွေ ဒီလို ဓာတ်ငွေ့မျိုးတွေ အသုံးချဖို့ ကောင်းမလား? မကောင်းဘူးနော်။ ဒီဥစ္စာက ဘာပြောတာလဲ? ကာမဂုဏ်ဝဲ စုပ်နေတာပဲ။ ဒီတော့ ဘဝတစ်ခုမှာသာ ဒီလို ခေါင်းပုံဖြတ်တတ်တဲ့စနစ်က နောင်ဘဝတွေကိုသာလိုက်ပြီး ကပ်ပါတတ်တယ်ဆိုရင် သို့မဟုတ် ဘဝတစ်ခုအပေါ်မှာ ပစ္စည်းလေးပါးအပေါ်၌ အာရုံငါးပါး ကာမဂုဏ်တရားတို့ အပေါ်၌ လျှပ်ပေါ်လော်လည်မှုဆိုတဲ့ စိတ်ထားတွေ နောက်ဘဝထိ ကပ်ပါတတ်တယ်ဆိုရင် ဒီစိတ်ထားမျိုးတွေ ဒကာကြီးတွေ ရှောင်ဖို့ မလိုဘူးလား? သိပ်လိုတယ်။</p>
<p>အခု အရှင်ဥပနန္ဒကြည့်ပေါ့ ... ဘုရားရှင်နဲ့လည်း တွေ့ရတယ်၊ ဘုရားတရားလည်း ကြားနာရတယ်၊ သာကီဝင်မင်းသားလည်း ဖြစ်တယ်၊ တရားထူး တရားမြတ် ရသွားလား? မရဘူး။ ဘာဖြစ်လို့လဲ? ပစ္စည်းလေးပါးကို လျှပ်ပေါ်လော်လည်နေတဲ့ ကာမဂုဏ်ဝဲ စုပ်ခံနေရတဲ့အတွက်ကြောင့် ဖြစ်တယ်နော်။ အလားတူပဲ။ နောက်ပုဂ္ဂိုလ်တစ်ဦးကတော့ ဦးပဉ္ဇင်းတို့ အရှင်ကောကာလိကပဲ။ ဒီပုဂ္ဂိုလ်အတွက်ကျတော့ ကာမဂုဏ်ဝဲ စုပ်လိုက်တာက ဟိုငရဲထိ ရောက်သွားတယ်။ ဘယ်လိုဖြစ်သွားသလဲဆိုတော့ -</p>
<p>ဦးပဉ္ဇင်းတို့ တစ်ချိန်မှာ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန် နှစ်ပါးတို့ တိုင်ပင်ကြတယ်။ ကဲ ငါ့ရှင် ... ဒီဝါတွင်းတော့ တို့ နှစ်ပါး တိတ်ဆိတ်တဲ့ တောကျောင်း တောင်ကျောင်း တစ်နေရာမှာ သွားပြီး ဝါဆို ဝါကပ်ကြရရင် ကောင်းမယ်ဆိုပြီးတော့ တိုင်ပင်ကြတော့ သူတို့ တောကျောင်း တစ်ကျောင်း ကြွသွားကြတယ်။ သာဝတ္ထိနဲ့ တော်တော်လေး ဝေးပါတယ်နော်။ အဲဒီတောကျောင်း တစ်ကျောင်းမှာက ဒီအရှင်ကောကာလိကက ကျောင်းထိုင်ဘုန်းကြီး ဆိုကြပါစို့။ ခုခေတ်အပြောနဲ့ ပြောရင်နော်။ အဲဒီတော့ တောကျောင်းမှာ သူက အမြဲနေတဲ့ကိုယ်တော်ပဲ။ ဒီတော့ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့က ဒီအရှင်ကောကာလိကထံ ချဉ်းကပ်ပြီးတော့ ဘာအကူအညီ တောင်းလဲ?</p>
<p>အရှင်ဘုရား ... အရှင်ဘုရားကို အမှီပြုပြီးတော့ ဒီဝါတွင်း တပည့်တော်တို့နှစ်ပါး ချမ်းချမ်းသာသာ နေထိုင်ပါရစေ။ ဒီလို အကူအညီ တောင်းတယ်။ အဲဒီလို အကူအညီ တောင်းလိုက်တဲ့ အချိန်အခါကျတော့ အရှင်ကောကာလိကက ဘာပြန်မေးလဲ? တပည့်တော်ကို အမှီပြုပြီး အရှင်ဘုရားတို့ ဘယ်လိုချမ်းသာမလဲ မေးကြည့်တယ်။ တခြားဟာတော့ မဟုတ်ပါဘူး။ တပည့်တော်တို့နှစ်ပါးသည် ဘုရားရှင်ရဲ့ အဂ္ဂသာဝကကြီးတွေ ဖြစ်တယ်ဆိုတာကို အရှင်ဘုရားက ဒကာ၊ ဒကာမတွေကို အသိမပေးပါနဲ့။ အဲဒီလို အသိမပေးခြင်းသည်ပင်လျှင် တပည့်တော်တို့အတွက် ချမ်းသာမှုတစ်ခု ဖြစ်ပါလိမ့်မယ်။ ဒီလို လျှောက်ထားကြတယ်။ အဲဒါကို အရှင်ကောကာလိကလည်း သဘောတူလိုက်ပါတယ်။ သဘောတူပြီးတော့ သုံးပါး ဝါဆိုဝါကပ်ပြီးတော့ ရဟန်းတရားတွေကို ပွားများအားထုတ်ပြီး နေထိုင်လိုက်ကြတော့ ဝါလည်းကျွတ်ရော - အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့က အရှင်ကောကာလိကကို သွားပြီး နှုတ်ဆက်ကြတယ်။</p>
<p>ကဲ ငါ့ရှင် ငါ့ရှင်ကို အမှီပြုပြီးတော့ တပည့်တော်တို့နှစ်ပါးလည်း ဒီဝါတွင်း ချမ်းချမ်းသာသာနဲ့ နေထိုင်ရပါတယ်။ ဒါကြောင့် တပည့်တော်တို့လည်း ဝါကျွတ်တော့ ဘုရားရှင်ကို ဖူးမြော်ကန်တော့ဖို့ရန်အတွက် ပြန်ကြွဦးမယ်ဆိုပြီး သွားနှုတ်ဆက်ကြတယ်။ နှုတ်ဆက်လိုက်တဲ့ အချိန်ခါကျတော့မှ အရှင်ကောကာလိကက ခပ်မြန်မြန် သူက ဦးအောင် ရွာထဲသွား၊ သွားပြီးတော့ ဒကာ၊ ဒကာမတွေကို သွားလှုံ့ဆော်တယ်။ ကဲ ဒကာ၊ ဒကာမတွေ ကြည့်စမ်း။ နင်တို့ ဘုရားရှင်ရဲ့ အဂ္ဂသာဝကကြီး နှစ်ပါး တစ်ဝါတွင်းလုံး ဒီကျောင်းမှာ လာပြီး နေထိုင်တာ နင်တို့ ဘာမှအရေးမစိုက်ကြဘူး။ ဘာပဲ ညာပဲ စသည်ဖြင့်ပေါ့လေ။ သွားပြီး ပြောဆို ကျိန်းမောင်းတယ်။</p>
<p>ဩော် ... အရှင်ဘုရား နဂိုတုန်းကတော့ တပည့်တော်တို့ကို မပြောဘဲကိုး။ ခုမှ ဘာကြောင့် အရှင်ဘုရား လာပြောရသလဲဆိုပြီး အပြစ်တင်ပြီးတော့ အဲဒီမှာ ခပ်မြန်မြန် ဒကာ၊ ဒကာမတွေက တစ်နေရာမှာ ပစ္စည်းတွေ စုပြီးတော့ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့ ကြွလာတဲ့ အချိန်ခါကျတော့မှ လှူဒါန်းကြတာပေါ့။ လှူဒါန်းတဲ့ အချိန်ခါကျတော့ အရှင်ကောကာလိကလည်း အနားမှာ ရှိနေတယ်။ အဲဒီအခါမှာ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့က အလှူမခံပါဘူး။ ဘာဖြစ်လို့ အလှူမခံသလဲဆိုတော့ ဦးပဉ္ဇင်းတို့ ရဟန်းတော်များမှာ သိက္ခာပုဒ် တစ်ခု ရှိပါတယ်။ <b>ပရုတ္တဝါစာ</b>လို့ ခေါ်ပါတယ်။ ခုလို ပစ္စည်းလေးပါးနဲ့ စပ်ယှက်ပြီးတော့ လှူချင်တန်းချင်လာအောင် နီးနီးကပ်ကပ် ပြောနေတဲ့ စကားမျိုးကို <b>ပရုတ္တဝါစာ</b>လို့ ခေါ်ပါတယ်။ အဲဒီလို <b>ပရုတ္တဝါစာ</b>ကြောင့် ရရှိတဲ့ပစ္စည်း မှန်ခဲ့ရင် ရဟန်းတော်များ မသုံးစွဲကောင်းဘူး။ သုံးစွဲခဲ့ရင် အာပတ်သင့်စေဆိုပြီး မြတ်စွာဘုရားလည်း ပညတ်ထားတယ်။ ဒီပစ္စည်းတွေကို စွန့်ရမယ်လို့လည်း သိက္ခာပုဒ် ပညတ်ထားပါတယ်။</p>
<p>ဒါကြောင့် ဒီသိက္ခာပုဒ်အရ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့က သိက္ခာပုဒ်ကို ရိုသေလေးစားသည်လည်း အကြောင်းတစ်ခုပေါ့။ မိမိတို့ကိုယ်တိုင်က ရဟန္တာဖြစ်နေတဲ့အတွက် <b>သလ္လေခ ခေါင်းပါးတဲ့ ကျင့်စဉ်</b>တွေကို လက်တွေ့ ကျင့်နေတဲ့ သူတော်ကောင်းတွေ ဖြစ်ခြင်းကြောင့် ဒီပစ္စည်းတွေကို အလိုမရှိတာလည်း အကြောင်းတစ်ခု။ အဲဒီ အကြောင်းတွေကြောင့် ဒီပစ္စည်းကို အလှူမခံဘူး။ အလှူမခံဘဲ ပြန်ကြွသွားပြီ ဆိုကြစို့နော်။</p>
<p>အရှင်ကောကာလိကဘက်က ဘယ်လို စဉ်းစားလဲ? အရှင်ကောကာလိကက သူစဉ်းစားတာက ကြည့်စမ်း? ဒီကိုယ်တော်ကြီးတွေ သူတို့ အလိုမရှိဘူး ဆိုလို့ရှိရင်လည်း ဒီပစ္စည်းတွေ ငါ့ပေးဖို့ ကောင်းတယ်။ ငါ့လည်း မပေးဘူး။ သူတို့လည်း အလှူမခံဘူး။ ဒီတော့ သူလည်း မရဘူး၊ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့လည်း ယူမသွားဘူး။ ဒါကို သူက တော်တော်လေး မကျေမနပ် ဖြစ်နေတယ်။ အကယ်၍ သူတို့ အလှူမခံဘဲ နေခဲ့မယ်ဆိုရင်၊ ငါ့ကို ပေးခဲ့ဖို့ သိပ်ကောင်းတယ်။ သူက ဒီလို တွက်တယ်။ မပေးဘဲနဲ့ ဟိုက ပြန်သွားတယ်။ ဘာဖြစ်လို့လဲ? ဒီလို <b>ပရုတ္တဝါစာ</b>လို့ ခေါ်တဲ့ ပစ္စည်းလေးပါးကို လှူချင်လာအောင် ပါးစပ်က ထုတ်ပြောလို့ လှူဒါန်းနေတဲ့ ပစ္စည်းပေါ့။ မအပ်သော နည်းဖြင့် မအပ်တဲ့ ဒကာ၊ ဒကာမတွေထံက ဒီလိုပစ္စည်းတွေက အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့သာ မအပ်သည် မဟုတ်ဘူး၊ တခြားတခြား သံဃာတွေလည်း မအပ်ပါဘူး။ မအပ်တော့ သူ့ကို စွန့်လည်း သူ မအပ်ဘူး။ သူ့မှာလည်း အာပတ်သင့်မှာပဲ။ ဒါကြောင့် အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့က မစွန့်ဘူး။ အဲဒီသဘောနဲ့ သွားတာကို သူက သဘောမပေါက်ဘူး။ သဘောမပေါက်တော့ ဘာပြဿနာပေါ်လာလဲ? သူက တေးထားတယ်။</p>
<p>တစ်ချိန်ပေါ့လေ - တော်တော်လေး ကြာသွားပုံရတယ်။ တော်တော်ကြာသွားတဲ့ အချိန်ခါကျတော့ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့က ရဟန်းငါးရာနဲ့ အတူတကွ အဲဒီ အရှင်ကောကာလိက နေထိုင်ခဲ့တဲ့ ဒီရွာလေးကို နောက်တစ်ပတ် ပြန်ရောက်လာကြပြန်တယ်။ ရောက်လာတဲ့ အချိန်ခါမှာ ဒီပုဂ္ဂိုလ်တွေက လူဒကာ၊ ဒကာမတွေက အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့ကို တစ်ချိန်က မြင်ဖူးထားတော့ မှတ်မိနေကြပြီ။ မှတ်မိနေတဲ့အတွက် ပစ္စည်းတွေပေါ့။ နောက်တစ်နေ့ကျတော့ လှူလိုက် တန်းလိုက်ကြတာ အများကြီးပဲ။ အဲဒီ လှူဖွယ်ဝတ္ထုတွေကျတော့ ဒါ အရှင်ကောကာလိက နှုတ်သရမ်းမှုနဲ့ မသက်ဆိုင်တဲ့အတွက် အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့က သူတို့ရဲ့ တပည့်သားမြေးတွေနဲ့ ခွဲခြမ်းဝေဖန်ပြီး သုံးစွဲလိုက်ကြပါတယ်။ ဒါပေမဲ့ အရှင်ကောကာလိကကိုတော့ ထည့်ပြီးတော့ မဝေဖန်မိဘူး။</p>
<p>ဘာဖြစ်လို့ မဝေဖန်မိသလဲဆိုတော့ ဦးပဉ္ဇင်းတို့ စာမှာတော့ အကြောင်းပြထားတာ မပါသော်လည်း ဟိုဝိနည်းသိက္ခာပုဒ်တစ်ခု ရှိတာက ဦးပဉ္ဇင်းတို့ <b>လဇ္ဇီသူတော်ကောင်း</b>ပေါ့။ ခုန ဝိနည်းသိက္ခာပုဒ်တွေကို သိလျက်နဲ့ မလွန်ကျူးတဲ့ပုဂ္ဂိုလ်၊ မတော်တဆ သတိလက်လွတ် လွန်ကျူးခဲ့မိရင်လည်း အချိန်မီ ဖုံးလွှမ်းမထားဘဲနဲ့ ကုစားတဲ့ပုဂ္ဂိုလ်တွေကို <b>လဇ္ဇီသူတော်ကောင်း</b>လို့ ခေါ်တယ်။ တစ်ဖက်က ကြည့်လိုက်ရင်တော့ သိလျက်နဲ့ အာပတ်ကိုလည်း လွန်ကျူးတယ်။ ဒီအာပတ်ကိုလည်း ဖုံးကွယ်ထားတယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေကျတော့ <b>အလဇ္ဇီ</b>လို့ ခေါ်တယ်။ အဲဒီ လဇ္ဇီနဲ့ အလဇ္ဇီက ဒီလို သူ့ပစ္စည်း ကိုယ့်လှူ၊ ကိုယ့်ပစ္စည်း သူ အလှူခံတဲ့ပုံစံမျိုး မလုပ်ရဘူးဆိုတာ မြတ်စွာဘုရား နောက်ထပ် သိက္ခာပုဒ်တစ်ခု ပညတ်ထားတယ်။ အဲဒီ သိက္ခာပုဒ်ကြောင့်လို့ ယူဆရပါတယ်။ အရှင်ကောကာလိကက ဝိနည်းသိက္ခာပုဒ်ကို မရိုသေတဲ့ပုဂ္ဂိုလ် ဖြစ်နေတော့ သူ့ကို မပေးခိုင်းတော့ဘူး။ အဲဒါကို အရှင်ကောကာလိကက အကြီးအကျယ် မကျေနပ်တာ။</p>
<p>ကြည့်စမ်း! တစ်ချိန်တုန်းကတော့ သူတို့ပစ္စည်းတွေ လှူတယ်၊ အလှူမခံဘူး။ ခုကျတော့လည်း သူတို့ အလှူခံတယ်။ အလှူခံပြီးတော့လည်း ငါ့လည်း မပေးဘူး။ ဒင်းတို့ အင်မတန် စိတ်ထားယုတ်မာတယ်။ ဒီလို သူက စွဲချက်တင်တယ်။ စွဲချက်တင်ပြီးတဲ့အခါ နောက်ဆုံး အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့ ရဟန်းတွေနဲ့ ပြန်ကြွသွားတဲ့အခါ သူလည်း လိုက်သွားတယ်။ လိုက်သွားပြီး သာဝတ္ထိရောက်တဲ့ အချိန်ခါကျတော့ မြတ်စွာဘုရားကို သူက တိုက်ရိုက်သွားပြီး လျှောက်ထားတယ်။</p>
<p>“မြတ်စွာဘုရား ... သာရိပုတ္တရာနဲ့ မဟာမောဂ္ဂလာန်တို့ဟာ အင်မတန် စိတ်ထား ယုတ်မာကြတယ်ဘုရား” သွားလျှောက်တယ်။ “ဟာ ... ကောကာလိက သင်ဒီလို မပြောနဲ့။ သာရိပုတ္တရာနဲ့ မဟာမောဂ္ဂလာန်တို့အပေါ်၌ သင့်ရဲ့စိတ်ကို ကြည်လင်ပါ။ ကြည်ကြည်လင်လင် ထားစမ်းပါ” မြတ်စွာဘုရား သုံးကြိမ်တိုင်တိုင် တိုက်တွန်းတယ်။ သုံးကြိမ်တိုင်တိုင်ပဲ သူက ပြန်လျှောက်ထားတော့ မြတ်စွာဘုရားလည်း နှုတ်ဆိတ်ပြီး နေလိုက်တယ်။ နေပြီးတဲ့ အချိန်ခါကျတော့မှ မြတ်စွာဘုရား နှုတ်ဆိတ်နေပြီဆိုတော့ သူလည်း မနေရဲတော့ဘူး။ ထပြီးအသွား ဘုရားရှင် မျက်ကွယ်လောက် ရောက်တယ်ဆိုရင်ပဲ သူ့ခန္ဓာကိုယ်မှာ အနာလေးတွေ စပြီး ပေါက်လာတယ်။ အဲဒီ အနာလေးတွေက တဖြည်းဖြည်းပဲ နောက်စေ့လောက်ကနေ တဖြည်းဖြည်း ကြီးလာလိုက်တာ နောက်ဆုံး ဥသျှစ်သီးမှည့်လောက်အထိ ဖြစ်လာတယ်။ အဲဒီလောက်လည်း ဖြစ်ရော ခုနစ်ရက်လောက်လည်း ကြာရော၊ ဒီအနာ ပေါက်ကွဲပြဲပြီးတော့ နောက်ဆုံး သေရတာပဲ။ သေတဲ့အခါ အဝီစိငရဲ ရောက်သွားတယ်။ ရောက်သွားတဲ့အချိန်ခါမှာ ဒီအရှင်ကောကာလိကကို အကြောင်းပြုပြီးတော့ မြတ်စွာဘုရား တရားလေးတွေ ဟောပါတယ်။ အဲဒီဟောတဲ့အထဲမှာ နည်းနည်း မှတ်သားစေချင်တဲ့ ဂါထာလေးတစ်ခုကတော့ ဘာလဲ?</p>
<p>‘‘<b>ပုရိသဿ ဟိ ဇာတဿ, ကုဌာရီ ဇာယတေ မုခေ၊ ယာယ ဆိန္ဒတိ အတ္တာနံ, ဗာလော ဒုဗ္ဘာသိတံ ဘဏံ။</b>’’</p>
<p>ပြောလိုရင်းက ဘာလဲ? မွေးလာတဲ့ ယောက်ျားရဲ့ ပါးစပ်ထဲမှာ ဓားမကြီးတစ်လက် ပါလာတယ်။ ယင်းဓားမကြီးဖြင့် လူမိုက်သည် မကောင်းပြောလျက် မိမိကိုယ်ကို မိမိ ပိုင်းဖြတ်တတ်တယ်လို့ ဒီလို ဘုရားဟောထားတယ်နော်။ ဒကာကြီးတွေ, ဒကာမကြီးတွေရဲ့ ပါးစပ်ထဲမှာ ဓားမကြီး မပါဘူးလား? ပါနေတယ်။ အဲဒီ ဓားမကြီးက အသုံးမချတတ်ဘူးဆိုရင်ပေါ့ အခုလိုပေါ့ မပြောသင့်တဲ့နေရာမှာ သွားပြီး ပြောခဲ့မယ်ဆိုရင် ဘာဖြစ်မလဲ? မိမိကိုယ်ကို မိမိ ပိုင်းဖြတ်သွားလိမ့်မယ်။ သူ ငရဲရောက်သွားတယ်။ အဲဒီငရဲ အရှင်ကောကာလိက ရောက်သွားခြင်းသည် ဘာကို အကြောင်းခံသလဲလို့မေးတော့ အာရုံငါးပါး <b>ကာမဂုဏ်တရား</b>တွေကို အခြေခံခဲ့တယ်။ ဒီကာမဂုဏ်ဝဲက အစုပ်ခံရတဲ့အတွက် ဒီပုဂ္ဂိုလ် ငရဲရောက်သွားတယ်ဆိုရင် ဒီပုဂ္ဂိုလ် နိဗ္ဗာန် ရသေးလား? မရဘူး။ ကဲ ဒကာကြီးတွေ, ဒကာမကြီးတွေမှာကော ကာမဂုဏ်တွေ မရှိကြဘူးလား? အဲဒီ ဝဲတွေ အစုပ်ခံနေရမယ် ဆိုရင်တော့ ဘယ်ရောက်ကြမလဲ? အဲဒါ သတိထားကြတော့။ နိဗ္ဗာန်ကို လိုချင်ရင် ဒီဝဲစုပ်ခံရလား? မခံရဘူး။ ကဲ နောက်တစ်ခု နောက်ဆုံးကတော့ ဘာလဲ? <b>အန္တောပူတိ</b>။</p>
<p>‘‘<b>ကတမော စ, ဘိက္ခု, အန္တောပူတိဘာဝေါ?</b>’’</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့။ <b>အန္တောပူတိဘာဝေါ</b>၊ အတွင်း၌ ပုပ်ဆွေးခြင်းဟူသည်ကား။ <b>ကတမော</b>၊ အဘယ်နည်း။</p>
<p>အတွင်းပုပ်တယ် အတွင်းပုပ်တယ် ဆိုတာက ဘာပြောတာလဲ?</p>
<p>‘‘<b>ဣဓ, ဘိက္ခု, ဧကစ္စော ဒုဿီလော ဟောတိ ပါပဓမ္မော အသုစိသင်္ကဿရသမာစာရော ပဋိစ္ဆန္နကမ္မန္တော အဿမဏော သမဏပဋိညော အဗြဟ္မစာရီ ဗြဟ္မစာရိပဋိညော အန္တောပူတိ အဝဿုတော ကသမ္ဗုဇာတော။</b>’’</p>
<p><b>ဘိက္ခု</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဣဓ</b>၊ ဤသာသနာတော်မြတ်အတွင်း၌။ <b>ဧကစ္စော</b>၊ အချို့သော ပုဂ္ဂိုလ်သည်ကား။ <b>ဒုဿီလော</b>၊ ကိုယ်ကျင့်သီလ မရှိသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊</p>
<p>သီလ လုံးလုံး မရှိဘူး။ ဦးပဉ္ဇင်းတို့ ရဟန်းတော်ဘက်က ဆိုရင်တော့ ပါရာဇိကကျတယ်။ ဒကာကြီးတွေ, ဒကာမကြီးတွေဘက်က ပြောရင်တော့ ငါးပါးသီလ ကျိုးပေါက်ပျက်စီးနေတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေကို ဘာခေါ်လဲ? ဒုဿီလ = သီလမရှိတဲ့ပုဂ္ဂိုလ်လို့ ခေါ်တယ်။</p>
<p><b>ဒုဿီလော</b>၊ ကိုယ်ကျင့်သီလ မရှိသည်။ <b>ဟောတိ</b>၊ ဖြစ်၏။ <b>ပါပဓမ္မော</b>၊ ယုတ်မာသော စိတ်ထားရှိသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊</p>
<p>စိတ်နေစိတ်ထား ကြည့်လိုက်ရင်လည်း သိပ်ပြီးတော့ ယုတ်မာတယ်။ ရာဂ, ဒေါသ, မောဟတို့ရဲ့ စွမ်းအားတွေပဲ။ တစ်ဖက်သားကို အနိုင်ယူလိုတဲ့စိတ်ထား။ ဟုတ်တယ်မဟုတ်လား? မကောင်းတဲ့ စိတ်ထားအမျိုးမျိုးမှန်ရင် သူ့သန္တာန်မှာ အကုန်လုံး ရှိနေတယ်။</p>
<p><b>အသုစိ</b>၊ မစင်ကြယ်သော ကာယကံ, ဝစီကံ, မနောကံရှိသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊</p>
<p>ကာယကံ, ဝစီကံ, မနောကံတွေ ကြည့်လိုက်ရင်လည်း စင်ကြယ်မှု လုံးလုံး မရှိကြဘူး။</p>
<p><b>အသုစိ သမာစာရော</b>၊ သူတစ်ပါးတို့သည် ယုံမှားခြင်း တွေးတောအပ်သော ကိုယ်ကျင့်တရားရှိသည် (ဝါ) သူတစ်ပါးတို့ကို ယုံမှားခြင်းဖြင့် တွေးတောအပ်သော ကိုယ်ကျင့်တရား ရှိသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊</p>
<p>တစ်ဖက်ပုဂ္ဂိုလ်တွေက သူ့အပေါ်မှာ လှမ်းကြည့်လိုက်ရင် ဒီပုဂ္ဂိုလ် သီလ ရှိမှရှိပါလေရဲ့လား ဆိုပြီးတော့ ဒီလို သံသယရှိလောက်တဲ့ ကိုယ်ကျင့်တရားတွေ သူ့မှာ ရှိနေတယ်။ နောက်တစ်နည်း ပြောမယ်ဆိုရင်တော့ တစ်ဖက်ပုဂ္ဂိုလ်တွေကိုလည်း သူကိုယ်တိုင်က ပြန်ပြီး သံသယရှိနေတဲ့ ကိုယ်ကျင့်တရားတွေ ရှိနေတယ်။ သူက မကောင်းတာလုပ်ထားပြီ။ မကောင်းတာ လုပ်ထားတဲ့ အချိန်ခါကျတော့ တစ်ချိန် ဟိုဘက်က ကိုယ်တော်နှစ်ပါး (သို့မဟုတ်) သုံးပါးလောက်ပေါ့ စုပြီး စကားပြောနေပြီ။ စကားပြောနေတာကို သူက မြင်လို့ရှိရင် သူ့စိတ်ထဲ ဘယ်လို ဖြစ်လာသလဲ? ဩော် ... ဒီကိုယ်တော်တွေ ငါ့အကြောင်း ပြောနေတယ်နဲ့ တူတယ်။ ဟော သူတစ်ပါးတို့ကို မိမိက ယုံမှားသံသယ ဖြစ်လောက်တဲ့ ကိုယ်ကျင့်တရားတွေက မိမိမှာ ရှိနေပြီနော်။ ဒါကြောင့် သူတော်ကောင်းမှန်လို့ရှိရင် အဲဒီလို သူတစ်ပါး ယုံမှားသံသယ ဖြစ်လောက်တဲ့ ကိုယ်ကျင့်တရား ရှိရမလား, မရှိရဘူးလား? မရှိရဘူး။ သိပ်ဖြူစင်ရမယ်။ ကိုယ်ကျင့်သီလ မြဲရမယ်။ စိတ်နေစိတ်ထား ကောင်းမွန်ရမယ်။ ကာယကံမှု စင်ကြယ်ရမယ်, ဝစီကံမှု စင်ကြယ်ရမယ်, မနောကံမှု စင်ကြယ်ရမယ်။ သူတစ်ပါးတို့ ယုံမှားသံသယ ဖြစ်လောက်တဲ့ ကိုယ်ကျင့်တရားတွေ ရှိရမလား? မရှိရဘူး။ နောက်တစ်ခု -</p>
<p><b>ပဋိစ္ဆန္နကမ္မန္တော</b>၊ ဖုံးလွှမ်းထားအပ်သော အမှုကြီးငယ်ရှိသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊</p>
<p>သူ့မှာ မကောင်းမှုတွေ လုပ်ထားတာရှိတယ်။ မကောင်းမှုတွေ လုပ်ထားတာ ရှိတဲ့အတွက် သူတစ်ပါးတို့ မသိအောင် သူက ဘာလုပ်ထားလဲ? ဖုံးထားတယ်။ ဖုံးပေမဲ့ ရမလား? မရပါဘူး။</p>
<p>‘‘<b>နတ္ထိ လောကေ ရဟော နာမ၊ ပါပကမ္မံ ပကုဗ္ဗတော။</b>’’</p>
<p>ဇာတ်တော်တစ်ခုပေါ့ — လောကမှာ မကောင်းမှုပြုတဲ့ပုဂ္ဂိုလ်တို့အဖို့ ဆိတ်ကွယ်ရာဆိုတာ ရှိမလား? မရှိဘူး။ မိမိကိုယ်တိုင် သိနေတယ်။ နတ်တွေသိတယ်။ ဆိတ်ကွယ်ရာဆိုတာ လောကမှာ မရှိနိုင်ဘူး။ ဒါပေမဲ့ သူကတော့ သူတစ်ပါးတို့ မသိအောင်တော့ မိမိရဲ့ မကောင်းတဲ့ လုပ်ငန်းရပ်တွေကို ဖုံးလွှမ်းထားတဲ့စိတ်ထား ရှိနေတယ်။ ဒီလိုဆိုရင် နိဗ္ဗာန်လိုချင်တဲ့ ပုဂ္ဂိုလ်က အဲဒီလို မိမိရဲ့ မကောင်းမှုတွေကို ဖုံးလွှမ်းတဲ့ စိတ်ထား ရှိရမလား? မရှိရဘူး။ ဒါ ရှောင်ရမယ်။ နောက်တစ်ခု -</p>
<p><b>အဿမဏော</b>၊ ရဟန်းမဟုတ်ပါဘဲလျက်။ <b>သမဏပဋိညော</b>၊ ရဟန်းဟု ဝန်ခံသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊</p>
<p>ရဟန်းမဟုတ်ဘဲနဲ့ ရဟန်းလို့ ဝန်ခံတယ်။ ဘယ်လိုလဲဆိုတော့ — ဦးပဉ္ဇင်းတို့ အဲဒီနေ့ပဲ မဟာဒုတ်ပေါ့နော်။ မဟာဒုတ်တွေ ခုနက မဲဖောက်မယ် သံဃာတွေခေါ်မယ် ဆိုလို့ရှိရင် သူလည်း သံဃာဘက်ကို ဝင်ပြီးတော့ စာရင်းပေးလိုက်တယ်။ ဟော အဲဒါ ရဟန်းမဟုတ်ဘဲနဲ့ ဒါ ရဟန်းလို့ ဝန်ခံတာပဲ။ နောက်တစ်ခု -</p>
<p><b>အဗြဟ္မစာရီ</b>၊ မမြတ်သောအကျင့်ကို ကျင့်လေ့ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ပါလျက်။ <b>ဗြဟ္မစာရိပဋိညော</b>၊ မြတ်သော အကျင့်ကို ကျင့်လေ့ရှိတဲ့ ပုဂ္ဂိုလ်ဟု ဝန်ခံ၏၊</p>
<p>မမြတ်တဲ့ အကျင့်ကို ကျင့်နေတဲ့ ပုဂ္ဂိုလ်ဖြစ်ပါလျက် မြတ်တဲ့ အကျင့်ကို ကျင့်တဲ့ပုဂ္ဂိုလ်လို့ ဝန်ခံတယ်။ ဦးပဉ္ဇင်းတို့ ရဟန်းတော်ဘက်က ပြောရင်ပေါ့။ ကံကြီး, ကံငယ်တွေ သိမ်ထဲမှာ ဆောင်ကြတယ်။ ဒါဟာ ပါရာဇိက မကျတဲ့ သီလစင်ကြယ်နေတဲ့ ပုဂ္ဂိုလ်တို့ရဲ့ လုပ်ငန်းရပ်သာ ဖြစ်တယ်။ သူလည်း ရောပြီး ပါရာဇိက ကျနေပါလျက်နဲ့ ဝိုင်းပြီးတော့ ကံဆောင်လိုက်မယ်ဆိုရင် ဒါက မြတ်တဲ့ အကျင့်ကို မကျင့်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါလျက်နဲ့ မြတ်တဲ့ အကျင့်ကို ကျင့်တဲ့ ပုဂ္ဂိုလ်လို့ ဝန်ခံရာ ရောက်တယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုး မဖြစ်စေရဘူး။</p>
<p><b>အဝဿုတော</b>၊ ရာဂ, ဒေါသ, မောဟတည်းဟူသော ကိလေသာ မိုးဖြင့် စိုစွတ်သော စိတ်ထားရှိသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊</p>
<p>သူ့စိတ်နေစိတ်ထား ကြည့်လိုက် ရာဂတွေက သိပ်အားကောင်းတယ်။ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုအပေါ်မှာ တွယ်တာတပ်မက်တဲ့ စိတ်ထားတွေက သိပ်အားကောင်းပြီးတော့ ဒီရာဂမိုးတွေက သူ့စိတ်မှာ စွတ်စိုပြီး နေတယ်။ ဒီလိုဆိုရင် ဒကာကြီးတွေ, ဒကာမကြီးတွေ နိဗ္ဗာန်လိုချင်တယ် ဆိုလို့ရှိရင် ရာဂမိုး စိုစွတ်နေတဲ့ စိတ်ထားမျိုး ရှိရမလား? မရှိရဘူး။ ရှောင်ရမဲ့ လုပ်ငန်းတွေပဲနော်။ နောက်တစ်ခု -</p>
<p><b>ကသမ္ဗုဇာတော</b>၊ ရွံရှာစက်ဆုတ်ဖွယ် အမှိုက်သရိုက်သဖွယ် ဖြစ်၍နေသော စိတ်နေစိတ်ထား ရှိသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊</p>
<p>အိမ်မှာ မလိုချင်လို့ စွန့်ပစ်လိုက်တဲ့ အမှိုက်တွေ အသုံးချလို့ ရသေးလား? မရဘူး။ ဒီအတိုင်းပဲ။ သူ့ရဲ့ စိတ်နေစိတ်ထားကို ကြည့်လိုက်ရင် ရာဂ, ဒေါသ, မောဟဆိုတဲ့ အညစ်အကြေးတွေ လူးလည်းပေကျံနေတဲ့ စွန့်ပစ်ထိုက်တဲ့ အမှိုက်သရိုက်နဲ့ တူတဲ့ စိတ်ထားတွေ ရှိနေပြီနော်။ အဲဒီလို ပုဂ္ဂိုလ်မျိုးကို ဘာလဲ?</p>
<p><b>ဘိက္ခု</b>၊ ချစ်သားရဟန်း ...။ <b>အယံ</b>၊ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို။ <b>အန္တောပူတိတိ</b>၊ အတွင်းပုပ်ဆွေး၍ နေတဲ့ပုဂ္ဂိုလ်မျိုးဟူ၍။ <b>ဝုစ္စတိ</b>၊ ခေါ်ဆိုအပ်ပေ၏၊</p>
<p>အတွင်းပုပ်တဲ့ ပုဂ္ဂိုလ်လို့ ခေါ်ဆိုပါတယ်။ ပေါင်းလိုက်တော့ အင်္ဂါ ဘယ်နှစ်ချက် ရှိသွားပြီလဲ? <b>ရှစ်ချက်</b>။ အဲဒီထဲမှာ ဒီလို အတွင်းပုပ်ပြီ ဆိုလို့ရှိရင်လည်း ဒီပုဂ္ဂိုလ်သည် နိဗ္ဗာန်ရောက်မလား? မရောက်နိုင်ဘူး။ မရောက်နိုင်တဲ့ ထုံးတွေ ရှိပါတယ်နော်။</p>
<p>ဦးပဉ္ဇင်းတို့ ကဿပဘုရားရှင် သာသနာတော် နောက်ပိုင်းတုန်းက ရဟန်းတွေ သီလ, သမာဓိ, ပညာ <b>သိက္ခာသုံးရပ်</b> အကျင့်မြတ်တွေကို လက်တွေ့ မကျင့်ဘဲ ကိုယ်ကျင့်သီလတွေ ပျက်စီးလာကြတယ်။ ရဟန်းယောက်ျားတွေ, ရဟန်းမိန်းမတွေ, သာမဏေမတွေ, သိက္ခမန်မတွေ။ အဲဒီလို ပုဂ္ဂိုလ်တွေ ကွယ်လွန်သွားတဲ့ အချိန်ခါ ငရဲရောက်။ ငရဲက ကျွတ်လာတဲ့ အချိန်ခါကျတော့ ဦးပဉ္ဇင်းတို့ ဂေါတမ မြတ်စွာဘုရား သာသနာတော်တွင်းလောက် ရောက်လာတဲ့အခါ ကောင်းကင်မှာ ရဟန်းပြိတ္တာတွေ လာဖြစ်ကြတယ်။ အလျှံတပြောင်ပြောင် မီးဟုန်းဟုန်း တောက်နေတဲ့ သင်္ကန်းတွေ ဝတ်နေကြရတယ်။ သံပြားကြီးတွေ အလျှံတပြောင်ပြောင် မီးဟုန်းဟုန်း တောက်နေတဲ့ သင်းပိုင်တွေ ဝတ်နေကြရတယ်။ သံပြားတွေပဲ အလျှံတပြောင်ပြောင် မီးဟုန်းဟုန်း တောက်နေတဲ့ ခါးပန်းကြိုးတွေ ပတ်ထားရတယ်။ အလျှံတပြောင်ပြောင် မီးဟုန်းဟုန်း တောက်နေတဲ့ သံသပိတ်လုံးကြီးတွေကို ပိုက်ထားကြရတယ်။ ချွတ်ချလို့ မရဘူး။ ဘာကြောင့်လဲ?</p>
<p>တစ်ချိန်တုန်းက သီလ မစင်ကြယ်ဘဲနဲ့ ဒကာ, ဒကာမတွေရဲ့ ပစ္စည်းတွေကို, သင်္ကန်းတွေကို ဝတ်ရုံခဲ့တယ်။ သပိတ်တွေကို သုံးဆောင်ခဲ့တယ်။ ဆွမ်းတွေကို သုံးဆောင်ခဲ့တယ်။ တစ်ချိန်တုန်းက သီလ မစင်ကြယ်ဘဲနဲ့ ဒီသင်္ကန်းတွေကို ချွတ်မချဘဲ ဆက်လက်ပြီးတော့ သာသနာတော်မှာ နေထိုင်ခဲ့တဲ့အတွက် ခုလို ရဟန်းပြိတ္တာဖြစ်တဲ့ အချိန်ခါမှာရော ဒီသင်္ကန်းတွေ ချွတ်ချလို့ ရသေးလား? မရဘူး။ သိပ်ကြောက်ဖို့ ကောင်းတယ်နော်။ ဒါက သီလ မစင်ကြယ်ဘဲနဲ့ လောကမှာ နေထိုင်ခဲ့မယ်ဆိုရင် သီလ မစင်ကြယ်ခြင်းတည်းဟူသော <b>အတွင်းပုပ်နေတဲ့ သဘောတရား</b>က ငရဲရောက်အောင် ပို့ဆောင်သွားတယ်။ ငရဲက ကျွတ်လွတ်လာတော့လည်း ခုလို ပြိတ္တာဘဝမှာ ဆင်းရဲဒုက္ခ အမျိုးမျိုးတွေ ခံစားနေကြရတယ်။ အတွင်းပုပ်နေပြီ ဆိုလို့ရှိရင် နိဗ္ဗာန်ရောက်နိုင်မလား? မရောက်နိုင်ဘူး။ ဒါကြောင့် ဒကာကြီးတွေ, ဒကာမကြီးတွေ နိဗ္ဗာန်လိုချင်ကြတယ်ဆိုရင် အတွင်းပုပ်ရမလား, မပုပ်ရဘူးလား? မပုပ်ရဘူး။ ပေါင်းလိုက်တော့ အင်္ဂါ ရှစ်ချက် စုံလင်သွားပြီနော်။ စုံသွားတော့ ဘာဖြစ်လာလဲ?</p>
<p>မြတ်စွာဘုရား တရားဟောနေတာက ဂင်္ဂါမြစ်ကမ်းပါး တစ်နေရာနော်။ အဲဒီ မြစ်ကမ်းပါး တစ်နေရာမှာ တရားဟောနေတာဖြစ်တော့ အဲဒီ တောအုပ်ကလေးနဲ့ မလှမ်းကမ်း တစ်နေရာမှာ နန္ဒဆိုတဲ့ နွားကျောင်းသားလေးက နွားကျောင်းရင်းနဲ့ မြတ်စွာဘုရား ရဟန်းတော်တွေကို ဟောနေတဲ့ ဒီတရားကို နာနေတယ်။ တရားလည်း ပြီးဆုံးရော ဒီနန္ဒနွားကျောင်းသားလေးက ဘာလုပ်သလဲ?</p>
<p>အထ ခေါ နန္ဒော ဂေါပါလကော ဘဂဝန္တံ ဧတဒဝေါစ –</p>
<p>မြတ်စွာဘုရားရှိရာ ချဉ်းကပ်တယ်။ ချဉ်းကပ်ပြီးတော့ မြတ်စွာဘုရားကို သူက လျှောက်ထားတယ်။ ဘယ်လို လျှောက်ထားလဲ?</p>
<p>‘‘<b>အဟံ ခေါ, ဘန္တေ, န ဩရိမံ တီရံ ဥပဂစ္ဆာမိ, န ပါရိမံ တီရံ ဥပဂစ္ဆာမိ, န မဇ္ဈေ သံသီဒိဿာမိ, န ထလေ ဥဿီဒိဿာမိ, န မံ မနုဿဂ္ဂါဟော ဂဟေဿတိ, န အမနုဿဂ္ဂါဟော ဂဟေဿတိ, န အာဝဋ္ဋဂ္ဂါဟော ဂဟေဿတိ, န အန္တောပူတိ ဘဝိဿာမိ။ လဘေယျာဟံ, ဘန္တေ, ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ, လဘေယျံ ဥပသမ္ပဒံ</b>’’။</p>
<p><b>ဘန္တေ</b>၊ မြတ်စွာဘုရား ...။ <b>အဟံ</b>၊ ဘုရားတပည့်တော်သည်။ <b>ဩရိမံ တီရံ</b>၊ ဤမှာဘက်ကမ်းသို့လည်းပဲ။ <b>န ဥပဂစ္ဆာမိ</b>၊ မကပ်ရောက်တော့သည် ဖြစ်ပါအံ့။ <b>ပါရိမံ တီရံ</b>၊ ထိုမှာဘက်ကမ်းသို့လည်းပဲ။ <b>န ဥပဂစ္ဆာမိ</b>၊ မကပ်ရောက်တော့သည် ဖြစ်ပါအံ့။ <b>မဇ္ဈေ</b>၊ ရေလည်ခေါင်၌။ <b>န သံသီဒိဿာမိ</b>၊ မနစ်မြုပ်ပါအံ့။ <b>ထလေ</b>၊ ကြည်းကုန်းထက် သောင်ပေါ်၌။ <b>န ဥဿီဒိဿာမိ</b>၊ တည်၍ မနေပါအံ့။ <b>မနုဿဂ္ဂါဟော</b>၊ ဆယ်ယူတတ်တဲ့လူသားသည်။ <b>မံ</b>၊ ဘုရားတပည့်တော်ကို။ <b>န ဂဟေဿတိ</b>၊ မဆယ်ယူပါလတ္တံ့။ <b>အမနုဿဂ္ဂါဟော</b>၊ ဆယ်ယူတတ်တဲ့ နတ်သည်။ <b>မံ</b>၊ ဘုရားတပည့်တော်ကို။ <b>န ဂဟေဿတိ</b>၊ မဆယ်ယူပါလတ္တံ့။ <b>အာဝဋ္ဋဂ္ဂါဟော</b>၊ စုပ်ယူတတ်တဲ့ ဝဲသည်။ <b>မံ</b>၊ ဘုရားတပည့်တော်ကို။ <b>န ဂဟေဿတိ</b>၊ မစုပ်ယူပါလတ္တံ့။ <b>အဟံ</b>၊ ဘုရားတပည့်တော်သည်။ <b>အန္တောပူတိ</b>၊ အတွင်းပုပ်နေတဲ့ပုဂ္ဂိုလ်သည်။ <b>န ဘဝိဿာမိ</b>၊ မဖြစ်ပါအံ့။ <b>ဘန္တေ</b>၊ မြတ်စွာဘုရား။ <b>အဟံ</b>၊ ဘုရားတပည့်တော်သည်။ <b>ဘဂဝတော</b>၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်၏။ <b>သန္တိကေ</b>၊ ထံတော်မှောက်၌။ <b>ပဗ္ဗဇ္ဇံ</b>၊ ရှင်အဖြစ်ကို။ <b>လဘေယျံ</b>၊ ရချင်ပါ၏။ <b>ဥပသမ္ပဒံ</b>၊ ရဟန်းပဉ္ဇင်းအဖြစ်ကို။ <b>လဘေယျံ</b>၊ ရချင်ပါ၏၊</p>
<p>မြတ်စွာဘုရား ... တပည့်တော်ဟာ ဒီမှာဘက်ကမ်းလည်း မကပ်ပါဘူး, ဟိုမှာဘက်ကမ်းလည်း မကပ်တော့ပါဘူး, ရေလည်ခေါင်မှာလည်း မနစ်မြုပ်တော့ပါဘူး, ကြည်းကုန်းထက် သောင်ပေါ်မှာလည်း တင်မနေတော့ပါဘူး။ တပည့်တော်ကို လူလည်း မဆယ်ပါစေနဲ့။ တပည့်တော် လူအဆယ်လည်း မခံတော့ဘူး, နတ်အဆယ်လည်း မခံတော့ဘူး, ဝဲအစုပ်လည်း မခံတော့ပါဘူး။ အတွင်းလည်း မပုပ်တော့ပါဘူး မြတ်စွာဘုရား ...။ ဒါကြောင့် ဘုရားတပည့်တော်ကို မြတ်စွာဘုရားရဲ့ ထံတော်မှောက်၌ ရှင်အဖြစ်, ရဟန်းအဖြစ်ကို ရချင်ပါတယ်။ ရှင်ပြုပေးတော်မူပါ, ရဟန်းပြုပေးတော်မူပါဆိုပြီး လျှောက်ထားတယ်။ ကဲ ဒကာကြီးတွေ, ဒကာမကြီးတွေ ဘက်ကရော ဘယ်နှစ်ယောက်လောက်များ လျှောက်ထားမလဲ? ကဲ အဲဒီအခါမှာ မြတ်စွာဘုရားက ဘာအမိန့်ရှိလဲ?</p>
<p>‘‘<b>တေန ဟိ တွံ, နန္ဒ, သာမိကာနံ ဂါဝေါ နိယျာတေဟိ</b>’’။</p>
<p><b>နန္ဒ</b>၊ ချစ်သားနန္ဒ ...။ <b>တေန ဟိ</b>၊ ထိုသို့ ဖြစ်ခဲ့ပါမူကား။ <b>တွံ</b>၊ သင်ချစ်သားသည်။ <b>သာမိကာနံ</b>၊ နွားရှင်တို့အား။ <b>ဂါဝေါ</b>၊ နွားတို့ကို။ <b>နိယျာတေဟိ</b>၊ အပ်နှင်းလိုက်ပါ။</p>
<p>ကဲ ဒီလိုဆိုရင်တော့ သင်ချစ်သားသည် နွားတွေကို နွားရှင်ကို သွားပြီး ပြန်အပ်ပေတော့။ အဲဒီအခါမှာ နန္ဒက ဘာလျှောက်ထားလဲ?</p>
<p>‘‘<b>ဂမိဿန္တိ, ဘန္တေ, ဂါဝေါ ဝစ္ဆဂိဒ္ဓိနိယော</b>’’။</p>
<p><b>ဘန္တေ</b>၊ မြတ်စွာဘုရား ...။ <b>ဝစ္ဆဂိဒ္ဓိနိယော</b>၊ နွားသားငယ်တို့အပေါ်၌ တွယ်တာတပ်မက်တဲ့ စိတ်ထားရှိတဲ့။ <b>ဂါဝေါ</b>၊ မိခင်နွားမကြီးတို့သည်။ <b>ဂမိဿန္တိ</b>၊ သူတို့အလိုလို ပြန်သွားကြပါကုန်လိမ့်မည် မြတ်စွာဘုရား။</p>
<p>တပည့်တော် သွားအပ်နေဖို့တောင် မလိုပါဘူး မြတ်စွာဘုရား ...။ နွားသားငယ်တို့အပေါ်၌ တွယ်တာတပ်မက်တဲ့ စိတ်ထားရှိနေတဲ့ ဒီနွားမကြီးတွေ သူတို့ဟာသူတို့ အလိုအလျောက် ပြန်သွားကြပါလိမ့်မယ်။ ကဲ ဒကာကြီးတွေ, ဒကာမကြီးတွေ ဘယ်လိုတုန်း ဟုတ်လား, မဟုတ်ဘူးလား? ဘုန်းကြီးလိုက်ပြီး အပ်ပေးရဦးမလား? မအပ်ရတော့ဘူးနဲ့ တူတယ်နော်။ အဲဒီအချိန်ခါကျတော့မှ မြတ်စွာဘုရားက ဘာအမိန့်ရှိလဲ?</p>
<p>‘‘<b>နိယျာတေဟေဝ တွံ, နန္ဒ, သာမိကာနံ ဂါဝေါ</b>’’။</p>
<p><b>နန္ဒ</b>၊ ချစ်သားနန္ဒ ...။ <b>တွံ</b>၊ သင်သည်။ <b>သာမိကာနံ</b>၊ နွားရှင်တို့အား။ <b>ဂါဝေါ</b>၊ နွားတို့ကို။ <b>နိယျာတေဟေဝ</b>၊ သွား၍ အပ်သာအပ်လိုက်ပါ။</p>
<p>သွားသာ အပ်လိုက်ပါ။ ဘာဖြစ်လို့လဲ? ရဟန်း ဖြစ်လာပြီးတဲ့ အချိန်ခါကျတော့မှ အရှင်ဘုရား နွားက ဘယ်နှစ်ကောင် လိုသေးတယ်။ ဘာက ဘယ်နှစ်ကောင် လိုသေးတယ်လို့ လာပြောနေလို့ရှိရင် ပြဿနာတွေ ရှုပ်ထွေးပြီး တရားအားထုတ်နိုင်ပါ့မလား? အားမထုတ်နိုင်ဘူး။ ဒါကြောင့် သွားသာ အပ်လိုက်ပေတော့ ဆိုပြီး ခိုင်းလိုက်တော့ နန္ဒလည်း နွားရှင်တွေကို သွားပြီးတော့ နွားတွေအပ်၊ အပ်ပြီးတော့ မြတ်စွာဘုရားထံ တစ်ဖန် ချဉ်းကပ်ပြီးတော့ မြတ်စွာဘုရားကို လျှောက်ထားတယ်။</p>
<p>‘‘<b>နိယျာတိတာ, ဘန္တေ, သာမိကာနံ ဂါဝေါ။</b>’’</p>
<p><b>ဘန္တေ</b>၊ မြတ်စွာဘုရား ...။ <b>အဟံ</b>၊ ဘုရားတပည့်တော်သည်။ <b>ဂါဝေါ</b>၊ နွားတို့ကို။ <b>သာမိကာနံ</b>၊ နွားရှင်တို့အား။ <b>နိယျာတိတာ</b>၊ အပ်နှင်း၍ ပြီးခဲ့ပါလေပြီ။</p>
<p>တပည့်တော် နွားရှင်တွေကို နွားတွေ ပြန်အပ်ပြီးပါပြီဘုရားတဲ့။</p>
<p>‘‘<b>လဘေယျာဟံ, ဘန္တေ, ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ, လဘေယံ ဥပသမ္ပဒံ</b>’’။</p>
<p><b>ဘန္တေ</b>၊ မြတ်စွာဘုရား ...။ <b>ပဗ္ဗဇ္ဇံ</b>၊ ရှင်အဖြစ်ကို။ <b>လဘေယျံ</b>၊ ရချင်ပါ၏။ <b>ဥပသမ္ပဒံ</b>၊ ရဟန်းအဖြစ်ကို။ <b>လဘေယျံ</b>၊ ရချင်ပါ၏၊</p>
<p>လျှောက်ထားလိုက်ပြီ။ လျှောက်ထားလိုက်တော့ ဘာဖြစ်လဲ? ရှင်အဖြစ်, ရဟန်းအဖြစ်ကို ရရှိသွားပါတယ်။ မြတ်စွာဘုရားလည်း ခွင့်ပြုလိုက်ပါတယ်နော်။ ခွင့်ပြုလိုက်ပြီးတဲ့ အချိန်ခါကျတော့ ဒီနန္ဒရဟန်းသစ်က ဘာလုပ်သလဲနော်။</p>
<p>‘‘<b>အစိရူပသမ္ပန္နော စ ပနာယသ္မာ နန္ဒော ဧကော ဝူပကဋ္ဌော…ပေ… အညတရော စ ပနာယသ္မာ နန္ဒော အရဟတံ အဟောသိ။</b>’’</p>
<p><b>အစိရူပသမ္ပန္နော စ ပန</b>၊ ရဟန်းဖြစ်၍ မကြာမြင့်သေးသော။ <b>အာယသ္မာ နန္ဒော</b>၊ အရှင်နန္ဒ ကိုယ်တော်မြတ်သည်။ <b>ဧကော</b>၊ အဖော်မမှီး တစ်ယောက်ထီးတည်း။ <b>ဝူပကဋ္ဌော</b>၊ ဆိတ်ငြိမ်ရာအရပ်သို့ ချဉ်းကပ်သည်ဖြစ်၍။ <b>အပ္ပမတော</b>၊ မမေ့မလျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားသည်ဖြစ်၍။ <b>အညတရော စ ပနာယသ္မာ နန္ဒော အရဟတံ အဟောသိ</b>၊ အရှင်နန္ဒ ကိုယ်တော်မြတ်သည် ရဟန္တာအရှင်မြတ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်တော်မူလေပြီ။</p>
<p>ကဲဒီနေ့ တရားနာနေတဲ့ ပရိသတ်အပေါင်းသူတော်ကောင်းတို့လည်း အရှင်နန္ဒ ကိုယ်တော်မြတ်ကဲ့သို့ <b>အရဟတ္တဖိုလ်</b>သို့ ဆိုက်ချင်တယ် ဆိုလို့ရှိရင်တော့ ဘာလုပ်ရမလဲ? အင်္ဂါ ရှစ်ချက်နဲ့ ပြည့်စုံအောင် ကြိုးစားရမယ်။ နောက်တစ်ခု ဘာလုပ်ရမလဲ? နွားတွေကို နွားရှင်ကို ပြန်ပြီးတော့ အပ်ရမယ်တဲ့။ ဟုတ်တယ်မဟုတ်လား? ဟာ ဘုန်းကြီးကလည်း တို့ကို နွားလို့ ပြောသွားတယ် ဒီလိုတော့ မထင်နဲ့နော်။ စကားဆိုတာက တင်စားပြီးတော့ ပြောကြတာပါပဲ။ ဟုတ်တယ်မဟုတ်လား? အဲဒါကြောင့် အရှင်နန္ဒ ကိုယ်တော်မြတ်ကို အတုယူပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေလို့ တိုက်တွန်းရင်း ကဲ တရားသိမ်းကြစို့။</p>
i2mhxgyznp9i3kswvng9lpq7ww66ik9
စေတောခိလသုတ်
0
6346
22063
2026-06-12T23:57:40Z
Tejinda
173
"{{header | title = စေတောခိလသုတ် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = ဒါရုက္ခန္ဓောပမသ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22063
wikitext
text/x-wiki
{{header
| title = စေတောခိလသုတ်
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[ဒါရုက္ခန္ဓောပမသုတ်]]
| previous2 =
| next = [[အဿဇိသုတ်]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =
}}
<h3>စေတောခိလသုတ္တန်</h3>
<h3>ပထမပိုင်း</h3>
<p>ဖခင်ဦးကျော် မိခင် ဒေါ်ခင်အေးတို့အား ဦးထိပ်ထား၍ သားဖြစ်သူ မောင်ထွန်းထွန်းဦး၊ သမီး မရီရီကျော်၊ မမေဦး၊ မြေး မောင်စစ်နိုင် မိသားစုတို့က ဂျပန်သို့ ခေတ္တရောက်ရှိနေသော မောင်ထွန်းထွန်း၏ (<b>၃၂</b>)နှစ်ပြည့် မွေးနေ့မင်္ဂလာအဖြစ် ရည်ညွှန်း၍ ဖားအောက်တောရစင်္ကြံကျောင်း၌ တစ်နေ့တာဆွမ်း လှူဒါန်းပူဇော်ပါတယ်။ ထိုအလှူဒါနပွဲမှာ ဘုန်းကြီးဘက်က ဝမ်းမြောက်ဖွယ် အနုမောဒနာတရားစကားလေးတစ်ပုဒ် ဟောကြားပေးဖို့ အကြောင်းတိုက်ဆိုင်လာတယ်နော်။ ဒီည ဘုန်းကြီးဟောဖို့ ရည်ရွယ်ထားတာကတော့ <b>စေတောခိလသုတ္တန်</b> တရားဒေသနာတော် ဖြစ်ပါတယ်။</p>
<p><b>စေတောခိလ</b>ဆိုတာက စိတ်မှာ စွဲကပ်နေတဲ့ ငြောင့်တံသင်းတွေပဲ။ အနုမောဒနာတရားနှင့် ဒီသုတ္တန်နဲ့ ဘယ်လို ဆက်စပ်နေသလဲလို့ မေးစရာရှိပါတယ်။ ဘုန်းကြီးဖက်က ဦးတည်ချက်ကတော့ ဒီနေ့ အလှူရှင်တွေနှင့်တကွ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့ရဲ့သန္တာန်၌ <b>စိတ်ရဲ့ ငြောင့်တံသင်းတွေ</b> နှုတ်ပယ်ပြီး ဖြစ်စေချင်တယ်။ အကယ်၍ ဒီငြောင့်တံသင်းကြီးတွေကို နှုတ်ပယ်နိုင်တဲ့စွမ်းအင် မရှိခဲ့ရင် ဘာဖြစ်နိုင်လဲ? ဒီအပိုင်းလေးကို သိစေချင်တဲ့အတွက် ဒီသုတ္တန်ကို ဟောပေးဖို့ ဘုန်းကြီး ရွေးချယ်လိုက်ခြင်း ဖြစ်ပါတယ်နော်။ မြတ်စွာဘုရား ဘယ်လိုဟောလဲ?</p>
<p>‘‘<b>ယဿ ကဿစိ, ဘိက္ခဝေ, ဘိက္ခုဿ ဝါ ဘိက္ခုနိယာ ဝါ ပဉ္စ စေတောခိလာ အပ္ပဟီနာ ပဉ္စ စေတသောဝိနိဗန္ဓာ အသမုစ္ဆိန္နာ, တဿ ယာ ရတ္တိ ဝါ ဒိဝသော ဝါ အာဂစ္ဆတိ ဟာနိယေဝ ပါဋိကင်္ခါ ကုသလေသု ဓမ္မေသု နော ဝုဒ္ဓိ။</b>’’</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ယဿ ကဿစိ</b>၊ အမှတ်မထား တစ်ပါးပါးသော။ <b>ဘိက္ခုဿ ဝါ</b>၊ ရဟန်းအားလည်းကောင်း၊ <b>ဘိက္ခုနိယာ ဝါ</b>၊ ရဟန်းမိန်းမအားလည်းကောင်း၊ (ဝါ) <b>ဘိက္ခုဿ ဝါ</b>၊ ရဟန်း၏သန္တာန်၌လည်းကောင်း၊ <b>ဘိက္ခုနိယာ ဝါ</b>၊ ရဟန်းမိန်းမ၏သန္တာန်၌လည်းကောင်း၊ <b>ပဉ္စ</b>၊ ငါးပါးကုန်သော။ <b>စေတောခိလာ</b>၊ စိတ်ရဲ့ ငြောင့်တံသင်းတို့သည်။ <b>အပ္ပဟီနာ</b>၊ မပယ်ရှားအပ်သေးကုန်သည်၊ <b>ဟောန္တိ</b>၊ ဖြစ်ကြလေကုန်၏။ <b>ပဉ္စ</b>၊ ငါးပါးကုန်သော။ <b>စေတသောဝိနိဗန္ဓာ</b>၊ စိတ်၏ အနှောင်အဖွဲ့တရားတို့ကိုလည်းပဲ။ <b>အသမုစ္ဆိန္နာ</b>၊ မပယ်ရှား မဖြတ်တောက်နိုင်အပ်သေးကုန်သည်၊ <b>ဟောန္တိ</b>၊ ဖြစ်ကြလေကုန်၏။</p>
<p>ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်, ရဟန်းပဲဖြစ်ဖြစ်, ဘိက္ခုနီမပဲဖြစ်ဖြစ်, ဘိက္ခုယောက်ျားပဲဖြစ်ဖြစ်, ဘိက္ခုနီမိန်းမပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ <b>စိတ်ဓာတ်ရဲ့ ငြောင့်တံသင်းကြီး ငါးခု</b>ကို မပယ်ရှားရသေးဘူး။ <b>စိတ်ဓာတ်တွေကို နှောင်ဖွဲ့ထားတဲ့ အနှောင်အဖွဲ့ ငါးခု</b>ကိုလည်း မပယ်ဖြတ်ရသေးဘူးဆိုရင် -</p>
<p>‘‘<b>တဿ ယာ ရတ္တိ ဝါ ဒိဝသော ဝါ အာဂစ္ဆတိ ဟာနိယေဝ ပါဋိကင်္ခါ ကုသလေသု ဓမ္မေသု နော ဝုဒ္ဓိ။</b>’’</p>
<p><b>တဿ</b>၊ ထိုပုဂ္ဂိုလ်ရဲ့သန္တာန်၌ (ဝါ) ထိုပုဂ္ဂိုလ်အဖို့။ <b>ယာ ရတ္တိ ဝါ</b>၊ အကြင် ညဉ့်သည်လည်းကောင်း၊ <b>ယော ဒိဝသော ဝါ</b>၊ အကြင် နေ့သည်လည်းကောင်း။ <b>အာဂစ္ဆတိ</b>၊ ဆိုက်ရောက်၍လာ၏၊ <b>သော ရတ္တိ</b>၊ ထိုညဉ့်သည်။ <b>သော ဒိဝသော</b>၊ ထိုနေ့သည်။ <b>ကုသလေသု ဓမ္မေသု</b>၊ ကုသိုလ်တရားတို့၌။ <b>ဟာနိယေဝ</b>၊ ဆုတ်ယုတ်ပျက်စီးခြင်းကိုသာလျှင်။ <b>ပါဋိကင်္ခါ</b>၊ အလိုရှိအပ်ပေ၏ (မျှော်လင့်အပ်ပေ၏)။ <b>ဝုဒ္ဓိ</b>၊ ကြီးပွားတိုးတက်ခြင်းကို။ <b>နော</b>၊ အလိုမရှိအပ်ပါပေ (မမျှော်လင့်အပ်ပါပေ)။</p>
<p>ပုဂ္ဂိုလ်တစ်ယောက် ဘိက္ခုရဟန်းယောက်ျားပဲဖြစ်ဖြစ်, ရဟန်းမိန်းမပဲဖြစ်ဖြစ်, ဒီနေ့ အလှူရှင်တွေပဲဖြစ်ဖြစ်ပေါ့။ ဘယ်ပုဂ္ဂိုလ်သန္တာန်မှာမဆို စိတ်ရဲ့ ငြောင့်တံသင်း ငါးခုကို မပယ်ရှားရသေးဘူးဆိုရင်, စိတ်ကို နှောင်ဖွဲ့ထားတဲ့ အနှောင်အဖွဲ့ ငါးမျိုးကို မပယ်ဖြတ်ရသေးဘူးဆိုရင် ထိုပုဂ္ဂိုလ်အဖို့ လာလတ္တံ့သော ညဉ့်, လာလတ္တံ့သော နေ့တွေ ရှိတယ်။ အဲဒီနေ့တွေမှာ ထိုပုဂ္ဂိုလ်သန္တာန်၌ ကုသိုလ်တရားတွေ မချွတ်ဧကန် ဆုတ်ယုတ်လိမ့်မယ်လို့သာ မျှော်လင့်အပ်တယ်။ ကုသိုလ်တရားတွေရဲ့ တိုးပွားမှုကို မမျှော်လင့်နိုင်ဘူးတဲ့။</p>
<p>ဒီလိုဆိုလို့ရှိရင် ကုသိုလ်တရားတွေမှာ ဆုတ်ယုတ်ဖို့သာ အကြောင်းတရား ရှိတယ်။ ကုသိုလ်တရားတွေမှာ တိုးပွားဖို့ အကြောင်းမရှိဘူးဆိုရင် ဒီစိတ်ဓာတ်ရဲ့ ငြောင့်တံသင်း ငါးခုဆိုတာ ဘာတွေလဲ သိဖို့မလိုဘူးလား?</p>
<p>‘‘<b>ကတမေ အဿ ပဉ္စ စေတောခိလာ အပ္ပဟီနာ ဟောန္တိ?</b>’’</p>
<p><b>အဿ</b>၊ ထိုရဟန်းအား (ဝါ) ထိုပုဂ္ဂိုလ်အား။ <b>ကတမေ ပဉ္စ</b>၊ အဘယ် ငါးပါးကုန်သော။ <b>စေတောခိလာ</b>၊ စိတ်ရဲ့ ငြောင့်တံသင်းတို့သည်။ <b>အပ္ပဟီနာ</b>၊ မပယ်ရှားအပ်ကုန်သေးသည်၊ <b>ဟောန္တိ</b>၊ ဖြစ်ကြလေကုန်သတည်း။</p>
<p>ငြောင့်တံသင်း ငါးခု။ ဘယ်ငြောင့်တံသင်း ငါးမျိုးကို မပယ်ရှားရသေးသလဲ? နံပါတ် (၁) နော်။</p>
<p>‘‘<b>ဣဓ, ဘိက္ခဝေ, ဘိက္ခု သတ္ထရိ ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္စတိ န သမ္ပသီဒတိ။</b>’’</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဣဓ</b>၊ ဤသာသနာတော်မြတ်အတွင်း၌။ <b>ဘိက္ခု</b>၊ ယောဂါဝစရရဟန်းတော်သည်။ <b>သတ္ထရိ</b>၊ ဘုရားရှင်အပေါ်၌။ <b>ကင်္ခတိ</b>၊ ယုံမှား၏၊ <b>ဝိစိကိစ္ဆတိ</b>၊ သို့လော သို့လော တွေးတော၏၊ <b>နာဓိမုစ္စတိ</b>၊ လွတ်လွတ် သက်ဝင်၍ ဆုံးဖြတ်ချက် မချနိုင်။ <b>န သမ္ပသီဒတိ</b>၊ စိတ်ဓာတ်၏ ကောင်းစွာ ကြည်လင်မှု မရှိပေ။</p>
<p>ပုဂ္ဂိုလ်တစ်ယောက် <b>ဘုရားရှင်အပေါ်၌ ယုံမှားသံသယ</b>ရှိတယ်။ သို့လော သို့လော တွေးတောနေတယ်။ ဘုရားစစ် ဘုရားမှန် ဟုတ်မှဟုတ်ပါ့မလား? လောကမှာ ဘုရားဆိုတာ ရှိ, ရှိနိုင်ပါ့မလား? ခေတ်စကားနဲ့ ခပ်ရိုင်းရိုင်း ပြောရင်ပေါ့။ အရှင်ဂေါတမဆိုတာ သူလည်း လူသားတစ်ဦးပါပဲဆိုပြီး ဒီလို အထင်သေးတဲ့ ပုံစံပဲနော်။ နည်းနည်း စိတ်ထဲမှာ သိပ်ပြီး အထင်မကြီးချင်ဘူး။ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားစစ် ဘုရားမှန် ဧကန်စင်စစ် ဖြစ်ပါတယ်ဆိုပြီး လွတ်လွတ် သက်ဝင်ပြီး ဆုံးဖြတ်ချက် မချနိုင်ဘူး။ စိတ်ဓာတ် ကြည်လင်မှုလည်း မရဘူး။ လုံးလုံး မကြည်ညိုနိုင်ဘူး။ နည်းနည်းလေး ဘုန်းကြီး နားလည်အောင် ပြောပါ့မယ်။</p>
<p>တစ်ချိန်တုန်းကပေါ့လေ ... ဘုန်းကြီးတို့ အင်္ဂလိပ်လက်ထက်လောက်ကနဲ့ တူပါတယ်။ မုံရွာက စောက်ထိုးဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်က <b>သဗ္ဗညုတဉာဏ်</b>ဆိုတာ ရှိပါသလားဆိုပြီးတော့ သတင်းစာထဲကနေ ထည့်ပြီးတော့ ဝေဖန်ခဲ့ဖူးတယ်။ လွတ်လွတ် သက်ဝင်ပြီး ဆုံးဖြတ်ချက် ချနိုင်တဲ့ စွမ်းအား မရှိဘူး။ စိတ်ဓာတ်တွေက သိပ်ပြီးတော့ ကြည်လင်မှု မဖြစ်ဘူး။</p>
<p>တစ်ချိန်က နာမည်ကျော်ဖြစ်တဲ့ စာရေးဆရာရွှေဥဒေါင်းကလည်း သူက ဘာရေးလဲ? သူ့ဆောင်းပါးတစ်ခုမှာ။ လောကုတ္တရာကြီးပွားရေးနဲ့ ပတ်သက်ရင် ဗုဒ္ဓကို သူ ဆရာတင်ပါတယ်တဲ့။ မာ့စ်က ဒီဗုဒ္ဓကို လိုက်လို့ မမှီဘူး။ ဒါပေမယ့် လောကကြီးပွားရေးကျရင်တော့ ဗုဒ္ဓက မာ့စ်ကို လိုက်လို့ မမှီဘူး။ လောကကြီးပွားရေးမှာ သူက မာ့စ်ကိုပဲ ရှေ့တန်း တင်ရမယ်ဆိုပြီး ဒီလို စကားမျိုး သူသုံးခဲ့ဖူးတယ်။ ဒါ ဘာပြောတာလဲလို့မေးတော့ လွတ်လွတ် ဆုံးဖြတ်ချက်ချပြီးတော့ သက်ဝင်ယုံကြည်တဲ့သဘော သူ့သန္တာန်မှာ မရှိဘူး။ လွတ်လွတ် ကျွတ်ကျွတ် သူ မယုံကြည်နိုင်ဘူး။ နည်းနည်းလေး ငြိစွန်းမနေဘူးလား? ငြိစွန်းနေတယ်။ ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်နေတယ်။ ဒါ ဘာကြောင့်လဲဆိုတာကို ဘုန်းကြီးကတော့ ဒါ ရှင်းချင်လို့ပါနော်။</p>
<p>အဓိကက ဘုန်းကြီးတို့ ပရမတ္ထဓာတ်သားဖြစ်တဲ့ <b>ဒုက္ခသစ္စာ</b> အမည်ရနေတဲ့ <b>ဥပါဒါနက္ခန္ဓာ ငါးပါး</b>၊ <b>သမုဒယသစ္စာ</b>အမည်ရနေတဲ့ ကြောင်းကျိုးဆက်နွယ်မှု <b>ပဋိစ္စသမုပ္ပါဒ်</b>သဘောတရား၊ အောက်ထစ်ဆုံးအားဖြင့် <b>နာမရူပပရိစ္ဆေဒဉာဏ်</b>နဲ့ <b>ပစ္စယပရိဂ္ဂဟဉာဏ်</b>အမည်ရနေတဲ့ ဒုက္ခသစ္စာ, သမုဒယသစ္စာ နှစ်ပါးကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိသေးဘူးဆိုရင် ထိုပုဂ္ဂိုလ်ရဲ့သန္တာန်၌ ယုံမှားသံသယ လုံးဝကြီး ကင်းစင်သွားပြီလို့ မပြောနိုင်ဘူး။ ဒီလို သံသယတွေ ထင်လင်းရှိနေတဲ့ပုဂ္ဂိုလ် ဘာဖြစ်မလဲ?</p>
<p>‘‘<b>ယော သော, ဘိက္ခဝေ, ဘိက္ခု သတ္ထရိ ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္စတိ န သမ္ပသီဒတိ, တဿ စိတ္တံ န နမတိ အာတပ္ပါယ အနုယောဂါယ သာတစ္စာယ ပဓာနာယ။</b>’’</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ယော သော ဘိက္ခု</b>၊ အကြင် ရဟန်းသည်ကား။ <b>သတ္ထရိ</b>၊ ဘုရားရှင်အပေါ်၌။ <b>ကင်္ခတိ</b>၊ ယုံမှား၏၊ <b>ဝိစိကိစ္ဆတိ</b>၊ သို့လော သို့လော တွေးတော၍နေ၏၊ <b>နာဓိမုစ္စတိ</b>၊ လွတ်လွတ် သက်ဝင်၍ ဆုံးဖြတ်ချက် မချနိုင်။ <b>န သမ္ပသီဒတိ</b>၊ ကောင်းစွာ ကြည်ညိုမှု မရှိပေ။ <b>တဿ</b>၊ ထိုပုဂ္ဂိုလ်၏။ <b>စိတ္တံ</b>၊ စိတ်ဓာတ်သည်။ <b>အာတပ္ပါယ</b>၊ သမထဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တို့၌ ကြိုးစားအားထုတ်ဖို့ရန်။ <b>အနုယောဂါယ</b>၊ ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ ကြိုးစားအားထုတ်ဖို့ရန်။ <b>သာတစ္စာယ</b>၊ စွဲစွဲမြဲမြဲ ကြိုးစားအားထုတ်ဖို့ရန်။ <b>ပဓာနာယ</b>၊ အပြင်းအထန် ကြိုးစားအားထုတ်ဖို့ရန်။ <b>န နမတိ</b>၊ ညွတ်ကိုင်းရှိုင်းမှု မရှိပေ။</p>
<p>မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်နေပြီနော်။ မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်နေတဲ့ အချိန်အခါကျတော့ ဘုရားရှင်အပေါ်၌ လွတ်လွတ် သက်ဝင်ဆုံးဖြတ်ချက်ချပြီး ယုံကြည်ချက်က မဖြစ်လေတော့ ဒီလို ယုံကြည်ချက်မရှိတဲ့ ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်သည် ဘာဖြစ်နေလဲ? ဘုရားဟောထားတဲ့ ဒီ<b>သမထဝိပဿနာ ဘာဝနာကျင့်စဉ်</b>ဆိုတဲ့ ဒီကျင့်စဉ်တွေဟာ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ <b>နိယျာနိက တရားကောင်း</b>ဖြစ်တယ်လို့ ဒီလိုလည်း သူက လွတ်လွတ်သက်ဝင်ပြီး ဆုံးဖြတ်ချက် ချနိုင်တဲ့စွမ်းအား မရှိဘူး။ မရှိတော့ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ နိယျာနိက တရားကောင်းဆိုတဲ့ သမထဝိပဿနာကျင့်စဉ်တွေကို လက်တွေ့ကျင့်ဖို့ရန်အတွက် ကြိုးစားအားထုတ်ဖို့ရန်, ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ ကြိုးစားအားထုတ်ဖို့ရန်, စွဲစွဲမြဲမြဲ ကြိုးစားအားထုတ်ဖို့ရန်, အပြင်းအထန် ကြိုးစားအားထုတ်ဖို့ရန် သူ့ရဲ့စိတ်ဓာတ်က ညွတ်ကိုင်းရှိုင်းမှု မရှိဘူး။ ညွတ်ကိုင်းရှိုင်းမှု မရှိတဲ့အတွက် ဘာဖြစ်လဲ?</p>
<p>‘‘<b>ယဿ စိတ္တံ န နမတိ အာတပ္ပါယ အနုယောဂါယ သာတစ္စာယ ပဓာနာယ, ဧဝမဿာယံ ပဌမော စေတောခိလော အပ္ပဟီနော ဟောတိ။</b>’’</p>
<p><b>ယဿ</b>၊ အကြင်ပုဂ္ဂိုလ်၏။ <b>စိတ္တံ</b>၊ စိတ်ဓာတ်သည်။ <b>အာတပ္ပါယ</b>၊ သမထဝိပဿနာ ကျင့်စဉ်တို့၌ ကြိုးစားအားထုတ်ဖို့ရန်။ <b>အနုယောဂါယ</b>၊ ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ ကြိုးစားအားထုတ်ဖို့ရန်။ <b>သာတစ္စာယ</b>၊ စွဲစွဲမြဲမြဲ ကြိုးစားအားထုတ်ဖို့ရန်။ <b>ပဓာနာယ</b>၊ အပြင်းအထန် ကြိုးစားအားထုတ်ဖို့ရန်။ <b>န နမတိ</b>၊ ညွတ်ကိုင်းရှိုင်းမှု မရှိပေ။ <b>ဧဝံ</b>၊ ဤသို့လျှင်။ <b>တဿ</b>၊ ထိုရဟန်းတော်ရဲ့သန္တာန်၌။ <b>ပဌမော</b>၊ ရှေးဦးစွာသော။ <b>အယံ စေတောခိလော</b>၊ ဤစိတ်ရဲ့ ငြောင့်တံသင်းသည်။ <b>အပ္ပဟီနော</b>၊ မပယ်ရှားရသေးသည်၊ <b>ဟောတိ</b>၊ ဖြစ်၏။</p>
<p>ရှေးဦးစွာသော စိတ်ဓာတ်ရဲ့ ငြောင့်တံသင်း တစ်ခုပဲ။ ဒါကို သူ မပယ်ရှားနိုင်သေးဘူးတဲ့နော်။ မပယ်နိုင်သေးတဲ့အတွက် ဒီငြောင့်တံသင်းကြီး စူးဝင်နေတဲ့ ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်အစဉ်သည် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ သမထဝိပဿနာ ဘာဝနာကျင့်စဉ်တွေကို ကြိုးစားအားထုတ်ဖို့ရန်, စွဲစွဲမြဲမြဲ အားထုတ်ဖို့ရန်, ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ အားထုတ်ဖို့ရန်, အပြင်းအထန် ကြိုးစားအားထုတ်ဖို့ရန် ဘယ်လိုမှ ညွတ်ကိုင်းရှိုင်းမှု မရှိတော့ဘူး။ ဒီလိုဆိုရင် တရားအားမထုတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့စိတ်ဓာတ်သည် ဘယ်လိုစိတ်ဓာတ်မျိုး ဖြစ်နေတယ်ဆိုတာတော့ နည်းနည်း မှန်းလို့ မရဘူးလား? ရနေတယ်။ သူက အပြင်းအထန် တကယ်တမ်း သက်ဝင် ယုံကြည်နေလိမ့်မယ်ဆိုလို့ရှိရင် ဒီလို ပေါ့ပေါ့နေပါ့မလား? မနေဘူး။ အပြင်းအထန် တကယ်တမ်း သက်ဝင် ယုံကြည်တဲ့စွမ်းအင်က လျော့နည်းနေပြီ။ တချို့ဟာတွေတော့ ယုံတော့ ယုံပါရဲ့။ ဒါပေမယ့် ဒါပေမယ့် ဒါပေမယ့်ဆိုတဲ့ စကားလုံးတွေ ခပ်များများ သုံးပြီးတော့ ဝေ့လည်ကြောင်ပတ် လုပ်နေတယ်။ နောက်တစ်ခု - ဒုတိယ စိတ်ဓာတ်ရဲ့ ငြောင့်တံသင်းတစ်ခု။</p>
<p>‘‘<b>ပုန စပရံ, ဘိက္ခဝေ, ဘိက္ခု ဓမ္မေ ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္စတိ န သမ္ပသီဒတိ။</b>’’</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ပုန ဇပရံ</b>၊ နောက်တစ်မျိုးသော်ကား။ <b>ဘိက္ခု</b>၊ ယောဂါဝစရရဟန်းတော်သည်။ <b>ဓမ္မေ</b>၊ မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်ထင်ပေါ် တရားတော်မြတ်၌။ <b>ကင်္ခတိ</b>၊ ယုံမှားသံသယရှိ၍နေ၏၊ <b>ဝိစိကိစ္ဆတိ</b>၊ သို့လော သို့လော တွေးတော၍နေ၏၊ <b>နာဓိမုစ္စတိ</b>၊ လွတ်လွတ်သက်ဝင်၍ ဆုံးဖြတ်ချက် မချနိုင်။ <b>န သမ္ပသီဒတိ</b>၊ ကောင်းစွာ ကြည်ညိုမှု မရှိပေ။</p>
<p>စိတ်ဓာတ်တွေ ကြည်လင်မှု မရနိုင်ဘူးနော်။ ဘုရားရှင်ရဲ့ မဂ်လေးပါး, ဖိုလ်လေးပါး, နိဗ္ဗာန်, ပရိယတ်ဆိုတဲ့ <b>ဆယ်ပါးသော တရားတော်</b>အပေါ်၌ သံသယတွေ ရှိနေတယ်တဲ့။ ဒီသံသယရှိလို့ရှိရင် စနစ်တကျ ကြိုးစားအားထုတ်မှုဆိုတာ ဖြစ်ပါ့မလား? မဖြစ်ဘူး။ အဲဒီတော့ မဂ်ဉာဏ်လေးပါးက တရားစစ် တရားမှန်, ဖိုလ်ဉာဏ်လေးပါးဆိုတာလည်း တရားစစ် တရားမှန်, နိဗ္ဗာန်ဆိုတာလည်း တရားစစ် တရားမှန်။ ဒီကိုးခုကတော့ <b>လောကုတ္တရာတရား ကိုးပါး</b>လို့ ခေါ်ပါတယ်။ ထိုလောကုတ္တရာတရား ကိုးပါးကို ရရှိရေးအတွက် ဘုရားရှင်သည် တာစူပြီးတော့ <b>မဂ္ဂင်ရှစ်ပါး</b> ကျင့်စဉ်တရားတွေကို ဟောကြားပြသ ဆိုဆုံးမပေးတော်မူခဲ့ပါတယ်။ ထိုမဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတွေက သတ္တဝါတွေ အမျိုးမျိုး ရှိတဲ့အတွက် ဒီကျင့်စဉ်တွေကို ဘုရားရှင်က အမျိုးမျိုး ခွဲခြားစိတ်ဖြာပြီး ဟောလိုက်တော့ ဒါ <b>ပရိယတ်တရားတော်</b>ဆိုပြီးတော့ တရားတော်အနေနဲ့ တည်ရှိပါတယ်။ ထိုပရိယတ်တရားတော်အပေါ်၌လည်း ယုံကြည်ချက် မရှိဘူး။</p>
<p>တလောက မနေ့ကပဲ ထင်ပါတယ်နော်။ ဆွစ်ဇာလန်ကိုယ်တော်လေးက ပြန်ကြွသွားတယ်။ သူ့အနေနဲ့က ဘုန်းကြီးနဲ့ အကြိမ်ကြိမ် တရားဆွေးနွေးတယ်။ တခြားပုဂ္ဂိုလ်တွေနဲ့လည်း ဆွေးနွေးတယ်။ ကနေဒါ ဘုန်းကြီးဦးဇာဂရကလည်း ရန်ကုန်မှာ ဘုန်းကြီးနဲ့ တွေ့တွေ့ချင်း သူက ဒီအကြောင်း လျှောက်ထားတယ်။ ဘယ်လိုမှတော့ ဆရာတော် ဆွေးနွေးလို့ မလွယ်ဘူးတဲ့။ ဘယ်လိုမှ ပြောလို့လည်း နားမဝင်ဖြစ်နေပြီ။ ဘာပြောတာလဲဆိုတော့ သူက ဘုရားဟောတဲ့ <b>ရုပ်တရား ရှုဖို့ မလိုဘူး</b>။ ရုပ်တရားနဲ့ ပတ်သက်ပြီး ဘုရားရှင်က <b>မဟာဂေါပါလကသုတ္တန်</b>မှာဆိုလို့ရှိရင် နွားအပေါင်းကို ထိန်းကျောင်းနေတဲ့ နွားကျောင်းသားတစ်ယောက်က မိမိ ထိန်းကျောင်းနေတဲ့နွား ဘယ်နှစ်ကောင် ရှိတယ်လို့ အတိအကျ မသိဘူး။ နွားဖြူက ဘယ်နှစ်ကောင်, နွားနီက ဘယ်နှစ်ကောင်, နွားနက်က ဘယ်နှစ်ကောင်, နွားဝါက ဘယ်နှစ်ကောင်, နွားကြားက ဘယ်နှစ်ကောင် စသည်ဖြင့် ကျကျနန မသိဘူး။ ထိုမသိမှုတွေ တစ်ပုံကြီး ထမ်းပြီးတော့ နွားအပေါင်းကို ထိန်းကျောင်းနေတဲ့ ထိုနွားကျောင်းသားသည် နွားအပေါင်းရဲ့ ကြီးပွားတိုးတက်မှုကို ဆောင်ရွက်ဖို့ရန် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲ?</p>
<p>မိမိနွား ပျောက်လို့ရှိရင်လည်း ဘယ်နှစ်ကောင် ပျောက်လို့ ပျောက်မှန်း မသိဘူး။ သူများနွားတွေ ကိုယ့်နွားထဲရောက်လည်း ဘယ်နှစ်ကောင် ရောက်လို့ ရောက်မှန်းမသိဘူး။ ပြဿနာတွေ ရှုပ်ကုန်ပြီနော်။ နွားအပေါင်းရဲ့ ကြီးပွားတိုးတက်မှု ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒီပုံစံအတိုင်းပဲ။ ငါဘုရားရှင်ရဲ့ သာသနာတော်မှာလည်းပဲ ဘူတရုပ်, ဥပါဒါရုပ်လို့ ခေါ်ဆိုအပ်တဲ့ <b>ရုပ်နှစ်ဆယ့်ရှစ်ပါး</b>ကို ဟုတ်တိုင်းမှန်စွာ <b>ပရိညာဉာဏ်ပညာ သုံးမျိုး</b>ဖြင့် ပိုင်းခြားမသိခဲ့ဘူး။ တစ်နည်းအားဖြင့် အရေအတွက်အားဖြင့်သော်လည်းကောင်း, အကြောင်း သမုဋ္ဌာန်အားဖြင့်သော်လည်းကောင်း ဟုတ်တိုင်းမှန်စွာ မသိခဲ့ဘူးဆိုရင် ငါဘုရားရှင်ရဲ့ သာသနာတော်၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ရသည့်တိုင်အောင် တိုးတက်စည်ပွား ကြီးပွားမှု ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ အတိအကျ ဟောထားတယ်။ အဲဒီ ဘုရားဟောကို သူက မယုံကြည်ဘူး။ ကဲ မခက်ဘူးလား? မယုံကြည်ဘူးဆိုလို့ရှိရင် ထိုမယုံကြည်တဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်၌ တရားတော်အပေါ်၌ မယုံကြည်မှုဆိုတဲ့ ငြောင့်ကြီးက စူးဝင်နေပြီ။ ဒီငြောင့် အစူးခံရတဲ့ပုဂ္ဂိုလ်သည် ဘာဖြစ်မလဲ? ပြီးတော့မှ ဘုန်းကြီး ဆက်ပြောမယ်နော်။ နောက်တစ်ခု -</p>
<p>‘‘<b>သဗ္ဗံ, ဘိက္ခဝေ, အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။</b>’’ (သံ၊၂၊၂၄၉-၂၅၀။)</p>
<p>အလုံးစုံသော ရုပ်တရား, နာမ်တရားတွေကို ဉာတပရိညာ, တီရဏပရိညာ, ပဟာနပရိညာခေါ်တဲ့ <b>ပရိညာဉာဏ်ပညာ သုံးမျိုး</b>ဖြင့် ပိုင်းခြားမသိခဲ့ရင် သံသရာဝဋ်ဆင်းရဲဒုက္ခ ဘယ်လိုမှ မကုန်ပါဘူးဆိုပြီး ဘုရားကလည်း အတိအကျဟောတယ်။ ပရိညာဉာဏ်ပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိမှသာလျှင် သံသရာဝဋ်ဆင်းရဲဒုက္ခကြီး ကုန်ဆုံးမယ်ဆိုတာလည်း အတိအကျ ဟောထားတယ်။ အဲဒီ ဟောကြားချက်ကိုလည်း သူက လက်မခံပြန်ဘူး။ ငြောင့်မစူးနေဘူးလား? စူးနေတယ်နော်။ လက်မခံတော့ ဘာဖြစ်လဲ? ပြီးတော့မှ ဘုန်းကြီး ထပ်ပြောပါ့မယ်။ ဒီတော့ ဒီအချက်နဲ့ ပတ်သက်ပြီး အဋ္ဌကထာ ဆရာတော်များကလည်း ဘယ်လိုဖွင့်ထားလဲ?</p>
<p>‘‘<b>သော ဂဏနတော (သမုဋ္ဌာနတော) ရူပံ အဇာနန္တော ရူပံ ပရိဂ္ဂဟေတွာ အရူပံ ဝဝတ္ထပေတွာ ရူပါရူပံ ပရိဂ္ဂဟေတွာ ပစ္စယံ သလ္လက္ခေတွာ လက္ခဏံ အာရောပေတွာ ကမ္မဋ္ဌာနံ မတ္ထကံ ပါပေတုံ န သက္ကောတိ။</b>’’ (မ၊ဋ္ဌ၊၂၊၁၆၃-၁၆၄။)</p>
<p><b>သော</b>၊ ထိုယောဂါဝစရရဟန်းတော်သည်။ <b>ဂဏနတော</b>၊ အရေအတွက်အားဖြင့်လည်းကောင်း၊ <b>သမုဋ္ဌာနတော</b>၊ အကြောင်းသမုဋ္ဌာန်အားဖြင့်လည်းကောင်း။ <b>ရူပံ</b>၊ ရုပ်တရားကို။ <b>အဇာနန္တော</b>၊ ပိုင်းခြားမသိခဲ့သည်ရှိသော်။ <b>ရူပံ</b>၊ ရုပ်တရားကို။ <b>ပရိဂ္ဂဟေတွာ</b>၊ ဉာဏ်ဖြင့် ပိုင်းခြားယူ၍။ <b>အရူပံ</b>၊ နာမ်တရားကို။ <b>ဝဝတ္ထပေတွာ</b>၊ ဉာဏ်ဖြင့် ပိုင်းခြားယူ၍။ <b>ရူပါရူပံ</b>၊ ရုပ်တရား နာမ်တရားကို။ <b>ပရိဂ္ဂဟေတွာ</b>၊ ဉာဏ်ဖြင့် ပိုင်းခြားယူ၍ (သိမ်းဆည်း၍)။ <b>ပစ္စယံ</b>၊ ထိုနာမ်ရုပ်တို့၏ အကြောင်းတရားကို။ <b>သလ္လက္ခေတွာ</b>၊ ကောင်းစွာ ပိုင်းခြားမှတ်သား၍။ <b>လက္ခဏံ</b>၊ လက္ခဏာရေး သုံးတန်သို့။ <b>အာရောပေတွာ</b>၊ တင်၍။ <b>ဝိပဿနံ</b>၊ ဝိပဿနာဉာဏ်ကို (ဝါ) <b>ကမ္မဋ္ဌာနံ</b>၊ ကမ္မဋ္ဌာန်းလုပ်ငန်းကို။ <b>မတ္ထကံ</b>၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဆိုတဲ့ အထွတ်အထိပ်သို့။ <b>ပါပေတုံ</b>၊ ရောက်ရှိစေအံ့သောငှာ။ <b>န သက္ကောတိ</b>၊ ဘယ်နည်းနဲ့မှ မစွမ်းနိုင်ပေ။</p>
<p>```<br>
ရုပ်တရားကို ရုပ် <b>နှစ်ဆယ့်ရှစ်ပါး</b>ဆိုတဲ့ အရေအတွက်အားဖြင့်သော်လည်းကောင်း မည်သည့်ရုပ်က ကံကြောင့်ဖြစ်သည်။ မည်သည့် ရုပ်တွေက စိတ်ကြောင့်ဖြစ်သည်။ မည်သည့် ရုပ်က ဥတုကြောင့်ဖြစ်သည်။ မည်သည့် ရုပ်တွေက အာဟာရကြောင့်ဖြစ်သည်။ မည်သည့် ရုပ်တွေက မည်သည့် အကြောင်းတရားကြောင့်မျှ မဖြစ်စသည်ဖြင့် အကြောင်းသမုဋ္ဌာန်အားဖြင့်လည်းကောင်း ဟုတ်တိုင်းမှန်စွာ မသိခဲ့ဘူးဆိုရင် ရုပ်တရားကို သိမ်းဆည်းတတ်တဲ့ <b>ရူပပရိဂ္ဂဟဉာဏ်</b> ဘယ်လိုမှ မရနိုင်ဘူး။ နာမ်တရားကို ပိုင်းခြားမှတ်သားတတ်တဲ့ <b>နာမဝဝတ္ထာနဉာဏ်</b>လည်း ဘယ်လိုမှ မရနိုင်ဘူး။ ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်းတဲ့ <b>နာမရူပပရိဂ္ဂဟဉာဏ်</b>ကိုလည်း ဘယ်လိုမှ မရနိုင်ဘူး။ ရုပ်နာမ်ကိုမှ ပရမတ္ထသို့ ဆိုက်အောင် ဉာဏ်အမြင်မရှိတဲ့ ထိုပုဂ္ဂိုလ်ရဲ့သန္တာန်၌ အကြောင်းတရားကို သိမ်းဆည်းခြင်း, ပိုင်းခြားမှတ်သားခြင်းဆိုတဲ့ <b>ပစ္စယပရိဂ္ဂဟဉာဏ်</b>လည်း ဘယ်လိုမှ မရနိုင်ဘူး။</p>
<p><b>နာမရူပပရိစ္ဆေဒဉာဏ်</b>နဲ့ <b>ပစ္စယပရိဂ္ဂဟဉာဏ်</b> <b>နှစ်ပါး</b>မှ မရှိတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်၌ ပရမတ္ထဓာတ်သားအစစ် အနှစ်ဖြစ်နေတဲ့ ရုပ်နာမ်ပရမတ္ထတရား, ကြောင်းကျိုးတရားတွေကို အကြောင်းတရားတွေနှင့်တကွသော ရုပ်နာမ်ပရမတ္တတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီး ဝိပဿနာ ရှုဖို့ ဘယ်လိုမှ မဖြစ်တော့ဘူး။ မှန်ကန်တိကျနေတဲ့ ဝိပဿနာဉာဏ်ကို မရခဲ့ရင် မဂ်ဉာဏ်ဖိုလ်ဉာဏ်ဆိုတဲ့ အထွတ်အထိပ်သို့ ရောက်ရှိသည့်တိုင်အောင်သော ဝိပဿနာဉာဏ်တွေကို ဖြစ်ပေါ်စေဖို့ရန် ဘယ်လိုမှ မစွမ်းနိုင်ဘူးဆိုပြီး ဒီလို ရှင်းထားတယ်။ အဲဒီ ရှင်းလင်းချက်တရားတွေကိုလည်း သူက မယုံကြည်ဘူး။ ကဲ မခက်ဘူးလား? မယုံကြည်တော့ ဘာဖြစ်လဲ?</p>
<p>‘‘<b>ယော သော, ဘိက္ခဝေ, ဘိက္ခု ဓမ္မေ ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္စတိ န သမ္ပသီဒတိ, တဿ စိတ္တံ န နမတိ အာတပ္ပါယ အနုယောဂါယ သာတစ္စာယ ပဓာနာယ။</b>’’</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ယော သော ဘိက္ခု</b>၊ အကြင် ရဟန်းတော်သည်ကား။ <b>ဓမ္မေ</b>၊ တရားတော်မြတ်၌။ <b>ကင်္ခတိ</b>၊ ယုံမှား၏၊ <b>ဝိစိကိစ္ဆတိ</b>၊ သို့လော သို့လော တွေးတော၍နေ၏၊ <b>နာဓိမုစ္စတိ</b>၊ လွတ်လွတ် သက်ဝင်၍ ဆုံးဖြတ်ချက် မချနိုင်။ <b>န သမ္ပသီဒတိ</b>၊ ကောင်းစွာ ကြည်လင်မှု, ကြည်ညိုမှု မဖြစ်ပေ။ <b>တဿ</b>၊ ထိုပုဂ္ဂိုလ်၏၊ <b>စိတ္တံ</b>၊ စိတ်ဓာတ်သည်။ <b>အာတပ္ပါယ</b>၊ သမထဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တို့ကို ကြိုးစားအားထုတ်ဖို့ရန်။ <b>အနုယောဂါယ</b>၊ ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ ကြိုးစားအားထုတ်ဖို့ရန်။ <b>သာတစ္စာယ</b>၊ စွဲစွဲမြဲမြဲ ကြိုးစားအားထုတ်ဖို့ရန်။ <b>ပဓာနာယ</b>၊ အပြင်းအထန် ကြိုးစားအားထုတ်ဖို့ရန်။ <b>န နမတိ</b>၊ ညွတ်ကိုင်းရှိုင်းမှု မရှိပေ။</p>
<p>ဒီတော့ ဒီလို သံသယတွေ တစ်ပုံကြီးထမ်းထားတဲ့ ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်အစဉ်သည် ဘာဖြစ်လဲ? သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ နိယျာနိကတရားကောင်းလို့ ခေါ်ဆိုအပ်တဲ့ သမထဝိပဿနာ ကျင့်စဉ်တွေကို ကြိုးစားအားထုတ်ဖို့ရန်, ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ ကြိုးစားအားထုတ်ဖို့ရန်, စွဲစွဲမြဲမြဲ ကြိုးစားအားထုတ်ဖို့ရန်, အပြင်းအထန် ကြိုးစားအားထုတ်ဖို့ရန် ဘယ်တော့မှ ဒင်းရဲ့စိတ်ဓာတ်သည် ညွတ်ကိုင်းရှိုင်းမှု မရှိဘူး။ တကယ်လည်း မှန်ပါတယ်။</p>
<p>အဲဒီကိုယ်တော်လေးကို ဘုန်းကြီးက ကမ္မဋ္ဌာန်းတွေ သင်ပေးတယ်။ ဓာတ်ကြီး <b>လေးပါး</b> သင်ပေးပါတယ်။ ဓာတ်ကြီး <b>လေးပါး</b> သင်ပေးပြီးတော့ <b>တစ်လ</b>ဝန်းကျင်လောက် ကြာလာတဲ့အခါကျတော့ ဒီတရားဟာ သူ့အတွက် ဘာမှ အကျိုးကျေးဇူး များလိမ့်မယ်လို့ သူ မမျှော်လင့်ဘူးတဲ့။ သူ ရှေးယခင်က အားထုတ်ခဲ့တဲ့ တရားသည်သာလျှင် သူ့အတွက် အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်တဲ့အတွက် နေရာဟောင်းကိုပဲ ပြန်ချင်တယ်ဆိုပြီး သူက လျှောက်တယ်။ လျှောက်တော့ “အရှင်ဘုရား ... ဒီမှာ ရဟန်းဖြစ်တဲ့ ပုဂ္ဂိုလ်လည်းဖြစ်တော့ ဆရာသမားရှိတဲ့ နေရာကိုသာ သွားသင့်တယ်။ ဆရာသမားဆိုတာက တရားပြနိုင်တဲ့ ဆရာသမားကို ပြောလိုရင်းတော့ မဟုတ်ဘူး။ ဝိနည်းတော်အရ မိမိကို ဆိုဆုံးမမယ့် <b>ဆယ်ဝါ</b>ကျော်နေတဲ့ နိဿရည်း ယူပြီးနေထိုက်တဲ့ ဆရာတော်တစ်ပါးပါး ထင်ရှားရှိနေခဲ့ရင်တော့ အရှင်ဘုရား ကြွသင့်တယ်။ အဲဒီလိုဆရာ မရှိရင်တော့ မကြွသင့်တဲ့အကြောင်း ဘုန်းကြီးက ပြောပါတယ်။</p>
<p>ပြောလိုက်တဲ့ အချိန်အခါကျတော့ ဒီတရားက သူ့အတွက် ဘာမှ ကျေးဇူးမများနိုင်ဘူးလို့ သူ ယူဆနေတယ်။ ဒါကြောင့် ဒီရုပ်နာမ် ပရမတ္ထဓာတ်သားတွေကို သိဖို့လည်း မလိုဘူး။ ပဋိစ္စသမုပ္ပါဒ်လည်း သိဖို့ မလိုဘူး။ သူ ယခင် ရှုခဲ့တဲ့တရားသည်သာလျှင် သူ့အတွက် အကျိုးကျေးဇူး များလိမ့်မယ်ဆိုပြီးတော့ သူက ယူဆပြီးတော့ မနေ့ကတော့ အဲဒါ ကျောင်းကနေ ဘုန်းကြီးတောင် အသိမပေးဘဲနဲ့ ထွက်ခွာသွားတယ်။ ထွက်ခွာသွားတော့ မှန်ကန်နေတဲ့ ဒီသမထဝိပဿနာကျင့်စဉ်တွေကို သူ့ရဲ့စိတ်ဓာတ်က ကြိုးစားအားထုတ်ဖို့ရန်, အပြင်းအထန် ကြိုးစားအားထုတ်ဖို့ရန်, စွဲစွဲမြဲမြဲ ကြိုးစားအားထုတ်ဖို့ရန် ညွတ်ကိုင်းရှိုင်းနေတဲ့ စိတ်ဓာတ် သူ့မှာ ရှိသေးလား? မရှိတော့ဘူး။</p>
<p>ဘုန်းကြီးတို့ မြတ်စွာဘုရားရဲ့ စကားနဲ့ ပြောရင်ပေါ့နော်။ အာဠာရ, ဥဒကရသေ့ကြီးတို့ကို ဘုရားရှင်က ဘယ်လိုပြောလဲ? <b>မဟာဇာနိယ</b>၊ အရှုံးကြီး ရှုံးသွားတဲ့ပုဂ္ဂိုလ်လို့ ဒီလို ပြောထားတယ်။ ခုလည်း ဒီအတိုင်းပဲ။ ဘုရားဟောထားတဲ့ တရားကိုမှ သူက လက်မခံနိုင်ဘူး။ သံသယရှိနေပါတယ်ဆိုရင် သူက သာသနာတော်မှ အရှုံးကြီး ရှုံးသွားတဲ့ ပုဂ္ဂိုလ်လို့ မခေါ်နိုင်ဘူးလား? ခေါ်နိုင်ပြီနော်။ နောက်တစ်ခု - နံပါတ် <b>သုံး</b>။</p>
<p>‘‘<b>ပုန စပရံ, ဘိက္ခဝေ, ဘိက္ခု သံဃေ ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္စတိ န သမ္ပသီဒတိ။</b>’’</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ပုန စ ပရံ</b>၊ နောက်တစ်မျိုးသော်ကား။ <b>ဘိက္ခု</b>၊ ယောဂါဝစရရဟန်းတော်သည်။ <b>သံဃေ</b>၊ အရိယာသံဃာတော်၌။ <b>ကင်္ခတိ</b>၊ ယုံမှား၏၊ <b>ဝိစိကိစ္ဆတိ</b>၊ သို့လော သို့လော တွေးတော၍နေ၏၊ <b>နာဓိမုစ္စတိ</b>၊ လွတ်လွတ် သက်ဝင်၍ ဆုံးဖြတ်ချက် မချနိုင်။ <b>န သမ္ပသီဒတိ</b>၊ ကောင်းစွာ ကြည်လင်မှု, ကောင်းစွာ ကြည်ညိုမှု မဖြစ်နိုင်။</p>
<p>အရိယာသံဃာနဲ့ ပတ်သက်၍လည်း စိတ်ထဲမှာ သံသယရှိတယ်။ တကယ်တမ်း သစ္စာ <b>လေးပါး</b>ကို သိတဲ့ နိဗ္ဗာန်ကို မြင်တဲ့ အရိယာသံဃာဆိုတာ ရှိမှ ရှိပါ့မလား စိတ်ထဲမှာ သံသယရှိတယ်။ ဟုတ်မှဟုတ်ရဲ့လား? မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန် ရတယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လား? ငါတော့ တယ်မယုံပါဘူး။ ဒင်းတို့ပုံ ကြည့်ရတာကိုက တရားရတဲ့ ပုံလည်း မတူဘူး။ ဒေါသတွေကလည်း ကြီးလိုက်တာ တစ်ပုံကြီး။ မာနကလည်း ကြီးလိုက်တာ တစ်ပုံကြီး။ ဘုန်းကြီးက ပိုပြောတယ်လို့ မထင်နဲ့နော်။ ဘေးက စွပ်စွဲနေကြတာတွေ ပြောတာပါနော်။ အတင်းအဖျင်း ပြောလိုက်တာကလည်း တစ်ပုံကြီး။ ဟုတ်ပလား? အဲဒီလို တစ်ပုံကြီး ထမ်းထားတဲ့အခါကျတော့ သံသယက မရှိဘူးလား? ရှိနေတယ်။</p>
<p>ဒါပေမယ့် ဒီသံသယက သူက ရှိသင့်တဲ့ အတိုင်းအတာအရ ရှိတာ။ အရိယာသံဃာတော်အပေါ်၌ ရှိခြင်း မဟုတ်ဘူး။ အရိယာသံဃာ သို့မဟုတ် တရားရတဲ့ပုဂ္ဂိုလ်လို့ အမည်ခံနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အပြုအမူကို ကြည့်ပြီးတော့ စိတ်ထဲမှာ သံသယရှိတာ။ ခု ဒီမှာကျတော့ သူက တကယ့် သံဃာစစ် သံဃာမှန်ဆိုတာ ရှိမှ ရှိနိုင်ပါ့မလားဆိုပြီး စိတ်ထဲမှာ တော်တော်လေးကို ဝေဖန်နေတယ်, စဉ်းစားနေတယ်, တွေးခေါ်နေတယ်။ ရှိပါတယ်လို့ လွတ်လွတ် သက်ဝင်ဆုံးဖြတ်ချက်ချပြီး ကြည်ညိုတဲ့စိတ်ထား မဖြစ်နိုင် ဖြစ်နေတယ်။ အဲဒီလို မဖြစ်တဲ့ အချိန်အခါကျတော့ ဘာဖြစ်သလဲ? သံဃာရတနာနဲ့ ပတ်သက်ပြီးတော့ သံဃာအပေါ်၌ ရိုသေမှု, လေးစားမှု မရှိတော့ဘူး။ ဒီတော့ ပုထုဇန် သံဃာတွေအပေါ်၌ မယုံကြည်တာ။ ဒီလောက်ကြီးတော့ လွန်လွန်ကဲကဲကြီးတော့ အပြစ် မဖြစ်ပါဘူးနော်။ ပုထုဇန်သံဃာတော်တွေအနေနဲ့ ဒီကိုယ်တော်တွေဟာ ရဟန်းစစ် ရဟန်းမှန်မှ ဟုတ်ရဲ့လားစသည်ဖြင့် သံသယရှိတာလောက်ကတော့ သိပ်အလွန်အကဲကြီး အပြစ်မဖြစ်ဘူး။ အရိယာသံဃာဆိုတာ ရှိမှ ရှိပါလေရဲ့လားဆိုတဲ့ သံသယမျိုးကိုသာ ဒီနေရာမှာ ဘုရားရှင်က အထူးသဖြင့် ရည်ညွှန်းပြီးပြောလိုတယ်။ ဒီသံသယရှိနေတဲ့ ပုဂ္ဂိုလ်က ဘာဖြစ်သလဲ? သံသယ ရှိလာပြီဆိုရင် -</p>
<p>‘‘<b>ယော သော, ဘိက္ခဝေ, ဘိက္ခု သံဃေ ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္စတိ န သမ္ပသီဒတိ, တဿ စိတ္တံ န နမတိ အာတပ္ပါယ အနုယောဂါယ သာတစ္စာယ ပဓာနာယ။</b>’’</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ယော သော ဘိက္ခု</b>၊ အကြင် ရဟန်းတော်သည်ကား။ <b>သံဃေ</b>၊ သံဃာရတနာ၌။ <b>ကင်္ခတိ</b>၊ ယုံမှား၏၊ <b>ဝိစိကိစ္ဆတိ</b>၊ သို့လော သို့လော တွေးတော၍နေ၏၊ <b>နာဓိမုစ္စတိ</b>၊ လွတ်လွတ် သက်ဝင်၍ ဆုံးဖြတ်ချက် မချနိုင်။ <b>န သမ္ပသီဒတိ</b>၊ ကောင်းစွာ ကြည်လင်မှု, ကောင်းစွာ ကြည်ညိုမှု မဖြစ်ပေ။ <b>တဿ</b>၊ ထိုပုဂ္ဂိုလ်၏၊ <b>စိတ္တံ</b>၊ စိတ်ဓာတ်သည်။ <b>အာတပ္ပါယ</b>၊ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်သည့် နိယျာနိကတရားကောင်းလို့ခေါ်ဆိုအပ်တဲ့ သမထဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တို့ကို ကြိုးစားအားထုတ်ဖို့ရန်။ <b>အနုယောဂါယ</b>၊ ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ ကြိုးစားအားထုတ်ဖို့ရန်။ <b>သာတစ္စာယ</b>၊ စွဲစွဲမြဲမြဲ ကြိုးစားအားထုတ်ဖို့ရန်။ <b>ပဓာနာယ</b>၊ အပြင်းအထန် ကြိုးစားအားထုတ်ဖို့ရန်။ <b>န နမတိ</b>၊ ညွတ်ကိုင်းရှိုင်းမှု မရှိပေ။</p>
<p>စိတ်ဓာတ်တွေ မညွတ်ကိုင်းတော့ဘူး။ ယုံလည်း မယုံကြည်တော့ဘူး။ ဒီတော့ ဘာကို အခြေခံပြီးတော့ ဒီမယုံကြည်မှုတွေက ဖြစ်ရသလဲလို့မေးရင်တော့ သံဃာရတနာအပေါ်၌ မယုံကြည်မှု, ဘုရားရတနာအပေါ်၌ မယုံကြည်မှုက ဘာကို အခြေခံသလဲလို့မေးတော့ -</p>
<p>‘‘<b>ယော ခေါ ဝက္ကလိ၊ ဓမ္မံ ပဿတိ သော မံ ပဿတိ၊ ယော မံ ပဿတိ သော ဓမ္မံ ပဿတိ။</b>’’</p>
<p><b>ဝက္ကလိ</b>၊ ချစ်သားဝက္ကလိ ...။ <b>ယော ခေါ</b>၊ အကြင်သူသည်ကား။ <b>ဓမ္မံ</b>၊ တရားတော်မြတ်ကို။ <b>ပဿတိ</b>၊ သိမြင်၏၊ <b>သော</b>၊ ထိုတရားတော်ကို သိမြင်တဲ့ ပုဂ္ဂိုလ်သည်။ <b>မံ</b>၊ ငါဘုရားကို။ <b>ပဿတိ</b>၊ တွေ့မြင်သည်မည်၏၊</p>
<p>တရားမြင်တဲ့ ပုဂ္ဂိုလ်မှ ဘုရားကို မြင်တယ်။ တရားကို မမြင်ဘူးဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်သည် ဘုရားမြင်လား? ဘုရားကို မမြင်ဘူးတဲ့။ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားကို ပကတိပသာဒမျက်စိဖြင့် လှမ်းမျှော်ကြည့်လို့ ဖူးတွေ့ခွင့် ရချင်ရမယ်။ ဒါပေမယ့် ဘုရားစစ် ဘုရားမှန်ကို မြင်ရေးအတွက်ကတော့ တရားကိုမြင်မှသာလျှင် ဘုရားစစ် ဘုရားမှန်ကို မြင်မယ်။ တရားစစ် တရားမှန်ကို မမြင်ဘူးဆိုလို့ရှိရင် ဘုရားစစ် ဘုရားမှန်ကိုကော မြင်ပါ့မလား? မမြင်နိုင်ဘူး။ အဲဒီတော့ တရားစစ် တရားမှန် မြင်ရေးက ပိုပြီးတော့ အရေးမကြီးဘူးလား? အရေးကြီးနေတယ်။</p>
<p>ဒါပေမယ့် ထိုပုဂ္ဂိုလ်ရဲ့သန္တာန်၌ သံသယတွေက တစ်ပုံကြီး ခေတ်က ဖြစ်နေတယ်။ အဲဒီ သံသယ တစ်ပုံကြီးကို ဘုန်းကြီး ခဏခဏလည်း ပြောတာ။ ဒီနေ့ညတော့ ကြုံကြိုက်လို့ ထပ်တော့ ပြောပါဦးမယ်။ အခြေခံ နံပါတ် <b>တစ်</b> စလိုက်ပြီ။ သမာဓိပိုင်း။ သမာဓိပိုင်းကျပြန်တော့လည်း ခေတ်က သမာဓိ ထူထောင်လို့ ရနိုင်တဲ့ ခေတ်မျိုး မဟုတ်ဘူး။ ဒီခေတ်က ဈာန်ရနိုင်တဲ့ ခေတ်မျိုး မဟုတ်ဘူးဆိုပြီးတော့ ခေတ်ကို တစ်ခါ လွှဲချပြန်တယ်။ ဒါ သံသယရှိသလား, မရှိဘူးလား? ရှိနေတယ်။ ဒီခေတ်မှာ ဈာန်ကို အားထုတ်လို့ ရတယ်ဆိုတာကို သူက သိပ်ပြီး လက်မခံချင်ဘူး။ မရနိုင်ဘူးဆိုတဲ့ဘက်က ခပ်များများ လက်ခံထားတယ်။ လက်ခံထားတဲ့ အချိန်အခါကျတော့ သူက သို့လော သို့လော တွေးတောယုံမှားနေတဲ့ပုဂ္ဂိုလ် တရားရတနာနဲ့ ပတ်သက်ပြီး တော်တော်လေး အခက်အခဲ ဖြစ်နေပြီနော်။</p>
<p>နောက်တစ်ခုကတော့ - သမာဓိဆိုတာ သာသနာတော်တွင်းတရား မဟုတ်။ သာသနာပတရား ဖြစ်တယ်။ သာသနာတော်တွင်းမှာ သမထက အားထုတ်နေဖို့ မလိုဘူး။ ဝိပဿနာသည်သာလျှင် သာသနာတော်တွင်းတရား ဖြစ်တဲ့အတွက် ဝိပဿနာကိုသာလျှင် အားထုတ်ရမယ် ဒီလို ဆုံးဖြတ်ချက် ချတယ်။ ဒီတော့ သမာဓိကျင့်စဉ်နဲ့ ပတ်သက်ပြီး သူ့မှာ သံသယ မရှိဘူးလား? ရှိနေတယ်နော်။ တစ်ချက်။</p>
<p>ဝိပဿနာပိုင်း။ ပညာကျင့်စဉ်ဖက် ကူးလိုက်ပြန်တော့လည်း ဘုရားဟောတဲ့ ရုပ်ဆိုတာ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့သာ သိတာ၊ သာဝကတွေ မသိနိုင်ဘူးတဲ့။ သူက ဒီလို ဆုံးဖြတ်ထားတယ်။ ဆုံးဖြတ်ထားတော့ အဲဒီပုဂ္ဂိုလ်က ဒီဆုံးဖြတ်ချက် ချထားတဲ့ ပုဂ္ဂိုလ်က ဘုရားဟောနေတဲ့ ဒီရုပ်တရားကို သိအောင် ကြိုးစားအားထုတ်မယ်ဆိုတဲ့ စိတ်ဓာတ် ညွတ်ကိုင်းရှိုင်းမှု ရှိသေးလား? မရှိတော့ဘူး။ ဟော မမှန်ဘူးလား? ဘုရား ဟောနေတာနော်။</p>
<p>အလားတူပဲ။ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ အကြိမ် ကုဋေတစ်သိန်းမက ဖြစ်ပြီး ပျက်နေတဲ့ ဒီနာမ်တရားတွေကို ဘယ်လိုလုပ် ရှုမလဲဆိုပြီးတော့ နာမ်တရားတွေလည်း တော်တော်တော့ သနားစရာ ကောင်းပါတယ်။ ကုဋေတစ်သိန်းနဲ့ ကိုင်ပေါက်ခံလိုက်ရတဲ့အတွက် ချောင်မှာ ကပ်နေရတယ်။ အဲဒီလို ကပ်နေရတဲ့အခါကျတော့ ဒီနာမ်တရားတွေနဲ့ ပတ်သက်ပြီး ရှုလို့ ရနိုင်ပါတယ်ဆိုတဲ့ စိတ်ထား သူ့စီမှာ မရှိဘူး။ ရှုလို့ မရဘူးဆိုတဲ့ စိတ်ထားရှိတယ်။ သံသယတွေ ရှိတယ်။ ရှိနေလိုက်တဲ့အတွက် ဒီနာမ်တရားတွေကို သိအောင် ကြိုးစားအားထုတ်မယ်ဆိုတဲ့ စိတ်ဓာတ်ကော သူ့သန္တာန်မှာ ဖြစ်ဦးမလား? မဖြစ်တော့ဘူး။ နောက်တစ်ခု ကြည့်လိုက်ဦး။</p>
<p>ကြောင်းကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်သဘောတရား မသိခဲ့ရင် နိဗ္ဗာန် မရဘူး။ ဘုရားက အတိအကျ ဟောထားတယ်။ ကြောင်းကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်သဘောတရားကလည်း အထူးသဖြင့် အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန် အကျိုးတရားဖြစ်ပုံ၊ ပစ္စုပ္ပန်အကြောင်းကြောင့် အနာဂတ် အကျိုးတရားဖြစ်ပုံဆိုတဲ့ ကြောင်းကျိုးဆက်နွယ်မှုသဘောကို သိအောင် ရှုရမယ်။ ဝိပဿနာဆိုတာ ပစ္စုပ္ပန်တည့်တည့် ရှုရတယ်။ အတိတ်, အနာဂတ် ဘာမှ ရှုဖို့ မလိုဘူး။ အတိတ်သည် ဖြစ်ပြီးပြီ မရှိဘူး။ မရှိတာကို ဘယ်လိုလုပ် ရှုမလဲ? အနာဂတ်သည် မဖြစ်သေးဘူး။ မဖြစ်သေးတာကို ဘယ်လိုလုပ် ရှုမလဲ? ဒီလို ပယ်ချလိုက်တယ်။</p>
<p>ပယ်ချလိုက်တဲ့ အချိန်အခါကျတော့ အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန် အကျိုးဖြစ်ပုံ၊ ပစ္စုပ္ပန် အကြောင်းကြောင့် အနာဂတ် အကျိုးဖြစ်ပုံဆိုတဲ့ ကြောင်းကျိုးဆက်နွယ်မှုသဘောကိုရော သိသေးလား? မသိတော့ဘူး။ မသိရင် နိဗ္ဗာန် မရပါဘူးလို့ ဘုရားကလည်း မဟာနိဒါနသုတ္တန် အစရှိတဲ့ ထိုထိုသုတ္တန်တွေမှာ အတိအကျ ဟောထားတယ်။ ဟောထားပါလျက်နဲ့ အတိတ်သည် ဖြစ်ပြီးပြီ။ မရှိတော့ဘူး။ မရှိတာကို ဘယ်လိုလုပ် ရှုမလဲလို့ ပယ်ချလိုက်တော့ အတိတ်ကို ရှုရမယ်။ သို့မဟုတ် ရှုလို့ရတယ်ဆိုတဲ့ ဘုရားဟော ဒေသနာတော်အပေါ်၌ ယုံမှားသံသယ ရှိနေတဲ့သဘော မဖြစ်ဘူးလား? ဖြစ်နေပြီနော်။ အဲဒီ ငြောင့်ကြီးက ဝင်စူးထားတဲ့အတွက် အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန် အကျိုးဖြစ်ပုံကို သိအောင် ကြိုးစားအားထုတ်မယ်ဆိုတဲ့စိတ်ဓာတ် သူ့သန္တာန်မှာ ညွတ်ကိုင်းရှိုင်းမှု ရှိဦးမလား? မရှိတော့ဘူး။</p>
<p>အလားတူပဲ။ အနာဂတ်ဆိုတာ မဖြစ်သေးဘူး။ မဖြစ်သေးတာ ဘယ်လိုလုပ် ရှုမလဲလို့ သူက ဆုံးဖြတ်ချက် ချထားတယ်။ သံသယရှိနေတယ်။ ဒီလို သံသယရှိနေတဲ့ ပုဂ္ဂိုလ်က ပစ္စုပ္ပန်အကြောင်းကြောင့် အနာဂတ် အကျိုးဖြစ်ပုံဆိုတဲ့ ကြောင်းကျိုးဆက်နွယ်မှုကို သိအောင် ကြိုးစားအားထုတ်မယ်ဆိုတဲ့ စိတ်ဓာတ်ကော သူ့သန္တာန်မှာ ညွတ်ကိုင်းရှိုင်းမှု ရှိပါ့မလား? မရှိတော့ဘူး။ သူ့ရဲ့စိတ်ဓာတ်တွေက မညွတ်ကိုင်းတော့ဘူး။ မညွတ်ကိုင်းတဲ့အတွက် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ <b>ဒုက္ခသစ္စာ</b>တရား, <b>သမုဒယသစ္စာ</b>တရား။ ဒီတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ ဝိပဿနာရှုဖို့ရန်အတွက် အပြင်းအထန် ကြိုးစားအားထုတ်မှုလည်း မရှိတော့ဘူး။ ကြိုးစားအားထုတ်ဖို့ရန်လည်း ညွတ်ကိုင်းရှိုင်းမှု မရှိတော့ဘူး။ မရှိတဲ့အတွက် ထိုပုဂ္ဂိုလ်သည် သံသရာဝဋ်ဆင်းရဲဒုက္ခကြီးမှ ကျွတ်နိုင် လွတ်နိုင်ပါ့မလား? မလွတ်နိုင်ဘူး။ တစ်ချက်။ သံသယ ဘယ်နှစ်ခု ရှိသွားပြီလဲ? <b>သုံး</b>ခု။ ဘုရား၌ ယုံမှားသံသယရှိခြင်း, တရားတော်၌ ယုံမှားသံသယရှိခြင်း, သံဃာတော်၌ ယုံမှားသံသယရှိခြင်း။ နောက်တစ်ခု -</p>
<p>‘‘<b>သိက္ခာယ ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္စတိ န သမ္ပသီဒတိ။</b>’’</p>
<p><b>သိက္ခာယ</b>၊ သိက္ခာသုံးရပ် အကျင့်မြတ်၌။ <b>ကင်္ခတိ</b>၊ ယုံမှား၍နေ၏၊ <b>ဝိစိကိစ္ဆတိ</b>၊ သို့လော သို့လော တွေးတော၍နေ၏၊ <b>နာဓိမုစ္စတိ</b>၊ လွတ်လွတ် သက်ဝင်၍ ဆုံးဖြတ်ချက် မချနိုင်။</p>
<p>ခွေ <b>တစ်</b> ဘီဆိုဒ်</p>
<p>သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်။ <b>အဓိသီလသိက္ခာ</b>, <b>အဓိစိတ္တသိက္ခာ</b>, <b>အဓိပညာသိက္ခာ</b>ဆိုပြီး သိက္ခာ ဘယ်နှစ်ပါးရှိလဲ? <b>သုံး</b>ပါး။ သီလသိက္ခာ, သမာဓိသိက္ခာ, ပညာသိက္ခာဆိုပြီး ဒီလိုလည်း ခေါ်ပါတယ်။ အဲဒီ သိက္ခာသုံးရပ် အကျင့်မြတ်နှင့် ပတ်သက်ပြီးတော့ သံသယရှိနေတယ်။ တရားအားထုတ်တာ သီလ မလိုပါဘူး။ သန္တတိအမတ်ကြီးတို့ အရက်မူးပြီး ဘုရားရှင်ထံ ရောက်သွားတာပဲ။ တရားရသွားတာ ဘယ်မှာ သီလ မြဲလို့လဲ? သန္တတိအမတ်ကြီးကို လက်ညှိုးထိုးပြီးတော့ သူတို့က ပြောကြတယ်။ အဲဒီတော့ ဘုရားဟောထားတဲ့ သီလကျင့်စဉ်အပေါ်မှာလည်း သူ့မှာ သံသယ ရှိမနေဘူးလား? ရှိတယ်။ ငြောင့်တစ်ခု အစူးခံနေရပြန်ပြီ။</p>
<p>သမာဓိပိုင်းကျတော့လည်း ခုနက ပြောသလို ခေတ်ကို လွှဲချပြီးတော့ သမာဓိ ထူထောင်ဖို့ မလိုဘူး။ ဝိပဿနာသာလျှင် သာသနာတွင်းတရား ဖြစ်တယ်ဆိုပြီးတော့ သမာဓိကို ဘေးဖယ်လိုက်ပြန်တယ်။ ငြောင့်တစ်ခု ထပ်မစူးဘူးလား? စူးပြန်တယ်။ ပညာကျင့်စဉ်ကျပြန်တော့လည်း ဘုရားဟောတဲ့ ရုပ်နာမ် ဘုရားသာ သိတယ်။ သာဝကတွေ မသိနိုင်ဘူး။ သွားမရှုနဲ့။ ရူးသွားလိမ့်မယ်ဆိုပြီးတော့ သူက ဘေးဖယ်ထားလိုက်ပြန်တယ်။ ဒီတော့ ငြောင့်တစ်ခု ထပ်မစူးဘူးလား? စူးနေတယ်။ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်ဆိုတဲ့ ဒီကျင့်စဉ် <b>သုံး</b>ရပ်ကို ဘုရားရှင်က သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိက တရားကောင်းအဖြစ်နဲ့ ဟောခဲ့တယ်။ အဲဒီ ကျင့်စဉ်တွေနဲ့ ပတ်သက်ပြီး သူ့မှာ သံသယတွေ ရှိနေတယ်။ သံသယရှိလိုက်တဲ့ အခါကျတော့ ဘာလုပ်သလဲ?</p>
<p>‘‘<b>ယော သော, ဘိက္ခဝေ, ဘိက္ခု သိက္ခာယ ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္စတိ န သမ္ပသီဒတိ, တဿ စိတ္တံ န နမတိ အာတပ္ပါယ အနုယောဂါယ သာတစ္စာယ ပဓာနာယ။</b>’’</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ယော သော ဘိက္ခု</b>၊ အကြင် ရဟန်းသည်ကား။ <b>သိက္ခာယ</b>၊ သိက္ခာသုံးရပ် အကျင့်မြတ်၌။ <b>ကင်္ခတိ</b>၊ ယုံမှားသံသယရှိ၏၊ <b>ဝိစိကိစ္ဆတိ</b>၊ သို့လော သို့လော တွေးတော၍နေ၏၊ <b>နာဓိမုစ္စတိ</b>၊ လွတ်လွတ်သက်ဝင်၍ ဆုံးဖြတ်ချက် မချနိုင်။ <b>န သမ္ပသီဒတိ</b>၊ ကောင်းစွာ ကြည်ညိုမှု, ကောင်းစွာ ကြည်လင်မှု မဖြစ်နိုင်။ <b>တဿ</b>၊ ထိုပုဂ္ဂိုလ်၏၊ <b>စိတ္တံ</b>၊ စိတ်ဓာတ်သည်။ <b>အာတပ္ပါယ</b>၊ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိက တရားကောင်းဖြစ်သည့် သမထဝိပဿနာကျင့်စဉ်တို့ကို ကြိုးစားအားထုတ်ဖို့ရန်။ <b>အနုယောဂါယ</b>၊ ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ ကြိုးစားအားထုတ်ဖို့ရန်။ <b>သာတစ္စာယ</b>၊ စွဲစွဲမြဲမြဲ ကြိုးစားအားထုတ်ဖို့ရန်။ <b>ပဓာနာယ</b>၊ အပြင်းအထန် ကြိုးစားအားထုတ်ဖို့ရန်။ <b>န နမတိ</b>၊ ညွတ်ကိုင်းရှိုင်းမှု မရှိပေ။</p>
<p>ဒီလို သံသယရှိခဲ့ရင် <b>သိက္ခာသုံးရပ် အကျင့်မြတ်</b>ကို အပြင်းအထန် စွဲစွဲမြဲမြဲ စောက်ချပြီးတော့ ကြိုးစားအားထုတ်ဖို့ဆိုတဲ့ စိတ်ဓာတ်တွေ ညွတ်ကိုင်းရှိုင်းမှု ရှိဦးမလား? မရှိတော့ဘူး။ ဒါက <b>ငြောင့်တံသင်း</b>နော်။ နောက်တစ်ခု နံပါတ် ငါး ငြောင့်ကြီး။</p>
<p>‘‘<b>သဗြဟ္မစာရီသု ကုပိတော ဟောတိ အနတ္တမနော အာဟတစိတ္တော ခိလဇာတော။</b>’’</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ယော သော ဘိက္ခု</b>၊ အကြင် ယောဂီရဟန်းတော်သည်ကား။ <b>သဗြဟ္မစာရီသု</b>၊ မိမိရဲ့ သီတင်းသုံးဖော်တို့အပေါ်၌။ <b>ကုပိတော</b>၊ အမျက်ထွက်လျက်ရှိသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊</p>
<p>မိမိရဲ့ တရားကျင့်ဖော်ကျင့်ဖက် ပုဂ္ဂိုလ်တွေအပေါ်၌ <b>ဒေါသ</b> သိပ်ဖြစ်နေတယ်တဲ့။ ဘယ့်နှယ်တုန်း ယောဂီတွေ ဟုတ်ကြလား? တစ်ယောက်မှလည်း မဖြေဘူး။ ဘုန်းကြီးတောင် ရှုံးရမယ့်ပုံစံ ဖြစ်နေပြီ။</p>
<p><b>သဗြဟ္မစာရီသု</b>၊ မိမိရဲ့ သီတင်းသုံးဖော်တို့အပေါ်၌။ <b>ကုပိတော</b>၊ အမျက်ထွက်လျက်ရှိသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊ <b>အနတ္တမနော</b>၊ မနှစ်မြို့သော စိတ်ထားရှိသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊</p>
<p>စိတ်ထဲမှာ မကျေနပ်ဘူး။ ဒင်းကို တယ် မကြည့်ချင်ဘူး။ မနှစ်မြို့ဘူး။ အဲဒီစိတ်ထားလည်း ရှိနေတယ်တဲ့နော်။</p>
<p><b>အာဟတစိတ္တော</b>၊ ထိပါးပုတ်ခတ်လိုသော စိတ်ထားရှိသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊</p>
<p>နည်းနည်းလေး ထိပါးပုတ်ခတ်ပြီး ပြောလိုက်ရမှ, ဆိုလိုက်ရမှ, ပြုလိုက်ရမှ စိတ်ထဲမှာ ကျေနပ်တယ်တဲ့။ ဘယ့်နှယ်တုန်း ဟန်ကျပြီးလား? အဲဒီ စိတ်ထားဆိုတာက သူတော်ကောင်းတို့မှာ ရှိရမလား? မရှိရဘူး။ ဒါပေမယ့် အဲဒီစိတ်ထား ရှိနေတဲ့ ပုဂ္ဂိုလ်က ဘာလဲ?</p>
<p><b>ခိလဇာတော</b>၊ ငြောင့်တံသင်းကဲ့သို့ ဖြစ်၍နေသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊</p>
<p>ငြောင့်စူးနေတာပဲ။ စိတ်ဓာတ်မှာ ဘာငြောင့်စူးနေလဲ? <b>မကျေနပ်ချက်</b>ဆိုတဲ့ ငြောင့်ကြီးတစ်ခု စူးနေတယ်။ <b>အမျက်ဒေါသ</b>ဆိုတဲ့ ငြောင့်ကြီး စူးနေတယ်။ <b>ထိပါးပုတ်ခတ်စော်ကားလိုတယ်</b>ဆိုတဲ့ ငြောင့်ကြီးတစ်ခု စူးနေပြီ။ အဲဒီ ငြောင့်အစူးခံရတဲ့ပုဂ္ဂိုလ် ဘာဖြစ်လဲ?</p>
<p>‘‘<b>ယော သော, ဘိက္ခဝေ, ဘိက္ခု သဗြဟ္မစာရီသု ကုပိတော ဟောတိ အနတ္တမနော အာဟတစိတ္တော ခိလဇာတော, တဿ စိတ္တံ န နမတိ အာတပ္ပါယ အနုယောဂါယ သာတစ္စာယ ပဓာနာယ။</b>’’</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ယော သော ဘိက္ခု</b>၊ အကြင် ရဟန်းတော်သည်ကား။ <b>သဗြဟ္မစာရီသု</b>၊ မိမိရဲ့ တရားကျင့်ဖော်ကျင့်ဖက်ဖြစ်တဲ့ သီတင်းသုံးဖော်တို့အပေါ်၌။ <b>ကုပိတော</b>၊ အမျက်ထွက်လျက်ရှိသည်။ <b>အနတ္တမနော</b>၊ မနှစ်မြို့သော စိတ်ထားရှိသည်။ <b>အာဟတစိတ္တော</b>၊ ထိပါးပုတ်ခတ်လိုသော စိတ်ထားရှိသည်။ <b>ခိလဇာတော</b>၊ ငြောင့်တံသင်းကဲ့သို့ စူးဝင်၍ ဖြစ်ပေါ်နေသော စိတ်ထားရှိသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊ <b>တဿ</b>၊ ထိုပုဂ္ဂိုလ်၏၊ <b>စိတ္တံ</b>၊ စိတ်ဓာတ်သည်။ <b>အာတပ္ပါယ</b>၊ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ နိယျာနိကတရားကောင်းဟု ခေါ်ဆိုအပ်သော သမထ, ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တို့ကို ကြိုးစားအားထုတ်ဖို့ရန်။ <b>အနုယောဂါယ</b>၊ ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ကြိုးစားအားထုတ်ဖို့ရန်။ <b>သာတစ္စာယ</b>၊ စွဲစွဲမြဲမြဲ ကြိုးစားအားထုတ်ဖို့ရန်။ <b>ပဓာနာယ</b>၊ အပြင်းအထန် ကြိုးစားအားထုတ်ဖို့ရန်။ <b>န နမတိ</b>၊ ညွတ်ကိုင်းရှိုင်းမှု မရှိပေ။</p>
<p>ဒေါသတွေ သိပ်ဖြစ်နေပြီ။ မကျေနပ်ချက်တွေ တစ်ပုံကြီး။ ကြည့်လို့လည်း မရဘူး။ နည်းနည်းလေး ထိပါးပုတ်ခတ် စော်ကားလိုက်ရမှ စိတ်က ကျေနပ်နေတယ်။ ငြောင့်ကြီးတစ်ခု အစူးခံနေရပြီ။ အဲဒီငြောင့် အစူးခံနေရတဲ့ ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်သည် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း <b>နိယျာနိကတရားကောင်း</b>လို့ ခေါ်ဆိုအပ်တဲ့ <b>သမထ, ဝိပဿနာ ကျင့်စဉ်</b>တွေကို ကြိုးစားအားထုတ်ဖို့ရန်, စွဲစွဲမြဲမြဲ ကြိုးစားအားထုတ်ဖို့ရန်, အပြင်းအထန် ကြိုးစားအားထုတ်ဖို့ရန်အတွက် ညွတ်ကိုင်းရှိုင်းမှု ရှိဦးမလား? မရှိတော့ဘူး။</p>
<p>လက်တွေ့ စမ်းကြည့်ပါနော်။ မကျေနပ်ချက်တွေ, မနှစ်မြို့တဲ့ စိတ်ထားတွေ ရှိနေတဲ့ပုဂ္ဂိုလ် တရားထိုင်လို့ကောင်းလား? မကောင်းဘူးနော်။ ဒေါသဆိုတဲ့ ငြောင့်တစ်ခု ဝင်ပြီး စူးနေပြီ။ အဲဒီ ငြောင့်အစူးခံနေရတဲ့ ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်သည် မှန်ကန်တိကျနေတဲ့ ဒီသမထ, ဝိပဿနာ ကျင့်စဉ်တွေကို အပြင်းအထန် ကြိုးစားအားထုတ်ဖို့ရန် ဘယ်လိုမှ ညွတ်ကိုင်းရှိုင်းမှု မဖြစ်တော့ဘူး။ မဖြစ်တဲ့အတွက် ဘာဖြစ်လဲ? ငြောင့်ဘယ်နှစ်စင်း ရှိသွားပြီလဲ? (၅)စင်း။ ဒီလို ငြောင့် (၅)စင်း အစူးခံနေရတဲ့ပုဂ္ဂိုလ် ဘာဖြစ်သလဲ? ကုသိုလ်တရားတို့မှ ဆုတ်ယုတ်ဖို့သာ ရှိတယ်။ ကြီးပွားတိုးတက်ဖို့ ဘယ်လိုမှ မဖြစ်တော့ဘူး။ ကုသိုလ်တရားတွေ တိုးပွားတာနဲ့ ဆုတ်ယုတ်တာ ဘယ်ဒင်းကောင်းလဲ? တိုးပွားတာ ကောင်းတယ်နော်။ နောက်တစ်ခု ထည့်ဦးမယ်။ နောက် (၅)ခု။</p>
<p>‘‘<b>ဣမဿ ပဉ္စ စေတောခိလာ အပ္ပဟီနာ ဟောန္တိ။</b>’’</p>
<p><b>ဣမဿ</b>၊ ထိုယောဂါဝစရရဟန်းတော်ရဲ့သန္တာန်၌။ <b>ဣမေ ပဉ္စ စေတောခိလာ</b>၊ ဤငါးပါးကုန်သော စိတ်ရဲ့ ငြောင့်တံသင်းတို့ကို။ <b>အပ္ပဟီနာ</b>၊ မပယ်ရှားရကုန်သေးသည်။ <b>ဟောန္တိ</b>၊ ဖြစ်ကြလေကုန်၏၊</p>
<p>ယောဂါဝစရ = တရားအားထုတ်နေတဲ့ ရဟန်းတော်တစ်ပါး။ သို့မဟုတ် အလှူရှင်ဖြစ်တဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့သန္တာန်မှာ ဒီငြောင့်ကြီး (၅)စင်းကို မနှုတ်ပယ်ရသေးဘူးတဲ့။ စိတ်ဓာတ်မှာ စူးဝင်နေတဲ့ ငြောင့်ဘယ်နှစ်စင်းလဲ? (၅)စင်း။ ဘုရား၌ သံသယရှိခြင်း, တရားတော်၌ သံသယရှိခြင်း, သံဃာတော်၌ သံသယရှိခြင်း, သိက္ခာသုံးရပ် အကျင့်မြတ်၌ သံသယရှိခြင်း, သီတင်းသုံးဖော်တို့အပေါ်၌ အမျက်ဒေါသ ချောင်းချောင်းထပြီး မကျေနပ်ချက်တွေ တစ်ပုံကြီး မွေးမြူနေခြင်းတဲ့။ ပေါင်းလိုက်တော့ ဘယ်နှစ်ချက်လဲ? ငြောင့် (၅)ခု။ အဲဒီ ငြောင့် (၅)ခု မပယ်ရှားရသေးဘူး။ နောက်တစ်ခု စိတ်ဓာတ်ရဲ့ <b>အနှောင်အဖွဲ့တရား ငါးပါး</b>ကိုလည်း မပယ်ဖြတ်ရသေးဘူး။ ဘာတွေလဲ?</p>
<p>‘‘<b>ကတမဿ ပဉ္စ စေတသောဝိနိဗန္ဓာ အသမုစ္ဆိန္နာ ဟောန္တိ?</b>’’</p>
<p><b>အဿ</b>၊ ထိုယောဂါဝစရရဟန်းတော်ရဲ့သန္တာန်၌။ <b>ကတမေ ပဉ္စ စေတသော ဝိနိဗန္ဓာ</b>၊ အဘယ်စိတ်ရဲ့ အနှောင်အဖွဲ့တရားငါးပါးတို့ကို။ <b>အသမုစ္ဆိန္နာ</b>၊ အကြွင်းမဲ့ မပယ်ရှားရသေးကုန်သည်။ <b>ဟောန္တိ</b>၊ ဖြစ်ကြလေကုန်သနည်း။</p>
<p>စိတ်ဓာတ်ရဲ့ အနှောင်အဖွဲ့ (၅)ခုရှိတယ်။ ဘယ် (၅)ခုကို မပယ်ရှားရသေးတာလဲတဲ့နော်။ နံပါတ် (၁)နော်။</p>
<p>‘‘<b>ဣဓ, ဘိက္ခဝေ, ဘိက္ခု ကာမေသု အဝီတရာဂေါ ဟောတိ အဝိဂတစ္ဆန္ဒော အဝိဂတပေမော အဝိဂတပိပါသော အဝိဂတပရိဠာဟော အဝိဂတတဏှော။</b>’’</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဣဓ</b>၊ ဤသာသနာတော်မြတ်အတွင်း၌။ <b>ဘိက္ခု</b>၊ ယောဂါဝစရရဟန်းတော်သည်။ <b>ကာမေသု</b>၊ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့၌။ <b>အဝီတရာဂေါ</b>၊ မကင်းသေးသော တွယ်တာမက်မောမှု ရာဂတရား ထင်ရှားရှိသည်။ <b>အဝိဂတစ္ဆန္ဒော</b>၊ မကင်းသော လိုလားတောင့်တမှု ဆန္ဒတရား ထင်ရှားရှိသည်။ <b>အဝိဂတပေမော</b>၊ မကင်းသေးသော ချစ်မြတ်နိုးမှု ပေမတရား ထင်ရှားရှိသည်။ <b>အဝိဂတပိပါသော</b>၊ မကင်းသော မွတ်သိပ်ဆာလောင်မှု ပိပါသတရား ထင်ရှားရှိနေသည်။ <b>အဝိဂတပရိဠာဟော</b>၊ မကင်းသေးသော ပူပန်မှု ပူလောင်မှု ပရိဠာဟတရား ထင်ရှားရှိသည်။ <b>အဝိဂတတဏှော</b>၊ မကင်းသေးသော တွယ်တာမက်မောမှု တဏှာတရား ထင်ရှားရှိသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊</p>
<p>သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတွေ ရှိကြတယ်နော်။ အဲဒီ ကာမတွေ အပေါ်၌ တွယ်တာမက်မောနေတဲ့ ရာဂတရားကလည်း မကင်းသေးဘူး။ တစ်ချက်။ လိုလားတောင့်တနေတဲ့ ဆန္ဒဓာတ်တွေလည်း မကင်းသေးဘူး။ နောက်ထပ်လည်း လိုချင်ပြန်တယ်။ နောက်ထပ် လိုချင်တာလေး ရပြန်တော့လည်း နောက်ထပ် လိုချင်ပြန်သေးတယ်။ နောက်ထပ် လိုချင်တာလေး ရပြန်တော့လည်း နောက်ထပ် ထပ်ပြီးတော့ လိုချင်ပြန်သေးတယ်။ လိုလားတောင့်တနေတဲ့ ဆန္ဒဓာတ်တွေကလည်း မကင်းဘူး ဖြစ်နေပြီ။ <b>အဝိဂတပေမော</b>၊ ချစ်မြတ်နိုးမှုတွေကလည်း မကင်းသေးဘူးတဲ့။ သားအပေါ် ချစ်လို့ကလည်း မဝနိုင်။ မြေးအပေါ်ကျတော့လည်း ချစ်လို့က မဝနိုင်ဘူးနော်။ ချစ်လို့ မဝနိုင်တာတွေကလည်း တစ်ပုံကြီး ရှိနေတယ်။</p>
<p><b>အဝိဂတပိပါသ</b>၊ မွတ်သိပ်ဆာလောင်မှုတွေ ရှိတယ်။ ဘယ်သူ့လည်း တွေ့ချင်ပြန်ပြီ။ ဘယ်သူ့လည်း မြင်ချင်ပြန်ပြီ။ ဘာလည်း လိုချင်ပြန်ပြီ။ နှုတ်ခမ်းလည်း ဆိုးချင်ပြန်ပြီ။ လက်သည်းကလည်း ဆိုးချင်ပြန်ပြီ။ ဟုတ်တယ် မဟုတ်လား? မျက်လုံးကလည်း ဆိုးချင်ပြန်ပြီ။ ဟုတ်တယ်မဟုတ်လား? မွတ်သိပ်ဆာလောင်မှုတွေက အမြဲတမ်း ရှိနေတယ်။</p>
<p><b>အဝိဂတပရိဠာဟ</b>၊ ပူပန်မှုတွေရှိတယ်။ သူ့အတွက် ပူရပြန်ပြီ။ သားအတွက် ပူရတယ်, သမီးအတွက် ပူရတယ်, ပစ္စည်းအတွက် ပူရတယ်, စည်းစိမ်ဥစ္စာတွေအတွက် ပူရတယ်, အမေအတွက် ပူရတယ်, အဖေအတွက် ပူတယ်, အဘိုးကြီးအတွက် ပူတယ်, အဖွားကြီးအတွက် ပူတယ်။ ပူပန်မှုတွေကလည်း မကင်းသေးဘူး။ <b>အဝိဂတတဏှာ</b>၊ တွယ်တာမက်မောနေတဲ့ ဒီတဏှာတရားကိုလည်း မကင်းပြတ်နိုင်သေးဘူး။ မပယ်ဖြတ်သေးဘူးနော်။ မပယ်ဖြတ်သေးတော့ ဘာဖြစ်လဲ?</p>
<p>‘‘<b>ယော သော, ဘိက္ခဝေ, ဘိက္ခု ကာမေသု အဝီတရာဂေါ ဟောတိ အဝိဂတစ္ဆန္ဒော အဝိဂတပေမော အဝိဂတပိပါသော အဝိဂတပရိဠာဟော အဝိဂတတဏှော, တဿ စိတ္တံ န နမတိ အာတပ္ပါယ အနုယောဂါယ သာတစ္စာယ ပဓာနာယ။</b>’’</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ယော သော ဘိက္ခု</b>၊ အကြင် ယောဂါဝစရရဟန်းတော်သည်ကား။ <b>ကာမေသု</b>၊ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့၌။ <b>အဝီတရာဂေါ</b>၊ မကင်းသေးသော ရာဂတရားရှိသည်။ <b>အဝိဂတစ္ဆန္ဒော</b>၊ မကင်းသော လိုလားတောင့်တမှု ဆန္ဒတရား ထင်ရှားရှိသည်။ <b>အဝိဂတပေမော</b>၊ မကင်းသေးသော ချစ်မြတ်နိုးမှု ပေမတရား ထင်ရှားရှိသည်။ <b>အဝိဂတပိပါသော</b>၊ မကင်းသော မွတ်သိပ်ဆာလောင်မှု ပိပါသတရား ထင်ရှားရှိနေသည်။ <b>အဝိဂတပရိဠာဟော</b>၊ မကင်းသေးသော ပူပန်မှု ပူလောင်မှု ပရိဠာဟတရား ထင်ရှားရှိသည်။ <b>အဝိဂတတဏှော</b>၊ မကင်းသေးသော တွယ်တာမက်မောမှု တဏှာတရား ထင်ရှားရှိသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊ <b>တဿ</b>၊ ထိုပုဂ္ဂိုလ်၏၊ <b>စိတ္တံ</b>၊ စိတ်ဓာတ်သည်။ <b>အာတပ္ပါယ</b>၊ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းဖြစ်သည့် သမထ, ဝိပဿနာ ကမ္မဋ္ဌာန်းတို့ကို ကြိုးစားအားထုတ်ဖို့ရန်။ <b>အနုယောဂါယ</b>၊ ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ကြိုးစားအားထုတ်ဖို့ရန်။ <b>သာတစ္စာယ</b>၊ စွဲစွဲမြဲမြဲ ကြိုးစားအားထုတ်ဖို့ရန်။ <b>ပဓာနာယ</b>၊ အပြင်းအထန် ကြိုးစားအားထုတ်ဖို့ရန်။ <b>န နမတိ</b>၊ ညွတ်ကိုင်းရှိုင်းမှု မရှိပေ။</p>
<p>အဲဒီလို တွယ်တာမက်မောမှုတွေ, ပူပန်မှုတွေ, ချစ်မြတ်နိုးမှုတွေ, မွတ်သိပ်ဆာလောင်မှုတွေ, လိုလားတပ်မက်မှုတွေ ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ဓာတ်အစဉ်သည် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ <b>သမထ, ဝိပဿနာ ဘာဝနာကျင့်စဉ်</b>တွေကို ကြိုးစားအားထုတ်ဖို့ရန်, ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ကြိုးစားအားထုတ်ဖို့ရန်, စွဲစွဲမြဲမြဲ ကြိုးစားအားထုတ်ဖို့ရန်, အပြင်းအထန် ကြိုးစားအားထုတ်ဖို့ရန်အတွက် ညွတ်ကိုင်းရှိုင်းမှု ရှိဦးမလား? မရှိတော့ဘူး။ မှားလား, မှန်လား စဉ်းစားကြည့်ကြနော်။</p>
<p>တပည့်တော်တို့က အားတော့ အားထုတ်ချင်ပါရဲ့ဘုရား။ ဒါပေမယ့်ဆိုတဲ့ စကားလုံးကို ခပ်များများသုံးနေတဲ့ ပုဂ္ဂိုလ်တွေက ဘာလုပ်တာလဲ? ဒီတွယ်တာမက်မောမှုတွေ မကင်းတဲ့ပုဂ္ဂိုလ်တွေပဲ။ ပူလောင်မှုတွေ, ပူပန်မှုတွေ, မွတ်သိပ်ဆာလောင်မှုတွေ, လိုလားတောင့်တမှုတွေ မကင်းသေးတဲ့ ပုဂ္ဂိုလ်တွေပဲ။ မကင်းသေးတဲ့ ပုဂ္ဂိုလ်တွေက ဒါပေမယ့်ဆိုတဲ့ စကားလုံးလေး ခပ်များများ သုံးပြီးတော့ မိမိကိုယ်ကို မိမိ ဘာလုပ်နေလဲ? ရှေ့နေ လိုက်လုပ်နေတယ်။ ကဲ ဒါက နံပါတ် (၁) စိတ်ရဲ့ အနှောင်အဖွဲ့တစ်ခုပဲ။ ဒီ အနှောင်အဖွဲ့တစ်ခုကို မပယ်ဖြတ်ရသေးဘူး။ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ပယ်ဖြတ်ရမလဲ? ပြီးတော့မှ ဘုန်းကြီး ထပ်ပြောမယ်နော်။ နောက်တစ်ခု -</p>
<p>‘‘<b>ပုန စပရံ, ဘိက္ခဝေ, ဘိက္ခု ကာယေ အဝီတရာဂေါ ဟောတိ</b>’’</p>
<p>အလားတူပဲ။ ခုနက သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုအပေါ်၌ တွယ်တာမက်မောနေတာ။ ခုကျတော့ မိမိရဲ့ခန္ဓာကိုယ်အပေါ်၌ တွယ်တာမက်မောနေတယ်။ တရွေ့ရွေ့ တရွရွနဲ့။ အမလေး! တပည့်တော်က ဘာဖြစ်လို့ဘုရား။ ရင်ထဲက ဘာဖြစ်သွားလို့။ ဟိုဘက်က ခါးက ဘာဖြစ်ပြန်ပြီ။ ဟုတ်တယ်မဟုတ်လား? အမလေး! တရွေ့ရွေ့ တရွရွနဲ့။ တပည့်တော် နေမကောင်းလို့ဘုရား ... ဒီနေ့တော့ နည်းနည်းလေး တရားမထိုင်နိုင်ဘူး။ သူ့ပဲ ဝိုင်းပြီး နှိပ်ပေးရမယ့်ပုံစံပဲ။ အဲဒီတော့ ဒီခန္ဓာကိုယ်ကြီးနဲ့ ပတ်သက်ရင်လည်း တွယ်တာမက်မောမှုတွေက စိုးရိမ်မှု, ပူပန်မှုတွေက သိပ်များနေတယ်။ ဒါ နံပါတ် (၂)။ အတူတူပဲ။ အဲဒီ စိတ်ရဲ့ အနှောင်အဖွဲ့ကိုလည်း မပယ်ဖြတ်ရသေးဘူး။ နောက်နံပါတ် (၃) -</p>
<p>‘‘<b>ရူပေ အဝီတရာဂေါ ဟောတိ</b>’’</p>
<p><b>ရူပေ</b>၊ အဆင်း ရူပါရုံ၌။ <b>အဝီတရာဂေါ</b>၊ မကင်းသေးသော ရာဂတရားရှိသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊</p>
<p>မိမိရဲ့ ရူပါရုံနဲ့ ပတ်သက်လို့လည်း သို့မဟုတ် သူတစ်ပါးရဲ့ ရူပါရုံနဲ့ ပတ်သက်လို့လည်း တွယ်တာမက်မောမှု ရာဂတရားတွေက ထင်ရှားရှိနေတယ်။ ချစ်မြတ်နိုးမှုတွေ ရှိနေတယ်။ မွတ်သိပ်ဆာလောင်မှုတွေ ရှိနေတယ်။ ပူပန်မှု, ကြောင့်ကြမှုတွေ ရှိနေတယ်။ တွယ်တာမက်မောမှု တဏှာတရားတွေ ထင်ရှားရှိနေတယ်။ တော်ကြာ မှန်လေး ကြည့်လိုက်။ တော်ကြာ ဘာလေး လုပ်လိုက်။ ဟုတ်တယ်မဟုတ်လား? တော်ကြာ သားရုပ်ကလေး ကြည့်ပြီး ပူပန်လိုက်, သမီးရုပ်ရည်လေး ကြည့်ပြီး ပူပန်လိုက်။ အင်း ညဉ့် သိပ်နက်ပြီ ဘာတွေများ ဖြစ်နေလဲမသိဘူး။ အဘိုးကြီး ကြည့်လိုက်၊ အဘွားကြီး ကြည့်လိုက်နော်။</p>
<p>အဲဒီပုံစံအားဖြင့် ရူပါရုံနဲ့ ပတ်သက်ပြီး တွယ်တာမက်မောနေမှုဆိုတဲ့ ပူပန်မှုတွေက တစ်ပုံကြီး ဖြစ်နေပြီ။ အဲဒီ ပူပန်မှု, တွယ်တာမက်မောမှုဆိုတဲ့ သဘောတရားကိုလည်း <b>စိတ်ရဲ့ အနှောင်အဖွဲ့</b>တစ်ခုလို့ ခေါ်ပါတယ်။ ဒီစိတ်ဓာတ်ရဲ့ အနှောင်အဖွဲ့ကိုလည်း မပယ်ဖြတ်ရသေးဘူးတဲ့နော်။ တရားတော့ အားထုတ်ချင်တယ်။ ဒါပေမယ့် အိမ်ကို ပြန်ပြန်ပြီး စိတ်ထဲက ရောက်ရောက်နေတယ်။ အဲဒီ ရောက်နေတာက ဘာလဲ? စိတ်ရဲ့ အနှောင်အဖွဲ့တစ်ခုပဲ။ အဲဒီ အနှောင်အဖွဲ့ကို မပယ်ဖြတ်ရသေးဘူး။ ပေါင်းလိုက်တော့ အနှောင်အဖွဲ့ ဘယ်နှစ်ခု ရှိပြီလဲ? (၃)ခု။ နောက်တစ်ခုက -</p>
<p>‘‘<b>ယာဝဒတ္ထံ ဥဒရာဝဒေဟကံ ဘုဉ္ဇိတွာ သေယျသုခံ ပဿသုခံ မိဒ္ဓသုခံ အနုယုတ္တော ဝိဟရတိ</b>’’</p>
<p><b>ယာဝဒတ္ထံ ဥဒရာဝဒေဟကံ</b>၊ အလိုရှိတိုင်း ဝမ်းဗိုက်ပြည့်အောင်။ <b>ဘုဉ္ဇိတွာ</b>၊ စားပြီး၍။ <b>သေယျသုခံ</b>၊ ပက်လက်အိပ်ခြင်း ချမ်းသာကို။ <b>ပဿသုခံ</b>၊ စောင်းငဲ့အိပ်ခြင်း ချမ်းသာကို။ <b>မိဒ္ဓသုခံ</b>၊ ငိုက်မျဉ်း၍ နေရသော ချမ်းသာသုခကို။ <b>အနုယုတ္တော</b>၊ အဖန်ဖန် ကြိုးစားအားထုတ်လျက်။ <b>ဝိဟရတိ</b>၊ နေထိုင်၏၊</p>
<p>ဝမ်းဗိုက်ကို ဖြည့်ပြီး တင်းပြီး ကားသွားအောင်ပေါ့နော်။ အလိုရှိသလို စားပြီးတဲ့ အခါကျတော့မှ ပက်လက်လှန်အိပ်တဲ့ချမ်းသာ, စောင်းငဲ့အိပ်တဲ့ချမ်းသာ, မှိန်းနေတဲ့ချမ်းသာ, မျက်လုံးလေး အသာမှိန်းနေတယ်။ နိုးတော့ နိုးနေပါတယ်။ မထချင်သေးဘူး။ ဟိုဘက်လှည့်လိုက်၊ ဒီဘက်လှည့်လိုက်နဲ့နော်။ အဲဒီလို ချမ်းသာတွေကို အဖန်ဖန် အထပ်ထပ် ကြိုးစားအားထုတ်ပြီး နေတယ်။ အဲဒီချမ်းသာတွေအပေါ်၌ တွယ်တာမက်မောမှု ရာဂတရား ရှိနေတယ်။ လိုလားတပ်မက်မှု ဆန္ဒတရားတွေလည်း ရှိနေပြီ။ မွတ်သိပ် ဆာလောင်မှုတွေ, ချစ်မြတ်နိုးမှုတွေလည်း ရှိနေပြီ။ စိတ်ရဲ့ အနှောင်အဖွဲ့တစ်ခုကို ပယ်ဖျောက်နိုင်တဲ့ စွမ်းအား မရှိသေးဘူး။ ဒါက နံပါတ် (၄)။ နောက်တစ်ခု - နံပါတ် (၅)။</p>
<p>‘‘<b>အညတရံ ဒေဝနိကာယံ ပဏိဓာယ ဗြဟ္မစရိယံ စရတိ – ‘ဣမိနာဟံ သီလေန ဝါ ဝတေန ဝါ တပေန ဝါ ဗြဟ္မစရိယေန ဝါ ဒေဝေါ ဝါ ဘဝိဿာမိ ဒေဝညတရော ဝါ’တိ။</b>’’</p>
<p><b>အဟံ</b>၊ ငါသည်။ <b>ဣမိနာ သီလေန ဝါ</b>၊ ဤကိုယ်ကျင့်သီလဖြင့်လည်းကောင်း။ <b>ဣမိနာ ဝတေန ဝါ</b>၊ ဤကျင့်ဝတ်ဖြင့်လည်းကောင်း။ <b>ဣမိနာ တပေန ဝါ</b>၊ ဤတပဟုခေါ်ဆိုအပ်တဲ့ ခြိုးခြံမှုဖြင့်လည်းကောင်း။ <b>ဣမိနာ ဗြဟ္မစရိယေန ဝါ</b>၊ ဤမြတ်သော ဗြဟ္မစရိယကျင့်ဝတ်ဖြင့်လည်းကောင်း။ <b>ဒေဝေါ ဝါ</b>၊ ထင်ရှားတဲ့ နတ်သားသည်သော်လည်းကောင်း။ <b>ဒေဝညတရော ဝါ</b>၊ မထင်ရှားတဲ့ နတ်သားတစ်ဦးဦးသည်သော်လည်းကောင်း။ <b>ဘဝိဿာမိ</b>၊ ဖြစ်ရပေအံ့။ <b>ဣတိ</b>၊ ဤသို့ နှလုံးပိုက်၍။ <b>အညတရံ ဒေဝနိကာယံ</b>၊ အမှတ်မထား တစ်ပါးပါးသော နတ်ပြည်နတ်လောကကို။ <b>ပဏိဓာယ</b>၊ စိတ်ဖြင့် ဆောက်တည်၍။ <b>ဗြဟ္မစရိယံ</b>၊ မြတ်သောအကျင့်ကို။ <b>စရတိ</b>၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေပေ၏၊</p>
<p>ဘုရားရှင်က ဒီမြတ်သော ဗြဟ္မစရိယခေါ်တဲ့ ကျင့်စဉ်တွေကို ချမှတ်ပေးသွားတယ်နော်။ <b>သာသနဗြဟ္မစရိယ</b>, <b>မဂ္ဂဗြဟ္မစရိယ</b>ဆိုပြီး ဗြဟ္မစရိယ ဘယ်နှစ်မျိုးရှိလဲ? နှစ်မျိုး။ သာသနဗြဟ္မစရိယက ခုနက ပြောခဲ့တဲ့ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်ခေါ်တဲ့ ဒီသိက္ခာသုံးရပ် အကျင့်မြတ်ကို သာသနဗြဟ္မစရိယလို့ ခေါ်တယ်။ ထိုသိက္ခာသုံးရပ် အကျင့်မြတ်ကို ကျင့်လိုက်တဲ့အတွက် စနစ်တကျ တစ်ဆင့်ပြီးတစ်ဆင့် ကျင့်လိုက်တဲ့အတွက် မဂ္ဂဗြဟ္မစရိယဆိုတဲ့ <b>အရိယမဂ်ဉာဏ်</b>ကို ရရှိခဲ့ရင် ထိုမဂ္ဂဗြဟ္မစရိယခေါ်တဲ့ အရိယမဂ်ဉာဏ်က မဂ္ဂဗြဟ္မစရိယဖြစ်တယ်။ အဲဒီ သာသနာ့ဗြဟ္မစရိယ, မဂ္ဂဗြဟ္မစရိယဆိုတဲ့ ဒီကျင့်ဝတ်တွေကို ဘုရားရှင်က သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်စေရမယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် တည်ထောင်ထားခဲ့ခြင်းဖြစ်တယ်။ အဲဒီ ဦးတည်ချက်ကို မလိုက်နာဘဲ နတ်ပြည်နတ်လောက ထင်ရှားတဲ့ နတ်သား သို့မဟုတ် မထင်ရှားတဲ့ နတ်သားတစ်ဦးဦး ဖြစ်စေရမယ်။ ဒီကျင့်ဝတ်ပဋိပတ်ဖြင့် ထင်ရှားတဲ့ နတ်သားသော်လည်းကောင်း, မထင်ရှားတဲ့ နတ်သားသော်လည်းကောင်း တစ်ဦးဦးတော့ ဖြစ်စေရမယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် ဒီဗြဟ္မစရိယခေါ်တဲ့ မြတ်သော ကျင့်ဝတ်ကို ကျင့်နေတယ်တဲ့။ အဲဒီလို ကျင့်နေတာဟာလည်း ဘာဖြစ်သလဲ?</p>
<p>‘‘<b>ယော သော, ဘိက္ခဝေ, ဘိက္ခု အညတရံ ဒေဝနိကာယံ ပဏိဓာယ ဗြဟ္မစရိယံ စရတိ – ‘ဣမိနာဟံ သီလေန ဝါ ဝတေန ဝါ တပေန ဝါ ဗြဟ္မစရိယေန ဝါ ဒေဝေါ ဝါ ဘဝိဿာမိ ဒေဝညတရော ဝါ’တိ, တဿ စိတ္တံ န နမတိ အာတပ္ပါယ အနုယောဂါယ သာတစ္စာယ ပဓာနာယ</b>’’။</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ယော သော ဘိက္ခု</b>၊ အကြင် ယောဂါဝစရရဟန်းတော်သည်ကား။ <b>ဣမိနာဟံ သီလေန ဝါ</b>၊ ငါသည် ဤသီလဖြင့်လည်းကောင်း၊ <b>ဝတေန ဝါ</b>၊ ဤကျင့်ဝတ်ဖြင့်လည်းကောင်း၊ <b>တပေန ဝါ</b>၊ ဤတပဟုခေါ်ဆိုအပ်တဲ့ ခြိုးခြံမှုဖြင့်လည်းကောင်း၊ <b>ဗြဟ္မစရိယေန ဝါ</b>၊ ဤမြတ်သော ဗြဟ္မစရိယကျင့်ဝတ်ဖြင့်လည်းကောင်း၊ <b>ဒေဝေါ ဝါ</b>၊ ထင်ရှားတဲ့ နတ်သားသည်လည်းကောင်း၊ <b>ဘဝိဿာမိ</b>၊ ဖြစ်ရပေအံ့၊ <b>ဒေဝညတရော ဝါတိ</b>၊ မထင်ရှားတဲ့ နတ်သားတစ်ဦးဦးသည်သော်လည်းကောင်း ဖြစ်ရပေအံ့ဟု။ <b>ဣတိ</b>၊ ဤသို့ နှလုံးပိုက်၍။ <b>အညတရံ ဒေဝနိကာယံ</b>၊ အမှတ်မထား တစ်ပါးပါးသော နတ်ပြည် နတ်လောကကို။ <b>ပဏိဓာယ</b>၊ စိတ်ဖြင့် ဆောက်တည်၍။ <b>ဗြဟ္မစရိယံ</b>၊ မြတ်သောအကျင့်ကို။ <b>စရတိ</b>၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေပေ၏၊ <b>တဿ</b>၊ ထိုရဟန်းတော်၏၊ <b>စိတ္တံ</b>၊ စိတ်ဓာတ်သည်ကား။ <b>အာတပ္ပါယ</b>၊ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိက တရားကောင်းဖြစ်သည့် သမထ-ဝိပဿနာ ကမ္မဋ္ဌာန်းတို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းငှာ။ <b>အနုယောဂါယ</b>၊ ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ ကြိုးစားအားထုတ်ခြင်းငှာ။ <b>သာတစ္စာယ</b>၊ စွဲစွဲမြဲမြဲ ကြိုးစားအားထုတ်ခြင်းငှာ။ <b>ပဓာနာယ</b>၊ အပြင်းအထန် ကြိုးစားအားထုတ်ခြင်းငှာ။ <b>န နမတိ</b>၊ ညွတ်ကိုင်းရှိုင်းမှု မရှိပေ။</p>
<p>နတ်ပြည် နတ်လောကကို မျှော်လင့်တောင့်တပြီး ဗြဟ္မစရိယခေါ်တဲ့ မြတ်သော ကျင့်ဝတ်ကို ကျင့်နေတဲ့ ဒီပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်သည် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ နိယျာနိကတရားကောင်းလို့ ခေါ်ဆိုအပ်တဲ့ သမထ-ဝိပဿနာကျင့်စဉ်တွေကို ကြိုးစားအားထုတ်ဖို့, ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ ကြိုးစားအားထုတ်ဖို့, စွဲစွဲမြဲမြဲ ကြိုးစားအားထုတ်ဖို့, ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ဖို့ ညွတ်ကိုင်းရှိုင်းမှု ရှိပါ့မလား? မရှိတော့ဘူး။ သူ မျှော်လင့်တောင့်တနေတာက နတ်ပြည်နတ်လောက ဖြစ်တယ်။ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ နိဗ္ဗာန်ကို သူ မျှော်လင့်တောင့်တသလား? မတောင့်တဘူး။ ဒါလည်း စိတ်ရဲ့ အနှောင်အဖွဲ့တစ်ခုပဲ။ ပေါင်းလိုက်တော့ စိတ်ဓာတ်ရဲ့ အနှောင်အဖွဲ့ ဘယ်နှစ်ခုလဲ? <b>ငါးခု</b>။</p>
<p>နံပါတ် (၁) သက်ရှိသက်မဲ့ <b>ကာမဝတ္ထု</b>အစုစုအပေါ်၌ တွယ်တာမက်မောနေမှု။<br>
နံပါတ် (၂) <b>ကာယ</b>၊ ခန္ဓာကိုယ်အပေါ်၌ တွယ်တာမက်မောမှု။<br>
နံပါတ် (၃) <b>ရုပ်အဆင်း</b>၌ တွယ်တာမက်မောမှု။<br>
နံပါတ် (၄) အစာအာဟာရအပေါ်၌ ဝမ်းပြည့်အောင် စားပြီးတော့ အိပ်ခြင်းချမ်းသာကို တွယ်တာမက်မောမှု။</p>
<p>မူးလို့ပါ။ တရားမထိုင်ချင်လို့ မဟုတ်ပါဘူး။ ဆရာလေး ... တပည့်တော်က နည်းနည်းမူးတတ်တယ်။ ဒါကြောင့် မနက်စောစော မထပါရစေနဲ့။ ဟော ဟုတ်လား? ဒီလို ယောဂီမျိုးတွေ ဒီထဲရှိများ ရှိလား, မရှိလားတော့ မပြောတတ်ပါဘူး။ ဘုန်းကြီး ခဏခဏ ကြားနေရတယ်။ အဲဒီတော့ ခန္ဓာကိုယ်အပေါ်၌ တွယ်တာမက်မောမှုတွေ တစ်ပုံကြီး။ ရုပ်အဆင်းအပေါ်၌ တွယ်တာမက်မောမှုတွေကလည်း တစ်ပုံကြီး။ ဝမ်းဗိုက်ပြည့်အောင် စားပြီးတော့ အိပ်တဲ့ချမ်းသာ, ပက်လက်အိပ်တဲ့ချမ်းသာ, စောင်းအိပ်တဲ့ချမ်းသာ, မှိန်းနေရတဲ့ချမ်းသာကို ကြိုးစားအားထုတ်နေတဲ့ပုဂ္ဂိုလ်နော်။ နောက်တစ်ခု - နတ်ပြည်နတ်လောကကို ရည်ရွယ်တောင့်တပြီးတော့ ဗြဟ္မစရိယကျင့်ဝတ်တွေကို ကျင့်နေတဲ့ပုဂ္ဂိုလ်။ ပေါင်းလိုက်တော့ အဲဒီလို ကျင့်ခြင်းသည် စိတ်ရဲ့ အနှောင်အဖွဲ့ ဘယ်နှစ်ခုလဲ? <b>ငါးခု</b>။ အဲဒီ <b>စိတ်အနှောင်အဖွဲ့ငါးခု</b> ရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်၌ ဘာဖြစ်လဲ?</p>
<p>‘‘<b>ယဿ ကဿစိ, ဘိက္ခဝေ, ဘိက္ခုဿ ဝါ ဘိက္ခုနိယာ ဝါ ဣမေ ပဉ္စ စေတောခိလာ အပ္ပဟီနာ ဣမေ ပဉ္စ စေတသောဝိနိဗန္ဓာ အသမုစ္ဆိန္နာ, တဿ ယာ ရတ္တိ ဝါ ဒိဝသော ဝါ အာဂစ္ဆတိ ဟာနိယေဝ ပါဋိကင်္ခါ ကုသလေသု ဓမ္မေသု နော ဝုဒ္ဓိ</b>’’။</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ယဿ ကဿစိ</b>၊ အမှတ်မထား တစ်စုံတစ်ယောက်သော။ <b>ဘိက္ခုဿ ဝါ</b>၊ ဘိက္ခုရဟန်းတော်၏ သန္တာန်၌လည်းကောင်း၊ <b>ဘိက္ခုနိယာ ဝါ</b>၊ ဘိက္ခုနီရဟန်းမိန်းမ၏ သန္တာန်၌လည်းကောင်း။ <b>ဣမေ ပဉ္စ စေတောခိလာ</b>၊ ဤ စိတ်ဓာတ်၏ ငြောင့်တံသင်းငါးစင်းတို့သည်။ <b>အပ္ပဟီနာ</b>၊ မပယ်ရှားရကုန်သေး။ <b>ဣမေ ပဉ္စ စေတသောဝိနိဗန္ဓာ</b>၊ ဤငါးပါးကုန်သော စိတ်ရဲ့ အနှောင်အဖွဲ့တို့သည်။ <b>အသမုစ္ဆိန္နာ</b>၊ အကြွင်းမဲ့ မပယ်သတ်အပ်ကုန်သေး။ <b>ဟောန္တိ</b>၊ ဖြစ်ကြလေကုန်၏၊ <b>တဿ</b>၊ ထိုရဟန်းတော်၏သန္တာန်၌။ <b>ယာ ရတ္တိ ဝါ</b>၊ အကြင် ညဉ့်သည်လည်းကောင်း၊ <b>ယော ဒိဝသော ဝါ</b>၊ အကြင် နေ့သည်လည်းကောင်း။ <b>အာဂစ္ဆတိ</b>၊ ဆိုက်ရောက်၍လာ၏၊ <b>သော</b>၊ ထိုညဉ့် သို့မဟုတ် ထိုနေ့သည်။ <b>တဿ</b>၊ ထိုရဟန်းတော်အဖို့။ <b>ကုသလေသု ဓမ္မေသု</b>၊ ကုသိုလ်တရားတို့၌။ <b>ဟာနိယေဝ</b>၊ ဆုတ်ယုတ်ပျက်စီးခြင်းကိုသာလျှင်။ <b>ပါဋိကင်္ခါ</b>၊ မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်၏၊ <b>နော ဝုဒ္ဓိ</b>၊ ကြီးစွာ တိုးတက်ခြင်းကို မမျှော်လင့်အပ်ပါပေ။</p>
<p>စိတ်ရဲ့ ငြောင့်တံသင်း ဘယ်နှစ်ခုလဲ? <b>ငါးစင်း</b>။ စိတ်ရဲ့ ငြောင့်တံသင်းငါးစင်းနှင့် စိတ်ရဲ့ အနှောင်အဖွဲ့ငါးပါး။ ဒီတရားတစ်ဆယ်မျိုးကို မပယ်ရှားရသေးဘူး, မပယ်သတ်ရသေးဘူးဆိုရင် မပယ်ရှားနိုင်တဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်၌ ဖြစ်ပေါ်လာမယ့် ညဉ့်, နေ့တို့သည် ဘာဖြစ်လဲ? ကုသိုလ်တရားတို့၌ ဆုတ်ယုတ်ဖို့ရန်သာ မျှော်လင့်အပ်တယ်။ ကုသိုလ်တရားတို့၌ ကြီးပွားတိုးတက်လာဖို့ရန် မမျှော်လင့်အပ်ဘူးတဲ့။ အဲဒါ စဉ်းစားကြည့်ပါ။ ဟုတ်, မဟုတ်နော်။</p>
<p>စိတ်ဓာတ်မှာ ဒီငြောင့်ငါးခုက အစူးခံနေရပြီ။ စိတ်ဓာတ်ရဲ့ အနှောင်အဖွဲ့ငါးခုဖြင့် ရစ်ပတ်နှောင်ဖွဲ့ခံနေရတဲ့ပုဂ္ဂိုလ် တရားကို ကျကျနန အားထုတ်နိုင်ပါ့မလား? အားမထုတ်နိုင်ဘူး။ အားမထုတ်နိုင်သေးတဲ့ ပုဂ္ဂိုလ်တွေလည်း ဒီစိတ်ဓာတ်ရဲ့ ငြောင့်ကြီးငါးခု စူးဝင်နေတယ်ဆိုတာ ပြောလို့ မရဘူးလား? ရတယ်။ စိတ်ရဲ့ အနှောင်အဖွဲ့ငါးခုဖြင့် အနှောင်အဖွဲ့ခံနေရပြီဆိုတာလည်း ပြောလို့ မရဘူးလား? ပြောလို့ရတယ်။</p>
<p>ဒီနေ့ အလှူရှင်တွေရော, တရားနာနေတဲ့ ပရိသတ်တွေရော, တရားဟောတဲ့ပုဂ္ဂိုလ်တွေရော ဒီစိတ်ဓာတ်မှာ တည်ရှိနေတဲ့ ဒီငြောင့်ကြီးငါးခုကို မပယ်နှုတ်ရသေးဘူးဆိုရင် စိတ်ဓာတ်ရဲ့ အနှောင်အဖွဲ့ငါးခုကို မပယ်ဖြတ်နိုင်သေးဘူး။ မပယ်သတ်နိုင်သေးဘူးဆိုရင် ဘာဖြစ်မလဲ?</p>
<p><b>ဟာနိယေဝ ပါဋိကင်္ခါ ကုသလေသု ဓမ္မေသု နော ဝုဒ္ဓိ</b>။</p>
<p><b>ကုသလေသု ဓမ္မေသု</b>၊ ကုသိုလ်တရားတို့၌။ <b>ဟာနိယေဝ</b>၊ ဆုတ်ယုတ်ပျက်စီးခြင်းကိုသာလျှင်။ <b>ပါဋိကင်္ခါ</b>၊ မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်၏၊ <b>နော ဝုဒ္ဓိ</b>၊ ကြီးပွားတိုးတက်ခြင်းကို မမျှော်လင့်အပ်ပေ။</p>
<p>ဒီလို ငြောင့်တံသင်းငါးခု အစူးခံနေရတဲ့စိတ်ဓာတ်, အနှောင်အဖွဲ့ငါးမျိုးဖြင့် အနှောင်အဖွဲ့ခံနေရတဲ့ စိတ်ဓာတ်မှာ ကုသိုလ်တရားတွေ ကြီးပွားတိုးတက်လာဖို့ မျှော်လင့်နိုင်သလား? မမျှော်လင့်နိုင်ဘူး။ ကုသိုလ်တရားတွေ ဆုတ်ယုတ်ဖို့ရန်အတွက်သာလျှင် မျှော်လင့်အပ်တယ်။ ကုသိုလ်တရားတွေက ဆုတ်ယုတ်ပြီဆိုရင် ဘာတွေက ကြီးပွားလာမလဲ? <b>အကုသိုလ်တရား</b>တွေက ကြီးပွားလာမယ်။ နေရာယူလာမယ်။ ဒါကြောင့် ဒီငြောင့်ကြီးတွေ ပယ်နှုတ်နိုင်ဖို့ရန်အတွက် မြတ်စွာဘုရားက အလွန်အမင်း တိုက်တွန်းနေပါတယ်နော်။ တရားဟောတဲ့ပုဂ္ဂိုလ်သန္တာန်မှာရော, တရားနာနေတဲ့ ပရိသတ်တွေရဲ့သန္တာန်မှာရော, အလှူရှင်တွေရဲ့သန္တာန်မှာရော ဒီငြောင့်ကြီးတွေ ပယ်ရှားနိုင်ဖို့ရန်အတွက် ဘုရားရှင်က ဆက်လက်ပြီး ဘယ်လို တိုက်တွန်းလဲ?</p>
<p>‘‘<b>သေယျထာပိ, ဘိက္ခဝေ, ကာဠပက္ခေ စန္ဒဿ ယာ ရတ္တိ ဝါ ဒိဝသော ဝါ အာဂစ္ဆတိ, ဟာယတေဝ ဝဏ္ဏေန ဟာယတိ မဏ္ဍလေန ဟာယတိ အာဘာယ ဟာယတိ အာရောဟပရိဏာဟေန</b>’’။</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>သေယျထာပိ</b>၊ ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသည်ကား။ <b>ကာဠပက္ခေ</b>၊ လဆုတ်ပက္ခ၌။ <b>စန္ဒဿ</b>၊ လ၏၊ <b>ယာ ရတ္တိ ဝါ</b>၊ အကြင် ညဉ့်သည်လည်းကောင်း၊ <b>ယော ဒိဝသော ဝါ</b>၊ အကြင် နေ့သည်လည်းကောင်း။ <b>အာဂစ္ဆတိ</b>၊ ရောက်ရှိ၍ လာပေ၏၊ <b>ဟာယတေဝ</b>၊ ဆုတ်ယုတ်၍ နေသည်သာတည်း။ <b>ဝဏ္ဏေန</b>၊ အရောင်အဆင်းအားဖြင့်။ <b>ဟာယတိ</b>၊ ဆုတ်ယုတ်၏၊ <b>မဏ္ဍလေန</b>၊ အဝန်းအဝိုင်းအားဖြင့်။ <b>ဟာယတိ</b>၊ ဆုတ်ယုတ်၏၊ <b>အာဘာယ</b>၊ အရောင်အလင်းဖြင့်လည်းပဲ။ <b>ဟာယတိ</b>၊ ဆုတ်ယုတ်၏၊ <b>အာရောဟပရိဏာဟေန</b>၊ လုံးရပ်ဝန်းဝိုင်း အဝန်းအဝိုင်းအားဖြင့်လည်းပဲ။ <b>ဟာယတိ</b>၊ ဆုတ်ယုတ်ပျက်စီး၍ နေသည်သာလျှင်တည်း။</p>
<p>လရဲ့ လဆုတ်ပက္ခမှာ တည်ရှိနေတဲ့ လကို လှမ်းပြီးတော့ ဦးပဉ္စင်းတို့ လူ့ပြည်လူ့လောကကနေ လှမ်းကြည့်မယ်ဆိုရင်ပေါ့။ လဆုတ်ပက္ခ ရောက်လာပြီဆိုလို့ရှိရင် ဒီလမှာ တဖြည်းဖြည်း လှပနေတဲ့ လအရောင်အဆင်းလည်း ဆုတ်ယုတ်မသွားဘူးလား? ဆုတ်ယုတ်သွားတယ်။ လရဲ့ အဝန်းအဝိုင်းကလည်း တဖြည်းဖြည်း သေးမသွားဘူးလား? သေးသွားတယ်။ အရောင်အဆင်းကလည်း တဖြည်းဖြည်း ယုတ်လျော့မသွားဘူးလား? တောက်ပနေတဲ့ အရောင်ကလည်း တဖြည်းဖြည်း ယုတ်သွားတယ်။ လရဲ့ ဝန်းဝိုင်းနေတဲ့ အဝန်းအဝိုင်း လုံးရပ်သန္တာန် အားလုံးကလည်း တဖြည်းဖြည်း ဆုတ်ယုတ်သွားတယ်။</p>
<p>‘‘<b>ဧဝမေဝံ ခေါ, ဘိက္ခဝေ, ယဿ ကဿစိ ဘိက္ခုဿ ဝါ ဘိက္ခုနိယာ ဝါ ဣမေ ပဉ္စ စေတောခိလာ အပ္ပဟီနာ ဣမေ ပဉ္စ စေတသောဝိနိဗန္ဓာ အသမုစ္ဆိန္နာ, တဿ ယာ ရတ္တိ ဝါ ဒိဝသော ဝါ အာဂစ္ဆတိ ဟာနိယေဝ ပါဋိကင်္ခါ ကုသလေသု ဓမ္မေသု နော ဝုဒ္ဓိ</b>’’။</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဧဝမေဝံ ခေါ</b>၊ ဤဥပမာအတူသာလျှင်။ <b>ယဿ ကဿစိ</b>၊ အကြင် အမှတ်မထား တစ်စုံတစ်ယောက်သော။ <b>ဘိက္ခုဿ ဝါ</b>၊ ဘိက္ခုရဟန်း၏ သန္တာန်၌လည်းကောင်း၊ <b>ဘိက္ခုနီယာ ဝါ</b>၊ ဘိက္ခုနီရဟန်းမိန်းမ၏သန္တာန်၌လည်းကောင်း။ <b>ဣမေ ပဉ္စ စေတောခိလာ</b>၊ ဤငါးပါးကုန်သော စိတ်ရဲ့ ငြောင့်တံသင်းတို့သည်။ <b>အပ္ပဟီနာ</b>၊ မပယ်ရှားရကုန်သေး။ <b>ဣမေ ပဉ္စ စေတသောဝိနိဗန္ဓာ</b>၊ ဤငါးပါးကုန်သော စိတ်ရဲ့ အနှောင်အဖွဲ့တို့လည်းပဲ။ <b>အသမုစ္ဆိန္နာ</b>၊ မပယ်နှုတ်အပ်ကုန်သေး။ <b>ဟောန္တိ</b>၊ ဖြစ်ကြကုန်ငြားအံ့။ <b>တဿ</b>၊ ထိုရဟန်းတော်အဖို့။ <b>ယာ ရတ္တိ ဝါ</b>၊ အကြင် ညဉ့်သည်လည်းကောင်း၊ <b>ယော ဒိဝသော ဝါ</b>၊ အကြင် နေ့သည်လည်းကောင်း။ <b>အာဂစ္ဆတိ</b>၊ ဆိုက်ရောက်၍လာပေ၏၊ <b>တဿ</b>၊ ထိုရဟန်းတော်၏သန္တာန်၌။ <b>ကုသလေသု ဓမ္မေသု</b>၊ ကုသိုလ်တရားတို့၌။ <b>ဟာနိယေဝ</b>၊ ဆုတ်ယုတ်ပျက်စီးခြင်းကိုသာလျှင်။ <b>ပါဋိကင်္ခါ</b>၊ မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်၏၊ <b>နော ဝုဒ္ဓိ</b>၊ ကြီးစွာ တိုးတက်ခြင်းကို မချွတ်ဧကန် ရလိမ့်မည်ဟု မမျှော်လင့်အပ်ပါပေ။</p>
<p>စိတ်ဓာတ်ရဲ့ ငြောင့်ကြီးငါးခု အစူးဝင်ခံနေရတဲ့ ရဟန်း, စိတ်ဓာတ်ရဲ့ အနှောင်အဖွဲ့ငါးခုကို မဖြတ်တောက်နိုင်တဲ့ ရဟန်းတော်ရဲ့သန္တာန်မှာ ဖြစ်ပေါ်လာမယ့် ညဉ့်တွေ နေ့တွေ ရှိတယ်။ အဲဒီနေ့တွေမှာ ရဟန်းတော်အဖို့ ကုသိုလ်တရားတွေမှာ ဆုတ်ယုတ်ဖို့ကိုသာလျှင် မချွတ်ဧကန် မျှော်လင့်ရတယ်။ ကြီးပွားတိုးတက်မှုကို ဘယ်လိုမှ မမျှော်လင့်အပ်ပါဘူးဆိုပြီးတော့ မြတ်စွာဘုရား ဟောထားတယ်နော်။</p>
<p>အဲဒီတော့ ဒီငြောင့်ကြီးငါးခု အစူးခံနေရတဲ့ စိတ်ဓာတ် ရှိနေခဲ့မယ်ဆိုရင် မိမိတို့မှာ ကုသိုလ်တရားက မတိုးပွားနိုင်ဘူး။ မတိုးပွားနိုင်ဘူးဆိုလို့ရှိရင် ဒီငြောင့်ကြီးငါးခုကို နှုတ်ပယ်တတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ စိတ်ရဲ့ အနှောင်အဖွဲ့တရားငါးခုရှိရင်လည်း မိမိတို့ရဲ့သန္တာန်မှာ ကုသိုလ်တရားတွေက မတိုးပွားနိုင်ဘူးဆိုရင် ဒီစိတ်ရဲ့ အနှောင်အဖွဲ့ငါးခုကိုလည်း ဖြတ်တောက်ပစ်ဖို့တော့ မလိုဘူးလား? လိုအပ်တယ်။ ဘယ့်နှယ်တုန်း။ ဖြတ်နိုင်ကြပါ့မလား? အဲဒါပဲ ဖြတ်ဖို့ကျတော့ တော်တော်လေး မခက်ဘူးလား? ခက်နေပြီ။ ခက်နေတော့ ဘာလုပ်ရမလဲ? ဖြတ်နိုင်တဲ့ ကျင့်ဝတ်ကလေးကိုတော့ ကျင့်ဖို့ မလိုဘူးလား? လိုအပ်တယ်။ ကျင့်စေချင်လို့ ဘုရားရှင်က ရှေ့ဆက်ပြီး တရားဟောတယ်။</p>
<p>‘‘<b>ယဿ ကဿစိ, ဘိက္ခဝေ, ဘိက္ခုဿ ဝါ ဘိက္ခုနိယာ ဝါ ပဉ္စ စေတောခိလာ ပဟီနာ ပဉ္စ စေတသောဝိနိဗန္ဓာ သုသမုစ္ဆိန္နာ, တဿ ယာ ရတ္တိ ဝါ ဒိဝသော ဝါ အာဂစ္ဆတိ ဝုဒ္ဓိယေဝ ပါဋိကင်္ခါ ကုသလေသု ဓမ္မေသု နော ပရိဟာနိ</b>’’။</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ယဿ ကဿစိ</b>၊ အကြင် အမှတ်မထား တစ်စုံတစ်ယောက်သော။ <b>ဘိက္ခုဿ ဝါ</b>၊ ဘိက္ခုရဟန်းတော်၏ လည်းကောင်း၊ <b>ဘိက္ခုနီယာ ဝါ</b>၊ ဘိက္ခုနီရဟန်းမိန်းမ၏လည်းကောင်း။ <b>ပဉ္စ စေတောခိလာ</b>၊ ဤ စိတ်ရဲ့ ငြောင့်တံသင်းငါးစင်းတို့သည်။ <b>ပဟီနာ</b>၊ ပယ်ရှားအပ်ပြီးကုန်သည်။ <b>ပဉ္စ စေတသောဝိနိဗန္ဓာ</b>၊ ဤစိတ်ရဲ့ အနှောင်အဖွဲ့ငါးခုတို့ကိုလည်းပဲ။ <b>သုသမုစ္ဆိန္နာ</b>၊ ကောင်းစွာ ဖြတ်တောက်အပ်ကုန်သည်။ <b>ဟောန္တိ</b>၊ ဖြစ်ကြကုန်ငြားအံ့။</p>
<h3>ဒုတိယပိုင်း</h3>
<p><b>တဿ</b>၊ ထိုရဟန်းတော်အဖို့။ <b>ယာ ရတ္တိ ဝါ</b>၊ အကြင် ညဉ့်သည်လည်းကောင်း၊ <b>ယော ဒိဝသော ဝါ</b>၊ အကြင် နေ့သည်လည်းကောင်း။ <b>အာဂစ္ဆတိ</b>၊ ဆိုက်ရောက်၍လာပေ၏၊ <b>တဿ</b>၊ ထိုရဟန်းတော်၏သန္တာန်၌။ <b>ကုသလေသု ဓမ္မေသု</b>၊ ကုသိုလ်တရားတို့၌။ <b>ဝုဒ္ဓိယေဝ</b>၊ ကြီးပွားတိုးတက်ခြင်းကိုသာလျှင်။ <b>ပါဋိကင်္ခါ</b>၊ မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်ပေ၏၊ <b>ကုသလေသု ဓမ္မေသု</b>၊ ကုသိုလ်တရားတို့၌။ <b>နော ပရိဟာနိ</b>၊ ဆုတ်ယုတ်ပျက်စီးခြင်းကို အလိုမရှိအပ်ပါပေ (ဆုတ်ယုတ်ပျက်စီးခြင်းကို မမျှော်လင့်အပ်ပါပေ)။</p>
<p>စိတ်ရဲ့ ငြောင့်တံသင်းငါးခု ပယ်နှုတ်နိုင်တဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာနော်။ စိတ်ရဲ့ အနှောင်အဖွဲ့ငါးခုကို ဖြတ်တောက်နိုင်တဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဖြစ်ပေါ်လာမယ့် ညဉ့်တွေ, နေ့တွေ ရှိတယ်။ အဲဒီ ညဉ့်တွေ, နေ့တွေအဖို့ ထိုရဟန်းတော်ရဲ့သန္တာန်မှာ ကုသိုလ်တရားတော်၌ ကြီးပွားတိုးတက်ခြင်းကိုသာလျှင် အလိုရှိအပ်တယ်။ ကုသိုလ်တရားတော်၌ ဆုတ်ယုတ်ပျက်စီးခြင်းကို အလိုမရှိအပ်ပါဘူးဆိုပြီးတော့ မြတ်စွာဘုရား ဟောတယ်နော်။</p>
<p>ဟောလိုက်တဲ့အခါကျတော့ ပြောင်းပြန်လှန်ပြီး ပြောမယ်ဆိုလို့ရှိရင် နံပါတ် (၁) ဘုရားရှင်အပေါ်၌ ယုံကြည်ချက် အပြည့်အဝရှိဖို့ မလိုဘူးလား? လိုအပ်တယ်။ နံပါတ် (၂) တရားတော်အပေါ်၌ ယုံကြည်ချက် အပြည့်အဝရှိဖို့ လိုတယ်။ နံပါတ် (၃) သံဃာတော်အပေါ်၌ ယုံကြည်ချက် အပြည့်အဝရှိဖို့ လိုတယ်။ ဘာသံဃာလဲ? အထူးသဖြင့် <b>အရိယာသံဃာ</b>ကို ပြောတာပါနော်။ နောက်တစ်ခု - နံပါတ် (၄)တဲ့။ <b>သိက္ခာသုံးရပ်</b> အကျင့်မြတ်၌ ယုံကြည်ချက် အပြည့်အဝရှိဖို့ မလိုဘူးလား? လိုအပ်တယ်။ နံပါတ် (၅) သီတင်းသုံးဖော်တို့အပေါ်၌ မကျေနပ်ချက်တွေ လုံးလုံး မရှိဖို့ မလိုအပ်ဘူးလား? လိုအပ်တယ်။ မနှစ်မြို့တဲ့စိတ်ထားတွေ မရှိစေရဘူး။ အမျက်ထွက်နေတဲ့ စိတ်ထားတွေ မရှိစေရဘူး။ ထိပါးပုတ်ခတ်စော်ကားလိုတဲ့ စိတ်ထားတွေ မရှိစေရဘူး။ စိတ်ထဲမှာ မကျေနပ်ချက်တွေ တနုံ့နုံ့ ဖြစ်နေတဲ့ စိတ်ထားမျိုးတွေ ရှိရမလား? မရှိစေရဘူး။ အဲဒီလို စိတ်ရဲ့ ငြောင့်တံသင်းငါးခုကို ပယ်ရှားနိုင်ခဲ့မယ်ဆိုရင် ပယ်ရှားနိုင်တဲ့ ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်သည် ဘာဖြစ်မလဲ?</p>
<p>‘‘<b>ယဿ စိတ္တံ နမတိ အာတပ္ပါယ အနုယောဂါယ သာတစ္စာယ ပဓာနာယ</b>’’။</p>
<p><b>ယဿ</b>၊ အကြင် ရဟန်းတော်၏၊ <b>စိတ္တံ</b>၊ စိတ်ဓာတ်သည်ကား။ <b>အာတပ္ပါယ</b>၊ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိက တရားကောင်းဖြစ်သည့် သမထ-ဝိပဿနာ ကျင့်စဉ်တို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်။ <b>အနုယောဂါယ</b>၊ ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ ကြိုးစားအားထုတ်ဖို့ရန်။ <b>သာတစ္စာယ</b>၊ စွဲစွဲမြဲမြဲ ကြိုးစားအားထုတ်ဖို့ရန်။ <b>ပဓာနာယ</b>၊ အပြင်းအထန် ကြိုးစားအားထုတ်ဖို့ရန်။ <b>နမတိ</b>၊ ညွတ်ကိုင်းရှိုင်းလျက် ရှိပေ၏၊</p>
<p>ဘုရား၌ သေသေချာချာ ယုံကြည်တယ်။ တရား၌ သေသေချာချာ ယုံကြည်တယ်။ သံဃာ၌ သေသေချာချာ ယုံကြည်တယ်။ ဘာဖြစ်လို့ ယုံကြည်လဲ? ခုနက ပြောခဲ့တဲ့အတိုင်းပဲ။</p>
<p>‘‘<b>ယော ခေါ ဝက္ကလိ၊ ဓမ္မံ ပဿတိ သော မံ ပဿတိ၊ ယော မံ ပဿတိ သော ဓမ္မံ ပဿတိ</b>’’။</p>
<p><b>ဝက္ကလိ</b>၊ ချစ်သားဝက္ကလိ ...။ <b>ယော ခေါ</b>၊ အကြင်သူသည်ကား။ <b>ဓမ္မံ</b>၊ တရားတော်မြတ်ကို။ <b>ပဿတိ</b>၊ သိမြင်၏၊ <b>သော</b>၊ ထိုတရားတော်ကို မြင်တဲ့ပုဂ္ဂိုလ်သည်။ <b>မံ</b>၊ ငါဘုရားကို။ <b>ပဿတိ</b>၊ တွေ့မြင်၏၊ <b>ယော</b>၊ အကြင်သူသည်ကား။ <b>မံ</b>၊ ငါဘုရားကို။ <b>ပဿတိ</b>၊ တွေ့မြင်၏၊ <b>သော</b>၊ ထိုငါဘုရားကို တွေ့မြင်နေတဲ့ပုဂ္ဂိုလ်သည်။ <b>ဓမ္မံ</b>၊ တရားတော်မြတ်ကို။ <b>ပဿတိ</b>၊ တွေ့မြင်၏၊</p>
<p>တရားကို မြင်ရင် ငါဘုရားကို မြင်တယ်။ ငါဘုရားကို မြင်တဲ့ပုဂ္ဂိုလ်သည် တရားတော်ကို မြင်တဲ့ ပုဂ္ဂိုလ်ပဲလို့ ဒီလို ဟောတယ်။ ဘုရားကို မြင်ပြီဆိုလို့ရှိရင် ဘုရားအပေါ်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်နေတဲ့ <b>သဒ္ဓါတရား</b> ပေါ်မလာဘူးလား? ပေါ်လာတယ်။ ဘာဖြစ်လို့ ဘုရားအပေါ်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်နေတဲ့ သဒ္ဓါတရား ပေါ်လာရသလဲဆိုတော့ တရားကို မြင်လို့ပဲ။ ဒီတော့ တရားကို မြင်အောင် ကျင့်ဖို့ မလိုဘူးလား? လိုအပ်တယ်။ ဘာတရားလဲ?</p>
<p><b>လောကီ, လောကုတ္တရာ</b>ဆိုပြီးတော့ တရားနှစ်မျိုးရှိပါတယ်။ အဲဒီနှစ်မျိုးထဲက အထူးသဖြင့်တော့ ဘုန်းကြီးတို့ လောကီဝိပဿနာဉာဏ် သမ္မာဒိဋ္ဌိဆိုတဲ့ <b>သမ္မာဒိဋ္ဌိဉာဏ်</b>ဖြင့် လောကီသစ္စာလေးပါးကို ထိုးထွင်းသိဖို့ လိုတယ်။ လောကုတ္တရာအရိယမဂ္ဂသစ္စာလို့ ခေါ်ဆိုအပ်တဲ့ <b>လောကုတ္တရာအရိယမဂ်ဉာဏ်</b>ဖြင့်လည်း လောကုတ္တရာသစ္စာလေးပါးကို ထိုးထွင်းသိဖို့ လိုတယ်။ အဲဒီလို လောကီသမ္မာဒိဋ္ဌိ, လောကုတ္တရာသမ္မာဒိဋ္ဌိဆိုတဲ့ သမ္မာဒိဋ္ဌိဉာဏ်တို့ဖြင့် <b>သစ္စာလေးရပ် တရားမြတ်</b>ကို ထိုးထွင်းသိမြင်ခဲ့ပြီဆိုရင် ဒီလို တရားမြင်နေတဲ့ပုဂ္ဂိုလ်သည် ဘုရားကို မြင်တယ်။ ဘုရားကို မြင်တဲ့ပုဂ္ဂိုလ်သည်သာလျှင် တရားကို မြင်ပါတယ်လို့ ဒီလို ဘုရား ဟောထားတယ်။ အဲဒီလို မြင်နေတဲ့ ပုဂ္ဂိုလ်သည် ဘုရားအပေါ်၌ သံသယရှိဦးမလား? မရှိတော့ဘူး။ တရားတော်အပေါ်၌ရော သံသယရှိဦးမလား? မိမိကဲ့သို့ နိဗ္ဗာန်ကို မြင်တွေ့နေတဲ့ အရိယာသံဃာတော်အပေါ်၌လည်း သံသယရှိဦးမလား? မရှိတော့ဘူး။</p>
<p>နောက်ထပ် နည်းနည်းလေး လျှော့ပြီး ပြောမယ်။ မိမိကိုယ်တိုင်က <b>ဒုက္ခသစ္စာ</b> အမည်ရနေတဲ့ <b>ဥပါဒါနက္ခန္ဓာငါးပါး</b>ကို ပရမတ္ထသို့ ဉာဏ်အမြင်ဆိုက်အောင် ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိပြီးပြီ။ သိပြီးလို့ရှိရင် ငါလို ဒုက္ခသစ္စာတရားကို ထိုးထွင်းသိတော်မူတဲ့ ဘုရားရှင် ရှိတယ်။ ငါလို ဒုက္ခသစ္စာကို ထိုးထွင်းသိတဲ့ အရိယာသံဃာတော်ရှိတယ် ဆိုတာကိုတော့ မယုံကြည်နိုင်ဘူးလား? ယုံကြည်သွားပြီ။ ဒုက္ခသစ္စာကို ထိုးထွင်းသိမြင်ခြင်းဆိုတဲ့ သမ္မာဒိဋ္ဌိဉာဏ်အပေါ်၌လည်း မယုံကြည်ဘူးလား? ယုံကြည်သွားပြီ။ သူများတွေ ဘယ်လိုပဲပြောပြော မိမိကိုယ်တိုင် မြင်တွေ့ထားရတဲ့အတွက် <b>သန္ဒိဋ္ဌိကဂုဏ်</b>နှင့် ပြည့်စုံတော်မူတဲ့ တရားရတနာအပေါ်၌ မိမိက စိုက်စိုက်မတ်မတ် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မှန်စွာ သိလိုက်တဲ့အတွက် တန်ဘိုးမရှိဘူးလား? ရှိသွားတယ်။</p>
<p>အဲဒီကနေ ရှေ့တစ်ဆင့် တက်လိုက်တော့ မိမိကိုယ်တိုင်က အတိတ်က ထူထောင်ခဲ့တဲ့ <b>အဝိဇ္ဇာ</b>, <b>တဏှာ</b>, <b>ဥပါဒါန်</b> ခြံရံပြီး ထူထောင်ခဲ့တဲ့ <b>သင်္ခါရ</b>, <b>ကံ</b>တွေကြောင့် ဒီဘဝမှာ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာခေါ်တဲ့ <b>ဥပါဒါနက္ခန္ဓာ (၅)ပါး</b>, ရုပ်တရား, နာမ်တရားတွေ ထင်ရှားဖြစ်ပုံလည်း မြင်ပြီ။ ဒီဘဝမှာ ပြုစုပျိုးထောင်လိုက်တဲ့ <b>အဝိဇ္ဇာ</b>, <b>တဏှာ</b>, <b>ဥပါဒါန်</b>, <b>သင်္ခါရ</b>, <b>ကံ</b>ဆိုတဲ့ အကြောင်းတရားတွေကြောင့် နောင်အနာဂတ်မှာ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာခေါ်တဲ့ အကျိုးတရားတွေ ထင်ရှားဖြစ်တာလည်း မြင်ပြီ။ အဲဒီလို မြင်တွေ့နေတဲ့ သမ္မာဒိဋ္ဌိဉာဏ်ကို ဘာခေါ်လဲ? <b>သမုဒယေဉာဏံ</b>အရ <b>သမုဒယသစ္စာ</b>ကို ထိုးထွင်းသိတဲ့ဉာဏ်ပဲ။</p>
<p>အဲဒီ <b>သမုဒယသစ္စာ</b>ကို မိမိကိုယ်တိုင် ဟုတ်တိုင်းမှန်စွာ သိထားပြီးဖြစ်တဲ့ ပုဂ္ဂိုလ်တစ်ဦးအဖို့ အတိတ်အကြောင်းတရားကြောင့် ပစ္စုပ္ပန် အကျိုးတရားဖြစ်တယ်ဆိုတာ မဟုတ်ဘူး။ ပစ္စုပ္ပန်အကြောင်းတရားကြောင့် အနာဂတ်အကျိုးတရားဖြစ်တယ်ဆိုတာလည်း မဟုတ်ဘူးလို့ ပုဂ္ဂိုလ်တစ်ယောက်က လာပြောရင် သူလက်ခံပါ့မလား? လက်မခံတော့ဘူး။ ကိုယ်တိုင်သိထားတယ်။</p>
<p>နောက်တစ်ခု - အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန် အကျိုးတရားဖြစ်ပုံကို သာဝကတွေ ဘယ်လိုမှ ရှုလို့ မရပါဘူး။ ပစ္စုပ္ပန် အကြောင်းတရားကြောင့် အနာဂတ် အကျိုးတရား ဖြစ်ပုံကိုလည်း သာဝကတွေ ဘယ်လိုမှ ရှုလို့ မရပါဘူး။ ဘာဖြစ်လို့လဲ? <b>ဝိပဿနာဉာဏ်</b>ဆိုတာက ပစ္စုပ္ပန်တည့်တည့်သာ ရှုရတယ်။ အတိတ်, အနာဂတ် ရှုလို့ မရဘူး။ အတိတ်သည် ဖြစ်ပြီးပြီ။ မရှိတော့ဘူး။ မရှိတာ ဘယ်လိုလုပ် ရှုမလဲ? အနာဂတ်သည် မဖြစ်သေးဘူး။ မဖြစ်သေးတာ ဘယ်လိုလုပ် ရှုမလဲဆိုပြီး ဒီလို ပယ်ချလိုက်တယ်။ ပုဂ္ဂိုလ်တစ်ယောက်က ဘယ်လိုပင် ဒီလို လာပယ်ချပေမယ့်လို့ မိမိကိုယ်တိုင်က အတိတ် အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုးဖြစ်ပုံ၊ ပစ္စုပ္ပန် အကြောင်းကြောင့် အနာဂတ် အကျိုးဖြစ်ပုံဆိုတဲ့ <b>သမုဒယသစ္စာ</b>ကြောင့် <b>ဒုက္ခသစ္စာ</b>ဖြစ်ပုံအပိုင်းကို ဟုတ်တိုင်းမှန်စွာ သိထားပြီးဖြစ်နေပြီ။</p>
<p>အဲဒီလို သိထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်အဖို့ အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုးဖြစ်ပုံ၊ ပစ္စုပ္ပန် အကြောင်းကြောင့် အနာဂတ် အကျိုးဖြစ်ပုံကို ဘယ်လိုပင် ရှုမရဘူးလို့ပဲပြောပြော, ရှုနေဖို့ မလိုဘူးလို့ပဲပြောပြော သူ့မှာ တုန်လှုပ်မှု ရှိဦးမလား? မရှိတော့ဘူး။ မရှိတဲ့အပြင် <b>သမုဒယသစ္စာ</b>ကြောင့် <b>ဒုက္ခသစ္စာ</b>ဖြစ်ပုံကို သိတော်မူတဲ့ ဘုရားစစ် ဘုရားမှန် ဧကန်ရှိတယ်ဆိုတဲ့ ယုံကြည်ချက်လည်း ပေါ်မလာဘူးလား? ပေါ်လာတယ်။ <b>သမုဒယသစ္စာ</b>ကြောင့် <b>ဒုက္ခသစ္စာ</b>ဖြစ်ပုံကို ဧကန်သိတော်မူတဲ့ အရိယာသံဃာရှိတယ်ဆိုတာလည်း ပေါ်မလာဘူးလား? <b>သမုဒယသစ္စာ</b>ကြောင့် <b>ဒုက္ခသစ္စာ</b>ဖြစ်ပါတယ်ဆိုတဲ့ ဒီတရားတော်သည် စင်စစ်ဧကန် မှန်ပါတယ်ဆိုတဲ့ တရားတော်အပေါ်၌လည်း ယုံကြည်မှု ဖြစ်မလာဘူးလား? ဖြစ်လာပြီ။ တန်ဖိုးမရှိဘူးလား? ရှိပါတယ်။</p>
<p>အဲဒီကနေ ရှေ့တစ်ဆင့်တက်လိုက်တော့ <b>ဒုက္ခသစ္စာ</b>တရားနဲ့ <b>သမုဒယသစ္စာ</b>တရားတွေက <b>ဝိပဿနာဉာဏ်</b>ရဲ့ အရှုခံအာရုံဖြစ်တဲ့ <b>သင်္ခါရတရား</b>တွေ ဖြစ်တယ်။ ထို<b>သင်္ခါရတရား</b>တွေကို ဖြစ်ပြီး ပျက်နေတဲ့သဘောကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး <b>အနိစ္စ</b>လို့ ရှုတယ်။ ဖြစ်ခြင်းပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့သဘောတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး <b>ဒုက္ခ</b>လို့ ရှုတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ အနတ္တသဘောတရားတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး <b>အနတ္တ</b>လို့ ရှုတယ်။</p>
<p>အဲဒီလို <b>အနိစ္စ</b>, <b>ဒုက္ခ</b>, <b>အနတ္တ</b> <b>လက္ခဏာရေး သုံးတန်</b> တင်ပြီး တွင်တွင်ကြီး ဝိပဿနာရှုနိုင်တဲ့ ပုဂ္ဂိုလ်တွေအဖို့ ဒီ<b>ဒုက္ခသစ္စာ</b>, <b>သမုဒယသစ္စာ</b> အမည်ရနေတဲ့ ပရမတ္ထဓာတ်သားတွေကို သာဝကတွေသည် ဘယ်လိုမှ ဝိပဿနာရှုလို့ မရနိုင်ဘူးလို့ တစ်ဖက်က ကုန်းအော်နေပေမယ့်လို့ ကိုယ်တိုင် <b>သန္ဒိဋ္ဌိကဂုဏ်</b>နဲ့ ပြည့်စုံတဲ့ တရားတော်ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်ပြီး သိနေတဲ့ ယောဂီ (ဝါ) ယောဂါဝစရပုဂ္ဂိုလ်အဖို့ လက်ခံပါ့မလား? လက်မခံတော့ဘူး။ ယုံကြည်ချက် အားကောင်းမသွားဘူးလား? ကောင်းသွားတယ်။ အဲဒီလောက်အထိ ယုံကြည်မှု ရှိခဲ့မယ်ဆိုရင်ပေါ့နော်။ အဲဒီလောက်အထိ ယုံကြည်မှု ရှိခဲ့မယ်ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်သည် သာသနာတော်မှာ အရှုံးကြီး ရှုံးတဲ့ ပုဂ္ဂိုလ်မျိုး ဟုတ်သေးလား? မဟုတ်တော့ဘူး။ ဒါက စိတ်ဓာတ်မှာ ဖြစ်ပေါ်နေတဲ့ ငြောင့်ကြီးတွေကို နှုတ်ပယ်နိုင်တဲ့အတွက် ရရှိနိုင်တဲ့ အကျိုးတရားပဲ။</p>
<p>နောက်တစ်ခုကတော့ - ခုနက <b>သိက္ခာ (၃)ရပ်</b> အကျင့်မြတ်အပေါ်၌ ယုံကြည်ချက် ရှိရမယ်နော်။ <b>သီလကျင့်စဉ်</b>သည် နိဗ္ဗာန်ရောက်ကြောင်း ဧကန်ဖြစ်တယ်, <b>သမာဓိကျင့်စဉ်</b>သည် နိဗ္ဗာန်ရောက်ကြောင်း ဧကန်ဖြစ်တယ်, <b>ပညာကျင့်စဉ်</b>သည် နိဗ္ဗာန်ရောက်ကြောင်း ဧကန်ဖြစ်တယ်ဆိုတာလောက်ကိုတော့ ယုံကြည်ဖို့ မလိုဘူးလား? လိုအပ်တယ်။ အဲဒီ ယုံကြည်ချက်မှ မရှိတဲ့ပုဂ္ဂိုလ် ဒီ<b>သီလကျင့်စဉ်</b>, <b>သမာဓိကျင့်စဉ်</b>, <b>ပညာကျင့်စဉ်</b>တွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လို့ ဖြစ်ပါ့မလား? မဖြစ်တော့ဘူး။</p>
<p>ဒါပေမယ့် ပုဂ္ဂိုလ်တစ်ဦးက ကိုယ်တိုင်က <b>သီလကျင့်စဉ်</b>ကိုလည်း လက်တွေ့ကျင့်တယ်, <b>သမာဓိကျင့်စဉ်</b>ကိုလည်း အောင်မြင်အောင် လက်တွေ့ကျင့်တယ်, <b>ပညာကျင့်စဉ်</b>တွေမှာလည်း ဒီရုပ်နာမ်ကြောင်းကျိုး <b>သင်္ခါရတရား</b>တွေရဲ့ <b>အနိစ္စ</b>အချက်, <b>ဒုက္ခ</b>အချက်, <b>အနတ္တ</b>အချက်တွေကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိအောင် လက်တွေ့ကျင့်ထားတယ်။ အဲဒီလို ကျင့်နေတဲ့ ပုဂ္ဂိုလ်အဖို့ ယုံကြည်ချက်တွေ ခိုင်မြဲမသွားဘူးလား? ခိုင်မြဲသွားပြီတဲ့။ အဲဒီလို ခိုင်မြဲတဲ့ အဆင့်အထိ ရောက်အောင် ကြိုးစားစေချင်တယ်။</p>
<p>အဲဒီထက်မှ စွမ်းနိုင်မယ်ဆိုလို့ရှိရင်တော့ ထိုရုပ်နာမ်ကြောင်းကျိုး <b>သင်္ခါရတရား</b>တွေကို <b>အနိစ္စ</b>, <b>ဒုက္ခ</b>, <b>အနတ္တ</b> <b>လက္ခဏာရေး သုံးတန်</b> တင်ပြီး တွင်တွင်ကြီး ဝိပဿနာရှုလိုက်တော့ <b>ဝိပဿနာဉာဏ်</b>တွေက ရင့်ကျက်လာတဲ့အခါ <b>ဝိပဿနာဉာဏ်</b>တို့ရဲ့အဆုံး၌ <b>အရိယမဂ်ဉာဏ်</b> <b>ဖိုလ်ဉာဏ်</b>ပေါ်ခဲ့ရင် ထို<b>အရိယမဂ်ဉာဏ်</b> <b>ဖိုလ်ဉာဏ်</b>တို့က <b>အသင်္ခတဓာတ်</b> <b>အငြိမ်းဓာတ်</b> နိဗ္ဗာန်ကြီးကို လှမ်းအာရုံယူပြီ။ ထို<b>အသင်္ခတဓာတ်</b> <b>အငြိမ်းဓာတ်</b> နိဗ္ဗာန်က လောကုတ္တရာ <b>နိရောဓသစ္စာ</b> အစစ်ဖြစ်တယ်။ ထို<b>အသင်္ခတဓာတ်</b> <b>အငြိမ်းဓာတ်</b> နိဗ္ဗာန်ကို လှမ်းအာရုံယူနေတဲ့ <b>အရိယမဂ်ဉာဏ်</b>နှင့် ယှဉ်တွဲနေတဲ့ <b>မဂ္ဂင်တရားကိုယ် (၈)ပါး</b> <b>(၇)ပါး</b> စသည်တို့က ဘာလဲ? <b>မဂ္ဂသစ္စာ</b> ဖြစ်တယ်။ ပေါင်းလိုက်တော့ သစ္စာ ဘယ်နှစ်ပါးလဲ? လေးပါး။</p>
<p>အဲဒီ <b>သစ္စာလေးပါး</b>ကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိပြီဆိုရင် ငါလို <b>သစ္စာလေးပါး</b>ကို ထိုးထွင်းသိတော်မူတဲ့ ဘုရားစစ် ဘုရားမှန် ဧကန်ရှိတယ်။ ငါလို <b>သစ္စာလေးပါး</b>ကို ထိုးထွင်းသိတော်မူတဲ့ သံဃာစစ် သံဃာမှန် ဧကန်ရှိတယ်။ ဒီ<b>သစ္စာလေးပါး</b> တရားဆိုတာ တကယ်စင်စစ် မှန်ကန်တဲ့ တရားတော်ဖြစ်တယ်ဆိုပြီးတော့ ဘုရား, တရား, သံဃာ <b>ရတနာသုံးပါး</b>အပေါ်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်နေတဲ့ <b>သဒ္ဓါတရားကြီး</b> ပေါ်မလာဘူးလား? ပေါ်လာပြီ။ သံသယတွေ ဘာမှ မရှိတော့ဘူး။ အဲဒီစိတ်ဓာတ်ရဲ့ ငြောင့်တံသင်း သုံးစင်းကို ဖြိုခွဲနိုင်ခဲ့မယ်ဆိုရင် <b>သီလကျင့်စဉ်</b>, <b>သမာဓိကျင့်စဉ်</b>, <b>ပညာကျင့်စဉ်</b>ဆိုတဲ့ <b>သိက္ခာ (၃)ရပ်</b> အကျင့်မြတ်အပေါ်၌ သံသယရှိမှုဆိုတဲ့ ငြောင့်တံသင်းလည်း ဖြိုခွဲပြီး ဖြစ်မသွားဘူးလား? ဖြစ်သွားတယ်။</p>
<p>အဲဒီလို ကျင့်နိုင်တဲ့ ပုဂ္ဂိုလ်အဖို့ တစ်ခါတလေ <b>သောတာပတ္တိမဂ်ဉာဏ်</b> <b>ဖိုလ်ဉာဏ်</b>ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုခဲ့မယ်ဆိုရင်တော့ သီတင်းသုံးဖော်တို့အပေါ်၌ မကျေနပ်ချက်တွေ တစ်ပုံကြီး ထားနေတဲ့ ဒီစိတ်ထားလေးတွေ တဖြည်းဖြည်းတော့ လျော့သွားနိုင်ပါတယ်နော်။ လျော့သွားရာကနေ နောက်ဆုံး <b>အနာဂါမိမဂ်ဉာဏ်</b> <b>ဖိုလ်ဉာဏ်</b>လောက်အထိ ဆိုက်ခဲ့မယ်ဆိုရင်တော့ ဒီမကျေနပ်ချက် ဒေါသဆိုတဲ့တရားကို အကြွင်းမဲ့ ပယ်ရှားပြီး ဖြစ်မသွားဘူးလား? ဖြစ်သွားပြီ။ ငြောင့်ဘယ်နှစ်စင်း ကုန်သွားလဲ? ငါးစင်း။ အဲဒီ ငြောင့်ငါးစင်း ပယ်နှုတ်နိုင်ပြီဆိုလို့ရှိရင် ပယ်နှုတ်နိုင်တဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်၌ အကျိုးမရှိဘူးလား? အကျိုးရှိတယ်နော်။</p>
<p>နောက်တစ်ခု - စိတ်ဓာတ်ရဲ့ အနှောင်အဖွဲ့က ဘယ်လောက်လဲ? ငါးခု။ အဲဒီ စိတ်ဓာတ် အနှောင်အဖွဲ့ ငါးခုမှာ ဒီရဟန်းတော်က သူက ပယ်ရှားနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒီနေ့ တရားနာပရိသတ်တွေလည်း စိတ်ဓာတ်ရဲ့ အနှောင်အဖွဲ့ ငါးခုကို ဖြတ်တောက်နိုင်မယ်, ပယ်ရှားနိုင်မယ်ဆိုရင် ဒီနေ့ အလှူရှင်တွေလည်း စိတ်ဓာတ်ရဲ့ အနှောင်အဖွဲ့ ငါးခုကို ဖြတ်တောက်နိုင်မယ်, ပယ်ရှားနိုင်မယ်ဆိုရင် အကျိုးသိပ်ကြီးပါတယ်နော်။ ဘယ်လို အကျိုးကြီးတယ်ဆိုတာကို မြတ်စွာဘုရားက ဆက်ပြီး ဟောတယ်။ ပုံစံလေးတစ်ခု ဘုန်းကြီး ဟောပြမယ်နော်။</p>
<p>‘‘<b>ဣဓ, ဘိက္ခဝေ, ဘိက္ခု ကာမေသု ဝီတရာဂေါ ဟောတိ ဝိဂတစ္ဆန္ဒော ဝိဂတပေမော ဝိဂတပိပါသော ဝိဂတပရိဠာဟော ဝိဂတတဏှော။</b>’’</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဣဓ</b>၊ ဤသာသနာတော်မြတ်အတွင်း၌ ယောဂါဝစရရဟန်းတော်သည်။ <b>ကာမေသု</b>၊ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့၌။ <b>ဝီတရာဂေါ</b>၊ ကင်းပြီးသော တွယ်တာမက်မောခြင်း ရာဂတရား ထင်ရှားရှိသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊ <b>ဝိဂတစ္ဆန္ဒော</b>၊ လိုလားတပ်မက်မှု ဆန္ဒတရား ကင်းပြီးသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊ <b>ဝိဂတပေမော</b>၊ ချစ်မြတ်နိုးမှု ပေမတရား ကင်းပြီးသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊ <b>ဝိဂတပိပါသော</b>၊ မွတ်သိပ်ဆာလောင်မှု ပိပါသတရား ကင်းရှင်းပြီးသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊ <b>ဝိဂတပရိဠာဟော</b>၊ ပူပန်မှု ကင်းရှင်းပြီးသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊ <b>ဝိဂတတဏှော</b>၊ တွယ်တာမှု တဏှာတရား ကင်းရှင်းပြီးသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊</p>
<p>မိမိပိုင်ဆိုင်နေတဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတွေ ရှိတယ်။ ဒီသက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့အပေါ်၌ တွယ်တာမှု ရာဂတရား ကင်းပြီးဖြစ်တယ်။ လိုလားတောင့်တမှု ဆန္ဒတရားတွေလည်း ကင်းပြီးဖြစ်တယ်။ ချစ်မြတ်နိုးမှု ပေမတရားလည်း ကင်းပြီးဖြစ်တယ်။ မွတ်သိပ်ဆာလောင်မှု “တွေ့ချင်တယ်, မြင်ချင်တယ်, ချင်တယ် ချင်တယ်” ဆိုတဲ့ မွတ်သိပ်ဆာလောင်မှု ဝိပါသတရားလည်း ပယ်ရှားပြီးဖြစ်တယ်။ ပူလောင်မှု, ပူပန်မှု, ကြောင့်ကြမှု, တောင့်တမှုဆိုတဲ့ ပရိဠာဟတရားကိုလည်း ပယ်ရှားပြီးဖြစ်တယ်။ တွယ်တာမှု တဏှာတရားကိုလည်း ပယ်ရှားပြီးဖြစ်နေပြီ။ ဘယ့်နှယ်တုန်း ဒကာကြီးတွေ, ဒကာမကြီးတွေ မအေးဘူးလား? အေးသွားမယ်နော်။ အပူမီးတွေ အေးသွားလိမ့်မယ်။ အဲဒီလို အေးသွားတဲ့ပုဂ္ဂိုလ် ဘာဖြစ်မလဲ?</p>
<p>‘‘<b>ယော သော, ဘိက္ခဝေ, ဘိက္ခု ကာမေသု ဝီတရာဂေါ ဟောတိ ဝိဂတစ္ဆန္ဒော ဝိဂတပေမော ဝိဂတပိပါသော ဝိဂတပရိဠာဟော ဝိဂတတဏှော, တဿ စိတ္တံ นမတိ အာတပ္ပါယ အနုယောဂါယ သာတစ္စာယ ပဓာနာယ။</b>’’</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ယော သော ဘိက္ခု</b>၊ အကြင် ယောဂါဝစရရဟန်းတော်သည်ကား။ <b>ကာမေသု</b>၊ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့အပေါ်၌။ <b>ဝီတရာဂေါ</b>၊ တွယ်တာမက်မောမှု ကင်းရှင်းပြီးသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊ <b>ဝိဂတစ္ဆန္ဒော</b>၊ လိုလားတောင့်တမှု ဆန္ဒတရား ကင်းရှင်းပြီးသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊ <b>ဝိဂတပေမော</b>၊ ချစ်မြတ်နိုးမှု ပေမတရား ကင်းရှင်းပြီးသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊ <b>ဝိဂတပိပါသော</b>၊ မွတ်သိပ်ဆာလောင်မှု ပိပါသတရား ကင်းရှင်းပြီးသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊ <b>ဝိဂတပရိဠာဟော</b>၊ ပူပန်မှု ပရိဠာဟတရား ကင်းရှင်းပြီးသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊ <b>ဝိဂတတဏှော</b>၊ တွယ်တာမှု တဏှာတရား ကင်းရှင်းပြီးသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊</p>
<p>‘‘<b>တဿ စိတ္တံ နမတိ အာတပ္ပါယ အနုယောဂါယ သာတစ္စာယ ပဓာနာယ။</b>’’</p>
<p><b>တဿ</b>၊ ထိုပုဂ္ဂိုလ်၏၊ <b>စိတ္တံ</b>၊ စိတ်ဓာတ်သည်။ <b>အာတပ္ပါယ</b>၊ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိက တရားကောင်းဖြစ်သည့် သမထ-ဝိပဿနာ ဘာဝနာတို့ကို ကြိုးစားအားထုတ်ဖို့ရန်။ <b>အနုယောဂါယ</b>၊ အဖန်ဖန် အထပ်ထပ် ကြိုးစားအားထုတ်ဖို့ရန်။ <b>သာတစ္စာယ</b>၊ စွဲစွဲမြဲမြဲ ကြိုးစားအားထုတ်ဖို့ရန်။ <b>ပဓာနာယ</b>၊ အပြင်းအထန် ကြိုးစားအားထုတ်ဖို့ရန်။ <b>နမတိ</b>၊ ညွတ်ကိုင်းရှိုင်းစေ၏၊</p>
<p>ဒီလို တွယ်တာမှုတွေ ရှိနေလို့ အားမထုတ်နိုင်တာနော်။ ဒီတွယ်တာမှုတွေသာ ကင်းပြတ်အောင် ဖြတ်နိုင်မယ်ဆိုရင် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ နိယျာနိကတရားကောင်းလို့ အမည်ခံထားတဲ့ ဒီသမထ-ဝိပဿနာ ကျင့်စဉ်တွေကို ကြိုးစားအားထုတ်ဖို့, ကြိမ်ဖန်များစွာ ကြိုးစားအားထုတ်ဖို့, စွဲစွဲမြဲမြဲ ကြိုးစားအားထုတ်ဖို့, အပြင်းအထန် ကြိုးစားအားထုတ်ဖို့ဆိုပြီး စိတ်ဓာတ်တွေ ညွတ်ကိုင်းရှိုင်း မလာနိုင်ဘူးလား? ညွတ်ကိုင်းရှိုင်းလာပြီတဲ့နော်။</p>
<p>အလားတူပဲ။ မိမိရဲ့ ခန္ဓာကိုယ်အပေါ်၌ တွယ်တာမှု ကင်းရှင်းပြီ။ ရူပါရုံ အမျိုးမျိုး၌ တွယ်တာမှုတွေ ကင်းရှင်းပြီ။ ဝမ်းဗိုက်ဝအောင် ပြည့်အောင် စားပြီးတော့ ပက်လက်အိပ်တဲ့ချမ်းသာ, စောင်းငဲ့အိပ်တဲ့ချမ်းသာ, မှိန်းနေရတဲ့ ချမ်းသာတွေအပေါ်၌ တွယ်တာမက်မောမှု ကင်းရှင်းပြီးပြီ။ နတ်ပြည် နတ်လောက တစ်ခုခုကို လိုလားတပ်မက်မှုလည်း ကင်းရှင်းပြီးပြီနော်။ အဲဒီ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာလည်း သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ နိယျာနိကတရားကောင်းတွေကို အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုတဲ့ စိတ်ဓာတ်တွေသည် ညွတ်ကိုင်းရှိုင်းမှု ဖြစ်ပေါ်မလာဘူးလား? ဖြစ်ပေါ်လာမယ်နော်။</p>
<p>ပေါင်းလိုက်တော့ စိတ်ရဲ့ ငြောင့်တံသင်းက ဘယ်နှစ်ခုလဲ? ငါးခု။ ဒီငါးခုကို ပယ်နှုတ်ရမယ်။ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ပယ်နှုတ်ရမလဲ? ဘုန်းကြီးတို့ ပယ်နှုတ်တဲ့ ကျင့်စဉ်မှာ ဒီအပိုင်းမှာတော့ သုံးဆင့် ရှိပါတယ်။ ဒီအပိုင်းလို့ ပြောတာကတော့ အထူးသဖြင့် ဒီနေရာလေးတွေမှာ သုံးဆင့်ခွဲခွဲပြီး ဟောနေကျဖြစ်လို့သာလျှင် သုံးဆင့်လို့ ပြောတာပါနော်။<br>
(၁) <b>တဒင်္ဂပဟာန်</b>၊ တဒင်္ဂအားဖြင့် ပယ်ရှားခြင်း။<br>
(၂) <b>ဝိက္ခမ္ဘနပဟာန်</b>၊ ခပ်ကြာကြာ ခွာထားတဲ့ အနေအားဖြင့် ပယ်ရှားခြင်း။<br>
(३) <b>သမုစ္ဆေဒပဟာန်</b>၊ အကြွင်းမဲ့ ပယ်ရှားခြင်း။</p>
<p>ပယ်ရှားခြင်း ဘယ်နှစ်မျိုးရှိလဲ? သုံးမျိုး။</p>
<p><b>တဒင်္ဂပဟာန်</b>ဆိုတာက <b>သီလကျင့်စဉ်</b>, <b>သမာဓိကျင့်စဉ်</b>နှင့် <b>ပညာကျင့်စဉ်</b>တွေကို စနစ်တကျ ကျင့်ခဲ့ရင် ဒီ<b>ကာမာဝစရကုသိုလ်တရား</b>တွေကလည်း ဒီအနှောင်အဖွဲ့ ငါးပါး, စိတ်ရဲ့ ငြောင့်တံသင်း ငါးပါးတွေကို တဒင်္ဂအားဖြင့် ပယ်ရှားပေးနိုင်ပါတယ်။ အဲဒီတော့ တဒင်္ဂအားဖြင့် ပယ်ရှားနိုင်ဖို့ရန်အတွက် ဘာလိုအပ်သလဲ?</p>
<p><b>သီလကျင့်စဉ်</b>ကို ဖြူဖြူစင်စင် ဖြည့်ကျင့်ဖို့ လိုအပ်တယ်။ <b>သမာဓိကျင့်စဉ်</b>တစ်ခုကိုလည်း အောင်အောင်မြင်မြင် ဖြည့်ကျင့်ဖို့ လိုအပ်တယ်။ <b>ဒုက္ခသစ္စာ</b>အမည်ရနေတဲ့ <b>ဥပါဒါနက္ခန္ဓာ (၅)ပါး</b>ကို ဟုတ်တိုင်းမှန်စွာ သိအောင်၊ <b>သမုဒယသစ္စာ</b>အမည်ရနေတဲ့ ကြောင်းကျိုးဆက်နွယ်မှု <b>ပဋိစ္စသမုပ္ပါဒ်</b>သဘောတရားတွေကို ဟုတ်တိုင်းမှန်စွာ သိအောင် ကြိုးစားအားထုတ်ဖို့ လိုတယ်။ အဲဒီလို အားထုတ်နိုင်ခဲ့မယ်ဆိုလို့ရှိရင် ဘာလုပ်မလဲ? ထိုပုဂ္ဂိုလ်က သီလ ဖြူစင်ပြီးတဲ့အခါ သမာဓိကို အောင်မြင်စွာလည်း ထူထောင်ပြီးပြီ ဆိုကြစို့။</p>
<p>ဥပမာ - အာနာပါန ရှုတယ်နော်။ နိမိတ်တွေ ပေါ်လာပြီးတော့ ဒီနိမိတ်မှာ ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်အထိ ဈာန်တွေ ပေါက်လိုက်တဲ့အခါ ထိုစတုတ္ထဈာန်သမာဓိကို ဝိပဿနာရဲ့ အခြေပါဒကပြု၍ <b>ဓာတ်ကြီးလေးပါး</b> ဦးဆောင်နေတဲ့ ရုပ်တရားတွေကို သိမ်းဆည်းတယ်။ ဖဿပဉ္စမကတရား ဦးဆောင်နေတဲ့ နာမ်တရားတွေကို သိမ်းဆည်းတယ်။ အဲဒီ ရုပ်နာမ်တွေ သိမ်းဆည်းပြီးတဲ့အခါ ဒီရုပ် ဒီနာမ်တွေ ဘာကြောင့်ဖြစ်သလဲဆိုတဲ့ အကြောင်းတရားတွေ တစ်ဆင့်တက် ရှာဖွေလိုက်တော့ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ <b>အဝိဇ္ဇာ</b>, <b>တဏှာ</b>, <b>ဥပါဒါန်</b>, <b>သင်္ခါရ</b>, <b>ကံ</b>ဆိုတဲ့ အကြောင်းတရားတွေကို သွားပြီး ရှာဖွေတွေ့ပြီ။</p>
<p>ကောင်းမှုကုသိုလ်ပြုတဲ့ အပိုင်းလေးမှာ နည်းနည်း နားမလည်သေးတဲ့ ပုဂ္ဂိုလ်တွေအတွက် ဘုန်းကြီး နည်းနည်း နားလည်အောင်တော့ ပြောချင်ပါတယ်နော်။ ပုဂ္ဂိုလ်တစ်ဦးပဲ ဆိုကြပါစို့။ ယောဂီပုဂ္ဂိုလ်တစ်ဦး ပစ္စုပ္ပန် ရုပ်တွေ နာမ်တွေကို စနစ်တကျ သိမ်းဆည်းပြီးတဲ့အခါ အတိတ်ဘက်ကို တာစူပြီး အကြောင်းတရားတွေကို ရှာဖွေတဲ့အနေဖြင့် ရုပ်တွေ နာမ်တွေကို သိမ်းဆည်းသွားလိုက်တဲ့ အချိန်အခါ အမိဝမ်းတွင်း ပဋိသန္ဓေ ကလလရေကြည်သို့ ဆိုက်ပြီ။ ကလလရေကြည်မှာ တည်ရှိနေတဲ့ ရုပ်တွေ နာမ်တွေကို သိမ်းဆည်းပြီးတော့ ဟိုဘက်ဘဝက အကြောင်းတရားတွေကို ရှာဖွေ စူးစမ်းတဲ့အနေအားဖြင့် ဟိုဘက်ဘဝမှာ တည်ရှိတဲ့ ရုပ်တွေ နာမ်တွေကို ဆက်လက်ပြီး သိမ်းဆည်းလိုက်တဲ့အခါ ဘာသွားတွေ့လဲ?</p>
<p>‘‘<b>စိတ္တုပ္ပါဒမ္ပိ ခေါ အဟံ, စုန္ဒ, ကုသလေသု ဓမ္မေသု ဗဟုကာရံ ဝဒါမိ,</b>’’</p>
<p>ဟို<b>သလ္လေခသုတ္တန်</b>မှာ ဘုရားဟောထားပါတယ်နော်။ ကုသိုလ်တရားတို့၌ စိတ်ထဲမှာ ဖြစ်ပေါ်ရုံမျှသော်လည်းပဲ များစွာ ကျေးဇူးကြီးလှပြီလို့ ငါဘုရား ဟောပါတယ်။ ဒီအပိုင်းလေးကို ဘုန်းကြီးက ပြောချင်တာနော်။ ဟိုဘက် ရုပ်နာမ်တွေကို သိမ်းဆည်းလိုက်တဲ့ အချိန်အခါမှာ သူ ဘာသွားတွေ့သလဲ?</p>
<p>မြတ်စွာဘုရားကို မတ်တပ်ရပ်ပြီး လက်အုပ်ချီပြီးတော့ အရိုအသေ ပြုနေတာလေးတစ်ခု။ ဒါပဲ တွေ့တယ်။ ဒါပေမယ့် သူ ကံကောင်းချင်တာကတော့ သက်တော်ထင်ရှား ဘုရားကို သူက ဖူးတွေ့ရတယ်။ သက်တော်ထင်ရှား ဘုရားကို ကြည်နူးသော စိတ်ထား, ကြည်ညိုသော စိတ်ထား, ယုံကြည်သော စိတ်ထားဖြင့် လက်အုပ်ချီမိုးပြီးတော့ အရိုအသေ ပြုနေတာကို သူကိုယ်တိုင် ခံစားရတယ်။ အဲဒီလို အရိုအသေပြုနေတဲ့ ကုသိုလ်စိတ်အစဉ်ကို လှမ်းပြီး စိုက်လိုက်တော့ စိတ်-စေတသိက် မနောဒွါရိက ဇောဝီထိဖြစ်ပါတယ်။ စိတ်-စေတသိက် (၃၄)လုံး။ အဲဒီ (၃၄)လုံး ကုသိုလ်ဇောဝီထိစိတ်အစဉ်တွေကို သိမ်းဆည်းပြီးတဲ့ အချိန်အခါ ဒီကုသိုလ်တရားတွေသည် ဘာကြောင့် ဖြစ်ရသလဲဆိုတဲ့ အကြောင်းကို တစ်ဆင့်တက်ပြီး ပြန်ပြီး ရှာဖွေခိုင်းလိုက်တဲ့အခါ နောင်တစ်ချိန်မှာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ ရဟန်းတော်တစ်ပါး ဖြစ်ပါရစေဆိုတဲ့ စိတ်ဓာတ်ရဲ့ ညွတ်ကိုင်းရှိုင်းမှု သွားတွေ့တယ်။</p>
<p>ဒီတော့ <b>ပရမတ္ထသစ္စာ</b>နယ်ဖက်က ကြည့်မယ်ဆိုလို့ရှိရင် ရဟန်းတော်ဆိုတာ ရှိသလား? မရှိဘူးနော်။ ရဟန်းတော်လို့ အမည်ခံနေတဲ့ ဒီပုဂ္ဂိုလ်ကို <b>ဗဟိဒ္ဓ ရုပ်နာမ်</b>ကို သိမ်းဆည်းနိုင်တဲ့ ပုဂ္ဂိုလ်က ဖမ်းပြီး <b>ဓာတ်ကြီး (၄)ပါး</b> ဦးတည်ပြီးတော့ ရုပ်တွေ နာမ်တွေကို သိမ်းဆည်းလိုက်မယ်ဆိုရင် ရုပ်တရား အစုအပုံ, နာမ်တရား အစုအပုံသာ တွေ့မယ်။ ထိုရုပ်တရား အစုအပုံတွေသည် ဖြစ်ပြီးတာနဲ့ ပျက်နေတဲ့ <b>အနိစ္စတရား</b> အစုအပုံတွေသာ မှန်တယ်။ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အနှိပ်စက်ခံနေရတဲ့ <b>ဒုက္ခတရား</b> အစုအပုံတွေသာ မှန်တယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ <b>အနတ္တတရား</b> အစုအပုံတွေသာ မှန်တယ်။ ဒါက ရဟန်းတော်ပါပဲလို့ ပြောပြလောက်တဲ့အချိန် ရှိသလား? မရှိဘူး။</p>
<p>အလွန် လျင်လျင်မြန်မြန်ကြီး ဖြစ်ပြီး ပျက်နေတယ်။ ဖြစ်ပြီး ပျက်နေတဲ့ ရုပ်နာမ် အစုအပုံသာ ရှိတဲ့အတွက် ဒီရုပ်နာမ် အစုအပုံကို ရုပ်နာမ် အစုအပုံလို့ မသိဘဲ ရဟန်းတော်လို့ သွားသိခဲ့ရင် ထိုအသိသည် မှားလား, မှန်လား? မှားနေတယ်။ အနိစ္စတရား အစုအပုံ, ဒုက္ခတရား အစုအပုံ, အနတ္တတရား အစုအပုံလို့ မသိဘဲ ရဟန်းတော်တစ်ပါးအဖြစ်နဲ့ သိခဲ့ရင် မှားလား, မှန်လား? မှားနေတယ်။ အဲဒီ အသိမှားမှုက ဘာလဲ? <b>အဝိဇ္ဇာ</b>။ ထိုရဟန်းဘဝကို တွယ်တာမက်မောနေတဲ့သဘောက <b>တဏှာ</b>။ စိတ်ကပ်ပြီး စွဲနေတဲ့သဘောက <b>ဥပါဒါန်</b>။ ဒီအဝိဇ္ဇာ, တဏှာ, ဥပါဒါန် ခြံရံပြီးတော့ ဘုရားရှင်အား လက်အုပ်ချီမိုးပြီးတော့ အရိုအသေပြုခြင်းဆိုတဲ့ <b>ကုသိုလ်သင်္ခါရ စေတနာ</b>အုပ်စုကို ပြုစုပျိုးထောင်လိုက်တယ်။</p>
<p>ထိုသင်္ခါရတရားတွေကလည်း အနိစ္စတရားတွေသာ မှန်တဲ့အတွက် ဖြစ်ပြီးလျှင် ချက်ချင်း ပျက်သွားတယ်။ ပျက်သွားပေမယ့် တစ်ချိန် သူမျှော်လင့်တောင့်တနေတဲ့ ရဟန်းဘဝကို သို့မဟုတ် ရဟန်းဘဝဆိုတဲ့ <b>ခန္ဓာ (၅)ပါး</b>ကို ဖြစ်စေနိုင်တဲ့ စွမ်းအင်<b>ကမ္မသတ္တိ</b>ကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံပြီးမှသာ ချုပ်ပျက်သွားတာ။ အဲဒီ စွမ်းအင်ကမ္မသတ္တိလေးက ကံ။ အဲဒီ ကံဆိုတဲ့ စွမ်းအင်သတ္တိကို ရှာဖွေတွေ့ရှိတဲ့ အချိန်အခါမှာ လက်ရှိ ပစ္စုပ္ပန်ဘဝ <b>ပဋိသန္ဓေ ကလလရေကြည်</b>မှာ တည်ရှိနေတဲ့ ရုပ်တွေ နာမ်တွေသည် ဒီကမ္မသတ္တိ စွမ်းအင်ကြောင့် ဖြစ်, မဖြစ်ကို ဟိုဖက်နဲ့ ဒီဖက် အကြောင်းအကျိုး ဆက်သွယ်မှု ရှိ, မရှိကို လှမ်းကြည့်လိုက်တဲ့အခါ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ ဒီကမ္မသတ္တိကြောင့် ဒီဘဝမှာ ပဋိသန္ဓေ <b>ကမ္မဇရုပ်</b> အစရှိတဲ့ ရုပ်တွေ နာမ်တွေ ထင်ရှားဖြစ်တာကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိပြီးတဲ့နောက်။</p>
<p>အဲဒီလို အသိဉာဏ် ရရှိနေတဲ့ ပုဂ္ဂိုလ်တစ်ဦးက အတိတ် အနာဂတ်ကို ဘယ်လိုမှ ရှုလို့ မရပါဘူးလို့ သံကုန်ဟစ်ကာ လာပြီး ကြွေးကြော်နေသော်လည်း ထိုပုဂ္ဂိုလ်ရဲ့သန္တာန်၌ လှုပ်ရှားမှု တုန်လှုပ်မှု ရှိဦးမလား? မရှိတော့ဘူး။ အတိတ်ဘဝဆိုတာ မရှိပါဘူး။ ဘဝဆိုတာ ပုခက်နဲ့ ခေါင်းအကြားမှာပဲ ရှိပါတယ်ဆိုတဲ့ ဒီလို ကြွေးကြော်သံတွေကို ကြားရသော်လည်း သူ့စိတ်ထဲမှာ တုန်လှုပ်မှု ရှိဦးမလား? မရှိတော့ဘူး။ အကြောင်းတရားတွေ ထင်ရှားဖြစ်လို့ အကျိုးတရားတွေ ထင်ရှားဖြစ်ပုံကို <b>သမ္မာဒိဋ္ဌိဉာဏ်ပညာ</b>ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိပြီ။ ဘုရားသခင် ဖန်ဆင်းလို့ ဖြစ်ပါတယ်ဆိုတဲ့ အယူအဆတွေကို သူ့ရဲ့သန္တာန်မှာ မွှေနှောက်နိုင်တဲ့ စွမ်းအား ရှိဦးမလား? မရှိတော့ဘူး။ တရားတော်ကို သိလိုက်တဲ့အတွက် သူ့သန္တာန်မှာ ကုသိုလ်တရားတွေ တိုးပွားမလာဘူးလား? တိုးပွားလာပြီ။ ဒါက ဘာဖြစ်လို့လဲ? စိတ်ဓာတ်မှာ ဖြစ်ပေါ်နေတဲ့ <b>ငြောင့်တံသင်း</b>ကို ပယ်ဖျက်နိုင်တဲ့အတွက်, စိတ်ဓာတ်ရဲ့ <b>အနှောင်အဖွဲ့</b>တွေကို ဖြတ်တောက်နိုင်တဲ့အတွက်ပဲ။ ဘယ်လို ဖြတ်တောက်နိုင်လဲ?</p>
<p>ဒီတော့ <b>သီလကျင့်စဉ်</b>ဖြင့် ကာယကံ, ဝစီကံ စင်ကြယ်သွားပြီ။ <b>သမထကျင့်စဉ်</b>ဖြင့် ကာမဂုဏ်အပေါ်၌ တွယ်တာမက်မောနေတဲ့ <b>ကာမတဏှာ</b> အစရှိတဲ့ ပူပန်မှုတွေကို ခပ်ကြာကြာ တစ်နာရီ, နှစ်နာရီစသည်ဖြင့် ခွာထားနိုင်တဲ့ အဆင့်ရောက်ပြီ။ ထိုသမာဓိကို အခြေခံ၍ ရုပ်တွေ နာမ်တွေ သိမ်းဆည်းပြီး အကြောင်းတရားတွေကို ရှာဖွေလိုက်တဲ့ အချိန်အခါမှာ <b>ဒုက္ခသစ္စာ</b>ကို သိတဲ့ သမ္မာဒိဋ္ဌိဉာဏ်, <b>သမုဒယသစ္စာ</b>ကို သိတဲ့ သမ္မာဒိဋ္ဌိဉာဏ်တွေကို ရရှိပြီ။ အဲဒီလို ဉာဏ်တွေကို ရရှိပြီးတဲ့ အချိန်အခါမှာ တစ်ဆင့်တက်ပြီးတော့ ထိုရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ <b>အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်</b>တင်ပြီးတော့ တွင်တွင်ကြီး <b>ဝိပဿနာ</b> ရှုနိုင်ပြီ။ ရှုနိုင်တဲ့ ထိုပုဂ္ဂိုလ်ရဲ့သန္တာန်၌ ထိုကာမတဏှာ ဦးဆောင်နေတဲ့ ကိလေသာ အညစ်အကြေးတို့သည် တဒင်္ဂအားဖြင့် ကွာကျသွားတယ်။</p>
<p>အဲဒီလို တဒင်္ဂအားဖြင့် ကွာကျမှုကို <b>တဒင်္ဂပဟာန်</b>၊ တဒင်္ဂအားဖြင့် ကိလေသာကို ပယ်ရှားမှုလို့ ဆိုလိုပါတယ်။ ဈာန်တွေ ဝင်စားနိုင်တဲ့အဆင့် ရောက်ခဲ့ရင် ဒီဈာန်သမာဓိကို ဝင်စားခိုက် ဒီကိလေသာ အညစ်အကြေးတွေက ခပ်ကြာကြာ ကွာကျနေတယ်။ အဲဒါကို <b>ဝိက္ခမ္ဘနပဟာန်</b>လို့ ခေါ်တယ်။ ထိုကဲ့သို့ တဒင်္ဂပဟာန်, ဝိက္ခမ္ဘနပဟာန်ဖြင့် ကိလေသာ အညစ်အကြေးတွေကို ပယ်ရှားနိုင်တဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်၌ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ <b>နိယျာနိကတရားကောင်း</b>လို့ အမည်ရနေတဲ့ သမထ-ဝိပဿနာ ကျင့်စဉ်တွေကို ဆက်လက်ပြီးတော့ အပြင်းအထန် ကြိုးစားအားထုတ်ဖို့ဆိုတဲ့ စိတ်ဓာတ်တွေ ညွတ်ကိုင်းရှိုင်း မလာနိုင်ဘူးလား? ညွတ်ကိုင်းရှိုင်းလာပြီ။</p>
<p>အဲဒီလို ညွတ်ကိုင်းရှိုင်းလို့ တကယ်လက်တွေ့ သမထဘာဝနာ, ဝိပဿနာဘာဝနာ ကျင့်စဉ်တွေကို လက်တွေ့ ကျင့်ပြီဆိုရင် ထိုပုဂ္ဂိုလ်ရဲ့သန္တာန်၌ ဘယ်လိုဖြစ်လာမလဲ?</p>
<p>‘‘<b>ယဿ ကဿစိ, ဘိက္ခဝေ, ဘိက္ခုဿ ဝါ ဘိက္ခုနိယာ ဝါ ပဉ္စ စေတောခိလာ ပဟီနာ ပဉ္စ စေတသောဝိနိဗန္ဓာ သုသမုစ္ဆိန္နာ, တဿ ယာ ရတ္တိ ဝါ ဒိဝသော ဝါ အာဂစ္ဆတိ ဝုဒ္ဓိယေဝ ပါဋိကင်္ခါ ကုသလေသု ဓမ္မေသု နော ပရိဟာနိ။</b>’’</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ယဿ ကဿစိ</b>၊ အကြင် အမှတ်မထား တစ်စုံတစ်ယောက်သော။ <b>ဘိက္ခုဿ ဝါ</b>၊ ဘိက္ခုရဟန်းတော်၏ သန္တာန်၌လည်းကောင်း။ <b>ဘိက္ခုနီယာ ဝါ</b>၊ ဘိက္ခုနီရဟန်းမိန်းမ၏ သန္တာန်၌လည်းကောင်း။ <b>ပဉ္စ စေတောခိလာ</b>၊ ဤ စိတ်ဓာတ်၏ ငြောင့်တံသင်း ငါးစင်းတို့ကို။ <b>ပဟီနာ</b>၊ ပယ်ရှားအပ်ပြီးကုန်သည်။ <b>ဟောန္တိ</b>၊ ဖြစ်ကြလေကုန်၏၊ <b>ပဉ္စ စေတသောဝိနိဗန္ဓာ</b>၊ ဤစိတ်ဓာတ်၏ အနှောင်အဖွဲ့တရား ငါးပါးတို့ကိုလည်းပဲ။ <b>သုသမုစ္ဆိန္နာ</b>၊ ကောင်းစွာ ဖြတ်တောက်ပစ်အပ်ပြီးကုန်သည်။ <b>ဟောန္တိ</b>၊ ဖြစ်ကြလေကုန်၏၊</p>
<p><b>တဿ</b>၊ ထိုရဟန်းတော်အဖို့။ <b>ယာ ရတ္တိ ဝါ</b>၊ အကြင် ညဉ့်သည်လည်းကောင်း။ <b>ယော ဒိဝသော ဝါ</b>၊ အကြင် နေ့သည်လည်းကောင်း။ <b>အာဂစ္ဆတိ</b>၊ ဖြစ်ပေါ်၍လာ၏၊ <b>တဿ</b>၊ ထိုရဟန်းတော်အဖို့။ <b>ကုသလေသု ဓမ္မေသု</b>၊ ကုသိုလ်တရားတို့၌။ <b>ဝုဒ္ဓိ ယေဝ</b>၊ ကြီးပွားတိုးတက်ခြင်းကိုသာလျှင်။ <b>ပါဋိကင်္ခါ</b>၊ မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်ပေ၏၊ <b>ကုသလေသု ဓမ္မေသု</b>၊ ကုသိုလ်တရားတို့၌။ <b>ပရိဟာနိ</b>၊ ဆုတ်ယုတ်ပျက်စီးခြင်းကို။ <b>နော</b>၊ မမျှော်လင့်အပ်ပါပေ။</p>
<p>ဒီလို စိတ်ရဲ့ ငြောင့်တံသင်း ငါးစင်းကို နှုတ်ပယ်နိုင်တဲ့ ပုဂ္ဂိုလ်အဖို့, စိတ်ရဲ့ အနှောင်အဖွဲ့ ငါးခုကို ဖြတ်တောက်နိုင်တဲ့ ပုဂ္ဂိုလ်အဖို့ ဖြစ်ပေါ်လာမယ့် ညဉ့်တွေ, နေ့တွေ ရှိတယ်။ အဲဒီ ညဉ့်တွေ, နေ့တွေမှာ ဒီရဟန်းတော်ရဲ့ သန္တာန်၌ ကုသိုလ်တရားတို့၌ ကြီးပွားတိုးတက်ခြင်းကိုသာလျှင် ရရှိမယ်လို့ မချွတ်ဧကန် မျှော်လင့်အပ်ပါတယ်။ ကုသိုလ်တရားတွေရဲ့ ဆုတ်ယုတ်ပျက်စီးခြင်းတို့ကို ဘယ်လိုမှ မမျှော်လင့်အပ်ပါဘူး။ ကုသိုလ်တရားတွေ တိုးပွားလာတယ်။ ဘာကုသိုလ်တရားတွေလဲ? သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ <b>နိယျာနိကတရားကောင်း</b>လို့ ခေါ်ဆိုအပ်တဲ့ ကုသိုလ်တရားတွေပဲ။ အဲဒီ ကုသိုလ်တရားတွေက အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာဖြစ်တဲ့ <b>နိဗ္ဗာန်</b>သို့ ရောက်အောင် တရွေ့ရွေ့နဲ့ ပို့ဆောင်ပေးနေတဲ့ ကုသိုလ်တရားတွေ ဖြစ်တယ်။ အပါယ် (၄)ဘုံသို့ ရောက်အောင် သံသရာဝဋ်ဆင်းရဲဒုက္ခမှ မလွတ်အောင် ပို့ဆောင်ပေးနေတဲ့ ကုသိုလ်တရားမျိုးတွေ ဟုတ်သလား? မဟုတ်ဘူး။</p>
<p>ဒီတော့ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ နိဗ္ဗာန်သို့ ရောက်အောင် ပို့ဆောင်ပေးနေတဲ့ ဒီကုသိုလ်တရားတွေကို ဒီနေ့ တရားနာပရိသတ်တွေရော, ဒီနေ့ အလှူရှင်တွေရော ဒီလို အသိဉာဏ်ရှိတဲ့ ဘဝတစ်ခု ရရှိတဲ့ အချိန်အခါမှာ မရရအောင် ကြိုးစားအားထုတ်ဖို့ မကောင်းဘူးလား? ကောင်းတယ်နော်။ ဘုရားရှင်က ဥပမာလေးနဲ့ ဆက်ဟောတယ်။</p>
<p>‘‘<b>သေယျထာပိ, ဘိက္ခဝေ, ဇုဏှပက္ခေ စန္ဒဿ ယာ ရတ္တိ ဝါ ဒိဝသော ဝါ အာဂစ္ဆတိ, ဝဍ္ဎတေဝ ဝဏ္ဏေန ဝဍ္ဎတိ မဏ္ဍလေန ဝဍ္ဎတိ အာဘာယ ဝဍ္ဎတိ အာရောဟပရိဏာဟေန၊</b>’’</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>သေယျထာပိ</b>၊ ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသည်ကား။ <b>ဇုဏှပက္ခေ</b>၊ လဆန်းပက္ခ၌။ <b>စန္ဒဿ</b>၊ လ၏၊ <b>ယာ ရတ္တိ ဝါ</b>၊ အကြင် ညဉ့်သည်လည်းကောင်း။ <b>ယော ဒိဝသော ဝါ</b>၊ အကြင် နေ့သည်လည်းကောင်း။ <b>အာဂစ္ဆတိ</b>၊ ဆိုက်ရောက်၍ လာပေ၏၊ <b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>သော ယာ ရတ္တိ ဝါ</b>၊ ထိုညဉ့်သည်လည်းကောင်း။ <b>သော ယော ဒိဝသော ဝါ</b>၊ ထိုနေ့သည်လည်းကောင်း။ <b>စန္ဒဿ</b>၊ လ၏၊ <b>ဝဏ္ဏေန</b>၊ အရောင်အဆင်းအားဖြင့်။ <b>ဝဍ္ဎတေဝ</b>၊ တိုးပွား၍ နေသည်သာလျှင် ဖြစ်၏၊ <b>မဏ္ဍလေန</b>၊ လုံးရပ်အဝန်းအားဖြင့်။ <b>ဝဍ္ဎတိ</b>၊ တိုးပွား၍ နေ၏၊ <b>အာဘာယ</b>၊ အရောင်အလင်းအားဖြင့်။ <b>ဝဍ္ဎတိ</b>၊ တိုးပွား၍ နေ၏၊ <b>အာရောဟပရိဏာဟေန</b>၊ အရှည်အပြန့်အားဖြင့်။ <b>ဝဍ္ဎတိ</b>၊ တိုးပွား၍ နေ၏၊</p>
<p>လဆန်းပက္ခလ လှမ်းကြည့်မယ်ဆိုလို့ရှိရင် ဖြစ်ပေါ်လာမယ့် ညဉ့်တွေ, နေ့တွေမှာ တစ်နေ့ထက် တစ်နေ့, တစ်နေ့ထက် တစ်နေ့ အရောင်ကလည်း ပိုပြီးတော့ တိုးပွားလာတယ်။ လုံးရပ်ကလည်း, အဝန်းအဝိုင်းကလည်း ပိုပြီးတော့ တိုးပွားလာတယ်။ အလင်းရောင်တွေကလည်း အရောင်အဆင်း တောက်ပလာတယ်နော်။ အလင်းရောင်တွေကလည်း ပိုပြီးတော့ အားမကောင်းလာဘူးလား? အားကောင်းလာတယ်။ နောက်တစ်ခု - အရှည်အပြန့်အားဖြင့်လည်း ပိုပြီးတော့ တိုးပွားလာတယ်။</p>
<p>‘‘<b>ဧဝမေဝံ ခေါ, ဘိက္ခဝေ, ယဿ ကဿစိ ဘိက္ခုဿ ဝါ ဘိက္ခုနိယာ ဝါ ဣမေ ပဉ္စ စေတောခိလာ ပဟီနာ ဣမေ ပဉ္စ စေတသောဝိနိဗန္ဓာ သုသမုစ္ဆိန္နာ, တဿ ယာ ရတ္တိ ဝါ ဒိဝသော ဝါ အာဂစ္ဆတိ ဝုဒ္ဓိယေဝ ပါဋိကင်္ခါ ကုသလေသု ဓမ္မေသု နော ပရိဟာနိ။</b>’’</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဧဝမေဝံ ခေါ</b>၊ ဤဥပမာအတူသာလျှင်။ <b>ယဿ ကဿစိ</b>၊ အကြင် အမှတ်မထား တစ်စုံတစ်ယောက်သော။ <b>ဘိက္ခုဿ ဝါ</b>၊ ဘိက္ခုရဟန်းတော်၏ သန္တာန်၌သော်လည်းကောင်း။ <b>ဘိက္ခုနီယာ ဝါ</b>၊ ဘိက္ခုနီရဟန်းမိန်းမ၏ သန္တာန်၌သော်လည်းကောင်း။ <b>ဣမေ ပဉ္စ စေတောခိလာ</b>၊ ဤစိတ်၏ ငြောင့်တံသင်း ငါးစင်းတို့ကို။ <b>ပဟီနာ</b>၊ ပယ်ရှားအပ်ပြီးကုန်သည်။ <b>ဟောန္တိ</b>၊ ဖြစ်ကြလေကုန်၏၊ <b>ဣမေ ပဉ္စ စေတသောဝိနိဗန္ဓာ</b>၊ ဤ စိတ်၏ အနှောင်အဖွဲ့ ငါးပါးတို့ကိုလည်းပဲ။ <b>သုသမုစ္ဆိန္နာ</b>၊ ကောင်းစွာ ဖြတ်တောက်အပ်ပြီးကုန်သည်။ <b>ဟောန္တိ</b>၊ ဖြစ်ကြလေကုန်၏၊ <b>တဿ</b>၊ ထိုရဟန်းတော်အဖို့။ <b>ယာ ရတ္တိ ဝါ</b>၊ အကြင် ညဉ့်သည်လည်းကောင်း။ <b>ယော ဒိဝသော ဝါ</b>၊ အကြင် နေ့သည်လည်းကောင်း။ <b>အာဂစ္ဆတိ</b>၊ ဆိုက်ရောက်၍လာပေ၏၊ <b>တဿ</b>၊ ထိုရဟန်းတော်၏သန္တာန်၌။ <b>ကုသလေသု ဓမ္မေသု</b>၊ ကုသိုလ်တရားတို့၌။ <b>ဝုဒ္ဓိ ယေဝ</b>၊ ကြီးပွားတိုးတက်ခြင်းကိုသာလျှင်။ <b>ပါဋိကင်္ခါ</b>၊ မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်ပါပေ၏၊ <b>ပရိဟာနိ</b>၊ ဆုတ်ယုတ် ပျက်စီးခြင်းကို။ <b>နော</b>၊ အလိုမရှိအပ်ပါပေ (မမျှော်လင့်အပ်ပါပေ)။</p>
<p>လဆန်းပက္ခမှာ လမှာ အရောင်အလင်းအားဖြင့်သော်လည်းကောင်း၊ အဆင်းအားဖြင့်သော်လည်းကောင်း၊ အဝန်းအဝိုင်းအားဖြင့်သော်လည်းကောင်း၊ အရှည်အပြန့်အားဖြင့်သော်လည်းကောင်း တစ်နေ့ထက် တစ်နေ့, တစ်ညဉ့်ထက် တစ်ညဉ့် တိုးပွား တိုးပွား၍ လာသလိုပဲ။ အလားတူပဲ။ ရဟန်းတော်တစ်ပါးပါး သို့မဟုတ် ဘိက္ခုနီမတစ်ပါးပါးသည် မိမိရဲ့သန္တာန်မှာ ဒီငြောင့်တံသင်း ငါးစင်းကို ပယ်နှုတ်နိုင်ခဲ့မယ်ဆိုရင်, စိတ်ဓာတ်ရဲ့ အနှောင်အဖွဲ့ ငါးပါးကိုလည်း ဖြတ်တောက်နိုင်ခဲ့မယ်ဆိုရင် ထိုပုဂ္ဂိုလ်ရဲ့သန္တာန်၌ ဖြစ်ပေါ်လာမယ့် ညဉ့်တွေ, နေ့တွေ ရှိတယ်။ အဲဒီ ညဉ့်တွေ, နေ့တွေမှာ ဒီရဟန်းတော်ရဲ့သန္တာန်၌ ကုသိုလ်တရားတို့၌ တိုးပွားခြင်းကိုသာလျှင် အလိုရှိအပ်တယ်။ ဆုတ်ယုတ်ပျက်စီးခြင်းကို ဘယ်လိုမှ အလိုမရှိအပ်ပါဘူးဆိုပြီးတော့ မြတ်စွာဘုရားက ဒီသုတ္တန်ကို ဟောတယ်။</p>
<p>ခွေနှစ် ဘီဆိုဒ်</p>
<p><b>သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်</b>ဆိုပြီး ကျင့်စဉ် (၃)ရပ် ရှိတယ်။ ဒီကျင့်စဉ် (၃)ရပ်မှာ သီလကျင့်စဉ်ပိုင်းမှာ ဒါနကျင့်စဉ်ကိုပါ ထည့်သွင်းပြီး ထားပါတယ်။ ဘာဖြစ်လို့လဲ? ဒါနကျင့်စဉ်ဆိုတာ အသိဉာဏ် မှန်ကန်နေတဲ့ အမျိုးကောင်းသား, အမျိုးကောင်းသမီးတို့ရဲ့ ကျင့်ဝတ်ပဋိပတ် တစ်မျိုးသာ ဖြစ်တယ်။ အဲဒီ ကျင့်ဝတ်ပဋိပတ်မှန်ခဲ့ရင် သီလကျင့်စဉ်ထဲမှာ အားလုံး အကျုံးဝင်နေတယ်။ ဒါကြောင့် သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်ဆိုတဲ့ ဒီကျင့်စဉ်တွေကို ကျင့်တဲ့အခါမှာ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ရမယ်ဆိုတဲ့ ယုံကြည်ချက် ရှိဖို့တော့ မလိုဘူးလား? လိုအပ်တယ်။</p>
<p>အဲဒီ ယုံကြည်ချက်ဖြင့် ဒါနကျင့်စဉ်ကို ကျင့်မယ်, သီလကျင့်စဉ်ကို ကျင့်မယ်, သမထကျင့်စဉ်ကို ကျင့်မယ်, ဝိပဿနာကျင့်စဉ်ကို ကျင့်မယ်ဆိုရင် ထိုကဲ့သို့ ကျင့်နေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်၌ ဖြစ်ပေါ်လာမယ့် ညဉ့်တွေ, နေ့တွေ ရှိတယ်။ အဲဒီ ည့်တွေ, နေ့တွေမှာ ထိုပုဂ္ဂိုလ်ရဲ့သန္တာန်၌ ကုသိုလ်တရားတို့ရဲ့ တိုးပွားခြင်းကိုသာလျှင် အလိုရှိအပ်ပါပေတယ်။ ကုသိုလ်တရားတို့ရဲ့ ဆုတ်ယုတ်ခြင်းကို အလိုရှိအပ်သလား? အလိုမရှိအပ်ဘူး။ ဒါပေမယ့် ပုဂ္ဂိုလ်တစ်ယောက်က စိတ်ဓာတ်ရဲ့ ငြောင့်တံသင်း ငါးစင်းကိုလည်း နှုတ်ပယ်နိုင်တဲ့ စွမ်းအား မရှိဘူး။ စိတ်ဓာတ်ရဲ့ အနှောင်အဖွဲ့ ငါးခုကိုလည်း နှုတ်ပယ်နိုင်တဲ့ စွမ်းအား မရှိဘူး။ အဲဒီလို စွမ်းအား မရှိခဲ့ဘူးဆိုရင်တော့ ထိုပုဂ္ဂိုလ်ရဲ့သန္တာန်၌ ကုသိုလ်တရားတွေက ဆုတ်ယုတ်ပြီး၊ အကုသိုလ်တရားတွေသာ တိုးပွားလိမ့်မယ်။</p>
<p>ဒါကြောင့် ဒီနေ့ တရားနာပရိသတ်နဲ့တကွ အလှူရှင်သူတော်ကောင်း အပေါင်းတို့သည်လည်း မိမိတို့သန္တာန်၌ ကုသိုလ်တရားတွေသာ တိုးပွားချင်ကြတယ်ဆိုရင် အကုသိုလ်တရားတွေ ဆုတ်ယုတ်ပျက်စီးချင်ကြတယ်ဆိုရင် ဘာလုပ်မလဲ? စိတ်ဓာတ်ရဲ့ ငြောင့်တံသင်း ငါးစင်းကို ပယ်နှုတ်နိုင်ဖို့ မလိုဘူးလား? လိုအပ်တယ်။ စိတ်ဓာတ်ရဲ့ အနှောင်အဖွဲ့ ငါးခုကိုလည်းပဲ ဖြတ်တောက်ပစ်နိုင်ဖို့ မလိုအပ်ဘူးလား? လိုအပ်တယ်။</p>
<p>ဖြတ်တောက်ချင်တယ်။ ပယ်နှုတ်ချင်တယ်ဆိုလို့ရှိရင် ဘာလုပ်ရမလဲ? သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေကို အဆင့်ဆင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါလို့ ဘုန်းကြီးက တိုက်တွန်းပါတယ်နော်။ သာသနာတော်နှင့် တွေ့ခိုက်မှာသာ ဒီကျင့်စဉ်တွေကို လက်တွေ့ ကျင့်လို့ရတယ်။ သာသနာပအချိန်အခါကာလ ရောက်ခဲ့မယ် သို့မဟုတ် မိစ္ဆာဒိဋ္ဌိ အယူဝါဒရှိတဲ့ မိခင်, ဖခင်တို့ရဲ့ဝမ်းမှာ သွားပြီး ပဋိသန္ဓေတည်နေရတဲ့ လူသားတစ်ဦးဖြစ်ခဲ့မယ်ဆိုရင် ဒီသီလကျင့်စဉ်, ဒီသမာဓိကျင့်စဉ်, ဒီပညာကျင့်စဉ်တွေကို လက်တွေ့ ကျင့်နိုင်တဲ့အဆင့်သို့ ရောက်ပါ့မလား? မရောက်နိုင်ဘူး။</p>
<p>ဒါကြောင့် မိမိတို့ ရရှိထားတဲ့ အခွင့်အရေးကြီးတွေ မဆုံးရှုံးကြရအောင် ရှေးရှေး သူတော်ကောင်းတို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်သွားတော်မူကြတဲ့ နိဗ္ဗာန်သို့ ကြွသွားတော်မူကြတဲ့ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ရဲ့ထုံးကို နှလုံးမူပြီး သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ ကုသိုလ်တရားတွေကို ဆထက်ထမ်းပိုး တိုးပွားအောင် ကြိုးစားအားထုတ်ကြပါလို့ တိုက်တွန်းရင်းဖြင့် ကဲ ... တရားသိမ်းကြစို့ ...။</p>
<h3>တရားဒေသနာတော်နိဂုံး</h3>
<p>‘‘<b>ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။ တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။</b>’’</p>
<p><b>သန္တော</b>၊ ဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်းဟို တို့ရှေ့က သူတော်ကောင်းတို့သည်။<br>
<b>ဂမ္ဘီရစိန္တကာ</b>၊ နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာကြံဆင် အကြံကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။<br>
<b>ကာမေ</b>၊ ရှေးက ပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက်ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ပိုင်သသည့် ကာမဝတ္ထု အစုစုတို့ကို။<br>
<b>ဟိတွာ</b>၊ ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့်ဆက်ဆံ ဘေးတွေက ဝန်းခြံ၊ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော်ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည် ဖြစ်၍။<br>
<b>ပဗ္ဗဇိံသု</b>၊ ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ်နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ်သက်ရွှင်လန်း ရှင်ရဟန်းပြု၍ တောထွက်တော်မူကြလေပြီ။<br>
<b>တုမှေပိ</b>၊ မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင်သူတော်ကောင်းတို့သည်လည်းပဲ။<br>
<b>ပဗ္ဗဇိတာ</b>၊ ဝတ္ထုကာမဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန်ထွက်ကြကုန်သည်ဖြစ်၍။<br>
<b>သုပေသလာ</b>၊ စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်င ရှိကြကုန်သည်ဖြစ်၍။<br>
<b>တေ</b>၊ ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟို ... တို့ရှေ့က သူတော်ကောင်းတို့ကို။<br>
<b>အနုသိက္ခာဝှေါ</b>၊ အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ အားထုတ်နိုင်ကြပါစေကုန်သတည်း။</p>
<p>သာဓု သာဓု သာဓုပါဘုရား ...။</p>
<p>ဖားအောက်တောရဆရာတော်<br>
စိတ္တလတောင်ကျောင်း။</p>
6h3x5dzx0sppfpzvpmyloqopgd6w2tm
22064
22063
2026-06-12T23:58:48Z

<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ပုန စပရံ</b>၊ နောက်တစ်မျိုးသော်ကား။ <b>ဘိက္ခု</b>၊ ယောဂါဝစရရဟန်းတော်သည်။ <b>ဓမ္မေ</b>၊ မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်ထင်ပေါ် တရားတော်မြတ်၌။ <b>ကင်္ခတိ</b>၊ ယုံမှားသံသယရှိ၍နေ၏၊ <b>ဝိစိကိစ္ဆတိ</b>၊ သို့လော သို့လော တွေးတော၍နေ၏၊ <b>နာဓိမုစ္စတိ</b>၊ လွတ်လွတ်သက်ဝင်၍ ဆုံးဖြတ်ချက် မချနိုင်။ <b>န သမ္ပသီဒတိ</b>၊ ကောင်းစွာ ကြည်ညိုမှု မရှိပေ။</p>

fvqrt2b7ajqr0k4siedvgayww983rkb
အဿဇိသုတ်
0
6347
22065
2026-06-13T01:39:12Z
Tejinda
173
"{{header | title = အဿဇိသုတ် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[စေတောခိလသုတ်]] | previous2 = | ne..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22065
wikitext
text/x-wiki
{{header
| title = အဿဇိသုတ်
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[စေတောခိလသုတ်]]
| previous2 =
| next = [[ဒုတိယဟတ္ထကသုတ်]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =
}}
<h3>အဿဇိသုတ္တန်</h3>
<h3>ပထမပိုင်း</h3>
<p>၁၃၅၃ ခုနှစ် ဝါခေါင်လပြည့်နေ့ ကျိုက်သုတ်စေတီတော်မြတ်ကြီး၏ ဘုရားဝန်းအတွင်း၌ တည်ရှိသော ဓမ္မာရုံ၌ ဓမ္မပူဇာအဖြစ်ဖြင့် ဟောကြားအပ်သော ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်၌ လာရှိသော အဿဇိသုတ္တန်တရားဒေသနာတော်။ ဘုရားရှင်၏ နိဗ္ဗာန်ရောက်ကြောင်းတရားတွေကို ရတနသုတ္တန်မှာ နွေလအခါ ပင်လုံးကျွတ်ပွင့်နေတဲ့ ခက်ဖျားစုံရှိတဲ့ တောအုပ်ကြီးနဲ့ စံထားပြီး သစ္စာပြုထားတဲ့ ဂါထာလေး တစ်ခုရှိတယ်။ ထိုဂါထာဖြင့် ဒီနေ့ တရားနိဒါန်း ပျိုးကြရအောင် ...။</p>
<p>‘‘**ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊<br>
ဂိမှာနမာသေ ပဌမသ္မိံ ဂိမှေ။<br>
တထူပမံ ဓမ္မဝရံ အဒေသယိ၊<br>
နိဗ္ဗာနဂါမိံ ပရမံ ဟိတာယ။<br>
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊<br>
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။**’’</p>
<p><b>ဂိမှာနံ</b>၊ နွေလတို့၏။ <b>ပဌမသ္မိံ ဂိမှေ</b>၊ ရှေးဦးအစ နွေလဖြစ်သော။ <b>မာသေ</b>၊ စိတြမာသတန်ခူးလ၌။ <b>ဖုဿိတဂ္ဂေ</b>၊ ပင်လုံးကျွတ်ပွင့်သော ခက်ဖျားစုံရှိသော။ <b>ဝနပ္ပဂုမ္ဗေ</b>၊ တောအုပ်သည်။ <b>ယထာ</b>၊ အသရေရှိ လှဘိသကဲ့သို့။ <b>တထူပမံ</b>၊ အနက်သဒ္ဓါ ပန်းစုံစွာဖြင့် ဝေဆာပြန့်ပြော ထိုတောအုပ်လျှင် ပုံပမာရှိသော။ <b>နိဗ္ဗာနဂါမိံ</b>၊ အငြိမ်းဓာတ်မှန် မြတ်နိဗ္ဗာန်သို့ ဧကန်ထုပ်ချောက် ရောက်ခြင်း၏ အကြောင်းဖြစ်သော။ <b>ဓမ္မဝရံ</b>၊ သုံးပုံပိဋကတ် တရားမြတ်ဒေသနာတော်ကို။ <b>ပရမံ ဟိတာယ</b>၊ လူ, နတ်, ဗြဟ္မာ သတ္တဝါတို့၏ နိဗ္ဗာနဓာတ်တည်းဟူသော အမြတ်ဆုံး အကျိုးစီးပွား ချမ်းသာအလို့ငှာ။ <b>အဒေသယိ</b>၊ ကရုဏာရှေ့သွား မေတ္တာထား၍ ဟောကြားတော်မူအပ်ခဲ့လေပြီ။ <b>ဗုဒ္ဓေ</b>၊ သုံးလောကထွတ်ထား ရှင်တော်မြတ်ဘုရား၌။ <b>ဣဒမ္ပိ ရတနံ</b>၊ ဤမြတ်နိုးဖွယ်ရာ ရတနာအဖြစ် သိသာဖွယ်အကြောင်း နှစ်သက်ဖွယ် ဂုဏ်တော်အပေါင်းသည်လျှင်။ <b>ပဏီတံ</b>၊ ထူးမြတ်တော်မူလှပါပေ၏။ <b>ဧတေန သစ္စေန</b>၊ ဝစီမင်္ဂလာ ဤသစ္စာစကားကြောင့်။ <b>ပါဏီနံ</b>၊ အပေါင်းများစွာ သတ္တဝါတို့အား။ <b>သုဝတ္ထိ</b>၊ ဘေးရန်ကုန်ကင်း ချမ်းသာအေးမြခြင်းသည်။ <b>ဟောတု</b>၊ မုချမသွေ ဖြစ်ပါစေသတည်း။</p>
<p>(သာဓု သာဓု သာဓု)</p>
<p>ပါဠိလိုက စိတြမာသ။ မြန်မာလိုပြောရရင်တော့ တပေါင်းလပြည့်ကျော် တစ်ရက်က တန်ခူးလပြည့်အတွင်း ထိုတစ်လအတွင်း၌ ပင်လုံးကျွတ်ပွင့်နေတဲ့ ခက်ဖျားစုံရှိနေတဲ့ တောအုပ်ကြီးတစ်ခုကို အဝေးက လှမ်းမျှော်ပြီး ကြည့်လိုက်ရင် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသလိုပဲ ဘုရားရှင်ရဲ့ <b>ပိဋကတ်သုံးရပ်</b>တည်းဟူသော တရားဒေသနာတော် တောအုပ်ကြီးကို လှမ်းမျှော်ပြီး ကြည့်လိုက်တော့ ထိုပင်လုံးကျွတ်ပွင့်နေတဲ့ ခက်ဖျားစုံရှိတဲ့ တောအုပ်ကြီးနဲ့ သိပ်တူတယ်။ ဘာကြောင့်လဲ? ပိဋကတ်သုံးရပ်တည်းဟူသော ဒီတောအုပ်ကြီးထဲမှာ <b>နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်ကောင်း</b>တွေကို စနစ်တကျ အစီအစဉ်တကျ ဖော်ပြထားတယ်။</p>
<p>ဖော်ပြထားတဲ့ စကားလုံးတွေကို ကြည့်လို့ရှိရင်လည်း အင်မတန် ကြည်လင်သန့်ရှင်းတယ်။ ထိုစကားလုံးတွေမှ ထွက်ပေါ်လာတဲ့ ကျင့်စဉ်တွေကို ကြည့်လိုက်တော့လည်း ကျင့်စဉ်တွေက သိပ်ပြီးတော့ အနှစ်သာရ ပြည့်ဝစုံလင်နေတယ်။ ထိုအနှစ်သာရ ပြည့်ဝစုံလင်နေတဲ့ ပင်လုံးကျွတ်ပွင့်တဲ့ ခက်ဖျားစုံရှိတဲ့ တောအုပ်ကြီးနဲ့ တူနေတဲ့ ဒီတရားဒေသနာတော်တွေကို ဘုရားရှင်သည် သတ္တဝါအပေါင်းတို့၏ <b>နိဗ္ဗာနဓာတ်</b>တည်းဟူသော အမြတ်ဆုံး အကျိုးစီးပွား ချမ်းသာအလို့ငှာ ရည်ရွယ်တောင့်တပြီးတော့ ဟောကြားတော်မူခဲ့ပါတယ်။ ဒီမှန်ကန်သော သစ္စာကြောင့် ဝေသာလီပြည်သားအမှူးရှိနေတဲ့ သတ္တဝါအပေါင်းတို့သည် ဘေးရန်ကုန်ကင်း ချမ်းသာအေးမြခြင်း ဖြစ်ပါစေသတည်းဆိုပြီးတော့ <b>သစ္စာဓိဋ္ဌာန်ပြုတဲ့ ဂါထာဒေသနာတော်</b> ဖြစ်ပါတယ် နော်။</p>
<p>ထိုသစ္စာဓိဋ္ဌာန် ပြုတဲ့အတိုင်း ထိုသစ္စာစကားတွေက မှန်ကန်ခြင်းတည်းဟူသောအကြောင်းကြောင့် ဝေသာလီပြည်သူပြည်သား သတ္တဝါအပေါင်းတို့သည် ဘေးရန်ကုန်ကင်း ချမ်းသာအေးမြခြင်း ဖြစ်ကြသလား, မဖြစ်ကြဘူးလားမေးတော့ ဘယ်လိုဖြေမလဲ? ဖြစ်ကြတယ်။ မှန်သလား, မှားသလားမေးရင်လည်း မှန်နေတယ် မှန်နေတယ်နော်။ ထိုပင်လုံးကျွတ်ပွင့်နေတဲ့ ခက်ဖျားစုံရှိနေတဲ့ တောအုပ်ကြီးနဲ့ တူနေတဲ့ ဘုရားရှင်ရဲ့ ပိဋကတ်သုံးရပ် တရားမြတ် ဒေသနာတွေက သတ္တဝါတို့ရဲ့ နိဗ္ဗာနဓာတ်လို့ ခေါ်ဆိုအပ်တဲ့ အကျိုးစီးပွားကို တာစူထားတာဖြစ်တော့ ထိုပိဋကတ်သုံးရပ် တရားမြတ် ဒေသနာတော်ထဲက ဒီနေ့ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်၌ လာရှိသော <b>အဿဇိသုတ္တန်</b> တရားဒေသနာတော်ကို တရားနာပရိတ်သတ်တို့အား ဟောကြားပြသပေးဖို့ ဦးပဉ္စင်း ရည်ရွယ်ထားပါတယ်နော်။</p>
<p>‘‘<b>ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။</b>’’</p>
<p><b>ဧကံ သမယံ</b>၊ အခါတစ်ပါး၌။ <b>ဘဂဝါ</b>၊ ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်။ <b>ရာဇဂဟေ</b>၊ ရာဇဂြိုဟ်ပြည်၌။ <b>ကလန္ဒကနိဝါပေ</b>၊ ရှဉ့်ငှက်တို့ကို အစာကျွေး၍ မွေးမြူရာဖြစ်သော။ <b>ဝေဠုဝနေ</b>၊ ဝေဠုဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး စံနေတော်မူစဲ ဖြစ်ပေ၏၊</p>
<p>အဿဇိသုတ္တန် ဖြစ်ပေါ်လာတဲ့အချိန်ကို အရှင်အာနန္ဒာကိုယ်တော်မြတ်က သတ်မှတ်ပြီး ပေးလိုက်တယ်နော်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတိုက်တော်မှာ သီတင်းသုံး စံနေတော်မူခိုက်ဖြစ်တယ်။ ထိုအချိန်အခါမှာ ဘာဖြစ်လာသလဲဆိုတော့ အရှင်အဿဇိမထေရ်မြတ်က ကဿပသူဌေး ဆောက်လုပ်လှူဒါန်းအပ်တဲ့ ကဿပကာရာမ အမည်ရနေတဲ့ ကျောင်းတိုက်ကြီးတစ်ခုအတွင်းမှာ သီတင်းသုံး စံနေတော်မူစဲ ဖြစ်တယ်။ ထိုအခိုက်မှာ အရှင်အဿဇိမထေရ်ရဲ့ သန္တန်မှာလည်း အပြင်းအထန် နှိပ်စက်အပ်တဲ့ ဝေဒနာတွေက စွဲကပ်ပြီး ကျရောက်လာတယ်။ ကိုယ်ဆင်းရဲတဲ့ဒုက္ခတွေ အပြင်းအထန် ခံစားနေရတယ်။ ပြင်းပြင်းထန်ထန် မကျန်းမမာဖြစ်နေတဲ့ အချိန်အခါဖြစ်တယ်။</p>
<p>ထိုအချိန်အခါမှာ အရှင်အဿဇိမထေရ်မြတ်က မိမိကို ပြုစုလုပ်ကျွေးစောင့်ရှောက်နေတဲ့ ရဟန်းတော်တွေကို — အရှင်ဘုရားတို့ ... မြတ်စွာဘုရားထံကို ချဉ်းကပ်ပြီးတော့ တပည့်တော်ရဲ့ စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်အစုံ ကြာပဒုံတွေကို ဦးတိုက်ကြပါ။ “မြတ်စွာဘုရား ... အဿဇိ ရဟန်းတော်တပါးတော့ အပြင်းအထန် မကျန်းမမာ ဖြစ်နေပါတယ် မြတ်စွာဘုရား။ ကိုယ်ဆင်းရဲခြင်းသို့ ရောက်ရှိ၍ နေပါတယ်။ ပြင်းပြင်းထန်ထန် မကျန်းမမာ ဖြစ်နေပါတယ်။ မြတ်စွာဘုရားရဲ့ခြေတော်အစုံ ကြာပဒုံတို့ကို ထိုအဿဇိရဟန်းတော်က ရှိခိုးဦးတိုက် လိုက်ပါတယ် မြတ်စွာဘုရား။” ထို့အပြင် အဿဇိရဟန်းတော်ကလည်း ထပ်မံပြီး လျှောက်ထားလိုက်ပါတယ်။ မြတ်စွာဘုရားသည် အဿဇိရဟန်းတော်အပေါ်၌ အစဉ် သနားခြင်းကို အကြောင်းပြုပြီး အဿဇိရဟန်း ရှိတော်မူရာအရပ်သို့ ကြွတော်မူပါဆိုပြီးတော့ လျှောက်ထားခိုင်းလိုက်တယ်။</p>
<p>ပြုစုလုပ်ကျွေးနေတဲ့ ရဟန်တော်တစ်စုကလည်း အရှင်အဿဇိ လျှောက်ကြားသည့်အတိုင်း ဝန်ခံပြီးတော့ မြတ်စွာဘုရားထံ ချဉ်းကပ်၊ ရိုသေစွာ ရှိခိုး၊ သင့်တင့်လျောက်ပတ်တဲ့ တစ်နေရာမှာ ထိုင်ပြီးတော့ အဿဇိရဟန်းတော် လျှောက်ကြားတဲ့ စကားတွေကို ဘုရားရှင်အား တင်ပြလျှောက်ထားကြတယ်။ ဘုရားရှင်ကလည်း ဆိတ်ဆိတ်နေတော်မူခြင်းဖြင့် လက်ခံတော်မူလိုက်ပါတယ်။ လက်ခံတော်မူပြီးတဲ့နောက် ညနေချမ်းအချိန်အခါ ဘုရားရှင်တစ်ပါးတည်း သမာပတ်ဝင်စားတော်မူရာမှ ထတဲ့အခါ အဿဇိရဟန်း ရှိတော်မူရာအရပ်သို့ ဘုရားရှင် ကြွတော်မူတယ်။ ဘုရားရှင် ကြွလာတာကို အရှင်အဿဇိမထေရ်ကလည်း ขပ်လှမ်းလှမ်းမှပဲ မြင်တော်မူသည်နှင့် တစ်ပြိုင်နက်တည်း မိမိ ဖျားနာလို့ လဲလျောင်းနေတဲ့ ကုတင်ညောင်စောင်းထက်ကနေ ထမယ့်အမူအရာကို ပြတယ်။</p>
<p>ဘုရားရှင်ကလည်း အဿဇိ မတော်ဘူး, မတော်ဘူး။ သင်ချစ်သား မထလေနဲ့။ ငါ ဘုရားရှင်အတွက် ခင်းကျင်းထားတဲ့ အခြားအခြား သင့်တော်တဲ့ နေရာတွေ ရှိတယ်။ ထိုနေရာတွေမှာ ငါဘုရားရှင် ထိုင်ပြီး သီတင်းသုံးမယ်လို့ အမိန့်ရှိလိုက်တယ်။ အဲဒီလို အမိန့်ရှိလိုက်တဲ့ အချိန်အခါမှာ မြတ်စွာဘုရားကလည်း ဘုရားရှင်အတွက် သီးသန့် ခင်းကျင်းထားတဲ့ နေရာမှာ ထိုင်ပြီးတော့ သီတင်းသုံးတော်မူလိုက်ပါတယ်။ သီတင်းသုံးပြီးတဲ့ အချိန်အခါကျတော့ ဘုရားရှင်က အရှင်အဿဇိမထေရ်ကို အရေးကြီးတဲ့ မေးခွန်းလေးတွေ မေးကြည့်တယ်နော်။</p>
<p>‘‘<b>ကစ္စိ တေ, အဿဇိ, ခမနီယံ, ကစ္စိ ယာပနီယံ, ကစ္စိ ဒုက္ခာ ဝေဒနာ ပဋိက္ကမန္တိ, နော အဘိက္ကမန္တိ၊ ပဋိက္ကမော သာနံ ပညာယတိ, နော အဘိက္ကမော</b>’’?</p>
<p><b>အဿဇိ</b>၊ ချစ်သားအဿဇိ ...။ <b>ကစ္စိ</b>၊ အသို့ပါနည်း။ <b>တေ</b>၊ သင်ချစ်သားအား။ <b>ခမနီယံ</b>၊ ခန့်ကျန်းပါ၏လော။ <b>ယာပနီယံ</b>၊ ဣရိယာပထ မျှတပါ၏လော။ <b>တေ</b>၊ သင်ချစ်သားသည်။ <b>ခမနီယံ</b>၊ ဆင်းရဲတဲ့ ဒုက္ခဝေဒနာကို သည်းခံခြင်းငှာ စွမ်းနိုင်ပါ၏လော။ <b>ကစ္စိ</b>၊ အသို့ပါနည်း။ <b>တေ</b>၊ သင်ချစ်သား၏။ <b>ယာပနီယံ</b>၊ ဣရိယာပထ မျှတပါ၏လော။ <b>တေ</b>၊ သင်ချစ်သားရဲ့သန္တာန်၌ ဆင်းရဲတဲ့ ဒုက္ခဝေဒနာတို့သည်။ <b>ပဋိက္ကမန္တိ</b>၊ နောက်သို့ ဆုတ်ယုတ်၍ သွားကြပါကုန်၏လော။ <b>နော အဘိက္ကမန္တိ</b>၊ ရှေ့သို့ မတိုးတက်ဘဲ ရှိကြပါကုန်၏လော။ <b>တာသာနံ</b>၊ ထိုဆင်းရဲတဲ့ ဒုက္ခဝေဒနာတို့၏။ <b>ပဋိက္ကမော</b>၊ နောက်သို့ ဆုတ်ယုတ်၍ သွားတဲ့ အခြင်းအရာကို။ <b>ပညာယတိ</b>၊ သိအပ်ပါသလော။ <b>အဘိက္ကမော</b>၊ ရှေ့သို့ တိုးတက်၍နေတဲ့ အခြင်းအရာကို။ <b>နော ပညာယတိ</b>၊ မသိအပ်ပါသလော။</p>
<p>ဒီမေးခွန်းလေးတွေ မေးကြည့်တယ်နော်။ သင်ချစ်သားဟာ သင်ချစ်သား ခံစားနေရတဲ့ ဆင်းရဲတဲ့ ဒုက္ခဝေဒနာတွေကို သည်းခံနိုင်တဲ့ စွမ်းအား ရှိရဲ့လား? သင်ချစ်သားသည် ဣရိယာပုထ်လေးပါး မျှမျှတတ နေထိုင်နိုင်ရဲ့လား? သင်ချစ်သားရဲ့သန္တာန်မှာ ဖြစ်ပေါ်လာတဲ့ ဆင်းရဲတဲ့ ဒုက္ခဝေဒနာတွေဟာ နောက်သို့ ဆုတ်ယုတ်၍ နေသလား? ရှေ့သို့ မတိုးတက်ဘဲ ရှိရဲ့လား? ထိုဝေဒနာတွေရဲ့ နောက်သို့ ဆုတ်ယုတ်တဲ့ အခြင်းအရာကို သင်ချစ်သား သိနေပါသလား? မတိုးတက်တဲ့ အခြင်းအရာကို သင်ချစ်သား သိနေပါရဲ့လားလို့ ဒီလို မေးကြည့်တယ်နော်။</p>
<p>ရောဂါဝေဒနာတစ်ခု ဖြစ်လာပြီ ဆိုရင်ပေါ့။ ဒီမေးခွန်းလေးတွေကတော့ စိတ်သက်သာရာရအောင် တစ်နည်းအားဖြင့် တရားဟောချင်တော်မူသည့်အတွက် ရည်ရွယ်ချက်ဖြင့် ဘုရားရှင် မေးနေခြင်း ဖြစ်ပါတယ်။ အဲဒီလို မေးခွန်းလေးတွေ မေးလိုက်တဲ့ အချိန်အခါမှာ အရှင်အဿဇိမထေရ်က ဘာပြန်လျှောက်ထားလဲ?</p>
<p>‘‘<b>န မေ, ဘန္တေ, ခမနီယံ, န ယာပနီယံ၊ ဗာဠှာ မေ ဒုက္ခာ ဝေဒနာ အဘိက္ကမန္တိ, နော ပဋိက္ကမန္တိ၊ အဘိက္ကမော သာနံ ပညာယတိ, နော ပဋိက္ကမော</b>။**’’</p>
<p><b>ဘန္တေ</b>၊ မြတ်စွာဘုရား ...။ <b>မေ</b>၊ ဘုရားတပည့်တော်သည်။ <b>န ခမနီယံ</b>၊ ဆင်းရဲတဲ့ ဒုက္ခဝေဒနာကို သည်းခံခြင်းငှာ မစွမ်းနိုင်ပါဘုရား။ <b>မေ</b>၊ ဘုရားတပည့်တော်၏။ <b>န ယာပနီယံ</b>၊ ဣရိယာပထ မျှတစွာ မနေနိုင်ပါဘုရား။ <b>မေ</b>၊ ဘုရားတပည့်တော်၏။ <b>ဒုက္ခာ ဝေဒနာ</b>၊ ဆင်းရဲတဲ့ ဒုက္ခဝေဒနာတို့သည်။ <b>အဘိက္ကမန္တိ</b>၊ ရှေ့သို့သာ တိုးတက်၍ နေကြပါကုန်၏။ <b>နော ပဋိက္ကမန္တိ</b>၊ နောက်သို့ ဆုတ်ယုတ်၍ကား မသွားကြပါလေကုန်။ <b>အာသာနံ</b>၊ ထိုဆင်းရဲတဲ့ ဒုက္ခဝေဒနာတို့၏။ <b>အဘိက္ကမော</b>၊ ရှေ့သို့ တိုးတက်၍နေတဲ့ အခြင်းအရာကို။ <b>ပညာယတိ</b>၊ သိရှိ၍ နေရပါ၏။ <b>အာသာနံ</b>၊ ထိုဆင်းရဲတဲ့ ဒုက္ခဝေဒနာတို့၏။ <b>ပဋိက္ကမော</b>၊ နောက်သို့ ဆုတ်ယုတ်၍သွားတဲ့ အခြင်းအရာကို။ <b>နော ပညာယတိ</b>၊ မသိအပ်ပါဘုရား။</p>
<p>တပည့်တော်ဟာ ဆင်းရဲတဲ့ ဒုက္ခဝေဒနာတွေကို သည်းခံနိုင်တဲ့ စွမ်းအား မရှိဘူးဘုရား။ ဣရိယာပုထ်လေးပါး မျှမျှတတ နေထိုင်နိုင်တဲ့ စွမ်းအားလည်း မရှိဘူး။ တပည့်တော်ရဲ့သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ ပြင်းထန်တဲ့ ဆင်းရဲတဲ့ ဒုက္ခဝေဒနာတွေဟာ ရှေ့သို့သာ တိုးတက်၍ နေကြတယ်။ နောက်ကို ဆုတ်ယုတ်ပြီး မသွားကြဘူး။ ထိုဆင်းရဲတဲ့ ဒုက္ခဝေဒနာတွေရဲ့ ရှေ့သို့ တိုးတက်နေတဲ့ အခြင်းအရာသာ ထင်ရှားနေပါတယ်။ နောက်သို့ ဆုတ်ယုတ်တဲ့ အခြင်းအရာဟာ မထင်မရှား ဖြစ်နေပါတယ် မြတ်စွာဘုရားဆိုပြီးတော့ လျှောက်ထားကြတယ်နော်။</p>
<p>ဒီနေ့ တရားဟောတဲ့ ပုဂ္ဂိုလ်, တရားနာယူနေတဲ့ပုဂ္ဂိုလ်လည်း တစ်ချိန် ဒီလို ဒုက္ခဝေဒနာ တွေ့ကြရမှာ ဧကန်ပဲနော်။ အနှေးနဲ့ အမြန်ပဲ။ အဲဒီလို ဆင်းရဲတဲ့ ဒုက္ခဝေဒနာတွေ ဖြစ်ပေါ်နေတဲ့ အချိန်အခါမှာ မိမိတို့မှာ ကြိုတင် ပြင်ဆင်မှုလေးတွေ ရှိဖို့တော့ လိုအပ်နေပြီတဲ့နော်။ ဘဝကို အဆုံးသတ်မယ့် ဆင်းရဲတဲ့ ဒုက္ခဝေဒနာတွေက တစ်ချိန် အလုအယက် ပေါ်လာကြမှာ ဖြစ်တယ်။ ဒီလို ဆင်းရဲတဲ့ ဒုက္ခဝေဒနာတွေ အလုအယက် ပေါ်လာတဲ့ အချိန်အခါမှာ ကြိုတင် ပြင်ဆင်မှု မရှိရင် ဘာဖြစ်နိုင်သလဲ? ဒီအချက်နဲ့ ပတ်သက်ပြီးတော့ ခု အရှင်အဿဇိမထေရ်က ကြိုတင်ပြင်ဆင်မှုရှိတဲ့ သူတော်ကောင်းတစ်ဦးတော့ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ သူ့ရဲ့ ကြိုတင်ပြင်ဆင်မှုတွေက အားကိုးလောက်တဲ့ အခြေအနေအထိ မရောက်ဖြစ်နေတယ်နော်။ မရောက်တဲ့ အချိန်အခါကျတော့ ဘုရားရှင်က ရှေ့ဆက်ပြီး သူ့ကို မေးခွန်းလေးတွေ မေးကြည့်တယ်နော်။</p>
<p>‘‘<b>ကစ္စိ တေ, အဿဇိ, န ကိဉ္စိ ကုက္ကုစ္စံ, န ကောစိ ဝိပ္ပဋိသာရော</b>’’?</p>
<p><b>အဿဇိ</b>၊ ချစ်သားအဿဇိ ...။ <b>ကစ္စိ</b>၊ အသို့ပါနည်း။ <b>တေ</b>၊ ချစ်သားရဲ့သန္တန်၌။ <b>န ကိဉ္စိ ကုက္ကုစ္စံ</b>၊ တစ်စုံတစ်ခုသော နောင်တတစ်ဖန်ပူပန်မှု ကုက္ကုစ္စတရား မရှိဘဲ ဖြစ်ပါ၏လော။ <b>န ကောစိ ဝိပ္ပဋိသာရော</b>၊ တစ်စုံတစ်ခုသော စိတ်မချမ်းသာမှု ဝိပ္ပဋိသာရတရား ထင်ရှားမရှိဘဲ ဖြစ်ပါ၏လော။</p>
<p>သင်ချစ်သားမှာ နောင်တတစ်ဖန်ပူပန်မှုတွေ မရှိဘဲ ရှိရဲ့လား, စိတ်မချမ်းသာမှု ဝိပ္ပဋိသာရတရားတွေ မဖြစ်ဘဲ ရှိပါရဲ့လားလို့ မေးကြည့်တယ်။ သေခါနီးကာလမှာ နောင်တတစ်ဖန် ပူပန်နေတဲ့ ကုက္ကုစ္စတရားတွေက နှိပ်စက်မယ်, စိတ်မချမ်းသာမှု, စိတ်နှလုံး မသာယာမှုလို့ ခေါ်ဆိုအပ်တဲ့ ဝိပ္ပဋိသာရတရားတွေက နှိပ်စက်လာပြီဆိုရင် ဘုရားဟောဒေသနာတော်, အဘိဓမ္မာဒေသနာတော် မျဉ်းကြောင်းအရ ပြောခဲ့ရင်ပေါ့။ သေခါနီးကာလ နောက်ဆုံးစောနေတဲ့ <b>မရဏသန္နဇော</b>က အကုသိုလ်ဇော ဖြစ်ခဲ့မယ်ဆိုရင် ထိုသတ္တဝါသည် ကောင်းရာသုဂတိ ဘယ်တော့မှ မရောက်ဘူး။ အပါယ်လေးဘုံလို့ ခေါ်ဆိုအပ်တဲ့ မကောင်းတဲ့ ဒုဂ္ဂတိဘုံဘဝကို ကျိန်းသေဧကန် ရောက်မှာ ဖြစ်တယ်။ အဲဒီလို ကျိန်းသေဧကန် ရောက်ဖို့ရန်အတွက် အကောင်းဆုံး တွန်းအားတွေကတော့ ခုပြောနေတဲ့ <b>ကုက္ကုစ္စ</b>လို့ခေါ်တဲ့ နောင်တတစ်ဖန်ပူပန်မှုတရား, <b>ဝိပ္ပဋိသာရ</b>လို့ခေါ်တဲ့ စိတ်မချမ်းသာတဲ့ တရားတွေသာ ဖြစ်တယ်။ ဒီတရားနှစ်ပါးက သေခါနီးကာလမှာ နှိပ်စက်လာပြီဆိုရင် ဒီသတ္တဝါသည် အပါယ်လေးဘုံကို တန်းပြီး ဆင်းသွားရမှာ ဖြစ်တယ်။ ဘုရားရှင်က ဒီမေးခွန်းနှစ်ခု မေးနေတယ်နော်။</p>
<p>သင်ချစ်သားရဲ့သန္တာန်မှာ နောင်တတစ်ဖန်ပူပန်မှု ကုက္ကုစ္စတရားတွေ မဖြစ်ဘဲ ရှိပါရဲ့လား, သင်ချစ်သားရဲ့သန္တာန်မှာ စိတ်မချမ်းသာမှု ဝိပ္ပဋိသာရတရားတွေ မဖြစ်ဘဲ ရှိပါရဲ့လားလို့ မေးကြည့်လိုက်တယ်။ မေးကြည့်လိုက်တဲ့ အချိန်အခါကျတော့ အရှင်အဿဇိမထေရ်မြတ်က ဘယ်လိုပြန်ပြီး လျှောက်ထားလဲ?။</p>
<p>‘‘<b>တဂ္ဃ မေ, ဘန္တေ, အနပ္ပကံ ကုက္ကုစ္စံ, အနပ္ပကော ဝိပ္ပဋိသာရော</b>’’။</p>
<p><b>ဘန္တေ</b>၊ မြတ်စွာဘုရား ...။ <b>တဂ္ဃ</b>၊ တကယ်စင်စစ် ဧကန်အမှန်အားဖြင့်။ <b>မေ</b>၊ ဘုရားတပည့်တော်၏သန္တန်၌။ <b>ကုက္ကုစ္စံ</b>၊ နောင်တတစ်ဖန် ပူပန်မှု ကုက္ကုစ္စတရားသည်။ <b>အနပ္ပကံ</b>၊ များပြားလှပါ၏။ <b>ဝိပ္ပဋိသာရော</b>၊ စိတ်မချမ်းသာမှု ဝိပ္ပဋိသာရတရားသည်။ <b>အနပ္ပကော</b>၊ များပြားလှပါ၏၊</p>
<p>နောင်တတစ်ဖန် ပူပန်နေတဲ့ ကုက္ကုစ္စတရားတွေကလည်း တပည့်တော်သန္တန်မှာ အလွန် များတယ်ဘုရား, စိတ်မချမ်းသာမှု ဝိပ္ပဋိသာရတရားတွေကလည်း အလွန် များနေပါတယ် မြတ်စွာဘုရား ဆိုပြီးတော့ ပြန်ပြီး လျှောက်ထားတယ်။</p>
<p>လျှောက်ထားတော့ ဒီကုက္ကုစ္စတွေ, ဒီဝိပ္ပဋိသာရလို့ခေါ်ဆိုအပ်တဲ့ နောင်တတစ်ဖန်ပူပန်မှုနဲ့ စိတ်မချမ်းသာမှု တရားတွေက ဘာကို အကြောင်းခံပြီး ဖြစ်သလဲလို့ သိချင်တဲ့အတွက် ဘုရားရှင်က ရှေ့ဆက်ပြီး မေးခွန်း မေးပြန်တယ်။</p>
<p>‘‘<b>ကစ္စိ ပန တံ, အဿဇိ, အတ္တာ သီလတော န ဥပဝဒတိ</b>’’?</p>
<p><b>အဿဇိ</b>၊ ချစ်သားအဿဇိ။ <b>ကစ္စိ</b>၊ အသို့ပါနည်း။ <b>တံ</b>၊ သင်ချစ်သားကို။ <b>အတ္တာ</b>၊ မိမိကိုယ်တိုင်က။ <b>သီလတော</b>၊ သီလအားဖြင့်။ <b>န ဥပဝဒတိ</b>၊ မစွတ်စွဲဘဲ ရှိပါရဲ့လား?</p>
<p>ချစ်သား အဿဇိ ... သင့်ကိုယ်ကို သင်ကိုယ်တိုင်က ပြန်ပြီးတော့ သီလအားဖြင့် မစွတ်စွဲဘဲ ရှိပါရဲ့လား? သတ္တဝါတွေ မိမိသီလ စင်ကြယ်၏, မစင်ကြယ်၏ဆိုတာ ကိုယ်ကိုတိုင်က အသိဆုံး ဖြစ်တယ်နော်။ ငါဟာ သီလ မစင်ကြယ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲလို့ မိမိကိုယ်ကို ပြန်ပြီးတော့ စွပ်စွဲမိရင်တော့၊ အဲဒီ သီလ မစင်ကြယ်ဘူးလို့ စွပ်စွဲမိခြင်းတည်းဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ နောင်တတစ်ဖန်ပူပန်မှု ကုက္ကုစ္စတရား, စိတ်မချမ်းသာမှု ဝိပ္ပဋိသာရတရားတွေက ဒီသတ္တဝါအား အပါယ်ကို ဆွဲခေါ်သွားမှာ ဖြစ်တယ်နော်။</p>
<p>ဒါကြောင့် ခုဖြစ်ပေါ်နေတဲ့ နောင်တတစ်ဖန်ပူပန်မှုနဲ့ စိတ်မချမ်းသာမှု တရားတွေသည် သီလ မစင်ကြယ်မှုကို အခြေခံပြီး ဖြစ်လေသလားလို့ သိချင်တဲ့အတွက် ဘုရားရှင်က သင်ချစ်သားသည် မိမိကိုယ်ကို မိမိကိုယ်တိုင်က သီလအားဖြင့် ပြန်ပြီး မစွတ်စွဲမိဘဲ ရှိပါရဲ့လားလို့ မေးတယ်။ အဲဒီလို မေးလိုက်တဲ့ အချိန်အခါမှာ အရှင်အဿဇိမထေရ်မြတ်က —</p>
<p>‘‘<b>န ခေါ မံ, ဘန္တေ, အတ္တာ သီလတော ဥပဝဒတိ</b>။**’’</p>
<p><b>ဘန္တေ</b>၊ မြတ်စွာဘုရား ...။ <b>မံ</b>၊ ဘုရားတပည့်တော်ကို။ <b>အတ္တာ</b>၊ ဘုရားတပည့်တော်ကိုယ်တိုင်က။ <b>သီလတော</b>၊ သီလအားဖြင့်။ <b>န ခေါ ဥပဝဒတိ</b>၊ မစွတ်စွဲဘဲ ရှိပါ၏ မြတ်စွာဘုရား။</p>
<p>တပည့်တော် သီလကို တပည့်တော် ဆန်းစစ်ကြည့်တဲ့အခါ သီလတွေက ဖြူစင်နေပါတယ်။ ဒါကြောင့် သီလအားဖြင့် တပည့်တော်သည် တပည့်တော်ကိုယ်ကို ပြန်ပြီးတော့ မစွတ်စွဲမိပါဘူး မြတ်စွာဘုရားဆိုပြီးတော့ ပြန်ပြီးတော့ လျှောက်ထားတယ်။ လျှောက်ထားတော့ နောင်တတစ်ဖန်ပူပန်မှုနဲ့ စိတ်မချမ်းသာမှုတွေက ဘာကို အကြောင်းခံပါသလဲလို့ ထပ်လောင်းပြီး သိချင်တဲ့အတွက် ဘုရားရှင်က ထပ်ဆင့်ပြီး မေးပြန်တယ်နော်။</p>
<p>‘‘<b>နော စေ ကိရ တံ, အဿဇိ, အတ္တာ သီလတော ဥပဝဒတိ, အထ ကိဉ္စ တေ ကုက္ကုစ္စံ ကော စ ဝိပ္ပဋိသာရော</b>’’?</p>
<p><b>အဿဇိ</b>၊ ချစ်သားအဿဇိ ...။ <b>တံ</b>၊ သင်ချစ်သားကို။ <b>အတ္တာ</b>၊ သင်ချစ်သားကိုယ်တိုင်က။ <b>သီလတော</b>၊ သီလအားဖြင့်။ <b>နော ဥပဝဒတိ</b>၊ အကယ်၍ မစွတ်စွဲမိသည် ဖြစ်အံ့။ <b>ဧဝံ အထ</b>၊ ထိုသို့ မစွတ်စွဲမိခဲ့သည်ရှိသော်။ <b>တေ</b>၊ သင်ချစ်သား၏။ <b>ကုက္ကုစ္စံ</b>၊ နောင်တတစ်ဖန်ပူပန်မှု ကုက္ကုစ္စတရားသည်ကား။ <b>ကိဉ္စိ</b>၊ အဘယ်ပါနည်း။ <b>ဝိပ္ပဋိသာရော</b>၊ စိတ်မချမ်းသာမှု ဝိပ္ပဋိသာရတရားသည်ကား။ <b>ကော စ</b>၊ အဘယ်ပါနည်း။</p>
<p>သင်ချစ်သားကို သင်ချစ်သားကိုယ်တိုင်က ပြန်ပြီးတော့ သီလအားဖြင့် မစွတ်စွဲမိဘဲ ရှိတယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ နောင်တတစ်ဖန်ပူပန်မှု ကုက္ကုစ္စတရား ဆိုတာက ဘာလဲ, စိတ်မချမ်းသာမှု ဝိပ္ပဋိသာရတရားတွေဆိုတာက ဘာလဲလို့ ပြန်ပြီးတော့ မေးကြည့်တယ်။ အဲဒီ အခါကျတော့မှ အရှင်အဿဇိ မထေရ်က သူ့ရဲ့ ဖြစ်ရပ်ကလေးကို လျှောက်ထားတယ်နော်။</p>
<p>‘‘<b>ပုဗ္ဗေ ခွါဟံ, ဘန္တေ, ဂေလညေ ပဿမ္ဘေတွာ ပဿမ္ဘေတွာ ကာယသင်္ခါရေ ဝိဟရာမိ, သောဟံ သမာဓိံ နပ္ပဋိလဘာမိ။ တဿ မယှံ, ဘန္တေ, တံ သမာဓိံ အပ္ပဋိလဘတော ဧဝံ ဟောတိ – ‘နော စဿာဟံ ပရိဟာယာမိ</b>’’’။</p>
<p><b>ဘန္တေ</b>၊ မြတ်စွာဘုရား...။ <b>အဟံ</b>၊ ဘုရားတပည့်တော်သည်။ <b>ပုဗ္ဗေ ခေါ</b>၊ ဟိုးရှေးယခင်အခါတုန်းက။ <b>ဂေလညေ</b>၊ မကျန်းမမာဖြစ်သော အချိန်အခါမျိုး၌။ <b>ပဿမ္ဘေတွာ ပဿမ္ဘေတွာ</b>၊ ငြိမ်းအေးစေ ငြိမ်းအေးစေ၍။ <b>ကာယသင်္ခါရေ</b>၊ ဝင်သက်လေ ထွက်သက်လေဟု ခေါ်ဆိုအပ်တဲ့ ကာယသင်္ခါရတရားတို့ကို။ <b>ဝိဟရာမိ</b>၊ စတုတ္ထဈာန် သမာဓိနှင့် နေနိုင်ခဲ့ပါ၏။ <b>ဘန္တေ</b>၊ မြတ်စွာဘုရား...။ <b>သောဟံ</b>၊ ထိုဘုရားတပည့်တော်သည်။ <b>သမာဓိံ</b>၊ စတုတ္ထဈာန်သမာဓိကို။ <b>နပ္ပဋိလဘာမိ</b>၊ တစ်ဖန်ပြန်၍ မရရှိတော့ပါ။ <b>ဘန္တေ</b>၊ မြတ်စွာဘုရား...။ <b>တံ သမာဓိံ</b>၊ ထိုစတုတ္ထဈာန် သမာဓိကို။ <b>အပ္ပဋိလဘတော</b>၊ မရရှိသော။ <b>တဿ မယှံ</b>၊ ဘုရားတပည့်တော်အား။ <b>ဧဝံ</b>၊ ဤသို့သော စိတ်အကြံအစည်သည်။ <b>ဟောတိ</b>၊ ဖြစ်ပေါ်၍ နေပါသည် မြတ်စွာဘုရား။ <b>နော စဿာဟံ ပရိဟာယာမိ</b>၊ ငါသည် သာသနာတော်မှ မဆုတ်ယုတ်ဘဲ ရှိပါ၏လား (ဣတိ = ဤသို့)။</p>
<p>တပည့်တော်ဟာ ရှေးယခင် မကျန်းမာစဉ်အခါတုန်းက အဿာသ ပဿာသ = ဝင်လေ ထွက်လေလို့ ခေါ်ဆိုအပ်တဲ့ <b>ကာယသင်္ခါရ</b>တရားတွေကို ငြိမ်းအောင်ကျင့်ပြီးတော့ <b>စတုတ္ထဈာန်သမာဓိ</b>ဖြင့် နေနိုင်ခဲ့ပါတယ် မြတ်စွာဘုရား။ ယခုအချိန်အခါမှာတော့ ဘုရားတပည့်တော်သည် ထို<b>စတုတ္ထဈာန်သမာဓိ</b>ကို တစ်ဖန်ပြန်ပြီး ဝင်စားကြည့်တော့ ဝင်စားလို့ မရဖြစ်နေပြီ။ ဝင်စားလို့ မရတဲ့အတွက်ကြောင့် ဘုရားတပည့်တော်ရဲ့သန္တာန်မှာ ငါသည် သာသနာတော်မှ မဆုတ်ယုတ်ဘဲ ရှိပါရဲ့လားဆိုပြီးတော့ စိတ်မချမ်းသာမှု၊ နောင်တတစ်ဖန်ပူပန်မှုတွေ ဖြစ်နေပါတယ် မြတ်စွာဘုရားဆိုပြီးတော့ လျှောက်ထားတယ်။ အဲဒီအချိန်အခါမှာ ဘုရားရှင်က —</p>
<p>‘‘<b>ယေ တေ, အဿဇိ, သမဏဗြာဟ္မဏာ သမာဓိသာရကာ သမာဓိသာမညာ တေသံ တံ သမာဓိံ အပ္ပဋိလဘတံ ဧဝံ ဟောတိ – ‘နော စဿု မယံ ပရိဟာယာမ</b>’’’။</p>
<p><b>အဿဇိ</b>၊ ချစ်သားအဿဇိ...။ <b>ယေ တေ သမဏဗြာဟ္မဏာ</b>၊ အကြင် သမဏဗြာဟ္မဏ အမည်ရတဲ့ ပုဂ္ဂိုလ်တို့သည်။ <b>သမာဓိသာရကာ</b>၊ သမာဓိသာ အနှစ်ဟု အောက်မေ့မှတ်ထင်၍ နေကြလေကုန်၏။ <b>သမာဓိသာမညာ</b>၊ သမာဓိသာ ရဟန်းအဖြစ်ဟု အောက်မေ့မှတ်ထင်၍ နေကြလေကုန်၏။ <b>တေသံ</b>၊ ထိုသမာဓိသာလျှင် အနှစ်၊ သမာဓိသာလျှင် ရဟန်းအဖြစ်ဟု အောက်မေ့မှတ်ထင်၍ နေကြကုန်သော။ <b>သမဏဗြာဟ္မဏာနံ</b>၊ သမဏဗြာဟ္မဏ အမည်ရနေတဲ့ ပုဂ္ဂိုလ်တို့အား။ <b>တံ သမာဓိံ</b>၊ ထိုစတုတ္ထဈာန် သမာဓိကို။ <b>အပ္ပဋိလဘတံ</b>၊ မရရှိကြကုန်သည်ဖြစ်၍။ <b>ဧဝံ</b>၊ ဤသို့သော စိတ်အကြံအစည်သည်။ <b>ဟောတိ</b>၊ ဖြစ်ပေါ်၍ နေတတ်ပေ၏။ <b>နော စဿု မယံ ပရိဟာယာမ</b>၊ ငါတို့သည် သာသနာတော်မှ မဆုတ်ယုတ်ဘဲ ရှိကြပါကုန်၏လော (ဣတိ = ဟူသော)။</p>
<p>ချစ်သား အဿဇိ... <b>သမဏဗြာဟ္မဏ</b> အမည်ရနေတဲ့ တချို့တချို့ ပုဂ္ဂိုလ်တွေ ရှိကြတယ်။ ထိုပုဂ္ဂိုလ်တွေက သမာဓိသာလျှင် အနှစ်သာရလို့ အောက်မေ့မှတ်ထင်ပြီး နေကြတယ်၊ သမာဓိသာလျှင် ရဟန်းအဖြစ်လို့ အောက်မေ့မှတ်ထင်ပြီး နေကြတယ်။ သမာဓိသာလျှင် အနှစ်၊ သမာဓိသာလျှင် ရဟန်းအဖြစ်လို့ အောက်မေ့မှတ်ထင်နေကြတဲ့ ဒီ<b>သမဏဗြာဟ္မဏ</b>တွေရဲ့သန္တာန်မှာ ဒီသမာဓိကို တစ်ဖန် ပြန်ပြီးတော့ မရခဲ့ကြဘူးဆိုရင် ငါတို့သည် သာသနာတော်မှ မဆုတ်ယုတ်ဘဲ ရှိကြပါရဲ့လားဆိုပြီးတော့ ဒီလို စိတ်မချမ်းသာမှု <b>ဝိပ္ပဋိသာရ</b>တရား၊ နောင်တတစ်ဖန်ပူပန်မှု <b>ကုက္ကုစ္စ</b>တရားတွေ ဖြစ်ပေါ်လာတတ်ပါတယ်ဆိုပြီးတော့ မြတ်စွာဘုရားက အမိန့်ရှိတယ်နော်။</p>
<p>ဒီစကားလေးရဲ့ ဦးတည်ချက်ကတော့ — သာသနာတော်ရဲ့ အနှစ်သည် သမာဓိ မဟုတ်ဘူး၊ ရဟန်းအဖြစ်ရဲ့ အနှစ်သာရသည် သမာဓိ မဟုတ်ဘူး။ <b>ဝိပဿနာ</b>နဲ့ <b>မဂ်ဉာဏ် ဖိုလ်ဉာဏ်</b>တို့သာလျှင် သာသနာတော်ရဲ့ အနှစ်သာရ ဖြစ်တယ်လို့ အရှင်အဿဇိ မထေရ်မြတ်ကို သက်သာရာရအောင် အသိဉာဏ်ပေးလိုက်တာ ဖြစ်ပါတယ်နော်။ သက်သာရာ ရပြီးတဲ့ အချိန်အခါမှာ အရှင်အဿဇိမထေရ်ရဲ့သန္တာန်မှာ ဘုရားရှင်ရဲ့ တရားတွေ နာကြားလိုက်ရတော့ သက်သာရာရတော့ စိတ်ချမ်းသာသွားတယ်။ စိတ်ချမ်းသာလို့ရှိရင် ဘာဖြစ်လဲ?</p>
<p><b>သုခိနော စိတ္တံ သမာဓိယတိ</b>၊ စိတ်ချမ်းသာတဲ့ပုဂ္ဂိုလ်ရဲ့ စိတ်သည် တည်ကြည်လာတယ်နော်။ အဲဒီလို သမာဓိကဖြစ်လို့ ဣန္ဒြေစုံညီလာပြီဆိုတဲ့ အချိန်အခါကျမှ ဘုရားရှင်က မရိုးနိုင်တဲ့ <b>တေပရိဝဋ္ဋဓမ္မဒေသနာတော်</b>လို့ ခေါ်ဆိုအပ်တဲ့ <b>ဝိပဿနာကျင့်စဉ်</b>ကို ဆက်လက်ပြီး ဟောကြားပေးတယ်။ ဒါကတော့ အရှင်အဿဇိမထေရ်အတွက် သွားတဲ့လမ်းပဲနော်။ ဒီနေ့ တရားနာပရိသတ်ဖြစ်ကြတဲ့ ဒကာကြီးတွေ၊ ဒကာမကြီးတွေအတွက်လည်း ဒီနေရာလေးမှာ ခေတ္တရပ်ပြီး အရှင်အဿဇိမထေရ်တို့ ကျင့်သွားတဲ့ ထုံးလေးကို နှလုံးမူပြီးတော့ ဦးပဉ္စင်းက ကျင့်စဉ်လေးတစ်ခု ဒီနေရာမှာ ဟောပေးဖို့ ရည်ရွယ်ထားပါတယ်နော်။</p>
<p>ရှင်အဿဇိမထေရ်က မကျန်းမမာဖြစ်တဲ့ အချိန်အခါမှာ သူက “<b>ပဿမ္ဘေတွာ ပဿမ္ဘေတွာ ကာယသင်္ခါရေ</b>” အဿာသ ပဿာသ = ဝင်လေ ထွက်လေလို့ ခေါ်ဆိုအပ်တဲ့ <b>ကာယသင်္ခါရ</b>တရားတွေကို ငြိမ်းအောင် ကျင့်တယ်။ ဘယ်အခါမှာ ဒီအဿာသ ပဿာသ = ဝင်လေ ထွက်လေတွေက ငြိမ်းပါသလဲလို့ မေးတော့ <b>စတုတ္ထဈာန်သမာဓိ</b> ဆိုက်ပြီဆိုရင် ငြိမ်းသွားတယ်။ <b>စတုတ္ထဈာန်သမာဓိ</b> ဆိုက်ပြီးရင် ဒီဝင်လေ ထွက်လေ ငြိမ်းတယ်ဆိုတာက အသက်မရှူတော့ဘူးလို့ ဆိုလိုပါတယ်နော်။ အဲဒီ အသက်မရှူတဲ့ <b>စတုတ္ထဈာန်သမာဓိ</b>မှာ ဖျားနာတဲ့အချိန်အခါမှာ ရှေးယခင်အခါက သူ သွားပြီးနေတယ်။ နေတယ်ဆိုတော့ သူက ဒီသမာဓိစခန်းလောက်နဲ့ ကျေနပ်နေတဲ့ သူတော်ကောင်းလားလို့ မေးကြည့်တော့ မဟုတ်ပါဘူးနော်။ <b>အရဟတ္တဖိုလ်</b>ပေါက်ကို ဦးတည်ပြီးတော့ သာသနာတော်မှာ ဝင်ရောက်ပြီးတော့ ရှင်ရဟန်းပြုနေတဲ့ သူတော်ကောင်းတစ်ဦးဖြစ်တယ်။ ဒီ<b>စတုတ္ထဈာန်သမာဓိ</b>ကို အခြေခံပြီး ရုပ်တွေ သိမ်းဆည်းတယ်၊ နာမ်တွေ သိမ်းဆည်းတယ်။ အကြောင်းတရားတွေ သိမ်းဆည်းပြီး အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေကို <b>အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်</b>တင်ကာ ရှူပွားသုံးသပ်တော်မူတဲ့ သူတော်ကောင်းဖြစ်တယ်။ သို့သော်လည်း သူ့ရဲ့ <b>ဝိပဿနာဉာဏ်</b>တွေက ဣန္ဒြေရင့်ကျက်တဲ့ အဆင့်အထိ မရောက်နိုင်သေးဘူး။ ဣန္ဒြေရင့်ကျက်တဲ့ အဆင့်ထိ မရောက်သေးဘူးဆိုတာက ဣန္ဒြေက ဒီအပိုင်းမှာ ငါးခု ရှိတယ်နော်။ <b>သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ</b>။ ဒီတရား ငါးမျိုးကို <b>ဣန္ဒြေ</b>လို့ ခေါ်ဆိုတယ်။ ဘာကြောင့် <b>ဣန္ဒြေ</b>လို့ ခေါ်ဆိုရသလဲ?</p>
<p>သတ္တဝါတစ်ဦးက နိဗ္ဗာန်ကို တာဆူပြီး <b>မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရား</b>လို့ ခေါ်ဆိုအပ်တဲ့ လမ်းကြောင်းပေါ်ကို ဖြောင့်ဖြောင့် လျှောက်နေတယ်။ လျှောက်နေတဲ့ အချိန်အခါမှာ ထိုလမ်းကြောင်းကနေ ဘေးကို တိမ်းစောင်းပြီး ကျမသွားအောင် ထိုသူတော်ကောင်းရဲ့ စိတ်အစဉ်ကို ထိန်းချုပ်ထားနိုင်တဲ့ စွမ်းအားကြီး ငါးခုကို <b>ဣန္ဒြေငါးပါး</b>လို့ ခေါ်တယ်။ <b>သဒ္ဓါ</b>၊ ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝ ရှိဖို့လိုတယ်နော်။ ဒီယုံကြည်ချက် သဒ္ဓါတရားနဲ့ ပတ်သက်ပြီးတော့ ဦးတည်ထားတာကတော့ <b>တထာဂတဿ ဗောဓိ</b> ဆိုပြီးတော့ ဘုရားရှင်က “<b>ဗောဓိရာဇကုမာရ</b>” သုတ္တန်များမှာ ဟောထားတယ်၊ ဘုရားရှင်၏ <b>သမ္မာသမ္ဗောဓိဉာဏ်</b>ကို ယုံကြည်ဖို့တော့ လိုတယ်။ <b>သမ္မာသမ္ဗောဓိဉာဏ်</b>ကို ယုံကြည်ခဲ့ရင် ထို<b>သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်</b>ဖြင့် ပိုင်းခြားပြီး ဟောကြားထားတော်မူတဲ့ <b>သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်</b>လို့ ခေါ်ဆိုအပ်တဲ့ <b>သိက္ခာသုံးရပ်</b> အကျင့်မြတ်တွေ အပေါ်၌ ယုံကြည်ချက် စွမ်းအားတွေလည်း အပြည့်အဝ ဖြစ်ပေါ်လာမှာ ဖြစ်တယ်။</p>
<p>ဒီတော့ ဒီနေ့ တရားကျင့်နေတဲ့ သူတော်ကောင်းက နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ <b>မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရား</b>တွေကို ကျင့်တဲ့အပိုင်းမှာ ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမထားတဲ့ <b>သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်</b>လို့ ခေါ်ဆိုအပ်တဲ့ ဒီ<b>သိက္ခာသုံးရပ်</b> အကျင့်မြတ်အပေါ်၌ ခြွင်းချက်မရှိ ယုံကြည်နေတဲ့ စွမ်းအားတစ်ခု ရှိဖို့တော့လိုတယ်။ အဲဒီ စွမ်းအားတွေက လျော့နည်းနေပြီ။ ဟုတ်မှ ဟုတ်ပါ့မလား၊ ဖြစ်မှ ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယတွေက တစ်ပုံကြီး ဝင်လာပြီး (သို့မဟုတ်) <b>အသဒ္ဓိယ</b>ခေါ်တဲ့ မယုံကြည်ချက်တွေဘက်ကို ယိုင်လဲသွားပြီဆိုရင် ထိုသူတော်ကောင်းရဲ့ စိတ်အစဉ်ကို ဒီယုံကြည်ခြင်းဆိုတဲ့ <b>သဒ္ဓါတရား</b>က နိဗ္ဗာန်သွားရာ <b>မဂ္ဂင်ရှစ်ပါး</b> လမ်းကြောင်းပေါ်က တိမ်းစောင်းမသွားအောင် ထိန်းချုပ်ထားနိုင်တဲ့ စွမ်းအား မရှိတော့ဘူးနော်။ <b>အသဒ္ဓိယ</b>ခေါ်တဲ့ မယုံကြည်တဲ့ဘက်ကို ယိုင်လဲသွားပြီ။</p>
<p>ဒါကြောင့် လုပ်ငန်းခွင်တစ်ခု ပြုလုပ်တဲ့အခါမှာ ဘုရားရှင်အပေါ်၌သော်လည်းကောင်း၊ ဘုရားရှင် ချမှတ်ပေးထားတဲ့ <b>သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်</b>လို့ ခေါ်ဆိုအပ်တဲ့ <b>သိက္ခာသုံးရပ်</b> အကျင့်မြတ် အပေါ်၌လည်းကောင်း ယုံကြည်ချက်စွမ်းအား အပြည့်အဝ ရှိဖို့တော့လိုတယ်။</p>
<p>ယုံကြည်လာပြီဆိုရင် ဒီကျင့်စဉ်ကို မမှိတ်မသုံ ဆက်လက်ပြီး ကျင့်တော့မယ်။ ဒီ<b>မဂ္ဂင်ရှစ်ပါး</b> လမ်းကြောင်းပေါ်ကို ဖြောင့်ဖြောင့် သွားတော့မယ်။ သွားတဲ့အချိန်အခါမှာ ဘေးကို တိမ်းစောင်းပြီး ကျမသွားအောင်။ ဘေးဆိုတာကတော့ မယုံကြည်ခြင်းဆိုတဲ့ <b>အသဒ္ဓိယ</b>ဘက်ကို ယိုင်လဲပြီး မသွားအောင် စိတ်အစဉ်ကို ထိန်းချုပ်ပေးလိမ့်မယ်။ ဒီ<b>သဒ္ဓါတရား</b>ကနော်။</p>
<p>နောက်တစ်ခု “<b>ဝီရိယ</b>” စွမ်းအားတစ်ခုပဲ။ မဖြစ်ပေါ်သေးတဲ့ အကုသိုလ်တွေကို မဖြစ်အောင် ကြိုးစားအားထုတ်ခြင်း၊ ဖြစ်ပေါ်ပြီးတဲ့ အကုသိုလ်တရားတွေကို ပယ်နိုင်အောင် ကြိုးစားအားထုတ်ခြင်း၊ မဖြစ်ပေါ်သေးတဲ့ ကုသိုလ်တရားတွေ ဖြစ်ပေါ်လာအောင် ကြိုးစားအားထုတ်ခြင်း၊ ဖြစ်ပေါ်ပြီးနေတဲ့ ကုသိုလ်တရားတွေကို တိုးပွားအောင် ကြိုးစားအားထုတ်ခြင်းဆိုတဲ့ ဒီ <b>သမ္မပ္ပဓာန် လုံ့လဝီရိယ</b> ရှိရမယ်။</p>
<p>ဒီ<b>သမ္မပ္ပဓာန် လုံ့လဝီရိယ</b>ကို ကြိုးပမ်းအားထုတ်တဲ့ အပိုင်းမှာ အရိုးကြွင်းစေ၊ အရေကြွင်းစေ၊ အကြောကြွင်းစေ၊ အသားအသွေးတွေ ခန်းခြောက်ချင် ခန်းခြောက်ပါစေ ယောက်ျားတို့ရဲ့ ဇွဲလုံ့လဝီရိယဖြင့် ရနိုင်တဲ့ အရာမှန်ခဲ့ရင် ငါနောက်ကို ဘယ်တော့မှ မဆုတ်ဘူးလို့ အင်္ဂါလေးပါး ခြံရံထားတဲ့ <b>သမ္မပ္ပဓာန် လုံ့လဝီရိယ</b> ရှိဖို့လိုအပ်တယ်။ အဲဒီ လုံ့လဝီရိယရှိခဲ့ရင် ဒီ<b>ဝီရိယ</b>ကလည်း နိဗ္ဗာန်ရောက်ကြောင်း <b>မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရား</b>ဆိုတဲ့ လမ်းကြောင်းပေါ်ကို ဖြောင့်ဖြောင့် လျှောက်နေတဲ့ သူတော်ကောင်းရဲ့ စိတ်အစဉ်ကို <b>ကောသဇ္ဇ</b>လို့ခေါ်တဲ့ ပျင်းရိခြင်းဘက်သို့ ယိုင်လဲပြီး မသွားအောင် ထိန်းချုပ်ထားနိုင်တဲ့ စွမ်းအားရှိတယ်နော်။</p>
<p>“<b>သတိ</b>” = သတိရဲ့တည်ရာ အာရုံတွေနဲ့ပတ်သက်လို့ ကာယ, ဝေဒနာ, စိတ္တ, ဓမ္မဆိုပြီးတော့ အကျဉ်းချုပ်အားဖြင့် လေးပါး ဖော်ပြထားတယ်။ ကာယဆိုတာက <b>ကာယာနုပဿနာသတိပဋ္ဌာန်</b>၊ ဝေဒနာက <b>ဝေဒနာနုပဿနာသတိပဋ္ဌာန်</b>၊ စိတ္တက <b>စိတ္တာနုပဿနာသတိပဋ္ဌာန်</b>၊ ဓမ္မက <b>ဓမ္မာနုပဿနာသတိပဋ္ဌာန်</b>။ သတိရဲ့ တည်ရာအာရုံ လေးခု။ ကာယအရ အကြမ်းစားအားဖြင့်တော့ သမထပိုင်းလည်း ပါတယ်၊ ရုပ်ပိုင်းလည်း ပါတယ်နော်။ “ရုပ်ပိုင်း” ကာယလို့ ဦးတည်ထားတဲ့ ရုပ်တရား၊ ဝေဒနာအရ ဝေဒနာတရား၊ စိတ္တအရ အသိစိတ်အားလုံး၊ ဓမ္မအရက ဝေဒနာမှ ကြွင်းနေတဲ့ စေတသိက် ငါးဆယ့်တစ်လုံး။ ပေါင်းလိုက်တော့ ရုပ်, ဝေဒနာ, စိတ္တ, ဓမ္မ။ ဝေဒနာနဲ့ ဓမ္မက စေတသိက် ငါးဆယ့်နှစ်ပါး၊ စိတ္တက စိတ်တရား။ စိတ်နဲ့စေတသိက် ပေါင်းလိုက်တော့ နာမ်တရား။ <b>ကာယာနုပဿနာ</b>မှာ ဟောနေတဲ့ ရုပ်တရား၊ ရုပ်နာမ် နှစ်ပါး၊ ငါးပုံ ပုံလိုက်တော့ <b>ခန္ဓာငါးပါး</b> ဖြစ်တယ်နော်။</p>
<p>အဲဒီ <b>ခန္ဓာငါးပါး</b> ရုပ်နာမ်တရားလို့ ခေါ်ဆိုအပ်တဲ့ အာရုံတွေသည် သတိရဲ့ တည်ရာအာရုံ ဖြစ်ပါတယ်။ ထိုသတိရဲ့ တည်ရာအာရုံပေါ်၌ ဘာဝနာစိတ်ကို မမေ့မပျောက်အောင်၊ ကပ်နေအောင် ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ စွမ်းအားကို <b>သတိ</b>လို့ ခေါ်ပါတယ်။ ဒီ<b>ခန္ဓာငါးပါး</b> ရုပ်တရား နာမ်တရားတွေကို မမေ့မပျောက်တဲ့သဘော။ <b>ခန္ဓာငါးပါး</b> ရုပ်တရား နာမ်တရားဆိုတဲ့ အာရုံ၌ ဘာဝနာစိတ် ခိုင်မြဲနေတဲ့သဘော။ ဒါက ပထမဆင့်။ ဒုတိယဆင့် ကူးလိုက်တော့။ ဒီ<b>ခန္ဓာငါးပါး</b> ရုပ်တရား နာမ်တရားတို့ရဲ့ အကြောင်းတရားတွေကို ရှာဖွေနိုင်တဲ့အခါ အကြောင်းအကျိုး အာရုံ၌ စိတ်ခိုင်မြဲနေတဲ့သဘော။ ဒီကနေ တစ်ဆင့်တက်လိုက်တော့ အကြောင်းတရားနှင့်တကွ ဒီ<b>ခန္ဓာငါးပါး</b> ရုပ်တရား နာမ်တရားတို့ရဲ့ အနိစ္စအခြင်းအရာ၊ ဒုက္ခအခြင်းအရာ၊ အနတ္တအခြင်းအရာဆိုတဲ့ ဒီအခြင်းအရာ ——</p>
<p>ဒီ<b>သတိ</b>ကလည်း နိဗ္ဗာန်ရောက်ကြောင်း <b>မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရား</b>လို့ ခေါ်ဆိုအပ်တဲ့ လမ်းကြောင်းပေါ်ကို ဖြောင့်ဖြောင့် လျှောက်နေတဲ့ သူတော်ကောင်းရဲ့ စိတ်အစဉ်ကို ဘေးကို တိမ်းစောင်းပြီး ကျမသွားအောင် ထိန်းချုပ်ထားနိုင်တဲ့ စွမ်းအားရှိတယ်။ ဒါကြောင့် သူလည်း <b>ဣန္ဒြေ</b>လို့ခေါ်တယ်။</p>
<p><b>သမာဓိ</b>၊ ရုပ်တရား အာရုံ၊ နာမ်တရား အာရုံ။ မိမိက သမထပိုင်း ရှုခဲ့ရင်လည်း သမထအာရုံ။ သမထပိုင်း ကျော်လာလို့ ရုပ်နာမ်ကို သိမ်းဆည်းရင် ရုပ်တရား အာရုံ၊ နာမ်တရား အာရုံ။ အကြောင်းအကျိုး သိမ်းဆည်းနိုင်လို့ <b>ပစ္စယပရိဂ္ဂဟဉာဏ်</b>ပိုင်းလောက် ရောက်ရင်တော့ အကြောင်းတရား အကျိုးတရားဆိုတဲ့ အာရုံ။ ဝိပဿနာပိုင်း ရောက်လာရင်တော့ ဒီရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတို့ရဲ့ အနိစ္စအခြင်းအရာဆိုတဲ့ အာရုံ၊ ဒုက္ခအခြင်းအရာဆိုတဲ့ အာရုံ၊ အနတ္တအခြင်းအရာဆိုတဲ့ အာရုံ။ အဲဒီ အာရုံတွေအပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်အောင် ထားနိုင်တဲ့ စွမ်းအားလေးတစ်ခုကို <b>သမာဓိ</b>ခေါ်တယ်။ အဲဒီ<b>သမာဓိ</b>ဟာလည်း နိဗ္ဗာန်ရောက်ကြောင်း <b>မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရား</b>လို့ ခေါ်ဆိုအပ်တဲ့ လမ်းကြောင်းပေါ်ကို လျှောက်နေတဲ့ စိတ်အစဉ်အား ဘေးကို တိမ်းစောင်းပြီး ကျမသွားအောင် ထိန်းချုပ်ထားနိုင်တဲ့ စွမ်းအားရှိတယ်။</p>
<p><b>ပညာ</b>၊ ပညာဆိုတာကတော့ ခုနက သတိရဲ့ အာရုံဖြစ်တဲ့ ရုပ်, ဝေဒနာ, စိတ္တ, ဓမ္မ။ ရုပ်တရား၊ နာမ်တရား၊ အကြောင်းတရား၊ အကျိုးတရားတွေ။ အဲဒီ ရုပ်နာမ်ကြောင်းကျိုးကို ထွင်းဖောက်သိနေတာက <b>ပညာ</b>။ ရုပ်နာမ် ကြောင်းကျိုး သင်္ခါရတရားတွေရဲ့ အနိစ္စ, ဒုက္ခ, အနတ္တ အခြင်းအရာအားဖြင့် ထွင်းဖောက်သိနေတာက <b>ပညာ</b>။ အဲဒီ<b>ပညာ</b>ကလည်း နိဗ္ဗာန်ရောက်ကြောင်း <b>မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရား</b>လို့ ခေါ်ဆိုအပ်တဲ့ လမ်းကြောင်းပေါ်ကို လျှောက်နေတဲ့ သူတော်ကောင်းရဲ့ စိတ်အစဉ်ကို ဘေးကို တိမ်းစောင်းပြီး ကျမသွားအောင် ထိန်းချုပ်ထားနိုင်တဲ့ စွမ်းအားရှိခြင်းကြောင့် သူ့ကို <b>ဣန္ဒြေ</b>လို့ပဲ ခေါ်ပါတယ်နော်။</p>
<p>ထို<b>သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ</b>လို့ ခေါ်ဆိုအပ်တဲ့ <b>ဣန္ဒြေငါးပါး</b>ကို ရင့်ကျက်အောင် ကြိုးစားဖို့တော့ လိုတယ်။ အဲဒီလို ကြိုးစားတဲ့အပိုင်းမှာ မရင့်ကျက်သေးဘူးဆိုရင်တော့ ခုနက အရှင်အဿဇိမထေရ်ဖြစ်တဲ့ ပုံစံလို ဖြစ်နေတတ်တယ်။ ဒီတော့ မိမိတို့က ဒီအရှင်အဿဇိမထေရ် ကြိုးစားသွားတဲ့ လမ်းက ဝင်လေ ထွက်လေကို ချုပ်ငြိမ်းအောင်ကျင့်တဲ့ <b>စတုတ္ထဈာန်သမာဓိ</b>ကို အခြေခံပြီး ကြိုးစားနေတဲ့ လမ်းဖြစ်တယ်။ အဲဒီတော့ ဒီဝင်လေ ထွက်လေကို ချုပ်ငြိမ်းစေတတ်တဲ့ ကျင့်စဉ်ထဲမှာ <b>စတုတ္ထဈာန်သမာဓိ</b> အားလုံးသည် ချုပ်ငြိမ်းစေနိုင်တဲ့ စွမ်းအားရှိတာချည်း ဖြစ်တယ်။ သို့သော်လည်း အရှင်အဿဇိမထေရ်က ဘယ်<b>စတုတ္ထဈာန်သမာဓိ</b>ကို အခြေခံတယ်ဆိုတာ အတိအကျ မပြောနိုင်သော်လည်း ဒီနေ့ တရားနာနေတဲ့ ပရိသတ်တွေအတွက် ဦးပဉ္စင်း <b>အာနာပါနလမ်းစဉ်</b>ကနေ <b>စတုတ္ထဈာန်သမာဓိ</b>ဆိုက်အောင် အာနာပါန ချုပ်ငြိမ်းအောင် ကျင့်တဲ့ ကျင့်စဉ်လေးကို ဟောဖို့ ရည်ရွယ်ထားပါတယ်။</p>
<p>အဲဒီကျင့်စဉ်နဲ့ ပတ်သက်လို့ ဘုရားရှင်သည် <b>အာနာပါနဿတိသုတ္တန်</b> စတဲ့ ထိုထိုသုတ္တန်တွေမှာ ထိုက်သလို ဟောထားပါတယ်။ <b>မဟာရာဟုလောဝါဒသုတ္တန်</b>မှာလည်း ဟောထားပါတယ်။ <b>တတိယပါရာဇိက</b>မှာလည်း ဟောထားပါတယ်။ ဒါကြောင့် ဒီနေ့ အဲဒီ <b>အာနာပါနကျင့်စဉ်</b>လေးနဲ့ စပြီးတော့ တရားကျင့်စဉ် ရုပ်လုံး ဖော်ကြရအောင်။</p>
<p>‘‘<b>အယမ္ပိ ခေါ ဘိက္ခဝေ အာနာပါနဿတိသမာဓိ ဘာဝိတော ဗဟုလီကတော သန္တော စေဝ ပဏီတော စ အသေစနကော စ သုခေါ စ ဝိဟာရော၊ ဥပ္ပန္နုပ္ပန္နေ စ ပါပကေ အကုသလေ ဓမ္မေ ဌာနသော အန္တရဓာပေတိ ဝူပသမေတိ</b>’’။ (သံ၊၃၊၂၇၉။ ဝိ၊၁၊၈၈။)</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့...။ <b>အယမ္ပိ ခေါ အာနာပါနဿတိသမာဓိ</b>၊ ဤ အာနာပါနဿတိ သမာဓိသည်။ <b>ဘာဝိတော</b>၊ အလေ့အလာ ပြုအပ်သည်ရှိသော်။ <b>သန္တော စေဝ</b>၊ ငြိမ်လည်း ငြိမ်သက်၏။ <b>ပဏီတော စ</b>၊ မွန်လည်း မွန်မြတ်၏။ <b>အသေစနကော စ</b>၊ ပရိကမ္မ စသော အကြောင်းတစ်ပါးဖြင့် သွန်းလောင်းဖွယ်ရာလည်းမရှိ။ <b>သုခေါ စ ဝိဟာရော</b>၊ ချမ်းချမ်းသာသာ နေရခြင်း၏ အကြောင်းလည်းဖြစ်၏။ <b>ဥပ္ပန္နုပ္ပန္နေ စ ပါပကေ အကုသလေ ဓမ္မေ</b>၊ ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်းကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့ကိုလည်းပဲ။ <b>ဌာနသော</b>၊ တစ်ခဏချင်းအားဖြင့်။ <b>အန္တရဓာပေတိ</b>၊ ကွယ်ပျောက်ရုပ်သိမ်း ချုပ်ငြိမ်းစေနိုင်၏။ <b>ဝူပသမေတိ</b>၊ ငြိမ်းအေးစေနိုင်၏၊</p>
<p>လုပ်ငန်းခွင်တစ်ခု ပြုလုပ်တဲ့ အပိုင်းမှာ ဒီလုပ်ငန်းခွင်နဲ့ ပတ်သက်ပြီး ဘုရားရှင်က သာဝကတွေ စိတ်ဝင်စားလာအောင် ချီးမွမ်းပြီး ပေးရတယ်။ <b>အာနာပါနကမ္မဋ္ဌာန်း = အာနာပါနဿတိသမာဓိ</b>ဆိုတဲ့ ဒီကမ္မဋ္ဌာန်းသည် ဘယ်လောက် အဆင့်အတန်း မြင့်နေတယ်။ ဘယ်လောက် ကောင်းတယ် ဆိုတာကတော့ ချီးမွမ်းပေးရတယ်နော်။ <b>သန္တ</b>၊ ငြိမ်လည်း ငြိမ်သက်တယ်။ <b>ပဏီတ</b>၊ မွန်လည်း မွန်မြတ်တယ်။ ဘာဖြစ်လို့ ငြိမ်သက်ရသလဲ၊ ဘာဖြစ်လို့ မွန်မြတ်ရသလဲလို့ မေးရင်တော့ —</p>
<p>ဦးပဉ္စင်းတို့ <b>အသုဘကမ္မဋ္ဌာန်း</b>ကို လှမ်းပြီး ကြည့်လိုက်။ <b>အသုဘဘာဝနာ</b> ပွားရမယ့် သူတော်ကောင်းက အသုဘအလောင်းကောင်ကို အာရုံယူပြီးတော့ ရှုပွားရတော့ ဒီအလောင်းကောင်ဆိုတဲ့ အာရုံကို လှမ်းကြည့်လိုက်ရင် အင်မတန် ရွံရှာစက်ဆုပ်ဖွယ် ကောင်းပြီးတော့ ရုန့်ရင်းကြမ်းတမ်းတဲ့ အာရုံတစ်ခု ဖြစ်တယ်။ သို့သော်လည်း ဘာဝနာစွမ်းဟုန်ကြောင့် <b>ဈာန်သမာဓိ</b> ဆိုက်လာရင်တော့ ဘာဝနာရဲ့ စွမ်းအားကြောင့်သာလျှင်။ <b>ဈာန်အင်္ဂါ</b>တွေရဲ့ စွမ်းအားကြောင့်သာလျှင် ငြိမ်သက်လာရတယ်။ အာရုံက ရုန့်ရင်းကြမ်းတမ်းတယ်။ ခု ဒီအာနာပါနကျတော့ ဒီလို မဟုတ်ဘူး။ စပြီး ပျိုးထောင် အားထုတ်လိုက်ကတည်းက သူက အာရုံကလည်း ငြိမ်သက်တယ်၊ မွန်မြတ်တယ်။ အာရုံက ငြိမ်သက် မွန်မြတ်သလို ဒီအာရုံကို အခြေခံပြီး <b>ဈာန်</b>တွေ ဆိုက်ခဲ့မယ်ဆိုလို့ရှိရင်လည်း ဒီ<b>ဈာန်</b>တွေရဲ့ စွမ်းအားကြောင့် <b>ဈာန်အင်္ဂါ</b>တို့ရဲ့ စွမ်းအားကြောင့် ငြိမ်သက် မွန်မြတ်တဲ့အဆင့်ကို ရောက်ရှိသွားတယ်။</p>
<p>ဒါကြောင့် မြတ်စွာဘုရားရှင်က ဒီအာနာပါနကမ္မဋ္ဌာန်းကို <b>“သန္တ ပဏီတ”</b> ဆိုပြီးတော့ ချီးမွမ်းထားတယ်။ နောက်တစ်ခု <b>အသေစနက</b>၊ နောက်ထပ် ထပ်ပြီးတော့ လိုနေလို့ ထည့်ပေးစရာ မလိုဘူးတဲ့။ ကသိုဏ်းတွေ အားထုတ်တော့မယ်ဆိုရင် ပထဝီကသိုဏ်းတို့လို ကသိုဏ်းတစ်ခု အားထုတ်မယ်ဆိုရင်ပေါ့။ မကျွမ်းကျင်သေးတဲ့ သူတော်ကောင်း ဖြစ်ခဲ့ရင်တော့ ပိတ်စလေးနဲ့ မြေအဝိုင်းလေးသဏ္ဍာန် ပြုလုပ်ပေးရတယ်။ နည်းနည်း သမာဓိ ရင့်ကျက်နေတဲ့ ကျွမ်းကျင်တဲ့ သူတော်ကောင်းဖြစ်ခဲ့ရင်တော့ မြေကြီးမှာ စကောလောက်ရှိတဲ့, တစ်ပေပတ်လည်လောက်ရှိတဲ့ အဝိုင်းကလေးတစ်ခုလောက် ဝိုင်းပြီးတော့ ထိုမြေအဝိုင်းလေးကို သန့်ရှင်းအောင် ပြုလုပ်ပြီးတော့ “ပထဝီ ပထဝီ” ဆိုပြီးတော့ နှလုံးသွင်းနေရတယ်။ နိမိတ် ယူရတယ်။ ချက်ချင်း ပွားများလို့ မရနိုင်ဘူး။ အဲဒီလို ပြုလုပ်နေတဲ့ လုပ်ငန်းခွင်ကို <b>ပရိကမ္မလုပ်ငန်း</b>လို့ ခေါ်ပါတယ်။ ခု ဒီအာနာပါနမှာတော့ အဲဒီလို ပရိကမ္မစတဲ့ အကြောင်းတစ်ပါးဖြင့် ထပ်လောင်းပြီး ထည့်နေဖွယ် မလိုဘူး။ ပင်ကိုယ် အသက်ရှူနေတဲ့ လေကြောင်းလေးကိုပဲ ကြည့်ပြီး အားထုတ်ရတယ်။ ဒါကြောင့် အသေစနက။</p>
<p>နောက်တစ်ခု — <b>သုခေါ စ ဝိဟာရော</b>၊ ချမ်းချမ်းသာသာ နေရခြင်းရဲ့ အကြောင်းလည်း ဖြစ်တယ်။ ဘယ်ကမ္မဋ္ဌာန်းပဲ အားထုတ် အားထုတ် ချမ်းသာခြင်းရဲ့ အကြောင်းတော့ မှန်တယ်။ သို့သော် အာနာပါနကမ္မဋ္ဌာန်းကို ချီးမွမ်းနေတဲ့ အပိုင်းဖြစ်တော့ အာနာပါနကမ္မဋ္ဌာန်းဟာ ချမ်းသာတယ်လို့ ဒီလိုတော့ ချီးမွမ်းရတာပဲနော်။ ချမ်းချမ်းသာသာနေရခြင်းရဲ့ အကြောင်းတစ်ခုလည်း ဖြစ်တယ်။</p>
<p><b>ဥပ္ပန္နုပ္ပန္နေ စ ပါပကေ အကုသလေ ဓမ္မေ ဌာနသော အန္တရဓာပေတိ ဝူပသမေတိ။</b></p>
<p>ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်းကုန်သော အကုသိုလ်တရားတွေကို တစ်ခဏချင်း ကွယ်ပျောက်ရုပ်သိမ်း ချုပ်ငြိမ်းစေနိုင်တယ်။ ခဏလေးနဲ့ ကွယ်ပျောက်ရုပ်သိမ်း ချုပ်ငြိမ်းသွားစေနိုင်တယ်။ မြတ်စွာဘုရား ဥပမာလေးနဲ့ ဆက်ပြီးဟောတယ်။</p>
<p>‘‘<b>သေယျထာပိ, ဘိက္ခဝေ, ဂိမှာနံ ပစ္ဆိမေ မာသေ ဥဟတံ ရဇောဇလ္လံ။ တမေနံ မဟာ အကာလမေဃော ဌာနသော အန္တရဓာပေတိ ဝူပသမေတိ</b>’’</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>သေယျထာပိ</b>၊ ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသည်ကား။ <b>ဂိမှာနံ</b>၊ နွေလတို့၏။ <b>ပစ္ဆိမေ မာသေ</b>၊ နောက်ဆုံးဖြစ်တဲ့လ၌။ <b>ဥဟတံ ရဇောဇလ္လံ</b>၊ အထက်သို့ ကြွတက်လျက်ရှိသော မြူမှုန်သည်။ <b>အတ္ထိ</b>၊ ရှိ၏။ <b>တမေနံ</b>၊ ထိုအထက်သို့ လွင့်တက်လျက်ရှိသော မြူမှုန်ကို။ <b>မဟာ အကာလမေဃော</b>၊ အခါမဲ့ သည်းထန်စွာ ရွာသွန်းလျက်ရှိသော မိုးကြီးသည်။ <b>ဌာနသော</b>၊ တစ်ခဏချင်းအားဖြင့်။ <b>အန္တရဓာပေတိ</b>၊ ကွယ်ပျောက်စေနိုင်၏။ <b>ဝူပသမေတိ</b>၊ ငြိမ်းအေးစေနိုင်၏၊</p>
<p>နွေလတို့ရဲ့ နောက်ဆုံး နေပူရှိန်ရဲ့ စွမ်းအားကြောင့် မြူမှုန်တွေက ကောင်းကင်မှာ လွင့်တက်နေတယ်။ အလွန် ပြင်းထန်စွာဖြင့် ကောင်းကင်ကို ပျံတက်နေတဲ့ ဒီမြူမှုန်တွေကို အခါမဲ့ သည်းထန်စွာ ရွာသွန်းလိုက်တဲ့ မိုးကြီးက တစ်ခဏချင်း ကွယ်ပျောက်ရုပ်သိမ်း ချုပ်ငြိမ်းသွားစေနိုင်တယ်။ အဲဒီပုံစံအတိုင်းပဲ ချစ်သားတို့ ... ဒီအာနာပါနဿတိသမာဓိဟာ ပွားများအားထုတ်ခဲ့မယ်ဆိုရင် ငြိမ်လည်း ငြိမ်သက်တယ်, မွန်လည်း မွန်မြတ်တယ်။ ပရိကမ္မစတဲ့ အကြောင်းတစ်ပါးဖြင့် ထပ်လောင်းပြီး သွန်းလောင်းဖွယ်ရာလည်း မလိုဘူး။ ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်းကုန်သော အကုသိုလ်တရားတို့ကိုလည်း တစ်ခဏချင်းအားဖြင့် ကွယ်ပျောက်ရုပ်သိမ်း ချုပ်ငြိမ်းစေနိုင်တယ်ဆိုပြီးတော့ ဒီလို ဘုရား နိဒါန်းချီပြီး ချီးမွမ်းထားတယ်။ ချီးမွမ်းပြီးတဲ့ အချိန်အခါကျတော့မှ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဒီအာနာပါနကျင့်စဉ်ကို ကျင့်ရမလဲဆိုတာ မေးခွန်း မေးပြီးတော့ ဘုရားရှင်က ပြန်ပြီး ဖြေထားတယ်နော်။ ဘယ်လိုဖြေထားလဲ?</p>
<p>‘‘<b>ဣဓ ဘိက္ခဝေ ဘိက္ခု အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ နိသီဒတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ။ သော သတောဝ အဿသတိ၊ သတောဝ ပဿသတိ။</b>’’</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဣဓ</b>၊ ဤသာသနာတော်မြတ်အတွင်း၌။ <b>ဘိက္ခု</b>၊ ယောဂီရဟန်းသည်။ <b>အရညဂတော ဝါ</b>၊ တောသို့ ကပ်ရောက်သည်ဖြစ်၍သော်လည်းကောင်း။ <b>ရုက္ခမူလဂတော ဝါ</b>၊ သစ်ပင်ရင်းသို့ ကပ်ရောက်သည်ဖြစ်၍သော်လည်းကောင်း။ <b>သုညာဂါရဂတော ဝါ</b>၊ ဆိတ်ငြိမ်ရာ တောကျောင်း, တောင်ကျောင်းသို့ ကပ်ရောက်သည်ဖြစ်၍သော်လည်းကောင်း။ <b>ဥဇုံ ကာယံ ပဏိဓာယ</b>၊ အထက်ပိုင်းဖြစ်တဲ့ ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ထား၍။ <b>ပရိမုခံ သတိံ ဥပဋ္ဌပေတွာ</b>၊ ကမ္မဋ္ဌာန်းသို့ ရှေးရှူ သတိကိုဖြစ်စေ၍။ <b>ပလ္လင်္ကံ အာဘုဇိတွာ</b>၊ ထက်ဝယ်ဖွဲ့ခွေလျက်။ <b>နိသီဒတိ</b>၊ ထိုင်နေလေ၏၊</p>
<p>အားထုတ်ရမယ့်နေရာလေးကို ဘုရားရှင်ကတော့ —<br>
နံပါတ် (တစ်) <b>အရည</b>၊ တောအရပ် တစ်ခု။<br>
နံပါတ် (နှစ်) <b>ရုက္ခမူလ</b>၊ သစ်ပင်ရင်း တစ်ပင်ပင်ရဲ့အောက်။<br>
နံပါတ် (သုံး) <b>သုညာဂါရ</b>၊ ဆိတ်ငြိမ်တဲ့နေရာ။<br>
ဆိုပြီးတော့ သတ်မှတ်ပေးလိုက်တယ်။ ဘာကြောင့်လဲ? ပထမစျာန်ရဲ့ အကြီးဆုံးသော အန္တရာယ်က <b>“သဒ္ဒ”</b> ပဲ။ <b>“သဒ္ဒ ကဏ္ဍကတာ”</b> ဆိုပြီးတော့ စာများမှာ ဒီလို ဖော်ပြထားတယ်။ ပထမစျာန်ကို အနှောင့်အယှက် အများဆုံးပေးနေတာက အသံတည်းဟူသော ဆူးငြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ဒီအသံတို့ တိတ်ဆိတ်ရာဖြစ်တဲ့ နေရာဒေသလေးကို ရွေးချယ်ပြီးတော့ ဒီအာနာပါနကမ္မဋ္ဌာန်းကို စတင်ပြီး စီးဖြန်းဖို့ မြတ်စွာဘုရား ညွှန်ကြားပေးနေတယ်။</p>
<p>အဲဒီလို ညွှန်ကြားပေးတဲ့အပိုင်းမှာ ဒီသမာဓိသည် ဘာကြောင့် ဒီလို ထူထောင်နေရသလဲလို့ တစ်ဖက်ပုဂ္ဂိုလ်တွေကတော့ တော်တော်များများ မေးကြပါတယ်နော်။ မေးခွန်းလေးကို အတိုချုပ်ပြီး ပြောရရင်တော့ မဂ္ဂင် (ရှစ်)ပါးထဲမှာ သမ္မာသမာဓိဆိုတဲ့ မဂ္ဂင် (တစ်)ခု မပါဘူးလား? ပါပါတယ်။ ဘာကို သမ္မာသမာဓိခေါ်ဆိုတယ်ဆိုတာကို ဘုရားရှင်ကိုယ်တော်တိုင်က မဟာသတိပဋ္ဌာနသုတ္တန်မှာ ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယစျာန်သမာဓိ, စတုတ္ထစျာန်သမာဓိတွေကို ငါဘုရား သမ္မာသမာဓိလို့ ခေါ်ဆိုတယ်ဆိုပြီး အတိအကျ ရှင်းထားတယ်။</p>
<p>နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်ထဲမှာ မဂ္ဂင် (ရှစ်)ပါး အကျင့်မြတ်တရားထဲမှာ သမ္မာသမာဓိဆိုတဲ့ မဂ္ဂင် (တစ်)ပါး ပါဝင်နေခြင်းကြောင့် သမာဓိ မထူထောင်ခဲ့ရင်တော့ မဂ္ဂင် (ရှစ်)ပါး ပြည့်ပါ့မလား? မပြည့်ဘူး။ မဂ္ဂင် (ရှစ်)ပါး မပြည့်ခဲ့ရင် နိဗ္ဗာန်ကို သွားတဲ့အခါမှာ သမာဓိ မထူထောင်တဲ့အတွက် မဂ္ဂင် (ခုနစ်)ပါး ဖြစ်သွားမယ်နော်။ မဂ္ဂင် (ခုနစ်)ပါးနဲ့ နိဗ္ဗာန် သွားရင် ရ, မရဆိုတာကတော့ ဒီနေ့ တရားနာပရိသတ်တွေ စဉ်းစား ဝေဖန်ရမယ့်အပိုင်းတော့ ရောက်လာပြီနော်။ အဲဒီတော့ မဂ္ဂင် (ရှစ်)ပါး စုံညီရေးအတွက် သမာဓိကိုတော့ ထူထောင်ရပါတယ်။ အဲဒီလို သမာဓိ ထူထောင်တဲ့အပိုင်းမှာ သမထနဲ့ ဝိပဿနာဟာ အစုံတွဲပြီးတော့ သွားရတယ်လို့ တချို့ ဒီလို ပြောကြတယ်။ သမထနဲ့ ဝိပဿနာ အစုံတွဲပြီး သွားတဲ့ နည်းစနစ်ဆိုတာကတော့ <b>ယုဂနဒ္ဓနည်း</b>လို့ ခေါ်ပါတယ်။ ထိုယုဂနဒ္ဓနည်းကတော့ အင်္ဂုတ္တုရ်ပါဠိတော်မှာ ရှင်အာနန္ဒာကိုယ်တော်မြတ် ဟောထားတဲ့ သုတ္တန်တစ်ခု ဖြစ်ပါတယ်။</p>
<p>အဲဒီ ယုဂနဒ္ဓနည်းရဲ့ အတိုချုပ်ကတော့ ပထမစျာန်ကို ဝင်စားတယ်။ ပထမစျာန်မှ ထပြီး ပထမစျာန် နာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ ရှုတယ်။ ပထမစျာန်ကို ဝင်စားတာက သမထ။ ပထမစျာန်မှထပြီး ပထမစျာန်နာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ ရှုတာက ဝိပဿနာ။ အဲဒီလို သမထနဲ့ ဝိပဿနာ အစုံတွဲပြီးတော့ သွားတယ်။ သမာပတ် (ရှစ်)ပါးလုံး ပုံစံတူ ဟောထားပါတယ်။ ဒါကြောင့် စျာန်တွေကို ဝင်စားလိုက် စျာန်မှထပြီးတော့ စျာန်နာမ်တရားတွေကို ဝိပဿနာ ရှုလိုက်။ အဲဒီစနစ်ဖြင့် သွားတာကို ယုဂနဒ္ဓနည်းလို့ ခေါ်ပါတယ်။ ဘာသမာဓိမှ မထူထောင်တဲ့ ပုဂ္ဂိုလ်သန္တာန်မှာ ယုဂနဒ္ဓနည်း ရတယ်လို့ ပြောလိုရင်း မဟုတ်ဘူးနော်။ ခုတော့ ဒီမှာ သမာဓိတစ်ခု ကြိုတင်ထူထောင်နေရတဲ့ အကြောင်းရင်းက နောက်ပိုင်း မြတ်စွာဘုရားဟောမယ့် တေပရိဝဋ္ဋဓမ္မဒေသနာမှာ ခန္ဓာ (ငါး)ပါး, ရုပ်တရား, နာမ်တရားတွေ ပါတယ်။</p>
<p>အဲဒီ ရုပ်တရား, နာမ်တရားတွေကနေ တစ်ဆင့်တက်ပြီး အကြောင်းတရား, အကျိုးတရား သိမ်းဆည်းရတယ်။ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေကို ဟုတ်တိုင်းမှန်စွာ သိရေး၊ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်ကို ဟုတ်တိုင်းမှန်စွာ သိရေးအတွက် ဘာလိုသလဲလို့မေးရင်တော့ သစ္စသံယုတ်ဒေသနာတော်များမှာရော, ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်များမှာရော ဘုရားရှင် ခဏခဏ သတိပေးပြီး ရဟန်းတော်တွေကို ဆုံးမနေတဲ့ သမာဓိသုတ္တန်ဆိုတဲ့ သုတ္တန်လေးတွေ ရှိတယ်နော်။</p>
<p>‘‘<b>သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။</b>’’ (သံ၊၂၊၁၂။ သံ၊၃၊၃၆၃။)</p>
<p>ချစ်သားရဟန်းတို့ ... သမာဓိ ထူထောင်ကြ။ သမာဓိရှိရင် ဟုတ်တိုင်းမှန်စွာ သိနေတဲ့ ယထာဘူတဉာဏ်အမြင်တွေ ပေါ်လာမယ်။ ဘာတွေကို ဟုတ်တိုင်းမှန်စွာ သိမလဲလို့မေးတော့ —</p>
<p>‘‘<b>ရူပဿ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ၊ ဝေဒနာယ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ၊ သညာယ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ၊ သင်္ခါရာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ၊ ဝိညာဏဿ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ။</b>’’ (သံ၊၂၊၁၂။ သမာဓိသုတ္တန်။)</p>
<p>ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ခေါ်တဲ့ <b>ခန္ဓာ (ငါး)ပါး</b>ကို ဟုတ်တိုင်းမှန်စွာ သိမယ်။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံအစရှိတဲ့ အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးခန္ဓာ (ငါး)ပါး ထင်ရှားဖြစ်ပုံကို ဟုတ်တိုင်းမှန်စွာ သိမယ်။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံအစရှိတဲ့ အကြောင်းတရားတွေ ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးခန္ဓာ (ငါး)ပါး ချုပ်ငြိမ်းပုံကို ဟုတ်တိုင်းမှန်စွာ သိမယ်လို့ ဒီလို ဘုရား ဟောထားတယ်။ ဒါကြောင့် ဟုတ်တိုင်းမှန်စွာ သိတဲ့ <b>ယထာဘူတဉာဏ်အမြင်</b> ရရှိရေးအတွက် သာဝကတွေမှာ သမာဓိဆိုတဲ့ လက်နက်ကောင်းတစ်ခု ကြိုတင် ရှိထားပြီးဖြစ်ဖို့ လိုနေတယ်။</p>
<p>လိုတဲ့အတွက်ကြောင့်လည်း ခု ဒီဘုရားရှင်က အာနာပါန ကျင့်စဉ်စခန်းမှာ သမာဓိကို အရင် စတင်ပြီးတော့ ဟောနေပါတယ်။ သမာဓိကို စတင်ဟောနေရတာက တရားနာပရိသတ်ဖြစ်နေတဲ့ ရဟန်းတော်တွေမှာ <b>သီလဝိသုဒ္ဓိ</b>၊ သီလက စင်ကြယ်ပြီးဖြစ်လို့ သမာဓိက စဟောနေတာ။ သီလ မစင်ကြယ်သေးတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့မယ်ဆိုရင်တော့ သီလကို စဖြည့်ကျင့်ဖို့ ဘုရားက ဟောရတယ်။ သမာဓိ လိုနေပြီဆိုရင်တော့ သမာဓိက စဟောတယ်။ သီလလည်း ပြည့်စုံနေပြီ, သမာဓိလည်း ပြည့်စုံနေပြီဆိုရင်တော့ ဒီလို သီလ, သမာဓိတွေ ပြည့်စုံနေတဲ့ သာဝကတစ်ဦးကို ရရှိတဲ့ အချိန်အခါမှာ ဘုရားရှင်သည် သမာဓိအကြောင်း မဟောတော့ဘဲ ပညာစခန်းကို တိုက်ရိုက်ဟောပေးတယ်။ ဘာဖြစ်လို့လဲ? သူ့သန္တာန်မှာ လိုအပ်နေတာက ပညာကျင့်စဉ်သာ လိုအပ်နေတာဖြစ်လို့။</p>
<p>ဒါကြောင့် သာဝကတို့ရဲ့ အဇ္ဈာသယဓာတ်ခံနဲ့ လျော်ညီစွာ ကြည့်ပြီးတော့ ဘုရားက ဟောနေတာ။ ခု အာနာပါနအကြောင်းကို ဟောတဲ့အပိုင်းမှာ ဘုရားရှင်က ဒီရဟန်းတွေရဲ့သန္တာန်မှာ သီလတွေက စင်ကြယ်ပြီး ဖြစ်နေတယ်။ သီလဝိသုဒ္ဓိ ဖြစ်နေပြီဖြစ်တဲ့အတွက် သူတို့သန္တာန်မှာ လိုအပ်နေတာက <b>စိတ္တဝိသုဒ္ဓိ</b>ခေါ်တဲ့ သမာဓိ လိုအပ်နေသေးတော့ စိတ္တဝိသုဒ္ဓိ = သမာဓိကနေ အခြေခံပြီးတော့ အရဟတ္တဖိုလ်ပေါက် ဘုရားက ဟောပေးနေတယ်။</p>
<p>ဒါကြောင့် အဲဒီလို ဟောတဲ့အပိုင်းမှာ သမာဓိ ထူထောင်တော့ ဆိတ်ငြိမ်တဲ့ တစ်နေရာကိုတော့ ချဉ်းကပ်ရမယ်။ ချဉ်းကပ်ပြီးတဲ့ အချိန်အခါမှာ အထက်ပိုင်းဖြစ်တဲ့ ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ထားပါ။ ဝင်လေ ထွက်လေဆိုတဲ့ ကမ္မဋ္ဌာန်းအာရုံပေါ်၌ သတိကို ရှေးရှု ကပ်ထားပါတဲ့။ ဒီအပိုင်း (နှစ်)ပိုင်းကတော့ <b>ကာယပရိဂ္ဂါဟိက</b>, <b>စိတ္တပရိဂ္ဂါဟိက</b>လို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ထားပြီးတော့ ငြိမ်သက်အောင် ထားလိုက်တဲ့ စွမ်းအားက ကိုယ်ကို သိမ်းဆည်းတဲ့လုပ်ငန်း, မိမိ ရှုပွားသုံးသပ်မယ့် အာနာပါန = ဝင်လေ ထွက်လေလို့ဆိုအပ်တဲ့ အာနာပါနကမ္မဋ္ဌာန်းအာရုံ၌ သတိကို ရှေးရှုကပ်ထားတာကတော့ စိတ္တပရိဂ္ဂါဟိက = Сိတ်ကို သိမ်းဆည်းထားတဲ့လုပ်ငန်း။ ဒီကိုယ်စိတ်နှစ်ပါးကို သိမ်းဆည်းလိုက်သည်နှင့် တစ်ပြိုင်နက်တည်း ထိုပုဂ္ဂိုလ်ရဲ့သန္တာန်မှာ အေးချမ်းတဲ့ဓာတ်ကလေးတွေ ဝင်လာပြီနော်။ အဲဒီလို အေးချမ်းတဲ့ ဓာတ်ဝင်လာတဲ့ အချိန်အခါကျတော့မှ လုပ်ငန်းခွင်ကို စပြီး ပြည်တည်ရမယ်။ ဘယ်လိုလဲ?</p>
<p>‘‘<b>သော သတောဝ အဿသတိ၊ သတောဝ ပဿသတိ။</b>’’</p>
<p><b>သော</b>၊ ထိုယောဂါဝစရရဟန်းတော်သည်။ <b>သတောဝ</b>၊ သတိရှိသည်ဖြစ်၍သာလျှင်။ <b>အဿသတိ</b>၊ ဝင်လေကို ဖြစ်စေ၏။ <b>သတောဝ</b>၊ သတိရှိသည်ဖြစ်၍သာလျှင်။ <b>ပဿသတိ</b>၊ ထွက်လေကို ဖြစ်စေ၏၊</p>
<p>ဝင်လေကို ဖြစ်စေတဲ့အခါမှာလည်း သတိရှိပါစေ, သတိမြဲပါစေ။ ထွက်လေကို ဖြစ်စေတဲ့အခါမှာလည်း သတိရှိပါစေ။ သတိမြဲပါစေဆိုပြီးတော့ ဒီလို ဟောထားတယ်။ သတိမြဲတယ်ဆိုတာက ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် မြဲတာလဲဆိုတော့ ဘုရားရှင်က အာနာပါနဒေသနာတော်ကို အရဟတ္တဖိုလ်ပေါက် (တစ်ဆယ့်ခြောက်)မျိုးသော အခြင်းအရာအားဖြင့် ဟောထားပါတယ်။ ဝင်လေမှာ (တစ်ဆယ့်ခြောက်)မျိုးသော အခြင်းအရာ, ထွက်လေမှာ (တစ်ဆယ့်ခြောက်)မျိုးသော အခြင်းအရာ။ နှစ်ရပ်ပေါင်းလိုက်တော့ (သုံးဆယ့်ခြောက်)မျိုးသော အခြင်းအရာတို့ဖြင့် သတိမြဲရမယ်ဆိုပြီးတော့ ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကြီးမှာ အတိအကျ ဟောထားပါတယ်။ ဒါကြောင့် (တစ်ဆယ့်ခြောက်)မျိုးသော အခြင်းအရာကို ဒီနေ့ ဆက်လက်ပြီး နာကြားရမယ်။ သတိမြဲရမယ်။</p>
<p>လုပ်ငန်းခွင်အရ ပြောရင်တော့ ဝင်လေ ထွက်လေကို ရှုတော့ ဘယ်နေရာကနေ ဒီဝင်လေ ထွက်လေကို သိမ်းဆည်းရမလဲလို့မေးရင်တော့ နှာသီးဖျားဖြစ်စေ, အထက်နှုတ်ခမ်းဖျားဖြစ်စေ။ အဲဒီ တစ်နေရာမှာ ဝင်လေ ထွက်လေ ထိမှုထင်ရှားတဲ့နေရာလေးကို စိတ်စိုက်။ စိုက်ပြီးတော့ ဒီဝင်လေ ထွက်လေလေးကို ထိမှုထင်ရှားတဲ့ နေရာက စောင့်ကြည့်ရတယ်။ အထဲဘက်လည်း လိုက်မကြည့်ရဘူး။ အပြင်ဘက်လည်း လိုက်မကြည့်ရဘူး။ အထဲဘက်ကို လိုက်ကြည့်ခဲ့ရင် <b>အဇ္ဈတ္တဝိက္ခေပ</b>ခေါ်တယ်။ ဝိက္ခေပဆိုတာက စိတ်ပျံ့လွင့်သွားတာ။</p>
<p>ထိတဲ့နေရာမှာ ထိနေတဲ့ လေကလေးကို စောင့်ကြည့်နေရာကနေပြီးတော့ အတွင်းဘက်ကို လိုက်လိုက်တော့ အတွင်းဘက်ကို စိတ်တွေက ပျံ့လွင့်သွားတယ်။ အပြင်ဘက်ကို လျှောက်လိုက်ခဲ့ရင် အပြင်ဘက်မှာ စိတ်တွေက ပျံ့လွင့်သွားတယ်။ အဲဒီလို ပျံ့လွင့်သွားနေတဲ့ စိတ်တွေက သူလိုလားတောင့်တနေတဲ့ သမာဓိကို ဖြစ်စေနိုင်တဲ့ စွမ်းအားမရှိဘူး။ ဒါကြောင့် သမာဓိထူထောင်တဲ့အပိုင်းမှာ သမာဓိကို ဖြစ်စေအောင် ထိတဲ့နေရာမှာသာ စိတ်ထားပြီး ဘာဝနာကို ပွားများမှ ဒီအာနာပါနဘာဝနာသည် ပြည့်စုံမယ်။ ပြည့်စုံမှာ ဖြစ်ခြင်းကြောင့် ထိုအာနာပါနလုပ်ငန်းခွင်ကို ပြုလုပ်တဲ့အပိုင်းမှာ ယောဂီပုဂ္ဂိုလ်က ထိမှုထင်ရှားတဲ့ နေရာမှာသာ စိတ်ကို စိုက်ရတယ်။ အထဲဘက် ဝမ်းဗိုက်အထိလည်း လိုက်ပြီး စိတ်မစိုက်ရဘူး။ အပြင်ဘက် လေထွက်သွားတဲ့ နေရာတွေကိုလည်း လျှောက်ပြီး လိုက်ပြီး မကြည့်ရဘူးနော်။</p>
<p>‘‘<b>ဖုဋ္ဌဖုဋ္ဌောကာသေယေဝ သတိံ ဌပေတွာ ဘဝန္တဿေဝ ဘာဝနာ သမ္ပဇ္ဇတိ။</b>’’</p>
<p>ထိတဲ့ နေရာလေးမှာသာ စိတ်ကိုထားပြီး ပွားများအားထုတ်တဲ့ ယောဂါဝစရပုဂ္ဂိုလ်ရဲ့သန္တာန်မှာသာလျှင် အာနာပါနဿတိ သမာဓိဘာဝနာလုပ်ငန်းခွင်သည် ပြည့်စုံလာနိုင်တယ်လို့ ဒီလို ဝိသုဒ္ဓိမဂ်အဋ္ဌကထာက ဖွင့်ထားတယ်။ ဒါကြောင့် ထိမှုထင်ရှားတဲ့ နေရာမှာသာလျှင် စိတ်ကို စိုက်ရမယ်။ စိုက်လိုက်တဲ့ အချိန်အခါမှာ ဘာကို ကြည့်ရမှာလဲလို့မေးတော့ နိမိတ်ပေါ်တဲ့ အပိုင်းမှာနော်။ သဘာဝလက္ခဏာကိုလည်း နှလုံးမသွင်းရဘူး, သာမညလက္ခဏာကိုလည်း နှလုံးမသွင်းရဘူး, အရောင်အဆင်းကိုလည်း နှလုံးမသွင်းရဘူးဆိုပြီးတော့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာမှာ ဖော်ပြထားတယ်။</p>
<p>အာနာပါနကို စတင် အားထုတ်တဲ့အပိုင်းမှာ နိမိတ်ပေါ်လာရင် ထိုနိမိတ်ရဲ့ အရောင်အဆင်းကို သွားနှလုံးသွင်းလိုက်တော့ အာနာပါနကမ္မဋ္ဌာန်း မဖြစ်ဘဲနဲ့ ဝဏ္ဏကသိုဏ်းလမ်းဘက် ကူးသွားတယ်။ တစ်ခါ ဒီဝင်လေထွက်လေမှာ <b>သဘာဝလက္ခဏာ</b>လို့ခေါ်ဆိုအပ်တဲ့ ဓာတ်ကြီး (လေး)ပါးတို့ရဲ့ ကိုယ်ပိုင်သဘာဝလက္ခဏာတွေကို သွားနှလုံးသွင်းလိုက်ခဲ့မယ်ဆိုရင် အထူးသဖြင့် ဝါယောလေဓာတ် ပရမတ်တရားရဲ့ ကိုယ်ပိုင်သဘာဝလက္ခဏာလို့ခေါ်ဆိုအပ်တဲ့ ထောက်ကန်တဲ့သဘောနဲ့ လုပ်ငန်းကိစ္စလို့ခေါ်ဆိုအပ်တဲ့ တွန်းကန်နေတဲ့သဘောတွေကို သွားနှလုံးသွင်းလိုက်ခဲ့မယ်ဆိုရင် အာနာပါနကမ္မဋ္ဌာန်း မဟုတ်တော့ဘဲနဲ့ ဓာတ်ကမ္မဋ္ဌာန်း ဖြစ်သွားတယ်။</p>
<p>ဒါကြောင့် သဘာဝလက္ခဏာကိုလည်း နှလုံးမသွင်းရဘူး။ ဝင်လေ ဖြစ်ပျက် အနိစ္စ, ထွက်လေ ဖြစ်ပျက် အနိစ္စဆိုပြီး <b>သာမညလက္ခဏာ</b>ကိုလည်း သွားပြီး နှလုံးမသွင်းရဘူး။ ဒီလို အတိအကျ သတ်မှတ်ထားတယ်။ ဘာဖြစ်လို့ ဒီသာမညလက္ခဏာကို နှလုံးမသွင်းရသလဲလို့မေးတော့ ဒီဝင်လေ ထွက်လေဆိုတဲ့ အတုံးအခဲကြီးသည် ပညတ်ပဲ ရှိပါသေးတယ်။ ပညတ်တို့မည်သည်မှာ ဝိပဿနာ ရှုကောင်းတဲ့တရား မဟုတ်ဘူး။ ပရမတ်သာလျှင် ဝိပဿနာ ရှုကောင်းတော့ ဒီဝင်လေ ထွက်လေမှာ ပရမတ်ကို ကူးချင်တဲ့ ယောဂီသူတော်ကောင်းက ဓာတ် (လေး)ပါး ဖမ်းပြီး စိုက်နိုင်ရင် ကလာပ်အမှုန်လေးတွေပဲ။ ဝင်နေတဲ့ လေဆိုတာလည်း အလွန် နူးညံ့သိမ်မွေ့နေတဲ့ ရုပ်ကလာပ်အမှုန်လေးတွေပဲ။ ထွက်နေတဲ့ လေဆိုတာလည်း အလွန် နူးညံ့သိမ်မွေ့နေတဲ့ ရုပ်ကလာပ်အမှုန်လေးတွေသာဖြစ်တယ်။</p>
<p>ဒီအမှုန်လေးတွေကို ဓာတ်ခွဲကြည့်လိုက်ရင် တစ်မှုန် တစ်မှုန်မှာ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာဆိုပြီး သဘောတရား (ရှစ်)ခု။ တစ်မှုန်မှာရှိနေတဲ့ ပထဝီဓာတ်နဲ့ နောက်တစ်မှုန်မှာ ရှိနေတဲ့ ပထဝီဓာတ်။ ဓာတ်ဓာတ်ချင်း ရိုက်ခတ်လိုက်တဲ့အခါ အသံတစ်ခု ပေါ်တယ်။ အသက်ရှူတဲ့အသံ။ အဲဒီ အသံလေးနဲ့ ပေါင်းလိုက်ရင် (ကိုး)ခုရှိတယ်။ အဲဒီ (ကိုး)မျိုးသော ရုပ်တို့ကို စနစ်တကျ သိမ်းဆည်းတတ်တဲ့ ယောဂီက (ကိုး)မျိုးသော ရုပ်တို့ရဲ့ ဖြစ်ပြီး ပျက်နေတာကို ကြည့်ပြီး အနိစ္စလို့ ရှုနိုင်တယ်။ ဖြစ်ခြင်း ပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့သဘောတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး ဒုက္ခလို့ ရှုနိုင်တယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့သဘောတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး အနတ္တလို့ ရှုနိုင်တယ်။ အဲဒီအဆင့်ထိ မိမိက မရောက်သေးဘဲနဲ့ ပညတ်အတုံးအခဲကြီးကို သွားပြီးတော့ အနိစ္စရှုနေရင် အာနာပါနလမ်း မဟုတ်တော့ဘူး။ လမ်းချော်သွားပြီနော်။</p>
<p>ဒါကြောင့် <b>အာနာပါနကမ္မဋ္ဌာန်း</b>ကို စတင်ပြီး သမာဓိထူထောင်နေတဲ့ပုဂ္ဂိုလ်သည် သဘာဝလက္ခဏာလို့ ခေါ်ဆိုအပ်တဲ့ <b>ဓာတ်ကြီးလေးပါး</b>တို့ရဲ့ သဘောလက္ခဏာတွေကိုလည်း နှလုံးမသွင်းရဘူး။ သာမညလက္ခဏာလို့ ဖြစ်ပျက်ကိုလည်း သွားပြီး နှလုံးမသွင်းရဘူးလို့ ဒီလို သတ်မှတ်ချက် ပေးထားတယ်။ သမာဓိပိုင်းပဲ ရှိသေးတယ်။ ဝင်လေ ထွက်လေဆိုတဲ့ ပညတ်ကို အာရုံယူပြီးတော့ သမာဓိထူထောင်တဲ့အပိုင်း ဖြစ်ပါတယ်။ ဒါကြောင့် တွန်းကန်နေတဲ့ ဝါယောဓာတ်ရဲ့ တွန်းကန်လှုပ်ရှားနေတဲ့သဘော, ထောက်ကန်ထားတဲ့သဘောဆိုတဲ့ ဒီ<b>ဝါယောလေဓာတ် ပရမတ်တရား</b>ကိုလည်း သွားပြီး နှလုံးမသွင်းရဘူး။ ဓာတ်ကို နှလုံးသွင်းခဲ့ရင်တော့ ဓာတ်ကမ္မဋ္ဌာန်းဘက် ယိုင်လဲသွားလိမ့်မယ်။ အာနာပါနကမ္မဋ္ဌာန်း မဟုတ်ဘူး။ အာနာပါနကမ္မဋ္ဌာန်းက ဝင်လေ ထွက်လေလို့ခေါ်ဆိုအပ်တဲ့ ပညတ် လေကြောင်းလေးကို ကြည့်ပြီး အားထုတ်ရတဲ့ ကမ္မဋ္ဌာန်းတစ်ခု ဖြစ်တယ်။ ဒါကိုတော့ စွဲစွဲမြဲမြဲ မှတ်ထား။</p>
<p>အဲဒီတော့ အဲဒီလေလေးကို အားထုတ်တဲ့အပိုင်းမှာ ယောဂီပုဂ္ဂိုလ်က ဒီလေအပေါ်မှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး ထားကြည့်ပါတဲ့နော်။ ထားကြည့်လိုက်တဲ့အချိန်အခါမှာ အတိတ်က ဆည်းပူးထားတဲ့ ပါရမီအရှိန်အဝါ အားကောင်းနေတဲ့ သူတော်ကောင်း ဖြစ်ခဲ့မယ်ဆိုရင်တော့ မကြာမီ အချိန်ကာလအတွင်းမှာ ဝင်လေ ထွက်လေ အာရုံပေါ်၌ ဘာဝနာစိတ်ကလေးသည် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတတ်ပါတယ်။ မတည်ဖြစ်နေခဲ့ရင်တော့ <b>ဝိသုဒ္ဓိမဂ်အဋ္ဌကထာ</b> အစရှိတဲ့ အဋ္ဌကထာကြီးများမှာ ရေတွက်ခြင်း <b>ဂဏနာနည်း</b>ကို အသုံးပြုပါဆိုပြီးတော့ ညွှန်ကြားထားတယ်နော်။ ဝင်လေ ထွက်လေ နှစ်ခုပေါင်းကိုပေါ့ —<br>
ဝင်လေထွက်လေ “တစ်”<br>
ဝင်လေထွက်လေ “နှစ်”<br>
ဝင်လေထွက်လေ “သုံး”<br>
ဝင်လေထွက်လေ “လေး”<br>
ဝင်လေထွက်လေ “ငါး”<br>
ဝင်လေထွက်လေ “ခြောက်”<br>
ဝင်လေထွက်လေ “ခုနစ်”<br>
ဝင်လေထွက်လေ “ရှစ်”<br>
တစ်ဆယ်အထိ ရေလိုကရေ။ ငါးအောက်တော့ မလျှော့နဲ့။ တစ်ဆယ်ထက်ပိုရင် သင်္ချာဘက်ကို အာရုံရောက်သွားတတ်လို့ ဖြစ်တယ်နော်။ ငါးအောက် နည်းနေရင်လည်း ခဏခဏ ပြန်ပြီးတော့ ခေါက်တုံ့ခေါက်ပြန် ပြန်နေရလို့ စိတ်မောနေတတ်တယ်။ ဒါကြောင့် ငါးနဲ့ တစ်ဆယ်အကြား ကြိုက်တဲ့နေရာမှာရပ်။ ဦးပဉ္စင်းတို့ရဲ့ ကျေးဇူးတော်ရှင် ကန္နီဆရာတော်ဘုရားကြီးကတော့ ရှစ်မှာပဲ ရပ်ထားတယ်။ ရည်ရွယ်ချက်ကတော့ <b>မဂ္ဂင်ရှစ်ပါး</b> အကျင့်မြတ်တရားကို ပူဇော်တဲ့အနေအားဖြင့် ရှစ်မှာရပ်တယ်လို့ သူက ဒီလို နှလုံးထားတယ်နော်။ ကြိုက်တဲ့နေရာ ရပ်နိုင်ပါတယ်။ ခုနစ်မှာ ရပ်ရင်လည်း <b>ဗောဇ္ဈင်ခုနစ်ပါး</b>ကို ပူဇော်တယ် ပြောနိုင်ပါတယ်နော်။ ခြောက်မှာ ရပ်မယ်ဆိုရင်လည်း မြတ်စွာဘုရားရဲ့ ဆအသာဒနဉာဏ်တော်တွေကို ပူဇော်တယ် ပြောနိုင်ပါတယ်။ ကိုးမှာ ရပ်ရင်လည်း ဘုရားရှင်ရဲ့ <b>ဂုဏ်တော်ကိုးပါး</b>ကို ပူဇော်တယ်။ တစ်ဆယ်မှာ ရပ်ရင်လည်း ဘုရားရှင်ရဲ့ ကိုယ်တော်အား တစ်ဆယ်ပါး, ဉာဏ်တော်အား တစ်ဆယ်ပါးကို ပူဇော်တယ်။ ဒါက ကိုယ့်ဦးတည်ချက်နဲ့ကိုယ် အားလုံး ဖြစ်နိုင်ပါတယ်နော်။ ကြိုက်တဲ့နေရာမှာရပ်ပြီးတော့ ရေတွက်တဲ့ လုပ်ငန်းခွင်ကို လုပ်ရတယ်။</p>
<p>အဲဒီ တစ်ကနေ ရှစ်အထိ ရေတွက်ခဲ့မယ်ဆိုရင်လည်း အဲဒီ ရှစ်အထိတော့ စိတ်ကို ဘယ်မှ မပျံ့ထွက်စေရဘူးလို့ ဒီလို ခိုင်ခိုင်မြဲမြဲ စိတ်ကို ဆောက်တည်ပြီးတော့ ဝီရိယလေးနဲ့ ကြိုးပမ်းပေးရတယ်။ အဲဒီလို ရေတွက်ပါ များလာပြီဆိုရင်တော့ နောက်ဆုံး ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်ပြီး တည်သွားတတ်တယ်။ အနည်းဆုံး နာရီဝက်ခန့်လောက် ဆက်တိုက် တည်လာပြီ စိတ်ကလေးက မထွက်တော့ဘူးဆိုရင်တော့ ရှေ့ဆက်ပြီး ပြုလုပ်ရမယ့် လုပ်ငန်းခွင်က ဘာလဲ?</p>
<p>‘‘<b>ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ။ ဒီဃံ ဝါ ပဿသန္တော ဒီဃံ ပဿသာမီတိ ပဇာနာတိ။</b>’’</p>
<p><b>ဒီဃံ ဝါ</b>၊ ရှည်စွာမူလည်း။ <b>အဿသန္တော</b>၊ ဝင်လေကို ဖြစ်စေခဲ့သည်ရှိသော်။ <b>ဒီဃံ</b>၊ ရှည်စွာ။ <b>အဿသာမီတိ</b>၊ ဝင်လေကို ဖြစ်စေ၏ဟူ၍။ <b>ပဇာနာတိ</b>၊ ကွဲကွဲပြားပြားသိ၏။ <b>ဒီဃံ ဝါ</b>၊ ရှည်စွာမူလည်း။ <b>ပဿသန္တော</b>၊ ထွက်လေကို ဖြစ်စေခဲ့သည်ရှိသော်။ <b>ဒီဃံ</b>၊ ရှည်စွာ။ <b>ပဿသာမီတိ</b>၊ ထွက်လေကို ဖြစ်စေ၏ဟူ၍။ <b>ပဇာနာတိ</b>၊ ကွဲကွဲပြားပြားသိ၏၊</p>
<p>ရှည်မှု။ ဘာရှည်တာလဲလို့ မေးရင်တော့ ဝါယောလို့ခေါ်ဆိုအပ်တဲ့ လေလေးရဲ့ ရှည်မှုပဲ။ နောက်တစ်ခု နည်းနည်းလေး သဘောပေါက်အောင် တိုတာ ဆက်ပြောလိုက်မယ်။</p>
<h3>ဒုတိယပိုင်း</h3>
<p>‘‘<b>ရဿံ ဝါ အဿသန္တော ရဿံ အဿသာမီတိ ပဇာနာတိ။ ရဿံ ဝါ ပဿသန္တော ရဿံ ပဿသာမီတိ ပဇာနာတိ။</b>’’</p>
<p><b>ရဿံ ဝါ</b>၊ တိုစွာမူလည်း။ <b>အဿသန္တော</b>၊ ဝင်လေကို ဖြစ်စေခဲ့သည်ရှိသော်။ <b>ရဿံ</b>၊ တိုစွာ။ <b>အဿသာမီတိ</b>၊ ဝင်လေကို ဖြစ်စေ၏ဟူ၍။ <b>ပဇာနာတိ</b>၊ ကွဲကွဲပြားပြားသိ၏။ <b>ရဿံ ဝါ</b>၊ တိုစွာမူလည်း။ <b>ပဿသန္တော</b>၊ ထွက်လေကို ဖြစ်စေခဲ့သည်ရှိသော်။ <b>ရဿံ</b>၊ တိုစွာ။ <b>ပဿသာမီတိ</b>၊ ထွက်လေကို ဖြစ်စေ၏ဟူ၍။ <b>ပဇာနာတိ</b>၊ ကွဲကွဲပြားပြားသိ၏၊</p>
<p>ตိုရင်လည်း တိုတယ်လို့ သိရမယ်။ ရှည်ရင်လည်း ရှည်တယ်လို့ သိရမယ်။ ဘာတိုတာ, ဘာရှည်တာလဲလို့မေးတော့ ဝင်လေ ထွက်လေပဲ။ ဝင်လေ ထွက်လေမှာ အရှည် အတိုကို ဘယ်လို သတ်မှတ်မလဲလို့မေးတော့ “ကာလဒ္ဓါန ဝသေန” ဆိုပြီးတော့ <b>ဝိသုဒ္ဓိမဂ်အဋ္ဌကထာ</b>နှင့် <b>ဝိသုဒ္ဓိမဂ်မဟာဋီကာ</b>တို့က ဖွင့်ဆိုထားပါတယ်။ အချိန်ကြာကြာ ဖြစ်နေတာကို ရှည်တယ်, အချိန်တိုတို ဖြစ်နေတာကို တိုတယ်လို့ ဒီလို သတ်မှတ်တယ်။ အချိန်ကြာကြာ ဖြစ်တယ်ဆိုတာက အသက်ရှူ နှေးတာ။ အချိန်တိုတို ဖြစ်တယ်ဆိုတာက အသက်ရှူ မြန်တာ။ ယောဂီပုဂ္ဂိုလ်က အသက်ရှူ မြန်အောင်လည်း မကြိုးစားနဲ့။ အသက်ရှူ နှေးအောင်လည်း မကြိုးစားနဲ့။ ရှူမြဲတိုင်းသာ ရှူနေပါ။ အဲဒီလို ရှူနေတဲ့အပိုင်းမှာ ဝင်လေ ထွက်လေကို တစ်စတစ်စ သိမ်မွေ့သွားအောင် ကျင့်မယ်ဆိုတဲ့ အာဘောဂ = နှလုံးထားလေးတော့ ရှိဖို့လိုတယ်။ ဝင်လေ ထွက်လေကို ထင်ရှားအောင် သက်သက် ကြိုးပမ်းတဲ့ လုပ်ငန်းခွင်ကိုတော့ မပြုလုပ်ပါနဲ့လို့ တားမြစ်ထားတယ်။</p>
<p>ဒါကြောင့် ဝင်လေ ထွက်လေကို သိမ်မွေ့အောင် ဖြည်းဖြည်းနဲ့ စိတ်အေးအေးထားပြီးတော့ ရှုရတယ်။ အဲဒီလို ရှုတဲ့အပိုင်းမှာ အချိန်ကြာကြာ ဖြစ်ရင်လည်း ဖြစ်တဲ့အတိုင်းသိ။ အချိန်တိုတိုဖြစ်ရင်လည်း ဖြစ်တဲ့အတိုင်း သိရမယ်။ သို့သော် ဒီနေရာမှာ အရှည်, အတိုဆိုတာနဲ့ ပတ်သက်လို့ ဝါယောလေဓာတ် ပရမတ်တရားရဲ့ အရှည်, အတိုဆိုပြီးတော့ ဒီလိုတော့ အယူမမှားနဲ့နော်။ ဘာဖြစ်လို့လဲ? ပရမတ်တရားတို့မည်သည်မှာ အရှည်, အတို မရှိဘူး။ ပုံသဏ္ဌာန် မရှိဘူး။ အချိန်ကြာကြာဖြစ်တာကို ရှည်တယ်။ အချိန်တိုတိုဖြစ်တာကို တိုတယ်လို့ ဝိသုဒ္ဓိမဂ် အဋ္ဌကထာနှင့် မဟာဋီကာတို့မှာ ဖွင့်ထားတဲ့အတိုင်း ဝါယောလေဓာတ် ပရမတ်တရား အချိန်ကြာကြာဖြစ်ရင်လည်း ဖြစ်တယ်လို့ သိပါ။ အချိန်တိုတိုဖြစ်ရင်လည်း ဖြစ်တယ်လို့ သိပါ။ ဒီလို သွားယူလို့တော့ မရဘူးနော်။</p>
<p>ပရမတ်တို့နယ်မှာ “သတ္တရသ စိတ္တက္ခဏိကာ ရူပဓမ္မာန မာယူ” ဆိုပြီးတော့ ကျမ်းဂန်များမှာ အတိအကျ ရုပ်တို့ရဲ့ သက်တမ်းကို ဖော်ပြထားပါတယ်။ ပရမတ်ရုပ်တရားတို့ရဲ့ သက်တမ်းသည် စိတ္တက္ခဏ (၁၇)ချက် အသက်ရှည်တယ်ဆိုပြီး အတိအကျ ဖော်ပြထားတယ်။ စိတ္တက္ခဏ (၁၇)ချက်အောက် ယုတ်လျော့ပြီး အသက်ရှည်တဲ့ ရုပ်တရားဆိုတာလည်း မရှိဘူး။ စိတ္တက္ခဏ (၁၇)ချက်ထက် ပိုပြီး အသက်ရှည်တယ်ဆိုတဲ့ ရုပ်တရားဆိုတာလည်း မရှိဘူး။ အချိန်ကြာကြာဖြစ်နေတဲ့ ရုပ်ဆိုတာလည်း မရှိဘူး။ အချိန်တိုတိုလေး ဖြစ်သွားတယ်ဆိုတဲ့ ရုပ်ဆိုတာလည်း မရှိဘူး။ ပုံသေ စိတ္တက္ခဏ (၁၇)ချက်နဲ့ တိုင်းတာပြထားတယ်။ ဒါကြောင့် ပရမတ်နယ်မှာ အရှည်, အတို ရှိသလားလို့မေးရင်? မရှိဘူး။ ပုံသဏ္ဌာန်လည်း မရှိဘူး။ ခုနက ပြောခဲ့တဲ့အတိုင်း ဒီဝင်လေ ထွက်လေမှာ ပရမတ်နယ်ကို ကူးနိုင်တဲ့ ယောဂီပုဂ္ဂိုလ်က ဓာတ်လေးပါး စိုက်လိုက်ရင် ကလာပ်အမှုန်တွေပဲ။</p>
<p>အမှုန် တစ်မှုန် တစ်မှုန်မှာ ဓာတ်ခွဲလိုက်ရင် ခုနက ပြောခဲ့တဲ့အတိုင်း အသံပါရင် သဘောတရား (၉)ခု ရှိတယ်။ အဲဒီသဘောတရား သက်သက်ပဲ။ ဒီသဘောတရားလေးတွေသည် ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်တယ်။ ဖြစ်ပြီး ပျက်တဲ့ အချိန်ကို တိုင်းတာကြည့်လိုက်ရင် ဘယ်လောက်ကြာသလဲလို့မေးတော့ စိတ္တက္ခဏ (၁၇)ချက် ကြာတယ်လို့ ဒီလောက်သာပြောတာ။ ဒါကြောင့် အာနာပါနလုပ်ငန်းခွင်ကို ပြုလုပ်နေတဲ့အပိုင်းမှာ ဝါယောလေဓာတ် ပရမတ်တရား၏ အရှည်, အတို ဒီလို ယူဆလိုက်ရင်တော့ မှားသွားလိမ့်မယ်။ ဝါယောလေဓာတ် ပရမတ်တရား ရှည်နေ, တိုနေတာ မဟုတ်ဘူး။ ဘာလဲ? ဝင်လေ ထွက်လေလို့ ခေါ်ဆိုအပ်တဲ့ ဝင်သက်လေ ထွက်သက်လေလို့ ခေါ်ဆိုနေတဲ့ ပညတ်နယ်က လေဓာတ်ပဲနော်။ ပညတ်လေပဲ။ ပရမတ်လေ မဟုတ်ဘူး။</p>
<p>အဲဒီ ပညတ် လေကြောင်းလေကို ကြည့်ပြီးတော့ လေကြောင်းလေးက အချိန်ကြာကြာဖြစ်တယ်။ ဘယ်နေရာမှာ ဖြစ်သလဲ? ထိတဲ့နေရာလေးမှာ ဝင်နေတာက အချိန်ကြာရင်လည်း ကြာတယ်လို့သိ, ထွက်နေတာ အချိန်ကြာရင်လည်း ကြာတယ်လို့သိ။ ထိနေတဲ့ နေရာလေးမှာ ဝင်လေ ထွက်လေက အချိန်တိုတိုလေး ဖြစ်ရင်လည်း ဖြစ်တယ်လို့သိပါ။ ဒီလောက်ပဲ ပြောတာနော်။ ဘာဖြစ်လို့ ဒီကျင့်စဉ်ကို ဟောလိုက်ရသလဲလို့မေးတော့ သတိလေး မြဲသထက် မြဲအောင် ဘုရားရှင်က ညွှန်ကြားပေးနေတာ။ အဲဒီလောက် မြဲရုံနဲ့ ကျေနပ်ရမလားဆိုတော့ မဟုတ်သေးဘူး။ ဒီအရှည်, အတိုပိုင်းမှာ အတိတ်က ဆည်းပူးထားတဲ့ ပါရမီအရှိန်အဝါ အားကောင်းနေတဲ့ သူတော်ကောင်း ဖြစ်ခဲ့မယ်ဆိုရင်တော့ နိမိတ် စပေါ်တတ်ပါတယ်။ နိမိတ်ပေါ်တယ်ဆိုတာကိုလည်း <b>ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကြီး</b>မှာ အတိအကျ ဟောထားပါတယ်။ အကယ်၍ နိမိတ်မပေါ်သေးဘူးဆိုရင် ဘာဝနာစိတ်ကလည်း ဒီအချိန်အခါမှာ သတိက တစ်နာရီလောက်အထိ ခိုင်မြဲလာပြီဆိုရင် ထိုယောဂီသူတော်ကောင်းသည် ရှေ့တစ်ဆင့်တက်ရမယ်။ နံပါတ်သုံးအဆင့်က ဘာလဲ?</p>
<p>‘‘<b>သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ။ သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။</b>’’</p>
<p><b>သဗ္ဗကာယပဋိသံဝေဒီ</b>၊ ဝင်လေ၏ အစ, အလယ်, အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိသည်ဖြစ်၍။ <b>အဿသိဿာမိ</b>၊ ဝင်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏။ <b>သဗ္ဗကာယပဋိသံဝေဒီ</b>၊ ထွက်လေ၏ အစ, အလယ်, အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိသည်ဖြစ်၍။ <b>ပဿသိဿာမိ</b>၊ ထွက်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏၊</p>
<p>ဝင်သက်လေ ထွက်သက်လေကို အစ, အလယ်, အဆုံး အကုန်လုံး ထင်ထင်ရှားရှား သိအောင်ကျင့်ဖို့ မြတ်စွာဘုရားက “သိက္ခတိ” သဒ္ဒါလေးနဲ့ ဟောတယ်။ ဘုန်းကြီးတို့ စာပေနယ်သုံး ဝေါဟာရနဲ့ ပြောရင်တော့ “အဿသိဿာမိ ပဿသိဿာမိ” အနာဂတ် ဝိပါတ်ပေါ့။ ပစ္စုပ္ပန်ဝိပါတ်နဲ့ မဟောဘဲ အဿသိဿာမိ = ဝင်လေကို ဖြစ်စေအံ့, ပဿသိဿာမိ = ထွက်လေကို ဖြစ်စေအံ့ဆိုပြီးတော့ အနာဂတ်ဝိပါတ်ကလေးနဲ့ ဟောထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာမှာ အရှည်, အတိုအပိုင်းမှာတော့ အရှည်, အတို သိရုံလောက်နဲ့ လုံလောက်တယ်။ ဒီအပိုင်းကျရင်တော့ သီလ, သမာဓိ, ပညာ <b>သိက္ခာသုံးပါး</b>စုံအောင် မြတ်စွာဘုရားရှင်က ကျင့်စေလိုတဲ့ ဆန္ဒဓာတ်တွေ ဘုရားရှင်မှာ ရှိနေပြီ။ ဘယ်လို သီလ, သမာဓိ, ပညာလဲလို့မေးတော့ ဝင်လေ ထွက်လေအပေါ်၌ အစ, အဆုံး တောက်လျှောက်သိတယ်။ ထွက်ရင်လည်း တောက်လျှောက်သိနေပြီ။ အစ, အဆုံး အကုန်လုံး ထင်ထင်ရှားရှား သိနေတော့ စိတ်ကလေးက အပြင်မထွက်တော့ဘူး။ အဲဒီမထွက်တဲ့ အချိန်အခါမှာ ထိုယောဂီသူတော်ကောင်းရဲ့သန္တာန်၌ ကိလေသာတွေ ဝင်ခွင့်ရှိသေးလား? မရှိတော့ဘူး။ ကိလေသာတွေကို စောင့်စည်းထားတဲ့ သီလကို <b>သံဝရသီလ</b>ခေါ်တယ်နော်။ အဲဒီ သီလကျင့်စဉ်တွေ ဒီမှာ ဖြည့်ကျင့်ဖို့ ဘုရားက တိုက်တွန်းနေတယ်။</p>
<p>နောက်တစ်ခု — ဒီဝင်လေ ထွက်လေ အာရုံပေါ်၌ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီ။ စိတ်ကို အာရုံတစ်ခုအပေါ်၌ ဆွဲပြီး စုပေးလိုက်လို့ စိတ်က ဝင်လေ ထွက်လေဆိုတဲ့ ဒီအာရုံတစ်ခုအပေါ်၌ ငြိမ်ဝပ်စွာ ကပ်ပြီး တည်သွားရင် ဒီစိတ်မှာ တန်ခိုးအာနိသင်တွေ ထက်လာတယ်။ ဒီတန်ခိုးအာနိသင်ကို ဘုရားရှင်က သိပ်ပြီး လိုချင်တယ်။ ဘယ်လို တန်ခိုးအာနိသင်တွေ ထက်လာသလဲလို့မေးတော့ — ခုနက ပြောခဲ့တဲ့အတိုင်း သမာဓိရှိလာရင် ဟုတ်တိုင်းမှန်စွာ သိနေတဲ့ ဉာဏ်အမြင်တွေက ပေါ်လာမယ်။ ဟုတ်တိုင်းမှန်စွာ သိတတ်တဲ့ ဉာဏ်အမြင်သည် သာသနာတော်မှာ တန်ဖိုးအရှိဆုံး ဉာဏ်အမြင်တွေ ဖြစ်နေတယ်နော်။ တန်ဖိုးရှိနေတဲ့ ဒီအကျိုးတရားတွေကို မျှော်လင့်ပြီးတော့ ဘုရားရှင်က တန်ခိုးအာနိသင် ထက်လာအောင် စိတ်ကို အာရုံတစ်ခုအပေါ်၌ ဆွဲပြီး အစုခိုင်းနေတာဖြစ်တယ်။</p>
<p>ခုရှုခိုင်းနေတာက ဝင်လေ ထွက်လေဆိုတဲ့ အာနာပါနအာရုံ၌ ဘာဝနာစိတ်ကလေးကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်အောင် ကြိုးပမ်းခိုင်းလိုက်တော့ တည်သွားပြီ။ အဲဒီလို ဘာဝနာစိတ်က ဝင်လေ ထွက်လေဆိုတဲ့ အာရုံတစ်ခုအပေါ်၌ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေရင် ဒါသမာဓိလို့ ခေါ်ပါတယ်နော်။ သီလ, သမာဓိ သိက္ခာနှစ်ခု။ ဝင်လေ ထွက်လေကို အစ, အလယ်, အဆုံး အကုန်လုံး ထင်ထင်ရှားရှား သိနေတာက ပညာ။ ပေါင်းလိုက်တော့ သီလရယ်, သမာဓိရယ်, ပညာရယ်။ သိက္ခာသုံးရပ် အကျင့်မြတ်ကို စုံအောင် ကျင့်ပါလို့ ဘုရားရှင်က ရည်ညွှန်းပြီးတော့ သိက္ခတိ သဒ္ဒါနဲ့ အနာဂတ်ဝိပါတ်နဲ့ ဟောနေတယ်လို့ အဋ္ဌကထာများက ရှင်းထားတယ်။ ဘုရားရှင်ရဲ့ အသက်ရှူပုံ နည်းစနစ်နဲ့သာ ဖြစ်ပါတယ်နော်။</p>
<p>ဒီနေ့ တရားနာနေတဲ့ပုဂ္ဂိုလ်တွေ, တရားဟောနေတဲ့ပုဂ္ဂိုလ်တွေသည် ၂၄ နာရီ ကာလပတ်လုံး အသက်ရှူနေကြတာ ဖြစ်တယ်။ ငါသည် ဘုရားရှင်ရဲ့ အလိုတော်ကျအတိုင်း အသက်ရှူနေတဲ့ပုဂ္ဂိုလ် ဟုတ်ရဲ့လားလို့ ကိုယ့်ဟာကိုယ် ပြန်ဆန်းစစ်ဖို့ လိုတယ်။ ဘုရားရှင်က အသက်ရှူတတ်ရင် <b>အရဟတ္တဖိုလ်</b>ပေါက်အထိ ရောက်နိုင်တယ်လို့ ဒီမှာ ဟောနေတာ။ ဒါကြောင့် ဘုရားရှင်ရဲ့ အလိုတော်ကျအတိုင်း အသက်ရှူတတ်ဖို့တော့ လိုနေပါတယ်နော်။ ခု ဘုရားရှင်က အသက်ရှူတဲ့အပိုင်းမှာ ဝင်လေ ထွက်လေကို ပထမ အရှည်, အတို သိဖို့ ညွှန်ကြားတယ်။</p>
<p>နံပါတ်တစ်ခုက အရှည်၊ နံပါတ်နှစ်က အတို၊ နံပါတ်သုံးကျတော့ အစ, အလယ်, အဆုံး အကုန်လုံး ထင်ထင်ရှားရှားသိအောင် ရှုပါ။ အဲဒီ အပိုင်းမှာတော့ နိမိတ်ပေါ်တတ်ပါတယ်။ နိမိတ် ပေါ်လာပြီဆိုလို့ရှိရင်တော့ ထိုပုဂ္ဂိုလ်က ချက်ချင်း နိမိတ်အပေါ်မှာ ပြောင်းပြီး စိတ်ကပ်လို့တော့ မရဘူး။ သို့သော် ဒီနိမိတ် မပေါ်ခင်လေးမှာ အခက်အခဲတွေက ယောဂီတွေမှာ တော်တော်ခပ်များများတော့ ဖြစ်တတ်တယ်။ ဘယ်လို အခက်အခဲ ဖြစ်တတ်သလဲဆိုတော့ တချို့ပုဂ္ဂိုလ်တွေမှာ ဒီဝင်လေ ထွက်လေတွေက ရှူနေရင်းနဲ့ သိမ်မွေ့လာတဲ့အခါ မထင်ရှားတော့ဘူး။ မထင်ရှားဘူးဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်သည် ဘာလုပ်ရသလဲ?</p>
<p>ငါ့မှာ ကမ္မဋ္ဌာန်းတွေ မထင်ရှားတော့ဘူးဆိုပြီးတော့ နေရာမှ ထပြီး မသွားပါနဲ့။ ဆရာတော်ကို သွားပြီး လျှောက်မယ်ဆိုပြီးတော့လည်း နေရာမှ ထမသွားပါနဲ့လို့ <b>ဝိသုဒ္ဓိမဂ်အဋ္ဌကထာ</b>မှာ ညွှန်ကြားထားတယ်။ ထသွားခဲ့မယ်ဆိုလို့ရှိရင်တော့ ကမ္မဋ္ဌာန်းသည် “နဝနဝမေဝ” အသစ်အသစ်တွေ ထပ်ပြီး ဖြစ်နေလိမ့်မယ်။ ဘာကြောင့် အသစ်အသစ်ဖြစ်တယ် ပြောရလဲ? ဦးပဉ္စင်းတို့ နောက်တစ်ခါ ပြန်ထိုင် ဒီနေရာရောက် ဒီလိုပဲ ဝင်လေ ထွက်လေက ပျောက်ပြီ။ ပျောက်သွားလို့ရှိရင် တစ်ခါ ထသွား။ နောက်တစ်ခါ ပြန်ထိုင်။ ဒီနေရာရောက် ဒီလိုပဲ ဝင်လေ ထွက်လေက ပျောက်တာပဲ။ ပျောက်လိုက်တိုင်း ထ,ထသွားနေရင် နောက်ထပ် ပြန်ထိုင်တိုင်းလည်း ဒီဝင်လေ ထွက်လေက ပျောက်ပျောက်နေမှာဖြစ်တော့ ကမ္မဋ္ဌာန်းတွေသည် အသစ်အသစ်သာဖြစ်တယ်။ ရှေ့တိုးတက်မှု မရှိတော့ဘူး။ အဲဒီလို ဖြစ်တတ်တယ်။ ဒါကြောင့် ယောဂီပုဂ္ဂိုလ်က ဒီနေရာမှာ ဒီဝင်လေ ထွက်လေကို ရအောင် စောင့်ကြည့်တဲ့ နည်းလေးကို အဋ္ဌကထာက ရှင်းထားတယ်။ ဝင်လေထွက်လေ ချုပ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ —<br>
(၁) သေတဲ့ပုဂ္ဂိုလ်။<br>
(၂) အမိဝမ်းတွင်းမှာ ပဋိသန္ဓေ တည်နေတဲ့ပုဂ္ဂိုလ်။<br>
(3) ရေနစ်နေတဲ့ပုဂ္ဂိုလ်။<br>
(၄) မေ့မျောနေတဲ့ပုဂ္ဂိုလ်။<br>
(၅) စတုတ္ထဈာန်သမာဓိ ဝင်စားနေတဲ့ပုဂ္ဂိုလ်။<br>
(၆) နိရောဓသမာပတ် ဝင်စားနေတဲ့ပုဂ္ဂိုလ်။<br>
(၇) ဗြဟ္မာ။<br>
အဲဒီပုဂ္ဂိုလ်တွေဟာ အသက်မရှူကြဘူး။ ငါသည် သေနေတဲ့ပုဂ္ဂိုလ်လည်း မဟုတ်သေးဘူး, အမိဝမ်းတွင်းမှာ ပဋိသန္ဓေ တည်နေတဲ့ပုဂ္ဂိုလ်လည်း မဟုတ်သေးဘူး, ရေနစ်နေတဲ့ပုဂ္ဂိုလ်လည်း မဟုတ်သေးဘူး, မေ့မျောနေတဲ့ပုဂ္ဂိုလ်လည်း မဟုတ်သေးဘူး, စတုတ္ထဈာန်သမာဓိ ဝင်စားနေတဲ့ပုဂ္ဂိုလ်လည်း မဟုတ်ဘူး, နိရောဓသမာပတ် ဝင်စားနေတဲ့ပုဂ္ဂိုလ်လည်း မဟုတ်ဘူး, ဗြဟ္မာလည်း မဟုတ်သေးဘူး။ ငါ့ရဲ့ သတိ, ပညာ အားနည်းမှုကြောင့်သာလျှင် ဒီဝင်လေ ထွက်လေက မထင်ရှားတာပဲဆိုပြီးတော့ ဝင်လေ ထွက်လေ ပထမ ထိမှုထင်ရှားတဲ့ နေရာလေးလောက်မှာသာ မှန်းပြီးတော့ စိတ်ကပ်ရတယ်။ မှန်းပြီး စိတ်ကပ်ဖို့ဆိုတာက ဘာကြောင့်ပြောရလဲ?</p>
<p>တချို့ပုဂ္ဂိုလ်တွေမှာ နှာခေါင်းတွေလည်း ပျောက်ပြီးတော့ လေကြောင်းလေးသက်သက် ကျန်နေတတ်တယ်။ ဘယ်နေရာဆိုတာ မသိတော့ဘူး။ နောက်ဆုံး ထိတာလည်း မသိတော့ဘူး။ ထိတာ မသိဘဲနဲ့ လေကြောင်းလေး သိမ်သိမ်မွေ့မွေ့လေး ကျန်နေရာကနေ ဒီလေကြောင်းလေး ပျောက်ပျောက်သွားရင် ထိတဲ့နေရာမှာ စိတ်ကပ်ပါလို့ ပြောလိုက်ရင် ထိတာက မထင်ရှားတော့ ဘယ်နေရာ ကပ်ရမှန်းမသိ ဖြစ်ဖြစ်နေတတ်တယ်။ အဲဒါကြောင့် မူလ မိမိက ဒီနေရာလေးမှာ ဝင်လေ ထွက်လေ ရှေးတုန်းက ငါစောင့်ပြီးတော့ ရှုခဲ့ဖူးတယ်လို့ မူလ ယူခဲ့ဖူးတဲ့ နိမိတ်နေရာလေးမှာသာ စောင့်ပြီးတော့ အဲဒီ ဝင်လေ ထွက်လေလေးကို စောင့်ကြည့်နေ။ မထင်ရှားရင် ထင်ရှားအောင် ကြိုးစားလိုက်ပါတော့လား? အဲဒီလို မလုပ်ကောင်းဘူးနော်။ မထင်ရှားတာကို ထင်ရှားအောင် သက်သက် မပြုလုပ်ရဘူးတဲ့။ ဒါအာနာပါနရဲ့ စည်းကမ်းပဲ။</p>
<p>မထင်ရှားတာကို ထင်ရှားအောင် သက်သက် ကြိုးပမ်းခဲ့ရင် လိုအပ်တဲ့ အာနာပါနသမာဓိ မပေါ်လာဘူး။ <b>အာနာပါနဿတိသမာဓိ</b> မပေါ်လာရင် မိမိတို့ မျှော်လင့်တောင့်တနေတဲ့ သမာဓိစခန်း ပျက်သွားလိမ့်မယ်။ ဒါကြောင့် မထင်ရှားတဲ့ ဝင်လေ ထွက်လေကို ထင်ရှားအောင်ဆိုပြီး သက်သက် မကြိုးပမ်းပါနဲ့။ ပင်ကိုယ်ပကတိ ဝင်လေ ထွက်လေ ထိမှု ထင်ရှားတယ်လို့ သတ်မှတ်ထားတဲ့ နေရာလောက်ကလေးမှာ မှန်းပြီးတော့သာလျှင် ဒီဝင်လေ ထွက်လေလေးကို ရှိတယ်လို့ အာရုံစိုက်ထား။ ငါ့ရဲ့ သတိ, ပညာတွေက အားနည်းနေလို့သာလျှင် မထင်ရှားတာ ဖြစ်တယ်လို့။ အာရုံစိုက်ထားလိုက်ရင် ဒီဝင်လေ ထွက်လေ ပြန်ပေါ်လာတတ်တယ်။ အဲဒီ ပြန်ပေါ်လာပြီဆိုရင်တော့ ထိုအချိန်အခါ၌ နိမိတ် စပေါ်တာပဲ။</p>
<p>ထိုနိမိတ်မှာတော့ ပုံစံတွေက အမျိုးမျိုးရှိတယ်။ ချည်ချောင်းလေးလို အချောင်းသေးသေးလေး ပေါ်တတ်တာလည်းရှိတယ်။ မီးချောင်းတွေလို အချောင်းလိုက် ပေါ်တတ်တာလည်းရှိတယ်။ တစ်ချောင်းတည်း ပေါ်တာလည်း ရှိတယ်။ နှစ်ချောင်းပြိုင်တူပေါ်တာလည်း ရှိတယ်။ သောက်ရှူးကြယ်ကဲ့သို့ ကြယ်ပုံသဏ္ဌာန် အနေအားဖြင့် ပေါ်တတ်တာတွေလည်း ရှိကြတယ်။ ဝါဂွမ်းစိုင်လို, မိုးတိမ်တိုက်လို အစိုင်အခဲကြီးအနေနဲ့ ပေါ်တာလည်း ရှိတယ်။ မျက်နှာတစ်ခုလုံး ဖုံးအုပ်ပြီး ပေါ်နေတာလည်း ရှိတတ်ပါတယ်။ လဝန်း, နေဝန်းသဏ္ဌာန်အားဖြင့် ပေါ်တတ်တာတွေလည်း ရှိတယ်။ ပတ္တမြားလုံး, ရွဲလုံးပုံသဏ္ဌာန်ပေါ်တာလည်း ရှိကြတယ်။ ဘာကြောင့် ဒီကမ္မဋ္ဌာန်းတစ်ခုထဲက နိမိတ်တွေ အမျိုးမျိုး ပြောင်းနေရသလဲလို့မေးရင်တော့ “သညဇ” ဆိုပြီးတော့ <b>ဝိသုဒ္ဓိမဂ်အဋ္ဌကထာ</b>က ရှင်းထားတယ်။ ဘာဝနာသညာကြောင့် ဖြစ်ပေါ်လာတဲ့ နိမိတ်ဖြစ်ခြင်းကြောင့် ဘာဝနာသညာ ကွဲပြားခဲ့ရင် နိမိတ်တွေလည်း ကွဲပြားတတ်တယ်။</p>
<p><b>ဘာဝနာသညာ</b> ကွဲပြားတယ်ဆိုတာက ဒီနိမိတ်မပေါ်မီ ရှေ့ပိုင်းလေးမှာ ယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိစိတ်မှာ ဒီလိုနိမိတ်ကလေး ပေါ်ရင်တော့ သိပ်ကောင်းမှာပဲဆိုတဲ့ အမှတ်သညာလေးတစ်ခု ကြိုတင်ပြီး ဖြစ်တတ်တယ်။ အဲဒီလို ဖြစ်သွားတဲ့ အမှတ်သညာကိုတော့ ယောဂါဝစရပုဂ္ဂိုလ်က သတိမထားမိဘူး။ ဘာကြောင့် သတိမထားမိသလဲ? သူက ဒီအမှတ်သညာကို အာရုံယူနေတာ မဟုတ်ဘူး။ သူယူနေတာက <b>နိမိတ်ချောင်း</b>ကိုသာ အာရုံယူနေတာ ဖြစ်ခြင်းကြောင့် ဒီအမှတ်သညာလေး ဖြစ်ပေါ်သွားတာကိုတော့ ယောဂီပုဂ္ဂိုလ်က သိပ်နားမလည်လိုက်ဘူး။ နားမလည်လိုက်တဲ့ အချိန်အခါကျတော့ ဒီအမှတ်သညာလေး ကွဲပြားလို့ နိမိတ်တွေ ကွဲပြားသွားတယ်ဆိုတာလည်း သူက သိပ်ပြီး ပေါ်စမှာတော့ သဘောမပေါက်ဘူး။ သို့သော်လည်း နောက်ပိုင်း နိမိတ်က ခိုင်ခံ့လာပြီဆိုရင်တော့ ယောဂီပုဂ္ဂိုလ်ကို လက်တွေ့ အစမ်းခိုင်းလိုက်တဲ့အခါ ထိုယောဂီပုဂ္ဂိုလ်က သဘောပေါက်တတ်ပါတယ်။</p>
<p>ဒီအချက်နဲ့ ပတ်သက်ပြီးတော့ ဦးပဉ္စင်း လွန်ခဲ့တဲ့ နှစ်ဆယ့်ခုနစ်နှစ်လောက်က မုံရွာရဲ့အထက် ချင်းတွင်းမြစ်ကမ်းဘေးမှာရှိတဲ့ ကန္နီဆိုတဲ့ မြို့လေးတစ်ခုပေါ့နော်။ ဂေါစရဂါမ်ပြုပြီးတော့ ရွှေသိမ်တောင်တောရဆိုတဲ့ တောကျောင်းတစ်ခု ရှိပါတယ်။ ထိုတောကျောင်းမှာ ကန္နီဆရာတော်ဘုရားကြီး သက်တော်ထင်ရှား ရှိစဉ်အခါက ဦးပဉ္စင်းလည်း ရောက်ရှိသွားတယ်။ အဲဒီမှာ ရေဦးနယ်ဘက်က ဒကာကြီးတစ်ဦး သျှောင်ထုံးကြီးနဲ့။ လူရိုးကြီးပါပဲ။ ထိုဒကာကြီးတစ်ဦးနဲ့ တရားဆွေးနွေးကြည့်တဲ့အပိုင်းမှာ ဒီအကြောင်းလေး တော်တော်လေး စိတ်ဝင်စားဖွယ်ကောင်းတာလေး သူက ပြောပြတယ်နော်။ သူက ဒီနိမိတ်တွေက နှစ်ပေါင်းများစွာ လေ့ကျင့်ထားတော့ တော်တော်လေး ခိုင်ခံ့နေပြီ။ ခိုင်ခံ့တဲ့ အချိန်အခါမှာ ဒီနိမိတ်ကို သူက ကစားရင် ကစားလို့ရတယ်။ <b>သမာဓိ</b>က ခိုင်နေတဲ့ အချိန်အခါကျတော့ ဒီနိမိတ်ကို ဖြူစေဆို ဖြူသွားတယ်။ ရှည်စေဆို ရှည်တယ်။ တိုစေဆို တိုတယ်။ ပုလဲလုံးဖြစ်စေဆို ပုလဲလုံးဖြစ်တယ်။ ရွဲလုံးဖြစ်စေဆို ရွဲလုံးဖြစ်တယ်။ အဲဒါ <b>ဘာဝနာသညာ</b> ပဲနော်။</p>
<p>အဲဒီ ကန္နီကနေပြီးတော့ ရွှေတိဂုံဘုရားကို ဒီနိမိတ်ချောင်းကို တန်းပြီး လွှတ်လိုက်။ နိမိတ်ချောင်းကြီး တန်းသွားတယ်။ မဖြစ်နိုင်ဘူး ဒီလိုတော့ မထင်နဲ့နော်။ ဘာဝနာနယ်မှာ တစ်ခါတစ်ရံ အင်မတန် အံ့ဩဖွယ်ကောင်းတဲ့ ဆန်းကြယ်မှုလေးတွေ ရှိတတ်ပါတယ်။ <b>ဘာဝနာသညာ</b> ကြောင့် ဖြစ်တယ်ဆိုတာလည်း စာပေမှာ အတိအကျ ရှင်းထားတယ်နော်။ ဒါကြောင့် ကမ္မဋ္ဌာန်း တစ်မျိုးတည်းပင် ဖြစ်နေပေမယ့်လို့ <b>ဘာဝနာသညာ</b> ကွဲပြားနေခဲ့ရင်လည်း နိမိတ်တွေ အမျိုးမျိုးတော့ ကွဲပြားတတ်တယ်။ သို့သော် ယောဂီက စိတ်မကစားဖို့ ဒီနေရာမှာ သတိတော့ထားရတယ်။ ဘာဖြစ်လို့လဲ? စိတ်ကစားနေပြီဆိုရင် ထိုစိတ်သည် ပျံ့လွင့်နေတဲ့ စိတ်ဖြစ်တယ်။ ပျံ့လွင့်နေတဲ့စိတ်သည် ဒီနိမိတ်ကို ငြိမ်ဝပ်အောင် ထိန်းထားနိုင်တဲ့ စွမ်းအားမရှိဘူး။ နိမိတ် ခဏခဏ ပျောက်တတ်တယ်။</p>
<p>ဒါကြောင့် ယောဂီပုဂ္ဂိုလ်က ဒီနိမိတ်ပေါ်စမှာလည်း နိမိတ်ပေါ်မှာ ပြောင်းပြီး စိတ်ကပ်မှုဆိုတဲ့ လုပ်ငန်းခွင်ကို မပြုလုပ်ရဘူး။ ပေါ်စလေးမှာ ဒီနိမိတ်ပေါ်မှာ ပြောင်းပြီး စိတ်ကပ်လိုက်ရင် ဒီနိမိတ်က ချက်ချင်း ပျောက်ပျောက်သွားတတ်တယ်။ အကယ်၍ နိမိတ်က ခိုင်နေလို့ ဒီနိမိတ်ပေါ်မှာ <b>ဘာဝနာစိတ်</b>က သွားပြီး ကပ်နေရင်လည်း ခွာမချလိုက်နဲ့။ ခွာချလိုက်လို့ရှိရင်လည်း <b>သမာဓိ</b> ပျက်သွားတတ်တယ်။ သို့သော် ဒီနိမိတ်သည် တချို့ယောဂီများမှာ ခပ်ဝေးဝေးမှာ ပေါ်နေတတ်တယ်။ အဲဒီလို ခပ်ဝေးဝေးမှာ ပေါ်နေပြီဆိုရင်တော့ ထိုယောဂီပုဂ္ဂိုလ်က ဝေးဝေးမှာရှိတဲ့ နိမိတ်ပေါ်မှာ <b>ဘာဝနာစိတ်</b>ကို သွားကပ်လိုက်ရင် ဒီနိမိတ် ပျောက်ပျောက်သွားတတ်တယ်။ ဝေးဝေးမှာပေါ်တဲ့ နိမိတ်အပေါ်မှာ <b>ဘာဝနာစိတ်</b>ကို မကပ်ဘဲ မူလရှုနေကျ ဝင်လေ ထွက်လေကိုသာ အာရုံစိုက်ပြီး ထားလိုက်မယ်ဆိုရင်တော့ ဝင်လေ ထွက်လေ ထိမှုထင်ရှားရာ နေရာမှာ နိမိတ်လေး စပြီးတော့ ပေါ်လာတတ်ပါတယ်နော်။ အဲဒီမှာ ကပ်ပြီးပေါ်လို့ ဒီနိမိတ်ချောင်းကလည်း ခိုင်ရင်တော့ အဲဒီနိမိတ်ချောင်းမှာ ပြောင်းပြီးတော့ <b>ဘာဝနာစိတ်</b>ကို ကပ်လိုက်မယ်ဆိုရင်တော့ ရှေ့ကို <b>သမာဓိ</b>တွေ တက်လို့ရမယ်နော်။</p>
<p>ရှေ့သမာဓိတက်ပုံအပိုင်းလေး ဆက်ပြောကြရအောင်နော်။ အဲဒီတော့ ဒီနိမိတ်က ဝင်လေ ထွက်လေ ထိမှုထင်ရှားရာ နှာသီးဖျား (သို့မဟုတ်) အထက်နှုတ်ခမ်း ဒီဝန်းကျင်မှာ ကပ်ပြီးပေါ်လို့ <b>ဘာဝနာစိတ်</b>ကလည်း ထိုနိမိတ်မှာ ကပ်သွားပြီဆိုရင်တော့ ကပ်သာကပ်ထားလိုက်။ ခွာမချလိုက်နဲ့တော့နော်။ ခွာမချဘဲနဲ့ ထိုနိမိတ်ပေါ်မှာ စိတ်ကို ငြိမ်အောင် ကပ်ထားလိုက်တဲ့အခါ ပကတိ ဝင်လေ ထွက်လေကို လွှတ်ပစ်လိုက်ရတယ်။ ပကတိ ဝင်လေ ထွက်လေကို အာရုံမမူတော့ဘဲ ထို<b>အာနာပါနနိမိတ်</b>လို့ခေါ်ဆိုအပ်တဲ့ နိမိတ်ချောင်းအပေါ်၌ ပြောင်းပြီးတော့ စိတ်က ကပ်ပြီးတော့ ဘာဝနာကို ဆက်ပြီး နှလုံးသွင်းသွားရပါတယ်။ ထိုနိမိတ်သည် <b>ပရမတ္ထဓမ္မ</b> အထည်ကိုယ်ဒြပ်မှ လွတ်နေတဲ့နိမိတ်လို့ခေါ်တယ်။ မူလ ဝင်သက်လေ ထွက်သက်လေက ရှေးယခင်က ပြောခဲ့တဲ့အတိုင်းပဲ။ <b>ဓာတ်လေးပါး</b> ဖမ်းစိုက်ပြီး ရှုနိုင်ရင် ပရမတ်နယ်ကို ကူးလို့ရတဲ့ <b>ပရမတ္ထဓမ္မ</b> သဘာဝဖြစ်တယ်။ ပကတိ ဝင်သက်လေ ထွက်သက်လေမှ အလွတ်ဖြစ်နေတဲ့ ဒီနိမိတ်ချောင်းကတော့ <b>ပရမတ္ထဓမ္မ</b> မဟုတ်ဘူး။</p>
<p>ဒါကြောင့် ဒီ<b>အာနာပါနကမ္မဋ္ဌာန်း</b>သည် ပရမတ်ကို အာရုံယူပြီးတော့ သမာဓိထူထောင်နေတဲ့ ကမ္မဋ္ဌာန်း မဟုတ်ဘူး။ ပညတ်ကိုသာ အာရုံယူပြီး ထူထောင်နေတဲ့ ကမ္မဋ္ဌာန်းဖြစ်ခြင်းကြောင့် စပြည်တည်ပြီး နှလုံးသွင်းကတည်းက <b>ဝါယောလေဓာတ်</b> ပရမတ်တရား၏ ရှည်မှု, တိုမှုဆိုပြီးတော့ နှလုံးသွင်းခဲ့ရင် ဘာဝနာလမ်းကြောင်းသည် ချော်သွားတတ်တယ်။ ဒါကြောင့် ပညတ်ကို အာရုံယူပြီး ရှုပွားရမယ့်ကမ္မဋ္ဌာန်းကို ပညတ်ကိုသာ အာရုံယူပြီး ရှုရပါတယ်။ ပရမတ်ကို အာရုံယူပြီး ရှုရမယ့်ကမ္မဋ္ဌာန်းဖြစ်ရင် ပရမတ်ကိုသာ အာရုံယူပြီး ရှုပွားရပါတယ်။ သူ့စည်းကမ်း သူ့နည်းလမ်း သီးသန့်စီ ရှိကြပါတယ်။ ဒါကြောင့် ဒီနေရာမှာလည်း ပကတိသော ဝင်လေ ထွက်လေမှ အလွတ်ဖြစ်နေတဲ့ ဒီပေါ်လာတဲ့နိမိတ်ကို အာရုံမူလိုက်တဲ့အခါ ထိုနိမိတ်အပေါ်၌ <b>ဘာဝနာစိတ်</b>က ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာရင် ထိုနိမိတ်သည် ပေါ်စမှာ ဆွတ်ဆွတ်ဖြူချင်လည်း ဖြူနေတတ်တယ်။ သို့မဟုတ် မီးခိုးရောင်လို ညစ်ထပ်ထပ် ဖြစ်ချင်လည်း ဖြစ်တတ်တယ်။</p>
<p>ဖြစ်ချင်လည်း ဖြစ်ပါစေ။ ထိုနိမိတ်ကခိုင်လို့ နိမိတ်အပေါ်မှာ ပြောင်းပြီး <b>ဘာဝနာစိတ်</b>ကို ကပ်ထားနိုင်လို့ <b>ဘာဝနာစိတ်</b>က ငြိမ်ဝပ်စွာ တည်သထက် တည်လာပြီဆိုရင် ထိုနိမိတ်သည် တစ်စတစ်စ ဖြူလာတယ်။ ဝါဂွမ်းစိုင်လို, တိမ်တိုက်လို ဖြူလာပြီဆိုရင်တော့ <b>ဥဂ္ဂဟနိမိတ်</b>ဖက် ကူးသွားပြီ။ ထို<b>ဥဂ္ဂဟနိမိတ်</b>လို့ခေါ်ဆိုအပ်တဲ့ ဆွတ်ဆွတ်ဖြူနေတဲ့ နိမိတ်ပေါ်မှာ <b>ဘာဝနာစိတ်</b>ကို ဆက်ပြီး ငြိမ်ဝပ်စွာ ကပ်ပြီးထား။ တစ်နာရီ ငြိမ်ပါစေ, နှစ်နာရီ ငြိမ်ပါစေစသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာရင် ထိုနိမိတ်သည် ဆွတ်ဆွတ်ဖြူရာကနေ အလွန် ကြည်လင်တောက်ပလာလိမ့်မယ်။ အဲဒီလို အလွန် ကြည်လင်တောက်ပလာတဲ့အခါမှာ ဒီကြည်လင်တောက်ပနေတဲ့ နိမိတ်ကိုတော့ <b>အာနာပါနပဋိဘာဂနိမိတ်</b>လို့ ခေါ်ပါတယ်။</p>
<p>သို့သော် ဒီနေရာမှာ စပ်ကြားလေးတစ်ခု ပြောဖို့တော့ လိုလာတယ်။ တချို့တချို့ ယောဂီများမှာ ဒီနိမိတ်မပေါ်ခင် အလင်းရောင်က စပြီး ပေါ်တတ်တယ်။ တချို့တချို့ ယောဂီများမှာတော့ ဒီနိမိတ်က အရင် စပြီးတော့ ပေါ်တတ်တယ်။ နိမိတ်မပေါ်မီ အလင်းရောင် ပေါ်သည်ပဲဖြစ်စေ၊ နိမိတ်ပေါ်ပြီး နောက်မှ ခုလို <b>ပဋိဘာဂနိမိတ်</b> ပေါ်လာတဲ့ အချိန်အခါမှာ အလင်းရောင် အားကောင်းလာသည်ပဲဖြစ်စေ။ အတူတူပဲ။ အတူတူလို့ ပြောရတာက ယောဂီပုဂ္ဂိုလ်က နိမိတ်ကိုသာ တစ်ဖက်သတ် အာရုံမူနေတဲ့ အချိန်အခါမှာ ဒီအလင်းရောင်ကို သတိမပြုမိဘူး။ အဲဒီလို ဖြစ်ခြင်းကြောင့် အလင်းရောင်ပေါ်တာကို သူက အမှတ်မထားမိခြင်းလည်း ဖြစ်တတ်တယ်။</p>
<p>တချို့မှာတော့ သမာဓိက ငြိမ်လာပြီ။ နိမိတ်က မပေါ်သေးဘူး။ သို့သော် အလင်းရောင် စပေါ်တာကို အမှတ်ပြုမိတဲ့ ယောဂီတွေလည်း ရှိတတ်ပါတယ်။ အလင်းရောင် ပေါ်လာလို့ရှိရင်တော့ ထိုအလင်းရောင်ကို နှလုံးမသွင်းဘဲ ပကတိ ဝင်လေ ထွက်လေကိုသာ နှလုံးသွင်းနေရတယ်။ အင်္ဂုတ္ထိုရ် တိကနိပါတ်ပါဠိတော်မှာ “နိမိတ္တသုတ္တန်” ဆိုပြီးတော့ သုတ္တန်တစ်ခု ရှိပါတယ်။ ထိုသုတ္တန်မှာ ဘုရားရှင် ကိုယ်တော်တိုင်က <b>သမထဘာဝနာစိတ်</b>, <b>ဝိပဿနာဘာဝနာစိတ်</b> အားလုံးတို့၌ လင်းရောင်ခြည်ရှိတယ်။ ပြိုးပြိုးပြက် တလက်လက် တောက်ပနေတယ်လို့ ဒီလို ဟောထားတော်မူပါတယ်။</p>
<p>ဒါကြောင့် ဒီသမထပိုင်းမှာလည်း သမထနဲ့ ထိုက်တန်တဲ့ လင်းရောင်ခြည်တွေ ရှိနေပါတယ်။ ဝိပဿနာပိုင်းမှာလည်း ဝိပဿနာနဲ့တန်တဲ့ လင်းရောင်ခြည်တွေကတော့ ရှိမြဲပဲ။ သို့သော် ဒီလင်းရောင်ခြည်ကို မိမိတို့က နှစ်သက်မှု <b>“နိကန္တိ”</b> မဖြစ်ရင် ဘာမှ အနှောင့်အယှက် မရှိပါဘူး။ မိမိတို့ ရှုပွားသုံးသတ်နေကျ သမထပိုင်းဖြစ်ရင်လည်း <b>သမထနိမိတ်</b>ကိုသာ အာရုံယူပြီး နှလုံးသွင်းနေရတယ်။ ဝိပဿနာပိုင်းဖြစ်ရင်လည်း <b>သင်္ခါရနိမိတ်</b>ကိုသာ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး တွင်တွင်ကြီး ရှုနေရတယ်။ အဲဒီလို ရှုနိုင်မယ်ဆိုလို့ရှိရင်တော့ ဒီအလင်းရောင်ကြောင့် ဘာမှ အန္တရာယ်ဖြစ်စရာလည်း မရှိပါဘူး။ အလင်းရောင်ကို နှစ်သက်တွယ်တာနေတဲ့ <b>နိကန္တိ</b>တွေ ဖြစ်နေရင်သာ ဒီ<b>နိကန္တိ</b>ကသာလျှင် အနှောင့်အယှက်သာဖြစ်တယ်။</p>
<p>ဒီ<b>အာနာပါနပဋိဘာဂနိမိတ်</b> အလွန် ကြည်လင်တောက်ပလာပြီဆိုရင် ထိုနိမိတ်မှာ <b>ဘာဝနာစိတ်</b>ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်တံ့အောင်, ခိုင်ခံ့အောင် ထားနိုင်ပြီဆိုရင် အဓိဋ္ဌာန်ထားပေတော့နော်။ တစ်နာရီငြိမ်ပါစေ, နှစ်နာရီငြိမ်ပါစေ စသည်ဖြင့် အဓိဋ္ဌာန်ကြည့်။ အဓိဋ္ဌာန်သည့်အတိုင်း အောင်မြင်မှုရအောင်တော့ ကြိုးစားရတယ်။ သို့သော် ဒီအပိုင်းလေးမှာ ကဏ္ဍတစ်ခု ဝင်လာတယ်။ ဒီ<b>ပဋိဘာဂနိမိတ်</b>ကို အာရုံယူပြီးတော့ <b>ဘာဝနာစိတ်</b>ကို ဒီ<b>ပဋိဘာဂနိမိတ်</b>အာရုံ၌ ငြိမ်ဝပ်စွာ ကပ်ပြီး တည်တံ့နေအောင် ကြိုးပမ်းနေတဲ့ အပိုင်းမှာ <b>ဥပစာရသမာဓိ</b>, <b>အပ္ပနာသမာဓိ</b>ဆိုပြီး သမာဓိနှစ်မျိုး ကွဲလာတယ်။</p>
<p><b>ဥပစာရသမာဓိ</b>ဆိုတာက ဈာန်နားကပ်နေတဲ့ သမာဓိပဲ။ ဒီသမာဓိကလည်း ဒီကြည်လင်တောက်ပနေတဲ့ <b>အာနာပါနပဋိဘာဂနိမိတ်</b>ကိုပဲ အာရုံပြုနေပါတယ်။ <b>အပ္ပနာသမာဓိ</b>ဆိုတာကတော့ ဒီကြည်လင်တောက်ပနေတဲ့ နိမိတ်ကိုပဲ သူလည်း အာရုံပြုတယ်။ ဒီသမာဓိနှစ်ခုက ဘာထူးခြားသလဲလို့မေးရင်တော့ — <b>အပ္ပနာသမာဓိ</b>က ဈာန်သမာဓိ, <b>ဥပစာရသမာဓိ</b>က ဈာန်နားကပ်နေတဲ့သမာဓိ။ အဲဒီ သမာဓိနှစ်ခုရဲ့ ထူးခြားချက်ကတော့ <b>ဥပစာရသမာဓိ</b>သည် <b>ဥပစာရသမာဓိ</b>အခိုက်မှာ ဈာန်အင်္ဂါတွေက ထာမဂတခေါ်တဲ့ စွမ်းအားတွေနဲ့ ပြည့်ပြည့်ဝဝ ဖြစ်ပေါ်ပြီး မလာသေးဘူး။ ဖြစ်ပေါ်မလာသေးတဲ့အတွက်ကြောင့် ဈာန်အင်္ဂါတွေက အစွမ်း သိပ်မထက်သေးတဲ့အတွက် <b>ဘာဝနာစိတ်အစဉ်</b>ကို အခြေခိုင်ခံ့ တည်တံ့အောင် ချီမထားနိုင်တဲ့စွမ်းအား မရှိဘူး။ မရှိတဲ့အတွက်ကြောင့် ထို<b>ဥပစာရသမာဓိ</b>အခိုက်၌ ဘာဖြစ်တတ်သလဲဆိုတော့ ဘဝင် ခဏခဏ ကျနေတတ်တယ်ဆိုပြီး အဋ္ဌကထာက ဖော်ပြထားတယ်။</p>
<p>ဥပမာလေးနဲ့ပြောရင်တော့ — မတ်တပ်ရပ်သင်စ ကလေးသူငယ်တစ်ဦးကို ချီမပြီး ထားလိုက်တဲ့အခါ ဒီကလေးငယ်ရဲ့ ခြေထောက်တွေက အချိန်ကြာမြင့်စွာ ရပ်တည်နိုင်တဲ့ စွမ်းအားတွေ အပြည့်အဝ မရှိသေးခြင်းကြောင့် မြေကြီးကို ခဏခဏ လဲပြီး ပြန်ကျသွားတတ်တဲ့ သဘောရှိသလိုပဲ။ ဒီ<b>ဥပစာရသမာဓိ</b>အခိုက်မှာလည်း သမာဓိအကူအညီဖြစ်နေတဲ့ ဈာန်အင်္ဂါစွမ်းအားတွေက စွမ်းအင်တွေ သိပ်ပြီး မပြည့်ဝသေးတဲ့အတွက်ကြောင့် ဘဝင် ခဏခဏကျပြီး နေတတ်တယ်လို့ ဒီလို ဖော်ပြထားတယ်။ အဲဒီလို ဘဝင် ခဏခဏကျနေတော့ ယောဂီတွေ, ပုဂ္ဂိုလ်တွေဘက်က ဘယ်လိုမြင်သလဲ? ဘာမှမသိတော့ဘူးဆိုပြီးတော့ ဒီလို ဖြစ်တတ်တယ်နော်။ ဘယ်ကမ္မဋ္ဌာန်းပဲ အားထုတ်အားထုတ် သမာဓိ ရင့်ညောင်းလာပြီဆိုရင်တော့ ဒီအပိုင်းလေးက ခဏခဏ ဖြစ်တတ်ပါတယ်။ ဘာမှမသိတော့ဘူးလို့ ဘာကြောင့် သူတို့က ဒီလိုပြောရသလဲလို့မေးရင် ယောဂီပုဂ္ဂိုလ်ကတော့ သူ့ အတွေ့အကြုံအရ, သူ့ခံစားချက်နဲ့ ပြောခြင်းသာ ဖြစ်တယ်။ သူ့ရဲ့ ပြောပြချက်အားလုံးသည် မှန်ကန်ပါတယ်လို့ ဦးပဉ္စင်းတို့ သာသနာတော်ဘက်က အတိအကျ အသိအမှတ်ပြုလို့တော့ မရဘူး။</p>
<p>ဒီ<b>ဘဝင်စိတ်</b>တို့မည်သည်မှာ ဟိုအတိတ်ဘဝ သေခါနီးကာလ မရဏာသန္နအခါ ထင်ခဲ့တဲ့ အာရုံကိုသာ လှမ်းပြီး အာရုံပြုတယ်။ မရဏာသန္နဇော စောနေတဲ့အချိန် အတိတ်ဘဝတစ်ခုဆိုကြစို့နော်။ အဲဒီအချိန်တုန်းက သင်္ကန်းလှူနေတဲ့ကံက အကျိုးပေးတော့မယ်ဆိုရင် သေခါနီးကာလမှာ အသစ်တဖန် ပြန်ပြီးတော့ ဒီသင်္ကန်းလှူနေတဲ့ အာရုံတွေ ထင်နေတတ်တယ်။ အဲဒီလို ထင်မှုကို <b>ကံအာရုံ</b>ထင်တယ်လို့ ခေါ်ပါတယ်။ အကယ်၍ ဒီသင်္ကန်းလှူနေတဲ့ကံက အကျိုးပေးမယ်ဆိုရင် တစ်ခါတစ်ရံ သင်္ကန်းအာရုံတွေ ထင်ချင်လည်း ထင်တတ်တယ်။ ဒီလို ထင်တာမျိုးကိုတော့ <b>ကမ္မနိမိတ်</b>ထင်တယ်လို့ ခေါ်ရတယ်။</p>
<p>အကယ်၍ ဒီသင်္ကန်းလှူနေတဲ့ကံက အကျိုးပေးမယ်ဆိုရင် တစ်ခါတစ်ရံ လူ့ဘဝတို့ကဲ့သို့ ဘဝတစ်ခု ဖြစ်မယ်ဆိုရင်တော့ အမိရဲ့ ဝမ်းရေးလို့ခေါ်ဆိုအပ်တဲ့ ဝမ်းရေးရဲ့အရောင် ကမ္ဗလာနီအရောင် ရှိနေတဲ့ အနီရောင်ကြီး ထင်ချင်လည်း ထင်တတ်တယ်။ ဒါကို <b>ဂတိနိမိတ်</b> ထင်တယ်လို့ ခေါ်ပါတယ်။ အဲဒီ ကံ, ကမ္မနိမိတ်, ဂတိနိမိတ် သုံးမျိုး တစ်မျိုးမျိုး ထင်မြဲ ဓမ္မတာဖြစ်တယ်။ အဲဒီ မရဏာသန္နဇောက ဒီ ကံ, ကမ္မနိမိတ်, ဂတိနိမိတ် သုံးမျိုး တစ်မျိုးမျိုးကို အာရုံယူခဲ့ရင် ဒီဘဝ <b>ဘဝင်စိတ်</b>ကလည်း အဲဒီ နိမိတ်သုံးမျိုး တစ်မျိုးမျိုးကိုသာ အာရုံယူမြဲ ဓမ္မတာဖြစ်တယ်။</p>
<p>ဥပမာ — ယောဂီတစ်ဦးရဲ့ အတွေ့အကြုံအရ ပြောခဲ့ရင်ပေါ့နော်။ သူက အတိတ်ဘဝ သေခါနီးကာလမှာ မရဏာသန္နဇောအခါ စိုက်လိုက်တဲ့အချိန်အခါမှာ မဏ္ဍပ်တစ်ခုအတွင်းမှာ သင်္ကန်းနဲ့ထီး လှူနေတဲ့ <b>ကံအာရုံ</b> သူ့ မရဏာသန္နဇောအခါမှာ ထင်တယ်။ အဲဒီ အာရုံကိုပဲ ဒီလက်ရှိဘဝ <b>ပဋိသန္ဓေစိတ်</b>နဲ့, လက်ရှိဘဝ <b>ဘဝင်စိတ်</b>တွေက ဆက်လက်ပြီး အာရုံခံနေတာဖြစ်တယ်။ ဒီအာရုံကိုပဲ သိနေတယ်။ ဒီတော့ မိမိပစ္စုပ္ပန် ခုရှုနေတဲ့ <b>အာနာပါနပဋိဘာဂနိမိတ်</b>ကဲ့သို့သော နိမိတ်ကို ဒီစိတ်က သိသည် မဟုတ်ဘူး။ ဒီစိတ်က အတိတ်ဘဝ သေခါနီးကာလက မရဏာသန္နဇောယူထားတဲ့ အာရုံကိုသာ သိနေခြင်းကြောင့် ပစ္စုပ္ပန် လက်ရှိ မိမိ ရှုပွားနေတဲ့အာရုံကို မသိသည့်အတွက်ကြောင့် ယောဂီပုဂ္ဂိုလ်က <b>ဘဝင်စိတ်</b>ကလေး ဆက်တိုက်ဖြစ်နေတာကို ဘာမှမသိဘူးလို့ ပြောနေခြင်းသာဖြစ်တယ်။</p>
<p>သို့သော် ဒီ<b>ဘဝင်စိတ်</b>သည် အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နဇော ယူထားတဲ့ အာရုံကို သိပါတယ်ဆိုတာကလည်း အတိတ်ဘဝ မရဏာသန္နဇောရဲ့ အာရုံကို စနစ်တကျ ရှုပွားတတ်တဲ့ ယောဂီများမှ သဘောပေါက်ပါတယ်။ ဒါကြောင့် ဒီစိတ်ကလေး ဆက်တိုက်ဖြစ်နေတာကို ဗဟုဿုတမရှိတဲ့ ယောဂီ တော်တော်ခပ်များများကတော့ ဘာမှမသိတော့ဘူးဆိုပြီးတော့ ဒီလို ပြောကြတယ်။</p>
<p>တစ်နည်းအားဖြင့် ခေတ်စကားလုံးနဲ့ လဲလှယ်ပြီး ပြောရင်တော့ အာရုံရော, အသိစိတ်ရော ချုပ်သွားတယ်လို့ ဒီလိုပြောကြတယ်နော်။ ဒီအချိန်အခါမှာ ဘာမှ မချုပ်သေးပါဘူးနော်။ ဘာဖြစ်လို့လဲ? ရုပ်တွေ, နာမ်တွေလည်း မသိသေးဘူး။ အကြောင်းတရား, အကျိုးတရားတွေလည်း မသိသေးဘူး။ ပရမတ်ရုပ်နာမ်ကို ပြောလိုရင်း ဖြစ်တယ်နော်။ ရုပ်တို့မည်သည်မှာ ကလာပ်လို့ခေါ်တဲ့ အမှုန်လေးတွေအနေနဲ့ဖြစ်တော့ ဒီအမှုန်တွေကို ဓာတ်ခွဲနိုင်မှ ရုပ်တရားက စသိမယ်။ နာမ်တရားတို့မည်သည်မှာ ဝီထိလို့ခေါ်တဲ့ နိယာမလမ်းကြောင်းအတိုင်း ဖြစ်နေတာဖြစ်တော့ ဒီနိယာမလမ်းကြောင်းအတိုင်း ဖြစ်ပေါ်နေတဲ့ နာမ်တရားတွေကို စိတ္တက္ခဏတိုင်းမှာ ကုန်စင်အောင် သိမ်းဆည်းတတ်ပါမှ နာမ်တရားက စသိမှာ။</p>
<p>အဲဒီ ရုပ်နာမ်သိပြီးတဲ့အခါ အကြောင်းတရားတွေကို တစ်ဆင့်တက် ရှာဖွေရမှာဖြစ်တော့ အကြောင်းတရား အကျိုးတရားလည်း မသိသေး, ရုပ်နာမ်လည်း ပရမတ်ကို ဆိုက်အောင် မသိသေးတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ <b>နိဗ္ဗာန်</b>ဆိုတာ တော်တော်ကြီး ဝေးနေသေးတယ်နော်။ ဒါကြောင့် ဒီ<b>ဘဝင်စိတ်</b>ကလေး ဖြစ်နေတာကို တစ်ခါတစ်ရံ တချို့မှာ ဗဟုဿုတ မရှိခဲ့ရင်တော့ အာရုံရော, အသိစိတ်ရော၊ အာရုံရော, မှတ်စိတ်ရော အားလုံး ချုပ်သွားတယ်လို့ ဒီလိုတော့ ထင်တတ်ကြတယ်နော်။ မဟုတ်ပါဘူး။ <b>ဘဝင်စိတ်</b>ဖြစ်နေတာပဲ။ အဲဒီ<b>ဘဝင်စိတ်</b> ဖြစ်လာပြီဆိုရင် ယောဂီသူတော်ကောင်းက ဘာလုပ်ရသလဲ?</p>
<p><b>သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ</b> စွမ်းအားတွေရဲ့ အကူအညီကို ယူပြီးတော့ ဒီ<b>အာနာပါနပဋိဘာဂနိမိတ်</b>အာရုံ၌ <b>ဘာဝနာစိတ်</b>ကို ငြိမ်ဝပ်စွာ ကပ်သွားအောင် <b>ဝီရိယ</b>ကလေးနဲ့ တွန်းတင်ပေးရတယ်။ <b>သတိ</b>လေးနဲ့ ခိုင်ခံ့အောင် ကြိုးစားရတယ်။ <b>ပညာ</b>က ဒီ<b>အာနာပါနပဋိဘာဂနိမိတ်</b> အာရုံကို ထိုးထွင်းသိနေအောင် ထပ်ခါထပ်ခါ ကြိုးပမ်းပေးနေရတယ်။ ယုံကြည်ချက် <b>သဒ္ဓါတရား</b>အပြည့်အဝနဲ့ လုပ်ငန်းခွင်ကို ပြုလုပ်ရမှာ ဖြစ်တယ်။ <b>သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ</b>ခေါ်တဲ့ စွမ်းအားတွေက ထက်လာခဲ့ရင် ဒီ<b>ဥပစာရသမာဓိ</b>နယ်မြေကို ကျော်လွှားပြီးတော့ <b>အပ္ပနာသမာဓိ</b>နယ်မြေသို့ ဆိုက်သွားလိမ့်မယ်။ <b>အပ္ပနာသမာဓိ</b>နယ်သို့ ဆိုက်ပြီဆိုရင် ခုနက ခွန်အားရှိနေတဲ့ ယောက်ျားတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင်ပေါ့။ တစ်နေ့လုံး ရပ်နေမယ်ဆိုရင် ရပ်လို့ရတယ်။ တစ်နေ့လုံး ထိုင်နေမယ်ဆိုလည်း ထိုင်လို့ရတယ်။</p>
<p>အဲဒီပုံစံအတိုင်းပဲ။ <b>ဥပစာရသမာဓိ</b>နယ်မြေကို ကျော်လွှား၍ <b>အပ္ပနာသမာဓိ</b>ခေါ်တဲ့ <b>ဈာန်သမာဓိ</b>နယ်မြေသို့ ကပ်ရောက်သွားပြီဆိုရင် ထိုယောဂါဝစရပုဂ္ဂိုလ်ရဲ့ <b>ဘာဝနာစိတ်အစဉ်</b>သည် မိမိသတ်မှတ်ထားတဲ့ ဒီ<b>အာနာပါနပဋိဘာဂနိမိတ်</b>ကဲ့သို့ သမထနိမိတ်အာရုံ၌ တစ်နေ့လုံး အာရုံဆိုက်ပြီး နေမယ်ဆိုလည်း နေလို့ရတယ် စသည်ဖြင့် ဒီလို <b>ဝိသုဒ္ဓိမဂ်အဋ္ဌကထာ</b>များမှာ ဖော်ပြထားပါတယ်နော်။ အဲဒါကြောင့် ဒီဘာမှမသိဘူးလို့ပြောနေတဲ့ ဒီစိတ်ကလေးကို ကျော်လွှား လွန်မြောက်အောင်တော့ ကြိုးပမ်းရတယ်။ <b>ဘဝင်စိတ်</b>ကလေးပဲနော်။ ဦးပဉ္စင်းတို့ သာသနာတော်ဘက်က ဒီဘာမှမသိတဲ့ မသိစိတ်ဆိုတာ မရှိဘူးလို့ လက်မခံနိုင်ရတာက အကြောင်းရှိတယ်နော်။</p>
<p>‘‘<b>စတုဘူမကစိတ္တဉှိ နော ဝိဇာနနလက္ခဏံ နာမ နတ္ထိ၊ သဗ္ဗံ ဝိဇာနနလက္ခဏမေဝ။</b>’’ (အဘိ၊ဋ္ဌ၊၁၊၁၅၅။)</p>
<p><b>စတုဘူမကစိတ္တံ =</b> ကာမ, ရူပ, အရူပ, လောကုတ္တရာခေါ်ဆိုအပ်သော ဘုံလေးပါး၌ ကျင်လည်ဖြစ်ပွားတတ်သော စိတ်သည်။ <b>နော ဝိဇာနနလက္ခဏံ နာမ =</b> အာရုံကို မသိခြင်းသဘောရှိသည်ဟူ၍။ <b>နတ္ထိ ဥှိ =</b> မရှိသည်သာလျှင်တည်း။ <b>သဗ္ဗံ =</b> ခပ်သိမ်းသော စိတ်အလုံးစုံသည်။ <b>ဝိဇာနနလက္ခဏမေဝ =</b> အာရုံကို သိခြင်းသဘောရှိသည်သာလျှင်တည်း။</p>
<p><b>အဋ္ဌသာလိနီအဋ္ဌကထာ</b>များမှာ ဖော်ပြထားပါတယ်။ ကာမ, ရူပ, အရူပ, လောကုတ္တရာခေါ်တဲ့ ဘုံလေးပါးအတွင်း ဖြစ်နေတဲ့စိတ်မှန်ရင် အာရုံကို မသိတဲ့စိတ် တစ်ခုမှမရှိဘူး။ အားလုံး သိတာချည်းပဲလို့ ဒီလို ဖော်ပြထားတယ်။ ဒီတော့ <b>ဘဝင်စိတ်</b>သည် ပစ္စုပ္ပန် မိမိရှုပွားနေတဲ့ <b>အာနာပါနပဋိဘာဂနိမိတ်</b>တို့လို အာရုံကို မသိသော်လည်း အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နဇောယူထားတဲ့ အာရုံကို လှမ်းသိနေခြင်းကြောင့် သူ့ကို မသိစိတ်လို့ ပြောလို့မရဘူး။</p>
<p>ဥပမာ — စက္ခုဝိညာဏ်စိတ်ဆိုကြစို့။ စက္ခုဝိညာဏ်စိတ်သည် အဆင်းရူပါရုံကို သိတယ်။ သို့သော် အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ ဓမ္မသဘောလို့ခေါ်ဆိုအပ်တဲ့ ဒီအာရုံတွေကို မသိဘူး။ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ ဓမ္မသဘောလို့ခေါ်ဆိုအပ်တဲ့ ဒီအာရုံတွေကို မသိခြင်းကြောင့် ဒီစက္ခုဝိညာဏ်စိတ်ကို မသိစိတ်လို့ ပြောလို့ မရသလိုဘဲ။ ဒီဘဝင်စိတ်ကလေးဟာလည်း ပစ္စုပ္ပန် မိမိရှုပွားသုံးသပ်နေတဲ့ <b>အာနာပါနပဋိဘာဂနိမိတ်</b>တို့လို ဒီအာရုံမျိုးကို မသိပေမယ့်လို့ အတိတ်ဘဝ သေခါနီးကာလ <b>မရဏာသန္နဇော</b>အခါမှာ ထင်ခဲ့တဲ့အာရုံကို လှမ်းသိနေခြင်းကြောင့် သူ့ကို မသိစိတ် ပြောလို့တော့ မရပါဘူး။ သာသနာတော်မှာ မသိစိတ်လို့ သတ်မှတ်ချက် မရှိဘူးနော်။</p>
<p>အဲဒီဘဝင်ကို ကျော်လွှားလွန်မြောက်အောင် ကျင့်နိုင်လို့ ဒီအာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်က တစ်နာရီ၊ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီဆိုရင်တော့ ထိုငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့ ဘာဝနာစိတ် ကိန်းဝပ်ရာဖြစ်တဲ့ မိမိရဲ့ <b>ဟဒယဝတ္ထု</b>ရှိရာ နှလုံးအိမ် အတွင်းဘက်သို့ လှမ်းမျှော်ပြီး စိုက်ကြည့်လိုက်တဲ့အခါ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာခေါ်တဲ့ <b>ဈာန်အင်္ဂါ ငါးပါး</b> ဒီမှာ ထင်ရှားနေတတ်ပါတယ်။</p>
<p>* <b>ဝိတက်</b>၊ အာနာပါနပဋိဘာဂနိမိတ် အာရုံပေါ်သို့ စိတ်ကို ရှေးရှု တင်ပေးခြင်းသဘော။<br>
* <b>ဝိစာရ</b>၊ အာနာပါနပဋိဘာဂနိမိတ် အာရုံကို ထပ်ခါထပ်ခါ သုံးသပ်ဆင်ခြင်နေခြင်းသဘော။<br>
* <b>ပီတိ</b>၊ အာနာပါနပဋိဘာဂနိမိတ် အာရုံကို နှစ်သက်နေခြင်းသဘော။<br>
* <b>သုခ</b>၊ အာနာပါနပဋိဘာဂနိမိတ်အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားနေခြင်းသဘော။<br>
* <b>ဧကဂ္ဂတာ</b>၊ အာနာပါနပဋိဘာဂနိမိတ် အာရုံ တစ်ခုတည်းပေါ်သို့ ဘာဝနာစိတ် ငြိမ်ဝပ်စွာ ကျရောက်တည်နေခြင်းသဘော။ အာရုံတစ်ခုတည်းပေါ်သို့ စိတ်ကျရောက်နေခြင်းသဘော။</p>
<p>ပေါင်းလိုက်တော့ <b>ဈာန်အင်္ဂါ ငါးပါး</b>ပဲ။ သို့သော် အဋ္ဌကထာများမှာတော့ အားထုတ်စ ယောဂီပုဂ္ဂိုလ်သည် ဈာန်ဝင်စားမှုများပါစေ၊ ဈာန်အင်္ဂါ ဆင်ခြင်မှုနည်းပါစေဆိုပြီး ဒီလို သတ်မှတ်ချက် ပေးထားတယ်နော်။ သတ်မှတ်ချက် ပေးထားခြင်းကြောင့် ယောဂီပုဂ္ဂိုလ်သည် ဒီပထမဈာန်သမာဓိကို ခိုင်ခံ့အောင် <b>ဝသီဘော် ငါးတန်</b> နိုင်နင်းအောင်တော့ လေ့ကျင့်ရတယ်။</p>
<p><b>ဝသီဘော် ငါးတန်</b>မှာ အာဝဇ္ဇနဝသီ၊ ပစ္စဝက္ခဏဝသီဆိုတဲ့ ဝသီနှစ်ခုကတော့ ဈာန်အင်္ဂါတွေကို ဆင်ခြင်တာပဲ။ မနောဒွါရာဝဇ္ဇန်းနဲ့ ဈာန်အင်္ဂါကို ဆင်ခြင်နိုင်တဲ့စွမ်းအားကို အာဝဇ္ဇနဝသီ၊ ဇောတွေနဲ့ ဈာန်အင်္ဂါကို ဆင်ခြင်နိုင်တဲ့ စွမ်းအားကိုတော့ ပစ္စဝက္ခဏဝသီဆိုပြီးတော့ ဒီလို နှစ်မျိုး ခွဲထားတယ်။ သမာပဇ္ဇနဝသီဆိုတာက ဒီဈာန်ကို ဝင်စားချင်တဲ့ အချိန်အခါမှာ အချိန်မရွေး ဝင်စားလို့ရအောင် လေ့ကျင့်ရတယ်။ ဝုဋ္ဌာနဝသီဆိုတာက ဒီဈာန်မှ ထချင်တဲ့အခါ အချိန်မရွေး ထလို့ရအောင် လေ့ကျင့်ရတယ်။ အဓိဋ္ဌာနဝသီဆိုတာက ဒီဈာန်ကို တစ်နာရီ၊ နှစ်နာရီ စသည်ဖြင့် အဓိဋ္ဌာန်ပြီး ဝင်စားကြည့်၊ ဝင်စားလို့ရအောင် လေ့ကျင့်ထားရတယ်။</p>
<p>အဲဒီလို ဝသီဘော် ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးတဲ့ အချိန်အခါမှာ ထိုယောဂီသူတော်ကောင်းက ဒုတိယဈာန်ကူးလိုက ကူးနိုင်တယ်။ ကူးတဲ့ အချိန်အခါမှာ ဒီပထမဈာန်သမာဓိရဲ့ အပြစ်၊ ဒုတိယဈာန်သမာဓိရဲ့ ဂုဏ်တွေကို ဆင်ခြင်ပေးရတယ်။ ပထမဈာန်သမာဓိက နီဝရဏဆိုတဲ့ ရန်သူတွေနဲ့ နီးကပ်တယ်။ <b>ဥပစာရသမာဓိ</b>နယ်မြေလောက် ဆိုက်တဲ့ အချိန်အခါမှ နီဝရဏရန်သူတွေက ကွာကျသွားခြင်း ဖြစ်တယ်။ ဒါကြောင့် ဒီပထမဈာန်သမာဓိသည် ဥပစာရသမာဓိနယ်မြေလို့ ခေါ်ဆိုအပ်တဲ့ နယ်မြေသို့ အချိန်မရွေး လျောကျပြီး သွားနိုင်တယ်။ နီဝရဏရန်သူတွေနဲ့ အလွန် နီးကပ်တယ်။ ဒုတိယဈာန်သမာဓိလောက်လည်း မငြိမ်သက်ဘူးဆိုပြီးတော့ ပထမဈာန်ကို အလိုမရှိတဲ့ စိတ်ထား၊ ဒုတိယဈာန်သမာဓိကို လိုလားတောင့်တတဲ့စိတ်ထား ရှိရမယ်။</p>
<p>နောက်တစ်ခု — ဈာန်အင်္ဂါ ငါးပါးထဲမှာ ဝိတက်နဲ့ ဝိစာရ။ ဝိတက်က ဒီအာနာပါနပဋိဘာဂနိမိတ် အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘော။ ဝိစာရက ဒီအာနာပါနပဋိဘာဂနိမိတ် အာရုံကို ထပ်ခါထပ်ခါ သုံးသပ် ဆင်ခြင်နေခြင်းသဘောဖြစ်တော့ ငြိမ်သက်မှု သမာဓိစွမ်းအင်ကို လိုလားတောင့်တနေတဲ့ ယောဂီသူတော်ကောင်းအဖို့ ဘာဝနာအာရုံပေါ်သို့ စိတ်ကို တင်ပေးနေရတဲ့လုပ်ငန်း၊ ဒီဘာဝနာအာရုံ၊ ပဋိဘာဂနိမိတ်အာရုံကို ထပ်ခါထပ်ခါ သုံးသပ်နေတဲ့ လုပ်ငန်းသည် ရုန့်ရင်းကြမ်းတမ်းနေတဲ့ စိတ်အမူအရာ တစ်မျိုးဖြစ်နေတယ်။ ဒါကြောင့် ဝိတက်၊ ဝိစာရကို အလိုမရှိတဲ့ စိတ်ထား၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာခေါ်ဆိုတဲ့ ဈာန်အင်္ဂါ သုံးပါးနှင့် ပြည့်စုံနေတဲ့ ဒုတိယဈာန်သမာဓိကို လိုလားတောင့်တတဲ့ စိတ်ထားဖြင့် ဒီပဋိဘာဂနိမိတ်ကို စိုက်ပြီး ကြည့်နေရတယ်။ ထိုအချိန်အခါမှာ ဝင်သက်လေ ထွက်သက်လေလို့ သွားပြီး မမှတ်နဲ့။ မှတ်ခဲ့ရင် ဝိတက်၊ ဝိစာရ ပြန်ပြီးတော့ ဝင်လာတတ်တယ်။ ဘာကြောင့်လဲ?</p>
<p><b>ဝိတက္က ဝိစာရ ဝစီသင်္ခါရော။</b> စာပေကျမ်းဂန်များက ဖော်ပြထားတယ်။ <b>ဝစီသင်္ခါရ</b>၊ စကားသံအမူအရာကို ဝိတက်၊ ဝိစာရက ပြုပြင်ပေးနေတာ။ စကားသံလေး တစ်ခုဖြစ်အောင် ဝိတက်၊ ဝိစာရက ပြုပြင်ပေးတာဖြစ်တော့ ခု ဒကာကြီးတွေ ဒကာမကြီးတွေ တရားနာနေရင်း “က” ဆိုတဲ့ စကားလေးတစ်လုံး စိတ်ထဲက ဆိုကြည့်စမ်း! “က” ဆိုတဲ့ စကားလုံးလေးတစ်လုံး ဆိုချင်ရင် “က” ဆိုတဲ့ စကားလုံးလေးတစ်လုံး ဖြစ်ပေါ်လာအောင် ကြံစည်စိတ်ကူးနေတဲ့ ဝိတက်နဲ့ ဝိစာရ မပါဘူးလား? ပါလာတယ်။ “ဝင်လေ ထွက်လေ” “ဝင်လေ ထွက်လေ” သွားပြီးတော့ မှတ်လိုက်။ မှတ်လိုက်တော့ ဝင်လေ ထွက်လေဆိုတဲ့ စကားလုံးပေါ်လာအောင် ပြုပြင်ပေးနေတဲ့ ဝိတက်၊ ဝိစာရ ပေါ်မလာတတ်ဘူးလား? ပေါ်လာတတ်တယ်။</p>
<p>ဒါကြောင့် စကားအသံကို ပြုပြင်ပေးနေတဲ့ ဝိတက်၊ ဝိစာရ ပြုတ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ မှတ်နေတဲ့ လုပ်ငန်းခွင်ကို ဒီနေရာကနေ စပြီးတော့ ရပ်ဆိုင်းပေတော့နော်။ ဝင်သက်လေ ထွက်သက်လေလို့ ဒီလို မှတ်နေရင်တော့ ဝိတက်၊ ဝိစာရတွေက ပြန်ပြီးတော့ ဝင်နေတတ်တဲ့အတွက် ဝိတက်၊ ဝိစာရ ပြုတ်မသွားဘူး။ ဒုတိယဈာန်ကို ကူးမရ ဖြစ်တတ်တယ်။ ဒါကြောင့် ဒီကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး စိုက်သာထားလိုက်ရင် ဝိတက်၊ ဝိစာရတွေ လွယ်လွယ်ကူကူ ပြုတ်သွားတာကို ယောဂီက သိနိုင်ပါတယ်နော်။ ဘယ်လိုသိမလဲလို့ မေးရင်တော့ စက်ဘီး တကယ်လက်တွေ့ စီးတတ်ချင်တယ်ဆိုရင်တော့ လက်တွေ့စီးကြည့်တဲ့ ပုံစံလိုပေါ့နော်။ ဝိတက်၊ ဝိစာရ ဘယ်ပုံပြုတ်သွားသလဲလို့ သိချင်ရင်တော့ လက်တွေ့ကျင့်မှပဲ သဘောပေါက်လိမ့်မယ်လို့ ယူဆရတယ်နော်။</p>
<p>ကဲ ဝိတက်၊ ဝိစာရ ပြုတ်သွားရင် ပီတိ၊ သုခ၊ ဧကဂ္ဂတာခေါ်တဲ့ ဈာန်အင်္ဂါ သုံးပါးရှိတဲ့ ဒုတိယဈာန်သမာဓိကို ဆိုက်ပြီ။ ထိုဒုတိယဈာန်သမာဓိ ဆိုက်နေတဲ့ ယောဂီသူတော်ကောင်းက ဒုတိယဈာန်သမာဓိကို ဝသီဘော် ငါးတန် နိုင်နင်းအောင် တစ်ဖန် ပြန်ပြီးတော့ လေ့ကျင့်ရတယ်။ လေ့ကျင့်ခန်း အောင်မြင်တဲ့ အချိန်အခါမှာ တတိယဈာန် ကူးချင်တယ်ဆိုရင်ပေါ့။ တတိယဈာန်ရဲ့ ကောင်းနေတဲ့ ဂုဏ်အင်္ဂါလေးတွေကို လှမ်းပြီး မျှော်ရတယ်။ ဒုတိယဈာန်ရဲ့ အပြစ်ကိုလည်း လှမ်းပြီး ကြည့်ရတယ်။ ဒုတိယဈာန်က အချိန်မရွေး ပထမဈာန်ကို လျောကျသွားနိုင်တဲ့အတွက် ပထမဈာန်သမာဓိဆိုတဲ့ ရန်သူနဲ့ နီးကပ်တယ်။ ဒုတိယဈာန်သည် တတိယဈာန်လောက်လည်း ငြိမ်သက်မှုစွမ်းအား မရှိဘူး။ ဒါကြောင့် ပထမဈာန်ရန်သူနဲ့ နီးကပ်နေတဲ့ ဒုတိယဈာန်ကို အလိုမရှိတဲ့ စိတ်ထား၊ ပို၍ ငြိမ်သက်နေတဲ့ တတိယဈာန်သမာဓိကို လိုချင်တဲ့စိတ်ထား။ အဲဒီစိတ်ထားနဲ့ ဒီအာနာပါနပဋိဘာဂနိမိတ်အာရုံကို စိုက်ကြည့်ရမှာ ဖြစ်တယ်။</p>
<p>နောက်တစ်ခု — ဈာန်အင်္ဂါဘက်ကနေ လှမ်းပြီး ကြည့်လိုက်တော့ ပီတိ = နှစ်သက်နေတယ်။ ဒီအာနာပါနပဋိဘာဂနိမိတ် အာရုံလေးကို နှစ်သက်နေတဲ့ ဒီသဘောတရားလေးကိုယ်တိုင်က ငြိမ်သက်မှုသမာဓိကို လိုလားတောင့်တနေတဲ့ ပုဂ္ဂိုလ်အဖို့ စိတ်လှုပ်ရှားမှု တစ်မျိုးဖြစ်နေတယ်။ အာရုံတစ်ခုမှာ အလွန် နှစ်သက်လာပြီဆိုရင် ဒကာကြီးတွေ ဘာဖြစ်တတ်လဲ? စိတ်ဓာတ်တွေ လှုပ်ရှားတတ်တယ်နော်။ ဒါကြောင့် စိတ်လှုပ်ရှားမှုတစ်မျိုး ဖြစ်နေတဲ့အတွက် ရုန့်ရင်းကြမ်းတမ်းနေသေးတယ်လို့ ဒီပီတိကို အလိုမရှိတဲ့ စိတ်ထား၊ ပိုပြီး ငြိမ်သက်နေတဲ့ သုခ၊ ဧကဂ္ဂတာခေါ်တဲ့ ဈာန်အင်္ဂါ နှစ်ပါးနဲ့ ပြည့်စုံတဲ့ တတိယဈာန်သမာဓိကို လိုလားတောင့်တတဲ့စိတ်ထားဖြင့် ဒီအာနာပါနပဋိဘာဂနိမိတ်ကိုပဲ စိုက်ပြီး ကြည့်နေပါ။ ပီတိ ပြုတ်ထွက်သွားမယ်။ သုခ၊ ဧကဂ္ဂတာခေါ်တဲ့ ဈာန်အင်္ဂါ နှစ်ပါးနဲ့ ပြည့်စုံတဲ့ တတိယဈာန်သမာဓိ ဆိုက်မယ်။ ထိုတတိယဈာန်သမာဓိ ဆိုက်ပြီဆိုရင် ထိုယောဂီသူတော်ကောင်းက ရှေ့တစ်ဆင့်တက်ပြီး ဘာလုပ်ရမလဲ? ဒီတတိယဈာန်သမာဓိကိုလည်း ဝသီဘော် ငါးတန် နိုင်နင်းအောင် လေ့ကျင့်။ လေ့ကျင့်လို့ အောင်မြင်မှုရတဲ့အခါ စတုတ္ထဈာန်သမာဓိ ကူးနိုင်တယ်။</p>
<p>စတုတ္ထဈာန်သမာဓိ ကူးတဲ့အခါ ဘယ်လိုလုပ်ရမလဲ? ဒီတတိယဈာန်သမာဓိသည် အချိန်မရွေး ဒုတိယဈာန်ဘက်ကို လျောကျသွားနိုင်တဲ့အတွက် ဒုတိယဈာန်သမာဓိဆိုတဲ့ ရန်သူနဲ့လည်း နီးကပ်တယ်။ ဥပေက္ခာ၊ ဧကဂ္ဂတာခေါ်တဲ့ ဈာန်အင်္ဂါ နှစ်ပါးနှင့် ပြည့်စုံတဲ့ စတုတ္ထဈာန်သမာဓိလောက်လည်း မငြိမ်သက်ဘူး။ ဒါကြောင့် တတိယဈာန်သမာဓိကို အလိုမရှိတဲ့စိတ်ထား၊ ပိုပြီး ငြိမ်သက်နေတဲ့ စတုတ္ထဈာန်သမာဓိကို လိုလားတောင့်တနေတဲ့ စိတ်ထားဖြင့် ဒီအာနာပါနပဋိဘာဂနိမိတ်အာရုံကို စိုက်ပြီး ကြည့်နေရတယ်။ ကြည့်လိုက်တဲ့အချိန်အခါမှာ ဈာန်အင်္ဂါဘက်ကနေ တစ်ဖန် လှမ်းကြည့်လိုက်တော့ သုခ = ချမ်းသာနေတဲ့ သုခဝေဒနာလေး။ အဲဒီ သုခဝေဒနာလေးဟာလည်း ရုန့်ရင်းကြမ်းတမ်းတယ်။ ချမ်းသာပြီဆိုရင်လည်း စိတ်ဓာတ်က နည်းနည်းလေး လှုပ်ရှားနေတတ်တယ်။</p>
<p>ချမ်းသာမှုဖြစ်နေရင်လည်း ဒီချမ်းသာမှုလေးနဲ့ ပတ်သက်ပြီးတော့ ကြောင့်ကြမှုဆိုတဲ့၊ တောင့်တမှုဆိုတဲ့ စိတ်လှုပ်ရှားမှုတွေက ဝင်လာတတ်တဲ့အတွက် ကြမ်းတမ်းနေသေးတယ်။ ဥပေက္ခာလောက် မငြိမ်သက်ဘူး။ ဒါကြောင့် ရုန့်ရင်းကြမ်းတမ်းနေတဲ့ သုခဝေဒနာကို အလိုမရှိတဲ့စိတ်ထား ပို၍ ငြိမ်သက်နေတဲ့ ဥပေက္ခာဝေဒနာကို လိုလားတောင့်တနေတဲ့စိတ်ထားဖြင့် ဒီအာနာပါနပဋိဘာဂနိမိတ်အာရုံကိုပဲ စိုက်ပြီး ကြည့်နေရတယ်။ ကြည့်လိုက်တဲ့ အချိန်အခါမှာ ဘာဝနာအရှိန်က အားကောင်းလာရင် သုခပြုတ်သွားမယ်။ သုခဝေဒနာ ပြုတ်သွားခဲ့ရင် သုခဝေဒနာနေရာမှာ ဥပေက္ခာဝေဒနာ အစားဝင်လာလိမ့်မယ်။ ဥပေက္ခာ၊ ဧကဂ္ဂတာခေါ်တဲ့ ဈာန်အင်္ဂါ နှစ်ပါးရှိနေတဲ့ စတုတ္ထဈာန်သမာဓိ ဆိုက်ပြီနော်။ အဲဒီ စတုတ္ထဈာန်သမာဓိ ဆိုက်ပြီဆိုလို့ရှိရင် ဒီဆိုက်တဲ့အဆင့်ကို ဘုရားရှင်က အာနာပါန ပထမစတုက္ကမှာ —</p>
<p>‘‘<b>ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ။ ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ။</b>’’</p>
<p><b>ကာယသင်္ခါရံ</b>၊ ရုန့်ရင်းကြမ်းတမ်းနေတဲ့ ဝင်သက်လေ ထွက်သက်လေဟု ခေါ်ဆိုအပ်တဲ့ ကာယသင်္ခါရတရားကို။ <b>ပဿမ္ဘယံ</b>၊ ငြိမ်းစေလျက်။ <b>အဿသိဿာမိ</b>၊ ဝင်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏။ <b>ကာယသင်္ခါရံ</b>၊ ရုန့်ရင်းကြမ်းတမ်းတဲ့ ဝင်သက်လေ ထွက်သက်လေဟု ခေါ်ဆိုအပ်တဲ့ ကာယသင်္ခါရတရားကို။ <b>ပဿမ္ဘယံ</b>၊ ငြိမ်းအေးစေလျက်။ <b>ပဿသိဿာမိ</b>၊ ထွက်သက်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏၊</p>
<p>ဒီလို ဖော်ပြထားတယ်။ ဒါ ပထမစတုက္ကမှာ နံပါတ် လေး ညွှန်ကြားချက်ပဲ။ ဝင်သက်လေ ထွက်သက်လေကို အဆင့်အဆင့် ငြိမ်းသွားအောင်၊ ငြိမ်သက်သွားအောင်၊ ချုပ်သွားအောင် ကျင့်ရမယ်။ ဒါကြောင့် အာနာပါနကျင့်စဉ်သည် ဝင်သက်လေ ထွက်သက်လေကို တမင် ထင်ရှားအောင် ကြိုးစားရမယ့် ကျင့်စဉ် ဟုတ်သလား? မဟုတ်ဘူး။ ဝင်သက်လေ ထွက်သက်လေကို ချုပ်ငြိမ်းသွားအောင် တမင် ကျင့်ရမယ့် လုပ်ငန်းခွင်သာ ဖြစ်တယ်နော်။</p>
<p>အဲဒီတော့ ဒီလို ချုပ်ငြိမ်းသွားအောင်က ယောဂီပုဂ္ဂိုလ်က ခုနက အရှည်၊ အတို၊ အစ၊ အလယ်၊ အဆုံး ကျင့်တဲ့အပိုင်းမှာထဲက ဒီဝင်သက်လေ ထွက်သက်လေကို သိမ်မွေ့သထက် သိမ်မွေ့စေရမယ်၊ နူးညံ့သထက် နူးညံ့ရမယ်။ နောက်ဆုံး ချုပ်ငြိမ်းသွားရမယ်ဆိုတဲ့ ဒီဦးတည်ချက်ဖြင့် ကျင့်ရမှာ ဖြစ်တယ်။ အဲဒီလို ကျင့်လိုက်လို့ ဝင်သက်လေ ထွက်သက်လေ လုံးလုံး ချုပ်ငြိမ်းသွားပြီဆိုရင်တော့ ထိုစတုတ္ထဈာန်သမာဓိကိုလည်း ဝသီဘော် ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပေးရတယ်။ ဝသီဘော် ငါးတန် နိုင်နင်းလို့ ထိုစတုတ္ထဈာန်သမာဓိက “ပဘာသရ” = ပြိုးပြိုးပြက် တလက်လက် တောက်ပတဲ့အရောင်တွေ ထွက်ပေါ်လာပြီဆိုရင်တော့ အဲဒီ စတုတ္ထဈာန်သမာဓိအခိုက်မှာ ဝင်သက်လေ ထွက်သက်လေ အာနာပါနတွေက လုံးလုံး ချုပ်သွားတယ်။ ချုပ်သွားတဲ့အတွက် ဒီအဆင့်ကို ရည်ရွယ်ပြီးတော့ ခုနက အရှင်အဿဇိမထေရ်က ဘုရားရှင်ကို လျှောက်ထားနေတာနော်။</p>
<p>‘‘<b>ပုဗ္ဗေ ခွါဟံ, ဘန္တေ, ဂေလညေ ပဿမ္ဘေတွာ ပဿမ္ဘေတွာ ကာယသင်္ခါရေ ဝိဟရာမိ, သောဟံ သမာဓိံ နပ္ပဋိလဘာမိ။ တဿ မယှံ, ဘန္တေ, တံ သမာဓိံ အပ္ပဋိလဘတော ဧဝံ ဟောတိ – ‘နော စဿာဟံ ပရိဟာယာမိ’။</b>’’</p>
<p><b>ဘန္တေ</b>၊ မြတ်စွာဘုရား ...။ <b>အဟံ</b>၊ ဘုရားတပည့်တော်သည်။ <b>ပုဗ္ဗေ</b>၊ ရှေးအခါ၌။ <b>ဂေလညေ</b>၊ မကျန်းမမာဖြစ်သောအခါ၌။ <b>ကာယသင်္ခါရေ</b>၊ ရုန့်ရင်းကြမ်းတမ်းသော ဝင်သက်လေ ထွက်သက်လေဟု ခေါ်ဆိုအပ်သော ကာယသင်္ခါရတရားတို့ကို။ <b>ပဿမ္ဘေတွာ ပဿမ္ဘေတွာ</b>၊ ငြိမ်းအေးစေပြီး၍။ <b>ဝိဟရာမိ</b>၊ စတုတ္ထဈာန်သမာဓိနှင့် နေနိုင်ခဲ့ပါ၏။ <b>သောဟံ</b>၊ ထိုဘုရားတပည့်တော်သည်။ <b>သမာဓိံ</b>၊ စတုတ္ထဈာန်သမာဓိကို။ <b>နပ္ပဋိလဘာမိ</b>၊ တစ်ဖန်ပြန်၍ မရတော့ပါ။ <b>တံ သမာဓိံ</b>၊ ထိုစတုတ္ထဈာန်သမာဓိကို။ <b>အပ္ပဋိလဘတော</b>၊ တစ်ဖန်ပြန်၍ မရသော။ <b>တဿ မယှံ</b>၊ ထိုဘုရားတပည့်တော်၏သန္တာန်၌။ <b>ဧဝံ ဟောတိ</b>၊ ဤသို့သော စိတ်အကြံအစည်သည်။ ဖြစ်ပေါ်၍ နေပါ၏။ <b>နော စဿာဟံ ပရိဟာယာမိ</b>၊ ငါသည် သာသနာတော်မှ မဆုတ်ယုတ်ဘဲ ရှိပါ၏လားဟူသော (စိတ်အကြံအစည်သည် ဖြစ်ပေါ်၍ နေပါ၏)။</p>
<p>ဒီစကားလေး ကြည့်ပြီး လျှောက်ထားနေတာနော်။ ဒီရှုကွက်ပဲ။ ဒီတော့ ဝင်သက်လေ ထွက်သက်လေလေး ချုပ်ငြိမ်းသွားတဲ့အဆင့်ကို ရှေးယခင်က မကျန်းမာစဉ်အခါမှာ ပြန်ဝင်စားပြီး နေမယ်ဆိုရင် နေလို့ရတယ်တဲ့နော်။ တချို့တချို့ ပန်းနာသည်များပေါ့နော်။ အသက်ရှူရတာ သိပ်ကြပ်တည်းလာပြီဆိုလို့ရှိရင်တော့ အသက်ရှူကြပ်တည်းနေတဲ့ အချိန်အခါမှာ ဒီစတုတ္ထဈာန်သမာဓိလေးကို ဆိုက်အောင် ခပ်မြန်မြန် ဝင်စားနိုင်တဲ့ စွမ်းအားရှိရင် တစ်နာရီလောက် တော်တော်လေး သက်သာသွားတယ်။ တစ်နာရီလောက် ဒီစတုတ္ထဈာန်သမာဓိမှ ထလာတဲ့ အချိန်အခါမှာ အသက်ရှူကြပ်တည်းနေတဲ့ လုပ်ငန်းခွင်က ခေတ္တခဏ အပန်းပြေသွားတဲ့အတွက် တော်တော် သက်သာရာရတာကို တွေ့ရတယ်ဆိုပြီး တချို့တချို့ယောဂီတွေ လျှောက်ထားကြတယ်နော်။ ပစ္စုပ္ပန် ချမ်းသာရေးအတွက်လည်း ကျေးဇူးမများဘူးလား? များပါတယ်နော်။</p>
<p>နောက်တစ်ခု ကြည့်ပေါ့! အသက်ရှူနေတယ်။ ဘုရားရှင် အသက်ရှူစေချင်တဲ့ ဆန္ဒ။ အသက်ရှူတတ်အောင် ကျင့်နေတဲ့ ကျင့်စဉ်။ အဲဒီ ကျင့်စဉ်အတိုင်း ကျင့်ပြီးတော့ မိမိတို့က အသက်ရှူမယ်ဆိုရင်တော့ ဘုရားရှင် အလိုတော်ကျအတိုင်း အသက်ရှူနေခြင်းပဲ ဖြစ်ပါတယ်။ သို့သော် ဒီလောက်သည် ဘုရားရှင်ရဲ့ အလိုဆန္ဒ ပြည့်ဝပြီလားဆိုတော့ မပြည့်ဝသေးပါဘူးနော်။ ဒီသမာဓိအဆင့်လောက်ပဲ ရှိသေးတယ်။ ဒီသမာဓိကို အခြေခံပြီးတော့ တစ်ဆင့်တက်ပြီးတော့ ကျင့်ရမယ့် ကျင့်စဉ်ကို ဘုရားရှင်က မဟာသတိပဋ္ဌာနသုတ္တန်မှာ ဘယ်လို ဆက်ပြီး ဟောထားလဲ?</p>
<p>‘‘<b>ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။</b>’’</p>
<p>အဇ္ဈတ္တမှာလည်း ကာယကို အဖန်ဖန် အထပ်ထပ် ရှုနေပါ။ ဗဟိဒ္ဓမှာလည်း ကာယကို အဖန်ဖန် အထပ်ထပ် ရှုနေပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံးမှာလည်း ကာယကို အဖန်ဖန် အထပ်ထပ် ရှုနေပါဆိုပြီး ဒီလို ညွှန်ကြားထားတယ်။ ဘာကာယလဲ? ကာယ သုံးမျိုး ဖွင့်ထားပါတယ်နော်။ နံပါတ် တစ် <b>အဿာသ ပဿာသကာယ</b>၊ နံပါတ် နှစ် <b>ကရဇကာယ</b>၊ နံပါတ် သုံး <b>နာမကာယ</b>တဲ့။ ဒကာကြီးတွေ၊ ဒကာမကြီးတွေ ကာယဘယ်နှစ်မျိုးလဲ? သုံးမျိုး။ မိမိတို့ ရှုပွားရမယ့် လုပ်ငန်းခွင်လေးကို စနစ်တကျ နားလည်ထားဖို့ လိုတယ်။ ဒါက ဝိပဿနာနယ်ထဲ ကူးပြီနော်။</p>
<p>နံပါတ် တစ် အဿာသ ပဿာသကာယ။ အဿာသ ပဿာသကာယဆိုတာက ဒီအပိုင်းမှာ ကာယက ရုပ်တရား။ <b>ကာယေ တိ ရူပကာယေ</b>ဆိုပြီးတော့ မူလပဏ္ဏာသ အဋ္ဌကထာ မဟာသတိပဋ္ဌာနသုတ္တန်မှာ အတိအကျ ဖွင့်ထားတယ်။ ဒီသတိပဋ္ဌာန်ကျင့်စဉ်မှာ ခုအပိုင်းရောက်လာတော့ ကာယအရက ရူပကာယ = ရုပ်တရားအပေါင်းကို ဆိုလိုတယ်။ ကာယဆိုတာက အပေါင်း။ ရုပ်တရားတွေ ပေါင်းစုထားတဲ့ အပေါင်းအစုကို ကာယလို့ခေါ်တယ်။ ရုပ်တရားဆိုတာ ရုပ်တို့မည်သည်မှာ ကလာပ်လို့ခေါ်တဲ့ အမှုန်လေးတွေအနေနဲ့ ဖြစ်တော့ ထိုအချိန်အခါမှာ ထိုယောဂီသူတော်ကောင်းက အဿာသ ပဿာသကာယလို့ခေါ်ဆိုအပ်တဲ့ ဝင်လေ ထွက်လေကို ဖမ်းပြီး ဓာတ်လေးပါး စိုက်ခဲ့သော် ဒီသမာဓိရဲ့ စွမ်းအားကြောင့် လွယ်လွယ်ကူကူနဲ့ ဓာတ်လေးပါးသာ ရှုနိုင်ပါစေ။ ကလာပ်အမှုန်လေးတွေ လွယ်လွယ်လေးနဲ့ တွေ့တယ်။ အဲဒီတော့ ဒီနေရာမှာ နည်းနည်းလေး အခြေခံ ဓာတ်လေးပါးတော့ နည်းနည်း ပြန်ပြောမယ်နော်။</p>
<p><b>ပထဝီဓာတ်</b>။ <b>အာပေါဓာတ်</b>။ <b>တေဇောဓာတ်</b>။ <b>ဝါယောဓာတ်</b>။ ပထဝီဓာတ်မှာ မူရင်း လိုရင်းအချက်ကတော့ ကက္ခဠတ္တလက္ခဏလို့ခေါ်ဆိုအပ်တဲ့ မာတဲ့သဘောပါပဲ။ မဟာရာဟုလောဝါဒသုတ္တန်စတဲ့ သုတ္တန်ဒေသနာတော် ခပ်များများမှာတော့ ကက္ခဠနဲ့ ခဠိဂတ မာတဲ့သဘော၊ ကြမ်းတဲ့သဘော နှစ်မျိုး ဘုရားဟောတယ်။ ဓမ္မသင်္ဂဏီပါဠိတော်မှာတော့ ဒီပထဝီဓာတ်ကို ခြောက်မျိုး ခွဲပြီးတော့ ဟောထားပါတယ်။ တရားနာနေတဲ့ ပရိသတ်တို့ရဲ့ အလိုအဇ္ဈာသယဓာတ်နဲ့ လျော်ညီစွာ ဘုရားရှင်က ဟောတော်မူခြင်းပဲ ဖြစ်တယ်နော်။</p>
<p>မာတဲ့သဘော၊ ပျော့တဲ့သဘော၊ ကြမ်းတဲ့သဘော၊ ချောတဲ့သဘော၊ လေးတဲ့သဘော၊ ပေါ့တဲ့သဘော။ ပထဝီဓာတ်က ခြောက်မျိုး။ ယိုစီးတဲ့သဘော၊ ဖွဲ့စည်းတဲ့သဘော။ အာပေါဓာတ်က နှစ်မျိုး။ ပူတဲ့သဘော၊ အေးတဲ့သဘော။ တေဇောဓာတ်က နှစ်မျိုး။ ထောက်ကန်တဲ့သဘော၊ တွန်းကန်တဲ့သဘော။ ဝါယောဓာတ်က နှစ်မျိုး။ ပေါင်းလိုက်တော့ ဓာတ်လေးပါး၊ သဘောတရား တဆယ့်နှစ်ခုနော်။ အဲဒီ တဆယ့်နှစ်ခုမှာ မာမှုထင်ရှားရာ တစ်နေရာကစ၍ မာတဲ့သဘော တစ်ကိုယ်လုံး မြင်အောင် ရှုရတယ်။ ကြမ်းမှုထင်ရှားရာ တစ်နေရာမှစ၍ ကြမ်းတဲ့သဘော၊ လေးမှုထင်ရှားရာ တစ်နေရာက စ၍ လေးတဲ့သဘော၊ ပျော့မှုထင်ရှားရာ တစ်နေရာကစ၍ ပျော့တဲ့သဘော၊ ချောမှုထင်ရှားရာ တစ်နေရာကစ၍ ချောမှုသဘော၊ ပေါ့မှုထင်ရှားရာ တစ်နေရာကစ၍ ပေါ့မှုသဘော တစ်ကိုယ်လုံး မြင်အောင် ရှုရတယ်။</p>
<p>ယိုစီးမှုထင်ရှားရာ တစ်နေရာကစ၍ ယိုစီးနေတဲ့ သဘော, ဖွဲ့စည်းမှုထင်ရှားရာ တစ်နေရာကစ၍ ဖွဲ့စည်းတဲ့သဘော တစ်ကိုယ်လုံး မြင်အောင် ရှုရတယ်။ ပူမှုထင်ရှားရာ တစ်နေရာကစ၍ ပူတဲ့သဘော, အေးမှုထင်ရှားရာ တစ်နေရာကစ၍ အေးတဲ့သဘော တစ်ကိုယ်လုံး မြင်အောင် ရှုရတယ်။ ထောက်ကန်မှုထင်ရှားရာ တစ်နေရာကစ၍ ထောက်ကန်တဲ့သဘော, တွန်းကန်မှုထင်ရှားရာ တစ်နေရာကစ၍ တွန်းကန်တဲ့သဘော။ <b>ဓာတ်လေးပါး</b> တစ်ကိုယ်လုံး မြင်အောင် ရှုရတယ်နော်။ ဘာဖြစ်လို့လဲ?</p>
<p>ခုက မိမိတို့က အဿာသ ပဿာသကာယခေါ်တဲ့ ကာယကို ရှုတော့မှာ ဖြစ်တယ်။ သို့သော် ဒီအပိုင်းမှာ နည်းနည်းလေး တစ်ခုတော့ ပြောစရာ လိုနေသေးတယ်။ ဒီ<b>အာနာပါနစတုတ္ထဈာန်သမာဓိ</b> ဆိုက်နေတဲ့ ယောဂီသူတော်ကောင်းက ခုလို ဝိပဿနာနယ်ထဲ ကူးတော့မယ်ဆိုရင် ရုပ်ကနေစပြီး သိမ်းဆည်းခဲ့ရင်တော့ <b>အဿာသပဿာသကမ္မိကပုဂ္ဂိုလ်</b>လို့ ခေါ်ပါတယ်။ ဈာန်အင်္ဂါတွေကစပြီး သိမ်းဆည်းခဲ့ရင်တော့ <b>ဈာနကမ္မိကပုဂ္ဂိုလ်</b>လို့ ခေါ်ပါတယ်။ ရုပ်ကနေ စသိမ်းဆည်းလိုကလည်း သိမ်းဆည်းနိုင်တယ်။ ဈာန်အင်္ဂါလို့ ခေါ်ဆိုအပ်တဲ့ နာမ်တရားတွေကနေ စပြီး သိမ်းဆည်းလိုကလည်း သိမ်းဆည်းနိုင်တယ်။ နှစ်နည်း ရှိတယ်နော်။</p>
<p>ရုပ်ကနေ စပြီး သိမ်းဆည်းခဲ့ရင်တော့ ဒီ<b>ဓာတ်လေးပါး</b>ကို စပြီး ရှုရတယ်။ ဘာကြောင့်လဲ? သမထပိုင်းမှာ ကမ္မဋ္ဌာန်းလေးဆယ်ဆိုတာ ရှိတယ်။ သမာဓိ ထူထောင်တဲ့အပိုင်းမှာ ကြိုက်တဲ့သမာဓိ, ကြိုက်တဲ့ကမ္မဋ္ဌာန်းကို ယူပြီးတော့ သမာဓိ ထူထောင်နိုင်တယ်။ ဝိပဿနာပိုင်း ရောက်လာပြီဆိုရင်တော့ ကမ္မဋ္ဌာန်းက နှစ်မျိုးပဲ ရှိတယ်။ ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်း။ ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်း နှစ်မျိုး ရှိတဲ့အနက်က ခုလိုပေါ့ <b>သမထယာနိကပုဂ္ဂိုလ်</b> ဖြစ်ခဲ့မယ်ဆိုရင် ရုပ်တရားကနေ စသိမ်းဆည်းရင်လည်း ရတယ်။ နာမ်တရားကနေ စသိမ်းဆည်းရင်လည်း ရတယ်။ အဲဒီ ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်း နှစ်မျိုး ရှိတဲ့အနက်က သမာဓိယာနိကပုဂ္ဂိုလ်က မိမိရဲ့ သမထစွမ်းအားတွေက သိပ်ထက်နေခြင်းကြောင့် ရုပ်က စသိမ်းဆည်းတဲ့နည်း, နာမ်က စသိမ်းဆည်းတဲ့နည်း။ နှစ်နည်းထဲက ကြိုက်တဲ့နည်းကို သိမ်းဆည်းနိုင်တယ်။ အကယ်၍ ရုပ်ကနေ စသိမ်းဆည်းခဲ့ရင် ဘာကို စရှုရမလဲလို့မေးတော့ —</p>
<p>‘‘<b>တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝ特ာနံ ကထေသိ။</b>’’ (မ၊ဋ္ဌ၊၁၊၂၈၀။)</p>
<p><b>တတ္ထ</b>၊ ထိုရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးတို့တွင်။ <b>ဘဂဝါ</b>၊ မြတ်စွာဘုရားသည်။ <b>ရူပကမ္မဋ္ဌာနံ</b>၊ ရုပ်ကမ္မဋ္ဌာန်းကို။ <b>ကထေန္တော</b>၊ ဟောကြားပြသ ဆိုဆုံးမတော်မူသည်ရှိသော်။ <b>သင်္ခေပမနသိကာရဝသေန ဝါ</b>၊ အကျဉ်းနှလုံးသွင်းနည်း၏ အစွမ်းအားဖြင့်သော်လည်းကောင်း။ <b>ဝိတ္ထာရမနသိကာရဝသေန ဝါ</b>၊ အကျယ်နှလုံးသွင်းနည်း၏ အစွမ်းအားဖြင့်သော်လည်းကောင်း။ <b>စတုဓာတုဝဝတ္ထာနံ</b>၊ စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်းကို။ <b>ကထေသိ</b>၊ ဟောကြားပြသ ဆိုဆုံးမတော်မူမြဲ ဓမ္မတာ ဖြစ်ပေ၏၊</p>
<p>မူလပဏ္ဏာသ အဋ္ဌကထာ မဟာသတိပဋ္ဌာနသုတ္တန်အဖွင့် စာမျက်နှာ (၂၈၀)မှာလည်း ပါပါတယ်နော်။ ဦးပဉ္စင်းတို့ ဒီဃနိကာယ် နာမည်ကျော်ဖြစ်တဲ့ ဒကာတော်သိကြားကို ဟောတဲ့ သက္ကပဥှသုတ္တန်အဖွင့်မှာလည်း ပါပါတယ်။ အဘိဓမ္မာကို မဟာသတိပဋ္ဌာနဝိဘင်းကို ဖွင့်ဆိုနေတဲ့ သမ္မောဟဝိနောဒနီ အဋ္ဌကထာ ဝေဒနာနုပဿနာပိုင်းမှာလည်း ဒီအဖွင့်တွေ ပါနေပါတယ်နော်။ ဘုရားရှင်က ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်း နှစ်မျိုး ရှိတဲ့အနက်က ရုပ်ကမ္မဋ္ဌာန်းရှုကွက်ကို ဟောတဲ့အခါ <b>ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း</b>, <b>ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်း</b>ဆိုပြီး နှစ်နည်း ဟောတယ်။ နှစ်နည်း ဟောနေခြင်းကြောင့် ရုပ်ကမ္မဋ္ဌာန်းကို ရှုတော့မယ့် ယောဂီပုဂ္ဂိုလ်ဖြစ်ခဲ့ရင် ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း ကြိုက်ရင် အကျဉ်းနည်းနဲ့ရှု, ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်း ကြိုက်ရင်လည်း အကျယ်နည်းနဲ့ ရှု။ နှစ်နည်းလုံး ကြိုက်ရင်လည်း နှစ်နည်းလုံး ရှုနိုင်တယ်။ ဒါက စည်းကမ်းပဲနော်။</p>
<p>ဒီတော့ မိမိတို့က ရုပ်တရားကိုတော့ ရှုတော့မယ်။ ဓာတ်ကို မကိုင်ဘူးဆိုရင် ဘုရားရှင်ဆိုလိုတဲ့ ရုပ်တရားတွေကို သိပါ့မလား? မသိနိုင်ဘူး။ ဒီဥစ္စာက စည်းမျဉ်းလေးတွေပဲ။ ခုနက ရတနသုတ္တန်ပေါ့နော်။ နိဒါန်းပျိုးခဲ့တဲ့ ရတနသုတ္တန် ကြည့်လိုက်ရင် နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်လို့ခေါ်ဆိုအပ်တဲ့ အပွင့်အသီးတွေနဲ့ ဝေဝေဆာနေတဲ့ ဒီပိဋကတ်တောမှာ ဒီကျင့်စဉ်တွေ အကုန်ပါနေတယ်။ ဒီပိဋကတ်တောမှာ ဒီကျင့်စဉ်တွေကို ထုတ်ပြီးကြည့်လိုက်တော့ ရုပ်ကမ္မဋ္ဌာန်း ရှုကွက်နဲ့ပတ်သက်လို့ ဘုရားရှင်က ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းရှုပွားနည်း, ဓာတ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်းဆိုတဲ့ နှစ်နည်းပဲ ဟောထားတာဖြစ်ခြင်းကြောင့် မိမိတို့က ရုပ်တရားတွေ ရှုတော့မယ်ဆိုရင် ဘုရားဟောအတိုင်း ကျင့်ခြင်းသည် မိမိတို့အတွက် ပိုပြီးတော့ အကျိုးမရှိနိုင်ဘူးလား? အကျိုးရှိနိုင်တယ်။</p>
<p>ရှေးတုန်းက သတင်းစာထဲမှာပါတဲ့ ကြော်ငြာလေးတစ်ခု ရှိတယ်။ “ဆေးဝယ်ရင် ဒီဇူဇာမှာ စိတ်ချရတယ်” တဲ့နော်။ ဒကာကြီးတွေ, ဒကာမကြီးတွေ နိဗ္ဗာန်ကို မလိုချင်ဘူးလားလို့မေးရင် ဘယ်လိုဖြေမလဲ? လိုချင်တယ်။ နိဗ္ဗာန်ကို လိုချင်တယ်ဆိုရင်တော့ ဘုရားဟောတဲ့အတိုင်း ကျင့်ခြင်းသည် စိတ်အချရဆုံး ဖြစ်တယ်နော်။ အခု ဘုရားဟောအတိုင်း ကျင့်နေတဲ့ <b>အရှင်အဿဇိမထေရ်</b>သည် စိတ်ချရတဲ့အဆင့်ကို ရောက်ပြီလား? မရောက်သေးဘူးနော်။ သူ့အဆင့်က ခိုင်မြဲတဲ့အဆင့် မဟုတ်သေးတဲ့အတွက် စိတ်ချရတဲ့အဆင့်တောင် မရောက်သေးဘူး။ ဘုရားဟောအတိုင်းသာ မကျင့်ရင်တော့ ပိုပြီး မဆိုးနိုင်ဘူးလား? ဆိုးနိုင်တယ်နော်။</p>
<p>ဒီတော့ အဲဒီမှာ <b>ဓာတ်လေးပါး</b> ပြန်ကိုင်ရတယ်။ အဲဒီ <b>ဓာတ်လေးပါး</b> ခန္ဓာအိမ်မှာ ပြန်ပြီးတော့ ခြုံငုံပြီး အသားကြား, အရိုးကြား, အရေကြား, အကြောကြားကို ဉာဏ်သွင်းပြီး ကြည့်လိုက်မယ်ဆိုရင် ခုနက အဖြူ စပေါ်တတ်ပါတယ်နော်။ အဖြူကိုဆက်ပြီး <b>ဓာတ်လေးပါး</b> ဆိုက်နိုင်ရင် ကြည်လာမယ်။ အကြည်မှာ ဆက်ပြီး <b>ဓာတ်လေးပါး</b> ဆိုက်နိုင်ရင်တော့ အတိတ်က ဆည်းပူးခဲ့တဲ့ ပါရမီအရှိန်အဝါ အားကောင်းနေတဲ့ သူတော်ကောင်း ဖြစ်ခဲ့ရင်တော့ <b>ရုပ်ကလာပ်</b>အမှုန်လေးတွေ လွယ်လွယ်နဲ့ တွေ့နိုင်တယ်။ ခုနက <b>ကလာပ်အမှုန်</b>ကို တွေ့တဲ့စနစ်ကို ဒါက ပြောချင်လို့ လမ်းခင်းနေရတာနော်။</p>
<p>အကယ်၍ ဒီအကြည်ဓာတ်ကို <b>ဓာတ်လေးပါး</b> စိုက်လို့ ကလာပ်အမှုန်က လွယ်လွယ်ကူကူ မဖြစ်ခဲ့ဘူးဆိုရင်တော့ ဘာလုပ်ရမလဲ? ထိုအကြည်ပြင်မှာ အာကာသခေါ်တဲ့ အကြားအပေါက်ကို မြင်အောင် ထိုးစိုက်ခဲ့သော်။ <b>အာကာသဓာတ်</b>ဆိုတာက ရုပ်ကလာပ်တွေကို ပိုင်းခြားပေးနေတဲ့ နယ်ခြားကွက်လပ် ဖြစ်ခြင်းကြောင့် ထိုနယ်ခြားကွက်လပ်ဒေသကို မြင်လိုက်တဲ့ အချိန်အခါမှာ ရုပ်ကလာပ်ကို သွားတွေ့ပြီ။ ထိုအချိန်အခါမှာ ရုပ်ကလာပ်တွေ ဓာတ်ခွဲလို့ ရတယ်နော်။ တစ်ကိုယ်လုံး ခြောက်ဌာန လေးဆယ့်နှစ်ကောဋ္ဌာသမှာ လှည့်လည်ပြီး ဓာတ်ခွဲနိုင်တဲ့ သူတော်ကောင်းပေါ့။ စိုက်လိုက်ရင် ဘယ်ကောဋ္ဌာသစိုက်စိုက်, ဘယ်ဌာနစိုက်စိုက် <b>ဓာတ်လေးပါး</b> စိုက်လိုက်တာနဲ့ ကလာပ်အမှုန် ဖြစ်ပြီဆိုတာနဲ့ ထိုကလာပ်အမှုန်လေးတွေကို စနစ်တကျ ဓာတ်ခွဲပေတော့။ ဒါကတော့ ဆရာသမားနဲ့ ချဉ်းကပ် လေ့လာတော့နော်။ တရားတစ်ပွဲနဲ့ အကုန် ပြည့်စုံအောင် ဟောဖို့ကတော့ မဖြစ်နိုင်ဘူးနော်။</p>
<p>အဲဒီလို ခြောက်ဌာန လေးဆယ့်နှစ်ကောဋ္ဌာသကို လှည့်လည်ပြီး ဓာတ်ခွဲနိုင်တဲ့ သူတော်ကောင်းက ခုလို အဿာသ ပဿာသ = ဝင်လေ ထွက်လေ နေရာမှာ ဖမ်းပြီး <b>ဓာတ်လေးပါး</b> စိုက်လိုက်။ လေးဆယ့်နှစ်ကောဋ္ဌာသထဲမှာ <b>ဝါယောကောဋ္ဌာသ</b> ခြောက်ပါးထဲက နောက်ဆုံးကောဋ္ဌာသ ဖြစ်ပါတယ်။ အဲဒီ ဝင်လေ ထွက်လေဆိုတဲ့ ဒီလေကြောင်းကို ပထမ သမာဓိစွမ်းအားနဲ့ မြင်အောင် ကြည့်ရတယ်။ အဲဒီလေကြောင်းက ခုနက <b>ပဋိဘာဂနိမိတ်</b>တော့ မဟုတ်တော့ဘူး။ ဒီနေရာမှာ ပကတိ ဝင်လေ ထွက်လေကို ပြန်ကြည့်ရတယ်နော်။ ပကတိ ဝင်လေ ထွက်လေလေးကို ပြန်စိုက်ပါ။ အဲဒီလေလေးကို <b>ဓာတ်လေးပါး</b> ဖမ်းစိုက်လိုက်ရင် ဒီအချိန်အခါမှာ အလွန် နူးညံ့သိမ်မွေ့နေတဲ့ ဒီလေကလေးမှာ ရုပ်ကလာပ်အမှုန်ကလေးတွေ များစွာ သွားပြီး တွေ့လိမ့်မယ်။</p>
<p>အဲဒီ အမှုန်လေးတွေကို ဓာတ်ခွဲလိုက်ရင် တစ်မှုန်တစ်မှုန်မှာ သဘောတရား ကိုးခု ရှိမယ်နော်။ အဲဒီ ကိုးမျိုးသော ရုပ်တရားတို့ရဲ့ အပေါင်းအစုဖြစ်တဲ့ ရုပ်တရားတွေကို အဿာသ ပဿာသလို့ခေါ်တယ်။ ဒါက နံပါတ်တစ် ကာယ။ ဒီ<b>အဿာသပဿာသကာယ</b>သည် ဘာကို မှီဖြစ်နေသလဲလို့ ယောဂီပုဂ္ဂိုလ်က ရှာဖွေကြည့်ရတယ်။ ရှာဖွေကြည့်တဲ့အချိန်အခါမှာ ဒီအဿာသပဿာသကာယသည် <b>ကရဇကာယ</b>ကို မှီဖြစ်နေတယ်ဆိုတာ သွားတွေ့တယ်။ ကရဇကာယဆိုတာက ဘာလဲလို့ မေးတော့ —</p>
<p>‘‘<b>သော အတ္ထတော ဘူတာနိ စေဝ ဥပါဒါရူပါနိ စ။</b>’’ (ဒီ၊ဋ္ဌ၊၂၊၃၁၄-၃၁၅။ မ၊ဋ္ဌ၊၁၊၂၈၁။ အဘိ၊ဋ္ဌ၊၂၊၂၅၂-၂၅၃။)</p>
<p>ဦးပဉ္စင်းတို့ရဲ့ ပင်လုံးကျွတ်ပွင့်နေတဲ့ ခက်ဖျားစုံရှိတဲ့ ပိဋကတ်သုံးပုံဆိုတဲ့ တောအုပ်ကြီးက ပြောပြနေတယ်နော်။ ကရဇကာယဆိုတာ ဘာမှမဟုတ်ဘူးတဲ့။ သေသေချာချာ တရားကိုယ် ပရမတ္ထအနက်သဘောအားဖြင့် လှမ်းကြည့်လိုက်တော့ <b>ဘူတရုပ်</b>လို့ခေါ်တဲ့ ဓာတ်ကြီးလေးပါးနဲ့ ထိုဓာတ်ကြီးလေးပါးကို မှီတွယ်ပြီး ဖြစ်ပေါ်နေတဲ့ နှစ်ဆယ့်လေးမျိုးသော <b>ဥပါဒါရုပ်</b>တွေကို ကရဇကာယလို့ခေါ်တယ်တဲ့။ နံပါတ်နှစ် ကရဇကာယမြင်အောင် ရှုရတော့မယ်။ ဒီခန္ဓာအိမ်ကြီး မရှိတော့ဘူး။ မျက်စိ, နား, နှာ, လျှာ, ကိုယ်, နှလုံးဆိုတဲ့ ခြောက်ဌာန မရှိဘူးနော်။ အဲဒီ ခြောက်ဌာနလည်း မရှိဘူး, လေးဆယ့်နှစ်ကောဋ္ဌာသတွေလည်း မရှိတော့ဘူး။ နှုတ်လိုက်။ ဒီဝင်လေ ထွက်လေ ရှိဦးမလား? မရှိတော့ဘူး။ ဒါဖြင့်ရင် ဒီဝင်လေ ထွက်လေသည် ဘာကို မှီဖြစ်သလဲလို့ လှမ်းကြည့်လိုက်တော့ ဒီတစ်ကိုယ်လုံးမှာ ရှိနေတဲ့ နှစ်ဆယ့်ရှစ်မျိုးသော ရုပ်ပေါ့နော်။ ယောက်ျား, မိန်းမ မခွဲဘဲ ပြောခဲ့ရင်နော်။ ခွဲခြားပြီး ပြောမယ်ဆိုရင် ယောက်ျားမှာ နှစ်ဆယ့်ခွန်မျိုး, မိန်းမမှာ နှစ်ဆယ့်ခွန်မျိုး။ အဲဒီ ရုပ်တရား နှစ်ဆယ့်ရှစ်ပါးကို ဖယ်ထုတ်လိုက်ရင် ဒီဝင်လေ ထွက်လေဆိုတာ ရှိဦးမလား? မရှိတော့ဘူး။</p>
<p>ဒီရုပ် နှစ်ဆယ့်ရှစ်ပါးကို ခွဲတမ်းချလိုက်တော့ - ကံကြောင့်ဖြစ်တဲ့ ရုပ်တွေ ရှိတယ်, စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေ ရှိတယ်, ဥတုကြောင့်ဖြစ်တဲ့ ရုပ်တွေ ရှိတယ်, အာဟာရကြောင့်ဖြစ်တဲ့ ရုပ်တွေ ရှိတယ်။ ဘယ်ရုပ်က ကံကြောင့်ဖြစ်တယ်။ ဘယ်ရုပ်က စိတ်ကြောင့်ဖြစ်တယ်။ ဘယ်ရုပ်က ဥတုကြောင့်ဖြစ်တယ်။ ဘယ်ရုပ်တွေက အာဟာရကြောင့်ဖြစ်နေတယ်ဆိုတာ ယောဂီပုဂ္ဂိုလ်က ခွဲခြမ်းစိတ်ဖြာပြီး သိအောင် ရှုရမယ်။ ဘယ်အခါမှာ ရှုနိုင်သလဲလို့မေးတော့ ခုလို ရုပ်ကလာပ်ကလေးတွေကို မြင်မှ၊ ရုပ်ကလာပ် ဓာတ်ခွဲနိုင်တဲ့ အချိန်အခါကျမှ မြင်မယ်။ ဒါကြောင့် ဘယ်ရုပ်က ဥတုကြောင့် ဖြစ်တယ်။ ဘယ်ရုပ်က အာဟာရကြောင့် ဖြစ်တယ်လို့ ခွဲခြား စိတ်ဖြာပြီး မသိခဲ့ရင်လည်း နွားအပေါင်းကို ထိန်းကျောင်းနေတဲ့ နွားကျောင်းသားတစ်ဦးသည် မိမိ ထိန်းကျောင်းနေတဲ့နွား ဘယ်နှစ်ကောင်ရှိတယ်လို့မှ ဟုတ်တိုင်းမှန်စွာ မသိခဲ့ရင် နွားအပေါင်းရဲ့ ကြီးပွားတိုးတက်မှု ဖြစ်ခြင်းငှာ မစွမ်းနိုင်သလို —</p>
<p>သာသနာတော်မှာ သမထ, ဝိပဿနာဘာဝနာ လုပ်ငန်းခွင်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတော်တစ်ပါးဟာလည်း မိမိ ရှုပွားသုံးသတ်နေတဲ့ ရုပ်တရားတွေကို နံပါတ်တစ် ရုပ်နှစ်ဆယ့်ရှစ်ပါးဆိုတဲ့ အရေအတွက်အားဖြင့်လည်း ဟုတ်တိုင်းမှန်စွာ မသိဘူး။ ဘယ်ရုပ်တွေက ကံကြောင့်ဖြစ်တယ်။ ဘယ်ရုပ်တွေက စိတ်ကြောင့်ဖြစ်တယ်။ ဘယ်ရုပ်တွေက ဥတုကြောင့်ဖြစ်တယ်။ ဘယ်ရုပ်တွေက အာဟာရကြောင့်ဖြစ်တယ်လို့ ခွဲခြမ်း စိတ်ဖြာပြီးတော့လည်း အကြောင်းတရားအားဖြင့်လည်း ဟုတ်တိုင်းမှန်စွာ မသိခဲ့ဘူးဆိုရင် ငါဘုရားရှင်၏ သာသနာတော်၌ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန် ရသည့်တိုင်အောင် တိုးတက်စည်ကား ကြီးပွားမှု ဘယ်နည်းနဲ့မျှ မဖြစ်နိုင်ဘူးလို့ ဘုရားရှင်ကိုယ်တော်တိုင်က <b>မဟာဂေါပါလကသုတ္တန်</b>မှာ အတိအကျ ဟောထားပါတယ်နော်။</p>
<p>ပင်လုံးကျွတ်ပွင့်နေတဲ့ ခက်ဖျားစုံရှိတဲ့ ပိဋကတ်သုံးပုံဆိုတဲ့ တောအုပ်ထဲက နိဗ္ဗာန်သွားရာ ကျင့်စဉ်လမ်းကောင်းကြီးတစ်ခု ဖြစ်ပါတယ်နော်။ ဒီကျင့်စဉ် လမ်းကောင်းကြီးတွေကို ရိုသေစွာ ဦးထိပ်ရွက်ပန်ဆင်နိုင်တဲ့ ယောဂီသူတော်ကောင်းကတော့ ဒီရုပ်နှစ်ဆယ့်ရှစ်ပါး သိအောင် ကြိုးစားရတော့မယ်နော်။ အဲဒီ ကံ, စိတ်, ဥတု, အာဟာရခေါ်တဲ့ အကြောင်းတရားလေးပါးကြောင့် ထင်ရှားဖြစ်ပေါ်နေတဲ့ ဒီရုပ်တရားတွေကို ကရဇကာယခေါ်တယ်။</p>
<p>နံပါတ်သုံး နာမကာယ။ အဲဒီ <b>နာမကာယ</b>ဆိုတာက ကရဇကာယခေါ်တဲ့ ရုပ်တွေထဲမှာ အကြည်ဓာတ်တွေလည်း ပါတယ်။ <b>ဟဒယဝတ္ထုရုပ်</b>လည်း ပါတယ်။ မျက်စိအကြည်, နားအကြည်, လျှာအကြည်, ကိုယ်အကြည်ခေါ်တဲ့ အကြည်ရုပ်ငါးခု။ ဟဒယဝတ္ထု။ ပေါင်းရင် နာမ်တရားတို့ရဲ့ မှီရာဝတ္ထုရုပ် ခြောက်ခု ရှိတယ်။ အဲဒီ အကြည်ဓာတ်တွေကလည်း အကြည်ဓာတ်တစ်ခုတည်း ဖြစ်နိုင်တဲ့စွမ်းအား မရှိဘူး။ ကလာပ်လို့ခေါ်တဲ့ အမှုန်လေးတွေအနေနဲ့ဖြစ်တော့ ဒီကလာပ်ကလေးတွေကို မြင်ရမယ်။ ကလာပ်ကလေးတွေကို ဓာတ်ခွဲနိုင်ရမယ်။ ထိုအချိန်ခါကျမှ ဒီမှီရာဝတ္ထုရုပ်တွေကို ဃနလို့ခေါ်တဲ့ <b>ရုပ်တုံးရုပ်ခဲ</b>တွေကို ဉာဏ်နဲ့ ဖြိုခွဲဖျက်ဆီးပြီးတော့မှ ရှုပွားနိုင်တဲ့အတွက် ပရမတ်နယ်မြေကို ဆိုက်မှာ ဖြစ်တယ်။ အဲဒီ မှီရာဝတ္ထုရုပ်တွေကို သိရမယ်။ ခုက ဝင်လေ ထွက်လေကို ဖြစ်စေတတ်တဲ့ အကြောင်းရင်းဖြစ်တဲ့ စိတ်-စေတသိက်လေးတွေကို ဘုရားရှင်က ဒီနေရာမှာ နာမကာယဆိုပြီးတော့ ဟောထားတယ်။</p>
<p>ဒီတော့ အသက်ရှူနေတဲ့ ဝင်သက်လေ ထွက်သက်လေကို ဖြစ်စေတတ်တဲ့ စိတ်တွေသည် ဘာစိတ်တွေလဲလို့မေးတော့ — ဟဒယဝတ္ထုလို့ ခေါ်ဆိုအပ်တဲ့ နှလုံးအိမ်အတွင်းမှာ တည်ရှိနေတဲ့ ဟဒယဝတ္ထုကို တွယ်ဖြစ်ပေါ်နေတဲ့ စိတ်တိုင်း စိတ်တိုင်းသည် ဝင်လေ ထွက်လေ = အဿာသ ပဿာသကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတယ်။ အသက်ရှူနေတဲ့ ရုပ်တရားတွေကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတယ်လို့ ဆိုလိုပါတယ်။</p>
<p>ဒီတော့ နှလုံးအိမ် ဟဒယဝတ္ထုကို မှီတွယ်ပြီး ဖြစ်ပေါ်နေတဲ့ စိတ်တွေကို ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တော့ စက္ခုဒွါရကဝီထိစိတ်, သောတဒွါရကဝီထိစိတ်, ဃာနဒွါရကဝီထိစိတ်, ဇိဝှါဒွါရကဝီထိစိတ်, ကာယဒွါရကဝီထိစိတ်, မနောဒွါရကဝီထိစိတ်ဆိုပြီးတော့ ဝီထိစိတ် အမျိုးအစားအနေနဲ့ ခွဲတမ်းချလိုက်တော့ ခြောက်မျိုး။ စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှာဝိညာဏ်, ကာယဝိညာဏ်ခေါ်တဲ့ ဒီ<b>ဝိညာဏဓာတ်ခြောက်ပါး</b>တော့ နှုတ်ထားလိုက်နော်။ ကျန်နေတဲ့ နှလုံးအိမ် ဟဒယဝတ္ထုကို မှီတွယ်ပြီးဖြစ်ပေါ်နေတဲ့ ဒီဝီထိစိတ် ခြောက်မျိုးရှိတယ်။ အဲဒီ ဝီထိစိတ် ခြောက်မျိုးလုံးသည် ဝင်သက်လေ ထွက်သက်လေကို ဖြစ်စေနိုင်တဲ့ စွမ်းအား အားလုံး ရှိကြတယ်။</p>
<p>အဲဒီ အကြောင်းဖြစ်တဲ့ စိတ်-စေတသိက်တွေကို ဟုတ်တိုင်းမှန်စွာ သိအောင် ရှူရတယ်။ အဲဒီ အကြောင်းဖြစ်တဲ့ စိတ်-စေတသိက်တွေကို ဟုတ်တိုင်းမှန်စွာ သိအောင် ရှုတဲ့အပိုင်းမှာ အဲဒီ စိတ်-စေတသိက်တွေထဲမှာ <b>ကုသိုလ်ဇော</b>တွေ ပါဝင်နေတဲ့ စိတ်စေတသိက်တွေလည်း ရှိကြတယ်။ <b>အကုသိုလ်ဇော</b>တွေ ပါဝင်နေတဲ့ စိတ်-စေတသိက်တွေလည်း ရှိကြတယ်။ အကုသိုလ်ဇောကြောင့် အသက်ရှူမှုတွေ ဖြစ်တာလည်းရှိတယ်။ ကုသိုလ်ဇောတွေနဲ့ အသက်ရှူနေတာလည်း ရှိတယ်လို့ဆိုလိုပါတယ်နော်။ အဲဒီ အကြောင်းရင်းဖြစ်တဲ့ စိတ်-စေတသိက်တွေက နာမကာယ။ ပေါင်းလိုက်တော့ ကာယ ဘယ်နှစ်ခု ဖြစ်သွားလဲ? သုံးခု။ အဿာသ ပဿာသကာယ, ရူပကာယ, နာမကာယ။ အဲဒီ ကာယသုံးမျိုးကို သိအောင် ကြိုးစားရမယ်။</p>
<p>ကြိုးစားတဲ့အပိုင်းမှာ အဿာသ ပဿာသကာယနဲ့ ကရဇကာယကတော့ ရုပ်တရား။ ဝင်သက်လေ ထွက်သက်လေကို ဖြစ်စေတတ်တဲ့ အကြောင်းရင်းဖြစ်တဲ့ စိတ်-စေတသိက်တွေက နာမ်တရား။ ရုပ်နာမ်နှစ်ပါး။ ရုပ်တရားတွေကို တစ်ပုံ၊ နာမ်တရားတွေကို ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် လေးပုံ ပုံလိုက်ရင် အားလုံး ငါးပုံ ဖြစ်တယ်။ <b>ခန္ဓာငါးပါး</b>နော်။ ရုပ်နာမ်နှစ်ပါး။ ခန္ဓာငါးပါး။ အဿာသ ပဿာသကာယ, ကရဇကာယ, နာမကာယဆိုပြီး ကာယသုံးခု ရှိတယ်။ အဲဒီ ကာယသုံးမျိုးကို ရည်ရွယ်ပြီးတော့ ဘုရားရှင်က —</p>
<p>‘‘<b>ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။</b>’’</p>
<p><b>ဣတိ</b>၊ ဤသို့လျှင်။ <b>အဇ္ဈတ္တံ ဝါ ကာယေ</b>၊ အဇ္ဈတ္တဖြစ်တဲ့ ကာယ၌မူလည်း။ <b>ကာယာနုပဿီ</b>၊ ကာယဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍။ <b>ဝိဟရတိ</b>၊ နေလေ၏။ <b>ဗဟိဒ္ဓါ ဝါ ကာယေ</b>၊ ဗဟိဒ္ဓဖြစ်တဲ့ ကာယ၌မူလည်း။ <b>ကာယာနုပဿီ</b>၊ ကာယဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍။ <b>ဝိဟရတိ</b>၊ နေလေ၏။ <b>အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ</b>၊ အဇ္ဈတ္တ ဗဟိဒ္ဓဖြစ်တဲ့ ကာယ၌မူလည်း။ <b>ကာယာနုပဿီ</b>၊ ကာယဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍။ <b>ဝိဟရတိ</b>၊ နေလေ၏၊</p>
<p>ဒီလို ဟောထားတယ်နော်။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာန၌ ရှုရမယ်။ ဘာကြောင့်လဲ? အဇ္ဈတ္တ ခန္ဓာငါးပါး သက်သက်ရှုနေရုံနဲ့လည်း မဂ်ဉာဏ် ဘယ်လိုမှ မဆိုက်နိုင်ဘူး။ ဗဟိဒ္ဓ ခန္ဓာငါးပါးသက်သက်ကို ဝိပဿနာ ရှုနေရုံနဲ့လည်း မဂ်ဉာဏ် ဘယ်လိုမှ မဆိုက်နိုင်ဘူးဆိုပြီးတော့ အဋ္ဌကထာကြီးများကလည်း ဆုံးဖြတ်ထားပါတယ်။ ဘုရားရှင်ကလည်း အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ပါးလုံး ရှုမှ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဆိုက်မှာဖြစ်ကြောင်း နှစ်ပါးလုံး ရှုဖို့ ညွှန်ကြားနေတယ်နော်။ အဇ္ဈတ္တမှာ ဒီရုပ်နာမ်နှစ်ပါး၊ ခန္ဓာငါးပါး သိမ်းဆည်းတတ်ပြီဆိုရင် ထိုယောဂီသူတော်ကောင်းက ရှေ့တစ်ဆင့်တက်ပြီး ဘာလုပ်ရမလဲ?</p>
<p>‘‘<b>သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။</b>’’</p>
<p><b>ကာယသ္မိံ</b>၊ ကာယ၌ (ဝါ) ရူပကာယ, နာမကာယ၌။ <b>သမုဒယဓမ္မာနုပဿီ ဝါ</b>၊ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း။ <b>ဝိဟရတိ</b>၊ နေလေ၏။ <b>ကာယသ္မိံ</b>၊ ကာယ၌ (ဝါ) ရူပကာယ, နာမကာယ၌။ <b>ဝယဓမ္မာနုပဿီ ဝါ</b>၊ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ ရှိသည်ဖြစ်၍မူလည်း။ <b>ဝိဟရတိ</b>၊ နေလေ၏။ <b>ကာယသ္မိံ</b>၊ ကာယ၌ (ဝါ) ရူပကာယ, နာမကာယ၌။ <b>သမုဒယဝယဓမ္မာနုပဿီ ဝါ</b>၊ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘော၊ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း။ <b>ဝိဟရတိ</b>၊ နေလေ၏၊</p>
<p>ဒီလို ဟောထားတယ်နော်။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံအစရှိတဲ့ အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ရုပ်တရား နာမ်တရားခေါ်တဲ့ ရူပကာယ, နာမကာယတွေ ထင်ရှားဖြစ်ပုံ၊ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံအစရှိတဲ့ အကြောင်းတရားတွေ ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးဖြစ်တဲ့ ရူပကာယ, နာမကာယခေါ်တဲ့ ရုပ်တွေ နာမ်တွေ ချုပ်ငြိမ်းသွားပုံကို မြင်အောင် ရှုရမယ်လို့ ဒီလို ဘုရားဟောနေပြီ။ ဟောခြင်းကြောင့် ဒီအပိုင်းမှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေကြောင့် ရုပ်တွေ နာမ်တွေ ထင်ရှားဖြစ်တာကိုတော့ မြင်အောင် ရှုရတော့မယ်နော်။ အဲဒီ ရှုတဲ့အပိုင်းမှာ အတိတ်, အနာဂတ် ရှုကွက်ကတော့ ဝင်လာပါတယ်နော်။</p>
<p>ဒီတော့ နာဖူးထပ်မံအနေနဲ့ ထပ်ပြီး ပြောရရင်တော့ ဒီဘဝကို အကျိုးပေးနေတဲ့ကံသည် ဒီဘဝ ပြုစုပျိုးထောင်နေတဲ့ကံ မဟုတ်ဘူး။ အတိတ်ကကံတစ်ခုကြောင့် ဒီဘဝမှာ လူလို့ခေါ်ဆိုနေအပ်တဲ့ <b>ခန္ဓာငါးပါး</b> ထင်ရှား လာဖြစ်နေတယ်ဆိုတာလောက်တော့ အကြမ်းစားအားဖြင့် ဗုဒ္ဓဘာသာ ဖြစ်ခဲ့မယ်ဆိုရင်တော့ လက်ခံနိုင်လိမ့်မယ်လို့တော့ သဘောတူပါတယ်နော်။ ဒီတော့ အတိတ်ကကံကို ရှာဖွေရမယ့်အပိုင်းပဲ။ ရှာဖွေတဲ့အပိုင်းမှာ ခုနက ဦးပဉ္စင်း စောစောကပြောခဲ့တဲ့ နမူနာအနေနဲ့ နားလည်လွယ်အောင် ပြောရင်ပေါ့နော်။ ရုပ်တွေ နာမ်တွေကို အဇ္ဈတ္တ ဗဟိဒ္ဓအနေနဲ့ သိမ်းဆည်းပြီးတဲ့အခါမှာ အနီးစပ်ဆုံး ဣရိယာပုထ်မှာရှိနေတဲ့ ရုပ်နာမ်ကို တစ်ဖန် အခြေခံပြီးတော့ ပြန်သိမ်းဆည်းရတယ်။ <b>ပဋိစ္စသမုပ္ပါဒ်နည်း</b>နဲ့ ရှုမယ်ဆိုရင်တော့ မိမိက အနာဂတ်အတွက် ဆုတောင်းနေတဲ့ ဝဋ္ဋနိဿိတဖြစ်တဲ့ ကုသိုလ်တစ်ခုတော့ လှမ်းပြီးတော့ ရှာဖွေရတယ်။</p>
<p>ဆိုကြပါစို့ ဒကာကြီးတွေနော်။ နောင်အနာဂတ်ဘဝမှာ ရဟန်းဘဝဖြင့် သာသနာပြုနိုင်တဲ့ ယောက်ျားကောင်း, ယောက်ျားမြတ်ဘဝကို ဆုတောင်းတယ်ပဲ ဆိုကြပါစို့နော်။ အဲဒီ ဆုတောင်းနေတဲ့ အချိန်အခါမှာ နောင်အနာဂတ် ရဟန်းလို့ အသိမှားနေတဲ့သဘောလေးက <b>အဝိဇ္ဇာ</b>, ထိုရဟန်းဘဝကို တွယ်တာတပ်မက်နေတဲ့သဘောလေးက <b>တဏှာ</b>, စိတ်ကပ်ပြီး စွဲနေတဲ့သဘောက <b>ဥပါဒါန်</b>။ ထို အဝိဇ္ဇာ, တဏှာ, ဥပါဒါန် ခြံရံပြီးတော့ ဘုရားမှာ ဆီမီးပူဇော်ပြီးတော့ ဆုတောင်းတယ်ပဲ ဆိုကြပါစို့နော်။ ဆီမီးတွေ လှူဒါန်းနေတဲ့ ကုသိုလ်ကံစေတနာတွေက <b>သင်္ခါရ</b>။ ထိုသင်္ခါရတရားတွေက အနိစ္စတရားတွေ ဖြစ်နေခြင်းကြောင့် ချုပ်ပျက်သွားတယ်။ ချုပ်ပျက်သွားတဲ့ အချိန်အခါမှာ ရုပ်နာမ်အစဉ်မှာ မြှုပ်နှံထားခဲ့တယ်။ နောင်တစ်ချိန် မိမိ မျှော်လင့်တောင့်တနေတဲ့ ရဟန်းဘဝဆိုတဲ့ ခန္ဓာငါးပါးကို ဖြစ်စေနိုင်တဲ့ စွမ်းအင်သတ္တိလေးက <b>ကံ</b>။ ပေါင်းလိုက်တော့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ။ အဲဒီ အကြောင်းတရားငါးခုကို ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ စပြီး ပြန်ပြီး သိအောင် ရှုရတယ်။</p>
<p>အဲဒီနည်းနဲ့ မသွားချင်ရင်တော့ <b>ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ်</b>ပိုင်းမှာ ဖွင့်ထားတဲ့နည်း တစ်နည်းကတော့ — အနီးဆုံးဖြစ်တဲ့ ဣရိယာပုထ်မှာဖြစ်ခဲ့တဲ့ ရုပ်နာမ်ကို ပြန်သိမ်းဆည်းရတယ်။ ဗဟိဒ္ဓလိုသဘောထားပြီး အဲဒီ ရုပ်နာမ်တွေကို အတိတ်ဘက် တာစူပြီးတော့ ရုပ်တရား နာမ်တရားတွေကို တစ်စတစ်စ သိမ်းဆည်းသွားရာကနေ နောက်ဆုံး အမိဝမ်းတွင်း ကလလရေကြည်ဆိုက်ပြီ ဆိုကြစို့နော်။ ကလလရေကြည်မှာ တည်ရှိနေတဲ့ ရုပ်တွေ နာမ်တွေကို စနစ်တကျ ပြန်ပြီး သိမ်းဆည်းရတယ်။</p>
<p>အဲဒီ ကလလရေကြည်မှာ ယေဘုယျအားဖြင့်တော့ — လူသားတွေအတွက် ဝကွက်ပြီး ပြောခဲ့မယ်ဆိုရင်တော့ ကာယဒသကလာပ်, ဘာဝဒသကလာပ်, ဟဒယဒသကလာပ်ဆိုပြီး ရုပ်ကလာပ်အမျိုးအစား သုံးမျိုး၊ ရုပ်အမျိုးအစား သုံးဆယ်လောက်ရှိပါတယ်။ အမျိုးအစားသာ သုံးဆယ်လို့ပြောတာ။ အရေအတွက် သုံးဆယ်လို့ ဆိုလိုရင်းတော့ မဟုတ်ဘူးနော်။</p>
<p>နာမ်တရားတွေက တိဟိတ်ပုဂ္ဂိုလ်ဖြစ်လို့ ဉာဏ်လည်း ပါတယ်, ပီတိလည်း ပါမယ်ဆိုရင်တော့ စိတ်, စေတသိက် သုံးဆယ့်လေးလုံးလောက် ရှိတတ်ပါတယ်။ အဲဒီ ရုပ်နာမ်တွေကို တစ်ဖန်ပြန်ပြီးတော့ ကလလရေကြည်အခိုက်ရှိတဲ့ ရုပ်နာမ်အထိ သိမ်းဆည်းရပါတယ်။ အဲဒီလို သိမ်းဆည်းလိုက်တဲ့ အချိန်အခါမှာ ဒီရုပ် ဒီနာမ်တွေ ဘာကြောင့်ဖြစ်ရပါသလဲဆိုတဲ့ အကြောင်းတရားကို သိချင်တဲ့စိတ်ဖြင့် အတိတ်ဘက်ကို လှမ်းမျှော်ပြီး ရှုလိုက်တဲ့အခါ အတိတ်က အကျိုးပေးမယ့်ကံရဲ့ စွမ်းအင်သတ္တိလေးတွေဟာ သေခါနီးကာလမှာ ထင်နေခြင်းကြောင့် သေခါနီးကာလမှာ ထင်နေတဲ့ ဒီနိမိတ်ကို များသောအားဖြင့် သွားပြီး တွေ့တတ်ပါတယ်နော်။</p>
<p>သို့သော် သမာဓိကို အထပ်ထပ် ထူထောင်ပြီး ရုပ်နာမ်တွေကို အဖန်ဖန် သိမ်းဆည်းပြီးတော့မှ ကြိုးပမ်းယူရပါတယ်နော်။ တချို့တချို့ ယောဂီတွေကတော့ ပုံသဏ္ဌာန်တွေ မတွေ့ဘဲ ကလာပ်အမှုန်တွေ တွေ့တယ်။ တွေ့ပြီဆိုရင်တော့ ထိုကလာပ်အမှုန်တွေကို ပြန်ပြီးတော့ တစ်မှုန်တစ်မှုန်မှာ ပထဝီ, အာပေါ, တေဇော, ဝါယော စသည်ဖြင့် <b>ဓာတ်ခွဲ</b>နိုင်အောင် ကြိုးစားရတယ်။ ပရမတ်ကို ဉာဏ်မြင်ဆိုက်အောင် ကြိုးစားပြီးတဲ့အခါ ဟဒယဝတ္ထုရုပ်ကလေးကို မိအောင်တော့ ပြန်ဖမ်းရတယ်။ ဖမ်းနိုင်ပြီဆိုရင်တော့ ထိုဟဒယဝတ္ထုရုပ်ကို မှီတွယ်ပြီးဖြစ်ပေါ်နေတဲ့ အတိတ်က နာမ်သန္တတိအစဉ်ကို စပြီး ရှုလို့ရတတ်ပါတယ်။</p>
<p>ဟဒယဝတ္ထုရုပ်ကို မှီပြီး အတိတ်က ဘဝင်မနောအကြည်နှင့်တကွ ဝီထိစိတ်အစဉ်တွေက ဖြစ်နေတော့ ဒီဟဒယဝတ္ထုရုပ်ကို ကြိမ်ဖန်များစွာ သိမ်းဆည်းတတ်တဲ့ ယောဂီမှာ ဟဒယဝတ္ထုရုပ် မှီတွယ်ပြီး ဖြစ်ပေါ်နေတဲ့ အိမ်ရှင်ဘဝင်စိတ်နှင့်တကွ ဝီထိစိတ်တွေကို လှမ်းကြည့် ကြည့်လို့ရတယ်။ အထူးသဖြင့် ဘဝင်မနောအကြည်ကို မိပြီဆိုရင်တော့ ထိုဘဝင်မနောအကြည်ကို ဖမ်းပြီးတော့ ရှေ့တိုးနောက်ဆုတ် ကြည့်လိုက်တဲ့အပိုင်းမှာ အတိတ်က အကျိုးပေးမယ့်ကံရဲ့ စွမ်းအင်သတ္တိကြောင့် <b>ကံ, ကမ္မနိမိတ်, ဂတိနိမိတ်</b>လို့ခေါ်ဆိုအပ်တဲ့ နိမိတ်သုံးမျိုး တစ်မျိုးမျိုး ထင်နေတာကို ယောဂီသူတော်ကောင်းက ဒီနေရာမှာ သဘောပေါက်လာတယ်။</p>
<p>ခုနက ဦးပဉ္စင်းပြောခဲ့တဲ့ ယောဂီဒကာမကြီးတစ်ဦးရဲ့ အတွေ့အကြုံအရ ပြောရင်တော့ မဏ္ဍာပ်တစ်ခုအတွင်းမှာ သံဃာတော်တွေကို သူက ထီး, ဖိနပ် လှူဒါန်းနေတယ်။ လှူဒါန်းတဲ့ အချိန်အခါမှာ ဘာဆုတောင်းပါသလဲဆိုပြီးတော့ ပြန်ပြောင်းပြီး ဆန်းစစ်ကြည့်လိုက်တဲ့အခါမှာ ထီး, ဖိနပ် လှူဒါန်းနေစဉ် အချိန်အခါလေးမှာ သူ့ရဲ့အနီးမှာ ရပ်ပြီးတော့နေတဲ့ သီလရှင်တစ်ပါးကို သူက အာရုံစိုက်မိတယ်။ ဒီသီလရှင်ရဲ့ တည်ငြိမ်တဲ့ ဣန္ဒြေသိက္ခာနဲ့ ပြည့်ဝနေပုံကို ကြည့်ပြီးတော့ သူက အားကျတယ်။ အားကျတဲ့အတွက် သူက ဘာဆုတောင်းသလဲ? ဒီသီလရှင်ကဲ့သို့ တည်ငြိမ်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်ရပါလို၏တဲ့။ ဟော ဆုတောင်းပုံကနော်။</p>
<p>တည်ငြိမ်တဲ့ အမျိုးကောင်းသမီးလို့ အသိမှားနေတဲ့သဘောက အဝိဇ္ဇာ၊ ထိုအမျိုးသမီးဘဝကို တွယ်တာတပ်မက်နေတဲ့သဘောလေးက တဏှာ၊ စိတ်ကပ်ပြီး စွဲနေတဲ့သဘောက ဥပါဒါန်။ ဒီအဝိဇ္ဇာ, တဏှာ, ဥပါဒါန် သုံးခု ခြံရံပြီးတော့ ကံကို ပြုစုပျိုးထောင်လိုက်တော့ သင်္ကန်းလှူခြင်း, ထီးလှူခြင်းဆိုတဲ့ သင်္ခါရ ကုသိုလ်စေတနာအုပ်စုကို ပြုစုပျိုးထောင်တယ်။ ပြုစုပျိုးထောင်လိုက်တဲ့အချိန်အခါမှာ ထိုကုသိုလ်စေတနာအုပ်စုတွေက အနိစ္စတရားတွေ ဖြစ်ခြင်းကြောင့် ထိုရုပ်နာမ်သန္တာန်အစဉ်မှာ ဖြစ်ပြီးတော့ ပျက်သွားတယ်။ နောင်တစ်ချိန် သူမျှော်လင့်တောင့်တနေတဲ့ တည်ငြိမ်တဲ့ အမျိုးကောင်းသမီး တစ်ဦးဖြစ်ဖို့၊ ခန္ဓာငါးပါးဖြစ်ဖို့ စွမ်းအင်သတ္တိလေးကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံပြီးမှ ချုပ်ပျက်သွားတော့ အဲဒီ စွမ်းအင်သတ္တိလေးက ကံ။ ပေါင်းလိုက်တဲ့အခါ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ။ အကြောင်းတရားငါးခု စုံသွားတယ်။ ထိုကံရဲ့ စွမ်းအင်သတ္တိနဲ့ ဒီဘဝ ပဋိသန္ဓေ ကလလရေကြည်မှာရှိတဲ့ ရုပ်တွေ နာမ်တွေနဲ့ ကြောင်းကျိုးဆက်နွယ်မှု ရှိ, မရှိ ဆန်းစစ်ကြည့်လိုက်တဲ့အခါမှာ ကြောင်းကျိုးဆက်နွယ်နေတာကို တွေ့ရတယ်။ ဒီကံကြောင့် ဒီရုပ်နာမ်ဖြစ်နေတာကို ထင်ရှားမြင်ရပြီနော်။ အဲဒီအခါမှာ —</p>
<p>အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊<br>
တဏှာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊<br>
ဥပါဒါန်ဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊<br>
သင်္ခါရဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊<br>
ကံ ဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊<br>
ကမ္မဇရုပ်တို့၏ ဖြစ်ခြင်းသဘော။</p>
<p>စသည်ဖြင့် အကြောင်းတရားတွေ ထင်ရှားဖြစ်ရင် အကျိုး ရုပ်တွေ နာမ်တွေ ထင်ရှားဖြစ်ပုံကို ဒီလိုရှုဖို့ ဘုရားရှင်က ညွှန်ကြားပြီ။ အတိတ်မှာလည်း ထိုနည်းလည်းကောင်း, အနာဂတ်လည်း ထိုနည်းလည်းကောင်း ရှုရပါတယ်။ နောက်တစ်ခု အကြောင်းတရားတွေ ချုပ်ရင်၊ အကျိုးတရားတွေ ချုပ်ပုံ ရှုရမယ်။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံအစရှိတဲ့ အကြောင်းတရားတွေ ချုပ်ခဲ့သော် အကျိုး ရုပ်တွေ နာမ်တွေ ချုပ်တယ်ဆိုတော့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ ဒီအကြောင်းတရားတွေသည် ဘယ်အခါမှာ ကွင်းလုံးကျွတ် ချုပ်သွားသလဲလို့မေးတော့ — <b>အရဟတ္တမဂ်</b> ရောက်တဲ့အခါမှာ ချုပ်မယ်။</p>
<p>မိမိတို့က အခုအချိန်အခါမှာ အရဟတ္တမဂ် မရသေးဘူးဆိုရင် ထိုအရဟတ္တမဂ် ရမယ့်အချိန်သည် နောင်အနာဂတ် မဖြစ်ဘူးလား? ဖြစ်နေပြီနော်။ နောင်အနာဂတ်ဆိုတာ ဒီဘဝအနာဂတ် ဖြစ်ချင်လည်း ဖြစ်မယ်ပေါ့နော်။ နောင်ဘဝ တစ်ခုခုလို့ ခေါ်ဆိုအပ်တဲ့ အနာဂတ်လည်း ဖြစ်ချင်ဖြစ်မယ်။ ထိုအနာဂတ်ကာလ ရဟန္တာဖြစ်တဲ့အချိန် အရဟတ္တမဂ် ရမယ့်အချိန်မှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံအစရှိတဲ့ အကြောင်းတရားတွေ လုံးလုံး ချုပ်ငြိမ်းသွားခြင်းကြောင့် ရုပ်တွေ နာမ်တွေ ပရိနိဗ္ဗာနစုတိရဲ့ နောက်ဆွယ်၌ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းပုံကို မြင်အောင် လှမ်းကြည့်ပြီးတော့ —</p>
<p>အဝိဇ္ဇာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏၊<br>
တဏှာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏၊<br>
ဥပါဒါန်ချုပ်ခြင်းကြောင့် ရုပ်ချုပ်၏၊<br>
သင်္ခါရချုပ်ခြင်းကြောင့် ရုပ်ချုပ်၏၊<br>
ကံချုပ်ခြင်းကြောင့် ရုပ်ချုပ်၏၊<br>
ရုပ်တို့၏ ချုပ်ခြင်းသဘော။</p>
<p>ဒီလို ရှုရမယ်။ အဲဒီ ရှုရမယ့်အပိုင်းကို ဘုရားရှင်က ဒီ<b>သတိပဋ္ဌာန်ကျင့်စဉ်</b>ထဲမှာ ထည့်သွင်းပြီးတော့ ဟောထားပါတယ်။ ဒါကြောင့် သတိပဋ္ဌာန်ကျင့်စဉ်သည် အတိတ်, အနာဂတ် ရှုကွက်ပါလား, မပါဘူးလားလို့မေးရင် ဘယ်လိုဖြေမလဲ? ပါနေတယ် ပါနေတယ်နော်။ အဲဒီလို ရှုကွက်တွေ စုံစုံညီညီ အတိတ်, အနာဂတ်, ပစ္စုပ္ပန် ကာလသုံးပါးမှာ ရှုနိုင်ပြီဆိုရင်တော့ ရှေ့တစ်ဆင့် တက်ပြီးတော့ ဘာလုပ်ရမလဲ?</p>
<h3>တတိယပိုင်း</h3>
<p>‘‘<b>အတ္ထိ ကာယော</b>’’တိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။</p>
<p><b>ကာယော</b> ဝါ = ရူပကာယ, နာမကာယသည်သာလျှင်။ <b>အတ္ထိ</b>၊ ရှိလေ၏။ <b>ဣတိ</b>၊ ဤသို့လျှင်။ <b>ပန</b>၊ ထိုမှတစ်ပါးလည်း။ <b>အဿ</b>၊ ထိုယောဂီပုဂ္ဂိုလ်အား။ <b>သတိ</b>၊ သတိသည်။ <b>ပစ္စုပဋ္ဌိတာ</b>၊ ရှေးရှူတည်နေသည်။ <b>ဟောတိ</b>၊ ဖြစ်၏။ <b>သာ</b>၊ ထိုသတိသည်။ <b>ယာဝဒေဝ ဉာဏမတ္တာယ</b>၊ ဝိပဿနာဉာဏ် အဆင့်ဆင့် တိုးပွားရန်အလို့ငှာသာလျှင်။ <b>ယာဝဒေဝ ပဋိဿတိမတ္တာယ</b>၊ ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော သတိ၏ အဆင့်ဆင့် တိုးပွားရန် အလို့ငှာသာလျှင်။ <b>ဟောတိ</b>၊ ဖြစ်ပေ၏၊</p>
<p>ဒီအပိုင်းရောက်သွားပြီ။ အဲဒီအပိုင်းကတော့ အထက်ပိုင်း ဝိပဿနာဉာဏ်တွေကို ရည်ညွှန်းထားပါတယ်နော်။ ဒီတော့ ဒီအဆင့်လေးအထိ ရောက်အောင်က ဘုရားရှင်က သတိပဋ္ဌာန်ကျင့်စဉ်မှာ ဟောထားတော့ ယောဂီသူတော်ကောင်းဘက်က ဒီအဆင့်အထိ ရောက်အောင်က ဉာဏ်စဉ်အတိုင်း အဆင့်ဆင့် ကျင့်ဖို့လိုနေတယ်။ အကြောင်းတရားတွေ ထင်ရှားဖြစ်ရင် အကျိုးတရား ထင်ရှားဖြစ်ပုံ သိရမယ်ဆိုတော့ ဒီအပိုင်းက <b>ပစ္စယပရိဂ္ဂဟဉာဏ်</b>လည်းပါတယ်။ အကြောင်းအကျိုးနှစ်မျိုးလုံးတို့ရဲ့ ဖြစ်မှု, ပျက်မှုကို သိအောင် ရှုရမယ်ဆိုတော့ ဒီအပိုင်းက ဝိပဿနာဉာဏ်တွေလည်းပါတယ်။ အဲဒီတော့ ပစ္စယပရိဂ္ဂဟဉာဏ်ကနေစပြီးတော့ ဝိပဿနာဉာဏ်ပိုင်းအထိ အဆင့်ဆင့် ကူးရမှာ ဖြစ်ပါတယ်။ အဲဒီလို အဆင့်ဆင့် ကူးရမှာဆိုတော့ ရုပ်တွေ နာမ်တွေ သိမ်းဆည်းပြီးပြီ။</p>
<p>အကြောင်းအကျိုးတွေ သိမ်းဆည်းပြီးတဲ့အခါ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေရဲ့ ဖြစ်ပြီး ပျက်နေတဲ့သဘောကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီး <b>အနိစ္စ</b>လို့ တွင်တွင်ရှုရတယ်။ ဖြစ်ခြင်း ပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ သဘောတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ <b>ဒုက္ခ</b>လို့ တွင်တွင်ရှုရတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့သဘောတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ <b>အနတ္တ</b>လို့ တွင်တွင်ရှုရတယ်။ အဲဒီလို ရှုပါများလို့ ဝိပဿနာဉာဏ်တွေက ရင့်ကျက်လာတဲ့အခါမှာ ခုနက အကြောင်းတရား ထင်ရှားဖြစ်ရင် အကျိုးတရား ထင်ရှားဖြစ်ပုံ၊ အကြောင်းတရားတွေ ချုပ်ငြိမ်းသွားရင် အကျိုးတရားတွေ ချုပ်ငြိမ်းပုံဆိုတဲ့ <b>ဥဒယဗ္ဗယဉာဏ်</b> အကျယ်ရှုပွားနည်းဖြင့် ရှုရပါတယ်။ သို့သော် ဒီအဆင့်လောက်အထိ အားကိုးရတဲ့အဆင့် ရောက်ပြီလားဆိုတော့ မရောက်သေးဘူးနော်။ မရောက်သေးတဲ့အတွက် ဘုရားရှင်က ဒီအာနာပါနကျင့်စဉ်ကနေ ခုဟောခဲ့တာကတော့ ပထမစတုက္ကပဲ ရှိပါသေးတယ်။ ဒုတိယစတုက္ကကို တစ်ဆင့်တက်ပြီး ဟောတယ်။ ဒုတိယစတုက္ကကဘာလဲ?</p>
<p>‘‘<b>ပီတိပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊ ပီတိပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။</b>’’</p>
<p>အသက်ရှူပုံ စနစ်ကလေးပဲနော်။</p>
<p><b>ပီတိပဋိသံဝေဒီ</b>၊ ပီတိကို ထင်ထင်ရှားရှား သိသည်ဖြစ်၍။ <b>အဿသိဿာမိ</b>၊ ဝင်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏။ <b>ပီတိပဋိသံဝေဒီ</b>၊ ပီတိကို ထင်ထင်ရှားရှား သိသည်ဖြစ်၍။ <b>ပဿသိဿာမိ</b>၊ ထွက်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏၊</p>
<p>ပီတိကို ထင်ထင်ရှားရှား သိပြီးတော့ အသက်ရှူနေပါဆိုပြီးတော့ အသက်ရှူပုံစနစ် ဘုရားက တိုးပြီးတော့ သင်ပေးတယ်။ ပီတိကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ထင်ထင်ရှားရှားသိပြီး အသက်ရှူရမလဲလို့မေးတော့ ပီတိထင်ရှားတာ နှစ်မျိုးရှိတယ်။ “အာရမ္မဏတော၊ အသမ္မောဟတော” ဆိုပြီးတော့ အဋ္ဌကထာက နှစ်မျိုး ဖွင့်ထားပါတယ်။ ခုနက ပီတိပါနေတဲ့ ဈာန်တွေကို လှမ်းပြီးကြည့်လိုက်တော့ ပထမဈာန်ရှိတယ်, ဒုတိယဈာန်ရှိတယ်။ အဲဒီ ပီတိပါနေတဲ့ စတုက္ကနည်းပေါ့နော်။ ပီတိပါနေတဲ့ ဒီပထမဈာန်ကို ပြန်ဝင်စားလိုက်, ဒုတိယဈာန်ကို ပြန်ဝင်စားလိုက်။ အဲဒီလို ဝင်စားတဲ့အချိန်အခါမှာ အာရမ္မဏတော ပီတိပဋိသံဝိဒိတော ဟောတိ။ အာရုံကို ထွင်းဖောက်သိတဲ့အခါ အာရုံအားဖြင့် ဒီပီတိဟာ ထင်ထင်ရှားရှား ဖြစ်နေတယ်။ အာရုံက ခုနက အာနာပါနပဋိဘာဂနိမိတ်ခေါ်တဲ့ ဝင်သက်လေ ထွက်သက်လေရဲ့ အလွန် တောက်ပနေတဲ့ နိမိတ်ဖြစ်တယ်။ အဲဒီနိမိတ်ကို အာရုံယူပြီးတော့ ပထမဈာန်ကို ပြန်ဝင်စားပါ။ ဝင်စားလိုက်တဲ့ အချိန်အခါမှာ ဒီအာရုံ အာနာပါနပဋိဘာဂနိမိတ်ကို ထင်ထင်ရှားရှား သိတဲ့အခါ ဒီသိမှုနဲ့ ယှဉ်တွဲပြီး ဖြစ်ပေါ်နေတဲ့ ဒီပီတိလေးကိုလည်း ယောဂီပုဂ္ဂိုလ်က ထင်ထင်ရှားရှား သိနေလိမ့်မယ်။ အဲဒီလို ပီတိကို ထင်ထင်ရှားရှား သိပြီးတော့ အသက်ရှူပါ။ ဒီလို တစ်ချက်။</p>
<p>နောက်တစ်ခု — ဝိပဿနာပိုင်းကျတော့လည်း ပီတိကို ထင်ထင်ရှားရှားသိပြီး ဘယ်လို အသက်ရှူရမလဲလို့မေးတော့ — ပီတိပါဝင်နေတဲ့ ဒီပထမဈာန်သမာဓိကို ပြန်ဝင်စားလိုက်။ ဝင်စားပြီးတဲ့အချိန်အခါမှာ ပထမဈာန်မှ ထတဲ့အခါ ဒီပထမဈာန်နာမ်တရား ပီတိ အဝင်အပါဖြစ်တဲ့ နာမ်တရား သုံးဆယ့်လေးလုံး ရှိတယ်။ အဲဒီ သုံးဆယ့်လေးလုံးတွေက ဘာဆိုတာသိချင်ရင်တော့ ဆရာသမားနဲ့ ချဉ်းကပ် လေ့လာပေတော့နော်။ အဲဒီ သုံးဆယ့်လေးလုံးထဲက ပီတိကို ဦးတည်ပြီးတော့ ဒီနာမ်တရားတွေကို ဖြစ်ပြီး ပျက်တာကို ဉာဏ်နဲ့ မြင်အောင် ရှုပြီးတော့ အနိစ္စလို့ ရှုတယ်။ ဖြစ်ခြင်း ပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ သဘောကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး ဒုက္ခလို့ ရှုရတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ သဘောတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး အနတ္တလို့ ရှုရတယ်။ အဲဒီလို ရှုတဲ့အပိုင်းကတော့ “အသမ္မောဟပဋိသံဝိဒိတ” မောဟ ကင်းစင်ပြီးတော့ ဒီပီတိကို ထင်ထင်ရှားရှား သိနေသည်မည်တယ်။</p>
<p>မောဟ ကင်းစင်တယ်ဆိုတာက ပီတိကိုလည်း ဟုတ်တိုင်းမှန်စွာ သိတယ်။ ပီတိရဲ့ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာတွေကိုလည်း ဟုတ်တိုင်းမှန်စွာ သိတယ်။ ပီတိနဲ့ ယှဉ်တွဲနေတဲ့ နာမ်တရားတွေကိုလည်း သိတယ်။ ထိုနာမ်တရားတွေရဲ့ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာတွေကိုလည်း ဟုတ်တိုင်းမှန်စွာ သိတယ်။ ပီတိနှင့်တကွသော ဒီနာမ်တရားတွေရဲ့ မှီရာဝတ္ထုရုပ်လည်း သိတယ်။ ထိုရုပ်တရားတွေရဲ့ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာတွေကိုလည်း ဟုတ်တိုင်းမှန်စွာ သိနေတယ်။ အဲဒီလို ဟုတ်တိုင်းမှန်စွာ သိနေတဲ့အသိကို “အသမ္မောဟ” လို့ခေါ်တယ်။ အသမ္မောဟ ပဋိသံဝိဒိတ” လို့ခေါ်ပါတယ်။ ထို “အသမ္မောဟ ပဋိသံဝိဒိတ” အားဖြင့် မတွေမဝေဘဲနဲ့ ထင်ထင်ရှားရှား သိပြီးတော့ အသက်ရှူပါ။ အဲဒီလို အသက်ရှူတတ်ရင် နိဗ္ဗာန်ရောက်မယ်လို့ ဘုရားက ပြောနေတယ်နော်။ ကဲ နောက်တစ်ခု — ဒီဒုတိယစတုက္ကမှာ ဒါ ပထမ အသက်ရှူနည်း။ ဒုတိယ အသက်ရှူနည်းကို ဘုရား ဘယ်လိုဟောလဲ?</p>
<p>‘‘<b>သုခပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊ သုခပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။</b>’’</p>
<p><b>သုခပဋိသံဝေဒီ</b>၊ ချမ်းသာမှု သုခဝေဒနာကို ထင်ထင်ရှားရှား သိသည်ဖြစ်၍။ <b>အဿသိဿာမိ</b>၊ ဝင်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏။ <b>သုခပဋိသံဝေဒီ</b>၊ ချမ်းသာသည့် သုခဝေဒနာကို ထင်ထင်ရှားရှား သိသည်ဖြစ်၍။ <b>ပဿသိဿာမိ</b>၊ ထွက်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏၊</p>
<p>ချမ်းသာနေတဲ့ သုခဝေဒနာလေးကို ထင်ထင်ရှားရှား သိပြီးတော့ အသက်ရှူနေပါတဲ့။ ဒါ ဒုတိယ အသက်ရှူနည်းစနစ် ဘုရားက သင်ပြန်ပြီနော်။ ချမ်းသာတဲ့ သုခဝေဒနာပါနေတဲ့ ဈာန်တွေက ဒါက သမထပိုင်း, ဝိပဿနာပိုင်း နှစ်ပိုင်းပဲ။ ခုနကလိုပဲ အတူတူပဲနော်။ သမထပိုင်းမှာ သုခဝေဒနာပါနေတဲ့ ပထမဈာန်ကို ဝင်စားမယ်, ဒုတိယဈာန်ကို ဝင်စားမယ်ဆိုရင် အာနာပါနပဋိဘာဂနိမိတ်ကို အာရုံမူပြီးတော့ ဒီဈာန်တွေကို ဝင်စားထားတဲ့အတွက် အာရုံကို ထင်ထင်ရှားရှား သိခဲ့ရင် ဒီအာရုံကို အခြေခံပြီး ဖြစ်ပေါ်နေတဲ့ ဒီသုခဝေဒနာကိုလည်း ထင်ထင်ရှားရှား သိလိမ့်မယ်တဲ့။ ဒါက သမထပိုင်း။ ဝိပဿနာပိုင်းကျတော့ ဒီသုခဝေဒနာ ဦးဆောင်နေတဲ့ ခုနက ပထမဈာန်နာမ်တရား, ဒုတိယဈာန်နာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး တွင်တွင်ကြီး ဝိပဿနာရှုမယ်ဆိုရင် အသမ္မောဟသဘောအားဖြင့် ဒီသုခဝေဒနာကို ထင်ထင်ရှားရှား သိနေလိမ့်မယ်။ အဲဒီလို ထင်ထင်ရှားရှား သိပြီးတော့ အသက်ရှူပါဆိုပြီးတော့ ဒုတိယစတုက္ကမှာ ဒုတိယအသက်ရှူနည်း ဘုရားရှင်က ညွှန်ကြားပြီ။ နောက်တစ်ခု တတိယအသက်ရှူနည်း ဘုရားရှင်က ဆက်ပြီး ညွှန်ကြားတယ်။</p>
<p>‘‘<b>စိတ္တသင်္ခါရပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊ စိတ္တသင်္ခါရပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။</b>’’</p>
<p><b>စိတ္တသင်္ခါရပဋိသံဝေဒီ</b>၊ ဝေဒနာ, သညာဟု ခေါ်ဆိုအပ်တဲ့ စိတ္တသင်္ခါရတရားနှစ်ပါးကို ထင်ထင်ရှားရှား သိသည်ဖြစ်၍။ <b>အဿသိဿာမိ</b>၊ ဝင်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏။ <b>စိတ္တသင်္ခါရပဋိသံဝေဒီ</b>၊ ဝေဒနာ, သညာဟု ခေါ်ဆိုအပ်တဲ့ စိတ္တသင်္ခါရတရား နှစ်ပါးကို ထင်ထင်ရှားရှား သိသည်ဖြစ်၍။ <b>ပဿသိဿာမိ</b>၊ ထွက်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏၊</p>
<p>အသက်ရှူတဲ့ အချိန်အခါမှာနော်။ ဝေဒနာ, သညာတရား <b>နှစ်ပါး</b>ကို ထင်ထင်ရှားရှား သိပြီးတော့ အသက်ရှူပါလို့ ဒီလို ညွှန်ကြားတော့ — ဒီဝေဒနာကတော့ သုခဝေဒနာလည်းပါတယ်, ဥပေက္ခာဝေဒနာလည်း ပါတယ်။ ဒါကြောင့် <b>ပထမဈာန်</b>, <b>ဒုတိယဈာန်</b>, <b>တတိယဈာန်</b>, <b>စတုတ္ထဈာန်</b> အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူပြီးတော့ ဒီဈာန် <b>လေးပါး</b>ကို အစဉ်အတိုင်း ဝင်စားခဲ့မယ်ဆိုရင်ပေါ့။ အာရုံကို ထင်ထင်ရှားရှား သိတဲ့အခါ အာရုံကို အကြောင်းပြုပြီးတော့ ဒီဝေဒနာတွေကိုလည်းပဲ ထင်ထင်ရှားရှား သိနေလိမ့်မယ်တဲ့။ အဲဒီလို သိပြီးတော့ အသက်ရှူပါ။ ဒါက သမထပိုင်း။<br>
ဝိပဿနာပိုင်းကျတော့ ဒီသုခဝေဒနာ, ဥပေက္ခာဝေဒနာနှင့် ယှဉ်တွဲနေတဲ့ ဥပေက္ခာဝေဒနာကို ဦးတည်ပြီးတော့ ဒီနာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ <b>လက္ခဏာရေး သုံးတန်</b>တင်ပြီးတော့ ဝိပဿနာရှုပါ။ ရှုခဲ့မယ်ဆိုရင် <b>အသမ္မောဟသဘော</b>အားဖြင့် မတွေမဝေ ဒီဝေဒနာတွေရဲ့ အနိစ္စ, ဒုက္ခ, အနတ္တ အခြင်းအရာကို ဟုတ်တိုင်းမှန်စွာ သိမယ်။ ဝေဒနာနှင့် ယှဉ်တွဲနေတဲ့ ဒီသညာတရားတို့ရဲ့ အနိစ္စ, ဒုက္ခ, အနတ္တ အခြင်းအရာကိုလည်း ဟုတ်တိုင်းမှန်စွာ သိမယ်။ အဲဒီလို သိခဲ့ရင် <b>စိတ္တသင်္ခါရတရား</b> <b>နှစ်ပါး</b>ကို ထင်ထင်ရှားရှား သိပြီးတော့ အသက်ရှူနေသည်မည်တယ်လို့ ဒီလို ဘုရားဟောထားတယ်နော်။ နောက်တစ်ခု — <b>ဒုတိယစတုက္က</b>မှာပဲ။ <b>လေးခု</b>မြောက် ညွှန်ကြားချက် အသက်ရှူနည်းကတော့ ဘာလဲ?</p>
<p>‘‘<b>ပဿမ္ဘယံ စိတ္တသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ၊ ပဿမ္ဘယံ စိတ္တသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ။</b>’’</p>
<p><b>စိတ္တသင်္ခါရံ</b>၊ ရုန့်ရင်းကြမ်းတမ်းတဲ့ စိတ္တသင်္ခါရတရားကို။ <b>ပဿမ္ဘယံ</b>၊ ငြိမ်းစေလျက်။ <b>အဿသိဿာမီတိ</b>၊ ဝင်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏။ <b>စိတ္တသင်္ခါရံ</b>၊ ရုန့်ရင်းကြမ်းတမ်းတဲ့ စိတ္တသင်္ခါရတရား <b>နှစ်ပါး</b>ကို။ <b>ပဿမ္ဘယံ</b>၊ ငြိမ်းစေလျက်။ <b>ပဿသိဿာမီတိ</b>၊ ထွက်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏၊</p>
<p>ရုန့်ရင်းကြမ်းတမ်းနေတဲ့ ဝေဒနာ, သညာလို့ခေါ်ဆိုအပ်တဲ့ စိတ္တသင်္ခါရတရား <b>နှစ်ပါး</b>ကို ငြိမ်းအောင်ကျင့်ပါ။ ငြိမ်းအောင် ကျင့်တယ်ဆိုတာကတော့ အဆင့်ဆင့် သိမ်မွေ့အောင် ကျင့်ဖို့ ဒီမှာ ညွှန်ကြားပါတယ်။ ပထမဈာန်ထက် ဒုတိယဈာန်က ပိုသိမ်မွေ့တယ်။ ဒုတိယဈာန်ထက် တတိယဈာန်က ပိုသိမ်မွေ့တယ်။ တတိယဈာန်ထက် စတုတ္ထဈာန်က ပိုသိမ်မွေ့တယ်။ ပထမဈာန်သမာဓိရဲ့ ဥပစာရသမာဓိအခိုက်ထက် ပထမဈာန်က ပိုသိမ်မွေ့တယ်။ ဥပစာရသမာဓိအခိုက်တွေထက် ဈာန်အခိုက်တွေက ပိုပိုပြီး သိမ်မွေ့တယ်။ အဆင့်ဆင့် သိမ်မွေ့တယ်။ အဲဒီလို အဆင့်ဆင့် သိမ်မွေ့အောင် ဝေဒနာ, သညာတရား <b>နှစ်ပါး</b>ကို ထင်ထင်ရှားရှား သိပြီးတော့ အသက်ရှူပါဆိုပြီးတော့ ဘုရားရှင်က ညွှန်ကြားတယ်။</p>
<p>ညွှန်ကြားတော့ ဒီဈာန်တွေကို ဝင်စားခဲ့ရင် ဒီဈာန်အင်္ဂါနဲ့ ယှဉ်တွဲနေတဲ့ ဒီဝေဒနာတွေကို ထင်ထင်ရှားရှားသိမယ်။ ဒါက သမထပိုင်း။ ဝိပဿနာပိုင်းရောက်တော့ — အဲဒီ ဈာန်တွေကို ဝင်စားပြီးတော့ ဒီဝေဒနာ ဦးဆောင်နေတဲ့ ဈာန်နာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး <b>သုံးတန်</b>တင်ပြီး တွင်တွင်ကြီး ဝိပဿနာရှုနိုင်ရင် <b>အသမ္မောဟပဋိသံဝေဒသဘော</b>အားဖြင့် ထင်ထင်ရှားရှား သိလိမ့်မယ်တယ်။ အဲဒီလို ထင်ထင်ရှားရှား သိပြီးတော့မှ အသက်ရှူပါ။ ဒီလိုသာ အသက်ရှူနိုင်ခဲ့မယ်ဆိုရင်တော့ သင်ချစ်သားတို့တစ်တွေ, သင်ချစ်သမီးတို့တစ်တွေ <b>အရဟတ္တဖိုလ်</b>ပေါက် ရောက်မယ်လို့ အရဟတ္တဖိုလ်ပေါက်ရောက်အောင် အသက်ရှူပုံစနစ်ကို ဘုရားရှင်က ညွှန်ကြားနေတယ်နော်။ ဒါက ဒုတိယစတုက္ကပဲ။ ဒုတိယစတုက္ကက ဘာကို ဦးတည်ထားသလဲလို့မေးတော့ <b>ဝေဒနာနုပဿနာနည်း</b>လို့ ဒီလို အဋ္ဌကထာများက ဖွင့်ထားတယ်။</p>
<p>ခုနက ပထမစတုက္ကကိုတော့ <b>ကာယာနုပဿနာသတိပဋ္ဌာန်</b>လို့ ဒီလို ညွှန်ကြားထားတယ်။ ညွှန်ကြားထားတဲ့အပိုင်းမှာ ဒီကာယာနုပဿနာသတိပဋ္ဌာန်ပိုင်းမှာက သမာဓိအပိုင်းလည်းပါတယ်။ အဿာသပဿာသကာယကို အခြေတည်ပြီးတော့ ရုပ်တရားကို ဦးတည်ပြီးတော့ ဝိပဿနာ နှလုံးသွင်းပုံလည်း ပါတဲ့အတွက် သူ့ကို ကာယာနုပဿနာသတိပဋ္ဌာန်လို့ ခေါ်တယ်။ ခုဒီ ဒုတိယစတုက္ကကျတော့ ဝေဒနာကို ဦးတည်ပြီးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းပုံကို ညွှန်ကြားနေတဲ့အတွက် <b>ဝေဒနာနုပဿနာသတိပဋ္ဌာန်နည်း</b>အားဖြင့် ဘုရားက အသက်ရှူပုံကို ဟောတယ်လို့ ဒီလိုဖွင့်ထားတယ်။<br>
နောက်တစ်ခု — ဘုရားရှင်က <b>တတိယစတုက္က</b> ဟောပြန်တယ်။ အဲဒီ တတိယစတုက္ကကတော့ <b>စိတ္တာနုပဿနာသတိပဋ္ဌာန်</b> ဒေသနာတော်နည်းအားဖြင့် အသက်ရှူပုံနည်းစနစ်ကို ဟောတယ်လို့ ဒီလို သတ်မှတ်ချက်ရှိတယ်။ ဘယ်လိုဟောလဲ?</p>
<p>‘‘<b>စိတ္တပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊ စိတ္တပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။</b>’’</p>
<p><b>စိတ္တပဋိသံဝေဒီ</b>၊ စိတ်ကို ထင်ထင်ရှားရှား သိသည်ဖြစ်၍။ <b>အဿသိဿာမီတိ</b>၊ ဝင်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏။ <b>စိတ္တပဋိသံဝေဒီ</b>၊ စိတ်ကို ထင်ထင်ရှားရှား သိသည်ဖြစ်၍။ <b>ပဿသိဿာမီတိ</b>၊ ထွက်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏၊</p>
<p>ဒကာကြီးတွေ, ဒကာမကြီးတွေ နေ့စဉ် အသက်ရှူနေကြတယ်။ စိတ်ကလေးကို ထင်ထင်ရှားရှား သိပြီးတော့ အသက်ရှူတာ ဘယ်နှစ်ခါများ ရှိသလဲ? ပြန်ဆန်းစစ်နော်။ ဘုရားရှင်က စိတ်ကို ထင်ထင်ရှားရှား သိပြီးတော့ အသက်ရှူစမ်းပါဆိုပြီးတော့ ဒီလို လေ့ကျင့်ခိုင်းနေတယ်။ ဘာစိတ်လဲလို့မေးတော့ ဒီစိတ်တွေကတော့ အဆင့်မြင့်တဲ့ စိတ်တွေပါနော်။ ပထမဈာန်စိတ်, ဒုတိယဈာန်စိတ်, တတိယဈာန်စိတ်, စတုတ္ထဈာန်စိတ်ဆိုတဲ့ ဒီစိတ်တွေကို ထင်ထင်ရှားရှား သိပြီးတော့ အသက်ရှူပါ။ သမထပိုင်းမှာ ဒီဈာန်တွေကို ဝင်စားခဲ့ရင် ဈာန်ရဲ့အာရုံဖြစ်တဲ့ ပဋိဘာဂနိမိတ်အာရုံကို ထိုးထွင်းပြီး ထင်ထင်ရှားရှား သိတဲ့အခါ သိနေတဲ့ ဒီအသိစိတ်ကလေးတွေလည်း, ဈာန်စိတ်ကလေးတွေလည်း ထင်ရှားနေလိမ့်မယ်။ ဒါက သမထပိုင်း။ အဲဒီလို ဈာန်စိတ်တွေ ထင်ထင်ရှားရှားသိအောင် အသက်ရှူနေပါဆိုပြီး ဒါသမထပိုင်းအနေနဲ့ ညွှန်ကြားတယ်။</p>
<p>ဝိပဿနာပိုင်းကျတော့ ဒီအသိစိတ် ဦးဆောင်နေတဲ့ ပထမဈာန်နာမ်တရား, ဒုတိယဈာန်နာမ်တရား, တတိယဈာန်နာမ်တရား, စတုတ္ထဈာန်နာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး <b>သုံးတန်</b>တင်ပြီးတော့ ဝိပဿနာရှုပြီးတော့ အသက်ရှူပါ။ အဲဒီလို အသက်ရှူခဲ့မယ်ဆိုရင်တော့ <b>အသမ္မောဟသဘော</b>အားဖြင့် ဒီအသိစိတ်ကို ထင်ထင်ရှားရှား သိနေပါလိမ့်မယ်ဆိုပြီးတော့ အဋ္ဌကထာက ဖွင့်ထားတယ်နော်။ ဒါကြောင့် အသိစိတ်ကလေးကို သမထပိုင်း-ဝိပဿနာပိုင်း <b>နှစ်ပိုင်း</b>လုံးမှာ ထင်ထင်ရှားရှား သိပြီးတော့ အသက်ရှူနေပါ။ ဒါက တတိယစတုက္ကမှာ ပထမ ညွှန်ကြားချက်ပဲ။ ဒုတိယ ညွှန်ကြားချက်က ဘာလဲ?</p>
<p>‘‘<b>အဘိပ္ပမောဒယံ စိတ္တံ အဿသိဿာမီတိ သိက္ခတိ၊ အဘိပ္ပမောဒယံ စိတ္တံ ပဿသိဿာမီတိ သိက္ခတိ။</b>’’</p>
<p><b>စိတ္တံ</b>၊ စိတ်ကို။ <b>အဘိပ္ပမောဒယံ</b>၊ လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်စေလျက်။ <b>အဿသိဿာမီတိ</b>၊ ဝင်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏။ <b>စိတ္တံ</b>၊ စိတ်ကို။ <b>အဘိပ္ပမောဒယံ</b>၊ လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်စေလျက်။ <b>ပဿသိဿာမီတိ</b>၊ ထွက်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏၊</p>
<p>အသက်ရှူတဲ့အချိန်အခါမှာ စိတ်ကို ရွှင်ရွှင်လန်းလန်းလေးထားပြီးတော့ အသက်ရှူကြစမ်းပါတဲ့။ နိဗ္ဗာန်ရနိုင်တယ်။ ဒကာကြီးတွေ ဒကာမကြီးတွေ စိတ်ညစ်ပြီး အသက်ရှူတာ မရှိဘူးလား? ရှိကြတယ်နော်။ စိတ်ညစ်ပြီး အသက်ရှူနေတာနဲ့၊ စိတ်ကို ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွနဲ့ အသက်ရှူနေတာ ဘယ်ဒင်းကောင်းလဲ? ရွှင်လန်းတက်ကြွပြီးတော့ အသက်ရှူတာ သိပ်ကောင်းတယ်။ ဒါပေမယ့် ဒီနေရာမှာ ဘုရားဆိုလိုနေတဲ့ ရွှင်လန်းတက်ကြွမှုကတော့ အဆင့်သိပ်မြင့်တယ်။ ပီတိပါနေတဲ့ ဈာန်တွေပေါ့နော်။ ပီတိပါနေတဲ့ ဈာန်တွေဆိုတာက ပထမဈာန် ရှိတယ်, ဒုတိယဈာန် ရှိတယ်။ အဲဒီပီတိပါနေတဲ့ ပထမဈာန်ကို ပြန်ဝင်စားလိုက်, ဒုတိယဈာန်ကို ဝင်စားလိုက်။ ဝင်စားလိုက်တဲ့ အချိန်အခါမှာ ဒီဈာန်အင်္ဂါတွေက ထင်ရှားလာတယ်။ ဈာန်အင်္ဂါတွေ ထင်ရှားလာတဲ့အခါမှာ ဈာန်အင်္ဂါ <b>ငါးပါး</b>ထဲမှာ ပီတိပါနေတော့ ပီတိရဲ့အရှိန်ကြောင့် ပီတိနဲ့ ယှဉ်တွဲနေတဲ့ ဒီဈာန်စိတ်ကလေးဟာလည်း ရွှင်လန်းတက်ကြွနေတယ်။</p>
<p>အဲဒီလို ရွှင်လန်းတက်ကြွပြီးတော့ အသက်ရှူပါဆိုတော့ — ပထမဈာန်ကို ဝင်စားပြီး အသက်ရှူနေပါ၊ ဒုတိယဈာန်ကို ဝင်စားပြီး အသက်ရှူနေပါ။ ရွှင်ရွှင်လန်းလန်းလေးနဲ့ အသက်ရှူကြစမ်းပါဆိုပြီး ဘုရားရှင် တိုက်တွန်းထားတယ်နော်။ သမထပိုင်း။ ဝိပဿနာပိုင်းကျတော့ ဒီပထမဈာန်ကို ပြန်ဝင်စားတော့ ပထမဈာန်နာမ်တရားထဲမှာ ပီတိပါတယ်။ ဒုတိယဈာန်ကို ဝင်စားရင်လည်း ဒုတိယဈာန်နာမ်တရားတွေထဲမှာ ပီတိပါတယ်။ အဲဒီ ပီတိဦးဆောင်နေတဲ့ ဒီဈာန်နာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး <b>သုံးတန်</b>တင်ပြီးတော့ တစ်ဖန်ပြန်ပြီးတော့ ဝိပဿနာ ရှုတယ်။ ရှုလိုက်တဲ့ အချိန်အခါမှာ ရှုနေတဲ့ ဝိပဿနာဉာဏ်မှာလည်း ရွှင်လန်းတက်ကြွမှုတွေ ဖြစ်နေလိမ့်မယ်။ ဒကာကြီးတွေ, ဒကာမကြီးတွေ လောကမှာ မိတ်ဆွေတစ်ဦးနဲ့ လမ်းတွေ့ကြပြီ ဆိုကြစို့။ မိမိ အလွန် ချစ်ခင်မြတ်နိုးတဲ့ မိတ်ဆွေတစ်ဦးလည်း ဖြစ်တယ်။ သူကလည်း ပြုံးရွှင်နေမယ်ဆိုရင် မိမိဘက်မှာလည်း ဘယ်လိုဖြစ်လာလဲ? ပြုံးရွှင်နေတဲ့ မိတ်ဆွေကို တွေ့လိုက်ရတဲ့အတွက် မိမိမှာလည်း ပြုံးရွှင်တဲ့ဓာတ်တွေ ကူးမလာဘူးလား? ကူးလာတယ်။ ဒီပုံစံအတိုင်းပဲနော်။</p>
<p>ရွှင်လန်းတက်ကြွနေတဲ့ ဒီပီတိလေးကို အာရုံယူပြီးတော့ ဝိပဿနာရှုနေတဲ့အခါ ရှုနေတဲ့ ဝိပဿနာဉာဏ်မှာလည်း ပီတိတွေက ရွှင်လန်းပြီး နေပါလိမ့်မယ်။ အဲဒီလို ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွနဲ့ သမထပိုင်း-ဝိပဿနာပိုင်း <b>နှစ်ပိုင်း</b>လုံးမှာ အသက်ရှူပြီးတော့ နေပါလို့ ဒီလို ဘုရားရှင်က တိုက်တွန်းတယ်နော်။ ဒကာကြီးတွေ အဲဒီလို အသက်ရှူနေရရင် ဒကာကြီးတွေအဖို့ အကုန်လုံး မေ့ထားလို့ မရဘူးလား? မေ့ထားလို့ ရနိုင်တယ်။ သိပ်ကောင်းတယ် ဟုတ်တယ်မဟုတ်လား? နောက်တစ်ခု ဒီထက်ကောင်းတာတွေ ဘုရားရှင်က တစ်ဆင့်တက်ပြီး ဟောပြန်တယ်။</p>
<p>‘‘<b>သမာဒဟံ စိတ္တံ အဿသိဿာမီတိ သိက္ခတိ၊ သမာဒဟံ စိတ္တံ ပဿသိဿာမီတိ သိက္ခတိ။</b>’’</p>
<p><b>စိတ္တံ</b>၊ စိတ်ကို။ <b>သမာဒဟံ</b>၊ ကောင်းစွာ တည်ကြည်စေလျက်။ <b>အဿသိဿာမီတိ</b>၊ ဝင်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏။ <b>စိတ္တံ</b>၊ စိတ်ကို။ <b>သမာဒဟံ</b>၊ ကောင်းစွာ တည်ကြည်စေလျက်။ <b>ပဿသိဿာမီတိ</b>၊ ထွက်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏၊</p>
<p>စိတ်ကလေး ကောင်းကောင်းထားပြီးတော့ အသက်ရှူပါတဲ့။ မကောင်းဘူးလား ဒကာကြီးတွေနော်။ စိတ်ထား ကောင်းကောင်းထားပြီးတော့ အသက်ရှူစမ်းပါဆိုပြီး ဘုရားက ညွှန်ကြားနေတယ်။ စိတ်ကောင်းကောင်းထားပြီးသာ အသက်ရှူပါ။ အရဟတ္တဖိုလ်ပေါက် ရောက်နိုင်တယ်။ စိတ်ကောင်းကောင်းထားပြီးတော့ အသက်မရှူဘူး အရဟတ္တဖိုလ်ပေါက် ရောက်မလား? မရောက်ဘူး။ ဘယ်လို စိတ်ကို ကောင်းကောင်းထားတာလဲ? ဒီအပိုင်းမှာ အဋ္ဌကထာက ရှင်းထားတယ်နော်။ အဆင့်မြင့်ပါတယ်။ ဦးပဉ္စင်းတို့ အာရုံအားဖြင့် စိတ်ကို ကောင်းကောင်းထားနည်း။ သမထပိုင်း။ အသမ္မောဟသဘောအားဖြင့် စိတ်ကို ကောင်းကောင်းထားနည်း။ ဝိပဿနာပိုင်း။ <b>နှစ်ပိုင်း</b> ခွဲထားတယ်။</p>
<p>သမထပိုင်းမှာ ခုနက အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူပြီးတော့ ပထမဈာန် ဝင်စားမယ်, ဒုတိယဈာန် ဝင်စားမယ်, တတိယဈာန် ဝင်စားမယ်, စတုတ္ထဈာန် ဝင်စားမယ်။ အဲဒီလို ဝင်စားနိုင်တဲ့ ယောဂီသူတော်ကောင်းအဖို့ ဒီကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်မှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပြီးတော့မှ အသက်ရှူခဲ့ရင် အဲဒီပုဂ္ဂိုလ်သည် သမထပိုင်းမှာ စိတ်ကို ကောင်းကောင်းထားပြီးတော့ အသက်ရှူနေသည် မည်တယ်တဲ့။ အဲဒီလို အချိန်အခါမျိုးမှာ ရာဂ, ဒေါသ, မောဟစတဲ့ <b>နီဝရဏတရား</b>တွေ ဝင်ခွင့်ရမလား? မရတော့ဘူး။ ဒါ စိတ်ကောင်းဝင်နေတဲ့ အချိန်လေးပဲနော်။</p>
<p>နောက်တစ်ခု ဝိပဿနာပိုင်း ကူးလာတော့ ဒီပထမဈာန်ကို ဝင်စားပြီး ပထမဈာန် နာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ ရှုတယ်။ ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်တွေကို အစဉ်အတိုင်း ဝင်စားပြီးတော့ ထိုဈာန်နာမ်တရားတွေကိုလည်း အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး <b>သုံးတန်</b> တင်ပြီးတော့ ဝိပဿနာ ရှုတယ်။ အဲဒီလို ရှုနေတဲ့ အချိန်အခါမှာ ထိုဈာန်နာမ်တရားတို့ရဲ့ အနိစ္စအခြင်းအရာမှာသော်လည်းကောင်း, ဒုက္ခအခြင်းအရာမှာသော်လည်းကောင်း, အနတ္တအခြင်းအရာမှာသော်လည်းကောင်း ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်ပြီတည်နေရင် <b>အသမ္မောဟပဋိဝေဒ</b>ခေါ်တယ်။</p>
<p>ထိုရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ရဲ့ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာကို မတွေမဝေ ထွင်းဖောက်သိနေတဲ့ သိမြင်မှုပဲ။ အဲဒီလို သိမြင်တဲ့ အနိစ္စ, ဒုက္ခ, အနတ္တ အခြင်းအရာဆိုတဲ့ အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပြီး အသက်နေခြင်းကြောင့် စိတ်ကောင်းကောင်းထားပြီး အသက်ရှူတယ်လို့ ဒီလို ရှင်းထားတယ်နော်။ စိတ်ကလေး ကောင်းကောင်းထားပြီး အသက်ရှူတတ်ရင်လည်း ဘာဖြစ်မလဲ? အရဟတ္တဖိုလ်ပေါက် ရောက်နိုင်ပါတယ်။ ဒကာကြီးတွေ, ဒကာမကြီးတွေ သာသနာတော်နဲ့ တွေ့ခိုက် ကြုံခိုက်မှာ စိတ်ကောင်းကောင်းလေး ထားပြီး အသက်ရှူတတ်အောင် လေ့ကျင့်ဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ နောက်တစ်ခု —</p>
<p>‘‘<b>ဝိမောစယံ စိတ္တံ အဿသိဿာမီတိ သိက္ခတိ၊ ဝိမောစယံ စိတ္တံ ပဿသိဿာမီတိ သိက္ခတိ။</b>’’</p>
<p><b>စိတ္တံ</b>၊ စိတ်ကို။ <b>ဝိမောစယံ</b>၊ ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်စေလျက်။ <b>အဿသိဿာမီတိ</b>၊ ဝင်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏။ <b>စိတ္တံ</b>၊ စိတ်ကို။ <b>ဝိမောစယံ</b>၊ ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်စေလျက်။ <b>ပဿသိဿာမီတိ</b>၊ ထွက်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏၊</p>
<p>ဆန့်ကျင်ဘက် တရားအမျိုးမျိုးမှ စိတ်ကို လွတ်မြောက်စေလျက် အသက်ရှူနေပါတယ်။ ဆန့်ကျင်ဘက်တရားတွေဆိုတာကတော့ ပထမဈာန်သမာဓိမှာ နီဝရဏတွေက လွတ်တယ်။ နီဝရဏ ကိလေသာ အညစ်အကြေးတွေနဲ့ ပထမဈာန်သမာဓိဟာ ဆန့်ကျင်ဘက်ပဲနော်။ ဒါကြောင့် ပထမဈာန်သမာဓိကို ထူထောင်ပြီးတော့ အသက်ရှူနေရင် ဆန့်ကျင်ဘက် နီဝရဏတရားတွေမှ လွတ်မြောက်ပြီး အသက်ရှူနေသည်မည်တယ်။ အဲဒီစနစ်ဖြင့် အသက်ရှူပါ တစ်ချက်။ ဒုတိယဈာန် သမာဓိကျတော့ ဝိတက်, ဝိစာရက လွတ်သွားပြီ။ ဝိတက်, ဝိစာရက လွတ်ပြီး ဒုတိယဈာန်သမာဓိကို ဝင်စားပြီး အသက်ရှူရင် ဆန့်ကျင်ဘက် ဝိတက်, ဝိစာရက လွတ်မြောက်ပြီး အသက်ရှူနေသည်မည်တယ်။ အဲဒီပုံစံ စနစ်အားဖြင့်လည်း အသက်ရှူပါ တစ်ချက်။ တတိယဈာန်ကျတော့ ပီတိက လွတ်သွားပြီနော်။ ဆန့်ကျင်ဘက်ပီတိက လွတ်မြောက်ပြီးတော့ အသက်ရှူနေတယ်။ စတုတ္ထဈာန်ကျတော့ သုခကလွတ်ပြီးတော့ ဥပေက္ခာ, ဧကဂ္ဂတာဆိုက်ပြီးတော့ အသက်ရှူနေတယ်။ အဲဒီလို ဆန့်ကျင်ဘက်တရားတွေမှ လွတ်မြောက်ပြီးတော့သာ အသက်ရှူနေပါဆိုပြီးတော့ သမထပိုင်းကို ရည်ညွှန်းထားတယ်နော်။</p>
<p>ဝိပဿနာပိုင်းကျတဲ့ အခါကျတော့ ဒီဈာန်နာမ်တရားတွေရဲ့ ဖြစ်ပြီး ပျက်နေတဲ့သဘောကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီးတော့ အနိစ္စလို့ ရှုတယ်။ အနိစ္စလို့ ရှုနေရင် အနိစ္စသညာရှိနေတဲ့ ယောဂီပုဂ္ဂိုလ်သန္တာန်မှာ နိစ္စသညာက လွတ်သွားတယ်။ ဒီဈာန်နာမ်တရားတွေရဲ့ ဖြစ်ပြီး ပျက်တာကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး ဒုက္ခလို့ ရှုတယ်။ ဒုက္ခလို့ အမှတ်သညာရှိနေတဲ့ ယောဂီသူတော်ကောင်းရဲ့သန္တာန်မှာ သုခဆိုတဲ့ အမှတ်သညာက လွတ်သွားတယ်။ ဒီ ဈာန်နာမ်တရားတွေမှာ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမရှိတဲ့သဘောကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီးတော့ အနတ္တလို့ ရှုတယ်။ အဲဒီလို ရှုနိုင်တဲ့ ယောဂီသူတော်ကောင်းရဲ့သန္တာန်မှာ အတ္တသညာက လွတ်သွားတယ်။</p>
<p>နောက်တစ်ခု ဒီ ဈာန်နာမ်တရားတွေရဲ့ ပျက်ခြင်း သဘောသက်သက်ကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး ရှုတယ်။ အဲဒီလိုရှုတဲ့ အချိန်အခါမှာ တဒင်္ဂအားဖြင့် ဒီဈာန်နာမ်တရားတွေရဲ့ အပျက်ကို မြင်နေတဲ့ အချိန်အခါမှာ ထိုယောဂီသူတော်ကောင်းရဲ့သန္တာန်မှာ ဈာန်နာမ်တရားတွေအပေါ်၌ တွယ်တာတပ်မက်နေတဲ့ ရာဂ တဒင်္ဂအားဖြင့် ကွာကျသွားတယ်။ အဲဒီလို ရာဂမှ တဒင်္ဂအားဖြင့် လွတ်မြောက်ပြီးတော့လည်း အသက်ရှူပါ။ ဒါက တစ်ဆင့်။ ဒီထက်ရင့်ကျက်လို့ မိမိက နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ သူတော်ကောင်းဖြစ်ခဲ့မယ်ဆိုရင်တော့ ထိုအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်မှာ ဘာဖြစ်လဲ? ရာဂ, ဒေါသ, မောဟစတဲ့ ကိလေသာတွေ လုံးလုံး မရှိဘူး။ ရာဂ, ဒေါသ, မောဟ ကင်းနေတဲ့ နိဗ္ဗာန်ကို အာရုံယူပြီးတော့လည်း အသက်ရှူခဲ့ရင် ရာဂမှ လွတ်သွားတယ်နော်။</p>
<p>အလားတူပဲ။ ခုနက ဈာန်နာမ်တရားတွေရဲ့ တဒင်္ဂအားဖြင့် ချုပ်ငြိမ်းမှုကို မြင်အောင် ရှုမယ်ဆိုရင် တဒင်္ဂအားဖြင့် ကိလေသာတွေ ချုပ်သွားတယ်။ နိရောဓသဘောနော်။ ကိလေသာတို့ရဲ့ လုံးလုံးချုပ်ရာဖြစ်တဲ့ နိဗ္ဗာန်ကို အာရုံယူပြီးတော့ အသက်ရှူနေမယ်ဆိုလို့ရှိရင်လည်း ထိုအချိန်အခါမှာ ကိလေသာတွေက လွတ်သွားတယ်။ အဲဒီလို ကိလေသာတွေမှ ချုပ်သွားတယ်။ ချုပ်ရာဖြစ်တဲ့ ပျက်ခြင်း ဘင်နှင့် နိဗ္ဗာန်ကို အာရုံယူပြီးတော့လည်း အသက်ရှူခဲ့ရင် သမုဒယသဘောတွေက ထိုအချိန်အခါမှာ လွတ်သွားပြီ။ ထိုအချိန်အခါမှာ အပျက်သက်သက်ကို မြင်နေတဲ့အချိန်၊ နိဗ္ဗာန်ကို အာရုံယူနေတဲ့ အချိန်အခါမှာ သမုဒယသစ္စာတရားတွေ ဖြစ်ခွင့် မရတော့ဘူး။ သမုဒယသစ္စာတရားတွေ ဖြစ်ခွင့်မရတဲ့ အနေအထားအားဖြင့် အသက်ရှူပါဆိုပြီး ဒီလို ဘုရားရှင် ညွှန်ကြားတယ်။</p>
<p>နောက်တစ်ခု – <b>နိဗ္ဗိန္ဒနုပဿနာ</b>။ သင်္ခါရတရားတွေရဲ့ ငြီးငွေ့နေမယ်။ သင်္ခါရတရားတွေ ခုနက ဈာန်နာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး <b>သုံးတန်</b>တင်ပြီး တွင်တွင်ကြီး ဝိပဿနာ ရှုလိုက်တဲ့အချိန်အခါမှာ ဒီသင်္ခါရတရားတွေရဲ့ အပျက်သက်သက်ကို မြင်လာတဲ့အခါ သင်္ခါရတရားတွေအပေါ်မှာ ငြီးငွေ့လာမယ်, ရွံမုန်းလာမယ်။ ငြီးငွေ့ ရွံမုန်းလာရင် ဒီသင်္ခါရတရားတွေကို နှစ်သက်နေတဲ့ နန္ဒီဆိုတဲ့ အစွန်းက လွတ်မသွားဘူးလား? လွတ်သွားတယ်။ အဲဒီလို နန္ဒီဆိုတဲ့ အစွန်းက လွတ်ပြီးတော့ အသက်ရှူနေပါ ဒီလို ညွှန်ကြားတယ်။</p>
<p><b>ပဋိနိဿဂ္ဂ</b>၊ စွန့်လွှတ်တယ်။ ဒီဈာန်နာမ်တရားတွေရဲ့ အနိစ္စ, ဒုက္ခ, အနတ္တ အခြင်းအရာကို အပျက်သက်သက်ကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး ရှုပွားသုံးသပ်နေတဲ့ ယောဂီသူတော်ကောင်းရဲ့သန္တာန်မှာ တဒင်္ဂအားဖြင့် ကိလေသာတွေကို စွန့်တယ်။ အကယ်၍များ မိမိက နိဗ္ဗာန်ကို အာရုံယူနိုင်တဲ့ သူတော်ကောင်းဖြစ်ရင် နိဗ္ဗာန်ကို အာရုံယူနေတဲ့ အချိန်အခါမှာ ကိလေသာတွေကို ဆိုင်ရာဆိုင်ရာ မဂ်ဉာဏ်တွေက သမုစ္ဆေဒအားဖြင့် အပြီးအပိုင် စွန့်သွားတယ်။ အဲဒီလို ကိလေသာတွေကို စွန့်လွှတ်ပြီးတော့ အသက်ရှူနေတဲ့သဘောကို <b>ပဋိနိဿဂ္ဂသဘော</b>လို့ ခေါ်ပါတယ်နော်။ အဲဒီလို ကိလေသာတွေကို တဒင်္ဂအားဖြင့်ပဲဖြစ်စေ, သမုစ္ဆေဒအားဖြင့်ပဲဖြစ်စေ အကြွင်းမဲ့ စွန့်လွှတ်ပြီးတော့ အသက်ရှူနေပါဆိုပြီးတော့ ဘုရားရှင်က အသက်ရှူပုံစနစ် ညွှန်ကြားတယ်။</p>
<p>အဲဒီလို ရှူနိုင်ခဲ့မယ်ဆိုရင်တော့ ခု ဒုတိယစတုက္ကမှာနော် — စိတ်ကလေးကို ဆန့်ကျင်ဘက်တရားတွေက လွတ်မြောက်ပြီးတော့ အသက်ရှူနေသည်မည်တယ်။ အဲဒီလို ဆန့်ကျင်ဘက်တရားတွေက လွတ်မြောက်အောင် ကျင့်ပြီးတော့ အသက်ရှူတတ်မယ်ဆိုရင်လည်း ဒီအသက်ရှူနည်းက အရဟတ္တဖိုလ်ပေါက်အထိ ရောက်နိုင်တယ်။ ဒါက တတိယစတုက္ကနော်။ နောက် စတုတ္ထစတုက္ကကို မြတ်စွာဘုရား ဘယ်လိုဆက်ဟောလဲ? အသက်ရှူပုံစနစ်။ ခုပြောခဲ့တဲ့ ပထမစတုက္က, ဒုတိယစတုက္က, တတိယစတုက္က။ ဒီဥစ္စာတွေကတော့ သမထနဲ့ ဝိပဿနာ နှစ်ခု ရောနှောပြီး ဘုရားဟောနေတယ်လို့ အဋ္ဌကထာက သတ်မှတ်ပါတယ်။ ခုလာမယ့် စတုတ္ထမြောက် စတုက္ကကတော့ <b>သုဒ္ဓဝိပဿနာ</b>။ ဝိပဿနာသက်သက်ကိုသာ ကွက်ပြီး ဘုရားဟောတယ်။ သမထ မပါတော့ဘူးနော်။ ဘယ်လိုဟောလဲ?</p>
<p>‘‘<b>အနိစ္စာနုပဿီ အဿသိဿာမီတိ သိက္ခတိ။ အနိစ္စာနုပဿီ ပဿသိဿာမီတိ သိက္ခတိ။</b>’’</p>
<p><b>အနိစ္စာနုပဿီ</b>၊ အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍။ <b>အဿသိဿာမိ</b>၊ ဝင်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏။ <b>အနိစ္စာနုပဿီ</b>၊ အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍။ <b>ပဿသိဿာမိ</b>၊ ထွက်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏၊</p>
<p>အနိစ္စလို့ အဖန်ဖန် အထပ်ထပ် ရှုပြီးတော့ အသက်ရှူပါတဲ့။ အသက်ရှူပုံ စနစ်တစ်ခု ဘုရားရှင်က သင်ပေးပြန်ပြီ။ ဘာလဲ “အနိစ္စ” ။ ဒီနေရာမှာ လေးချက် အဋ္ဌကထာက ဖွင့်ထားတယ်။ အနိစ္စ, အနိစ္စတာ, အနိစ္စနုပဿနာ, အနိစ္စနုပဿီဆိုပြီး လေးချက်ဖွင့်ထားတယ်။ အနိစ္စ အနိစ္စဆိုတာ ဘာကို အနိစ္စခေါ်သလဲတဲ့။ <b>အနိစ္စန္တိ ပဉ္စက္ခန္ဓာ</b>။ အနိစ္စ အနိစ္စဆိုတာက ဘာလဲလို့မေးတော့ ခန္ဓာငါးပါး။ အဲဒီခန္ဓာငါးပါးသည် အနိစ္စ။ အဲဒီခန္ဓာငါးပါးအကြောင်းကို ပြီးတော့မှ ထပ်ပြီးပြောပါမယ်။ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်။ ရုပ်နာမ်နှစ်ပါးပဲနော်။ အဲဒီ ရုပ်တရား နာမ်တရားတွေကို အနိစ္စလို့ ခေါ်တယ်။</p>
<p>ဘာကြောင့် အနိစ္စ ခေါ်ရသလဲလို့ မေးတော့ ဖြစ်ပြီးရင် ပျက်နေတဲ့သဘောကြောင့် အနိစ္စ, ဖြစ်ပြီးနောက် မရှိခြင်းသဘောသို့ ရောက်သွားတဲ့အတွက်ကြောင့်လည်း အနိစ္စ။ မဖြစ်ခင်ကလည်း မရှိဘူး, ဖြစ်ပြီးတော့လည်း မရှိဘူး။ မရှိခြင်းနှစ်ခုရဲ့ အလယ်ခေါင်မှာသာလျှင် ယာယီ အခိုက်အတန့်အားဖြင့် ဖြစ်ပေါ်လာတဲ့ ဓမ္မသဘာဝလေး ဖြစ်နေခြင်းကြောင့် အနိစ္စလို့ ခေါ်တယ်။ အနိစ္စတာဆိုတာက ထိုခန္ဓာငါးပါးတို့ရဲ့ ဖြစ်ပြီးပျက်နေတဲ့ အခြင်းအရာလေးကို အနိစ္စတာလို့ ခေါ်တယ်။ ထိုခန္ဓာငါးပါးတို့ရဲ့ ဖြစ်ပြီး ပျက်နေတဲ့သဘောတွေကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပြီး အနိစ္စလို့ တွင်တွင်ရှူနေတဲ့ဉာဏ်ကို ဝိပဿနာဉာဏ်ကို အနိစ္စနုပဿနာလို့ ခေါ်ပါတယ်။ အနိစ္စနုပဿီဆိုတာကတော့ ထိုအနိစ္စနုပဿနာ ဉာဏ်အမြင်နှင့် ပြည့်စုံနေတဲ့ ယောဂီသူတော်ကောင်းကို အနိစ္စာနုပဿီလို့ ခေါ်ပါတယ်။ အဲဒီ လေးချက် ဒီအပိုင်းမှာ နားလည်ရမယ်နော်။</p>
<p>ဒီတော့ ဒီရှုကွက်ကို ကြည့်လိုက်တော့ ဘုရားရှင်က ဒီမှာ ခန္ဓာငါးပါးရှုကွက် ဝင်မလာဘူးလား? ဝင်လာပြီနော်။ သို့သော် ပြီးတော့မှ ထပ်ပြောမယ်။ ဒီစတုက္ကလေး ကုန်အောင်တော့ ဆက်ပြောလိုက်ရအောင်နော်။ နောက်တစ်ခု — ခန္ဓာငါးပါးကို သိအောင်ရှုဖို့။ ခန္ဓာငါးပါးတို့ရဲ့ အနိစ္စ, ဒုက္ခ, အနတ္တ အခြင်းအရာတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ ဝိပဿနာရှုဖို့ ဘုရားရှင်က ညွှန်ကြားပြီ။ နောက်တစ်ဆင့် -</p>
<p>‘‘<b>ဝိရာဂါနုပဿီ အဿသိဿာမီတိ သိက္ခတိ။ ဝိရာဂါနုပဿီ ပဿသိဿာမီတိ သိက္ခတိ။</b>’’</p>
<p><b>ဝိရာဂါနုပဿီ</b>၊ သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်နှင့် ရာဂ၏ချုပ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍။ <b>အဿသိဿာမိ</b>၊ ဝင်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏။ <b>ဝိရာဂါနုပဿီ</b>၊ သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်နှင့် ရာဂ၏ချုပ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍။ <b>ပဿသိဿာမိ</b>၊ ထွက်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏၊</p>
<p>ခုနက ခန္ဓာငါးပါး, ရုပ်တရား, နာမ်တရား, ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရား။ ဒီတရားတွေကို သင်္ခါရတရားလို့ ခေါ်ပါတယ်။ အကြောင်းတရားနဲ့တကွ ဒီခန္ဓာငါးပါးတို့ရဲ့ ဖြစ်ပြီး ပျက်နေတဲ့သဘောတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ ရှုလာရာကနေ နောက်ဆုံး အဖြစ်ကို နှလုံးမသွင်းတော့ဘဲ အပျက်သက်သက်ကို တစ်ဖက်သတ် နှလုံးသွင်းလိုက်တဲ့ အချိန်အခါမှာ ထိုယောဂီသူတော်ကောင်းရဲ့သန္တာန်မှာ အပျက်သက်သက်ကို သိတဲ့ဉာဏ်တွေ ပေါ်လာပြီ။ ထိုအခိုက်မှာ ဒီအပျက်သက်သက်ကို မြင်နေတဲ့ ဒီ<b>ဘင်္ဂဉာဏ်</b>အစရှိတဲ့ အထက်ပိုင်း ဝိပဿနာဉာဏ်တွေက ကိလေသာတွေကို တဒင်္ဂအားဖြင့် ပယ်စွန့်နေတယ်တဲ့။ အဲဒီ အပယ်စွန့်ခံရတဲ့ ကိလေသာတွေထဲမှာ ဒီရာဂလည်း ပါနေတယ်နော်။ အဲဒီလို တဒင်္ဂအားဖြင့် ကိလေသာတွေကို ပယ်စွန့်နေတဲ့ ဝိပဿနာဉာဏ်အမြင်နဲ့ ပြည့်စုံပြီးတော့ အသက်ရှူနေပါ။</p>
<p>တစ်နည်းအားဖြင့် ဒီသင်္ခါရတရားတွေရဲ့ အပျက်သက်သက်ကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီးတော့ အသက်ရှူပါလို့ ဒီလို ညွှန်ကြားတယ် တစ်ချက်။ နောက်တစ်ခုကတော့ - မိမိက စွမ်းအားရှိလို့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ ယောဂီသူတော်ကောင်း ဖြစ်ခဲ့မယ်ဆိုရင်လည်း ထိုနိဗ္ဗာန်သည် ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ရဲ့ လုံးဝ ချုပ်ငြိမ်းရာ သဘာဝတစ်ခု ဖြစ်နေခြင်းကြောင့် နာမ်တရားထဲမှာ အကျုံးဝင်နေတဲ့ ဒီရာဂလည်း လုံးလုံး ချုပ်တယ်။ ရာဂ ကင်းနေတယ်, ရာဂ မရှိဘူး။ ရာဂ မရှိရာဖြစ်တဲ့ ဒီနိဗ္ဗာန်ကို အာရုံယူပြီးတော့လည်း အသက်ရှူနေပါလို့ ဒီလို ဘုရားရှင်က အသက်ရှူပုံ စနစ်တစ်ခု သင်ပေးတယ်။ ဒါကြောင့် -</p>
<p><b>ဝိရာဂါနုပဿီ</b>၊ သင်္ခါရတရားတို့ရဲ့ ပျက်ခြင်း ဘင်နှင့် ရာဂ၏ချုပ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍။ <b>အဿသိဿာမိ</b>၊ ဝင်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏။ <b>ဝိရာဂါနုပဿီ</b>၊ သင်္ခါရတရားတို့ရဲ့ ပျက်ခြင်း ဘင်နှင့် ရာဂ၏ချုပ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍။ <b>ပဿသိဿာမိ</b>၊ ထွက်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏၊</p>
<p>ဒီလို ညွှန်ကြားတယ်နော်။ နောက်တစ်ခု — စတုတ္ထစတုက္ကမှာ တတိယ အသက်ရှူပုံ စနစ်ကတော့ -</p>
<p>‘‘<b>နိရောဓာနုပဿီ အဿသိဿာမီတိ သိက္ခတိ။ နိရောဓာနုပဿီ ပဿသိဿာမီတိ သိက္ခတိ။</b>’’</p>
<p><b>နိရောဓာနုပဿီ</b>၊ သင်္ခါရတရားတို့၏ ချုပ်ခြင်း ဘင်နှင့် ရာဂ၏ချုပ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍။ <b>အဿသိဿာမိ</b>၊ ဝင်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏။ <b>နိရောဓာနုပဿီ</b>၊ သင်္ခါရတရားတို့၏ ချုပ်ခြင်း ဘင်နှင့် ရာဂ၏ချုပ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍။ <b>ပဿသိဿာမိ</b>၊ ထွက်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏၊</p>
<p>သင်္ခါရတရားတွေရဲ့ ခဏမစဲ ချုပ်ငြိမ်းမှုကို <b>တဒင်္ဂနိရောဓ</b> ခေါ်တယ်။ အဲဒီ တဒင်္ဂနိရောဓခေါ်တဲ့ သင်္ခါရတရားတွေရဲ့ ချုပ်ငြိမ်းမှုကို မြင်အောင် ရှုနေတဲ့ ယောဂီပုဂ္ဂိုလ်ရဲ့သန္တာန်မှာလည်း ကိလေသာတွေ တဒင်္ဂအားဖြင့် ချုပ်သွားတယ်။ အဲဒီ ကိလေသာတွေကို တဒင်္ဂအားဖြင့် ချုပ်ငြိမ်းစေတတ်တဲ့ စွမ်းအားရှိတဲ့ ဝိပဿနာဉာဏ်တွေရအောင် ကြိုးစားပြီးတော့လည်း အသက်ရှုပါတဲ့ တစ်ချက်။</p>
<p>နောက်တစ်ခု — နိဗ္ဗာန်သည် ရာဂစတဲ့ ကိလေသာတွေ လုံးလုံးချုပ်ရာ သဘာဝတစ်ခု ဖြစ်တယ်။ ထိုနိဗ္ဗာန်ကို အာရုံယူပြီးတော့လည်း အသက်ရှူနေပါဆိုပြီးတော့ အသက်ရှူပုံ စနစ်တစ်ခု သင်ပေးတယ်။ ခုနက ရာဂကင်းတယ်။ ခုက ချုပ်တယ်။ ဒါပဲ ကွာပါတယ်။ ကဲ နောက်တစ်ခု —</p>
<p>‘‘<b>ပဋိနိဿဂ္ဂါနုပဿီ အဿသိဿာမီတိ သိက္ခတိ။ ပဋိနိဿဂ္ဂါနုပဿီ ပဿသိဿာမီတိ သိက္ခတိ။</b>’’</p>
<p><b>ပဋိနိဿဂ္ဂါနုပဿီ</b>၊ ပဋိနိဿဂ္ဂသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍။ <b>အဿသိဿာမိ</b>၊ ဝင်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏။ <b>ပဋိနိဿဂ္ဂါနုပဿီ</b>၊ ပဋိနိဿဂ္ဂသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍။ <b>ပဿသိဿာမိ</b>၊ ထွက်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏၊</p>
<p>ပဋိနိဿဂ္ဂနှစ်မျိုး။ <b>ပဋိစ္စာဂပဋိနိဿဂ္ဂ</b>, <b>ပက္ခန္ဒနပဋိနိဿဂ္ဂ</b>ဆိုပြီး ပဋိနိဿဂ္ဂနှစ်မျိုးရှိတယ်။ ဝိပဿနာဉာဏ်မှာလည်းပဲ ပဋိစ္စာဂပဋိနိဿဂ္ဂ, ပက္ခန္ဒနပဋိနိဿဂ္ဂ အမည်နှစ်မျိုးရတယ်။ မဂ်ဉာဏ်မှာလည်း ပဋိစ္စာဂပဋိနိဿဂ္ဂ, ပက္ခန္ဒနပဋိနိဿဂ္ဂဆိုပြီး အမည်နှစ်မျိုးပဲ ရပါတယ်။</p>
<p>ဝိပဿနာဉာဏ်ရဲ့ စွမ်းအားက ကိလေသာတွေကို တဒင်္ဂအားဖြင့် ပယ်စွန့်တယ်။ ပယ်စွန့်ပြီးတော့ နိဗ္ဗာန်ကို တာစူပြီးတော့ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားဆိုတဲ့ လမ်းကြောင်းပေါ်ကို လျှောက်နေခြင်းကြောင့် နိဗ္ဗာန်ကို ဦးတိုက်ထားတယ်။ ကိလေသာတွေကို တဒင်္ဂအားဖြင့် ပယ်စွန့်ပြီး နိဗ္ဗာန်ဘက်ကို ပြေးသွားနေတဲ့အတွက်ကြောင့် ပဋိစ္စာဂပဋိနိဿဂ္ဂ, ပက္ခန္ဒနပဋိနိဿဂ္ဂ အမည်နှစ်မျိုးရတယ်။ ကိလေသာကို တဒင်္ဂအားဖြင့် ပယ်စွန့်တာကို ပဋိစ္စာဂပဋိနိဿဂ္ဂလို့ခေါ်တယ်။ နိဗ္ဗာန်ဘက်ကို ပြေးသွားနေတာကိုတော့ ပက္ခန္ဒနပဋိနိဿဂ္ဂလို့ခေါ်ပါတယ်။</p>
<p>မဂ်ဉာဏ်ကျတော့လည်း မဂ်ဉာဏ်သည် ဆိုင်ရာဆိုင်ရာ ကိလေသာတွေကို သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ ပယ်သတ်တဲ့အတွက် ပဋိစ္စာဂပဋိနိဿဂ္ဂလည်း အမည်ရတယ်။ နိဗ္ဗာန်ကို အာရုံမျက်မှောက်ပြုတဲ့ အနေအားဖြင့် ပြေးဝင်သွားတဲ့အတွက်ကြောင့် ပက္ခန္ဒနပဋိနိဿဂ္ဂလည်း အမည်ရတယ်တဲ့။ အဲဒီ ပဋိနိဿဂ္ဂ သဘောတရားနှစ်မျိုးကို အဖန်ဖန် အထပ်ထပ် ရှုပြီးတော့ အသက်ရှူပါတဲ့။ ဘာဆိုလိုသလဲလို့မေးတော့ — သင်္ခါရတရားတို့ရဲ့ ပျက်ခြင်း ဘင်ကိုပဲ အဖန်ဖန် အထပ်ထပ် ရှုပြီးတော့ အသက်ရှူနေပါ။</p>
<p>နိဗ္ဗာန်ဘက်ကို ပြေးဝင်နေတဲ့ မဂ်ဉာဏ်ကို ရအောင်ကြိုးစားပြီးတော့ အသက်ရှူပါဆိုပြီးတော့ ဘုရားရှင်က အသက်ရှူပုံစနစ် စတုတ္ထမြောက်အနေနဲ့ ညွှန်ကြားတယ်။ ဒါက စတုတ္ထစတုက္ကပဲနော်။ အဲဒီ စတုတ္ထစတုက္က။ ပေါင်းလိုက်တော့ စတုက္ကလေးခု။ လေးလီလီ တစ်ဆယ့်ခြောက်။ တစ်ဆယ့်ခြောက်မျိုးသော အခြင်းအရာအားဖြင့် အသက်ရှူနေတဲ့ပုဂ္ဂိုလ်သည် ဘယ်လိုဖြစ်မလဲ? <b>အာနာပါနဿတိသမာဓိ</b>ကို အကျိုးအာနိသင် ကြီးမားအောင် ပွားများအားထုတ်နေတဲ့ ယောဂီသူတော်ကောင်း ဖြစ်တယ်။ အဲဒီလို တစ်ဆယ့်ခြောက်မျိုးသော အခြင်းအရာအားဖြင့် ဒီအာနာပါနဿတိ သမာဓိကမ္မဋ္ဌာန်းကို ပွားများနိုင်ခဲ့ရင် ဘာဖြစ်မလဲ?</p>
<p>‘‘<b>ဧဝံ ဘာဝိတော ခေါ, ဘိက္ခဝေ, အာနာပါနဿတိသမာဓိ ဧဝံ ဗဟုလီကတော သန္တော စေဝ ပဏီတော စ အသေစနကော စ သုခေါ စ ဝိဟာရော ဥပ္ပန္နုပ္ပန္နေ စ ပါပကေ အကုသလေ ဓမ္မေ ဌာနသော အန္တရဓာပေတိ ဝူပသမေတိ</b>’’</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဧဝံ ဘာဝိတော</b>၊ ဤသို့ ပွားများ၍ ထားအပ်သော။ <b>ဧဝံ ဗဟုလီကတော</b>၊ ဤသို့ ကြိမ်ဖန်များစွာ အလေ့အလာပြု၍ ထားအပ်သော။</p>
<p>ဒီလိုဆိုတာက ဘာလဲ? တစ်ဆယ့်ခြောက်မျိုးသော အခြင်းအရာနော်။</p>
<p><b>အာနာပါနဿတိသမာဓိ</b>၊ အာနာပါနဿတိသမာဓိသည်။ <b>သန္တော စေဝ</b>၊ ငြိမ်လည်း ငြိမ်သက်၏။ <b>ပဏီတော စ</b>၊ မွန်လည်း မွန်မြတ်၏။ <b>အသေစနကော စ</b>၊ ပရိကမ္မစသော အကြောင်းတစ်ပါးတို့ဖြင့် ထပ်၍ သွန်းလောင်းဖွယ်ရာလည်း မရှိ။ <b>သုခေါ စ ဝိဟာရော</b>၊ ချမ်းချမ်းသာသာ နေရခြင်း၏ အကြောင်းတရားလည်း ဖြစ်၏။ <b>ဥပ္ပန္နုပ္ပန္နေ စ ပါပကေ အကုသလေ ဓမ္မေ</b>၊ ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်းကုန်သော ယုတ်မာသော အကုသိုလ်တရားတို့ကိုလည်းပဲ။ <b>ဌာနသော</b>၊ တစ်ခဏချင်းအားဖြင့်။ <b>အန္တရဓာပေတိ</b>၊ ကွယ်ပျောက်ရုပ်သိမ်း ချုပ်ငြိမ်းစေနိုင်၏။ <b>ဝူပသမေတိ</b>၊ ငြိမ်းအေးစေနိုင်ပေ၏၊</p>
<p>ဒီလို အာနာပါနကမ္မဋ္ဌာန်းအကျိုးကို ဘုရား ဟောထားတယ်နော်။ အဲဒီ အကျိုးအရပေါ့။ အရှင်အဿဇိမထေရ်ကတော့ ဘယ်စတုတ္ထစျာန်လို့ အတ္ထိအကျ မပြောနိုင်သော်လည်း “ပသမ္ဘေတွာ ပသမ္ဘေတွာ ကာယသင်္ခါရေ” လို့ သုံးထားတဲ့အတွက်ကြောင့် အာနာပါနကမ္မဋ္ဌာန်းကို အခြေခံပြီးတော့ သမာဓိထူထောင်ကာ ဝိပဿနာကူးနေတဲ့ ယောဂီသူတော်ကောင်း ဖြစ်လိမ့်မယ်လို့တော့ မျှော်လင့်ရပါတယ်နော်။ မျှော်လင့်ရတော့ ခုနက ဘုရားရှင်က စတုတ္ထစတုက္ကမှာ အနိစ္စလို့ အဖန်ဖန် အထပ်ထပ် ရှုရမယ့်အပိုင်းမှာ ခန္ဓာငါးပါးဆိုပြီး ဖော်ပြထားတော့ ဒီခန္ဓာငါးပါးက <b>ပကိဏ္ဏကသင်္ခါရ</b>လို့ ခေါ်ပါတယ်နော်။ ပကိဏ္ဏကသင်္ခါရဆိုတာကတော့ ခုနက အဿာသ ပဿာသကာယ, ကရဇကာယ, နာမကာယဆိုတဲ့ ကာယသုံးခုလည်း ပါဝင်ပါတယ်။ အဲဒီ ကာယတွေထဲမှာ မပါဝင်နေတဲ့ အပြင်ဗဟိဒ္ဓ သုံးဆယ့်တစ်ဘုံအတွင်းမှာ ရှိနေတဲ့ သင်္ခါရတရားအားလုံးလည်း ပါဝင်ကြပါတယ်နော်။ အဲဒီ သင်္ခါရတရားအားလုံးကို ပကိဏ္ဏကသင်္ခါရလို့ ခေါ်ပါတယ်။</p>
<p>အဲဒီ ပကိဏ္ဏကသင်္ခါရ အမည်ရနေတဲ့ ဒီခန္ဓာငါးပါးဟာ ဘယ်လို ခန္ဓာငါးပါးဖြစ်တယ်။ ဒီခန္ဓာငါးပါးကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဝိပဿနာ ရှုပွားရမယ်။ ရှုပွားမှသာလျှင် ဒီသမထသာ ငါဘုရားရှင်ရဲ့ အနှစ်သာရ, ငါဘုရားရှင်၏ သာသနာတော်ရဲ့ အနှစ်သာရ မဟုတ်ဘူး။ ဝိပဿနာဉာဏ်နှင့် မဂ်ဉာဏ်တို့သာလျှင် ငါဘုရားရှင်ရဲ့ သာသနာတော်ရဲ့ အနှစ်သာရဖြစ်တယ်။ ဝိပဿနာဉာဏ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ်တွေကို ရအောင် သင်ချစ်သား ရှေ့ဆက်ပြီးတော့ ဒီလို ကြိုးပမ်းပါဆိုပြီးတော့ ဘုရားရှင်က မရိုးနိုင်တဲ့ <b>တေပရိဝဋ္ဋဓမ္မဒေသနာ</b>ကို စတင်ပြီး ဟောပြီတဲ့နော်။</p>
<p>အဲဒီလို ဟောခါနီးမှာ ဘုရားရှင်ရဲ့ တိုက်တွန်းချက်စကားကြောင့် အရှင်အဿဇိမထေရ်ရဲ့သန္တာန်မှာ ချမ်းသာမှုသုခတွေ ဖြစ်ပေါ်လာတယ်။ ဒီသုခကို အခြေခံပြီး သမာဓိကို ပြန်ထူထောင်လိုက်တော့ သမာဓိတွေကလည်း ရပြီ။ သမာဓိတွေ ရတဲ့အချိန်အခါမှာ ရှေးရှေးယခင်ကတည်းက မိမိ ရှုပွားသုံးသပ်ထားတဲ့ ဒီခန္ဓာငါးပါး, ရုပ်တရား, နာမ်တရားတွေကိုလည်း သိမ်းဆည်းတတ်ပြီ။ သိမ်းဆည်းတတ်တဲ့ အချိန်အခါလေးမှာ ဘုရားရှင်က ကောက်ပြီးတော့နော် ဒီတေပရိဝဋ္ဋဓမ္မဒေသနာကို ဆက်ပြီး ဟောတယ်။</p>
<p>‘‘<b>တံ ကိံ မညသိ, အဿဇိ, ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါ</b>’’တိ? ‘‘<b>အနိစ္စံ, ဘန္တေ</b>’’</p>
<p><b>အဿဇိ</b>၊ ချစ်သား အဿဇိ ...။ <b>တံ</b>၊ ထို ငါဘုရားမေးမယ့် မေးခွန်းကို။ <b>တွံ</b>၊ သင်ချစ်သားသည်။ <b>ကိံ မညသိ</b>၊ အသို့ အောက်မေ့မှတ်ထင် ယူဆသနည်း။ <b>ရူပံ</b>၊ ရုပ်တရားသည်။ <b>နိစ္စံ ဝါ</b>၊ နိစ္စလေလော။ <b>အနိစ္စံ ဝါ</b>၊ အနိစ္စလေလော။ <b>ဣတိ</b>၊ ဤသို့ မေးတော်မူသည်ရှိသော်။ <b>ဘန္တေ</b>၊ မြတ်စွာဘုရား ...။ <b>အနိစ္စံ</b>၊ အနိစ္စ ဖြစ်ရိုးအမှန်ပါဘုရား။ <b>ဣတိ</b>၊ ဤသို့ လျှောက်ထားလိုက်လေပြီ။</p>
<p>ချစ်သား အဿဇိ ... ငါဘုရား ချစ်သားကို မေးခွန်းမေးမယ်။ ငါဘုရား မေးမယ့် မေးခွန်းကို သင်ချစ်သား ဘယ်လို ထင်မြင်ယူဆသလဲ? သင်ချစ်သား ထင်မြင်ယူဆတဲ့အတိုင်း ဖြေဆိုနိုင်တယ်။ ရုပ်တရားသည် နိစ္စလား, အနိစ္စလားလို့ ဘုရားရှင်က မေးတယ်။ အနိစ္စလို့ ဖြေတယ်။</p>
<p>‘‘<b>ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ</b>’’တိ။ ‘‘<b>ဒုက္ခံ, ဘန္တေ</b>’’။</p>
<p><b>ယံ</b>၊ အကြင် ရုပ်တရားသည်။ <b>အနိစ္စံ</b>၊ အနိစ္စသာတည်း။ <b>တံ</b>၊ ထိုအနိစ္စဖြစ်တဲ့ ရုပ်တရားသည်။ <b>ဒုက္ခံ ဝါ</b>၊ ဒုက္ခလေလော။ <b>သုခံ ဝါ</b>၊ သုခလေလော။ <b>ဣတိ</b>၊ ဤသို့ မေးတော်မူသည်ရှိသော်။ <b>ဘန္တေ</b>၊ မြတ်စွာဘုရား ...။ <b>ဒုက္ခံ</b>၊ ဒုက္ခ ဖြစ်ရိုးအမှန်ပါဘုရား။ <b>ဣတိ</b>၊ ဤသို့ လျှောက်ထားလိုက်လေပြီ။</p>
<p>အဲဒီ ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စမှန်တဲ့ ဒီရုပ်တရားသည် ဒုက္ခလား, သုခလားမေးတော့ ဒုက္ခပါဘုရားလို့ ပြန်ပြီး လျှောက်ထားတယ်။ ဘာဒုက္ခလဲလို့မေးတော့ “အဘိဏှသံပီဠနဒုက္ခ” ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် နှိပ်စက်ညှဉ်းပန်း ခံနေရတဲ့ ဒုက္ခကို ဒီမှာ ဘုရားရှင် ရည်ညွှန်းထားတယ်နော်။ “ဖြစ်ပျက် နှစ်တန် နှိပ်စက်ဒဏ်ကြောင့် တရံမစဲ လွန်ဆင်းရဲ၏” တိပိဋကဆရာတော်ကြီး ဆုံးမနေတယ်နော်။ ဒီအချက်ကို ရည်ညွှန်းပြီး ပြောနေတယ်။ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်း နှိပ်စက်ခံနေရတဲ့အတွက် ဒုက္ခလို့ ပြန်ဖြေတယ်။ နောက်တစ်ခု —</p>
<p>‘‘<b>ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ</b>’’’တိ။ ‘‘<b>နော ဟေတံ, ဘန္တေ</b>’’။</p>
<p><b>ယံ</b>၊ အကြင် ရုပ်တရားသည်။ <b>အနိစ္စံ</b>၊ အနိစ္စသာတည်း။ <b>ဒုက္ခံ</b>၊ ဒုက္ခသာတည်း။ <b>ဝိပရိဏာမဓမ္မံ</b>၊ ဖောက်ပြန် ပျက်စီးတတ်တဲ့ ဝိပရိဏာမ သဘောတရားသာတည်း။ <b>တံ</b>၊ ထိုအနိစ္စ၊ ဒုက္ခ ဖောက်ပြန် ပျက်စီးတတ်တဲ့ ဝိပရိဏာမဓမ္မ ဖြစ်ပေါ်၍နေတဲ့ ဒီရုပ်တရားကို။ <b>ဧတံ</b>၊ ဤရုပ်တရားသည်ကား။ <b>မမ</b>၊ ငါ့ဥစ္စာတည်း။ <b>ဧသော</b>၊ ဤရုပ်တရားသည်ကား။ <b>အဟမသ္မိ</b>၊ ငါတည်း။ <b>ဧသော</b>၊ ဤရုပ်တရားသည်ကား။ <b>မေ</b>၊ ငါ၏။ <b>အတ္တာ</b>၊ အတ္တတည်း။ <b>ဣတိ</b>၊ ဤသို့။ <b>သမနုပဿိတုံ</b>၊ စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းငှာ။ <b>ကလ္လံ နု</b>၊ သင့်တင့်လျောက်ပတ်ပါမည်လော။ <b>ဣတိ</b>၊ ဤသို့ မေးတော်မူသည်ရှိသော်။ <b>ဘန္တေ</b>၊ မြတ်စွာဘုရား ...။ <b>နော ဟေတံ</b>၊ မသင့်ပါဘုရား။ <b>ဣတိ</b>၊ ဤသို့ လျှောက်ထားလိုက်လေပြီ။</p>
<p>အဲဒီ ရုပ်တရားသည် ဖြစ်ပြီးပျက်နေတဲ့ အနိစ္စတရားလည်း မှန်တယ်။ ဖြစ်ခြင်း ပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ ဒုက္ခတရားလည်း မှန်တယ်။ ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမဓမ္မလည်း မှန်တယ်။ ဖောက်ပြန် ပျက်စီးတယ်ဆိုတာက ဖြစ်ပြီးတဲ့နောက် ပျက်မယ့် ဘင်ဘက်ကို ယိုင်လဲနေတဲ့ သဘာဝကို ပြောတာ။ အဲဒီလို ဖောက်ပြန် ပျက်စီးတတ်တဲ့ ဝိပရိဏာမဓမ္မလည်း မှန်နေတဲ့ ဒီရုပ်တရားကို ငါပဲ, ငါ့ဟာပဲ, ငါ့ရဲ့ အတ္တပဲလို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်ဖို့ သင့်တင့်ပါ့မလားလို့ မေးတဲ့အခါလည်း မသင့်ပါဘူး မြတ်စွာဘုရားဆိုပြီး ပြန်လည်လျှောက်ထားတယ်။ အဲဒီအတိုင်းပဲ။ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် ခန္ဓာငါးပါးလုံးကိုလည်း ပုံစံတူမေးတယ်။ ပုံစံတူ ပြန်ပြီးတော့ ဖြေတယ်။</p>
<p>ဒီဒေသနာ အဆုံးမှာပေါ့။ နောက်ထပ် နည်းနည်းလေး ဖြည့်ကွက်ကျန်သေးတယ်နော်။ အဲဒီ ဒေသနာဆုံးသည်နှင့် တစ်ပြိုင်နက်တည်း ဒီအဿဇိမထေရ်က အရဟတ္တဖိုလ်ဆိုက်မယ့် သူတော်ကောင်းဖြစ်ပါတယ်။ ခုလို ဆရာ, တပည့်နှစ်ဦးတို့ အချီအချ မေးခွန်းတွေ ပြုနေတဲ့ အချိန်အခါမှာ ခန္ဓာငါးပါးသည် နိစ္စလား, အနိစ္စလားလို့မေးတော့ အနိစ္စလို့ ဖြေတယ်။ ဒုက္ခလား, သုခလားလို့မေးတော့ ဒုက္ခလို့ ဖြေတယ်။ အတ္တလား, အနတ္တလား မေးတော့လည်း အနတ္တလို့ ဖြေတယ်ပဲဆိုကြစို့နော်။ အရှင်အဿဇိမထေရ်က ထိုအချိန်အခါမှာ သိနေသလား, မသိဘူးလားလို့ မေးရင် ဘယ့်နှယ်ဖြေမလဲ? သိနေပြီ။ ဒါက ပြောချင်တာနော်။ မိမိတို့ကလည်း အရှင်အဿဇိမထေရ်တို့ကို ကျွတ်တမ်းဝင်ချင်တဲ့ သူတော်ကောင်းဖြစ်ချင်တယ်ဆိုရင်တော့ ဘာလုပ်ရမလဲ? ဒီခန္ဓာငါးပါးကို အနိစ္စ, ဒုက္ခ, အနတ္တ အမှန်ဖြစ်ကြောင်း သိအောင် ရှုရတော့မယ်နော်။ အဲဒီလို ရှုရမှာဖြစ်ခြင်းကြောင့် ဘုရားရှင်က ဒီနေရာမှာ ဝိပဿနာရှုကွက်ကို ဆက်ပြီး ရုပ်လုံးဖော်ပြီ။</p>
<p>‘‘<b>တသ္မာတိဟ, အဿဇိ, ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ, သဗ္ဗံ ရူပံ – ‘နေတံ မမ, နေသောဟမသ္မိ, န မေသော အတ္တာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။</b>’’</p>
<p><b>အဿဇိ</b>၊ ချစ်သား အဿဇိ ...။ <b>တသ္မာ</b>၊ ထိုသို့ ခန္ဓာငါးပါးတို့၏ အနိစ္စ, ဒုက္ခ, အနတ္တသာ ဖြစ်၍နေခြင်းကြောင့်။ <b>ယံ ကိဉ္စိ ရူပံ</b>၊ အလုံးစုံသော ရုပ်တရားသည်။ <b>အတီတာနာဂတပစ္စုပ္ပန္နံ</b>၊ အတိတ်, အနာဂတ်, ပစ္စုပ္ပန်ဖြစ်သော။ <b>အဇ္ဈတ္တံ ဝါ</b>၊ မိမိသန္တာန်၌ ဖြစ်သော အဇ္ဈတ္တမူလည်းဖြစ်သော။ <b>ဗဟိဒ္ဓါ ဝါ</b>၊ သူတစ်ပါးသန္တာန်၌ ဖြစ်သော ဗဟိဒ္ဓမူလည်းဖြစ်သော။ <b>ဩဠာရိကံ ဝါ</b>၊ ရုန့်ရင်း ကြမ်းတမ်းသည်မူလည်းဖြစ်သော။ <b>သုခုမံ ဝါ</b>၊ သိမ်မွေ့ နူးညံ့သည်မူလည်းဖြစ်သော။ <b>ဟီနံ ဝါ</b>၊ ယုတ်ညံ့သည်မူလည်းဖြစ်သော။ <b>ပဏီတံ ဝါ</b>၊ မွန်မြတ်သည်မူလည်းဖြစ်သော။ <b>ယံ ဒူရေ သန္တိကေ ဝါ</b>၊ အကြင် အသိဉာဏ်နှင့် ဝေးသည်လည်းဖြစ်သော အသိဉာဏ်နှင့် နီးသည်လည်းဖြစ်သော။ <b>သဗ္ဗံ ရူပံ</b>၊ အလုံးစုံသော ရုပ်တရားကို။ <b>နေတံ မမ</b>၊ ဤရုပ်တရားသည် ငါ့ဥစ္စာ မဟုတ်။ <b>နေသောဟမသ္မိ</b>၊ ဤရုပ်တရားသည် ငါမဟုတ်။ <b>န မေသော အတ္တာ</b>၊ ဤရုပ်တရားသည် ငါ၏ အတ္တမဟုတ်။ <b>ဣတိ</b>၊ ဤသို့လျှင်။ <b>ဧဝမေတံ</b>၊ ဤသို့ ထိုအလုံးစုံသော ရုပ်တရားကို။ <b>ယထာဘူတံ</b>၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ <b>သမ္မပညာယ</b>၊ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ် အလင်းဓာတ်ဖြင့်။ <b>ဒဋ္ဌဗ္ဗံ</b>၊ ရှုပွားအပ်ပေ၏၊</p>
<p>ဒီလို ဘုရား <b>ဝိပဿနာရှုကွက်</b> ညွှန်ကြားလိုက်ပြီ။ အတိတ်ရုပ်တရား, ပစ္စုပ္ပန်ရုပ်တရား, အနာဂတ်ရုပ်တရား, မိမိအဇ္ဈတ္တသန္တာန်မှာရှိတဲ့ ရုပ်တရား, သူတစ်ပါးသန္တာန်မှာရှိတဲ့ ရုပ်တရား, ဩဠာရိကခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ရုပ်တရား, သုခုမခေါ်တဲ့ သိမ်မွေ့နူးညံ့တဲ့ ရုပ်တရား, ဟီနခေါ်တဲ့ ယုတ်ညံ့တဲ့ ရုပ်တရား, ပဏီတခေါ်တဲ့ မွန်မြတ်တဲ့ ရုပ်တရား, ဒူရခေါ်တဲ့ ရှုနေတဲ့ ယောဂီရဲ့ အသိဉာဏ်နဲ့ဝေးတဲ့ ရုပ်တရား, သန္တိကခေါ်တဲ့ ရှုနေတဲ့ယောဂီရဲ့ အသိဉာဏ်နဲ့ နီးကပ်နေတဲ့ရုပ်တရား <b>တစ်ဆယ့်တစ်မျိုးသော အခြင်းအရာ</b>အားဖြင့် တည်နေတဲ့ ရုပ်တရား။ အဲဒီ ရုပ်တရားအားလုံးကို ငါ့ဟာ မဟုတ်, ငါ မဟုတ်, ငါ့ရဲ့ အတ္တမဟုတ်လို့ ရှုပါ။ အနိစ္စလို့ ရှုပါ, ဒုက္ခလို့ ရှုပါ, အနတ္တလို့ ရှုပါဆိုပြီးတော့ ဘုရား ညွှန်ကြားတယ်။ အဲဒီ ညွှန်ကြားချက် ဝိပဿနာ ရှုကွက်ထဲမှာ အတိတ်ရုပ်တရား ပါသလား, မပါဘူးလား? ပါတယ်။ အနာဂတ်ရုပ်တရားလည်း ပါသလား, မပါဘူးလား? ပါနေတယ်။ ဒါကြောင့် ဝိပဿနာဆိုတာ အတိတ်, အနာဂတ် မရှုကောင်းဘူးဆိုတဲ့ စကားတွေသည် ပြန်လည်ဆန်းစစ်ဖို့ မကောင်းဘူးလား? ကောင်းနေပြီ။ ဒကာကြီးတွေ ဘုရားဟောဒေသနာတော်ဟာ သာသနာတော်မှာ ကျောက်ထီးတန္တုကဲ့သို့ အရိုအသေ အလေးဂရုပြုပြီးတော့ ဦးထိပ်ရွက် ပန်ဆင်ပြီး လိုက်နာရမယ့် ကျင့်စဉ်တွေ ဖြစ်ပါတယ်နော်။</p>
<p>ကဲ ရုပ်တရားမှာဟောတဲ့ ပုံစံအတိုင်း ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် <b>ခန္ဓာငါးပါးလုံး</b> ပုံစံတူ ဟောတယ်။ ပြောချင်တာက ဘာလဲ? အဲဒီ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိကလို့ခေါ်တဲ့ ဒီတစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ရုပ်တရား အစုအပုံ, ဝေဒနာတရား အစုအပုံ, သညာတရား အစုအပုံ, သင်္ခါရတရား အစုအပုံ, အသိစိတ် ဝိညာဏ်တရား အစုအပုံ။ အဲဒီ အစုအပုံတွေကို ခန္ဓာလို့ခေါ်တယ်။ အဲဒီ ခန္ဓာငါးပါးကို အနိစ္စလို့ခေါ်တယ်။ အဲဒီ အနိစ္စဖြစ်တဲ့ ခန္ဓာငါးပါးတို့ရဲ့ အနိစ္စအခြင်းအရာကို ဉာဏ်နဲ့မြင်အောင် ကြည့်ပြီးတော့ အဖန်ဖန် အထပ်ထပ် ဝိပဿနာရှုပြီး နေထိုင်တာကို ခုနက —</p>
<p>‘‘<b>အနိစ္စာနုပဿီ အဿသိဿာမီတိ သိက္ခတိ။ အနိစ္စာနုပဿီ ပဿသိဿာမီတိ သိက္ခတိ။</b>’’</p>
<p><b>အနိစ္စာနုပဿီ</b>၊ အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍။ <b>အဿသိဿာမိ</b>၊ ဝင်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏။ <b>အနိစ္စာနုပဿီ</b>၊ အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍။ <b>ပဿသိဿာမိ</b>၊ ထွက်လေကို ဖြစ်စေအံ့။ <b>ဣတိ</b>၊ ဤသို့။ <b>သိက္ခတိ</b>၊ ကျင့်၏၊</p>
<p>ဒီလို ဘုရား ညွှန်ကြားတယ်နော်။ ဒါကြောင့် အတိတ်ခန္ဓာငါးပါး, အနာဂတ်ခန္ဓာငါးပါးဟာလည်း အနိစ္စ, ဒုက္ခ, အနတ္တ <b>လက္ခဏာရေးသုံးတန်</b>တင်ပြီးတော့ ဝိပဿနာရှုရမယ့်တရား ဟုတ်သလား, မဟုတ်ဘူးလား-မေးရင် ဟုတ်ပါတယ်။ ဒကာကြီးတွေ, ဒကာမကြီးတွေနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ <b>အနတ္တလက္ခဏသုတ္တန်</b>ကြည့်! ဒီပုံစံအတိုင်းပဲနော်။ မရိုးနိုင်တဲ့ တေပရိဝဋ္ဋဓမ္မ ဒေသနာနည်း ဖြစ်ပါတယ်။ အဲဒီ ရှုကွက်ကို ဘုရားက ခန္ဓာငါးပါး ညွှန်ကြားပြီးပြီ။ ညွှန်ကြားပြီးတဲ့ အချိန်အခါမှာ ဘုရားက ဘာဆက်ဟောလဲ?</p>
<p>‘‘<b>ဧဝံ ပဿံ, အဿဇိ, သုတဝါ အရိယသာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ, ဝေဒနာယပိ နိဗ္ဗိန္ဒတိ, သညာယပိ နိဗ္ဗိန္ဒတိ, သင်္ခါရေသုပိ နိဗ္ဗိန္ဒတိ, ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ။ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတီ</b>’’</p>
<p>ဘာပြောလဲ? အဲဒီလို ရှုမယ်ဆိုရင်ပေါ့။ ขန္ဓာငါးပါးကို သင်သိ, ကျင့်သိ ဒီအသိနှစ်မျိုးဖြင့် သိနေတဲ့ အရိယာဖြစ်တော်မူသော ငါဘုရားရှင်ရဲ့သာဝကသည် ရုပ်တရားမှာလည်း ငြီးငွေ့လာမယ်။ ဝေဒနာတရားမှာလည်း ငြီးငွေ့လာမယ်။ သညာတရားမှာလည်း ငြီးငွေ့လာမယ်။ စေတသိက် သင်္ခါရတရားတွေ အပေါ်မှာလည်း ငြီးငွေ့လာမယ်။ အသိစိတ်ဝိညာဏ်တရား အပေါ်မှာလည်း ငြီးငွေ့လာမယ်။ <b>နိဗ္ဗိန္ဒဉာဏ်</b>တွေ ဖြစ်လာပြီလို့ ဆိုလိုတယ်နော်။ ငြီးငွေ့လာလို့ ဆက်ပြီးတော့ ဒီဝိပဿနာဉာဏ်တွေ ရင့်ကျက်အောင် ကြိုးပမ်းခဲ့ရင် မဂ်ဉာဏ်တွေ ပေါ်လာမယ်။ အဆင့်ဆင့်သော ထိုမဂ်ဉာဏ်တွေက ဆိုင်ရာ ကိလေသာတွေကို ပယ်သတ်လိုက်တဲ့ အချိန်အခါမှာ ထိုမဂ်ဉာဏ်အခိုက်၌ ရာဂတွေ လုံးလုံး ကင်းသွားမယ်။ ရာဂမှ ကျွတ်သွားမယ်, လွတ်သွားမယ်။ လွတ်ပြီဆိုရင်တော့ အရဟတ္တဖိုလ် ဆိုက်ပြီ။</p>
<p>အရဟတ္တဖိုလ်ဆိုက်တဲ့ အချိန်အခါမှာ ရာဂမှလွတ်ပြီဆိုရင် လွတ်ပြီလို့ သင်ချစ်သားကိုယ်တိုင် သိလာလိမ့်မယ်။ ထိုအချိန်အခါမှာ ငါ့ရဲ့သန္တာန်မှာ ပဋိသန္ဓေတည်နေရခြင်း ဇာတိသဘောတရား ကုန်ခမ်းပျက်စီးနေပြီ။ ငါသည် သာသနာတော်၌ ပြုသင့်ပြုထိုက်တဲ့ မဂ်တည်းဟူသော မြတ်သောအကျင့်ကို ကျင့်ပြီးပြီ။ သာသနာတော်မှာ ပြုသင့်ပြုထိုက်တဲ့ ဗြဟ္မစရိယခေါ်တဲ့ မဂ်ကိစ္စကို ငါတော့ ပြုလုပ်ပြီးပြီ။ နောက်ထပ်တစ်ဖန် ဒီမဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန် ရရှိရေးအတွက် ကြိုးစားအားထုတ်ဖွယ်ရာ ငါ့မှာ မရှိတော့ဘူးလို့ သင်ချစ်သားကိုယ်တိုင် သိပါလိမ့်မယ်ဆိုပြီးတော့ ဘုရားရှင်က <b>တေပရိဝဋ္ဋဓမ္မ ဒေသနာတော်</b>ကို အဆုံးသတ်လိုက်ပါတယ်။</p>
<p>အဆုံးသတ်လိုက်တဲ့ အချိန်အခါမှာ ဒီနေရာလေးမှာပဲ <b>အရှင်အဿဇိမထေရ်</b>သည် အရဟတ္တဖိုလ် ဆိုက်သွားတယ်လို့ အဋ္ဌကထာက ဖော်ပြထားတယ်နော်။ ဒီတော့ မိမိတို့လည်း အရှင်အဿဇိမထေရ်လို အရဟတ္တဖိုလ် ဆိုက်ချင်ကြတယ်ဆိုရင်တော့ ဘာလုပ်ရမလဲ? အရှင်အဿဇိမထေရ် ကျင့်သွားတဲ့ ကျင့်စဉ်အတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ လိုပါတယ်။ သို့သော် ဒေသနာက မဆုံးဘူး။ နည်းနည်းတော့ ကျန်နေတယ်။ နည်းနည်းကျန်နေတဲ့တရား ဒကာကြီးတွေ, ဒကာမကြီးတွေ ဆက်နာနိုင်ပါ့မလား? မနာနိုင်လည်း ဘုန်းကြီးကတော့ ဟောရတော့မယ်နော်။ ဘုရားရှင်က သူဆင်းရဲဒုက္ခဝေဒနာ ရောက်နေလို့ ဒီတရားကို လာဟောတာဖြစ်ခြင်းကြောင့်နော်။ ဘုရားရှင်က ဒီဒုက္ခဝေဒနာအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဆက်ပြီး နည်းနည်းလေး ဟောတယ်။</p>
<p>‘‘<b>သော သုခံ စေ ဝေဒနံ ဝေဒယတိ, သာ ‘အနိစ္စာ’တိ ပဇာနာတိ။ ‘အနဇ္ဈောသိတာ’တိ ပဇာနာတိ။ ‘အနဘိနန္ဒိတာ’တိ ပဇာနာတိ။</b>’’</p>
<p><b>သော</b>၊ ထိုအရဟတ္တဖိုလ် ဆိုက်နေတဲ့ ရဟန္တာပုဂ္ဂိုလ်သည်။</p>
<p>ရဟန္တာပုဂ္ဂိုလ်များ အမြဲနေထိုင်ရာနယ်လို့ ခေါ်ဆိုအပ်တဲ့ <b>သကတဝိဟာရ</b>ကို ဘုရားရှင်က ဆက်ဟောနေတယ်နော်။</p>
<p><b>သော</b>၊ ထိုအရဟတ္တဖိုလ်ဆိုက်နေတဲ့ ရဟန္တာပုဂ္ဂိုလ်သည်။ <b>သုခံ ဝေဒနံ</b>၊ သုခဝေဒနာကို။ <b>စေ ဝေဒယတိ</b>၊ အကယ်၍ ခံစားသည်ဖြစ်အံ့။ <b>သာ</b>၊ ထိုသုခဝေဒနာကို။ <b>အနိစ္စာတိ</b>၊ အနိစ္စတရားဟူ၍။ <b>ပဇာနာတိ</b>၊ ကွဲကွဲပြားပြား သိ၍နေ၏။ <b>အနဇ္ဈောသိတာတိ</b>၊ မျိုမတတ် စွဲလမ်းဖွယ်တရား မဟုတ်ဟူ၍။ <b>ပဇာနာတိ</b>၊ ကွဲကွဲပြားပြား သိ၍နေ၏။ <b>အနဘိနန္ဒိတာတိ</b>၊ အလွန် နှစ်သက်ဖွယ်မရှိတဲ့ သဘောတရားဟူ၍။ <b>ပဇာနာတိ</b>၊ ကွဲကွဲပြားပြား သိ၍နေ၏၊</p>
<p>ဘာကြောင့်လဲ? ဒီသုခဝေဒနာလေး ဦးဆောင်နေတဲ့ နာမ်တရားတွေ, မှီရာရုပ်တရားတွေသည် အနိစ္စပဲ, ဒုက္ခပဲ, အနတ္တပဲလို့ နှစ်ဆယ့်လေးနာရီ ကာလပတ်လုံး အမြဲတမ်း သိနေတယ်။ သိနေတော့ ဘယ်တရားကိုကြည့်ကြည့် နိစ္စလို့ ရှာမတွေ့တဲ့အတွက် ယောကျ်ား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါလို့ မတွေ့ဘူး။ စွဲလမ်းဖွယ်, နှစ်သက်ဖွယ်ရာတွေလည်း မတွေ့တော့ဘူး။ ရဟန္တာပုဂ္ဂိုလ်တို့ အမြဲနေထိုင်တဲ့နယ်ကို ဘုရားက ဟောနေတယ်။</p>
<p>‘‘<b>ဒုက္ခံ စေ ဝေဒနံ ဝေဒယတိ, သာ ‘အနိစ္စာ’တိ ပဇာနာတိ။ ‘အနဇ္ဈောသိတာ’တိ ပဇာနာတိ။ ‘အနဘိနန္ဒိတာ’တိ ပဇာနာတိ။</b>’’</p>
<p>ဒုက္ခဝေဒနာကို ခံစားမယ်ဆိုရင်လည်း ဒီဒုက္ခဝေဒနာကို အနိစ္စလို့ သိတယ်။ မျိုမတတ် စွဲလမ်းဖွယ်ရာ မဟုတ်ဘူးလို့လည်း သိနေတယ်။ လွန်စွာ နှစ်သက်ဖွယ်မဟုတ်တဲ့ တရားလို့လည်း သိနေတယ်။</p>
<p>‘‘<b>အဒုက္ခမသုခံ စေ ဝေဒနံ ဝေဒယတိ, သာ ‘အနိစ္စာ’တိ ပဇာနာတိ…ပေ… ‘အနဘိနန္ဒိတာ’တိ ပဇာနာတိ။</b>’’</p>
<p>သုခလည်းမဟုတ်, ဒုက္ခလည်းမဟုတ်တဲ့ အလယ်အလတ် ခံစားမှုလို့ ခေါ်ဆိုအပ်တဲ့ <b>ဥပေက္ခာဝေဒနာ</b>ကို ခံစားခဲ့ရင်လည်း ဒီဝေဒနာလေးကို အနိစ္စလို့ သိတယ်။ မျိုမတတ် စွဲလမ်းဖွယ်မဟုတ်တဲ့ တရားလို့လည်း သိတယ်။ လွန်စွာ နှစ်သက်ဖွယ် မကောင်းတဲ့တရားလို့လည်း သိနေတယ်။</p>
<p>‘‘<b>သော သုခံ စေ ဝေဒနံ ဝေဒယတိ, ဝိသံယုတ္တော နံ ဝေဒယတိ၊ ဒုက္ခံ စေ ဝေဒနံ ဝေဒယတိ, ဝိသံယုတ္တော နံ ဝေဒယတိ၊ အဒုက္ခမသုခံ စေ ဝေဒနံ ဝေဒယတိ, ဝိသံယုတ္တော နံ ဝေဒယတိ။</b>’’</p>
<p>အဲဒီ ရဟန္တာပုဂ္ဂိုလ်ဟာ အကယ်၍များ သုခဝေဒနာကို ခံစားခဲ့ရင် <b>ဝိသံယုတ္တော နံ ဝေဒယတိ</b>၊ ဒီသုခဝေဒနာရဲ့ နောက်ဆွယ်မှာ ရာဂအနုသယဆိုတာ ကိန်းတတ်တယ်။ အာရုံတစ်ခု ခံစားလိုက်လို့ ချမ်းသာပြီဆိုရင် ဒီအာရုံပေါ်မှာ တွယ်တာတပ်မက်တဲ့ ရာဂ ဝင်လာတတ်တယ်နော်။ ဒါကြောင့် သုခဝေဒနာရဲ့ နောက်ဆွယ်မှာ ရာဂါနုသယ ကိန်းဝပ်နေခဲ့ရင် ထိုပုဂ္ဂိုလ်သည် ရာဂတန်းလန်းနဲ့ ဒီဝေဒနာကို ခံစားတယ်လို့ ခေါ်ရတယ်။</p>
<p>ခု ဒီအချိန်အခါမှာ ရဟန္တာပုဂ္ဂိုလ်က ဒီသုခဝေဒနာကို ခံစားလိုက်တဲ့အခါမှာ သုခဝေဒနာအပေါ်၌လည်း တွယ်တာတပ်မက်တဲ့ ရာဂါနုသယ ကိန်းဝပ်မှု မရှိဘူး။ သုခဝေဒနာ ဖြစ်လောက်တဲ့ အာရုံတွေအပေါ်မှာလည်း တွယ်တာတပ်မက်တဲ့ ရာဂ မဖြစ်တော့ဘူး။ ရာဂကင်းပြီးတော့ပဲ ခံစားနေတယ်နော်။ ဒုက္ခဝေဒနာကို ခံစားရင်လည်း ရာဂ မကင်းသေးတဲ့ ပုထုဇန်တွေရဲ့သန္တာန်မှာပေါ့။ ဒုက္ခဝေဒနာ တစ်ခုခု ခံစားရပြီဆိုရင် စိတ်မချမ်းသာမှု <b>ပဋိဃာနုသယ</b>လေးတွေ ကိန်းဝပ်ပြီး လာတတ်တယ်နော်။ အခု ရဟန္တာအရှင်မြတ်ကတော့ ဒီဒုက္ခဝေဒနာကိုလည်း အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ နှစ်ဆယ့်လေးနာရီကာလပတ်လုံး ရှုမြင်နေတဲ့အတွက်, ရှုနိုင်တဲ့အတွက်, မြင်နေတဲ့အတွက်ကြောင့် ဒီဒုက္ခဝေဒနာရဲ့ နောက်ဆွယ်မှာ ပဋိဃာနုသယ ကိန်းဝပ်မှု မရှိဘူး။ သံယောဇဉ်နဲ့ ကင်းပြီးတော့ပဲ ဒုက္ခဝေဒနာကို ခံစားတယ်။ ဥပေက္ခာဝေဒနာကို ခံစားရင်လည်း ဒီအတိုင်းပဲ။</p>
<p>အလယ်အလတ် ခံစားမှုဝေဒနာတရားကို ဟုတ်တိုင်းမှန်စွာ မသိမှုဆိုတဲ့ <b>အဝိဇ္ဇာနုသယ</b>က ပုထုဇန်တွေရဲ့သန္တာန်မှာ ကိန်းဝပ်ပြီး နေတတ်တယ်။ ရဟန္တာအရှင်မြတ်ကတော့ ဒီဥပေက္ခာဝေဒနာရဲ့ အနိစ္စ, ဒုက္ခ, အနတ္တ အခြင်းအရာကို ဟုတ်တိုင်းမှန်စွာ သိပြီးတော့ အသက်ရှူနေသည် ဖြစ်ခြင်းကြောင့် ထိုဥပေက္ခာဝေဒနာရဲ့ နောက်ဆွယ်မှာ ကိန်းဝပ်နေတဲ့ အဝိဇ္ဇာနုသယကိုလည်း ပယ်နှုတ်ပြီးတော့သာလျှင် အသက်ရှူနေတယ်။ ရာဂ, ဒေါသ, မောဟတွေ ကင်းပြီးတော့မှ သူက ရာဂ, ဒေါသ, မောဟ ကင်းကင်းရှင်းရှင်းဖြင့် ဝေဒနာကို ခံစားနေတယ်နော်။ နောက်တစ်ခု —</p>
<p>‘‘<b>သော ကာယပရိယန္တိကံ စေ ဝေဒနံ ဝေဒယမာနော ‘ကာယပရိယန္တိကံ ဝေဒနံ ဝေဒယာမီ’တိ ပဇာနာတိ။</b>’’</p>
<p><b>သော</b>၊ ထိုရဟန္တာပုဂ္ဂိုလ်သည်။ <b>ကာယပရိယန္တိကံ ဝေဒနံ</b>၊ ကိုယ်လျှင် အဆုံးအပိုင်းအခြားရှိတဲ့ ဝေဒနာကို။ <b>စေ ဝေဒယမာနော</b>၊ အကယ်၍ ခံစားခဲ့သည်ဖြစ်အံ့။ <b>ကာယပရိယန္တိကံ ဝေဒနံ</b>၊ ကိုယ်လျှင် အဆုံးအပိုင်းအခြားရှိသော ဝေဒနာကို။ <b>ဝေဒယာမီတိ</b>၊ ငါသည် ခံစား၍ နေအပ်၏ဟူ၍။ <b>ပဇာနာတိ</b>၊ သိ၏၊</p>
<p>မိမိကိုယ်လျှင် အဆုံးအပိုင်းအခြား ရှိတယ်ပေါ့။ <b>မရဏန္တိကဝေဒနာ</b>မျိုးပေါ့။ သေခြင်းလျှင် အဆုံးအပိုင်းအခြား ရှိနေတဲ့ ဝေဒနာမျိုးပဲနော်။</p>
<p>‘‘<b>ဇီဝိတပရိယန္တိကံ စေ ဝေဒနံ ဝေဒယမာနော ‘ဇီဝိတပရိယန္တိကံ ဝေဒနံ ဝေဒယာမီ’တိ ပဇာနာတိ။</b>’’</p>
<p>အသက်လျှင် အဆုံးအပိုင်းအခြားရှိတဲ့ ဝေဒနာကို ခံစားခဲ့ရရင်လည်း အသက်လျှင် အဆုံးအပိုင်းအခြား ရှိနေတဲ့ ဝေဒနာပဲလို့ ဟုတ်တိုင်းမှန်စွာ သိတယ်တဲ့နော်။</p>
<p>‘‘<b>‘ကာယဿ ဘေဒါ ဥဒ္ဓံ ဇီဝိတပရိယာဒါနာ ဣဓေဝ သဗ္ဗဝေဒယိတာနိ အနဘိနန္ဒိတာနိ သီတီဘဝိဿန္တီ’တိ ပဇာနာတိ။</b>’’</p>
<p><b>ကာယဿ</b>၊ ကိုယ်ခန္ဓာ၏။ <b>ဘေဒါ</b>၊ ပျက်စီးခြင်းကြောင့်။ <b>ဇီဝိတပရိယာဒါနာ</b>၊ အသက်ကုန်ခမ်းသည်မှ။ <b>ဥဒ္ဓံ</b>၊ အထက်၌။ <b>ဣဓေဝ</b>၊ ဤခန္ဓာငါးပါးတို့၌သာလျှင်။ <b>သဗ္ဗဝေဒယိတာနိ</b>၊ အလုံးစုံသော ခံစားချက်ဝေဒနာဟူသမျှတို့သည်။ <b>အနဘိနန္ဒိတာနိ</b>၊ စွဲလမ်းဖွယ်ရာ မရှိကြကုန်သည်ဖြစ်၍။ <b>သီတီဘဝိဿန္တိ</b>၊ ငြိမ်းပျောက်ကြကုန်လတ္တံ။ <b>ဣတိ</b>၊ ဤသို့။ <b>ပဇာနာတိ</b>၊ သိရှိ၍နေပေ၏၊</p>
<p>ကိုယ်လျှင် အဆုံးအပိုင်းအခြားရှိတဲ့ ဝေဒနာ, အသက်လျှင် အဆုံးအပိုင်းအခြား ရှိနေတဲ့ ဝေဒနာ။ အဲဒီဝေဒနာတွေကို ခံစားနေရသော်လည်း သေပြီးတဲ့ နောက်ကာလ အသက် ကုန်ခမ်းသွားပြီးတဲ့ အချိန်အခါမှာ ဒီခန္ဓာငါးပါးမှာသာလျှင် ဒီဝေဒနာဟူသမျှတို့သည် နှစ်သက်မြတ်နိုးဖွယ်ရာ မဟုတ်ကြဘဲ အလုံးစုံ ချုပ်ပျောက်သွားလိမ့်မယ်ဆိုတာ ရဟန္တာပုဂ္ဂိုလ်သည် သိနေတယ်တဲ့နော်။</p>
<p>ဝေဒနာတွေက ဒီခန္ဓာငါးပါးမှာပဲ ချုပ်တယ်ဆိုတာက ဘာပြောလိုတာလဲလို့မေးတော့ ဝေဒနာဟူသမျှတို့သည် ကိလေသာကုန်မှ ချုပ်တယ်။ ကိလေသာကုန်တိုင်း ချုပ်သလားဆိုတော့ မဟုတ်သေးဘူးနော်။ ကိလေသာ အစိုဓာတ်, အစေးဓာတ်မရှိတဲ့ ရဟန္တာအရှင်မြတ်တို့သန္တာန်မှာ <b>ပရိနိဗ္ဗာနစုတိ</b> နောက်ဆွယ်မှာ ခန္ဓာငါးပါး, ရုပ်နာမ်တရားတွေ ဖြစ်ခွင့်မရှိဘူး။ အဲဒီခန္ဓာငါးပါးထဲမှာ ဝေဒနာလည်း ပါတယ်။ အဲဒီဝေဒနာရဲ့ ချုပ်ငြိမ်းမှုကို ရည်ညွှန်းထားတယ်။</p>
<p>ဒီဝေဒနာတွေက ဒီခန္ဓာငါးပါးကို အစွဲပြုပြီး ဖြစ်ပေါ်နေခြင်းကြောင့် ချုပ်တဲ့အခါမှာ နိဗ္ဗာန်ကို အကြောင်းပြုပြီး အာရုံယူပြီးတော့ ကိလေသာတွေ ချုပ်ငြိမ်းတာ မှန်သော်လည်း ဒီခန္ဓာငါးပါးမှာပဲ ချုပ်တယ်လို့ ဘုရားရှင်က ဟောနေခြင်းဖြစ်တယ်နော်။ ခန္ဓာငါးပါးမှာ ချုပ်ငြိမ်းသွားတယ်ဆိုတာလည်း ခန္ဓာငါးပါးမှာ နိဗ္ဗာန်ကို အာရုံယူပြီး ဖြစ်ပေါ်နေတဲ့ မဂ်ဉာဏ်တို့ရဲ့ စွမ်းအင်သတ္တိကြောင့် ဝေဒနာ အပါအဝင်ဖြစ်တဲ့ ခန္ဓာငါးပါးကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိတွေ တစ်နည်းအားဖြင့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေကို ဒီအရိယမဂ်တရားက အကြွင်းမဲ့ ပယ်သတ်လိုက်တယ်။ အကြောင်းတရားတွေ ကုန်ခမ်းသွားခြင်းကြောင့် အကျိုးဝေဒနာ ဦးဆောင်နေတဲ့ ရုပ်တွေ, နာမ်တွေလည်း ပရိနိဗ္ဗာနစုတိရဲ့ နောက်ဆွယ်၌ လုံးလုံး ချုပ်သွားတယ်။ အဲဒီ ချုပ်ငြိမ်းပုံကို ဘုရားရှင်က ဥပမာလေးနဲ့ ဆက်ဟောတယ်။</p>
<p>‘‘<b>သေယျထာပိ, အဿဇိ, တေလဉ္စ ပဋိစ္စ, ဝဋ္ဋိဉ္စ ပဋိစ္စ, တေလပ္ပဒီပေါ ဈာယေယျ၊ တဿေဝ တေလဿ စ ဝဋ္ဋိယာ စ ပရိယာဒါနာ အနာဟာရော นိဗ္ဗာယေယျ။</b>’’</p>
<p>ချစ်သား အဿဇိ ...ဥပမာလေးတစ်ခု ငါဘုရားပြောမယ်။ ဆီမီးခွက်ကလေးထဲမှာပေါ့နော်။ ဆီလည်းရှိနေတယ်, ဆီမီးစာလည်းရှိနေတယ်ဆိုကြစို့။ အဲဒီအချိန်အခါမှာ ဆီနဲ့ ဆီမီးစာကို အစွဲပြုပြီး ဆီမီးတောက်ဆိုတာ ဆက်လက်ပြီး ဖြစ်ပေါ်နေတယ်။ သို့သော် နောက်ထပ် ဆီလည်း ထပ်မထည့်တော့ဘူး၊ နောက်ထပ် မီးစာလည်း ဒီမီးခွက်ထဲမှာ ထပ်ပြီး မထည့်တော့ဘူးဆိုရင် ဆီလည်း ကုန်သွားပြီ၊ ဆီမီးစာလည်း ကုန်သွားပြီဆိုရင် ဒီဆီမီးသည် ဘာဖြစ်သွားလဲ? ငြိမ်းပျောက်သွားတယ်။ အဲဒီပုံစံအတိုင်း ဥပမာပေါ့၊ ပုထုဇန်ကတော့ ဆီနဲ့ မီးစာနဲ့ တူနေတဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေကို ကြိမ်ဖန်များစွာ သံသရာခရီးမှာ ထပ်ခါထပ်ခါ ပြုစုပျိုးထောင်နေတဲ့အတွက် မီးပုံထဲကို ဆီနဲ့ မီးစာတွေကို ထပ်ထပ်ပြီး ထည့်နေတာနဲ့ တူတယ်။ ရဟန္တာအရှင်မြတ်တွေကတော့ အဲဒီမီးပုံထဲကို ဆီနဲ့မီးစာ ထပ်ပြီး ထည့်သေးလား? မထည့်တော့ဘူး။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေ ထပ်ပြီး မထည့်တဲ့အတွက် ဘာဖြစ်လဲ?</p>
<p>‘‘<b>ဧဝမေဝ ခေါ, အဿဇိ, ကာယပရိယန္တိကံ ဝေဒနံ ဝေဒယမာနော ‘ကာယပရိယန္တိကံ ဝေဒနံ ဝေဒယာမီ’တိ ပဇာနာတိ။ ဇီဝိတပရိယန္တိကံ ဝေဒနံ ဝေဒယမာနော ‘ဇီဝိတပရိယန္တိကံ ဝေဒနံ ဝေဒယာမီ’တိ ပဇာနာတိ။</b>’’</p>
<p><b>သော</b>၊ ထိုရဟန္တာပုဂ္ဂိုလ်သည်။ <b>ကာယပရိယန္တိကံ ဝေဒနံ</b>၊ ကိုယ်လျှင် အဆုံးအပိုင်းအခြား ရှိတဲ့ဝေဒနာကို။ <b>ဝေဒယမာနော</b>၊ ခံစားခဲ့သည်ရှိသော်။ <b>ကာယပရိယန္တိကံ ဝေဒနံ</b>၊ ကိုယ်လျှင် အဆုံးအပိုင်းအခြား ရှိတဲ့ဝေဒနာကို။ <b>ဝေဒယာမီတိ</b>၊ ခံစား၍နေ၏ဟူ၍။ <b>ပဇာနာတိ</b>၊ သိ၏။ <b>ဇီဝိတပရိယန္တိကံ ဝေဒနံ</b>၊ အသက်လျှင် အဆုံးအပိုင်းအခြားရှိတဲ့ ဝေဒနာကို။ <b>ဝေဒယမာနော</b>၊ ခံစားခဲ့သည်ရှိသော်။ <b>ဇီဝိတပရိယန္တိကံ ဝေဒနံ</b>၊ အသက်လျှင် အဆုံးအပိုင်းအခြားရှိတဲ့ ဝေဒနာကို။ <b>ဝေဒယာမီတိ</b>၊ ခံစား၍နေ၏ဟူ၍။ <b>ပဇာနာတိ</b>၊ သိ၏၊</p>
qb0zvq2j5m2fmiit4z32c9rggpily99
ဒုတိယဟတ္ထကသုတ်
0
6348
22066
2026-06-13T02:13:27Z
Tejinda
173
"{{header | title = ဒုတိယဟတ္ထကသုတ် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[အဿဇိသုတ်]] | previous2..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22066
wikitext
text/x-wiki
{{header
| title = ဒုတိယဟတ္ထကသုတ်
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[အဿဇိသုတ်]]
| previous2 =
| next = [[လိစ္ဆဝိကုမာရကသုတ်]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =
}}
<h3>ဒုတိယဟတ္ထကသုတ္တန်</h3>
<h3>ပထမပိုင်း</h3>
<p>၁၃၅၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၁၄) ရက်နေ့ စိတ္တလတောင်ကျောင်း၌ မြတ်စွာဘုရားရှင် ကိန်းဝပ်တော်မူရာ ဂန္ဓကုဋီကျောင်းတော်အဖြစ်လည်းကောင်း၊ သံဃာတော်များ စုပေါင်းပြီး တရားနှလုံးသွင်းရန် ဓမ္မာရုံဟူ၍လည်းကောင်း၊ သံဃာတော်များ ကံကြီးကံငယ် ဆောင်ရွက်ရန်အတွက် ဥပုသ်ပြုရန်အတွက် အသုံးချရန် သိမ်ဟူ၍လည်းကောင်း အမည်သုံးမျိုး ရရှိသော ဘုရား ဂန္ဓကုဋီကျောင်းတော်ကြီးတစ်ခုကို ဒီနေ့ အောင်မြင်စွာ ပန္နက်ချခဲ့ပါတယ်။</p>
<p>ထိုဂန္ဓကုဋီကျောင်းတော်ကြီးအတွက် မန္တလေးမြို့ မန်းမြို့တော်ကဖီး ဒါယကာကြီး ဦးခင် + ဒါယိကာမကြီး ဒေါ်စောတင်၊ သားဖြစ်သူ မောင်အောင်မြင့် အစ်ကိုအစ်မ အစရှိတဲ့ မိစုတို့က မတည်ပြီး လှူဒါန်းပူဇော်ကြပါတယ်။ ထိုအုတ်မြစ်ချပွဲ အခမ်းအနား၌ ဒါယကာကြီး ဦးခင်၊ ဒါယိကာမကြီး ဒေါ်စောတင်တို့ကလည်း ဘုရားအမှူးရှိသော သံဃာတော်တို့နှင့်တကွ ရှင်ယောဂီ၊ လူယောဂီ ပရိသတ်အပေါင်း သူတော်ကောင်းတို့အား ဆွမ်းခဲဖွယ်ဘောဇဉ် ချိုချဉ်ရသာ အဖြာဖြာတို့ကို ဆက်ကပ်ကျွေးမွေး လှူဒါန်းပူဇော်ပါတယ်။ ထိုအလှူဒါနပွဲ၌ အနုမောဒနာတရားအဖြစ် ဟောကြားအပ်သော အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါတ်၌ လာရှိသော <b>ဒုတိယဟတ္ထကသုတ္တန်</b> တရားဒေသနာတော်။</p>
<p>‘‘<b>မတ္တာသုခပရိစ္စာဂါ၊ ပဿေ စေ ဝိပုလံ သုခံ။ စဇေ မတ္တာသုခံ ဓီရော၊ သမ္ပဿံ ဝိပုလံ သုခံ။</b>’’</p>
<p><b>ဘိက္ခဝေ</b>၊ ရဟန်းတော်များ အိုချစ်သားတို့ ...။ <b>မတ္တာသုခပရိစ္စာဂါ</b>၊ အနည်းငယ်မျှ ခံစံရမည့် ကာမသုခ ချမ်းသာဝေဒနာကို တွယ်တာမငဲ့ ရက်ရက်ကြည်ဖြူ စွန့်လွှတ် လှူဒါန်းခြင်းတည်းဟူသော အကြောင်းတရားကြောင့်။ <b>စေ ပဿေ</b>၊ ရလိမ့်ဧကန် စင်စစ်မှန်ဟု အကယ်တိတိ ဉာဏ်ပညာ မျက်စိဖြင့် တွေ့မြင်သိရှိခဲ့သည် ဖြစ်ငြားအံ့။ <b>ဝိပုလံ သုခံ</b>၊ ပြန့်ပြောကြီးကျယ် မြင့်မြတ်လှသည့် နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကြီးကို။ <b>သမ္ပဿံ</b>၊ ဝိပဿနာပညာ မဂ်ပညာဖြင့် ကောင်းစွာ ထင်ထင် သိမြင်၍နေသော။ <b>ဓီရော</b>၊ ပညာရှိသူတော်ကောင်းသည်။ <b>မတ္တာသုခံ</b>၊ အနည်းငယ်မျှ ခံစံရမည့် ကာမသုခ ချမ်းသာ ဝေဒနာကို။ <b>စဇေ</b>၊ စင်စစ် သဒ္ဓါကြည်ဖြူ စွန့်လွှတ် လှူဒါန်းလေရာသတည်း။</p>
<p>ဒီဂါထာလေးကတော့ မြတ်စွာဘုရား ဝေသာလီပြည် ရတနသုတ္တန် ပရိတ်တရားတော်မြတ်ကို ချီးမြှင့်တော်မူရာအတွက် ကြွချီရာအပိုင်းမှာ သုဒ္ဓါဝါသ ဗြဟ္မာပြည်တိုင်အောင်သော လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ၊ နဂါးတွေ အစရှိတဲ့ သတ္တဝါအားလုံးတို့က အကြီးအကျယ် ပူဇော်တဲ့ ပူဇော်ပွဲကို အခြေခံပြီးတော့ ဘုရားအလောင်းတော် သံခပုဏ္ဏားကြီးက သားဖြစ်သူ သုသိမ ပစ္စေကဗုဒ္ဓါဘုရားရှင်၏ စေတီတော်၌ အနည်းငယ်မျှ စွန့်လွှတ်ခဲ့သော အလှူဒါနကို အခြေခံပြီးတော့ ဟောကြားထားတဲ့ ဒေသနာတော်လေးတစ်ခု ဖြစ်ပါတယ်။</p>
<p><b>ကာမသုခ</b> ချမ်းသာဆိုတာက အနည်းငယ်သာ ဖြစ်ပါတယ်။ အာရုံငါးပါး <b>ကာမဂုဏ်တရား</b>တွေကို အကြောင်းပြုပြီး ရရှိတဲ့ ချမ်းသာသုခပဲ။ <b>နိဗ္ဗာန်</b>ဆိုတဲ့ ချမ်းသာတရားတော်မြတ်ကြီးကတော့ သံသရာဝဋ်ဆင်းရဲဒုက္ခအားလုံးမှ ချုပ်ငြိမ်းရာ ချမ်းသာကြီး အစစ် ဧကန်ဖြစ်တဲ့အတွက်ကြောင့် အလွန် ကြီးကျယ်မြင့်မြတ်တဲ့ ချမ်းသာထူးကြီး ဖြစ်ပါတယ်။ ထို အလွန် ကြီးကျယ်မြင့်မြတ်နေတဲ့ ချမ်းသာထူးကြီးကို ဧကန်စင်စစ် ရလိမ့်မယ်လို့ မျှော်လင့်တောင့်တနေတဲ့ ပညာရှိသူတော်ကောင်း မှန်ခဲ့ရင် ဧကန်စင်စစ် ရလိမ့်မယ်လို့ ဝိပဿနာပညာ မဂ်ပညာတို့ဖြင့် လှမ်းမြော်ပြီး သိမြင်နေတဲ့ ပညာရှိသူတော်ကောင်းသာ မှန်ခဲ့မယ်ဆိုရင် အနည်းငယ်မျှ ခံစံရမည့် ကာမသုခ ချမ်းသာလေးကို စွန့်လွှတ်နိုင်တဲ့ စွမ်းအား ရှိရမယ်။</p>
<p>အဲဒီလို စွန့်လွှတ်နိုင်တဲ့အတွက် အထွတ်အထိပ်သို့ ရောက်ရှိသွားတဲ့ ပုဂ္ဂိုလ်တွေ များစွာ ရှိကြပါတယ်။ ထိုပုဂ္ဂိုလ်တွေထဲက ဒီညတော့ ဘုန်းကြီးက ပရိသတ်တွေကို <b>သင်္ဂဟဝတ္ထု (၄) ပါး</b>ဖြင့် ချီးမြှောက်တဲ့နေရာမှာ ဧတဒဂ်ဘွဲ့ထူးကို ရရှိတော်မူတဲ့ ဟတ္ထကအာဠဝက အမည်ရှိတဲ့ သီတင်းသည်အကြောင်းကို ဒီညဟောဖို့ ရည်ရွယ်ထားပါတယ်။ ထိုဟတ္ထကအာဠဝကသုတ္တန်ကို မြတ်စွာဘုရား ဘယ်လို ဟောခဲ့လဲ?</p>
<p>‘‘<b>ဧကံ သမယံ ဘဂဝါ အာဠဝိယံ ဝိဟရတိ အဂ္ဂါဠဝေ စေတိယေ။</b>’’ (အံ၊၃၊၅၄။)</p>
<p><b>ဧကံ သမယံ</b>၊ အခါတစ်ပါး၌။ <b>ဘဂဝါ</b>၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ <b>အာဠဝိယံ</b>၊ အာဠဝီပြည်၌။ <b>အဂ္ဂါဠဝေ စေတိယေ</b>၊ အဂ္ဂါဠဝစေတီတော်မြတ်၌။ <b>ဝိဟရတိ</b>၊ သီတင်းသုံး စံနေတော်မူဆဲ ဖြစ်ပေသည်။</p>
<p>တစ်ချိန် မြတ်စွာဘုရား အာဠဝီပြည် အဂ္ဂါဠဝစေတီတော်မှာ သီတင်းသုံး စံနေတော်မူခိုက် ဖြစ်တယ်။ ဒီသုတ္တန် ဖြစ်ပေါ်လာတာက ---</p>
<p>‘‘<b>အထ ခေါ ဟတ္ထကော အာဠဝကော ပဉ္စမတ္တေဟိ ဥပါသကသတေဟိ ပရိဝုတော ယေန ဘဂဝါ တေနုပသင်္ကမိ၊</b>’’</p>
<p><b>အထ ခေါ</b>၊ ထိုအခါ၌။ <b>ဟတ္ထကော အာဠဝကော</b>၊ ထိုဟတ္ထကအာဠဝကသည်။ <b>ပဉ္စမတ္တေဟိ ဥပါသကသတေဟိ</b>၊ ငါးရာ အတိုင်းအရှည် ရှိကြကုန်သော ဥပါသကာ ဒါယကာတို့နှင့်။ <b>ပရိဝုတော</b>၊ ခြံရံလျက်။ <b>ယေန</b>၊ အကြင်အရပ်၌။ <b>ဘဂဝါ</b>၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ <b>ဝိဟရတိ</b>၊ ရှိတော်မူ၏၊ <b>တေန</b>၊ ထိုဘုရားရှင် ရှိတော်မူရာအရပ်သို့။ <b>ဥပသင်္ကမိ</b>၊ အနီးအစပ် ချဉ်းကပ်တော်မူခဲ့လေ၏၊</p>
<p>ထိုအချိန်အခါမှာ ဟတ္ထကအာဠဝကမည်ရနေတဲ့ သို့မဟုတ် ဟတ္ထကအာဠဝက အမည်ရနေတဲ့ သီတင်းသည်က မိမိရဲ့ နောက်ပါ သောတာပန်၊ သကဒါဂါမ် ဖြစ်ကြတဲ့ အရိယာသူတော်ကောင်း ပရိသတ် (၅၀၀) ခြံရံပြီးတော့ မြတ်စွာဘုရားထံ ဆိုက်ရောက်လာတယ်။ ဆိုက်ရောက်လာတဲ့ အချိန်အခါမှာ -</p>
<p>‘‘<b>ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။</b>’’</p>
<p><b>ဥပသင်္ကမိတွာ</b>၊ ချဉ်းကပ်ပြီး၍။ <b>ဘဂဝန္တံ</b>၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်ကို။ <b>အဘိဝါဒေတွာ</b>၊ ရိုသေစွာ ရှိခိုးပြီး၍။ <b>ဧကမန္တံ</b>၊ အပြစ်ခြောက်ပါး လွတ်၍ သင့်တင့်လျှောက်ပတ်သော တစ်ခုသော အရပ်၌။ <b>နိသီဒိ</b>၊ ထိုင်၍ သီတင်းသုံးခဲ့လေပြီ။</p>
<p>မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးတော့ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးတယ်။ ရှိခိုးပြီးတဲ့ အချိန်အခါမှာ အပြစ်ခြောက်ပါး လွတ်တဲ့ သင့်တင့်လျှောက်ပတ်တဲ့ တစ်နေရာမှာ ထိုင်တယ်။</p>
<p>‘‘<b>ဧကမန္တံ နိသိန္နံ ခေါ ဟတ္ထကံ အာဠဝကံ ဘဂဝါ ဧတဒဝေါစ -</b>’’</p>
<p><b>ဧကမန္တံ</b>၊ အပြစ်ခြောက်ပါး လွတ်၍ သင့်တင့်လျှောက်ပတ်သော တစ်ခုသော အရပ်၌။ <b>နိသိန္နံ</b>၊ ထိုင်နေသော။ <b>ဟတ္ထကံ အာဠဝကံ</b>၊ ဟတ္ထကအာဠဝကကို။ <b>ဘဂဝါ</b>၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ <b>ဧတံ</b>၊ ဤစကားကို။ <b>အဝေါစ</b>၊ မိန့်ကြားတော်မူခဲ့လေပြီ။</p>
<p>သင့်တင့်လျှောက်ပတ်တဲ့ တစ်နေရာမှာ ထိုင်နေတဲ့ ဒီဟတ္ထကအာဠဝကကို မြတ်စွာဘုရားက မိန့်ကြားတယ်။ အဲဒီတော့ မြတ်စွာဘုရား အမိန့်ရှိတဲ့ စကားလေး မဟောမီ ဘုန်းကြီး ဒီဟတ္ထကအာဠဝကအကြောင်းကို နည်းနည်းလေး ပြောဖို့ ရည်ရွယ်ထားပါတယ်။</p>
<p>ဒီဟတ္ထကအာဠဝက ဆိုတာက သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ ဩတ္တပ္ပလို့ ခေါ်ဆိုအပ်တဲ့ <b>သူတော်ကောင်းဥစ္စာ (၇) ဖြာ</b>ကို ဘုရားရှင်ရဲ့ သာသနာတော်နှင့် တွေ့ကြုံခိုက်မှာ အရဖမ်းယူထားတဲ့အတွက် အဆင့်အတန်း မြင့်မားနေတဲ့ ဘဝကို ရရှိနေတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။ ဘယ်အချိန်ခါကတည်းက ဤသူတော်ကောင်းသည် သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ ဩတ္တပ္ပလို့ ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းဥစ္စာ (၇) ဖြာကို ယူထားသလဲ?</p>
<p>လွန်ခဲ့သော ကမ္ဘာတစ်သိန်းထဲက လောကမှာ ပဒုမုတ္တရမြတ်စွာဘုရားသခင် ပွင့်ထွန်းတော်မူခဲ့ပါတယ်။ ထိုပဒုမုတ္တရမြတ်စွာဘုရား ပွင့်ထွန်းတော်မူတဲ့ အချိန်အခါမှာ ဒီဟတ္ထကအာဠဝက သီတင်းသည်ကလည်း ပဒုမုတ္တရမြတ်စွာဘုရားရှင် သီတင်းသုံးရာ ကျောင်းတော်သို့ သွားရောက်၍ တရားနာယူခဲ့ပါတယ်။ ထိုနေ့မှာ ပဒုမုတ္တရမြတ်စွာဘုရားသခင်က ဥပါသကာ ဒါယကာတစ်ဦးကို မိမိရဲ့ နောက်လိုက်ပရိသတ်ကို <b>သင်္ဂဟဝတ္ထု (၄) ပါး</b>ဖြင့် ချီးမြှောက်တဲ့နေရာမှာ ဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့်တာကို သူကိုယ်တိုင် ကြားသိရတယ်။ မြင်လည်း မြင်တွေ့ရတယ်။ သိပ်ပြီးတော့ သဘောကျသွားတယ်။ အားကျတဲ့အတွက်ကြောင့် သူ ဘာလုပ်သလဲ? ပဒုမုတ္တရမြတ်စွာဘုရား အမှူးရှိတဲ့ တစ်သိန်းသော သံဃာတော်တို့ကို သူ့အိမ်သို့ ဆွမ်းဖြင့် ပင့်ဖိတ်ပါတယ်။ ခုနစ်ရက်တိုင်တိုင် ဘုရားအမှူးရှိတဲ့ သံဃာတော် တစ်သိန်းတို့အား အကြီးအကျယ် အလှူဒါနပွဲကြီးတွေ ကျင်းပတယ်။</p>
<p>အဲဒီလို အလှူဒါနပွဲကြီးတွေ ကျင်းပပြီးတဲ့ အချိန်အခါ ခုနစ်ရက်မြောက်တဲ့ နေ့ကျတော့ သူ လိုလားတောင့်တတဲ့ ပရိသတ်တွေကို သင်္ဂဟဝတ္ထု (၄) ပါးဖြင့် ချီးမြှောက်နိုင်တဲ့ ဧတဒဂ်ဘွဲ့ထူးကို ဆုထူး ပန်ထွာတော်မူခဲ့ပါတယ်။ ထိုဆုထူးပန်ထွာပြီးတဲ့နောက် ထိုပုဂ္ဂိုလ် ဘာလုပ်သလဲ? ဘုရားရှင်ရဲ့ သာသနာတော်နှင့် တွေ့ကြုံနေတဲ့ အချိန်အခါမှာ မိမိရဲ့ဘဝကို အဆင့်အတန်း မြင့်သထက် မြင့်မားသွားအောင် သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ ဩတ္တပ္ပလို့ ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းဥစ္စာ (၇) ဖြာတို့ကို ရရှိအောင် ကြိုးစားခဲ့တယ်။</p>
<p><b>သဒ္ဓါ</b>ဆိုတာက ရတနာသုံးတန် ကံ-ကံ၏အကျိုးတရားအပေါ်၌ သက်ဝင်ယုံကြည်နေတဲ့ သဘောတရားလေးတစ်ခု ဖြစ်ပါတယ်။ ဘုရားစစ် ဘုရားမှန် ဧကန်မှန်၏၊ တရားစစ် တရားမှန် ဧကန်မှန်၏၊ သံဃာစစ် သံဃာမှန် ဧကန်မှန်၏၊ ကံ-ကံ၏အကျိုးတရားသည် တကယ်ထင်ရှားရှိ၏ စသည်ဖြင့် သူတစ်ပါးတို့ လှုပ်ခြောက်ခြားလို့ မရအောင် တကယ်တမ်း သက်ဝင်ယုံကြည်နေတဲ့ သဘောတရားကို သဒ္ဓါလို့ ခေါ်ပါတယ်။ သို့သော် ဒီယုံကြည်ချက် သဒ္ဓါတရားကို ရရှိအောင် ဒီအမျိုးကောင်းသားသည် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဆည်းပူးရှာဖွေခဲ့သလဲ?</p>
<p>ဘုရားရှင်ရဲ့ သာသနာတော်မှာ ယခုကဲ့သို့ ဧတဒဂ်ဘွဲ့ထူး တစ်ခုခု ရအောင် ဆုထူးပန်ထွာနေတဲ့ ပုဂ္ဂိုလ်တို့ ပြုလုပ်ရမယ့် လုပ်ငန်းရပ်တွေ များစွာ ရှိပါတယ်။ အဲဒီ လုပ်ငန်းရပ်တွေထဲမှာ အရေးအကြီးဆုံး လုပ်ငန်းရပ်ကတော့ <b>ပုဗ္ဗယောဂ</b>လို့ ခေါ်ဆိုအပ်တဲ့ ကျင့်ဝတ်ပဋိပတ် ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ တရားတော်တွေကို သင်ယူတယ်။ အနက်အဓိပ္ပာယ်ကို သိအောင် ကြိုးစားအားထုတ်တယ်။ သင်ယူခဲ့တဲ့ တရားတွေကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိအောင် ကြိုးစားတယ်။ အဲဒီလို ကြိုးစားတဲ့အပိုင်းမှာ ဝိပဿနာပိုင်းသို့ ရောက်ရှိလာပြီဆိုလို့ရှိရင် <b>သင်္ခါရုပေက္ခာဉာဏ်</b>ပိုင်းသို့ တိုင်အောင် ရရှိအောင် ကြိုးစားတယ်။</p>
<p>အဲဒီလို ကြိုးစားတဲ့ အပိုင်းလေးမှာ ဒီသူတော်ကောင်းက ရုပ်တွေ နာမ်တွေကို မသိမ်းဆည်းမီ ရှေးဦးစွာ ဘာလုပ်သလဲ? <b>မဂ္ဂင် (၈) ပါး</b> ကျင့်ဝတ်တရားတွေကို ပြည့်စုံလာအောင် သီလကို ဖြူစင်အောင် ဖြည့်ကျင့်တယ်။ သမာဓိကို စနစ်တကျ ရရှိအောင် ထူထောင်တယ်။ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဘယ်သမာဓိတွေ ထူထောင်တယ်ဆိုတာ အတိအကျ မရှိသော်လည်း မဂ္ဂင် (၈) ပါးမှာ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ <b>သမ္မာသမာဓိမဂ္ဂင်</b>နှင့် ပြည့်စုံအောင်တော့ ဒီသူတော်ကောင်း ကြိုးစားအားထုတ်ခဲ့တယ်ဆိုတာ သိရှိခဲ့ရတယ်။</p>
<p>အဲဒီလို သမ္မာသမာဓိမဂ္ဂင်လို့ခေါ်တဲ့ ကောင်းစွာ တည်ကြည်မှု သမာဓိတရား ကြိုးစားအားထုတ်ပြီးတဲ့အခါ ရုပ်တွေသိအောင် ကြိုးစားအားထုတ်တယ်၊ နာမ်တွေသိအောင် ကြိုးစားအားထုတ်တယ်။ ရုပ်နာမ်ပရမတ္ထ ဓာတ်သားတွေကို စနစ်တကျ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးတဲ့ အချိန်အခါမှာ ဒီရုပ်တရား နာမ်တရားတွေသည် ဘယ်ကဲ့သို့သော အကြောင်းတရားတွေကြောင့် ဖြစ်ပေါ်တည်နေရပါသလဲ ဆိုပြီးတော့ ဒီရုပ်တရား နာမ်တရားတို့ရဲ့ အကြောင်းတရားတွေကို တစ်ဆင့်တက်ပြီးတော့ ရှာဖွေတယ်။</p>
<p>အဲဒီလို ရှာဖွေလိုက်တဲ့ အချိန်အခါမှာ အတိတ်က အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တို့ ခြံရံထားတဲ့ သင်္ခါရ၊ ကံဆိုတဲ့ အကြောင်းတရားတွေကြောင့် ဒီဘဝမှာ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေကို ဖြစ်ပေါ်လာတယ်ဆိုတာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိတယ်။ အဲဒီ အသိဉာဏ်ကတော့ <b>ပစ္စယပရိဂ္ဂဟဉာဏ်</b> ဖြစ်ပါတယ်။ ရုပ်တွေ နာမ်တွေကို ပရမတ်သို့ ဆိုက်အောင် ထွင်းဖောက်သိနေတဲ့ ဉာဏ်ကတော့ <b>နာမရူပပရိစ္ဆေဒဉာဏ်</b> ဖြစ်တယ်။</p>
<p>ထိုနာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်တို့ကို ရရှိထားပြီးတဲ့ သူတော်ကောင်းက ထိုနာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်တို့ဖြင့် သိမ်းဆည်းထားအပ်တဲ့ ထိုရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတွေကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပြီးတဲ့အခါ ထိုရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတို့ရဲ့ ဖြစ်ပြီး ပျက်နေတဲ့ သဘောလေးကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပြီး အနိစ္စလို့ ရှုတယ်။ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် ညှဉ်းပန်းအနှိပ်စက် ခံနေရတဲ့သဘောကို မြင်အောင် ကြည့်ပြီး ဒုက္ခလို့ ရှုတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ သဘောတရားတွေကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပြီး အနတ္တလို့ ရှုတယ်။ ထိုကဲ့သို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုလိုက်တာ ဘယ်ထိ ရောက်သွားသလဲ? ဟို <b>သင်္ခါရုပေက္ခာဉာဏ်</b>သို့တိုင်အောင် အစဉ်အတိုင်း ရှုပွားသုံးသပ်ထားပါတယ်။ အဲဒီ ပုဗ္ဗယောဂ ကျင့်ဝတ်ပဋိပတ်တွေနဲ့ ပြည့်စုံအောင် ကြိုးစားအားထုတ်ထားတဲ့ ဒီသူတော်ကောင်းအဖို့ အတိတ်က အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တို့ ခြံရံထားတဲ့ သင်္ခါရ၊ ကံအကြောင်းတရားတွေကြောင့် ဒီဘဝမှာ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေ ထင်ရှားဖြစ်တယ်ဆိုတာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိတယ်။ အလားတူပဲ။</p>
<p>ထို့ထက် အတိတ် ပထမအတိတ်ထက် ရှေးကျတဲ့ ဒုတိယအတိတ် စတဲ့ ထိုထိုအတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တို့ ခြံရံထားအပ်တဲ့ သင်္ခါရ၊ ကံတွေကြောင့်လည်း ဆိုင်ရာဆိုင်ရာ အတိတ်တွေမှာ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေ ထင်ရှားဖြစ်နေတယ် ဆိုတာကို ကြိုးစားအားထုတ်ခဲ့တယ်၊ သိလည်း သိတယ်။ အလားတူပဲ။ ပစ္စုပ္ပန်မှာ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တို့ ခြံရံပြီး ပြုစုပျိုးထောင်လိုက်တဲ့ သင်္ခါရ၊ ကံဆိုတဲ့ အကြောင်းတရားတွေကြောင့် နောင် အနာဂတ်မှာ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေ ထင်ရှားဖြစ်လိမ့်မယ်ဆိုတာလည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိတယ်။</p>
<p>အဲဒီလို အသိထူး ဉာဏ်ထူး ရှိနေတဲ့ သူတော်ကောင်းတစ်ယောက် အနေအားဖြင့် ကံ-ကံ၏အကျိုးကို ယုံကြည်နေတဲ့ သဒ္ဓါတရားသည် ခိုင်သွားပြီ။ ဘုရားရှင်ရဲ့ သာသနာတော်မှာ အမြစ်တွယ်သွားပြီ။ ဘုရားရှင်ရဲ့ သာသနာတော်နှင့် ဘယ်တော့မှ မခွဲနိုင်တဲ့အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်တယ်။ ဒီအဆင့်လောက်တွင် မရပ်နေဘဲ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်၊ ဒုက္ခအချက်၊ အနတ္တအချက်တွေကိုပါ ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း ထိုးထွင်းသိမြင်အောင် တစ်ဆင့်တက်ပြီးတော့ ကြိုးစားအားထုတ်တယ်။ ဘာဖြစ်လို့ ကြိုးစားနေသလဲ? ခုနက ပြောခဲ့တဲ့အတိုင်းပဲ အလွန် ကြီးကျယ်မြင့်မြတ်နေတဲ့ နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကြီးကို ဧကန် ရရှိလိမ့်မယ်လို့ ဒီလို မျှော်လင့်ချက် ယုံကြည်ချက် ရှိသွားပြီး။ ဘယ်ခါမှာ ရှိသလဲ? အထူးသဖြင့် <b>ဥဒယဗ္ဗယဉာဏ်</b>ပိုင်းသို့ ရောက်ရှိသွားတဲ့ အချိန်အခါ ဆိုကြစို့။ ဥဒယဗ္ဗယ အကျယ်ရှုပွားနည်းမှာ ဒီဌာနမှာ ဝိပဿနာ ရှုဖူးတဲ့ ပုဂ္ဂိုလ်များလည်း လက်တွေ့ ရှုထားပြီး ဖြစ်ကြပါတယ်။</p>
<p>အဝိဇ္ဇာ သမုဒယာ ရူပသမုဒယော<br>
အဝိဇ္ဇာ နိရောဓာ ရူပနိရောဓော</p>
<p>စသည်ဖြင့် ဥဒယဗ္ဗယ အကျယ်ရှုပွားနည်းများ လာရှိပါတယ်။ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံဆိုတဲ့ အကြောင်းတရားတွေ ထင်ရှားဖြစ်နေခြင်းကြောင့် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ခေါ်တဲ့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေ ထင်ရှားဖြစ်ပုံ၊ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံဆိုတဲ့ အကြောင်းတရားတွေ ချုပ်ငြိမ်းသွားခြင်းကြောင့် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ခေါ်တဲ့ အကျိုးခန္ဓာငါးပါး ချုပ်ငြိမ်းပုံတွေကို ဒီဥဒယဗ္ဗယဉာဏ်ပိုင်းမှာထဲက ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး ဖြစ်တယ်။ ဘာကြောင့်လဲ? ဤသူတော်ကောင်းက သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းထားပြီးတဲ့ သူတော်ကောင်း ဖြစ်နေပါတယ်။ ဥဒယဗ္ဗယဉာဏ်ကို ကျော်လွှားပြီးတဲ့ သူတော်ကောင်း ဖြစ်နေတယ်။</p>
<p>ဒီတော့ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံဆိုတဲ့ အကြောင်းတရားတွေ ထင်ရှားဖြစ်နေခြင်းကြောင့် အကျိုးခန္ဓာငါးပါး ထင်ရှားဖြစ်ပုံ၊ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံဆိုတဲ့ အကြောင်းတရားတွေ ချုပ်ခြင်းကြောင့် အကျိုးခန္ဓာငါးပါး ချုပ်ငြိမ်းပုံကို သိနေတဲ့ ဒီသူတော်ကောင်းက နိဗ္ဗာန်ချမ်းသာကြီးကို ဧကန်စင်စစ် ငါရတော့မယ်ဆိုတာ မြင်နေပြီ။ ဘာကြောင့်လဲ?</p>
<p>အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံဆိုတဲ့ အကြောင်းတရားတွေက ဘယ်ခါမှာ ချုပ်ငြိမ်းသလဲလို့မေးရင် <b>အရဟတ္တမဂ်</b> ဆိုက်တဲ့ အချိန်အခါကျမှသာ ချုပ်ငြိမ်းပါတယ်။ အရဟတ္တမဂ် ဆိုက်တဲ့အချိန်အခါမှာ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်လို့ ခေါ်ဆိုအပ်တဲ့ ကိလေသာ အစိုဓာတ်တို့ကို အရဟတ္တမဂ် ဦးဆောင်နေတဲ့ အရိယမဂ်တရားတွေက အကြွင်းမဲ့ ပယ်ရှားလိုက်တယ်။ ပယ်ရှားလိုက်တဲ့ အချိန်အခါမှာ ကိလေသာ အစိုဓာတ် အစေးဓာတ်ရှိမှ အကျိုးပေးနိုင်တဲ့ စွမ်းအားရှိတဲ့ ကံတွေလည်း အကျိုးပေးနိုင်ခွင့် မရှိဘဲ အားလုံး ပယ်သတ်ပြီး ဖြစ်ပါတယ်။ အကြောင်းတရားတွေက ချုပ်ငြိမ်းသွားပြီ ဖြစ်တဲ့အတွက် ပရိနိဗ္ဗာနစုတိရဲ့ နောက်ဆွယ်မှာ အကျိုး ရုပ်နာမ် ခန္ဓာငါးပါးတို့ ထင်ရှားဖြစ်တာ လုံးဝ မရှိတော့ဘူး။ အကျိုးခန္ဓာငါးပါးတို့ လုံးဝ အနုပ္ပါဒနိရောဓသဘောအားဖြင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားတာကို ထိုသူတော်ကောင်းက သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိနေပါတယ်။</p>
<p>အဲဒီလို အသိထူးဉာဏ်ထူး ရှိနေတဲ့ သူတော်ကောင်းတစ်ဦးက ငါသည် ဧကန်စင်စစ် နိဗ္ဗာန်ကို ရလိမ့်မယ်ဆိုတာ သူမျှော်လင့်နေတယ်။ <b>သမ္မာဒိဋ္ဌိဉာဏ်ပညာ</b>ဖြင့် မြင်နေပြီ။ အဲဒီလို မြင်နေတဲ့အတွက် ဘာဖြစ်လဲ? အနည်းငယ်မျှ ခံစံရမယ့် ကာမသုခ ချမ်းသာကို သူ ရက်ရက်ကြည်ဖြူ စွန့်လွှတ်နိုင်တဲ့ စွမ်းအားတွေ ပေါ်လာတယ်။ ပေါ်လာတဲ့အတွက်ကြောင့် ပဒုမုတ္တရမြတ်စွာဘုရားရှင်နှင့်တကွသော တစ်သိန်းသော သံဃာတွေကို (၇)ရက်တိုင်တိုင် အကြီးအကျယ် အလှူဒါနပွဲကြီးတွေ ကျင်းပတယ်။ သူ စွန့်လွှတ် လှူဒါန်းလိုက်တာက ကာမသုခလို့ ခေါ်ဆိုအပ်တဲ့ ကာမဂုဏ်ချမ်းသာတွေ ဖြစ်ပါတယ်။ ဒီကာမဂုဏ်ချမ်းသာသည် နိဗ္ဗာန်ချမ်းသာနှင့် လှမ်းပြီး တိုင်းတာ နှိုင်းစာကြည့်လိုက်တဲ့ အချိန်အခါမှာ นိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကြီးက အလွန် ကြီးကျယ်မြင့်မြတ်နေတယ်။ ဘာကြောင့်လဲ?</p>
<p>နိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကြီး၌ ပဋိသန္ဓေ နေရတဲ့ဒုက္ခ မရှိဘူး, အိုရတဲ့ဒုက္ခ မရှိဘူး, နာရတဲ့ဒုက္ခ မရှိဘူး, သေရတဲ့ဒုက္ခ မရှိဘူး, စိုးရိမ်ရတဲ့ဒုက္ခ မရှိဘူး, Ngိုကြွေးရတဲ့ဒုက္ခ, ကိုယ်ဆင်းရဲရတဲ့ဒုက္ခ, စိတ်ဆင်းရဲရတဲ့ဒုက္ခ, ပြင်းစွာ ပူပန်ရတဲ့ဒုက္ခ မရှိဘူး။ ထိုဒုက္ခတို့ရဲ့ အခြေခံ အကြောင်းရင်းဖြစ်နေတဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေ လုံးဝ ချုပ်ငြိမ်းနေတယ်။ ထိုသင်္ခါရတရားတို့ရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကြီးကို ဧကန်စင်စစ် ငါ ရလိမ့်မယ်လို့ <b>ဝိပဿနာဉာဏ်ပညာ</b>ဖြင့် ထိုသူတော်ကောင်းက လှမ်းမြော် ကြည့်လိုက်တော့ မြင်ပြီ။ မြင်နေလိုက်တော့ ဘာမျှ တန်ဖိုးမရှိတဲ့ အနည်းငယ်မျှ ခံစံရမယ့် ကာမသုခ ချမ်းသာလို့ ခေါ်ဆိုအပ်တဲ့ ကာမဝတ္ထု အစုစုတွေကို စွန့်လွှတ်နိုင်တဲ့ ရက်ရက်ကြည်ဖြူ လှူဒါန်းနိုင်တဲ့ စွမ်းအားတွေ ပေါ်လာတယ်။ ဒီနေ့ အလှူရှင်တွေ ပုံစံမျိုးလိုပေါ့နော်။</p>
<p>အဲဒီ စွမ်းအားတွေ ပေါ်လာတဲ့အတွက်ကြောင့် ပဒုမုတ္တရမြတ်စွာဘုရား အမှူးရှိတဲ့ သံဃာတော်တွေကို ရက်ရက်ကြည်ဖြူ လှူဒါန်းတယ်။ ဒီလို လှူဒါန်းနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ကိုယ်ကျင့်သီလ ဖြူစင်နေပြီ။ ဘာကြောင့်လဲ? ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို ယုံကြည်စွာ ကိုးကွယ်ဆည်းကပ်နေတဲ့ သူတော်ကောင်းလည်း ဖြစ်တယ်၊ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတွေကို စနစ်တကျ သိနေတဲ့ သူတော်ကောင်းလည်း ဖြစ်တယ်။ အကြောင်းတရားတွေ ထင်ရှားဖြစ်ရင် အကျိုးတရားတွေ ထင်ရှားဖြစ်တယ်, အကြောင်းတရားတွေ ချုပ်ငြိမ်းရင် အကျိုးတရားတွေ ချုပ်ငြိမ်းတယ်။ အတိတ်, ပစ္စုပ္ပန်, အနာဂတ် ကာလသုံးပါးမှာ <b>သမ္မာဒိဋ္ဌိဉာဏ်ပညာ</b>ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိတယ်။</p>
<p>ဒီလို ထွင်းဖောက်သိနေတဲ့ အဆင့်ကို ရောက်နေတဲ့ သူတော်ကောင်းတစ်ဦးက သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ပြီး သမာဓိတည်းဟူသော မြတ်သော ကျောက်ဖြာထက်၌ မြမြထက်အောင် သွေးထားတဲ့ <b>ဝိပဿနာဉာဏ်</b>တည်းဟူသော သံလျက်ဖြင့်သာ ဖောက်ထွင်းပြီး သိနိုင်တဲ့သဘော ရှိပါတယ်။ ဒါကြောင့် ဒီသူတော်ကောင်းသည် ဘုရားရှင်ကို ကိုးကွယ် ဆည်းကပ်နေတဲ့အပိုင်းမှာ သီလတည်းဟူသော စင်ကြယ်တဲ့ မြေပေါ်မှာ ရပ်တည်ပြီး ဖြစ်နေတယ်။ သဒ္ဓါတရားနှင့်လည်း ပြည့်စုံပြီ, သီလနှင့်လည်း ပြည့်စုံပြီ။</p>
<p>သုတ = ရုပ်တရား နာမ်တရားတွေကို သင်သိ, ကျင့်သိ အနေနှင့် သိအောင် ကြိုးစားတယ်။ အကြောင်းတရား အကျိုးတရားတွေကို သင်သိ, ကျင့်သိအနေနဲ့ သိအောင် ကြိုးစားတယ်။ အဲဒီလို ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတွေကို သင်သိ, ကျင့်သိ ဒီအသိ နှစ်မျိုးဖြင့် သိအောင် ကြိုးစားအားထုတ်တာကိုတော့ သုတတရားနှင့် သုတဆိုတဲ့ <b>သူတော်ကောင်းဥစ္စာ</b>နှင့် ပြည့်စုံတယ် ပြောရတယ်။</p>
<p>သဒ္ဓါ, သီလ, သုတ ဘုရားအမှူးရှိနေတဲ့ သံဃာတွေကို စွန့်လွှတ် လှူဒါန်းခြင်းဆိုတဲ့ စာဂတရားနှင့်လည်း ပြည့်စုံတယ်။ ပညာ = ရုပ်နာမ် ကြောင်းကျိုး သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်းကြီး ထိုးထွင်းသိမြင်နေတဲ့ <b>ဥဒယဗ္ဗယဉာဏ်</b> အစရှိတဲ့ ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ပညာနှင့်လည်း ပြည့်စုံနေပြီ။</p>
<p>ဟိရီ = မကောင်းမှု အကုသိုလ်တရားတွေကို လွန်ကျူးရမှာ ရှက်ခြင်းသဘော, ဩတ္တပ္ပ = မကောင်းမှု အကုသိုလ်တရားတွေကို လွန်ကျူးရမှာ ကြောက်လန့်ခြင်းသဘော။ ဒီဟိရီ, ဩတ္တပ္ပဆိုတဲ့ သူတော်ကောင်း တရားတွေနဲ့လည်း ပြည့်စုံပြီ။ ပေါင်းလိုက်တော့ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပ။ ပေါင်းလိုက်တော့ ဘယ်နှစ်ပါးလဲ? ခုနစ်ပါး။</p>
<p><b>သူတော်ကောင်းဥစ္စာ ခုနစ်ဖြာ</b>နှင့် ပြည့်စုံအောင် ထိုပဒုမုတ္တရဘုရားရှင်ရဲ့ သာသနာတော်မှာ ဒီသူတော်ကောင်းက ဆည်းပူး ရှာဖွေခဲ့တယ်။ ဒီနေ့ တရားနာနေတဲ့ ပရိသတ်, အလှူရှင်တွေရော အားလုံးပဲ အကယ်၍များ အခုလို ဘုရားရှင်ရဲ့ သာသနာတော်နှင့် ကြုံခိုက်လေးမှာ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပလို့ ခေါ်ဆိုအပ်တဲ့ <b>သူတော်ကောင်းဥစ္စာ ခုနစ်ဖြာ</b>နှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်ကြမယ်ဆိုရင် မိမိတို့ရဲ့ ဘဝတွေဟာလည်း ဒီဟတ္ထကအာဠဝက သီတင်းသည်ကဲ့သို့ အဆင့်အတန်း မြင့်မားနေတဲ့ ဘဝတွေ ဖြစ်သွားနိုင်တယ်။</p>
<p>ဟတ္ထကအာဠဝက သီတင်းသည်ကဲ့သို့ အဆင့်အတန်း မြင့်မားနေတဲ့ နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကြီးကို ထွင်းဖောက်သိမြင်တဲ့ <b>အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်</b>တိုင်အောင်သော မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေနဲ့ ပြည့်စုံတဲ့ သူတော်ကောင်းတွေလည်း တစ်နေ့ ဖြစ်နိုင်ပါတယ်။ ဘဝတစ်ခုမှာ သာသနာတော်နဲ့ တွေ့ခိုက်သာ ဒီအသိထူး, ဉာဏ်ထူးကို ရရှိအောင် ဆည်းပူးနိုင်ခြင်း ဖြစ်တယ်။ သာသနာတော်နဲ့ မတွေ့တဲ့အခါ ဒီအသိထူး, ဉာဏ်ထူးတွေ ဆည်းပူး ရှာဖွေလို့ ရနိုင်ပါ့မလား? မရနိုင်ဘူး။</p>
<p>ဒါကြောင့် မိမိတို့ ရရှိထားတဲ့ ဘဝလေးကို တန်ဖိုးရှိရှိနဲ့ သာသနာတော်နှင့် တွေ့ခိုက်မှာ အသုံးချတတ်ဖို့တော့ မလိုဘူးလား? လိုအပ်တယ်။ သူများ သားသမီးကို ကျွန်ခံတယ် ပြုစုလုပ်ကျွေးတယ် ဆိုတာကတော့ ဘဝတိုင်းမှာ မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပ ခေါ်ဆိုအပ်တဲ့ <b>သူတော်ကောင်းဥစ္စာ ခုနစ်ဖြာ</b>နှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်ဖို့ ဆိုတာကတော့ သာသနာတော်နှင့် တွေ့ခိုက် ကြုံခိုက်မှာသာ ရရှိနိုင်တဲ့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ ထိုအခွင့်အရေးကြီးတွေကို ကောင်းစွာလှမ်းပြီး ဉာဏ်မျက်စိဖြင့် မြင်နေတဲ့ သူတော်ကောင်းသည် အနည်းငယ်သာ ခံစံရမယ့် ဒီကာမသုခ ချမ်းသာလေးကို မစွန့်လွှတ်သင့်ဘူးလား? စွန့်လွှတ်သင့်တယ်။ စွန့်လွှတ်သင့်တယ်ဆိုရင် ဒကာကြီးတွေ, ဒကာမကြီးတွေ အိမ်ပြန်ဖို့ ကောင်းသေးလား? အဲဒါကျတော့ ကတ်သီးကတ်သတ်လေး ဖြစ်နေတယ်။ အနည်းငယ်သာ ခံစံရမယ့် ဒီကာမသုခ ချမ်းသာလေးကို ရက်ရက်ကြည်ဖြူ စွန့်လွှတ်ဖို့ သိပ်ကောင်းတယ်။</p>
<p>ဟတ္ထကအာဠဝက သီတင်းသည်က ပဒုမုတ္တရဘုရားရှင်ရဲ့ သာသနာထဲက စွန့်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို စွန့်လွှတ်ထားတဲ့အတွက် ဒီသူတော်ကောင်းသည် ဘာဖြစ်လာသလဲ? ပဒုမုတ္တရဘုရားရှင်ရဲ့ သာသနာမှသည် ဂေါတမဘုရားရှင်ရဲ့ သာသနာတော်သို့ တိုင်အောင် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး <b>အပါယ်လေးဘုံ</b>သို့ တစ်ကြိမ်တစ်ခါမျှ မလားမရောက်ရဘဲ လူ့ပြည်, နတ်ပြည်မှာပဲ အထက်တန်းကျနေတဲ့ ဘဝတွေမှာ စုန်ဆန်ကျင်လည်ပြီး နေခဲ့ရတယ်။</p>
<p>ကမ္ဘာတစ်သိန်းလောက် အပါယ်သံသရာကြီးမှ ရပ်နားခွင့် ရတယ်ဆိုရင်ပဲ ဒီအကျိုးထူးတရားသည် အလွန် ကြီးကျယ်ဖွံ့ဖြိုးတဲ့ အကျိုးတရားလို့ မပြောနိုင်ဘူးလား? ပြောနိုင်ပါတယ်။ အပါယ်သံသရာကြီးဆိုတာက လွတ်မြောက်ဖို့ရန် အလွန် ခက်ခဲတဲ့သဘော ရှိပါတယ်နော်။ အခုလို လွတ်မြောက်ဖို့ အလွန် ခက်ခဲနေတဲ့ အပါယ်သံသရာဘေးကြီးမှ ထုတ်ဆောင် ကယ်တင်ပေးနိုင်တဲ့ စွမ်းအင် အပြည့်အဝရှိနေတဲ့ တရားတွေက ဘယ်တရားတွေလဲ? သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပ ခေါ်တဲ့ <b>သူတော်ကောင်းဥစ္စာ ခုနစ်ဖြာ</b>ပဲ ဖြစ်ပါတယ်နော်။ ဒီသူတော်ကောင်းဥစ္စာ ခုနစ်ဖြာနှင့် ပြည့်စုံနေတဲ့ သူတော်ကောင်းတစ်ဦးကို ဘုရားအစရှိသော အရိယာသူတော်ကောင်းတွေကလည်း ချီးမြှောက်ဖို့ရန် အခန့်သင့် စောင့်ဆိုင်းနေပါတယ်။ ဘယ်အခါမှာလဲ?</p>
<p>တစ်ချိန် ဟတ္ထကအာဠဝက ဘုရားရှင် ပွင့်ထွန်းတော်မူတဲ့အချိန် ပတ်ဝန်းကျင်လောက်မှာ အာဠဝလီပြည်မှာ အာဠဝကဘုရင်ကြီးရဲ့ သားရတနာတစ်ဦး လာဖြစ်ပါတယ်။ ဘုရင်ကြီးကလည်း တောကစားရင်းပေါ့လေ။ တစ်နေ့ အာဠဝကဘီလူးအုပ်စိုးနေတဲ့ သစ်ပင်အောက်ကို သမင်တစ်ကောင် သတ်ပြီးတော့ ထမ်းအပြန် ဝင်နားမိလျက်သား ဖြစ်နေတယ်။ အာဠဝကဘီလူးကြီးကလည်း ကုဝေရနတ်မင်းကြီးထံမှ ဝေဿဝဏ်နတ်မင်းကြီးထံမှ ဝေဿဝဏ်နတ်မင်းကြီး သောတာပန် မတည်ခင် အချိန်ကပေါ့ -</p>
<p>နေမွန်းတည့်အချိန်ဒေသအတွင်း ကျရောက်လာတဲ့ပုဂ္ဂိုလ် မှန်ခဲ့ရင် စားဖို့ရန်အတွက် အခွင့်အာဏာ ရရှိထားတဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်နေတယ်။ ထိုပုဂ္ဂိုလ်ရဲ့ အရိပ်ကို ခိုဝင်မိရက်သား ဖြစ်နေတယ်။ အာဠဝကဘီလူးကလည်း ဖမ်းစားဖို့ရန်အတွက် ကျုံးဝါးပြန်တယ်။ ထိုအချိန်အခါမှာ အာဠဝကဘီလူးရဲ့ လက်ကနေ လွတ်ဖို့ရန်အတွက် တစ်နေ့လျှင် လူတစ်ယောက်နှင့် ထမင်းတစ်အိုး ပို့ဆောင်ပါ့မယ့်အကြောင်း ပြောခဲ့တယ်။ အာဠဝလီပြည်မှာ ထောင်သားတွေကို ရှေးဦးစွာ ထမင်း အပို့ခိုင်းတယ်။ ထောင်သားတွေကုန်တော့ နောက်ဆုံး ကလေးတွေအလှည့် ရောက်လာတယ်။ ဒီမှာ နောက်ဆုံး မိခင်တွေရော, ကလေးတွေရော ထွက်ပြေးကြတဲ့အတွက် အာဠဝကမင်းသားကို ထိုနေ့ ပို့ရမယ့်အလှည့် ရောက်လာတယ်။</p>
<p>သွားပို့လိုက်တဲ့ အချိန်အခါမှာ ဘုရားရှင်က ထိုနေ့ လောကကို လှမ်းကြည့်လိုက်တဲ့အခါကျတော့ အာဠဝကမင်းသားလေး ဉာဏ်ကွန်ယက်ထဲမှာ ပေါ်လာပြီ။ အာဠဝကမင်းသားရဲ့ <b>အနာဂါမိမဂ်ဖိုလ်</b>ရမယ့် အကြောင်းအထောက်အပံ့ကိုလည်း မြင်နေပြီ။ အာဠဝကဘီလူးကြီးလည်း <b>သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်</b>ဆိုက်လိမ့်မယ်။ သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်တို့ မဂ်ဉာဏ်ဖိုလ်ဉာဏ် ရရှိလိမ့်မယ်ဆိုတာ မြတ်စွာဘုရားက မြင်တော်မူတဲ့အတွက် ထိုညမှာ အာဠဝကဘီလူးရဲ့ ဗိမာန်ကို ကြွပြီး အာဠဝကဘီလူးအမှူးရှိနေတဲ့ မောင်းမမိဿံတွေကို တရားရေအေး တိုက်ကျွေးတော်မူလိုက်တဲ့ အချိန်အခါမှာ အာဠဝကဘီလူးကြီးလည်း သောတာပန် တည်သွားတယ်။</p>
<p>နံနက် မိုးသောက်တဲ့အချိန်အခါကျတော့ မင်းသားလေးကို လာပြီး အာဠဝကဘီလူးထံ ဆက်သကြတယ်။ ထိုအချိန်အခါ ထိုမင်းသားလေးကို အာဠဝကဘီလူးကြီးကလည်း ဘုရားရှင်ကို လှူတယ်။ ဘုရားရှင်က အာဠဝကဘီလူးထံ ပြန်ပေးတယ်။ အာဠဝကဘီလူးကလည်း မင်းချင်းယောက်ျားတွေထံ ဒီမင်းသားလေးကို ပြန်ပေးလိုက်ပါတယ်။ အဲဒါကို ပေးတာကို အကြောင်းပြုပြီးတော့ လက်တစ်ခုမှ လက်တစ်ခု လွှဲပြောင်းပြီး အဆင့်ဆင့် ပေးနေတဲ့အတွက်ကြောင့် ဒီမင်းသားလေးကို ဟတ္ထကအာဠဝကလို့ ဒီလို ခေါ်ပါတယ်။</p>
<p>ဒီနေရာမှာ ဘုန်းကြီး ပြောချင်နေတဲ့အချက်က ဒီအာဠဝကမင်းသားလေးကို ဘုရားရှင်က ဘာကြောင့် ဒီလို ကယ်တင်နေရသလဲ? ပဒုမုတ္တရဘုရားရှင်ရဲ့ သာသနာတော်အတွင်းထဲက ကြဲချစိုက်ပျိုးခဲ့တဲ့ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပလို့ ခေါ်ဆိုအပ်တဲ့ <b>သူတော်ကောင်းဥစ္စာ ခုနစ်ဖြာ</b>နှင့် ပြည့်စုံနေတဲ့ သူတော်ကောင်း ဖြစ်နေခြင်းကြောင့် ဘုရားရှင်တို့က သွားရောက်ပြီး ကယ်တင်တော်မူခြင်း ဖြစ်တယ်။ သူ့ရဲ့ ပြည့်စုံပုံတွေက ဒီဂေါတမမြတ်စွာဘုရားရှင်ရဲ့ သာသနာတော်တွင်း၌ <b>အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်</b>ကို ကျိန်းသေဧကန်ရမယ်။ အနာဂါမိ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ကျိန်းသေဧကန် ရရှိပြီးတဲ့ အချိန်အခါမှာ မိမိရဲ့ ပရိသတ်လေးပါးကို သင်္ဂဟဝတ္ထု လေးပါးဖြင့် ချီးမြှောက်တဲ့ နေရာမှာ <b>ဧတဒဂ်ဘွဲ့ထူး</b>ကို ရရှိလိမ့်မယ်ဆိုတာ ဘုရားရှင်က မြင်တော်မူတယ်။ ဒီလို ကျွတ်သင့် ကျွတ်ထိုက်တဲ့ သတ္တဝါသာ မှန်ပါစေ၊ ဘုရားရှင်တို့ဘက်က စောင့်ရှောက်ပေးဖို့ရန်အတွက် မကြည့်ဘူးလား၊ မကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကျတော့ ဘုရားရှင်က ဒီလို လိုက်ပြီး ချီးမြှောက်ပါ့မလား? မချီးမြှောက်ဘူး။</p>
<p>ဒါကြောင့် ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ရဲ့ ချီးမြှောက်မှုကို ခံယူချင်တယ်ဆိုရင် မိမိတို့ဘက်မှာ ဘာတွေ ပြည့်စုံနေရမလဲ? သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပ ခေါ်ဆိုအပ်တဲ့ <b>သူတော်ကောင်းဥစ္စာ ခုနစ်ဖြာ</b>တို့ဖြင့် ပြည့်စုံ ညီညွတ်နေဖို့ မလိုဘူးလား? လိုအပ်တယ်။ ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတို့ ချီးမြှောက်တဲ့အတွက် ဘာထူးသလဲလို့ မေးတော့ -</p>
<p>ဒီဟတ္ထကသီတင်းသည်က <b>အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်</b> ဆိုက်သွားတယ်။ နောင်တစ်ချိန်ပေါ့။ ပစ္ဆိမဘဝိကလို့ ခေါ်ဆိုအပ်တဲ့ ကျိန်းသေ ပါရမီပြုခဲ့တဲ့အတွက် ထိုပါရမီတွေက ကျိန်းသေ ထိုသူတော်ကောင်းအတွက် အနာဂါမိ မဂ်ဉာဏ်ဖိုလ်ဉာဏ် ဆိုက်မယ်။ အနာဂါမိ မဂ်ဉာဏ်ဖိုလ်ဉာဏ် ဆိုက်တဲ့အတွက် ဘာထူးသလဲ? ဒီပုဂ္ဂိုလ်အတွက် ကာမ တဆယ့်တစ်ဘုံမှ ကွင်းလုံးကျွတ် လွတ်သွားပြီ။ သူ့ရဲ့ လားရာဂတိသည် ဗြဟ္မာပြည်သာလျှင် လားရာဂတိရှိတယ်။ ထိုဗြဟ္မာပြည်မှ ကာမ တဆယ့်တစ်ဘုံသို့ ဘယ်တော့မှ မလာတော့ဘူး။ ဗြဟ္မာပြည်မှာပဲ <b>အရဟတ္တမဂ် အရဟတ္တဖိုလ်</b> တည်ပြီးတော့ ဘဝကို အဆုံးသတ်နိုင်လိမ့်မယ်။</p>
<p>ဒီလိုဆိုရင် ဒီလို အခွင့်အရေးမျိုးကြီးတွေဟာ ဒီနေ့ တရားနာနေတဲ့ ပရိသတ်တွေ, အလှူရှင်တွေ ခုလို အသိထူး, ဉာဏ်ထူးတွေနဲ့ ပြည့်စုံနေတဲ့ သို့မဟုတ် အသိထူး, ဉာဏ်ထူးတွေကို ဖြည့်ဆည်းပူးနေတဲ့ ဘုရားရှင်ရဲ့ သာသာနာတော်နဲ့ တွေ့ကြုံခိုက် ဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ ရအောင် ကြိုးစားထားဖို့ မလိုဘူးလား? လိုအပ်တယ်။ ဘဝဆိုတာက ကျိန်းမသေတဲ့ ကံတွေ ထူထောင်ထားခဲ့ရင် သေသည်၏ အခြားမဲ့၌ ဘယ်ရောက်မယ်ဆိုတာ ကျိန်းသေ သိနိုင်ပါ့မလား? မသိနိုင်ဘူး။ ကျိန်းသေတဲ့ ကံတွေကို ထူထောင်ထားမှ ငါဘယ်သွားရမယ်ဆိုတာ အတ္ထိအကျ သိခဲ့ရင် မိမိအတွက်လည်း ဝမ်းမြောက်ဖွယ် ဖြစ်ပါတယ်။ စဉ်းစားကြည့်ပေါ့။</p>
<p>ကျိန်းသေဧကန် ဒီနေ့ တရားဟောတဲ့ပုဂ္ဂိုလ်, တရားနာတဲ့ပုဂ္ဂိုလ်တွေ တစ်နေ့ သေကြရမှာ ဖြစ်တယ်။ သေလိုက်တဲ့ အချိန်အခါမှာ ဘယ်သွားရမလဲ? မသိဘူး, ဘယ်ရောက်မလဲ? မသိဘူး။ မသိတာတွေ တစ်ပုံကြီး ထမ်းပြီးတော့ ဘဝတစ်ခုကို အဆုံးသတ်ရမယ်, လမ်းတစ်ခုကို သွားရမယ်ဆိုရင် အင်မတန် ကြောက်ဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဘယ်ရောက်မယ်ဆိုတာ ကျိန်းသေဧကန် သိပြီဆိုရင် သိနေတဲ့ သူတော်ကောင်းအဖို့ မြေအိုးကို ရိုက်ခွဲပြီးတော့ ရွှေအိုးကို ထုတ်ယူတာနဲ့ မတူဘူးလား? တူနေတယ်။ ဘယ်ရောက်မယ်ဆိုတာက ကောင်းတဲ့ဘက်ကို ပြောတာပါ။ မကောင်းတဲ့ ဘက်ကို ရောက်မယ့်သူအဖို့ မျက်ရည်စက်လက်နဲ့ ဘဝကို အဆုံး မသတ်ရဘူးလား? အဆုံးသတ်ရမယ်။</p>
<p>ဒါကြောင့် ဦးပဉ္ဇင်းတို့ သာသနာတော်နှင့် တွေ့ခိုက်လေးမှာ အင်မတန် အဆင့်အတန်း မြင့်မားနေတဲ့ ဘဝတွေ ရရှိဖို့ သို့မဟုတ် အလွန် အဆင့်အတန်း မြင့်မားနေတဲ့ ကြီးကျယ်မြင့်မြတ်တဲ့ ချမ်းသာထူးကြီးလို့ ခေါ်ဆိုအပ်တဲ့ <b>နိဗ္ဗာန်ချမ်းသာကြီး</b>ကို ရရှိဖို့ရန်အတွက် ခိုင်လုံတဲ့ ပါရမီမျိုးစေ့တွေ ထူထောင်ထားဖို့တော့ လိုအပ်ပါတယ်။</p>
<p>အဲဒီတော့ အာဠဝကမင်းသားလေး ကြီးပြင်းလာတဲ့ အချိန်အခါမှာ ဘုရားရှင်ကလည်း တရားရေအေး အမြိုက်ဆေး တိုက်ကျွေးတော်မူတဲ့အတွက် အာဠဝကမင်းသားသည် <b>အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်</b> တည်သွားတယ်။ အနာဂါမိ မဂ်ဉာဏ်ဖိုလ်ဉာဏ် တည်လိုက်တဲ့အချိန်အခါမှာ သူ့ရဲ့ နောက်လိုက်ပရိသတ်တွေ ရှိပါတယ်။ သူ့ရဲ့ နောက်လိုက်ပရိသတ် (၅၀၀)ဖြင့် အမြဲတမ်း လှည့်လည်နေတယ်။ ဒီပရိသတ် ကြည့်လိုက်လို့ရှိရင်လည်း သောတာပန်, သကဒါဂါမ် အစရှိတဲ့ သူတော်ကောင်းတွေသာ ဖြစ်တဲ့အတွက် အလွန်စင်ကြယ်နေတဲ့ ပရိသတ်ဖြစ်တယ်။ အဲဒီလို စင်ကြယ်နေတဲ့ ပရိသတ်တွေကို တစ်နေ့ ခေါ်ဆောင်ပြီးတော့ မြတ်စွာဘုရားထံ သူက ချဉ်းကပ်လာတယ်။ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးတဲ့အချိန်အခါမှာ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးတယ်။ ရှိခိုးပြီးတဲ့ အချိန်အခါမှာ မြတ်စွာဘုရားက ဘာအမိန့်ရှိသလဲ?</p>
<p>‘‘<b>မဟတီ ခေါ တျာယံ, ဟတ္ထက, ပရိသာ။ ကထံ ပန တွံ, ဟတ္ထက, ဣမံ မဟတိံ ပရိသံ သင်္ဂဏှာသိ</b>’’? (အံ၊၃၊၅၅။)</p>
<p><b>ဟတ္ထက</b>၊ ဒကာတော် ဟတ္ထက ...။ <b>တေ</b>၊ သင်၏၊ <b>အယံ</b>၊ ဤပရိသတ်သည်ကား။ <b>မဟတီ ခေါ</b>၊ များပြားလှသည်သာလျှင်တည်း။ <b>ဟတ္ထက</b>၊ ချစ်သားဟတ္ထက။ <b>တွံ</b>၊ သင်သည်။ <b>ကထံ</b>၊ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့်။ <b>ဣမံ မဟတိံ ပရိသံ</b>၊ ဤကြီးကျယ်မြင့်မြတ်နေတဲ့ ပရိသတ်ကို။ <b>သင်္ဂဏှာသိ</b>၊ ချီးမြှောက်ပါသနည်း။</p>
<p>ချစ်သားဟတ္ထက ... သင့်ရဲ့နောက်လိုက် ပရိသတ်တွေက သိပ်များတယ်။ သိပ်ပြီးတော့လည်း ကြီးကျယ်မြင့်မြတ်တယ်။ ဒီလို ကြီးကျယ်မြင့်မြတ်ပြီးတော့ များပြားနေတဲ့ ပရိသတ်တွေကို သင်ချစ်သားသည် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ချီးမြှောက်ထားသလဲ?</p>
<p>လောကမှာ အခြွေအရံ ဆိုတာက ခြွေမှ ရံတယ်ဆိုတဲ့ စကားလေးတစ်ခု မရှိဘူးလား? ရှိတယ်။ ဒီစကားက မှန်ပါတယ်။ ဒီအခါမှာ ဟတ္ထက ဘာလျှောက်ထားသလဲ?</p>
<p>‘‘<b>ယာနိမာနိ, ဘန္တေ, ဘဂဝတာ ဒေသိတာနိ စတ္တာရိ သင်္ဂဟဝတ္ထူနိ</b>၊ (အံ၊၃၊၅၅။)</p>
<p><b>ဘန္တေ</b>၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား။ <b>ဘဂဝတာ</b>၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ <b>ဒေသိတာနိ</b>၊ ဟောကြားပြသ ဆိုဆုံးမတော်မူအပ်ကုန်သော။ <b>ဣမာနိ စတ္တာရိ</b>၊ ဤသင်္ဂဟဝတ္ထုတရား လေးပါးတို့သည်။ <b>အတ္ထိ</b>၊ ရှိကြပါကုန်၏၊ <b>အဟံ</b>၊ ဘုရားတပည့်တော်သည်။</p>
<p>‘‘<b>တေဟာဟံ ဣမံ မဟတိံ ပရိသံ သင်္ဂဏှာမိ</b>’’။ (အံ၊၃၊၅၅။)</p>
<p><b>ဘန္တေ</b>၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား။ <b>အဟံ</b>၊ ဘုရားတပည့်တော်သည်။ <b>ဣမံ မဟတိံ ပရိသံ</b>၊ ဤကြီးကျယ် များပြားလှစွာသော ပရိသတ်ကို။ <b>တေဟိ</b>၊ ဤလေးမျိုးကုန်သော သင်္ဂဟဝတ္ထုတို့ဖြင့်။ <b>သင်္ဂဏှာမိ</b>၊ ချီးမြှောက်၍ နေပါသည် မြတ်စွာဘုရား။</p>
<p>တပည့်တော်မှာ ဒီများပြားတဲ့ ပရိသတ်တွေ ရှိတယ်။ မြတ်စွာဘုရား ဟောကြားပြသ ဆိုဆုံးမထားတဲ့ <b>သင်္ဂဟဝတ္ထု (၄)ပါး</b> ရှိပါတယ်။ ထိုသင်္ဂဟဝတ္ထု လေးပါးဖြင့် ဒီကြီးကျယ် များပြားနေတဲ့ ပရိသတ်တွေကို တပည့်တော် ချီးမြှောက်ထားပါတယ်။ ဘုရားရှင်တို့ရဲ့ အဆုံးအမပေါ့နော်။ နည်းသည်ဖြစ်စေ, များသည်ဖြစ်စေ တကယ်တန်း လိုက်နာပြုကျင့်မယ်ဆိုရင် လိုက်နာပြုကျင့်နေတဲ့ ပုဂ္ဂိုလ်တွေမှာ အကျိုး မရှိဘူးလား? ရှိတယ်။ အကျိုးရှိပုံလေးပဲ။ ဘယ်လိုလဲ?</p>
<p>‘‘<b>အဟံ, ဘန္တေ, ယံ ဇာနာမိ – ‘အယံ ဒါနေန သင်္ဂဟေတဗ္ဗော’တိ, တံ ဒါနေန သင်္ဂဏှာမိ</b>’’ (အံ၊၃၊၅၅။)</p>
<p><b>ဘန္တေ</b>၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား။ <b>အဟံ</b>၊ ဘုရားတပည့်တော်သည်။ <b>ယံ</b>၊ အကြင်ပုဂ္ဂိုလ်ကို။ <b>ဇာနာမိ</b>၊ သိရှိ၏၊ <b>အယံ</b>၊ ဤပုဂ္ဂိုလ်သည်ကား။ <b>ဒါနေန</b>၊ ပေးကမ်းလှူဒါန်းခြင်း ဒါနတရားဖြင့်။ <b>သင်္ဂဟေတဗ္ဗော</b>၊ ချီးမြှောက်သင့် ချီးမြှောက်ထိုက်၏၊ <b>ဣတိ</b>၊ ဤသို့။ <b>တံ</b>၊ ထိုပုဂ္ဂိုလ်ကို။ <b>ဒါနေန</b>၊ ပေးကမ်းလှူဒါန်းခြင်း ဒါနတရားဖြင့်။ <b>သင်္ဂဏှာမိ</b>၊ ချီးမြှောက်ပါ၏ မြတ်စွာဘုရား။</p>
<p>ပုဂ္ဂိုလ်တစ်ယောက်ကို ကြည့်လိုက်တယ်။ ဒီပုဂ္ဂိုလ်ကို ငါက ပေးကမ်း လှူဒါန်းခြင်း ဒါနတရားဖြင့် ချီးမြှောက်သင့်တယ်လို့ တပည့်တော် သိခဲ့ရင် ထိုပုဂ္ဂိုလ်ကို တပည့်တော်က ပေးကမ်းလှူဒါန်းခြင်း ဒါနတရားဖြင့် ချီးမြှောက်ပါတယ်။ ခြွေပေးလိုက်တယ်။ ရံသွားအောင် ခြွေပေးလိုက်တော့ ရံမလားဘူးလား? အခြွေအရံ ပရိသတ်ဆိုတာက သူက ဒီဒါနနဲ့ ချီးမြှောက်ရသလဲ? ပရိသတ်တွေ ဘယ်လို သဘောပေါက်ကြလဲ?</p>
<p>ဘုန်းကြီးတို့ကတော့ အကြောင်းအရာတစ်ခုကို ဟောပြီဆိုရင် ရှေးအတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းပြီးတော့ ဆန်းစစ်ပါတယ်။ ပဒုမုတ္တရဘုရားရှင် လက်ထက်ထဲက သူက သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပ ခေါ်ဆိုအပ်တဲ့ <b>သူတော်ကောင်းဥစ္စာ (၇)ဖြာ</b>နှင့် ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒီလို သူတော်ကောင်းဥစ္စာ ခုနစ်ဖြာနှင့် ပြည့်စုံနေတဲ့ သူတော်ကောင်းတစ်ဦးမှာ ဒီသူတော်ကောင်းဥစ္စာထဲမှာ <b>စာဂ</b>ခေါ်တဲ့ ပေးကမ်း စွန့်ကြဲခြင်း ဒါနတရားလည်း မပါဘူးလား? ပါနေတယ်။</p>
<p>ပဒုမုတ္တရဘုရားရှင် လက်ထက်ကတည်းက ကိန်းဝပ်တည်နေတဲ့ စွန့်ကြဲ ပေးကမ်းလှူဒါန်းခြင်းဆိုတဲ့ စာဂတရားမျိုးစေ့ ကြဲချ စိုက်ပျိုးခဲ့တယ်။ ဒီလို စွန့်လွှတ်လှူဒါန်းခြင်း စာဂတရားကို ကြဲချစိုက်ပျိုးခဲ့တဲ့ သူတော်ကောင်းတစ်ဦးအဖို့ ဘယ်ဘဝမှာပဲမဆို ရောက်လေရာဘဝမှာ ပေးကမ်းလှူဒါန်းဖို့ရန်အတွက် လှူဖွယ်ဝတ္ထုပစ္စည်းစုတို့ အရံသင့် ဖြစ်နေတယ်။ ဒီလို အရံသင့် ဖြစ်တဲ့အချိန်အခါမှာ ဒီသူတော်ကောင်းအဖို့ ဘာဖြစ်လဲ? နောက်ထပ်တစ်ဖန် ပေးကမ်းစွန့်ကြဲလှူဒါန်းလိုတဲ့ စိတ်ထားတွေ အမြဲတမ်း ရှိနေတယ်။ ဘာဖြစ်လို့လဲ? စွန့်လွှတ်နိုင်တဲ့ စွမ်းအင်ကို မွေးမြူခဲ့တယ်။ စွန့်လွှတ်နိုင်တဲ့ စွမ်းအင်တွေ မွေးမြူခဲ့တဲ့အတွက် ဖြစ်လေရာ ဘဝတိုင်းမှာ စွန့်လွှတ်နိုင်တဲ့ စွမ်းအားတွေလည်း ပေါ်လာတယ်။ စွန့်လွှတ်ဖို့ရန် ပစ္စည်းဝတ္ထုတွေ လှူဖွယ်ဝတ္ထုတွေက အားလုံး အခန့်သင့် ဖြစ်နေတယ်။ မကောင်းဘူးလား? သိပ်ကောင်းတယ်။</p>
<p>ဘဝတစ်ခုမှာ အောင်အောင်မြင်မြင် ပြုစုပျိုးထောင်ခဲ့တဲ့ ကောင်းမှုကုသိုလ်ကံတွေက ဘဝတိုင်း ဆက်တိုက် လိုက်ပြီးတော့ အကျိုးပေးပုံပဲ။ အခုလို အာဠဝကမင်းသားဘဝ ရောက်လာပြီ။ ရောက်လာတဲ့ အချိန်အခါမှာလည်း ပဒုမုတ္တရဘုရားရှင်ရဲ့ သာသနာတော်တွင်းက မွေးမြူခဲ့တဲ့ ပေးကမ်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂဓာတ်ငွေ့က အလိုလို ပါနေတယ်။ ဒါကြောင့် ပုဂ္ဂိုလ်တစ်ယောက်ကို မြင်လိုက်တယ်။ ဒီပုဂ္ဂိုလ်တစ်ယောက်က ပေးကမ်းလှူဒါန်းခြင်း ဒါနတရားဖြင့် ငါချီးမြှောက်သင့်တယ်လို့ သိခဲ့ရင် ဒီပုဂ္ဂိုလ်ကို ပေးဖို့ ဝန်မလေးဘူး။</p>
<p>“ဒင်းတော့ ငါမပေးနိုင်ဘူး။ ဒင်းတို့ကို ငါ မကျွေးနိုင်ဘူး။ ဒီကောင်တွေ ငါ့အလှူမှာ တဝကြီး စားသောက်မယ့် အကောင်တွေ၊ ငါမကျွေးနိုင်ဘူး” ဒီစိတ်ထားမျိုး ရှိလား? မရှိဘူး။ စားမယ့်ပုဂ္ဂိုလ်ကို ဝဝကျွေးပေးတယ်။ မကောင်းဘူးလား? တကယ်ကောင်းတာလား? ကောင်းတယ်။ ဘုန်းကြီးကတော့ တကယ်ကောင်းစေချင်ပါတယ်။ ဘုန်းကြီးကတော့ စားမယ့်ပုဂ္ဂိုလ်ကို ဝဝကျွေးပေးတာက သင်္ဂဟတရားတစ်ခုပဲ။ ချီးမြှောက်တာပဲ။ မဝတဝလေး ကျွေးတယ်ဆိုရင် ဟန်ကျပါ့မလား? ဟိုပုဂ္ဂိုလ်ကလည်း သိပ်ကျေနပ်ပါ့မလား? မကျေနပ်ဘူး။ ဟုတ်တယ်မဟုတ်လား? ဒီတော့ မဝတဝလေး စားရတဲ့ ပုဂ္ဂိုလ်ကလည်း သူ့အလှူကလည်းကွာ ဝလည်း မဝပါဘူးကွာ။ မဝတဝလေး ကျွေးတာ မကောင်းတတ်လို့ နည်းနည်း ဟန်ဆောင်ပြီး စားခဲ့ရတယ်။ ဒီလို ပြန်ပြောဦးမှာ။ ဒါကြောင့် ပေးကမ်းလှူဒါန်းခြင်းဖြင့် ချီးမြှောက်သင့်တဲ့ပုဂ္ဂိုလ်ကို ဝအောင်ကို သူက ပေးကမ်း လှူဒါန်းပေးလိုက်တယ်။ ဘာဖြစ်လို့လဲ? ပေးကမ်းလှူဒါန်းပေးဖို့ရန်အတွက် ပစ္စည်းဥစ္စာတွေက သူ့မှာ ပြည့်စုံနေတယ်။ ပေးကမ်းလှူဒါန်းနိုင်တဲ့ စွမ်းအင်တွေနဲ့လည်း ပြည့်စုံနေတယ်။ စွမ်းအင်လေးတွေ ပြည့်စုံလာအောင် ကမ္ဘာတစ်သိန်းနဲ့ ချီပြီးတော့ ပါရမီ ဖြည့်ခဲ့တယ်။ မွေးမြူခဲ့တယ်။ အလွန်ကောင်းတဲ့ ဓာတ်ငွေ့တွေ ဖြစ်ပါတယ်။ နောက်တစ်ခု-</p>
<p>‘‘<b>‘အယံ ပေယျဝဇ္ဇေန သင်္ဂဟေတဗ္ဗော’တိ, တံ ပေယျဝဇ္ဇေန သင်္ဂဏှာမိ</b>’’ (အံ၊၃၊၅၅။)</p>
<p><b>ဘန္တေ</b>၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ <b>အယံ</b>၊ ဤပုဂ္ဂိုလ်သည်ကား။ <b>ပေယျဝဇ္ဇေန</b>၊ ချစ်ဖွယ်စကားကို ပြောကြားခြင်းဖြင့်။ <b>သင်္ဂဟေတဗ္ဗော</b>၊ ချီးမြှောက်သင့် ချီးမြှောက်ထိုက်၏၊ <b>ဣတိ</b>၊ ဤသို့။ <b>ယံ ဇာနာမိ</b>၊ အကြင် သိရှိခြင်းကြောင့်၊ <b>တံ</b>၊ ထိုပုဂ္ဂိုလ်ကို။ <b>ပေယျဝဇ္ဇေန</b>၊ ချစ်ဖွယ်စကား ပြောကြားခြင်းဖြင့်။ <b>သင်္ဂဏှာမိ</b>၊ ချီးမြှောက်ပါ၏ မြတ်စွာဘုရား ...။</p>
<p>ပိုက်ဆံကုန်သလား? မကုန်ပါဘူး။ ပုဂ္ဂိုလ်တစ်ယောက် သူ့ကို ဒါနပြုတာလည်း မလိုပါဘူး။ ဘာဖြစ်လို့လဲ? သူက ပြည့်စုံနေတယ်။ ဒီလို ပြည့်စုံနေတဲ့ပုဂ္ဂိုလ် သူ တောင့်တနေတာက ချစ်ခင်မြတ်နိုးဖွယ်ရာ စကားလေး ပြောကြားတာကို သူက တောင့်တတယ်။ သာယာဖွယ် နာဝင်ချိုတဲ့ စကားလေး ပြောကြားတာကို သူက မျှော်လင့်တောင့်တတယ်။ သတ္တဝါတိုင်း သတ္တဝါတိုင်းသည် နှစ်သက် မြတ်နိုးဖွယ်ရာ စကားဖြင့် ပြောကြားတာကို မနှစ်ခြိုက်တဲ့ပုဂ္ဂိုလ် ဆိုတာကတော့ အလွန် ရှားလိမ့်မယ်။ သတ္တဝါတိုင်း သတ္တဝါတိုင်းက တောင့်တတတ်တဲ့သဘော ရှိပါတယ်။</p>
<p>တစ်ချိန် ဦးပဉ္ဇင်းတို့ ဘုရားအလောင်းတော် ဆိုကြပါစို့။ <b>နွားလားဥသဘ</b> ဖြစ်တယ်။ နွားလားဥသဘဖြစ်တဲ့ဘဝမှာ မိမိရဲ့ ပိုင်ရှင်ဖြစ်တဲ့ ပုဏ္ဏားကြီးကို တစ်နေ့ ပြောကြားတယ်။ “ကဲ ပုဏ္ဏား လှည်းနှစ်စီး ဝန်အပြည့်ပေါ့လေ။ ရှေးတုန်းကတော့ လှည်းကတော့ တော်တော်ကြီးတယ်နဲ့ တူပါတယ်။ အဲဒီ ဝန်အပြည့်တင်ထားတဲ့ လှည်းနှစ်စီးကို ငါ့နွားကြီးက တစ်ကောင်တည်းနဲ့ ရုန်းနိုင်တယ်ဆိုတာ သွားလောင်းချေ”။ လောင်းတန်း ကစားခိုင်းတယ်။ ပုဏ္ဏားကြီးကလည်း တကယ်တန်း သွားပြီး လောင်းလိုက်တယ်။ လောင်းလိုက်တဲ့ အချိန်အခါမှာ နွားကြီးကို လှည်းတပ်ပြီး ရုန်းခိုင်းတဲ့အခါ နွားကို ချိုချိုသာသာ မပြောဘဲနဲ့ နွားကို ငေါက်ငမ်း ဆဲရေး ကြိမ်းမောင်းပြီးတော့ ရုန်းခိုင်းတယ်။ နွားကလည်း ဆန္ဒပြပြီး မရုန်းတော့ဘူး။ ရှုံးပြီ။</p>
<p>ကဲ ပုဏ္ဏားကြီးလည်း မှိုင်ပြီ။ မှိုင်လိုက်တဲ့ အချိန်အခါကျတော့ နွားကြီးက တစ်နေ့ မေးတယ်။ ဘာဖြစ်လို့ မှိုင်လဲ? နင် ငါ့ကို ရှုံးအောင် လုပ်တယ်။ ပစ္စည်းတွေ ရှုံးကုန်ပြီ။ ဘာဖြစ်လို့ နင် ငါ့ကို ချိုချိုသာသာ မပြောရသလဲ? ကြမ်းကြမ်းတမ်းတမ်း စကားတွေကို, ယုတ်မာတဲ့ စကားတွေကို ငါ့ဘာဖြစ်လို့ ပြောရသလဲ? ဒီတော့ ပရိသတ်တွေ စဉ်းစားကြည့်စမ်း! နွားတောင်မှ ကြမ်းကြမ်းတမ်းတမ်း ပြောတာ ကြိုက်သလား? ဟင် ဟုတ်ကဲ့လား? နွားတောင်မှ ကြမ်းကြမ်းတမ်းတမ်း ပြောတာ မကြိုက်ဘူးဆိုရင် လူအချင်းချင်းကော ကြမ်းကြမ်းတမ်းတမ်း ပြောတာ သင့်ပါ့မလား? အေး သတိထား စကားလေးတစ်ခု။ ခု ဒီမှာကြည့် - အာဠဝကသီတင်းသည်က များများ မပြောဘူး။ ဘုရားရှင် ဆုံးမတဲ့ စကား (၄)ခွန်းပဲ သူ လိုက်နာတယ်။</p>
<p>ချစ်ဖွယ်စကား ပြောကြားရမယ့်ပုဂ္ဂိုလ်ကို ချစ်ဖွယ်စကား ပြောကြားပေးတယ်။ သိပ်များ ပင်ပန်းသွားသလား? ပိုက်ဆံတွေ တော်တော်များများ ကုန်သွားသလား? မကုန်ပါဘူး။ ဟုတ်တယ်မဟုတ်လား? လွယ်လွယ်လေးနဲ့ ကုသိုလ်ရနိုင်တဲ့တရား။ ပိုက်ဆံ မကုန်ဘဲနဲ့ ကုသိုလ်ရနိုင်တဲ့တရား။ မိမိတို့ရဲ့ စိတ်ဓာတ်လေးကို မိမိတို့ ပြုပြင်ပြောင်းလဲပေးဖို့ လိုတယ်။ အချင်းချင်း မြင်လိုက်တာနဲ့ ကုသိုလ်တရားတွေ တိုးပွားလာနိုင်တယ်။ “အို ဒီကောင်မတော့ နှုတ်ကလည်း ကြမ်းပါဘိ။ ပါးစပ်ကလည်း ဗျစ်တောက် ဗျစ်တောက်နဲ့ ဘာတွေမှန်းလည်း မသိဘူး” အနားကပ်ချင်တဲ့သူ ရှိပါ့မလား? မရှိဘူး။ ဒါ သတိထားကြ။</p>
<p>ကဲ ဒီတော့ နွားကြီးကလည်း အဲဒါနဲ့ နောက်ထပ်တစ်ဖန် ပြန်ပြောတယ်။ ဒီတစ်ခါ လောင်းချေ။ လှည်း အစီး ၁၀၀ ကို ငါ့နွားကြီးက တစ်ကောင်တည်းနဲ့ အကုန် ရုန်းနိုင်တယ်။ သွားလောင်းချေ။ နှစ်စီးတုန်းက မရုန်းနိုင်ဘဲ ဒီ ၁၀ စီး, ၁၅ စီးကျလည်း ရုန်းနိုင်မှာ မဟုတ်ဘူး ဆိုပြီးတော့ ပုဏ္ဏားတွေက အကြီးအကျယ် လောင်းကျရော။ အဲဒီအခါကျတော့မှ ငါ့သားကြီး ဘသားချော ဘာညာ ချော့ပြီးတော့ ရုန်းခိုင်းလိုက်တယ်။ တစ်ခါတည်း အကုန်လုံး ရုန်းလိုက်တာပဲ။ နိုင်သွားတယ်။ ဟုတ်တယ် မဟုတ်လား?</p>
<p>ဒါကြောင့် တိရစ္ဆာန်တွေတောင်မှ ချစ်ဖွယ်သောစကား ပြောကြားပေးရင် နှစ်ခြိုက်သေးတယ်။ လူသားအချင်းချင်း သို့မဟုတ် သာသနာတော်မှ ဝင်ရောက်ပြီး ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါရဲ့ သင်ချစ်သားတို့တတွေသည် ဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ သင်ချစ်သားတို့သည် တစ်ဦးနှင့်တစ်ဦး ဘာကြောင့် ချစ်ဖွယ်စကားကို မပြောကြားဘဲ ရှိနိုင်ရမလဲ? မြတ်စွာဘုရားက ရဟန်းတွေကို ဆုံးမထားတဲ့ ဝတ္ထုလေးပါ။</p>
<p>အဲဒါကြောင့် ဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ ခုလို ဝင်ရောက်ပြီး နေထိုင်နေတဲ့ ပုဂ္ဂိုလ်တွေမှာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်မြတ်နိုးဖွယ်ရာ ချိုသာတဲ့ စကားလေးတွေဖြင့် ပြောကြားတတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ ခု ဒီနေရာမှာ အာဠဝက သီတင်းသည်ကနေပြီးတော့ ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့လိုက်တဲ့ အချိန်အခါမှာ ချစ်ဖွယ်စကားဖြင့် ပြောကြားပေးဖို့ သင့်တယ်လို့ သိခဲ့ရင် ချစ်ဖွယ်သော စကားဖြင့် ပြောကြားပေးတယ်။ ဘာဖြစ်လို့လဲ? ချီးမြှောက်ခြင်း တစ်မျိုးပဲ။</p>
<p>အစ်ကိုတန်တဲ့ပုဂ္ဂိုလ်ကို အစ်ကို, အစ်မတန်တဲ့ ပုဂ္ဂိုလ်ကို အစ်မ, ညီမတန်တဲ့ ပုဂ္ဂိုလ်ကို ညီမ, သမီးတန်တဲ့ ပုဂ္ဂိုလ်ကို သမီး, သားတန်တဲ့ ပုဂ္ဂိုလ်ကို သား စသည်ဖြင့် ဒီလို ခေါ်ဝေါ်ပြီးတော့ ချိုသာတဲ့ စကားလေးတွေ ပြောကြားတတ်ရမယ်။ လေ့ကျင့်ရင် မရနိုင်ဘူးလား? ရနိုင်ပါတယ်။ သိပ်ခက်ခဲသလား? မခက်ခဲပါဘူး။ ဘုန်းကြီးကတော့ ဘွဲ့တစ်ခုရအောင် ပညာသင်ရတာ ဒီထက် အများကြီး ခက်ခဲမယ် ထင်တယ်။ ပိုက်ဆံလည်း အများကြီး ကုန်မှာပဲ။ အခု ဒီလေ့ကျင့်ခန်းလေးက ပိုက်ဆံ မကုန်ပါဘူး။ ဘွဲ့ရသလောက်လည်း ပင်ပန်းမလား? မပင်ပန်းပါဘူး။</p>
<p>နောက်တစ်ခု နံပါတ် (၃) သူက တင်ပြလျှောက်ထားတယ်။</p>
<p>‘‘<b>ယံ ဇာနာမိ – ‘အယံ အတ္ထစရိယာယ သင်္ဂဟေတဗ္ဗော’တိ, တံ အတ္ထစရိယာယ သင်္ဂဏှာမိ</b>’’ (အံ၊၃၊၅၅။)</p>
<p><b>ဘန္တေ</b>၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ <b>ယံ</b>၊ အကြင်ပုဂ္ဂိုလ်ကို။ <b>အဟံ</b>၊ ဘုရားတပည့်တော်သည်။ <b>ဇာနာမိ</b>၊ သိပါ၏၊ <b>အယံ</b>၊ ဤပုဂ္ဂိုလ်ကို။ <b>အတ္ထစရိယာယ</b>၊ အကျိုးစီးပွားရှိတဲ့ လုပ်ငန်းရပ်တို့၌ ရွက်ဆောင်ပေးခြင်းဖြင့်။ <b>သင်္ဂဟေတဗ္ဗော</b>၊ ချီးမြှောက်သင့် ချီးမြှောက်ထိုက်၏၊ <b>ဣတိ</b>၊ ဤသို့။ <b>တံ</b>၊ ထိုပုဂ္ဂိုလ်ကို။ <b>အတ္ထစရိယာယ</b>၊ အကျိုးတရားကို ဆောင်ရွက်ပေးခြင်း ကျင့်ဝတ်ပဋိပတ်ဖြင့်။ <b>သင်္ဂဏှာမိ</b>၊ ချီးမြှောက်၍ နေပါ၏၊</p>
<p>ပုဂ္ဂိုလ်တစ်ယောက်ကျတော့ သူ့ကို ပေးကမ်းနေတာလည်း သူက သိပ်မကြိုက်ဘူး။ သိပ်မလိုပါဘူး။ သူ့မှာ ပြည့်စုံနေတယ်။ ချစ်ခင်ဖွယ်ရာ မြတ်နိုးဖွယ်ရာ စကားတွေနဲ့ လာပြီး တတွတ်တွတ် ပြောနေတာလည်း သူက သိပ်မကြိုက်ဘူး။ သူက ဘာကြိုက်သလဲ? သူ့ရဲ့ အကျိုးစီးပွားရှိတဲ့ လုပ်ငန်းရပ်တွေကို လိုက်ပြီး ရွက်ဆောင်ပေးတာ သူက သဘောကျတယ်။ သူ့မှာ အခက်အနေ ရှိပြီ။ သာရေးရှိမယ်, နာရေးရှိမယ်။ အဲဒီလို ကိစ္စ အဝဝတွေမှာ လိုက်ပြီးတော့ ဝင်ရောက်ပြီးတော့ ကူညီဆောင်ရွက်ပေးတာမျိုးကို သူက သဘောကျတယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးကို သူကိုယ်တိုင် သူ့ရဲ့ သာရေး, နာရေးကိစ္စ အစရှိသည် လုပ်ငန်းကိစ္စရပ် အဝဝတွေမှာ ကိုယ်ထိလက်ရောက် စိတ်ပါလက်ပါဖြင့် လိုက်ပြီး ရွက်ဆောင်ပေးပါတယ်။ ဒါက သိပ်ပြီးတော့ ခဲယဉ်းသလား? မခဲယဉ်းလှဘူး။ သီတင်းသုံးဖော် အချင်းချင်း သတ္တဝါတွေ တစ်ဦးနှင့်တစ်ဦး သံသရာခရီး ကျင်လည်ခိုက်မှာ တစ်ဦးကိုတစ်ဦး ကာယကံမေတ္တာ, ဝစီကံမေတ္တာ, မနောကံမေတ္တာဖြင့် ဆက်ဆံသင့်တဲ့အပိုင်းမှာ ဒီဟာ ကာယကံမေတ္တာနဲ့ ဆောင်ရွက်ပေးခြင်းပဲ။ ကဲ နောက်တစ်ခု -</p>
<p>‘‘<b>ယံ ဇာနာမိ – ‘အယံ သမာနတ္တတာယ သင်္ဂဟေတဗ္ဗော’တိ, တံ သမာနတ္တတာယ သင်္ဂဏှာမိ။</b>’’ (အံ၊၃၊၅၅။)</p>
<p><b>ဘန္တေ</b>၊ ဘုန်းတော်နေဝန်းထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ <b>အဟံ</b>၊ ဘုရားတပည့်တော်သည်။ <b>ယံ</b>၊ အကြင်ပုဂ္ဂိုလ်ကို။ <b>ဇာနာမိ</b>၊ သိရှိပါ၏၊ <b>အယံ</b>၊ ဤပုဂ္ဂိုလ်သည်ကား။ <b>သမာနတ္တတာယ</b>၊ တန်းတူထား၍ ဆက်ဆံခြင်းဖြင့်။ <b>သင်္ဂဟေတဗ္ဗော</b>၊ ချီးမြှောက်သင့် ချီးမြှောက်ထိုက်၏၊ <b>ဣတိ</b>၊ ဤသို့။ <b>တံ</b>၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်ကို။ <b>သမာနတ္တတာယ</b>၊ တန်းတူထား၍ ဆက်ဆံခြင်းဖြင့်။ <b>သင်္ဂဏှာမိ</b>၊ ချီးမြှောက်ပါ၏၊</p>
<p>ပုဂ္ဂိုလ်တစ်ယောက် တွေ့လိုက်တယ်။ ဒီပုဂ္ဂိုလ်ကျတော့ သူ့ကို ဒါနပေးတာလည်း သူက သိပ်မလိုဘူး။ ချစ်ဖွယ်စကားတွေ ပြောကြားတာလည်း သူက မလိုဘူး။ အကျိုးစီးပွားတွေကို ရွက်ဆောင်ပေးတာလည်း မလိုဘူး။ သူ့မှာ ရွက်ဆောင်ပေးတဲ့ ပုဂ္ဂိုလ်တွေက သိပ်များတယ်။ ဒါပေမဲ့လို့ သူနဲ့ ဆက်ဆံတဲ့အပိုင်းမှာ တန်းတူရည်တူဆက်ဆံမှ အတူသွားမှ, အတူထိုင်မှ, အတူစား, အတူနေမှ သဘောကျတယ်။ အဆင့်အတန်း ခွဲခြားပြီးတော့ ဆက်ဆံမယ်ဆိုရင် ဒီပုဂ္ဂိုလ်က မနှစ်ခြိုက်ဘူး။ အဲဒီတော့ အဆင့်အတန်း ခွဲခြားတာ နည်းနည်း ဆန်းစစ်ကြည့်စမ်းပါ။</p>
<p>ဘုန်းကြီး ကနီနေတုန်းကပေါ့လေ - ဦးရွှေနားခေါ်တဲ့ ကိုရင်ကြီးတစ်ပါး ရှိတယ်။ သူ့ကို ဦးရွှေနားလို့ ခေါ်တာကတော့ သူက နားက မကြားလို့ပါ။ သူနဲ့ စကားပြောရင်တော့ သူ အမြဲနိုင်တယ်။ သူက ဘုန်းကြီးတစ်ခါ ပြောဖူးတယ်။ တပည့်တော် ဘယ်သူနဲ့ စကားပြောပြော အမြဲတမ်း အနိုင်ရတယ်။ ဘာဖြစ်လို့လဲ? တပည့်တော် သူများပြောတာမှ မကြားဘူးတဲ့။ ကိုယ်ပြောချင်တာ ပြောလိုက်တာပဲ။ အဲဒီ ဦးရွှေနားက ဘုန်းကြီးကို စကားလေးတစ်ခု ပြောတယ်။ သူက ဘာပြောလဲ?</p>
<p>“အလကားပါ ကိုယ်တော် ... ချီးထုပ်ကြီး ထမ်းထမ်းပြီး သံသရာ လည်နေကြတာပါ။ မဟုတ်ဘူးလား?” ဟုတ်တယ်။ သူ့ကြည့်လိုက်လည်း ချီးထုပ်ကြီးနဲ့, ကိုယ့်ကြည့်လိုက်လည်း ချီးထုပ်ကြီးနဲ့။ တစ်ဦးနဲ့တစ်ဦး တန်းတူ မတူပါဘူး, မတန်ပါဘူးလို့ ပြောဖို့ရန် အကြောင်းရှိကြသလား? မရှိဘူး။ ချီးထုပ်ကြီး ထမ်းပြီး သံသရာ ကျင်လည်ရသူအချင်းချင်း မတူဘူး, မတန်ဘူး မဆက်ဆံနိုင်ပါဘူးလို့ ဘဝင်မြင့်နေတဲ့စိတ်ထားက ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ နှစ်သက်တဲ့ စိတ်ထား ဟုတ်သလား? မဟုတ်ဘူး။ တန်းတူဆက်ဆံမှ နှစ်ခြိုက်တဲ့ပုဂ္ဂိုလ်ကို တန်းတူထားပြီး ဆက်ဆံပါတယ်။ ပေါင်းလိုက်တော့ သင်္ဂဟဝတ္ထု ဘယ်နှစ်ပါးလဲ? (၄)ပါး။ ဒါန, ပေယျဝဇ္ဇ, အတ္ထစရိယ, သမာနတ္တတာ။ (၄)ချက်နော်။</p>
<p><b>ဒါန</b>၊ ပေးကမ်းခြင်း။<br>
<b>ပေယျဝဇ္ဇ</b>၊ ချစ်ဖွယ်စကား ပြောကြားခြင်း။<br>
<b>အတ္ထစရိယ</b>၊ အကျိုးစီးပွားရှိတဲ့ လုပ်ငန်းရပ်တွေကို ပါဝင်ပြီး ရွက်ဆောင်ပေးခြင်း။<br>
<b>သမာနတ္တတာ</b>၊ တန်းတူထားပြီးတော့ ဆက်ဆံခြင်း။</p>
<p>ပေါင်းလိုက်တော့ ဘယ်နှစ်ပါးလဲ? (၄)ပါး။ အဲဒီ သင်္ဂဟဝတ္ထု (၄)ပါးဖြင့် တပည့်တော် ချီးမြှောက်ပါတယ်။ နောက်ထပ်ဆက်ပြီးတော့ သူက ဘာလျှောက်ထားသလဲ?</p>
<h3>ဒုတိယပိုင်း</h3>
<p>‘‘<b>သံဝိဇ္ဇန္တိ ခေါ ပန မေ, ဘန္တေ, ကုလေ ဘောဂါ။</b>’’ (အံ၊၃၊၅၅။)</p>
<p><b>ဘန္တေ</b>၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ <b>မေ</b>၊ ဘုရားတပည့်တော်၏၊ <b>ကုလေ</b>၊ အိမ်၌။ <b>ဘောဂါ</b>၊ ဥစ္စာတို့သည်။ <b>သံဝိဇ္ဇန္တိ</b>၊ ရှိကြကုန်သည်သာလျှင်တည်း။</p>
<p>တပည့်တော်၏ အိမ်မှာ စည်းစိမ်ဥစ္စာတွေ များစွာ ရှိပါတယ် မြတ်စွာဘုရား ...။ ဘာဖြစ်လို့လဲ? စည်းစိမ်ဥစ္စာတွေ များစွာရှိအောင် ကမ္ဘာတစ်သိန်းနဲ့ ချီပြီးတော့ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပ ခေါ်ဆိုအပ်တဲ့ <b>သူတော်ကောင်းဥစ္စာ (၇)ဖြာ</b>ကို သူက ရှာဖွေခဲ့တဲ့ပုဂ္ဂိုလ် ဖြစ်တယ်။ ဒီလို သူတော်ကောင်းဥစ္စာ ခုနစ်ဖြာဖြင့် ရှာဖွေထားတဲ့ ပုဂ္ဂိုလ်အဖို့ ဒီသူတော်ကောင်းဥစ္စာ ခုနစ်ဖြာလို့ ခေါ်ဆိုအပ်တဲ့ ကုသိုလ်တွေက အစွမ်းကုန် အကျိုးပေးဖို့ရန် အခါအခွင့် သင့်နေတဲ့ ခုလို ဘဝတွေမှာ ပစ္စည်းဥစ္စာတွေက လှူလို့ မကုန်နိုင်အောင် အားလုံး အခန့်သင့် ဖြစ်နေတယ်။</p>
<p>နတ်တို့ဖန် ရေကန်အသင့် ကြာအသင့် ဆိုသလို အားလုံး အခန့်သင့် ဖြစ်နေတယ်။ အခန့်သင့် ဖြစ်နေတဲ့ အချိန်အခါမှာ အတိတ် သံသရာခရီးမှာထဲကတည်းက သဒ္ဓါတရားနှင့်လည်း ပြည့်စုံတယ်, ကိုယ်ကျင့်သီလတွေကလည်း သိပ်ကောင်းတယ်, အသိအလိမ္မာ ဉာဏ်ပညာတွေက ဝိပဿနာပညာတွေနဲ့လည်း ပြည့်စုံတယ်, သုတတရားတွေနဲ့လည်း ပြည့်စုံနေတယ်။ အဲဒီလို ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်က အတိတ်ကလည်း ပေးကမ်းစွန့်ကြဲခြင်းဆိုတဲ့ စာဂမျိုးစေ့ ပါရမီမျိုးစေ့တွေကို ထူထောင်ခဲ့တဲ့အတွက် ဒီလိုဘဝမှာ ပေးကမ်းစွန့်ကြဲဖို့ရန်ဆိုတဲ့ စိတ်ထားတွေ အလိုလို ပေါ်လာတယ်။ ပေးကမ်းစွန့်ကြဲဖွယ် လှူဖွယ်ဝတ္ထု ပစ္စည်းစုတွေကလည်း အခန့်သင့် ဖြစ်နေတယ်။ ဒါကြောင့် ဒီအကြောင်းကို မြတ်စွာဘုရားကို သူက တင်ပြလျှောက်ထားနေတယ်နော်။ ဒီနေရာမှာ သူက ဘာပြောချင်လဲ?</p>
<p>‘‘<b>သံဝိဇ္ဇန္တိ ခေါ ပန မေ, ဘန္တေ, ကုလေ ဘောဂါ။ ဒလိဒ္ဒဿ ခေါ နော တထာ သောတဗ္ဗံ မညန္တိ</b>’’။</p>
<p><b>ဘန္တေ</b>၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ <b>မေ</b>၊ ဘုရားတပည့်တော်၏၊ <b>ကုလေ</b>၊ အိမ်၌။ <b>ဘောဂါ</b>၊ ဥစ္စာတို့သည်။ <b>သံဝိဇ္ဇန္တိ ခေါ ပန</b>၊ ရှိကြကုန်သည်သာလျှင်တည်း။ <b>ဒလိဒ္ဒဿ ခေါ</b>၊ ဆင်းရဲတဲ့ပုဂ္ဂိုလ်အား၊ <b>နော တထာ</b>၊ မပေးကမ်း မစွန့်ကြဲခြင်းဖြင့် အကြင်ကဲ့သို့သော အခြင်းအရာအားဖြင့်၊ <b>သောတဗ္ဗံ</b>၊ နာယူသင့်၏ဟု၊ <b>မညန္တိ</b>၊ မအောက်မေ့ မမှတ်ထင်ကြပါကုန်၊ <b>တထာ</b>၊ ထို့အတူ မပေးကမ်း မစွန့်ကြဲတဲ့ပုဂ္ဂိုလ်အား မပေးကမ်း မစွန့်ကြဲသူ၏ စကားကို နာယူသင့် နာယူထိုက်၏ဟူ၍ မအောက်မေ့ မမှတ်ထင်ကြပါကုန် မြတ်စွာဘုရား။</p>
<p>တပည့်တော်အိမ်မှာ စည်းစိမ်ဥစ္စာတွေ ရှိတယ်။ ဒီစည်းစိမ်ဥစ္စာတွေကို တပည့်တော် အမြဲတမ်း ပေးကမ်း လှူဒါန်းပါတယ် မြတ်စွာဘုရား ...။ ဘာဖြစ်လို့လဲ? ဆင်းရဲနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပင် ဖြစ်ပါစေ ဆင်းရဲနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို တပည့်တော်က ဘာမှ မပေးဘူး, မကမ်းဘူး, မလှူဘူးဆိုရင် တပည့်တော်ရဲ့စကားကို ဒီပုဂ္ဂိုလ်က နာယူသင့် နာယူထိုက်တယ်လို့ မအောက်မေ့ပါဘူး။ ဒါပေမဲ့ တပည့်တော်က ဒီစည်းစိမ်ဥစ္စာတွေကို အမြဲတမ်း ပေးကမ်းလှူဒါန်းနေတယ်။ အမြဲတမ်း ပေးကမ်းလှူဒါန်းနေတဲ့အတွက် ဆင်းရဲနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပင် ဖြစ်ပေမဲ့ ဒီဆင်းရဲတဲ့ပုဂ္ဂိုလ်က တပည့်တော်ရဲ့ စကားကို နာယူသင့် နာယူထိုက်၏ဟု မှတ်ထင်တယ်။ အလားတူပဲ။</p>
<p>တပည့်တော်ရဲ့ နောက်လိုက် ပရိသတ်တွေဟာလည်း တပည့်တော်ရဲ့ စကားတွေကို နာယူသင့် နာယူထိုက်တယ်လို့ ဒီလိုပဲ အောက်မေ့နေကြပါတယ် မြတ်စွာဘုရား ဆိုပြီးတော့ လျှောက်ထားတယ်။ ဒီတော့ မိမိရဲ့စကားကို နားထောင်စေချင်တယ်ဆိုရင်, မိမိရဲ့ ပရိသတ်တွေကို မိမိရဲ့စကားကို နားထောင်စေချင်တယ် ဆိုလို့ရှိရင်တော့ ဒီ<b>သင်္ဂဟဝတ္ထု လေးပါး</b> မိမိတို့ရဲ့သန္တာန်မှာ ထင်ရှားရှိနေဖို့တော့ မလိုဘူးလား? လိုအပ်တယ်။ အဲဒီ <b>သင်္ဂဟဝတ္ထု လေးပါး</b>ထဲမှာလည်း ပေးကမ်းလှူဒါန်းခြင်းဆိုတဲ့ <b>ဒါနတရား</b>က ရှေ့တန်းက ပါနေတယ်။ ပေးကမ်းလှူဒါန်းမယ် ဆိုလို့ရှိရင် ပေးကမ်းခြင်းသည် အောင်မြင်ရာ ဆိုတဲ့အတိုင်းပဲ။ မိမိရဲ့စကားကို နာယူသင့်တယ်လို့ လက်ခံမဲ့ပုဂ္ဂိုလ်တွေ ဝိုင်းဝိုင်းလည်မနေဘူးလား? ဝိုင်းဝိုင်းလည်နေတယ်။ အဲဒီအခါကျတော့မှ ဘုရားရှင်က ဘာအမိန့်ရှိသလဲ?</p>
<p>‘‘<b>သာဓု သာဓု, ဟတ္ထက! ယောနိ ခေါ တျာယံ, ဟတ္ထက, မဟတိံ ပရိသံ သင်္ဂဟေတုံ။</b>’’</p>
<p><b>ဟတ္ထက</b>၊ ချစ်သားဟတ္ထက ...။ <b>သာဓု သာဓု</b>၊ ကောင်းပေစွ ကောင်းပေစွ။</p>
<p>ဘုရားရှင်က <b>သာဓု</b>ခေါ်တယ်။ မိမိ ဆုံးမထားတဲ့ အဆုံးအမ တစ်ခုကို ဒီနေရာမှာတော့ ဘယ်နှစ်ခုလဲ? လေးခု။ သိပ်များ များသလား? ပရိသတ်တွေ သိပ်များ များသလား? မများပါဘူး။ အဲဒီ လေးခုကို ရိုရိုသေသေ လိုက်နာပြုကျင့်နေတဲ့အတွက် ဘုရားရှင်က <b>သာဓု</b>မခေါ်ဘူးလား? ခေါ်နေတယ်။ ဘုရားရှင်တို့ <b>သာဓု</b>ခေါ်နေတယ်ဆိုလို့ရှိရင်တော့ ထိုလုပ်ငန်းရပ်သည် အကျိုးရှိတဲ့ လုပ်ငန်းရပ်လား, အကျိုးမရှိတဲ့ လုပ်ငန်းရပ်လား? အကျိုးရှိတဲ့ လုပ်ငန်းရပ် ဖြစ်ပါတယ်။ ဒါကြောင့် အကျိုးရှိတဲ့ လုပ်ငန်းရပ်, ဘုရားရှင်တို့ <b>သာဓု</b>ခေါ်တဲ့ လုပ်ငန်းရပ်ကို မိမိတို့ဘက်ကလည်း ပြုလုပ်နိုင်ဖို့ မလိုအပ်ဘူးလား? လိုအပ်တယ်။ ဒါကြောင့် -</p>
<p><b>ဟတ္ထက</b>၊ ချစ်သားဟတ္ထက ...။ <b>သာဓု သာဓု</b>၊ ကောင်းပေစွ ကောင်းပေစွ။ <b>ဟတ္ထက</b>၊ ချစ်သားဟတ္ထက ...။ <b>တေ</b>၊ သင်၏၊ <b>အယံ</b>၊ ဤ<b>သင်္ဂဟဝတ္ထု</b>ဖြင့် ချီးမြှောက်ခြင်းသည်၊ <b>မဟတိံ ပရိသံ</b>၊ ဤကြီးကျယ်မြင့်မြတ်လှစွာသော ပရိသတ်ကို၊ <b>သင်္ဂဟေတုံ</b>၊ ချီးမြှောက်ခြင်းငှာ၊ <b>ယောနိ ခေါ</b>၊ သင့်သော အကြောင်းပါပေတည်း။</p>
<p>သင် ပရိသတ်ကို <b>သင်္ဂဟဝတ္ထုတရား လေးပါး</b>ဖြင့် ချီးမြှောက်တယ်ဆိုတာက သင့်တင့်လျှောက်ပတ်နေတဲ့ အကြောင်းသာ ဖြစ်တယ်။</p>
<p>‘‘<b>ယေ ဟိ ကေစိ, ဟတ္ထက, အတီတမဒ္ဓါနံ မဟတိံ ပရိသံ သင်္ဂဟေသုံ, သဗ္ဗေ တေ ဣမေဟေဝ စတူဟိ သင်္ဂဟဝတ္ထူဟိ မဟတိံ ပရိသံ သင်္ဂဟေသုံ။</b>’’</p>
<p><b>ဟတ္ထက</b>၊ ချစ်သားဟတ္ထက ...။ <b>ယေ ဟိ ကေစိ</b>၊ အကြင် ခပ်သိမ်းကုန်သော သူတို့သည်။ <b>အတီတမဒ္ဓါနံ</b>၊ အတိတ် လွန်လေပြီးသော အချိန်အခါ ကာလက၊ <b>မဟတိံ ပရိသံ</b>၊ ကြီးကျယ် မြင့်မြတ်တဲ့ ပရိသတ်ကို၊ <b>သင်ᱜဟသေုံ</b>၊ ချီးမြှောက်ခဲ့ကြကုန်ပြီ၊ <b>သဗ္ဗေ တေ</b>၊ ထိုခပ်သိမ်းကုန်သော ပရိသတ်ကို ချီးမြှောက်ခဲ့ကြကုန်သော ပုဂ္ဂိုလ်တို့သည်ကား၊ <b>ဣမေဟေဝ စတူဟိ သင်္ဂဟဝတ္ထူဟိ</b>၊ ဤ<b>သင်္ဂဟဝတ္ထု လေးပါး</b>တို့ဖြင့်သာလျှင်၊ <b>မဟတိံ ပရိသံ</b>၊ ကြီးကျယ်မြင့်မြတ်တဲ့ ပရိသတ်ကို၊ <b>သင်ᱜဟသေုံ</b>၊ ချီးမြှောက်ခဲ့ကြလေကုန်ပြီ။</p>
<p>ဟို လွန်လေပြီးတော့ အတိတ်အချိန်အခါကာလက မိမိတို့ရဲ့ ပရိသတ်ကို မိမိတို့ ချီးမြှောက်တဲ့ပုဂ္ဂိုလ်တွေ ရှိခဲ့ကြတယ်။ အဲဒီပုဂ္ဂိုလ်အားလုံးဟာလည်း မိမိတို့ရဲ့ ပရိသတ်ကို <b>သင်္ဂဟဝတ္ထုတရား လေးပါး</b>ဖြင့်သာ ချီးမြှောက်ခဲ့ကြပါတယ်။</p>
<p>‘‘<b>ယေပိ ဟိ ကေစိ, ဟတ္ထက, အနာဂတမဒ္ဓါနံ မဟတိံ ပရိသံ သင်္ဂဏှိဿန္တိ, သဗ္ဗေ တေ ဣမေဟေဝ စတူဟိ သင်္ဂဟဝတ္ထူဟိ မဟတိံ ပရိသံ သင်္ဂဏှိဿန္တိ။</b>’’</p>
<p><b>ဟတ္ထက</b>၊ ချစ်သားဟတ္ထက ...။ <b>ယေပိ ဟိ ကေစိ</b>၊ အကြင် ခပ်သိမ်းကုန်သော သူတို့သည်။ <b>အနာဂတမဒ္ဓါနံ</b>၊ နောင်အနာဂတ်ကာလ၌၊ <b>မဟတိံ ပရိသံ</b>၊ ကြီးကျယ်မြင့်မြတ်နေတဲ့ ပရိသတ်ကို၊ <b>သင်္ဂဏှိဿန္တိ</b>၊ ချီးမြှောက်ကြပေကုန်လတ္တံ့၊ <b>သဗ္ဗေ တေ</b>၊ ထိုခပ်သိမ်းကုန်သော သူတို့သည်ကား၊ <b>ဣမေဟေဝ စတူဟိ သင်္ဂဟဝတ္ထူဟိ</b>၊ ဤ<b>သင်္ဂဟဝတ္ထု တရား လေးပါး</b>ဖြင့် သာလျှင်၊ <b>မဟတိံ ပရိသံ</b>၊ ကြီးကျယ်မြင့်မြတ်တဲ့ ပရိသတ်ကို၊ <b>သင်္ဂဏှိဿန္တိ</b>၊ ချီးမြှောက်ကြပေကုန်လတ္တံ့။</p>
<p>နောင်အနာဂတ်ကာလမှာလည်း မိမိတို့ရဲ့ ပရိသတ်ကို ချီးမြှောက်မယ့် ပုဂ္ဂိုလ်တွေ ရှိကြလိမ့်မယ်။ ထိုပုဂ္ဂိုလ်တွေဟာလည်း မိမိတို့ဆိုင်ရာ ပရိသတ်တွေကို ဒီ<b>သင်္ဂဟဝတ္ထုတရား လေးပါး</b>ဖြင့်သာလျှင် ချီးမြှောက်ကြမယ် ဖြစ်ပါတယ်။</p>
<p>‘‘<b>ယေပိ ဟိ ကေစိ, ဟတ္ထက, ဧတရဟိ မဟတိံ ပရိသံ သင်္ဂဏှန္တိ, သဗ္ဗေ တေ ဣမေဟေဝ စတူဟိ သင်္ဂဟဝတ္ထူဟိ မဟတိံ ပရိသံ သင်္ဂဏှန္တိ</b>’’။</p>
<p><b>ဟတ္ထက</b>၊ ချစ်သားဟတ္ထက ...။ <b>ယေပိ ဟိ ကေစိ</b>၊ အကြင် ခပ်သိမ်းကုန်သော သူတို့သည်။ <b>ဧတရဟိ</b>၊ ယခုပစ္စုပ္ပန် အချိန်အခါကာလ၌၊ <b>မဟတိံ ပရိသံ</b>၊ မိမိတို့ရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ ပရိသတ်ကို၊ <b>သင်္ဂဏှန္တိ</b>၊ ချီးမြှောက်၍ နေကြလေကုန်၏၊ <b>သဗ္ဗေ တေ</b>၊ ထိုခပ်သိမ်းကုန်သော သူတို့သည်ကား၊ <b>ဣမေဟေဝ စတူဟိ သင်္ဂဟဝတ္ထူဟိ</b>၊ ဤ<b>သင်္ဂဟဝတ္ထုတရား လေးပါး</b>တို့ဖြင့်သာလျှင်၊ <b>မဟတိံ ပရိသံ</b>၊ ကြီးကျယ်မြင့်မြတ်တဲ့ ပရိသတ်ကို၊ <b>သင်္ဂဏှန္တိ</b>၊ ချီးမြှောက်၍ နေကြလေကုန်၏၊</p>
<p>ယခု ပစ္စုပ္ပန် အချိန်အခါကာလမှာလည်း မိမိတို့ရဲ့ ကြီးကျယ်မြင့်မြတ်နေတဲ့ ပရိသတ်ကို ချီးမြှောက်တဲ့ ပုဂ္ဂိုလ်တွေ ရှိကြတယ်။ ထိုပုဂ္ဂိုလ်တွေ အားလုံးဟာလည်း မိမိတို့ရဲ့ ဆိုင်ရာ ပရိသတ်တွေကို ဒီ<b>သင်္ဂဟဝတ္ထု လေးပါး</b>ဖြင့်သာလျှင် ချီးမြှောက်ကြပါပေတယ်ဆိုပြီးတော့ မြတ်စွာဘုရားက အမိန့်ရှိပြီး <b>သာဓု</b>ခေါ်တယ်။ <b>သာဓု</b>ခေါ်ပြီးတဲ့ အချိန်အခါကျတော့ ဘာလုပ်သလဲ?</p>
<p>‘‘<b>အထ ခေါ ဟတ္ထကော အာဠဝကော ဘဂဝတာ ဓမ္မိယာ ကထာယ သန္ဒဿိတော သမာဒပိတော သမုတ္တေဇိတော သမ္ပဟံသိတော ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ပက္ကာမိ-</b>’’</p>
<p><b>အထ ခေါ</b>၊ ထိုအခါ၌။ <b>ဟတ္ထကော အာဠဝကော</b>၊ ဟတ္ထက အာဠဝသည်။ <b>ဘဂဝတာ</b>၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ <b>ဓမ္မိယာ ကထာယ</b>၊ တရားနှင့်လျှော်ညီသော စကားဖြင့်။ <b>သန္ဒဿိတော</b>၊ ကောင်းစွာ ထင်ရှားပြတော်မူအပ်သည်ဖြစ်၍။ <b>သမာဒပိတော</b>၊ တရားတော် ကျင့်သုံးရာ ကောင်းစွာ ဆောက်တည် စေအပ်သည်ဖြစ်၍။ <b>သမုတ္တေဇိတော</b>၊ တရားတော် ကျင့်သုံးရာ ဉာဏ်ကို ထက်မြက်စေကြသည်ဖြစ်၍။ <b>သမ္ပဟံသိတော</b>၊ တရားတော်ကို ကျင့်သုံး ဆောက်တည်ရန် ဉာဏ်ကို ကောင်းစွာ ရွှင်လန်းစေရာသည်ဖြစ်၍။ <b>ဥဋ္ဌာယာသနာ</b>၊ နေရာမှ ထ၍။ <b>ဘဂဝန္တံ</b>၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်ကို။ <b>အဘိဝါဒေတွာ</b>၊ ရိုသေစွာ ရှိခိုးပြီး၍။ <b>ပဒက္ခိဏံ</b>၊ လက်ယာရစ် လှည့်လည်သည်ကို ပြု၍။ <b>ကတွာ</b>၊ ဖဲခွာသွားလေ၏၊</p>
<p>ဟတ္ထကအာဠဝက အမည်ရနေတဲ့ ဒီဥပါသကာ ဒါယကာ မင်းသားလေးပေါ့။ ဒီမင်းသားကို မြတ်စွာဘုရားက ဆက်ပြီးတော့ တရားနှင့် လျော်ညီနေတဲ့ စကားတွေကို ဟောပေးတယ်။ <b>သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပ</b> ခေါ်ဆိုအပ်တဲ့ <b>သူတော်ကောင်းဥစ္စာ ခုနစ်ဖြာ</b>တို့ဖြင့် ပြည့်စုံလာအောင် တရားတွေကို ထင်ရှားပြတော်မူတယ်, တရားကျင့်သုံးရာ ဆောက်တည်စေတယ်။ တရားကျင့်သုံးဖို့ရန်အတွက် ဉာဏ်တွေကို ထက်မြက်စေတယ်။ တရားကျင့်သုံးရန်အတွက် ဉာဏ်တွေကို ရွှင်လန်း တက်ကြွစေတယ်။ အဲဒီအခါမှာ တရားနာပြီးတော့ ဟတ္ထကအာဠဝက သီတင်းသည်ကလည်း နေရာမှ ထပြီး မြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးတယ်။ လက်ယာရစ် လှည့်လည်ပြီးတော့မှ ထွက်ခွာသွားတယ်။</p>
<p>‘‘<b>အထ ခေါ ဘဂဝါ အစိရပက္ကန္တေ ဟတ္ထကေ အာဠဝကေ ဘိက္ခူ အာမန္တေသိ -</b>’’</p>
<p><b>အထ ခေါ</b>၊ ထိုအခါ၌။ <b>ဟတ္ထကေ အာဠဝကေ</b>၊ ဟတ္ထကအာဠဝကမင်းသားသည်။ <b>အစိရပက္ကန္တေ</b>၊ ဖယ်ခွာသွား၍ မကြာမီ အချိန်ကာလအတွင်း၌။ <b>ဘဂဝါ</b>၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ <b>ဘိက္ခူ</b>၊ ရဟန်းတို့ကို။ <b>အာမန္တေသိ</b>၊ မိန့်ကြားတော်မူသည်။</p>
<p>ဟတ္ထကအာဠဝက သီတင်းသည်လေး ဖယ်ခွာသွားပြီး မကြာမီ အချိန်ကာလအတွင်းမှာ မြတ်စွာဘုရား ရဟန်းတွေကို အမိန့်ရှိတယ်။</p>
<p>‘‘<b>အဋ္ဌဟိ ဘိက္ခဝေ အစ္ဆရိယေဟိ အဗ္ဘုတေဟိ ဓမ္မေဟိ သမန္နာဂတံ ဟတ္ထကံ အာဠဝကံ ဓာရေထ။</b>’’</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>အစ္ဆရိယေဟိ</b>၊ လက်ဖျစ်တီး၍ အံ့ချီးခြင်းငှာ ထိုက်ကုန်သော။ <b>အဗ္ဘုတေဟိ</b>၊ မဖြစ်စဖူး အဦးအသစ် ဖြစ်ကြကုန်သော။ <b>အဋ္ဌဟိ ဓမ္မေဟိ</b>၊ ရှစ်မျိုးကုန်သော တရားတို့နှင့်။ <b>ဟတ္ထကံ အာဠဝကံ</b>၊ ဟတ္ထက အာဠဝကကို။ <b>သမန္နာဂတံ</b>၊ ပြည့်စုံ၏ဟူ၍။ <b>ဓာရေထ</b>၊ မှတ်ယူကြလေပေကုန်လော့။</p>
<p>ချစ်သားရဟန်းတို့ ...ဟတ္ထကအာဠဝက သီတင်းသည်ကို အံ့ဩဖွယ်ကောင်းနေတဲ့ <b>အင်္ဂါ ရှစ်ပါး</b>တို့နှင့် ပြည့်စုံနေတဲ့ သီတင်းသည်လို့ သင်ချစ်သားတို့ မှတ်သားကြပါ။ ဘယ်လိုလဲ?</p>
<p>‘‘<b>သဒ္ဓေါ ဘိက္ခဝေ ဟတ္ထကော အာဠဝကော သီလဝါ၊ ဘိက္ခဝေ။ ပ။ ဟိရီမာ။ ဩတ္တပ္ပီ။ ဗဟုဿုတော။ စာဂဝါ။ ပညဝါ ဘိက္ခဝေ ဟတ္ထကော အာဠဝကော၊ အပ္ပိစ္ဆော ဘိက္ခဝေ ဟတ္ထကော အာဠဝကော။</b>’’</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဟတ္ထကော အာဠဝကော</b>၊ ဟတ္ထကအာဠဝကသည်။ <b>သဒ္ဓေါ</b>၊ သဒ္ဓါတရားနှင့် ပြည့်စုံ၏၊ <b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဟတ္ထကော အာဠဝကော</b>၊ ဟတ္ထကအာဠဝက သည်။ <b>သီလဝါ</b>၊ ကိုယ်ကျင့်သီလနှင့်လည်း ပြည့်စုံ၏၊ <b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဟတ္ထကော အာဠဝကော</b>၊ ဟတ္ထကအာဠဝက သည်။ <b>ဟိရီမာ</b>၊ ရှက်ခြင်း ဟိရီတရားနှင့်လည်း ပြည့်စုံ၏၊ <b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဟတ္ထကော အာဠဝကော</b>၊ ဟတ္ထကအာဠဝက သည်။ <b>ဩတ္တပ္ပီ</b>၊ မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားတို့မှ ကြောက်ခြင်း ဩတ္တပ္ပတရားနှင့်လည်း ပြည့်စုံ၏၊ <b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဟတ္ထကော အာဠဝကော</b>၊ ဟတ္ထကအာဠဝကသည်။ <b>ဗဟုဿုတော</b>၊ ဗဟုဿုတတရားနှင့်လည်း ပြည့်စုံ၏၊ <b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဟတ္ထကော အာဠဝကော</b>၊ ဟတ္ထကအာဠဝက သည်။ <b>စာဂဝါ</b>၊ ပေးကမ်းစွန့်ကြဲခြင်း စာဂတရားနှင့်လည်း ပြည့်စုံ၏၊ <b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဟတ္ထကော အာဠဝကော</b>၊ ဟတ္ထကအာဠဝကသည်။ <b>ပညဝါ</b>၊ ဝိပဿနာပညာ မဂ်ပညာနှင့်လည်း ပြည့်စုံ၏၊ <b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဟတ္ထကော အာဠဝကော</b>၊ ဟတ္ထကအာဠဝကသည်။ <b>အပ္ပိစ္ဆော</b>၊ အလိုနည်းခြင်း အပ္ပိစ္ဆဂုဏ်နှင့်လည်း ပြည့်စုံ၏၊</p>
<p>ချစ်သားရဟန်းတို့ ...ဟတ္ထကအာဠဝကဟာ <b>သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပ</b> ခေါ်ဆိုအပ်တဲ့ <b>သူတော်ကောင်းဥစ္စာ ခုနစ်ဖြာ</b>နှင့်လည်း ပြည့်စုံတယ်။ အလိုနည်းခြင်း <b>အပ္ပိစ္ဆဂုဏ်</b>နှင့်လည်း ပြည့်စုံတယ်။ အလိုနည်းခြင်း <b>အပ္ပိစ္ဆဂုဏ်</b>ဆိုတာက - တစ်ချိန်မှာ ဘုရားရှင်က ရဟန်းတော်တို့ကို ဟတ္ထကအာဠဝကဟာ <b>သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပ</b> ခေါ်ဆိုအပ်တဲ့ <b>သူတော်ကောင်းဥစ္စာ ခုနစ်ဖြာ</b>တို့ဖြင့် <b>အံ့ဖွယ် ရှစ်ပါး</b>ဖြင့် ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်ပဲ ဒီလို အမိန့်ရှိတယ်။ အဲဒီအချိန်မှာ ရဟန်းတော်တစ်ပါးက ဟတ္ထကအာဠဝက သီတင်းသည်အိမ်သို့ ကြွတယ်။ ကြွတယ်ဆိုတာက သူက နေ့စဉ် သံဃာတော်တွေကို ပင့်ဖိတ်ပြီး ဆွမ်းဖြင့် ပြုစုလုပ်ကျွေးနေပါတယ်။ အလှည့်ကျတဲ့ ရဟန်းတော်တစ်ပါး။ သံဃာ (၅००)ခန့် ရှိတယ်နဲ့ တူတယ်။ အဲဒီ အလှည့်ကျတဲ့ သံဃာထဲမှာ ပါနေတဲ့ ရဟန်းတော်တစ်ပါးကနေပြီးတော့ ဒကာကြီးမှာ အံ့ဩဖွယ်ကောင်းတဲ့တရား ရှစ်ပါးနှင့် ပြည့်စုံတယ်လို့တော့ မြတ်စွာဘုရား အမိန့်ရှိတယ်။ အဲဒီ တရားတွေက ဘာတွေပါလဲလို့ မေးတယ်။ မေးလိုက်တဲ့ အချိန်အခါမှာ -</p>
<p>အရှင်ဘုရား ...ဒီတရားစကားကို ပြောတဲ့ အချိန်အခါမှာ အနားမှာ ဝတ်ဖြူစင်ကြယ်ကို ဝတ်နေတဲ့ လူဝတ်ကြောင် ပုဂ္ဂိုလ်များ ရှိပါသလား, တစ်ယောက်တစ်လေများ ရှိပါသလားလို့မေးတယ်။ ဒကာ ... ရဟန်းတော်သာများ ရှိတယ်။ လူဝတ်ကြောင် ဝတ်ဖြူစင်ကြယ်ကို ဝတ်နေတဲ့ပုဂ္ဂိုလ်တွေ မရှိပါဘူးလို့ ဖြေလို့ တပည့်တော် ဝမ်းသာပါတယ်။ သူက ဒီလို ပြန်လျှောက်ထားတယ်။ ဘာဖြစ်လို့လဲ?</p>
<p>သူ့မှာရှိနေတဲ့ ကောင်းနေတဲ့ ဂုဏ်တွေကို သူတစ်ပါးသိမှာ သိပ်စိုးတယ်။ ထင်ပေါ်ချင်တဲ့ စိတ်ထား သူ့မှာ နည်းနည်းမှ မရှိဘူး။ အဲဒီ ထင်ပေါ်ချင်တဲ့ စိတ်ထား မရှိတာက ဒီနေရာမှာတော့ <b>အဓိဂမအပ္ပိစ္ဆ</b> ဖြစ်ပါတယ်။ မိမိ ရရှိထားတဲ့ တရားထူး တရားမြတ်တွေနဲ့ ပတ်သက်ပြီးတော့ ဒီတရားထူး တရားမြတ်ကို ဒီသူတော်ကောင်းက သူတစ်ပါးတွေ သိမှာကို အလွန် ရှက်နိုးတယ်။ အဲဒီ <b>အပ္ပိစ္ဆဂုဏ်</b>နှင့် ပြည့်စုံတယ်။ ပေါင်းလိုက်တော့ သူ့မှာ အံ့ဩဖွယ်တရား ဘယ်နှစ်မျိုး ရှိလဲ? ရှစ်မျိုး။ အဲဒီတော့ ဒီနေရာမှာ <b>သဒ္ဓါတရား</b> ခုနက ပြောခဲ့ပြီးပြီ။</p>
<p><b>သဒ္ဓါတရား</b> ထင်ရှားရှိရုံတွင်မကဘူး သူက <b>ကိုယ်ကျင့်သီလ</b>လည်း ပြည့်စုံတယ်။ ဘယ်သီလအထိ သူက ပြည့်စုံသလဲ? သူ့ရဲ့ <b>ကိုယ်ကျင့်သီလ</b>က <b>ဆယ်ပါးသီလ</b> မြဲပါတယ်။ <b>အနာဂါမ်ပုဂ္ဂိုလ်</b>တို့က <b>ဆယ်ပါးသီလ</b> မြဲတယ်။ ရွှေ, ငွေတွေကို ဘယ်တော့မှ ကိုင်တွယ်မှု, သုံးသပ်မှု, ခံယူမှု မရှိဘူး။ <b>ဆယ်ပါးသီလ</b> မြဲတယ်။ <b>ကိုယ်ကျင့်သီလ</b> သိပ်ကောင်းတယ်။</p>
<p>နောက်တစ်ခု - မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားတွေကို သူက ရှက်တယ်။ မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားတွေမှ ကြောက်တယ်။ မကောင်းမှုတွေကို ပြုလုပ်ရမှာ ရှက်တယ်, ကြောက်တယ်။ မကောင်းတဲ့ စကားတွေကို ပြောကြားရမှာ ရှက်တယ်, ကြောက်တယ်။ မကောင်းတာတွေ ကြံစည်စိတ်ကူးရမှာ ရှက်တယ်, ကြောက်တယ်။ အဲဒီလို ရှက်တတ်, ကြောက်တတ်ပြီဆိုရင် ဒီပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဘဝသည် အဆင့်အတန်း တဖြည်းဖြည်း မြင့်မားသွားဖို့ရန်အတွက် အခြေခံ အကြောင်းရင်း မဖြစ်ဘူးလား? ဖြစ်နေပြီ။ မကောင်းတာ ပြုလုပ်ရမှာလည်း မရှက်တတ်ဘူး, မကြောက်တတ်ဘူး။ ကြမ်းကြမ်းတမ်းတမ်းတွေ ပြောဆိုရမှာ, မကောင်းတဲ့ စကားတွေ ပြောဆိုရမှာ မရှက်တတ်ဘူး, မကြောက်တတ်ဘူး။ မကောင်းတဲ့ စိတ်ကူးတွေကို ကြံစည်တွေးတောနေရမှာလည်း မရှက်တတ်ဘူး, မကြောက်တတ်ဘူးဆိုရင် ထိုပုဂ္ဂိုလ်အတွက် ဒီလို အရှက်မရှိတဲ့ ပုဂ္ဂိုလ်, အကြောက်မရှိတဲ့ ပုဂ္ဂိုလ်အတွက် အကုသိုလ်တရားတွေ တစ်နေ့တစ်ခြား တိုးပွားပြီး မလာနိုင်ဘူးလား? လာနိုင်တယ်။ ဒါ သတိရှိဖို့ လိုတယ်။</p>
<p>သူတော်ကောင်း မှန်ခဲ့ရင်တော့ <b>သူတော်ကောင်းဥစ္စာ</b>နှင့် ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ ဒီသူတော်ကောင်းက အာဠဝကသီတင်းသည်က ဒီလို သဘောတရားနှင့်လည်း ပြည့်စုံတယ်။</p>
<p>နောက်တစ်ခု <b>ဗဟုဿုတ</b>၊ <b>အာဂမသုတ</b>, <b>အဓိဂမသုတ</b>ခေါ်တဲ့ သင်သိ, ကျင့်သိ အနေအားဖြင့် ဘုရားရှင်ရဲ့ တရားတွေကို သိတယ်။ သင်သိ, ကျင့်သိနဲ့ သိတယ်ဆိုတာက ရုပ်တွေ နာမ်တွေကို ဟုတ်တိုင်းမှန်စွာ ပရမတ်ဆိုက်အောင် သိတယ်။ အကြောင်းတရား အကျိုးတရားတွေကို ဟုတ်တိုင်းမှန်စွာ ပရမတ်ဆိုက်အောင် သိတယ်။ ဒီအသိမျိုးကို <b>ဗဟုဿုတဂုဏ်</b>နှင့် ပြည့်စုံတယ်လို့ အထူးသဖြင့် ခေါ်ပါတယ်။ <b>ဗဟုဿုတ</b>ရရှိရေးအတွက် ဘာလုပ်ရသလဲ? ဘုရားရှင်ရဲ့ တရားတော်တွေကို ပထမ သင်ယူရတယ်။ သင်ပြီးတဲ့အခါ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် <b>သမ္မာဒိဋ္ဌိဉာဏ်ပညာ</b>ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် ကျင့်ရမယ်ဆိုတဲ့ ကျင့်စဉ်တွေကို လက်တွေ့ ကျင့်တတ်ရတယ်။ သင်သိ, ကျင့်သိ ဒီအသိ နှစ်မျိုးဖြင့် ဘုရားရှင်ရဲ့ တရားတွေကို သိနေတာကို <b>ဗဟုဿုတ</b> ရှိတယ်လို့ ခေါ်ပါတယ်။</p>
<p>နောက်တစ်ခု <b>စာဂ</b>၊ ပေးကမ်းစွန့်ကြဲမှုလည်း ရှိတယ်။ <b>ပညာ</b>၊ ရုပ်နာမ် ကြောင်းကျိုး သင်္ခါရတရားတွေရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကိုလည်း ဟုတ်တိုင်းမှန်စွာ သိတယ်။ ထိုရုပ်နာမ် ကြောင်းကျိုး သင်္ခါရတရားတို့ရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကိုလည်း <b>အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်</b>တိုင်အောင်သော <b>အရိယာမဂ်ဉာဏ်ဖိုလ်ဉာဏ်</b>တို့ဖြင့် ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိတယ်။ ပေါင်းလိုက်တော့ <b>သူတော်ကောင်းဥစ္စာ ခုနစ်ဖြာ</b>နှင့် သူက ပြည့်စုံနေတယ်။ ဒီလို <b>သူတော်ကောင်းဥစ္စာ ခုနစ်ဖြာ</b>နှင့် ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်အဖို့ ဘာဖြစ်မလဲ? ဘုရားရှင် တစ်နေရာမှာ ဟောထားတယ်။</p>
<p>‘‘<b>သဒ္ဓေါ သီလေန သမ္ပန္နော၊ ယသော ဘောဂသမပ္ပိတော။ ယံ ယံ ပဒေသံ ဘဇတိ၊ တတ္ထ တတ္ထေဝ ပူဇိတော</b>’’။ (အံ-ဋ္ဌ-၁-၂၉၈။ ဓမ္မပဒ-စာပိုဒ်-၃၀၃။)<br>
<b>သဒ္ဓေါ</b>၊ သဒ္ဓါတရားနှင့်လည်း ပြည့်စုံသော။ <b>သီလေန</b>၊ ကိုယ်ကျင့်သီလနှင့်လည်း ပြည့်စုံသော။ <b>ယသောဘောဂသမပ္ပိတော</b>၊ အခြွေအရံ အကျော်အစောနှင့်လည်း ပြည့်စုံသော၊ စည်းစိမ်ဥစ္စာတို့နှင့်လည်း ပြည့်စုံကုန်လုံသော။ <b>ယော</b>၊ အကြင်သူတော်ကောင်းသည်။ <b>ယံ ယံ ပဒေသံ</b>၊ အကြင်အကြင်အရပ်သို့။ <b>ဘဇတိ</b>၊ ဆိုက်ရောက်ပေ၏၊ <b>တတ္ထ တတ္ထေဝ</b>၊ ထိုထိုအရပ်၌ပင်လျှင်။ <b>ပူဇိတော</b>၊ အပူဇော်ခံရသည်။ <b>ဟောတိ</b>၊ ဖြစ်ပေသည်။<br><br>
သဒ္ဓါတရားနှင့် ပြည့်စုံနေတဲ့ သူတော်ကောင်း, ကိုယ်ကျင့်သီလနှင့် ပြည့်စုံနေတဲ့ သူတော်ကောင်း, အခြံအရံ အကျော်အစောတွေနဲ့လည်း ပြည့်စုံနေတဲ့ သူတော်ကောင်း, စည်းစိမ်ဥစ္စာတွေနဲ့လည်း ပြည့်စုံနေတဲ့ သူတော်ကောင်းတစ်ဦး ဘယ်နေရာ သွားမလဲ? ဘယ်နေရာကိုပဲ သွားသွား ရောက်လေရာ နေရာမှာ အမြဲတမ်း အပူဇော်ခံရတယ်။ ဘာဖြစ်လို့လဲ?<br><br>
သူက ဒီနေရာမှာ ရရှိထားတဲ့ စည်းစိမ်ဥစ္စာတွေကို သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ပြီး ကံ-ကံ၏အကျိုးကို သက်ဝင်ယုံကြည်နေတဲ့ <b>သဒ္ဓါတရား</b> အပြည့်အဝဖြင့် ပေးကမ်းလှူဒါန်းခဲ့တယ်။ ပူဇော်ခဲ့တယ်။ သူတစ်ပါးတွေကို ရိုရိုသေသေ လေးလေးစားစားဖြင့် ဒီလို ပူဇော်ခဲ့တဲ့အတွက် ရောက်လေရာဘဝမှာ မိမိကို တုန့်လှည့်တစ်ဖန် ပြန်ပြီးတော့ ပူဇော်မည့် ပုဂ္ဂိုလ်တွေဟာ ဒီကုသိုလ်ကံစေတနာရဲ့ စွမ်းအားကြောင့် အခန့်သင့် ဖြစ်မနေဘူးလား? ဖြစ်နေတယ်။ ဒါကြောင့် ဘုရားရှင်က <b>ဒက္ခိဏဝိဘင်္ဂသုတ္တန်</b> ကျတော့ -</p>
<p>‘‘<b>ယော သီလဝါ သီလဝန္တေသု ဒဒါတိ ဒါနံ၊<br>
ဓမ္မေန လဒ္ဓံ သုပသန္နစိတ္တော။<br>
အဘိသဒ္ဒဟံ ကမ္မဖလံ ဥဠာရံ၊<br>
တံ ဝေ ဒါနံ ဝိပုလပ္ဖလန္တိ ဗြူမိ။</b>’’ (မ၊ ၃၊ ၃၀၀။)<br>
<b>ယော သီလဝါ</b>၊ အကြင်သီလရှိတဲ့ အလှူပေးတဲ့ ပုဂ္ဂိုလ်သည်။ <b>ဓမ္မေန လဒ္ဓံ</b>၊ တရားသောနည်းလမ်းဖြင့် ရှာဖွေသဖြင့် ရရှိအပ်သည့် လှူဖွယ်ဝတ္ထုပစ္စည်းစုကို။ <b>သုပသန္နစိတ္တော</b>၊ အလွန်ကြည်လင်သော စိတ်ထားရှိသည်ဖြစ်၍။ <b>ဥဠာရံ</b>၊ ပြန့်ပြောကြီးကျယ် မြင့်မြတ်လှစွာသော။ <b>ကမ္မဖလံ</b>၊ ကံ-ကံ၏အကျိုးတရားကို။ <b>အဘိသဒ္ဒဟံ</b>၊ အလွန်သက်ဝင်ယုံကြည်သည်ဖြစ်၍။ <b>သီလဝန္တေသု</b>၊ သီလရှိတဲ့ အရှင်ကောင်းအရှင်မြတ်တို့၌။ <b>ဒါနံ</b>၊ အလှူကို။ <b>ဒဒါတိ</b>၊ ပေးလှူ၏၊ <b>တံ ဒါနံ</b>၊ ထိုကဲ့သို့သော အလှူဒါနမျိုးကို။ <b>ဝေ</b>၊ စင်စစ်ဧကန် အမှန်အားဖြင့်။ <b>ဝိပုလပ္ဖလန္တိ</b>၊ ပြန့်ပြောကြီးကျယ်သည့် အကျိုးတရား ထင်ရှားရှိသော အလှူဒါနမျိုးဟူ၍။ <b>အဟံ</b>၊ ငါဘုရားသည်။ <b>ဗြူမိ</b>၊ ဟောတော်မူ၏၊<br>
ဒီအလှူရဲ့ အကျိုးတရားကို ပြောပြပါဆိုရင် ဘယ်ရွေ့ဘယ်မျှ အကျိုးရှိတယ်ဆိုတာ ပြောပြလို့ မကုန်နိုင်အောင် အလွန်ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးရှိတဲ့ ဒါနမျိုးလို့ ဒီလို ဘုရားဟောတယ်။ ဘယ်လို ဒါနလဲ?<br>
အလှူပေးတဲ့ ပုဂ္ဂိုလ်က -<br>
(၁) ကိုယ်ကျင့်သီလနှင့် ပြည့်စုံခြင်း။<br>
(၂) တရားသောနည်းလမ်းဖြင့် ရှာဖွေရှိတဲ့ လှူဖွယ်ဝတ္ထုပစ္စည်းစု ဖြစ်ခြင်း။<br>
(၃) ပေးလှူနေတဲ့ အချိန်အခါမှာ အလွန်ကြည်လင်နေတဲ့ စိတ်ထားရှိခြင်း။</p>
<p>(၄) ကြီးကျယ်မြင့်မြတ်တဲ့ ကံ-ကံ၏အကျိုးကို သက်ဝင်ယုံကြည်နေတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ် ပြဋ္ဌာန်းနေတဲ့ သဒ္ဓါတရား ထင်ရှားရှိခြင်း။</p>
<p>ပေါင်းလိုက်တော့ အလှူပေးတဲ့ပုဂ္ဂိုလ်ဘက်မှာ ပြည့်စုံရမယ့် အင်္ဂါ ဘယ်နှစ်ချက်လဲ? လေးချက်။ အလှူခံပုဂ္ဂိုလ်တွေဘက် ကြည့်လိုက်တော့ ကိုယ်ကျင့်သီလနှင့် ပြည့်စုံခြင်းဆိုတဲ့ အင်္ဂါ တစ်ချက်။ ပေါင်းလိုက်တော့ အင်္ဂါ ဘယ်နှစ်ချက်လဲ? ငါးချက်။ ဒီလို အင်္ဂါ ငါးချက်နဲ့ ပြည့်စုံနေတဲ့ အလှူဒါနမျိုးကို ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးတရား ထင်ရှားရှိနေတဲ့ အလှူဒါနမျိုးလို့ ငါဘုရားဟောတယ်။ ဒီ<b>ဟတ္ထကအာဠဝက သီတင်းသည်</b>ကို လှမ်းမြော်ပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာ ပဒုမုတ္တရမြတ်စွာဘုရားရှင်ရဲ့ သာသနာတော်တွင်းတုန်းက သဒ္ဓါတရားလည်း ထင်ရှားရှိခဲ့တယ်။ တရားသောနည်းလမ်းဖြင့် ရှာဖွေရရှိတဲ့ လှူဖွယ်ဝတ္ထုတွေလည်း ဖြစ်ခဲ့တယ်။ ပေးလှူတဲ့ အချိန်အခါမှာ အလွန်ကြည်လင်နေတဲ့ စိတ်ထားလည်း ရှိခဲ့တယ်။ ကံ-ကံ၏အကျိုးကို ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ် ပြဋ္ဌာန်းနေတဲ့ ဉာဏ်ပညာပြဋ္ဌာန်းပြီး ယုံကြည်သက်ဝင်နေတဲ့ သဒ္ဓါတရားလည်း ထင်ရှားရှိခဲ့တယ်။ ဒီအင်္ဂါ လေးချက် ပြည့်စုံနေတယ်။<br><br>
ဒီအလှူခံဘက် ကြည့်လိုက်တော့ ပဒုမုတ္တရဘုရားရှင် အမှူးရှိနေတဲ့ ရဟန္တာပေါင်း တစ်သိန်းဖြစ်တယ်။ သူ့အလှူဒါနကြီးက သိပ်ပြီးတော့ မကြီးကျယ်ဘူးလား? ကြီးကျယ်တယ်။ အင်္ဂါ ငါးရပ်နှင့်လည်း ပြည့်စုံတယ်။ ဒီတော့ ပဒုမုတ္တရဘုရားရှင် အမှူးရှိနေတဲ့ ရဟန္တာအရှင်မြတ် တစ်သိန်းတို့ကို သူ လှူဒါန်းတဲ့ အချိန်အခါမှာ မရိုမသေ လှူခဲ့တာ ဟုတ်သလား? မဟုတ်ဘူး။ ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုးနဲ့ ပူဇော်ခဲ့တယ်။ အဲဒီလို ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုးနဲ့ ပူဇော်ခဲ့တဲ့ ဒီကုသိုလ်ကံစေတနာတွေက ကမ္ဘာတစ်သိန်းအတွင်းမှာ ထိုက်သလို လိုက်ပြီး အကျိုးပေးလိုက်တော့ ဘာဖြစ်သလဲ?</p>
<p>‘‘<b>ယံ ယံ ပဒေသံ ဘဇတိ၊ တတ္ထ တတ္ထေဝ ပူဇိတော</b>’’။ (အံ-ဋ္ဌ-၁-၂၉၈။ ဓမ္မပဒ-စာပိုဒ်-၃၀၃။)<br>
<b>ယံ ယံ ပဒေသံ</b>၊ အကြင်အကြင်အရပ်သို့။ <b>ဘဇတိ</b>၊ ဆိုက်ရောက်ခဲ့လေ၏၊ <b>တတ္ထ တတ္ထေဝ</b>၊ ထိုထိုအရပ်၌ပင်လျှင်။ <b>ပူဇိတော</b>၊ အပူဇော်ခံရသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊<br>
ဘယ်နေရာမှာမဆို ရောက်ပြီဆိုရင် ရောက်တဲ့နေရာမှာ သူ့ကို ပူဇော်မည့် ပုဂ္ဂိုလ်တွေက အခန့်သင့် ဖြစ်နေတယ်။ ဒီလို အခန့်သင့် ဖြစ်အောင် ဘယ်သူက ဖန်တီးပေးသလဲ? သူ ပြုစုပျိုးထောင်ခဲ့တဲ့ ကုသိုလ်ကံတွေက ဖန်တီးပေးတယ်။ သူ့ကံတွေကို လှမ်းပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာ ကြည့်ပေါ့နော်။<br><br>
<b>သဒ္ဓါ</b>၊ သဒ္ဓါတရားလည်း ရှိတယ်။ <b>သီလ</b>၊ ကိုယ်ကျင့်သီလတွေကလည်း သိပ်အားကောင်းတယ်။ <b>ဗဟုဿုတ</b>၊ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတွေကိုလည်း ဟုတ်တိုင်းမှန်စွာ သိတယ်။ <b>ပညဝါ</b>၊ ဝိပဿနာဉာဏ်ပညာတွေနဲ့လည်း ပြည့်စုံခဲ့တယ်။ အဲဒီလို ပြည့်စုံတဲ့အတွက် ဒီလိုပုဂ္ဂိုလ်ရဲ့ အသက်ရှင်ခြင်းကို ဘုရားရှင်က ဘယ်လို ဟောသလဲ?</p>
<p>‘‘<b>ယော စ ဝဿသတံ ဇီဝေ၊ ဒုဿီလော အသမာဟိတော။<br>
ဧကာဟံ ဇီဝိတံ သေယျော၊ သီလဝန္တဿ ဈာယိနော။</b>’’<br>
<b>ယော စ</b>၊ အကြင်ပုဂ္ဂိုလ်သည်ကား။ <b>ဒုဿီလော</b>၊ သီလမရှိပါဘဲလျက်။ <b>အသမာဟိတော</b>၊ ဥပစာရသမာဓိ, အပ္ပနာသမာဓိဟု ခေါ်ဆိုအပ်သော နှစ်မျိုးသော စိတ်တည်ကြည်မှု သမာဓိတရား ထင်ရှားမရှိပါဘဲလျက်။ <b>ဝဿသတံ</b>၊ နှစ်ပေါင်းတစ်ရာ ကာလကြာအောင်။ <b>စေ ဇီဝေ</b>၊ အကယ်၍ အသက်ရှင်နေငြားအံ့။ <b>တဿ</b>၊ ထိုပုဂ္ဂိုလ်၏၊ <b>ဝဿသတံ</b>၊ နှစ်ပေါင်းတစ်ရာ ကာလကြာအောင်။ <b>ဇီဝိတံ</b>၊ အသက်ရှင်၍ နေရခြင်းထက်။ <b>သီလဝန္တဿ</b>၊ ကိုယ်ကျင့်သီလနှင့် ပြည့်စုံသော။ <b>ဈာယိနော</b>၊ အာရမ္မဏူပနိဇ္ဈာနဈာန်, လက္ခဏူပနိဇ္ဈာနဈာန်ဟု ခေါ်ဆိုအပ်သော နှစ်မျိုးသော ဈာန်တို့ကို ဝင်စားလျက်ရှိသော ပုဂ္ဂိုလ်၏၊ <b>ဧကာဟံ</b>၊ တစ်နေ့ တစ်ရက် တစ်နံနက်မျှ။ <b>ဇီဝိတံ</b>၊ အသက်ရှင်၍ နေရခြင်းသည်ကား။ <b>သေယျော</b>၊ သာလွန်၍ မြင့်မြတ်လှပါ၏၊<br><br>
ပုဂ္ဂိုလ်တစ်ယောက် ကြည့်လိုက်မယ်။ ကိုယ်ကျင့်သီလတွေကလည်း သိပ်ပြီးတော့ ပျက်စီးတယ်။ ကာယကံ စင်ကြယ်မှုလည်း မရှိဘူး, ဝစီကံ စင်ကြယ်မှုလည်း မရှိဘူး, မနောကံ စင်ကြယ်မှုလည်း မရှိဘူး။ နောက်တစ်ခု - စိတ်တည်ကြည်မှု သမာဓိ နည်းနည်းမှ မရှိဘူး။ စိတ်တည်ကြည်မှု သမာဓိ ဆိုတာက ကမ္မဋ္ဌာန်း (၄၀)ထဲက ကမ္မဋ္ဌာန်းတစ်ခုခုကို ပွားများလိုက်တဲ့ အချိန်အခါမှာ ဥပစာရသမာဓိ, အပ္ပနာသမာဓိလို့ ခေါ်ဆိုအပ်တဲ့ သမာဓိ နှစ်မျိုး တစ်မျိုးမျိုးတော့ ရရှိရမယ်။<br>
<b>ဥပစာရသမာဓိ</b>ဆိုတာက ဈာန်နားကပ်နေတဲ့ သမာဓိ သို့မဟုတ် ဈာန်နားကပ်နေတဲ့ အလားတူတဲ့ သမာဓိကို ဥပစာရသမာဓိလို့ ခေါ်တယ်။ <b>အပ္ပနာသမာဓိ</b> ဆိုတာကတော့ ဈာန်သမာဓိ ဖြစ်ပါတယ်။ ထိုစိတ်တည်မှု သမာဓိ တစ်မျိုးမျိုးလည်း မရှိဘူး။ ကိုယ်ကျင့်သီလကလည်း မပြည့်စုံဘူး။ ထိုပုဂ္ဂိုလ်မျိုးကို နှစ်ပေါင်းတစ်ရာ ကာလကြာအောင် အသက်ရှင်နေရခြင်းသည် မမြတ်ဘူး။ ဘာဖြစ်လို့လဲ? ကိုယ်ကျင့်သီလ ပျက်စီးပြီးတော့ သမာဓိ မရှိသောသူတို့ သွားရာလမ်းသည် <b>အပါယ်လေးဘုံ</b>က များပါတယ်နော်။ အပါယ်လေးဘုံသို့ ကျိန်းသေဧကန် ရောက်မည့်အတွက် ဒီပုဂ္ဂိုလ်ရဲ့ အသက်ရှင်ခြင်းသည် မွန်မြတ်သော အသက်ရှင်ခြင်းလို့ ခေါ်နိုင်မလား? မခေါ်နိုင်ဘူး။<br><br>
ဒါပေမဲ့ ပုဂ္ဂိုလ်တစ်ယောက် ကြည့်မယ် ဆိုလို့ရှိရင် ကိုယ်ကျင့်သီလကလည်း သိပ်ပြီးတော့ ဖြူစင်တယ်။ ကာယကံ စင်ကြယ်မှု ရှိတယ်, ဝစီကံ စင်ကြယ်မှု ရှိတယ်, မနောကံ စင်ကြယ်မှုကလည်း ရှိတယ်။ အဲဒီလို စင်ကြယ်တဲ့အပေါ်မှာ သူက ဘာလုပ်သလဲ? <b>အာရမ္မဏူပနိဇ္ဈာနဈာန်</b>လို့ ခေါ်ဆိုအပ်တဲ့ ဥပစာရသမာဓိ, အပ္ပနာသမာဓိလို့ ခေါ်ဆိုအပ်တဲ့ အာရုံတစ်ခုခုအပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး ထားနိုင်တယ်။ ဥပစာရသမာဓိ, အပ္ပနာသမာဓိလို့ ခေါ်တဲ့ တစ်မျိုးမျိုးလည်း ရရှိတယ်။ ဈာန်သမာဓိအထိလည်း ရကောင်းရတယ်။ အဲဒီလို သမာဓိရှိပြီးတော့ သမာဓိကို အခြေခံပြီး ရုပ်တွေ နာမ်တွေ သိအောင် ကြိုးစားအားထုတ်တယ်, အကြောင်းတရား အကျိုးတရားတွေ သိအောင် ကြိုးစားအားထုတ်တယ်, အကြောင်းတရားနှင့်တကွ အကျိုးတရားတို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေကို သိအောင် ကြိုးစားအားထုတ်တယ်။ သိလည်း သိတယ်။ အဲဒီလို သိခဲ့မယ်ဆိုရင်တော့ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို တွင်တွင်ကြီး ရှုနေတဲ့ ဝိပဿနာဉာဏ်ကိုတော့ <b>လက္ခဏူပနိဇ္ဈာနဈာန်</b>လို့ ခေါ်တယ်။<br><br>
ခုနက ကမ္မဋ္ဌာန်း (၄၀)ထဲက ကမ္မဋ္ဌာန်းအာရုံ တစ်ခုခုအပေါ်မှာ ကပ်ပြီး ရှုနေတဲ့ တတည်ကြည်နေတဲ့ ဥပစာရသမာဓိ, အပ္ပနာသမာဓိကိုတော့ <b>အာရမ္မဏူပနိဇ္ဈာနဈာန်</b>လို့ ခေါ်ပါတယ်။ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို ကပ်ပြီး ရှုနေတဲ့ ဝိပဿနာဉာဏ်ကိုတော့ <b>လက္ခဏူပနိဇ္ဈာနဈာန်</b>လို့ ခေါ်ပါတယ်။ ထိုအာရမ္မဏူပနိဇ္ဈာနဈာန်, လက္ခဏူပနိဇ္ဈာနဈာန်ဆိုတဲ့ ဈာန် နှစ်မျိုးနှင့် ပြည့်စုံပြီးတော့ ကိုယ်ကျင့်သီလ ဖြူစင်နေတဲ့ ပုဂ္ဂိုလ်ရဲ့ တစ်နေ့ တစ်ရက် တစ်နံနက်မျှ အသက်ရှင်ရခြင်းသည် သာလွန်မြင့်မြတ်တယ်။ ဘာဖြစ်လို့လဲ?<br>
ဒီသတ္တဝါတစ်ဦးက မဂ်ဖိုလ်နိဗ္ဗာန် ရဖို့ရန်အတွက် အားကောင်းတဲ့ <b>ပါရမီမျိုးစေ့</b>ကို ထူထောင်နေတာလည်း ဖြစ်တယ်။ ဒီကံတွေက ပါရမီမျိုးစေ့တွေလည်း ဖြစ်နေပါတယ်။ နောက်တစ်ခု - အာရမ္မဏူပနိဇ္ဈာနဈာန်, လက္ခဏူပနိဇ္ဈာနဈာန်နှင့်တကွသော သီလစင်ကြယ်မှုဆိုတဲ့ ကုသိုလ်တရားတွေက ထိုပုဂ္ဂိုလ်ကို အပါယ်လေးဘုံမှ လွတ်အောင် ကျွတ်အောင် ထုတ်ဆောင်ကယ်တင်နိုင်တဲ့ စွမ်းအားတွေလည်း ရှိတယ်။ ဒီ<b>ဟတ္ထကအာဠဝက သီတင်းသည်</b>တို့ကဲ့သို့ပေါ့။ ပဒုမုတ္တရဘုရားရှင်ရဲ့ သာသနာတော်မှာ ကြဲချစိုက်ပျိုးခဲ့တဲ့ ကိုယ်ကျင့်သီလ ဖြူစင်ခြင်း, အာရမ္မဏူပနိဇ္ဈာနဈာန်, လက္ခဏူပနိဇ္ဈာနဈာန်ခေါ်တဲ့ ဒီဈာန်တွေက အပါယ်သံသရာမှ ထုတ်ဆောင်ကယ်တင်နိုင်တယ်။<br>
ဒီကံတွေက နှစ်နဲ့ချီပြီး အပါယ်သံသရာဘေးကြီးမှ ကယ်တင်နိုင်တဲ့ စွမ်းအားတွေ ပေါ်မလာဘူးလား? ပေါ်လာတယ်။ ဒါတွင်လားဆိုတော့ မကသေးဘူး။ ဂေါတမဘုရားရှင်လက်ထက်တော်တွင်း ရောက်တဲ့ အချိန်အခါမှာ သူမျှော်လင့်တောင့်တနေတဲ့ <b>အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်</b>လည်း ရတယ်။ အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်နှင့်တကွ သူ မျှော်လင့်တောင့်တနေတဲ့ ပရိသတ်ကို <b>သင်္ဂဟဝတ္ထု (၄)ပါး</b>ဖြင့် ချီးမြှောက်တဲ့နေရာမှာ <b>ဧတဒဂ်ဘွဲ့ထူး</b>လည်း ရရှိသွားတယ်။ ဒီလိုဆိုရင် ကမ္ဘာတစ်သိန်းမှ အပါယ်သံသရာမှ ရပ်နားခွင့် ရရှိပြီးတော့, အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်တိုင်အောင် အကျိုးတရားတွေကို ဖြစ်စေနိုင်တယ်ဆိုရင် ထိုပုဂ္ဂိုလ်ရဲ့ အသက်ရှင်ခြင်းသည် မြတ်သော အသက်ရှင်ခြင်းလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။<br><br>
ဒါကြောင့် ဒီနေ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့နှင့်တကွ အလှူရှင်အပေါင်းတို့ဟာလည်း ဘုရားရှင် နှစ်ခြိုက်တော်မူတဲ့ မွန်မြတ်သော အသက်ရှင်ခြင်းဖြင့် အသက်ရှင်နိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါလို့ ဘုန်းကြီး တိုက်တွန်းပါတယ်။ နောက်တစ်ခု -</p>
<p>‘‘<b>ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။<br>
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။</b>’’<br>
<b>ယော စ</b>၊ အကြင်ပုဂ္ဂိုလ်သည်ကား။ <b>ဥဒယဗ္ဗယံ</b>၊ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတို့ရဲ့ ဖြစ်ခြင်း ပျက်ခြင်း ဥဒယဗ္ဗယသဘောကို။ <b>အပဿံ</b>၊ မမြင်ပါဘဲလျက်။ <b>ဝဿသတံ</b>၊ နှစ်ပေါင်းတစ်ရာ ကာလကြာအောင်။ <b>စေ ဇီဝေ</b>၊ အကယ်၍ အသက်ရှင်၍ နေငြားအံ့။ <b>တဿ</b>၊ ထိုပုဂ္ဂိုလ်၏၊ <b>ဝဿသတံ</b>၊ နှစ်ပေါင်းတစ်ရာ ကာလကြာအောင်။ <b>ဇီဝိတံ</b>၊ အသက်ရှင်၍ နေရခြင်းထက်။ <b>သီလဝန္တဿ</b>၊ ကိုယ်ကျင့်သီလနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏၊ <b>ဥဒယဗ္ဗယံ</b>၊ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတို့ရဲ့ ဖြစ်ခြင်း ပျက်ခြင်း ဥဒယဗ္ဗယသဘောကို။ <b>ပဿတော</b>၊ ဝိပဿနာပညာ မဂ်ပညာဖြင့် ထိုးထွင်းသိမြင် ရရှိသော ပုဂ္ဂိုလ်၏၊ <b>ဧကာဟံ</b>၊ တစ်နေ့ တစ်ရက် တစ်နံနက်မျှ။ <b>ဇီဝိတံ</b>၊ အသက်ရှင်နေရခြင်းသည်ကား။ <b>သေယျော</b>၊ သာလွန်၍ မြင့်မြတ်လှပါပေ၏၊<br><br>
ရုပ်တရားဆိုတာ ဘာလဲ? မသိဘူး။ နာမ်တရားဆိုတာ ဘာလဲ? မသိဘူး။ အကြောင်းတရားဆိုတာ ဘာလဲ? မသိဘူး။ အကျိုးတရားဆိုတာ ဘာလဲ? မသိဘူး။ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောလည်း မသိဘူး။ ဖြစ်ခြင်းပျက်ခြင်း <b>ဥဒယဗ္ဗယသဘော</b>တွေကို လုံးလုံး မသိဘူး။ မသိတဲ့ပုဂ္ဂိုလ် နှစ်ပေါင်းတစ်ရာကြာအောင် အသက်ရှင်လျက် နေရခြင်းသည် မမြတ်ဘူး။<br><br>
ပုဂ္ဂိုလ်တစ်ယောက် ကြည့်လိုက်တော့ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောလည်း မသိဘူး။ ဖြစ်ခြင်းပျက်ခြင်း ဥဒယဗ္ဗယသဘောကို ဝိပဿနာပညာ မဂ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ သိတယ်။ ဒီအသိဉာဏ်ရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့ တစ်နေ့ တစ်ရက် တစ်နံနက်မျှ နေရခြင်းသည် မြတ်တယ်။ ဘာဖြစ်လို့လဲ? ဒီလို အသိဉာဏ်ရှိနေတဲ့ ပုဂ္ဂိုလ်သည် အပါယ်လေးဘုံ ဘယ်တော့မှ မရောက်ဘူး။<br><br>
ဟတ္ထကအာဠဝက သီတင်းသည်တို့ကဲ့သို့ ကမ္ဘာတစ်သိန်းနဲ့ ချီပြီးတော့လည်း အပါယ်သံသရာမှ လွတ်ကောင်းလွတ်နိုင်တယ်။ နောက်ဆုံး မိမိ မျှော်လင့်တောင့်တနေတဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ကျိန်းသေဧကန် ရစေနိုင်တဲ့ စွမ်းအားရှိတယ်။ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိခဲ့ပြီ ဆိုခဲ့ရင်ပေါ့လေ မိမိတို့ရဲ့ ပါရမီအားလျော်စွာ ပဋိသန္ဓေနေရတဲ့ ဘေးဆိုးကြီးမှ လွတ်မည်၊ အိုဘေးဆိုးကြီးမှ လွတ်မည်၊ နာဘေးဆိုးကြီးမှ လွတ်မည်၊ သေဘေးဆိုးကြီးမှ လွတ်မည်၊ စိုးရိမ်ရတဲ့ဒုက္ခ, ပူဆွေးရတဲ့ဒုက္ခ, ငိုကြွေးရတဲ့ဒုက္ခ, ကိုယ်ဆင်းရဲရတဲ့ဒုက္ခ, စိတ်ဆင်းရဲရတဲ့ဒုက္ခ, ပြင်းစွာပူပန်ရတဲ့ဒုက္ခတွေမှ လွတ်မည်။ သံသရာဝဋ်ဆင်းရဲ ဒုက္ခကြီးမှ ကွင်းလုံးကျွတ် လွတ်သွားမည်။<br><br>
ဒါကြောင့် သံသရာဝဋ်ဆင်းရဲဒုက္ခကြီးမှ ကွင်းလုံးကျွတ်လွတ်အောင် ထုတ်ဆောင်ကယ်တင်ပေးနိုင်တဲ့ စွမ်းအားရှိနေတဲ့ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပလို့ ခေါ်ဆိုအပ်တဲ့ <b>သူတော်ကောင်းဥစ္စာ (၇)ဖြာ</b>တို့နှင့် ပြည့်စုံအောင် ယခုလို သာသနာတော်တွင်းမှာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ထားတတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။<br>
ဒါကြောင့် တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့နှင့်တကွ အလှူရှင်တို့လည်း သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပလို့ ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းဥစ္စာ (၇)ဖြာတို့နှင့် ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါလို့ တိုက်တွန်းရင်း တရားသိမ်းကြစို့။</p>
<p>‘‘<b>ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။<br>
တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။</b>’’<br>
<b>သန္တော</b>၊ ဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို.. တို့ရှေ့ကသူတော်ကောင်းတို့သည်။<br>
<b>ဂမ္ဘီရစိန္တကာ</b>၊ နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာ ကြံဆင် အကြံကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။<br>
<b>ကာမေ</b>၊ ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက်ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို။<br>
<b>ဟိတွာ</b>၊ ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့် ဆက်ဆံ ဘေးတွေက ဝန်းရံ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော် ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည် ဖြစ်၍။<br>
<b>ပဗ္ဗဇိံသု</b>၊ ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ်နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ်သက်ရွှင်လန်း ရှင်ရဟန်း ပြု၍ တောထွက်တော်မူကြလေကုန်ပြီ။<br>
<b>တုမှေပိ</b>၊ မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင်သူတော်ကောင်းတို့သည်လည်းပဲ။<br>
<b>ပဗ္ဗဇိတာ</b>၊ ဝတ္ထုကာမ ဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန်ထွက်ကြကုန်သည်ဖြစ်၍။<br>
<b>သုပေသလာ</b>၊ စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလကိုယ်စီကိုယ်င ရှိကြကုန်သည် ဖြစ်၍။<br>
<b>တေ</b>၊ ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့ကို။<br>
<b>အနုသိက္ခာဝှေါ</b>၊ အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ .. အားထုတ်နိုင်ကြပါစေကုန်သတည်း ...။<br>
သာဓု သာဓု သာဓုပါဘုရား . . .</p>
nd8khj26qkteci6q04b8q50feckb6oh
22067
22066
2026-06-13T02:19:37Z
Tejinda
173
22067
wikitext
text/x-wiki
{{header
| title = ဒုတိယဟတ္ထကသုတ်
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[အဿဇိသုတ်]]
| previous2 =
| next = [[လိစ္ဆဝိကုမာရကသုတ်]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =
}}
<h3>ဒုတိယဟတ္ထကသုတ္တန်</h3>
<h3>ပထမပိုင်း</h3>
<p>၁၃၅၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၁၄) ရက်နေ့ စိတ္တလတောင်ကျောင်း၌ မြတ်စွာဘုရားရှင် ကိန်းဝပ်တော်မူရာ ဂန္ဓကုဋီကျောင်းတော်အဖြစ်လည်းကောင်း၊ သံဃာတော်များ စုပေါင်းပြီး တရားနှလုံးသွင်းရန် ဓမ္မာရုံဟူ၍လည်းကောင်း၊ သံဃာတော်များ ကံကြီးကံငယ် ဆောင်ရွက်ရန်အတွက် ဥပုသ်ပြုရန်အတွက် အသုံးချရန် သိမ်ဟူ၍လည်းကောင်း အမည်သုံးမျိုး ရရှိသော ဘုရား ဂန္ဓကုဋီကျောင်းတော်ကြီးတစ်ခုကို ဒီနေ့ အောင်မြင်စွာ ပန္နက်ချခဲ့ပါတယ်။</p>
<p>ထိုဂန္ဓကုဋီကျောင်းတော်ကြီးအတွက် မန္တလေးမြို့ မန်းမြို့တော်ကဖီး ဒါယကာကြီး ဦးခင် + ဒါယိကာမကြီး ဒေါ်စောတင်၊ သားဖြစ်သူ မောင်အောင်မြင့် အစ်ကိုအစ်မ အစရှိတဲ့ မိစုတို့က မတည်ပြီး လှူဒါန်းပူဇော်ကြပါတယ်။ ထိုအုတ်မြစ်ချပွဲ အခမ်းအနား၌ ဒါယကာကြီး ဦးခင်၊ ဒါယိကာမကြီး ဒေါ်စောတင်တို့ကလည်း ဘုရားအမှူးရှိသော သံဃာတော်တို့နှင့်တကွ ရှင်ယောဂီ၊ လူယောဂီ ပရိသတ်အပေါင်း သူတော်ကောင်းတို့အား ဆွမ်းခဲဖွယ်ဘောဇဉ် ချိုချဉ်ရသာ အဖြာဖြာတို့ကို ဆက်ကပ်ကျွေးမွေး လှူဒါန်းပူဇော်ပါတယ်။ ထိုအလှူဒါနပွဲ၌ အနုမောဒနာတရားအဖြစ် ဟောကြားအပ်သော အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါတ်၌ လာရှိသော <b>ဒုတိယဟတ္ထကသုတ္တန်</b> တရားဒေသနာတော်။</p>
<p>‘‘<b>မတ္တာသုခပရိစ္စာဂါ၊ ပဿေ စေ ဝိပုလံ သုခံ။ စဇေ မတ္တာသုခံ ဓီရော၊ သမ္ပဿံ ဝိပုလံ သုခံ။</b>’’</p>
<p><b>ဘိက္ခဝေ</b>၊ ရဟန်းတော်များ အိုချစ်သားတို့ ...။ <b>မတ္တာသုခပရိစ္စာဂါ</b>၊ အနည်းငယ်မျှ ခံစံရမည့် ကာမသုခ ချမ်းသာဝေဒနာကို တွယ်တာမငဲ့ ရက်ရက်ကြည်ဖြူ စွန့်လွှတ် လှူဒါန်းခြင်းတည်းဟူသော အကြောင်းတရားကြောင့်။ <b>စေ ပဿေ</b>၊ ရလိမ့်ဧကန် စင်စစ်မှန်ဟု အကယ်တိတိ ဉာဏ်ပညာ မျက်စိဖြင့် တွေ့မြင်သိရှိခဲ့သည် ဖြစ်ငြားအံ့။ <b>ဝိပုလံ သုခံ</b>၊ ပြန့်ပြောကြီးကျယ် မြင့်မြတ်လှသည့် နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကြီးကို။ <b>သမ္ပဿံ</b>၊ ဝိပဿနာပညာ မဂ်ပညာဖြင့် ကောင်းစွာ ထင်ထင် သိမြင်၍နေသော။ <b>ဓီရော</b>၊ ပညာရှိသူတော်ကောင်းသည်။ <b>မတ္တာသုခံ</b>၊ အနည်းငယ်မျှ ခံစံရမည့် ကာမသုခ ချမ်းသာ ဝေဒနာကို။ <b>စဇေ</b>၊ စင်စစ် သဒ္ဓါကြည်ဖြူ စွန့်လွှတ် လှူဒါန်းလေရာသတည်း။</p>
<p>ဒီဂါထာလေးကတော့ မြတ်စွာဘုရား ဝေသာလီပြည် ရတနသုတ္တန် ပရိတ်တရားတော်မြတ်ကို ချီးမြှင့်တော်မူရာအတွက် ကြွချီရာအပိုင်းမှာ သုဒ္ဓါဝါသ ဗြဟ္မာပြည်တိုင်အောင်သော လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ၊ နဂါးတွေ အစရှိတဲ့ သတ္တဝါအားလုံးတို့က အကြီးအကျယ် ပူဇော်တဲ့ ပူဇော်ပွဲကို အခြေခံပြီးတော့ ဘုရားအလောင်းတော် သံခပုဏ္ဏားကြီးက သားဖြစ်သူ သုသိမ ပစ္စေကဗုဒ္ဓါဘုရားရှင်၏ စေတီတော်၌ အနည်းငယ်မျှ စွန့်လွှတ်ခဲ့သော အလှူဒါနကို အခြေခံပြီးတော့ ဟောကြားထားတဲ့ ဒေသနာတော်လေးတစ်ခု ဖြစ်ပါတယ်။</p>
<p><b>ကာမသုခ</b> ချမ်းသာဆိုတာက အနည်းငယ်သာ ဖြစ်ပါတယ်။ အာရုံငါးပါး <b>ကာမဂုဏ်တရား</b>တွေကို အကြောင်းပြုပြီး ရရှိတဲ့ ချမ်းသာသုခပဲ။ <b>နိဗ္ဗာန်</b>ဆိုတဲ့ ချမ်းသာတရားတော်မြတ်ကြီးကတော့ သံသရာဝဋ်ဆင်းရဲဒုက္ခအားလုံးမှ ချုပ်ငြိမ်းရာ ချမ်းသာကြီး အစစ် ဧကန်ဖြစ်တဲ့အတွက်ကြောင့် အလွန် ကြီးကျယ်မြင့်မြတ်တဲ့ ချမ်းသာထူးကြီး ဖြစ်ပါတယ်။ ထို အလွန် ကြီးကျယ်မြင့်မြတ်နေတဲ့ ချမ်းသာထူးကြီးကို ဧကန်စင်စစ် ရလိမ့်မယ်လို့ မျှော်လင့်တောင့်တနေတဲ့ ပညာရှိသူတော်ကောင်း မှန်ခဲ့ရင် ဧကန်စင်စစ် ရလိမ့်မယ်လို့ ဝိပဿနာပညာ မဂ်ပညာတို့ဖြင့် လှမ်းမြော်ပြီး သိမြင်နေတဲ့ ပညာရှိသူတော်ကောင်းသာ မှန်ခဲ့မယ်ဆိုရင် အနည်းငယ်မျှ ခံစံရမည့် ကာမသုခ ချမ်းသာလေးကို စွန့်လွှတ်နိုင်တဲ့ စွမ်းအား ရှိရမယ်။</p>
<p>အဲဒီလို စွန့်လွှတ်နိုင်တဲ့အတွက် အထွတ်အထိပ်သို့ ရောက်ရှိသွားတဲ့ ပုဂ္ဂိုလ်တွေ များစွာ ရှိကြပါတယ်။ ထိုပုဂ္ဂိုလ်တွေထဲက ဒီညတော့ ဘုန်းကြီးက ပရိသတ်တွေကို <b>သင်္ဂဟဝတ္ထု (၄) ပါး</b>ဖြင့် ချီးမြှောက်တဲ့နေရာမှာ ဧတဒဂ်ဘွဲ့ထူးကို ရရှိတော်မူတဲ့ ဟတ္ထကအာဠဝက အမည်ရှိတဲ့ သီတင်းသည်အကြောင်းကို ဒီညဟောဖို့ ရည်ရွယ်ထားပါတယ်။ ထိုဟတ္ထကအာဠဝကသုတ္တန်ကို မြတ်စွာဘုရား ဘယ်လို ဟောခဲ့လဲ?</p>
<p>‘‘<b>ဧကံ သမယံ ဘဂဝါ အာဠဝိယံ ဝိဟရတိ အဂ္ဂါဠဝေ စေတိယေ။</b>’’ (အံ၊၃၊၅၄။)</p>
<p><b>ဧကံ သမယံ</b>၊ အခါတစ်ပါး၌။ <b>ဘဂဝါ</b>၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ <b>အာဠဝိယံ</b>၊ အာဠဝီပြည်၌။ <b>အဂ္ဂါဠဝေ စေတိယေ</b>၊ အဂ္ဂါဠဝစေတီတော်မြတ်၌။ <b>ဝိဟရတိ</b>၊ သီတင်းသုံး စံနေတော်မူဆဲ ဖြစ်ပေသည်။</p>
<p>တစ်ချိန် မြတ်စွာဘုရား အာဠဝီပြည် အဂ္ဂါဠဝစေတီတော်မှာ သီတင်းသုံး စံနေတော်မူခိုက် ဖြစ်တယ်။ ဒီသုတ္တန် ဖြစ်ပေါ်လာတာက ---</p>
<p>‘‘<b>အထ ခေါ ဟတ္ထကော အာဠဝကော ပဉ္စမတ္တေဟိ ဥပါသကသတေဟိ ပရိဝုတော ယေန ဘဂဝါ တေနုပသင်္ကမိ၊</b>’’</p>
<p><b>အထ ခေါ</b>၊ ထိုအခါ၌။ <b>ဟတ္ထကော အာဠဝကော</b>၊ ထိုဟတ္ထကအာဠဝကသည်။ <b>ပဉ္စမတ္တေဟိ ဥပါသကသတေဟိ</b>၊ ငါးရာ အတိုင်းအရှည် ရှိကြကုန်သော ဥပါသကာ ဒါယကာတို့နှင့်။ <b>ပရိဝုတော</b>၊ ခြံရံလျက်။ <b>ယေန</b>၊ အကြင်အရပ်၌။ <b>ဘဂဝါ</b>၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ <b>ဝိဟရတိ</b>၊ ရှိတော်မူ၏။ <b>တေန</b>၊ ထိုဘုရားရှင် ရှိတော်မူရာအရပ်သို့။ <b>ဥပသင်္ကမိ</b>၊ အနီးအစပ် ချဉ်းကပ်တော်မူခဲ့လေ၏၊</p>
<p>ထိုအချိန်အခါမှာ ဟတ္ထကအာဠဝကမည်ရနေတဲ့ သို့မဟုတ် ဟတ္ထကအာဠဝက အမည်ရနေတဲ့ သီတင်းသည်က မိမိရဲ့ နောက်ပါ သောတာပန်၊ သကဒါဂါမ် ဖြစ်ကြတဲ့ အရိယာသူတော်ကောင်း ပရိသတ် (၅၀၀) ခြံရံပြီးတော့ မြတ်စွာဘုရားထံ ဆိုက်ရောက်လာတယ်။ ဆိုက်ရောက်လာတဲ့ အချိန်အခါမှာ -</p>
<p>‘‘<b>ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။</b>’’</p>
<p><b>ဥပသင်္ကမိတွာ</b>၊ ချဉ်းကပ်ပြီး၍။ <b>ဘဂဝန္တံ</b>၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်ကို။ <b>အဘိဝါဒေတွာ</b>၊ ရိုသေစွာ ရှိခိုးပြီး၍။ <b>ဧကမန္တံ</b>၊ အပြစ်ခြောက်ပါး လွတ်၍ သင့်တင့်လျှောက်ပတ်သော တစ်ခုသော အရပ်၌။ <b>နိသီဒိ</b>၊ ထိုင်၍ သီတင်းသုံးခဲ့လေပြီ။</p>
<p>မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးတော့ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးတယ်။ ရှိခိုးပြီးတဲ့ အချိန်အခါမှာ အပြစ်ခြောက်ပါး လွတ်တဲ့ သင့်တင့်လျှောက်ပတ်တဲ့ တစ်နေရာမှာ ထိုင်တယ်။</p>
<p>‘‘<b>ဧကမန္တံ နိသိန္နံ ခေါ ဟတ္ထကံ အာဠဝကံ ဘဂဝါ ဧတဒဝေါစ -</b>’’</p>
<p><b>ဧကမန္တံ</b>၊ အပြစ်ခြောက်ပါး လွတ်၍ သင့်တင့်လျှောက်ပတ်သော တစ်ခုသော အရပ်၌။ <b>နိသိန္နံ</b>၊ ထိုင်နေသော။ <b>ဟတ္ထကံ အာဠဝကံ</b>၊ ဟတ္ထကအာဠဝကကို။ <b>ဘဂဝါ</b>၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ <b>ဧတံ</b>၊ ဤစကားကို။ <b>အဝေါစ</b>၊ မိန့်ကြားတော်မူခဲ့လေပြီ။</p>
<p>သင့်တင့်လျှောက်ပတ်တဲ့ တစ်နေရာမှာ ထိုင်နေတဲ့ ဒီဟတ္ထကအာဠဝကကို မြတ်စွာဘုရားက မိန့်ကြားတယ်။ အဲဒီတော့ မြတ်စွာဘုရား အမိန့်ရှိတဲ့ စကားလေး မဟောမီ ဘုန်းကြီး ဒီဟတ္ထကအာဠဝကအကြောင်းကို နည်းနည်းလေး ပြောဖို့ ရည်ရွယ်ထားပါတယ်။</p>
<p>ဒီဟတ္ထကအာဠဝက ဆိုတာက သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ ဩတ္တပ္ပလို့ ခေါ်ဆိုအပ်တဲ့ <b>သူတော်ကောင်းဥစ္စာ (၇) ဖြာ</b>ကို ဘုရားရှင်ရဲ့ သာသနာတော်နှင့် တွေ့ကြုံခိုက်မှာ အရဖမ်းယူထားတဲ့အတွက် အဆင့်အတန်း မြင့်မားနေတဲ့ ဘဝကို ရရှိနေတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။ ဘယ်အချိန်ခါကတည်းက ဤသူတော်ကောင်းသည် သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ ဩတ္တပ္ပလို့ ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းဥစ္စာ (၇) ဖြာကို ယူထားသလဲ?</p>
<p>လွန်ခဲ့သော ကမ္ဘာတစ်သိန်းထဲက လောကမှာ ပဒုမုတ္တရမြတ်စွာဘုရားသခင် ပွင့်ထွန်းတော်မူခဲ့ပါတယ်။ ထိုပဒုမုတ္တရမြတ်စွာဘုရား ပွင့်ထွန်းတော်မူတဲ့ အချိန်အခါမှာ ဒီဟတ္ထကအာဠဝက သီတင်းသည်ကလည်း ပဒုမုတ္တရမြတ်စွာဘုရားရှင် သီတင်းသုံးရာ ကျောင်းတော်သို့ သွားရောက်၍ တရားနာယူခဲ့ပါတယ်။ ထိုနေ့မှာ ပဒုမုတ္တရမြတ်စွာဘုရားသခင်က ဥပါသကာ ဒါယကာတစ်ဦးကို မိမိရဲ့ နောက်လိုက်ပရိသတ်ကို <b>သင်္ဂဟဝတ္ထု (၄) ပါး</b>ဖြင့် ချီးမြှောက်တဲ့နေရာမှာ ဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့်တာကို သူကိုယ်တိုင် ကြားသိရတယ်။ မြင်လည်း မြင်တွေ့ရတယ်။ သိပ်ပြီးတော့ သဘောကျသွားတယ်။ အားကျတဲ့အတွက်ကြောင့် သူ ဘာလုပ်သလဲ? ပဒုမုတ္တရမြတ်စွာဘုရား အမှူးရှိတဲ့ တစ်သိန်းသော သံဃာတော်တို့ကို သူ့အိမ်သို့ ဆွမ်းဖြင့် ပင့်ဖိတ်ပါတယ်။ ခုနစ်ရက်တိုင်တိုင် ဘုရားအမှူးရှိတဲ့ သံဃာတော် တစ်သိန်းတို့အား အကြီးအကျယ် အလှူဒါနပွဲကြီးတွေ ကျင်းပတယ်။</p>
<p>အဲဒီလို အလှူဒါနပွဲကြီးတွေ ကျင်းပပြီးတဲ့ အချိန်အခါ ခုနစ်ရက်မြောက်တဲ့ နေ့ကျတော့ သူ လိုလားတောင့်တတဲ့ ပရိသတ်တွေကို သင်္ဂဟဝတ္ထု (၄) ပါးဖြင့် ချီးမြှောက်နိုင်တဲ့ ဧတဒဂ်ဘွဲ့ထူးကို ဆုထူး ပန်ထွာတော်မူခဲ့ပါတယ်။ ထိုဆုထူးပန်ထွာပြီးတဲ့နောက် ထိုပုဂ္ဂိုလ် ဘာလုပ်သလဲ? ဘုရားရှင်ရဲ့ သာသနာတော်နှင့် တွေ့ကြုံနေတဲ့ အချိန်အခါမှာ မိမိရဲ့ဘဝကို အဆင့်အတန်း မြင့်သထက် မြင့်မားသွားအောင် သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ ဩတ္တပ္ပလို့ ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းဥစ္စာ (၇) ဖြာတို့ကို ရရှိအောင် ကြိုးစားခဲ့တယ်။</p>
<p><b>သဒ္ဓါ</b>ဆိုတာက ရတနာသုံးတန် ကံ-ကံ၏အကျိုးတရားအပေါ်၌ သက်ဝင်ယုံကြည်နေတဲ့ သဘောတရားလေးတစ်ခု ဖြစ်ပါတယ်။ ဘုရားစစ် ဘုရားမှန် ဧကန်မှန်၏၊ တရားစစ် တရားမှန် ဧကန်မှန်၏၊ သံဃာစစ် သံဃာမှန် ဧကန်မှန်၏၊ ကံ-ကံ၏အကျိုးတရားသည် တကယ်ထင်ရှားရှိ၏ စသည်ဖြင့် သူတစ်ပါးတို့ လှုပ်ခြောက်ခြားလို့ မရအောင် တကယ်တမ်း သက်ဝင်ယုံကြည်နေတဲ့ သဘောတရားကို သဒ္ဓါလို့ ခေါ်ပါတယ်။ သို့သော် ဒီယုံကြည်ချက် သဒ္ဓါတရားကို ရရှိအောင် ဒီအမျိုးကောင်းသားသည် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဆည်းပူးရှာဖွေခဲ့သလဲ?</p>
<p>ဘုရားရှင်ရဲ့ သာသနာတော်မှာ ယခုကဲ့သို့ ဧတဒဂ်ဘွဲ့ထူး တစ်ခုခု ရအောင် ဆုထူးပန်ထွာနေတဲ့ ပုဂ္ဂိုလ်တို့ ပြုလုပ်ရမယ့် လုပ်ငန်းရပ်တွေ များစွာ ရှိပါတယ်။ အဲဒီ လုပ်ငန်းရပ်တွေထဲမှာ အရေးအကြီးဆုံး လုပ်ငန်းရပ်ကတော့ <b>ပုဗ္ဗယောဂ</b>လို့ ခေါ်ဆိုအပ်တဲ့ ကျင့်ဝတ်ပဋိပတ် ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ တရားတော်တွေကို သင်ယူတယ်။ အနက်အဓိပ္ပာယ်ကို သိအောင် ကြိုးစားအားထုတ်တယ်။ သင်ယူခဲ့တဲ့ တရားတွေကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိအောင် ကြိုးစားတယ်။ အဲဒီလို ကြိုးစားတဲ့အပိုင်းမှာ ဝိပဿနာပိုင်းသို့ ရောက်ရှိလာပြီဆိုလို့ရှိရင် <b>သင်္ခါရုပေက္ခာဉာဏ်</b>ပိုင်းသို့ တိုင်အောင် ရရှိအောင် ကြိုးစားတယ်။</p>
<p>အဲဒီလို ကြိုးစားတဲ့ အပိုင်းလေးမှာ ဒီသူတော်ကောင်းက ရုပ်တွေ နာမ်တွေကို မသိမ်းဆည်းမီ ရှေးဦးစွာ ဘာလုပ်သလဲ? <b>မဂ္ဂင် (၈) ပါး</b> ကျင့်ဝတ်တရားတွေကို ပြည့်စုံလာအောင် သီလကို ဖြူစင်အောင် ဖြည့်ကျင့်တယ်။ သမာဓိကို စနစ်တကျ ရရှိအောင် ထူထောင်တယ်။ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဘယ်သမာဓိတွေ ထူထောင်တယ်ဆိုတာ အတိအကျ မရှိသော်လည်း မဂ္ဂင် (၈) ပါးမှာ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ <b>သမ္မာသမာဓိမဂ္ဂင်</b>နှင့် ပြည့်စုံအောင်တော့ ဒီသူတော်ကောင်း ကြိုးစားအားထုတ်ခဲ့တယ်ဆိုတာ သိရှိခဲ့ရတယ်။</p>
<p>အဲဒီလို သမ္မာသမာဓိမဂ္ဂင်လို့ခေါ်တဲ့ ကောင်းစွာ တည်ကြည်မှု သမာဓိတရား ကြိုးစားအားထုတ်ပြီးတဲ့အခါ ရုပ်တွေသိအောင် ကြိုးစားအားထုတ်တယ်၊ နာမ်တွေသိအောင် ကြိုးစားအားထုတ်တယ်။ ရုပ်နာမ်ပရမတ္ထ ဓာတ်သားတွေကို စနစ်တကျ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးတဲ့ အချိန်အခါမှာ ဒီရုပ်တရား နာမ်တရားတွေသည် ဘယ်ကဲ့သို့သော အကြောင်းတရားတွေကြောင့် ဖြစ်ပေါ်တည်နေရပါသလဲ ဆိုပြီးတော့ ဒီရုပ်တရား နာမ်တရားတို့ရဲ့ အကြောင်းတရားတွေကို တစ်ဆင့်တက်ပြီးတော့ ရှာဖွေတယ်။</p>
<p>အဲဒီလို ရှာဖွေလိုက်တဲ့ အချိန်အခါမှာ အတိတ်က အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တို့ ခြံရံထားတဲ့ သင်္ခါရ၊ ကံဆိုတဲ့ အကြောင်းတရားတွေကြောင့် ဒီဘဝမှာ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေကို ဖြစ်ပေါ်လာတယ်ဆိုတာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိတယ်။ အဲဒီ အသိဉာဏ်ကတော့ <b>ပစ္စယပရိဂ္ဂဟဉာဏ်</b> ဖြစ်ပါတယ်။ ရုပ်တွေ နာမ်တွေကို ပရမတ်သို့ ဆိုက်အောင် ထွင်းဖောက်သိနေတဲ့ ဉာဏ်ကတော့ <b>နာမရူပပရိစ္ဆေဒဉာဏ်</b> ဖြစ်တယ်။</p>
<p>ထိုနာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်တို့ကို ရရှိထားပြီးတဲ့ သူတော်ကောင်းက ထိုနာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်တို့ဖြင့် သိမ်းဆည်းထားအပ်တဲ့ ထိုရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတွေကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပြီးတဲ့အခါ ထိုရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတို့ရဲ့ ဖြစ်ပြီး ပျက်နေတဲ့ သဘောလေးကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပြီး အနိစ္စလို့ ရှုတယ်။ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် ညှဉ်းပန်းအနှိပ်စက် ခံနေရတဲ့သဘောကို မြင်အောင် ကြည့်ပြီး ဒုက္ခလို့ ရှုတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ သဘောတရားတွေကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပြီး အနတ္တလို့ ရှုတယ်။ ထိုကဲ့သို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုလိုက်တာ ဘယ်ထိ ရောက်သွားသလဲ? ဟို <b>သင်္ခါရုပေက္ခာဉာဏ်</b>သို့တိုင်အောင် အစဉ်အတိုင်း ရှုပွားသုံးသပ်ထားပါတယ်။ အဲဒီ ပုဗ္ဗယောဂ ကျင့်ဝတ်ပဋိပတ်တွေနဲ့ ပြည့်စုံအောင် ကြိုးစားအားထုတ်ထားတဲ့ ဒီသူတော်ကောင်းအဖို့ အတိတ်က အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တို့ ခြံရံထားတဲ့ သင်္ခါရ၊ ကံအကြောင်းတရားတွေကြောင့် ဒီဘဝမှာ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေ ထင်ရှားဖြစ်တယ်ဆိုတာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိတယ်။ အလားတူပဲ။</p>
<p>ထို့ထက် အတိတ် ပထမအတိတ်ထက် ရှေးကျတဲ့ ဒုတိယအတိတ် စတဲ့ ထိုထိုအတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တို့ ခြံရံထားအပ်တဲ့ သင်္ခါရ၊ ကံတွေကြောင့်လည်း ဆိုင်ရာဆိုင်ရာ အတိတ်တွေမှာ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေ ထင်ရှားဖြစ်နေတယ် ဆိုတာကို ကြိုးစားအားထုတ်ခဲ့တယ်၊ သိလည်း သိတယ်။ အလားတူပဲ။ ပစ္စုပ္ပန်မှာ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တို့ ခြံရံပြီး ပြုစုပျိုးထောင်လိုက်တဲ့ သင်္ခါရ၊ ကံဆိုတဲ့ အကြောင်းတရားတွေကြောင့် နောင် အနာဂတ်မှာ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေ ထင်ရှားဖြစ်လိမ့်မယ်ဆိုတာလည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိတယ်။</p>
<p>အဲဒီလို အသိထူး ဉာဏ်ထူး ရှိနေတဲ့ သူတော်ကောင်းတစ်ယောက် အနေအားဖြင့် ကံ-ကံ၏အကျိုးကို ယုံကြည်နေတဲ့ သဒ္ဓါတရားသည် ခိုင်သွားပြီ။ ဘုရားရှင်ရဲ့ သာသနာတော်မှာ အမြစ်တွယ်သွားပြီ။ ဘုရားရှင်ရဲ့ သာသနာတော်နှင့် ဘယ်တော့မှ မခွဲနိုင်တဲ့အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်တယ်။ ဒီအဆင့်လောက်တွင် မရပ်နေဘဲ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်၊ ဒုက္ခအချက်၊ အနတ္တအချက်တွေကိုပါ ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း ထိုးထွင်းသိမြင်အောင် တစ်ဆင့်တက်ပြီးတော့ ကြိုးစားအားထုတ်တယ်။ ဘာဖြစ်လို့ ကြိုးစားနေသလဲ? ခုနက ပြောခဲ့တဲ့အတိုင်းပဲ အလွန် ကြီးကျယ်မြင့်မြတ်နေတဲ့ နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကြီးကို ဧကန် ရရှိလိမ့်မယ်လို့ ဒီလို မျှော်လင့်ချက် ယုံကြည်ချက် ရှိသွားပြီး။ ဘယ်ခါမှာ ရှိသလဲ? အထူးသဖြင့် <b>ဥဒယဗ္ဗယဉာဏ်</b>ပိုင်းသို့ ရောက်ရှိသွားတဲ့ အချိန်အခါ ဆိုကြစို့။ ဥဒယဗ္ဗယ အကျယ်ရှုပွားနည်းမှာ ဒီဌာနမှာ ဝိပဿနာ ရှုဖူးတဲ့ ပုဂ္ဂိုလ်များလည်း လက်တွေ့ ရှုထားပြီး ဖြစ်ကြပါတယ်။</p>
<p>အဝိဇ္ဇာ သမုဒယာ ရူပသမုဒယော<br>
အဝိဇ္ဇာ နိရောဓာ ရူပနိရောဓော</p>
<p>စသည်ဖြင့် ဥဒယဗ္ဗယ အကျယ်ရှုပွားနည်းများ လာရှိပါတယ်။ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံဆိုတဲ့ အကြောင်းတရားတွေ ထင်ရှားဖြစ်နေခြင်းကြောင့် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ခေါ်တဲ့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေ ထင်ရှားဖြစ်ပုံ၊ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံဆိုတဲ့ အကြောင်းတရားတွေ ချုပ်ငြိမ်းသွားခြင်းကြောင့် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ခေါ်တဲ့ အကျိုးခန္ဓာငါးပါး ချုပ်ငြိမ်းပုံတွေကို ဒီဥဒယဗ္ဗယဉာဏ်ပိုင်းမှာထဲက ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး ဖြစ်တယ်။ ဘာကြောင့်လဲ? ဤသူတော်ကောင်းက သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းထားပြီးတဲ့ သူတော်ကောင်း ဖြစ်နေပါတယ်။ ဥဒယဗ္ဗယဉာဏ်ကို ကျော်လွှားပြီးတဲ့ သူတော်ကောင်း ဖြစ်နေတယ်။</p>
<p>ဒီတော့ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံဆိုတဲ့ အကြောင်းတရားတွေ ထင်ရှားဖြစ်နေခြင်းကြောင့် အကျိုးခန္ဓာငါးပါး ထင်ရှားဖြစ်ပုံ၊ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံဆိုတဲ့ အကြောင်းတရားတွေ ချုပ်ခြင်းကြောင့် အကျိုးခန္ဓာငါးပါး ချုပ်ငြိမ်းပုံကို သိနေတဲ့ ဒီသူတော်ကောင်းက နိဗ္ဗာန်ချမ်းသာကြီးကို ဧကန်စင်စစ် ငါရတော့မယ်ဆိုတာ မြင်နေပြီ။ ဘာကြောင့်လဲ?</p>
<p>အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံဆိုတဲ့ အကြောင်းတရားတွေက ဘယ်ခါမှာ ချုပ်ငြိမ်းသလဲလို့မေးရင် <b>အရဟတ္တမဂ်</b> ဆိုက်တဲ့ အချိန်အခါကျမှသာ ချုပ်ငြိမ်းပါတယ်။ အရဟတ္တမဂ် ဆိုက်တဲ့အချိန်အခါမှာ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်လို့ ခေါ်ဆိုအပ်တဲ့ ကိလေသာ အစိုဓာတ်တို့ကို အရဟတ္တမဂ် ဦးဆောင်နေတဲ့ အရိယမဂ်တရားတွေက အကြွင်းမဲ့ ပယ်ရှားလိုက်တယ်။ ပယ်ရှားလိုက်တဲ့ အချိန်အခါမှာ ကိလေသာ အစိုဓာတ် အစေးဓာတ်ရှိမှ အကျိုးပေးနိုင်တဲ့ စွမ်းအားရှိတဲ့ ကံတွေလည်း အကျိုးပေးနိုင်ခွင့် မရှိဘဲ အားလုံး ပယ်သတ်ပြီး ဖြစ်ပါတယ်။ အကြောင်းတရားတွေက ချုပ်ငြိမ်းသွားပြီ ဖြစ်တဲ့အတွက် ပရိနိဗ္ဗာနစုတိရဲ့ နောက်ဆွယ်မှာ အကျိုး ရုပ်နာမ် ခန္ဓာငါးပါးတို့ ထင်ရှားဖြစ်တာ လုံးဝ မရှိတော့ဘူး။ အကျိုးခန္ဓာငါးပါးတို့ လုံးဝ အနုပ္ပါဒနိရောဓသဘောအားဖြင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားတာကို ထိုသူတော်ကောင်းက သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိနေပါတယ်။</p>
<p>အဲဒီလို အသိထူးဉာဏ်ထူး ရှိနေတဲ့ သူတော်ကောင်းတစ်ဦးက ငါသည် ဧကန်စင်စစ် နိဗ္ဗာန်ကို ရလိမ့်မယ်ဆိုတာ သူမျှော်လင့်နေတယ်။ <b>သမ္မာဒိဋ္ဌိဉာဏ်ပညာ</b>ဖြင့် မြင်နေပြီ။ အဲဒီလို မြင်နေတဲ့အတွက် ဘာဖြစ်လဲ? အနည်းငယ်မျှ ခံစံရမယ့် ကာမသုခ ချမ်းသာကို သူ ရက်ရက်ကြည်ဖြူ စွန့်လွှတ်နိုင်တဲ့ စွမ်းအားတွေ ပေါ်လာတယ်။ ပေါ်လာတဲ့အတွက်ကြောင့် ပဒုမုတ္တရမြတ်စွာဘုရားရှင်နှင့်တကွသော တစ်သိန်းသော သံဃာတွေကို (၇)ရက်တိုင်တိုင် အကြီးအကျယ် အလှူဒါနပွဲကြီးတွေ ကျင်းပတယ်။ သူ စွန့်လွှတ် လှူဒါန်းလိုက်တာက ကာမသုခလို့ ခေါ်ဆိုအပ်တဲ့ ကာမဂုဏ်ချမ်းသာတွေ ဖြစ်ပါတယ်။ ဒီကာမဂုဏ်ချမ်းသာသည် နိဗ္ဗာန်ချမ်းသာနှင့် လှမ်းပြီး တိုင်းတာ နှိုင်းစာကြည့်လိုက်တဲ့ အချိန်အခါမှာ นိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကြီးက အလွန် ကြီးကျယ်မြင့်မြတ်နေတယ်။ ဘာကြောင့်လဲ?</p>
<p>နိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကြီး၌ ပဋိသန္ဓေ နေရတဲ့ဒုက္ခ မရှိဘူး, အိုရတဲ့ဒုက္ခ မရှိဘူး, နာရတဲ့ဒုက္ခ မရှိဘူး, သေရတဲ့ဒုက္ခ မရှိဘူး, စိုးရိမ်ရတဲ့ဒုက္ခ မရှိဘူး, Ngိုကြွေးရတဲ့ဒုက္ခ, ကိုယ်ဆင်းရဲရတဲ့ဒုက္ခ, စိတ်ဆင်းရဲရတဲ့ဒုက္ခ, ပြင်းစွာ ပူပန်ရတဲ့ဒုက္ခ မရှိဘူး။ ထိုဒုက္ခတို့ရဲ့ အခြေခံ အကြောင်းရင်းဖြစ်နေတဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေ လုံးဝ ချုပ်ငြိမ်းနေတယ်။ ထိုသင်္ခါရတရားတို့ရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကြီးကို ဧကန်စင်စစ် ငါ ရလိမ့်မယ်လို့ <b>ဝိပဿနာဉာဏ်ပညာ</b>ဖြင့် ထိုသူတော်ကောင်းက လှမ်းမြော် ကြည့်လိုက်တော့ မြင်ပြီ။ မြင်နေလိုက်တော့ ဘာမျှ တန်ဖိုးမရှိတဲ့ အနည်းငယ်မျှ ခံစံရမယ့် ကာမသုခ ချမ်းသာလို့ ခေါ်ဆိုအပ်တဲ့ ကာမဝတ္ထု အစုစုတွေကို စွန့်လွှတ်နိုင်တဲ့ ရက်ရက်ကြည်ဖြူ လှူဒါန်းနိုင်တဲ့ စွမ်းအားတွေ ပေါ်လာတယ်။ ဒီနေ့ အလှူရှင်တွေ ပုံစံမျိုးလိုပေါ့နော်။</p>
<p>အဲဒီ စွမ်းအားတွေ ပေါ်လာတဲ့အတွက်ကြောင့် ပဒုမုတ္တရမြတ်စွာဘုရား အမှူးရှိတဲ့ သံဃာတော်တွေကို ရက်ရက်ကြည်ဖြူ လှူဒါန်းတယ်။ ဒီလို လှူဒါန်းနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ကိုယ်ကျင့်သီလ ဖြူစင်နေပြီ။ ဘာကြောင့်လဲ? ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို ယုံကြည်စွာ ကိုးကွယ်ဆည်းကပ်နေတဲ့ သူတော်ကောင်းလည်း ဖြစ်တယ်၊ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတွေကို စနစ်တကျ သိနေတဲ့ သူတော်ကောင်းလည်း ဖြစ်တယ်။ အကြောင်းတရားတွေ ထင်ရှားဖြစ်ရင် အကျိုးတရားတွေ ထင်ရှားဖြစ်တယ်, အကြောင်းတရားတွေ ချုပ်ငြိမ်းရင် အကျိုးတရားတွေ ချုပ်ငြိမ်းတယ်။ အတိတ်, ပစ္စုပ္ပန်, အနာဂတ် ကာလသုံးပါးမှာ <b>သမ္မာဒိဋ္ဌိဉာဏ်ပညာ</b>ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိတယ်။</p>
<p>ဒီလို ထွင်းဖောက်သိနေတဲ့ အဆင့်ကို ရောက်နေတဲ့ သူတော်ကောင်းတစ်ဦးက သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ပြီး သမာဓိတည်းဟူသော မြတ်သော ကျောက်ဖြာထက်၌ မြမြထက်အောင် သွေးထားတဲ့ <b>ဝိပဿနာဉာဏ်</b>တည်းဟူသော သံလျက်ဖြင့်သာ ဖောက်ထွင်းပြီး သိနိုင်တဲ့သဘော ရှိပါတယ်။ ဒါကြောင့် ဒီသူတော်ကောင်းသည် ဘုရားရှင်ကို ကိုးကွယ် ဆည်းကပ်နေတဲ့အပိုင်းမှာ သီလတည်းဟူသော စင်ကြယ်တဲ့ မြေပေါ်မှာ ရပ်တည်ပြီး ဖြစ်နေတယ်။ သဒ္ဓါတရားနှင့်လည်း ပြည့်စုံပြီ, သီလနှင့်လည်း ပြည့်စုံပြီ။</p>
<p>သုတ = ရုပ်တရား နာမ်တရားတွေကို သင်သိ, ကျင့်သိ အနေနှင့် သိအောင် ကြိုးစားတယ်။ အကြောင်းတရား အကျိုးတရားတွေကို သင်သိ, ကျင့်သိအနေနဲ့ သိအောင် ကြိုးစားတယ်။ အဲဒီလို ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတွေကို သင်သိ, ကျင့်သိ ဒီအသိ နှစ်မျိုးဖြင့် သိအောင် ကြိုးစားအားထုတ်တာကိုတော့ သုတတရားနှင့် သုတဆိုတဲ့ <b>သူတော်ကောင်းဥစ္စာ</b>နှင့် ပြည့်စုံတယ် ပြောရတယ်။</p>
<p>သဒ္ဓါ, သီလ, သုတ ဘုရားအမှူးရှိနေတဲ့ သံဃာတွေကို စွန့်လွှတ် လှူဒါန်းခြင်းဆိုတဲ့ စာဂတရားနှင့်လည်း ပြည့်စုံတယ်။ ပညာ = ရုပ်နာမ် ကြောင်းကျိုး သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်းကြီး ထိုးထွင်းသိမြင်နေတဲ့ <b>ဥဒယဗ္ဗယဉာဏ်</b> အစရှိတဲ့ ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ပညာနှင့်လည်း ပြည့်စုံနေပြီ။</p>
<p>ဟိရီ = မကောင်းမှု အကုသိုလ်တရားတွေကို လွန်ကျူးရမှာ ရှက်ခြင်းသဘော, ဩတ္တပ္ပ = မကောင်းမှု အကုသိုလ်တရားတွေကို လွန်ကျူးရမှာ ကြောက်လန့်ခြင်းသဘော။ ဒီဟိရီ, ဩတ္တပ္ပဆိုတဲ့ သူတော်ကောင်း တရားတွေနဲ့လည်း ပြည့်စုံပြီ။ ပေါင်းလိုက်တော့ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပ။ ပေါင်းလိုက်တော့ ဘယ်နှစ်ပါးလဲ? ခုနစ်ပါး။</p>
<p><b>သူတော်ကောင်းဥစ္စာ ခုနစ်ဖြာ</b>နှင့် ပြည့်စုံအောင် ထိုပဒုမုတ္တရဘုရားရှင်ရဲ့ သာသနာတော်မှာ ဒီသူတော်ကောင်းက ဆည်းပူး ရှာဖွေခဲ့တယ်။ ဒီနေ့ တရားနာနေတဲ့ ပရိသတ်, အလှူရှင်တွေရော အားလုံးပဲ အကယ်၍များ အခုလို ဘုရားရှင်ရဲ့ သာသနာတော်နှင့် ကြုံခိုက်လေးမှာ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပလို့ ခေါ်ဆိုအပ်တဲ့ <b>သူတော်ကောင်းဥစ္စာ ခုနစ်ဖြာ</b>နှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်ကြမယ်ဆိုရင် မိမိတို့ရဲ့ ဘဝတွေဟာလည်း ဒီဟတ္ထကအာဠဝက သီတင်းသည်ကဲ့သို့ အဆင့်အတန်း မြင့်မားနေတဲ့ ဘဝတွေ ဖြစ်သွားနိုင်တယ်။</p>
<p>ဟတ္ထကအာဠဝက သီတင်းသည်ကဲ့သို့ အဆင့်အတန်း မြင့်မားနေတဲ့ နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကြီးကို ထွင်းဖောက်သိမြင်တဲ့ <b>အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်</b>တိုင်အောင်သော မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေနဲ့ ပြည့်စုံတဲ့ သူတော်ကောင်းတွေလည်း တစ်နေ့ ဖြစ်နိုင်ပါတယ်။ ဘဝတစ်ခုမှာ သာသနာတော်နဲ့ တွေ့ခိုက်သာ ဒီအသိထူး, ဉာဏ်ထူးကို ရရှိအောင် ဆည်းပူးနိုင်ခြင်း ဖြစ်တယ်။ သာသနာတော်နဲ့ မတွေ့တဲ့အခါ ဒီအသိထူး, ဉာဏ်ထူးတွေ ဆည်းပူး ရှာဖွေလို့ ရနိုင်ပါ့မလား? မရနိုင်ဘူး။</p>
<p>ဒါကြောင့် မိမိတို့ ရရှိထားတဲ့ ဘဝလေးကို တန်ဖိုးရှိရှိနဲ့ သာသနာတော်နှင့် တွေ့ခိုက်မှာ အသုံးချတတ်ဖို့တော့ မလိုဘူးလား? လိုအပ်တယ်။ သူများ သားသမီးကို ကျွန်ခံတယ် ပြုစုလုပ်ကျွေးတယ် ဆိုတာကတော့ ဘဝတိုင်းမှာ မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပ ခေါ်ဆိုအပ်တဲ့ <b>သူတော်ကောင်းဥစ္စာ ခုနစ်ဖြာ</b>နှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်ဖို့ ဆိုတာကတော့ သာသနာတော်နှင့် တွေ့ခိုက် ကြုံခိုက်မှာသာ ရရှိနိုင်တဲ့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ ထိုအခွင့်အရေးကြီးတွေကို ကောင်းစွာလှမ်းပြီး ဉာဏ်မျက်စိဖြင့် မြင်နေတဲ့ သူတော်ကောင်းသည် အနည်းငယ်သာ ခံစံရမယ့် ဒီကာမသုခ ချမ်းသာလေးကို မစွန့်လွှတ်သင့်ဘူးလား? စွန့်လွှတ်သင့်တယ်။ စွန့်လွှတ်သင့်တယ်ဆိုရင် ဒကာကြီးတွေ, ဒကာမကြီးတွေ အိမ်ပြန်ဖို့ ကောင်းသေးလား? အဲဒါကျတော့ ကတ်သီးကတ်သတ်လေး ဖြစ်နေတယ်။ အနည်းငယ်သာ ခံစံရမယ့် ဒီကာမသုခ ချမ်းသာလေးကို ရက်ရက်ကြည်ဖြူ စွန့်လွှတ်ဖို့ သိပ်ကောင်းတယ်။</p>
<p>ဟတ္ထကအာဠဝက သီတင်းသည်က ပဒုမုတ္တရဘုရားရှင်ရဲ့ သာသနာထဲက စွန့်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို စွန့်လွှတ်ထားတဲ့အတွက် ဒီသူတော်ကောင်းသည် ဘာဖြစ်လာသလဲ? ပဒုမုတ္တရဘုရားရှင်ရဲ့ သာသနာမှသည် ဂေါတမဘုရားရှင်ရဲ့ သာသနာတော်သို့ တိုင်အောင် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး <b>အပါယ်လေးဘုံ</b>သို့ တစ်ကြိမ်တစ်ခါမျှ မလားမရောက်ရဘဲ လူ့ပြည်, နတ်ပြည်မှာပဲ အထက်တန်းကျနေတဲ့ ဘဝတွေမှာ စုန်ဆန်ကျင်လည်ပြီး နေခဲ့ရတယ်။</p>
<p>ကမ္ဘာတစ်သိန်းလောက် အပါယ်သံသရာကြီးမှ ရပ်နားခွင့် ရတယ်ဆိုရင်ပဲ ဒီအကျိုးထူးတရားသည် အလွန် ကြီးကျယ်ဖွံ့ဖြိုးတဲ့ အကျိုးတရားလို့ မပြောနိုင်ဘူးလား? ပြောနိုင်ပါတယ်။ အပါယ်သံသရာကြီးဆိုတာက လွတ်မြောက်ဖို့ရန် အလွန် ခက်ခဲတဲ့သဘော ရှိပါတယ်နော်။ အခုလို လွတ်မြောက်ဖို့ အလွန် ခက်ခဲနေတဲ့ အပါယ်သံသရာဘေးကြီးမှ ထုတ်ဆောင် ကယ်တင်ပေးနိုင်တဲ့ စွမ်းအင် အပြည့်အဝရှိနေတဲ့ တရားတွေက ဘယ်တရားတွေလဲ? သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပ ခေါ်တဲ့ <b>သူတော်ကောင်းဥစ္စာ ခုနစ်ဖြာ</b>ပဲ ဖြစ်ပါတယ်နော်။ ဒီသူတော်ကောင်းဥစ္စာ ခုနစ်ဖြာနှင့် ပြည့်စုံနေတဲ့ သူတော်ကောင်းတစ်ဦးကို ဘုရားအစရှိသော အရိယာသူတော်ကောင်းတွေကလည်း ချီးမြှောက်ဖို့ရန် အခန့်သင့် စောင့်ဆိုင်းနေပါတယ်။ ဘယ်အခါမှာလဲ?</p>
<p>တစ်ချိန် ဟတ္ထကအာဠဝက ဘုရားရှင် ပွင့်ထွန်းတော်မူတဲ့အချိန် ပတ်ဝန်းကျင်လောက်မှာ အာဠဝလီပြည်မှာ အာဠဝကဘုရင်ကြီးရဲ့ သားရတနာတစ်ဦး လာဖြစ်ပါတယ်။ ဘုရင်ကြီးကလည်း တောကစားရင်းပေါ့လေ။ တစ်နေ့ အာဠဝကဘီလူးအုပ်စိုးနေတဲ့ သစ်ပင်အောက်ကို သမင်တစ်ကောင် သတ်ပြီးတော့ ထမ်းအပြန် ဝင်နားမိလျက်သား ဖြစ်နေတယ်။ အာဠဝကဘီလူးကြီးကလည်း ကုဝေရနတ်မင်းကြီးထံမှ ဝေဿဝဏ်နတ်မင်းကြီးထံမှ ဝေဿဝဏ်နတ်မင်းကြီး သောတာပန် မတည်ခင် အချိန်ကပေါ့ -</p>
<p>နေမွန်းတည့်အချိန်ဒေသအတွင်း ကျရောက်လာတဲ့ပုဂ္ဂိုလ် မှန်ခဲ့ရင် စားဖို့ရန်အတွက် အခွင့်အာဏာ ရရှိထားတဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်နေတယ်။ ထိုပုဂ္ဂိုလ်ရဲ့ အရိပ်ကို ခိုဝင်မိရက်သား ဖြစ်နေတယ်။ အာဠဝကဘီလူးကလည်း ဖမ်းစားဖို့ရန်အတွက် ကျုံးဝါးပြန်တယ်။ ထိုအချိန်အခါမှာ အာဠဝကဘီလူးရဲ့ လက်ကနေ လွတ်ဖို့ရန်အတွက် တစ်နေ့လျှင် လူတစ်ယောက်နှင့် ထမင်းတစ်အိုး ပို့ဆောင်ပါ့မယ့်အကြောင်း ပြောခဲ့တယ်။ အာဠဝလီပြည်မှာ ထောင်သားတွေကို ရှေးဦးစွာ ထမင်း အပို့ခိုင်းတယ်။ ထောင်သားတွေကုန်တော့ နောက်ဆုံး ကလေးတွေအလှည့် ရောက်လာတယ်။ ဒီမှာ နောက်ဆုံး မိခင်တွေရော, ကလေးတွေရော ထွက်ပြေးကြတဲ့အတွက် အာဠဝကမင်းသားကို ထိုနေ့ ပို့ရမယ့်အလှည့် ရောက်လာတယ်။</p>
<p>သွားပို့လိုက်တဲ့ အချိန်အခါမှာ ဘုရားရှင်က ထိုနေ့ လောကကို လှမ်းကြည့်လိုက်တဲ့အခါကျတော့ အာဠဝကမင်းသားလေး ဉာဏ်ကွန်ယက်ထဲမှာ ပေါ်လာပြီ။ အာဠဝကမင်းသားရဲ့ <b>အနာဂါမိမဂ်ဖိုလ်</b>ရမယ့် အကြောင်းအထောက်အပံ့ကိုလည်း မြင်နေပြီ။ အာဠဝကဘီလူးကြီးလည်း <b>သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်</b>ဆိုက်လိမ့်မယ်။ သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်တို့ မဂ်ဉာဏ်ဖိုလ်ဉာဏ် ရရှိလိမ့်မယ်ဆိုတာ မြတ်စွာဘုရားက မြင်တော်မူတဲ့အတွက် ထိုညမှာ အာဠဝကဘီလူးရဲ့ ဗိမာန်ကို ကြွပြီး အာဠဝကဘီလူးအမှူးရှိနေတဲ့ မောင်းမမိဿံတွေကို တရားရေအေး တိုက်ကျွေးတော်မူလိုက်တဲ့ အချိန်အခါမှာ အာဠဝကဘီလူးကြီးလည်း သောတာပန် တည်သွားတယ်။</p>
<p>နံနက် မိုးသောက်တဲ့အချိန်အခါကျတော့ မင်းသားလေးကို လာပြီး အာဠဝကဘီလူးထံ ဆက်သကြတယ်။ ထိုအချိန်အခါ ထိုမင်းသားလေးကို အာဠဝကဘီလူးကြီးကလည်း ဘုရားရှင်ကို လှူတယ်။ ဘုရားရှင်က အာဠဝကဘီလူးထံ ပြန်ပေးတယ်။ အာဠဝကဘီလူးကလည်း မင်းချင်းယောက်ျားတွေထံ ဒီမင်းသားလေးကို ပြန်ပေးလိုက်ပါတယ်။ အဲဒါကို ပေးတာကို အကြောင်းပြုပြီးတော့ လက်တစ်ခုမှ လက်တစ်ခု လွှဲပြောင်းပြီး အဆင့်ဆင့် ပေးနေတဲ့အတွက်ကြောင့် ဒီမင်းသားလေးကို ဟတ္ထကအာဠဝကလို့ ဒီလို ခေါ်ပါတယ်။</p>
<p>ဒီနေရာမှာ ဘုန်းကြီး ပြောချင်နေတဲ့အချက်က ဒီအာဠဝကမင်းသားလေးကို ဘုရားရှင်က ဘာကြောင့် ဒီလို ကယ်တင်နေရသလဲ? ပဒုမုတ္တရဘုရားရှင်ရဲ့ သာသနာတော်အတွင်းထဲက ကြဲချစိုက်ပျိုးခဲ့တဲ့ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပလို့ ခေါ်ဆိုအပ်တဲ့ <b>သူတော်ကောင်းဥစ္စာ ခုနစ်ဖြာ</b>နှင့် ပြည့်စုံနေတဲ့ သူတော်ကောင်း ဖြစ်နေခြင်းကြောင့် ဘုရားရှင်တို့က သွားရောက်ပြီး ကယ်တင်တော်မူခြင်း ဖြစ်တယ်။ သူ့ရဲ့ ပြည့်စုံပုံတွေက ဒီဂေါတမမြတ်စွာဘုရားရှင်ရဲ့ သာသနာတော်တွင်း၌ <b>အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်</b>ကို ကျိန်းသေဧကန်ရမယ်။ အနာဂါမိ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ကျိန်းသေဧကန် ရရှိပြီးတဲ့ အချိန်အခါမှာ မိမိရဲ့ ပရိသတ်လေးပါးကို သင်္ဂဟဝတ္ထု လေးပါးဖြင့် ချီးမြှောက်တဲ့ နေရာမှာ <b>ဧတဒဂ်ဘွဲ့ထူး</b>ကို ရရှိလိမ့်မယ်ဆိုတာ ဘုရားရှင်က မြင်တော်မူတယ်။ ဒီလို ကျွတ်သင့် ကျွတ်ထိုက်တဲ့ သတ္တဝါသာ မှန်ပါစေ၊ ဘုရားရှင်တို့ဘက်က စောင့်ရှောက်ပေးဖို့ရန်အတွက် မကြည့်ဘူးလား၊ မကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကျတော့ ဘုရားရှင်က ဒီလို လိုက်ပြီး ချီးမြှောက်ပါ့မလား? မချီးမြှောက်ဘူး။</p>
<p>ဒါကြောင့် ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ရဲ့ ချီးမြှောက်မှုကို ခံယူချင်တယ်ဆိုရင် မိမိတို့ဘက်မှာ ဘာတွေ ပြည့်စုံနေရမလဲ? သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပ ခေါ်ဆိုအပ်တဲ့ <b>သူတော်ကောင်းဥစ္စာ ခုနစ်ဖြာ</b>တို့ဖြင့် ပြည့်စုံ ညီညွတ်နေဖို့ မလိုဘူးလား? လိုအပ်တယ်။ ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတို့ ချီးမြှောက်တဲ့အတွက် ဘာထူးသလဲလို့ မေးတော့ -</p>
<p>ဒီဟတ္ထကသီတင်းသည်က <b>အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်</b> ဆိုက်သွားတယ်။ နောင်တစ်ချိန်ပေါ့။ ပစ္ဆိမဘဝိကလို့ ခေါ်ဆိုအပ်တဲ့ ကျိန်းသေ ပါရမီပြုခဲ့တဲ့အတွက် ထိုပါရမီတွေက ကျိန်းသေ ထိုသူတော်ကောင်းအတွက် အနာဂါမိ မဂ်ဉာဏ်ဖိုလ်ဉာဏ် ဆိုက်မယ်။ အနာဂါမိ မဂ်ဉာဏ်ဖိုလ်ဉာဏ် ဆိုက်တဲ့အတွက် ဘာထူးသလဲ? ဒီပုဂ္ဂိုလ်အတွက် ကာမ တဆယ့်တစ်ဘုံမှ ကွင်းလုံးကျွတ် လွတ်သွားပြီ။ သူ့ရဲ့ လားရာဂတိသည် ဗြဟ္မာပြည်သာလျှင် လားရာဂတိရှိတယ်။ ထိုဗြဟ္မာပြည်မှ ကာမ တဆယ့်တစ်ဘုံသို့ ဘယ်တော့မှ မလာတော့ဘူး။ ဗြဟ္မာပြည်မှာပဲ <b>အရဟတ္တမဂ် အရဟတ္တဖိုလ်</b> တည်ပြီးတော့ ဘဝကို အဆုံးသတ်နိုင်လိမ့်မယ်။</p>
<p>ဒီလိုဆိုရင် ဒီလို အခွင့်အရေးမျိုးကြီးတွေဟာ ဒီနေ့ တရားနာနေတဲ့ ပရိသတ်တွေ, အလှူရှင်တွေ ခုလို အသိထူး, ဉာဏ်ထူးတွေနဲ့ ပြည့်စုံနေတဲ့ သို့မဟုတ် အသိထူး, ဉာဏ်ထူးတွေကို ဖြည့်ဆည်းပူးနေတဲ့ ဘုရားရှင်ရဲ့ သာသာနာတော်နဲ့ တွေ့ကြုံခိုက် ဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ ရအောင် ကြိုးစားထားဖို့ မလိုဘူးလား? လိုအပ်တယ်။ ဘဝဆိုတာက ကျိန်းမသေတဲ့ ကံတွေ ထူထောင်ထားခဲ့ရင် သေသည်၏ အခြားမဲ့၌ ဘယ်ရောက်မယ်ဆိုတာ ကျိန်းသေ သိနိုင်ပါ့မလား? မသိနိုင်ဘူး။ ကျိန်းသေတဲ့ ကံတွေကို ထူထောင်ထားမှ ငါဘယ်သွားရမယ်ဆိုတာ အတ္ထိအကျ သိခဲ့ရင် မိမိအတွက်လည်း ဝမ်းမြောက်ဖွယ် ဖြစ်ပါတယ်။ စဉ်းစားကြည့်ပေါ့။</p>
<p>ကျိန်းသေဧကန် ဒီနေ့ တရားဟောတဲ့ပုဂ္ဂိုလ်, တရားနာတဲ့ပုဂ္ဂိုလ်တွေ တစ်နေ့ သေကြရမှာ ဖြစ်တယ်။ သေလိုက်တဲ့ အချိန်အခါမှာ ဘယ်သွားရမလဲ? မသိဘူး, ဘယ်ရောက်မလဲ? မသိဘူး။ မသိတာတွေ တစ်ပုံကြီး ထမ်းပြီးတော့ ဘဝတစ်ခုကို အဆုံးသတ်ရမယ်, လမ်းတစ်ခုကို သွားရမယ်ဆိုရင် အင်မတန် ကြောက်ဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဘယ်ရောက်မယ်ဆိုတာ ကျိန်းသေဧကန် သိပြီဆိုရင် သိနေတဲ့ သူတော်ကောင်းအဖို့ မြေအိုးကို ရိုက်ခွဲပြီးတော့ ရွှေအိုးကို ထုတ်ယူတာနဲ့ မတူဘူးလား? တူနေတယ်။ ဘယ်ရောက်မယ်ဆိုတာက ကောင်းတဲ့ဘက်ကို ပြောတာပါ။ မကောင်းတဲ့ ဘက်ကို ရောက်မယ့်သူအဖို့ မျက်ရည်စက်လက်နဲ့ ဘဝကို အဆုံး မသတ်ရဘူးလား? အဆုံးသတ်ရမယ်။</p>
<p>ဒါကြောင့် ဦးပဉ္ဇင်းတို့ သာသနာတော်နှင့် တွေ့ခိုက်လေးမှာ အင်မတန် အဆင့်အတန်း မြင့်မားနေတဲ့ ဘဝတွေ ရရှိဖို့ သို့မဟုတ် အလွန် အဆင့်အတန်း မြင့်မားနေတဲ့ ကြီးကျယ်မြင့်မြတ်တဲ့ ချမ်းသာထူးကြီးလို့ ခေါ်ဆိုအပ်တဲ့ <b>နိဗ္ဗာန်ချမ်းသာကြီး</b>ကို ရရှိဖို့ရန်အတွက် ခိုင်လုံတဲ့ ပါရမီမျိုးစေ့တွေ ထူထောင်ထားဖို့တော့ လိုအပ်ပါတယ်။</p>
<p>အဲဒီတော့ အာဠဝကမင်းသားလေး ကြီးပြင်းလာတဲ့ အချိန်အခါမှာ ဘုရားရှင်ကလည်း တရားရေအေး အမြိုက်ဆေး တိုက်ကျွေးတော်မူတဲ့အတွက် အာဠဝကမင်းသားသည် <b>အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်</b> တည်သွားတယ်။ အနာဂါမိ မဂ်ဉာဏ်ဖိုလ်ဉာဏ် တည်လိုက်တဲ့အချိန်အခါမှာ သူ့ရဲ့ နောက်လိုက်ပရိသတ်တွေ ရှိပါတယ်။ သူ့ရဲ့ နောက်လိုက်ပရိသတ် (၅၀၀)ဖြင့် အမြဲတမ်း လှည့်လည်နေတယ်။ ဒီပရိသတ် ကြည့်လိုက်လို့ရှိရင်လည်း သောတာပန်, သကဒါဂါမ် အစရှိတဲ့ သူတော်ကောင်းတွေသာ ဖြစ်တဲ့အတွက် အလွန်စင်ကြယ်နေတဲ့ ပရိသတ်ဖြစ်တယ်။ အဲဒီလို စင်ကြယ်နေတဲ့ ပရိသတ်တွေကို တစ်နေ့ ခေါ်ဆောင်ပြီးတော့ မြတ်စွာဘုရားထံ သူက ချဉ်းကပ်လာတယ်။ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးတဲ့အချိန်အခါမှာ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးတယ်။ ရှိခိုးပြီးတဲ့ အချိန်အခါမှာ မြတ်စွာဘုရားက ဘာအမိန့်ရှိသလဲ?</p>
<p>‘‘<b>မဟတီ ခေါ တျာယံ, ဟတ္ထက, ပရိသာ။ ကထံ ပန တွံ, ဟတ္ထက, ဣမံ မဟတိံ ပရိသံ သင်္ဂဏှာသိ</b>’’? (အံ၊၃၊၅၅။)</p>
<p><b>ဟတ္ထက</b>၊ ဒကာတော် ဟတ္ထက ...။ <b>တေ</b>၊ သင်၏။ <b>အယံ</b>၊ ဤပရိသတ်သည်ကား။ <b>မဟတီ ခေါ</b>၊ များပြားလှသည်သာလျှင်တည်း။ <b>ဟတ္ထက</b>၊ ချစ်သားဟတ္ထက။ <b>တွံ</b>၊ သင်သည်။ <b>ကထံ</b>၊ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့်။ <b>ဣမံ မဟတိံ ပရိသံ</b>၊ ဤကြီးကျယ်မြင့်မြတ်နေတဲ့ ပရိသတ်ကို။ <b>သင်္ဂဏှာသိ</b>၊ ချီးမြှောက်ပါသနည်း။</p>
<p>ချစ်သားဟတ္ထက ... သင့်ရဲ့နောက်လိုက် ပရိသတ်တွေက သိပ်များတယ်။ သိပ်ပြီးတော့လည်း ကြီးကျယ်မြင့်မြတ်တယ်။ ဒီလို ကြီးကျယ်မြင့်မြတ်ပြီးတော့ များပြားနေတဲ့ ပရိသတ်တွေကို သင်ချစ်သားသည် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ချီးမြှောက်ထားသလဲ?</p>
<p>လောကမှာ အခြွေအရံ ဆိုတာက ခြွေမှ ရံတယ်ဆိုတဲ့ စကားလေးတစ်ခု မရှိဘူးလား? ရှိတယ်။ ဒီစကားက မှန်ပါတယ်။ ဒီအခါမှာ ဟတ္ထက ဘာလျှောက်ထားသလဲ?</p>
<p>‘‘<b>ယာနိမာနိ, ဘန္တေ, ဘဂဝတာ ဒေသိတာနိ စတ္တာရိ သင်္ဂဟဝတ္ထူနိ</b>၊ (အံ၊၃၊၅၅။)</p>
<p><b>ဘန္တေ</b>၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား။ <b>ဘဂဝတာ</b>၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ <b>ဒေသိတာနိ</b>၊ ဟောကြားပြသ ဆိုဆုံးမတော်မူအပ်ကုန်သော။ <b>ဣမာနိ စတ္တာရိ</b>၊ ဤသင်္ဂဟဝတ္ထုတရား လေးပါးတို့သည်။ <b>အတ္ထိ</b>၊ ရှိကြပါကုန်၏။ <b>အဟံ</b>၊ ဘုရားတပည့်တော်သည်။</p>
<p>‘‘<b>တေဟာဟံ ဣမံ မဟတိံ ပရိသံ သင်္ဂဏှာမိ</b>’’။ (အံ၊၃၊၅၅။)</p>
<p><b>ဘန္တေ</b>၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား။ <b>အဟံ</b>၊ ဘုရားတပည့်တော်သည်။ <b>ဣမံ မဟတိံ ပရိသံ</b>၊ ဤကြီးကျယ် များပြားလှစွာသော ပရိသတ်ကို။ <b>တေဟိ</b>၊ ဤလေးမျိုးကုန်သော သင်္ဂဟဝတ္ထုတို့ဖြင့်။ <b>သင်္ဂဏှာမိ</b>၊ ချီးမြှောက်၍ နေပါသည် မြတ်စွာဘုရား။</p>
<p>တပည့်တော်မှာ ဒီများပြားတဲ့ ပရိသတ်တွေ ရှိတယ်။ မြတ်စွာဘုရား ဟောကြားပြသ ဆိုဆုံးမထားတဲ့ <b>သင်္ဂဟဝတ္ထု (၄)ပါး</b> ရှိပါတယ်။ ထိုသင်္ဂဟဝတ္ထု လေးပါးဖြင့် ဒီကြီးကျယ် များပြားနေတဲ့ ပရိသတ်တွေကို တပည့်တော် ချီးမြှောက်ထားပါတယ်။ ဘုရားရှင်တို့ရဲ့ အဆုံးအမပေါ့နော်။ နည်းသည်ဖြစ်စေ, များသည်ဖြစ်စေ တကယ်တန်း လိုက်နာပြုကျင့်မယ်ဆိုရင် လိုက်နာပြုကျင့်နေတဲ့ ပုဂ္ဂိုလ်တွေမှာ အကျိုး မရှိဘူးလား? ရှိတယ်။ အကျိုးရှိပုံလေးပဲ။ ဘယ်လိုလဲ?</p>
<p>‘‘<b>အဟံ, ဘန္တေ, ယံ ဇာနာမိ – ‘အယံ ဒါနေန သင်္ဂဟေတဗ္ဗော’တိ, တံ ဒါနေန သင်္ဂဏှာမိ</b>’’ (အံ၊၃၊၅၅။)</p>
<p><b>ဘန္တေ</b>၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား။ <b>အဟံ</b>၊ ဘုရားတပည့်တော်သည်။ <b>ယံ</b>၊ အကြင်ပုဂ္ဂိုလ်ကို။ <b>ဇာနာမိ</b>၊ သိရှိ၏။ <b>အယံ</b>၊ ဤပုဂ္ဂိုလ်သည်ကား။ <b>ဒါနေန</b>၊ ပေးကမ်းလှူဒါန်းခြင်း ဒါနတရားဖြင့်။ <b>သင်္ဂဟေတဗ္ဗော</b>၊ ချီးမြှောက်သင့် ချီးမြှောက်ထိုက်၏။ <b>ဣတိ</b>၊ ဤသို့။ <b>တံ</b>၊ ထိုပုဂ္ဂိုလ်ကို။ <b>ဒါနေန</b>၊ ပေးကမ်းလှူဒါန်းခြင်း ဒါနတရားဖြင့်။ <b>သင်္ဂဏှာမိ</b>၊ ချီးမြှောက်ပါ၏ မြတ်စွာဘုရား။</p>
<p>ပုဂ္ဂိုလ်တစ်ယောက်ကို ကြည့်လိုက်တယ်။ ဒီပုဂ္ဂိုလ်ကို ငါက ပေးကမ်း လှူဒါန်းခြင်း ဒါနတရားဖြင့် ချီးမြှောက်သင့်တယ်လို့ တပည့်တော် သိခဲ့ရင် ထိုပုဂ္ဂိုလ်ကို တပည့်တော်က ပေးကမ်းလှူဒါန်းခြင်း ဒါနတရားဖြင့် ချီးမြှောက်ပါတယ်။ ခြွေပေးလိုက်တယ်။ ရံသွားအောင် ခြွေပေးလိုက်တော့ ရံမလားဘူးလား? အခြွေအရံ ပရိသတ်ဆိုတာက သူက ဒီဒါနနဲ့ ချီးမြှောက်ရသလဲ? ပရိသတ်တွေ ဘယ်လို သဘောပေါက်ကြလဲ?</p>
<p>ဘုန်းကြီးတို့ကတော့ အကြောင်းအရာတစ်ခုကို ဟောပြီဆိုရင် ရှေးအတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းပြီးတော့ ဆန်းစစ်ပါတယ်။ ပဒုမုတ္တရဘုရားရှင် လက်ထက်ထဲက သူက သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပ ခေါ်ဆိုအပ်တဲ့ <b>သူတော်ကောင်းဥစ္စာ (၇)ဖြာ</b>နှင့် ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒီလို သူတော်ကောင်းဥစ္စာ ခုနစ်ဖြာနှင့် ပြည့်စုံနေတဲ့ သူတော်ကောင်းတစ်ဦးမှာ ဒီသူတော်ကောင်းဥစ္စာထဲမှာ <b>စာဂ</b>ခေါ်တဲ့ ပေးကမ်း စွန့်ကြဲခြင်း ဒါနတရားလည်း မပါဘူးလား? ပါနေတယ်။</p>
<p>ပဒုမုတ္တရဘုရားရှင် လက်ထက်ကတည်းက ကိန်းဝပ်တည်နေတဲ့ စွန့်ကြဲ ပေးကမ်းလှူဒါန်းခြင်းဆိုတဲ့ စာဂတရားမျိုးစေ့ ကြဲချ စိုက်ပျိုးခဲ့တယ်။ ဒီလို စွန့်လွှတ်လှူဒါန်းခြင်း စာဂတရားကို ကြဲချစိုက်ပျိုးခဲ့တဲ့ သူတော်ကောင်းတစ်ဦးအဖို့ ဘယ်ဘဝမှာပဲမဆို ရောက်လေရာဘဝမှာ ပေးကမ်းလှူဒါန်းဖို့ရန်အတွက် လှူဖွယ်ဝတ္ထုပစ္စည်းစုတို့ အရံသင့် ဖြစ်နေတယ်။ ဒီလို အရံသင့် ဖြစ်တဲ့အချိန်အခါမှာ ဒီသူတော်ကောင်းအဖို့ ဘာဖြစ်လဲ? နောက်ထပ်တစ်ဖန် ပေးကမ်းစွန့်ကြဲလှူဒါန်းလိုတဲ့ စိတ်ထားတွေ အမြဲတမ်း ရှိနေတယ်။ ဘာဖြစ်လို့လဲ? စွန့်လွှတ်နိုင်တဲ့ စွမ်းအင်ကို မွေးမြူခဲ့တယ်။ စွန့်လွှတ်နိုင်တဲ့ စွမ်းအင်တွေ မွေးမြူခဲ့တဲ့အတွက် ဖြစ်လေရာ ဘဝတိုင်းမှာ စွန့်လွှတ်နိုင်တဲ့ စွမ်းအားတွေလည်း ပေါ်လာတယ်။ စွန့်လွှတ်ဖို့ရန် ပစ္စည်းဝတ္ထုတွေ လှူဖွယ်ဝတ္ထုတွေက အားလုံး အခန့်သင့် ဖြစ်နေတယ်။ မကောင်းဘူးလား? သိပ်ကောင်းတယ်။</p>
<p>ဘဝတစ်ခုမှာ အောင်အောင်မြင်မြင် ပြုစုပျိုးထောင်ခဲ့တဲ့ ကောင်းမှုကုသိုလ်ကံတွေက ဘဝတိုင်း ဆက်တိုက် လိုက်ပြီးတော့ အကျိုးပေးပုံပဲ။ အခုလို အာဠဝကမင်းသားဘဝ ရောက်လာပြီ။ ရောက်လာတဲ့ အချိန်အခါမှာလည်း ပဒုမုတ္တရဘုရားရှင်ရဲ့ သာသနာတော်တွင်းက မွေးမြူခဲ့တဲ့ ပေးကမ်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂဓာတ်ငွေ့က အလိုလို ပါနေတယ်။ ဒါကြောင့် ပုဂ္ဂိုလ်တစ်ယောက်ကို မြင်လိုက်တယ်။ ဒီပုဂ္ဂိုလ်တစ်ယောက်က ပေးကမ်းလှူဒါန်းခြင်း ဒါနတရားဖြင့် ငါချီးမြှောက်သင့်တယ်လို့ သိခဲ့ရင် ဒီပုဂ္ဂိုလ်ကို ပေးဖို့ ဝန်မလေးဘူး။</p>
<p>“ဒင်းတော့ ငါမပေးနိုင်ဘူး။ ဒင်းတို့ကို ငါ မကျွေးနိုင်ဘူး။ ဒီကောင်တွေ ငါ့အလှူမှာ တဝကြီး စားသောက်မယ့် အကောင်တွေ၊ ငါမကျွေးနိုင်ဘူး” ဒီစိတ်ထားမျိုး ရှိလား? မရှိဘူး။ စားမယ့်ပုဂ္ဂိုလ်ကို ဝဝကျွေးပေးတယ်။ မကောင်းဘူးလား? တကယ်ကောင်းတာလား? ကောင်းတယ်။ ဘုန်းကြီးကတော့ တကယ်ကောင်းစေချင်ပါတယ်။ ဘုန်းကြီးကတော့ စားမယ့်ပုဂ္ဂိုလ်ကို ဝဝကျွေးပေးတာက သင်္ဂဟတရားတစ်ခုပဲ။ ချီးမြှောက်တာပဲ။ မဝတဝလေး ကျွေးတယ်ဆိုရင် ဟန်ကျပါ့မလား? ဟိုပုဂ္ဂိုလ်ကလည်း သိပ်ကျေနပ်ပါ့မလား? မကျေနပ်ဘူး။ ဟုတ်တယ်မဟုတ်လား? ဒီတော့ မဝတဝလေး စားရတဲ့ ပုဂ္ဂိုလ်ကလည်း သူ့အလှူကလည်းကွာ ဝလည်း မဝပါဘူးကွာ။ မဝတဝလေး ကျွေးတာ မကောင်းတတ်လို့ နည်းနည်း ဟန်ဆောင်ပြီး စားခဲ့ရတယ်။ ဒီလို ပြန်ပြောဦးမှာ။ ဒါကြောင့် ပေးကမ်းလှူဒါန်းခြင်းဖြင့် ချီးမြှောက်သင့်တဲ့ပုဂ္ဂိုလ်ကို ဝအောင်ကို သူက ပေးကမ်း လှူဒါန်းပေးလိုက်တယ်။ ဘာဖြစ်လို့လဲ? ပေးကမ်းလှူဒါန်းပေးဖို့ရန်အတွက် ပစ္စည်းဥစ္စာတွေက သူ့မှာ ပြည့်စုံနေတယ်။ ပေးကမ်းလှူဒါန်းနိုင်တဲ့ စွမ်းအင်တွေနဲ့လည်း ပြည့်စုံနေတယ်။ စွမ်းအင်လေးတွေ ပြည့်စုံလာအောင် ကမ္ဘာတစ်သိန်းနဲ့ ချီပြီးတော့ ပါရမီ ဖြည့်ခဲ့တယ်။ မွေးမြူခဲ့တယ်။ အလွန်ကောင်းတဲ့ ဓာတ်ငွေ့တွေ ဖြစ်ပါတယ်။ နောက်တစ်ခု-</p>
<p>‘‘<b>‘အယံ ပေယျဝဇ္ဇေန သင်္ဂဟေတဗ္ဗော’တိ, တံ ပေယျဝဇ္ဇေန သင်္ဂဏှာမိ</b>’’ (အံ၊၃၊၅၅။)</p>
<p><b>ဘန္တေ</b>၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ <b>အယံ</b>၊ ဤပုဂ္ဂိုလ်သည်ကား။ <b>ပေယျဝဇ္ဇေန</b>၊ ချစ်ဖွယ်စကားကို ပြောကြားခြင်းဖြင့်။ <b>သင်္ဂဟေတဗ္ဗော</b>၊ ချီးမြှောက်သင့် ချီးမြှောက်ထိုက်၏။ <b>ဣတိ</b>၊ ဤသို့။ <b>ယံ ဇာနာမိ</b>၊ အကြင် သိရှိခြင်းကြောင့်။ <b>တံ</b>၊ ထိုပုဂ္ဂိုလ်ကို။ <b>ပေယျဝဇ္ဇေန</b>၊ ချစ်ဖွယ်စကား ပြောကြားခြင်းဖြင့်။ <b>သင်္ဂဏှာမိ</b>၊ ချီးမြှောက်ပါ၏ မြတ်စွာဘုရား ...။</p>
<p>ပိုက်ဆံကုန်သလား? မကုန်ပါဘူး။ ပုဂ္ဂိုလ်တစ်ယောက် သူ့ကို ဒါနပြုတာလည်း မလိုပါဘူး။ ဘာဖြစ်လို့လဲ? သူက ပြည့်စုံနေတယ်။ ဒီလို ပြည့်စုံနေတဲ့ပုဂ္ဂိုလ် သူ တောင့်တနေတာက ချစ်ခင်မြတ်နိုးဖွယ်ရာ စကားလေး ပြောကြားတာကို သူက တောင့်တတယ်။ သာယာဖွယ် နာဝင်ချိုတဲ့ စကားလေး ပြောကြားတာကို သူက မျှော်လင့်တောင့်တတယ်။ သတ္တဝါတိုင်း သတ္တဝါတိုင်းသည် နှစ်သက် မြတ်နိုးဖွယ်ရာ စကားဖြင့် ပြောကြားတာကို မနှစ်ခြိုက်တဲ့ပုဂ္ဂိုလ် ဆိုတာကတော့ အလွန် ရှားလိမ့်မယ်။ သတ္တဝါတိုင်း သတ္တဝါတိုင်းက တောင့်တတတ်တဲ့သဘော ရှိပါတယ်။</p>
<p>တစ်ချိန် ဦးပဉ္ဇင်းတို့ ဘုရားအလောင်းတော် ဆိုကြပါစို့။ <b>နွားလားဥသဘ</b> ဖြစ်တယ်။ နွားလားဥသဘဖြစ်တဲ့ဘဝမှာ မိမိရဲ့ ပိုင်ရှင်ဖြစ်တဲ့ ပုဏ္ဏားကြီးကို တစ်နေ့ ပြောကြားတယ်။ “ကဲ ပုဏ္ဏား လှည်းနှစ်စီး ဝန်အပြည့်ပေါ့လေ။ ရှေးတုန်းကတော့ လှည်းကတော့ တော်တော်ကြီးတယ်နဲ့ တူပါတယ်။ အဲဒီ ဝန်အပြည့်တင်ထားတဲ့ လှည်းနှစ်စီးကို ငါ့နွားကြီးက တစ်ကောင်တည်းနဲ့ ရုန်းနိုင်တယ်ဆိုတာ သွားလောင်းချေ”။ လောင်းတန်း ကစားခိုင်းတယ်။ ပုဏ္ဏားကြီးကလည်း တကယ်တန်း သွားပြီး လောင်းလိုက်တယ်။ လောင်းလိုက်တဲ့ အချိန်အခါမှာ နွားကြီးကို လှည်းတပ်ပြီး ရုန်းခိုင်းတဲ့အခါ နွားကို ချိုချိုသာသာ မပြောဘဲနဲ့ နွားကို ငေါက်ငမ်း ဆဲရေး ကြိမ်းမောင်းပြီးတော့ ရုန်းခိုင်းတယ်။ နွားကလည်း ဆန္ဒပြပြီး မရုန်းတော့ဘူး။ ရှုံးပြီ။</p>
<p>ကဲ ပုဏ္ဏားကြီးလည်း မှိုင်ပြီ။ မှိုင်လိုက်တဲ့ အချိန်အခါကျတော့ နွားကြီးက တစ်နေ့ မေးတယ်။ ဘာဖြစ်လို့ မှိုင်လဲ? နင် ငါ့ကို ရှုံးအောင် လုပ်တယ်။ ပစ္စည်းတွေ ရှုံးကုန်ပြီ။ ဘာဖြစ်လို့ နင် ငါ့ကို ချိုချိုသာသာ မပြောရသလဲ? ကြမ်းကြမ်းတမ်းတမ်း စကားတွေကို, ယုတ်မာတဲ့ စကားတွေကို ငါ့ဘာဖြစ်လို့ ပြောရသလဲ? ဒီတော့ ပရိသတ်တွေ စဉ်းစားကြည့်စမ်း! နွားတောင်မှ ကြမ်းကြမ်းတမ်းတမ်း ပြောတာ ကြိုက်သလား? ဟင် ဟုတ်ကဲ့လား? နွားတောင်မှ ကြမ်းကြမ်းတမ်းတမ်း ပြောတာ မကြိုက်ဘူးဆိုရင် လူအချင်းချင်းကော ကြမ်းကြမ်းတမ်းတမ်း ပြောတာ သင့်ပါ့မလား? အေး သတိထား စကားလေးတစ်ခု။ ခု ဒီမှာကြည့် - အာဠဝကသီတင်းသည်က များများ မပြောဘူး။ ဘုရားရှင် ဆုံးမတဲ့ စကား (၄)ခွန်းပဲ သူ လိုက်နာတယ်။</p>
<p>ချစ်ဖွယ်စကား ပြောကြားရမယ့်ပုဂ္ဂိုလ်ကို ချစ်ဖွယ်စကား ပြောကြားပေးတယ်။ သိပ်များ ပင်ပန်းသွားသလား? ပိုက်ဆံတွေ တော်တော်များများ ကုန်သွားသလား? မကုန်ပါဘူး။ ဟုတ်တယ်မဟုတ်လား? လွယ်လွယ်လေးနဲ့ ကုသိုလ်ရနိုင်တဲ့တရား။ ပိုက်ဆံ မကုန်ဘဲနဲ့ ကုသိုလ်ရနိုင်တဲ့တရား။ မိမိတို့ရဲ့ စိတ်ဓာတ်လေးကို မိမိတို့ ပြုပြင်ပြောင်းလဲပေးဖို့ လိုတယ်။ အချင်းချင်း မြင်လိုက်တာနဲ့ ကုသိုလ်တရားတွေ တိုးပွားလာနိုင်တယ်။ “အို ဒီကောင်မတော့ နှုတ်ကလည်း ကြမ်းပါဘိ။ ပါးစပ်ကလည်း ဗျစ်တောက် ဗျစ်တောက်နဲ့ ဘာတွေမှန်းလည်း မသိဘူး” အနားကပ်ချင်တဲ့သူ ရှိပါ့မလား? မရှိဘူး။ ဒါ သတိထားကြ။</p>
<p>ကဲ ဒီတော့ နွားကြီးကလည်း အဲဒါနဲ့ နောက်ထပ်တစ်ဖန် ပြန်ပြောတယ်။ ဒီတစ်ခါ လောင်းချေ။ လှည်း အစီး ၁၀၀ ကို ငါ့နွားကြီးက တစ်ကောင်တည်းနဲ့ အကုန် ရုန်းနိုင်တယ်။ သွားလောင်းချေ။ နှစ်စီးတုန်းက မရုန်းနိုင်ဘဲ ဒီ ၁၀ စီး, ၁၅ စီးကျလည်း ရုန်းနိုင်မှာ မဟုတ်ဘူး ဆိုပြီးတော့ ပုဏ္ဏားတွေက အကြီးအကျယ် လောင်းကျရော။ အဲဒီအခါကျတော့မှ ငါ့သားကြီး ဘသားချော ဘာညာ ချော့ပြီးတော့ ရုန်းခိုင်းလိုက်တယ်။ တစ်ခါတည်း အကုန်လုံး ရုန်းလိုက်တာပဲ။ နိုင်သွားတယ်။ ဟုတ်တယ် မဟုတ်လား?</p>
<p>ဒါကြောင့် တိရစ္ဆာန်တွေတောင်မှ ချစ်ဖွယ်သောစကား ပြောကြားပေးရင် နှစ်ခြိုက်သေးတယ်။ လူသားအချင်းချင်း သို့မဟုတ် သာသနာတော်မှ ဝင်ရောက်ပြီး ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါရဲ့ သင်ချစ်သားတို့တတွေသည် ဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ သင်ချစ်သားတို့သည် တစ်ဦးနှင့်တစ်ဦး ဘာကြောင့် ချစ်ဖွယ်စကားကို မပြောကြားဘဲ ရှိနိုင်ရမလဲ? မြတ်စွာဘုရားက ရဟန်းတွေကို ဆုံးမထားတဲ့ ဝတ္ထုလေးပါ။</p>
<p>အဲဒါကြောင့် ဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ ခုလို ဝင်ရောက်ပြီး နေထိုင်နေတဲ့ ပုဂ္ဂိုလ်တွေမှာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်မြတ်နိုးဖွယ်ရာ ချိုသာတဲ့ စကားလေးတွေဖြင့် ပြောကြားတတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ ခု ဒီနေရာမှာ အာဠဝက သီတင်းသည်ကနေပြီးတော့ ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့လိုက်တဲ့ အချိန်အခါမှာ ချစ်ဖွယ်စကားဖြင့် ပြောကြားပေးဖို့ သင့်တယ်လို့ သိခဲ့ရင် ချစ်ဖွယ်သော စကားဖြင့် ပြောကြားပေးတယ်။ ဘာဖြစ်လို့လဲ? ချီးမြှောက်ခြင်း တစ်မျိုးပဲ။</p>
<p>အစ်ကိုတန်တဲ့ပုဂ္ဂိုလ်ကို အစ်ကို, အစ်မတန်တဲ့ ပုဂ္ဂိုလ်ကို အစ်မ, ညီမတန်တဲ့ ပုဂ္ဂိုလ်ကို ညီမ, သမီးတန်တဲ့ ပုဂ္ဂိုလ်ကို သမီး, သားတန်တဲ့ ပုဂ္ဂိုလ်ကို သား စသည်ဖြင့် ဒီလို ခေါ်ဝေါ်ပြီးတော့ ချိုသာတဲ့ စကားလေးတွေ ပြောကြားတတ်ရမယ်။ လေ့ကျင့်ရင် မရနိုင်ဘူးလား? ရနိုင်ပါတယ်။ သိပ်ခက်ခဲသလား? မခက်ခဲပါဘူး။ ဘုန်းကြီးကတော့ ဘွဲ့တစ်ခုရအောင် ပညာသင်ရတာ ဒီထက် အများကြီး ခက်ခဲမယ် ထင်တယ်။ ပိုက်ဆံလည်း အများကြီး ကုန်မှာပဲ။ အခု ဒီလေ့ကျင့်ခန်းလေးက ပိုက်ဆံ မကုန်ပါဘူး။ ဘွဲ့ရသလောက်လည်း ပင်ပန်းမလား? မပင်ပန်းပါဘူး။</p>
<p>နောက်တစ်ခု နံပါတ် (၃) သူက တင်ပြလျှောက်ထားတယ်။</p>
<p>‘‘<b>ယံ ဇာနာမိ – ‘အယံ အတ္ထစရိယာယ သင်္ဂဟေတဗ္ဗော’တိ, တံ အတ္ထစရိယာယ သင်္ဂဏှာမိ</b>’’ (အံ၊၃၊၅၅။)</p>
<p><b>ဘန္တေ</b>၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ <b>ယံ</b>၊ အကြင်ပုဂ္ဂိုလ်ကို။ <b>အဟံ</b>၊ ဘုရားတပည့်တော်သည်။ <b>ဇာနာမိ</b>၊ သိပါ၏။ <b>အယံ</b>၊ ဤပုဂ္ဂိုလ်ကို။ <b>အတ္ထစရိယာယ</b>၊ အကျိုးစီးပွားရှိတဲ့ လုပ်ငန်းရပ်တို့၌ ရွက်ဆောင်ပေးခြင်းဖြင့်။ <b>သင်္ဂဟေတဗ္ဗော</b>၊ ချီးမြှောက်သင့် ချီးမြှောက်ထိုက်၏။ <b>ဣတိ</b>၊ ဤသို့။ <b>တံ</b>၊ ထိုပုဂ္ဂိုလ်ကို။ <b>အတ္ထစရိယာယ</b>၊ အကျိုးတရားကို ဆောင်ရွက်ပေးခြင်း ကျင့်ဝတ်ပဋိပတ်ဖြင့်။ <b>သင်္ဂဏှာမိ</b>၊ ချီးမြှောက်၍ နေပါ၏၊</p>
<p>ပုဂ္ဂိုလ်တစ်ယောက်ကျတော့ သူ့ကို ပေးကမ်းနေတာလည်း သူက သိပ်မကြိုက်ဘူး။ သိပ်မလိုပါဘူး။ သူ့မှာ ပြည့်စုံနေတယ်။ ချစ်ခင်ဖွယ်ရာ မြတ်နိုးဖွယ်ရာ စကားတွေနဲ့ လာပြီး တတွတ်တွတ် ပြောနေတာလည်း သူက သိပ်မကြိုက်ဘူး။ သူက ဘာကြိုက်သလဲ? သူ့ရဲ့ အကျိုးစီးပွားရှိတဲ့ လုပ်ငန်းရပ်တွေကို လိုက်ပြီး ရွက်ဆောင်ပေးတာ သူက သဘောကျတယ်။ သူ့မှာ အခက်အနေ ရှိပြီ။ သာရေးရှိမယ်, နာရေးရှိမယ်။ အဲဒီလို ကိစ္စ အဝဝတွေမှာ လိုက်ပြီးတော့ ဝင်ရောက်ပြီးတော့ ကူညီဆောင်ရွက်ပေးတာမျိုးကို သူက သဘောကျတယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးကို သူကိုယ်တိုင် သူ့ရဲ့ သာရေး, နာရေးကိစ္စ အစရှိသည် လုပ်ငန်းကိစ္စရပ် အဝဝတွေမှာ ကိုယ်ထိလက်ရောက် စိတ်ပါလက်ပါဖြင့် လိုက်ပြီး ရွက်ဆောင်ပေးပါတယ်။ ဒါက သိပ်ပြီးတော့ ခဲယဉ်းသလား? မခဲယဉ်းလှဘူး။ သီတင်းသုံးဖော် အချင်းချင်း သတ္တဝါတွေ တစ်ဦးနှင့်တစ်ဦး သံသရာခရီး ကျင်လည်ခိုက်မှာ တစ်ဦးကိုတစ်ဦး ကာယကံမေတ္တာ, ဝစီကံမေတ္တာ, မနောကံမေတ္တာဖြင့် ဆက်ဆံသင့်တဲ့အပိုင်းမှာ ဒီဟာ ကာယကံမေတ္တာနဲ့ ဆောင်ရွက်ပေးခြင်းပဲ။ ကဲ နောက်တစ်ခု -</p>
<p>‘‘<b>ယံ ဇာနာမိ – ‘အယံ သမာနတ္တတာယ သင်္ဂဟေတဗ္ဗော’တိ, တံ သမာနတ္တတာယ သင်္ဂဏှာမိ။</b>’’ (အံ၊၃၊၅၅။)</p>
<p><b>ဘန္တေ</b>၊ ဘုန်းတော်နေဝန်းထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ <b>အဟံ</b>၊ ဘုရားတပည့်တော်သည်။ <b>ယံ</b>၊ အကြင်ပုဂ္ဂိုလ်ကို။ <b>ဇာနာမိ</b>၊ သိရှိပါ၏။ <b>အယံ</b>၊ ဤပုဂ္ဂိုလ်သည်ကား။ <b>သမာနတ္တတာယ</b>၊ တန်းတူထား၍ ဆက်ဆံခြင်းဖြင့်။ <b>သင်္ဂဟေတဗ္ဗော</b>၊ ချီးမြှောက်သင့် ချီးမြှောက်ထိုက်၏။ <b>ဣတိ</b>၊ ဤသို့။ <b>တံ</b>၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်ကို။ <b>သမာနတ္တတာယ</b>၊ တန်းတူထား၍ ဆက်ဆံခြင်းဖြင့်။ <b>သင်္ဂဏှာမိ</b>၊ ချီးမြှောက်ပါ၏၊</p>
<p>ပုဂ္ဂိုလ်တစ်ယောက် တွေ့လိုက်တယ်။ ဒီပုဂ္ဂိုလ်ကျတော့ သူ့ကို ဒါနပေးတာလည်း သူက သိပ်မလိုဘူး။ ချစ်ဖွယ်စကားတွေ ပြောကြားတာလည်း သူက မလိုဘူး။ အကျိုးစီးပွားတွေကို ရွက်ဆောင်ပေးတာလည်း မလိုဘူး။ သူ့မှာ ရွက်ဆောင်ပေးတဲ့ ပုဂ္ဂိုလ်တွေက သိပ်များတယ်။ ဒါပေမဲ့လို့ သူနဲ့ ဆက်ဆံတဲ့အပိုင်းမှာ တန်းတူရည်တူဆက်ဆံမှ အတူသွားမှ, အတူထိုင်မှ, အတူစား, အတူနေမှ သဘောကျတယ်။ အဆင့်အတန်း ခွဲခြားပြီးတော့ ဆက်ဆံမယ်ဆိုရင် ဒီပုဂ္ဂိုလ်က မနှစ်ခြိုက်ဘူး။ အဲဒီတော့ အဆင့်အတန်း ခွဲခြားတာ နည်းနည်း ဆန်းစစ်ကြည့်စမ်းပါ။</p>
<p>ဘုန်းကြီး ကနီနေတုန်းကပေါ့လေ - ဦးရွှေနားခေါ်တဲ့ ကိုရင်ကြီးတစ်ပါး ရှိတယ်။ သူ့ကို ဦးရွှေနားလို့ ခေါ်တာကတော့ သူက နားက မကြားလို့ပါ။ သူနဲ့ စကားပြောရင်တော့ သူ အမြဲနိုင်တယ်။ သူက ဘုန်းကြီးတစ်ခါ ပြောဖူးတယ်။ တပည့်တော် ဘယ်သူနဲ့ စကားပြောပြော အမြဲတမ်း အနိုင်ရတယ်။ ဘာဖြစ်လို့လဲ? တပည့်တော် သူများပြောတာမှ မကြားဘူးတဲ့။ ကိုယ်ပြောချင်တာ ပြောလိုက်တာပဲ။ အဲဒီ ဦးရွှေနားက ဘုန်းကြီးကို စကားလေးတစ်ခု ပြောတယ်။ သူက ဘာပြောလဲ?</p>
<p>“အလကားပါ ကိုယ်တော် ... ချီးထုပ်ကြီး ထမ်းထမ်းပြီး သံသရာ လည်နေကြတာပါ။ မဟုတ်ဘူးလား?” ဟုတ်တယ်။ သူ့ကြည့်လိုက်လည်း ချီးထုပ်ကြီးနဲ့, ကိုယ့်ကြည့်လိုက်လည်း ချီးထုပ်ကြီးနဲ့။ တစ်ဦးနဲ့တစ်ဦး တန်းတူ မတူပါဘူး, မတန်ပါဘူးလို့ ပြောဖို့ရန် အကြောင်းရှိကြသလား? မရှိဘူး။ ချီးထုပ်ကြီး ထမ်းပြီး သံသရာ ကျင်လည်ရသူအချင်းချင်း မတူဘူး, မတန်ဘူး မဆက်ဆံနိုင်ပါဘူးလို့ ဘဝင်မြင့်နေတဲ့စိတ်ထားက ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ နှစ်သက်တဲ့ စိတ်ထား ဟုတ်သလား? မဟုတ်ဘူး။ တန်းတူဆက်ဆံမှ နှစ်ခြိုက်တဲ့ပုဂ္ဂိုလ်ကို တန်းတူထားပြီး ဆက်ဆံပါတယ်။ ပေါင်းလိုက်တော့ သင်္ဂဟဝတ္ထု ဘယ်နှစ်ပါးလဲ? (၄)ပါး။ ဒါန, ပေယျဝဇ္ဇ, အတ္ထစရိယ, သမာနတ္တတာ။ (၄)ချက်နော်။</p>
<p><b>ဒါန</b>၊ ပေးကမ်းခြင်း။<br>
<b>ပေယျဝဇ္ဇ</b>၊ ချစ်ဖွယ်စကား ပြောကြားခြင်း။<br>
<b>အတ္ထစရိယ</b>၊ အကျိုးစီးပွားရှိတဲ့ လုပ်ငန်းရပ်တွေကို ပါဝင်ပြီး ရွက်ဆောင်ပေးခြင်း။<br>
<b>သမာနတ္တတာ</b>၊ တန်းတူထားပြီးတော့ ဆက်ဆံခြင်း။</p>
<p>ပေါင်းလိုက်တော့ ဘယ်နှစ်ပါးလဲ? (၄)ပါး။ အဲဒီ သင်္ဂဟဝတ္ထု (၄)ပါးဖြင့် တပည့်တော် ချီးမြှောက်ပါတယ်။ နောက်ထပ်ဆက်ပြီးတော့ သူက ဘာလျှောက်ထားသလဲ?</p>
<h3>ဒုတိယပိုင်း</h3>
<p>‘‘<b>သံဝိဇ္ဇန္တိ ခေါ ပန မေ, ဘန္တေ, ကုလေ ဘောဂါ။</b>’’ (အံ၊၃၊၅၅။)</p>
<p><b>ဘန္တေ</b>၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ <b>မေ</b>၊ ဘုရားတပည့်တော်၏။ <b>ကုလေ</b>၊ အိမ်၌။ <b>ဘောဂါ</b>၊ ဥစ္စာတို့သည်။ <b>သံဝိဇ္ဇန္တိ</b>၊ ရှိကြကုန်သည်သာလျှင်တည်း။</p>
<p>တပည့်တော်၏ အိမ်မှာ စည်းစိမ်ဥစ္စာတွေ များစွာ ရှိပါတယ် မြတ်စွာဘုရား ...။ ဘာဖြစ်လို့လဲ? စည်းစိမ်ဥစ္စာတွေ များစွာရှိအောင် ကမ္ဘာတစ်သိန်းနဲ့ ချီပြီးတော့ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပ ခေါ်ဆိုအပ်တဲ့ <b>သူတော်ကောင်းဥစ္စာ (၇)ဖြာ</b>ကို သူက ရှာဖွေခဲ့တဲ့ပုဂ္ဂိုလ် ဖြစ်တယ်။ ဒီလို သူတော်ကောင်းဥစ္စာ ခုနစ်ဖြာဖြင့် ရှာဖွေထားတဲ့ ပုဂ္ဂိုလ်အဖို့ ဒီသူတော်ကောင်းဥစ္စာ ခုနစ်ဖြာလို့ ခေါ်ဆိုအပ်တဲ့ ကုသိုလ်တွေက အစွမ်းကုန် အကျိုးပေးဖို့ရန် အခါအခွင့် သင့်နေတဲ့ ခုလို ဘဝတွေမှာ ပစ္စည်းဥစ္စာတွေက လှူလို့ မကုန်နိုင်အောင် အားလုံး အခန့်သင့် ဖြစ်နေတယ်။</p>
<p>နတ်တို့ဖန် ရေကန်အသင့် ကြာအသင့် ဆိုသလို အားလုံး အခန့်သင့် ဖြစ်နေတယ်။ အခန့်သင့် ဖြစ်နေတဲ့ အချိန်အခါမှာ အတိတ် သံသရာခရီးမှာထဲကတည်းက သဒ္ဓါတရားနှင့်လည်း ပြည့်စုံတယ်, ကိုယ်ကျင့်သီလတွေကလည်း သိပ်ကောင်းတယ်, အသိအလိမ္မာ ဉာဏ်ပညာတွေက ဝိပဿနာပညာတွေနဲ့လည်း ပြည့်စုံတယ်, သုတတရားတွေနဲ့လည်း ပြည့်စုံနေတယ်။ အဲဒီလို ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်က အတိတ်ကလည်း ပေးကမ်းစွန့်ကြဲခြင်းဆိုတဲ့ စာဂမျိုးစေ့ ပါရမီမျိုးစေ့တွေကို ထူထောင်ခဲ့တဲ့အတွက် ဒီလိုဘဝမှာ ပေးကမ်းစွန့်ကြဲဖို့ရန်ဆိုတဲ့ စိတ်ထားတွေ အလိုလို ပေါ်လာတယ်။ ပေးကမ်းစွန့်ကြဲဖွယ် လှူဖွယ်ဝတ္ထု ပစ္စည်းစုတွေကလည်း အခန့်သင့် ဖြစ်နေတယ်။ ဒါကြောင့် ဒီအကြောင်းကို မြတ်စွာဘုရားကို သူက တင်ပြလျှောက်ထားနေတယ်နော်။ ဒီနေရာမှာ သူက ဘာပြောချင်လဲ?</p>
<p>‘‘<b>သံဝိဇ္ဇန္တိ ခေါ ပန မေ, ဘန္တေ, ကုလေ ဘောဂါ။ ဒလိဒ္ဒဿ ခေါ နော တထာ သောတဗ္ဗံ မညန္တိ</b>’’။</p>
<p><b>ဘန္တေ</b>၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ <b>မေ</b>၊ ဘုရားတပည့်တော်၏။ <b>ကုလေ</b>၊ အိမ်၌။ <b>ဘောဂါ</b>၊ ဥစ္စာတို့သည်။ <b>သံဝိဇ္ဇန္တိ ခေါ ပန</b>၊ ရှိကြကုန်သည်သာလျှင်တည်း။ <b>ဒလိဒ္ဒဿ ခေါ</b>၊ ဆင်းရဲတဲ့ပုဂ္ဂိုလ်အား။ <b>နော တထာ</b>၊ မပေးကမ်း မစွန့်ကြဲခြင်းဖြင့် အကြင်ကဲ့သို့သော အခြင်းအရာအားဖြင့်။ <b>သောတဗ္ဗံ</b>၊ နာယူသင့်၏ဟု။ <b>မညန္တိ</b>၊ မအောက်မေ့ မမှတ်ထင်ကြပါကုန်။ <b>တထာ</b>၊ ထို့အတူ မပေးကမ်း မစွန့်ကြဲတဲ့ပုဂ္ဂိုလ်အား မပေးကမ်း မစွန့်ကြဲသူ၏ စကားကို နာယူသင့် နာယူထိုက်၏ဟူ၍ မအောက်မေ့ မမှတ်ထင်ကြပါကုန် မြတ်စွာဘုရား။</p>
<p>တပည့်တော်အိမ်မှာ စည်းစိမ်ဥစ္စာတွေ ရှိတယ်။ ဒီစည်းစိမ်ဥစ္စာတွေကို တပည့်တော် အမြဲတမ်း ပေးကမ်း လှူဒါန်းပါတယ် မြတ်စွာဘုရား ...။ ဘာဖြစ်လို့လဲ? ဆင်းရဲနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပင် ဖြစ်ပါစေ ဆင်းရဲနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို တပည့်တော်က ဘာမှ မပေးဘူး, မကမ်းဘူး, မလှူဘူးဆိုရင် တပည့်တော်ရဲ့စကားကို ဒီပုဂ္ဂိုလ်က နာယူသင့် နာယူထိုက်တယ်လို့ မအောက်မေ့ပါဘူး။ ဒါပေမဲ့ တပည့်တော်က ဒီစည်းစိမ်ဥစ္စာတွေကို အမြဲတမ်း ပေးကမ်းလှူဒါန်းနေတယ်။ အမြဲတမ်း ပေးကမ်းလှူဒါန်းနေတဲ့အတွက် ဆင်းရဲနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပင် ဖြစ်ပေမဲ့ ဒီဆင်းရဲတဲ့ပုဂ္ဂိုလ်က တပည့်တော်ရဲ့ စကားကို နာယူသင့် နာယူထိုက်၏ဟု မှတ်ထင်တယ်။ အလားတူပဲ။</p>
<p>တပည့်တော်ရဲ့ နောက်လိုက် ပရိသတ်တွေဟာလည်း တပည့်တော်ရဲ့ စကားတွေကို နာယူသင့် နာယူထိုက်တယ်လို့ ဒီလိုပဲ အောက်မေ့နေကြပါတယ် မြတ်စွာဘုရား ဆိုပြီးတော့ လျှောက်ထားတယ်။ ဒီတော့ မိမိရဲ့စကားကို နားထောင်စေချင်တယ်ဆိုရင်, မိမိရဲ့ ပရိသတ်တွေကို မိမိရဲ့စကားကို နားထောင်စေချင်တယ် ဆိုလို့ရှိရင်တော့ ဒီ<b>သင်္ဂဟဝတ္ထု လေးပါး</b> မိမိတို့ရဲ့သန္တာန်မှာ ထင်ရှားရှိနေဖို့တော့ မလိုဘူးလား? လိုအပ်တယ်။ အဲဒီ <b>သင်္ဂဟဝတ္ထု လေးပါး</b>ထဲမှာလည်း ပေးကမ်းလှူဒါန်းခြင်းဆိုတဲ့ <b>ဒါနတရား</b>က ရှေ့တန်းက ပါနေတယ်။ ပေးကမ်းလှူဒါန်းမယ် ဆိုလို့ရှိရင် ပေးကမ်းခြင်းသည် အောင်မြင်ရာ ဆိုတဲ့အတိုင်းပဲ။ မိမိရဲ့စကားကို နာယူသင့်တယ်လို့ လက်ခံမဲ့ပုဂ္ဂိုလ်တွေ ဝိုင်းဝိုင်းလည်မနေဘူးလား? ဝိုင်းဝိုင်းလည်နေတယ်။ အဲဒီအခါကျတော့မှ ဘုရားရှင်က ဘာအမိန့်ရှိသလဲ?</p>
<p>‘‘<b>သာဓု သာဓု, ဟတ္ထက! ယောနိ ခေါ တျာယံ, ဟတ္ထက, မဟတိံ ပရိသံ သင်္ဂဟေတုံ။</b>’’</p>
<p><b>ဟတ္ထက</b>၊ ချစ်သားဟတ္ထက ...။ <b>သာဓု သာဓု</b>၊ ကောင်းပေစွ ကောင်းပေစွ။</p>
<p>ဘုရားရှင်က <b>သာဓု</b>ခေါ်တယ်။ မိမိ ဆုံးမထားတဲ့ အဆုံးအမ တစ်ခုကို ဒီနေရာမှာတော့ ဘယ်နှစ်ခုလဲ? လေးခု။ သိပ်များ များသလား? ပရိသတ်တွေ သိပ်များ များသလား? မများပါဘူး။ အဲဒီ လေးခုကို ရိုရိုသေသေ လိုက်နာပြုကျင့်နေတဲ့အတွက် ဘုရားရှင်က <b>သာဓု</b>မခေါ်ဘူးလား? ခေါ်နေတယ်။ ဘုရားရှင်တို့ <b>သာဓု</b>ခေါ်နေတယ်ဆိုလို့ရှိရင်တော့ ထိုလုပ်ငန်းရပ်သည် အကျိုးရှိတဲ့ လုပ်ငန်းရပ်လား, အကျိုးမရှိတဲ့ လုပ်ငန်းရပ်လား? အကျိုးရှိတဲ့ လုပ်ငန်းရပ် ဖြစ်ပါတယ်။ ဒါကြောင့် အကျိုးရှိတဲ့ လုပ်ငန်းရပ်, ဘုရားရှင်တို့ <b>သာဓု</b>ခေါ်တဲ့ လုပ်ငန်းရပ်ကို မိမိတို့ဘက်ကလည်း ပြုလုပ်နိုင်ဖို့ မလိုအပ်ဘူးလား? လိုအပ်တယ်။ ဒါကြောင့် -</p>
<p><b>ဟတ္ထက</b>၊ ချစ်သားဟတ္ထက ...။ <b>သာဓု သာဓု</b>၊ ကောင်းပေစွ ကောင်းပေစွ။ <b>ဟတ္ထက</b>၊ ချစ်သားဟတ္ထက ...။ <b>တေ</b>၊ သင်၏။ <b>အယံ</b>၊ ဤ<b>သင်္ဂဟဝတ္ထု</b>ဖြင့် ချီးမြှောက်ခြင်းသည်။ <b>မဟတိံ ပရိသံ</b>၊ ဤကြီးကျယ်မြင့်မြတ်လှစွာသော ပရိသတ်ကို။ <b>သင်္ဂဟေတုံ</b>၊ ချီးမြှောက်ခြင်းငှာ။ <b>ယောနိ ခေါ</b>၊ သင့်သော အကြောင်းပါပေတည်း။</p>
<p>သင် ပရိသတ်ကို <b>သင်္ဂဟဝတ္ထုတရား လေးပါး</b>ဖြင့် ချီးမြှောက်တယ်ဆိုတာက သင့်တင့်လျှောက်ပတ်နေတဲ့ အကြောင်းသာ ဖြစ်တယ်။</p>
<p>‘‘<b>ယေ ဟိ ကေစိ, ဟတ္ထက, အတီတမဒ္ဓါနံ မဟတိံ ပရိသံ သင်္ဂဟေသုံ, သဗ္ဗေ တေ ဣမေဟေဝ စတူဟိ သင်္ဂဟဝတ္ထူဟိ မဟတိံ ပရိသံ သင်္ဂဟေသုံ။</b>’’</p>
<p><b>ဟတ္ထက</b>၊ ချစ်သားဟတ္ထက ...။ <b>ယေ ဟိ ကေစိ</b>၊ အကြင် ခပ်သိမ်းကုန်သော သူတို့သည်။ <b>အတီတမဒ္ဓါနံ</b>၊ အတိတ် လွန်လေပြီးသော အချိန်အခါ ကာလက။ <b>မဟတိံ ပရိသံ</b>၊ ကြီးကျယ် မြင့်မြတ်တဲ့ ပရိသတ်ကို။ <b>သင်ᱜဟသေုံ</b>၊ ချီးမြှောက်ခဲ့ကြကုန်ပြီ။ <b>သဗ္ဗေ တေ</b>၊ ထိုခပ်သိမ်းကုန်သော ပရိသတ်ကို ချီးမြှောက်ခဲ့ကြကုန်သော ပုဂ္ဂိုလ်တို့သည်ကား။ <b>ဣမေဟေဝ စတူဟိ သင်္ဂဟဝတ္ထူဟိ</b>၊ ဤ<b>သင်္ဂဟဝတ္ထု လေးပါး</b>တို့ဖြင့်သာလျှင်။ <b>မဟတိံ ပရိသံ</b>၊ ကြီးကျယ်မြင့်မြတ်တဲ့ ပရိသတ်ကို။ <b>သင်ᱜဟသေုံ</b>၊ ချီးမြှောက်ခဲ့ကြလေကုန်ပြီ။</p>
<p>ဟို လွန်လေပြီးတော့ အတိတ်အချိန်အခါကာလက မိမိတို့ရဲ့ ပရိသတ်ကို မိမိတို့ ချီးမြှောက်တဲ့ပုဂ္ဂိုလ်တွေ ရှိခဲ့ကြတယ်။ အဲဒီပုဂ္ဂိုလ်အားလုံးဟာလည်း မိမိတို့ရဲ့ ပရိသတ်ကို <b>သင်္ဂဟဝတ္ထုတရား လေးပါး</b>ဖြင့်သာ ချီးမြှောက်ခဲ့ကြပါတယ်။</p>
<p>‘‘<b>ယေပိ ဟိ ကေစိ, ဟတ္ထက, အနာဂတမဒ္ဓါနံ မဟတိံ ပရိသံ သင်္ဂဏှိဿန္တိ, သဗ္ဗေ တေ ဣမေဟေဝ စတူဟိ သင်္ဂဟဝတ္ထူဟိ မဟတိံ ပရိသံ သင်္ဂဏှိဿန္တိ။</b>’’</p>
<p><b>ဟတ္ထက</b>၊ ချစ်သားဟတ္ထက ...။ <b>ယေပိ ဟိ ကေစိ</b>၊ အကြင် ခပ်သိမ်းကုန်သော သူတို့သည်။ <b>အနာဂတမဒ္ဓါနံ</b>၊ နောင်အနာဂတ်ကာလ၌။ <b>မဟတိံ ပရိသံ</b>၊ ကြီးကျယ်မြင့်မြတ်နေတဲ့ ပရိသတ်ကို။ <b>သင်္ဂဏှိဿန္တိ</b>၊ ချီးမြှောက်ကြပေကုန်လတ္တံ့။ <b>သဗ္ဗေ တေ</b>၊ ထိုခပ်သိမ်းကုန်သော သူတို့သည်ကား။ <b>ဣမေဟေဝ စတူဟိ သင်္ဂဟဝတ္ထူဟိ</b>၊ ဤ<b>သင်္ဂဟဝတ္ထု တရား လေးပါး</b>ဖြင့် သာလျှင်။ <b>မဟတိံ ပရိသံ</b>၊ ကြီးကျယ်မြင့်မြတ်တဲ့ ပရိသတ်ကို။ <b>သင်္ဂဏှိဿန္တိ</b>၊ ချီးမြှောက်ကြပေကုန်လတ္တံ့။</p>
<p>နောင်အနာဂတ်ကာလမှာလည်း မိမိတို့ရဲ့ ပရိသတ်ကို ချီးမြှောက်မယ့် ပုဂ္ဂိုလ်တွေ ရှိကြလိမ့်မယ်။ ထိုပုဂ္ဂိုလ်တွေဟာလည်း မိမိတို့ဆိုင်ရာ ပရိသတ်တွေကို ဒီ<b>သင်္ဂဟဝတ္ထုတရား လေးပါး</b>ဖြင့်သာလျှင် ချီးမြှောက်ကြမယ် ဖြစ်ပါတယ်။</p>
<p>‘‘<b>ယေပိ ဟိ ကေစိ, ဟတ္ထက, ဧတရဟိ မဟတိံ ပရိသံ သင်္ဂဏှန္တိ, သဗ္ဗေ တေ ဣမေဟေဝ စတူဟိ သင်္ဂဟဝတ္ထူဟိ မဟတိံ ပရိသံ သင်္ဂဏှန္တိ</b>’’။</p>
<p><b>ဟတ္ထက</b>၊ ချစ်သားဟတ္ထက ...။ <b>ယေပိ ဟိ ကေစိ</b>၊ အကြင် ခပ်သိမ်းကုန်သော သူတို့သည်။ <b>ဧတရဟိ</b>၊ ယခုပစ္စုပ္ပန် အချိန်အခါကာလ၌။ <b>မဟတိံ ပရိသံ</b>၊ မိမိတို့ရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ ပရိသတ်ကို။ <b>သင်္ဂဏှန္တိ</b>၊ ချီးမြှောက်၍ နေကြလေကုန်၏။ <b>သဗ္ဗေ တေ</b>၊ ထိုခပ်သိမ်းကုန်သော သူတို့သည်ကား။ <b>ဣမေဟေဝ စတူဟိ သင်္ဂဟဝတ္ထူဟိ</b>၊ ဤ<b>သင်္ဂဟဝတ္ထုတရား လေးပါး</b>တို့ဖြင့်သာလျှင်။ <b>မဟတိံ ပရိသံ</b>၊ ကြီးကျယ်မြင့်မြတ်တဲ့ ပရိသတ်ကို။ <b>သင်္ဂဏှန္တိ</b>၊ ချီးမြှောက်၍ နေကြလေကုန်၏၊</p>
<p>ယခု ပစ္စုပ္ပန် အချိန်အခါကာလမှာလည်း မိမိတို့ရဲ့ ကြီးကျယ်မြင့်မြတ်နေတဲ့ ပရိသတ်ကို ချီးမြှောက်တဲ့ ပုဂ္ဂိုလ်တွေ ရှိကြတယ်။ ထိုပုဂ္ဂိုလ်တွေ အားလုံးဟာလည်း မိမိတို့ရဲ့ ဆိုင်ရာ ပရိသတ်တွေကို ဒီ<b>သင်္ဂဟဝတ္ထု လေးပါး</b>ဖြင့်သာလျှင် ချီးမြှောက်ကြပါပေတယ်ဆိုပြီးတော့ မြတ်စွာဘုရားက အမိန့်ရှိပြီး <b>သာဓု</b>ခေါ်တယ်။ <b>သာဓု</b>ခေါ်ပြီးတဲ့ အချိန်အခါကျတော့ ဘာလုပ်သလဲ?</p>
<p>‘‘<b>အထ ခေါ ဟတ္ထကော အာဠဝကော ဘဂဝတာ ဓမ္မိယာ ကထာယ သန္ဒဿိတော သမာဒပိတော သမုတ္တေဇိတော သမ္ပဟံသိတော ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ပက္ကာမိ-</b>’’</p>
<p><b>အထ ခေါ</b>၊ ထိုအခါ၌။ <b>ဟတ္ထကော အာဠဝကော</b>၊ ဟတ္ထက အာဠဝသည်။ <b>ဘဂဝတာ</b>၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ <b>ဓမ္မိယာ ကထာယ</b>၊ တရားနှင့်လျှော်ညီသော စကားဖြင့်။ <b>သန္ဒဿိတော</b>၊ ကောင်းစွာ ထင်ရှားပြတော်မူအပ်သည်ဖြစ်၍။ <b>သမာဒပိတော</b>၊ တရားတော် ကျင့်သုံးရာ ကောင်းစွာ ဆောက်တည် စေအပ်သည်ဖြစ်၍။ <b>သမုတ္တေဇိတော</b>၊ တရားတော် ကျင့်သုံးရာ ဉာဏ်ကို ထက်မြက်စေကြသည်ဖြစ်၍။ <b>သမ္ပဟံသိတော</b>၊ တရားတော်ကို ကျင့်သုံး ဆောက်တည်ရန် ဉာဏ်ကို ကောင်းစွာ ရွှင်လန်းစေရာသည်ဖြစ်၍။ <b>ဥဋ္ဌာယာသနာ</b>၊ နေရာမှ ထ၍။ <b>ဘဂဝန္တံ</b>၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်ကို။ <b>အဘိဝါဒေတွာ</b>၊ ရိုသေစွာ ရှိခိုးပြီး၍။ <b>ပဒက္ခိဏံ</b>၊ လက်ယာရစ် လှည့်လည်သည်ကို ပြု၍။ <b>ကတွာ</b>၊ ဖဲခွာသွားလေ၏၊</p>
<p>ဟတ္ထကအာဠဝက အမည်ရနေတဲ့ ဒီဥပါသကာ ဒါယကာ မင်းသားလေးပေါ့။ ဒီမင်းသားကို မြတ်စွာဘုရားက ဆက်ပြီးတော့ တရားနှင့် လျော်ညီနေတဲ့ စကားတွေကို ဟောပေးတယ်။ <b>သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပ</b> ခေါ်ဆိုအပ်တဲ့ <b>သူတော်ကောင်းဥစ္စာ ခုနစ်ဖြာ</b>တို့ဖြင့် ပြည့်စုံလာအောင် တရားတွေကို ထင်ရှားပြတော်မူတယ်, တရားကျင့်သုံးရာ ဆောက်တည်စေတယ်။ တရားကျင့်သုံးဖို့ရန်အတွက် ဉာဏ်တွေကို ထက်မြက်စေတယ်။ တရားကျင့်သုံးရန်အတွက် ဉာဏ်တွေကို ရွှင်လန်း တက်ကြွစေတယ်။ အဲဒီအခါမှာ တရားနာပြီးတော့ ဟတ္ထကအာဠဝက သီတင်းသည်ကလည်း နေရာမှ ထပြီး မြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးတယ်။ လက်ယာရစ် လှည့်လည်ပြီးတော့မှ ထွက်ခွာသွားတယ်။</p>
<p>‘‘<b>အထ ခေါ ဘဂဝါ အစိရပက္ကန္တေ ဟတ္ထကေ အာဠဝကေ ဘိက္ခူ အာမန္တေသိ -</b>’’</p>
<p><b>အထ ခေါ</b>၊ ထိုအခါ၌။ <b>ဟတ္ထကေ အာဠဝကေ</b>၊ ဟတ္ထကအာဠဝကမင်းသားသည်။ <b>အစိရပက္ကန္တေ</b>၊ ဖယ်ခွာသွား၍ မကြာမီ အချိန်ကာလအတွင်း၌။ <b>ဘဂဝါ</b>၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ <b>ဘိက္ခူ</b>၊ ရဟန်းတို့ကို။ <b>အာမန္တေသိ</b>၊ မိန့်ကြားတော်မူသည်။</p>
<p>ဟတ္ထကအာဠဝက သီတင်းသည်လေး ဖယ်ခွာသွားပြီး မကြာမီ အချိန်ကာလအတွင်းမှာ မြတ်စွာဘုရား ရဟန်းတွေကို အမိန့်ရှိတယ်။</p>
<p>‘‘<b>အဋ္ဌဟိ ဘိက္ခဝေ အစ္ဆရိယေဟိ အဗ္ဘုတေဟိ ဓမ္မေဟိ သမန္နာဂတံ ဟတ္ထကံ အာဠဝကံ ဓာရေထ။</b>’’</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>အစ္ဆရိယေဟိ</b>၊ လက်ဖျစ်တီး၍ အံ့ချီးခြင်းငှာ ထိုက်ကုန်သော။ <b>အဗ္ဘုတေဟိ</b>၊ မဖြစ်စဖူး အဦးအသစ် ဖြစ်ကြကုန်သော။ <b>အဋ္ဌဟိ ဓမ္မေဟိ</b>၊ ရှစ်မျိုးကုန်သော တရားတို့နှင့်။ <b>ဟတ္ထကံ အာဠဝကံ</b>၊ ဟတ္ထက အာဠဝကကို။ <b>သမန္နာဂတံ</b>၊ ပြည့်စုံ၏ဟူ၍။ <b>ဓာရေထ</b>၊ မှတ်ယူကြလေပေကုန်လော့။</p>
<p>ချစ်သားရဟန်းတို့ ...ဟတ္ထကအာဠဝက သီတင်းသည်ကို အံ့ဩဖွယ်ကောင်းနေတဲ့ <b>အင်္ဂါ ရှစ်ပါး</b>တို့နှင့် ပြည့်စုံနေတဲ့ သီတင်းသည်လို့ သင်ချစ်သားတို့ မှတ်သားကြပါ။ ဘယ်လိုလဲ?</p>
<p>‘‘<b>သဒ္ဓေါ ဘိက္ခဝေ ဟတ္ထကော အာဠဝကော သီလဝါ၊ ဘိက္ခဝေ။ ပ။ ဟိရီမာ။ ဩတ္တပ္ပီ။ ဗဟုဿုတော။ စာဂဝါ။ ပညဝါ ဘိက္ခဝေ ဟတ္ထကော အာဠဝကော၊ အပ္ပိစ္ဆော ဘိက္ခဝေ ဟတ္ထကော အာဠဝကော။</b>’’</p>
<p><b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဟတ္ထကော အာဠဝကော</b>၊ ဟတ္ထကအာဠဝကသည်။ <b>သဒ္ဓေါ</b>၊ သဒ္ဓါတရားနှင့် ပြည့်စုံ၏။ <b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဟတ္ထကော အာဠဝကော</b>၊ ဟတ္ထကအာဠဝက သည်။ <b>သီလဝါ</b>၊ ကိုယ်ကျင့်သီလနှင့်လည်း ပြည့်စုံ၏။ <b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဟတ္ထကော အာဠဝကော</b>၊ ဟတ္ထကအာဠဝက သည်။ <b>ဟိရီမာ</b>၊ ရှက်ခြင်း ဟိရီတရားနှင့်လည်း ပြည့်စုံ၏။ <b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဟတ္ထကော အာဠဝကော</b>၊ ဟတ္ထကအာဠဝက သည်။ <b>ဩတ္တပ္ပီ</b>၊ မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားတို့မှ ကြောက်ခြင်း ဩတ္တပ္ပတရားနှင့်လည်း ပြည့်စုံ၏။ <b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဟတ္ထကော အာဠဝကော</b>၊ ဟတ္ထကအာဠဝကသည်။ <b>ဗဟုဿုတော</b>၊ ဗဟုဿုတတရားနှင့်လည်း ပြည့်စုံ၏။ <b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဟတ္ထကော အာဠဝကော</b>၊ ဟတ္ထကအာဠဝက သည်။ <b>စာဂဝါ</b>၊ ပေးကမ်းစွန့်ကြဲခြင်း စာဂတရားနှင့်လည်း ပြည့်စုံ၏။ <b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဟတ္ထကော အာဠဝကော</b>၊ ဟတ္ထကအာဠဝကသည်။ <b>ပညဝါ</b>၊ ဝိပဿနာပညာ မဂ်ပညာနှင့်လည်း ပြည့်စုံ၏။ <b>ဘိက္ခဝေ</b>၊ ချစ်သားရဟန်းတို့ ...။ <b>ဟတ္ထကော အာဠဝကော</b>၊ ဟတ္ထကအာဠဝကသည်။ <b>အပ္ပိစ္ဆော</b>၊ အလိုနည်းခြင်း အပ္ပိစ္ဆဂုဏ်နှင့်လည်း ပြည့်စုံ၏၊</p>
<p>ချစ်သားရဟန်းတို့ ...ဟတ္ထကအာဠဝကဟာ <b>သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပ</b> ခေါ်ဆိုအပ်တဲ့ <b>သူတော်ကောင်းဥစ္စာ ခုနစ်ဖြာ</b>နှင့်လည်း ပြည့်စုံတယ်။ အလိုနည်းခြင်း <b>အပ္ပိစ္ဆဂုဏ်</b>နှင့်လည်း ပြည့်စုံတယ်။ အလိုနည်းခြင်း <b>အပ္ပိစ္ဆဂုဏ်</b>ဆိုတာက - တစ်ချိန်မှာ ဘုရားရှင်က ရဟန်းတော်တို့ကို ဟတ္ထကအာဠဝကဟာ <b>သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပ</b> ခေါ်ဆိုအပ်တဲ့ <b>သူတော်ကောင်းဥစ္စာ ခုနစ်ဖြာ</b>တို့ဖြင့် <b>အံ့ဖွယ် ရှစ်ပါး</b>ဖြင့် ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်ပဲ ဒီလို အမိန့်ရှိတယ်။ အဲဒီအချိန်မှာ ရဟန်းတော်တစ်ပါးက ဟတ္ထကအာဠဝက သီတင်းသည်အိမ်သို့ ကြွတယ်။ ကြွတယ်ဆိုတာက သူက နေ့စဉ် သံဃာတော်တွေကို ပင့်ဖိတ်ပြီး ဆွမ်းဖြင့် ပြုစုလုပ်ကျွေးနေပါတယ်။ အလှည့်ကျတဲ့ ရဟန်းတော်တစ်ပါး။ သံဃာ (၅००)ခန့် ရှိတယ်နဲ့ တူတယ်။ အဲဒီ အလှည့်ကျတဲ့ သံဃာထဲမှာ ပါနေတဲ့ ရဟန်းတော်တစ်ပါးကနေပြီးတော့ ဒကာကြီးမှာ အံ့ဩဖွယ်ကောင်းတဲ့တရား ရှစ်ပါးနှင့် ပြည့်စုံတယ်လို့တော့ မြတ်စွာဘုရား အမိန့်ရှိတယ်။ အဲဒီ တရားတွေက ဘာတွေပါလဲလို့ မေးတယ်။ မေးလိုက်တဲ့ အချိန်အခါမှာ -</p>
<p>အရှင်ဘုရား ...ဒီတရားစကားကို ပြောတဲ့ အချိန်အခါမှာ အနားမှာ ဝတ်ဖြူစင်ကြယ်ကို ဝတ်နေတဲ့ လူဝတ်ကြောင် ပုဂ္ဂိုလ်များ ရှိပါသလား, တစ်ယောက်တစ်လေများ ရှိပါသလားလို့မေးတယ်။ ဒကာ ... ရဟန်းတော်သာများ ရှိတယ်။ လူဝတ်ကြောင် ဝတ်ဖြူစင်ကြယ်ကို ဝတ်နေတဲ့ပုဂ္ဂိုလ်တွေ မရှိပါဘူးလို့ ဖြေလို့ တပည့်တော် ဝမ်းသာပါတယ်။ သူက ဒီလို ပြန်လျှောက်ထားတယ်။ ဘာဖြစ်လို့လဲ?</p>
<p>သူ့မှာရှိနေတဲ့ ကောင်းနေတဲ့ ဂုဏ်တွေကို သူတစ်ပါးသိမှာ သိပ်စိုးတယ်။ ထင်ပေါ်ချင်တဲ့ စိတ်ထား သူ့မှာ နည်းနည်းမှ မရှိဘူး။ အဲဒီ ထင်ပေါ်ချင်တဲ့ စိတ်ထား မရှိတာက ဒီနေရာမှာတော့ <b>အဓိဂမအပ္ပိစ္ဆ</b> ဖြစ်ပါတယ်။ မိမိ ရရှိထားတဲ့ တရားထူး တရားမြတ်တွေနဲ့ ပတ်သက်ပြီးတော့ ဒီတရားထူး တရားမြတ်ကို ဒီသူတော်ကောင်းက သူတစ်ပါးတွေ သိမှာကို အလွန် ရှက်နိုးတယ်။ အဲဒီ <b>အပ္ပိစ္ဆဂုဏ်</b>နှင့် ပြည့်စုံတယ်။ ပေါင်းလိုက်တော့ သူ့မှာ အံ့ဩဖွယ်တရား ဘယ်နှစ်မျိုး ရှိလဲ? ရှစ်မျိုး။ အဲဒီတော့ ဒီနေရာမှာ <b>သဒ္ဓါတရား</b> ခုနက ပြောခဲ့ပြီးပြီ။</p>
<p><b>သဒ္ဓါတရား</b> ထင်ရှားရှိရုံတွင်မကဘူး သူက <b>ကိုယ်ကျင့်သီလ</b>လည်း ပြည့်စုံတယ်။ ဘယ်သီလအထိ သူက ပြည့်စုံသလဲ? သူ့ရဲ့ <b>ကိုယ်ကျင့်သီလ</b>က <b>ဆယ်ပါးသီလ</b> မြဲပါတယ်။ <b>အနာဂါမ်ပုဂ္ဂိုလ်</b>တို့က <b>ဆယ်ပါးသီလ</b> မြဲတယ်။ ရွှေ, ငွေတွေကို ဘယ်တော့မှ ကိုင်တွယ်မှု, သုံးသပ်မှု, ခံယူမှု မရှိဘူး။ <b>ဆယ်ပါးသီလ</b> မြဲတယ်။ <b>ကိုယ်ကျင့်သီလ</b> သိပ်ကောင်းတယ်။</p>
<p>နောက်တစ်ခု - မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားတွေကို သူက ရှက်တယ်။ မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားတွေမှ ကြောက်တယ်။ မကောင်းမှုတွေကို ပြုလုပ်ရမှာ ရှက်တယ်, ကြောက်တယ်။ မကောင်းတဲ့ စကားတွေကို ပြောကြားရမှာ ရှက်တယ်, ကြောက်တယ်။ မကောင်းတာတွေ ကြံစည်စိတ်ကူးရမှာ ရှက်တယ်, ကြောက်တယ်။ အဲဒီလို ရှက်တတ်, ကြောက်တတ်ပြီဆိုရင် ဒီပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဘဝသည် အဆင့်အတန်း တဖြည်းဖြည်း မြင့်မားသွားဖို့ရန်အတွက် အခြေခံ အကြောင်းရင်း မဖြစ်ဘူးလား? ဖြစ်နေပြီ။ မကောင်းတာ ပြုလုပ်ရမှာလည်း မရှက်တတ်ဘူး, မကြောက်တတ်ဘူး။ ကြမ်းကြမ်းတမ်းတမ်းတွေ ပြောဆိုရမှာ, မကောင်းတဲ့ စကားတွေ ပြောဆိုရမှာ မရှက်တတ်ဘူး, မကြောက်တတ်ဘူး။ မကောင်းတဲ့ စိတ်ကူးတွေကို ကြံစည်တွေးတောနေရမှာလည်း မရှက်တတ်ဘူး, မကြောက်တတ်ဘူးဆိုရင် ထိုပုဂ္ဂိုလ်အတွက် ဒီလို အရှက်မရှိတဲ့ ပုဂ္ဂိုလ်, အကြောက်မရှိတဲ့ ပုဂ္ဂိုလ်အတွက် အကုသိုလ်တရားတွေ တစ်နေ့တစ်ခြား တိုးပွားပြီး မလာနိုင်ဘူးလား? လာနိုင်တယ်။ ဒါ သတိရှိဖို့ လိုတယ်။</p>
<p>သူတော်ကောင်း မှန်ခဲ့ရင်တော့ <b>သူတော်ကောင်းဥစ္စာ</b>နှင့် ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ ဒီသူတော်ကောင်းက အာဠဝကသီတင်းသည်က ဒီလို သဘောတရားနှင့်လည်း ပြည့်စုံတယ်။</p>
<p>နောက်တစ်ခု <b>ဗဟုဿုတ</b>။ <b>အာဂမသုတ</b>, <b>အဓိဂမသုတ</b>ခေါ်တဲ့ သင်သိ, ကျင့်သိ အနေအားဖြင့် ဘုရားရှင်ရဲ့ တရားတွေကို သိတယ်။ သင်သိ, ကျင့်သိနဲ့ သိတယ်ဆိုတာက ရုပ်တွေ နာမ်တွေကို ဟုတ်တိုင်းမှန်စွာ ပရမတ်ဆိုက်အောင် သိတယ်။ အကြောင်းတရား အကျိုးတရားတွေကို ဟုတ်တိုင်းမှန်စွာ ပရမတ်ဆိုက်အောင် သိတယ်။ ဒီအသိမျိုးကို <b>ဗဟုဿုတဂုဏ်</b>နှင့် ပြည့်စုံတယ်လို့ အထူးသဖြင့် ခေါ်ပါတယ်။ <b>ဗဟုဿုတ</b>ရရှိရေးအတွက် ဘာလုပ်ရသလဲ? ဘုရားရှင်ရဲ့ တရားတော်တွေကို ပထမ သင်ယူရတယ်။ သင်ပြီးတဲ့အခါ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် <b>သမ္မာဒိဋ္ဌိဉာဏ်ပညာ</b>ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် ကျင့်ရမယ်ဆိုတဲ့ ကျင့်စဉ်တွေကို လက်တွေ့ ကျင့်တတ်ရတယ်။ သင်သိ, ကျင့်သိ ဒီအသိ နှစ်မျိုးဖြင့် ဘုရားရှင်ရဲ့ တရားတွေကို သိနေတာကို <b>ဗဟုဿုတ</b> ရှိတယ်လို့ ခေါ်ပါတယ်။</p>
<p>နောက်တစ်ခု <b>စာဂ</b>၊ ပေးကမ်းစွန့်ကြဲမှုလည်း ရှိတယ်။ <b>ပညာ</b>၊ ရုပ်နာမ် ကြောင်းကျိုး သင်္ခါရတရားတွေရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကိုလည်း ဟုတ်တိုင်းမှန်စွာ သိတယ်။ ထိုရုပ်နာမ် ကြောင်းကျိုး သင်္ခါရတရားတို့ရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကိုလည်း <b>အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်</b>တိုင်အောင်သော <b>အရိယာမဂ်ဉာဏ်ဖိုလ်ဉာဏ်</b>တို့ဖြင့် ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိတယ်။ ပေါင်းလိုက်တော့ <b>သူတော်ကောင်းဥစ္စာ ခုနစ်ဖြာ</b>နှင့် သူက ပြည့်စုံနေတယ်။ ဒီလို <b>သူတော်ကောင်းဥစ္စာ ခုနစ်ဖြာ</b>နှင့် ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်အဖို့ ဘာဖြစ်မလဲ? ဘုရားရှင် တစ်နေရာမှာ ဟောထားတယ်။</p>
<p>‘‘<b>သဒ္ဓေါ သီလေန သမ္ပန္နော၊ ယသော ဘောဂသမပ္ပိတော။ ယံ ယံ ပဒေသံ ဘဇတိ၊ တတ္ထ တတ္ထေဝ ပူဇိတော</b>’’။ (အံ-ဋ္ဌ-၁-၂၉၈။ ဓမ္မပဒ-စာပိုဒ်-၃၀၃။)<br>
<b>သဒ္ဓေါ</b>၊ သဒ္ဓါတရားနှင့်လည်း ပြည့်စုံသော။ <b>သီလေန</b>၊ ကိုယ်ကျင့်သီလနှင့်လည်း ပြည့်စုံသော။ <b>ယသောဘောဂသမပ္ပိတော</b>၊ အခြွေအရံ အကျော်အစောနှင့်လည်း ပြည့်စုံသော၊ စည်းစိမ်ဥစ္စာတို့နှင့်လည်း ပြည့်စုံကုန်လုံသော။ <b>ယော</b>၊ အကြင်သူတော်ကောင်းသည်။ <b>ယံ ယံ ပဒေသံ</b>၊ အကြင်အကြင်အရပ်သို့။ <b>ဘဇတိ</b>၊ ဆိုက်ရောက်ပေ၏။ <b>တတ္ထ တတ္ထေဝ</b>၊ ထိုထိုအရပ်၌ပင်လျှင်။ <b>ပူဇိတော</b>၊ အပူဇော်ခံရသည်။ <b>ဟောတိ</b>၊ ဖြစ်ပေသည်။<br><br>
သဒ္ဓါတရားနှင့် ပြည့်စုံနေတဲ့ သူတော်ကောင်း, ကိုယ်ကျင့်သီလနှင့် ပြည့်စုံနေတဲ့ သူတော်ကောင်း, အခြံအရံ အကျော်အစောတွေနဲ့လည်း ပြည့်စုံနေတဲ့ သူတော်ကောင်း, စည်းစိမ်ဥစ္စာတွေနဲ့လည်း ပြည့်စုံနေတဲ့ သူတော်ကောင်းတစ်ဦး ဘယ်နေရာ သွားမလဲ? ဘယ်နေရာကိုပဲ သွားသွား ရောက်လေရာ နေရာမှာ အမြဲတမ်း အပူဇော်ခံရတယ်။ ဘာဖြစ်လို့လဲ?<br><br>
သူက ဒီနေရာမှာ ရရှိထားတဲ့ စည်းစိမ်ဥစ္စာတွေကို သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ပြီး ကံ-ကံ၏အကျိုးကို သက်ဝင်ယုံကြည်နေတဲ့ <b>သဒ္ဓါတရား</b> အပြည့်အဝဖြင့် ပေးကမ်းလှူဒါန်းခဲ့တယ်။ ပူဇော်ခဲ့တယ်။ သူတစ်ပါးတွေကို ရိုရိုသေသေ လေးလေးစားစားဖြင့် ဒီလို ပူဇော်ခဲ့တဲ့အတွက် ရောက်လေရာဘဝမှာ မိမိကို တုန့်လှည့်တစ်ဖန် ပြန်ပြီးတော့ ပူဇော်မည့် ပုဂ္ဂိုလ်တွေဟာ ဒီကုသိုလ်ကံစေတနာရဲ့ စွမ်းအားကြောင့် အခန့်သင့် ဖြစ်မနေဘူးလား? ဖြစ်နေတယ်။ ဒါကြောင့် ဘုရားရှင်က <b>ဒက္ခိဏဝိဘင်္ဂသုတ္တန်</b> ကျတော့ -</p>
<p>‘‘<b>ယော သီလဝါ သီလဝန္တေသု ဒဒါတိ ဒါနံ၊<br>
ဓမ္မေန လဒ္ဓံ သုပသန္နစိတ္တော။<br>
အဘိသဒ္ဒဟံ ကမ္မဖလံ ဥဠာရံ၊<br>
တံ ဝေ ဒါနံ ဝိပုလပ္ဖလန္တိ ဗြူမိ။</b>’’ (မ၊ ၃၊ ၃၀၀။)<br>
<b>ယော သီလဝါ</b>၊ အကြင်သီလရှိတဲ့ အလှူပေးတဲ့ ပုဂ္ဂိုလ်သည်။ <b>ဓမ္မေန လဒ္ဓံ</b>၊ တရားသောနည်းလမ်းဖြင့် ရှာဖွေသဖြင့် ရရှိအပ်သည့် လှူဖွယ်ဝတ္ထုပစ္စည်းစုကို။ <b>သုပသန္နစိတ္တော</b>၊ အလွန်ကြည်လင်သော စိတ်ထားရှိသည်ဖြစ်၍။ <b>ဥဠာရံ</b>၊ ပြန့်ပြောကြီးကျယ် မြင့်မြတ်လှစွာသော။ <b>ကမ္မဖလံ</b>၊ ကံ-ကံ၏အကျိုးတရားကို။ <b>အဘိသဒ္ဒဟံ</b>၊ အလွန်သက်ဝင်ယုံကြည်သည်ဖြစ်၍။ <b>သီလဝန္တေသု</b>၊ သီလရှိတဲ့ အရှင်ကောင်းအရှင်မြတ်တို့၌။ <b>ဒါနံ</b>၊ အလှူကို။ <b>ဒဒါတိ</b>၊ ပေးလှူ၏။ <b>တံ ဒါနံ</b>၊ ထိုကဲ့သို့သော အလှူဒါနမျိုးကို။ <b>ဝေ</b>၊ စင်စစ်ဧကန် အမှန်အားဖြင့်။ <b>ဝိပုလပ္ဖလန္တိ</b>၊ ပြန့်ပြောကြီးကျယ်သည့် အကျိုးတရား ထင်ရှားရှိသော အလှူဒါနမျိုးဟူ၍။ <b>အဟံ</b>၊ ငါဘုရားသည်။ <b>ဗြူမိ</b>၊ ဟောတော်မူ၏၊<br>
ဒီအလှူရဲ့ အကျိုးတရားကို ပြောပြပါဆိုရင် ဘယ်ရွေ့ဘယ်မျှ အကျိုးရှိတယ်ဆိုတာ ပြောပြလို့ မကုန်နိုင်အောင် အလွန်ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးရှိတဲ့ ဒါနမျိုးလို့ ဒီလို ဘုရားဟောတယ်။ ဘယ်လို ဒါနလဲ?<br>
အလှူပေးတဲ့ ပုဂ္ဂိုလ်က -<br>
(၁) ကိုယ်ကျင့်သီလနှင့် ပြည့်စုံခြင်း။<br>
(၂) တရားသောနည်းလမ်းဖြင့် ရှာဖွေရှိတဲ့ လှူဖွယ်ဝတ္ထုပစ္စည်းစု ဖြစ်ခြင်း။<br>
(၃) ပေးလှူနေတဲ့ အချိန်အခါမှာ အလွန်ကြည်လင်နေတဲ့ စိတ်ထားရှိခြင်း။</p>
<p>(၄) ကြီးကျယ်မြင့်မြတ်တဲ့ ကံ-ကံ၏အကျိုးကို သက်ဝင်ယုံကြည်နေတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ် ပြဋ္ဌာန်းနေတဲ့ သဒ္ဓါတရား ထင်ရှားရှိခြင်း။</p>
<p>ပေါင်းလိုက်တော့ အလှူပေးတဲ့ပုဂ္ဂိုလ်ဘက်မှာ ပြည့်စုံရမယ့် အင်္ဂါ ဘယ်နှစ်ချက်လဲ? လေးချက်။ အလှူခံပုဂ္ဂိုလ်တွေဘက် ကြည့်လိုက်တော့ ကိုယ်ကျင့်သီလနှင့် ပြည့်စုံခြင်းဆိုတဲ့ အင်္ဂါ တစ်ချက်။ ပေါင်းလိုက်တော့ အင်္ဂါ ဘယ်နှစ်ချက်လဲ? ငါးချက်။ ဒီလို အင်္ဂါ ငါးချက်နဲ့ ပြည့်စုံနေတဲ့ အလှူဒါနမျိုးကို ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးတရား ထင်ရှားရှိနေတဲ့ အလှူဒါနမျိုးလို့ ငါဘုရားဟောတယ်။ ဒီ<b>ဟတ္ထကအာဠဝက သီတင်းသည်</b>ကို လှမ်းမြော်ပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာ ပဒုမုတ္တရမြတ်စွာဘုရားရှင်ရဲ့ သာသနာတော်တွင်းတုန်းက သဒ္ဓါတရားလည်း ထင်ရှားရှိခဲ့တယ်။ တရားသောနည်းလမ်းဖြင့် ရှာဖွေရရှိတဲ့ လှူဖွယ်ဝတ္ထုတွေလည်း ဖြစ်ခဲ့တယ်။ ပေးလှူတဲ့ အချိန်အခါမှာ အလွန်ကြည်လင်နေတဲ့ စိတ်ထားလည်း ရှိခဲ့တယ်။ ကံ-ကံ၏အကျိုးကို ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ် ပြဋ္ဌာန်းနေတဲ့ ဉာဏ်ပညာပြဋ္ဌာန်းပြီး ယုံကြည်သက်ဝင်နေတဲ့ သဒ္ဓါတရားလည်း ထင်ရှားရှိခဲ့တယ်။ ဒီအင်္ဂါ လေးချက် ပြည့်စုံနေတယ်။<br><br>
ဒီအလှူခံဘက် ကြည့်လိုက်တော့ ပဒုမုတ္တရဘုရားရှင် အမှူးရှိနေတဲ့ ရဟန္တာပေါင်း တစ်သိန်းဖြစ်တယ်။ သူ့အလှူဒါနကြီးက သိပ်ပြီးတော့ မကြီးကျယ်ဘူးလား? ကြီးကျယ်တယ်။ အင်္ဂါ ငါးရပ်နှင့်လည်း ပြည့်စုံတယ်။ ဒီတော့ ပဒုမုတ္တရဘုရားရှင် အမှူးရှိနေတဲ့ ရဟန္တာအရှင်မြတ် တစ်သိန်းတို့ကို သူ လှူဒါန်းတဲ့ အချိန်အခါမှာ မရိုမသေ လှူခဲ့တာ ဟုတ်သလား? မဟုတ်ဘူး။ ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုးနဲ့ ပူဇော်ခဲ့တယ်။ အဲဒီလို ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုးနဲ့ ပူဇော်ခဲ့တဲ့ ဒီကုသိုလ်ကံစေတနာတွေက ကမ္ဘာတစ်သိန်းအတွင်းမှာ ထိုက်သလို လိုက်ပြီး အကျိုးပေးလိုက်တော့ ဘာဖြစ်သလဲ?</p>
<p>‘‘<b>ယံ ယံ ပဒေသံ ဘဇတိ၊ တတ္ထ တတ္ထေဝ ပူဇိတော</b>’’။ (အံ-ဋ္ဌ-၁-၂၉၈။ ဓမ္မပဒ-စာပိုဒ်-၃၀၃။)<br>
<b>ယံ ယံ ပဒေသံ</b>၊ အကြင်အကြင်အရပ်သို့။ <b>ဘဇတိ</b>၊ ဆိုက်ရောက်ခဲ့လေ၏။ <b>တတ္ထ တတ္ထေဝ</b>၊ ထိုထိုအရပ်၌ပင်လျှင်။ <b>ပူဇိတော</b>၊ အပူဇော်ခံရသည်။ <b>ဟောတိ</b>၊ ဖြစ်၏၊<br>
ဘယ်နေရာမှာမဆို ရောက်ပြီဆိုရင် ရောက်တဲ့နေရာမှာ သူ့ကို ပူဇော်မည့် ပုဂ္ဂိုလ်တွေက အခန့်သင့် ဖြစ်နေတယ်။ ဒီလို အခန့်သင့် ဖြစ်အောင် ဘယ်သူက ဖန်တီးပေးသလဲ? သူ ပြုစုပျိုးထောင်ခဲ့တဲ့ ကုသိုလ်ကံတွေက ဖန်တီးပေးတယ်။ သူ့ကံတွေကို လှမ်းပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာ ကြည့်ပေါ့နော်။<br><br>
<b>သဒ္ဓါ</b>၊ သဒ္ဓါတရားလည်း ရှိတယ်။ <b>သီလ</b>၊ ကိုယ်ကျင့်သီလတွေကလည်း သိပ်အားကောင်းတယ်။ <b>ဗဟုဿုတ</b>၊ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတွေကိုလည်း ဟုတ်တိုင်းမှန်စွာ သိတယ်။ <b>ပညဝါ</b>၊ ဝိပဿနာဉာဏ်ပညာတွေနဲ့လည်း ပြည့်စုံခဲ့တယ်။ အဲဒီလို ပြည့်စုံတဲ့အတွက် ဒီလိုပုဂ္ဂိုလ်ရဲ့ အသက်ရှင်ခြင်းကို ဘုရားရှင်က ဘယ်လို ဟောသလဲ?</p>
<p>‘‘<b>ယော စ ဝဿသတံ ဇီဝေ၊ ဒုဿီလော အသမာဟိတော။<br>
ဧကာဟံ ဇီဝိတံ သေယျော၊ သီလဝန္တဿ ဈာယိနော။</b>’’<br>
<b>ယော စ</b>၊ အကြင်ပုဂ္ဂိုလ်သည်ကား။ <b>ဒုဿီလော</b>၊ သီလမရှိပါဘဲလျက်။ <b>အသမာဟိတော</b>၊ ဥပစာရသမာဓိ, အပ္ပနာသမာဓိဟု ခေါ်ဆိုအပ်သော နှစ်မျိုးသော စိတ်တည်ကြည်မှု သမာဓိတရား ထင်ရှားမရှိပါဘဲလျက်။ <b>ဝဿသတံ</b>၊ နှစ်ပေါင်းတစ်ရာ ကာလကြာအောင်။ <b>စေ ဇီဝေ</b>၊ အကယ်၍ အသက်ရှင်နေငြားအံ့။ <b>တဿ</b>၊ ထိုပုဂ္ဂိုလ်၏။ <b>ဝဿသတံ</b>၊ နှစ်ပေါင်းတစ်ရာ ကာလကြာအောင်။ <b>ဇီဝိတံ</b>၊ အသက်ရှင်၍ နေရခြင်းထက်။ <b>သီလဝန္တဿ</b>၊ ကိုယ်ကျင့်သီလနှင့် ပြည့်စုံသော။ <b>ဈာယိနော</b>၊ အာရမ္မဏူပနိဇ္ဈာနဈာန်, လက္ခဏူပနိဇ္ဈာနဈာန်ဟု ခေါ်ဆိုအပ်သော နှစ်မျိုးသော ဈာန်တို့ကို ဝင်စားလျက်ရှိသော ပုဂ္ဂိုလ်၏။ <b>ဧကာဟံ</b>၊ တစ်နေ့ တစ်ရက် တစ်နံနက်မျှ။ <b>ဇီဝိတံ</b>၊ အသက်ရှင်၍ နေရခြင်းသည်ကား။ <b>သေယျော</b>၊ သာလွန်၍ မြင့်မြတ်လှပါ၏၊<br><br>
ပုဂ္ဂိုလ်တစ်ယောက် ကြည့်လိုက်မယ်။ ကိုယ်ကျင့်သီလတွေကလည်း သိပ်ပြီးတော့ ပျက်စီးတယ်။ ကာယကံ စင်ကြယ်မှုလည်း မရှိဘူး, ဝစီကံ စင်ကြယ်မှုလည်း မရှိဘူး, မနောကံ စင်ကြယ်မှုလည်း မရှိဘူး။ နောက်တစ်ခု - စိတ်တည်ကြည်မှု သမာဓိ နည်းနည်းမှ မရှိဘူး။ စိတ်တည်ကြည်မှု သမာဓိ ဆိုတာက ကမ္မဋ္ဌာန်း (၄၀)ထဲက ကမ္မဋ္ဌာန်းတစ်ခုခုကို ပွားများလိုက်တဲ့ အချိန်အခါမှာ ဥပစာရသမာဓိ, အပ္ပနာသမာဓိလို့ ခေါ်ဆိုအပ်တဲ့ သမာဓိ နှစ်မျိုး တစ်မျိုးမျိုးတော့ ရရှိရမယ်။<br>
<b>ဥပစာရသမာဓိ</b>ဆိုတာက ဈာန်နားကပ်နေတဲ့ သမာဓိ သို့မဟုတ် ဈာန်နားကပ်နေတဲ့ အလားတူတဲ့ သမာဓိကို ဥပစာရသမာဓိလို့ ခေါ်တယ်။ <b>အပ္ပနာသမာဓိ</b> ဆိုတာကတော့ ဈာန်သမာဓိ ဖြစ်ပါတယ်။ ထိုစိတ်တည်မှု သမာဓိ တစ်မျိုးမျိုးလည်း မရှိဘူး။ ကိုယ်ကျင့်သီလကလည်း မပြည့်စုံဘူး။ ထိုပုဂ္ဂိုလ်မျိုးကို နှစ်ပေါင်းတစ်ရာ ကာလကြာအောင် အသက်ရှင်နေရခြင်းသည် မမြတ်ဘူး။ ဘာဖြစ်လို့လဲ? ကိုယ်ကျင့်သီလ ပျက်စီးပြီးတော့ သမာဓိ မရှိသောသူတို့ သွားရာလမ်းသည် <b>အပါယ်လေးဘုံ</b>က များပါတယ်နော်။ အပါယ်လေးဘုံသို့ ကျိန်းသေဧကန် ရောက်မည့်အတွက် ဒီပုဂ္ဂိုလ်ရဲ့ အသက်ရှင်ခြင်းသည် မွန်မြတ်သော အသက်ရှင်ခြင်းလို့ ခေါ်နိုင်မလား? မခေါ်နိုင်ဘူး။<br><br>
ဒါပေမဲ့ ပုဂ္ဂိုလ်တစ်ယောက် ကြည့်မယ် ဆိုလို့ရှိရင် ကိုယ်ကျင့်သီလကလည်း သိပ်ပြီးတော့ ဖြူစင်တယ်။ ကာယကံ စင်ကြယ်မှု ရှိတယ်, ဝစီကံ စင်ကြယ်မှု ရှိတယ်, မနောကံ စင်ကြယ်မှုကလည်း ရှိတယ်။ အဲဒီလို စင်ကြယ်တဲ့အပေါ်မှာ သူက ဘာလုပ်သလဲ? <b>အာရမ္မဏူပနိဇ္ဈာနဈာန်</b>လို့ ခေါ်ဆိုအပ်တဲ့ ဥပစာရသမာဓိ, အပ္ပနာသမာဓိလို့ ခေါ်ဆိုအပ်တဲ့ အာရုံတစ်ခုခုအပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး ထားနိုင်တယ်။ ဥပစာရသမာဓိ, အပ္ပနာသမာဓိလို့ ခေါ်တဲ့ တစ်မျိုးမျိုးလည်း ရရှိတယ်။ ဈာန်သမာဓိအထိလည်း ရကောင်းရတယ်။ အဲဒီလို သမာဓိရှိပြီးတော့ သမာဓိကို အခြေခံပြီး ရုပ်တွေ နာမ်တွေ သိအောင် ကြိုးစားအားထုတ်တယ်, အကြောင်းတရား အကျိုးတရားတွေ သိအောင် ကြိုးစားအားထုတ်တယ်, အကြောင်းတရားနှင့်တကွ အကျိုးတရားတို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေကို သိအောင် ကြိုးစားအားထုတ်တယ်။ သိလည်း သိတယ်။ အဲဒီလို သိခဲ့မယ်ဆိုရင်တော့ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို တွင်တွင်ကြီး ရှုနေတဲ့ ဝိပဿနာဉာဏ်ကိုတော့ <b>လက္ခဏူပနိဇ္ဈာနဈာန်</b>လို့ ခေါ်တယ်။<br><br>
ခုနက ကမ္မဋ္ဌာန်း (၄၀)ထဲက ကမ္မဋ္ဌာန်းအာရုံ တစ်ခုခုအပေါ်မှာ ကပ်ပြီး ရှုနေတဲ့ တတည်ကြည်နေတဲ့ ဥပစာရသမာဓိ, အပ္ပနာသမာဓိကိုတော့ <b>အာရမ္မဏူပနိဇ္ဈာနဈာန်</b>လို့ ခေါ်ပါတယ်။ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို ကပ်ပြီး ရှုနေတဲ့ ဝိပဿနာဉာဏ်ကိုတော့ <b>လက္ခဏူပနိဇ္ဈာနဈာန်</b>လို့ ခေါ်ပါတယ်။ ထိုအာရမ္မဏူပနိဇ္ဈာနဈာန်, လက္ခဏူပနိဇ္ဈာနဈာန်ဆိုတဲ့ ဈာန် နှစ်မျိုးနှင့် ပြည့်စုံပြီးတော့ ကိုယ်ကျင့်သီလ ဖြူစင်နေတဲ့ ပုဂ္ဂိုလ်ရဲ့ တစ်နေ့ တစ်ရက် တစ်နံနက်မျှ အသက်ရှင်ရခြင်းသည် သာလွန်မြင့်မြတ်တယ်။ ဘာဖြစ်လို့လဲ?<br>
ဒီသတ္တဝါတစ်ဦးက မဂ်ဖိုလ်နိဗ္ဗာန် ရဖို့ရန်အတွက် အားကောင်းတဲ့ <b>ပါရမီမျိုးစေ့</b>ကို ထူထောင်နေတာလည်း ဖြစ်တယ်။ ဒီကံတွေက ပါရမီမျိုးစေ့တွေလည်း ဖြစ်နေပါတယ်။ နောက်တစ်ခု - အာရမ္မဏူပနိဇ္ဈာနဈာန်, လက္ခဏူပနိဇ္ဈာနဈာန်နှင့်တကွသော သီလစင်ကြယ်မှုဆိုတဲ့ ကုသိုလ်တရားတွေက ထိုပုဂ္ဂိုလ်ကို အပါယ်လေးဘုံမှ လွတ်အောင် ကျွတ်အောင် ထုတ်ဆောင်ကယ်တင်နိုင်တဲ့ စွမ်းအားတွေလည်း ရှိတယ်။ ဒီ<b>ဟတ္ထကအာဠဝက သီတင်းသည်</b>တို့ကဲ့သို့ပေါ့။ ပဒုမုတ္တရဘုရားရှင်ရဲ့ သာသနာတော်မှာ ကြဲချစိုက်ပျိုးခဲ့တဲ့ ကိုယ်ကျင့်သီလ ဖြူစင်ခြင်း, အာရမ္မဏူပနိဇ္ဈာနဈာန်, လက္ခဏူပနိဇ္ဈာနဈာန်ခေါ်တဲ့ ဒီဈာန်တွေက အပါယ်သံသရာမှ ထုတ်ဆောင်ကယ်တင်နိုင်တယ်။<br>
ဒီကံတွေက နှစ်နဲ့ချီပြီး အပါယ်သံသရာဘေးကြီးမှ ကယ်တင်နိုင်တဲ့ စွမ်းအားတွေ ပေါ်မလာဘူးလား? ပေါ်လာတယ်။ ဒါတွင်လားဆိုတော့ မကသေးဘူး။ ဂေါတမဘုရားရှင်လက်ထက်တော်တွင်း ရောက်တဲ့ အချိန်အခါမှာ သူမျှော်လင့်တောင့်တနေတဲ့ <b>အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်</b>လည်း ရတယ်။ အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်နှင့်တကွ သူ မျှော်လင့်တောင့်တနေတဲ့ ပရိသတ်ကို <b>သင်္ဂဟဝတ္ထု (၄)ပါး</b>ဖြင့် ချီးမြှောက်တဲ့နေရာမှာ <b>ဧတဒဂ်ဘွဲ့ထူး</b>လည်း ရရှိသွားတယ်။ ဒီလိုဆိုရင် ကမ္ဘာတစ်သိန်းမှ အပါယ်သံသရာမှ ရပ်နားခွင့် ရရှိပြီးတော့, အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်တိုင်အောင် အကျိုးတရားတွေကို ဖြစ်စေနိုင်တယ်ဆိုရင် ထိုပုဂ္ဂိုလ်ရဲ့ အသက်ရှင်ခြင်းသည် မြတ်သော အသက်ရှင်ခြင်းလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။<br><br>
ဒါကြောင့် ဒီနေ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့နှင့်တကွ အလှူရှင်အပေါင်းတို့ဟာလည်း ဘုရားရှင် နှစ်ခြိုက်တော်မူတဲ့ မွန်မြတ်သော အသက်ရှင်ခြင်းဖြင့် အသက်ရှင်နိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါလို့ ဘုန်းကြီး တိုက်တွန်းပါတယ်။ နောက်တစ်ခု -</p>
<p>‘‘<b>ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။<br>
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။</b>’’<br>
<b>ယော စ</b>၊ အကြင်ပုဂ္ဂိုလ်သည်ကား။ <b>ဥဒယဗ္ဗယံ</b>၊ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတို့ရဲ့ ဖြစ်ခြင်း ပျက်ခြင်း ဥဒယဗ္ဗယသဘောကို။ <b>အပဿံ</b>၊ မမြင်ပါဘဲလျက်။ <b>ဝဿသတံ</b>၊ နှစ်ပေါင်းတစ်ရာ ကာလကြာအောင်။ <b>စေ ဇီဝေ</b>၊ အကယ်၍ အသက်ရှင်၍ နေငြားအံ့။ <b>တဿ</b>၊ ထိုပုဂ္ဂိုလ်၏။ <b>ဝဿသတံ</b>၊ နှစ်ပေါင်းတစ်ရာ ကာလကြာအောင်။ <b>ဇီဝိတံ</b>၊ အသက်ရှင်၍ နေရခြင်းထက်။ <b>သီလဝန္တဿ</b>၊ ကိုယ်ကျင့်သီလနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏။ <b>ဥဒယဗ္ဗယံ</b>၊ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတို့ရဲ့ ဖြစ်ခြင်း ပျက်ခြင်း ဥဒယဗ္ဗယသဘောကို။ <b>ပဿတော</b>၊ ဝိပဿနာပညာ မဂ်ပညာဖြင့် ထိုးထွင်းသိမြင် ရရှိသော ပုဂ္ဂိုလ်၏။ <b>ဧကာဟံ</b>၊ တစ်နေ့ တစ်ရက် တစ်နံနက်မျှ။ <b>ဇီဝိတံ</b>၊ အသက်ရှင်နေရခြင်းသည်ကား။ <b>သေယျော</b>၊ သာလွန်၍ မြင့်မြတ်လှပါပေ၏၊<br><br>
ရုပ်တရားဆိုတာ ဘာလဲ? မသိဘူး။ နာမ်တရားဆိုတာ ဘာလဲ? မသိဘူး။ အကြောင်းတရားဆိုတာ ဘာလဲ? မသိဘူး။ အကျိုးတရားဆိုတာ ဘာလဲ? မသိဘူး။ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောလည်း မသိဘူး။ ဖြစ်ခြင်းပျက်ခြင်း <b>ဥဒယဗ္ဗယသဘော</b>တွေကို လုံးလုံး မသိဘူး။ မသိတဲ့ပုဂ္ဂိုလ် နှစ်ပေါင်းတစ်ရာကြာအောင် အသက်ရှင်လျက် နေရခြင်းသည် မမြတ်ဘူး။<br><br>
ပုဂ္ဂိုလ်တစ်ယောက် ကြည့်လိုက်တော့ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောလည်း မသိဘူး။ ဖြစ်ခြင်းပျက်ခြင်း ဥဒယဗ္ဗယသဘောကို ဝိပဿနာပညာ မဂ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ သိတယ်။ ဒီအသိဉာဏ်ရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့ တစ်နေ့ တစ်ရက် တစ်နံနက်မျှ နေရခြင်းသည် မြတ်တယ်။ ဘာဖြစ်လို့လဲ? ဒီလို အသိဉာဏ်ရှိနေတဲ့ ပုဂ္ဂိုလ်သည် အပါယ်လေးဘုံ ဘယ်တော့မှ မရောက်ဘူး။<br><br>
ဟတ္ထကအာဠဝက သီတင်းသည်တို့ကဲ့သို့ ကမ္ဘာတစ်သိန်းနဲ့ ချီပြီးတော့လည်း အပါယ်သံသရာမှ လွတ်ကောင်းလွတ်နိုင်တယ်။ နောက်ဆုံး မိမိ မျှော်လင့်တောင့်တနေတဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ကျိန်းသေဧကန် ရစေနိုင်တဲ့ စွမ်းအားရှိတယ်။ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိခဲ့ပြီ ဆိုခဲ့ရင်ပေါ့လေ မိမိတို့ရဲ့ ပါရမီအားလျော်စွာ ပဋိသန္ဓေနေရတဲ့ ဘေးဆိုးကြီးမှ လွတ်မည်၊ အိုဘေးဆိုးကြီးမှ လွတ်မည်၊ နာဘေးဆိုးကြီးမှ လွတ်မည်၊ သေဘေးဆိုးကြီးမှ လွတ်မည်၊ စိုးရိမ်ရတဲ့ဒုက္ခ, ပူဆွေးရတဲ့ဒုက္ခ, ငိုကြွေးရတဲ့ဒုက္ခ, ကိုယ်ဆင်းရဲရတဲ့ဒုက္ခ, စိတ်ဆင်းရဲရတဲ့ဒုက္ခ, ပြင်းစွာပူပန်ရတဲ့ဒုက္ခတွေမှ လွတ်မည်။ သံသရာဝဋ်ဆင်းရဲ ဒုက္ခကြီးမှ ကွင်းလုံးကျွတ် လွတ်သွားမည်။<br><br>
ဒါကြောင့် သံသရာဝဋ်ဆင်းရဲဒုက္ခကြီးမှ ကွင်းလုံးကျွတ်လွတ်အောင် ထုတ်ဆောင်ကယ်တင်ပေးနိုင်တဲ့ စွမ်းအားရှိနေတဲ့ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပလို့ ခေါ်ဆိုအပ်တဲ့ <b>သူတော်ကောင်းဥစ္စာ (၇)ဖြာ</b>တို့နှင့် ပြည့်စုံအောင် ယခုလို သာသနာတော်တွင်းမှာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ထားတတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။<br>
ဒါကြောင့် တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့နှင့်တကွ အလှူရှင်တို့လည်း သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပလို့ ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းဥစ္စာ (၇)ဖြာတို့နှင့် ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါလို့ တိုက်တွန်းရင်း တရားသိမ်းကြစို့။</p>
<p>‘‘<b>ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။<br>
တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။</b>’’<br>
<b>သန္တော</b>၊ ဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို.. တို့ရှေ့ကသူတော်ကောင်းတို့သည်။<br>
<b>ဂမ္ဘီရစိန္တကာ</b>၊ နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာ ကြံဆင် အကြံကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။<br>
<b>ကာမေ</b>၊ ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက်ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို။<br>
<b>ဟိတွာ</b>၊ ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့် ဆက်ဆံ ဘေးတွေက ဝန်းရံ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော် ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည် ဖြစ်၍။<br>
<b>ပဗ္ဗဇိံသု</b>၊ ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ်နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ်သက်ရွှင်လန်း ရှင်ရဟန်း ပြု၍ တောထွက်တော်မူကြလေကုန်ပြီ။<br>
<b>တုမှေပိ</b>၊ မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင်သူတော်ကောင်းတို့သည်လည်းပဲ။<br>
<b>ပဗ္ဗဇိတာ</b>၊ ဝတ္ထုကာမ ဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန်ထွက်ကြကုန်သည်ဖြစ်၍။<br>
<b>သုပေသလာ</b>၊ စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလကိုယ်စီကိုယ်င ရှိကြကုန်သည် ဖြစ်၍။<br>
<b>တေ</b>၊ ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့ကို။<br>
<b>အနုသိက္ခာဝှေါ</b>၊ အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ .. အားထုတ်နိုင်ကြပါစေကုန်သတည်း ...။<br>
သာဓု သာဓု သာဓုပါဘုရား . . .</p>
ewylsso9vxw9478g83k2tx7ok5tdvw2
22068
22067
2026-06-13T02:22:16Z
Tejinda
173
22068
wikitext
text/x-wiki
{{header
| title = ဒုတိယဟတ္ထကသုတ်
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[အဿဇိသုတ်]]
| previous2 =
| next = [[လိစ္ဆဝိကုမာရကသုတ်]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =
}}
<h3>ဒုတိယဟတ္ထကသုတ္တန်</h3>
<h3>ပထမပိုင်း</h3>
<p>၁၃၅၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၁၄) ရက်နေ့ စိတ္တလတောင်ကျောင်း၌ မြတ်စွာဘုရားရှင် ကိန်းဝပ်တော်မူရာ ဂန္ဓကုဋီကျောင်းတော်အဖြစ်လည်းကောင်း၊ သံဃာတော်များ စုပေါင်းပြီး တရားနှလုံးသွင်းရန် ဓမ္မာရုံဟူ၍လည်းကောင်း၊ သံဃာတော်များ ကံကြီးကံငယ် ဆောင်ရွက်ရန်အတွက် ဥပုသ်ပြုရန်အတွက် အသုံးချရန် သိမ်ဟူ၍လည်းကောင်း အမည်သုံးမျိုး ရရှိသော ဘုရား ဂန္ဓကုဋီကျောင်းတော်ကြီးတစ်ခုကို ဒီနေ့ အောင်မြင်စွာ ပန္နက်ချခဲ့ပါတယ်။</p>
<p>ထိုဂန္ဓကုဋီကျောင်းတော်ကြီးအတွက် မန္တလေးမြို့ မန်းမြို့တော်ကဖီး ဒါယကာကြီး ဦးခင် + ဒါယိကာမကြီး ဒေါ်စောတင်၊ သားဖြစ်သူ မောင်အောင်မြင့် အစ်ကိုအစ်မ အစရှိတဲ့ မိသားစုတို့က မတည်ပြီး လှူဒါန်းပူဇော်ကြပါတယ်။ ထိုအုတ်မြစ်ချပွဲ အခမ်းအနား၌ ဒါယကာကြီး ဦးခင်၊ ဒါယိကာမကြီး ဒေါ်စောတင်တို့ကလည်း ဘုရားအမှူးရှိသော သံဃာတော်တို့နှင့်တကွ ရှင်ယောဂီ၊ လူယောဂီ ပရိသတ်အပေါင်း သူတော်ကောင်းတို့အား ဆွမ်းခဲဖွယ်ဘောဇဉ် ချိုချဉ်ရသာ အဖြာဖြာတို့ကို ဆက်ကပ်ကျွေးမွေး လှူဒါန်းပူဇော်ပါတယ်။ ထိုအလှူဒါနပွဲ၌ အနုမောဒနာတရားအဖြစ် ဟောကြားအပ်သော အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါတ်၌ လာရှိသော <b>ဒုတိယဟတ္ထကသုတ္တန်</b> တရားဒေသနာတော်။</p>

qk7rctc2i4lohjauogybso0y51o63zb